Skip to main content

နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ

နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နာမ်ကမ္မဋ္ဌာန်းပိုင်း

နိဒါနကထာ

အကြောင်းပြစာတမ်းလွှာ

ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ။ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ၊ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ။ (အံ၊၁၊၁၈။)

ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ အဓမ္မောတိ ဒီပေန္တိ။ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ၊ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ။ (အံ၊၁၊၁၈-၁၉။)

ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ အဓမ္မောတိ ဒီပေန္တိ။ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ၊ တေ စိမံ သဒ္ဓမ္မံ ဌပေန္တီတိ။ (အံ၊၁၊၁၉။)

ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ ဓမ္မောတိ ဒီပေန္တိ။ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ၊ တေ စိမံ သဒ္ဓမ္မံ ဌပေန္တီတိ။ (အံ၊၁၊၁၉။)

= ရဟန်းတို့ ...အကြင်ရဟန်းတို့သည် အဓမ္မကို ဓမ္မဟု ထင်ရှားပြကြကုန်၏၊ ရဟန်းတို့ ...ထိုရဟန်း တို့သည် လူအများ၏ အစီးအပွားမဲ့ခြင်းငှာ လူအများ၏ ချမ်းသာမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူ တို့၏ အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ...ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက် စေသည် မည်ကုန်၏။ (အံ၊၁၊၁၈။)

ရဟန်းတို့ ...အကြင်ရဟန်းတို့သည် ဓမ္မကို အဓမ္မဟု ထင်ရှားပြကြကုန်၏၊ ရဟန်းတို့ ...ထိုရဟန်း တို့သည် လူအများ၏ အစီးအပွားမဲ့ခြင်းငှာ လူအများ၏ ချမ်းသာမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူ တို့၏ အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ...ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက် စေသည် မည်ကုန်၏။ (အံ၊၁၊၁၈-၁၉။)

ရဟန်းတို့ ...အကြင်ရဟန်းတို့သည် အဓမ္မကို အဓမ္မဟု ထင်ရှားပြကြကုန်၏၊ ရဟန်းတို့ ... ထိုရဟန်း တို့သည် လူအများ၏ အစီးအပွား ဖြစ်ခြင်းငှာ လူအများ၏ ချမ်းသာခြင်းငှာ လူအများ၏ အကျိုးဖြစ်ခြင်းငှာ နတ်လူတို့၏ အစီးအပွား ဖြစ်ခြင်းငှာ ချမ်းသာခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ...ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏။ (အံ၊၁၊၁၉။)

ရဟန်းတို့ ...အကြင်ရဟန်းတို့သည် ဓမ္မကို ဓမ္မဟု ထင်ရှားပြကြကုန်၏၊ ရဟန်းတို့ ... ထိုရဟန်း တို့သည် လူအများ၏ အစီးအပွား ဖြစ်ခြင်းငှာ လူအများ၏ ချမ်းသာခြင်းငှာ လူအများ၏ အကျိုးဖြစ်ခြင်းငှာ နတ်လူတို့၏ အစီးအပွား ဖြစ်ခြင်းငှာ ချမ်းသာခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ...ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏။ (အံ၊၁၊၁၉။)

သာသနာကွယ်ခြင်းငါးမျိုး

သာသနာကွယ်ခြင်းငါးမျိုး

တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ --- ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏။ (အံ၊၁၈-၁၉။)ဟူသော ဒေသနာတော်နှင့် စပ်လျဉ်း၍ သာသနာကွယ်ခြင်းငါးမျိုးကို အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၆၇-၇၂။)၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။

ဘုရားရှင်၏သာသနာတော်သည် ---

၁။ အဓိဂမသာသနာ

၂။ ပဋိပတ္တိသာသနာ

၃။ ပရိယတ္တိသာသနာ

၄။ လိင်္ဂသာသနာ

၅။ ဓာတုသာသနာ --- ဟု

ဤသို့လျှင် ငါးမျိုးရှိ၏။ သာသနာကွယ်ပခြင်းသည်လည်း ---

၁။ အဓိဂမအန္တရဓာန = အဓိဂမသာသနာတော်၏ ကွယ်ခြင်း,

၂။ ပဋိပတ္တိအန္တရဓာန = ပဋိပတ္တိသာသနာတော်၏ ကွယ်ခြင်း,

၃။ ပရိယတ္တိအန္တရဓာန = ပရိယတ္တိသာသနာတော်၏ ကွယ်ခြင်း,

၄။ လိင်္ဂအန္တရဓာန = လိင်္ဂသာသနာတော်၏ ကွယ်ခြင်း,

၅။ ဓာတုအန္တရဓာန = ဓာတုသာသနာတော်၏ ကွယ်ခြင်း ---

ဤသို့လျှင် သာသနာကွယ်ခြင်းလည်း ငါးမျိုးပင် ရှိ၏။

အဓိဂမသာသနာကွယ်ပုံ

အဓိဂမသာသနာကွယ်ပုံ

ထိုငါးပါးတို့တွင် မြတ်စွာဘုရား၏ သာသနာတော်၌ မဂ်လေးပါး ဖိုလ်လေးပါး ပဋိသမိ႓ဒါလေးပါး ဝိဇ္ဇာသုံးပါး အဘိညာဏ်ခြောက်ပါး --- ဤတရားများသည် အရိယာသူတော်ကောင်းတို့ ရအပ် ရောက်အပ်သော တရားများ ဖြစ်ကြ၍ --- အဓိဂမ မည်၏။ ဆုတ်ယုတ် ကွယ်ပျောက်သောအခါ ပဋိသမိ႓ဒါဉာဏ်လေးပါးမှ စ၍ အစဉ်အတိုင်း ဆုတ်ယုတ် ကွယ်ပျောက်သွား၏။ ဘုရားရှင်တို့ ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် နှစ်ပေါင်း (၁၀၀၀)အတွင်း၌ သာလျှင် အရိယာ သူတော်ကောင်းတို့သည် ပဋိသမိ႓ဒါဉာဏ်တို့ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏။ ထို နှစ်ပေါင်းတစ်ထောင်မှ နောက်ပိုင်းကာလ၌ အဘိညာဏ် (၆)ပါးတို့ကိုသာ ဖြစ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏။ ထိုမှ နောက်ပိုင်းကာလ၌ကား အဘိညာဏ် (၆)ပါးတို့ကိုသော်လည်း ဖြစ်စေခြင်းငှာ မစွမ်းနိုင်ကုန်ရကား ဝိဇ္ဇာသုံးပါး တို့ကိုသာ ဖြစ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏။ တစ်ဖန် ကာလကြာညောင်း၍ လာလတ်ကုန်သော် ထိုဝိဇ္ဇာသုံးပါး တို့ကိုသော်လည်း ဖြစ်စေခြင်းငှာ မစွမ်းနိုင်ကုန်ရကား စျာန်အစေးခန်းခြောက်နေသည့် သုက္ခဝိပဿက ရဟန္တာ အရှင်မြတ်တို့သာ ဖြစ်ပေါ်လာနိုင်ကြကုန်၏။ ဤနည်းလမ်း ဥပါယ်အတိုင်း တဖြည်းဖြည်း ကာလကြာညောင်း၍ လာလတ်သော် အနာဂါမ်ပုဂ္ဂိုလ် သကဒါဂါမ်ပုဂ္ဂိုလ် သောတာပန်ပုဂ္ဂိုလ်တို့သာ ဖြစ်နိုင်ကြကုန်၏။ ထိုအရိယာ သူတော်ကောင်းတို့သည် လောက၌ ထင်ရှား တည်ရှိနေသမျှ ကာလပတ်လုံး ဘုရားရှင်၏ အဓိဂမသာသနာ မြတ်ကြီးသည် ကွယ်ပျောက်သည် မမည်သေး။ သို့သော် နောက်ပိတ်ဆုံး သောတာပန် အရိယာ သူတော်ကောင်း၏ အသက် ကုန်ဆုံးသွားသောအခါ၌ကား ဘုရားရှင် ဆိုဆုံးမထားတော်မူခဲ့သော အဓိဂမသာသနာ မြတ်ကြီးသည် ကွယ်သည် မည်ပေသည်။ ဤကား --- အဓိဂမ အန္တရဓာန = အဓိဂမသာသနာတော်၏ ကွယ်ခြင်း မည်၏။ (အံ၊ဋ္ဌ၊၁၊၆၇။)

ပဋိပတ္တိသာသနာတော်ကွယ်ပုံ

ပဋိပတ္တိသာသနာတော်ကွယ်ပုံ

သာသနာတော်နောက်ပိုင်း၌ စျာန် ဝိပဿနာ မဂ်ဖိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ ရအောင် အားထုတ် ခြင်းငှာ မစွမ်းနိုင်ကုန်ရကား သီလ စင်ကြယ်ရုံမျှသာ ထိန်သိမ်းစောင့်ရှောက်နိုင်ကြကုန်၏၊ ကျင့်နိုင်ကြကုန်၏၊ စတုပါရိသုဒ္ဓိသီလမျှကိုသာလျှင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ကြကုန်၏။ တစ်ဖန် တဖြည်းဖြည်း ကာလကြာ ညောင်း၍ လာလတ်ပြန်သော အခါ၌ ---

သီလံ ပရိပုဏ္ဏံ ကတွာ ရက္ခာမ၊ ပဓာနဉ္စ အနုယုဉ္ဇာမ၊ န စ မဂ္ဂံ ဝါ ဖလံ ဝါ သစ္ဆိကာတုံ သက္ကောမ၊ နတ္ထိ ဣဒါနိ အရိယဓမ္မပဋိဝေဓော (အံ၊ဋ္ဌ၊၁၊၆၇။)

သီလကို ပြည့်ပြည့်စုံစုံ ပြုကျင့်၍ ထိန်းသိမ်း စောင့်ရှောက်ကြကုန်အံ့၊ ပဓာန အမည်ရသည့် သမထ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကိုလည်း အားထုတ်ကြပါကုန်အံ့၊ သို့သော် အရိယမဂ်တရားကိုလည်းကောင်း, အရိယ ဖိုလ်တရားကိုလည်းကောင်း မျက်မှောက်ပြုခြင်းငှာ ငါတို့ စွမ်းနိုင်တော့မည်ကား မဟုတ်ကုန်၊ အရိယမဂ်ဖိုလ် တရားထူး တရားမြတ်ကို ထိုးထွင်း သိမြင်ခြင်းသည်ကား ဤယခုအခါ၌ မရှိနိုင်တော့ပြီ။ ---

ဤသို့လျှင် ရဟန်းတော်များသည် စိတ်နှလုံးလျှော့ချလျက် သမထဝိပဿနာ ဘာဝနာအမှု၌ ပျင်းရိခြင်း များကုန်သည်ဖြစ်၍ အချင်းချင်း တစ်ပါးသည် တစ်ပါးအား အာပတ်ဖြင့် စောဒနာခြင်းကိုလည်း မပြုကြတော့ ကုန်၊ တားမြစ်ခြင်းကိုလည်း မပြုကြတော့ကုန်၊ ဝိနည်းကျင့်ဝတ်နှင့် ပတ်သက်၍ အပ်သလော မအပ်သလောဟု တွေးတောမှု ဝိနယကုက္ကုစ္စတရားမျှလည်း မရှိကြတော့လေကုန်။ ထိုအခါမှစ၍ ရှေးဦးစွာ ငယ်ကုန်ငယ်ကုန်သော သိက္ခာပုဒ်တို့ကို လွန်ကျူးချိုးဖောက်ကြကုန်၏။ ထို့နောက်တဖြည်းဖြည်း အချိန်ကာလကြာညောင်း၍ ဆုတ်ယုတ် လာလတ်ပြန်သောအခါ ပါစိတ်အာပတ် ထုလ္လစ္စဉ်းအာပတ်တို့ကို ကျူးလွန်ကြပြန်ကုန်၏။ ထို့နောက် သံဃာဒိသေသ်အာပတ်တို့ကို ကျူးလွန်ကြပြန်ကုန်၏။ ပါရာဇိကလေးပါးမျှသည်သာလျှင် ရဟန်းတော်တို့ ကျင့်ဖို့ရန် ရပ်တည်နေတော့၏။ ပါရာဇိကသိက္ခာပုဒ် လေးပါးတို့ကို ထိန်းသိမ်းစောင့်ရှောက်တော်မူကြကုန်သော ရဟန်း တော်တို့၏ အရာသည်သော်လည်းကောင်း အထောင်သည်သော်လည်းကောင်း ထင်ရှားရှိလတ်သော် ဘုရားရှင်၏ ပဋိပတ္တိသာသနာတော်မြတ်ကြီးသည် ကွယ်သည် မည်သည် မဖြစ်သေးပေ။ သာသနာတော်တွင် ပါရာဇိက သိက္ခာပုဒ်လေးပါးမျှကိုပင် လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်လျက် သီလကို ဖြည့်ကျင့်နေသော နောက်ဆုံးပိတ် ရဟန်းတော်၏ ပါရာဇိကသီလ၏ ပျက်စီးခြင်းကြောင့်လည်းကောင်း, အသက်၏ကုန်ခြင်း = ပျံလွန်တော်မူခြင်း ကြောင့်လည်းကောင်း ပဋိပတ္တိသာသနာတော်သည် ကွယ်လေ၏။ ဤသို့လျှင် ပါရာဇိကလေးပါးကို စောင့်ထိန်း သော ရဟန်းတစ်ပါးမျှ မကျန်သောအခါ ပဋိပတ္တိသာသနာတော်သည် ကွယ်သည် မည်တော့၏။ (အံ၊ဋ္ဌ၊၁၊၆၇-၆၈။)

ပရိယတ္တိသာသနာတော်ကွယ်ပုံ

ပရိယတ္တိသာသနာတော်ကွယ်ပုံ

အဋ္ဌကထာနှင့် တကွသော ပိဋကသုံးပုံ ပါဠိတော်မြတ်ကြီးသည် တည်ရှိနေသမျှ ကာလပတ်လုံး ပရိယတ္တိ သာသနာတော် အပြည့်အစုံတည်သည် မည်၏။ ကာလရှည်ကြာ၍ တဖြည်းဖြည်း ဆုတ်ကပ်ကာလသို့ ရောက်ရှိ လာသောအခါ တိုင်းသားပြည်သူ များဗိုလ်လူတို့ တရားမစောင့်ကြတော့သဖြင့် မိုးသည် ကောင်းစွာ မရွာသွန်း တော့ပေ။ မိုးလေ မမှန်သဖြင့် ကောက်ပဲသီးနှံတို့သည် မပြည့်မစုံ သီးပွင့်လာကြကုန်၏၊ ဆုတ်ယုတ်လာကြ ကုန်၏။ ထိုအခါ လူဒါယကာတို့သည် အစားအသောက် အဝတ်အထည် ရှားပါးမှုကြောင့် ရဟန်းသံဃာတော်အား ပစ္စည်းလေးပါး လှူဒါန်းဖို့ရန် မတတ်နိုင်ကြတော့ကုန်။ ရဟန်းတော်တို့သည် ပစ္စည်းလေးပါး ချို့တဲ့ကြရ ကား မိမိ၏တပည့် ရှင်ငယ် ရဟန်းငယ်များကို ပစ္စည်းလေးပါးဖြင့် မထောက်ပံ့နိုင်ကြကုန်။ တဖြည်းဖြည်း ဆုတ် ယုတ်လာသော ထိုအခါ၌ ရှင်ငယ် ရဟန်းငယ်တို့၏ စာသင်ယူမှု ပရိယတ္တိသည် ဆုတ်ယုတ်လေတော့၏။ ပါဠိတော်၏ အနက်အဓိပ္ပါယ် = အဋ္ဌကထာကို ဆောင်ထားခြင်းငှာ မစွမ်းနိုင်ကြတော့ကုန်၊ ဆရာနည်းကျကျ သင်ယူမှု မရှိတော့ကုန်။ ပါဠိတော်၏ အစွမ်းဖြင့်သာလျှင် ပါဠိတော်သက်သက်ကိုသာလျှင် ဆောင်ထားနိုင်ကြ ကုန်၏။ ပါဠိတော်သက်သက်ကိုသာလျှင် သင်ယူနိုင်ကြကုန်၏။

ထို့နောက် တဖြည်းဖြည်း ဆုတ်ယုတ်လာသောအခါ ပါဠိတော်အားလုံးကိုလည်း ဆောင်ထားခြင်းငှာ သင်ယူခြင်းငှာ မစွမ်းနိုင် ဖြစ်လာကြပြန်၏၊ ထိုအခါ အနက်အဓိပ္ပါယ် ခက်ခဲသော ကျမ်းဂန်များကို မသိနားမလည် နိုင်ကြသဖြင့် အဘိဓမ္မာပိဋကကို မသင်ယူကြတော့ပေ၊ ထိုကြောင့် အဘိဓမ္မာပိဋကသည် ရှေးဦးစွာ ကွယ်လေ ပေလိမ့်မည်။ အဘိဓမ္မာ (၇)ကျမ်းတွင်လည်း ရှေးဦးစွာ ပဋ္ဌာန်းကျမ်းကြီး ကွယ်ပျောက်မည်။ ထို့နောက် အစဉ် အတိုင်း ယမိုက်ကျမ်း, ကထာဝတ္ထုကျမ်း, ပုဂ္ဂလပညတ်ကျမ်း, ဓာတုကထာကျမ်း, ဝိဘင်းကျမ်း, ဓမ္မသင်္ဂဏီကျမ်း များ ကွယ်ကြမည်။

အဘိဓမ္မာပိဋက ကွယ်ပြီးသောအခါ သုတ္တန္တပိဋက ကွယ်ပျောက်မည်။ သုတ္တန္တပိဋကတွင် ရှေးဦးစွာ အင်္ဂုတ္တရနိကာယ် ကွယ်ပျောက်မည်။ ထိုနောက် သံယုတ္တနိကာယ် (၅)ကျမ်း, မဇ္ဈိမနိကာယ် (၃)ကျမ်း, ဒီဃနိကာယ် (၃)ကျမ်း အစဉ်အတိုင်း ကွယ်ပျောက်မည်။ ဤသို့လျှင် ဒီဃနိကာယ်သို့တိုင်အောင် ကွယ်ပျောက်သွားသောအခါ သုတ္တန္တပိဋကသည် ကွယ်ပျောက်သည် မည်တော့၏။

ဝိနည်းပိဋကနှင့်တကွ ဇာတက ဒေသနာတော်မျှကိုသာလျှင် ဆောင်ထားကြပေကုန်လတ္တံ့။ သီလကို ချစ်မြတ်နိုးတော်မူကြကုန်သော လဇ္ဇီသူတော်ကောင်းတို့သည်သာလျှင် ဝိနည်းပိဋကကို ဆောင်ထားကြပေကုန် လတ္တံ့။ လာဘ်လာဘပေါများမှုကို အလိုရှိကြကုန်သော ရဟန်းတို့သည် --- သုတ္တန်တရားတော်တို့ကို ဟောကြား ပြသ ဆိုဆုံးမသော်လည်း ကောင်းစွာမှတ်မိသော သူသည် ကောင်းစွာကျင့်သော သူသည် မရှိနိုင် --- ဟု နှလုံး ပိုက်ကြ၍ ဇာတ်တော်များကိုသာလျှင် ဆောင်ထားကြကုန်၏။ ထို့နောက် ဇာတ်တော်အားလုံးကို ဟောပြောပြ နိုင်သော ပုဂ္ဂိုလ်လည်းမရှိ, နာကြားမည့် ပရိသတ်လည်း မရှိလေရကား ဇာတ်တော်များလည်း တဖြည်းဖြည်း ကွယ်ပျောက်ပေလတ္တံ့။ ဤသို့ ဇာတ်တော်များ ကွယ်ပျောက်သွားသောအခါ ဝိနည်းပိဋကကိုသာလျှင် ဆောင်ထားပေလတ္တံ့။ တဖြည်းဖြည်း ကာလဆုတ်ယုတ်လာသောအခါ ဝိနည်းပိဋကသည်လည်း ကွယ်ပျောက်ပေလတ္တံ့။

နောက်ဆုံး၌ တိုင်းပြည်ကို အစိုးရသော မင်းတို့သည် --- ဘုရားဟောကြားထားတော်မူအပ်သော ဂါထာ တစ်ခုကိုမျှ ဟောပြနိုင်သူရှိပါက ဆုတော်ငွေ တစ်ထောင်ပေးမည်။ဟု အသပြာတစ်ထောင်ထုပ်ကို ဆင်ကျောက်ကုန်းထက်၌တင်ကာ သုံးကြိမ်တိုင်တိုင် မြို့ကိုလည့်လည်၍ ကြေညာစေသော်လည်း အသပြာထောင်ထုပ်ကို ယူမည့်သူ မရှိသဖြင့် မင်းဘဏ္ဍာတော်တိုက်သို့ ပြန်လည်သွင်းရသော အချိန်အခါသို့ ရောက်လျှင် ဘုရားရှင်၏ ပရိယတ္တိသာသနာတော်မြတ်ကြီးသည် လုံးဝကွယ်လေတော့သည်။ (အံ၊ဋ္ဌ၊၁၊၆၈-၆၉။)

လိင်္ဂသာသနာကွယ်ပုံ

လိင်္ဂသာသနာကွယ်ပုံ

ပရိယတ္တိသာသနာတော်ကြီး ကွယ်ပြီးနောက်ပိုင်းကာလ၌ ရဟန်းတို့၏ သင်္ကန်းဝတ်ရုံပုံ သပိတ်ကိုင်ပုံ လှမ်းကြွပုံ ကြည့်ရှုပုံများသည် ကြည်ညိုဖွယ်ရာဂုဏ်ကို မဆောင်နိုင်တော့ချေ။ သင်္ကန်းကိုလည်း ဆင်စွယ်ရောင် အဝါပြော့ပြော့မျှသာ ဆိုးကြကုန်လတ္တံ့။ ထို့နောက် ကာလကြာညောင်းပြန်သောအခါ သင်္ကန်းကို အဝါရောင်မျှပင် မဆိုးတော့ဘဲ ပိတ်ဖြူကို ကပ္ပဗိန္ဒုထိုး၍သော်လည်းကောင်း လူတို့ဝတ်သကဲ့သို့ ခါးပုံစထိုး၍သော်လည်းကောင်း ဝတ်ဆင်ကြကုန်လတ္တံ့။ (ယောနကတိုင်းသားတို့၏ အဝတ်ဖြူဝတ်သော ဓလေ့ထုံးစံသည် ကဿပဘုရားရှင်၏ သာသနာတော် နောက်ပိုင်းကာလ၌ ရဟန်းပျက်တို့၏ ကြွင်းကျန်သော ဓလေ့ထုံးစံဖြစ်သည်ဟု အဆိုရှိ၏။) ထို့ နောက် တစ်ဖန် ပိတ်ဖြူသင်္ကန်းကိုပင် ဝတ်ရုံမှု မပြုတော့ဘဲ သင်္ကန်းအပိုင်းအစငယ် တစ်ခုကို လက်မှာ ချည်၍ လည်းကောင်း, လည်ပင်းမှာ ချည်၍လည်းကောင်း, ဆံပင်မှာ ချည်၍လည်းကောင်း ရဟန်းဟူသော အထိမ်း အမှတ်မျှသာ ထားကြကုန်လတ္တံ့။ ထို့ပြင် သားမယားယူကာ ရောင်းဝယ် စိုက်ပျိုးခြင်းတို့ကို လုပ်ကိုင်၍ အသက် မွေးကြကုန်လတ္တံ့။ ဤကဲ့သို့သော ရဟန်းတု ရဟန်းယောင်မျိုးကိုပင် ရည်ရွယ်တော်မူ၍ ဘုရားရှင်က အောက်ပါ အတိုင်း ဟောကြားတော်မူခဲ့ခြင်း ဖြစ်၏။

ဘဝိဿန္တိ ခေါ ပနာနန္ဒ အနာဂတမဒ္ဓါနံ ဂေါတြဘုနော ကာသာဝကဏ္ဌာ ဒုဿီလာ ပါပဓမ္မာ၊ တေသု ဒုဿီလေသု သံဃံ ဥဒ္ဒိဿ ဒါနံ ဒဿန္တိ၊ တဒါပါဟံ အာနန္ဒ သံဃဂတံ ဒက္ခိဏံ အသင်္ချေယျံ အပ္ပမေယျံ ဝဒါမိ။ န တွေဝါဟံ အာနန္ဒ ကေနစိ ပရိယာယေန သံဃဂတာယ ဒက္ခိဏာယ ပါဋိပုဂ္ဂလိကံ ဒါနံ မဟပ္ဖလတရံ ဝဒါမိ။ (မ၊၃၊၂၉၉။)

အာနန္ဒာ ...စင်စစ် နောင်အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်း လည်၌ရောက်ကုန်သော သီလမရှိကုန်သော ယုတ်မာသော တရားရှိသူတို့သည် ဖြစ်ပေါ်လာပေကုန်လတ္တံ့၊ ထို သီလ မရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန်လတ္တံ့။ အာနန္ဒာ ...ထိုကဲ့သို့သော အခါမျိုး၌သော်လည်း သံဃိကအလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏ဟု ငါဘုရားဟောတော် မူ၏။ အာနန္ဒာ မည်သည့် နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိကဒါနကို အထူးသဖြင့် အကျိုးများ၏ဟု ငါဘုရား ဟောတော်မမူပေ။ (မ၊၃၊၂၉၉။ ဒက္ခိဏဝိဘင်္ဂသုတ်။)

နောက်ဆုံး၌ ရဟန်းပျက်တို့သည် ထိုသင်္ကန်းစကိုပင် အကျယ်ချဲ့သည့် အကျိုးမရှိသည့် လုပ်ငန်းရပ်အဖြစ် သတ်မှတ်ကာ ပယ်စွန့်ပစ်ကြကုန်လတ္တံ့။ ထိုအခါ လိင်္ဂသာသနာသည် ကွယ်သည် မည်ပေ၏။ (အံ၊ဋ္ဌ၊၁၊၆၉-ရဝ။)

ဓာတုသာသနာတော်ကွယ်ပုံ

ဓာတုသာသနာတော်ကွယ်ပုံ

ဓာတုသာသနာတော်မြတ်ကြီး ကွယ်ပပုံကို ဤသို့ သိရှိပါလေ။ ပရိနိဗ္ဗာန်သည် ကိလေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန် ဓာတုပရိနိဗ္ဗာန်အားဖြင့် သုံးမျိုးပြား၏။

ကိလေသပရိနိဗ္ဗာန် --- ဂေါတမရှင်တော်မြတ်ဘုရား၏ ကိလေသာတို့၏ ချုပ်ငြိမ်းမှု = ကိလေသပရိနိဗ္ဗာန်သည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည်နေ့၌ မဟာဗောဓိမဏ္ဍိုင်ဝယ်ဖြစ်ခဲ့ပြီ။ (ကိလေသပရိနိဗ္ဗာန် ပြုတော်မူရာ အချိန်အခါကာလ ပြုတော်မူရာ ဌာနသည် အတိအကျ ရှိခဲ့၏။ ယင်း ကိလေသပရိနိဗ္ဗာန်ကိုပင် သဥပါဒိသေသနိဗ္ဗာန်ဟူ၍လည်း ခေါ်၏။ ကိလေသာအားလုံး ချုပ်ငြိမ်းသွားသော်လည်း ကိလေသာနှင့်တကွသော ကုသိုလ် အကုသိုလ်မှ အခြားတစ်ပါးသော အဗျာကတ အမည်ရသော ခန္ဓာငါးပါးတို့ ကြွင်းကျန်နေသေးသော မချုပ်ငြိမ်းသေးသောကြောင့် သဥပါဒိသေသနိဗ္ဗာန်ဟု ဆိုသည်။)

ခန္ဓပရိနိဗ္ဗာန် --- ဝိပါက်ကမ္မဇရုပ်တို့၏ တစ်နည်းဆိုသော် ကြွင်းကျန်နေသေးသော ခန္ဓာတို့၏ အပြီးတိုင် ချုပ်ငြိမ်းမှုသည် ခန္ဓပရိနိဗ္ဗာန် မည်၏။ ယင်း ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ ဖြစ်ခဲ့ပြီ။ ယင်းခန္ဓပရိနိဗ္ဗာန်ကို အနုပါဒိသေသနိဗ္ဗာန် ဟူ၍လည်း ခေါ်ဆိုပေသည်။ ခန္ဓာငါးပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်း ခြင်းတည်း။

ဓာတုပရိနိဗ္ဗာန် --- ထိုသို့ ခန္ဓပရိနိဗ္ဗာန်ပြုတော်မူရာတွင် လူတို့၏ အကျိုးစီးပွားအလို့ငှာ ---

ငါဘုရားရှင်သည် လူ့လောက၌ ကြာမြင့်စွာ ရပ်တည်ခွင့်မရဘဲ ပရိနိဗ္ဗာန် စံလွန်တော်မူရပေတော့အံ့၊ ငါ ဘုရားရှင်၏ သာသနာတော်သည်လည်း လူ့ပြည်လူ့လောက အရပ်ဒေသအားလုံး၌ ကျယ်ပြန့်မှု မရှိသေး ပျံ့နှံ့ မှုမရှိသေး၊ ထိုကြောင့် ပရိနိဗ္ဗာန်စံလွန်သွားတော်မူသော ငါဘုရားရှင်၏လည်း မုန်ညင်းစေ့ ပမာဏရှိသော ဓာတ် တော် မွေတော်မျှကိုသော်လည်း ယူဆောင်၍ မိမိ မိမိ၏ နေရာဌာန၌ စေတီတော်ကို တည်ထားကိုးကွယ်လျက် ပြုစုလုပ်ကျွေးသော လူများအပေါင်းသည် နတ်ရွာသုဂတိလျှင် လည်းလျောင်းရာရှိသည် ဖြစ်စေသတည်း။

ဤသို့လျှင် ဓာတ်တော်မွေတော်များကို အစိတ်စိတ်ပြိုကွဲတည်ရှိအောင် ရွှေတုံး ရွှေခဲကဲ့သို့ တစ်လုံးတစ်ခဲ တည်း မတည်အောင် အဓိဋ္ဌာန်ပြုတော်မူခဲ့၏။

၁။ စွယ်တော် (၄)ဆူ,

၂။ ညှပ်ရိုးတော် (၂)ဆူ,

၃။ နဖူးသင်းကျစ်တော် (၁)ဆူ ---

ဤ (၇)ဆူသော ဓာတ်တော်တို့သည် ပင်ကိုမူလ ပကတိ အနေအထားအတိုင်း တည်ရှိတော်မူကြကုန်၏၊ ပြိုကွဲမှု မရှိကြကုန်။ ကြွင်းကျန်သော ဓာတ်တော်တို့ကား အစိတ်စိတ် အမြွှာမြွှာ ကွဲတော်မူကြကုန်၏။ ထိုတွင် -

၁။ အသေးဆုံးဓာတ်တော်တို့ကား မုန်ညင်းစေ့ခန့် ပမာဏရှိကုန်၏။ မြတ်လေးပန်းငုံ အရောင်အဆင်းရှိကုန်၏။

၂။ အရွယ်အလတ်အစားဓာတ်တော်တို့ကား အလယ်၌ ထက်ပိုင်းကျိုးသွားသော ဆန်ကွဲခန့် ပမာဏရှိကုန်၏။အလွန် စင်ကြယ် သန့်ရှင်း တောက်ပသော ပုလဲအဆင်းနှင့် တူကုန်၏။

၃။ အကြီးဆုံးဓာတ်တော်မွေတော်တို့ကား အလယ်၌ကွဲနေသော ပဲနောက်စေ့ခန့် ပမာဏရှိကုန်၏၊ ရွှေအဆင်း နှင့်တူသော အရောင်အဆင်းရှိကုန်၏။ (ဒီ၊ဋ္ဌ၊၂၊၁၉၆။)

ဤအထက်ပါ ဓာတ်တော်မွေတော် အားလုံးတို့ကို နောက်ထပ်တစ်ဖန် ထပ်၍ မပြိုကွဲ မပျက်စီးနိုင်သော ကြောင့် အသမ္ဘိန္န ဓာတ်တော်များဟုလည်း ခေါ်၏။

ထိုသို့ ခန္ဓပရိနိဗ္ဗာန်ပြုတော်မူရာတွင် လူတို့၏ အကျိုးစီးပွား အလို့ငှာ မပြိုမကွဲ မပျက်မစီးသော အသမ္ဘိန္န ဓာတ်တော်များ ကျန်ရစ်ခဲ့၏။ ထိုဓာတ်တော်တို့သည် လူတို့ပူဇော်သက္ကာရ ပြုရန်အတွက် မြတ်စွာဘုရားသခင်၏ အဓိဋ္ဌာန်တော်ကြောင့် တည်ရှိနေခြင်းဖြစ်၏။ နှစ်ကာလကြာညောင်းလတ်သော် လူတို့သည် ပစ္စည်းဥစ္စာရှာခြင်း၌ အချိန်ကုန်ကာ အသိဉာဏ်ပညာ ခေါင်းပါးလာ၍ ဓာတ်တော်မွေတော်တို့အား မြတ်နိုးပူဇော်မှု မပြုကြတော့လတ္တံ့။ ထိုအခါ လူ့ပြည် နတ်ပြည် နဂါးပြည် ဗြဟ္မာ့ပြည်တို့၌ ရှိရှိသမျှ ဓာတ်တော်မွေတော်တို့သည် မဟာဗောဓိမဏ္ဍိုင်သို့ ကြွတော်မူကြကုန်လတ္တံ့။

ဓာတ်ပေါင်းစုရုပ်ရှင်တော်မြတ်

ဓာတ်ပေါင်းစုရုပ်ရှင်တော်မြတ်

အလုံးစုံသော ဓာတ်တော်တို့သည် မဟာဗောဓိမဏ္ဍိုင်၌ စုဝေးပေါင်းဆုံလျက် မြတ်စွာဘုရား၏ ရုပ်ပုံတော် အသွင်ကိုယူ၍ ဗောဓိမဏ္ဍိုင်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလတ္တံ့။ ထိုဓာတ်ပေါင်းစု ဗုဒ္ဓရုပ်ပုံတော်သည် (၃၂) ပါးသော ယောကျ်ားမြတ်တို့၏ လက္ခဏာတော်ကြီး, (၈၀)သော လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံလျက် ဗျာမပဘာ လျှံဝါတင့်ထွန်း ရောင်ခြည်တော်ဝန်းတို့ဖြင့် တင့်တယ်စွာ စမ္ပယ်တော်မူလတ္တံ့။ ထို့ပြင် ရေမီးအစုံအစုံသော တန်ခိုး ပြာဋိဟာများကို ပြတော်မူလတ္တံ့။

ထိုအခါ ထိုအရပ်သို့ ရောက်ရှိလာသော လူသားဖြစ်သော သတ္တဝါတစ်စုံတစ်ယောက် မည်သည် မရှိ ဖြစ်ပေလတ္တံ့။ စကြဝဠာပေါင်း တိုက်တစ်သောင်း အတွင်း၌ တည်ရှိကြကုန်သော နတ်ဗြဟ္မာအားလုံးတို့သည် သာလျှင် စုဝေး ရောက်ရှိလာကြကုန်၍ --- ယနေ့ ကိုယ်တော်အား (၁၀)ပါး, ဉာဏ်တော်အား (၁၀)ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော်မူလေ၏။ ဤနေ့ ဤအချိန်အခါမှစ၍ လောက၌ အမိုက် မှောင်အတိ ဖြစ်ပေလတ္တံ့။- ဟု ငိုမြည်တမ်းကြပေကုန်လတ္တံ့။ ထို့နောက် ဓာတ်ပေါင်းစုရုပ်ရှင်တော် အတွင်းမှ တေဇောဓာတ်သည် ထကြွလာပြီးလျှင် အားလုံးသော ဓာတ်တော်တို့သည် လောင်ကျွမ်း၍ အကြွင်းအကျန်မရှိ ကုန်ခန်းသွားပေလတ္တံ့။

[ဓာတ်တော်မွေတော်ဟူသည်မှာလည်း ပရမတ္ထသစ္စာနယ်မှ ဆိုရသော် ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်၏။ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ဥတုခေါ်သည့် တေဇောဓာတ်ကြောင့် ဆင့်ကဲဆင့်ကဲ ဖြစ်ပွားနေသော ဥတုဇဩဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြ၏။ ယင်း ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်မှာ သဘာဝသတ္တိစွမ်းအင် လွန်ကဲထက်မြက် စူးရှလာကာ ကလာပ်တူ ရုပ်တရားတို့ကို အကြွင်းအကျန်မရှိအောင် လောင်ကျွမ်းလိုက်ပေတော့သည်။]

ဓာတ်ပေါင်းစု ရုပ်ရှင်တော်မြတ်မှ ထမြောက်ဖြစ်ပေါ်လာသော မီးတောက်မီးလျှံသည် ဗြဟ္မာ့ပြည်သို့တိုင် အောင် တက်ပေလတ္တံ့၊ မုန်ညင်းစေ့ခန့် ပမာဏရှိသော ကြွင်းကျန်နေသော ဓာတ်တော်၏ ထင်ရှားတည်ရှိနေ သေးပါမူ တစ်ဆက်တည်းသော မီးတောက်မီးလျှံသာ ဖြစ်ပေါ်နေပေလတ္တံ့။ ဓာတ်တော်မွေတော်များ အားလုံး ကုန်ဆုံးသွားသော အခါ၌ မီးတောက်မီးလျှံသည် ပြတ်စဲ၍ သွားပေလတ္တံ့။ ဤကဲ့သို့သော ကြီးကျယ်သော အာနုဘော်ကို ထင်ရှားပြတော်မူလျက် ဓာတ်တော်မွေတော်တို့သည် ကွယ်ပျောက်၍ သွားကြပေကုန်လတ္တံ့။

ထိုအချိန်အခါ၌ ညီညာဖြဖြ စည်းဝေးမိကြကုန်သော သောင်းလောကဓာတ်တစ်ခွင်မှ နတ်ဗြဟ္မာအပေါင်း တို့သည် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ ပရိနိဗ္ဗာန် စံလွန်တော်မူရာ နေ့အခါ၌ကဲ့သို့ပင် နတ်၌ဖြစ်ကုန်သော နံ့သာ ပန်း တူရိယာ စသည်တို့ဖြင့် ပူဇော်မှုကို ပြုကြကုန်၍ သုံးကြိမ်တိုင်တိုင် လကျ်ာရစ် လှည့်လည်ကုန်လျက် အရို အသေပြုကာ ရှိခိုးကြကုန်၍ ---

အနာဂတေ ဥပ္ပဇ္ဇနကံ ဗုဒ္ဓံ ပဿိတုံ လဘိဿာမ ဘဂဝါ။

ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...နောင်အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို ဖူးမြော်ခွင့်ကို ရလိုပါကုန်၏ဘုရား ---

ဤသို့ လျှောက်ထား၍ မိမိ မိမိ၏ နတ်ပြည် ဗြဟ္မာပြည် ဌာနသို့ပင် ပြန်သွားကြကုန်၏။

ဤကား ဓာတုသာသနာတော်ကွယ်ပုံတည်း။ (အံ၊ဋ္ဌ၊၁၊ရဝ-၇၁။)

ပရိယတ္တိသာသနာတော်၏ အရေးကြီးပုံ

ပရိယတ္တိသာသနာတော်၏ အရေးကြီးပုံ

ဤသို့သော သာသနာကွယ်ခြင်း ငါးမျိုးရှိရာတွင် ပရိယတ္တိသာသနာတော် ကွယ်ခြင်းသည်သာလျှင် အရေး အကြီးဆုံး ဖြစ်သည်၊ အရင်းမူလ ဖြစ်သည်။ ပရိယတ္တိသာသနာတော်မြတ်ကြီး ကွယ်ပျောက်သွားခဲ့သော် ပဋိပတ္တိ သာသနာတော်ကြီးလည်း ကွယ်ပျောက်လေတော့၏။ ပရိယတ္တိသာသနာတော်မြတ်ကြီး တည်ရှိနေသေးလျှင် ပဋိပတ္တိသာသနာတော်မြတ်ကြီးသည်လည်း တည်ရှိနိုင်သည်သာ ဖြစ်၏။

တစ်ချိန်က သီဟိုဠ်ကျွန်းတွင် စဏ္ဍာလတိဿ ဘေးဆိုးကြီး ဆိုက်ခဲ့ဖူး၏။ ရဟန်းသံဃာတော် ခပ်များ များသည် ဇမ္ဗူဒိပ်ကျွန်းဘက်သို့ ကူးသွားတော်မူကြ၏။ မထေရ်မြတ်ကြီး အပါး (၆၀)တို့ကား အချင်းချင်း ကတိကဝတ် ပြုကြကုန်၍ --- ငါတို့အား ဤအရာ၌ သမုဒ္ဒရာတစ်ဖက်ကမ်း ဇမ္ဗူဒိပ်ကျွန်းသို့ သွားရခြင်းကိစ္စ သည် မရှိ၊ ငါတို့သည် ဤသီဟိုဠ်ကျွန်း၌ပင်လျှင် ဖြစ်ကြကုန် ရှိကြကုန်၍ ပိဋကသုံးပုံကို စောင့်ရှောက်ကြပါ ကုန်အံ့၊ --- ဤသို့ တိုင်ပင်ကြကုန်၍ သမုဒ္ဒရာဆိပ်ကမ်းမှ ပြန်လှည့်တော်မူကြ၍ ဒက္ခိဏမလယ ဇနပုဒ်သို့ ကြွတော်မူကြပြီးလျှင် သစ်ဥ သစ်မြစ် သစ်ရွက်တို့ဖြင့် အသက်မွေးမှုကို ပြုတော်မူကုန်လျက် သီတင်းသုံးတော်မူ ကြကုန်၏။ မိမိတို့၏ ခန္ဓာကိုယ်ကို မိမိတို့ ရွက်ဆောင်ထားနိုင်သော အချိန်၌ကား ထိုင်လျက်ပင် ပိဋကတော်ကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြကုန်၏။ မိမိတို့၏ ခန္ဓာကိုယ်ကို မရွက်ဆောင်နိုင်ကြသော အခါ၌ကား သဲများကို ဖြန့်ခင်းတော်မူကြ၍ သဲပုံကို ဝိုင်းရံတော်မူကြလျက် ဦခေါင်းတို့ကို သဲပုံထက် တစ်နေရာ၌ တင်ထားတော်မူကြ ကုန်၍ ပရိယတ္တိတရားတော်ကို သုံးသပ်တော်မူကြကုန်၏။ ဤကဲ့သို့သော သတ်မှတ်ချက်ဖြင့် (၁၂)နှစ်တို့ ကာလပတ်လုံး အဋ္ဌကထာနှင့် တကွ ပိဋကသုံးပုံကို ပြည့်ပြည့်စုံစုံပြု၍ ဆောင်ထားတော်မူခဲ့ကြကုန်၏။ (အံ၊ဋ္ဌ၊၁၊၇၁။)

စဏ္ဍာလတိဿ ဘေးဆိုးကြီး ငြိမ်းအေးလတ်သော် (ရဝဝ)ကုန်သော ရဟန်းတော်တို့သည် မိမိတို့ ရောက်ရှိရာ ဇမ္ဗူဒိပ်ကျွန်း၌ အဋ္ဌကထာနှင့် တကွသော ပိဋကသုံးပုံကို အက္ခရာပုဒ်ဗျည်း တစ်လုံးမျှသော်လည်း မကြွင်း မကျန်ရအောင် ဆောင်ထားတော်မူပြီးနောက် သီဟိုဠ်ကျွန်းသို့ပင် တစ်ဖန်ပြန်လည် ကြွလာတော်မူကြကုန်၏။ ရှေးဦးစွာ ကလ္လဂါမဇနပုဒ် မဏ္ဍလာရာမကျောင်းတိုက်သို့ ဝင်ရောက် သီတင်းသုံးတော်မူကြကုန်၏။ (ရဝဝ) ကုန်သော အဋ္ဌကထာနှင့်တကွ ပိဋကသုံးပုံကို နှုတ်ငုံဆောင်တော်မူထားနိုင်ကြသည့် မထေရ်မြတ်ကြီးတို့၏ ဇမ္ဗူဒိပ်ကျွန်းမှ သီဟိုဠ်ကျွန်းသို့ ပြန်လည် ကြွရောက်တော်မူလာကြောင်း သတင်းကောင်းကို သီဟိုဠ်ကျွန်း၌ ကျန်ရစ်တော်မူကြသည့် ဒက္ခိဏမလယ ဇနပုဒ်၌ သီတင်းသုံးတော်မူကြသည့် ရဟန်းတော် (၆၀)တို့သည် ကြား သိတော်မူကြကုန်၍ ဇမ္ဗူဒိပ်ကျွန်းမှ ပြန်ကြွလာတော်မူကြသော (ရဝဝ)ကုန်သော မထေရ်ကြီးတို့ကို ဖူးမြော်ရန် ကြွသွားတော်မူကြပြီးနောက် မထေရ်ကြီးတို့နှင့် အတူတကွ ပိဋကသုံးပုံကို သုတ်သင်တော်မူကြရာ အက္ခရာ တစ်လုံးမျှကိုသော်လည်းကောင်း, ဗျည်းတစ်လုံးမျှကိုသော်လည်းကောင်း မတူညီသည် မည်သည်ကို မတွေ့မြင် ကြရလေကုန်။ (အံ၊ဋ္ဌ၊၁၊၇၁။)

ထိုအခါ မထေရ်မြတ်ကြီးတို့၏ အတွင်း၌ ဤစကားသည် ထင်ရှားဖြစ်တော်မူခဲ့၏။

ပရိယတ္တိ နု ခေါ သာသနဿ မူလံ၊ ဥဒါဟု ပဋိပတ္တိ။ (အံ၊ဋ္ဌ၊၁၊၇၁။)

ပရိယတ္တိတရားတော်သည် သာသနာတော်၏ အရင်းအမြစ်လော၊ သို့မဟုတ် ပဋိပတ္တိသာသနာတော်သည် သာသနာတော်၏ အရင်းအမြစ်လော ?

ဤစကားသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏။ ပံသုကူလိက = ပံ့သကူဆောင် မထေရ်ကြီးတို့က --- ပဋိပတ္တိ သာသနာတော်သည်သာလျှင် သာသနာတော်၏ အရင်းအမြစ် မူလတရားဖြစ်၏။ --- ဟု မိန့်ဆိုတော်မူကြ၏။

ဓမ္မကထိက မထေရ်မြတ်တို့ကလည်း --- ပရိယတ္တိသာသနာတော်သည်သာလျှင် သာသနာတော်၏ အရင်း အမြစ် မူလတရား ဖြစ်၏။ --- ဟု မိန့်ဆိုတော်မူကြပြန်၏။ ထိုအခါ ထိုပံ့သကူဆောင်မထေရ် ဓမ္မကထိကမထေရ် တို့ကို ကြွင်းကျန်ကုန်သော မထေရ်မြတ်ကြီးတို့က ဤသို့ မိန့်ဆိုတော်မူကြ၏။

နှစ်ဘက်ကုန်သော အရှင်ဘုရားတို့၏ စကားမျှဖြင့်သာလျှင် တပည့်တော်တို့သည် မလိုက်နာနိုင်ကြပါကုန်၊ သုတ္တ အမည်ရသည့် ဘုရားဟောပါဠိတော်ကို ဆောင်ပြတော်မူကြပါကုန် ဘုရား ---

ဤသို့ လျှောက်ထားကြကုန်၏။ ဘုရားဟောပါဠိတော် သုတ္တကို ဆောင်ပြဖို့ရန် ဝန်မလေးပါဟု ဆို၍ ပံ့သကူဆောင်မထေရ်မြတ်တို့က အောက်ပါ သုတ္တပါဠိတော်များကို ကိုးကား၍ ထုတ်ဆောင်ပြတော်မူကြကုန်၏။

ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။ (ဒီ၊၂၊၁၂၅။)

ပဋိပတ္တိမူလကံ မဟာရာဇ သတ္ထုသာသနံ ပဋိပတ္တိသာရကံ။ ပဋိပတ္တိယာ ဓရန္တာယ တိဋ္ဌတိ။ (ခု၊၁၁၊၁၃၆-မိလိန္ဒပဥှ။)

၁။ အရိယမဂ် (၄)ပါးတို့ကို ရရှိရန် ဝိပဿနာကို ကြိုစားအားထုတ်နေဆဲ အာရဒ္ဓဝိပဿကပုဂ္ဂိုလ် (၄)မျိုး,

၂။ အရိယမဂ်၌ တည်သော မဂ်ပုဂ္ဂိုလ် (၄)မျိုး,

၃။ အရိယဖိုလ်၌ တည်သော အရိယဖိုလ်ပုဂ္ဂိုလ် (၄)မျိုး --- အားလုံးပေါင်းသော် ပုဂ္ဂိုလ် (၁၂)မျိုးတည်း။

သုဘဒ္ဒ ...ဤရဟန်းတော် (၁၂)မျိုးတို့သည် မိမိတို့ ရရှိထားသော တရားထူး တရားမြတ်ကို အခြား သူအား ဟောကြားပြသ၍ လက်ဆင့်ကမ်း၍ ကောင်းမွန်စွာ နေထိုင်ကြကုန်သည် ဖြစ်ငြားအံ့၊ လောကကြီးသည် ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် မဆိတ်သုဉ်းလေရာ။ (ဒီ၊၂၊၁၂၅။)

ဒါယကာတော် မိလိန္ဒမဟာရာဇ ... ဘုရားရှင်၏ သာသနာတော်သည် ပဋိပတ္တိသာသနာတော်လျှင် အရင်းမူလရှိ၏၊ ပဋိပတ္တိသာသနာတော်သည်သာလျှင် အနှစ်သာရရှိ၏။ ပဋိပတ္တိသာသနာတော်မြတ်ကြီးသည် ထင်ရှားတည်ရှိနေလတ်သော် ဘုရားရှင်၏ သာသနာတော်သည် ထင်ရှားတည်ရှိနေပေ၏။ (ခု၊၁၁၊၁၃၆-မိလိန္ဒပဥှ။)

ပံ့သကူဆောင် မထေရ်မြတ်တို့က အထက်ပါ သုတ္တပါဠိတော်များကို ကိုးကား၍ ပဋိပတ္တိသာသနာတော် သည်သာလျှင် ဘုရားရှင့်သာသနာတော်၏ အရင်းမူလတရားဖြစ်ကြောင်း တင်ပြလျှောက်ထားတော်မူကြ၏။ ထိုတွင် --- သမ္မာ ဝိဟရေယျုံ = ကောင်းမွန်စွာ နေထိုင်ကြကုန်သည် ဖြစ်ငြားအံ့ --- ဟူသော စကားရပ်နှင့် ပတ်သက်၍ အဋ္ဌကထာ၏ ဖွင့်ဆိုပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။

သမ္မာ ဝိဟရေယျုန္တိ ဧတ္ထ သောတာပန္နော အတ္တနော အဓိဂတဋ္ဌာနံ အညဿ ကထေတွာ တံ သောတာပန္နံ ကရောန္တော သမ္မာ ဝိဟရတိ နာမ။ ဧသ နယော သကဒါဂါမိအာဒီသု။ သောတာပတ္တိမဂ္ဂဋ္ဌော အညမ္ပိ သောတာပတ္တိမဂ္ဂဋ္ဌံ ကရောန္တော သမ္မာ ဝိဟရတိ နာမ။ ဧသ နယော သေသမဂ္ဂဋ္ဌေသု။ သောတာပတ္တိမဂ္ဂတ္ထာယ အာရဒ္ဓဝိပဿကော အတ္တနော ပဂုဏံ ကမ္မဋ္ဌာနံ ကထေတွာ အညမ္ပိ သောတာပတ္တိမဂ္ဂတ္ထာယ အာရဒ္ဓဝိပဿကံ ကရောန္တော သမ္မာ ဝိဟရတိ နာမ။ ဧသ နယော သေသမဂ္ဂတ္ထာယ အာရဒ္ဓဝိပဿကေသု။ (ဒီ၊ဋ္ဌ၊၂၊၁၈၁။)

အာရဒ္ဓဝိပဿကေဟီတိ သမာဓိကမ္မိကဝိပဿကေဟိ၊ သိခါပ္ပတ္တဝိပဿကေ သန္ဓာယ ဝုတ္တံ၊ န ပဋ္ဌပိတဝိပဿနေ။ (ဒီ၊ဋီ၊၂၊၁၈၃။)

၁။ သောတာပန်ပုဂ္ဂိုလ်သည် မိမိ၏ သောတာပတ္တိမဂ်၏ ရှေးအဖို့၌ ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ အမည် ရသော ဖြူစင်မြင့်မြတ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို အခြားသူတစ်ဦးအား ဟောကြားပြသ၍ ထို အခြားသူ တစ်ဦးတစ်ယောက်ကို သောတာပန်ဖြစ်အောင် ပြုလုပ်နိုင်သည်ရှိသော် ဤသာသနာတော်၌ ကောင်းမွန်စွာ နေထိုင်သောသူ မည်၏။ သကဒါဂါမ် အနာဂါမ် ရဟန္တာပုဂ္ဂိုလ်တို့၌လည်း ဤနည်းပင်တည်း။ (၄)

၂။ သောတာပတ္တိမဂ်ဉာဏ်၌ တည်သော သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် အခြားသူ တစ်ဦးတစ်ယောက် ကိုလည်း သောတာပတ္တိမဂ်ဉာဏ်၌ တည်အောင် ပြုလုပ်နိုင်သည်ရှိသော် ဤသာသနာတော်၌ ကောင်းမွန်စွာ နေထိုင်သည် မည်၏။ သကဒါဂါမိမဂ်၌တည်သော ပုဂ္ဂိုလ် အနာဂါမိမဂ်၌တည်သော ပုဂ္ဂိုလ် အရဟတ္တမဂ်၌ တည်သော ပုဂ္ဂိုလ်တို့၌လည်း ဤနည်းပင်တည်း။ (၄)

[မှတ်ချက် --- ဤ၌ ဘူတပုဗ္ဗဂတိကနည်း = ရှေး၌ ဖြစ်ဖူးသော နည်းအားဖြင့် ဖွင့်ဆိုတော်မူခြင်းဖြစ်၏။အရိယမဂ် စိတ္တက္ခဏတစ်ချက်ခန့် အချိန်ကာလ၌ တည်ရှိသော အရိယာသူတော်ကောင်းကိုသာလျှင် အရိယ မဂ်ပုဂ္ဂိုလ်ဟု ခေါ်ဆို၏။ သောတာပတ္တိမဂ်၌တည်သော ပုဂ္ဂိုလ်, သကဒါဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်, အနာဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်, အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်ဟု (၄)မျိုးပြား၏။ ထိုအရိယမဂ်ပုဂ္ဂိုလ်တို့သည် ထိုအရိယမဂ် စိတ္တက္ခဏတစ်ချက်ခန့် အချိန်ကာလအတွင်း၌ အခြားသူ တစ်ဦးတစ်ယောက်အား သောတာပတ္တိမဂ် စသည့် အရိယမဂ်၌ တည်အောင် အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်ရမည့် ပုဗ္ဗဘာဂပဋိပဒါ အမည် ရသော ဖြူစင်မြင့်မြတ်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ဟောကြားပြသ ဆိုဆုံးမဖို့ရန် အချိန်ကား မရ နိုင်။ သို့သော် ထိုအရိယမဂ်၌တည်သော အရိယာသူတော်ကောင်း၏ အရိယမဂ်တရားသည်ကား ပျက်စီး ခြင်းသဘော မရှိခြင်းကြောင့် အကုပ္ပဓမ္မ ဖြစ်သောကြောင့် = အရိယမဂ်မှ ပြန်လည် လျှောကျရိုး မရှိသော ကြောင့် ထိုကဲ့သို့ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်သည်။ တစ်နည်းဆိုသော် အရိယမဂ် ပုဂ္ဂိုလ်သည် အရိယမဂ်၌ တည်ပြီးသည်နှင့် တစ်ပြိုင်နက် အရိယဖိုလ်သို့ ကူးသွား၏။ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ သူတော်ကောင်းတို့ အသီးအသီး ဖြစ်သွားတော်မူကြ၏။ ထိုသောတာပန် စသော အရိယာ သူတော်ကောင်းတို့သည် မိမိတို့ ရှေး၌တည်ခဲ့ဖူး ဖြစ်ခဲ့ဖူးသော အရိယမဂ်၌ အခြားသူတစ်ဦးတစ်ယောက်ကို တည်လာအောင် ပြုလုပ်တော်မူနိုင်ကြ၏။ ပုဗ္ဗဘာဂပဋိပဒါ အမည်ရသော အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်ရမည့် ဖြူစင်မြင့်မြတ်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို ညွှန်ကြားပြသတော်မူနိုင်ကြ၏။ ဤ ကဲ့သို့သော သဘောတရားကို ရည်ရွယ်တော်မူ၍ ဘူတပုဗ္ဗဂတိကနည်းအားဖြင့် အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်သည်။ (ဒီ၊ဋီ၊၂၊၁၈၃)]

၃။ သောတာပတ္တိမဂ်ဉာဏ်၌ တည်သော သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ဖြစ်ရေးအတွက် ရည်ရွယ်မှန်းထား၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော အာရဒ္ဓဝိပဿကပုဂ္ဂိုလ်သည် မိမိ၏ လေ့ကျက်ထားအပ်ပြီးသော ပွားများထားအပ်ပြီးသော သမထဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ဟောကြားပြသ၍ အခြားသူတစ်ဦးကိုလည်း သောတာပတ္တိမဂ်ကို ရရှိရန် အလို့ငှာ အာရဒ္ဓဝိပဿကပုဂ္ဂိုလ်ဖြစ်အောင် ပြုလုပ်နိုင်သည်ရှိသော် ဤသာသနာ တော်၌ ကောင်းမွန်စွာ နေထိုင်သည် မည်၏။ ကြွင်းကျန်သော အရိယမဂ်တို့ကို ရရှိရန် ကြိုးစားအားထုတ် နေသော အာရဒ္ဓဝိပဿကပုဂ္ဂိုလ်တို့၌လည်း ဤနည်းပင်တည်း။ (၄)

အာရဒ္ဓဝိပဿက --- အာရဒ္ဓဝိပဿကပုဂ္ဂိုလ်ဟူသည် ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိရှိသော သမာဓိကမ္မိကပုဂ္ဂိုလ်ဖြစ်၍ အကြောင်းတရားနှင့် တကွသော ခန္ဓာငါးပါး ပရမတ် ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပွားသုံးသပ်နိုင် တော်မူကြကုန်သော ဝိပဿကပုဂ္ဂိုလ်မျိုးကိုသာ ဆိုလိုသည်။ အထူးသဖြင့် ဝိပဿနာဉာဏ်၏ အထွတ်အထိပ်သို့ ရောက်ရှိတော်မူကြကုန်သော သမာဓိကမ္မိကဝိပဿကပုဂ္ဂိုလ်တို့ကို ရည်ရွယ်တော်မူ၍ အာရဒ္ဓဝိပဿကပုဂ္ဂိုလ် ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။ ဝိပဿနာကမ္မဋ္ဌာန်း၌ ရပ်တည်စ ဝိပဿနာ ဉာဏ်ဖြစ်စ ဝိပဿကပုဂ္ဂိုလ်တို့ကို ရည်ရွယ်တော်မူ၍ ဖွင့်ဆိုထားသည်ကား မဟုတ်ပေ။ (ဒီ၊ဋီ၊၂၊၁၈၃။)

ပံ့သကူဆောင်မထေရ်မြတ်တို့က အထက်ပါ သုတ္တပါဠိတော်တို့ကို ထုတ်ဆောင်၍ ကိုးကားတင်ပြလာသော အခါ ဓမ္မကထိကမထေရ်မြတ်ကြီးတို့ကလည်း --- ပရိယတ္တိသာသနာတော်သည်သာလျှင် သာသနာတော်၏ အရင်း မူလဖြစ်သည် --- ဟူသော မိမိတို့၏ အယူဝါဒကို တည်တံ့အောင် ထားနိုင်ရန်အလို့ငှာ ဤသုတ္တပါဠိတော်များကို ထုတ်ဆောင်ပြတော်မူကြကုန်၏။

ယာဝ တိဋ္ဌန္တိ သုတ္တန္တာ၊ ဝိနယော ယာဝ ဒိပ္ပတိ။

တာဝ ဒက္ခန္တိ အာလောကံ၊ သူရိယေ အဗ္ဘုဋ္ဌိတေ ယထာ။

သုတ္တန္တေသု အသန္တေသု၊ ပမုဋ္ဌေ ဝိနယမှိ စ။

တမော ဘဝိဿတိ လောကေ၊ သူရိယေ အတ္ထင်္ဂတေ ယထာ။

သုတ္တန္တေ ရက္ခိတေ သန္တေ၊ ပဋိပတ္တိ ဟောတိ ရက္ခိတာ။

ပဋိပတ္တိယံ ဌိတော ဓီရော၊ ယောဂက္ခေမာ န ဓံသတီတိ။

ဣမသ္မိံ သုတ္တေ အာဟဋေ ပံသုကူလိကတ္ထေရာ တုဏှီ အဟေသုံ၊ ဓမ္မကထိကတ္ထေရာနံယေဝ ဝစနံ ပုရတော အဟောသိ။ ယထာ ဟိ ဂဝသတဿ ဝါ ဂဝသဟဿဿ ဝါ အန္တရေ ပဝေဏိပါလိကာယ ဓေနုယာ အသတိ သော ဝံသော သာ ပဝေဏိ န ဃဋီယတိ၊ ဧဝမေဝံ အာရဒ္ဓ ဝိပဿကာနံ ဘိက္ခူနံ သတေပိ သဟေဿပိ သံဝိဇ္ဇမာနေ ပရိယတ္တိယာ အသတိ အရိယမဂ္ဂပဋိဝေဓော နာမ န ဟောတိ။ ယထာ စ နိဓိကုမ္ဘိယာ ဇာနနတ္ထာယ ပါသာဏပိဋ္ဌေ အက္ခရေသု ဌပိတေသု ယာဝ အက္ခရာနိ ဓရန္တိ၊ တာဝ နိဓိကုမ္ဘိ နဋ္ဌာ နာမ န ဟောတိ။ ဧဝမေဝံ ပရိယတ္တိယာ ဓရမာနာယ သာသနံ အန္တရဟိတံ နာမ န ဟောတီတိ။ (အံ၊ဋ္ဌ၊၁၊၇၂။)

အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ တစ်နည်းဆိုရသော် ဓမ္မကထိက မထေရ်မြတ်ကြီးတို့၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ဖြစ်၏။

သုတ္တ အမည်ရသော ဘုရားဟော ပါဠိတော် ဒေသနာတော်များသည် ထင်ရှားတည်ရှိနေကြသမျှ ကာလ ပတ်လုံး, ဝိနည်းတရားတော်များ ထွန်းလင်းတောက်ပနေသမျှ ကာလပတ်လုံး နေလုလင်သည် ရှေးရှူတည်နေ သကဲ့သို့ အရောင်အလင်းကို တွေ့မြင်နိုင်ကြကုန်၏။

သုတ္တ အမည်ရသော ဘုရားဟော ပါဠိတော် ဒေသနာတော်များသည် ထင်ရှားမရှိကုန်လတ်သော်, ဝိနည်း တရားတော်သည်လည်း ပျောက်ပျက်၍ သွားလတ်သော် နေဝင်သွားသော အခါ၌ကဲ့သို့ လောက၌ အမိုက် မှောင်အတိ ဖြစ်ပေလတ္တံ့။

သုတ္တ အမည်ရသော ပါဠိတော်ဒေသနာတော်များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင် ခဲ့သော် ပဋိပတ္တိသာသနာတော်ကြီးကိုလည်း ထိန်းသိမ်းစောင့်ရှောက်အပ်ပြီးပင် ဖြစ်တော့၏။ ပဋိပတ္တိသာသနာ တော်၌ ရပ်တည်တော်မူနိုင်သော အာရဒ္ဓဝိပဿကဖြစ်သော ပညာရှိသူတော်ကောင်းသည် မဂ်အစဉ် ဖိုလ်အစဉ် အားဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူသောအခါ ယောဂလေးပါးတို့၏ ကုန်ခြင်းကြောင့် မပျက်စီးနိုင် တော့ပေ။

ဓမ္မကထိကမထေရ်မြတ်ကြီးတို့က ဤသုတ္တပါဠိတော်ကို ထုတ်ဆောင်ပြသတော်မူကြသည်ရှိသော် ပံ့သကူ ဆောင် ပံသုကူလိကမထေရ်မြတ်ကြီးတို့သည် ဆိတ်ဆိတ်နေတော်မူကြကုန်၏။ ဓမ္မကထိက မထေရ်မြတ်ကြီး တို့၏ စကားတော်သည်သာလျှင် ေ့ရှတန်းက ဖြစ်သွား၏။ (အံ၊ဋ္ဌ၊၁၊၇၂။)

ဤသို့ သာသနာကွယ်ခြင်းငါးမျိုးတို့တွင် ပရိယတ္တိသာသနာတော် ကွယ်ခြင်းသည်သာလျှင် အရေးကြီးဆုံး ဖြစ်သည်။ ပရိယတ္တိသာသနာတော်မြတ်ကြီးသည် ထင်ရှားတည်ရှိနေသေးလျှင် ပဋိပတ္တိသာသနာတော် စသည် တို့သည် ထင်ထင်ရှားရှား တည်ရှိနေနိုင်သည်သာ ဖြစ်သည်။ ပရိယတ္တိသာသနာတော်မြတ်ကြီး ကွယ်ပျောက်လျှင် ကား ပဋိပတ္တိစသော သာသနာများလည်း ကွယ်ပျောက်ရမည် ဧကန်တည်း။

ဥပမာ --- နွားလား အရာအထောင်ရှိနေပါသော်လည်း မျိုးဆက်တည်တံ့ ပြန့်ပွားစေနိုင်သော နွားမ မရှိ လျှင် နွားမျိုးဆက်သည် မတည်ရှိနိုင်။ ဤဥပမာအတူ ဝိပဿနာတရားကို ပွားများအားထုတ်သော ရဟန်းအရာ အထောင် ရှိငြားသော်လည်း ပရိယတ္တိသာသနာတော်တည်းဟူသော ပိဋကသုံးပုံမရှိလျှင် အရိယမဂ်ကို ထိုးထွင်း သိမြင်မှုမည်သည် = ပဋိဝေဓသာသနာတော် မည်သည် မဖြစ်နိုင်ချေ။ (သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းအဖြစ် ညွှန်ကြားထားတော်မူအပ်သော ကျင့်စဉ်အရပ်ရပ်တို့ကို ပရိယတ္တိသာသနာတော်၌ ပြည့်ပြည့်စုံစုံ ဖော်ပြထား၏၊ ပရိယတ္တိသာသနာတော်မြတ်ကြီး ကွယ်ခြင်းသည် နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်လမ်းကြီး ကွယ်ပျောက်ခြင်းပင်ဖြစ်၏။ နည်းမှန် လမ်းမှန် ကျင့်စဉ်များ ကွယ်ပျောက်သွားသဖြင့် နည်းမှန် လမ်းမှန် ဝိပဿနာ ကမ္မဋ္ဌာန်းကို မစီးဖြန်းနိုင်ရကား ဝိပဿနာတရားကို ပွားများအားထုတ်သော ရဟန်း အရာ အထောင် ရှိငြား သော်လည်း ပရိယတ္တိတည်းဟူသော ပိဋကသုံးပုံ ကျင့်စဉ်မှန်များ မရှိလျှင် အရိယမဂ်ကို ထိုးထွင်းသိမြင်မှု ပဋိဝေဓ သာသနာတော်မြတ်ကြီး မဖြစ်နိုင်ခြင်း ဖြစ်ပေသည်။)

မြေကြီးထဲ၌ နက်ရှိုင်းစွာ မြှုပ်နှံထားသော ရွှေအိုးကြီးအကြောင်းကို သိစေရန် ကျောက်ဖျာပေါ်၌ အညွှန်း အက္ခရာများ ရေးထွင်းထားငြားအံ့၊ ရတနာများကို တူးဖော်ရန် အညွှန်းသိုက်စာများ ထင်ရှား ရှိနေငြားအံ့၊ ကျောက်ဖျာထက်၌ ရေးထွင်းထားသော အညွှန်းအက္ခရာများ ထင်ရှားတည်နေသမျှ ကာလပတ်လုံး အညွှန်း သိုက်စာများ ထင်ရှားရှိနေသမျှ ကာလပတ်လုံး အက္ခရာများ မပျက်မချင်း အညွှန်းသိုက်စာများ မပျက်မချင်း ရွှေအိုးကြီးသည် မပျောက်ဆုံးနိုင်သကဲ့သို့ ရတနာသိုက်ကြီးသည် မပျောက်ဆုံးနိုင်သကဲ့သို့ အလားတူပင် ပရိယတ္တိသာသနာမြတ်ကြီး ထင်ရှား တည်ရှိနေသမျှကာလပတ်လုံး သာသနာတော်ကွယ်ခြင်း ငါးမျိုးမည်သည် မဖြစ်နိုင်ချေ။ (အံ၊ဋ္ဌ၊၁၊၇၂။)

ပရိယတ္တိသာသနာတော်တည်းဟူသော ပိဋကသုံးပုံဟူသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဟူသော ရတနာ ရွှေအိုးကြီး ရတနာသိုက်ကြီးသည် မည်သည့်နေရာမှာ တည်ရှိသည်ဟု ရတနာရွှေအိုးကြီး ရတနာသိုက်ကြီး အကြောင်းကို သိစေရန် ကျောက်ဖျာထက်၌ ရေးထွင်းထားသော အညွှန်းအက္ခရာများ အညွှန်းသိုက်စာများ ဖြစ်ကြ၏။ ယခုအခါတွင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် တည်းဟူသော ရတနာရွှေအိုးကြီး ရတနာသိုက်ကြီး အကြောင်းကို သိရှိရန်, ရတနာရွှေအိုးကြီး ရတနာသိုက်ကြီးကို ရရှိရန် လောကီမဂ္ဂင် (၈)ပါး အကျင့်မြတ်တရား, လောကုတ္တရာမဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော အညွှန်းသိုက်စာများသည် ပိဋကသုံးပုံတည်း ဟူသော ပရိယတ္တိသာသနာတော်ကြီး၌ အပြည့်အစုံ တည်ရှိနေပေ၏။ ဆဋ္ဌသင်္ဂါယနာသို့ တိုင်အောင်သော သင်္ဂါယနာမထေရ် အဆက်ဆက်တို့သည် ---

၁။ နှုတ်တိုက် အာဂုံဆောင်သော စနစ်ဖြင့်လည်းကောင်း,

၂။ ပေထက်အက္ခရာ၌ တင်ခြင်းဖြင့်လည်းကောင်း,

၃။ ကျောက်ထက်အက္ခရာ၌ တင်ခြင်းဖြင့်လည်းကောင်း,

၄။ စာရွက်ထက်၌ ပုံနှိပ်အက္ခရာ တင်ခြင်းဖြင့်လည်းကောင်း -

အဋ္ဌကထာနှင့် တကွသော ပိဋကသုံးပုံ အညွှန်းသိုက်စာများကို ထိန်းသိမ်းစောင့်ရှောက်ထားတော်မူခဲ့ကြ ပေသည်။ ယနေ့ ယင်းရတနာသိုက်စာကြီးများကား ထင်ရှားတည်ရှိလျက်ပင် ရှိကြ၏။

အကယ်၍ အသင်သူတော်ကောင်းသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တည်းဟူသော ရတနာရွှေအိုးကြီးကို ထုတ်ယူ အသုံးပြုလိုသည် ဖြစ်အံ့၊ ရယူလိုသည် ဖြစ်အံ့၊ ထိုပိဋကသုံးပုံတည်းဟူသော အညွှန်းသိုက်စာ၌ ညွှန် ကြားထားတော်မူသည့်အတိုင်း စနစ်တကျ တူးဖော်နိုင်ပါက ထိုရတနာရွှေအိုးကြီးကို တူးဖော် ရရှိနိုင်မည်မှာ မုချဖြစ်ပေသည်။

နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းတွင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တည်းဟူသော ရတနာရွှေအိုး ကြီးကို တူးဖော်ရရှိနိုင်ရေးအတွက် ပိဋကသုံးပုံတည်းဟူသော အညွှန်းသိုက်စာ၌ လာရှိသည့်အတိုင်း အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ အမည်ရသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို တစ်ဆင့်ပြီး တစ်ဆင့် အစီစဉ်တကျ ရာဇမတ်ကွက်ကန့် သံကွန်ချာဖြန့်သကဲ့သို့ တစ်ကန့်စီ တစ်ကန့်စီ စီရရီ ရေးသားတင်ပြ ထားပါသည်။

၁။ ပထမတွဲ၌ အာနာပါနဿတိ သမာဓိပိုင်းတွင် အာနာပါနလမ်းမှ သမာဓိထူထောင်ပုံ သမာဓိကျင့်စဉ် အညွှန်းသိုက်စာကိုလည်းကောင်း,

၂။ ရုပ်ကိုဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ရူပပရိဂ္ဂဟဉာဏ် ရရှိရေးအတွက် ရုပ်ကမ္မဋ္ဌာန်းပိုင်း ဟူသော အမည်ဖြင့် ရုပ်တရားတို့ကို သိမ်းဆည်းရှုပွားပုံ အညွှန်းသိုက်စာကိုလည်းကောင်း ရေးသားတင်ပြ ခဲ့ပြီး ဖြစ်၏။

၃။ ယခုတစ်ဖန် နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော အရူပပရိဂ္ဂဟဉာဏ် ရရှိရေးအတွက် နာမ်ကမ္မဋ္ဌာန်းပိုင်းကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။

ဤနာမ်ကမ္မဋ္ဌာန်းပိုင်း အညွှန်းသိုက်စာတွင် ---

(က) နာမ်တရားတို့ကို သိမ်းဆည်းပုံ အရူပပရိဂ္ဂဟ အခန်း,

( ခ ) ရုပ်+နာမ်ကို သိမ်းဆည်းပုံ ရူပါရူပပရိဂ္ဂဟ အခန်း,

( ဂ ) ရုပ်+နာမ်ကို ပိုင်းခြားမှတ်သားပုံ နာမရူပဝဝတ္ထာန အခန်း,

(ဃ) ဣရိယာပထ အခန်း,

( င ) သမ္ပဇဉ် အခန်း,

( စ ) သတိပဋ္ဌာန်လေးပါး အခန်း ---

ဤသို့စသည့် အပိုင်းကြီးများ ပါဝင်လျက်ရှိပေသည်။ အသင်သူတော်ကောင်းသည် ဤနာမ်ကမ္မဋ္ဌာန်းကို ဆက်လက်၍ ဖတ်ရှုလေ့လာကြည့်ပါက ပိဋကပါဠိတော်နှင့် အဋ္ဌကထာ ဋီကာတို့၌ လာရှိသော ---

၁။ နာမ်တရားများကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားသည့် အညွှန်းသိုက်စာများကိုလည်းကောင်း,

၂။ သိမ်းဆည်းရှုပွားပုံ နည်းစနစ်ကို ဖော်ပြထားသော အညွှန်းသိုက်စာများကိုလည်းကောင်း,

၃။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်သာမက သာဝကတို့သည်လည်း နာမ်တရားများကို သိမ်းဆည်းရှုပွား၍ ရနိုင်သည့် ရှေးထုံးဟောင်း ဥပဒေသ အညွှန်းသိုက်စာများကိုလည်းကောင်း ပြည့်ပြည့်စုံစုံ တွေ့ရှိရမည် ဖြစ်ပေသည်။

အိုဘေးဆိုးကြီး နာဘေးဆိုးကြီး သေဘေးဆိုးကြီး ပဋိသန္ဓေတည်နေရသည့် ဘေးဆိုးကြီး အပါယ်ဘေး ဆိုးကြီး သံသရာဝဋ်ဒုက္ခ ဘေးဆိုးကြီး အဝဝတို့မှ လွတ်မြောက်ရာဖြစ်သော မသေရာ အမြိုက်နိဗ္ဗာန်တရားတော် မြတ်ကြီးကို လိုလားတောင့်တလျက် ရှိကြကုန်သော သူတော်ကောင်းအပေါင်းတို့သည် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တော်မူနိုင်ကြပါစေသောဝ်။

__________

နာမ်ကမ္မဋ္ဌာန်းပိုင်း

နိဗ္ဗာနဂါမိနိပဋိပဒါ

နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် - ဒုတိယတွဲ

နာမ်ကမ္မဋ္ဌာန်းပိုင်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အရူပပရိဂ္ဂဟ အခန်း

ဝိပဿနာဉာဏ်၏ အရှုခံ နာမ်တရား

သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်က သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် အပရိဇာနနသုတ္တန် တွင် အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟူသော ပရိညာ (၃)မျိုးဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခသည် မည်သည့်နည်းနှင့်မျှ မကုန်ဆုံးနိုင်ဟု ဟောကြားထားတော်မူသောကြောင့်လည်းကောင်း (သံ၊၂၊၂၄၉-၂၅၀။),

အဋ္ဌသာလိနီအဋ္ဌကထာ (၂၇၁), ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂၊၃၀၀-၃၀၁)တို့၌ ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်လာနိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်လာနိုင်၊ ထိုကြောင့် ရံခါ ရုပ် တရားကို ရံခါ နာမ်တရားကို ဝိပဿနာ ရှုပွားသုံးသပ်ရမည်ဟု ညွှန်ကြားထားတော်မူသောကြောင့်လည်းကောင်း သံသရာဝဋ်ဆင်းရဲဒုက္ခကြီးကို ကုန်ခန်းစေလိုသော အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြကုန်သော နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်သည်။ ဆက်လက် သိမ်းဆည်းရမည့် နာမ်တရားတို့ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့တွင် အောက် ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏။

တေဿဝံ ပရိဂ္ဂဟိတရူပဿ ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တိ။ သေယျထိဒံ --- ဒွေပဉ္စဝိညာဏာနိ, တိဿော မနောဓာတုယော, အဋ္ဌသဋ္ဌိ မနောဝိညာဏဓာတုယောတိ ဧကာသီတိ လောကိယစိတ္တာနိ၊ အဝိသေသေန စ တေဟိ စိတ္တေဟိ သဟဇာတော ဖေဿာ, ဝေဒနာ, သညာ, စေတနာ, ဇီဝိတံ, စိတ္တဋ္ဌိတိ, မနသိကာရောတိ ဣမေ သတ္တ သတ္တ စေတသိကာတိ။ လောကုတ္တရစိတ္တာနိ ပန နေဝ သုဒ္ဓဝိပဿကဿ၊ န သမထယာနိကဿ ပရိဂ္ဂဟံ ဂစ္ဆန္တိ အနဓိဂတတ္တာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ကာမံ ဝတ္ထုဝသေနာပိ အရူပဓမ္မာ ပါကဋာ ဟောန္တိ၊ ဒွါရဝသေန ပန ပရိဂ္ဂဟော အနာကုလောတိ ကတွာ ဝုတ္တံ ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တီတိ။ သဗ္ဗသင်္ဂါဟိကဝသေန ဧကာသီတိ လောကိယစိတ္တာနီတိ ဝုတ္တံ၊ လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ အဝိသေသေနာတိ သာဓာရဏတော။ ဖဿာဒယော ဟိ သတ္တ စေတသိကာ စက္ခုဝိညာဏာဒီဟိပိ ဥပ္ပဇ္ဇနတော သဗ္ဗစိတ္တုပ္ပါဒသာဓာရဏာ။ သဗ္ဗေပိ တေတိ ဧကာသီတိ လောကိယစိတ္တာနိ, တံသမ္ပယုတ္တာ ဖဿာဒယောတိ သဗ္ဗေပိ တေ အရူပဓမ္မေ။ အာရမ္မဏာဒိဝိဘာဂေန ပန စိတ္တုပ္ပါဒဘေဒေ ဂယှမာနေ တတော ဗဟုတရော ဧဝ ဟောတိ၊ သော ပန ဣဓ နာဓိပ္ပေတော။ (မဟာဋီ၊၂၊၃၅၂-၃၅၃။)

အထဿ ဧဝံ စတ္တာရိ မဟာဘူတာနိ တေဝီသတိ ဥပါဒါရူပါနိ ရူပက္ခန္ဓောတိ ရူပက္ခန္ဓံ ပရိဂ္ဂဏှန္တဿ အာယတနဒွါရဝသေန အရူပိနော ခန္ဓာ ပါကဋာ ဟောန္တိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)

ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖွင့်ဆိုရေးသား တင်ပြအပ်ခဲ့ပြီးသည့်အတိုင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိ သော ဘူတရုပ် ဓာတ်ကြီး (၄)ပါး, ဥပါဒါရုပ် (၂၃)ပါး သို့မဟုတ် ဟဒယဝတ္ထုနှင့်တကွ ဥပါဒါရုပ် (၂၄)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ သိမ်းဆည်းအပ်ပြီးသော ရုပ်တရားရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟု ဆိုအပ်သော အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်၏။

နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်များ ဖြစ်ကြသည့် စက္ခုဝတ္ထု, သောတဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယ ဝတ္ထု, ဟဒယဝတ္ထုဟူသော ဝတ္ထု၏အစွမ်းဖြင့်လည်း နာမ်တရားတို့သည် ထင်ရှားကုန်သည်သာ ဖြစ်ကုန်၏။ သို့သော်လည်း စက္ခုဒွါရဝီထိစသော အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းသည်ကား ရောယှက်ရှုပ်ထွေးခြင်း မရှိဟု နှလုံးပိုက်တော်မူ၍ စက္ခုဒွါရဝီထိစသော အာယတန ဒွါရ၏အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရန် အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။

စက္ခုဝတ္ထု၌ စက္ခုဝိညာဏ်စိတ်နှင့် အတူတကွ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရဟူသော စေတသိက် (၇)လုံး, စိတ်စေတသိက် နှစ်ရပ်ပေါင်းသော် နာမ်တရား (၈)လုံးတို့သာ မှီ၍ ဖြစ်ကြရ၏။ အလားတူပင် သောတဝတ္ထု စသည်တို့၌လည်း သောတဝိညာဏ်စသည့် ဆိုင်ရာ ဝိညာဏ်တို့နှင့် အတူတကွ နာမ်တရား (၈)လုံးစီသာ အသီးအသီး မှီ၍ ဖြစ်ကြ၏။ သို့သော် ဟဒယဝတ္ထု၌ကား အာရုံ (၆)ပါးလုံးကို ထိုက်သလို သိနေသည့် စက္ခုဝိညာဏ်စသည့် ပဉ္စဝိညာဏ်တို့မှ တစ်ပါးသော ဝီထိစိတ် အားလုံးတို့သည် မှီ၍ ဖြစ်နေကြ၏။ ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်ဟူသော နာမ်တရားစုတို့လည်း ဟဒယဝတ္ထုကိုပင် မှီ၍ ဖြစ်ကြ ကုန်၏။ သို့အတွက် ဟဒယဝတ္ထု၌ကား အာရုံ (၆)ပါးလုံးကို ထိုက်သလို သိကြသည့် အသိစိတ်တို့ စုပြုံ၍ ဖြစ်နေ ကြသည့်နေရာ ဖြစ်သဖြင့် မှီရာဝတ္ထုအလိုက် နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားခဲ့သော် ရောယှက်ရှုပ်ထွေးခြင်း ရှိနေ၏။ သို့အတွက် ရောယှက်ရှုပ်ထွေးခြင်း ကင်းအောင် စက္ခုဒွါရဝီထိနာမ်တရားစသည့် အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားခြင်းကသာ သာလွန်၍ ကောင်းမွန်သည့်အတွက် အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရန် ရှုပွားရန် အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ဤအထက်ပါ အဋ္ဌကထာတို့၏ ညွှန်ကြားသတ်မှတ်ချက်အရ ဤကျမ်း၌လည်း အာယတနဒွါရအလိုက်ပင် နာမ်တရားတို့ကို သိမ်းဆည်းရန် ရေးသားတင်ပြမည် ဖြစ်ပေသည်။ ယင်းသို့ သိမ်းဆည်း ရှုပွားရမည့် နာမ်တရားတို့မှာ ---

၁။ ဒွေပဉ္စဝိညာဏ် --- ၁၀

၂။ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းဒွေ ဟူသော မနောဓာတ် --- ၃

၃။ မနောဝိညာဏဓာတ် --- ၆၈

အားလုံးပေါင်းသော် လောကီစိတ် --- ၈၁

၄။ ယင်းလောကီစိတ်တို့နှင့် ယှဉ်တွဲ ဖြစ်ကြကုန်သော ဖဿ, ဝေဒနာ, သညာ, စေတနာ, စိတ္တဋ္ဌိတိမည်သော ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရဟူသော စိတ်အားလုံးနှင့် ဆက်ဆံသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် တို့တည်း၊ ဤကား အထူးမမ သာမညအားဖြင့် ပြောဆိုခြင်းတည်း။ အထူးအားဖြင့်ဆိုရမူ စိတ္တက္ခဏတိုင်း ဝယ် ယှဉ်ဖက်စေတသိက် သမ္ပယုတ်တရားစုတို့ကို နာမ်ဃနဟူသော နာမ်တုံးနာမ်ခဲ (၄)မျိုးကို ပြိုကွဲ သွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ထိုလောကီစိတ်တို့တွင်လည်း စျာန်ကို ရရှိကြကုန်သော စျာနလာဘီပုဂ္ဂိုလ်တို့၏ သန္တာန်၌သာလျှင် မဟဂ္ဂုတ်စိတ် အမည်ရကြကုန်သော စျာန်နာမ်တရားတို့သည် ထင်ရှားကြကုန်၏။ လောကုတ္တရာစိတ်တို့ကား သမထယာဉ် မဖက် သက်သက် သော သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်အားလည်း ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်ခြင်းသို့ မရောက်ကုန်၊ စျာန် သမထယာဉ်ရှိသော သမထယာနိကပုဂ္ဂိုလ်အားလည်း ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းသို့ မရောက်ရှိကုန်။ ယင်းလောကုတ္တရာတရားတို့ကို မရရှိသေးသောကြောင့် ဖြစ်၏။

ကြိယာစိတ်များ - သတိပြုရန်

ကြိယာစိတ်များ - သတိပြုရန်

အထက်တွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် နာမ်တရားအားလုံးကို သိမ်းကျုံးရေတွက်သော နည်းဖြင့် လောကီစိတ် (၈၁)မျိုးဟု ဖော်ပြထား၏။ ထိုတွင် ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရာ ဝဇ္ဇန်းဟူသော အာရုံကို ဆင်ခြင်တတ်သော အာဝဇ္ဇန်းစိတ်တို့သည်ကား အဟိတ်ကြိယာစိတ်များပင် ဖြစ်ကြ၏။ ပြုကာမတ္တ (= အာရုံကို ဆင်ခြင်ကာမတ္တ) မျှသာ ဖြစ်သောကြောင့် ကြိယာဟူသော အမည်ကို ရကြ၏။ ယင်း ကြိယာစိတ် နှစ်မျိုးတို့ကား ပုထုဇန်, သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌လည်း ဖြစ်နိုင်ကြ၏။ ကြွင်းကျန်ကုန်သော -

၁။ ဟသိတုပ္ပါဒ်စိတ် (၁) မျိုး

၂။ မဟာကြိယာစိတ် (၈) မျိုး

၃။ ရူပါဝစရကြိယာစိတ် (၅) မျိုး (ပဉ္စကနည်း)

၄။ အရူပါဝစရကြိယာစိတ် (၄) မျိုး

ဤ (၁၈)မျိုးကုန်သော ကြိယာစိတ်တို့ကား ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌သာ ဖြစ်ခွင့် ရနိုင်သော စိတ်တို့ ဖြစ်ကြ၏။ သို့အတွက် ပုထုဇန်, သေက္ခပုဂ္ဂိုလ်တို့၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် နာမ်တရား တို့တွင် ယင်းကြိယာစိတ်တို့ မပါဝင်ကြဟု မှတ်ပါ။

အာယတနဒွါရ - ကမ္မဒွါရ

အာယတနဒွါရ - ကမ္မဒွါရ

အာယတနဒွါရဝသေနာတိ အာယတနသင်္ခါတဒွါရဝသေန။ ကမ္မဒွါရနိဝတ္တနတ္ထံ အာယတနဂ္ဂဟဏံ။ ကာယဒွါရေတိ ပသာဒကာယဒွါရေ။ မနောဒွါရံ နာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတဝေါဟာရေန မနောဒွါရန္တိ ဝုတ္တံ၊ ယတ္ထ မနောဒွါရုပ္ပတ္တိ။ (မဟာဋီ၊၂၊၄၁၀။)

သာသနာတော်၌ အာယတနဒွါရ, ကမ္မဒွါရဟု ဒွါရ အသုံးအနှုန်း နှစ်မျိုး ရှိ၏။ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရဟူသော ဒွါရ သုံးပါးကား ကမ္မဒွါရတည်း။ စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရ, မနောဒွါရဟူသော ဒွါရ (၆)ပါးကား အာယတနဒွါရတည်း။

ကာယဒွါရ --- ကာယဒွါရ, ဝစီဒွါရ, မနောဒွါရဟူသော ဒွါရ (၃)ပါး၌ ပါဝင်သော ကာယဒွါရဟူသည် ရှေး ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် (အဘိ၊ဋ္ဌ၊၁၊၁၂၆)၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း - စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန်ရုပ်တို့တွင် အကျုံးဝင်သော ကာယဝိညတ်ရုပ်သည် ကာယကမ္မဒွါရ မည်၏။ ယင်း ကာယကမ္မဒွါရ-အရ ကာယဝိညတ်ရုပ်ကို အရကောက်ယူရ၏။

တစ်ဖန် အာယတနဒွါရ (၆)ပါးတို့တွင်လည်း ကာယဒွါရ ပါဝင်ပြန်၏။ ယင်းကာယဒွါရအရကား ပသာဒရုပ် = အကြည်ရုပ် (၅)မျိုးတို့တွင် ပါဝင်သော ကာယပသာဒ = ကာယအကြည်ဓာတ်ကို တရားကိုယ် ကောက်ယူရ၏။ ကာယပသာဒ = ကာယအကြည်ဓာတ်သည် ကာယဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်းဖြစ်ရာ ဒွါရ (= တံခါးပေါက်) သဖွယ် ဖြစ်ခြင်းကြောင့် ကာယဒွါရ မည်၏။

မနောဒွါရ ---- ကာယဒွါရ, ဝစီဒွါရ, မနောဒွါရ ဟူသော ကမ္မဒွါရတွင် အကျုံးဝင်သော မနောဒွါရ-အရ တရားကိုယ်မှာ ဤသို့ ဖြစ်၏။

၁။ အယံ နာမ မနော မနောဒွါရံ န ဟောတီတိ န ဝတ္တဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)

၂။ တေဘူမကကုသလာကုသလော ဧကူနတိံသဝိဓော မနော မနောကမ္မဒွါရံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၃၀။)

၁။ စိတ်အားလုံးသည်ပင် မနောဒွါရ မည်၏။ စေတနာဟူသော ကံ၏ ဖြစ်ကြောင်း ဖြစ်သောကြောင့်တည်း။ စေတနာသည် သဗ္ဗစိတ္တသာဓာရဏစေတသိက် (= စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက်) ဖြစ်၏။ ယင်းစေတနာသည် စိတ်နှင့်သာ အတူယှဉ်တွဲ၍ အမြဲ ဖြစ်လေ့ရှိသဖြင့် စိတ်မပါဘဲ ဖြစ်နိုင်သည့်စွမ်းအား မရှိသဖြင့် ယင်းစိတ်က သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်ရကား စိတ်အားလုံးသည် စေတနာဟူသမျှ၏ အကြောင်းဖြစ်၍ မနောဒွါရ မည်၏။

၂။ အဘိဇ္ဈာ = အာရုံကို လိုလားတပ်မက်ခြင်း, ဗျာပါဒ = သတ္တဝါတို့ကို (သင်္ခါရတို့ကို) ပျက်စီးစေလိုခြင်း ဖျက်ဆီးလိုခြင်း (= ဒေါသ), မိစ္ဆာဒိဋ္ဌိ = အယူမှားခြင်း အမြင်မှားခြင်း စသော အကုသိုလ်တရားတို့နှင့် ယှဉ်သော အကုသိုလ်စေတနာတို့၏လည်းကောင်း,

အနဘိဇ္ဈာ = အာရုံကို မလိုလား မတပ်မက်ခြင်း, အဗျာပါဒ = သတ္တဝါတို့ကို (သင်္ခါရတို့ကို) မဖျက်ဆီးလိုခြင်း မပျက်စီးစေလိုခြင်း (= မေတ္တာ = အဒေါသ), သမ္မာဒိဋ္ဌိ = မှန်ကန်သော သမ္မာဒိဋ္ဌိ ဉာဏ်အမြင် စသော ကုသိုလ်တရားတို့နှင့် ယှဉ်သော ကုသိုလ်စေတနာတို့၏လည်းကောင်း ----

ဤ (၂)မျိုးကုန်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော ကုသိုလ်ဇော အကုသိုလ်ဇော (၂၉)မျိုးသည် မနောဒွါရ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၉-၁၃၀။)

တစ်ဖန် အာယတနဒွါရ (၆)ပါးတွင် အကျုံးဝင်သော မနောဒွါရ-အရ တရားကိုယ် ကောက်ယူပုံမှာ အောက်ပါအတိုင်း (၃)မျိုး ရှိ၏။

၁။ ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟု ခေါ်ဆို၏။

၂။ အာဝဇ္ဇန်း (မနောဒွါရာဝဇ္ဇန်း) နှင့် တကွသော ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟုခေါ်ဆို၏။

၃။ ဟဒယဝတ္ထုရုပ်ကိုလည်း ဌာနျူပစာရအားဖြင့် တင်စား၍ မနောဒွါရဟု ခေါ်ဆို၏။

ယင်း (၃)မျိုးလုံးသည်ပင် မနောဒွါရဝီထိ နာမ်တရားစုတို့၏ သို့မဟုတ် မနောဝိညာဏ်နာမ်တရားစုတို့၏ ဖြစ်ကြောင်း ဖြစ်ရာ ဖြစ်သောကြောင့် မနောဒွါရ မည်၏။

ဤ နာမ်ကမ္မဋ္ဌာန်းပိုင်း၌ကား ကာယဒွါရနှင့် မနောဒွါရ အရ အာယတနဒွါရကိုသာ ဆိုလိုသည်ဟု မှတ်ပါ။ (ဤကျမ်းစာ - ၃၁ - စသည်၌လည်း ကြည့်ပါ။)

နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်း

နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်း

ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပနဿ အရူပဓမ္မာ တီဟိ အာကာရေဟိ ဥပဋ္ဌဟန္တိ ဖဿဝသေန ဝါ ဝေဒနာဝသေန ဝါ ဝိညာဏဝသေန ဝါ။ (ဝိသုဒ္ဓိ၊၂၊၂၂၆။)

တိဝိဓော ဟိ အရူပကမ္မဋ္ဌာနေ အဘိနိဝေသော ဖဿဝသေန ဝေဒနာဝသေန စိတ္တဝသေနာတိ။ ကထံ?

ဧကစ္စဿ ဟိ သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ တသ္မိံအာရမ္မဏေ စိတ္တစေတသိကာနံ ပဌမာဘိနိပါတော တံ အာရမ္မဏံ ဖုသန္တော ဥပ္ပဇ္ဇမာနော ဖေဿာ ပါကဋော ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ အနုဘဝန္တီ ဥပ္ပဇ္ဇမာနာ ဝေဒနာ ပါကဋာ ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ ပရိဂ္ဂဟေတွာ ဝိဇာနန္တံ ဥပ္ပဇ္ဇမာနံ ဝိညာဏံ ပါကဋံ ဟောတိ။

တတ္ထ ယဿ ဖေဿာ ပါကဋော ဟောတိ၊ သောပိ န ကေဝလံ ဖေဿာဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝ အာရမ္မဏံ အနုဘဝမာနာ ဝေဒနာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။

ယဿ ဝေဒနာ ပါကဋာ ဟောတိ၊ သော န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ တာယ သဒ္ဓိံတဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။

ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ ဒီ၊ဋ္ဌ၊၂၊၃၁၄။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)

အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။ (မဟာဋီ၊၂၊၄၇၀။)

ဧဝံ တဿ တေဿဝ ပါကဋဘာဝေပိ သဗ္ဗံ ဘိက္ခဝေ အဘိညေယျန္တိ, သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနန္တိ စ ဧဝမာဒိဝစနတော သဗ္ဗေ သမ္မသနုပဂါ ဓမ္မာ ပရိဂ္ဂဟေတဗ္ဗာတိ ဒေဿန္တော တတ္ထ ယဿာတိအာဒိမာဟ။ တတ္ထ ဖဿပဉ္စမကေယေဝါတိ အဝဓာရဏံ တဒန္တောဂဓတ္တာ တဂ္ဂဟဏေနေဝ ဂဟိတတ္တာ စတုန္နံ အရူပက္ခန္ဓာနံ။ ဖဿပဉ္စမကဂ္ဂဟဏံ ဟိ တဿ သဗ္ဗစိတ္တုပ္ပါဒသာဓာရဏဘာဝတော၊ တတ္ထ စ ဖဿ-စေတနာ-ဂ္ဂဟဏေန သဗ္ဗသင်္ခါရက္ခန္ဓဓမ္မသင်္ဂဟော စေတနာပဓာနတ္တာ တေသံ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓဝိဘင်္ဂေ စက္ခုသမ္ဖဿဇာ စေတနာတိအာဒိနာ စေတနာဝ ဝိဘတ္တာ၊ ဣတရေ ပန ခန္ဓာ သရူပေနေဝ ဂဟိတာ။ (မ၊ဋီ၊၁၊၃၇၀။)

ဤ အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။

ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့ပြီးသည့်အတိုင်း ဖွင့်ဆိုခဲ့ပြီးသည့်အတိုင်း ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် -

၁။ ဖဿ၏ အစွမ်းဖြင့်သော်လည်းကောင်း,

၂။ ဝေဒနာ၏ အစွမ်းဖြင့်သော်လည်းကောင်း,

၃။ အသိစိတ် ဝိညာဏ်၏ အစွမ်းဖြင့်သော်လည်းကောင်း

ဤ (၃)မျိုးကုန်သော အခြင်းအရာတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်၏။

အဘိနိဝေသ ---- ဝိပဿနာဉာဏ်၏ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော ရုပ်တရား နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း နာမရူပပရိစ္ဆေဒ လုပ်ငန်းရပ်ကို ဝိပဿနာဘိနိဝေသ = ဝိပဿနာဉာဏ်၏ အရှုခံ အာရုံတို့ကို နှလုံးသွင်းခြင်းဟု ခေါ်ဆို၏။ ရုပ်တရားကို နှလုံးသွင်းခြင်းကို ရူပေ အဘိနိဝေသ, နာမ်တရားကို နှလုံးသွင်းခြင်းကို အရူပေ အဘိနိဝေသ -- ဤသို့ စသည်ဖြင့် ခေါ်ဆိုပေသည်။ အကြောင်းတရား အကျိုးတရား တို့ကို နှလုံးသွင်းခြင်းသည်လည်း ဤအဘိနိဝေသပိုင်းတွင် ပါဝင်လျက်ရှိ၏။ အကြောင်းတရား အကျိုးတရားတို့ ဟူသည်မှာလည်း အကြောင်းရုပ်နာမ် အစုအပုံနှင့် အကျိုးရုပ်နာမ် အစုအပုံတို့သာ ဖြစ်သောကြောင့်တည်း။

ထိုတွင် နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ----

၁။ ဖဿ၏ အစွမ်းဖြင့် နှလုံးသွင်းခြင်း

၂။ ဝေဒနာ၏ အစွမ်းဖြင့် နှလုံးသွင်းခြင်း

၃။ အသိစိတ် ဝိညာဏ်၏ အစွမ်းဖြင့် နှလုံးသွင်းခြင်းဟု နှလုံးသွင်းနည်း (၃)နည်း ရှိပေသည်။ ဤစကားရပ်ကို ထပ်မံ၍ ရှင်းလင်းတင်ပြရသော် ဤသို့ ဖြစ်၏။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ----

၁။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း

၂။ ဓာတ်ကမ္မဋ္ဌာန်း အကျယ် နှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း

ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) ဉာဏ်ဖြင့်ပိုင်းခြားယူပြီး သိမ်းဆည်းပြီးလတ်သော် ထိုရုပ်တရားတည်း ဟူသော အာရုံ၌ စိတ်စေတသိက်တို့၏ ရှေးဦးစွာ ကျရောက်ခြင်းသဘောဖြစ်သော ထိုရုပ်တရားတည်းဟူသော အာရုံကို တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသောအခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည် ထင်ရှား၏။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထိုရုပ်တရားတည်းဟူသော အာရုံကို ခံစားလျက် ဖြစ်ပေါ်လာသော ဝေဒနာသည် ထင်ရှား၏။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထိုရုပ်တရားတည်းဟူသော အာရုံကို ပိုင်းခြားကာယူ၍ ထိုအာရုံကို ပိုင်းပိုင်းခြားခြား သိလျက် ဖြစ်ပေါ်လာသော အသိစိတ် = ဝိညာဏ်သည် ထင်ရှား၏။

ထိုပုဂ္ဂိုလ် (၃)မျိုးတို့တွင် အကြင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်၌ ဖဿသည် ထင်ရှား၏၊ ထိုဖဿ ထင်ရှားသောပုဂ္ဂိုလ်သည်လည်း ဖဿချည်းသက်သက် ဖဿတစ်ခုတည်းသာလျှင် ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဖဿနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ၏ အရသာကိုပင်လျှင်) ခံစားတတ်သော ဝေဒနာသည် လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော = အမှတ်ပြု၍ သိတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကိုပင်လျှင် ပိုင်းခြားယူတတ်သော (= ပညာ-သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် (၅)ခု မြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။

အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ အာရုံ၏ အရသာကို ခံစားတတ်သော ဝေဒနာသည် ထင်ရှား၏။ ထို ဝေဒနာထင်ရှားသောပုဂ္ဂိုလ်သည်လည်း ဝေဒနာချည်းသက်သက် ဝေဒနာတစ်ခုတည်းသာ ဖြစ်ပေါ်နေသည် ကား မဟုတ်၊ ထိုဝေဒနာနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် မှတ်သားတတ် သော = အမှတ်ပြု၍သိတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် ပိုင်းခြားယူတတ်သော (= ပညာ သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် (၅)ခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။

အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ အာရုံကို ပိုင်းခြားယူတတ် သိတတ်သော ဝိညာဏ်သည် ထင်ရှား ၏။ ထို ဝိညာဏ်ထင်ရှားသောပုဂ္ဂိုလ်သည်လည်း ဝိညာဏ်ချည်းသက်သက် ဝိညာဏ်တစ်ခုတည်းသာ ဖြစ်ပေါ် နေသည်ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော = (တွေ့ထိ သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ ၏ အရသာကိုပင်လျှင်) ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် မှတ်သား တတ်သော = အမှတ်ပြု၍ သိတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ်လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် (၅)ခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။ (မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁-စသည်။)

အားလုံးကို သိမ်းဆည်းပါ

အားလုံးကို သိမ်းဆည်းပါ

ဤ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ထိုထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဖဿ ဝေဒနာ ဝိညာဏ်ဟူသော (၃)မျိုးသော တရားတို့တွင် တစ်မျိုးမျိုးသော တရားဟူသော ထိုထိုတရား၏သာလျှင် ထင်ရှားမှု ရှိသော်လည်း -

(၁) သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ။ (သံ၊၂၊၂၅၈။ ခု၊၉၊၆။)

(၂) သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ။ (သံ၊၂၊၂၅၀။)

(၁) အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်းသိအပ်၏ဟု လည်းကောင်း,

(၂) ရဟန်းတို့ ...အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်းသိခဲ့သော် (သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်၏) ----

ဤသို့ စသည်ဖြင့်လည်းကောင်း ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် အလုံးစုံသော လက္ခဏာရေး သုံးတန်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာထိုက်သော သမ္မသနုပဂဓမ္မ အမည်ရသည့် ရုပ် တရား နာမ်တရားတို့ကို ရှေးဦးစွာ ဉာဏ်ဖြင့် ပိုင်းခြား ယူအပ်၏ သိမ်းဆည်းအပ်၏ဟု ညွှန်ပြတော်မူလိုသော အဋ္ဌကထာဆရာတော်သည် အထက်ပါ စကားရပ်များကို မိန့်ဆိုတော်မူခြင်း ဖြစ်သည်။

ယင်းအဋ္ဌကထာစကားရပ်ဝယ် ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူရန် သိမ်းဆည်းရန် အဋ္ဌကထာဆရာတော် ဖွင့်ဆိုခြင်းမှာ ပဓာနနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်။ စိတ္တက္ခဏ တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိကြကုန်သော နာမ်တရားစုတို့တွင် သင်္ခါရက္ခန္ဓာစာရင်းဝင် ဖြစ်ကုန်သော ဖဿ စေတနာတို့ကို သိမ်းဆည်းပါဟု ဆိုသဖြင့် ပဓာနဖြစ်သော ပြဓာန်းသော ဖဿ စေတနာတို့ကို သိမ်းဆည်းရလျှင် အပ္ပဓာန ဖြစ်သော မပြဓာန်းသော ကြွင်းကျန်သည့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း သိမ်းဆည်းရမည်သာ ဖြစ်သည်။ ဖဿ စေတနာကို ယူသဖြင့် သင်္ခါရက္ခန္ဓာစာရင်းဝင် ပရမတ္ထဓာတ်သား အားလုံးကို သိမ်းကျုံးယူရသောကြောင့် ဖြစ်သည်။ အကြောင်းမူ ထိုသင်္ခါရက္ခန္ဓာတရားစုတို့တွင် စေတနာ ပြဓာန်းသောကြောင့် ဖြစ်၏၊ ဘုရားရှင် ကိုယ်တော်တိုင်ပင်လျှင် ဝိဘင်းပါဠိတော်ဝယ် သုတ္တန္တဘာဇနီယနည်း၌ သင်္ခါရက္ခန္ဓာမှတစ်ပါး ကျန်ခန္ဓာ (၄)ပါးတို့ကို သရုပ်ထုတ်၍ ဟောကြားတော်မူအပ်ပါသော်လည်း သင်္ခါရက္ခန္ဓာကို ဝေဖန်ဟောကြားတော်မူရာဝယ် စေတနာ ကိုသာ ပဓာနထား၍ ဝေဖန် ဟောကြားတော်မူသော ထုံးဟောင်းတစ်ရပ်လည်း ထင်ရှား ရှိနေပေသည်။ (မ၊ဋီ၊၁၊၃၇၀။)

ဤ အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ချက်အရ ဖဿက စ၍ဖြစ်စေ, ဝေဒနာက စ၍ဖြစ်စေ, အသိစိတ်ဝိညာဏ်က စ၍ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ ဖဿ တစ်လုံးတည်း, ဝေဒနာတစ်လုံးတည်း, အသိစိတ် = ဝိညာဏ်တစ်လုံးတည်းကိုသာ သိမ်းဆည်းရသည်ကား မဟုတ်၊ ယှဉ်ဖက် စိတ်+စေတသိက် = သမ္ပယုတ်တရားစုအားလုံးကို သိမ်းဆည်းရသည်ဟု မှတ်ပါ။ ဤကျမ်းစာ အစပိုင်း ကောင်းသော ည တစ်ည ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် အပရိဇာနနသုတ္တန် ဘုရားဟော ပါဠိတော်နှင့် အညီပင် ဖြစ်ပေသည်။

ရိုသေစွာ လိုက်နာရမည့် စည်းကမ်းတစ်ရပ်

ရိုသေစွာ လိုက်နာရမည့် စည်းကမ်းတစ်ရပ်

ထိုသို့ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ သမထယာနိကပုဂ္ဂိုလ်သည် စျာန်အင်္ဂါတို့ကိုလည်းကောင်း, ယင်း စျာန်အင်္ဂါတို့နှင့် ယှဉ်တွဲ၍ စိတ္တက္ခဏတစ်ခု အတွင်း၌ အတူဖြစ်သွားကြကုန်သော စျာနသမ္ပယုတ်တရားတို့ကို လည်းကောင်း စတင်၍ သိမ်းဆည်းလိုက သိမ်းဆည်းနိုင်၏။ ယင်းနာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ ယင်းစျာန်နာမ်တရားတို့၏ မှီရာ ဟဒယ၌ တည်ရှိကြကုန်သော ဘူတရုပ် ဥပါဒါရုပ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရပြန်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂ - ကြည့်။)

တစ်ဖန် သမထယာနိကပုဂ္ဂိုလ်သည် ကာမာဝစရ နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းလိုပါက ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရပေမည်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် လည်း စျာန်မရသည့်အတွက် စျာန်နာမ်တရားတို့ကို မသိမ်းဆည်းနိုင်ရကား ကာမာဝစရ နာမ်တရားတို့ကိုပင် သိမ်းဆည်းရမည် ဖြစ်၏၊ ယင်းသို့ ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းလိုပါက ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်း ထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီးပင် ဖြစ်ရပေမည်။ မူလပဏ္ဏာသအဋ္ဌကထာတွင်လည်း ----

သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ ... (မ၊ဋ္ဌ၊၁၊၂၈၀။)

= အကျဉ်းနည်းအားဖြင့်သော်လည်းကောင်း အကျယ်နည်းအားဖြင့်သော်လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော် - ဟု နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းတော့မည့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ် ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးဖြစ်ရမည် ဖြစ်ကြောင်းကို ဖွင့်ဆိုထား၏။

တစ်ဖန် အဋ္ဌသာလိနီအဋ္ဌကထာ (၂၇၁)တွင်လည်း ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သို့ မဆိုက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သို့ မဆိုက်နိုင်၊ သို့အတွက် ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ဝိပဿနာ ရှုပြီးသော ယောဂါဝစရပုဂ္ဂိုလ် သည် နာမ်တရားတို့ကိုလည်း ဆက်လက်၍ ဝိပဿနာရှုရန် ဤသို့ ညွှန်ကြားထားပြန်၏။

တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

ထိုကြောင့် ထို ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုလည်း ဤကား နာမ်တရားတည်းဟု ဉာဏ်ဖြင့် ပိုင်းခြား၍ အနိစ္စ စသည်ဖြင့် ဝိပဿနာရှု၏။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

ဤညွှန်ကြားချက်အရ နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသောနာမ်ခန္ဓာ (၄)ပါးတို့ကို စတင်၍ သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။

နာမ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း သိမ်းဆည်းရှုပွားနိုင်သည် သာ ဖြစ်သည်၊ သို့သော် နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားထုတ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရန်မှာ ဒုပ္ပရိဂ္ဂါဟ = သိမ်းဆည်းရန် ဉာဏ်ဖြင့် ပိုင်းခြားယူရန် ခက်ခဲသောကြောင့် နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို စတင်၍ မသိမ်းဆည်းခိုင်းခြင်း ဖြစ်သည်ဟု မှတ်ပါ။ ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ ဝိပဿနာဉာဏ်များ အတော် အသင့် ရင့်ကျက်၍ ထက်မြက်စူးရှလာသောအခါ နာမ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ် တရားတို့ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုရန် အရူပ သတ္တက ရှုနည်း (ဝိသုဒ္ဓိ၊၂၊၂၆၁။) ---- စသည်တို့၌ ဖော်ပြထားလျက်ပင် ရှိပေသည်။

တစ်ဖန် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ရွှေ ငွေ စသော ပညတ်အတုံးအခဲများကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော နာမ်တရားတို့ကိုလည်း သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်သည်။ ပညတ်ကို ရှုနေသည်ကား မဟုတ်၊ ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်ပရမတ်တရားတို့ကိုသာ ရှုနေခြင်းဖြစ်သည်၊ သို့သော် ဝိပဿနာအရာ၌ကား သိစရာ = အာရုံနှင့် သိတတ်သည့် အာရုံယူတတ်သည့် = အာရမ္မဏိကတရား နှစ်မျိုး လုံးကိုပင် ဝိပဿနာ ရှုရမည် ဖြစ်သောကြောင့် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားများက စတင်၍ သိမ်းဆည်းရန် ညွှန်ကြားခြင်း ဖြစ်သည်။ ကသိုဏ်းပညတ် စသော ပညတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော စျာန်တရား+စျာနသမ္ပယုတ်တရားတည်းဟူသော စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရား တို့ကိုလည်း သမထယာနိကပုဂ္ဂိုလ်များသည် သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ သိမ်းဆည်းရမည် ရှုပွားရမည်သာ ဖြစ်သောကြောင့်တည်း။

တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင်လည်း နာမ်တရားကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းထားပြီး ဖြစ်ရမည် ဖြစ်ကြောင်းကို အောက်ပါအတိုင်း အလေး အနက် ဖွင့်ဆိုထားပေသည်။

ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ တီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါ ကာတဗ္ဗော၊ န ဣတရေန။ သစေ ဟိ ဧကသ္မိံဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ၊ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာ ဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇။)

ဆက်လက်၍ ရှင်းပြဦးအံ့၊ ဤသို့လျှင် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်အားသာလျှင် ----

၁။ ဖဿက စ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း,

၂။ ဝေဒနာက စ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း,

၃။ အသိစိတ် ဝိညာဏ်က စ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း ----

ဟူသော နာမ်တရားတို့ကို သိခြင်း၏ နာမ်တရားတို့၏ ဉာဏ်အား ရှေးရှူထင်ခြင်း၏ အကြောင်းတရား (၃)မျိုးတို့ဖြင့် တစ်နည်းဆိုရသော် အကြောင်းတရား (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်းအခြင်းအရာ အားဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်သောကြောင့် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်း ပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်သာလျှင် နာမ်တရားကို သိမ်းဆည်း ခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုသင့်ပြုထိုက်ပေ၏။ ကောင်းမွန် စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသော ဉာဏ်ဖြင့် ပိုင်းခြား မယူရသေးသော ယောဂါဝစရပုဂ္ဂိုလ် သည် နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို မပြုသင့် မပြုထိုက်ပေ။ ပြုခဲ့သော် အပြစ်ကား ဤသို့တည်း။

၁။ တွန်းကန်လှုပ်ရှားနေသည့် ဝါယောဓာတ်က ရုပ်တရား၊ သိနေတာက နာမ်တရား ဤသို့ စသည်ဖြင့် ဝါယောဓာတ်ကဲ့သို့သော ရုပ်ဓာတ် တစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ----

၂။ တွန်းကန် လှုပ်ရှားနေသည့် ဝါယောဓာတ်က ရုပ်တရား၊ ပူမှု အေးမှုက ရုပ်တရား၊ သိနေတာက နာမ် တရား --- ဤသို့ စသည်ဖြင့် ဝါယောဓာတ် တေဇောဓာတ်ကဲ့သို့သော ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ----

ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) သိမ်းဆည်းခြင်းလုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ သိမှု ခံစားမှုကဲ့သို့သော နာမ်တရားကို သိမ်းဆည်းခြင်းကို အကယ်၍ ကြိုးစားအားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ် ပျက်စီးတတ်၏။ ပထဝီကသိုဏ်း ဘာဝနာပိုင်း၌ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးသော တောင်၌ ကျက်စားသော မလိမ္မာ သော ကျက်စားရာ စားကျက်အကြောင်းကို မသိ နားမလည်သော နွားမိုက်မကဲ့သို့ ဆုတ်ယုတ် ပျက်စီးတတ်၏။ အလျော်အားဖြင့်ဆိုရမူ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းခြင်း ရှိပြီးသည်ဖြစ်၍ နာမ်တရားကို သိမ်းဆည်းခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုလုပ်သော ယောဂါဝစရပုဂ္ဂိုလ်အား ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းသည် မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်သည့်တိုင်အောင် ကြီးပွားခြင်းသို့ စည်ပင်ခြင်းသို့ ပြန့်ပြော သောအဖြစ်သို့ ရောက်ရှိနိုင်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၇။ စာပိုဒ်-၆၇၁။)

ယထာ နာမ ဟေဋ္ဌိမစျာနံ သုဘာဝိတံ ဝသီဘာဝံ ပါပိတမေဝ ဥပရိစျာနဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န ပဋိလဒ္ဓမတ္တံ၊ ဧဝံ ရူပပရိဂ္ဂဟော သုဝိသုဒ္ဓေါ နိဇ္ဇဋော နိဂ္ဂုမ္ဗော ဧဝ အရူပပရိဂ္ဂဟဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န အဝိသုဒ္ဓေါ၊ တသ္မာ ရူပါရူပဿ ဧကဒေသေပိ အနုပဋ္ဌိတေ သော အဝိသုဒ္ဓေါ ဧဝ နာမ ဟောတိ၊ ပဂေဝ ဗဟူသု အနုပဋ္ဌိတေသူတိ ဒေဿန္တော အာဟ သစေ ဟီတိအာဒိ။ (မဟာဋီ၊၂၊၃၅၇။)

ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဂါဝီဥပမာသုတ္တန် (အံ၊၃၊၂၁၆)၌ ပထမစျာန်စသည့် အောက်အောက် သော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် မလေ့လာအပ်သေးဘဲလျက် ဒုတိယစျာန်စသော အထက် အထက်သော စျာန်ကို ကူးခဲ့သော် ဒုတိယစျာန်စသော အထက်အထက်သော စျာန်မှလည်း လျောကျတတ်၍ ရရှိပြီးသော ပထမစျာန်စသော အောက်အောက်သော စျာန်သည်လည်း ပျက်စီးတတ်ကြောင်းကို တောင်၌ ကျက်စားသော မလိမ္မာသော နွားမိုက်မကို စံထား၍ ဟောကြားတော်မူခဲ့၏။ (ယင်းဥပမာကို အာနာပါနဿတိ သမာဓိပိုင်းတွင် ရှင်းပြထား၏။) ဤ ဥပမာကိုပင် ယူဆောင်၍ ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်း ၌လည်း အဋ္ဌကထာဆရာတော်က ထပ်မံ၍ ဖွင့်ဆိုတော်မူပြန်သည်။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။

အောက်အောက်ဖြစ်သော စျာန်သည် ကောင်းစွာ ပွားစေအပ်ပြီးသည် ဖြစ်၍ ဝသီဘော်ငါးတန် နိုင်နင်း သည်၏ အဖြစ်သို့ ရောက်စေအပ်ပြီးသော်သာလျှင် အထက်အထက် ဖြစ်သော စျာန်၏ အခြေပါဒက ဖြစ်၍ အထက်အထက် ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏။ ရအပ်ကာမျှသာ ဖြစ်သော ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်အောင် ကောင်းစွာ မပွားရသေးသော မလေ့ကျင့်ရသေးသော အောက်အောက်သော စျာန်သည် အထက်အထက် ဖြစ်သော စျာန်၏ အခြေပါဒကလည်း မဖြစ်နိုင်၊ အထက် အထက် ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားလည်း မဖြစ်နိုင်။

ဤဥပမာအတူပင်လျှင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော = ရူပပရိဂ္ဂဟဉာဏ် = ရူပပရိဂ္ဂဟလုပ်ငန်းရပ်သည် ကောင်းမွန်စင်ကြယ်သည်ဖြစ်လျက် အရှုပ်အထွေးကင်းသည်ဖြစ်လျက် ရောယှက် ရှုပ်ထွေးခြင်း မရှိသော်သာလျှင် နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း = အရူပပရိဂ္ဂဟဉာဏ် = အရူပပရိဂ္ဂဟလုပ်ငန်းရပ်၏ အခြေပါဒက ဖြစ်၍ အနီးကပ်ဆုံးသော အကြောင်းတရားသည် ဖြစ်နိုင်၏။ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသဖြင့် မစင်ကြယ်သော ရုပ်တရားကို သိမ်းဆည်းခြင်း = ရူပပရိဂ္ဂဟလုပ်ငန်းရပ်သည် နာမ်တရားကို သိမ်းဆည်းဖို့ရန် = အရူပပရိဂ္ဂဟဉာဏ်ကို ရရှိဖို့ရန် အနီးကပ်ဆုံး သော အကြောင်းတရားသည် မဖြစ်နိုင်ပေ။

သို့အတွက် ရုပ်တရား နာမ်တရား၏ တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်မျှလောက်သော်လည်း အသိ ဉာဏ်၌ မထင်လာ မမြင်လာသေးသည်ရှိသော် ထိုရုပ်တရားကို သိမ်းဆည်းခြင်း = ရူပပရိဂ္ဂဟဉာဏ် = ရူပပရိဂ္ဂဟ လုပ်ငန်းရပ်နှင့် နာမ်တရားကို သိမ်းဆည်းခြင်း = အရူပပရိဂ္ဂဟဉာဏ် = အရူပပရိဂ္ဂဟ လုပ်ငန်းရပ်တို့သည် မစင်ကြယ်ကုန်သေးသည်သာလျှင် မည်ကြပေသည်။ များစွာကုန်သော ရုပ်နာမ်ပရမတ်တရားတို့သည် အသိ ဉာဏ်၌ မထင်လာ မမြင်လာကုန်သည်ရှိသော်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့ပါအံ့နည်း၊ မစင်ကြယ် သည်သာလျှင် ဧကန်ဖြစ်ပေတော့၏ဟု ဤသို့ ထင်ရှားပြလိုသည် ဖြစ်၍ ----

ရုပ်ဓာတ် တစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့်, ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာ ရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်းကို = ရုပ်တရားကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းခြင်းကို အကယ်၍ ကြိုးစားအားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်၏

ဤသို့စသော စကားရပ်ကို အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၃၅၇။)

မညီညွတ်သော တောင်၌ ကျက်စားလျက်ရှိသော, မလိမ္မာသော, မိမိ၏ ကျက်စားရာ စားကျက်အကြောင်း ကို ကောင်းကောင်း တတ်သိနားလည်မှု မရှိသော နွားမိုက်မသည် မရောက်ဖူးသေးသော အရပ်သို့ ရောက်ရှိရန် မသောက်ဖူးသေးသော ရေကန်အတွင်းမှ ရေကို သောက်သုံးရန်, မစားဖူးသေးသော ရေကန်ဝန်းကျင်ရှိ စိမ်းလန်း စိုပြည်သည့် မြက်သစ်ရွက်နုတို့ကို စားသုံးရန်ဟူသော ဦးတည်ချက်ဖြင့် မညီညာသော တောင်ပေါ်မှ ဆင်းသက် သောအခါ ေ့ရှခြေနှစ်ချောင်းကို နင်းကွင်း ကောင်းကောင်း၌ မနင်းမိသေးဘဲ နောက်ခြေနှစ်ချောင်းကို မြှောက်မိ သဖြင့် တောင်ပေါ်မှ တောင်အောက်သို့ ကျဆင်းသွားရသောကြောင့် ရည်ရွယ်ချက် ဦးတည်ချက်အားလုံး ပျက်စီး သွားခဲ့ရ၏။ မူလစဉ်းစားခဲ့ရာ တောင်ထိပ်သို့လည်း ပြန်မရောက်နိုင် ဖြစ်ခဲ့ရ၏။ ဤဥပမာအတူပင် ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ မသိမ်းဆည်းရသေးဘဲ နာမ်တရားကို ပြောင်း၍ သိမ်းဆည်းရှုပွားလိုက်ပါက ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးသွားတတ်၏။ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံးမှပင် ဆုတ်ယုတ်ပျက်စီးသွားတတ်၏။

စဉ်းစားရန် အချက်တစ်ရပ်

စဉ်းစားရန် အချက်တစ်ရပ်

အသင်ယောဂီသူတော်ကောင်းသည် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် မသိမ်းဆည်းတတ် မရှုပွားတတ်သေးဘဲ နာမ်ကမ္မဋ္ဌာန်းကို သိမ်း ဆည်းရှုပွားခြင်း လုပ်ငန်းရပ်ကို ပြုလုပ်ဖူးကောင်း ပြုလုပ်ဖူးပေမည်။ တစ်နည်းဆိုရသော် တွန်းကန်လှုပ်ရှားမှု ဝါယောဓာတ် တစ်လုံးလောက်ကို သိရုံမျှဖြင့်, တွန်းကန် လှုပ်ရှားမှု ဝါယောဓာတ်နှင့် ပူမှု အေးမှု တေဇောဓာတ် ဟူသော ရုပ်နှစ်မျိုးလောက် သိရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်း သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို ပယ်စွန့်ထားခဲ့ပြီး နာမ် ကမ္မဋ္ဌာန်းကို ပြောင်း၍ သိမ်းဆည်း ရှုပွားသူ ဖြစ်ဖူးကောင်း ဖြစ်ဖူးပေမည်။ ထိုသို့ သိမ်းဆည်းခြင်းကြောင့် စက္ခုဒွါရဝီထိစသော စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြသော ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိကြ ကုန်သော ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ်စသော စိတ္တက္ခဏတိုင်း၌ တည်ရှိကြကုန်သော စိတ်စေတသိက် တရားစု တို့ကို ဃနခေါ်သည့် နာမ်တုံးနာမ်ခဲတို့ကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားနိုင်မှု ရှိ-မရှိကိုကား မိမိကိုယ်တိုင် ဝေဖန် စဉ်းစားရတော့မည် ဖြစ်ပေသည်။ အကယ်၍ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် စိတ္တက္ခဏတိုင်း၌ မသိမ်းဆည်းနိုင် မရှုပွားနိုင်ဟု မိမိကိုယ်ကို မိမိ ဝန်ခံနိုင်လျှင် ရုပ် (၂၈)ပါးကိုလည်း ရုပ်ဃန ခေါ်သည့် ရုပ်တုံးရုပ်ခဲတို့ကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မသိမ်းဆည်းနိုင် မရှုပွားနိုင် ဟုလည်း မိမိကိုယ်ကို မိမိ ဝန်ခံနိုင်လျှင် - ရုပ်နာမ်ကိုမျှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မသိသေးသော မိမိအဖို့ ကမ္မဋ္ဌာန်းတရားသည် ကြီးပွားတိုးတက်နေလေသလော၊ ဆုတ်ယုတ်ပျက်စီးနေလေသလောဟူသော ဤ အချက်ကိုကား သံသရာဝဋ်ဆင်းရဲဒုက္ခကြီး၏ ကုန်ဆုံးရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးကို အလွန့်အလွန် လိုလား တောင့်တလျက်ရှိသော အသင် ယောဂီသူတော်ကောင်းသည် တော်တည့် မှန်ကန်သော ယောနိသော မနသိကာရ, ဖြူစင်ဖြောင့်စင်းသော စိတ်ဓာတ်ဖြင့် စဉ်းစားနှိုင်းချိန် ဝေဖန်လေရာသည်။

အနုပဒသုတ္တန် ကောက်နုတ်ချက်

အနုပဒသုတ္တန် ကောက်နုတ်ချက်

ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်သွားကြကုန်သော နာမ်တရားတို့ကို စိတ္တက္ခဏတိုင်း၌ ယှဉ်ဖက် စိတ်စေတသိက်တို့ကို သာဝကများ ရှု၍ ရရှိနိုင် မရရှိနိုင် ဟူသော ဤအချက်နှင့်ပတ်သက်၍ သံသယ မကင်း ဖြစ်နေကြသော ယောဂါဝစရပုဂ္ဂိုလ်မြတ်တို့လည်း ရှိကြပေသည်။ သံသယ ကင်းရှင်းသွားအောင် ဆက် လက်၍ ရှင်းလင်း တင်ပြအပ်ပါသည်။ သာဝကတို့တွင် ပညာအရာတွင် ဧတဒဂ်ရတော်မူသော အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး ရှုပွားသွားတော်မူသော ထုံးဟောင်းကြီးတစ်ရပ်သည် အနုပဒသုတ္တန်တွင် လာရှိပေသည်။

အရှင်မဟာမောဂ္ဂလ္လာနကိုယ်တော်မြတ်ကြီး၏ တန်ခိုးဣဒ္ဓိ ကြီးမြတ်တော်မူသောဂုဏ်, အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး၏ ဓုတင်အရာ၌ ကြီးမြတ်တော်မူသောဂုဏ်, အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး၏ ဒိဗ္ဗစက္ခု အဘိညာဏ်အရာ၌ ကြီးမြတ်တော်မူသောဂုဏ်, အရှင်ဥပါလိမထေရ်မြတ်၏ ဝိနည်းကို ဆောင်တော်မူရာ၌ ကြီးမြတ်တော်မူသောဂုဏ်, အရှင်ရေဝတမထေရ်၏ စျာန်ဝင်စားလေ့ရှိတော်မူရာ၌ စျာန်ဝင်စားခြင်း၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်တော်မူရာ၌ ကြီးမြတ်တော်မူသောဂုဏ်, အရှင်အာနန္ဒာ မထေရ်မြတ်၏ အကြားအမြင် ဗဟု သုတအရာ၌ ကြီးမြတ်တော်မူသောဂုဏ် - ဤသို့လျှင် ထိုထို မထေရ်မြတ်ကြီးတို့၏ ထိုထို ဂုဏ်ကျေးဇူးတို့ကား ထင်ရှားလျက် ရှိကြကုန်၏။ အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကား မထင်ရှား ဖြစ်နေကြ ကုန်၏။ အဘယ်ကြောင့်နည်းဟူမူ -- ပညာရှိသောသူ၏ ဂုဏ်ကျေးဇူးတို့ကား မဟောပြခဲ့သော် သိရှိဖို့ရန် မစွမ်း နိုင်ပေ။ ထိုကြောင့် ဘုရားရှင်သည် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကို ဟောကြားတော် မူပေအံ့ဟု ရည်ရွယ်တော်မူလျက် သဘောတူ သဘာဂ ဖြစ်သော ပရိသတ်အစည်းအဝေးကို မျှော်လင့် စောင့်ဆိုင်း တော်မူလျက် ရှိ၏။ သဘောမတူသည့် ဝိသဘာဂပုဂ္ဂိုလ်တို့၏ ထံမှောက်၌ ဂုဏ်ကျေးဇူးတို့ကို ဟောကြားပြသ ရန်ကား မသင့်တင့် မလျောက်ပတ်ပေ။ ထိုဝိသဘာဂပုဂ္ဂိုလ်တို့ကား ဂုဏ်ကျေးဇူးတို့ကို ဟောပြခဲ့သည်ရှိသော် ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုသာလျှင် ပြောဆိုတတ်ကြ၏။ အနုပဒသုတ္တန်ကို ဟောတော်မူရာ ဤနေ့၌ကား အရှင် သာရိပုတ္တကိုယ်တော်မြတ်ကြီး၏ သဘောတူ သဘာဂ ပရိသတ်သည် စည်းဝေးမိနေ၏။ ထိုသဘာဂပရိသတ်၏ စည်းဝေးမိသည်၏ အဖြစ်ကို သိမြင်တော်မူ၍ ဘုရားရှင်သည် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဂုဏ် ကျေးဇူးတော်ကို ဟောကြားပြသတော်မူလိုသည်ဖြစ်ရကား ဤအနုပဒသုတ္တန်တရားဒေသနာတော်ကို အားသစ် တော်မူပေသည်။ (မ၊ဋ္ဌ၊၄၊၅၆။)

ထိုသုတ္တန်တွင် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ပညာ ကြီးမြတ်တော်မူပုံနှင့် ဆက်စပ်လျက် မဟာသက္ကရာဇ် (၁၀၃)ခု၊ တပို့တွဲလဆန်း (၁)ရက်မှ တပို့တွဲလပြည့်တိုင်အောင် (၁၅)ရက်တို့ ပတ်လုံး အနုပဒဓမ္မ ဝိပဿနာနည်းအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ပုံ အပိုင်းကိုလည်း ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်း၍ ဟောကြား တော်မူခဲ့ပေသည်။ ဤတွင် အရှင်သာရိပုတ္တကိုယ်တော်မြတ်ကြီး၏ အနုပဒဓမ္မဝိပဿနာရှုနည်း ကောက်နုတ်ချက် တစ်ခုကို ဖော်ပြအပ်ပါသည်။

ဣဓ ဘိက္ခဝေ သာရိပုတ္တော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ယေ စ ပဌမေ စျာနေ ဓမ္မာ ဝိတက္ကော စ ဝိစာရော စ ပီတိ စ သုခဉ္စ စိတ္တေကဂ္ဂတာ စ ဖေဿာ ဝေဒနာ သညာ စေတနာ စိတ္တံ ဆန္ဒော အဓိမောက္ခော ဝီရိယံ သတိ ဥပေက္ခာ မနသိကာရော။ တျာဿ ဓမ္မာ အနုပဒဝဝတ္ထိတာ ဟောန္တိ၊ တျာဿ ဓမ္မာ ဝိဒိတာ ဥပ္ပဇ္ဇန္တိ၊ ဝိဒိတာ ဥပဋ္ဌဟန္တိ၊ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ သော ဧဝံ ပဇာနာတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော အတ္ထိ ဥတ္တရိ နိဿရဏန္တိ ပဇာနာတိ။ တဗ္ဗဟုလီကာရာ အတ္ထိတွေဝဿ ဟောတိ။ (မ၊၃၊၇၅။)

= ရဟန်းတို့ ...သာရိပုတြာသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ် ၍သာလျှင် ကြံစည်ခြင်း (= ဝိတက်)နှင့်တကွ ဖြစ်သော, သုံးသပ်ဆင်ခြင်ခြင်း (= ဝိစာရ)နှင့်တကွ ဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော နှစ်သိမ့်ခြင်း (= ပီတိ), ချမ်းသာခြင်း (= သုခ)ရှိသော ပထမစျာန်သို့ ရောက်၍နေ၏။ ပထမစျာန်သမာပတ် အတွင်း၌ ----

၁။ ကြံစည်ခြင်း = ဝိတက်

၂။ သုံးသပ်ဆင်ခြင်ခြင်း = ဝိစာရ

၃။ နှစ်သိမ့်ခြင်း = ပီတိ

၄။ ချမ်းသာခြင်း = သုခ (ဝေဒနာ)

၅။ စိတ်တည်ကြည်ခြင်း = ဧကဂ္ဂတာ (= သမာဓိ)

၆။ အာရုံကို တွေ့ထိခြင်း = ဖဿ

၇။ အာရုံ၏ အရသာကို ခံစားခြင်း = ဝေဒနာ

၈။ အာရုံကို မှတ်သားခြင်း = သညာ

၉။ အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို စေ့ဆော်တိုက်တွန်းခြင်း = စေတနာ

၁၀။ အာရုံကို ရယူခြင်း = အာရုံကို သိခြင်း = စိတ်

၁၁။ ပြုလိုခြင်း = ဆန္ဒ

၁၂။ အာရုံကို ဆုံးဖြတ်ခြင်း = အဓိမောက္ခ

၁၃။ လုံ့လပြုခြင်း = ကြိုးစားအားထုတ်ခြင်း = ဝီရိယ

၁၄။ အာရုံကို မမေ့ပျောက်ခြင်း = အောက်မေ့ခြင်း = သတိ

၁၅။ အာရုံကို လျစ်လျူရှုခြင်း = ဥပေက္ခာ

၁၆။ အာရုံကို နှလုံးသွင်းခြင်း = မနသိကာရ ----

ယင်းသဘောတရားတို့သည် ထင်ရှားရှိကြကုန်၏၊ ထိုသဘောတရားတို့ကို သာရိပုတြာသည် အစဉ်အတိုင်း = တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား၍ သိ၏၊ ထိုသဘောတရားတို့သည် ထိုသာရိပုတြာ၏ အသိဉာဏ်၌ ----

၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊

၂။ ထင်ထင်ရှားရှား တည်ကုန်၏၊

၃။ ထင်ထင်ရှားရှား ချုပ်ကုန်၏။

ဤသဘောတရားတို့သည် ရှေးကထင်ရှား မရှိဘဲ ယခုမှ ရုတ်ချည်းအသစ် ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏ဟု သာရိပုတြာသည် ဤသို့ သိ၏။ ထိုသာရိပုတြာသည် ထိုသဘောတရားတို့၌ ရာဂဖြင့် တပ်မက်ခြင်း မရှိ၊ ဒေါသဖြင့် ဖဲခြင်း မရှိ၊ တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု မမှီ၊ လိုလားတပ်မက်ခြင်း ဆန္ဒရာဂဖြင့် ဖွဲ့ချည်မထား၊ ကာမရာဂမှ လွတ်မြောက်၏၊ ဆန့်ကျင်ဘက်တရားတို့နှင့် မယှဉ်၊ အပိုင်းအခြား မရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတြာသည် ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိ၏ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိသည်သာတည်းဟု မြဲစွာ ဖြစ်၏။ (မ၊၃၊၇၅။)

အဋ္ဌကထာကလည်း အောက်ပါအတိုင်း ဆက်လက်၍ ရှင်းလင်း တင်ပြထားပြန်၏။

ဝိဒိတာ ဥပ္ပဇ္ဇန္တီတိ ဥပ္ပဇ္ဇမာနာ ဝိဒိတာ ပါကဋာဝ ဟုတွာ ဥပ္ပဇ္ဇန္တိ။ ဝိဒိတာ ဥပဋ္ဌဟန္တီတိ တိဋ္ဌမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ တိဋ္ဌန္တိ။ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီတိ နိရုဇ္ဈမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ နိရုဇ္ဈန္တိ။

ဧတ္ထ ပန တံဉာဏတာ စေဝ ဉာဏဗဟုတာ စ မောစေတဗ္ဗာ။ ယထာ ဟိ တေနေဝ အင်္ဂုလဂ္ဂေန တံ အင်္ဂုလဂ္ဂံ န သက္ကာ ဖုသိတုံ၊ ဧဝမေဝ တေနေဝ စိတ္တေန တဿ စိတ္တဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ န သက္ကာ ဇာနိတုန္တိ။ ဧဝံ တာဝ တံဉာဏတာ မောစေတဗ္ဗာ။

ယဒိ ပန ဒွေ စိတ္တာနိ ဧကတော ဥပ္ပဇ္ဇေယျုံ၊ ဧကေန စိတ္တေန ဧကဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ သက္ကာ ဘဝေယျ ဇာနိတုံ။ ဒွေ ပန ဖဿာ ဝါ ဝေဒနာ ဝါ သညာ ဝါ စေတနာ ဝါ စိတ္တာနိ ဝါ ဧကတော ဥပ္ပဇ္ဇနကာနိ နာမ နတ္ထိ၊ ဧကေကမေဝ ဥပ္ပဇ္ဇတိ။ ဧဝံ ဉာဏဗဟုတာ မောစေတဗ္ဗာ။

ဧဝံ သန္တေ ကထံ မဟာထေရဿ အန္တော သမာပတ္တိယံ သောဠသ ဓမ္မာ ဝိဒိတာ ပါကဋာ ဟောန္တီတိ?

ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ ထေရေန ဟိ ဝတ္ထု စေဝ အာရမ္မဏဉ္စ ပရိဂ္ဂဟိတံ၊ တေနဿ တေသံ ဓမ္မာနံ ဥပ္ပါဒံ အာဝဇ္ဇန္တဿ ဥပ္ပါဒေါ ပါကဋော ဟောတိ၊ ဌာနံ အာဝဇ္ဇန္တဿ ဌာနံ ပါကဋံ ဟောတိ၊ ဘေဒံ အာဝဇ္ဇန္တဿ ဘေဒေါ ပါကဋော ဟောတိ။ တေန ဝုတ္တံ ဝိဒိတာ ဥပ္ပဇ္ဇန္တိ ဝိဒိတာ ဥပဋ္ဌဟန္တိ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီတိ။

အဟုတွာ သမ္ဘောန္တီတိ ဣမိနာ ဥဒယံ ပဿတိ။ ဟုတွာ ပဋိဝေန္တီတိ ဣမိနာ ဝယံ ပဿတိ။ (မ၊ဋ္ဌ၊၄၊၆၀။)

= ထင်ထင်ရှားရှား ဖြစ်ကုန်၏ဟူသည် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ဝယ် ယင်း (၁၆)မျိုး ကုန်သော တရားတို့သည် ဖြစ်ပေါ်လာကုန်သည် ရှိသော် ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ဖြစ်ပေါ်လာကြ ကုန်၏။

ထင်ထင်ရှားရှား တည်ကုန်၏ဟူသည် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆)မျိုး ကုန်သော တရားတို့သည် တည်ဆဲ ဌီကာလသို့ ရောက်ကုန်သော်လည်း ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ တည်နေကြကုန်၏။

ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ဟူသည် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆) မျိုးကုန်သော တရားတို့သည် ချုပ်ပျက်ကုန်သော်လည်း ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ချုပ်ပျက်ကြကုန်၏။ ဤအရာဝယ် ----

၁။ ရှုတတ်သည့် ဉာဏ်နှင့် အရှုခံဉာဏ်တို့၏ တစ်ခုတည်း ဖြစ်မှုကိုလည်းကောင်း,

၂။ စိတ္တက္ခဏ တစ်ခုအတွင်း၌ ဉာဏ်တို့၏ များစွာ ပြိုင်တူ ဖြစ်မှုကိုလည်းကောင်း ----

လွတ်အောင် ယူဆတတ်ရပေမည်။

၁။ ထိုလက်ညှိုး၏ အဖျားဖြင့်ပင်လျှင် ထိုလက်ညှိုး၏ အဖျားကို တွေ့ထိဖို့ရန် မတတ်ကောင်းသကဲ့သို့ ဤ ဥပမာအတူပင်လျှင် ထိုစိတ်ဖြင့်ပင်လျှင် ထိုစိတ်၏ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း, တည်မှု ဌီကိုလည်းကောင်း, ပျက်မှု ဘင်ကိုလည်းကောင်း သိရှိဖို့ရန် မတတ်ကောင်းသည်သာ ဖြစ်ပေသည်။ ဤသို့လျှင် ရှေးဦးစွာ ရှုတတ်သည့်ဉာဏ်နှင့် အရှုခံဉာဏ်တို့၏ တစ်ခုတည်းဖြစ်မှုကို လွတ်အောင် ယူဆပါ။ (ရှုတတ်သည့်စိတ်နှင့် အရှုခံစိတ်သည် တစ်ခုတည်း မဟုတ်ဟု ဆိုလိုသည်။)

၂။ အကယ်၍ စိတ်နှစ်ခုတို့သည် စိတ္တက္ခဏတစ်ခု ဟူသော အချိန်ကာလ တစ်ခု အတွင်း၌ နှစ်ခု ပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်ငြားအံ့၊ တစ်ခုသော စိတ်ဖြင့် တစ်ခုသော စိတ်၏ ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း, တည်မှု ဌီကိုလည်းကောင်း ပျက်မှု ဘင်ကိုလည်းကောင်း သိရှိဖို့ရန် တတ်ကောင်းသည် ဖြစ်လေရာ၏။ သို့သော် စိတ္တက္ခဏ တစ်ခု ဟူသော အချိန်ကာလ တစ်ခု အတွင်း၌ ဖဿ နှစ်မျိုးတို့သည်လည်းကောင်း, ဝေဒနာ နှစ်မျိုးတို့သည်လည်းကောင်း, သညာ နှစ်မျိုးတို့သည်လည်းကောင်း, စေတနာ နှစ်မျိုးတို့သည် လည်းကောင်း, စိတ်နှစ်မျိုးတို့သည်လည်းကောင်း နှစ်ခုပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်သည် မည်သည် မရှိသည်သာတည်း။ တစ်လုံးစီ တစ်လုံးစီ သာလျှင် (ဖဿတစ်မျိုး ဝေဒနာတစ်မျိုး သညာတစ်မျိုး စေတနာတစ်မျိုး စိတ်တစ်မျိုး ဟူသည့် တစ်မျိုးစီ တစ်မျိုးစီ တစ်လုံးစီ တစ်လုံးစီသာလျှင်) ဖြစ်ရိုးဓမ္မတာ ရှိ၏။ ဤသို့ စိတ္တက္ခဏတစ်ခုအတွင်း၌ ဉာဏ်တို့၏ များစွာ ပြိုင်တူ ဖြစ်မှုကိုလည်း လွတ်မြောက်စေအပ်၏၊ လွတ်အောင် ယူဆပါ။ ဤသို့ ဖြစ်ခဲ့သော် အဘယ်သို့လျှင် အရှင်သာရိပုတြာ မဟာထေရ်မြတ်ကြီး၏ ဉာဏ်၌ စျာန်သမာပတ်၏ အတွင်း၌ ဖြစ်ပေါ်သွားကြကုန်သော (၁၆)မျိုးကုန်သော တရားတို့သည် ထင်ထင် ရှားရှား ဖြစ်ကုန်သနည်းဟု မေးရန် ရှိ၏။

ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ (မ၊ဋ္ဌ၊၄၊၆၀။)

ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမ္မဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ၊ တေသံ ဝတ္ထာရမ္မဏာနံ ပဂေဝ ဉာဏေန ပရိစ္ဆိဇ္ဇ ဂဟိတတ္တာ။ (မ၊ဋီ၊၃၊၂၇၈။)

= အကြင် ကသိုဏ်းပညတ်စသော အာရုံ၌ ယင်း စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့သည် ဖြစ်ကြ ကုန်၏၊ ထိုစျာနဓမ္မ နာမ်တရားစုတို့၏ မှီရာဝတ္ထုနှင့် ကသိုဏ်းပညတ်စသော အာရုံတို့ကို ရှေးမဆွကပင် ကြိုတင် ၍ ဉာဏ်ဖြင့် ပိုင်းခြား၍ ယူထားပြီး သိမ်းဆည်းထားပြီး ဖြစ်သောကြောင့်ဟု ဖြေဆိုလေရာသည်။

မှန်ပေသည် ---- အရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးသည် ----

၁။ ယင်း စျာနဓမ္မ နာမ်တရားတို့၏ စွဲမှီရာ ဘဝင်မနောအကြည်ဓာတ် သို့မဟုတ် ဟဒယဝတ္ထုကိုလည်းကောင်း,

၂။ ကသိုဏ်းပညတ် စသော သမထနိမိတ်ကို အာရုံပြုကုန်သော စျာနဓမ္မတရားစုတို့၏ ယင်းသမထနိမိတ် အာရုံကို လည်းကောင်း ----

ဤ (၂)မျိုးသော တရားတို့ကို ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားယူထားတော်မူ၏ သိမ်းဆည်းထားတော်မူ၏။ ထိုကြောင့် ထိုစျာနဓမ္မ နာမ်တရားတို့၏ ----

၁။ ဖြစ်မှု (= ဥပါဒ်)ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ဖြစ်မှု (= ဥပါဒ်)သည် ထင်ရှားနေ၏။

၂။ တည်မှု (= ဌီကာလ)ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် တည်မှု (= ဌီ ကာလ)သည် ထင်ရှားနေ၏။

၃။ ပျက်မှု (= ဘင်)ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ပျက်မှု (= ဘင်)သည် ထင်ရှားနေ၏။

ထိုကြောင့် ထို စျာနဓမ္မသဘောတရားတို့သည် အရှင်သာရိပုတြာမထေရ်မြတ်ကြီး၏ အသိဉာဏ်၌ ----

၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊

၂။ ထင်ထင်ရှားရှား တည်ကုန်၏၊

၃။ ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ ----

ဟု ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၄၊၆၀။)

(၁၆) မျိုးသော တရား

(၁၆) မျိုးသော တရား

သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု, န ဣတရေတိ ဝဒန္တိ။ ဝီရိယသတိဂ္ဂဟဏေနေဝ စေတ္ထ ဣန္ဒြိယဘာဝသာမညတော သဒ္ဓါ-ပညာ, သတိဂ္ဂဟဏေန ဧကန္တာနဝဇ္ဇဘာဝသာမညတော ပဿဒ္ဓိအာဒယော ဆ ယုဂဠာ, အလောဘာဒေါသာ စ သင်္ဂဟိတာ စျာနစိတ္တုပ္ပါဒပရိယာပန္နတ္တာ တေသံ ဓမ္မာနံ၊ ထေရေန စ ဓမ္မာ ဝဝတ္ထာနသာမညတော အာရဒ္ဓါ၊ (တသ္မာ) တေ န ဥပဋ္ဌဟိံသူတိ န သက္ကာ ဝတ္တုန္တိ အပရေ။ (မ၊ဋီ၊၃၊၂၇၇။)

ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် နာမ်တရားတို့သည် (၃၄)အထိ ရှိကြ၏။ (နာမ်ကမ္မဋ္ဌာန်း ဇယားများတွင် ကြည့်ပါ။) ယင်း (၃၄)မျိုးကုန်သော စျာနဓမ္မနာမ်တရားစုတို့တွင် ဘုရားရှင်သည် (၁၆)မျိုးကုန်သော စျာနဓမ္မနာမ်တရားစုတို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားထားတော်မူ၏။

၁။ ဤအရာဝယ် (၁၆)မျိုးကုန်သော စျာနဓမ္မတို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော် မူခြင်းသည် ထို (၁၆)မျိုးသော တရားတို့ကိုသာလျှင် အရှင်သာရိပုတြာမထေရ်မြတ်ကြီးသည် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်သည်၏ အဖြစ်ကြောင့်တည်း၊ ထို (၁၆)မျိုးကုန်သော စျာနဓမ္မတို့သည် သာလျှင် ထိုအရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ထိုအချိန်အခါက ထင်မြင်ခဲ့ကြကုန်၏၊ အခြားအခြားကုန်သော စျာနဓမ္မတို့သည် မထင်မြင်ခဲ့ကြကုန်ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ (ဤကား ဝဒန္တိဝါဒ တည်း။)

၂။ ထို (၁၆)မျိုးသော တရားတို့တွင် ဣန္ဒြေထိုက်သော ဝီရိယနှင့် သတိကို တိုက်ရိုက်ယူ၍ ဟောကြားတော် မူခြင်းဖြင့် ဣန္ဒြေဖြစ်မှုချင်း တူညီသောကြောင့် သဒ္ဓါနှင့် ပညာ တရားနှစ်ပါးကိုလည်း သိမ်းကျုံးယူအပ်၏။သတိကို တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော်မူခြင်းဖြင့် သတိကဲ့သို့ ဧကန် အပြစ် မရှိမှုခြင်း တူညီသောကြောင့် ပဿဒ္ဓိစသော အစုံအစုံအားဖြင့် ဟောကြားထားတော်မူအပ်ကုန်သော ယုဂဠစေတသိက် (၆)စုံတို့ကိုလည်းကောင်း, အလောဘ အဒေါသ စေတသိက်တို့ကိုလည်းကောင်း သိမ်းကျုံးရေတွက် အပ်ကုန်၏။ အကြောင်းမူကား ထိုတရားတို့၏ စျာန်စိတ္တုပ္ပါဒ်၌ (= စျာနဓမ္မတရားတို့၌) အကျုံးဝင်ကုန် သောကြောင့် ဖြစ်၏။ အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီးသည်လည်း စျာနဓမ္မ အမည်ရသည့် စျာန်နာမ် တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူရာဝယ် ဉာဏ်ဖြင့် ပိုင်းခြားယူရမည့် တရားတို့၌ ပိုင်းခြားမှတ်သားပုံချင်း တူညီသောကြောင့် ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ် စသော ထိုထိုပဋိဘာဂနိမိတ်အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော နမနလက္ခဏာချင်း တူညီရာတရားတို့ကို ပေါင်း စု၍ လက္ခဏာဟာရနေတ္တိနည်းဖြင့် ယင်းအနုပဒသုတ္တန် တရားဒေသနာတော်ကို ဘုရားရှင်သည် အားသစ်တော်မူပေသည်။ ထိုကြောင့် ထိုစျာနဓမ္မတို့သည် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ မထင်လာကုန်ဟု ပြောဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်း။ ဤသို့လျှင် အပရေဆရာမြတ်တို့က လည်း မိန့်ဆိုတော်မူကြပြန်သည်။ (မ၊ဋီ၊၃၊၂၇၇။) (ဤကား အပရေဝါဒ တည်း။)

ဧဝံ သဗ္ဗတ္ထ ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ၊ သော ပမာဏတော ဒဋ္ဌဗ္ဗော။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)

= နေရာတိုင်း၌ အကြင်အကြင် အဋ္ဌကထာဝါဒကိုလည်းကောင်း ထေရဝါဒကိုလည်းကောင်း နောက်ဆုံး ထား၍ ဖွင့်ဆိုထား၏၊ ထိုဝါဒကိုသာလျှင် ပမာဏအားဖြင့် မှတ်သားပါ။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)

ဤ၌ ဝဒန္တိဝါဒ, အပရေဝါဒဟု ဝါဒနှစ်မျိုး လာရှိရာ ဋီကာဆရာတော် ဖြစ်တော်မူသော အာစရိယဓမ္မပါလ မထေရ်မြတ်သည် အပရေဝါဒကို နောက်ထား၍ ဖော်ပြထားတော်မူသည်။ ဝါဒ အမျိုးမျိုးတို့တွင် နောက်ဆုံးထား ၍ ဖွင့်ဆိုသော ဝါဒကိုသာ အနှစ်သာရအားဖြင့် မှတ်ယူရသော စာပေကျမ်းဂန် ယူဆပုံ စည်းမျဉ်းဥပဒေသအရ ဤ၌လည်း နောက်ထား၍ ဖွင့်ဆိုသော အပရေဝါဒကိုသာ အနှစ်သာရအားဖြင့် မှတ်ယူလေရာသည်။ ထို့ကြောင့် ကသိုဏ်းပဋိဘာဂနိမိတ်, အာနာပါနပဋိဘာဂနိမိတ်စသော ပဋိဘာဂနိမိတ်တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန် သော ပထမစျာနဓမ္မတရားစုတို့မှာ (၃၄)လုံး ရှိသဖြင့် ထို (၃၄)မျိုးလုံးသော စျာနဓမ္မတို့ကို တစ်လုံးစီ တစ်လုံးစီ၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ကို မြင်အောင် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးသည် ရှုပွားသုံးသပ်တော် မူသည်ဟုသာ သံသယကင်းရှင်းစွာ မုချပုံသေ မှတ်သားနာယူလေရာသည်။ ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်သို့ တိုင်အောင်သော စျာနဓမ္မတို့ကို တစ်လုံးစီ တစ်လုံးစီ၏ ဥပါဒ်-ဌီ-ဘင်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အရှင်သာရိပုတြာ မထေရ်မြတ်ကြီးသည် ကြိုးပမ်းတော်မူခဲ့ပေသည်။ (မ၊၃၊၇၅-၇၆။)

နေဝသညာနာသညာယတနစျာန်

နေဝသညာနာသညာယတနစျာန်

ပုန စပရံ ဘိက္ခဝေ သာရိပုတ္တော သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ၊ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ၊ တေ ဓမ္မေ သမနုပဿတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော အတ္ထိ ဥတ္တရိ နိဿရဏန္တိ ပဇာနာတိ။ တဗ္ဗဟုလီကာရာ အတ္ထိတွေဝဿ ဟောတိ။ (မ၊၃၊၇၈။)

= ရဟန်းတို့ ...တစ်ဖန် ထို့ပြင်လည်း သာရိပုတြာသည် အာကိဉ္စညာယတနစျာန်ကို လုံးဝ ကျော်လွှား လွန်မြောက်၍ နေဝသညာနာသညာယတနစျာန်သို့ ရောက်၍ နေ၏၊ ထိုသာရိပုတြာသည် ထိုနေဝသညာနာသညာယတနသမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထ၏။ ထိုသာရိပုတြာသည် ထိုနေဝသညာနာသညာယတန သမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ကုန်ပြီးသော (၃၁)မျိုးကုန် သော နေဝသညာနာသညာယတန စျာနဓမ္မတရားစုတို့ကို ဤသို့လျှင် ဤစျာနဓမ္မတရားစုတို့သည် ရှေးက ထင်ရှားမရှိကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏ဟု ယင်း (၃၁)မျိုးကုန်သော စျာနဓမ္မတရားစုတို့ကို ပေါင်းစုခြုံငုံလျက် အပေါင်းအစုအားဖြင့် (= ကလာပသမ္မသန နည်းအားဖြင့်) ဝိပဿနာရှု၏။ ထိုသာရိပုတြာသည် ထိုတရားတို့၌ ရာဂဖြင့် တပ်မက်ခြင်း မရှိ၊ ဒေါသဖြင့် ဖဲခြင်း မရှိ၊ တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု မမှီ၊ လိုလားတပ်မက်ခြင်း = ဆန္ဒရာဂဖြင့် ဖွဲ့ချည်မထား၊ တွယ်တာ တပ်မက်မှု ကာမရာဂမှ လွတ်၏၊ ဆန့်ကျင်ဘက်တရားတို့နှင့် မယှဉ်၊ အပိုင်းအခြား မရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတြာသည် ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိ၏ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်း ကြောင့် ထိုသာရိပုတြာအား ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိသည်သာတည်းဟု မြဲစွာ ဖြစ်၏။ (မ၊၃၊၇၈။)

အနုပဒဓမ္မဝိပဿနာ နှင့် ကလာပဝိပဿနာ

အနုပဒဓမ္မဝိပဿနာ နှင့် ကလာပဝိပဿနာ

တေ ဓမ္မေ သမနုပဿတီတိ ယသ္မာ နေဝသညာနာသညာယတနေ ဗုဒ္ဓါနံယေဝ အနုပဒဓမ္မဝိပဿနာ ဟောတိ၊ န သာဝကာနံ၊ တသ္မာ ဧတ္ထ ကလာပဝိပဿနံ ဒေဿန္တော ဧဝမာဟ။ (မ၊ဋ္ဌ၊၄၊၆၁။)

န သာဝကာနံ အနုပဒဓမ္မဝိပဿနာ ဟောတိ သင်္ခါရာဝသေသသုခုမပ္ပဝတ္တိယာ ဒုဝိညေယျတ္တာ ဝိနိဗ္ဘုဇိတွာ ဂဟေတုံ အသက္ကုဏေယျဘာဝတော။ (မ၊ဋီ၊၃၊၂၈၀။)

သမူဟဂဟဏဝသေန ပဝတ္တံ ကလာပသမ္မသနံ။ ဖဿာဒိဧကေကဓမ္မဂဟဏဝသေန ပဝတ္တာ အနုပဒဓမ္မဝိပဿနာ။ (မူလဋီ၊၁၊၁၀၉။)

အညေသု ဟိ ခန္ဓေသု အကတာဘိနိဝေသော ဘိက္ခု နေဝသညာနာသညာယတနက္ခန္ဓေ သမ္မသိတွာ နိဗ္ဗိဒံ ပတ္တုံ သမတ္ထော နာမ နတ္ထိ အပိစ အာယသ္မာ သာရိပုတ္တော။ ပကတိဝိပဿကော ပန မဟာပညော သာရိပုတ္တသဒိသောဝ သက္ကုဏေယျ၊ သောပိ ဧဝံ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ ဧဝံ ကလာပသမ္မသနဝသေနေဝ, နော အနုပဒဓမ္မဝိပဿနာဝသေန။ ဧဝံ သုခုမတ္တံ ဂတာ ဧသာ သမာပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၅၃။)

ဝိပဿနာ၌ အနုပဒဓမ္မဝိပဿနာ နှင့် ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာဟု နှစ်မျိုး ရှိ၏။

၁။ ရုပ်ပိုင်းတွင် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပထဝီဓာတ်စသော ရုပ်ဓာတ် တစ်လုံးစီ တစ်လုံးစီကိုလည်းကောင်း, နာမ်ပိုင်းတွင် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ သို့မဟုတ် သမာပတ် တစ်ခုတစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် သမ္ပယုတ် တရားစုတို့တွင် ဖဿစသော နာမ်တရား တစ်လုံးစီ တစ်လုံးစီကိုလည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကို အနုပဒဓမ္မဝိပဿနာရှုနည်းဟု ခေါ်ဆိုပေသည်။

၂။ ရုပ်ပိုင်းတွင်လည်း (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း၊ နာမ်ပိုင်း တွင်လည်း စိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ သို့မဟုတ် သမာပတ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန် သော နာမ်တရားတို့ကို ပေါင်းစုခြုံငုံ၍လည်းကောင်း လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကို ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာဟု ခေါ်ဆိုပေသည်။

တစ်နည်းဆိုရသော် ----

၁။ ကာမ ရူပ အရူပဟူသော ဘုံသုံးပါး အတွင်း၌ တည်ရှိကြကုန်သော သင်္ခါရတရားတို့ကို တစ်စုတည်း စု၍ ပေါင်းစု ခြုံငုံ၍ ----

ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁)

= ဖြစ်နေသည့် သင်္ခါရတရား မှန်သမျှသည် ချုပ်ပျက်ခြင်းသဘော ရှိ၏ ----

ဟု ဝိပဿနာ နှလုံးသွင်းလျှင်လည်းကောင်း,

၂။ ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားစုတို့ကို ရုပ်တစ်စု, နာမ်တစ်စု - နှစ်စု နှစ်ပုံ ပုံ၍ ဝိပဿနာရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၃။ ယင်းသင်္ခါရတရားတို့ကို ခန္ဓာ (၅)ပါးနည်းဖြင့် ငါးပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၄။ ယင်းသင်္ခါရတရားတို့ကို အာယတနနည်းဖြင့် (၁၂)ပုံ ပုံ၍ ဝိပဿနာရှုပွား သုံးသပ်လျှင်သော်လည်းကောင်း,

၅။ ယင်းသင်္ခါရတရားတို့ကို ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော် လည်းကောင်း,

၆။ ယင်းသင်္ခါရတရားတို့ကို ဣန္ဒြေ (၂၂)ပါးနည်းဖြင့် ခွဲခြား စိတ်ဖြာ၍ လောကီဣန္ဒြေတရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၇။ ယင်း သင်္ခါရတရားတို့ကို သစ္စာဒေသနာတော်နည်းဖြင့် ဒုက္ခသစ္စာတစ်ပုံ သမုဒယသစ္စာတစ်ပုံ နှစ်ပုံ ပုံ၍ ဝိပဿနာရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၈။ ယင်းသင်္ခါရတရားတို့ကို အာရုံ (၆)ပါးနည်းဖြင့် (၆)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၉။ ယင်း အာရုံ (၆)ပါး သင်္ခါရတရားတို့ကို ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဒေသနာတော်နည်းအရ ----

(က) ဒိဋ္ဌတရား = မြင်အပ်သောတရား မြင်တတ်သောတရား

( ခ ) သုတတရား = ကြားအပ်သောတရား ကြားတတ်သောတရား

( ဂ ) မုတတရား = တွေ့အပ်သောတရား တွေ့တတ်သောတရား

(ဃ) ဝိညာတတရား = သိအပ်သောတရား သိတတ်သောတရား ----

ဟု လေးပုံ ပုံ၍ ဝိပဿနာရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၁၀။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းအရ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် (၁၂)ရပ်တို့ကို (၁၂)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း ----

ဤသို့ စသည်ဖြင့် သင်္ခါရတရားတို့ကို အပေါင်းလိုက် အစုလိုက် အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်သော နည်းများမှာလည်း ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာနည်းပင် မည်ပေသည်။

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် သမာပတ် (၈)ပါးတို့တွင် ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်တိုင်အောင်သော သမာပတ် (၇)ပါးတို့၌ အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ် တော်မူပေသည်။ နေဝသညာနာသညာယတနသမာပတ်၌ကား ယင်းသမာပတ် အတွင်းရှိ နာမ်တရားစုတို့၏ အလွန့်အလွန် သိမ်မွေ့နူးညံ့သောကြောင့် အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ မစွမ်း နိုင်ဘဲ ယင်းသမာပတ် အတွင်းရှိ စျာနဓမ္မ နာမ်တရားစုတို့ကို ပေါင်းစု ခြုံငုံလျက် ကလာပသမ္မသနဝိပဿနာ နည်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်တော်မူပေသည်။

ဤ နေဝသညာနာသညာယတနစျာန်၌ သဗ္ဗညုတ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့အားသာလျှင် အနုပဒဓမ္မ ဝိပဿနာသည် ဖြစ်နိုင်၏၊ သာဝကတို့အား အနုပဒဓမ္မဝိပဿနာသည် မဖြစ်နိုင်။ (မ၊ဋ္ဌ၊၄၊၆၁။)

အခြားအခြားသော ခန္ဓာတို့၌ (နေဝသညာနာသညာယတနသမာပတ်မှ တစ်ပါးသော ကြွင်းကျန်ကုန်သော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၌) နှလုံးသွင်းမှု အဘိနိဝေသကို မပြုလုပ်ဖူးသေးသော ယောဂါဝစရရဟန်းတော် ဖြစ်ခဲ့ပါမူ နေဝသညာနာသညာယတနခန္ဓာတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်းကြောင့် နိဗ္ဗိဒါဉာဏ်သို့ ရောက်ရှိအံ့သောငှာ စွမ်းနိုင်သော ပုဂ္ဂိုလ်မည်သည် မရှိသည်သာ ဖြစ်၏၊ အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး သော်မှလည်း မစွမ်းနိုင်လေရာ။ ပင်ကို ပကတိသဘောအားဖြင့် ဝိပဿနာရှုသော ပကတိ ဝိပဿကပုဂ္ဂိုလ် သည် ကြီးကျယ်မြင့်မြတ်သော ပညာရှိတော်မူသော အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးနှင့် တူသော ပုဂ္ဂိုလ် သည်သာလျှင် စွမ်းနိုင်လေရာ၏၊ ထိုအရှင်သာရိပုတြာကဲ့သို့ ပညာကြီးသော ပုဂ္ဂိုလ်သည်လည်း ----

ဤသို့လျှင် ဤ နေဝသညာနာသညာယတနသမာပတ် တရားစုတို့သည် ရှေးက ထင်ရှား မရှိကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်သွားကြကုန်၏ - ဟု

အပေါင်းအစုအားဖြင့် ခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်ခြင်း ကလာပသမ္မသနဝိပဿနာနည်း၏ အစွမ်းဖြင့် သာလျှင် ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ စွမ်းနိုင်လေရာ၏၊ တစ်လုံးစီ တစ်လုံးစီသော သမာပတ်တရားတို့ကို ဝိပဿနာရှုခြင်း အနုပဒဓမ္မဝိပဿနာနည်း၏ အစွမ်းဖြင့်ကား မစွမ်းနိုင်လေရာ။ ဤနေဝသညာနာသညာယတန သမာပတ်သည် ဤသို့ကလောက် သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိပြီး ဖြစ်သည်။ ထိုကြောင့် ဤသမာပတ်ကို သင်္ခါရာဝသေသသမာပတ်ဟုလည်း ခေါ်ဆိုပေသည်။ သညာကို ဦးတည်၍ နေဝသညာနာသညာယတနသမာပတ်ဟု ဆိုသော်လည်း ထိုသမာပတ်အတွင်း၌ တည်ရှိကြသော သင်္ခါရတရားအားလုံးတို့ကား အလွန့်အလွန် သိမ်မွေ့ကြ၏။ ရုန့်ရင်းသော သင်္ခါရတို့မှ ကြွင်းကျန်သော အကယ်စင်စစ် အလွန့်အလွန် သိမ်မွေ့သည်၏ အဖြစ် သို့ ရောက်ရှိသော သင်္ခါရဟူသော စတုတ္ထ အရူပသမာပတ်ကို သင်္ခါရာဝသေသသမာပတ်ဟု ခေါ်ဆိုပေသည်။ (အဘိ၊ဋ္ဌ၊၁၊၂၅၂-၂၅၃။)

ရှေးထုံးကို မပယ်ပါနှင့်

ရှေးထုံးကို မပယ်ပါနှင့်

ဤကား သာဝကတို့တွင် ပညာအရာ၌ အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူသည့် ပညာအရာ၌ ဧတဒဂ် ရတော်မူသော အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် စျာနသမာပတ္တိဝီထိ အတွင်းရှိ နာမ်တရားတို့ကို

၁။ အနုပဒဓမ္မဝိပဿနာနည်း,

၂။ ကလာပသမ္မသနဝိပဿနာနည်း ----

ဟူသော (၂)မျိုးသော နည်းတို့ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ကြောင်းကို ဘုရားရှင် ကိုယ်တော်တိုင်က ဝန်ခံ၍ ဟောကြားထားတော်မူသော ရှေးဟောင်းထုံးကြီး တစ်ခုပင် ဖြစ်သည်။ ဤသမာပတ်တရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်တော်မူရာ၌လည်း ယင်းနာမ်တရားတို့၏ ----

၁။ မှီရာ ဟဒယဝတ္ထုရုပ် သို့မဟုတ် မနောဒွါရကိုလည်းကောင်း,

၂။ ကသိုဏ်းပဋိဘာဂနိမိတ် စသော အာရုံကိုလည်းကောင်း ----

ပူးတွဲ သိမ်းဆည်းလျက် ရှုပွားသုံးသပ်တော်မူသည်ဟူသော ဥပဒေသ တစ်ရပ်မှာလည်း နာမ်ကမ္မဋ္ဌာန်းကို ရှုပွားလိုသော သာဝကများအတွက် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းထုံးကြီး တစ်ခုပင် ဖြစ်သည်။ ဤ၌ ဝတ္ထုအရ ဒွါရကိုပင် ဆိုလိုပေသည်၊ နာမ်တရားတို့သည် ဆိုင်ရာ ဒွါရတို့၌ ဆိုင်ရာ အာရုံတို့က ရှေးရှု ကျရောက် ခြင်းကြောင့် = ထင်ခြင်းသို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပေါ်လာကြ၏။ (နောက်တွင် ထင်ရှားလတ္တံ့။)

အနီးကပ်ဆုံးသော အတိတ်

အနီးကပ်ဆုံးသော အတိတ်

ဤအရာဝယ် အတိတ်ရှုမှုနှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။

၁။ ဤ၌ အရှုခံ နာမ်တရားတို့မှာ သမာပတ် (၈)ပါး အတွင်း၌ တည်ရှိကြသော စျာနဓမ္မ အမည်ရသည့် နာမ်တရားစုတို့ ဖြစ်ကြ၏။

၂။ ရှုတတ်သော ဉာဏ်မှာ ----

သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

ဤအထက်ပါ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်း၏ ဖွင့်ဆိုချက်အရ ----

(က) ပုထုဇန်နှင့် သေက္ခအရိယာသူတော်ကောင်းတို့၏ သန္တာန်၌ မဟာကုသိုလ် မနောဒွါရိက ဇောဝီထိ စိတ်အစဉ်ဖြစ်၍

( ခ ) ရဟန္တာအရှင်မြတ်တို့၏သန္တာန်၌ မဟာကြိယာ မနောဒွါရိက ဇောဝီထိစိတ်အစဉ်များ ဖြစ်ကြ၏။

အရှုခံ နာမ်တရားတို့မှာ စျာနသမာပတ်တရားတို့ ဖြစ်ခြင်းကြောင့် မဟဂ္ဂုတ်တရားတို့ ဖြစ်ကြ၏၊ ရှုတတ်သော ဝိပဿနာဉာဏ်မှာ မဟာကုသိုလ် (မဟာကြိယာ) ဖြစ်၍ ကာမာဝစရတရားများ ဖြစ်ကြ၏။ မဟဂ္ဂုတ်တရားနှင့် ကာမာဝစရတရားတို့သည် တစ်နည်းဆိုရသော် မဟဂ္ဂုတ်ဇောနှင့် ကာမဇောတို့သည် စိတ္တက္ခဏတစ်ခု အတွင်း၌ လည်း အတူယှဉ်တွဲ၍ ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။ (မဂ္ဂဝီထိကလွဲလျှင်) အာဝဇ္ဇန်းတစ်ခုသာ ရှိသည့် ဇောဝီထိစိတ်တစ်ခု အတွင်း၌လည်း မတူကွဲပြားသော အာရုံတို့ကို အသီးအသီး အာရုံပြု၍ အတူယှဉ်တွဲ ဖြစ်နိုင် သည့် စွမ်းအားလည်း မရှိကြပေ။ အာရုံချင်း မတူညီသောကြောင့် ဖြစ်၏။

ဤ၌ စျာနဓမ္မ အမည်ရသည့် မဟဂ္ဂုတ်တရားတို့ကား ကသိုဏ်းပဋိဘာဂနိမိတ်, အာနာပါနပဋိဘာဂနိမိတ် စသော နိမိတ်တို့ကို အာရုံပြုကြ၏။ ဝိပဿနာဇောတို့ကား ယင်းသမာပတ်တို့၏ အတွင်း၌ တည်ရှိကြသော စျာနဓမ္မနာမ်တရားစုတို့ကို အာရုံပြုကြ၏။ ဝီထိတစ်ခုအတွင်း၌လည်း အာဝဇ္ဇန်း (= အာရုံကို ဆင်ခြင်သော စိတ်) သည် တစ်မျိုးသာ ရှိ၏။ တစ်ခုတည်းသော အာဝဇ္ဇန်းက ----

၁။ ကသိုဏ်းပဋိဘာဂနိမိတ် သို့မဟုတ် အာနာပါနပဋိဘာဂနိမိတ် စသော နိမိတ်ကိုလည်းကောင်း,

၂။ ယင်း နိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စျာနဓမ္မ နာမ်တရားစုတို့ကိုလည်းကောင်း ----

ဤ (၂) မျိုးလုံးကို တစ်ပြိုင်နက်တည်း အာရုံမပြုနိုင်၊ ဇောတို့ မည်သည် အာဝဇ္ဇန်းနှင့် ကင်း၍ ဖြစ်သည့် ထုံးမှာ နိရောဓသမာပတ်မှ အထ၌သာ ရှိ၏။ ကျန်ဌာနတို့၌ အာဝဇ္ဇန်းနှင့် ကင်း၍ ဖြစ်ရိုးဓမ္မတာ မရှိကြပေ။ သို့အတွက် အထက်တွင် ဥပရိပဏ္ဏာသအဋ္ဌကထာက ရှင်းပြသည့်အတိုင်း ----

၁။ အရှုခံ နာမ်တရားနှင့်

၂။ ရှုတတ်သည့် နာမ်တရားတို့မှာ

စိတ္တက္ခဏ တစ်ခုအတွင်း သို့မဟုတ် ဇောဝီထိစဉ် တစ်ခု အတွင်း၌ ပြိုင်တူဖြစ်ကြသော တရားတို့ မဟုတ် ကြပေ။ စျာနသမာပတ္တိဝီထိတစ်ခု အတွင်း၌ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု အမည်ရသော ကာမဇောများနောင် ပထမစျာန်ဇောစသော မဟဂ္ဂုတ်တရားများ ဖြစ်ကြသည်ကား မှန်၏။ သို့သော် ယင်းစျာနသမာပတ္တိဝီထိ တစ်ခု အတွင်း၌ တည်ရှိကြသော ကာမဇောနှင့် မဟဂ္ဂုတ်ဇောတို့ကား ကသိုဏ်းပညတ်စသော တူညီသော သမထနိမိတ် ကိုသာ အာရုံပြုကြပေသည်။ အာရုံကွဲပြားမှု မရှိပေ။

သို့အတွက် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော စျာနသမာပတ်တရားများ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်နေချိန်၌ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရိကဇော ဝီထိစိတ်အစဉ်များသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမဖြစ်ကြသေးကုန်။ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ်မနောဒွါရိက ဇောဝီထိစိတ်အစဉ်များသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်ပေါ်လာသော အချိန်အခါ၌လည်း အရှုခံ နာမ်တရားများ ဖြစ်ကြသည့် စျာနဓမ္မ = စျာနသမာပတ် နာမ်တရားစု တို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိကြတော့ပြီ ဖြစ်ကုန်၏။ သို့အတွက် ဘုရားရှင်က ----

သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ၊ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ၊ တေ ဓမ္မေ သမနုပဿတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ (မ၊၃၊၇၈။)

= ထိုသာရိပုတြာသည် ထိုနေဝသညာနာသညာယတန သမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထ၏။ ထို သာရိပုတြာသည် ထိုနေဝသညာနာသညာယတနသမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ကုန်ပြီးသော (၃၁)မျိုးကုန်သော နေဝသညာနာသညာယတန စျာနဓမ္မတရားစုတို့ကို ဤသို့လျှင် ဤစျာနဓမ္မ တရားစုတို့သည် ရှေးက ထင်ရှား မရှိကြကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ် လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏ဟု ယင်း (၃၁)မျိုးကုန်သော စျာနဓမ္မတရားစုတို့ကို ပေါင်းစုခြုံငုံလျက် အပေါင်းအစုအားဖြင့် (= ကလာပသမ္မသနနည်း အားဖြင့်) ဝိပဿနာ ရှု၏။ ----

ဤသို့ စသည်ဖြင့် ဘုရားရှင်ဟောကြားတော်မူခြင်းဖြစ်ပေသည်။ ဤသည်မှာ အနီးကပ်ဆုံးသော ချုပ်ပျက် ကုန်ပြီးသော အတိတ်တရားစုတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှု၍ ရနိုင်သည့် ကျောက်စာတိုင်ကဲ့သို့ လှုပ်ရှား၍ မရ နိုင်လောက်အောင် မြဲခိုင်လှသည့် ရှေးဟောင်းထုံးကြီးတစ်ရပ် ဥပဒေသတစ်ရပ်ပင် ဖြစ်ပေသည်။ ကျောက်ထီး တန္တု အလေးဂရုပြုထိုက်သည့် ဘုရားဟော ဗုဒ္ဓပါဝစနကြီးပင် ဖြစ်ပေသည်။

အတိတ် အနာဂတ် ပစ္စုပ္ပန်

အတိတ် အနာဂတ် ပစ္စုပ္ပန်

ဤအထက်ပါ အနုပဒသုတ္တန် ဒေသနာတော်၌ - ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ ---- ဤသို့ စသည်ဖြင့် လွန်လေပြီး ချုပ်လေပြီးသော နေဝသညာနာသညာယတနစျာနဓမ္မတရားစုတို့ကို အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်များက ဝိပဿနာရှုနိုင်ကြောင်းကို ဘုရားရှင် က ဟောကြားထားတော်မူ၏။ ဤအရာတွင် နားမရှုပ်ထွေးရန် နာမ်လောကဝယ် အတိတ် အနာဂတ် ပစ္စုပ္ပန် ယူဆပုံကို ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။

အတီတာဒိဝိဘာဂေ ပနေတ္ထ သန္တတိဝသေန ခဏာဒိဝသေန စ ဝေဒနာယ အတီတာနာဂတပစ္စုပ္ပန္နဘာဝေါ ဝေဒိတဗ္ဗော။ တတ္ထ သန္တတိဝသေန ဧကဝီထိ ဧကဇဝန ဧကသမာပတ္တိပရိယာပန္နာ ဧကဝီထိဝိသယသမာယောဂပ္ပဝတ္တာ စ ပစ္စုပ္ပန္နာ၊ တတော ပုဗ္ဗေ အတီတာ၊ ပစ္ဆာ အနာဂတာ။ ခဏာဒိဝသေန ခဏတ္တယပရိယာပန္နာ ပုဗ္ဗန္တာပရန္တမဇ္ဈတ္တဂတာ သကိစ္စဉ္စ ကုရုမာနာ ဝေဒနာ ပစ္စုပ္ပန္နာ၊ တတော ပုဗ္ဗေ အတီတာ၊ ပစ္ဆာ အနာဂတာ။ (ဝိသုဒ္ဓိ၊၂၊၁၀၄။ အဘိ၊ဋ္ဌ၊၂၊၁၃။)

= ဤအရာဝယ် အတိတ် အနာဂတ် ပစ္စုပ္ပန်ကို ဝေဖန်ရာ၌ သန္တတိ (= အစဉ်အတန်း) ၏ အစွမ်းဖြင့်လည်းကောင်း, ခဏ-ကိစ္စ၏ အစွမ်းဖြင့်လည်းကောင်း ဝေဒနာ၏ (နာမ်ခန္ဓာလေးပါး၏) အတိတ် အနာဂတ် ပစ္စုပ္ပန် အဖြစ်ကို သိသင့်ပေသည်။

ထိုတွင် သန္တတိနှင့် စပ်၍ ဆိုရမူ ဤသို့ ဖြစ်၏။

၁။ တစ်ခုသော ပဉ္စဒွါရဝီထိ၌ အကျုံးဝင်သော ဝေဒနာ,

၂။ တစ်ခုသော မနောဒွါရဇောဝီထိ၌ အကျုံးဝင်သော ဝေဒနာ,

၃။ တစ်ခုသော သမာပတ်၌ အကျုံးဝင်သော ဝေဒနာတို့သည်လည်းကောင်း,

၄။ ဘုရားရှင်၏ အဆင်းတော်စသော တစ်ခုတည်းသော အဖို့ရှိသော ရူပါရုံ, တရားအသံတော် စသော တစ်ခုတည်းသော အဖို့ရှိသော သဒ္ဒါရုံစသည့် ပဉ္စဒွါရဝီထိများ ယူသည့် အာရုံကိုပင် ဆက်လက် အာရုံ ပြုကြကုန်သော တဒနုဝတ္တိက မနောဒွါရဝီထိ စသော မနောဒွါရဝီထိ၌ ပါဝင်သော ဝေဒနာတို့သည် လည်းကောင်း ပစ္စုပ္ပန်ဝေဒနာတို့တည်း။

ထိုဝေဒနာတို့မှ ရှေး၌ ဖြစ်ပြီးကုန်သော ဝေဒနာတို့သည် အတိတ်ဝေဒနာတို့တည်း။ ထိုဝေဒနာတို့မှ နောက်၌ ဖြစ်လတ္တံ့ကုန်သော ဝေဒနာတို့သည် အနာဂတ်ဝေဒနာတို့တည်း။

ခဏ-ကိစ္စတို့နှင့် စပ်သဖြင့် ဆိုရမူ ဤသို့ ဖြစ်၏။ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံး ဝင်ကုန်သော ဝေဒနာတို့သည် ပစ္စုပ္ပန်ဝေဒနာတို့တည်း။ ထိုခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာ တို့မှ ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ဝေဒနာတို့သည် အတိတ်ဝေဒနာတို့တည်း။ ထိုခဏသုံးပါးအပေါင်း၌ အကျုံး ဝင်ကုန်သော ဝေဒနာတို့မှ နောက်၌ ဖြစ်လတ္တံ့ကုန်သော ဝေဒနာတို့သည် အနာဂတ်ဝေဒနာတို့တည်း။

ရှေးအစွန်းဖြစ်သော ဥပါဒ်, နောက်အစွန်းဖြစ်သော ဘင် ---- ထိုနှစ်မျိုးတို့၏ အလယ်၌ ဖြစ်ကုန်သော, တစ်နည်း ---- ခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာတို့မှ ရှေးအဖို့ နောက်အဖို့ဖြစ်သော အတိတ် အနာဂတ်ဝေဒနာတို့၏ အလယ်၌မူလည်း ဖြစ်ကုန်သော, မိမိကိစ္စကို ပြုဆဲလည်းဖြစ်ကုန်သော ဝေဒနာတို့သည် ပစ္စုပ္ပန်ဝေဒနာတို့ မည်ကုန်၏။ ထိုဝေဒနာတို့မှ ရှေး၌ ဖြစ်ပြီးကုန်သော ဝေဒနာတို့သည် အတိတ်ဝေဒနာတို့ မည်ကုန်၏။ နောက်၌ ဖြစ်လတ္တံ့ကုန်သော ဝေဒနာတို့သည် အနာဂတ်ဝေဒနာတို့ မည်ကုန်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၄။ အဘိ၊ဋ္ဌ၊၂၊၁၃။) ကျန်နာမ်ခန္ဓာများဖြစ်ကြသည့် သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့၌လည်း နည်းတူပင် မှတ်ပါ။

သန္တတိပစ္စုပ္ပန္နေဉ္စတ္ထ အဋ္ဌကထာသု အာဂတံ၊ အဒ္ဓါပစ္စုပ္ပန္နံ သုတ္တေ။ (အဘိ၊ဋ္ဌ၊၁၊၄၄၅။)

အဒ္ဓါပစ္စုပ္ပန် သန္တတိပစ္စုပ္ပန် ခဏပစ္စုပ္ပန်ဟု ပစ္စုပ္ပန်သုံးမျိုးရှိရာ ထိုသုံးမျိုးတို့တွင် သန္တတိပစ္စုပ္ပန်ကား အဋ္ဌကထာတို့၌ လာရှိ၏။ အဒ္ဓါပစ္စုပ္ပန်ကား ဘဒ္ဒေကရတ္တသုတ္တန်စသော ထိုထိုသုတ္တန်ဒေသနာတော်တို့၌ လာရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၄၄၅။)

ဧတ္ထ စ ခဏာဒိကထာဝ နိပ္ပရိယာယာ၊ သေသာ သပရိယာယာ။ (အဘိ၊ဋ္ဌ၊၂၊၈။ ဝိသုဒ္ဓိ၊၂၊၁၀၃။)

ဤအရာဝယ် ဤဖော်ပြပါ အတိတ် အနာဂတ် ပစ္စုပ္ပန် ခွဲခြားသတ်မှတ်မှု၌ ခဏကထာစကား ကိစ္စကထာ စကားသည်သာလျှင် ပရိယာယ်မဟုတ် မုချကထာစကား မည်၏။ ကြွင်းကျန်ကုန်သော ----

၁။ အဒ္ဓါကထာ = ဘဝဟူသော အဓွန့်ကာလနှင့် စပ်သောစကား,

၂။ သန္တတိကထာ = အစဉ်အတန်းနှင့် စပ်သောစကား,

၃။ သမယကထာ = အချိန်အခါနှင့် စပ်သောစကား ----

ဤသုံးမျိုးကုန်သော စကားတို့သည်ကား ပရိယာယ်နှင့်တကွ ဖြစ်သော စကားတို့တည်း။ ထိုကထာ အမျိုးမျိုးတို့တွင် ဤခန္ဓဝိဘင်းပါဠိတော်၌ တစ်နည်း ဤခန္ဓနိဒ္ဒေသပိုင်း၌ ပရိယာယ်မဖက် မုချ ကထာသက်သက် ကိုသာလျှင် အလိုရှိအပ်ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၈။ ဝိသုဒ္ဓိ၊၂၊၁၀၃။)

ဤအထက်ပါ အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုရှင်းလင်းချက်များနှင့် အညီ ဘဝတစ်ခုအတွင်းဟု ဆိုအပ်သော ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော ဘဝတစ်လျှောက်လုံး ဖြစ်ပေါ်နေသော နာမ်တရားတို့ကား အဒ္ဓါပစ္စုပ္ပန် တရားတို့တည်း။ ဇောဝီထိစဉ်တစ်ခုအတွင်း, သမာပတ်တစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကား သန္တတိပစ္စုပ္ပန်တရားတို့တည်း။ ဤ ပစ္စုပ္ပန်နှစ်မျိုးတို့၏ ပစ္စုပ္ပန်ဟူသော အမည်ကို ရခြင်းမှာ မုချမဟုတ်၊ အဒ္ဓါ သန္တတိဟူသော အကြောင်းပရိယာယ်တစ်မျိုးအားဖြင့်သာလျှင် ပစ္စုပ္ပန်ဟူသော အမည်ကို ရရှိခြင်းဖြစ်၏။ ဥပါဒ်- ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော နာမ်တရားတို့သည်သာလျှင် ပရိယာယ်မဖက် မုချသက်သက်အားဖြင့် ပစ္စုပ္ပန်ဟူသော အမည်ကို ရရှိကြသည်။

ထိုကြောင့် ဤ နေဝသညာနာသညာယတနသမာပတ်ကို ဝိပဿနာရှုသည့် ဤအရာ၌လည်း ----

၁။ အရှုခံ နာမ်တရားဖြစ်သော နေဝသညာနာသညာယတနသမာပတ် နာမ်တရားစုတို့သည်လည်းကောင်း,

၂။ ရှုတတ်သော ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့သည် လည်းကောင်း,

ဤနာမ်တရားနှစ်မျိုးလုံးတို့သည် အဒ္ဓါပစ္စုပ္ပန်တရားတို့ချည်းသာ ဖြစ်ကြ၏။ သုတ္တန္တပရိယာယနည်းတည်း။ သို့သော် ခဏပစ္စုပ္ပန်သဘောအရ ဆိုရမူ ---- နေဝသညာနာသညာယတနသမာပတ်နှင့် ယင်းကို ဝိပဿနာ ရှုတတ်သော ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့မှာ ဝီထိစဉ် တစ်ခုစီသာ ဖြစ်ကြ၏။ စိတ္တက္ခဏ တစ်မျိုးစီသာ ဖြစ်ကြ၏။

စိတ္တက္ခဏတစ်ခု၏ အတွင်း၌လည်း စိတ်တို့မည်သည် နှစ်ခုပြိုင်၍ ပြိုင်တူဖြစ်ရိုး ဓမ္မတာကား မရှိဖြစ်ခဲ့၏။ ထိုကြောင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော နေဝသညာနာသညာယတနစျာနသမာပတ် တရားစုတို့၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မဖြစ်ကြသေးကုန်။ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ၏ ဥပါဒ် ဌီ ဘင် အနေအားဖြင့် ထင်ရှားဖြစ်ပေါ်လာသော အချိန်အခါ၌လည်း အရှုခံနာမ်တရားများ ဖြစ်ကြသည့် နေဝသညာနာသညာယတနစျာနသမာပတ် နာမ်တရားစုတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိကြတော့ပြီ ဖြစ်ကြကုန်၏။ ထိုကြောင့် ဘုရားရှင်က -- ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ -- စသည်ဖြင့် အတိတ်ဖြစ်ကုန်သော ချုပ်ဆုံးပျက်စီးပြီးကုန်သော ယင်း နေဝသညာနာသညာယတနသမာပတ် နာမ်တရားစု တို့ကို ဝိပဿနာဉာဏ်က ရှုနေကြောင်းကို ဟောကြားတော်မူခြင်း ဖြစ်၏။ ဤဒေသနာတော်က အတိတ်ဖြစ်သော လွန်ပြီး ချုပ်ပြီး ပျက်ပြီးကုန်သော နာမ်တရားတို့ကို ဝိပဿနာဉာဏ်က ရှု၍ရရှိပါသည်ဟူသော နည်းဥပဒေသကို ညွှန်ပြလျက် ရှိ၏။ ခဏပစ္စုပ္ပန်သဘောအရ ဤစကားကို ပြောဆိုခြင်း ဖြစ်သည်ကို သတိပြုပါလေ။

တစ်ဖန် ဘဒ္ဒေကရတ္တသုတ္တန် အနတ္တလက္ခဏသုတ္တန်စသော ထိုထိုသုတ္တန်ဒေသနာတော်တို့၌ အဒ္ဓါပစ္စုပ္ပန် တရားတို့ကို ဝိပဿနာရှုရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။ ယင်း အဒ္ဓါပစ္စုပ္ပန်တရားတို့တွင် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော တရားအားလုံးတို့ ပါဝင်ကြ၏။ ယင်းတရားတို့မှာ ခဏပစ္စုပ္ပန်သဘောအရ ဆိုရမူ အတိတ် အနာဂတ် ပစ္စုပ္ပန်တရားတို့သာ ဖြစ်ကြ၏။ ယနေ့မှသည် လွန်ခဲ့သော ပဋိသန္ဓေသို့တိုင်အောင် သော ခန္ဓာငါးပါးတို့လည်း ပါဝင်ကြ၏။ ယနေ့မှသည် စုတိသို့တိုင်အောင်သော ခန္ဓာငါးပါးတို့လည်း ပါဝင်ကြ၏။

သို့သော် ရှုတတ်သော နာမ်တရားနှင့် အရှုခံ နာမ်တရားတို့မှာ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ၍ ဖြစ်နိုင်သည့် နာမ်တရားတို့လည်း မဟုတ်ကြ၊ ဝီထိစဉ်တစ်ခု၏ အတွင်း၌ အတူတကွ ဖြစ်နိုင်သည့် နာမ်တရား တို့လည်း မဟုတ်ကြပေ။ စိတ္တက္ခဏချင်းလည်း ကွာခြားလျက် ရှိကြ၏၊ ဝီထိစဉ်ချင်းလည်း ကွာခြားလျက်ပင် ရှိကြ၏။ ရှုတတ်သော နာမ်တရားတို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် အရှုခံ နာမ်တရားတို့မှာ (အဒ္ဓါပစ္စုပ္ပန်အမည်ရသော) ဖြစ်ပြီးနာမ်တရားတို့သော်လည်း ဖြစ်နိုင်ကြ၏၊ (အဒ္ဓါပစ္စုပ္ပန် အမည်ရသော) ဖြစ်လတ္တံ့နာမ်တရားတို့သော်လည်း ဖြစ်နိုင်ကြ၏။

ခဏာဒိဝသေန ခဏတ္တယပရိယာပန္နာ ပုဗ္ဗန္တာပရန္တမဇ္ဈတ္တဂတာ သကိစ္စဉ္စ ကုရုမာနာ ဝေဒနာ ပစ္စုပ္ပန္နာ၊ တတော ပုဗ္ဗေ အတီတာ၊ ပစ္ဆာ အနာဂတာ။ (ဝိသုဒ္ဓိ၊၂၊၁၀၄။ အဘိ၊ဋ္ဌ၊၂၊၁၃။)

ခဏ-ကိစ္စတို့နှင့် စပ်သဖြင့် ဆိုရမူ ဤသို့ဖြစ်၏။ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံး ဝင်ကုန်သော ဝေဒနာတို့သည် (= နာမ်တရားတို့သည်) ပစ္စုပ္ပန်ဝေဒနာတို့တည်း (= ပစ္စုပ္ပန် နာမ်တရားတို့တည်း)။ ထိုခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာတို့မှ (= နာမ်တရားတို့မှ) ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ဝေဒနာတို့သည် (= နာမ်တရားတို့သည်) အတိတ်ဝေဒနာတို့တည်း (= အတိတ်နာမ်တရားတို့တည်း)။ ထို ခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာတို့မှ (= နာမ်တရားတို့မှ) နောက်၌ ဖြစ်လတ္တံ့ကုန်သော ဝေဒနာတို့သည် (= နာမ်တရားတို့သည်) အနာဂတ်ဝေဒနာတို့တည်း (= အနာဂတ်နာမ်တရားတို့တည်း)။ (ဝိသုဒ္ဓိ၊၂၊၁၀၄။ အဘိ၊ဋ္ဌ၊၂၊၁၃။)

ဤအဖွင့်များကို ထောက်ရှုပါ။ အဒ္ဓါအတိတ် အဒ္ဓါအနာဂတ်တို့၌လည်း ထိုနည်းလည်းကောင်း မှတ်ယူပါ။

တစ်ဖန် ---- အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။ ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။ ဟူသော ဒေသနာတော်များနှင့်အညီ ဝိပဿနာဉာဏ်ပြဓာန်းသော မနောဒွါရိကဇောဝီထိနာမ်တရားတို့သည် -

၁။ အတိတ်အကြောင်းတရားတို့ကိုလည်း ရှုမြင်နိုင်ကြ၏၊

၂။ ပစ္စုပ္ပန်အကျိုးတရားတို့ကိုလည်း ရှုမြင်နိုင်ကြ၏၊

၃။ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံကိုလည်း ရှုမြင်နိုင်ကြ၏၊

၄။ ပစ္စုပ္ပန်အကြောင်းတရားတို့ကိုလည်း ရှုမြင်နိုင်ကြ၏၊

၅။ အနာဂတ်အကျိုးတရားတို့ကိုလည်း ရှုမြင်နိုင်ကြ၏၊

၆။ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံကိုလည်း ရှုမြင်နိုင်ကြ၏၊

၇။ အတိတ်အကြောင်း ပစ္စုပ္ပန်အကျိုး ပစ္စုပ္ပန်အကြောင်း အနာဂတ်အကျိုးဟူသည့် သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့်ကိုလည်း ရှုမြင်နိုင်ကြ၏။

ထိုသို့ရှုမြင်ရာ၌ ယင်းဉာဏ်မှာ ပစ္စက္ခဉာဏ်လေလော အနွယဉာဏ်လေလောဟူမူ အောက်ပါ ဒေသနာတော်နှင့် အညီ အတ္တပစ္စက္ခဉာဏ်ဟု မှတ်ပါ။

အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ၊၁၊၂၅၈။)

အပရပစ္စယာတိ န ပရပစ္စယေန၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၃၂။)

ဤ ဒေသနာတော်နှင့် အညီ သူတစ်ပါးတို့အား ကိုးစားယုံကြည်မှု မရှိသော အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သည် ဟူပေ။

တစ်ဖန် အထက်ပါ ပစ္စုပ္ပန်အကြောင်းတရားငါးပါးတို့တွင် အကျုံးဝင်သော ကံမှာ ဂရုကကံ အာစိဏ္ဏကံ အာသန္နကံတို့တွင် တစ်မျိုးမျိုးသောကံ ဖြစ်နိုင်၏။ ဂရုကကံ သို့မဟုတ် အာစိဏ္ဏကံဖြစ်ခဲ့သော် ဘဝတစ်လျှောက်ဝယ် အလေ့အကျက်များသောကံ ဖြစ်သဖြင့် ယင်းကံတို့ကို ရှုနေသော ဝိပဿနာဇောဝီထိ၏ ရှေးအဖို့၌ ဖြစ်ခဲ့ကုန်သော လွန်ပြီးအတိတ်ကံလည်း ဖြစ်နိုင်၏၊ ယင်းဝိပဿနာဇောဝီထိ၏ နောက်တွင် ဖြစ်လတ္တံ့သော အနာဂတ် ကံသော်လည်း ဖြစ်နိုင်၏။ (ခဏပစ္စုပ္ပန်မှ ပြောဆိုနေသည်ကို သတိပြုပါ။) အကယ်၍ ယင်းကံမှာ အာသန္နကံ ဖြစ်လျှင် ယင်းကံကို ရှုနေသော ဝိပဿနာဇောဝီထိ၏ နောက်တွင် ဖြစ်လတ္တံ့သော အနာဂတ်ကံသာ ဖြစ်၏။ ယင်းကံတို့ကိုလည်း အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ရှု၍ သိမြင်နိုင်ပေသည်။

ထိုကြောင့် ဤဒေသနာတော်တို့က ဝိပဿနာနာမ်တရားစုတို့သည် အဓွန့်ကာလ၏ အစွမ်းဖြင့် ဆိုရသော် အတိတ်အဓွန့်ကာလတရား, အနာဂတ်အဓွန့်ကာလတရား, ပစ္စုပ္ပန်အဓွန့်ကာလတရားတို့ကို ရှုမြင်နိုင်ကုန်၏ သိမြင်နိုင်ကုန်၏ဟူသော နည်းဥပဒေသကို ညွှန်ပြတော်မူလျက် ရှိကြသည်။ ခဏ၏အစွမ်းဖြင့် ဆိုရသော် ရှုတတ် သော နာမ်တရားနှင့် အရှုခံ နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု၏အတွင်း၌ အတူယှဉ်တွဲ၍ မဖြစ်နိုင်ရကား ဝိပဿနာဉာဏ်သည် မိမိ၏ရှေးက ဖြစ်ပြီးသော နာမ်တရားကိုလည်းကောင်း, မိမိ၏နောက်၌ မဖြစ်သေးသော ဖြစ်လတ္တံ့သော နာမ်တရားကိုလည်းကောင်း ရှု၍ရနိုင်၏ ရှုမြင်နိုင်၏ သိမြင်နိုင်၏ဟူသော နည်းဥပဒေသကို ညွှန်ပြတော်မူလျက် ရှိကြသည်။

ထိုကြောင့် ခဏပစ္စုပ္ပန်၏အစွမ်းဖြင့် ဆိုရမူ ---- နာမ်လောကဝယ် အရှုခံ နာမ်တရားနှင့် ရှုတတ်သည့် နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခုဟု ခေါ်ဆိုအပ်သော အချိန်ကာလတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲလျက် ပြိုင်တူဖြစ်ရိုး ဓမ္မတာ မရှိသောကြောင့် ရှုတတ်သည့်ဉာဏ် ပြဓာန်းသော ဝိပဿနာမနောဒွါရိကဇောဝီထိ နာမ် တရားစုက ----

၁။ ဖြစ်လေပြီး လွန်လေပြီး ချုပ်လေပြီး ပျက်လေပြီးသော နေဝသညာနာသညာယတနစျာနသမာပတ် နာမ် တရားတို့ကဲ့သို့သော နာမ်တရားတို့ကို ပြန်၍ရှုပါကလည်း ရှု၍ရနိုင်၏။ အနီးကပ်ဆုံးသော အတိတ်ကို ရှု၍ရသည့် ထုံးဟောင်း ဥပဒေသပင် ဖြစ်၏။

၂။ ဖြစ်ပေါ်ပြီးသော ဂရုကကံ သို့မဟုတ် အာစိဏ္ဏကံ ကဲ့သို့သော အတိတ်နာမ်တရားကိုသော်လည်း လှမ်း၍ ရှုက ရှု၍ရနိုင်၏။

၃။ မဖြစ်ပေါ်လာသေးသော ဂရုကကံ သို့မဟုတ် အာစိဏ္ဏကံ ကဲ့သို့သော အနာဂတ်နာမ်တရားကိုသော်လည်း လှမ်း၍ ရှုပါက ရှု၍ရနိုင်၏။

၄။ မဖြစ်ပေါ်လာသေးသော အာသန္နကံ ကဲ့သို့သော အနာဂတ်နာမ်တရားကိုလည်း လှမ်း၍ ရှုပါက ရှု၍ ရနိုင်၏။

အနီးကပ်ဆုံးသော အတိတ်နှင့် အနီးကပ်ဆုံးသော အနာဂတ်တို့ကို ရှု၍ ရနိုင်သည့် ထုံးဟောင်း ဥပဒေသများပင် ဖြစ်ကြပေသည်။

ဤအထက်ပါ ဥပဒေသများအရ ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်း၍ ဝိပဿနာ ရှုပွားသုံးသပ်ရာ၌ အဓွန့်ကာလ အဒ္ဓါ၏ အစွမ်းဖြင့် ဆိုရမူ ----

၁။ အတိတ်အဓွန့်ကာလ နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဝိပဿနာရှုခြင်း,

၂။ အနာဂတ်အဓွန့်ကာလ နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဝိပဿနာရှုခြင်း,

၃။ ပစ္စုပ္ပန်အဓွန့်ကာလ နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဝိပဿနာရှုခြင်း,

ဤသို့လျှင် သုံးမျိုးရှိသည်ဟု မှတ်သားပါ။ သို့သော် ခဏ၏ အစွမ်းဖြင့် ဆိုရမူ ရှုတတ်သည့် နာမ်တရား နှင့် အရှုခံ နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု၏အတွင်း၌ အတူယှဉ်တွဲ၍ ပြိုင်တူ မဖြစ်နိုင်သောကြောင့် ----

၁။ ဖြစ်ပြီးသော အတိတ်နာမ်တရားကို သိမ်းဆည်းခြင်း ဝိပဿနာရှုခြင်း,

၂။ မဖြစ်သေးသော အနာဂတ်နာမ်တရားကို သိမ်းဆည်းခြင်း ဝိပဿနာရှုခြင်း,

ဤသို့အားဖြင့် နှစ်မျိုးသာရှိသည်ဟု မှတ်သားပါ။ မုချနှင့် ပရိယာယ် ကွာခြားချက် ရှိသည်ဟူ၏။

ထိုကြောင့် ခဏ၏အစွမ်းဖြင့် ဆိုရမူ နာမ်လောကဝယ် ပေါ်ဆဲခဏ ဖြစ်ဆဲခဏဟု ခေါ်ဝေါ်သုံးစွဲနေသော အချိန်ကာလတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားစုတို့ကို ထိုနာမ်တရားစုကပင် တစ်ဖန်ပြန်၍ ဝိပဿနာ မရှုနိုင်ကြောင်းကို ဖွင့်ဆိုထားသော ဥပရိပဏ္ဏာသအဋ္ဌကထာ၏ စကားကို သတိပြုပါလေ။ ယင်းသို့ဖြစ်လျှင် နာမ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်ကို ရှု၍ မရနိုင်ပြီလောဟု မေးရန်ရှိ၏။ အဖြေကား ရနိုင်သော ဟူ၏။

ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ၊ တဿာ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ ။ ပ ။ ဇာတော ဘဝေါ ပစ္စုပ္ပန္နော၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ (ပဋိသံ၊၅၂။)

ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ဖြစ်ဆဲဆဲ ဖြစ်သော အဝိဇ္ဇာသည် ပစ္စုပ္ပန္နဓမ္မတည်း။ ထိုအဝိဇ္ဇာ၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဥဒယတည်း၊ ဖောက်ပြန် ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ဝယတည်း။ ထို ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ်တည်း။ ပ ။ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ဖြစ်ဆဲဆဲ ဖြစ်သော ဘဝသည် ပစ္စုပ္ပန္နဓမ္မတည်း။ ထိုဘဝ၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဥဒယတည်း၊ ဖောက်ပြန်ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ဝယတည်း။ ထို ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ်တည်း။ (ပဋိသံ၊၅၂။)

ဤ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့် အညီ အပရပ္ပစ္စယဉာဏ် အတ္တပစ္စက္ခဉာဏ် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဟု အမည်အမျိုးမျိုးရရှိသော ဥဒယဗ္ဗယာနုပဿနာဉာဏ်သည် အဝိဇ္ဇာမှသည် ဇာတိအမည်ရသည့် ဥပပတ္တိဘဝသို့ တိုင်အောင် အဓွန့်ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ယင်းတို့၏ ဖြစ်ဆဲဆဲ ဥပါဒ် ပျက်ဆဲဆဲ ဘင်ကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ရှုနိုင်သည်ဟူပေ။ သို့သော် ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့မှာ ရှုတတ်သော ဝိပဿနာဉာဏ်နှင့် စိတ္တက္ခဏတစ်ခု၏အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသည့် တရားစုတို့ မဟုတ် ကြသည်ကိုကား သတိပြုပါလေ။ အလားတူပင် အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာဟူသည့် အဓွန့်ကာလ သုံးပါးအတွင်း၌ တည်ရှိကြသော ပရမတ္ထဓာတ်သားတို့ကို ဝိပဿနာရှုရာ၌လည်း နည်းတူ သဘောပေါက်ပါ။

ယင်းသို့ဖြစ်လျှင် - အဓွန့် အဒ္ဓါ၏ အစွမ်းဖြင့် ----

၁။ အတိတ်အဓွန့်ကာလတရား,

၂။ အနာဂတ်အဓွန့်ကာလတရား,

၃။ ပစ္စုပ္ပန်အဓွန့်ကာလတရား,

ခဏ၏ အစွမ်းဖြင့် ----

၁။ ရှုနေသော ဝိပဿနာစိတ်၏ ရှေးအဖို့၌ဖြစ်သော တရားစု,

၂။ ရှုနေသော ဝိပဿနာစိတ်၏ နောက်အဖို့၌ဖြစ်သော တရားစု,

ဤ တရားစုတို့၏ ဥပါဒ်-ဌီ-ဘင်ကို မြင်အောင် ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင် ဆိုက်အောင် မည်သို့ ရှုရ မည်နည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။

ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ (မ၊ဋ္ဌ၊၄၊၆၀။)

ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမ္မဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ ၊ တေသံ ဝတ္ထာရမ္မဏာနံ ပဂေဝ ဉာဏေန ပရိစ္ဆိဇ္ဇ ဂဟိတတ္တာ။ (မ၊ဋီ၊၃၊၂၇၈။)

အကြင် ကသိုဏ်းပညတ်စသော အာရုံ၌ ယင်းစျာနဓမ္မအမည်ရသည့် စျာန်နာမ်တရားတို့သည် ဖြစ်ကြကုန်၏။ ထိုစျာနဓမ္မနာမ်တရားစုတို့၏ မှီရာဝတ္ထုရုပ်နှင့် ယင်းကသိုဏ်းပညတ်စသော အာရုံတို့ကို ရှေးမဆွကပင် ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြား၍ယူထားပြီး သိမ်းဆည်းထားပြီး ဖြစ်သောကြောင့် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးသည် စျာနဓမ္မတို့ကို ဝိပဿနာ ရှုပွားသုံးသပ်တော်မူနိုင်၏။ မှန်ပေသည် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးသည် ----

၁။ ယင်း စျာနဓမ္မနာမ်တရားစုတို့၏ စွဲမှီရာ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ, သို့မဟုတ် ဟဒယဝတ္ထုကို လည်းကောင်း,

၂။ ကသိုဏ်းပညတ်စသော သမထနိမိတ်ကို အာရုံပြုကြကုန်သော ယင်း စျာနဓမ္မနာမ်တရားစုတို့၏ ယင်း သမထနိမိတ်အာရုံကိုလည်းကောင်း,

ဤနှစ်မျိုးသော တရားတို့ကို ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားယူထားတော်မူ၏ သိမ်းဆည်းထားတော်မူ၏။ ထိုကြောင့် လွန်ပြီး ချုပ်ပြီးကုန်သော ယင်း စျာနဓမ္မနာမ်တရားတို့၏ ----

၁။ ဖြစ်မှု = ဥပါဒ်ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ဖြစ်မှု = ဥပါဒ်သည် ထင်ရှားနေ၏။

၂။ တည်မှု = ဌီကာလကို ဆင်ခြင်သော အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ဝယ် တည်မှု = ဌီကာလသည် ထင်ရှားနေ၏။

၃။ ပျက်မှု = ဘင်ကာလကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ပျက်မှု = ဘင်ကာလသည် ထင်ရှားနေ၏။

ထိုကြောင့် လွန်ပြီး ချုပ်ပြီးကုန်သော ထို စျာနဓမ္မသဘောတရားတို့သည် အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ ----

၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊

၂။ ထင်ထင်ရှားရှား တည်ကုန်၏၊

၃။ ထင်ထင်ရှားရှား ချုပ်ကုန်၏ - ဟု

ဤသို့ ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ ဤကား အဖြေတည်း။

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသော ညွှန်ကြားချက် ဥပဒေသနှင့် အညီ အသင် သူတော်ကောင်းသည်လည်း နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုပါက - မိမိ သိမ်းဆည်းရှုပွားလိုသော နာမ် တရား၏ ----

၁။ မှီရာဝတ္ထုရုပ်ကိုလည်းကောင်း သို့မဟုတ် ဆိုင်ရာဒွါရကိုလည်းကောင်း,

၂။ အာရုံကိုလည်းကောင်း ----

ဤနှစ်မျိုးသော တရားတို့ကို ပူးတွဲသိမ်းဆည်းလျက် ယင်းနာမ်တရားတို့ကို သိမ်းဆည်းပါလေ။

ရုပ်လောက၌ ---- အရှုခံ ရုပ်တရားနှင့် ရှုတတ်သည့် နာမ်တရားတို့ကား စိတ္တက္ခဏ တစ်ခုအတွင်း၌ ပြိုင်တူ ဖြစ်နိုင်ကြသဖြင့် ရုပ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်ကိုကား ----

၁။ ဖြစ်ပြီး ခဏ၌လည်းကောင်း

၂။ ဖြစ်ဆဲ ခဏ၌လည်းကောင်း

၃။ ဖြစ်လတ္တံ့ ခဏ၌လည်းကောင်း ရှု၍ ရနိုင်သည်သာ ဖြစ်သည်။

နာမ်လောက၌ ---- အရှုခံ နာမ်တရားနှင့် ရှုတတ်သည့် နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု အတွင်း၌ သော်လည်းကောင်း, ဝီထိစဉ်တစ်ခု အတွင်း၌သော်လည်းကောင်း အတူယှဉ်တွဲ၍ ပြိုင်တူဖြစ်နိုင်သည့်စွမ်းအား မရှိခြင်းကြောင့် ခဏပစ္စုပ္ပန်ဘက်ကနေ၍ ပြောဆိုခဲ့သော် ဖြစ်ပြီး နာမ်တရားနှင့် ဖြစ်လတ္တံ့ နာမ်တရားတို့ကိုသာ ရှု၍ ရနိုင်သည်ဟု မုချပုံသေ မှတ်သား နာယူလေရာသည်။

တစ်ဖန် ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် စသည့် ထိုထို ဒေသနာတော်တို့၌ ----

သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ။ (မ၊၁၊၇၆။)

ဤသို့ စသည်ဖြင့် ရာဂနှင့် ယှဉ်တွဲနေသော သရာဂစိတ် (= လောဘမူစိတ်)တို့ကိုလည်း ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ထိုတွင် ----

၁။ အရှုခံ နာမ်တရားကား သရာဂစိတ် (= လောဘမူစိတ်) ဖြစ်၏။

၂။ ရှုတတ်သော ဝိပဿနာဉာဏ်ကား ပုထုဇန်သေက္ခ ပုဂ္ဂိုလ်တို့အတွက် မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ် ဖြစ်၏။

အရှုခံ လောဘမူစိတ်နှင့် ရှုတတ်သော မဟာကုသိုလ်မနောဒွါရိက ဇောဝီထိဟူသော ဝိပဿနာဉာဏ်တို့ ကား စိတ္တက္ခဏတစ်ခု၏ အတွင်း၌သော်လည်းကောင်း, ဝီထိစိတ်အစဉ် တစ်ခု၏ အတွင်း၌သော်လည်းကောင်း အတူယှဉ်တွဲ၍ ဖြစ်နိုင်သည့် တရားများ မဟုတ်ကြပေ။ အရှုခံ နာမ်တရား (လောဘမူစိတ်) ဖြစ်ချိန်ဝယ် = ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိနေချိန်ဝယ် ရှုတတ်သည့် ဝိပဿနာဉာဏ်ကား ဥပါဒ်-ဌီ-ဘင် အနေ အားဖြင့် ထင်ရှား မဖြစ်သေးပေ။ တစ်ဖန် ရှုတတ်သော ဝိပဿနာဉာဏ်၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်နေချိန်ဝယ် အရှုခံ နာမ်တရား (လောဘမူစိတ်)ကား ချုပ်ပျက်သွားပြီ ဖြစ်၏၊ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိတော့ပြီ ဖြစ်၏။ ယင်းလောဘမူ နာမ်တရား စသည့် နာမ်တရားစုတို့ကိုလည်း ဥပါဒ်-ဌီ-ဘင် မြင်အောင် ခဏပစ္စုပ္ပန်ဆိုက်အောင် ဝိပဿနာရှုရန် ဘုရားရှင်သည် ညွှန်ကြားတော်မူလျက်ပင် ရှိ၏။

သို့အတွက် နာမ်လောက၌ ပစ္စုပ္ပန် ပေါ်ဆဲ ပေါ်ဆဲ ခဏ ဖြစ်ဆဲ ဖြစ်ဆဲ ခဏ၌ ပစ္စုပ္ပန်တည့်တည့်ကိုသာ ရှုရမည်။ အတိတ် အနာဂတ်ကို မရှုရ။ အတိတ်ကား ဖြစ်ပြီးပြီ မရှိတော့ပြီ ဖြစ်၏၊ မရှိတော့သည့် တရားကို မည်သို့ ရှု၍ ရနိုင်အံ့နည်း၊ အနာဂတ်ကား မဖြစ်ပေါ်လာသေး၊ ဖြစ်မှ မဖြစ်သေးသည့် တရားကို မည်သို့ ရှု၍ ရနိုင်အံ့နည်းဟု မိန့်ဆိုကြသော အဆိုအမိန့်များမှာ ယခုအခါတွင် အလေးအနက်ထား၍ စဉ်းစားရတော့မည့် အချိန်သို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။

ဆိုလိုရင်း အချုပ်

ဆိုလိုရင်း အချုပ်

ဆိုလိုရင်း အချုပ်မှာ ဤသို့ ဖြစ်၏။ နာမ်လောက၌ ပစ္စုပ္ပန်ဖြစ်ဆဲခဏ ပေါ်ဆဲခဏ၌ ပစ္စုပ္ပန်တည့်တည့် ကိုကား ရှု၍မရနိုင်။ ချုပ်ပြီးအတိတ်တရား ချုပ်လတ္တံ့အနာဂတ်တရားတို့ကိုကား ပစ္စုပ္ပန်တည့်အောင် (= ဥပါဒ်-ဌီ-ဘင်ကို မြင်အောင်) ရှု၍ ရနိုင်သည် ဟူ၏။ ဤ၌ အတိတ် အနာဂတ်ဟူသည် (ထိုစိတ်ကို ထိုစိတ်ဖြင့် တစ်ဖန်ပြန်၍ မရှုသည့်အတွက်) ခဏပစ္စုပ္ပန်နည်းအရ ပြောဆိုခြင်း ဖြစ်ပါသည်။ (ဝိသုဒ္ဓိ၊၂၊၁၀၃ - ကြည့်။)

သို့အတွက် အတိတ်ဘဝ၌ အကျုံးဝင်သော တရားကိုပင်ဖြစ်စေ, အနာဂတ်ဘဝ၌ အကျုံးဝင်သော တရား ကိုပင်ဖြစ်စေ, ပစ္စုပ္ပန်ဘဝ၌ အကျုံးဝင်သော တရားကိုပင်ဖြစ်စေ မည်သည့်တရားကို မဆို ယင်းတရားတို့၏ ဥပါဒ်-ဌီ-ဘင်ဟု ခေါ်ဆိုအပ်သော ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ပစ္စုပ္ပန်တည့်အောင်ကား ရှု၍ ရနိုင်သည်သာ ဖြစ်သည်။ နာမ်လောကဝယ် ဖြစ်ဆဲ ဖြစ်ဆဲ ခဏဟူသော ပစ္စုပ္ပန်တည့်တည့်ကိုကား မည်သည့်နည်းနှင့်မျှ ရှု၍ မရနိုင်ဟု မုချ ပုံသေ မှတ်သားပါလေ။ အရှုခံ နာမ်တရားနှင့် ရှုတတ်သည့် နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု အတွင်း ဝီထိစဉ်တစ်ခု အတွင်း၌ ပြိုင်တူ မဖြစ်နိုင်သောကြောင့်ပင် ဖြစ်ပေသည်။

အာယတနဒွါရ

အာယတနဒွါရ

ကာယဒွါရ ဝစီဒွါရ မနောဒွါရ ဟူသော ဒွါရ (၃)ပါးကို ကမ္မဒွါရဟု ခေါ်ဆို၍ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟူသော ဒွါရ (၆)ပါးကို အာယတနဒွါရဟု ခေါ်ဆိုပေသည်။ (မဟာဋီ၊ ၂၊၄၁၀။) နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအာယတနဒွါရအလိုက် ဝီထိစိတ် အစဉ်ဟူသော စိတ္တနိယာမလမ်းကြောင်းအတိုင်း နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရပေမည်။ အကြောင်းမူ ဝီထိစိတ် အမည်ရသော နာမ်တရားတို့သည် ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိသောကြောင့် ဖြစ်သည်။ စိတ္တနိယာမဟူသည် စိတ်တို့၏ ကိန်းသေမြဲသော ဖြစ်ရိုးဓမ္မတာ လမ်းကြောင်းပင် ဖြစ်သည်။ ယင်းစိတ္တနိယာမ လမ်းကြောင်းမှ ပြောင်းလဲ၍ နာမ်တရားတို့သည် ဖြစ်ရိုးဓမ္မတာ မရှိခြင်းကြောင့် နာမ်တရားတို့ကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ သိမ်းဆည်းရပေသည်။

ဝတ္ထု နှင့် ဒွါရ

ဝတ္ထု နှင့် ဒွါရ

၁။ စက္ခုပသာဒ = စက္ခုအကြည်ဓာတ်သည် စက္ခုဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် စက္ခုဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက်သဖွယ် ဖြစ်ခြင်းကြောင့် စက္ခုဒွါရလည်း မည်၏။

၂။ သောတပသာဒ = သောတအကြည်ဓာတ်သည် သောတဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် သောတဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက် သဖွယ် ဖြစ်ခြင်းကြောင့် သောတဒွါရလည်း မည်၏။

၃။ ဃာနပသာဒ = ဃာနအကြည်ဓာတ်သည် ဃာနဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် ဃာနဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက်သဖွယ် ဖြစ်ခြင်းကြောင့် ဃာနဒွါရလည်း မည်၏။

၄။ ဇိဝှါပသာဒ = ဇိဝှါအကြည်ဓာတ်သည် ဇိဝှါဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် ဇိဝှါဝတ္ထုလည်း မည်၏၊ ယင်း နာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက်သဖွယ် ဖြစ်ခြင်းကြောင့် ဇိဝှါဒွါရလည်း မည်၏။

၅။ ကာယပသာဒ = ကာယအကြည်ဓာတ်သည် ကာယဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် ကာယဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားတို့၏ ဝင်ထွက်ရာ တံခါးပေါက် သဖွယ် ဖြစ်ခြင်းကြောင့် ကာယဒွါရလည်း မည်၏။

၆။ မနောဒွါရ နှင့် ဟဒယဝတ္ထု

၆။ မနောဒွါရ နှင့် ဟဒယဝတ္ထု

မနောဒွါရံ နာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတဝေါဟာရေန မနောဒွါရေတိ ဝုတ္တံ၊ ယတ္ထ မနောဒွါရုပ္ပတ္တိ။ (မဟာဋီ၊၂၊၄၁၀။)

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၅၉) ၌ ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း မနောဒွါရ၌ (၅၄)မျိုးကုန်သော ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ယင်းညွှန်ကြား ထားတော်မူချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က အထက်ပါအတိုင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်ပေ သည်။ ယင်းဋီကာစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

မနောတိ ဘဝင်္ဂစိတ္တံ (သံ၊ဋ္ဌ၊၃၊၅။) အရ ဘဝင်မနောအကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။

မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။ (သံ၊ဋ္ဌ၊၃၊၅။) ဟူသော ဖွင့်ဆိုချက်နှင့်အညီ အာဝဇ္ဇန်း (= အာရုံကို ဆင်ခြင်တတ်သောစိတ်)နှင့် တကွသော ဘဝင်မနောအကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။ ထိုမနောဒွါရ ၏ မှီရာဖြစ်သောကြောင့် ဟဒယဝတ္ထုကို ရည်ရွယ်၍ မှီတတ်သော ဘဝင်မနောအကြည်ဓာတ်၏ ဝေါဟာရဖြင့် တစ်နည်း မှီတတ်သော ဘဝင် မနောအကြည်ဓာတ်နှင့် အာဝဇ္ဇန်းတို့၏ ဝေါဟာရဖြင့် မနောဒွါရဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ ယင်း ဟဒယဝတ္ထု၌ မနောဒွါရကား မှီ၍ ဖြစ်ပေသည်။

ဌာနျူပစာရ ---- ဌာနီ ဖြစ်သော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို တစ်နည်း ဌာနီဖြစ်သော အာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို ဌာနဖြစ်သော ဟဒယဝတ္ထု၌ တင်စား၍ ဌာနဖြစ်သော ဟဒယဝတ္ထုကိုလည်း ဌာနျူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဝေါ်သုံးစွဲ ထားသည်ဟု ဆိုလိုသည်။

ဤဖွင့်ဆိုချက်များ အရ ----

၁။ ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟု ခေါ်၏။

၂။ အာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟု ခေါ်၏။

၃။ ဟဒယဝတ္ထုရုပ်ကိုလည်း ဌာနျူပစာရအားဖြင့်မနောဒွါရဟု ခေါ်ဆို၏ဟု မှတ်ပါ။

သို့အတွက် ဟဒယဝတ္ထုသည် ဘဝင်မနောအကြည်ဓာတ်ဟူသော မနောဓာတ်နှင့် မနောဝိညာဏဓာတ် အမည်ရသော ပဉ္စဝိညာဏ်မှ တစ်ပါးကုန်သော ဝီထိစိတ်တို့၏ မှီ၍ ဖြစ်ရာ ရုပ်ဖြစ်သောကြောင့် ဝတ္ထုဟူသော အမည်ကို ရရှိ၏၊ သို့သော် မုချအားဖြင့်ကား မနောဒွါရဟူသော အမည်ကို မရရှိပေ။ ဌာနျူပစာရအားဖြင့်သာ မနောဒွါရဟူသော အမည်ကို ရရှိပေသည်။ မုချအားဖြင့်ကား ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင် မနောအကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုပေသည်။ တစ်နည်း အာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနော အကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုပေသည်။

တစ်နည်း ဖလူပစာရ စကားဟု မှတ်ပါ

တစ်နည်း ဖလူပစာရ စကားဟု မှတ်ပါ

အာဝဇ္ဇန်းနှင့် ဘဝင်စိတ်တို့သည် မိမိ မိမိတို့၏ ရှေး၌ ကပ်လျက် ဖြစ်သွားကြသော ရှေးရှေးစိတ္တက္ခဏနှင့် အတူ ဥပါဒ်ချင်း ပြိုင်၍ဖြစ်သော ဟဒယဝတ္ထုရုပ် အသီးအသီးကို မှီ၍ ဖြစ်ကြရ၏။ သို့အတွက် ဟဒယဝတ္ထုသည် အာဝဇ္ဇန်းနှင့် ဘဝင်တို့၏ ရှေးက ဖြစ်နှင့်၍ ယင်း အာဝဇ္ဇန်းနှင့် ဘဝင်စိတ်တို့ ဖြစ်ပေါ်လာအောင် မှီရာ နိဿယ ပစ္စယသတ္တိဖြင့် = မှီရာ အကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုပေး၏။ ဝတ္ထုပုရေဇာတနိဿယ ပစ္စည်းအကြောင်း တရားပင်တည်း။

သို့အတွက် ဟဒယဝတ္ထုကား ဝတ္ထုပုရေဇာတနိဿယ ပစ္စည်းအကြောင်းတရား ဖြစ်၍ အာဝဇ္ဇန်းနှင့် ဘဝင် စိတ်တို့ကား ဝတ္ထုပုရေဇာတနိဿယ ပစ္စယုပ္ပန်အကျိုးတရားတို့ ဖြစ်ကြ၏။

အကျိုးဖြစ်ကြသော အာဝဇ္ဇန်းနှင့် ဘဝင်စိတ်တို့၏ မနောဒွါရဟူသော အမည်ကို အကြောင်းဖြစ်သော ဟဒယဝတ္ထုရုပ်အပေါ်၌ တင်စား၍ အကြောင်းဖြစ်သော ဟဒယဝတ္ထုရုပ်ကိုလည်း ဖလူပစာရအားဖြင့် မနောဒွါရ ဟု ခေါ်ဆိုထားသည် မှတ်ပါ။

အာဝဇ္ဇန်း ဟူသည်

အာဝဇ္ဇန်း ဟူသည်

မနောတိ ဘဝင်္ဂစိတ္တံ။ ပ ။ မနောဝိညာဏန္တိ သဟာဝဇ္ဇနကဇဝနံ။ အာဝဇ္ဇနံ ဘဝင်္ဂတော အမောစေတွာ မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။ ပ ။ မနောဝိညာဏန္တိ ဇဝနဝိညာဏံ။ (သံ၊ဋ္ဌ၊၃၊၅။)

သဟာဝဇ္ဇနကဇဝနန္တိ သဟမနောဒွါရာဝဇ္ဇနကံ ဇဝနံ။ (သံ၊ဋီ၊၂၊၂၈၆။)

ပထမနည်း ---- ၁။ ဘဝင်စိတ်သည် မနောဓာတ်တည်း။

၂။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဇောသည် မနောဝိညာဏဓာတ်တည်း။

ဒုတိယနည်း ---- ၁။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်သည် မနောဓာတ်တည်း။

၂။ ဇောစိတ်သည် မနောဝိညာဏဓာတ်တည်း။

ဤအထက်ပါ ဖွင့်ဆိုချက်အရ အာဝဇ္ဇန်းဟူသည် မနောဒွါရာဝဇ္ဇန်းကိုပင် ဆိုလိုသည်ဟု မှတ်ပါ။

ဒွါရ ဟူသည်

ဒွါရ ဟူသည်

ဒွါရ-သဒ္ဒါသည် လူနေအိမ်များ၏ ပကတိသော တံခါးပေါက်ကိုသာ ဟောရင်း ဖြစ်၏။ ဤနေရာ၌ကား ထိုတံခါးပေါက်နှင့် အလားတူသော စက္ခုပသာဒစသော တရားများကို သဒိသူပစာရအားဖြင့် ဒွါရ-သဒ္ဒါက ဟောပြသည်။ အိမ်တစ်အိမ်ဝယ် တံခါးပေါက် မရှိလျှင် လူတို့သည် မဝင်ရောက်နိုင်ကြကုန်။ တံခါးပေါက် ရှိမှ သာလျှင် အိမ်ထဲသို့ ဝင်ရောက်နိုင်ကြ၏၊ အိမ်မှ ထွက်နိုင်ကြ၏။ ပကတိသော အိမ်တံခါးပေါက်သည် လူတို့ ဝင်ထွက်ကြောင်း ဖြစ်သကဲ့သို့ ခန္ဓာအိမ်ဝယ် စက္ခုပသာဒ စသည် မရှိလျှင် စက္ခုဒွါရဝီထိစသော ဝီထိစိတ်များ လည်း မဖြစ်နိုင်။ ခန္ဓာအိမ်၏ စက္ခုပသာဒ စသော တံခါးပေါက်များသည် စက္ခုဒွါရိက စသော ဝီထိစိတ်များ၏ ဝင်ရောက်လာသည့်ပမာ ဖြစ်ပေါ်လာကြောင်းတရားများ ဖြစ်ကြ၏။ သို့အတွက် ဖဿ စသော ထိုထို ဒွါရ၌ ဖြစ်ကြကုန်သော နာမ်တရားစုတို့၏ ဝင်ရောက်လာကြောင်း ဖြစ်ပေါ်လာကြောင်း ဖြစ်သောကြောင့် စက္ခုပသာဒ စသည်တို့ကိုလည်း သဒိသူပစာရအားဖြင့် တင်စား၍ လူတို့သုံးဆောင်ရာ ဝင်ရောက်ရာ အိမ်တံခါးနှင့် တူသဖြင့် ဒွါရဟု ခေါ်ဆိုပေသည်။

ရောယှက် ရှုပ်ထွေးမှု ကင်းရန်

ရောယှက် ရှုပ်ထွေးမှု ကင်းရန်

နာမ်တရားတို့ကို မှီရာ ဝတ္ထုအလိုက် သိမ်းဆည်းခြင်းမှာ ရောယှက်ရှုပ်ထွေးခြင်း ရှိသဖြင့် အာယတနဒွါရ အလိုက် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရန် အဋ္ဌကထာများက ညွှန်ကြားထားတော်မူကြ၏။ ဝတ္ထု (၆)မျိုးတို့တွင် ဟဒယဝတ္ထုကား, အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြု၍ သိနေကြသည့် ပဉ္စဝိညာဏ်မှ တစ်ပါးကုန်သော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရကြသည့် ဝီထိစိတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ ပဋိသန္ဓေ, ဘဝင်, စုတိဟူသော ဝီထိမုတ်စိတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ သို့ဖြစ်၍ မှီရာဝတ္ထုအလိုက် နာမ် တရားတို့ကို သိမ်းဆည်းရှုပွားခဲ့သော် အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြုနေကြသည့် သိနေကြသည့် ဝီထိစိတ် တို့သည် ဟဒယဝတ္ထု၌ မှီ၍ ဖြစ်နေကြသဖြင့် ရောယှက်ရှုပ်ထွေးမှုကား ရှိနေ၏။ ထို့ကြောင့် ဤကျမ်းတွင်လည်း ရောယှက် ရှုပ်ထွေးမှု ကင်းစေရန် စက္ခုဒွါရဝီထိ စသော အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းပုံ ဝိပဿနာရှုပွားပုံကိုသာ ဖော်ပြအပ်ပါသည်။ အထက်တွင် ရှင်းပြခဲ့သော အနုပဒသုတ္တန်အဋ္ဌကထာ၌ လာရှိသော ဝတ္ထုဟူသည်မှာလည်း အာယတနဒွါရ အမည်ရသည့် ဒွါရကိုပင် ဆိုလိုသည်ဟု မှတ်ပါ။

ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းတတ် ရှုပွားတတ်သော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသောအိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို လွယ်လွယ်ကူကူပင် သိမ်းဆည်းတတ် ရှုပွားတတ်မည် ဖြစ်သည်။ အလားတူပင် ဘဝင်မနောအကြည်ဓာတ်ဟူသော မနောဒွါရကို သိမ်းဆည်းတတ် ရှုပွားတတ်သော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ယင်း ဘဝင်မနောအကြည်ဓာတ်၏ မှီ၍ဖြစ်ရာ ဖြစ်သော ဟဒယဝတ္ထုရုပ်ကို လွယ်လွယ်ကူကူပင် သိမ်းဆည်းနိုင် ရှုပွားနိုင်မည် ဖြစ်ပေသည်။

မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ (သံ၊၁၊၃၀၂။)

ဤသို့စသော ဒေသနာတော်များ၌ ဟောကြားတော်မူသည့်အတိုင်း မနောဝိညာဏဓာတ် အမည်ရသည့် နာမ်တရားစုတို့ကို သိမ်းဆည်းလို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်မြတ်သည် ယင်း မနောဝိညာဏဓာတ်တို့၏ စွဲမှီ၍ ဖြစ်ရာ ဖြစ်သော ----

၁။ မန အမည်ရသည့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း,

၂။ ဓမ္မာရုံအမည်ရသည့် တရားတို့ကိုလည်းကောင်း သို့မဟုတ် အာရုံ (၆)ပါးတို့တွင် တစ်ပါးပါးကိုလည်းကောင်း

ပူးတွဲ သိမ်းဆည်းပြီးမှ ယင်းမနောဝိညာဏဓာတ် နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။ ထိုသို့ ဒွါရနှင့် အာရုံ သို့မဟုတ် ဝတ္ထုနှင့် အာရုံတို့ကို ပူးတွဲသိမ်းဆည်းပြီးမှ ဆိုင်ရာ နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားခဲ့သော် ထိုနာမ်တရားတို့ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင် ရှုပွားနိုင်မည် ဖြစ်ပေသည်။ နာမ်တရားတို့၏ သက်တမ်းကား အလွန် တိုတောင်းလှသဖြင့် ယင်းတို့ စွဲမှီ၍ဖြစ်ရာ ဌာနမှ စောင့်၍ သိမ်းဆည်းပါမှ ယင်းနာမ် တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် သိမ်းဆည်းရှုပွားနိုင်မည် ဖြစ်သည်။

ဒွါရ နှင့် အာရုံ

ဒွါရ နှင့် အာရုံ

တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏဥှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနဿ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ-ဂန္ဓ-ရသ ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ ဧသေဝ နယော။ ယထာ ဟိ သကုဏော အာကာသေနာဂန္တွာ ရုက္ခဂ္ဂေ နီလိယမာနောဝ ရုက္ခသာခဉ္စ ဃဋ္ဋေတိ၊ ဆာယာ စဿ ပထဝိယံ ပဋိဟညတိ၊ သာခါဃဋ္ဋနဆာယာဖရဏာနိ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဘဝန္တိ။ ဧဝံ ပစ္စုပ္ပန္နရူပါဒီနံ စက္ခုပသာဒါဒိဃဋ္ဋနဉ္စ ဘဝင်္ဂစလနသမတ္ထတာယ မနောဒွါရေ အာပါထဂမနဉ္စ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဟောတိ။ တတော ဘဝင်္ဂံ ဝိစ္ဆိန္ဒိတွာ စက္ခုဒွါရာဒီသု ဥပ္ပန္နာနံ အာဝဇ္ဇနာဒီနံ ဝေါဋ္ဌဗ္ဗနပရိယောသာနာနံ အနန္တရာ တေသံ အာရမ္မဏာနံ အညတရသ္မိံ ဣဒံ မဟာစိတ္တံ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)

ဤ အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဟူသော အာရုံ (၅)မျိုးတို့တွင် အာရုံ တစ်မျိုး တစ်မျိုးသည် ဒွါရ နှစ်ခု နှစ်ခုတို့၌ ပြိုင်တူထင်လာ၏။ ဘဝင်လှုပ်ခြင်း၏ အကြောင်းတရား ဖြစ်သည်ဟု ဆိုလို၏။

၁။ ရူပါရုံသည် စက္ခုအကြည်ဓာတ် စက္ခုဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်လာ၏ (= ရှေးရှု ကျရောက်လာ၏။)

၂။ သဒ္ဒါရုံသည် သောတဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။

၃။ ဂန္ဓာရုံသည် ဃာနဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။

၄။ ရသာရုံသည် ဇိဝှါဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။

၅။ ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။ ဘဝင်လှုပ်ခြင်း၏ အကြောင်းတရား ဖြစ်သည်ဟု ဆိုလို၏။

လောကဥပမာအားဖြင့် ဆိုရသော် ---- ငှက်တစ်ကောင်သည် ကောင်းကင်ခရီးဖြင့် လာလတ်၍ သစ်ပင်ဖျား ၌ နားသည် ဆိုကြပါစို့။ ငှက်၏ သစ်ပင်ဖျား၌ နားစဉ် အချိန်ကာလ အတွင်းမှာပင်လျှင် သစ်ကိုင်းကိုလည်း ထိခိုက်မိ ရိုက်ခတ်မိ၏၊ ထိုငှက်၏ အရိပ်သည်လည်း မြေကြီး၌ ထင်၏၊ သစ်ခက်ကို ထိခိုက်မိခြင်း အရိပ်၏ မြေ ကြီးပေါ်၌ ပြန်နှံ့ခြင်းတို့သည် မရှေးမနှောင်း တစ်ခုတည်းသော အချိန်ကာလ ခဏအတွင်းမှာပင်လျှင် ဖြစ်ပေါ် လာကြကုန်၏။ ဤဥပမာအတူပင်လျှင် ပစ္စုပ္ပန် ရူပါရုံ စသည်တို့၏ စက္ခုပသာဒ စသည့် ဆိုင်ရာ အကြည်ဓာတ် တို့ကို ထိခိုက်ခြင်းသည်လည်းကောင်း ဘဝင်လှုပ်ခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ဖြင့် မနောဒွါရ (= ဘဝင်မနော အကြည်ဓာတ်)၌ ထင်လာခြင်း ရှေးရှုကျရောက်လာခြင်းသည်လည်းကောင်း မရှေးမနှောင်း တစ်ခုတည်းသော အချိန်ကာလခဏ အတွင်းမှာပင်လျှင် ဖြစ်ပေါ်၍လာ၏။ ထိုနောင် ဘဝင်ရပ်၍ ရူပါရုံ စသည်ကို ဆင်ခြင်တတ် သော အာဝဇ္ဇန်း အစရှိသော စက္ခုဒွါရဝီထိ စသည့် ဝီထိစိတ်အစဉ်တို့သည် ထိုက်သလို ဖြစ်ပေါ်လာကြကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)

၆။ သုဒ္ဓမနောဒွါရ၌ကား ပသာဒ (= အကြည်ဓာတ်)တို့၏ ထိခိုက်မှု လုပ်ငန်းကိစ္စကား မရှိကြတော့ပေ။ ဓမ္မာရုံ အမည်ရသော တရားစုတို့သည် မနောဒွါရ (= ဘဝင်မနောအကြည်ဓာတ်)၌ ထင်လာကြကုန်၏။

ဒွါရနှစ်ပါး၌ ထင်ပုံ - ဇောဖြစ်ပုံ

ဒွါရနှစ်ပါး၌ ထင်ပုံ - ဇောဖြစ်ပုံ

ဧဝံ ဧကေကာရမ္မဏံ ဇဝနံ ဒွီသု ဒွီသု ဒွါရေသု ဥပ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ ရူပါရမ္မဏဥှိ ဇဝနံ စက္ခုဒွါရေပိ ဥပ္ပဇ္ဇတိ မနောဒွါရေပိ။ သဒ္ဒါဒိအာရမ္မဏေသုပိ ဧသေဝ နယော။ (အဘိ၊ဋ္ဌ၊၁၊၁၁၆။)

ဤ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံ (၅)မျိုးတို့တွင် တစ်မျိုး တစ်မျိုးသော အာရုံသည် ဒွါရ နှစ်မျိုး နှစ်မျိုးတို့၌ ဖြစ်၏ဟု သိရှိပါလေ။ မှန်ပေသည် ---- ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဇောစိတ်အစဉ်သည် စက္ခုဒွါရ၌လည်းဖြစ်၏၊ မနောဒွါရ၌လည်း ဖြစ်၏။ သဒ္ဒါရုံ စသော အာရုံတို့၌လည်း နည်းတူပင် မှတ်ပါ။ [ဒွါရနှစ်မျိုးတို့၌ ရူပါရုံစသည့် ပဉ္စာရုံတို့ ထင်လာသောအခါ စက္ခု ဝိညာဏ် စသော ပဉ္စဝိညာဏ်သည်လည်းကောင်း, ပဉ္စဒွါရာဝဇ္ဇန်း စသော မနောဝိညာဏ်သည်လည်းကောင်း ဝီထိစဉ်အတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ ထိုကြောင့် ပဉ္စဝိညာဏ်က ထိုအာရုံကို ယူနိုင်လောက်အောင် စက္ခုဒွါရ စသော ပဉ္စဒွါရတွင် တစ်ပါးပါး၌လည်းကောင်း, မနောဝိညာဏ်က ထိုအာရုံကို ယူနိုင်လောက်အောင် ဘဝင် ဟူသော မနောဒွါရ၌လည်းကောင်း ဤသို့ ဒွါရ နှစ်ခု နှစ်ခု၌ ထင်ရသည်။]

၆ _၆ လီ - တရား

၆ _၆ လီ - တရား

ဆ ဝတ္ထူနိ, ဆ ဒွါရာနိ, ဆ အာရမ္မဏာနိ, ဆ ဝိညာဏာနိ, ဆ ဝီထိယော, ဆဓာ ဝိသယပ္ပဝတ္တိ စေတိ ဝီထိသင်္ဂဟေ ဆ ဆက္ကာနိ ဝေဒိတဗ္ဗာနိ။ (အဘိဓမ္မတ္ထသင်္ဂဟ-ဝီထိပိုင်း။)

နာမ်ကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ = နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရာ၌ အာယတနဒွါရအလိုက် သိမ်းဆည်းရမည် ဖြစ်သဖြင့် ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်သည် ၆ _ ၆ လီသော တရားတို့ကို သိထားသင့်ပေသည်။

၁။ စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထုဟူ၍ ဝတ္ထု (၆)ပါး ရှိပေသည်။ စိတ်စေတသိက်တို့၏ မှီ၍ ဖြစ်ရာ ရုပ်တို့တည်း။

၂။ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟူ၍ ဒွါရ (၆)ပါး ရှိပေသည်။ ဝီထိစိတ်များ၏ ဝင်ရောက်လာသည့်ပမာ တံခါးကြီးများသဖွယ် ဖြစ်သောကြောင့် သဒိသူပစာရအားဖြင့် ဒွါရ အမည် ရရှိကြပေသည်။

အာရုံ (၆) ပါး

အာရုံ (၆) ပါး

၁။ ရူပါရုံ = အရောင် = အဆင်း = ဝဏ္ဏဓာတ်

၂။ သဒ္ဒါရုံ = အသံ

၃။ ဂန္ဓာရုံ = အနံ့

၄။ ရသာရုံ = အရသာ

၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ (= ပထဝီ တေဇော ဝါယော။)

၆။ ဓမ္မာရုံ = ဓမ္မသဘော

စိတ်စေတသိက်တို့၏ လာရောက်မွေ့လျော်ရာ တရားများကို အာရုံဟု ခေါ်ဆို၏။ စိတ်စေတသိက်တို့၏ သိစရာ တရားတို့ပင်တည်း။ ယင်းအာရုံသည် အထက်ပါအတိုင်း (၆)မျိုး ပြား၏။ ယင်း (၆)မျိုးတို့တွင် ဓမ္မာရုံ အမည်ရသော တရားစုတို့မှာ အောက်ပါအတိုင်း (၆)မျိုး ပြားပေသည်။

ဓမ္မာရုံ (၆) မျိုး

ဓမ္မာရုံ (၆) မျိုး

ဓမ္မာရမ္မဏံ ပန ပသာဒ-သုခုမရူပ-စိတ္တ-စေတသိက-နိဗ္ဗာန-ပညတ္တိဝသေန ဆဓာ သင်္ဂယှတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

၁။ ပသာဒရုပ် = အကြည်ရုပ် (၅)ပါး,

၂။ သုခုမရုပ် = သိမ်မွေ့သော ရုပ် (၁၆)ပါး,

[အကြည်ရုပ် (၅)ပါးနှင့် အာရုံ ရုပ် (၇)ပါး ဟူသော (၁၂)မျိုးသော ရုပ်သည် ရှုနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်၌ ရှုသည့်အခါ ထင်လွယ် မြင်လွယ်သောကြောင့် ကြမ်းတမ်းရကား ဩဠာရိက အမည် ရသည်။ ရုပ် (၂၈)ပါးတွင် ဩဠာရိက ရုပ် (၁၂)ပါးမှ ကြွင်းကျန်သော ရုပ် (၁၆)ပါးသည် ရှုနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ်သဖြင့် သိမ်မွေ့သော ရုပ်ဖြစ်ရကား သုခုမ အမည်ရသည်ဟု မှတ်ပါ။]

၃။ စိတ် = ဝိညာဏဓာတ် (၆)ပါးဟူသော အသိစိတ် အားလုံး,

၄။ စေတသိက် = စေတသိက် (၅၂)လုံး,

၅။ နိဗ္ဗာန် = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်,

၆။ ပညတ် = ကသိုဏ်းပညတ်, အမည်နာမပညတ်, ပုံသဏ္ဌာန်ပညတ် စသည့် ပညတ် အမျိုးမျိုး ----

ဤသို့လျှင် ဓမ္မာရုံသည် (၆)မျိုး ပြားပေသည်။

ဝိညာဏဓာတ် (၆) ပါး

ဝိညာဏဓာတ် (၆) ပါး

ဝိပဿနာနယ်ပယ်၌ အကျဉ်းအားဖြင့် ဝိညာဏဓာတ် (၆)ပါး ရှိပေသည်။

၁။ စက္ခုဝိညာဏ် = စက္ခုအကြည်ဓာတ် (မျက်စိအကြည်ဓာတ်)ကို မှီဖြစ်၍ ရူပါရုံ (အရောင်)ကို သိသော စိတ် (= မြင်သိစိတ်)။

၂။ သောတဝိညာဏ် = သောတအကြည်ဓာတ် (နားအကြည်ဓာတ်)ကို မှီဖြစ်၍ သဒ္ဒါရုံ (အသံ)ကို သိသော စိတ် (= ကြားသိစိတ်)။

၃။ ဃာနဝိညာဏ် = ဃာနအကြည်ဓာတ် (နှာအကြည်ဓာတ်)ကို မှီဖြစ်၍ ဂန္ဓာရုံ (အနံ့)ကို သိသော စိတ် (= နံသိစိတ်)။

၄။ ဇိဝှါဝိညာဏ် = ဇိဝှါအကြည်ဓာတ် (လျှာအကြည်ဓာတ်)ကို မှီဖြစ်၍ ရသာရုံ (အရသာ)ကို သိသောစိတ် (= ရသာသိစိတ်)။

၅။ ကာယဝိညာဏ် = ကာယအကြည်ဓာတ် (ကိုယ်အကြည်ဓာတ်)ကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံ (အတွေ့အထိ)ကို သိသောစိတ် (= ထိသိစိတ်)။

၆။ မနောဝိညာဏ် = ဘဝင်မနောအကြည်ဓာတ်ကို စွဲ၍ ဟဒယဝတ္ထုကို မှီဖြစ်၍ အာရုံ (၆)ပါးလုံးကိုပင် ထိုက်သလို သိသောစိတ်။

စက္ခုဝိညာဏ်မှသည် ကာယဝိညာဏ်သို့ တိုင်အောင် ဝိညာဏ် (၅)မျိုးတို့သည် အလိုရှိအပ်သော ဣဋ္ဌာရုံ ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသည်လည်း ရှိ၏၊ အလိုမရှိအပ်သော အနိဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသည် လည်း ရှိ၏၊ ဣဋ္ဌာရုံကို အာရုံပြုသော ပဉ္စဝိညာဏ်တို့မှာ ကုသလဝိပါက် ဖြစ်ကြ၍အနိဋ္ဌာရုံတို့ကို အာရုံပြုသော ပဉ္စဝိညာဏ်တို့မှာ အကုသလဝိပါက်များ ဖြစ်ကြသည်။ ကုသလဝိပါက် အကုသလဝိပါက် နှစ်ရပ်ပေါင်းသော် ဒွေပဉ္စဝိညာဏ် (၁၀) ဖြစ်ကြသည်။ ယင်း ဒွေပဉ္စဝိညာဏ်မှ တစ်ပါး ဟဒယဝတ္ထုကို မှီတွယ်၍ ဖြစ်သော စိတ် အားလုံးသည် မနောဝိညာဏ် မည်ပေသည်။ မနောဝိညာဏဓာတ်ဟုလည်း ခေါ်ဆိုပေသည်။ ယင်းဝိညာဏဓာတ် တို့တွင် စက္ခုဝိညာဏ်သည် ရူပါရုံတစ်ခုတည်းကိုသာ သိ၏။ သောတဝိညာဏ်သည် သဒ္ဒါရုံ တစ်ခုတည်းကိုသာ သိ၏၊ ဃာနဝိညာဏ်သည် ဂန္ဓာရုံတစ်ခုတည်းကိုသာ သိ၏။ ဇိဝှါဝိညာဏ်သည် ရသာရုံ တစ်ခုတည်းကိုသာ သိ၏၊ ကာယဝိညာဏ်သည် ဖောဋ္ဌဗ္ဗာရုံတစ်ခုတည်းကိုသာ သိ၏၊ မနောဝိညာဏ်သည်ကား အာရုံ (၆)ပါးလုံးကိုပင် ထိုက်သလို သိပေသည်။ ဣဋ္ဌာရုံကိုလည်း အာရုံပြု၏၊ အနိဋ္ဌာရုံကိုလည်း အာရုံပြု၏။

ဝီထိ (၆) ပါး

ဝီထိ (၆) ပါး

ဝီထိဟူသည် စိတ္တပ္ပဝတ္တိတည်း။ စိတ္တပ္ပဝတ္တိဟူသည် ကိန်းသေမြဲသော စိတ္တနိယာမ လမ်းကြောင်းအတိုင်း အစီအစဉ်အားဖြင့် ဖြစ်နေကြသော စိတ်များတည်း၊ စိတ္တနိယာမ လမ်းကြောင်းအတိုင်း အစီအစဉ်အားဖြင့် အစီ အစဉ်တကျ ဖြစ်နေကြသော စိတ်များကို ဝီထိဟု ခေါ်သည်။ ထိုစိတ္တပ္ပဝတ္တိကို ဝီထိဟု ခေါ်ဆိုရာ၌လည်း ထိုထို ဒွါရနှင့် မသက်ဆိုင်သော ဒွါရမှ အလွတ်ဖြစ်၍ ဒွါရဝိမုတ် အမည်ရသော ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့၏ ဖြစ်ခြင်း ပဝတ္တိကိုကား ဝီထိဟု မခေါ်ဆိုနိုင်၊ ထိုထို ဒွါရ၌ ဖြစ်သော စိတ္တပ္ပဝတ္တိကိုသာ ဝီထိဟု ခေါ်ဆိုပေသည်။ ဤဝီထိ အမည်ရသော နာမ်တရားတို့ကို သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းတတ်ပြီး ဖြစ်ရကား ဝီထိစိတ်တို့ကို သိမ်းဆည်းလျှင် ဘဝင်စိတ်တို့ကိုလည်း သိမ်းဆည်းပြီးပင် ဖြစ်သည်။ ဤ၌ ဘဝင်မနောအကြည်ဓာတ်ကိုသာ အထူးဆိုလိုပါသည်၊ ဘဝင်နာမ်တရားတို့ကို မဆိုလိုသေးပါ။ ဘဝင်စိတ် တို့ကို သိမ်းဆည်းတတ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ပဋိသန္ဓေစိတ် စုတိစိတ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရန်မှာ မခက်ခဲတော့ပြီ ဖြစ်သည်။ ယင်းဝီထိတို့မှာ အောက်ပါအတိုင်း (၆)မျိုး ရှိကြသည်။

စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ, မနောဒွါရဝီထိ - ဟု ဒွါရ၏ အစွမ်းဖြင့် ဝီထိ (၆)မျိုး ရှိ၏။

စက္ခုဝိညာဏဝီထိ, သောတဝိညာဏဝီထိ, ဃာနဝိညာဏဝီထိ, ဇိဝှါဝိညာဏဝီထိ, ကာယဝိညာဏဝီထိ, မနောဝိညာဏဝီထိ - ဟု ဝိညာဏ်၏ အစွမ်းဖြင့်လည်း ဝီထိ (၆)မျိုး ရှိ၏။

ထိုဝီထိတို့ကို ဒွါရနှင့် စပ်၍လည်း နာမည် တပ်နိုင်၏။ စက္ခုဒွါရ (မနောဒွါရ)၌ ရူပါရုံထင်လာလျှင် ထိုရူပါရုံ ကို အာရုံပြုသော စိတ်အစဉ်သည် စက္ခုဒွါရဝီထိ မည်၏။

စက္ခုပသာဒ (စက္ခုဒွါရ)၌ ရူပါရုံ ထိခိုက်သည့်အခါ မနောဒွါရဟူသော ဘဝင်မနောအကြည်ဓာတ်၌လည်း ယင်းရူပါရုံသည် တစ်ပြိုင်နက် ထင်လျက် ရှိလေသည်။ ဤသို့လျှင် ရူပါရုံ စသောအာရုံ (၅)မျိုးသည် နှစ်ဒွါရ နှစ်ဒွါရတို့၌ ထင်လေ့ရှိသော်လည်း မနောဒွါရမှာ အာရုံအားလုံးနှင့် ဆက်ဆံနေသောကြောင့် မနောဒွါရ၌ ထင်လာ သည်ဟု အထူးမပြတော့ဘဲ အများနှင့် မဆက်ဆံသော ဒွါရဖြင့် ပိုင်းခြား၍ ရူပါရုံသည် စက္ခုဒွါရ၌ ထင်သည်ဟု အသာဓာရဏနည်းအားဖြင့် ပြတော်မူသည်။ ထိုဝီထိစိတ်အစဉ်ကိုလည်း စက္ခုဒွါရဝီထိဟု အသာဓာရဏနည်း အားဖြင့် အမည်တပ်၍ ခေါ်ဝေါ်လေသည်။ ထိုဝီထိစိတ်အစဉ်ဝယ် စက္ခုဝိညာဏ်နှင့် တကွသော (၈)လုံးသော သမ္ပယုတ်တရားစုသည်သာလျှင် စက္ခုဒွါရ (စက္ခုအကြည်ဓာတ်)ကို မှီဖြစ်၍ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း စသော စက္ခုဒွါရဝီထိစိတ်အားလုံးတို့ကား ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုကိုပင် မှီ၍ ဖြစ်ကြသည်။ သို့သော်လည်း အများနှင့် မဆက်ဆံသော စက္ခုဒွါရဖြင့် မှတ်သား၍ အသာဓာရဏနည်းအားဖြင့် စက္ခုဒွါရဝီထိ ဟုပင် အမည်တပ်၍ ခေါ်ဝေါ်လေသည်။ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူ မှတ်ပါ။

တစ်ဖန် ဝိညာဏ်နှင့် စပ်၍လည်း ဝီထိ နာမည်ကို မှတ်သားရမည်။ စက္ခုဒွါရဝီထိကား ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ်တည်း။ သောတဒွါရဝီထိကား ပဉ္စဒွါရာဝဇ္ဇန်း, သောတဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော(၇)ကြိမ်, တဒါရုံ (၂)ကြိမ်တည်း။ ဃာနဒွါရ ဝီထိ ဇိဝှါဒွါရဝီထိ ကာယဒွါရဝီထိများလည်း ဤနည်းပင်တည်း။

ဤဝီထိများ၌ ထူးခြားသောစိတ်ကား စက္ခုဝိညာဏ် သောတဝိညာဏ်စသော ဝိညာဏဓာတ်များတည်း။ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံတို့ကား ပဉ္စဒွါရဝီထိတိုင်း လိုလို၌ ပါဝင်လျက် ရှိကြသဖြင့် မထူးခြားချေ၊ ထိုကြောင့် ထူးခြားသော ဝိညာဏ်ဖြင့် မှတ်သား၍ စက္ခုဝိညာဏဝီထိ သောတဝိညာဏဝီထိ စသည် ဖြင့်လည်း အမည်တပ်၍ ခေါ်ဝေါ်သုံးစွဲနိုင်ပေသည်။

တစ်ဖန် နာမ်တရားတို့ကို သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်သည် အာယတနဒွါရအလိုက် သိမ်းဆည်း ရမည် ဖြစ်သဖြင့် အာယတနဒွါရအလိုက် ဖြစ်ပေါ်နေကြကုန်သော ဝီထိစိတ်တို့၏ အမည်နာမများကိုလည်း သိထားသင့်ပေသည်။ စက္ခုဒွါရဝီထိ အတွင်း၌ တည်ရှိကြသော ဝီထိစိတ်တို့၏ အမျိုးအစားများမှာ အောက်ပါ အတိုင်း (၇)မျိုး ရှိပေသည်။

၁။ ပဉ္စဒွါရာဝဇ္ဇန်း = စက္ခုဒွါရ၌ ထင်လာသော ရူပါရုံကို ဆင်ခြင်သောစိတ်။ (သောတဒွါရ၌ ထင်လာသော သဒ္ဒါရုံကို ဆင်ခြင်သောစိတ် ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။) (= ဆင်ခြင်)။

၂။ စက္ခုဝိညာဏ် = စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိသောစိတ် (= မြင်သိ)

၃။ သမ္ပဋိစ္ဆိုင်း = (ရူပါရုံ) အာရုံကို လက်ခံသောစိတ် (= လက်ခံ)။

၄။ သန္တီရဏ = (ရူပါရုံ) အာရုံကို စူးစမ်းသောစိတ် (= စုံစမ်း)။

၅။ ဝုဋ္ဌော = (ရူပါရုံ) အာရုံကို (ဣဋ္ဌ - အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်ချက်ချသောစိတ် (= ဆုံးဖြတ်)။

၆။ ဇော = အဟုန်ပြင်းစွာ ဆက်တိုက်ဖြစ်သော အာရုံ၏ အရသာကို ခံစားသောစိတ် (= ဇော)။

၇။ တဒါရုံ = ဇော၏ အာရုံကိုပင် ဆက်လက်သိသောစိတ် (= တဒါရုံ)။

ပဉ္စဒွါရာဝဇ္ဇန်း ဆင်ခြင်

ပဉ္စဒွါရာဝဇ္ဇန်း ဆင်ခြင်

စက္ခုဒွါရစသော ပဉ္စဒွါရ (= ငါးဒွါရ)၌ ထင်လာသော အာရုံကို ဆင်ခြင်သော အာဝဇ္ဇန်းစိတ်ကိုပင် မနော ဒွါရာဝဇ္ဇန်း (= မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သောစိတ်)နှင့် ကွဲပြားစေရန် ပဉ္စဒွါရာဝဇ္ဇန်းဟု အမည်ပေးထားသည်။ ငါးဒွါရလုံး၌ အာရုံ ငါးမျိုးလုံး ပြိုင်တူထင်၍ ပြိုင်တူဆင်ခြင်သည်ကား မဟုတ်ပေ။

၁။ ရူပါရုံသည် စက္ခုဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။

အာဝဇ္ဇန်းသည် ထိုဒွါရနှစ်ခု၌ ထင်လာသော ရူပါရုံကို ဆင်ခြင်၏။

၂။ သဒ္ဒါရုံသည် သောတဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။

အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော သဒ္ဒါရုံကို ဆင်ခြင်၏။

၃။ ဂန္ဓာရုံသည် ဃာနဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။

အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော ဂန္ဓာရုံကို ဆင်ခြင်၏။

၄။ ရသာရုံသည် ဇိဝှါဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။

အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော ရသာရုံကို ဆင်ခြင်၏။

၅။ ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။

အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော ဖောဋ္ဌဗ္ဗာရုံကို ဆင်ခြင်၏။

ဤသို့ အသီးအသီး မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၁၄ - ကြည့်။)

အကယ်၍ သောတဒွါရဝီထိ စိတ်အစဉ်ဖြစ်လျှင် စက္ခုဝိညာဏ်နေရာတွင် သောတဝိညာဏ်ကို ပြောင်း ထည့်ပါ။ ဃာနဒွါရဝီထိ စသည်၌လည်း နည်းတူပင် ဃာနဝိညာဏ်စသည်ကို ပြောင်းထည့်ပါ။ တစ်ဖန် ထိုရူပါရုံ စသည်ကိုပင် ဆက်လက်၍ အာရုံယူကာ စက္ခုဒွါရဝီထိ စသည်၏ နောက်တွင် ဘဝင်ခြားလျက် ဖြစ်ပေါ်လာသော တဒနုဝတ္တက မနောဒွါရဝီထိ အမည်ရသော နောက်လိုက် မနောဒွါရဝီထိ၌လည်းကောင်း, ထိုရူပါရုံ စသည်ကိုပင် ဆက်လက်အာရုံယူသည့် နှစ်ခုမြောက်သော မနောဒွါရဝီထိ စသည့် သက်သက်သော သုဒ္ဓမနောဒွါရဝီထိတို့၌ လည်းကောင်း, ဓမ္မာရုံအမည်ရသည့် တရားစုတို့တွင် တစ်မျိုးမျိုးကိုဖြစ်စေ အများစုကိုဖြစ်စေ အာရုံယူ၍ ဖြစ် ပေါ်လာကြကုန်သော မနောဒွါရဝီထိတို့၌လည်းကောင်း ဝီထိစိတ်အမျိုးအစား (၃)မျိုးစီ ရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။

၁။ မနောဒွါရာဝဇ္ဇန်း = မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သောစိတ်။ (ဆုံးဖြတ်သည့် လုပ်ငန်း ကိစ္စကိုပါ ပူးတွဲ ပြုလုပ်သည်။) (= ဆင်ခြင် ဆုံးဖြတ်)

၂။ ဇော = အဟုန်ပြင်းစွာ ဆက်တိုက်ဖြစ်သော အဟုန်ပြင်းစွာ အာရုံ၏ အရသာကို ခံစားသော စိတ်။ (= ဇော)

၃။ တဒါရုံ = ဇောယူသည့် အာရုံကို ဆက်လက် သိသောစိတ် (= တဒါရုံ)

ကြိုတင်သိမှတ်ထားရန်

ကြိုတင်သိမှတ်ထားရန်

ယေဘုယျအားဖြင့် ဤဝီထိစိတ်တို့တွင် ဇောသည် (၇)ကြိမ် ဖြစ်တတ်၍ တဒါရုံမှာ နှစ် (=၂)ကြိမ် ဖြစ် တတ်၏။ ကျန်ဝီထိစိတ်တို့ကား တစ်ကြိမ်စီသာ ဖြစ်တတ်၏။ စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရဝီထိများ၏ နောက်၌ ဘဝင်များခြားလျက် မနောဒွါရဝီထိများ ဖြစ်ကြ၏။ ရှေးဦးစွာသော မနောဒွါရဝီထိကို တဒနုဝတ္တက မနောဒွါရဝီထိ (= နောက်လိုက် မနောဒွါရဝီထိ)ဟု ခေါ်ဆို၍ ဒုတိယမနောဒွါရဝီထိမှ စ၍ နောက်ပိုင်း ဆက်လက်၍ ဖြစ်ပေါ်ကြ ကုန်သော မနောဒွါရဝီထိများကိုကား သုဒ္ဓမနောဒွါရဝီထိဟု ခေါ်ဝေါ်သုံးစွဲကြပေသည်။ တစ်ဖန် ဓမ္မာရုံစာရင်းဝင် တရားစု တစ်ခုခုကို အာရုံပြု၍ သို့မဟုတ် အများစုကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိ စိတ်အစဉ်များကိုလည်း သုဒ္ဓမနောဒွါရဝီထိဟုပင် ခေါ်ဆိုသည်ဟု မှတ်ပါ။ တစ်ဖန် ထိုဝီထိစိတ်အစဉ်တို့တွင် စက္ခုဝိညာဏ် စသော ပဉ္စဝိညာဏ်မှ လွဲ၍ ကျန်ဝီထိစိတ် အားလုံးကို မနောဝိညာဏ်ဟုလည်းကောင်း, မနောဓာတ် မနောဝိညာဏဓာတ်ဟုလည်းကောင်း ခေါ်ဆို၍ သုတ္တန်နည်းအရ ဘဝင်မနောအကြည်ဓာတ်ကို မနောဓာတ်ဟု လည်းကောင်း, မနောဒွါရဟုလည်းကောင်း အသီးအသီး ခေါ်ဆိုသည်ဟုလည်း မှတ်သားပါ။

ဝိသယပ္ပဝတ္တိ (၆) ပါး

ဝိသယပ္ပဝတ္တိ (၆) ပါး

အာရုံ၏ ဒွါရ၌ ထင်လာခြင်းကိုပင် ဝိသယပ္ပဝတ္တိဟု ဆိုလိုသည်။ အာရုံ၏ ဒွါရ၌ ထင်လာခြင်းဟူရာ၌ လည်း လက်ဆုပ်လက်ကိုင် ရှာလျှင် ထင်လာသော အာရုံမှ တစ်ပါး ထင်ခြင်းဟု သီးခြား မရှိတော့ပြီ၊ ထိုကြောင့် ဝိသယပ္ပဝတ္တိ (၆)မျိုး အရ ----

၁။ အတိမဟန္တာရုံ,

၂။ မဟန္တာရုံ,

၃။ ပရိတ္တာရုံ,

၄။ အတိပရိတ္တာရုံ - ဟု ပဉ္စဒွါရ၌ (၄)မျိုး။

၅။ ဝိဘူတာရုံ,

၆။ အဝိဘူတာရုံ - ဟု မနောဒွါရ၌ (၂)မျိုး။

အားလုံးပေါင်းသော် (၆)မျိုးကိုပင် ဆိုလိုသည်ဟု မှတ်ပါ။

အတိမဟန္တာရုံ

အတိမဟန္တာရုံ

ရူပါရုံစသော ပဉ္စာရုံ = အာရုံ (၅)မျိုးသည် ဆိုင်ရာ ဒွါရ၌ ထင်သည့်အခါ ယင်းအာရုံ ရုပ်တရားတို့၏ ဖြစ်မှုက အလွန်လျင်မြန်သောကြောင့် ဖြစ်တုန်း လောလောဆယ်မှာ ဆိုင်ရာဒွါရ၌ မထင်လာနိုင်သေးဘဲ ဖြစ်ပြီး နောက် ဌီကာလသို့ ရောက်မှ ထင်နိုင်ကြသည်။ ဤသတ်မှတ်ချက်မှာလည်း ပဉ္စဒွါရ၌ ဆိုင်ရာအာရုံ ထင်မှုကိုသာ ရည်ညွှန်း၍ ပြောဆိုသောစကားဟု မှတ်ပါ။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ဝိပဿက ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မူကား ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ဆိုက်ရောက်သောအခါ ယင်းသူတော်ကောင်း၏ မနောဒွါရဝယ် ပရမတ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်များအားလုံး ထင်နိုင်သည်သာ ဖြစ်သည်။

ထိုပဉ္စာရုံတို့ ပဉ္စဒွါရဝယ် ထင်ကြရာ၌ အာရုံနှင့် ဒွါရ စုံရုံမျှဖြင့် ထင်နိုင်ကြသည်ကား မဟုတ်။

၁။ စက္ခုဒွါရဝယ် ရူပါရုံ ထင်လာရာ၌ အာလောက (= အရောင်အလင်း)လည်း ရှိပါမှ ထင်နိုင်သည်။

၂။ သောတဒွါရဝယ် သဒ္ဒါရုံ ထင်လာရာ၌ သောတဒွါရနှင့် သဒ္ဒါရုံ၏ အကြားဝယ် အာကာသအကြားအပေါက် ရှိပါမှ ထင်နိုင်သည်။

၃။ ဃာနဒွါရဝယ် ဂန္ဓာရုံ ထင်လာရာ၌ ဝါယောဓာတ် (= လေ) ဟူသော သယ်ဆောင်တတ်သော ဓာတ်၏ အထောက်အပံ့ကို ရပါမှ ထင်လာနိုင်သည်။

၄။ ဇိဝှါဒွါရဝယ် ရသာရုံ ထင်လာရာ၌ အာပေါဓာတ် (= ရေဓာတ် = ရသာရည်ဓာတ်) ဟူသော အထောက် အပံ့ကို ရပါမှ ထင်လာနိုင်သည်။

၅။ ကာယဒွါရဝယ် ဖောဋ္ဌဗ္ဗာရုံ ထင်လာရာ၌ ပထဝီဓာတ်၏ အထောက်အပံ့ကို ရရှိပါမှ ထင်လာနိုင်သည်။ ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒ (= ကာယဒွါရ)၌ ထိခိုက်သည့်အခါ ကာယပသာဒတွင်သာ တန့်ရပ်မနေ၊ ကာယပသာဒ၏မှီရာ မဟာဘုတ်တို့ကိုလည်း ထိခိုက်လေ၏၊ ထိုမဟာဘုတ်များတွင်ကား ပထဝီဓာတ်သည် အချုပ်အခြာ အမာခံတည်း။ ထိုကြောင့် ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရဝယ် ထင်လာရာ၌ ပထဝီဓာတ်သည် အရေးကြီးသော အထောက်အပံ့ တစ်ခုပေတည်း။ (ကာယပသာဒနှင့် ကလာပ်တူ ပထဝီဓာတ်ကိုသာ ဆိုလိုသည်။)

စိတ်တို့၌ ဖြစ်မှု တည်မှု ပျက်မှု (= ဥပါဒ်-ဌီ-ဘင်)ဟု ခဏငယ် သုံးချက်စီ အသီးအသီး ရှိ၏။ ယင်းခဏငယ် သုံးခုတို့၏ အပေါင်းကို စိတ္တက္ခဏတစ်ခု စိတ္တက္ခဏတစ်ချက်ဟု ခေါ်၏။ ရုပ်တို့သည် အထူးသဖြင့် ရူပါရုံ စသော ရုပ်အစစ် (၁၈)မျိုးတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်း ရှိကြ၏။ ခဏငယ်အားဖြင့် (၅၁)ချက် သက်တမ်း ရှည်ကြ၏။ နာမ်နှင့် ရုပ်တို့သည် ဥပါဒ်ကာလချင်း ဘင်ကာလချင်း၌ အချိန်ခဏ ကွဲပြားမှု မရှိ တူညီကြ၏။ ဌီကာလ၌သာလျှင် ရုပ်တို့က စိတ္တက္ခဏပေါင်း (၁၆)ချက်နှင့် ခဏငယ်တစ်ချက် သက်တမ်းရှည်ကြ၏။ တစ်နည်း ဆိုသော် ရုပ်တို့၏ ဌီကာလသည် စိတ်တို့၏ ခဏငယ် (၄၉)ချက်နှင့် အချိန်ကာလချင်း ညီမျှကြ၏။

နာမ်တရားတို့တွင် စိတ်သည် ပဓာန ဖြစ်၏၊ ထို ပဓာနဖြစ်သော စိတ်သည် အာရုံကို ရယူခြင်း သဘောမျှ သာတည်း။ အာရုံကို ထင်ရှားအောင် ပြုလုပ်ခြင်းဖြင့် အာရုံကို ရယူသည်နှင့် တစ်ပြိုင်နက် စိတ်ဟူသော သဘာဝ ဓမ္မသည် ချုပ်ပျက်ရ၏၊ စိတ်ချုပ်လျှင် နောက်လိုက် စေတသိက်များလည်း ချုပ်ရတော့သည်။ သို့အတွက် နာမ် တရားတို့သည် အသက်တို၏၊ လျင်မြန်သော ပြောင်းလဲမှု ရှိ၏၊ အာရုံကို ရယူခြင်းဟူသော လိုအပ်သော အကျိုး၏ ပြီးစီးပြည့်စုံသည်၏ အခြားမဲ့၌သာလျှင် ချုပ်တတ်သောသဘော ရှိသောကြောင့် လျင်မြန်သော ပြောင်းလဲမှု ရှိ၏။ ။ ရုပ်တရားတို့တွင် မဟာဘုတ်များသည် ပဓာနဖြစ်၏၊ ထိုမဟာဘုတ်တို့သည် လေးဆေးသောသဘော ရှိရကား မဟာဘုတ်ကို မှီ၍ ဖြစ်ကြရသည့် တွဲဖက် ဥပါဒါရုပ်တို့သည်လည်း မဟာဘုတ်ကဲ့သို့ပင် အသက်ရှည်ကြ ရလေသည်။ (အနုဋီ၊၂၊၂၉။)

ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိလာသော ရူပါရုံသည် စက္ခုအကြည်ဓာတ် အားကောင်းခြင်း, ရူပါရုံ၏ ထင်ရှားခြင်း, အလင်းရောင် အားကောင်းခြင်းဟူသော ဆိုင်ရာ အကြောင်းတရားများ အားကောင်းလျှင် စိတ္တက္ခဏ တစ်ချက်ခန့် အလွန်တွင် ယင်းရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌ ပြိုင်တူ ထင်လာနိုင်၏။

ယင်းပသာဒ, အာရုံ, အာလောကစသော အကြောင်းတို့တွင် တစ်ခုဖြစ်စေ နှစ်ခုဖြစ်စေ, သုံးခုလုံးဖြစ်စေ ညံ့နေလျှင် ညံ့သည့်အလိုက် ယင်းရူပါရုံသည် ဥပါဒ်ပြီးနောက် စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လေးချက်ခန့် စသည်လွန်၍ ဌီကာလသို့ အတော်ခပ်ကြာကြာ ရောက်ရှိပြီးပါမှ စက္ခုဒွါရ မနောဒွါရ၌ ထင်လာနိုင်သည်လည်း ရှိ၏။ (စိတ္တက္ခဏ နှစ်ချက်လွန်မှ သုံးချက်ခန့်စသည်လွန်မှသာ ဌီကာလသို့ ရောက်ရှိလာသော ရူပါရုံသည် စက္ခု ဒွါရ မနောဒွါရ၌ ထင်လာနိုင်သည်ဟု အတိအကျဆိုသောစကား မဟုတ်သည်ကိုကား သတိပြုပါ။)

၁။ အကယ်၍ ရူပါရုံသည် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ခိုက် စိတ္တက္ခဏတစ်ချက်အလွန်တွင် စက္ခုဒွါရ မနောဒွါရ၌ ပြိုင်တူထင်ခြင်းသို့ ရောက်ရှိလာသည် ဖြစ်အံ့၊ ထိုနောင် ဘဝင်နှစ်ကြိမ် လှုပ်ပြီးသည်ရှိသော် ဘဝင်အယဉ်ကို ဖြတ်၍ လည်စေ၍ ထိုရူပါရုံကိုပင် ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပေါ် ပြီးနောက် ချုပ်ပျက်သွား၏။

၂။ ထိုနောင် ထိုပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ထိုရူပါရုံကိုပင်လျှင် မြင်တတ်သော စက္ခုဝိညာဏ်စိတ်သည်,

၃။ ထိုရူပါရုံကိုပင်လျှင် လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ်သည်,

(ပဉ္စဒွါရာဝဇ္ဇန်းက ဆင်ခြင်၍ စက္ခုဝိညာဏ်သည် ယူအပ်ပြီးသော ရူပါရုံကိုပင်လျှင် လွှတ်မပစ်လိုက်ဘဲ လက်သင့်ခံထားသကဲ့သို့ ဖြစ်သောစိတ် ဟူလိုသည်။)

၄။ ထိုရူပါရုံကိုပင်လျှင် စူးစမ်းသော သန္တီရဏစိတ်သည်, (ဧည့်သည်အသစ် ရောက်သည့်အခါ အိမ်မှာ လက်သင့် ခံပြီးနောက် လူကောင်းလေလား လူဆိုးလေလားဟု စုံစမ်းသကဲ့သို့ သမ္ပဋိစ္ဆိုင်းစိတ်က လက်သင့်ခံ ထားသော ရူပါရုံကိုပင်လျှင် ဣဋ္ဌ အခြင်းအရာ = ကောင်းသော အရသာ ရှိလေသလား၊ အနိဋ္ဌ အခြင်း အရာ = မကောင်းသော အရသာ ရှိလေသလားဟု စုံစမ်းနှိုင်းချိန်သကဲ့သို့ ဖြစ်သောစိတ်ဟု ဆိုလိုသည်၊၊)

၅။ ထိုရူပါရုံကိုပင်လျှင် အသီးအသီး ပိုင်းခြားသတ်မှတ် ဆုံးဖြတ်သော ဝုဋ္ဌောစိတ်သည် ---- (သန္တီရဏစိတ်က စုံစမ်းပြီးနောက် အာရုံကို ဣဋ္ဌ အခြင်းအရာ = သာယာဖွယ်ဟူ၍လည်းကောင်း, အနိဋ္ဌ အခြင်းအရာ = မသာယာဖွယ်ဟူ၍လည်းကောင်း အသီးအသီး ပိုင်းခြားသတ်မှတ် ဆုံးဖြတ်သကဲ့သို့ဖြစ်သော စိတ်ဟု ဆိုလိုပေသည်၊၊)

ဤသို့လျှင် ဤစိတ်တို့သည် အစဉ်အတိုင်း ဖြစ်ကြကုန်၍ ချုပ်ပျက်သွားကြကုန်၏။

၆-၁၂။ ထိုဝုဋ္ဌောစိတ် ချုပ်ပျက်ပြီးနောက် (၂၉)မျိုးသော ကာမဇောတို့တွင် ယောနိသောမနသိကာရ = နှလုံး သွင်းမှန်မှု, အယောနိသောမနသိကာရ = နှလုံးသွင်းမှားမှု စသော အကြောင်းအထောက်အပံ့ကို ရရှိသော တစ်မျိုးမျိုးသော ဇောသည် ယေဘုယျ = များသောအားဖြင့် (၇)ကြိမ် စောလေ၏။

၁၃-၁၄။ ဇောနောက်သို့ အစဉ်လိုက်တတ်ကုန်သော ဇောယူထားသည့် အာရုံကိုပင် ဆက်လက် အာရုံယူကြ ကုန်သော နှစ်ကြိမ်ကုန်သော တဒါရုံ ဝိပါက်စိတ်တို့သည်လည်း ထိုက်သလို ဖြစ်ပေါ်လာကြကုန်၏။ ထိုနောင် ဘဝင်ကျပြန်လေသည်။

ဤသို့လျှင် ----

၁။ အတီတဘဝင် = လွန်သောဘဝင် (၁) ကြိမ်,

၂။ ဘဝင်္ဂစလန = လှုပ်သောဘဝင် (ဘဝင်္ဂစလန - ဘဝင်္ဂုပစ္ဆေဒ) (၂) ကြိမ်,

၃။ ဝီထိစိတ် (၁၄) ကြိမ်,

အားလုံးပေါင်းသော် စိတ္တက္ခဏ (၁၇)ချက် ဖြစ်၏။

အတီတဘဝင်၏ဥပါဒ်နှင့် ပြိုင်၍ ဖြစ်လာသော ရူပါရုံသည် ဒုတိယတဒါရုံသို့ ရောက်သောအခါ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့သဖြင့် ဒုတိယတဒါရုံ၏ ဘင်နှင့် ပြိုင်၍ ချုပ်၏။ ဤသို့လျှင် ဝီထိစိတ် အဝင်အပါ ဒုတိယတဒါရုံသို့ တိုင်အောင် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှိသော ရူပါရုံသည် အတိမဟန္တာရုံ မည်၏။ ယင်းဝီထိစိတ်အစဉ်ကိုလည်း အတိမဟန္တာရုံ ဝီထိ ဟုပင် ခေါ်ဆိုပေသည်။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ဤဖွင့်ဆိုချက်အရ ဤဝီထိစဉ်ကို အောက်ပါအတိုင်း အတိုကောက် မှတ်သားထားလေရာသည်။

အတိမဟန္တာရုံ ဝီထိ

အတိမဟန္တာရုံ ဝီထိ

၁။ တီ = အတီတဘဝင် = လွန်သောဘဝင်

၂။ န = ဘဝင်္ဂစလန = လှုပ်သောဘဝင်

၃။ ဒ = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင်

၄။ ပ = ပဉ္စဒွါရာဝဇ္ဇန်း

၅။ စ = စက္ခုဝိညာဏ်

၆။ သံ = သမ္ပဋိစ္ဆိုင်း

၇။ ဏ = သန္တီရဏ

၈။ ဝု = ဝုဋ္ဌော

၉-၁၅။ ဇ = ဇော (၇)

၁၆-၁၇။ တ = တဒါရုံ (၂)

။ ဘ = ဘဝင်

ဇော ဟူသည်

ဇော ဟူသည်

အဟုန်ပြင်းစွာ ဖြစ်ပေါ်လာသည်၏ အဖြစ်ကြောင့် ဇောမည်၏၊ ထိုကြောင့် အကြိမ်နည်းသည် ဖြစ်စေ များသည် ဖြစ်စေ အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် ဖြစ်ပေါ်လာသော စိတ်ကို ဇောစိတ်ဟု ခေါ်၏၊ မဂ်ဇော အဘိညာဏ်ဇောတို့သည် တစ်ကြိမ်သာ ဖြစ်သော်လည်း တစ်ကြိမ်ဆိုရလောက်အောင် အဟုန်အရှိန် ရှိကြ၏။ ဘဝင်စိတ်တို့ကား အကြိမ်များစွာ ဆက်ကာ ဆက်ကာ ဖြစ်ပါသော်လည်း အဟုန်အရှိန် မရှိကြ၊ ထိုဇောစိတ်တို့၏ ကိစ္စကား အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် ခံစားခြင်းပင်တည်း။

ပရိတ္တဇဝနဝီထိယံ ကာမာဝစရဇဝနာနိ သတ္တက္ခတ္တုံ ဆက္ခတ္တုမေဝ ဝါ ဇဝန္တိ။ (အဘိဓမ္မတ္ထသင်္ဂဟ၊ ဝီထိပိုင်း၊ ဇဝနဝါရ။)

ဝေါဋ္ဌဗ္ဗနာနန္တရံ ပန သစေ မဟန္တံ ဟောတိ ရူပါဒိအာရမ္မဏံ။ ပ ။ ဆ သတ္တ ဝါ ဇဝနာနိ ဇဝန္တိ။ ဧသော တာဝ ပဉ္စဒွါရေ နယော။ (ဝိသုဒ္ဓိ၊၂၊၈၉။)

ဆ သတ္တ ဝါတိ ဝါ-သဒ္ဒေန ပဉ္စ ဝါတိ ဣဒမ္ပိ ဝုတ္တမေဝါတိ ဒဋ္ဌဗ္ဗံ။ သုတ္တမုစ္ဆိတာဒိကာလေ ဟိ ပဉ္စပိ ဇဝနာနိ ဇဝန္တီတိ။ (မဟာဋီ၊၂၊၁၃၃။)

မရဏကာလာဒီသု ပန ပဉ္စဝါရမေဝ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ဤအထက်ပါ အရပ်ရပ်သော အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုတော်မူချက်အရ ကာမဇောတို့သည် ယေ ဘုယျအားဖြင့် ဇောစိတ်တစ်မျိုးတည်းပင် (၇)ကြိမ် ထပ်၍ ဖြစ်တတ်၏။ (၆)ကြိမ်စောသော အရာလည်း ရှိ၏။ ဤကား ပကတိရိုးရာအခါတည်း။ သေခါနီးအခါ, အိပ်ပျော်နေသောအခါ, မေ့မျောနေသောအခါ, ရေနစ် နေသောအခါ စသည်တို့၌ (၅)ကြိမ် စောသည်လည်း ရှိတတ်သေး၏။

တဒါရုံ ဟူသည်

တဒါရုံ ဟူသည်

တဒေတံ ဇဝနာဝသာနေ ဘဝင်္ဂဿ အာရမ္မဏေ ပဝတ္တနာရဟံ သမာနံ တဿ ဇဝနဿ အာရမ္မဏံ အာရမ္မဏံ ကတွာ ပဝတ္တတ္တာ တဒါရမ္မဏန္တိ ဝုစ္စတိ။ ဧဝံ ဧကာဒသန္နံ ဝိပါကဝိညာဏာနံ တဒါရမ္မဏဝသေန ပဝတ္တိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၉၀။)

ဇောက အာရုံ၏ အရသာကို ပို၍ ပိုင်ပိုင်နိုင်နိုင် ခံစားပြီး ဖြစ်သောကြောင့် ဇော၏ အဆုံးတွင် ဝိပါက် ဝိညာဏ်သည် ဘဝင်ကိစ္စ တပ်လျက် ဘဝင်၏ အာရုံဖြစ်သော အတိတ်ဘဝ သေခါနီးကာလဝယ် မရဏာသန္န ဇောက ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ထိုက်သလို အာရုံ ပြုလျက် ဖြစ်သင့်သော်လည်း ---- တသွင်သွင် အောက်သို့ စီးဆင်းနေသော ရေအယဉ်သည် အဟုန်ပြင်းစွာ အထက်သို့ ဆန်တက် ခုတ်မောင်းလာသော လှေ (သင်္ဘော) ၏ နောက်သို့ အနည်းငယ် လိုက်ပါသွားသကဲ့သို့ ထို့အတူ အဟုန်ကောင်းသော ဇောနောက်သို့ နှစ်ကြိမ်ခန့် တဒါရုံကိစ္စတပ်လျက် ယင်း ဝိပါက်ဝိညာဏ်သည် လိုက်ပါသွားရလေ၏။ ထိုကြောင့်ပင် ဘဝင်စိတ်၏ ယူရိုးယူစဉ် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုး တို့တွင် တစ်မျိုးမျိုးကို မယူတော့ဘဲ ဇော၏နောက်သို့ လိုက်၍ ဇော၏အာရုံကို ယူသည့်အတွက် တဒါရုံဟူသော အမည်ကို ရရှိလေသည်။ ယင်းတဒါရုံသည် နှစ်ကြိမ်သော်လည်းကောင်း တစ်ကြိမ်သော်လည်းကောင်း ဖြစ်တတ် ပေသည်။ ယင်းတဒါရုံသည် ----

၁။ မိမိ၏ ရှေးက ဇောသည် ကာမဇောဖြစ်ခြင်း,

၂။ တဒါရုံ ဖြစ်ရာ သတ္တဝါသည် ကာမသတ္တဝါ ဖြစ်ခြင်း,

၃။ ပဉ္စဒွါရ၌ အတိမဟန္တာရုံ, မနောဒွါရ၌ ဝိဘူတာရုံဟူသော ကာမအာရုံ ဖြစ်ခြင်း,

(ရုပ် ၂၈-ပါးနှင့် ကာမစိတ်စေတသိက်တို့ကို ကာမအာရုံဟု ဆိုလိုသည်။)

ဤအကြောင်းသုံးမျိုး စုံညီပါမှ ဇောနောင်၌ ယင်းတဒါရုံ ကျနိုင်သည်ဟု မှတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၈၉-၉၀။)

နှစ်ကြိမ် - တစ်ကြိမ်

နှစ်ကြိမ် - တစ်ကြိမ်

ဒွိက္ခတ္တုံ သကိံ ဝါတိ ဝစနသိလိဋ္ဌဝသေန ဝုတ္တံ အဋ္ဌ ဝါ ဒသ ဝါတိအာဒီသု ဝိယ။ ဒွိက္ခတ္တုံယေဝ ပန ဝဏ္ဏေန္တိ။ (မဟာဋီ၊၂၊၁၃၄။)

တဒါရုံ နှစ်ကြိမ်သော်လည်းကောင်း တစ်ကြိမ်သော်လည်းကောင်း ဖြစ်၏ဟု (ဝိသုဒ္ဓိ၊၂၊၉၀) အဋ္ဌကထာ က ဖွင့်ဆိုခြင်းသည် ဝစနသိလိဋ္ဌ = စကားပြေပြစ် ချောမောရန်အတွက်သာ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော် မူခြင်း ဖြစ်သည်။ တဒါရုံသည် နှစ်ကြိမ်သာလျှင် ဖြစ်ရိုးရှိကြောင်း ဆရာမြတ်တို့ ဖွင့်ဆိုတော်မူကြကုန်သည်။ (မဟာဋီ၊၂၊၁၃၄။)

ဣဒံ ဒွေ နာမာနိ လဘတိ ပဋိသန္ဓိစိတ္တသဒိသတ္တာ မူလဘဝင်္ဂန္တိ စ, ယံ ဇဝနေန ဂဟိတံ အာရမ္မဏံ၊ တဿ ဂဟိတတ္တာ တဒါရမ္မဏန္တိ စ။ (အဘိ၊ဋ္ဌ၊၁၊၃၁၀။)

ဤစိတ်သည် ပဋိသန္ဓေစိတ်နှင့် တူသော ဝိပါက်စိတ်ဖြစ်ခြင်းကြောင့် မူလဘဝင်ဟူသော အမည်ကိုလည်း ရရှိ၏၊ ဇောယူသည့် အာရုံကို ယူသောကြောင့် တဒါရုံဟူသော အမည်ကိုလည်း ရရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၃၁၀။)

[ဤ အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကား ပဋိသန္ဓေစိတ်နှင့် အလားတူသော တဒါရုံကိုသာ ရည်ညွှန်း ထားသည်ဟု မှတ်ပါ။ ပဋိသန္ဓေက တိဟိတ် သောမနဿပဋိသန္ဓေဖြစ်လျှင် တဒါရုံလည်း တိဟိတ်သောမနဿ တဒါရုံဖြစ်မှ, ပဋိသန္ဓေက တိဟိတ် ဥပေက္ခာပဋိသန္ဓေဖြစ်လျှင် တဒါရုံလည်း တိဟိတ် ဥပေက္ခာတဒါရုံဖြစ်ပါမှ မူလဘဝင်ဟူသော အမည်, တဒါရုံဟူသော အမည် - အမည် နှစ်မျိုးကို ရနိုင်သည်။ ပဋိသန္ဓေနှင့် မတူသော တဒါရုံဖြစ်က မူလဘဝင်ဟူသော အမည်ကို မရနိုင်၊ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။]

ယောနိသောမနသိကာရ

ယောနိသောမနသိကာရ

ယင်း အတိမဟန္တာရုံဝီထိဝယ် ---- ဝုဋ္ဌောစိတ် ချုပ်ပျက်ပြီးနောက် ဇောစောသည်ရှိသော်, ရူပါရုံက ကာမ အာရုံ ဖြစ်သောကြောင့် ကာမဇောများသာ စောခွင့်ရှိသည်။ မဟဂ္ဂုတ်ဇော လောကုတ္တရာဇောတို့ကား ကာမ တရားကို အာရုံ မပြုနိုင်ကြပေ။ ကာမဇော စောရာ၌ ဝီထိစဉ်တစ်ခုအတွင်းဝယ် ဇောအမျိုးအစား များစွာ စောမည်ကား မဟုတ်၊ ကာမဇော (၂၉)မျိုးတို့တွင် အကြောင်းသင့်ရာ ဇောတစ်မျိုးမျိုးသာ စောခွင့် ရရှိနိုင်သည်။

ယေ ကေစိ ဘိက္ခဝေ ဓမ္မာ ကုသလာ ကုသလဘာဂိယာ ကုသလပက္ခိကာ၊ သဗ္ဗေ တေ ယောနိသောမနသိကာရမူလကာ ယောနိသောမနသိကာရသမောသရဏာ။ ယောနိသောမနသိကာရော တေသံ ဓမ္မာနံ အဂ္ဂမက္ခာယတိ။ (သံ၊၃၊၈၁။)

= ရဟန်းတို့ ...ကုသိုလ်အဖို့ ရှိကုန်သော ကုသိုလ်အသင်းအပင်း ဖြစ်ကုန်သော ကုသိုလ်တရား ဟူသမျှ တို့သည် ယောနိသောမနသိကာရလျှင် အကြောင်းရင်း ရှိကုန်၏၊ ယောနိသောမနသိကာရလျှင် စုဝေးရာ ရှိကုန် ၏၊ ယောနိသောမနသိကာရကို ထိုကုသိုလ်တရားတို့ထက် မြတ်၏ဟု ဆိုအပ်၏။ (သံ၊၃၊၈၁။)

ဤအထက်ပါ ပါဠိတော်များနှင့် အညီ ယင်း ဝီထိစိတ်အစဉ်တို့၌ ယောနိသောမနသိကာရ ရှိလျှင် ကုသိုလ်ဇော စောတတ်၍ ယောနိသောမနသိကာရ မရှိလျှင် အကုသိုလ်ဇော စောတတ်ပေသည်။

ယောနိသောမနသိကာရော နာမ ဥပါယမနသိကာရော ပထမနသိကာရော အနိစ္စေ အနိစ္စန္တိ ဝါ ဒုက္ခေ္ခ ဒုက္ခန္တိ ဝါ အနတ္တနိ အနတ္တာတိ ဝါ အသုဘေ အသုဘန္တိ ဝါ မနသိကာရော။ (မ၊ဋ္ဌ၊၁၊၂၈၆။)

တတ္ထ ယောနိသောမနသိကာရဗဟုလီကာရောတိ ကုသလာဒီသု တံတံသဘာဝရသလက္ခဏာဒိကဿ ယာထာဝတော အဝဗုဇ္ဈနဝသေန ဥပ္ပန္နော ဉာဏသမ္ပယုတ္တစိတ္တုပ္ပါဒေါ။ သော ဟိ အဝိပရီတမနသိကာရတာယ ယောနိသော မနသိကာရောတိ ဝုတ္တော၊ တဒါဘောဂတာယ အာဝဇ္ဇနာပိ တဂ္ဂတိကာဝ၊ တဿ အဘိဏှပဝတ္တနံ ဗဟုလီကာရော။ (မ၊ဋီ၊၁၊၃၈၁။)

၁။ ကုသိုလ်တရား အကုသိုလ်တရား စသော ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၏ ဟုတ်မှန်တိုင်းသော ကိုယ်ပိုင် သဘာဝလက္ခဏာနှင့် ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့ကိုလည်းကောင်း,

၂။ ယင်း ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၏ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ စသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့ကြောင့် ထင်ရှား ဖြစ်ပေါ်လာရပုံကိုလည်းကောင်း၊

၃။ ယင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် အသီးအသီးတို့၏ ဟုတ်မှန်တိုင်းသော ကိုယ်ပိုင်သဘာဝလက္ခဏာနှင့် ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ် လာသော ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်သည် အသေက္ခ ရဟန္တာ အရှင်မြတ်တို့၏ မဟာကြိယာ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်သည် ယောနိသောမနသိကာရ မည်၏။

၄။ အနိစ္စ ဖြစ်သော ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားနှင့် ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားဟူသော သမုဒယသစ္စာတရားတို့၌ အနိစ္စဟု နှလုံးသွင်းမှု,

၅။ ဒုက္ခဖြစ်သော ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ ဒုက္ခဟု နှလုံးသွင်းမှု,

၆။ အနတ္တဖြစ်သော ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ အနတ္တဟု နှလုံးသွင်းမှု,

၇။ အသုဘဖြစ်သော ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ အသုဘဟု နှလုံးသွင်းမှု၏ အစွမ်းဖြင့် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်သည်၏ အစွမ်းဖြင့်ဖြစ်ပေါ်လာသော ယင်း မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်သည်လည်း ယောနိသောမနသိကာရပင် မည်ပေ၏။

အယောနိသောမနသိကာရ

အယောနိသောမနသိကာရ

အယောနိသော မနသိကာရောတိ အနုပါယမနသိကာရော ဥပ္ပထမနသိကာရော၊ အနိစ္စေ နိစ္စန္တိ ဝါ ဒုက္ခေ သုခန္တိ ဝါ အနတ္တနိ အတ္တာတိ ဝါ အသုဘေ သုဘန္တိ ဝါ မနသိကာရော။ (သံ၊ဋ္ဌ၊၃၊၁၇၇။ မ၊ဋ္ဌ၊၁၊၂၈၅-၂၈၆။)

အယောနိသောမနသိကာရဟူသည် လမ်းရိုးလမ်းမှန် မဟုတ်သော နှလုံးသွင်းမှုတည်း။ အနိစ္စဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ နိစ္စဟုလည်းကောင်း, ဒုက္ခဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရား၌ သုခဟုလည်းကောင်း, အနတ္တဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ အတ္တဟုလည်းကောင်း, အသုဘဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ သုဘဟုလည်းကောင်း နှလုံးသွင်းမှုမျိုးကို ဆိုလိုသည်။ (သံ၊ဋ္ဌ၊၃၊၁၇၇။ မ၊ဋ္ဌ၊၁၊၂၈၅-၂၈၆။)

အာဝဇ္ဇန်း

အာဝဇ္ဇန်း

တဒါဘောဂတာယ အာဝဇ္ဇနာပိ တဂ္ဂတိကာဝ၊ (မ၊ဋီ၊၁၊၃၈၁။)

အာဝဇ္ဇန်းသည် ယောနိသောမနသိကာရ တိုက်ရိုက် အမည်ရနေသည့် မဟာကုသိုလ်မဟာကြိယာ ဉာဏ သမ္ပယုတ် ဇောစိတ္တုပ္ပါဒ်ယူသည့် အာရုံကိုပင် ယင်းဇောက နှလုံးသွင်းသည့်အတိုင်း နှလုံးသွင်းတတ်သော သဘော ရှိသောကြောင့် ဇောအလား ရှိရကား ယောနိသောမနသိကာရပင် အမည် ရရှိပေသည်။ ဇောက အနိစ္စဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ အနိစ္စဟု နှလုံးသွင်းလျှင် အာဝဇ္ဇန်းကလည်း ဇော အလားတူပင် အနိစ္စ ဟု နှလုံးသွင်းပေသည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ တဂ္ဂတိကနည်းတည်း။

ဤ၌ ကုသိုလ်ဇောဖြစ်ခြင်း၏ အကြောင်း ယောနိသောမနသိကာရဟူသည်မှာ ယင်း အာဝဇ္ဇန်းကိုပင် ဆိုလိုပေသည်။

မနသိကာရ သုံးမျိုး

မနသိကာရ သုံးမျိုး

မနသိကာရသည် ဝီထိပဋိပါဒက မနသိကာရ, ဇဝနပဋိပါဒက မနသိကာရ, အာရမ္မဏပဋိပါဒက မနသိကာရဟု သုံးမျိုး ရှိ၏။ ထိုတွင် ----

၁။ ဝီထိစိတ်အစဉ်ကို ဖြစ်ပေါ်လာစေတတ်သော မနသိကာရကို ဝီထိပဋိပါဒက မနသိကာရဟု ခေါ်၏။ တရားကိုယ်မှာ ပဉ္စဒွါရာဝဇ္ဇန်းတည်း။ ပဉ္စဒွါရာဝဇ္ဇန်းသည် မိမိ၏ နောက်၌ စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း စသော ဝီထိစိတ်အစဉ်ကို ဖြစ်စေတတ်သည်။

၂။ ဇောစိတ်အစဉ်ကို ဖြစ်ပေါ်လာစေတတ်သော မနသိကာရကို ဇဝနပဋိပါဒက မနသိကာရဟု ခေါ်၏၊ တရားကိုယ်မှာ မနောဒွါရာဝဇ္ဇန်းတည်း။ မနောဒွါရာဝဇ္ဇန်းသည် မိမိ၏ နောက်၌ ဇောစိတ်အစဉ်ကို ဖြစ် ပေါ်လာစေတတ်သည်။ ယင်း မနောဒွါရာဝဇ္ဇန်းကား ပဉ္စဒွါရဝီထိ၌ ဝုဋ္ဌောကိစ္စ (= အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက်ချခြင်းကိစ္စ)ကို ဆောင်ရွက်သည်။ မနောဒွါရဝီထိ၌ကား ယင်း မနောဒွါရာဝဇ္ဇန်း သည် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့်လည်း ဆင်ခြင်ဆုံးဖြတ်၏၊ ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရား အနိစ္စတရား ဒုက္ခတရား အနတ္တတရား အသုဘတရား စသည်ဖြင့်လည်း ဆင်ခြင်ဆုံးဖြတ် ၏။ နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့်လည်း ဆင်ခြင် ဆုံးဖြတ်၏။ ယင်း ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်းတို့၏ ဆင်ခြင်ဆုံးဖြတ်မှုသည်လည်း ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရဟူသော အမည်ကို ရရှိသည်သာ ဖြစ်ပေသည်။ ယင်းယောနိသောမနသိကာရသည်လည်း ကုသိုလ်ဇော ဖြစ်ခြင်း၏ အကြောင်းတစ်ခု ဖြစ်ပေသည်။ ယင်း အယောနိသောမနသိကာရသည်လည်း အကုသိုလ်ဇော ဖြစ်ခြင်း၏ အကြောင်းတစ်ခုပင် ဖြစ်ပေသည်။

၃။ စိတ်၌ အာရုံကို ပေါ်လာစေတတ်သော မနသိကာရစေတသိက်သည် အာရမ္မဏပဋိပါဒက မနသိကာရ မည်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။)

သမ္ပတ္တိစက်တို့၏ စွမ်းအင်

သမ္ပတ္တိစက်တို့၏ စွမ်းအင်

ထိုယောနိသောမနသိကာရ ဖြစ်ဖို့ မဖြစ်ဖို့ရန် အကြောင်း အဆက်ဆက်ကား ----

၁။ အတ္တသမ္မာပဏိဓိ,

၂။ သဒ္ဓမ္မဿဝန,

၃။ သပ္ပုရိသူပနိဿယ,

၄။ ပဋိရူပဒေသဝါသ,

၅။ ပုဗ္ဗေ စ ကတပုညတာ - ဟူသော

သမ္ပတ္တိစက်တို့၏ ရှိခြင်း မရှိခြင်းများတည်း။

ရှေးရှေးဘဝများက မဂ်ဖိုလ် နိဗ္ဗာန် ရရှိရေးအတွက် ပြုစုပျိုးထောင်ခဲ့သော စရဏမျိုးစေ့ကောင်း ဝိဇ္ဇာ မျိုးစေ့ကောင်း ဟူသော ပါရမီတရားအပေါင်းတို့သည်ကား အဓိကာရ ကောင်းမှုကုသိုလ် မည်ပေသည်။

မဂ်ဖိုလ် နိဗ္ဗာန်ကို ရည်ရွယ်တောင့်တ၍ ပြုစုပျိုးထောင်ခဲ့သော ဒါနကျင့်စဉ် သီလကျင့်စဉ် သမာဓိကျင့်စဉ် တို့သည်ကား စရဏမျိုးစေ့ကောင်းများ ဖြစ်ကြ၏။ ယင်း စရဏမျိုးစေ့ကောင်းတို့ကား နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားဟု ခေါ်ဆိုအပ်သော သစ္စာလေးပါးနှင့် စပ်သော တရားစကားကို ဟောကြားပြသ ဆိုဆုံးမ နိုင်သည့် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့နှင့် တွေ့အောင် ကြုံအောင် ပို့ဆောင်ပေးကြ၏။

ရုပ်တရား နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ကြိတ်ချေခဲ့ဖူးခြင်းဟူသော နာမရူပ ပရိစ္ဆေဒဉာဏ်,

အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခဲ့ဖူးခြင်း ဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူးခြင်းဟူသော ပစ္စယပရိဂ္ဂဟဉာဏ်,

ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာရေး သုံးတန်တင်ကာ ကြိတ်ချေခဲ့ဖူးခြင်းဟူသော ဝိပဿနာဉာဏ် ----

ဤဉာဏ်တို့ကား ယေဘုယျအားဖြင့် ဝိဇ္ဇာမျိုးစေ့ကောင်းများ ဖြစ်ကြ၏။ [ယေဘုယျဟု ဆိုရခြင်းမှာ စရဏ တရား (၁၅)ပါးတို့တွင် သူတော်ကောင်းတရား (၇)ပါး၌ ဝိပဿနာပညာလည်း ပါဝင်လျက် ရှိ၏။ တစ်ဖန် ----ဝိဇ္ဇာ (၈)ပါးတို့တွင်လည်း ဝိပဿနာဉာဏ် ပါဝင်လျက် ရှိ၏။ သို့အတွက် ဝိပဿနာဉာဏ်သည် စရဏနှင့် ဝိဇ္ဇာ နှစ်ဖက်ရ တရားဖြစ်၍ ယေဘုယျဟု ဆိုခြင်းဖြစ်သည်။]

ပုဗ္ဗေ စ ကတပုညတာ သမ္ပတ္တိစက် ---- ရှေးရှေး ဘဝထိုထိုက စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်း ဟူသော ပါရမီ ကောင်းမှုထူး ကုသိုလ်ကောင်းမှုထူးကို ပြုခဲ့ဖူးခြင်းသည် ပုဗ္ဗေ စ ကတပုညတာ သမ္ပတ္တိစက် မည်၏။ ယင်း ပုဗ္ဗေ စ ကတပုညတာသမ္ပတ္တိစက်နှင့် ပြည့်စုံသူသည် သင့်တင့်လျောက်ပတ် ကောင်းမြတ်သော သူတော်သူမြတ်တို့ နေထိုင်ရာ ပဋိရူပဒေသခေါ်သည့် အရပ်၌ ဖြစ်လာရ၏။ ဘုရား အစရှိသော သူတော် သူမြတ်တို့ နေထိုင်ရာ အရပ်သို့ ရောက်အောင် ထိုအဓိကာရ ကောင်းမှုကုသိုလ်က ပစ်ပို့လိုက်သဖြင့် ပဋိရူပ ဒေသဝါသ သမ္ပတ္တိစက်နှင့် ပြည့်စုံလာရ၏။

တစ်ဖန် ထို ပဋိရူပဒေသဝါသ သမ္ပတ္တိစက် ရှိသူသည် မိကောင်း ဘကောင်း ဆွေကောင်း မျိုးကောင်း ဆရာကောင်း သမားကောင်းဟူသော သူတော်ကောင်းတို့ကို မှီခို ဆည်းကပ်ရခြင်းတည်းဟူသော သပ္ပုရိသူပ နိဿယ သမ္ပတ္တိစက်နှင့် ပြည့်စုံလာရပြန်၏။ ထို သပ္ပုရိသူပနိဿယ သမ္ပတ္တိစက်နှင့် ပြည့်စုံသူသည် သစ္စာလေးပါး နှင့် စပ်သော သူတော်ကောင်းတရားကို နာကြားရခြင်းဟူသော သဒ္ဓမ္မဿဝနစက်နှင့် ပြည့်စုံလာ၏။ ထိုသဒ္ဓမ္မ ဿဝန သမ္ပတ္တိစက် ထင်ရှား ရှိနေသူသည် မိမိကိုယ်ကိုလည်းကောင်း မိမိစိတ်ကိုလည်းကောင်း စောင့်စည်း ထိန်းသိမ်းနိုင်ခြင်းတည်းဟူသော အတ္တသမ္မာပဏိဓိ သမ္ပတ္တိစက်နှင့် ပြည့်စုံလာနိုင်၏။

ဤ အတ္တသမ္မာပဏိဓိစက်နှင့် အချက်ကျကျ ပြည့်စုံနေသူ၏ သန္တာန်ဝယ် တွေ့ဆုံမိရာ အာရုံတိုင်း၌ ယောနိသောမနသိကာရ အဖြစ်များတော့သည်သာတည်း၊ ထိုသူတော်ကောင်းသည် မိမိကိုယ်ကိုလည်းကောင်း စိတ်ကိုလည်းကောင်း ----

၁။ သီလဖြင့် ထိန်းချုပ်ရမည့် နေရာတွင် သီလဖြင့် ထိန်းချုပ်လျက် ရှိ၏။

၂။ သမာဓိဖြင့် ထိန်းချုပ်ရမည့် နေရာတွင် သမာဓိဖြင့် ထိန်းချုပ်လျက် ရှိ၏။

၃။ ပညာဖြင့် ထိန်းချုပ်ရမည့် နေရာတွင် ပညာဖြင့် ထိန်းချုပ်လျက် ရှိ၏။

သို့အတွက် ယောနိသောမနသိကာရ အဖြစ်များရခြင်း ဖြစ်ပေသည်။

ထိုကဲ့သို့သော အဆင့်ဆင့်သော သမ္ပတ္တိစက်များ ချွတ်ယွင်းပျက်ပြားနေသူ သန္တာန်၌ကား အယောနိသော မနသိကာရ အဖြစ်များလျက် အကုသိုလ်ဇောများ စောခွင့် ရတော့ပေလတ္တံ့။ ဤ စကားအစဉ်အရ ယခုဘဝ ကုသိုလ်ဇော စောရာ၌ ယောနိသောမနသိကာရသည် နီးကပ်သောအကြောင်း, အတ္တသမ္မာပဏိဓိစက် စသည် ကား ဝေးသောအကြောင်းဟု မှတ်ပါ။ ဤသို့ ဇောများ ထိုက်သလို စောပြီးနောက် တဒါရုံ နှစ်ကြိမ်တို့၏ နောက်ဝယ် ဘဝင် တစ်ဖန် ပြန်၍ ကျပေသည်။ ဤကား အတိမဟန္တာရုံဝီထိတည်း။

စိတ်ဖြစ်ပေါ်လာပုံ

စိတ်ဖြစ်ပေါ်လာပုံ

ဤပြခဲ့ပြီးသော စိတ်များသည် အခွင့်သာလျှင် သင့်ရာမှ ဖြစ်ဖို့ရာ ခန္ဓာကိုယ်တွင်း၌ စုဝေး တည်ရှိနေသည် လည်း မဟုတ်၊ အပြင်ဘက် တစ်စုံတစ်ခုသော နေရာ၌ စုပေါင်း သိမ်းဆည်းထားနိုင်သူလည်း မရှိ။ ဝတ္ထု, အာရုံ မနသိကာရ စသော ဆိုင်ရာ အကြောင်းတရားတို့ ပေါင်းဆုံမိကြသည့်အခါကျမှ ရုတ်ခြည်း ဖြစ်ပေါ်လာကြပေ သည်။ ဥပမာ -- နေအပူရှိန် ကျရောက်က မီးထ၍တောက်နိုင်သော သူရိယကန္တ ခေါ်သော ကျောက်တစ်မျိုးသည် ရှိ၏၊ မီးသည် နေရောင်မှာလည်း မရှိသေး၊ သူရိယကန္တ ခေါ်သော ကျောက်မှာလည်း မရှိသေး၊ သို့သော် နေရောင် နှင့် သူရကန်ကျောက်တို့ ပေါင်းဆုံမိသည့်အခါဝယ် ဓာတ်သဘာဝအလျောက် မီးထ၍ တောက်သကဲ့သို့တည်း။ ကျောက်နှင့် မှီရာဝတ္ထု, နေရောင်နှင့် အာရုံ, မီးပေါ်လာပုံနှင့် စိတ်ဖြစ်ပေါ်လာပုံတို့ တူမျှကြလေသည်။

သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၏ အတိမဟန္တာရုံ အမည်ကို ရရှိရာ၌လည်း နည်းတူပင် မှတ်ပါ။ ဤဝါရကို တဒါရမ္မဏဝါရဟု အဘိဓမ္မတ္ထသင်္ဂဟကျမ်းက အမည်တပ်ထားပေသည်။

မဟန္တာရုံ ဝီထိ

မဟန္တာရုံ ဝီထိ

ရူပါရုံသည် ဥပါဒ်ပြီးနောက် စက္ခုဒွါရ မနောဒွါရ၌ မထင်နိုင်သေးဘဲ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လွန်သွား၏။ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လွန်သွားပါမှ ထင်လာခဲ့သော် ယင်းရူပါရုံသည် တဒါရုံဖြစ်သည့် တိုင်အောင် ဌီအခိုက်၌ တည်နေခြင်းငှာ မစွမ်းနိုင်ဘဲ တဒါရုံ မဖြစ်ခင် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့ သွားသဖြင့် ကွယ်လွန်ချုပ်ပျောက်ရ၏။ ယင်းသို့ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လွန်မှ စက္ခုဒွါရ မနောဒွါရ၌ ထင်လာရသော ရူပါရုံသည် မဟန္တာရုံ မည်၏။

မဟန္တာရုံ အမည်ရသော ဤရူပါရုံသည် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်လျှင် ရောက်ခြင်း စက္ခုဒွါရ မနောဒွါရ၌် မထင်လာနိုင်သေးခြင်း၏ အကြောင်းမှာ ဤသို့ ဖြစ်၏။ ရူပါရုံ၏ စက္ခုဒွါရ၌ ထင်ခြင်း၏ အကြောင်း တရားသုံးပါးတို့တွင် ရူပါရုံက ဖြစ်စေ, စက္ခုပသာဒက ဖြစ်စေ, အာလောကက ဖြစ်စေ, အတိမဟန္တာရုံတုန်းက လောက် အားမကောင်းသောကြောင့် ဤမဟန္တာရုံ အမည်ရသော ရူပါရုံသည် ဥပါဒ်ပြီးနောက် စက္ခုဒွါရ မနော ဒွါရတို့၌ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့်လွန်မှ ထင်လာနိုင်သည်။ ဤ၌လည်း မဟန္တာရုံချင်း တူပါသော်လည်း အာရုံ ပသာဒ အာလောကတို့၏ အင်အားအလိုက် အားရှိလျှင် နှစ်ချက်ခန့် အလွန်တွင် ထင်လာ၍ ထိုမျှလောက် အားမရှိလျှင် သုံးချက်ခန့်လွန်မှ ထင်လာနိုင်သည်။ သဒ္ဒါရုံ စသည် အာရုံတို့၏ မဟန္တာရုံ အမည်ကို ရရှိရာ၌လည်း နည်းတူ မှတ်ပါ။

ထို မဟန္တာရုံ ဝီထိ၌ ဇော၏အဆုံး၌ ဘဝင်ကျတော့၏။ တဒါရုံ မဖြစ်တော့ပေ။ ဤဝါရကို ဇဝနဝါရ - ဟု အဘိဓမ္မတ္ထသင်္ဂဟကျမ်းက အမည်တပ်ထားပေသည်။

ဣဒဉ္စာပိ အာရမ္မဏဒုဗ္ဗလတာယ ဧဝ ဟောတိ။ အယံ တတိယော မောဃဝါရော။ (အဘိ၊ဋ္ဌ၊၁၊၃၁၀။)

= ဤမဟန္တာရုံ အမည်ရသော အာရုံသည်လည်း တဒါရုံမဖြစ်မီ အတွင်းမှာပင်လျှင် ဇော၏အဆုံး၌ ဘဝင် ကျရသော ဝါရ ဖြစ်ရသည်မှာ အာရုံ၏ အားနည်းမှုကြောင့်သာလျှင် ဖြစ်ပေသည်။ ဤဝါရသည် တတိယ မောဃဝါရ ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၁၀။) ---- ဤသို့လျှင် အဘိဓမ္မာ အဋ္ဌသာလိနီအဋ္ဌကထာ၌ ဤမဟန္တာရုံ ဝီထိကို တတိယမောဃဝါရဟု အမည်တပ်ထားပေသည်။ တဒါရုံမှ ကင်းဆိတ်သောကြောင့် မောဃဝါရဟု အမည် တပ်ခြင်း ဖြစ်ပေသည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ကား ဇောတွင် အဆုံးသတ်သော အာရုံ ဖြစ်ခြင်းကြောင့် ဇဝန ဝါရဟု ခေါ်ဆိုထားပေသည်။

ပရိတ္တာရုံ ဝီထိ

ပရိတ္တာရုံ ဝီထိ

ရူပါရုံသည် အားနည်းသော ဒုဗ္ဗလသဘော ရှိခြင်းကြောင့် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိသော် လည်း စက္ခုဒွါရ မနောဒွါရ၌ ရုတ်ခြည်း မထင်သေးဘဲ စိတ္တက္ခဏ ၄-၅-၆-၇-ချက် စသည် လွန်သွားပါမှသာလျှင် ယင်းဒွါရတို့၌ ထင်လာနိုင်၏။ ယင်းကဲ့သို့သော ရူပါရုံသည် တဒါရုံဖြစ်သည်တိုင်အောင် ဌီအခိုက်၌ တည်ခြင်းငှာ မစွမ်းနိုင်ရုံသာမက ဇောဖြစ်သည့်တိုင်အောင်လည်း တည်ခြင်းငှာ မစွမ်းနိုင် ဖြစ်နေ၏။ ဇော (၇)ကြိမ် မစောမီ အချိန်ကာလအတွင်းမှာပင် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့၍ ချုပ်ပျက်သွား၏။ ဇောဖြစ်သည်တိုင်အောင် သက်တမ်းစေ့သဖြင့် မတည်နေနိုင်သော စက္ခုဒွါရ မနောဒွါရ၌ ထင်လာသော ရှေးရှု ကျရောက်လာသော ထိုရူပါရုံသည် ပရိတ္တာရုံ မည်၏။ ထိုဝီထိမှာ ပရိတ္တာရုံဝီထိ ဖြစ်၏။

တတ္ထ ဇဝနမ္ပိ အနုပ္ပဇ္ဇိတွာ ဒွိတ္တိက္ခတ္တုံ ဝေါဋ္ဌဗ္ဗနမေဝ ပဝတ္တတိ၊ တတော ပရံ ဘဝင်္ဂပါတောဝ ဟောတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ထိုပရိတ္တာရုံဝီထိ၌ ဇောသော်မှလည်း မဖြစ်တော့ဘဲ နှစ်ကြိမ် သုံးကြိမ် ဝုဋ္ဌောသာလျှင် ဖြစ်တော့သည်။ ထို ဝုဋ္ဌောနောင်၌ ဘဝင်ကျတော့သည်သာ ဖြစ်၏။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ဤ ဝါရကို ဝေါဋ္ဌဗ္ဗနဝါရဟု အဘိဓမ္မတ္ထသင်္ဂဟကျမ်းက အမည်တပ်ထားပေသည်။ သို့သော် အဋ္ဌသာလိနီ အဋ္ဌကထာ၌ အောက်ပါအတိုင်း မှတ်သားစရာများနှင့်တကွ ဖွင့်ဆိုထားပေသည်။

ဒုတိယ မောဃဝါရ

ဒုတိယ မောဃဝါရ

သစေ ပန ဘဝင်္ဂံ အာဝဋ္ဋေတိ၊ ကိရိယမနောဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနံ အပါပေတွာဝ အန္တရာ စက္ခုဝိညာဏေ ဝါ သမ္ပဋိစ္ဆနေ ဝါ သန္တီရဏေ ဝါ နိဝတ္တိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ ဝေါဋ္ဌဗ္ဗနဝသေန ပန ဌတွာ ဧကံ ဝါ ဒွေ ဝါ စိတ္တာနိ ပဝတ္တန္တိ။ တတော အာသေဝနံ လဘိတွာ ဇဝနဋ္ဌာနေ ဌတွာ ပုန ဘဝင်္ဂံ ဩတရတိ၊ ဣဒမ္ပိ အာရမ္မဏဒုဗ္ဗလတာယ ဧဝ ဟောတိ။ အယံ ပန ဝါရော ဒိဋ္ဌံ ဝိယ မေ, သုတံ ဝိယ မေတိအာဒီနိ ဝဒနကာလေ လဗ္ဘတိ။ အယမ္ပိ ဒုတိယော မောဃဝါရော။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀။)

= နောက်တစ်မျိုးကား ---- စက္ခုဒွါရ မနောဒွါရ၌ ဌီကာလသို့ ရောက်ရှိနေသော ရူပါရုံသည် စိတ္တက္ခဏ (၄-၅) ချက် စသည် အလွန်တွင် ထင်လာခဲ့သည် ဖြစ်၏။ ထိုအခါ၌ ပဉ္စဒွါရာဝဇ္ဇန်းဟူသော ကိရိယမနောဓာတ် သည် ဘဝင်ကို လည်စေသည် ဖြစ်အံ့၊ ဘဝင်အယဉ်ကို ရပ်စေသည် ဖြစ်အံ့၊ ကိရိယာမနောဓာတ်က ဘဝင်ကို လည်စေအပ်ပြီးသည် ရှိသော် = ရပ်စေအပ်ပြီးသည် ရှိသော် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက် ချသည့် ဝုဋ္ဌောစိတ်သို့ မရောက်စေမူ၍သာလျှင် ပဉ္စဒွါရာဝဇ္ဇန်းဟူသော ကိရိယမနောဓာတ်နှင့် ဝုဋ္ဌောအကြား၌

၁။ စက္ခုဝိညာဏ်၌သော်လည်းကောင်း,

၂။ သမ္ပဋိစ္ဆိုင်း၌သော်လည်းကောင်း,

၃။ သန္တီရဏ၌သော်လည်းကောင်း ---

ဝီထိစိတ်အစဉ်သည် တန့်ရပ်၍ ဆုတ်နစ်သွားလတ္တံ့= ဘဝင်သို့ သက်ရောက်လတ္တံ့ဟူသော ဤအကြောင်း အရာသည် မရှိသည်သာတည်း။ အကယ်စင်စစ်မှာမူကား ဝုဋ္ဌော၏ အစွမ်းဖြင့် ဝုဋ္ဌော၌ တန့်ရပ်၍ တစ်ကြိမ်သော ဝုဋ္ဌောစိတ်သည်သော်လည်းကောင်း နှစ်ကြိမ်ကုန်သော ဝုဋ္ဌောစိတ်တို့သည်သော်လည်းကောင်း ဖြစ်ပေါ်သွား ကြကုန်၏။ ထိုမှနောက်၌ အာသေဝနပစ္စည်းကို သို့မဟုတ် အာသေဝနပစ္စည်းနှင့်တူသော အထုံကို ရရှိသည် ဖြစ်၍ ဇော၏အရာ၌ ရပ်တည်၍ ဖြစ်ပြီးလျှင် တစ်ဖန် ဘဝင်သို့ သက်ပြန်၏။ ဤ ဝီထိစိတ်အစဉ်သည်လည်း အာရုံ၏ အားနည်းသည်၏ အဖြစ်ကြောင့် ဤဆိုခဲ့သည့်အတိုင်း ဇော တဒါရုံတို့သို့ တိုင်အောင် ထိုအာရုံက ဌီကာလ၌ ရပ်တည်၍ မနေနိုင်သဖြင့် ဝုဋ္ဌောတိုင်ရုံသာ ဖြစ်ရလေသည်။

ဤ ဝါရကို ငါသည် မြင်လိုက်သလိုတော့ ရှိ၏၊ ငါသည် ကြားလိုက်သလိုတော့ ရှိ၏ ဤသို့ စသော စကားတို့ကို ပြောဆိုရာအခါ၌ ရအပ်ပေသည်။ ဤဝါရသည်လည်း ဇောမှ ကင်းဆိတ်သော နှစ်ခုမြောက်သော ဒုတိယ မောဃဝါရတည်း။

မူလဋီကာ အနုဋီကာ အဆို

မူလဋီကာ အနုဋီကာ အဆို

အာသေဝနံ လဘိတွာ --- အရ ဝုဋ္ဌော နှစ်ကြိမ် ဖြစ်ရာ၌ နောက်ဝုဋ္ဌောသည် ရှေးဝုဋ္ဌော၏ အာသေဝန ပစ္စည်းဖြင့် ကျေးဇူးအပြုကို ခံရ၏ဟုလည်းကောင်း ထိုဝုဋ္ဌော နှစ်ကြိမ်ကိုပင် ဇောအရာ၌ တည်သည်ဟုလည်းကောင်း ယူလျှင် ပဋ္ဌာန်းပါဠိတော်၌ ထိုသို့ ဟောတော်မူအပ်ချက် မရှိ၍ ဤအဆိုအမိန့်ကို စူးစမ်း၍ လက်ခံ သင့်ကြောင်းကို (မူလဋီ၊၁၊၁၂၉-၁၃၀) တို့၌ မူလဋီကာဆရာတော်က စိစစ် တင်ပြသွား၏။ အနုဋီကာဆရာတော် ကား ဤသို့ ဖွင့်ဆိုသွား၏။

ဇဝနဋ္ဌာနေ ဌတွာတိ ဇဝနဿ ဥပ္ပဇ္ဇနဋ္ဌာနေ ဒွိက္ခတ္တုံ ပဝတ္တိတွာ၊ န ဇဝနဘာဝေနာတိ၊ အာသေဝနံ လဘိတွာတိ စ အာသေဝနံ ဝိယ အာသေဝနန္တိ ဝုစ္စမာနေ န ကောစိ ဝိရောဓော။ (အနုဋီ၊၁၊၁၃၈။)

ဇောအရာဌာန၌ ရပ်တည်၍ဟူသည် ဇောဖြစ်ရမည့် နေရာ၌ နှစ်ကြိမ်ဖြစ်ခြင်းကို ဆိုလိုသည်၊ ဇောအဖြစ် ဖြင့် ဖြစ်ခြင်းကို မဆိုလိုပါဟုလည်းကောင်း, အာသေဝနပစ္စည်းကို ရ၍ဟူရာ၌လည်း နှစ်ကြိမ်ဖြစ်သည့်အတွက် အာသေဝနပစ္စည်း အထောက်အပံ့ကို ရသကဲ့သို့ ဖြစ်ခြင်းကို ဆိုလိုသည်ဟုလည်းကောင်း ---- ဤသို့ အဓိပ္ပါယ် ယူဆလျှင် အဋ္ဌကထာစကားသည် ပါဠိတော်စကားနှင့် မဆန့်ကျင်သော စကား ဖြစ်၏ဟု ဖွင့်ဆိုသွားပေသည်။ (အနုဋီ၊၁၊၁၃၈။)

ဘဝင်္ဂုပစ္ဆေဒ

ဘဝင်္ဂုပစ္ဆေဒ

တတော ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ ဘဝင်္ဂသောတံ ဝေါစ္ဆိန္ဒိတွာ တမေဝ ရူပါရမ္မဏံ အာဝဇ္ဇန္တံ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

= ရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌ ထင်လာပြီးနောက် ဘဝင်နှစ်ကြိမ် လှုပ်ပြီးလတ်သော် ဘဝင်အစဉ် ဘဝင်အယဉ်ကို ဖြတ်တောက်၍ ထိုရူပါရုံကိုပင်လျှင် ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပြီးနောက် ချုပ်ပျက်၍ သွား၏။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ဤအထက်ပါ အဘိဓမ္မတ္ထသင်္ဂဟ (= သင်္ဂြိုဟ်) ဆရာတော် အရှင်အနုရုဒ္ဓါမထေရ်မြတ်၏ အယူအဆ အရမူ အတိမဟန္တာရုံဝီထိ၌ ဘဝင်္ဂစလန (= လှုပ်သောဘဝင်) နှစ်ကြိမ် ကျပြီးနောက် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပေါ် လာသည်။ ယင်းပဉ္စဒွါရာဝဇ္ဇန်းသည်ပင် ဘဝင်္ဂသောတံ ဝေါစ္ဆိန္ဒိတွာ = ဘဝင်အစဉ် ဘဝင်အယဉ်ကို ဖြတ်တောက်၍ ဟု ဖွင့်ဆိုထားသဖြင့် ဘဝင်္ဂုပစ္ဆေဒပင် အမည်ရပေသည်။ ဘဝင်္ဂုပစ္ဆေဒ = ဘဝင်အစဉ် ဘဝင်အယဉ်ကို ဖြတ်သော စိတ်ဟူသည် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပင် ဖြစ်သည်၊ ဘဝင်စိတ် မဟုတ်ဟု ဆိုလိုပေသည်။

တစ်ဖန် အထက်တွင် ဖော်ပြထားသော အဋ္ဌသာလိနီအဋ္ဌကထာ၌လည်း ကိရိယာမနောဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေ = ကိရိယာမနောဓာတ်သည် (= ပဉ္စဒွါရာဝဇ္ဇန်းသည်) ဘဝင်ကို လည်စေအပ်ပြီးသည်ရှိသော် ရပ်စေ အပ်ပြီးသည်ရှိသော် - ဟု ဖွင့်ဆိုထားသဖြင့် ဘဝင်အစဉ် ဘဝင်အယဉ်ကို ရပ်စေသောစိတ်မှာ ပဉ္စဒွါရာဝဇ္ဇန်း အမည်ရသည့် ကိရိယာမနောဓာတ်ပင် ဖြစ်သည်။ သို့သော် ဤကျမ်း၌ကား ဆရာအစဉ်အဆက် သင်ကြား ချပို့လာခဲ့သော စကားအစဉ် = ဝါစာနာမဂ္ဂ အတိုင်း ဘဝင်္ဂစလန နှစ်ကြိမ်တို့တွင် ----

၁။ ပထမ ဘဝင်္ဂစလနကို ဘဝင်္ဂစလနဟုလည်းကောင်း,

၂။ ဒုတိယ ဘဝင်္ဂစလနကို ဘဝင်္ဂုပစ္ဆေဒဟုလည်းကောင်း ----

ခေါ်ဝေါ်သုံးစွဲထားပါသည်။

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ

အထက်တွင် ဖော်ပြထားခဲ့သော ---- ကိရိယာမနောဓာတ်က ဘဝင်ကို လည်စေအပ်ပြီးသည်ရှိသော် = ရပ်စေအပ်ပြီးသည်ရှိသော် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက်ချသည့် ဝုဋ္ဌောစိတ်သို့ မရောက်စေမူ၍ သာလျှင် ပဉ္စဒွါရာဝဇ္ဇန်းဟူသော ကိရိယာမနောဓာတ်နှင့် ဝုဋ္ဌော၏အကြား၌ စက္ခုဝိညာဏ်၌သော်လည်းကောင်း, သမ္ပဋိစ္ဆိုင်း၌သော်လည်းကောင်း, သန္တီရဏ၌သော်လည်းကောင်း ဝီထိစိတ်အစဉ်သည် တန့်ရပ်၍ ဆုတ်နစ် သွားလတ္တံ့ = ဘဝင်သို့ သက်ရောက်လတ္တံ့ဟူသော ဤအကြောင်းအရာသည် မရှိသည်သာတည်း။ (အဘိ၊ဋ္ဌ၊ ၁၊၃၀၉-၃၁၀။) ---- ဟူသော ဤစကားရပ်မှာလည်း ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်ကို ကျင့်လိုသော ယောဂါဝစရပုဂ္ဂိုလ် သူမြတ်တို့သည် အထူးမှတ်သားထားရမည့် စကားတစ်ရပ်ပင် ဖြစ်ပေသည်။

ယင်းစက္ခုဒွါရဝီထိနှင့် ရူပါရုံကို ဆက်လက်၍ အာရုံယူကြသည့် မနောဒွါရဝီထိတို့တွင် ရူပါရုံကို မြင်တတ် သော ဒဿနကိစ္စကို ရွက်ဆောင်တတ်သော တရားမှာ စက္ခုဝိညာဏ် ဖြစ်၏။

ဧကန္တေန ပန စက္ခုဝိညာဏမေဝ ဒဿနကိစ္စံ သာဓေတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၀။)

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ-အရ မြင် မြင်ကာမတ္တ စိတ်ထားရမည်ဟူသော အချက်နှင့် ပတ်သက်၍ အယူအဆ မလွဲမှားရန်ကား သတိပြုရမည် ဖြစ်သည်။ မြင် မြင်ကာမတ္တ စိတ်ထားရမည် ဟူသောအချက်ကို မြင်ရုံတွင်သာ စိတ်ထားရန် နောက်ထပ် ထိုရူပါရုံအပေါ်၌ စိတ်များ ထပ်မဖြစ်အောင် ကျင့်ရန် ညွှန်ကြားတော်မူသည်ဟု ယူဆ ခဲ့လျှင်ကား, မြင်တတ်သောတရားမှာ စက္ခုဝိညာဏ်ဖြစ်၍ ထိုစက္ခုဝိညာဏ်၏ နောက်၌ ဝီထိစိတ်များ ထပ်မဖြစ် အောင် ကျင့်ရမည်ဟု ဆိုသည်နှင့် အဓိပ္ပါယ်တူလျက် ရှိ၏။ စက္ခုဝိညာဏ် ဖြစ်ပြီးနောက်, နောက်ထပ် ဝီထိစိတ်များ မဖြစ်အောင်ကား မကျင့်နိုင်, ကျင့်၍ မရနိုင်၊ အောက်ထစ်ဆုံးအားဖြင့် စက္ခုဝိညာဏ်ဖြစ်ပြီးနောက် ဝုဋ္ဌောသို့ မရောက်သေးဘဲ ဝီထိစိတ်အစဉ်၏ တန့်ရပ်ခြင်းမည်သည် မဖြစ်ကောင်းသောကြောင့်ပင်တည်း။ အထက်ပါ အဋ္ဌကထာစကားတော်ကို ထောက်ရှုပါ။ စက္ခုဝိညာဏ် ဖြစ်ပြီးနောက် နောက်ထပ် ဝီထိစိတ်များ မဖြစ်အောင် သာဝကများကို မဆိုထားဘဲ ဘုရားရှင်သော်မှလည်း ကျင့်၍ကား မရနိုင်သော အရာဌာနပင် ဖြစ်သည်။ အဘိဓမ္မာ စည်းမျဉ်းကို မကျော်လွှားနိုင်သောကြောင့် ဖြစ်၏။

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

၁။ ရူပါရုံသည် မြင်အပ်သောကြောင့် ဒိဋ္ဌ မည်၏။

၂။ စက္ခုဝိညာဏ်နှင့် တကွ ထိုစက္ခုဒွါရ၌ ဖြစ်ကုန်သော စိတ်စေတသိက် နာမ်တရားစုတို့သည်လည်းကောင်း, ထိုရူပါရုံကိုပင် ဆက်လက် အာရုံယူကြသည့် မနောဒွါရိက စိတ်စေတသိက် နာမ်တရားစုတို့သည်လည်းကောင်း ထိုရူပါရုံကို မြင်တတ်သောကြောင့် ဒိဋ္ဌ မည်၏။

ယင်းမြင်အပ်သောတရား မြင်တတ်သောတရားတို့ကို မှီရာဝတ္ထုရုပ်နှင့် တကွ သိမ်းဆည်း၍ အကြောင်း တရားကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွ ဖြစ်ကုန်သော ယင်း ဒိဋ္ဌ အမည်ရသည့် မြင်အပ် မြင်တတ်သော တရားတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ခဲ့သော် ယင်းဝိပဿနာဉာဏ်တို့က ယင်းမြင်အပ် မြင်တတ်သော ဒိဋ္ဌတရားတို့ အပေါ်၌ တွယ်တာ တပ်မက်နေသည့် ရာဂ ဒေါသ မောဟတို့ကို တဒင်္ဂအားဖြင့် ပယ်ခွာနိုင်မည် ဖြစ်၏။ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာကုန်သော အရိယမဂ်တရားတို့က ရာဂ ဒေါသ မောဟတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်ကြမည် ဖြစ်၏။ ဤသို့လျှင် မြင်ခိုက်၌ ဖြစ်ပေါ်သွားကြကုန် သော အကြောင်းတရားနှင့် တကွ ဖြစ်ကုန်သော ယင်းဒိဋ္ဌတရားတို့ အပေါ်၌ ရာဂ ဒေါသ မောဟတို့ ဖြစ်ခွင့် မရအောင် ကျင့်ပါဟု ဆိုလိုရင်း ဖြစ်ပေသည်။ အကျယ်ရှုကွက်သည် နောက်၌ ထင်ရှားလတ္တံ့။ (ဗာဟိယသုတ်၊ ဥဒါန်းအဋ္ဌကထာ၊ ၈၁-၈၂ - တို့၌ ကြည့်ပါ။)

အတိပရိတ္တာရုံ ဝီထိ

အတိပရိတ္တာရုံ ဝီထိ

ရူပါရုံသည် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိလာသော်လည်း တဒါရုံ ဇော ဖြစ်သည့်တိုင်အောင်သာ မက ဝုဋ္ဌောဖြစ်သည့်တိုင်အောင်လည်း ဌီအခိုက်၌ တည်နေခြင်းငှာ မစွမ်းနိုင်သော, စက္ခုဒွါရ မနောဒွါရ၌ ရှေးရှု ကျရောက်လာသော်လည်း ကိရိယာမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘဝင်အစဉ် ဘဝင်အယဉ် ကို မလည်စေနိုင်မီ မရပ်တန့်စေနိုင်မီ အတွင်းမှာပင်လျှင် ချုပ်ပျက်၍ သွားရသော, အာရုံ၏ အလွန်အားနည်း မှုကြောင့် ချုပ်ခါနီးမှ ထင်လာသည့်အတွက် ထင်သည်မှ စ၍ ရေတွက်လျှင် အလွန်နည်းပါးသော စိတ္တက္ခဏ သက်တမ်းရှိသော ရူပါရုံသည် အတိပရိတ္တာရုံ မည်၏။ ဤ အတိပရိတ္တာရုံဝီထိ၌ ဘဝင်လှုပ်ရုံသာ လှုပ်၏၊ ဝီထိ စိတ္တုပ္ပါဒ် ဖြစ်ခြင်းသည် မရှိတော့ပေ။ ဤဝါရကို အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ မောဃဝါရဟု ခေါ်ဝေါ်သုံးစွဲထား သည်။ အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၃၀၉) ၌ ပထမ မောဃဝါရဟု သုံးစွဲထားပေသည်။ ဝီထိစိတ်မှ ကင်းဆိတ်သောကြောင့် မောဃဝါရဟု ဤဝါရကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။

စက္ခုဒွါရ၌ ----

၁။ တဒါရမ္မဏဝါရ ဟု ခေါ်ဆိုအပ်သော အတိမဟန္တာရုံဝီထိ,

၂။ ဇဝနဝါရဟု ခေါ်ဆိုအပ်သော မဟန္တာရုံဝီထိ,

၃။ ဝေါဋ္ဌဗ္ဗနဝါရဟု ခေါ်ဆိုအပ်သော ပရိတ္တာရုံဝီထိ,

၄။ မောဃဝါရဟု ခေါ်ဆိုအပ်သော အတိပရိတ္တာရုံ ဝီထိ - ဟု

အာရုံတို့၏ ဖြစ်ပုံ ဝိသယပ္ပဝတ္တိ အမည်ရသော ဝီထိ (၄)မျိုး ပြားသကဲ့သို့ အလားတူပင် သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရတို့၌လည်း (၄)မျိုးစီပင် ပြားပေသည်ဟု သိရှိပါလေ။ ဤကား ပဉ္စဒွါရ၌ ဝီထိစိတ် တို့၏ ဖြစ်ပုံနည်းတည်း။ မနောဒွါရ၌ကား ----

၁။ ဝိဘူတာရုံ,

၂။ အဝိဘူတာရုံ - ဟု (၂)မျိုး ပြားပေသည်။

ဝိဘူတန္တိ သုပါကဋံ၊ (မဟာဋီ၊၂၊၁၃၃။)

ဤသို့ ဖွင့်ဆိုထားသော မဟာဋီကာနှင့် အညီ ---- စိတ်၌ = မနောဒွါရ၌ ပေါ်လွင်ထင်ရှားသော အာရုံသည် ဝိဘူတာရုံ မည်၏၊ မပေါ်လွင် မထင်ရှား ဝိုးဝါးဖြစ်သော အာရုံသည် အဝိဘူတာရုံ မည်၏။

ထင်ရှားသော ဝိဘူတာရုံဝီထိ၌ ----

၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်,

၂။ ဇော (၇) ကြိမ်,

၃။ တဒါရုံ (၂) ကြိမ် ----

ဤသို့လျှင် ဝီထိစိတ် အမျိုးအစား (၃)မျိုး ဝီထိစိတ် အရေအတွက် (၁၀)မျိုး ရှိလေသည်။ တဒါရုံနောင် ဘဝင်မကျသော အဝိဘူတာရုံ ဖြစ်လျှင်ကား ဇော၏ အဆုံး၌ ဘဝင်ကျတော့သည်သာ ဖြစ်၏။ တဒါရုံ ဖြစ်ခွင့် မရှိတော့ပေ။

၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်,

၂။ ဇော (၇) ကြိမ်ဟု ယေဘုယျအားဖြင့် ဖြစ်တတ်ပေသည်။

ဤကား ပရိတ္တဇဝနဝါရ အမည်ရသော ကာမဇော စောသော ဝိသယပ္ပဝတ္တိ (၆)မျိုးတည်း။

အပ္ပနာဇောဝါရ - ၌ကား ဝိဘူတ - အဝိဘူတ ကွဲပြားမှုလည်း မရှိတော့ပေ။ တဒါရုံ ကျခွင့်လည်း မရှိတော့ပေ။ (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ကြည့်ပါ။)

ဤတွင်ရွေ့ကား နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့သည် ကြို တင်၍ သိထားသင့်သော ၆ _ ၆-လီ တရားများပင် ဖြစ်ကြပေသည်။

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ နာမ်တရားတို့ကို စိစစ်ချက်

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ နာမ်တရားတို့ကို စိစစ်ချက်

ဝိပဿနာရှုရမည့် နာမ်တရား

ဝိပဿနာရှုရမည့် နာမ်တရား

ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ သိမ်းဆည်းရှုပွားရမည့် နာမ်တရားတို့မှာ လောကီ စိတ်စေတသိက် တရားများ ဖြစ်ကြောင်းကိုလည်းကောင်း, ထိုတွင် စျာန်ရသူတို့က စျာန်တရားများကိုပါ ထည့်သွင်း ၍ သိမ်းဆည်းရှုပွားရပြီးလျှင် စျာန်မရသူတို့ကား စျာန်တရားများကို ထည့်သွင်း၍ သိမ်းဆည်း ရှုပွားရန် မလို ကြောင်းကိုလည်းကောင်း ရှေးပိုင်းတွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။

ထိုနာမ်တရားတို့သည်ကား ပဋိသန္ဓေ-ဘဝင်-စုတိ-ဟူသော ဝီထိမုတ်စိတ် အနေအားဖြင့်လည်းကောင်း, စိတ္တနိယာမ သဘောတရားအရ ဝီထိဟု ခေါ်ဆိုအပ်သော စိတ်အစဉ်အားဖြင့်လည်းကောင်း ဖြစ်ရိုး ဖြစ်စဉ် ဓမ္မတာ ရှိကြ၏။ ပြုပြင်ပြောင်းလဲ၍ မရနိုင်သော ကိန်းသေမြဲသော နိယာမ လမ်းရိုးလမ်းဟောင်းကြီးပင်တည်း။ နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် နိယာမ လမ်းရိုးလမ်းဟောင်းကြီးအတိုင်း ဖြစ်ပေါ်သွားကြကုန်သော ယင်းနာမ်တရားတို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်လျက် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။

ယင်းကဲ့သို့ ဝီထိခေါ်သည့် နိယာမ လမ်းရိုးလမ်းဟောင်းကြီးအတိုင်း ဖြစ်ပေါ်သွားကြကုန်သော စိတ်+ စေတသိက် နာမ်တရားစုတို့ကို သာဝကတို့လည်း သိမ်းဆည်းရှုပွားရမည် ဖြစ်ကြောင်းကိုလည်းကောင်း, အကုသိုလ် ဇောများ ပါဝင်သည့် ဝီထိစိတ်အစဉ်များကိုလည်း သိမ်းဆည်းရှုပွားရမည် ဖြစ်ကြောင်းကိုလည်းကောင်း ဝိသုဒ္ဓိ မဂ္ဂအဋ္ဌကထာတွင် ဤသို့ ဖွင့်ဆိုထား၏။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့် - အရူပနိဗ္ဗတ္တိပဿနာကာရ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့် - အရူပနိဗ္ဗတ္တိပဿနာကာရ

ယထာ စ ရူပံ သမ္မသန္တေန ရူပဿ၊ ဧဝံ အရူပံ သမ္မသန္တေနပိ အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ သာ စ ခေါ ဧကာသီတိ လောကိယစိတ္တုပ္ပါဒဝသေနေဝ။

သေယျထိဒံ ---- ဣဒဥှိ အရူပံ နာမ ပုရိမဘဝေ အာယူဟိတကမ္မဝသေန ပဋိသန္ဓိယံ တာဝ ဧကူနဝီသတိစိတ္တုပ္ပါဒပ္ပဘေဒံ နိဗ္ဗတ္တတိ။ နိဗ္ဗတ္တနာကာရော ပနဿ ပဋိစ္စသမုပ္ပါဒနိဒ္ဒေသေ ဝုတ္တနယေနေဝ ဝေဒိတဗ္ဗော။ တဒေဝ ပဋိသန္ဓိစိတ္တဿ အနန္တရစိတ္တတော ပဋ္ဌာယ ဘဝင်္ဂဝသေန, အာယုပရိယောသာနေ စုတိဝသေန။ ယံ တတ္ထ ကာမာဝစရံ၊ တံ ဆသု ဒွါရေသု ဗလဝါရမ္မဏေ တဒါရမ္မဏဝသေန။

ပဝတ္တေ ပန အသမိ႓န္နတ္တာ စက္ခုဿ အာပါထဂတတ္တာ ရူပါနံ အာလောကသန္နိဿိတံ မနသိကာရဟေတုကံ စက္ခုဝိညာဏံ နိဗ္ဗတ္တတိ သဒ္ဓိံသမ္ပယုတ္တဓမ္မေဟိ။ စက္ခုပသာဒဿ ဟိ ဌိတိက္ခဏေ ဌိတိပ္ပတ္တမေဝ ရူပံ စက္ခုံ ဃဋ္ဋေတိ။ တသ္မိံဃဋ္ဋိတေ ဒွိက္ခတ္တုံ ဘဝင်္ဂံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ တတော တသ္မိံယေဝ အာရမ္မဏေ ကိရိယမနောဓာတု အာဝဇ္ဇနကိစ္စံ သာဓယမာနာ ဥပ္ပဇ္ဇတိ။ တဒနန္တရံ တဒေဝ ရူပံ ပဿမာနံ ကုသလဝိပါကံ အကုသလဝိပါကံ ဝါ စက္ခုဝိညာဏံ။ တတော တဒေဝ ရူပံ သမ္ပဋိစ္ဆမာနာ ဝိပါကမနောဓာတု။ တတော တဒေဝ ရူပံ သန္တီရယမာနာ ဝိပါကာဟေတုကမနောဝိညာဏဓာတု။ တတော တဒေဝ ရူပံ ဝဝတ္ထာပယမာနာ ကိရိယာဟေတုကမနောဝိညာဏဓာတု ဥပေက္ခာသဟဂတာ။ တတော ပရံ ကာမာဝစရကုသလာကုသလကိရိယစိတ္တေသု ဧကံ ဝါ ဥပေက္ခာသဟဂတာဟေတုကံ စိတ္တံ ပဉ္စ သတ္တ ဝါ ဇဝနာနိ။ တတော ကာမာဝစရသတ္တာနံ ဧကာဒသသု တဒါရမ္မဏစိတ္တေသု ဇဝနာနုရူပံ ယံကိဉ္စိ တဒါရမ္မဏန္တိ။ ဧသ နယော သေသဒွါရေသုပိ။ မနောဒွါရေ ပန မဟဂ္ဂတစိတ္တာနိပိ ဥပ္ပဇ္ဇန္တီတိ။ ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။)

ဤအဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ တစ်ဖန် ရုပ်တရားကို သုံးသပ် ရှုပွားသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရုပ်တရား၏နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်ခြင်း သဘောတရားကို ရှုအပ်သကဲ့သို့ အလားတူပင် နာမ်တရားကို သုံးသပ်ရှုပွားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း နာမ်တရား၏နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်ခြင်း သဘောတရားကို ရှုအပ်၏။ ထိုနာမ်တရား၏ ဖြစ်မှု သဘောတရားကို ရှုရာ၌လည်း (၈၁)ပါးသော လောကီ စိတ္တုပ္ပါဒ်၏ အစွမ်းဖြင့်သာလျှင် ရှုအပ်၏။

ဤ လောကီ စိတ်+စေတသိက် ဟူသော လောကီစိတ္တုပ္ပါဒ်၏ အစွမ်းဖြင့် ရှုသော ဝိပဿနာဟူသည် အဘယ်နည်းဟူမူကား ----

ဤနာမ်တရား မည်သည်ကား ရှေးရှေးဘဝ၌ ဆည်းပူးအားထုတ်ခဲ့ပြီးသော ကံ၏ အစွမ်းဖြင့် ပဋိသန္ဓေ အခါ၌ ရှေးဦးစွာ (၁၉)မျိုးသော စိတ္တုပ္ပါဒ် အပြားရှိသော ပဋိသန္ဓေတို့တွင် တစ်မျိုးမျိုးသော စိတ္တုပ္ပါဒ်သည် ထိုထိုဘဝ အားလျော်စွာ ပဋိသန္ဓေကိစ္စ တပ်လျက် ဖြစ်ပေါ်လာ၏။ ထို ပဋိသန္ဓေနာမ်တရား၏ ဖြစ်ပုံအခြင်းအရာ သည် ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။

ထို (၁၉)မျိုးသော ပဋိသန္ဓေစိတ်တို့တွင် သတ္တဝါတစ်ဦးအတွက် တစ်ခုသော ဘဝဝယ် တစ်မျိုးသော စိတ်သည်သာလျှင် ပဋိသန္ဓေကိစ္စကို ရွက်ဆောင်ပေးသည်။

ပဋိသန္ဓေကိစ္စ ---- ပဋိသန္ဓာနံ - ပဋိသန္ဓိ = ဆက်စပ်မှု ဆက်စပ်ပေးမှုသည် ပဋိသန္ဓိ မည်၏။ ဘဝဟောင်း အပြတ်တွင် ဘဝသစ်၌ ရှေးဦးစွာ စိတ်၏ ဖြစ်ပေါ်ခြင်းသည် ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးသကဲ့သို့ ဖြစ်၏။ တစ်နည်းဆိုရသော် ဖြစ်-ပျက် အစဉ်အတန်းအားဖြင့် ဖြစ်ပေါ်နေသော ဘဝဟောင်း ရုပ်သန္တတိအစဉ်, နာမ်သန္တတိအစဉ်, ရုပ်နာမ်သန္တတိအစဉ်၏ အရပ်တွင် ဘဝသစ်၌ ရှေးဦးစွာသော ရုပ်တရား၏ ဖြစ်ခြင်း, နာမ် တရား၏ ဖြစ်ခြင်း, ရုပ်နာမ်၏ ဖြစ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ယင်း ဘဝသစ်၌ ရှေးဦးစွာ ဖြစ်ပေါ်လာသော ပဋိသန္ဓေအမည်ရသော စိတ်သည် ဘဝဟောင်း ခန္ဓာအစဉ်နှင့် ဘဝသစ်ခန္ဓာအစဉ်ကို တစ်စပ်တည်း ဖြစ်အောင် ဆက်စပ်ပေးသကဲ့သို့ ဖြစ်၏။ ထိုကဲ့သို့ ဆက်စပ်မှု ကိစ္စကြောင့် သတ္တဝါဟု ခေါ်ဆိုရသော ခန္ဓာအစဉ်သည် မချုပ်ငြိမ်းဘဲ အသစ်အသစ်ဘဝကို ရလျက် တစ်ဝဲလည်လည် နေရလေသည်။ ဤသို့ ဘဝဟောင်းနှင့် ဘဝသစ်ကို = ဘဝဟောင်းခန္ဓာနှင့် ဘဝသစ်ခန္ဓာကို ဆက်စပ်မှု အခြင်းအရာသည် ပဋိသန္ဓေကိစ္စ မည်၏။

ဘဝင် - စုတိ ---- ထိုပဋိသန္ဓေကိစ္စကို ရွက်ဆောင်ပေးသော စိတ်နှင့် မျိုးတူစိတ်သည်ပင်လျှင် ပဋိသန္ဓေ စိတ်၏ အခြားမဲ့ဖြစ်သော စိတ်မှ စ၍ ဘဝင်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အသက်၏ အဆုံး၌ စုတိ၏အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။

ဘဝင်္ဂကိစ္စ ---- ဘဝဿ အင်္ဂံ ဘဝင်္ဂံ = ဥပပတ္တိဘဝ၏ မပြတ်မစဲ ဖြစ်မြဲ ဖြစ်ရန် အကြောင်းခံ ဖြစ်သော စိတ်သည် ဘဝင် မည်၏။ ဘဝတစ်ခုဝယ် ရှေးဦးအစ ဖြစ်သော စိတ်သည် ပဋိသန္ဓေမည်၍ နောက်ဆုံးဖြစ်သော စိတ်သည် စုတိ မည်၏။ ယင်း ပဋိသန္ဓေနှင့် စုတိ၏ အကြားကို ဥပပတ္တိဘဝဟု ခေါ်၏။ ပဋိစ္စသမုပ္ပါဒ် ဒေသနာ တော်၌ လာရှိသော ဥပပတ္တိဘဝတည်း။ ဥပပတ္တိဘဝဟူသည်လည်း ---- ကမ္မတော ဥပပဇ္ဇတီတိ ဥပပတ္တိ - အရ ကံကြောင့် ဖြစ်သော လောကီဝိပါက် နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်ခေါ် ကမ္မဇရုပ်များတည်း။

ကံအားလျော်စွာ အတိတ်ဘဝဟောင်း ချုပ်ဆုံးသည့် အခြားမဲ့၌ ဘဝသစ်အတွက် ပဋိသန္ဓေစိတ်က ဆက်စပ် ပေးပြီးနောက်, အလားတူ ဝိပါက်စိတ်များ ဆက်လက်၍ မဖြစ်လျှင် ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ပင် စိတ်အစဉ် ပြတ်၍ တစ်ဘဝ အဆုံးသတ်ဖွယ်ရာ ရှိ၏။ ထိုကြောင့် ထိုသို့ မဆုံးရလေအောင် အကျိုးပေးနေသည့် ကံ၏ စွမ်းဟုန်ကြောင့် ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ ပဋိသန္ဓေနှင့် အလားတူ ဝိပါက်အစဉ်သည် ဆက်လက်၍ ဖြစ်ပေါ် လာပေသည်။ ထိုနောက် ပဝတ္တိအခါ၌လည်း ဆိုင်ရာဆိုင်ရာ ဒွါရတို့၌ ရှေးရှု ကျရောက်လာကြကုန်သော အာရုံ သစ်များကို အကြောင်းပြု၍ အာရုံပြု၍ ဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြရ၏။ ထို ဝီထိစိတ်အစဉ် ချုပ်ပျက် သွားသည့်အခါ ဘဝင် အမည်ရသော ဝိပါက်စိတ်သည် မဖြစ်ပေါ်လာပါမူ စိတ်အစဉ် ပြတ်သဖြင့် စိတ္တဇရုပ်များ ကမ္မဇရုပ်များလည်း ပြတ်စဲသွားဖွယ်ရာ ရှိ၏။ ထိုသို့ မဖြစ်ရလေအောင် ကံအရှိန်ရှိသမျှ တစ်ဘဝလုံး ခန္ဓာအစဉ် မပြတ်ရလေအောင် ဆက်စပ်တတ်သော ဝိပါက်စိတ်ကို ဥပပတ္တိဘဝ၏ မပြတ်မစဲ ဖြစ်မြဲဖြစ်ရန် အကြောင်းခံ စိတ်ဖြစ်သောကြောင့် ဘဝင်ဟု ခေါ်ဆိုလေသည်။ ပဋိသန္ဓေစိတ်နှင့် အမျိုးတူသော ကံအဟုန်ကြောင့် ဖြစ်ပေါ် လာရသော စိတ်ပင် ဖြစ်သည်။

ထို ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတို့ကို ရွက်ဆောင်ပေးတတ်သော (၁၉)မျိုးကုန်သော စိတ်တို့တွင် မဟာ ဝိပါက်စိတ် (၈)ပါး ဥပေက္ခာသန္တီရဏစိတ် (၂)ပါး ဟူသော ကာမာဝစရပဋိသန္ဓေ (၁၀)သည်ကား ဒွါရ (၆)ပါးတို့၌ အားရှိသော ဗလဝအာရုံ၌ တဒါရုံ၏အစွမ်းဖြင့်လည်း ဖြစ်၏။

တစ်ဖန် ပဝတ္တိအခါ၌ကား စက္ခုပသာဒ မပျက်စီးသေးသော သတ္တဝါ၏ သန္တာန်၌ စက္ခုပသာဒ မပျက်စီး သည့်အတွက် ရူပါရုံတို့၏ စက္ခုပသာဒအား ထင်ခြင်းသို့ = ရှေးရှုကျရောက်ခြင်းသို့ ရောက်ရှိလာသည်၏ အဖြစ် ကြောင့် အာလောက (= အလင်းရောင်)ကို မှီသော, စက္ခုဒွါရဝီထိစိတ်တို့၏ အခြေခံ အကြောင်းရင်းဖြစ်သော ရူပါရုံကို ဆင်ခြင် နှလုံးသွင်းတတ်သော ပဉ္စဒွါရာဝဇ္ဇန်းဟူသော ဝီထိပဋိပါဒက မနသိကာရလျှင် အကြောင်းရင်းခံ ရှိသော စက္ခုဝိညာဏ်စိတ်သည် ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်၍ လာ၏။

ထင်ရှားစေအံ့ ---- စက္ခုပသာဒ၏ ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိနေခိုက်ဝယ် ဥပါဒ်ပြီးနောက် ဌီကာလ ဌီခဏသို့ပင် ရောက်ရှိလာသည်သာဖြစ်သော ရူပါရုံသည် စက္ခုပသာဒကို ထိခိုက်မိ၏။ ထိုရူပါရုံသည် စက္ခုပသာဒကို ထိခိုက်သည် ရှိသော် ဘဝင် နှစ်ကြိမ် ဖြစ်၍ ချုပ်၏။ (ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်နှစ်ကြိမ် ဖြစ်၍ ချုပ်၏ဟု ဆိုလိုသည်။)

ထိုနောင်မှ ထိုရူပါရုံ၌ပင်လျှင် ပဉ္စဒွါရာဝဇ္ဇန်း အမည်ရသော ကိရိယာမနောဓာတ်သည် ယင်းရူပါရုံကိုပင် ဆင်ခြင်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်လာ၏။ (၁)

ထိုပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ်၏ အခြားမဲ့၌ ထိုရူပါရုံကိုပင် မြင်တတ်သော ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက်ဖြစ်သော စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ (ထိုရူပါရုံသည် ဣဋ္ဌာရုံဖြစ်ခဲ့သော် ကုသလ ဝိပါက် စက္ခုဝိညာဏ်ဖြစ်၍ ထိုရူပါရုံသည် အနိဋ္ဌာရုံဖြစ်သော် အကုသလဝိပါက် စက္ခုဝိညာဏ်သည် ဖြစ်ပေါ် လာ၏။) (၂)

ထိုသို့ စက္ခုဝိညာဏ်ဖြစ်သည်မှ နောက်၌ ထိုရူပါရုံကိုပင်လျှင် ခံလင့်သကဲ့သို့သော သမ္ပဋိစ္ဆိုင်း အမည် ရသော ဝိပါက်မနောဓာတ်သည် ဖြစ်ပေါ်လာ၏။ (၃)

ထိုသမ္ပဋိစ္ဆိုင်းစိတ် ဖြစ်သည်မှ နောက်၌ ထိုရူပါရုံကိုပင် စုံစမ်းလင့်သကဲ့သို့သော သန္တီရဏ အမည်ရသော အဟိတ်ဝိပါက် မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်လာ၏။ (၄)

ထိုသန္တီရဏစိတ် ဖြစ်သည်မှ နောက်၌ ထိုရူပါရုံကိုပင်လျှင် ပိုင်းခြား မှတ်သားလင့်သကဲ့သို့သော = ထို ရူပါရုံကိုပင်လျှင် ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်လင့်သကဲ့သို့သော ဝုဋ္ဌောအမည်ရသော အဟိတ်ကိရိယာ မနော ဝိညာဏဓာတ် ဥပေက္ခာသဟဂုတ်စိတ်သည် ဖြစ်ပေါ်လာ၏။ (၅)

ဝုဋ္ဌောစိတ် ဖြစ်သည်မှ နောက်၌ ----

၁။ ကာမာဝစရကုသိုလ်,

၂။ အကုသိုလ်,

၃။ ကာမာဝစရ ကိရိယာ ---- ဇောစိတ်တို့တွင် တစ်မျိုးမျိုးသော ဇောစိတ်သည် (၅) ကြိမ်သော်လည်းကောင်း, (၇) ကြိမ်သော်လည်းကောင်း အဟုန်ပြင်းစွာ ဆက်တိုက် ဖြစ်ပေါ်လာ၏။ (ပုထုဇန်နှင့် သေက္ခအရိယာ ပုဂ္ဂိုလ် တို့၏သန္တာန်ဝယ် ထိုဝုဋ္ဌော၏ ဆုံးဖြတ်ချက်မှာ ယောနိသောမနသိကာရ ဖြစ်ပါက ကုသိုလ်ဇော စော၍ အယောနိသော မနသိကာရ ဖြစ်ပါက အကုသိုလ်ဇော စော၏။ ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ကား ကာမာဝစရ ကြိယာဇော စော၏။) (၆)

အကယ်၍ အာရုံက သိပ်အားမကောင်း၍ ဇောစိတ်များ ဖြစ်ခွင့် မရနိုင်လျှင် ပထမဝုဋ္ဌော ဒုတိယဝုဋ္ဌောဟု ဝုဋ္ဌော နှစ်ကြိမ် ဖြစ်၍ ဝီထိစိတ်အစဉ် ရပ်ကာ ဘဝင် ပြန်ကျသည်ဟု မှတ်ပါ။ အကယ်၍ အာရုံက အားကောင်း မောင်းသန်သော ဗလဝအာရုံ ဖြစ်၍ ဇောစိတ်များ စောခွင့်ရခဲ့သော် ----

ထိုဇောစိတ်ချုပ်သည်မှ နောက်၌ ကာမာဝစရသတ္တဝါတို့အား သန္တီရဏစိတ် (၃)မျိုး, မဟာဝိပါက်စိတ် (၈)မျိုး - ပေါင်း (၁၁)မျိုးသော တဒါရုံကိစ္စကို ရွက်ဆောင်တတ်သော ဝိပါက်စိတ်တို့တွင် ဇောအားလည်းကောင်း အာရုံအားလည်းကောင်း လျော်စွာ အမှတ်မရှိ တစ်မျိုးမျိုးသော တဒါရုံဝိပါက်စိတ်သည် ဖြစ်ပေါ်၍လာ၏။ (၇)

ဇောနှင့် အာရုံ

ဇောနှင့် အာရုံ

[ဇဝနာရမ္မဏာနုရူပန္တိ တိဟေတုကံ စေ ဇဝနံ၊ တိဟေတုကံ, ဒွိဟေတုကံ ဝါတိအာဒိနာ ဣဋ္ဌံ စေ အာရမ္မဏံ၊ သောမနဿသဟဂတန္တိအာဒိနာ စ ဇဝနဿ, အာရမ္မဏဿ စ အနုရူပံ။ (မဟာဋီ၊၂၊၄၀၅။)

ယခုလက်ရှိ ဝိသုဒ္ဓိမဂ်စာမူ၌ - ဇဝနာနုရူပံ (ဝိသုဒ္ဓိ၊၂၊၂၅၃။) ဟု ရှိနေ၏။ အထက်ပါ မဟာဋီကာ၌ကား ဇဝနာရမ္မဏာနုရူပံဟု ရှိနေ၏။ ပြည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနိဿယ၌လည်း ဇဝနာရမ္မဏာနုရူပံဟုပင် ရှိနေသည်။ ထိုဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

အကယ်၍ ဇောသည် အလောဘ အဒေါသ အမောဟဟူသော ဟိတ်သုံးပါးနှင့် ယှဉ်သော တိဟိတ်ဇော ဖြစ်အံ့၊ တဒါရုံ၌လည်း အလောဘ အဒေါသ အမောဟဟူသော ဟိတ်သုံးပါးနှင့် ယှဉ်သည့် တိဟိတ်တဒါရုံ ဝိပါက်သော်လည်းကောင်း, အလောဘ အဒေါသဟူသော ဟိတ်နှစ်ပါးနှင့် ယှဉ်သော ဒွိဟိတ်တဒါရုံဝိပါက် သော်လည်းကောင်း ဖြစ်၏ -- ဤသို့စသည်ဖြင့် ဇောနှင့် လျော်စွာလည်းကောင်း,

အကယ်၍ အာရုံသည် အလို ရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဣဋ္ဌာရုံ ဖြစ်အံ့၊ ဇောသည် သောမနဿ ဝေဒနာနှင့် အတူတကွ ဖြစ်၏၊ ထိုအခါ တဒါရုံသည်လည်း သောမနဿဝေဒနာနှင့်ပင် အတူတကွ ဖြစ်၏ ---- ဤသို့ စသည်ဖြင့် အာရုံအားလျော်စွာလည်းကောင်း တဒါရုံ၏ ဖြစ်ခြင်းကို ဆိုလိုပေသည်။]

စက္ခုဒွါရမှ ကြွင်းကျန်သော သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရတို့၌လည်း ဤနည်းကိုပင် သိရှိပါလေ။ မနောဒွါရ၌ကား အထက်ပါ ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာဇောတို့ အပြင် မဟဂ္ဂုတ်စျာန် ဇောစိတ်တို့သည်လည်း ဖြစ်ပေါ်ကြကုန်၏။

ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ နာမ်တရား၏ ဖြစ်ခြင်းကို မြင်အောင် ရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။)

ဤကား နာမ်တရားတို့ကို ဒွါရ (၆)ပါးတို့၌ ဝီထိစိတ်အစဉ်အတိုင်း မြင်အောင် ရှုရန် ညွှန်ကြားထားသော ခိုင်လုံသော ကျမ်းဂန်အဆိုအမိန့်များပင် ဖြစ်ကြသည်။ ဇောကို ရှုရာ၌ ပုထုဇန်နှင့် သေက္ခယောဂါဝစရပုဂ္ဂိုလ် တို့သည် ယောနိသော မနသိကာရအားလျော်စွာ ဖြစ်ပေါ်သွားကြကုန်သော ကုသိုလ်ဇောတို့ကိုလည်းကောင်း, အယောနိ သောမနသိကာရအားလျော်စွာ ဖြစ်ပေါ်သွားကြကုန်သော အကုသိုလ်ဇောတို့ကိုလည်းကောင်း ရှုရမည် ဖြစ်သည်။ ကြိယာဇောတို့ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ခွင့်ရှိကြပေသည်။ ထိုပြင် ပဋိသန္ဓေ ဘဝင် စုတိ ဟူသော ဝီထိမုတ်စိတ်တို့ကိုလည်း မြင်အောင် ရှုရန် အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ညွှန်ကြား တော်မူလျက်ပင် ရှိသည်ကိုလည်း သတိပြုပါလေ။

ထိုသို့ ရှုရာ၌ ---- သဒ္ဓိံသမ္ပယုတ္တဓမ္မေဟိ = ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ရှုရန် ညွှန်ကြားထားတော်မူသဖြင့် အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကိုလည်းကောင်း, ဝီထိမှ အလွတ်ဖြစ်ကုန်သော ဘဝင်စသော နာမ်တရား တို့ကိုလည်းကောင်း စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဉ်ဖက် စေတသိက် တရားစုတို့နှင့်တကွ နာမ်တုံး နာမ်ခဲ ဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားရမည်ဟု မှတ်ပါ။

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက် ညွှန်ကြားတော်မူချက်မျှဖြင့် မကျေနပ်သေးပါက အောက်ပါ မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာ စသည်တို့၏ ဖွင့်ဆိုချက်ကိုလည်း ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

မူလပရိညာ

မူလပရိညာ

မူလပရိညာဝသေန တာဝ ----

ဘဝင်္ဂါဝဇ္ဇနံ စေဝ၊ ဒဿနံ သမ္ပဋိစ္ဆနံ။

သန္တီရဏဝေါဋ္ဌဗ္ဗနံ၊ ဇဝနံ ဘဝတိ သတ္တမံ။

တတ္ထ ဘဝင်္ဂံ ဥပပတ္တိဘဝဿ အင်္ဂကိစ္စံ သာဓယမာနံ ပဝတ္တတိ၊ တံ အာဝဋ္ဋေတွာ ကိရိယမနောဓာတု အာဝဇ္ဇနကိစ္စံ သာဓယမာနာ, တန္နိရောဓာ စက္ခုဝိညာဏံ ဒဿနကိစ္စံ သာဓယမာနံ, တန္နိရောဓာ ဝိပါကမနောဓာတု သမ္ပဋိစ္ဆနကိစ္စံ သာဓယမာနာ, တန္နိရောဓာ ဝိပါကမနောဝိညာဏဓာတု သန္တီရဏကိစ္စံ သာဓယမာနာ, တန္နိရောဓာ ကိရိယမနောဝိညာဏဓာတု ဝေါဋ္ဌဗ္ဗနကိစ္စံ သာဓယမာနာ, တန္နိရောဓာ သတ္တက္ခတ္တုံ ဇဝနံ ဇဝတိ။ တတ္ထ ပဌမဇဝနေပိ အယံ ဣတ္ထီ, အယံ ပုရိသောတိ ရဇ္ဇနဒုဿနမုယှနဝသေန အာလောကိတဝိလောကိတံ န ဟောတိ။ ဒုတိယဇဝနေပိ။ ပ ။ သတ္တမဇဝနေပိ။ ဧတေသု ပန ယုဒ္ဓမဏ္ဍလေ ယောဓေသု ဝိယ ဟေဋ္ဌုပရိယဝသေန ဘိဇ္ဇိတွာ ပတိတေသု အယံ ဣတ္ထီ အယံ ပုရိသောတိ ရဇ္ဇနာဒိဝသေန အာလောကိတဝိလောကိတံ ဟောတိ။ ဧဝံ တာဝေတ္ထ မူလပရိညာဝသေန အသမ္မောဟသမ္ပဇညံ ဝေဒိတဗ္ဗံ။ (ဒီ၊ဋ္ဌ၊၁၊၁၇၄။ မ၊ဋ္ဌ၊၁၊၂၆၆-၂၆၇။ သံ၊ဋ္ဌ၊၃၊၂၂၆-၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၁။)

ပဌမဇဝနေပိ။ ပ ။ န ဟောတီတိ ဣဒံ ပဉ္စဒွါရဝိညာဏဝီထိယံ ဣတ္ထီ ပုရိသောတိ ရဇ္ဇနာဒီနံ အဘာဝံ သန္ဓာယ ဝုတ္တံ။ တတ္ထ ဟိ အာဝဇ္ဇနဝေါဋ္ဌဗ္ဗနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော, အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ၊ မနောဒွါရေ ပန ဣတ္ထီ ပုရိသောတိ ရဇ္ဇနာဒိ ဟောတိ၊ တဿ ပဉ္စဒွါရာဝဇ္ဇနံ မူလံ, ယထာ ဝုတ္တံ ဝါ သဗ္ဗံ ဘဝင်္ဂါဒိ။ ဧဝံ မနောဒွါရဇဝနဿ မူလဝသေန မူလပရိညာ ဝုတ္တာ။ (မ၊ဋီ၊၁၊၃၆၀။)

ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံကို ဤသို့ သိပါ ---- ရူပါရုံကို မြင်ရာ၌ စက္ခုဒွါရဝီထိ ဖြစ်ပြီးနောက်၌ ဘဝင်များ ခြားလျက် မနောဒွါရဝီထိများ ဆက်၍ ဝီထိပေါင်း များစွာ ဖြစ်ကြ၏။ ထို မနောဒွါရဝီထိစိတ်အစဉ်များက ထို ရူပါရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့်လည်း သိ၏၊ ဣဋ္ဌဖြစ်သော ရူပါရုံ၌ တပ်မက်ခြင်း လောဘ, အနိဋ္ဌဖြစ်သော ရူပါရုံ၌ ပြစ်မှားခြင်း ဒေါသ စသည်လည်း ဖြစ်တတ်၏။ ထိုရူပါရုံကို နှလုံးသွင်းမှားခဲ့သော် လောဘ ဒေါသ စသည် ဖြစ်နိုင်၏ဟု ဆိုလိုပေသည်။ အကယ်၍ ထိုရူပါရုံအပေါ်၌ နှလုံးသွင်းမှန်မှု = ယောနိသောမနသိကာရ ဖြစ်ခဲ့သော် ကုသိုလ်ဇောများလည်း ထိုက်သလို စောကြမည် ဖြစ်ပေသည်။ ထိုမနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းမှာ စက္ခုဒွါရ ဝီထိ စသော ပဉ္စဒွါရိကဇောဝီထိစိတ်အစဉ် အားလုံးနှင့် ဘဝင်စသည်သည် ထိုရူပါရုံစသည်ကို ဆက်လက် အာရုံပြုကြသည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့၏ မူလအကြောင်းရင်း ဖြစ်ကြ၏။

ယင်းမနောဒွါရိကဇောဝီထိစိတ်အစဉ်၏ မူလအကြောင်းရင်း ဖြစ်သော ပဉ္စဒွါရိကဇောဝီထိ စိတ်အစဉ်ကို ပိုင်းခြားသိခြင်းကို မူလပရိညာဟု ခေါ်ဆိုပေသည်။ ထိုမူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံကို ဤသို့ သိပါ။

(၁) ဘဝင်, (၂) အာဝဇ္ဇန်း, (၃) ဒဿန အမည်ရသော စက္ခုဝိညာဏ်, (၄) သမ္ပဋိစ္ဆိုင်း, (၅) သန္တီရဏ, (၆)ဝုဋ္ဌော, (၇) ဇော - ဟု စိတ် (၇)မျိုး ဖြစ်၏။

ထို (၇)မျိုးတို့တွင် ဘဝင်သည် ဥပပတ္တိဘဝ၏ စိတ်အစဉ် မပြတ်စဲရေးအတွက် အကြောင်းကိစ္စကို ပြီးစီး စေလျက် ဖြစ်ပေါ်လာ၏၊ ထိုဘဝင်ကို လည်စေလျက် = ရပ်တန့်စေလျက် ကိရိယမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံကို ဆင်ခြင်ခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။ ထို ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်ပျက်သွားခြင်းကြောင့် စက္ခုဝိညာဏ်စိတ်သည် ရူပါရုံကို မြင်ခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။ ထိုစက္ခုဝိညာဏ်စိတ် ချုပ်ပျက်သွားသည်မှ နောက်၌ ဝိပါက်မနောဓာတ် အမည်ရသော သမ္ပဋိစ္ဆိုင်းစိတ်သည် ရူပါရုံကို ခံလင့်သကဲ့သို့သော လက်ခံခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏၊ ထိုသမ္ပဋိစ္ဆိုင်း ချုပ်ပြီးသည်မှ နောက်၌ ဝိပါက်မနောဝိညာဏဓာတ် ဖြစ်သော သန္တီရဏစိတ်သည် ရူပါရုံကို စုံစမ်းခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။ ထို သန္တီရဏစိတ် ချုပ်ပျက်သည်မှ နောက်၌ ကိရိယမနောဝိညာဏဓာတ်ဖြစ်သော ဝုဋ္ဌောစိတ် သည် ရူပါရုံကိုပင် ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက်ချခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏၊ ထိုဝုဋ္ဌောစိတ် ချုပ်ပျက်သည်မှ နောက်ကာလ၌ (၇) ကြိမ်သော ဇောစိတ်သည် အဟုန်ပြင်းစွာ ဖြစ်ပေါ်လာ၏။

ထို ဇော (၇) ကြိမ်တို့တွင် ပထမဇော၌လည်း - ဤသူသည် အမျိုးသ္မီးတည်း၊ ဤသူသည် အမျိုးသား တည်း ဟု တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် မဖြစ်။ ဒုတိယဇော၌လည်း။ ပ ။ သတ္တမဇော၌လည်း မဖြစ်။

စစ်မြေပြင်၌ စစ်သည်တို့ကဲ့သို့ ထို (၇)ကြိမ်ကုန်သော ဇောတို့သည် ထက်အောက်ပြောင်းပြန်၏ အစွမ်းဖြင့် ပျက်စီး၍ ကျကုန်လတ်သော် ဤသူကား အမျိုးသ္မီး, ဤသူကား အမျိုးသားဟု တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ဖြစ်ပေါ်လာ၏ ---- ဤသို့လျှင် ရှေးဦးစွာ မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ်ကို သိရှိပါလေ။ (ဒီ၊ဋ္ဌ၊၁၊၁၇၄။ မ၊ဋ္ဌ၊၁၊၂၆၆-၂၆၇။ သံ၊ဋ္ဌ၊၃၊၂၂၆-၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၁။)

ထိုစက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့၏ ဆင်ခြင်ဆုံးဖြတ်မှုမှာ အယောနိ သော မနသိကာရ ဆင်ခြင်ဆုံးဖြတ်မှု ဖြစ်ခဲ့သော် ---- ယင်း ဆင်ခြင် ဆုံးဖြတ်မှု၏ အစွမ်းဖြင့် ဣဋ္ဌဖြစ်သော အမျိုးသား အမျိုးသ္မီးတို့၏ ရူပါရုံ၌ တပ်မက်မှု လောဘ, အနိဋ္ဌဖြစ်သော ရူပါရုံ၌ ပြစ်မှားခြင်း ဒေါသကား ဖြစ်နိုင်သေး၏။ သို့သော် ထိုပဉ္စဒွါရဝီထိစိတ်တို့ကား ဤသူကား အမျိုးသ္မီး, ဤသူကား အမျိုးသားဟု မသိပေ။ ဤသူကား အမျိုးသား, ဤသူကား အမျိုးသ္မီးဟု သိ၍ တပ်မက်သည်လည်း မဟုတ်ပေ။ ပြစ်မှားသည်လည်း မဟုတ်ပေ။ ရူပါရုံ အရောင်မျှ၌သာ တပ်မက်မှုတည်း။ ပြစ်မှားမှုတည်း။ ယင်း ပဉ္စဒွါရဝီထိနောင် ဘဝင်များ ခြားလျက် ဆက်လက်ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိစိတ်အစဉ်တို့ကသာလျှင် ယောက်ျား မိန်းမ စသည်ဖြင့် သိတတ်၏။ ထိုသို့ သိသဖြင့် ယင်း မနောဒွါရဝီထိစိတ်တို့၌သာလျှင် ဤသူကား ယောက်ျား ဤသူကား အမျိုးသ္မီးဟု တပ်မက်ခြင်း ပြစ်မှားခြင်း စသည်သည် ဖြစ်ပေါ်လာ၏။ ထိုသို့ တပ်မက်ခြင်း ပြစ်မှားခြင်း စသည့် စိတ်အစဉ်မှာ မနောဒွါရိကဇောဝီထိစိတ်များတည်း။ ယင်းမနောဒွါရဝီထိတို့၏ မူလအကြောင်းရင်းမှာ စက္ခုဒွါရ ဝီထိစိတ်များပင်ဖြစ်၏။ ယင်းစက္ခုဒွါရဝီထိ စိတ်အစဉ်တို့ကို သမ္ပယုတ်တရားတို့နှင့် အတူတကွ ပရမတ်သို့ ဉာဏ် အမြင် ဆိုက်အောင် သိခဲ့သော် အသမ္မောဟသမ္ပဇဉ် ဖြစ်ပေပြီ။ ဤကား တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံတည်း။ ဤသည်မှာလည်း နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရာ၌ ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်းအတိုင်း သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားကြသော ကျမ်းဂန် အဆိုအမိန့်တို့ပင် ဖြစ်ကြသည်။

တစ်နည်း ဖွင့်ဆိုပုံ

တစ်နည်း ဖွင့်ဆိုပုံ

ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ (မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။ ဒီ၊ဋ္ဌ၊၁၊၁၇၅။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)

= ဤ ခန္ဓာ (၅)ပါးနည်းဖြင့် သိအောင် သိမ်းဆည်း ရှုပွားရမည့် ရှုကွက်၌ ----

၁။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံကား ရူပက္ခန္ဓာတည်း။

၂။ ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်ကား ဝိညာဏက္ခန္ဓာတည်း။

၃။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာကား ဝေဒနာက္ခန္ဓာတည်း။

၄။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော သညာကား သညာက္ခန္ဓာတည်း။

၅။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရတို့ကား သင်္ခါရက္ခန္ဓာတည်း။

ဤသို့လျှင် ဤ ခန္ဓာ (၅)ပါးတို့၏ ပေါင်းဆုံခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည် သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ဦးသည် တည့်တည့်ကြည့်လေသနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံ တစ်ဦးသည် စောင်းငဲ့ကြည့်လေသနည်း, တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ဦး သည် မရှိသည်သာတည်း။ ခန္ဓာ (၅)ပါးတို့၏ ပေါင်းဆုံခြင်းမျှသာတည်း။ (ဒီ၊ဋ္ဌ၊၁၊၁၇၅။ မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)

ဤသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ စက္ခုဝိညာဏ်ဝယ် ခန္ဓာ (၅)ပါးတို့ ထင်ရှား ဖြစ်သွားပုံကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော် အသမ္မောဟသမ္ပဇဉ် ဖြစ်ပေပြီ။ သို့သော် စက္ခုဝိညာဏ်သည် ရှေးက ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲလည်း မဖြစ်နိုင်။ တစ်ဖန် ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘဝင်ကို လည်စေခဲ့သည်ရှိသော် ရပ်တန့်စေခဲ့သည်ရှိသော် ဝုဋ္ဌောသို့ မရောက်ဘဲလည်း ဝီထိစိတ်အစဉ်၏ ရပ်တန့်သွားခြင်း = ဘဝင်သို့ တစ်ဖန် ပြန်၍ ကျဆင်းသွားခြင်းမည်သည် မရှိကောင်းသည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀။)

အကယ်၍ ရူပါရုံသည် အတိမဟန္တာရုံ ဖြစ်ခဲ့ပါမူ ဇော (၇) ကြိမ်, တဒါရုံ (၂) ကြိမ်အထိ ဝီထိစိတ်များ ဆက်လက်၍ ဖြစ်ကြမည်သာ ဖြစ်ပေသည်။ သို့အတွက် စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်ဝယ် ခန္ဓာ (၅)ပါး ထင်ရှားဖြစ်သွားသကဲ့သို့ အလားတူပင် ----

၁။ ပဉ္စဒွါရာဝဇ္ဇန်း ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး,

၂။ စက္ခုဝိညာဏ် ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး,

၃။ သမ္ပဋိစ္ဆိုင်း ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး,

၄။ သန္တီရဏ ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး,

၅။ ဝုဋ္ဌော ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး,

၆။ ဇော အသီးအသီး ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါးစီ,

၇။ တဒါရုံ အသီးအသီး ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါးစီ ---

ဤသို့လျှင် စိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးစီ အသီးအသီး ဖြစ်သွားကြ၏။ ယင်းခန္ဓာ (၅)ပါးတို့ကို စိတ္တက္ခ ဏတိုင်းဝယ် ဟုတ်တိုင်းမှန်စွာ ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါက တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အသမ္မောဟသမ္ပဇဉ် ဖြစ်ပေပြီ။ ထိုကြောင့် စက္ခု ဝိညာဏ်အခိုက်၌ ခန္ဓာ (၅)ပါး ဖြစ်ပုံကို ဖွင့်ဆိုထားသော အဋ္ဌကထာစကားကို အရိပ်ပြလျှင် အကောင်ထင်စေ သော ဥပလက္ခဏနည်း နိဒဿနနည်းဟု မှတ်ပါ။

ပဉ္စဒွါရာဝဇ္ဇန်း အခိုက်၌ ခန္ဓာ (၅) ပါး ----

၁။ ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာဟဒယဝတ္ထုနှင့် ရူပါရုံကား ရူပက္ခန္ဓာ,

၂။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကား ဝိညာဏက္ခန္ဓာ,

၃။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော သညာကား သညာက္ခန္ဓာ,

၄။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော ဝေဒနာကား ဝေဒနာက္ခန္ဓာ,

၅။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ-ဝိတက်-ဝိစာရ-အဓိမောက္ခ - ဤ (၈)လုံးတို့ကား သင်္ခါရက္ခန္ဓာ ----

ဤသို့လျှင် ခန္ဓာ (၅)ပါး ဖြစ်ပေသည်။ ကျန်ဝီထိစိတ်တို့၌လည်း နည်းမှီး၍ သိပါလေ။

ဤကား နာမ်တရားတို့ကို ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်းအတိုင်း ရှုပွားသိမ်းဆည်းရန် ညွှန်ကြား ထားသော ကျမ်းဂန်အဆိုအမိန့်အချို့ကို ကောက်နုတ်ဖော်ပြချက် ဖြစ်သည်။

အလွန်ခဲယဉ်းသော လုပ်ငန်းရပ်

အလွန်ခဲယဉ်းသော လုပ်ငန်းရပ်

စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော စိတ်+စေတသိက် = နာမ်တရားတို့ကို နာမ် ဃန ခေါ်သည့် နာမ်တုံးနာမ်ခဲကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရှုပွားရေးမှာ လွယ်ကူသော လုပ်ငန်းကိစ္စရပ်ကား မဟုတ်ပါပေ။ သို့သော် သာဝကတို့ သည် သိမ်းဆည်းရှုပွား၍ကား ရရှိနိုင်ကြသည်သာ ဖြစ်ပေသည်။ မိလိန္ဒပဥှာပါဠိတော်၌ လာရှိသော စကားရပ် ကို အယူအဆ လွဲမှားတော်မူကြသဖြင့် ယင်းနာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ သံသယ ကင်းရှင်းသွားစေရန်အတွက် အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် မိလိန္ဒပဥှာ ပါဠိတော်၏ အဆိုအမိန့်ကို အောက်တွင် ဖော်ပြအပ်ပါသည်။

ဣမေသဉ္စ ပန ဖဿပဉ္စမကာနံ ဓမ္မာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန ဘဂဝတာ ဒုက္ကရံ ကတံ။ နာနာဥဒကာနဥှိ နာနာတေလာနံ ဝါ ဧကဘာဇနေ ပက္ခိပိတွာ ဒိဝသံ နိမ္မထိတာနံ ဝဏ္ဏ-ဂန္ဓ-ရသာနံ နာနတာယ ဒိသွာ ဝါ ဃာယိတွာ ဝါ သာယိတွာ ဝါ နာနာကရဏံ သက္ကာ ဘဝေယျ ဉာတုံ၊ ဧဝံ သန္တေပိ တံ ဒုက္ကရန္တိ ဝုတ္တံ။ သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ တေနာဟ အာယသ္မာ နာဂသေနတ္ထေရော ----

ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတန္တိ။ ကိံ ဘန္တေ နာဂသေန ဘဂဝတာ ဒုက္ကရံ ကတန္တိ?

ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ဝဝတ္ထာနံ အက္ခာတံ အယံ ဖေဿာ၊ အယံ ဝေဒနာ၊ အယံ သညာ၊ အယံ စေတနာ၊ ဣဒံ စိတ္တန္တိ။

ဩပမ္မံ ဘန္တေ ကရောဟီတိ။

ယထာ မဟာရာဇ ကောစိဒေဝ ပုရိသော နာဝါယ သမုဒ္ဒံ အဇ္ဈောဂါဟေတွာ ဟတ္ထပုဋေန ဥဒကံ ဂဟေတွာ ဇိဝှါယ သာယိတွာ ဇာနေယျ နု ခေါ မဟာရာဇ သော ပုရိသော ဣဒံ ဂင်္ဂါယ ဥဒကံ၊ ဣဒံ ယမုနာယ ဥဒကံ၊ ဣဒံ အစိရဝတိယာ ဥဒကံ၊ ဣဒံ သရဘုယာ ဥဒကံ၊ ဣဒံ မဟိယာ ဥဒကန္တိ။

ဒုက္ကရံ ဘန္တေ ဇာနိတုန္တိ။

တတော ဒုက္ကရတရံ ခေါ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ။ ပ ။ ဣဒံ စိတ္တန္တိ။ (အဘိ၊ဋ္ဌ၊၁၊၁၈၆-၁၈၇။ မိလိန္ဒပဥှာ၊၉၄။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်း သဘောတရားမှာ ဤသို့ ဖြစ်၏။

နာမ်တရားတို့ကို ဉာဏ်ဖြင့်ပိုင်းခြားယူရာ သိမ်းဆည်းရာ၌လည်းကောင်း ဝိပဿနာ ရှုပွားသုံးသပ်ရာ၌ လည်းကောင်း ဘဝင်စသည့် ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်တို့၌လည်းကောင်း စိတ္တနိယာမလမ်းကြောင်း အတိုင်း ဖြစ်ပေါ်သွားကြကုန်သော ဝီထိစိတ်အစဉ်တို့တွင် စိတ္တက္ခဏတိုင်း၌လည်းကောင်း ဖဿလျှင် ငါးခုမြောက် ရှိသော ဖဿပဉ္စမကတရားတို့ကို တစ်နည်းဆိုရသော် ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်ကြောင်းကို ရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်၏။

စိတ္တက္ခဏတစ်ခု အတွင်း၌ တည်ရှိကြကုန်သော ဤ ဖဿပဉ္စမကတရားစုတို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာခြင်းကို ပြုတော်မူလျက် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်စသော အမည်နာမ ပညတ်များကို ထုတ်ဆောင်ပြတော်မူသော ဘုရားရှင်သည် ခဲယဉ်းစွာ ပြုလုပ်အပ်သော လုပ်ငန်းရပ်ကို ပြုတော် မူအပ်ပါပေပြီ၊ ဥပမာဆောင်၍ ထင်ရှားအောင် ဆိုပေဦးအံ့။

တစ်ခုတည်းသော ခွက်အတွင်း၌ အဆင်း အနံ့ အရသာ အမျိုးမျိုးရှိသော ရေအမျိုးမျိုးတို့ကို ထည့်၍ တစ်နေ့ပတ်လုံး မွှေနှောက်ထားသည်ဆိုကြပါစို့။ မြေပဲဆီ နှမ်းဆီ ဝက်ဆီ စသော အဆင်း အနံ့ အရသာ အမျိုးမျိုး ရှိသော ဆီတို့ကိုလည်း ခွက်တစ်ခုအတွင်း၌ ထည့်၍ တစ်နေ့ပတ်လုံး မွှေနှောက်ထားသည် ဆိုကြစို့။ တစ်ခုတည်း သော ခွက်၌ ထည့်၍ တစ်နေ့ပတ်လုံး မွှေနှောက်ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော်လည်း ကောင်း, အထူးထူးသော ဆီတို့၏သော်လည်းကောင်း အဆင်း အနံ့ အရသာတို့၏ တစ်ခုနှင့်တစ်ခု မတူ ထူးထွေ ကွဲပြားမှု ရှိသည်၏အဖြစ်ကြောင့် မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း, နှာခေါင်းဖြင့် နမ်း၍သော်လည်းကောင်း, လျှာဖြင့်လျက်၍သော်လည်းကောင်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုကို ပြုလုပ်ကြောင်း ဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်းသည် ဖြစ်တန်ရာသေး၏။

[ရုပ်တို့၏ဓမ္မတာသည် ရုပ်ကလာပ် ခေါ်သည့် အမှုန်များအနေဖြင့်သာ ဖြစ်ရိုးဓမ္မတာရှိသဖြင့် ရေဟူသည်မှာ ဆီဟူသည်မှာ အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ရုပ်တို့သည် အချင်းချင်း ဝိပ္ပယုတ္တတရားများသာ ဖြစ်ခြင်းကြောင့် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တရားနှင့် အခြား ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရားတို့သည် ပေါင်းစပ်မှု ယှဉ်တွဲမှု မရှိပေ။ သို့အတွက် ဉာဏ်ပညာမျက်စိ ရှိသူတို့၏ အဖို့မှာမူ တစ်ခုတည်းသော ခွက်၌ ထည့်၍ တစ်နေ့ ပတ်လုံး မွှေနှောက်ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော်လည်းကောင်း အထူးထူးသော ဆီတို့၏ သော်လည်းကောင်း အဆင်း အနံ့ အရသာတို့၏ တစ်ခုနှင့် တစ်ခု မတူ ထူးထွေကွဲပြားမှု ရှိသည်၏အဖြစ်ကြောင့် မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း နှာခေါင်းဖြင့် နမ်း၍သော်လည်းကောင်း လျှာဖြင့်လျက်၍သော် လည်းကောင်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုကို ပြုလုပ်ကြောင်း ဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်း သည် ဖြစ်တန်ရာသေး၏ဟု ဆိုလိုရင်း ဖြစ်ပေသည်။]

ဤသို့သိခြင်းငှာ တတ်ကောင်းပါသော်လည်း ထိုသိခြင်းကို ဒုက္ကရ = ခဲယဉ်းစွာပြုအပ်၏ဟူ၍ = ပြုနိုင်ခဲ၏ ဟူ၍ မိလိန္ဒပဥှာ၌ အရှင်နာဂသေနမထေရ် မိန့်ဆိုတော်မူအပ်ခဲ့လေပြီ။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်ကား တစ်ခုတည်းသော အာရုံ၌ ဖြစ်ပေါ်၍ နေကြကုန်သော ဤ စိတ်စေတသိက် နာမ်တရားစုတို့၏ အသီးအသီး တစ်လုံးစီ တစ်လုံးစီကို ဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ ---- ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် - ဤသို့ စသည်ဖြင့် အမည်နာမပညတ်ကို ထုတ်ဆောင် ပြတော်မူ၏။ ထိုသို့ အမည်နာမပညတ်ကို ထုတ်ဆောင်ပြတော်မူသော ဘုရားရှင်သည် အလွန်ခဲယဉ်းစွာ ပြုအပ် သော အမှုကို ပြုတော်မူအပ်ပါပေပြီ။

[ပထမ မဟာကုသိုလ်စိတ်ဟူသော မနောဒွါရိကဇောစိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ ဉာဏ် ပီတိ နှစ်မျိုး လုံး ပါဝင်သဖြင့် စိတ်+စေတသိက်ဟူသော နာမ်တရား (၃၄)လုံး ရှိ၏။ ထိုစိတ်စေတသိက်တို့သည် ဧကုပ္ပါဒ စသော လက္ခဏာလေးပါးနှင့်ညီစွာ အတူဖြစ် အတူချုပ်၍ တူသော မှီရာဝတ္ထုရုပ်လည်းရှိလျက် (= ဟဒယဝတ္ထုရုပ် တစ်ခုတည်းကိုသာ မှီဖြစ်ကြလျက်) အာရုံ တစ်ခုကိုပင် ဝိုင်းလျက် အာရုံပြုကြလေရာ သဗ္ဗညုတဉာဏ်တော်ရှင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သာ မဟုတ်ခဲ့ပါလျှင် ဤသဘောကား ဖဿ, ဤသဘောကား ဝေဒနာ စသည်ဖြင့် သာဝကတို့၏ ခွဲခြားစိတ်ဖြာ၍ သိရှိဖို့ရန် အမည်နာမပညတ်တင်လျက် ဟောကြားပြသတော်မူခြင်းငှာ မည်သည့် တစ်စုံတစ်ခုသော လောကဓာတ်နည်းနှင့်မျှ ရှေးကလည်း မဖြစ်ခဲ့၊ ယခုလည်း မဖြစ်နိုင်၊ နောက်နောင်အခါ ကမ္ဘာအဆက်ဆက်၌လည်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုကြောင့် နာမည်ကျော် အရှင်နာဂသေနမထေရ်မြတ် က ဒါယကာ မိလိန္ဒ မဟာရာဇာအား ဤ အဓိပ္ပါယ်ထင်ရှားအောင် သမုဒ္ဒရာဝယ် မြစ်ကြီးငါးသွယ်မှ စီးဝင်လာ သော ရေကို ဥပမာပြလျက် အောက်ပါအတိုင်း မိန့်ကြားထားတော်မူပေသည်။]

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ...မြတ်စွာဘုရားသည် အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုအပ်ပါပေပြီ။

အရှင်ဘုရား နာဂသေန ...မြတ်စွာဘုရားသည် အဘယ်ကဲ့သို့သော အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုအပ်ပါသနည်း။

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ...မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ ပြိုင်တူ ဖြစ်ပေါ်၍ နေကြသော နာမ်တရားဖြစ်ကုန်သော ဤစိတ်စေတသိက်တရားတို့ကို ----

ဤအာရုံကို တွေ့ထိခြင်း သဘောတရားသည် ဖဿတည်း၊

ဤအာရုံ၏ အရသာကို ခံစားခြင်း သဘောတရားသည် ဝေဒနာတည်း၊

ဤအာရုံကို မှတ်သားခြင်း သဘောတရားသည် သညာတည်း၊

ဤစေ့ဆော်ခြင်း သဘောတရားသည် စေတနာတည်း၊

ဤအာရုံကို ယူတတ် (= သိတတ်) သော သဘောတရားသည် စိတ်တည်း။

ဤသို့လျှင် အမည်နာမပညတ်ကို ထုတ်ဆောင်လျက် အကြင် တစ်လုံးစီ တစ်လုံးစီကို အသီးအသီး ပိုင်းခြား ခြင်းကို ပြုလျက် ဟောကြားထားတော်မူအပ်၏၊ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်းဟူသော အလွန် ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါပေပြီ။

အရှင်ဘုရား ...ဥပမာကို ပြုတော်မူပါဦးလော့။

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ...တစ်စုံတစ်ဦးသော ယောက်ျားသည် လှေ သင်္ဘောဖြင့် သမုဒ္ဒရာ တွင်းသို့ ချင်းနင်းသက်ဝင်၍ လက်ခုပ်ဖြင့် ရေကို ခပ်ယူ၍ လျှာဖြင့် လျက်ကြည့်ခဲ့သော် ----

ဤရေသည် ဂင်္ဂါမြစ်ရေတည်း၊

ဤရေသည် ယမုနာမြစ်ရေတည်း၊

ဤရေသည် အစိရဝတိ မြစ်ရေတည်း၊

ဤရေသည် သရဘု မြစ်ရေတည်း၊

ဤရေသည် မဟိ မြစ်ရေတည်း၊

ဤသို့လျှင် ထို ယောက်ျားသည် သိနိုင်ရာပါသလော။

အရှင်ဘုရား နာဂသေန ...သိရှိဖို့ရန် ခဲယဉ်းစွာ ပြုအပ်ပါပေ၏။

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ...တစ်ခုတည်းသော အာရုံ၌ ပြိုင်တူ ဖြစ်ပေါ်၍ နေကြကုန်သော နာမ်တရားဖြစ်ကြကုန်သော ဤ စိတ်+စေတသိက်တရားတို့ကို ----

ဤအာရုံကို တွေ့ထိခြင်း သဘောတရားသည် ဖဿတည်း။ ပ ။

ဤအာရုံကို ယူတတ် (= သိတတ်)သော သဘောတရားသည် စိတ်တည်း ---- ဤသို့လျှင် အမည်နာမပညတ် ကို ထုတ်ဆောင်လျက် အကြင် တစ်လုံးစီ တစ်လုံးစီကို အသီးအသီး ပိုင်းခြားခြင်းကို ပြုလျက် ဟောကြားတော် မူအပ်၏။ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်းဟူသော အလွန်ခဲယဉ်းစွာ ပြုအပ်သောအမှုကို ဘုရားရှင် သည် ပြုတော်မူအပ်ပါပေပြီ။ (မိလိန္ဒပဥှာ၊၉၄။)

ဤအထက်ပါ ပါဠိတော်အဋ္ဌကထာတို့၏ အဆိုအမိန့်ကား ---- တစ်ခုတည်းသော အာရုံကို အာရုံပြု၍ ပြိုင်တူ ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို ဤကား ဖဿ, ဤကား ဝေဒနာ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် အမည် နာမပညတ်ကို ထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင် ၏ ဟောကြားတော်မူချက်မှာ အလွန်ခဲယဉ်းသော လုပ်ငန်းရပ် ဖြစ်ကြောင်းကိုသာ မိန့်ဆိုခြင်း ဖွင့်ဆိုခြင်း ဖြစ်ပေ သည်။ သာဝကတို့သည် စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိကြကုန်သော နာမ်တရားတို့ကို ရှု၍ မရနိုင်ဟု ဟောကြားထားတော်မူသည်ကား မဟုတ်ပေ။ ဤအချက်ကို အလေးအနက် သဘောပေါက်နိုင်ရမည် ဖြစ်သည်။ အယူအဆ လွဲမှားသွားပါက ကျင့်စဉ်လည်း လွဲမှားသွားနိုင်ပေသည်။ သို့အတွက် လုပ်ငန်းခွင်နှင့် ပတ်သက်လာ လျှင် အယူအဆ မလွဲမှားမိရန် အထူးသတိပြုရမည် ဖြစ်ပေသည်။

ဤအထက်ပါ အဋ္ဌသာလိနီ အဋ္ဌကထာစကားရပ်ဝယ် ----

သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ (အဘိ၊ဋ္ဌ၊၁၊၁၈၆။)

သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် အာရုံတစ်ခုတည်း၌ အာရုံပြုလျက် ဖြစ်ပေါ်နေကြကုန်သော နာမ်တရားစု တို့၏, စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌, အသီးအသီး တစ်လုံးစီ တစ်လုံးစီကို သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြား စိတ်ဖြာခြင်းကို ပြု၍ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် ဤသို့စသည်ဖြင့် ယင်းနာမ်တရားစုတို့၏ အမည်နာမ ပညတ်ကိုထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင်၏ ဟောကြားတော်မူချက်မှာ အလွန်ခဲယဉ်းသော လုပ်ငန်းရပ်ကို ပြုတော်မူအပ်သည်မည်ကြောင်း ဖွင့်ဆိုချက်မှာ အထူး အလေးဂရုပြု၍ မှတ်သားထားရမည့် အချက်ပင် ဖြစ်ပေသည်။

__________

စိတ်ပိုင်းဆိုင်ရာ သိမှတ်စရာ

စိတ်ပိုင်းဆိုင်ရာ သိမှတ်စရာ

လောကီစိတ်သာ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ (၂၂၃) ၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ဖြစ်ကြကုန်သော စိတ်တို့မှာ လောကီ စိတ်-စေတသိက် တရားစုတို့သာ ဖြစ်ကြောင်း အထက်၌ ရှင်းလင်း တင်ပြခဲ့၏။ ဤတွင် တိဟိတ် ပုထုဇန်ပုဂ္ဂိုလ်တို့၏ ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ရမည့် သုံးသပ်နိုင်သည့် စိတ် အမျိုးအစားတို့ကို အဘိဓမ္မာအခြေခံပညာ အားနည်းသူတို့အတွက် အကျဉ်းချုပ်၍ ဖော်ပြအပ်ပါသည်။

စျာန်မရသော တိဟိတ် ပုထုဇန်ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်နိုင် ရနိုင်သော စိတ်များ

၁။ အကုသိုလ်စိတ် ---- ၁၂ - မျိုး

၂။ ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် ---- ၁၇ - မျိုး

၃။ မဟာကုသိုလ်စိတ် ---- ၈ - မျိုး

၄။ မဟာဝိပါက်စိတ် ---- ၈ - မျိုး

အားလုံးပေါင်းသော် ---- ၄၅ - မျိုး

စျာန်ရသော တိဟိတ် ပုထုဇန်ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်နိုင် ရနိုင်သော စိတ်များ

စျာန်ရသော တိဟိတ် ပုထုဇန်ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်နိုင် ရနိုင်သော စိတ်များ

၁။ အကုသိုလ်စိတ် ---- ၁၂ - မျိုး

၂။ ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် ---- ၁၇ - မျိုး

၃။ မဟာကုသိုလ်စိတ် ---- ၈ - မျိုး

၄။ မဟာဝိပါက်စိတ် ---- ၈ - မျိုး

၅။ မိမိ ရရှိသော စျာန် သို့မဟုတ် သမာပတ် (၈)ပါးလုံး ရခဲ့သော် မဟဂ္ဂုတ်စျာန် ---- ၉ - မျိုး

အားလုံးပေါင်းသော် ---- ၅၄ - မျိုး တည်း။

အကယ်၍ အသင်သူတော်ကောင်းသည် အာနာပါနစတုတ္ထစျာန်မျှတိုင်ရုံသာ ရရှိသူဖြစ်လျှင် စတုက္ကနည်း အရ ယင်းစျာန်လေးပါးကို အထက်ပါ စျာန်မရပုထုဇန် ရနိုင်သော စိတ်အမျိုးအစား (၄၅)တွင် ထပ်ပေါင်းပါ။ (၄၉)ပါးတည်း။ ပဉ္စကနည်းဖြင့် အားထုတ်၍ ပဉ္စမစျာန်ဆိုက်သော် စျာန်ငါးပါး ပေါင်းထည့်ပါက ရနိုင်သော စိတ်အမျိုးအစားမှာ (၅၀)တည်း။ အကယ်၍ သမာပတ် (၈)ပါးလုံး ရရှိခဲ့ပါမူ ယင်း သမာပတ် (၈)ပါးတို့ကိုပါ ထပ်ပေါင်းပါ။ စတုက္ကနည်း ဖြစ်သော် (၅၃) ပဉ္စကနည်း ဖြစ်သော် (၅၄)ပါးတို့တည်း။

ဤအထက်ပါ စိတ်အမျိုးအစားတို့မှာ အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်ဖြင့် အဇ္ဈတ္တတွင် သိမ်းဆည်း ရှုပွားရမည့် စိတ်တရားတို့ပင် ဖြစ်ကြသည်။ ဗဟိဒ္ဓတွင်လည်း ဗဟိဒ္ဓချင်း တူညီ၍ သာမန် ပေါင်းစု ချုံငုံလျက် အလားတူပင် သိမ်းဆည်းရှုပွားရမည်သာ ဖြစ်သည်။ သို့အတွက် ယင်း စိတ်အမျိုးအစားတို့ကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

အကုသိုလ်စိတ် (၁၂) မျိုး

အကုသိုလ်စိတ် (၁၂) မျိုး

၁။ လောဘမူစိတ် ---- ၈ - မျိုး

၂။ ဒေါသမူစိတ် ---- ၂ - မျိုး

၃။ မောဟမူစိတ် ---- ၂ - မျိုး

အားလုံးပေါင်းသော် အကုသိုလ်စိတ် ---- ၁၂ - မျိုး တည်း။

လောဘမူစိတ် (၈) မျိုး

လောဘမူစိတ် (၈) မျိုး

အာရုံ၌ တွယ်တာတပ်မက်မှု လောဘ အကြောင်းရင်းခံသောစိတ်

၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = ဝမ်းမြောက်ခြင်း သောမနဿ ဝေဒနာနှင့် အတူတကွ ဖြစ်သော မှားသော ခံယူချက် (= မိစ္ဆာဒိဋ္ဌိ) နှင့် ယှဉ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊

၂။ ...တိုက်တွန်းမှု ရှိသော သသင်္ခါရိက စိတ်တစ်ခု၊

၃။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော မှားသော ခံယူချက် (= မိစ္ဆာဒိဋ္ဌိ) နှင့် ယှဉ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊

၄။ ...တိုက်တွန်းမှု ရှိသော သသင်္ခါရိက စိတ်တစ်ခု၊

၅။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = ဝမ်းမြောက်ခြင်း သောမနဿ ဝေဒနာနှင့် အတူတကွ ဖြစ်သော မှားသော ခံယူချက် (= မိစ္ဆာဒိဋ္ဌိ) နှင့် မယှဉ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊

၆။ ...တိုက်တွန်းမှု ရှိသော သသင်္ခါရိက စိတ်တစ်ခု၊

၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော မှားသော ခံယူချက် (= မိစ္ဆာဒိဋ္ဌိ) နှင့် မယှဉ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊

၈။ ...တိုက်တွန်းမှု ရှိသော သသင်္ခါရိက စိတ်တစ်ခု၊

ဤသည်တို့ကား လောဘလျှင် အကြောင်းရင်းခံ ရှိကြကုန်သော လောဘမူစိတ် (၈)မျိုးတို့တည်း။

[မှတ်ချက် ---- ယောဂါဝစရပုဂ္ဂိုလ်တို့ ယင်းလောဘမူစိတ်တို့ကို သိမ်းဆည်း ရှုပွားရာ၌ လွယ်ကူမှုရှိစေရန် ရည်သန်၍ ဒိဋ္ဌိဂတ သမ္ပယုတ်စိတ် လေးမျိုး ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ် လေးမျိုးတို့ကို အစဉ်အတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။]

ဒေါသမူစိတ် (၂) မျိုး

ဒေါသမူစိတ် (၂) မျိုး

ဖျက်ဆီးလိုခြင်း ပျက်စီးစေလိုခြင်း ဒေါသလျှင် အကြောင်းရင်းခံ ရှိသောစိတ်

၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = စိတ်မချမ်းသာမှု ဒေါမနဿဝေဒနာနှင့် အတူတကွဖြစ်သော စိတ်ခက်ထန်ကြမ်းတမ်းမှု ပဋိဃ (= ဒေါသ) နှင့် ယှဉ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊

၂။ ...တိုက်တွန်းမှု ရှိသော သသင်္ခါရိက စိတ်တစ်ခု၊

ဤသည်တို့ကား ဒေါသမူစိတ် (၂)မျိုးတို့တည်း။

မောဟမူစိတ် (၂) မျိုး

မောဟမူစိတ် (၂) မျိုး

အသိမှားမှု မောဟလျှင် အကြောင်းရင်းခံ ရှိသောစိတ်

၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် စိတ်တစ်ခု = လျစ်လျူရှုမှု ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော သို့လော သို့လော တွေးတောယုံမှားမှု ဝိစိကိစ္ဆာနှင့် ယှဉ်သော စိတ်တစ်ခု၊

၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် စိတ်တစ်ခု = လျစ်လျူရှုမှု ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စနှင့် ယှဉ်သော စိတ်တစ်ခု၊

ဤသည်တို့ကား မောဟမူစိတ် (၂)မျိုးတို့တည်း။

ဤတွင် အကုသိုလ်စိတ် (၁၂)မျိုး ပြီး၏။ ယင်း အကုသိုလ်စိတ်တို့သည် ဝီထိစိတ်အစဉ်အတွင်း၌ ဇောကိစ္စကို ဆောင်ရွက်ကြ၏။

အဟိတ်စိတ် (၁၈) မျိုး

အဟိတ်စိတ် (၁၈) မျိုး

လောဘ ဒေါသ မောဟဟူသော အကုသိုလ်တရားတို့၏ အကြောင်းရင်း ဟိတ်သုံးပါး, အလောဘ အဒေါသ အမောဟဟူသော ကုသိုလ်တရားတို့၏ အကြောင်းရင်း ဟိတ်သုံးပါး ---- ဤဟိတ် (၆)ပါးတို့နှင့် မယှဉ်သော စိတ်များကို အဟိတ်စိတ်ဟု ခေါ်သည်။ ယင်း အဟိတ်စိတ်တို့၌ ----

၁။ အဟိတ် အကုသလဝိပါက်စိတ် ---- ၇ - မျိုး

၂။ အဟိတ် ကုသလဝိပါက်စိတ် ---- ၈ - မျိုး

၃။ အဟိတ်ကြိယာစိတ် ---- ၃ - မျိုး

အားလုံးပေါင်း ---- ၁၈ - မျိုး တို့တည်း။

အဟိတ် အကုသလဝိပါက်စိတ် (၇) မျိုး

အဟိတ် အကုသလဝိပါက်စိတ် (၇) မျိုး

၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော စက္ခုဝတ္ထုရုပ်ကို မှီဖြစ်၍ ရူပါရုံကို သိသောစိတ် (မြင်သိစိတ်)၊

၂။ ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော သောတဝတ္ထု ရုပ်ကို မှီဖြစ်၍ သဒ္ဒါရုံကို သိသောစိတ် (ကြားသိစိတ်)၊

၃။ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော ဃာနဝတ္ထုရုပ်ကို မှီဖြစ်၍ ဂန္ဓာရုံကို သိသောစိတ် (နံသိစိတ်)၊

၄။ ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော ဇိဝှါဝတ္ထုရုပ်ကို မှီဖြစ်၍ ရသာရုံကို သိသောစိတ် (အရသာသိစိတ်)၊

၅။ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် = ကိုယ်ဆင်းရဲခြင်း ဒုက္ခဝေဒနာနှင့် အတူတကွ ဖြစ်သော ကာယ ဝတ္ထုရုပ်ကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံကို သိသောစိတ် (ထိသိစိတ်)၊

၆။ ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော အာရုံကို လက်ခံသောစိတ်၊

၇။ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော အာရုံကို စုံစမ်းသောစိတ်၊

ဤစိတ် (၇)မျိုးတို့ကား အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အနိဋ္ဌာရုံနှင့် တွေ့ကြုံရာဝယ် ဝီထိစိတ်တို့၏ အတွင်းဝယ် ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံကိစ္စများကို ရွက်ဆောင်လျက် ဖြစ်ပေါ် လာကြသော အကုသိုလ်၏ အကျိုးဖြစ်ကုန်သော အကုသလဝိပါက်စိတ်တို့တည်း။ အနိဋ္ဌာရုံများကို ရှေးအကုသိုလ် ကံကြောင့်သာ တွေ့ကြုံရသဖြင့် အနိဋ္ဌာရုံနှင့် ဆုံခိုက် ဖြစ်ပေါ်လာကြသော ယင်းစိတ်တို့မှာလည်း အကုသလဝိပါက် = အကုသိုလ်၏ အကျိုးတရားတို့သာ ဖြစ်ကြရသည်။

အဟိတ် ကုသလဝိပါက်စိတ် (၈) မျိုး

အဟိတ် ကုသလဝိပါက်စိတ် (၈) မျိုး

၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ်,

၂။ ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ်,

၃။ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ်,

၄။ ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ်,

၅။ သုခသဟဂုတ် ကာယဝိညာဏ်စိတ် (ကာယိကသုခဝေဒနာနှင့် ယှဉ်၏။),

၆။ ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ်,

၇။ သောမနဿသဟဂုတ် သန္တီရဏစိတ် (သောမနဿဝေဒနာနှင့် ယှဉ်၏။),

၈။ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ---

ဤ (၈)မျိုးသော စိတ်တို့သည် ဣဋ္ဌာရုံ အတိဣဋ္ဌာရုံဟူသော အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ကောင်းမြတ်သော အာရုံအမျိုးမျိုးနှင့် တွေ့ဆုံရာဝယ် ဖြစ်ပေါ်လာကြသော ဝီထိစိတ်တို့၏အတွင်း၌ ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ကိစ္စတို့ကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာကြသော ရှေးကုသိုလ်ကံ၏ အကျိုး ဝိပါက်စိတ်တို့ ဖြစ်ကြသည်။ ဣဋ္ဌာရုံ အတိဣဋ္ဌာရုံတို့ကို ရှေးကုသိုလ်ကံကြောင့်သာ တွေ့ကြုံရသဖြင့် ယင်း ကောင်းမြတ်သော အာရုံတို့နှင့် တွေ့ဆုံခိုက် ဖြစ်ပေါ်လာကြသော ယင်း စိတ်တို့မှာလည်း ရှေးကုသိုလ်ကံ၏ အကျိုး = ကုသလဝိပါက်တို့သာ ဖြစ်ကြရသည်။

ပဉ္စဝိညာဏ်၏ ကိစ္စ

ပဉ္စဝိညာဏ်၏ ကိစ္စ

၁။ စက္ခုဝိညာဏ်၏ ဒဿနကိစ္စ = ရူပါရုံကို မြင်ခြင်းကိစ္စ,

၂။ သောတဝိညာဏ်၏ သဝနကိစ္စ = သဒ္ဒါရုံကို ကြားခြင်းကိစ္စ,

၃။ ဃာနဝိညာဏ်၏ ဃာယနကိစ္စ = ဂန္ဓာရုံကို နံခြင်း (နမ်းရှူခြင်း) ကိစ္စ,

၄။ ဇိဝှါဝိညာဏ်၏ သာယနကိစ္စ = ရသာရုံကို လျက်သိခြင်းကိစ္စ,

၅။ ကာယဝိညာဏ်၏ ဖုသနကိစ္စ = ထိသိခြင်းကိစ္စ ---- ဤကိစ္စ အသီးအသီးကို ဆိုလိုပေသည်။

[မှတ်ချက် ---- အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်သည် အပါယ်လေးဘုံ၌ အပါယ်သား သတ္တဝါတို့၏ ပဋိသန္ဓိကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စတို့ကိုလည်း ရွက်ဆောင်ပေးနိုင်သေး၏။ ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် ကာမသုဂတိဘုံဝယ် ဝမ်းတွင်းကန်း စသောလူသားတို့၏လည်းကောင်း မြေ၌ မှီဖြစ်ကြကုန် သော ဝိနိပါတိကအသူရာနတ်တို့၏လည်းကောင်း ပဋိသန္ဓိကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စတို့ကိုလည်း ရွက်ဆောင် ပေးနိုင်သေး၏။ ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ရောက်ရှိသောအခါ အကယ်၍ မိမိသည် အပါယ်သို့ ရောက်ခိုက် ဝိနိပါတိက အသူရာ စသည်ဖြစ်ခိုက်တို့၌ မိမိ၏ ပဋိသန္ဓေ ဘဝင် စုတိတို့ဝယ် နာမ်တရား မည့်ရွေ့ မည်မျှ ရှိသည်ကို ရေတွက်ကြည့်ရာ လက်တွေ့ရှုကြည့်ရာ၌ သတိပြုရမည့် အချက်တစ်ရပ်ပင် ဖြစ်သည်။ ယင်း ဥပေက္ခာသန္တီရဏ ပဋိသန္ဓေ ဘဝင် စုတိတို့ဝယ် နာမ်တရားများမှာ (စိတ်+စေတသိက်တို့မှာ) (၁၁)လုံးသာ ရှိကြ ပေသည်။ သေသေချာချာ ဆန်းစစ်၍ ရှုရန် ဖြစ်သည်။]

အဟိတ် ကိရိယာစိတ် (၃) ပါး

အဟိတ် ကိရိယာစိတ် (၃) ပါး

ဤစိတ်တို့ကား ပြုကာမတ္တ စိတ်သာ ဖြစ်ကြ၏၊ အကြောင်းလည်းမဟုတ် အကျိုးလည်း မဟုတ်သော စိတ်တို့တည်း။ ဤစိတ်များကြောင့် နောက်ထပ် မည်သည့် အကျိုးတစ်စုံတစ်ရာမျှလည်း မဖြစ်ပေါ်လာနိုင်ပေ။

၁။ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊

၂။ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ်၊

၃။ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ်၊

၁။ ပဉ္စဒွါရာဝဇ္ဇန်းကား ---- စက္ခုဒွါရ စသည့် ထိုထို ဒွါရ၌ ထင်လာသော ရူပါရုံစသည့် ထိုထို အာရုံကို ဆင်ခြင်သောစိတ် ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။

၂။ မနောဒွါရာဝဇ္ဇန်းကား မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သောစိတ် ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။ စက္ခုဒွါရ စသော ပဉ္စဒွါရဝယ် ယင်းစိတ်သည် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်သကဲ့သို့ သော ဝုဋ္ဌောကိစ္စကို ရွက်ဆောင်သည်။

၃။ ဟသိတုပ္ပါဒ်စိတ် = ရဟန္တာ အရှင်မြတ်ကြီးတို့၏ သန္တာန်ဝယ် ပြုံးရွှင်မှုကို ဖြစ်စေသော စိတ်တစ်မျိုးပင် ဖြစ်၏။ သောမနဿဝေဒနာနှင့် ယှဉ်၏။ သို့သော် ထိုပြုံးရွှင်စိတ်ဝယ် အလောဘ အဒေါသ အမောဟ တရားများ မယှဉ်ကြသဖြင့် ဤစိတ်သည် အဟိတ်ဟူသော အမည်ကို ရရှိပေသည်။ ရဟန္တာ အရှင်မြတ် ကြီးတို့သည် သောမနဿ မဟာကြိယာစိတ်တို့ဖြင့်လည်း ပြုံးရွှင်တော်မူကြသည်သာ ဖြစ်ကြ၏။ ယင်း မဟာကြိယာစိတ်တို့၌ကား အလောဘ အဒေါသ အမောဟတို့ ထိုက်သလို ယှဉ်တွဲကြ၏။

သို့အတွက် ဤဟသိတုပ္ပါဒ်စိတ် တစ်မျိုးကား တိဟိတ်ပုထုဇန် အဆင့်တွင်သာ ရှိနေသေးသော အသင် ယောဂီသူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ စာရင်းတွင် မပါဝင်ဟု သိရှိပါလေ။

အသင်သူတော် ကောင်း၏ သန္တာန်ဝယ် ဟသိတုပ္ပါဒ်စိတ် မပါသော (၁၇)မျိုးသော အဟိတ်စိတ်တို့သာ ထိုက်သလို ဖြစ်နိုင်ကြပေသည်။ ဤတွင် အဟိတ်စိတ် (၁၈)မျိုး ပြီး၏။

မဟာကုသိုလ်စိတ် (၈) မျိုး

မဟာကုသိုလ်စိတ် (၈) မျိုး

၁။ သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = သောမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော ဉာဏ်နှင့် ယှဉ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊

၂။ ...(တိုက်တွန်းမှု ရှိသော) သသင်္ခါရိက စိတ်တစ်ခု၊

၃။ သောမနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု = သောမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော ဉာဏ်နှင့် မယှဉ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု၊

၄။ ...(တိုက်တွန်းမှု ရှိသော) သသင်္ခါရိက စိတ်တစ်ခု၊

၅။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊

၆။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊

၇။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊

၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊

ဤသည်တို့ကား ကာမာဝစရကုသိုလ်စိတ် = မဟာကုသိုလ်စိတ် (၈) မျိုးတို့တည်း။ အသင်သူတော်ကောင်း ၏ ဥပစာရသမာဓိနယ်မြေတိုင်အောင်သော သမထဘာဝနာစိတ်တို့နှင့် ရုပ်နာမ်ကို သိမ်းဆည်းတတ်သော ပိုင်းခြားယူတတ်သော နာမရူပပရိစ္ဆေဒဉာဏ် စသော ဝိပဿနာစိတ်တို့ကား ဤစိတ် (၈)မျိုးတို့တွင် အကျုံးဝင် လျက်ပင် ရှိကြ၏။ ဒါန သီလ သမထ ဝိပဿနာ ဘာဝနာမှုတို့၌ ကျေးဇူးအများဆုံး စိတ်များ ဖြစ်ကြသည်။ ဝီထိစဉ်တွင် ဇောကိစ္စကို ရွက်ဆောင်ကြသည်။ ဥပစာရသမာဓိတိုင်အောင်သော သမထဘာဝနာစိတ်နှင့် အရိယ မဂ်၏ ေ့ရှ၌ ကပ်လျက်ရှိသော ဂေါတြဘုတိုင်အောင်သော ဝိပဿနာဘာဝနာစိတ်တို့ကား (ပုထုဇန်နှင့် သေက္ခ ပုဂ္ဂိုလ်တို့၏ သန္တာန်ဝယ်) ဤမဟာကုသိုလ် မနောဒွါရိက ဇောစိတ်တို့သာ ဖြစ်ကြသည်။

မဟာဝိပါက်စိတ် (၈) မျိုး

မဟာဝိပါက်စိတ် (၈) မျိုး

၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊

၂။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊

၃။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊

၄။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊

၅။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊

၆။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊

၇။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊

၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊

ဤသည်တို့ကား အထက်ပါ မဟာကုသိုလ်စိတ်တို့၏ အကျိုးဖြစ်သော = အတိတ်က ပြုစုပျိုးထောင်ခဲ့သော မဟာကုသိုလ်ကံကြောင့် ဤဘဝဝယ် ဣဋ္ဌာရုံ အတိဣဋ္ဌာရုံ ဟူသည့် မွန်မြတ်သော အလိုရှိအပ် နှစ်သက် မြတ်နိုး အပ်သော အာရုံတို့နှင့် တွေ့ကြုံရာဝယ် ဝီထိစိတ်တို့၏ အတွင်း၌ တဒါရုံကိစ္စကို ရွက်ဆောင်လျက်, ပဋိသန္ဓေ အခါဝယ် ပဋိသန္ဓေကိစ္စကို ဆောင်ရွက်လျက်, ပဝတ္တိအခါဝယ် ဝီထိစိတ်တို့ မဖြစ်သည့်အခိုက်၌ ဘဝင်ကိစ္စကို ဆောင်ရွက်လျက်, ဘဝ၏ အဆုံးဝယ် စုတိကိစ္စကို ဆောင်ရွက်လျက် ဖြစ်ပေါ်လာကြသော အကျိုးဝိပါက်စိတ် တို့တည်း။ တဒါရုံနာမ်တရားတို့ကို ရှုရာ၌လည်းကောင်း ပဋိသန္ဓေ ဘဝင် စုတိ နာမ်တရားတို့ကို ရှုရာ၌လည်း ကောင်း အသင်သူတော်ကောင်းကိုယ်တိုင် သိရှိအောင် သိမ်းဆည်းရမည့် နာမ်တရားတို့ပင် ဖြစ်ကြသည်။

ရူပါဝစရ ကုသိုလ်စျာန်စိတ် (၄) မျိုး (စတုက္ကနည်း)

ရူပါဝစရ ကုသိုလ်စျာန်စိတ် (၄) မျိုး (စတုက္ကနည်း)

၁။ ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၅)ပါးနှင့် အတူတကွဖြစ်သော ပထမစျာန် ကုသိုလ်စိတ် တစ်ပါး၊

၂။ ပီတိ+သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၃)ပါးနှင့် အတူတကွဖြစ်သော ဒုတိယစျာန် ကုသိုလ် စိတ် တစ်ပါး၊

၃။ သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၂)ပါးနှင့် အတူတကွဖြစ်သော တတိယစျာန်ကုသိုလ်စိတ် တစ်ပါး၊

၄။ ဥပေက္ခာ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၂)ပါးနှင့် အတူတကွ ဖြစ်သော စတုတ္ထစျာန်ကုသိုလ်စိတ် တစ်ပါး၊

ဤသို့လျှင် စတုက္ကနည်းအားဖြင့် ရူပါဝစရကုသိုလ်စျာန်စိတ် (၄)ပါး ရှိပေသည်။ ဤစတုက္ကနည်း၌ ယောဂါ ဝစရပုဂ္ဂိုလ်သည် ဝိတက်နှင့် ဝိစာရ နှစ်ပါးတို့ကို ပြိုင်တူဖြုတ်၏၊ ကျော်လွှားသွား၏၊ ဉာဏ်ထက်မြက်သူ တိက္ခ ပညဝါ ပုဂ္ဂိုလ်တည်း။ အကယ်၍ ဉာဏ်မထက်မြက်ပါမူ ဝိတက်ကို သတ်သတ်ဖြုတ်၍ ဝိစာရကို သတ်သတ် ဖြုတ်၏။ ထိုသို့ တစ်လုံးစီ သတ်သတ်ဖြုတ်ခဲ့သော် ရူပါဝစရစျာန် ငါးပါး ဖြစ်သည်။ ဉာဏ်နုံ့သူ မန္ဒပုဂ္ဂိုလ်အတွက် တည်း။ ပဉ္စကနည်းတည်း။

ရူပါဝစရ ကုသိုလ်စျာန်စိတ် (၅) မျိုး (ပဉ္စကနည်း)

ရူပါဝစရ ကုသိုလ်စျာန်စိတ် (၅) မျိုး (ပဉ္စကနည်း)

၁။ ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၅)ပါးနှင့် အတူတကွဖြစ်သော ပထမစျာန် ကုသိုလ်စိတ် တစ်ပါး၊

၂။ ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၄)ပါးနှင့် အတူတကွ ဖြစ်သော ဒုတိယစျာန် ကုသိုလ်စိတ် တစ်ပါး၊

၃။ ပီတိ+သုခ+ဧကဂ္ဂတာတည်းဟူသောစျာန်အင်္ဂါ (၃)ပါးနှင့် အတူတကွ ဖြစ်သော တတိယစျာန်ကုသိုလ် စိတ် တစ်ပါး၊

၄။ သုခ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၂)ပါးနှင့် အတူတကွ ဖြစ်သော စတုတ္ထစျာန်ကုသိုလ်စိတ် တစ်ပါး၊

၅။ ဥပေက္ခာ+ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ (၂)ပါးနှင့် အတူတကွ ဖြစ်သော ပဉ္စမစျာန် ကုသိုလ်စိတ် တစ်ပါး၊

ဤသည်တို့ကား ရူပါဝစရကုသိုလ်စျာန်စိတ်တို့တည်း။

အကယ်၍ အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်၍ စတုက္ကနည်းအားဖြင့် စျာန် (၄)ပါး, ပဉ္စကနည်းအားဖြင့် စျာန်(၅)ပါးတို့ကို ရရှိထားသူ ဖြစ်ခဲ့ပါမူ ဤစျာန်နာမ်တရားတို့မှာလည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ပါဝင်ကြပေသည်။ အသင်သူတော်ကောင်းကိုယ်တိုင် သိမ်းဆည်းရှုပွားရမည့် နာမ်တရား တို့ပင် ဖြစ်ကြသည်။

တစ်ဖန် အကယ်၍ အသင်သူတော်ကောင်းသည် သမာပတ် (၈)ပါးလုံးကို ရရှိနေသူဖြစ်ပါမူ အရူပစျာန် သမာပတ် (၄)ပါးတို့သည်လည်း အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ပင် ဖြစ်ကြပေသည်။

အရူပါဝစရ ကုသိုလ်စျာန်တရား (၄) မျိုး

အရူပါဝစရ ကုသိုလ်စျာန်တရား (၄) မျိုး

၁။ အာကာသာနဉ္စာယတန ကုသိုလ်စိတ် = အဆုံးအပိုင်းအခြား မရှိသော အာကာသ (= ကောင်းကင်ပညတ်) လျှင် တည်ရာအာရုံ ရှိသော ကုသိုလ်စိတ်၊

၂။ ဝိညာဏဉ္စာယတန ကုသိုလ်စိတ် = အာကာသာနဉ္စာယတနကုသိုလ် ဝိညာဏ် (= စိတ်)လျှင် တည်ရာအာရုံ ရှိသော ကုသိုလ်စိတ်၊

၃။ အာကိဉ္စညာယတန ကုသိုလ်စိတ် = အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်လျှင် တည်ရာအာရုံ ရှိသော ကုသိုလ်စိတ်၊

၄။ နေဝသညာနာသညာယတန ကုသိုလ်စိတ် = သညာရှိသည်လည်း မဟုတ်, မရှိသည်လည်း မဟုတ်သော အာကိဉ္စညာယတန ကုသိုလ်စိတ်လျှင် တည်ရာအာရုံ ရှိသော ကုသိုလ်စိတ်၊

[ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသော အာကိဉ္စညာယတန ကုသိုလ်ခန္ဓာလျှင် တည်ရာအာရုံရှိသော စျာန်စိတ် ဟူလိုသည်။ သညာကို ဦးတည်၍ ဒေသနာတော်ကို ဟောတော်မူခြင်း ဖြစ်၏။ နေဝသညာနာသညာယတနသမာပတ် အတွင်း၌ တည်ရှိကြ ကုန်သော နာမ်တရား အားလုံးတို့သည်ပင် အလွန့်အလွန် သိမ်မွေ့ကြပေသည်။ ယင်းသမာပတ်များကို ရှုပွားပုံ စနစ်ကို သမထကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။ မဟဂ္ဂုတ်ဝိပါက်နှင့် ကြိယာစိတ်တို့ကား အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ဤအချိန်အခါမျိုး၌ (တိဟိတ်ပုထုဇန်လူသားအဆင့်၌) ဖြစ်ခွင့်ရှိကြသော တရားများ မဟုတ်ကြခြင်း ကြောင့် အသင်သူတော်ကောင်း၏ ဝိပဿနာဉာဏ်၏ အရှုခံ အာရုံစာရင်းတွင် မပါဝင်နိုင်သေးဟု မှတ်ပါ။]

ဤဖော်ပြခဲ့ပြီးသော ----

၁။ အကုသိုလ်စိတ် ---- ၁၂ - မျိုး

၂။ အဟိတ်စိတ် ---- ၁၇ - မျိုး

၃။ မဟာကုသိုလ်စိတ် ---- ၈ - မျိုး

၄။ မဟာဝိပါက်စိတ် ---- ၈ - မျိုး

၅။ ရူပါဝစရ ကုသိုလ်စိတ် ---- ၅ - မျိုး (ပဉ္စကနည်း)

၆။ အရူပါဝစရ ကုသိုလ်စိတ် ---- ၄ - မျိုး

အားလုံးပေါင်း (၅၄)မျိုးသော စိတ်တို့ကား တိဟိတ်ပုထုဇန်လူသား ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံ စိတ်အမျိုးအစားများ ဖြစ်ကြပေသည်။ ယင်းစိတ်တို့တွင် အကုသိုလ်စိတ်, အဟိတ်စိတ်, မဟာကုသိုလ်စိတ်, မဟာဝိပါက်စိတ်တို့ကား ကာမဘုံ၌ အဖြစ်များသောကြောင့် ကာမာဝစရစိတ်ဟူသော အမည်ကို ရရှိကြပေသည်။ ဟသိတုပ္ပါဒ်စိတ်နှင့် မဟာကြိယာစိတ် (၈)မျိုးတို့သည်လည်း ကာမာဝစရစိတ်ပင် ဖြစ်ကြသည်။ သို့သော် အသင်သူတော်ကောင်းအဖို့ ဝိပဿနာရှုရမည့် တရားများ မဟုတ်ကြသေးပေ။ အသင် သူတော်ကောင်း ရဟန္တာဖြစ်သွားသောအခါ၌သာ ဝိပဿနာရှုရမည့် တရားတို့ ဖြစ်ကြသည်။ တစ်ဖန် စိတ်တို့ မည်သည် စေတသိက်တို့နှင့် ကင်း၍ စိတ်ချည်းသက်သက် ဖြစ်ရိုးဓမ္မတာ မရှိကြသဖြင့် စိတ္တက္ခဏ တစ်ခု တစ်ခု အတွင်းဝယ် စေတသိက်တို့နှင့်သာ အတူယှဉ်တွဲ၍ ဖြစ်နိုင်သည့် စွမ်းအားသာ ရှိကြသဖြင့် ဆက်လက်၍ စေတသိက်များ အကြောင်းကိုလည်း ဖော်ပြမည် ဖြစ်ပါသည်။

သို့သော် စေတသိက်တို့၏ အကြောင်းအရာကို မဖော်ပြမီ ယင်းစိတ်တို့ကို ဝိပဿနာရှုရန် မဟာသတိပဋ္ဌာန သုတ္တန် တွင် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။

စိတ္တာနုပဿနာ သတိပဋ္ဌာန်

စိတ္တာနုပဿနာ သတိပဋ္ဌာန်

ကထဉ္စ ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ ဣဓ ဘိက္ခဝေ ဘိက္ခု ----

၁။ သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ၊

၂။ ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာနာတိ။

၃။ သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ၊

၄။ ဝီတဒေါသံ ဝါ စိတ္တံ ဝီတဒေါသံ စိတ္တန္တိ ပဇာနာတိ။

၅။ သမောဟံ ဝါ စိတ္တံ သမောဟံ စိတ္တန္တိ ပဇာနာတိ၊

၆။ ဝီတမောဟံ ဝါ စိတ္တံ ဝီတမောဟံ စိတ္တန္တိ ပဇာနာတိ။

၇။ သံခိတ္တံ ဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ၊

၈။ ဝိက္ခိတ္တံ ဝါ စိတ္တံ ဝိက္ခိတ္တံ စိတ္တန္တိ ပဇာနာတိ။

၉။ မဟဂ္ဂတံ ဝါ စိတ္တံ မဟဂ္ဂတံ စိတ္တ န္တိ ပဇာနာတိ၊

၁၀။ အမဟဂ္ဂတံ ဝါ စိတ္တံ အမဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ။

၁၁။ သဥတ္တရံ ဝါ စိတ္တံ သဥတ္တရံ စိတ္တန္တိ ပဇာနာတိ၊

၁၂။ အနုတ္တရံ ဝါ စိတ္တံ အနုတ္တရံ စိတ္တန္တိ ပဇာနာတိ။

၁၃။ သမာဟိတံ ဝါ စိတ္တံ သမာဟိတံ စိတ္တန္တိ ပဇာနာတိ၊

၁၄။ အသမာဟိတံ ဝါ စိတ္တံ အသမာဟိတံ စိတ္တန္တိ ပဇာနာတိ။

၁၅။ ဝိမုတ္တံ ဝါ စိတ္တံ ဝိမုတ္တံ စိတ္တန္တိ ပဇာနာတိ၊

၁၆။ အဝိမုတ္တံ ဝါ စိတ္တံ အဝိမုတ္တံ စိတ္တန္တိ ပဇာနာတိ။ (မ၊၁၊၇၆။)

= ရဟန်းတို့ ...အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ ရှိသည် ဖြစ်၍ နေလေ သနည်း?

ရဟန်းတို့ ...ဤ ငါဘုရားရှင်၏ သာသနာတော်၌ ရဟန်းသည် ----

၁။ ရာဂနှင့် တကွသော စိတ်ကိုလည်း ရာဂနှင့် တကွသောစိတ်ဟု သိ၏။

၂။ ရာဂကင်းသော စိတ်ကိုလည်း ရာဂကင်းသော စိတ်ဟု သိ၏။

၃။ ဒေါသနှင့် တကွသော စိတ်ကိုလည်း ဒေါသနှင့် တကွသော စိတ်ဟုသိ၏။

၄။ ဒေါသကင်းသော စိတ်ကိုလည်း ဒေါသကင်းသော စိတ်ဟု သိ၏။

၅။ မောဟနှင့် တကွသော စိတ်ကိုလည်း မောဟနှင့် တကွသော စိတ်ဟု သိ၏။

၆။ မောဟကင်းသော စိတ်ကိုလည်း မောဟကင်းသော စိတ်ဟု သိ၏။

၇။ သံခိတ္တစိတ်ကိုလည်း သံခိတ္တစိတ်ဟု သိ၏။

၈။ ဝိက္ခိတ္တစိတ်ကိုလည်း ဝိက္ခိတ္တစိတ်ဟု သိ၏။

၉။ မဟဂ္ဂုတ်စိတ်ကိုလည်း မဟဂ္ဂုတ်စိတ်ဟု သိ၏။

၁၀။ အမဟဂ္ဂုတ်စိတ်ကိုလည်း အမဟဂ္ဂုတ်စိတ်ဟု သိ၏။

၁၁။ သဥတ္တရစိတ်ကိုလည်း သဥတ္တရစိတ်ဟု သိ၏။

၁၂။ အနုတ္တရစိတ်ကိုလည်း အနုတ္တရစိတ်ဟု သိ၏။

၁၃။ သမာဟိတစိတ်ကိုလည်း သမာဟိတစိတ်ဟု သိ၏။

၁၄။ အသမာဟိတစိတ်ကိုလည်း အသမာဟိတစိတ်ဟုသိ၏။

၁၅။ ဝိမုတ္တစိတ်ကိုလည်း ဝိမုတ္တစိတ်ဟု သိ၏။

၁၆။ အဝိမုတ္တစိတ်ကိုလည်း အဝိမုတ္တစိတ်ဟုသိ၏။ (မ၊၁၊၇၆။)

အဋ္ဌကထာ အဖွင့်

အဋ္ဌကထာ အဖွင့်

ဤအထက်ပါ ပါဠိတော်ကို တိတိကျကျ သိရှိနားလည်နိုင်ရန်အတွက် အဋ္ဌကထာဆရာတော်က အောက်ပါ အတိုင်း ဖွင့်ဆိုထားတော်မူ၏။

တတ္ထ သရာဂန္တိ အဋ္ဌဝိဓံ လောဘသဟဂတံ။ ဝီတရာဂန္တိ လောကိယကုသလာဗျာကတံ။ ဣဒံ ပန ယသ္မာ သမ္မသနံ န ဓမ္မသမောဓာနံ၊ တသ္မာ ဣဓ ဧကပဒေပိ လောကုတ္တရံ န လဗ္ဘတိ။ သေသာနိ စတ္တာရိ အကုသလစိတ္တာနိ နေဝ ပုရိမပဒံ, န ပစ္ဆိမပဒံ ဘဇန္တိ။ သဒေါသန္တိ ဒုဝိဓံ ဒေါသသဟဂတံ။ ဝီတဒေါသန္တိ လောကိယကုသလာဗျာကတံ။ သေသာ ဒသာကုသလစိတ္တာနိ နေဝ ပုရိမံ ပဒံ, န ပစ္ဆိမံ ပဒံ ဘဇန္တိ။ သမောဟန္တိ ဝိစိကိစ္ဆာသဟဂတဉ္စေဝ ဥဒ္ဓစ္စသဟဂတဉ္စာတိ ဒုဝိဓံ။ ယသ္မာ ပန မောဟော သဗ္ဗာကုသလေသု ဥပ္ပဇ္ဇတိ၊ တသ္မာ တာနိပိ ဣဓ ဝဋ္ဋန္တိယေဝ။ ဣမသ္မိံယေဝ ဟိ ဒုကေ ဒွါဒသာကုသလစိတ္တာနိ ပရိယာဒိဏ္ဏာနီတိ။ ဝီတမောဟန္တိ လောကိယကုသလာဗျာကတံ။ သံခိတ္တန္တိ ထိနမိဒ္ဓါနုပတိတံ၊ ဧတဥှိ သံကုဋိတစိတ္တံ နာမ။ ဝိက္ခိတ္တန္တိ ဥဒ္ဓစ္စသဟဂတံ၊ ဧတဥှိ ပသဋစိတ္တံ နာမ။

မဟဂ္ဂတန္တိ ရူပါရူပါဝစရံ။ အမဟဂ္ဂတန္တိ ကာမာဝစရံ။ သဥတ္တရန္တိ ကာမာဝစရံ။ အနုတ္တရန္တိ ရူပါဝစရဉ္စ အရူပါဝစရဉ္စ။ တတြာပိ သဥတ္တရံ ရူပါဝစရံ၊ အနုတ္တရံ အရူပါဝစရမေဝ။ သမာဟိတန္တိ ယဿ အပ္ပနာသမာဓိ ဥပစာရသမာဓိ ဝါ အတ္ထိ။ အသမာဟိတန္တိ ဥဘယသမာဓိဝိရဟိတံ။ ဝိမုတ္တန္တိ တဒင်္ဂဝိက္ခမ္ဘနဝိမုတ္တီဟိ ဝိမုတ္တံ။ အဝိမုတ္တန္တိ ဥဘယဝိမုတ္တိဝိရဟိတံ။ သမုစ္ဆေဒပဋိပ္ပဿဒ္ဓိနိဿရဏဝိမုတ္တီနံ ပန ဣဓ ဩကာသောဝ နတ္ထိ။ (မ၊ဋ္ဌ၊၁၊၂၈၄။)

၁။ သရာဂစိတ် = ရာဂနှင့် တကွသော စိတ် ---- လောဘနှင့် အတူတကွ ဖြစ်သော အာရုံ၌ တွယ်တာတပ်မက် တတ်သော လောဘမူစိတ် (၈)မျိုးသည် သရာဂစိတ် မည်၏။

၂။ ဝီတရာဂစိတ် = ရာဂကင်းသောစိတ် ---- လောကီ ကုသိုလ်စိတ် အဗျာကတစိတ်သည် ရာဂကင်းသော ဝီတရာဂစိတ် မည်၏။ ဤ ဝီတရာဂစိတ် အရ လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ် ထိုက်သော စိတ်ကိုသာ ဘုရားရှင် ရည်ရွယ်တော်မူ၍ ဟောကြားထားတော်မူခြင်း ဖြစ်၏။ ရာဂကင်းသည့် ဝီတရာဂစိတ် အမည်ရသော တရားအားလုံးကို ပေါင်းရုံးရေတွက်ပြသည်ကား မဟုတ်ပေ။ ထိုသို့ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံ စိတ်တို့ကိုသာ ဘုရားရှင်သည် ရည်ညွှန်းထားတော်မူခြင်းကြောင့် ဖော်ပြပြီး ဖော်ပြဆဲ စိတ်အမျိုးအစား (၁၆)မျိုးတို့တွင် မည်သည့် စိတ်အမျိုးအစား၌မျှ လောကုတ္တရာစိတ်ကို မရအပ်ပေ၊ လောကုတ္တရာစိတ် မပါဝင်ပေ။

လောကီကုသိုလ်စိတ် ---- တိဟိတ် ပုထုဇန်လူသားတစ်ဦး အဆင့်၌သာ တည်ရှိနေသေးသော အသင် သူတော်ကောင်းသည် သမာပတ် (၈)ပါးတို့ကိုလည်း ရရှိခဲ့ပါမူ ---- အသင်၏ သန္တာန်၌ ဖြစ်နိုင်သော လောကီ ကုသိုလ်စိတ်တို့မှာ ----

၁။ မဟာကုသိုလ်စိတ် ---- ၈ - မျိုး

၂။ ရူပါဝစရကုသိုလ်စိတ် ---- ၅ - မျိုး

၃။ အရူပါဝစရကုသိုလ်စိတ် ---- ၄ - မျိုး

အားလုံးပေါင်းသော် ---- ၁၇ - မျိုး

ဤ (၁၇) မျိုးသောစိတ်တို့သာ ဖြစ်ကြ၏။ အကယ်၍ အသင်သူတော်ကောင်းသည် အာနာပါနစတုတ္ထ စျာန်မျှလောက်ကိုသာ ရရှိသူ ဖြစ်ပါမူ စတုက္ကနည်းအားဖြင့် ရူပါဝစရစျာန် (၄)ပါး, ပဉ္စကနည်းအားဖြင့် ရူပါဝစရစျာန် (၅)ပါးသာ ရရှိနိုင်၏။ သို့အတွက် မဟာကုသိုလ်စိတ်များနှင့် ရူပါဝစရကုသိုလ်စိတ်များသာ အသင်၏ သန္တာန်၌ ဖြစ်ခွင့်ရနိုင်သည်။

အဗျာကတ ---- ကုသိုလ်လည်း မဟုတ်သော အကုသိုလ်လည်း မဟုတ်သော လောကီ ဝိပါက် ကြိယာ စိတ်တို့သည် အဗျာကတ မည်ကုန်၏။ ထိုတွင် တိဟိတ်ပုထုဇန် လူသားဖြစ်သော အသင်သူတော်ကောင်း၏ သန္တာန်၌ ရရှိနိုင်သော ဖြစ်နိုင်ခွင့်ရှိသော အဗျာကတစိတ်တို့မှာ ----

၁။ ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရာဝဇ္ဇန်းဟူသော အဟိတ်ကြိယာစိတ် ---- ၂ - မျိုး

၂။ အဟိတ် အကုသလဝိပါက်စိတ် ---- ၇ - မျိုး

၃။ အဟိတ် ကုသလဝိပါက်စိတ် ---- ၈ - မျိုး

၄။ မဟာဝိပါက်စိတ် ---- ၈ - မျိုး

အားလုံးပေါင်းသော် ---- ၂၅ - မျိုး သော စိတ်တို့တည်း။

ပဉ္စဒွါရာဝီထိတို့၌ ---- ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ် (သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်)၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ စိတ်တို့ ဖြစ်ကြ၏။

မနောဒွါရဝီထိတို့၌ ---- မနောဒွါရာဝဇ္ဇန်းနှင့် တဒါရုံစိတ်တို့ ဖြစ်ကြ၏။

ကြွင်းကျန်ကုန်သော ----

၁။ ရူပါဝစရ ဝိပါက်စိတ် ---- ၅ - မျိုး

၂။ အရူပါဝစရ ဝိပါက်စိတ် ---- ၄ - မျိုး

၃။ ဟသိတုပ္ပါဒ် အဟိတ်ကြိယာစိတ် ---- ၁ - မျိုး

၄။ မဟာကြိယာစိတ် ---- ၈ - မျိုး

၅။ ရူပါဝစရ ကြိယာစိတ် ---- ၅ - မျိုး

၆။ အရူပါဝစရ ကြိယာစိတ် ---- ၄ - မျိုး

အားလုံးပေါင်းသော် ---- ၂၇ - မျိုး

ဤ (၂၇)မျိုးသော ဝိပါက် ကြိယာစိတ်တို့ကား တိဟိတ် ပုထုဇန်လူသားမျှသာရှိသေးသော အသင်သူ တော်ကောင်း၏ သန္တာန်၌ ဖြစ်ခွင့် မရနိုင်သေးသော စိတ်တို့ ဖြစ်ကြ၏။

တစ်ဖန် ဒေါသမူစိတ် နှစ်မျိုး မောဟမူစိတ် နှစ်မျိုးဟူသော ဤလေးမျိုးကုန်သော စိတ်တို့ကား သရာဂ စိတ် ဝီတရာဂစိတ် နှစ်ပုဒ်လုံးတို့၌ မပါဝင်ကြပေ။ သို့သော် အသင်သူတော်ကောင်းကိုယ်တိုင် ဝိပဿနာရှုပွားရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စာရင်းတွင်ကား ယင်းစိတ်လေးမျိုးတို့သည် ပါဝင်လျက်ပင် ရှိကြ၏။ သဒေါသစိတ် သမောဟစိတ် စသည်ဖြင့် ဘုရားရှင်သည် ဆက်လက်၍ ဟောကြားထားတော်မူပေသည်။

၃။ သဒေါသစိတ် = ဒေါသနှင့် တကွသောစိတ် ---- ဒေါသနှင့် အတူတကွဖြစ်သော ဒေါသမူစိတ် နှစ်မျိုးတည်း။

၄။ ဝီတဒေါသစိတ် = ဒေါသကင်းသောစိတ် ---- လောကီကုသိုလ်စိတ်နှင့် လောကီ အဗျာကတစိတ်သည် ဒေါသကင်းသော ဝီတဒေါသစိတ် မည်၏။ (လောကီကုသိုလ်နှင့် လောကီအဗျာကတစိတ်တို့ကို အထက် တွင် ရေးပြခဲ့သည့်အတိုင်းမှတ်ပါ။) လောဘမူစိတ် (၈)မျိုးနှင့် မောဟမူစိတ် (၂) မျိုး - ဤ (၁၀)မျိုးသော အကုသိုလ်စိတ်တို့သည် သဒေါသစိတ် ဝီတဒေါသစိတ် (၂) မျိုးလုံး၌ မပါဝင်ကြပေ။

၅။ သမောဟစိတ် = မောဟနှင့် တကွသောစိတ် ---- မောဟမူစိတ် (၂)မျိုးသည် မောဟနှင့် တကွသော သမောဟစိတ် မည်၏။ တစ်နည်း - မောဟသည် အကုသိုလ်စိတ် အားလုံးတို့၌ ဖြစ်သည့်အတွက် အကုသိုလ် (၁၂)မျိုးလုံးတို့သည် သမောဟစိတ် မည်ကုန်၏။

၆။ ဝီတမောဟစိတ် = မောဟကင်းသောစိတ် ---- လောကီကုသိုလ်စိတ်နှင့် လောကီအဗျာကတစိတ်သည် ဝီတမောဟစိတ် မည်၏။ (အထက်တွင် ရှင်းပြခဲ့သည့်အတိုင်းသာ မှတ်ပါ။)

၇။ သံခိတ္တစိတ် = ကျုံ့သောစိတ် ---- စိတ်ထိုင်းမှိုင်းမှု = ထိန, စေတသိက်တို့ ထိုင်းမှိုင်းမှု = မိဒ္ဓ - ဤတရား နှစ်ပါးသို့ အစဉ်လိုက်သော အာရုံမှ တွန့်ဆုတ်သော စိတ်မျိုးတည်း။

၁။ လောဘမူ သသင်္ခါရိကစိတ် ---- ၄ - မျိုး

၂။ ဒေါသမူ သသင်္ခါရိကစိတ် ---- ၁ - မျိုး

အားလုံးပေါင်းသော် ---- ၅ - မျိုး

ဤ (၅)မျိုးသော စိတ်တို့ကို သံခိတ္တစိတ် = ကျုံ့သောစိတ် = အာရုံမှ တွန့်ဆုတ်သောစိတ်ဟု ဆိုလိုသည်။

၈။ ဝိက္ခိတ္တစိတ် = ပျံ့လွင့်သောစိတ် ---- ဥဒ္ဓစ္စနှင့် အတူတကွ ဖြစ်သော မောဟမူစိတ်သည် ထိုထိုအာရုံ အမျိုးမျိုး၌ ပြာပုံပေါ်သို့ ခဲကျသကဲ့သို့ ပျံ့လွင့်နေသောကြောင့် ဝိက္ခိတ္တစိတ် မည်၏။

၉။ မဟဂ္ဂတစိတ် = မဟဂ္ဂုတ်စိတ် ----

က။ ကိလေသာတို့ကို ဝိက္ခမ္ဘနပဟာန်ဖြင့် ခပ်ကြာကြာ ခွာထားနိုင်သော စွမ်းအား ရှိသောကြောင့်လည်း ကောင်း,

ခ။ ပြန့်ပြော ကြီးကျယ်သော အကျိုးရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း,

ဂ။ ယင်း မဟဂ္ဂုတ်စျာန်တို့ကို ဝင်စားနိုင်သော သူတော်ကောင်းတို့၏ သန္တာန်၌ ယင်းမဟဂ္ဂုတ်စျာန်တို့သည် တစ်နာရီ နှစ်နာရီ , တစ်ရက် နှစ်ရက် စသည်ဖြင့် ရှည်သော နာမ်သန္တတိအစဉ်အားဖြင့် အဆက်မပြတ် ဆက်တိုက် ဖြစ်နိုင်သောစွမ်းအား ရှိခြင်းကြောင့်လည်းကောင်း,

ဃ။ ကြီးကျယ် မြင့်မြတ်သည်၏ အဖြစ်သို့ ရောက်ရှိသောကြောင့်လည်းကောင်း,

င။ တစ်နည်းဆိုရသော် - ကြီးကျယ် မြင့်မြတ်ကုန် ပြန့်ပြောကုန်သော ကုသိုလ်ဆန္ဒဓာတ် စသည့် စွမ်းအား တို့ဖြင့်သာ ရအပ် ရောက်အပ်သော အကျင့် ဖြစ်သောကြောင့်လည်းကောင်း ရူပါဝစရစိတ် အရူပါဝစရ စိတ်တို့သည် မဟဂ္ဂုတ်စိတ် မည်ကုန်၏။ (မ၊ဋီ၊၁၊၃၇၂။)

တိဟိတ်ပုထုဇန်လူသားသာ ဖြစ်နေသေးသော အသင်သူတော်ကောင်း၏သန္တာန်၌ကား ရူပါဝစရကုသိုလ် အရူပါဝစရကုသိုလ်ဟူသော မဟဂ္ဂုတ်စိတ် (၉)မျိုးသာ (သမာပတ် ၈-ပါးတို့ကို ရရှိပါလျှင်) ဖြစ်နိုင်ခွင့် ရှိပေသည်။

၁၀။ အမဟဂ္ဂတစိတ် = မဟဂ္ဂုတ် မဟုတ်သော စိတ် ----

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော စိတ်တို့ကိုသာ ရည်ညွှန်း၍ ဟောကြားတော်မူခြင်းကြောင့် မဟဂ္ဂုတ် မဟုတ်သော စိတ်ဟူသည် ကာမာဝစရစိတ်ကိုသာ ဆိုလိုပေသည်။ ထို ကာမာဝစရစိတ်တို့တွင် ဟသိတုပ္ပါဒ် ကြိယာစိတ် တစ်မျိုးနှင့် မဟာကြိယာစိတ် (၈)မျိုးတို့ကား ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌ ဖြစ်ကြသဖြင့် အသင်ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ----

၁။ အကုသိုလ်စိတ် ---- ၁၂ - မျိုး

၂။ အဟိတ်စိတ် ---- ၁၇ - မျိုး

၃။ မဟာကုသိုလ်စိတ် ---- ၈ - မျိုး

၄။ မဟာဝိပါက်စိတ် ---- ၈ - မျိုး

အားလုံးပေါင်းသော် ---- ၄၅ - မျိုး

ဤ (၄၅)မျိုးသော ကာမာဝစရစိတ်တို့သာ ဖြစ်နိုင်ခွင့် ရှိကြပေသည်။

၁၁။ သဥတ္တရစိတ် = မိမိထက် လွန်မြတ်သောတရား ရှိသောစိတ် ----

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသော လောကီစိတ်တို့တွင် ကာမာဝစရစိတ်ထက် မဟဂ္ဂုတ် အမည် ရသော ရူပါဝစရ အရူပါဝစရစိတ်တို့က သာလွန်၍ မြင့်မြတ်ကြ၏။ သို့အတွက် ကာမာဝစရစိတ်ကို သဥတ္တရစိတ် = မိမိထက် လွန်မြတ်သော တရားရှိသော စိတ်ဟု ဆိုရ၏။

၁၂။ အနုတ္တရစိတ် = မိမိထက် လွန်မြတ်သောတရား မရှိသောစိတ် ----

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသော စိတ်တို့တွင် မဟဂ္ဂုတ် အမည်ရသော ရူပါဝစရစိတ် အရူပါ ဝစရစိတ်တို့ကား အသာဆုံး အမြတ်ဆုံးစိတ်တို့ ဖြစ်ကြ၏။ ယင်း မဟဂ္ဂုတ်စိတ်တို့ထက် သာလွန်မြင့်မြတ်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သည့် လောကီစိတ်သည် မရှိသည်သာတည်း။ ထိုကြောင့် မဟဂ္ဂုတ်စိတ်တို့သည် အနုတ္တရစိတ်တို့ မည်ကြ၏။ ထို မဟဂ္ဂုတ်စိတ်တို့တွင်လည်း ရူပါဝစရစိတ်ထက် အရူပါဝစရစိတ်က သာလွန် မြင့်မြတ်ရကား ရူပါဝစရစိတ်သည် သဥတ္တရစိတ် အမည်ရ၍ အရူပါဝစရစိတ်သည် အနုတ္တရစိတ် အမည် ရရှိ ပြန်သည်။

၁၃။ သမာဟိတစိတ် ---- အပ္ပနာစျာန်သမာဓိ သို့မဟုတ် ဥပစာရသမာဓိဟူသော သမာဓိ တစ်မျိုးမျိုးနှင့် အတူတကွဖြစ်သော တည်ကြည်သောစိတ် = သမာဓိရှိသောစိတ်၊ ဥပစာရသမာဓိဇော အပ္ပနာသမာဓိဇော စိတ်တို့တည်း။

၁၄။ အသမာဟိတစိတ် ---- အပ္ပနာစျာန်သမာဓိ, ဥပစာရသမာဓိ ဟူသော သမာဓိနှစ်မျိုးမှ ကင်းလွတ်နေသော မတည်ကြည်သောစိတ် = သမာဓိမရှိသောစိတ်၊ ဥပစာရသမာဓိ အပ္ပနာသမာဓိမှ ကင်းနေသော ကာမာ ဝစရ စိတ်များတည်း။

၁၅။ ဝိမုတ္တစိတ် = ကိလေသာတို့မှ လွတ်မြောက်သောစိတ် ---- ကာမာဝစရကုသိုလ်စိတ်သည် ကိလေသာတို့မှ တဒင်္ဂအားဖြင့်လွတ်မြောက်သောကြောင့် ဝိမုတ္တစိတ် မည်၏။ မဟဂ္ဂုတ်ကုသိုလ်စိတ် (၉)မျိုးသည်လည်း (= ရူပါဝစရ ကုသိုလ်စိတ် (၅) မျိုး အရူပါဝစရကုသိုလ်စိတ် (၄)မျိုးသည်လည်း) ကိလေသာတို့ကို တစ်နာရီ စျာန်ဝင်စားနေပါက တစ်နာရီပတ်လုံး, နှစ်နာရီ စျာန်ဝင်စားနေပါက နှစ်နာရီပတ်လုံး - ဤသို့ စသည်ဖြင့် ခပ်ကြာကြာ ဝိက္ခမ္ဘနပဟာန်အားဖြင့် ခွာထားနိုင်သောကြောင့် ကိလေသာတို့မှ လွတ်မြောက်သော ဝိမုတ္တ စိတ်ပင် မည်၏။ (မ၊ဋီ၊၁၊၃၇၂။)

၁၆။ အဝိမုတ္တစိတ် = တဒင်္ဂအားဖြင့်လည်းကောင်း, ဝိက္ခမ္ဘနအားဖြင့်လည်းကောင်း ကိလေသာတို့မှ မလွတ် မြောက်သောစိတ် ---- အသင်သူတော်ကောင်းအတွက် ကွက်၍ ဆိုရမူ ----

၁။ ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရာဝဇ္ဇန်း,

၂။ ပဉ္စဝိညာဏ်,

၃။ သမ္ပဋိစ္ဆိုင်း,

၄။ သန္တီရဏ,

၅။ ဝုဋ္ဌော,

၆။ အကုသိုလ်ဇော,

၇။ တဒါရုံစိတ်တို့ပင် ဖြစ်ကြသည်။ (မ၊ဋီ၊၁၊၃၇၂။)

ဤအပိုင်းကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသော စိတ်တို့ကိုသာ ဘုရားရှင်သည် ရည်ညွှန်း၍ ဟောကြားထားတော်မူခြင်းကြောင့် ----

၁။ ကိလေသာတို့ကို အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်သောကြောင့် ကိလေသာတို့မှ အမြစ်ပြတ် လွတ်မြောက် သွားသော အရိယမဂ်စိတ်ဟူသော သမုစ္ဆေဒဝိမုတ္တိ,

၂။ အရိယမဂ်တရားက ပယ်ရှားပြီးသော ကိလေသာအပူမီးတို့ကို အငြိမ်းကြီး ငြိမ်းအောင် ငြှိမ်းသတ်လျက် ကိလေသာတို့မှ လွတ်မြောက်သော ဖိုလ်စိတ်ဟူသော ပဋိပ္ပဿဒ္ဓိ ဝိမုတ္တိ,

၃။ တဏှာမှ လွတ်မြောက်ရာ (ကိလေသာတို့မှ လွတ်မြောက်ရာ) ဖြစ်သော နိဗ္ဗာန်ဟူသော နိဿရဏဝိမုတ္တိ-

ဤ ဝိမုတ္တိတရားသုံးပါးတို့၏ အရာဌာနမဟုတ်ပေဟု မှတ်သားပါ။ (မ၊ဋီ၊၁၊၃၇၂။)

ဤကား မဟာသတိပဋ္ဌာနသုတ္တန် စိတ္တာနုပဿနာပိုင်းတွင် မည်သည့်စိတ်တို့ကို သို့မဟုတ် စိတ်+ စေတသိက် = နာမ်တရားတို့ကို ဝိပဿနာ ရှုရမည်ဟု ဝိပဿနာဉာဏ်၏ အရှုခံအာရုံစိတ်တို့ကို ညွှန်ကြားထား တော်မူသော ဘုရားဟော ဒေသနာတော်ပင် ဖြစ်ပေသည်။

ဤဒေသနာတော်၌ ဘုရားရှင်သည် သရာဂစိတ် သဒေါသစိတ် သမောဟစိတ်ဟူသော အကုသိုလ်စိတ် တို့ကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူပေသည်။ ဤအချက်ကိုကား နိဗ္ဗာန်ကို လိုလား တောင့်တလျက်ရှိသော အသင်သူတော်ကောင်းသည် မမေ့သင့်ပေ။

ဤ ညွှန်ကြားတော်မူချက်များကို ဦးထိပ်ရွက်ပန်ဆင်လျက် ဤကျမ်းတွင် ----

၁။ ကုသိုလ်ဇောများ ပါဝင်သည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ,

၂။ အကုသိုလ်ဇောများ ပါဝင်သည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ ----

ဤဝီထိ အမျိုးမျိုးတို့ကို တစ်နည်းဆိုရသော် ယင်းဝီထိတို့၏အတွင်း၌ တည်ရှိကြကုန်သော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ ဖြစ်ကြကုန်သော နာမ်တရားစုတို့ကို နာမ်တုံး နာမ်ခဲဟူသော နာမ်ဃန အသီးအသီး ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားပုံ စနစ်တို့ကို ဖော်ပြထား ပါသည်။

ဤအရာဝယ် အကုသိုလ်ဇောဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားမှုနှင့် ပတ်သက်၍ အချို့သူတော် ကောင်းတို့ကား ဘဝင်မကျနိုင် မကျေနပ်နိုင် ဖြစ်ကြပြန်၏။ အကုသိုလ်တရားတွေကို ရှုနေလျှင် အကုသိုလ်တရား တွေ ထပ်ဖြစ်မနေဖူးလားဟုလည်း မေးကြပြန်၏။

ဘုရားရှင်ကိုယ်တော်တိုင်က မဟာသတိပဋ္ဌာနသုတ္တန်တွင် အကုသိုလ်စိတ်တို့ကိုလည်း ဝိပဿနာရှုပွား သုံးသပ်ရန် ညွှန်ကြားထားကြောင်းကို ရှင်းပြသောအခါတွင်လည်း ---- မဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင်၏ အကုသိုလ်တရားတို့ကို ဝိပဿနာရှုပွား သုံးသပ်ရန် ညွှန်ကြားချက်မှာ သူ့ဟာသူ အလိုအလျောက် အကုသိုလ် တရားတို့ ဖြစ်ပေါ်လာသောအခါ၌သာ ဝိပဿနာရှုရန် ညွှန်ကြားတော်မူခြင်း ဖြစ်၏။ အကုသိုလ်တရားတို့ကို သက်သက် လိုက်ရှုနေရန် ညွှန်ကြားတော်မူခြင်းမဟုတ် ---- ဟု ဆင်ခြေ ပေးကြပြန်၏။

ဤအရာတွင် တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော်စင်အတွက် အနည်း ငယ် ရှင်းလင်းတင်ပြပါရစေ။

ဗုဒ္ဓအဘိဓမ္မာ၌ တစ်နည်းဆိုရသော် ပရမတ္ထသစ္စာနယ်၌ သူ့ဟာသူ အလိုအလျောက် ဖြစ်ပေါ်လာသော တရားဟူ၍ကား မရှိစကောင်းသည်သာလျှင် ဖြစ်ပေသည်။ အောက်ပါ ဒေသနာတော်ကို ဖတ်ရှုကြည့်ပါ။

အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာ စေဝ ကာမစ္ဆန္ဒော ဥပ္ပဇ္ဇတိ၊ ဥပ္ပန္နော စ ကာမစ္ဆန္ဒော ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ။ အနုပ္ပန္နော စေဝ ဗျာပါဒေါ ဥပ္ပဇ္ဇတိ၊ ဥပ္ပန္နော စ ဗျာပါဒေါ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ။ အနုပ္ပန္နဉ္စေဝ ထိနမိဒ္ဓံ ဥပ္ပဇ္ဇတိ၊ ဥပ္ပန္နဉ္စ ထိနမိဒ္ဓံ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ။ အနုပ္ပန္နဉ္စေဝ ဥဒ္ဓစ္စကုက္ကုစ္စံ ဥပ္ပဇ္ဇတိ၊ ဥပ္ပန္နဉ္စ ဥဒ္ဓစ္စကုက္ကုစ္စံ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတိ။ အနုပ္ပန္နာ စေဝ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ၊ ဥပ္ပန္နာ စ ဝိစိကိစ္ဆာ ဘိယျောဘာဝါယ ဝေပုလ္လာယ သံဝတ္တတီတိ။ (သံ၊၃၊၈၃ - အယောနိသောမနသိကာရသုတ္တန်။)

= ရဟန်းတို့ ...မသင့်လျော်သောအားဖြင့် အာရုံကို နှလုံးသွင်းတတ်သော အယောနိသောမနသိကာရ ရှိသသူအား ----

၁။ မဖြစ်ပေါ်လာသေးသော ကာမဂုဏ်၌ လိုလားတောင့်တမှု = ကာမစ္ဆန္ဒသည်လည်း ဖြစ်ပေါ်လာ၏၊ ဖြစ်ပေါ်လာပြီးသော ကာမဂုဏ်၌ လိုလားတောင့်တမှု = ကာမစ္ဆန္ဒသည်လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှာ ပြန့်ပြောခြင်းငှာ ဖြစ်၏။

၂။ မဖြစ်ပေါ်လာသေးသော ပျက်စီးစေလိုမှု = ဗျာပါဒသည်လည်း ဖြစ်ပေါ်လာ၏၊ ဖြစ်ပေါ်ပြီးသော ပျက်စီးစေလိုမှု = ဗျာပါဒသည်လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှာ ပြန့်ပြောခြင်းငှာ ဖြစ်၏။

၃။ မဖြစ်ပေါ်လာသေးသော စိတ်စေတသိက်တို့၏ လေးလံထိုင်းမှိုင်းမှု = ထိနမိဒ္ဓသည်လည်း ဖြစ်ပေါ်လာ၏၊ ဖြစ်ပေါ်လာပြီးသော စိတ်စေတသိက်တို့၏ လေးလံ ထိုင်းမှိုင်းမှု = ထိနမိဒ္ဓသည်လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှာ ပြန့်ပြောခြင်းငှာ ဖြစ်၏။

၄။ မဖြစ်ပေါ်လာသေးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပန်မှု = ဥဒ္ဓစ္စကုက္ကုစ္စသည်လည်း ဖြစ်ပေါ်လာ၏၊ ဖြစ်ပေါ်လာပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု = ဥဒ္ဓစ္စကုက္ကုစ္စသည်လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှာ ပြန့်ပြောခြင်းငှာ ဖြစ်၏။

၅။ မဖြစ်ပေါ်လာသေးသော မဝေခွဲနိုင်မှု တွေးတောယုံမှားမှု = ဝိစိကိစ္ဆာသည်လည်း ဖြစ်ပေါ်လာ၏၊ ဖြစ်ပေါ် လာပြီးသော မဝေခွဲနိုင်မှု တွေးတောယုံမှားမှု ဝိစိကိစ္ဆာသည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှာ ပြန့်ပြောခြင်းငှာ ဖြစ်၏။ (သံ၊၃၊၈၃။)

ဤဒေသနာတော်အရ အယောနိသောမနသိကာရသည် ခပ်သိမ်းကုန်သော အကုသိုလ်တရားတို့၏ အနီးကပ်ဆုံးသော အကြောင်းရင်းတစ်ခု ဖြစ်ပေသည်။ နာမ်တရားအားလုံးတို့နှင့် ဆက်ဆံသော ----

၁။ မှီရာဝတ္ထုရုပ် ရှိခြင်း,

၂။ စွဲမှီစရာအာရုံ ထင်ရှားရှိခြင်း ----

၃။ ဖဿစသော သမ္ပယုတ်တရားတို့က ကျေးဇူးပြုပေးခြင်းစသော အကြောင်းတရားတို့လည်း ရှိကြသည် သာဖြစ်၏။ [ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။ ဤနာမ်ကမ္မဋ္ဌာန်းပိုင်း (၂၈၈-၂၈၉-၂၉၅) တို့၌လည်းကောင်း, (၃၀၅) စသည်တို့၌လည်းကောင်း လှမ်း၍ ကြည့်ပါဦး။]

သို့အတွက် ပရမတ္ထသစ္စာနယ်၌ သူ့ဟာသူ အလိုအလျောက် ဖြစ်ပေါ်လာသော ပရမတ်တရား မည်သည် မရှိစကောင်းသည်သာလျှင် ဖြစ်ပေသည်။

သိမ်းဆည်း ရှုပွားရခြင်း၏ အကြောင်းရင်း

သိမ်းဆည်း ရှုပွားရခြင်း၏ အကြောင်းရင်း

ပရမတ် ဉာဏ်ပညာမျက်စိ မရှိကြသူ ပုထုဇန် ငမိုက်သားတို့ကား သံသရာတစ်လျှောက်ဝယ် ကုသိုလ် တရားတို့ အပေါ်၌သော်လည်းကောင်း, အကုသိုလ်တရားတို့ အပေါ်၌သော်လည်းကောင်း တဏှာ မာန ဒိဋ္ဌိ တို့ဖြင့် အစွဲကြီး စွဲနေကြ၏။

ငါ့စိတ်က သူများစိတ်နှင့် မတူဘူး

ငါ့စေတနာက သူများစေတနာနှင့် မတူဘူး

ငါ့သဒ္ဓါတရားက သူများ သဒ္ဓါတရားနှင့် မတူဘူး

ငါ့ဉာဏ်က သူများဉာဏ်နှင့် မတူဘူး ဤသို့ စသည်ဖြင့်လည်းကောင်း

ငါ့လောဘက သူများလောဘနှင့် မတူဘူး

ငါ့မာနက သူများမာနနှင့် မတူဘူး

ငါ့ဒေါသက သူများဒေါသနှင့် မတူဘူး ----

ဤသို့ စသည်ဖြင့်လည်းကောင်း ကုသိုလ်တရား အကုသိုလ်တရားတို့ အပေါ်၌ အစွဲကြီး စွဲနေတတ်ကြ၏။ အကုသိုလ်တရားများ ဖြစ်နေမှုကိုပင် ဂုဏ်ယူနေတတ်ကြ၏၊ ကျေနပ်နေတတ်ကြ၏။

သားအကြောင်း သမီးအကြောင်းဆိုလျှင် မြေးအကြောင်းဆိုလျှင် နားထောင်၍ မကုန်နိုင်အောင် ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်တတ်ကြ၏။ ရှေးရှေး အကုသိုလ်ကို အာရုံယူ၍ နောက်နောက် အကုသိုလ်များလည်း ဖြစ်နေ တတ်ကြ၏၊ ကုသိုလ်ကို အကြောင်းပြု၍လည်း ဂုဏ်ယူတတ်ကြပြန်၏၊ မာန်မာနတွေ ဖြစ်တတ်ကြပြန်၏၊ အလှူ ချင်း ပြိုင်လိုကြ၏၊ တရားချင်း ပြိုင်လိုကြ၏၊ သားချင်း ပြိုင်လိုကြ၏၊ သမီးချင်း ပြိုင်လိုကြ၏။ ဤသို့ စသည်ဖြင့် ကုသိုလ် အကုသိုလ်တို့ကို အကြောင်းခံ၍ နောက်ထပ် အကုသိုလ်များလည်း အယောနိသောမနသိကာရကို အခြေခံလျက် ကြိမ်ဖန်များစွာ ဖြစ်နေတတ်ကြ၏။

ယင်း ကုသိုလ်တရား အကုသိုလ်တရားတို့ အပေါ်၌ အစွဲကြီး စွဲနေသော ယင်း တဏှာ မာန ဒိဋ္ဌိစွဲတို့ကို ကျူပင်ခုတ် ကျူငုတ်မျှ မကျန် တွန်းလှန်ဖြိုဖျက်နိုင်ရန် အမြစ်ပြတ် ပယ်ရှားနိုင်ရန်အတွက် ယင်းကုသိုလ်တရား အကုသိုလ်တရားတို့ကိုလည်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ရခြင်း ဖြစ်ပေသည်။

ထိုသို့ အကုသိုလ်တရားတို့ကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်နိုင်ရန်အတွက် ယင်း အကုသိုလ်တရား တို့ကိုလည်း သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း အရူပပရိဂ္ဂဟလုပ်ငန်းရပ်ကို ရှေးဦးစွာ ပြုလုပ်ရမည် ဖြစ်ပေသည်။

သို့သော် စိတ်တို့မည်သည် စေတသိက်တို့နှင့် ကင်း၍ မဖြစ်စကောင်းသောကြောင့် ယခုအခါတွင် စေတသိက်တို့၏ အကြောင်းကို ဆက်လက်၍ တင်ပြပေအံ့။

__________

စေတသိက်ပိုင်းဆိုင်ရာ သိမှတ်စရာ

စေတသိက်ပိုင်းဆိုင်ရာ သိမှတ်စရာ

စိတ်နှင့် ယှဉ်သော စေတသိက်တို့၏ လက္ခဏာ (၄) ပါး

၁။ ဧကုပ္ပါဒ = စိတ်နှင့် တူသောဖြစ်ခြင်း = စိတ်နှင့် အတူဖြစ်ခြင်း,

၂။ ဧကနိရောဓ = စိတ်နှင့် တူသောချုပ်ခြင်း = စိတ်နှင့် အတူချုပ်ခြင်း,

၃။ ဧကာလမ္ဗဏ = စိတ်နှင့် တူသောအာရုံရှိခြင်း,

၄။ ဧကဝတ္ထုက = စိတ်နှင့် တူသောမှီရာဝတ္ထုရှိခြင်း ----

ဤသို့အားဖြင့် စေတသိက်တို့၌ ဤ စေတောယုတ္တလက္ခဏာ (၄)ပါး ရှိကြပေသည်။ မည်သည့်စေတသိက် မဆို စိတ်၌ ယှဉ်သောအခါ ကာမဘုံ ရူပဘုံဟု ခေါ်ဆိုအပ်သော ခန္ဓာ (၅)ပါးရှိသည့် ပဉ္စဝေါကာရဘုံ၌ ဤအင်္ဂါ (၄)ပါးနှင့် ညီညွတ်ကြရမြဲ ဓမ္မတာဖြစ်သည်။ နာမ်ခန္ဓာ (၄)ပါးသာရှိသည့် စတုဝေါကာရဟု အမည်ရသော အရူပဘုံ ၌ကား စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်းဟူသော ဧကဝတ္ထုက အင်္ဂါတစ်ပါး ယုတ်လျော့ပေသည်။ မှီရာဝတ္ထုရုပ် မရှိသောကြောင့် ဖြစ်သည်။ ယင်းစေတသိက်တို့မှာ (၅၂)မျိုး ရှိပေသည်။ ထိုစေတသိက် (၅၂)မျိုးတို့ကို ဤတွင် ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

စေတသိက် (၅၂) မျိုး

စေတသိက် (၅၂) မျိုး

၁။ သဗ္ဗစိတ္တသာဓာရဏစေတသိက် = စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (၇)လုံး၊

၂။ ပကိဏ်းစေတသိက် = ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး၊

= (အချို့စိတ်၌ယှဉ်၍ အချို့စိတ်၌ မယှဉ်သော စေတသိက်ဟု ဆိုလိုပေသည်။)

၃။ အကုသိုလ်စေတသိက် = အကုသိုလ်စိတ်တို့၌ ထိုက်သလိုယှဉ်သော စေတသိက် (၁၄)လုံး၊

၄။ သောဘဏစေတသိက် = တင့်တယ်ကောင်းမြတ်သော သောဘဏစိတ်တို့၌ ထိုက်သလို ယှဉ်သော စေတသိက် (၂၅)လုံး၊

ဤသို့လျှင် အားလုံးပေါင်းသော် စေတသိက် (၅၂)လုံး ဖြစ်သည်။

သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇) လုံး

သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇) လုံး

= (စိတ်အားလုံးနှင့် ဆက်ဆံသော = စိတ်တိုင်း စိတ်တိုင်း၌ ယှဉ်သော စေတသိက်)

၁။ ဖဿ = အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော၊ (လက္ခဏ)

= အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော၊ (ရသ)

၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်းသဘော၊

၃။ သညာ = အာရုံကို မှတ်သားခြင်းသဘော၊

၄။ စေတနာ = အာရုံပေါ်သို့ ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော် ပေးခြင်း = နှိုးဆော်ပေးခြင်းသဘော၊

၅။ ဧကဂ္ဂတာ = အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော၊

= တည်ငြိမ်နေခြင်းသဘော၊

= သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကြဲစေခြင်းသဘော၊

[စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြကုန်သော စိတ်+စေတသိက်တရားစုတို့ကို သမ္ပယုတ်တရားဟု ခေါ်သည်။]

၆။ ဇီဝိတ = ယှဉ်ဖက် စိတ်+စေတသိက် သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊

= နာမ်သက်စောင့်ဓာတ်၊

၇။ မနသိကာရ = အာရုံဘက်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပိ့ုပေးခြင်းသဘော၊

= အာရုံကို နှလုံးသွင်းခြင်းသဘော၊

ဤသည်တို့ကား စိတ်အားလုံးနှင့် ယှဉ်သော သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)မျိုးတည်း။

ပကိဏ်းစေတသိက် (၆) လုံး

ပကိဏ်းစေတသိက် (၆) လုံး

(= ပြိုးပြွမ်းယှဉ်သော စေတသိက် ၆-လုံး)

ဤ စေတသိက် (၆)လုံးတို့သည်ကား အချို့သော စိတ်၌သာ ယှဉ်၍ အချို့သော စိတ်၌ မယှဉ်ကြပေ၊ ဟို တစ်ချို့ သည်တစ်ချို့ ရောရောပြွမ်းပြွမ်း ယှဉ်သော စေတသိက်များ ဖြစ်ကြသည်။

၁။ ဝိတက် = အာရုံပေါ်သို့ ယှဉ်ဖက် စိတ်+စေတသိက် (= သမ္ပယုတ်တရားတို့ကို) ရှေးရှုတင်ပေးခြင်းသဘော၊ = ကြံစည်ခြင်းသဘော၊

၂။ ဝိစာရ = အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း ဆုပ်နယ်ခြင်းသဘော၊

= ထပ်၍ ထပ်၍ ယူခြင်းသဘော၊

၃။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊

၄။ ဝီရိယ = ကြိုးစားအားထုတ်ခြင်းသဘော၊

(အာရုံတစ်ခုပေါ်၌ ယှဉ်ဖက်စိတ်+စေတသိက် = သမ္ပယုတ်တရားတို့ ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ခြင်းသဘော ဖြစ်သည်။ မကောင်းဘက်၌လည်း လောဘဖြစ်အောင် ဒေါသဖြစ်အောင် မောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှု, အကောင်းဘက်၌လည်း အလောဘဖြစ်အောင် အဒေါသဖြစ်အောင် အမောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှုမျိုးတည်း။)

၅။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊

၆။ ဆန္ဒ = အာရုံကို လိုလားတောင့်တခြင်းသဘော၊

= အာရုံကို ပြုလုပ်လိုခြင်းသဘော၊

[အာရုံတစ်ခုပေါ်၌ လောဘ ဖြစ်လိုသည့်သဘော, ဒေါသ ဖြစ်လိုသည့်သဘော, မောဟ ဖြစ်လိုသည့် သဘော, အလောဘ ဖြစ်လိုသည့်သဘော, အဒေါသ ဖြစ်လိုသည့်သဘော, အမောဟ ဖြစ်လိုသည့်သဘော --ဤသို့ စသည်ဖြင့် သိပါလေ။]

အထက်တွင် ဖော်ပြခဲ့သော သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)လုံးနှင့် ဤပကိဏ်းစေတသိက် (၆)လုံး = နှစ်ရပ်ပေါင်း (၁၃)လုံးကုန်သော စေတသိက်တို့ကို အညသမာန်းစေတသိက်ဟု ခေါ်၏။ ယင်း စေတသိက် တို့သည် အကုသိုလ်စိတ်စေတသိက်တို့နှင့် ယှဉ်ခိုက် အကုသိုလ်ဟူသော အမည်ကို ရရှိကြ၏။ ကုသိုလ်စိတ် စေတသိက်တို့နှင့် ယှဉ်ခိုက် ကုသိုလ်ဟူသော အမည်ကို ရရှိကြ၏၊ ဝိပါက်+ကြိယာ = အဗျာကတတရားတို့နှင့် ယှဉ်ခိုက် အဗျာကတဟူသော အမည်ကို ရရှိကြ၏။ တစ်နည်းဆိုရသော် အသောဘဏစိတ် = မတင့်တယ်သော စိတ်တို့နှင့် ယှဉ်ခိုက် အသောဘဏဟူသော အမည်ကို ရရှိကြ၏၊ သောဘဏစိတ် = တင့်တယ်သောစိတ်တို့နှင့် ယှဉ်ခိုက် သောဘဏဟူသော အမည်ကို ရရှိကြ၏။ အကောင်းအဆိုး နှစ်ဖက်ရ စေတသိက်တို့ ဖြစ်ကြသည်။

စေတနာ-မနသိကာရ-ဝိတက်-အထူး

စေတနာ-မနသိကာရ-ဝိတက်-အထူး

စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲ၍ ပြိုင်တူဖြစ် ပြိုင်တူပျက်ကြသော အာရုံလည်း တူ၍ မှီရာ ဝတ္ထုရုပ်လည်း တူကြသော စိတ်စေတသိက်တရားစုတို့ကို သမ္ပယုတ်တရားဟု ခေါ်၏။

ဝိတက်သည် မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် ရှေးရှုတင်ပေးတတ်၏။ စေတနာကား ဝိတက်သည် တင်ပေးအပ်သော သမ္ပယုတ်တရားတို့ကို အာရုံနှင့် စေ့နေအောင် စပ်နေအောင် အာရုံ၌ ယှဉ်စပ်ပေး၏။ မနသိကာရသည်ကား သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ဖြောင့်ဖြောင့်မတ်မတ် ရောက်အောင် ပြုလုပ်ပေး၏၊ မောင်းနှင်ပေး၏။

ဤအချက်နှင့် ပတ်သက်၍ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားက မိမိ၏ --- သင်္ဂြိုဟ်ဘာသာဋီကာ- စေတသိက်ပိုင်းတွင် အောက်ပါအတိုင်း ရှင်းလင်းတင်ပြထား၏။

စေတနာသည် အာရုံ၌ သမ္ပယုတ်တရားတို့ကို ဖွဲ့စပ်ခြင်းလက္ခဏာ ရှိ၏၊ မနသိကာရသည် သမ္ပယုတ် တရားတို့ကို အာရုံနှင့် ယှဉ်စပ်ပေးခြင်း ကိစ္စရှိ၏ဟု ဆိုပြီးလျှင် ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံသို့ တင်ပေးခြင်း လက္ခဏာရှိ၏ဟု ဆိုပြန်ရာ ထိုသုံးပါး သဘောတူသကဲ့သို့ ရှိသောကြောင့် အဘယ်သို့ အထူး မှတ်အပ်ပါသနည်းဟု မေး ----

အဖြေကား ---- လှေအပြေးပြိုင်ရာ၌ ဦးက ပန်းဆွတ်သူ, ဝမ်းက လှော်သူ, ပဲ့က ပဲ့ကိုင်ပေးသူ - ဤလူသုံးယောက်တို့ တစ်ပြိုင်နက် လှေကို လှော်ကြသော်လည်း ဝမ်းက လှော်သူမှာ ပန်းတိုင်သို့ အတွင်ရောက်အောင် လှော်ပေးဖိ့ုသာ အရေးကြီး၏၊ ပဲ့ကိုင်သူမှာ ပန်းတိုင်သို့ ဖြောင့်ဖြောင့် သွားစေဖို့သာ အရေးကြီး၏၊ ဦးက လှော်သူ မှာ ပန်းတိုင်သို့ အရောက်တွင် ပန်းဆွတ်မိဖို့ ကိစ္စကသာ အရေးကြီးလေသည်။ ဤဥပမာအတိုင်း ဝိတက် မနသိကာရ စေတနာတို့ အာရုံကို တစ်ပြိုင်နက်ယူကြသော်လည်း ဝိတက်မှာ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရောက်သွား အောင် အတွင်နှင်လျက် တင်ပေးဖို့ တာဝန်ရှိ၏၊ လှေဝမ်းက လှော်သူနှင့် တူ၏၊ မနသိကာရမှာ အာရုံသို့ ဖြောင့် ဖြောင့် ရောက်သွားအောင် သမ္ပယုတ်တရားတို့ကို ဖြောင့်ပေးဖို့ တာဝန် ရှိ၏၊ ပဲ့က လှော်သူနှင့် တူ၏၊ စေတနာမှာ အာရုံ၌ သမ္ပယုတ်တရားတို့ကို စပ်ဖွဲ့ပေးဖို့ ကိစ္စရှိ၏၊ ပန်းဆွတ်သူနှင့် တူ၏။ [အာရုံက ပန်းတိုင်နှင့် တူပုံ သမ္ပယုတ်တရားများက လှေနှင့် တူပုံကိုလည်း ချဲ့ထွင်၍ ယူရာ၏။] (သင်္ဂြိုဟ်ဘာသာဋီကာ၊၉၈။)

အကုသိုလ်စေတသိက် (၁၄) လုံး

အကုသိုလ်စေတသိက် (၁၄) လုံး

အကုသိုလ်စေတသိက် အမည်ရသော စေတသိက်တို့မှာ (၁၄)လုံး ရှိကြသည်။ ထိုတွင် ----

၁။ အကုသလသာဓာရဏစေတသိက် = အကုသိုလ်စိတ်အားလုံးနှင့် ဆက်ဆံသောစေတသိက် - (၄)လုံး,

၂။ လောဘမူစိတ်နှင့်သာ ထိုက်သလိုယှဉ်သော လောဘအုပ်စု စေတသိက် ---- (၃)လုံး,

၃။ ဒေါသမူစိတ်နှင့်သာ ထိုက်သလိုယှဉ်သော ဒေါသအုပ်စု စေတသိက် ---- (၄)လုံး,

၄။ သသင်္ခါရိက အကုသိုလ်စိတ်တို့နှင့်သာ ယှဉ်သော သသင်္ခါရိကအုပ်စုဝင် စေတသိက် ---- (၂)လုံး,

၅။ မောဟမူစိတ်နှင့်သာ ထိုက်သလိုယှဉ်သော မောဟအုပ်စု စေတသိက် ---- (၁)လုံး ---

ဤသို့လျှင် အကုသိုလ် စေတသိက် (၁၄)လုံး ရှိပေသည်။

အကုသလသာဓာရဏ စေတသိက် (၄) လုံး

အကုသလသာဓာရဏ စေတသိက် (၄) လုံး

(= အကုသိုလ်စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် ၄-လုံး)

၁။ မောဟ = အာရုံ၏ သဘောမှန်ကို မသိခြင်းသဘော = အသိမှားခြင်းသဘော၊

၂။ အဟိရိက = (က) ဒုစရိုက်တရား, (ခ) လောဘ ဒေါသ မောဟစသည့် အကုသိုလ်တရားတို့မှ မရှက်ခြင်း သဘော၊

၃။ အနောတ္တပ္ပ = (က) ဒုစရိုက်တရား, (ခ) လောဘ ဒေါသ မောဟစသည့် အကုသိုလ်တရားတို့မှ မကြောက် ခြင်းသဘော၊

၄။ ဥဒ္ဓစ္စ = အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်းသဘော၊

လောဘအုပ်စု စေတသိက် (၃) လုံး

လောဘအုပ်စု စေတသိက် (၃) လုံး

၅။ လောဘ = အာရုံကို ငါ - ငါ့ဟာဟု စွဲယူခြင်းသဘော၊

= အာရုံကို လိုလားတပ်မက်ခြင်းသဘော၊

= အာရုံ၌ ကပ်ငြိခြင်းသဘော၊

၆။ ဒိဋ္ဌိ = အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲလမ်းယုံကြည်ခြင်းသဘော၊

= အယူမှားခြင်းသဘော၊ ခံယူချက်မှားခြင်းသဘော၊

၇။ မာန = ငါ ငါဟု စိတ်တက်ကြွ မြင့်မောက်ခြင်းသဘော၊

= ထောင်လွှားခြင်းသဘော၊

= အသာယူလိုခြင်းသဘော၊

ရှင်းလင်းချက်

ရှင်းလင်းချက်

ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (ဝိသုဒ္ဓိ၊၂၊၁၅၇။)

မောဟကိုပင် အဝိဇ္ဇာဟုလည်း ခေါ်သည်။ (၃၁)ဘုံအတွင်း၌ တည်ရှိသော သက်ရှိလောက သက်မဲ့လော က = သက်ရှိအရာဝတ္ထု သက်မဲ့အရာဝတ္ထုတို့ကို ပရမတ္ထသစ္စာနယ်မှ ဉာဏ်ပညာမျက်စိဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲကြည့်လျှင် ----

၁။ ရုပ်တရားအစုအပုံ,

၂။ နာမ်တရားအစုအပုံ,

၃။ ရုပ်+နာမ်အစုအပုံမျှသာ ရှိသည်ဟု သိအံ့၊ ထိုအသိမှာလည်း မှန်၏၊ နာမရူပပရိစ္ဆေဒဉာဏ်တည်း။

၄။ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံမျှသာ ရှိသည်ဟု သိအံ့၊ ထိုအသိမှာလည်း မှန်၏၊ ပစ္စယပရိဂ္ဂဟဉာဏ်တည်း။

ထို ရုပ်-နာမ်-ကြောင်း-ကျိုး တရားစုတို့ကို ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့က ပြုပြင်ပေးပါမှ ဖြစ်ပေါ်လာရသောကြောင့် သင်္ခါရတရားတို့ဟူ၍ ခေါ်၏။ ထိုသင်္ခါရတရားတို့ကား ဖြစ်ပြီးလျှင် ပျက်တတ်သည့် အနိစ္စတရားတို့သာ ဖြစ်ကြ၏၊ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒုက္ခ တရားတို့သာ ဖြစ်ကြ၏။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မဟုတ်သည့် အနတ္တတရားတို့သာ ဖြစ်ကြ၏။ ရွံရှာစက်ဆုပ်ဖွယ် အသုဘတရားတို့သာ ဖြစ်ကြ၏။ သို့အတွက် ယင်းသင်္ခါရ တရားတို့ကို ----

၅။ အနိစ္စတရား,

၆။ ဒုက္ခတရား,

၇။ အနတ္တတရား,

၈။ အသုဘတရားတို့သာ ဖြစ်ကြသည်ဟု သိအံ့၊ ထိုအသိမှာလည်း မှန်နေ၏၊ ဝိပဿနာဉာဏ်များပင်တည်း။

သို့အတွက် (၃၁)ဘုံ အတွင်း၌ တည်ရှိကြကုန်သော သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို ----

၁။ ရုပ်တရားအစုအပုံ, နာမ်တရားအစုအပုံ, ရုပ်+နာမ်အစုအပုံ = ခန္ဓာ (၅)ပါးအစုအပုံ = အာယတန (၁၂)ပါး အစုအပုံ = ဓာတ် (၁၈)ပါးအစုအပုံတို့ဟုလည်းကောင်း,

၂။ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံတို့ဟုလည်းကောင်း,

၃။ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံတို့ဟုလည်းကောင်း - သိရှိနေပါက ထိုအသိကို အသိမှန် = သမ္မာဒိဋ္ဌိ = ဝိဇ္ဇာဉာဏ်ဟု ဆိုရပေသည်။

ထိုသို့ အမှန်အတိုင်းမသိဘဲ သက်ရှိအရာဝတ္ထုတို့ကို ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့်လည်းကောင်း, သက်မဲ့အရာဝတ္ထုတို့ကို ရွှေ ငွေ သစ်ပင် ရေ မြေ တောတောင် စသည်ဖြင့်လည်းကောင်း, သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးကို နိစ္စတရား သုခတရား အတ္တတရား သုဘတရားဟုလည်းကောင်း ပြောင်းပြန် သိမြင်နေပါက အသိမှား = အဝိဇ္ဇာဟု ခေါ်ဆိုရပေသည်။

ဤတွင် အဝိဇ္ဇာ = မောဟနှင့် ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိတို့၏ သဘောကို ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်နားလည် စေရန် ဝိပဿနာနယ်၌ အရေးတကြီး သိသင့်သော အတ္တစွဲနှစ်မျိုးကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

အတ္တစွဲ နှစ်မျိုး

အတ္တစွဲ နှစ်မျိုး

လောကသမညာအတ္တစွဲနှင့် သာသနာပ အယူအဆရှိကြသည့် မိစ္ဆာဒိဋ္ဌိတို့ ကြံဆအပ်သော အတ္တဒိဋ္ဌိစွဲဟု အတ္တစွဲနှစ်မျိုး ရှိပေသည်။

၁။ လောကသမညာအတ္တစွဲ ---- သက်ရှိအရာဝတ္ထုတို့ကို ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ကျွဲ နွား တိရစ္ဆာန် စသည်ဖြင့် စွဲယူမှု သက်မဲ့အရာဝတ္ထုတို့ကိုလည်း ရွှေငွေ လယ်ယာ အိုးအိမ် သစ်ပင် ရေမြေ တောတောင် --- စသည်ဖြင့် စွဲယူမှုတည်း။ လောကလူတို့ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း တကယ် ထင်ရှားရှိသည်ဟု စွဲလမ်း ယုံကြည်မှုမျိုးတည်း။ ယင်းလောကသမညာ အတ္တစွဲကိုပင် လောကလူတို့ ခေါ်ဝေါ်သုံးစွဲသည့် ဝေါဟာရ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝေါဟာရ = သတ္တသညာ - ဟုလည်း ခေါ်၏။ (မ၊ဋီ၊၁၊၃၆၅-၃၆၆။)

အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိလောက၌ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား တို့ကို သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ သက်ရှိလောကတစ်ခုလုံးကို သင်္ခါရတရားအစုအပုံ အနိစ္စတရား ဒုက္ခတရား အနတ္တတရား အသုဘတရား အစုအပုံဟု သိမြင်ခဲ့သော် စွဲယူခဲ့သော် ထိုသိမြင်မှု စွဲယူ မှုမှာ မှန်၏။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ကျွဲ နွား တိရစ္ဆာန် စသည့် သတ္တဝါသည် တကယ်ထင်ရှားရှိ၏ဟု သိနေခဲ့သော် စွဲယူခဲ့သော် ယုံကြည်ခဲ့သော် ထိုအသိ ထိုစွဲယူမှု ထိုယုံကြည်မှုသည် မှား နေ၏။

တစ်ဖန် သက်မဲ့အရာဝတ္ထုတို့ကို (ဗဟိဒ္ဓကို ရှုနိုင်သောအခါ) ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ယင်းရုပ်ကလာပ်အမှုန်များကို ဉာဏ်ပညာ မျက်စိဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုကြည့်ပါက = ဓာတ်ခွဲကြည့်ပါက ဥတု ခေါ်သည့် တေဇောဓာတ်ကြောင့် ဖြစ်ပေါ်နေ ကြသော ဩဇာလျှင် (၈)ခုမြောက်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်များနှင့် အသံပါသော် ဥတုဇသဒ္ဒနဝကရုပ်များ ကိုသာ တွေ့ရှိမည်ဖြစ်သည်။ ဥတုဟူသည် ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်ကို ခေါ်သည်။ ယင်း သက်မဲ့ ရွှေ ငွေ စသော အရာဝတ္ထုတို့မှာ ရုပ်ကလာပ်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်ရကား ယင်းကလာပ်တစ်ခုတွင် ပါဝင်တည်ရှိသော တေဇောဓာတ် ဥတု သည် နောက်ထပ် ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်သော စွမ်းအားရှိ၏။ အကြောင်းမကုန်သေးသမျှ ဖြစ်ပျက် နေကြသော ဓမ္မသဘာဝတို့၏ အစုအပုံတို့သာ ဖြစ်ကြသည်။ သို့အတွက် ယင်းသက်မဲ့အရာဝတ္ထုတို့ကို ဥတုဇ ဩဇဋ္ဌမက ရုပ်တရားအစုအပုံဟုလည်းကောင်း, အသံပါခဲ့သော် ဥတုဇသဒ္ဒနဝက ရုပ်တရားအစုအပုံဟု လည်းကောင်း သိမြင်ခဲ့သော် ထိုအသိသည် မှန်နေ၏၊ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံဟု သိမြင်ခဲ့သော် ထိုအသိလည်း မှန်နေ၏။ ရွှေ ငွေ စသည်ဖြင့် သိခဲ့သော် ထို အသိကား မှားနေ၏။ ရွှေ ငွေ စသည်ဖြင့် စွဲယူခဲ့သော် ယုံကြည်ခဲ့သော် ထိုစွဲယူမှု ယုံကြည်မှုသည်လည်း မှားနေ၏။ ဤကား လောကသမညာအတ္တစွဲ သို့မဟုတ် ဝေါဟာရသတ္တသညာစွဲတည်း။

၂။ အတ္တဒိဋ္ဌိစွဲ

၂။ အတ္တဒိဋ္ဌိစွဲ

ဤ အတ္တဒိဋ္ဌိစွဲ၌ ---- (က) ပရမတ္တဒိဋ္ဌိစွဲ

( ခ ) ဇီဝအတ္တဒိဋ္ဌိစွဲ ---- ဟု အကြမ်းစားအားဖြင့် နှစ်မျိုး ခွဲနိုင်၏။

(က) ပရမတ္တ = ပရမအတ္တဒိဋ္ဌိစွဲ

လောကကြီးနှင့်တကွ သတ္တဝါအသီးအသီးကို ဖန်ဆင်းနေသော ဖန်ဆင်းရှင်အတ္တ = ပရမတ္တ = ပရမအတ္တ ရှိသည်ဟု စွဲယူမှု ခံယူချက်မှားမှုသည် ပရမအတ္တဒိဋ္ဌိစွဲတည်း။

( ခ ) ဇီဝအတ္တဒိဋ္ဌိစွဲ

သတ္တဝါ အသီးအသီး သန္တာန်၌ အဖန်ဆင်းခံရသော ဇီဝကောင် = အသက်ကောင် = လိပ်ပြာကောင် = ဝိညာဏ်ကောင် = အတ္တကောင် ရှိသည်ဟု စွဲယူမှု ခံယူချက်မှားမှုသည် ဇီဝအတ္တဒိဋ္ဌိစွဲတည်း။ ခန္ဓာ (၅)ပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း နှစ်ပါး သုံးပါး စသည်ကိုလည်းကောင်း အတ္တဟု စွဲယူတတ်၏၊ သက္ကာယဒိဋ္ဌိ ဟုလည်း ခေါ်ဆို၏။ ခပ်သိမ်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒမှန်သမျှတို့သည် ဤသက္ကာယဒိဋ္ဌိ၌ အခြေစိုက်လျက် ရှိကြ၏။

သန္တောကာယော သက္ကာယော = ထင်ရှားရှိသော ခန္ဓာ (၅)ပါး အပေါင်းသည် သက္ကာယတည်း။ သက္ကာယ အမည်ရသော ခန္ဓာ (၅)ပါး၌ အတ္တဟု စွဲယူမှု ခံယူချက်မှားမှုသည် သက္ကာယဒိဋ္ဌိတည်း။

ယင်းသက္ကာယဒိဋ္ဌိ = အတ္တဒိဋ္ဌိသို့ အစဉ်လိုက်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်နေသော သညာကို သတ္တသညာ ဟုလည်း ခေါ်ဆိုတော်မူကြသည်။ (မ၊ဋီ၊၁၊၃၆၅။)

ဤသို့လျှင် အတ္တဒိဋ္ဌိသို့ အစဉ်လိုက်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သတ္တသညာ (= ဇီဝကောင် အတ္တကောင် တကယ်ထင်ရှားရှိသည်ဟု စွဲလမ်းယုံကြည်သော သတ္တသညာ)နှင့် လူတို့ခေါ်ဝေါ်သုံးစွဲသည့် ဝေါဟာရ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သတ္တသညာ (= ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည် တကယ်ထင်ရှား ရှိ၏ဟု လူတို့ ခေါ်ဝေါ်သည့်အတိုင်း စွဲလမ်းယုံကြည်နေသော သတ္တသညာ)ဟု သတ္တသညာ နှစ်မျိုး ရှိပေသည်။ (မ၊ဋီ၊၁၊၃၆၅-၃၆၆။)

အတ္တဒိဋ္ဌိသို့ အစဉ်လိုက်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သတ္တသညာမှာ အတ္တဒိဋ္ဌိစွဲတည်း။ လူတို့ ခေါ်ဝေါ်သည့် ဝေါဟာရအတိုင်း ဖြစ်ပေါ်လာသော သတ္တသညာမှာ လောကသမညာ အတ္တစွဲတည်း။ ဤသို့လျှင် အတ္တစွဲ နှစ်မျိုးရှိသည်ဟု အကြမ်းစားအားဖြင့် မှတ်သားပါ။ ထိုအတ္တစွဲ နှစ်မျိုးကို သဘောပေါက်ပါမှ မောဟနှင့် ဒိဋ္ဌိကို ပို၍ သဘောပေါက်နိုင်မည် ဖြစ်သည်။

မောဟ နှင့် ဒိဋ္ဌိ

မောဟ နှင့် ဒိဋ္ဌိ

မောဟသည် (၃၁)ဘုံအတွင်း၌ တည်ရှိကြသော သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို နိစ္စ သုခ အတ္တ သုဘဟု အသိမှား၏။ ဒိဋ္ဌိသည် (၃၁)ဘုံ အတွင်း၌ တည်ရှိကြသော သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို နိစ္စ သုခ အတ္တ သုဘဟု ယုံကြည်ချက် ခံယူချက် မှား၏။ နိစ္စ သုခ အတ္တ သုဘဟု အသိမှားမှုကား မောဟ၊ နိစ္စ သုခ အတ္တ သုဘဟု အယူမှားမှုကား ဒိဋ္ဌိတည်း။

ဒေါသအုပ်စု စေတသိက် (၄) လုံး

ဒေါသအုပ်စု စေတသိက် (၄) လုံး

၈။ ဒေါသ = စိတ်ခက်ထန် ကြမ်းတမ်းခြင်းသဘော၊

= ဖျက်ဆီးလိုခြင်းသဘော၊

၉။ ဣဿာ = သူတစ်ပါး၏ ဂုဏ်သိရ် စည်းစိမ်ချမ်းသာကို ငြူစူ စောင်းမြောင်းခြင်းသဘော၊

= ကိုယ့်ထက်သာ မနာလိုမှုသဘော၊

၁၀။ မစ္ဆရိယ = မိမိ စည်းစိမ်ကို လျှို့ဝှက်ခြင်းသဘော၊

= သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်းသဘော၊

= မိမိစည်းစိမ်ကို အထိမခံနိုင်ခြင်းသဘော၊

၁၁။ ကုက္ကုစ္စ = (က) ပြုခဲ့ပြီး ကျင့်ခဲ့ပြီးသော မကောင်းမှု အကုသိုလ်နှင့် ဒုစရိုက်တရားတို့ကို ပြုခဲ့မိ ကျင့်ခဲ့မိ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊

( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော ကောင်းမှုကုသိုလ်နှင့် သုစရိုက်တရားတို့ကို မပြုလိုက်ရ မကျင့်လိုက်ရ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊

သသင်္ခါရိကအုပ်စုဝင် စေတသိက် (၂ ) လုံး

သသင်္ခါရိကအုပ်စုဝင် စေတသိက် (၂ ) လုံး

၁၂။ ထိန = စိတ်ထိုင်းမှိုင်းခြင်းသဘော၊

= စိတ်မရွှင်လန်း မထက်သန်ခြင်းသဘော၊

၁၃။ မိဒ္ဓ = ယှဉ်ဖက် စေတသိက်တို့ ထိုင်းမှိုင်းခြင်းသဘော၊

= ယှဉ်ဖက် စေတသိက်တို့ မရွှင်လန်း မထက်သန်ခြင်းသဘော၊

မောဟအုပ်စု စေတသိက် (၁) လုံး

မောဟအုပ်စု စေတသိက် (၁) လုံး

၁၄။ ဝိစိကိစ္ဆာ = (၁) သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန်၊

(၂) မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟူသော တရားစစ် တရားမှန်၊

(၃) အရိယသံဃာစစ် သံဃာမှန်၊

(၄) သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော သိက္ခာသုံးပါး၊

(၅) သံသရာ၏ ရှေးအစွန်းဟူသော အတိတ်ဘဝ = အတိတ်ခန္ဓာ၊

(၆) သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ = အနာဂတ်ခန္ဓာ၊

(၇) သံသရာ၏ ရှေးအစွန်း နောက်အစွန်းဟူသော အတိတ်+အနာဂတ် ဘဝ = အတိတ်+ အနာဂတ် ခန္ဓာ နှစ်မျိုးလုံး၊

(၈) ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား ---

ဤ (၈)ဌာနတို့၌ ယုံမှားသံသယရှိခြင်းသဘော၊

[မှတ်ချက် --- ကံ-ကံ၏ အကျိုးတရား၌ သံသယရှိခြင်းများလည်း ဤကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား၌ သံသယရှိမှုတွင် အကျုံးဝင်လျက် ရှိပေသည်။] (အဘိ၊၁၊၂၀၈။ စာပိုဒ်-၁၀၀၈။)

ဤကား အကုသိုလ်စေတသိက် (၁၄)လုံးတည်း။

သောဘဏစေတသိက် = အကောင်းစေတသိက် (၂၅) လုံး

သောဘဏစေတသိက် = အကောင်းစေတသိက် (၂၅) လုံး

သောဘဏစေတသိက် (၂၅)လုံးမှာ ----

(က) သောဘဏသာဓာရဏစေတသိက် = သောဘဏအမည်ရသော အကောင်းစိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် ---- (၁၉) လုံး,

( ခ ) ဝိရတီစေတသိက် ---- (၃) လုံး,

( ဂ ) အပ္ပမညာစေတသိက် ---- (၂) လုံး,

(ဃ) ပညိန္ဒြေစေတသိက် ---- (၁) လုံး ---

အားလုံးပေါင်းသော် ---- (၂၅) လုံး ဖြစ်သည်။

သောဘဏသာဓာရဏ စေတသိက် (၁၉) လုံး

သောဘဏသာဓာရဏ စေတသိက် (၁၉) လုံး

၁။ သဒ္ဓါ = (ဝိစိကိစ္ဆာ၌ ဖော်ပြခဲ့သော) (၈)ဌာနတို့၌ ယုံမှု+ကြည်မှု သဘော၊

= ယုံကြည်ခြင်းသဘော၊

= သက်ဝင် တည်နေခြင်းသဘော၊

[မှတ်ချက် --- ဤကား ခြုံငုံ၍ ရေးသားထားခြင်း ဖြစ်သည်။ နေရာဌာနသို့ လိုက်၍ ခွဲခြားယူတတ်ဖို့ လိုပေသည်။

(၁) ဘုရားဂုဏ်ကို အာရုံယူ၍ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ သဒ္ဓါတရားမှာ ဘုရားဂုဏ်၌ ယုံကြည်မှု ဖြစ်သည်။ အလားတူပင် ---

(၂) တရားဂုဏ်ကို အာရုံယူရာ၌ တရားဂုဏ်ကို ယုံကြည်မှု၊

(၃) သံဃာဂုဏ်ကို အာရုံယူရာ၌ သံဃာ့ဂုဏ်ကို ယုံကြည်မှု၊

(၄) သီလကို အာရုံယူရာ၌ သီလသိက္ခာ = သီလကျင့်စဉ်ကို ယုံကြည်မှု၊ သမာဓိပိုင်း၌ စျာန်သမာဓိသိက္ခာ = စျာန်သမာဓိကျင့်စဉ်ကို ယုံကြည်မှု၊ ပညာပိုင်း၌ ရုပ်နာမ်ပရမတ်တို့၏ သဘာဝမှန်ကို ထွင်းဖောက်သိသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်မှု၊

(၅) အတိတ်ကို ရှုရာ၌ အတိတ်ခန္ဓာတို့၌ ယုံကြည်မှု၊

(၆) အနာဂတ်ကို ရှုရာ၌ အနာဂတ်ခန္ဓာတို့၌ ယုံကြည်မှု၊

(၇) အတိတ်+အနာဂတ် နှစ်မျိုးလုံးကို ရှုရာ၌ အတိတ်+အနာဂတ် ခန္ဓာနှစ်မျိုးလုံး၌ ယုံကြည်မှု၊

(၈) ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ကို ရှုရာ၌ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘော တရားတို့၌ ယုံကြည်မှု ----

ဤသို့ စသည်ဖြင့် အရှုခံအာရုံသို့လိုက်၍ ယုံကြည်မှုများ ကွဲပြားမှုကို သဘောပေါက်ပါလေ။]

၂။ သတိ = ဘုရား တရားစသော ကုသိုလ်နှင့် စပ်ဆိုင်ရာ အာရုံ၌ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရား တို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊

= အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊

= အာရုံကို မမေ့ပျောက်ခြင်းသဘော၊

၃။ ဟိရီ = မကောင်းမှု အကုသိုလ်တရားနှင့် ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊

၄။ ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရားနှင့် ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊

၅။ အလောဘ = လောကီအာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်းသဘော၊

=ငါ့ဟာဟု မစွဲယူခြင်းသဘော၊

[မှတ်ချက် --- လောကီအာရုံဟူသည် မိမိရှုပွားသည့် (၃၁)ဘုံ နယ်မြေအတွင်း၌ တည်ရှိသော သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုဟူသော အရှုခံအာရုံ တစ်မျိုးမျိုးကိုသာ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။ ဥပမာ --- ရူပါရုံကဲ့သို့သော အာရုံမျိုးတည်း။]

၆။ အဒေါသ = အာရုံပေါ်၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊

= အာရုံကို မဖျက်ဆီးလိုခြင်းသဘော၊

၇။ တတြမဇ္ဈတ္တတာ = (စိတ်တက်ကြွ မြင့်မောက်မှု = မာန, စိတ်တွန့်ဆုတ်မှု = ထိန+မိဒ္ဓ --- ဤတရား နှစ်မျိုးဘက်သို့ စိတ်ကို မရောက်စေဘဲ စိတ်စေတသိက်တို့ကို မိမိတို့၏ ဆိုင်ရာကိစ္စ ၌ အပိုအလွန် မရှိစေရအောင်) အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော။ အာရုံကို လျစ်လျူရှုခြင်းသဘော၊

၈။ ကာယပဿဒ္ဓိ = စေတသိက်တို့ ငြိမ်းအေးခြင်းသဘော၊

၉။ စိတ္တပဿဒ္ဓိ = စိတ်ငြိမ်းအေးခြင်းသဘော၊

၁၀။ ကာယလဟုတာ = စေတသိက်တို့ လျင်မြန်ပေါ့ပါးခြင်းသဘော၊

၁၁။ စိတ္တလဟုတာ = စိတ်လျင်မြန် ပေါ့ပါးခြင်းသဘော၊

၁၂။ ကာယမုဒုတာ = စေတသိက်တို့ နူးညံ့ခြင်းသဘော၊

၁၃။ စိတ္တမုဒုတာ = စိတ်နူးညံ့ခြင်းသဘော၊

၁၄။ ကာယကမ္မညတာ = စေတသိက်တို့ ဒါန-သီလ-ဘာဝနာစသည့် ထိုထို ကုသိုလ်မှု၌ ခံ့ညားခြင်းသဘော၊

= အချိုးကျ အဆင်ပြေခြင်းသဘော၊

(ဘာဝနာမှု ဖြစ်လျှင် --- ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊)

၁၅။ စိတ္တကမ္မညတာ = စိတ်၏ ဒါန သီလ ဘာဝနာစသည့် ထိုထို ကုသိုလ်မှု၌ ခံ့ညားခြင်းသဘော၊

= အချိုးကျ အဆင်ပြေခြင်းသဘော၊

(ဘာဝနာမှု ဖြစ်လျှင် --- ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊)

၁၆။ ကာယပါဂုညတာ = စေတသိက်တို့ ဒါန သီလ ဘာဝနာစသည့် ထိုထို ကုသိုလ်မှု၌ ပြွမ်းတီးလေ့လာ နိုင်နင်းခြင်းသဘော၊

= ကျွမ်းကျင် လိမ္မာခြင်းသဘော၊

= ကိလေသာ အနာကင်းခြင်းသဘော၊

၁၇။ စိတ္တပါဂုညတာ = စိတ်၏ ဒါန သီလ ဘာဝနာစသည့် ထိုထို ကုသိုလ်မှု၌ ပြွမ်းတီးလေ့လာ နိုင်နင်းခြင်း သဘော၊

= ကျွမ်းကျင်လိမ္မာခြင်းသဘော၊

= ကိလေသာအနာ ကင်းခြင်းသဘော၊

၁၈။ ကာယုဇုကတာ = စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော၊

= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊

၁၉။ စိတ္တုဇုကတာ = စိတ်၏ ဖြောင့်မတ်ခြင်းသဘော၊

= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊

[မှတ်ချက် --- ထင်ရှားရှိသော အပြစ်ကို ဖုံးကွယ်ထားခြင်းသဘောကား မာယာတည်း။ ထင်ရှားမရှိသော ဂုဏ်ကို ထင်ရှားပြခြင်းသဘောကား သာဌေယျတည်း။]

ဝိရတိ စေတသိက် (၃) လုံး

ဝိရတိ စေတသိက် (၃) လုံး

၁။ သမ္မာဝါစာ = အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်ခြင်းသဘော၊

= ဝစီဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊

၂။ သမ္မာကမ္မန္တ = အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်ခြင်း သဘော၊

= ကာယဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊

၃။ သမ္မာအာဇီဝ = အသက်မွေးဝမ်းကြောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက်လေးပါး, ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်ခြင်းသဘော၊

= ဝစီဒုစရိုက် ကာယဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊

အပ္ပမညာ စေတသိက် (၂) လုံး

အပ္ပမညာ စေတသိက် (၂) လုံး

၁။ ကရုဏာ = ဒုက္ခိတသတ္တဝါကို အာရုံပြု၍ သနားကြင်နာခြင်းသဘော၊

= ဆင်းရဲဒုက္ခမှ ကယ်တင်လိုခြင်းသဘော၊

၂။ မုဒိတာ = သုခိတသတ္တဝါကို အာရုံပြု၍ ကြည်သာဝမ်းမြောက်ခြင်းသဘော၊

= မငြူစူခြင်းသဘော၊

ပညိန္ဒြေ စေတသိက် (၁) လုံး

ပညိန္ဒြေ စေတသိက် (၁) လုံး

၁။ ပညိန္ဒြေ = ပရမတ္ထဓမ္မတို့၏ သဘောမှန်ကို ထွင်းဖောက်သိမြင်ခြင်းသဘော၊

= သစ္စာလေးပါး အမှန်တရားကို ထွင်းဖောက်သိမြင်ခြင်းသဘော၊

[မှတ်ချက် ---- ဉာဏ်ဟုလည်းကောင်း, အမောဟဟုလည်းကောင်း, သမ္မာဒိဋ္ဌိဟုလည်းကောင်း, ဓမ္မဝိစယ ဟုလည်းကောင်း ခေါ်သော ပညာကိုပင် သစ္စာလေးပါးကို သိမှုကိစ္စ၌ အစိုးတရ ဖြစ်သောကြောင့် ပညိန္ဒြေဟု ခေါ်ဆိုပေသည်။]

ဤသည်တို့ကား အကောင်း သောဘဏစေတသိက် (၂၅)လုံးတို့တည်း။

ဤတွင် စေတသိက်(၅၂)လုံးတို့ကို ဖော်ပြပြီးဖြစ်သည်။ အဘိဓမ္မာအခြေခံပညာ အားနည်းကြသော ယောဂါဝစရပုဂ္ဂိုလ်တို့ ကြိုတင် ကျက်မှတ်ရန်အတွက်သာ ရည်ရွယ်၍ စေတသိက် (၅၂)လုံးတို့ကို အထက်ပါ အတိုင်း သဘာဝလက္ခဏာကို ဦးစားပေးလျက် ရေးသားထားခြင်း ဖြစ်သည်။ အထက်ပါ ရှင်းလင်းချက် အတို ကောက်များမှာ အကျဉ်းချုပ် ဘာသာပြန်ဆိုချက်မျှသာ ဖြစ်သဖြင့် ယင်း စေတသိက်တို့၏ ကျယ်ပြန့်နက်ရှိုင်း သော သဘောတရားများကို အထက်ပါ ဘာသာပြန်မျှကို ဖတ်ရှုရုံမျှဖြင့် သိရှိခွင့် ရရှိနိုင်မည်ကား မဟုတ်ပေ။ သို့အတွက် သိသင့် သိထိုက်သော အချို့အချက်များကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ပိုင်း -- တွင် ထပ်မံ ၍ ရှင်းလင်း တင်ပြဦးမည်သာ ဖြစ်သည်။ ပရမတ္ထဓမ္မများကို သိမ်းဆည်းရာ၌ အားထုတ်စ အာဒိကမ္မိက ပုဂ္ဂိုလ် သည် သဘာဝလက္ခဏာကသော်လည်းကောင်း, ရသကိစ္စကသော်လည်းကောင်း စတင်၍ နှလုံးသွင်းနိုင်သဖြင့် အချို့စေတသိက်များ၌ လက္ခဏနှင့် ရသ နှစ်မျိုး ဖော်ပြထားပါသည်။

__________

နာမ်တရားများကို သိမ်းဆည်းပုံအပိုင်း

နာမ်တရားများကို သိမ်းဆည်းပုံအပိုင်း

လိုင်းသတ်မှတ်ပုံ

လိုင်းသတ်မှတ်ပုံ

နာမ်တရားတို့ကို သိမ်းဆည်းရာ (= ဉာဏ်ဖြင့် ပိုင်းခြားယူရာ)၌ ရှေးတွင် ရှင်းလင်း တင်ပြခဲ့သည့်အတိုင်း အာယတနဒွါရအလိုက် သိမ်းဆည်းရမည် ဖြစ်သည်။ ယင်းသို့ သိမ်းဆည်းရာ၌ စျာန်ရသော သမထယာနိက ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့က စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ္တဓမ္မဖြစ်သော စိတ်+စေတသိက် = နာမ်တရားတို့က စ၍ သိမ်းဆည်းရ၏။ စျာန်မရသူ သုဒ္ဓဝိပဿနာယာနိက ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား ----

တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ ---- (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

ဤသို့ စသည်ဖြင့် အဋ္ဌသာလိနီအဋ္ဌကထာစသော ကျမ်းကြီးများ၌ ဖွင့်ဆို ညွှန်ကြားထားတော်မူသည့်အတိုင်း ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကစ၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဤ ကျမ်းတွင်ကား ----

၁။ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိစိတ်အစဉ်နှင့် နောက်လိုက် တဒနုဝတ္တိက မနောဒွါရဝီထိစိတ်အစဉ်, သုဒ္ဓမနောဒွါရဝီထိစိတ်အစဉ်တို့ကို သိမ်းဆည်းသည့်အပိုင်းကို ရူပါရုံလိုင်းဟု လည်းကောင်း,

၂။ သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော သောတဒွါရဝီထိစိတ်အစဉ်နှင့် နောက်လိုက် တဒနုဝတ္တိက မနောဒွါရဝီထိစိတ်အစဉ်, သုဒ္ဓမနောဒွါရဝီထိစိတ်အစဉ်တို့ကို သိမ်းဆည်းသည့်အပိုင်းကို သဒ္ဒါရုံလိုင်းဟု လည်းကောင်း,

၃။ ဂန္ဓာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဃာနဒွါရဝီထိစိတ်အစဉ်နှင့် နောက်လိုက် တဒနုဝတ္တိက မနောဒွါရဝီထိစိတ်အစဉ်, သုဒ္ဓမနောဒွါရဝီထိစိတ်အစဉ်တို့ကို သိမ်းဆည်းသည့်အပိုင်းကို ဂန္ဓာရုံလိုင်းဟု လည်းကောင်း,

၄။ ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဇိဝှါဒွါရဝီထိစိတ်အစဉ်နှင့် နောက်လိုက် တဒနုဝတ္တိက မနောဒွါရဝီထိစိတ်အစဉ်, သုဒ္ဓမနောဒွါရဝီထိစိတ်အစဉ်တို့ကို သိမ်းဆည်းသည့်အပိုင်းကို ရသာရုံလိုင်းဟု လည်းကောင်း,

၅။ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကာယဒွါရဝီထိစိတ်အစဉ်နှင့် နောက်လိုက် တဒနုဝတ္တိက မနောဒွါရဝီထိ စိတ်အစဉ်, သုဒ္ဓမနောဒွါရဝီထိ စိတ်အစဉ်တို့ကို သိမ်းဆည်းသည့် အပိုင်းကို ဖောဋ္ဌဗ္ဗာရုံလိုင်း ဟုလည်းကောင်း,

၆။ ဓမ္မာရုံ အမည်ရသည့် ----

၁။ ပသာဒရုပ် (၅)ပါး

၂။ သုခုမရုပ် (၁၆)ပါး

၃။ စိတ်+စေတသိက် = နာမ်တရား

၄။ အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော ပညတ် ---- ဟူသော

ဤတရားစုတို့တွင် တစ်မျိုးမျိုးကိုဖြစ်စေ, အများစုကိုဖြစ်စေ အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိစိတ်အစဉ်များကို သိမ်းဆည်းသည့်အပိုင်းကို ဓမ္မာရုံလိုင်းဟုလည်းကောင်း ----

ဤသို့ အသီးအသီး ခေါ်ဝေါ်သုံးစွဲထားပါသည်။

ထို (၆)လိုင်းတို့တွင် ဓမ္မာရုံလိုင်းသည် ဝီထိစိတ်အမျိုးအစား အရေအတွက် နည်းပါးသည့်အတွက် ဤ ကျမ်းတွင် ဓမ္မာရုံလိုင်းမှစ၍ သိမ်းဆည်းပုံကို ဖော်ပြထားပါသည်။ စျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာသို့ ကူးလာသော သမထယာနိက ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ အတွက်လည်း အထူးဆီလျော်လျောက် ပတ် ကောင်းမြတ်သည်သာ ဖြစ်ပေသည်။

သမထယာနိကနှင့် သုဒ္ဓဝိပဿနာယာနိက

သမထယာနိကနှင့် သုဒ္ဓဝိပဿနာယာနိက

သမထယာနိကပုဂ္ဂိုလ်များသည် စျာန်ကို အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးရာ၌ ----

၁။ ရုပ်တရားကစ၍ သိမ်းဆည်းသည့် နည်းတစ်နည်း,

၂။ နာမ်တရားကစ၍ သိမ်းဆည်းသည့် နည်းတစ်နည်း ---- ဟု

သိမ်းဆည်းပုံ နည်းလမ်းနှစ်သွယ်ရှိရာ ရုပ်တရားကစ၍ သိမ်းဆည်းပုံ နည်းစနစ်ကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြထားခဲ့ပြီး ဖြစ်ပါသည်။ ထိုရုပ်တရားကစ၍ သိမ်းဆည်းခြင်းဟူသော ရုပ်ကမ္မဋ္ဌာန်းကို ရှေးဦးစွာ စတင်၍ အားသစ်သောနည်းသည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အတွက်လည်း အကျုံးဝင်လျက် ရှိပေသည်။

အကယ်၍ သမထယာနိကပုဂ္ဂိုလ်သည် ----

၁။ ရုပ်တရားကို သိမ်းဆည်းပြီး၍ နာမ်တရားကို သိမ်းဆည်းလိုလတ်သော်လည်းကောင်း,

၂။ ရုပ်တရားကစ၍ သိမ်းဆည်းမှုကို မပြုလုပ်လိုဘဲ နာမ်တရားကစ၍ သိမ်းဆည်းလိုလတ်သော်လည်းကောင်း

အောက်ပါ စည်းကမ်းသတ်မှတ်ချက်ကို လိုက်နာပါ။

တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ တံသမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

ဤ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုထားတော်မူသည့်အတိုင်း ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိ ထားပြီးကုန်သော စျာန်တို့တွင် နေဝသညာနာသညာယတနစျာန်မှ တစ်ပါးကုန်သော စျာန်တို့တွင် တစ်ခုခုသော စျာန်ကို ဝင်စားပါ။ ထိုနောင် ထိုစျာန်မှ ထပါ။ ထိုစျာန်မှ ထပြီးသောအခါ ဝိတက်စသော စျာန်အင်္ဂါတို့ကို လည်းကောင်း, ထိုစျာန်နှင့် ယှဉ်သော စိတ်+စေတသိက် = စျာနသမ္ပယုတ်တရားတို့ကိုလည်းကောင်း လက္ခဏ-ရသ စသည်တို့၏ အစွမ်းဖြင့် သိမ်းဆည်းပါ။

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် အပြည့်အစုံ သိမ်းဆည်းပုံကို လက္ခဏာဒိစတုက္ကပိုင်းတွင် အပြည့်အစုံ ဖော်ပြမည် ဖြစ်ပါသည်။ အာဒိကမ္မိက = ဦးစွာ အားထုတ်စဖြစ်သော, နာမ်ကမ္မဋ္ဌာန်းကို စတင်အား သစ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်များအတွက် ပရမတ္ထဓမ္မတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာက စ၍သော် လည်းကောင်း, ရသက စ၍သော်လည်းကောင်း နာမ်တရားများကို သိမ်းဆည်းပုံကို ဤတွင် ရှေးဦးစွာ ဖော်ပြ အပ်ပါသည်။

စျာနသမာပတ္တိဝီထိ

စျာနသမာပတ္တိဝီထိ

စျာန်နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းရာဝယ် ----

၁။ အာဒိကမ္မိကစျာနဝီထိ,

၂။ စျာနသမာပတ္တိဝီထိ ---- ဟု

စျာနဝီထိ (၂)မျိုး ရှိရာတွင် စျာနသမာပတ္တိဝီထိ အတွင်းရှိ နာမ်တရားတို့က စ၍ သိမ်းဆည်းရန် အထက် ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာစကားရပ်က ညွှန်ပြလျက် ရှိ၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂ - ကြည့်၊၊)

ထိုစျာနဝီထိ (၂)မျိုးတို့တွင် အာဒိကမ္မိကစျာနဝီထိဟူသည် စျာန်ကို ဦးစွာရသော ယောဂါဝစရပုဂ္ဂိုလ်၏ အစဆုံးသော စျာနဝီထိတည်း။ စျာနသမာပတ္တိဝီထိဟူသည် မိမိ ရရှိထားပြီးသော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရပြီးစျာန်ကို တစ်ဖန်ထပ်၍ ဝင်စားတိုင်း ဖြစ်ပေါ်လာသော စျာနဝီထိတည်း။

စျာန်နာမ်တရားများကစ၍ နာမ်တရားများကို သိမ်းဆည်းလိုသော နာမ်ကမ္မဋ္ဌာန်းကို စတင်အားသစ်လို သော စျာနလာဘီ ယောဂါဝစရပုဂ္ဂိုလ်သည် အာဒိကမ္မိကစျာနဝီထိ၏ အတွင်း၌ တည်ရှိကုန်သော စျာန်နာမ် တရားတို့က စ၍ နာမ်တရားများကို သိမ်းဆည်းခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်အဖို့ ထိုစျာန်နာမ်တရားတို့ကို သိမ်းဆည်းဖို့ရန် အလွန်ခက်ခဲနေမည်သာ ဖြစ်သည်။ ခက်ခဲရခြင်း၏ အကြောင်းရင်းမှာ ဤသို့ ဖြစ်၏။

သမထယာနိက စျာနလာဘီပုဂ္ဂိုလ်သည် မိမိ ရရှိထားပြီးသောစျာန်တို့ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသောအခါမှ စျာန်သမာပတ်များကို နိုင်နင်းစွာ အဝါးဝစွာ ဝင်စားနိုင်ပြီးသောအခါမှ ထိုစျာန်သမာဓိ တစ်ခုခုကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးတက်လာခြင်းဖြစ်ရာ စျာန်တရားတို့ကို ဝသီ ဘော် ငါးတန် နိုင်နင်းပြီးရာ အချိန်အခါတွင် ထိုအာဒိကမ္မိကစျာနဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော နာမ် တရားတို့သည် ခဏပစ္စုပ္ပန်တရား သန္တတိပစ္စုပ္ပန်တရားများ မဟုတ်ကြတော့ဘဲ အဒ္ဓါပစ္စုပ္ပန်တရားများသာ ဖြစ် နေကြ၏။ နာမ်ကမ္မဋ္ဌာန်းကို စတင် အားသစ်ဖို့ရန် အချိန်ဆိုက်ရောက်လာသော ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ထို အာဒိကမ္မိကစျာန်နာမ်တရားတို့သည် ----

၁။ လွန်ခဲ့သော နာရီပေါင်းများစွာကသော်လည်းကောင်း,

၂။ လွန်ခဲ့သော ရက်ပေါင်းများစွာကသော်လည်းကောင်း,

၃။ လွန်ခဲ့သော လပေါင်းများစွာကသော်လည်းကောင်း ----

ဖြစ်ခဲ့ပြီးသော စျာန်နာမ်တရားစုတို့သာ ဖြစ်ကြ၏။ ပစ္စုပ္ပန်သုံးမျိုးတို့တွင် အဒ္ဓါပစ္စုပ္ပန်အမည်ရသော တရားစုတို့သာ ဖြစ်ကြ၏။ သို့အတွက် ထိုယောဂါဝစရပုဂ္ဂိုလ်သည် လွန်ခဲ့သော နာရီပေါင်းများစွာက, သို့မဟုတ် ရက်ပေါင်းများစွာက, သို့မဟုတ် လပေါင်းများစွာက ဖြစ်ခဲ့ပြီးသော ချုပ်နှင့်ပြီးသော နာမ်တရားတို့ကို စတင် သိမ်းဆည်းရန်မှာ အလွန်ခက်ခဲနေဦးမည်သာ ဖြစ်သည်။ သို့အတွက် စျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိ ကြကုန်သော စျာန်နာမ်တရားတို့က စတင်၍ သိမ်းဆည်းရန် နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားသစ်ရန် အဋ္ဌကထာ ဆရာတော်က ဖွင့်ဆိုတော်မူခြင်းဖြစ်ပေသည်။ အနုပဒသုတ္တန် ဒေသနာတော်နှင့် အညီပင် ဖြစ်ပေသည်။

မုချ အားဖြင့် ခဏပစ္စုပ္ပန်သည်သာ ပစ္စုပ္ပန်အမည်ရ၍ အဒ္ဓါပစ္စုပ္ပန် သန္တတိပစ္စုပ္ပန်တို့ကား ပရိယာယ် အားဖြင့်သာ ပစ္စုပ္ပန်ဟူသော အမည်ကို ရရှိကြပေသည်။

ဧတ္ထ စ ခဏာဒိကထာဝ နိပ္ပရိယာယာ။ သေသာ သပရိယာယာ။ (ဝိသုဒ္ဓိ၊၂၊၁၀၃။)

နာမ်တရားတို့ကို သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း, နာမ်တရားတို့ကို ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း နာမ်တရားတို့ကို သန္တတိပစ္စုပ္ပန်မှ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် သိမ်းဆည်းရမည် ဖြစ်၏၊ ဝိပဿနာ ရှုပွားသုံးသပ်ရမည် ဖြစ်၏။ အကြောင်းမူ နာမ်တုံးနာမ်ခဲဟူသော နာမ်ဃနလေးမျိုးတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပါမှ နာမ်ဃန ပြိုပါမှ နာမ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရောက်မည် ဖြစ်သည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှ နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိမည် ဖြစ်သည်၊ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ဆိုက်မည် ဖြစ်သည်။ အနတ္တသို့ ဉာဏ်အမြင် ဆိုက်မည် ဖြစ်သည်။ သို့အတွက် စျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော စျာန်နာမ်တရားတို့က စတင်၍ သိမ်းဆည်းနိုင်ပါမှ ယင်း နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ အာဒိကမ္မိကပုဂ္ဂိုလ်များအဖို့ ချောမောလွယ်ကူမည် ဖြစ်သဖြင့် ပရမတ်သို့ လျင်မြန်စွာ ဉာဏ်အမြင် ဆိုက်ရောက်နိုင်မည် ဖြစ်သဖြင့် စျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိကြ ကုန်သော စျာန်နာမ်တရားတို့က စတင်၍ နာမ်တရားတို့ကို သိမ်းဆည်းရန် အဋ္ဌကထာဆရာတော်က ညွှန်ကြားတော်မူခြင်း ဖြစ်ပေသည်။

သို့သော် အာဒိကမ္မိကစျာနဝီထိ၏အတွင်း တည်ရှိကြကုန်သော နာမ်တရားတို့ကို ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိသောအခါ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အတွင်း၌ တည်ရှိကုန်သော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသောအခါ၌သော်လည်းကောင်း, ဝိပဿနာပိုင်းသို့ ရောက်သောအခါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ သမ္မသနဉာဏ်ပိုင်း (ဝိသုဒ္ဓိ၊၂၊၂၄၅) တွင် ညွှန်ကြားထားသည့်အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး အတွင်း၌ တည်ရှိကြကုန်သော ရုပ်တရား နာမ်တရားတို့ကို ဝိပဿနာရှုရာ အပိုင်း၌သော်လည်းကောင်း ရောနှော၍ သိမ်းဆည်း ရှုပွားနိုင် သည်သာ ဖြစ်သည်။

တစ်ဖန် စျာန်နှင့် စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများလည်း ရှိကြ၏။ ယင်းပစ္စဝေက္ခဏာ ဇောဝီထိတို့မှာ ကာမဇောတွင် အကျုံးဝင်သဖြင့် ဤတွင် မဖော်ပြတော့ပေ။ မနောဒွါရာဝဇ္ဇန်း, ဇော (၇)ကြိမ် အနေဖြင့်ဖြစ်သော ကာမဇော မနောဒွါရိကဇောဝီထိ စိတ်အစဉ်များသာ ဖြစ်ကြသဖြင့် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကို သိမ်းဆည်း ရှုပွားတတ်သော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်တို့အဖို့ လွယ်ကူနေမည်သာ ဖြစ်သည်။ ဤတွင် အာဒိကမ္မိကစျာနဝီထိပုံစံနှင့် စျာနသမာပတ္တိဝီထိ ပုံစံများကို ဆရာစဉ်ဆက် သင်ကြားပိ့ုချခဲ့သည့် သင်္ကေတအတိုင်း ဖော်ပြအပ်ပါသည်။

ထိုဝီထိများသည် ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌လည်း ဖြစ်နိုင်ကြ၏။ ရဟန္တာအရှင်မြတ်တို့၏ စျာနဝီထိများတွင် အကျုံးဝင်သော ကာမဇော မဟဂ္ဂုတ်ဇောတို့မှာ ကြိယာဇောများသာ ဖြစ်ကြ၏။ ယင်းကြိယာဇောများ စောပုံကို ဤကျမ်းတွင် ချန်လှပ်ထားပါသည်။ ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်သော ဝိပဿနာ ရှုကွက်ကိုသာ ဤကျမ်း၌ ဖော်ပြထားသောကြောင့် ဖြစ်သည်။ အလားတူပင် ရုပ် (၂၈)ပါးကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားသည့် အပိုင်းတွင်လည်း ကြိယာဇောများကို ချန်လှပ်ထား၍ ကုသိုလ်ဇောဝီထိစိတ်အစဉ် အကုသိုလ်ဇောဝီထိစိတ်အစဉ်များကိုသာ ဖော်ပြထားပါသည်။

အာဒိကမ္မိက ပထမစျာနဝီထိ

အာဒိကမ္မိက ပထမစျာနဝီထိ

အစဆုံးရသော ပထမစျာနဝီထိ ဖြစ်ပုံကား ----

ပထမစျာန်ကို ရစေနိုင်သော ကမ္မဋ္ဌာန်း (၂၅)မျိုးတို့တွင် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းဖန်များသဖြင့် စျာန်ရလုလတ်သော် ---- အလွန် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံသည် မနောဒွါရ (= ဘဝင်မနောအကြည်)၌ ထင်လာနေပေသည်။ ထိုပဋိဘာဂနိမိတ်အာရုံကိုပင် ဝင်သက်လေ ထွက်သက်လေဟု အဖန်ဖန် အထပ်ထပ်ပွားများ၍ ပထမစျာန်ကို ရလိုလတ်သော် ကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် အတိတ် ဘဝ သေခါနီးကာလ မရဏာသန္နဇောသည် ယူခဲ့သော နိမိတ်ကို အာရုံပြု၍ ဘဝင်္ဂစလန = လှုပ်သောဘဝင်, ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် ---- ဟူသော ဘဝင်နှစ်ကြိမ် ဖြစ်၍ ချုပ်၏။ ထိုနောင် ထိုပဋိဘာဂနိမိတ်ကို အာရုံ ပြု၍ မနောဒွါရာဝဇ္ဇန်း, ပညာနုံ့သော မန္ဒပုဂ္ဂိုလ်၏ သန္တာန်၌ - ပရိကံ, ဥပစာရ, အနုလုံ, ဂေါတြဘု-ဟု ဥပစာရသမာဓိဇော လေးကြိမ်, ပညာထက်သော တိက္ခပညပုဂ္ဂိုလ်၏ သန္တာန်၌ ဥပစာရ, အနုလုံ, ဂေါတြဘု -ဟု ဥပစာရသမာဓိဇော သုံးကြိမ်, ထိုနောင် အပ္ပနာသမာဓိဇော တစ်ကြိမ် အကျတွင် ဝီထိစိတ်အစဉ် ပြတ်၍ ဘဝင် ဖြစ်ထိုက်သမျှ ဖြစ်လေသည်။ (ပထဝီကသိုဏ်း ဩဒါတကသိုဏ်း စသော ကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြု၍ အာဒိကမ္မိကပထမစျာနဝီထိ ဖြစ်ရာ၌လည်း နည်းတူ သဘောပေါက်ပါ။)

အာဒိကမ္မိက ပထမစျာနဝီထိပုံစံ

အာဒိကမ္မိက ပထမစျာနဝီထိပုံစံ

မန္ဒပုဂ္ဂိုလ် = န - ဒ - မ - ပ - ဥ - နု - ဂေါ - စျာန် - ဘဝင် ...

တိက္ခပုဂ္ဂိုလ် = န - ဒ - မ - ဥ - နု - ဂေါ - စျာန် - ဘဝင် ...

ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့၌လည်း နည်းတူချလေ။

န = ဘဝင်္ဂစလန = လှုပ်သောဘဝင် (အတိတ် မရဏာသန္နဇော၏ အာရုံ)၊

ဒ = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် (အတိတ် မရဏာသန္နဇော၏ အာရုံ)၊

မ = မနောဒွါရာဝဇ္ဇန်း = ပဋိဘာဂနိမိတ်ကို ဆင်ခြင်သောစိတ်၊

ပ = ပရိကံ = အပ္ပနာစျာန်ဖြစ်ပေါ်လာရန် ပြုပြင် စီရင်တတ်သောစိတ်၊

ဥ = ဥပစာရ = အပ္ပနာစျာန်၏ အနီး၌ ကပ်၍ ဖြစ်တတ်သောစိတ်၊

နု = အနုလောမ = အနုလုံ = ရှေးရှေး ပရိကံနှင့် နောက်နောက် အပ္ပနာတို့အား လျော်သောစိတ်၊

ဂေါ = ဂေါတြဘု = ကာမအနွယ်ကို လွှမ်းမိုး ဖိစီးတတ် ဖြတ်တတ်သောစိတ်၊

စျာန် = ပဋိဘာဂနိမိတ်အာရုံကို စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန်သောစိတ်၊

(အာရမ္မဏူပနိဇ္ဈာနစျာန် = ပဋိဘာဂနိမိတ်အာရုံသို့ ကပ်၍ စိုက်စိုက်စူးစူး အထူး မြဲမြံ ရှုအားသန်သောစိတ် ---- ဟူလိုသည်။)

ပရိကမ္မ - ဥပစာရ - အနုလောမ - ဂေါတြဘု

ပရိကမ္မ - ဥပစာရ - အနုလောမ - ဂေါတြဘု

ပကတိစိတ္တေဟိ ဗလဝတရဝိတက္ကဝိစာရပီတိသုခစိတ္တေကဂ္ဂတာနိ ယာနိ အပ္ပနာယ ပရိကမ္မတ္တာ ပရိကမ္မာနီတိပိ၊ ယထာ ဂါမာဒီနံ အာသန္နပဒေသော ဂါမူပစာရော နဂရူပစာရောတိ ဝုစ္စတိ၊ ဧဝံ အပ္ပနာယ အာသန္နတ္တာ သမီပစာရတ္တာ ဝါ ဥပစာရာနီတိပိ၊ ဣတော ပုဗ္ဗေ ပရိကမ္မာနံ, ဥပရိ အပ္ပနာယ စ အနုလောမတော အနုလောမာနီတိပိ ဝုစ္စန္တိ။ ယေဉ္စတ္ထ သဗ္ဗန္တိမံ၊ တံ ပရိတ္တဂေါတ္တာဘိဘဝနတော, မဟဂ္ဂတဂေါတ္တဘာဝနတော စ ဂေါတြဘူတိပိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၁၃၄။)

ဣတော ပုဗ္ဗေ ပရိကမ္မာနန္တိ နာနာဝဇ္ဇနဝီထိယံ ပရိကမ္မာနံ။ (မဟာဋီ၊၁၊၁၆၁။)

ပရိကံ ---- မဟဂ္ဂုတ် အမည်ရသော အပ္ပနာစျာန်ဇောများ ဖြစ်ပေါ်လာရန် ပြုပြင် စီရင်တတ်သော ကာမာဝစရ ဥပစာရသမာဓိဇောစိတ် တစ်မျိုးသည် ပရိကံ မည်၏။

ဥပစာရ ---- ယဒိ အာသန္နတ္တာ ဥပစာရတာ၊ ဂေါတြဘုနော ဧဝ ဥပစာရသမညာ သိယာတိ အာဟ သမီပစာရတ္တာ ဝါတိ။ အနစ္စာသန္နောပိ ဟိ နာတိဒူရပဝတ္တီ သမီပစာရီ နာမ ဟောတိ။ အပ္ပနံ ဥပေစ္စ စရန္တီတိ ဥပစာရာနိ။ (မဟာဋီ၊၁၊၁၆၁။)

ရွာ၏ အနီးဖြစ်သော အရပ်ကို ရွာဥပစာ, မြို့၏ အနီးဖြစ်သော အရပ်ကို မြို့ဥပစာဟု ဤသို့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲသကဲ့သို့ အလားတူပင် အပ္ပနာစျာန်မှ နီးသည်၏ အဖြစ်ကြောင့်လည်းကောင်း, တစ်နည်းဆိုရသော် အနီးအပါး၌ ကျင်လည်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ပရိကံ အမည်ရသော ကာမာဝစရ ဥပစာရ သမာဓိဇော၏ နောက်၌ ကပ်လျက် ဖြစ်ပေါ်လာသော ကာမာဝစရ ဥပစာရသမာဓိဇောစိတ်ကို ဥပစာရဟူ၍ ခေါ်ဆိုအပ်၏။

အပ္ပနာစျာန်ဇောမှ နီးသည်၏ အဖြစ်ကြောင့် ယင်းသို့ ဥပစာရ အမည်ရခဲ့သော် အပ္ပနာစျာန်ဇောနှင့် တစ်စပ်တည်း ဆက်စပ်နေသော ဂေါတြဘု၏သာလျှင် ဥပစာရဟူသော အမည်သမညာသည် ဖြစ်သင့်၏ဟူသော လျဉ်းပါးဖွယ်ရာ ရှိလာပြန်၏၊ သို့အတွက် ---- သမီပစာရတ္တာ ---- ဟု နောက်တစ်မျိုးထပ်၍ ဖွင့်ပြန်သည်။ ဤ စကားအရ အပ္ပနာဇောနှင့် ကပ်လျက်ရှိသော ဂေါတြဘုဇောကို ဥပစာရဟု မခေါ်ဆိုဘဲ အပ္ပနာဇော၏ အနီး အပါး၌ ကျင်လည်တတ် ဖြစ်တတ်သော ဂေါတြဘု၏ ရှေးနားက ကာမဇောများကို ဥပစာရဟု ခေါ်ဝေါ်ရသည် မှတ်ပါ။ မှန်ပေသည် အလွန် မနီးကပ်ပါသော်လည်း မဝေးလွန်းသော အရပ်၌ ဖြစ်သော တရားသည် သမီပစာရီ = အနီးအပါး၌ ဖြစ်သော တရားမည်သည်သာ ဖြစ်ပေသည်။ (မဟာဋီ၊၁၊၁၆၁။)

အနုလောမ ---- အနုလောမ အမည်ရသော ကာမာဝစရ ဥပစာရသမာဓိဇောသည် ရှေးရှေးပရိကံတို့၏ ကိစ္စကိုလည်း ဆက်လက်၍ ရွက်ဆောင်တတ်၏၊ နောက်နောက်သော အပ္ပနာစျာန်ကိုလည်း ပေါ်လာစေတတ်၏။ သို့အတွက် ရှေးရှေးပရိကံနှင့် နောက်နောက်အပ္ပနာတို့အား လျော်စွာ ဖြစ်တတ်သောကြောင့် ယင်းကာမဇောသည် အနုလောမ မည်၏။ ရှေးရှေးပရိကံဟူရာ၌ အပ္ပနာဇောဝီထိ၏ အတွင်း၌ တည်ရှိသော ပရိကံကို ဆိုလိုသည် မဟုတ်၊ အပ္ပနာဝီထိ မရောက်မီ အပ္ပနာဝီထိ မကျမီ အထူးထူးသော အာဝဇ္ဇန်း ရှိကြကုန်သော ရှေးရှေးဝီထိ တို့၏ အတွင်း၌ တည်ရှိခဲ့ကြကုန်သော ဖြစ်ခဲ့သမျှ ဇောတို့ကိုလည်း အပ္ပနာစျာန်ဇော ဖြစ်ပေါ်လာအောင် စီမံ ပေးကြသည် ဖြစ်၍ ပရိကံဟုပင် ခေါ်ဆိုရလေသည်။ (ဝိသုဒ္ဓိ၊၁၊၁၃၄။ မဟာဋီ၊၁၊၁၆၁။)

ဂေါတြဘု ---- ဤ ကာမာဝစရ ဥပစာရသမာဓိဇောတို့တွင် နောက်ဆုံးဖြစ်သော ကာမဇောသည် ကာမာဝစရအနွယ်ကို လွှမ်းမိုးကျော်လွန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, မဟဂ္ဂုတ်အနွယ်ကို ပွားစေတတ် သည်၏ အဖြစ်ကြောင့်လည်းကောင်း ဂေါတြဘု (= ဂေါတြဘူ)ဟူ၍လည်း ခေါ်ဆိုအပ်၏။

ဤဆိုအပ်ခဲ့ပြီးသော သဘောရှိကြကုန်သော မန္ဒပညပုဂ္ဂိုလ်၏ သန္တာန်၌ လေးကြိမ်, တိက္ခပညပုဂ္ဂိုလ်၏ သန္တာန်၌ သုံးကြိမ် ဖြစ်ပေါ်သွားကြကုန်သော ထိုဇောတို့သည် ပြကတေ့သော ကာမာဝစရစိတ်တို့ထက် အထူး အားရှိသော အလွန် အားကောင်းမောင်းသန်သော စွမ်းအင်အပြည့်အဝရှိသော ဝိတက်+ဝိစာရ+ပီတိ+သုခ +ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၅)ပါး ထင်ရှား ရှိကုန်သော ကာမာဝစရတရားတို့ ဖြစ်ကြကုန်၏။ ဥပစာရ ကာမာဝစရသမာဓိဇောတို့ ဖြစ်ကြကုန်၏။

မယူအပ်သေးသည်ကိုသာ ယူရသော အဂဟိတဂ္ဂဟဏနည်းအားဖြင့် ဆိုရမူ -- မန္ဒပညပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်ပေါ်သွားသော အပ္ပနာဝီထိ အတွင်း၌ လေးကြိမ်ကုန်သော ကာမာဝစရ ဥပစာရသမာဓိဇောတို့တွင် ----

၁။ ပထမဇောကား ပရိကံ မည်၏၊

၂။ ဒုတိယဇောကား ဥပစာရ မည်၏၊

၃။ တတိယဇောကား အနုလောမ မည်၏၊

၄။ စတုတ္ထဇောကား ဂေါတြဘု မည်၏၊

၅။ ပဉ္စမဇောကား အပ္ပနာစျာန်စိတ်တည်း။

တစ်ဖန် တိက္ခပညပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်သွားသော အပ္ပနာဝီထိ အတွင်း၌ သုံးကြိမ်ကုန်သော ကာမာဝစရ ဥပစာရသမာဓိဇောတို့တွင် ----

၁။ ပထမဇောကား ဥပစာရ မည်၏၊

၂။ ဒုတိယဇောကား အနုလောမ မည်၏၊

၃။ တတိယဇောကား ဂေါတြဘု မည်၏၊

၄။ စတုတ္ထဇောကား အပ္ပနာစျာန်စိတ်တည်း။ (ဝိသုဒ္ဓိ၊၁၊၁၃၄။)

ဤဝီထိစိတ်တို့တွင် မနောဒွါရာဝဇ္ဇန်းမှစ၍ ဝီထိစိတ်အားလုံးသည် အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော ပဋိဘာဂနိမိတ်တစ်ခုခုကို အာရုံပြုသည်။ ေ့ရှနောက်တွင် ဘဝင်တို့ကား အတိတ်ဘဝ သေခါနီးကာလက မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြုသည်။ ယင်းအာရုံကား ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးနှင့် တစ်ဦး မတူညီကြပေ။ မိမိ၏ ဘဝင်သည် မည်ကဲ့သို့သော အာရုံကို အာရုံပြုနေသည် သိနေသည်ဟူသော အချက်ကား ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ရောက်ရှိသောအခါ သိရှိခွင့်ကို ရရှိမည် ဖြစ်ပေသည်။

စျာနသမာပတ္တိဝီထိ ပုံစံများ

စျာနသမာပတ္တိဝီထိ ပုံစံများ

မန္ဒပုဂ္ဂိုလ် = န - ဒ - မ - ပ - ဥ - နု - ဂေါ - စျာန် - စျာန် - အကြိမ်များစွာ ...

တိက္ခပုဂ္ဂိုလ် = န - ဒ - မ - ဥ - နု - ဂေါ - စျာန် - စျာန် - အကြိမ်များစွာ ...

မိမိ ရရှိထားပြီးသော စျာန်ကို ခိုင်မြဲစေခြင်းငှာလည်းကောင်း, ဝသီဘော်ရောက် ကမ်းတစ်ဖက်သို့ပေါက် ပါရဂူမြောက်စေခြင်းငှာလည်းကောင်း, မျက်မှောက်ဘဝ၌ စျာနသုခ = စျာန်ချမ်းသာကို ခံစားစံစားပါရခြင်း အလို့ငှာလည်းကောင်း, အဘိညာဏ်၏ အခြေပါဒက အကျိုးငှာလည်းကောင်း, ဝိပဿနာ၏ အခြေပါဒက အကျိုးငှာလည်းကောင်း - ဤသို့စသော ရည်ရွယ်ချက်တို့ဖြင့် မိမိရရှိထားပြီးသော စျာန်ကို အဖန်ဖန် အထပ် ထပ် ဝင်စားသော ဝီထိစိတ်အစဉ်ကို စျာနသမာပတ္တိဝီထိ ---- ဟု ခေါ်ဆိုသည်။ ဤအပိုင်း၌ကား ----

၁။ ပထမစျာနသမာပတ္တိဝီထိ,

၂။ ဒုတိယစျာနသမာပတ္တိဝီထိ,

၃။ တတိယစျာနသမာပတ္တိဝီထိ,

၄။ စတုတ္ထစျာနသမာပတ္တိဝီထိ ----

ဟူသော စတုက္ကနည်းအရ စျာနသမာပတ္တိဝီထိ (၄)မျိုးကိုသာ ဖော်ပြထားပါသည်။

တစ်ဖန် ဤကျမ်းတွင် သမာဓိပိုင်းဝယ် အာနာပါနကမ္မဋ္ဌာန်းကိုသာ ဦးတည်၍ ရေးသားထားခဲ့သဖြင့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းသည့် အပိုင်းတွင်လည်း အာနာပါနစျာန်လမ်းမှ စျာန်နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းပုံကို ဦးစွာ ဖော်ပြအပ်ပါသည်။

အာနာပါနပထမစျာန် နာမ်တရားများ

အာနာပါနပထမစျာန် နာမ်တရားများ

အာနာပါနကမ္မဋ္ဌာန်းကို တစ်ဖန်ပြန်၍ နှလုံးသွင်း ရှုပွားပါ။ အလွန်ကြည်လင်တောက်ပနေသော အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူ၍ ပထမစျာန်သမာဓိကို ထူထောင်ပါ = ပထမစျာန်သမာဓိကို တစ်ဖန်ပြန်၍ ဝင်စားပါ။

ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာ ---- ဟူသော စျာန်အင်္ဂါ (၅)ပါးတို့သည် အသင် ယောဂီသူတော်ကောင်း၏ ဉာဏ်ဝယ် အထူး ထင်ရှားလာသောအခါ ထိုပထမစျာန်မှ ထ၍ ထိုစျာန်အင်္ဂါ (၅)ပါးတို့ကို စတင် သိမ်းဆည်းပါ။ စျာန်အင်္ဂါ (၅)ပါးတို့သည် အသင်ယောဂီသူတော်ကောင်း၏ ဉာဏ်ဝယ် ငါးပါးလုံး ပြိုင်တူ အဆက်မပြတ် ဆက်တိုက် အကြိမ်များစွာ ဖြစ်နေသည်ကို မြင်အောင် ရှုပါ။ စျာန်အင်္ဂါတို့သည် အကယ်၍ မထင်မရှား ဖြစ်နေသေးပါက အာနာပါနပထမစျာန်ကိုပင် တစ်ဖန်ပြန်၍ ဝင်စားပါ။ စျာန်အင်္ဂါများ အထူးထင်ရှား လာသောအခါ ----

၁။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံ ပြန်ယူပါ။

ထိုအချိန်တွင် စျာန်မှ ထစဖြစ်၍ ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံမှာ လွယ်လွယ်နှင့် ပျောက်မသွားဘဲ ရှိနေဦးမည်သာ ဖြစ်သည်။ ထိုအခါ ယင်း အာနာပါနပဋိဘာဂနိမိတ်အာရုံက ဘဝင်မနောအကြည်ဓာတ်၌ ထင်လာ သောအခါ ရှေးရှုကျရောက်လာသောအခါ စျာန်အင်္ဂါများကို လွယ်ကူစွာပင် သိမ်းဆည်း၍ ရရှိနိုင်မည်ဖြစ်ပါ သည်။ စျာန်အင်္ဂါများသည် အထူးထင်ရှားနေမည် ဖြစ်ပေသည်။ ထိုသို့ စျာန်အင်္ဂါများသည် အသင်၏ ဉာဏ်ဝယ် အထူး ထင်ရှားလာသောအခါ ယင်းစျာန်အင်္ဂါငါးပါးတို့၏ အကြိမ်များစွာ ပြိုင်တူ ဆက်တိုက်ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။

သတိပြုရန် --- စျာနသမာပတ္တိဝီထိစိတ်အစဉ်တွင် ပထမစျာန်အပ္ပနာဇောတို့၏ ရှေးဝယ် တစ်နည်းဆိုရ သော် ပထမစျာန်-စျာန်အင်္ဂါငါးပါးတို့၏ ရှေးဝယ် မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာရ, အနုလုံ, ဂေါတြဘုဟူသော ကာမာဝစရနာမ်တရားတို့လည်း ပါဝင်နေသည် ဖြစ်သော်လည်း ---- ဝိတက္ကာဒီနိ စျာနင်္ဂါနိ တံသမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။) ---- စသည်ဖြင့် စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ် တရားတို့က စ၍ နာမ်တရားတို့ကို သိမ်းဆည်းရန် သမထယာနိကပုဂ္ဂိုလ်အား ညွှန်ကြားထားသဖြင့် ဤကျမ်း၌ လည်း စျာန်အင်္ဂါတို့ကို စတင်၍ သိမ်းဆည်းရန် ညွှန်ကြားရခြင်း ဖြစ်သည်။ စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ်တရား တို့ကို ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းပြီးသော အခါတွင်မူကား တစ်ဖန်ပြန်၍ ဝီထိစိတ်အစဉ်အတိုင်း သိမ်းဆည်း ရဦးမည်သာဖြစ်ပေသည်။

ဤပထမစျာနသမာပတ္တိဝီထိ အတွင်းဝယ် တည်ရှိကြသော ပရိကံ, ဥပစာရ, အနုလုံ, ဂေါတြဘု ဟူသော ကာမာဝစရ ဥပစာရသမာဓိဇောများနှင့် အပ္ပနာစျာန်ဇောတို့မှာ ကာမာဝစရတရား မဟဂ္ဂုတ်တရားဟု ကွဲပြားမှု ရှိသော်လည်း ယင်းဇောစိတ်တို့၏ စိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသော သမ္ပယုတ္တဓမ္မ အမည်ရသည့် စိတ်စေတသိက်တရားစုတို့ကား ဤ ပထမစျာနသမာပတ္တိဝီထိဝယ် တူညီလျက်ပင် ရှိပေသည်။ အဟုန်ပြင်းစွာ ဖြစ်တတ်သော ဇောသဘောတရားအားဖြင့်လည်း တူညီလျက်ပင် ရှိပေသည်။ ဥပစာရဇောနှင့် အပ္ပနာဇောတို့သည် အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံပြုကြသဖြင့် အာရုံချင်းလည်း တူညီလျက်ပင် ရှိသည်။ (အာနာပါနစျာန်ပိုင်းဖြစ်၍ အာနာပါနကို ကွက်၍ ဆိုခြင်း ဖြစ်သည်။)

ထိုကြောင့် ထို ပရိကံ, ဥပစာရ, အနုလုံ, ဂေါတြဘု ဇောများကိုလည်း အပ္ပနာစျာန်ဇော၏ အနီးအပါး၌ ဖြစ်လေ့ရှိသော သမာဓိနှင့် ယှဉ်သောကြောင့် ကာမာဝစရ ဥပစာရသမာဓိဇောများဟုလည်း ခေါ်ဆိုပေသည်။ ထိုဥပစာရသမာဓိအခိုက်၌ စျာန်အင်္ဂါများလည်း ထင်ရှားလျက်ပင်ရှိ၏၊ သို့သော် ထာမဂတ ခေါ်သည့် စွမ်းအား နှင့် ပြည့်ဝစုံညီသည့် အဆင့်သို့ကား မရောက်ရှိသေးပေ။ သို့အတွက် အဘိဓမ္မာအခြေခံပညာ အားနည်းသူ ယောဂါဝစရပုဂ္ဂိုလ်များကား ပရိကံ, ဥပစာရ, အနုလုံ, ဂေါတြဘု ဟူသော အမည်နာမများကိုကား သိရှိနိုင်မည် မဟုတ်ပါ။ အပ္ပနာစျာန်၏ အနီးအပါး၌ ဖြစ်သော ဇောများ အနေဖြင့်သာ သိရှိနေမည် ဖြစ်ပေသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် အပ္ပနာဇောအတွင်း၌ တည်ရှိသော စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ္တဓမ္မ အမည်ရ သည့် စိတ်စေတသိက်တရားစုတို့ကို အောင်မြင်စွာ သိမ်းဆည်းနိုင်သောအခါ ယင်းဥပစာရစျာန်ဇောများ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကိုလည်း လွယ်ကူစွာပင် သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ သို့အတွက် အခက် အခဲ ရှိသော ယောဂါဝစရပုဂ္ဂိုလ်တို့အား တစ်ရံတစ်ခါ မနောဒွါရာဝဇ္ဇန်း, ဇော အကြိမ်များစွာ ဖြစ်နေမှုကိုပင် မြင်အောင် ရှုပါ၊ နာမ်တရားတို့ကို သိမ်းဆည်းပါဟု ညွှန်ကြားပေးရ၏။ ယင်းသို့သော ညွှန်ကြားချက်မှာ ဝီထိ စိတ်အစဉ် စည်းကမ်းနှင့် မညီညွတ်သည် မှန်သော်လည်း လက်တွေ့ရှုသည့် အလုပ်ခွင်တွင်ကား ပညာနုံ့သူတို့ အတွက် လွယ်ကူလျက်ပင် ရှိပေသည်။

စတင်အားသစ်ပုံ

စတင်အားသစ်ပုံ

ထိုစျာန်အင်္ဂါငါးပါးတို့သည် အသင်ယောဂီသူတော်ကောင်း၏ ဉာဏ်ဝယ် ထင်ရှားလာသောအခါ ယင်း စျာန်အင်္ဂါငါးပါးတို့သည် [(၅)လုံးပြီး နောက် (၅)လုံး, နောက် (၅)လုံးပြီး နောက် (၅)လုံး --- ဤသို့ စသည်ဖြင့်] အကြိမ်များစွာ ဆက်တိုက် ဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ယင်းသို့ စျာန်အင်္ဂါငါးပါးတို့၏ ဇောစိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ ပြိုင်တူ အကြိမ်များစွာ ဆက်တိုက်ဖြစ်နေမှုကို သိမ်းဆည်းနိုင်ပါက ယင်းစျာန်နှင့် ယှဉ်ဖက်ဖြစ်ကုန်သော စျာနသမ္ပယုတ်တရားစုတို့ကို ----

၁။ အသိစိတ်က စ၍သော်လည်းကောင်း,

၂။ ဝေဒနာက စ၍သော်လည်းကောင်း,

၃။ ဖဿက စ၍သော်လည်းကောင်း ----

ဤနာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းရှုပွားနည်း သုံးနည်းတို့တွင် တစ်နည်းနည်းဖြင့် ယင်းနာမ်တရားတို့ကို တစ်လုံးမှ စ၍ တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ (၃၄)မျိုးသော ပထမစျာန်နာမ်တရားတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။ ဉာဏ်နုံ့သူ ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်တို့အတွက် ယင်းပထမစျာန်နာမ်တရား (၃၄)မျိုးတို့ကို ဤတွင် ထပ်မံ၍ ဖော်ပြအပ်ပါသည်။

ပထမစျာန် နာမ်တရား (၃၄) လုံး

ပထမစျာန် နာမ်တရား (၃၄) လုံး

၁။ အသိစိတ် = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ရယူခြင်းသဘော၊

[ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ (မူလဋီ၊၁၊၈၇)ဟူသော မူလဋီကာနှင့်အညီ အာရုံကို သိသည်ဟူရာ၌ ထိုအာရုံကို လှမ်း၍ အာရုံယူရာ အာရုံယူ၍ ရမှုသဘောသာ ဖြစ်သည်။ အကယ်၍ အာရုံကို ယူ၍ မရရှိပါက ထိုအာရုံကို သိသည်ဟု မဆိုနိုင်ပေ။]

၂။ ဖဿ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော၊ (လက္ခဏ)

= အာနာပါနပဋိဘာဂနိမိတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော၊ (ရသ)

၃။ ဝေဒနာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ခံစားခြင်းသဘော (ပထမစျာန်၌ သောမနဿဝေဒနာ၊)

[မှတ်ချက် --- နောက်စေတသိက်တို့၌ အာရုံဟု ဆိုရာ၌ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် အထူး ရည်ညွှန်းနေသည်ဟု မှတ်ပါ။]

၄။ သညာ = အာရုံကို မှတ်သားခြင်းသဘော၊

၅။ စေတနာ = အာရုံပေါ်သို့ ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော် ပေးခြင်း = နှိုးဆော်ပေးခြင်းသဘော၊

၆။ ဧကဂ္ဂတာ = အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော၊

= တည်ငြိမ်နေခြင်းသဘော၊

= သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော၊

၇။ ဇီဝိတ = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော (= နာမ်သက်စောင့်ဓာတ်)၊

၈။ မနသိကာရ = အာရုံဘက်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပိ့ုပေးခြင်းသဘော၊

= မောင်းနှင်ပေးခြင်းသဘော၊

= အာရုံကို နှလုံးသွင်းခြင်းသဘော၊

၉။ ဝိတက် = အာရုံပေါ်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ရှေးရှု တင်ပေးခြင်းသဘော၊

= ကြံစည်ခြင်းသဘော၊

၁၀။ ဝိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း ဆုပ်နယ်ခြင်း သဘော၊

= အာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော၊

၁၁။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ချက် ချခြင်းသဘော၊

၁၂။ ဝီရိယ = အာရုံကို သိအောင် (= သမ္ပယုတ်တရားတို့ ဖြစ်အောင်) ကြိုးစားအားထုတ်ခြင်းသဘော၊

[မှတ်ချက် --- - သမာဓိသိက္ခာပိုင်း ဖြစ်သဖြင့် သမာဓိထူထောင်ခိုက်, စျာန်သမာပတ် ဝင်စားခိုက်တို့၌ - အထူးသဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားမှု သဘောပင် ဖြစ်သည်။ ဝီရိယသည် သမ္ပယုတ်တရားတို့ကို အာရုံ၌ ခိုင်ခံ့အောင် တည်တံ့အောင် အားပေး ထောက်ပံ့ထားခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို ပြုလုပ်ပေးသည်။]

၁၃။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊

၁၄။ ဆန္ဒ = အာရုံကို သိလိုခြင်းသဘော၊

= အာရုံ၌ စိတ်တည်ကြည်လိုခြင်း = သမာဓိဖြစ်လိုခြင်း = သမ္ပယုတ်တရားတို့ကို ဖြစ်စေ လိုခြင်းသဘော၊

၁၅။ သဒ္ဓါ = စျာန်သမာဓိသိက္ခာ (= စျာန်သမာဓိကျင့်စဉ်)ကို ယုံကြည်ခြင်းသဘော၊

[သဒ္ဓါ ဖြစ်ရာ (၈)ဌာနတို့၌ သိက္ခာသုံးပါးလည်း ပါဝင်လျက်ပင် ရှိ၏။ စျာန်သမာဓိသိက္ခာ (= စျာန်သမာဓိ ကျင့်စဉ်) ကို ယုံကြည်ခြင်းသည်လည်း သဒ္ဓါပင် ဖြစ်သည်။]

၁၆။ သတိ = အာရုံ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ် စေခြင်းသဘော၊

= အာရုံကို မမေ့ပျောက်ခြင်းသဘော၊

= အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊

၁၇။ ဟိရိ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊

၁၈။ ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊

[ဤ ဟိရိ - ဩတ္တပ္ပတရား နှစ်ပါးကား စျာန်သမာဓိအခိုက်၌ ရှေးရှုတည်နေရုံ တည်နေခြင်း သဘောသာ ဖြစ်သည်။ အထူးသဖြင့် ဤအပိုင်းတွင် အာနာပါနပဋိဘာဂနိမိတ်ကိုသာ အာရုံမူနေသည့်အခိုက် ဖြစ်ရကား အကုသိုလ်ဒုစရိုက်တို့နှင့် ထိပ်တိုက် ရင်ဆိုင် တွေ့နေသည့် အချိန်အခိုက်လည်း မဟုတ်သောကြောင့် ဖြစ်သည်။ အရှက်အကြောက်ရှိ၍သာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဖြည့်ကျင့်နေခြင်း ဖြစ်၏။ ယင်းရှက်မှု ကြောက်မှုတို့ကား စျာန်မဝင်စားမီ, ဝင်စားပြီး, ဝင်စားဆဲ အချိန်တို့၌ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ နာမ်သန္တတိအစဉ်ဝယ် ရှေးရှုတည်နေကြသည်သာ ဖြစ်၏။]

၁၉။ အလောဘ = အာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်းသဘော၊

= အာရုံကို ငါ့ဟာဟု မစွဲယူခြင်းသဘော၊

၂၀။ အဒေါသ = အာရုံ၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊

= အာရုံကို မဖျက်ဆီးလိုခြင်းသဘော၊

၂၁။ တတြမဇ္ဈတ္တတာ = အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊

= အာရုံကို လျစ်လျူရှုခြင်းသဘော၊

၂၂။ ကာယပဿဒ္ဓိ = အာရုံ၌ စေတသိက်တို့၏ ငြိမ်းအေးခြင်းသဘော၊

၂၃။ စိတ္တပဿဒ္ဓိ = အာရုံ၌ စိတ်၏ ငြိမ်းအေးခြင်းသဘော၊

၂၄။ ကာယလဟုတာ = အာရုံ၌ စေတသိက်တို့၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊

၂၅။ စိတ္တလဟုတာ = အာရုံ၌ စိတ်၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊

၂၆။ ကာယမုဒုတာ = အာရုံ၌ စေတသိက်တို့၏ နူးညံ့ခြင်းသဘော၊

၂၇။ စိတ္တမုဒုတာ = အာရုံ၌ စိတ်၏ နူးညံ့ခြင်းသဘော၊

၂၈။ ကာယကမ္မညတာ = အာရုံ၌ စေတသိက်တို့၏ ခံ့ညားခြင်းသဘော၊

= အာရုံကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊

၂၉။ စိတ္တကမ္မညတာ = အာရုံ၌ စိတ်၏ ခံ့ညားခြင်းသဘော၊

= အာရုံကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊

၃၀။ ကာယပါဂုညတာ = အာရုံ၌ စေတသိက်တို့၏ ပြွမ်းတီးလေ့လာနိုင်နင်းခြင်း သဘော၊

= ကျွမ်းကျင် လိမ္မာခြင်းသဘော၊

= ကိလေသာ အနာကင်းခြင်းသဘော၊

၃၁။ စိတ္တပါဂုညတာ = အာရုံ၌ စိတ်၏ ပြွမ်းတီးလေ့လာ နိုင်နင်းခြင်းသဘော၊

= ကျွမ်းကျင် လိမ္မာခြင်းသဘော၊

= ကိလေသာ အနာကင်းခြင်းသဘော၊

၃၂။ ကာယုဇုကတာ = အာရုံ၌ စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော၊

= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊

၃၃။ စိတ္တုဇုကတာ = အာရုံ၌ စိတ်၏ ဖြောင့်မတ်ခြင်းသဘော၊

= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊

၃၄။ ပညာ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိမြင်ခြင်းသဘော၊

(စျာနသမ္မာဒိဋ္ဌိပင်တည်း။)

ဤသည်တို့ကား အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် နာမ်တရား (၃၄)လုံးတို့ပင် ဖြစ်ကြသည်။ ထို (၃၄)လုံးတို့တွင် စျာန်အင်္ဂါများကို ဇောစိတ္တက္ခဏတိုင်း၌ ငါးလုံးစီ ငါးလုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ကျန် စိတ်+စေတသိက်တရားတို့ကို တစ်စ တစ်စ တိုး၍ ဆက်လက် သိမ်းဆည်းရမည် ဖြစ်သည်။

နမူနာတစ်ခု ပုံစံပြုရသော်

နမူနာတစ်ခု ပုံစံပြုရသော်

အသိစိတ်က စ၍ တစ်လုံးစီ တစ်လုံးစီ ပထမ ရှုကြည့်ပါ။ အသိစိတ် တစ်လုံးကို ဇောစိတ္တက္ခဏတိုင်း၌ အကြိမ်များစွာ အဟုန်ပြင်းစွာ ဆက်တိုက် ဖြစ်နေမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ နောက် ထပ် ဖဿတစ်လုံး ထပ်တိုး၍ အသိစိတ်နှင့် ဖဿ နှစ်လုံးတို့သည် ဇောစိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်နေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ၊ သိမ်းဆည်းပါ။ အောင်မြင်မှု ရရှိခဲ့သော် ဝေဒနာ စသည့် ကျန်စေတသိက်တို့ကိုလည်း တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ (၃၄)လုံး ပြည့်သည်တိုင်အောင် ဆက်လက်၍ ရှုကြည့်ပါ။ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ ဇောစိတ္တက္ခဏတိုင်းဝယ် သုံးလုံး သုံးလုံး, လေးလုံး လေးလုံး, ငါးလုံး ငါးလုံး - ဤသို့ စသည်ဖြင့် ပြိုင်တူဖြစ်နေမှုကို အသိဉာဏ်ဝယ် ရှင်းရှင်းကြီး မြင်နေအောင် လေ့ကျင့်ပါ။

ဤစျာနဓမ္မ အမည်ရသည့် ပထမစျာန်နာမ်တရား (၃၄)လုံးတို့ကို ဇောစိတ္တက္ခဏတိုင်း၌ ရှင်းရှင်းလင်းလင်း ကြီး ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ပထမစျာနသမာပတ္တိ ဝီထိစိတ်အစဉ်အတိုင်း ပုံစံအတိုင်း ဆက်လက်၍ သိမ်းဆည်းပါ။

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး,

၂။ ပရိကံ၌ နာမ်တရား (၃၄)လုံး,

၃။ ဥပစာ၌ နာမ်တရား (၃၄)လုံး,

၄။ အနုလုံ၌ နာမ်တရား (၃၄)လုံး,

၅။ ဂေါတြဘု၌ နာမ်တရား (၃၄)လုံး,

၆။ စျာန်ဇောတိုင်း၌ နာမ်တရား (၃၄)လုံးစီ ----

ဤ နာမ်တရားတို့ကို စိတ္တက္ခဏတိုင်း၌ နာမ်ဃနခေါ်သည့် နာမ်တုံး နာမ်ခဲတို့ကို ပြိုကွဲအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။

မနောဒွါရာဝဇ္ဇန်း - နာမ်တရား (၁၂) လုံး

မနောဒွါရာဝဇ္ဇန်း - နာမ်တရား (၁၂) လုံး

မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး ဟူသည်မှာ - အသိစိတ်, ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ, ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယတို့ ဖြစ်ကြသည်။ ယင်းနာမ်တရားစု အားလုံး တို့သည်လည်း ဤအပိုင်းတွင်ကား အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် အာရုံပြုကြပေသည်။

နာမ်ရုပ် - သိမ်းဆည်းပါ

နာမ်ရုပ် - သိမ်းဆည်းပါ

ယင်း ပထမစျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိသော နာမ်တရားတို့ကို စိတ္တက္ခဏတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းနိုင်ခဲ့သော် ယင်းနာမ်တရားအားလုံးတို့ကို ခြုံငုံ၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၌ ဤသို့ ညွှန်ကြားထားတော်မူသည်။

ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ဧတံ နာမန္တိ ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

= ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ထိုအလုံးစုံကုန်သော (ပထမစျာနသမာပတ္တိဝီထိ၏ အတွင်း၌ စိတ္တက္ခဏတိုင်းဝယ် တည်ရှိကြကုန်သော) နာမ်တရားတို့ကိုလည်း အလွန် ကြည်လင်တောက်ပနေသော အာနာပါန ပဋိဘာဂနိမိတ် အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းတတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်းတစ်စုတည်း ပြု၍ ဤကား နာမ်တရားဟု ရှု၏၊ ရှုပါ သိမ်းဆည်းပါ။

ဤညွှန်ကြားချက်များအရ ပထမစျာနသမာပတ္တိဝီထိ၏ အတွင်း၌ စိတ္တက္ခဏတိုင်းဝယ် တည်ရှိကြကုန် သော နာမ်တရားတို့ကို ရှေးဦးစွာ အသိစိတ် ဖဿ ဝေဒနာ သညာ စေတနာ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ထိုနောင် မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး, ဇောစိတ္တက္ခဏတိုင်း၌ နာမ် တရား (၃၄)လုံးတို့ကို စိတ္တက္ခဏတိုင်းဝယ် ပြိုင်တူ ပြိုင်တူ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက်ရှုပါ။ ယင်းနာမ်တရားတို့သည် စိတ္တက္ခဏတိုင်းဝယ် ပြိုင်တူ ပြိုင်တူ ဖြစ်နေမှုကို ထင်ထင်ရှားရှား ဉာဏ်ဖြင့် တွေ့မြင် သောအခါ ယင်းနာမ်တရားအားလုံးကို ခြုံငုံ၍ ယင်းနာမ်တရားတို့၏ အာနာပါနပဋိဘာဂနိမိတ်အာရုံသို့ ညွတ် ကိုင်းရှိုင်းနေသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ နာမ်တရား နာမ်တရားဟု ဆက်လက် သိမ်း ဆည်းပါ။ ခွဲရှုခြင်း ခြုံရှုခြင်းဟူသော နှစ်နည်းလုံးကို အသုံးပြုရမည် ဖြစ်သည်။

[မှတ်ချက် --- - ဤ၌ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းခိုက်ကိုသာ ရေးသားနေဆဲ ဖြစ်သဖြင့် အာနာပါနပဋိဘာဂနိမိတ်ကို ဦးတည်၍ ပြောဆိုနေခြင်း ဖြစ်သည်။ ကျန်ကမ္မဋ္ဌာန်းတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ အကယ်၍ အသင်ယောဂီသူတော်ကောင်း သည် ကသိုဏ်း (၁၀)ပါး, သမာပတ် (၈)ပါး, စတုရာရက္ခကမ္မဋ္ဌာန်း စသည်တို့ကို လေ့ကျင့်ထားပြီးသူ ဖြစ်ပါက ယင်းစျာနဓမ္မ အမည်ရသည့် နာမ်တရားတို့ကိုလည်း နည်းမှီး၍ ဆက်လက် သိမ်းဆည်းပါ။]

ဤကား အသိစိတ်က စ၍ စျာနဓမ္မ အမည်ရသည့် နာမ်တရားတို့ကို သိမ်းဆည်းပုံ အမြွက်တည်း။ ဖဿ ကစ၍ သိမ်းဆည်းရာ, ဝေဒနာကစ၍ သိမ်းဆည်းရာတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

အသိစိတ်က စ၍ စျာနဓမ္မ အမည်ရသည့် နာမ်တရားတို့ကို သိမ်းဆည်းသည့်နည်း, ဖဿက စ၍ သိမ်းဆည်းသည့်နည်း, ဝေဒနာက စ၍ သိမ်းဆည်းသည့်နည်း - ဤနာမ်ကမ္မဋ္ဌာန်းကို ရှုပွားနည်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် တစ်နည်းနည်းဖြင့် နာမ်တရားတို့ကို = အပ္ပနာဇောစိတ္တက္ခဏတိုင်း၌ ပါဝင်တည်ရှိကြသော နာမ်တရား (၃၄)လုံးတို့ကို ခြုံငုံ၍ နာမ်တရား နာမ်တရားဟု သိမ်းဆည်းသော်လည်း (၃၄)မျိုးကုန်သော ပရမတ္ထ ဓာတ်သားတို့ကို ပရမတ္ထဓာတ်သားတစ်ခုတည်း အနေဖြင့် မမြင်ဘဲ ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် စသည်ဖြင့် ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပိုင်းခြားမှတ်သားနိုင်ရမည်ဟု သိစေလို၍ အဋ္ဌကထာဆရာတော်က ဝဝတ္ထပေတဗ္ဗံ (ဝိသုဒ္ဓိ၊၂၊၂၂၂။) - ဟု ညွှန်ကြားထားတော်မူပေသည်။

ဤစျာန်နှင့် စျာနသမ္ပယုတ်တရားဟူသော စျာနဓမ္မတရားစုတို့ကို နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပို၍ ပိုင်ပိုင်နိုင်နိုင် ထင်ထင်လင်းလင်း ရှင်းရှင်းကြီး သိမြင်သော အခါ သိမ်းဆည်းနိုင်သောအခါ - မနောဒွါရာဝဇ္ဇန်းနှင့် တကွ, ပရိကံ ဥပစာ အနုလုံ ဂေါတြဘု - အမည်ရသော ကာမာဝစရ ဥပစာရ သမာဓိဇောများနှင့်တကွ အပ္ပနာစျာန်ဇောအတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြကုန်သော ပထမ စျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော နာမ်တရားတို့ကို နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဆက်လက်၍ သိမ်းဆည်းပါ။ ထိုနောင် ဆက်လက်၍ ပြုလုပ်ရမည့် လုပ်ငန်းခွင်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ အောက်ပါအတိုင်း ညွှန်ကြားထားတော်မူပြန်၏။

တတော ယထာ နာမ ပုရိသော အန္တောဂေဟေ သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တော ဣဒံ နာမံ ကိံ နိဿာယ ပဝတ္တတီတိ ပရိယေသမာနော တဿ နိဿယံ ဟဒယရူပံ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ, ဘူတာနိဿိတာနိ စ သေသုပါဒါယရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။ တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမ ရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

= အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ - လောကဥပမာအားဖြင့် ယောက်ျားတစ်ဦးသည် အိမ်တွင်း၌ မြွေကို တွေ့မြင်ခဲ့သော် ထိုမြွေ၏ နောက်သို့ အစဉ်လိုက်လျက် ကြည့်ရှုသည် ရှိသော် ထိုမြွေ၏ ကိန်းဝပ်တည်နေရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ဤ ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်း ထိုနာမ်တရားကို --- -

ဤ နာမ်တရားသည် အဘယ်ကို မှီ၍ ဖြစ်နေသနည်း --- -

ဟု ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လတ်သော် ရှာဖွေကြည့်လတ်သော် ထိုနာမ်တရား၏ မှီရာ ဟဒယ ရုပ်ကို တွေ့မြင်လေ၏။ ထိုနောင် ဟဒယရုပ်၏ မှီရာ ဘူတရုပ် = ဓာတ်ကြီး (၄)ပါးတို့ကိုလည်းကောင်း, ဘူတရုပ် = ဓာတ်ကြီး (၄)ပါးကို မှီ၍ ဖြစ်နေကြကုန်သော ဟဒယရုပ်မှ ကြွင်းကျန်ကုန်သော ဥပါဒါရုပ်တို့ကိုလည်းကောင်း ဤသို့လျှင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်းဆည်း၏။ ထို ယောဂါဝစရပုဂ္ဂိုလ်သည် ဤအလုံးစုံသော ရုပ်တရားကို ဖောက်ပြန်တတ်သော အနက်သဘောအားဖြင့် ရုပ်ဟု ပိုင်းခြားမှတ်သား၏။ ထိုနောင် --- -

၁။ အာရုံသို့ ညွတ်တတ်သော သဘောလက္ခဏာရှိသော တရားကား နာမ်,

၂။ ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ် - ဟု

အကျဉ်းအားဖြင့် နာမ်နှင့် ရုပ်ကို ပိုင်းခြားမှတ်သား၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ချက် ညွှန်ကြားတော်မူချက်အတိုင်း စျာန်နာမ်တရားတို့ကို သိမ်း ဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် စျာန်နာမ်တရားတို့၏ မှီရာ ဟဒယ = နှလုံးအိမ်၌ တည်ရှိကြကုန်သော ဟဒယဝတ္ထုနှင့်တကွ (၅၄)မျိုးကုန်သော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ဆက်လက်သိမ်းဆည်း၍ နာမ်ရုပ်ကို ပိုင်းခြား မှတ်သားရမည် ဖြစ်သည်။ သို့အတွက် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စျာန်နာမ်တရားတို့နှင့် မှီရာ ဝတ္ထုရုပ်တို့ကို အောက်ပါအတိုင်း ဇယားဖြင့် ဖော်ပြအပ်ပါသည်။

အာနာပါနပဋိဘာဂနိမိတ်အာရုံ

အာနာပါနပဋိဘာဂနိမိတ်အာရုံ

ဓမ္မာရုံလိုင်း - မနောဒွါရ - စျာနသမာပတ္တိ ဝီထိ ဇယား

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတို့ကို ပွားများ ထားပြီးသူ ဖြစ်ပါက ယင်း နာမ်တရားတို့ကိုလည်း အောက်ပါဇယားအတိုင်း ဆက်လက်၍ သိမ်းဆည်းပါ။

ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ

ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ

ဓမ္မာရုံလိုင်း - မနောဒွါရ - စျာနသမာပတ္တိ ဝီထိဇယား

ဝိတက် - ဝိစာရ - ပီတိ

ဝိတက် - ဝိစာရ - ပီတိ

တတ္ထ ဝိတက္ကဝိစာရာနံ ဝူပသမာတိ ဝိတက္ကဿ စ ဝိစာရဿ စာတိ ဣမေသံ ဒွိန္နံ ဝူပသမာ သမတိက္ကမာ၊ ဒုတိယဇ္ဈာနက္ခဏေ အပါတုဘာဝါတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၁၅၁။)

ပုဗ္ဗဘာဂေ ပရိကမ္မဥပစာရစိတ္တာနိ သဝိတက္ကသဝိစာရာနိ သပ္ပီတိကာနိ ... (အဘိ၊ဋ္ဌ၊၂၊၂၃၇။)

ဤအထက်ပါ အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုထားတော်မူချက်များအရ ပရိကံ ဥပစာရ အနုလုံ ဂေါတြဘု ဟူသော ကာမာဝစရ ဥပစာရသမာဓိဇောတို့၌ ဝိတက် ဝိစာရ ပီတိတို့ကား ယှဉ်လျက်ပင် ရှိပေသည်။ ဒုတိယစျာန် စသည့် အပ္ပနာစျာန်သမာဓိတို့၏ အခိုက်၌သာလျှင် ဝိတက် ဝိစာရတို့ မယှဉ်ကြခြင်း ဖြစ်သည်။ (စတုက္ကနည်းကို ရည်ညွှန်းထားပါသည်။) သို့သော် စတုတ္ထစျာန်၏ ကာမာဝစရ ဥပစာရသမာဓိဇောတို့၏ အခိုက်၌လည်း ပီတိ မယှဉ်နိုင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ဤသို့ ဖွင့်ဆိုထား၏။

အယံ ပန ဝိသေသော၊ ယသ္မာ သုခဝေဒနာ အဒုက္ခမသုခါယ ဝေဒနာယ အာသေဝနပစ္စယေန ပစ္စယော န ဟောတိ၊ စတုတ္ထဇ္ဈာနေ စ အဒုက္ခမသုခါယ ဝေဒနာယ ဥပ္ပဇ္ဇိတဗ္ဗံ၊ တသ္မာ တာနိ ဥပေက္ခာဝေဒနာသမ္ပယုတ္တာနိ ဟောန္တိ။ ဥပေက္ခာသမ္ပယုတ္တတ္တာယေဝ စေတ္ထ ပီတိပိ ပရိဟာယတီတိ။ (ဝိသုဒ္ဓိ၊၁၊၁၆၀။)

တာနီတိ အပ္ပနာဝီထိယံ ဇဝနာနိ သန္ဓာယာဟ။ (မဟာဋီ၊၁၊၁၈၉။)

ဤဆိုလတ္တံ့ကား ထူးခြားချက်တည်း။ သုခဝေဒနာသည် အဒုက္ခမသုခ အမည်ရသော ဆင်းရဲ မဟုတ် ချမ်းသာ မဟုတ်သည့် အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာအား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင် ဖြစ်ခဲ့၏၊ စတုတ္ထစျာန်၌လည်း အဒုက္ခမသုခ အမည်ရသော ဥပေက္ခာဝေဒနာသာ ဖြစ်သင့်၏။ ထိုကြောင့် စတုတ္ထစျာနဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော လေးကြိမ် သို့မဟုတ် ငါးကြိမ်ကုန်သော ကာမာဝစရ ဥပစာရ သမာဓိဇော အပ္ပနာစျာန်ဇောတို့သည်လည်း ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ကြရကုန်၏။ ဤ စတုတ္ထစျာနဝီထိ၌ ဇောစိတ်တို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်နေသည့် အတွက်ကြောင့်ပင်လျှင် ပီတိသည်လည်း ယုတ်လျော့ သွားရပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၀။ မဟာဋီ၊၁၊၁၈၉။)

ဗြဟ္မစိုရ်တရား လေးပါး - စျာနသမာပတ္တိဝီထိ ဇယား

ဗြဟ္မစိုရ်တရား လေးပါး - စျာနသမာပတ္တိဝီထိ ဇယား

အကယ်၍ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အရိုးစုကမ္မဋ္ဌာန်း အသုဘကမ္မဋ္ဌာန်းတို့ကိုလည်း အပ္ပနာ စျာန်သမာဓိဆိုက်အောင် ရှုထားပြီးသူ ရှုထားနိုင်သူ ဖြစ်ပါက ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေဖြင့် နှလုံးသွင်း အပ်သော အရိုးစုကမ္မဋ္ဌာန်း၌ ပထမစျာန်, အသုဘကမ္မဋ္ဌာန်း၌လည်း ပထမစျာန်နာမ်တရားတို့ကို အာနာပါန ပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော စျာနသမာပတ္တိဝီထိ ဇယားများတွင် ပါဝင်သည့် ပထမစျာန်ဇယားအတိုင်း သိမ်းဆည်းပါ။ သို့အတွက် စျာနဓမ္မ အမည်ရကြသည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အထက်ပါ ဇယားများဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

စျာန်ရသူတို့ အတွက်သာ

စျာန်ရသူတို့ အတွက်သာ

လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ၊၂၊၃၅၃။)

စျာန်ရသူတို့၏ အသိဉာဏ်၌သာလျှင် မဟဂ္ဂုတ်စိတ် အမည်ရကုန်သော စျာန်နာမ်တရားတို့သည် ကောင်းစွာ ထင်ရှားကုန်၏ဟု ဖွင့်ဆိုထားသောကြောင့် စျာန်ရသော စျာနလာဘီပုဂ္ဂိုလ်တို့သည်သာလျှင် စျာန်နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။ စျာန်မရသော သုက္ခဝိပဿက (= စျာန်စေးခန်းခြောက်သော ဝိပဿနာ ရှိသော) ပုဂ္ဂိုလ်တို့သည်ကား စျာန်နာမ်တရားတို့ကို သိမ်းဆည်းမှုကို ချန်လှပ်ထားရမည် ဖြစ်သည်။

စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသော စျာနလာဘီ ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း, စျာန် မရသော သုက္ခဝိပဿကပုဂ္ဂိုလ်သည်လည်းကောင်း ကာမာဝစရ နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်း ရမည် ဖြစ်သည်။ ။ ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၅၃။)ဟူသော ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၏ ညွှန်ကြားထားတော်မူချက် အတိုင်းပင် ဒွါရ (၆) ပါးတို့၌ နာမ်တရား၏ ဖြစ်မှုကို ဉာဏ်ဖြင့် မြင် အောင် သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်သည်။

__________

ရှေးဦးစွာ သိမ်းဆည်းရမည့် ကာမာဝစရ နာမ်တရား

ရှေးဦးစွာ သိမ်းဆည်းရမည့် ကာမာဝစရ နာမ်တရား

တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ, သညံ, သင်္ခါရေ, ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။)

အချို့သော ကာမာဝစရနာမ်တရားတို့သည် ယေဘုယျအားဖြင့် ပညတ်နှင့် ပရမတ် နှစ်မျိုးလုံးကိုပင် အာရုံ ပြုကြ၏။ ထိုတွင် အထက်ပါ အဋ္ဌကထာကြီးများ၏ ညွှန်ကြားထားတော်မူချက်များအတိုင်း အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော နာမ် တရားစုကို ရှေးဦးစွာ စတင်၍ သိမ်းဆည်း ရှုပွားရမည် ဖြစ်ပါသည်။

အချို့အရာ၌ ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့မှာ ထင်လွယ် မြင်လွယ်သဖြင့် ရုပ် တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရာဝယ် အခက်အခဲရှိနေပါက ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့က စ၍ သိမ်းဆည်းပုံကို ဖော်ပြထားပါသည်။ ပညတ်ကို ရှုနေသည်ကား မဟုတ်၊ ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကိုသာ သိမ်းဆည်းနေခြင်း ဖြစ် သည်၊ ရှုပွားနေခြင်းဖြစ်သည်။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန် သော စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားသကဲ့သို့ မှတ်ပါ။

တစ်ဖန်နာမ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားသစ်စဖြစ်သော အာဒိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဒုပ္ပရိဂ္ဂါဟ = သိမ်းဆည်းဖို့ရန် ခက်ခဲသောကြောင့် မဖော်ပြခြင်း ဖြစ်ပါသည်။ ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ၌ကား ရူပသတ္တကရှုနည်း, အရူပသတ္တကရှုနည်း တို့၌ လည်းကောင်း, ဘင်္ဂဉာဏ်စသော အထက်ပိုင်း ဝိပဿနာဉာဏ်တို့၌လည်းကောင်း နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း ဝိပဿနာ ရှုပွားပုံစနစ်များကို ဖော်ပြထားပါသည်။ သို့သော် ဤ နာမရူပရိစ္ဆေဒဉာဏ်ပိုင်း၌ကား ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းပုံကို ဦးစားပေး၍ ဖော်ပြထားပါသည်။

အာရုံ (၆) ပါး ခွဲပုံ

အာရုံ (၆) ပါး ခွဲပုံ

ရုပ်တရားတို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်ပါက အာရုံ (၆)မျိုး ရရှိပေသည်။

၁။ ရူပါရုံ (အဆင်း),

၂။ သဒ္ဒါရုံ (အသံ),

၃။ ဂန္ဓာရုံ (အနံ့ ),

၄။ ရသာရုံ (အရသာ),

၅။ ဖောဋ္ဌဗ္ဗာရုံ (အတွေ့အထိ) (ပထဝီ, တေဇော, ဝါယော),

၆။ ဓမ္မာရုံ (က) ပသာဒရုပ် = အကြည်ရုပ်ငါးပါး,

( ခ ) သုခုမရုပ် = သိမ်မွေ့သော ရုပ် (၁၆)ပါး --- -

ဤသို့လျှင် ရုပ်တရားတို့ကို အာရုံအလိုက် ခွဲတမ်းချ လိုက်သော် အာရုံ (၆)မျိုး ရရှိပေသည်။ ထိုတွင် ဓမ္မာရုံ အမည်ရသော ဓမ္မာရုံလိုင်း၌ အကျုံးဝင်သော ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရား များမှာ ကာမာဝစရ မနောဒွါရိကဇောဝီထိ စိတ်အစဉ်များသာ ဖြစ်ကြသဖြင့် ဝီထိစိတ် အရေအတွက် နည်းပါး ရကား နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ ယောဂီသူတော်စင်တို့အဖို့ ပိုမို၍ လွယ်ကူချောမောပေသည်။ သို့အတွက် ဓမ္မာရုံလိုင်းက စ၍ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ရှေးဦးစွာ ဖော်ပြမည် ဖြစ်ပါသည်။

လိုင်းသတ်မှတ်ပုံ

လိုင်းသတ်မှတ်ပုံ

ရုပ် (၂၈)ပါးတို့ကို အာရုံအလိုက် ခွဲတမ်း ချလိုက်ခဲ့သော် အာရုံ (၆)ပါး ရရှိသဖြင့် ယင်းရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း (၆)လိုင်း သတ်မှတ်ထားပါသည်။

၁။ ရူပါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ရူပါရုံလိုင်း နာမ်တရားများဟုလည်းကောင်း,

၂။ သဒ္ဒါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သဒ္ဒါရုံလိုင်း နာမ်တရားများဟုလည်းကောင်း,

၃။ ဂန္ဓာရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဂန္ဓာရုံလိုင်း နာမ်တရားများဟုလည်းကောင်း,

၄။ ရသာရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ရသာရုံလိုင်း နာမ်တရားများဟု လည်းကောင်း,

၅။ ဖောဋ္ဌဗ္ဗာရုံကို (= ပထဝီ, တေဇော, ဝါယော)တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရားများဟုလည်းကောင်း,

၆။ ဓမ္မာရုံအမည်ရသည့် ပသာဒရုပ် သုခုမရုပ်တို့ကို, သို့မဟုတ် ယင်းဓမ္မာရုံ အမည်ရသည့် ရုပ်တစ်ခုခုကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဓမ္မာရုံလိုင်း နာမ်တရားများဟုလည်းကောင်း --- အသီးအသီး ခေါ်ဝေါ်သုံးစွဲထားပါသည်။

ဉာဏ်နုသူ သူတော်ကောင်းများအတွက် ခေါ်ဝေါ်လွယ်ကူစေရန် ရည်သန်၍ သုံးစွဲထားသော ဝေါဟာရ များပင် ဖြစ်သည်။

ဓမ္မာရုံလိုင်း ကာမာဝစရ နာမ်တရားများ

ဓမ္မာရုံလိုင်း ကာမာဝစရ နာမ်တရားများ

စျာန်မရသော သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်များသည် ဤအပိုင်းမှ စ၍ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းရမည် ဖြစ်သည်။ စျာန်ရသော သမထယာနိကပုဂ္ဂိုလ် တို့သည်လည်း စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ ဤကာမာဝစရ နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည်သာ ဖြစ်ပေသည်။ ဤတွင် ဉာဏ်နုသူ ယောဂါဝစရပုဂ္ဂိုလ်တို့အတွက် စက္ခုအကြည်ဓာတ် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြ ကုန်သော အကောင်းအုပ်စုနာမ်တရားစုတို့ကို နမူနာပုံစံအဖြစ် ရှုပွားပုံစနစ်နှင့်တကွ ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

စက္ခုအကြည်ဓာတ် - ဓမ္မာရုံ - အာရုံ

စက္ခုအကြည်ဓာတ် - ဓမ္မာရုံ - အာရုံ

ရှေးဦးစွာ ဝိပဿနာ၏ အခြေပါဒက ဖြစ်သော အာနာပါနဿတိသမာဓိကို စတုတ္ထစျာန် ဆိုက်သည် တိုင်အောင် သမာဓိ ထူထောင်ပါ။ အကယ်၍ အသင်ယောဂီ သူတော်ကောင်းသည် ဩဒါတကသိုဏ်းအထိ သမာဓိ ထူထောင်ပြီးသူ ဖြစ်ပါက ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိ ထူ ထောင်လိုကလည်း သမာဓိ ထူထောင်ပါ။ ထိုသမာဓိမှ ထသောအခါ --- -

၁။ ဘဝင် = မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပြီးသောအခါ --- -

၂။ စက္ခုအကြည်ဓာတ်ကို လှမ်းအာရုံယူပါ၊ သိမ်းဆည်းပါ။

(ရုပ်ကမ္မဋ္ဌာန်းကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းပြီးပါမှ နာမ်ကမ္မဋ္ဌာန်းသို့ ပြောင်းရွှေ့လာသူ သိမ်း ဆည်းနေသူ ဖြစ်သဖြင့် ဤအချိန်တွင် စက္ခုအကြည်ဓာတ်ကို လွယ်လွယ်ကူကူ သိမ်းဆည်း၍ ရှု၍ ရနေမည်သာ ဖြစ်သည်၊ ရှုတတ်နေမည်သာ ဖြစ်သည်။)

၃။ ထိုစက္ခုအကြည်ဓာတ်သည် ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ သို့မဟုတ် စက္ခုအကြည်ဓာတ် သည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှုကျရောက်လာသောအခါ မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။

၄။ ထိုဝီထိတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းစိတ်က သို့မဟုတ် မနောဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်တွဲလျက် ဖြစ် ပေါ်လာသော အဓိမောက္ခစေတသိက်က စက္ခုအကြည်ဓာတ်ဟု ဆုံးဖြတ်ကြည့်ပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများ စောမည် ဖြစ်သည်။

၅။ ထိုမနောဒွါရိကဇောဝီထိ စိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် (၁၂)လုံး, ဇော အသီးအသီး၌ နာမ်တရား (၃၄)လုံးစီ, တဒါရုံကျခဲ့သော် တဒါရုံ အသီးအသီး၌ နာမ်တရား (၃၄)လုံးစီ အသီးအသီး ရှိကြမည် ဖြစ်သည်။ ဉာဏ် ပီတိ နှစ်မျိုးလုံး ပါဝင်ခဲ့သော်သာ (၃၄)လုံး ဖြစ်သည်၊ ဉာဏ် ပီတိများ တစ်မျိုးသော်လည်းကောင်း, နှစ်မျိုးလုံးသော်လည်းကောင်း မပါဝင်ခဲ့သော် (၃၃^၃၂ )လုံးသော နာမ်တရားများ ရှိကြမည် ဖြစ်သည်။

ထိုတွင် မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး ဟူသည်မှာ --- - အသိစိတ်, ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ, ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယတို့ ဖြစ်ကြသည်။ ဇောနှင့် တဒါရုံ အသီးအသီး၌ နာမ်တရား (၃၄)လုံးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

နာမ်တရား (၃၄) လုံး

နာမ်တရား (၃၄) လုံး

၁။ အသိစိတ် = စက္ခုအကြည်ဓာတ်အာရုံကို ရယူခြင်းသဘော၊

၂။ ဖဿ = စက္ခုအကြည်ဓာတ်အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော၊

= စက္ခုအကြည်ဓာတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော၊

၃။ ဝေဒနာ = စက္ခုအကြည်ဓာတ်အာရုံ၏ အရသာကို ခံစားခြင်းသဘော၊ (သောမနဿဝေဒနာ၊)

(နောက်စေတသိက်တို့၌ အာရုံ ဟုဆိုလျှင် စက္ခုအကြည်ဓာတ်အာရုံ ဟု မှတ်ပါ။)

၄။ သညာ = အာရုံကို (စက္ခုအကြည်ဓာတ်ဟု) မှတ်သားထားခြင်းသဘော၊

၅။ စေတနာ = အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်းသဘော၊

= နှိုးဆော်ပေးခြင်းသဘော၊

၆။ ဧကဂ္ဂတာ = အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော၊

= တည်ငြိမ်နေခြင်းသဘော၊

= သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော၊

၇။ ဇီဝိတ = အာရုံ၌ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊ (နာမ်သက်စောင့်ဓာတ်၊)

၈။ မနသိကာရ = အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ဦးလှည့် တွန်းပိ့ုပေးခြင်းသဘော၊

= မောင်းနှင်ပေးခြင်းသဘော၊

= အာရုံကို နှလုံးသွင်းခြင်းသဘော၊

၉။ ဝိတက် = အာရုံပေါ်သို့ စိတ်ကို (သမ္ပယုတ်တရားတို့ကို) ရှေးရှုတင်ပေးခြင်းသဘော၊

၁၀။ ဝိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း = ဆုပ်နယ်ခြင်းသဘော၊

= ထပ်၍ ထပ်၍ ယူခြင်းသဘော၊

၁၁။ အဓိမောက္ခ = အာရုံကို (စက္ခုအကြည်ဓာတ်) ဟု ဆုံးဖြတ်ချက်ချခြင်းသဘော၊

၁၂။ ဝီရိယ = အာရုံကို သိအောင် ကြိုးစားအားထုတ်ခြင်းသဘော၊

[သမ္ပယုတ်တရားအားလုံး ဖြစ်အောင် ကြိုးစားမှုပင် ဖြစ်သည်၊ သို့သော် သိလိုမှုသဘောက ဦးဆောင် နေသောကြောင့် ဤသို့ ရေးသားခြင်း ဖြစ်သည်။]

၁၃။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊

၁၄။ ဆန္ဒ = အာရုံကို သိလိုခြင်းသဘော၊

၁၅။ သဒ္ဓါ = အာရုံကို ထိုးထွင်းသိသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်ခြင်းသဘော၊

[သီလသိက္ခာ = သီလကျင့်စဉ်, သမာဓိသိက္ခာ = သမာဓိကျင့်စဉ်, ပညာသိက္ခာ = ပညာ ကျင့်စဉ်ဟူသော သိက္ခာ (၃)ရပ် ရှိ၏။ သာသနဗြဟ္မစရိယဟုလည်း ခေါ်၏။ ယင်း သိက္ခာ (၃)ရပ်တွင် ပညာသိက္ခာလည်း ပါဝင်လျက် ရှိ၏။ စက္ခုအကြည်ဓာတ် ပရမတ်အာရုံကို ထွင်းဖောက်သိမြင်မှု သဘောတရားကား ပညိန္ဒြေ စေတသိက်ပင် ဖြစ်၏၊ ပညာသိက္ခာ၌ အကျုံးဝင်၏။ သို့အတွက် စက္ခုအကြည်ဓာတ်အာရုံကို ထိုးထွင်းသိသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်မှုမှာလည်း သဒ္ဓါပင် ဖြစ်သည်။ တစ်နည်းဆိုရသော် စက္ခုအကြည်ဓာတ် သည် ပဋိစ္စသမုပ္ပန္နတရားစု ပဋိစ္စသမုပ္ပါဒ်တရားစုတို့တွင် သဠာယတန စာရင်းတွင် ပါဝင်လျက် ရှိ၏။ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ အပေါ်၌ ယုံကြည်မှုမှာလည်း သဒ္ဓါပင် ဖြစ်သည်။]

၁၆။ သတိ = အာရုံ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ် စေခြင်းသဘော၊

= အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊

= အာရုံကို မမေ့ပျောက်ခြင်းသဘော၊

၁၇။ ဟိရိ = မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊

၁၈။ ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား + ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊

[အကုသိုလ်တရား + ဒုစရိုက်တရားတို့ကို ရှက်တတ် ကြောက်တတ်သောကြောင့်ပင် ယခုကဲ့သို့ ကုသိုလ် ရေးဆိုင်ရာ ဘာဝနာလုပ်ငန်းရပ်တို့ကို ပြုလုပ်နေခြင်း ဖြစ်သည်။ သို့အတွက် ဤ ဟိရိ + ဩတ္တပ္ပတရား နှစ်မျိုးသည် ယခုကဲ့သို့ စက္ခုအကြည်ဓာတ် ပရမတ်သဘောကို ထိုးထွင်းသိမြင်နေခိုက် ရှုပွားသုံးသပ်နေခိုက်၌ လည်းကောင်း, ထိုစက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်သွားကြကုန်သော နာမ်ပရမတ်တရားတို့ကို ထိုးထွင်းသိမြင်နေခိုက် ရှုပွားသုံးသပ်နေခိုက်၌လည်းကောင်း ရှေးရှုတည်နေခြင်းသဘောမျှသာ ဖြစ်၏။ ဤ ဘာဝနာ လုပ်ငန်းရပ်ကို အားမသစ်မီ, အားသစ်ဆဲ, အားသစ်ပြီး အချိန်အခါတို့၌ အသင် ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် ရှေးရှုတည်နေရုံ သဘောမျှသာ ဖြစ်သည်။ စက္ခုအကြည်ဓာတ်ကို ထိုးထွင်း သိနေသည့် အချိန်, စက္ခုအကြည်ဓာတ်ကို ထိုးထွင်းသိသည့် နာမ်တရားတို့ကို ထိုးထွင်းသိမြင်နေသည့် အချိန်ဝယ် ရှက်လှချည်ရဲ့, ကြောက်လှချည်ရဲ့ဟု ဖြစ်နေသည်ကား မဟုတ်ပေ။]

၁၉။ အလောဘ = အာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်းသဘော၊

= အာရုံကို ငါ့ဟာဟု မစွဲယူခြင်းသဘော၊

၂၀။ အဒေါသ = အာရုံ၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊

= အာရုံကို မဖျက်ဆီးလိုခြင်းသဘော၊

၂၁။ တတြမဇ္ဈတ္တတာ = အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊

= အာရုံကို လျစ်လျူ (လစ်လျူ) ရှုခြင်းသဘော၊

၂၂။ ကာယပဿဒ္ဓိ = အာရုံ၌ စေတသိက်တို့၏ ငြိမ်းအေးခြင်းသဘော၊

၂၃။ စိတ္တပဿဒ္ဓိ = အာရုံ၌ စိတ်၏ ငြိမ်းအေးခြင်းသဘော၊

၂၄။ ကာယလဟုတာ = အာရုံ၌ စေတသိက်တို့၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊

၂၅။ စိတ္တလဟုတာ = အာရုံ၌ စိတ်၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊

၂၆။ ကာယမုဒုတာ = အာရုံ၌ စေတသိက်တို့၏ နူးညံ့ခြင်းသဘော၊

၂၇။ စိတ္တမုဒုတာ = အာရုံ၌ စိတ်၏ နူးညံ့ခြင်းသဘော၊

၂၈။ ကာယကမ္မညတာ = အာရုံ၌ စေတသိက်တို့၏ ခံ့ညားခြင်းသဘော၊

= အာရုံကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊

၂၉။ စိတ္တကမ္မညတာ = အာရုံ၌ စိတ်၏ ခံ့ညားခြင်းသဘော၊

= အာရုံကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊

[စက္ခုအကြည်ဓာတ်ကို ရှုခိုက်, စက္ခုအကြည်ဓာတ်ကို အာရုံယူသည့် နာမ်တရားတို့ကို ရှုခိုက် ဖြစ်သည်။ စက္ခုအကြည်ဓာတ်ကို လွယ်လွယ်ကူကူ ရှုလို့ ရနေခြင်းမှာ ဤကမ္မညတာစေတသိက်တို့၏ စွမ်းရည်ပင် ဖြစ် သည်။ စက္ခုအကြည်ဓာတ်ကို သိမ်းဆည်း ရှုပွားသည့် ဘာဝနာမှု၌ ခံ့ညားမှုသဘောပင် ဖြစ်သည်။ စက္ခု အကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရာ၌ လည်း နည်းတူပင် မှတ်ပါ။ ကျန်ပရမတ် တရားတို့၌လည်း နည်းတူ သဘောပေါက်ပါ။]

၃၀။ ကာယပါဂုညတာ = အာရုံ၌ စေတသိက်တို့၏ ပြွမ်းတီး လေ့လာနိုင်နင်းခြင်းသဘော၊

= ကျွမ်းကျင် လိမ္မာခြင်းသဘော၊

= ကိလေသာ အနာကင်းခြင်းသဘော၊

၃၁။ စိတ္တပါဂုညတာ = အာရုံ၌ စိတ်၏ ပြွမ်းတီး လေ့လာနိုင်နင်းခြင်းသဘော၊

= ကျွမ်းကျင် လိမ္မာခြင်းသဘော၊

= ကိလေသာ အနာကင်းခြင်းသဘော၊

၃၂။ ကာယုဇုကတာ = အာရုံ၌ စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော၊

= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊

၃၃။ စိတ္တုဇုကတာ = အာရုံ၌ စိတ်၏ ဖြောင့်မတ်ခြင်း သဘော၊

= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊

၃၄။ ပညာ = စက္ခုအကြည်ဓာတ်အာရုံကို ထိုးထွင်းသိမြင်ခြင်းသဘော၊

[စတုသစ္စသမ္မာဒိဋ္ဌိ အမည်ရသော သမ္မာဒိဋ္ဌိ (၄)မျိုးတို့တွင် - ဒုက္ခေ ဉာဏံ - အရ ဒုက္ခသစ္စာကို ထိုးထွင်း သိသည့် သမ္မာဒိဋ္ဌိသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ-ဟူသော ဓမ္မစကြာ ဒေသနာတော်အတိုင်း ဥပါဒါနက္ခန္ဓာ (၅)ပါးသည် ဒုက္ခသစ္စာဟူသော အမည်ကို ရရှိပေသည်။ ယင်း ဥပါဒါနက္ခန္ဓာ (၅)ပါးတို့တွင် ရူပက္ခန္ဓာလည်း ပါဝင်၏။ ယင်း ရူပက္ခန္ဓာတွင် စက္ခုအကြည်ဓာတ်လည်း ပါဝင်၏။ သို့အတွက် စက္ခုအကြည်ဓာတ်ကို ထိုးထွင်းသိသည့် ပညိန္ဒြေစေတသိက်သည်လည်း ဒုက္ခသစ္စာ၏ တစ်စိတ် တစ်ဒေသကို ထိုးထွင်းသိသည့် သမ္မာဒိဋ္ဌိဉာဏ်ပင် ဖြစ်သည်။]

မဟာကုသိုလ်စိတ် (၈) မျိုး

မဟာကုသိုလ်စိတ် (၈) မျိုး

တစ်ခါတစ်ရံ ထိုကဲ့သို့ စက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ရှုဖန်များလာသောအခါ, စက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ရှုဖန်များလာသောအခါ ပီတိမဖြစ်ဘဲသော်လည်း ရှိတတ်၏။ ထိုအခါ ဝေဒနာမှာ ဥပေက္ခာဝေဒနာဖြစ်၍ စိတ်စေတသိက် (၃၃) ဖြစ်သည်။

တစ်ခါတစ်ရံ အလေ့အကျင့်များလာသောအခါ ရှုရင်းဖြင့် စိတ်မှာ အနည်းငယ် အပြင်အာရုံသို့ရောက် ခြင်း စသည်ဖြင့် ဖြစ်တတ်၏။ ထိုအခါမျိုး၌ အလွန်တိုတောင်းသော အချိန်ကာလကလေး၏ အတွင်း၌ပင် အပြင် အာရုံ တစ်လှည့် စက္ခုအကြည်ဓာတ်ကို တစ်လှည့် သိနေတတ်၏။ စက္ခုအကြည်ဓာတ်အာရုံကို သိမှုမှာလည်း လုံးဝပျောက်မသွားပေ။ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ဖြစ်ပေါ်နေကြသော စက္ခုအကြည်ဓာတ်တို့ကို သိတန် သလောက်လည်း သိနေပေသည်။ ထိုကဲ့သို့သော အခါမျိုး၌ စက္ခုအကြည်ဓာတ်ကို အသစ်အသစ်ကို ထိုးထွင်း သိမြင်တတ်သည့် ပညာမပါ ဖြစ်တတ်၏။ ထိုအချိန်၌ စက္ခုအကြည်ဓာတ်ကို သိနေခြင်းမှာ ဉာဏဝိပ္ပယုတ် ဝိညာဏ်က သိနေခြင်း ဖြစ်၏။ ဝိညာဏ်သည် ပရမတ္ထဓမ္မအာရုံကို အသစ်အသစ်ကို ထွင်းဖောက်၍ မသိမြင် နိုင်သော်လည်း ပညာက သိပြီးသော ပရမတ္ထဓမ္မ အာရုံမျိုးကိုကား ဆက်လက်၍ သိနိုင်ပေသည်။ ထိုအခါမျိုး၌ စက္ခုအကြည်ဓာတ်ကို ရှုနေရသည်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလျှင် ပီတိပါဝင်၍ စိတ်စေတသိက် (၃၃)ပင် ဖြစ်သည်၊ ဝေဒနာမှာ သောမနဿဝေဒနာ ဖြစ်သည်။

ပီတိနှင့် ဉာဏ် နှစ်မျိုးလုံး မပါဝင်သော် စိတ်စေတသိက် (၃၂) ဖြစ်သည်။ ဝေဒနာမှာ ပီတိ မပါ၍ ဥပေက္ခာဝေဒနာ ဖြစ်သည်။ ဤသို့လျှင် အောက်ပါအတိုင်း မဟာကုသိုလ်စိတ် (၄)မျိုး ဖြစ်သွားပေသည်။

၁။ ဉာဏ်နှင့် ပီတိ နှစ်မျိုးလုံး ယှဉ်သော်

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ် --- - ၃၄

၂။ ဉာဏ်သာယှဉ်၍ ပီတိ မယှဉ်သော်

ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ် --- - ၃၃

၃။ ဉာဏ်မယှဉ်, ပီတိသာယှဉ်သော်

သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာကုသိုလ် --- - ၃၃

၄။ ဉာဏ်နှင့် ပီတိ နှစ်မျိုးလုံး မယှဉ်သော်

ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာကုသိုလ် --- - ၃၂

သသင်္ခါရိက - အသင်္ခါရိက

သသင်္ခါရိက - အသင်္ခါရိက

အထက်ပါ မဟာကုသိုလ်စိတ် အမျိုးအစား (၄)မျိုးတို့တွင် တစ်မျိုးမျိုးကိုသော်လည်းကောင်း, (၄)မျိုးလုံးကို သော်လည်းကောင်း ဖြစ်ပေါ်လာအောင် မိမိစိတ်ကို မိမိက တိုက်တွန်းရသော် သို့မဟုတ် သူတစ်ပါးက တိုက်တွန်း ရသော် တိုက်တွန်းမှုရှိသော ယင်းကုသိုလ် (၄)မျိုးသည် သသင်္ခါရိက ဖြစ်၏၊ ထိုကဲ့သို့ တိုက်တွန်းမှု မရှိသော် ယင်းမဟာကုသိုလ် (၄)မျိုးကား အသင်္ခါရိက ဖြစ်၏။ သသင်္ခါရိက, အသင်္ခါရိက နှစ်ရပ်ပေါင်းသော် မဟာကုသိုလ် စိတ် (၈)မျိုး ဖြစ်သည်။ ဤ၌ သသင်္ခါရိက အသင်္ခါရိက ဖြစ်မှုနှင့် ပတ်သက်၍ စိတ်စေတသိက် အရေအတွက် အမျိုးအစား ကွဲပြားမှုကား မရှိပေ။ ထိုကုသိုလ်စိတ်များ ဖြစ်ပေါ်လာအောင် တိုက်တွန်းမှုရှိသည့် သသင်္ခါရိက သဘော, တိုက်တွန်းမှုမရှိသည့် အသင်္ခါရိကသဘောများကိုကား ယောဂါဝစရပုဂ္ဂိုလ်သည် ရှုရင်းဖြင့် တဖြည်းဖြည်း သဘောပေါက်လာမည် ဖြစ်သည်။ သို့အတွက် ဤတွင် မဟာကုသိုလ်စိတ် အမျိုးအစား (၄)မျိုးကိုသာ ဖော်ပြ ထားပါသည်။

နာမ်တရားများကို သိမ်းဆည်းပုံ နည်းစနစ် (၃) မျိုး

နာမ်တရားများကို သိမ်းဆည်းပုံ နည်းစနစ် (၃) မျိုး

နာမ်တရားများကို သိမ်းဆည်းရာ၌ စျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံ စနစ်ကို ရှေးတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းရာ၌ကား သိမ်းဆည်းပုံ နည်းစနစ် (၃)မျိုး ရှိပေသည်။ ဤအကြောင်းကိုလည်း ရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။

၁။ မူလပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။) ဝေဒနာနုပဿနာပိုင်း,

၂။ သက္ကပဥှသုတ်အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၃၁၄-၃၁၅။) ဝေဒနာနုပဿနာပိုင်း,

၃။ သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။) ဝေဒနာနုပဿနာပိုင်း,

၄။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၆-၂၂၇။) ဒိဋ္ဌိဝိသုဒ္ဓိပိုင်းတို့၌ --- -

နာမ်ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်ရာဝယ် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ --- -

၁။ ဖဿက စ၍ သိမ်းဆည်းသောနည်း,

၂။ ဝေဒနာက စ၍ သိမ်းဆည်းသောနည်း,

၃။ ဝိညာဏ်ကစ၍ သိမ်းဆည်းသောနည်း - ဟု သိမ်းဆည်းပုံ နည်းစနစ် (၃)မျိုး လာရှိပေသည်။

ထိုနည်း (၃)နည်းတို့တွင် --- -

၁။ အသိဉာဏ်၌ ဖဿ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖဿက စ၍ နာမ်တရားတို့ကို သိမ်းဆည်း ခဲ့သော် ဖဿ တစ်လုံးတည်းကိုသာ မသိမ်းဆည်းဘဲ ဖဿနှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် ဟူသော ဖဿပဉ္စမကတရား (၅)ပါး ဦးဆောင်သည့် နာမ်တရားစုတို့ကိုပင် ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။

၂။ အသိဉာဏ်၌ ဝေဒနာ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာက စ၍ နာမ်တရားတို့ကို သိမ်းဆည်း ခဲ့သော် ဝေဒနာတစ်လုံးတည်းကိုသာ မသိမ်းဆည်းဘဲ ဝေဒနာနှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် ဟူသော ဖဿပဉ္စမက တရား (၅)ပါး ဦးဆောင် သည့် နာမ်တရားစုတို့ကိုပင် ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။

၃။ အသိဉာဏ်၌ ဝိညာဏ် ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဝိညာဏ်က စ၍ နာမ်တရားတို့ကို သိမ်းဆည်းခဲ့သော် ဝိညာဏ်တစ်ခုတည်းကိုသာ မသိမ်းဆည်းဘဲ ဝိညာဏ်နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် ဟူသောဖဿပဉ္စမက တရား (၅)ပါး ဦးဆောင်သည့် နာမ်တရားစုတို့ကိုပင် ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။

သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ၊ (သံ၊၂၊၂၅၈။ ခု၊၉၊၆။)

သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ။ (သံ၊၂၊၂၅၀။) --- -

ဤအထက်ပါသုတ္တန်တို့၌ ဘုရားရှင်ဟောကြားထားတော်မူသည့်အတိုင်း အလုံးစုံသော ရုပ်နာမ်ကို ပရိညာ ပညာ (၃)မျိုးဖြင့် ပိုင်းခြားသိပါမှ သံသရာဝဋ်ဆင်းရဲ ဘေးဒုက္ခဆိုးကြီး ကုန်ခန်းနိုင်မည်၊ ဒုက္ခကုန်ရာ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်မည် ဖြစ်ရကား အဋ္ဌကထာများ၌ ဖဿပဉ္စမကတရားဟု ဖွင့်ဆိုထားခြင်းမှာ ပဓာနနည်း အားဖြင့်သာ ဖွင့်ဆိုထားခြင်း ဖြစ်သဖြင့် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိကြကုန်သော အတူယှဉ်တွဲ ဖြစ်ကြသည့် ယှဉ်ဖက် သမ္ပယုတ်တရား အားလုံးကိုပင် သိမ်းဆည်းရမည် ဖြစ်ကြောင်းကိုလည်း (မ၊ဋီ၊၁၊၃၇၀။)၌ ရှင်းလင်းတင်ပြထားပေသည်။

သို့အတွက် ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ချက် ညွှန်ကြားထားတော်မူချက်အရ ဖဿက စ၍ ဖြစ်စေ, ဝေဒနာကစ၍ ဖြစ်စေ, အသိစိတ် (= ဝိညာဏ်)က စ၍ ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ ဖဿ တစ်လုံးတည်း, ဝေဒနာ တစ်လုံးတည်း, အသိစိတ် ဝိညာဏ် တစ်လုံး တည်းကိုသာ သိမ်းဆည်းရသည်ကား မဟုတ်၊ ယှဉ်ဖက် စိတ်+စေတသိက် = သမ္ပယုတ်တရား အားလုံးကိုပင် သိမ်းဆည်းရမည် သိမ်းဆည်းရသည်ဟု မှတ်သားပါလေ။

အနုပဿနာ (၄) ပါး

အနုပဿနာ (၄) ပါး

၁။ ရုပ်တရားကို အဦးမူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရ တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်လျှင် ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။

၂။ ဝေဒနာကို အဦးမူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရား တို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်လျှင် ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။

၃။ အသိစိတ် = ဝိညာဏ်ကို အဦးမူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအား ထုတ်လျှင် စိတ္တာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။

၄။ ဖဿကို အဦးမူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်လျှင် ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပွားများ အားထုတ်နေသည် မည်ပေသည်။

တစ်ဖန် --- - ယင်းသင်္ခါရတရားတို့ကိုပင် --- -

က။ နီဝရဏ (၅)ပါး နည်းဖြင့်လည်းကောင်း,

ခ။ ခန္ဓာ (၅)ပါးနည်းဖြင့် (၅)ပုံ ပုံ၍လည်းကောင်း,

ဂ။ အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍လည်းကောင်း,

ဃ။ ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍လည်းကောင်း,

င။ ဗောဇ္ဈင် (၇)ပါးနည်းဖြင့်လည်းကောင်း,

စ။ သစ္စာဒေသနာနည်းဖြင့် ဒုက္ခသစ္စာတစ်ပုံ သမုဒယသစ္စာတစ်ပုံ နှစ်ပုံ ပုံ၍လည်းကောင်း --- -

ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်လျှင်လည်း ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကိုပင် ပွားများ အားထုတ် နေသည် မည်ပေသည်။

အထက်တွင် ဖော်ပြထားသော နာမ်ကမ္မဋ္ဌာန်းသိမ်းဆည်းနည်း (၃)နည်းတို့တွင် ဝေဒနာက စ၍ နာမ်တရား တို့ကို သိမ်းဆည်းသော နည်းမှာ ဝေဒနာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်။ အသိစိတ် ဝိညာဏ်ကစ၍ သိမ်းဆည်း သော နည်းမှာ စိတ္တာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်။ ဖဿက စ၍ သိမ်းဆည်းသော နည်းမှာ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဖြစ်သည်။ ဤကျမ်းတွင်ကား အသိစိတ် = ဝိညာဏ်ကစ၍ နာမ်တရားတို့ကို သိမ်းဆည်းပုံကို ဖော်ပြ ထားပါသည်။ ဖဿက စ၍ သိမ်းဆည်းသောနည်း, ဝေဒနာက စ၍ သိမ်းဆည်းသော နည်းတို့မှာ အသိစိတ် ဝိညာဏ်က စ၍ သိမ်းဆည်းပုံကို သဘောပေါက်လျှင် မခက်ခဲတော့ပြီ ဖြစ်သည်။ အသင်ယောဂီသူတော်ကောင်း သည် ထိုသို့ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရှေးဦးစွာ အသိစိတ် ဝိညာဏ်တစ်လုံးကိုသာ ဦးစားပေး၍ သိမ်း ဆည်းပါ။ အသိစိတ် တစ်လုံးတည်းကိုပင် [မနောဒွါရာဝဇ္ဇန်း, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ် - ပုံစံဖြင့်] ဝီထိ တစ်ခုနှင့် တစ်ခု အကြား၌ ဘဝင်များခြားလျက် မနောဒွါရိကဇောဝီထိပေါင်းများစွာ ဖြစ်မှုကို မြင်အောင် ရှုပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ အသိစိတ်တစ်လုံးကို ပို၍ ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းပြီးပါက အသိစိတ် ဖဿ နှစ်လုံးတို့ကို စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ ပြိုင်တူယှဉ်တွဲ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သိမ်းဆည်းပါ။ ထိုနောင် တစ်စတစ်စ တိုး၍ မနောဒွါရာဝဇ္ဇန်း၌ (၁၂)လုံး, ဇော အသီးအသီး၌ (၃၄)လုံးစီ, တဒါရုံ အသီးအသီး၌ (၃၄)လုံးစီသော နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ မိမိ၏ ဉာဏ်စွမ်းအင်နှင့် ချိန်၍ တစ်စတစ်စ တိုး၍ သိမ်းဆည်းသွားရန် ဖြစ်သည်။

ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အရေးအကြီးဆုံးသော လိုက်နာရမည့် စည်းကမ်းတစ်ရပ် ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ သတ်မှတ်ထားပေသည်။ ယင်းသတ်မှတ်ချက်ကို စာမျက်နှာ (၈) စသည်၌ ဖော်ပြခဲ့၏။ ယင်းစည်းကမ်းချက်မှာ --- - နာမ်တရားကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားကို ကောင်းမွန် စင်ကြယ်စွာ သိမ်းဆည်းတတ်သည့် ရူပပရိဂ္ဂဟဉာဏ်ကို ရရှိထားပြီး ဖြစ်ရမည်ဟူသော အချက်ပင် ဖြစ်သည်။

အကယ်၍ နာမ်တရားများ မထင်ရှားခဲ့သော်

အကယ်၍ နာမ်တရားများ မထင်ရှားခဲ့သော်

သစေ ပနဿ တေန တေန မုခေန ရူပံ ပရိဂ္ဂဟေတွာ အရူပံ ပရိဂ္ဂဏှတော သုခုမတ္တာ အရူပံ န ဥပဋ္ဌာတိ၊ တေန ဓုရနိက္ခေပံ အကတွာ ရူပမေဝ ပုနပ္ပုနံ သမ္မသိတဗ္ဗံ မနသိကာတဗ္ဗံ ပရိဂ္ဂဟေတဗ္ဗံ ဝဝတ္ထပေတဗ္ဗံ။ ယထာ ယထာ ဟိဿ ရူပံ သုဝိက္ခာလိတံ ဟောတိ နိဇ္ဇဋံ သုပရိသုဒ္ဓံ၊ တထာ တထာ တဒါရမ္မဏာ အရူပဓမ္မာ သယမေဝ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၅။)

ရုပ်ကမ္မဋ္ဌာန်း၌ အသိဉာဏ် သန့်ရှင်း၍ ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် --- - ဖဿက စ၍ သိမ်းဆည်းသောနည်း, ဝေဒနာက စ၍ သိမ်းဆည်းသောနည်း, အသိစိတ် = ဝိညာဏ်က စ၍ သိမ်းဆည်းသောနည်းဟူသော နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းနည်း (၃)နည်းတို့တွင် တစ်နည်းနည်းဖြင့် ဖြစ်စေ၊ ရုပ်နာမ် (၂)ပါးနည်း, ခန္ဓာ (၅)ပါးနည်း, အာယတန (၁၂)ပါးနည်း, ဓာတ် (၁၈)ပါးနည်း စသော ရုပ်နာမ်တို့ကို သိမ်းဆည်းသည့် နည်းအမျိုးမျိုးတို့တွင် တစ်နည်းနည်းဖြင့် ဖြစ်စေ --- - ရုပ်တရားကို သိမ်းဆည်းပြီး၍ နာမ်တရားကို သိမ်းဆည်းလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား နာမ်တရားတို့၏ အလွန် သိမ်မွေ့သည်၏ အဖြစ်ကြောင့် နာမ်တရားသည် အသိဉာဏ်၌ အကယ်၍ မထင်လာ မမြင်လာသည် ဖြစ်အံ့။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ကမ္မဋ္ဌာန်းကို ကြိုးပမ်းခြင်း ကမ္မဋ္ဌာန်း ဝန်ထုပ်ဝန်ပိုးကြီးကို လျော့ချခြင်း ပစ်လွှင့် ခြင်းကို မပြုမူ၍ ရုပ်တရားကိုသာလျှင် နေ့ညမစဲ လုံ့လသည်းလျက် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လက္ခဏာ စသော အားဖြင့် ကောင်းစွာ စုံစမ်းအပ်၏၊ ရုပ်တရားကိုပင်လျှင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် စူးစမ်းအပ်၏၊ နှလုံးသွင်းအပ်၏၊ ပိုင်းခြားတတ်သော ဉာဏ်ပညာဖြင့် ပိုင်းခြား၍ ယူအပ်၏၊ အချင်းချင်း မရော ယှက်သောအားဖြင့် ဉာဏ်ဖြင့် ဆုံးဖြတ်အပ် ပိုင်းခြားမှတ်သားအပ်၏။

အကျိုးထူးကား --- -- အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ရုပ်တရားကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် စူးစမ်းအပ်သည်ရှိသော်, နှလုံးသွင်းအပ်သည်ရှိသော်, ပိုင်းခြားယူတတ်သော ဉာဏ်ပညာဖြင့် ပိုင်းခြား၍ ယူအပ်သည်ရှိသော်, အချင်းချင်း မရောယှက်သောအားဖြင့် ဉာဏ်ဖြင့် ဆုံးဖြတ်အပ် ပိုင်းခြားမှတ်သား အပ်သည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ အသိဉာဏ်ဝယ် ရုပ်တရားသည် ကောင်းစွာ သုတ်သင်အပ် သည်ဖြစ်၍ စင်ကြယ်သန့်ရှင်းစွာ ထင်လာ၏၊ ရုပ်တရားတို့၏ တစ်ခုနှင့် တစ်ခု မရောယှက်သောအားဖြင့် ရာဇ မတ်ကွက်ကန့် သံကွန်ချာ ဖြန့်သကဲ့သို့ တစ်ကန့်စီ တစ်ကန့်စီ စီရရီ အသိဉာဏ်၌ ထင်လာခြင်း မြင်လာခြင်း ကြောင့် အချင်းချင်း ရောယှက်ရှုပ်ထွေးခြင်း ကင်းနေ၏၊ အလွန့်အလွန် ထက်ဝန်းကျင်မှ စင်ကြယ် သန့်ရှင်းလျက် ရှိ၏။ ထိုထို သုံးသပ် စူးစမ်း ဆင်ခြင် နှလုံးသွင်းသည့် အစီအရင်အတိုင်းပင်လျှင် ထိုရုပ်တရားလျှင် အာရုံရှိကြ ကုန်သော ရုပ်တရားကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့သည် အလိုလိုပင်လျှင် ပင်ကိုယ် သဘော အတိုင်းပင်လျှင် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လာကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၅။)

ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြား သတ်မှတ်ချက်အတိုင်း အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ်တရားကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရာ၌ နာမ်တရားတို့၏ သိမ် မွေ့သည်၏ အဖြစ်ကြောင့် အသိဉာဏ်၌ မထင်လာ မမြင်လာခဲ့သော် ရုပ်တရားတို့ကိုပင်လျှင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် အသိဉာဏ်၌ သန့်ရှင်းသထက် သန့်ရှင်းအောင် ထပ်မံ၍ ကြိတ်ချေပေးရဦးမည်ဟု မှတ်သားပါလေ။ ရုပ်ကမ္မဋ္ဌာန်းပိုင်ပါမှ နာမ်ကမ္မဋ္ဌာန်းသို့ ကူးသင့်သော မဏိဇောတ ပြည်တန်မြထက် သာလွန်၍ အဖိုးထိုက်တန်သော ရှေးထုံးဟောင်း ဥပဒေသကြီး တစ်ခုပင် ဖြစ်သည်။

ကြေးမုံ ဥပမာ

ကြေးမုံ ဥပမာ

ထင်ရှားစေအံ့ --- -- မစင်ကြယ် မသန့်ရှင်းသော ကြေးမုံအပြင်၌ ပကတိမျက်နှာ၏ ပုံတူအရိပ်ကို ကြည့်ရှု သော, မျက်စိအမြင်နှင့် ပြည့်စုံသော ယောက်ျားအား မျက်နှာရိပ်သည် မထင်လာငြားအံ့၊ ထို ယောက်ျားသည် မျက်နှာရိပ်သည် မထင်လာပါတကားဟု ကြေးမုံကို မစွန့်ပစ်လိုက်လေရာ။ စင်စစ်သော်ကား ထိုကြေးမုံကို အဖန် တလဲလဲ ပွတ်သပ်အပ်၏။ ထိုယောက်ျားအား စင်ကြယ်သန့်ရှင်းသော ကြေးမုံအပြင်၌ မျက်နှာရိပ်သည် အလိုလိုပင်လျှင် ထင်ရှားလာတတ်ပေ၏။

ဆီကြိတ်သည့် ဥပမာ

ဆီကြိတ်သည့် ဥပမာ

ဆီကို အလိုရှိသော ယောက်ျားသည် နှမ်းမှုန့်ကို ဆီဆုံ၌ (= ဆီပွတ်ဆုံ၌) ထည့်လောင်း၍ ရေနွေးဖြင့် ပက်ဖျန်း၍ တစ်ကြိမ် နှစ်ကြိမ် ညှစ်ကာမျှဖြင့် ဆီသည် မထွက်လာလတ်သော် နှမ်းမှုန့်ကို မစွန့်ပစ်လိုက်လေရာ။ စင်စစ်သော်ကား ထိုနှမ်းမှုန့်ကို အဖန်တလဲလဲ ရေနွေးဖြင့် ပက်ဖျန်း၍ နယ်၍ နယ်၍ ညှစ်ယူရ၏။ ဤသို့ ပြုလုပ်နေသော ထိုဆီပွတ်သည့် ယောက်ျားအတွက် အထူးသဖြင့် ကြည်လင်သော နှမ်းဆီသည် ထွက်ပေါ် လာတတ်၏။

ခပေါင်းရေကြည်စေ့ ဥပမာ

ခပေါင်းရေကြည်စေ့ ဥပမာ

နောက်ဥပမာ တစ်မျိုးကား --- -- ရေကို ကြည်လင်စေလိုသော ယောက်ျားသည် ခပေါင်းရေကြည်စေ့ကို ကိုင်၍ ရေအိုးအတွင်း၌ လက်ကိုချ၍ တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ခပေါင်းရေကြည်စေ့ဖြင့် အိုးကို ပွတ်တိုက် ခါမျှဖြင့် ရေသည် မကြည်လာလတ်သည်ရှိသော် ခပေါင်းရေကြည်စေ့ကို မစွန့်ပစ်သေးဘဲ စင်စစ်အားဖြင့် ထို ခပေါင်းရေကြည်စေ့ကို အဖန် တလဲလဲ သွေးပွတ်အပ်၏။ ဤသို့ ထိုယောက်ျားသည် ပြုလတ်သော် ပါးလျသော သွက်သွက်သော ညွှန်သည် နစ်သွား၏၊ အနည်ထိုင်သွား၏၊ ရေသည် ကြည်လာ၏၊ အထူးသဖြင့် သန့်ရှင်း ကြည်လင်လာ၏။

ဤ ဥပမာများ အတူပင်လျှင် နာမ်ကမ္မဋ္ဌာန်းကို အားသစ်လျက် ရှိသော ထို ယောဂါဝစရ ရဟန်းတော်သည် နာမ်တရား၏ သိမ်မွေ့သည့် အတွက်ကြောင့် အသိဉာဏ်၌ မထင်လာ မမြင်လာခဲ့သော် နာမ်တရားကို သိမ်း ဆည်းသည့် တာဝန် ဝန်ထုပ်ဝန်ပိုးကို လျော့ညံ့လုံ့လ ဝန်ချခြင်းကို မပြုမူ၍ ရုပ်တရားကိုသာလျှင် အဖန်ဖန် အထပ်ထပ် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် စူးစမ်းအပ်၏၊ နှလုံးသွင်းအပ်၏၊ ပိုင်းခြားတတ်သော ဉာဏ်ပညာဖြင့် ပိုင်းခြား၍ ယူအပ်၏။ ရုပ်တရားတို့၏ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ ရုပ်တရားတစ်ခုနှင့် တစ်ခု အချင်းချင်း မရောယှက်အောင် ဉာဏ်ဖြင့် ဆုံးဖြတ်အပ် ပိုင်းခြားမှတ်သားအပ်၏။

ထိုသို့ ကြိုးပမ်းခဲ့သော် ထိုယောဂါဝစရ ရဟန်းတော်၏ အသိဉာဏ်ဝယ် ရုပ်တရားသည် ကောင်းစွာ သုတ် သင်အပ်သည်ဖြစ်၍ စင်ကြယ်သန့်ရှင်းစွာ ထင်လာ၏၊ ရုပ်တရားတို့၏ တစ်ခုနှင့် တစ်ခု မရောယှက်သောအားဖြင့် ရာဇမတ်ကွက်ကန့် သံကွန်ချာ ဖြန့်သကဲ့သို့ တစ်ကန့်စီ တစ်ကန့်စီ စီရရီ အသိဉာဏ်၌ ထင်လာခြင်းကြောင့် အချင်းချင်း ရောယှက်ရှုပ်ထွေးခြင်း ကင်းနေ၏၊ အလွန့် အလွန် ထက်ဝန်းကျင်မှ စင်ကြယ်သန့်ရှင်းလျက် ရှိ၏။ ထိုအခါ နာမ်တရားတို့ကို မသိအောင် ဖုံးလွှမ်းပိတ်ဆို့ထားတတ်ကုန်သော ဉာဏ်၏ ဆန့်ကျင်ဘက် သမ္မောဟ စသော ကိလေသာအညစ်အကြေး အနည်တို့သည် ငြိမ်းသည်ဖြစ်၍ နစ်မြုပ်သွားကြကုန်၏၊ ညွန်၏ အထက်၌ တည်ရှိသော ရေသည် ကြည်လင်နေသကဲ့သို့ စိတ်သည် ကြည်လင်သန့်ရှင်းလာ၏၊ ထိုရုပ်တရားလျှင် အာရုံ ရှိကြကုန်သော ထိုရုပ်တရားကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့သည် အလိုလိုပင်လျှင် ပင်ကိုယ်သဘောအတိုင်း ထင်ရှားလာကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၅-၂၂၆။)

ဤကား နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် နာမ်တရားတို့သည် မထင် လာခဲ့ပါမူ ရုပ်တရားကိုပင် အသိဉာဏ် သန့်ရှင်းအောင် ပြန်လည် ရှုပွားသုံးသပ်ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက် တစ်ရပ်ပင် ဖြစ်သည်။

ယခုတစ်ဖန် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော မဟာကုသိုလ် မနောဒွါရိက ဇောဝီထိစိတ်အစဉ် နာမ်တရားတို့ကို သိမ်းဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံကို ထပ်မံ၍ အကျဉ်းချုပ်ကာ ဖော်ပြ အပ်ပါသည်။

လုပ်ငန်းခွင် အဆင့်ဆင့်

လုပ်ငန်းခွင် အဆင့်ဆင့်

၁။ အာနာပါနဿတိသမာဓိကို စတုတ္ထစျာန်သို့တိုင်အောင် တစ်ဖန်ပြန်၍ သမာဓိ ထူထောင်ပါ။

ထိုစျာန်မှ ထ၍ --- --

၂။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။

၃။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထိုနောင် --- --

၄။ စက္ခုအကြည်ဓာတ်ကို လှမ်း၍ အာရုံယူပါ၊ သိမ်းဆည်းပါ။

ထို စက္ခုအကြည်ဓာတ်သည် ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ, သို့မဟုတ် စက္ခုအကြည် ဓာတ်သည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှုကျရောက်လာသောအခါ ထိုစက္ခုအကြည်ဓာတ်အာရုံကို သိနေ သော (= အာရုံပြုနေသော) မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုမနောဒွါရိက ဇောဝီထိစိတ်အစဉ်များတွင် ပါဝင်တည်ရှိနေသော မနောဒွါရာဝဇ္ဇန်းက --- --

၁။ စက္ခုအကြည်ဓာတ်ဟု ဆင်ခြင် ဆုံးဖြတ်သောအခါ --- --

စက္ခုအကြည်ဓာတ်ဟု သိနေသော ရှုနေသော ဝီထိစိတ်အစဉ်များ ဘဝင်ခြားလျက် ဆက်ကာဆက်ကာ ဖြစ်ပေါ်နေမည် ဖြစ်သည်။ အလားတူပင် --- --

၂။ ထိုစက္ခုအကြည်ဓာတ်ကို ရုပ်တရားဟု ဆင်ခြင် ဆုံးဖြတ်သောအခါ ရုပ်တရားဟု သိနေသော ရှုနေသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ,

၃။ ထိုစက္ခုအကြည်ဓာတ်၏ ဖြစ်ပြီး ပျက်သွားခြင်းသဘောကို အာရုံယူ၍ အနိစ္စဟု ဆင်ခြင် ဆုံးဖြတ်သောအခါ ရှုသောအခါ အနိစ္စဟု သိနေသော ရှုနေသော မနောဒွါရိက ဇောဝီထိစိတ်အစဉ်များ,

၄။ ထိုစက္ခုအကြည်ဓာတ်၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံရသည့်သဘောကို အာရုံယူ၍ ဒုက္ခဟု ဆင်ခြင်ဆုံးဖြတ်သောအခါ ရှုသောအခါ ဒုက္ခဟု သိနေသော ရှုနေသော မနောဒွါရိက ဇောဝီထိ စိတ်အစဉ်များ,

၅။ ထိုစက္ခုအကြည်ဓာတ်၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် သဘောကို အာရုံယူ၍ အနတ္တဟု ဆင်ခြင် ဆုံးဖြတ်သောအခါ အနတ္တဟု သိနေသော ရှုနေသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ,

၆။ ထိုစက္ခုအကြည်ဓာတ်၏ မကောင်းသော အနံ့အသက် စသည်တို့နှင့် ရောနှောနေသည့် ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ အသုဘဟု ဆင်ခြင်ဆုံးဖြတ်သောအခါ အသုဘဟုသိနေသော ရှုနေသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ အသီးအသီး ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။

ဤအထက်ပါ --- --

၁။ စက္ခုအကြည်ဓာတ်ဟု

၂။ ရုပ်တရားဟု

၃။ အနိစ္စဟု

၄။ ဒုက္ခဟု

၅။ အနတ္တဟု

၆။ အသုဘဟု --- --

အသီးအသီးသော ဆင်ခြင်ဆုံးဖြတ်မှုမှာ ယောနိသောမနသိကာရပင် ဖြစ်၏။ နည်းမှန်လမ်းမှန် နှလုံး သွင်းမှုတည်း။ ယင်း ယောနိသောမနသိကာရ၏ တရားကိုယ်မှာ ဤအရာ၌ မနောဒွါရိကဇောဝီထိတို့၏ အခြေခံ အကြောင်းရင်းဖြစ်သော ဇဝနပဋိပါဒကမနသိကာရ အမည်ရသော မနောဒွါရာဝဇ္ဇန်း နာမ်တရားစု (= စိတ် + စေတသိက် = ၁၂)မျိုးတို့ပင် ဖြစ်ကြသည်။ မနောဒွါရာဝဇ္ဇန်း၏ ဆင်ခြင် ဆုံးဖြတ်မှုမှာ ယောနိသောမနသိကာရ ဖြစ်နေသဖြင့် နှလုံးသွင်းမှန်နေရကား ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့အတွက် ကုသိုလ်ဇောများသာ စောနေမည် ဖြစ်ပေသည်။

ယောနိသော ဘိက္ခဝေ မနသိ ကရောတော အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တိ။ (အံ၊၁၊၁၂။)

ယောနိသော ဘိက္ခဝေ မနသိ ကရောတော အနုပ္ပန္နာ စေဝ ဗောဇ္ဈင်္ဂါ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ ဗောဇ္ဈင်္ဂါ ဘာဝနာပါရိပူရိံ ဂစ္ဆန္တိ။ (အံ၊၁၊၁၃။)

= ရဟန်းတို့ ...နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရ ရှိသသူအား မဖြစ်ပေါ် လာသေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည် လည်း ဆုတ်ယုတ်ပျက်စီးကုန်၏။ (အံ၊၁၊၁၂။)

= ရဟန်းတို့ ...နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရ ရှိသသူအား မဖြစ်ပေါ် လာသေးသော ဗောဇ္ဈင်တရားတို့သည်လည်း ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တရားတို့သည်လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ ရောက်ရှိကြကုန်၏။ (အံ၊၁၊၁၃။)

ဤအထက်ပါ ပါဠိတော်နှင့် အညီ ယောနိသောမနသိကာရ ရှိလျှင် ကုသိုလ်ဇောများ စောကြမည် ဖြစ်၏။ ယောနိသောမနသိကာရ မရှိဘဲ အယောနိသောမနသိကာရ ဖြစ်နေလျှင်လည်း ကုသိုလ်ဇောများ မစောနိုင်ကြ တော့ဘဲ အကုသိုလ်ဇောများသာ စောနေကြမည် ဖြစ်၏။ သို့ဖြစ်ရကား ကုသိုလ်ဇောများ စောရေးအတွက် ယောနိသောမနသိကာရမှာ အနီးစပ်ဆုံးသော အကြောင်းတရားတစ်ရပ် ဖြစ်နေ၏။ အသင် ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ကုသိုလ်ဇောဝီထိ စိတ်အစဉ်များကို သိမ်းဆည်းရှုပွားလိုပါက ဉာဏ်ဖြင့် ပိုင်းခြားယူလိုပါက ယောနိသောမနသိကာရကိုကား ဖြစ်ပေါ်လာအောင် ကြိုးပမ်းရမည်သာ ဖြစ်ပေသည်။ ထိုသို့ ကြိုးပမ်းလိုက်ပါက မဖြစ်ပေါ်လာသေးသော ဣန္ဒြေ ဗိုလ် ဗောဇ္ဈင် မဂ္ဂင်တရားတို့လည်း ထင်ရှား ဖြစ်ပေါ်လာကြမည် ဖြစ်၏၊ ဖြစ်ပေါ်ပြီးသော ဣန္ဒြေ ဗိုလ် ဗောဇ္ဈင် မဂ္ဂင်တရားတို့လည်း ဘာဝနာ၏ ပြည့်စုံခြင်းသို့ (= အရဟတ္တမဂ်တိုင်သော ဘာဝနာ၏ ပြည့်စုံခြင်းသို့) ရောက်ရှိသွားကြမည် ဖြစ်ပေသည်။

အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်၏ စိတ်အစဉ်ကို အရဟတ္တမဂ် အရဟတ္တဖိုလ်ဟူသည့် အမြင့်မား ဆုံးသော အဆင့်သို့ ရောက်ရှိသည့်တိုင်အောင် မြှင့်တင်ပေးနေသော ဘေးအကင်းဆုံး စိတ်ဓာတ် မြှင့်တင်ရေး လုပ်ငန်းရပ်ကြီးပင် ဖြစ်ပေသည်။

ယင်း (၆)မျိုးကုန်သော ယောနိသောမနသိကာရတို့တွင် အသင်ယောဂီသူတော်ကောင်းသည် နံပါတ် (၁) ဖြစ်သည့် စက္ခုအကြည်ဓာတ်ဟု သိနေသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကို ရှေးဦးစွာ စတင်၍ သိမ်း ဆည်းကြည့်ပါ။ အသိစိတ် ဝိညာဏ်က စ၍ဖြစ်စေ, ဖဿက စ၍ဖြစ်စေ, ဝေဒနာက စ၍ဖြစ်စေ သိမ်းဆည်း နိုင်ပါသည်။

အကယ်၍ အသိစိတ် ဝိညာဏ်က စ၍ သိမ်းဆည်းခဲ့သော် အသိစိတ်တို့မှာ --- --

၁။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်,

၂။ ဇော (၇)ကြိမ်,

၃။ တဒါရုံ (၂)ကြိမ် --- --

ဟူသော စိတ္တနိယာမ လမ်းကြောင်းအတိုင်း ယေဘုယျအားဖြင့် ဖြစ်ပေါ်နေပုံကို ရှေးဦးစွာ ဉာဏ်ဖြင့် မြင်အောင် ပိုင်းခြားယူနိုင်အောင် လေ့ကျင့်ပါ။ ဤ၌ ယေဘုယျဟု ပြောဆိုခြင်းမှာ ရံခါ ယခု အသင်ယောဂီ သူတော်ကောင်းသည် ရှုနေဆဲ အာရုံဖြစ်သော စက္ခုအကြည်ဓာတ်ကဲ့သို့သော အာရုံက အသင်ယောဂီ၏ စိတ် အစဉ်ဝယ် မထင်မရှား ဝိုးတိုးဝါးတား ဖြစ်နေခဲ့သော် တဒါရုံ မကျနိုင်တော့ဘဲ ဇောတွင်ပင် ဝီထိစိတ်အစဉ်များ ရပ်စဲသွားနိုင်သောကြောင့် ဖြစ်၏။ ဘဝင်မနောအကြည်ဓာတ်၌ စက္ခုအကြည်ဓာတ်သည် ထင်နေသောအခါ ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ ယင်း စက္ခုအကြည်ဓာတ်ကို သိနေသည့် မနော ဒွါရိကဇောဝီထိ စိတ်အစဉ်များသည် ဝီထိတစ်ခုနှင့် ဝီထိတစ်ခု၏ အကြားတွင် ဘဝင်များခြားလျက် အကြိမ် များစွာ ဆက်တိုက်ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိအောင် လေ့ကျင့်ပါ။ ဝတ္ထုနှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် လေ့ကျင့်နေသော လုပ်ငန်းခွင် ဖြစ်သဖြင့် အောင်မြင်မှုကား အနှေးနှင့် အမြန် ရရှိမည်သာ ဖြစ်ပါသည်။ အောင်မြင်မှုရခဲ့သော် စေတသိက်များကို တစ်လုံးစီ တစ်လုံးစီ တစ်စတစ်စ တိုး၍ --- --

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး,

၂။ ဇော အသီးအသီး၌ နာမ်တရား (၃၄)လုံးစီ,

၃။ တဒါရုံ အသီးအသီး၌ နာမ်တရား (၃၄)လုံးစီ --- --

ပြည့်သည်တိုင်အောင် ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်း နာမ်တရား အသီးအသီးတို့၏ စိတ္တက္ခဏတစ်ခု တစ်ခု အတွင်း၌ ပြိုင်တူ ဖြစ်နေမှုကို မြင်အောင် လေ့ကျင့်ပါ။ ကြွင်းကျန်သော ယောနိသောမနသိကာရတို့၌ လည်း နည်းတူပင် ရှုပါ။ ထိုသို့ ရှုရာ၌ စျာန်ဇောများကဲ့သို့ အကြိမ်များစွာ မဖြစ်ဘဲ ဇော (၇)ကြိမ်သာ ယေဘုယျ အားဖြင့် စောနေသည်ကို သဘောပေါက်အောင် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ ထိုသို့ ရှုရာ၌ ဇောနှင့် တဒါရုံ တို့တွင် --- --

၁။ ရံခါ ဉာဏ်+ပီတိ နှစ်မျိုးလုံး ပါဝင်သည်လည်း ရှိ၏၊ သောမနဿဝေဒနာနှင့် ယှဉ်၍ ဉာဏသမ္ပယုတ် ကုသိုလ် ဖြစ်၏။

၂။ ရံခါ ဉာဏ်ယှဉ်၍ ပီတိ မယှဉ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၍ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်၏။

၃။ ရံခါ ဉာဏ်မယှဉ်ဘဲ ပီတိသာ ယှဉ်သည်လည်း ရှိ၏၊ သောမနဿဝေဒနာနှင့် ယှဉ်၍ ဉာဏဝိပ္ပယုတ် ကုသိုလ် ဖြစ်၏။

၄။ ရံခါ ဉာဏ်+ပီတိ နှစ်မျိုးလုံး မယှဉ်သည်လည်း ရှိ၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၍ ဉာဏဝိပ္ပယုတ်ကုသိုလ် ဖြစ်၏။

ပေါင်းသော် (၄)ချက် ဖြစ်သည်။

၁။ စက္ခုအကြည်ဓာတ်ဟု ရှုရာ၌ ဉာဏ်နှင့် ပီတိ, ယှဉ်-မယှဉ်သို့လိုက်၍ (၄)ချက်လှည့်လျက် ရှုရမည်ဖြစ်သည်။

၂။ အလားတူပင် စက္ခုအကြည်ဓာတ်ကို ရုပ်တရားဟု ရှုရာ,

၃။ အနိစ္စဟု ရှုရာ,

၄။ ဒုက္ခဟု ရှုရာ,

၅။ အနတ္တဟု ရှုရာ,

၆။ အသုဘဟု ရှုရာ --- --

တို့၌လည်း အသီးအသီး (၄)ချက်စီပင် ရှုပါ။ အားလုံးပေါင်းသော် (၄ _ ၆ = ၂၄)ကြိမ် ရှုရမည် ဖြစ်သည်။

သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ဧတံ နာမန္တိ ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ထိုသို့ ရှုရာ၌ ဝီထိစိတ္တက္ခဏတိုင်း၌ နာမ်တရား အသီးအသီးကို ကုန်စင်အောင် ပြိုင်တူ ယှဉ်တွဲဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းနိုင်သောအခါ ရှုနိုင်သောအခါ = စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ် သွားကြသော နာမ်တရားစုတို့ကို ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် သိမ်းဆည်းနိုင် ရှုပွားနိုင်သောအခါ ယင်းနာမ်တရား အားလုံးတို့၏ စက္ခုအကြည်ဓာတ် အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းနေသည့် အနက်သဘောကို အာရုံယူ၍ --- --

ဤကား နာမ်တရားဟု သို့မဟုတ်

နာမ်တရား နာမ်တရားဟု ရှုပါ။

သသင်္ခါရိက

စက္ခုအကြည်ဓာတ်ကို အာရုံယူသည့် မဟာကုသိုလ်ဇောများ ဖြစ်ပေါ်လာအောင် မိမိကိုယ်တိုင် တိုက်တွန်းရမှု, သူတစ်ပါးတို့က တိုက်တွန်းရမှုသဘောကို သသင်္ခါရိကဟု ခေါ်သည်။

အသင်္ခါရိက

စက္ခုအကြည်ဓာတ်ကို အာရုံယူသည့် မဟာကုသိုလ်ဇောများ ဖြစ်ပေါ်လာအောင် မိမိကိုယ်ကို မိမိ တိုက်တွန်းရမှု, သူတစ်ပါးတို့က တိုက်တွန်းရမှု မရှိဘဲ မဟာကုသိုလ်ဇောများ ဖြစ်ပေါ်လာခဲ့သော် ယင်းကုသိုလ်ဇော တို့မှာ အသင်္ခါရိက ဖြစ်ကြ၏။

သသင်္ခါရိကနှင့် အသင်္ခါရိက ကွဲပြားမှုကို အကြောင်းပြု၍ စိတ်စေတသိက် အရေအတွက် မကွဲပြားသဖြင့် ဤစာမူ၌ (၄)ချက်သာ ဖော်ပြအပ်ပါသည်။ သသင်္ခါရိက၌ (၄)ချက်, အသင်္ခါရိက၌ (၄)ချက် ရှိသဖြင့် နှစ်ရပ် ပေါင်းသော် မဟာကုသိုလ်စိတ် (၈)မျိုး ဖြစ်သည်။ (ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်သော မဟာကြိယာ စိတ်များ၌လည်း နည်းတူပင် မှတ်ပါ။)

သဘောပေါက်ရန်

သဘောပေါက်ရန်

ဤ၌ စက္ခုအကြည်ဓာတ်ကို --- --

၁။ စက္ခုအကြည်ဓာတ်ဟု သိနေသော စိတ်စေတသိက်,

၂။ ရုပ်တရားဟု သိနေသော စိတ်စေတသိက်,

၃။ အနိစ္စဟု သိနေသော စိတ်စေတသိက်,

၄။ ဒုက္ခဟု သိနေသော စိတ်စေတသိက်,

၅။ အနတ္တဟု သိနေသော စိတ်စေတသိက်,

၆။ အသုဘဟု သိနေသော စိတ်စေတသိက် --- --

တို့ကိုသာ ရှုနေခြင်း ဖြစ်သည်ကို သဘောပေါက်ပါလေ။

ပုံစံတူ ရှုရန် ရုပ်အစစ်များ

ပုံစံတူ ရှုရန် ရုပ်အစစ်များ

၁။ သောတအကြည်ဓာတ် ၆။ ဣတ္ထိဘာဝရုပ်

၂။ ဃာနအကြည်ဓာတ် ၇။ ပုရိသဘာဝရုပ်

၃။ ဇိဝှါအကြည်ဓာတ် ၈။ ဟဒယဝတ္ထုရုပ်

၄။ ကာယအကြည်ဓာတ် ၉။ ဇီဝိတရုပ်

၅။ အာပေါဓာတ် ၁၀။ ဩဇာရုပ်

ဓမ္မာရုံလိုင်းစာရင်းဝင် ရုပ်အစစ်များမှာ စက္ခုအကြည်ဓာတ်နှင့် တကွ အားလုံးပေါင်းသော် (၁၁)မျိုး ရှိ၏။ စက္ခုအကြည်ဓာတ်ကို ရှုလိုပါက စက္ခုဒသကကလာပ်ကို ဓာတ်ခွဲလျက် ရုပ်သဘောတရား (၁၀)မျိုးထဲမှ စက္ခု အကြည်ဓာတ်ကို ရွေးထုတ်၍ ယင်းစက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို အထက်ပါ ဇယားအတိုင်း ဆက်လက်၍ ရှုပါ။ အလားတူပင် သောတအကြည်ဓာတ်ကို ရှုလိုကလည်း သောတ ဒသက ကလာပ်ကို ဓာတ်ခွဲလျက် သောတအကြည်ဓာတ်ကို ရွေးထုတ်၍ ယင်းသောတအကြည်ဓာတ်ကို အာရုံ ယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ဆက်လက်၍ ရှုပါ။ ကျန်ရုပ်တရားတို့၌လည်း ဆိုင်ရာ ရုပ်က လာပ် တစ်ခုခုကို ဓာတ်ခွဲ၍ မိမိ ရှုပွားလိုသော ရုပ်အစစ်ကို ရွေးထုတ်၍ ယင်းရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော နာမ်တရားတို့ကို ဆက်လက်၍ ရှုရမည် ဖြစ်သည်။ အရှုခံအာရုံ ရုပ်တရားဘက်၌လည်းကောင်း, အာရုံယူတတ်သည့် အာရမ္မဏိက နာမ်တရားဘက်၌လည်းကောင်း နှစ်ဘက်လုံး၌ ရုပ်ဃန နာမ်ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရှုပွား ပါလေ။

ထိုတွင် အဇ္ဈတ္တ၌ အမျိုးသားယောဂီသည် ပုရိသဘာဝရုပ် = ပုမ္ဘာဝရုပ်ကိုသာ ရှုရန်ဖြစ်သည်။ အမျိုးသ္မီး ယောဂီသည် ဣတ္ထိဘာဝရုပ်ကိုသာ ရှုရန်ဖြစ်သည်။ ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံလျက် ဘာဝရုပ် (၂)မျိုးလုံးကိုပင် ရှုနိုင်ပါသည်။

__________

တဒါရုံ အကြောင်း သိကောင်းစရာ

တဒါရုံ အကြောင်း သိကောင်းစရာ

သမ္မောဟဝိနောဒနီ အဋ္ဌကထာအဖွင့်

သမ္မောဟဝိနောဒနီ အဋ္ဌကထာအဖွင့်

တဒါရုံဟူသည် ဇောယူသည့် အာရုံကိုပင် ဆက်လက်၍ အာရုံယူသည့် ဝိပါက်စိတ်တစ်မျိုး ဖြစ်ကြောင်းကို ရှေးစာမျက်နှာ (၃၈-၄၁)တို့၌ ရှင်းပြထားခဲ့၏။ နာမ်ဝီထိစိတ်အစဉ်များကို သိမ်းဆည်းရှုပွားရာ၌ ဇောများ၏ နောင်၌ ဆက်လက်၍ ဖြစ်ပေါ်လာတတ်သော တဒါရုံတို့ကိုပါ ရောနှော၍ သိမ်းဆည်းရှုပွားရသဖြင့် မည်သည့် ဇောစိတ်များ၏ နောင်၌ မည်သည့်တဒါရုံများ ကျနိုင်သည် မကျနိုင်သည်ဟူသော အကြောင်းအချက်များကိုလည်း ယောဂါဝစရပုဂ္ဂိုလ်တို့သည် သိထားသင့်ပေသည်။ ဤအချက်နှင့် ပတ်သက်၍ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ကြီးတွင် အောက်ပါအတိုင်း ရှင်းလင်း ဖွင့်ဆိုထားပေသည်။

၁။ ဧကာဒသ တဒါရမ္မဏစိတ္တာနိ နာမဂေါတ္တံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န ဂဏှန္တိ။

၂။ ပဏ္ဏတ္တိံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။

၃။ တိလက္ခဏာရမ္မဏိကဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။

၄။ ဝုဋ္ဌာနဂါမိနိယာ ဗလဝဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။

၅။ ရူပါရူပဓမ္မေ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။

[ရူပါရူပဓမ္မေတိ ရူပါရူပါဝစရေ ဓမ္မေ။ (မူလဋီ၊၂၊၁၀၃။)]

၆။ မိစ္ဆတ္တနိယတဓမ္မေသု တဒါရမ္မဏံ န လဗ္ဘတိ။

၇။ သမ္မတ္တနိယတဓမ္မေသု တဒါရမ္မဏံ န လဗ္ဘတိ။

၈။ လောကုတ္တရဓမ္မေ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။

၉။ အဘိညာဉာဏံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။

၁၀။ ပဋိသမိ႓ဒါဉာဏံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏံ န လဗ္ဘတိ။

၁၁။ ကာမာဝစရေ ဒုဗ္ဗလာရမ္မဏေ တဒါရမ္မဏံ န လဗ္ဘတိ။

၁၂။ ဆသု ဒွါရေသု ဗလဝါရမ္မဏေ အာပါထဂတေယေဝ လဗ္ဘတိ။

၁၃။ လဗ္ဘမာနဉ္စ ကာမာဝစရေယေဝ လဗ္ဘတိ။

၁၄။ ရူပါရူပဘဝေ တဒါရမ္မဏံ နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၁၇၄။)

၁။ မဟာဝိပါက်စိတ် --- -- ၈ - မျိုး

၂။ အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ --- -- ၁ - မျိုး

၃။ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ --- -- ၁ - မျိုး

၄။ အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏ --- -- ၁ - မျိုး

အားလုံးပေါင်းသော် --- -- ၁၁ - မျိုး

ဤသည်တို့ကား ဇောယူသည့် အာရုံကို ဆက်လက်ယူသည့် တဒါရုံကိစ္စကို ရွက်ဆောင်နိုင်သည့် စိတ် (၁၁)မျိုးတို့ ဖြစ်ကြသည်။

၁။ တဒါရုံကိစ္စ တပ်နိုင်သော တဒါရုံကိစ္စကို ရွက်ဆောင်နိုင်သော တဒါရုံစိတ်ဟူသော အမည်ကို ရထိုက်သော တဒါရုံ ဖြစ်ကြောင်းဖြစ်ရာ စိတ်အမျိုးအစား (၁၁)မျိုးတို့သည် အမည်နာမပညတ်ကိုသော်လည်းကောင်း အနွယ် ဂေါတ္တပညတ် (ဂေါတမဟူသော အနွယ်ပညတ် ဥဒ္ဒိစ္စဗြာဟ္မဏ စသော အမည်ပညတ်)ကိုသော် လည်းကောင်း အာရုံပြု၍ ဇောသည် စောလတ်သည်ရှိသော် တဒါရုံကိစ္စ တဒါရုံ၏ အဖြစ်ကို မယူနိုင်ကုန်၊ ဇောယူသည့် အာရုံကို မယူနိုင်ကုန်။ (ယင်းဝိပါက်စိတ် တစ်မျိုးမျိုးသည် တဒါရုံကိစ္စကို ရွက်ဆောင်လျက် ဇောယူသည့် အာရုံကို ယူလျက် ဖြစ်ပေါ်မလာ ဟူလိုသည်။)

၂။ အမည်နာမပညတ်, အနွယ်ဂေါတ္တပညတ်မှ တစ်ပါးသော ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသော ပညတ်အမျိုးမျိုးကို အာရုံပြု၍ ဇောသည် စောလတ်သည်ရှိသော် ထိုဇောနောင်၌ တဒါရုံကို မရအပ်ပေ။

၃။ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ လက္ခဏာသာလျှင် အာရုံရှိသော = လက္ခဏာရမ္မဏိက ဝိပဿနာဇောများ ဖြစ်ရာအခါ၌ ယင်းသင်္ခါရ တရားတို့၏ အနိစ္စအခြင်းအရာကို သိနေသော အနိစ္စာနုပဿနာဉာဏ်ဟူသော ဝိပဿနာဇော, ဒုက္ခ အခြင်းအရာကို သိနေသော ဒုက္ခာနုပဿနာဉာဏ်ဟူသော ဝိပဿနာဇော, အနတ္တအခြင်းအရာကို သိနေ သော အနတ္တာနုပဿနာဉာဏ်ဟူသော ဝိပဿနာဇော --- -- ဤဝိပဿနာဇော အသီးအသီးတို့၏ နောင်၌ လည်း တဒါရုံကို မရအပ်ပေ။

၄။ အကြောင်းနှင့်အကျိုး ဆက်သွယ်လျက် အဆက်မပြတ် ဖြစ်ပေါ်နေသော သင်္ခါရတရားတို့၏ ဖြစ်စဉ် ဟူသော သင်္ခါရပဝတ္တတို့မှ ထမြောက်သော အရိယမဂ်ဉာဏ်သို့ ရောက်ကြောင်း ဖြစ်သော အားကြီးသော ဝုဋ္ဌာနဂါမိနိ ဗလဝဝိပဿနာဇောများ ဖြစ်ရာအခါ၌ တဒါရုံကို မရအပ်ပေ။

၅။ မဟဂ္ဂုတ်တရားဟု အမည်ရသော ရူပါဝစရစျာန် အရူပါဝစရစျာန် အဝင်အပါ ဖြစ်သော ရူပါဝစရတရား အရူပါဝစရတရားတို့ကိုအာရုံပြု၍ ဇောသည် စောလတ်သည်ရှိသော် ထိုဇော၏ နောင်၌လည်း တဒါရုံကို မရအပ်ပေ။

၆။ (က) အမိကို သတ်ခြင်း = မာတုဃာတကကံ,

( ခ ) အဖကို သတ်ခြင်း = ပိတုဃာတကကံ,

( ဂ ) ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်း = အရဟန္တဃာတကကံ,

(ဃ) ဘုရားရှင်အား သွေးစိမ်းတည်စေခြင်း = လောဟိတုပ္ပါဒကကံ,

( င ) သံဃာကို သင်းခွဲခြင်း = သံဃဘေဒကကံ --- --

ဤ (၅)ပါးတို့ကား အခြားမဲ့ ဘဝ၌ ကျိန်းသေ အပါယ်၌ အကျိုးပေးမြဲသော အာနန္တရိက = အနန္တရိယ ကံကြီးတို့တည်း။

(က) အဟေတုကဝါဒ = အကြောင်းမရှိဟု စွဲယူသော မိစ္ဆာဒိဋ္ဌိ,

( ခ ) အကိရိယဝါဒ = ပြုသော်လည်း ပြုသည် မမည်ဟု စွဲယူသော မိစ္ဆာဒိဋ္ဌိ,

( ဂ ) နတ္ထိကဝါဒ = အကျိုးမရှိဟု စွဲယူသော မိစ္ဆာဒိဋ္ဌိ --- --

ဤဒိဋ္ဌိကြီး (၃)ပါးတို့ကား ကံ-ကံ၏အကျိုးတရားကို ပစ်ပယ်သော ဒိဋ္ဌိကြီး (၃)မျိုးတို့တည်း။ ယင်းမိစ္ဆာဒိဋ္ဌိ (၃)မျိုးကို နိယတမိစ္ဆာဒိဋ္ဌိဟု ခေါ်၏။ သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့သော် အပါယ်၌ အကျိုးပေးမြဲသော တရားပင်တည်း။

ယင်းအနန္တရိယကံကြီး (၅)ပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိ --- -- ဤတရား (၆)မျိုးကို မိစ္ဆတ္တနိယတတရားဟု ခေါ်၏။ (အဘိ၊၁၊၂၁၁။)

ယင်းမိစ္ဆတ္တနိယတတရားတို့၌ တဒါရုံကို မရအပ် မရနိုင်။ [အရိယမဂ်တရားသည် ကုသိုလ်ဘာဝနာဟု ခေါ်ဆိုအပ်သော ဝိပဿနာဘာဝနာကြောင့် ပြီးစီးရသကဲ့သို့ မိစ္ဆတ္တနိယတ တရားတို့သည် အကုသိုလ်ဘာဝနာ ကြောင့် ပြီးစီးကုန်၏။ အကုသိုလ်တရားတို့သည်လည်း ထပ်ကာထပ်ကာ အဆက်မပြတ် ဖြစ်နေလျှင် ကိလေသာ များကို တိုးပွားစေသောကြောင့် ဘာဝနာဟူသော အမည်ကို ရနိုင်ကုန်၏။ အကုသလဘာဝနာပင်တည်း။ ထို အကုသိုလ်ဘာဝနာကြောင့် မိစ္ဆာသမာဓိတစ်မျိုး ဖြစ်နိုင်၏၊ ထိုမိစ္ဆာသမာဓိကို အခြေခံ၍ မိစ္ဆတ္တနိယတသို့ သက် ဝင်နိုင်ရကား ထိုမိစ္ဆတ္တနိယတတရားတို့သည် ခွန်အားလည်း ကြီးမားကုန်၏။ ထိုကြောင့် ထိုမိစ္ဆတ္တနိယတတရား တို့၌ ဇောဖြစ်လတ်သော် စောလတ်သော် ဇော၏နောက်သို့ အစဉ်လိုက်တတ်သော တဒါရုံနှင့်တကွ မဖြစ်ထိုက်ပေ။ ထိုကြောင့် မိစ္ဆတ္တနိယတတရားတို့၌ တဒါရုံကို ပယ်မြစ်တော်မူခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၁၀၃။)]

၇။ သမ္မတ္တနိယတ အမည်ရသော သံသရာဝဋ်ဆင်းရဲ၌ အကျုံးမဝင်ကုန်သော လောကုတ္တရာ အရိယမဂ်ဇော တို့၏ နောင်၌လည်း တဒါရုံကို မရအပ်ပေ။ (မဂ္ဂဝီထိတို့၌ တဒါရုံ မကျနိုင် ဟူလိုသည်။)

၈။ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ဟူသော လောကုတ္တရာတရားတို့ကို အာရုံပြု၍ ဇော စောလတ်သော် တဒါရုံကို မရအပ်ပေ။

[(က) မဂ်လေးပါးကို အာရုံပြုသော ပစ္စဝေက္ခဏာဇောများ,

( ခ ) ဖိုလ်လေးပါးကို အာရုံပြုသော ပစ္စဝေက္ခဏာဇောများ,

( ဂ ) နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဇောများ နောင်၌ တဒါရုံ မကျနိုင်။

(ဃ) တစ်ဖန် နိဗ္ဗာန်ကို အာရုံပြုသော မဂ္ဂဝီထိ အတွင်း၌ တည်ရှိသော မဂ်ဇော ဖိုလ်ဇောများ နောင်၌လည်း တဒါရုံ မကျနိုင်။

( င ) နိဗ္ဗာန်ကို အာရုံပြုသော ဖလသမာပတ္တိဝီထိ အတွင်း၌ တည်ရှိသော ဖိုလ်ဇောများ နောင်၌လည်း တဒါရုံ မကျနိုင်ဟု ဆိုလို၏။

ယင်းသို့ဖြစ်သော် ဤလောကုတ္တရဓမ္မအရ၌ သမ္မတ္တနိယတဓမ္မ အမည်ရသော အရိယမဂ်တရားများလည်း ပါဝင်နိုင်ပါလျက် သမ္မတ္တနိယတဓမ္မကို သီးခြားဖွင့်ဆိုခြင်းကား သမ္မတ္တနိယတတရား မိစ္ဆတ္တနိယတတရားတို့၏ အချင်းချင်း ဆန့်ကျင်ဘက်တို့၏ အဖြစ်, အလွန်အားရှိကုန်သည်၏ အဖြစ်ကြောင့် တဒါရုံ၏ တည်ရာ မဟုတ် သည်၏ အဖြစ်ကို ထင်ရှားပြခြင်း အကျိုးငှာ အဋ္ဌကထာ၌ သမ္မတ္တနိယတဓမ္မကို သီးခြားထုတ်ဆောင်ပြခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၁၀၄။)]

၉။ အဘိညာဉ်ဉာဏ်ကို အာရုံပြု၍ ဇောသည် စောလတ်သော် တဒါရုံကို မရအပ်ပေ။

၁၀။ ပဋိသမိ႓ဒါဉာဏ်ကို အာရုံပြု၍ ဇောသည် စောလတ်သော် တဒါရုံကို မရအပ်ပေ။

၁၁။ ကာမာဝစရဖြစ်သော အားမရှိသော ရုပ်အာရုံ နာမ်အာရုံ၌ တဒါရုံကို မရအပ်ပေ။ [တဒါရုံ ဖြစ်နိုင်လောက် အောင် အားမရှိသော ဆိုင်ရာ ဒွါရ၌ ထင်လာသည့် အချိန်အခါမှ စ၍ ရေတွက်သော် ဥပါဒ်ပြီးနောက် စိတ္တက္ခဏပေါင်းများစွာသော်လည်းကောင်း, အနည်းငယ်သော်လည်းကောင်း လွန်ပြီးမှ ဆိုင်ရာ ဒွါရ၌ ထင်လာသဖြင့် စိတ္တက္ခဏ (၁၇)ချက် အသက်မပြည့်တော့သော မဟန္တာရုံ, ပရိတ္တာရုံ, အတိပရိတ္တာရုံများကို လည်းကောင်း, အလွန်အားနည်းနေသော မထင်ရှားသော အဝိဘူတာရုံများကိုလည်းကောင်း ဆိုလိုပေ သည်။]

၁၂။ ဒွါရ (၆)ပါးတို့၌ အားကြီးသော အာရုံသည် တဒါရုံ ကျနိုင်လောက်အောင် အားကောင်းသော သက်တမ်း ကြွင်းကျန်နေသေးသော ပဉ္စဒွါရ၌ အတိမဟန္တာရုံ မနောဒွါရ၌ ဝိဘူတာရုံသည် ရှေးရှု ကျရောက်သော် သာလျှင် ထင်ခြင်းသို့ ရောက်သော်သာလျှင် တဒါရုံကို ရအပ် ရနိုင်သည်။

၁၃။ ရအပ်ပြန်ပါသော်လည်း ကာမာဝစရအာရုံ၌သာလျှင် ရအပ် ရနိုင်သည်။

၁၄။ ရူပါဝစရဘုံ အရူပါဝစရဘုံ၌ တဒါရုံ မည်သည် မရှိစကောင်းပေ။

ဤကား ရှေးအဋ္ဌကထာတို့၌ ဖွင့်ဆိုချက် ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)

အထက်ပါ အဋ္ဌကထာကြီးများ၏ ဖွင့်ဆိုချက်အရ ယေဘုယျအားဖြင့် တဒါရုံ ဟူသည် --- --

၁။ ကာမဇော ဖြစ်ခြင်း,

၂။ ကာမသတ္တဝါ ဖြစ်ခြင်း,

၃။ ကာမအာရုံ ဖြစ်ခြင်း --- --

ဟူသော အင်္ဂါ (၃)ရပ် စုံညီပါမှသာလျှင် ဇောနောင် တဒါရုံကျနိုင်၏။ ကာမအာရုံဟူသည် ကာမတရား အမည်ရသော ကာမ စိတ်စေတသိက်တရားတို့နှင့် ရုပ် (၂၈)ပါးတို့ ဖြစ်ကြသည်။ ကာမာဝစရသတ္တဝါတို့၏ သန္တာန်ဝယ် ကာမာဝစရ စိတ်+စေတသိက်ဟူသော ကာမတရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ကာမာဝစရ မနောဒွါရိက ဇောဝီထိတို့၏အတွင်း ကာမဇောများ နောင်၌ တဒါရုံ ကျနိုင်၏။ ကာမဇော ဟူသည် --- --

၁။ အကုသိုလ်ဇော --- -- ၁၂ - မျိုး

၂။ မဟာကုသိုလ်ဇော --- -- ၈ - မျိုး

၃။ မဟာကြိယာဇော --- -- ၈ - မျိုး

၄။ ဟသိတုပ္ပါဒ်ဇော --- -- ၁ - မျိုး

အားလုံးပေါင်းသော် --- -- ၂၉ - မျိုး တို့ ဖြစ်ကြ၏။

ထိုတွင် မဟာကြိယာဇောနှင့် ဟသိတုပ္ပါဒ်ဇောတို့ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ကြသော ဇောစိတ်တို့ ဖြစ်ကြ၏။ နာမ်ကမ္မဋ္ဌာန်းကို ယခုမှ အားသစ်စ ဖြစ်သော အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်၏ သန္တာန်၌ကား အကုသိုလ်ဇော (၁၂)မျိုးနှင့် မဟာကုသိုလ်ဇော (၈)မျိုးတို့သာ ထိုက်သလို ဖြစ်ခွင့် ရှိကြပေသည်။

တစ်ဖန် ရုပ် (၂၈)ပါးသည်လည်း ကာမတရားပင် အမည်ရရှိသဖြင့် ရုပ် (၂၈)ပါးကိုပင် အာရုံပြု၍ သို့မဟုတ် ရုပ် (၂၈)ပါးတို့တွင် တစ်မျိုးမျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ပဉ္စဒွါရိကဝီထိ မနောဒွါရိကဝီထိ စိတ်အစဉ် များဝယ် တည်ရှိကြသော ကာမဇောများနောင်၌လည်း တဒါရုံကျနိုင်၏။ သို့သော် ပဉ္စဒွါရဝီထိများ၌ အာရုံသည် အတိမဟန္တာရုံ ဖြစ်ပါမှ မနောဒွါရဝီထိများ၌ အာရုံသည် ဝိဘူတာရုံ ဖြစ်ပါမှသာလျှင် တဒါရုံ ကျနိုင်၏။ သို့အတွက် ယေဘုယျအားဖြင့်ဟု ဆိုခြင်း ဖြစ်သည်။ ဤသတ်မှတ်ချက်အရ ပညတ်များကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ဝီထိစိတ်အစဉ်များ၌ ဇောနောင်ဝယ် တဒါရုံ မကျနိုင်ဟု မှတ်ပါ။

တစ်ဖန် ဝိဘင်းပါဠိတော်ကြီး၏ အဖွင့်ဖြစ်သော အထက်တွင် ဖော်ပြခဲ့သော သမ္မောဟဝိနောဒနီအဋ္ဌကထာ ကြီး၌ --- --

တိလက္ခဏာရမ္မဏိက ဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)

ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ လက္ခဏာသာလျှင် အာရုံရှိသော = လက္ခဏာရမ္မဏိက ဝိပဿနာဇောများ၏ နောင်၌ တဒါရုံ မကျနိုင်ဟု ဖွင့်ဆို ထား၏။ ဤဖွင့်ဆိုချက်မှာ အလွန်အားကောင်းနေသည့် ဗလဝဝိပဿနာပိုင်းကိုသာ ရည်ရွယ်ထားသည်ဟု မှတ်ပါ။ အလွန်နုနယ်နေသေးသော = တရုဏ ဝိပဿနာဇောများ၏ နောင်၌ကား တဒါရုံ ကျခွင့်ရှိကြောင်း ဘုရားဟော ဒေသနာများလည်း အထင်အရှား ရှိသည်သာ ဖြစ်ပေသည်။

သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ၊ ကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ (ပဋ္ဌာန၊၁၊၁၃၃။)

ကုသလေ နိရုဒ္ဓေတိ ဝိပဿနာဇဝနဝီထိယာ ပစ္ဆိန္နာယ။ ဝိပါကောတိ ကာမာဝစရဝိပါကော။ တဒါရမ္မဏတာတိ တဒါရမ္မဏတာယ၊ တံ ကုသလဿ ဇဝနဿ အာရမ္မဏဘူတံ ဝိပဿိတကုသလံ အာရမ္မဏံ ကတွာ ဥပ္ပဇ္ဇတီတိ အတ္ထော။ န ကေဝလဉ္စ တဒါရမ္မဏဝသေနေဝ၊ ပဋိသန္ဓိဘဝင်္ဂစုတိဝသေနာပိ။ ဝိပါကော ဟိ ကမ္မံ အာရမ္မဏံ ကတွာ ဂဟိတပဋိသန္ဓိကဿ ကုသလာရမ္မဏော ဟောတိယေဝ၊ သော ပန ဒုဗ္ဗိညေယျတ္တာ ဣဓ န ဒဿိတော။ (ပဋ္ဌာနပကရဏအဋ္ဌကထာ - အဘိ၊ဋ္ဌ၊၃၊၄၃၆။)

အထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ သောတာပန် သကဒါဂါမ် အနာဂါမ် ဟူသော ကျင့်ဆဲ သေက္ခသူတော်ကောင်းကြီးတို့သည်လည်းကောင်း, ပုထုဇန်ပုဂ္ဂိုလ်တို့သည်လည်းကောင်း ကုသိုလ် တရားကို (= ကုသိုလ်ဇော စောသည့် ဇောဝီထိတို့၏ အတွင်း၌ ပါဝင်တည်ရှိကြသော ၃၄-၃၃-စသော ကုသိုလ် နာမ်တရားစုကို ) အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသီးအသီး ဝိပဿနာ ရှုတော်မူကြကုန်၏။ ဝိပဿနာရှုနေသော ရှုတတ်သော မနောဒွါရိက ကုသိုလ်ဇောဝီထိစိတ်အစဉ်သည် ဇော (၇)ကြိမ် စေ့၍ ယင်းကုသိုလ်ဇောတွင်ပင် ဝီထိစဉ်သည် ချုပ်ဆုံးပြတ်စဲသွားသောအခါ တဒါရုံကိစ္စကို ရွက်ဆောင်ပေးနိုင်သော ကာမာဝစရဝိပါက် တစ်မျိုး မျိုးသည် ရှုတတ်သော ဝိပဿနာကုသိုလ်ဇော၏ အရှုခံအာရုံဖြစ်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံကုသိုလ်ကို အာရုံပြု၍ (ဝိပဿနာဇောက ယူထားသည့် အာရုံကိုပင် ဆက်လက်၍ အာရုံပြုခြင်းဟူသော တဒါရုံကိစ္စကို ရွက်ဆောင်လျက်) ဖြစ်ပေါ်လာပေသည်။

ဤကာမာဝစရ ဝိပါက်စိတ်ကား သက်သက် တဒါရုံ၏အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်လာသည် မဟုတ်သေး၊ ပဋိသန္ဓေ ဘဝင် စုတိ၏ အစွမ်းဖြင့်လည်း ဖြစ်ပေါ်နိုင်သည်သာ ဖြစ်၏။ မှန်ပေသည် --- -- ဝိပါက်နာမ်တရားသည် ကုသိုလ်ကံကို အာရုံပြု၍ ယူအပ်ပြီးသော ပဋိသန္ဓေ ရှိသောသူ၏ သန္တာန်ဝယ် ယင်းကုသိုလ်လျှင် အာရုံရှိသည် ယင်းကုသိုလ်ကိုပင် အာရုံပြုသည်သာ ဖြစ်သည်။ ထိုကုသိုလ်ကို အာရုံပြုနေသော ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စ တပ်သော ဝိပါက်ကား သိနိုင်ခဲသောကြောင့် ဤ၌ ဘုရားရှင်သည် ညွှန်ပြတော် မမူပေ။ (ပဋ္ဌာန၊၁၊၁၃၃။ အဘိ၊ဋ္ဌ၊၃၊၄၃၆။)

အထူးသတိပြုသင့်သောအရာ

အထူးသတိပြုသင့်သောအရာ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂၊၂၆၁-၂၆၂။)၌ အရူပသတ္တကရှုနည်းများကို ဖော်ပြထား၏။ ေ့ရှဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ထပ်၍ ဝိပဿနာ ရှုရန် ညွှန်ကြားထား၏၊ တစ်နည်းဆိုရသော် ရှေးဝိပဿနာ မနောဒွါရိကဇောဝီထိကို နောက်ဝိပဿနာ မနောဒွါရိကဇောဝီထိဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြား ထားတော်မူ၏။ တိဟိတ်ပုထုဇန်များအတွက် အထူးကွက်၍ ဆိုရမူ - အရှုခံကုသိုလ်နှင့် ရှုတတ်သောကုသိုလ် နှစ်မျိုးတို့တွင် --- --

၁။ အရှုခံကုသိုလ်မှာလည်း ဝိပဿနာကုသိုလ်ဇော နာမ်တရားစုသာ ဖြစ်၏။

၂။ ရှုတတ်သော ကုသိုလ်မှာလည်း ဝိပဿနာကုသိုလ်ဇော နာမ်တရားစုသာ ဖြစ်၏။

ယင်း ရှေးဝိပဿနာ ကုသိုလ်ဇောဝီထိကို နောက်ဝိပဿနာ ကုသိုလ်ဇောဝီထိဖြင့် ဝိပဿနာ ရှုလာရာ ယင်းဝိပဿနာဇောတို့က ပဋိသန္ဓေ ဘဝင် စုတိ ဟူသော အကျိုးကို ပေးဖို့ရန် အခွင့်သာလာသောအခါ မရဏာ သန္နဇောတို့ကလည်း ယင်းဝိပဿနာဉာဏ်၏ အရှုခံကုသိုလ်တရားတို့ကိုပင် အာရုံယူလျက် ရှိ၏၊ တစ်နည်းဆိုရ သော် မရဏာသန္နဇောတို့ကလည်း ယင်း ဝိပဿနာဉာဏ်၏ အရှုခံကုသိုလ်တရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကိုပင် အာရုံယူလျက် ရှိ၏။ ဘဝသစ်၏ ပဋိသန္ဓေ ဘဝင် စုတိတို့ကား ယင်း မရဏာသန္နဇော၏ အာရုံကိုပင် ဆက်ခံရသဖြင့် ယင်းကုသိုလ်ကိုပင် အာရုံပြုရပေသည်။ ဤအချက်ကား သိနိုင်ခဲသောကြောင့် ဘုရားရှင် ညွှန်ပြတော် မမူဟု ဆိုလိုသည်။ ဤအချက်ကား ဝိပဿနာဇော တို့က ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို ပေးနိုင်ပုံ သာဓကတစ်ရပ်လည်း ဖြစ်ပေသည်။ (စာမျက်နှာ -၁၃၄- စသည် ကိုလည်း ကြည့်ပါ။)

သဘာဝယုတ္တိဖြင့် နှိုင်းချိန်ရန်

သဘာဝယုတ္တိဖြင့် နှိုင်းချိန်ရန်

ယခုကဲ့သို့ ရုပ်နာမ်တို့ကို သိမ်းဆည်းနေဆဲ ဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်အခိုက်၌လည်း စက္ခုအကြည် ဓာတ်ကဲ့သို့သော ရုပ်ပရမတ်အစစ်များကို ဉာဏ်ဖြင့် ပိုင်းခြားယူခိုက်ဝယ် တစ်နည်းဆိုရသော် စက္ခုဒသကကလာပ် တစ်ခုအတွင်း၌ ပါဝင်တည်ရှိကြသော စက္ခုအကြည်ဓာတ်နှင့် တကွသော (၁၀)မျိုးသော ရုပ်ပရမတ်အစစ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခိုက်ဝယ် ထိုရုပ်တရားတို့၏ ဖြစ်ပြီး ပျက်သွားသည့် အနိစ္စအခြင်းအရာကိုလည်း မြင်နေ သည်သာ ဖြစ်သည်။ အကြောင်းမူ သင်္ခတတရားတိုင်း၌ ဖြစ်မှု တည်မှု ပျက်မှု ဟူသော သင်္ခတလက္ခဏာ (၃)မျိုး ထင်ရှားရှိသောကြောင့် ဖြစ်၏။ ယင်းရုပ်ပရမတ်အစစ်တို့၏ အနိစ္စအခြင်းအရာကို ဉာဏ်ဖြင့် မြင်တွေ့နေသော် လည်း ရုပ်ပရမတ်အစစ်ကိုသာ အာရုံယူခိုက်ဝယ် တဒါရုံများ ကျခွင့်ရှိသည်သာ ဖြစ်သည်။ ယင်း ရုပ်ပရမတ် အစစ်များသည်လည်း ကာမတရား အမည်ရသောကြောင့် ဖြစ်၏။ အလားတူပင် ယခုကဲ့သို့ စက္ခုအကြည်ဓာတ်၏ အနိစ္စအခြင်းအရာကို အာရုံယူ၍ ဖြစ်ပေါ်လာသော အနိစ္စ အခြင်းအရာကို သိသိနေသော မနောဒွါရိက နာမ် တရားစုတို့ကို သိမ်းဆည်းခိုက် ဉာဏ်ဖြင့် ပိုင်းခြားယူခိုက်၌လည်း ဇောနောင် တဒါရုံများ ကျခွင့် ရှိနိုင်သည်သာ ဖြစ်သည်။ သို့အတွက် နုနယ်နေသေးသော တရုဏ ဝိပဿနာဇောများနောင်၌လည်း တဒါရုံ ကျခွင့်ရှိသည် ဟူသော အဆိုအမိန့်များမှာလည်း အလေးဂရုပြုထိုက်သော အဆိုအမိန့် တစ်ရပ်ပင် ဖြစ်ပေသည်။ ယင်းသို့ မယူခဲ့ပါလျှင် စက္ခုအကြည်ဓာတ်ကဲ့သို့သော ကာမတရားအစစ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ကာမဇောများ နောင်၌ တဒါရုံကျခွင့်ရှိသည်ဟူသော အဆိုအမိန့်များမှာ အဓိပ္ပါယ်ကင်းမဲ့လျက် ရှိနေမည် ဖြစ်သည်။ စက္ခုအကြည် ဓာတ် ပရမတ်အစစ်ကို မြင်မှုနှင့် ယင်းစက္ခုအကြည်ဓာတ်၏ ဖြစ်ပြီး ပျက်သွားသည့် အနိစ္စအခြင်းအရာကို သိမြင်မှုတို့မှာ မကင်းစကောင်းသောကြောင့် ဖြစ်၏။ စက္ခုအကြည်ဓာတ်ကို ပရမတ်သို့ဆိုက်အောင် မြင်လျှင် ဃနကား ပြိုပြီ ဖြစ်၏။ ဃနပြိုမှလည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည် ဖြစ်၏။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်လျှင်လည်း အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာကား ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်လာသည်သာပင် ဖြစ်၏။

နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။)

စက္ခုအကြည်ဓာတ်၏ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောကို သိနေသော တရုဏဝိပဿနာ ဇောများနောင်၌ တဒါရုံကျခွင့် ရှိနိုင်သကဲ့သို့ ယင်းစက္ခုအကြည်ဓာတ် ပရမတ္ထရုပ်တရားတို့၏ မကောင်းသော အဆင်း အနံ့စသည်တို့နှင့် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်နေကြသည့်အတွက် ရွံရှာစက် ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ အသုဘဟု သိနေသော ဇောစိတ်တို့၏ နောင်၌လည်း တဒါရုံ ကျနိုင်ခွင့် ရှိသည်သာ ဖြစ်၏။ အသုဘအလောင်းကောင် ပညတ်ကို အာရုံယူနေသည်ကား မဟုတ်၊ စက္ခုအကြည်ဓာတ် ကဲ့သို့သော ပရမတ်အစစ် ရုပ်တရားတို့၏ မကောင်းသော အဆင်း အနံ့ စသည်တို့နှင့် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်နေရသည့် အတွက် ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကိုသာ အာရုံယူနေခြင်း ဖြစ်သည်။ စက္ခုအကြည်ဓာတ် စသော ဓမ္မာရုံ အမည်ရသည့် ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်နေကြသော မနောဒွါရိက ဇောများနောင်၌ တဒါရုံကျခွင့်ရှိသော်လည်း ထင်ရှားသည့် ဝိဘူတာရုံ ဖြစ်မှသာလျှင် တဒါရုံ ကျနိုင်ခွင့် ရှိပေသည်။

တစ်ဖန် မဟာကုသိုလ် ဇောများနောင်၌ မဟာဝိပါက် တဒါရုံများနှင့် အဟိတ် သန္တီရဏတဒါရုံများသည် သောမနဿ ဥပေက္ခာ ထိုက်သလို ကျနိုင်၏။ အကုသိုလ်ဇောများ နောင်၌လည်း မဟာဝိပါက် တဒါရုံများနှင့် အဟိတ် သန္တီရဏတဒါရုံများသည် သောမနဿ ဥပေက္ခာ ထိုက်သလို အလားတူပင် ကျနိုင်၏။ ဤကျမ်း၌ကား ဇယားများတွင် များသောအားဖြင့် တစ်မျိုးစီလောက်ကိုသာ ဦးစားပေးလျက် နမူနာအဖြစ် ဖော်ပြထားပါသည်။ ကျန်သည့် အပိုင်းများ၌ တဒါရုံကျပုံ ရှုကွက်များကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှုရင်းဖြင့် တဖြည်းဖြည်း သဘော ပေါက်လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ ယေဘုယျစည်းကမ်းသို့ လိုက်၍ --- --

၁။ သောမနဿဇောနောင်၌ သောမနဿတဒါရုံကိုလည်းကောင်း,

၂။ ဥပေက္ခာဇောနောင်နှင့် ဒေါမနဿဇောနောင်၌ ဥပေက္ခာတဒါရုံကိုလည်းကောင်း,

၃။ အကုသိုလ်ဇောများနောင်၌ အဟိတ်တဒါရုံများကိုလည်းကောင်း --- --

ဦးစားပေး၍ ဇယားများတွင် အသီးအသီး ချပြထားပါသည်။ သို့သော် ကုသိုလ်ဇောများနောင်၌ အဟိတ် ဝိပါက်တဒါရုံများသည်လည်း ကျခွင့်ရှိနိုင်၏။ အကုသိုလ်ဇောများ နောင်၌လည်း မဟာဝိပါက်တဒါရုံများ ကျခွင့် ရှိနိုင်သည်သာ ဖြစ်၏။

မဟာဝိပါက်စိတ် (၈)မျိုးနှင့် အဟိတ် သန္တီရဏစိတ် (၃)မျိုး နှစ်ရပ်ပေါင်းသော် (၁၁)မျိုးသော စိတ်တို့သည် ဇောယူသည့် အာရုံကို ဆက်လက်ခံယူခြင်းတည်းဟူသော တဒါရုံကိစ္စကို ရွက်ဆောင်နိုင်ကြပေသည်။ ဤတွင် တိဟိတ်ပုထုဇန်များအတွက် အထူး ရည်ရွယ်၍ ဇောနောင် တဒါရုံကျနိုင်သည့် ဇယားတစ်ခုကို ဖော်ပြအပ်ပါသည်။ သောတာပန် သကဒါဂါမ် အနာဂါမ်ပုဂ္ဂိုလ်တို့သည်လည်း မိမိတို့ ပယ်ထားပြီးသော ကိလေသာတို့ကို နှုတ်ပယ်၍ နည်းတူ မှတ်ယူနိုင်ပါသည်။

တိဟိတ်ပုထုဇန်များအတွက် တဒါရုံ ဇယား

ဝိပါက် အမှန် - ဇော အပြန်

ဝိပါက် အမှန် - ဇော အပြန်

၁။ သဘာဝဣဋ္ဌာရုံ = သဘာဝအတိုင်း အလိုရှိအပ်သော ဣဋ္ဌာရုံနှင့် သဘာဝအတိဣဋ္ဌာရုံ = သဘာဝအတိုင်း အလွန်အလိုရှိအပ်သော နှစ်သက်မြတ်နိုးအပ်သော ဣဋ္ဌာရုံများကို ရှေးကုသိုလ်ကံကြောင့်သာ တွေ့ရ၏။ ထိုကြောင့် တဒါရုံများမှာ ကုသလဝိပါက်တို့သာ ဖြစ်ခွင့် ရှိကြ၏။

ထိုတွင် ဣဋ္ဌမဇ္ဈတ္တ ခေါ်သော အလယ်အလတ် ဖြစ်သော သဘာဝဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ အာဝဇ္ဇန်း နှင့် ဇောမှ တစ်ပါးသော ဝီထိစိတ်များသည် ရှေးကုသိုလ်ကံ၏ အကျိုးဖြစ်ကြသော မဟာဝိပါက်စိတ်နှင့် အဟိတ် ကုသလဝိပါက်စိတ်တို့သာ ဖြစ်ကြရသည်။ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်စိတ် တို့ကို ဆိုလိုပေသည်။ ဇောမှာ ယင်း အာရုံအပေါ်၌ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စော၍ အယောနိသော မနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စောနိုင်သည်။

၂။ သဘာဝအတိုင်း အလွန်အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဘုရားအစရှိသော သဘာဝအတိဣဋ္ဌာရုံ နှင့် တွေ့ကြုံသောအခါ ရှေးကုသိုလ်ကံကြောင့်သာ တွေ့ကြုံခွင့် ရရှိသဖြင့် မဟာဝိပါက် သောမနဿ တဒါရုံ (၄)မျိုးနှင့် အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ တစ်မျိုးဟူသော (၅)မျိုးသော သောမနဿတဒါရုံတို့သာ ကျနိုင်ခွင့်ရှိသည်။ ဇောမှာ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စော၍ အယောနိသောမနသိကာရ ဖြစ်လျှင် နှလုံးသွင်းမှားလျှင် အကုသိုလ်ဇော စောနိုင်သည်။ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏတို့သည်လည်း ကုသလဝိပါက်တို့သာ ဖြစ်ကြရ၏။

၃။ သဘာဝအတိုင်း အလိုမရှိအပ်သည့် သဘာဝအနိဋ္ဌာရုံများကို ရှေးအကုသိုလ်ကံကြောင့်သာ တွေ့ကြုံရ သည်ဖြစ်၍ ထိုအနိဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ဇောမှာ ယောနိသော မနသိကာရ ဖြစ်လျှင် ကုသိုလ် ဇော, အယောနိသော မနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စော၍ စက္ခုဝိညာဏ် စသည့် ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံများသည် အဟိတ် အကုသလဝိပါက်စိတ်ချည်း ဖြစ်ရမည်။ ဤသတ်မှတ်ချက်အရ အနိဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ပဉ္စဒွါရိကဇော, မနောဒွါရိကဇောတို့ နောင်၌ အကုသိုလ် ကံ၏ အကျိုးဖြစ်သော အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံတစ်မျိုးသာ ကျနိုင်သည်ဟု မှတ်ပါ။

ကံနှင့် အကျိုးတရားအပိုင်း

ကံနှင့် အကျိုးတရားအပိုင်း

ဤတွင် --- --

၁။ တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်,

၂။ တိဟိတ် ဩမက ကုသိုလ်,

၃။ ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ်,

၄။ ဒွိဟိတ် ဩမက ကုသိုလ်,

ဤကုသိုလ်ကံ (၄)မျိုးတို့နှင့် ယင်း ကုသိုလ်ကံတို့၏ အကျိုးတရားတို့ကိုလည်း သိထားသင့်ပေသည်။ သို့မှ သာလျှင် တဒါရုံကို ရှုရာ၌ ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်နိုင်မည် ဖြစ်သည်။

တတ္ထာပိ တိဟေတုကမုက္ကဋ္ဌံ ကုသလံ တိဟေတုကံ ပဋိသန္ဓိံ ဒတွာ ပဝတ္တေ သောဠသဝိပါကာနိ ဝိပစ္စတိ။

တိဟေတုကမောမကံ, ဒွိဟေတုကမုက္ကဋ္ဌဉ္စ ကုသလံ ဒွိဟေတုကံ ပဋိသန္ဓိံ ဒတွာ ပဝတ္တေ တိဟေတုကရဟိတာနိ ဒွါဒသ ဝိပါကာနိ ဝိပစ္စတိ။

ဒွိဟေတုကမောမကံ ပန ကုသလံ အဟေတုကမေဝ ပဋိသန္ဓိံ ဒေတိ၊ ပဝတ္တေ စ အဟေတုကဝိပါကာနေဝ ဝိပစ္စတိ။

အသင်္ခါရံ သသင်္ခါရ-ဝိပါကာနိ န ပစ္စတိ။

သသင်္ခါရမသင်္ခါရ-ဝိပါကာနီတိ ကေစန။

တေသံ ဒွါဒသ ပါကာနိ၊ ဒသာ,ဋ္ဌ စ ယထာက္ကမံ။

ယထာဝုတ္တာနုသာရေန၊ ယထာသမ္ဘဝမုဒ္ဒိသေ။

(အဘိဓမ္မတ္ထသင်္ဂဟ - ဝီထိမုတ်ပိုင်း)

ကုသိုလ်နှင့် ဝိပါက် ဇယား

ကုသိုလ်နှင့် ဝိပါက် ဇယား

တိဟိတ်-ဥက္ကဋ္ဌ ကုသိုလ်

တိဟိတ်-ဥက္ကဋ္ဌ ကုသိုလ်

ကုသိုလ်ပြုစဉ်ဝယ် ကံ-ကံ၏ အကျိုးတရားကို သက်ဝင်ယုံကြည်မှု သဒ္ဓါတရားနှင့် ယှဉ်တွဲလျက်ရှိသော ကံ-ကံ၏ အကျိုးတရားကို တတ်သိနားလည်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းသော ကုသိုလ်မျိုးသည် လည်းကောင်း, အကယ်၍ ကောင်းမှုရှင်သည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုတို့ကို ပရမတ်သို့ ဉာဏ် အမြင် ဆိုက်ပြီးသူ ဖြစ်သဖြင့် ဒါန သီလ ဘာဝနာ ကောင်းမှုကုသိုလ်မျိုးစေ့တို့ကို ပြုစုပျိုးထောင်ရာဝယ် အလှူ ပေး ပုဂ္ဂိုလ် အလှူခံပုဂ္ဂိုလ် လှူဖွယ်ဝတ္ထုစသည့် သက်ရှိ သက်မဲ့ ရုပ်နာမ်တရားစုတို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် ယင်းရုပ်နာမ် ပရမတ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့် စီ တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်သဖြင့် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာ ဉာဏ်စသော ဝိပဿနာဉာဏ်များ ပါဝင် ခြံရံလျက်ရှိသော ဒါန သီလ ဘာဝနာ စသော ကုသိုလ်မျိုးသည် လည်းကောင်း အလောဘ အဒေါသ အမောဟ ဟူသော ကုသိုလ်ဟူသမျှတို့၏ အခြေခံ အကြောင်းရင်း အရင်း အမြစ် ဖြစ်ကြသည့် = ဟိတ်တရား (၃)ပါးနှင့် ယှဉ်တွဲနေသည့်အတွက် တိဟိတ်ကုသိုလ် ဖြစ်၏။ ဉာဏသမ္ပယုတ် မဟာကုသိုလ် ဝိပဿနာဇောတို့ကား တိဟိတ်ကုသိုလ်မျိုး အစစ်သာ ဖြစ်၏။

ထိုကဲ့သို့သော တိဟိတ်ကုသိုလ်မျိုးကို ပြုစုပျိုးထောင်ရာဝယ် ကုသိုလ် မပြုခင်၌သော်လည်းကောင်း, ပြုပြီး နောက်သော်လည်းကောင်း လောဘ ဒေါသ မာန်မာန စသော အကုသိုလ်များ မခြံရံဘဲ, အလောဘ အဒေါသ အမောဟစသော ကုသိုလ်များသာ ခြံရံနေလျှင် ထိုတိဟိတ်ကုသိုလ်သည် သာလွန်မြင့်မြတ် ဥက္ကဋ္ဌ = ဥက္ကဌ် အဖြစ်သို့ ရောက်ရှိသွားသော ကုသိုလ် မည်၏။ ထိုကုသိုလ်ကို သတိရတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြန်ပါမူကား အလွန့်အလွန် မြင့်မြတ်သော ဥက္ကဌ်ကုသိုလ် ဖြစ်လေတော့၏။ တရားကိုယ်မှာ မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ်တည်း။ သို့မဟုတ် မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ်စေတသိက်တရားစုတည်း။ ပုညာဘိသင်္ခါရ အမည် ရသော နာမ်တရားစုတို့တည်း။ သောမနဿဝေဒနာနှင့် ယှဉ်သော် (၃၄), ဥပေက္ခာဝေဒနာနှင့် ယှဉ်သော် (၃၃)မျိုးသော နာမ်တရားစုတို့တည်း။ ယေဘုယျဟု မှတ်ပါ။

အကျိုးပေးပုံ --- -- ထို တိဟိတ်ဥက္ကဌ် အမြတ်စား မဟာကုသိုလ်သည် ပဋိသန္ဓေအခါဝယ် မဟာဝိပါက် ဉာဏသမ္ပယုတ်ဟူသော တိဟိတ်ပဋိသန္ဓေအကျိုးကို ပေး၏။ ပဝတ္တိအခါ၌ကား မဟာဝိပါက်နှင့် အဟိတ် ကုသလဝိပါက်ဟူသော (၁၆)ချက်သော အကျိုးတို့ကို ပေး၏။ ပဋိသန္ဓေ၌ သောမနဿဝေဒနာနှင့် ယှဉ်သော် နာမ်တရား (၃၄), ဥပေက္ခာဝေဒနာနှင့် ယှဉ်သော် ပီတိ မပါသဖြင့် (၃၃)မျိုးသော နာမ်တရားစုတို့တည်း။

ဝိပဿနာဇောစေတနာတို့ကလည်း ပဋိသန္ဓေအကျိုးကို ပေးနိုင်ပုံ

ဝိပဿနာဇောစေတနာတို့ကလည်း ပဋိသန္ဓေအကျိုးကို ပေးနိုင်ပုံ

နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ၊ အာရမ္မဏေ သတိ ပတိဋ္ဌာ ဝိညာဏဿ ဟောတိ၊ တသ္မိံ ပတိဋ္ဌိတေ ဝိညာဏေ ဝိရူဠှေ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ၊ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိယာ သတိ အာယတိံ ဇာတိ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (သံ၊၁၊၂၉၅ - စေတနာသုတ္တန်။)

နော စေ ဘိက္ခဝေ စေတေတီတိ ဣမိနာ တေဘူမကစေတနာယ အပ္ပဝတ္တနက္ခဏော ဝုတ္တော။ နော စေ ပကပ္ပေတီတိ ဣမိနာ တဏှာဒိဋ္ဌိကပ္ပါနံ အပ္ပဝတ္တနက္ခဏော။ အထ စေ အနုသေတီတိ ဣမိနာ တေဘူမကဝိပါကေသု ပရိတ္တကိရိယာသု ရူပေတိ ဧတ္ထ အပ္ပဟီနကောဋိယာ အနုသယော ဂဟိတော။ အာရမ္မဏမေတံ ဟောတီတိ အနုသယေ သတိ ကမ္မဝိညာဏဿ ဥပ္ပတ္တိယာ အဝါရိတတ္တာ ဧတံ အနုသယဇာတံ ပစ္စယောဝ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၆၆။)

အနုသေတီတိ တေဘူမကကုသလေ ဥပနိဿယကောဋိယာ, စတူသု အကုသလစေတနာသု သဟဇာတကောဋိယာ စေဝ ဥပနိဿယကောဋိယာ စ အနုသယော ဂဟိတော။ (သံ၊ဋ္ဌ၊၂၊၆၆။)

ဧတ္ထ စ နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ ခေါ အနုသေတီတိ ဧဝံ ဘဂဝတာ ဒုတိယနယေ ပုဗ္ဗဘာဂေ ဘဝနိဗ္ဗတ္တက ကုသလာကုသလာယူဟနံ, ပကပ္ပနဉ္စ ဝိနာပိ ဘဝေသု ဒိဋ္ဌာဒီနဝဿ ယောဂိနော အနုသယပစ္စယာ ဝိပဿနာစေတနာပိ ပဋိသန္ဓိဇနကာ ဟောတီတိ ဒဿနတ္ထံ, ကုသလာကုသလဿ အပ္ပဝတ္တိ စေပိ, တဒါ ဝိဇ္ဇမာနတေဘူမကဝိပါကာဒိဓမ္မေသု အပ္ပဟီနကောဋိယာ အနုသယိတကိလေသပ္ပစ္စယာ ဘဝဝဇ္ဇဿ ကမ္မဝိညာဏဿ ပတိဋ္ဌိတတာ ဟောတီတိ ဒဿနတ္ထဉ္စ ဝုတ္တော။ (သံ၊ဋီ၊၂၊၈၃။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ --- -- ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် ကာမ-ရူပ-အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ်အတွင်း၌ တည်ရှိကြသော တေဘူမကသင်္ခါရ အမည်ရသည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုတို့ကို လက္ခဏာရေးသုံးတန်သို့ တင်လျက် တွင်တွင်ကြီး ဝိပဿနာ ရှုပွားသုံးသပ်လျက် ရှိ၏။ ဘုံသုံးပါးတို့၌ အနိစ္စပြစ်ချက်ကြီး ဒုက္ခပြစ်ချက်ကြီး အနတ္တပြစ်ချက်ကြီး ဖောက်ပြန်ပျက်စီးတတ်သည့် ဝိပရိဏာမပြစ်ချက်ကြီးတို့ကို ဉာဏ်ပညာမျက်စိဖြင့် လင်းလင်းထင်ထင် တွေ့မြင် လျက် ရှိနေ၏။ ထိုသို့ ဝိပဿနာဉာဏ်များသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အဆက်မပြတ် အရှိန်ပြင်းစွာ ဆက်တိုက် ဖြစ်ပေါ်နေချိန်ဝယ် ထိုသူတော်ကောင်း၏ သန္တာန်၌ --- --

၁။ သံသရာဝဋ်ကို လည်ပတ်စေတတ်သော ဘဝသစ်ကို ဖြစ်ပေါ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံများ လည်း ဖြစ်ခွင့် မရှိပေ။

၂။ လူတော်လူကောင်း နတ်ကောင်းနတ်မြတ် ဖြစ်ရပါလို၏ စသော တဏှာဒိဋ္ဌိတို့ဖြင့် ပူးတွဲလျက် ကြံစည် စိတ်ကူးမှုလည်း မရှိပေ။

၃။ သို့သော် အနုသယဓာတ်ကို အရိယမဂ်တရားဖြင့် အကြွင်းမဲ့ မပယ်ရှားရသေးသဖြင့် ထိုသူတော်ကောင်း၏ ရုပ်နာမ်သန္တာန် အစဉ်ဝယ် အနုသယဓာတ်ကား ကိန်းဝပ်လိုက်ပါလျက်ပင် ရှိနေသေး၏။

ဤသို့လျှင် ဝိပဿနာဉာဏ်အခိုက်ဟူသော ေ့ရှအဖို့ဝယ် ဘဝကို ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ် ကံတို့ကို ပြုစုပျိုးထောင်နေသည် မဟုတ်ဘဲ ဘဝ၏ကုန်ဆုံးရာ နိဗ္ဗာန်သို့ ရောက်ကြောင်း မဂ္ဂင်လမ်းကြောင်းပေါ် သို့သာ ဖြောင့်တန်းစွာ လျှောက်သွားနေခြင်းသာ ဖြစ်သောကြောင့် ဘဝကို ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံကို ကြိုးစားအားထုတ်မှုနှင့် ကင်းနေသည် ဖြစ်ငြားသော်လည်း, လူတော်လူကောင်း နတ်ကောင်း နတ်မြတ်ဖြစ်ရန် စသော တဏှာ-ဒိဋ္ဌိတို့ဖြင့် ပူးတွဲ၍ ကြံစည်စိတ်ကူးမှုနှင့် ကင်းနေသည် မှန်ငြားသော်လည်း ဘဝသုံးပါးတို့၌ အပြစ်အာဒီနဝကို ဉာဏ်မျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော ထိုယောဂါ ဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အနုသယဓာတ် ကိန်းဝပ်တည်နေခြင်းတည်းဟူသော အကြောင်းကြောင့် ဝိပဿနာဇော တို့နှင့် ယှဉ်တွဲလျက်ရှိသော ဝိပဿနာစေတနာသည်လည်း ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်ရကား ဤအနုသယ ဓာတ်၏ ကိန်းအောင်းခြင်းသည် နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော ကမ္မဝိညာဏ်၏ ဖြစ်ပေါ်တည်ရှိ လာဖို့ရန် အကြောင်းတရား ဖြစ်ပေသည်။ အနုသယဓာတ်သည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပါက် ရုပ်နာမ် စသည့် ရုပ်နာမ်သန္တာန် အစဉ်တို့၌ ကိန်းဝပ်တည်ရှိနေသေးခြင်းကြောင့် ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဝိညာဏ် သည်လည်း နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော ကမ္မဝိညာဏ်အရာ၌ တည်နေ၏ဟု ဆိုလိုသည်။ ဤရှင်းလင်းချက်များအရ အထက်ပါ စေတနာသုတ္တန်ကောက်နုတ်ချက်ပါဠိတော်၏ မြန်မာပြန်မှာ ဤသို့ ဖြစ်၏။

ရဟန်းတို့ ...အကြင်ဘဝသစ်ကို ဖြစ်ပေါ်စေတတ်သည့် ကုသိုလ်စေတနာ အကုသိုလ်စေတနာကိုလည်း အကယ်၍ စေ့ဆော်အားမထုတ်စေကာမူ, လူတော်လူကောင်း နတ်ကောင်းနတ်မြတ်ဖြစ်ရန် စသည်ဖြင့် တဏှာ-ဒိဋ္ဌိတို့ဖြင့် ပူးတွဲလျက် ကြံစည်စိတ်ကူးမှု အကယ်၍ မရှိစေကာမူ, ထိုသို့ဖြစ်သော်လည်း အကယ်၍ကား အနုသယ ဓာတ်သည် ကိန်းအောင်းတည်နေသည် ဖြစ်ငြားအံ့၊ ဤအနုသယဓာတ် ကိန်းအောင်းခြင်းသည်ပင်လျှင် နောင် တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ ဖြစ်ပေါ်တည်ရှိလာဖို့ရန် အကြောင်း တရား ဖြစ်၏။ အနုသယဓာတ်ဟူသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဘဝသစ်ကို ဖြစ်ပေါ် စေတတ်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ တည်ရှိခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုကမ္မဝိညာဏ်သည် တည်ရှိသည်ရှိသော် စည်ပင်လာသည်ရှိသော် နောင်အခါ၌ တစ်ဖန် ဘဝအသစ်ဟု ဆိုအပ်သော ဘဝဖြစ်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။ နောင်အခါ၌ တစ်ဖန် ဘဝသစ်၏ ဖြစ်ခြင်းသည် ထင်ရှားရှိခဲ့သော် နောင်အခါ၌ --- --

၁။ ပဋိသန္ဓေတည်နေရခြင်း ဇာတိတရား,

၂။ အိုရခြင်း ဇရာတရား,

၃။ သေရခြင်း မရဏတရား,

၄။ စိုးရိမ်ရခြင်း သောကတရား,

၅။ ငိုကြွေး မြည်တမ်းရခြင်း ပရိဒေဝတရား,

၆။ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား,

၇။ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား,

၈။ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားတို့သည်

ထင်ရှား ဖြစ်ပေါ်လာကြကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစုအပုံသည် ဖြစ်ပေါ်လာ၏။ (သံ၊၁၊၂၉၅။)

ဤဒေသနာတော်ကား ဝိပဿနာဇော စေတနာတို့ကလည်း အခါအခွင့်သင့်လျှင် အနုသယဓာတ် ကိလေ သာ ကိန်းဝပ်တည်ရှိနေသေးသူ သူတော်မွန်၏သန္တာန်ဝယ် ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုးတို့ကို ပေးနိုင်ပုံ ဒေသနာ တော်တစ်ခု ဖြစ်၏။ ဉာဏသမ္ပယုတ် ဝိပဿနာဇော စေတနာတို့က မဟာဝိပါက် တိဟိတ်ပဋိသန္ဓေအကျိုးကို ပေး၍ ပဝတ္တိအခါ၌ အထက်တွင် ဖော်ပြထားခဲ့သော (၁၆)ချက်သော အကျိုးဝိပါက်တို့ကို ပေးနိုင်၏။ ဉာဏ ဝိပ္ပယုတ် ဝိပဿနာဇောစေတနာတို့ကား အောက်တွင် ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ပိုင်း၌ ဖော်ပြထားသော ပဋိသန္ဓေ ကျိုး ပဝတ္တိကျိုးတို့ကို ဖြစ်စေတတ်ကုန်၏ဟု မှတ်ပါ။ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးတို့ကို ပေးတတ်သော ဝိပဿနာဇော စေတနာတို့ကား စရဏမျိုးစေ့တွင် အကျုံးဝင်၍ ယင်းသို့ အကျိုးမပေးသော ဝိပဿနာဇောတို့ကား ဝိဇ္ဇာမျိုးစေ့ တွင် အကျုံးဝင်ကြ၏။

ကထံ ပုထုဇ္ဇနဿ စ သေက္ခဿ စ သင်္ခါရုပေက္ခာယ စိတ္တဿ အဘိနီဟာရော ဧကတ္တံ ဟောတိ။ ပုထုဇ္ဇနဿ သင်္ခါရုပေက္ခံ အဘိနန္ဒတော စိတ္တံ ကိလိဿတိ, ဘာဝနာယ ပရိပန္ထော ဟောတိ, ပဋိဝေဓဿ အန္တရာယော ဟောတိ၊ အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတိ။ သေက္ခဿပိ သင်္ခါရုပေက္ခံ အဘိနန္ဒတော စိတ္တံ ကိလိဿတိ၊ ဘာဝနာယ ပရိပန္ထော ဟောတိ, ဥတ္တရိပဋိဝေဓဿ အန္တရာယော ဟောတိ, အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတိ။ ဧဝံ ပုထုဇ္ဇနဿ စ သေက္ခဿ စ သင်္ခါရုပေက္ခာယ စိတ္တဿ အဘိနီဟာရော ဧကတ္တံ ဟောတိ အဘိနန္ဒဋ္ဌေန။ (ပဋိသံ၊၆၀။)

အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတီတိ သေက္ခေသု သောတာပန္နသကဒါဂါမီနံ အနဓိဂတဇ္ဈာနာနံ သင်္ခါရုပေက္ခာကမ္မေန ဒီယမာနာယ ကာမာဝစရသုဂတိပဋိသန္ဓိယာ အဘိနန္ဒနကိလေသော ပစ္စယော ဟောတိ၊ စျာနလာဘီနံ ပန အနာဂါမိဿ စ ဗြဟ္မလောကေယေဝ ပဋိသန္ဓာနတော ပစ္စယော န ဟောတိ, အနုလောမဂေါတြဘူဟိ စ ဒီယမာနာယ ပဋိသန္ဓိယာ အယမေဝ ကိလေသော ပစ္စယော ဟောတီတိ ဝေဒိတဗ္ဗော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

ပုထုဇန် ပုဂ္ဂိုလ်အားလည်းကောင်း, စျာန်မရသည့် သောတာပန် သကဒါဂါမ်ဟူသော ကျင့်ဆဲ = သေက္ခ ပုဂ္ဂိုလ်အားလည်းကောင်း သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှူဆောင်ခြင်းသည် အဘယ်သို့လျှင် တူညီမှုရှိခြင်းသည် ဖြစ်လေသနည်း? ...

၁။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော ပုထုဇန်ပုဂ္ဂိုလ်အား စိတ်ဓာတ်သည် ညစ်နွမ်း၏၊ ဝိပဿနာဘာဝနာ၏ ဘေးရန်ဖြစ်၏။ ဝိပဿနာဘာဝနာကြောင့် ရသင့် ရထိုက်သော သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်း = သစ္စပဋိဝေဓဉာဏ်ကို ရရှိခြင်း၏ အန္တရာယ်ဖြစ်၏။ နောင်အနာဂတ်၌ ဖြစ်လတ္တံ့သော ကာမသုဂတိပဋိသန္ဓေ၏ အကြောင်းဖြစ်၏။ (ပဋိသံ၊၆၀။)

သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဉ်သော စေတနာကံသည် စွမ်းအင် ကြီးမားသောကြောင့် ထိုကံကပင်လျှင် သုဂတိပဋိသန္ဓေကျိုးကို ပေးလတ်သော် သင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက်မြတ်နိုးခြင်းဟု ဆိုအပ်သော လောဘကိလေသာသည် နောင်အနာဂတ်ဘဝ၌ ကာမာဝစရသုဂတိပဋိသန္ဓေကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်မြတ်နိုးသော လောဘကိလေသာ အပေါင်း အဖော်ကို ရရှိသော သင်္ခါရုပေက္ခာကုသိုလ်ကံသည် အကျိုးဝိပါကဝဋ်ကို ဖြစ်စေနိုင်၏။ ထိုကြောင့် သင်္ခါရုပေက္ခာ ကံကား ပဋိသန္ဓေ စသော အကျိုးဝိပါက်ကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနက အကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်မြတ်နိုးတတ်သော လောဘကိလေသာကား ယင်းဇနကကံကို အားပေးထောက် ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

၂။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော စျာန်မရသည့် သောတာပန် သကဒါဂါမ်ဟူသော ကျင့်ဆဲ = သေက္ခ ပုဂ္ဂိုလ်အား စိတ်ဓာတ်သည် ညစ်နွမ်း၏၊ ဝိပဿနာဘာဝနာ၏ ဘေးရန်ဖြစ်၏၊ ဝိပဿနာဘာဝနာကြောင့် ရသင့် ရထိုက်သော သစ္စာလေးပါးကို ထိုးထွင်းသိမြင်တတ်သော အထက်အထက်သော အရိယမဂ်ဉာဏ်တည်းဟူသော သစ္စပဋိဝေဓဉာဏ်ကို ရရှိခြင်း၏ အန္တရာယ်ဖြစ်၏။ နောင်အနာဂတ်၌ ဖြစ်လတ္တံ့သော ကာမသုဂတိပဋိသန္ဓေ၏ အကြောင်းဖြစ်၏။ (ပဋိသံ၊၆၀။)

သေက္ခပုဂ္ဂိုလ်တို့တွင် စျာန်ကို မရရှိကြကုန်သော သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့အား သင်္ခါရုပေက္ခာ ကံက ကာမာဝစရသုဂတိပဋိသန္ဓေအကျိုးကို ပေးလတ်သော် ယင်းသင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက် မြတ်နိုးသော လောဘကိလေသာသည် ယင်းသင်္ခါရုပေက္ခာကံကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာကံကား ဇနက အကြောင်းတရား ဖြစ်၏။ စျာန်ကို ရရှိကြကုန်သော သောတာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့သည်လည်းကောင်း အနာဂါမ်ပုဂ္ဂိုလ်သည်လည်းကောင်း ဗြဟ္မာ့ပြည်၌သာ ပဋိသန္ဓေတည်နေရခြင်းသဘော ရှိသောကြောင့် ယင်းသင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက်မြတ်နိုးတတ်သော လောဘကိလေသာသည် ဗြဟ္မာပဋိသန္ဓေကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနကကံ ဖြစ်သော မဟဂ္ဂုတ်စျာန် ကုသိုလ်ကံအား အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား မဖြစ်နိုင်။ (မဟဂ္ဂုတ်စျာန်ကိုလည်း ကောင်း ဗြဟ္မာဘဝကိုလည်းကောင်း တွယ်တာမက်မောတတ်သော တဏှာလောဘကသာလျှင် အားပေးထောက် ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်သောကြောင့်တည်း။) အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့က ကာမသုဂတိပဋိသန္ဓေအကျိုးကို ပေးရာ၌လည်း ယင်းဝိပဿနာဉာဏ်တို့ကို အလွန် နှစ်သက်မြတ်နိုးသော ယင်းလောဘကိလေသာသည်ပင်လျှင် အားပေးထောက်ပံ့တတ်သော အကြောင်းတရားဖြစ်သည်ဟု သိရှိပါလေ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

ဤသို့လျှင် ပုထုဇန်နှင့် ကျင့်ဆဲ = သေက္ခပုဂ္ဂိုလ်တို့အား သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှူဆောင်ခြင်းသည် နှစ်သက်တတ်သော သဘောအားဖြင့် ဤသို့ တူညီမှုရှိခြင်း ဖြစ်ပေသည်။ (ပဋိသံ၊၆၀။)

ဤကဲ့သို့သော ဝိပဿနာကံတို့ကား တိဟိတ် ဥက္ကဌ် အမြတ်စား ကာမာဝစရကံတို့ပင် ဖြစ်ကြပေသည်။ အဆင့်အမြင့်ဆုံးသော ကာမဘဝကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ကံတို့ပင်တည်း။

တိဟိတ် ဩမက ကုသိုလ်

တိဟိတ် ဩမက ကုသိုလ်

ယင်း တိဟိတ်ကုသိုလ်မျိုးစေ့ကိုပင် ပြုစုပျိုးထောင်ရာဝယ် ကုသိုလ် မပြုခင်၌သော်လည်းကောင်း, ပြုအံ့ ဆဲဆဲ အလွန်နီးကပ်သော အချိန်၌သော်လည်းကောင်း, ပြုပြီး၌သော်လည်းကောင်း လောဘ, ဒေါသ, မာန် = မာန, ဣဿာ, မစ္ဆရိယ စသော အကုသိုလ်ဆိုးများက ယင်းကုသိုလ်ကို ခြံရံနေလျှင် ယင်းတိဟိတ်ကုသိုလ် သည်ပင် အညံ့စားအဖြစ်သို့ ရောက်ရှိသွားလေရကား တိဟိတ် ဩမကဟူသော အမည်ကို ရရှိလေသည်။

ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ်

ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ်

ကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်ရာဝယ် ကလေးသူငယ်များ ပြုလုပ်သကဲ့သို့ ကံနှင့် ကံ၏အကျိုးကို တတ်သိနားလည်သော ဉာဏ်မပါလျှင် အလောဘ အဒေါသ ဟိတ်နှစ်ပါးနှင့်သာ ယှဉ်၍ အမောဟဟိတ်နှင့် မယှဉ်သောကြောင့် ယင်းကုသိုလ်မျိုးသည် ဒွိဟိတ်ကုသိုလ် ဖြစ်၏။ ထိုကုသိုလ်၏ ေ့ရှနောက်၌ ကုသိုလ်များ ခြံရံနေလျှင် အမြတ်စား ဒွိဟိတ် ဥက္ကဋ္ဌ ကုသိုလ် ဖြစ်၏။ တရားကိုယ်မှာ မဟာကုသိုလ် ဉာဏဝိပ္ပယုတ် တရားစု တည်း။

အကျိုးပေးပုံ --- -- ဤ တိဟိတ်ဩမကကုသိုလ်နှင့် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် ပဋိသန္ဓေအခါဝယ် မဟာ ဝိပါက် ဉာဏဝိပ္ပယုတ်ဟူသော ဒွိဟိတ်ပဋိသန္ဓေအကျိုးကို ပေး၏။ ပဝတ္တိအခါ၌ကား တိဟိတ် မဟာဝိပါက် ဉာဏသမ္ပယုတ် အကျိုးကို မပေးနိုင်တော့ဘဲ မဟာဝိပါက် ဉာဏဝိပ္ပယုတ် (၄)မျိုး, အဟိတ် ကုသလဝိပါက် (၈)မျိုးဟူသော (၁၂)မျိုးသော အကျိုးကိုသာ ပေးတော့သည်။

ဒွိဟိတ် ဩမက ကုသိုလ်

ဒွိဟိတ် ဩမက ကုသိုလ်

ယင်း ဒွိဟိတ်ကုသိုလ်မျိုးကို ပြုစုပျိုးထောင်ရာဝယ် ယင်းကုသိုလ်၏ ေ့ရှနောက်၌ အကုသိုလ်များ ခြံရံ နေလျှင် ယင်းဒွိဟိတ်ကုသိုလ်သည်ပင် အညံ့စားအဖြစ်သို့ ရောက်ရှိသွားလေရကား ဒွိဟိတ် ဩမကဟူသော အမည်ကို ရရှိလေသည်။

အကျိုးပေးပုံ --- -- ယင်း ဒွိဟိတ်ဩမကကုသိုလ်ကား ပဋိသန္ဓေအခါဝယ် အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏဟူသော အညံ့စား ပဋိသန္ဓေအကျိုးကို ပေး၏။ ယင်း ပဋိသန္ဓေစိတ်၌ ဆန္ဒ, ပီတိ, ဝီရိယ မပါသော အညသမာန်း စေတသိက် (၁၀)လုံးတို့ ယှဉ်သဖြင့် စိတ်+စေတသိက် = နာမ်တရားစုမှာ (၁၁) ဖြစ်၏။ အမိ ဝမ်းတွင်းဝယ် ကာဏ်းလာသူ ဝမ်းတွင်းကာဏ်းလူသား ဝမ်းတွင်းပါ အင်္ဂါ ခြေလက် ချို့တဲ့သူ လူသားတို့၏ ပဋိသန္ဓေမှာ ယင်း အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေပင် ဖြစ်၏။ ဝိနိပါတိကအသုရာတို့၏ ပဋိသန္ဓေမျိုးစေ့မှာလည်း ယင်း အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ပင် ဖြစ်သည်။ ပဝတ္တိအခါ၌ကား အဟိတ် ကုသလဝိပါက် (၈)မျိုးကိုသာ ဖြစ်စေသည်။ ဤဆိုအပ်ခဲ့ပြီးသော စကားရပ်ကား အများသဘောတူ ဆုံးဖြတ်အပ်သော သမာနဝါဒ တည်း။ ကေစိဆရာဟု အရှင်အနုရုဒ္ဓါမထေရ်မြတ်က ခေါ်ဝေါ်သုံးနှုန်းထားသော မောရဝါပီ မည်သော အရပ်၌ သီတင်းသုံးတော်မူသော မဟာဒတ္တထေရ် - တို့ကမူ --- --

၁။ အသင်္ခါရိက ကုသိုလ်ကံသည် သသင်္ခါရိက အကျိုးကို မပေး။

၂။ သသင်္ခါရိက ကုသိုလ်ကံကလည်း အသင်္ခါရိက အကျိုးကို မပေးနိုင်ဟု --- --

ဤသို့ အယူရှိတော်မူ၏။ ဤအယူအတိုင်း ရေတွက်လျှင် ဤသို့ ဖြစ်၏။

၁။ ဒွါဒသ --- -- တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်သည် အသင်္ခါရိက မဟာကုသိုလ် ဉာဏသမ္ပယုတ် (၂)မျိုးဖြစ်အံ့ ---

(က) အဟိတ် ကုသလဝိပါက် --- -- (၈) မျိုး

( ခ ) မဟာဝိပါက် အသင်္ခါရိက --- -- (၄) မျိုး

ဤ (၁၂)မျိုးသော အကျိုးကို ပေး၏။

တစ်ဖန် ယင်းတိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် သသင်္ခါရိက မဟာကုသိုလ် ဉာဏသမ္ပယုတ် (၂)မျိုးဖြစ်အံ့ --

(က) အဟိတ် ကုသလဝိပါက် --- -- (၈) မျိုး

( ခ ) မဟာဝိပါက် သသင်္ခါရိက --- -- (၄) မျိုး

ဤ (၁၂)မျိုးသော အကျိုးကို ဖြစ်စေ၏။

(အဟိတ် ဝိပါက်ကား သသင်္ခါရိက အသင်္ခါရိကဟု မဆိုရ၍ နှစ်ဘက်ရ ဖြစ်သည်။)

၂။ ဒသ --- -- တိဟိတ်ဩမကနှင့် ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်သည်လည်း အသင်္ခါရိက ဖြစ်အံ့ --- --

(က) အဟိတ် ကုသလဝိပါက် --- -- (၈) မျိုး

( ခ ) မဟာဝိပါက် ဉာဏဝိပ္ပယုတ် အသင်္ခါရိက --- -- (၂) မျိုး

ဤ (၁၀)မျိုးသော အကျိုးတရားကို ဖြစ်စေ၏။

သသင်္ခါရိက ဖြစ်အံ့ --- --

(က) အဟိတ် ကုသလဝိပါက် --- -- (၈) မျိုး

( ခ ) မဟာဝိပါက် ဉာဏဝိပ္ပယုတ် သသင်္ခါရိက --- -- (၂) မျိုး

ဤ (၁၀)မျိုးသော အကျိုးတရားကို ဖြစ်စေ၏။

၃။ အဋ္ဌ --- -- ဒွိဟိတ်ဩမက ကုသိုလ်ကား အသင်္ခါရိက သသင်္ခါရိက (၂)မျိုးလုံးသည်ပင် အဟိတ်ကုသလဝိပါက် (၈)မျိုးကိုသာ ဖြစ်စေသည်။ (အဘိဓမ္မတ္ထသင်္ဂဟ။)

မှတ်သားစေလိုသော ရည်ရွယ်ချက်

မှတ်သားစေလိုသော ရည်ရွယ်ချက်

လူသားတို့အတွက် ဦးတည်လျက် အထက်ပါ ကုသိုလ်ကံနှင့် ကံ၏ အကျိုးတရားတို့ကို ဖော်ပြရခြင်း၏ ရည်ရွယ်ချက်မှာ ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ရှုရာဝယ် ကံနှင့် ကံ၏အကျိုးတရားတို့ကို သိ စေလိုသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်၏၊ ဤနာမ်ကမ္မဋ္ဌာန်းပိုင်းဝယ် ဇောနောင်၌ တဒါရုံကို သိမ်းဆည်းရာ ဝယ် ယင်းတဒါရုံတို့ကို တိတိကျကျ သိမ်းဆည်းတတ်စေလိုသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်၏။ ယင်းကံ၏ အကျိုးတရားပိုင်းတွင် ပါဝင်ကြသော သန္တီရဏစိတ်နှင့် မဟာဝိပါက်စိတ်တို့ကား တဒါရုံကိစ္စကို ရွက်ဆောင်ပေး နိုင်သော စိတ်အမျိုးအစားများပင် ဖြစ်ကြပေသည်။ (အကျယ်ကို - အဘိ၊ဋ္ဌ၊၁၊၃၀၇-၃၂၇ - တို့၌ ကြည့်ပါ။)

အာရုံနှင့် ဝိပါက် သတ်မှတ်ပုံ

အာရုံနှင့် ဝိပါက် သတ်မှတ်ပုံ

သဗ္ဗထာပိ ပနေတ္ထ အနိဋ္ဌေ အာရမ္မဏေ အကုသလဝိပါကာနေဝ ပဉ္စဝိညာဏ-သမ္ပဋိစ္ဆန-သန္တီရဏတဒါရမ္မဏာနိ၊ ဣဋ္ဌေ ကုသလဝိပါကာနိ၊ အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ သန္တီရဏတဒါရမ္မဏာနိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်အစ တဒါရုံ အဆုံးရှိသော ဝီထိစိတ်တို့၏ အတွင်း၌ တည်ရှိကြသော ဝိပါက်စိတ်တို့၏ ကုသလဝိပါက် ဖြစ်ရခြင်း, အကုသလဝိပါက် ဖြစ်ရခြင်း, သောမနဿနှင့် ယှဉ်ရခြင်း, ဥပေက္ခာနှင့် ယှဉ်ရခြင်းတို့မှာ (၁) ဣဋ္ဌာရုံ (၂) အတိဣဋ္ဌာရုံ (၃) အနိဋ္ဌာရုံများနှင့် ဆက်သွယ်လျက် ရှိ၏။ ထို ဣဋ္ဌ, အတိဣဋ္ဌ, အနိဋ္ဌ အာရုံတို့ကို အလယ်အလတ်တန်းစား လူများ၏ အလိုအားဖြင့် ခွဲခြားရ၏။ (အကျယ်ကို - အဘိ၊ဋ္ဌ၊၂၊၁၀ - စသည်၌ ကြည့်ပါ။)

အလယ်အလတ်တန်းစားလူတို့၏ အလိုအားဖြင့် ကောင်းသော ရူပ သဒ္ဒ စသည့် အာရုံ (၆)ပါးတို့သည် အလိုရှိအပ်သော ဣဋ္ဌာရုံတို့တည်း။ တွေ့ကြုံခဲလှသော ဘုရားရှင်၏ အဆင်းတော် အသံတော် စသည်နှင့် အလွန် လှပသော ယောက်ျား မိန်းမတို့၏ အဆင်း အသံ စသည်တို့ကား အလွန် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် သော အတိဣဋ္ဌာရုံတို့တည်း။ ကျင်ကြီး ကျင်ငယ် အလောင်းကောင် စသည်နှင့် မကောင်းဆိုးဝါးသော အဆင်း အသံ အနံ့ အရသာ အတွေ့အထိ စသည့် အာရုံတို့ကား အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အနိဋ္ဌာရုံတို့တည်း။

သဘာဝ အနိဋ္ဌာရုံများကို ရှေးအကုသိုလ်ကံကြောင့်သာ တွေ့ကြုံရသဖြင့် အနိဋ္ဌာရုံကို အာရုံပြုကုန်သော ဝီထိစိတ်တို့၌ အကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ကြကုန်၏။

ရှေးကုသိုလ်ကံကြောင့်သာ သဘာဝ ဣဋ္ဌာရုံများကို တွေ့ကြုံရသဖြင့် ယင်းဣဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ကြ ကုန်သော ဝီထိစိတ်တို့၌ ကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ကြရကုန်၏။ (တဒါရုံ၌ မဟာဝိပါက်စိတ်တို့လည်း ပါဝင်ကုန်၏။)

ရှေးပါရမီ ကုသိုလ်ကံ အဟုန်အရှိန်က ဆောင်ပို့လိုက်သောကြောင့်သာလျှင် သဘာဝ အတိဣဋ္ဌာရုံများနှင့် တွေ့ကြုံရသောကြောင့် သဘာဝ အတိဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ (ကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း) သောမနဿသန္တီရဏ, သောမနဿတဒါရုံတို့သာ ဖြစ်ကြရကုန်၏။ (အဟိတ်ကုသလဝိပါက် သောမနဿ သန္တီရဏ တဒါရုံနှင့် မဟာဝိပါက် သောမနဿတဒါရုံတို့သည် တဒါရုံအဖြစ်နှင့် ကျကုန်၏။)

ဇောနှင့် တဒါရုံ သတ်မှတ်ပုံ

ဇောနှင့် တဒါရုံ သတ်မှတ်ပုံ

ယံ ပန ဇဝနေန တဒါရမ္မဏံ နိယမေတဗ္ဗန္တိ ဝုတ္တံ။ တံ ကုသလံ သန္ဓာယ ဝုတ္တန္တိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

ဇောဖြင့် တဒါရုံကို သတ်မှတ်ထိုက်၏ဟူသော ယင်း စကားကို (အဘိ၊ဋ္ဌ၊၁၊၃၀၉။) ဟေတုကိတ္တန ကထာပိုင်းတွင် ဆိုခဲ့၏။ ထိုစကားရပ်ကို ကုသိုလ်ဇောကို ရည်ရွယ်၍ မိန့်ဆိုခဲ့သည်ဟု မှတ်ပါ။

ဒေါမနဿသဟဂတဇဝနာဝသာနေ စ ပန တဒါရမ္မဏာနိ စေဝ ဘဝင်္ဂါနိ စ ဥပေက္ခာသဟဂတာနေဝ ဘဝန္တိ၊ တသ္မာ ယဒိ သောမနဿပဋိသန္ဓိကဿ ဒေါမနဿသဟဂတဇဝနာဝသာနေ တဒါရမ္မဏသမ္ဘဝေါ နတ္ထိ၊ တဒါ ယံကိဉ္စိ ပရိစိတပုဗ္ဗံ ပရိတ္တာရမ္မဏမာရဗ္ဘ ဥပေက္ခာသဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ၊ တမနန္တရိတွာ ဘဝင်္ဂပါတောဝ ဟောတီတိ ဝဒန္တိ အာစရိယာ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

= ဒေါမနဿဝေဒနာသည် မသာယာသောအားဖြင့် အာရုံ၏ အရသာကို ခံစား၏၊ သောမနဿဝေဒနာကား သာယာသောအားဖြင့် အာရုံ၏ အရသာကို ခံစား၏။ ထိုကြောင့် ဒေါမနဿဝေဒနာနှင့် သောမနဿဝေဒနာ တို့သည် အချင်းချင်း ေ့ရှသွားနောက်လိုက် နှီးနှောလို့ မရနိုင် ဖြစ်နေကြ၏။ ဥပေက္ခာဝေဒနာကား အလယ် အလတ် သဘောအားဖြင့် သင့်ရုံတော်ရုံသာလျှင် အာရုံ၏ အရသာကို ခံစားသဖြင့် ဒေါမနဿဝေဒနာ, သောမနဿဝေဒနာ နှစ်ပါးလုံးနှင့်ပင် သင့်တင့်လိုက်လျောနိုင်ပေသည်၊ ထိုကြောင့် ဒေါမနဿသဟဂုတ်ဇောနောင်၌ တဒါရုံဖြစ်စေ, ဘဝင်ဖြစ်စေ ဥပေက္ခာသဟဂုတ်တို့သာ ဖြစ်ကြရလေသည်။

အကယ်၍ သောမနဿသဟဂုတ် မဟာဝိပါက်စိတ်ဖြင့် ပဋိသန္ဓေတည်နေခဲ့သူ၏ သန္တာန်ဝယ် ဒေါသ ဇော၏နောင် တစ်စုံတစ်ခုသော အကြောင်းကြောင့် တဒါရုံ၏ ဖြစ်ခွင့်ကို အကယ်၍များ မရရှိခဲ့ပါလျှင် ထိုသို့ တဒါရုံ၏ ဖြစ်ခွင့်ကို မရရှိခဲ့သော် စိတ္တနိယာမ ဓမ္မတာအတိုင်းဆိုရမူ ဒေါသဇော၏ နောင်၌ ဘဝင်ကျရတော့မည် ဖြစ်သည်။ ဘဝင်ကျပြန်လျှင်လည်း - တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့သည် တစ်ထပ်တည်း တူကြရလေ သောကြောင့် ဝေဒနာချင်းလည်း တူညီရမည် ဖြစ်ရကား - မူလက သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေ တည်နေခဲ့သူ ဖြစ်၍ သောမနဿဘဝင် ကျရပေလိမ့်မည်။ ထိုသောမနဿဘဝင်ကား ဒေါသဇောနှင့် မလိုက် လျောနိုင်ချေ၊ ဤကဲ့သို့ အခက်အခဲ ကြုံတွေ့နေသည့်အခါ ဒေါသဇောနှင့် သောမနဿဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ပေးဖို့ရန် ရှေးရှေး လေ့ကျက်ခဲ့ဖူးသော ကျက်စားခဲ့ဖူးသော ကာမ (ရုပ်-နာမ်) အာရုံ တစ်ခုခုကိုပင် အာရုံယူ၍ စိတ်အစဉ် မပြတ်အောင် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် ဖြစ်ပေါ်လာရပေသည်ဟု ဆရာ မြတ်တို့ မိန့်ဆိုတော်မူကြ၏။ (အဘိဓမ္မတ္ထသင်္ဂဟ။)

သောမနဿသဟဂတသ္မိဥှိ ဇဝနေ ဇဝိတေ ပဉ္စ တဒါရမ္မဏာနိ ဂဝေသိတဗ္ဗာနိ၊ ဥပေက္ခာသဟဂတသ္မိံ ဇဝနေ ဇဝိတေ ဆ ဂဝေသိတဗ္ဗာနီတိ။

အထ ယဒါ သောမနဿပဋိသန္ဓိကဿ ပဝတ္တေ စျာနံ နိဗ္ဗတ္တေတွာ ပမာဒေန ပရိဟီနဇ္ဈာနဿ ပဏီတဓမ္မော မေ နဋ္ဌောတိ ပစ္စဝေက္ခတော ဝိပ္ပဋိသာရဝသေန ဒေါမနဿံ ဥပ္ပဇ္ဇတိ၊ တဒါ ကိံ ဥပ္ပဇ္ဇတိ၊ သောမနဿာနန္တရဥှိ ဒေါမနဿံ ဒေါမနဿာနန္တရဉ္စ သောမနဿံ ပဋ္ဌာနေ ပဋိသိဒ္ဓံ၊ မဟဂ္ဂတဓမ္မံ အာရဗ္ဘ ဇဝနေ ဇဝိတေ တဒါရမ္မဏမ္ပိ တတ္ထေဝ ပဋိသိဒ္ဓန္တိ။ ကုသလဝိပါကာ ဝါ အကုသလဝိပါကာ ဝါ ဥပေက္ခာသဟဂတာဟေတုကမနောဝိညာဏဓာတု ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇-၃၁၈။)

သောမနဿဝေဒနာနှင့် ယှဉ်သော ဇောသည် စောလတ်ပြီးသော် ယင်းဇော၏ နောင်၌ မဟာဝိပါက် သောမနဿတဒါရုံ (၄)မျိုးနှင့် အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံ တစ်မျိုးဟူသော သောမနဿ တဒါရုံ (၅)မျိုးတို့ကို ရှာထိုက်ကုန်၏။ သောမနဿတဒါရုံ (၅)မျိုးတို့တွင် တစ်မျိုးမျိုးသာကျ၏။ ဥပေက္ခာဝေဒနာနှင့် ယှဉ်သော ဇောသည် စောလတ်ပြီးသော် ယင်းဥပေက္ခာဇော၏ နောင်၌ မဟာဝိပါက် ဥပေက္ခာတဒါရုံ (၄)မျိုး နှင့် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ, အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏဟူသော အဟိတ် ဥပေက္ခာတဒါရုံ (၂)မျိုး - ပေါင်းသော် (၆)မျိုးကုန်သော ဥပေက္ခာတဒါရုံတို့ကို ရှာထိုက်ကုန်၏။ ဥပေက္ခာတဒါရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးသာ ကျ၏။ ဤကား မဟာဓမ္မရက္ခိတ မထေရ်မြတ်ကြီး၏ ဝါဒတည်း။

ထိုသို့ ရှာဖွေရာဝယ် --- -- သူတော်ကောင်းတစ်ဦးသည် သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေ တည် နေခဲ့၏။ စျာန်ကိုရအောင် ကြိုးစားအားထုတ်ခဲ့၏။ တစ်ချိန် မေ့လျော့မှု ပမာဒတရား လွှမ်းမိုးခံရသည့်အတွက် ရပြီးစျာန်သည် လျှောကျသွား၏၊ ပျောက်ပျက်သွား၏။ ငါ၏ မွန်မြတ်သော စျာန်တရားသည် ပျက်စီးပါပေါ့ တကားဟု ဆင်ခြင်လတ်သော် ထိုသူတော်ကောင်း၏ သန္တာန်ဝယ် စိတ်နှလုံး မသာယာခြင်း၏အစွမ်းဖြင့် ဒေါသ ဇောသည် ဖြစ်ပေါ်လာ၏။ ထိုအခါ၌ ယင်းဒေါသဇော နောင်၌ အဘယ်တဒါရုံသည် ဖြစ်ပေါ်လာပါသနည်းဟု မေးရန်ရှိ၏။

၁။ သောမနဿ၏ အခြားမဲ့၌ ဒေါမနဿဖြစ်မှုကိုလည်းကောင်း,

၂။ ဒေါမနဿ၏ အခြားမဲ့၌ သောမနဿဖြစ်မှုကိုလည်းကောင်း --- --

ပဋ္ဌာန်းဒေသနာတော်မြတ် (ပဋ္ဌာန၊၁၊၃၁၂) ၌ ဘုရားရှင်သည် ပယ်မြစ်ထားတော်မူခဲ့၏။ မဟဂ္ဂုတ်တရားကို အာရုံပြု၍ ဇောသည် စောလတ်သော် ထို မဟဂ္ဂုတ်တရားကို အာရုံပြုသော ဇော၏ နောင်၌ တဒါရုံကျမှုကိုလည်း ထို ပဋ္ဌာန်းပါဠိတော်၌ပင်လျှင် ဘုရားရှင်သည် ပယ်မြစ်ထားတော်မူခဲ့၏။

ထိုကြောင့် ထိုဒေါသဇော၏ နောင်၌ ကုသလဝိပါက်သော်လည်းဖြစ်သော အကုသလဝိပါက်သော်လည်း ဖြစ်သော ဥပေက္ခာသဟဂုတ် အဟိတ်မနောဝိညာဏဓာတ်ဟူသော ဥပေက္ခာသန္တီရဏစိတ်သည် ဖြစ်ပေါ်လာ၏ ဟု ဖြေဆိုရာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၁၇-၃၁၈။)

ဤအရာဝယ် ရှေးက လေ့ကျက်ခဲ့ဖူးသော ကာမ (ရုပ်+နာမ်) ကို အာရုံပြု၍ အာဂန္တုကဘဝင် ကျသည် ဖြစ်ရာ ယင်းအာရုံမှာ ဣဋ္ဌာရုံ ဖြစ်သော် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ, အနိဋ္ဌာရုံဖြစ်သော် အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ အသီးအသီး ကျသည်ဟု မှတ်ပါ။

တဒါရုံကျခွင့် မရသော ဝါရများ

တဒါရုံကျခွင့် မရသော ဝါရများ

၁။ သောမနဿပဋိသန္ဓေ တည်နေခဲ့၍ သာသနာပ မိစ္ဆာအယူရှိသူသည် အလွန် အလိုရှိအပ်သော ဘုရား အစရှိသော အတိဣဋ္ဌာရုံ, စိတ္တက္ခဏ (၁၇)ချက် အပြည့်ရှိသော ဝီထိစိတ်တို့၏ အာရုံဖြစ်သော အတိ မဟန္တာရုံ, မနောဒွါရ၌ ထင်ရှားသော ဝိဘူတာရုံ --- -- ဤအာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြု၍ ဒေါသဇော စောခဲ့သော်လည်းကောင်း --- -- သို့မဟုတ် သောမနဿပဋိသန္ဓေ တည်နေသူ၏ အတိဣဋ္ဌာရုံ ဖြစ်သည့် နတ်သ္မီးစသော အတိမဟန္တာရုံ, ဝိဘူတာရုံများကို အာရုံပြုလျက် ရွံ့ကြောက် ထိတ်လန့်သော အားဖြင့် ဒေါသဇော စောခဲ့သော်လည်းကောင်း --- ယင်းဇောတို့၏ နောင်၌ တဒါရုံကျခွင့် မရနိုင်။ အာရုံမှာ အလွန်အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော အတိဣဋ္ဌာရုံ ဖြစ်နေသောကြောင့် တဒါရုံကျခဲ့သော် သောမနဿတဒါရုံသာ ကျရလိမ့်မည်။ ထိုသောမနဿတဒါရုံသည် ဒေါသဇော၏နောင်၌ မဖြစ်ထိုက်ပေ။ ဥပေက္ခာတဒါရုံ ကျဖို့ရန်မှာလည်း --- -- အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ = အတိဣဋ္ဌာရုံ၌ သောမနဿ တဒါရုံ ဝိပါက်တို့သာ ဖြစ်ကြောင်းကိုသာ ဖွင့်ဆိုလျက် ရှိသောကြောင့် အတိဣဋ္ဌာရုံနှင့် ဥပေက္ခာကား မလျော်ကန်ချေ။

၂။ သောမနဿပဋိသန္ဓေ တည်နေသူ၏သန္တာန်၌ ပဉ္စဒွါရဝယ် မဟန္တာရုံ, မနောဒွါရဝယ် အဝိဘူတာရုံဖြစ်အံ့၊ ထိုအာရုံ၌ ဒေါသဇောစောလျှင် ယင်းဒေါသဇောနောင်၌ တဒါရုံ မကျထိုက်။ မနောဒွါရဝယ် ဝိဘူတာရုံ ဖြစ်ပါမှ, ပဉ္စဒွါရဝယ် အတိမဟန္တာရုံ ဖြစ်ပါမှ တဒါရုံကို အလိုရှိအပ်သောကြောင့်တည်း။

၃။ သောမနဿပဋိသန္ဓေ တည်နေသူ၏ သန္တာန်ဝယ် စျာန်ကို ရရှိပြီးပါမှ စျာန်လျှောကျသဖြင့် ထိုလျှောကျ လေပြီးသော မဟဂ္ဂုတ်စျာန်ကို အာရုံပြုလျက် ငါ၏ မွန်မြတ်သောတရားသည် ပျက်ပြားခဲ့ချေပေါ့ဟု ဒေါသဇော ဖြစ်သည့်အခါ တဒါရုံ မကျထိုက်။ ကာမဇော, ကာမသတ္တဝါ, ကာမအာရုံ ဖြစ်ပါမှ တဒါရုံ ကျခွင့် ရှိရကား ဤ၌ မဟဂ္ဂုတ်အာရုံ ဖြစ်၍ တဒါရုံ မကျထိုက်ခြင်း ဖြစ်သည်။

၄။ သောမနဿပဋိသန္ဓေ နေ၍ ပညတ်အာရုံ တစ်ခုခုကို အာရုံပြုလျက် ဒေါသဇော စောပြန်လျှင် ထိုပညတ် ကို အာရုံပြု၍ တဒါရုံ မကျထိုက်ပေ။ တဒါရုံကား ကာမတရား (= ကာမရုပ်နာမ်) ကိုသာ အာရုံပြု၍ ပညတ်ကို အာရုံမပြုသောကြောင့် ဖြစ်၏။

ဤသို့ တဒါရုံကျခွင့် မရသော ဇောဝါရ (၄)မျိုးတို့၌ ဒေါသဇောနောင်ဖြစ်၍ ပဋိသန္ဓေနှင့် အလားတူသော သောမနဿဘဝင်သည်လည်း မကျနိုင်။

ထိုသို့ တဒါရုံလည်း မကျနိုင် ဘဝင်လည်း မကျနိုင်သဖြင့် အခက်အခဲ တွေ့ကြုံနေသည့်အခါ ဒေါသဇော နှင့် (သောမနဿပဋိသန္ဓေ နေသူ၏) သောမနဿဘဝင်တို့၏ အကြားဝယ် ဘဝဝယ် စိတ်အစဉ် မပြတ်စဲအောင် ဆက်သွယ်ပေးဖို့ရန်အတွက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် အာဂန္တုကဘဝင်ကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာရပေသည်။ ဒေါသဇောနောင်၌ ဤသန္တီရဏစိတ်မှ မဖြစ်လျှင် စိတ်အစဉ်ပြတ်၍ ဘဝအဆုံးသတ် ရတော့မလို ဖြစ်ရကား --- -- ဘဝဿ အင်္ဂံ ဘဝင်္ဂံ - ဟူသော ဝစနတ္ထ-အရ ဘဝမပြတ်ဖို့ရန် ဘဝ၏အကြောင်းတရား အဖြစ်ဖြင့် ဥပေက္ခာသန္တီရဏစိတ်တို့သည် ဘဝင်ကိစ္စတပ်၍ ဖြစ်ကြရလေသည်။

အာဂန္တုကဘဝင် --- -- ပဋိသန္ဓေစိတ်၏ နောက်မှ စ၍ ဘဝတစ်လျှောက် ဝီထိစိတ်တို့၏ အကြားအကြား ဝယ် ဝီထိစိတ်တို့ မဖြစ်ခိုက် ဘဝ၌ စိတ်အစဉ် မပြတ်စဲရေးအတွက် ဖြစ်ခဲ့ကြသော ဘဝင်စိတ်တို့သည် ပဋိသန္ဓေ စိတ်နှင့် တစ်ထပ်တည်း တူကြ၏။ ဥပမာ - ပဋိသန္ဓေက သောမနဿဖြစ်လျှင် ဘဝင်လည်း သောမနဿပင် ဖြစ်ရ၏။ ဥပေက္ခာဖြစ်လျှင် ဥပေက္ခာ, သသင်္ခါရိကဖြစ်လျှင် သသင်္ခါရိက, အသင်္ခါရိကဖြစ်လျှင် အသင်္ခါရိက, ဉာဏသမ္ပယုတ်ဖြစ်လျှင် ဉာဏသမ္ပယုတ် - ဤသို့ စသည်ဖြင့် တစ်ထပ်တည်း တူညီကြရ၏။ ထိုကြောင့် ခန္ဓာအိမ် ပေါ်စကပင် ခန္ဓာအိမ်၌ တည်ရှိနေကြသော ဘဝင်များတည်း။ သို့ဖြစ်၍ ထိုဘဝင်များကို အာဝါသိကဘဝင် = အိမ်ရှင်ဘဝင်ဟု ခေါ်ဆိုရ၏၊ ဤဥပေက္ခာသန္တီရဏကိုကား ယခုကဲ့သို့ အခက်အခဲကြုံတွေ့ရာ တစ်ရံတစ်ခါမှ ဖြစ်ပေါ်လာသောကြောင့် အာဂန္တုက = ဧည့်သည်ဘဝင်ဟု ခေါ်သည်။

ပရမတ္ထဒီပနီ - လယ်တီဆရာတော်ဘုရားကြီး၏ အယူအဆ

ပရမတ္ထဒီပနီ - လယ်တီဆရာတော်ဘုရားကြီး၏ အယူအဆ

ယဒါ ဟိ ကုသလဇဝနာနံ အန္တရန္တရာ အကုသလံ ဇဝတိ၊ တဒါ ကုသလာဝသာနေ အာစိဏ္ဏသဒိသမေဝ အကုသလာဝသာနေ သဟေတုကံ တဒါရမ္မဏံ ယုတ္တံ။ ယဒါ နိရန္တရံ အကုသလမေဝ၊ တဒါ အဟေတုကံ။ (အဘိ၊ဋ္ဌ၊၁၊၃၂၆-၃၂၇။)

= အကြင်အခါ၌ ကုသိုလ်ဇောတို့၏ အကြားအကြားဝယ် အကုသိုလ်ဇောသည် စော၏၊ ထိုအခါမျိုးဝယ် ကုသိုလ်ဇော၏ အဆုံး၌ ကြိမ်ဖန်များစွာ လေ့ကျက်ထားအပ်သော အလေ့အကျက်နှင့် တူစွာသာလျှင် (ကုသိုလ် ကို ကြိမ်ဖန်များစွာ လေ့ကျက်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ်) အကုသိုလ်ဇော၏ အဆုံး၌ သဟိတ် မဟာဝိပါက် တဒါရုံသည် ဖြစ်သင့်၏။

အကြင်အခါ၌ကား အမြဲမပြတ် အကုသိုလ်ဇောသာလျှင် စော၏၊ ထိုအခါမျိုးဝယ် ထိုအကုသိုလ်ဇော၏ အဆုံး၌ အဟိတ်တဒါရုံသည်သာလျှင် ဖြစ်သင့်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၂၆-၃၂၇။)

ဤ အဋ္ဌကထာ စကားရပ်များကို ရည်ညွှန်းလျက် လယ်တီဆရာတော်ဘုရားကြီးက ပရမတ္ထဒီပနီတွင် ဤသို့ မိန့်ဆိုထား၏။

ပင်ကိုယ်ရင်းက မဟာဝိပါက် ဥပေက္ခာသဟဂုတ် အဖြစ်များလျှင် ထိုမဟာဝိပါက် ဥပေက္ခာသဟဂုတ် စိတ်များသည်လည်း အာဂန္တုကဘဝင်ကိစ္စတပ်လျက် မဖြစ်နိုင်ဟု မဆိုသင့်၊ အဋ္ဌကထာ၌လည်း -ကုသိုလ်ဇော၏ နောင်၌ သဟိတ်တဒါရုံ အဖြစ်များနေလျှင် ကုသိုလ်ဇောဝီထိတို့၏ အကြားအကြား၌ ရံခါ အကုသိုလ်ဇောသည် စောစေကာမူ ထိုအကုသိုလ်ဇော၏ နောင်ဝယ် သဟိတ်ဝိပါက်တဒါရုံပင် ဖြစ်၏ဟု အဆိုရှိ၏။ ဤအဋ္ဌကထာ အလိုအားဖြင့် - အကုသိုလ်ဇော၏ နောင်ဝယ် သဟိတ်ဝိပါက်တဒါရုံ ဖြစ်နိုင်ပါလျှင် တဒါရုံ၏ကိုယ်စား ကျရ သော အာဂန္တုကဘဝင်သည်လည်း သဟိတ် မဟာဝိပါက်ဘဝင်လည်း ဖြစ်သင့်သည်။ ထိုကြောင့် အာဂန္တုက ဘဝင်ကိစ္စတပ်လျက် --- --

ဥပေက္ခာသဟဂုတ် မဟာဝိပါက်စိတ် --- -- ၄

အဟိတ် ဥပေက္ခာသန္တီရဏ --- -- ၂

ပေါင်းသော် --- -- ၆

ဤ (၆)မျိုးကုန်သော စိတ်တို့သည် ဖြစ်ခွင့် ရှိကြသည် - ဟု ပရမတ္ထဒီပနီ၌ မိန့်ဆို၏။

ဣဋ္ဌာရုံ၌ - ဝိစိကိစ္ဆာနှင့် ဥဒ္ဓစ္စ မောဟမူဇောနောင် တဒါရုံ

ဣဋ္ဌာရုံ၌ - ဝိစိကိစ္ဆာနှင့် ဥဒ္ဓစ္စ မောဟမူဇောနောင် တဒါရုံ

ဣဋ္ဌာရမ္မဏေ ပန ကင်္ခတော, ဥဒ္ဓတဿ စ တဒါရမ္မဏံ ကိံ ဟောတီတိ။ ဣဋ္ဌာရမ္မဏသ္မိံ ကင်္ခတု ဝါ မာ ဝါ၊ ဥဒ္ဓတော ဝါ ဟောတု မာ ဝါ။ ကုသလဝိပါကာဟေတုကသောမနဿစိတ္တမေဝ တဒါရမ္မဏံ ဟောတိ။ ဣဋ္ဌမဇ္ဈတ္တာရမ္မဏေ ကုသလဝိပါကာဟေတုကဥပေက္ခာသဟဂတန္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

မောဟမူဇော နောင်၌ တဒါရုံ ဖြစ်ပုံကား ဤသို့တည်း။

ဣဋ္ဌာရုံ၌ ယုံမှားမှု ဝိစိကိစ္ဆာသဟဂုတ်စိတ် ဖြစ်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စသဟဂုတ်စိတ် ဖြစ်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ လည်းကောင်း --- -- အဘယ်တဒါရုံသည် ဖြစ်ပါသနည်းဟု မေးရန်ရှိ၏။ ဣဋ္ဌာရုံ၌ ယုံမှားမူလည်း ယုံမှားပါစေ၊ မယုံမှားမူလည်း မယုံမှားပါစေ၊ စိတ်ပျံ့လွင့်သည်မူလည်း ဖြစ်ပါစေ၊ စိတ်မပျံ့လွင့်သည်မူလည်း ဖြစ်ပါစေ၊ အဟိတ်ကုသလဝိပါက် အဟိတ်သောမနဿစိတ်သည်သာ တဒါရုံကိစ္စ တပ်လျက် ဖြစ်ပေါ်လာ၏။ ဣဋ္ဌမဇ္ဈတ္တာရုံ၌ကား အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ်စိတ်သည် တဒါရုံကိစ္စ တပ်လျက် ဖြစ်ပေါ်လာ၏ဟု ဖြေဆိုလေရာ၏။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

ဤကား မဟာဓမ္မရက္ခိတ မထရ်မြတ်ကြီး၏ ဝါဒတည်း။ ခပ်သိမ်းသော ဆရာမြတ်တို့ အယူတူညီသော သမာနဝါဒအားဖြင့်ကား --- -- အနိဋ္ဌာရုံ၌ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ, ဣဋ္ဌာရုံ = ဣဋ္ဌမဇ္ဈတ္တာရုံ၌ အဟိတ်ကုသလဝိပါက် တဒါရုံ (၂)ပါးနှင့် မဟာဝိပါက်တဒါရုံ (၈)ပါး, အတိဣဋ္ဌာရုံ၌ အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံနှင့် မဟာဝိပါက် သောမနဿတဒါရုံ (၄)ပါး ထိုက်သလို ကျနိုင် သည်။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ကုသိုလ်ဖြစ်ဖို့ရန် အကုသိုလ်ဖြစ်ဖို့ရန် သတ်မှတ်ပေးသောတရား

ကုသိုလ်ဖြစ်ဖို့ရန် အကုသိုလ်ဖြစ်ဖို့ရန် သတ်မှတ်ပေးသောတရား

ဣဒံ ပန ဇဝနံ ကုသလတ္ထာယ ဝါ အကုသလတ္ထာယ ဝါ ကော နိယာမေတီတိ? အာဝဇ္ဇနဉ္စေဝ ဝေါဋ္ဌဗ္ဗနဉ္စ။ အာဝဇ္ဇနေန ဟိ ယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန ယောနိသော ဝဝတ္ထာပိတေ ဇဝနံ အကုသလံ ဘဝိဿတီတိ အဋ္ဌာနမေတံ။ အာဝဇ္ဇနေန အယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန အယောနိသော ဝဝတ္ထာပိတေ ဇဝနံ ကုသလံ ဘဝိဿတီတိပိ အဋ္ဌာနမေတံ။ ဥဘယေန ပန ယောနိသော အာဝဋ္ဋိတေ, ဝဝတ္ထာပိတေ စ ဇဝနံ ကုသလံ ဟောတိ၊ အယောနိသော အကုသလန္တိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

= အာဝဇ္ဇန်းသည် (စီးပွားချမ်းသာကို ရခြင်း၏အကြောင်း ဖြစ်သော အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း) ယောနိသောမနသိကာရအားဖြင့် ဘဝင်ကို လည်စေအပ်သည်ရှိသော် (ရပ်စေအပ်သည်ရှိသော်), ဝုဋ္ဌောသည် (စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းဖြစ်သော အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း) ယောနိသော မနသိကာရအားဖြင့် အာရုံကို ပိုင်းခြားမှတ်သားအပ်သည်ရှိသော် ဇောသည် အကုသိုလ်ဖြစ်လတ္တံ့ဟူသော ဤ အကြောင်းသည် သင့်သောအကြောင်း မဟုတ်။

အာဝဇ္ဇန်းသည် အယောနိသောမနသိကာရအားဖြင့် (စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ်သော အာရုံကို နည်းမှန်လမ်းမှန် နှလုံးမသွင်းခြင်းအားဖြင့်) ဘဝင်ကို လည်စေအပ်သည်ရှိသော်, ဝုဋ္ဌောသည် အယော နိသောမနသိကာရအားဖြင့် အာရုံကို ပိုင်းခြားမှတ်သားအပ်သည်ရှိသော် ဇောသည် ကုသိုလ်ဖြစ်လတ္တံ့ဟူသော ဤအကြောင်းသည်လည်း သင့်သောအကြောင်း မဟုတ်။

အာဝဇ္ဇန်းနှင့် ဝုဋ္ဌော နှစ်ပါးစုံသည် ယောနိသောမနသိကာရအားဖြင့် ဘဝင်ကို လည်စေအပ်သည်ရှိသော် အာရုံကို ပိုင်းခြား မှတ်သားအပ်သည်ရှိသော် ဇောသည် ကုသိုလ် ဖြစ်၏။

အာဝဇ္ဇန်းနှင့် ဝုဋ္ဌော နှစ်ပါးစုံသည် အယောနိသောမနသိကာရအားဖြင့် ဘဝင်ကို လည်စေအပ်သည် ရှိသော် အာရုံကို ပိုင်းခြားမှတ်သားအပ်သည်ရှိသော် ဇောသည် အကုသိုလ် ဖြစ်၏။ ဤသို့ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

အနိစ္စ ဒုက္ခ အနတ္တ အသုဘ စစ်စစ် ဧကန်မှန်သော သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘဟု လည်းကောင်း, ရုပ်တရား နာမ်တရားဟုလည်းကောင်း, အကြောင်းတရား အကျိုးတရားဟုလည်းကောင်း နှလုံး သွင်းခြင်းသည် မဂ်ဖိုလ် နိဗ္ဗာန်စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း ယောနိသောမနသိကာရ မည်၏၊ အပြန်အားဖြင့် အယောနိသောမနသိကာရကို သိပါ။

တိဟိတ် - ဒွိဟိတ် - အဟိတ်

တိဟိတ် - ဒွိဟိတ် - အဟိတ်

တိဟေတုကဇဝနာဝသာနေ ပနေတ္ထ တိဟေတုကံ တဒါရမ္မဏံ ယုတ္တံ၊ ဒုဟေတုကဇဝနာဝသာနေ ဒုဟေတုကံ၊ အဟေတုကဇဝနာဝသာနေ အဟေတုကံ၊ ဘာဇေတွာ ပန န ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၁၊၃၂၇။)

ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ထားတော်မူချက်အရ --- --

၁။ တိဟိတ်ဇော၏ နောင်၌ တိဟိတ် တဒါရုံ,

၂။ ဒွိဟိတ်ဇော၏ နောင်၌ ဒွိဟိတ် တဒါရုံ,

၃။ အဟိတ်ဇော (ဟသိတုပ္ပါဒ်ဇော)၏ နောင်၌ အဟိတ် တဒါရုံ --- -- အသီးအသီး ကျနိုင်၏။

ယေဘုယျဟုသာ မှတ်သားပါ

ယေဘုယျဟုသာ မှတ်သားပါ

ဤအထက်တွင် ဖော်ပြထားသော တဒါရုံနှင့် ပတ်သက်၍ ဖွင့်ဆိုမှာထားချက်တို့အရ တဒါရုံအကြောင်းကို ခြုံငုံ၍ သုံးသပ်ခဲ့သော် ယေဘုယျအားဖြင့် သန္တီရဏ, ဇော, တဒါရုံတို့သည် ဝေဒနာချင်း တူညီကြ၏။

၁။ ဇော၌ သောမနဿဝေဒနာ ဖြစ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း သောမနဿဝေဒနာပင် အဖြစ်များ၏။

၂။ ဇော၌ ဥပေက္ခာဝေဒနာဖြစ်ပါက သန္တီရဏနှင့် တဒါရုံတို့၌လည်း ဥပေက္ခာပင် အဖြစ်များ၏။

၃။ ဇောသည် တိဟိတ်ဖြစ်ပါက တဒါရုံသည်လည်း တိဟိတ် အဖြစ်များ၏။

၄။ ဇောသည် ဒွိဟိတ်ဖြစ်ပါက တဒါရုံသည်လည်း ဒွိဟိတ်ပင် အဖြစ်များ၏။

သို့အတွက် ဇယားများတွင် ယေဘုယျ စည်းကမ်းသို့ လိုက်၍ ဇောနှင့် တဒါရုံတို့ဝယ် - တိဟိတ် ဒွိဟိတ် သောမနဿဝေဒနာ ဥပေက္ခာဝေဒနာတို့ကို ဦးစားပေး၍ ဖော်ပြထားပါသည်။ အသေးစိတ် အတိအကျကိုမူ ကား အထက်ပါ ဖွင့်ဆိုချက်များ အတိုင်းသာ မှတ်သားပါလေ။

တဒါရုံ မကျခြင်းအကြောင်း

မဟဂ္ဂုတ် လောကုတ္တရာတရားကို အာရုံယူသော ကာမာဝစရတရား နောင်၌

တဒါရုံ မကျခြင်းအကြောင်း

ယသ္မာ စဿ သဗ္ဗော ကာမာဝစရဝိပါကော, ကိရိယမနောဓာတု ကိရိယအဟေတုကမနောဝိညာဏဓာတု သောမနဿသဟဂတာ ဣမေ ဓမ္မာ ပရိတ္တာရမ္မဏာတိ ဧဝံ အစ္စန္တပရိတ္တမေဝ အာရမ္မဏံ ဝုတ္တံ။ တသ္မာ ပေတံ မဟဂ္ဂတလောကုတ္တရာရမ္မဏေ ကာမာဝစရဓမ္မေပိ နာနုဗန္ဓတီတိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)

၁။ အလုံးစုံသော ကာမာဝစရဝိပါက်မှန်သမျှသည် ပရိတ္တာရမ္မဏ = ကာမတရားသာလျှင် အာရုံရှိ၏၊ ကာမ တရား အမည်ရသည့် ရုပ်တရား နာမ်တရားကိုသာ အာရုံပြု၏။

၂။ ပဉ္စဒွါရာဝဇ္ဇန်းဟူသော စက္ခုဒွါရအစ ကာယဒွါရအဆုံး ရှိသည့် ဒွါရ (၅)ပါး၌ ထိုက်သလို ထင်လာသည့် ရူပါရုံအစ ဖောဋ္ဌဗ္ဗာရုံ အဆုံးရှိသည့် အာရုံ (၅)မျိုးကို ထိုက်သလို ဆင်ခြင်တတ်သော ကိရိယမနော ဓာတ်သည်လည်း ပရိတ္တာရမ္မဏ = ကာမတရားသာလျှင် အာရုံ ရှိ၏၊ ကာမတရား အမည်ရသည့် ရုပ်တရား နာမ်တရားကိုသာ အာရုံပြု၏။

၃။ ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်လေ့ရှိသော ပြုံးရယ်ခြင်းကို ဖြစ်စေတတ်သော စိတ်တစ်မျိုး ဖြစ်သည့် ဟသိတုပ္ပါဒ် အမည်ရသော သောမနဿ အဟိတ်ကြိယာ မနောဝိညာဏဓာတ်သည်လည်း ပရိတ္တာရမ္မဏ = ကာမတရားသာလျှင် အာရုံရှိ၏၊ ကာမတရား အမည်ရသည့် ရုပ်တရား နာမ်တရားကိုသာ အာရုံပြု၏။

ဤသို့လျှင် ကာမဝိပါက်မှန်သမျှနှင့် ပဉ္စဒွါရာဝဇ္ဇန်း ဟသိတုပ္ပါဒ်စိတ်တို့ကို ကာမတရား အမည်ရသော ရုပ်တရားနှင့် ကာမာဝစရနာမ်တရားတို့ကိုသာ ဧကန်အာရုံပြု၏ဟု ဘုရားရှင် ဟောကြားထားတော်မူအပ်ပေ သည်။ သို့အတွက် တဒါရုံသည်လည်း ကာမဝိပါက်စိတ်ပင် ဖြစ်ရကား ဧကန်အားဖြင့် ကာမတရားကိုသာ အာရုံ ပြုနိုင်သည်။ သို့အတွက် ယင်းတဒါရုံသည် မဟဂ္ဂုတ် လောကုတ္တရာတရားတို့ကို အာရုံပြုသော ကာမာဝစရဓမ္မ အမည်ရသော ကာမဇောများ၏ နောင်၌လည်း ယင်းဇောယူသည့် မဟဂ္ဂုတ် လောကုတ္တရာတရားတည်းဟူသော အာရုံသို့ အစဉ်မလိုက်နိုင်ဟု သိပါလေ။ (တဒါရုံ မကျနိုင် ဟူလိုသည်။) (အဘိ၊ဋ္ဌ၊၂၊၁၄၇။)

ဤတွင် တဒါရုံ အကြောင်းသိကောင်းစရာများ ပြီးဆုံးပြီ ဖြစ်သည်။

__________

ရုပ်အတု (၁၀) မျိုး

ရုပ်အတု (၁၀) မျိုး

ရုပ်အတု (၁၀)မျိုးတို့ကား လက္ခဏာယာဉ်သုံးချက်သို့ တင်၍ ဝိပဿနာ မရှုကောင်းသော အသမ္မသန ရုပ်များ ဖြစ်ကြ၏။ ရုပ်အတု တစ်မျိုးကိုပင် ဖြစ်စေ, ရုပ်အတု အားလုံးကိုပင် ဖြစ်စေ အနိစ္စဟု ရှုသော်လည်း အနိစ္စဟု သိသော ဝိပဿနာဇောဝီထိ စိတ်အစဉ်များကား ဖြစ်ပေါ်မလာနိုင်ပေ။ အလားတူပင် ဒုက္ခဟု အနတ္တဟု ရှုသော်လည်း ဒုက္ခဟု အနတ္တဟု သိနေသော ဝိပဿနာဇောဝီထိ စိတ်အစဉ်များသည် ဖြစ်ပေါ်မလာနိုင်ပေ။ သို့အတွက် ရုပ်အတုတစ်မျိုး တစ်မျိုး၌ ရုပ်အစစ်များမှာကဲ့သို့ (၆)မျိုး ခွဲ၍ မရှုတော့ဘဲ (၂)မျိုး (၂)မျိုးစီသာ ရှုပါ။ တစ်မျိုး တစ်မျိုး၌ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်စီပင် ရှုပါ။ အာကာသဓာတ်ကို ပုံစံထုတ်၍ နမူနာ အဖြစ် ဖော်ပြအပ်ပါသည်။

ရုပ်ကလာပ်တို့၏ အကြားအပေါက် ဖြစ်သော အာကာသဓာတ်ကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍

၁။ အာကာသဓာတ်ဟု ရှုပါ။ ။ ထိုနောင် အာကာသဓာတ်ဟု သိနေသော မနောဒွါရိကဇောဝီထိ စိတ် စေတသိက်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်း ရှုပွားပါ။ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက် ရှုပါ။

၂။ ယင်းအာကာသဓာတ်ကို တစ်ဖန် ရုပ်တရားဟု ရှုပါ။ ။ ထိုနောင် ယင်း အာကာသဓာတ်ကို ရုပ်တရားဟု သိနေသော မနောဒွါရိကဇောဝီထိ စိတ်စေတသိက်တို့ကို ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။ ဉာဏ် ပီတိ တို့ကို လဲလှယ်၍ (၄)ချက်ပင် ရှုပါ။

ထိုသို့ သိမ်းဆည်းရှုပွားရာ၌ ဘဝင်မနောအကြည်ဓာတ်ကို ရှေးဦးစွာ သိမ်းဆည်းရမည်ဟူသော ဥပဒေသ ကိုကား မမေ့ပါနှင့်။

ဓမ္မာရုံလိုင်း မနောဒွါရဝီထိ အကောင်းအုပ်စု ရုပ်အတုကို အာရုံယူ၍ ရှုပုံ ဇယား

ပုံစံတူရှုရန် ရုပ်အတု (၉) မျိုး

ပုံစံတူရှုရန် ရုပ်အတု (၉) မျိုး

၁။ ကာယဝိညတ် ၄။ မုဒုတာ ၇။ သန္တတိ

၂။ ဝစီဝိညတ် ၅။ ကမ္မညတာ ၈။ ဇရတာ

၃။ လဟုတာ ၆။ ဥပစယ * ၉။ အနိစ္စတာ

မှတ်ချက် --- -- ဥပစယဟူသည် ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော, ဣန္ဒြေ ပြည့်စုံ သည်တိုင်အောင် ဘဝတစ်ခု၌ ရထိုက်သမျှ ရုပ်များ ပြည့်စုံသည်တိုင်အောင် ရုပ်အစစ်တို့၏ အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော ဖြစ်သဖြင့် ယင်းဥပစယရုပ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ပဋိသန္ဓေ ကလလရေကြည်အခိုက်၌ တည်ရှိသော ရုပ်နာမ်သို့တိုင်အောင်သော ရုပ်နာမ်တို့ကို သိမ်းဆည်း နိုင်သောအခါမှ ယင်းဥပစယရုပ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို ထပ်မံ၍ ရှုရမည် ဖြစ်သည်။

သတိပြုရန် အချက်တစ်ရပ်

သတိပြုရန် အချက်တစ်ရပ်

ဓမ္မာရုံလိုင်း စာရင်းဝင် ရုပ်အစစ် (၁၁)မျိုး, ရုပ်အတု (၁၀)မျိုးတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ မိမိတို့ ရှုပွားလိုသည့် ရုပ်တရားတို့သည် ကလာပ်ခေါ်သည့် အုပ်စုအလိုက် သာ ဖြစ်ရိုးဓမ္မတာ ရှိကြသဖြင့် ရှေးဦးစွာ မိမိ ရှုပွားလိုသည့် ရုပ်တရားပါဝင်သည့် ရုပ်ကလာပ်ကို မြင်အောင် ရှုပါ။ ထိုနောင် မိမိ ရှုပွားလိုသည့် ရုပ်တရားနှင့် ရုပ်ကလာပ်တစ်ခု အတွင်း၌ ပြိုင်တူ ဖြစ်ကြသော ကမ္မဇရုပ် သို့မဟုတ် စိတ္တဇရုပ် သို့မဟုတ် ဥတုဇရုပ် သို့မဟုတ် အာဟာရဇရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည် တိုင်အောင် ဓာတ်ခွဲရှုပါ။ မိမိ ရှုပွားလိုသော ရုပ်ကလာပ်တစ်ခု အတွင်း၌ ရုပ်အမျိုးအစား (၈)မျိုးရှိက (၈)မျိုး, (၉)မျိုးရှိက (၉)မျိုး, (၁၀)မျိုးရှိက (၁၀)မျိုး - ဤသို့ စသည်ဖြင့် ပရမတ်ရုပ်တရားတို့ကို အသီးအသီး ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ယင်းသို့ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သောအခါမှ မိမိ ရှုပွားလိုသည့် စက္ခုအကြည်ဓာတ် စသော ရုပ်အစစ် တစ်ခုခုကိုလည်းကောင်း, ကာယဝိညတ် စသည့် ရုပ်အတု တစ်ခုခုကိုလည်းကောင်း ရွေးထုတ်၍ ထိုရုပ်တရားက ဘဝင်မနောအကြည်ဓာတ်တွင် ထင်လာသောအခါမှ ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာ ကုန်သော နာမ်တရားတို့ကို ဇယားတွင် ဖော်ပြထားသည့်အတိုင်း ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။

__________

ရူပါရုံ (= အရောင်) လိုင်း အကောင်းအုပ်စု ရှုပုံ

ရူပါရုံ (= အရောင်) လိုင်း အကောင်းအုပ်စု ရှုပုံ

သမာဓိကို အဆင့်ဆင့် ထူထောင်လျက် သိမ်းဆည်းပြီး ရှုပွားပြီး ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ထိုနောင် --- --

၁။ စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့ကို ပြိုင်တူ ဉာဏ်၌ ထင်အောင် ပူးတွဲသိမ်းဆည်းပါ။

၂။ ရုပ်ကလာပ် အများစု၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ၊ ရှုပါ။ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။ (မနောဒွါရဝီထိအတွက် ကွက်၍ဆိုရမူ ရုပ်ကလာပ်တစ်ခု၏ ရူပါရုံ အရောင်ကိုလည်း အာရုံယူ၍ ရှုနိုင်သည်သာ ဖြစ်သည်။ ဤကျမ်း စာမျက်နှာ-၁၈၂-စသည်ကို ကြည့်ပါ၊၊)

၃။ ထိုရူပါရုံ အရောင်က စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ဟူသော အကြည်ဓာတ်နှစ်ခုကို ပြိုင်တူ ရှေးရှုရိုက်ခတ်သောအခါ, သို့မဟုတ် ထိုရူပါရုံ အရောင်သည် စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနော အကြည်ဓာတ်ဟူသော ဒွါရနှစ်ခု၌ ပြိုင်တူ ရှေးရှုကျရောက်လာသောအခါ, သို့မဟုတ် ထိုရူပါရုံ အရောင် သည် ယင်းဒွါရ နှစ်ခု၌ ပြိုင်တူ ထင်လာသောအခါ --- --

(က) ရူပါရုံကို အာရုံပြုနေသည့် စက္ခုဒွါရဝီထိနှင့်

( ခ ) ရူပါရုံကိုပင် ဆက်လက် အာရုံယူနေသည့် မနောဒွါရဝီထိများ --- --

ဤနှစ်မျိုးသော စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိစိတ်အစဉ်တို့သည် ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရား တို့နှင့် အတူတကွ ဝီထိတစ်ခုနှင့် တစ်ခု၏ အကြားတွင် ဘဝင်များခြားလျက် ဖြစ်ပေါ်လာကြမည် ဖြစ်၏။ ထို စက္ခုဒွါရဝီထိ တစ်ဝီထိဖြစ်က မနောဒွါရဝီထိများမှာ ဘဝင်များခြားလျက် အကြိမ်များစွာ ဖြစ်နေမည် ဖြစ်သည်။

၄။ ထိုဝီထိစိတ်အစဉ်တို့တွင် ပါဝင်တည်ရှိကြသော ပဉ္စဒွါရာဝဇ္ဇန်း (= အာဝဇ္ဇန်း), ဝုဋ္ဌော, မနောဒွါရာဝဇ္ဇန်း တို့က ယင်းရူပါရုံကို ရူပါရုံ (= အရောင်) ဟုသာ ဆင်ခြင်ဆုံးဖြတ်ပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများ စောကြမည် ဖြစ်သည်။ ယင်းကုသိုလ်ဇောနာမ်တရား (၃၄), တဒါရုံနာမ်တရား (၃၄), စသည်တို့မှာ သဒ္ဓါ-ပညာအုပ်စု နာမ်တရားများပင် ဖြစ်ကြသည်။

[မှတ်ချက် --- -- အထက်ပါ ဇယားတွင် အတိမဟန္တာရုံဝီထိနှင့် ဝိဘူတာရုံဝီထိများကိုသာ ဖော်ပြထားပါ သည်။ မဟန္တာရုံဝီထိ, အဝိဘူတာရုံဝီထိ စသည်တို့ကိုကား ယောဂါဝစရပုဂ္ဂိုလ်သည် သိမ်းဆည်းရင်း ဝိပဿနာ ရှုပွားရင်းဖြင့် တဖြည်းဖြည်း သဘောပေါက်လာနိုင်ပါသည်။ ထိုတွင် ရှေးဦးစွာသော မနောဒွါရဝီထိကို တဒနု ဝတ္တက မနောဒွါရဝီထိ (= တဒနုဝတ္တိက မနောဒွါရဝီထိ = စက္ခုဒွါရဝီထိ၏ နောက်သို့ အစဉ်လိုက်သော, စက္ခုဒွါရဝီထိ၏ အာရုံဖြစ်သော အလားတူ ယင်းရူပါရုံမျိုးကိုပင် ဆက်လက် အာရုံယူနေ သိနေသော မနော ဒွါရဝီထိ) ဟု ခေါ်ဆို၍ နောက်ထပ် ယင်းရူပါရုံမျိုးကိုပင် ဆက်လက် အာရုံယူနေသော မနောဒွါရဝီထိများကို သုဒ္ဓမနောဒွါရဝီထိ (= သက်သက်သော မနောဒွါရဝီထိ)ဟု ခေါ်ဆိုပေသည်။ သို့သော် တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကား ပဉ္စဒွါရနှင့် ဆက်သွယ်၍ ဖြစ်သမျှသော မနောဒွါရဝီထိများကို တဒနုဝတ္တိကဟုချည်း ဆိုလိုပေသည်။ (ဝီထိနှင့် သုံးချက်စု၊၃၄)]

အသင်ယောဂီသူတော်ကောင်းသည် ရူပါရုံကို အာရုံယူနေသည့် ယင်းစက္ခုဒွါရဝီထိ, မနောဒွါရဝီထိ စိတ် အစဉ်များအတွင်း၌ ပါဝင်တည်ရှိသော နာမ်တရားတို့ကို အသိစိတ် (= ဝိညာဏ်)ကို အဦးမူ၍ သိမ်းဆည်းလိုပါက ရှေးဦးစွာ အသိစိတ် (= ဝိညာဏ်) တစ်လုံးတည်းကိုသာလျှင် ဦးစားပေး၍ စိတ္တနိယာမ လမ်းရိုးလမ်းဟောင်း လမ်းကြောင်းကြီး အတိုင်း ဖြစ်ပေါ်သွားသော ဝီထိစိတ်အစဉ်အတိုင်း စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ မြင်အောင် လေ့ကျင့်ပါ။

ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇), တဒါရုံ (၂) - ထိုနောင် ဘဝင် အကြိမ်များစွာခြားလျက် မနောဒွါရာဝဇ္ဇန်း, ဇော (၇), တဒါရုံ (၂) --- -- သို့မဟုတ်

ဆင်ခြင်, မြင်သိ, လက်ခံ, စုံစမ်း, ဆုံးဖြတ်, ဇော (၇), တဒါရုံ (၂) - ထိုနောင် ဘဝင် အကြိမ်များစွာ ခြားလျက် - ဆင်ခြင်ဆုံးဖြတ်, ဇော(၇), တဒါရုံ (၂) --- --

ဤသို့ စသည်ဖြင့် ဖြစ်ပေါ်နေသော ဝီထိစိတ်အစဉ်အတွင်း၌ ပါဝင်တည်ရှိသော အသိစိတ် = ဝိညာဏ် တိုင်းကို သိအောင် မြင်အောင် စက္ခုအကြည်ဓာတ် ဘဝင် မနောအကြည်ဓာတ်ဟူသော ဒွါရနှစ်ခုနှင့် ရူပါရုံဟူသော အာရုံကို ပူးတွဲ သိမ်းဆည်းလျက် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ ထိုတွင် စက္ခုဒွါရဝီထိ တစ်ကြိမ်ဖြစ်က ရူပါရုံကို ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိများသည် ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင်အကြိမ်များစွာ ခြားလျက် မနောဒွါရဝီထိပေါင်းများစွာ ဖြစ်မှုကို သဘောပေါက်အောင် လေ့ကျင့်ပါ။ ဝီထိစိတ်တိုင်း စိတ်တိုင်းကို အောင်မြင်စွာ သိမ်းဆည်းနိုင် ရှုနိုင်ပါက ဖဿ ဝေဒနာ စသော စေတသိက်တို့ကို တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍ --- -၊၂၊လုံး, ၃-လုံး, ၄-လုံး, ၅-လုံး, ၆-လုံး, ၇-လုံး, ၈-လုံး --- -- ဤသို့ စသည်ဖြင့် စိတ္တက္ခဏတိုင်း၌ ပြိုင်တူ ဖြစ်မှုကို ရှင်းရှင်းလင်းလင်း မြင်အောင် ရှု၍ ရသောအခါ ဇယားတွင် ဖော်ပြထားသည့်အတိုင်း စိတ် စေတသိက်တို့ကို တစ်စတစ်စ တိုး၍ ကုန်စင်အောင် သိမ်းဆည်းပါ၊ ရှုကြည့်ပါ။ တဖြည်းဖြည်း အောင်မြင်မှု ရရှိလာမည် ဖြစ်သည်။ ဖဿက စ၍ နာမ်တရားတို့ကို သိမ်းဆည်းရာ, ဝေဒနာက စ၍ နာမ်တရားတို့ကို သိမ်းဆည်းရာတို့၌လည်း နည်းတူပင် မှတ်ပါ။ အကယ်၍ အောင်မြင်မှု မရခဲ့သော် ရုပ်တရားကိုပင် ထပ်ကာ ထပ်ကာ သိမ်းဆည်းပါ၊ နာမ်တရားများသည် အလိုလိုပင် ထင်ရှားလာမည်ဖြစ်ကြောင်းကို (ဝိသုဒ္ဓိ၊၂၊၂၂၅။)၌ ညွှန်ကြားထားပေသည်။

ရုပ်အစစ် ရုပ်အတု ရောနှောရှုရန်

ရုပ်အစစ် ရုပ်အတု ရောနှောရှုရန်

ထိုဝီထိစိတ်တို့တွင် စက္ခုဝိညာဏ်သည် စက္ခုအကြည်ဓာတ်ဟူသော စက္ခုဝတ္ထုရုပ်ကိုသာ မှီဖြစ်၍ စက္ခု ဒွါရဝီထိနှင့် မနောဒွါရဝီထိ အတွင်း၌ ပါဝင်တည်ရှိကြသော ကျန်နာမ်တရား အားလုံးတို့သည် ဟဒယဝတ္ထုရုပ် ကိုသာ မှီ၍ ဖြစ်ကြရသည်။ သို့အတွက် ရုပ်နာမ်ကို သိမ်းဆည်းရာ ရုပ်နာမ်ကို ပိုင်းခြား မှတ်သားရာ ရုပ်နာမ် ခွဲရာတို့၌ ကျေးဇူးများစိမ့်သောငှာ ဇယားတွင် မှီရာဝတ္ထုရုပ်များကိုပါ ထည့်သွင်း၍ ဖော်ပြထားပါသည်။ စက္ခု ဝိညာဏ်နှင့် တကွသော နာမ်တရားတို့သည် စက္ခုဝတ္ထုရုပ်ကိုသာ ဧကန် မှီ၍ဖြစ်ကြသည်ကား မှန်၏၊ ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုင်း စသော ကျန်ဝီထိစိတ် စေတသိက်တို့သည်လည်း ဟဒယဝတ္ထုရုပ်ကိုသာ ဧကန် မှီ၍ (ပဉ္စဝေါကာရဘုံ၌) ဖြစ်ကြသည်ကား မှန်၏။ သို့အတွက် အဘိဓမ္မာနည်းအရ ဝတ္ထုဟုဆိုလျှင် စက္ခုဝတ္ထု ဟဒယ ဝတ္ထု စသည့်ဆိုင်ရာ ဝတ္ထုရုပ်သက်သက်ကိုသာ အရကောက်ယူရ၏။ သို့သော် သုတ္တန်နည်းအရကား စက္ခုဝတ္ထု ဟဒယဝတ္ထု စသည့် သက်သက်ကိုသာလျှင် ဝတ္ထုအရ မကောက်ယူရဘဲ ထိုစက္ခုဝတ္ထု ဟဒယဝတ္ထု စသည်တို့နှင့် ရုပ်ကလာပ်တစ်ခု အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်နေကြသည့် ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ရောနှော၍ ကောက် ယူရ၏။ စက္ခုဝတ္ထု စသည်တို့နှင့် မကင်းစကောင်းသော မျက်လုံးအိမ် စသည်တို့၏ အတွင်း၌ တည်ရှိကြသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုလည်း အရကောက်ယူရ၏၊ သိမ်းဆည်းရ၏၊ ရှုပွားရ၏။ သုတ္တန်နည်းကား အလုပ်လုပ် သောနည်း ဖြစ်၏၊ ဃန အသီးအသီး ပြိုအောင် ရှုပွားရ၏၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရ၏။ သို့အတွက် အဋ္ဌကထာကြီးများ ဋီကာကြီးများ၌ ဝတ္ထုအရ သုတ္တန်နည်း၌ တရားကိုယ်ကောက်ယူရပုံကို ရှင်းပြ ထား၏။

(၅၄) မျိုးသော ရုပ်တရား

(၅၄) မျိုးသော ရုပ်တရား

ဇယားများတွင် (၅၄)မျိုးသော ရုပ်တရားတို့ကို ဖော်ပြထား၏၊ စက္ခုဝိညာဏ်သည် စက္ခုဝတ္ထုရုပ်ကို မှီဖြစ်၍ ကျန်ဝီထိစိတ်များနှင့် ရူပါရုံကိုပင် ဆက်လက်၍ အာရုံပြုနေကြသည့် မနောဒွါရဝီထိစိတ်တို့သည် ဟဒယဝတ္ထု ရုပ်ကိုပင် မှီ၍ ဖြစ်ကြရ၏။

တစ်ဖန် စက္ခုအကြည်ဓာတ် စက္ခုဝတ္ထုရုပ်သည်လည်းကောင်း, ဟဒယဝတ္ထုရုပ်သည်လည်းကောင်း တစ်ခု ချင်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ရုပ်တို့မည်သည် ရုပ်ကလာပ်ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ကြရ၏။ ယင်း ရုပ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲနိုင်ပါမှလည်း ဃနပြိုမည်။ ဃနပြိုမှလည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်။

ယခုကဲ့သို့ ရုပ်တရားတို့ကို ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်ကမ္မဋ္ဌာန်းကို သိမ်း ဆည်းရှုပွားပြီးပါမှ နာမ်ကမ္မဋ္ဌာန်းကို ဆက်လက် သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် တစ်ဖန်ပြန်၍ ရုပ်တရားတို့ကိုလည်း သိမ်းဆည်းရပြန်၏။ ထိုသို့သိမ်းဆည်းရာ၌ မည်ကဲ့သို့သော ရုပ်တရားတို့ကို သိမ်းဆည်း ရမည်ဟူသော အချက်ကို အောက်ပါ အဋ္ဌကထာတို့၌ ညွှန်ကြားထားတော်မူ၏။

ဝတ္ထုအရ တရားကိုယ် ကောက်ယူပုံ

ဝတ္ထုအရ တရားကိုယ် ကောက်ယူပုံ

သော ဣမေ ဖဿပဉ္စမကာ ဓမ္မာ ကိံ နိဿိတာတိ ဥပဓာရေန္တော ဝတ္ထုံ နိဿိတာတိ ပဇာနာတိ။ ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓန္တိ။ သော အတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။ ဒီ၊ဋ္ဌ၊၂၊၃၁၄-၃၁၅။ မ၊ဋ္ဌ၊၁၊၂၈၁။)

နာမရူပဝဝတ္ထာနဿ အဓိပ္ပေတတ္တာ နိရဝသေသရူပပရိဂ္ဂဟဿ ဒဿနတ္ထံ ဝတ္ထု နာမ ကရဇကာယောတိ အာဟ၊ န စက္ခာဒီနိ ဆ ဝတ္ထူနီတိ။ ကရဇကာယဿ ပန ဝတ္ထုဘာဝသာဓနတ္ထံ ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓန္တိ သုတ္တံ အာဘတံ။ (မူလဋီ၊၂၊၁၅၇။)

ဝတ္ထု နာမ ကရဇကာယောတိ ဝစနေန နိဝတ္တိတံ ဒေဿန္တော န စက္ခာဒီနိ ဆ ဝတ္ထူနီတိ အာဟ။ အညမညုပတ္ထမ္ဘေန ဌိတေသု ဒွီသု နဠကလာပေသု ဧကဿ ဣတရပဋိဗဒ္ဓဋ္ဌိတာ ဝိယ နာမကာယဿ ရူပကာယပဋိဗဒ္ဓဝုတ္တိတာ ဒဿနေဥှတံ နိဿယပစ္စယဝိသေသဒဿနန္တိ။ (အနုဋီ၊၂၊၁၅၇။)

ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ရုပ်တရား နာမ်တရားတို့ကို ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနများကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစုတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော အခါ --- --

ဤဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစုတို့သည် အဘယ်ကို မှီ၍ ဖြစ်နေကြပါကုန်သနည်း

ဤသို့ စူးစမ်းဆင်ခြင်လတ်သော် ဖဿပဉ္စမကတရားဦးဆောင်သည့် ဤနာမ်တရားစုတို့သည် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကုန်၏ဟု ကွဲကွဲပြားပြား သိ၏။ ဝတ္ထုရုပ် မည်သည်ကား ကရဇကာယတည်း။ ယင်းကရဇကာယဟူသော ဝတ္ထုရုပ်ကိုပင် ရည်ရွယ်တော်မူ၍ --- --

ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီနေ၏၊ ဤကရဇကာယ၌ ဆက်စပ်၍ ဖြစ်၏ --- --

ဤသို့လျှင် ဘုရားရှင်သည် သာမညဖလသုတ္တန် (ဒီ၊၁၊၇၂။), မဟာသကုလုဒါယိသုတ္တန် (မ၊၂၊၂၀၉။) တို့၌ ဟောကြားထားတော်မူခဲ့၏။

ထိုကရဇကာယဟူသည် ပရမတ်တရားကိုယ် အနက်သဘောအားဖြင့် ဘူတရုပ် = ဓာတ်ကြီး (၄)ပါးတို့နှင့် ယင်း ဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ ဖြစ်နေကြကုန်သော (၂၄)မျိုးကုန်သော ဥပါဒါရုပ်တို့တည်း။ (အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။ ဒီ၊ဋ္ဌ၊၂၊၃၁၄-၃၁၅။ မ၊ဋ္ဌ၊၁၊၂၈၁။)

နာမ်ရုပ်တို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား၍ ပရမတ်သို့ဆိုက်အောင် သိကြောင်းဖြစ်သော နာမရူပဝဝတ္ထာနဉာဏ်ကို အလိုရှိအပ်သောကြောင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြား၍ယူခြင်း သိမ်းဆည်းခြင်းကို ညွှန်ပြတော်မူခြင်းငှာ --- --

ဝတ္ထု နာမ ကရဇကာယော = ဝတ္ထုရုပ်မည်သည်ကား ကရဇကာယတည်း --- --

ဤသို့ အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူခြင်းဖြစ်သည်။ ဝတ္ထုမည်သည် စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထုဟူသော (၆)မျိုးသော ဝတ္ထုရုပ်တို့တည်းဟူ၍ကား မိန့်ဆိုတော် မမူပေ။ ကရဇကာယ အမည်ရသော ဘူတရုပ် ဥပါဒါရုပ်အပေါင်း၏ ဝတ္ထုရုပ်ဖြစ်ကြောင်းကို ပြီးစီးစေခြင်းအကျိုးငှာ

ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓံ

ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီနေ၏၊ ဤကရဇကာယ၌ ဆက်စပ်၍ ဖြစ်၏ --- --

ဟူသော သာမညဖလသုတ္တန်နှင့် မဟာသကုလုဒါယိသုတ္တန်တို့ကို ဆောင်ယူ၍ ကိုးကားပြတော်မူသည်။ (မူလဋီ၊၂၊၁၅၇။)

ဝတ္ထုရုပ်မည်သည်ကား ကရဇကာယတည်းဟူသော စကားတော်ဖြင့် နစ်စေအပ်သော အနက်ကို (= ဤ၌ အလိုမရှိအပ်သော သဘောကို) ထင်ရှားပြတော်မူလိုသော မူလဋီကာဆရာတော်သည် - စက္ခုဝတ္ထု စသော (၆)မျိုးသော ဝတ္ထုရုပ်တို့သည်သာ ဤအရာဝယ် ဝတ္ထုရုပ်တို့တည်းဟု မိန့်တော်မမူပါဟု ဖွင့်ဆိုတော်မူသည်။ ကျူစည်း နှစ်စည်းတို့ကို အချင်းချင်း မှီ၍ ထောင်ထား၏။ အချင်းချင်း တစ်စည်းက တစ်စည်းကို ထောက်ပံ့ ထားခြင်းဖြင့် တည်နေကုန်သော ကျူစည်း နှစ်စည်းတို့တွင် တစ်ခုသော ကျူစည်း၏ အခြား ကျူစည်းတစ်စည်း နှင့် ဆက်စပ်လျက် တည်နေသကဲ့သို့ အလားတူပင် --- စက္ခုစသော (၆)မျိုးသော ဝတ္ထုရုပ်တို့သည်သာ ဤအရာ ဝယ် ဝတ္ထုရုပ် မမည်ပါ --- -- ဟူသော ဤစကားရပ်သည် နာမကာယ = နာမ်တရားအပေါင်း၏ ရူပကာယ = ရုပ်တရားအပေါင်းနှင့် ဆက်စပ်လျက် ဖြစ်မှုရှိနေပုံကိုလည်း ညွှန်ပြ၏။ ရူပကာယ = ရုပ်တရားအပေါင်းက နာမ ကာယ = နာမ်တရားအပေါင်းအား မှီရာ နိဿယပစ္စယသတ္တိထူးဖြင့် ကျေးဇူးပြုမှုကိုလည်း ညွှန်ပြတော်မူ၏ဟု မှတ်ပါ။ (အနုဋီ၊၂၊၁၅၇။)

အဘိဓမ္မနိဒ္ဒေသနည်း (အဘိဓမ္မာ၌ ဟောကြားတော်မူသော အဘိဓမ္မာနည်း) အားဖြင့် --- --

၁။ စက္ခုဝိညာဏ်နှင့် တကွသော ယှဉ်ဖက်သမ္ပယုတ်နာမ်တရားစုသည် စက္ခုဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။

၂။ သောတဝိညာဏ်နှင့် တကွသော ယှဉ်ဖက် သမ္ပယုတ်နာမ်တရားစုသည် သောတဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။

၃။ ဃာနဝိညာဏ်နှင့် တကွသော ယှဉ်ဖက် သမ္ပယုတ်နာမ်တရားစုသည် ဃာနဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။

၄။ ဇိဝှါဝိညာဏ်နှင့် တကွသော ယှဉ်ဖက် သမ္ပယုတ်နာမ်တရားစုသည် ဇိဝှါဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။

၅။ ကာယဝိညာဏ်နှင့် တကွသော ယှဉ်ဖက် သမ္ပယုတ်နာမ်တရားစုသည် ကာယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။

၆။ မနောဝိညာဏ်နှင့် တကွသော ယှဉ်ဖက် သမ္ပယုတ်နာမ်တရားစုသည် ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်၏။

ထိုကြောင့် အဘိဓမ္မာနည်းအရ ဝတ္ထုရုပ်အရ စက္ခုဝတ္ထုစသော (၆)မျိုးကုန်သော ဝတ္ထုရုပ်တို့ကိုသာလျှင် စက္ခုဝိညာဏ်စသော ဝိညာဏဓာတ် (၆)ပါးနှင့်တကွ ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားစုတို့၏ အသီးအသီး မှီ၍ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် ဝတ္ထုရုပ်ဟု ခေါ်ဆိုအပ်၏။

သို့သော် သုတ္တန္တပရိယာယနည်း (= သုတ္တန်နည်း) အရမူကား ဝတ္ထုအရ စက္ခုဝတ္ထု စသော (၆)မျိုးသော ဝတ္ထုရုပ်တို့ကိုသာလျှင် တရားကိုယ် ကောက်မယူရ၊ ယင်း စက္ခုဝတ္ထုစသော ဆိုင်ရာဆိုင်ရာ ဝတ္ထုရုပ်တို့နှင့် ရုပ် ကလာပ် အလိုက် အတူဖြစ်နေကြသည့် ကရဇကာယ အမည်ရသော ဘူတရုပ် ဥပါဒါရုပ် အားလုံးကိုပင် ကောက် ယူရသည်။ (၅၄-၄၄) စသော ရုပ်အားလုံးကိုပင် ကောက်ယူရသည်။

သုတ္တန်နည်းကား အလုပ်လုပ်သော နည်းဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရ၏၊ ရှုပွားရ၏။ ရုပ်ကလာပ်ဟူသည် ရုပ်ပရမတ်နယ်၌ အသေးဆုံး အဖွဲ့အစည်း ဖြစ်၏။ အသေးဆုံး အတုံးအခဲ ဖြစ်၏။ ယင်းအတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်၏။ ရုပ်ကလာပ်တိုင်းတွင်လည်း ဘူတရုပ် ဥပါဒါရုပ်တို့ ပါဝင်တည်ရှိနေကြ၏။ ပုံစံအားဖြင့်ဆိုရသော် စက္ခု ဝတ္ထုရုပ်ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် စက္ခုဒသကကလာပ်အတွင်း၌ ပါဝင်တည်ရှိကြသော (၁၀)မျိုးသော ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ သိမ်းဆည်းနိုင်ပါမှ စက္ခုပသာဒ (= စက္ခု ဝတ္ထု) ရုပ်ကို သိရှိနိုင်မည် ဖြစ်သည်။ သို့အတွက် သုတ္တန်နည်းအရ (၅၄-၄၄) စသော မှီရာဝတ္ထုရုပ်တို့ကို ဇယား များတွင် ဖော်ပြထားပါသည်။ သို့သော် ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူသည့် သိမ်းဆည်းသည့် နာမရူပပရိစ္ဆေဒ ဉာဏ်ပိုင်း၌ကား ရနိုင်သမျှသော ရုပ်အစစ်တွင်သာမက ရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်းဆည်းပါ။ ဝိပဿနာ ပိုင်းသို့ ရောက်ရှိလာသောအခါ၌ကား ရုပ်အတုများကို ချန်လှပ်၍ ရုပ်အစစ်များကိုသာ ဝိပဿနာရှုပါ။ ဇယားများ တွင် ရုပ်အစစ်တို့ကိုသာ ပဓာနထား၍ ဖော်ပြထားပါသည်။

ဘဝင်ကို သတိပြုပါ

ဘဝင်ကို သတိပြုပါ

ဤဇယားများတွင် စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိတို့၏ အကြား၌လည်းကောင်း, မနောဒွါရဝီထိတို့၏လည်း ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင်လည်းကောင်း ဘဝင်များ အကြိမ်များစွာခြားလျက် ရှိကြောင်းကို ဖော်ပြထား၏။ ဘဝင်တွင် သောမနဿဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်အတွက် ရည်ရွယ်၍ နာမ်တရား (၃၄)ဟု ဖော်ပြထားပါသည်။ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေ တည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ် ဖြစ်ပါမူ ယင်းဘဝင်နာမ်တရားမှာ (၃၃) ဖြစ်သည်၊ ပီတိ မယှဉ်ပေ။ ဒွိဟိတ်ပုဂ္ဂိုလ် စသည်တို့၌လည်း ယင်း ဘဝင်နာမ် တရားများမှာ (၃၃-၃၂) စသည်ဖြင့် ထိုက်သလို ရှိနေမည်သာ ဖြစ်သည်။ ယင်းဘဝင်စိတ်သည် လွန်ခဲ့သော အတိတ်ဘဝ သေခါနီး မရဏာသန္နအခါ၌ ထင်ခဲ့သော မရဏာသန္နဇော၏ အာရုံဖြစ်သည့် ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဟူသော အာရုံ (၃) မျိုးတို့တွင် တစ်မျိုးမျိုးကိုသာ အာရုံပြု၏။ ယေဘုယျအားဖြင့် ပစ္စယပရိဂ္ဂဟဉာဏ် ပိုင်းသို့ တက်လှမ်းသောအခါကျမှ ယောဂီပုဂ္ဂိုလ် အများစုမှာ အတိတ်မရဏာသန္နဇော၏ အာရုံကို ပုံစံမှန် ရှုနိုင် ကြ၏၊ ယင်း အတိတ်မရဏာသန္နဇော၏ အာရုံမှန်ကို ပုံစံမှန် ရှုမြင်နိုင်သောအခါမှ ဘဝင်၏ အာရုံမှန်ကိုလည်း ပုံစံမှန် ရှုနိုင်မည် သိရှိနိုင်မည် ဖြစ်သည်။ ဘဝင်၏ အာရုံမှန်ကို ရှုနိုင်သောအခါ သိနိုင်သောအခါမှ ဘဝင်စိတ်နှင့် ယှဉ်တွဲဖြစ်ပေါ်နေသော ဘဝင်နာမ်တရားစုတို့ကိုလည်း ပုံစံမှန် ရှုပွားနိုင်မည် ဖြစ်သည်။ ထိုသို့ ရှုနိုင်သောအခါမှ ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဘဝင်နာမ်တရားတို့ကိုပါ ရောနှော၍ သိမ်းဆည်းရန် ရှုပွားရန် ဖြစ်သည်။ ယခု နာမ်တရားတို့ကို သိမ်းဆည်းနေဆဲဖြစ်သော သိမ်းဆည်းစအခါ၌ကား ယင်း ဘဝင် နာမ်တရားစုတို့၏ အာရုံမှန်ကို မရှုတတ်သေး မရှုနိုင်သေးလျှင် ဘဝင်နာမ်တရားတို့ကို မသိမ်းဆည်းသေးဘဲ မရှုသေးဘဲ ခေတ္တ ချန်လှပ်ထားနိုင်သည်။ သို့အတွက် ဤနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို တစ်ကြိမ်တစ်ခါ ရှုရုံမျှဖြင့် လိုရင်းကိစ္စ မပြီး၊ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပွားပါမှ လိုရင်းကိစ္စ ပြီးစီးနိုင် သောကြောင့် အနုဗောဓဉာဏ်ဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။ (ဒီ၊ဋီ၊၂၊၈၉-၉၀ - ကြည့်။)

ယောနိသောမနသိကာရ

ယောနိသောမနသိကာရ

၁။ ရူပါရုံ (= အရောင်)ကို ရူပါရုံ (= အရောင်)ဟု ရှုခဲ့သော် ရူပါရုံ (= အရောင်)ဟု သိသော စက္ခုဒွါရဝီထိနှင့် နောက်လိုက်မနောဒွါရဝီထိ, သုဒ္ဓမနောဒွါရဝီထိဟူသော ရူပါရုံကိုပင် ဆက်လက်အာရုံယူနေသော သိနေ သော မနောဒွါရဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်၏။ (ရှုပုံကို ဖော်ပြခဲ့ပြီးပြီ။) တစ်ဖန် --- --

၂။ ထိုရူပါရုံကို ရုပ်တရားဟု ရှုခဲ့သော် ရုပ်တရားဟု သိနေသော မနောဒွါရဝီထိ စိတ်အစဉ်များသည်လည်းကောင်း,

၃။ ထိုရူပါရုံ၏ ဖြစ်ခြင်း ပျက်ခြင်းသဘောကို အာရုံပြု၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုခဲ့သော် အနိစ္စဟု သိနေသော မနောဒွါရဝီထိစိတ်များသည်လည်းကောင်း,

၄။ ထိုရူပါရုံ၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရသည့်သဘောကို အာရုံ ယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟု ရှုခဲ့သော် ဒုက္ခဟု သိနေသော မနောဒွါရဝီထိစိတ်များသည် လည်းကောင်း,

၅။ ထိုရူပါရုံ၏ ခိုင်မာသည့် မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟု ရှုခဲ့သော် အနတ္တဟု သိနေသော မနောဒွါရဝီထိစိတ်များသည်လည်းကောင်း,

၆။ ထိုရူပါရုံ၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အသုဘဟု ရှုခဲ့သော် အသုဘဟု သိနေသော မနောဒွါရဝီထိစိတ်များသည်လည်းကောင်း --- --

အသီးအသီး ဖြစ်ပေါ်လာကြမည် ဖြစ်၏။ ယင်း အသီးအသီးသော မနောဒွါရဝီထိစိတ်အစဉ်များကိုလည်း သမ္ပယုတ်တရားတို့နှင့် အတူတကွ နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး လျက် အသီးအသီး မြင်အောင် ရှုပါ၊ ဆက်လက်၍ သိမ်းဆည်းပါ။

[မှတ်ချက် --- -- ထို ရူပါရုံ, ထို ရူပါရုံ - ဟု ဤ၌ ဖော်ပြခြင်းမှာ ဧကတ္တနည်းအရ ရူပါရုံချင်း တူညီ၍ ပြောဆိုခြင်းသာ ဖြစ်ပါသည်။ ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ရူပါရုံတစ်ခုတည်းကို စိတ္တက္ခဏ (၁၇)ချက် သက်တမ်းမကုန်ဆုံးမီ ထိုကဲ့သို့ (၆)ကြိမ်တိုင်တိုင် ရှုပွားရမည်ဟု ဆိုလိုသည်ကား မဟုတ်ပါ။ အလားတူ ရူပါရုံမျိုးကို အာရုံယူ၍ ထပ်ကာထပ်ကာ သိမ်းဆည်းရှုပွားရန်သာ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။]

(၆) ကြိမ်မျှ ရှုရခြင်း၏ အကြောင်းရင်း

(၆) ကြိမ်မျှ ရှုရခြင်း၏ အကြောင်းရင်း

ဝိဘင်းပါဠိတော် (အဘိ၊၂၊၃၂၃) နှင့် အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၃၈၈) တို့၏ ဖွင့်ဆိုချက်များအတိုင်း စက္ခုဒွါရဝီထိစိတ်များဖြင့် ရူပါရုံ အရောင်ကို ရူပါရုံ အရောင်ဟုသာ သိနိုင်၏။ ယင်းစက္ခုဒွါရဝီထိစိတ်များက ယင်းရူပါရုံ အရောင်ကို --- --

၁။ ရုပ်တရားဟုလည်းကောင်း

၂။ အနိစ္စတရားဟုလည်းကောင်း

၃။ ဒုက္ခတရားဟုလည်းကောင်း

၄။ အနတ္တတရားဟုလည်းကောင်း

၅။ အသုဘတရားဟုလည်းကောင်း မသိနိုင်ပေ။

အလားတူပင် သောတဒွါရဝီထိစိတ်များက သဒ္ဒါရုံကို သဒ္ဒါရုံဟုသာ, ဃာနဒွါရဝီထိစိတ်များက ဂန္ဓာရုံကို ဂန္ဓာရုံဟုသာ, ဇိဝှါဒွါရဝီထိစိတ်များက ရသာရုံကို ရသာရုံဟုသာ, ကာယဒွါရဝီထိစိတ်များကလည်း ဖောဋ္ဌဗ္ဗာရုံ ကို ဖောဋ္ဌဗ္ဗာရုံဟုသာ သိနိုင်၏။ ယင်းအသီးအသီးသော ဝီထိစိတ်များက အသီးအသီးသော အာရုံကို --- --

၁။ ရုပ်တရားဟုလည်းကောင်း,

၂။ အနိစ္စတရားဟုလည်းကောင်း,

၃။ ဒုက္ခတရားဟုလည်းကောင်း,

၄။ အနတ္တတရားဟုလည်းကောင်း,

၅။ အသုဘတရားဟုလည်းကောင်း --- -- မသိနိုင်ပေ။

ရူပါရုံကို ဆက်လက် အာရုံယူနေကြသည့် မနောဒွါရဝီထိစိတ်တို့သည်ကား ယင်းရူပါရုံ အရောင်ကို --- --

၁။ ရူပါရုံ = အရောင်ဟုလည်းကောင်း,

၂။ ရုပ်တရားဟုလည်းကောင်း,

၃။ အနိစ္စတရားဟုလည်းကောင်း,

၄။ ဒုက္ခတရားဟုလည်းကောင်း,

၅။ အနတ္တတရားဟုလည်းကောင်း,

၆။ အသုဘတရားဟုလည်းကောင်း --- --

အသီးအသီး သိရှိနိုင်ပေသည်။ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ဆက်လက် အာရုံယူနေကြသော မနောဒွါရဝီထိစိတ်တို့ကလည်း ဆိုင်ရာ ဆိုင်ရာအာရုံတို့ကို အလားတူပင် သိရှိနိုင်ကြပေသည်။

ထိုသို့ ရူပါရုံစသည့် ရုပ်တရား အသီးအသီးတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို ထိုကဲ့သို့ ရုပ်ဓာတ် တစ်လုံး တစ်လုံး၌ (၆)ကြိမ်မျှ ရှုနေခြင်းမှာ ယောနိသောမနသိကာရဖြစ်က နှလုံးသွင်းမှန်ပါက ကုသိုလ်ဇောများ စောပုံကို သဘောပေါက်စေလိုသည်မှာ ပထမအကြောင်းတစ်ရပ် ဖြစ်၏။

တစ်ဖန် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ အရူပသတ္တကရှုနည်း (ဝိသုဒ္ဓိ၊၂၊၂၆၁-၂၆၅။)တို့၌ ဝိပဿနာ ရှုနေသော ေ့ရှစိတ်ကို နောက်စိတ်ဖြင့် = ရှေးဝိပဿနာ မနောဒွါရိကဇောဝီထိကို နောက်ဝိပဿနာ မနောဒွါရိက ဇောဝီထိဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ နောက်ပိုင်း ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိ သွားသောအခါ၌လည်း --- --

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)

= ဉာတအမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် သိရှိအပ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟူသော သင်္ခါရတရားတို့ကိုလည်းကောင်း, ဉာဏ အမည်ရသည့် ရှုနေသော ဝိပဿနာဉာဏ်ပါဝင်သည့် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်စေတသိက်များကိုလည်းကောင်း - ဤ ဉာတ ဉာဏ နှစ်မျိုးလုံးကိုပင် ဝိပဿနာရှုပါဟု ရှေးရှေး အဋ္ဌကထာဆရာတော်တို့က သတ်မှတ် ညွှန်ကြားထားတော်မူ၏။

ယင်းရှေးထုံးဟောင်း ဥပဒေသကြီးအရ ဉာဏအမည်ရသည့် ဝိပဿနာဉာဏ် ပါဝင်သည့် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်စေတသိက်တို့ကိုလည်း ဝိပဿနာ တစ်ဖန်ပြန်၍ ရှုရမည် ဖြစ်သဖြင့် ရှုနေသည့် ဝိပဿနာ ဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုတတ်ရန် ကြိုတင်၍ ပြင်ဆင်ခြင်း ဖြစ်သည်မှာ ဒုတိယအကြောင်းတစ်ရပ် ပင် ဖြစ်ပေသည်။

ဤအကြောင်းနှစ်ရပ်ကြောင့် ရုပ်ဓာတ်တစ်လုံး တစ်လုံးကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ထိုသို့ (၆)ကြိမ်မျှ သိမ်းဆည်းခြင်း ဖြစ်သည်ဟု မှတ်ပါ။ အားလုံးပေါင်းသော် - ၆ _ ၄ = ၂၄-ကြိမ် ဖြစ်သည်။ ဤ၌လည်း ရုပ်ဓာတ်တစ်လုံး တစ်လုံး၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကိုသာ သိမ်းဆည်းနေသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းမျှသာ ဖြစ်သေးသဖြင့် ရုပ်ဓာတ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို သိနေသော မဟာကုသိုလ် မနောဒွါရိကဇောများနောင်၌ တဒါရုံကို ချထားပေသည်။ သို့သော် အာရုံ၏ ဝိဘူတ အဝိဘူတ (= ထင်ရှားမှု မထင်ရှားမှု) အပေါ် မူတည်၍ တဒါရုံသည် ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိလေရာ၏။

ထပ်မံ ရှင်းလင်းချက်များ

ထပ်မံ ရှင်းလင်းချက်များ

ပဉ္စဒွါရာဝဇ္ဇန်း --- --

ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) ၌ စိတ်စေတသိက် (၁၁)လုံး ပုံသေ ဖြစ်၏။ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏။

စက္ခုဝိညာဏ် --- --

စက္ခုဝိညာဏ် (= မြင်သိ) ၌ စိတ်စေတသိက် (၈)လုံး ပုံသေ ဖြစ်၏။ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏။

သမ္ပဋိစ္ဆိုင်း --- --

သမ္ပဋိစ္ဆိုင်း (= လက်ခံ) ၌ စိတ်စေတသိက် (၁၁)လုံး ပုံသေ ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏။

သန္တီရဏ --- --

သန္တီရဏ (= စုံစမ်း) ၌ သောမနဿဝေဒနာနှင့် ယှဉ်သော် ပီတိပါ၍ စိတ်စေတသိက် (၁၂)လုံး ဖြစ်၏၊ ဒုတိယ တန်း စတုတ္ထတန်းတို့၌ ဥပေက္ခာဝေဒနာနှင့် ယှဉ်သဖြင့် ပီတိ မပါရကား စိတ်စေတသိက် (၁၁)လုံး ဖြစ်၏။

ဝုဋ္ဌော --- --

ဝုဋ္ဌော (= ဆုံးဖြတ်) ၌ စိတ်စေတသိက် (၁၂)လုံး ပုံသေ ဖြစ်၏။ ဥပေက္ခာ ဝေဒနာနှင့် အမြဲယှဉ်၏။

ဇော --- --

ဇော၌ စိတ်-စေတသိက် (၃၄) ဟူသည် သဒ္ဓါ-ပညာအုပ်စု (၃၄)ပင် ဖြစ်၏။

၁။ ဉာဏ်ယှဉ် ပီတိ ယှဉ်သော် (၃၄) ဖြစ်၏၊ သောမနဿဝေဒနာနှင့် ယှဉ်၏။

၂။ ဉာဏ်ယှဉ် ပီတိ မယှဉ်သော် (၃၃) ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။

၃။ ဉာဏ်မယှဉ် ပီတိယှဉ်သော် (၃၃) ဖြစ်၏၊ သောမနဿဝေဒနာနှင့် ယှဉ်၏။

၄။ ဉာဏ်မယှဉ် ပီတိမယှဉ်သော် (၃၂) ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။

တဒါရုံ --- --

တဒါရုံ၌ ဇောနှင့် နည်းတူ (၄)ချက်ပင် မှတ်ပါ။

မနောဒွါရာဝဇ္ဇန်း --- --

မနောဒွါရာဝဇ္ဇန်း (= ဆင်ခြင်ဆုံးဖြတ်) ကား ဝုဋ္ဌောနှင့် တူ၏။ ဥပေက္ခာဝေဒနာ မြဲ၏။

မဟာကုသိုလ်ဇော စောရခြင်း၏ အကြောင်းများ

မဟာကုသိုလ်ဇော စောရခြင်း၏ အကြောင်းများ

ရူပါရုံကို အာရုံယူ၍ မဟာကုသိုလ်ဇောများ စောရခြင်း၏ အကြောင်းရင်းများနှင့် စပ်လျဉ်း၍ အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၁၁၇။) စသည်တို့၌ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုထားပေသည်။ ဤ၌ ဆိုလိုရင်းကို ကောက်နုတ်၍ ဖော်ပြအပ်ပါသည်။

ထိုအာရုံ (၆)မျိုးတို့တွင် ရှေးဦးစွာ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဤ မဟာကုသိုလ်ဇောစိတ်သည် ညိုသော အဆင်း, ရွှေသော အဆင်း, နီသော အဆင်း, ဖြူသော အဆင်း ရှိကုန်သော ပန်း, အဝတ်, ဂွေ့နီ, ဆေးဒန်း, မျက်စဉ်းညိုကျောက် အစရှိကုန်သော ဓာတ်တို့တွင် အမှတ်မထား တစ်ပါးပါးသော တင့်တယ်ကောင်း မြတ်သည့် သုဘဟုယူခြင်း၏ အကြောင်းဟု ဆိုအပ်သော ဝမ်းမြောက်ရွှင်လန်းခြင်း သောမနဿဖြစ်လောက် သော သုဘနိမိတ်ဖြစ်သော အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော စိတ်နှလုံးကို တိုးပွားစေတတ်သော နှစ်သက်ခြင်း၏ တည်ရာဖြစ်သော ရူပါရုံ အရောင်အဆင်းကို အာရုံပြု၍ ဖြစ်ပေါ်လာရ၏။

ဤ၌ မေးမြန်းဖွယ်ရှိ၏။ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဤ ဣဋ္ဌအာရုံသည် တင့်တယ်ကောင်းမြတ် သော သုဘနိမိတ် ဖြစ်ခြင်းကြောင့် နှစ်သက်မြတ်နိုးခြင်း၏ တည်ရာအာရုံ ဖြစ်သောကြောင့် လောဘ၏ တည်ရာ ဝတ္ထုဖြစ်သည် မဟုတ်ပါလော၊ အဘယ်ကြောင့် ဤဣဋ္ဌာရုံကို အာရုံပြုသော စိတ်သည် ကုသိုလ်ဖြစ်ရပါသနည်း ဟု မေးမြန်းဖွယ် ရှိ၏။ အဖြေကား ဤသို့တည်း။

၁။ နိယမိတဝသေန --- -- ကုသိုလ်ပြုခြင်း၌ အမြဲတမ်း သတ်မှတ်ထားအပ်သော စိတ်ဓာတ်၏ စွမ်းအင်သတ္တိ ကြောင့်လည်းကောင်း,

၂။ ပရိဏာမိတဝသေန --- -- ကုသိုလ်ပြုခြင်း၌ ညွတ်စေအပ်သော ညွတ်ကိုင်းရှိုင်းထားသော စိတ်ဓာတ်၏ စွမ်းအင်သတ္တိကြောင့်လည်းကောင်း,

၃။ သမုဒါစာရဝသေန --- -- ကုသိုလ်ရေး၌ ကောင်းစွာ အထက်အထက်၌ လေ့ကျက်အပ်ပြီးသော ကျင့်သား ရနေသော စိတ်ဓာတ်၏ စွမ်းအင်သတ္တိကြောင့်လည်းကောင်း,

၄။ အာဘုဇိတဝသေန --- -- ကုသိုလ်ဖြစ်အောင် နှလုံးသွင်းခြင်း၏ စွမ်းအင်သတ္တိကြောင့်လည်းကောင်း --- --

ဤ (၄)မျိုးကုန်သော အကြောင်းတရားတို့ကြောင့် ဤဣဋ္ဌာရုံကို အာရုံပြုသော စိတ်သည် ကုသိုလ် ဖြစ်ရ ပေသည်။

၁။ နိယမိတ --- -- အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ - ငါသည် ကုသိုလ်စိတ်ကိုသာ ပြုလုပ်ထိုက်၏၊ မည်သည့်အာရုံ နှင့် တွေ့ကြသည်ဖြစ်စေ ငါ၏သန္တာန်၌ ကုသိုလ်စိတ်သာ ဖြစ်စေရမည်ဟု အမြဲသတ်မှတ် ဆုံးဖြတ်ထား၏။ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ကုသိုလ်စိတ်သာ ဖြစ်တတ်၏။

၂။ ပရိဏာမိတ --- -- မိမိ၏ စိတ်ဓာတ်ကို အကုသိုလ်ဖြစ်ခြင်းမှ ဆုတ်နစ်စေ၍ ကုသိုလ်ကို ပြုလုပ်ခြင်း၌ သာလျှင် စိတ်ဓာတ်ကို ညွတ်စေ၏၊ အကုသိုလ် မဖြစ်အောင် မိမိ၏ စိတ်ဓာတ်ကို စောင့်စည်း၍ ကုသိုလ် ဖြစ်ဖို့ရန် စိတ်ညွတ်ကိုင်းရှိုင်းထားသူ၏ သန္တာန်၌လည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏။

၃။ သမုဒါစာရ --- -- အမြဲမပြတ် ကုသိုလ်စိတ် ဖြစ်အောင် ပြုကျင့်ခြင်းဟူသော အလေ့အကျက် ရနေသော ကုသိုလ်၏ ကောင်းစွာ ရှေးရှေး အထက်အထက်က ဖြစ်ခြင်းဖြင့်သာလျှင် စိတ်ကို ကုသိုလ်စိတ်ဖြစ်အောင် ကောင်းစွာ ရှေးရှေးကပင် လေ့ကျက်ထား၏၊ ရှေးရှေးကပင် ကုသိုလ်စိတ်၌ အလေ့အကျက် ရနေသူ၏ သန္တာန်၌လည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏၊ ကုသိုလ်စိတ်သာ အဖြစ်များတတ်၏။

၄။ အာဘုဇိတ --- --

(က) ပတိရူပဒေသဝါသ = ကုသိုလ်ဖြစ်ခွင့် ရနိုင်သည့် ရတနာသုံးပါး ထွန်းကားရာ သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ်သော အရပ်၌ နေထိုင်ရခြင်း,

( ခ ) သပ္ပုရိသူပနိဿယ = သူတော်သူမြတ်တို့ကို မှီဝဲ ဆည်းကပ်ခွင့် ရရှိခြင်း,

( ဂ ) သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားကို နာကြားရခြင်း,

(ဃ) ပုဗ္ဗေ ကတပုညတာ = ရှေးရှေးဘဝ၌ ပြုအပ်ခဲ့သော ကောင်းမှုရှိသူ ဖြစ်ခြင်း --- --

အစရှိကုန်သော အားကြီးကုန်သော မှီရာ ဥပနိဿယ အကြောင်းတရားတို့ကြောင့် ကုသိုလ် ဖြစ်အောင် နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် အာဘုဇိတ = ယောနိသောမနသိကာရ ရှိသူ၏ သန္တာန်၌လည်း ကုသိုလ် စိတ်သာ ဖြစ်တတ်၏။ ဤအကြောင်း (၄)ပါးကြောင့် သုဘနိမိတ် ဣဋ္ဌာရုံနှင့် တွေ့ကြရသော်လည်း လောဘ စိတ် မဖြစ်ဘဲ ကုသိုလ်စိတ်သာ ဖြစ်ရပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၁၇။)

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်ကား မဖြစ်လာသေးသော ကုသိုလ်တရားများကို ဖြစ်ပေါ်လာ အောင် ဖြစ်ပေါ်လာပြီးသော ကုသိုလ်တရားများကို တိုးပွားအောင် ကြိုးစားလျက် ရှိသော အသင်ယောဂီသူတော် ကောင်းအဖို့ မဏိဇောတ ပြည်တန်မြထက် သာလွန်၍ အဖိုးမဖြတ်နိုင်သော လက်ဆောင်ကောင်းကြီး တစ်ခုပင် ဖြစ်ပေသည်။

ပုဗ္ဗေ စ ကတပုညတာ စက်၏ စွမ်းအင်

ပုဗ္ဗေ စ ကတပုညတာ စက်၏ စွမ်းအင်

၁။ ပတိရူပဒေသဝါသ = ကုသိုလ်ဖြစ်ခွင့် ရရှိနိုင်သည့် ရတနာသုံးပါး ထွန်းကားရာ သူတော်သူမြတ်တို့ ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ်ဒေသ၌ နေထိုင်ခွင့် ရရှိခြင်း,

၂။ သပ္ပုရိသူပနိဿယ = ဘုရားအစ ရှိသော သူတော်သူမြတ်တို့ကို မှီခို ဆည်းကပ်ခွင့် ရရှိခြင်း,

၃။ သဒ္ဓမ္မသဝန = သူတော်ကောင်းတရားကို နာကြားခွင့် ရရှိခြင်း,

၄။ ပုဗ္ဗေ ကတပုညတာ = ရှေးရှေး ဘဝတို့၌ ပြုစုပျိုးထောင်အပ်ခဲ့ဖူးသော ပါရမီ ပုည သမ္ဘာရ ဟူသော ကုသိုလ်ကောင်းမှု အဆောက်အဦ အထုအထည်ရှိသူ ဖြစ်ခြင်း --- --

ဤသို့စသော အားကြီးသော မှီရာဥပနိဿယ အကြောင်းတရားတို့ကြောင့် ယောနိသောမနသိကာရ ဖြစ် ရကြောင်းကို အထက်တွင် ရှင်းလင်းတင်ပြခဲ့၏။ ဤတွင် ပုဗ္ဗေ ကတပုညတာစက်၏ အလွန်အရေးပါပုံကို အနည်းငယ် ဆက်လက်၍ ရှင်းလင်း တင်ပြအပ်ပါသည်။

ပုဗ္ဗေကတ ပုညတာစက် - ဟူသည် အတိတ်ဘဝ ထိုထိုက --- --

၁။ သမ္မာသမ္ဗောဓိဉာဏ်,

၂။ ပစ္စေကဗောဓိဉာဏ်,

၃။ အဂ္ဂသာဝကဗောဓိဉာဏ်,

၄။ မဟာသာဝကဗောဓိဉာဏ်,

၅။ ပကတိသာဝကဗောဓိဉာဏ် --- --

ဟူသော ဗောဓိဉာဏ် အသီးအသီးတို့၏ အာရုံဖြစ်သော အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ရည်မြော်မှန်း၍ ပြုစုပျိုးထောင်ခဲ့သော ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းများပင် ဖြစ်သည်။

ဝိဇ္ဇာ သုံးပါး

ဝိဇ္ဇာ သုံးပါး

၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေး၌ နေခဲ့ဖူးသော ရုပ်နာမ် (= ခန္ဓာ)အစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင် သိနိုင်သော အဘိညာဏ်,

၂။ ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ အလုံးစုံကို အကုန်သိမြင်နိုင်သော အဘိညာဏ်,

၃။ အာသဝက္ခယဉာဏ် = အာသဝေါတရား (၄)ပါးတို့၏ ကုန်ရာ ဖြစ်သော နိဗ္ဗာန်ကို သိမြင်နေသော အရဟတ္တမဂ်ဉာဏ် --- --

ဤဉာဏ် (၃)ပါးကို ဝိဇ္ဇာ (၃)ပါးဟု ဘယဘေရဝသုတ် (မ၊၁၊၂၆။)၌ ဘုရားရှင် ဟောကြားထားတော်မူ၏။

ဝိဇ္ဇာ ရှစ်ပါး

ဝိဇ္ဇာ ရှစ်ပါး

တစ်ဖန် အမ္ဗဋ္ဌသုတ် (ဒီ၊၁၊၉၄။)၌ --- -- ဝိဇ္ဇာ (၈)ပါး ဟောကြားထားတော်မူ၏။

၁။ ဣဒ္ဓိဝိဓဉာဏ် = မြေလျှိုး မိုးပျံခြင်း စသော တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော အဘိညာဏ်,

၂။ ဒိဗ္ဗသောတဉာဏ် = နတ်နားကဲ့သို့ အဝေးအနီး၌ တည်ရှိသမျှသော လူ၌ဖြစ်သော အသံ, နတ်၌ဖြစ်သော အသံတို့ကို ကြားသိနိုင်သော အဘိညာဏ်,

၃။ စေတောပရိယဉာဏ် = မိမိ၏ စိတ်ဖြင့် သူတစ်ပါး၏ စိတ်ကို သိနိုင်သော အဘိညာဏ်,

၄။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေး၌ နေခဲ့ဖူးသော ရုပ်နာမ် (= ခန္ဓာ)အစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင် သိနိုင်သော အဘိညာဏ်,

၅။ ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေး အနီး ရှိသမျှ အလုံးစုံကို အကုန် သိမြင်နိုင်သော အဘိညာဏ်,

၆။ အာသဝက္ခယဉာဏ် = အာသဝေါတရား (၄)ပါးတို့၏ ကုန်ရာဖြစ်သော နိဗ္ဗာန်ကို သိမြင်နေသော အရဟတ္တမဂ်ဉာဏ်,

၇။ ဝိပဿနာဉာဏ် = ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာတည်နေသော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်,

၈။ မနောမယိဒ္ဓိဉာဏ် = စိတ်ဖြင့် ပြီးသော မနောမယ ခန္ဓာကိုယ်များစွာကို ဖန်ဆင်းနိုင်သော အဘိညာဏ်-

ဤ (၈)ပါးတို့ကား ဝိဇ္ဇာ (၈)ပါးတို့ ဖြစ်ကြ၏။ ထိုထိုသုတ္တန်ကို နာယူနေသော သတ္တဝါတို့၏ အလိုအကြိုက် အဇ္ဈာသယဓာတ်ခံသို့ လိုက်၍ ထိုသို့ ခွဲ၍ ဟောကြားထားတော်မူခြင်း ဖြစ်၏။

စရဏတရား (၁၅) ပါး

စရဏတရား (၁၅) ပါး

၁။ သီလသံဝရ = ကိုယ်ကျင့်သီလကို ထိန်းသိမ်း စောင့်ရှောက်ခြင်း,

၂။ ဣန္ဒြိယေသု ဂုတ္တဒွါရတာ = သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းဟူသော ကမ္မဋ္ဌာန်း အာရုံတစ်ခုခု၌ မိမိ၏ စိတ်ကို အမြဲ သွတ်သွင်းလျက် = (ကမ္မဋ္ဌာန်းတရားကို အမြဲ နှလုံးသွင်းလျက်) မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော ဒွါရ (၆)ပါး = တံခါးကြီး (၆)ပေါက်မှ လောဘ ဒေါသ မောဟ စသည့် ကိလေသာအညစ်အကြေးတို့ ဝင်ရောက်၍ မလာအောင် စောင့်စည်းခြင်း,

၃။ ဘောဇနေမတ္တညုတာ = အစာအာဟာရ၌ အတိုင်းအရှည်ပမာဏကို သိခြင်း,

၄။ ဇာဂရိယာနုယောဂ = နိုးနိုးကြားကြား ရှိခြင်း = နိုးကြားမှု၌ ထကြွလုံ့လ ဝီရိယ ရှိခြင်း

(ညဉ့်သုံးယာမ် တစ်ယာမ်မျှသာ အများဆုံး အိပ်စက်ခြင်း),

၅-၁၁။ သတ္တ သဒ္ဓမ္မ = သဒ္ဓါ ဟိရီ ဩတ္တပ္ပ ဗာဟုသစ္စ ဝီရိယ သတိ ပညာ - ဟူသော သူတော်ကောင်းတရား (၇)ပါး,

၁၂-၁၅။ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် ဟူသော စတုက္ကနည်းအရ ရူပါဝစရစျာန် (၄)ပါး-

အားလုံးပေါင်းသော် စရဏတရား (၁၅)ပါး ဖြစ်သည်။

သတ္တ သဒ္ဓမ္မ = သူတော်ကောင်းတရား (၇) ပါး

သတ္တ သဒ္ဓမ္မ = သူတော်ကောင်းတရား (၇) ပါး

၁။ သဒ္ဓါ = ရတနာသုံးတန် ကံ-ကံ၏ အကျိုးတရား စသည့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ သက်ဝင် ယုံကြည်ခြင်း,

၂။ ဟိရီ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ရှက်ခြင်း,

၃။ ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ကြောက်ခြင်း,

၄။ ဗာဟုသစ္စ = ဗဟုသုတ = ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော ပိဋကသုံးပုံ၏ အဆီ အနှစ် အချုပ်ဖြစ်သော ဗောဓိပက္ခိယတရား (၃၇)ပါးတို့၌ အကျုံးဝင်သော ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အာဂမသုတ - ဟူသော သင်သိ, အဓိဂမသုတ - ဟူသော ကျင့်သိ ဤအသိ နှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတ ရှိခြင်း,

[ဆရာသမားထံမှ သင်ယူ၍ ရရှိသော အသိကို အာဂမသုတ (= သင်သိ)ဟုလည်းကောင်း, နားဖြင့် ကြားနာ၍ ရရှိသော အသိဖြစ်ခြင်းကြောင့် အကြား သုတဟုလည်းကောင်း ခေါ်ဆို၏။ ယင်း ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို မိမိကိုယ်တိုင် ဆရာသမားထံမှ ကြားနာခဲ့ရ သင်ယူခဲ့ရသည့် အတိုင်း ကျင့်သဖြင့် ထိုးထွင်းသိလာသော အသိကိုကား အဓိဂမသုတ (= ကျင့်သိ)ဟုလည်းကောင်း, ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သော အသိဖြစ်၍ အမြင် သုတဟုလည်းကောင်း ခေါ်ဆို၏။ သို့အတွက် ဗာဟုသစ္စ = ဗဟုသုတကို အကြားအမြင်ဟု ရှေးဆရာမြတ်တို့ ဘာသာပြန်ဆိုတော်မူကြသည်။ ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ပင်တည်း။ အောက်ပါ ပါဠိတော်နှင့် အဋ္ဌကထာအဖွင့်များကို ကြည့်ပါ။]

ဗဟုဿုတ

ဗဟုဿုတ

ဣဓ ဘိက္ခဝေ အရိယသာဝကော ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော။ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ။ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ သုတဓနံ။ (အံ၊၂၊၃၉၉။)

ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)

ရဟန်းတို့ ...ဤသာသနာတော်၌ အရိယာသာဝကသည် ( တစ်နည်း --- အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်) အကြားအမြင် = ဗဟုဿုတ များပြား၏၊ အကြားအမြင် = ဗဟုဿုတကို ဆောင်ထား၏၊ အကြားအမြင် = ဗဟုဿုတကို ဆည်းပူး၏။ အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်း ဂုဏ်နှင့် ပြည့်စုံသော အနက်သဒ္ဒါနှင့် ပြည့်စုံသော နှုတ်ပယ်စရာ ဖြည့်စွက်စရာ မရှိသဖြင့် အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော ဖြူစင်မြင့်မြတ်သော အကျင့်ကို ဖော်ပြတတ်သော တရားတို့ကို ထိုပုဂ္ဂိုလ်သည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်ထား၏။ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်၏။ ရဟန်းတို့ ...ဤသည်ကို အကြားအမြင် = သုတဓန = သုတဥစ္စာဟူ၍ ဆိုအပ်၏။ (အံ၊၂၊၃၉၉။)

ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ --- (၁) အတ္ထ = တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း,

(၂) ကာရဏ = အကြောင်းတရားအားဖြင့်လည်းကောင်း ---

ဤနှစ်မျိုးသော အခြင်းအရာအားဖြင့် ဘုရားရှင်၏ တရားတော်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကို ဆိုလိုကြောင်း အဋ္ဌကထာက ရှင်းလင်းဖွင့်ဆိုထား၏။

အတ္ထ = စိတ်+စေတသိက်+ရုပ်+နိဗ္ဗာန်ဟု ပရမတ္ထတရား (၄)ပါးရှိရာ ဤ၌ ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ဖြစ်ကြသည့် စိတ်+စေတသိက်+ရုပ်တို့ကို အတ္ထဟု ဆိုလို၏။ သစ္စာဒေသနာတော်နည်းအရ, ယင်းစိတ် စေတသိက် ရုပ်တို့ဟူသည် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအား ဖြင့် တည်ရှိကြသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားစုတို့သာ ဖြစ်ကြ၏။

ကာရဏ = သမုဒယသစ္စာ အမည်ရသည့် ဒုက္ခသစ္စာတရားစု၏ အကြောင်းတရားစုတို့သည် ကာရဏ မည်၏။

ထိုတွင် ဒုက္ခသစ္စာကို ထိုးထွင်းသိတတ်သော ဉာဏ်ကား နာမရူပပရိစ္ဆေဒဉာဏ်တည်း။ သမုဒယသစ္စာကို ထိုးထွင်းသိတတ်သောဉာဏ်ကား ပစ္စယပရိဂ္ဂဟဉာဏ်ပင်တည်း။ ယင်းဉာဏ်နှစ်ပါးနှင့် ပြည့်စုံသူကို ဗဟုသုတ ရှိသူ = အကြားအမြင်များသူဟု ဆိုရ၏။ (အံ၊၂၊၃၉၉။ အံ၊ဋ္ဌ၊၂၊၃၆၄။)

၅။ ဝီရိယ --- -- သမ္မပ္ပဓာန်လုံ့လဝီရိယ --- --

(က) မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်အောင်,

( ခ ) ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင်,

( ဂ ) မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင်,

(ဃ) ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် --- --

၁။ အရိုး ကြွင်းစေ,

၂။ အရေ ကြွင်းစေ,

၃။ အကြော ကြွင်းစေ,

၄။ အသားအသွေးတွေ အကုန်ခန်းခြောက်ပါစေ --- --

ယောက်ျားတို့၏ ဇွဲလုံ့လဝီရိယဖြင့် ရနိုင်သည့်အရာ မှန်ပါက နောက်သို့ မဆုတ်ပေအံ့၊ ဝီရိယ၏ ရပ်တန့် ထားခြင်း မည်သည် မဖြစ်စေအံ့ - ဟု အင်္ဂါ (၄)ပါး ခြံရံလျက် အပြင်းအထန် ကြိုးစားအားထုတ်မှု သမ္မပ္ပဓာန် လုံ့လဝီရိယပေတည်း။

၆။ သတိ --- -- ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော သတိ၏ တည်ရာအာရုံ (၄)မျိုးတို့ကို အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်တတ်သော ယင်းတရားတို့ကို မမေ့ပျောက်ခြင်းသဘော,

၇။ ပညာ --- -- လောဘထု ဒေါသထု မောဟထုတည်းဟူသော ကိလေသာထု အစိုင်အခဲကို ဖြိုခွဲဖျက်ဆီးခြင်း ဖောက်ထွင်းခြင်းငှာ စွမ်းနိုင်သော သံသရာဝဋ်ဆင်းရဲ ဒုက္ခ၏ ကုန်ဆုံးရာ နိဗ္ဗာန်သို့ ရောက်စေနိုင်သော စွမ်းအင် အပြည့်အဝရှိသော ကာယ ဝေဒနာ စိတ္တ ဓမ္မ အမည်ရသော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ထွင်းဖောက်သိမြင်နေသော ဥဒယဗ္ဗယဉာဏ်ပညာနှင့် တကွသော ဝိပဿနာပညာ --- -- ဤ (၇)မျိုးတို့ကား သူတော်ကောင်းတရား (၇)ပါးတို့ ဖြစ်ကြသည်။ ဤဝိဇ္ဇာ (၈)ပါး, စရဏတရား (၁၅)ပါးတို့၌ ဝိပဿနာဉာဏ်ကား ဝိဇ္ဇာ စရဏ အမည်နှစ်မျိုး ရရှိသော တရားတစ်ခုပင် ဖြစ်သည်။ ဝိဇ္ဇာ (၈)ပါး၌လည်း ပါဝင်၏၊ စရဏတရား (၁၅)ပါး ၌လည်း ပါဝင်၏။ ပဋိသန္ဓေကျိုးကို ပေးတတ်သော ဝိပဿနာကံတို့ကား စရဏမျိုးစေ့၌ အကျုံးဝင်၍ ပဋိသန္ဓေကျိုးကို မပေးသော ဝိပဿနာဉာဏ်တို့ကား ဝိဇ္ဇာမျိုးစေ့၌ အကျုံးဝင်ကုန်၏။ စရဏမျိုးစေ့ကား လက်ခြေနှင့် တူ၏။ ဝိဇ္ဇာမျိုးစေ့ကား မျက်စိနှင့် တူ၏။ နိဗ္ဗာန်သို့ သွားရာ၌ လက်ခြေနှင့် တူသော စရဏမျိုးစေ့လည်း ရှိပါမှ မျက်စိနှင့် တူသော ဝိဇ္ဇာမျိုးစေ့လည်း ရှိပါမှ ရောက်နိုင်သည်။

ယင်း ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းတို့ကား ပုဗ္ဗေ ကတပုညတာ စက်ပင် ဖြစ်၏။ ယင်း ပုဗ္ဗေ ကတပုညတာစက်က ကျေးဇူးပြုပေးပါမှ ပတိရူပဒေသဝါသ, သပ္ပူရိသူပနိဿယ, သဒ္ဓမ္မသဝနဟူသော စက်များ လည်း ပေါ်ပေါက်လာမည် ဖြစ်၏။ ယင်း စက် (၄)ပါးတို့က အားကြီးသော မှီရာ နိဿယ အကြောင်းတရား အဖြစ် ရပ်တည်၍ ကျေးဇူးပြုပေးပါမှသာလျှင် မည်သည့် အာရုံနှင့် တွေ့ကြုံရသည်ပင် ဖြစ်စေ ယောနိသော မနသိကာရသာ အဖြစ်များ၍ ကုသိုလ်စိတ်သာ အဖြစ်များနေမည် ဖြစ်ပေသည်။ သို့အတွက် ဒါန သီလ သမထ ဝိပဿနာ ဘာဝနာဟူသော ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းများကို သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးမှ လှလှကြီး ကျွတ်လွတ်လိုသူတိုင်း ဝဝကြီး ထွက်မြောက်လိုသူတိုင်းသည် နေ့ညမစဲ လုံ့လသည်းလျက် အပြင်း အထန် ကြိုးပမ်း ထူထောင်ကြရမည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၁၇။ မူလဋီ၊၁၊ရဝ။ စသည်၌ ကြည့်။)

သောမနဿဖြစ်ရခြင်း၏ အကြောင်း

သောမနဿဖြစ်ရခြင်း၏ အကြောင်း

ဤမဟာကုသိုလ်စိတ်၌ သောမနဿဝေဒနာနှင့် ယှဉ်သော မဟာကုသိုလ်စိတ် (၄)မျိုး၊ ဥပေက္ခာဝေဒနာ နှင့် ယှဉ်သော မဟာကုသိုလ်စိတ် (၄)မျိုးဟု သောမနဿနှင့် ဥပေက္ခာ (၄)မျိုးစီ ရှိ၏။ အာရုံ၏ စွမ်းအင်ကြောင့် ဤမဟာကုသိုလ်စိတ်၏ သောမနဿဝေဒနာနှင့် ယှဉ်တွဲ၍ ဖြစ်ရမှုကို သိရှိပါလေ။ မှန်ပေသည် - နှစ်သက် မြတ်နိုးအပ်သော ဣဋ္ဌာရုံကို အာရုံယူ၍ ဤမဟာကုသိုလ်စိတ်သည် ဖြစ်ပေါ်လာလတ်သော် ဣဋ္ဌာရုံကို အာရုံ ယူ၍ ဖြစ်ပေါ်လာသည့် အတွက်ကြောင့် ဤ မဟာကုသိုလ် (ပထမ)စိတ်သည် သောမနဿ ဝေဒနာနှင့် အတူ ယှဉ်တွဲ၍ ဖြစ်ပေါ်လာရ၏။

ဤမဟာကုသိုလ်စိတ်၌ သောမနဿဝေဒနာနှင့် အတူယှဉ်တွဲ၍ဖြစ်မှု၌ များစွာသော သဒ္ဓါတရား ထင်ရှား ရှိသူ ဖြစ်ခြင်း စသည်တို့သည်လည်း အကြောင်းတရားတို့ပင် ဖြစ်ကြပေသည်။ ထင်ရှားစေအံ့ --- - ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ ယုံကြည်မှု သဒ္ဓါတရား မရှိသူတို့၏ သန္တာန်၌လည်းကောင်း, မှားယွင်းသော အယူဝါဒရှိသူ မိစ္ဆာဒိဋ္ဌိတို့၏ သန္တာန်၌လည်းကောင်း တကယ်စင်စစ် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဧကန် ဣဋ္ဌာရုံ (= အတိဣဋ္ဌာရုံ) ဖြစ်သည့် တထာဂတ အမည်ရတော်မူသော သုံးလောကထွဋ်ထား ရှင်တော်မြတ် ဘုရား၏ အဆင်း ရူပကာယတော်ကိုသော်မှလည်း မြင်တွေ့ရ၍ နှစ်သက်ဝမ်းမြောက်မှု သောမနဿဝေဒနာ သည် ဖြစ်ပေါ်၍ မလာနိုင်ပေ။ ဤမျှသာမကသေး --- -- အကြင်သူတို့သည်ကား ကုသိုလ်ဖြစ်ခြင်း၌ အကျိုး အာနိသံသကို ဉာဏ်ဖြင့် မသိ မမြင်ကြကုန်၊ ထိုပုဂ္ဂိုလ်တို့သည် သူတစ်ပါးတို့က တိုက်တွန်းအပ်ကုန်သည်ဖြစ်၍ ကောင်းမှုကုသိုလ်ကို ပြုကြရပါကုန်သော်လည်း ထိုပုဂ္ဂိုလ်တို့၏ သန္တာန်ဝယ် နှစ်သက်ဝမ်းမြောက်ခြင်း သောမနဿတရားသည် ထင်ရှား ဖြစ်ပေါ်မလာပေ။ ထိုကြောင့် --- --

၁။ အလွန် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော အတိဣဋ္ဌာရုံ ဖြစ်ခြင်း,

၂။ ထူပြောများပြားသော အားကောင်းသော သဒ္ဓါတရား ရှိသူ ဖြစ်ခြင်း,

၃။ စင်ကြယ်သော သမ္မာဒိဋ္ဌိ အယူဝါဒ ရှိသူ ဖြစ်ခြင်း,

၄။ ကုသိုလ်၏ အကျိုးအာနိသင်ကို ဉာဏ်ဖြင့် သိမြင်လေ့ရှိသူ ဖြစ်ခြင်း --- --

ဤအကြောင်းတရားတို့ကြောင့် ဤမဟာကုသိုလ်စိတ်ဖြစ်ပေါ်လာရာ၌ သောမနဿဝေဒနာနှင့် အတူ ယှဉ်တွဲ၍ ဖြစ်ပေါ်လာမှုကို သိရှိပါလေ။ တစ်နည်းအားဖြင့်ဆိုရသော် ရှေးဗောဇ္ဈင်္ဂ ကောသလ္လပိုင်း၌ ဖော်ပြ ခဲ့သည့်အတိုင်း ပီတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရားတို့သည် ဤမဟာကုသိုလ်စိတ်၏ သောမနဿဝေဒနာနှင့် အတူယှဉ်တွဲ၍ ဖြစ်ခြင်း၏ အကြောင်းတရားတို့ပင် ဖြစ်ကြပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၁၇။)

ဉာဏသမ္ပယုတ် ဖြစ်ရခြင်း

ဉာဏသမ္ပယုတ် ဖြစ်ရခြင်း

၁။ ကမ္မတော --- -- ဉာဏ်၏ အဆောက်အဦ ဖြစ်သော ကံကို အားကြီးသော မှီရာ ရရှိခြင်း,

၂။ ဥပပတ္တိတော --- -- ဗြဟ္မာပြည်၌ ပဋိသန္ဓေတည်နေရခြင်း,

၃။ ဣန္ဒြိယပရိပါကတော --- -- ပညိန္ဒြေ၏ ရင့်ကျက်ခြင်း,

၄။ ကိလေသဒူရီဘာဝတော --- -- ကိလေသာတို့၏ ဝေးကွာကုန်သည်၏ ဖြစ်မှု ရှိခြင်း --- --

ဤသို့လျှင် ဤအကြောင်းတရားတို့ကြောင့် ဤမဟာကုသိုလ်စိတ် ဖြစ်ပေါ်လာရာ၌ ဉာဏ်နှင့် ယှဉ်တွဲ၍ ဉာဏသမ္ပယုတ် ဖြစ်ရမှုကို သိရှိပါလေ။

၁။ ကမ္မတော --- -- အကြင်သူသည် ရှေးယခင်အခါက သူတစ်ပါးတို့အား တရားဓမ္မကို ဟောကြားပြသ ပေးခဲ့ဖူး၏။ အသက်မွေးဝမ်းကြောင်း ပညာ ဖြစ်သော ဆင်စီးအတတ် မြင်းစီးအတတ် စသော သိပ္ပါယတန, အသက်မွေးဝမ်းကြောင်းပညာ ဖြစ်သော လယ်ထွန်ခြင်းလုပ်ငန်း ကုန်သွယ်ခြင်းလုပ်ငန်း နွား ကျောင်းခြင်းလုပ်ငန်း စသော ကမ္မာယတန, အသက်မွေးဝမ်းကြောင်းပညာ ဖြစ်သော အသက်အပိုင်း အခြားကို သိတတ်သော သက်ကြည့်ဗေဒင်အတတ် စသော ဝိဇ္ဇာဋ္ဌာန --- -- ဤ သိပ္ပါယတန, ကမ္မာယတန, ဝိဇ္ဇာဋ္ဌာန အတတ်တို့ကို သူတစ်ပါးအား သင်ပေးခဲ့၏။ ဓမ္မကထိက ပုဂ္ဂိုလ်ကို ကောင်းစွာ ပြုအပ်သော ပူဇော်မှုကို ပြုလုပ်ပူဇော်၍ တရားဓမ္မကို ဟောကြားပြသစေခဲ့ဖူး၏။ နောင်အခါ၌ ဉာဏ်ပညာရှိသူ ဉာဏ်ပညာ ကြီးမားသူ ဖြစ်ရပါလို၏ဟု ဆုတောင်းမှုကို ဖြစ်စေ၍ အထူးထူးသော ဒါနမျိုးစုံကို ပေးလှူ ခဲ့၏။ ထိုပုဂ္ဂိုလ်၏ ဤသို့ ပြုစု ပျိုးထောင်ခဲ့သော ကံကို မှီ၍ ကုသိုလ်သည် ဖြစ်ပေါ်လာလတ်သော် ဉာဏ်နှင့် ယှဉ်သော ဉာဏသမ္ပယုတ် ကုသိုလ်စိတ်သာ ဖြစ်ပေါ်လာတတ်၏။

၂။ ဥပပတ္တိတော --- -- ဒေါသ (ဒေါမနဿ) ဗျာပါဒ မရှိသော ဒေါသ ဗျာပါဒကင်းသော ရူပါဝစရဗြဟ္မ ပြည်ဟူသော လောက၌ ပဋိသန္ဓေတည်လျက် သွားရောက် ဖြစ်ပေါ်ရသော ပုဂ္ဂိုလ်၏သန္တာန်၌လည်း --

တဿ တတ္ထ သုခိနော ဓမ္မပဒါ ပ္လဝန္တိ၊ ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ၊ အထ သော သတ္တော ခိပ္ပံယေဝ ဝိသေသဂါမီ ဟောတိ။ (အံ၊၁၊၅၀၅။)

ထိုဗြဟ္မာပြည်လောက၌ ချမ်းသာခြင်း သုခရှိသော ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် သင်္ခါရတရားပုဒ်အစုတို့သည် ပေါလောပေါ်သကဲ့သို့ ပေါ်လွင်ထင်ရှားလာကုန်၏၊ ရဟန်းတို့ ...တရားတော်ကို အစဉ်လျှောက်၍ ရှုပွား သုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်လာခြင်းသည် နုံ့နှေးလှသေး၏၊ လေးဆေးသေး၏၊ အကယ်စင်စစ်မှာမူ တရားတော်ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်လာရာ ထိုအခါ၌ (ဤလူ့ပြည် လောက ရဟန်းဘဝတုန်းက ဝိပဿနာဉာဏ်၏ အထွတ်အထိပ်သို့ ရောက်အောင် အလွန်အမင်း ကြိုးစား အားထုတ်ခြင်း ရှိခဲ့သော) ထိုသတ္တဝါသည် လျင်မြန်စွာသာလျှင် (မဂ်-ဖိုလ်) နိဗ္ဗာန်ဟူသော တရားထူး တရား မြတ်ကို ရခြင်း အဖို့ဘာဂ ရှိ၏ (အံ၊၁၊၅၀၅။)

ဤသို့ သောတာနုဂတသုတ္တန် ၌ ဘုရားရှင် ဟောကြားထားတော်မူအပ်သော ဤနည်းဖြင့် ပဋိသန္ဓေ တည်နေရခြင်းကို မှီ၍လည်း ဖြစ်ပေါ်လာရသော ကုသိုလ်သည် (မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသည်တိုင်အောင် ပို့ဆောင်ပေးနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေသည့် ကုသိုလ်ဖြစ်ခြင်းကြောင့်) ဉာဏသမ္ပယုတ် ဖြစ်ရ ပေသည်။

[မှတ်ချက် --- -- တဿ။ ပ ။ ဝိသေသဂါမီ ဟောတိ - ဟူသော ဤသောတာနုဂတသုတ္တန် ပါဠိတော်ကား အင်္ဂါ (၉)တန်နှင့် ပြည့်စုံသော ဘုရားရှင်၏ ပရိယတ်တရားတော်တို့ကို သင်ယူ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သင်သိ ကျင့်သိ ဤနှစ်သိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးသောအခါ ဝိပဿနာဉာဏ်များ ရင့်ကျက်အောင် ကြိုးပမ်းလျက်ရှိသော ရဟန်းတော်သည် မဂ်ဖိုလ် နိဗ္ဗာန်သို့ မဆိုက်မီ စပ်ကြားကာလတွင် ပျံလွန်၍ သွားလေရာ နတ်ပြည်၌ ဖြစ်ပုံ, တရားထူး ရပုံတို့ကိုပြသော ပါဠိတော် ဖြစ်၏။ အဗျာပဇ္ဇလောက အမည်ရသည့် ဗြဟ္မာပြည်သို့ ရောက်ရှိပုံကို တိုက်ရိုက်ဖော်ပြသော သာဓကပါဠိတော်ကား မဟုတ်ပေ။ ထိုကြောင့် ထိုပါဠိတော်ကို ဝိသေသဂါမီဟူသော တရားထူး တရားမြတ်ကို ရခြင်း အဖို့ဘာဂရှိသူ ဖြစ်ရာ၌ နည်းပြ အနေအားဖြင့် ယူထားကြောင်းကို သိရှိစေလို၍ --- -- ဣမိနာ နယေန = သောတာနုဂတ သုတ္တန်၌ ဟောကြားထားတော်မူအပ်သော ဤနည်းဖြင့်ဟု အဋ္ဌကထာဆရာတော်သည် ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ နတ်ပြည်၌ ဖြစ်ရသူကဲ့သို့ပင် ထိုဗြဟ္မာပြည်၌ ဖြစ်ရသူမှာလည်း ရှေးယခင် လူဖြစ်စဉ် ရဟန်းဘဝက အားထုတ်အပ်ခဲ့သော တရားကို ပြန်၍ သတိ ဖြစ်သည့် အောက်မေ့နေရသည့် အချိန်ကပင် နှေးကွေး လေးဆေးစရာ ရှိသေး၏၊ သတိဖြစ်သည်နှင့် အောက်မေ့မိသည်နှင့် တစ်ဆက်တည်း တရားထူး တရားမြတ် ရဖို့ရန်မှာ အလွန်လျင်မြန်ပါသည်။ ထိုကြောင့် ရူပဗြဟ္မာပြည်၌ ပဋိသန္ဓေတည်နေရခြင်းကို မှီ၍လည်း ဖြစ် ပေါ်လာရသော ကုသိုလ်သည် ဉာဏသမ္ပယုတ်သာ ဖြစ်ရပေသည်ဟု ဆိုလိုပေသည်။]

၃။ ဣန္ဒြိယပရိပါကတော --- -- ပညိန္ဒြေ၏ ရင့်ကျက်ခြင်းသို့ ကပ်ရောက်ကုန်သော ပညာဒသက (= ပညာ ဉာဏ် အားကောင်းသည့် အခိုက်အတန့်) ဟူသော အသက် (၄၀)ကျော်မှ အသက် (၅၀)တွင်းသို့ ရောက် ရှိကုန်သော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ပညိန္ဒြေ၏ ရင့်ကျက်ခြင်းကို အမှီပြု၍လည်း ကုသိုလ်သည် ဖြစ်ပေါ် လာလတ်သော် ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ပေါ်လာတတ်ပေသည်။

၄။ ကိလေသဒူရီဘာဝတော --- -- အကြင်ပုဂ္ဂိုလ်တို့သည်ကား ကိလေသာ အညစ်အကြေးတို့ကို သမထ, ဝိပဿနာ ဘာဝနာစွမ်းအင် လက်နက်ကောင်းကြီးများဖြင့် အချက်ကျကျ တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် အခိုက် အတန့်ဖြစ်စေ ခပ်ကြာကြာဖြစ်စေ ခွာထားအပ်ကုန်ပြီ၊ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်၌ ကိလေသာတို့၏ ဝေးကွာ သည်၏ အဖြစ်ကို အမှီပြု၍လည်း ကုသိုလ်သည် ဖြစ်ပေါ်လာလတ်သော် ဉာဏသမ္ပယုတ် ကုသိုလ်မျိုး ပင် ဖြစ်ရတတ်ပေသည်။

ယောဂါ ဝေ ဇာယတီ ဘူရိ၊ အယောဂါ ဘူရိ သင်္ခယော။ (ခု၊၁၊၅၃။ အဘိ၊ဋ္ဌ၊၁၊၁၁၈။)

ယောဂါတိ ဘာဝနာဘိယောဂါ သမာဓိတော။ (မူလဋီ၊၁၊ရဝ။)

= ဘာဝနာကို လွန်စွာ ကြိုးကုတ် အားထုတ်ကြောင်းဖြစ်သော သမာဓိကြောင့် စင်စစ်အားဖြင့် မဟာပထဝီ မြေကြီးသဖွယ် ထုထည်ကြီးမားသော ပညာသည် ဖြစ်ပေါ်လာ၏။ ဘာဝနာကို လွန်စွာ ကြိုးကုတ် အားမထုတ် ခြင်းကြောင့် မဟာပထဝီမြေကြီးသဖွယ် ထုထည်ကြီးမားသော ပညာ၏ ကုန်ခန်းခြင်းသည် ဖြစ်ပေါ်လာ၏။ (ခု၊၁၊၅၃။)

ဤသည်တို့ကား ဉာဏသမ္ပယုတ် ဖြစ်ရခြင်း၏ အကြောင်း (၄)မျိုးတို့ ဖြစ်ကြသည်။ တစ်နည်းဆိုရသော် ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၇)ပါးတို့သည်လည်း ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ခြင်း၏ အကြောင်း တရားတို့ပင် ဖြစ်ကြသည်။ [ယင်း (၇)ပါးတို့ကို ရှေး ဗောဇ္ဈင်္ဂ ကောသလ္လပိုင်း၌ ရှင်းပြခဲ့ပြီ။] (အဘိ၊ဋ္ဌ၊၁၊၁၁၇-၁၁၈။)

ရူပါရုံကို သိပုံများ

ရူပါရုံကို သိပုံများ

စက္ခုဒွါရဝီထိ နာမ်တရားစုတို့နှင့် မနောဒွါရဝီထိ နာမ်တရားစုတို့သည် ရူပါရုံကို အာရုံပြုကြောင်းကို ဇယားများဖြင့် ဖော်ပြလျက် အထက်တွင် အကြိမ်ကြိမ် ရှင်းလင်းတင်ပြခဲ့၏။ ယင်းဝီထိတို့က ရူပါရုံကို သိရှိပုံ အမျိုးမျိုးကို ဆရာအစဉ်အဆက်တို့သည် ဤသို့ သတ်မှတ်လျက် ဖော်ပြတော်မူကြ၏။

ဝဏ္ဏံ ပထမစိတ္တေနာ၊ တီတံ ဒုတိယစေတသာ။

နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။

သဒ္ဒံ ပထမစိတ္တေနာ၊ တီတံ ဒုတိယစေတသာ။

နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။

ဤသို့လျှင် မဏိမဉ္ဇူသာ ဋီကာကျမ်း စသည်တို့၌ ရှေးရှေး ဆရာမြတ်တို့ မိန့်မှာတော်မူအပ်သည်နှင့် အညီ --- --

၁။ ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၍ စက္ခုဒွါရဝီထိ တစ်ဝီထိ ဖြစ်၏၊

ထိုနောင် ဘဝင်များ ခြားလျက် --- --

၂။ စက္ခုဒွါရဝီထိဖြင့် မြင်ပြီးသော အတိတ်ရူပါရုံကိုပင် အာရုံပြုရုံမျှ ပြု၍ တဒနုဝတ္တက (တဒနုဝတ္တိက) နောက်လိုက် မနောဒွါရဝီထိ တစ်ဝီထိ ကျ၏။ ထိုနောင် ဘဝင်များ ခြားလျက် --- --

၃။ ယင်းမြင်ပြီးသော အတိတ်ရူပါရုံ၏ အဖြူ အဝါ စသော အမျိုးအမည် နာမပညတ်ကို ဆင်ခြင်တွေးတော အာရုံပြု၍ သုဒ္ဓမနောဒွါရဝီထိ (= သုဒ္ဓမနောဒွါရိကဝီထိ) တစ်ဝီထိ ကျပြန်၏။ ထိုနောင် ဘဝင်များ ခြားလျက် --- --

၄။ ထို မြင်ပြီးသော အတိတ် ရူပါရုံ၏ အနက်ဒြပ် အတ္ထပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ ကျပြန်၏။

ဤသို့လျှင် ရူပါရုံ အရောင်က စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့ကို တစ်နည်းဆိုရ သော် စက္ခုဒွါရနှင့် မနောဒွါရတို့ကို ပြိုင်တူ ရိုက်ခတ်သောအခါ --- --

စက္ခုဒွါရဝီထိ --- -- ၁-ဝီထိ

မနောဒွါရဝီထိ --- -- ၃-ဝီထိ --- --

ပေါင်းသော် (၄)ဝီထိ စေ့ပါမှ အဖြူ အဝါ, မည်သူ မည်ဝါ စသောအားဖြင့် အာရုံအားလျော်စွာ အထူးထူး အပြားပြား ခွဲခြားမှတ်သား သိရှိနိုင်ကြကုန်သည်ဟု မှတ်ပါ။ စက္ခုဒွါရဝီထိကား ရူပါရုံ (= အရောင်) မျှကိုသာ အာရုံပြုသည်။ ယောနိသောမနသိကာရ, အယောနိသောမနသိကာရအားလျော်စွာ ကုသိုလ်ဇောနှင့် အကုသိုလ် ဇောများ ထိုက်သလို စောနိုင်ကြပေသည်။

ပဉ္စဒွါရိကဝိညာဏ်များ၏ စွမ်းအင်နှင့် မနောဒွါရိကဝိညာဏ်များ၏ စွမ်းအင်များ

ပဉ္စဒွါရိကဝိညာဏ်များ၏ စွမ်းအင်နှင့် မနောဒွါရိကဝိညာဏ်များ၏ စွမ်းအင်များ

ပဉ္စဝိညာဏာ အနာဘောဂါ၊ ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ။ အညတြ အဘိနိပါတမတ္တာ။ (အဘိ၊၂၊၃၂၃။)

န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတီတိ မနောပုဗ္ဗင်္ဂမာ ဓမ္မာတိ ဧဝံ ဝုတ္တံ ဧကမ္ပိ ကုသလံ ဝါ အကုသလံ ဝါ န ပဋိဝိဇာနာတိ။

အညတြ အဘိနိပါတမတ္တာတိ ဌပေတွာ ရူပါဒီနံ အဘိနိပါတမတ္တံ။ ဣဒံ ဝုတ္တံ ဟောတိ --- -- သုပဏ္ဍိတောပိ ပုရိသော ဌပေတွာ အာပါထဂတာနိ (အာပါတဂတာနိ) ရူပါဒီနိ အညံ ကုသလာကုသလေသု ဧကဓမ္မမ္ပိ ပဉ္စဟိ ဝိညာဏေဟိ န ပဋိဝိဇာနာတိ၊ စက္ခုဝိညာဏံ ပနေတ္ထ ဒဿနမတ္တမေဝ ဟောတိ။ သောတဝိညာဏာဒီနိ သဝန- ဃာယန-သာယန-ဖုသနမတ္တာနေဝ။ ဒဿနာဒိမတ္တတော ပန မုတ္တာ အညာ ဧတေသံ ကုသလာဒိ ပဋိဝိညတ္တိ နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၇-၃၈၈။)

ပဉ္စဝိညာဏာ အနာဘောဂါတိ ပဉ္စန္နံ ဝိညာဏာနံ နတ္ထိ အာဝဋ္ဋနာ ဝါ အာဘောဂေါ ဝါ သမန္နာဟာရော ဝါ မနသိကာရော ဝါ။ (အဘိ၊၂၊၃၃၃။)

အာဝဋ္ဋနာ ဝါတိအာဒီနိ စတ္တာရိပိ အာဝဇ္ဇနေဿဝ နာမာနိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၇။)

ဤ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်ဟူသော ပဉ္စဝိညာဏ် တို့သည်ကား ဆိုင်ရာ ဆိုင်ရာ အာရုံကို နှလုံးသွင်းတတ်သော အာဝဇ္ဇန်း မရှိကုန်။ ဆိုလိုသည်မှာ ပဉ္စဝိညာဏ် တို့သည် --- --

၁။ အာဝဋ္ဋန = ဘဝင်အစဉ်ကို လည်စေခြင်းသည်လည်းကောင်း,

၂။ အာဘောဂ = ဘဝင်အစဉ်ကို ဝဲလှည့်သကဲ့သို့ ပြန်လည်စေခြင်းသည်လည်းကောင်း,

၃။ သမန္နာဟာရ = ရူပါရုံစသည့် ဆိုင်ရာ အာရုံတို့ကို ကောင်းစွာ ဆောင်ခြင်းသည်လည်းကောင်း,

၄။ မနသိကာရ = ရူပါရုံစသည့် ဆိုင်ရာ အာရုံကို နှလုံးသွင်းခြင်းသည်လည်းကောင်း မရှိပေ။

ဤအာဝဋ္ဋန - စသော (၄)မျိုးတို့ကား ပဉ္စဒွါရာဝဇ္ဇန်း အမည်ရသော အာဝဇ္ဇန်း၏ လုပ်ငန်းကိစ္စရပ်တို့ သည်သာ ဖြစ်ကုန်၏။ အာဝဋ္ဋန အာဘောဂ သမန္နာဟာရ မနသိကာရ - ဤအမည် (၄)မျိုးတို့ကား အာဝဇ္ဇန်း၏ အမည်တို့သာတည်း။

၁။ စက္ခုဝိညာဏ်သည် ရူပါရုံ၌ (ရူပါရုံသို့)

၂။ သောတဝိညာဏ်သည် သဒ္ဒါရုံ၌ (သဒ္ဒါရုံသို့)

၃။ ဃာနဝိညာဏ်သည် ဂန္ဓာရုံ၌ (ဂန္ဓာရုံသို့)

၄။ ဇိဝှါဝိညာဏ်သည် ရသာရုံ၌ (ရသာရုံသို့)

၅။ ကာယဝိညာဏ်သည် ဖောဋ္ဌဗ္ဗာရုံ၌ (ဖောဋ္ဌဗ္ဗာရုံသို့)

ရှေးရှုကျရောက်ရုံမျှသာ ကျရောက်၏။ ဆိုလိုသည်မှာ --- --

၁။ စက္ခုဝိညာဏ်သည် ရူပါရုံ (= အရောင်) မျှကိုသာ သိ၏၊

၂။ သောတဝိညာဏ်သည် သဒ္ဒါရုံ (= အသံ) မျှကိုသာ သိ၏၊

၃။ ဃာနဝိညာဏ်သည် ဂန္ဓာရုံ (= အနံ့) မျှကိုသာ သိ၏၊

၄။ ဇိဝှါ ဝိညာဏ်သည် ရသာရုံ (= အရသာ) မျှကိုသာ သိ၏၊

၅။ ကာယဝိညာဏ်သည် ဖောဋ္ဌဗ္ဗာရုံ (= အတွေ့အထိမျှကိုသာ = ပထဝီ တေဇော ဝါယော) မျှကိုသာ သိ၏။

ဤသို့ သိမှုမျှကိုပင် အဘိနိပါတမတ္တ = ပဉ္စဝိညာဏ်တို့၏ ဆိုင်ရာ အာရုံတို့သို့ ရှေးရှု ကျရောက်ခြင်းမျှဟု ဆိုလိုသည်။

ဤသို့လျှင် ပဉ္စဝိညာဏ်တို့၏ ရူပါရုံစသည့် ဆိုင်ရာအာရုံတို့သို့ ရှေးရှုကျရောက်ခြင်းမျှကို ထား၍ (= ပဉ္စ ဝိညာဏ်တို့နှင့် ရူပါရုံစသည့် ဆိုင်ရာအာရုံတို့၏ ပေါင်းဆုံခြင်းမျှကို ထား၍) ပဉ္စဝိညာဏ်တို့သည် တစ်စုံတစ်ခု သော တရားကိုမျှ မသိနိုင်ပေ။

ဆိုလိုရင်းသဘောမှာ ဤသို့ ဖြစ်၏။ အလွန်ပညာရှိသော ယောက်ျားသော်မှလည်း ရှေးရှုကျခြင်းသို့ ရောက်ကုန်သော ရူပါရုံစသည်တို့ကို ထား၍ အခြားသော ကုသိုလ်တရား အကုသိုလ်တရားတို့တွင် တစ်ပါးပါး သော တရားကိုမျှလည်း ပဉ္စဝိညာဏ်တို့ဖြင့် မသိနိုင်ပေ။ ထိုပြင် ဤပဉ္စဝိညာဏ်တို့တွင် --- --

၁။ စက္ခုဝိညာဏ်သည် ရူပါရုံကို မြင်ခြင်းဟူသော အတိုင်းအရှည်သာ ရှိ၏၊ ရူပါရုံကို မြင်ကာမတ္တ မြင်ရုံမျှသာ ဖြစ်၏။

၂။ သောတဝိညာဏ်သည် သဒ္ဒါရုံကို ကြားခြင်းဟူသော အတိုင်းအရှည်သာ ရှိ၏၊ သဒ္ဒါရုံကို ကြားကာမတ္တ ကြားရုံမျှသာ ဖြစ်၏။

၃။ ဃာနဝိညာဏ်သည် ဂန္ဓာရုံကို နံခြင်းဟူသော အတိုင်းအရှည်သာ ရှိ၏၊ ဂန္ဓာရုံကို နံကာမတ္တ နံရုံမျှသာ ဖြစ်၏။

၄။ ဇိဝှါဝိညာဏ်သည် ရသာရုံကို လျက်သိခြင်းဟူသော အတိုင်းအရှည်သာ ရှိ၏။ ရသာရုံကို လျက်သိကာ မတ္တ လျက်သိရုံမျှသာ ဖြစ်၏။

၅။ ကာယဝိညာဏ်သည် ဖောဋ္ဌဗ္ဗာရုံကို ထိသိခြင်းဟူသော အတိုင်းအရှည်သာ ရှိ၏။ ဖောဋ္ဌဗ္ဗာရုံကို ထိသိ ကာမတ္တ ထိသိရုံမျှသာ ဖြစ်၏။

အပြန်အားဖြင့် ဆိုရမူ မြင်ခြင်းအစရှိသော အတိုင်းအရှည်မှ လွတ်သော အခြားတစ်ပါးသော ဤပဉ္စ ဝိညာဏ်တို့၏ ကုသိုလ်စသည်ကို သိခြင်းမည်သည် မရှိပေ။

ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတီတိ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာ မနောဓာတုယာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ။ (အဘိ၊၂၊၃၃၃။)

မနောဓာတုယာပီတိ သမ္ပဋိစ္ဆနမနောဓာတုယာပိ။ သမ္ပိဏ္ဍနတ္ထော စေတ္ထ ပိ-ကာရော။ တသ္မာ မနောဓာတုယာပိ တတော ပရာဟိ မနောဝိညာဏဓာတူဟိပီတိ သဗ္ဗေဟိပိ ပဉ္စဒွါရိကဝိညာဏေဟိ န ကဉ္စိ ကုသလာကုသလံ ဓမ္မံ ပဋိဝိဇာနာတီတိ ဧဝမေတ္ထ အတ္ထော ဒဋ္ဌဗ္ဗော။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

ပဉ္စဝိညာဏ်တို့သာ မဟုတ်သေး၊ ပဉ္စဝိညာဏ်တို့၏ နောက်၌ ဆက်လက် ဖြစ်ပေါ်လာသော သမ္ပဋိစ္ဆိုင်း (= လက်ခံ) ဟူသော မနောဓာတ်ဖြင့်လည်း ဆိုင်ရာ ပဉ္စာရုံမှ တစ်ပါး အခြား တစ်စုံတစ်ခုသော တရားကိုမျှ မသိပေ။

[မနောဓာတုယာပိ - ဟူသော ပါဠိတော်၌ ပိ-သဒ္ဒါသည် ပေါင်းဆည်းခြင်း သမ္ပိဏ္ဍန-အနက် ရှိ၏၊ မဆိုရသေးသည်ကို ပေါင်းဆည်းသော အဝုတ္တသမုစ္စည်းတည်း။ သမ္ပဋိစ္ဆိုင်း၏ နောက်၌ ဆက်လက် ဖြစ် ပေါ်ကြမည့် သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံဟူသော ပဉ္စဒွါရိကဝီထိစိတ်တို့ကို ပေါင်းဆည်းပေသည်။]

ထိုကြောင့် သမ္ပဋိစ္ဆိုင်း မနောဓာတ်ဖြင့်လည်းကောင်း, ထိုသမ္ပဋိစ္ဆိုင်း မနောဓာတ်မှ နောက်၌ ဆက်လက် ဖြစ်ကုန်သော သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံဟူကုန်သော မနောဝိညာဏဓာတ်တို့ဖြင့်လည်းကောင်း ဤသို့ အလုံးစုံလည်း ဖြစ်ကုန်သော ပဉ္စဒွါရဝီထိအတွင်း၌ ပါဝင်တည်ရှိကြကုန်သော ပဉ္စဒွါရိကဝိညာဏ်တို့ဖြင့် တစ်စုံ တစ်ခုသော ကုသိုလ် အကုသိုလ်ဖြစ်သော တရားကို မသိနိုင်ပေ။ ဤသို့လျှင် မနောဓာတုယာပိဟူသော ပါဠိ တော် (အဘိ၊၂၊၃၃၃။)၌ ဆိုလိုရင်း အနက်သဘောကို မှတ်သားပါ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

၁။ စက္ခုဒွါရဝီထိစိတ်တို့က ရူပါရုံ (= အရောင်) မျှကိုသာ,

၂။ သောတဒွါရဝီထိစိတ်တို့က သဒ္ဒါရုံ (= အသံ) မျှကိုသာ,

၃။ ဃာနဒွါရဝီထိစိတ်တို့က ဂန္ဓာရုံ (= အနံ့) မျှကိုသာ,

၄။ ဇိဝှါဒွါရဝီထိစိတ်တို့က ရသာရုံ (= အရသာ) မျှကိုသာ,

၅။ ကာယဒွါရဝီထိစိတ်တို့က ဖောဋ္ဌဗ္ဗာရုံ (= အတွေ့အထိ) မျှကိုသာ --- --

အသီးအသီး သိသောကြောင့် ကုသိုလ် အကုသိုလ် စသော တစ်စုံတစ်ခုသော တရားကိုမျှ ယင်းပဉ္စဒွါရ ဝီထိစိတ်တို့က မသိနိုင်ဟု ဆိုလိုပေသည်။

န ကဉ္စိ ဣရိယာပထံ ကပ္ပေတိ - မည်သည့် ဣရိယာပုထ်ကိုမျှ မဖြစ်စေနိုင်

န ကဉ္စိ ဣရိယာပထံ ကပ္ပေတိ - မည်သည့် ဣရိယာပုထ်ကိုမျှ မဖြစ်စေနိုင်

ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဣရိယာပထံ ကပ္ပေတိ၊ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဣရိယာပထံ ကပ္ပေတိ၊ ပဉ္စဟိ ဝိညာဏေဟိ န ကာယကမ္မံ န ဝစီကမ္မံ ပဋ္ဌပေတိ၊ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န ကာယကမ္မံ န ဝစီကမ္မံ ပဋ္ဌပေတိ၊ ပဉ္စဟိ ဝိညာဏေဟိ န ကုသလာကုသလံ ဓမ္မံ သမာဒိယတိ၊ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န ကုသလာကုသလံ ဓမ္မံ သမာဒိယတိ၊ ပဉ္စဟိ ဝိညာဏေဟိ န သမာပဇ္ဇတိ န ဝုဋ္ဌာတိ၊ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န သမာပဇ္ဇတိ န ဝုဋ္ဌာတိ၊ ပဉ္စဟိ ဝိညာဏေဟိ န စဝတိ န ဥပ္ပဇ္ဇတိ၊ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န စဝတိ န ဥပ္ပဇ္ဇတိ၊ ပဉ္စဟိ ဝိညာဏေဟိ န သုပတိ န ပဋိဗုဇ္ဈတိ န သုပိနံ ပဿတိ၊ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န သုပတိ န ပဋိဗုဇ္ဈတိ န သုပိနံ ပဿတိ။ (အဘိ၊၂၊၃၂၃-၃၂၄။)

န ကဉ္စိ ဣရိယာပထံ ကပ္ပေတီတိအာဒီသုပိ ဧသေဝ နယော။ န ဟိ ပဉ္စဒွါရိကဝိညာဏေဟိ ဂမနာဒီသု ကဉ္စိ ဣရိယာပထံ ကပ္ပေတိ၊ န ကာယကမ္မံ န ဝစီကမ္မံ ပဋ္ဌပေတိ၊ န ကုသလာကုသလံ ဓမ္မံ သမာဒိယတိ၊ န သမာဓိံ သမာပဇ္ဇတိ လောကိယံ ဝါ လောကုတ္တရံ ဝါ၊ န သမာဓိတော ဝုဋ္ဌာတိ လောကိယာ ဝါ လောကုတ္တရာ ဝါ၊ န ဘဝတော စဝတိ၊ န ဘဝန္တရေ ဥပပဇ္ဇတိ။ သဗ္ဗမ္ပိဟေတံ ကုသလာကုသလဓမ္မပဋိဝိဇာနနာဒိစဝနပရိယောသာနံ ကိစ္စံ မနောဒွါရိကစိတ္တေနေဝ ဟောတိ၊ န ပဉ္စဒွါရိကေနာတိ သဗ္ဗဿာပေတဿ ကိစ္စဿ ကရဏေ သဟ ဇဝနကာနိ ဝီထိစိတ္တာနိ ပဋိက္ခိတ္တာနိ။ ယထာ စေတေသံ ဧတာနိ ကိစ္စာနိ နတ္ထိ၊ ဧဝံ နိယာမောက္ကမာဒီနိပိ။ န ဟိ ပဉ္စဒွါရိကဇဝနေန မိစ္ဆတ္တနိယာမံ ဩက္ကမတိ၊ န သမ္မတ္တနိယာမံ။ န စေတံ ဇဝနံ နာမဂေါတ္တမာရဗ္ဘ ဇဝတိ၊ န ကသိဏာဒိပဏ္ဏတ္တိံ။ န လက္ခဏာရမ္မဏိကဝိပဿနာဝသေန ပဝတ္တတိ၊ န ဝုဋ္ဌာနဂါမိနီဗလဝဝိပဿနာဝသေန။ န ရူပါရူပဓမ္မေ အာရဗ္ဘ ဇဝတိ။ န နိဗ္ဗာနံ။ န စေတေန သဒ္ဓိံပဋိသမိ႓ဒါဉာဏံ ဥပ္ပဇ္ဇတိ၊ န အဘိညာဏံ၊ န သာဝကပါရမီဉာဏံ၊ န ပစ္စေကဗောဓိဉာဏံ၊ န သဗ္ဗညုတဉာဏံ။ သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

= ပဉ္စဒွါရိက ဝိညာဏ်တို့သည် မည်သည့် ဣရိယာပုထ်ကိုမျှ မဖြစ်စေနိုင် စသော စကားရပ်တို့၌လည်း အထက်တွင် ဖွင့်ဆိုခဲ့သည့်အတိုင်း နည်းတူပင် မှတ်ပါ။

ရှင်းလင်းချက် --- -- ပဉ္စဒွါရဝီထိများ၏ အတွင်း၌ ပါဝင်တည်ရှိကြသော ပဉ္စဒွါရိကဝိညာဏ်တို့ဖြင့် သွား ရပ် ထိုင် လျောင်းတည်းဟူသော ဣရိယာပုထ် (၄)မျိုးတို့တွင် တစ်စုံတစ်ခုသော ဣရိယာပုထ်ကိုမျှ မပြုလုပ်နိုင်၊ ကာယကံကို စ၍ မတည်စေနိုင် မဖြစ်စေနိုင်၊ ဝစီကံကို စ၍ မတည်စေနိုင် မဖြစ်စေနိုင်။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

[မှတ်ချက် --- -- စက္ခုဝိညာဏ် စသည့် ပဉ္စဝိညာဏ်တို့ကား စိတ္တဇရုပ်ကိုသော်မျှလည်း မဖြစ်စေနိုင်၊ ဝိညတ်ရုပ်ကိုကား ဖြစ်စေနိုင်ဖို့ရန်ကား ဆိုဖွယ်ရာပင် မရှိတော့ပေ။ ပဉ္စဒွါရဝီထိများ၏ အတွင်း၌ ပါဝင် တည်ရှိကြသော ပဉ္စဝိညာဏ်တို့မှ အခြားတစ်ပါးသော ပဉ္စဒွါရိက ဇောဝီထိစိတ်များသည် စိတ္တဇရုပ်သာမန်ကို ဖြစ်စေနိုင်သော်လည်း ကာယဝိညတ် ဝစီဝိညတ်ဟူသော ဝိညတ်ရုပ်ကို တစ်နည်းဆိုရသော် ဝိညတ်ရုပ်များ ပါဝင်သည့် ရုပ်ကလာပ်များကို ရုပ်တရားများကို မဖြစ်စေနိုင်ကြပေ။ သွားမှုစသော ဣရိယာပုထ် တစ်ခုခုကို ပြုလုပ်ရာ၌ ဝိညတ်ရုပ်ပါရ၏၊ ကာယကံမှု ဝစီကံမှု တစ်ခုခုကို ပြုလုပ်ရာ၌လည်း ဝိညတ်ရုပ်ပါရ၏၊ ထိုကြောင့် ပဉ္စဒွါရိကဝိညာဏ်တို့ဖြင့် ဣရိယာပုထ်ကို မပြုလုပ်နိုင်၊ ကာယကံ ဝစီကံကို စ၍ မတည်စေနိုင် မဖြစ်စေနိုင် ဟု မှတ်ပါ။ သို့သော် အလွန်အားနည်းသော မနောကံကား ဖြစ်နိုင်၏။]

ပဉ္စဒွါရိက ဝိညာဏ်တို့ဖြင့် ကုသိုလ်တရား အကုသိုလ်တရားကို ကောင်းစွာ မယူနိုင် မဆောက်တည်နိုင်။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

[တထာ ကာယသုစရိတာဒိကုသလကမ္မံ ကရောမီတိ, တဗ္ဗိပရီတံ အကုသလံ ကမ္မံ ကရောမီတိ စ ကုသလာကုသလသမာဒါနံ ပဉ္စဒွါရိကဇဝနေန န ဟောတိ။ (မူလဋီ၊၂၊၂၀၁။)

ပဉ္စဒွါရိကဇောတို့သည် ယောနိသောမနသိကာရ အယောနိသောမနသိကာရဟူသော နှလုံးသွင်းမှု အပေါ်၌ အခြေစိုက်၍ ကုသိုလ်ဇော အကုသိုလ်ဇောများလည်း ထိုက်သလို ဖြစ်နိုင်၏၊ ဤ၌ န သမာဒိယတိ = မဆောက်တည်နိုင်ဟူသည်ကား မဖြစ်နိုင်ခြင်းကို မဆိုလို၊ သီလဆောက်တည်သကဲ့သို့ ဤကုသိုလ်ကို ပြုအံ့၊ ဤအကုသိုလ်ကို ပြုအံ့ဟု ပဉ္စဒွါရိကဇောစိတ်ဖြင့် မဆောက်တည်နိုင်ခြင်းကိုသာ ဆိုလိုပေသည်။]

ပဉ္စဒွါရိက ဝိညာဏ်တို့ဖြင့် လောကီစျာန်သမာဓိ (= လောကီစျာန်သမာပတ်) ကိုလည်း မဝင်စားနိုင်။ လောကုတ္တရာစျာန်သမာဓိ (= လောကုတ္တရာစျာန်သမာပတ် = ဖလသမာပတ်) ကိုလည်း မဝင်စားနိုင်။ လောကီ လောကုတ္တရာသမာဓိ (= သမာပတ်) များကို မဝင်စားနိုင်ရကား လောကီ လောကုတ္တရာသမာဓိ (= သမာပတ်) မှလည်း မထနိုင်။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

ပဉ္စဒွါရိက ဝိညာဏ်တို့ဖြင့် ဘဝတစ်ခုမှ မရွေ့လျောနိုင် မစုတေနိုင် မသေနိုင်၊ ဘဝတစ်ပါး၌ ပဋိသန္ဓေ မနေနိုင်။ မှန်ပေသည် --- -- ကုသိုလ်တရား အကုသိုလ်တရားကို သိခြင်းအစ စုတေခြင်း အဆုံးရှိသော အထက်၌ ဖော်ပြထားသော ကိစ္စအရပ်ရပ်သည် မနောဒွါရဝီထိ၏ အတွင်း၌ တည်ရှိသော မနောဒွါရိကစိတ်ဖြင့်သာ ဖြစ်၏၊ ပဉ္စဒွါရဝီထိများ၏ အတွင်း၌ တည်ရှိသော ပဉ္စဒွါရိကစိတ်ဖြင့် မဖြစ်နိုင်။ ထိုကြောင့် အလုံးစုံလည်း ဖြစ်သော အထက်ပါ ဤကိစ္စ အရပ်ရပ်ကို ပြုလုပ်ခြင်း၌ ဇောနှင့် တကွသော ပဉ္စဒွါရိကဝီထိစိတ်တို့ကို ဘုရားရှင်သည် ပယ်မြစ်တော်မူအပ်ကုန်ပြီ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

[တထာ ပဋိစ္စသမုပ္ပါဒဝဏ္ဏနာယံ ဝုတ္တာ ပဉ္စဒွါရိကစုတိ စ န ပဉ္စဒွါရိကစိတ္တေဟိ ဟောတိ စုတိစိတ္တဿ အတံဒွါရိကတ္တာတိ။ (မူလဋီ၊၂၊၂၀၁။)

ပဉ္စဒွါရိကစုတိဟူသည် ပဉ္စဒွါရိကဝီထိစိတ်တို့ဖြင့် စုတိစိတ်ကျသည်ကို မဆိုလို၊ ပဉ္စဒွါရဝီထိစိတ်များ ကုန်ဆုံးသွားသောအခါမှ စုတိစိတ် ဖြစ်ပေါ်လာ၏၊ ထိုစုတိစိတ်ကား ပဉ္စဒွါရဝီထိစိတ်အစဉ်များ၌ အကျုံးမဝင်၊ ဒွါရမှ အလွတ်ဖြစ်သော ဒွါရဝိမုတ်စိတ်သာ ဖြစ်သည်။ ဤသို့ ပဋိစ္စသမုပ္ပါဒ် ဝိဘင်းအဖွင့်၌ မိန့်ဆိုခဲ့၏။ တစ်ဖန် ဤ၌လည်း ပဉ္စဒွါရိကဝိညာဏ်တို့ဖြင့် ဘဝမှ မစုတေဟုလည်းကောင်း, စုတိခြင်း အဆုံးအပိုင်းအခြား ရှိသော ကိစ္စအရပ်ရပ်သည် မနောဒွါရိကစိတ်ဖြင့်သာ ဖြစ်၏ဟုလည်းကောင်း အဋ္ဌကထာက ဖွင့်ဆိုထား၏။ သို့သော် စုတိ ပဋိသန္ဓေစိတ်တို့သည် မနောဒွါရိကစိတ်များ မဟုတ်ကြပေ။ ထိုထို ဒွါရမှ အလွတ်ဖြစ်သော ဒွါရဝိမုတ် စိတ်များသာ ဖြစ်ကြသည်။ ဒွါရဝိမုတ္တာနဉ္စ ပဋိသန္ဓိ-ဘဝင်္ဂ-စုတိ-သင်္ခါတာနံ ... ဤသို့ စသည်ဖြင့် အဘိ ဓမ္မတ္ထသင်္ဂဟ အာရမ္မဏသင်္ဂဟ၌ ယင်း စိတ်တို့၏ ဒွါရဝိမုတ်စိတ်များ ဖြစ်ကြောင်းကို ဖွင့်ဆိုလျက် ရှိ၏။

စုတိစိတ်သည်လည်း ထိုထို ဒွါရမှ လွတ်သော ဒွါရဝိမုတ်စိတ်သာ ဖြစ်ပါလျက် မနောဒွါရိကစိတ်ဖြင့် သာလျှင် စုတေကြောင်း စုတိကိစ္စကိုပါ ထည့်သွင်း၍ ဤ၌ အဋ္ဌကထာ၏ ဖွင့်ဆိုထားတော်မူချက်နှင့် စပ်လျဉ်း၍ တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ဘုရားက မိမိ၏ သမ္မောဟဝိနောဒနီ ဘာသာဋီကာ တတိယတွဲ (၁၆၃)တွင် အောက်ပါအတိုင်း မှတ်ချက် ချထား၏။

ရှေး အယူ

ရှေး အယူ

ထိုသို့ ဆိုရာဝယ် အဋ္ဌသာလိနီအဋ္ဌကထာ စိတ္တုပ္ပါဒကဏ္ဍ မနောကမ္မဒွါရကထာ၌ အယံ နာမ မနော မနောဒွါရံ န ဟောတီတိ န ဝတ္တဗ္ဗော (အဘိ၊ဋ္ဌ၊၁၊၁၂၉။) = မန မှန်သမျှ မနောဒွါရ မဟုတ်ဟု မဆိုထိုက်ဟု ဆိုခဲ့၏။ ရှေးရှေးစိတ်သည် နောက်နောက်စိတ်၏ ဖြစ်ကြောင်းဒွါရ ဖြစ်သောကြောင့် စိတ်ဟူသမျှကို မနောဒွါရ ဟု ဆိုလို၏။ သို့ဖြစ်လျှင် စုတိစိတ်၏ ရှေးက ဖြစ်သော စိတ်သည် မနောဒွါရ ဖြစ်၍ ထိုစိတ်ကြောင့် ဖြစ်သော စုတိစိတ်ကို မနောဒွါရိကဟု ခေါ်သင့်ရကား စဝနကိစ္စကို (= ဘဝတစ်ခုမှ ရွေ့လျောခြင်း စုတိကိစ္စကို) မနောဒွါရိက စုတိစိတ်ဖြင့် ပြုသည်ဟု အဋ္ဌကထာဆိုကြောင်းကို ရှေးဆရာတို့ ယူကြသည်။

စဉ်းစားဖွယ်

စဉ်းစားဖွယ်

ထိုသို့ ဖြစ်လျှင် ပဉ္စဒွါရိကစိတ်တို့လည်း ရှေးရှေးစိတ်က မန အမည်ရသောကြောင့် မနောဒွါရိက အမည်လည်း ရသင့်ရကား ပဉ္စဒွါရိက (စိတ်) တို့ကို မနောဒွါရိက အဖြစ်မှ မပယ်နိုင်သောကြောင့် ထိုအယူကို စဉ်းစားသင့်ပါသည်။ မိမိကား မနောဒွါရိကစိတ်တို့၏ ကိစ္စက များသောကြောင့် စုတိကိစ္စကိုလည်း မနောဒွါရိက စိတ်၏ ကိစ္စတွင် သွင်းလိုက်ဟန် တူသည်ဟု ထင်မိပါသည်။ (သမ္မောဟဝိနောဒနီဘာသာဋီကာ တတိယတွဲ၊ ၁၆၃။)

ဤကား တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ဘုရား၏ မှာကြားချက်ပင် ဖြစ်သည်။ တစ်ဖန် ကုသိုလ်တရား အကုသိုလ်တရားတို့ကို သိခြင်း အစ, စုတိကိစ္စကို အဆုံးထား၍ ဤကိစ္စအရပ်ရပ်ကို မနောဒွါရိကစိတ်ဖြင့်သာ ပြုလုပ်နိုင်ကြောင်း ဤအဋ္ဌကထာ၏ ဖွင့်ဆိုချက်၌ စုတိကိစ္စကို အဆုံးသတ် ဆိုထားသော်လည်း - န ဘဝန္တရေ ဥပပဇ္ဇတိ = ဘဝတစ်ပါး၌ (ပဉ္စဒွါရိကစိတ်ဖြင့်) ပဋိသန္ဓေ မနေ - ဟုပင် အဋ္ဌကထာ၌ ဆက်လက် ဖွင့်ဆို ထားရကား စဝနပရိယောသာနံ = စုတေခြင်းကိစ္စကို အဆုံးထား၍ ပြောဆိုသော စကားကို ဥပလက္ခဏနည်း နိဒဿနနည်းဟု မှတ်ပါ။]

နိယာမသို့ သက်ရောက်ခြင်း စသည်

နိယာမသို့ သက်ရောက်ခြင်း စသည်

ဤပဉ္စဒွါရိကစိတ်တို့၏ ဤအထက်ဖော်ပြပါ ကုသိုလ်တရား အကုသိုလ်တရားတို့ကို သိခြင်း အစ, စုတေ ခြင်း ပဋိသန္ဓေနေခြင်း အဆုံးရှိသော ကိစ္စအရပ်ရပ်တို့သည် မရှိကုန်သကဲ့သို့ အလားတူပင် နိယာမသို့ သက် ရောက်ခြင်း စသော ကိစ္စတို့သည်လည်း မရှိကုန်။ ပဉ္စဒွါရိကဇောဖြင့် မိစ္ဆတ္တနိယာမဖြစ်သော အာနန္တရိယကံ စသည်သို့ မသက်ရောက်နိုင်၊ သမ္မတ္တနိယာမဖြစ်သော အရိယမဂ် (၄)ပါးသို့လည်း မသက်ရောက်နိုင်။

ဤပဉ္စဒွါရိကဇောသည် အမည်နှင့် အမျိုးအနွယ်ကို အာရုံပြု၍လည်း မဖြစ်၊ ကသိုဏ်းစသော ပညတ်ကို အာရုံပြု၍လည်း မဖြစ်၊ သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ = အနိစ္စလက္ခဏာ, ဒုက္ခအခြင်းအရာ = ဒုက္ခလက္ခဏာ, အနတ္တအခြင်းအရာ = အနတ္တလက္ခဏာလျှင် အာရုံရှိသော လက္ခဏာရမ္မဏိက ဝိပဿနာ၏ အဖြစ်ဖြင့်လည်း မဖြစ်ပေ။ ဝုဋ္ဌာန အမည်ရသော သင်္ခါရတရားတို့မှ ထမြောက်ကြောင်း အရိယမဂ်သို့ ရောက် ကြောင်းဖြစ်သော အားရှိသော ဝုဋ္ဌာနဂါမိနီ ဗလဝဝိပဿနာ၏ အဖြစ်ဖြင့်လည်း မဖြစ်ပေ။ ရူပါဝစရတရား အရူပါဝစရတရားတို့ကို အာရုံပြု၍လည်း မဖြစ်။ နိဗ္ဗာန်ကို အာရုံပြု၍လည်း မဖြစ်။

ဤပဉ္စဒွါရိကဇောနှင့် အတူတကွ ပဋိသမိ႓ဒါဉာဏ်သည် မဖြစ်၊ အဘိညာဏ်သည် မဖြစ်၊ သာဝကပါရမီ ဉာဏ်သည် မဖြစ်၊ ပစ္စေကဗောဓိဉာဏ်သည် မဖြစ်၊ သဗ္ဗညုတဉာဏ်သည် မဖြစ်၊ (ပဉ္စဒွါရိကဇောသည် ကုသိုလ် ဇော စောနိုင်သော်လည်း ကုသိုလ်ဇော ဖြစ်နိုင်သော်လည်း ထိုကုသိုလ်ဇောနှင့် ယှဉ်၍ ပဋိသမိ႓ဒါဉာဏ်, အဘိညာဏ်, သာဝကပါရမီဉာဏ်, ပစ္စေကဗောဓိဉာဏ်, သဗ္ဗညုတဉာဏ် မဖြစ်နိုင် ဟူလိုသည်။)

သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ = အလျော်အားဖြင့် ဆိုရမူကား အလုံးစုံလည်းဖြစ်သော အထက်တွင်ဖော်ပြခဲ့သော ဝိပဿနာဉာဏ် ပဋိသမိ႓ဒါဉာဏ် အဘိညာဏ် သာဝက ပါရမီဉာဏ် ပစ္စေကဗောဓိဉာဏ် သဗ္ဗညုတဉာဏ် စသော ဉာဏ်အထူးအပြားကို မနောဒွါရိကဇော၌သာလျှင် ရအပ်ပေသည်။ မနောဒွါရိကဇော၌သာ ထိုဉာဏ်များသည် ယှဉ်နိုင်ပေသည်။

တစ်ဖန် အလုံးစုံလည်း ဖြစ်သော ပဉ္စဒွါရိကစိတ်ဖြင့် အိပ်ပျော်ခြင်းသို့ မသက်ရောက်နိုင် (= မအိပ်)၊ မနိုး၊ တစ်စုံတစ်ခုသော အိပ်မက်ကို မမြင်မက် --- -- ဤ (၃) မျိုးကုန်သော အရာဌာနတို့၌ ဇောနှင့် တကွသော ပဉ္စဒွါရိက ဝီထိစိတ်ကို ဘုရားရှင်သည် ပယ်မြစ်တော်မူအပ်ပေပြီ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

ဤကား ပဉ္စဒွါရိကဝိညာဏ်တို့နှင့် မနောဒွါရိကဝိညာဏ်တို့၏ စွမ်းအင်သတ္တိ ထူးခြားမှု ထူးထွေ ကွဲပြား မှုပင် ဖြစ်သည်။

အထူးမှာထားချက်များ

အထူးမှာထားချက်များ

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဟောကြားတော်မူချက် ဖွင့်ဆိုတော်မူချက်များအရ စက္ခုဒွါရဝီထိ၏ အတွင်း၌ ပါဝင်တည်ရှိကြကုန်သော စက္ခုဒွါရဝီထိစိတ်တို့သည် ရူပါရုံ (= အရောင်) မျှကိုကား သိနိုင်ကြသည်သာ ဖြစ်သည်။ အလားတူပင် သောတဒွါရိက ဝီထိစိတ်တို့သည် အသံမျှကို, ဃာနဒွါရိကဝီထိစိတ် တို့သည် အနံ့မျှကို, ဇိဝှါဒွါရိကဝီထိစိတ်တို့သည် ရသာရုံ (= အရသာ) မျှကို, ကာယဒွါရိကဝီထိစိတ်တို့သည် ဖောဋ္ဌဗ္ဗာရုံ (= အတွေ့အထိ) မျှကိုကား သိနိုင်ကြသည်သာ ဖြစ်သည်။ ထိုကဲ့သို့ ရူပါရုံ အရောင်ကို ရူပါရုံ အရောင်မျှ, အသံကို အသံမျှ, အနံ့ကို အနံ့မျှ, အရသာကို အရသာမျှ, အတွေ့အထိကို အတွေ့အထိမျှ သိမှု၌ ဝုဋ္ဌော၏ ဆုံးဖြတ်ချက်က အရောင်မျှ, အသံမျှ, အနံ့ မျှ, အရသာမျှ, အတွေ့အထိမျှသာဟု ဆုံးဖြတ်ချက်ချလျှင် ယောနိသောမနသိကာရ ဖြစ်ရကား ဇောများမှာ ကုသိုလ်ဇောများ ဖြစ်နိုင်ပေသည်။

ဇယားများတွင် စက္ခုဒွါရဝီထိတစ်ခု၏ နောက်၌ မနောဒွါရဝီထိ တစ်ခုမျှသာ ချပြထားသဖြင့် စက္ခုဒွါရဝီထိ တစ်ခု၏ နောင်၌ မနောဒွါရဝီထိ တစ်ခုသာ ဖြစ်သည်ဟုလည်း မယူဆစေလိုပါ။ မနောဒွါရဝီထိ အမျိုးအစားချင်း တူညီ၍ တစ်မျိုးကိုသာ ဖော်ပြခြင်း ဖြစ်ပေသည်။ စက္ခုဒွါရဝီထိ တစ်ဝီထိ ဖြစ်လျှင် ဘဝင်များခြားလျက် မနောဒွါရဝီထိများ အကြိမ်များစွာ ဖြစ်နိုင်ကြသည်သာ ဖြစ်ပါသည်။ ထိုသို့ ဝီထိတစ်ခုနှင့် တစ်ခု၏ အကြားတွင် ဘဝင်များခြားလျက် အကြိမ်များစွာ ဖြစ်နေကြသော မနောဒွါရဝီထိများတွင် အချို့အချို့သော ဝီထိတို့သည် ပညတ်ကို အာရုံပြုသည်လည်း ရှိတန်ရာ၏၊ ပရမတ်ကို အာရုံပြုသည်လည်း ရှိတန်ရာ၏။ ဝိပဿနာနယ်၌ကား ရုပ်နာမ်ပရမတ် သက်သက်ကိုပင် အာရုံပြုနေသော မနောဒွါရဝီထိများလည်း အကြိမ်များစွာ ဘဝင်များခြားလျက် ဖြစ်နိုင်သည်သာတည်း။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် စက္ခုဒွါရဝီထိတစ်ခုကို သို့မဟုတ် စက္ခုဒွါရဝီထိ တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော နာမ်တရားစုတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါ တစ်ဆက်တည်းမှာပင် မနောဒွါရဝီထိများကိုလည်း တစ်နည်းဆိုရသော် မနောဒွါရဝီထိများ၏ အတွင်း၌ ပါဝင်တည်ရှိကြသော နာမ်တရားစုတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဝီထိ တစ်ခုနှင့် တစ်ခု၏ အကြား၌ တည်ရှိသော ဘဝင်များကိုကား မရှုနိုင်သေး မသိမ်းဆည်းနိုင်သေးပါက ခေတ္တ ချန်လှပ်ထားပါ။ ဉာဏ်ယှဉ် ပီတိယှဉ်သော တိဟိတ်လူသားတစ်ဦး၏ ဘဝင်ကို စံနမူထား၍ ဘဝင်နာမ်တရား များကို (၃၄)ဟု ဖော်ပြထားပါသည်။

ရူပါရုံ (= အရောင်) လိုင်း အကောင်းအုပ်စု

ရူပါရုံ (= အရောင်) လိုင်း အကောင်းအုပ်စု

ဤရူပါရုံ (= အရောင်)လိုင်းဇယားနှင့် ပတ်သက်၍ ရှင်းလင်းချက်များကို ဖတ်ရှုပြီးပါက ရူပါရုံ (= အရောင်) လိုင်း အကောင်းအုပ်စု နာမ်တရားများကို သိမ်းဆည်းနိုင် ရှုပွားနိုင်ပြီဟု ယူဆပါသည်။ အချုပ်မှတ်သားရန် သိမ်းဆည်းရှုပွားရန်မှာ ဤသို့ ဖြစ်၏။

၁။ ထိုရူပါရုံ (= အရောင်)ကို ရူပါရုံ (= အရောင်)ဟု ရှုခဲ့သော် ရူပါရုံ (= အရောင်)ဟု သိနေသော စက္ခုဒွါရဝီထိ နာမ်တရား မနောဒွါရဝီထိ နာမ်တရားများကို သိမ်းဆည်းပါ။ ထိုနောင် --- --

၂။ ထိုရူပါရုံကို ရုပ်တရားဟု ရှုခဲ့သော် ထိုရူပါရုံကို ရုပ်တရားဟု သိနေသော မနောဒွါရဝီထိ နာမ်တရားများ ကိုလည်းကောင်း,

၃။ ထိုရူပါရုံ၏ ဖြစ်ခြင်း ပျက်ခြင်း သဘောကို အာရုံယူ၍ အနိစ္စဟု ရှုခဲ့သော် အနိစ္စဟု သိနေသော မနောဒွါရ ဝီထိ နာမ်တရားများကိုလည်းကောင်း,

၄။ ထိုရူပါရုံ၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်ခံရသည့်သဘောကို အာရုံ ယူ၍ ဒုက္ခဟုရှုခဲ့သော် ဒုက္ခဟု သိနေသော မနောဒွါရဝီထိနာမ်တရားများကိုလည်းကောင်း,

၅။ ထိုရူပါရုံ၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် ခိုင်မာသည့် အနှစ်သာရ အတ္တ မရှိမှုသဘောကို အာရုံယူ၍ အနတ္တဟု ရှုခဲ့သော် အနတ္တဟု သိနေသော မနောဒွါရ ဝီထိ နာမ်တရားများကိုလည်းကောင်း,

၆။ ထိုရူပါရုံ၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ အသုဘဟု ရှုခဲ့သော် အသုဘဟု သိနေ သော မနောဒွါရဝီထိ နာမ်တရားများကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။

ထိုရူပါရုံ အရောင်ကို ရုပ်တရားဟု, အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု, အသုဘဟု မနောဒွါရဝီထိစိတ်တို့ဖြင့် သာ သိရှိနိုင်သည်ဖြစ်ရာ ထိုမနောဒွါရဝီထိ စိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ရုပ်တရားဟု, အနိစ္စ ဟု, ဒုက္ခဟု, အနတ္တဟု, အသုဘဟု နှလုံးသွင်းလိုက်ခဲ့သော် = ဆင်ခြင် ဆုံးဖြတ်လိုက်သော် ယောနိသောမနသိ ကာရ ဖြစ်၍ ဇောများသည် ကုသိုလ်ဇောများသာ ဖြစ်ရသည်ဟု မှတ်ပါ။

ထိုသို့ ရှုရာ၌ ရုပ်တရားဟု ရှုလျှင် ရုပ်တရားဟု သိနေသော မနောဒွါရဝီထိစိတ်များသည် ဘဝင်ခြားလျက် အကြိမ်များစွာ ဖြစ်နေသည်ကို သဘောပေါက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ ရှုပါ။ အလား တူပင် အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု အသီးအသီး ရှုရာ၌လည်း မနောဒွါရဝီထိစိတ်များသည် ဝီထိတစ်ခုနှင့် တစ်ခု၏ အကြားတွင် ဘဝင်များစွာ ခြားခြားပြီး အကြိမ်များစွာ ဖြစ်နေမှုကို သဘောပေါက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ ရှုပါ။ ဇောနှင့် တဒါရုံတို့တွင် ဉာဏ်နှင့် ပီတိတို့မှာ ထိုက်သလို ယှဉ်တွဲ၍ ဖြစ်နေကြမည် ဖြစ်သည်။ ဉာဏ်နှင့် ပီတိ လဲလှယ်၍ (၄)ချက်စီပင် သိမ်းဆည်းပါ။

ဤသို့ သိမ်းဆည်းရာ၌ ရူပါရုံ အရောင်ကို ရုပ်တရားဟု အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသုဘဟု အသီး အသီး သိနေသော နာမ်တရား အသီးအသီးမှာ မနောဒွါရဝီထိစိတ်များသာ ဖြစ်သဖြင့် ဘဝင်မနောအကြည် ဓာတ်ကို ရှေးဦးစွာ သိမ်းဆည်း၍ ထိုနောင် မိမိရှုပွားလိုသော ရူပါရုံကို လှမ်း၍အာရုံယူပါ။ ထိုရူပါရုံ အရောင် သည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှုကျရောက်လာသောအခါ ထင်လာသောအခါ - မနောဒွါရာဝဇ္ဇန်းက ထိုရူပါရုံ အရောင်ကို --- --

၁။ ရုပ်တရားဟုလည်းကောင်း,

၂။ အနိစ္စဟုလည်းကောင်း,

၃။ ဒုက္ခဟုလည်းကောင်း,

၄။ အနတ္တဟုလည်းကောင်း,

၅။ အသုဘဟုလည်းကောင်း --- --

အသီးအသီး ရှုခဲ့သော် ဇယား၌ ဖော်ပြထားသည့်အတိုင်း ဝီထိစိတ်စေတသိက် (= နာမ်တရားစု)တို့ကို သိမ်းဆည်းနိုင်မည် ဖြစ်သည်။ စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိ (၂)မျိုးလုံးဝယ် ဝီထိစိတ္တက္ခဏ တစ်ခု တစ်ခု၌ အတူယှဉ်တွဲလျက် ဖြစ်ပေါ်နေကြကုန်သော ထိုစိတ်စေတသိက် (= နာမ်တရားစု) တို့ကို အားလုံးခြုံငုံ၍ ရှုနိုင် သောအခါ နာမ်တရား နာမ်တရားဟု ရှုပါ။

တစ်ဖန် ထိုနာမ်တရားတို့၏ မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော နှလုံး၌ တည်ရှိကြသော (၅၄)မျိုးသော ဘူတရုပ် ဥပါဒါရုပ်တို့နှင့်တကွ ရနိုင်သမျှသော အာကာသဓာတ် လဟုတာ မုဒုတာ ကမ္မညတာ ဥပစယ သန္တတိ ဇရတာ အနိစ္စတာ စသော ရုပ်အတုတို့ကိုပါ ရောနှော၍ ခြုံငုံ၍ - ရုပ်တရား ရုပ်တရားဟု ရှုပါ။

အလားတူပင် စက္ခုဝိညာဏ် နာမ်တရားစုတို့၏ မှီရာ စက္ခုဝတ္ထုနှင့် တကွ (၅၄)မျိုးသော ရုပ်အစစ်တို့နှင့် ရနိုင်သမျှသော ရုပ်အတုတို့ကိုပါ ရောနှော ခြုံငုံ၍ ရုပ်တရား ရုပ်တရားဟု ရှုပွား သိမ်းဆည်းပါ။

ဝတ္ထု နှင့် အာရုံ အယူအဆ

ဝတ္ထု နှင့် အာရုံ အယူအဆ

စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ (မ၊၃၊၃၂၈။ ဆဆက္ကသုတ္တန်။)

စက္ခုဉ္စ ပဋိစ္စ ရူပေ စာတိအာဒိနာ ဒွါရာရမ္မဏေသု ဧကဝစနဗဟုဝစနနိဒ္ဒေသာ ဧကနာနာသန္တာနဂတာနံ ဧကသန္တာနဂတဝိညာဏပစ္စယဘာဝတော ဧကနာနာဇာတိကတ္တာ စ။ (မူလဋီ၊၂၊၄၈။)

ဧကနာနာသန္တာနဂတာနန္တိ ဧကသန္တာနဂတာနံ အဘိန္နသန္တာနဂတာနံ ဒွါရာနံ, နာနာသန္တာနဂတာနံ ဘိန္နသန္တာနဂတာနံ အာရမ္မဏာနန္တိ ယောဇနာ။ ဧကနာနာဇာတိကတ္တာတိ စက္ခာဒိ ဧကေကဇာတိကတ္တာ ဒွါရာနံ, နီလာဒိအနေကဇာတိကတ္တာ အာရမ္မဏာနံ။ (အနုဋီ၊၂၊၅၆။)

အထက်တွင် ဖော်ပြထားသော ပါဠိတော်၌ - ပသာဒဘက် မှီရာဝတ္ထုရုပ်ဘက်တွင် စက္ခုဟု ဧကဝုစ်ဖြင့် ဟောတော်မူ၍ အာရုံဘက်၌ ရူပေဟု ဗဟုဝုစ်ဖြင့် ဟောကြားထားတော်မူ၏။ ဤဧကဝုစ်နှင့် ဗဟုဝုစ် ခွဲခြား၍ ဟောကြားထားတော်မူရခြင်းနှင့် စပ်လျဉ်း၍ မူလဋီကာဆရာတော်က အထက်ပါအတိုင်း ရှင်းပြထား၏။ ယင်း မူလဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

စက္ခုပသာဒနှင့် (= စက္ခုဒွါရနှင့်) ရူပါရုံကို စွဲမှီ၍ စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာရာဝယ် စက္ခုပသာဒ (= စက္ခုဒွါရ) သည် သတ္တဝါတစ်ယောက်၏ သန္တာန်၌ တည်၍ ထို တစ်သန္တာန်တည်း၌ တည်နေသော စက္ခု ပသာဒ (= စက္ခုဒွါရ) က ထိုတစ်သန္တာန်တည်း၌ပင် ဖြစ်ပေါ်တည်ရှိလာသော စက္ခုဝိညာဏ်အား --- --

၁။ စက္ခုဝိညာဏ်၏ မှီရာအဖြစ် ကျေးဇူးပြုခြင်း နိဿယပစ္စယသတ္တိ,

၂။ စက္ခုဝိညာဏ်၏ ရှေးက ကြိုတင်ဖြစ်၍ မှီရာအဖြစ် ကျေးဇူးပြုခြင်း ပုရေဇာတပစ္စယသတ္တိ,

၃။ စက္ခုဝိညာဏ်နှင့် နာမ်တရားစုတို့အား ရူပါရုံကို မြင်မှုကိစ္စ၌ အစိုးရခြင်း ထိန်းချုပ်ထားနိုင်ခြင်းဖြင့် ကျေးဇူး ပြုပေးခြင်း ဣန္ဒြိယပစ္စယသတ္တိ,

၄။ အတူယှဉ်တွဲ၍ မဖြစ်ခြင်းဖြင့် ကျေးဇူးပြုပေးခြင်း ဝိပ္ပယုတ္တပစ္စယသတ္တိတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူး ပြုပေး၏။

ရူပါရုံကား မိမိသန္တာန် သူတစ်ပါးသန္တာန်ဟု သန္တာန် အမျိုးမျိုး၌ ဖြစ်၍ ယင်း စက္ခုဝိညာဏ်အား သိစရာ အာရုံအဖြစ် ရပ်တည်လျက် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ထို့ပြင် သတ္တဝါတစ်ယောက် တစ်ယောက်၌ စက္ခုပသာဒသည် အရေအတွက်များသော်လည်း အမျိုးအစားအားဖြင့် တစ်မျိုးတစ်စားတည်းသာ ရှိ၏၊ ဇာတ် တစ်ခုတည်းသာ ဖြစ်၏၊ ထို စက္ခုပသာဒ (= စက္ခုဒွါရ) ၌ ထင်နိုင်သော ရူပါရုံကား အညို အရွှေ စသည်ဖြင့် အမျိုးမျိုး အစားစား အများအပြားပင် ရှိ၏၊ ဇာတ်ကွဲပြား၏။

ဤသို့လျှင် စက္ခုပသာဒ (= စက္ခုဒွါရ) က တစ်သန္တာန်တည်း၌ တည်ခြင်း, တစ်မျိုးတစ်စားသာ ရှိခြင်း, ရူပါရုံက အမျိုးမျိုးသော သန္တာန်တို့၌တည်ခြင်း, အမျိုးအစား များပြားခြင်းကြောင့် ပသာဒ (= ဒွါရ) ဘက်၌ စက္ခုဉ္စဟု ဧကဝုစ်ဖြင့် ဟောတော်မူပြီးလျှင် အာရုံဘက်၌ ရူပေ စဟု ဗဟုဝုစ်ဖြင့် ဟောပြတော်မူသည်။သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ စသည်တို့၌လည်း နည်းတူပင်တည်း။ (မူလဋီ၊၂၊၅၆။)

အဝုတ္တသမုစ္စည်း - စ - သဒ္ဒါ

အဝုတ္တသမုစ္စည်း - စ - သဒ္ဒါ

စက္ခုဉ္စ ရူပေ စ ၌ စ-သဒ္ဒါကား မဆိုအပ်သေးသည်ကိုပါ လှမ်း၍ သိမ်းဆည်းယူရသော အဝုတ္တ သမုစ္စယတ္ထ အနက် ရှိ၏။ စက္ခုဝိညာဏ် ဖြစ်သောအခါ စက္ခုပသာဒနှင့် ရူပါရုံကိုသာ စွဲမှီ၍ ဖြစ်ရသည် မဟုတ်သေး၊ မိမိ စက္ခုဝိညာဏ်၏ ရှေးက ကြိုတင်၍ ဖြစ်သွားသော မနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းကိုလည်းကောင်း, စက္ခုဝိညာဏ်၏ ယှဉ်ဖက်ဖြစ်သော ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရဟူသော ယှဉ်ဖက် စေတသိက် နာမ်ခန္ဓာ (၃)ပါး အပေါင်းကိုလည်းကောင်း စွဲမှီ၍ ဖြစ်ရသေးသည်ဟု ဆိုလိုပေသည်။ သောတဉ္စ ပဋိစ္စ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၇၆။)

မဟာဋီကာနှင့် အနုဋီကာတို့၏ ရှင်းလင်းချက်များ

မဟာဋီကာနှင့် အနုဋီကာတို့၏ ရှင်းလင်းချက်များ

ဧကမ္ပိ စက္ခုဝိညာဏဿ ပစ္စယော ဟောတိ၊ ရူပံ ပန အနေကမေဝ သံဟတန္တိ ဣမဿ ဝိသေသဿ ဒဿနတ္ထံ။ (မဟာဋီ၊၂၊၁၂၄။ အနုဋီ၊၂၊၅၆။)

စက္ခုဒသက ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိသော စက္ခုပသာဒ တစ်ခုတည်းက စက္ခုဝိညာဏ်အား ဖြစ်ပေါ်လာဖို့ရန် မှီရာဝတ္ထုအဖြစ်ဖြင့် ကျေးဇူးပြုပေးနိုင်၏။ စက္ခုဒသကကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော စက္ခုပသာဒ တစ်ခုတည်းကို မှီ၍ စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာနိုင်စွမ်း ရှိ၏။ သို့သော် ရုပ်ကလာပ် တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော တစ်ခုတည်းသော ရူပါရုံက စက္ခုဝိညာဏ်၏ သိစရာအာရုံအဖြစ် ရပ်တည် ၍ အာရမ္မဏပစ္စယသတ္တိဖြင့် စက္ခုဝိညာဏ် ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၍ မပေးနိုင်ပေ။ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော တစ်ခုတည်းသော ရူပါရုံကို စက္ခုဝိညာဏ်သည် မသိနိုင်ပေ။ ရုပ်ကလာပ် အများစု၏ အတွင်း၌ ပါဝင်တည်ရှိသော ရူပါရုံ အများစုကသာလျှင် စက္ခုဝိညာဏ် ဖြစ်ပေါ်လာဖို့ရန် အာရမ္မဏပစ္စယသတ္တိ ဖြင့် ကျေးဇူးပြုပေးနိုင်၏။ ရုပ်ကလာပ် အများစု၏ အတွင်း၌ ပါဝင်တည်ရှိသော ရူပါရုံ အများစုကိုသာလျှင် စက္ခုဝိညာဏ်က အာရုံပြုနိုင်၏ သိနိုင်၏။ ဤအဓိပ္ပါယ်ထူးကို ပြတော်မူခြင်းငှာ ပသာဒဘက်၌ စက္ခုံ - ဟု ဧကဝုစ်ဖြင့် ဟောတော်မူ၍ အာရုံဘက်၌ ရူပေ - ဟု ဗဟုဝုစ်ဖြင့် ဟောတော်မူသည်။

[မှတ်ချက် --- -- ရုပ်ကလာပ်တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော ရူပါရုံကို စက္ခုဝိညာဏ်သည် အာရုံ မပြုနိုင် မသိနိုင်သော်လည်း နာမရူပပရိစ္ဆေဒဉာဏ် စသော မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်တို့ဖြင့်ကား ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော ရူပါရုံကိုကား အာရုံပြုနိုင် သိနိုင်သည်သာဖြစ်သည်။ ဝိပဿနာဇောတို့ကား ရုပ်ကလာပ်စသည့် ရုပ်တုံးရုပ်ခဲ ရုပ်ဃနတို့ကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ထွင်းဖောက်သိမြင်သော ဇောစိတ်အစဉ်များ ဖြစ်သောကြောင့်တည်း။]

တစ်ခုတည်းသာဖြစ်သော စက္ခုပသာဒသည် စက္ခုဝိညာဏ်အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်၏၊ ရူပါရုံသည်ကား များစွာပေါင်းစုလျက် ဖြစ်ပေါ်လာမှသာလျှင် ယင်းရူပါရုံ အများစုက စက္ခုဝိညာဏ်အား ဖြစ် ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်၏ဟူသော ဤစကားရပ်၌ အကြောင်းတရားကား အဘယ်ပါနည်းဟူမူ --- -- ကျေးဇူးပြုတတ်သည်၏ အဖြစ်၏ ထူးခြားမှုကြောင့်တည်းဟုပင် ဖြေဆိုလေရာ၏၊ စက္ခုပသာဒသည် စက္ခု ဝိညာဏ်အား --- --

၁။ မှီရာအဖြစ် ကျေးဇူးပြုခြင်း နိဿယ ပစ္စယသတ္တိ,

၂။ ရှေးက ကြိုတင်၍ ဖြစ်လျက် ကျေးဇူးပြုခြင်း ပုရေဇာတပစ္စယသတ္တိ,

၃။ ရူပါရုံကို မြင်မှုကိစ္စ၌ အစိုးရခြင်း ထိန်းချုပ်ထားနိုင်ခြင်းဖြင့် ကျေးဇူးပြုပေးခြင်း ဣန္ဒြိယပစ္စယသတ္တိ,

၄။ အတူယှဉ်တွဲ၍ မဖြစ်ခြင်းဖြင့် ကျေးဇူးပြုပေးခြင်း ဝိပ္ပယုတ္တပစ္စယသတ္တိတို့ဖြင့် --- --

ကျေးဇူးပြုလတ်သော အခါဝယ် စက္ခုပသာဒသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် အသက်ထင်ရှားရှိနေဆဲ ကာလ၌သာလျှင် စက္ခုဝိညာဏ်အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုနိုင်၏။ အကြောင်းမူ ထိုစက္ခုပသာဒသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိနေသော်သာလျှင် ထို စက္ခုဝိညာဏ်၏ ထင်ရှားဖြစ်နိုင်ခြင်း ရှိနိုင်ခြင်း ကြောင့်လည်းကောင်း, ထို စက္ခုပသာဒသည် (မျက်စိကွယ်နေခြင်း စသည်တို့ကြောင့်) ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိလတ်သော် ထိုစက္ခုဝိညာဏ်၏ ထင်ရှား မဖြစ်နိုင်ခြင်း မရှိနိုင်ခြင်းကြောင့်လည်းကောင်း ဖြစ်သည်။

[မှတ်ချက် --- -- စိတ္တက္ခဏ (၁၇) ချက် သက်တမ်းရှည်သော စက္ခုပသာဒသည် မိမိ၏ ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် စက္ခုဝိညာဏ်အား ဖြစ်ပေါ်လာအောင် မှီရာ နိဿယသတ္တိ စသည်တို့ဖြင့် ကျေးဇူး ပြုပေးနိုင်၏။ အထူးသဖြင့် မဇ္ဈိမာယုက အမည်ရသော ရှေးဦးအစ အတီတဘဝင်နှင့် ဥပါဒ် ပြိုင်၍ ပြိုင်တူ ဖြစ်သော စက္ခုပသာဒကို မှီ၍ များသောအားဖြင့် စက္ခုဝိညာဏ်သည် ဖြစ်လေ့ရှိသည်။ သို့အတွက် စက္ခုဝိညာဏ် ဖြစ်ချိန်ဝယ် ယင်း စက္ခုဝိညာဏ်၏ မှီရာ စက္ခုပသာဒမှာ ထင်ရှားရှိနေတုန်းသာ ဖြစ်သည်ဟု ဆိုလိုကြောင်းကို မှတ်သားပါ။]

ယင်းသို့လျှင် စက္ခုပသာဒသည် စက္ခုဝိညာဏ်အား ထင်ရှားရှိသည်၏ အဖြစ်ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတတ်သောကြောင့် ထိုစက္ခုပသာဒသည် ထို စက္ခုဝိညာဏ်အား --- --

၁။ ထင်ရှား ရှိနေခြင်းဖြင့် ကျေးဇူးပြုပေးခြင်း အတ္ထိပစ္စယသတ္တိ,

၂။ မိမိ မကင်းမီ မချုပ်မီ ကျေးဇူးပြုပေးခြင်း အဝိဂတပစ္စယသတ္တိ --- --

တို့ဖြင့် ကျေးဇူးပြုတတ်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူပေ၏။

ဝတ္ထုရုပ်၌ ဝိညာဏ်မှီပုံ --- -- စက္ခုပသာဒ (= စက္ခုဝတ္ထုရုပ်)ကို စက္ခုဝိညာဏ်က မှီ၍ ဖြစ်သည်ဟု ဆိုရာ၌ စက္ခုဝိညာဏ်သည် စက္ခုဝတ္ထုရုပ် အပေါ်၌ ထပ်လျက်, သို့မဟုတ် စက္ခုဝတ္ထုရုပ်၏ ဘေးပတ်ဝန်းကျင်၌ ကပ်ငြိ လျက် မှီ၍ဖြစ်သည်ကား မဟုတ်၊ အဘယ်ကြောင့်နည်းဟူမူ - စက္ခုဝိညာဏ်က စက္ခုဝတ္ထုရုပ်အပေါ်၌ တစ်စိတ် တစ်ဒေသအားဖြင့် ထိုသို့ ကပ်ငြိနေနိုင်လောက်အောင် အထည်ဒြပ် မရှိသော နာမ်တရားမျှသာ ဖြစ်သော ကြောင့်တည်း။ ဆရာကို တပည့်က မှီသည်ဟု ဆိုရာ၌ ဆရာမရှိလျှင် တပည့်သည် မကြီးပွားနိုင်သည့်အတွက် ဆရာကို တပည့်က မှီရသည်ဟု ခေါ်ဝေါ်သုံးစွဲသကဲ့သို့လည်းကောင်း, ရှင်ဘုရင်ကို မင်းချင်းယောက်ျားတို့က မှီကြသည်ဟု ဆိုရာ၌ ရှင်ဘုရင် မရှိလျှင် မင်းချင်းယောက်ျားတို့သည် မကြီးပွားနိုင်ကြသည့်အတွက် ရှင်ဘုရင် ကို မင်းချင်းယောက်ျားတို့က မှီကြသည်ဟု ခေါ်ဝေါ်သုံးစွဲသကဲ့သို့လည်းကောင်း -- အလားတူပင် ထို စက္ခု ဝိညာဏ်၏ ထိုစက္ခုပသာဒနှင့် ကင်း၍ မဖြစ်နိုင်ဘဲ ထိုစက္ခုပသာဒ စက္ခုဝတ္ထုရုပ်နှင့်သာလျှင် စပ်သောဖြစ်ခြင်း ရှိသည်၏ အဖြစ်ဖြင့်သာလျှင် မှီ၍ ဖြစ်ခြင်း = နိဿယ - သဘောကို အလိုရှိအပ်ပေသည်။

နိဿယပစ္စည်းမှ တစ်ပါးကုန်သော ပုရေဇာတစသော ပစ္စည်းတို့ကိုကား စက္ခုဝိညာဏ်၏ ရှေးကကြိုတင် ၍ ဖြစ်ခြင်းစသော ထိုထို အကြောင်းထူးဖြင့် သိရှိပါလေကုန်။ ထိုသို့ စက္ခုဝတ္ထုက စက္ခုဝိညာဏ်အား နိဿယ စသော မှီရာ ပစ္စယသတ္တိထူးတို့ဖြင့် ကျေးဇူးပြုမှုသည် တစ်ခုတည်းသော စက္ခုပသာဒ၌ မဖြစ်သင့်သည်ကား မဟုတ်သောကြောင့်, တစ်ခုတည်းသော စက္ခုပသာဒသည်လည်း စက္ခုဝိညာဏ်အား ဖြစ်ပေါ်လာအောင် ကျေးဇူး ပြုသည်သာ ဖြစ်သောကြောင့် - စက္ခုဉ္စ ပဋိစ္စ - ဟု ဧကဝုစ်ဝိဘတ်ဖြင့် ညွှန်ကြားပြသ ဆိုဆုံးမတော်မူခြင်းကို ပြုတော်မူခဲ့ပေသည်။

ရူပါရုံ --- -- အဆင်းရူပါရုံသည်ကား စက္ခုဝိညာဏ်၏ ရှေးဦးစွာ ဖြစ်နှင့်၍ ပျက်ခြင်းဘင်ကာလသို့ မရောက်မီ ထင်ရှားရှိနေဆဲ ဌီ ခဏ၌သာလျှင် စက္ခုဝိညာဏ် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတတ်သည်၏ အဖြစ်ကြောင့် စက္ခုဝတ္ထုသည် စက္ခုဝိညာဏ်အား ပုရေဇာတ အတ္ထိ အဝိဂတ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုသကဲ့သို့ပင် ယင်း ရူပါရုံသည် ယင်း စက္ခုဝိညာဏ်အား ကျေးဇူးပြုနိုင်သည်ကား မှန်၏၊ သို့သော်လည်း ရုပ်ကလာပ်ပေါင်းများစွာ အတွင်း၌ ပါဝင်တည်ရှိသော များစွာသာလျှင် ဖြစ်သော ရူပါရုံအပေါင်းသည် ပေါင်းစပ်အပ်သည် ဖြစ်၍သာလျှင် ယင်းများစွာသော ရူပါရုံ အပေါင်းအစုက စက္ခုဝိညာဏ်အား ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် စက္ခုဝိညာဏ်၏ သိစရာ အာရုံအဖြစ် ရပ်တည်၍ ကျေးဇူးပြုပေးနိုင်၏။ ရူပါရုံသည် စက္ခုဝိညာဏ်၏ သိစရာ အာရုံ ဖြစ်သောကြောင့် = စက္ခုဝိညာဏ်၏ သိစရာအာရုံအဖြစ် ကျေးဇူးပြုပေးတတ်သော အာရမ္မဏ အကြောင်း တရား ဖြစ်သောကြောင့်တည်း။

အာရမ္မဏ = အာလမ္ဗဏ --- -- (၁) ပရမတ္ထဓမ္မသဘာဝမူလည်း ဖြစ်သော, (၂) ပရမတ္ထဓမ္မသဘာဝအားဖြင့် ထင်ရှားမရှိဘဲ ကြံဆအပ်သော အခြင်းအရာမျှမူလည်းဖြစ်သော အကြင် ပရမတ် ပညတ် တစ်မျိုးမျိုးသော အာရုံ အကြောင်းတရားကို အသိစိတ်ဝိညာဏ်သည် ထင်လင်းစေလျက် ဖြစ်ပေါ်လာ၏။

ဝိညာဏ်ဟူသည် အာရုံကို ယူတတ်သော သာရမ္မဏဓမ္မသာ ဖြစ်၏၊ အာရုံကို မယူတတ်သော အနာရမ္မဏဓမ္မကား မဟုတ်ပေ။ ထိုကြောင့် ထိုဝိညာဏ်သည် တစ်စုံတစ်ခုသော အာရုံကို မစွဲကိုင်မူ၍ အာရုံ မပြုမူ၍ ဖြစ်ခြင်းငှာ မစွမ်းနိုင်ပေ။ ထိုဝိညာဏ်ကို ထင်လင်းစေလျက် ဖြစ်ပေါ်လာသော ထိုသိစရာအာရုံ အကြောင်း တရားသည် အာရုံယူတတ်သည့် သာရမ္မဏဓမ္မသဘာဝ ဖြစ်သော ထိုဝိညာဏ်၏ ထောက်မှီ၍ ဖြစ်ခြင်း၏ အကြောင်းတရား၏ အဖြစ်ဖြင့် စွဲကိုင်အပ်သည်၏ အဖြစ်ကြောင့် အာလမ္ဗဏ = အာရမ္မဏ = အာရုံ မည်၏။

ထိုအာရုံသည်ကား --- --

(၁) ပရမတ္ထဓမ္မသဘာဝမူလည်း ဖြစ်သော,

(၂) ပရမတ္ထဓမ္မသဘာဝအားဖြင့် ထင်ရှားမရှိဘဲ ကြံဆအပ်သော အခြင်းအရာမျှဟူသော ပရိကပ္ပိတ (= ပညတ်) မူလည်း ဖြစ်သော --- --

ဤသဘာဝနှင့် ပရိကပ္ပိတ နှစ်မျိုးတို့တွင် အမှတ်မထား တစ်ပါးပါးသော အခြင်းအရာအားဖြင့် သဘော သဘာဝကို ရသည်၏ အစွမ်းအားဖြင့် ထိုဝိညာဏ်၏ အာရမ္မဏပစ္စည်းဟူသော သိစရာအာရုံ အကြောင်းတရား ကို ရရှိခြင်းသည် ဖြစ်ပေါ်လာနိုင်၏။

ထိုကြောင့် စက္ခုဝိညာဏ်သည် အဆင်းရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာလတ်သော် ထိုအဆင်းရူပါရုံ၏ သဘောကို ထင်လင်းစေလျက်သာလျှင် ဖြစ်ပေါ်လာ၏။ စက္ခုစသော ဣန္ဒြေနှင့် ဆက်စပ်မှု ရရှိမှသာ ဖြစ်ခွင့် ရှိသော ဖြစ်ခြင်းသဘောရှိသော ထိုဝိညာဏ်၏ ထိုအာရုံ၏ သဘောကို ရယူနိုင်ခြင်းသည် (= အဆင်း-အသံ စသည်ဖြင့် ရယူနိုင်ခြင်း, ယောက်ျား မိန်းမ စသည်ဖြင့် ရယူနိုင်ခြင်းသည်) ရုပ်ကလာပ်တစ်ခု နှစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော အဆင်းရူပါရုံ၏ အစွမ်းအားဖြင့်လည်း မဖြစ်နိုင်၊ ရုပ်ကလာပ်အနည်းငယ်၏ အတွင်း၌ ပါဝင် တည်ရှိသော (ရုပ်ကလာပ် လေးငါးခု၏ အတွင်း၌ ပါဝင်တည်ရှိသော) အဆင်း ရူပါရုံ၏ အစွမ်းဖြင့်လည်း မဖြစ်နိုင်။ စင်စစ်သော်ကား မိမိ၏ နှလုံးသွင်းမှု အာဘောဂ အားလျော်စွာ ထင်ခြင်းသို့ ရောက်ရှိလာသော ရူပါရုံ အရောင်အဆင်း၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်လာနိုင်၏။ ထိုကြောင့် များစွာသာလျှင် ဖြစ်သော အဆင်း ရူပါရုံသည် ပေါင်းစပ်၍ ကျေးဇူးပြုသည်၏ အဖြစ်ဖြင့် စက္ခုဝိညာဏ်အား ကျေးဇူးပြုခြင်းသည် ဖြစ်ပေါ်လာ၏ ဟု ထင်ထင်ရှားရှား ညွှန်ကြားပြသတော်မူလိုသည် ဖြစ်၍ ဘုရားရှင်သည် အာရုံဘက်၌ ရူပေဟု ဗဟုဝုစ်ဖြင့် ဟောကြားတော်မူသည်။ (မဟာဋီ၊၂၊၁၂၄။ အနုဋီ၊၂၊၅၆-၅၇။)

ရူပါယတနံ - ဟု ဟောတော်မူရာဝယ်

ရူပါယတနံ - ဟု ဟောတော်မူရာဝယ်

အဘိဓမ္မာ ပဋ္ဌာန်းဒေသနာတော်၌ --- --

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ (အဘိ၊၈၊၁။)

= ရူပါယတန (= ရူပါရုံ) သည် စက္ခုဝိညာဏဓာတ်အားလည်းကောင်း, ထိုစက္ခုဝိညာဏဓာတ်နှင့် အတူယှဉ်တွဲ ဖြစ်ကြကုန်သော စေတသိက် (= သမ္ပယုတ်တရားစု) တို့အားလည်းကောင်း အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေး၏။

ဤသို့လျှင် ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ ထိုသို့ ဟောကြားတော်မူသော စကားတော်၌ အာရုံအဖြစ် ကျေးဇူးပြုပေးနေသော ရူပါရုံကို ရူပါယတနံ (= ရူပါရုံ) ဟု ဧကဝုစ်ဝိဘတ်ဖြင့် ဟောကြားထား တော်မူသည်ကို တွေ့ရ၏။ ထိုသို့ ဟောကြားထားတော်မူချက်ကို မည်သို့ မည်ပုံ အဓိပ္ပါယ်ယူဆရမည်နည်းဟု မေးမြန်းဖွယ် ရှိလာပြန်၏။ အဖြေကား ဤသို့တည်း။

ထိုစကားတော်ကိုလည်း --- -- အကြင်သို့ သဘောရှိသော ရူပါရုံသည် စက္ခုဝိညာဏ်အား အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏၊ ထိုသို့ သဘောရှိသော ရူပါရုံ (= ရူပါယတန) ကိုသာလျှင် ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့ပေသည်ဟု မှတ်သားပါ။

ယင်းသို့ ဖြစ်လျှင် ဘုရားရှင်သည် ရည်ရွယ်တော်မူသော ထိုရူပါယတနသည် အဘယ်သို့သဘော ရှိပါ သနည်းဟု ဤသို့ မေးငြားအံ့၊ အပေါင်းအစု သဘောရှိသော ရူပါယတနသာ ဖြစ်သည်ဟု ဖြေဆိုလေရာ၏။ ဤသို့သော အနက်သဘောကား ထင်ရှားသည်သာ ဖြစ်၏။

ထိုကြောင့် စက္ခုဝိညာဏ် စသည်တို့သည် အာယတနကို မှတ်သည်၏ အစွမ်းအားဖြင့် ကောင်းစွာ မှတ် အပ်သော အာရုံရှိကုန်၏။ (= အရောင်မျှကိုကား သိကုန်၏ မြင်ကုန်၏။) ဒြပ်ကို မှတ်သည်၏ အစွမ်းအားဖြင့် (= ယောက်ျား မိန်းမ ကျွဲ နွား စသော ဒြပ်ကို မှတ်သည်၏ အစွမ်းအားဖြင့်) မှတ်အပ်သော အာရုံရှိကြသည်ကား မဟုတ်ကုန်ဟု ဧကေဆရာတို့သည် မိန့်ဆိုကြကုန်၏၊ ထို ဧကေဆရာတို့၏ စကားသည်လည်း အသင့်ပင် ဖြစ်၏။

ဤအရာ၌ စက္ခုဝိညာဏ်၏ ရူပါယတနအပေါင်းအစုကိုသာလျှင် အာရုံပြုသည်၏အဖြစ် အာရုံရှိသည်၏ အဖြစ်ကို မယုံမှားသင့်ပေ။ အကြောင်းမူ (အရောင်မျှကိုသာ နှလုံးသွင်းနေသဖြင့်) အပေါင်းအစုကို နှလုံးသွင်း ခြင်း၏ပင်လျှင် မရှိသောကြောင့် ဖြစ်၏။ သို့သော်လည်း များစွာပေါင်းစုထားအပ်ကုန်သော အဆင်းရူပါယတန ဓမ္မတို့သည်သာလျှင် စက္ခုဝိညာဏ်၏ သိစရာအာရုံ အကြောင်းတရား (= အာရမ္မဏပစ္စည်းတရား) တို့ ဖြစ်ကြ ကုန်၏။

အသီးအသီး တစ်ခုချင်း တစ်ခုချင်း စက္ခုဝိညာဏ်၏ အာရုံဖြစ်ခြင်းငှာ မစွမ်းနိုင်ကုန်သော အဆင်း ရူပါရုံတို့သည် ပေါင်းစုအပ်ကုန်သည်ရှိသော် စက္ခုဝိညာဏ်၏ သိစရာအာရုံ အကြောင်းတရား (= အာရမ္မဏ ပစ္စည်း) တို့သည် အဘယ်သို့လျှင် ဖြစ်ကြကုန်သနည်းဟု မေးရန် ရှိ၏။

မေးသင့်လှပေသည် --- -- အသီးအသီး တစ်ယောက်ချင်း တစ်ယောက်ချင်း ရူပါရုံကို မြင်ခြင်းငှာ မစွမ်းနိုင်ကုန်သော သူကန်းတို့သည် များစွာ ပေါင်းစုအပ်ကုန်သော်လည်း ရူပါရုံကိုကား မမြင်နိုင်ကြကုန်သည်သာ ဖြစ်၏ဟု ပြောဆိုလာငြားအံ့ --- --

ဤတစ်ခုချင်း တစ်ယောက်ချင်း မစွမ်းနိုင်ကုန်သော အရာတို့ကို များစွာ ပေါင်းစုအပ်ကုန်သော်လည်း မစွမ်းနိုင်ဟူသော ဤအနက်သဘောသည်ကား ဧကန်ကိန်းသေ သဘောတရား မဟုတ်ပေ။ ထမ်းစင်, ဝေါတို့ကို လူတစ်ယောက်ချင်း ထမ်းလျှင်ကား မစွမ်းနိုင်၊ သို့သော် တစ်ယောက်ချင်း အသီးအသီး ထမ်းဆောင်ခြင်းငှာ မစွမ်းနိုင်ကုန်သော များစွာကုန်သော သူတို့သည် များစွာပေါင်းစု၍ ထမ်းစင်, ဝေါတို့ကို ထမ်းဆောင်ခဲ့ကြသော် စွမ်းနိုင်ကြကုန်၏။ ယင်းသို့ စွမ်းနိုင်သည်၏ အဖြစ်ကို လောက၌ တွေ့မြင်ရခြင်းကြောင့် တစ်ခုချင်း တစ်ယောက် ချင်း မစွမ်းနိုင်သော အရာတို့ကို များစွာ ပေါင်းစုအပ်ကုန်သော်လည်း မစွမ်းနိုင်ဟူသော ဤအနက်သဘောသည် ဧကန်ကိန်းသေ သဘောတရား မဟုတ်ပေ။

ထို့ပြင် ဦးခေါင်းစသော ဌာန တစ်ခုခု၌ အသီးအသီး တစ်ပင်စီ တစ်ပင်စီ သီးသန့် ဝေးဝေးတည်နေ ကြကုန်သော ဆံပင်စသည်တို့၏ အရောင်အဆင်းကို လှမ်း၍ အာရုံယူခြင်း မြင်ခြင်းငှာ မစွမ်းနိုင်သော်လည်း ထိုနေရာ၌ပင်လျှင် များစွာပေါင်းစု၍ တည်နေကြကုန်သော ဆံပင်စသည်တို့၏ အရောင်အဆင်းကို လှမ်း၍ အာရုံယူခြင်း မြင်ခြင်းငှာ စွမ်းနိုင်ကြ၏။ ထိုကြောင့် ထိုအဆင်း ရူပါရုံတို့၏ စက္ခုဝိညာဏ်အား ပေါင်းစပ်၍ ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် တိုင်းထက်အလွန်ပင် ပေါ်လွင်ထင်ရှားလျက် ရှိပေ၏။

ဤဆိုအပ်ခဲ့ပြီးသော စကားအစဉ်ဖြင့် ပရမာဏု အဆင်းရူပါရုံသည် စက္ခုဝိညာဏ်၏ အာရုံ ဖြစ်လေ သလော၊ သို့မဟုတ် ထိုပရမာဏု အဆင်းရူပါရုံ အပေါင်းအစုသည်ပင် စက္ခုဝိညာဏ်၏ အာရုံ ဖြစ်လေသလော ဤသို့ အစရှိသော စောဒနာမှု မေးမြန်းမှုကို ပယ်အပ်ပြီးသာ ဖြစ်သည်ဟု သိရှိပါလေ။

သောတဉ္စ ပဋိစ္စ သဒ္ဒေ စ --- -- စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ (မဟာဋီ၊၂၊၁၂၅။ အနုဋီ၊၂၊၅၇-၅၈။)

သတိပြုပါ

သတိပြုပါ

ဤအထက်ပါ ဝတ္ထုနှင့် အာရုံ - အယူအဆပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် အယူအဆများအရ စက္ခုဒွါရ ဝီထိ၏ အတွင်း၌ ပါဝင်တည်ရှိကြသော စက္ခုဒွါရ နာမ်တရားစုတို့သည် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံ အရောင်ကို သိနိုင်စွမ်း မရှိဘဲ ရုပ်ကလာပ် အများစု၏ ရူပါရုံ အရောင်မျှကိုသာ သိနိုင်စွမ်း ရှိသည်ဟု မှတ်သားပါ။

သို့သော် စက္ခုဒွါရဝီထိ၏ နောက်၌ ဆက်လက်၍ ဖြစ်ပေါ်လာကြကုန်သော တဒနုဝတ္တိက မနောဒွါရဝီထိ သုဒ္ဓမနောဒွါရဝီထိတို့သည်လည်း ရူပါရုံ အများစုကိုပင် ဆက်လက်၍ ယေဘုယျအားဖြင့် အာရုံယူနိုင်ကြသည် မှန်သော်လည်း နာမရူပပရိစ္ဆေဒဉာဏ်စသည့် ဝိပဿနာဉာဏ်များ ဦးဆောင်သည့် မနောဒွါရဝီထိတို့ဖြင့် ရုပ် ကလာပ် အများစု၏ ရူပါရုံအရောင်မျှကိုသာမက ရုပ်ကလာပ်တစ်ခု တစ်ခု၏ ရူပါရုံကိုလည်း အာရုံပြုနိုင် သိနိုင် သည်သာ ဖြစ်သည်။ သို့အတွက် ရူပါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော ရူပါရုံအရောင်လိုင်း နာမ်တရားစု တို့ကို သိမ်းဆည်းရာ၌ ရုပ်ကလာပ် တစ်ခု၏ သို့မဟုတ် ရုပ်ကလာပ် အများစု၏ ရူပါရုံ အရောင်ကို အာရုံယူ၍ ရှုပွား သိမ်းဆည်းရန် စာမျက်နှာ (၁၅၂)တွင် ဖော်ပြခဲ့ခြင်း ဖြစ်ပေသည်။

ပရမတ်ကို အာရုံယူနိုင်သော မနောဒွါရဝီထိများကို ရည်ရွယ်၍ ရုပ်ကလာပ် တစ်ခုဟုလည်းကောင်း, ပရမတ်ကို အာရုံ မယူနိုင်သေးသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိများကို ရည်ရွယ်၍ ရုပ်ကလာပ် အများစုဟု လည်းကောင်း အသီးအသီး ဖော်ပြထားသည်ဟု မှတ်သားပါ။

အထူး စိတ်ဝင်စားဖွယ် တစ်ရပ်

အထူး စိတ်ဝင်စားဖွယ် တစ်ရပ်

ဤအရာတွင် ဆရာမြတ်တို့၏ အယူအဆ ကွဲပြားမှုမှာ အထူးစိတ်ဝင်စားဖွယ်ရာ အချက်တစ်ရပ်ပင် ဖြစ် ပေသည်။ စက္ခုဝိညာဏ်နှင့် သမ္ပယုတ်တရားစုတို့သည် စက္ခုအကြည်ဓာတ်ကို မှီ၍ဖြစ်ကြရာ၌ စက္ခုအကြည်ဓာတ် တစ်ခုတည်းကိုသာ မှီ၍ ဖြစ်ကြလေသလော၊ စက္ခုအကြည်ဓာတ် များစွာကိုပင် မှီ၍ ဖြစ်ကြလေသလော။

ကျန် စက္ခုဒွါရိကစိတ်နှင့် သမ္ပယုတ်တရားစုတို့သည်လည်းကောင်း, ရူပါရုံကိုပင် ဆက်လက်၍ အာရုံ ယူနေကြသည့် မနောဒွါရိကဝီထိစိတ်နှင့် သမ္ပယုတ်တရားစုတို့သည်လည်းကောင်း ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြ ရာဝယ် ဟဒယဝတ္ထုရုပ် တစ်ခုတည်းကိုပင် မှီ၍ ဖြစ်ကြသလော၊ ဟဒယဝတ္ထုရုပ်များစွာကိုပင် မှီ၍ ဖြစ်ကြလေ သလောဟု စိစစ်ရာ၌ --- --

၁။ အထင်ရှားဆုံး အားအကောင်းဆုံး ဝတ္ထုရုပ်တစ်ခုကိုသာ မှီ၍ ယင်း နာမ်တရားစုတို့သည် ဖြစ်ကြသည် ဟူသော ဝါဒတစ်ရပ်,

၂။ မှီရာဝတ္ထုရုပ် အများစုကိုသာ မှီ၍ ယင်း နာမ်တရားစုတို့သည် ဖြစ်ကြသည်ဟူသော ဝါဒတစ်ရပ် --- --

ဤသို့ ဝါဒ (၂)ရပ် ရှိပေ၏။ အသင်ယောဂီသူတော်ကောင်း ကိုယ်တိုင်ပင် လက်တွေ့ စမ်းသပ် ကြည့်ရှုရန် သင့်သော အချက်တစ်ရပ်ပင် ဖြစ်သည်။

ထိုဝါဒ (၂)ရပ်တို့တွင် အထင်ရှားဆုံး အားအကောင်းဆုံး ဝတ္ထုရုပ် တစ်ခုတည်းကိုသာ မှီ၍ နာမ်တရားစု တို့သည် ဖြစ်ကြသည်ဟူသော ဝါဒမှာ အထက်တွင် ရှင်းလင်းတင်ပြထားသော မဟာဋီကာ အနုဋီကာတို့၏ ရှင်းလင်းချက်များအတိုင်း --- -- စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ ... စသော ဒေသနာတော်များနှင့် ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်လျက်ပင် ရှိပေသည်။ သို့သော် မူလဋီကာဆရာတော်ကား မှီရာဝတ္ထုရုပ် အများစုကိုသာ မှီ၍ နာမ်တရားစုတို့သည် ဖြစ်ကြသည်ဟု ယူလိုရိပ် ရှိပေ၏။ (မူလဋီ၊၂၊၄၈ - ကြည့်။)

ထိုသို့ ဝတ္ထုရုပ်တစ်ခုတည်းကိုသာ မှီ၍ ဖြစ်ကြရာ၌ --- --

၁။ ပဉ္စဒွါရာဝဇ္ဇန်းသည် မိမိ၏ရှေးက တည်ရှိသော ဘဝင်္ဂုပစ္ဆေဒ (= ပြတ်သော ဘဝင်) နှင့် အတူ ဥပါဒ်၍ ဖြစ်ကြသော ဟဒယဝတ္ထုရုပ်တို့တွင် အထင်ရှားဆုံး အားအကောင်းဆုံး ဟဒယဝတ္ထုရုပ် တစ်ခုခုကို လည်းကောင်း,

၂။ စက္ခုဝိညာဏ်သည် မိမိ၏ရှေးက ဖြစ်သွားပြီးသော မဇ္ဈိမာယုက ဖြစ်၍ ရှေးဦးအစ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်လျက် ဖြစ်ကြသော စက္ခုဝတ္ထုရုပ်တို့တွင် အထင်ရှားဆုံး အားအကောင်းဆုံး စက္ခုဝတ္ထုရုပ် တစ်ခုခုကိုလည်းကောင်း,

၃။ သမ္ပဋိစ္ဆိုင်းသည် မိမိ၏ရှေးက ဖြစ်သွားပြီးသော စက္ခုဝိညာဏ်စိတ်နှင့် အတူဥပါဒ်၍ ဖြစ်ကြသော ဟဒယ ဝတ္ထုရုပ်တို့တွင် အထင်ရှားဆုံး အားအကောင်းဆုံး ဟဒယဝတ္ထုရုပ် တစ်ခုခုကိုလည်းကောင်း အသီးအသီး မှီ၍ ဖြစ်ကြသည်ဟု ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။

စက္ခုဝိညာဏ်မှ တစ်ပါးသော စက္ခုဒွါရိကဝီထိစိတ်တို့နှင့် ရူပါရုံကို ဆက်လက်အာရုံယူကြသည့် မနောဒွါရိက ဝီထိစိတ်တို့သည် သို့မဟုတ် ပဉ္စဝိညာဏ်မှ တစ်ပါးသော စိတ်အားလုံးတို့သည် မိမိ၏ ရှေးကဖြစ်နှင့်သော မမြဲသော အနိယမအားဖြင့် ပဋိသန္ဓေ အစရှိသော ရှေးရှေးသော စိတ်နှင့် အတူဥပါဒ်ကြသော ဟဒယဝတ္ထုရုပ် တို့တွင် အထင်ရှားဆုံး အားအကောင်းဆုံးသော ဟဒယဝတ္ထုရုပ်တစ်ခုကို မှီ၍ ဖြစ်ကြသည်ဟု အချုပ်ကို မှတ်သား ထားပါလေ။

ဤတွင် မိုင်းခိုင်းဆရာတော်ဘုရားကြီး၏ ဝီထိပုံ - ဘုံစဉ် - ဆန်းပုံ - သိမ်ပုံ-ကျမ်းမှ မန္ဒာယုက- အမန္ဒာယုက-မဇ္ဈိမာယုကပသာဒတို့နှင့် မှီရာ ဝိညာဏ်တို့၏ အကြောင်းကို ဆရာတော်ဘုရားကြီး အသုံးပြု တော်မူသော ဇယားအတိုင်း မှတ်ချက်များနှင့်တကွ ဖော်ပြအပ်ပါသည်။

မန္ဒာယုက - အမန္ဒာယုက - မဇ္ဈိမာယုက

မန္ဒာယုက - အမန္ဒာယုက - မဇ္ဈိမာယုက

၁။ မန္ဒာယုက ပသာဒ,

၂။ အမန္ဒာယုက ပသာဒ,

၃။ မဇ္ဈိမာယုက ပသာဒ --- --

တို့သည် စိတ္တက္ခဏ (၁၇)ချက် အသက်ရှည်သော သတ္တရသာယုကချည်းဖြစ်၍ အသက်ရှည်, တို, အပို, အယုတ် မရှိသော်လည်း ပဉ္စဒွါရဝီထိစိတ်၏ အာရုံဖြစ်သော ပဉ္စာရုံနှင့် ပြိုင်၍ ချုပ်သည်၊ ရှေးဦး ချုပ်သည်၊ နောက်မှ ချုပ်သည်ကို စွဲ၍ မဇ္ဈိမာယုက, မန္ဒာယုက, အမန္ဒာယုကဟု ခေါ်ဆိုသည်။ စက္ခုဒွါရ အတိမဟန္တာရုံ ဝီထိ၌ အတီတဘဝင် ဥပါဒ်က စ၍ ဖြစ်သော စက္ခုပသာဒသည် မိမိနှင့် ထိခိုက်သော ရူပါရုံနှင့် ပြိုင်၍ချုပ်ခြင်း ကြောင့် မရှည်မတို အလယ်အလတ် အသက်ရှိ၏ဟု ဆိုအပ်ရကား မဇ္ဈိမာယုက မည်၏။

ယင်းအတီတဘဝင်မှ ရှေးစိတ္တက္ခဏတို့၌ (အထူးသဖြင့် ရှေးဘဝင်စိတ္တက္ခဏတို့၌) ဥပါဒ်သော (၃၇)ခု သော စက္ခုပသာဒတို့သည် ထိခိုက်သော ရူပါရုံ မချုပ်မီ ချုပ်ခြင်းကြောင့် ထိုရူပါရုံအောက် နည်းသော တိုသော အသက် ရှိ၏ဟု ဆိုအပ်ရကား မန္ဒာယုက မည်ကုန်၏။

ယင်းအတီတဘဝင် ဌီ-ဘင်မှ စ၍ နောက်စိတ္တက္ခဏတို့၌ဖြစ်သော (၁၁)ခုသော စက္ခုပသာဒတို့သည် ထိခိုက်သော ရူပါရုံ ချုပ်သည်တိုင်အောင် မချုပ်သေးသောကြောင့် ထို ရူပါရုံထက် ရှည်သောအသက် ရှိ၏ဟု ဆိုအပ်ရကား အမန္ဒာယုက မည်ကုန်၏။ ကြွင်းသော စက္ခုဒွါရဝီထိတို့၌လည်းကောင်း, သောတဒွါရဝီထိ စသည် တို့၌လည်းကောင်း ဤနည်းကို မှီ၍ သိအပ်၏။

ပဉ္စဝိညာဏ် ဖြစ်သည်မှ ေ့ရှ၌ဖြစ်ခဲ့၍ ပဉ္စဝိညာဏ် ဖြစ်သည်တိုင်အောင် မချုပ်မပျက် အသက်ရှည်သေး ခြင်းကြောင့် နိဿယ ပုရေဇာတပြု၍ ပဉ္စဝိညာဏ်မှီခြင်းငှာထိုက်သော ထို မန္ဒာယုက အမန္ဒာယုက မဇ္ဈိမာယုက ပဉ္စပသာဒတို့တွင် မဇ္ဈိမာယုက ပဉ္စပသာဒကိုသာ ပဉ္စဝိညာဏ်မှီသည်ဟု စောဒနာများစွာနှင့် အဘိဓမ္မာဝတာရဋီကာ ဆုံးဖြတ်၏၊ ပဉ္စဒွါရာဝဇ္ဇန်းနှင့်သော်လည်းကောင်း, ဘဝင်္ဂုပစ္ဆေဒနှင့်သော်လည်းကောင်း ဥပါဒ် ပြိုင်သော ပဉ္စပသာဒကို ပဉ္စဝိညာဏ် မှီသည်ဟူသော ဝါဒကိုကား ပယ်၏။ ။ တထာပိ ဝိစာရေတဗ္ဗမိဒံ ဌာနံ = (သို့သော်လည်း ဤအရာဌာန ဤအကြောင်းအရာကို ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်သင့်ပေ၏။)

ပဉ္စဝေါကာရဘုံ၌ ဖြစ်သော မနောဝိညာဏ်စိတ်တို့တွင် ပဋိသန္ဓေစိတ်သည် မိမိနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုကို မှီ၏။ ဘဝင်စသော မနောဝိညာဏ်စိတ်တို့သည်ကား မိမိ၏ ရှေးအနန္တရစိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုကို မှီကုန်၏။ နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ် အရဟတ္တဖိုလ်စိတ်တို့သည် ရှေး စိတ္တက္ခဏတစ်ချက်ခန့် ကာလ၌ ဥပါဒ်သော ဟဒယဝတ္ထုကို မှီကုန်၏။ မရဏာသန္နအခါ ဘဝင် အာဝဇ္ဇန်းစသော မနောဝိညာဏ်စိတ်တို့သည် စုတိမှ ပြန်၍ရေသည်ရှိသော် (၁၇)ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုကို မှီကုန်၏။ (ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံကျမ်း၊စာမျက်နှာ-၂။)

သဒ္ဒါရုံ (= အသံ) လိုင်း - နာမ်တရားတို့ကို ရှုပုံ

သဒ္ဒါရုံ (= အသံ) လိုင်း - နာမ်တရားတို့ကို ရှုပုံ

ရူပါရုံ အရောင်လိုင်း၌ ရူပါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော ကုသိုလ်ဇောများ ပါဝင်သည့် အကောင်းအုပ်စု နာမ်တရားတို့ကို အသီးအသီး ရှုရသကဲ့သို့ အလားတူပင် သဒ္ဒါရုံ (= အသံ)ကို အာရုံပြု၍ ဖြစ် ပေါ်လာကြကုန်သော အကောင်းအုပ်စု နာမ်တရားတို့ကိုလည်း အသီးအသီး ကုန်စင်အောင် သိမ်းဆည်း ရှုပွား ရ၏။ သဒ္ဒါရုံလိုင်း ကုသိုလ်ဇောများပါဝင်သည့် အကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော်---

၁။ သောတအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းပါ။

၂။ အသံ (= သဒ္ဒါရုံ) တစ်ခုကို လှမ်း၍ အာရုံယူပါ သိမ်းဆည်းပါ။ ထိုအသံ (= သဒ္ဒါရုံ) ကို --- --

၁။ သဒ္ဒါရုံဟု (အသံဟု)

၂။ ရုပ်တရားဟု

၃။ အနိစ္စဟု

၄။ ဒုက္ခဟု

၅။ အနတ္တဟု

၆။ အသုဘဟု --- --

ဤသို့လျှင် (၆)ကြိမ် ခွဲ၍ အသီးအသီး ရှုပါ။ ရူပါရုံ (= အရောင်) လိုင်း၌ကဲ့သို့ပင် တစ်ချက် တစ်ချက်၌ ဉာဏ်နှင့် ပီတိ ယှဉ်-မယှဉ်သို့ လိုက်၍ (၄)ချက်စီပင် ရှုပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများ ပါဝင်သည့် သောတဒွါရဝီထိ မနောဒွါရဝီထိများ ဖြစ်ပေါ်လာကြမည်။ သောတဒွါရဝီထိကား --- -- ပဉ္စဒွါရာဝဇ္ဇန်း, သောတဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ် - ဟူသော စိတ်အစဉ်ပင်တည်း။ (အတိမဟန္တာရုံ ဝီထိတည်း။) ဝီထိစိတ်အစဉ်တွင် - စက္ခုဝိညာဏ် အရာဝယ် အသံ (= သဒ္ဒါရုံ) ကို သိနေသော သောတဝိညာဏ် ဖြစ်ပေါ်လာ၏။ ယင်း သောတဝိညာဏ် နာမ်တရားစုတို့၏ မှီရာဝတ္ထုရုပ်တို့မှာ နားဒွါရ၌ ဖြစ် ကြကုန်သော (၅၄)မျိုးကုန်သော ဘူတရုပ် ဥပါဒါရုပ်တို့ပင်တည်း။ သောတဝိညာဏ်မှ တစ်ပါးသော သောတ ဒွါရဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော ဝီထိစိတ်တို့နှင့် အသံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရဝီထိ စိတ်တို့ကား ဟဒယဝတ္ထုရှိရာ မနောဒွါရ၌ တည်ရှိကြသော (၅၄)မျိုးကုန်သော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပင် မှီ၍ ဖြစ်ကြသည်။ (ရုပ်ပိုင်း ဇယားများတွင် ပြန်ကြည့်ပါ။) အကြွင်းကား သိလွယ်ပြီ။ ဤ၌လည်း -- ၆ _ ၄ =၂၄ ကြိမ်ပင် ရှုပါ။

အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် မိမိ၏ အသက်ရှူသံကဲ့သို့သော အသံကို အာရုံယူ၍ ရှုပါက ထိုအသက်ရှူနေသော ဝင်လေ ထွက်လေ၌ တည်ရှိသော အသံနှင့် တကွ (၉)မျိုးကုန်သော သဒ္ဒနဝက ကလာပ်ရုပ်တို့ကို ဓာတ်ခွဲလျက် အသံ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် သိမ်းဆည်းရှုပွားပါ။

ဂန္ဓာရုံ (= အနံ့) လိုင်း

ဂန္ဓာရုံ (= အနံ့) လိုင်း

အနံ့ = ဂန္ဓာရုံလိုင်း နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် --- --

၁။ ဃာနအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပြိုင်တူထင်အောင် ပူးတွဲ သိမ်းဆည်းပါ။

၂။ ရုပ်ကလာပ် အများစု၏ ဂန္ဓာရုံကို သို့မဟုတ် မနောဒွါရဝီထိများအတွက် ကွက်၍ ရှုလိုပါက ရုပ်ကလာပ် တစ်ခု၏ အနံ့ ဂန္ဓာရုံကို လှမ်း၍ အာရုံယူပါ။ (ဃနပြိုအောင် ရှုပါ။)

ထို အနံ့ = ဂန္ဓာရုံကို --- --

၁။ ဂန္ဓာရုံဟု = အနံ့ဟု

၂။ ရုပ်တရားဟု

၃။ အနိစ္စဟု

၄။ ဒုက္ခဟု

၅။ အနတ္တဟု

၆။ အသုဘဟု --- --

ဤသို့ (၆)ကြိမ် ခွဲ၍ အသီးအသီး ရှုပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများ ပါဝင်သည့် ဃာနဒွါရဝီထိနှင့် မနောဒွါရဝီထိများ ဖြစ်ပေါ်လာကြမည်။ ဉာဏ်နှင့် ပီတိ ယှဉ်-မယှဉ်သို့ လိုက်၍ (၄)ချက်စီပင် အသီးအသီး ရှုပါ။ ဃာနဒွါရဝီထိ၌ စက္ခုဝိညာဏ်အရာဝယ် ဃာနဝိညာဏ် ဖြစ်သည်။ ဃာနဒွါရ (အတိမဟန္တာရုံ) ဝီထိစဉ်မှာ --- -- ပဉ္စဒွါရာဝဇ္ဇန်း, ဃာနဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ် -ဟူသော စိတ်အစဉ်ပင်တည်း။ ယင်းဃာနဝိညာဏ်၏ မှီရာဝတ္ထုရုပ်တို့မှာ ဃာနဝတ္ထုနှင့် တကွ (၅၄)မျိုးကုန်သော ရုပ်အစစ်တို့နှင့် ရနိုင်သမျှ ရုပ်အတုတို့တည်း။ ဤ၌လည်း --- -- ၆ _ ၄ = ၂၄-ကြိမ် ရှုပါ။

ရသာရုံ (= အရသာ) လိုင်း

ရသာရုံ (= အရသာ) လိုင်း

အရသာ (= ရသာရုံ) လိုင်း နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားလိုသော် --- --

၁။ ဇိဝှါအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပြိုင်တူထင်အောင် ပူးတွဲ သိမ်းဆည်းပါ။

၂။ ရုပ်ကလာပ် အများစု၏ ရသာရုံကို သို့မဟုတ် မနောဒွါရဝီထိများအတွက် ကွက်၍ ရှုလိုပါက ရုပ်ကလာပ် တစ်ခု၏ ရသာရုံကို လှမ်း၍ အာရုံယူပါ၊ (ဃနပြိုအောင် ရှုပါ။)

ထိုရသာရုံက ဇိဝှါဒွါရနှင့် မနောဒွါရတို့၌ တစ်ပြိုင်နက်တည်း ရှေးရှုကျရောက်လာသောအခါ ထင်လာ သောအခါ ထိုရသာရုံကို --- --

၁။ ရသာရုံဟု

၂။ ရုပ်တရားဟု

၃။ အနိစ္စဟု

၄။ ဒုက္ခဟု

၅။ အနတ္တဟု

၆။ အသုဘဟု --- --

ဤသို့ (၆) ကြိမ် ခွဲ၍ အသီးအသီး ရှုပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများပါဝင်သည့် ဇိဝှါဒွါရဝီထိနှင့် မနောဒွါရဝီထိတို့ ဖြစ်ပေါ်လာကြမည်။ ဇိဝှါဒွါရဝီထိကား ရသာရုံမျှကိုသာ သိ၏၊ မနောဒွါရ ဝီထိတို့ကား အထက်ပါ (၆)မျိုးလုံးသော သဘောတရားတို့ကို အသီးအသီး သိနိုင်ကြ၏။ ယင်း ဇိဝှါဒွါရဝီထိ စိတ်အစဉ်ကား --- -- ပဉ္စဒွါရာဝဇ္ဇန်း, ဇိဝှါဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ် တို့ ဖြစ်ကြ၏။ ထိုတွင် ဇိဝှါဝိညာဏ်ကား ဇိဝှါဝတ္ထု (= ဇိဝှါပသာဒရုပ်) ကို မှီဖြစ်၏။ ကျန် ဇိဝှါဒွါရဝီထိစိတ်တို့နှင့် ရသာရုံကို ဆက်လက် အာရုံပြုကြသည့် မနောဒွါရဝီထိစိတ်တို့ကား ဟဒယဝတ္ထုရုပ်ကို မှီဖြစ်ကြ၏။ သို့သော် သုတ္တန်နည်းအရ ဃနပြိုအောင် သိမ်းဆည်း ရှုပွားရမည် ဖြစ်သဖြင့် (၅၄)မျိုးကုန်သော ရုပ်တရားတို့ကို ဝတ္ထုအရ ဆိုလိုသည်ဟု မှတ်ပါ။ ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ကြည့်ပါ။ ဤ၌လည်း --- -- ၆ _ ၄ = ၂၄-ကြိမ်ပင် ရှုပါ။

ဖောဋ္ဌဗ္ဗာရုံ (= အတွေ့အထိ) လိုင်း

ဖောဋ္ဌဗ္ဗာရုံ (= အတွေ့အထိ) လိုင်း

ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားလိုသော် --- --

၁။ ကာယအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို တစ်ပြိုင်နက် ဉာဏ်၌ ထင်နေအောင် ပူးတွဲ သိမ်း ဆည်းပါ။ (ခန္ဓာကိုယ်ဝယ် မိမိ ရှုပွားလိုသည့် ထိမှုထင်ရှားရာ တစ်နေရာ၌ ဥပမာ တင်ပါးနှင့် ကြမ်းပြင် ထိနေသည့် တင်ပါးနေရာ၌ ဓာတ်(၄)ပါးကို စိုက်ရှုလိုက်သောအခါ ရုပ်ကလာပ် အမှုန်များကို တွေ့ရှိမည် ဖြစ်သည်၊ (၄၄)မျိုးသော ရုပ်တို့ကို သိမ်းဆည်းပါ။ ထိုနောင် ယင်း (၄၄)မျိုးသော ရုပ်တရားထဲမှ ကာယ အကြည်ဓာတ်ကိုလည်းကောင်း, တစ်ဖန် ဘဝင် မနောအကြည်ဓာတ်ကိုလည်းကောင်း ဉာဏ်၌ ပြိုင်တူ ထင်အောင် ပူးတွဲ သိမ်းဆည်းပါ။)

၂။ ယင်း ကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံး ဖြစ်သည့် ဖောဋ္ဌဗ္ဗာရုံ အမည်ရသည့် ရုပ်ကလာပ် အများစု၏ (သို့မဟုတ် ရုပ်ကလာပ် တစ်ခု၏) --- --

(က) ပထဝီဓာတ်ကိုလည်းကောင်း, သို့မဟုတ်

( ခ ) တေဇောဓာတ်ကိုလည်းကောင်း, သို့မဟုတ်

( ဂ ) ဝါယောဓာတ်ကိုလည်းကောင်း --- --

ဉာဏ်၌ တစ်ပြိုင်နက်ထင်အောင် ပူးတွဲ သိမ်းဆည်းပါ။ (အထင်ရှားဆုံး ဓာတ်တစ်ခုကိုသာ ဦးစားပေး၍ ရှုပါ၊ သိမ်းဆည်းပါ။ )

ထိုဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရ (= ကာယအကြည်ဓာတ်) နှင့် မနောဒွါရ (= ဘဝင် မနောအကြည်ဓာတ်) တို့၌ တစ်ပြိုင်နက်တည်း ရှေးရှုကျရောက်လာသောအခါ ထင်လာသောအခါ ထိုဖောဋ္ဌဗ္ဗာရုံကို --- --

၁။ ဖောဋ္ဌဗ္ဗာရုံ ဟု (ပထဝီဟု, တေဇောဟု, ဝါယောဟု) သို့မဟုတ်

မာမှုသဘောဟု, ပူမှုသဘောဟု, ထောက်ကန်မှုသဘောဟု,

၂။ ရုပ်တရားဟု

၃။ အနိစ္စဟု

၄။ ဒုက္ခဟု

၅။ အနတ္တဟု

၆။ အသုဘဟု --- --

ဤသို့ (၆)ကြိမ်ခွဲ၍ အသီးအသီး ရှုပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများ ပါဝင်သည့် ကာယဒွါရဝီထိစိတ်အစဉ်နှင့် ယင်း ဖောဋ္ဌဗ္ဗာရုံကို ဆက်လက် အာရုံယူသည့် မနောဒွါရဝီထိတို့ အသီးအသီး ဖြစ်ပေါ်လာကြမည် ဖြစ်၏။ ထို ဝီထိတို့တွင် ကာယဒွါရဝီထိတို့ကား ဖောဋ္ဌဗ္ဗဓာတ်မျှကိုသာ အာရုံပြုနိုင်ကြ၏။ ယင်း ဖောဋ္ဌဗ္ဗဓာတ်ကို ရုပ်တရားဟု, အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု, အသုဘဟု မသိနိုင်ကြကုန်။ မနောဒွါရဝီထိ တို့ကား ယင်း (၆)မျိုးကုန်သော သဘောတရားအားလုံးတို့ကိုပင် အသီးအသီး သိနိုင်ကြ၏။

ကာယဒွါရဝီထိစိတ်အစဉ်ကား --- -- ပဉ္စဒွါရာဝဇ္ဇန်း, ကာယဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ်တို့ ဖြစ်ကြ၏။ မနောဒွါရဝီထိကား ထင်ရှားပြီ။

ထိုတွင် ကာယဝိညာဏ်သည် ခန္ဓာကိုယ်၌ တည်ရှိသော အထူးသဖြင့် မိမိ ရှုပွားနေသည့် တင်ပါး စသော ခန္ဓာကိုယ် တစ်နေရာရာ၌ တည်ရှိသော ကာယအကြည်ဓာတ်နှင့် တကွသော (၄၄)မျိုးကုန်သော ရုပ်တရားတို့ကို မှီ၍ ဖြစ်၏။ ကျန် ကာယဒွါရဝီထိစိတ်တို့နှင့် ဖောဋ္ဌဗ္ဗာရုံကိုပင် ဆက်လက်၍ အာရုံယူကြသည့် မနောဒွါရဝီထိ စိတ်တို့ကား ဟဒယ၌ တည်ရှိကြသော ဟဒယဝတ္ထုနှင့် တကွသော (၅၄)မျိုးကုန်သော ရုပ်တရားတို့ကို မှီ၍ ဖြစ်ကြကုန်၏။

မှတ်ချက် --- ဖောဋ္ဌဗ္ဗဓာတ် အမည်ရသော ရုပ်တရားတို့မှာ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု (၃)မျိုးရှိရာ မိမိ ရှုပွားလိုသည့် သိမ်းဆည်းထားသည့် ကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံးသော ရုပ်ကလာပ် တို့၌ တည်ရှိသော ---

၁။ ပထဝီဓာတ်ကို ဖြစ်စေ,

၂။ တေဇောဓာတ်ကို ဖြစ်စေ,

၃။ ဝါယောဓာတ်ကို ဖြစ်စေ ---

အာရုံယူ၍ ရှေးဦးစွာ ရှုပါ။ သို့သော် ရုပ် (၂၈)ပါးလုံးကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရား တို့ကို ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းဝယ် သိမ်းဆည်းရှုပွားရမည် ဖြစ်သဖြင့် ယင်းဖောဋ္ဌဗ္ဗဓာတ် (၃)မျိုးလုံးကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရား အသီးအသီးတို့ကို ကုန်စင်အောင်သာ ဆက်လက်၍ သိမ်းဆည်းပါ။ မာမှုထင်ရှားသည့်နေရာ, ပူမှုထင်ရှားသည့်နေရာ, ထောက်မှုထင်ရှားသည့်နေရာ စသည့် ထိုထို ထင်ရှားရာနေရာ၌ ကာယအကြည်ဓာတ်ကို အလျင်သိမ်းဆည်း၍ ထိုနောင် ဘဝင်မနောအကြည်ဓာတ်နှင့် ကာယအကြည်ဓာတ်ကို တစ်ပြိုင်နက်တည်း ဉာဏ်၌ ထင်လာအောင် ပူးတွဲသိမ်းဆည်းလျက် ယင်းကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံး ရုပ်ကလာပ်များ၌ တည်ရှိကြသော ---

၁။ ပထဝီဓာတ်ကို အာရုံယူ၍လည်း နာမ်တရားတို့ကို သိမ်းဆည်းပါ။

၂။ တေဇောဓာတ်ကို အာရုံယူ၍လည်း နာမ်တရားတို့ကို သိမ်းဆည်းပါ။

၃။ ဝါယောဓာတ်ကို အာရုံယူ၍လည်း နာမ်တရားတို့ကို သိမ်းဆည်းပါ။

၁။ ပထဝီဓာတ်ကို အာရုံယူ၍ --- ၆ _ ၄ = ၂၄ - ကြိမ်

၂။ တေဇောဓာတ်ကို အာရုံယူ၍ --- ၆ _ ၄ = ၂၄ - ကြိမ်

၃။ ဝါယောဓာတ်ကို အာရုံယူ၍ --- ၆ _ ၄ = ၂၄ - ကြိမ် အသီးအသီး ရှုပါ။

ဦးနှောက် နှင့် အသိဉာဏ်

ဦးနှောက် နှင့် အသိဉာဏ်

ဦးနှောက်၌ ဉာဏ် ရှိ-မရှိ, ဖြစ်-မဖြစ်ကို ဤအပိုင်းတွင် အသင် ယောဂီသူတော်မွန်သည် လက်တွေ့ စမ်းသပ် ကြည့်ရှုနိုင်ပါသည်။ ဗုဒ္ဓ၏ အဘိဓမ္မာနည်းအရ ဦးနှောက်ဟူသည် ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ဤအပိုင်းတွင် အသင်ယောဂီသူတော်ကောင်းသည် ဦးနှောက်၌ ဓာတ်ကြီး (၄)ပါးတို့ကို စိုက်ရှုလိုက်ပါက ရုပ်ကလာပ် အမှုန်များကို လွယ်ကူစွာ တွေ့ရှိမည် ဖြစ်သည်။ ရုပ်ကမ္မဋ္ဌာန်းပိုင်းကတည်းက ဦးနှောက်၌ တည်ရှိ ကြသော ရုပ်ကလာပ် အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုးတို့ကို ကျေပွန်စွာ သိမ်းဆည်းထားပြီး ဖြစ် သောကြောင့်တည်း။ သို့အတွက် အသင်ယောဂါဝစရပုဂ္ဂိုလ်သည် ဦးနှောက်၌ အနိစ္စ အနေအထားအားဖြင့် တည်ရှိနေကြသော ထိုရုပ် (၄၄)မျိုးတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထို (၄၄)မျိုး ကုန်သော ရုပ်တရားတို့မှ ကာယအကြည်ဓာတ်ကို ထင်ထင်ရှားရှား ရှုပွားနိုင်သောအခါ ---

၁။ ယင်း ကာယအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ဉာဏ်၌ ပြိုင်တူထင်အောင် ပူးတွဲသိမ်းဆည်း ပါ။

၂။ ယင်း ကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံး ရုပ်ကလာပ် အများစု၏ (သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏) အတွင်း၌ တည်ရှိကြသော ---

(က) ပထဝီဓာတ်, သို့မဟုတ်

( ခ ) တေဇောဓာတ်, သို့မဟုတ်

( ဂ ) ဝါယောဓာတ် ---

ဟူသော ဓာတ်တစ်ခုခုကို လှမ်း၍ အာရုံယူပါ သိမ်းဆည်းပါ၊ အထင်ရှားဆုံး ဓာတ်ကို ရွေးချယ်ပါ။

ထိုဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုက ဦးနှောက်၌တည်ရှိသော ကာယအကြည်ဓာတ်ကိုလည်းကောင်း, ဟဒယဝတ္ထု ကို စွဲမှီ၍ ဖြစ်နေသော ဘဝင်မနောအကြည်ဓာတ်ကိုလည်းကောင်း ပြိုင်တူ ရှေးရှု ရိုက်ခတ်သောအခါ သို့မဟုတ် ယင်း အကြည်ဓာတ် (၂)မျိုး၌ ပြိုင်တူ ထင်လာသောအခါ ယင်းဖောဋ္ဌဗ္ဗဓာတ် တစ်ခုခုကို အာရုံယူ၍ ကာယဒွါရိက ဝီထိစိတ်နှင့် မနောဒွါရိကဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ယင်းဝီထိတို့တွင် ပါဝင်ကြသော ပဉ္စဒွါရာဝဇ္ဇန်း, ဝုဋ္ဌော, မနောဒွါရာဝဇ္ဇန်းတို့က --- ပထဝီဟု သို့မဟုတ် တေဇောဟု သို့မဟုတ် ဝါယောဟု ဆုံးဖြတ်ကြည့်ပါ။ ယင်း ဖောဋ္ဌဗ္ဗဓာတ်ကိုပင် ဆက်လက်၍ အာရုံယူနေသော မနောဒွါရဝီထိ၌ ပါဝင်တည်ရှိသော မနောဒွါရာဝဇ္ဇန်းကလည်း --- ယင်း ဖောဋ္ဌဗ္ဗာရုံကိုပင် ရုပ်တရားဟု သို့မဟုတ် အနိစ္စဟု ဤသို့ စသည်ဖြင့် ဆုံးဖြတ်ကြည့်ပါ။ ယောနိသောမနသိကာရ ဖြစ်သဖြင့် မဟာကုသိုလ် ဇောဝီထိ စိတ်အစဉ်များသည် ဖြစ်ပေါ် လာကြမည် ဖြစ်သည်။ ဇော အသီးအသီး၌ ဉာဏ်နှင့် ပီတိ ယှဉ်သော် (၃၄)လုံးသော နာမ်တရားစုတို့တည်း။ ယင်း (၃၄)မျိုးကုန်သော နာမ်တရားစုတို့ကား ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကိုသာ မှီတွယ်၍ ဖြစ်ကြ၏၊ ယင်းနာမ်တရားစုတို့တွင်သာ ဉာဏ်ပါ၏။ ဦးနှောက်၌ တည်ရှိသော ကာယအကြည်ဓာတ်ကို အမှီပြု၍ နာမ်တရား (၈)လုံးတို့သာ ဖြစ်ကြ၏။ ယင်း နာမ်တရား (၈)လုံးတို့မှာ --- ကာယဝိညာဏ်စိတ်, ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ --- တို့ ဖြစ်ကြ၏၊ ယင်း နာမ်တရားတို့တွင်ကား ဉာဏ် မပါပေ။ ဤအဆိုကို မှန်-မမှန် သိရှိအောင် အသင်ယောဂီ သူတော်ကောင်းကိုယ်တိုင် ကြိမ်ဖန်များစွာ စမ်းသပ် ရှုပွားကြည့်ပါ။

မှတ်ချက် --- ဤဖောဋ္ဌဗ္ဗာရုံလိုင်း၌ ဖောဋ္ဌဗ္ဗာရုံသည် ဣဋ္ဌဖြစ်က ကာယဝိညာဏ်၌ သုခဝေဒနာနှင့် ယှဉ်၏၊ အနိဋ္ဌဖြစ်က ဒုက္ခဝေဒနာနှင့် ယှဉ်၏။ သဘောပေါက်အောင် ရှုပါ။

ဤတွင် ရုပ် (၂၈)ပါးကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော ကုသိုလ်ဇောများ ပါဝင်သည့် အကောင်းအုပ်စု နာမ်တရားတို့ကို ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်းဟု (၆)လိုင်း ခွဲ၍ သိမ်းဆည်းရှုပွားပုံ စနစ်များကို ဖော်ပြပြီး ဖြစ်သည်။ ဤသိမ်းဆည်းပုံမှာ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းအရ သိမ်းဆည်းပုံ ဖြစ်သည်၊ အာယတနဒွါရအလိုက် သိမ်းဆည်းပုံစနစ်တည်း။ အကယ်၍ အသင်ယောဂီ သူတော် ကောင်းသည် ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဖြင့်လည်း ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုပါ ဆက်လက်၍ သိမ်းဆည်းရှုပွားလိုပါက အောက်ပါအတိုင်း ဆက်လက်၍ သိမ်းဆည်းပါ။

ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဖြင့် နာမ်တရားတို့ကို အကျယ်သိမ်းဆည်းပုံ

ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဖြင့် နာမ်တရားတို့ကို အကျယ်သိမ်းဆည်းပုံ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ၊ စာမျက်နှာ - ၂၆၊ စာပုဒ်ရေ - ၆၇၀ - တွင် ---

တထာ ကေသေ ပထဝီဓာတု ကက္ခဠလက္ခဏာ။ ပ ။ အဿာသပဿာသေ ပထဝီဓာတု ကက္ခဠလက္ခဏာတိ ပဌမာဘိနိပါတော ဖေဿာ၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော။ ပ ။ စိတ္တံ ဝိညာဏက္ခန္ဓောတိ ဥပဋ္ဌာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၆။)

ဤသို့ စသည်ဖြင့် ဆံပင်ကောဋ္ဌာသ၌ တည်ရှိကြကုန်သော (၄၄)မျိုးကုန်သော ရုပ်တရားတို့တွင် ပထဝီ ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစုတို့ကိုလည်း ကောင်း။ ပ ။

အဿာသ ပဿာသ = ဝင်သက်လေ ထွက်သက်လေ ကောဋ္ဌာသ၌ တည်ရှိကြကုန်သော စိတ္တဇ သဒ္ဒနဝကကလာပ်, သဒ္ဒလဟုတာဒိဒွါဒသက ကလာပ် ဟူကုန်သော (၉)မျိုး, (၁၂)မျိုးကုန်သော ရုပ်တရားတို့တွင် ပထဝီဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစုတို့ကို လည်းကောင်း ---

၁။ ဖဿက စ၍ သိမ်းဆည်းသောနည်း

၂။ ဝေဒနာက စ၍ သိမ်းဆည်းသောနည်း

၃။ အသိစိတ် ဝိညာဏ်က စ၍ သိမ်းဆည်းသောနည်း ---

ဟူသော နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း (၃)နည်းတို့တွင် အသိဉာဏ်၌ ထင်ရှားစွာ တည်လာသောနည်း တစ်နည်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ဤနည်းကား အရိပ်ပြလျှင် အကောင်ထင်ရမည့် ဥပလက္ခဏနည်း နိဒဿနနည်းတည်း။

ဤ ညွှန်ကြားထားတော်မူချက်အရ ဆံပင်ကောဋ္ဌာသ၌ ရုပ်သဘောတရား (၄၄)မျိုး ရှိရာ ထို (၄၄)မျိုး ကုန်သော ရုပ်တို့တွင် တစ်မျိုး တစ်မျိုးသော ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို အထက်ပါ (၆)လိုင်းတို့၌ ဖော်ပြထားခဲ့သော နည်းစနစ်တို့ကိုပင် အမှီပြု၍ ရှုပါ။ ဥပမာ ထို (၄၄)မျိုးကုန်သော ရုပ်တရားတို့တွင် ပါဝင်သော ရူပါရုံကို (= ဝဏ္ဏဓာတ်ကို) ရူပါရုံလိုင်းအတိုင်းပင် ရှုပါ။ ဂန္ဓ-ရသ စသည်တို့ကို လည်း နည်းတူပင် သဘောပေါက်ပါ။ ကျန်သော ကောဋ္ဌာသတို့၌လည်း ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြခဲ့သည့် အတိုင်း ရနိုင်သမျှသော ရုပ်တရား အသီးအသီးကို နည်းမှီး၍ ရှုပါ။ ယင်းရုပ်တရားတို့တွင် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံ (၅)မျိုးမှ ကြွင်းကျန်သော ရုပ်တရားအားလုံးသည် ဓမ္မာရုံ အမည်ရသည်သာ ဖြစ်သည်။ ယင်းဓမ္မာရုံ ရုပ်တရားတို့ကိုလည်း ဓမ္မာရုံလိုင်း၌ နာမ်တရားတို့ကို သိမ်းဆည်းခဲ့သည့် နည်းစနစ် အတိုင်းသာ သိမ်းဆည်း ရှုပွားပါ။

အထူးသတိပြု၍ ရှုရန်

အထူးသတိပြု၍ ရှုရန်

ပထဝီဓာတု ကက္ခဠလက္ခဏာ (ဝိသုဒ္ဓိ၊၂၊၂၂၆။)

ဤ (၄၂) ကောဋ္ဌာသတို့၌ ပထဝီဓာတ်၏ ကက္ခဠလက္ခဏာ, အာပေါဓာတ်၏ ပဂ္ဃရဏလက္ခဏာစသော ထိုထို ရုပ်တရားတို့၏ ထိုထို ဆိုင်ရာဆိုင်ရာ သဘာဝလက္ခဏာကိုသာ အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ ကို သိမ်းဆည်းရန် အထူးရည်ညွှန်းထားသဖြင့် ထိုထိုရုပ်တရားတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အထူး သဖြင့် အာရုံယူတတ်သော မနောဒွါရိကဇောဝီထိစိတ်အစဉ်များကို ဦးစားပေး၍ သိမ်းဆည်းရှုပွားသင့်ပေသည်။

ဝိရတိ အပ္ပမညာ နာမ်တရားတို့ကို သိမ်းဆည်းပုံ

ဝိရတိ အပ္ပမညာ နာမ်တရားတို့ကို သိမ်းဆည်းပုံ

ဝိရတိ စေတသိက် (၃) မျိုး

ဤတွင် ဆက်လက်၍ ဝိရတိစေတသိက်တို့ ပါဝင်ယှဉ်တွဲလျက်ရှိသော နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံကို ဖော်ပြအပ်ပါသည်။ ဤ ဝိရတိ စေတသိက်တို့ကား ဝိရမိတဗ္ဗဝတ္ထု ဟူသော ရှောင်ကြဉ်ထိုက်သော ဝတ္ထုကို အာရုံပြုကြ၏။ ယင်းဝိရတိစေတသိက်တို့၏ ရှောင်ကြဉ်ထိုက်သော ဝတ္ထု သို့မဟုတ် ဝီတိက္ကမိတဗ္ဗဝတ္ထု (= လွန်ကျူးထိုက်သောဝတ္ထု) တို့မှာ စေတသိက် တစ်ခုနှင့် တစ်ခု၌ မတူညီကြပေ။

ဤ၌ ဒုစရိုက် ဒုရာဇီဝတို့ကို ပြုခွင့်ကြုံလျက် မပြုကျင့်မှုကို ရှောင်ကြဉ်ဟု ခေါ်၏။ ဤသို့ ရှောင်ကြဉ် ရမည့် အာရုံများမှာ ဝိရတိစေတသိက်တို့ဝယ် မတူညီကြပေ။ သို့အတွက် လောကီအရာဝယ် ယင်းဝိရတိ စေတသိက်တို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်နိုင်စွမ်း မရှိကြပေ။

သမ္မာဝါစာဟူသည် ဝစီဒုစရိုက်ကို ပြုခွင့်ကြုံလျက် မပြုမကျင့် ရှောင်ကြဉ်ခြင်းသဘော ဖြစ်၏။ သမ္မာ ကမ္မန္တဟူသည် ကာယဒုစရိုက်ကို ပြုခွင့်ကြုံလျက် မပြုမကျင့် ရှောင်ကြဉ်ခြင်းသဘော ဖြစ်၏။ သမ္မာအာဇီဝ ဟူသည် ဒုရာဇီဝ မိစ္ဆာဇီဝဟူသော မှားယွင်းသော အသက်မွေးဝမ်းကြောင်း လုပ်ငန်းရပ်ကို ပြုခွင့်ကြုံလျက် မပြုမကျင့် ရှောင်ကြဉ်ခြင်းသဘော ဖြစ်၏။ ဤသို့လျှင် ရှောင်ကြဉ်ရမည့် အာရုံချင်း မတူညီကြသဖြင့် စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ ယင်းဝိရတိ (၃)မျိုးတို့သည် အတူယှဉ်တွဲ၍ မဖြစ်နိုင်ကြခြင်း ဖြစ်၏။

ဒုစရိုက် နှင့် ဒုရာဇီဝ

ဒုစရိုက် နှင့် ဒုရာဇီဝ

ဤဝိရတိ အရာဝယ် ဒုစရိုက်သည် ကာယဒုစရိုက် ဝစီဒုစရိုက်ဟု (၂)မျိုး ရှိ၏။ ထို ဒုစရိုက် (၂)မျိုးလုံးပင် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်နေလျှင် ဒုရာဇီဝ (= မကောင်းသော အသက်မွေးမှု) ဟု ခေါ်သည်။

မုဆိုးတံငါလုပ်၍လည်းကောင်း, ခိုးသားဓားပြလုပ်၍လည်းကောင်း, တစ်စုံတစ်ယောက်က ငွေပေးသဖြင့် ဝမ်းရေးအတွက် မိစ္ဆာစာရမှုကို ပြုသော်လည်းကောင်း --- ထို ကာယဒုစရိုက်များသည် မကောင်းသဖြင့် အသက် မွေးမှု ဒုရာဇီဝချည်းတည်း။

လိမ်လည်လှည့်ဖြား မတရားေ့ရှနေလုပ်၍ အသက်မွေးသော်လည်းကောင်း, သူတစ်ပါးက ငွေပေးသဖြင့် အသက်မွေးဝမ်းကြောင်းအတွက် ရန်တိုက်ပေးမှု ဆဲရေးမှု ပြုသော်လည်းကောင်း, ပြိန်ဖျင်းသော စကားများကို ပြောလျက် အသက်မွေးသော်လည်းကောင်း --- ထိုဝစီဒုစရိုက်များသည် ဒုရာဇီဝ မည်၏။

ရဟန်းတော်များ၏ ပစ္စည်းလေးပါး ရမှုအတွက် မပေးသင့် မပေးထိုက် မပြုသင့် မပြုထိုက် မကျင့်သင့် မကျင့်ထိုက်သော ဒါယကာ ဒါယိကာမတို့ အပေါ်၌ သစ်သီးပေးခြင်း ပန်းပေးခြင်း ဆေးကုခြင်း ဗေဒင်ဟောခြင်း စသော အမှုတို့ကို ပြုကျင့်ခဲ့သော် ထိုအမှုတို့ကား ကုလဒူသန, အနေသန, မိစ္ဆာဇီဝအမှုတို့တည်း။ ယင်း ကုလ ဒူသန, အနေသန, မိစ္ဆာဇီဝမှုတို့ကြောင့် ရရှိလာသော ပစ္စည်းလေးပါးတို့ကို ရဟန်းတော်များ သုံးစွဲခဲ့လျှင် မကောင်းသဖြင့် အသက်မွေးခြင်း ဒုရာဇီဝ ဖြစ်သည်။

ကုလဒူသန --- ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော် အပေါ်၌လည်းကောင်း, ကံ-ကံ၏အကျိုး တရား စသည်တို့ အပေါ်၌လည်းကောင်း သက်ဝင် ယုံကြည်နေသော သဒ္ဓါတရားကား သဒ္ဓါစစ် သဒ္ဓါမှန်တည်း။ ယင်း သဒ္ဓါစစ် သဒ္ဓါမှန် တည်ရှိနေသော ဒါယကာ ဒါယိကာမတို့ အပေါ်၌ သစ်သီးပေးခြင်း ပန်းပေးခြင်း ဆေးကုခြင်း ဗေဒင်ဟောခြင်း စသည့် အမှုတို့ကို ပြုကျင့်ခဲ့သော် ထိုသို့ ပြုကျင့်လိုက်သဖြင့် ပြုကျင့်သော ရဟန်း တော်၏ အပေါ်၌ ထိုဒါယကာ ဒါယိကာမတို့က ကြည်ညိုခဲ့သော် ထိုဒါယကာ ဒါယိကာမတို့၏ သဒ္ဓါစစ် သဒ္ဓါ မှန်ကား ပျက်စီးသွား၏။ သံဃာတော်၏ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းဖြစ်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ဖြောင့်စင်း ဖြူစင်စွာ ကျင့်တော်မူခြင်း = သုပ္ပဋိပ္ပန္နစသော ဂုဏ်ကို ကြည်ညို နေသော စစ်မှန်သော သဒ္ဓါ မဟုတ်တော့ဘဲ သစ်သီးပေးခြင်း ပန်းပေးခြင်း စသော အမှုတို့ကြောင့် ထိုရဟန်း အပေါ်၌ ကြည်ညိုသော စိတ်ထားဖြစ်သွား၏။ ဤသို့လျှင် သစ်သီးပေးခြင်း ပန်းပေးခြင်း စသော အမှုတို့သည် ဒါယကာ ဒါယိကာမတို့၏ စစ်မှန်သော သဒ္ဓါစစ် သဒ္ဓါမှန်ကို ပျက်စီးသွားအောင် ဖျက်ဆီးတတ်သော လုပ်ငန်းရပ် ဖြစ်ခြင်းကြောင့် ကုလဒူသနအမှု မည်၏။

အနေသန --- ယင်း သစ်သီးပေးခြင်း ပန်းပေးခြင်း ဒါယကာ ဒါယိကာမတို့ကို အလိုလိုက် အကြိုက်ဆောင်၍ မြှောက်ပင့် ပြောဆိုခြင်းစသော အမှုတို့ကို ပြုကျင့်လျက် ရဟန်းတော်များသည် ပစ္စည်းလေးပါးကို ရှာဖွေခဲ့သော် ပစ္စည်းလေးပါးကို မအပ်သော နည်းဖြင့် ရှာဖွေခြင်း အနေသန မည်၏။

မိစ္ဆာဇီဝ --- စျာန် မဂ်ဖိုလ် နိဗ္ဗာန်ကို မရရှိပါဘဲလျက်, တရားစစ် တရားမှန် မရရှိပါဘဲလျက် ရရှိ၏ဟု ဝါကြွားပလွှား ပြောကြားခြင်းဖြင့် ပစ္စည်းလေးပါးကို ရရှိအောင် ရှာဖွေခြင်း, အောင်တမန်မှုကို ပြုကျင့်ခြင်းဖြင့် ပစ္စည်းလေးပါးကို ရှာဖွေခြင်း, ဆွေမျိုး မတော်စပ်သော ပစ္စည်းလေးပါးကို ဖိတ်ကြားထားသူ မဟုတ်သော ဒါယကာ ဒါယိကာမတို့ အထံ၌ ပစ္စည်းလေးပါးကို မအပ်သော တောင်းခံနည်းဖြင့် ရရှိအောင် ရှာဖွေခြင်း စသည်တို့ကား မိစ္ဆာဇီဝတို့ပင်တည်း။

ရဟန်းတော်များအဖို့ ယင်း ကုလဒူသန, အနေသန, မိစ္ဆာဇီဝမှုတို့ကြောင့် ရရှိလာသော ပစ္စည်းလေးပါးတို့ကို သုံးစွဲခြင်းသည်လည်း ဒုရာဇီဝပင် ဖြစ်သည်။ ထိုကဲ့သို့ အသက်မွေးမှုနှင့် မဆက်သွယ်ဘဲ မုန်း၍ သတ်ခြင်း ဝါသနာပါ၍ တောလိုက်ခြင်း, ငါးမျှားခြင်း, သက်သက်လိမ်ခြင်း စသည်တို့သည်ကား ကာယဒုစရိုက် ဝစီဒုစရိုက် သာဖြစ်သည်။ မကောင်းသဖြင့် အသက်မွေးခြင်းဟူသော ဒုရာဇီဝ မဖြစ်ပေ။

သမ္မာဝါစာ

သမ္မာဝါစာ

သမ္မာဝါစာသည် ကထာသမ္မာဝါစာ, စေတနာသမ္မာဝါစာ, ဝိရတိသမ္မာဝါစာအားဖြင့် (၃)မျိုး ရှိ၏။ ထို (၃)မျိုးတို့တွင် ---

၁။ အကြောင်း အကျိုးနှင့် စပ်၍ အပြစ်ကင်းလတ်ကောင်းမြတ်သော စကားသံသည် ကထာသမ္မာဝါစာ မည်၏။

၂။ ထိုအပြစ်ကင်းလတ် ကောင်းမြတ်သော စကားကို ပြောဆိုကြောင်းဖြစ်သော ဝုဋ္ဌော, အဘိညာဏ်ဇော, မဟာကုသိုလ်ဇော, မဟာကြိယာဇောနှင့် ယှဉ်သော စေတနာသည် စေတနာသမ္မာဝါစာ မည်၏။

၃။ တစ်စုံတစ်ခု အမှုအတွက် လိမ်လည် လှည့်ပတ်ဖို့ရန်အချက် ပေါ်ပေါက်နေရာ၌ ထိုလိမ်လည်မှု ဝစီဒုစရိုက် မှ ရှောင်ကြဉ်၍ မှန်ကန်သော စကားကို ပြောဆိုလိုက်လျှင် ထိုပြောဆိုကြောင်း စိတ္တုပ္ပါဒ်၌လည်းကောင်း, သို့မဟုတ် မလိမ်ဘဲ ဆိတ်ဆိတ်နေခဲ့လျှင် ထိုဆိတ်ဆိတ်နေကြောင်း စိတ္တုပ္ပါဒ်၌လည်းကောင်း ရှောင်ကြဉ်မှု (= ဝိရတိ) သဘောတရားသည် ပါဝင်လျက် ရှိ၏။ ထိုရှောင်ကြဉ်မှုသဘောတရားကိုသာ ဝိရတိ သမ္မာ ဝါစာဟု ဆိုရလေသည်။ ဤ သမ္မာဝါစာဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဝစီဒုစရိုက် အားလုံးသည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်ခြင်း မရှိစေရ။

သို့အတွက် အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါးတို့တွင် တစ်ပါးပါးမှ ရှောင် ကြဉ်ခြင်း သဘောတရားသည် သမ္မာဝါစာ မည်၏ဟု အတိုကောက် မှတ်သားထားပါ။

ဤ ဝိရတိ စေတသိက်တို့ကို သိမ်းဆည်း ရှုပွားရာ၌ ရှုကွက်မှာ အနည်းငယ် ခက်ခဲသည်ကို တွေ့ရ၏။ ယင်း စေတသိက်များသည် ပစ္စုပ္ပန် ဝီတိက္ကမိတဗ္ဗဝတ္ထု ဟူသော ဒုစရိုက်၏ တည်ရာ ဝတ္ထုများ ဖြစ်ကြသော သူ့ အသက် သူ့ဥစ္စာ စသော ကျူးလွန်အပ်သော ဝတ္ထုများကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော စေတသိက်တို့ ဖြစ် ကြ၏။ တရားထိုင်နေဆဲဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အဖို့ တရားရှုပွားနေခိုက်ဝယ် (= ဝိရတိစေတသိက် များ ပါဝင်သော နာမ်တရားစုတို့ကို သိမ်းဆည်းနေခိုက်ဝယ်) လွန်ကျူးရမည့် ဒုစရိုက်များနှင့် ရင်ဆိုင်တိုးနေ ရသည် မဟုတ်သဖြင့် ရှုဖို့ရန် အနည်းငယ် ခက်ခဲနေခြင်း ဖြစ်ပေသည်။ သို့အတွက် မိမိရှောင်ကြဉ်နေကျ ဖြစ်သော ဒုစရိုက်တစ်ခုကို သို့မဟုတ် ရှောင်ကြဉ်ခဲ့ဖူးသည့် ဒုစရိုက်တစ်ခုကို အာရုံယူ၍ ရှုရန် ဖြစ်သည်။ ဝိရတိစေတသိက် တို့သည် အတိတ်ကို အာရုံပြုသည်ဟု အယူအဆ မမှားစေလိုပါ။ ရှောင်ကြဉ်နေကျဖြစ်သော သို့မဟုတ် ရှောင် ကြဉ်ခဲ့ဖူးသော ဒုစရိုက်တစ်ခုခုကို အာရုံပြု၍ ဖြစ်ပေါ်ခဲ့ကြသော နာမ်တရားစုတို့ကိုသာ လှမ်း၍ အာရုံယူခြင်း သိမ်းဆည်းရှုပွားခြင်း ဖြစ်သည်ဟု မှတ်ပါ။

ကမ္မံ ပန အတီတမေဝ၊ တဉ္စ မနောဒွါရဂ္ဂဟိတံ ဟူသော အဘိဓမ္မတ္ထသင်္ဂဟ ဝီထိမုတ်ပိုင်းဝယ် ကံ အာရုံ ထင်ပုံ အပိုင်း၌ အတိတ်ကံအာရုံကို ပစ္စုပ္ပန် မနောဒွါရိကဝီထိစိတ်ဖြင့် လှမ်း၍ အာရုံယူနိုင်သည်ဟူသော စကားတစ်ရပ် လာရှိ၏။

တမေဝ ဝါ ပန ဇနကဘူတံ ကမ္မံ အဘိနဝကရဏဝသေန ဒွါရပတ္တံ ဟောတိ - ဟူသော အဘိဓမ္မတ္ထ သင်္ဂဟ ဝီထိမုတ်ပိုင်းဝယ် ကံအာရုံ ထင်ပုံအပိုင်း၌ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အကျိုးပေးတော့မည့် ဇနကကံသည် အသစ်တစ်ဖန် ပြုသည်၏ အစွမ်းဖြင့် အသစ်တစ်ဖန် ပြုနေရသကဲ့သို့ မနောဒွါရ၌ ဆိုက်ရောက် လာသည်ဟူသော စကားတစ်ရပ်လည်း လာရှိ၏။

ဤစကားရပ်များနှင့် အညီ ဤဝိရတိ စေတသိက်တို့ကို သိမ်းဆည်း ရှုပွားရာ၌လည်း အတိတ်က ဖြစ်ခဲ့ ဖူးသော ပြုခဲ့ဖူးသော သမ္မာဝါစာ စသည့် ဝိရတိကုသိုလ်ကံ အာရုံများကို လှမ်း၍ အာရုံယူပါက ယင်းအာရုံများ သည် အသင်ယောဂီသူတော်ကောင်း၏ လက်ရှိ ပစ္စုပ္ပန် မနောဒွါရ၌ ထင်လာနိုင်သည်သာ ဖြစ်သည်။

ယင်း ကံအာရုံ ထင်ရာ၌ ---

၁။ ပုဗ္ဗေကတ သညာဖြင့် ထင်သည်လည်း ရှိ၏၊

၂။ သမ္ပတိကတ သညာဖြင့် ထင်သည်လည်း ရှိ၏။

၁။ ရှေးတုန်းက ပြုအပ်ဖူး၏ဟူသော သညာသည် ပုဗ္ဗေကတ သညာ မည်၏။

၂။ ယခု ပြုအပ်ဖူး၏ဟူသော သညာသည် သမ္ပတိကတ သညာ မည်၏။

ထိုတွင် ပုဗ္ဗေကတသညာဖြင့် ထင်ပုံမှာ --- မုသာဝါဒ စသော ဝစီဒုစရိုက်ကို ရှောင်ကြဉ်ခဲ့စဉ် အခါတုန်းက ဝမ်းမြောက်ဝမ်းသာ ကုသိုလ်စေတနာ ဖြစ်ခဲ့ငြားအံ့၊ ထို ကုသိုလ်စေတနာ ပြဓာန်းသော နာမ်တရားစုကို ပြန်၍ အမှတ်ရခြင်း ထို ကုသိုလ်စေတနာ ပြဓာန်းသော နာမ်တရားစုကို ပြန်၍ အာရုံပြုနိုင်ခြင်းတည်း။

သမ္ပတိကတသညာဖြင့် ထင်ပုံမှာ ဤသို့ ဖြစ်၏။ ရှေးက မုသာဝါဒစသော ဝစီဒုစရိုက်ကို ရှောင်ကြဉ်ခဲ့ဖူး လျှင် ထိုရှောင်ကြဉ်ခဲ့ဖူးသော အာရုံကိုပင် တစ်ဖန်ပြန်၍ အာရုံယူရာ၌ အသစ်တစ်ဖန် ပြုနေရသကဲ့သို့ အသစ် တစ်ဖန် ရှောင်ကြဉ်နေရသကဲ့သို့ မနောဒွါရ၌ ထင်လာ၏။ အသင်ယောဂီသူတော်ကောင်း၏ မနောဒွါရဝယ် ဝိရတိနှင့် တကွသော နာမ်တရားစုတို့သည် အသစ်တစ်ဖန် ပြုနေသည်၏ အစွမ်းဖြင့် ထင်လာနေမည် ဖြစ်၏။ ထိုအခါဝယ် ယင်းနာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားနိုင်မည် ဖြစ်ပေသည်။

သမ္မာဝါစာ - ရှုကွက်

သမ္မာဝါစာ - ရှုကွက်

၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၃။ သမ္မာဝါစာ ဖြစ်ဖူးသည့် အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။

ဥပမာ --- မုသားစကားမှ ရှောင်ကြဉ်ဖူးသည့် အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။

၄။ ထိုအာရုံသည် အသင်ယောဂီသူတော်ကောင်း၏ ဘဝင်မနောအကြည်၌ ထင်လာသောအခါ ထိုအာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော သမ္မာဝါစာနှင့် တကွသော နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်း ဆည်းပါ။

တစ်နည်းရှုကွက်

တစ်နည်းရှုကွက်

၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ သမ္မာဝါစာ ဖြစ်ခဲ့ဖူးသည့်, ဥပမာ --- မုသားစကားမှ ရှောင်ကြဉ်ခဲ့ဖူးသည့် အချိန်ကာလသို့ တိုင်အောင် ဤအချိန်မှ စ၍ ရုပ်နာမ်များကို တစ်စတစ်စ သိမ်းဆည်းပါ။

၃။ ထို သမ္မာဝါစာဖြစ်ခိုက် ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက်၍ သိမ်းဆည်းပါ။

၄။ ထို ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ထို သမ္မာဝါစာဖြစ်ခိုက် ဖြစ်ပေါ်နေကြသော မုသားစကားမှ ရှောင်ကြဉ်မှု ဝိရတိ (သမ္မာဝါစာ)နှင့် တကွသော နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။

တစ်နည်းနည်းဖြင့် အောင်မြင်မှုကို ရရှိမည်သာ ဖြစ်သည်။ သမ္မာကမ္မန္တ, သမ္မာအာဇီဝတို့၌လည်း နည်းတူ ပင် သဘောပေါက်ပါ။

နာမ်တရား (၃၅) လုံး

နာမ်တရား (၃၅) လုံး

ထိုသို့ သိမ်းဆည်းရာဝယ် ---

၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်,

၂။ ဇော (၇) ကြိမ်,

၃။ တဒါရုံ (၂) ကြိမ် ---

ဤ မနောဒွါရဝီထိ ပုံစံအတိုင်းပင် ယေဘုယျအားဖြင့် ဖြစ်၏။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျ သော်လည်း ရှိရာ၏၊ ထိုကြောင့် ယေဘုယျဟု ဆိုခြင်း ဖြစ်၏။ ထိုတွင် ---

၁။ မနောဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် (= နာမ်တရား) --- ၁၂ - လုံး,

၂။ ဇော အသီးအသီး၌ စိတ်စေတသိက် (= နာမ်တရား) --- ၃၅ - လုံးစီ,

၃။ တဒါရုံ အသီးအသီး၌ စိတ်စေတသိက် (= နာမ်တရား) --- ၃၄ - လုံးစီ,

ယေဘုယျအားဖြင့် အသီးအသီး ရှိကြမည် ဖြစ်၏။ နာမ်တရား ၃၅-လုံး ဟူသည်မှာ ယခင် သဒ္ဓါပညာ အုပ်စု နာမ်တရား (၃၄)တွင် သမ္မာဝါစာတစ်လုံး ထပ်တိုးသော် (၃၅) ဖြစ်သည်။ ဤဝိရတိစေတသိက်သည် တဒါရုံဝိပါက်ကဲ့သို့သော ဝိပါက်နာမ်တရားတို့နှင့်ကား ယှဉ်တွဲ၍ မဖြစ်ပေ။ သို့အတွက် တဒါရုံ၌ (၃၄)ဟု မဟာဝိပါက် ဉာဏသမ္ပယုတ် တဒါရုံကို ရည်ရွယ်၍ ဖော်ပြထားပါသည်။ သောမနဿ ဥပေက္ခာ, ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ် ထိုက်သလို ဖြစ်နိုင်သည်။ အဟိတ်ဝိပါက် တဒါရုံတို့သည်လည်း ဖြစ်ခွင့် ရှိကြသည်သာ။ ဤ၌ ကား ဉာဏ်နှင့် ပီတိကို လဲလှယ်၍ (၄)ချက် သိမ်းဆည်းရှုပွားပုံ ရှုကွက်ဇယားကိုသာ ဖော်ပြထားပါသည်။ အဟိတ် ဝိပါက် တဒါရုံများ ကျခဲ့သော် ကျသည့်အတိုင်း ရှုနိုင်သည်သာ ဖြစ်သည်။

သမ္မာဝါစာ ဝီထိစဉ် ရှုကွက် ဇယား

သမ္မာဝါစာ ဝီထိစဉ် ရှုကွက် ဇယား

ယခုလက်ရှိ အသင်ယောဂီသူတော်ကောင်း၏ ဘဝင်မနောအကြည်ဓာတ်နှင့် အတိတ် သမ္မာဝါစာ ဖြစ်ခဲ့ စဉ်က အသင်ယောဂီသူတော်ကောင်း၏ ဘဝင်မနောအကြည်ဓာတ်တို့မှာ ဧကတ္တနည်းအရ ဖြစ်-ပျက် အစဉ် အတန်း တစ်ခုတည်း တစ်ဆက်တည်းပင် ဖြစ်သည်။ ထို အတိတ်က သမ္မာဝါစာ ဖြစ်ဖူးသော အာရုံသည်လည်း ယခုတစ်ဖန် ထိုအာရုံကို လှမ်း၍ အာရုံ ယူကြည့်ပါက လက်ရှိ အသင်ယောဂီသူတော်ကောင်း၏ ဘဝင် မနော အကြည်ဓာတ်တွင် အသစ်တစ်ဖန် ပြန်၍ ထင်လာနိုင်သည်သာ ဖြစ်ပေသည်။ ထိုအခါတွင် ထိုအာရုံကို အာရုံ ပြု၍ ဖြစ်ပေါ်နေကြသော နာမ်တရားစုတို့ကို သိမ်းဆည်းရန် လွယ်ကူနေမည်သာ ဖြစ်ပေသည်။

၁။ မုသားစကားမှ ရှောင်ကြဉ်မှုကို အာရုံယူ၍ တစ်ကြိမ် (၄-ချက်စီ),

၂။ ပိသုဏဝါစာ = ကုန်းချောစကားမှ ရှောင်ကြဉ်မှုကို အာရုံယူ၍ တစ်ကြိမ် (၄-ချက်စီ),

၃။ ကြမ်းတမ်းသည့် ဖရုသဝါစာစကားမှ ရှောင်ကြဉ်မှုကို အာရုံယူ၍ တစ်ကြိမ် (၄-ချက်စီ),

၄။ ပြိန်ဖျင်းသော သမ္ဖပ္ပလာပစကားမှ ရှောင်ကြဉ်မှုကို အာရုံယူ၍ တစ်ကြိမ် (၄-ချက်စီ) ---

ဤသို့ အသီးအသီး သိမ်းဆည်း ရှုပွားပါ။ ဇော တဒါရုံ နာမ်တရားစုတို့တွင် ---

သဒ္ဓါ-မှာ ကံ-ကံ၏ အကျိုးကို ယုံကြည်မှုသဘော ဖြစ်သည်။

ပညာ-မှာ ကံ-ကံ၏ အကျိုးကို တတ်သိနားလည်မှုသဘော ဖြစ်သည်။ ကမ္မဿကတာ သမ္မာဒိဋ္ဌိပင်တည်း။

သမ္မာကမ္မန္တ - ရှုကွက်

သမ္မာကမ္မန္တ - ရှုကွက်

သမ္မာကမ္မန္တသည်လည်း ---

၁။ ကိရိယာ သမ္မာကမ္မန္တ,

၂။ စေတနာ သမ္မာကမ္မန္တ,

၃။ ဝိရတိ သမ္မာကမ္မန္တဟု --- (၃)မျိုး ရှိ၏။

၁။ ထိုတွင် အပြစ်မရှိသော ကိစ္စလုပ်ငန်းရပ် တစ်ခုခုကို ပြုလုပ်နေသူ၏ ကိုယ်အမူအရာသည် ကိရိယာ သမ္မာကမ္မန္တ မည်၏။

၂။ ထိုအပြစ်မရှိသော ကိစ္စလုပ်ငန်းရပ် တစ်ခုခုကို ပြုလုပ်ကြောင်း ဖြစ်သော စေတနာသည် စေတနာ သမ္မာကမ္မန္တ မည်၏။

၃။ တစ်စုံတစ်ခုသော ကာယဒုစရိုက်ကို ပြုလုပ်ဖို့ရန် အချက်ပေါ်လာသည့်အခါ မပြုမကျင့်ဘဲ ရှောင်ကြဉ် လိုက်လျှင် ထိုသို့ ရှောင်ကြဉ်ခိုက်ဝယ် အခြား တစ်စုံတစ်ခုသော ကိုယ်အမှုကို ပြုသည် ဖြစ်စေ မပြုသည် ဖြစ်စေ ထိုရှောင်ကြဉ်မှုကား ဝိရတိ သမ္မာကမ္မန္တ မည်၏။

ဤ သမ္မာကမ္မန္တဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်ခြင်း မရှိစေရ။ သို့အတွက် ဤ၌ သမ္မာကမ္မန္တ ဟူသည် အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက်မှ ရှောင်ကြဉ်မှုသဘောဟု မှတ်ပါ။

၁။ ဘဝင်မနောအကြည်ဓာတ်ကို လှမ်း၍ သိမ်းဆည်းပါ။

၂။ အတိတ်က သမ္မာကမ္မန္တ ဖြစ်ဖူးသည့် အာရုံ သို့မဟုတ် ဖြစ်နေကျ အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။

၃။ ထိုအာရုံက ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ သမ္မာကမ္မန္တ အဝင်အပါ ဖြစ်သော မနော ဒွါရိက ဇောဝီထိ နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။

ဇောအသီးအသီး၌ ယခင် သဒ္ဓါပညာအုပ်စု နာမ်တရား (၃၄)တွင် သမ္မာကမ္မန္တ တစ်လုံးကို ထပ်၍ ထည့် ပါက အများဆုံး နာမ်တရား (၃၅)လုံး ရှိမည် ဖြစ်သည်။ ဉာဏ်နှင့် ပီတိကို လဲလှယ်၍ (၄)ချက်ပင် ရှုပါ။

သမ္မာကမ္မန္တ ဝီထိစဉ် ရှုကွက် ဇယား

သမ္မာကမ္မန္တ ဝီထိစဉ် ရှုကွက် ဇယား

၁။ ပါဏာတိပါတ (= သူ့အသက် သတ်ခြင်း) မှ ရှောင်ကြဉ်ဖူးသည့် အာရုံနှင့် တစ်ကြိမ်,

၂။ အဒိန္နာဒါန (= သူတစ်ပါး ပစ္စည်းကို မတရားယူမှု) မှ ရှောင်ကြဉ်ဖူးသည့် အာရုံနှင့် တစ်ကြိမ်,

၃။ ကာမေသု မိစ္ဆာစာရမှုမှ ရှောင်ကြဉ်ဖူးသည့် အာရုံနှင့် တစ်ကြိမ် ---

ဤသို့လျှင် (၃)ကြိမ် ခွဲ၍ တစ်မျိုး တစ်မျိုး၌ ဉာဏ် ပီတိ လဲလှယ်၍ (၄) ချက်စီပင် ရှုပါ။ ဤ၌လည်း သဒ္ဓါမှာ ကံ-ကံ၏ အကျိုးတရားကို သက်ဝင်ယုံကြည်မှု ဖြစ်၍ ပညာမှာ ကံ-ကံ၏အကျိုးတရားကို တတ်သိ နားလည်မှု ကမ္မဿကတာ သမ္မာဒိဋ္ဌိပင် ဖြစ်သည်။ သမ္မာဝါစာ၌ ဖော်ပြခဲ့သည့်စနစ်ကို နည်းမှီး၍ နောက် တစ်နည်းလည်း ရှုနိုင်သည်။

သမ္မာအာဇီဝ

သမ္မာအာဇီဝ

သမ္မာအာဇီဝသည် ---

၁။ ဝီရိယ သမ္မာအာဇီဝ -

၂။ ဝိရတိ သမ္မာအာဇီဝ အားဖြင့် (၂)မျိုး ရှိ၏။

၁။ ထို (၂)မျိုးတို့တွင် မိရိုးဖလာအတိုင်း လယ်ထွန်မှု ကုန်သွယ်မှု ရက္ကန်းအမှု စသည်တို့ကို ပြု၍သော် လည်းကောင်း, ရဟန်းသံဃာဖြစ်လျှင် ကုလဒူသန အနေသန မိစ္ဆာဇီဝတို့နှင့် မရောယှက်ဘဲ ဘုရားရှင် သည် ခွင့်ပြုထားတော်မူအပ်သော အရိယပရိယေသနတည်းဟူသော အရိယာ သူတော်ကောင်းတို့၏ ပစ္စည်းလေးပါးကို ရှာမှီးပုံ နည်းစနစ်အတိုင်း တရားသော နည်းလမ်းဖြင့်သာ ပစ္စည်းလေးပါးကို ရှာဖွေ၍ သော်လည်းကောင်း အသက်မွေးသူတို့၏ လယ်ထွန်ခိုက် ကုန်သွယ်ခိုက် ရက္ကန်းအမှု ပြုခိုက် ဆွမ်းခံခိုက် စသည့် ထိုထို အခိုက်အတန့်တို့၌ ဖြစ်ပေါ်နေသော ကောင်းမွန် မှန်ကန်စွာ ကြိုးစားအားထုတ်မှု သမ္မာ ဝါယာမသည် ဝီရိယ သမ္မာအာဇီဝ မည်၏။

၂။ သမ္မာဝါစာ သမ္မာကမ္မန္တ အခန်း၌ ပြအပ်ခဲ့သော ဝစီဒုစရိုက် ကာယဒုစရိုက်များသည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်၍ ဖြစ်အံ့၊ ဥပမာ -- မတရားေ့ရှနေလိုက်၍ အသက်မွေးနေအံ့၊ တံစိုးလက်ဆောင် စား၍ အသက်မွေးနေအံ့၊ မုဆိုးတံငါလုပ်၍ အသက်မွေးနေအံ့၊ ရဟန်းတော် ဖြစ်လျှင်လည်း ကုလဒူသန အနေသန မိစ္ဆာဇီဝဖြင့် ပစ္စည်းလေးပါးကို ရရှိသုံးစွဲနေအံ့ --- တစ်ချိန်ဝယ် ထိုဒုစရိုက်မျိုးကို မပြုမကျင့် တော့ပါဘူးဟု ရှောင်ကြဉ်လိုက်လျှင် သမ္မာအာဇီဝဝိရတိ ဖြစ်သည်။ ဤဝိရတိပိုင်း၌ ဤသမ္မာအာဇီဝဝိရတိ ကို အလိုရှိအပ်ပေသည်။ သို့အတွက် ဤ၌ သမ္မာအာဇီဝဟူသည် အသက်မွေးဝမ်းကြောင်းနှင့် စပ်ဆိုင် သော ကာယဒုစရိုက် ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှုသဘောဟု မှတ်ပါ။

တစ်ဖန် လူပုဂ္ဂိုလ်များအတွက် --- ဝဏိဇ္ဇာသုတ္တန် (အံ၊၂၊၁၈၃။)၌ ---

၁။ သတ္ထ ဝဏိဇ္ဇာ = လက်နက်ကို ကုန်သွယ်ခြင်း,

၂။ သတ္တ ဝဏိဇ္ဇာ = လူကို ကုန်သွယ်ခြင်း,

၃။ မံသ ဝဏိဇ္ဇာ = အသားတိုးပွားအောင် မွေးမြူရေးလုပ်၍ ကုန်သွယ်ခြင်း,

၄။ မဇ္ဇ ဝဏိဇ္ဇာ = သေရည် သေရက် မူးယစ်ဆေးဝါးကို ကုန်သွယ်ခြင်း,

၅။ ဝိသ ဝဏိဇ္ဇာ = အဆိပ်ကို ကုန်သွယ်ခြင်း --- ဟု

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေသော ဥပါသကာ ဒါယကာတို့ မပြုကျင့် မပြုထိုက်သော ကုန် သွယ်မှု (၅)မျိုး လာရှိ၏။ ယင်းကုန်သွယ်မှု (၅)မျိုးကြောင့် ရရှိသော ပစ္စည်းများကို မသုံးစွဲဘဲ ရှောင်ကြဉ်မှု သဘောသည်လည်း သမ္မာအာဇီဝပင် ဖြစ်သည်။

တစ်ဖန် ရဟန်းတော်များအဖို့ ကုလဒူသန အနေသန မိစ္ဆာဇီဝမှုတို့ကို မပြုမကျင့် ရှောင်ကြဉ်လျက် ထို ကုလဒူသန အနေသန မိစ္ဆာဇီဝမှုများကြောင့် ရရှိသော ပစ္စည်းများကို မသုံးစွဲဘဲရှောင်ကြဉ်မှု သဘောသည်လည်း သမ္မာအာဇီဝပင် ဖြစ်သည်။

သမ္မာအာဇီဝ - ရှုကွက်

သမ္မာအာဇီဝ - ရှုကွက်

၁။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ သမ္မာအာဇီဝ ဖြစ်ဖူးသည့် အာရုံ တစ်ခုခုကို လှမ်း၍ အာရုံယူပါ။

ဥပမာ --- သားကောင် ပေါက်နိုင်သည့် ကြက်ဥကို မိမိအတွက် စီမံထားသည်ဟု သိရှိရ၍ မစားဘဲ ရှောင်ကြဉ်မှု သဘောကို လှမ်း၍ အာရုံယူပါ။

၃။ ထို အာရုံက ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ သမ္မာအာဇီဝ အဝင်အပါ ဖြစ်သော မနောဒွါရိက ဇောဝီထိ စိတ်အစဉ်များကို ဆက်လက်၍ သိမ်းဆည်းပါ။

ဇောအသီးအသီး၌ ဉာဏ်နှင့် ပီတိ ပါ-မပါသို့ လိုက်၍ ယခင် သဒ္ဓါ-ပညာ နာမ်တရားအုပ်စုတွင် သမ္မာ အာဇီဝ တစ်လုံးကို ထပ်၍ ထည့်ပါက (၃၅^၃၄^၃၄^၃၃) အသီးအသီး ရှိမည် ဖြစ်သည်။ ကြွင်းနည်းတူတည်း။

သမ္မာအာဇီဝ ဝီထိစဉ် ရှုကွက် ဇယား

ဝိရတိ အကြောင်း သိကောင်းစရာ

ဝိရတိ အကြောင်း သိကောင်းစရာ

ဤတွင် ဤ ဝိရတိစေတသိက်တို့ကို ရှုရာ၌ ရှုကွက်ကို ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက် နားလည်ရန် အတွက် အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၄၆ - စသည်တို့၌ လာရှိသည့်အတိုင်း ရှေးရှေးဆရာမြတ်တို့၏ ဝေဖန် သုံးသပ်ချက်များကိုပါ ဆက်လက်၍ ဖော်ပြအပ်ပါသည်။

ဝိရတိသည် --- --

၁။ သမ္ပတ္တဝိရတိ,

၂။ သမာဒါနဝိရတိ,

၃။ သမုစ္ဆေဒဝိရတိဟု (၃)မျိုး ပြား၏။

၁။ သမ္ပတ္တဝိရတိ

တတ္ထ အသမာဒိန္နသိက္ခာပဒါနံ အတ္တနော ဇာတိဝယဗာဟုသစ္စာဒီနိ ပစ္စဝေက္ခိတွာ အယုတ္တံ အမှာကံ ဧဝရူပံ ပါပံ ကာတုန္တိ သမ္ပတ္တံ ဝတ္ထုံ အဝီတိက္ကမန္တာနံ ဥပ္ပဇ္ဇမာနာ ဝိရတိ သမ္ပတ္တဝိရတီတိ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။)

ထို (၃)မျိုးတို့တွင် သိက္ခာပုဒ်ကို ဆောက်တည်မထားကုန်သော သူတို့၏ မိမိ၏ အမျိုးဇာတ်၏ မြင့်မြတ်မှု, အရွယ်ကြီးမြတ်မှု, ဗဟုသုတမင်္ဂလာနှင့် ပြည့်စုံမှု စသည်တို့ကို ဆင်ခြင်၍ --- --

ငါတို့ကဲ့သို့သော ပုဂ္ဂိုလ်တို့အဖို့ ဤကဲ့သို့သော ယုတ်မာသော အမှုကို ပြုလုပ်ရန် မသင့်တော် --- --

ဟု ဆုံးဖြတ်ချက်ချ၍ လွန်ကျူးဖို့ရန် အသင့် ဆိုက်ရောက်လာသော လွန်ကျူးဖွယ် အာရုံကို (= ဝတ္ထုကို) မလွန်ကျူးကုန်သော သူတို့၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ရှောင်ကြဉ်မှုဝိရတိကို သမ္ပတ္တဝိရတိဟု သိရှိပါ လေ။ ဤစကားစဉ်အရ သိက္ခာပုဒ်ကို ဆောက်တည်မထားဘဲ လွန်ကျူးဖွယ်အာရုံကို တွေ့ရှိမှ မလွန်ကျူးဘဲ ရှောင်ကြဉ်မှုသည် သမ္ပတ္တဝိရတိ မည်၏။

စက္ကန ဥပါသကာ

စက္ကန ဥပါသကာ

သီဟိုဠ်ကျွန်းဝယ် စက္ကန အမည်ရသော ဥပါသကာတစ်ဦး ရှိခဲ့ဖူး၏။ ယင်း ဥပါသကာ ငယ်ရွယ်နုနယ်စဉ် အခါ၌ပင် မိခင်ဖြစ်သူဝယ် အနာရောဂါ တစ်ခု စွဲကပ်ခဲ့၏။ ဆေးဆရာက မကျန်းမာသော မိခင်အတွက် လတ် ဆတ်သော ယုန်သားကို ရရှိဖို့ရန် သင့်တော်ကြောင်း ပြောကြားလာ၏။ ထိုအခါ စက္ကန၏ အစ်ကိုဖြစ်သူက လယ်တောသို့ သွား၍ ယုန်သားကို ရှာဖွေရန် စက္ကနအား စေခိုင်းလိုက်၏။ စက္ကနသည် မကျန်းမာသော မိခင် အတွက် လတ်ဆတ်သော ယုန်သား ဓာတ်စာကျသောကြောင့် ယုန်သား ရှာဖွေရန် လယ်တောသို့ ထွက်ခွာလာ ခဲ့၏။ စက္ကန လယ်တောသို့ ဆိုက်ရောက်လာသော ထိုအချိန်၌လည်း ယုန်ငယ်တစ်ကောင်သည် ကောက်နုကို စားဖို့ရန် လယ်တောသို့ ရောက်ရှိလာ၏။ ထို စက္ကနသည် ထိုယုန်ငယ်ကို မြင်လျှင်မြင်ချင်း လျင်မြန်သော အဟုန် ဖြင့် လိုက်ဖမ်းလတ်သော် ယုန်ငယ်ကား နွယ်တစ်ခုဖြင့် ရစ်ပတ်မိရက်သား ဖြစ်နေ၏၊ သေဘေးမှ ကြောက်သဖြင့် လည်း အော်မြည်နေ၏။ စက္ကနသည် ထိုအသံကို ကြားသဖြင့် ယုန်ရှိရာသို့သွား၍ ထိုယုန်ငယ်ကို ဖမ်းယူလေ၏။ အမေ့အတွက် ဆေးဖြစ်အောင် ပြုလုပ်မည်ဟု စဉ်းစားမိ၏။ တစ်ဖန် ငါသည် အမိ၏ အသက်ရှင်ရေးတည်း ဟူသော အကြောင်းကြောင့် သူတစ်ပါးကို ဇီဝိတိန္ဒြေမှ ချငြားအံ့၊ သတ်ငြားအံ့၊ ဤသတ်ခြင်းအမှုကား ငါ့အတွက် မသင့်တော်ပေ - ဟု စဉ်းစားမိပြန်၏။ (ပါဏာတိပါတ၏ အပြစ်ကို သတိရမိခြင်းပင် ဖြစ်၏။) ထိုသို့ စဉ်းစား ပြီးနောက် ယင်းယုန်ငယ်ကို - အမောင် ယုန်ငယ် ...သွားချေတော့၊ တောထဲ၌ ယုန်အပေါင်းတို့နှင့် အတူ တကွ မြက်ရေကို သုံးဆောင်ပေတော့ - ဟု ပြောဆို၍ လွှတ်လိုက်၏။ အိမ်ပြန်ရောက်သောအခါ အစ်ကို ဖြစ်သူက - ယုန် ရရှိခဲ့ပါရဲ့လား - ဟု မေးမြန်းသောအခါ မိမိ ပြုခဲ့သမျှ ဖြစ်ရပ်အလုံးစုံကို ပြောပြ၏။ ထို အခါ အစ်ကိုလုပ်သူက သဘောမတွေ့သဖြင့် စက္ကနကို ကြိမ်းမောင်းလေတော့၏။ ထိုသို့ ကြိမ်းမောင်းခံရသော စက္ကနသည် မိခင်ထံမှောက်သို့ သွား၍ --- --

ယတော အဟံ ဇာတော၊ နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာတိ သစ္စံ ဝတွာ အဋ္ဌာသိ။

= လူဖြစ်သည့် အရွယ် (နားလည်သည့် အရွယ်) က စ၍ သူတစ်ပါး၏ အသက်ကို သေစေလိုသော စိတ် စေတနာဖြင့် မသတ်ဖူးပါ --- ဟု

ဤမှန်သော သစ္စာစကားကို ပြောဆို၍ ရပ်တည်နေ၏။ ထိုမှန်ကန်သော သစ္စာစကားကို ပြောဆိုစဉ်မှာ ပင်လျှင် စက္ကန၏မိခင်သည် ရောဂါကင်းရှင်းသွားခဲ့ရလေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။) - ဤဝတ္ထု၌ လွန်ကျူးဖို့ရန် တိုက်ရိုက် တွေ့ကြုံလာရသော ယုန်ကို မသတ်ဘဲ ရှောင်ကြဉ်ခြင်းသည် သမ္ပတ္တဝိရတိတည်း။ ဤသမ္ပတ္တဝိရတိ၏ ပစ္စုပ္ပန် လွန်ကျူးဆဲ အာရုံကို အာရုံပြုကြောင်းမှာ ထင်ရှားလေပြီ။

၂။ သမာဒါနဝိရတိ --- --

သမာဒိန္နသိက္ခာပဒါနံ ပန သိက္ခာပဒသမာဒါနေ စ တတုတ္တရိဉ္စ အတ္တနော ဇီဝိတမ္ပိ ပရိစ္စဇိတွာ ဝတ္ထုံ အဝီတိက္ကမန္တာနံ ဥပ္ပဇ္ဇမာနာ ဝိရတိ သမာဒါနဝိရတီတိ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။)

သိက္ခာပုဒ်ကို ဆောက်တည်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝိရတိသည် သမာဒါနဝိရတိ မည်၏။ သိက္ခာပုဒ်ကို ဆောက်တည်ကုန်သော သူတို့၏ သိက္ခာပုဒ်ကို ဆောက်တည်တုန်းမှာ ဖြစ်စေ, ဆောက်တည်ပြီး နောက်မှ ဖြစ်စေ သိက္ခာပုဒ်ကို ဆောက်တည်ထားသည့် အတွက် မိမိ၏ အသက်ကိုသော်ပင် စွန့်လွှတ်၍ လွန်ကျူးဖွယ် ဝတ္ထုကို မလွန်ကျူးကုန်သော သူတို့၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ဝိရတိကို သမာဒါနဝိရတိ ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၄၆။)

ဥတ္တရ ဝဍ္ဎမာနတောင် အရပ်၌ နေသော ဥပါသကာတစ်ဦး

ဥတ္တရ ဝဍ္ဎမာနတောင် အရပ်၌ နေသော ဥပါသကာတစ်ဦး

ထိုဥပါသကာသည် အမ္ဗရိယကျောင်းတိုက်၌ သီတင်းသုံးစံနေတော်မူသော ပိင်္ဂလဗုဒ္ဓရက္ခိတမထေရ် မြတ်ကြီး၏ အထံ၌ သိက္ခာပုဒ်တို့ကို ဆောက်တည်၍ ယူ၍ လယ်ထွန်၏။ ထိုအခါဝယ် လယ်ထွန်ပြီးနောက် လွှတ်ထားစဉ် ထိုဥပါသကာ၏ နွားသည် ပျောက်သွား၏၊ ထိုဥပါသကာသည် ထိုပျောက်သွားသော နွားကို ရှာဖွေလျက် လှည့်လည်လတ်သော် ဥတ္တရ ဝဍ္ဎမာနတောင်ပေါ်သို့ တက်ရောက်မိသွား၏။ ထိုတောင်ပေါ်ဝယ် ထိုဥပါသကာကို စပါးကြီးမြွေက ရစ်ပတ်၍ အရဖမ်းယူလေ၏။ ထိုဥပါသကာသည် လက်ထဲ၌ ပါလာသော ထက်မြက်လှသော ပဲခွပ်ဖြင့် ယင်းမြွေ၏ ဦးခေါင်းကို ဖြတ်ရန် ကြံစည်ပြီးမှ တစ်ဖန် -- ငါသည် ကုသိုလ်စိတ် အစဉ်ကို လွန်စွာ တိုးပွားစေတတ်သော လေးစားထိုက်သော ဆရာသမား၏ အထံ၌ ရယူဆောက်တည်ပြီး ဖြစ်ပါ လျက် သိက္ခာပုဒ်တို့ကို ဖျက်ဆီးခဲ့သော် ဤသိက္ခာပုဒ်တို့ကို ဖျက်ဆီးခြင်း အမှုကား ငါ့အတွက် မသင့်တော်ပေ ဟု စဉ်းစားမိပြန်၏။ ဤသို့လျှင် သုံးကြိမ်တိုင်တိုင် ကြံစည်ပြီးမှ --- --

ဇီဝိတံ ပရိစ္စဇာမိ, န သိက္ခာပဒံ

= အသက်ကိုသာ စွန့်အံ့၊ သိက္ခာပုဒ်ကို မစွန့်အံ့ --- --

ဤသို့ စဉ်းစား၍ ပခုံးထက်၌ လွယ်ထားသော ထက်မြက်လှသော အရိုးတပ်ထားသော ပဲခွပ်ကို တောထဲ သို့ လွှင့်ပစ်လိုက်လေ၏။ ထိုခဏမှာပင်လျှင် သီလ၏ တန်ခိုးကြောင့် ထိုဥပါသကာကို စပါးကြီးမြွေကလည်း လွှတ်၍ ထွက်သွားလေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၄၆-၁၄၇။)

ဤဝတ္ထုသွားကို ထောက်ထားလျှင် ဤသမာဒါနဝိရတိသည်လည်း ပစ္စုပ္ပန်ကိုပင် အာရုံပြုသည်ဟု မှတ်ပါ။ သမ္ပတ္တဝိရတိ၌ သိက္ခာပုဒ်ကို ဆောက်တည်မှု မရှိ၊ ဤ သမာဒါနဝိရတိ၌ကား သိက္ခာပုဒ်ကို ကြိုတင် ဆောက်တည် ထားမှုရှိ၏။ ဤမျှသာ ကွာခြား၍ ဆိုက်ရောက်လာသော လွန်ကျူးဖွယ်ဝတ္ထုမှ မလွန်ကျူးဘဲ ရှောင်ကြဉ်ပုံ အခြင်း အရာချင်းကား တူညီလျက်ပင် ရှိ၏။

အသမာဒိန္နသီလဿ သမ္ပတ္တတော ယထာဥပဋ္ဌိတဝီတိက္ကမိတဗ္ဗဝတ္ထုတော ဝိရတိ သမ္ပတ္တဝိရတိ၊ သမာဒါနဝသေန ဥပ္ပန္နာ ဝိရတိ သမာဒါနဝိရတိ။ (မ၊ဋီ၊၁၊၃၀၅။)

၃။ သမုစ္ဆေဒဝိရတိ --- --

အရိယမဂ္ဂသမ္ပယုတ္တာ ပန ဝိရတိ သမုစ္ဆေဒဝိရတီတိ ဝေဒိတဗ္ဗာ၊ ယဿာ ဥပ္ပတ္တိတော ပဘုတိ ပါဏံ ဃာတေဿာမီတိ အရိယပုဂ္ဂလာနံ စိတ္တမ္ပိ နုပ္ပဇ္ဇတီတိ။ (အဘိ၊ဋ္ဌ၊၁၊၁၄၇။)

= ဒုစရိုက် ဒုရာဇီဝ ဟူသမျှ၏ အနုသယဓာတ်ကို အကြွင်းမဲ့ ပယ်သတ်ခြင်း၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော လောကုတ္တရာ အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော ဝိရတိကို သမုစ္ဆေဒဝိရတိဟု သိရှိပါလေ။ ယင်းသမုစ္ဆေဒဝိရတိ ၏ ဖြစ်ပေါ်လာရာ အချိန်အခါမှစ၍ အရိယာသူတော်ကောင်းတို့၏ သန္တာန်ဝယ် သူ့အသက်ကို သတ်အံ့ ဟူသော စိတ်ဓာတ်မျှသော်လည်း လုံးဝ မဖြစ်တော့ပေ။ (အဘိ၊ဋ္ဌ၊၁၊၁၄၇။)

ကုသိုလ်သာ ဖြစ်သည်

ကုသိုလ်သာ ဖြစ်သည်

ပဉ္စသိက္ခာပဒါနိ။ ပ ။ ကုသလာယေဝ။ (အဘိ၊၂၊၃၀၅။)

ဝိရတိတရားတို့သည် (သိက္ခာပုဒ်တို့သည်) ကုသိုလ်သာ ဧကန် ဖြစ်ကုန်၏ --- -- ဟု ဘုရားရှင် ဟောကြား ထားတော်မူသောကြောင့် ဝိရတိတရားတို့သည် ဇော၌သာ ယှဉ်တွဲ ဖြစ်ကြကုန်၏၊ ဇောနောင် ကျသော တဒါရုံ၌ ယှဉ်တွဲ၍ မဖြစ်ကုန်ဟု မှတ်ပါ။

ဝိရတိ တရားတို့၏ အာရုံ

ဝိရတိ တရားတို့၏ အာရုံ

ပဉ္စသိက္ခာပဒါနိ။ ပ ။ ပစ္စုပ္ပန္နာရမ္မဏာ။ (အဘိ၊၂၊၃၀၅။)

အာရမ္မဏတ္တိကေသု ပန ယာနိ သိက္ခာပဒါနိ ဧတ္ထ သတ္တာရမ္မဏာနီတိ ဝုတ္တာနိ၊ တာနိ ယသ္မာ သတ္တောတိ သင်္ခံ ဂတေ သင်္ခါရေယေဝ အာရမ္မဏံ ကရောန္တိ၊ ယသ္မာ စ သဗ္ဗာနိပိ ဧတာနိ သမ္ပတ္တဝိရတိဝသေနေဝ နိဒ္ဒိဋ္ဌာနိ၊ တသ္မာ ပရိတ္တာရမ္မဏာတိ စ ပစ္စုပ္ပန္နာရမ္မဏာတိ စ ဝုတ္တံ။ ယတော ပန ဝိရမတိ၊ တဿ ဝတ္ထုနော အစ္စန္တဗဟိဒ္ဓတ္တာ သဗ္ဗေသမ္ပိ ဗဟိဒ္ဓါရမ္မဏတာ ဝေဒိတဗ္ဗာတိ။ (အဘိ၊ဋ္ဌ၊၂၊၃၆၉။)

ဣမသ္မိံ ပန သိက္ခာပဒဝိဘင်္ဂေ သမ္မာသမ္ဗုဒ္ဓေန အဘိဓမ္မဘာဇနီယေပိ ပဥှာပုစ္ဆကေပိ လောကိယာနေဝ သိက္ခာပဒါနိ ကထိတာနိ။ (အဘိ၊ဋ္ဌ၊၂၊၃၆၉။)

သမ္ပတ္တဝိရတိဝသေနာတိ သမ္ပတ္တေ ပစ္စုပ္ပန္နေ အာရမ္မဏေ ယထာဝိရမိတဗ္ဗတော ဝိရတိဝသေနာတိ အတ္ထော။ (မူလဋီ၊၂၊၁၉၀။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသည့်အတိုင်း လောကီဝိရတိတို့သည် ပစ္စုပ္ပန် ကာမအာရုံကိုသာ အာရုံပြုကြ၏။

သိက္ခာပဒဝိဘင်းဝယ် သိက္ခာပုဒ်တို့ကို သတ္တာရမ္မဏ = သတ္တဝါလျှင် အာရုံရှိကုန်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူကုန်၏။ ထိုသိက္ခာပုဒ်တို့သည် သတ္တဝါဟု ခေါ်ဝေါ်ပညတ် သမုတ်အပ်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်သော ရုပ်နာမ် သင်္ခါရတရားတို့ကိုသာလျှင် အာရုံပြုကြကုန်သောကြောင့် အလုံးစုံလည်း ဖြစ် ကုန်သော ဤသိက္ခာပုဒ်တို့ကို သမ္ပတ္တဝိရတိ၏ အစွမ်းဖြင့်သာ ညွှန်ပြတော်မူအပ်ကုန်ပြီ၊ ထိုကြောင့် ပရိတ္တာရမ္မဏ = ကာမတရားလျှင် အာရုံရှိကုန်သော တရားတို့ဟူ၍လည်းကောင်း, ပစ္စုပ္ပန္နာရမ္မဏ = ပစ္စုပ္ပန်တရားလျှင် အာရုံ ရှိကုန်သော တရားတို့ဟူ၍လည်းကောင်း ဘုရားရှင်သည် ဟောကြားတော်မူ၏။

တစ်ဖန် အကြင်ဝတ္ထုမှ ရှောင်ကြဉ်၏၊ ထိုရှောင်ကြဉ်အပ်သော ဝတ္ထု၏ ဗဟိဒ္ဓတရား စစ်စစ်သာ ဖြစ်သော ကြောင့် အလုံးစုံသော သိက္ခာပုဒ်တို့၏လည်း ဗဟိဒ္ဓါရမ္မဏ = ဗဟိဒ္ဓ ရုပ်နာမ် သင်္ခါရတရားလျှင် အာရုံရှိသည်၏ အဖြစ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၆၉။)

ဤ အထက်ပါ အဋ္ဌကထာ စကားရပ်ဝယ် သိက္ခာပုဒ် အားလုံးတို့ကို သမ္ပတ္တဝိရတိ၏ အစွမ်းဖြင့် ဘုရားရှင် ညွှန်ကြားတော်မူကြောင်း လာရှိ၏။ ထိုသမ္ပတ္တဝိရတိ အရ --- -- သမ္ပတ္တဝိရတိ, သမာဒါနဝိရတိ, သမုစ္ဆေဒဝိရတိ (၃)မျိုးတို့တွင် ပါဝင်သော သမ္ပတ္တဝိရတိကို ဆိုသည်ဟု ထင်မှားဖွယ် ရှိသောကြောင့် --- - သမ္ပတ္တေ ပစ္စုပ္ပန္နေ အာရမ္မဏေ - စသည်ဖြင့် မူလဋီကာဆရာတော်က ရှင်းပြတော်မူသည်။

ပစ္စုပ္ပန်ဖြစ်သော လွန်ကျူးဖွယ်အာရုံသည် ဆိုက်ရောက်လာလတ်သော်သာလျှင် တစ်နည်းဆိုရသော် လွန်ကျူးဖွယ်အာရုံက ပစ္စုပ္ပန်အဖြစ်သို့ ဆိုက်ရောက်လာမှသာလျှင် ယင်းသို့ ဆိုက်ရောက်လာသော ပါဏာတိပါတ စသော ထိုထိုအမှုမှ ရှောင်ကြဉ်နိုင်သောကြောင့် သမ္ပတ္တပုဒ်ကို - သမ္ပတ္တေ ပစ္စုပ္ပန္နေ အာရမ္မဏေ - ဟု ဋီကာ ဆရာတော်က ဖွင့်ဆိုလိုက်ခြင်း ဖြစ်သည်။ မှန်ပေသည် - သမာဒါနဝိရတိသည်လည်း သီလဆောက်တည်တုန်း သက်သက်၌ မဖြစ်သေး၊ သီလဆောက်တည်ခိုက်၌ ဖြစ်စေ နောက်ပိုင်း၌ ဖြစ်စေ လွန်ကျူးဖွယ် ပစ္စုပ္ပန်အာရုံနှင့် တွေ့၍ ရှောင်ကြဉ်မှသာ ဖြစ်သည်။ သမုစ္ဆေဒဝိရတိကား လောကုတ္တရာတရားသက်သက်သာ ဖြစ်သောကြောင့် ဤဝိပဿနာအရာ၌ မသက်ဆိုင်ပေ။

သို့အတွက် တရားရှုပွားနေဆဲ ဖြစ်သော အသင်ယောဂီသူတော်ကောင်းအဖို့ ဝိရတိ နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားခိုက်ဝယ် ပစ္စုပ္ပန် လွန်ကျူးဖွယ်အာရုံနှင့် တိုက်ရိုက် ရင်ဆိုင် တိုးနေချိန် မဟုတ်သဖြင့် တစ်ချိန် ယင်းဒုစရိုက် ဒုရာဇီဝ တစ်ခုခုကို ရှောင်ကြဉ်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သော ဒုစရိုက် ဒုရာဇီဝ တစ်ခုခုကိုပင် အာရုံယူ၍ ယင်း ရှောင်ကြဉ်ခဲ့သော ဝိရတိ နာမ်တရားစုတို့ကို ရှုပွားရန် အထက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ပါဏာတိပါတ စသည်၏ အာရုံ အယူအဆ သိမှတ်ဖွယ်

ပါဏာတိပါတ စသည်၏ အာရုံ အယူအဆ သိမှတ်ဖွယ်

အာရမ္မဏတော ပါဏာတိပါတော ဇီဝိတိန္ဒြိယာရမ္မဏော။ အဒိန္နာဒါနံ သတ္တာရမ္မဏံ ဝါ သင်္ခါရာရမ္မဏံ ဝါ။ မိစ္ဆာစာရော ဣတ္ထိပုရိသာရမ္မဏော။ မုသာဝါဒေါ သတ္တာရမ္မဏော ဝါ သင်္ခါရာရမ္မဏော ဝါ။ သုရာပါနံ သင်္ခါရာရမ္မဏံ။ (အဘိ၊ဋ္ဌ၊၂၊၃၆၆။)

၁။ ပါဏာတိပါတ စေတနာသည် သူတစ်ပါး၏ ဇီဝိတိန္ဒြေလျှင် အာရုံ ရှိ၏။

၂။ အဒိန္နာဒါန စေတနာသည် သတ္တဝါလျှင် အာရုံ ရှိသည်သော်လည်း ရှိ၏၊ သက်မဲ့ သင်္ခါရတရားလျှင် အာရုံ ရှိသည်သော်လည်း ရှိ၏။

၃။ ကာမေသုမိစ္ဆာစာရ စေတနာသည် မိန်းမ ယောက်ျား ဟူသော အာရုံ ရှိ၏။

၄။ မုသာဝါဒ စေတနာသည် သတ္တဝါလျှင် အာရုံရှိသည်သော်လည်း ရှိ၏၊ သက်မဲ့ သင်္ခါရတရားစုလျှင် အာရုံ ရှိသည်သော်လည်း ရှိ၏။

၅။ သုရာပါန စေတနာသည် သက်မဲ့ သင်္ခါရတရားစုလျှင် အာရုံရှိ၏။ (အဘိ၊ဋ္ဌ၊၂၊၃၆၆။)

သိက္ခာပုဒ်ဟူသည်

သိက္ခာပုဒ်ဟူသည်

ယသ္မာ ပန န ကေဝလံ ဝိရတိယေဝ သိက္ခာပဒံ၊ စေတနာပိ သိက္ခာပဒမေဝ၊ တသ္မာ တံ ဒေဿတုံ ဒုတိယနယော ဒဿိတော။ ယသ္မာ စ န ကေဝလံ ဧတေယေဝ ဒွေ ဓမ္မာ သိက္ခာပဒံ၊ စေတနာသမ္ပယုတ္တာ ပန ပရောပဏ္ဏာသဓမ္မာပိ သိက္ခိတဗ္ဗကောဋ္ဌာသတော သိက္ခာပဒမေဝ၊ တသ္မာ တတိယနယောပိ ဒဿိတော။ (အဘိ၊ဋ္ဌ၊၂၊၃၆၅။)

ဤ အထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုတော်မူချက် အရ --- --

၁။ ဝိရတိ စေတသိက်သည်လည်း သိက္ခာပုဒ် မည်၏။

၂။ စေတနာသည်လည်း သိက္ခာပုဒ် မည်၏။

၃။ ဤဝိရတိ စေတနာ (၂)မျိုးသာ သိက္ခာပုဒ် မည်သည် မဟုတ်သေး။ စေတနာနှင့် သမ္ပယုတ္တဓမ္မ ဖြစ်ကြ ကုန်သော စိတ်စေတသိက် တရားစုတို့သည်လည်း ကျင့်သင့် ကျင့်ထိုက်သော တရားအစုတို့ ဖြစ်ခြင်း ကြောင့် သိက္ခာပုဒ်ပင် မည်၏။

ဝိရတိ၏ အာရုံကို ဆန်းစစ်ချက်

ဝိရတိ၏ အာရုံကို ဆန်းစစ်ချက်

အာရမ္မဏတောတိ ပါဏာတိပါတာ ဝေရမဏီ ပရဿ ဇီဝိတိန္ဒြိယံ အာရမ္မဏံ ကတွာ အတ္တနော ဝေရစေတနာယ ဝိရမတိ။ ဣတရာသုပိ ဧသေဝ နယော။ သဗ္ဗာပိ ဟိ ဧတာ ဝီတိက္ကမိတဗ္ဗဝတ္ထုံ အာရမ္မဏံ ကတွာ ဝေရစေတနာဟိယေဝ ဝိရမန္တိ။ (အဘိ၊ဋ္ဌ၊၂၊၃၆၈။)

သတ္တဣတ္ထိပုရိသာရမ္မဏတာ တထာဂဟိတသင်္ခါရာရမ္မဏတာယ ဒဋ္ဌဗ္ဗာ။ ပဉ္စ သိက္ခာပဒါ ပရိတ္တာရမ္မဏာတိ ဟိ ဝုတ္တံ။ သဗ္ဗာပိ ဟိ ဧတာ ဝီတိက္ကမိတဗ္ဗဝတ္ထုံ အာရမ္မဏံ ကတွာ ဝေရစေတနာဟိ ဧဝ ဝိရမန္တီတိ စ ဝက္ခတီတိ။ (မူလဋီ၊၂၊၁၈၉။)

တထာဂဟိတသင်္ခါရာရမ္မဏတာယာတိ သတ္တံ အဝဟရာမိ၊ သတ္တေ ဝိပ္ပဋိပဇ္ဇာမီတိအာဒိနာ သတ္တာကာရေန ဂဟိတသင်္ခါရာရမ္မဏတာယ၊ န ပန သတ္တပညတ္တိအာရမ္မဏတာယာတိ အဓိပ္ပါယော။ (အနုဋီ၊၂၊၁၉၀။)

= ပါဏာတိပါတစသော ဒုစရိုက်တို့၏ အာရုံအားဖြင့် အဆုံးအဖြတ်ကို သိသင့်သကဲ့သို့ - ပါဏာတိပါတာ ဝေရမဏိ (= သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း) စသည့် သိက္ခာပုဒ်တို့၏လည်း အာရုံအားဖြင့် အဆုံး အဖြတ်ကို သိသင့်ပေသည်။

၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း ဖြစ်သော ပါဏာတိပါတာ ဝေရမဏိ သိက္ခာပုဒ်သည် ကျူးလွန် ထိုက်သော သူတစ်ပါး၏ ဇီဝိတိန္ဒြေကို အာရုံပြု၍ မိမိ၏ ရန်ဖြစ်ကြောင်း ဝေရစေတနာမှ ရှောင်ကြဉ်၏။

၂။ ပိုင်ရှင်က ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါး၏ ဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်ကြောင်း ဖြစ်သော အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပုဒ်သည် ကျူးလွန်ထိုက်သော သတ္တဝါကိုသော်လည်းကောင်း, သက်မဲ့ သင်္ခါရတရားကိုသော်လည်းကောင်း အာရုံပြု၍ မိမိ၏ ရန်ဖြစ်ကြောင်း ဝေရစေတနာမှ ရှောင်ကြဉ် ၏။

၃။ သူ့သားမယားကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ကာမေသု မိစ္ဆာစာရာ ဝေရမဏိ သိက္ခာ ပုဒ်သည် ကျူးလွန်ထိုက်သော မိန်းမအာရုံ ယောက်ျားအာရုံကို အာရုံပြု၍ မိမိ၏ ရန်ဖြစ်ကြောင်း ဝေရ စေတနာမှ ရှောင်ကြဉ်၏။

၄။ မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်ကြောင်း ဖြစ်သော မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်သည် ကျူးလွန်ထိုက်သော သတ္တဝါကိုသော်လည်းကောင်း, သက်မဲ့ သင်္ခါရတရားစုကိုသော်လည်းကောင်း အာရုံပြု၍ မိမိ၏ ရန်ဖြစ်ကြောင်း ဝေရစေတနာမှ ရှောင်ကြဉ်၏။

၅။ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော သေရည် သေရက်တို့ကို မှီဝဲစားသောက်ခြင်းမှ ရှောင် ကြဉ်ကြောင်း ဖြစ်သော သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပုဒ်သည် ကျူးလွန်ထိုက်သော မူးယစ်ဆေးဝါးဟူသော သက်မဲ့ သင်္ခါရတရားစုကို အာရုံပြု၍ မိမိ၏ ရန်ဖြစ်ကြောင်း ဝေရစေတနာမှ ရှောင်ကြဉ်၏။

မှန်ပေသည် --- -- အလုံးစုံလည်း ဖြစ်ကုန်သော ဤဝိရတိ စေတနာတို့သည် --- ဝီတိက္ကမိတဗ္ဗဝတ္ထု ဟု ခေါ်ဆိုအပ်သော လွန်ကျူးထိုက်သော (= ကျူးလွန်ထိုက်သော) သူတစ်ပါး၏ အသက်ဇီဝိတိန္ဒြေစသော ဝတ္ထုကို အာရုံပြု၍ ရန်ဖြစ်ကြောင်း ဝေရစေတနာတို့မှသာလျှင် ရှောင်ကြဉ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၃၆၈။)

ဤအထက်ပါ အဋ္ဌကထာ စကားရပ်၌ အချို့သိက္ခာပုဒ်တို့ဝယ် သတ္တဝါဟူသော အာရုံရှိသည်၏ အဖြစ်, မိန်းမ ယောက်ျားဟူသော အာရုံရှိသည်၏ အဖြစ်ကို ဖွင့်ဆိုထားတော်မူ၏။ ဤဖွင့်ဆိုချက်နှင့် ပတ်သက်၍ မူလဋီကာဆရာတော်နှင့် အနုဋီကာဆရာတော်တို့က ဤသို့ ရှင်းပြထားတော်မူ၏။

သတ္တဝါကို ခိုးယူအံ့၊ ရွှေငွေကို ခိုးယူအံ့၊ သတ္တဝါတို့ကို, အမျိုးသ္မီးကို, အမျိုးသားကို ဖောက်ဖောက်ပြန်ပြန် ပြုကျင့်အံ့ - ဤသို့ စသည်ဖြင့် သတ္တဝါဟူသော အခြင်းအရာအားဖြင့် ရွှေ-ငွေစသော အခြင်းအရာအားဖြင့် စွဲယူအပ်သော သက်ရှိ ရုပ်နာမ် သင်္ခါရနှင့် သက်မဲ့ ရုပ်သင်္ခါရဟူသော ဝီတိက္ကမိတဗ္ဗဝတ္ထု အမည်ရသော လွန်ကျူး ထိုက်သော ဝတ္ထုကို အာရုံပြု၍ ရန်ဖြစ်ကြောင်း ဝေရစေတနာတို့မှသာလျှင် ရှောင်ကြဉ်ကြကုန်၏ဟု မှတ်သား ပါ။ သတ္တဝါဟူသော ပညတ်အတုံးအခဲ ရွှေ-ငွေ စသော သက်မဲ့ပညတ် အတုံးအခဲကို အာရုံပြုသောအားဖြင့် ဤဝိရတိစေတနာတို့သည် ဖြစ်ပေါ်လာကြသည် မဟုတ်ဟု ဆိုလိုပေသည်။ မှန်ပေသည် --- --

ပဉ္စ သိက္ခာပဒါ ပရိတ္တာရမ္မဏာ။ (အဘိ၊၂၊၃၀၅။)

= ငါးပါးကုန်သော သိက္ခာပုဒ်တို့သည် ကာမ ရုပ်-နာမ်ဟူသော ပရိတ္တတရားလျှင် အာရုံ ရှိကုန်၏။ --- --

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူ၏။

အလုံးစုံလည်း ဖြစ်ကုန်သော ဤဝိရတိ စေတနာတို့သည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ခေါ်ဆိုအပ်သော လွန်ကျူး ထိုက်သော သူတစ်ပါး အသက် ဇီဝိတိန္ဒြေစသော ဝတ္ထုကို အာရုံပြု၍ ရန်ဖြစ်ကြောင်း ဝေရစေတနာတို့မှ သာလျှင် ရှောင်ကြဉ်ကြကုန်၏။ --- --

ဤသို့လည်း အဋ္ဌကထာ၌ (အဘိ၊ဋ္ဌ၊၂၊၃၆၈။) ဖွင့်ဆိုလတ္တံ့ ဖြစ်၏။ (မူလဋီ၊၂၊၁၈၉။ အနုဋီ၊၂၊၁၉၀၊၊)

ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ ဤ၌ သတ္တဝါကို အာရုံပြုသည်ဟု ဆိုရာ၌ ပရမတ္ထသဘာဝ အမှန်အားဖြင့် သတ္တဝါ မရှိ၊ သတ္တဝါဟု မှတ်ယူအပ်သော ရုပ်-နာမ် သင်္ခါရတရားသာ ရှိ၏။ အလားတူပင် အမျိုးသ္မီးကို အာရုံ ပြုသည် အမျိုးသားကို အာရုံပြုသည်ဟု ဆိုရာ၌လည်း ပရမတ္ထသဘာဝဘက်က ကြည့်လျှင် အမျိုးသ္မီးဟူ၍ အမျိုးသားဟူ၍ အစစ်အမှန် မရှိ၊ အမျိုးသ္မီးဟုလည်းကောင်း, အမျိုးသားဟုလည်းကောင်း မှတ်ယူအပ်သော ရုပ်-နာမ် သင်္ခါရတရားသာ ရှိ၏။ ထို့အတူ ရွှေ-ငွေကို အာရုံပြု၏ဟု ဆိုရာ၌လည်း ပရမတ္ထမျက်စိ ဉာဏ်မျက်စိနှင့် စေ့စေ့ငုငု ကြည့်ရှု သုံးသပ်လိုက်သောအခါ ရွှေ-ငွေ ဟူ၍ အစစ်အမှန် မရှိ၊ ရွှေ-ငွေဟု မှတ်ယူအပ်သော ရုပ်သင်္ခါရတရား အစုအပုံသာလျှင် ရှိ၏။ ထိုကြောင့် သတ္တာရမ္မဏတာ = သတ္တဝါလျှင် အာရုံ ရှိ၏ဟု ဆိုသော် လည်း သင်္ခါရာရမ္မဏ = သက်ရှိ ရုပ်-နာမ် သင်္ခါရ, သက်မဲ့ ရုပ်သင်္ခါရတရားသာလျှင် အာရုံရှိ၏ဟု မှတ်သားပါ။ ဝီတိက္ကမိတဗ္ဗဝတ္ထုဟူသည်မှာလည်း လွန်ကျူးထိုက်သော ဝီတိက္ကမိတဗ္ဗဝတ္ထုဟု သမုတ်အပ်သော ကာမ ရုပ်နာမ် မျှသာ ဖြစ်ပေသည်။

ထိုကြောင့် ဝိရတိတရားတို့သည် ဝီတိက္ကမိတဗ္ဗဝတ္ထုဖြစ်သော ပစ္စုပ္ပန် ကာမ ရုပ်-နာမ် သင်္ခါရ အာရုံတစ်ခုခု ကို အာရုံပြု၍ ရှောင်ကြဉ်ထိုက်သော ဒုစရိုက်မှ ရှောင်ကြဉ်ကြသည်။ ထိုသို့ ရှောင်ကြဉ်ရာ၌ လွန်ကျူးဖွယ် ဝတ္ထုနှင့် မတွေ့မီက ကြိုတင်၍ သိက္ခာပုဒ်ကို ဆောက်တည်ထားသော်လည်း သမာဒါန စေတနာသီလသာဖြစ်၍ သမာဒါနဝိရတိကား မဖြစ်သေးပေ။ သိက္ခာပုဒ်ကို ဆောက်တည်ပြီးနောက် လွန်ကျူးဖွယ်ဝတ္ထုနှင့် ကြုံသောအခါ မလွန်ကျူးဘဲ ရှောင်ကြဉ်ပါမှသာလျှင် သမာဒါနဝိရတိ ဖြစ်သည်။ တစ်ဖန် လွန်ကျူးဖွယ်ဝတ္ထုနှင့် ဆုံစည်း မိခိုက်ကျမှ မလွန်ကျူးဘဲ သိက္ခာပုဒ်ကို ဆောက်တည်လျှင်လည်း သမာဒါနဝိရတိပင် ဖြစ်သည်။ ကျူးလွန်ဖွယ်ရာ အာရုံ ထင်ရှား မရှိပါဘဲလျက် ယခုကာလ ဥပုသ်စောင့်ရာ၌ သိက္ခာပုဒ်ကို ဆောက်တည်ပုံမျိုးသည်ကား သမာဒါန စေတနာသီလသာ ဖြစ်၍ ဝိရတိသီလ မဖြစ်ဟု မှတ်ပါ။

အပ္ပမညာ စေတသိက် နှစ်မျိုး

အပ္ပမညာ စေတသိက် နှစ်မျိုး

ကရုဏာ စေတသိက် ရှုကွက်

ကရုဏာ = ဒုက္ခိတ သတ္တဝါကို အာရုံပြု၍ သနားကြင်နာခြင်းသဘော, ဆင်းရဲဒုက္ခမှ ကယ်တင်လိုခြင်း သဘော၊

ဤ ကရုဏာကား ကရုဏာစျာန်ဟူသော စျာန်သမာဓိနှင့် ယှဉ်တွဲလျက် ဖြစ်သည်လည်း ရှိ၏။ ကာမာဝစရ မဟာကုသိုလ်စိတ်နှင့် ယှဉ်တွဲလျက် ဖြစ်သည်လည်း ရှိ၏။ စျာန်သမာဓိနှင့် ယှဉ်တွဲလျက်ရှိသော ကရုဏာ အဝင် အပါ နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံစနစ်ကို စာမျက်နှာ (၁၀၇)၌ ဖော်ပြခဲ့သော ဇယားများအတိုင်း မေတ္တာစျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်ကို နည်းမှီး၍ ရှုပါ။ ကရုဏာစျာန်ကို ရရှိအောင် ကြိုးစား အားထုတ်ပုံ အပိုင်းကို နောက်ဆက်တွဲ သမထကမ္မဋ္ဌာန်းပိုင်းတွင် ထပ်မံ၍ ဖော်ပြပေအံ့၊ ဤအပိုင်းတွင်ကား မဟာကုသိုလ်စိတ်နှင့် ယှဉ်တွဲလျက် ရှိသော ကရုဏာနှင့် တကွသော နာမ်တရားစုကိုသာ သိမ်းဆည်းရှုပွားပုံကို ဖော်ပြအပ်ပါသည်။

၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၃။ ကရုဏာဖြစ်နေကျ ဒုက္ခိတသတ္တဝါ တစ်ဦးကို လှမ်း၍ အာရုံယူပါ။

၄။ ထိုသတ္တဝါပညတ်အာရုံက ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှု ကျရောက်လာသောအခါ (= ဘဝင်မနော အကြည်ဓာတ်၌ ထင်လာသောအခါ) ကရုဏာ အဝင်အပါ ဖြစ်သော မနောဒွါရိကဇောဝီထိ စိတ်အစဉ် များကို ဆက်လက်၍ သိမ်းဆည်း ရှုပွားပါ။

ကရုဏာ ဝီထိစဉ် ရှုကွက် ဇယား

ကရုဏာ ဝီထိစဉ် ရှုကွက် ဇယား

ယခင် သဒ္ဓါ-ပညာအုပ်စု နာမ်တရားတို့တွင် ကရုဏာ စေတသိက် တစ်လုံးကို ထပ်၍ တိုးလိုက်ပါက (၃၅^၃၄^၃၄^၃၃) အသီးအသီး ဖြစ်သည်။ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ ဤ၌လည်း သဒ္ဓါမှာ ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည်မှု ဖြစ်၍ ပညာမှာ ကံ-ကံ၏အကျိုးတရားကို တတ်သိနားလည်မှုသဘော မျှသာ ဖြစ်သည်။ ကရုဏာတရားသည် ဒုက္ခိတ သတ္တဝါပညတ်အာရုံ သက်သက်ကိုသာ အာရုံပြုသောကြောင့် ဇောနောင်၌ တဒါရုံ မကျနိုင်။

မုဒိတာ စေတသိက် ရှုကွက်

မုဒိတာ စေတသိက် ရှုကွက်

မုဒိတာ = စည်းစိမ်ဥစ္စာ ကုံလုံ ပြည့်စုံသည့် သုခိတသတ္တဝါကို အာရုံပြု၍ ကြည်သာ ဝမ်းမြောက်ခြင်း သဘော, ကြည်ရွှင် ဝမ်းမြောက်ခြင်းသဘော၊

ဤမုဒိတာတရားသည်လည်း မုဒိတာစျာန်ဟူသော စျာန်သမာဓိနှင့် ယှဉ်တွဲလျက် ဖြစ်သည်လည်း ရှိ၏။ ကာမာဝစရ မဟာကုသိုလ်နှင့် ယှဉ်တွဲလျက် ဖြစ်သည်လည်း ရှိ၏။ စျာန်သမာဓိနှင့် ယှဉ်တွဲလျက်ရှိသော မုဒိတာ အဝင်အပါ နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံစနစ်ကို စာမျက်နှာ (၁၀၈)၌ ဖော်ပြခဲ့သော ဇယားများအတိုင်း မေတ္တာစျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်ကို နည်းမှီး၍ ရှုပါ။ မုဒိတာစျာန်ကို ရရှိအောင် ကြိုးစား အားထုတ်ပုံ အပိုင်းကို နောက်ဆက်တွဲ သမထကမ္မဋ္ဌာန်းပိုင်းတွင် ထပ်မံ၍ ဖော်ပြပေအံ့၊ ဤအပိုင်းတွင်ကား ကာမာဝစရ မဟာကုသိုလ်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော မုဒိတာနှင့် တကွသော နာမ်တရားစုကိုသာ သိမ်းဆည်း ရှုပွားပုံကို ဖော်ပြအပ်ပါသည်။

၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၃။ မုဒိတာ ဖြစ်နေကျ သုခိတ သတ္တဝါတစ်ဦးကို လှမ်း၍ အာရုံယူပါ။

၄။ ထို သတ္တဝါအာရုံက ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှုကျရောက်လာသောအခါ = ဘဝင်မနောအကြည် ဓာတ်၌ ထင်လာသောအခါ မုဒိတာနှင့် တကွသော မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုတို့ကို အောက်ပါဇယားတွင် ဖော်ပြထားသည့်အတိုင်း တဖြည်းဖြည်း ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။

မုဒိတာ ဝီထိစဉ် ရှုကွက် ဇယား

မုဒိတာ ဝီထိစဉ် ရှုကွက် ဇယား

ယခင် သဒ္ဓါ-ပညာအုပ်စု နာမ်တရားစုတို့တွင် မုဒိတာ စေတသိက် တစ်လုံးကို ထပ်၍ တိုးလိုက်ပါက (၃၅^၃၄^၃၄^၃၃) အသီးအသီး ဖြစ်သည်။ ဉာဏ် ပီတိ လဲလှယ်၍ (၄) ချက်ပင် ရှုပါ။ ဤ၌လည်း သဒ္ဓါမှာ ကံ-ကံ၏အကျိုးတရားကို သက်ဝင်ယုံကြည်မှု ဖြစ်၍ ပညာမှာ ကံ-ကံ၏အကျိုးတရားကို တတ်သိနားလည်မှု သဘောတရားမျှသာ ဖြစ်သည်။ ဤ မုဒိတာတရားသည်လည်း သုခိတ သတ္တဝါပညတ်အာရုံ သက်သက်ကိုသာ အာရုံပြုသောကြောင့် ဇော၏နောင်၌ တဒါရုံ မကျနိုင်။

သတိပြုရန် အချက်များ

သတိပြုရန် အချက်များ

ဤ ကရုဏာ မုဒိတာ စေတသိက်တို့သည် ကြိယာစိတ်များနှင့်လည်း အတူယှဉ်တွဲ၍ ဖြစ်နိုင်ကြ၏။ သို့သော် ယင်းကြိယာစိတ်တို့မှာ ရဟန္တာသခင် အရှင်မြတ်ကြီးတို့၏ သန္တာန်၌သာ ဖြစ်နိုင်သော စိတ်များ ဖြစ်ကြခြင်း ကြောင့် ဤရှုကွက်၌ မဖော်ပြခြင်း ဖြစ်သည်။

တစ်ဖန် ဤကရုဏာ မုဒိတာတို့၌ ဥပေက္ခာဝေဒနာ ဖြစ်သင့် မဖြစ်သင့်ဟူသော အချက်နှင့် ပတ်သက် ၍လည်း ဆရာမြတ်တို့ အငြင်းပွားလျက် ရှိကြ၏။ အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကား ဖြစ်သင့်သည့် ဘက်က သဘောကျလျက် ရှိနေ၏။ ကရုဏာဘာဝနာ မုဒိတာဘာဝနာတို့သည် အရှိန်အဝါ အားမကောင်းခင် အတွင်း၌ ဥပေက္ခာဝေဒနာ ဖြစ်ရန် ခဲယဉ်းသော်လည်း ဘာဝနာအရှိန် ရလာသောအခါ၌မူကား ကရုဏာ မုဒိတာတို့သည် ဥပေက္ခာဝေဒနာနှင့်လည်း ယှဉ်တွဲ၍ ဖြစ်နိုင်၏ဟု အယူရှိတော်မူ၏။ ဉာဏသမ္ပယုတ် (= ဉာဏ်နှင့် ယှဉ်သော) စိတ်ဖြင့် ဝိပဿနာ ရှုနေသော်လည်း ဝိပဿနာဘာဝနာ၏ အရှိန်အဝါ အားကောင်းလာသောအခါ၌မူကား တစ်ခါတစ်ရံ ဉာဏဝိပ္ပယုတ် (= ဉာဏ်မယှဉ်သော) စိတ်ဖြင့်လည်း ဝိပဿနာဘာဝနာကို ရှုပွားနေသကဲ့သို့ မှတ်ပါ။

ဤအယူအဆများ အရမူ ကရုဏာစျာန် မုဒိတာစျာန်တို့ကို တတိယစျာန်သမာဓိ ဆိုက်အောင် သို့မဟုတ် စျာန်သမာဓိ ရလုနီးသည်အထိ ဘာဝနာကို အရှိန်အဝါ အားကောင်းအောင် သမာဓိကို မထူထောင်နိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်မျိုး ဖြစ်မူကား ထိုသူတော်ကောင်း၏ ကရုဏာ မုဒိတာတို့လည်း သောမနဿဝေဒနာနှင့် ယှဉ်တွဲလျက် ဖြစ်မှုသာ များဖွယ်ရာ ရှိသည်။ သို့အတွက် ထိုအခိုက်မျိုး၌ ဉာဏ်ပါလျှင် (၃၅), ဉာဏ်မပါလျှင် (၃၄)မျိုးသော နာမ်တရားစုတို့သာ ဇောတို့၌ အဖြစ်များနေမည်ဟု မှတ်ပါ။ ကရုဏာဘာဝနာ မုဒိတာဘာဝနာ ပွားသူတို့၏ သန္တာန်၌ သာလျှင် ဤကရုဏာ မုဒိတာ စေတသိက်တို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်လျက် အဖြစ် များဖွယ်ရာ ရှိပေသည်။ ယင်း ဘာဝနာတို့ကို မပွားများသူတို့၏ သန္တာန်၌ ယင်း စေတသိက်တို့ ဖြစ်ခဲ့သော် ဉာဏ်မယှဉ်ဖို့ရန် ပို၍ များဖွယ်လည်း ရှိပေသည်။

ဝိရတိ အပ္ပမညာနှင့် တဒါရုံ ကိစ္စ

ဝိရတိ အပ္ပမညာနှင့် တဒါရုံ ကိစ္စ

ကာမာဝစရဝိပါကာနမ္ပိ ဧကန္တပရိတ္တာရမ္မဏတ္တာ, အပ္ပမညာနံ စ သတ္တာရမ္မဏတ္တာ, ဝိရတီနံ ဧကန္တကုသလတ္တာ ဝုတ္တံ --- -- အပ္ပမညာဝိရတိဝဇ္ဇိတာတိ။ (ဋီကာကျော်)

= ကာမာဝစရ ဝိပါက်တရားတို့၏လည်း ဧကန်အားဖြင့် ပရိတ္တ အမည်ရသော ကာမ ရုပ်-နာမ်လျှင် အာရုံ ရှိသောကြောင့်, ကရုဏာ မုဒိတာဟူသော အပ္ပမညာ စေတသိက်တို့၏လည်း သတ္တဝါပညတ်လျှင် အာရုံ ရှိသော ကြောင့်, ဝိရတိစေတသိက် သုံးမျိုးတို့၏လည်း ဧကန် ကုသိုလ်သဘော ရှိသောကြောင့် မဟာဝိပါက်စိတ်တို့၌ အပ္ပမညာနှင့် ဝိရတိစေတသိက်တို့ မယှဉ်နိုင်ကြောင်း အရှင်အနုရုဒ္ဓါမထေရ်မြတ်က မိန့်ဆိုတော်မူခြင်း ဖြစ်သည် ဤကား အထက်ပါ ဋီကာကျော်စကားရပ်၏ ဆိုလိုရင်းပင် ဖြစ်သည်။

ကာမာဝစရဝိပါက်တို့သည် ပရိတ္တခေါ်သော ကာမတရား (= ကာမ ရုပ်နာမ်)ကိုသာ ဧကန် အာရုံပြုကြ၏။ တဒါရုံဝိပါက်တို့သည်လည်း ကာမဝိပါက်တို့ပင် ဖြစ်ကြ၏။ ကရုဏာ မုဒိတာဟူသော အပ္ပမညာ စေတသိက် တို့ကား သတ္တဝါပညတ်ကို အာရုံပြုကြ၏။ ဤသို့လျှင် ကာမဝိပါက်နှင့် အပ္ပမညာတို့သည် အာရုံချင်း ကွဲပြားလျက် ရှိကြ၏။ တစ်ဖန် လောကီဝိရတိတို့သည် ဧကန် ကုသိုလ်သဘောရှိရကား ဝိပါက်နှင့် သဘောချင်း ကွဲပြားလျက် ရှိပြန်၏။ သို့အတွက် သဟိတ် ကာမဝိပါက်ဖြစ်သော တဒါရုံဝိပါက်များ၌ အပ္ပမညာ စေတသိက်နှစ်လုံးနှင့် ဝိရတိ စေတသိက်သုံးလုံးတို့ မယှဉ်ထိုက်ပေ။

ဝိရတိ သုံးပါးတို့သည် ဝီတိက္ကမိတဗ္ဗဝတ္ထု (= ဝိရမိတဗ္ဗဝတ္ထု) အမည်ရသော လွန်ကျူးထိုက်သော ဝတ္ထု ရှောင်ကြဉ်ထိုက်သော ဝတ္ထုဟူသော ကာမတရား (= ကာမ ရုပ်-နာမ်) လျှင် အာရုံရှိသည် ဖြစ်သောကြောင့်, ကာမဇော ကာမသတ္တဝါ ကာမအာရုံ ဖြစ်လျှင် တဒါရုံလည်း ရံခါ ဝိဘူတာရုံဖြစ်က ကျနိုင်ခွင့်ရှိရကား ဝိရတိ စေတသိက်များ၏ ရှုကွက်၌ ဇော၏ နောင်ဝယ် ရံခါကျတတ်သော တဒါရုံကိုပါ ထည့်သွင်း၍ ဖော်ပြထားပါသည်။ သို့သော် ဝိရတိတို့သည် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဇောနှင့်သာယှဉ်၍ တဒါရုံဝိပါက်နှင့်ကား မယှဉ်ဟု မှတ်ပါ။ သို့အတွက် ဇော၌ နာမ်တရားများကို (၃၅) စသည်ဖြင့် ဖော်ပြထားသော်လည်း တဒါရုံ၌ကား နာမ်တရား များကို (၃၄) စသည်ဖြင့် ဖော်ပြထားပါသည်။ အပ္ပမညာတရားတို့ကား သတ္တဝါပညတ်ကိုသာ အာရုံယူသော ကြောင့် ပညတ်ကို အာရုံပြုနေသော ယင်းဇောများ၏နောင်၌ ကာမအာရုံကိုသာ အာရုံယူတတ်သော တဒါရုံ မကျခြင်း ဖြစ်သည်။

ပညာရှိသူတော်ကောင်းတို့ စဉ်းစားဖွယ်ရာ အချက်တစ်ရပ်

ပညာရှိသူတော်ကောင်းတို့ စဉ်းစားဖွယ်ရာ အချက်တစ်ရပ်

အဘိဓမ္မာ အပ္ပမညာဝိဘင်းပါဠိတော်ကြီး၌ ကရုဏာဘာဝနာပိုင်းဝယ် ဘုရားရှင်သည် ဤသို့ ဟောကြား ထားတော်မူ၏။

ကထဉ္စ ဘိက္ခု ကရုဏာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ သေယျထာပိ နာမ ဧကံ ပုဂ္ဂလံ ဒုဂ္ဂတံ ဒုရူပေတံ ဒိသွာ ကရုဏာယေယျ၊ ဧဝမေဝ သဗ္ဗေ သတ္တေ ကရုဏာယ ဖရတိ။ (အဘိ၊၂၊၂၈၆။)

= ယောဂါဝစရ ရဟန်းတော်သည် အဘယ်သို့သော အခြင်းအရာအားဖြင့်ကား ကရုဏာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ဖြန့်ကြက်၍ နေထိုင်သနည်း၊ ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား စည်းစိမ်ပျက်စီး၍ ဥစ္စာမဲ့မွဲ ဆင်းရဲစွာသော ဒုက္ခမကင်း ရောယှက်လူးလည်းခြင်း ရှိသောသူ၏ အဖြစ်သို့ ရောက်ရှိနေသော ဒုစရိုက်အိုး လူညစ်ဆိုး ဖြစ်လျက် မျိုးနွယ်ရူပ အလွန်နိမ့်ကျသည့် ဒုဂ္ဂတ မည်သော ဒုစရိုက် အမှောင်ဘဝလျှင် လဲလျောင်းရာရှိသော တစ်ယောက်သော ပုဂ္ဂိုလ်ကို မြင်တွေ့ရ၍ ကရုဏာ ဖြစ်ရာ သကဲ့သို့ ဤဥပမာအတူပင်လျှင် သတ္တဝါအားလုံးတို့ အပေါ်၌ ကရုဏာဘာဝနာဓာတ်ဖြင့် ဖြန့်ကြက်လျက် နေ၏။ (အဘိ၊၂၊၂၈၆။)

တစ်ဖန် မုဒိတာဘာဝနာပိုင်းဝယ် ဤသို့ ဟောကြားထားတော်မူပြန်၏။

ကထဉ္စ ဘိက္ခု မုဒိတာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ သေယျထာပိ နာမ ဧကံ ပုဂ္ဂလံ ပိယံ မနာပံ ဒိသွာ မုဒိတော အဿ၊ ဧဝမေဝ သဗ္ဗေ သတ္တေ မုဒိတာယ ဖရတိ။ (အဘိ၊၂၊၂၈၇။)

= ယောဂါဝစရ ရဟန်းတော်သည် အဘယ်သို့သော အခြင်းအရာအားဖြင့် မုဒိတာနှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ဖြန့်ကြက်၍ နေထိုင်သနည်း၊ ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား ချစ်အပ်သော စိတ်နှလုံးကို တိုးပွားစေတတ်သော တစ်ဦးသောပုဂ္ဂိုလ်ကို မြင်၍ ဝမ်းမြောက်သည် ဖြစ်ရာသကဲ့သို့ ဤဥပမာအတူပင်လျှင် သတ္တဝါအားလုံးတို့ အပေါ်၌ မုဒိတာနှင့် ယှဉ်သော စိတ်ဓာတ်ဖြင့် ဖြန့်ကြက်၍ နေ၏။ (အဘိ၊၂၊၂၈၇။)

ဤအထက်ပါ ကရုဏာနှင့် မုဒိတာဘာဝနာ ပွားများအားထုတ်ပုံတို့ကား သုတ္တန္တဘာဇနီယနည်း ဖြစ်၏။ ဒုက္ခိတ သတ္တဝါပညတ် အကောင်အထည် အတုံးအခဲ, သုခိတ သတ္တဝါပညတ် အကောင်အထည် အတုံးအခဲ ကြီးများကို အကောင်အထည် အတုံးအခဲ ပညတ်ပုံသဏ္ဌာန်အတိုင်း အာရုံယူ၍ ကရုဏာဘာဝနာ မုဒိတာ ဘာဝနာတို့ကို ပွားများအားထုတ်ပါမှ ကရုဏာစျာန် မုဒိတာစျာန်များကို ရရှိနိုင်၏၊ ကရုဏာဘာဝနာ မုဒိတာ ဘာဝနာများ ဖြစ်နိုင်ကြ၏။ ယင်းသတ္တဝါဟု ခေါ်ဆိုသမုတ်အပ်သော ရုပ်-နာမ် ပရမတ်တရား အစစ်တို့ကို အာရုံယူ၍ ယင်းဘာဝနာတို့ကို ပွားများအားထုတ်ပါက ယင်းစျာန်တရားများကိုလည်း မရနိုင်၊ ကရုဏာဘာဝနာ မုဒိတာဘာဝနာလည်း မဖြစ်နိုင်။ သို့အတွက် ယင်းဘာဝနာတို့ကို သုတ္တန္တဘာဇနီယနည်းအားဖြင့်သာလျှင် ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ တစ်ဖန် ကရုဏာစေတသိက် မုဒိတာစေတသိက်တို့သည် သတ္တဝါ ပညတ်ကို အာရုံပြုသကဲ့သို့ ဝိရတိစေတသိက်တို့သည်လည်း သတ္တဝါပညတ်ကို အာရုံပြုလေသလော မပြုလေ သလောဟု စဉ်းစားဖွယ် အချက်တစ်ခုသို့ကား ဆိုက်ရောက်လာခဲ့၏။

သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးတွင် (အဘိ၊ဋ္ဌ၊၂၊၃၆၉။) --- --

အာရမ္မဏတ္တိကေသု ပန ယာနိ သိက္ခာပဒါနိ ဧတ္ထ သတ္တာရမ္မဏာနီတိ ဝုတ္တာနိ၊ (အဘိ၊ဋ္ဌ၊၂၊၃၆၉။)

အချို့ သိက္ခာပုဒ်တို့သည် သတ္တဝါလျှင် အာရုံရှိကြောင်း ဘုရားရှင်၏ ဟောကြားတော်မူချက်ကို ဖွင့်ဆို လျက်ရှိ၏။ သို့သော် ယင်းသိက္ခာပုဒ်တို့သည် သတ္တဝါကို အာရုံပြုကြသည် ဆိုသော်လည်း သတ္တဝါဟု ခေါ်ဆို အပ်သော သင်္ခါရတရားတို့ကိုပင် အာရုံပြုကြောင်းကိုလည်း ယင်း အဋ္ဌကထာကြီး၌ပင် ဆက်လက်၍ ရှင်းပြ ထား၏။ (အထက်၌ ရှင်းခဲ့ပြီ။)

သတ္တဝါဟု ခေါ်ဆိုအပ်သော ရုပ်နာမ် သင်္ခါရ တရားစုတို့ကို အာရုံပြုသကဲ့သို့ ယင်း သင်္ခါရတရားတို့၏ အပေါင်းအစုဖြစ်သော သတ္တဝါကိုလည်း အာရုံမပြုလေသလောဟု စဉ်းစားဖွယ် ရှိလာ၏။

လောကဝယ် ရုပ်နာမ်ပရမတ်အကြောင်းကို မကြားဖူး မသင်ဖူးကြကုန်သော, ကြားဖူး သင်ဖူးသော်လည်း ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ကြကုန်သေးသော ပညာမျက်စိ ကာဏ်းနေကြကုန်သော ပုထုဇန် ငမိုက်သား တို့လည်း ရှိကြသည်သာ ဖြစ်ကုန်၏။ ယင်း အန္ဓ ပုထုဇန်တို့ကား ပရမတ်အကြောင်းကို မကြားဖူးကြသဖြင့် သို့မဟုတ် ကြားဖူးသော်လည်း ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ကြသေးသဖြင့် လွန်ကျူးဖွယ်ဝတ္ထုနှင့် တွေ့ကြုံ လာသောအခါ ယင်းလွန်ကျူးဖွယ် ဝီတိက္ကမဝတ္ထု၏ သင်္ခါရ အမည်ရသော ပရမတ်ကို အာရုံမယူတတ်ကြသေး ကုန်၊ အာရုံ မယူနိုင်ကြသေးကုန်။ ထိုသို့ ရုပ်နာမ်ပရမတ် သင်္ခါရတရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက် အောင် အာရုံ မယူတတ်ကြသေးကုန်သော အာရုံ မယူနိုင်ကြသေးကုန်သော ပုထုဇန်တို့သည် လွန်ကျူးဖွယ် ဝီတိက္ကမဝတ္ထုနှင့် ကြုံတွေ့ခိုက်ဝယ် မိန်းမ ယောက်ျား စသော သတ္တဝါပညတ်ကိုပင်, သူ့သားမယား စသော ပညတ်ကိုပင် အာရုံပြု၍ ယင်းလွန်ကျူးဖွယ် ဝီတိက္ကမိတဗ္ဗဝတ္ထုကို မလွန်ကျူးဘဲ ရှောင်ကြဉ်လိုက်လျှင်လည်း အထက်တွင် ဖော်ပြခဲ့သော စက္ကန ဥပါသကာတို့ကဲ့သို့ သမ္ပတ္တဝိရတိ မဖြစ်နိုင်သလော? --- --

ဤအချက်ကား ပညာရှိသူတော်ကောင်းတို့ စဉ်းစားထိုက်သော အချက်ပင် ဖြစ်သည်။ အထက်တွင် ဖော်ပြ ခဲ့သော စက္ကန ဥပါသကာသည် ယုန်သူငယ်၏ ဇီဝိတကို မှန်းဆ၍ အာရုံပြုလေသလော, သို့မဟုတ် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ထားပြီးသူ ဖြစ်၍ ယုန်သူငယ်၏ ဇီဝိတိန္ဒြေ ပရမတ်တရား အစစ်ကိုပင် အာရုံပြုလေသလော ဟူသော အချက်သည်လည်း နောက်ထပ် စဉ်းစားသင့်သော အချက်တစ်ရပ်ပင် ဖြစ်သည်။

အကယ်၍ သင်္ခါရ ရုပ်နာမ်ပရမတ် အစစ်ကို အာရုံပြုနိုင်ပါမှ တစ်နည်း ဆိုရသော် နာမရူပပရိစ္ဆေဒဉာဏ် စသော ဝိပဿနာဉာဏ်ကို ရရှိထားသဖြင့် လွန်ကျူးထိုက်သော ဝီတိက္ကမိတဗ္ဗဝတ္ထု၏ ရုပ်နာမ်ပရမတ်တရားစု ကို အာရုံယူနိုင်ပါမှသာလျှင်, ယင်းသို့ အာရုံယူနိုင်သော သူတော်ကောင်းတို့၏ သန္တာန်၌သာလျှင်, လွန်ကျူးဖွယ်ရာ ဝီတိက္ကမိတဗ္ဗဝတ္ထုနှင့် ကြုံတွေ့ခိုက်မလွန်ကျူးဘဲ ရှောင်ကြဉ်ပါမှသာလျှင် ဝိရတိဖြစ်သည်ဟု ယူဆခဲ့လျှင် နာမရူပပရိစ္ဆေဒဉာဏ် စသော ဝိပဿနာဉာဏ်ကို မရရှိသေးသဖြင့် ပရမတ်ဉာဏ်မျက်စိ ကာဏ်းနေသော ပုထုဇန် လူသားတို့အဖို့ ဝိရတိကုသိုလ် ဖြစ်ဖို့ကား အလွန် အလှမ်းဝေးလျက်ပင် ရှိနေဦးမည်သာ ဖြစ်ပေသည်။ အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် အထက်တွင် ဖော်ပြခဲ့သည့် --- --

သတ္တာရမ္မဏာနိ (အဘိ၊ဋ္ဌ၊၂၊၃၆၉။)

ဤသို့ စသော စကားတော်များ အရ ဝိရတိစေတသိက်တို့သည် သို့မဟုတ် သိက္ခာပုဒ်တို့သည် --- --

၁။ ရုပ်နာမ် သင်္ခါရတို့၏ အစုအပုံ ဖြစ်သော သတ္တဝါကိုလည်း အာရုံပြု၏၊

၂။ သတ္တဝါဟု ခေါ်ဝေါ်ခြင်းသို့ ရောက်သော ရုပ်နာမ်သင်္ခါရ တရားစုတို့ကိုလည်း အာရုံပြု၏ဟု --- --

လက်ခံနိုင်ပါလျှင် ပရမတ် ဉာဏ်မျက်စိ ကာဏ်းနေသည့် ပုထုဇန်တို့၏ သန္တာန်၌လည်း ဝိရတိကုသိုလ် တရားတို့သည် ဖြစ်ပွားနိုင်ကြသည်ဟုပင် လက်ခံနိုင်ဖွယ်ရာ ရှိပေသည်။

အကယ်၍ သိက္ခာပုဒ်တို့သည် သို့မဟုတ် ဝိရတိစေတသိက်တို့သည် ရုပ်နာမ်သင်္ခါရ တရားတို့၏ အစုအပုံ ဖြစ်သော သတ္တဝါကို အာရုံပြုနိုင်သည်ဟု လက်ခံနိုင်လျှင် ယင်းဝိရတိ စေတသိက်တို့နှင့် ယှဉ်ဖက် ကုသိုလ်ဇော များ၏ နောင်၌ကား တဒါရုံ မကျနိုင်ဟု မှတ်ပါ။

အဋ္ဌကထာ ဋီကာတို့ကို ဆန့်ကျင်ဘက် ပြုသည်ဟု မယူဆစေလိုပါ။ ပရမတ်ကို အာရုံ မယူနိုင်ကြသေး သည့် ပရမတ် အကြောင်းကိုမျှ မသင်ဖူး မကြားဖူးကြသေးသည့် ပုထုဇန်တို့ သန္တာန်ဝယ် ဝိရတိကုသိုလ်တရားတို့ ဖြစ်ခွင့် ရှိနိုင် မရှိနိုင်ကိုသာ တင်ပြဆွေးနွေးခြင်း ဖြစ်ပါသည်။ သို့သော် ယင်းဝိရတိတို့သည် သတ္တဝါဟု ခေါ် ဆိုအပ်သော ဃနမပြိုသေးသည့် ပရမတ်တို့၏ အပေါင်းအစု အတုံးအခဲကိုလည်း အာရုံပြုသည်ဟုဆိုလျှင်ကား ဆန့်ကျင်ဖွယ်ရာ မရှိပေ။ အစိတ်မှ လွတ်သော အပေါင်းအစုဟူသည် မရှိနိုင်သောကြောင့် ဖြစ်သည်။

ယေဘုယျ မှတ်ချက်

ယေဘုယျ မှတ်ချက်

ဤတွင် ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်းဟူသော အာရုံ (၆)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကုသိုလ်ဇောများပါဝင်သည့် အကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားပုံများကို တင်ပြ၍ ပြီးလေပြီ။

ဤ ဝီထိပုံစံတို့တွင် ယေဘုယျအားဖြင့် တဒါရုံများကိုပါ ထည့်သွင်း၍ ဖော်ပြထား၏။ အာရုံသည် ပဉ္စဒွါရ၌ ဝီထိစိတ် အလွန် အရေအတွက်များသော အတိမဟန္တာရုံ ဖြစ်ပါမှ, မနောဒွါရ၌ ထင်ရှားသော ဝိဘူတာရုံ ဖြစ်ပါမှ တဒါရုံ ကျနိုင်ခွင့် ရှိပေသည်။ ပဉ္စဒွါရ၌ ဝုဋ္ဌောတွင် ဆုံးသော ဝေါဋ္ဌဗ္ဗနဝါရ, ဇောတွင် ဆုံးသော ဇဝနဝါရ, မနောဒွါရ၌ မထင်ရှားသော အဝိဘူတာရုံ ဖြစ်ခဲ့သော် တဒါရုံကျခွင့် မရှိပေ။ ဝုဋ္ဌောတွင် သို့မဟုတ် ဇောတွင်သာ ဝီထိစိတ်အစဉ်သည် ရပ်တန့်သွားမည် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားဖန်များလာသောအခါ သိမ်းဆည်းရှုပွားရင်းပင် တဒါရုံ ကျပုံ မကျပုံများကို တဖြည်းဖြည်း သဘောပေါက် လာနိုင်သဖြင့် ဇယားများတွင် တဒါရုံ မကျသည့် ဝီထိစိတ်အစဉ် ပုံစံများကို အထူးတလည် မဖော်ပြခြင်းပင် ဖြစ်သည်။ ထိုသို့ မဖော်ပြသဖြင့် တဒါရုံမကျသည့် ဝီထိစိတ်အစဉ်များ၏အတွင်း၌ ပါဝင်တည်ရှိကြသော နာမ် တရားစုတို့ကို မသိမ်းဆည်းရ မရှုပွားရဟုကား အယူအဆ မမှားစေလိုပါ။ တဒါရုံကျလျှင်လည်း ကျသည့်အတိုင်း, တဒါရုံ မကျလျှင်လည်း မကျသည့်အတိုင်းသာ နှစ်မျိုးလုံး ပြည့်စုံအောင် သိမ်းဆည်းရှုပွားရမည်သာတည်း။ ထိုသို့ သိမ်းဆည်းရာ၌ ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်များ ခြားလျက် ဝီထိများ အကြိမ်များစွာ ဖြစ်နေ သည်ကိုကား သဘောပေါက်အောင် သိမ်းဆည်း ရှုပွားပါလေ။

__________

မကောင်းအုပ်စု အကုသိုလ်ဇောဝီထိများကို သိမ်းဆည်းရှုပွားပုံ အပိုင်း

မကောင်းအုပ်စု အကုသိုလ်ဇောဝီထိများကို သိမ်းဆည်းရှုပွားပုံ အပိုင်း

ကုသိုလ်ဇောများ ပါဝင်သည့် အကောင်းအုပ်စု နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားရာဝယ် ဝီထိစိတ်အစဉ် အရေအတွက် နည်းပါးသော ဓမ္မာရုံလိုင်းကစ၍ သိမ်းဆည်း ရှုပွားပုံစနစ်ကို ဖော်ပြသကဲ့သို့ အကုသိုလ်ဇောများ ပါဝင်သည့် မကောင်းအုပ်စု နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရမည့် ဤအပိုင်းတွင်လည်း ဝီထိစိတ်အစဉ် အရေအတွက် နည်းပါးသော အကုသိုလ်ဇောများ ပါဝင်သည့် မနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံစနစ်က စ၍ ဖော်ပြအပ်ပါသည်။ ထိုသို့ ဖော်ပြရာ၌ ---

တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ, သညံ, သင်္ခါရေ, ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။) -

ဟူသော အထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားထားတော်မူသည့်အတိုင်း ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော အကုသိုလ်နာမ်တရားတို့က စ၍ သိမ်းဆည်းပုံကို ဖော်ပြအပ်ပါသည်။ ထိုသို့ဖော်ပြရာ၌ ဓမ္မာရုံ အမည်ရကြသော ပသာဒရုပ် သုခုမရုပ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်ဇောဝီထိများကို ရှေးဦးစွာ ဖော်ပြမည် ဖြစ်သည်။ ရုပ်တရားကို အာရုံပြု၍ အကုသိုလ်ဇောများ ဖြစ်ပုံကို သိမ်းဆည်းရာ၌ကား မူလပဏ္ဏာသ အဋ္ဌကထာကို နည်းမှီးရမည် ဖြစ်သည်။ မူလပဏ္ဏာသ မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာ အာယတနပဗ္ဗဝဏ္ဏနာ တွင် ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို ဖွင့်ဆိုထား၏။ ထိုဖွင့်ဆိုချက်ကို နည်းမှီး၍ ဓမ္မာရုံတွင် အကျုံးဝင်သော ရုပ်တရားများ အဝင်အပါ ကြွင်းကျန်သော ရုပ်တရား အသီးအသီးကို အာရုံပြု၍ သံယောဇဉ် အကုသိုလ်တရားများ ဖြစ်ပွားပုံကို သိမ်းဆည်းရှုပွားပုံကို ဖော်ပြမည် ဖြစ်သည်။ နည်းမှီး နိုင်အောင် ရူပါရုံကိုအာရုံပြု၍ သံယောဇဉ် (၁၀)ပါးဖြစ်ပုံကို ဖွင့်ဆိုထားသော အဋ္ဌကထာစကားရပ်ကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

ရူပါရုံကို အာရုံပြု၍ သံယောဇဉ်များဖြစ်ပုံ

ရူပါရုံကို အာရုံပြု၍ သံယောဇဉ်များဖြစ်ပုံ

ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သညောဇနန္တိ ယဉ္စ တံ စက္ခုံ စေဝ ရူပေ စာတိ ဥဘယံ ပဋိစ္စ ကာမရာဂသညောဇနံ ပဋိဃ-မာန-ဒိဋ္ဌိ-ဝိစိကိစ္ဆာ-သီလဗ္ဗတပရာမာသ-ဘဝရာဂ-ဣဿာ-မစ္ဆရိယာဝိဇ္ဇာသညောဇနန္တိ ဒသဝိဓံ သညောဇနံ ဥပ္ပဇ္ဇတိ၊ တဉ္စ ယာထာဝသရသလက္ခဏဝသေန ပဇာနာတိ။

ကထံ ပနေတံ ဥပ္ပဇ္ဇတီတိ?

၁။ စက္ခုဒွါရေ တာဝ အာပါထဂတံ ဣဋ္ဌာရမ္မဏံ ကာမဿာဒဝသေန အဿာဒယတော အဘိနန္ဒတော ကာမရာဂသညောဇနံ ဥပ္ပဇ္ဇတိ။

၂။ အနိဋ္ဌာရမ္မဏေ ကုဇ္ဈတော ပဋိဃသညောဇနံ ဥပ္ပဇ္ဇတိ။

၃။ ဌပေတွာ မံ န ကောစိ အညော ဧတံ အာရမ္မဏံ ဝိဘာဝေတုံ သမတ္ထော အတ္ထီတိ မညတော မာနသညောဇနံ ဥပ္ပဇ္ဇတိ။

၄။ ဧတံ ရူပါရမ္မဏံ နိစ္စံ ဓုဝန္တိ ဂဏှတော ဒိဋ္ဌိသညောဇနံ ဥပ္ပဇ္ဇတိ။

၅။ ဧတံ ရူပါရမ္မဏံ သတ္တော နု ခေါ, သတ္တဿ နု ခေါတိ ဝိစိကိစ္ဆတော ဝိစိကိစ္ဆာသညောဇနံ ဥပ္ပဇ္ဇတိ။

၆။ သမ္ပတ္တိဘဝေ ဝတ နော ဣဒံ သုလဘံ ဇာတန္တိ ဘဝံ ပတ္ထေန္တဿ ဘဝရာဂသညောဇနံ ဥပ္ပဇ္ဇတိ။

၇။ အာယတိမ္ပိ ဧဝရူပံ သီလဗ္ဗတံ သမာဒိယိတွာ သက္ကာ လဒ္ဓုန္တိ သီလဗ္ဗတံ သမာဒိယန္တဿ သီလဗ္ဗတပရာမာသသညောဇနံ ဥပ္ပဇ္ဇတိ။

၈။ အဟော ဝတ ဧတံ ရူပါရမ္မဏံ အညေ န လဘေယျုန္တိ ဥသူယတော ဣဿာသညောဇနံ ဥပ္ပဇ္ဇတိ။

၉။ အတ္တနာ လဒ္ဓံ ရူပါရမ္မဏံ အညဿ မစ္ဆရာယတော မစ္ဆရိယသညောဇနံ ဥပ္ပဇ္ဇတိ။

၁၀။ သဗ္ဗေဟေဝ သဟဇာတအညာဏဝသေန အဝိဇ္ဇာသညောဇနံ ဥပ္ပဇ္ဇတိ။ (မ၊ဋ္ဌ၊၁၊၂၉၂။)

= ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သညောဇနံ --- ဟူသည်ကား ယင်းစက္ခုအကြည်ဓာတ်ကိုလည်းကောင်း ယင်းရူပါရုံတို့ကိုလည်းကောင်း ဤနှစ်ပါးစုံကို အစွဲပြု၍ ---

၁။ ကာမရာဂ သံယောဇဉ်

၂။ ပဋိဃ သံယောဇဉ်

၃။ မာန သံယောဇဉ်

၄။ ဒိဋ္ဌိ သံယောဇဉ်

၅။ ဝိစိကိစ္ဆာ သံယောဇဉ်

၆။ ဘဝရာဂ သံယောဇဉ်

၇။ သီလဗ္ဗတပရာမာသ သံယောဇဉ်

၈။ ဣဿာ သံယောဇဉ်

၉။ မစ္ဆရိယ သံယောဇဉ်

၁၀။ အဝိဇ္ဇာ သံယောဇဉ် --- ဟူသော (၁၀)မျိုးသော သံယောဇဉ်တရားသည် ဖြစ်ပေါ်လာ၏၊ ထိုသံယောဇဉ် ကိုလည်း ဟုတ်မှန်တိုင်းသော မိမိ မိမိ၏ ကိုယ်ပိုင် သဘာဝလက္ခဏာ၏ အစွမ်းဖြင့် ကွဲကွဲပြားပြား သိ၏။ တစ်နည်း ကိစ္စရသနှင့် သဘာဝလက္ခဏာ၏ အစွမ်းဖြင့် ကွဲကွဲပြားပြား သိ၏။ အဘယ်သို့လျှင် ဤသံယောဇဉ် (၁၀)မျိုးသည် ဖြစ်ပေါ်လာသနည်း။

၁။ စက္ခုဒွါရ၌ ထင်ခြင်းသို့ ရောက်ရှိလာသော ရှေးရှူ ကျရောက်လာသော အလိုရှိအပ် နှစ်သက်အပ် မြတ် နိုးအပ်သော ဣဋ္ဌဖြစ်သော ရူပါရုံကို ကာမကို သာယာခြင်း၏ အစွမ်းဖြင့် လွန်စွာ သာယာသော လွန်စွာနှစ် သက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ကာမရာဂသံယောဇဉ်သည် ဖြစ်၏။ (ရူပါရုံဟူသော လိုချင်စရာ ကာမဝတ္ထုကို တွယ်တာတပ်မက်မှု တဏှာ လောဘတည်းဟူသော အလိုရှိတတ်သော ကိလေသာကာမဖြင့် ငြိကပ်တွယ်တာ မှုဟု ဆိုလိုသည်။ ဘဝကို သာယာတပ်မက်ခြင်းနှင့် အယူမှားဒိဋ္ဌိကို သာယာတပ်မက်ခြင်း နှစ်မျိုးကို နစ်စေသည်။ ဤကာမရာဂ သံယောဇဉ်ကား ဣဋ္ဌဖြစ်သော ရူပါရုံကို တင့်တယ်ကောင်းမြတ်သည့် သုဘဟုရှု၍ လွန်စွာသာယာ တပ်မက်မှုသဘောတည်း။)

[မှတ်ချက် --- သိမ်းဆည်း ရှုပွားရာ၌ လွယ်ကူစေရန် ဤသံယောဇဉ်များကို လောဘအုပ်စု ဒေါသအုပ်စု စသည့် အုပ်စုအလိုက် ဖော်ပြအပ်ပါသည်။]

၂။ ဤကဲ့သို့သော ရူပါရုံစသော အာရုံတို့၏ ပြည့်စုံရာ သမ္ပတ္တိဘဝ၌ ငါတို့အဖို့ ဤနှစ်သက်မြတ်နိုးအပ် သော ဣဋ္ဌဖြစ်သော ရူပါရုံသည် ရလွယ်သော သဘောရှိရကား နောင်အနာဂတ်၌လည်း ရူပါရုံ စသော အာရုံ တို့၏ ပြည့်စုံရာ သမ္ပတ္တိဘဝသည် ဖြစ်ရပါလို၏ဟု ဤသို့ သမ္ပတ္တိဘဝကို လိုလားတောင့်တသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဘဝရာဂသံယောဇဉ်သည် ဖြစ်၏။

၃။ နွားအကျင့် ခွေးအကျင့် စသော မှားယွင်းသော ကျင့်စဉ်ဟူသော သီလဗ္ဗတအကျင့်ကို ဆောက်တည်ပြီး၍ ကျင့်ခဲ့သော် နောင်အနာဂတ်၌လည်း ဤသို့ သဘောရှိသော ရူပါရုံကိုရခြင်းငှာ တတ်ကောင်း၏ဟု ဤသို့ကြံ၍ နွားအကျင့် ခွေးအကျင့် စသော မှားယွင်းသော ကျင့်စဉ်ဟူသော သီလဗ္ဗတအကျင့်ကို ဆောက်တည်၍ကျင့်သော ပုဂ္ဂိုလ်၏သန္တာန်၌ သီလဗ္ဗတပရာမာသ သံယောဇဉ်သည် ဖြစ်၏။

၄။ ဤရူပါရုံသည် နိစ္စ = မြဲ၏၊ ဓုဝ = ခိုင်ခံ့၏ဟု စွဲယူသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဒိဋ္ဌိ သံယောဇဉ်ဖြစ်၏။

နိစ္စံ ဓုဝန္တိ ဧတံ နိဒဿနမတ္တံ၊ ဥစ္ဆိဇ္ဇိဿတိ ဝိနဿိဿတီတိ ဂဏှတောတိ ဧဝမာဒီနမ္ပိ သင်္ဂဟော ဣစ္ဆိတဗ္ဗော။ (မ၊ဋီ၊၁၊၃၇၉။)

[မှတ်ချက် --- ရူပါရုံကို နိစ္စ ဓုဝဟု စွဲယူမှု ဒိဋ္ဌိကား သဿတဒိဋ္ဌိ = မြဲ၏ဟု ယူသော ဒိဋ္ဌိတည်း။ ယင်း သဿတဒိဋ္ဌိကိုသာ အဋ္ဌကထာ၌ ဖော်ပြခြင်းသည် ဒိဋ္ဌိဖြစ်ပုံ အခြင်းအရာ အရိပ်အမြွက်ကိုသာ ညွှန်ပြပြော ဆိုသော နိဒဿနနည်းတည်း။ ဤရူပါရုံသည် ပြတ်လတ္တံ့ ပျောက်ပျက်လတ္တံ့ --- ဤသို့ စသည်ဖြင့် စွဲယူ တတ်သော ဥစ္ဆေဒဒိဋ္ဌိ စသော အယူမှားမှု မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတို့ကိုလည်း သင်္ဂြိုဟ်ရေတွက်မှုကို အလိုရှိအပ် သည်သာ ဖြစ်သည်။

ဤ၌ ကာမရာဂသံယောဇဉ် ဘဝရာဂသံယောဇဉ် သီလဗ္ဗတပရာမာသသံယောဇဉ်ဟူသော သံယောဇဉ် (၃)မျိုးတို့ကား ယေဘုယျအားဖြင့် လောဘဒိဋ္ဌိအုပ်စုဝင် နာမ်တရားစုတို့ပင် ဖြစ်ကြသည်။ ကာမရာဂသံယောဇဉ်နှင့် ဘဝရာဂသံယောဇဉ်တို့ကား ယေဘုယျအားဖြင့် ဒိဋ္ဌိနှင့်လည်း ယှဉ်တွဲနိုင်၏၊ ရံခါ မာနနှင့်လည်း ယှဉ်တွဲ နိုင်၏၊ ရံခါ ဒိဋ္ဌိ-မာနနှစ်မျိုးလုံးတို့နှင့် မယှဉ်သည်လည်း ရှိတတ်၏။ သီလဗ္ဗတပရာမာသသံယောဇဉ်ကား ဒိဋ္ဌိနှင့်သာ ယှဉ်တွဲနိုင်သည်။

ဒိဋ္ဌိနှင့် မောဟ --- ယင်းရူပါရုံကိုပင် (၁) နိစ္စဟု (၂) သုခဟု (၃) အတ္တဟု (၄) သုဘဟု စွဲယူခဲ့သော် လောဘ-ဒိဋ္ဌိ ဖြစ်နိုင်သည်သာတည်း။ ယင်းရူပါရုံကို (၁) နိစ္စဟု (၂) သုခဟု (၃) အတ္တဟု (၄) သုဘဟု အသိမှားမှုကား မောဟတည်း။ (၁) နိစ္စဟု (၂) သုခဟု (၃) အတ္တဟု (၄) သုဘဟု ခံယူချက်မှားမှု = ယုံကြည် ချက်မှားမှုကား ဒိဋ္ဌိတည်း။ လောဘ-ဒိဋ္ဌိအုပ်စု ဇောအသီးအသီး၌ နာမ်တရားစုတို့မှာ --- ၂၀^၁၉^၂၂^၂၁ တို့ပင်တည်း။ နောက်၌ ထင်ရှားလတ္တံ့။]

အတ္တသည် မြဲ၏၊ သေလျှင် ပြတ်မသွားဟု စွဲယူလျှင် သဿတဒိဋ္ဌိတည်း။ အတ္တသည် သေလျှင် ပြတ်၏၊ ခေါင်းဟိုဘက် ဘာမျှမရှိဟု စွဲယူလျှင် ဥစ္ဆေဒဒိဋ္ဌိတည်း။

၅။ ငါ့ကိုထား၍ ဤရူပါရုံကို ထင်စွာ ဖြစ်စေခြင်းငှာ စွမ်းနိုင်သော = ရှု၍ရနိုင်သော ငါမှတစ်ပါးသော အခြား တစ်စုံတစ်ယောက်သော အဘယ်မည်သောသူသည် ရှိနိုင်အံ့နည်း = ဤရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို ငါ မို့ ရှုလို့ရတာဟု မိမိကိုယ်ကိုမိမိ အထင်ကြီးသော ပုဂ္ဂိုလ်၏သန္တာန်၌ မာနသံယောဇဉ်သည်ဖြစ်၏။ [လောဘ-မာနအုပ်စု အကုသိုလ်ဇောများတည်း။ ဇောအသီးအသီး၌ (၂၀^၁၉^၂၂^၂၁)ဟူသော နာမ်တရားစုတို့ရှိကြ၏၊၊]

၆။ စက္ခုဒွါရ၌ ထင်ခြင်းသို့ ရောက်ရှိလာသော ရှေးရှူ ကျရောက်လာသော အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အနိဋ္ဌဖြစ်သော ရူပါရုံ၌ အမျက်ထွက်စိတ်ဆိုးသော ပုဂ္ဂိုလ်၏သန္တာန်၌ စိတ်ခက်ထန် ကြမ်း တမ်းမှု ပဋိဃ သံယောဇဉ် ဖြစ်၏။ [ပဋိဃဟူသည် အာရုံအပေါ်၌ မကျေနပ်မှု စိတ်ခက်ထန်ကြမ်းတမ်းမှုတည်း။ တရားကိုယ်မှာ ဖျက်ဆီးလိုသော ဒေါသပင်တည်း။ ယင်းဒေါသဇော အသီးအသီး၌ (၁၈^၂၀)သော နာမ်တရားစု တို့ ဖြစ်ကြ၏။]

၇။ ဤရူပါရုံမျိုးကို ငါမှတစ်ပါးကုန်သော သူတို့သည် မရရှိကြပါကုန်မူကား ကောင်းလေစွဟု ဤသို့ ငြူစူ စောင်းမြောင်းသော စိတ်ဓာတ်ရှိသော ပုဂ္ဂိုလ်၏သန္တာန်၌ ဣဿာသံယောဇဉ်သည် ဖြစ်၏။ [ဒေါသအုပ်စု နာမ် တရားများပင်တည်း၊ ဇောအသီးအသီး၌ (၁၉^၂၁)လုံး ကုန်သော နာမ်တရားစုတို့တည်း။]

၈။ မိမိ ရရှိထားအပ်သော ရူပါရုံကို သူတစ်ပါးတို့နှင့် မဆက်ဆံဖြစ်အောင် ပြုလုပ်ခြင်းဖြင့် အခြားသူအတွက် ဝန်တိုသော ပုဂ္ဂိုလ်၏သန္တာန်၌ မစ္ဆရိယသံယောဇဉ်သည် ဖြစ်၏။ [ဒေါသ-မစ္ဆရိယအုပ်စု နာမ်တရားများတည်း။ ဇောအသီးအသီး၌ (၁၉^၂၁)လုံးကုန်သော နာမ်တရားတို့ ပါဝင်ကြ၏။]

မှတ်ချက် --- ရူပါရုံကို အာရုံပြု၍ ဒေါသ-ဣဿာ, ဒေါသ-မစ္ဆရိယ နာမ်တရားစုများ ဖြစ်ကြသကဲ့သို့ အလားတူပင် ရူပါရုံကို အာရုံပြု၍ ဒေါသ-ကုက္ကုစ္စ နာမ်တရားစုတို့သည်လည်း ဖြစ်နိုင်ကြကုန်သည်သာတည်း၊ အာရုံ (၆)ပါးကိုပင် အာရုံပြု၍ အကုသိုလ်တရားတို့လည်း ထိုက်သလို ဖြစ်ခွင့်ရှိကြသည်သာ ဖြစ်၏။ သို့အတွက် ဤတွင် ဒေါသ-ကုက္ကုစ္စအုပ်စု နာမ်တရားတို့ကိုပါ ဆက်လက်၍ ဖော်ပြအပ်ပါသည်။

ဒေါသ-ကုက္ကုစ္စ ---

(က) ရူပါရုံကို အာရုံပြု၍ = ရူပါရုံနှင့်ပတ်သက်၍ ပြုမိသော ဒုစရိုက်ကို အာရုံပြု၍ နောင်တတစ်ဖန် ပူပန်သော် ဒေါသ-ကုက္ကုစ္စ ဖြစ်၏။ အရောင်လှနေသော သူတစ်ပါး၏ အကျႌကို အရောင်ပျက်သွားအောင် မင်ဖြင့်တို့လိုက်၏။ ဖျက်ဆီးပစ်လိုက်၏။ သူတစ်ပါး၏ လှပနေသော ရူပါရုံကို မလှမပဖြစ်အောင် ဖျက်ဆီးလိုက်ပြီးပါမှ စိတ်မကောင်း ဖြစ်နေမှု ပြုမိတာ မှားလေခြင်းဟု နောင်တတစ်ဖန် ပူပန်မှုမျိုးတည်း။

( ခ ) မပြုလိုက်မိသော သုစရိုက်တို့ကို အာရုံပြု၍ နောင်တတစ်ဖန် ပူပန်လျှင်လည်း ကုက္ကုစ္စဖြစ်၏။ ပန်းပွင့်၏ အရောင်အဆင်း လှပနေတုန်း ဘုရားလှူဖို့ရန် ရည်ရွယ်ထားရာ အကြောင်းအမျိုးမျိုးကြောင့် မလှူလိုက်ရ၍ စိတ်မကောင်းမှု နောင်တတစ်ဖန် ပူပန်မှုမျိုးတည်း။ ဇောအသီးအသီး၌ (၁၉^၂၁)လုံးသော နာမ်တရားစုတို့သည် ပါဝင်တည်ရှိကြကုန်၏။

၉။ ဤရူပါရုံသည် (ရုပ်ကလာပ်တို့၏ အရောင်သည်) သတ္တလေလော = အတ္တလေလော, သတ္တ၏ ဥစ္စာ လေလော = အတ္တ၏ ဥစ္စာလေလော = အတ္တ၏ အရောင်လေလောဟု ဤသို့ ယုံမှားသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဝိစိကိစ္ဆာသံယောဇဉ်သည် ဖြစ်၏။ (ဇောအသီးအသီး၌ -၁၆- လုံးသော နာမ်တရားစုတို့ ပါဝင်ကြ၏။)

မှတ်ချက် --- ဥဒ္ဓစ္စနာမ်တရားစုမှာလည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံပင် ဖြစ်၏။ အာရုံ (၆)ပါးကိုပင် ထိုက်သလို အာရုံပြု၏။ သို့အတွက် ရူပါရုံကို အာရုံပြု၍ စိတ်ပျံ့လွင့်သော် ဥဒ္ဓစ္စဖြစ်၏။ (ဇောအသီးအသီး၌ နာမ်တရား (၁၆)လုံးစီ ပါဝင်ယှဉ်တွဲလျက်ရှိ၏။)

၁၀။ သဗ္ဗေဟေဝ သဟဇာတ အညာဏဝသေန အဝိဇ္ဇာသညောဇနံ ဥပ္ပဇ္ဇတိ။ (မ၊ဋ္ဌ၊၁၊၂၉၂။)

အထက်ပါ သံယောဇဉ်အမျိုးမျိုးတို့ဖြစ်တိုင်း ယင်းသံယောဇဉ်တို့နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူ ယှဉ်တွဲ၍ ဖြစ်ခြင်းဖြင့် အာရုံ၏ ပရမတ်သဘောမှန်ကို အမှန်အတိုင်း မသိခြင်း (အမှားသိခြင်း)၏ အစွမ်းဖြင့် အဝိဇ္ဇာသံယောဇဉ်သည် ဖြစ်၏။

ဤအထက်ပါ သံယောဇဉ်တို့ကား သံယောဇဉ် တစ်ခုချင်း သီးသန့် ဖြစ်ကြသည်ကား မဟုတ်၊ စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားစုတို့နှင့် ယှဉ်တွဲ၍သာ ရုပ်နာမ် ပရမတ်တို့၏ သဘာဝထုံးတမ်းစဉ်လာ ဓမ္မတာကြီးအတိုင်း အုပ်စုအလိုက် ဖြစ်ကြလေသည်။ ယင်း နာမ်တရားအုပ်စုတို့သည်လည်း ဝီထိခေါ်သည့် စိတ္တနိယာမ ဓမ္မတာလမ်းရိုးကြီးအတိုင်းသာ ဖြစ်ကြရသည်။ သို့အတွက် ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်းနာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန (၄)မျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားပါ။ ထိုသို့ သိမ်းဆည်း ရှုပွားရာ၌ လွယ်ကူစေရန်အတွက် ဤတွင် အကုသိုလ်စိတ် (၁၂)မျိုးကို အုပ်စုအလိုက် အစဉ်အတိုင်း ရှေးဦးစွာ ဖော်ပြပေအံ့။

လောဘ-ဒိဋ္ဌိ အုပ်စု နာမ်တရားများ (၄) ချက်

လောဘ-ဒိဋ္ဌိ အုပ်စု နာမ်တရားများ (၄) ချက်

။ အသိစိတ် ၁

။ အညသမာန်း = နှစ်ဘက်ရစေတသိက် ၁၃

။ အကုသလသာဓာရဏစေတသိက် ၄

။ လောဘ-ဒိဋ္ဌိ ၂

။ အားလုံးပေါင်းသော် - ၂၀

၁။ အသင်္ခါရိကဖြစ်၍ သောမနဿဝေဒနာနှင့် ယှဉ်လျှင် - ၂၀

၂။ အသင်္ခါရိကဖြစ်၍ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျှင် ပီတိမပါ - ၁၉

၃။ သသင်္ခါရိကဖြစ်၍ သောမနဿ ဝေဒနာနှင့် ယှဉ်လျှင် - ၂၀+ထိန+မိဒ္ဓ = ၂၂

၄။ သသင်္ခါရိကဖြစ်၍ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျှင် - ၁၉+ထိန+မိဒ္ဓ = ၂၁

အားလုံးပေါင်းသော် (၄) ချက် ဖြစ်သည်။

[မှတ်ချက် --- အကုသလသာဓာရဏစေတသိက်တို့ဟူသည် အကုသိုလ်စိတ် အားလုံးနှင့် ဆက်ဆံသော စေတသိက်များ ဖြစ်ကြ၏။ မောဟ-အဟိရိက-အနောတ္တပ္ပ-ဥဒ္ဓစ္စ စေတသိက် (၄)မျိုးတို့ပင်တည်း။ အသင်္ခါရိကဟူသည် မိမိကိုယ်တိုင်က ဖြစ်စေ, သူတစ်ပါးတို့က ဖြစ်စေ မတိုက်တွန်းရဘဲ လောဘ-ဒိဋ္ဌိစသော အကုသိုလ် ဖြစ်မှုတည်း။ သသင်္ခါရိကဟူသည် မိမိကိုယ်တိုင်ကဖြစ်စေ သူတစ်ပါးတို့ကဖြစ်စေ တိုက်တွန်းမှုရှိပါမှ လောဘ-ဒိဋ္ဌိစသော အကုသိုလ်များဖြစ်မှုတည်း။ လိုရင်းမှာ ကုသိုလ်ရေး၌ဖြစ်စေ အကုသိုလ်ရေး၌ဖြစ်စေ မိမိကိုယ်တိုင်က ဖြစ်စေ သူတစ်ပါးကဖြစ်စေ တိုက်တွန်းမှုရှိလျှင် သသင်္ခါရိက, တိုက်တွန်းမှုမရှိလျှင် အသင်္ခါရိကဟု မှတ်ပါ။]

လောဘ-မာန အုပ်စု (၄) ချက်

လောဘ-မာန အုပ်စု (၄) ချက်

လောဘ-ဒိဋ္ဌိ အုပ်စုတွင် ဒိဋ္ဌိအရာဝယ် မာနပြောင်းထည့်ရုံသာ ဖြစ်သည်။ (၂၀^၁၉^၂၂^၂၁)လုံးသော နာမ်တရားများပင်တည်း။ သို့သော် မာနစေတသိက်သည် ကဒါစိစေတသိက် = တစ်ရံတစ်ခါသာ ဒိဋ္ဌိမယှဉ်သော လောဘနှင့် ယှဉ်တွဲ၍ဖြစ်သော စေတသိက်ဖြစ်သဖြင့် ဒိဋ္ဌိနှင့် မယှဉ်သော လောဘဖြစ်ရာဝယ် ရံခါ မာနမပါ သည်လည်း ရှိတတ်၏။ မာနလည်း မပါသော် ဒိဋ္ဌိလည်း မပါသော် --- ယင်းလောဘမူ နာမ်တရားစုတို့မှာ ---

၁။ အသင်္ခါရိက သောမနဿဖြစ်လျှင် - ၁၉

၂။ အသင်္ခါရိက ဥပေက္ခာဖြစ်လျှင် - ၁၈

၃။ သသင်္ခါရိက သောမနဿဖြစ်လျှင် - ၂၁

၄။ သသင်္ခါရိက ဥပေက္ခာဖြစ်လျှင် - ၂၀

အသီးအသီးဖြစ်ကြသည်။

လောဘဒိဋ္ဌိ၌ ၄-ချက်

လောဘမာန၌ ၄-ချက်

ပေါင်းသော် လောဘမူစိတ် ၈-မျိုးတည်း။

ဒေါသ အုပ်စု (၂) ချက်

ဒေါသ အုပ်စု (၂) ချက်

၁။ အသင်္ခါရိကဖြစ်သော် ---

အသိစိတ် ၁

ပီတိမပါ အညသမာန်း = နှစ်ဘက်ရ စေတသိက် ၁၂

အကုသလသာဓာရဏ စေတသိက် ၄

ဒေါသ စေတသိက် ၁

အားလုံးပေါင်းသော် - ၁၈

၂။ သသင်္ခါရိကဖြစ်သော် ---

ထိန-မိဒ္ဓ ထပ်ထည့်ပါ။ ၁၈ + ထိန + မိဒ္ဓ = ၂၀

ဒေါသ-ဣဿာ အုပ်စု (၂) ချက်

ဒေါသ-ဣဿာ အုပ်စု (၂) ချက်

၁။ အသင်္ခါရိကဖြစ်သော် ---

အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈

ဣဿာ စေတသိက် ၁

အားလုံးပေါင်းသော် (အသင်္ခါရိကအုပ်စု) - ၁၉

၂။ သသင်္ခါရိကဖြစ်သော် --- ၁၉ + ထိန + မိဒ္ဓ = ၂၁

ဒေါသ-မစ္ဆရိယ အုပ်စု (၂) ချက်

ဒေါသ-မစ္ဆရိယ အုပ်စု (၂) ချက်

၁။ အသင်္ခါရိကဖြစ်သော် ---

အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈

မစ္ဆရိယ စေတသိက် ၁

အားလုံးပေါင်းသော် (အသင်္ခါရိကအုပ်စု) - ၁၉

၂။ သသင်္ခါရိကဖြစ်သော် --- ၁၉ + ထိန + မိဒ္ဓ = ၂၁

ဒေါသ-ကုက္ကုစ္စ အုပ်စု (၄) ချက်

ဒေါသ-ကုက္ကုစ္စ အုပ်စု (၄) ချက်

၁။ အသင်္ခါရိက ဖြစ်သော် ---

အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈

ကုက္ကုစ္စ စေတသိက် ၁

အားလုံးပေါင်းသော် - ၁၉

၂။ သသင်္ခါရိက ဖြစ်သော် --- ၁၉ + ထိန + မိဒ္ဓ = ၂၁

[ပြုပြီး ဒုစရိုက်ကို အာရုံယူ၍ အသင်္ခါရိက သသင်္ခါရိက နှစ်ချက်ရှုပါ။ မပြုလိုက်မိသော သုစရိုက်ကို အာရုံယူ၍လည်း အသင်္ခါရိက သသင်္ခါရိက နှစ်ချက်ပင် ရှုပါ။ ပေါင်းသော် (၄)ချက်ပင် ဖြစ်သည်။]

မောဟ-ဥဒ္ဓစ္စ အုပ်စု (၁) ချက်

မောဟ-ဥဒ္ဓစ္စ အုပ်စု (၁) ချက်

။ အသိစိတ် ၁

။ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇

။ ဝိတက်-ဝိစာရ-အဓိမောက္ခ-ဝီရိယ (ပီတိ-ဆန္ဒ မပါ) ၄

။ အကုသလသာဓာရဏစေတသိက် ၄

အားလုံးပေါင်းသော် - ၁၆

မောဟ-ဝိစိကိစ္ဆာ အုပ်စု (၁) ချက်

မောဟ-ဝိစိကိစ္ဆာ အုပ်စု (၁) ချက်

။ အသိစိတ် ၁

။ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇

။ ဝိတက်-ဝိစာရ-ဝီရိယ (အဓိမောက္ခ-ပီတိ-ဆန္ဒ မပါ) ၃

။ အကုသလသာဓာရဏစေတသိက် ၄

။ ဝိစိကိစ္ဆာ ၁

အားလုံးပေါင်းသော် - ၁၆

တိုက်တွန်းချက်

တိုက်တွန်းချက်

အဘိဓမ္မတ္ထသင်္ဂဟကျမ်းဝယ် စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရဝီထိများ၌လည်းကောင်း, မနောဒွါရဝီထိများ၌ လည်းကောင်း ကာမဇော (၂၉)မျိုးလုံး စောနိုင်ကြောင်း အဆိုအမိန့်များလည်း လာရှိ၏။ ဘုရားရှင်ကိုယ်တော် တိုင်ကလည်း --- သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ။ (မ၊၁၊၇၆။) ဤသို့ စသည်ဖြင့် ရာဂနှင့် အတူတကွ ဖြစ်သော သရာဂစိတ်, ဒေါသနှင့် အတူတကွ ဖြစ်သော သဒေါသစိတ်, မောဟနှင့် အတူတကွ ဖြစ်သော သမောဟ စိတ် စသော အကုသိုလ်စိတ်များကိုလည်း သို့မဟုတ် အကုသိုလ်နာမ်တရားစုများကိုလည်း ဝိပဿနာရှုပွားသုံးသပ် ရန် မဟာသတိပဋ္ဌာနသုတ္တန် စိတ္တာနုပဿနာပိုင်းတွင် ဟောကြားထားတော်မူခဲ့၏။ သို့အတွက် အကုသိုလ်နာမ် တရားစုတို့ကို သိမ်းဆည်းရှုပွားဖို့ရန် အားသစ်စဖြစ်သော အသင်ယောဂီသူတော်ကောင်းသည် - တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ (အဘိ၊ဋ္ဌ၊၁၊၂၇၁။) စသော အဋ္ဌကထာကြီးများ၏ ညွှန်ကြားထားတော်မူချက်အတိုင်း ရုပ် (၂၈) ပါးတို့တွင် ရုပ်တစ်မျိုး တစ်မျိုးကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော အကုသိုလ် နာမ်တရားစုတို့ကို စတင်၍ သိမ်းဆည်း ရှုပွားရတော့မည် ဖြစ်သည်။

မနောဒွါရ အကုသိုလ်ဇောဝီထိ နာမ်တရားများကို သိမ်းဆည်းပုံ

မနောဒွါရ အကုသိုလ်ဇောဝီထိ နာမ်တရားများကို သိမ်းဆည်းပုံ

သို့သော် ရုပ်ပရမတ်တရား တစ်မျိုး တစ်မျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကုသိုလ်နာမ်တရား စုတို့ကို အုပ်စုအလိုက် သိမ်းဆည်း ရှုပွားရာ၌ အချို့သော ယောဂီသူတော်ကောင်းတို့ အဖို့ အချို့အချို့သော အကုသိုလ်အုပ်စုများကို သိမ်းဆည်း ရှုပွားရသည်မှာ သဘောမပေါက်နိုင် ဖြစ်နေတတ်၏။ အရှုရခက်နေတတ်၏။ သံသရာတစ်လျှောက်ဝယ် ယင်းအကုသိုလ်တရားတို့ကား ပညတ်အတုံးအခဲကြီးတို့ အပေါ်၌ = ယောက်ျား မိန်းမ ရွှေငွေ စသော ပညတ်အတုံးအခဲကြီးတို့အပေါ်၌ ကျက်စားမှုများခဲ့သောကြောင့် ဖြစ်၏။ ရွှေငွေ အဝတ် စသော ပညတ်အတုံးအခဲများကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ်တရားစုတို့က စ၍ အကုသိုလ်နာမ်တရားစု တို့ကို သိမ်းဆည်းရှုပွားခဲ့သော်ကား လျင်မြန်စွာ သဘောပေါက်နိုင်၏။ သို့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောဖြင့် ရွှေစသော ပညတ်အတုံးအခဲများကို အာရုံယူ၍ အကုသိုလ် နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားပုံ ကို ဆက်လက် ဖော်ပြအပ်ပါသည်။ ထိုသို့ ရှုပွားခြင်းဖြင့် ---

၁။ ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကုသိုလ် နာမ်တရားစုတို့ကိုလည်း ရှုတတ်ပြီး ဖြစ်မည်။

၂။ ရုပ်ပရမတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ် နာမ်တရားစုတို့ကို သိမ်းဆည်းရာ၌လည်း ပို၍ လွယ်ကူသွားမည် ဖြစ်ပေသည်။

ဤအရာ၌ ရွှေ စသော ပညတ်အတုံးအခဲများကို ဝိပဿနာရှုနေသည်ဟူ၍ကား အယူအဆ မမှားစေ လိုပါ။ အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်စသော ပညတ်များကို အာရုံပြု၍ ဖြစ်ပေါ်လာကြ ကုန်သော စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားသကဲ့သို့သာ မှတ်သားပါလေ။ သို့သော် ပညတ်အာရုံ၌ အကုသိုလ်တရားတို့ကို သိမ်းဆည်းရှုပွားတတ်သော အခါ၌ကား ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်တရားတို့ကိုသာ ရှုရန် ဖြစ်ပါသည်။

ရွှေ - အာရုံ၌ လောဘ-ဒိဋ္ဌိ အုပ်စု အလုံး -၂၀- (လောဘမူစိတ်)

ရွှေ - အာရုံ၌ လောဘ-ဒိဋ္ဌိ အုပ်စု အလုံး -၂၀- (လောဘမူစိတ်)

သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးလျှင် ---

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ မိမိနှစ်သက်နေသော လက်စွပ် ဆွဲကြိုး နားကပ်စသော မိမိပိုင် ရွှေတုံးရွှေခဲ တစ်ခုကို လှမ်း၍ အာရုံယူပါ။ (ဉာဏ်လင်းရောင်ခြည် အကူအညီဖြင့် မြင်နေရသော အရာဝတ္ထု ဖြစ်ပါစေ)

၃။ ထိုရွှေအာရုံက ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ ရွှေဟူ သော ပညတ်အတုံးအခဲကို အာရုံပြု၍ မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။

၄။ ထိုဝီထိစိတ်အစဉ်များတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ယင်းရွှေကို သုဘဟု ဆုံးဖြတ်ကြည့်ပါ။ နှလုံး သွင်းပါ။ အယောနိသောမနသိကာရ ဖြစ်သဖြင့် လောဘဒိဋ္ဌိ အကုသိုလ်ဇောအုပ်စုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။

၁။ အသိစိတ် = ရွှေ အာရုံကို ရယူခြင်းသဘော။

၂။ ဖဿ = ရွှေ အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော။

၃။ ဝေဒနာ = ရွှေ အာရုံ၏ အရသာကို (ဝမ်းမြောက်စွာ) ခံစားခြင်းသဘော။

၄။ သညာ = ရွှေ အာရုံကို သုဘဟု မှတ်သားခြင်းသဘော။

၅။ စေတနာ = ရွှေ အာရုံပေါ်သို့ သမ္ပယုတ်တရားစုတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း လှုံ့ဆော် ပေးခြင်းသဘော။

၆။ ဧကဂ္ဂတာ = ရွှေ အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်း တည်နေခြင်းသဘော။ သမ္ပယုတ် တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော။

၇။ ဇီဝိတ = နာမ်သက်စောင့်ဓာတ် = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော။

၈။ မနသိကာရ = ရွှေ အာရုံဘက်သို့ စိတ်ကို ဦးလှည့် တွန်းပိ့ုပေးခြင်းသဘော။

ရွှေ အာရုံကို နှလုံးသွင်းခြင်းသဘော။

၉။ ဝိတက် = ရွှေ အာရုံပေါ်သို့ စိတ်ကို ရှေးရှူတင်ပေးခြင်းသဘော။

၁၀။ ဝိစာရ = ရွှေ အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော။

ဆုပ်နယ်ခြင်းသဘော၊ ရွှေအာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော။

၁၁။ အဓိမောက္ခ = ရွှေ အာရုံကို သုဘဟု ဆုံးဖြတ်ချက်ချခြင်းသဘော။

၁၂။ ဝီရိယ = ရွှေ အာရုံပေါ်၌ လောဘဒိဋ္ဌိ စသော အကုသိုလ်ဖြစ်အောင် (ရာဂဖြစ်အောင်) ကြိုးစားအား ထုတ်ခြင်းသဘော။

၁၃။ ပီတိ = ရွှေ အာရုံကို နှစ်သက်ခြင်းသဘော။

၁၄။ ဆန္ဒ = ရွှေ အာရုံကို လိုလားတောင့်တခြင်းသဘော။ (ရာဂဖြစ်လိုသည့်သဘော။)

၁၅။ မောဟ = ရွှေ အာရုံ၏ အသုဘ သဘောမှန်ကို မသိခြင်းသဘော။

ရွှေ အာရုံကို သုဘဟု အသိမှားခြင်းသဘော။

၁၆။ အဟိရိက = ရွှေ အာရုံပေါ်၌ လောဘဒိဋ္ဌိ စသော အကုသိုလ်ဖြစ်မှုကို မရှက်ခြင်းသဘော။

၁၇။ အနောတ္တပ္ပ = ရွှေ အာရုံပေါ်၌ လောဘဒိဋ္ဌိ စသော အကုသိုလ်ဖြစ်မှုကို မကြောက်ခြင်းသဘော။

၁၈။ ဥဒ္ဓစ္စ = ရွှေ အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်းသဘော။

၁၉။ လောဘ = ရွှေ အာရုံကို ငါ့ဟာဟု စွဲယူခြင်းသဘော။

ရွှေ အာရုံကို လိုလားတပ်မက်ခြင်းသဘော၊ ကပ်ငြိခြင်းသဘော။

၂၀။ ဒိဋ္ဌိ = ရွှေ အာရုံကို သုဘဟု စွဲလမ်းယုံကြည်ခြင်းသဘော။

ရွှေ အာရုံကို သုဘဟု အယူမှားခြင်း = ခံယူချက်မှားခြင်းသဘော။

ဝီထိစဉ် သဘောပေါက်ရန်

ဝီထိစဉ် သဘောပေါက်ရန်

ရွှေဟူသော ပညတ်အတုံးအခဲကြီးကို အာရုံယူ၍ သုဘဟု အယူမှားရာ၌ ရွှေဟူသော ပညတ်အတုံးအခဲ ကြီးကို အာရုံယူနေသောကြောင့် သုဘဟု နှလုံးသွင်းမှားနေသဖြင့် အယောနိသောမနသိကာရလည်း ဖြစ်ရကား လောဘ-ဒိဋ္ဌိ ဦးဆောင်သည့် အကုသိုလ်ဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည်ဖြစ်သည်။ ထို ဝီထိစိတ် အစဉ်မှာ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်, ဇော (၇)ကြိမ်တို့ ဖြစ်သည်။ ရွှေဟူသော ပညတ်အတုံးအခဲကြီးကို အာရုံ ယူနေသောကြောင့် တဒါရုံမကျနိုင်။ သို့သော် ထိုရွှေတုံး ရွှေခဲကြီး၌ တည်ရှိနေသော ရူပါရုံ အပေါင်းအစုဖြစ်သော အရောင်သက်သက်မျှကိုသာ အာရုံယူခဲ့သော် ရူပါရုံအရောင် သက်သက်မျှကိုသာ နှစ်သက်နေခဲ့သော် တဒါရုံလည်း ကျခွင့် ရှိနိုင်သည်။

ယင်းရွှေအာရုံကိုပင် နိစ္စ သုခ အတ္တဟု စွဲယူရာ၌လည်း နည်းတူသဘောပေါက်ပါလေ။ ဝေဒနာမှာ ပီတိ ပါလျှင် သောမနဿ, ပီတိမပါလျှင် ဥပေက္ခာဖြစ်သည်။ ရွှေအာရုံ၌ ရာဂဖြစ်အောင် လောဘဒိဋ္ဌိဖြစ်အောင် တိုက်တွန်းမှုရှိလျှင် သသင်္ခါရိကဖြစ်၍ ထိန+မိဒ္ဓ ပါ၏။ တိုက်တွန်းမှု မရှိလျှင် အသင်္ခါရိကဖြစ်၍ ထိန+မိဒ္ဓ မပါ။ (၄)ချက်စီ ရှုပါ။

ပရမတ္ထ သဘာဝ

ပရမတ္ထ သဘာဝ

အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် သက်မဲ့လောကနှင့် တကွသော ဗဟိဒ္ဓရုပ်နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် သိမ်းဆည်းရှုပွားနိုင်သော အဆင့်သို့ ရောက်ရှိပါမူ ယင်းရွှေတုံး ရွှေခဲကြီး၌ တည်ရှိကြသော ဓာတ်ကြီး (၄)ပါးတို့ကို လှမ်း၍ ရှုကြည့်ပါ။ အာကာသဓာတ်ကိုပါ မြင်အောင် ဆက်ရှုကြည့်ပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိနေတော့မည် ဖြစ်သည်။ ယင်း ရုပ်ကလာပ်တစ်ခု တစ်ခု၌ --- ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ --- ဟု ရုပ်ပရမတ် သဘောတရား (၈)ခုစီ ရှိ၏။ ယင်း ပရမတ္ထ ရုပ်သဘောတရားတို့ကို မြင်အောင်ရှုပါ။ ယင်းပရမတ္ထ ရုပ်တရားတို့ကား ယင်းရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားနေကြသော ဥတုဇရုပ်တို့၏ အပေါင်းအစုသာတည်း။ ယင်းဥတုဇရုပ်တို့ကား မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်းတည်းဟူသော မရှိခြင်းနှစ်ခုတို့၏ အလယ်၌သာလျှင် တစ်စက္ကန့်ဟူသော အချိန်ကာလကို ကုဋေပေါင်းများစွာ ပုံလျှင် တစ်ပုံ ခန့်လောက်သာ သက်တန်းရှိသည့် ယာယီ အခိုက်အတန့်အားဖြင့်သာ ဖြစ်ပေါ်နေသော ရုပ်ဓမ္မသဘာဝတို့ဖြစ် ကြ၏။ ဖြစ်ပြီးလျှင် ယခုကဲ့သို့ အလွန် လျင်လျင်မြန်မြန် ပျက်နေပါက ဘာကြောင့် ရွှေတုံး ရွှေခဲကြီးအတိုင်း ဆက်လက် တည်ရှိနေရသနည်းဟု မေးရန်ရှိ၏။ အကြောင်း တေဇောဓာတ်၏ ကျေးဇူးပြုမှု အရှိန်အဝါ မကုန် သေးသမျှ အကျိုးရုပ်တရားတို့လည်း ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြဦးမည်သာဖြစ်သည်။ ပရမတ္ထဉာဏ်ပညာမျက်စိ မရှိသူတို့ကား ယင်းသို့ ေ့ရှနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဆက်ကာ ဆက်ကာ ဖြစ်နေမှုသဘောကို မမြင်နိုင်ကြသောကြောင့် ရွှေတုံး ရွှေခဲဟူသော အတုံးလိုက် အခဲလိုက်ကြီး မြင်နေခြင်းဖြစ် သည်။ အမှန်စင်စစ်မှာမူ ယင်းရုပ်ပရမတ်တရားတို့သည်လည်း အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တ အနေအထားအားဖြင့်သာ အဆက်မပြတ် ဖြစ်နေကြသော ဓမ္မသဘာဝတို့သာ ဖြစ်ကြသည်။

အဝတ် --- အဝတ်ကို အာရုံယူ၍လည်း လောဘဒိဋ္ဌိအုပ်စုများကို ရှုနိုင်၏။ အဝတ်အသစ်အာရုံကား ပီတိဖြစ်လွယ်၏၊ သောမနဿ ဖြစ်လွယ်၏၊ အသင်္ခါရိက ဖြစ်လွယ်၏။ အဝတ်အဟောင်းဖြစ်မှု ပီတိမဖြစ်ဘဲ ဥပေက္ခာ အဖြစ်များဖွယ်ရာ ရှိ၏၊ သသင်္ခါရိက အဖြစ်များဖွယ်ရာရှိ၏။ သို့အတွက် အဝတ် အသစ် အဟောင်း စသည့် ရာဂဖြစ်လောက်သည့် မိမိကိုယ်ပိုင်အဖြစ် ငါ့ဟာဟု သိမ်းပိုက်ထားသည့် ပစ္စည်းများကို အာရုံယူ၍ ရှုကြည့်ပါ။ အကယ်၍ ရဟန်းယောဂီသူတော်စင် ဖြစ်ခဲ့ပါမူ သင်္ကန်းအသစ် အဟောင်း စသော ငါ့ဟာဟု သိမ်းပိုက်ထားသော မိမိနှစ်သက်တတ်သည့် ပစ္စည်းဝတ္ထုတို့ကို အာရုံယူ၍ ရှုကြည့်ပါ။ နာမ်ဃန အသီးအသီး ပြိုပါစေ၊ နာမ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါစေ။ ဝီထိစိတ်အစဉ်အတိုင်း နာမ်တရားအားလုံးကို ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ --- နာမ်တရား နာမ်တရားဟု သိမ်းဆည်းရှုပွားပါ။

လောဘ-မာန အုပ်စု (၄) ချက် (လောဘမူစိတ်)

လောဘ-မာန အုပ်စု (၄) ချက် (လောဘမူစိတ်)

လောကအပြော သမ္မုတိသစ္စာနယ်၌ --- ရွှေချင်းပြိုင်မှု ငွေချင်းပြိုင်မှု အိမ်ချင်းပြိုင်မှု ကားချင်းပြိုင်မှု သားချင်းပြိုင်မှု သမီးချင်းပြိုင်မှု လင်ချင်းပြိုင်မှု မယားချင်းပြိုင်မှု တရားချင်းပြိုင်မှု စိန်နားကပ်ချင်းပြိုင်မှု စသော ပြိုင်မှု အမျိုးမျိုးတို့ကား မာန၏ သဘောများပင်တည်း။ အသာမယူရ မနေနိုင် မကြွားရ မနေနိုင်သည့် သဘော တည်း။ မိမိကိုယ်ကို မိမိ အထင်ကြီးမှုသဘောတည်း။ ဤလောဘ-မာန အုပ်စု၌ မိမိ မာန ဖြစ်နေကျ ရွှေငွေ အဝတ် စသည့် ပညတ်အာရုံ တစ်ခုခုကို အာရုံယူ၍ အထက်ပါ လောဘ-ဒိဋ္ဌိအုပ်စုကို နည်းမှီး၍ ရှုပါ။ ဒိဋ္ဌိ မပါတော့ဘဲ ဒိဋ္ဌိ နေရာတွင် မာန ဝင်လာမည်။ (၄)ချက်ပင် ရှုပါ။

ဥပမာ ရွှေကိုပင် အာရုံယူ၍ရှုသည် ဆိုကြစို့။ မာနဟူသည် သူ့ရွှေထက်သာသည်ဟု မိမိရွှေကို အထင်ကြီး မှုသဘော ဖြစ်သည်။ မိမိ၏ စိန်နားကပ်က သူတစ်ပါး၏ စိန်နားကပ်ထက်ပို၍ ကောင်းသည်ဟု အထင်ကြီးမှု သဘောဖြစ်သည်။

ဤလောဘ-မာန အုပ်စု၌ ဝီရိယမှာ မာနဖြစ်အောင် ကြိုးစားမှုသဘော ဖြစ်၏။ ဆန္ဒမှာ မာန ဖြစ်လိုမှု သဘောတည်း။ အဟိရိကမှာ လောဘ မာနစသည့် အကုသိုလ်ဖြစ်မှုကို မရှက်မှုသဘောတည်း၊ အနောတ္တပ္ပမှာ လောဘ မာန စသည့် အကုသိုလ်ဖြစ်မှုကို မကြောက်မှုသဘောတည်း။

မိမိ အသာယူဖူးသည့် သို့မဟုတ် အသာယူနေကျ မာနဖြစ်နေကျဖြစ်သည့် သက်ရှိသက်မဲ့ အာရုံအမျိုးမျိုး ကို ဉာဏ်ရှိသလို ချဲ့ထွင်၍ ရှုပါ။ ရှုပုံစနစ် အမြွက်မှာ ---

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ မိမိ အသာယူနေကျ မိမိ၏ စိန်နားကပ်ကို လှမ်း၍ အာရုံယူပါ။

၃။ ထို ဘဝင်မနောအကြည်ဓာတ်၌ ယင်းစိန်နားကပ် အာရုံထင်လာသောအခါ မနောဒွါရိကဇောဝီထိစိတ် အစဉ်များ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ မနောဒွါရာဝဇ္ဇန်းက ---

ငါ့စိန်နားကပ်က ပိုကောင်းသည်ဟု ဆုံးဖြတ်ကြည့်ပါ။ အယောနိသောမနသိကာရဖြစ်သဖြင့် လောဘ-မာန ဦးဆောင်သည့် အကုသိုလ်ဇောဝီထိများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ မာနသည် ကဒါစိစေတသိက်ဖြစ်သဖြင့် တစ်ရံတစ်ခါသာ ဖြစ်တတ်သည်။ ဒိဋ္ဌိနှင့် မာနနှစ်မျိုးလုံး မပါသည့် လောဘဦးဆောင်သည့် အကုသိုလ်ဇောဝီထိ များကိုလည်း ဉာဏ်ရှိသလို ရှုကြည့်ပါ။ ဇောအသီးအသီး၌ (၁၉^၂၁^၁၈^၂၀)သော နာမ်တရား အသီးအသီး ပါဝင်မည်ဖြစ်သည်။

ဒေါသ အုပ်စု (၂) ချက် (ဒေါသမူစိတ်)

ဒေါသ အုပ်စု (၂) ချက် (ဒေါသမူစိတ်)

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ ဒေါသဖြစ်နေကျ အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။

ဥပမာ- မုန်းသူတစ်ယောက်ကို လှမ်း၍ အာရုံယူပါ။

ယင်းအာရုံက ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ မနော ဒွါရိကဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည်။ ယင်းဝီထိစိတ်တို့တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက မုန်း သူဟု ဆုံးဖြတ်ချက် ချကြည့်ပါ။ အယောနိသော မနသိကာရဖြစ်သဖြင့် ဒေါသဦးဆောင်သည့် အကုသိုလ်ဇော ဝီထိများ ဖြစ်ပေါ်လာကြပေမည်။

မုန်းသူဟု အသိမှားမှုသဘောကား မောဟတည်း။ မကျေနပ်မှုသဘော = စိတ်ခက်ထန်ကြမ်းတမ်းမှု = ဖျက်ဆီးလိုမှုသဘောကား ဒေါသတည်း။ သသင်္ခါရိက အသင်္ခါရိက (၂)ချက် ရှုပါ။ သသင်္ခါရိကဖြစ်သည့် အာရုံ အသင်္ခါရိကဖြစ်သည့် အာရုံတို့ကို အာရုံယူ၍ ဉာဏ်ရှိသလိုရှုပါ။

ဒေါသ-ဣဿာ အုပ်စု (၂) ချက် (ဒေါသမူစိတ်)

ဒေါသ-ဣဿာ အုပ်စု (၂) ချက် (ဒေါသမူစိတ်)

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ မိမိပစ္စည်းထက် သာလွန်သည့် သူတစ်ပါး၏ ပစ္စည်းတစ်ခုကို လှမ်း၍ အာရုံယူပါ။

ဥပမာ မိမိ၏ စိန်နားကပ်ထက် သာလွန်နေသည့် သူတစ်ပါး၏ စိန်နားကပ်ကို လှမ်း၍အာရုံယူပါ။ ဘဝင်မနော အကြည်ဓာတ်တွင် ယင်းစိန်နားကပ် အာရုံထင်လာသောအခါ --- မနောဒွါရာဝဇ္ဇန်းက ဤစိန်နားကပ်မျိုး ဒင်း မရရင် ကောင်းမှာပဲဟု နှလုံးသွင်းကြည့်ပါ။ ဒေါသ-ဣဿာ ဦးဆောင်သည့် အကုသိုလ်ဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာမည်။ သသင်္ခါရိက အသင်္ခါရိက (၂)ချက် ရှုပါ။

ဒေါသ-မစ္ဆရိယ အုပ်စု (၂) ချက် (ဒေါသမူစိတ်)

ဒေါသ-မစ္ဆရိယ အုပ်စု (၂) ချက် (ဒေါသမူစိတ်)

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ အထိမခံနိုင်သည့် မိမိ၏ ပစ္စည်းတစ်ခုကို လှမ်းအာရုံယူပါ။

ဥပမာ- အထိမခံနိုင်သည့် ခေါင်းရိတ်ဓားတစ်ခု သို့မဟုတ် နာရီတစ်ခုကို လှမ်း၍ အာရုံယူပါ။

ဘဝင် မနောအကြည်ဓာတ်တွင် ယင်းအာရုံ ထင်လာသည့်အခါ မနောဒွါရာဝဇ္ဇန်းက အထိမခံနိုင်သည့် ပစ္စည်းဘဲဟု ဆုံးဖြတ်ကြည့်ပါ။ မယားမထိနဲ့ ဓားကြည့်ဟူသော နှလုံးသွင်းမှုမျိုးတည်း။ အယောနိသောမနသိကာရ ဖြစ်သဖြင့် ဒေါသ-မစ္ဆရိယ ဦးဆောင်သည့် မနောဒွါရိက အကုသိုလ်ဇောဝီထိများ ဖြစ်ပေါ်လာပေမည်။

ကလေးသဘာဝအလျောက် တစ်ယောက်က တစ်ယောက်၏ စာအုပ်ကို ဆုတ်ဖြဲလိုက်သည် ဆိုပါစို့။ စာအုပ် ကို နှမြော၍ကား မဟုတ်၊ ဤကဲ့သို့ စော်ကားခြင်းကို မခံနိုင်သည့် သဘောမျိုးကား မစ္ဆရိယတည်း။ ဘဝင်မနော အကြည်ဓာတ်ကို သိမ်းဆည်းပြီးလျှင် ယင်းစာအုပ်ကို လှမ်း၍ အာရုံယူပါ။ မနောဒွါရာဝဇ္ဇန်းက ဆုတ်ဖြဲခံရသည့် စာအုပ်ဟု ဆုံးဖြတ်ကြည့်ပါ၊ နှလုံးသွင်းကြည့်ပါ။ ဒေါသ-မစ္ဆရိယ ဦးဆောင်သည့် အကုသိုလ်ဇောဝီထိများ ဖြစ် ပေါ်လာပေမည်။ သသင်္ခါရိက အသင်္ခါရိက (၂)ချက် ရှုပါ။

ဒေါသ-ကုက္ကုစ္စ အုပ်စု (၄) ချက် (ဒေါသမူစိတ်)

ဒေါသ-ကုက္ကုစ္စ အုပ်စု (၄) ချက် (ဒေါသမူစိတ်)

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ ပြုပြီးခဲ့သည့် ဒုစရိုက် တစ်ခုကို လှမ်း၍ အာရုံယူပါ။

ဥပမာ- ခြင်ကို သတ်ဖူးသည့် အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။

ယင်းအာရုံက ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ မနောဒွါရာဝဇ္ဇန်းက ခြင်ကို သတ်ခဲ့ပြီဟု ဆုံးဖြတ်ကြည့်ပါ။ မှားပြီဟု နှလုံးသွင်းကြည့်ပါ။ စိတ်ခက်ထန်ကြမ်းတမ်းမှု ဒေါသ, သတ်မိသည့်အတွက် နောင်တတစ်ဖန် ပူပန်ခြင်း ကုက္ကုစ္စတို့ ဦးဆောင်သည့် အကုသိုလ်ဇောဝီထိများ ဖြစ်ပေါ်လာကြပေမည်။ သသင်္ခါရိက အသင်္ခါရိက (၂)ချက် ရှုပါ။

မပြုလိုက်မိသည့် သုစရိုက်တစ်ခုခုကို မပြုလိုက်ရ၍ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စ ဖြစ်ရာ၌လည်း ပုံစံတူပင် (၂)ချက် ရှုပါ။ ဥပမာ- ဥပုသ်စောင့်သုံးဖို့ရန် ရည်ရွယ်ထားရာ မစောင့်လိုက်ရသဖြင့် စိတ်မချမ်းသာမှု နောင်တတစ်ဖန် ပူပန်မှုမျိုးတည်း။ ဤ၌ တဒါရုံကျ-မကျ သေချာစွာ ရှုကြည့်ပါ။

ဥဒ္ဓစ္စ အုပ်စု (၁) ချက် (မောဟမူစိတ်)

ဥဒ္ဓစ္စ အုပ်စု (၁) ချက် (မောဟမူစိတ်)

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ လောဘ-ဒေါသ မပါသည့် စိတ်ပျံ့လွင့်နေကျ ပညတ်အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။

ဥပမာ- လူတစ်ယောက်ကို လှမ်း၍ အာရုံယူပါ။ ထိုလူနှင့် ပတ်သက်၍ လောဘ-ဒေါသကား မဖြစ်၊ သို့သော် ထိုလူနှင့် ပတ်သက်၍ စိတ်မငြိမ်သက်မှုကား အဖြစ်များတတ်၏။ ထိုကဲ့သို့သော လူအာရုံကို အာရုံ ယူ၍ ရှုပါ။ ထိုလူအာရုံသည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ မနောဒွါရာဝဇ္ဇန်းက လူဟုပင် ဆုံးဖြတ်ကြည့်ပါ၊ နှလုံးသွင်းပါ။ အယောနိသော မနသိကာရဖြစ်သဖြင့် မောဟ-ဥဒ္ဓစ္စနှင့် တကွ သော မနောဒွါရိက အကုသိုလ်ဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြပေမည်။

လူ - ဟု အသိမှားမှုကား မောဟ။

လူ - အာရုံ၌ စိတ်ပျံ့လွင့်မှုသဘောကား ဥဒ္ဓစ္စ။

ဝိစိကိစ္ဆာ အုပ်စု (၁) ချက် (မောဟမူစိတ်)

ဝိစိကိစ္ဆာ အုပ်စု (၁) ချက် (မောဟမူစိတ်)

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ ဝိစိကိစ္ဆာဖြစ်နေကျ အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။

ဥပမာ- အတိတ်ဘဝက လူဖြစ်ခဲ့တာ ဟုတ်မှ ဟုတ်ပါ့မလားဟု သံသယဖြစ်လောက်သည့် အာရုံကို လှမ်းအာရုံယူပါ။

အယောနိသောမနသိကာရ ဖြစ်နေသဖြင့် ဝိစိကိစ္ဆာအုပ်စု နာမ်တရားများပါဝင်သည့် အကုသိုလ်ဇော ဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာပေမည်။ ယင်းနာမ်တရားစုတို့ကို သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ဤသို့ ပညတ်ကို အာရုံယူ၍ ရှုရာ၌ (ဒေါသ-ကုက္ကုစ္စ ဦးဆောင်သည့် အကုသိုလ်ဇောများမှတစ်ပါး ကြွင်း ကျန်သော) အကုသိုလ်ဇောများ၏ နောင်၌ တဒါရုံမကျနိုင်။ ကုက္ကုစ္စကား ပြုပြီးဒုစရိုက် မပြုမိတဲ့ သုစရိုက်တို့ကို အာရုံပြုနေသဖြင့် ယင်းဇောများ၏ နောင်၌ တဒါရုံကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။

ဤသို့လျှင် ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားတတ် ပါက ရုပ်ပရမတ် တစ်လုံးစီတစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်နာမ်တရားတို့ကို ဆက် လက်၍ သိမ်းဆည်းရှုပွားပါ။ ကုသိုလ်ဇောများပါဝင်သည့် အကောင်းအုပ်စုနာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ ဓမ္မာရုံလိုင်းနာမ်တရားတို့က စ၍ ရှုသကဲ့သို့ အကုသိုလ်ဇောများ စောကြသည့် မကောင်းအုပ်စုနာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌လည်း ဓမ္မာရုံလိုင်းကပင် စ၍ သိမ်းဆည်းရှုပွားပုံကို ဆက်လက်ဖော်ပြပေအံ့။

လောဘ-ဒိဋ္ဌိ အုပ်စု ရှုပုံစနစ် (စက္ခုအကြည်ဓာတ်အာရုံ)

လောဘ-ဒိဋ္ဌိ အုပ်စု ရှုပုံစနစ် (စက္ခုအကြည်ဓာတ်အာရုံ)

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ စက္ခုဒသက ကလာပ်တစ်ခုကို ဓာတ်ခွဲလျက် စက္ခုအကြည်ဓာတ်ကို လှမ်း၍ အာရုံယူပါ။

၃။ ထိုစက္ခုအကြည်ဓာတ်သည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသော အခါ မနောဒွါရိကဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြပေမည်။

ထို ဝီထိစိတ်အစဉ်တို့တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ထိုစက္ခုအကြည်ဓာတ်ကို သုဘဟု ဆုံးဖြတ် ကြည့်ပါ။ နှလုံးသွင်းပါ။ ဣဋ္ဌ ဖြစ်လောက်သည့် စက္ခုအကြည်ဓာတ်လည်း ဖြစ်မူ အယောနိသော မနသိကာရ ဖြစ်သဖြင့် ဇော၌ ယင်းစက္ခုအကြည်ဓာတ်ကို သုဘဟု သာယာတပ်မက်သော လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာပေမည်။ နှလုံးသွင်းမှားမှု = အယောနိသော မနသိကာရကား အကုသိုလ်ဇောများ စောရာ၌ အနီးကပ် ဆုံးသော အကြောင်းတရားတစ်ခု ဖြစ်၏။ (ထိုစက္ခုအကြည်ဓာတ်ကို နိစ္စဟုလည်းကောင်း, သုခဟုလည်းကောင်း, အတ္တဟုလည်းကောင်း, သမ္ပတ္တိဘဝ၌ ရလွယ်၏ဟုလည်းကောင်း - ဤသို့စသည်ဖြင့် ဆင်ခြင်ဆုံးဖြတ် နှလုံးသွင်း ရာ၌လည်း နည်းတူပင် မှတ်ပါ။) လောဘမူစိတ် (၈)မျိုးတို့တွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုးတည်း။

ယင်းစိတ်တစ်မျိုးမျိုးသည် သောမနဿဝေဒနာနှင့် ယှဉ်လျှင် ပီတိလည်း ယှဉ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျှင် ပီတိမယှဉ်၊ သသင်္ခါရိက = တိုက်တွန်းမှုရှိလျှင် ထိန-မိဒ္ဓလည်း ယှဉ်၏၊ အသင်္ခါရိက = တိုက်တွန်းမှု မရှိလျှင် ထိန-မိဒ္ဓ မယှဉ်။ တိုက်တွန်းမှုဟူသည် လောဘ ဒိဋ္ဌိ စသည့် အကုသိုလ်တရားစုတို့ ဖြစ်ပေါ်လာအောင် မိမိကိုယ်ကို မိမိက တိုက်တွန်းနေရမှု သို့မဟုတ် သူတစ်ပါးတို့က တိုက်တွန်းရမှုကို ဆိုလိုပေသည်။ ယင်းမနော ဒွါရ ဝီထိစိတ်အစဉ်၏အတွင်း၌ ပါဝင်တည်ရှိကြသော စိတ္တက္ခဏတိုင်း၏ စိတ်စေတသိက် အရေအတွက်ကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

လောဘ - မာန အုပ်စု --- မနောဒွါရ၌ ထင်လာသော ဤစက္ခုအကြည်ဓာတ်ကို ပရမတ်သို့ ဆိုက်အောင် ငါမို့ ရှုရတာဟု မိမိကိုယ်ကို မိမိအထင်ကြီးလျှင် လောဘ-မာန ဦးဆောင်သည့် မနောဒွါရိက အကုသိုလ်ဇော ဝီထိများ ဖြစ်ပေါ်လာကြပေမည်။ (၄)ချက်ပင် ရှုပါ။ မာနမှာ ကဒါစိစေတသိက် ဖြစ်သဖြင့် ရံခါ ဒိဋ္ဌိ-မာန နှစ် မျိုးလုံး မယှဉ်သည်လည်း ရှိတတ်၏။ မာန မပါသည့် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄)မျိုးတည်း။

ဒေါသ --- မနောဒွါရ၌ ထင်လာသော အနိဋ္ဌဖြစ်သော စက္ခုအကြည်ဓာတ် အာရုံ၌ ကြည့်လို့မကောင်းခြင်း စသော အကြောင်းတရားကြောင့် အမျက်ထွက် စိတ်ဆိုးသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, စိတ်မချမ်းမြေ့သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း စိတ်ဓာတ်ခက်ထန် ကြမ်းတမ်းမှု ဝမ်းနည်းကြေကွဲမှု ဒေါသ ဦးဆောင်သည့် နာမ်တရားစုများ ဖြစ်ပေါ်လာကြပေမည်။ သသင်္ခါရိက အသင်္ခါရိက (၂)ချက်ပင် ရှုပါ။ မနောဒွါရိက ဇောဝီထိ စိတ်အစဉ်ပင်တည်း။

ဒေါသ - ဣဿာ --- ဤစက္ခုအကြည်ဓာတ်မျိုး ငါမှတစ်ပါးကုန်သောသူတို့သည် မရရှိကြပါကုန်မူကား ကောင်းလေစွဟု ဤသို့ ငြူစူစောင်းမြောင်းသော စိတ်ဓာတ်ရှိသော ပုဂ္ဂိုလ်၏သန္တာန်၌ ဒေါသ-ဣဿာအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြပေမည်။ သသင်္ခါရိက အသင်္ခါရိက (၂)ချက်ပင် ရှုပါ။ သူတစ်ပါးတို့ ရရှိထားသည့် အလွန်လှပတင့်တယ်သည့် စက္ခုအကြည်ဓာတ် = မျက်လုံးကို အာရုံယူ၍ ရှုပါက ပို၍ သဘောပေါက်မြန်သည်။

ဒေါသ - မစ္ဆရိယ --- မိမိရရှိထားသော စက္ခုအကြည်ကို သူတစ်ပါးတို့နှင့် မဆက်ဆံဖြစ်အောင် ပြုလုပ် ခြင်းဖြင့် အခြားသူအတွက် ဝန်တိုနေသော မိမိ စက္ခုအကြည်ဓာတ်ကို အထိမခံနိုင်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ဒေါသ-မစ္ဆရိယ အုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြပေမည်။ သသင်္ခါရိက အသင်္ခါရိက (၂)ချက်ပင် ရှုပါ။

ဒေါသ - ကုက္ကုစ္စ --- စက္ခုအကြည်ဓာတ်နှင့် ပတ်သက်၍ ပြုမှား ပြောမှားမိသော ဒုစရိုက် တစ်ခုခုကို တွေးမိတိုင်း စိတ်မကောင်းဖြစ်မှု ပြုမိ ပြောမိတာ မှားလေပေါ့ဟု နောင်တတစ်ဖန် ပူပန်မှုဖြစ်သော် ဒေါသ- ကုက္ကုစ္စ နာမ်တရားစုများတည်း။ သသင်္ခါရိက အသင်္ခါရိက (၂)ချက်ပင် ရှုပါ။ စက္ခုအကြည်ဓာတ်ကို မပျက်စီး အောင် အချိန်မီ ဆေးကုသဖို့ရန် ရည်မှန်းထားသော်လည်း ဆေးမကုသလိုက်ရ၍ စိတ်မချမ်းမသာ ဖြစ်မှုမျိုး တည်း။ ယောဂီအများစု၌ ဤကဲ့သို့ စက္ခုအကြည်ဓာတ် ပရမတ်တရားကို အာရုံယူ၍ ဒေါသ-ဣဿာ, ဒေါသ-မစ္ဆရိယ, ဒေါသ-ကုက္ကုစ္စ နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရသည်မှာ အခက်အခဲများစွာ ရှိတတ်ကြ၏။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်နေသောကြောင့်ဖြစ်၏။ အထက်တွင် ရေးသားတင်ပြခဲ့သော ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပေါ်ပုံ အပိုင်းကို နည်းမှီး၍ ဉာဏ်ရှိသလို သိမ်းဆည်း ရှုပွားပါ။

ဝိစိကိစ္ဆာ --- ဤစက္ခုအကြည်ဓာတ်သည် သတ္တလေလော = အတ္တလေလော, သတ္တ၏ ဥစ္စာလေလော = အတ္တ၏ ဥစ္စာလေလော, သတ္တ၏ စက္ခုအကြည်ဓာတ်လေလော = အတ္တ၏ စက္ခုအကြည်ဓာတ်လေလော - ဤသို့ ယုံမှားသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဝိစိကိစ္ဆာအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြ၏။ မနောဒွါရိကဇော ဝီထိ စိတ်အစဉ်ပင်တည်း။

ဥဒ္ဓစ္စ --- စက္ခုအကြည်ဓာတ်ကို အကြောင်းပြု၍ လောဘလည်း မဖြစ်ဘဲ ဒေါသလည်းမဖြစ်ဘဲ စိတ် မငြိမ်မသက် သက်သက်သာ ဖြစ်နေသော် ဥဒ္ဓစ္စဖြစ်နေ၏။ ဥဒ္ဓစ္စဦးဆောင်သည့် နာမ်တရားစုပင်တည်း။ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ပင်တည်း။

ယင်းအထက်ပါ မနောဒွါရဝီထိ အသီးအသီး၏ စိတ္တက္ခဏတိုင်း၌ တည်ရှိသော စိတ်စေတသိက် အရေ အတွက်ကို ဇယားဖြင့် အောက်ပါအတိုင်း ဖော်ပြထားပါသည်။ ဉာဏ်ရှိသလို သိမ်းဆည်း ရှုပွားပါ။ ဉာဏ်ကို အသုံးပြုရမည့် အရာဌာန ဖြစ်သည်။

တဒါရုံ --- ဇယားများတွင် အဟိတ်တဒါရုံ သဟိတ်တဒါရုံ နှစ်မျိုးလုံးကို ချပြထားပါသည်။ ဝီထိစဉ်တစ်ခု ၏အတွင်း၌ သဟိတ်တဒါရုံ အဟိတ်တဒါရုံ နှစ်မျိုးလုံး ဖြစ်နိုင်သည်ဟုကား အယူအဆမမှားစေလိုပါ။ အဟိတ် တဒါရုံ တစ်မျိုးမျိုးသော်လည်းကောင်း သဟိတ်တဒါရုံ တစ်မျိုးမျိုးသော်လည်းကောင်း ကျနိုင်သည်ဟုသာ ဆိုလို ရင်းဖြစ်သည်။ ယင်းတဒါရုံ (၁၁)မျိုးတို့တွင် တစ်မျိုးသာ ဝီထိတစ်ခုအတွင်း၌ ကျနိုင်၏။ ထိုသို့ တဒါရုံကျရာ၌ ယေဘုယျအားဖြင့် ဇောနှင့် တဒါရုံတို့သည် ဝေဒနာချင်းတူတတ်၏။ ဇောက သောမနဿဝေဒနာဖြစ်လျှင် တဒါရုံ လည်း သောမနဿဝေဒနာပင် ဖြစ်၏။ ဇော၌ ပီတိယှဉ်လျှင် တဒါရုံ၌လည်း ပီတိယှဉ်၏။ ဇောက ဥပေက္ခာ ဝေဒနာဖြစ်လျှင် တဒါရုံလည်း ဥပေက္ခာဝေဒနာပင် ဖြစ်၏။ ဇော၌ ပီတိမယှဉ်လျှင် တဒါရုံ၌လည်း ပီတိမယှဉ်ပေ။ သို့သော် တဒါရုံမှာ ယေဘုယျအားဖြင့် ဇောနှင့်ဝေဒနာချင်း တူညီသော်လည်း ဇော၌ ဒေါမနဿဝေဒနာဖြစ်လျှင် တဒါရုံ၌လည်း ဒေါမနဿဝေဒနာ မဖြစ်နိုင်သဖြင့် ဥပေက္ခာဝေဒနာသာ ဖြစ်သည်ဟုမှတ်ပါ။ ဒေါသဇောနောင်၌ ဥပေက္ခာတဒါရုံသာ ကျခွင့်ရှိသည်ဟူလို။ အထက် တဒါရုံဇယားတွင် ဖော်ပြထားခဲ့သည့်အတိုင်း အကုသိုလ်ဇော များ၏ နောင်၌ မဟာဝိပါက်တဒါရုံများသည်လည်း ထိုက်သလို ကျနိုင်၏။ ဘုရားအစရှိသော အလွန်နှစ်သက် မြတ်နိုးအပ်သည့် အတိဣဋ္ဌာရုံတို့၌ နှလုံးသွင်းမှားမှု အယောနိသောမနသိကာရကြောင့် အကုသိုလ်ဇော စောရာ၌ ယင်းအကုသိုလ်ဇောများ၏ နောင်၌ မဟာဝိပါက်တဒါရုံများသည်လည်း ထိုက်သလိုကျနိုင်သည်သာဖြစ်သည်။ ထိုကြောင့် ဤစာမူဇယားတွင် အဟိတ်တဒါရုံ သဟိတ်တဒါရုံ နှစ်မျိုးလုံးကိုပင် ချပြထားပါသည်။ အသင် သူတော်ကောင်းသည် ရှုနေရင်းဖြင့် သဘောပေါက်နိုင်လိမ့်မည်ဟု ဤကျမ်းက မျှော်လင့်ထားပါသည်။

ကြွင်းကျန်သည့် ဓမ္မာရုံလိုင်းစာရင်းဝင် ရုပ်အစစ် ရုပ်အတုတို့ကို အာရုံယူ၍ဖြစ်ပေါ်လာကြသော အကုသိုလ် အုပ်စု နာမ်တရားတို့ကိုလည်း စက္ခုအကြည်ဓာတ်၌ ရှုပုံနည်းစနစ်ကို နည်းမှီး၍ ရှုပါလေ။

တဒါရုံအကြောင်း သိမှတ်ဖွယ်

တဒါရုံအကြောင်း သိမှတ်ဖွယ်

ဤလောဘမူစိတ်ဝယ် ဇောတွင် ပီတိယှဉ်လျှင် သောမနဿဝေဒနာဖြစ်လျှင် တဒါရုံ၌လည်း ပီတိယှဉ်သည့် သောမနဿဝေဒနာတစ်မျိုးကိုသာ ယင်းဇော၏ နောင်၌ ချပြထားပါသည်။ အကယ်၍ ဇောသည် ဥပေက္ခာ ဝေဒနာနှင့် အတူဖြစ်၍ ပီတိနှင့် မယှဉ်လျှင် တဒါရုံ၌လည်း ပီတိနှင့် မယှဉ်သည့် ဥပေက္ခာဝေဒနာကိုပင် ချပြ ထားပါသည်။

သို့သော် တဒါရုံမှာ ယေဘုယျအားဖြင့် ဇောနှင့် ဝေဒနာချင်း တူညီသော်လည်း ဇောသည် ဒေါမနဿ ဝေဒနာနှင့် ယှဉ်လျှင် = ဒေါသဇောဖြစ်လျှင် တဒါရုံသည်လည်း ဒေါမနဿဝေဒနာနှင့် မယှဉ်နိုင်သဖြင့် အဟိတ် ဥပေက္ခာ သန္တီရဏ တဒါရုံသာကျ၏။ (အဘိ၊ဋ္ဌ၊၁၊၃၁၇)

ဘုရားအစရှိသော အတိဣဋ္ဌာရုံ

ဘုရားအစရှိသော အတိဣဋ္ဌာရုံ

အထက် တဒါရုံဇယားတွင် ဖော်ပြခဲ့သည့်အတိုင်း အကုသိုလ်ဇောများ၏ နောင်၌ မဟာဝိပါက်တဒါရုံများ သည်လည်း ထိုက်သလိုဖြစ်နိုင်ကြ၏။ သက်တော်ထင်ရှား သမ္မာသမ္ဗုဒ္ဓဘုရားနှင့် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး တည်ရှိ နေကြသော ရုပ်ပွားတော် စေတီတော် စသော အာရုံတို့ကား ကုသိုလ်တရားကို လွန်စွာတိုးပွားစေတတ်သည့် အလွန် အလိုရှိအပ်သော အတိဣဋ္ဌာရုံများ ဖြစ်ကြ၏။ ယင်းဘုရားအစရှိသော အလွန်နှစ်သက် မြတ်နိုးအပ်သည့် ရတနာတစ်ဆူ ဖြစ်တော်မူသော အတိဣဋ္ဌာရုံတို့၌သော်လည်း သာသနာပ အယူရှိသူတို့သည် မကြည်ညိုနိုင် ဖြစ်နေကြ၏။ နှလုံးသွင်းမှားမှု အယောနိသော မနသိကာရ အဖြစ်များနေကြ၏။ ယင်းသို့သော သမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန်ဟူသော အတိဣဋ္ဌာရုံတို့အပေါ်၌ အယောနိသော မနသိကာရကို အကြောင်းခံ၍ အကုသိုလ် ဇောများ စောရာ၌ ယင်းအကုသိုလ်ဇောများ၏ နောင်၌ ကုသလဝိပါက် တဒါရုံများလည်း ထိုက်သလို ကျနိုင် ကြသည်သာ ဖြစ်သည်။ ရှေးကံကြောင့် ဤကဲ့သို့သော အတိဣဋ္ဌာရုံများနှင့် တွေ့ကြုံခွင့်ကို ရရှိကြသောကြောင့် ဖြစ်၏။ ဤကျမ်းစာမူ ဇယားများ၌ကား အကုသိုလ်ဇောများ၏ နောင်၌ အဟိတ်ဝိပါက်တဒါရုံများကိုသာ ရှေး ဦးစွာ ချပြထားပါသည်။ အကယ်၍ အကုသိုလ်ဇောများ၏ နောင်၌ မဟာဝိပါက် တဒါရုံများကျလျှင်လည်း အသင်ယောဂီသူတော်ကောင်းသည် ရှုနေရင်းဖြင့်ပင် သဘောပေါက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။ အကယ်၍ မဟာဝိပါက် တဒါရုံကျခဲ့သော် ယင်းတဒါရုံ နာမ်တရားစုတို့မှာ (၃၄^၃၃^၃၃^၃၂) အသီးအသီး ထိုက်သလို ဖြစ်ကြပေလိမ့်မည်။

ဤတွင် ဉာဏ်နုသူများအတွက် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား အလုံး (၂၀)တို့ကို ထပ်မံ၍ ဖော်ပြအပ်ပါသည်။

လောဘ-ဒိဋ္ဌိ အုပ်စု နာမ်တရား (၂၀)

လောဘ-ဒိဋ္ဌိ အုပ်စု နာမ်တရား (၂၀)

၁။ အသိစိတ် = စက္ခုအကြည်ဓာတ် အာရုံကို ရယူခြင်းသဘော။

၂။ ဖဿ = စက္ခုအကြည်ဓာတ် အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော။

= စက္ခုအကြည်ဓာတ် အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော။ (ရသ)

၃။ ဝေဒနာ = စက္ခုအကြည်ဓာတ် အာရုံ၏ အရသာကို ဝမ်းမြောက်စွာ ခံစားခြင်းသဘော။

(ဤ၌ သောမနဿဝေဒနာတည်း။ ဥပေက္ခာဖြစ်လျှင် အလယ်အလတ် ခံစား၏။)

၄။ သညာ = စက္ခုအကြည်ဓာတ် အာရုံကို (သုဘ)ဟု မှတ်သားခြင်းသဘော။

၅။ စေတနာ = စက္ခုအကြည်ဓာတ် အာရုံပေါ်သို့ ယှဉ်ဖက် စိတ်-စေတသိက် = သမ္ပယုတ်တရားစုတို့ ကို ရောက်အောင် စေ့ဆော်ပေးခြင်း = နှိုးဆော်ပေးခြင်းသဘော။

၆။ ဧကဂ္ဂတာ = စက္ခုအကြည်ဓာတ် အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော။

= စက္ခုအကြည်ဓာတ် အာရုံ၌ သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော။

၇။ ဇီဝိတ = စက္ခုအကြည်ဓာတ် အာရုံ၌ ယှဉ်ဖက် စိတ်-စေတသိက် သမ္ပယုတ်တရားတို့ကို စောင့် ရှောက်ပေးခြင်းသဘော။ (နာမ်သက်စောင့်ဓာတ်)

၈။ မနသိကာရ = စက္ခုအကြည်ဓာတ် အာရုံဘက်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပို့ ပေးခြင်းသဘော။

= စက္ခုအကြည်ဓာတ် အာရုံကို နှလုံးသွင်းခြင်းသဘော။

၉။ ဝိတက် = စက္ခုအကြည်ဓာတ် အာရုံပေါ်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို)

ရှေးရှူတင်ပေးခြင်းသဘော (= ကြံစည်ခြင်းသဘော။)

၁၀။ ဝိစာရ = စက္ခုအကြည်ဓာတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော ဆုပ်နယ်ခြင်း သဘော = အာရုံ ထပ်၍ ထပ်၍ ယူခြင်းသဘော။

၁၁။ အဓိမောက္ခ = စက္ခုအကြည်ဓာတ် အာရုံကို (သုဘဟု) ဆုံးဖြတ်ချက် ချခြင်းသဘော။

၁၂။ ဝီရိယ = စက္ခုအကြည်ဓာတ် အာရုံပေါ်၌ လောဘ-ဒိဋ္ဌိ စသော အကုသိုလ်တရားများ ဖြစ်အောင် (= ရာဂ ဖြစ်အောင်) ကြိုးစားအားထုတ်ခြင်းသဘော။

၁၃။ ပီတိ = စက္ခုအကြည်ဓာတ် အာရုံကို နှစ်သက်ခြင်းသဘော။

၁၄။ ဆန္ဒ = စက္ခုအကြည်ဓာတ် အာရုံကို လိုလားတောင့်တခြင်းသဘော၊

(= ရာဂ ဖြစ်လိုသည့်သဘော။)

၁၅။ မောဟ = စက္ခုအကြည်ဓာတ် အာရုံ၏ (အသုဘ) သဘောမှန်ကို မသိခြင်းသဘော။

= စက္ခုအကြည်ဓာတ် အာရုံကို (သုဘ)ဟု အသိမှားခြင်းသဘော။

၁၆။ အဟိရိက = စက္ခုအကြည်ဓာတ် အာရုံပေါ်၌ လောဘ-ဒိဋ္ဌိ စသော အကုသိုလ်ဖြစ်မှုကို မရှက်ခြင်း သဘော။

၁၇။ အနောတ္တပ္ပ = စက္ခုအကြည်ဓာတ် အာရုံပေါ်၌ လောဘ-ဒိဋ္ဌိ စသော အကုသိုလ်ဖြစ်မှုကို မကြောက် ခြင်းသဘော။

၁၈။ ဥဒ္ဓစ္စ = စက္ခုအကြည်ဓာတ် အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်းသဘော။

၁၉။ လောဘ = စက္ခုအကြည်ဓာတ် အာရုံကို ငါ့ဟာဟု စွဲယူခြင်းသဘော။

= စက္ခုအကြည်ဓာတ် အာရုံကို လိုလားတပ်မက်ခြင်းသဘော = ကပ်ငြိခြင်းသဘော။

၂၀။ ဒိဋ္ဌိ = စက္ခုအကြည်ဓာတ် အာရုံကို သုဘဟု စွဲလမ်းယုံကြည်ခြင်းသဘော။

= စက္ခုအကြည်ဓာတ် အာရုံကို သုဘဟု အယူမှားခြင်း = ခံယူချက်မှားခြင်းသဘော။

[မှတ်ချက် --- စက္ခုအကြည်ဓာတ်အာရုံကို နိစ္စဟု သုခဟု အတ္တဟု စွဲယူရာ၌လည်း နည်းတူ သဘောပေါက်ပါလေ။ နိစ္စဟု သုခဟု အတ္တဟု အသိမှားမှုသဘော အနိစ္စ ဒုက္ခ အနတ္တ သဘောမှန်ကို မသိမှု သဘောကား မောဟ။ နိစ္စဟု သုခဟု အတ္တဟု ယုံကြည်ချက်မှားမှု ခံယူချက်မှားမှုကား ဒိဋ္ဌိတည်း။ ဝေဒနာမှာ သောမနဿဖြစ်လျှင် ပီတိ ပါ၏။ ဥပေက္ခာဖြစ်လျှင် ပီတိ မပါ။ သသင်္ခါရိက ဖြစ်၍ တိုက်တွန်းမှုရှိလျှင် ထိန-မိဒ္ဓ ပါ၏၊ အသင်္ခါရိက ဖြစ်၍ တိုက်တွန်းမှု မရှိလျှင် ထိန-မိဒ္ဓ မပါ။ (၄) ချက်စီပင် ရှုပါ။ အကယ်၍ စက္ခု အကြည်ဓာတ်အာရုံကို ရှုရာ၌ ပီတိ မဖြစ်လျှင် ပီတိ နှုတ်သော် နာမ်တရား (၁၉) ဖြစ်သည်၊ ထိုအခါ ဥပေက္ခာ ဝေဒနာနှင့် ယှဉ်၏။ သောမနဿနှင့် မယှဉ်။ အကယ်၍ စက္ခုအကြည်ဓာတ်အာရုံ၌ လောဘ ဒိဋ္ဌိ ဖြစ်မှုနှင့် စပ်၍ စိတ်ဓာတ်သည် ထက်သန်မှု သိပ်မရှိလျှင် သသင်္ခါရိက ဖြစ်နေ၍ ထိန-မိဒ္ဓ ယှဉ်မည် ဖြစ်သည်။ ထိန-မိဒ္ဓယှဉ်သော နာမ်တရားစုတို့မှာ (၂၂)နှင့် (၂၁) အသီးအသီးဖြစ်သည်။ တစ်လုံးစီ ခွဲရှုခြင်း, နာမ်တရားအားလုံး ကို ဝီထိစဉ်အတိုင်း ခြုံ၍ရှုခြင်းတို့ဖြင့် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။]

လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄) မျိုး

လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄) မျိုး

၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် -

= သောမနဿဝေဒနာနှင့် အတူဖြစ်၍ ဒိဋ္ဌိနှင့် ယှဉ်သော တိုက်တွန်းမှု မရှိသော စိတ် -

ယင်းစိတ်၌ ပီတိ ယှဉ်၏၊ ထိန-မိဒ္ဓ မယှဉ်။

နာမ်တရား - ၂၀

၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် -

= သောမနဿ ဝေဒနာနှင့် အတူဖြစ်၍ ဒိဋ္ဌိနှင့် ယှဉ်သော တိုက်တွန်းမှု ရှိသော စိတ် -

ယင်းစိတ်၌ ပီတိ ယှဉ်၏၊ ထိန-မိဒ္ဓလည်း ယှဉ်၏၊

နာမ်တရား - ၂၂

၃။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် -

= ဥပေက္ခာဝေဒနာနှင့် အတူဖြစ်၍ ဒိဋ္ဌိနှင့် ယှဉ်သော တိုက်တွန်းမှု မရှိသော စိတ် -

ယင်းစိတ်၌ ပီတိလည်း မယှဉ်၊ ထိန-မိဒ္ဓလည်း မယှဉ်၊

နာမ်တရား - ၁၉

၄။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် -

= ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်၍ ဒိဋ္ဌိနှင့် ယှဉ်သော တိုက်တွန်းမှုရှိသော စိတ် -

ယင်းစိတ်၌ ပီတိကား မယှဉ်၊ ထိန-မိဒ္ဓ ယှဉ်၏။

နာမ်တရား - ၂၁

လောဘ-ဒိဋ္ဌိ အုပ်စု ဝီထိစဉ် ပုံစံဇယား

ဤဇယားဝယ် လောဘဇော၏ နောင်၌ မဟာဝိပါက်တဒါရုံများကိုလည်း ချပြထားပါသည်။ အဟိတ်တဒါရုံ တို့ကိုလည်း ချပြထားပါသည်။ မိမိ သိမ်းဆည်းရှုပွားနေသော စက္ခုအကြည်ဓာတ်အာရုံ၏ ဣဋ္ဌ, အတိဣဋ္ဌ, အနိဋ္ဌ သဘောသို့လိုက်၍ တဒါရုံ (၁၁)မျိုးတို့တွင် တစ်မျိုးမျိုးသည် ထိုက်သလို ကျနိုင်၏။ အကယ်၍ စက္ခု အကြည်ဓာတ်သည် ဣဋ္ဌမဇ္ဈတ္တ ခေါ်သော သဘာဝဣဋ္ဌာရုံ ဖြစ်မူ အဟိတ်ကုသလဝိပါက် တဒါရုံ နှစ်မျိုးနှင့် မဟာဝိပါက်တဒါရုံ (၈)မျိုး ပေါင်း (၁၀)မျိုးသော တဒါရုံတို့တွင် တစ်မျိုးမျိုးသည် ထိုက်သလို ကျနိုင်၏။ မဟာ ဝိပါက် တဒါရုံကျသော် ဉာဏ်ယှဉ်သော် ပီတိယှဉ်သော် ယင်းမဟာဝိပါက် နာမ်တရားစုတို့မှာ (၃၄) ဖြစ်ကြ၏။ ဉာဏ်ယှဉ်၍ ပီတိ မယှဉ်သော်, ပီတိယှဉ်၍ ဉာဏ် မယှဉ်သော် (၃၃) အသီးအသီး ဖြစ်ကြ၏။ ဉာဏ်နှင့် ပီတိ နှစ်မျိုးလုံး မယှဉ်သော် နာမ်တရားစုတို့မှာ (၃၂) ဖြစ်ကြ၏။ အဟိတ်တဒါရုံတို့၌ ဥပေက္ခာ ဖြစ်သော် (၁၁), သောမနဿ ဖြစ်သော် (၁၂) အသီးအသီးသော နာမ်တရားစုတို့ ပါဝင်ယှဉ်တွဲ၍ ဖြစ်ကြ၏။

စက္ခုအကြည်ဓာတ်မှာ ရုပ်တရားဖြစ်၏၊ ရုပ်တရားအားလုံးတို့ကား ကာမအာရုံတို့သာ ဖြစ်ကြ၏။ ကာမဇော ကာမသတ္တဝါ ကာမအာရုံ ဖြစ်ပါက ယင်းအာရုံသည် ထင်ရှားသော ဝိဘူတာရုံလည်းဖြစ်လျှင် တဒါရုံကျခွင့်ရှိ၏၊ မထင်ရှားသော အဝိဘူတာရုံဖြစ်က တဒါရုံကျနိုင်ခွင့် မရှိပေ။ ယေဘုယျအားဖြင့် ဤလောဘ-ဒိဋ္ဌိ ဇောများ၏ နောင်ဝယ် ဇောတွင် ပီတိယှဉ်လျှင် တဒါရုံ၌လည်း ပီတိယှဉ်၍ သောမနဿချည်း အဖြစ်များ၏။ ဇော၌ ပီတိ မယှဉ်လျှင်လည်း တဒါရုံ၌လည်း ပီတိမယှဉ်ဘဲ ဥပေက္ခာဝေဒနာသာလျှင် အဖြစ်များ၏။ ဇောသည် အသင်္ခါရိက ဖြစ်လျှင် မဟာဝိပါက်တဒါရုံသည်လည်း အသင်္ခါရိကဖြစ်၏။ ဇောသည် သသင်္ခါရိကဖြစ်လျှင် မဟာဝိပါက်တဒါရုံ သည်လည်း သသင်္ခါရိကပင် ဖြစ်၏။

လောဘ-မာန အုပ်စု (၄) ချက်

လောဘ-မာန အုပ်စု (၄) ချက်

မာန = စက္ခုဒသက ကလာပ်ကို ဓာတ်ခွဲလျက် ယင်းရုပ်ကလာပ်အတွင်း၌ တည်ရှိသော စက္ခုအကြည်ဓာတ် အာရုံကို ငါမို့ ရှုရတာ၊ အခြားသူတို့သည် အဘယ်မှာ ရှုနိုင်ကုန်အံ့နည်းဟု မိမိကိုယ်ကို မှတ်ထင်သော မိမိ ကိုယ်ကို မိမိ အထင်ကြီးနေသော ပုဂ္ဂိုလ်၏ သန္တာန်၌ မာနသံယောဇဉ်သည် ဖြစ်ပေါ်လာ၏။ ခြင်္သေ့နှစ်ကောင် တို့သည် ဂူတစ်ခုတည်း၏ အတွင်း၌ အတူမအောင်းနိုင်ကြကုန်သကဲ့သို့ ဒိဋ္ဌိနှင့် မာနတို့သည်လည်း စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ မဖြစ်နိုင်ကြကုန်။ သို့အတွက် မာနဖြစ်သည့်အခါ ဒိဋ္ဌိ မယှဉ်နိုင်တော့ဟု မှတ်ပါ။

လောဘ-မာန အုပ်စု ဝီထိစဉ် ဇယား

ဤ၌လည်း မဟာဝိပါက် တဒါရုံများကိုပါ ချပြထားပါသည်။ ယင်းမဟာဝိပါက်တဒါရုံမှာ ဇောက အသင်္ခါရိကဖြစ်လျှင် အသင်္ခါရိက, သသင်္ခါရိကဖြစ်လျှင် သသင်္ခါရိကပင် ဖြစ်ရသည်။ သောမနဿဖြစ်လျှင် သောမနဿ, ဥပေက္ခာဖြစ်လျှင် ဥပေက္ခာပင် ဖြစ်သည်။

လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄) မျိုး

လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄) မျိုး

၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် -

= သောမနဿဝေဒနာနှင့် အတူဖြစ်၍ ဒိဋ္ဌိနှင့် မယှဉ်သော တိုက်တွန်းမှု မရှိသော စိတ် -

ယင်းစိတ်၌ ပီတိ ယှဉ်၏၊ ထိန-မိဒ္ဓ မယှဉ်၊

နာမ်တရား --- ၂၀

၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် -

= သောမနဿဝေဒနာနှင့် အတူတကွ ဖြစ်၍ ဒိဋ္ဌိနှင့် မယှဉ်သော တိုက်တွန်းမှုရှိသော စိတ် -

ယင်းစိတ်၌ ပီတိလည်း ယှဉ်၏၊ ထိနမိဒ္ဓလည်း ယှဉ်၏။

နာမ်တရား --- ၂၂

၃။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် -

= ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်၍ ဒိဋ္ဌိနှင့် မယှဉ်သော တိုက်တွန်းမှု မရှိသော စိတ် -

ယင်းစိတ်၌ ပီတိလည်း မယှဉ်၊ ထိန-မိဒ္ဓလည်း မယှဉ်၊

နာမ်တရား --- ၁၉

၄။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် -

= ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်၍ ဒိဋ္ဌိနှင့် မယှဉ်သော တိုက်တွန်းမှုရှိသော စိတ် -

ယင်းစိတ်၌ ပီတိကား မယှဉ်၊ ထိန-မိဒ္ဓကား ယှဉ်၏၊

နာမ်တရား --- ၂၁

ရှုပုံ စနစ်

ရှုပုံ စနစ်

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ မာန ဖြစ်နေကျ စက္ခုအကြည်ဓာတ်ကို လှမ်း၍ အာရုံယူပါ။

၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာ သောအခါ ငါမို့ ရှုရတာဟု မနောဒွါရာဝဇ္ဇန်းက သို့မဟုတ် မနောဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော အဓိမောက္ခ စေတသိက်က ဆုံးဖြတ်ကြည့်ပါ။ နှလုံးသွင်းကြည့်ပါ။

ငါမို့ ရှုရတာ၊ အခြားသူတို့ ရှုမရနိုင်ကုန်ဟု နှလုံးသွင်းမှုကား အယောနိသောမနသိကာရပင်တည်း။ ယင်း အယောနိသောမနသိကာရကို အကြောင်းခံ၍ လောဘ-မာနအုပ်စု အကုသိုလ်ဇောများ ပါဝင်သည့် မနောဒွါရ ဝီထိများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ယင်းနာမ်တရားစုတို့ကို တစ်လုံးစီခွဲ၍လည်းကောင်း ခြုံငုံ၍လည်းကောင်း သိမ်းဆည်းရှုပွားပါ။ ယင်းနာမ်တရားစုတို့တွင် ---

အသိစိတ် -မှာ စက္ခုအကြည်ဓာတ် အာရုံကို ရယူခြင်းသဘော ဖြစ်၏။

အဓိမောက္ခ - မှာ ငါမို့ ရှုရတာဟု ဆုံးဖြတ်ချက်ချမှုသဘော ဖြစ်၏။

ဝီရိယ - မှာ လောဘ-မာန ဖြစ်အောင် ကြိုးစားမှုသဘော ဖြစ်၏။

ဆန္ဒ - မှာ လောဘ-မာန ဖြစ်လိုသည့်သဘော ဖြစ်သည်။

မောဟ - မှာ ငါမို့ ရှုရတာဟု အသိမှားမှုသဘော ဖြစ်သည်။

ဤမျှဆိုလျှင် ကြွင်းကျန်သော စေတသိက်တို့၏ သဘောတရားများကို သိရှိနိုင်လောက်ပေပြီ၊ သဘော ပေါက်နိုင်လောက်ပေပြီ၊ မာနသည် ကဒါစိစေတသိက်သာ ဖြစ်သဖြင့် ရံခါ မာနမပါဘဲ လောဘဦးဆောင်သည့် ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘမူစိတ်များသည်လည်း ဖြစ်နိုင်ကြ၏။ ထိုအခါ မာန မပါသဖြင့် (၁၉^၂၁^၁၈^၂၀) ကုန်သော နာမ်တရားစုတို့သာ ရှိကြ၏။ ဒိဋ္ဌိ-မာန မပါဘဲ ရာဂချည်းသက်သက် အဖြစ်များသောအခါ၌ ဤ နာမ်တရား အုပ်စုများ ဖြစ်တတ်ကြသည်။ ဇယားတွင် တဒါရုံကိုပါ ချပြထားသော်လည်း ဝိဘူတာရုံ ဖြစ်ပါမှ တဒါရုံကျခွင့် ရှိသည်။

ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄) မျိုး

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄) မျိုး

နှစ်ရပ်ပေါင်းသော် လောဘမူစိတ် (၈) မျိုးတည်း။

ဘဝရာဂ သံယောဇဉ် --- ဤကဲ့သို့သော စက္ခုအကြည်ဓာတ် စသော အာရုံတို့၏ ပြည့်စုံရာ သမ္ပတ္တိဘဝ၌ ငါတို့အဖို့ ဤနှစ်သက်မြတ်နိုးအပ်သော ဣဋ္ဌဖြစ်သော စက္ခုအကြည်ဓာတ်သည် ရလွယ်သော သဘောရှိရကား နောင်အနာဂတ်၌လည်း စက္ခုအကြည်ဓာတ် စသော အာရုံတို့၏ ပြည့်စုံရာ သမ္ပတ္တိဘဝသည် ဖြစ်ရပါလို၏ဟု ဤသို့ သမ္ပတ္တိဘဝကို လိုလားတောင့်တသော ပုဂ္ဂိုလ်၏သန္တာန်၌ ဘဝရာဂသံယောဇဉ်သည် ဖြစ်၏။ ယင်းဘဝ ရာဂသယောဇဉ်ကား ယေဘုယျအားဖြင့် လူဘဝ နတ်ဘဝ စသည့် ယုံကြည်ချက်မှားမှု ခံယူချက်မှားမှု ဒိဋ္ဌိနှင့် ယှဉ်တွဲလျက်လည်း ရှိတတ်၏၊ ရံခါ မာနနှင့် ယှဉ်တွဲလျက် သမ္ပတ္တိဘဝကို တောင့်တသည်လည်း ရှိတတ်၏။ ရံခါ ဥပေါသထနတ်သ္မီးကဲ့သို့ ဒိဋ္ဌိ-မာနတို့ မပါဘဲ မွေ့လျော်ဖွယ်ကောင်းသည့် နာမည်ကျော် နန္ဒဝန်ဥယျာဉ်ကြီး တည်ရှိရာ တာဝတိံသာနတ်ပြည်ဝယ် နတ်သ္မီးဖြစ်လိုသည့် သမ္ပတ္တိဘဝကို တောင့်တသော ဘဝရာဂသံယောဇဉ် လည်း ဖြစ်တတ်၏။ (ဝိမာနဝတ္ထု၊၂၉။) ဉာဏ်ရှိသလို နည်းမှီး၍ ရှုပါ။

ဤအရာဝယ် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုးတို့ကား အရာကျယ်၏။ မိစ္ဆာဒိဋ္ဌိအမျိုးမျိုးတို့သည် ယင်းစိတ် (၄)မျိုး၌ပင် အကျုံးဝင်ကြ၏။ မည်မျှပင် အရာကျယ်သော်လည်း ရုပ် (၂၈)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန် သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်တို့ကို သမ္ပယုတ်တရားတို့နှင့် အတူတကွ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဃန အသီးအသီးပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားနိုင်လျှင်ကား ဝိပဿနာဘာဝနာကို စီးဖြန်းနေသော ယောဂီသူတော်စင်တစ်ဦးအတွက် လုံလောက်ပေပြီဟု ဤကျမ်းက လက်ခံလျက်ပင် ရှိပေသည်။

သီလဗ္ဗတပရာမာသ သံယောဇဉ်ကား သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုဘုရားရှင်၏ တပည့်သာဝက ဖြစ်ကြသည့် သူတော်စင်ကြီးတို့၏ သန္တာန်၌ကား ဖြစ်ဖို့ရန် အလွန်ခဲယဉ်းသော တရားတစ်ခုပင် ဖြစ်သည်။ ကုက္ကုရဝတိက သုတ္တန် --- (မ၊၂၊၅၀-၅၄)၌ လာရှိသော ပုဏ္ဏနှင့် သေနိယတို့ကဲ့သို့ --- နွားအကျင့် ခွေးအကျင့် စသော မှားယွင်း သော ကျင့်စဉ်ဟူသော သီလဗ္ဗတအကျင့်ကို ဆောက်တည်ပြီး၍ ကျင့်ခဲ့သော် နောင်အနာဂတ်၌လည်း ဤသို့ သဘောရှိသော စက္ခုအကြည်ဓာတ် စသော အာရုံမျိုးကို ရခြင်းငှာ တတ်ကောင်း၏ --- ဟု ဤသို့ ကြံ၍ နွား အကျင့် ခွေးအကျင့် စသော မှားယွင်းသော သီလဗ္ဗတအကျင့်ကို ဆောက်တည်၍ ကျင့်သော ပုဂ္ဂိုလ်၏သန္တာန်၌ သာလျှင် ဤသီလဗ္ဗတပရာမာသ သံယောဇဉ်တရားသည် ဖြစ်ပေါ်တတ်၏။

မိစ္ဆာဒိဋ္ဌီတိ အဒေဝလောကဂါမိမဂ္ဂမေဝ ဒေဝလောကဂါမိမဂ္ဂေါတိ ဂဟေတွာ ဥပ္ပန္နတာယ သာ အဿ မိစ္ဆာဒိဋ္ဌိ နာမ ဟောတိ။ (မ၊ဋ္ဌ၊၂၊၇၁-၇၂။)

= နတ်ရွာသုဂတိသို့ မရောက်ကြောင်း ကျင့်စဉ်လမ်းကိုပင်လျှင် နတ်ရွာသုဂတိသို့ ရောက်ကြောင်း ကျင့်စဉ် လမ်းဟု စွဲယူ၍ ဖြစ်ပေါ်လာသော အယူဝါဒ ဖြစ်ခြင်းကြောင့် ထိုသီလဗ္ဗတအကျင့်ကို ကျင့်သော ပုဂ္ဂိုလ်၏ ထို သီလဗ္ဗတပရာမာသ သံယောဇဉ်သည် မိစ္ဆာဒိဋ္ဌိ မည်ပေသည်။ (မ၊ဋ္ဌ၊၂၊၇၁-၇၂။)

ဒေါသ အုပ်စု (၂) ချက်

ဒေါသ အုပ်စု (၂) ချက်

၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် တစ်ခု -

= ဒေါမနဿဝေဒနာနှင့် အတူတကွ ဖြစ်၍ စိတ်ခက်ထန်ကြမ်းတမ်းမှု = ပဋိဃ = ဒေါသနှင့် ယှဉ်သော တိုက်တွန်းမှု မရှိသော စိတ်တစ်ခု။

၂။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် တစ်ခု -

= ဒေါမနဿဝေဒနာနှင့် အတူတကွ ဖြစ်၍ စိတ်ခက်ထန်ကြမ်းတမ်းမှု = ပဋိဃ = ဒေါသနှင့် ယှဉ်သော တိုက်တွန်းမှု ရှိသော စိတ်တစ်ခု။

ပေါင်းသော် ဒေါသမူစိတ် (၂)ခု ဖြစ်သည်။

ပဋိဃဟူသည် စိတ်ဓာတ်ခက်ထန် ကြမ်းတမ်းမှုသဘော ဖြစ်၏၊ တရားကိုယ်မှာ ဒေါသပင် ဖြစ်၏။ ဒေါသ ဟူသည်လည်း စိတ်ဓာတ်ခက်ထန် ကြမ်းတမ်းမှု ပျက်စီးအောင် ဖျက်ဆီးလိုမှုသဘောပင်ဖြစ်၏။ ဒေါသဖြစ်အောင် မိမိကိုယ်ကို မိမိက တိုက်တွန်းရသော် သို့မဟုတ် သူတစ်ပါးတို့က တိုက်တွန်းရသော် သသင်္ခါရိက ဖြစ်၍ ထိုသို့ တိုက်တွန်းရမှု မရှိဘဲ ဒေါသဖြစ်ခဲ့သော် အသင်္ခါရိက ဖြစ်၏။ ရှုပုံစနစ်မှာ ဤသို့ ဖြစ်၏။

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ ဒေါသ ဖြစ်နေကျ အနိဋ္ဌဖြစ်သော စက္ခုအကြည်ဓာတ် အာရုံကို လှမ်း၍ အာရုံယူပါ။

၃။ ထိုစက္ခုအကြည်ဓာတ် အာရုံသည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာ သောအခါ မနောဒွါရဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာမည်။

၄။ ယင်းဝီထိစိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက အနိဋ္ဌဟု ဆုံးဖြတ်ကြည့်ပါ၊ နှလုံးသွင်းပါ။

အယောနိသောမနသိကာရ ဖြစ်သဖြင့် ဒေါသဇောများပါဝင်သော မနောဒွါရိကဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာမည်။ ယင်းဒေါသဇော အသီးအသီး၌ ---

၁။ အသင်္ခါရိကဖြစ်သော် နာမ်တရား (၁၈)လုံးစီ,

၂။ သသင်္ခါရိကဖြစ်သော် နာမ်တရား အလုံး (၂၀)စီ အသီးအသီး ရှိမည်။

ယင်းနာမ်တရား အချို့တို့မှာ ဤသို့တည်း။

။ အသိစိတ် = စက္ခုအကြည်ဓာတ်အာရုံကို ရယူခြင်းသဘော။

။ အဓိမောက္ခ = စက္ခုအကြည်ဓာတ်အာရုံကို အနိဋ္ဌဟု ဆုံးဖြတ်ချက်ချခြင်းသဘော။

။ ဝီရိယ = စက္ခုအကြည်ဓာတ်အာရုံ၌ ဒေါသဖြစ်အောင် ကြိုးစား အားထုတ်မှုသဘော။

။ ဆန္ဒ = စက္ခုအကြည်ဓာတ်အာရုံ၌ ဒေါသဖြစ်လိုမှုသဘော။

။ မောဟ = စက္ခုအကြည်ဓာတ်အာရုံကို အနိဋ္ဌဟု အသိမှားမှုသဘော။

။ အဟိရိက = စက္ခုအကြည်ဓာတ်အာရုံ၌ မောဟ ဒေါသ စသည့် အကုသိုလ်ဖြစ်မှုကို မရှက်ခြင်းသဘော။

။ အနောတ္တပ္ပ = စက္ခုအကြည်ဓာတ်အာရုံ၌ မောဟ ဒေါသ စသည့် အကုသိုလ်ဖြစ်မှုကို မကြောက်ခြင်း သဘော ---

ဤသို့ စသည်ဖြင့် နည်းမှီး၍ သိပါလေ။ ဖဿ ဝေဒနာ စသည်တို့ကား သိလောက်ပေပြီ။

အနိဋ္ဌ --- မိမိ သိမ်းဆည်းရှုပွားလိုက်သော ယင်းစက္ခုအကြည်ဓာတ်အာရုံမှာ ပင်ကိုသဘာဝအတိုင်း မနှစ် မြို့ဖွယ် အနိဋ္ဌာရုံပင် ဖြစ်ချင် ဖြစ်ပါစေ၊ ပင်ကိုယ်သဘာဝအတိုင်း နှစ်မြို့ဖွယ် ဣဋ္ဌာရုံပင် ဖြစ်ချင် ဖြစ်ပါစေ မိမိ သိမ်းဆည်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်ဘက်က မနှစ်မြို့ဖွယ်ရာ အနိဋ္ဌာရုံဟု နှလုံးသွင်းခြင်းသည်သာ ဒေါသဇော စောရာ၌ လိုရင်းပဓာန ဖြစ်ပေသည်။

ဒေါသ အုပ်စု ဝီထိစဉ် ဇယား

ဤအထက်ပါ ဇယားတွင် ဒေါသဇောနောင်၌ တဒါရုံကျခြင်းမှာ ဥပေက္ခာဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေ တည်နေခဲ့သော တိဟိတ်ပုထုဇန်လူသားကိုသာလျှင် အထူးရည်ညွှန်း၍ ဖော်ပြထားခြင်းဖြစ်သည်။ ဥပေက္ခာဖြင့် ပဋိသန္ဓေတည်နေခဲ့သော လူသား၏သန္တာန်၌သာ ဒေါသဇောနောင်၌ ဥပေက္ခာတဒါရုံများ ထိုက်သလို ကျနိုင် သောကြောင့်ဖြစ်၏။ ဣဋ္ဌာရုံ၌ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံနှင့် မဟာဝိပါက် ဥပေက္ခာ တဒါရုံ (၄)မျိုး --- ပေါင်း တဒါရုံ (၅)မျိုး ကျနိုင်၏။ အနိဋ္ဌာရုံ၌ အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ တစ်မျိုးသာ ကျနိုင်၏။

ဤကျမ်း စာမျက်နှာ (၁၂၅) စသည်တို့၌ --- တဒါရုံအကြောင်း သိကောင်းစရာ-များကို ဖော်ပြခဲ့သည့် အတိုင်း အဘိဓမ္မာကျမ်းများ၌ကား --- အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် မူလက သောမနဿဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်အံ့၊ ဘဝင်စိတ်မှာလည်း သောမနဿဝေဒနာနှင့်ပင် ယှဉ်လျက်ရှိသည် ဖြစ်ရာ ယင်းသူတော်ကောင်းသည် စက္ခုအကြည်ဓာတ်ကဲ့သို့သော အာရုံတစ်ခုနှင့် ယခုကဲ့သို့ ရုတ်ချည်း တွေ့ကြုံ ခိုက် အယောနိသောမနသိကာရကို ေ့ရှသွားပြုမိသဖြင့် ဒေါသဇော စောလာရာဝယ် ယင်းဒေါသဇော၏ နောင်၌ မူလဘဝင် အမည်ရသော သောမနဿဘဝင်သည် ရုတ်ချည်း တစ်ဆက်တည်း မကျနိုင်ခဲ့သော် ဥပေက္ခာသန္တီရဏ စိတ်တစ်မျိုးမျိုးသည် (အနိဋ္ဌာရုံ ဖြစ်က အကုသလဝိပါက် ဥပေက္ခာသန္တီရဏ, ဣဋ္ဌာရုံ ဖြစ်က ကုသလဝိပါက် ဥပေက္ခာသန္တီရဏသည် ) ရှေးက လေ့ကျက်ခဲ့ဖူးသော ကာမအာရုံတစ်ခုခုကို အာရုံပြု၍ အာဂန္တုကဘဝင် အဖြစ် ဖြင့် ဘဝင်ကိစ္စတပ်လျက် ကျပြီးမှ မူလသောမနဿဘဝင်ကျသည်ဟု အဆိုရှိ၏။ လယ်တီဆရာတော်ဘုရားကြီး၏ အယူအဆ အရမူ ဣဋ္ဌာရုံ အတိဣဋ္ဌာရုံတို့၌လည်း အယောနိသောမနသိကာရကို အခြေခံ၍ ဒေါသဇော စောခဲ့ ပါမူ မဟာဝိပါက် ဥပေက္ခာ တဒါရုံ (၄) မျိုးတို့သည်လည်း အာဂန္တုကဘဝင် ကိစ္စတပ်လျက် ထိုက်သလိုကျနိုင်သည် ဟု မှတ်ပါ။ နောက်တွင် ဆက်လက်ဖော်ပြမည့် ဒေါသ-ဣဿာ, ဒေါသ-မစ္ဆရိယ, ဒေါသ-ကုက္ကုစ္စ အုပ်စုတို့၌ လည်း နည်းတူပင် သဘောပေါက်လေ။

ဒေါသ-ဣဿာ အုပ်စု (၂) ချက်

ဒေါသ-ဣဿာ အုပ်စု (၂) ချက်

ဣဿာ = ဤစက္ခုအကြည်ဓာတ်မျိုးကို သူတစ်ပါးတို့ မရပါကုန်မူ ကောင်းလေစွဟု သူတစ်ပါး၏ စက္ခု အကြည်ဓာတ်ကို ငြူစူမှု မနာလိုမှုသဘော။ (ဤကား စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ရှုရာ၌ ဣဿာဖြစ်ပုံကို ကွက်၍ ဖော်ပြခြင်းသာ ဖြစ်သည်။)

ယင်းဒေါသ-ဣဿာ အုပ်စု နှစ်မျိုးမှာလည်း အထက်တွင် ဖော်ပြခဲ့သော ဒေါသမူစိတ် နှစ်မျိုးတွင်ပင် အကျုံးဝင်၏။ သသင်္ခါရိက အသင်္ခါရိကဟု နှစ်မျိုးပင် ရှိသည်။

ရှုပုံ စနစ်

ရှုပုံ စနစ်

၁။ မိမိ၏ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ ဣဿာ ဖြစ်နေကျ သူတစ်ပါး၏ စက္ခုအကြည်ဓာတ်ကို လှမ်း၍ အာရုံယူပါ။

၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် မိမိ၏ ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ မနောဒွါရဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာမည်။

၄။ ယင်းဝီထိစိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက --- ဒီလို စက္ခုအကြည်ဓာတ်မျိုး ဒင်းမရလျှင် ကောင်းမှာပဲဟု ဆုံးဖြတ်ကြည့်ပါ၊ နှလုံးသွင်းကြည့်ပါ။

အယောနိသောမနသိကာရ ဖြစ်သဖြင့် ဒေါသဇောများ ပါဝင်သော ဒေါသ-ဣဿာ ပြဓာန်းသော မနောဒွါရိကဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာမည်။ ယင်းဇော အသီးအသီး၌ ---

၁။ အသင်္ခါရိကဖြစ်သော် နာမ်တရား (၁၉)လုံးစီ

၂။ သသင်္ခါရိကဖြစ်သော် ထိန+မိဒ္ဓ ပါသဖြင့် နာမ်တရား (၂၁)လုံးစီ အသီးအသီး ရှိ၏။

ယခင် ဒေါသအုပ်စု နာမ်တရား (၁၈^၂၀)တို့၌ ဣဿာ တစ်လုံး ထပ်တိုးလာသဖြင့် (၁၉^၂၁) အသီး အသီး ဖြစ်သည်။ သူတစ်ပါးတို့၏ လှပသော မျက်လုံးတို့၌ မနာလို ဝန်တိုသော ယင်းသို့ လှပသော မျက်လုံးမျိုး ကို မရစေလိုသော စိတ်ထားမျိုးတည်း။

ဒေါသ-ဣဿာ အုပ်စု ဝီထိစဉ် ဇယား

ဒေါသ-ဣဿာ အုပ်စု ဝီထိစဉ် ဇယား

တဒါရုံ၌ (၁၁)ဟူသည် အနိဋ္ဌာရုံ၌ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံနာမ်တရားစု (၁၁)နှင့် ဣဋ္ဌာရုံ၌ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံနာမ်တရားစု (၁၁) အသီးအသီး ဖြစ်သည်။ (၃၃^၃၂)တို့ကား ဣဋ္ဌာရုံတို့၌ကျသော မဟာဝိပါက် ဥပေက္ခာ တဒါရုံနာမ်တရားစုတို့တည်း။ ဥပေက္ခာ ဖြင့် ပဋိသန္ဓေတည်နေသူ အတွက်သာ ဒေါသဇောနောင် တဒါရုံကို အလိုရှိအပ်ပေသည်။

ဘုရားအစရှိသော အလွန်နှစ်သက် မြတ်နိုးအပ်သော အတိဣဋ္ဌာရုံတို့၏ စက္ခုအကြည်ဓာတ်၌ သာသနာပ အယူအဆရှိသူတို့၏ သန္တာန်ဝယ် ဒေါသဣဿာတရားတို့ ဖြစ်ပွားလာရာတို့၌ အာရုံမှာ ဝိဘူတာရုံဖြစ်က မဟာဝိပါက် ဥပေက္ခာတဒါရုံများလည်း ကျခွင့်ရှိ၏။ သို့သော် မူလက သောမနဿဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့ သူဖြစ်မူ ဤကဲ့သို့သော ဒေါသဇောများနောင်၌ ကုသလဝိပါက် ဥပေက္ခာတဒါရုံ (၅)မျိုးတို့သည် ရှေးက လေ့ကျက် ခဲ့ဖူးသော ကာမအာရုံတစ်ခုခုကို အာရုံပြု၍ အာဂန္တုကဘဝင်ကိစ္စတပ်လျက် ဖြစ်ပေါ်လာနိုင်ကြပေသည်။

ဒေါသ-မစ္ဆရိယ အုပ်စု (၂) ချက်

ဒေါသ-မစ္ဆရိယ အုပ်စု (၂) ချက်

မစ္ဆရိယ = မိမိ၏ စက္ခုအကြည်ဓာတ်အာရုံကို သူတစ်ပါးနှင့် မဆက်ဆံဖြစ်အောင် ပြုလုပ်ခြင်းဖြင့် အခြား သူအတွက် ဝန်တိုခြင်းသဘော လျှို့ဝှက်ခြင်းသဘော။

= မိမိ၏ စက္ခုအကြည်ဓာတ်အာရုံကို သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်းသဘော။

အာရုံအပေါ်၌ တွယ်တာတပ်မက်မှု မစွန့်လွတ်လိုမှု ငြိကပ်နေမှု နှမြောစေးနဲမှုသဘောကား လောဘ တည်း။ ဤမစ္ဆရိယကား စက္ခုအကြည်ဓာတ်ကဲ့သို့သော မိမိ၏စည်းစိမ်ကို သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်းသဘော ဖြစ်၏။ အထိမခံနိုင်ခြင်းသဘော ဖြစ်၏။ ဥပမာ --- ကလေးသဘာဝအလျောက် သူငယ် တစ်ဦးက မိမိ၏စာအုပ်ကို ဆုတ်ဖြဲလိုက်သည် ဆိုကြပါစို့။ စာအုပ်ကိုကား နှမြော၍ မဟုတ်၊ ထိုကဲ့သို့ စော်ကားမှုကို သည်းမခံနိုင်ခြင်း သဘောမျိုးတည်း။

ရှုပုံ စနစ်

ရှုပုံ စနစ်

၁။ မိမိ၏ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ မစ္ဆရိယဖြစ်နေကျ မိမိ၏ စက္ခုအကြည်ဓာတ်အာရုံကို လှမ်း၍ အာရုံယူပါ။

၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် မိမိ၏ ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ မနောဒွါရဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည်။

၄။ ယင်းဝီထိစိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက သူတစ်ပါးတို့နှင့် မဆက်ဆံစေရဟု နှလုံးသွင်းကြည့်ပါ။ သို့မဟုတ် ဒီစက္ခုအကြည်ဓာတ်ကိုတော့ နည်းနည်းမျှ အထိမခံနိုင်ဟု နှလုံးသွင်းကြည့်ပါ။ သို့မဟုတ် ငါ့ မျက်စိကိုတော့ အထိမခံနိုင်ဟု နှလုံးသွင်းကြည့်ပါ။

အယောနိသောမနသိကာရ ဖြစ်သဖြင့် ဒေါသ-မစ္ဆရိယ ပြဓာန်းသော မနောဒွါရိကဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည်။ ယင်းဇော အသီးအသီး၌ ---

၁။ အသင်္ခါရိကဖြစ်သော် နာမ်တရား (၁၉) လုံးစီ,

၂။ သသင်္ခါရိကဖြစ်သော် နာမ်တရား (၂၁) လုံးစီ ---

အသီးအသီး ရှိ၏။

ယခင် ဒေါသအုပ်စု နာမ်တရား (၁၈^၂၀)တို့၌ မစ္ဆရိယ တစ်လုံး ထပ်၍တိုးလာသဖြင့် နာမ်တရား (၁၉^ ၂၁) အသီးအသီး ဖြစ်သည်။

ဒေါသ-မစ္ဆရိယ အုပ်စု ဝီထိစဉ် ဇယား

ဒေါသ-မစ္ဆရိယ အုပ်စု ဝီထိစဉ် ဇယား

စက္ခုအကြည်ဓာတ်ကဲ့သို့သော ပရမတ်အစစ်ကို အာရုံယူ၍ ဤဒေါသ-မစ္ဆရိယ အုပ်စု နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ ခဲကပ်သော အခက်အခဲတစ်ရပ် ဖြစ်နေသည်ကို တွေ့ရ၏။ သို့သော် ရုပ်ကလာပ်အများစုတို့၏ ရူပါရုံအရောင်ကို အာရုံယူ၍ ရှုရာ၌ကား လွယ်ကူသည်ကို တွေ့ ရ၏။ ဥပမာ- မိမိ၏ အကျႌအရောင်ကို ပျက်ပြားသွားအောင် အခြားသူတစ်ဦးက မင်ဖြင့် တို့လိုက်သဖြင့် အရောင် ပျက်သွား၍ မခံချင်မှုသဘောမျိုးတည်း။ အလားတူပင် အသံ စသည်တို့ကို အာရုံယူ၍ ရှုရာ၌လည်း လွယ်ကူ သည်ကို တွေ့ရ၏။ မိမိပိုင်ပစ္စည်း စသည့် သက်ရှိ သက်မဲ့ ပညတ် အတုံးအခဲများကို အာရုံယူ၍ ရှုရာ၌ကား ဆိုဖွယ်ရာမရှိ ပို၍ ပို၍ပင် လွယ်ကူ ထင်ရှားသည်ကို တွေ့ရပေသည်။ သို့အတွက် အရှုခက်နေပါက အလွယ်မှ အခက်သို့ တစ်စတစ်စ ပြောင်း၍ သိမ်းဆည်းရှုပွား ကြည့်ပါလေ။ ကျွမ်းကျင်လာသောအခါ၌ကား အောင်မြင်မှုကို တစ်ဖြည်းဖြည်း ရရှိလာနိုင်ပေသည်။ တဒါရုံမှာ ဥပေက္ခာဖြင့် ပဋိသန္ဓေတည်နေခဲ့သူ အတွက်သာ ဖြစ်သည်။ သောမနဿဖြင့် ပဋိသန္ဓေတည်နေခဲ့သူဖြစ်မူ အာဂန္တုကဘဝင် ကျနိုင်၏။

ဒေါသ-ကုက္ကုစ္စ အုပ်စု (၄) ချက်

ဒေါသ-ကုက္ကုစ္စ အုပ်စု (၄) ချက်

ကုက္ကုစ္စ = စက္ခုအကြည်ဓာတ် အာရုံပေါ်၌ ပြုမိ ပြောမိ ကျင့်မိသော ဒုစရိုက်ကို အကြောင်းပြု၍ နောင်တ တစ်ဖန် ပူပန်မှုသဘော။ (က)

စက္ခုအကြည်ဓာတ် အာရုံပေါ်၌ မပြုကျင့်လိုက်မိသော သုစရိုက်ကို အကြောင်းပြု၍ နောင်တ တစ်ဖန် ပူပန်ခြင်းသဘော။ (ခ)

(က) စက္ခုအကြည်ဓာတ် အာရုံပေါ်၌ ဤသို့ ပြုမိတာ မှားလေခြင်း၊ ဤသို့ ပြောမိတာ မှားလေခြင်းဟု ပြုမှားမိခဲ့သည်ကို အာရုံပြု၍ စိတ်မချမ်းမြေ့မှု နောင်တတစ်ဖန် ပူပန်နေမှု သတိရတိုင်း စိတ်မကောင်း ဖြစ်နေမှုသဘောတည်း။ ဤ၌ သသင်္ခါရိက, အသင်္ခါရိက (၂)ချက် ရှုပါ။

( ခ ) စက္ခုအကြည်ဓာတ် အာရုံ၌ ပြုသင့် ပြုထိုက်သည့် သုစရိုက် လုပ်ငန်းရပ်ကိုလည်း မပြုမိလိုက် မကျင့်မိ လိုက်သည့်အတွက် ဤသို့ မပြုမိလိုက်မိသည်မှာ မှားလေခြင်း, ဤသို့ မကျင့်မိလိုက်သည်မှာ မှားလေခြင်း ဟု နောင်တတစ်ဖန် ပူပန်မှုသဘော ဖြစ်သည်။ ဤ၌လည်း သသင်္ခါရိက, အသင်္ခါရိက (၂)ချက်ပင် ရှုပါ။

ရှုပုံ စနစ်

ရှုပုံ စနစ်

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ ကုက္ကုစ္စ ဖြစ်နေကျ စက္ခုအကြည်ဓာတ်အာရုံကို လှမ်း၍ အာရုံယူပါ။

၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် မိမိ၏ ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ မနောဒွါရဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည်။

၄။ ယင်းဝီထိစိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ဤသို့ ပြုမိတာ မှားလေခြင်းဟု ဆုံးဖြတ် ကြည့်ပါ။ သို့မဟုတ် ဤသို့ မပြုလိုက်မိတာ မှားလေခြင်းဟု ဆုံးဖြတ်ကြည့်ပါ။ နှလုံးသွင်းပါ။

အယောနိသောမနသိကာရ ဖြစ်သဖြင့် ဒေါသ-ကုက္ကုစ္စ ပြဓာန်းသော အကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ထင်ရှား ဖြစ်ပေါ်လာကြပေမည်။ ယင်းဇော အသီးအသီး၌ ---

၁။ အသင်္ခါရိကဖြစ်သော် နာမ်တရား (၁၉) လုံးစီ,

၂။ သသင်္ခါရိကဖြစ်သော် နာမ်တရား (၂၁) လုံးစီ -

အသီးအသီး ရှိ၏။

ဤကုက္ကုစ္စ အုပ်စုမှာလည်း ပရမတ်အစစ်ကို အာရုံပြု၍ ရှုရာ၌ အချို့ယောဂီများအဖို့ ကြုံတောင့် ကြုံခဲ လှသော အခက်အခဲတစ်ရပ်ပင် ဖြစ်နေတတ်ပြန်သည်။ ထိုသို့ အခက်အခဲရှိပါက အထက် ဒေါသ-မစ္ဆရိယ ရှုပုံ အပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း လွယ်ရာမှ အခက်သို့ တစ်စ တစ်စ ပြောင်း၍ သိမ်းဆည်းရှုပွား ကြည့်ပါလေ။

ဤ ဒေါသ-ဣဿာ, ဒေါသ-မစ္ဆရိယ, ဒေါသ-ကုက္ကုစ္စ အုပ်စု နာမ်တရားစုတို့ကား ဒေါသမူစိတ် နှစ်မျိုးနှင့် ယှဉ်တွဲလျက် ရှိကြသဖြင့် သသင်္ခါရိက, အသင်္ခါရိက နှစ်မျိုးစီပင် အသီးအသီး ရှိ၏။ သူတစ်ပါးတို့က တိုက်တွန်း လိုက်သည့် အတွက်, သို့မဟုတ် မိမိကိုယ်ကို မိမိ တိုက်တွန်းလိုက်ပါမှ ဣဿာ-မစ္ဆရိယ-ကုက္ကုစ္စတို့ ဖြစ်ခဲ့သော် သသင်္ခါရိကတည်း။ ထိုသို့ တိုက်တွန်းမှု မရှိဘဲ ယင်းတရားတို့ ဖြစ်ပေါ်ခဲ့သော် အသင်္ခါရိကတည်း။

၁။ ဒီလိုယုန်တော့ ချုံတိုင်း ရှိရဲ့၊ ဒီးဒုတ်လောက်တော့ ငှက်တိုင်း လှရဲ့ဟူသော စိတ်ထားမျိုးမှာ ဣဿာ၏ သဘောတည်း။

၂။ မထိနဲ့ မီးပွင့်သွားမယ်ဟူသော စိတ်ထားမျိုးကား မစ္ဆရိယ၏ သဘောတည်း။

၃။ မှားကုန်ပြီ ဖြစ်မှ ဖြစ်ရပလေဟူသော စိတ်ထားမျိုးကား ကုက္ကုစ္စ၏ သဘောတည်း။

ဤဖော်ပြပါ ---

၁။ ဒေါသ အုပ်စု

၂။ ဒေါသ-ဣဿာ အုပ်စု

၃။ ဒေါသ-မစ္ဆရိယ အုပ်စု

၄။ ဒေါသ-ကုက္ကုစ္စ အုပ်စု ---

ဤ (၄)အုပ်စု ပေါင်းလိုက်သော် ဒေါသမူဒွေ ရှုကွက်ကား ကုန်ပြီ ဖြစ်သည်။ ဤတွင် သတိပြုရန် အချက် တစ်ရပ်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သော ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါးတို့ ဖြစ်ပေါ်လာကြပုံကို ဖွင့်ဆိုထားသော မူလပဏ္ဏာသ အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၂၉၂)၌ ကုက္ကုစ္စကို ထည့်သွင်းဖွင့်ဆိုမှု မရှိသော်လည်း ---

၁။ မနောဒွါရဝီထိများ၌ ဇော (၅၅)မျိုး

၂။ စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရဝီထိများ၌ ကာမဇောအားလုံး စောနိုင်ကြောင်းကို အဘိဓမ္မာကျမ်းများ၌ မိန့်ဆိုလျက်ရှိသဖြင့် ဒေါသကုက္ကုစ္စအုပ်စု နာမ်တရားတို့ကိုပါ သိမ်းဆည်းရန် ဤ၌ ဖော်ပြခြင်း ဖြစ်ပေ သည်။

ယခင် ဒေါသ အုပ်စု နာမ်တရား (၁၈^၂၀)တို့၌ ကုက္ကုစ္စ တစ်လုံးထပ်၍ တိုးလာသဖြင့် နာမ်တရား (၁၉ ^၂၁) အသီးအသီး ဖြစ်သည်။

ဒေါသ-ကုက္ကုစ္စအုပ်စု ဝီထိစဉ် ဇယား

ဒေါသ-ကုက္ကုစ္စအုပ်စု ဝီထိစဉ် ဇယား

၁။ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ပြုလိုက်မိသော ဒုစရိုက်ကို အာရုံပြု၍ အသင်္ခါရိက သသင်္ခါရိက (၂) ချက် ရှုပါ။

၂။ ယင်းစက္ခုအကြည်ဓာတ် အာရုံ၌ပင် မပြုလိုက်မိ မကျင့်လိုက်မိသော သုစရိုက်ကို အာရုံပြု၍ အသင်္ခါရိက သသင်္ခါရိက (၂)ချက် ရှုပါ။

(၂) ရပ်ပေါင်းသော် ဒေါသ-ကုက္ကုစ္စ အုပ်စု (၄)ချက် ဖြစ်သည်။

သတိပြုရန်

အထက်တွင် --- ဇောနှင့် တဒါရုံ သတ်မှတ်ပုံ --- အပိုင်းဝယ် (စာမျက်နှာ -၁၄၁- စသည်၌) အာဂန္တုကဘဝင် အကြောင်းကို ရှင်းပြထားခဲ့၏။ ဤအထက်ပါ ဒေါသ, ဒေါသ-ဣဿာ, ဒေါသ-မစ္ဆရိယ, ဒေါသ-ကုက္ကုစ္စဟူသော ဒေါသဇောများ စောသည် မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့ကို ဃနအသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်တိုင်အောင် ယင်းနာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားနေသော အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အကယ်၍ သောမနဿ တိဟိတ်ပဋိသန္ဓေ တည်နေခဲ့သူ ဖြစ်အံ့ (= အသင်သူတော်ကောင်း၏ ပဋိသန္ဓေဝယ် နာမ်တရား -၃၄-လုံး ရှိခဲ့သည် ဖြစ်အံ့) ဤဖော်ပြပါ ဒေါသဇောတို့၏ နောင်၌ တဒါရုံ မကျနိုင်ဘဲ အာဂန္တုကဘဝင်များသာ ကျနိုင်သည်ကို အထူးသတိပြုပါလေ။ ဤအပိုင်းဝယ် နာမ်တရားတို့ ကို သိမ်းဆည်းရာ၌ အလွန်စေ့စပ်သေချာဖို့ လိုအပ်ပေသည်။ အကယ်၍ အသင်သူတော်ကောင်းသည် ဥပေက္ခာဖြင့် တိဟိတ်ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်အံ့ (= ပဋိသန္ဓေ၌ ပီတိမပါသည့် နာမ်တရား -၃၃-ရှိသူ ဖြစ်အံ့) ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ဥပေက္ခာ တဒါရုံများလည်း ထိုက်သလို ကျနိုင်ကြပေသည်။ ပဉ္စဒွါရ ဝီထိတို့၌လည်း နည်းတူပင် မှတ်ပါ။

မောဟမူစိတ် (၂) မျိုး

မောဟမူစိတ် (၂) မျိုး

၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ်တစ်ခု။

= ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော ဝိစိကိစ္ဆာနှင့် ယှဉ်သော စိတ်တစ်ခု။

၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ်တစ်ခု။

= ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော ဥဒ္ဓစ္စနှင့် ယှဉ်သော စိတ်တစ်ခု။

ဤသို့လျှင် မောဟမူစိတ် (၂)မျိုး ရှိသည်။ လောဘ-ဒေါသ ဟိတ်တရားများမပါတော့ဘဲ မောဟဟိတ် တစ်မျိုးသာ ရှိသောစိတ် ဖြစ်သဖြင့် မောဟမူစိတ်ဟု အမည်တပ်ထားသည်။

ဝိစိကိစ္ဆာ = ဤစက္ခုအကြည်ဓာတ်သည် သတ္တလေလော, = အတ္တလေလော သတ္တ၏ ဥစ္စာလေလော = အတ္တ၏ ဥစ္စာလေလော = အတ္တ၏ အကြည်ဓာတ်လေလောဟု တွေးတောယုံမှားမှုသဘော။

ယင်း ဝိစိကိစ္ဆာနာမ်တရားစုတို့မှာ --- (၁၆)မျိုး ရှိ၏။

၁။ အသိစိတ် = စက္ခုအကြည်ဓာတ် အာရုံကို ရယူခြင်းသဘော - ၁

၂။ အဓိမောက္ခ-ပီတိ-ဆန္ဒ မပါသော အညသမာန်း = နှစ်ဖက်ရ စေတသိက် - ၁၀

၃။ မောဟ-အဟိရိက-အနောတ္တပ္ပ-ဥဒ္ဓစ္စ = အကုသလသာဓာရဏစေတသိက် - ၄

၄။ ဝိစိကိစ္ဆာ - ၁

အားလုံးပေါင်းသော် --- ဝိစိကိစ္ဆာ နာမ်တရားစုတို့မှာ - ၁၆- လုံးတို့ ဖြစ်ကြသည်။

ဝိစိကိစ္ဆာ အုပ်စု ရှုပုံစနစ်

ဝိစိကိစ္ဆာ အုပ်စု ရှုပုံစနစ်

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ ဝိစိကိစ္ဆာဖြစ်နေသည့် စက္ခုအကြည်ဓာတ် အာရုံကို လှမ်း၍ အာရုံယူပါ။

၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် မိမိ၏ ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ မနောဒွါရဇောဝီထိစိတ်အစဉ်များသည် ဖြစ်ပေါ်လာကြပေလိမ့်မည်။

၄။ ယင်းဝီထိစိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ---

ဤစက္ခုအကြည်ဓာတ်သည် အတ္တလေလော သို့မဟုတ်

အတ္တ၏ ဥစ္စာလေလော သို့မဟုတ် -

အတ္တ၏ အကြည်လေလောဟု ဆုံးဖြတ်ကြည့်ပါ၊ နှလုံးသွင်းပါ။

အယောနိသောမနသိကာရ ဖြစ်သဖြင့် ဝိစိကိစ္ဆာ ပြဓာန်းသော အကုသိုလ် မနောဒွါရိကဇောဝီထိစိတ် အစဉ်များသည် ထင်ရှားဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ ယင်းဇော အသီးအသီး၌ ဝိစိကိစ္ဆာအုပ်စု နာမ်တရား (၁၆)လုံးစီ ရှိပေသည်။

ဝိစိကိစ္ဆာ အုပ်စု ဝီထိစဉ် ဇယား

ဥဒ္ဓစ္စ အုပ်စု နာမ်တရားများကို ရှုပုံစနစ်

ဥဒ္ဓစ္စ အုပ်စု နာမ်တရားများကို ရှုပုံစနစ်

ဥဒ္ဓစ္စ = စက္ခုအကြည်ဓာတ်အာရုံ၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေမှုသဘော။

၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၂။ ဥဒ္ဓစ္စဖြစ်နေကျ စက္ခုအကြည်ဓာတ်အာရုံကို လှမ်း၍ အာရုံယူပါ။

၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာ သောအခါ မနောဒွါရဝီထိဇောစိတ်အစဉ်များသည် ထင်ရှားစွာ ဖြစ်ပေါ်လာကြပေမည်။

၄။ ယင်းဝီထိစိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက စိတ်မငြိမ်မသက်ဖွယ်ရာ အာရုံတစ်ခု အဖြစ် နှင့်ပင် နှလုံးသွင်းနေပါ။

အယောနိသောမနသိကာရ ဖြစ်သဖြင့် ဥဒ္ဓစ္စပြဓာန်းသော အကုသိုလ်ဇောစိတ် အစဉ်များ ထင်ရှားစွာ ဖြစ်ပေါ်လာပေမည်။

ဥဒ္ဓစ္စ အုပ်စု နာမ်တရား (၁၆) လုံး

ဥဒ္ဓစ္စ အုပ်စု နာမ်တရား (၁၆) လုံး

ယင်းဇော အသီးအသီး၌ နာမ်တရား (၁၆)လုံးစီ အသီးအသီးရှိ၏။ ယင်း နာမ်တရားတို့မှာ ဤသို့ ဖြစ်၏။

၁။ အသိစိတ် = စက္ခုအကြည်ဓာတ် အာရုံကို ရယူခြင်းသဘော - ၁

၂။ ပီတိ-ဆန္ဒ မပါသော အညသမာန်း = နှစ်ဖက်ရ စေတသိက် - ၁၁

၃။ မောဟ-အဟိရိက-အနောတ္တပ္ပ-ဥဒ္ဓစ္စ = အကုသလသာဓာရဏစေတသိက် - ၄

အားလုံးပေါင်းသော် ဥဒ္ဓစ္စ အုပ်စု နာမ်တရား --- ၁၆- လုံးတို့ ဖြစ်ကြသည်။

စက္ခုအကြည်ဓာတ် စသည့် ပရမတ္ထအာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဥဒ္ဓစ္စပြဓာန်းသော မောဟမူ စိတ် နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားရာ၌ ထိုအာရုံမှာ ဥဒ္ဓစ္စကို အများဆုံး ဖြစ်စေတတ်သော အာရုံဖြစ် ပါစေ။ လောဘလည်းမဖြစ် ဒေါသလည်း မဖြစ်သော စက္ခုအကြည်ဓာတ် စသော အာရုံမျိုး ဖြစ်ပါစေ၊ လောဘနှင့် ယှဉ်တွဲနေသော ဥဒ္ဓစ္စမှာ လောဘအုပ်စုတွင်လည်းကောင်း၊ ဒေါသနှင့် ယှဉ်တွဲနေသော ဥဒ္ဓစ္စမှာ ဒေါသအုပ်စု တွင်လည်းကောင်း အသီးအသီးပါဝင်ပြီး ဖြစ်နေသောကြောင့်တည်း။ ဤအရာ၌ ယင်းစက္ခုအကြည်ဓာတ် စသော အာရုံပေါ်ဝယ် စိတ်ပျံ့လွင့်မှုများ၍ လောဘ ဒေါသ မဖြစ်သည့် အာရုံမျိုးကို ရွေးချယ်၍ ရှုရန် ဖြစ်သည်။ မျက်စိ၌ တစ်စုံတစ်ခု ဖြစ်နေ၍ စိတ်မငြိမ်မသက်မှု ဖြစ်နေမှုမျိုးကို ဆိုလိုပေသည်။ ဤအုပ်စုတွင် မောဟမှာ ငါ၏ စက္ခုအကြည် စသည်ဖြင့် အသိမှားမှုသဘော ဖြစ်သည်။

ဥဒ္ဓစ္စ အုပ်စု ဝီထိစဉ် ဇယား

တဒါရုံနှင့် ပတ်သက်၍ သိမှတ်ဖွယ်

တဒါရုံနှင့် ပတ်သက်၍ သိမှတ်ဖွယ်

မဟာဓမ္မရက္ခိတမထေရ်မြတ်ကြီး၏ ဝါဒအရကား ---

၁။ ဣဋ္ဌာရုံ၌ (= အတိဣဋ္ဌာရုံ၌) ယုံမှားသံသယ ရှိရှိ, မရှိရှိ, စိတ်ပျံ့လွင့်မှု ဖြစ်ဖြစ်, မဖြစ်ဖြစ်, မောဟဇော နောင်၌ ကုသလဝိပါက် အဟိတ်သောမနဿ သန္တီရဏ တဒါရုံသာ ကျ၏။

၂။ ဣဋ္ဌမဇ္ဈတ္တာရုံ (= ဣဋ္ဌာရုံ)၌ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံသာ ကျ၏။ (အဘိ၊ဋ္ဌ၊၁၊၃၁၇။)

ခပ်သိမ်းသော ဆရာမြတ်တို့၏ တူညီသော အဆိုအမိန့်ဟူသော သမာနဝါဒ အရမူ ---

၁။ အနိဋ္ဌာရုံ၌ မောဟဇောနှစ်မျိုးနောင်၌ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ကျ၏။

၂။ ဣဋ္ဌာရုံ = ဣဋ္ဌမဇ္ဈတ္တာရုံဟု အမည်နှစ်မျိုးဖြင့် ခေါ်ဝေါ်သုံးစွဲထားသော သာမန်ဣဋ္ဌာရုံ၌ မောဟဇော နှစ်မျိုးစောခဲ့သော် ယင်းဇောတို့၏နောင်၌ အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ, အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ, မဟာဝိပါက်တဒါရုံ (၈)မျိုး အားလုံးပေါင်းသော် တဒါရုံ (၁၀) မျိုး ထိုက်သလို ကျနိုင်၏။

၃။ အလွန်အလိုရှိအပ်သော ဘုရားရှင်၏ စက္ခုအကြည်တော်, နတ်သ္မီး နတ်သား စသည့်တို့၏ စက္ခုအကြည် ဓာတ် (မျက်စိ) စသော အတိဣဋ္ဌာရုံတို့၌ မောဟဇော စောခဲ့သော် ယင်းဇောတို့၏ နောင်၌ အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံနှင့် မဟာဝိပါက် သောမနဿသန္တီရဏ တဒါရုံ (၄)မျိုး ပေါင်း (၅)မျိုးသော တဒါရုံတို့တွင် တစ်မျိုးမျိုးသည် ကျနိုင်၏။ (အဘိဓမ္မတ္ထသင်္ဂဟ တဒါရမ္မဏဝါရ -ဝီထိပိုင်းကြည့်။)

ကြွင်းကျန်သော ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကုသိုလ်ဇောများ နောင်၌ တဒါရုံကျပုံကိုလည်း နည်းမှီး၍ သိရှိပါလေ။

အထူးသတိပြုရန်အချက်

အထူးသတိပြုရန်အချက်

စက္ခုအကြည်ဓာတ် (သို့မဟုတ် ဓမ္မာရုံ အမည်ရသော ရုပ်တရားတို့ကို) အာရုံပြု၍ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဖော်ပြရာ ဤအပိုင်းဝယ် မနောဒွါရဝီထိကို ဝီထိစဉ် တစ်မျိုးလောက်ကိုသာ ဖော်ပြထားသော်လည်း အသင်ယောဂီသူတော်ကောင်းသည် လက်တွေ့သိမ်းဆည်း ရှုပွားသောအခါ၌ကား --- မနောဒွါရဝီထိ တစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်စိတ်များ များစွာခြားလျက် စက္ခုအကြည်ဓာတ်စသည့် အာရုံကို သိသည့် မနောဒွါရဝီထိပေါင်းများစွာ ဖြစ်နိုင်သည်ကိုကား ကြိုတင်၍ သဘောပေါက်ထားသင့်၏၊ အသိ အမှတ် ပြုထားသင့်၏။ တစ်ချိန် ဘဝင်နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ယင်းဘဝင်နာမ်တရားတို့ကိုပါ ရောနှော၍ သိမ်းဆည်းရှုပွားရမည်ဟု ယခုကပင် ကြိုတင်၍ သတိပြုထားသင့် ပေသည်။ ယခုအခါ၌ကား မနောဒွါရဝီထိပေါင်းများစွာကိုသာ သိမ်းဆည်းပါဦး။

ဤမနောဒွါရဝီထိစဉ်ဇယားများ၌ ဘဝင်ကို ထည့်သွင်း၍ မဖော်ပြခြင်းသည် ယောဂါဝစရပုဂ္ဂိုလ်သည် ဤအဆင့်၌ ဘဝင်နာမ်တရားတို့ကို ပုံစံမှန် မသိမ်းဆည်းနိုင် မရှုနိုင်သေးသောကြောင့် ဖြစ်၏။ အကယ်၍ အသင် သူတော်ကောင်းသည် --- ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်ပိုင်း = ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိသွားသော အခါ၌မူ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံကို သိမ်းဆည်းနိုင် ရှုနိုင်သောအခါ ဘဝင် ၏ အာရုံမှန်ကို ပုံစံမှန် သိနိုင်ပြီ ဖြစ်သည်။ ယခု ပစ္စုပ္ပန်ဘဝတွင် သို့မဟုတ် ဘဝတစ်ခုတွင် အကျုံးဝင်သော ပဋိသန္ဓေ-ဘဝင်-စုတိတို့သည် ဆိုင်ရာ အတိတ် မရဏာသန္နဇော၏ အာရုံကိုသာ ဆက်လက်၍ အာရုံပြုကြ သောကြောင့်ဖြစ်၏။ ထိုဘဝင်၏ အာရုံကို ပုံစံမှန် သိရှိပါမှသာလျှင် ဘဝင်နာမ်တရားစုတို့ကိုလည်း (= ဘဝင်စိတ် +စေတသိက်တို့ကိုလည်း) ပုံစံမှန် သိမ်းဆည်းရှုပွားနိုင်မည် ဖြစ်သည်။ ထိုအခါတွင် ရုပ်နာမ်တို့ကို တစ်ဖန် ပြန်လည်၍ သိမ်းဆည်းသောအခါ ဘဝင်နာမ်တရားများကိုပါ ရောနှော၍ သိမ်းဆည်းပါ။ မနောဒွါရဝီထိပေါင်း များစွာကိုလည်း သိမ်းဆည်းပါ။

ဤတွင် စက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ---

၁။ လောဘမူစိတ် (၈) မျိုး

၂။ ဒေါသမူစိတ် (၂) မျိုး

၃။ မောဟမူစိတ် (၂) မျိုး -

ဟူသောအကုသိုလ်စိတ် (၁၂)မျိုးတို့နှင့် ယှဉ်ဖက် စေတသိက်တို့ကိုပါ ပူးတွဲ၍ သိမ်းဆည်းပုံအပိုင်း ပြီးစီးပြီ ဖြစ်သည်။

ဇော - ကို ဦးတည်၍ သိမ်းဆည်းခဲ့သော်

ဇော - ကို ဦးတည်၍ သိမ်းဆည်းခဲ့သော်

ဤအထက်တွင် ဖော်ပြထားခဲ့ပြီးသော ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်း ရှုပွားပုံအပိုင်းတွင် မဟာ ကုသိုလ်ဇော (၈)မျိုးနှင့် အကုသိုလ်ဇော (၁၂)မျိုးတို့ကို ဦးတည်လျက် နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်း ရှုပွားပုံကို ဖော်ပြထားခဲ့၏။ ဇောကို ဦးတည်ထားသော်လည်း ယင်း ဇောတို့နှင့် ဝီထိစဉ် တစ်ခု၏ အတွင်း၌ မကင်း စကောင်းသော ---

၁။ ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရာဝဇ္ဇန်း (= ဝုဋ္ဌော)ဟူသော ကိရိယာဗျာကတ တရားများကိုလည်းကောင်း -

၂။ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် ဟူသော ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ --- ဟူသော ဝိပါက်အဗျာကတ တရားများကိုလည်းကောင်း ---

သိမ်းဆည်းခြင်းကိစ္စသည်လည်း တစ်ပါတည်း ပြီးစီးသွားပေပြီ။ မကင်းစကောင်းသော အဝိနာဘာဝ နည်းတည်း။ ကျွဲကူးရေပါ သဘောတည်း။ အသင်ယောဂီသူတော်စင်၏ သန္တာန်၌ ဖြစ်သင့် ဖြစ်ထိုက်သော ကာမာဝစရ နာမ်တရားစုတို့ပင် ဖြစ်ကြပေသည်။ သို့သော် နာမ်ကမ္မဋ္ဌာန်း လုပ်ငန်းခွင်ကား မပြီးဆုံးသေးသဖြင့် ဆက်လက်၍ ဖော်ပြအပ်ပါသည်။ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ အကုသိုလ်ဇော စောသည့် မနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းသကဲ့သို့ ပုံစံတူရှုရန် ရုပ်အစစ် ရုပ်အတုတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။

ပုံစံတူရှုရန် ရုပ်အစစ် (၁၀) မျိုး

ပုံစံတူရှုရန် ရုပ်အစစ် (၁၀) မျိုး

၁။ သောတပသာဒ = သောတအကြည် = နားအကြည်,

၂။ ဃာနပသာဒ = ဃာနအကြည် = နှာအကြည်,

၃။ ဇိဝှါပသာဒ = ဇိဝှါအကြည် = လျှာအကြည်,

၄။ ကာယပသာဒ = ကာယအကြည် = ကိုယ်အကြည်,

၅။ အာပေါဓာတ် = ယိုစီးမှု ဖွဲ့စည်းမှု သဘော,

၆။ ဣတ္ထိဘာဝရုပ် = အမျိုးသမီးဖြစ်ကြောင်း ဘာဝရုပ်,

၇။ ပုရိသဘာဝရုပ် = အမျိုးသားဖြစ်ကြောင်း ဘာဝရုပ်,

၈။ ဟဒယဝတ္ထုရုပ် = မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာရုပ်,

၉။ ဇီဝိတရုပ် = ကမ္မဇရုပ်တို့၏ သက်စောင့်ဓာတ်,

၁၀။ ဩဇာရုပ် = အဆီ အစေး အနှစ်သဘော,

မှတ်ချက် --- ဓမ္မာရုံ အမည်ရသော ဓမ္မာရုံလိုင်းစာရင်းဝင် ရုပ်အစစ်များမှာ စက္ခုအကြည်ဓာတ်နှင့် တကွ အားလုံး (၁၁)မျိုး ရှိ၏။ မိမိ သိမ်းဆည်းရှုပွားလိုသည့် ဆိုင်ရာရုပ်ကလာပ် တစ်ခုခုကို ဓာတ်ခွဲ၍ မိမိ သိမ်းဆည်းရှုပွားလိုသော ရုပ်အစစ်ကို ထိုရုပ်ကလာပ်မှ ရွေးထုတ်၍ သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ထိုတွင် အဇ္ဈတ္တ၌ အမျိုးသားယောဂီသည် ပုရိသဘာဝရုပ် = ပုမ္ဘာဝရုပ်ကို, အမျိုးသ္မီးယောဂီသည် ဣတ္ထိဘာဝရုပ်ကို သာ ရှုရန် ဖြစ်သည်၊ ဗဟိဒ္ဓ၌မူ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံ၍ကား ဘာဝရုပ် (၂)မျိုးလုံးကိုပင် ရှုနိုင်ပါသည်။

ပုံစံတူ ရှုရန် ရုပ်အတု (၁၀) မျိုး

ပုံစံတူ ရှုရန် ရုပ်အတု (၁၀) မျိုး

၁။ အာကာသဓာတ် = ရုပ်ကလာပ်တို့၏ အကြားအပေါက် ပရိစ္ဆေဒရုပ်

၂။ ကာယဝိညတ် = ကိုယ်ဖြင့် သိစေတတ်သော ကိုယ်အမူအရာ

၃။ ဝစီဝိညတ် = နှုတ်ဖြင့် (စကားသံဖြင့်) သိစေတတ်သော နှုတ်အမူအရာ

၄။ လဟုတာ = စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်တို့၏ ပေါ့မှုသဘော

၅။ မုဒုတာ = စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်တို့၏ နူးညံ့မှုသဘော

၆။ ကမ္မညတာ = စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်တို့၏ အမှု၌ ကောင်းမွန်ခံ့ညားမှုသဘော

၇။ ဥပစယ ---

(က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော

( ခ ) ဣန္ဒြေပြည့်စုံသည်တိုင်အောင် = ဘဝတစ်ခု၌ ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် ရုပ်အစစ် တို့၏ အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော

၈။ သန္တတိ --- ဘဝတစ်ခု၌ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ရှေးနှင့်နောက် အစဉ်မပြတ် ဆက်စပ် လျက် အထပ်ထပ် ဖြစ်ခြင်းသဘော

၉။ ဇရတာ = ရုပ်အစစ်တို့၏ ရင့်ခြင်း အိုခြင်း ဆွေးမြည့်ခြင်းသဘော

(ရုပ်အစစ်တို့၏ တည်မှု ဌီကာလကို ဆိုလိုသည်။)

၁၀။ အနိစ္စတာ = ရုပ်အစစ်တို့၏ ပျက်ခြင်း သဘော

(ရုပ်အစစ်တို့၏ ပျက်မှုဘင်ကို ဆိုလိုသည်။)

ပဉ္စဒွါရ အကုသိုလ်ဇောဝီထိ နာမ်တရားများကို သိမ်းဆည်းပုံ

ပဉ္စဒွါရ အကုသိုလ်ဇောဝီထိ နာမ်တရားများကို သိမ်းဆည်းပုံ

ရူပါရုံ အရောင်လိုင်း မကောင်းအုပ်စု ရှုပုံအပိုင်း

တတ္ထ ပဉ္စဒွါရာဝဇ္ဇန စက္ခုဝိညာဏ သမ္ပဋိစ္ဆန သန္တီရဏ ဝေါဋ္ဌဗ္ဗန ကာမာဝစရဇဝန တဒါရမ္မဏဝသေန ဆစတ္တာလီသ စိတ္တာနိ စက္ခုဒွါရေ ယထာရဟံ ဥပ္ပဇ္ဇန္တိ။ (အဘိဓမ္မတ္ထသင်္ဂဟ-ဒွါရသင်္ဂဟ။)

ဤအထက်ပါ သင်္ဂဟအဋ္ဌကထာ၌ စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိတို့၌ ကာမဇော (၂၉)မျိုးလုံး စောနိုင် ကြောင်းကို ဖွင့်ဆိုလျက်ရှိ၏။ ထိုကာမဇော (၂၉)မျိုးတို့တွင် တိဟိတ်ပုထုဇန်အဆင့်တွင် တည်ရှိနေသေးသော အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် အကုသိုလ်ဇော (၁၂)မျိုးနှင့် မဟာကုသိုလ်ဇော (၈)မျိုးတို့သာ ထိုက်သလို စောခွင့်ရှိပေသည်။ ထိုတွင် မဟာကုသိုလ်ဇောများ ပါဝင်သော ပဉ္စဒွါရဝီထိများနှင့် မနောဒွါရဝီထိ တို့၏ အတွင်း၌ ပါဝင်တည်ရှိကြသော နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားပုံကို အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပေ သည်။ ယခုအခါတွင် အကုသိုလ်ဇောများ ပါဝင်သည့် ပဉ္စဒွါရဝီထိများနှင့် မနောဒွါရဝီထိတို့၏ အတွင်း၌ ပါဝင် တည်ရှိကြသော နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံစနစ်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

မိစ္ဆာဒိဋ္ဌိ အကုသိုလ်ဇော စောရခြင်း၏ အကြောင်းတရားများ

မိစ္ဆာဒိဋ္ဌိ အကုသိုလ်ဇော စောရခြင်း၏ အကြောင်းတရားများ

တတ္ထ အသဒ္ဓမ္မသဝနံ, အကလျာဏမိတ္တတာ, အရိယာနံ အဒဿနကာမတာဒီနိ အယောနိသော မနသိကာရောတိ ဧဝမာဒီဟိ ကာရဏေဟိ ဣမဿ ဒိဋ္ဌိဂတသင်္ခါတဿ မိစ္ဆာဒဿနဿ ဥပ္ပတ္တိ ဝေဒိတဗ္ဗာ။ ယေ ဟိ ဧတေ ဒိဋ္ဌိဝါဒပဋိသံယုတ္တာ အသဒ္ဓမ္မာ တေသံ ဗဟုမာနပုဗ္ဗင်္ဂမေန အတိက္ကန္တမဇ္ဈတ္တေန ဥပပရိက္ခာရဟိတေန သဝနေန, ယေ စ ဒိဋ္ဌိဝိပန္နာ အကလျာဏမိတ္တာ တံသမ္ပဝင်္ကတာသင်္ခါတာယ အကလျာဏမိတ္တတာယ, ဗုဒ္ဓါဒီနံ အရိယာနဉ္စေဝ သပ္ပုရိသာနဉ္စ အဒဿနကာမတာယ စတုသတိပဋ္ဌာနာဒိဘေဒေ အရိယဓမ္မေ အကောဝိဒတ္တေန ပါတိမောက္ခသံဝရဣန္ဒြိယသံဝရသတိသံဝရဉာဏသံဝရပဟာနသံဝရပ္ပဘေဒေ အရိယဓမ္မေ စေဝ သပ္ပုရိသဓမ္မေ စ သံဝရဘေဒသင်္ခါတေန အဝိနယေန တေဟေဝ ကာရဏေဟိ ပရိဘာဝိတေန အယောနိသော မနသိကာရေန ကောတူဟလမင်္ဂလာဒိပသုတတာယ စ ဧတံ ဥပ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၀။)

အယူမှားခြင်း မိစ္ဆာဒိဋ္ဌိနှင့် ယှဉ်သည့် အကုသိုလ်တရားများ ဖြစ်ပေါ်လာရာ၌ ---

၁။ သဒ္ဓမ္မသုံးဖြာ သာသနာတွင်းတရား မဟုတ်သော မိစ္ဆာအယူမှားရှိသူ မသူတော်တို့၏ တရားကို ကြားနာ ရခြင်း,

၂။ သူတော်မဟုတ် သူယုတ်မာ မသူတော်တို့နှင့် ပေါင်းသင်းမိခြင်း,

၃။ ဘုရား အစရှိသော အရိယာသူတော်ကောင်းတို့ကို မဖူးတွေ့လိုခြင်း, စသော အကြောင်းတရားများ

၄။ အယောနိသောမနသိကာရ = အာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းတတ်ဘဲ နည်းမှား လမ်းမှား နှလုံးသွင်းခြင်း -

ဤသို့စသော အကြောင်းတရားတို့ကြောင့် ပုဂ္ဂိုလ်တစ်ဦး၏ သန္တာန်ဝယ် ဒိဋ္ဌိဂတဟု ခေါ်ဆိုအပ်သော မိစ္ဆာဒဿန = အမြင်မှား မိစ္ဆာအယူ၏ ဖြစ်ပေါ်လာခြင်းကို သိရှိပါလေ။

၁။ အသဒ္ဓမ္မသဝန --- သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ သာသနာတော်တွင်း၌ ပရိယတ္တိသဒ္ဓမ္မ, ပဋိပတ္တိသဒ္ဓမ္မ, ပဋိဝေဓသဒ္ဓမ္မဟူသော သဒ္ဓမ္မသုံးဖြာ အဆုံးအမသာသနာတော်သည် တည်ရှိ၏။ သာသနာတော်၏ပြင်ပ၌ကား မှားယွင်းသော မိစ္ဆာအယူဝါဒနှင့် စပ်ယှဉ်ကုန်သော အသဒ္ဓမ္မ အမည်ရသည့် ဘုရားရှင်၏ သဒ္ဓမ္မသုံးဖြာ သာသနာ နှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်ကြကုန်သော မသူတော်တရားတို့သည် ထင်ရှားရှိကြကုန်၏။ ယင်းအသဒ္ဓမ္မ = မသူတော်တရားတို့ကို များစွာမြတ်နိုးခြင်းေ့ရှသွားရှိသော, ယင်းမသူတော်တရားတို့ကို လျစ်လျူရှုမထားနိုင်ဘဲ လျစ်လျူရှုခြင်းကို လွန်နေသော, စူးစမ်းဆင်ခြင်ခြင်းမှ ကင်းသော စိတ်ထားဖြင့် ကြားနာခြင်းကြောင့်လည်းကောင်း၊

၂။ အကလျာဏမိတ္တတာ --- မှန်ကန်သော သမ္မာဒိဋ္ဌိအယူဝါဒ ပျက်ပြားလျက် ပျက်စီးသော အယူဝါဒ ရှိကြ ကုန်သော, ကလျာဏမိတ္တ = မိတ်ကောင်း ဆွေကောင်း မဟုတ်ကြသည့် မိတ်ဆွေတို့သည် လောကဝယ် ရှိကြ ကုန်၏။ ထို အကလျာဏမိတ္တ = မသူတော်တို့အပေါ်၌ အထင်ကြီးလျက် သူပြောလျှင် ဟုတ်၏၊ သူလုပ်တာ မှန်၏။ --- စသည်ဖြင့် ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ဖြင့် ယင်း အကလျာဏမိတ္တ = မသူတော်တို့ကို မိတ်ဆွေ အဖြစ် မှီဝဲဆည်းကပ်ခြင်းကြောင့်လည်းကောင်း၊

၃။ ဘုရားအစရှိကုန်သော အရိယာ အရှင်မြတ်တို့ကိုလည်းကောင်း သပ္ပုရိသ အမည်ရသည့် သူတော်စင်တို့ ကိုလည်းကောင်း ကြည့်ရှုဖူးမြော်ခြင်း ဆည်းကပ်ခြင်းကို အလိုမရှိသူ ဖြစ်ခြင်းကြောင့်လည်းကောင်း၊

၄။ သတိပဋ္ဌာန် (၄)ပါး စသည်အားဖြင့် ပြားသော အရိယဓမ္မ အမည်ရသည့် ဗောဓိပက္ခိယဓမ္မ အပြား (၃၇) ပါးသော တရား၌ မကျွမ်းကျင်သူ ဖြစ်ခြင်းကြောင့်လည်းကောင်း၊

၅။ (က) မိမိ၏ သီလသိက္ခာပုဒ်တော်တို့ကို မကျိုးမပေါက် မပြောက်မကျားအောင် ထိန်းသိမ်းစောင့်ရှောက် ခြင်း --- ပါတိမောက္ခသံဝရ

( ခ ) မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး ဟူသော ဒွါရ (၆)ပါး ဣန္ဒြေ (၆)ပါးတို့ကို, အာရုံ (၆)ပါးကို အကြောင်းပြု၍ လိုလားတပ်မက်ခြင်း အဘိဇ္ဈာတရား, စိတ်မချမ်းသာခြင်း ဒေါမနဿတရား စသည့် ယုတ်မာသည့် အကုသိုလ်တရားတို့ မဖြစ်အောင် စောင့်စည်းခြင်း --- ဣန္ဒြိယသံဝရ

( ဂ ) အချမ်းအပူ စသော ဆန့်ကျင်ဘက်တရားတို့က တွေ့ထိနှိပ်စက်အပ်သောအခါ သတိထား၍ သည်းခံနိုင်ခြင်း --- သတိသံဝရ --- [သတိသံဝရောတိ ဣဓ သီတာဒီဟိ ဖုဋ္ဌဿ အပ္ပမဇ္ဇနံ ခမနံ ဒဋ္ဌဗ္ဗံ။ - မူလဋီ၊၁၊၁၁၉။] [စက္ခုန္ဒြိယေ သံဝရမာပဇ္ဇတီတိအာဒီသု သတိသံဝရော။ (မ၊ဋ္ဌ၊၁၊၆၅။) --- ဤသို့ စသော နေရာတို့၌ ဣန္ဒြေ (၆)ပါးနှင့် စပ်၍ အဘိဇ္ဈာ ဒေါမနဿ စသည် မဖြစ်အောင် သတိထား ကြောင်း စောင့်စည်းကြောင်းကို သတိသံဝရဟု ခေါ်ဆိုနိုင်သော်လည်း ထို စောင့်စည်းမှုကို ဣန္ဒြိယသံဝရဟု ဆိုအပ်ပြီး ဖြစ်သောကြောင့် ဤ၌ သတိသံဝရဟု မယူအပ် ဟူလိုသည်။]

(ဃ) အဂ္ဂဟိတဂ္ဂဟဏေန ပန ဒဿနံ ပဋိသေဝနာ ဘာဝနာ စ ဉာဏသံဝရော။ --- (မ၊ဋ္ဌ၊၁၊၆၅။)

၁။ သစ္စာ (၄)ပါးကို သိမြင်သောဉာဏ် -

၂။ ပစ္စည်း (၄)ပါးကို ဆင်ခြင်၍ သုံးစွဲတတ်သော ပစ္စဝေက္ခဏာဉာဏ် -

၃။ သမထဘာဝနာဉာဏ် ဝိပဿနာဘာဝနာဉာဏ် ဟူသော ဉာဏသံဝရ

( င ) ပဟာနသံဝရောတိ ဝီရိယသံဝရော၊ (မူလဋီ၊၁၊၁၁၉။)

ဖြစ်ပေါ်လာတိုင်းကုန်သော ---

၁။ ကာမဝိတက် = အာရုံ (၅)ပါး ကာမဂုဏ်တရားတို့၌ လိုလားတပ်မက်ခြင်း ကာမရာဂနှင့် ယှဉ်တွဲ နေသော ကြံစည်စိတ်ကူးမှု -

၂။ ဗျာပါဒဝိတက် = သတ္တဝါတို့ကို သေကြေပျက်စီးအောင် ကြံစည်မှု

၃။ ဝိဟိံသဝိတက် = သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်ဖို့ရန် ကြံစည်စိတ်ကူးမှုဟူသော အကုသလဝိတက်တို့ကို လက်ခံမထားဘဲ ဝီရိယဖြင့် တွန်းကန်၍ ပယ်လှန်ခြင်းဟူသော ပဟာနသံဝရ

ဤ သံဝရတရား (၅)ပါးတည်းဟူသော အရိယာတို့၏ တရား၌လည်းကောင်း, သပ္ပုရိသဓမ္မ အမည်ရသော သူတော်ကောင်းတရား၌လည်းကောင်း စောင့်စည်းမှု သံဝရတရား၏ ပျက်စီးခြင်းဟု ဆိုအပ်သော စောင့်စည်းမှု ဝိနည်း၏ ဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်လည်းကောင်း၊

၆။ ဤအထက်တွင် ဖော်ပြထားခဲ့သော အသဒ္ဓမ္မသဝန = မသူတော်တရားကို နာကြားခြင်း စသော အကြောင်း တရားတို့သည်ပင် ထုံမွမ်းထားအပ်သော ယင်းအကြောင်းတရားတို့ကြောင့်ပင် ဖြစ်ပေါ်လာရသော အာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းခြင်း = နည်းမှား လမ်းမှား နှလုံးသွင်းခြင်းဟူသော အယောနိသော မနသိကာရ ကြောင့်လည်းကောင်း၊

၇။ ကောတူဟလမင်္ဂလာဒိပသုတတာယ --- ကောတူဟလမင်္ဂလာဟူသော အံ့ဩဖွယ် လောကီမင်္ဂလာတို့၌ လေ့လာလိုက်စားသူ ဖြစ်ခြင်းစသည့် အကြောင်းတရားတို့ကြောင့်လည်းကောင်း ---

ဤဖော်ပြပါ အကြောင်းအရပ်ရပ် စသည်တို့ကြောင့် ဒိဋ္ဌိဂတသမ္ပယုတ်ဟူသော အကုသိုလ်စိတ်သည် ဖြစ်ပေါ်လာရ၏။ (အဘိ၊ဋ္ဌ၊၁၊၂၉၀)

ဤအကြောင်းတရားတို့ကား မိစ္ဆာဒိဋ္ဌိဖြစ်ရေးအတွက်သာ အထောက်အကူပြုသည် မဟုတ်သေး။ အခြား အခြားသော အကုသိုလ်တရားများ ဖြစ်ပေါ်လာရေးအတွက်လည်း များစွာပင် အထောက်အကူ ပြုနိုင်သည်သာ ဖြစ်ပေသည်။ ဤတွင် ယောနိသောမနသိကာရ အယောနိသောမနသိကာရ ကောတူဟလမင်္ဂလာ --- စသည်တို့ကို ဆက်လက်၍ ရှင်းလင်းတင်ပြပါဦးအံ့ ---

ယောနိသော မနသိကာရ - အယောနိသော မနသိကာရ

ယောနိသော မနသိကာရ - အယောနိသော မနသိကာရ

တတ္ထ ယောနိသော မနသိကာရော နာမ ဥပါယမနသိကာရော ပထမနသိကာရော၊ အနိစ္စာဒီသု အနိစ္စန္တိ အာဒိနာ ဧဝ နယေန သစ္စာနုလောမိကေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနွာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ ယောနိသော မနသိကာရောတိ။

အယောနိသော မနသိကာရောတိ အနုပါယမနသိကာရော ဥပ္ပထမနသိကာရော၊ အနိစ္စေ နိစ္စန္တိ ဒုက္ခေ သုခန္တိ အနတ္တနိ အတ္တာတိ အသုဘေ သုဘန္တိ အယောနိသော မနသိကာရော ဥပ္ပထမနသိကာရော။ သစ္စပ္ပဋိကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနွာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ အယောနိသော မနသိကာရောတိ။ (မ၊ဋ္ဌ၊၁၊၆၆-၆၇။)

ကုသိုလ်တရားဖြစ်ပေါ်လာခြင်း၏ အကြောင်းဖြစ်သော နှလုံးသွင်းမှု = မနသိကာရ, ကုသိုလ်တရား ဖြစ်ပေါ်လာအောင် နည်းမှန် လမ်းမှန် နှလုံးသွင်းမှု = မနသိကာရသည် ယောနိသော မနသိကာရ မည်၏။ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် မှန်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသုဘဟု နှလုံးသွင်းရှုပွားမှုသည်လည်းကောင်း, အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာတရားကြီး အဝင်အပါ အရိယသစ္စာလေးရပ် တရားမြတ်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်း သိမြင်ခြင်းငှာလျော်သည်၏ အစွမ်းဖြင့် သစ္စာနုလောမိက အမည်ရသော ဝိပဿနာကုသိုလ်ဇောတို့၏ ဖြစ်ခြင်း သည်လည်းကောင်း, ယင်းသစ္စာနုလောမိက အမည်ရသော ဝိပဿနာဇောဝီထိတို့၏ အတွင်းဝယ် ယင်းဝိပဿနာဇောတို့၏ ရှေး၌ဖြစ်သော မနောဒွါရာဝဇ္ဇန်းသည် သစ္စာ (၄)ရပ်ကို ထိုးထွင်းသိမြင်ခြင်းအား လျော်သည်၏ အစွမ်းဖြင့် ဘဝင်အယဉ်ကို လည်စေခြင်း, ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ လည်စေခြင်း, ဘဝင်၏ အာရုံမှ တစ်ပါးသော သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို နှလုံးသွင်းခြင်း, ကောင်းစွာ စိတ်၌ ဆောင် ထားခြင်း, ထိုသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ အာရုံကိုပင်လျှင် မိမိအာဝဇ္ဇန်းသို့ အစဉ်တစိုက် ဖွဲ့ချည်၍ ဖြစ်ပေါ်လာအောင် နှလုံးသွင်းခြင်း နှလုံး၌ထားခြင်းသည်လည်းကောင်း ယောနိသော မနသိကာရ မည်၏။ ယင်းယောနိသောမနသိကာရ၏ စွမ်းအားကြောင့် ယောဂါဝစရပုဂ္ဂိုလ်မြတ်သည် သစ္စာ (၄)ရပ် တရား မြတ်တို့ကို ထိုးထွင်းသိမြင်ခြင်းငှာ ဆင်ခြင်ခြင်းငှာ စွမ်းနိုင်လာ၏။ (မ၊ဋီ၊၁၊၁၄၉။ ကြည့်)

ကုသိုလ်တရား ဖြစ်ပေါ်လာအောင် နှလုံးမသွင်းဘဲ အကုသိုလ်တရား ဖြစ်ပေါ်လာအောင် နှလုံးသွင်းမှု, ကုသိုလ်တရား ဖြစ်ပေါ်လာအောင် နည်းမှန် လမ်းမှန် နှလုံးမသွင်းဘဲ အကုသိုလ်တရား ဖြစ်ပေါ်လာအောင်သာ နည်းမှားလမ်မှား နှလုံးသွင်းမှုသည် အယောနိသောမနသိကာရ မည်၏။ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား တို့ကား အနိစ္စ ဒုက္ခ အနတ္တ အသုဘ တရားတို့သာ စင်စစ် ဧကန်မှန်ကြ၏။

၁။ အနိစ္စတရား၌ နိစ္စဟုလည်းကောင်း

၂။ ဒုက္ခတရား၌ သုခဟုလည်းကောင်း

၃။ အနတ္တတရား၌ အတ္တဟုလည်းကောင်း

၄။ အသုဘတရား၌ သုဘဟုလည်းကောင်း ---

ဤသို့ မသင့်သောအားဖြင့် နှလုံးသွင်းမှု နည်းမှားလမ်းမှား နှလုံးသွင်းမှုသည် အယောနိသော မနသိကာရ မည်၏။

၅။ သစ္စာ (၄)ပါးကို လျော်စွာ ထိုးထွင်းသိမြင်ခြင်းငှာ မလျော် မလျောက်ပတ်သည်၏ အစွမ်းဖြင့် ဘဝင် အယဉ်ကို လည်စေခြင်း, ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လည်စေခြင်း, သစ္စာ (၄)ပါးကို ထိုးထွင်းသိခြင်းအား မလျော်သော အာရုံကို နှလုံးသွင်းခြင်း, ယင်းမလျော်သော အာရုံ၌ စိတ်ကို ကောင်းစွာ ဆောင်ထားခြင်း, ယင်း မလျော်သော အာရုံကိုပင်လျှင် မိမိ အာဝဇ္ဇန်းသို့ အစဉ်တစိုက် လိုက်ပါ၍ ဖြစ်ပေါ်လာအောင် နှလုံးသွင်းခြင်း နှလုံး၌ထားခြင်းသည်လည်း အယောနိသော မနသိကာရပင် မည်၏။ (မ၊ဋ္ဌ၊၁၊၆၆-၆၇။)

တွေ့ကြုံရသော အာရုံတစ်ခု၌ သစ္စာ (၄)ပါးကို သိမှုနှင့် မလျော်အောင် မသင့်မတော် နှလုံးသွင်းမှုသည် အထက်တွင် ဖော်ပြခဲ့သော အသဒ္ဓမ္မသဝန = မသူတော်တရားကို နာကြားခြင်း, အကလျာဏမိတ္တ = မသူတော် တို့နှင့် ပေါင်းဖော်ခြင်းစသော ရှေးအကြောင်းများ အရင်းခံလျက်ပင် ရှိ၏။ ထိုကြောင့် မိစ္ဆာဒိဋ္ဌိစသည့် အကုသိုလ် တရားစုတို့ ဖြစ်ပေါ်လာခြင်း၏ အကြောင်းတရားတို့တွင် အယောနိသောမနသိကာရကို သီးခြားအကြောင်းတစ် ပါးအဖြစ်ဖြင့် ဆိုဖွယ်မလိုတော့သည် မဟုတ်ပါလောဟု မေးဖွယ်ရှိ၏၊ အဖြေကား ---

အယောနိသော မနသိကာရဟူသည် တရားကိုယ်အားဖြင့် ဇောဝီထိတွင် ပါဝင်သော အာဝဇ္ဇန်းတည်း။ (တဂ္ဂတိက သဘောတည်း စာမျက်နှာ-၄၅-၌ ပြန်ကြည့်ပါ။) ထိုအာဝဇ္ဇန်းက မသင့်မတော် နှလုံးသွင်းမှု = အယောနိသော မနသိကာရ ပြုလိုက်ပါမှ အကုသိုလ်ဇော ဖြစ်ရ၏။ ဤသို့လျှင် အယောနိသော မနသိကာရသည် အသဒ္ဓမ္မသဝန = မသူတော်တရားကို နာကြားခြင်း စသည့် အကြောင်းတရားတို့ကဲ့သို့ ဝေးသော အကြောင်းတရား ကား မဟုတ်, အကုသိုလ်ဖြစ်ဖို့ရန် အလွန်နီးကပ်သော အကြောင်းဖြစ်သောကြောင့် သီးခြားအကြောင်းတရား အဖြစ်ဖြင့် ဖွင့်ဆိုရသည်။

ထို့ပြင် မသူတော်တို့၏ တရားကို နာကြားခြင်း စသော ရှေးအကြောင်းများသည် အကုသိုလ်ဖြစ်ဖို့ရန် ဧကန်အကြောင်းတရားများ မဟုတ်ကြကုန်၊ မသူတော်တို့၏ တရားကို နာရသော်လည်း မသူတော်တို့နှင့် ပေါင်း ဖော်မိငြားသော်လည်း စဉ်းစားဉာဏ်ရှိသူမှာ ကုသိုလ် ဖြစ်နိုင်သေး၏။ ဇောဝီထိတစ်ခု ဖြစ်ခွင့် အလှည့် အကြိမ် ဆိုက်ရောက်လာပါမှ အယောနိသောမနသိကာရ ဖြစ်လျှင်ကား ဧကန် အကုသိုလ်သာ ဖြစ်ရတော့သည်။ ဤသို့ အကုသိုလ်ဖြစ်ဖို့ရန် ဧကန်အကြောင်း ဖြစ်သောကြောင့်လည်း အယောနိသောမနသိကာရကို သီးခြားအကြောင်း တစ်ပါး အဖြစ်ဖြင့် အဋ္ဌကထာဆရာတော်သည် ဖွင့်ပြတော်မူခြင်း ဖြစ်သည်။

အာသန္နကာရဏတ္တာ အယောနိသောမနသိကာရဿ ဝိသုံ ဂဟဏံ ဧကန္တကာရဏတ္တာ စ။ (မူလဋီ၊၁၊၁၁၉။)

ယခုအခါ၌ နောက်ဘဝမရှိ၊ မိဘတို့၌ ပြုအပ်သော ကောင်းမှု မကောင်းမှု ကောင်းကျိုး မကောင်းကျိုး သည် မရှိ၊ ကံ-ကံ၏ အကျိုးမရှိ --- ဤသို့ စသော အယူဝါဒတို့သည် သဒ္ဓမ္မ၏ ဆန့်ကျင်ဘက် အသဒ္ဓမ္မတို့တည်း။ ထိုအသဒ္ဓမ္မကို ဟောပြောသော စကား, ရေးသားအပ်သော စာတို့ကို ကြားနာခြင်း ကြည့်ရှုခြင်း၌ ပင်ကိုယ်က သမ္မာဒိဋ္ဌိအယူမှန် အခံဓာတ် ရှိနေသူတို့သည် ဗဟုသုတ အဖြစ်ဖြင့်လည်းကောင်း ဟုတ်နိုင် မဟုတ်နိုင်ကို စဉ်းစဉ်းစားစား အားဖြင့်လည်းကောင်း ကြားနာကြ ကြည့်ရှုကြလျှင် ထိုကြားနာမှု ကြည့်ရှုမှုကြောင့်ကား မိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်သေးပါ။ သဒ္ဓမ္မကို ကောင်းစွာ နားမလည်သေးသူတို့ကား ထိုမှားယွင်းနေသည့် မိစ္ဆာဒိဋ္ဌိ အယူဝါဒကို အမြတ်တနိုးထား၍လည်းကောင်း, ဥပေက္ခာသဘောမျှမက ကျေကျေနပ်နပ် လက်ခံသောအားဖြင့်လည်းကောင်း, စဉ်းစားစိစစ်ခြင်း မရှိသောအားဖြင့်လည်းကောင်း, ကြားနာကြ ကြည့်ရှုကြ၏။ ထိုသို့ ကြားနာမှု ကြည့်ရှုမှုကြောင့် ကံနှင့် ကံ၏အကျိုးဟူသည် မရှိဟု စွဲယူမိလျှင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်များ ဖြစ်ကြရတော့၏။

ကောတူဟလမင်္ဂလာဒိပသုတ

ကောတူဟလမင်္ဂလာဒိပသုတ

လောက၌ --- အထူးအဆန်းတစ်ခု ပေါ်ပေါက်လာလျှင် ထိုအထူးအဆန်း အသစ်အဆန်းကို တွေ့ရ မြင်ရ ကြားရ နမ်းရ စားသောက်ရ တွေ့ထိရလျှင် မင်္ဂလာဖြစ်၍ ကောင်းကျိုးရတော့မည်ဟု ယူဆခြင်းသည် ကံ-ဉာဏ်-ဝီရိယတို့၏ အကျိုးကို ပယ်ရာရောက်၏၊ ထိုကြောင့် ထိုအယူ၌ အလေ့အလာများသူမှာ ကံ-ကံ၏ အကျိုးကို ပစ်ပယ်သော မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်ပေသည်။

ယခုကာလ မြန်မာများ၏ --- ရက်ရာဇာနေ့၌ ခရီးသွားလျှင် ကောင်းကျိုးရတတ်၏၊ ပြဿဒါးနေ့၌ ခရီး သွားလျှင် ဘေးရန် ဖြစ်တတ်၏။ ဤသို့ စသည်ဖြင့် သတ်မှတ်၍ ထားအပ်သော ရှေးစာများ၌ လေ့ကျက်ထား သူသည် ထိုနေ့ ထိုလ၌ ဆိုင်ရာအမှုကို ပြု၍ ကောင်းကျိုး မကောင်းကျိုးကို ရ၏ဟု ယူဆ၏။ ထိုအယူအဆ ကြောင့် --- ကံ-ဉာဏ်-ဝီရိယ အတွက် အကျိုးရခြင်းမဟုတ် ထိုနေ့, ရက်, အချိန်နာရီ၏ ကောင်းမှုကြောင့်သာ အကျိုးရသည်ဟု အယူဖြစ်ကြောင်းများ၌ လေ့လာမှု, ကျက်မှတ်ထားမှု, ယုံကြည်စွဲလမ်းမှုများလျှင် ထိုသူ၏ သန္တာန်ဝယ် ကံ-ကံ၏အကျိုးကို ပစ်ပယ်တတ်သော မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်ပြန်ပေသည်။ သို့သော် ဤသို့ လေ့လာ ပြီးနောက် ထို ရက် လ အချိန်တို့က အကျိုးပေးဖို့ရန် အထောက်အကူမျှသာဟု ယူဆ၍ ကံ-ဉာဏ်-ဝီရိယ၏ အစွမ်းကို မပယ်လျှင်ကား မိစ္ဆာအယူ မဖြစ်ပါ။ အောင်စံဖျိုးရေချိုးရက်၊ ငါ့သားရွှေတောင် ရေကိုရှောင်၊ မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်။ --- ဤသို့ စသော အယူအဆတို့၌ လေ့လာလိုက်စားမှုများခြင်း တို့၌လည်း နည်းတူပင် မှတ်ပါ။

လောဘမူစိတ် (၈) မျိုး ရှုပုံစနစ်

လောဘမူစိတ် (၈) မျိုး ရှုပုံစနစ်

ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄) မျိုး

၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု ---

= သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် ယှဉ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု ---

၂။ တိုက်တွန်းမှု ရှိသော သသင်္ခါရိကစိတ်တစ်ခု ---

အထက် စာမျက်နှာ (၂၁၃) စသည်၌ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော သံယောဇဉ် (၁၀)ပါးတို့ ကို ရေးသားတင်ပြခဲ့ပြီးဖြစ်၏။ ယင်းသံယောဇဉ် (၁၀)ပါး ဖြစ်ပေါ်လာပုံမှာ ရူပါရုံကိုအာရုံပြု၍ ဖြစ်ပေါ်လာကြ ကုန်သော မကောင်းအုပ်စု အကုသိုလ်ဇောများ ပါဝင်သည့် စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိ စိတ်+စေတသိက် = နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံစနစ်ပင် ဖြစ်သည်။ ယင်းစနစ်ကိုပင် နည်းမှီ၍ ရုပ် (၂၈)ပါးလုံးကိုလည်း သိမ်းဆည်း ရှုပွားရန် ဖြစ်သည်။ ဓမ္မာရုံ အမည်ရသော ရုပ်တရားစုတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မကောင်းအုပ်စု နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဤတွင် ရူပါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော လောဘဒိဋ္ဌိ ဦးဆောင်သည့် အကုသိုလ်ဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားပုံကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

သိမ်းဆည်း ရှုပွားပုံစနစ်

၁။ စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းပါ။

၂။ ဣဋ္ဌဖြစ်သော = အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။

၃။ ထိုရူပါရုံအရောင်က စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့ကို ပြိုင်တူ ရိုက်ခတ်သောအခါ ထိုရူပါရုံအရောင်သည် စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့၌ ပြိုင်တူ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ --- စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိ စိတ်အစဉ်များသည် ယင်းရူပါရုံကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာကြမည်။

၄။ ထိုဝီထိစိတ်တို့တွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်း ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်းတို့က ---

(က) သုဘ = တင့်တယ်၏ဟု ဆုံးဖြတ်ကြည့်ပါ။ ယင်း ရူပါရုံအရောင်ကို သုဘဟု သာယာတပ်မက်နေသော လောဘ-ဒိဋ္ဌိ ဦးဆောင်သည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ ဖြစ်ပေါ်လာကြမည်။ တစ် နည်း ယင်းရူပါရုံအရောင်ကို ဣဋ္ဌ = ကောင်း၏ဟု ဆုံးဖြတ်ကြည့်ပါ။ ယင်းရူပါရုံအရာင်ကို ဣဋ္ဌဟု သာယာတပ်မက်နေသော လောဘ-ဒိဋ္ဌိ ဦးဆောင်သည့် စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိ နာမ်တရားတို့ ဖြစ်ပေါ်လာကြမည်။ အလားတူပင် ယင်းရူပါရုံအရောင်ကို ---

( ခ ) နိစ္စ = မြဲ၏ဟုလည်းကောင်း,

( ဂ ) သုခ = ချမ်းသာ၏ဟုလည်းကောင်း,

(ဃ) အတ္တဟုလည်းကောင်း - မနောဒွါရာဝဇ္ဇန်းက ---

အသီးအသီး ဆုံးဖြတ်ကြည့်ပါ။ နိစ္စဟုလည်းကောင်း သို့မဟုတ် သုခဟုလည်းကောင်း သို့မဟုတ် အတ္တ ဟုလည်းကောင်း အသီးအသီး ခံယူချက်မှားနေသော ဒိဋ္ဌိ ဦးဆောင်သည့် မနောဒွါရဝီထိစိတ်အစဉ်များ ထင်ရှား ဖြစ်ပေါ်လာကြမည် ဖြစ်သည်။

ရူပါရုံအရောင်ကို --- နိစ္စ သုခ အတ္တ သုဘဟု အသိမှားမှုကား မောဟတည်း။ နိစ္စ သုခ အတ္တ သုဘ ဟု ခံယူချက်မှားမှုကား ဒိဋ္ဌိတည်း။ ယင်းရူပါရုံအရောင်ကို သာယာတပ်မက်မှုသဘောကား လောဘတည်း။

၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် --- ပထမလောဘမူ အသင်္ခါရိကစိတ်၌ ပီတိ ပါဝင်သဖြင့် လောဘ-ဒိဋ္ဌိ အုပ်စု နာမ်တရား အလုံး (၂၀) ရှိ၏။

၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် --- ဒုတိယလောဘမူ သသင်္ခါရိကစိတ်၌ တိုက်တွန်းမှုရှိသဖြင့် ထိန-မိဒ္ဓ ပါဝင်ရကား (၂၀+၂ =၂၂)လုံးသော နာမ်တရားစုတို့ ရှိကြ၏။

လောဘမူ ဒုတိယစိတ်

လောဘမူ ဒုတိယစိတ် ...

ဤဒုတိယ လောဘမူစိတ်သည် အာရုံ (၆)ပါးတို့၌ ဝမ်းမြောက်ရွှင်လန်းခြင်း သောမနဿရှိသည်ဖြစ်၍ လိုလားတပ်မက်မှု လောဘကို ဖြစ်စေလျက် သတ္တဝါကောင် အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် စသည်ဖြင့် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ --- စသည်ဖြင့် မှတ်ထင်သော မိစ္ဆာအယူဖြင့် မှားသောအားဖြင့် သုံးသပ်တတ်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ပထမစိတ်တုန်းကကဲ့သို့ပင် အကယ်၍ကား ဖြစ်ပါပေ၏၊ သို့သော်လည်း သသင်္ခါရိက ဖြစ်နေသည့်အတွက် တိုက်တွန်းမှု ပယောဂနှင့် တကွဖြစ်သော အာရုံ မနသိကာရ စသော အကြောင်း အပေါင်းကြောင့် အကြောင်း ဥပါယနှင့် တကွဖြစ်သော အာရုံ မနသိကာရ စသော အကြောင်းအပေါင်းကြောင့် ဖြစ်ပေါ်လာရ၏။ ထိုသို့ ဖြစ်ပေါ်လာရခြင်းကြောင့် ---

အကြင်အခါ၌ အမျိုးကောင်းသားတစ်ဦးသည် မိစ္ဆာဒိဋ္ဌိအယူရှိသော အမျိုးအနွယ်၏ သတို့သ္မီးကို လိုလား တောင့်တနေ၏၊ ထိုသတို့သ္မီးရှင်တို့ကလည်း --- သင်တို့ဟာ ငါတို့အယူမှ တစ်ပါးသော အယူရှိသူတို့ပါ၊ တို့နှင့် ဘာသာချင်း မတူကြပါဟု ပြော၍ အမျိုးသ္မီးကို မပေးကြကုန်။ ထိုအခါဝယ် အခြား ဆွေမျိုးတို့က သင်တို့ ဘာသာ အယူနှင့် ဆိုင်သောအမှုကို သင်တို့ပြုကြသလို ဤသတို့သားက ပြုလုပ်ပါလိမ့်မယ်ဟု ပြောဆို၍ အမျိုးသ္မီးကို တောင်းကြပြန်၏။ အမျိုးသ္မီးကို ပေးလိုက်ကြသောအခါ ထိုအမျိုးသားသည် ထိုမိစ္ဆာအယူရှိသော ဘာသာခြား အမျိုးတို့နှင့် အတူတကွ တိတ္ထိဆရာကြီးတို့ထံသို့ ချဉ်းကပ်၏၊ အစပိုင်း၌ကား ယင်း မိစ္ဆာအယူဝါဒဘာသာ အပေါ်၌ ယုံမှားသံသယ ရှိနေသေး၏၊ ကာလကြာညောင်းလာသော အခါ၌ကား စိတ်ဓာတ်များ ပြောင်းလဲလာ ၏။ -- ဤတိတ္ထိဆရာကြီးတို့၏ အမူအရာသည် စိတ်နှလုံးကို တိုးပွားစေတတ်၏ = မြတ်နိုးဖွယ် ကောင်းလှ၏ ဤသို့ တွေးခေါ်ကာ မိစ္ဆာအယူဝါဒကို နှစ်သက်သွား၏၊ မိစ္ဆာအယူကို လက်ခံ စွဲယူလိုက်၏။ --- ဤသို့ သဘောရှိသော အခါကာလမျိုး၌ ဤဒုတိယ အကုသိုလ်စိတ်ကို ရအပ်၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၂၉၆-၂၉၇။)

ဤ၌ကား ဣဋ္ဌ ဖြစ်သည့် ရူပါရုံကို --- နိစ္စ သုခ အတ္တ သုဘဟု ဣဋ္ဌဟု စွဲယူမိအောင် မိမိကိုယ်ကို မိမိက တိုက်တွန်းရမှု သို့မဟုတ် သူတစ်ပါးတို့က တိုက်တွန်းရမှုကို အာရုံယူ၍ ရှုပါ။

၃။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု -

= ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် ယှဉ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိကစိတ် တစ်ခု -

၄။ တိုက်တွန်းမှု ရှိသော သသင်္ခါရိကစိတ်တစ်ခု -

ဤစိတ် (၂) မျိုးကား ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊ သို့အတွက် ပီတိ မပါပေ။ မိစ္ဆာဒိဋ္ဌိနှင့်ကား ယှဉ်လျက် ပင်ရှိ၏။ သို့အတွက် စိတ်စေတသိက် အရေအတွက်မှာ (၁၉^၂၁) အသီးအသီး ဖြစ်သည်။ ရှုပုံစနစ်ကား ပထမစိတ် ဒုတိယစိတ်တို့နှင့် တူညီ၏။ ဤတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုး ပြီး၏။ ဒိဋ္ဌိဂတဝိပ္ပယုတ် = ဒိဋ္ဌိနှင့် မယှဉ်သော လောဘမူစိတ် (၄)မျိုး၏ ရှုကွက်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ် (၄) မျိုး

ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ် (၄) မျိုး

၅။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု -

= သောမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သော တိုက်တွန်းမှု မရှိသော စိတ်တစ်ခု

၆။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ်တစ်ခု -

= သောမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သော တိုက်တွန်းမှု ရှိသော စိတ်တစ်ခု

၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု -

= ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သော တိုက်တွန်းမှု မရှိသော စိတ်တစ်ခု

၈။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ်တစ်ခု -

= ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သော တိုက်တွန်းမှု ရှိသော စိတ်တစ်ခု ---

ဤ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄)မျိုး၌ မာနသည် ရံခါယှဉ်၍ ဖြစ်၏။ မာနသည် ကဒါစိ စေတသိက် = တစ်ရံ တစ်ခါသာ ဖြစ်လေ့ ယှဉ်လေ့ရှိသော စေတသိက် ဖြစ်သဖြင့် ဤစိတ် (၄)မျိုး၌ ရံခါသာ ယှဉ်ခြင်းဖြစ်၏။ မာန နှင့် ဒိဋ္ဌိတို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ မဖြစ်နိုင်ကြသဖြင့် ဤဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄)မျိုး ၌ ဒိဋ္ဌိမယှဉ်ပေ။

၅။ အာရုံ (၆)ပါးတို့၌ ဝမ်းမြောက်လေ့ရှိသည်ဖြစ်၍ လိုလားတပ်မက်မှု လောဘကို ဖြစ်စေလျက် ငါ-သူ တစ်ပါး-ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ-လူ-နတ်-ဗြဟ္မာ-အသက်ကောင်-လိပ်ပြာကောင်-ဝိညာဏ်ကောင်-အတ္တကောင် စသော နည်းဖြင့် မှားသောအားဖြင့် မသုံးသပ်ဘဲ ဗိဿနိုးနတ်၏ တင့်တယ်စံပယ်ခြင်း စသော နတ်ပွဲ, လက်ေ့ဝှပွဲ, ဇာတ်ပွဲ, အငြိမ့်ပွဲ စသည်တို့ကို ကြည့်ရှုသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း၊ နှစ်သက် မြတ်နိုးခြင်းကို ဖြစ်စေတတ်သော အဆိုကျော်တို့၏ အသံ, ဓမ္မကထိကတို့၏ အသံ စသည်ကို နားထောင်ခြင်း အစရှိသည်၌ လေ့ကျက်လိုက်စားသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း မြတ်နိုးဖွယ် အနံ့ အရသာ အတွေ့ အထိ စသည်တို့ကို လိုက်စားသူ၏ သန္တာန်၌လည်းကောင်း အမှတ် (၅) ဖြစ်သော ဤသောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်သည် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။)

၆။ အထက်ပါ ဗိဿနိုးနတ်ပွဲ လက်ေ့ဝှပွဲ ကပွဲ စသည့် ပွဲလမ်းသဘင်တို့ကို ကြည့်ရှုရာဌာနဝယ် ပွဲကြည့်ပရိသတ်တို့အတွက် ထိုင်ခုံများကို အဆင့်ဆင့် အနိမ့်အမြင့် တန်းထား၏။ အထက်အဆင့်တွင် ထိုင်လျက် ပွဲကြည့် သူတို့က တံတွေး ထွေးချသည် ဖြစ်စေ ခြေမှုန့် ခါချသည် ဖြစ်စေ၊ အောက်ဆင့်တွင် ထိုင်လျက် ပွဲကြည့်သူတို့က ထိုတံတွေး ခြေမှုန့်တို့ကို ရှောင်လွှဲဖို့ရန် အားထုတ်ကြရ၏။ သို့ရှောင်လွှဲဖို့ရန် အားထုတ်သောစိတ်ဖြင့် ရှောင်လွှဲ ရင်း အကြားအကြား၌ ပွဲကြည့်ရသူတို့၏ သန္တာန်၌လည်းကောင်း ----

မင်း၏ မောင်းမမိဿံများ ထွက်လာသောအခါ လာရောက် ကြည့်ရှုကြသည့် ပွဲကြည့်ပရိသတ်တွေ အလွန်များလှသဖြင့် ဆိုင်ရာအစောင့်အရှောက်တို့က လမ်းဖယ်ခိုင်းခြင်း လမ်းရှင်းခြင်းတို့ကို ပြုလုပ်ကြ၏၊ ထိုသို့ လမ်းရှင်းသောအခါ ပွဲကြည့်ပရိသတ်တို့သည် ရုံးရုံး ရုံးရုံးနှင့် နောက်သို့ဆုတ်ကြ လမ်းဖယ်ပေးကြရသဖြင့် ပွဲကို ကောင်းကောင်း မကြည့်ရဘဲ ခပ်ဝေးဝေးမှ ထိုထို လူကြား သူကြား အပေါက်ဖြင့် ချောင်း၍ သို့မဟုတ် ခြေကို ထောက်၍ ကြည့်ကြရ၏။ ထိုသို့ မမြင့်တမြင်ဖြင့် ပွဲကြည့်ရှုသူတို့၏ သန္တာန်၌လည်းကောင်း ----

ဤသောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၂၉၇။) ---- ဤစိတ် (၂)မျိုးကား သောမနဿဝေဒနာနှင့် ယှဉ်၏။

၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် -

၈။ သသင်္ခါရိကစိတ်တို့ကား ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။ နည်းတူ သဘောပေါက်ပါလေ။

ဤအထက်ပါ လောဘမူစိတ် (၈)မျိုးဖြစ်ပုံ ရှင်းလင်းချက်တို့ကား လောဘမူစိတ်ဖြစ်ပုံကို နားလည်လွယ် စေရန် သမ္မုတိသစ္စာနယ်မှ ရှင်းလင်းချက်များပင် ဖြစ်၏။ ဤတွင် ရူပါရုံကို အာရုံပြု၍ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ဖြစ်ပုံကို ပရမတ္ထသစ္စာနယ်မှ ဆက်လက် ဖော်ပြအပ်ပါသည်။ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်တို့ကို သိမ်းဆည်းရှုပွားပုံမှာ ဤသို့ ဖြစ်၏။

သိမ်းဆည်း ရှုပွားပုံစနစ်

သိမ်းဆည်း ရှုပွားပုံစနစ်

၁။ စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲ သိမ်းဆည်းပါ။

၂။ ဣဋ္ဌ ဖြစ်သော = အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။

၃။ ထိုရူပါရုံအရောင်သည် စက္ခုအကြည်ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်တို့ကို ပြိုင်တူ ရိုက်ခတ်သော အခါ = ထိုရူပါရုံအရောင်သည် စက္ခုအကြည်ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်တို့၌ ပြိုင်တူ ရှေးရှူကျ ရောက်လာသောအခါ = ထင်လာသောအခါ --- စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိစိတ်အစဉ်တို့သည် ယင်း ရူပါရုံကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာကြ၏။

၄။ ထိုဝီထိစိတ်တို့တွင် ပါဝင်သော --- ပဉ္စဒွါရဝဇ္ဇန်း-ဝုဋ္ဌော-မနောဒွါရဝဇ္ဇန်းတို့က ဤရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်ကို ငါမို့ ရှုရတာ --- ဟု ဆင်ခြင်ဆုံးဖြတ်ပါ၊ နှလုံးသွင်းပါ။

အယောနိသောမနသိကာရ ဖြစ်သဖြင့် မိမိကိုယ်ကို မိမိ အထင်ကြီးနေသော မာန ဦးဆောင်နေသည့် လောဘ-မာန အုပ်စု အကုသိုလ်ဇောများ ပါဝင်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့ ဖြစ်ပေါ်လာကြပေလိမ့် မည်။ ဇောအသီးအသီး၌ (၂၀^၂၂^၁၉^၂၁)လုံးသော နာမ်တရားစုတို့ အသီးအသီး ပါဝင်ကြ၏။ ယခင် လောဘ -ဒိဋ္ဌိ အုပ်စုတွင် ဒိဋ္ဌိပြုတ်၍ မာနဝင်လာခြင်း ဖြစ်၏။ သို့သော် မာန စေတသိက်သည် ရံခါသာ ယှဉ်တတ်သော ကဒါစိ စေတသိက်ဖြစ်သဖြင့် မာန မယှဉ်သော် ယင်းဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ (၁၉^၂၁^၁၈^၂၀)သော နာမ် တရားစုသာ အသီးအသီး ရှိပေလိမ့်မည်ဟု မှတ်ပါ။

ဤဒိဋ္ဌိဂတသမ္ပယုတ် ဒိဋ္ဌိဂတဝိပ္ပယုတ်ဟူသော လောဘမူစိတ် (၈)မျိုးတို့၌ သောမနဿဝေဒနာဖြစ်လျှင် ပီတိ ပါ၏၊ ဥပေက္ခာဝေဒနာဖြစ်လျှင် ပီတိ မပါ။ သသင်္ခါရိက = တိုက်တွန်းမှုရှိလျှင် ထိန-မိဒ္ဓ ယှဉ်၏။ အသင်္ခါရိက = တိုက်တွန်းမှု မရှိလျှင် ထိန-မိဒ္ဓ မယှဉ်။

ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း၌ စိတ် စေတသိက် အရေအတွက်ကို ဇယားဖြင့် ဖော်ပြထားပါသည်။ ဇောတွင် ပီတိပါလျှင် သောမနဿဝေဒနာဖြစ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း ပီတိပါ ၍ သောမနဿဝေဒနာကိုပင် ချပြထားပါသည်။ ဇောတွင် ဥပေက္ခာဝေဒနာ ဖြစ်၍ ပီတိမပါလျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း ဥပေက္ခာဝေဒနာကိုပင် ချပြထားပါသည်၊ ပီတိလည်း မပါပေ။

သို့သော် တဒါရုံမှာ ယေဘုယျအားဖြင့် ဇောနှင့် ဝေဒနာချင်း တူညီသော်လည်း, မူလက ဥပေက္ခာဝေဒနာ ဖြင့် ပဋိသန္ဓေတည်နေခဲ့သူ၏ သန္တာန်ဝယ် --- ဇော၌ ဒေါမနဿဝေဒနာဖြစ်လျှင် တဒါရုံ၌လည်း ဒေါမနဿ ဝေဒနာ မဖြစ်နိုင်သဖြင့် ဥပေက္ခာဝေဒနာသာ ဖြစ်သည်။ အကယ်၍ မူလက သောမနဿ ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်မူ အတိဣဋ္ဌာရုံဝယ် ဒေါသဇောနောင်၌ တဒါရုံ မကျနိုင်ဘဲ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အာဂန္တုက ဘဝင်သာ ကျနိုင်သည်ဟု မှတ်ပါ။

ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ မနောဒွါရာဝဇ္ဇန်းတို့တွင် ပါဝင်တည်ရှိကြ သော နာမ်တရားတို့၏ အရေအတွက်မှာ အကောင်းအုပ်စုတွင် ဖော်ပြထားသော နာမ်တရား အရေအတွက်နှင့် ပုံစံတူပင် ဖြစ်သည်။ ဇော၌ရှိသော နာမ်တရား အရေအတွက်သာလျှင် အကောင်းအုပ်စုနှင့် မကောင်းအုပ်စုတို့ မတူညီကြပေ။

အထက် တဒါရုံဇယားတွင် ဖော်ပြခဲ့သည့်အတိုင်း လောဘမူဇော (၈)ခု နောင်၌ တဒါရုံ (၁၁)မျိုး, ဒေါသ မူဇော (၂)ခု နောင်၌ တဒါရုံ (၆)မျိုး, မောဟမူဇော (၂)ခု နောင်၌ တဒါရုံ (၁၁)မျိုး ထိုက်သလို ကျနိုင်၏။ ယင်း တဒါရုံ နာမ်တရားစုတို့၏ အရေအတွက်ကို အကောင်းအုပ်စုတွင် ဖော်ပြထားခဲ့သည့်အတိုင်းသာ သိရှိပါလေ။

(က) ဣဋ္ဌာရုံ၌ (အဟိတ်-သဟိတ်) ကုသလဝိပါက် တဒါရုံများ

( ခ ) အတိဣဋ္ဌာရုံ၌ (အဟိတ်-သဟိတ်) ကုသလဝိပါက် သောမနဿတဒါရုံများ

( ဂ ) အနိဋ္ဌာရုံ၌ အဟိတ် အကုသလဝိပါက် တဒါရုံများ

(ဃ) သောမနဿဇောနောင်၌ သောမနဿတဒါရုံများ

( င ) ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံများ

( စ ) ဒေါသဇောနောင်၌ ဥပေက္ခာတဒါရုံများ အာဂန္တုကဘဝင်များ ---

ဤသို့ စသည်ဖြင့် တဒါရုံများ၏ ထိုက်သလို ဖြစ်မှုကို အထက်တွင် ဖော်ပြခဲ့သော နည်းများကို မှီး၍ သိရှိပါလေ။

ဤဖော်ပြလတ္တံ့သော ဇယားတွင်ကား အသိဉာဏ် မရှုပ်ထွေးစေရန် ရည်သန်၍ အကုသိုလ်ဇောများ၏ နောင်၌ အဟိတ် ကုသလဝိပါက်နှင့် အကုသလဝိပါက် တဒါရုံများကိုလည်း ချပြထားပါသည်။ မဟာဝိပါက် တဒါရုံများလည်း ဣဋ္ဌ-အတိဣဋ္ဌ စသော အာရုံသဘောသို့လိုက်၍ ကျနိုင်သည်သာ ဖြစ်ပါသည်။ အကယ်၍ မဟာဝိပါက် တဒါရုံများသည်လည်း ဆိုင်ရာ အကုသိုလ်ဇောနောင်၌ ထိုက်သလို ကျခဲ့လျှင်လည်း အသင်ယောဂီ သူတော်ကောင်းသည် ရှုရင်းဖြင့် သဘောပေါက်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ထိုကြောင့် တဒါရုံ အကွက်တွင် (၃၄^၃၃) တို့ကား မဟာဝိပါက်တဒါရုံတည်း (၁၂)ကား အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ --- (၁၁)ကား ကုသလဝိပါက်+အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံတို့တည်းဟု အသီးအသီး မှတ်သား ပါ။ သို့သော် ဝီထိစဉ်တစ်ခု အတွင်း၌ တဒါရုံတစ်မျိုးသာ ကျနိုင်သည်ဟု မှတ်ပါ။ ဤတွင် ဒေါသဇော မောဟ ဇော ပြဓာန်းသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့ကို သိမ်းဆည်း ရှုပွားပုံကို အကျဉ်းချုပ်၍ ဆက်လက် ဖော်ပြ အပ်ပါသည်။

ဒေါသဇော အုပ်စု ရှုပုံစနစ်

ဒေါသဇော အုပ်စု ရှုပုံစနစ်

၁။ စက္ခုအကြည်ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်ကို ပူးတွဲ သိမ်းဆည်းပါ။

၂။ အနိဋ္ဌဖြစ်သော ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။

၃။ ထိုရူပါရုံအရောင်က စက္ခုဒွါရနှင့် မနောဒွါရတို့၌ ပြိုင်တူ ရိုက်ခတ်လာသောအခါ ရှေးရှူကျရောက်လာ သောအခါ ထင်လာသောအခါ ထိုရူပါရုံအရောင်ကို အနိဋ္ဌ အဖြစ် နှလုံးသွင်းလိုက်ပါက အယောနိသော မနသိကာရ ဖြစ်သဖြင့် ဒေါသပြဓာန်းသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိများ ဖြစ်ပေါ်လာကြပေလတ္တံ့။

အနိဋ္ဌဖြစ်သော ရူပါရုံကို မနှစ်သက်သော် ဒေါသထွက်သော် --- ပဋိဃ သံယောဇဉ် ဖြစ်၏ = ဒေါသအုပ်စု နာမ်တရားများဖြစ်၏။ ဇော၌ (၁၈^၂၀)သော နာမ်တရားများတည်း။

ဤရူပါရုံအရောင်ကို ငါမှတစ်ပါးသော သူတို့သည် မရရှိကြပါကုန်မူကား ကောင်းလေစွဟု နှလုံးသွင်း ကြည့်ပါ။ အယောနိသောမနသိကာရဖြစ်၏။ ဤသို့ ငြူစူစောင်းမြောင်းသော စိတ်ဓာတ်ရှိသော ပုဂ္ဂိုလ်၏သန္တာန်၌ ဣဿာသံယောဇဉ် ဖြစ်၏။ ဒေါသ-ဣဿာ နာမ်တရားစုတို့တည်း။ ဇောအသီးအသီး၌ (၁၉^၂၁)လုံးကုန်သော နာမ်တရားစုတို့တည်း။

ယင်းရူပါရုံအရောင်ကိုပင် သူတစ်ပါးတို့နှင့် မဆက်ဆံရအောင် နှလုံးသွင်းကြည့်ပါ။ အယောနိသောမနသိကာရပင်တည်း။ မစ္ဆရိယသံယောဇဉ် ဖြစ်၏။ ဒေါသ-မစ္ဆရိယ နာမ်တရားစုများပင်တည်း။ ဇောအသီးအသီး၌ (၁၉^၂၁)လုံးကုန်သော နာမ်တရားစုတို့တည်း။

စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခုကို ပြိုင်တူထင်အောင် ပူးတွဲသိမ်းဆည်းပြီးနောက် မိမိဖျက်ဆီးမိခဲ့ သော ရူပါရုံအရောင်ကို (သူတစ်ပါး၏ အကျႌအရောင် ပျက်အောင် မင်ဖြင့် တို့ဖူးခဲ့သော် ထိုအကျႌအရောင်ကို) လှမ်းအာရုံယူ၍ --- ငါပြုမိတာ မှားပြီဟု နှလုံးသွင်းကြည့်ပါ။ ဒေါသ-ကုက္ကုစ္စ နာမ်တရားများ ဖြစ်ပေါ်လာလတ္တံ့။

တစ်ဖန် ပန်းအရောင်လှနေတုံး ဘုရား မလှူလိုက်ရ၍ စိတ်မကောင်းဖြစ်မိသော် ထိုရူပါရုံ ပန်းအရောင်ကို အာရုံယူ၍ မှားပေါ့ဟု နှလုံးသွင်းကြည့်ပါ။ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စအုပ်စု နာမ်တရားများ ဖြစ်ပေါ် လာလတ္တံ့။ ဇောအသီးအသီး၌ (၁၉^၂၁)လုံးသော နာမ်တရားစုတည်း။

မောဟ အုပ်စု နာမ်တရားများကို သိမ်းဆည်းပုံ

မောဟ အုပ်စု နာမ်တရားများကို သိမ်းဆည်းပုံ

စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခုကို ပူးတွဲသိမ်းဆည်းပြီးလျှင် စိတ်မငြိမ်မသက် ဖြစ်နေကျ စိတ်ပျံ့ လွင့်နေကျ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူလိုက်သောအခါ စိတ်ပျံ့လွင့်သော် ဥဒ္ဓစ္စအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာလတ္တံ့။ ဇောအသီး အသီး၌ (၁၆)လုံးစီသော နာမ်တရားစုတည်း။

ဒွါရနှစ်ခုကို ပူးတွဲသိမ်းဆည်းပြီးလျှင် ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို လှမ်းအာရုံယူ၍ ဤရူပါရုံ အရောင်သည် --- သတ္တလေလော = အတ္တလေလော, သတ္တ၏ ဥစ္စာလော = အတ္တ၏ ဥစ္စာလော, = အတ္တ၏ အရောင်လေလောဟု နှလုံးသွင်းပါ။ အယောနိသောမနသိကာရ ဖြစ်သဖြင့် ဤသို့ ယုံမှားသံသယ ရှိနေသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဝိစိကိစ္ဆာသံယောဇဉ် = ဝိစိကိစ္ဆာ နာမ်တရားစုဖြစ်၏၊ ဇောအသီးအသီး၌ (၁၆)လုံးသော နာမ်တရားစုတို့ ပါဝင်ကြ၏။

ရဇ္ဇန - ဒုဿန - မုယှန သဘော

ရဇ္ဇန - ဒုဿန - မုယှန သဘော

တတ္ထ ပဌမဇဝနေပိ အယံ ဣတ္ထီ, အယံ ပုရိသောတိ ရဇ္ဇနဒုဿနမုယှနဝသေန အာလောကိတဝိလောကိတံ န ဟောတိ၊ ဒုတိယဇဝနေပိ ။ ပ ။ သတ္တမဇဝနေပိ။ (အဘိ၊ဋ္ဌ၊၂၊၃၄၁။)

ပဌမဇဝနေပိ ။ ပ ။ န ဟောတီတိ ဣဒံ ပဉ္စဝိညာဏဝီထိယံ ဣတ္ထိပုရိသောတိ ရဇ္ဇနာဒီနံ အဘာဝံ သန္ဓာယ ဝုတ္တံ။ တတ္ထ ဟိ အာဝဇ္ဇနဝေါဋ္ဌဗ္ဗနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော, အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ။ မနောဒွါရေ ပန ဣတ္ထိပုရိသောတိ ရဇ္ဇနာဒိ ဟောတိ။ (မူလဋီ၊၂၊၁၈၁။)

ယာနိ ပနေတာနိ စက္ခုဒွါရေ ဝေါဋ္ဌဗ္ဗနပရိယောသာနာနိ စိတ္တာနိ ဥပ္ပဇ္ဇန္တိ၊ တာနိ သဒ္ဓိံ သမ္ပယုတ္တဓမ္မေဟိ တတ္ထ တတ္ထေဝ ဘိဇ္ဇန္တိ၊ အညမညံ န ပဿန္တီတိ ဣတ္တရာနိ တာဝကာလိကာနိ ဟောန္တိ။ တတ္ထ ယထာ ဧကသ္မိံ ဃရေ သဗ္ဗေသု မာနုသကေသု မတေသု အဝသေသဿ ဧကကဿ တင်္ခဏညေဝ မရဏဓမ္မဿ န ယုတ္တာ နစ္စဂီတာဒီသု အဘိရတိ နာမ။ ဧဝမေဝ ဧကဒွါရေ သသမ္ပယုတ္တေသု အာဝဇ္ဇနာဒီသု တတ္ထ တတ္ထေဝ မတေသု အဝသေသဿ တင်္ခဏညေဝ မရဏဓမ္မဿ ဇဝနဿာပိ ရဇ္ဇနဒုဿနမုယှနဝသေန အဘိရတိ နာမ န ယုတ္တာတိ။ (အဘိ၊ဋ္ဌ၊၂၊၃၄၁-၃၄၂။)

တတ္ထာယံ ပဝတ္တိက္ကမော --- ပဉ္စဒွါရေ ရူပါဒိအာရမ္မဏေ အာပါထဂတေ နိယမိတာဒိဝသေန ကုသလာကုသလဇဝနေ ဥပ္ပဇ္ဇိတွာ ဘဝင်္ဂံ ဩတိဏ္ဏေ မနောဒွါရိကဇဝနံ တံယေဝါရမ္မဏံ ကတွာ ဘဝင်္ဂံ ဩတရတိ၊ ပုန တသ္မိံယေဝ ဒွါရေ ဣတ္ထိပုရိသောတိအာဒိနာ ဝဝတ္ထပေတွာ ဇဝနံ (ဥပ္ပဇ္ဇိတွာ) ဘဝင်္ဂံ ဩတရတိ။ ပုန ဝါရေ ပသာဒရဇ္ဇနာဒိဝသေန ဇဝနံ ဇဝတိ။ ပုန ယဒိ တံ အာရမ္မဏံ အာပါထံ အာဂစ္ဆတိ၊ တံသဒိသမေဝ ပဉ္စဒွါရာဒီသု ဇဝနံ တဒါ ဥပ္ပဇ္ဇမာနကံ သန္ဓာယ ဧဝမေဝ ဇဝနေ ဒုဿီလျာဒီသု ဥပ္ပန္နေသု တသ္မိံ အသံဝရေ သတိ ဒွါရမ္ပိ အဂုတ္တန္တိအာဒိ ဝုတ္တံ။ အယံ ပန ဥက္ကဋ္ဌနယော ပရိစိတာရမ္မဏံ သန္ဓာယ ဝုတ္တော၊ အပရိစိတေ အန္တရန္တရာ ပဉ္စဒွါရေ ဥပ္ပဇ္ဇိတွာ တဒနုရူပံ မနောဒွါရေပိ ဥပ္ပဇ္ဇတီတိ။ ဒွါရဘဝင်္ဂါဒီနံ ဇဝနေန သမ္ဗန္ဓော ဧကသန္တတိပရိယာပန္နတော ဒဋ္ဌဗ္ဗော။ (အနုဋီ၊၁၊၂၀၀။)

ဒိသွာတိ စက္ခုဝိညာဏေန ဒိသွာ။ ဣဒဉ္စ ဒုတိယ တတိယမနောဝိညာဏဝီထိယော စက္ခုဝိညာဏဝိထိယာ သင်္ဂဟေတွာ ဝုတ္တံ။ (မဏိမဉ္ဇူ။)

စိတ္တဿ ပန လဟုပရိဝတ္တိတာယ စက္ခုဝိညာဏဝီထိယာ အနန္တရံ မနောဝိညာဏေန ဝိညာတမ္ပိ စလနံ စက္ခုနာ ဒိဋ္ဌံ ဝိယ မညန္တိ အဝိသေသဝိဒုနော။ (မူလဋီ၊၁၊၇၂-၇၃။)

ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဖွင့်ဆိုထားတော်မူချက်အရ --- ပဉ္စဒွါရဝီထိ = ပဉ္စဝိညာဏဝီထိတို့၌ ဤသူကား ယောက်ျား ဤသူကား မိန်းမ --- ဤသို့ စသည်ဖြင့် သိရှိ၍ ရဇ္ဇန = တပ်မက်ခြင်း, ဒုဿန = ပြစ်မှားခြင်း, မုယှန = တွေဝေခြင်း = အာရုံ၏ ပရမတ္ထသဘောမှန်ကို မသိခြင်း --- ဟူသော လောဘ-ဒေါသ-မောဟတို့ ဖြစ်ပေါ်လာကြသည်ကား မဟုတ်ပေ။

၁။ နိယမိတ --- ငါသည် အကုသိုလ်ကိုသာ ပြုသင့်၏ဟု အကုသိုလ်ကို ပြုခြင်း၌ မိမိစိတ်ကို သတ်မှတ် ထားခြင်း,

၂။ ပရိဏာမိတ --- ကုသိုလ်ကို ပြုလုပ်ခြင်းမှ စိတ်ကို ဆုတ်နစ်စေလျက် အကုသိုလ်ကို ပြုခြင်း၌သာလျှင် စိတ်ဓာတ်ကို ညွတ်ကိုင်းထားခြင်း,

၃။ သမုဒါစာရ --- အကုသိုလ်ကို အမြဲမပြတ် ပြုလုပ်ခြင်းဖြင့်စိတ်၏ အကုသိုလ်၌ အလေ့အကျက်များခြင်း,

၄။ အာဘုဇိတ ---

(က) ဘုရား အစရှိသော သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော ပတိရူပဒေသ၌ မနေထိုင်ရခြင်း,

( ခ ) မသူတော်တို့ကို မှီဝဲဆည်းကပ်ခြင်း၊ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခွင့် မရရှိခြင်း,

( ဂ ) မသူတော်တို့၏ တရားကို နာကြားခြင်း၊ သူတော်ကောင်းတရားကို နာကြားခွင့် မရခြင်း,

(ဃ) ရှေးက ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ရှိခြင်းဟူသော ပုဗ္ဗေစကတပုညတာစက်၏ ချို့တဲ့နေခြင်း ---

ဤသို့ စသော အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတို့ကြောင့် အာရုံတစ်ခုနှင့် တွေ့ကြုံရာဝယ် ယင်းအာရုံကို နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်ဘဲ နိစ္စ သုခ အတ္တ သုဘ ဣဋ္ဌ စသည်ဖြင့် နည်းမှားလမ်းမှား နှလုံးသွင်းခြင်း (= အယောနိသော မနသိကာရ)၊ ဤသည်တို့ကား အကုသိုလ်ဖြစ်ရန် အကြောင်းတရားတို့တည်း။

ပဉ္စဒွါရဝီထိတို့ဝယ် ဆိုင်ရာဒွါရတို့၌ ဆိုင်ရာအာရုံတို့ ရှေးရှူကျရောက်လာရာဝယ် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့က အယောနိသောမနသိကာရ ဖြစ်ခဲ့သော် နှလုံးသွင်းမှားခဲ့သော်, ကုသိုလ်ဖြစ်အောင် နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်သော, အကုသိုလ်ဖြစ်အောင်သာ နည်းမှားလမ်းမှား နှလုံးသွင်းတတ်သော ယင်းအာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့၏ ဆင်ခြင်ဆုံးဖြတ်မှု စွမ်းအားကြောင့် ဣဋ္ဌ ဖြစ်သော အမျိုးသ္မီးရူပါရုံ စသည်၌ လောဘ, အနိဋ္ဌ ဖြစ် သော အမျိုးသ္မီးရူပါရုံ စသည်၌ စိတ်ခက်ထန်ကြမ်းတမ်းမှု ပဋိဃ = ဒေါသ --- ကား ဖြစ်၏။ (သို့သော် ယောက်ျား မိန်းမ စသည်ဖြင့် အဖြူအဝါ စသည်ဖြင့် သိ၍ ဖြစ်သည်ကား မဟုတ်။) မနောဒွါရဝီထိ၌ကား အမျိုးသ္မီး အမျိုးသားဟု သိ၍ ရဇ္ဇန = တပ်မက်ခြင်း, ဒုဿန = ပြစ်မှားခြင်း စသည်သည် ဖြစ်ပေါ်လာ၏။ (မူလဋီ၊၂၊၁၈၁)

စက္ခုဒွါရ၌ ဝုဋ္ဌောတိုင်အောင်သော စိတ်တို့သည် ယှဉ်ဖက်စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ကြ၍ ထိုထို ဖြစ်ဆဲခဏမှာပင်လျှင် ချုပ်ပျက်သွားကြကုန်၏။ ယင်းသို့ ချုပ်ပျက်ကုန်သော် တစ်ဝီထိအတွင်း၌ အတူယှဉ်တွဲဖြစ်သော ထိုခဏမှာပင် ချက်ချင်း ဖြစ်ပြီးက ပျက်ခြင်း သေခြင်း သဘောရှိသော ဇော၏လည်း ထို အာရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း ရဇ္ဇန ဒုဿန မုယှန- ၏ အစွမ်းဖြင့် မွေ့လျော်ခြင်း မည်သည် မဖြစ်သင့်ပေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၁-၃၄၂။) ဖြစ်စဉ်မှာ ဤသို့ ဖြစ်၏။

ပဉ္စဒွါရ၌ ရူပါရုံစသော အာရုံသည် ရှေးရှူကျရောက်ခြင်း ထင်ခြင်းသို့ ရောက်လာလတ်သော် -- နိယမိတ --- ငါသည် ကုသိုလ်ကိုသာ ပြုလုပ်သင့်၏။ ငါသည် အကုသိုလ်ကိုသာ ပြုလုပ်သင့်၏ --- ဟု သတ်မှတ်ထားခြင်း စသော ကုသိုလ်ဖြစ်ကြောင်းတရား အကုသိုလ်ဖြစ်ကြောင်းတရား စသည်တို့၏ စွမ်းအားကြောင့် ကုသိုလ်ဇော သို့မဟုတ် အကုသိုလ်ဇောတို့သည် ဖြစ်ကြပြီးနောက် ဘဝင်သို့ သက်ရောက်လတ်သော် ထိုဘဝင်၏ နောင်၌ မနောဒွါရိကဇောဝီထိသည် ထိုအာရုံကိုပင် အာရုံပြု၍ ဘဝင်သို့ သက်ပြန်၏။ (ဤစကားရပ်တို့ကား ၁- ပဉ္စဒွါရ ဝီထိနှင့် ၂- ဒုတိယ တဒနုဝတ္တက မနောဒွါရဝီထိ ၃- တတိယ သုဒ္ဓမနောဒွါရဝီထိတို့ကို ပြ၏။)

တစ်ဖန် ထိုမနောဒွါရ၌ပင်လျှင် အမျိုးသ္မီး အမျိုးသားဤသို့ စသည်ဖြင့် ပိုင်းခြား မှတ်သားပြီးနောက် ဇောစောလျက် ဘဝင်သို့ သက်ပြန်၏။ ၄- စတုတ္ထ မနောဒွါရဝီထိတည်း။

နောက်တစ်ကြိမ် မနောဒွါရဝီထိ အလှည့်၌ကား ထိုအာရုံကို ---

၁။ ကြည်ညိုခြင်း၏ အစွမ်းဖြင့် ကုသိုလ်ဇော စော၏။ သို့မဟုတ်

၂။ ထိုအာရုံကို တပ်မက်ခြင်း = ရဇ္ဇန စသည်၏ အစွမ်းဖြင့် အကုသိုလ်ဇော စော၏။

(၅- ပဉ္စမ မနောဒွါရဝီထိတည်း။) (အနုဋီ၊၁၊၂၀၀။)

ဤစကားစဉ်အရ --- ရူပါရုံတစ်ခုက စက္ခုဒွါရ မနောဒွါရတို့၌ ရှေးရှူကျရောက်လာရာ ထင်လာရာဝယ် -

၁။ ရူပါရုံကို အာရုံပြုသော စက္ခုဒွါရဝီထိ -

၂။ ယင်းစက္ခုဒွါရဝီထိ၏ အာရုံဖြစ်သော အတိတ်ရူပါရုံကိုပင် ဆက်လက်၍ အာရုံပြုသော တဒနုဝတ္တက (တဒနုဝတ္တိက) မနောဒွါရဝီထိ တစ်ဝီထိ -

၃။ ယင်းစက္ခုဒွါရဝီထိ, တဒနုဝတ္တက မနောဒွါရဝီထိတို့ဖြင့် မြင်အပ်ပြီးသော အတိတ်ရူပါရုံကိုပင် ညို၏ ဝါ၏ ပြာ၏ နက်၏ စသည်ဖြင့် ပိုင်းခြားနိုင်သော သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ -

၄။ ယင်း (၃)ဝီထိတို့ဖြင့် မြင်အပ် သိအပ် ပိုင်းခြားအပ်ပြီးသော ရူပါရုံကို စွဲ၍ ယောက်ျား မိန်းမ အိုး ပုဆိုး စသည်တည်း --- ဟု အမှတ်အသား သင်္ကေတ ရှိဖူးသည်နှင့် လျော်စွာ ယောက်ျား မိန်းမ အိုး ပုဆိုး စသော အတ္ထ ပညတ်ကို သိသော သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ -

၅။ ယင်းရူပါရုံ၏ ယောက်ျား မိန်းမ အိုး ပုဆိုးစသော အတ္ထပညတ်တို့တွင် တစ်ခုခုကို (ယောက်ျားကို သို့မဟုတ် မိန်းမကို သို့မဟုတ် အိုးကို သို့မဟုတ် ပုဆိုးကို) အာရုံပြု၍ သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိကျပြန်၏။

ဤပဉ္စမမြောက် မနောဒွါရဝီထိကျမှ (ယောနိသောမနသိကာရ ဖြစ်လျှင်) ကြည်ညိုခြင်း, (အယောနိသော မနသိကာရ ဖြစ်လျှင်) တပ်မက်ခြင်း ချစ်ခင်ခြင်း မုန်းတီးခြင်း စသည်ဖြစ်၏။ ဤကား ဆရာစဉ်ဆက် သင်ကြား ပို့ချရိုး ဝါစာနာမဂ္ဂအတိုင်း ဖော်ပြခြင်းတည်း။ (မိုင်းခိုင်းဆရာတော်၏ --- ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံကျမ်း၊ ၂၆-၂၇ တို့၌ ကြည့်ပါ။)

စက္ခုနာ ရူပံ ဒိသွာ = စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်၍ --- ဤသို့သော ဒေသနာတော်တို့၌ ဒုတိယ မနောဝိညာဏဝီထိ (= မနောဒွါရဝီထိ) တတိယ မနောဝိညာဏဝီထိတို့ကို စက္ခုဝိညာဏဝီထိ၌ စုပေါင်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့ပေသည်။ (မဏိမဉ္ဇူ)

စိတ်တို့၏ အလွန်လျင်မြန်စွာ ဖြစ်ခြင်းသဘော ရှိခြင်းကြောင့် စက္ခုဝိညာဏဝီထိ၏ အခြားမဲ့၌ ဖြစ်ကုန် သော မနောဒွါရဝီထိတို့ဖြင့် ယောက်ျား မိန်းမ အိုး ပုဆိုး စသော အတ္ထပညတ်ကို သိမှု, ကြည်ညိုခြင်း တပ်မက် ခြင်း ချစ်ခင်ခြင်း ပြစ်မှားခြင်း စသည် ဖြစ်မှုကို ပရမတ္ထဉာဏ်ပညာမျက်စိ မရှိကြကုန်သော စက္ခုဝိညာဏဝီထိနှင့် မနောဒွါရဝီထိတို့၏ ထူးထွေကွဲပြားမှုကို ခွဲခြားမသိနိုင်ကြကုန်သော = အဝိသေသဝိဒူ အမည်ရကုန်သော ပုထုဇန် ငမိုက်သားတို့သည်ကား စက္ခုဝိညာဏ်ဖြင့် (= မျက်စိဖြင့်)ပင် ယင်း ယောက်ျား မိန်းမ အိုး ပုဆိုး စသည်တို့ကို မြင်သကဲ့သို့ အောက်မေ့မှတ်ထင်ကြကုန်၏။ (မူလဋီ၊၁၊၇၂-၇၃။)

အမှန်စင်စစ်မှာမူ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မနောဒွါရဝီထိ (= မနောဝိညာဏဝီထိ)တို့ဖြင့်သာ ယောက်ျား မိန်းမ အိုး ပုဆိုး - စသော အတ္ထပညတ်ကိုလည်း သိ၏။ ပဉ္စမ မနောဒွါရဝီထိကျမှသာလျှင် ကြည်ညိုခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း ပြစ်မှားခြင်း စသည် ဖြစ်၏ဟု မှတ်သားပါလေ။

နောက်ထပ်တစ်ဖန် အကယ်၍ ထိုရူပါရုံသည် စက္ခုဒွါရ မနောဒွါရတို့၌ ရှေးရှူကျရောက်လာသည် ထင်လာသည် ဖြစ်အံ့၊ နည်းတူပင်လျှင် စက္ခုဝိညာဏဝီထိ တစ်ဝီထိနှင့် မနောဝိညာဏဝီထိ လေးဝီထိတို့သည် ထပ်၍ ဖြစ်ကြပြန်ကုန်၏။ ဤစကားကား အလွန်ဆုံးကို ပြောဆိုသော ဥက္ကဋ္ဌနိဒ္ဒေသနည်းတည်း။ ဤသို့ စက္ခုဝိညာဏဝီထိ တစ်ဝီထိ, မနောဝိညာဏဝီထိ လေးဝီထိ ဖြစ်ကြောင်းကို ဖွင့်ဆိုသော ဤနည်းကို လေ့ကျက်အပ်ပြီး သော အလေ့အလာများနေသော ကျက်စားနေကျ အာရုံကို ရည်ရွယ်၍ ဆိုခြင်းသာဖြစ်၏။ လေ့ကျက်မှု နည်းပါး သည့် ကျက်စားနေကျ မဟုတ်သော အာရုံ၌ကား ကြိုးကြားကြိုးကြား၌ ပဉ္စဒွါရဝီထိဖြစ်၍ ထိုပဉ္စဒွါရဝီထိနှင့် လျော်သော မနောဒွါရဝီထိလည်း ဖြစ်၏ဟု သိပါလေ။ ဒွါရ ဘဝင် စသည်တို့၏ ဇောနှင့် ဆက်စပ်မှု ရှိနေခြင်း မှာ ရုပ်နာမ် သန္တာန်အစဉ်တစ်ခုတည်း၌ အကျုံးဝင်နေသောကြောင့်ဟု မှတ်သားပါလေ။ (အနုဋီ၊၁၊၂၀၀။)

ဤအနုဋီကာ၏ ဖွင့်ဆိုချက်အရ စက္ခုဝိညာဏဝီထိတစ်ခု၏ အခြားမဲ့၌ မနောဝိညာဏဝီထိများ အနည်း အများ ထိုက်သလို ဖြစ်နိုင်ကြ၏၊ မနောဝိညာဏဝီထိတို့၏ အကြားအကြား၌လည်း စက္ခုဝိညာဏဝီထိ စသည့် ပဉ္စဝိညာဏဝီထိတို့သည် ဒွါရ အာရုံ တိုက်ဆိုင်မှု စသော အကြောင်းတို့ကို အခြေခံ၍ ထိုက်သလို ဖြစ်နိုင်ကြ၏ဟု မှတ်သားပါ။ သောတဝိညာဏဝီထိ စသည်တို့၌လည်း နည်းတူ သဘောပေါက်ပါလေ။

အထူးသဖြင့် ယခုကဲ့သို့ ရုပ်နာမ် ပရမတ်တရားတို့ကို အာရုံယူ၍ နာမ်တရားတို့ကို သိမ်းဆည်းနေသော အပိုင်း၌ကား ပဉ္စဒွါရဝီထိတစ်ခု၏ နောင်ဝယ် မနောဒွါရဝီထိများသည် ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင် များခြားလျက် ဝီထိပေါင်းများစွာလည်း ဖြစ်နိုင်သည်သာဟု မှတ်သားပါလေ။ ပရမတ်သက်သက်ကို အာရုံယူ နေသော ဝီထိတို့ကို အထူးဆိုလိုသည်။ ယင်းရူပါရုံကို နိစ္စဟု သုခဟု အတ္တဟု သုဘဟု ပိုင်ပိုင်နိုင်နိုင် သိမှုမှာ မနောဒွါရဝီထိတို့နှင့်သာ အထူးသက်ဆိုင်၏။ ပဉ္စဒွါရဝီထိတို့၌ကား ယင်းရူပါရုံ စသည်ကို အာရုံယူ၍ ဣဋ္ဌရူပါရုံ ၌ တပ်မက်ရုံမျှ အနိဋ္ဌရူပါရုံ၌ ပြစ်မှားရုံမျှ, အာရုံ၏ သဘောမှန်ကို မမြင်ရာ၌ တွေဝေရုံမျှသာ ဖြစ်သည်။ သို့ အတွက် နိစ္စ သုခ အတ္တ စသည်ဖြင့် သိမှုကို မနောဒွါရဝီထိတို့၌သာ ရှုပါလေ။

သဒ္ဒံ ပဌမစိတ္တေန၊ တီတံ ဒုတိယစေတသာ။

နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။

ဃဋောတိ သဒ္ဒံ သုဏန္တဿ ဧကမေကံ သဒ္ဒံ အာရဗ္ဘ ပစ္စုပ္ပန္နာတီတာရမ္မဏဝသေန ဒွေ ဒွေ ဇဝနဝါရာ ဟောန္တိ။ တတော သဒ္ဒသမုဒါယမာရဗ္ဘ ဧကော၊ တတော နာမပဏ္ဏတ္တိမာရဗ္ဘ ဧကောတိ ဧဝံ သဒ္ဒသမုဒါရမ္မဏာယ ဇဝနဝီထိယာ အနန္တရံ နာမပဏ္ဏတ္တိ ပါကဋာ ဟောတိ။ တတော ပရံ အတ္ထာဝဗောဓော။ (အဘိဓမ္မာဝတာရဋီကာ၊၊)

အက္ခရာ အသံ - တစ်လုံးရှိသော သဒ္ဒါရုံ

အက္ခရာ အသံ - တစ်လုံးရှိသော သဒ္ဒါရုံ

ဂေါ = နွား - ဟူသော အက္ခရာတစ်လုံးသာ ရှိသော ပစ္စုပ္ပန်သဒ္ဒါရုံကို ကြားရာ၌ ---

၁။ ဂေါ = နွား - ဟူသော ပစ္စုပ္ပန်သဒ္ဒါရုံကို သိသော ပထမ သောတဒွါရဝီထိ -

၂။ ယင်းသောတဒွါရဝီထိဖြင့် သိပြီးသော အတိတ်သဒ္ဒါရုံကို သိသော ဒုတိယ တဒနုဝတ္တက မနောဒွါရဝီထိ (ဂေါ = နွားဟူသော အသံကို ဆိုလိုသည်။)

၃။ ဂေါ = နွားဟူသော အမည်နာမပညတ်ကို သိသော တတိယ သုဒ္ဓမနောဒွါရဝီထိ

၄။ နွားဒြပ် အတ္ထပညတ်ကို အာရုံပြုသော စတုတ္ထ သုဒ္ဓမနောဒွါရဝီထိ -

၅။ ဂေါ = နွားဟူသော သဒ္ဒါရုံ နာမပညတ် သို့မဟုတ် နွားဒြပ်ဟူသော အတ္ထပညတ်ကို အာရုံပြုသော ပဉ္စမ သုဒ္ဓမနောဒွါရဝီထိ -

ဤပဉ္စမဝီထိသို့ ရောက်ရှိမှ နွားဟု သိ၍ ကြည်ညိုခြင်း ချစ်ခင်ခြင်း တပ်မက်ခြင်း စသည် ဖြစ်၏။

အက္ခရာ နှစ်လုံး ရှိသော သဒ္ဒါရုံ

အက္ခရာ နှစ်လုံး ရှိသော သဒ္ဒါရုံ

ပဋ = ပုဆိုး

အက္ခရာနှစ်လုံး ရှိသော ပဋ စသော သဒ္ဒါရုံတို့၌ ---

၁။ ပ - ကို အာရုံပြု၍ သောတဒွါရ တစ်ဝီထိ -

၂။ တဒနုဝတ္တက မနောဒွါရ တစ်ဝီထိ -

၃။ ဋ - ကို အာရုံပြု၍ သောတဒွါရ တစ်ဝီထိ -

၄။ တဒနုဝတ္တက မနောဒွါရ တစ်ဝီထိ -

၅။ ထိုနောင် ပဋ ဟူသော အက္ခရာ (၂)လုံးပေါင်းကို အာရုံပြု၍ သုဒ္ဓမနောဒွါရ တစ်ဝီထိ -

၆။ ထိုနောင် ပဋ = ပုဆိုးဟူသော အမည်နာမပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ တစ်ဝီထိ -

၇။ ထိုနောင် ပဋ = ပုဆိုးဒြပ် အတ္ထပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ တစ်ဝီထိ -

ဤသို့လျှင် ပဋ = ပုဆိုးဟူသော အသံကို ကြားရာ၌ ဝီထိပေါင်း (၇)ခုရှိမှ လူတို့ ဝတ်ဆင်သော ပုဆိုးဒြပ် ဟူသော အနက်ကို သိ၏။ ဤသို့ (၄)ဝီထိ (၅)ဝီထိ စသည် ကျပုံကား ဝိညတ်ရုပ် အလိုအဓိပ္ပါယ်တို့ကို သိခြင်း နှင့် မစပ်သော ဝီထိကျပုံတည်း။ အက္ခရာများရာတို့၌ နည်းမှီး၍ သိလေ။

လက်-ခြေ စသည် လှုပ်ပြရာ၌

လက်-ခြေ စသည် လှုပ်ပြရာ၌

လက်-ခြေ-ဦးခေါင်း လှုပ်၍ပြခြင်း စသည်တို့၌ ---

၁။ လှုပ်သော လက်-ခြေ စသည်၌ တည်သော ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၍ ရှေးဦးစွာ စက္ခုဒွါရဝီထိ တစ်ဝီထိ

၂။ ထိုနောင် ယင်းအတိတ်ရူပါရုံကို အာရုံပြု၍ တဒနုဝတ္တက မနောဒွါရဝီထိ တစ်ဝီထိ

၃။ ထိုနောင် ယင်းအတိတ်ရူပါရုံကို အညို အရွှေ စသည်ဖြင့် ဆုံးဖြတ်တတ်သော တတိယ သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ

၄။ ထိုနောင် ဝိညတ်ကို သိသော (လက်လှုပ်မှု စသည်ကို သိသော) စတုတ္ထ မနောဒွါရဝီထိ တစ်ဝီထိ

၅။ ထိုနောင် ဤပုဂ္ဂိုလ်သည် ဤအမှုကို ပြုစေလို၏ဟု ပုဂ္ဂိုလ်၏ အလိုကို (ဘာဝကို) သိသော ပဉ္စမ မနောဒွါရဝီထိ ဖြစ်သည်။

ဝစီဝိညတ်သံ

ဝစီဝိညတ်သံ

ခေါ်ဝေါ်ပြောကြားခြင်း စသည်ကို ပြုသောသူ၏ အသံကို ကြားသော သူအား ---

၁။ ယင်းပစ္စုပ္ပန် အသံ သဒ္ဒါရုံကို အာရုံပြု၍ ရှေးဦးစွာ သောတဒွါရဝီထိ တစ်ဝီထိ

၂။ ထိုနောင် ယင်းအတိတ်သဒ္ဒါရုံကို အာရုံပြု၍ တဒနုဝတ္တက မနောဒွါရဝီထိ တစ်ဝီထိ

၃။ ထိုနောင် အမည်နာမပညတ်ကို အာရုံပြု၍ တတိယ သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ

၄။ ထိုနောင် ဝစီဝိညတ်ကို အာရုံပြု၍ စတုတ္ထ မနောဒွါရဝီထိ တစ်ဝီထိ

၅။ ထိုနောင် ပြောဆိုသော ပုဂ္ဂိုလ်၏ အလို (ဘာဝ)ကို သိသော ပဉ္စမ မနောဒွါရဝီထိ တစ်ဝီထိ ဖြစ်၏။

ဤသို့ ဝစီဝိညတ်ကို သိသော ဝီထိကို ပြရာ၌ အနက်ကို သိသော ဝီထိကို ဋီကာဆရာတို့ အသီး မပြသည် မှာ အလိုကို သိသော ဝီထိ၌ ပေါင်းသွင်းချုံးထားသည်ဟု ယူအပ်၏။ ထိုတွင် အလိုကို သိသော ဝီထိ မကျမီ အနက်ကို သိသော ဝီထိ ရှေးဦးကျသည်များ၏။ (ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံကျမ်း၊ ၂၈-၂၉ ကြည့်။)

နိယတယောဂီ - အနိယတယောဂီ

နိယတယောဂီ - အနိယတယောဂီ

ဣဿာ-မစ္ဆေရ-ကုက္ကုစ္စ၊ ဝိရတီ ကရုဏာဒယော။

နာနာ ကဒါစိ မာနောစ၊ ထိန-မိဒ္ဓံ တထာ သဟ။

ယထာဝုတ္တာနုသာရေန၊ သေသာ နိယတယောဂိနော။

(အဘိဓမ္မတ္ထသင်္ဂဟ။)

မိမိတို့ ယှဉ်ဖက်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲယှဉ်လျက်ရှိသော စေတသိက်များကို နိယတယောဂီ စေတသိက်ဟု ခေါ်ဆို၍ မိမိတို့ ယှဉ်ဖက်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲမယှဉ်ဘဲ တစ်ရံတစ်ခါသာ ယှဉ်နိုင်သော စေတသိက်များကို အနိယတယောဂီ စေတသိက်ဟု ခေါ်ဆိုသည်။ ယင်းစေတသိက်တို့မှာ ---

၁။ ဣဿာ-မစ္ဆေရ (= မစ္ဆရိယ)- ကုက္ကုစ္စ

၂။ သမ္မာဝါစာ-သမ္မာကမ္မန္တ-သမ္မာအာဇီဝ (= ဝိရတိ၊၃၊မျိုး)

၃။ ကရုဏာ-မုဒိတာ-(အပ္ပမညာ၊၂၊မျိုး)

၄။ မာန

၅။ ထိန-မိဒ္ဓ

အားလုံး ပေါင်းသော် (၁၁)မျိုးတည်း၊ ဤ (၁၁)မျိုးတို့ကား အနိယတယောဂီ စေတသိက် တို့တည်း။စေတသိက် (၅၂)မျိုးတို့တွင် ယင်း (၁၁)မျိုးမှ ကြွင်းကျန်သော ကျန် (၄၁)မျိုးသော စေတသိက်တို့ကား နိယတ ယောဂီ စေတသိက်တို့တည်း။

နာနာ - ကဒါစိ စေတသိက်များ

နာနာ - ကဒါစိ စေတသိက်များ

အနိယတယောဂီ စေတသိက် အချို့တို့သည် မိမိတို့ ယှဉ်ဖက်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲယှဉ်လျက် မပါ၊ ကဒါစိ --- တစ်ရံတစ်ခါ၌သာ ယှဉ်လျက် ဖြစ်ကြရသည်၊ ထိုသို့ တစ်ရံတစ်ခါ ဖြစ်ခွင့်ရပါသော်လည်း မိမိ တွဲဖက် သုံးမျိုးလုံး နှစ်မျိုးလုံး တစ်ပြိုင်နက် မယှဉ်နိုင်ကြ၊ အာရုံချင်း ကွဲပြားသောကြောင့် နာနာ - တစ်သီး တခြား တစ်မျိုးစီသာ ယှဉ်ခွင့်ရလေသည်။

ဣဿာ-မစ္ဆေရ-ကုက္ကုစ္စ --- စေတသိက်တို့သည် ဒေါသမူဒွေ၌ ယှဉ်သော်လည်း ဒေါသမူစိတ်ဖြစ်တိုင်း ယင်းစေတသိက်တို့ မပါဝင်ကြပေ။ သူတစ်ပါးစည်းစိမ်ကို ငြူစူမှု ကိုယ့်ထက်သာ မနာလိုမှု ဖြစ်ခိုက်မှာသာ ဣဿာ ပါဝင်၏။ မိမိ စည်းစိမ်ကို ဝန်တိုသောအခါ သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်သောအခါ မိမိ ပစ္စည်းကို သူတစ်ပါး ကိုင်ကြည့်မှုကို မကြိုက်သော အခါ၌သာ မစ္ဆေရ ပါဝင်၏။ ပြုပြီး ဒုစရိုက် မပြုလိုက်မိသော သုစရိုက်ကို အာရုံပြု၍ ပြုမိတာ မှားလေပြီ၊ မပြုမိတာ မှားလေပြီဟု နောင်တတစ်ဖန် ပူပန်သော အခါ၌သာ ကုက္ကုစ္စ ပါဝင်၏။ သူ့အသက်သတ်မှု, သောကပရိဒေဝဖြစ်မှု စသည့် ဒေါသမူစိတ်ဖြစ်ရာ အခါတို့၌ ယင်း စေတသိက် (၃)မျိုးတို့ မပါဝင်ကြပေ။ ဒေါသမူစိတ် ဖြစ်ရာ၌ ယင်းစေတသိက်တို့ ပါဝင်ကြရာ၌လည်း ---

၁။ ဣဿာက သူတစ်ပါးစည်းစိမ်ကို အာရုံပြု၏။

၂။ မစ္ဆေရက ကိုယ့်စည်းစိမ်ကို အာရုံပြု၏။

၃။ ကုက္ကုစ္စက ပြုပြီး ဒုစရိုက် မပြုလိုက်မိသော သုစရိုက်ကို အာရုံပြု၏။

ဤသို့ အာရုံကွဲပြားခြင်း အာရုံပြုပုံ ကွဲပြားခြင်းကြောင့် ယင်း စေတသိက်တို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူတကွ တစ်ပြိုင်နက် ယှဉ်ခွင့်မရကြပေ။ မိမိဆိုင်ရာ အာရုံကို အာရုံပြုခိုက်၌သာ တစ်မျိုးစီ ဒေါသ မူ နာမ်တရားစုနှင့် ယှဉ်ကြလေသည်။ သို့အတွက် ဤစေတသိက်တို့သည် နာနာ- ကဒါစိ စေတသိက်တို့ မည်ကြသည်။

သမ္မာဝါစာ-သမ္မာကမ္မန္တ-သမ္မာအာဇီဝ --- နာနာ- ကဒါစိ ဖြစ်ပုံကို ပြဆိုရာ ဤနေရာ၌ လောကီဝိရတိ သာတည်း၊ လောကုတ္တရဝိရတိကား သုံးပါးလုံးပင် နိဗ္ဗာန်ကိုချည်း အာရုံပြုသောကြောင့် အမြဲတစ်ပြိုင်နက် ယှဉ် ကြသည်။ လောကီ ကာမာဝစရကုသိုလ်တို့၌ကား ရံခါ အသီးအသီး တစ်လုံးစီ တစ်လုံးစီ ယှဉ်ကြသည်။

၁။ သမ္မာဝါစာဟူသည် အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါး တစ်ပါးပါးမှ ရှောင်ကြဉ်မှုသဘော ဖြစ်၏။

၂။ သမ္မာကမ္မန္တဟူသည် အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် (၃)ပါး တစ်ပါးပါးမှ ရှောင်ကြဉ်မှုသဘော ဖြစ်၏။

၃။ သမ္မာအာဇီဝဟူသည် အသက်မွေးဝမ်းကြောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါး, ကာယဒုစရိုက် (၃) ပါး တစ်ပါးပါးမှ ရှောင်ကြဉ်မှုသဘော ဖြစ်၏။

ဤသို့လျှင် ဝိရတိတို့သည် တစ်ပါးနှင့် တစ်ပါး ရှောင်ကြဉ်ရမည့် ရှောင်ကြဉ်ထိုက်သည့် ဝိရမိတဗ္ဗဝတ္ထု ဟူသော ကာမ ရုပ်-နာမ် အာရုံချင်း မတူညီကြသောကြောင့် လောကီအခိုက် မဟာကုသိုလ်စိတ်တို့၌ ရံခါ ယှဉ်ခိုက်ဝယ် တစ်လုံးစီ တစ်လုံးစီသာ ယှဉ်နိုင်ကြသည်။ ယှဉ်ပြန်ပါသော်လည်း မဟာကုသိုလ်စိတ် ဖြစ်တိုင်း ယှဉ်နိုင်သည်ကား မဟုတ်။ ဒါနပြုရာ ဒါနကုသိုလ်ဖြစ်ရာ အခါ, ပရိကမ္မသမာဓိ ဥပစာရသမာဓိနှင့် ယှဉ်သော သမထဘာဝနာစိတ်ဖြစ်ရာ အခါ, ဝိပဿနာဘာဝနာစိတ်ဖြစ်ရာ အခါ စသည်တို့၌ (ပုထုဇန် သေက္ခတို့ သန္တာန် ဝယ်) မဟာကုသိုလ်စိတ်တို့ ဖြစ်ကြ၏။ ယင်းကဲ့သို့သော မဟာကုသိုလ်စိတ်တို့ ဖြစ်ရာအခါ စသည်တို့၌ ယင်း ဝိရတိ စေတသိက်တို့သည် မပါဝင်ကြပေ။ သို့အတွက် ဤဝိရတိ စေတသိက်တို့သည်လည်း ဆိုင်ရာ မဟာကုသိုလ် စိတ်တို့နှင့် အသီးအသီး တစ်လုံးစီ တစ်လုံးစီ တစ်ရံတစ်ခါသာ ယှဉ်သောကြောင့် --- နာနာ-ကဒါစိ စေတသိက်တို့ မည်ကြ၏။

ကရုဏာ-မုဒိတာ --- စေတသိက်တို့သည် တိဟိတ်ပုထုဇန်လူသားများအတွက် ကွက်၍ ဆိုရမူ ---

၁။ မဟာကုသိုလ်စိတ် (၈)မျိုး

၂။ စတုက္ကနည်းအားဖြင့် ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော စျာန် (၃) ပါး ---

ဤကုသိုလ်စိတ်တို့၌ ယှဉ်၍ အသီးအသီး တစ်လုံးစီ တစ်လုံးစီ တစ်ရံတစ်ခါ ဖြစ်နိုင်ကုန်၏။ မဟာကုသိုလ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း ပထမစျာန် ဒုတိယစျာန် တတိယစျာန် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲတန်း ဖြစ်ကြ သည်ကား မဟုတ်ကုန်၊ တစ်ရံတစ်ခါသာ ဖြစ်ကြ၏။ ယှဉ်ကြ၏။

ထိုသို့ ယှဉ်ရာဝယ် သတ္တဝါ ပညတ်ကို အာရုံယူ၍ ကရုဏာ မုဒိတာ ဖြစ်သောအခါ, သတ္တဝါ ပညတ်ကို အာရုံယူ၍ ကရုဏာကမ္မဋ္ဌာန်းကို မုဒိတာကမ္မဋ္ဌာန်းတို့ကို စီးဖြန်းသောအခါ, ကရုဏာစျာန် မုဒိတာစျာန်တို့ကို ရရှိသောအခါတို့၌သာ ယှဉ်ကြ၏။

ဒါနပြုရာအခါ, ဘုရားဂုဏ်စသည်ကို အာရုံပြုရာအခါ, ပထဝီကသိုဏ်း စသော ကသိုဏ်းပညတ်ကို အာရုံ ယူ၍ သမာဓိထူထောင်နေသောအခါ, စျာန်ရသောအခါ စသည်တို့၌ မယှဉ်ကုန်။ သို့အတွက် ယင်းစေတသိက် (၂)မျိုးတို့သည် ကဒါစိ စေတသိက်တို့ ဖြစ်ကြရ၏။ တစ်ဖန် ---

၁။ ကရုဏာသည် ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၏၊

၂။ မုဒိတာသည် သုခိတ သတ္တဝါပညတ်ကို အာရုံပြု၏၊

ဤသို့ အာရုံချင်း မတူညီကြသောကြောင့် စိတ္တက္ခဏတစ်ခု အတွင်းဝယ် ကရုဏာ ယှဉ်ခိုက် မုဒိတာ မယှဉ်၊ မုဒိတာ ယှဉ်ခိုက် ကရုဏာ မယှဉ်နိုင်။ အသီးအသီး တစ်လုံးစီ တစ်လုံးစီသာ ယှဉ်နိုင်၏။ သို့အတွက် ဤစေတသိက်တို့သည် နာနာစေတသိက်တို့လည်း ဖြစ်ကြရ၏။ စကားနှစ်ရပ် ပေါင်းစပ်သော် ယင်းစေတသိက် (၂)မျိုး တို့သည်လည်း --- နာနာ-ကဒါစိ --- စေတသိက်တို့သာ ဖြစ်ကြသည်။

မာန --- ဒိဋ္ဌိနှင့် မယှဉ်သော ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘမူစိတ် (၄)မျိုး၌ ယှဉ်သော မာန စေတသိက်သည် လည်း ထိုဒိဋ္ဌိဂတဝိပ္ပယုတ် လောဘမူစိတ်ဖြစ်တိုင်း အမြဲတမ်း ပါဝင်သည်ကား မဟုတ်ပေ။ ဣဋ္ဌဖြစ်သော ရူပါရုံ ကို သာယာလျက် ဒိဋ္ဌိနှင့် မယှဉ်သော လောဘမူစိတ် ဖြစ်နေသည့်အခါတွင် ရူပါရုံကို သာယာမှုသက်သက်သာ ဖြစ်နေပါက မာန မပါဝင်နိုင်ပေ။ ငါတကားဟု ထောင်လွှားမှု မာန်မူခိုက်မှာသာလျှင် မာန ယှဉ်နိုင်သည်။ မာန တစ်မျိုးတည်းဖြစ်၍ အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဖြစ်၏ဟု ဆိုဖွယ်မရှိ၊ တစ်ရံတစ်ခါသာ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ ယှဉ်သည့်အတွက် ယင်းမာနကို ကဒါစိ စေတသိက်ဟုသာ ခေါ်ဆိုပေသည်။ အကယ်၍ ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ်ဝယ် မာန မယှဉ်သော် --- (၁၉^၂၁^၁၈^၂၀)သော နာမ်တရား အသီးသီးသာ ရှိမည် ဖြစ်သည်။

ထိန-မိဒ္ဓ --- လောဘမူ သသခါရိကစိတ် (၄)မျိုး- ဒေါသမူ သသင်္ခါရိကစိတ် (၁)မျိုး --- ဤအကုသိုလ် သသင်္ခါရိကစိတ် (၅)မျိုး၌ ယှဉ်သော ထိန-မိဒ္ဓသည်လည်း သသင်္ခါရိကစိတ် ဖြစ်တိုင်းလည်း မပါဝင်ပေ။ ဥပမာ သသင်္ခါရိကစိတ်ဖြင့် သူ့ဥစ္စာကို ခိုးယူရာ, သူ့သားအိမ်ယာကို ဖျက်ဆီးရာတို့၌ ထိန-မိဒ္ဓ မပါဘဲသော်လည်း ရှိရာ၏။ စိတ်ထက်ထက်သန်သန် မရှိဘဲ စိတ်ဓာတ်ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်ရာအခါ၌သာ ထိန-မိဒ္ဓ ပါဝင်သင့်၏။ ထိုသို့ ပါဝင်ရာ၌ ထိန- က စိတ်ကို ထိုထို အမှု၌ မခံ့ညားအောင် ဖိနှိပ်၍, မိဒ္ဓ- က စေတသိက်ကို ထိုထို အမှု၌ ပင် မခံ့ညားအောင် ဖိနှိပ်သောကြောင့် (စိတ်နှင့် စေတသိက်တို့သည် ခွဲ၍မရဘဲ ဧကုပ္ပါဒ လက္ခဏာနှင့် အညီ အတူတကွသာ ဖြစ်သကဲ့သို့) ထိန-မိဒ္ဓ (၂)မျိုးတို့လည်း ခွဲ၍မရ အတူတကွသာ ဖြစ်သောကြောင့် --- သဟ - စေတသိက်တို့ ဖြစ်ကြ၏။ ရံခါသာ ဖြစ်သောကြောင့် ကဒါစိ - စေတသိက်တို့လည်း ဖြစ်ကြ၏။ သို့အတွက် ထိန-မိဒ္ဓ စေတသိက်တို့သည် သဟ-ကဒါစိ စေတသိက်တို့တည်း။

ဤသတ်မှတ်ချက်အရ အကုသိုလ် သသင်္ခါရိကစိတ် (၅)မျိုးတို့၌ ထိန-မိဒ္ဓ မယှဉ်ခဲ့သော် --- ထိန-မိဒ္ဓ မပါသဖြင့် အသင်္ခါရိကစိတ်တို့၌ ပါဝင်တည်ရှိသော နာမ်တရားအုပ်စု အသီးအသီး အတိုင်းသာရှိ၏ဟု မှတ်ပါ။ ထိုအခါမျိုး၌ ကုသိုလ်မှာကဲ့သို့ပင် အကုသိုလ်စိတ်တို့၌လည်း သသင်္ခါရိက-အသင်္ခါရိက (၂)မျိုးတို့၌ သသင်္ခါရိက အသင်္ခါရိကကို အကြောင်းပြု၍ စေတသိက် အရေအတွက် ထူးထွေကွဲပြားမှု မရှိဟု သိပါလေ။

မှီရာဝတ္ထုရုပ်များ

မှီရာဝတ္ထုရုပ်များ

အထက် ရူပါရုံလိုင်း ဓမ္မာရုံလိုင်း စသည်တို့၏ ဇယား အသီးအသီးများ၌ စက္ခုဒွါရဝီထိ နောက်လိုက် မနောဒွါရဝီထိတို့ဝယ် စက္ခုဝိညာဏ်စိတ်နှင့် သမ္ပယုတ်တရားစုတို့သည် စက္ခုဝတ္ထုရုပ် = စက္ခုအကြည်ဓာတ်ကို မှီ၍ ဖြစ်ကြ၏။ (သောတဝိညာဏ်စိတ် ဃာနဝိညာဏ်စိတ် ဇိဝှါဝိညာဏ်စိတ် ကာယဝိညာဏ်စိတ်နှင့် ဆိုင်ရာ သမ္ပယုတ်တရားစုတို့သည်လည်း သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟူသော ဆိုင်ရာ အကြည်ဓာတ် အသီးအသီးကိုသာ မှီ၍ ဖြစ်ကြ၏။)

ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ၊ မနောဒွါရာဝဇ္ဇန်း၊ ဇော၊ တဒါရုံ --- ဟူသော ကျန်ဝီထိစိတ် အားလုံးတို့နှင့် ယှဉ်ဖက် သမ္ပယုတ်တရားစုတို့သည် ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ အသီးအသီး ဖြစ်ကြ၏။ ဇယားများတွင် သုတ္တန်နည်းအရ ရုပ်ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားရမည် ဖြစ်သဖြင့် စက္ခုဝတ္ထု ဟဒယဝတ္ထုစသည့် ဝတ္ထုရုပ်သက်သက်ကိုသာ မဖော်ပြဘဲ မျက်စိ၌ (၅၄)မျိုး နှလုံး၌ (၅၄)မျိုး ဤသို့ စသည်ဖြင့် ဖော်ပြထားပါသည်။ ဤ (၅၄)မျိုး စသော ရုပ်တို့ကား ရုပ်အစစ်တို့ သာတည်း။ သို့သော် ရုပ်-နာမ်ကို သိမ်းဆည်းသည့် ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ကား ရနိုင်သမျှ ရုပ်အတု များကိုပါ ရောနှော၍ သိမ်းဆည်းရှုပွားပါ။ ဝိပဿနာပိုင်းသို့ ရောက်ရှိသော အခါ၌မူကား ရုပ်အတုများကို ချန် လှပ်၍ ရုပ်အစစ်များကိုသာ ဝိပဿနာရှုပါ။

ရေတွက်ပြီးသည်ကို ထပ်မံ မရေတွက်သော် မျက်စိ၌ --- ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ- ရသ-ဩဇာ-ဇီဝိတ-စက္ခုပသာဒ-ကာယပသာဒ-ဘာဝရုပ် ဟု ရုပ်အစစ် (၁၂)မျိုး, အာကာသဓာတ်-လဟုတာ- မုဒုတာ-ကမ္မညတာ-ကာယဝိညတ်-ဥပစယ-သန္တတိ-ဇရတာ-အနိစ္စတာ ဟူသော ရုပ်အတု (၉)မျိုး --- နှစ်ရပ် ပေါင်းသော် (၂၁)မျိုးသော ရုပ်တရားတို့တည်း။ ဤသို့ စသည်ဖြင့် ထိုက်သလို သဘောပေါက်ပါလေ။

သဒ္ဒါရုံ = အသံလိုင်း

သဒ္ဒါရုံ = အသံလိုင်း

ရူပါရုံ = အရောင်လိုင်း၌ နာမ်တရားတို့ကို သိမ်းဆည်း သကဲ့သို့ပင် သဒ္ဒါရုံလိုင်း စသည်တို့၌လည်း နာမ် တရားတို့ကို ဆက်လက် သိမ်းဆည်းရမည် ဖြစ်သည်။ ဇော၌ကား ယောနိသော မနသိကာရဖြစ်လျှင် ကုသိုလ် ဇော စော၍ အယောနိသော မနသိကာရဖြစ်လျှင် အကုသိုလ်ဇော စောမည် ဖြစ်သည်။ ကုသိုလ်ဇောများ ပါဝင် သည့် ဝီထိတို့၌ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဤတွင် အကုသိုလ်ဇော စောကြ သည့် ဝီထိတို့၌ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို အကျဉ်းချုပ်၍ ဖော်ပြအပ်ပါသည်။

သောတအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့ကို ဉာဏ်၌ ပြိုင်တူထင်အောင် ပူးတွဲသိမ်းဆည်း ပြီးလျှင် ဣဋ္ဌ-အနိဋ္ဌ စသည် ပြားသောအသံ သဒ္ဒါရုံကို အာရုံယူ၍ ရှုသော် ရူပါရုံလိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း အယောနိသော မနသိကာရဖြစ်သော် --- အကုသိုလ်ဇောများ ပါဝင်သည့် ပဉ္စဒွါရာဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)၊ တဒါရုံ (၂)၊ မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)၊ တဒါရုံ (၂)၊ --- ဟူသော သောတဒွါရဝီထိ မနောဒွါရဝီထိတို့ ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ ယင်းနာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ ရူပါရုံလိုင်း၌ ဖော်ပြခဲ့သည့် အယောနိသော မနသိကာရ အမျိုးမျိုးကို နည်းမှီး၍ ဤ၌လည်း အယောနိသော မနသိကာရဖြစ်အောင် နှလုံးသွင်းခဲ့သော် လောဘဇော ဒေါသဇော မောဟဇောများသည် ထိုက်သလို စောကြမည် ဖြစ်သည်။ အကုသိုလ်ဇောဝီထိများကို အုပ်စုအလိုက် ကုန်စင်အောင် သိမ်းဆည်းပါ။ ယင်း ဝီထိစိတ်တို့တွင် သောတဝိညာဏ်စိတ်နှင့် သမ္ပယုတ်တရားစုတို့သည် ရှေးဦးအစ အတီတဘဝင်နှင့် ဥပါဒ်ပြိုင် သော မဇ္ဈိမာယုက သောတပသာဒ = သောတအကြည်ဓာတ်ကို မှီ၍ ဖြစ်ကြကုန်၏။ ကျန်ဝီထိစိတ်အားလုံးတို့ နှင့် ဆိုင်ရာ ယှဉ်ဖက်စေတသိက် သမ္ပယုတ်တရားစုတို့သည် မိမိ မိမိတို့၏ ဆိုင်ရာ ရှေးရှေး စိတ္တက္ခဏနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ အသီးအသီး ဖြစ်ကြကုန်၏။ ဤ၌ အသံ သဒ္ဒါရုံကို --- အဇ္ဈတ္တသဒ္ဒါရုံ ဗဟိဒ္ဓသဒ္ဒါရုံ (၂)မျိုးလုံးကိုပင် ထိုက်သလို အာရုံယူ၍ ရှုနိုင်ပါသည်။

ဂန္ဓာရုံ = အနံ့လိုင်း

ဂန္ဓာရုံ = အနံ့လိုင်း

ဃာနအကြည်ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်ကို ပြိုင်တူထင်အောင် ပူးတွဲ သိမ်းဆည်းပါ။ ဣဋ္ဌ- အနိဋ္ဌ စသည် ပြားသော ရုပ်ကလာပ်တို့၏ အနံ့ = ဂန္ဓာရုံကို လှမ်း၍ အာရုံယူပါ။ အဇ္ဈတ္တ ရုပ်ကလာပ်တို့၏ အနံ့ = ဂန္ဓာရုံကိုဖြစ်စေ၊ ဗဟိဒ္ဓ ရုပ်ကလာပ်တို့၏ အနံ့ = ဂန္ဓာရုံကိုဖြစ်စေ အာရုံယူ၍ ရှုနိုင်သည်။ အယောနိသော မနသိကာရဖြစ်ခဲ့သော် အကုသိုလ်ဇောများ ပါဝင်သည့် --- ပဉ္စဒွါရာဝဇ္ဇန်း၊ ဃာနဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)၊ တဒါရုံ (၂)၊ ဟူသော ဃာနဒွါရဝီထိနှင့် မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)၊ တဒါရုံ (၂) --- ဟူသော မနောဒွါရဝီထိများသည် ရူပါရုံလိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း အကြိမ်များစွာ ဘဝင်များခြားလျက် ဖြစ်ပေါ် လာကြမည် ဖြစ်သည်။ ထိုတွင် ဃာနဝိညာဏ်စိတ်မှာ မဇ္ဈိမာယုက ဃာနဝတ္ထုရုပ်ကို မှီဖြစ်၍ ကျန်ဝီထိစိတ် အားလုံးတို့သည် မိမိ မိမိတို့၏ ဆိုင်ရာ ရှေးရှေး စိတ္တက္ခဏနှင့်အတူ ဥပါဒ်သော အသီးအသီးသော ဟဒယဝတ္ထု ရုပ်ကို မှီ၍ အသီးအသီး ဖြစ်ကြသည်။

ရသာရုံ = အရသာလိုင်း

ရသာရုံ = အရသာလိုင်း

ဇိဝှါအကြည်ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်ကို ပြိုင်တူ ဉာဏ်၌ ထင်လာအောင် ပူးတွဲ သိမ်းဆည်း ပါ။ ဣဋ္ဌ-အနိဋ္ဌ စသည် ပြားသော ရုပ်ကလာပ်တို့၏ အရသာ = ရသာရုံကို လှမ်း၍ အာရုံယူပါ။ ရူပါရုံလိုင်းတွင် ဖော်ပြခဲ့သည့် အယောနိသော မနသိကာရဖြစ်ပုံ နည်းစနစ်များကို နည်းမှီး၍ အယောနိသော မနသိကာရဖြစ် အောင် အသီးအသီး နှလုံးသွင်းခဲ့သော် အကုသိုလ်ဇော အသီးအသီးတို့ ပါဝင်ကြသော --- ပဉ္စဒွါရာဝဇ္ဇန်း၊ ဇိဝှါ ဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)၊ တဒါရုံ (၂)ဟူသော ဇိဝှါဒွါရဝီထိနှင့် မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)၊ တဒါရုံ (၂) - ဟူသော များစွာသော မနောဒွါရဝီထိတို့သည် ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်များ ခြားလျက် အသီးအသီး ဖြစ်ပေါ်လာကြပေလတ္တံ့၊ ယင်းနာမ်တရားစုတို့ကို ဆက်လက်၍ အုပ်စုကုန်အောင် သိမ်းဆည်းပါ။

ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိလိုင်း

ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိလိုင်း

ဖောဋ္ဌဗ္ဗာရုံလိုင်း အမည်ရသော ဖောဋ္ဌဗ္ဗဓာတ်တို့မှာ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု (၃)မျိုး ရှိသဖြင့် ---

၁။ ပထဝီဓာတ်ကို အာရုံယူ၍လည်းကောင်း

၂။ တေဇောဓာတ်ကို အာရုံယူ၍လည်းကောင်း

၃။ ဝါယောဓာတ်ကို အာရုံယူ၍လည်းကောင်း ---

အသီးအသီး ခွဲရှုပါ။

ခန္ဓာကိုယ်ဝယ် မိမိရှုပွားလိုသည့် တစ်နေရာမှ ကာယအကြည်ဓာတ်ကိုလည်းကောင်း, ထိုနောင် ဘဝင် မနောအကြည်ဓာတ်ကိုလည်းကောင်း --- ဤအကြည်ဓာတ် (၂)မျိုးကို ဉာဏ်၌ ပြိုင်တူထင်အောင် ပူးတွဲ သိမ်းဆည်းပါ။ ဣဋ္ဌ-အနိဋ္ဌ စသည် ပြားသော မိမိ သိမ်းဆည်းထားသည့် ကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံး ရုပ် ကလာပ်တို့၌ ပါဝင်တည်ရှိသော ပထဝီဓာတ်ကို လှမ်း၍ အာရုံယူပါ။ ယင်းပထဝီဓာတ်က ယင်းကာယအကြည် ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်တို့၌ ပြိုင်တူ ရိုက်ခတ်လာသောအခါ, ရှေးရှူကျရောက်လာသောအခါ = ထင်လာသောအခါ ယင်းပထဝီဓာတ်ကို အယောနိသော မနသိကာရအားဖြင့် နှလုံးသွင်းခဲ့သော် (ရူပါရုံလိုင်း၌ ဖော်ပြခဲ့သည့်အတိုင်း) ယင်း အယောနိသောမနသိကာရ အသီးအသီးနှင့် လျော်ညီသော အကုသိုလ်ဇော အသီး အသီးတို့ ပါဝင်ကြသော ---

၁။ ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်

၂။ ကာယဝိညာဏ် = ထိသိ

၃။ သမ္ပဋိစ္ဆိုင်း = လက်ခံ

၄။ သန္တီရဏ = စုံစမ်း

၅။ ဝုဋ္ဌော = ဆုံးဖြတ်

၆။ ဇော (၇)

၇။ တဒါရုံ (၂)

(ဘဝင်များစွာ)

၁။ မနောဒွါရာဝဇ္ဇန်း = ဆင်ခြင်ဆုံးဖြတ်

၂။ ဇော (၇)

၃။ တဒါရုံ (၂)

(ဘဝင်များစွာ)

ဤဖော်ပြပါ ကာယဒွါရဝီထိနှင့် များစွာသော မနောဒွါရဝီထိတို့သည် ဝီထိတစ်ခုနှင့် တစ်ခုအကြားဝယ် ဘဝင်များခြားလျက် အကြိမ်များစွာ ဖြစ်ပေါ်လာကြပေလတ္တံ့။ သမ္ပယုတ်တရားနှင့် တကွသော ယင်းနာမ်တရားစုတို့ကို နာမ်တုံး နာမ်ခဲ နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းပါလေ။ တေဇောဓာတ်ကို အာရုံယူ၍လည်းကောင်း ဝါယောဓာတ်ကို အာရုံယူ၍လည်း ကောင်း နည်းတူပင် ရှုပါ။ ရူပါရုံလိုင်း၌ တင်ပြခဲ့သော အယောနိသောမနသိကာရ ဖြစ်ပုံတို့ကို နည်းမှီး၍ လောဘဇော ဒေါသဇော မောဟဇောများ ပါဝင်သည့် မကောင်းအုပ်စု နာမ်တရားတို့ကို ကုန်စင်အောင် ဆက်လက်၍ သိမ်းဆည်းပါ။ ပထဝီဓာတ်ကို အာရုံယူ၍ တေဇောဓာတ်ကို အာရုံယူ၍ ဝါယောဓာတ်ကို အာရုံယူ၍ သုံးကြိမ် သုံးခါ သုံးမျိုး ခွဲရှုပါ။

နာမ်ကမ္မဋ္ဌာန်း အကျဉ်းသိမ်းဆည်းနည်း

နာမ်ကမ္မဋ္ဌာန်း အကျဉ်းသိမ်းဆည်းနည်း

လွယ်ကူရာ ဓမ္မာရုံလိုင်းမှ စ၍ နာမ်တရားတို့ကို သိမ်းဆည်းပုံကို ဖော်ပြခဲ့ပြီး ဖြစ်၏။ ကုသိုလ်ဇောများ ပါဝင်သည့် အကောင်းအုပ်စု နာမ်တရားများကို သိမ်းဆည်းပုံကိုလည်းကောင်း, အကုသိုလ်ဇောများ ပါဝင်သည့် မကောင်းအုပ်စု နာမ်တရားများကို သိမ်းဆည်းပုံကိုလည်းကောင်း ဓမ္မာရုံလိုင်းမှ စ၍ ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်းဟု (၆)လိုင်းလုံး ဖော်ပြခဲ့ပြီးဖြစ်၏။ အလွယ်မှ အခက်သို့ ပြောင်း၍ သိမ်းဆည်းမှုလုပ်ငန်း အောင်မြင်သောအခါ --- ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံ လိုင်း ဓမ္မာရုံလိုင်းဟု အစဉ်အတိုင်းသာ နာမ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။

ထိုသို့ သိမ်းဆည်းရှုပွားရာ၌ အကုသိုလ်ဇောများ ပါဝင်ကြသည့် မကောင်းအုပ်စုချည်းသက်သက် (၆) လိုင်းလုံး ကုန်စင်အောင် ဆက်တိုက် သိမ်းဆည်းဖန်များလာသောအခါ အချို့ယောဂါဝစရပုဂ္ဂိုလ်တို့၌ အလင်း ရောင်များ မှိန်သွားတတ်၏၊ ရုပ်ကလာပ်များကို မသဲမကွဲ တွေ့မြင်နေတတ်၏၊ သို့မဟုတ် ရုပ်ကလာပ်များကိုပင် ရှု၍မရ ဖြစ်လာတတ်၏၊ အကုသိုလ်တရားတို့ကို ရှုရဖန်များလာသဖြင့် စိတ်ဓာတ်လည်း မကြည်မလင် ဖြစ်လာ တတ်၏။ ထိုအခါတွင် ကမ္မဋ္ဌာန်းမှ လျှောကျသွားတတ်၏၊ ကမ္မဋ္ဌာန်းအာရုံလည်း ပျောက်ပျက်သွားတတ်၏။ သို့အတွက် (၆)လိုင်းလုံး၌ နာမ်တရားတို့ကို သိမ်းဆည်းနိုင်သော ဤအဆင့်မျိုးတွင် တစ်လိုင်း တစ်လိုင်း၌ ကုသိုလ်ဇောများ ပါဝင်သည့် အကောင်းအုပ်စု, အကုသိုလ်ဇောများ ပါဝင်သည့် မကောင်းအုပ်စုတို့ကို တစ်ဆက် တည်း သိမ်းဆည်းရှုပွားခြင်းက ပို၍ ကောင်းမွန်သည်ကို တွေ့ရ၏။ သိမ်းဆည်းမှု ကျွမ်းကျင်လာသည်နှင့် အမျှ ဘာဝနာဉာဏ်စွမ်းအား ကြီးမားလာသဖြင့် လင်းရောင်ခြည်၏ စွမ်းအင်မှာလည်း ပြည့်ဝလာတတ်ပေသည်။

ဓမ္မာရုံလိုင်းတွင် ပသာဒရုပ် (၅)ပါး, သုခုမရုပ် (= သိမ်မွေ့သောရုပ်) (၁၆)ပါးတို့ ပါဝင်ကြ၏။ သို့အတွက် --- ရူပါရုံလိုင်း, သဒ္ဒါရုံလိုင်း, ဂန္ဓာရုံလိုင်း, ရသာရုံလိုင်း, ဖောဋ္ဌဗ္ဗာရုံလိုင်း, ဓမ္မာရုံလိုင်း ဟူသော (၆)လိုင်းကို ပေါင်းလိုက်သော် ရုပ် (၂၈)ပါးကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းပုံ ပြီးစီးပြီ ဖြစ်ပေသည်၊ အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်လည်း ဖြစ်၏၊ နာမ်ကမ္မဋ္ဌာန်း အကျဉ်း သိမ်းဆည်းနည်းလည်း ဖြစ်၏။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းလမ်းစဉ်မှ နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းပုံ လည်း ဖြစ်၏။ ဤသိမ်းဆည်းပုံစနစ်ကို ဇယားဖြင့် အကျဉ်းချုပ်၍ ထပ်မံ ဖော်ပြအပ်ပါသည်။

(၆) လိုင်းဇယား အချုပ်

မှတ်ချက် --- ဓမ္မာရုံလိုင်းတွင် (က-ခ-ဂ-ဃ)ဟု သဘောတူညီရာကို ပေါင်း၍ (၄)အုပ်စု ခွဲကာ ဖော်ပြ ထားပါသည်။

အမှတ် (ဂ) ဓမ္မာရုံလိုင်း ဇယား

အမှတ် (ဂ) ဓမ္မာရုံလိုင်း ဇယား

အမှတ် (ဂ) ဓမ္မာရုံလိုင်း ဇယားတွင် ရှေးပိုင်း၌ ဖော်ပြခဲ့သည့်အတိုင်း ဇောအသီးအသီး၌ သောမနဿ- ဥပေက္ခာ ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ်သို့ လိုက်၍ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ကရုဏာ မုဒိတာ တို့ဝယ် (၃၅^၃၄^၃၄^၃၃)လုံးသော နာမ်တရား အသီးအသီးတို့ ထိုက်သလို ဖြစ်နိုင်ကြ၏။ တဒါရုံတွင်ကား ဝိရတိတို့ ယှဉ်ခွင့် မရရှိကြသဖြင့် (၃၄^၃၃^၃၃^၃၂)လုံးသော နာမ်တရားတို့သာ ဖြစ်ကြ၏။ သို့သော် အဟိတ် တဒါရုံများလည်း ထိုက်သလို ကျနိုင်သည်သာ ဖြစ်၏။ ကရုဏာ မုဒိတာတို့ နောင်၌ကား တဒါရုံကျခွင့် မရှိပေ။

ဗုဒ္ဓါနုဿတိ၌လည်း ဉာဏ်-ပီတိ ယှဉ်-မယှဉ်သို့ လိုက်၍ (၃၄^၃၃^၃၃^၃၂)လုံးသော နာမ်တရားတို့ အသီးအသီး ဖြစ်နိုင်ကြကုန်၏။ တဒါရုံကား ပီတိ အမြဲယှဉ်၏။ သို့သော် တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ မရဏာနုဿတိဇောတို့၌လည်း ဉာဏ်-ပီတိ ယှဉ်-မယှဉ် (၂)မျိုးပင် ရှိနိုင်၏။ (၃၄^ ၃၃^၃၃^၃၂)လုံးသော နာမ်တရားစုတို့ ဇော၌ ပါဝင်ခွင့် ရှိ၏။

မရဏာနုဿတိ --- ဣတိ ဇီဝိတိန္ဒြိယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ --- (ဝိသုဒ္ဓိ၊၁၊ ၂၂၂။) --- ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းဟု ခေါ်ဆိုအပ်သော သေခြင်းသဘောတရားကို အာရုံပြုသဖြင့် တစ်နည်း ဆိုရသော် ပြတ်စဲမည့် ဇီဝိတကို အာရုံပြုသဖြင့် ပရမတ္ထအာရုံ ဖြစ်ရကား တဒါရုံကျခွင့် ရှိ၏။ မကျသော်လည်း ရှိရာ၏။ သို့သော် မိမိ သေနေသည့်ပုံဟူသော အလောင်းကောင် ပညတ်အတုံးအခဲပေါ်၌ အာရုံကျရောက်ခိုက် ဖြစ်မူ တဒါရုံကျခွင့် မရှိပေ။

အမှတ် (ဃ) ဓမ္မာရုံလိုင်း စျာန်ပိုင်းဇယား

အမှတ် (ဃ) ဓမ္မာရုံလိုင်း စျာန်ပိုင်းဇယား

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် အာနာပါနစတုတ္ထစျာန် သမာဓိကို အခြေခံ၍ ထိုစတုတ္ထ စျာန်သမာဓိကြောင့် လင်းရောင်ခြည်များ အထူး အားကောင်းလာသောအခါ ထိုလင်းရောင်ခြည်၏ အကူအညီ ဖြင့် (၃၂)ကောဋ္ဌာသတို့ကို ရှု၍, ထိုမှတစ်ဆင့် အရိုးစုကမ္မဋ္ဌာန်းသို့ ကူးပြီးလျှင် ပထမစျာန်သမာဓိသို့တိုင်အောင် ရှုပြီးသောအခါ, အဇ္ဈတ္တ သို့မဟုတ် ဗဟိဒ္ဓ အရိုးစုမှ တစ်ဖန် အဖြူကသိုဏ်းသို့ ကူးပြီးလျှင် အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကို အာရုံယူ၍ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိထူထောင်လျက် ---

၁။ မေတ္တာ

၂။ ဗုဒ္ဓါနုဿတိ

၃။ မရဏာနုဿတိ

၄။ အသုဘ ကမ္မဋ္ဌာန်း ---

ဟူသော စတုရာရက္ခ ကမ္မဋ္ဌာန်းတို့ကို ပွားများအားထုတ်ပြီးသူ ဖြစ်ပါမူ --- ယင်းအမှတ် (ဃ) ဓမ္မာရုံလိုင်း စျာန်ပိုင်းဇယားအတိုင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်းရန် ဖြစ်ပါသည်။ ဗုဒ္ဓါနုဿတိ မရဏာနုဿတိတို့ကား ကာမာဝစရ ဥပစာရသမာဓိဇောများသာ ဖြစ်ကြသဖြင့်, ကာမဇောတို့မည်သည်လည်း (၇)ကြိမ်ထက်ပို၍ စောနိုင် ရိုးဓမ္မတာ မရှိခြင်းကြောင့် အမှတ် (ဂ) ဓမ္မာရုံလိုင်းဇယားတွင် ဖော်ပြထားသည့်အတိုင်းသာလျှင် နာမ်တရားတို့ ကို သိမ်းဆည်းပါ။

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဤအချိန်ဝယ် --- ကသိုဏ်း (၁၀)ပါးလုံးတို့၌ ကသိုဏ်း တစ်ပါး တစ်ပါးလျှင် သမာပတ် (၈)ပါးစီ ပေါက်အောင် သမာဓိထူထောင်ထားပြီးသူ ဖြစ်ပါက, ဗြဟ္မစိုရ်တရား (၄)ပါးတို့ကိုလည်း စျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများထားပြီးသူ ဖြစ်ပါက အထက် စာမျက်နှာ (၁၀၆-၁၀၈) တို့၌ ဖော်ပြထားခဲ့သည့် ဇယားအတိုင်း စျာန်နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါလေ။

နာမ်ကမ္မဋ္ဌာန်း အကျယ်သိမ်းဆည်းပုံ

နာမ်ကမ္မဋ္ဌာန်း အကျယ်သိမ်းဆည်းပုံ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၆။) စာပုဒ်ရေ (၆၇၀)တွင် --- ကေသေ ပထဝီဓာတု ကက္ခဠလက္ခဏာ ။ ပ ။ အဿာသပဿာသေ ပထဝီဓာတု ကက္ခဠလက္ခဏာ ...

ဤသို့ စသည်ဖြင့် ဆံပင် ကောဋ္ဌာသ၌ ပါဝင်တည်ရှိကြသော ရုပ်ကလာပ် (၅)မျိုး = ရုပ် (၄၄)မျိုးတို့တွင် ပထဝီဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကုန်သော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် ဟူသော ဖဿ ပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားများကိုလည်းကောင်း။ ပ ။ အဿာသပဿာသ ကောဋ္ဌာသ၌ ပါဝင် တည်ရှိကြသော (၉)မျိုးသော ရုပ်တို့တွင် ပထဝီဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကုန်သော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် ဦးဆောင်သည့် နာမ်တရားများကိုလည်းကောင်း သိမ်းဆည်းဖို့ရန် ညွှန်ကြားထား၏။

ထိုညွှန်ကြားတော်မူချက် အရ --- ဆံပင် ကောဋ္ဌာသ၌ ရုပ် (၄၄)မျိုးတို့ရှိရာ ထိုရုပ်တို့တွင် တစ်မျိုး တစ်မျိုး သော ရုပ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။ ထိုနာမ်တရား တို့မှာ အကုသိုလ်ဇောများ စောသည့် မကောင်းအုပ်စု နာမ်တရားများလည်း ပါဝင်ကြ၏၊ ကုသိုလ်ဇောများ စောသည့် အကောင်းအုပ်စု နာမ်တရားများလည်း ပါဝင်ကြ၏။ သို့အတွက် ဆံပင် ကောဋ္ဌာသ၌ ပထဝီဓာတ်ကို အာရုံပြု၍ (ဖောဋ္ဌဗ္ဗာရုံလိုင်း၌ ဖော်ပြခဲ့သည့်အတိုင်း) အကောင်းအုပ်စု မကောင်းအုပ်စု နာမ်တရားတို့ကို ကုန် စင်အောင် သိမ်းဆည်းပါ။ ဆံပင်ကောဋ္ဌာသ၏ ကြွင်းကျန်နေသေးသော (၄၃)မျိုးကုန်သော ရုပ်တရားတို့၌လည်း ရုပ်တစ်လုံး တစ်လုံး၌ အကောင်းအုပ်စု မကောင်းအုပ်စုတို့ကို ကုန်စင်အောင် ဆက်လက်၍ သိမ်းဆည်းပါ။

ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြထားခဲ့သော (၄၂)ကောဋ္ဌာသတို့၌ အကျုံးဝင်ကုန်သော ရုပ်တရားတို့မှာ မျိုး တူရာကို ပေါင်း၍ ရေတွက်ပြီးသည်ကို မရေတွက်သော နည်းဖြင့် ရေတွက်သော် ရုပ်အစစ် (၁၈)မျိုးတို့သာ ဖြစ် ကြသည်။ ထိုရုပ်အစစ် (၁၈)မျိုးတို့ကား အာရုံ (၆)ပါးတို့၌ ထိုက်သလို အကျုံးဝင်ကြ၏။ သို့အတွက် ယင်း (၄၂)ကောဋ္ဌာသတို့၌ ပါဝင်သော ---

၁။ ဝဏ္ဏ = ရူပါရုံကို ရူပါရုံလိုင်းအတိုင်း

၂။ သဒ္ဒ = သဒ္ဒါရုံကို သဒ္ဒါရုံလိုင်းအတိုင်း

၃။ ဂန္ဓ = ဂန္ဓာရုံကို ဂန္ဓာရုံလိုင်းအတိုင်း

၄။ ရသ = ရသာရုံကို ရသာရုံလိုင်းအတိုင်း

၅။ ပထဝီ-တေဇော-ဝါယောတို့ကို ဖောဋ္ဌဗ္ဗာရုံလိုင်းအတိုင်း

၆။ ကြွင်းကျန်ကုန်သော ရုပ်အစစ်တို့ကို ဓမ္မာရုံလိုင်း ရုပ်အစစ်တို့ကို အာရုံယူ၍ နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားသည့် နည်းစနစ်အတိုင်း အသီးအသီး နည်းမှီး၍ သိမ်းဆည်းရှုပွားပါ။

ဧတေနေဝ ဥပါယေန ကမ္မသမုဋ္ဌာနေ ကေသေ ပထဝီဓာတု ကက္ခဠလက္ခဏာတိအာဒိနာ နယေန ဒွါစတ္တာလီသာယ ဓာတုကောဋ္ဌာသေသု စတုန္နံ စတုန္နံ ဓာတူနံ ဝသေန, သေသေသု စ စက္ခုဓာတုအာဒီသု ရူပပရိဂ္ဂဟမုခေသု သဗ္ဗံ နယဘေဒံ အနုဂန္တွာ ယောဇနာ ကာတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၂၇။)

ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားထားတော်မူချက်အရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ် တရား အသီးအသီးကိုသာ အာရုံပြု၍ နာမ်တရားတို့ကို သိမ်းဆည်းရသည် မဟုတ်သေး၊ စက္ခုဓာတ် စသော (၆)ဌာန = (၆)ဒွါရတို့၌ တည်ရှိကြကုန်သော (၅၄^၄၄ )မျိုးကုန်သော ရုပ်တရားတို့တွင်လည်း ရုပ်ဓာတ်တစ်လုံးစီ တစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကုသိုလ်ဇော အကုသိုလ်ဇောတို့ စောကြသည့် ပဉ္စဒွါရ ဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါလေ။

နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံ

နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံ

နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရသည့် လုပ်ငန်းရပ်မှာ ယခု ကဲ့သို့ နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ အာဒိကမ္မိက ယောဂီသူတော်စင်များအတွက် ဒုပ္ပရိဂ္ဂါဟ = ဉာဏ်ဖြင့် ပိုင်းခြားယူဖို့ရန် သိမ်းဆည်းဖို့ရန် ခက်ခဲသောကြောင့် မဖော်ပြခြင်း ဖြစ်သည်။ သို့သော် အရူပသတ္တက ရှုနည်း များတွင်လည်းကောင်း (ဝိသုဒ္ဓိ၊၂၊၂၆၁-၂၆၂), ဘင်္ဂဉာဏ်ပိုင်းတွင်လည်းကောင်း (ဝိသုဒ္ဓိ၊၂၊၂၇၈)။ နာမ်တရား တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားများကို လက္ခဏာရေးသုံးတန်တင်၍ ဝိပဿနာ ရှုပွား သုံးသပ်ရန် ညွှန်ကြားထားတော်မူ၏။ သို့အတွက် ထိုအပိုင်းများသို့ ရောက်ရှိသောအခါ အားရပါးရ တစ်ဝကြီး တွေ့ရပေလတ္တံ့။

နာမ်တရား နာမ်တရားဟု ရှုပါ။

နာမ်တရား နာမ်တရားဟု ရှုပါ။

သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ဧတံ နာမန္တိ ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

အထက်တွင် ဖော်ပြ တင်ပြခဲ့သည့် အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရှေးဦးစွာ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဝီထိစဉ်အလိုက် ဖြစ်ပေါ်သွားကြသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အသိစိတ်-ဖဿ-ဝေဒနာ တို့တွင် တစ်ခုခုကို ဦးတည်၍ တစ်လုံးစီ တစ်လုံးစီ တစ်ဖြည်းဖြည်း သိမ်းဆည်းပါ။ အောင်မြင်မှု ရလာသောအခါ အသိစိတ်-ဖဿ နှစ်လုံးစီ, အသိစိတ်-ဖဿ-ဝေဒနာ သုံးလုံးစီ ဤသို့ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီတိုး၍ တဖြည်းဖြည်း သိမ်းဆည်းပါ။ နာမ်တရားများကို စိတ္တက္ခဏတိုင်း၌ ဇယားများတွင် ဖော်ပြထားသည့်အတိုင်း အတန်းလိုက် အတန်းလိုက် ကုန်စင်အောင် သိမ်းဆည်းနိုင်သောအခါ = တစ်တန်း တစ်တန်း၌ ပါဝင်တည်ရှိကြသော စိတ္တက္ခဏတိုင်း၌ နာမ်တရားတို့ကို တစ်ပေါင်းတစ်စုတည်း ခြုံငုံ၍ သိမ်းဆည်း နိုင်သောအခါ နာမ်တရားတို့ကို သိမ်းဆည်းနေသော အသင်သူတော်ကောင်း၏ ဉာဏ်၌ ယင်းနာမ်တရားတို့ ပြိုင်တူ ထင်လာသောအခါ --- ထိုနာမ်တရားတို့၏ ရူပါရုံစသည့် မိမိ သိမ်းဆည်းထားသည့် ထိုထို အာရုံသို့ ညွတ်ကိုင်းရှိုင်းနေသည့်သဘောကို အာရုံယူ၍ ---

၁။ ဤကား နာမ်တရား - ဟုလည်းကောင်း

၂။ နာမ်တရား နာမ်တရား - ဟုလည်းကောင်း -

တစ်ပေါင်းတစ်စုတည်း ပြု၍ သိမ်းဆည်းပါ၊ ရှုပါ။ စိတ္တက္ခဏတိုင်း၌ ရှိကြသော နာမ်တရားအားလုံးတို့ကို စိတ္တက္ခဏတိုင်း၌ ပြိုင်တူ ဖြစ်နေကြမှုကို ဉာဏ်ဖြင့် မမြင်သေးလျှင် ထိုသို့ မရှုပါနှင့်ဦး။ ဉာဏ်ဖြင့် မြင်သော အခါမှ ဇယားများတွင် ဖော်ပြထားသည့်အတိုင်း တစ်တန်း တစ်တန်း၌ တည်ရှိကြသော ထိုနာမ်တရားအားလုံး တို့ကို ပေါင်းစုခြုံငုံ၍ ထိုသို့ ရှုရန် ဖြစ်သည်။

အတန်းဟူသည်

အတန်းဟူသည်

နာမ်ကမ္မဋ္ဌာန်း ဇယားများကို ပြန်ကြည့်ပါ။ ဥပမာ- ရူပါရုံလိုင်း အကောင်းအုပ်စုဇယားတွင် ပထမအတန်း ဆိုကြစို့။ ထိုအတန်း၌ --- စက္ခုဒွါရဝီထိနာမ်တရားများ မနောဒွါရဝီထိနာမ်တရားများ ရှိကြ၏။ (မနောဒွါရဝီထိ ပေါင်းများစွာ ဖြစ်နိုင်သည်ကိုလည်း သဘောပေါက်ပါ။) ယင်းဝီထိများတွင် ဇောအသီးအသီး၌ ဉာဏ်-ပီတိ နှစ်မျိုးလုံး ယှဉ်ကြသဖြင့် (၃၄)လုံးကုန်သော နာမ်တရား အသီးအသီးတို့ ပါဝင်ကြ၏။ ဤအတန်းကို ပထမ အတန်းဟု သတ်မှတ်ထား၏။ ဇောအသီးအသီး၌ (၃၃)စသည့် နာမ်တရား အသီးအသီးတို့ ပါဝင်တည်ရှိကြသော အတန်းများကို ဒုတိယအတန်း တတိယအတန်း ဤသို့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားပါသည်။ အတန်းလိုက် အတန်းလိုက် တစ်တန်းပြီး တစ်တန်း ထိုသို့ သိမ်းဆည်းသွားရန် ဖြစ်သည်။ အကောင်းအုပ်စု မကောင်း အုပ်စု ကုန်စင်အောင် သိမ်းဆည်းပါ။ အကျဉ်းနည်း အကျယ်နည်း နှစ်နည်းလုံးဖြင့်လည်း သိမ်းဆည်းပါ။

__________

ရူပါရူပပရိဂ္ဂဟ အခန်း

ရူပါရူပပရိဂ္ဂဟ အခန်း

ရုပ်-နာမ်ကို သိမ်းဆည်းပုံ အပိုင်း

၁။ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်အစစ် ရုပ်အတု အားလုံးတို့ကို (ကမ္မဇရုပ်တို့နှင့်တကွ စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်အစစ် ရုပ်အတုတို့ အဝင်အပါ ရုပ်အားလုံးတို့ကို) ခြုံငုံ၍ - ယင်းရုပ်တရားတို့၏ အအေး အပူ စသော အကြောင်းတို့ကြောင့် ရှေးရုပ်အစဉ်နှင့် နောက်ရုပ်အစဉ်တို့၏ မတူ သော ဖြစ်ခြင်းရှိမှု = ဖောက်ပြန်မှု သဘောကို အာရုံယူ၍ ---

၁။ ရုပ်တရား ရုပ်တရား - ဟု သိမ်းဆည်းပုံကို ဖော်ပြခဲ့၏။

ယခုတစ်ဖန် ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင်လည်း နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲ နာမ်ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ထိုနာမ်တရားတို့၏ ရူပါရုံ စသည့် မိမိတို့ အာရုံယူနေသည့် ထိုထို အာရုံသို့ ညွတ်ကိုင်းရှိုင်းနေသည့် သဘောကို အာရုံယူ၍ ---

၂။ နာမ်တရား နာမ်တရား - ဟု

သိမ်းဆည်းပုံကိုလည်း ဖော်ပြပြီး ဖြစ်၏။

ထိုနောင် ဆက်လက်၍ ပြုလုပ်ရမည့် လုပ်ငန်းခွင်ကို အဋ္ဌကထာများ၌ ဤသို့ ညွှန်ကြားထားတော်မူ၏။

၃။ ရုပ်-နာမ် ခွဲပါ သိမ်းဆည်းပါ

၃။ ရုပ်-နာမ် ခွဲပါ သိမ်းဆည်းပါ

၁။ ယော ဟိ စတ္တာရိ မဟာဘူတာနိ ပရိဂ္ဂဟေတွာ ဥပါဒါရူပံ ပရိဂ္ဂဏှာတိ၊

၂။ အရူပံ ပရိဂ္ဂဏှာတိ၊

၃။ ရူပါရူပံ ပန ပရိဂ္ဂဏှန္တော ...

၄။ ယောပိ ရူပါရူပံ ပရိဂ္ဂဟေတွာ နာမရူပံ ဝဝတ္ထပေန္တော ...(အဘိ၊ဋ္ဌ၊၁၊၂၆၀။)

တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

ဣတိ ဣဒဉ္စ နာမံ၊ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၅။)

ဤအထက်ပါ အဋ္ဌကထာများ၏ ညွှန်ကြားထားတော်မူချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် --- ရုပ်ကို သိမ်းဆည်းခြင်း, နာမ်ကိုသိမ်းဆည်းခြင်း လုပ်ငန်းရပ်များကို ပြုလုပ်ပြီးသောအခါ ---

၃။ ရုပ်+နာမ်ကို သိမ်းဆည်းခြင်း = ရုပ်-နာမ် ခွဲခြင်း

၄။ ရုပ်+နာမ်ကို ပိုင်းခြားမှတ်သားခြင်း ---

ဤနှစ်မျိုးသော လုပ်ငန်းရပ်တို့ကိုလည်း ဆက်လက်၍ ကြိုးပမ်းရဦးမည် ဖြစ်သည်။ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အာယတနဒွါရ အလိုက် သိမ်းဆည်းထားသဖြင့် ရုပ်+နာမ်ကို သိမ်းဆည်းရာ = ရုပ်+နာမ်ကို ခွဲရာ၌လည်း အာယတနဒွါရအလိုက် သိမ်းဆည်းခြင်းက ပို၍ ဆီလျော်ပေသည်။ ထိုသိမ်းဆည်းရာ၌ ရုပ်ပိုင်းတွင် လွယ်ကူမှုရှိစေရန် ရည်ရွယ်၍ ဇယားများတွင် မှီရာဝတ္ထုရုပ်များကို ဖော်ပြထားသည့်အတိုင်း ရုပ်အစစ်တို့ကို ပဓာနထား၍ ဆိုင်ရာဒွါရ၌ ရနိုင်သမျှ ရုပ်အတုတို့ကိုပါ ရောနှောသိမ်းဆည်းလျက် ရုပ်-နာမ်ကို သိမ်းဆည်းပါ။ ဇယားများ၌ကား ဝိပဿနာရှုကောင်းသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်အစစ်တို့ကိုသာ ပဓာန ထား၍ ဖော်ပြထားပါသည်။ (စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ မနောဒွါရ တို့၌ ၅၄- မျိုးကုန်သော ရုပ်အစစ်များ, ကာယဒွါရ၌ ၄၄ - မျိုးကုန်သော ရုပ်အစစ်များသာ တည်ရှိကြသည်ကို သတိပြုပါ။) ဤတွင် ရူပါရုံလိုင်း၌ ဇယားတွင် ဖော်ပြထားသည့် --- ပထမအတန်း အကောင်းအုပ်စု ကုသိုလ်ဇောများစောသည့် စက္ခု ဒွါရဝီထိ မနောဒွါရဝီထိတို့၌ ရုပ်-နာမ် သိမ်းဆည်းပုံကို နမူနာအဖြစ် ဖော်ပြအပ်ပါသည်။

၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ ---

ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား

စိတ်+စေတသိက် (၁၁)လုံးက - နာမ်တရား

၂။ စက္ခုဝိညာဏ်၌ ---

စက္ခုရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား

စိတ်+စေတသိက် (၈)လုံးက - နာမ်တရား

၃။ သမ္ပဋိစ္ဆိုင်း၌ ---

ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား

စိတ်+စေတသိက် (၁၁)လုံးက - နာမ်တရား

၄။ သန္တီရဏ၌ ---

ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား

စိတ်+စေတသိက် (၁၂)လုံးက - နာမ်တရား

၅။ ဝုဋ္ဌော၌ ---

ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား

စိတ်+ စေတသိက် (၁၂)လုံးက - နာမ်တရား

၆။ ဇော (ပထမဇော) ၌ ---

ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား

စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား

(ဒုတိယဇော စသည်၌လည်း ပုံစံတူ ရှုပါ။)

၇။ ပထမတဒါရုံ၌ ---

ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား

စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား

(ဒုတိယ တဒါရုံ၌လည်း ပုံစံတူ ရှုပါ။)

* ဘဝင် - ၌ ---

ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးက - ရုပ်တရား

ဘဝင်- စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား

[ဘဝင်တိုင်း၌ နည်းတူ ရှုပါ။ ဘဝင်သည် အတိတ် မရဏာသန္နဇော၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြုသဖြင့် ဤအဆင့်တွင်ကား ဘဝင်၏ အာရုံမှန်ကို ပုံစံမှန် မရှုနိုင်သေးပါက ဘဝင်နာမ်တရား သိမ်းဆည်းမှုကို ခေတ္တချန်လှပ်ထားပါ။ ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ရောက်ရှိ ၍ ဘဝင်၏ အာရုံမှန်ကို ပုံစံမှန် ရှုနိုင် သိမ်းဆည်းနိုင်သောအခါ၌ကား ဝီထိစိတ်တို့၏ အကြား၌ တည်ရှိကြကုန်သော ယင်းဘဝင်နာမ်တရားတို့ကိုပါ ရောနှော၍ သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းနိုင်သော အခါ၌ --- မိမိ၏ ဘဝင်ကို မိမိ ကိုယ်တိုင် သေချာစွာ ဆန်းစစ်၍ --- သောမနဿဝေဒနာနှင့် ယှဉ်သည် သို့မဟုတ် ဥပေက္ခာ ဝေဒနာယှဉ်သည်ကိုလည်းကောင်း, ပီတိယှဉ်သည် မယှဉ်သည်ကိုလည်းကောင်း, ဉာဏ်ယှဉ်သည် မယှဉ်သည် ကိုလည်းကောင်း စိတ်+စေတသိက် = နာမ်တရား အရေအတွက် မည်မျှရှိသည်ကိုလည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြား၍ သိမ်းဆည်းပါ။ မှီရာဝတ္ထုရုပ် (၅၄)မျိုးဟု ဆိုခြင်းမှာ ယခုလက်ရှိ ပစ္စုပ္ပန် ဖြစ်ဆဲဘဝင်၏ မှီရာဝတ္ထုရုပ်ကို ရည်ရွယ်၍ ဆိုခြင်း ဖြစ်သည်။ ပဋိသန္ဓေနောင် ပထမဘဝင်၌ကား အာဟာရဇရုပ်တို့ ယုတ်လျော့ဖွယ်ရာ ရှိပေသည်။ ဒုတိယဘဝင် စသည်တို့၌လည်း အမိစားမျိုလိုက်သော အစာအာဟာရ၏ သူငယ်၏ ခန္ဓာအိမ်သို့ မပျံ့နှံ့မချင်း အာဟာရဇရုပ်များ ယုတ်လျော့နေမည်သာ ဖြစ်သည်။ မနောဒွါရဝီထိများ၌ ရုပ်နာမ်သိမ်းဆည်းပုံကို ဆက်လက်၍ ဖော်ပြပါသည်။]

၁။ မနောဒွါရာဝဇ္ဇန်း၌ ---

ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား

စိတ်+စေတသိက် (၁၂)လုံးက - နာမ်တရား

၂။ ပထမဇော၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား

စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား

(ဒုတိယဇော စသည်၌လည်း ပုံစံတူရှုပါ။)

၃။ ပထမ တဒါရုံ၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား

စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား

(ဒုတိယ တဒါရုံ၌လည်း နည်းတူရှုပါ။)

ဤကား ဉာဏ်နုသူ အဘိဓမ္မာအခြေခံပညာ အားနည်းသူတို့အတွက် ဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။ ဉာဏ် ရင့်ကျက်သူ အဘိဓမ္မာအခြေခံပညာ အားကောင်းသူတို့အတွက်ကား ဤမျှ ရှင်းပြဖွယ်ရာလိုမည် မဟုတ်ပေ။ ရူပါရုံလိုင်း အကောင်းအုပ်စုဝယ် ကြွင်းကျန်ကုန်သော အတန်းတိုင်းရှိ ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း ရူပါရုံလိုင်း မကောင်းအုပ်စုတို့၌လည်းကောင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံ လိုင်းတို့၌လည်းကောင်း နည်းမှီး၍ ရုပ်နာမ်ကို သိမ်းဆည်းပါလေ။ ထူးရာကိုသာ ကွက်၍ ဆိုပေအံ့ ---

သောတဝိညာဏ်၌ ---

သောတရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် သဒ္ဒါရုံက - ရုပ်တရား

စိတ်+စေတသိက် (၈)လုံးက - နာမ်တရား

ဃာနဝိညာဏ်၌ ---

ဃာနရှိ မှီရာဝတ္ထုရုပ် (၅၄) မျိုးနှင့် ဂန္ဓာရုံက - ရုပ်တရား

စိတ်+စေတသိက် (၈)လုံးက - နာမ်တရား

ဇိဝှါဝိညာဏ်၌ ---

ဇိဝှါရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရသာရုံက - ရုပ်တရား

စိတ်+စေတသိက် (၈)လုံးက - နာမ်တရား

ကာယဝိညာဏ်၌ ---

ကာယရှိ မှီရာဝတ္ထုရုပ် (၄၄)မျိုးနှင့် ဖောဋ္ဌဗ္ဗာရုံက - ရုပ်တရား

စိတ်+စေတသိက် (၈)လုံးက - နာမ်တရား

သောတဝိညာဏဝီထိ ဃာနဝိညာဏဝီထိ ဇိဝှါဝိညာဏဝီထိ ကာယဝိညာဏဝီထိတို့၏ အတွင်း၌ ပါဝင် တည်ရှိကြသော, ကြွင်းကျန်သော ဝီထိစိတ်+စေတသိက်တို့သည် ဟဒယဝတ္ထုရုပ်ကိုချည်း မှီ၍ ဖြစ်ကြပေသည်။ ရုပ်-နာမ် ခွဲပုံ သိမ်းဆည်းပုံ သဘောပေါက်သင့်ပေပြီ။ ဓမ္မာရုံလိုင်းတွင် စက္ခုအကြည်ဓာတ် ဓမ္မာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရဝီထိတစ်ခုကို ပုံစံနမူနာအဖြစ်ဖြင့် ဖော်ပြအပ်ပါသည်။

၁။ မနောဒွါရာဝဇ္ဇန်း၌ ---

ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် စက္ခုအကြည်ဓာတ်က - ရုပ်တရား

စိတ်+စေတသိက် (၁၂)လုံးက - နာမ်တရား

၂။ ပထမဇော၌ ---

ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄) မျိုးနှင့် စက္ခုအကြည်ဓာတ်က - ရုပ်တရား

စိတ်+စေတသိက် (၃၄) လုံးက - နာမ်တရား

(ဒုတိယဇောမှ သတ္တမဇောတိုင်အောင် နည်းတူ ရှုပါ။)

၃။ ပထမတဒါရုံ၌ ---

ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄) မျိုးနှင့် စက္ခုအကြည်ဓာတ်က - ရုပ်တရား

စိတ်+စေတသိက် (၃၄) လုံးက - နာမ်တရား

(ဒုတိယ တဒါရုံ၌လည်း နည်းတူ ရှုပါ။)

လိုရင်းအချုပ် မှတ်သားရန်မှာ --- မှီရာဝတ္ထုရုပ် (၅၄), (၄၄)တို့၌ မိမိသိမ်းဆည်းသည့် အာရုံရုပ်တစ်ခုကို ပေါင်း၍ ရုပ်တရားဟု သိမ်းဆည်းရန် ဖြစ်ပေသည်။ နာမ်တရားတို့ကိုကား ဇယားတွင် ဖော်ထားသည့်အတိုင်း သိမ်းဆည်းပါ။ ဇယားအတိုင်း အတန်းလိုက် တစ်တန်းလုံး တစ်တန်းလုံး၌ တည်ရှိသော ရုပ်+နာမ်တို့ကို သိမ်းဆည်းနိုင်သောအခါ တစ်တန်းလုံးကို ခြုံငုံ၍ --- ရုပ်တရား-နာမ်တရား --- ရုပ်တရား-နာမ်တရား --- ဟု သိမ်းဆည်းပါ။

__________

နာမရူပဝဝတ္ထာန အခန်း

နာမရူပဝဝတ္ထာန အခန်း

၄။ နာမရူပဝဝတ္ထာန = ရုပ်+နာမ်ကို ပိုင်းခြား မှတ်သားခြင်း

သော ဧဝံ ဖဿာဒီနံ ဝသေန ဥပဋ္ဌိတေ စတ္တာရော အရူပိနော ခန္ဓေ နာမန္တိ၊ တေသံ အာရမ္မဏဘူတာနိ စတ္တာရိ မဟာဘူတာနိ, စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ ရူပန္တိ ဝဝတ္ထပေတိ။ ဣတိ အဋ္ဌာရသ ဓာတုယော ဒွါဒသာယတနာနိ ပဉ္စက္ခန္ဓာတိ သဗ္ဗေပိ တေဘူမကေ ဓမ္မေ ခဂ္ဂေန သမုဂ္ဂံ ဝိဝရမာနော ဝိယ ယမကတာလကန္ဒံ ဖာလယမာနော ဝိယ စ နာမဉ္စ ရူပဉ္စာတိ ဒွေဓာ ဝဝတ္ထပေတိ။ နာမရူပမတ္တတော ဥဒ္ဓံ အညော သတ္တော ဝါ ပုဂ္ဂလော ဝါ ဒေဝေါ ဝါ ဗြဟ္မာ ဝါ နတ္ထီတိ နိဋ္ဌံ ဂစ္ဆတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇-၂၂၈။)

ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားတို့ကို ကောင်းမွန်စင်ကြယ်စွာ အသိဉာဏ်၌ ထင်လင်းအောင် သိမ်းဆည်းပြီးသောအခါ နာမ်တရားတို့ကိုလည်း ဆက်လက် သိမ်းဆည်း၏။ ထိုသို့ နာမ်တရားတို့ကို သိမ်းဆည်း ရာ၌ ---

၁။ ဖဿက စ၍ သိမ်းဆည်းသောနည်း

၂။ ဝေဒနာက စ၍ သိမ်းဆည်းသောနည်း

၃။ အသိစိတ် = ဝိညာဏ်က စ၍ သိမ်းဆည်းသောနည်း

ဤ (၃)နည်းတို့တွင် --- တစ်နည်းနည်း၏ အစွမ်းဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းလတ်သော် မိမိ၏ အသိဉာဏ်၌ ထင်ရှားစွာ တည်လာကုန်သော ထင်လာကုန်သော ဝေဒနာ-သညာ- သင်္ခါရ-ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့ကို နာမ်တရား --- ဟူ၍လည်းကောင်း, ထိုနာမ်တရားတို့၏ အာရုံ ဖြစ်ကုန်သော မဟာဘုတ် = ဓာတ်ကြီး (၄)ပါးတို့နှင့် ထိုမဟာဘုတ် = ဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ဖြစ်ကြကုန်သော ဥပါဒါရုပ်အပေါင်းကို ရုပ်တရား --- ဟူ၍လည်းကောင်း ပိုင်းခြားမှတ်သား၏။ ဤသို့လျှင် ဓာတ် (၁၈)ပါး, အာယတန (၁၂)ပါး, ခန္ဓာ (၅)ပါးတည်းဟူသော အလုံးစုံလည်း ဖြစ်ကုန်သော ဘုံသုံးပါးအတွင်း၌ တည်ရှိကြ ကုန်သော = ဤတေဘူမက ရုပ်-နာမ်တရားတို့ကို ပူတာတံတင်းနှင့် တူသော ကြီးစွာသော ပန်းကပ်ကို = ကြုတ် ကြီးကို နှစ်ဖြာထက်ခြမ်း ဖြန်းဖြန်းကွဲအောင် သန်လျက်ဖျားဖြင့် ကလပ်လိုက် ဖွင့်လိုက်ဘိသကဲ့သို့လည်းကောင်း, ထန်းပင်ပေါက် ထန်းမြစ်ဟူသော ထန်းဖုညှောက်အစုံကို နှစ်ဖြာထက်ခြမ်း ဖြန်းဖြန်းကွဲအောင် အဖျားမှ ကိုင်၍ ခွဲချလိုက်ဘိသကဲ့သို့လည်းကောင်း --- နာမ်တရားဟူ၍လည်းကောင်း, ရုပ်တရားဟူ၍လည်းကောင်း နှစ်ဖို့နှစ်စု အားဖြင့် ပိုင်းခြားမှတ်သား၏။ ဘုံသုံးပါးအတွင်း၌ နာမ်ရုပ်မျှသာ ရှိ၏၊ နာမ်-ရုပ်မျှမှ အထက်၌ နာမ်ရုပ်ထက် အပိုအလွန်ဖြစ်သော ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာသည် မရှိသည်သာတည်းဟု ဆုံးဖြတ်ချက် ချနိုင်ခြင်းသို့ ရောက်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၇-၂၂၈။)

ဤအထက်ပါ ညွှန်ကြားချက်အရ --- (၆)လိုင်းလုံး၌ ရုပ်+နာမ်တို့ကို စိတ္တက္ခဏတိုင်း၌ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ပူးတွဲသိမ်းဆည်းနိုင်သောအခါ ယင်း ရုပ်+နာမ်တို့ကိုပင် အာရုံယူ၍ ယင်း ရုပ်-နာမ်တို့၌ ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တမှ ဆိတ်သုဉ်းမှု, လူ-နတ်-ဗြဟ္မာ ထင်ရှား မရှိမှု, ရုပ်+နာမ် အစုအပုံမျှသာ ရှိမှုကို ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာ မရှိ၊ ရုပ်+နာမ် မျှသာ ရှိ၏ ---

ဤသို့ ရုပ်+နာမ်ကို ပိုင်းခြားမှတ်သားပါ။ (ဗဟိဒ္ဓသို့ ဉာဏ်ကို စေလွတ်၍ ဗဟိဒ္ဓ ရုပ်+နာမ်တို့ကို (၃၁) ဘုံအတွင်း၌ ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ လူ-နတ်-ဗြဟ္မာ ထင်ရှား မရှိမှုကိုလည်း တွေ့ရှိရပေလတ္တံ့။)

တန်ဖိုးမဖြတ်နိုင်သော ဖြတ်ထုံးတစ်ရပ်

တန်ဖိုးမဖြတ်နိုင်သော ဖြတ်ထုံးတစ်ရပ်

အာစရိယဓမ္မပါလ --- ဟု သာသနာတော်က ရိုသေစွာ ခေါ်ဝေါ်သုံးစွဲထားတော်မူသော ဆရာတော်အရှင်ဓမ္မပါလမထေရ်မြတ်ကြီးက ဤအရာတွင် အထက်ပါ အဋ္ဌကထာအဖွင့်နှင့် ပတ်သက်၍ ဝိပဿနာနယ်တွင်း တန်ဖိုးမဖြတ်နိုင်သော ဖြတ်ထုံးတစ်ရပ်ကို အောက်ပါအတိုင်း မိမိ၏မဟာဋီကာတွင် ချမှတ်သွားတော်မူပေသည်။

သဗ္ဗေပိ တေဘူမကေ ဓမ္မေ နာမဉ္စ ရူပဉ္စာတိ ဒွေဓာ ဝဝတ္ထပေတီတိဧတ္ထ ကိဉ္စာပိ သဗ္ဗ သဒ္ဒေါ အနဝသေသပရိယာဒါယကော၊ နာမရူပဘာဝေါ ပန အညမညဝိဓုရောတိ န တဒုဘယံ သမုဒါယဝသေန ပရိသမာပယေတဗ္ဗံ၊ တသ္မာ ယဒေတ္ထ နမနလက္ခဏံ၊ တံ နာမံ။ ယံ ရုပ္ပနလက္ခဏံ၊ တံ ရူပန္တိ ဧဝံ ဝဝတ္ထပေတီတိ အတ္ထော။ ဧဝံ ဝဝတ္ထပေန္တောယေဝ စ တဒုဘယဝိနိမုတ္တဿ တေဘူမကဓမ္မေသု ကဿစိ ဓမ္မဿ အဘာဝတော သဗ္ဗေပိ တေဘူမကေဓမ္မေ နာမဉ္စ ရူပဉ္စာတိ ဒွေဓာ ဝဝတ္ထပေတီတိ ဝုစ္စတိ။ နာမဉ္စ ရူပဉ္စာတိ ဧတေနေဝ တဿ ဒုဝိဓဘာဝေ သိဒ္ဓေ ဒွေဓာ ဝဝတ္ထပေတီတိ ဣဒံ နာမရူပဝိနိမုတ္တဿ အညဿ အဘာဝဒဿနတ္ထံ။ တေနေဝါဟ နာမရူပမတ္တတော ဥဒ္ဓန္တိအာဒိ။ သဗ္ဗေပိ တေဘူမကေ ဓမ္မေတိ ပန သဗ္ဗဂ္ဂဟဏေဉ္စတ္ထ သမ္မသမနုပဂဿ ဓမ္မဿ အနဝသေသေတဗ္ဗတာယ ဝုတ္တံ။ တဥှိ အနဝသေသတော ပရိညေယျံ ဧကံသတော ဝိရဇ္ဇိ တဗ္ဗံ၊ တတော စ စိတ္တံ ဝိရာဇယံ ပမောစေတဗ္ဗံ။ တေနာဟ ဘဂဝါ ---

သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ (တတ္ထ စိတ္တံ)

အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ ။ ပ ။

သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ (တတ္ထ စိတ္တံ)

ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယာတိ။ (သံ၊၂၊၂၄၉-၂၅၀၊ အပရိဇာနနသုတ္တန်။ ခု၊၁၊၁၉၇၊ ဣတိဝုတ္တက - သဗ္ဗပရိညာသုတ်။ မဟာဋီ၊၂၊၃၅၈။)

ဣတိ ဣမသ္မိံ သုတ္တေ တိဿောပိ ပရိညာ ကထိတာ ဟောန္တိ။ အဘိဇာနန္တိ ဟိ ဝစနေန ဉာတပရိညာ ကထိတာ၊ ပရိဇာနန္တိ ဝစနေန တီရဏပရိညာ၊ ဝိရာဇယံ ပဇဟန္တိ ဒွီဟိ ပဟာနပရိညာတိ။ (သံ၊ဋ္ဌ၊၃၊၆။)

အထက်တွင် ဖော်ပြထားသော ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ စကားရပ်၌ အဋ္ဌကထာဆရာတော်က --- သဗ္ဗေပိ တေဘူမကေ ဓမ္မေ နာမဉ္စ ရူပဉ္စာတိ ဒွေဓာ ဝဝတ္ထပေတိ = အလုံးစုံလည်း ဖြစ်ကုန်သော ကာမ-ရူပ-အရူပ တည်းဟူသော ဘုံသုံးပါး အတွင်း၌ တည်ရှိကြကုန်သော တေဘူမကဓမ္မတို့ကို နာမ်တရားဟူ၍လည်းကောင်း ရုပ်တရားဟူ၍လည်းကောင်း (နာမ်တရား, ရုပ်တရား - ဟု) နှစ်ဖို့ နှစ်စု အားဖြင့် ပိုင်းခြား မှတ်သား၏။ --- ဤသို့ ဖွင့်ဆိုထားတော်မူ၏။

ဤအဋ္ဌကထာ စကားရပ်၌ --- သဗ္ဗ = အလုံးစုံ = အကုန်လုံးဟူသော စကားကား အကြွင်းအကျန်မရှိ ကုန်စင်အောင် သင်္ခါရတရားအားလုံးကို သိမ်းကျုံးယူသော စကား ဖြစ်၏။ သို့သော် နာမ်နှင့် ရုပ်တို့ကား အချင်းချင်း ဝေးကွာသည့် သဘောရှိ၏။ (အတူယှဉ်တွဲ ဖြစ်ကြသည့် သမ္ပယုတ္တတရားများ မဟုတ်ကြ၊ မယှဉ်တွဲဘဲ ခွဲ၍သာ ဖြစ်ကြသော ဝိပ္ပယုတ္တတရားများ ဖြစ်ကြ၏။) ထိုကြောင့် ထိုနာမ်နှင့် ရုပ် နှစ်ပါးစုံကို တစ်ပေါင်း တစ်စု တည်း ပြု၍ အပေါင်းအစုအနေဖြင့် မသုံးသပ်ထိုက်ပေ၊ ထိုသို့ မသုံးသပ်ထိုက်ရကား ---

၁။ အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော သဘောလက္ခဏာရှိသော တရားကား --- နာမ်,

၂။ ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား --- ရုပ် -

ဤသို့ နှစ်ဖို့ နှစ်စု ပြု၍ ပိုင်းခြား မှတ်သားရ၏။ --- ဟု ဆိုလိုပေသည်။

ဤသို့ ပိုင်းခြား မှတ်သားသော်သာလျှင် ထိုနာမ်ရုပ် နှစ်ပါးစုံမှ အလွတ်ဖြစ်သော ဘုံသုံးပါးအတွင်း၌ တည်ရှိကြကုန်သော တေဘူမကဓမ္မတို့၌ တစ်စုံတစ်ခုသော (အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ကဲ့သို့သော) တရားဓမ္မ၏ မရှိခြင်းကြောင့် --- အလုံးစုံလည်း ဖြစ်ကုန်သော ဘုံသုံးပါးအတွင်း၌ တည်ရှိကြကုန်သော တေဘူမကဓမ္မတို့ကို နာမ်တရား ရုပ်တရားဟု နှစ်ဖို့ နှစ်စု ပြု၍ ပိုင်းခြား မှတ်သား၏။--- ဟု အဋ္ဌကထာဆရာတော် ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။

နာမဉ္စ ရူပဉ္စ = နာမ်တရား ရုပ်တရား ဟူသော ဤစကားရပ်ဖြင့်ပင်လျှင် ထိုနာမ်ရုပ်၏ နှစ်မျိုးကွဲပြားမှု ရှိသည်၏ အဖြစ်သည် ပြီးစီးပါသော်လည်း --- ဒွေဓာ ဝဝတ္ထပေတိ = နှစ်ဖို့ နှစ်စုအားဖြင့် ပိုင်းခြားမှတ်သား၏ ဟူသော ဤစကားကို ထပ်၍ဆိုပြန်၏၊ ယင်းစကားရပ်ကို နာမ်ရုပ်မှ အလွတ်ဖြစ်သော (အသက်ကောင် လိပ်ပြာ ကောင် ဝိညာဏ်ကောင် အတ္တကောင် ကဲ့သို့သော) အခြားတစ်စုံတစ်ခုသော တရား၏ ဘုံသုံးပါးအတွင်း၌ ထင်ရှားမရှိသည်၏ အဖြစ်ကို ညွှန်ပြတော်မူခြင်းငှာ မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။

ထိုကြောင့်ပင်လျှင် နာမ်ရုပ်ထက် အပိုအလွန်ဖြစ်သော ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာသည် မရှိသည်သာတည်းဟု ဆုံးဖြတ်ချက် ချနိုင်ခြင်းသို့ ရောက်၏ --- ဤသို့လည်း မိန့်ဆိုခြင်း ဖြစ်၏။

တစ်ဖန် --- သဗ္ဗေပိ တေဘူမကေ ဓမ္မေ = တေဘူမကဓမ္မ --- အကုန်လုံးဟူသော ဤစကားရပ်၌လည်း သဗ္ဗ = အကုန်လုံး - ဟု ဤစကားရပ်ကိုယူ၍ ပြောဆိုခြင်းမှာ အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်းငှာ ထိုက်သော = သမ္မသမနုပဂ္ဂဓမ္မ၏ မကြွင်းမကျန်စေလိုသည့် အတွက်ကြောင့် မိန့်ဆိုခြင်း ဖြစ်၏။

မှန်ပေသည် --- ထိုဘုံသုံးပါးအတွင်း၌ တည်ရှိသော တေဘူမကဓမ္မကား အကြွင်းအကျန်မရှိ ကုန်စင် အောင် ပိုင်းခြားသိရမည့် တရားလည်းဖြစ်၏၊ အကယ်စင်စစ်အားဖြင့် ထိုတေဘူမကဓမ္မ အပေါ်၌ တွယ်တာ တပ်မက်နေသည့် တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင်လည်း ကျင့်ရမည် ဖြစ်၏၊ ထိုတေဘူမကဓမ္မမှလည်း မိမိ၏ စိတ်ကို တွယ်တာတပ်မက်နေသည့် တဏှာကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် ကျင့်ခြင်းဖြင့် လွတ်မြောက်စေရမည် ဖြစ်၏။ ထိုကြောင့် ဘုရားရှင်ကိုယ်တော်တိုင်က အောက်ပါအတိုင်း ဟောကြားထားတော်မူခဲ့၏။

ရဟန်းတို့ ...အလုံးစုံသော ရုပ်နာမ်ကို ---

၁။ ဉာတပရိညာ ပညာဖြင့် ထိုးထွင်း မသိခဲ့သော် -

၂။ တီရဏပရိညာ ပညာဖြင့် ပိုင်းပိုင်းခြားခြား မသိခဲ့သော် -

၃။ ပဟာနပရိညာ ပညာဖြင့် ထိုအလုံးစုံသော ရုပ်နာမ်အပေါ်၌ တွယ်တာတပ်မက်နေသော တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် မကျင့်နိုင်ခဲ့သော် မပယ်စွန့်နိုင်ခဲ့သော် -

သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်။

ရဟန်းတို့ ...စင်စစ်သော်ကား အလုံးစုံသော ရုပ်နာမ်ကို ---

၁။ ဉာတပရိညာ ပညာဖြင့် ထိုးထွင်းသိခဲ့သော် -

၂။ တီရဏပရိညာ ပညာဖြင့် ပိုင်းပိုင်းခြားခြား သိခဲ့သော် -

၃။ ပဟာနပရိညာ ပညာဖြင့် ထိုအလုံးစုံသော ရုပ်နာမ်အပေါ်၌ တွယ်တာတပ်မက်နေသော တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် ကျင့်နိုင်ခဲ့သော် ပယ်စွန့်နိုင်ခဲ့သော် -

သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်၏။ (သံ၊၂၊၂၄၉-၂၅၀။ ခု၊၁၊၁၉၇၊ ဣတိဝုတ္တက။)

ဤအဆုံးအဖြတ်ကား သံယုတ်ပါဠိတော် သဠာယတနဝဂ္ဂသံယုတ်၌ လာရှိသော အပရိဇာနနသုတ္တန်နှင့် ဣတိဝုတ်ပါဠိတော်၌ လာရှိသော သဗ္ဗပရိညာသုတ္တန်တို့ကို ကိုးကား၍ ဆုံးဖြတ်ထားသော မဟာဋီကာ၏ အဆုံး အဖြတ်ပင်တည်း။

၁။ ရုပ်ဓာတ် တစ်လုံးလောက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း နိဗ္ဗာန်ကို ရရှိနိုင်သည် ဟူသော အဆို

၂။ နာမ်ဓာတ် တစ်လုံးလောက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း နိဗ္ဗာန်ကို ရရှိနိုင်သည် ဟူသော အဆို

၃။ ရုပ်ဘက်ကလည်း ရုပ်ဓာတ် တစ်လုံးလောက်ကို နာမ်ဘက်ကလည်း နာမ်ဓာတ် တစ်လုံးလောက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း နိဗ္ဗာန်ကို ရရှိနိုင်သည် ဟူသော အဆို ---

ဤအဆို (၃)ရပ်တို့သည် အထက်ပါ မဟာဋီကာတို့၏ အဆုံးအဖြတ်နှင့်ကား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်စကားတို့သာ ဖြစ်နေကြ၏။ မျဉ်းဖြောင့် တစ်ကြောင်းပေါ်၌ ကျောချင်းခိုင်းလျက် တည်နေသော အဆို အမိန့်တို့ ဖြစ်နေကြ၏။ သို့သော် တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော်မွန်သည် ကား အပရိဇာနနသုတ္တန်, သဗ္ဗပရိညာသုတ္တန်ဟူသော ဘုရားဟော မုခပါဌ်တော်ကြီးကို ဦးထိပ်ရွက် ပန်ဆင်လျက် ဆုံးဖြတ်ထားတော်မူသော မဟာဋီကာ ဆရာတော်၏ အဆုံးအဖြတ်ကိုကား ကျောမခိုင်းသင့်ပေ။ [ပရိညာပညာ (၃)မျိုးကို ကောင်းသော ည တစ်ည = ဘဒ္ဒေကရတ္တသုတ္တန်ပိုင်းတွင် ရှင်းလင်းခဲ့ပြီး ဖြစ်ပေသည်။]

ဒိဋ္ဌိဝိသုဒ္ဓိ

ဒိဋ္ဌိဝိသုဒ္ဓိ

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

= လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် နာမ်ရုပ်ကို သိမ်းဆည်းခြင်းသည် ပရမတ္ထဉာဏ်အမြင် သန့်ရှင်းစင်ကြယ်သော = ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ဒီဃနိကာယ် မဟာဝဂ္ဂ အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၅၃), သံယုတ္တနိကာယ် နိဒါနဝဂ္ဂ အဋ္ဌကထာ (သံ၊ဋ္ဌ၊၂၊၄၄) စသော အဋ္ဌကထာကြီးများနှင့်အညီ ဖွင့်ဆိုထားသော စကားတော်ပင် ဖြစ်သည်။ သို့အတွက် ဒိဋ္ဌိဝိသုဒ္ဓိ = ပရမတ္ထ ဉာဏ်အမြင် သန့်ရှင်းစင်ကြယ်ရေးအတွက် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် နာမ်ရုပ်တို့ကို ဆက်လက်၍ သိမ်းဆည်းရပေဦးမည်။ ထိုသို့သိမ်းဆည်းပုံအပိုင်းကို --- လက္ခဏာဒိစတုက္ကပိုင်းဟူသော အမည်ဖြင့် သီးသန့်ဖော်ပြမည်ဖြစ်ပါသည်။ ဤတွင် ---

၁။ ဓာတ် (၁၈)ပါးနည်း

၂။ အာယတန (၁၂)ပါးနည်း

၃။ ခန္ဓာ (၅)ပါးနည်းတို့ဖြင့် ရုပ်နာမ်ကို သိမ်းဆည်းပုံကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

ဓာတ် (၁၈) ပါး ဇယား

ဓာတု = ဓာတ် --- အတ္တနော သဘာဝံ ဓာရေတီတိ ဓာတု။

= မိမိ၏ သဘောလက္ခဏာကို မိမိဆောင်ထားတတ်သောကြောင့် ဓာတ်မည်၏။ (ဝိသုဒ္ဓိ၊၂၊၁၁၆။)

သာသနာပအယူအဆရှိသူ တိတ္ထိတို့ ကြံဆအပ်သော အတ္တသည်ကား ပရမတ္ထသစ္စာနယ်မှ ပရမတ္ထဉာဏ်ပညာမျက်စိဖြင့် တကယ်တမ်း စူးစမ်းရှာဖွေကြည့်သောအခါ, အထူးသဖြင့် ယခုကဲ့သို့ ရုပ်နာမ်တို့ကို ပရမတ် သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်သဖြင့် ယင်းရုပ်နာမ်တို့ဝယ် ပရမတ္ထဉာဏ်ပညာမျက်စိဖြင့် စူးစမ်း ရှာဖွေကြည့်သောအခါ အထင်အရှား မရှိတော့ပြီ ဖြစ်၏။ ရုပ်နာမ်ကလွဲ၍လည်း မည်သည့်အရာကိုမျှ မတွေ့ရ၊ ဉာဏ်ဖြင့် တွေ့မြင်နေရသော ရုပ်နာမ်တို့၌လည်း အတ္တကားမရှိ။ အတ္တသည် ပြုလုပ်တတ်သော ကာရကတည်း၊ အတ္တသည် ခံစားတတ်သော ဝေဒကတည်း၊ ဤသို့လျှင် အတ္တကို ကာရက ဝေဒက စသည် အမည်နာမတပ်၍ ပြုလုပ်တတ် ခံစားတတ်သည်ဟု ဆိုသော်လည်း တကယ်တမ်းအားဖြင့် မပြုလုပ်တတ် မခံစားတတ်ပေ၊ ပြုလုပ်ခြင်း ခံစားခြင်း သဘောကို မရွက်ဆောင်နိုင်ပေ။ ပြုလုပ်တတ်သည် ခံစားတတ်သည်ဟု ခေါ်ဝေါ်သုံးစွဲ နေသော အတ္တသည်ပင် တကယ်ထင်ရှား မရှိသောကြောင့် ဖြစ်၏။

စက္ခုစသော ပရမတ်တရားတို့ကား မိမိသဘောကို မိမိ ဆောင်ရွက်နိုင်၏၊ မိမိ သဘောအတိုင်း တည်ရှိ၏၊ ဥပမာ ---

ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ,

ဒဋ္ဌုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ စက္ခု။

(ဝိသုဒ္ဓိ၊၂၊၇၄။)

စက္ခုဓာတ် (= စက္ခုအကြည်ဓာတ်)သည် ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ဘူတရုပ် = ဓာတ် ကြီး (၄)ပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိ၏။ တစ်နည်း --- ရူပါရုံကို မြင်ခြင်းငှာ အလိုရှိသော ကာမတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော ဘူတရုပ် ဓာတ်ကြီး (၄)ပါးကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိ၏။

အထက် ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့သည့် အတိုင်း ရုပ်တို့မည်သည် ကလာပ်ဟု ခေါ်ဆိုအပ်သည့် အမှုန်အနေဖြင့် ဖြစ်ကြ၏။ ကလာပ်ဟူသည် ရုပ်ပရမတ်နယ်၌ ရုပ်တို့၏ အသေးဆုံး အဖွဲ့အစည်းသာတည်း။ စက္ခုဓာတ်သည်လည်း တစ်ခုချင်း ဖြစ်သည်မဟုတ် စက္ခုဒသကကလာပ်ဟူသော ရုပ်ကလာပ် အလိုက်သာ ဖြစ်၏။ ယင်းစက္ခုဒသက ကလာပ်တွင် ရုပ်သဘောတရား (၁၀)မျိုး ပါဝင်၏။ ယင်းရုပ်တရားတို့ကား အတိတ်ဘဝ တစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်လျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော ကမ္မဇရုပ်တို့သည်သာ ဖြစ်ကုန်၏။ ယင်းစက္ခုဒသကကလာပ် အတွင်း၌ (၁၀)မျိုးသော ရုပ်တို့တွင် မဟာဘုတ် ဓာတ်ကြီး (၄)ပါးတို့လည်း ပါဝင်ကြ၏။ ယင်း မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကား ရူပါရုံ၏ ရှေးရှူရိုက်ခတ် ခြင်းငှာထိုက်သော တရားတို့ ဖြစ်ကြ၏။ ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ်တို့ကို ကြည် လင်စေတတ်သော သဘောကား စက္ခုဓာတ်၏ သဘောသဘာဝလက္ခဏာပင် ဖြစ်၏၊ စက္ခုဓာတ်တိုင်း၌ ယင်း သဘာဝလက္ခဏာကား တည်ရှိ၏။ သို့အတွက် စက္ခုဓာတ်သည် မိမိသဘောကို မိမိ ဆောင်ထား၏၊ မိမိသဘောကို မိမိ ဆောင်ရွက်နိုင်၏၊ မိမိသဘောအတိုင်း တည်ရှိ၏ဟု ဆိုရ၏။ ကျန်ဓာတ်တို့၌လည်း နည်းတူမှတ်ပါ။ ဤသို့လျှင် ဤ (၁၈)ပါးကုန်သော သဘောတရားတို့သည် မိမိဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာ သဘောတရားကို ဆောင်ရွက်နိုင်ကြသဖြင့် ဓာတု = ဓာတ်ဟူသော အမည်ကို ရကြပေသည်။

ဤဓာတ် (၁၈)ပါးတို့တွင် စက္ခုဓာတ် စသည်တို့၏ တရားကိုယ်မှာ ထင်ရှားပြီ။ မထင်ရှားရာကို အနည်းငယ် ဆိုပေအံ့။ ရှေးဦးစွာ မနောဓာတ် ပဉ္စဝိညာဏဓာတ် မနောဝိညာဏဓာတ်တို့၏ ထူးထွေကွဲပြားမှုကို ဖော်ပြပေအံ့။

မနောဓာတ်

မနောဓာတ်

တီဏိ မနောဓာတုစိတ္တာနိ ဧကာ မနောဓာတု။ (ဝိသုဒ္ဓိ၊၂၊၂၂၄။)

(၁) ပဉ္စဒွါရာဝဇ္ဇန်း။ (၂) အဟိတ်ကုသလဝိပါက်သမ္ပဋိစ္ဆိုင်း (၃) အဟိတ်အကုသလဝိပါက်သမ္ပဋိစ္ဆိုင်း - ဤ (၃)မျိုးကုန်သော စိတ်တို့သည် မနောဓာတ်တို့ မည်ကြသည်။

အန္တာဒိကာ မနောဓာတု၊ မနောဝိညာဏဓာတုယာ။

ပဝေသာ-ပဂမေ ဒွါရ-ပရိယာယေန တိဋ္ဌတိ။ (နာမရူပပရိစ္ဆေဒ။)

ယင်းမနောဓာတ် အမည်ရသော စိတ် (၃)မျိုးတို့တွင် ပဉ္စဒွါရာဝဇ္ဇန်းသို့ ရောက်သည့်အခါ ဘဝင်တည်း ဟူသော မနောဝိညာဏ်အစဉ်သည် ကုန်ပျောက်သဖြင့် ထိုမနောဝိညာဏ်သည် ပဉ္စဒွါရာဝဇ္ဇန်းထဲသို့ ဝင်သွား သလို ထင်မှတ်ရ၏၊ ထိုကြောင့် ပဉ္စဒွါရာဝဇ္ဇန်းသည် ဘဝင်မနောဝိညာဏ်၏ ဝင်ရာ ဒွါရတည်း။ တစ်ဖန် သမ္ပဋိစ္ဆိုင်း၏နောက်၌ သန္တီရဏတည်းဟူသော မနောဝိညာဏ်သည် ဖြစ်ပေါ်လာပြန်၏။ ထိုကြောင့် သမ္ပဋိစ္ဆိုင်း သည် မနောဝိညာဏ်၏ ထွက်ခွာလာရာ တံခါးသဖွယ် ဖြစ်ပြန်၏။ ဤသို့သော ပရိယာယ်အရ မနောဓာတ် (၃)ခုကို မနောဝိညာဏ်၏ ဒွါရဟု ဆိုနိုင်ပြန်သည်။ မုချ ယူရိုးယူစဉ် မဟုတ် ဟူလိုသည်။

နာမ်ကမ္မဋ္ဌာန်း ေ့ရှပိုင်းစာမျက်နှာ (၃၁) စသည်၌ ---

၁။ ဘဝင်မနောအကြည်ဓာတ်ကို မနောဒွါရဟုလည်းကောင်း

၂။ အာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်ကို မနောဒွါရဟုလည်းကောင်း

၃။ ဌာနူပစာရအားဖြင့် သို့မဟုတ် ဖလူပစာရအားဖြင့် ဟဒယဝတ္ထုကိုလည်း မနောဒွါရဟုလည်းကောင်း -

အသီးအသီး ခေါ်ဆိုကြောင်း ရှင်းပြခဲ့၏။ (စာမျက်နှာ -၃၁- စသည်၌ ပြန်ကြည့်ပါ။) ဘဝင်ကို မနော ဒွါရဟု ယူခြင်း အာဝဇ္ဇန်းနှင့် တကွသော ဘဝင်ကို မနောဒွါရဟု ယူခြင်းကား ယူရိုးယူစဉ်တည်း။

မနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းဒွေတို့တွင် ပဉ္စဒွါရာဝဇ္ဇန်းသည် အသစ်ဖြစ်သော အာရုံကို ရှေးဦးစွာ တစ်ကြိမ်မျှ ယူရခြင်းကြောင့် သူများနောက်မှ ဆက်လက်၍ အာရုံကို ယူရသလောက်လည်း ကောင်း, အကြိမ်များစွာ ယူရသလောက်လည်းကောင်း ထိထိရောက်ရောက် မရှိချေ။ ထိုပြင် မိမိ၏နောက်တွင် ဆက်လက် ဖြစ်ပေါ်လာသည့် မှီရာဝတ္ထုရုပ်ချင်း မတူသော ပဉ္စဝိညာဏ်အား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးနေရသည့် အတွက် မှီရာတူသော စိတ်အား ကျေးဇူးပြုပေးရသလောက် အားမရှိပေ။ သမ္ပဋိစ္ဆိုင်းဒွေသည် လည်း ဟဒယဝတ္ထုကိုသာ မှီ၍ဖြစ်ရသဖြင့် မိမိနှင့် မှီရာဝတ္ထုရုပ်ချင်း မတူသော ပဉ္စဝိညာဏ်မှ အနန္တရပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှုကို ခံယူရသောကြောင့် မှီရာ ဝတ္ထုရုပ်ချင်း တူညီသော စိတ်မှ ကျေးဇူးအပြုခံရသလောက် အားမရှိချေ၊ သို့အတွက် ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေကို --- မနော ဧဝ ဓာတု မနောဓာတု --- သိရုံ မျှသာဖြစ်သော ဓာတ်ဖြစ်ခြင်းကြောင့် မနောဓာတ်ဟု မှည့်ခေါ်ရလေသည်။

ပဉ္စဝိညာဏဓာတ်

ပဉ္စဝိညာဏဓာတ်

ပဉ္စဝိညာဏ်တို့ကား မိမိတို့ မှီရာဝတ္ထုရုပ် အသီးအသီး၌ တိုက်ရိုက်ထင်လာသော အာရုံကို အလွယ်တကူ ယူရုံသာဖြစ်၍ မနောဓာတ်ထက် သိမှု အားရှိကြပေသည်၊ သို့အတွက် သိခြင်းအနက်ဟော ဉာဏသဒ္ဒါပေါ်တွင် ဝိ -- ဥပသာရပုဒ် အမွှန်းတင်ပြီးလျှင် --- ဝိသေသေန ဇာနာတီတိ ဝိညာဏံ = မနောဓာတ်ထက် ထူးသောအားဖြင့်အာရုံကို သိတတ်သောကြောင့် ဝိညာဏဓာတ်ဟု ခေါ်စမှတ် ပြုရလေသည်၊ သို့သော် မှီရာ ဝတ္ထုရုပ်ချင်း မတူညီသော အာဝဇ္ဇန်းမှ အနန္တရသတ္တိဖြင့် ကျေးဇူးပြုမှုကို ရရှိသည်ဖြစ်၍ မှီရာဝတ္ထုရုပ်ချင်း မတူညီသော သမ္ပဋိစ္ဆိုင်းအား တစ်ဖန်ပြန်၍ အနန္တရသတ္တိဖြင့် ကျေးဇူးပြုပေးနေရသည့် အတွက် မှီရာတူ စိတ်မှ ကျေးဇူးအပြု ခံရသလောက်လည်းကောင်း, မှီရာတူ ဝိညာဏ်အား ကျေးဇူးပြုရသည့် မနောဝိညာဏဓာတ်များလောက်လည်းကောင်း အားမပြည့်တတ်ချေ။ အညတြ အဘိနိပါတမတ္တာ - ဟူသော ဝိဘင်းပါဠိတော်၌ ဟောကြားထားတော် မူသည့်အတိုင်း မိမိ မိမိ၏ ဆိုင်ရာ ဆိုင်ရာ ပဉ္စာရုံပေါ်သို့ ရှေးရှူကျရောက်ခြင်း သဘောမျှသာ ဖြစ်ပေသည်။

[အနန္တရ --- သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ ဟူ၏သို့ စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ စိတ်နှစ်မျိုး ပြိုင်တူ မဖြစ်နိုင်ဘဲ စိတ်တစ်ခုဖြစ်ပြီး ပျက်သွားပါမှ နောက်စိတ်တစ်ခု ထပ်ဖြစ်နိုင်၏။ ရှေးရှေးစိတ်သည် ဖြစ်ပြီး ပျက်သွားသောအခါ နောက်နောက် စိတ်ဖြစ်ဖို့ရန် ကျေးဇူးပြုပေးပြီးမှ ပျက်သွား၏။ ရှေးရှေးစိတ် မချုပ်ပျက်သေးလျှင်လည်း နောက်နောက်စိတ် သည် ဖြစ်ခွင့်မရနိုင်။ သမ္မတတစ်ဦး ဆင်းသွားသောအခါ သမ္မတအသစ်ကို တင်ပြီးမှ ဆင်းသွားသကဲ့သို့ မှတ်ပါ။ ယင်းသို့ ရှေးရှေးစိတ်က နောက်နောက်စိတ် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးမှုကို အနန္တရပစ္စယ သတ္တိဟု ဆိုသည်။]

မနောဝိညာဏဓာတ်

မနောဝိညာဏဓာတ်

မနော- သဒ္ဒါသည်လည်း --- သိခြင်း အနက်ကို ဟော၏၊ ဝိညာဏ- သဒ္ဒါကလည်း အထူးသိခြင်း အနက်ကိုပင် ဟော၏။ ဤသို့ --- သိခြင်း + အထူးသိခြင်း --- ဟူသော သဒ္ဒါနှစ်ပါးကို ယှက်ဖက်ထားသဖြင့် -အများကြီးသိ, သိပ်သိ, အလွန်အကြူး အထူးသိဟူသော အဓိပ္ပါယ်ကို ဖော်ပြလျက်ရှိ၏။ အလွန်အကြူး အထူး သိပုံမှာ --- ဆိုခဲ့ပြီးသော စိတ်များကဲ့သို့ မဟုတ်ဘဲ, အာရုံသစ်ကို ရှေးဦးစွာ ထွက်၍ မယူခြင်း, (မနောဒွါရာ ဝဇ္ဇန်းကဲ့သို့ ယူရစေကာမူ) မှီရာဝတ္ထုရုပ်ချင်း တူညီသော စိတ်မှ အနန္တရသတ္တိဖြင့် ကျေးဇူးအပြုခံရ၍ မှီရာ ဝတ္ထုရုပ်ချင်း တူညီသော နောက်စိတ်အားလည်း အနန္တရသတ္တိဖြင့် ကျေးဇူးပြုပေးရခြင်းကြောင့် အာရုံကို သိရာ၌ ထိထိမိမိ ပိပိရိရိ ရှိကြပေသည်၊ သို့အတွက် မနော ဧဝ ဝိညာဏံ မနောဝိညာဏံ အရ မနောဝိညာဏဓာတ် မည်ရလေသည်။ (သင်္ဂြိုဟ်ဘာသာဋီကာ၊၁၈၂ - ကြည့်။)

အာယတန (၁၂) ပါး

အာယတန (၁၂) ပါး

အတွင်း အာယတန (၆) ပါး အပြင် အာယတန (၆) ပါး

၁။ စက္ခာယတန ၁။ ရူပါယတန

၂။ သောတာယတန ၂။ သဒ္ဒါယတန

၃။ ဃာနာယတန ၃။ ဂန္ဓာယတန

၄။ ဇိဝှါယတန ၄။ ရသာယတန

၅။ ကာယာယတန ၅။ ဖောဋ္ဌဗ္ဗာယတန

၆။ မနာယတန ၆။ ဓမ္မာယတန ---

၁။ စက္ခုအကြည်ဓာတ် = စက္ခုပသာဒသည် စက္ခာယတန မည်၏။

၂။ သောတအကြည်ဓာတ် = သောတပသာဒသည် သောတာယတန မည်၏။

၃။ ဃာနအကြည်ဓာတ် = ဃာနပသာဒသည် ဃာနာယတန မည်၏။

၄။ ဇိဝှါအကြည်ဓာတ် = ဇိဝှါပသာဒသည် ဇိဝှါယတန မည်၏။

၅။ ကာယအကြည်ဓာတ် = ကာယပသာဒသည် ကာယာယတန မည်၏။

၆။ လောကီ ဝိညာဏဓာတ် (၇)ပါးသည် မနာယတန မည်၏။

[လောကိယ သတ္တ ဝိညာဏဓာတုယော မနာယတနန္တိ။] (ဝိသုဒ္ဓိ၊၂၊၂၂၄။)

၁။ ရူပါရုံသည် = ရူပါယတန မည်၏။

၂။ သဒ္ဒါရုံသည် = သဒ္ဒါယတန မည်၏။

၃။ ဂန္ဓာရုံသည် = ဂန္ဓာယတန မည်၏။

၄။ ရသာရုံသည် = ရသာယတန မည်၏။

၅။ ဖောဋ္ဌဗ္ဗာရုံသည် = ဖောဋ္ဌဗ္ဗာယတန မည်၏။

၆။ စေတသိက် (၅၂)မျိုး, သုခုမရုပ် (၁၆)ပါးသည် ဓမ္မာယတန မည်၏။

အာယတန အမည်ရပုံ

အာယတန အမည်ရပုံ

အဝိသေသတော ပန အာယတနတော, အာယာနံ တနနတော, အာယတဿ စ နယနတော အာယတနန္တိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၁၁၂။)

၁။ စိတ် စေတသိက်တို့၏ မိမိ မိမိတို့၏ ကိစ္စကို အားထုတ်ရာ အားထုတ်ကြောင်း ဖြစ်သောကြောင့်လည်းကောင်း ---

၂။ မိမိ မိမိတို့၏ ဆိုင်ရာ ကိစ္စကို အားထုတ်သည်ဖြစ်၍ အာယ ဖြစ်ကုန်သော စိတ်စေတသိက်တို့ကို ကျယ် ပြန့်အောင် ချဲ့ထွင်တတ်သောကြောင့်လည်းကောင်း ---

၃။ အစမထင် = အနမတဂ္ဂ သံသရာတစ်ခွင်၌ ဖြစ်သော သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးကို လှလှကြီး ဝဝကြီး ဆောင်ထားတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း --- အာယတန မည်၏ ဟူ၍ သိရှိပါလေ။

၁။ အာယတန --- သဒ္ဒါသည် အကြောင်းဟူသော အနက်ကို ဟောသော အနိပ္ဖန္န ပါဋိပဒိကပုဒ်တည်း။ စက္ခုပသာဒနှင့် ရူပါရုံ မရှိလျှင် စက္ခုဒွါရိကဝီထိစိတ်များသည် မဖြစ်နိုင်၊ စက္ခုဒွါရိကဝီထိစိတ်များ မဖြစ်ပါက လည်း စက္ခုဒွါရိကဝီထိစိတ်အတွင်း စိတ္တက္ခဏတိုင်း၌ တည်ရှိကြကုန်သော စိတ်စေတသိက်တို့သည် မိမိ မိမိ တို့၏ ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို မဆောင်ရွက်နိုင်ကြကုန် အားမထုတ်နိုင်ကြကုန်။ ထိုကြောင့် စက္ခု ပသာဒနှင့် ရူပါရုံတို့သည် စက္ခုဒွါရိကဝီထိစိတ်တို့၏ ဖြစ်ကြောင်းဖြစ်၍ စက္ခုဒွါရိက နာမ်တရားစုတို့၏ မိမိ မိမိ တို့၏ ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို ဆောင်ရွက်ရာ ဆောင်ရွက်ကြောင်း အားထုတ်ရာ အားထုတ်ကြောင်း ဖြစ်သောကြောင့် စက္ခာယတန - ရူပါယတန ဟူသော အမည်ကို ရရှိကြသည်။ ကျန်အာယတန အစုံအစုံတို့၌ လည်း နည်းတူ သဘောပေါက်ပါ။

၂။ စက္ခုဒွါရနှင့် ရူပါရုံ ရှိပါမှ စက္ခုဒွါရဝီထိ နာမ်တရားစုတို့ ဖြစ်နိုင်ကြ၏။ စက္ခုဒွါရနှင့် ရူပါရုံ မရှိပါက စက္ခု ဒွါရ နာမ်တရားစုတို့သည် မဖြစ်နိုင်ကြကုန်။ သောတဒွါရ သဒ္ဒါရုံ စသည်တို့၌လည်း နည်းတူ မှတ်ပါ။ ယင်းသို့ ထိုထို ဒွါရ ထိုထို အာရုံကို အစွဲပြု၍ ဖြစ်ကြကုန်သော ဆိုင်ရာ ဆိုင်ရာ ထိုထို စိတ်စေတသိက်တရားတို့ကို ထို အာယတနတို့သည် ကျယ်ပြန့်အောင် ချဲ့ထွင်တတ်ကြကုန်၏။ ဓာတ်ပုံဆိုင်များ၌ အသုံးပြုသော ပုံကြီးချဲ့ကိရိယာ တစ်မျိုးသည် သေးငယ်သော ဓာတ်ပုံများကို ကြီးမားကျယ်ပြန့်အောင် ပုံကြီးချဲ့၍ ပေးတတ်၏။ အလားတူပင် ဤအာယတနတို့သည်လည်း စိတ်စေတသိက်တို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်၍ ပေးတတ်ကြ၏။ ဣဋ္ဌ ဖြစ်သော နှစ်ခြိုက်ဖွယ် အဆင်း အသံ စသည်တို့နှင့် တွေ့ကြုံခွင့် ရပါက (အယောနိသောမနသိကာရ ရှိသူတို့သည်) ပြုံး၍ ပုံကြီးချဲ့နေတတ်ကြ၏။ အနိဋ္ဌ ဖြစ်သော မနှစ်ခြိုက်ဖွယ်ရာ အဆင်း အသံ စသည်တို့နှင့် တွေ့ကြုံခွင့် ရရှိပြန်ပါကလည်း (အယောနိသော မနသိကာရ ရှိသူတို့သည်) မဲ့၍ ပုံကြီးချဲ့နေတတ်ကြပြန်၏။ စိတ်ထဲမှာ တပြုံးပြုံးလည်း ဖြစ်နေတတ်၏၊ တနုံ့နုံ့လည်း ဖြစ်နေတတ်၏။ စိတ်စေတသိက်တို့ကို ကျယ်ပြန့်အောင် ချဲ့ထွင် နေခြင်းတစ်မျိုး ဖြစ်၏။ ယောနိသောမနသိကာရ ရှိသူ သူတော်ကောင်းတို့ သန္တာန်၌ကား -- ယင်း ဒွါရ အာရုံတို့ကို အစွဲပြု၍ အကုသိုလ်တရားတို့ ကျယ်ပြန့်မလာသော်လည်း အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် စသော ဝိပဿနာဉာဏ်တို့နှင့် ယှဉ်တွဲလျက်ရှိကြသော စိတ်စေတသိက်တို့သည်ကား ကျယ်ပြန့်လျက်ပင် ရှိပေသည်။ သို့သော် ယင်းသို့ ကျယ်ပြန့်မှုကား နိဗ္ဗာန်သို့ ပို့ဆောင်ပေးနေသည့် ကျယ်ပြန့်မှု မျိုးသာ ဖြစ်၍ ပွားများထိုက် မှီဝဲထိုက်လှပေသည်။

၃။ အစမထင် သံသရာတစ်ခွင်၌ ဖြစ်သော အလွန်ရှည်လျားလှစွာသော ဤသံသရာဝဋ်ဆင်းရဲဒုက္ခကြီးသည် အကြင်မျှလောက်သော ကာလပတ်လုံး နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သော အနုပ္ပါဒနိရောဓ သဘောအားဖြင့် မနစ်မြုပ်သေး မချုပ်သေး၊ ထိုမျှလောက် မနစ်မြုပ်သေး မချုပ်သေးသမျှ ကာလပတ်လုံး ယင်း သံသရာဝဋ်ဆင်းရဲဒုက္ခကြီးကို ယင်းအာယတနတို့က လှလှကြီး ဝဝကြီး ဆောင်ထားတတ်ကြကုန်၏ ဖြစ်စေတတ် ကြကုန်၏။ ထိုကြောင့်လည်း အာယတန မည်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၁၁၂။)

မနာယတန - ဓမ္မာယတန

မနာယတန - ဓမ္မာယတန

ဒွါရာရမ္မဏ ဘေဒေန၊ ဘဝန္တာယတနာနိ စ၊

ဒွါရာရမ္မဏ တဒုပ္ပန္န၊ ပရိယာယေန ဓာတုယော။ (အဘိဓမ္မတ္ထသင်္ဂဟ။)

အတ္တနော သဘာဝံ ဓာရေတီတိ ဓမ္မော = မိမိ မိမိတို့၏ သဘောလက္ခဏာကို မိမိတို့ကိုယ်တိုင် ဆောင် ထားတတ်သောကြောင့် ဓမ္မ မည်၏။ --- ဟု ဆိုသဖြင့် ပရမတ္ထတရား အားလုံးသည် မိမိ၏ ကိုယ်ပိုင်သဘာဝ လက္ခဏာကို (= သဘောလက္ခဏာကို) မိမိကိုယ်တိုင် ဆောင်ထားနိုင်သဖြင့် ပရမတ္ထတရား အားလုံးကို ဓမ္မာယတနဟု တစ်မျိုးတည်းသာ ဟောသင့်ပါလျက် အကွဲအပြား မရှိ တစ်ခုတည်း မဟောမူ၍ အဘယ်ကြောင့် အာယတန (၁၂)ပါးတို့ဟူ၍ ဟောကြားတော်မူအပ်ပါကုန်သနည်း။ --- ဤသို့ ယုတ္တိသဘော စောကြောလာ ငြားအံ့ --- အဖြေကား ဤသို့တည်း။

အာယတနဒေသနာတော်သည် ဝိညာဏကာယ (၆)မျိုးတို့၏ ဒွါရနှင့် အာရုံကို ကွဲကွဲပြားပြား ခွဲခြားပြသ လို၍ ဟောကြားထားတော်မူအပ်သော ဒေသနာဖြစ်၏။ ထိုဒွါရနှင့် အာရုံတို့က (၆)ပါးစီ ကွဲပြားလျက် ရှိသော ကြောင့် ပရမတ္ထတရား အားလုံးကို ဓမ္မာယတနဟု တစ်မျိုးတည်း မဟောဘဲ --- ဒွါရ အာယတန (၆)ပါး, အာရုံ အာယတန (၆)ပါး --- ဤသို့ ခွဲခြား၍ အာယတန (၁၂)ပါး ဟောထားတော်မူရသည်။

၁။ စက္ခုဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရသည် စက္ခာယတနသာလျှင် ဖြစ်၏၊ ကျက်စားရာ အာရုံသည် ရူပါရုံသာလျှင် ဖြစ်၏။

၂။ သောတဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရသည် သောတာယတနသာလျှင် ဖြစ်၏၊ ကျက်စားရာ အာရုံသည် သဒ္ဒါရုံသာလျှင် ဖြစ်၏။

၃။ ဃာနဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရသည် ဃာနာယတနသာလျှင် ဖြစ်၏၊ ကျက်စားရာ အာရုံသည် ဂန္ဓာရုံသာလျှင် ဖြစ်၏။

၄။ ဇိဝှါဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရသည် ဇိဝှါယတနသာလျှင် ဖြစ်၏၊ ကျက်စားရာ အာရုံသည် ရသာရုံသာလျှင် ဖြစ်၏။

၅။ ကာယဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာဒွါရသည် ကာယာယတနသာလျှင် ဖြစ်၏၊ ကျက်စားရာ အာရုံသည် ဖောဋ္ဌဗ္ဗာရုံသာလျှင် ဖြစ်၏။

ဆဋ္ဌဿ ပန ဘဝင်္ဂမနသင်္ခါတော မနာယတနေကဒေသောဝ ဥပ္ပတ္တိဒွါရံ၊ အသာဓာရဏဉ္စ ဓမ္မာယတနံ အာရမ္မဏန္တိ။ (အဘိ၊ဋ္ဌ၊၂၊၄၃-၄၄။ ဝိသုဒ္ဓိ၊၂၊၁၁၃။)

ဘဝင်္ဂမနသင်္ခါတောတိ ဒွိက္ခတ္တုံ စလိတွာ ပဝတ္တဘဝင်္ဂမနသင်္ခါတော။ စလနဝသေန ဘဝင်္ဂပ္ပဝတ္တိယာ သတိ ဧဝ အာဝဇ္ဇနုပ္ပတ္တိ၊ န အညတ္ထာတိ အာဝဇ္ဇနဿာပိ ကာရဏဘူတန္တိ ကတွာ ဝုတ္တံ ဘဝင်္ဂမနသင်္ခါတော ။ ပ ။ ဥပ္ပတ္တိဒွါရန္တိ။ အသာဓာရဏန္တိ စက္ခုဝိညာဏာဒီနံ အသာဓာရဏံ။ သတိပိ အသာဓာရဏဘာဝေ စက္ခာဒီနံ ဒွါရဘာဝေန ဂဟိတတ္တာ ဓမ္မာယတနေန အဂ္ဂဟဏံ ဒဋ္ဌဗ္ဗံ။ ဒွါရာရမ္မဏဘာဝေဟိ ဝါ အသာဓာရဏတံ သန္ဓာယ အသာဓာရဏန္တိ ဝုတ္တံ။ (မဟာဋီ၊၂၊၁၇၃။)

၆။ မနောဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာဒွါရသည် နှစ်ကြိမ်လှုပ်၍ ဖြစ်ပေါ် လာသော ဘဝင်စိတ်ဟု ဆိုအပ်သော မနာယတနတစ်စိတ် တစ်ဒေသသည်သာလျှင် ဖြစ်ရာ ဒွါရ ဖြစ်၏။

(ဤကား မဟာဋီကာအဖွင့်အတိုင်း ဘာသာပြန်ဆိုချက် ဖြစ်သည်။ ဆရာစဉ်ဆက် သင်ကြားပို့ချလာသော ဝါစာနာမဂ္ဂအတိုင်း ဆိုရမူ --- နှစ်ကြိမ်လှုပ်၍ ပြတ်သော ဘဝင်စိတ်ဟု ဆိုအပ်သော မနာယတန တစ်စိတ် တစ်ဒေသသည်သာလျှင် မနောဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရ ဖြစ်သည်။ ဋီကာကား နှစ်ကြိမ်လှုပ်လျက် ဖြစ်ပေါ်လာသော ဘဝင်္ဂစလနသည် မနောဒွါရ မည်၏၊ ဆရာစဉ်ဆက်ကား လှုပ်သော ဘဝင် = ဘဝင်္ဂစလန နောင်၌ ဖြစ်သော ပြတ်သော ဘဝင် = ဘဝင်္ဂုပစ္ဆေဒသည် မနောဒွါရမည်၏ဟု ဆိုလိုသည်။ ဘဝင်္ဂစလနဟု သုံးခြင်း ဘဝင်္ဂုပစ္ဆေဒဟု သုံးခြင်း --- ဟူသော အခေါ်အဝေါ်သာ ကွာသည်၊ တရားကိုယ်ကား အတူတူပင်ဟု မှတ်ပါ။ လှုပ်သော ဘဝင် = ဘဝင်္ဂစလန၏ အစွမ်းဖြင့် ဘဝင်၏ ဖြစ်ပေါ် လာခြင်း ထင်ရှားရှိမှသာလျှင် အာဝဇ္ဇန်း၏ ဖြစ်ပေါ်လာခြင်းသည်လည်း ဖြစ်နိုင်၏။ ဘဝင်္ဂစလန မဖြစ်ရာ၌ အာဝဇ္ဇန်းလည်း မဖြစ်နိုင်။ သို့အတွက် အာဝဇ္ဇန်း၏ အကြောင်းဖြစ်သော ဘဝင်ကို နှလုံးပိုက်တော်မူ၍ မနာယတန၏ တစ်စိတ် တစ်ဒေသဖြစ်သော ဘဝင်္ဂမနဟု ခေါ်ဆိုအပ်သော ဘဝင်္ဂစလနသည် (= ဘဝင်္ဂုပစ္ဆေဒသည်) မနောဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရ ဖြစ်၏ဟု အဋ္ဌကထာ ဆရာတော် ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။)

ဧကဒေသျူပစာ --- လောကိယသတ္တဝိညာဏဓာတုယော မနာယတနံ --- (ဝိသုဒ္ဓိ၊၂၊၂၂၄။)

လောကီဝိညာဏဓာတ် (၇)ပါးသည် တစ်နည်း (ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော) လောကီစိတ် အားလုံးသည် မနာယတန မည်၏ဟု ဖွင့်ဆိုထား၏။ တစ်ဖန် ဤ၌ --- မနာယတန၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဘဝင်စိတ်ကို ဧကဒေသျူပစာရနည်းအားဖြင့် မနာယတန- အရ ကောက်ယူ၍ ယင်းဘဝင်မနာယတနကိုပင် မနောဝိညာဏ် အားလုံးတို့၏ စွဲမှီ၍ ဖြစ်ရာ မနောဒွါရဟု ဖွင့်ဆိုထားသည် မှတ်ပါ။

ဓမ္မာယတန --- တံသမ္ပယုတ္တာ ဖဿာဒယော သေသရူပဉ္စ ဓမ္မာယတနန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၄။)

ထိုလောကီဝိညာဏဓာတ် (၇)ပါးနှင့် စိတ္တက္ခဏတစ်ခု တစ်ခု အတွင်း၌ ထိုက်သလို အတူယှဉ်တွဲ ဖြစ်ကြ သော ဖဿ စသော စေတသိက် (၅၂)မျိုးနှင့် စက္ခာယတန စသည့် အထက်ပါ ရုပ်အာယတန (၁၀)ပါးတို့မှ ကြွင်းကျန်ကုန်သော သုခုမရုပ် (၁၆)မျိုးတို့သည် ဓမ္မာယတန မည်ကုန်၏။ ဤဓမ္မာယတနတရားစုတို့ကား စက္ခု ဝိညာဏ် စသော ပဉ္စဝိညာဏ်တို့၏ ဒွါရ၏အဖြစ် အာရုံ၏အဖြစ်ဖြင့် မဆက်ဆံသော အာယတနပင်တည်း။

မနောဒွါရယူပုံ တစ်နည်း --- အယံ နာမ မနော မနောဒွါရံ န ဟောတီတိ န ဝတ္တဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)

= ဤအဋ္ဌကထာ အဖွင့်အရ ရှေးရှေး မနသည် (= စိတ်သည်) နောက်နောက် မနအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုခြင်းကြောင့် ရှေးရှေး မနဟူသမျှကို နောက်နောက် မန၏ ဖြစ်ကြောင်းဒွါရဟု ဆိုနိုင်သည်။ ဤအဖွင့် အရမူ မနာယတန အမည်ရသော စိတ်အားလုံးသည် မနောဒွါရ မည်၏။ ဘဝင်ကိုသာ မနောဒွါရဟု ကောက်ယူ ခြင်းသည်ကား ယူရိုးယူစဉ် ထုံးစံပင်တည်း။ စိတ်အားလုံးကို မနောဒွါရဟု ကောက်ယူခြင်းကား ပရိယာယ် တစ်မျိုးအားဖြင့်သာ ကောက်ယူခြင်းဟု မှတ်သားပါလေ။ (ပရိယာယ်တစ်မျိုးဟူသည် အနန္တရအကြောင်းကို ဆိုလိုသည်။)

ဓမ္မာယတနလည်း ပရိယာယ်ပင် --- ရူပါယတန စသည်ကို ရူပါရုံ စသည်ဖြင့် ဆိုခြင်းမှာလည်း ထုံးစံ ပင်တည်း။ သို့သော် ဓမ္မာယတနနှင့် ဓမ္မာရုံကား ကွာဟချက် အနည်းငယ် ရှိနေ၏၊ မတူတတ်ချေ။ ရှေးစာမျက်နှာ (၃၅)၌ ဖော်ပြခဲ့သည့်အတိုင်း --- ဓမ္မာရုံ အမည်ရသော တရားစုတို့မှာ --- ပသာဒရုပ်, သုခုမရုပ်, စိတ်, စေတသိက်, နိဗ္ဗာန်, ပညတ်တို့ ပါဝင်ကြ၏။ ဤဓမ္မာယတန၌ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကိုသာ ရွေးချယ်၍ ဟောကြား ဖွင့်ဆိုထားသောအပိုင်း ဖြစ်သဖြင့် နိဗ္ဗာန်နှင့် ပညတ်တို့လည်း မပါဝင်နိုင်။ ပသာဒရုပ် (၅)ပါးတို့မှာ စက္ခာယတန စသော အမည်ထူးကို ရရှိပြီးဖြစ်၍ ဓမ္မာယတန၌ မပါဝင်နိုင်။ လောကီစိတ်အားလုံး တို့မှာလည်း မနာယတနဟူသော အမည်ထူးကို ရရှိထားပြီး ဖြစ်၍ ဓမ္မာယတန၌ မပါဝင်နိုင်။ သို့အတွက် ဓမ္မာယတနကို ဓမ္မာရုံဟု ခေါ်ဆိုခြင်းမှာလည်း --- ဒွါရအာယတန (၆)ပါး, အာရုံအာယတန (၆)ပါး --- ဤသို့ ခွဲခြား၍ အာယတန (၁၂)ပါး ဟောကြားတော်မူလိုသော အကြောင်းပရိယာယ် တစ်မျိုးအားဖြင့်သာ ခေါ်ဆိုခြင်း ဖြစ်သည်ဟု မှတ်သားပါလေ။ (ရူပသမ္မူဠှာပုဂ္ဂိုလ်, မဇ္ဈိမရုစိပုဂ္ဂိုလ်တို့အတွက် အာယတန ဒေသနာတော်ကို ဟောကြားတော်မူသည်။ ရုပ်ကမ္မဋ္ဌာန်းပိုင်း (၅၄၃) စသည်တို့တွင် ပြန်ကြည့်ပါ။)

[အထူးသတိပြုရန် --- ဤ ဓမ္မာယတန အမည်ရသော သုခုမရုပ် (၁၆)မျိုးတို့တွင် အလွန်အရေးပါလှသော ဟဒယဝတ္ထုရုပ်လည်း ပါဝင်လျက်ရှိ၏။ ယင်း ဟဒယဝတ္ထုရုပ်သည်လည်း ဓမ္မာယတနပင် မည်၏၊ ဤအချက်မှာ အာယတန (၁၂)ပါး ရှုကွက် ဓာတ် (၁၈)ပါး ရှုကွက်တို့၌ အလွန်အရေးပါသော အချက်ပင် ဖြစ်ပေသည်။]

တစ်ဖန် ဒွါရ (၆)ပါး, အာရုံ (၆)ပါး, ထို အာရုံ (၆)ပါးကိုပင် အာရုံပြု၍ ထိုဒွါရ (၆)ပါးကို အစွဲပြု၍ ဖြစ် ပေါ်လာသော ဝိညာဏ် (၆)ပါး --- ဤသို့ ဒွါရ, အာရုံ, ဝိညာဏ်တို့၏ (၆)ပါးစီ ပြားသောကြောင့် ဓာတ် (၁၈)ပါး ပြားရလေသည်။ ဓမ္မဓာတ်ကို ဓမ္မာရုံဟု ခေါ်ဆိုရာ၌လည်း ဓမ္မာယတန၌ ဖော်ပြခဲ့သည့်အတိုင်းပင် မှတ်ပါ။

ဓာတ် (၁၈) ပါးနည်းဖြင့် ရုပ်-နာမ် သိမ်းဆည်းပုံ

ဓာတ် (၁၈) ပါးနည်းဖြင့် ရုပ်-နာမ် သိမ်းဆည်းပုံ

ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် စက္ခုဒွါရ = မျက်စိ၌ (၅၄)မျိုးကုန်သော ရုပ်အစစ်တို့ကို ဖော်ပြခဲ့၏။ ယင်း (၅၄)မျိုးကုန်သော ရုပ်တို့တွင် ---

(က) ၁။ စက္ခုပသာဒသည် စက္ခုဓာတ်တည်း။

ကျန် (၅၃)မျိုးကုန်သော ရုပ်တို့ကား စက္ခုဓာတ် မဟုတ်ကုန်၊

၂။ ရူပါရုံသည် ရူပဓာတ်တည်း။

၃။ စက္ခုဓာတ်ကို မှီ၍ ရူပဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် စက္ခုဝိညာဏဓာတ်တည်း။

( ခ ) ၁။ သောတပသာဒသည် သောတဓာတ်တည်း။

ကျန် (၅၃)မျိုးကုန်သော ရုပ်တို့ကား သောတဓာတ် မဟုတ်ကုန်။

၂။ သဒ္ဒါရုံသည် သဒ္ဒဓာတ်တည်း။

၃။ သောတဓာတ်ကို မှီ၍ သဒ္ဒဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် သောတဝိညာဏ ဓာတ်တည်း။

( ဂ ) ၁။ ဃာနပသာဒသည် ဃာနဓာတ်တည်း။

ကျန် (၅၃)မျိုးကုန်သော ရုပ်တို့ကား ဃာနဓာတ် မဟုတ်ကုန်။

၂။ ဂန္ဓာရုံသည် ဂန္ဓဓာတ်တည်း။

၃။ ဃာနဓာတ်ကို မှီ၍ ဂန္ဓဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် ဃာနဝိညာဏဓာတ်တည်း။

(ဃ) ၁။ ဇိဝှါပသာဒသည် ဇိဝှါဓာတ်တည်း။

ကျန် (၅၃)မျိုးကုန်သော ရုပ်တို့ကား ဇိဝှါဓာတ် မဟုတ်ကုန်။

၂။ ရသာရုံသည် ရသဓာတ်တည်း။

၃။ ဇိဝှါ ဓာတ်ကို မှီ၍ ရသဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် ဇိဝှါဝိညာဏဓာတ်တည်း။

( င ) ၁။ ကာယပသာဒသည် ကာယဓာတ်တည်း။

ကျန် (၄၃)မျိုးကုန်သော ရုပ်တို့ကား ကာယဓာတ် မဟုတ်ကုန်။

၂။ ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓာတ်တည်း။

၃။ ကာယဓာတ်ကို မှီ၍ ဖောဋ္ဌဗ္ဗဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် ကာယဝိညာဏ ဓာတ်တည်း။

( စ ) ၁။ ပဉ္စဒွါရာဝဇ္ဇန်း - သမ္ပဋိစ္ဆိုင်းဒွေသည် မနောဓာတ်တည်း။

တစ်နည်း ဘဝင်သည် မနောဓာတ်တည်း။

၂။ စေတသိက် (၅၂)မျိုးနှင့် သုခုမရုပ် (၁၆)မျိုးသည် ဓမ္မဓာတ်တည်း။

၃။ မနောဓာတ်ကို အစွဲပြု၍ ဓမ္မဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်သည် မနောဝိညာဏ ဓာတ်တည်း။

[မှတ်ချက် --- အသင်သူတော်ကောင်း၏ သန္တာန်၌ တိဟိတ်ပုထုဇန် အဆင့်တွင် ရရှိနိုင်သော မနော ဝိညာဏဓာတ်တို့မှာ ---

၁။ အကုသိုလ်စိတ် - ၁၂ မျိုး

၂။ သန္တီရဏစိတ် - ၃ မျိုး

၃။ မနောဒွါရာဝဇ္ဇန်း - ၁ မျိုး

၄။ မဟာကုသိုလ်စိတ် - ၈ မျိုး

၅။ မဟာဝိပါက်စိတ် - ၈ မျိုး

၆။ ရူပါဝစရစျာန် (ကုသိုလ်) - ၄ မျိုး (စတုက္ကနည်း)

အားလုံးပေါင်းသော် - ၃၆ မျိုး

အကယ်၍ ပဉ္စကနည်းအားဖြင့် ရူပါဝစရစျာန်ကို တက်ခဲ့သော် (၃၇)မျိုးသော ဝိညာဏဓာတ်တို့တည်း။ အကယ်၍ သမာပတ် (၈)ပါးလုံးကို ရခဲ့သော် (၄၀) သို့မဟုတ် (၄၁)မျိုးသော ဝိညာဏဓာတ်တို့တည်း။]

ဤသို့လျှင် ထိုထို ဓာတ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ကြည့်၍ ---

၁။ စက္ခုဓာတ်, ရူပဓာတ်, စက္ခုဝိညာဏဓာတ် -

၂။ သောတဓာတ်, သဒ္ဒဓာတ်, သောတဝိညာဏဓာတ် -

၃။ ဃာနဓာတ်, ဂန္ဓဓာတ်, ဃာနဝိညာဏဓာတ် -

၄။ ဇိဝှါဓာတ်, ရသဓာတ်, ဇိဝှါဝိညာဏဓာတ် -

၅။ ကာယဓာတ်, ဖောဋ္ဌဗ္ဗဓာတ်, ကာယဝိညာဏဓာတ် -

၆။ မနောဓာတ်, ဓမ္မဓာတ်, မနောဝိညာဏဓာတ် -

ဤသို့ ကြိမ်ဖန်များစွာ သိမ်းဆည်းပါ။ (ဆိုကမ္မဋ္ဌာန်း မဟုတ်သည်ကိုကား သတိပြုပါ။)

ရုပ် - နာမ်ကို ပိုင်းခြားမှတ်သားပါ

ရုပ် - နာမ်ကို ပိုင်းခြားမှတ်သားပါ

ထိုသို့ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ---

၁။ စက္ခုဓာတ် ရူပဓာတ်, သောတဓာတ် သဒ္ဒဓာတ်, ဃာနဓာတ် ဂန္ဓဓာတ်, ဇိဝှါဓာတ် ရသဓာတ်, ကာယဓာတ် ဖောဋ္ဌဗ္ဗဓာတ်, (ဓမ္မဓာတ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော) သုခုမရုပ် (၁၆)ပါးဟူသော ဓမ္မဓာတ်တို့ကား-ရုပ်တရား ---

၂။ စက္ခုဝိညာဏဓာတ်, သောတဝိညာဏဓာတ်, ဃာနဝိညာဏဓာတ်, ဇိဝှါဝိညာဏဓာတ်, ကာယဝိညာဏ ဓာတ်, မနောဓာတ်, မနောဝိညာဏဓာတ်, စေတသိက် (၅၂)မျိုးဟူသော ဓမ္မဓာတ်တို့ကား --- နာမ်တရား

ဤသို့လျှင် ရုပ်နှင့် နာမ်ကို သိမ်းဆည်းပါ၊ ပိုင်းခြားမှတ်သားပါ။ (ဝိသုဒ္ဓိ၊၂၊၂၂၄။)

အာယတန (၁၂) ပါးနည်းအားဖြင့် ရုပ်-နာမ် သိမ်းဆည်းပုံ

အာယတန (၁၂) ပါးနည်းအားဖြင့် ရုပ်-နာမ် သိမ်းဆည်းပုံ

(က) ၁။ စက္ခုပသာဒသည် စက္ခာယတနတည်း၊

၂။ ရူပါရုံသည် ရူပါယတနတည်း။

( ခ ) ၁။ သောတပသာဒသည် သောတာယတနတည်း။

၂။ သဒ္ဒါရုံသည် သဒ္ဒါယတနတည်း။

( ဂ ) ၁။ ဃာနပသာဒသည် ဃာနာယတနတည်း။

၂။ ဂန္ဓာရုံသည် ဂန္ဓာယတနတည်း။

(ဃ) ၁။ ဇိဝှါပသာဒသည် ဇိဝှါယတနတည်း။

၂။ ရသာရုံသည် ရသာယတနတည်း။

( င ) ၁။ ကာယပသာဒသည် ကာယာယတနတည်း။

၂။ ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတနတည်း။

( စ ) ၁။ လောကီဝိညာဏဓာတ် (၇)ပါးသည် မနာယတနတည်း။

၂။ စေတသိက် (၅၂)မျိုး, သုခုမရုပ် (၁၆)မျိုးဟူသော ဓမ္မာရုံသည် ဓမ္မာယတနတည်း။

စက္ခာယတန-ရူပါယတန, သောတာယတန-သဒ္ဒါယတန, ဃာနာယတန-ဂန္ဓာယတန, ဇိဝှါယတန- ရသာယတန, ကာယာယတန-ဖောဋ္ဌဗ္ဗာယတန, သုခုမရုပ် (၁၆)ပါး ဟူသော ဓမ္မာယတနတို့ကား --- ရုပ်တရား

မနာယတနနှင့် (စေတသိက် - ၅၂ - မျိုးဟူသော) ဓမ္မာယတနတို့ကား --- နာမ်တရား

ဤသို့လျှင် ရုပ်-နာမ်ကို သိမ်းဆည်းပါ၊ ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားပါ။ (ဝိသုဒ္ဓိ၊၂၊၂၂၄-၂၂၅။)

ဤ၌လည်း ဆိုကမ္မဋ္ဌာန်း မဖြစ်ဖို့ကား အရေးကြီးလှ၏၊ ယင်းအာယတနတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုရန်သာ ညွှန်ကြားနေခြင်း ဖြစ်သည်ကို သဘောပေါက်ပါ။ ဤသိမ်းဆည်းနည်းကား ဓာတ် (၁၈) ပါး, အာယတန (၁၂)ပါးတို့ကို ပေါင်းစုခြုံငုံ၍ သိမ်းဆည်းနည်း ဖြစ်သည်။ ခွဲခြားစိတ်ဖြာ၍ အနုစိတ် သိမ်းဆည်း ပုံစနစ်ကို မူလပဏ္ဏာသ အဋ္ဌကထာတွင် အောက်ပါအတိုင်း ဖွင့်ဆိုထား၏။ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော ဝီထိစိတ္တက္ခဏတိုင်း ဝီထိစိတ္တက္ခဏတိုင်း၌ အာယတန (၄)ပါး, ဓာတ် (၄)ပါး သိမ်းဆည်းပုံစနစ် ဖြစ်သည်။

တစ်နည်း ဓာတ် - အာယတနတို့ကို သိမ်းဆည်းပုံ

တစ်နည်း ဓာတ် - အာယတနတို့ကို သိမ်းဆည်းပုံ

တထာ စက္ခု စက္ခာယတနံ၊ ရူပံ ရူပါယတနံ၊ ဒဿနံ မနာယတနံ၊ ဝေဒနာဒယော သမ္ပယုတ္တဓမ္မာ ဓမ္မာယတနံ။ ဧဝမေတေသံ စတုန္နံ အာယတနာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ တထာ စက္ခု စက္ခုဓာတု၊ ရူပံ ရူပဓာတု၊ ဒဿနံ စက္ခုဝိညာဏဓာတု၊ တံသမ္ပယုတ္တာ ဝေဒနာဒယော ဓမ္မဓာတု။ ဧဝမေတာသံ စတုန္နံ ဓာတူနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ (မ၊ဋ္ဌ၊၁၊၂၆၈။)

= တည့်တည့် ကြည့်ရာ စောင်းငဲ့ ကြည့်ရာ၌ ---

၁။ စက္ခုအကြည်ဓာတ်ကား စက္ခာယတန -

၂။ ရူပါရုံကား ရူပါယတန -

၃။ မြင်တတ်သော စက္ခုဝိညာဏ်ကား မနာယတန -

၄။ ဖဿ-ဝေဒနာ-သညာ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ ဟူသော ယှဉ်ဖက် စေတသိက် သမ္ပယုတ် တရားစုတို့ကား ဓမ္မာယတန -

ဤသို့လျှင် ဤအာယတန (၄)ပါးတို့၏ ပေါင်းဆုံမိခြင်းသည် ထင်ရှားဖြစ်လတ်သော် တည့်တည့်ကြည့် ခြင်း, စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုတည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ် မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်သနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် စောင်းငဲ့ကြည့်သနည်း၊ (တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် မရှိသည်သာတည်း --- ဟူလိုသည်။) တစ်ဖန် အလားတူပင် ---

၁။ စက္ခုပသာဒကား စက္ခုဓာတ် -

၂။ ရူပါရုံကား ရူပဓာတ် -

၃။ မြင်တတ်သော စက္ခုဝိညာဏ်ကား စက္ခုဝိညာဏ်ဓာတ် -

၄။ ဖဿ စသော ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားစုတို့ကား ဓမ္မဓာတ် -

ဤသို့လျှင် ဤဓာတ် (၄)ပါးတို့၏ ပေါင်းဆုံမိခြင်းသည် ထင်ရှားဖြစ်လတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ထို တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်သနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် စောင်းငဲ့ကြည့်သနည်း။ (တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် မရှိသည်သာတည်း ဟူလိုသည်။) (မ၊ဋ္ဌ၊၁၊၂၆၁။)

ဤအဋ္ဌကထာ အဖွင့်များကား အရိပ်ပြလျှင် အကောင်ထင်အောင် အကောင်မြင်အောင် တတ်သိနားလည်ရမည့် ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ဖွင့်ဆိုထားတော်မူသော အဖွင့်များ ဖြစ်ကြ၏။

အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းဇယားများကို ပြန်လည်၍ အာရုံယူကြည့်ပါ၊ သတိပြုကြည့်ပါ။ ရုပ်-နာမ်ခွဲပုံကို ပြန်လည်၍ သတိပြုကြည့်ပါ။ အထက်ပါ အဋ္ဌကထာတွင် စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်ဝယ် အာယတန (၄)ပါး, ဓာတ် (၄)ပါးတို့ ရူပါရုံကို မြင်ခိုက်၌ ဖြစ်ပေါ်သွားကြောင်း ဖွင့်ဆိုထား၏။

စက္ခုဝိညာဏ်သည် မိမိရှေးက ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲလည်း မဖြစ်နိုင်။ တစ်ဖန် စက္ခုဝိညာဏ် ဖြစ်ပါက ဝီထိစိတ်အစဉ်သည် စက္ခုဝိညာဏ်တွင်သော်လည်းကောင်း သမ္ပဋိစ္ဆိုင်းတွင်သော်လည်းကောင်း, သန္တီရဏ တွင်သော်လည်းကောင်း အကြား၌ တန့်ရပ်သွားခြင်း မည်သည် မရှိ၊ အနည်းဆုံး ဝုဋ္ဌောတိုင်အောင်ကား ဖြစ် ရ၏။ ဤသည်မှာလည်း အာရုံက အားနည်းသော ပရိတ္တာရုံဖြစ်ပါမှ ဝုဋ္ဌောတွင် စိတ်အစဉ် ရပ်၍ ဘဝင်ကျသွား ခြင်း ဖြစ်၏။ အကယ်၍ အာရုံသည် မဟန္တာရုံ ဖြစ်က ဇောတိုင်အောင်, အတိမဟန္တာရုံဖြစ်က တဒါရုံတိုင်အောင် ဆက်လက်၍ ဖြစ်ရိုးဓမ္မတာ ရှိ၏။

သို့အတွက် စက္ခုဝိညာဏ် စိတ္တက္ခဏ၌ အာယတန (၄)ပါး, ဓာတ် (၄)ပါး ထင်ရှား ဖြစ်သကဲ့သို့ --- ပဉ္စ ဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ --- အသီးအသီး၌လည်း အာယတန (၄)ပါးစီ, ဓာတ် (၄)ပါးစီပင် အသီးအသီး ရှိပေသည်။ နမူနာ အနည်းငယ် ဆိုပေအံ့။ ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏ၌ ---

၁။ မှီရာ ဟဒယဝတ္ထုရုပ်ကား ဓမ္မာယတန -

၂။ ရူပါရုံကား ရူပါယတန -

၃။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကား မနာယတန -

၄။ ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားစုကား ဓမ္မာယတန -

၁။ မှီရာ ဟဒယဝတ္ထုရုပ်ကား ဓမ္မဓာတ် -

၂။ ရူပါရုံကား ရူပဓာတ် -

၃။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကား မနောဓာတ် -

၄။ ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားစုကား ဓမ္မဓာတ် -

ဤသို့ အာယတန (၄)ပါး ဓာတ် (၄)ပါး အသီးအသီး ဖြစ်ပေသည်။ သို့သော် ဟဒယဝတ္ထုနှင့် စေတသိက် သမ္ပယုတ်တရားစုတို့မှာ ဓမ္မာယတန ဓမ္မဓာတ်ချည်း ဖြစ်ကြသဖြင့် မျိုးတူရာ ပေါင်းစုလိုက်သော် အာယတန (၃)ပါး ဓာတ် (၃)ပါးပင် ဖြစ်သည်။ ကျန်ဝီထိစိတ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါလေ။ နည်းသည် ဖြစ်စေ များသည် ဖြစ်စေ ယှဉ်ဖက်စေတသိက် သမ္ပယုတ်တရားစု မှန်သမျှသည် ဓမ္မာယတန ဓမ္မဓာတ်ချည်း သာတည်း။

ထူးခြားမှု အနည်းငယ်ကား ရှိသေး၏ --- သမ္ပဋိစ္ဆိုင်းသည် မနာယတန အမည်ရသော်လည်း ဓာတ်အနေ အားဖြင့်မူ မနောဓာတ်သာ အမည်ရ၏၊ မနောဝိညာဏဓာတ် အမည်မရပေ။ ကျန်ဝီထိစိတ်တို့ကား မနာယတန လည်း အမည်ရ၏၊ မနောဝိညာဏဓာတ်လည်း အမည်ရ၏ဟု မှတ်ပါ။ ဉာဏ်နုသူတို့အတွက် နာမ်တရား (၃၄)လုံး ပါဝင်သော ဇောစိတ္တက္ခဏတစ်ခုကို ပုံစံအဖြစ် ဖော်ပြအပ်ပါသည်။

ဇောစိတ္တက္ခဏ အသီးအသီး၌ ---

၁။ မှီရာဟဒယဝတ္ထုရုပ်ကား - ဓမ္မာယတန (= ဓမ္မဓာတ်)

၂။ ရူပါရုံကား - ရူပါယတန (= ရူပဓာတ်)

၃။ ကုသိုလ်ဇောဝိညာဏ်ကား - မနာယတန (= မနောဝိညာဏဓာတ်)

၄။ ယှဉ်ဖက်စေတသိက် သမ္ပယုတ်တရားစု (၃၃) ကား - ဓမ္မာယတန (= ဓမ္မဓာတ်)

ဤသို့လျှင် အာယတန (၄)ပါး ဓာတ် (၄)ပါးကို သဘောပေါက်ပါလေ။ တစ်နည်းဆိုရသော် --- ဟဒယ ဝတ္ထုနှင့် စေတသိက်တရားတို့ကို ဓမ္မာယတနချင်း တူညီ၍ ပေါင်းခဲ့သော် အာယတန (၃)ပါး ဓာတ် (၃)ပါးတို့ တည်း။ ဤသို့လျှင် ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အာယတန (၄)ပါး ဓာတ် (၄)ပါးတို့ကို သိမ်းဆည်းပါ။ ဝီထိစဉ်အတိုင်း အကောင်းအုပ်စု မကောင်းအုပ်စု ကုန်အောင် သိမ်းဆည်းပါ။ (၆)လိုင်းလုံး၌ သိမ်းဆည်းပါ။ နာမ်ကမ္မဋ္ဌာန်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း တစ်တန်းပြီး တစ်တန်း အတန်းလိုက် ကုန်စင်အောင် သိမ်းဆည်းပါ။ ပဋိသန္ဓေ-ဘဝင်-စုတိ တို့ကိုလည်း သိမ်းဆည်းနိုင်သော အခါ ပုံစံတူပင် သိမ်းဆည်းပါ။

တစ်နည်း သိမ်းဆည်းလိုသော် အထက်ဖော်ပြပါအတိုင်း စိတ္တက္ခဏတိုင်း၌ အာယတန (၄)ပါး, ဓာတ် (၄)ပါးတို့ကို သိမ်းဆည်းရှုပွားမှု အောင်မြင်ပါက တစ်တန်းလုံးကို တိုးလျှိုပေါက် သိမ်းဆည်းလိုကလည်း သိမ်းဆည်းနိုင်သည်သာ ဖြစ်သည်။ ရူပါရုံလိုင်း အကောင်းအုပ်စုဇယား ပထမအတန်း ဆိုကြစို့ --- ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ် --- မနောဒွါရာဝဇ္ဇန်း, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ် --- ဟု အသီးအသီး ရှိကြရာ ယင်းဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ---

၁။ မှီရာဝတ္ထုရုပ် သက်သက်ကို အာရုံယူ၍ ဓမ္မာယတန, စက္ခာယတန, ဓမ္မာယတန ဓမ္မာယတန ...ဟု လည်းကောင်း

၂။ ရူပါရုံကို အာရုံယူ၍ ရူပါယတန ရူပါယတန ...ဟုလည်းကောင်း

၃။ အသိစိတ် အသီးအသီးကို အာရုံယူ၍ မနာယတန မနာယတန ...ဟုလည်းကောင်း

၄။ ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားစုတို့ကို အာရုံယူ၍ ဓမ္မာယတန ဓမ္မာယတန ...ဟုလည်းကောင်း သိမ်းဆည်းပါ။

ဤသို့လျှင် တစ်တန်း တစ်တန်း၌ (၄)ခါစီ အတန်းပေါက် သိမ်းဆည်းပါ။ မှီရာဝတ္ထုရုပ်တို့၌ စက္ခုဝိညာဏ် နာမ်တရားစုတို့မှာ စက္ခုဝတ္ထုရုပ်ကို မှီကြ၍ ကြွင်းကျန်သော ဝီထိစိတ် အားလုံးတို့က ဓမ္မာယတန ဓမ္မဓာတ် အမည်ရသော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြသည်။ သို့အတွက် မှီရာဝတ္ထုရုပ်တို့၌ ဓမ္မာယတနမှာ ကျန်ဝီထိ စိတ်တို့အတွက် ဖြစ်၍ စက္ခာယတနမှာ စက္ခုဝိညာဏ်အတွက်ဟု မှတ်ပါ။ အလားတူပင် ဓာတ် (၁၈)ပါးနည်းဖြင့် သိမ်းဆည်းပုံ အမြွက်ကိုလည်း ဆက်လက်၍ ဖော်ပြအပ်ပါသည်။ --- စက္ခုဒွါရဝီထိ မနောဒွါရဝီထိစိတ်တို့၏။ -

၁။ မှီရာဝတ္ထုရုပ် သက်သက်ကို အာရုံယူ၍ ဓမ္မဓာတ်, စက္ခုဓာတ်, ဓမ္မဓာတ် ဓမ္မဓာတ် ...ဟုလည်းကောင်း

၂။ အာရုံရုပ် သက်သက်ကို အာရုံယူ၍ ရူပဓာတ် ရူပဓာတ် ...ဟုလည်းကောင်း

၃။ အသိစိတ် အသီးအသီးကို အာရုံယူ၍ မနောဓာတ်, စက္ခုဝိညာဏဓာတ်, မနောဓာတ်, မနောဝိညာဏဓာတ် မနောဝိညာဏဓာတ် ...ဟုလည်းကောင်း

၄။ ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားစု အသီးအသီးကို အာရုံယူ၍ ဓမ္မဓာတ် ဓမ္မဓာတ် ...ဟု လည်းကောင်း သိမ်းဆည်းပါ။

ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းတို့ကား မနောဓာတ်, စက္ခုဝိညာဏ်ကား စက္ခုဝိညာဏဓာတ်, ကျန်ဝီထိ စိတ်အားလုံးတို့ကား မနောဝိညာဏဓာတ်တို့ ဖြစ်ကြ၏။ စေတသိက်တို့ကို ရှုရာ၌ ဇယားတွင် ဖော်ပြထားသည့် အတိုင်း စိတ္တက္ခဏတိုင်း၌ ယှဉ်တွဲ ဖြစ်ကြသော စေတသိက် အသီးအသီးကို ယှဉ်တွဲဖြစ်သည့် စေတသိက်အလိုက် ခြုံငုံ၍ ဓမ္မာယတန သို့မဟုတ် ဓမ္မဓာတ်ဟု သိမ်းဆည်းရန် ဖြစ်သည်။

ရူပါရုံလိုင်း၌ အတန်းတိုင်း အတန်းတိုင်း၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် သိမ်းဆည်းပါ။ ကျန်သဒ္ဒါရုံလိုင်း စသည်တို့၌ နည်းမှီး၍ သိမ်းဆည်းပါလေ။ ဤနည်း၌ အာယတနနှင့် ဓာတ်တို့၌ သိမ်းဆည်းပုံ အခြင်းအရာချင်း တူညီလျက်ပင် ရှိ၏။

အရည, ရုက္ခမူလ, သုညာဂါရဟု ဘုရားရှင် သတ်မှတ်ပေးထားတော်မူသော ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်း စသည်တို့၌ တစ်ပါးထီးတည်း ကိန်းအောင်း မွေ့လျော် နေစံပျော်လျက် နိဗ္ဗာန်သို့ စေလွှတ် ထားအပ်သော စိတ်ထားရှိလျက် ရုပ်နာမ်ဓမ္မ သင်္ခါရ အာရုံတို့၌ မမေ့ပျောက်သော သတိဟူသော အပ္ပမာဒတရား လက်ကိုင်ထားလျက် အရိုး ကြွင်းစေ, အရေ ကြွင်းစေ, အကြော ကြွင်းစေ, အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ, ယောက်ျားမြတ်တို့၏ ဇွဲ လုံ့လ ဝီရိယဖြင့် ရနိုင်သည့် အရာမှန်ပါက ငါသည် နောက်သို့ ဘယ်သောအခါမျှ မဆုတ်ပေအံ့ဟု ဤသို့ မြဲမြံသော သမ္မပ္ပဓာန် လုံ့လ ဝီရိယ ခြံရံလျက် အပြင်းအထန် ကြိုးစား အားထုတ်သင့်သော အရာဌာနမျိုးပင် ဖြစ်ပေသည် --- သူတော်ကောင်း အပေါင်းတို့ ...

ယခုတစ်ဖန် ခန္ဓာ (၅)ပါးနည်းဖြင့် သိမ်းဆည်းပုံကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။ ရှေးဦးစွာ ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာအကြောင်းကို တင်ပြအပ်ပါသည်။ ---

ခန္ဓသုတ္တန် ကောက်နှုတ်ချက်

ခန္ဓသုတ္တန် ကောက်နှုတ်ချက်

ပဉ္စ ဘိက္ခဝေ ခန္ဓေ ဒေသေဿာမိ ပဉ္စုပါဒါနက္ခန္ဓေ စ၊ တံ သုဏာထ။ ကတမေ စ ဘိက္ခဝေ ပဉ္စက္ခန္ဓာ?-

၁။ ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ အယံ ဝုစ္စတိ ရူပက္ခန္ဓော။

၂။ ယာ ကာစိ ဝေဒနာ ။ ပ ။

၃။ ယာ ကာစိ သညာ ။ ပ ။

၄။ ယေ ကေစိ သင်္ခါရာ ။ ပ ။

၅။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ အယံ ဝုစ္စတိ ဝိညာဏက္ခန္ဓော။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ ပဉ္စက္ခန္ဓာ။

ကတမေ စ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာ ---

၁။ ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။

၂။ ယာ ကာစိ ဝေဒနာ ။ ပ ။

၃။ ယာ ကာစိ သညာ ။ ပ ။

၄။ ယေ ကေစိ သင်္ခါရာ ။ ပ ။

၅။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာတိ။ (သံ၊၂၊၃၉။)

ရဟန်းတို့ ...ခန္ဓာ (၅)ပါးတို့ကိုလည်းကောင်း ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကိုလည်းကောင်း ဟောပြတော်မူ ပေအံ့ --- ထိုတရားကို နာယူကြကုန်လော့ ---

ရဟန်းတို့ ခန္ဓာ (၅) ပါးတို့ဟူသည် အဘယ်သည်တို့နည်း၊ ရဟန်းတို့ ...

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, အဇ္ဈတ္တမူလည်း ဖြစ်သော ဗဟိဒ္ဓမူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော = ဩဠာရိကမူလည်း ဖြစ်သော သိမ်မွေ့နူးညံ့သော = သုခုမမူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရား သည်လည်းကောင်း, ယုတ်ညံ့သည်မူလည်း ဖြစ်သော မွန်မြတ်သည်မူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, (ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်နှင့်) ဝေးသည်မူလည်း ဖြစ်သော (ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်နှင့်) နီးသည်မူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း ရှိ၏။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော ရုပ်တရားအပေါင်းသည် ရူပက္ခန္ဓာ မည်၏။

၂။ ပ ။ အလုံးစုံသော ဝေဒနာတရား အပေါင်းသည် ဝေဒနာက္ခန္ဓာ မည်၏။

၃။ ပ ။ အလုံးစုံသော သညာတရား အပေါင်းသည် သညာက္ခန္ဓာ မည်၏။

၄။ ပ ။ အလုံးစုံသော စေတသိက် သင်္ခါရတရား အပေါင်းသည် သင်္ခါရက္ခန္ဓာ မည်၏။

၅။ အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော အလုံးစုံသော ဝိညာဏ်တရားသည်လည်းကောင်း, အဇ္ဈတ္တမူလည်း ဖြစ်သော ဗဟိဒ္ဓမူလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ်တရားသည်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်း သည်မူလည်း ဖြစ်သော သိမ်မွေ့နူးညံ့သည်မူလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ်တရားသည်လည်းကောင်း, ယုတ်ညံ့သည်မူလည်း ဖြစ်သော မွန်မြတ်သည်မူလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ်တရား သည်လည်းကောင်း, ဝေးသည်မူလည်း ဖြစ်သော နီးသည်မူလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ် တရားသည်လည်းကောင်း ရှိ၏။ ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အလုံးစုံသော ဝိညာဏ်တရားအပေါင်းသည် ဝိညာဏက္ခန္ဓာ မည်၏။

ရဟန်းတို့ ...ဤသည်တို့ကို ခန္ဓာ (၅)ပါးတို့ဟူ၍ ဆိုအပ်ကုန်၏။

ရဟန်းတို့ ...ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ ဟူသည် အဘယ်သည်တို့နည်း? ရဟန်းတို့ ...

၁။ အာသဝေါတရား (၄)ပါးတို့၏ အာရုံဖြစ်သော တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု စွဲယူအပ်သော အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, အဇ္ဈတ္တမူလည်း ဖြစ်သော ဗဟိဒ္ဓမူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော = ဩဠာရိကမူလည်း ဖြစ်သော သိမ်မွေ့နူးညံ့သော = သုခုမမူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရားသည် လည်းကောင်း, ယုတ်ညံ့သည်မူလည်း ဖြစ်သော မွန်မြတ်သည်မူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရား သည်လည်းကောင်း, (အသိဉာဏ်နှင့်) ဝေးသည်မူလည်း ဖြစ်သော (အသိဉာဏ်နှင့်) နီးသည်မူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း ရှိ၏။ အာသဝေါတရား (၄)ပါးတို့၏ အာရုံဖြစ် သော, တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟူ၍ စွဲယူအပ်သော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည် နေသော ဤအလုံးစုံသော ရုပ်တရားအပေါင်းသည် ရူပုပါဒါနက္ခန္ဓာ မည်၏။

၂။ ပ ။ အလုံးစုံသော ဝေဒနာတရား အပေါင်းသည် ဝေဒနုပါဒါနက္ခန္ဓာ မည်၏။

၃။ ပ ။ အလုံးစုံသော သညာတရား အပေါင်းသည် သညုပါဒါနက္ခန္ဓာ မည်၏။

၄။ ပ ။ အလုံးစုံသော စေတသိက် သင်္ခါရတရား အပေါင်းသည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏။

၅။ ပ ။ အလုံးစုံသော ဝိညာဏ်တရား အပေါင်းသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။ (သံ၊၂၊၃၉၊ ခန္ဓသုတ္တန်။)

ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ

ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ

ဆဋ္ဌေ ရူပက္ခန္ဓော ကာမာဝစရော၊ စတ္တာရော ခန္ဓာ စတုဘူမကာ။ ပ ။ ဣဓာပိ ရူပက္ခန္ဓော ကာမာဝစရော၊ အဝသေသာ တေဘူမကာ ဝိပဿနာစာရဝသေန ဝုတ္တာ။ ဧဝမေတ္ထ ရူပံ ရာသဋ္ဌေန ခန္ဓေသု ပဝိဋ္ဌံ၊ သာသဝရာသဋ္ဌေန ဥပါဒါနက္ခန္ဓေသု။ ဝေဒနာဒယော သာသဝါပိ အတ္ထိ၊ အနာသဝါပိ အတ္ထိ။ တေ ရာသဋ္ဌေန သဗ္ဗေပိ ခန္ဓေသု ပဝိဋ္ဌာ၊ တေဘူမကာ ပနေတ္ထ သာသဝဋ္ဌေန ဥပါဒါနက္ခန္ဓေသု ပဝိဋ္ဌာတိ။ (သံ၊ဋ္ဌ၊၂၊၂၄၉။)

၁။ ခန္ဓာ (၅)ပါးတို့တွင် ရူပက္ခန္ဓာကား ကာမာဝစရတရားတည်း။ ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့ကား ကာမ- ရူပ-အရူပ-လောကုတ္တရာ ဟူသော ဘုံ (၄)ပါး၌ ဖြစ်ကုန်သော တရားတို့တည်း။ လောကီ ဖြစ်စေ လောကုတ္တရာ ဖြစ်စေ ခန္ဓာဖွဲ့၍ ရကောင်းသမျှ တရားများကို အားလုံး သိမ်းကြုံး၍ ပြတော်မူ ခြင်းငှာ ဤပထမ ခန္ဓဒေသနာတော်ကို ဟောပြတော်မူသည်။

၂။ ဒုတိယ ဟောတော်မူအပ်သော ဥပါဒါနက္ခန္ဓာဒေသနာတော်၌ --- ရူပက္ခန္ဓာကား ကာမာဝစရတရားတည်း။ ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့ကား ကာမ-ရူပ-အရူပ ဟူသော ဘုံ (၃)ပါး အတွင်း၌ ဖြစ်ကုန်သော တေဘူမကတရားတို့တည်း။ ဝိပဿနာစာရဟူသော ဝိပဿနာဉာဏ်၏ ကျက်စားရာ အာရုံ အဖြစ်ဖြင့် ဥပါဒါနက္ခန္ဓာတို့ကို တစ်ဖန် ဟောကြားတော်မူရပြန်သည်။

ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသည့် အခါ၌ကား တိဟိတ်ပုထုဇန် အဆင့်တွင်သာ တည်ရှိနေ သေးသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ လောကုတ္တရာ စိတ်စေတသိက် ဟူသော လောကုတ္တရာခန္ဓာတို့သည် မိမိ မရရှိသေးသော တရားတို့သာ ဖြစ်ခြင်းကြောင့် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းငှာ မစွမ်းနိုင်ရကား လောကုတ္တရာခန္ဓာများကို အာရုံပြု၍ ဝိပဿနာ မစီးဖြန်းနိုင်။

လောကုတ္တရာ တရားထူး တရားမြတ်ကို ရရှိတော်မူပြီးသော သူတော်ကောင်းတို့သည်ကား မိမိတို့ ရရှိထား သည့် လောကုတ္တရာတရားများကို အာရုံပြုနိုင်ကြ၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ကြ၏။ သို့သော် လောကုတ္တရာ စိတ်စေတသိက်တို့သည် ---

တီဏိမာနိ ဘိက္ခဝေ သင်္ခတဿ သင်္ခတလက္ခဏာနိ။ ကတမာနိ တီဏိ၊ ဥပ္ပါဒေါ ပညာယတိ၊ ဝယော ပညာယတိ၊ ဌိတဿ အညထတ္တံ ပညာယတိ။ (အံ၊၁၊၁၅၀။)

ဟူသော သင်္ခတသုတ္တန် ဒေသနာတော်နှင့် အညီ ဖြစ်မှု တည်မှု ပျက်မှု = ဥပါဒ်-ဌီ-ဘင် ဟူသော သင်္ခတ လက္ခဏာ (၃)ပါး ထင်ရှားရှိသောကြောင့် သင်္ခတတရားတို့လည်း ဖြစ်ကြ၏။ သင်္ခါရတရားတို့၏ အနိစ္စအခြင်း အရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာ တည်နေသော --- ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာ ဉာဏ်တို့က အားကြီးသော မှီရာ ဥပနိဿယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာရသော တရားတို့သာ ဖြစ်ခြင်းကြောင့်, အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကလည်း သိစရာ မျက်မှောက်ပြုစရာ အာရုံအဖြစ် ရပ်တည်၍ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်သော တရားတို့သာ ဖြစ်ခြင်းကြောင့် သင်္ခါရတရားတို့လည်း ဖြစ်ကြ၏။ သို့အတွက် အနိစ္စတရား ဒုက္ခတရား အနတ္တတရားတို့လည်း မှန် ကြ၏။

သို့သော် ယင်း လောကုတ္တရာ စိတ်-စေတသိက်တို့သည် အနိစ္စ-ဒုက္ခ-အနတ္တတရားစုတွင် အကျုံးဝင်သော သင်္ခတတရား သင်္ခါရတရားများပင် ဖြစ်လင့်ကစား, မဂ်တရားတို့ကား သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက် ကြောင်း = နိယျာနိကတရားကောင်း ဖြစ်နေကြ၏၊ ဖိုလ်တရားတို့ကလည်း အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ သန္တိသုခ = အငြိမ်းဓာတ် ချမ်းသာထူးကြီးကို ဒိဋ္ဌဓမ္မ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင် ခံစား စံစားဖို့ရန် အကြောင်း အကောင်းချည်း ဖြစ်နေကြ၏။ ထိုကြောင့် ယင်း လောကုတ္တရာ စိတ်-စေတသိက်တို့ကို အနိစ္စ-ဒုက္ခ-အနတ္တဟု ဝိပဿနာ ရှုသော်လည်း နိဗ္ဗိန္ဒဉာဏ်ဖြင့် ငြီးငွေ့ရန် မဟုတ်ချေ။ သံသရာဝဋ် ဆင်းရဲဒုက္ခတရားများအဖြစ် သတ်မှတ်ထားသော လောကီ စိတ်-စေတသိက်-ရုပ်တို့ကိုသာ အာရုံ ပြု၍ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါမှသာလျှင် အနိစ္စ-ဒုက္ခ-အနတ္တသဘောတို့လည်း ပေါလောကြီး ထင်နိုင်မည်၊ သံသရာဝဋ်ဆင်းရဲဒုက္ခ အမည်ရသည့် ယင်းဥပါဒါနက္ခန္ဓာ (၅)ပါးတို့၌ လှလှကြီး ဝဝကြီး ငြီးငွေ့သည့် နိဗ္ဗိန္ဒဉာဏ်များလည်း ဖြစ်ပေါ်လာကြမည်။ ထိုကြောင့် ဝိပဿနာကမ္မဋ္ဌာန်း ရှုသည့်အခါ လောကီခန္ဓာများကို သာလျှင် ရှုရလေသည်။ ဤသို့လျှင် ဝိပဿနာရှုဖို့ရန် ရည်သန်တော်မူ၍ လောကီသက်သက် ဥပါဒါနက္ခန္ဓာ ဒေသနာတော်ကို တစ်ဖန် ဟောတော်မူရပြန်သည်။

ရုပ်တရားသည် အပေါင်းအစုဟူသော အနက်သဘောကြောင့် ခန္ဓာတို့၌လည်း အကျုံးဝင်၏။ အာသဝေါ တရားတို့၏ အာရုံဖြစ်သော အပေါင်းအစုဟူသော အနက်သဘောကြောင့် ဥပါဒါနက္ခန္ဓာတို့၌လည်း အကျုံး ဝင်၏။

ဝေဒနာစသည့် နာမ်ခန္ဓာ (၄)ပါးတို့သည်ကား အာသဝေါတရားတို့၏ အာရုံဖြစ်သော ခန္ဓာတို့လည်း ရှိကုန် ၏၊ အာသဝေါတရားတို့၏ အာရုံ မဟုတ်ကုန်သော ခန္ဓာတို့လည်း ရှိကုန်၏။ နာမ်ခန္ဓာ (၄)ပါးတို့ကား အပေါင်း အစုဟူသော အနက်သဘောကြောင့် ခန္ဓာတို့၌ အကျုံးဝင်ကုန်၏။ ယင်းခန္ဓာ (၄)ပါး၌ အကျုံးဝင်ကုန်သော လောကီ စိတ်-စေတသိက်တို့ကား အာသဝေါတရားတို့၏ အာရုံ ဖြစ်ကြ၏။ လောကုတ္တရာ စိတ်-စေတသိက်တို့ ကား အာသဝေါတရားတို့၏ အာရုံ မဟုတ်ကြကုန်။

ကာမ-ရူပ-အရူပ တည်းဟူသော ဘုံသုံးပါး အတွင်း၌ အကျုံးဝင်ကုန်သော လောကီ စိတ်-စေတသိက် ဖြစ်ကြကုန်သော --- ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့ကား အာသဝေါတရားတို့၏ အာရုံ ဖြစ်ခြင်းဟူသော အနက်သဘောကြောင့် ဥပါဒါနက္ခန္ဓာတို့၌ အကျုံးဝင်ကုန်၏။

ထိုဘုံသုံးပါး အတွင်း၌ အကျုံးဝင်ကြကုန်သော လောကီ စိတ်-စေတသိက်-ရုပ်တရားတို့တွင် ---

၁။ ရုပ် (၂၈)ပါးသည် ရူပုပါဒါနက္ခန္ဓာ မည်၏။

၂။ ဝေဒနာစေတသိက်သည် ဝေဒနုပါဒါနက္ခန္ဓာ မည်၏။

၃။ သညာစေတသိက်သည် သညုပါဒါနက္ခန္ဓာ မည်၏။

၄။ ကျန် စေတသိက် (၅၀)သည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏။

၅။ အသိစိတ် အားလုံးသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။

[မှတ်ချက် --- ယင်းဥပါဒါနက္ခန္ဓာ (၅)ပါးကို တစ်ခါတစ်ရံ ခေါ်ဝေါ်လွယ်ကူစေရန် ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟုလည်းကောင်း, ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ဟု လည်းကောင်း အသီးအသီး ခေါ်ဝေါ်သုံးစွဲထားပါသည်။ ထိုသို့ အသုံးအနှုန်းများကို တွေ့ရှိပါက ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံဖြစ်ကြသည့် ဥပါဒါနက္ခန္ဓာတို့ကိုသာ ဆိုလိုသည်ဟု မှတ်ပါ။ တစ်ဖန် ဝိညာဏက္ခန္ဓာ၌ လောကီစိတ်ဟု ဆိုထားသော်လည်း အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်ခွင့်ရှိသော လောကီစိတ်များ ကိုသာ ဆိုလိုပေသည်၊ စေတသိက်တို့မှာလည်း ယင်းစိတ်တို့နှင့် ယှဉ်သော စေတသိက်တို့ကိုသာ ဆိုလိုသည် ဟုလည်း မှတ်သားပါလေ။]

နာမ်-ရုပ်ကို ပိုင်းခြား မှတ်သားပါ

နာမ်-ရုပ်ကို ပိုင်းခြား မှတ်သားပါ

ဣတိ ရူပက္ခန္ဓော ရူပံ၊ စတ္တာရော အရူပိနော ခန္ဓာ နာမန္တိ ဧဝမေကော ပဉ္စက္ခန္ဓဝသေန နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၅။)

၁။ ရူပက္ခန္ဓာက ရုပ်တရား,

၂။ နာမ်ခန္ဓာ (၄)ပါးက နာမ်တရား ---

ဤသို့လျှင် ရုပ်တရား နာမ်တရားဟု ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားပါ။ ဤကား ခန္ဓာ (၅)ပါးနည်းဖြင့် ရုပ်-နာမ်ကို သိမ်းဆည်းပုံတည်း။ ဤနည်းမှာ ရုပ်တရားအားလုံးကိုလည်းကောင်း, လောကီနာမ်ခန္ဓာအားလုံးကို လည်းကောင်း ခြုံ၍ သိမ်းဆည်းသော နည်းတည်း။

၁။ အရူပသမ္မူဠှာ = နာမ်တရား၌ အသိဉာဏ် မသန့်ရှင်းသော ပုဂ္ဂိုလ်

၂။ သံခိတ္တရုစိ = အကျဉ်း နှစ်ခြိုက်သော ပုဂ္ဂိုလ်

၃။ တိက္ခပညဝါ = ဉာဏ်ပညာ ထက်မြက်သော ပုဂ္ဂိုလ် ---

ဤပုဂ္ဂိုလ်မျိုးတို့ကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဤခန္ဓဒေသနာနည်းဖြင့် ဝိပဿနာရှုရန် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။

ဤသို့ ခြုံ၍ သိမ်းဆည်းသော နည်းမှာ ဉာဏ်ထက်မြက်ပါမှ အောင်မြင်မှု ရရှိနိုင်သည်။ ဉာဏ်နုံ့သူတို့ အတွက် အောက်ပါ ရှုကွက်တစ်မျိုးကို ထပ်မံ၍ ဖော်ပြအပ်ပါသည်။

အသေးစိတ် ခွဲ၍ ရှုပုံ - ခန္ဓာ (၅) ပါးနည်း

အသေးစိတ် ခွဲ၍ ရှုပုံ - ခန္ဓာ (၅) ပါးနည်း

ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ (မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။)

= ပဉ္စဒွါရဝီထိဝယ် စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်၌ ---

၁။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံက ရူပက္ခန္ဓာ,

၂။ မြင်တတ်သော စက္ခုဝိညာဏ်စိတ်က ဝိညာဏက္ခန္ဓာ,

၃။ ထိုဝိညာဏက္ခန္ဓာနှင့် ယှဉ်သော ဝေဒနာက ဝေဒနာက္ခန္ဓာ,

၄။ သညာက သညာက္ခန္ဓာ,

၅။ ဖဿ စသော စေတသိက် (၅)လုံးက သင်္ခါရက္ခန္ဓာ ---

ဤသို့လျှင် ဤခန္ဓာ (၅)ပါးတို့၏ ပေါင်းဆုံမိခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်သနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံ တစ်ယောက်သည် စောင်းငဲ့ ကြည့်သနည်း၊ (တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံ တစ်ယောက် မည်သည် မရှိ၊ ခန္ဓာ (၅)ပါးတို့၏ ပေါင်းဆုံမိခြင်းသာ ဖြစ်၏ ဟူလိုသည်။)

အထက်တွင် အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း စက္ခုဝိညာဏ်သည် ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲလည်းကောင်း၊ သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော မပါဘဲလည်းကောင်း၊ မဟန္တာရုံဖြစ်ပါက ဇော မပါဘဲလည်းကောင်း၊ အတိမဟန္တာရုံ ဖြစ်က ဇော-တဒါရုံ မပါဘဲလည်းကောင်း ဖြစ်နိုင်သည့် စွမ်းအား မရှိသဖြင့် စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်၌ ခန္ဓာ (၅)ပါးကို ရှုကွက်ထုတ်၍ အဋ္ဌကထာ ဆရာတော် ဖော်ပြခြင်းသည် ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် နည်းပေး လမ်းပြခြင်းသာ ဖြစ်သည်ဟု မှတ်ပါ။ သို့အတွက် စက္ခုဝိညာဏ်၌ ခန္ဓာ (၅)ပါးကို သိမ်းဆည်းရှုပွားရ သကဲ့သို့ ---

၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ ခန္ဓာ (၅)ပါး,

၂။ သမ္ပဋိစ္ဆိုင်း၌ ခန္ဓာ (၅)ပါး,

၃။ သန္တီရဏ၌ ခန္ဓာ (၅)ပါး,

၄။ ဝုဋ္ဌော၌ ခန္ဓာ (၅)ပါး,

၅။ ဇော အသီးအသီး၌ ခန္ဓာ (၅)ပါး စီ,

၆။ တဒါရုံ အသီးအသီး၌ ခန္ဓာ (၅)ပါး စီ,

တစ်ဖန် မနောဒွါရဝီထိ (နောက်လိုက် မနောဒွါရဝီထိများဝယ်)

၁။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာ (၅)ပါး,

၂။ ဇော အသီးအသီး၌ ခန္ဓာ (၅)ပါး စီ,

၃။ တဒါရုံ အသီးအသီး၌ ခန္ဓာ (၅)ပါး စီ ---

ဤသို့ စသည်ဖြင့် စက္ခုဒွါရဝီထိနှင့် ရူပါရုံကို ဆက်လက်၍ အာရုံယူကြသော မနောဒွါရဝီထိတို့၌ စိတ္တက္ခဏတိုင်းဝယ် ခန္ဓာ (၅)ပါးစီကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပါသည်။ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

ကောင်းသော စနစ်တစ်ခု

ကောင်းသော စနစ်တစ်ခု

ဤသို့ ခန္ဓာ (၅)ပါးနည်းဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ နာမ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထား ခဲ့သည့်အတိုင်း အတန်းလိုက် သိမ်းဆည်းခြင်းမှာ ပို၍ အသိဉာဏ် သန့်ရှင်းသည်ကို တွေ့ရ၏။ ရူပါရုံလိုင်း အကောင်းအုပ်စု နာမ်ကမ္မဋ္ဌာန်းဇယားကို ပြန်ကြည့်ပါ။ နာမ်တရား (၃၄)လုံး ပါဝင်သော မဟာကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိတို့ ဆိုကြပါစို့။ ဇယားတွင် ပထမဆုံးအတန်း ဖြစ်သည်။

၁။ ယင်း စက္ခုဒွါရဝီထိ-မနောဒွါရဝီထိတို့၌ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ မှီရာဝတ္ထုရုပ် (၅၄)တို့နှင့် ရူပါရုံ ကို ပူးတွဲသိမ်းဆည်း၍ ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ --- ရုပ်-ရုပ် ဟုလည်းကောင်း

၂။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဉ်သော ဝေဒနာတိုင်းကို အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ --- ဝေဒနာ-ဝေဒနာ ဟုလည်းကောင်း

၃။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဉ်သော သညာတိုင်းကို အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ - သညာ-သညာ ဟုလည်းကောင်း

၄။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဉ်သော ဝေဒနာ-သညာမှ ကြွင်းသော စေတသိက်အားလုံးကို ခြုံ၍ အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ --- သင်္ခါရ-သင်္ခါရ ဟုလည်းကောင်း

၅။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ပါဝင်သော စိတ်တိုင်း စိတ်တိုင်းကို အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ ဝိညာဏ်-ဝိညာဏ် ဟုလည်းကောင်း ---

ဤသို့ အသီးအသီး သိမ်းဆည်းပါလေ။ ရူပါရုံလိုင်း၌ အကောင်းအုပ်စု မကောင်းအုပ်စု ကုန်စင်အောင် နည်းမှီး၍ သိမ်းဆည်းပါ။ သဒ္ဒါရုံလိုင်း စသည်တို့၌လည်း နည်းတူ သဘောပေါက်ပါလေ။

မြင်လျှင် ဘာကို ရှုရမည်နည်း

မြင်လျှင် ဘာကို ရှုရမည်နည်း

ဤအဆင့်သို့ ရောက်ရှိလာသော အသင်သူတော်ကောင်းသည် ဤအထက်ပါ မေးခွန်းကို ဖြေဆိုနိုင် လောက်ပြီ။ အကယ်၍ မဖြေနိုင်သေးပါဟုဆိုလျှင် အဖြေမှာ ဤသို့ ဖြစ်၏။

ရူပါရုံကို မြင်ခိုက်ဝယ် ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိ ရူပါရုံကို ဆက်လက် အာရုံယူနေကြကုန် သော မနောဒွါရဝီထိတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ---

၁။ အာယတနဒေသနာတော်နည်း အရ - အာယတန (၄) ပါးစီ

၂။ ဓာတု ဒေသနာတော်နည်း အရ - ဓာတ် (၄) ပါးစီ

၃။ ခန္ဓဒေသနာတော်နည်း အရ - ခန္ဓာ (၅) ပါးစီ ---

ဤသို့သော ရုပ်-နာမ် ပရမတ်အစစ် ဓာတ်အနှစ်တို့ကို ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်းရှုပွား ရမည်။ ဤကား အဖြေတည်း။ ဤအဖြေမှာ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း = ဒိဋ္ဌိဝိသုဒ္ဓိစခန်းပိုင်းကို ရည်ရွယ်၍ ဖြေဆို ထားသော အဖြေသာ ဖြစ်သည်။

အကယ်၍ အသင်သူတော်ကောင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိပါက ယင်းစိတ္တက္ခဏတိုင်း၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။)

အကယ်၍ အသင်သူတော်ကောင်းသည် လက္ခဏာဒိစတုက္ကပိုင်းသို့ ရောက်ရှိခဲ့ပါမူ ယင်းစက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၏ စိတ္တက္ခဏတိုင်း၌ ပါဝင်တည်ရှိကြသော ပရမတ္ထဓာတ်သားခန္ဓာ (၅)ပါးတို့၌ ပရမတ္ထ တရားလုံးတိုင်း တရားလုံးတိုင်းကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ထပ်မံ၍ သိမ်းဆည်းရဦးမည် ဖြစ်သည်။ (လက္ခဏာဒိစတုက္ကပိုင်းတွင် ထင်ရှားလတ္တံ့။)

တစ်ဖန် အကယ်၍ အသင်သူတော်ကောင်းသည် ဝိပဿနာပိုင်းသို့ ရောက်ရှိပါမူကား ယင်းစက္ခုဒွါရဝီထိ, မနောဒွါရဝီထိတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိကြကုန်သော --- ခန္ဓာ အာယတန ဓာတ်တို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများရမည် ဖြစ်ပေသည်။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) ကြားခိုက် စသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါလေ။

ဤကား မြင်ခိုက် ကြားခိုက် စသည်တို့၌ မည်သည့် အဆင့်၌ မည်ကဲ့သို့သော ပရမတ္ထဓာတ်သားတို့ကို မည်သို့ မည်ပုံ သိမ်းဆည်းရမည် ရှုပွားရမည်ဟု ညွှန်ကြားထားတော်မူသော ပါဠိတော်-အဋ္ဌကထာ-ဋီကာတို့၏ အဆိုအမိန့်တို့ပင် ဖြစ်ကြသည်။

သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တရားစစ် တရားမှန်ကိုသာ လိုလားတောင့်တလျက် ရှိသော, ဤဘဝ မှာပင် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် အစစ်ကြီးကိုသာ မဂ်ဆိုက် ဖိုလ်ဆိုက် ထွင်းဖောက်သိမြင်လိုသော, အပါယ် ဘေးဆိုးကြီးမှ ကျွတ်လို လွတ်လိုသော, အိုဘေးဆိုးကြီး နာဘေးဆိုးကြီး သေဘေးဆိုးကြီးမှ အပြီးတိုင် ထွက်မြောက်လိုသော အသင် ယောဂါဝစရသူတော်စင်အဖို့ ဤအထက်ပါ ညွှန်ကြားချက်တို့ကား ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်လျက် လိုက်နာပြုကျင့်ရမည့် ရွှေပေလွှာတို့သာ ဖြစ်ကြပေသည်ဟု နှလုံးပိုက်တော်မူပါလေ။

အဘိဓမ္မာကို ပယ်သူဟူသည်

အဘိဓမ္မာကို ပယ်သူဟူသည်

အဘိဓမ္မံ ပဋိဗာဟေန္တော ဣမသ္မိံ ဇိနစက္ကေ ပဟာရံ ဒေတိ၊ သဗ္ဗညုတဉာဏံ ပဋိဗာဟတိ၊ သတ္ထု ဝေသာရဇ္ဇဉာဏံ ပဋိနိဝတ္တေတိ၊ သောတုကာမံ ပရိသံ ဝိသံဝါဒေတိ၊ အရိယမဂ္ဂေ အာဝရဏံ ဗန္ဓတိ။ အဋ္ဌာရသသု ဘေဒကရဝတ္ထူသု ဧကသ္မိံ သန္ဒိဿတိ၊ ဥက္ခေပနီယကမ္မတဇ္ဇနီယကမ္မာရဟော ဟောတိ။ တံ တံ ကမ္မံ ကတွာ ဥယျောဇေတဗ္ဗော ဂစ္ဆ ဝိဃာသာဒေါ ဟုတွာ ဇီဝိဿတီတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀။)

ဤအထက်ပါ အဋ္ဌကထာ စကားရပ်တို့ကား အဘိဓမ္မာကို ဘုရားဟော မဟုတ်ပါဟု ငြင်းပယ်နေသော ပုဂ္ဂိုလ်တို့အတွက်လည်းကောင်း, အဘိဓမ္မာ၌ ဟောကြားထားသော ခန္ဓာ အာယတန ဓာတ်ဟူကုန်သော ရုပ် ပရမတ် နာမ်ပရမတ်တို့ကို ဝိပဿနာရှုဖို့ မလိုဟု ယူဆနေကြသော သူတော်ကောင်းတို့အတွက်လည်းကောင်း သတိပေးထားသော စကားရပ်တို့ ဖြစ်ကြ၏။ ယင်းအဋ္ဌကထာစကားရပ်၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။

အဘိဓမ္မာကို ဘုရားဟော မဟုတ်ပါဟု အဘိဓမ္မာကို တားမြစ်သော ပုဂ္ဂိုလ်, အဘိဓမ္မာ၌လာသော ခန္ဓာ အာယတန ဓာတ် သစ္စာဟု ဆိုအပ်ကုန်သော ရုပ်ပရမတ် နာမ်ပရမတ်တို့ကို ဝိပဿနာ မရှုသင့်ကြောင်း ရှုဖို့ မလိုကြောင်း ပြောကြားလျက် အဘိဓမ္မာကို တားမြစ်သော ပုဂ္ဂိုလ်သည် ဤမြတ်စွာဘုရား၏ အဆုံးအမသာသနာ တော်တည်းဟူသော မြတ်သော တရားဓမ္မစက်ကို ပုတ်ခတ်စော်ကားခြင်းကို ပေးရာ ရောက်၏၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို တားမြစ်ရာ ရောက်၏။ ဘုရားရှင်၏ အလွန်ရဲရင့်သော ဝေသာရဇ္ဇဉာဏ်တော် မြတ်ကို ဆုတ်နစ်စေ၏၊ အဘိဓမ္မာတရားတော်ကို ကြားနာခြင်းငှာ ကျင့်ခြင်းငှာ အလိုရှိသော သူတော်ကောင်း ပရိသတ်ကို အမှားမှား အယွင်းယွင်း ပြောဆိုစေ၏ (= အဘိဓမ္မာ၌လာသော ရုပ်နာမ်တို့ကား သာဝကတို့၏ အရာမဟုတ်၊ သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာသာ ဖြစ်၏၊ ရဟန္တာ အရှင်မြတ်ကြီးတို့၏ အရာသာ ဖြစ်၏။ --- ဤသို့ စသည်ဖြင့် အဘိဓမ္မာကို ကြားနာခြင်းငှာ ကျင့်ခြင်းငှာ အလိုရှိသော သူတော်ကောင်းပရိသတ် ကို အမှားမှား အယွင်းယွင်း ပြောဆိုစေ၏။) အရိယာ သူတော်ကောင်း ဖြစ်ကြောင်း လမ်းစဉ်၌ ပိတ်ဆီးကြောင်း ဖြစ်သော စည်းရိုးကြီးကို ကာရံ ဖွဲ့ချည်ထားရာ ရောက်၏။ သံဃာကွဲပြားကြောင်း ဖြစ်ကုန်သော ဘေဒကရ ဝတ္ထုတို့တွင် တစ်ခုခုကို ထင်ရှားပြရာ ရောက်၏။

ထိုရဟန်းတော်ကို သံဃာတော်က ကံကြီး ကံငယ် အသွယ်သွယ်တို့၌ ပစ်ပယ်ထားရန် သံဃာဘောင်မှ နှင်ထုတ်ခြင်း = ဥက္ခေပနီယကံကို ပြုထိုက်၏။ သံဃာတော်၏ ခြိမ်းချောက်မှုကို ခံရသော တဇ္ဇနိယကံကို ပြုထိုက်၏။ (ဗုဒ္ဓဘာသိတ အဘိဓမ္မာကို ဗုဒ္ဓဘာသိတ မဟုတ်ဟု ငြင်းခုံခြင်းသည် ဝိဝါဒ မည်၏။ ဗုဒ္ဓအဘိဓမ္မာ သည် လူသားတို့အတွက် အကျိုးကျေးဇူး တစ်စုံ တစ်ရာကို မပြုနိုင်၊ သာဝကတို့သည် ဗုဒ္ဓအဘိဓမ္မာ၌ လာသော ရုပ် နာမ် ပရမတ်တို့ကို ရှုလို့ မရနိုင်၊ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အလွန် တိုတောင်းသော အချိန်ကာလ အတွင်းဝယ် ကုဋေတစ်သိန်းမက ဖြစ်ပျက်သွားသော ဒီနာမ်တရားတွေကို ဘယ်လို လုပ် ရှုမလဲ --- ဤသို့ စသည်ဖြင့် ကုဋေတစ်သိန်းနှင့် ကိုင်ပေါက်ကာ အဘိဓမ္မာ၏ အပြစ်တို့ကို ပြောကြပြန်၏၊ ထိုသို့ ပြောဆိုခြင်း ငြင်းခုံခြင်းတို့ကား အဘိဓမ္မာ၏ အပြစ်ကို ပြောခြင်းဟူသော ဓမ္မအဝဏ္ဏဘာသနလည်း ဖြစ်၏၊ ထိုသို့သော ပုဂ္ဂိုလ်ကို ဥက္ခေပနီယကံလည်း ပြုထိုက်၏၊ တဇ္ဇနီယကံလည်း ပြုထိုက်၏ - ဟု ဆိုလို၏။) ထိုကြောင့် ထိုကံများကို ပြု၍ ---

စားကြွင်းစား = သူတောင်းစားလုပ်ကာ အသက်မွေးလေတော့ဟု ပြောဆို နှင်ထုတ်ရမည်။ --- (အဘိ၊ဋ္ဌ၊၁၊၃၀။)

ဤအထက်ပါ အဋ္ဌကထာ၏ သတိပေးချက်ကို ဦးထိပ်ရွက် ပန်ဆင်လျက် အဘိဓမ္မာကို အရမ်းမဝေဖန် မိဖို့ရန် နိဗ္ဗာန်ကို လိုလားသူတိုင်း အထူးသတိပြုရမည် ဖြစ်ပေသည် --- သူတော်ကောင်းအပေါင်းတို့ ...

ဝေသာရဇ္ဇဉာဏ်တော်မြတ် လေးပါး

ဝေသာရဇ္ဇဉာဏ်တော်မြတ် လေးပါး

ရဟန်းတို့ ...မြတ်စွာဘုရား၏ ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ်တော်တို့သည် ဤ (၄)မျိုးတို့တည်း။ ယင်း ဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်း သဗ္ဗညုတဉာဏ်တော် ရှင်၏ အဖြစ်ကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆိုတော်မူ၏၊ မြတ်သော တရားဓမ္မစက်ကို လည်ပတ်စေတော်မူ၏။ အဘယ် (၄)မျိုးတို့နည်း ဟူမူ ---

၁။ အလုံးစုံသော တရားတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကောင်းမွန်မှန်ကန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူသည့် သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ် ဝန်ခံတော်မူသော အရှင်ဘုရားသည် ဤမည် သော တရားတို့ကို ထိုးထွင်း၍ မသိအပ်ကုန်သေးဟု ငါဘုရားအပေါ်၌ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ် ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်သောသူပင် ဖြစ်စေ ထိုအရာ၌ အကြောင်း ယုတ္တိနှင့်တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်းသို့ ရောက် လျက် ဘေးကင်းခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။

၂။ အာသဝေါတရားတို့ ကုန်ပြီးသူ ခီဏာသဝ = ရဟန္တာအဖြစ် ဝန်ခံတော်မူသော အရှင်ဘုရားအား ---

ဤမည်သော အာသဝေါတရားတို့သည် မကုန်သေးကုန် --- ဟု ငါဘုရားအပေါ်၌ သမဏဖြစ်စေ ဗြာဟ္မဏ ဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်သော သူပင်ဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော်မမူသောကြောင့် ငြိမ်းအေးခြင်းသို့ ရောက်လျက် ဘေးကင်းခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။

၃။ စျာန်-မဂ်-ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏။ --- ဟု အရှင်ဘုရား ဟောကြားထားတော်မူအပ်ကုန် သော ထိုတရားတို့သည် မှီဝဲသောသူအား စျာန်-မဂ်-ဖိုလ်၏ အန္တရာယ်ကို မပြုနိုင်ကုန် --- ဟု ငါဘုရားအပေါ်၌ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်သောသူပင် ဖြစ်စေ ထိုအရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရားမြင်တော် မမူသောကြောင့် ငြိမ်းအေးခြင်းသို့ ရောက်လျက် ဘေးကင်းခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။

၄။ သံသရာဝဋ်ဆင်းရဲ ဒုက္ခကုန်ခြင်းငှာ ဟောကြားထားတော်မူအပ်သော အရှင်ဘုရား၏ တရားတော်သည် ဟောတော်မူသည့်အတိုင်း ကျင့်သသူအား သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကောင်းစွာ မထုတ်ဆောင်နိုင် --- ဟု ငါဘုရားအပေါ်၌ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံ တစ်ယောက်သောသူပင် ဖြစ်စေ အကြောင်းယုတ္တိနှင့်တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါဘုရား မြင်တော် မမူသောကြောင့် ငြိမ်းအေးခြင်းသို့ ရောက်လျက် ဘေးကင်းခြင်းသို့ ရောက်လျက် ရဲရင့်ခြင်းသို့ ရောက်လျက် နေထိုင်ရပေ၏။

ရဟန်းတို့ ...မြတ်စွာဘုရား၏ ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ်တော်တို့သည် ဤ (၄)မျိုးတို့တည်း။ ယင်း ဝေသာရဇ္ဇဉာဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်း သဗ္ဗညုတဉာဏ်တော် ရှင်၏ အဖြစ်ကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆိုတော်မူ၏၊ မြတ်သော တရားဓမ္မစက်ကို လည်ပတ်စေတော်မူ၏။ (အံ၊၁၊၃၁၅။ ဝေသာရဇ္ဇသုတ္တန်။)

ဤသည်တို့ကား ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော် (၄)ပါးတို့တည်း။ ယင်းဝေသာရဇ္ဇဉာဏ်တော် (၄) ပါးတို့တွင် (၄)ခုမြောက်ဖြစ်သော စတုတ္ထဝေသာရဇ္ဇဉာဏ်တော်ကို အထူးဂရုပြုကြည့်ပါ ---

အထက်တွင် အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း --- သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော် အပရိဇာနနသုတ္တန် နှင့် ဣတိဝုတ်ပါဠိတော် သဗ္ဗပရိညာသုတ္တန်တို့တွင် --- အလုံးစုံသော ရုပ်နာမ်တို့ကို ပရိညာပညာ (၃)မျိုးတို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည်တိုင်အောင် ပိုင်းပိုင်းခြားခြား မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်နိုင် --- ဟု ဟော ကြားထားတော်မူခဲ့၏။ (သံ၊၂၊၂၄၉-၂၅၀။ ခု၊၁၊၁၉၇။)

ယင်းအလုံးစုံသော ရုပ်-နာမ်တို့ကို ပရိညာပညာ (၃)မျိုးတို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည်တိုင်အောင် ပိုင်းပိုင်းခြားခြား သိရှိရေးအတွက် အရိယမဂ်၏ ေ့ရှအဖို့၌ ဖြည့်ကျင့်ရမည့် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟု ခေါ်ဆို အပ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရ၏။ သို့အတွက် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းများ ဖြစ်ကြ၏။ တစ်နည်းဆိုရသော် ယင်းမဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို မှန်ကန်စွာ အဆင့် ဆင့် ကျင့်ခြင်းကြောင့် အလုံးစုံသော ရုပ်နာမ်တို့ကို ပရိညာပညာ (၃)မျိုးတို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည်တိုင်အောင် ပိုင်းပိုင်းခြားခြား သိရှိလာ၏။ ယင်းသို့ သိရှိခြင်းသည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းပင် ဖြစ်၏။

အကယ်၍ အသင်သူတော်ကောင်းသည် အဘိဓမ္မာ၌ လာရှိသော အလုံးစုံသော ရုပ်နာမ်တို့ကို ဝိပဿနာရှုဖို့ မလို၊ ရှုလို့ မရနိုင်၊ ဤလို ဤလိုသာ ရှုရ၏၊ ဤဟာ ဤဟာကိုသာ ရှုရ၏ဟု ဤသို့ ပြောဆို လာငြားအံ့၊ -- ဤကဲ့သို့သော ပြောဆိုမှုမျိုးကိုပင် ရည်ရွယ်တော်မူ၍ အဋ္ဌသာလိနီအဋ္ဌကထာ ဆရာတော်က -

အဘိဓမ္မာကို တားမြစ်သော ပုဂ္ဂိုလ်သည် ဤမြတ်စွာဘုရား၏ အဆုံးအမသာသနာတော်တည်းဟူသော မြတ်သော တရားဓမ္မစက်ကို စော်ကားခြင်းကို ပေးရာ ရောက်၏၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးကို တားမြစ်ရာ ရောက်၏၊ ဘုရားရှင်၏ အလွန်ရဲရင့်သော ဝေသာရဇ္ဇဉာဏ်တော်မြတ်ကို ဆုတ်နစ်စေ၏၊ အဘိဓမ္မာတရားတော်ကို ကြားနာခြင်းငှာ ကျင့်ခြင်းငှာ အလိုရှိသော သူတော်ကောင်း ပရိသတ်ကို အမှားမှား အယွင်းယွင်း ပြောဆိုစေ၏။ --- ဤသို့ စသည်ဖြင့် ဖွင့်ဆိုထားတော်မူခြင်း ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၀။)

ပညာရှိသော်လည်း သတိဖြစ်ခဲ၏။

__________

ဣဋ္ဌာရုံ - အနိဋ္ဌာရုံ အယူအဆ

ဣဋ္ဌာရုံ - အနိဋ္ဌာရုံ အယူအဆ

၁။ သမာနဝါဒ

ဆရာမြတ်တို့အားလုံး အဆိုတူညီသော သမာနဝါဒကို ရှေးဦးစွာ ဖော်ပြပေအံ့။

မချစ်နှစ်သက်အပ် မချစ်နှစ်သက်ထိုက်သော မရှာမှီးအပ် မရှာမှီးထိုက်သော အာရုံသည် (ရုပ်-ဝေဒနာ- သညာ-သင်္ခါရ-ဝိညာဏ်သည်) အနိဋ္ဌာရုံ မည်၏။ တစ်စုံတစ်ယောက်သောသူက ထိုကဲ့သို့သော အာရုံမျိုးကို ရှာဖွေချင်လည်း ရှာဖွေပါစေ၊ ယင်းအာရုံသည်ကား အမှန်အားဖြင့် မရှာမှီးထိုက်သော အာရုံသာ ဖြစ်သည်။ ထို အာရုံမျိုးကား အလိုမရှိအပ်သော ကျက်သရေမရှိသော စိတ်နှလုံးထဲ၌ မသွင်းထားသင့်သော ကုသိုလ်စိတ်ကို မတိုးပွားစေတတ်သော အာရုံတည်း။

တစ်နည်း ပြည့်စုံခြင်း = သမ္ပတ္တိဟူသော တင့်တယ်ခြင်းမှ ကင်းခြင်းကြောင့် မနှစ်သက်အပ် မရှာမှီးအပ်သော အာရုံသည် အနိဋ္ဌာရုံ မည်၏။ (သမ္ပတ္တိဟူသည် လူဘဝ နတ်ဘဝ ဟူသော သမ္ပတ္တိဘဝတို့ကို ဆိုလိုသည်။)

ထိုအနိဋ္ဌာရုံဟူသည် (ရုပ်ပိုင်းဆိုင်ရာ၌) ဧကန်အားဖြင့် ကံကြောင့်ဖြစ်ကုန်သော ကမ္မဇရုပ်တို့တွင် အကုသိုလ်ကံကြောင့်ဖြစ်ကုန်သော ကမ္မဇရုပ်တို့တည်း။ (နာမ်ပိုင်းဆိုင်ရာ၌ အကုသိုလ်ကံကြောင့်ဖြစ်ကုန်သော ဝိပါက် နာမ်တရားစုတို့တည်း။)။

ယင်းအနိဋ္ဌာရုံသည် သုခဝေနာ၏ အကြောင်းမဟုတ်သည်၏ အဖြစ်ကြောင့် အလိုမရှိအပ် မနှစ်သက်အပ် သော အာရုံမျိုးသာတည်း။ ဒုက္ခဝေဒနာ၏ အကြောင်းရင်းစစ် ဖြစ်သောကြောင့် စိတ်နှလုံးကို မတိုးပွားစေတတ် သော စိတ်ထဲ၌ မသွင်းထားထိုက်သော အာရုံမျိုးတည်း။

ဤကမ္မဇရုပ်ပိုင်း၌ကား အကုသိုလ်ကံကြောင့်ဖြစ်ကုန်သော အာရုံ (၅)ပါး ကာမဂုဏ်တရားတို့သည် အနိဋ္ဌာရုံတို့ မည်ကုန်၏။ ကုသိုလ်ကံကြောင့်ဖြစ်သော ကမ္မဇရုပ်၌ အနိဋ္ဌာရုံရုပ် မည်သည် မရှိစကောင်းပေ။ ကုသိုလ် ကံကြောင့်ဖြစ်သော ကမ္မဇရုပ်အားလုံးသည် ဣဋ္ဌာရုံချည်းသာတည်း။ (အဘိ၊ဋ္ဌ၊၂၊၈-၉။)

ကမ္မဇရုပ်တို့၏ ဣဋ္ဌ-အနိဋ္ဌ ဖြစ်မှုသည်ကား ထိုကမ္မဇရုပ်တို့ကို ဖြစ်ပေါ်လာအောင် ကံကို ပြုစုပျိုးထောင် သော သတ္တဝါနှင့်သာ ဆက်စပ်လျက် ရှိ၏။ အကုသိုလ်ကံကို ထိုသတ္တဝါသည် ပြုစုပျိုးထောင်ခဲ့ပါက ထိုအကုသိုလ် ကံက ထိုသတ္တဝါအား အနိဋ္ဌာရုံကမ္မဇရုပ်တို့နှင့် တွေ့ကြုံရအောင် ဖန်တီးပေးမည် ဖြစ်၏။ ကုသိုလ်ကံကို ထို သတ္တဝါသည် ပြုစုပျိုးထောင်ခဲ့ပါက ထိုကုသိုလ်ကံက အခါအခွင့်သင့်၍ အကျိုးပေးခွင့်သာလျှင် ဣဋ္ဌာရုံကမ္မဇ ရုပ်များနှင့် တွေ့ကြုံရအောင် ထိုကံက ဖန်တီးပေးမည် ဖြစ်၏။ (တသ္မာ ကမ္မဇာနံ ဣဋ္ဌာနိဋ္ဌတာ ကမ္မကာရကသတ္တဿ ဝသေန ယောဇနာရဟာ သိယာ။ မူလဋီ၊၂၊၈။)

တန်ဖိုးမဖြတ်နိုင်သော ဆေးတစ်ခွက်

တန်ဖိုးမဖြတ်နိုင်သော ဆေးတစ်ခွက်

ဤအဋ္ဌကထာ-ဋီကာတို့၏ ဖွင့်ဆိုချက်ကား အသင်သူတော်ကောင်းအတွက် တန်ဖိုးမဖြတ်နိုင်သော ဆေး တစ်ခွက်ပင် ဖြစ်၏။ မနှစ်မြို့ဖွယ်ရာ အနိဋ္ဌာရုံအမျိုးမျိုးနှင့် တွေ့ကြုံရခြင်းမှာ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံကြောင့်သာ ဖြစ်ရသဖြင့် --- ဘယ်သူကြောင့် ဘယ်ဝါကြောင့်ဟု အကြောင်းပြချက် အမျိုးမျိုးကို ဆင်ခြင်ပေးနေခြင်းမှာ အသင်သူတော်ကောင်းအတွက် အယောနိသောမနသိကာရဟူသော အမှားကြီးတစ်ခု ထပ်မံ ဝင်ရောက်လာခြင်းပင် ဖြစ်၏။

ယင်းအတိတ်က ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံက အရှိန်အဝါ အားကောင်းနေသေးလျှင် မကျေနပ် နိုင်သည့် အာရုံအမျိုးမျိုး မကျေနပ်နိုင်သည့် သတ္တဝါ အမျိုးမျိုးနှင့် အမြဲတန်း ရင်ဆိုင်တိုးနေအောင် ထိုကံက ဖန်တီးပေးနေမည်သာ ဖြစ်၏။ ဘယ်သူမပြု မိမိမှု --- ဟုသာ အနိဋ္ဌာရုံတို့နှင့် ကြုံတိုင်း ဆုံတိုင်း နှလုံးသွင်း တတ်ပါလျှင် အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ကုသိုလ်ဖြစ်ခြင်း၏ အခြေခံ အကြောင်းရင်းစစ်ဖြစ်သော ယောနိသော မနသိကာရကား ဝင်ရောက်လာပြီ ဖြစ်၏။ အကယ်၍ ယင်းအနိဋ္ဌာရုံ အမျိုးမျိုးကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းလျက် လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတတ်ပါလျှင် ကား ယင်းဝိပဿနာဉာဏ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသော ယောနိသော မနသိကာရ တစ်မျိုးပင် ဖြစ်ပေသည်။

မူလဋီကာ၏ ရှင်းလင်းချက်တစ်ရပ်

မူလဋီကာ၏ ရှင်းလင်းချက်တစ်ရပ်

အထက်ပါ အဋ္ဌကထာ၌ --- ကုသလကမ္မဇံ အနိဋ္ဌံ နာမ နတ္ထိ = ကုသိုလ်ကံကြောင့်ဖြစ်သော ကမ္မဇရုပ်၌် အနိဋ္ဌာရုံရုပ်မည်သည် မရှိစကောင်းပေဟူသော ဤစကားကိုသာလျှင် ဖွင့်ဆိုထား၏။ အကုသလကမ္မဇံ ဣဋ္ဌံ နာမ နတ္ထိ = အကုသိုလ်ကံကြောင့်ဖြစ်သော ကမ္မဇရုပ်ဝယ် ဣဋ္ဌာရုံရုပ် မည်သည် မရှိစကောင်းပေ --- ဟူ၍ကား မဖွင့်ဆိုခဲ့ပေ။ ထိုသို့ မဖွင့်ဆိုခြင်းကြောင့် အကုသိုလ်ကံကြောင့်ဖြစ်သော အကုသိုလ် ကမ္မဇရုပ်သည်လည်း တင့်တင့်တယ်တယ် ဖြစ်လတ်သော် (ယင်းကမ္မဇရုပ်ကို ဖြစ်ပေါ်လာအောင် အကုသိုလ်ကံကို ထူထောင်ခဲ့သော မိမိ အတွက် အနိဋ္ဌ ဖြစ်စေကာမူ) အခြားအခြားသော သတ္တဝါတို့အတွက် ဣဋ္ဌာရုံရုပ်မျိုး ဖြစ်တတ်ပါ၏ဟု ဤသို့ ခွင့်ပြုအပ်သည် ဖြစ်လတ္တံ့ = ခွင့်ပြုရာရောက်၏။ ကုသိုလ်ကံကြောင့်ဖြစ်သော ကုသိုလ်ကမ္မဇရုပ်သည်ကား အလုံးစုံသော မိမိ, သူတစ်ပါး နှစ်ဦးသားတို့အတွက် ဣဋ္ဌာရုံရုပ်ချည်းသာတည်းဟု ဤသို့ အချို့ဆရာတို့က ဆိုကြ ပြန်ကုန်၏။

ဆက်၍ ဆိုဦးအံ့ --- အချို့အချို့သော တိရစ္ဆာန်တို့ကား လူ၏ အဆင်း လူ၏ ပုံသဏ္ဌာန်ကို မမြတ်နိုးကြ မနှစ်ခြိုက်ကြပေ၊ ယင်းသို့ မမြတ်နိုး မနှစ်ခြိုက်သည့် အတွက်ကြောင့် ထိုတိရစ္ဆာန်သတ္တဝါတို့သည် လူအဆင်း ကို မြင်လျှင် မြင်ခြင်းပင် ထွက်ပြေးကြကုန်၏။ တစ်ဖန် လူသားတို့သည်လည်း နတ်တို့၏ အဆင်း နတ်တို့၏ ပုံ သဏ္ဌာန်ကို မြင်ရသော် ထိတ်လန့် ကြောက်ရွံ့ကြပြန်၏။ ထိုသို့ ထွက်ပြေးကြ ကြောက်ရွံ့ကြပါသော်လည်း ထို ကြောက်ရွံ့သော တိရစ္ဆာန်နှင့် ထိုကြောက်ရွံ့သော လူသားတို့၏ သန္တာန်၌ ဖြစ်ပေါ်သွားသော စက္ခုဝိညာဏ် စသော ဝိပါက်ဝိညာဏ်သည် ထိုရုပ်အဆင်း (ရူပါရုံ)ကို အာရုံပြု၍ ကုသလဝိပါက်ဝိညာဏ်သာ ဖြစ်၏။ ထိုသို့ပင် ကုသလဝိပါက်ဝိညာဏ် ဖြစ်ပါသော်လည်း ထိုအာရုံကို မြတ်မြတ်နိုးနိုး ဖြစ်နိုင်လောက်သော ကောင်းမှုဘုန်း ကံ၏ မရှိခြင်းကြောင့် ထိုတိရစ္ဆာန်တို့အဖို့ ထိုလူအဆင်းအာရုံ၌, နတ်ကို ကြောက်ရွံ့သော ထိုလူသားတို့အဖို့ လည်း ထိုနတ်အဆင်းအာရုံ၌ အလွန် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းသည် မဖြစ်နိုင် --- ဤကား အချို့သော ကေစိဆရာတို့၏ အလိုတည်း။ (ဤကေစိဝါဒ၏ ဆိုလိုရင်းကား --- ကုသိုလ်ကမ္မဇရုပ်မှန်လျှင် ဣဋ္ဌာရုံရုပ်ချည်းသာတည်း၊ သို့သော် ထိုဣဋ္ဌာရုံရုပ်ကို တွေ့ကြုံရသူတို့ သန္တာန်ဝယ် ခံစားနိုင်လောက်သော ဘုန်းကံ မရှိခြင်း ကြောင့်သာ အမနာပဖြစ်၍ မမွေ့လျော်ဘဲ ဖြစ်ရပါသည်ဟု ဆိုလိုပေသည်။ ဤကေစိဝါဒကို မူလဋီကာဆရာတော်က မနှစ်ခြိုက်၍ အောက်ပါအတိုင်း ချေပထားပြန်၏။)

ဆက်လက်၍ ရှင်းလင်းတင်ပြပေအံ့ --- ကုသိုလ်ကမ္မဇရုပ် မှန်သမျှ၏ အနိဋ္ဌာရုံရုပ် မရှိမှုကို အဋ္ဌကထာ ဆရာတော် ဖွင့်ဆိုတော်မူသကဲ့သို့ အလားတူပင် အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာရသော အကုသိုလ်ကမ္မဇ ရုပ်၏လည်း တင့်တယ်ကောင်းမြတ်သော ဣဋ္ဌာရုံရုပ် မရှိမှုကို ဖွင့်ဆိုထိုက်သည်သာ ဖြစ်၏။

မှန်ပေသည် ပဋိသန္ဓေအခါဝယ် ဆင်အစရှိသော သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ကုန်သော ကမ္မဇရုပ်တို့ကား ထိုဆင်စသော သတ္တဝါ၏ တစ်ခုသော အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အကုသိုလ်ကံကြောင့်သာ ဖြစ်ပေါ် လာရသော အကုသိုလ်ကမ္မဇရုပ်တို့သာတည်း။ ယင်းဆင်စသော သတ္တဝါတို့၏ အကုသိုလ်ကမ္မဇရုပ်ကို လူသား တို့ တွေ့ကြုံရာဝယ် ယင်းလူသားတို့၏ သန္တာန်၌ ယင်းဆင်စသော သတ္တဝါတို့၏ အကုသိုလ်ကမ္မဇရုပ်ကို အာရုံပြု ၍ အကုသလဝိပါက်စိတ်တို့သာ ဖြစ်ကြရ၏။ (ပဉ္စဝိညာဏ်-သမ္ပဋိစ္ဆိုင်း-သန္တီရဏ-တဒါရုံ တို့ကို ဆိုလိုသည်။)

သို့သော် ထိုဆင်စသော သတ္တဝါသည် ပဋိသန္ဓေတည်နေပြီး နောက်ပိုင်းဝယ် ပဝတ္တိဟု ခေါ်ဆိုအပ်သော တဖြည်းဖြည်း ကြီးပြင်းခြင်းသို့ ရောက်ရှိလာသော အခါ၌ကား (မင်္ဂလာဆင်တော် စသည် ဖြစ်ဖို့ရန်အတွက်) ကုသိုလ်ကမ္မဇရုပ်တို့လည်း ဖြစ်ခွင့်ရလာကြပြန်၏။ (ထိုဆင်စသော သတ္တဝါသည် ဆင်စသည့် ဘဝမတိုင်မီ ဆင် စသည့် ဘဝသို့ရောက်ကြောင်း အကုသိုလ်တရားတို့ကို ထူထောင်ခဲ့စဉ်က တစ်ဖက်ကလည်း ဒါနစသော ကောင်းမှု ကုသိုလ်တို့ကို ပြုစုပျိုးထောင်ခဲ့သဖြင့် ကုသိုလ်နှင့် အကုသိုလ် ရောနှောလျက်ရှိ၏။ အကုသိုလ်ဘက်က အခွင့် သာ၍ ပဋိသန္ဓေအကျိုးကို ပေးခဲ့သော် ကုသိုလ်ကံတို့ကလည်း အကျိုးပေးဖို့ရန် အခွင့်သာလာသဖြင့် ပဝတ္တိကျိုး များကို ဆက်လက်၍ ပေးကြပြန်၏။ ထိုပဝတ္တိအကျိုးကို ပေးတတ်သော ကုသိုလ်ကံတို့၏ စွမ်းဟုန်ကြောင့် ထို ဆင်စသော သတ္တဝါသည် ဆင်ဖြူတော်ဖြစ်ခြင်း စသည်ဖြင့် ကုသိုလ်ကမ္မဇရုပ်တို့လည်း ဖြစ်ခွင့်ရလာကြသည်၊၊)

ယင်းကဲ့သို့ ပဝတ္တိအခါ၌ တဖြည်းဖြည်း တိုးပွားလာကြကုန်သော ယင်းဆင်စသော သတ္တဝါတို့၏ ကုသိုလ် ကမ္မဇရုပ်ဟူသည့် ဣဋ္ဌာရုံရုပ်တို့ကို အာရုံပြု၍ လူတို့၏ သန္တာန်ဝယ် ကုသလဝိပါက်စိတ်များ ဖြစ်ပေါ်လာနိုင်၏။ (ပဉ္စဝိညာဏ်-သမ္ပဋိစ္ဆိုင်း-သန္တီရဏ-တဒါရုံ-စိတ် တို့ကို ဆိုလိုသည်။)

လူသားတို့၏ ယင်းကဲ့သို့ ဣဋ္ဌာရုံနှင့် တွေ့ကြုံရခြင်းမှာလည်း လူသားတို့၏ ကုသိုလ်ကံနှင့်သာ ဆက်စပ် လျက်ရှိ၏။ ဆင်စသော သတ္တဝါတို့၏ ကံနှင့်ကား မဆက်စပ်ပေ။

ထိုသို့ ဆင်စသော သတ္တဝါတို့၏ ကုသိုလ်ကမ္မဇရုပ်သည် လူသားတို့၏ ကုသလဝိပါက်ဝိညာဏ်၏ အာရုံ ဖြစ်နိုင်သည် မှန်ငြားသော်လည်း ထိုဆင် စသော သတ္တဝါတို့၏ သန္တာန်ဝယ် ဣဋ္ဌာရုံကမ္မဇရုပ်များ ရှိသကဲ့သို့ အနိဋ္ဌာရုံကမ္မဇရုပ်များလည်း ရှိနေသဖြင့် (တစ်နည်းဆိုသော် ကုသိုလ်ကမ္မဇရုပ်ဟူသော ဣဋ္ဌာရုံရုပ်များ ရှိသကဲ့သို့ အကုသိုလ်ကမ္မဇရုပ်ဟူသော အနိဋ္ဌာရုံရုပ်တို့လည်း ရှိနေသဖြင့်) ဣဋ္ဌာရုံရုပ်နှင့် အနိဋ္ဌာရုံရုပ်တို့ကား ရောနှောလျက် ရှိနေကြ၏။ ထိုသို့ ရောရောနှောနှော ရှိရာ၌ ထိုဆင် စသော သတ္တဝါတို့၏ သန္တာန်ဝယ် ကြီးပွားခြင်းသို့ ရောက်ရှိလာသော ယခုကဲ့သို့သော ပဝတ္တိအခါမျိုးတွင် အကုသိုလ်ကမ္မဇရုပ်ဟူသော အနိဋ္ဌာရုံရုပ်ကား အနည်း ငယ်သာတည်း။ ကုသိုလ်ကမ္မဇရုပ်ဟူသော ဣဋ္ဌာရုံရုပ်ကား (ဆင်ဖြူတော်စသည် ဖြစ်လောက်အောင် မင်္ဂလာ ဆင်တော် စသည် ဖြစ်လောက်အောင်) အလွန်များပြားစွာ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေ၏။ ထိုကြောင့် ကုသိုလ်ကမ္မဇ-ဣဋ္ဌာရုံရုပ်နှင့် အကုသိုလ်ကမ္မဇ-အနိဋ္ဌာရုံရုပ်တို့ မည်သို့ ရောနှောစေကာမူ ထိုသို့ ရောနှောခြင်းကြောင့် အနည်းငယ်သော အကုသိုလ်ကမ္မဇ-အနိဋ္ဌာရုံရုပ်သည် ထိုအနိဋ္ဌာရုံကို တွေ့ကြုံရသော လူသားတို့၏ သန္တာန်ဝယ် ထိုအနိဋ္ဌာရုံကို အာရုံပြု၍ များစွာသော အကုသလဝိပါက်စိတ် ဖြစ်ခြင်း၏ အကြောင်း တရားကား မဖြစ်နိုင်။ ဤသို့ ဆိုခြင်းငှာ တတ်ကောင်းပေ၏။ (ထိုဆင်စသော သတ္တဝါတို့၏ သန္တာန်ဝယ် ယခု ကဲ့သို့သော ကြီးပွားခြင်းသို့ ရောက်ရှိလာသော ပဝတ္တိအခါ၌ ကုသိုလ်ကမ္မဇရုပ်ဟူသော ဣဋ္ဌာရုံရုပ်တို့ကသာ များစွာ ဖြစ်နေကြသဖြင့် အများစုဖြစ်သော ဣဋ္ဌာရုံရုပ်ကိုသာ အာရုံပြုနိုင်ရကား ထိုဣဋ္ဌာရုံကို အာရုံပြုနေ သော လူသား၏ သန္တာန်ဝယ် ကုသလဝိပါက်စိတ်တို့သာ ဖြစ်ခွင့် ရနိုင်ကြ၏။ သို့အတွက် အနည်းငယ်သော အကုသိုလ် ကမ္မဇရုပ်-အနိဋ္ဌာရုံသည် လူသားတို့၏ သန္တာန်ဝယ် အကုသလဝိပါက်ဝိညာဏ်များ ဖြစ်ပေါ်လာ ဖို့ရန် အကြောင်းတရား မဖြစ်နိုင်ပါဟု ဆိုသင့်၏ ဟူလိုသည်။) (မူလဋီ၊၂၊၈။)

ဝါဒနှစ်ရပ်တို့၏ ထူးခြားမှု

ဝါဒနှစ်ရပ်တို့၏ ထူးခြားမှု

ကေစိဝါဒကား ဆင်စသော တိရစ္ဆာန်တို့၏ တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ဖြစ်ပေါ်လာကြသော တင့်တယ်ကောင်းမြတ်သော ရုပ်တို့ကိုလည်း ထိုဆင်စသော သတ္တဝါတို့၏ ဆိုင်ရာအတိတ်ဘဝက ပြုစုပျိုးထောင် ခဲ့သော အကုသိုလ်ကံကြောင့်သာ ဖြစ်ရသော အကုသိုလ်ကမ္မဇရုပ်-အနိဋ္ဌာရုံရုပ်တို့သာတည်းဟု ဆိုလိုသည်။

မူလဋီကာဆရာတော်ကား --- ထိုဆင်စသော သတ္တဝါတို့၏ ပဋိသန္ဓေကမ္မဇရုပ်တို့ကား အကုသိုလ်ကမ္မဇရုပ် အနိဋ္ဌာရုံရုပ်တို့သာတည်း။ ပဝတ္တိအခါ ကြီးပြင်းခြင်းသို့ ရောက်ရှိလာသော အခါ၌ ဖြစ်ပေါ်လာကြကုန်သော တင့်တယ်ကောင်းမြတ်ကုန်သော ရုပ်တို့ကား ထိုဆင်စသော သတ္တဝါတို့၏ ဆိုင်ရာအတိတ်ဘဝက ပြုစုပျိုးထောင် ခဲ့သော ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာရသော ကုသိုလ်ကမ္မဇရုပ် = ဣဋ္ဌာရုံရုပ်တို့သာတည်းဟု ယူတော်မူ၏။(မတင့်တယ် မကောင်းမြတ်ကုန်သော ရုပ်တို့ကား အကုသိုလ်ကမ္မဇရုပ်တို့ပင်တည်း ဟူလို --- အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ဇာဏုသောဏိသုတ္တန်နှင့် အညီပင်တည်း။ အံ၊၃၊၄၇၈-၄၈၂ - ကြည့်ပါ။)

သော တတ္ထ လာဘီ ဟောတီတိ သော တတ္ထ ဟတ္ထိယောနိယံ နိဗ္ဗတ္တောပိ မင်္ဂလဟတ္ထိဋ္ဌာနံ ပတွာ လာဘီ ဟောတိ။ (အံ၊ဋ္ဌ၊၃၊၃၃၉။)

ပဝတ္တိအခါ ဆင်စသော သတ္တဝါတို့၏ သန္တာန်၌ ထိုသို့ ဣဋ္ဌာရုံရုပ် = ကုသိုလ်ကမ္မဇရုပ်နှင့် အနိဋ္ဌာရုံရုပ် = အကုသိုလ်ကမ္မဇရုပ်တို့ ရောနှောနေသော်လည်း အကုသိုလ်ကမ္မဇရုပ်တို့က မဆိုစလောက် အနည်းငယ်သာ ဖြစ်ကြ၍ ကုသိုလ်ကမ္မဇရုပ်တို့ကသာ အဖြစ်များကြသောကြောင့် အနည်းငယ်သော အကုသိုလ်ကမ္မဇရုပ်ကို မြင်တွေ့ကြရသော လူစသော သတ္တဝါတို့၏ သန္တာန်ဝယ် များစွာ အကုသလဝိပါက်ဝိညာဏ် ဖြစ်ဖို့ရန် အကြောင်း မဖြစ်နိုင်ဟု မူလဋီကာဆရာတော်က အယူရှိတော်မူ၏။ တစ်ဖန် အောက်ပါအတိုင်းလည်း ဆက်လက် ဖွင့်ဆို ထားတော်မူ၏။

ဝိပါကံ ပန ကတ္ထစိ န သက္ကာ ဝေဉ္စတုန္တိ ဝိပါကဝသေန ဣဋ္ဌာနိဋ္ဌာရမ္မဏဝဝတ္ထာနံ သုဋ္ဌု ဝုတ္တံ။ တသ္မာ တံ အနုဂန္တွာ သဗ္ဗတ္ထ ဣဋ္ဌာနိဋ္ဌတာ ယောဇေတဗ္ဗာ။ (မူလဋီ၊၂၊၈။)

တစ်ဖန် မည်သည့် အာရုံ၌မဆို ဝိပါက်ဝိညာဏ်ကို လှည့်ပတ်ခြင်းငှာ မတတ်ကောင်းသောကြောင့် ဝိပါက် ဝိညာဏ်၏ အစွမ်းဖြင့် ဣဋ္ဌာရုံ အနိဋ္ဌာရုံကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်းကို (အဘိ၊ဋ္ဌ၊၂၊၁၀။) တိပိဋက စူဠာဘယထေရ်က မိန့်ဆိုကြောင်း အဋ္ဌကထာ၌ ဖွင့်ဆိုထားခြင်းသည် ကောင်းစွာဖွင့်ဆိုခြင်းပင် ဖြစ်၏။ ထိုကြောင့် ထိုဝိပါက်ဝိညာဏ်၏ အစွမ်းဖြင့်သာလျှင် ဣဋ္ဌ-အနိဋ္ဌ ခွဲခြားဆုံးဖြတ်မှုကို အစဉ်လိုက်၍ အလုံးစုံသော အာရုံတို့၌ ဣဋ္ဌဖြစ်မှု အနိဋ္ဌဖြစ်မှုကို ယှဉ်စေထိုက်ပေ၏။ (မူလဋီ၊၂၊၈။)

ဤကား ခပ်သိမ်းသော အဋ္ဌကထာဆရာတော်တို့၏ တူမျှသော အနက်အဓိပ္ပါယ်ကို ဆိုရာဆိုကြောင်း ဖြစ်သော တူမျှသော အတ္ထကထာ = သမာနဝါဒတည်း။

ဝိတဏ္ဍဝါဒီ ဝါဒ

ဝိတဏ္ဍဝါဒီ ဝါဒ

ပညာရှိ သူတော်ကောင်းများ၏ နှလုံးသားကို လှုပ်ရှားစေတတ် ပုတ်ခတ်တတ်သော ကတ်သီးကတ်သတ် စကားကို ပြောဆိုလေ့ရှိသော ချွတ်ချော်တိမ်းပါးသော စကားရှိသော ပုဂ္ဂိုလ်သည် ဝိတဏ္ဍဝါဒီ မည်၏။ ယင်း ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်က ဤသို့ ဆိုလာပြန်၏။

ဣဋ္ဌာနိဋ္ဌံ နာမ ပါဋိယေက္ကံ ပဋိဝိဘတ္တံ နတ္ထိ၊ တေသံ တေသံ ရုစိဝသေန ကထိတံ။ (အဘိ၊ဋ္ဌ၊၂၊၉။)

အသီးအသီး ခွဲခြားဝေဖန်အပ်သော ဣဋ္ဌာရုံ မည်သည် အနိဋ္ဌာရုံ မည်သည် မရှိပါ၊ ထိုထို သတ္တဝါတို့၏ အလိုအကြိုက်၏ အစွမ်းဖြင့်သာလျှင် အာရုံတစ်ခုကို ဣဋ္ဌာရုံဟု သို့မဟုတ် အနိဋ္ဌာရုံဟု ခွဲခြားသတ်မှတ်၍ ပြော ဆိုခြင်း ဖြစ်၏။ ဘုရားရှင်ကိုယ်တော်တိုင်က ကောသလမင်းကြီးအား ဤသို့ ဟောကြားထားတော်မူ၏။

မဟာရာဇ ...ငါးပါးအာရုံ ကာမဂုဏ်တို့၌ မြတ်နိုးအပ်သော အာရုံသာလျှင် အလွန်ဆုံး အပိုင်းအခြား ရှိ၏၊ မြတ်၏ဟူ၍ ငါဘုရား ဟောတော်မူ၏။ မဟာရာဇ ...ထိုတစ်မျိုးတည်းသော ရူပါရုံတို့သည်ပင် အချို့ သောပုဂ္ဂိုလ်၏ စိတ်နှလုံးကို တိုးပွားစေတတ်ကုန်၏။ အချို့သော ပုဂ္ဂိုလ်၏ စိတ်နှလုံးကို မတိုးပွားစေတတ်ကုန်။ မဟာရာဇ ...ထိုတစ်မျိုးတည်းသော အသံတို့သည်, အနံ့တို့သည်, အရသာတို့သည်, အတွေ့အထိတို့သည် အချို့သောသူ၏ စိတ်နှလုံးကို တိုးပွားစေတတ်ကုန်၏၊ အချို့သောသူ၏ စိတ်နှလုံးကို မတိုးပွားစေတတ်ကုန် -ဤသို့လျှင် သဂါထာဝဂ္ဂကောသလသံယုတ် ပဉ္စရာဇသုတ်၌ ဘုရားရှင်ဟောကြားထားတော်မူ၏။ (သံ၊၁၊၈၀။)

ဤသို့ ဟောကြားထားတော်မူအပ်သောနည်းဖြင့် ထိုတစ်မျိုးတစ်စားတည်းသာ ဖြစ်သော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ စသည် အာရုံတို့ကိုပင် တစ်ယောက်သောပုဂ္ဂိုလ်သည် အလွန်သာယာ၏ အလွန် နှစ်သက်၏၊ ထိုအာရုံ၌ တွယ်တာတပ်မက်မှု လောဘကို ဖြစ်စေ၏။ အခြားတစ်ယောက်သော သူကား ထို အာရုံကိုပင် အမျက်ထွက်တတ်ပြန်၏၊ ထိုအာရုံကိုပင် အကြောင်းပြု၍ စိတ်ထိခိုက်နေတတ်ပြန်၏၊ ထိုအာရုံ၌ ဒေါသကို ဖြစ်စေတတ်ပြန်၏။ ထိုအာရုံတို့သည်ပင် တစ်ယောက်သော ပုဂ္ဂိုလ်အဖို့ ဣဋ္ဌာရုံတို့ ဖြစ်နေကုန်၏၊ နှစ်သက်အပ်သော အာရုံတို့ ဖြစ်ကုန်၏၊ မြတ်နိုးအပ်သော အာရုံတို့ ဖြစ်ကုန်၏။ ထိုအာရုံတို့သည်ပင် အခြား တစ်ယောက်သော ပုဂ္ဂိုလ်အဖို့ အနိဋ္ဌာရုံတို့ ဖြစ်ကြပြန်ကုန်၏၊ မနှစ်သက်အပ်သော အာရုံတို့ ဖြစ်ကြပြန်ကုန်၏၊ မမြတ်နိုးအပ်သော အာရုံတို့ ဖြစ်ကြပြန်ကုန်၏။

ထိုအာရုံတို့ကိုပင် တစ်ယောက်သောသူက ဣဋ္ဌ ဖြစ်ကုန်၏၊ နှစ်သက်အပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏ ဟု လက်ျာဘက်က ယူထား၏။ ထိုအာရုံတို့ကိုပင် အခြားတစ်ယောက်သောသူက အနိဋ္ဌ ဖြစ်ကုန်၏၊ မနှစ်သက် အပ်ကုန်၊ မမြတ်နိုးအပ်ကုန်ဟု လက်ဝဲဘက်က ယူထားပြန်၏။ သို့အတွက် အသီးအသီး ခွဲခြားဝေဖန်အပ်သော ဣဋ္ဌာရုံ မည်သည် အနိဋ္ဌာရုံ မည်သည် မရှိပါ။

မှန်ပေသည် --- မဇ္ဈိမဒေသ၏ အစွန်အဖျား၌ နေလေ့ရှိကုန်သော (= ပစ္စန္တဝါသီ) တောသူတောင်သား တို့သည် တီကောင်တို့ကိုသော်မှလည်း ဣဋ္ဌာရုံ ဖြစ်နေတတ်ကုန်၏၊ နှစ်သက်အပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏။ မဇ္ဈိမဒေသ၌ နေထိုင်သူတို့ကား တီကောင်တို့ကို အလွန်စက်ဆုပ်ကုန်၏၊ အလွန်ရွံရှာကုန်၏။ ထိုမဇ္ဈိမဒေသ၌ နေထိုင်သူတို့အဖို့ ဥဒေါင်းသား စသည်တို့သည် ဣဋ္ဌာရုံတို့ ဖြစ်ကြပြန်ကုန်၏။ သို့သော် ပစ္စန္တဝါသီ တောသူ တောင်သားတို့ကား ဥဒေါင်းသားကို အလွန်စက်ဆုပ် ရွံရှာကြပြန်ကုန်၏။ --- ဤကား ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်၏ ဣဋ္ဌာရုံ အနိဋ္ဌာရုံ ခွဲပုံ အယူအဆတည်း။ (အဘိ၊ဋ္ဌ၊၂၊၉။)

ပြန်လည်ချေပချက်

ပြန်လည်ချေပချက်

ဤဝိတဏ္ဍဝါဒီ၏ အယူအဆကို အဋ္ဌကထာက ဤသို့ ပြန်လည်ချေပထား၏။ ---

ထိုဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကို ဤသို့ မေးကြည့်ပါ ---

အသို့နည်း ...သင်သည် အသီးအသီး ခွဲခြားဝေဖန်အပ်သော ဣဋ္ဌာရုံ မည်သည် အနိဋ္ဌာရုံ မည်သည် မရှိဟု အသင်ဆိုပါသလား --- ဤသို့ မေးကြည့်ပါ။

အာမ နတ္ထိ = အိမ်း မရှိပါဟု ဖြေဆိုသည် ဖြစ်အံ့။ နောက်၌ မငြင်းနိုင်အောင် သူ့အယူ၌ ရပ်တည်နေစေ ဖို့ရန် (၃)ကြိမ်တိုင်တိုင် နည်းတူ မေးပြီးလျှင် (၃)ကြိမ်တိုင်တိုင် --- အာမ နတ္ထိ = အိမ်း မရှိပါဟု ဝန်ခံခိုင်းပါ။ ထိုသို့ ဝန်ခံခိုင်းပြီးပါမှ ထိုဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကို ပြဿနာ မေးကြည့်ပါ။

နိဗ္ဗာန် မည်သည် ဣဋ္ဌလော, သို့မဟုတ် အနိဋ္ဌလောဟု မေးကြည့်ပါ။ နိဗ္ဗာန်အကြောင်းကို သင်သိ ဗဟု သုတဖြင့် သိနေသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်သည် --- နိဗ္ဗာန် မည်သည် ဣဋ္ဌာရုံသာတည်းဟု ဖြေဆိုပေလတ္တံ့။

အကယ်၍ အဖြေမပေးဘဲနေသည် ဖြစ်အံ့၊ ထိုသို့ပင် အဖြေမပေးဘဲ နေပါသော်လည်း နိဗ္ဗာန်တရားတော် မြတ်ကြီးသည်ကား ဧကန် ဣဋ္ဌာရုံသာတည်း။

သို့သော် အချို့သောပုဂ္ဂိုလ်သည် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ ဂုဏ်တို့ကို ပြောဆိုအပ်ကုန်သည်ရှိသော် ဒေါသအမျက် ခြောင်းခြောင်းထွက်လျက် ---

သင်သည် နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို ပြောဆိုဘိ၏၊ ထိုနိဗ္ဗာန်၌ စားဖွယ် သောက်ဖွယ် ပြည့်ပြည့်စုံစုံ ရှိပါ သလား၊ ပန်ဆင် လိမ်းကျံဖို့ရန် ပန်း, နံ့သာ, နံ့သာပျောင်း = မျက်နှာချေ ပေါင်ဒါ စသည်သည် ပြည့်ပြည့်စုံစုံ ရှိပါသလား, အိပ်ရာအဝတ် စသည်တို့ကော ပြည့်ပြည့်စုံစုံ ရှိပါရဲ့လား --- ဤသို့သော အာရုံ (၅)ပါး ကာမဂုဏ် တရားတို့သည် သင်၏ နိဗ္ဗာန်၌ ရှိကြပါသလား --- ဤသို့ မေးမြန်းလာတတ်ပြန်၏။

ဤသို့ ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်က မေးမြန်းလတ်သော် မရှိပါဟုပင် အဖြေပေးလိုက်၏။ ဤသို့ သကဝါဒီ ဟူသော သာသနာတွင်း အယူအဆရှိသူက ဖြေဆိုလတ်သော် ---

အလံ တဝ နိဗ္ဗာနေန = သင်၏ နိဗ္ဗာန်ဖြင့် အကျိုးမရှိ၊ တော်ပြီ --- ဟု ပြောဆို၍ နားနှစ်ဖက်တို့ကို ပိတ် ထားတတ်သည် မဟုတ်ပါလား ---

ဤသို့ ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကို မေးသင့်၏။

ဤနိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား ဣဋ္ဌာရုံသာ စင်စစ်ဧကန် ဖြစ်၏။ ထိုသို့ပင် ဣဋ္ဌစင်စစ် ဖြစ်ပါသော်လည်း, နိဗ္ဗာန်၌ ခံစား စံစားစရာ အာရုံ (၅)ပါး ကာမဂုဏ်တရားများ ထင်ရှားမရှိသည့် အတွက်ကြောင့် အလိုမရှိသော သူအဖို့, အသင်ဝိတဏ္ဍဝါဒီ၏ ဝါဒအရ ပြောဆိုရလျှင် နိဗ္ဗာန်တရားတော်မြတ်ကြီးသည် အနိဋ္ဌာရုံ အမည် ရနေပြန်၏။

ထိုသို့ပင် အလိုမရှိသူအဖို့ အနိဋ္ဌာရုံ ဖြစ်နေသော်လည်း ဤနိဗ္ဗာန်တရားတော်မြတ်ကြီးကို ဤသို့ အနိဋ္ဌာရုံ ဟူ၍ကား မယူသင့် မယူထိုက်ပေ။ နိဗ္ဗာန်တရားတော်မြတ်ကြီးကို အနိဋ္ဌဟု ပြောဆိုလာသော ဤပုဂ္ဂိုလ်သည် ဣဋ္ဌအစစ် မဟုတ်သော ကာမဂုဏ်တို့၌ မက်မောသော လောဘနှင့် ယှဉ်သော သညာဟူသော ဝိပရိတသညာ = ဖောက်ပြန်သော အမှတ်သညာကြောင့် = အမှတ်မှားခြင်းကြောင့် --- သင်၏ နိဗ္ဗာန်ဖြင့် အကျိုးမရှိ၊ တော်ပြီ ဟု ပြောဆိုခြင်း ဖြစ်၏။

သညာဝိပလ္လာသ = အမှတ်သညာ၏ ဖောက်ဖောက်ပြန်ပြန် ဖြစ်ခြင်းကြောင့် ထိုအာရုံတစ်မျိုးသည်ပင် အချို့သော သူတစ်ယောက်အဖို့ အလိုရှိအပ် ရှာမှီးအပ်သော ဣဋ္ဌာရုံ ဖြစ်နေတတ်၏။ အခြားသူတစ်ယောက် အဖို့မူ ထိုအာရုံမျိုးသည်ပင် အလိုမရှိအပ် မရှာမှီးအပ်သော အနိဋ္ဌာရုံ ဖြစ်နေတတ်ပြန်၏။ (အဘိ၊ဋ္ဌ၊၂၊၉-၁၀၊၊)

ဤကား ဝိတဏ္ဍဝါဒီ၏ စကားကို ပြန်လည်ချေပထားသော အဋ္ဌကထာ၏ စကားတည်း။

သညာဝိပလ္လာသ

သညာဝိပလ္လာသ

ဣဋ္ဌအစစ် မဟုတ်သော ကာမဂုဏ်တို့၌ ဣဋ္ဌဟု ထင်လျက် မက်မောနေသော လောဘနှင့် ယှဉ်သော သညာ, အနိဋ္ဌအစစ် မဟုတ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးနှင့် အခြားအခြားကုန်သော အာရုံတို့၌ အနိဋ္ဌဟုပင် အမှတ်မှားနေသော သညာ --- ဤသညာမျိုးတို့ကို ဤအရာ၌ ဝိပရိတသညာ = ဖောက်ပြန်သော အမှတ်သညာ ဟု ဆို၏။ ထိုဝိပရိတသညာကိုပင် သညာဝိပလ္လာသဟု ဖွင့်ဆိုထားသည်။ ထိုဝိပရိတသညာကြောင့်ပင် စားဖွယ် သောက်ဖွယ် စသော ခံစံစရာ ကာမဂုဏ်အာရုံတို့၏ မရှိရာ နိဗ္ဗာန်ကို အလိုမရှိသည့် အတွက် --- အလံ တဝ နိဗ္ဗာနေန = သင်၏ နိဗ္ဗာန်ဖြင့် အကျိုးမရှိ၊ တော်ပြီ။ --- ဟု သူ့စိတ်ရင်းအတိုင်း ရိုးရိုးသားသား ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယခုခေတ်၌ နိဗ္ဗာန်ကို မြန်မြန် ရရပါလို၏ဟု ဆုတောင်းသူတို့သည်ကား များသောအားဖြင့် ရိုးရိုး သားသား ပြောကြသည် မဟုတ်ဘဲ စိတ်ထဲက တစ်မျိုး ဆုတောင်းက တစ်မျိုး ဖြစ်နေတတ်ကြ၏။ နိဗ္ဗာန်ကို မြန်မြန်ကား လိုချင်၏။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကိုကား နည်းမှန်လမ်းမှန် တကယ်မြန်မြန် လက်တွေ့မကျင့် ကြသောကြောင့် ဖြစ်၏။ သို့သော် အားမထုတ်နိုင်သေးစေကာမူ နိဗ္ဗာန်ကို တကယ် လိုလားတောင့်တသော စိတ်ဓာတ်မျိုး ဖြစ်ပေါ်လာခြင်းသည်လည်း များစွာအကျိုးကြီးလှပြီဟု ဆိုသင့်လှပေ၏။

ဝိပလ္လာသတရားသုံးပါး

ဝိပလ္လာသတရားသုံးပါး

ဝိပလ္လာသာတိ အနိစ္စဒုက္ခအနတ္တအသုဘေသုယေဝ ဝတ္ထူသု နိစ္စံ သုခံ အတ္တာ သုဘန္တိ ဧဝံ ပဝတ္တော သညာဝိပလ္လာသော စိတ္တဝိပလ္လာသော ဒိဋ္ဌိဝိပလ္လာသောတိ ဣမေ တယော။ (ဝိသုဒ္ဓိ၊၂၊၃၂၄။)

အနိစ္စ ဒုက္ခ အနတ္တ အသုဘ စင်စစ် ဧကန်မှန်သော ဥပါဒါနက္ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၌ တစ်နည်း ဆိုရသော် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ ---

၁။ (က) နိစ္စဟု (ခ) သုခဟု (ဂ) အတ္တဟု (ဃ) သုဘဟု အမှတ်မှားမှု = သညာဝိပလ္လာသ

၂။ (က) နိစ္စဟု (ခ) သုခဟု (ဂ) အတ္တဟု (ဃ) သုဘဟု အသိမှားမှု = စိတ္တဝိပလ္လာသ

၃။ (က) နိစ္စဟု (ခ) သုခဟု (ဂ) အတ္တဟု (ဃ) သုဘဟု ခံယူချက်မှားမှု = ဒိဋ္ဌိဝိပလ္လာသ။

ဤသို့လျှင် သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ, ဒိဋ္ဌိဝိပလ္လာသဟု ဝိပလ္လာသတရား (၃)ပါး ရှိသည်။ တစ်ပါး တစ်ပါး၌ (၄)ပါးစီ ရှိရကား ဝိပလ္လာသတရား (၁၂)ပါး ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၃၂၄။)

ဤ ဝိပလ္လာသတရားတို့ကို မပယ်စွန့်နိုင်ကြသည့် အတွက် ဝိပလ္လာသတရားများ ထင်ရှားရှိနေကြသည့် အတွက် ဖောက်ပြန်သော အမှတ်သညာ = ဝိပရိတသညာများ ဖြစ်ပေါ်လာကြရ၏။ ယင်း ဝိပရိတသညာတို့ကို အခြေစိုက်၍ သတ္တဝါတို့သည် ဣဋ္ဌကို အနိဋ္ဌ, အနိဋ္ဌကို ဣဋ္ဌဟု အမှတ်လွဲနေကြခြင်း ဖြစ်၏။ အသိလွဲနေကြ ခြင်း ဖြစ်၏၊ ခံယူချက် လွဲနေကြခြင်း ဖြစ်၏။ အယောနိသော မနသိကာရများပင်တည်း။ ယင်းအယောနိသော မနသိကာရတို့ကို အခြေစိုက်၍ အကုသိုလ်တရားတို့လည်း အဆင့်ဆင့် တိုးပွားလာဖွယ်ရာ ရှိပေသည်။

အလယ်အလတ်တန်းစား လူတို့၏ အလိုအားဖြင့်

အလယ်အလတ်တန်းစား လူတို့၏ အလိုအားဖြင့်

ဣဋ္ဌာရုံ အနိဋ္ဌာရုံ ခွဲပုံ = အဋ္ဌကထာဝါဒ = သမာနဝါဒ

ဣဋ္ဌာနိဋ္ဌာရမ္မဏံ ပန ပါဋိယေက္ကံ ဝိဘတ္တံ အတ္ထီတိ။ ကဿ ဝသေန ဝိဘတ္တန္တိ? မဇ္ဈိမကသတ္တဿ။ (အဘိ၊ဋ္ဌ၊၂၊၁၀။)

အသီးအသီး ခွဲခြားဝေဖန်ထားအပ်သော ဣဋ္ဌာရုံ မည်သည် အနိဋ္ဌာရုံ မည်သည် အဋ္ဌကထာတို့၌ ရှိသည် သာ ဖြစ်ပါသည်။ အသင်ဝိတဏ္ဍဝါဒီ ပြောဆိုသကဲ့သို့ မရှိသည်ကား မဟုတ်ပါ။ အဘယ်ပုဂ္ဂိုလ်၏ အလိုအားဖြင့် ဣဋ္ဌာရုံ အနိဋ္ဌာရုံကို ခွဲခြားဝေဖန်ထားအပ်ပါသနည်း ဟူမူ --- အလယ်အလတ်တန်းစားဖြစ်သော သတ္တဝါ၏ အလိုဆန္ဒအားဖြင့် ဣဋ္ဌ အနိဋ္ဌကို ခွဲခြားသတ်မှတ်သည်၏ အစွမ်းဖြင့် အဋ္ဌကထာတို့၌ ဖွင့်ဆိုထား၏။

ထင်ရှားစေအံ့ --- မဟာသမ္မတမင်း, မဟာသုဒဿနစကြာမင်း, ဓမ္မာသောကမင်း အစရှိကုန်သော အလွန် အစိုးရခြင်း ဘုန်းတန်ခိုးအာနုဘော်ကြီးကုန်သော ပြည့်ရှင်မင်းတို့၏ အစွမ်းဖြင့်လည်း အာရုံ၏ ဣဋ္ဌသဘော အနိဋ္ဌသဘော ဣဋ္ဌဖြစ်မှု အနိဋ္ဌဖြစ်မှုကို ဝေဖန်အပ်သည်ကား မဟုတ်ပေ။ မှန်ပေသည် ထိုပြည့်ရှင်မင်း စသော အထက်တန်းစား လူတို့သည် နတ်ပြည်၌ ဖြစ်သော အာရုံ (၅)ပါး ကာမဂုဏ်တရားနှင့် တူသည်သော်မှလည်း ဖြစ်သော ရိုးရိုးထမင်းဟင်းလျာ စသည့် အာရုံကိုပင် ဣဋ္ဌ ဖြစ်ပါလျက် မနှစ်သက်နိုင်ကြ ဖြစ်နေ၏၊ မမြတ်နိုး နိုင်ကြ ဖြစ်နေ၏။ စိတ်နှလုံးကို မတိုးပွားစေတတ်သည့် မမြတ်နိုးအပ်သည့် အာရုံအဖြစ်ဖြင့် သူတို့စိတ်ဝယ် ထင်လာ၏။

စားဖွယ် သောက်ဖွယ် တို့ကို အလွန်ရနိုင်ခဲသော သဘောရှိကြကုန်သော, အလွန်ဆင်းရဲကြကုန်သော အလွန် အောက်တန်းကျကုန်သော လူနှင့် တိရစ္ဆာန်တို့ကား ဆန်ကွဲထမင်းနှင့် ထမင်းသိုး ဟင်းပုပ်များကိုပင် အနိဋ္ဌ မှန်ပါလျက် အလွန်ချိုမြိန်သော အမြိုက်သုဓာနှင့် တူသည့် ဣဋ္ဌအဖြစ် ထင်နေကြ၏။

ထိုကြောင့် အာရုံတစ်ခုကို ဣဋ္ဌပဲ အနိဋ္ဌပဲဟု ဆုံးဖြတ်ချက်ချသောအခါ အလယ်အလတ်တန်းစားလူသား တို့၏ (ပါမောက္ခ, အမတ်ကြီး, သူဌေးသူကြွယ်, ကုန်သည် စသည့် လူလတ်တန်းစားတို့၏) အလိုအားဖြင့် ခွဲခြား ရမည်ဟု ဆိုလိုသည်။

ထိုကြောင့် အလယ်အလတ်တန်းစား လူသားတို့၏ အလိုအားဖြင့် ကောင်းသော ရူပ-သဒ္ဒ-ဂန္ဓ-ရသ- ဖောဋ္ဌဗ္ဗ-ဓမ္မတို့သည်ကား ဣဋ္ဌာရုံတို့တည်း။ တွေ့ကြုံခဲလှသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ ရူပကာယအဆင်းတော်, အသံတော် စသည်နှင့် အလွန်လှပသော အမျိုးသား အမျိုးသ္မီးတို့၏ အဆင်း အသံ စသည်တို့ကား အလွန် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော အတိဣဋ္ဌာရုံတို့တည်း။ မစင် ဘင်ပုပ် ခွေးသေကောင်ပုပ် လူသေကောင်ပုပ် စသည့် မကောင်းသော ရူပါရုံ အမျိုးမျိုး, မကောင်းဆိုးဝါးသော အသံ အနံ့ အရသာ အတွေ့အထိတို့သည်ကား အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အနိဋ္ဌာရုံတို့တည်း။ --- ဤသို့ ခွဲခြားရာ၏။ ဤကား အဋ္ဌကထာ ဝါဒတည်း။ သမာနဝါဒပင်တည်း။ (အဘိ၊ဋ္ဌ၊၂၊၁၀။)

ဤဝါဒ၌ အထက်တန်းစားပုဂ္ဂိုလ် အလယ်အလတ်တန်းစားပုဂ္ဂိုလ် အောက်တန်းစားပုဂ္ဂိုလ်တို့၏ အာရုံ တစ်ခု အပေါ်၌ ဣဋ္ဌဟု သို့မဟုတ် အနိဋ္ဌဟု ထင်ခြင်းမှာ ဝိပါက်ဝိညာဏ်အခိုက်၌ ထင်ခြင်းမဟုတ်၊ ဇဝနဝသေန = ဇော၏ အစွမ်းဖြင့် ဇောအခိုက်ရောက်မှ ထင်ခြင်းတည်းဟု မှတ်ပါ။

တိပိဋကစူဠာဘယတ္ထေရဝါဒ

တိပိဋကစူဠာဘယတ္ထေရဝါဒ

တိပိဋကစူဠာဘယတ္ထေရော ပနာဟ --- ဣဋ္ဌာနိဋ္ဌံ နာမ ဝိပါကဝသေနေဝ ပရိစ္ဆိန္နံ၊ န ဇဝနဝသေန။ ဇဝနံ ပန သညာဝိပလ္လာသဝသေန ဣဋ္ဌသ္မိံယေဝ ရဇ္ဇတိ၊ ဣဋ္ဌသ္မိံယေဝ ဒုဿတိ။ အနိဋ္ဌသ္မိံယေဝ ရဇ္ဇတိ၊ အနိဋ္ဌသ္မိံယေဝ ဒုဿတီတိ။ ဝိပါကဝသေနေဝ ပနေတံ ဧကန္တတော ပရိစ္ဆိဇ္ဇတိ။ န ဟိ သက္ကာ ဝိပါကစိတ္တံ ဝေဉ္စတုံ။ သစေ အာရမ္မဏံ ဣဋ္ဌံ ဟောတိ၊ ကုသလဝိပါကံ ဥပ္ပဇ္ဇတိ။ သစေ အနိဋ္ဌံ၊ အကုသလဝိပါကံ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၂၊၁၀။)

တိပိဋကဓရ စူဠအဘယမထေရ်ကား --- ဣဋ္ဌာရုံ အနိဋ္ဌာရုံ မည်သည် ဝိပါက်ဝိညာဏ်၏ အစွမ်းဖြင့်သာ ပိုင်းခြားသတ်မှတ်အပ်၏၊ ဇော၏အစွမ်းဖြင့် ပိုင်းခြားသတ်မှတ်သည်ကား မဟုတ်။ ဇောသည်ကား အမှတ်မှားမှု = သညာဝိပလ္လာသ၏ စွမ်းအားကြောင့် ဣဋ္ဌာရုံတစ်ခုတည်း၌ပင်လျှင် တွယ်တာတပ်မက်မှု = လောဘလည်း ဖြစ်တတ်၏၊ ဣဋ္ဌာရုံတစ်ခုတည်း၌ပင်လျှင် ပြစ်မှားမှု = ဒေါသလည်း ဖြစ်တတ်၏။ အနိဋ္ဌာရုံတစ်ခုတည်း၌ပင်လျှင် တွယ်တာတပ်မက်မှု = လောဘလည်း ဖြစ်တတ်၏။ အနိဋ္ဌာရုံတစ်ခုတည်း၌ပင်လျှင် ပြစ်မှားမှု ဒေါသလည်း ဖြစ်တတ်၏။ ထိုကြောင့် ဇော၏ အစွမ်းဖြင့် ဣဋ္ဌာရုံ အနိဋ္ဌာရုံကို မပိုင်းခြားအပ် --- ဟု မိန့်ဆိုတော်မူ၏။

သို့အတွက် ဝိပါက်ဝိညာဏ်၏ အစွမ်းဖြင့်သာလျှင် ဤဣဋ္ဌာရုံ အနိဋ္ဌာရုံကို ဧကန်စင်စစ်အားဖြင့် ပိုင်းခြား သတ်မှတ်အပ်၏။ မှန်ပေသည် ဝိပါက်စိတ်ကို လှည့်ပတ်ခြင်းငှာ မတတ်ကောင်းသည်သာတည်း။ အာရုံတစ်ခု သည် အကယ်၍ ဣဋ္ဌာရုံဖြစ်ငြားအံ့ --- (ဇောမှာ ကုသိုလ် အကုသိုလ် သောမနဿ ဒေါမနဿ ဥပေက္ခာ စော ချင်ရာ စောပါစေ) ဝိပါက်ဝိညာဏ်များသည် --- ကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ကြရ၏။ အာရုံတစ်ခုသည် အကယ်၍ အနိဋ္ဌာရုံ ဖြစ်ငြားအံ့ --- (ဇောမှာ ကုသိုလ် အကုသိုလ် သောမနဿ ဒေါမနဿ ဥပေက္ခာ စောချင်ရာ စောပါစေ) ဝိပါက်ဝိညာဏ်များမှာ အကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံများသာ ဖြစ်ကြရ၏။ ထိုကြောင့် ဝိပါက်ဝိညာဏ်၏ အစွမ်းဖြင့်သာလျှင် ဤဣဋ္ဌာရုံ အနိဋ္ဌာရုံကို ဧကန်စင်စစ်အားဖြင့် ပိုင်းခြားသတ်မှတ်အပ်၏။

ကိဉ္စာပိ ဟိ မိစ္ဆာဒိဋ္ဌိကာ ဗုဒ္ဓံ ဝါ သံဃံ ဝါ မဟာစေတိယာဒီနိ ဝါ ဥဠာရာနိ အာရမ္မဏာနိ ဒိသွာ အက္ခီနိ ပိဒဟန္တိ၊ ဒေါမနဿံ အာပဇ္ဇန္တိ၊ ဓမ္မသဒ္ဒံ သုတွာ ကဏ္ဏေ ထကေန္တိ၊ စက္ခုဝိညာဏသောတဝိညာဏာနိ ပန နေသံ ကုသလဝိပါကာနေဝ ဟောန္တိ။ (အဘိ၊ဋ္ဌ၊၂၊၁၀။)

= သာသနာပအယူအဆ ရှိကြကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကိုသော်လည်းကောင်း, အရိယသံဃာတော်ကိုလည်းကောင်း မဟာစေတီ (ရွှေတိဂုံစေတီ) အစရှိကုန်သော အလွန် မွန်မြတ်ကုန်သော အာရုံတို့ကိုသော်လည်းကောင်း မြင်ရကုန်သည်ရှိသော် မျက်စိကို ပိတ်ထားတတ်ကြကုန်၏၊ စိတ်နှလုံး မသာယာ ခြင်းသို့လည်း ကပ်ရောက်သွားတတ်ကြကုန်၏။ ဘုရားရှင်၏ တရားသံကို ကြားရခြင်းကြောင့် နားနှစ်ဖက်တို့ကို လည်း ပိတ်ဆို့ထားတတ်ကြကုန်၏။ ထိုသို့ပင် မျက်စိ နားတို့ကို ပိတ်ထားကြစေကာမူ စိတ်မချမ်းသာခြင်းသို့ ရောက်ရှိကြစေကာမူ ထိုပုဂ္ဂိုလ်တို့၏ ထိုအတိဣဋ္ဌာရုံဖြစ်သော သမ္မာသမ္ဗုဒ္ဓဘုရား စသည်တို့ကို ဖူးမြင်ရခြင်း တရားတော်ကို ကြားနာရခြင်းတို့သည် ရှေးကုသိုလ်ကံကြောင့်သာဖြစ်ရကား စက္ခုဝိညာဏ် သောတဝိညာဏ် စသော ဝိပါက်ဝိညာဏ်တို့သည် ကုသလဝိပါက်တို့သာ ဖြစ်ကြရကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၀။)

ရွာဝက်တို့သည် မစင်နံ့ကိုရလျှင် စားကြရကုန်တော့အံ့ဟု နှလုံးပိုက်၍ အလွန်ပျော်ရွှင်ကြကုန်၏။ သို့သော် ထိုဝက်တို့၏ မစင်ကို မြင်ရသော စက္ခုဝိညာဏ်, မစင်နံ့ကို အနံ့ခံသော သိသော ဃာနဝိညာဏ်, မစင်၏အရသာ ကို သိသော ဇိဝှါဝိညာဏ်တို့ကား ရှေးအကုသိုလ်ကံကြောင့်သာ ဖြစ်ပေါ်လာရသော အကုသလဝိပါက်ဝိညာဏ် ချည်းသာတည်း။ သခင်တို့က ကြိုး စသည်ဖြင့် ဖွဲ့တုပ်၍ ကောင်းမြတ်သော အိပ်ရာထက်၌ တင်ထားအပ်သော ဝက်ကြီးသည် အကယ်၍ကား စိတ်မသက်မသာ အော်မည်ရှာ၏။ သို့သော် အမှတ်မှားမှု သညာဝိပလ္လာသ၏ အစွမ်းကြောင့် ဇော၌သာလျှင် ဒေါမနဿဇော စောရ၏ ဖြစ်ခွင့်ရ၏။ ကောင်းမြတ်သော အိပ်ရာ၏ အတွေ့အထိ = ဖောဋ္ဌဗ္ဗာရုံကို သိသော သုခဝေဒနာနှင့် ယှဉ်သော ကာယဝိညာဏ်စိတ်သည်ကား ရှေးကုသိုလ်ကံ၏ အကျိုး သာ ဖြစ်သောကြောင့် ကုသလဝိပါက်သာလျှင် ဖြစ်ပေသည်။ အာရုံကား ဣဋ္ဌာရုံ ဖြစ်နေသောကြောင့်တည်း။ (အဘိ၊ဋ္ဌ၊၂၊၁၀။)

ဝါဒသုံးရပ်တို့၏ ထူးခြားမှု

ဝါဒသုံးရပ်တို့၏ ထူးခြားမှု

ဤပြခဲ့သော စကားစဉ်အရ အာရုံကို ဣဋ္ဌ အနိဋ္ဌ ခွဲခြားသတ်မှတ်မှုနှင့် စပ်၍ --- ရုစိဝသေန, ဇဝနဝသေန, ဝိပါကဝသေန --- ဟု သုံးမျိုးလာရှိ၏။

၁။ ရုစိဝသေန --- ဝိတဏ္ဍဝါဒီ ဝါဒ၌ မိမိ အလိုအကြိုက်၏ အစွမ်းဖြင့် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌဟု ဆုံးဖြတ်၏။ ရုစိဟူသည် ဇောစိတ္တုပ္ပါဒ် အခိုက်၌ ဖြစ်ပေါ်လာသော အလိုဆန္ဒတစ်မျိုးတည်း။ ယင်းဝိတဏ္ဍဝါဒီ ဝါဒ၌ အာရုံတစ်ခု၏ ဣဋ္ဌသဘော အနိဋ္ဌသဘောကို သီးခြားဝေဖန်ခြင်း မရှိပေ။

၂။ ဇဝနဝသေန --- ပေါရာဏဋ္ဌကထာစရိယဝါဒ = ရှေးရှေးအဋ္ဌကထာဆရာတော်တို့၏ ဝါဒ၌ အထက်တန်း စားလူသား, အလတ်တန်းစားလူသား, အောက်တန်းစားလူသား ဟူသော ပုဂ္ဂိုလ်တို့၏ အာရုံတစ်ခု အပေါ်၌ ဣဋ္ဌဟု သို့မဟုတ် အနိဋ္ဌဟု ထင်ခြင်းသည် ဝိပါက်ဝိညာဏ်အခိုက်၌ ထင်ခြင်းမဟုတ် ဇောအခိုက် ရောက်မှ ထင်ခြင်းတည်း။ သို့အတွက် ဤဝါဒကို ဇဝနဝသေန = ဇော၏ အစွမ်းဖြင့် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌဟု သတ်မှတ်သော ဝါဒဟု ဆိုရ၏။ ဤပေါရာဏဋ္ဌကထာစရိယဝါဒ၌ အလယ်အလတ်တန်းစားလူသား သတ္တဝါတို့နှင့် စပ်၍ အာရုံတစ်ခုကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌဟု သီးခြား ဝေဖန်ခြင်းရှိ၏။ (ဝိတဏ္ဍဝါဒီ ဝါဒ၌ကား ထိုသို့ ဝေဖန်မှု မျိုး မရှိပေ၊၊)

၃။ ဝိပါကဝသေန --- တိပိဋကဓရ စူဠအဘယမထေရ်၏ ဝါဒ၌ အာရုံတစ်ခု၏ ဣဋ္ဌသဘော အနိဋ္ဌသဘောကို သီးခြား ဝေဖန်ခြင်းရှိ၏၊ သို့သော် ပေါရာဏဋ္ဌကထာစရိယဝါဒ၌ကဲ့သို့ ဇောနှင့် စပ်၍ မဝေဖန်ဘဲ ဝိပါက်နှင့် စပ်၍သာ ဝေဖန်ထား၏၊ ဣဋ္ဌာရုံ၌ ကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ခွင့် ရှိကြ၏၊ အနိဋ္ဌာရုံ၌ အကုသလဝိပါက် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သာ ဖြစ်ခွင့် ရှိကြ၏။ ကုသလဝိပါက်ဝိညာဏ်တို့၏ အာရုံကား ဣဋ္ဌာရုံတည်း။ အကုသလဝိပါက်ဝိညာဏ်တို့၏ အာရုံကား အနိဋ္ဌာရုံ တည်း။ --- ဤသို့လျှင် ပေါရာဏဋ္ဌကထာစရိယဝါဒ၌ကဲ့သို့ ဇောနှင့် စပ်၍ မဝေဖန်ဘဲ ဝိပါက်နှင့် စပ်၍ ဝေဖန်ခြင်း သည်သာ ပေါရာဏဋ္ဌကထာစရိယဝါဒမှ ထူးသည်။

အရှင်မဟာဗုဒ္ဓဃောသ နှစ်ခြိုက်သောဝါဒ

အရှင်မဟာဗုဒ္ဓဃောသ နှစ်ခြိုက်သောဝါဒ

ထိုသုံးမျိုးတို့တွင် အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည်လည်း တိပိဋကဓရ စူဠအဘယမထေရ်မြတ်ကြီး၏ဝါဒကို ပို၍ သဘောကျပုံရ၏။ အဘယ်ကြောင့်နည်း ဟူမူ ---

ယထာ စေတ္ထ၊ ဧဝံ သဗ္ဗတ္ထ --- ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ၊ သော ပမာဏတော ဒဋ္ဌဗ္ဗော။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)

= အကြင် အကြင် အဋ္ဌကထာဝါဒကိုလည်းကောင်း အကြင် အကြင် ထေရဝါဒကိုလည်းကောင်း နောက်ဆုံး ထား၍ ဖွင့်ဆိုထား၏၊ ထိုထို နောက်ဆုံးထား၍ ဖွင့်ဆိုထားသော ဝါဒကိုသာလျှင် ပမာဏအားဖြင့် မှတ်သား ထိုက်၏။ --- ဟု ပါရာဇိကဏ် အဋ္ဌကထာ ဒုတိယပါရာဇိက ပဒဘာဇနီယဝဏ္ဏနာ၌ ဆိုခဲ့သောကြောင့်ပင် ဖြစ်၏။

မူလဋီကာဆရာတော်ကလည်း ---

ဝိပါကံ ပန ကတ္ထစိ န သက္ကာ ဝေဉ္စတုန္တိ ဝိပါကဝသေန ဣဋ္ဌာနိဋ္ဌာရမ္မဏဝဝတ္ထာနံ သုဋ္ဌု ဝုတ္တံ။ (မူလဋီ၊ ၂၊၈။)။ ဝိပါကဝသေန သုန္ဒရံ ဝုတ္တန္တိ ဝိပါကဝသေန တိပိဋကစူဠာဘယတ္ထေရေန ဝုတ္တံ သုန္ဒရံ၊ ရုစိဝသေန ဇဝနဝသေန ဝုတ္တံ န သုန္ဒရန္တိ အဓိပ္ပါယော။ --- မဓု။

= မည်သည့် အာရုံ၌မဆို ဝိပါက်ဝိညာဏ်ကို လှည့်ပတ်ခြင်းငှာ မတတ်ကောင်းပေ။ ထိုကြောင့် ဝိပါက် ဝိညာဏ်၏ အစွမ်းဖြင့်သာလျှင် ဣဋ္ဌာရုံ အနိဋ္ဌာရုံကို ပိုင်းခြား သတ်မှတ် ဆုံးဖြတ်ခြင်းသည် ကောင်းစွာ ဖွင့်ဆို အပ်သော စကားဖြစ်ပါပေ၏။ --- ဤသို့ စသည်ဖြင့် ဖွင့်ဆိုထား၏။ သို့အတွက် မူလဋီကာဆရာတော် အရှင် အာနန္ဒာ မထေရ်မြတ်သည်လည်း ဝိပါက်ဝိညာဏ်၏ အစွမ်းဖြင့် အာရုံတစ်ခုကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌဟု ဆုံးဖြတ်ခြင်းကို ပို၍ နှစ်ခြိုက်တော်မူပုံ ရပေသည်။ အလိုအကြိုက်၏ အစွမ်းဖြင့် ဇော၏ အစွမ်းဖြင့် ဆုံးဖြတ် ခြင်းကိုကား နှစ်ခြိုက်ပုံ မပေါ်ပေ။

သိနိုင်ခဲသော အရာ

သိနိုင်ခဲသော အရာ

ရုပ်နာမ်ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်တိုင်အောင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော အသင်သူတော်ကောင်းအဖို့ကား အာရုံတစ်ခုနှင့် တွေ့ကြုံရာဝယ် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ တို့သည် ကုသလဝိပါက်ဝိညာဏ်များ ဖြစ်ကြသည် သို့မဟုတ် အကုသလဝိပါက်ဝိညာဏ်များ ဖြစ်ကြသည် ဟူသောအချက်ကို, မိမိသိမ်းဆည်းလိုက်သော ဉာဏ်ဖြင့် ပိုင်းခြားယူလိုက်သော ဝိပါက်ဝိညာဏ်တို့၌ ပါဝင် တည်ရှိကြသော စိတ်စေတသိက် သမ္ပယုတ်တရားစုတို့၏ အရေအတွက် အမျိုးအစားကို ကြည့်ခြင်းဖြင့်, သိနိုင် ခွင့်ကား ရှိပေ၏။ သို့သော် ပရမတ္ထဉာဏ်ပညာမျက်စိ မရှိသေးသော ပညာမျက်စိကာဏ်းနေသေးသော အန္ဓဗာလ ပုထုဇန် ငမိုက်သား အဖို့ကား အာရုံတစ်ခုနှင့် တွေ့ကြုံခိုက်ဝယ် ကုသလဝိပါက်ဝိညာဏ်များ ဖြစ်ပေါ်သွားကြ သည် သို့မဟုတ် အကုသလဝိပါက်ဝိညာဏ်များ ဖြစ်ပေါ်သွားကြသည်ဟူသော ဤအချက်ကိုကား သိဖို့ရန် မိုး နှင့် မြေကြီးပမာ အလွန်အလှမ်းကွာလျက်ပင် ရှိနေ၏။ သို့သော် ဤအရာ၌ ကုသလဝိပါက် အကုသလဝိပါက် ဖြစ်မှုကို မိမိကိုယ်တိုင် သိမှုက လိုရင်း မဟုတ်ပါ။ ဣဋ္ဌာရုံ၌ ကုသလဝိပါက်ဝိညာဏ်များ ဖြစ်၍ အနိဋ္ဌာရုံ၌ အကုသလဝိပါက်ဝိညာဏ်များသာ ဖြစ်သည်ဟူသော ဤအချက်ကသာ ဣဋ္ဌ အနိဋ္ဌ ဆုံးဖြတ်ရာ၌ လိုရင်းပဓာန ဖြစ်သည်ဟု မှတ်ပါလေ။

မိမိကိုယ်တိုင်သိခြင်းကား နာမရူပပရိစ္ဆေဒဉာဏ် ရရှိရေးနှင့်သာ သက်ဆိုင်ပေသည်။

သညာဝိပလ္လာသကြောင့်သာ မဟုတ်သေး

သညာဝိပလ္လာသကြောင့်သာ မဟုတ်သေး

ဤသို့ မရောယှက်အောင် ခွဲခြားသတ်မှတ် ဆုံးဖြတ်ထားအပ်သော ဣဋ္ဌာရုံ အနိဋ္ဌာရုံကို ---

၁။ ဣဋ္ဌကို အနိဋ္ဌဟူ၍လည်းကောင်း

၂။ အနိဋ္ဌကို ဣဋ္ဌဟူ၍လည်းကောင်း ---

ဤသို့ စွဲယူခြင်း၌ သညာ၏ ဖောက်ပြန်ခြင်း သညာဝိပလ္လာသ သက်သက်သည်သာလျှင် အကြောင်းတရား ဖြစ်ရသည် မဟုတ်သေး။

၁။ ဆောင်းအခါ၌ သီတတေဇောဟူသော အအေးဓာတ်လွန်ကဲခြင်း, နွေအခါ၌ ဥဏှတေဇောဟူသော အပူ ဓာတ်လွန်ကဲခြင်း, သလိပ်သည်းခြေ စသော ဓာတ်တို့၏ ဖောက်ပြန်ခြင်းဟူသော ဓာတုက္ခောဘ = ဓာတ် ချောက်ချားခြင်း၏ အစွမ်းကြောင့်လည်းကောင်း,

၂။ မျက်စိမှုန်၍, နားထိုင်း၍, ဃာနစသည် ပျက်၍, အိုမင်းမစွမ်းဖြစ်၍ စက္ခုစသော ဣန္ဒြေတို့၏ ဖောက်ပြန် ခြင်းသို့ရောက်ခြင်း စသော အကြောင်းတရားတို့ကြောင့်လည်းကောင်း ---

(က) ဣဋ္ဌာရုံကိုလည်း အနိဋ္ဌာရုံဟု ထင်တတ်၍

( ခ ) အနိဋ္ဌာရုံကိုလည်း ဣဋ္ဌာရုံဟု ထင်တတ်ရကား ---

ကုသလဝိပါက် အကုသလဝိပါက်များ အမျိုးမျိုး ဖြစ်ရပြန်သည်။ သို့အတွက် ယင်းဓာတ်ချောက်ချားခြင်း ဣန္ဒြေချို့တဲ့ခြင်း စသော အကြောင်းတရားတို့သည်လည်း ဣဋ္ဌာရုံကို အနိဋ္ဌာရုံဟု, အနိဋ္ဌာရုံကို ဣဋ္ဌာရုံဟု စွဲယူ ရာ၌ အကြောင်းတရားတို့ပင် ဖြစ်ကြပေသည်။

ထင်ရှားစေအံ့ --- ရေအေးသည် နွေကာလဝယ် နေပူရှိန်၏ ဒဏ်ချက်ကို ခံနေရသူတို့အတွက် ကုသလ ဝိပါက်ကာယဝိညာဏ်၏ ဖြစ်ပေါ်လာရန် အကြောင်းတရားဖြစ်၏။ ထိုပုဂ္ဂိုလ်အဖို့ ယင်းရေအေးသည် ကောင်းသော အတွေ့အထိ ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ ဖြစ်နေ၏။

တစ်ဖန် ယင်းရေအေးသည်ပင် ဆောင်းကာလဝယ် အအေးဓာတ်၏ ဒဏ်ချက်ကို လွှမ်းမိုးခံနေရသူတို့ အတွက် အကုသလဝိပါက် ကာယဝိညာဏ်၏ ဖြစ်ပေါ်လာရန် အကြောင်းတရား ဖြစ်ရပြန်၏။ ထိုပုဂ္ဂိုလ်အတွက် ယင်းရေအေးသည် အလွန်အေးနေသည့် အခါဝယ် မကောင်းသော အတွေ့အထိ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ ဖြစ်နေပြန်၏။

အလွန်နူးညံ့သော လဲဝါဂွမ်း၏ အတွေ့အထိသည် အနာ၌ တို့ထိလိုက်သော် ဆင်းရဲခြင်း၏ အကြောင်း ဖြစ်ရ၏၊ အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်၏ အကြောင်းတရား ဖြစ်ရ၏၊ ယင်းလဲဝါဂွမ်း၏ အတွေ့အထိသည် အနာ၌ အလိုမရှိအပ်သော အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ ဖြစ်နေ၏။

သို့သော် ယင်းလဲဝါဂွမ်း၏ အတွေ့အထိသည် အနာမရှိသူ၌ ချမ်းသာကြောင်းတရား ဖြစ်ရပြန်၏၊ ကုသလ ဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်၏ ဖြစ်ပေါ်လာရန် အကြောင်းတရား ဖြစ်ရပြန်၏။ ထိုပုဂ္ဂိုလ်အတွက် ယင်းလဲဝါဂွမ်း၏ အတွေ့အထိသည် အလိုရှိအပ်သော ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ ဖြစ်နေပေသည်။ အလွန်နုနယ်သော နူးညံ့သော လက်ဖြင့် ဆုပ်နယ်ပေးခြင်းသည်လည်း အဆုပ်နယ်ခံရသူ၌ ချမ်းသာသုခကို ဖြစ်စေ၏၊ ကုသလ ဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်ကို ဖြစ်စေ၏။ ဣဋ္ဌာရုံ ဖြစ်နေသောကြောင့်တည်း။ ထိုအလွန်နုနယ်သော နူးညံ့သော လက်ဖြင့်ပင် သူတစ်ပါးအား ပါးစသည်ကို ရိုက်ပုတ်လိုက်ခြင်းသည် ဆင်းရဲဒုက္ခကို ဖြစ်စေ၏။ အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်ကို ဖြစ်စေ၏။ ပါးရိုက်ခံရသူအတွက် အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ ဖြစ်နေ၏။

ထိုကြောင့် ဝိပါက်၏ အစွမ်းဖြင့် အာရုံကို ဣဋ္ဌ သို့မဟုတ် အနိဋ္ဌဟု ခွဲခြားသတ်မှတ် ဆုံးဖြတ်သော တိပိဋက စူဠာဘယထေရ်၏ ဝါဒသည် သင့်မြတ်လှပေ၏။ (မူလဋီ၊၂၊၁၀။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဣဋ္ဌ အနိဋ္ဌ ခွဲခဏ်းကို ရည်ရွယ်၍ ရှေးဆရာမြတ်တို့သည် ဝိပါက် အမှန်၊ ဇော အပြန်ဟု ပြောစမှတ်ပြုကြသည်။ ဣဋ္ဌာရုံဖြစ်လျှင် ကုသလဝိပါက် အမှန်ဖြစ်၏၊ အနိဋ္ဌာရုံဖြစ်လျှင် အကုသလဝိပါက် အမှန်ဖြစ်၏၊ ဇောကား ဣဋ္ဌာရုံပင် ဖြစ်စေကာမူ သညာဝိပလ္လာသကြောင့် သောမနဿဇော မစောဘဲ ဒေါသဇောလည်း စောတတ်၏၊ အနိဋ္ဌာရုံပင် ဖြစ်စေကာမူ ဒေါသဇော မစောဘဲ သောမနဿဇောလည်း စောတတ်၏။ ဤသို့ အာရုံအလိုက် ဝိပါက်စိတ်ဖြစ်ပုံက မှန်၍ ဇောစိတ်ဖြစ်ပုံက မမှန်သောကြောင့် ယင်းသို့ မှန်မှု မမှန်မှုကို ရည်ရွယ်လျက် ဝိပါက်အမှန် ဇောအပြန်ဟု ဆိုစမှတ် ပြုတော်မူကြသည်။

ဒွါရ၏ အစွမ်းဖြင့် ဣဋ္ဌ-အနိဋ္ဌ ခွဲပုံ

ဒွါရ၏ အစွမ်းဖြင့် ဣဋ္ဌ-အနိဋ္ဌ ခွဲပုံ

ထိုမှတစ်ပါး ဒွါရ၏ အစွမ်းဖြင့်လည်း ဣဋ္ဌ အနိဋ္ဌ အဖြစ်ကို သိသင့်ပေသည်၊ ပျော့ပျော့ပြောင်းပြောင်း အတွေ့ကောင်းသော မစင်သည် စက္ခုဒွါရ ဃာနဒွါရတို့၌ အလိုမရှိအပ်သော အနိဋ္ဌာရုံသာတည်း။ (ယင်းမစင်ကို လက်ဖြင့် စမ်းသပ်ကြည့်လိုက်သောအခါ နူးနူးညံ့ညံ့ ကောင်းသော အတွေ့ ဖောဋ္ဌဗ္ဗာရုံ ဖြစ်ခြင်းကြောင့်) ကာယ ဒွါရ၌ကား ဣဋ္ဌာရုံတည်း။ စက္ကဝတ်မင်းဖျား၏ ပတ္တမြားရတနာဖြင့် အပေါက်ခံရသူ, ရွှေတံကျင်၌ အလျှိုခံရသူ တို့အဖို့ ယင်းပတ္တမြားရတနာ ရွှေတံကျင်တို့သည် စက္ခုဒွါရ၌ ဣဋ္ဌာရုံတို့ ဖြစ်ကုန်၏၊ ခံရသူ၏ ကာယဒွါရ၌ကား အနိဋ္ဌာရုံတို့သာ ဖြစ်ကုန်၏။ အဘယ်ကြောင့်နည်းဟူမူ --- ကြီးစွာသော ဆင်းရဲဒုက္ခကို ဖြစ်စေတတ်သောကြောင့် တည်း။ ဤသို့လျှင် ဣဋ္ဌ အနိဋ္ဌ သဘောကို ဧကန်အားဖြင့် ဝိပါက်စိတ်၏ အစွမ်းဖြင့်သာလျှင် ပိုင်းခြားအပ်၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၁၀-၁၁။)

ဤသို့လျှင် ဣဋ္ဌ အနိဋ္ဌ အဖြစ်ကို ---

၁။ အလတ်စားပုဂ္ဂိုလ်၏ အလိုအားဖြင့်လည်းကောင်း,

၂။ ဝိပါက်စိတ်၏ အစွမ်းအားဖြင့်လည်းကောင်း,

၃။ ဒွါရအားဖြင့်လည်းကောင်း,

၄။ ဆောင်းကာလ နွေကာလ စသော အချိန်ကာလအားဖြင့်လည်းကောင်း -

အမျိုးမျိုး ခွဲခြားရမည်ဟု သိရှိပါလေ။

__________

ဥဿဒ ကိတ္တန ကထာ

ဥဿဒ ကိတ္တန ကထာ

= မီးများလျှင်မီးနိုင်, ရေများလျှင်ရေနိုင်

အလောဘ စသော ဂုဏ်တို့၏လည်းကောင်း လောဘ စသော အပြစ်တို့၏လည်းကောင်း များပြားပုံနှင့် များပြားခြင်း၏ အကြောင်းတရားတို့ကို ပြောပြကြောင်း ဖွင့်ဆိုကြောင်းဖြစ်သော စကားအစဉ်ကို ဥဿဒ ကိတ္တန ကထာဟု ခေါ်ဆို၏။ သံသရာခရီးသည်အဆင့်တွင်သာ တည်ရှိနေသေးသော အသင်သူတော်ကောင်းအဖို့ ဤ အပိုင်းသည် ---

၁။ ဘဝလွတ်မြောက်ရေးအတွက်လည်းကောင်း,

၂။ အဆင့်အတန်း မြင့်မားသော ဘဝတစ်ခု ရရှိရေးအတွက်လည်းကောင်း,

၃။ စိတ်ဓာတ် ပြုပြင်ပြောင်းလဲရေးအတွက်လည်းကောင်း,

၄။ စိတ်ဓာတ် မြှင့်တင်ရေးအတွက်လည်းကောင်း -

အလွန်ကျေးဇူးများလှသော ပညာပေးကဏ္ဍတစ်ရပ်သာ ဖြစ်ပါသည်။ အကယ်၍ အသင်ယောဂါဝစရ ပုဂ္ဂိုလ်မြတ်သည် ဤဘဝမှာပင် သံသရာခရီးကို အဆုံးသတ်နိုင်သည့် ဥတ္တမပုရိသ အမည်ရသည့် အမြတ်ဆုံး ယောက်ျားတစ်ယောက် ဖြစ်နေပါမူကား ဤအပိုင်းကဏ္ဍရပ်သည် အသင်အတွက် အလိုမရှိအပ်သော အပိုင်း ကဏ္ဍတစ်ရပ်သာ ဖြစ်ဖွယ်ရာ ရှိပါသည်။ သို့သော် သံသရာခရီးကို ဤဘဝမှာပင် အဆုံးသတ်နိုင်အောင် ကြိုး စားသော်လည်း မဆုံးနိုင်သေး ဖြစ်နေလျှင်သော်လည်းကောင်း, သို့မဟုတ် အနာဂတ်ဘဝတစ်ခုကို မျှော်လင့် တောင့်တချက် ရှိနေသေးလျှင်သော်လည်းကောင်း ဤအပိုင်းသည် အသင့်အတွက် တန်ဖိုးရှိလှသော ကဏ္ဍတစ် ရပ်ပင် ဖြစ်ပါလိမ့်မည်။

ရုပ်နာမ်တို့ကို ပရမတ်သို့ဆိုက်အောင် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်း ရှုပွားနိုင်သော သိမ်းဆည်းရှုပွားပြီးသော အသင်ယောဂီသူတော်ကောင်းသည် ---

၁။ ကုသိုလ်ဖြစ်ရခြင်း၏ အကြောင်းတရားများ

၂။ အကုသိုလ်ဖြစ်ရခြင်း၏ အကြောင်းတရားများ --- ဟူသော

ဤအကြောင်းတရား (၂)မျိုးတို့ကို ခပ်များများ သဘောပေါက်လောက်ပြီဟု ယူဆပါသည်။ သံသရာတစ်ခွင်ဝယ် ကုသိုလ်အဖြစ်များရခြင်း အကုသိုလ်အဖြစ်များရခြင်း စသည်တို့ကြောင့် ရရှိနိုင်သော အကျိုးအပြစ်တို့ကို ဤအပိုင်းတွင် ဖော်ပြထားပါသည်။ ယင်း --- ဥဿဒကိတ္တနကထာကို အဋ္ဌသာလိနီအဋ္ဌကထာတွင် ဤသို့ ဖွင့်ဆို ထားပေသည်။

သံသရာတစ်ခွင်ဝယ် ကျင်လည်ကျက်စား ပြေးသွားနေရဆဲ ဖြစ်ကြကုန်သော ဤသတ္တဝါတို့၏ သန္တာန်ဝယ်

၁။ လောဘသည်လည်း များပြားလျက် ရှိ၏၊

၂။ ဒေါသသည်လည်း များပြားလျက် ရှိ၏၊

၃။ မောဟသည်လည်း များပြားလျက် ရှိ၏၊

၄။ အလောဘသည်လည်း များပြားလျက် ရှိ၏၊

၅။ အဒေါသသည်လည်း များပြားလျက် ရှိ၏၊

၆။ အမောဟသည်လည်း များပြားလျက် ရှိ၏။

ထိုများပြားမှုကို အဘယ်တရားသည် မြဲစေသနည်း၊ အဘယ်တရားက များအောင်သတ်မှတ်ပေးပါသနည်း?

ပုဗ္ဗေဟေတု နိယာမေတိ။ ကမ္မာယူဟနက္ခဏေယေဝ နာနတ္တံ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၈။)

ထိုသို့ များပြားအောင် ပုဗ္ဗေဟေတု အမည်ရသော ရှေးအတိတ်အကြောင်းတရားက မြဲစေ၏၊ များပြားအောင် သတ်မှတ်ပေး၏။ စီမံခန့်ခွဲပေး၏။ ဤဘဝတွင် အကျိုးပေးနေဆဲဖြစ်သော ကံကို အားထုတ်ခဲ့စဉ်တုန်း ကပင် ကံတွေကား အထူးထူး အပြားပြား ဖြစ်ခဲ့၏၊ တစ်ဦးနှင့် တစ်ဦး မတူကွဲပြားခဲ့၏။ ယင်းကံများက လောဘ များအောင် လောဘကြီးသူဖြစ်အောင် အလောဘများအောင် လောဘမကြီးသူဖြစ်အောင် ဤသို့ စသည်ဖြင့် စီမံခန့်ခွဲပေး၏၊ အကျယ်မှာ ဤသို့ဖြစ်၏။

အမှတ် (၁) ပုဂ္ဂိုလ်မျိုး

အမှတ် (၁) ပုဂ္ဂိုလ်မျိုး

ယဿ ဟိ ကမ္မာယူဟနက္ခဏေ လောဘော ဗလဝါ ဟောတိ၊ အလောဘော မန္ဒော၊ အဒေါသာမောဟာ ဗလဝန္တော, ဒေါသမောဟာ မန္ဒာ၊ တဿ မန္ဒော အလောဘော လောဘံ ပရိယာဒါတုံ န သက္ကောတိ၊ အဒေါသာမောဟာ ပန ဗလဝန္တော ဒေါသမောဟေ ပရိယာဒါတုံ သက္ကောန္တိ။ တသ္မာ သော တေန ကမ္မေန ဒိန္နပဋိသန္ဓိဝသေန နိဗ္ဗတ္တော လုဒ္ဓေါ ဟောတိ၊ သုခသီလော အက္ကောဓနော၊ ပညဝါ ပန ဟောတိ ဝဇိရူပမဉာဏောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၈။)

ပုဂ္ဂိုလ်တစ်ဦးသည် ဤလူ့ဘဝသို့ ရောက်ရှိကြောင်း ဤလူ့ဘဝ = ခန္ဓာ (၅)ပါးကို ရရှိကြောင်း ဖြစ်သည့် ကံကို အတိတ်ဘဝတစ်ခုဝယ် ပြုစုပျိုးထောင်ခဲ့စဉ် အချိန်ခဏ၌ --- သူ၏သန္တာန်ဝယ် ---

၁။ လောဘကား အားကောင်းမောင်းသန်လျက် ရှိ၏၊

၂။ အလောဘကား နုံ့နေ၏ အားပျော့နေ၏၊

၃။ အဒေါသ (= မေတ္တာ) အမောဟ (= ပညာ)တို့ကား အားကောင်းမောင်းသန်လျက် ရှိကုန်၏ အင်အား ပြည့်ဝကြကုန်၏၊

၄။ ဒေါသနှင့် မောဟတို့ကား နုံ့ကုန်၏ အားပျော့ကုန်၏။

ထိုပုဂ္ဂိုလ်၏ ယင်းကံကို အားထုတ်ခဲ့စဉ်က ပြုစုပျိုးထောင်ခဲ့စဉ်က နုံ့နေသော အားပျော့နေသော ညံ့နေ သော အလောဘသည် လောဘကို အနိုင်ယူခြင်းငှာ ကုန်ခန်းစေခြင်းငှာ မစွမ်းနိုင် ဖြစ်နေ၏။

တစ်ဖန် ယင်းကံကို အားထုတ်ခဲ့စဉ်က ပြုစုပျိုးထောင်ခဲ့စဉ်က အဒေါသနှင့် အမောဟတို့သည် အားကောင်း ခဲ့ကြကုန်သည်ဖြစ်၍ အလွန်အားကြီးခဲ့ကြကုန်သည်ဖြစ်၍ ခွန်အားကြီးမားခဲ့ကြကုန်သည်ဖြစ်၍ ယင်းသို့ အားကောင်းခဲ့ကြသော ခွန်အားကြီးမားခဲ့ကြသော အဒေါသ အမောဟတို့က ဒေါသ မောဟတို့ကို အနိုင်ယူ ခြင်းငှာ ကုန်ခန်းစေခြင်းငှာ စွမ်းအားရှိကြကုန်၏။ ထိုကြောင့် ထိုပုဂ္ဂိုလ်သည် ထိုလောဘအားကြီးသော ကံက အကျိုးပေးလိုက်သဖြင့် ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုဝယ် ဖြစ်ပေါ်လာရသည်ရှိသော် ---

၁။ လောဘကြီးသူ ဖြစ်ရ၏။ (လောဘ၏ အကျိုးဆက်တည်း)

၂။ ထိုသို့ပင် လောဘကြီးပါသော်လည်း စိတ်ချမ်းချမ်းသာသာ နေရလေ့ရှိ၏၊ အမျက်ထွက်လေ့မရှိ = ဒေါသ မကြီး။ (အဒေါသ၏ အကျိုးဆက်တည်း။)

၃။ ပညာရှိ၏၊ ဝရဇိန်လက်နက်နှင့်တူသော ထက်မြက်သော ဉာဏ်ပညာရှိ၏။ (အမောဟ၏ အကျိုးဆက် တည်း။) (အဘိ၊ဋ္ဌ၊၁၊၃၀၈။)

လောဘအားကြီးသော ကံကို ပြုစုပျိုးထောင်ခဲ့ခြင်းကြောင့် ထိုကံက အကျိုးပေးသော ဘဝဝယ် သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ တွယ်တာမက်မောမှု လောဘအားကြီးသူ ဖြစ်ရ၏။ အဒေါသ = မေတ္တာ အားကြီးသော ကံကြောင့် သုခသီလ = စိတ်ချမ်းချမ်းသာသာ နေရလေ့ရှိသူ ဖြစ်ရ၏။ အက္ကောဓန = အမျက်မထွက် တတ်သူ စိတ်မဆိုးတတ်သူ ဒေါသမကြီးသူ ဖြစ်ရ၏။ အမောဟ = ဉာဏ်ပညာအားကြီးသော ကံကြောင့် ဝဇီရူပမဉာဏ် = မိုးကြိုးစက်ကဲ့သို့ ထက်မြက်သော ဉာဏ်ပညာရှိသူ ဖြစ်ရ၏။ အတိတ်၏ ဓာတ်ငွေ့အရှိန်အဝါ သည် ဤပစ္စုပ္ပန်တွင် ရောင်ပြန်ဟပ်လျက်ရှိ၏။ ဤပစ္စုပ္ပန်၏ ဓာတ်ငွေ့အရှိန်အဝါတို့သည်လည်း နောင်အနာဂတ်တွင် ရောင်ပြန်ဟပ်လျက်ပင် ရှိကြဦးမည်သာ ဖြစ်ပေသည်။

ဝိပဿီဘုရားရှင် မပွင့်မီ သာသနာပအချိန်ကာလတစ်ခုက အရှင်ပစ္စေကဗုဒ္ဓတစ်ဆူအား ကြံတစ်ချောင်းစီ လှူခဲ့ကြသော ဇောတိကသူဌေးအလောင်းနှင့် အစ်ကိုဖြစ်သူတို့၏ ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဆန်းစစ်ကြည့်ပါ။

ဇောတိကသူဌေးအလောင်းလျာ ညီဖြစ်သူက အရှင်ပစ္စေကဗုဒ္ဓအား ကြံတစ်ချောင်း အလှူဒါနကိုပြု၍ လူ-နတ်-နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိလိုကြောင်း ဆုတောင်းပန်ထွာခဲ့၏။ အစ်ကိုဖြစ်သူကား ယင်းကြံ တစ်ချောင်း အလှူဒါနကြောင့် နိဗ္ဗာန်ချမ်းသာကြီးတစ်ခုကိုသာ ရလိုကြောင်း ဆုတောင်းပန်ထွာခဲ့၏။

အလှူခံပုဂ္ဂိုလ်ချင်းလည်း တူ၏၊ လှူဖွယ်ဝတ္ထုချင်းလည်း တူ၏။ စိတ်ထားချင်းကား ကွာခြားလျက်ရှိ၏။ ညီဖြစ်သူ ဇောတိကသူဌေးအလောင်းကား လူချမ်းသာ နတ်ချမ်းသာကို တွယ်တာမက်မောသော လောဘဓာတ် ခြံရံလျက် ဒါနကံကို ပြုစုပျိုးထောင်ခဲ့၏။ သို့သော် အလှူခံ အရှင်ပစ္စေကဗုဒ္ဓအပေါ်၌ အဒေါသ မေတ္တာဓာတ် များလည်း ကိန်းဝပ်ခဲ့၏၊ ကံ-ကံ၏အကျိုးကို တတ်သိနားလည်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ပညာလည်း ခြံရံလျက်ရှိ၏။ အစ်ကိုဖြစ်သူကား နိဗ္ဗာန်ချမ်းသာတစ်ခုတည်းကိုသာ ဆုတောင်းသဖြင့် ယင်းဒါနကံ၌ အလောဘ အဒေါသအမောဟဓာတ်တို့ ခြံရံလျက်ရှိ၏။ ယင်းဓာတ်သုံးပါးတို့ အင်အားကောင်းနေ၏၊ စွမ်းအားကြီးမားနေ၏။

တစ်ချိန် ယင်းကံများက အသီးအသီး အကျိုးပေးလိုက်ရာ အလွန့်အလွန် ချမ်းသာကြွယ်ဝသော သူဌေးသား နှစ်ဦးတို့ ဖြစ်လာကြပြန်၏။ ဝိပဿီဘုရားရှင်၏ သာသနာတော်နှင့် ဆုံဆည်းမိသောအခါ အလောဘ အဒေါသ အမောဟဓာတ်တို့ ခြံရံထားသော ကံကို ပြုစုပျိုးထောင်ခဲ့သော အစ်ကိုဖြစ်သူက ရှိသမျှ စည်းစိမ်ချမ်းသာကို ညီဖြစ်သူအား အကုန်စွန့်၍ သာသနာဘောင်သို့ ဝင်ရောက်၍ ရဟန်းတရားများကို ပွားများအားထုတ်လေရာ ရဟန္တာဖြစ်သွားတော်မူ၏။ အလောဘ အရင်းခံသော ကံကြောင့် ရရှိသော စည်းစိမ်ဥစ္စာတို့ အပေါ်၌ တွယ်တာ မက်မောမှု လုံးဝမရှိဘဲ စွန့်လွှတ်နိုင်ခဲ့၏၊ လောဘမကြီးသူ ဖြစ်ရ၏။ အဒေါသ = မေတ္တာဓာတ်၏ စွမ်းအားကြောင့် ရဟန္တာဖြစ်လျက် စိတ်ချမ်းချမ်းသာသာဖြင့် နေရ၏။ အမောဟ = ဉာဏ်ပညာဓာတ်၏ စွမ်းအားကြောင့် သစ္စာ လေးရပ်တရားမြတ်ကို အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုက်အောင် ထွင်းဖောက်သိမြင်ခဲ့၏။ ဉာဏ်ပညာကြီးမားသူဖြစ်ရ၏။

တစ်ဖန် ညီဖြစ်သူကား လူချမ်းသာ နတ်ချမ်းသာကို တွယ်တာမက်မောသည့် လောဘဓာတ် ခြံရံလျက် ကံကို ပြုစုပျိုးထောင်ခဲ့သဖြင့် လူချမ်းသာကြီးနှင့် တွေ့ကြုံရသောအခါ ယင်းစည်းစိမ်ချမ်းသာတို့ကို မစွန့်လွှတ် နိုင် ဖြစ်နေ၏။ အတွယ်ကြီး တွယ်နေ၏၊ လောဘကြီးသူ ဖြစ်ရပြန်၏။ သူ၏ အလောဘဓာတ်က ယင်းအားကောင်း နေသော လောဘဓာတ်ကို အနိုင်မယူနိုင် ဖြစ်ခဲ့ရ၏။ သို့သော် တစ်ဖက်တွင်လည်း အဒေါသ = မေတ္တာဓာတ် နှင့် အမောဟ = ဉာဏ်ပညာတို့လည်း ယင်းကံ၌ ခြံရံထားသဖြင့် ဝိပဿီဘုရားရှင်အပေါ်၌ မေတ္တာဓာတ် အားကောင်းသူ ဖြစ်ရပြန်၏။ ဘုရားရှင်အတွက် ဂန္ဓကုဋီကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့၏။ လူသား တို့အပေါ်၌လည်း မေတ္တာဓာတ်ကြီးမားသူ ဖြစ်ရပြန်၏။

လူသားတွေသည် ဝိပဿီဘုရားရှင်အား ဖူးမြော်ရခြင်းကြောင့် ဖူးမြော်ရသည့် ကုသိုလ်စေတနာတွေ ရရှိကြပါစေ၊ ဘုရားရှင်၏ တရားတော်ကို ကြားနာရခြင်းကြောင့် ကုသိုလ်တရားတွေ တိုးပွားကြပါစေ၊ အသိထူး ဉာဏ်ထူးတွေ ရရှိကြပါစေဟူသော မေတ္တာပြဓာန်းသော စိတ်ဓာတ်ဖြင့် ယင်းဂန္ဓကုဋီကျောင်းတော်၏ ဝန်းကျင် တွင် ပုဆစ်ဒူးဝန်းနစ်မျှ ပတ္တမြားရတနာများကို ဖြန့်ခင်းလျက် --- မည်သူမဆို လက်တစ်ဆုပ်စာ ယူသွားနိုင် သည်ဟု ကျေညာချက် ထုတ်ပြန်ကာ လှူဒါန်းခဲ့ပြန်၏။ လူသားတို့ အပေါ်၌ အားကောင်းသော မေတ္တာဓာတ် များ ကိန်းဝပ်လာ၏။ ဘုရားရှင်ကို မဖူးမြော်လိုသူတို့လည်း ပတ္တမြားကို အလိုရှိခြင်းကြောင့် ကျောင်းတော်သို့ ရောက်ခဲ့သော် ဘုရားရှင်ကို ဖူးမြင်ခွင့် ရကြပေလတ္တံ့၊ တရားတော်ကိုလည်း နာယူခွင့် ရကြပေလတ္တံ့၊ ထိုသို့ နာယူခဲ့ရသော် မဂ်ဉာဏ် ဖိုလ်ဉာဏ် တိုင်အောင်သော အကျိုးထူးများကို ရရှိကြပေလတ္တံ့ဟူသော မျှော်လင့် ချက်များလည်း ရှိနေ၏။ လူသားတို့အပေါ်တွင် ထားရှိသော မွန်မြတ်သော မေတ္တာနှင့် မွန်မြတ်သော အသိဉာဏ်တို့ ဖြစ်ကြ၏။ အဒေါသ အမောဟတို့၏ အကျိုးဆက်ပင် ဖြစ်၏။ သို့သော် သူ၏ လောဘဓာတ်ကို အလောဘဓာတ်က မကုန်ခန်းစေနိုင်သဖြင့် (၉၁)ကမ္ဘာ ခရီးကို ဖြတ်ကျော်ခဲ့ရပြန်၏။ တစ်ကမ္ဘာ တစ်ကမ္ဘာ တွင် သတ္တဝါတစ်ဦး၏ သေကျေပျက်စီးသွားသောအခါ ကြွင်းကျန်သည့် အရိုးတို့ကို စုပုံလိုက်ခဲ့သော် အရိုးတို့ ကလည်း မဆွေးမြေ့ခဲ့ပါမူကား ဝေပုလ္လတောင်ခန့် မြင့်မားသည့် တောင်ကြီးတစ်တောင်ခန့် အရိုးပုံကြီး ဖြစ်နိုင်၏။ (၉၁)ကမ္ဘာခရီးကို ဖြတ်ကျော်ခဲ့ရသဖြင့် တောင်အလုံးပေါင်း (၉၁)လုံးလောက်ရှိသည့် အရိုးတွေ တောင် လိုပုံ၍ သေနိုင်၏။ သို့အတွက် လူ့ဘဝ လူ့ချမ်းသာကို တွယ်တာမက်မောခြင်းသည် တွယ်တာမက်မောသည့် လောဘဓာတ် ခြံရံလျက် ကံကို ပြုစုပျိုးထောင်ခြင်းသည် အရိုးတွေ တောင်လိုပုံ၍ သေကျေပျက်စီးမှုကို တွယ် တာမက်မောသည်နှင့်ပင် တူနေပေသည်။ သို့သော် ဇောတိက သူဌေးအလောင်းကား နိဗ္ဗာန်ချမ်းသာကြီးကို လည်း တစ်ဖက်က ဆုတောင်းထားသဖြင့် ဂေါတမဘုရားရှင်၏ သာသနာတွင် ကျွတ်တမ်းဝင်ခွင့် ရရှိသွားပေသည်။

ဤဥဿဒ ကိတ္တန ကထာပိုင်းကို ကြည့်ပါက ရှေးရှေးဘဝက ပြုစုပျိုးထောင်ခဲ့သော ကံသည် ယခုဘဝ၌-

၁။ လောဘ ကြီးသူ မကြီးသူ ဖြစ်အောင်,

၂။ ဒေါသ ကြီးသူ မကြီးသူ ဖြစ်အောင်,

၃။ ဉာဏ်ပညာ ကြီးသူ မကြီးသူ ဖြစ်အောင် ---

ဤသို့ စသည်ဖြင့် စီမံနေကြောင်းကိုလည်း သိရှိနိုင်၏။ အလားတူပင် ယခုဘဝ၌ ပြုသမျှ ကံသည်လည်း နောက်နောက် ဘဝအဆက်ဆက်၌ ဤကဲ့သို့ စီမံလိမ့်မည်သာ ဖြစ်ကြောင်းကိုလည်း သိနိုင်လောက်ပေပြီ။

သို့အတွက် ကံတစ်ခုကို ပြုစုပျိုးထောင်ရာ၌ လောဘ ဒေါသ မာန် မာန ဣဿာ မစ္ဆေရ စသော ယုတ်ညံ့ သော ဓာတ်ခိုး ဓာတ်ငွေ့များကို မခြံရံစေဘဲ အလွန်မွန်မြတ်သော မေတ္တာဓာတ် ကရုဏာဓာတ် အသိဉာဏ် ပညာတို့ ခြံရံစေလျက် ကံကို ပြုစုပျိုးထောင်မိဖို့ လိုအပ်ပေသည်။

ယခုအခါ ဘုရားရှင်၏ သာသနာတော်တွင်း၌ ---

၁။ အဆင့်အတန်း အမြင့်မားဆုံးသော မေတ္တာဓာတ်များ ကိန်းဝပ်လာအောင်, မိမိတို့၏ စိတ်ဓာတ်ကို မေတ္တာ ဓာတ်ဖြင့် ထုံမွမ်းထားသော အလှပဆုံးသော စိတ်ဓာတ်များဖြစ်အောင် မေတ္တာစျာန် ရသည့်တိုင်အောင်သော သမာဓိကျင့်စဉ်များလည်း ထင်ရှားရှိနေ၏။ အလားတူပင် အဆင့်အတန်း အမြင့်မားဆုံးသော ကရုဏာဓာတ် မုဒိတာဓာတ် ဥပေက္ခာဓာတ်တို့ မိမိတို့၏ စိတ်အစဉ်ဝယ် ကိန်းဝပ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည့် သမာဓိကျင့်စဉ်များလည်း ထင်ရှား တည်ရှိနေကြသည်သာ ဖြစ်၏။

ယင်းသမာဓိကျင့်စဉ်များကို အောင်အောင်မြင်မြင် တကယ်တန်း လက်တွေ့ကျင့်သုံးနိုင်ပါက မေတ္တာဓာတ် ကရုဏာဓာတ် မုဒိတာဓာတ် ဥပေက္ခာဓာတ်တို့ ကိန်းဝပ်တည်နေသော မိမိ၏ စိတ်အစဉ်သည် အလွန် အဆင့် အတန်းမြင့်မားနေသော စိတ်ဓာတ်များသာ ဖြစ်နေပေမည်။ ယင်း အဆင့်အတန်းမြင့်မားသော စိတ်ဓာတ်များ ကိန်းဝပ်လျက် ခြံရံလျက် ကံတစ်ခုကို ပြုစုပျိုးထောင်လိုက်ပါက ထိုကံက အကျိုးပေးခွင့်သာ၍ ဘဝတစ်ခုကို အကျိုးပေးခဲ့သော် ထိုဘဝတွင် --- သတ္တဝါတို့ အပေါ်ဝယ် ---

၁။ အလွန် မေတ္တာဓာတ်ကြီးမားသူ ဖြစ်ရ၏၊

၂။ အလွန် ကရုဏာဓာတ်ကြီးမားသူ ဖြစ်ရ၏၊

၃။ အလွန် မုဒိတာဓာတ်ကြီးမားသူ ဖြစ်ရ၏၊

၄။ အလွန် ဥပေက္ခာဓာတ်ကြီးမားသူ ဖြစ်ရ၏။

သံသရာတစ်ခွင် ကျင်လည်ခိုက်ဝယ် တွေ့ကြ ဆုံကြသည့် သတ္တဝါအချင်းချင်း အပေါ်၌ ရှိသင့် ရှိထိုက် ထားသင့် ထားထိုက်သော အဆင့်မြင့်မားသော စိတ်ထားများပင် ဖြစ်ကြပေသည်။ အလွန်အလိုရှိအပ်သော စိတ်ထားများပင် ဖြစ်ကြပေသည်။ မွန်မြတ်သော ကျင့်စဉ်များ ဖြစ်ကြသဖြင့် ဗြဟ္မစရိယ = ဗြဟ္မစိုရ်ဟူသော အမည်ထူးကိုလည်း ရရှိပေသည်။

တစ်ဖန် အဆင့်အမြင့်မားဆုံးသော ပညာကျင့်စဉ်များလည်း ဤသာသနာတွင် ထင်ရှားရှိနေပေ၏။ ယခု ဖော်ပြပြီးသော ရုပ်ကမ္မဋ္ဌာန်းပိုင်း နာမ်ကမ္မဋ္ဌာန်းပိုင်းကိုပင် ပြန်ကြည့်ပါ။ ရုပ်လောကတွင် အလွန့်အလွန် သေးငယ်လှသော ရုပ်ကလာပ်များကို မြင်အောင် ရှုနည်း, ယင်းရုပ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုနည်း, စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြသော ဝီထိစိတ်တို့ကိုလည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုနည်း --- ဟူသော ဤကျင့်စဉ်တို့ကား သမ္မာသမ္ဗဒ္ဓုဘုရားရှင်၏ သာသနာတော်တွင်း၌သာ ထင်ရှား ရှိသော ရရှိနိုင်သော ကျင့်စဉ်တို့ ဖြစ်ကြ၏။ တစ်ဖန် ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ပိုင်းဆိုင်ရာ ကျင့်စဉ်များ ဝိပဿနာကျင့်စဉ်များမှာလည်း ဤဘုရားရှင်၏ သာသနာတော်တွင်း၌သာ ရရှိနိုင်သော ကျင့်စဉ်များ ဖြစ်ကြ၏။ ထိုကျင့်စဉ်တို့ကို လက်တွေ့အောင်မြင်စွာ ကျင့်နိုင်သဖြင့် ရရှိလာသော ---

၁။ ရုပ်နာမ်ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ပိုင်းပိုင်းခြားခြား ထိုးထွင်းသိသော နာမရူပပရိစ္ဆေဒဉာဏ်

၂။ ယင်းရုပ်နာမ်တို့၏ ဖြစ်ပေါ်စေတတ်သော အကြောင်းတရားတို့ကို သိမ်းဆည်းနိုင်သော ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်သော ပစ္စယပရိဂ္ဂဟဉာဏ်

၃။ ယင်း ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို မဂ်ဆိုက် ဖိုလ် ဆိုက်သည်တိုင်အောင် ထိုးထွင်းသိမြင်တတ်သော ဝိပဿနာဉာဏ်

၄။ အရိယမဂ်ဉာဏ်

၅။ အရိယဖိုလ်ဉာဏ်

ဤဉာဏ်တို့ကား အဆင့်အတန်း အမြင့်မားဆုံးသော ဉာဏ်ပညာတို့ ဖြစ်ကြ၏။ သာသနာတော်၏ ပြင်ပ လောက၌ ရရှိနိုင်သော ဉာဏ်ပညာတို့လည်း မဟုတ်ကြပေ။ ယနေ့ မျက်မှောက်ခေတ် သိပ္ပံလောကတွင်လည်း ရရှိနိုင်သော ဉာဏ်ပညာမျိုးများ မဟုတ်ကြပေ။ ယနေ့ မျက်မှောက်ခေတ် သာသနာတော်၏ ပြင်ပ၌ တည်ရှိ ကြသော ဒဿနိကပညာရပ် အမျိုးမျိုး၌လည်း ရရှိနိုင်သော ဉာဏ်ပညာမျိုးများ မဟုတ်ကြပေ။ သာသနာတော် တွင်း၌သာ ရရှိနိုင်သော အမှန်ကန်ဆုံးသော အမြင့်မားဆုံးသော ဉာဏ်ပညာတို့ ဖြစ်ကြ၏။

ယင်းအမြင့်မားဆုံးသော ဉာဏ်ပညာတို့ဖြင့် ထုံမွမ်းထားအပ်သော အသင်သူတော်ကောင်း၏ စိတ်ဓာတ် သည်လည်း အမြင့်မားဆုံးသော စိတ်ဓာတ်သာဖြစ်၏။ ယင်းသို့ အမြင့်မားဆုံးသော အဆင့်သို့ ရောက်အောင် မြှင့်တင်ထားအပ်သော အသင်သူတော်ကောင်း၏ စိတ်ဓာတ်သည်ကား --- အသင်သူတော်ကောင်း၏ ရုပ်နာမ် သန္တာန်အစဉ်ကို ---

၁။ အပါယ်ဘေးဆိုးကြီးမှလည်း ကျွတ်လွတ်သွားအောင် ထုတ်ဆောင် ကယ်တင်ပေးနိုင်၏။

၂။ အိုဘေးဆိုးကြီး, နာဘေးဆိုးကြီး, သေဘေးဆိုးကြီး, ပဋိသန္ဓေတည်နေရသည့် ဘေးဆိုးကြီးဟူသော သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီးတို့မှလည်း ထုတ်ဆောင် ကယ်တင်ပေးနိုင်၏။

၃။ အကယ်၍ သံသရာခရီး မဆုံးသေးသဖြင့် သံသရာတစ်ခွင်၌ ကျင်လည်ခဲ့ရလျှင်လည်း အကြီးမားဆုံးသော အသိအလိမ္မာ ဉာဏ်ပညာရှိသူ ဖြစ်ရအောင် စီမံခန့်ခွဲပေးနိုင်၏။

ဤသည်တို့ကား မိမိတို့၏ စိတ်ဓာတ်ကို မိမိတို့ ကိုယ်တိုင်က မေတ္တာဓာတ် ကရုဏာဓာတ် မုဒိတာဓာတ် ဥပေက္ခာဓာတ် အလောဘဓာတ် အဒေါသဓာတ် အမောဟဓာတ် (ပညာဉာဏ်)တို့ဖြင့် အဆင့်အတန်း မြင့်မား သွားအောင် မြှင့်တင်ပေးလိုက်သဖြင့် ယင်းအကောင်းဓာတ်တို့ ထုံမွမ်းထားအပ်သော အလွန်အဆင့်အတန်း မြင့်နေသော မိမိတို့၏ စိတ်ဓာတ်က မိမိ၏ ဘဝကို မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်၏၊ ဆင်းရဲဒုက္ခ အမျိုးမျိုးမှ ထုတ်ဆောင် ကယ်တင်ပေးလိုက်ခြင်းပင် ဖြစ်၏။ လူတွင် လူမြတ် နတ်ထက်နတ် ဖြစ်အောင် မြှင့်တင်ပေးလိုက် ခြင်းပင် ဖြစ်၏။

ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူပြီးကြကုန်သော အဆူဆူသော ဘုရားရှင်တို့သည်လည်း မိမိတို့၏ စိတ်ဓာတ်ကို ပါရမီဆယ်ပါး အပြားသုံးဆယ်တည်းဟူသော အကောင်းဓာတ်တို့ဖြင့် ထုံမွမ်းပေးတော်မူနိုင်ကြသည့် အတွက် ဘုရားအဖြစ်သို့ ရောက်ရှိသွားတော်မူကြ၏။ သို့အတွက် အသင်သူတော်ကောင်း၏ စိတ်ဓာတ်သည် လည်း ကြိုးစားက ဘုရားဖြစ်နိုင်သည့် စိတ်ဓာတ်မျိုးသာ ဖြစ်ပေသည်။

အကယ်၍ အသင်သူတော်ကောင်းသည် ထိုကဲ့သို့ မိမိ၏ စိတ်ဓာတ်ကို မိမိကိုယ်တိုင် မြှင့်တင်မပေးဘဲ ထားလျှင်, အကောင်းဓာတ်များကို မွေးမြူရေး မပြုလုပ်ဘဲ မကောင်းဓာတ်များကိုသာ မွေးမြူရေး ပြုလုပ်နေပါ လျှင် အသင်သူတော်ကောင်း၏ စိတ်ဓာတ်သည်လည်း အဆင့်အတန်း နိမ့်ကျသွားပြီ ဖြစ်၏။ အဆင့်အတန်း နိမ့်ကျနေသော စိတ်ဓာတ်က အဆင့်အတန်းနိမ့်သော ဘဝအမျိုးမျိုးသို့ ရောက်အောင် ပို့ဆောင်ပေးတော့မည် ဖြစ်၏။

အကယ်၍ အသင်သူတော်ကောင်းသည် ကံကို ပြုစုပျိုးထောင်စဉ်ဝယ် ဒီလင် ဒီသား ဒီမယားနှင့် မခွဲရ အောင်, ငှက်ပင်ဖြစ်လည်း သစ်တစ်ကိုင်းတုံ သိုက်နန်းလှုံရအောင်ဟူသော ဦးတည်ချက်ဖြင့် တစ်ဦးအပေါ် တစ်ဦး တွယ်တာတပ်မက်နေသည့် လောဘဓာတ် ခြံရံလျက် ကံကို ပြုစုပျိုးထောင်ခဲ့သည် ဖြစ်အံ့၊ ကောင်းမှု အတူ ပြုခဲ့သည် ဖြစ်အံ့။ --- ထိုကံက အကျိုးပေးသော အခါဝယ် တစ်ဦးနှင့် တစ်ဦး တွေ့ကြ ကြုံကြ ဆုံကြပြန် လျှင် မခွဲရက် မခွာနိုင် ရှိတတ်၏၊ အစွဲကြီး စွဲနေတတ်ကြ၏၊ တဲအိုပျက်မှာ ထမင်းရေပင် လျက်ရပါစေဟူသော စိတ်ဓာတ်များ ကိန်းဝပ်နေတတ်၏။ အကယ်၍ အတူပြုဘက် ကောင်းမှုရှင်သည် ငမူး ဖြစ်နေပြန်လျှင်လည်း ထိုငမူးက မည်မျှပင် ရိုက်နှက်စေကာမူ ရွှေဖဝါးတော်အနားမှ တစ်ဖဝါးမျှ မခွာရက်နိုင် ဖြစ်နေတတ်၏။

အလားတူပင် စီးပွားရေး အဆင်ပြေလိုကြောင်း ငွေများများ ရလိုကြောင်း ရွှေများများ ရလိုကြောင်း ရာ ထူးဌာနန္တရ တိုးတက်လိုကြောင်း ဦးတည်၍ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရတို့ အပေါ်၌ တွယ်တာမက်မောသည့် လောဘဓာတ် ခြံရံလျက် ကံကို ပြုစုပျိုးထောင်မိလျှင် ထိုကံက အကျိုးပေးခွင့်သာ၍ စီးပွားဥစ္စာ ချမ်းသာကြွယ်ဝသော ဘဝတစ်ခုကို ရရှိပြန်သော် ဇောတိကသူဌေးလောင်းကဲ့သို့ စည်းစိမ်ဥစ္စာတို့မှ မခွဲရက် မခွာနိုင် ရှိတတ် ပြန်၏။ ရာထူးဌာနန္တရကို ရပြန်လျှင်လည်း ထိုရာထူးဌာနန္တရ အပေါ်၌ ဖားမြွေခဲသို့ မစွန့်လွှတ်နိုင် ရှိတတ်၏။

အကယ်၍ ဒေါသဓာတ် ခြံရံလျက် မကျေနပ်မှုတွေ ခြံရံလျက် ကံကို ပြုစုပျိုးထောင်ခဲ့ပါက ထိုကံက အကျိုးပေးသော ဘဝဝယ် ဒေါသကြီးသူ ဖြစ်ရပြန်၏၊ မကျေနပ်မှု များပြားသူ ဖြစ်ရပြန်၏။ တစ်လောကလုံးဝယ် မည်သူ့အပေါ်ကိုမျှ ကျေနပ်မှု မရနိုင် ရှိတတ်၏။

တစ်ဖန် ကြွားဝါလိုသော စိတ်ထား, အသာယူလိုသော စိတ်ထား, မိမိကိုယ်ကို မိမိ အထင်ကြီးသော စိတ် ထား, သူတစ်ပါးကို အထင်သေးသော စိတ်ထား --- ဤသို့သော လောဘ-မာန ဦးဆောင်သည့် စိတ်ထားမျိုးဖြင့် ကံကို ပြုစုပျိုးထောင်သည် ဖြစ်အံ့၊ ထိုကံက အကျိုးပေးခွင့်သာသော ဘဝဝယ် ဝါကြွားလိုသော စိတ်ဓာတ်ရှိသူ ဖြစ်ရတတ်၏၊ မကြွားရ မနေနိုင် ဖြစ်နေတတ်၏၊ တစ်ဖက်သား အပေါ်၌ အမြဲတမ်း အပေါ်စီးက နေလိုသော စိတ်ထားရှိသူ ဖြစ်ရတတ်၏၊ မိမိကိုယ်ကို မိမိ အမြဲတမ်း အထင်ကြီးနေတတ်၏။ စိတ်ကြီးဝင်နေတတ်၏၊ သူ တစ်ပါးကို အမြဲတမ်း အထင်သေးနေတတ်၏။ အဖက်မတန်ဟု ယူဆတတ်၏၊ မခေါ်ချင် မပြောချင် ဖြစ်နေ တတ်၏။

အကယ်၍ ကိုယ့်ထက်သာ မနာလိုသော, သူတစ်ပါး၏ စည်းစိမ်ကို ငြူစူစောင်းမြောင်းသော စိတ်ထား ဟူသည့် ဣဿာတရား ခြံရံလျက် ကံကို ပြုစုပျိုးထောင်မိငြားအံ့၊ ထိုကံက အကျိုးပေးခွင့်သာသော ဘဝဝယ် ဣဿာ ထူပြောသူ ဖြစ်ရတတ်ပြန်၏၊ ကိုယ့်ထက်သာသူ မှန်သမျှကို ကြည့်မရ ဖြစ်နေတတ်၏။ ဤဣဿာ တရားသည် ကိုယ့်ထက်သာ မနာလိုသော စိတ်ထားရှိကြသည့် မနောပဒေါသိက အမည်ရသော နတ်တို့၏ အသက်ကိုပင် ကုန်စေနိုင်သော စွမ်းအား ရှိပေ၏။

တစ်ဖန် ကိုယ့်စည်းစိမ်ကို အထိမခံနိုင်သော စိတ်ထား, မိမိ၏ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုကို အထိ မခံနိုင်သော စိတ်ထားဟူသော မစ္ဆရိယဓာတ် ခြံရံလျက် ကံတစ်ခုကို ပြုစုပျိုးထောင်မိလိုက်သည် ဖြစ်အံ့၊ ထို ကံက အကျိုးပေးခွင့်သာသော ဘဝဝယ် မစ္ဆရိယ များပြားသူ ဖြစ်ရတတ်၏။ မယား မထိနဲ့ ဓားကြည့်ဟူသော စိတ်ဓာတ်မျိုး ကိန်းဝပ်လာတတ်၏။ ပစ္စည်းထိလည်း မခံနိုင်, သားထိလည်း မခံနိုင်, သ္မီးထိလည်း မခံနိုင် ရှိတတ်၏။

ဤဖော်ပြပါ အချက် အရပ်တို့ကို အဖန်ဖန် ရှုဆင်ခြင်လျက် သံသရာခရီးမှ ကျွတ်လို လွတ်လိုခဲ့သော် သို့မဟုတ် အဆင့်အတန်း မြင့်မားသော ဘဝတစ်ခုကို ရယူလိုခဲ့သော် အသင်သူတော်ကောင်းသည် မိမိ၏ စိတ်ဓာတ်ကို မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲပေးတတ်ဖို့ မြှင့်တင်ပေးတတ်ဖို့ လိုအပ်ပေလိမ့်မည်။ နေ့စဉ် နေ့ စဉ် အချိန်တိုင်း အချိန်တိုင်း လိုလိုမှာပင် လက်လှုပ်တိုင်း ခြေလှုပ်တိုင်း ပါးစပ်လှုပ်တိုင်း ကာယကံ ဝီစကံ မနောကံတွေကား တစ်ခုပြီး တစ်ခု ဖြစ်နေကြ၏။ မကောင်းဓာတ်များ ထုံမွမ်းထားအပ်သော ကာယကံ ဝီစကံ မနောကံတို့ မဖြစ်အောင်, အကောင်းဓာတ်များသာ အမြဲတမ်း ခြံရံနေသည့် ကာယကံ ဝီစကံ မနောကံတို့ ဖြစ်အောင် သမထ ဝိပဿနာ ဘာဝနာတို့ကို အချိန်ရှိတိုင်း အမြဲမပြတ် အားသွန်ခွန်စိုက် ကြိုးပမ်းခြင်းဖြင့် မိမိ တို့၏ စိတ်ဓာတ်ကို သမာဓိ ပညာတို့ဖြင့်, တစ်နည်းဆိုရသော် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတို့ဖြင့် ထုံမွမ်း ပေးရမည် ဖြစ်ပေသတည်း။

အမှတ် (၂) ပုဂ္ဂိုလ်မျိုး

အမှတ် (၂) ပုဂ္ဂိုလ်မျိုး

ယဿ ပန ကမ္မာယူဟနက္ခဏေ လောဘဒေါသာ ဗလဝန္တော ဟောန္တိ၊ အလောဘာဒေါသာ မန္ဒာ၊ အမောဟော ဗလဝါ, မောဟော မန္ဒော၊ သော ပုရိမနယေနေဝ လုဒ္ဓေါ စေဝ ဟောတိ ဒုဋ္ဌော စ၊ ပညဝါ ပန ဟောတိ ဝဇိရူပမဉာဏော, ဒတ္တာဘယတ္ထေရော ဝိယ။ (အဘိ၊ဋ္ဌ၊၁၊၃၀၈။)

= ပုဂ္ဂိုလ်တစ်ဦးသည် ကံကို ပြုစုပျိုးထောင်စဉ် ခဏ၌ သူ၏ သန္တာန်ဝယ် လောဘ ဒေါသတို့ကား အားကောင်းနေကြကုန်၏။ ထိုထိုဘဝ ထိုထို ပစ္စည်းဝတ္ထု ထိုထို ရာထူးဌာနန္တရတို့ကို တွယ်တာတပ်မက်မှု လောဘ တစ်ပုံကြီးနှင့် --- ဟိုလူ့မကျေနပ် ဒီလူ့မကျေနပ်ဟူသော မကျေနပ်ချက်တွေ တစ်ပုံကြီးနှင့် ကံကို (ကုသိုလ် ကံတစ်ခုကို) ပြုစုပျိုးထောင်နေ၏။ အလောဘဓာတ် အဒေါသ (မေတ္တာ)ဓာတ်တို့ကား အလွန်အားပျော့နေ ကြ၏။ သို့သော် အမောဟ ပညာကား အားကောင်းလျက် ရှိ၏။ ထိုပုဂ္ဂိုလ်သည် အထက်တွင် ရှင်းပြခဲ့သည့် အတိုင်း ကံကို ထူထောင်ခဲ့စဉ်က လောဘ အားကောင်းခဲ့သည့် အတွက် (ထိုကံက အကျိုးပေးခွင့်သာသော ဘဝဝယ်) လောဘကြီးသူ ဖြစ်ရ၏၊ ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ဒေါသ အားကောင်းခဲ့သည့်အတွက် ဒေါသ ကြီးသူ ဖြစ်ရ၏၊ ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က အမောဟ ပညာဓာတ် အားကောင်းခဲ့သည့် အတွက် ဒတ္တာဘယ မထေရ်ကဲ့သို့ ဝရဇိန် လက်နက်နှင့်တူသော ဉာဏ်ပညာကြီးမားသူ ဖြစ်ရ၏။

အမှတ် (၃) ပုဂ္ဂိုလ်မျိုး

အမှတ် (၃) ပုဂ္ဂိုလ်မျိုး

ယဿ ပန ကမ္မာယူဟနက္ခဏေ လောဘာဒေါသမောဟာ ဗလဝန္တော ဟောန္တိ၊ ဣတရေ မန္ဒာ။ သော ပုရိမနယေနေဝ လုဒ္ဓေါ စေဝ ဟောတိ ဒန္ဓော စ၊ သုခသီလကော ပန ဟောတိ အက္ကောဓနော။ (အဘိ၊ဋ္ဌ၊၁၊၃၀၈။)

ပုဂ္ဂိုလ်တစ်ဦးကား ကံကို (= လူ့ဘဝရောက်ကြောင်း ကောင်းမှုကုသိုလ်ကံကို) ပြုစုပျိုးထောင်စဉ် ခဏ၌ သူ၏ သန္တာန်ဝယ် လောဘ အဒေါသ မောဟတို့သည် အားကောင်းနေကြကုန်၏။ အလောဘ ဒေါသ အမောဟ တို့ကား နုံ့ကုန်၏ အားပျော့ကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုကံက အကျိုးပေးခွင့်သာ၍ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုဝယ် ဖြစ်လာရသည်ရှိသော် --- ထိုကံကို ထူထောင်ခဲ့စဉ်က လောဘ အားကောင်းခဲ့သည့် အတွက် အလောဘက အားပျော့နေသည့် အတွက် အားကောင်းနေသော လောဘကို အားပျော့နေသော အလောဘက အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင်ရကား လောဘကြီးသူ ဖြစ်ရ၏။ ကံကို ပြုစုပျိုးထောင်စဉ်က မောဟ က အားကောင်းခဲ့၏၊ အမောဟကား နုံ့နေ၏ အားပျော့နေ၏၊ နုံ့နေသော အားပျော့နေသော အမောဟက အားကောင်းနေသော မောဟကို သိမ်းကျုံးယူဖို့ရန် အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင်ရကား ဉာဏ်ပညာ နုံ့-သူ ထိုင်းအ-သူ ဖြစ်ရ၏၊ နလပိန်းတုံး ဖြစ်နေရ၏။ အ-လွန်းသူ, န-လွန်းသူ ဖြစ်ရ၏။ သို့သော် ကံကို ထူထောင်ခဲ့စဉ်က ဒေါသကား နုံ့နေ၏ အားပျော့နေ၏၊ အဒေါသ = မေတ္တာကား အားကောင်းလျက် ရှိ၏။ ယင်း အားပျော့နေသော ဒေါသကို အားကောင်းမောင်းသန်သော အဒေါသက အနိုင်ယူဖို့ရန် ကုန်ခန်းစေရန် စွမ်းနိုင်၏။ သို့အတွက် စိတ်ချမ်းချမ်းသာသာ နေရလေ့ရှိသူ ဖြစ်ရ၏၊ ဒေါသမကြီးသူ ဖြစ်ရ၏။

သတိပြုသင့်သော အချက်တစ်ရပ်

သတိပြုသင့်သော အချက်တစ်ရပ်

ဉာဏ်ပညာ မရှိဘဲ ဘာမှ တတ်သိနားလည်မှု မရှိဘဲ ကောင်းမှုတစ်ခုကို ပြုမိက ယင်းကံက အကျိုးပေး သော ဘဝဝယ် လူဖျင်း လူအ လူနသာ ဖြစ်ရ၏ ဉာဏ်ပညာ မရှိသူ နလပိန်းတုံး ဖြစ်ရ၏ဟူသော အချက်ကား အထူးသတိပြုသင့်သော အချက်ပင် ဖြစ်သည်။ အမှတ်တမဲ့ ကံတစ်ခုကို မပြုမိဖို့ အထူးသတိထားသင့်၏။ အကယ်၍ အမှုမဲ့ အမှတ်မဲ့ ကံတစ်ခုကို ပြုလိုက်မိသဖြင့် ထိုကံသည် ကံအရာ၌ တည်သွားခဲ့သော် ထိုကံကို ပြန်လည် ရုပ်သိမ်းဖို့ရန်ကား မလွယ်ကူသော အရာတစ်ခု ဖြစ်၏။ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဖြင့်သာ ချေဖျက်၍ ရနိုင်၏။ ချေဖျက်၍ ရမှုမှာလည်း အထူးသဖြင့် အရဟတ္တမဂ်ဉာဏ်၏ အရာသာဖြစ်သည်။ ပရိနိဗ္ဗာနစုတိ၏ အခြားမဲ့၌ အကျိုးပေးမည့် ကံမှန်သမျှကို အရဟတ္တမဂ်ဉာဏ်ကသာ အပြီးအပိုင် ပယ်စွန့်နိုင်သော စွမ်းအား ရှိသောကြောင့် ဖြစ်၏။

သို့အတွက် ငွေကုန်ကြေးကျခံကာ ကောင်းမှုတစ်ခုကိုလည်း ပြုရသေး၏၊ လူဖျင်း လူအ လူန နလပိန်းတုံး ဘဝကိုလည်း ရရှိသေး၏ --- ဆိုလျှင် သံဝေဂရဖွယ် ကောင်းလှ၏၊ ဝမ်းနည်းဖွယ်လည်း ကောင်းလှ၏။ သို့အတွက် ကောင်းမှုပြုတိုင်း ဉာဏ်ယှဉ်တတ်ဖို့ လိုပေသည်။ ဤတွင် ဉာဏ်-ပညာ အကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြ အပ်ပါသည်။

စတုသစ္စသမ္မာဒိဋ္ဌိ

စတုသစ္စသမ္မာဒိဋ္ဌိ

ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ? ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ (မ၊၁၊၈၈။)

သမ္မာဒိဋ္ဌိဟူ၍လည်းကောင်း, ပညိန္ဒြေ = ပညာဟူ၍လည်းကောင်း, အမောဟဟူ၍လည်းကောင်း, ဓမ္မဝိစယ ဟူ၍လည်းကောင်း ဤသို့ ပရိယာယ်အမျိုးမျိုးဖြင့် ခေါ်ဝေါ်သုံးစွဲထားသော တရားမှာ ပညိန္ဒြေစေတသိက်တစ်ခု တည်းသာဖြစ်၏။

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ကို သိသော ဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏။ ဤဒုက္ခသစ္စာတရားစုတွင် စျာန်တရားတို့လည်း ပါဝင်ကြ၏။

၂။ အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်၌ ဟောကြားထားတော်မူသည့်အတိုင်း ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်ပုံ အခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ် သည် သမုဒယသစ္စာကိုသိသော သမ္မာဒိဋ္ဌိ မည်၏။ ဤအပိုင်းတွင် ကံ-ကံ၏ အကျိုးကို ထွင်းဖောက်သိမြင်သော ကမ္မဿကတာသမ္မာဒိဋ္ဌိသည် ဒီဂရီအပြည့် ပါဝင်လျက် ရှိ၏။ အဆင့်အမြင့်ဆုံး ကမ္မဿကတာသမ္မာဒိဋ္ဌိတည်း။ သူများအပြောနှင့် လွမ်းနေရသည် မဟုတ်ဘဲ ကံ-ကံ၏ အကျိုးကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် နေသည့် အသိဉာဏ်ဖြစ်သည့် အတွက် အဆင့်အမြင့်ဆုံးဟု ဆိုခြင်း ဖြစ်၏။ ဆရာအပြောနှင့် လွမ်းနေရသော ကံ-ကံ၏ အကျိုးကို တတ်သိနားလည်မှုကား ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သလောက် အဆင့်မမြင့်ပေ။ အဆင့်မမြင့်ပင် မမြင့်သော်လည်း ပရမတ်ကို ဉာဏ်အမြင် မဆိုက်နိုင်သေးသည့် ပုထုဇန်လူသားတို့ အတွက်ကား ဆရာသ္မားတို့၏ ဆိုဆုံးမမှုကို အခြေတည်၍ အနုမာနဉာဏ်ဖြင့် မှန်းဆ၍ကား ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည်နိုင်၏၊ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်နိုင်၏။ ယင်းကမ္မဿကတာသမ္မာဒိဋ္ဌိကိုမျှ မသိလျှင်ကား သို့မဟုတ် မရှိလျှင်ကား ကောင်းမှုကုသိုလ်တစ်ခုကို ပြုရာ၌ ဉာဏ်မပါသည့် အလွန် အဆင့်နိမ့်ကျသည့် ကံမျိုး ဖြစ်တတ်၏။ ယင်းကံက အကျိုးပေးလျှင် ဉာဏ်နုံ့သူ ထိုင်း-သူ အ-သူ န-သူ မျိုး ဖြစ်တတ်၏။

၃။ သင်္ခါရတို့၏ ပျက်ခြင်းဘင်ကို ထိုးထွင်းသိသော ဝိပဿနာဉာဏ်သည်လည်းကောင်း, အစ္စန္တနိရောဓ အမည်ရသော သင်္ခါရတရားတို့၏ချုပ်ရာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် = နိရောဓသစ္စာတရားကို ထွင်းဖောက်သိမြင်သော အရိယမဂ်ဉာဏ်သည်လည်းကောင်း သမ္မာဒိဋ္ဌိ မည်၏။ (ဝိပဿနာဉာဏ်ကား လောကီ သမ္မာဒိဋ္ဌိ, အရိယမဂ်ဉာဏ်ကား လောကုတ္တရာသမ္မာဒိဋ္ဌိတည်း။) နိရောဓသစ္စာကို သိသော သမ္မာဒိဋ္ဌိတည်း။

၄။ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဟူသော လောကီမဂ္ဂသစ္စာ လောကုတ္တရာမဂ္ဂသစ္စာတရား တို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းသည်လည်း သမ္မာဒိဋ္ဌိ မည်၏။ သမ္မာဒိဋ္ဌိ မှန်သမျှတို့သည် ဤစတုသစ္စသမ္မာဒိဋ္ဌိ၌ အားလုံးအကျုံးဝင်လျက် ရှိ၏၊ ဤစတုသစ္စသမ္မာဒိဋ္ဌိကို ဦးတိုက်လျက် ရှိကြ၏။ သို့အတွက် တစ်နည်းအားဖြင့် သမ္မာဒိဋ္ဌိကို အောက်ပါအတိုင်းလည်း ခွဲခြားသတ်မှတ်နိုင်၏။

၁။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို တတ်သိနားလည်သော သမ္မာဒိဋ္ဌိ။

(က) ဆရာသမားတို့၏ ဆိုဆုံးမမှုဖြင့် အနုမာနဉာဏ်ဖြင့် မှန်းဆ၍ ယုံကြည်ထားသော ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊

( ခ ) ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ပစ္စက္ခဉာဏ်ဖြင့် ထွင်းဖောက်သိမြင်၍ ရရှိ လာသော ကမ္မဿကတာသမ္မာဒိဋ္ဌိ -

၂။ စျာနသမ္မာဒိဋ္ဌိ = စျာန်သမာဓိနှင့် ယှဉ်တွဲနေသော ဉာဏ်ဟူသော သမ္မာဒိဋ္ဌိ -

(ဒုက္ခသစ္စာကို သိသော ဉာဏ်တွင် အကျုံးဝင်၏။)

၃။ ဝိပဿနာသမ္မာဒိဋ္ဌိ = ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာကို ထိုးထွင်းသိမြင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာဒိဋ္ဌိ -

၄။ မဂ္ဂသမ္မာဒိဋ္ဌိ = အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ် -

၅။ ဖလသမ္မာဒိဋ္ဌိ = အရိယဖိုလ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ် -

အကြမ်းစားအားဖြင့် ဤသို့လည်း သမ္မာဒိဋ္ဌိ (၅)မျိုး ခွဲခြားနိုင်၏။ စတုသစ္စသမ္မာဒိဋ္ဌိ၌ အားလုံး အကျုံးဝင် လျက်ပင် ရှိ၏။ ဤသမ္မာဒိဋ္ဌိဉာဏ်များကို အမောဟ = ပညာဟု ဆိုကုန်၏။

ကောင်းမှုကုသိုလ်တစ်ခုကို ပြုရာ၌ အောက်ထစ်ဆုံးအားဖြင့် ဆရာသမားတို့၏ ဆိုဆုံးမမှုဖြင့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို တတ်သိနားလည်သော ကမ္မဿကတာသမ္မာဒိဋ္ဌိလောက်တော့ ရှိထားဖို့လို၏။ ယင်း သမ္မာဒိဋ္ဌိဉာဏ်မျိုးလောက်မှ မရှိလျှင် မှန်ကန်သော အယူကို ဖြောင့်မတ်စွာ စိတ်မထားတတ်လျှင် ပြုသမျှ ကုသိုလ် တို့ကား ဉာဏဝိပ္ပယုတ်ကုသိုလ်တို့သာ အဖြစ်များဖွယ်ရာ ရှိ၏။ ယင်းကုသိုလ်တို့က အကျိုးပေးဖို့ရန် အခါအခွင့် သင့်လျှင် လူဖျင်း လူအ လူနဘဝကို နလပိန်းတုံးဘဝကိုရောက်အောင် ပို့ဆောင်ပေးတော့မည် ဖြစ်၏။

အကယ်၍ စွမ်းနိုင်ပါမူကား နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို ကိုယ်တိုင်ရရှိ၍ ဖြစ်ပေါ် လာသော ကမ္မဿကတာသမ္မာဒိဋ္ဌိ ဉာဏ်အမြင်နှင့် ပြည့်စုံလျက် ယင်းဉာဏ်ကို ရှေးသွားပြု၍ ကောင်းမှုကုသိုလ်တစ်ခုကို ပြုစုပျိုးထောင်လျှင်ကား ပို၍ အဆင့်မြင့်သော ကံတစ်ခု ဖြစ်နိုင်၏။ ယင်းကံက အကျိုးပေးခဲ့သော် အကျိုးဖြစ်ရာ ဘဝ၌ ဉာဏ်ပညာကြီးမားသူ ဖြစ်နိုင်၏။

အကယ်၍ စျာနသမ္မာဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံလျှင်ကား ယင်းသမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော စျာန ကုသိုလ်စေတနာတို့က အဆင့်မြင့်သော ဗြဟ္မာဘဝကို ပို့ဆောင်ပေးနိုင်သည့် စွမ်းအားရှိ၏။ သေသည့်တိုင်အောင် စျာန်များ မလျောကျခဲ့လျှင် ဗြဟ္မာပြည်သို့ ရောက်ရှိနိုင်၏။

အကယ်၍ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်များ ခြံရံ၍ ကံတစ်ခုကို ပြုစုပျိုးထောင်နိုင်လျှင်ကား လူတွင် လူမြတ် နတ်ထက်နတ် ဖြစ်နိုင်၏။ သို့သော် ရုပ်နာမ်ကို --- ဤကျမ်း ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်းတို့၌ တင်ပြ ရေးသားထားသည့်အတိုင်း ပရမတ်သို့တိုင်အောင် ဉာဏ်အမြင်ဆိုက်ဖို့ကား လိုအပ်ပါသည်။ ထိုသို့ ပရမတ်သို့ တိုင်အောင် ဉာဏ်အမြင်ဆိုက်နေသော သူတော်ကောင်းတစ်ဦးက --- ဆွမ်းဒါန ကောင်းမှုကုသိုလ် တစ်ခုကို ပြုသော အခါဝယ် ---

၁။ အလှူပေးနေသော မိမိ၏သန္တာန်၌ တည်ရှိသော ရုပ်-နာမ်-ပရမတ်တရားတို့ကို သိမ်းဆည်းလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် ယင်း ရုပ်-နာမ်တို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလျက်လည်းကောင်း ---

၂။ အလှူခံပုဂ္ဂိုလ် များထိုထို၏ သန္တာန်၌ တည်ရှိသော ရုပ်-နာမ်-ပရမတ်တရားတို့ကိုလည်း ဗဟိဒ္ဓချင်း တူ ညီ၍ သာမန် ပေါင်းစုခြုံငုံလျက် သိမ်းဆည်းပြီးလျှင် ယင်း ရုပ်-နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလျက်လည်းကောင်း ---

၃။ လှူဖွယ်ဝတ္ထု အစုစုကို ဓာတ် (၄)ပါး စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ယင်းရုပ်ကလာပ်တို့ကား ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲဆင့်ကဲ ဖြစ်ပွားနေကြသော ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်တို့သာတည်း။ ယင်း ဩဇဋ္ဌမကရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးလျှင် ယင်းရုပ်တရားတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလျက်လည်းကောင်း ---

၄။ ပေးလှူကြောင်း ကုသိုလ်စေတနာဦးဆောင်သည့် မဟာကုသိုလ် မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ် တရားစုတို့ကိုလည်း သိမ်းဆည်း၍ ယင်းကုသိုလ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းလျက်လည်းကောင်း ---

ဤသို့သော ဝိပဿနာဉာဏ်များ ခြံရံလျက် ဒါနကောင်းမှု ကုသိုလ်တစ်ခုကို ပြုစုပျိုးထောင်ပါက ထိုဒါန ကံမှာ အဆင့်အတန်း အမြင့်မားဆုံးသော ဝိပဿနာဉာဏ်များ ခြံရံထားသဖြင့် ထိုဒါနကံမှာ အကျိုးပေးဖို့ရန် အခါအခွင့် သင့်၍ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေရာဝယ် ဝရဇိန်လက်နက် မိုးကြိုးစက်ပမာ အလွန်ထက်မြက် စူးရှသော ဉာဏ်ပညာနှင့် ပြည့်စုံရသူ ဖြစ်ရပေ၏။

ဉာဏ်ထက်မြက်ပုံ ပုံစံများကို ဘုရားရှင်သည် သောတာနုဂတသုတ္တန်တွင် ဟောကြားထားတော်မူ၏။ ပုံစံ တစ်ခုမှာ ဤသို့ ဖြစ်၏။

သော မုဋ္ဌဿတိ ကာလံ ကုရုမာနော အညတရံ ဒေဝနိကာယံ ဥပပဇ္ဇတိ၊ တဿ တတ္ထ သုခိနော ဓမ္မပဒါ ပ္လဝန္တိ၊ ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ၊ အထ သော သတ္တော ခိပ္ပံယေဝ ဝိသေသဂါမီ ဟောတိ။ (အံ၊၁၊၅၀၅။)

(ဆိုလိုရင်း) --- ရဟန်းတော်တစ်ပါးသည် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါသော် လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မဆိုက်ရောက်နိုင်ဘဲ ပုထုဇန်ဘဝဖြင့် ကွယ်လွန်သွားခဲ့သော် နတ်ပြည်လောက တစ်ခုခုသို့ ပဋိသန္ဓေအားဖြင့် (ဩပပါတိက ပဋိသန္ဓေအားဖြင့်) ကပ်ရောက်သွားရ၏။ ထိုနတ်ပြည် နတ်လောက၌ ချမ်းသာခြင်း သုခရှိသော ထိုနတ်သား၏ သန္တာန်ဝယ် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော ရုပ် နာမ် သင်္ခါရ = တရားပုဒ်အစုတို့သည် ပေါ်လွင်ထင်ရှား နေကြကုန်၏ (= ပေါလောကြီး ပေါ်နေကုန်၏။) ရဟန်းတို့ ယင်း ပရမတ္ထ တရားပုဒ်အစုတို့ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ရှိသော သတိ၏ ဖြစ်ပေါ်ခြင်းသည် (= သတိနှင့် ယှဉ်သော ဝိပဿနာဉာဏ်၏ ဖြစ်ပေါ်ခြင်းသည်) နုံ့နှေးလှသေး၏၊ အကယ်စင်စစ်မှာမူ ထိုနတ်သားသတ္တဝါသည် လျင်လျင်မြန်မြန်ကြီးသာလျှင် (မဂ်ဉာဏ်, ဖိုလ် ဉာဏ်) နိဗ္ဗာန်ဆိုသည့် တရားထူး တရားမြတ်ကြီးကို ရရှိနိုင်၏။ (အံ၊၁၊၅၀၅။)

ဤသည်မှာ အဆင့်အမြင့်မားဆုံးသော ဝိပဿနာဉာဏ်များ ခြံရံလျက် အဆင့်အမြင့်မားဆုံးသော ကံ များကို ပြုစုပျိုးထောင်နိုင်သဖြင့် ထိုကံများကြောင့် နိဗ္ဗာန်တိုင်အောင်သော တရားထူး တရားမြတ်တို့ကို ထွင်းဖောက် သိမြင်နိုင်သည့် အလွန်ထက်မြက်သော ဉာဏ်ပညာကို ရရှိပုံ သာဓကတည်း။

တဿ တေ ဓမ္မာ သောတာနုဂတာ ဟောန္တိ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ (အံ၊၁၊၅၀၅။)

ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)

ထိုနတ်သားကား လူဘဝတွင် ရဟန်းဘဝ၌ ရှိစဉ်က အင်္ဂါ (၉)တန်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ တရားတော်များကို သင်ယူ၍ နှုတ်တက်ရအောင်ဆောင်လျက် ပရမတ်တရားကိုယ် အနက်သဘောအားဖြင့် ရုပ်ပရမတ် နာမ်ပရမတ်တရားတို့ကိုလည်းကောင်း, ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကိုလည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခဲ့၏။ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်များကို ရရှိ ခဲ့၏။ သေခါနီး မရဏာသန္နဇောသို့တိုင်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ခဲ့၏။ ယင်းရဟန်း တော်၏ မရဏာသန္နဇောသည် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ, သို့မဟုတ် ဒုက္ခအခြင်းအရာ, သို့မဟုတ် အနတ္တ အခြင်းအရာကို အာရုံပြုနေ၏။ ယင်းရဟန်းဘဝ မရဏာသန္နဇော၏ အာရုံကိုပင် နတ်သားဘဝ၏ ပဋိသန္ဓေ ဘဝင် စုတိတို့က ဆက်ခံ၍ အာရုံပြုကြ၏။

အိမ်ရှင်ဘဝင်စိတ် ကိုယ်တိုင်က သင်္ခါရတရားတို့ကို အာရုံပြုနေသဖြင့် တစ်နည်းဆိုရသော် သင်္ခါရတရား တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့တွင် တစ်မျိုးမျိုးကို အာရုံပြုနေသဖြင့် ထိုတရားတော်ကို အစဉ်လျှောက်၍ အောက်မေ့တတ် သိမ်းဆည်းတတ်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ထိုနတ်သား၏ သန္တာန်ဝယ် ဖြစ်ပေါ်လာခဲ့သော် ထိုဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ၏ ဖြစ်ပေါ် ခြင်းကား နုံ့နှေးလှသေး၏၊ အကယ်စင်စစ်မှာမူ ထိုရဟန်း၏ အသိဉာဏ်၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြ ကုန်သော ရဟန်းဘဝက လေ့ကျက်ထားအပ်ကုန်သော တရားပုဒ်အစုတို့သည် --- ပသန္နေ အာဒါသေ ဆာယာ ဝိယ ပ္လဝန္တိ၊ ပါကဋာ ဟုတွာ ပညာယန္တိ။ (အံ၊ဋ္ဌ၊၂၊၃၆၅။)

= ကြေးမုံပြင်၌ အရိပ်ကဲ့သို့ ပေါလောပေါ်နေကြကုန်၏၊ ထင်ထင်ရှားရှား ဖြစ်ပေါ်လာကြကုန်၏။ ထိုကြောင့် တရားတော်ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ၏ ဖြစ်ပေါ် ခြင်းက နုံ့နှေး၍ နိဗ္ဗာန်ကို လျင်လျင်မြန်မြန်ကြီး ရရှိသွားခြင်း ဖြစ်ပေသည်။

သို့သော် ဤအပိုင်းတွင် သတိပြုသင့်သော အချက်ကား --- ပရမတ္ထရုပ်နာမ် အစစ်ကို မမြင်ပါဘဲလျက် ပါးစပ်က အနိစ္စ-ဒုက္ခ-အနတ္တဟု ဆိုရုံမျှဖြင့်ကား ဝိပဿနာဉာဏ် မဖြစ်ပါ။ မစစ် မမှန်သော ဝိပဿနာဉာဏ် အတုများ ခြံရံထားသော ကံတစ်ခုသည် ဝိပဿနာဉာဏ်အစစ်များ ခြံရံထားသည့် ကံတစ်ခုကဲ့သို့ ဉာဏ်ပညာ ကြီးမားသူအဆင့်သို့ ရောက်အောင် ပို့ဆောင်နိုင်လိမ့်မည်ကား မဟုတ်ပေ။ ဤအချက်ကိုကား သတိပြုသင့်လှ ပေ၏။

အမှတ် (၄) ပုဂ္ဂိုလ်မျိုး

အမှတ် (၄) ပုဂ္ဂိုလ်မျိုး

တထာ ယဿ ကမ္မာယူဟနက္ခဏေ တယောပိ လောဘဒေါသမောဟာ ဗလဝန္တော ဟောန္တိ၊ အလောဘာဒယော မန္ဒာ၊ သော ပုရိမနယေနေဝ လုဒ္ဓေါ စေဝ ဟောတိ ဒုဋ္ဌော စ မူဠှော စ။ (အဘိ၊ဋ္ဌ၊၁၊၃၀၈။)

တစ်ဖန် ပုဂ္ဂိုလ်တစ်ဦးသည် ကုသိုလ်ကံကို အားထုတ်ခဲ့စဉ် ခဏ၌ ပြုစုပျိုးထောင်ခဲ့စဉ် ခဏ၌ သူ၏ သန္တာန်ဝယ် လောဘ ဒေါသ မောဟ သုံးမျိုးလုံးတို့သည် အင်အားကြီးမားနေကြကုန်၏၊ အလောဘ အဒေါသ အမောဟ တို့ကား နုံ့ကုန်၏ အားနည်းကုန်၏ အားပျော့ကုန်၏။ ထိုကံက အကျိုးပေးဖို့ရန် အခါအခွင့် သင့်၍ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေရာဝယ် ထိုသူသည် ထိုဘဝ၌ အားနည်းနေသော အလောဘက အင်အားကြီးမားနေသော လောဘကို အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင်ရကား အလိုလောဘ ရမ္မက် ကြီးသူ ဖြစ်ရ၏။ အင်အားနည်းပါးလှသော အဒေါသကလည်း စွမ်းအားကြီးမားနေသော ဒေါသကို အနိုင်ယူ ဖို့ရန် ကုန်ခန်းစေရန် မစွမ်းနိုင်သဖြင့် ဒေါသကြီးသူ ဖြစ်ရပြန်၏။ အင်အားနည်းပါးလှသော အမောဟကလည်း စွမ်းအားကြီးမားနေသော မောဟကို အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင် ဖြစ်နေ၏။ သို့အတွက် မောဟ အားကြီးသူ လူဖျင်း လူအ လူန နလပိန်းတုံး ဖြစ်ရပြန်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၈။)

ချဲနံပါတ် ရလိုရငြားဖြင့် ချဲဂဏန်းပေးသည့် ပုဂ္ဂိုလ်အနားသို့ မျက်နှာငယ်ကလေးနှင့် ချဉ်းကပ်၍ လှူရ တန်းရမှု, ဗေဒင်ဆရာ၏ ညွှန်ကြားချက် အရ ယတြာချေသည့် သဘောဖြင့် ဘုရား၌ ပန်းသက်စေ့, ရှားမီး သက်စေ့, ရေသက်စေ့ လှူဒါန်းမှု, ဘိုးဘိုးကြီးက မစလိမ့်မည်ဟူသော ဦးတည်ချက် ယုံကြည်ချက်ဖြင့် ဘိုးဘိုး ကြီးအား ပူဇော်မှု --- စသည်တို့ကား လောဘ ဒေါသ မောဟ အားကောင်းပြီး အလောဘ အဒေါသ အမောဟ အင်အား နည်းပါးသော ကံများပင်တည်း။

စဉ်းစားပါ --- ရွှေတိဂုံစေတီတော်ကဲ့သို့သော တန်ခိုးကြီးမားတော်မူကြသည့် စေတီတော်များ၌ ရာဟု ထောင့် စနေထောင့်စသည့် ထိုအထောင့် အရပ်တို့၌ ရေသပ္ပါယ်ခံရန် သီတင်းသုံးနေတော်မူရသော ရုပ်ပွား ဆင်းတုတော်များကို သတိပြုကြည့်ပါ။ စနေ, တနင်္ဂနွေ ကဲ့သို့သော ရက်ကြီး အခါကြီးများ၌ သက်စေ့ ရေ သပ္ပါယ်ရန် လာရောက်ကြသူတို့ကား အလွန်များလှ၏၊ ထိုရေသပ္ပါယ်လိုသူတို့ အတွက် အမိုးအကာ မရှိသော နေရာတွင် ရုပ်ပွားတော်များမှာ နေပူမရှောင် မိုးရွာမရှောင် အမြဲတမ်းထိုင်၍ သီတင်းသုံးနေတော်မူရ၏။ အလှူ ရှင်တစ်ဦးက တစ်ဖန်ထပ်၍ ရေသက်စေ့ပူဇော်ပြီးလျှင် နောက်အလှူရှင်တစ်ဦးက တစ်ဖန်ထပ်၍ ရေသက်စေ့ ပူဇော်ပြန်၏၊ နောက်တစ်ယောက်ကလည်း အလားတူပင် ပူဇော်ပြန်၏။ ဤသို့လျှင် တစ်နေ့ပတ်လုံးလိုလို ရေ သက်စေ့ အပူဇော်ခံနေရ၏။

ဤအချက်ကို အသင်သူတော်ကောင်းသည် အလေးအနက် စဉ်းစားပါ။ မိမိတို့သည် ထိုကဲ့သို့ နေ့စဉ် တစ်နေ့လုံးလိုလို မိမိတို့ အိမ်၌ မိမိတို့ကိုယ်တိုင် ရေချိုးသလား မချိုးဖူးလားဟူသည်ကို စဉ်းစားပါ။ သက်တော် ထင်ရှား ဘုရားဟူသော အမှတ်ထားနိုင်ပါမှ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အာရုံယူနိုင်ပါမှ ထို ကောင်းမှုကုသိုလ်သည် အကျိုးကြီးမြတ်ဖွယ်ရာ ရှိ၏။ သက်တော်ထင်ရှားဘုရားဟု အမှတ်ထားနိုင်လျှင် တကယ် သက်တော်ထင်ရှား ဘုရားအပေါ်၌ ထိုကဲ့သို့ တစ်နေ့ပတ်လုံး ရေသက်စေ့ပူဇော်မှုကို ပြုသင့် မပြုသင့်ကိုပါ တစ်ဖန် ထပ်၍ စဉ်းစားပါ။

မိမိတို့၏ ယတြာချေမှုအပေါ်၌သာ ဦးစားပေး ဆောင်ရွက်နေသဖြင့် အလောဘဓာတ်ကလည်း အလွန် အားပျော့နေ၏၊ ဘုရားရှင်အပေါ်၌ ငဲ့ညှာမှု အဒေါသ = မေတ္တာဓာတ်ကလည်း အလွန်အားပျော့နေ၏၊ ဘုရား ဟောကို ကျောခိုင်းကာ ဗေဒင်ဆရာ၏ အဟောအပြောကိုသာ ယုံကြည်အားထားနေသဖြင့် အမောဟ ပညာဓာတ် ကလည်း အားပျော့နေ၏။ ထိုသို့ အားပျော့နေကြသော အလောဘ အဒေါသ အမောဟဓာတ်တို့က အနည်း အကျဉ်းသာ ခြံရံ၍ (မိမိတို့၏ ကျန်းမာမှု, ပစ္စည်းဥစ္စာတိုးတက်မှု, ရာထူးဌာနန္တရတိုးတက်မှုတို့ကိုသာ ဦးစား ပေးနေသော) အလွန်အားကောင်းသော လောဘ ဒေါသ မောဟတို့ကို ခြံရံထားလျက် ကံကို ပြုစုပျိုးထောင် လိုက်သည်ဖြစ်ရာ ထိုကံမျိုးက အကျိုးပေးခဲ့သော် ဘဝတစ်ခုဝယ် လောဘကြီးသူ ဒေါသကြီးသူ ဉာဏ်ပညာ နည်းပါးသူ လူဖျင်း လူအ လူနသာ ဖြစ်ရ၏။ အားပျော့နေကြသော စွမ်းအားနည်းပါးလွန်းလှသော အလောဘ အဒေါသ အမောဟတို့က စွမ်းအင်ပြည့်ဝနေသော လောဘ ဒေါသ မောဟတို့ကို အနိုင်ယူနိုင်ဖို့ရန် ကုန်ခန်းစေ နိုင်ဖို့ရန် မစွမ်းနိုင်သောကြောင့်ပင်တည်း။ သတိရှိစေ။

ကံတစ်ခုသည် ကံအရာတည်သွားပြီးပါမှ ထိုကံ၏ အကျိုးတရားမျိုးကို အလိုမရှိပါဟု ထိုင်၍ငိုနေသော်လည်း ရနိုင်တော့သည့် အရာကား မဟုတ်ပေ။ သို့သော် အရဟတ္တဖိုလ်ဆိုက်သည်တိုင်အောင် ဝိပဿနာ ကမ္မဋ္ဌာန်းကို အပတ်တကုတ် ကြိုးစားအားထုတ်နိုင်ပါလျှင်ကား အရဟတ္တမဂ်ဉာဏ်က ပရိနိဗ္ဗာနစုတိ၏ နောက် ဆွယ်တွင် အကျိုးပေးမည့် ကံအားလုံးကို အကြွင်းမဲ့ ပယ်သတ်လိမ့်မည်သာ ဖြစ်ပေသည်။

အမှတ် (၅) ပုဂ္ဂိုလ်မျိုး

အမှတ် (၅) ပုဂ္ဂိုလ်မျိုး

ယဿ ပန ကမ္မာယူဟနက္ခဏေ အလောဘဒေါသမောဟာ ဗလဝန္တော ဟောန္တိ၊ ဣတရေ မန္ဒာ၊ သော ပုရိမနယေနေဝ အပ္ပကိလေသော ဟောတိ ဒိဗ္ဗာရမ္မဏမ္ပိ ဒိသွာ နိစ္စလော၊ ဒုဋ္ဌော ပန ဟောတိ ဒန္ဓပညော စာတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၉။)

ပုဂ္ဂိုလ်တစ်ဦးသည် ကံကိုပြုစုပျိုးထောင်စဉ် ခဏ၌ သူ၏သန္တာန်ဝယ် အလောဘ ဒေါသ မောဟတို့သည် အားကောင်းကြကုန်၏၊ လောဘ အဒေါသ အမောဟတို့သည် နုံ့ကုန်၏။ စွမ်းအား ပျော့ကြကုန်၏။ ထိုကံက ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေရာဝယ် ထိုဘဝ၌ ထိုပုဂ္ဂိုလ်သည် နည်းပါးသော တွယ်တာတပ်မက်မှု ကိလေသာရှိ၏၊ နတ်၌ဖြစ်သော အာရုံကိုသော်မှလည်း တွေ့မြင်ရသည်ရှိသော် စိတ်ဓာတ် တုန်လှုပ်မှု မရှိ လှုပ်ရှားမှု မရှိ။ ထိုထို အာရုံ၌ မတွယ်တာ မတပ်မက်သည် အလောဘဓာတ်က ကံကို အားထုတ်ခဲ့စဉ်က အားကောင်းခဲ့သောကြောင့် ဖြစ်၏။ သို့သော် ဒေါသကား သိပ်ကြီး၏၊ ဉာဏ်ပညာကလည်း နုံ့ပြန်၏။ ဉာဏ် ပညာ ထုံထိုင်းသူ အသူ နသူ ဖြစ်နေပြန်၏။ ကံပြုခဲ့စဉ်က စွမ်းအင် ပျော့နေသော ညံ့နေသော အဒေါသ အမောဟတို့က ဒေါသ မောဟတို့ကို အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင်သောကြောင့် ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၉။)

အမှတ် (၆) ပုဂ္ဂိုလ်မျိုး

အမှတ် (၆) ပုဂ္ဂိုလ်မျိုး

ယဿ ပန ကမ္မာယူဟနက္ခဏေ အလောဘာဒေါသမောဟာ ဗလဝန္တော ဟောန္တိ၊ ဣတရေ မန္ဒာ၊ သော ပုရိမနယေနေဝ အလုဒ္ဓေါ စေဝ ဟောတိ သုခသီလကော စ၊ ဒန္ဓော ပန ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၉။)

ပုဂ္ဂိုလ်တစ်ဦးသည် ကံကို ပြုစုပျိုးထောင်ခဲ့စဉ် ခဏ၌ သူ၏သန္တာန်ဝယ် အလောဘ အဒေါသ မောဟ တို့ကား အားကောင်းကြကုန်၏၊ စွမ်းအား ကြီးမားကြကုန်၏။ လောဘ ဒေါသ အမောဟတို့ကား နုံ့ကုန်၏ အားပျော့ကုန်၏ ညံ့ကုန်၏။ ထိုကံက ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေရာဝယ် ထိုဘဝ၌ ထိုပုဂ္ဂိုလ် သည် အလိုလောဘရမ္မက် မကြီးသူလည်း ဖြစ်ရ၏၊ ဒေါသ မကြီးသူ မေတ္တာဓာတ် အားကြီးသူဖြစ်သဖြင့် စိတ် ချမ်းချမ်းသာသာ နေရလေ့ရှိ၏။ ကံကို ထူထောင်ခဲ့စဉ်က သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစု အပေါ်၌ တွယ်တာတပ်မက်မှု ထိုထို ဘုံဘဝကို တွယ်တာတပ်မက်မှု မရှိသဖြင့် အလောဘဓာတ်က အားကောင်းနေ၏၊ ထိုကံပြုစဉ်၌ မေတ္တာဓာတ်များက ထိုကံကို ခြံရံနေသဖြင့် အဒေါသဓာတ်ကလည်း အားကောင်းနေ၏။ ယင်း အလောဘဓာတ် အဒေါသဓာတ်တို့၏ စွမ်းအားကြောင့် လောဘမကြီးသူ ဒေါသမကြီးသူ = မေတ္တာဓာတ် ကြီးမားသူ ဖြစ်ရ၏။ သို့သော် ထိုကံပြုစဉ်က ဉာဏ်ပညာ မပါခဲ့သဖြင့် သို့မဟုတ် အားပျော့ခဲ့သဖြင့် ထိုအားပျော့ နေသော အမောဟဓာတ်က မောဟကို အနိုင်ယူဖို့ရန် ကုန်ခန်းစေဖို့ရန် မစွမ်းနိုင်ရကား ဉာဏ်ပညာနုံ့သူ ထုံ ထိုင်းသူ ဖြစ်ရပြန်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၉။)

အမှတ် (၇) ပုဂ္ဂိုလ်မျိုး

အမှတ် (၇) ပုဂ္ဂိုလ်မျိုး

တထာ ယဿ ကမ္မာယူဟနက္ခဏေ အလောဘဒေါသာမောဟာ ဗလဝန္တော ဟောန္တိ၊ ဣတရေ မန္ဒာ၊ သော ပုရိမနယေနေဝ အလုဒ္ဓေါ စေဝ ဟောတိ၊ ပညဝါ စ၊ ဒုဋ္ဌော စ ပန ဟောတိ ကောဓနော။ (အဘိ၊ဋ္ဌ၊၁၊၃၀၉။)

တစ်ဖန် ပုဂ္ဂိုလ်တစ်ဦးသည် ကံကို ပြုစုပျိုးထောင်ခဲ့စဉ် ခဏ၌ ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် အလောဘ ဒေါသ အမောဟတို့သည် အားကောင်းကြကုန်၏၊ စွမ်းအားကြီးမားကြကုန်၏။ လောဘ အဒေါသ မောဟ တို့သည် နုံ့ကုန်၏ အားပျော့ကုန်၏ ညံ့ကုန်၏။ ထိုကံက ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေသည် ရှိသော် ထိုပဋိသန္ဓေတည်နေရသော ဘဝ၌ ထိုပုဂ္ဂိုလ်သည် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့၏ အပေါ်၌ အလိုရမ္မက် လောဘမကြီးသူ တွယ်တာတပ်မက်မှု မကြီးသူလည်း ဖြစ်ရ၏၊ ဉာဏ်ပညာ ကြီးမားသူလည်း ဖြစ်ရ၏၊ ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က အလောဘဓာတ် အမောဟဓာတ်တို့ ခြံရံလျက် ကံကို ပြုစုပျိုးထောင်ခဲ့ သောကြောင့်ဖြစ်၏။ (ကောင်းမှုတစ်ခုကို ပြုခဲ့စဉ်က နိဗ္ဗာန်ကိုသာ ဆုတောင်းလျက် ဝိပဿနာဉာဏ်ကဲ့သို့သော အမောဟဓာတ်များ ခြံရံလျက် ပြုစုပျိုးထောင်ခဲ့သော ကံမျိုးတည်း။) သို့သော် ယင်းကံကို ထူထောင်ခဲ့စဉ်က မကျေနပ်မှု ပြစ်မှားမှု ဖျက်ဆီးလိုမှု ဒေါသဓာတ်များက အလွန်အားကောင်းခဲ့သဖြင့် တစ်နည်းဆိုရသော် စိတ် သိပ်တိုခဲ့သဖြင့် ယင်းအားကောင်းခဲ့သော ဒေါသဓာတ်ကို အားပျော့နေသော အဒေါသ = မေတ္တာဓာတ်က အနိုင် မယူနိုင်သဖြင့် မကုန်ခန်းစေနိုင်သဖြင့် ထိုကံက အကျိုးပေးသော ယခုကဲ့သို့သော ဘဝဝယ် သူတစ်ပါးကို ပျက်စီးအောင် ဖျက်ဆီးလိုသော စိတ်ထားလည်း ရှိလာ၏၊ (ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းပစ်လိုက်ချင်သကဲ့သို့ တစ်ဖက်သားအပေါ်၌ ချေမှုန်းပစ်လိုက်လိုသော စိတ်ဓာတ်မျိုးတည်း။) အမျက်ထွက်လေ့ရှိသူ စိတ်ဆိုး လေ့ရှိသူ စိတ်တိုလေ့ရှိသူ ဒေါသကြီးသူလည်း ဖြစ်ရပြန်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၉။)

အမှတ် (၈) ပုဂ္ဂိုလ်မျိုး

အမှတ် (၈) ပုဂ္ဂိုလ်မျိုး

ယဿ ပန ကမ္မာယူဟနက္ခဏေ တယောပိ အလောဘာဒယော ဗလဝန္တော ဟောန္တိ၊ လောဘာဒယော မန္ဒာ၊ သော မဟာသံဃရက္ခိတတ္ထေရော ဝိယ အလုဒ္ဓေါ အဒုဋ္ဌော ပညဝါ စ ဟောတီတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၉။)

တစ်ဖန် ပုဂ္ဂိုလ်တစ်ဦးသည် ဤလူ့ဘဝသို့ရောက်ကြောင်း ကောင်းမှုကုသိုလ်ကံကို ပြုစုပျိုးထောင်ခဲ့စဉ် ခဏ၌ ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် အလောဘ အဒေါသ အမောဟတို့သည် သုံးပါးလုံး အားကောင်းကြကုန်၏၊ စွမ်းအားကြီးမားကြကုန်၏။ လောဘ ဒေါသ မောဟ သုံးပါးလုံးတို့ကား နုံ့ကုန်၏ အားပျော့ကုန်၏ ညံ့ကုန်၏။ ထိုကံက ပဋိသန္ဓေကျိုးကို ပေးသည်၏အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေခဲ့သည်ရှိသော် ထိုပဋိသန္ဓေတည်နေရသော ဘဝ၌ ထိုပုဂ္ဂိုလ်သည် --- မဟာသံဃရက္ခိတမထေရ်မြတ်ကြီးကဲ့သို့ ---

၁။ သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ အလိုရမ္မက် လောဘမကြီးသူ တွယ်တာမက်မောမှု မကြီး သူလည်း ဖြစ်ရ၏။ (လွယ်လွယ်နှင့် စွန့်လွှတ်နိုင်သူဟု ဆိုလိုသည်။) (အလောဘ၏ စွမ်းအားတည်း။)

၂။ သတ္တဝါတို့ အပေါ်၌ မဖျက်ဆီးလိုသော စိတ်ထားရှိသူ ကြီးပွားစေလိုသော စိတ်ထားရှိသူ မေတ္တာဓာတ် ကြီးမားသူ ဖြစ်ရ၏၊ ဖော့ဖယောင်းကဲ့သို့ နူးညံ့ပျော့ပျောင်းသော စိတ်ထားရှိသူလည်း ဖြစ်ရ၏။

(အဒေါသ၏ စွမ်းအားတည်း။)

၃။ ဝရဇိန်လက်နက် မိုးကြိုးစက်ကဲ့သို့ အလွန်ထက်မြက်သော ဉာဏ်ပညာရှိသူ ဉာဏ်ပညာကြီးမားသူလည်း ဖြစ်ရ၏။ (ဝိပဿနာဉာဏ်စသည့် အမောဟဓာတ်၏ စွမ်းအားတည်း။)

ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က အလောဘ အဒေါသ အမောဟဓာတ်တို့၏ စွမ်းအားက အလွန်ကြီးမားခဲ့ သောကြောင့် ဖြစ်၏။ ဝိပဿနာဉာဏ်တို့ဖြင့် မိမိ၏ စိတ်အစဉ်ကို ထိန်းကွပ်နိုင်ခဲ့သောကြောင့် ဖြစ်၏။

ဤပုဂ္ဂိုလ်မျိုးတို့ကား နိဗ္ဗာန်တရားတော်မြတ်ကြီးကိုသာ လိုလားတောင့်တလျက်ရှိသော တွင်တွင်ကြီး ဆုတောင်းလျက် သံသရာဝဋ်ဒုက္ခမှ ကျွတ်လိုလွတ်လိုသော စိတ်ဓာတ်အပြည့်အဝဖြင့် မေတ္တာစျာန်ကို ဝင်စားလေ့ ရှိလျက် မေတ္တာစျာန်ကို အခြေခံ၍ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလေ့ရှိကြသည့် ပုဂ္ဂိုလ်မျိုးတို့တည်း။

အခွင့်ကောင်းကြီးတစ်ခု

အခွင့်ကောင်းကြီးတစ်ခု

ယခုအခါ အသင်သူတော်ကောင်းနှင့် တွေ့ကြုံနေရသော ဤသာသနာတော်မြတ်ကြီး၌ ---

၁။ သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ကျွတ်ရာ လွတ်ရာ ကျွတ်ကြောင်း လွတ်ကြောင်း ဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး တကယ်ထင်ရှားရှိ၏ဟုလည်း ကြားနာခွင့် သိရှိခွင့် ရှိနေ၏။

၂။ ထိုနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဟူသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို ကြားနာခွင့် သိရှိခွင့် ကျင့်နိုင်ခွင့်များလည်း ထင်ရှား ရှိနေ၏။

၃။ ထိုနိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တို့တွင် အင်္ဂါရပ်တစ်ခုအဖြစ် ပါဝင်သော အာနာပါနစျာန် မေတ္တာစျာန် စသော သမထကျင့်စဉ်တို့သည်လည်း ထင်ရှားရှိနေကြ၏။ အာနာပါနစျာန်ကို ဝင်စားနိုင်မှု မေတ္တာစျာန်ကို ဝင်စားနိုင်မှု စသော အခွင့်အလမ်းတို့သည်လည်း ပွင့်လန်းလျက်ပင် ရှိနေကြ၏။

၄။ ထိုအာနာပါနစျာန် မေတ္တာစျာန်တို့ကို အခြေခံ၍ ဝိပဿနာသို့ကူးပုံ ကျင့်စဉ်များလည်း အထင်အရှား ရှိနေကြ၏။ အသင် ယောဂီသူတော်ကောင်း ကိုယ်တိုင် ဝိပဿနာစခန်းသို့ တက်လှမ်းနိုင်သော အခွင့် အလမ်းကြီးများလည်း ပွင့်လန်းလျက်ပင် ရှိနေကြ၏။

သို့အတွက် ဤအခွင့်ကောင်းကြီးများကို လက်မလွတ်သွားအောင် မဟာသံဃရက္ခိတ မထေရ်မြတ်ကြီး ကဲ့သို့ လောဘမကြီးသူ ဖြစ်အောင် ဒေါသမကြီးသူ ဖြစ်အောင် ဉာဏ်ပညာကြီးမားသူ ဖြစ်အောင် ကြိုးစားဖို့ ကား အသင် သူတော်ကောင်း၏ တာဝန်သာ ဖြစ်ပေသည်။

ကြီးမားသော ဉာဏ်ပညာ

ကြီးမားသော ဉာဏ်ပညာ

ဤခန္ဓာအိမ်ကို ပရမာဏုမြူခန့် သို့မဟုတ် ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်သော ရုပ် ကလာပ်တို့ဖြင့် ဖွဲ့စည်း တည်ထောင်ထား၏၊ ယင်းရုပ်ကလာပ်တို့၌လည်း ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ ဟူသော အနည်းဆုံး ရုပ်ပရမတ် သဘောတရား (၈)မျိုးတို့ဖြင့် တည်ဆောက်ထား၏။ အချို့ရုပ်ကလာပ်တို့၌ ရုပ်ပရမတ် သဘောတရား (၉)မျိုး, အချို့ရုပ်ကလာပ်တို့၌ ရုပ်ပရမတ် သဘောတရား (၁၀)မျိုး --- ဤသို့စသည်ဖြင့် ရုပ်ပရမတ် သဘောတရားတို့ဖြင့် တည်ဆောက်ထား၏။ ဤသို့သော ရုပ်ပိုင်း ဆိုင်ရာ အဆိုအမိန့်တို့ကို လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀)ကျော်က သမ္မာသမ္ဗုဒ္ဓဘွဲ့ထူးကို ခံယူတော်မူခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်က ထုတ်ဖော်ဟောကြားတော်မူခဲ့၏။ ထိုရုပ်တရားတို့ကို သိရှိအောင် သာဝကတို့ သည် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ကျင့်ရမည်ဟု ကျင့်စဉ်ကိုလည်း ချမှတ်ပေးတော်မူခဲ့၏။ ထိုချမှတ်ပေး သည့်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူသဖြင့် ရုပ်ပရမတ်အစစ်ကို သိရှိခွင့် ရရှိသွားတော်မူ ကြသော အရှင်သာရိပုတ္တရာ အစရှိသော အရိယသာဝကတို့သည်လည်း ရေတွက်ခြင်း ဂဏန်းသင်္ချာ၏ အပိုင်း အခြားကိုပင် ကျော်လွှားသွားကြပေ၏။

ဤကဲ့သို့သော အသိဉာဏ်မျိုးသည် သာသနာတော်၏ ပြင်ပ၌ ရရှိနိုင်ပါသလား၊ --- ဤကဲ့သို့သော ရုပ် ပရမတ်သဘောတရားတို့ကို ဟောကြားပြသနိုင်သူ ကျင့်စဉ်ကိုလည်း ညွှန်ကြားပြသနိုင်သူ တစ်စုံတစ်ယောက် သည် သာသနာတော်၏ ပြင်ပ၌ ရှိနိုင်ပါသလား? --- အဖြေမှာ မရရှိနိုင် မရှိနိုင်ဟူ၍ ဖြစ်၏။ သို့အတွက် သာဝကတစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာ အသိဉာဏ်မျိုးကို ရရှိသည်ဆိုလျှင် ရုပ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သည်ဟု ဆိုလျှင် ထိုအသိဉာဏ်မျိုးကို ကြီးမားသော ဉာဏ်ပညာ --- ဟု မဆိုထိုက်ပြီလော?

တစ်ဖန် ဘုရားရှင်၏ နာမ်ပိုင်းဆိုင်ရာ ပညာပေးစနစ်များမှာလည်း မည်သည့် ဘာသာရေးဆရာ, မည် သည့် ဒဿနိကဆရာ, မည်သည့် သိပ္ပံဆရာမျှ မဟောကြားနိုင် မပြသနိုင်သော အရာများ ဖြစ်ကြ၏။ ဘုရား ရှင်၏ ညွှန်ကြားပြသတော်မူသည့်အတိုင်း ကျင့်ခြင်းဖြင့် သာဝကတစ်ဦးသည် ထိုနာမ်ပိုင်းဆိုင်ရာ အသိထူး ဉာဏ်ထူးတို့ကို ရရှိသည် ဖြစ်အံ့၊ နာမ်တုံး နာမ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သည် ဖြစ်အံ့ --- ထိုအသိဉာဏ်မှာလည်း ကြီးမားသော အသိဉာဏ်ဟုပင် ဆိုထိုက်လှပေ၏။

တစ်ဖန် ဘုရားရှင် ဟောကြားသွားတော်မူသော ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား များမှာလည်း မည်သည့် ဘာသာရေးကျမ်းတွင်မျှ, သာသနာ၏ ပြင်ပ ဖြစ်သော မည်သည့် ဒဿနိက ပညာရပ်၌မျှ ရှာဖွေ၍ မရနိုင်သော တရားတော်များပင် ဖြစ်ကြ၏။ ဘုရားရှင် ညွှန်ကြားတော်မူသည့်အတိုင်း ကျင့်ခြင်းဖြင့် သာဝကတစ်ဦးသည် ယင်းကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားကို ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခဲ့သည် ဖြစ်အံ့ --- ထိုဉာဏ်ပညာ မျိုးကိုလည်း ကြီးမားသော ဉာဏ်ပညာဟူ၍ ဆိုထိုက်လှပေ၏။

တစ်ဖန် ဘုရားရှင်သည် (၃၁)ဘုံ အဖွဲ့အစည်း ရှိ၏၊ ယင်း (၃၁)ဘုံ အဖွဲ့အစည်းကို စကြဝဠာတစ်ခု ခေါ်၏၊ စကြဝဠာပေါင်း အနန္တ ရှိ၏၊ ယင်းစကြဝဠာပေါင်း အနန္တရှိ (၃၁)ဘုံ အသီးအသီး၌ ---

၁။ ရုပ်တရား အစုအပုံသာ ရှိ၏၊ (အသညသတ်ဘုံကို ရည်သည်။)

၂။ နာမ်တရား အစုအပုံသာ ရှိ၏၊ (အရူပလေးဘုံကို ရည်သည်။)

၃။ ရုပ်နာမ် အစုအပုံသာ ရှိ၏၊ (ပဉ္စဝေါကာရဘုံကို ရည်သည်။)

၄။ အကြောင်းတရား အစုအပုံ အကျိုးတရား အစုအပုံသာ ရှိ၏။

၅။ ယင်း ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရတရား အစုအပုံတို့သည် ---

(က) ဖြစ်ပြီး ပျက်နေသည့် အနိစ္စတရားတို့သာ ဖြစ်ကြ၏၊

( ခ ) ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်တို့ဖြင့် အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်ခံနေရသည့် ဒုက္ခတရားတို့သာ ဖြစ် ကြ၏။

( ဂ ) အတ္တ မဟုတ်သည့် အနတ္တတရား အစုအပုံတို့သာ ဖြစ်ကြ၏။

ဤသို့ စသည်ဖြင့် ဝိပဿနာပိုင်းဆိုင်ရာ ပညာရပ်တို့ကိုလည်းကောင်း သိအောင် ကျင့်ရမည့် မဂ္ဂင် (၈) ပါး ကျင့်စဉ်တို့ကိုလည်းကောင်း ညွှန်ကြားပေးတော်မူခဲ့၏။ အကယ်၍ သာဝကတစ်ဦးသည် ဘုရားရှင် ညွှန်ကြားတော်မူသည့်အတိုင်း ကျင့်ခြင်းဖြင့် ယင်းဝိပဿနာပိုင်းဆိုင်ရာ အသိဉာဏ်တို့ကို ရရှိသည်ဖြစ်အံ့၊ ယင်း အသိဉာဏ်ပညာကိုလည်း ကြီးမားသော ဉာဏ်ပညာဟုပင် ဆိုထိုက်ပေ၏။ သာသနာတော်၏ ပြင်ပ၌ ရရှိနိုင်သော အသိဉာဏ်ပညာမျိုး မဟုတ်သောကြောင့် ဖြစ်၏။

နိဗ္ဗာန်ကို ထွင်းဖောက် သိမြင်နေသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကား သာဝကတစ်ဦးအဖို့ အထွတ်အထိပ် သို့ ရောက်ရှိသွားသော ဉာဏ်ပညာပင် ဖြစ်ပေသည်။

ဤကဲ့သို့သော ကြီးမားသော ဉာဏ်ပညာများ ခြံရံလျက် ကံတစ်ခုကို ပြုစုပျိုးထောင်ခဲ့သည် ဖြစ်အံ့၊ ထို ကံက အကျိုးပေးရာ ဘဝဝယ် ဉာဏ်ပညာကြီးမားသူ ဖြစ်ရခြင်းမှာ အံ့ဩဖွယ်ရာ အထူးအဆန်း မဟုတ်တော့ ပေ။ ကုသိုလ်ဓမ္မတို့၏ ဓမ္မတာဟုပင် ဆိုသင့်ပေတော့၏။

ဤသည်တို့ကား အသင်သူတော်ကောင်း၏ စိတ်ဓာတ် မြင့်မားရေးအတွက် ဗုဒ္ဓအဘိဓမ္မာ၏ ပညာပေး စနစ်များပင် ဖြစ်ကြပေသည်။

စိတ်ဓာတ်၏ စွမ်းအင်

စိတ်ဓာတ်၏ စွမ်းအင်

စိတ္တေန နီယတိ လောကော၊ စိတ္တေန ပရိကဿတိ။

စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ။

(သံ၊၁၊၃၆၊ စိတ္တသုတ္တန်။)

စိတ္တေန နီယတီတိ အဘိသင်္ခါရဝိညာဏံ သန္ဓာယာဟ၊ တဏှာသမ္ပယုတ္တံ ဝါ။ (မူလဋီ၊၁၊၆၈။)

ဘဝသစ်တစ်ခုကို ဖြစ်ပေါ်လာအောင် ပြုပြင်ဖန်တီးပေးသော ကုသိုလ်ဝိညာဏ် အကုသိုလ်ဝိညာဏ်များကို အဘိသင်္ခါရဝိညာဏ်ဟု ခေါ်၏။ အလောဘ အဒေါသ အမောဟတို့နှင့် ယှဉ်တွဲနေသော ဝိညာဏ်ကား ကုသိုလ် အဘိသင်္ခါရဝိညာဏ်တည်း။ လောဘဓာတ် (တဏှာ) ဒေါသဓာတ် မောဟဓာတ်တို့နှင့် ယှဉ်တွဲနေသော ဝိညာဏ် ကား အကုသိုလ် အဘိသင်္ခါရဝိညာဏ်တည်း။

အထက်ပါ စိတ္တသုတ္တန်ဂါထာ၌လာရှိသော စိတ်ဟူသည်မှာ ယင်းအဘိသင်္ခါရဝိညာဏ်ကိုပင် ဆိုလိုပေသည်။

အလောဘ အဒေါသ အမောဟတို့နှင့် ယှဉ်တွဲနေသော ကုသိုလ်အဘိသင်္ခါရဝိညာဏ် အမည်ရသော စိတ်ဓာတ်ကား သတ္တဝါတစ်ဦးကို နိဗ္ဗာန်ဆိုသည့် သံသရာ ထိုမှာဘက်ကမ်းသို့ ရောက်ရှိသည်တိုင်အောင် တစ်ဘဝထက် တစ်ဘဝ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက်မြင့် ရင့်သထက်ရင့် မြတ်သထက် မြတ်အောင် ဆွဲဆောင်သွားနိုင်သော စွမ်းအားရှိ၏။

အလားတူပင် လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ စသော ယုတ်ညံ့သည့် ဓာတ်တို့နှင့် ယှဉ်တွဲနေသော အကုသိုလ်အဘိသင်္ခါရဝိညာဏ် အမည်ရသော စိတ်ဓာတ်ကလည်း သတ္တဝါတစ်ဦးကို အဝီစိ ငရဲသို့ တိုင်အောင်ပင် တစ်ဘဝထက် တစ်ဘဝ တစ်ဆင့်ထက် တစ်ဆင့် နိမ့်သထက်နိမ့် ညံ့သထက်ညံ့ ဖျင်း သထက်ဖျင်း အ-သထက် အ, န-သထက် န အောင် ပြန်လည်၍ ဆွဲခေါ်သွားနိုင်သော စွမ်းအားရှိ၏။

ငါ ငါ တက်ကြွ၊ မာန်မာနနှင့်၊ လောဘ ဒေါသာ၊ အစဖြာသား၊ မိုက်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့၊၊ (လယ်တီဆရာတော်ဘုရား)

သံသရာတစ်ခွင်ဝယ် ကျင်လည်နေရသော သတ္တဝါအားလုံးတို့သည်ကား ကုသိုလ်အဘိသင်္ခါရဝိညာဏ် အကုသိုလ်အဘိသင်္ခါရဝိညာဏ် အမည်ရသော စိတ်ဟူသော တစ်ခုတည်းသော တရားဓမ္မ၏ အလိုနိုင်ငံသို့ လိုက်ပါ၍ နေကြရပေ၏။ (သံ၊၁၊၃၆၊ စိတ္တသုတ္တန်။)

မိမိတို့၏ စိတ်ကို ဤသို့ ဆင်ခြင်ပေးပါ

မိမိတို့၏ စိတ်ကို ဤသို့ ဆင်ခြင်ပေးပါ

တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။ ဂဒ္ဒုလဗဒ္ဓသုတ်)

= ရဟန်းတို့ ...ထိုကြောင့် ဤသာသနာတော်မြတ်အတွင်း၌ သင်တို့တစ်တွေသည် --- နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး ဤငါတို့၏ စိတ်သည် ရာဂကြောင့် ဒေါသကြောင့် မောဟကြောင့် ညစ်နွမ်း၍ နေရပေ၏။ဟူ၍ မိမိ၏စိတ်ကို မကြာခဏ အမြဲမပြတ် ဆင်ခြင်ပေးပါ။ ရဟန်းတို့ စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏ ပင်ပန်းကြရကုန်၏ ဆင်းရဲကြရကုန်၏၊ စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် ဖြူစင်သန့်ရှင်းကြရကုန်၏။ (သံ၊၂၊၁၂၃။)

ဤသို့ အမြဲမပြတ် မကြာခဏ ဆင်ခြင်စေလိုခြင်း၏ ရည်ရွယ်တော်မူချက်မှာ --- စိတ်ဓာတ် ဖြူစင်သန့် ရှင်းခြင်း၏ အကြောင်းရင်းစစ်ဖြစ်သော --- သမထဝိပဿနာ ဘာဝနာတို့ကို အပတ်တကုတ် ကြိုးစားအားထုတ် စေတော်မူလိုသော ရည်ရွယ်ချက်ပင် ဖြစ်သည်။ ဤသို့ အမြဲမပြတ် မကြာခဏ ဆင်ခြင်ခြင်းသည် စိတ်ဓာတ် ညစ်နွမ်းမှု အကုသိုလ်တရားတို့၏ အခြေစိုက်ရာ အာရုံဖြစ်ကြသည့် ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလိုသော စိတ်ဓာတ်များ တဖွားဖွားဖြစ်ပေါ်လာရေးအတွက် အလွန် အားကောင်းသော တွန်းအားကြီးတစ်ခုပင် ဖြစ်သည်။

စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးပါ

စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးပါ

ဤသို့ ဆင်ခြင်လျက် မိမိတို့၏ စိတ်ဓာတ်ကို မိမိတို့ကိုယ်တိုင် ပြုပြင်ပြောင်းလဲပေးပါ။

၁။ နိယမိတ --- ငါသည် ကုသိုလ်ကိုသာ ပြုလုပ်ရမည်ဟု သမထဝိပဿနာစသည် ထိုထို ကုသိုလ်ကို ပြုလုပ်ခြင်း၌ မိမိ၏ စိတ်ကို အမြဲသတ်မှတ်ထားပါ။

၂။ ပရိဏာမိတ --- လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ စသည့် အကုသိုလ်တရားဆိုးတို့ ဖြစ်ပေါ်လာခြင်းမှ စိတ်ကို ဆုတ်နစ်စေလျက် သမထ ဝိပဿနာစသည့် ကုသိုလ်တို့ကို ပြုလုပ်ခြင်း၌ သာလျှင် မိမိ၏ စိတ်ကို အမြဲတမ်း ညွတ်ကိုင်းရှိုင်းထားပါ။

၃။ သမုဒါစာရ --- ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသော ကုသိုလ်တရားတို့ကို အမြဲမပြတ် ပြုလုပ် ခြင်းဖြင့် ကုသိုလ်တရားတို့၌သာလျှင် မိမိ၏စိတ်ကို အလေ့အကျင့်များအောင် ပြုလုပ်ပေးပါ။

၄။ အာဘုဇိတ ---

(က) သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သည့် ပတိရူပဒေသအရပ်၌သာ နေထိုင်ပါ။

( ခ ) သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ပါ။

( ဂ ) သူတော်ကောင်းတရားကို နာကြားပါ။

(ဃ) အရိယမဂ်၏ ေ့ရှအဖို့၌ ဖြည့်ကျင့်ရမည့် ငါးပါးသီလမှစ၍ ကျင့်ဝတ် ပဋိပတ်ဟူသမျှကို ဖြည့်ကျင့်ပါ။

( င ) အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိကြကုန်သော ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသုဘဟု တွင်တွင်ကြီး ရှုနေပါ။ နှလုံးသွင်းနေပါ။ ဤသို့ နှလုံးသွင်းနေပါက မည်သည့် ဣဋ္ဌာရုံနှင့်ပင် တွေ့ကြုံရသည်ဖြစ်စေ၊ မည်သည့် အနိဋ္ဌာရုံနှင့်ပင် တွေ့ကြုံရသည် ဖြစ်စေ တုန်လှုပ်မှု မရှိဘဲ ကုသိုလ်သာ အမြဲတမ်း ဖြစ်နေ တော့မည် ဖြစ်ပေသည်။

ဤသို့လျှင် မိမိ၏ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲ၍ ပေးပါ။ ဤသို့ ပြုပြင်ပြောင်းလဲပေးပါက အသင် သူတော်ကောင်း၏ စိတ်ဓာတ်သည် တဖြည်းဖြည်း ဖြူစင်သန့်ရှင်းလာမည်သာ ဖြစ်ပေသည်။ တစ်စ တစ်စ ဖြူစင်သန့်ရှင်းလာသော ထိုစိတ်ဓာတ်က အသင်သူတော်ကောင်း၏ ဘဝကို တစ်ဘဝထက် တစ်ဘဝ တစ်ဆင့် ထက်တစ်ဆင့် မြင့်သထက်မြင့် မြတ်သထက်မြတ် နတ်ထက်နတ် ဗြဟ္မာထက်ဗြဟ္မာ ဖြစ်အောင် မြှင့်တင်ပေး မည်သာ ဖြစ်ပေသည်။ အကယ်၍ အသင်သူတော်ကောင်း၏ စိတ်ဓာတ်သည် အရဟတ္တမဂ်ရေစင်ဖြင့် ဖြူစင် အောင် အပြီးတိုင် ဆေးကြောသုတ်သင်နိုင်သော အဆင့်သို့ ရောက်ရှိသွားသဖြင့် စိတ်ဓာတ်သည် လုံးလုံးကြီး သန့်ရှင်းဖြူစင်သွားပါက သံသရာဝဋ်ဒုက္ခ မီးပုံကြီးလည်း အပြီးတိုင် အငြိမ်းကြီး ငြိမ်းသွားပြီးသာ ဖြစ်ပေသည်။

အကယ်၍ ထိုကဲ့သို့ စိတ်ဓာတ်ကို မြင့်မားအောင် မြှင့်တင်မပေးဘဲ မိမွေးတိုင်း ဖမွေးတိုင်း ဗိုလ်နေမြဲ ကျားနေမြဲအတိုင်းသာ မိမိတို့၏ စိတ်ကို လွှတ်ထားလိုက်ပါက, လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ အစရှိသော တရားဆိုးတို့ကို ဖြစ်မြဲတိုင်းသာ ဖြစ်နေစေပါက မိမိတို့၏ စိတ်ဓာတ်များသည် ဖြူစင် သန့်ရှင်းမလာဘဲ ညစ်နွမ်းမြဲသာ ညစ်နွမ်းနေမည် ဖြစ်၏။ ထိုညစ်နွမ်းနေသော စိတ်ဓာတ်ကို အချိန်မီ နှိပ်ကွပ် မပေးပါက စိတ်အစဉ်တွင် ထကြွသောင်းကျန်းနေသည့် ပရိယုဋ္ဌာနကိလေသာ အဆင့်တွင် ရပ်တည်မနေတော့ဘဲ တွယ်တာမက်မောမှုတွေက, သို့မဟုတ် မကျေနပ်ချက်တွေက အားကောင်းလာသဖြင့် ပေါက်ကွဲလာသည့်အခါ ပြောမှား ဆိုမှား ပြုမှားတတ်သည့် ဝီတိက္ကမကိလေသာ အဆင့်သို့အထိ ရောက်ရှိသွားနိုင်၏။ သီလများလည်း ကျိုးပေါက်သွားကြပြီ ဖြစ်၏။ မစင်ကြယ်သော သီလ၌ ရပ်တည်၍ ပြုလုပ်နေသော အသင်သူတော်ကောင်း၏ ဒါန စသော ကောင်းမှုကုသိုလ်တို့သည်လည်း အလွန်အဆင့်အတန်း နိမ့်ကျသွားသော ကောင်းမှုတို့သာ ဖြစ်ကြ ပေတော့အံ့။ သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ ပြုစုပျိုးထောင်ထားအပ်သော ဒါန၏ စွမ်းအားကား ဤသို့ရှိ၏။

ဒါနဥှိ လောကေ သက္ကသမ္ပတ္တိံ ဒေတိ မာရသမ္ပတ္တိံ ဗြဟ္မသမ္ပတ္တိံ စက္ကဝတ္တိသမ္ပတ္တိံ သာဝကပါရမီဉာဏံ ပစ္စေကဗောဓိဉာဏံ အဘိသမ္ဗောဓိဉာဏံ ဒေတိ။ (အံ၊ဋ္ဌ၊၃၊၂၁၃။)

= လောက၌ ဒါနသည် သိကြားနတ်မင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်းနိုင်၏၊ မာရ်မင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်းနိုင်၏၊ ဗြဟ္မာမင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်းနိုင်၏၊ စကြဝတေးမင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်း နိုင်၏၊ သာဝကပါရမီဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏၊ ပစ္စေကဗောဓိဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏၊ အဘိသမ္ဗောဓိ ဉာဏ် = သဗ္ဗညုတဉာဏ် အထွဋ်တပ်ထားသော အရဟတ္တမဂ်ဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏။ (အံ၊ဋ္ဌ၊၃၊၂၁၃။)

သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ ကြဲချစိုက်ပျိုးလိုက်သော ဒါနသည် ဒါနရှင်ဘက်က လူမင်း စည်းစိမ် နတ်မင်းစည်းစိမ် ဗြဟ္မာမင်းစည်းစိမ် စကြဝတေးမင်းစည်းစိမ်တို့ကို လိုလားတောင့်တခဲ့လျှင်လည်း ထိုဒါနစေတနာက ယင်းစည်းစိမ် အရပ်ရပ်တို့ကို ပေးနိုင်သော စွမ်းအား အပြည့်အဝ ရှိသည်သာ ဖြစ်၏။ တစ် ချိန် ယင်းဒါနကံက အကျိုးပေးဖို့ရန် အခါအခွင့်သင့်၍ ရင့်ကျက်လာပါက ထိုအလှူရှင်သည် ထိုအကျိုးတရား တို့ကို ရရှိမည်သာ ဖြစ်သည်။ အကယ်၍ အလှူရှင်က အဂ္ဂသာဝကဗောဓိဉာဏ် မဟာသာဝကဗောဓိဉာဏ် ပကတိသာဝကဗောဓိဉာဏ် ဟူသော ဗောဓိဉာဏ်တစ်ခုခုကို လိုလားတောင့်တခဲ့လျှင် ရရှိနိုင်သည်သာ ဖြစ်၏၊ အကယ်၍ ပစ္စေကဗောဓိဉာဏ်ကို လိုလားတောင့်တခဲ့လျှင် ထိုဒါနက ပစ္စေကဗောဓိဉာဏ်ကို ရသည်တိုင်အောင် ကျေးဇူးပြုပေးမည်သာ ဖြစ်၏၊ အကယ်၍ သုမေဓာရှင်ရသေ့တို့ကဲ့သို့ ဝေဿန္တရာမင်းကြီးတို့ကဲ့သို့ သဗ္ဗညုတ ဉာဏ် = သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကို လိုလားတောင့်တခဲ့လျှင်လည်း ထိုဒါနက သဗ္ဗညုတဉာဏ် = သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကိုလည်း ရရှိအောင် ကျေးဇူးပြုပေးနိုင်သည်သာ ဖြစ်သည်။ ပါရမီ (၁၀)ပါး တို့တွင် ဒါနသည်လည်း ပါရမီ အစိတ်အပိုင်းတစ်ခု အဖြစ်ဖြင့် ပါဝင်လျက်ပင် ရှိ၏။ ဒါန၏ စွမ်းအားကား ကြီး မားလှ၏။

တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။ ဒါနူပပတ္တိသုတ်။)

ဤမျှ စွမ်းအားကြီးမားလှသော ဒါနက ထိုသို့ အဆင့်အတန်း အလွန်မြင့်မားသော အကျိုးတို့ကို ပေးနိုင် ခြင်း ဖြစ်စေနိုင်ခြင်းဟူသော ထိုသဘောတရားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အားသာလျှင် ငါဘုရား ဟောကြားတော်မူ၏၊ သီလမရှိသော ပုဂ္ဂိုလ်အား ရနိုင်၏ဟု ငါဘုရား မဟောကြားပေ။ ရဟန်းတို့ ...သီလရှိသော ပုဂ္ဂိုလ်အား သီလစင်ကြယ်နေသည့် အတွက်ကြောင့် စိတ်ဓာတ် ဖြူစင်သန့်ရှင်းနေသည့် အတွက်ကြောင့် စိတ်၏ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံတတ်ပေ၏။ (အံ၊၃၊၇၁။)

ဗြဟ္မာမင်းစည်းစိမ်ကို ရရှိစေနိုင်ပုံ

ဗြဟ္မာမင်းစည်းစိမ်ကို ရရှိစေနိုင်ပုံ

ဤနေရာတွင် ဒါနက ဗြဟ္မာမင်းစည်းစိမ်ကိုသော်လည်း ပေးနိုင်ပုံနှင့် ပတ်သက်၍ ဤသို့ လာရှိ၏။

တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။ ဝီတရာဂဿ၊ နော သရာဂဿ။ (အံ၊၃၊၇၂။)

ဝီတရာဂဿာတိ မဂ္ဂေန ဝါ သမုစ္ဆိန္နရာဂဿ သမာပတ္တိယာ ဝါ ဝိက္ခမ္ဘိတရာဂဿ။ ဒါနမတ္တေနေဝ ဟိ ဗြဟ္မလောကေ နိဗ္ဗတ္တိတုံ န သက္ကာ၊ ဒါနံ ပန သမာဓိဝိပဿနာစိတ္တဿ အလင်္ကာရပရိဝါရံ ဟောတိ။ တတော ဒါနေန မုဒုစိတ္တော ဗြဟ္မဝိဟာရေ ဘာဝေတွာ ဗြဟ္မလောကေ နိဗ္ဗတ္တတိ။ တေန ဝုတ္တံ ဝီတရာဂဿ၊ နော သရာဂဿာတိ။ (အံ၊ဋ္ဌ၊၃၊၂၃၀။)

အနာဂါမ် အရိယာသူတော်ကောင်းသည် အနာဂါမိမဂ်ဉာဏ်ဖြင့် ကာမ (၁၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့၏ အပေါ်၌ တွယ်တာတပ်မက်သည့် ကာမရာဂကို အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်နိုင်၏။ သမုစ္ဆေဒပဟာန်တည်း။ သီလရှိသော ပုထုဇန်သူတော်ကောင်းနှင့် သောတာပန် သကဒါဂါမ် အရိယာသူတော်ကောင်းတို့ကား ယင်းကာမရာဂကို စျာန်သမာပတ်၏ စွမ်းအားဖြင့် ခပ်ကြာကြာ ခွာထားနိုင်၏ = ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်စွန့်ထားနိုင်၏။

ယင်းသို့ သီလရှိသော သမုစ္ဆေဒပဟာန် ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကင်းပြီးသော ပုဂ္ဂိုလ်အားသာလျှင် ဒါန က ဗြဟ္မာမင်းစည်းစိမ်ကို ရရှိနိုင်ကြောင်းကို ဘုရားဟောကြားတော်မူခြင်းဖြစ်၏။ ယင်းသို့ ရာဂကင်း၍ သီလ ရှိသော ပုဂ္ဂိုလ်၏ သီလစင်ကြယ်နေသည့် အတွက်ကြောင့် စိတ်ဓာတ် ဖြူစင်သန့်ရှင်းနေသည့် အတွက်ကြောင့် စိတ်၏ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံသွားခြင်း ဖြစ်၏။ ဆိုလိုသည်မှာ --- ဒါန သက်သက်မျှ ဖြင့်ကား ဗြဟ္မာ့ပြည်၌ ဖြစ်ဖို့ရန် မစွမ်းနိုင်၊ သို့သော် ဒါနသည် သမာဓိ အမည်ရသော သမထ ဘာဝနာစိတ်နှင့် ဝိပဿနာ ဘာဝနာစိတ်၏ အဆင်တန်ဆာ အခြံအရံကား ဖြစ်နိုင်၏။ ထိုကြောင့် ဒါနတစ်ခုကို ပြုလုပ်ခြင်းဖြင့် ဒါနကြောင့် စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာသော သူတော်ကောင်းသည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူကုန်သော ဗြဟ္မဝိဟာရ = ဗြဟ္မစိုရ်တရား (၄)ပါးတို့ကို ဖြစ်စေနိုင်ခဲ့သော် ယင်းစျာန်တရားက ဝိက္ခမ္ဘနအားဖြင့် ရာဂ စသော နီဝရဏ အညစ်အကြေးတို့ကို ခွါနိုင် ပယ်နိုင်၏၊ ရာဂကင်းနေသော ယင်းဗြဟ္မဝိဟာရစျာန်တို့ကို ဖြစ်စေနိုင်သောကြောင့် ဗြဟ္မာပြည်၌ ဖြစ်ရ၏၊ ထိုကြောင့် ရာဂကင်းသော ပုဂ္ဂိုလ်အားသာလျှင် ငါဘုရားသည် ဗြဟ္မာ့ပြည်သို့ ရောက်နိုင်ကြောင်း ဟောကြားတော်မူ၏။ ရာဂမကင်းသော ပုဂ္ဂိုလ်အား ရောက်နိုင်၏ဟု ငါဘုရား မဟောကြားပေ --- ဟု ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။ (အံ၊ဋ္ဌ၊၃၊၂၃၀။)

ဤမျှ စွမ်းအားကြီးမားနေသော ဒါနသည် သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ မကြဲချ မစိုက်ပျိုး နိုင်ပါမူကား အလွန် အဆင့်အတန်း မြင့်မားသော အကျိုးတရားတို့ကို မပေးစွမ်းနိုင်တော့ဘဲ အလွန် အဆင့် နိမ့်သော အကျိုးတရားတို့ကိုသာ ပေးစွမ်းနိုင်တော့မည် ဖြစ်၏။ --- ဤအကြောင်းအရာကို အောက်ပါ ဇာဏုသောဏိ သုတ္တန်တွင် ဖတ်ရှုကြည့်ပါ။

ဇာဏုသောဏိသုတ္တန်

ဇာဏုသောဏိသုတ္တန်

ထိုအခါ ဗိမ္ဗိသာရမင်းကြီး၏ ပုရောဟိတ်ဆရာကြီးဖြစ်သော ဇာဏုသောဏိ ပုဏ္ဏားကြီးသည် မြတ်စွာ ဘုရား၏ အထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် သင့်တင့်လျောက်ပတ်သော တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤသို့ လျှောက်ထား၏။

အရှင်ဂေါတမ ...တပည့်တော်တို့ ပုဏ္ဏားတို့ မည်သည်ကား --- ဤအလှူသည် ကွယ်လွန်သွားကြ သော ဆွေမျိုးသားချင်းတို့ထံသို့ ရောက်ရှိပါစေ၊ ဤအလှူကို ကွယ်လွန်သွားကြကုန်သော ဆွေမျိုးသားချင်းတို့ သည် သုံးဆောင်ကြပါစေဟု ရည်ရွယ်၍ အလှူဒါနတို့ကို ပေးလှူကြပါကုန်၏။ သေသူကို ရည်စူး၍ ပြုလုပ် အပ်သော ကုဗ္ဘီးထမင်းကို ပြုလုပ်ကြပါကုန်၏။ အရှင်ဂေါတမ ...အသို့ပါနည်း --- ထိုအလှူသည် ကွယ်လွန် သွားကြကုန်သော ဆွေမျိုးသားချင်းတို့ထံသို့ ရောက်ရှိသွားပါသလော၊ အသို့ပါနည်း၊ ထိုကွယ်လွန်သွားကြကုန် သော ဆွေမျိုးသားချင်းတို့သည် ထိုအလှူကို သုံးဆောင်ကြရပါကုန်သလော --- ဟု ဤသို့ လျှောက်ထား၏။

ဒါယကာတော်ပုဏ္ဏား ရောက်သင့်သော အရပ်၌ ရောက်၏၊ မရောက်သင့်သော အရပ်၌ မရောက်နိုင်- ဤသို့ ဘုရားရှင်က မိန့်ကြားတော်မူလိုက်၏။

အရှင်ဂေါတမ ...

၁။ ရောက်သင့်သော အရပ်ဟူသည် အဘယ်ပါနည်း၊

၂။ မရောက်သင့်သော အရပ်ဟူသည် အဘယ်ပါနည်း။ ---

ဤသို့ မေးပြန်၏။

၁။ ဒါယကာတော်ပုဏ္ဏား ... ဤလူ့လောက၌ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ အမှားမှား အယွင်းယွင်း ပြုကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ပြောဆိုလေ့ရှိ၏၊ ကုန်းတိုက်စကား ပြောကြားလေ့ရှိ၏၊ ရုန့်ရင်းကြမ်းတမ်းသော စကား ရှိ၏၊ ပြိန်ဖျင်းသော စကား ရှိ၏၊ သူတစ် ပါးတို့၏ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ မတော်လောဘ အဘိဇ္ဈာတရား များပြားလျက် ရှိ၏၊ သတ္တဝါသင်္ခါရတို့ကို ဖျက်ဆီးလိုသော စိတ်ဓာတ် ရှိ၏၊ မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ ရှိ၏။ ထိုသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ငရဲသို့ ရောက်ရှိရ၏၊ ထိုသူသည် ငရဲသားသတ္တဝါ၏ အစာ အာဟာရဖြင့် ငရဲ၌ မျှတရ၏၊ ထိုအစာအာဟာရဖြင့် ထိုသူသည် ထိုငရဲ၌ တည်နေရ၏။ ဒါယကာတော်ပုဏ္ဏား ဤသည်လည်း ရောက်သင့်သည့် အရပ် မဟုတ်သေး၊ ယင်းငရဲ၌ တည်သူအား ထိုဒါနသည် မရောက်ရှိနိုင်။

[နေရယိကာနံ အာဟာရော နာမ တတ္ထ နိဗ္ဗတ္တနကမ္မမေဝ။ တေနေဝ ဟိ တေ တတ္ထ ယာပေန္တိ။ (အံ၊ဋ္ဌ၊ ၃၊၃၃၈။) = ငရဲသားတို့၏ အာဟာရ မည်သည်ကား ထိုငရဲ၌ ဖြစ်စေတတ်သော စေတနာကံဟူသော ကမ္မ အာဟာရပင်တည်း။ ထိုကမ္မအာဟာရဖြင့်ပင် ထိုငရဲသားတို့သည် ထိုငရဲ၌ မျှတကြရကုန်၏။]

၂။ ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏။ ပ ။ မှား ယွင်းသော မိစ္ဆာဒိဋ္ဌိအမြင် ရှိ၏။ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ တိရစ္ဆာန်မျိုးသို့ ရောက်ရ၏၊ ထိုသူသည် တိရစ္ဆာန်မျိုး၌ ဖြစ်သည့် သတ္တဝါတို့၏ အစာဖြင့် ထိုတိရစ္ဆာန်မျိုး၌ မျှတရ၏။ ထို အစာဖြင့် ထိုသတ္တဝါသည် ထိုတိရစ္ဆာန်မျိုး၌ တည်ရ၏။ ဒါယကာတော်ပုဏ္ဏား ...ဤသည်လည်း ရောက် သင့်သော အရပ် မဟုတ်သေး၊ ထိုတိရစ္ဆာန်မျိုး၌ တည်သူ၏ အထံသို့ ထိုဒါနသည် မရောက်ရှိနိုင်။

[တိရစ္ဆာနယောနိကာနံ ပန တိဏပဏ္ဏာဒိဝသေန အာဟာရော ဝေဒိတဗ္ဗော၊ (သံ၊ဋ္ဌ၊၃၊၃၃၈။) = တိရစ္ဆာန်တို့၏ အစာအာဟာရကား မြက် သစ်ရွက် စသည်တို့ပင် ဖြစ်ကြသည်။]

၃။ ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ အချို့သောသူသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ အမှားမှား အယွင်းယွင်း ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ် မမှန် ပြောကြားခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းတိုက်စကားမှ ရှောင်ကြဉ်၏၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏။ သူတစ်ပါးစည်းစိမ်တို့၌ မတော်လောဘဖြစ်ခြင်း အဘိဇ္ဈာ မများ၊ သတ္တဝါ သင်္ခါရတို့ကို မဖျက်ဆီးလိုသော စိတ်ဓာတ်ရှိ၏၊ မှန်ကန်သော သမ္မာဒိဋ္ဌိ အယူရှိ၏။ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ လူတို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ရှိ၏။ ထိုသူ သည် ထိုလူတို့၏ အစာဖြင့် ထိုလူ့ဘုံ၌ မျှတရ၏၊ ထိုအစာဖြင့် ထိုသူသည် ထိုဘုံ၌ တည်ရ၏၊ ဒါယကာတော် ပုဏ္ဏား ...ဤသည်လည်း ရောက်သင့်သော အရပ် မဟုတ်သေး၊ ယင်းလူ့ဘုံ၌ တည်သူအား ထိုဒါနသည် မရောက်ရှိနိုင်။

၄။ ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ် ၏။ ပ ။ မှန်ကန်သော သမ္မာဒိဋ္ဌိအယူ ရှိ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရှိသွား၏။ ထိုသူသည် နတ်တို့၏ နတ်သုဓာဩဇာ စသော အစာဖြင့် ထိုနတ်ဘုံ၌ မျှတရ၏။ ထိုအစာဖြင့် ထိုသူသည် ထိုနတ်ဘုံ၌ တည်ရ၏။ ဒါယကာတော်ပုဏ္ဏား ...ဤသည် လည်း ရောက်သင့်သော အရပ် မဟုတ်သေး၊ ယင်းနတ်ဘုံ၌ တည်သူအား ထိုဒါနသည် မရောက်။

၅။ ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏။ ပ ။ မှား ယွင်းသော မိစ္ဆာဒိဋ္ဌိအမြင် ရှိ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ပြိတ္တာဘုံသို့ ရောက်ရှိသွား၏။ ထိုသူသည် ပြိတ္တာဘုံသား ဖြစ်ကြသည့် သတ္တဝါတို့၏ အစာဖြင့် ထိုပြိတ္တာဘုံ၌ မျှတရ၏၊ ထိုအစာဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ တည်နေရ၏။ သို့မဟုတ် ကွယ်လွန်သူ ထိုသူ့အတွက် ရည်ညွှန်း၍ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့ကသော်လည်းကောင်း, ဆွေမျိုးသားချင်းတို့ကသော်လည်းကောင်း ပေးလှူ အပ်သော ဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ မျှတရ၏၊ ထိုဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ တည်နေ ရ၏၊ ဒါယကာတော်ပုဏ္ဏား ...ဤသည်ကား ရောက်သင့်သော အရပ်တည်း။ ယင်းပြိတ္တာဘုံ၌ တည်သူအား ထိုဒါနသည် ရောက်ရှိပေ၏။ ဤသို့ ဘုရားရှင်က မိန့်ကြားတော်မူ၏။

[ပေတ္တိဝေသယိကာနံ ခေဠသိင်္ဃာဏိကာဒိဝသေန။ ယံ ဝါ ပနဿ ဣတော အနုပ္ပဝေစ္ဆန္တီတိ ယံ တဿ မိတ္တာဒယော ဣတော ဒဒန္တာ အနုပဝေသေန္တိ၊ ပေတ္တိဝေသယိကာ ဧဝ ဟိ ပရဒတ္တူပဇီဝိနော ဟောန္တိ၊ န အညေသံ ပရေဟိ ဒိန္နံ ဥပကပ္ပတိ။ (အံ၊ဋ္ဌ၊၃၊၃၃၈-၃၃၉။)

= ပြိတ္တာတို့၏ ပြကတေ့သော အစာအာဟာရကား လူတို့ စွန့်ပစ်အပ်သော တံတွေး နှပ် စသည်တို့ ဖြစ် ကြ၏။ ချစ်ကျွမ်းဝင်သူ ဆွေမျိုးသားချင်း စသည်တို့က လူ့ဘဝမှ ကွယ်လွန်သွားသူ ထိုပြိတ္တာအား ရည်ညွှန်း၍ ဒါနပြုခဲ့သော် ထိုဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံဘဝ၌ နတ်စည်းစိမ်ကဲ့သို့ ကြီးမားသော စည်းစိမ်တို့ကို ခံစားလျက် မျှတရ၏။ သို့သော် ထိုသို့ ဒါန၏ အကျိုးကို ခံစားရသော ပြိတ္တာတို့ကား သူတစ်ပါးတို့က ပေးလှူ လိုက်သော အလှူဒါနကိုသာ အမှီပြု၍ အသက်မွေးရသည့် ပရဒတ္တူပဇီဝိကပြိတ္တာမျိုးသာ ဖြစ်သည်။ အခြား အခြားသော နိဇ္ဈာမာတဏှိကပြိတ္တာ စသော ထိုထို ပြိတ္တာတို့ကား ထိုဒါန၏ အကျိုးကို မသုံးဆောင် မခံစား ရကုန်။ ထိုဒါနသည် ထိုကဲ့သို့သော ပြိတ္တာမျိုးတို့ထံသို့ မကပ်ရောက်ပေ။]

အရှင်ဂေါတမ ...အကယ်၍ ထိုကွယ်လွန်သူ ဆွေမျိုးသားချင်းတို့သည် ထိုပြိတ္တာဌာနသို့ မရောက်ရှိ ကြပါလျှင် အဘယ်သူသည် ထိုဒါနကို သုံးဆောင်ပါသနည်း --- ဟု တစ်ဖန် လျှောက်ထားပြန်၏။

ဒါယကာတော်ပုဏ္ဏား ...ထိုပြိတ္တာဘုံဌာနသို့ ရောက်ရှိသွားကြကုန်သော အခြား အခြားသော ကွယ် လွန်သူ ဆွေမျိုးသားချင်းတို့သည် ထိုဒါနကို သုံးဆောင် ခံစားကြရကုန်၏ --- ဟု ဘုရားရှင်က မိန့်ကြားတော်မူ ပြန်၏။

အရှင်ဂေါတမ ...ထိုကွယ်လွန်သွားသော ဆွေမျိုးသားချင်းသည်လည်း ထိုပြိတ္တာဘုံဌာနသို့ မရောက်ရှိ ပါလျှင်, အခြား အခြားသော ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့သည်လည်း ထိုပြိတ္တာဘုံဌာနသို့ မရောက်ရှိကြ ပါလျှင် ထိုဒါနကို မည်သူ သုံးဆောင်ပါမည်နည်းဟု တစ်ဖန် လျှောက်ထားပြန်၏။

ဒါယကာတော်ပုဏ္ဏား ...ဤမျှ ရှည်လျားလှစွာသော သံသရာခရီးအဓွန့်ကာလ၌ ကွယ်လွန်သွားကြသူ ပြိတ္တာ ဆွေမျိုးသားချင်းတို့မှ ကင်းဆိတ်ရာ ပြိတ္တာဘုံဌာန ရှိရာ၏ဟူသော ဤအကြောင်းအရာသည်ကား အရာ ဌာန မဟုတ်ပေ၊ အခါအခွင့် မဟုတ်ပေ။ (အပိ စ ဗြာဟ္မဏ ဒါယကောပိ အနိပ္ဖလောတိ) = ဒါယကာတော်ပုဏ္ဏား အမှန်စင်စစ်အားဖြင့် အလှူရှင်သည်လည်း အကျိုးမဲ့ မဖြစ်နိုင် --- ဟု မိန့်တော်မူ၏။

[ဒါယကောပိ အနိပ္ဖလောတိ ယံ သန္ဓာယ တံ ဒါနံ ဒိန္နံ၊ တဿ ဥပကပ္ပတု ဝါ မာ ဝါ၊ ဒါယကေန ပန န သက္ကာ နိပ္ဖလေန ဘဝိတုံ၊ ဒါယကော တဿ ဒါနဿ ဝိပါကံ လဘတိယေဝ။ (အံ၊ဋ္ဌ၊၃၊၃၃၉။)

= အလှူရှင်သည်လည်း အကျိုးမဲ့ မဖြစ်နိုင်ဟူသည် --- အကြင် ကွယ်လွန်သူကို ရည်ညွှန်း၍ ထိုဒါနကို ပေးလှူအပ်၏၊ ထိုဒါနသည် ထိုကွယ်လွန်သူအား ကပ်ရောက်သည်မူလည်း ဖြစ်ချင် ဖြစ်ပါစေ, မကပ် ရောက်သည်မူလည်း ဖြစ်ချင် ဖြစ်ပါစေ၊ အမှန်စင်စစ် အားဖြင့် အလှူရှင်သည် အကျိုးမဲ့ မဖြစ်နိုင်၊ အလှူ ရှင်သည် ထိုဒါန၏ အကျိုးတရားကို ရရှိသည်သာလျှင် ဖြစ်ပေသည်။]

အရှင်ဂေါတမ ...သေသူသည် ဒါန၏ အကျိုးတရား မဖြစ်သင့်ရာ အရပ်၌ ဖြစ်သော်လည်း အရှင် ဂေါတမသည် ဒါန၏ အကျိုးတရား၏ ထင်ရှားရှိမှုကို ပညတ်တော်မူပါသလော --- ဟု ပုဏ္ဏားက လျှောက်ထား ပြန်၏။

ဒါယကာတော်ပုဏ္ဏား ...သေသူသည် ဒါန၏ အကျိုးတရား မဖြစ်သင့်ရာ အရပ်၌ (= ဒါန၏ အကျိုးတရားကို မရနိုင်သည့် ဘဝ၌) ဖြစ်သော်လည်း ငါဘုရားသည် ဒါန၏ အကျိုးတရား၏ ထင်ရှားရှိမှုကို ပညတ်ပေ၏။

[ဤသို့ ကွယ်လွန်သွားသူအတွက် ရည်စူး၍ လှူဒါန်းအပ်သော အလှူဒါန၏ အကျိုးတရားကို အလှူ ပေးပုဂ္ဂိုလ်သည် မရနိုင် --- ဟု ပုဏ္ဏားကြီးဘက်က အယူအဆ ရှိနေ၏။ ထိုအခါ ဘုရားရှင်က ပုဏ္ဏားကြီး၏ မေးလျှောက်ချက်ကို ဝန်ခံပြီးလျှင် အလှူရှင် မည်သည် မည်သည့် ဘုံဘဝ၌မဆို ကောင်းမှုကုသိုလ်၏ အကျိုး တရားကို မှီ၍ အသက်မွေးနိုင်သော ဘုံဌာန၌ ဖြစ်ခဲ့သည်ရှိသော် ဒါန၏ အကျိုးတရားကို ရရှိသည်သာလျှင် ဖြစ်ပေသည်။ --- ဟု ထင်ရှားပြသတော်မူခြင်းငှာ အောက်ပါ ဒေသနာတော်ကို ဆက်လက်၍ ဟောကြားတော် မူ၏။ (သံ၊ဋ္ဌ၊၃၊၃၃၉။)]

၁။ ဒါယကာတော် ...ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူ လေ့ရှိ၏၊ ကာမတို့၌ အမှားမှားအယွင်းယွင်း ပြုကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ပြောဆိုလေ့ရှိ၏၊ ကုန်းတိုက်စကား ပြောကြားလေ့ရှိ၏၊ ရုန့်ရင်းကြမ်းတမ်းသော စကားရှိ၏၊ ပြိန်ဖျင်းသော စကားရှိ၏၊ သူတစ်ပါးတို့၏ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ အပေါ်၌ မတော်လောဘ အဘိဇ္ဈာတရား များပြားလျက်ရှိ၏၊ သတ္တဝါသင်္ခါရတို့ကို ဖျက်ဆီး လိုသော စိတ်ဓာတ်ရှိ၏၊ မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒရှိ၏။

ထိုသူသည် သမဏအားသော်လည်းကောင်း, ဗြာဟ္မဏအားသော်လည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူလေ့ရှိ၏။

ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ဆင်တို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ (ဆင်ဘဝသို့ ရောက်ရှိသွား၏။) ထိုသူသည် ထိုဆင်ဘဝ၌ စားဖွယ် သောက်ဖွယ် ပန်း အထူး ထူးသော အဆင်တန်ဆာကို ရခြင်းရှိ၏။ (ရလေ့ရှိ၏။)

ဒါယကာတော်ပုဏ္ဏား ... ဤဘဝ၌ သူ့အသက်ကို သတ်ခြင်း, မပေးသည်ကို ယူခြင်း, ကာမတို့၌ အမှားမှား အယွင်းယွင်း ပြုကျင့်ခြင်း, မဟုတ်မမှန် ပြောဆိုခြင်း, ကုန်းတိုက်စကား ပြောကြားခြင်း, ရုန့်ရင်း ကြမ်းတမ်းသော စကားရှိခြင်း, ပြိန်ဖျင်းသော စကားရှိခြင်း, သူတစ်ပါးတို့၏ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ မတော်လောဘ အဘိဇ္ဈာတရား များပြားခြင်း, သတ္တဝါတို့ကို ဖျက်ဆီးလိုသော စိတ်ဓာတ်ရှိခြင်း, မှား ယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ ရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ ဆင်တို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။

သမဏအားသော်လည်းကောင်း ဗြာဟ္မဏအားသော်လည်းကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူသောကြောင့်ကား ထိုသူသည် ထိုဆင်ဘဝ၌ စားဖွယ် သောက်ဖွယ် ပန်း အထူးထူးသော အဆင်တန်ဆာကို ရခြင်းရှိ၏။ (မင်္ဂလာဆင်တော် စသည် ဖြစ်ရ၏ဟု ဆိုလို သည်။)။

၂။ ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏။ ပ ။ မှားယွင်း သော မိစ္ဆာဒိဋ္ဌိ အယူဝါဒ ရှိ၏။ ထိုသူသည် သမဏအားသော်လည်းကောင်း, ဗြာဟ္မဏအားသော်လည်းကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူလေ့ရှိ၏။

ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ မြင်းတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ ပ ။

၃။ နွားတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ ပ ။

၄။ ခွေးတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ ထိုသူသည် (ထိုမြင်းဘဝ၌ ထိုနွားဘဝ၌) ထိုခွေး ဘဝ၌ စားဖွယ် သောက်ဖွယ် ပန်း အထူးထူးသော အဆင်တန်ဆာကို ရခြင်းရှိ၏။

ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ သူ့အသက်ကို သတ်ခြင်း။ ပ ။ မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ (မြင်းတို့၏ အပေါင်း အဖော်, နွားတို့၏ အပေါင်းအဖော်) ခွေးတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။

ထိုသူသည် သမဏအားသော်လည်းကောင်း ဗြာဟ္မဏအားသော်လည်းကောင်း စားဖွယ်သောက်ဖွယ် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လှူသောကြောင့်ကား ထိုသူသည် (ထိုမြင်းဘဝ၌, ထိုနွားဘဝ၌) ထိုခွေးဘဝ၌ စားဖွယ် သောက်ဖွယ် ပန်း အထူးထူးသော အဆင်တန်ဆာကို ရခြင်းရှိ၏။

[မှတ်ချက် --- သုတ္တန်ကား မဆုံးသေးပါ၊ သို့သော် ဤနေရာတွင် ခေတ္တရပ်တန့်၍ အဓိပ္ပါယ်ကို အနည်း ငယ် ရှင်းလင်းတင်ပြပါရစေ --- အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း သီလတည်းဟူသော မြေပေါ်၌ ရပ်တည် ၍ ကြဲချစိုက်ပျိုးလိုက်သော ဒါန၏ စွမ်းအားသည် လူမင်းစည်းစိမ်, နတ်မင်းစည်းစိမ်, ဗြဟ္မာမင်းစည်းစိမ်, စကြဝတေးမင်းစည်းစိမ်တို့ကိုလည်း ပေးစွမ်းနိုင်၏၊ အဂ္ဂသာဝကဗောဓိဉာဏ် မဟာသာဝကဗောဓိဉာဏ်, ပကတိသာဝကဗောဓိဉာဏ်, ပစ္စေကဗောဓိဉာဏ်, သမ္မာသမ္ဗောဓိဉာဏ်တို့ကိုသော်လည်း ပေးစွမ်းနိုင်၏။ ဤမျှကြီးမားသော စွမ်းအားမှာ အရာဌာန ဟုတ်သည်၌ အကျိုးပေးနေသော ဒါန၏ စွမ်းအားပင် ဖြစ်သည်။ ယခု ဤအပိုင်း၌ကား ကိုယ်ကျင့်သီလ ပျက်စီးခြင်းဟူသော ဒုစရိုက်မြေပေါ်၌ ရပ်တည်လျက် ဒါနကို ကြဲချ စိုက်ပျိုးလိုက်၏။ သို့အတွက် လူမင်းစည်းစိမ်, နတ်မင်းစည်းစိမ်, ဗြဟ္မာမင်းစည်းစိမ်နှင့် ဗောဓိဉာဏ် အမျိုး မျိုးကို ပေးနိုင်သော စွမ်းအားရှိသော ဒါနသည် ကိုယ်ကျင့်သီလ ပျက်စီးခြင်း တည်းဟူသော အကြောင်းကြောင့် အဆင့်အတန်း မြင့်မားလှသော ယင်းစည်းစိမ်ချမ်းသာ အမျိုးမျိုးတို့နှင့် ဗောဓိဉာဏ် အမျိုးမျိုးတို့ကို မပေးစွမ်းနိုင်တော့ဘဲ အလွန်အဆင့်အတန်း နိမ့်ကျသော တိရစ္ဆာန်ဘဝတို့၌ အရာဌာန မဟုတ်သည်၌ အကျိုးပေးခွင့် ရသွား၏။ မင်္ဂလာဆင်တော် မင်္ဂလာမြင်းတော် ဖြစ်ရ၍ အဆင့်မြင့်သော နွား ဖြစ်ရ၍ အဆင့်အတန်း မြင့်သော တိရစ္ဆာန်ဖြစ်ရသည် မှန်သော်လည်း လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ဘဝနှင့် တိုင်းတာနှိုင်းစာလိုက်သော်ကား အလွန်အဆင့်အတန်း နိမ့်ကျသွားသည်သာ ဖြစ်၏။ တစ်ဖန် ယင်းတိရစ္ဆာန် တို့ စားသုံးရသော အာဟာရမှာလည်း တိဏပဏ္ဏာဒိဝသေန --- စသည်ဖြင့် မြက်သစ်ရွက် စသည်တို့သာ ဖြစ်ကြောင်းကို အဋ္ဌကထာက ဖွင့်ပြထား၏။ လူမင်း နတ်မင်းတို့၏ အစာအာဟာရနှင့် တိုင်းတာနှိုင်းစာ လိုက်ပါက အလွန်အဆင့်အတန်း နိမ့်ကျသွားသည်သာ ဖြစ်၏။ ခွေးဖြစ်၍ ဂုန်နီအိတ် ကောင်းကောင်းပေါ်၌ မွေ့ရာကောင်းကောင်းပေါ်၌ အိပ်ရစေကာမူ အစားကောင်းကောင်း စားရစေကာမူ ခွေးနှင့် ထိုက်တန်သည့် နေရာ၌သာ နေခွင့်ရနိုင်၏၊ ခွေးနှင့် ထိုက်တန်သလောက်သာ ကောင်းကောင်းစားခွင့် ရနိုင်၏၊ လူမင်း နတ်မင်းတို့ကဲ့သို့ အဆင့်မြင့်မြင့် နေရ စားရသည်ကား မဟုတ်ပေ။ ရွာဝက်တို့သည် မစင်ကြိုက်သကဲ့သို့ ခွေးတို့သည်လည်း မစင်ကို နှစ်ခြိုက်ကြသည်သာ ဖြစ်၏။ သို့အတွက် ဒါနရှင်သည် တိရစ္ဆာန်ပင် ဖြစ်သော်လည်း အဆင့်အတန်းမြင့်မြင့် စားရ သောက်ရ နေရ ထိုင်ရသည် ဆိုသော်လည်း လူမင်း နတ်မင်းတို့ကဲ့သို့ အဆင့်အတန်း မြင့်မားသည်ကား မဟုတ်၊ မြက်သစ်ရွက် မစင် စသည်တို့ကို စားသုံး၍ မြေကြီးပေါ်၌သာ နေထိုင်ရမှုကို မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ဘဝမျိုးသာ ဖြစ်၏။ အရာဌာန မဟုတ်သည်၌ ဒါန၏ အကျိုးသက်ရောက်မှု ဖြစ်၏။ ကိုယ်ကျင့်သီလ ပျက်စီးသူတို့ ရရှိနိုင်သည့် ဒါန၏ အကျိုးမျိုးသာ ဖြစ်၏။ သတိရှိဖို့ လိုအပ်ပေသည်။ တစ်ဖန် အဆင့်မြင့်သော ဒါနများကိုလည်း ဘုရားရှင်က ဇာဏုသောဏိပုဏ္ဏား ကြီးအား အောက်ပါအတိုင်း ဆက်လက်၍ ဟောကြားတော်မူပြန်၏။]

၅။ ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏ ။ ပ ။ မှန်ကန်သော သမ္မာဒိဋ္ဌိ အယူဝါဒရှိ၏။ ထိုသူသည် သမဏအားသော်လည်းကောင်း ဗြာဟ္မဏအား သော်လည်းကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူလေ့ရှိ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ လူတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ ထိုသူသည် ထိုလူ့ဘဝ၌ လူ၌ဖြစ်သော ကာမဂုဏ် (၅)ပါးတို့ကို ရခြင်းရှိ၏။

ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ ပ ။ မှန်ကန်သော သမ္မာဒိဋ္ဌိ အယူဝါဒရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ လူတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ သမဏအားသော်လည်းကောင်း ဗြာဟ္မဏအားသော်လည်းကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူသောကြောင့်ကား ထိုသူသည် ထိုလူ့ဘဝဝယ် လူ၌ဖြစ်သော ကာမဂုဏ် (၅)ပါးတို့ကို ရခြင်းရှိ၏။

[သော တံ စိတ္တံ ဒဟတိ၊ တံ စိတ္တံ အဓိဋ္ဌာတိ၊ တံ စိတ္တံ ဘာဝေတိ။ တဿ တံ စိတ္တံ ဟီနေ ဝိမုတ္တံ ဥတ္တရိ အဘာဝိတံ တတြူပပတ္တိယာ သံဝတ္တတိ။ (အံ၊၃၊၇၁။)

= ထိုသီလရှိသော အလှူရှင်သည် မင်းသူဌေး သို့မဟုတ် ပုဏ္ဏားသူဌေး သို့မဟုတ် ဂဟပတိသူဌေး ဖြစ် လိုသော စိတ်ဓာတ်ကို ထားရှိ၏၊ ထိုသို့သော စိတ်ဓာတ်ကို ဆောက်တည်ထား၏။ ထိုသို့သော စိတ်ဓာတ်ကို ကြိမ်ဖန်များစွာ ဖြစ်စေလျက် ပွားများထား၏။ ထိုသီလရှိသော အလှူရှင်၏ ယုတ်ညံ့သည့် ကာမဂုဏ် (၅)ပါး၌ ညွတ်ကိုင်းရှိုင်းလျက်ရှိသော, ထိုကာမဂုဏ် (၅)ပါးထက် သာလွန်မြင့်မြတ်သည့် မဂ် ဖိုလ် နိဗ္ဗာန် အလို့ငှာ မပွားများထားအပ်သော စိတ်ဓာတ်သည် ထိုထို တောင့်တထားသည့် အမျိုးအနွယ်တို့၌ ပဋိသန္ဓေတည်နေ ကပ်ရောက်ရန် အကြောင်းတရား ဖြစ်ပေသည်။ နောက်လာမည့် နတ်ဘဝ စသည်သို့ ကပ်ရောက်ရခြင်း တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။]

၆။ ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ အချို့သောသူသည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏ ။ ပ ။ မှန်ကန်သော ဉာဏ်အမြင် သမ္မာဒိဋ္ဌိ အယူဝါဒ ရှိ၏။ ထိုသူသည် သမဏအားသော်လည်းကောင်း ဗြာဟ္မဏအားသော်လည်းကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လှူ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်ကာလ၌ နတ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ ထိုသူသည် ထိုနတ်ဘဝ၌ဖြစ်သော ကာမဂုဏ် (၅)ပါးတို့ကို ရခြင်းရှိ၏။

ဒါယကာတော်ပုဏ္ဏား ...ဤလောက၌ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ ပ ။ မှန်ကန်သော ဉာဏ်အမြင် သမ္မာဒိဋ္ဌိရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ နတ် တို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ သမဏအားသော်လည်းကောင်း ဗြာဟ္မဏအားသော်လည်းကောင်း စားဖွယ် သောက်ဖွယ် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို ပေးလှူသော ကြောင့်ကား ထိုသူသည် နတ်ဘဝဝယ် နတ်ပြည်၌ဖြစ်သော ကာမဂုဏ် (၅)ပါးတို့ကို ရခြင်းရှိ၏။

ဒါယကာတော်ပုဏ္ဏား ...အမှန်စင်စစ်အားဖြင့် အလှူရှင်သည်လည်း အကျိုးမဲ့ မဖြစ်နိုင်ပေ၊ အကျိုးရှိ သည်သာလျှင် ဖြစ်ပေသည် --- ဟု ဘုရားရှင်က မိန့်ကြားတော်မူ၏။

အရှင်ဂေါတမ ...အံ့ဩဖွယ် ရှိပါပေစွ၊ မဖြစ်စဖူး အဦးအသစ် ဖြစ်ပါပေစွ၊

အရှင်ဂေါတမ ...အလှူရှင်သည် အကျိုးမဲ့ မဖြစ်သောကြောင့် အလှူဒါနတို့ကို ပေးလှူရန် အလွန်ပင် သင့်သည်သာတည်း။ ကုဗ္ဘီးထမင်းတို့ကို ပြုလုပ်ရန် (= သေသူအတွက် ရည်စူး၍ အလှူဒါနတို့ကို ပြုလုပ်ရန်) အလွန်ပင် သင့်သည်သာတည်း --- ဟု ဇာဏုသောဏိပုဏ္ဏားကြီးက လျှောက်ထား၏။

ဒါယကာတော်ပုဏ္ဏား ...ဤအရာသည် ဤသို့ပင်တည်း၊

ဒါယကာတော်ပုဏ္ဏား ...အလှူရှင်သည် အကျိုးမဲ့ မဖြစ်နိုင်သည်သာတည်း --- ဟု ဘုရားရှင်က မိန့် ကြားတော်မူလိုက်၏။

အရှင်ဂေါတမ ...တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အရှင်ဂေါတမ ...တရားတော် သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အရှင်ဂေါတမ ...နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား မှောက် ထားသော အရာဝတ္ထုကို လှန်၍ ပြလိုက်ဘိသကဲ့သို့လည်းကောင်း, ဖုံးလွှမ်းထားအပ်သော အရာဝတ္ထုကို ဖွင့် လှစ်၍ ပြလိုက်ဘိသကဲ့သို့လည်းကောင်း, မျက်စိလည် လမ်းမှား၍ နေသောသူအား လမ်းမှန်ကို ပြောကြား ပြသလိုက်ဘိသကဲ့သို့လည်းကောင်း, မျက်စိအမြင်ရှိကြသော သူတို့သည် အဆင်းရူပါရုံတို့ကို မြင်တွေ့ကြ လိမ့်မည်ဟု နှလုံးပိုက်၍ အမိုက်မှောင်ထဲ၌ ဆီမီးတန်ဆောင်ကို ထွန်းညှိကိုင်ဆောင်၍ ပြလိုက်ဘိသကဲ့သို့ လည်းကောင်း, အရှင်ဂေါတမ ...ဤဥပမာများ အတူပင်လျှင် အရှင်ဂေါတမသည် တပည့်တော်အား များ စွာသော အကြောင်းပရိယာယ်ဖြင့် တရားတော်ကို ဟောကြားပြသတော်မူပေ၏။ အရှင်ဂေါတမ ... ထို တပည့်တော်သည် အရှင်ဂေါတမကို ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်း ကပ်ပါ၏။ မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟု (၁၀)တန် ထင်ပေါ် တရားတော်မြတ်ကိုလည်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ ရှစ်ယောက်ထင်ပေါ် အရိယာသံဃာတော်မြတ် အပေါင်းကိုလည်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏။ အရှင် ဂေါတမသည် တပည့်တော်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် တတ်သော ဥပါသကာ ဒါယကာဟူ၍ အသိအမှတ် ပြုတော်မူပါဘုရား --- ဟု ဇာဏုသောဏိပုဏ္ဏားကြီးက လျှောက်ထားသွားလေ၏။ (အံ၊၃၊၄၇၈-၄၈၂။)

ခြွင်းချက်အနည်းငယ်

ခြွင်းချက်အနည်းငယ်

အလှူပေးသည့် ပုဂ္ဂိုလ်ဘက်က ---

၁။ ဒုဿီလ = သီလမရှိသည့် ပုဂ္ဂိုလ်ဖြစ်ခြင်း -

၂။ မတရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထု ဖြစ်ခြင်း -

၃။ မကြည်လင်သော စိတ်ထားရှိခြင်း -

၄။ ပြန့်ပြောကြီးကျယ် မြင့်မြတ်သော ကံ-ကံ၏အကျိုးတရားကို သက်ဝင်ယုံကြည်မှု မရှိခြင်းဟူသော အင်္ဂါ လေးရပ်နှင့် ပြည့်စုံနေ၏။

သို့သော် အလှူခံပုဂ္ဂိုလ်ဘက်ကမူ ---

၅။ သီလရှိခြင်း --- ဟူသော အင်္ဂါရပ်နှင့် ပြည့်စုံနေ၏။

ဤကဲ့သို့သော အလှူဒါနမျိုးကိုလည်း အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်၏၊ အကျိုးကြီး၏ဟု ဒက္ခိဏဝိဘင်္ဂ သုတ္တန် (မ၊၃၊၃၀၀)၌ ဘုရားရှင်သည် ဟောကြားထားတော်မူ၏။

အဋ္ဌကထာကလည်း ကလျာဏီမြစ်ဝ၌ နေထိုင်သော တံငါသည်တစ်ဦးကို ပုံစံထုတ်ပြထား၏။ ထိုတံငါ သည်သည် ဒီဃသောမ မထေရ်မြတ်ကြီးအား သုံးကြိမ်တိုင်တိုင် ဆွမ်းလှူခဲ့ဖူး၏။ သေရာ ညောင်စောင်း လျောင်းစက်သောအခါ မရဏာသန္နဇော အခိုက်ဝယ် အရှင်ဒီဃသောမ မထေရ်မြတ်ကြီးအား လှူဒါန်းခဲ့သော ဆွမ်းအလှူနိမိတ် အာရုံထင်လာသဖြင့် --- အယျဿ မံ ဒီဃသောမတ္ထေရဿ ဒိန္နပိဏ္ဍပါတော ဥဒ္ဓရတိ = အရှင်ဒီဃသောမ မထေရ်ကြီးအား လှူဒါန်းအပ်သော ဆွမ်းအလှူဒါနသည် ငါ့ကို ပြုခဲ့ပြီးသော မကောင်းမှု အကုသိုလ်ကံကြောင့် ရရှိမည့် အပါယ်ဘေးဆိုးကြီးမှ ထုတ်ဆောင် ကယ်တင်သွားပြီဟု ပြောကြားသွား၏။ (မ၊ဋ္ဌ၊၃၊၂၂၇။)

ဤသည်မှာ ခြွင်းချက် အနည်းငယ်သာ ဖြစ်ပါသည်။ ရဟန္တာအရှင်မြတ်ကြီးတို့ကဲ့သို့သော အလွန်သီလ စင်ကြယ်တော်မူသော အလှူခံပုဂ္ဂိုလ်တို့ကို ရရှိခြင်းကြောင့် ထိုအလှူခံပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးတော်တို့က အလွန် ကြီးမားတော်မူသဖြင့် ထိုကဲ့သို့သော အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူဒါနသည် အကျိုး ပေးဖို့ရန် အခါအခွင့် သင့်၍ ရင့်ကျက်ခြင်းသို့ ရောက်ရှိပါမှသာလျှင် ထိုဒါနကံက အပါယ်ဘေးမှ တံငါသည် တစ်ဦးကို ထုတ်ဆောင် ကယ်တင်သွားခြင်း ဖြစ်၏။ အကျိုးပေးသည်ဟု ဆိုသော်လည်း ထိုကံ၌ ေ့ရှနောက်တွင် အကုသိုလ်များ ခြံရံထားသဖြင့် ထိုကံသည် အညံ့စားကံမျိုးသာ ဖြစ်၏။ သို့သော် ဤကဲ့သို့သော အခွင့်အရေး မျိုးကား ကြုံတောင့် ကြုံခဲလှပေသည်။ ထိုကဲ့သို့သော ကံက အကျိုးပေးဖို့ရန် အခါအခွင့် မသင့်၍ မရင့်ကျက် သေးလျှင်ကား အမြဲလေ့ကျက်နေသော တံငါသည်ဘဝ၏ ပါဏာတိပါတကဲ့သို့သော အာစိဏ္ဏကံက အကျိုး ပေးဖို့ရန် အခွင့်အလမ်း သာနေမည်သာ ဖြစ်ပေသည်။

ထိုကြောင့် အသင်သူတော်ကောင်းသည် ---

၁။ အပါယ်ဘေးဆိုးကြီးမှ လွတ်မြောက်လိုလျှင် -

၂။ အဆင့်အတန်းမြင့်မားသော လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝတို့ကို အလိုရှိခဲ့လျှင် -

၃။ သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီးမှ ထွက်မြောက်လိုခဲ့လျှင် -

အသင်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးပါ၊ ဖြူစင်သန့်ရှင်းအောင် ကြိုးစားပါ။

သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။

သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။ (ဒီ၊၂၊၄၂။)

၁။ မကောင်းမှု အကုသိုလ်မှန်သမျှကို မပြုလုပ်ပါနှင့်။

၂။ ကုသိုလ်မှန်သမျှကို ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။

၃။ မိမိ၏ စိတ်ကို အဆင့်ဆင့်သော မဂ်ရေစင် ဖိုလ်ရေစင်တို့ဖြင့် အပြီးတိုင် စင်ကြယ်အောင် ဆေးကြော သုတ်သင်ပါ။

ဤသည်ကား ဂင်္ဂါဝါလု သဲစုမက ပွင့်ပေါ်တော်မူကြကုန်သော အဆူဆူကုန်သော ရှင်တော်မြတ်ဘုရားတို့၏ အဆုံးအမ ဩဝါဒစကားတော်ပေတည်း။ (ဒီ၊၂၊၄၂။)

__________

ဣရိယာပထ အခန်းနှင့် သမ္ပဇဉ်အခန်း

ဣရိယာပထ အခန်းနှင့် သမ္ပဇဉ်အခန်း

ဣရိယာပထနှင့် သမ္ပဇညပိုင်း ရှုကွက်

ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရုပ်ပိုင်းဆိုင်ရာ ဣရိယာပထပိုင်း ရှုကွက်နှင့် သမ္ပဇညပိုင်း ရှုကွက်တို့ကို ဖော်ပြခဲ့ ပြီး ဖြစ်၏။ ယခု ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင်ကား ခန္ဓာ (၅)ပါး ရှုကွက်တို့ကို ဖော်ပြမည် ဖြစ်ပါသည်။ ထိုသို့ ဖော် ပြရာ၌ ရုပ်ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် အပိုင်းတို့ကို ကျေကျေညက်ညက် ဖြစ်အောင် ပြန်လည်လေ့လာပါ ပြန်လည် သိမ်းဆည်းပါ ပြန်လည် ရှုပွားပါ။ သို့မှသာလျှင် ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြမည့် ရှုကွက်တို့ကို ပိုမိုနက်ရှိုင်းစွာ သဘောပေါက်နိုင်မည် သိမ်းဆည်းရှုပွားနိုင်မည် ဖြစ်ပါသည်။

ရူပကာယ (၄) မျိုး

ရူပကာယ (၄) မျိုး

တတ္ထ စတုဗ္ဗိဓော ကာယော ဥပါဒိန္နကော အာဟာရသမုဋ္ဌာနော ဥတုသမုဋ္ဌာနော စိတ္တသမုဋ္ဌာနောတိ။ တတ္ထ စက္ခာယတနာဒီနိ ဇီဝိတိန္ဒြိယပရိယန္တာနိ အဋ္ဌ ကမ္မသမုဋ္ဌာနရူပါနိပိ, ကမ္မသမုဋ္ဌာနာနေဝ စတေဿာ ဓာတုယော ဝဏ္ဏော ဂန္ဓော ရသော ဩဇာတိ အဋ္ဌ ဥပါဒိန္နကကာယော နာမ။ တာနေဝ အဋ္ဌ အာဟာရဇာနိ အာဟာရသမုဋ္ဌာနိကကာယော နာမ။ အဋ္ဌ ဥတုဇာနိ ဥတုသမုဋ္ဌာနိကကာယော နာမ၊ အဋ္ဌ စိတ္တဇာနိ စိတ္တသမုဋ္ဌာနိကကာယော နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။)

၁။ ဥပါဒိန္နကကာယ --- ကံကြောင့် ဖြစ်သော ကမ္မသမုဋ္ဌာန် ဖြစ်သော စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, ဣတ္ထိဘာဝရုပ်, ပုရိသဘာဝရုပ်, ဇီဝိတိန္ဒြေဟူသော ဤ (၈)မျိုးသော ကမ္မသမုဋ္ဌာန်ရုပ်တို့သည်လည်းကောင်း, (ဟဒယဝတ္ထုကိုပါ ထည့်သော် - ၉ - မျိုးဟု မှတ်ပါ။) ကမ္မသမုဋ္ဌာန်ပင် ဖြစ်သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ --- ဤ (၈)မျိုးသော ရုပ်တို့သည်လည်းကောင်း ဥပါဒိန္နကကာယ မည်၏။ [တဏှာ-ဒိဋ္ဌိတို့သည် ကပ်အပ်သော ယှဉ်အပ်သော သို့မဟုတ် ခြံရံအပ်သော ကံသည် ငါ-ငါ၏အကျိုးဟု အကျိုးအဖြစ်ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်အပေါင်းဟု ဆိုလိုသည်။]

၂။ အာဟာရသမုဋ္ဌာနိကကာယ --- ထို ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟူသော (၈)မျိုးသော ရုပ်တို့သည်ပင် အာဟာရကြောင့် ဖြစ်ကုန်လတ်သော် အာဟာရသမုဋ္ဌာနိကကာယ မည်၏။

၃။ ဥတုသမုဋ္ဌာနိကကာယ --- ထို (၈)မျိုးသော ရုပ်တို့သည်ပင် ဥတု (= တေဇောဓာတ်) ကြောင့် ဖြစ်ကုန်သည် ဖြစ်လတ်သော် ဥတုသမုဋ္ဌာနိကကာယ မည်၏။

၄။ စိတ္တသမုဋ္ဌာနိကကာယ --- ထို (၈)မျိုးသော ရုပ်တို့သည်ပင် စိတ်ကြောင့် ဖြစ်ကုန်သည် ဖြစ်လတ်သော် စိတ္တသမုဋ္ဌာနိကကာယ မည်၏။

[မှတ်ချက် --- ကံ စသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ရူပကာယ = ရုပ် တရားအပေါင်းဖြစ်သော ခန္ဓာကိုယ်ဝယ် အမြဲဖြစ်နေသော ရူပရူပ = ရုပ်အစစ်တို့ကိုသာ ဖွင့်ပြထားခြင်း ဖြစ် သည်။ ထိုကြောင့် တစ်ရံ တစ်ခါမှ ဖြစ်သော သဒ္ဒရုပ်ကိုလည်းကောင်း, ရုပ်အစစ် မဟုတ်ကြသော အနိပ္ဖန္န ရုပ်များကိုလည်းကောင်း ဖွင့်မပြဘဲထားသည်ဟု မှတ်ပါ။]

ကာယဝိညတ်ရုပ်

ကာယဝိညတ်ရုပ်

ဤ ဣရိယာပထရှုကွက်နှင့် သမ္ပဇညရှုကွက်တို့၌ ကာယဝိညတ်ရုပ်အကြောင်းကို သိရှိနားလည်ထားဖို့ကား အထူးလိုအပ်ပေသည်။ ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ယင်းဝိညတ်ရုပ်အကြောင်းကို အကျယ်တဝင့် ရှင်းလင်းတင်ပြ ခဲ့၏။ ယခုတစ်ဖန် အကျဉ်းချုပ်၍ ရှုကွက်ကို ငုံမိစေရန် ထပ်မံ ဖော်ပြအပ်ပါသည်။

ကာယဝိညတ်ဟူသော ထိုရုပ်သည် အဘယ်နည်း --- ကုသိုလ်စိတ် ရှိသည်မူလည်းဖြစ်သော, အကုသိုလ်စိတ် ရှိသည်မူလည်းဖြစ်သော, အဗျာကတစိတ် ရှိသည်မူလည်းဖြစ်သော ေ့ရှသို့ သွားသသူ၏သော်လည်းကောင်း,နောက် သို့ ပြန်ဆုတ်သသူ၏သော်လည်းကောင်း, ေ့ရှတည့်တည့်သို့ ကြည့်သသူ၏သော်လည်းကောင်း, စောင်းငဲ့၍ ကြည့်သသူ၏သော်လည်းကောင်း, လက်ခြေ စသည်ကို ကွေးသသူ၏သော်လည်းကောင်း, လက်ခြေ စသည်ကို ဆန့်သ သူ၏သော်လည်းကောင်း ရူပကာယ = ရုပ်တရားအပေါင်းကို အကြင်ထောက်ပံ့ခြင်းသည်, အကြင်ကောင်းစွာ ထောက်ပံ့ခြင်းသည်, အကြင်ကောင်းစွာ ထောက်ပံ့တတ်သော ရုပ်၏ ဖြစ်ကြောင်းဖြစ်ရာသည်, အကြင်သိစေခြင်း သဘောတရားသည်, အကြင်သိစေခြင်းဟူသော အခြင်းအရာသည်, အကြင်သိစေတတ်သည်၏အဖြစ် ဟူသော သဘောတရားသည် ရှိ၏။ ကာယဝိညတ်ဟူသော ထိုရုပ်သည် ဤသဘောတရားပင်တည်း။ (အဘိ၊၁၊၁၇၇။)

ေ့ရှသို့သွားအံ့၊ နောက်သို့ ပြန်ဆုတ်အံ့ --- ဤသို့စိတ်ဖြစ်လတ်သော် ထိုစိတ်သည် စိတ္တဇရုပ်ကို (= စိတ္တဇ ရုပ်ကလာပ်အပေါင်းကို) ဖြစ်စေ၏။ ထို ရုပ်ကလာပ်အပေါင်းတို့တွင် ရုပ်ကလာပ် အသီးအသီး၌ ပထဝီ အာပေါ တေဇော ဝါယောဟူသော ဓာတ်ကြီး (၄)ပါး, ယင်းဓာတ်ကြီး (၄)ပါးကို မှီ၍ ဖြစ်ကုန်သော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဟူသော ဥပါဒါရုပ် (၄)ပါး, ဤ (၈)မျိုးကုန်သော ရုပ်တရား အပေါင်းအစုတို့ ပါဝင်ကြ၏။ ယင်း ရုပ်တရား အပေါင်းတို့တွင် စိတ္တသမုဋ္ဌာန် ဝါယောဓာတ်လည်း ပါရှိ၏၊ ယင်းဝါယောဓာတ်သည် ခန္ဓာအိမ်တစ်ခု၏ အတွင်း ဝယ် မိမိနှင့် အတူတကွ ဖြစ်ကြသော ဥပါဒိန္နကကာယ, အာဟာရသမုဋ္ဌာနိကကာယ, ဥတုသမုဋ္ဌာနိကကာယ, စိတ္တသမုဋ္ဌာနိကကာယဟူသော ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ ထောက်ပံ့၏၊ ကောင်းစွာ ဆောင် ထား၏၊ လှုပ်ရှားစေ၏၊ ေ့ရှသို့ သွားစေ၏၊ နောက်သို့ ပြန်ဆုတ်စေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။)

ထိုစိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇဝါယောဓာတ်တို့တွင် မနောဒွါရာဝဇ္ဇန်းဟူသော တစ်ခုသော အာဝဇ္ဇန်း ရှိသော မနောဒွါရိကဇောဝီထိတို့၌ (၇)ကြိမ်ကုန်သော ဇောတို့တွင် ပထမဇောစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် သည် အတူဖြစ်သော စတုဇရူပကာယကို ကောင်းစွာထောက်ပံ့ ခိုင်ခံ့စေခြင်းငှာ = တောင့်ထားခြင်းငှာ, ကောင်းစွာ ဆောင်ထားခြင်းငှာ စွမ်းနိုင်၏။ ထိုမှ ဤမှ လှုပ်ရှားစေခြင်းငှာကား မစွမ်းနိုင်၊ ဒုတိယဇော စသည်တို့ကြောင့် ဖြစ်ကုန်သော ဝါယောဓာတ် စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။

သတ္တမဇောစိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်သည် ကား အောက်၌ ဖြစ်ခဲ့ကုန်သော = မိမိ ေ့ရှက ဖြစ်ခဲ့ကုန်သော (၆)ပါးကုန်သော ဇောစိတ်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် အကျုံးဝင်သော ဝါယောဓာတ်ဟူသော ထောက်ပံ့တတ်သော ဥပတ္ထမ္ဘနအကြောင်းကို ရရှိသည် ဖြစ်၍ မိမိနှင့် အတူဖြစ်သော စတုဇရူပကာယကို ကောင်းစွာထောက်ပံ့ ခိုင်ခံ့စေခြင်း = တောင့်ထား ခြင်းငှာလည်းကောင်း, ကောင်းစွာ ဆောင်ထားခြင်းငှာလည်းကောင်း, လှုပ်ရှားစေခြင်းငှာလည်းကောင်း, ေ့ရှသို့ သွားစေခြင်းငှာလည်းကောင်း, နောက်သို့ ပြန်ဆုတ်စေခြင်းငှာလည်းကောင်း, ေ့ရှတည့်တည့်သို့ ကြည့်စေခြင်း ငှာလည်းကောင်း, စောင်း၍ ကြည့်စေခြင်းငှာလည်းကောင်း, ကွေးစေခြင်းငှာလည်းကောင်း, ဆန့်စေခြင်းငှာ လည်းကောင်း စွမ်းနိုင်ပေ၏။ ထိုသတ္တမဇောစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်ကြောင့် ---

သွားခြင်းမည်သည် ဖြစ်ပေါ်လာ၏၊

ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊

သွားခြင်း ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏၊

( ၁ ) ယူဇနာတိုင်တိုင် သွားပြီးပြီ၊

(၁၀) ယူဇနာတိုင်တိုင် သွားပြီးပြီ၊ ရောက်ပြီ --- ဟု

ဤသို့ ပြောဆိုထိုက်သည်၏အဖြစ်သို့ ရောက်စေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။)

ရုပ်တရားများသည် ဖြစ်ပြီး ဥပါဒ်ပြီးနောက် တစ်နေရာမှ တစ်နေရာသို့ = ဖြစ်ပြီးနေရာမှ အခြားတစ်နေရာသို့ ပြောင်းရွှေ့နိုင်ရိုးဓမ္မတာ မရှိကြပေ။ ရုပ်တရားတို့၏ သက်တမ်း အချိန်ကာလကား စိတ္တက္ခဏ (၁၇)ချက် ခန့်သာ အသက်ရှည်သဖြင့် အလွန့်အလွန် တိုတောင်းရကား ဖြစ်သည့်နေရာမှာပင် ဖြစ်ပြီးလျှင် ပျက်သွားကြရ၏။ လှုပ်ရှားခြင်းဟူသည် ရုပ်ကလာပ်တို့၏ မူလဖြစ်ရာအရပ်မှ အခြားအရပ်၌ နောက်ထပ် အသစ်ထပ်၍ ဖြစ်ခြင်း ဥပါဒ်ခြင်းတည်း။ ရုပ်ကလာပ်များ တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားလာခြင်းကား မဟုတ်ပေ။ ထိုသို့ နေရာ ပြောင်း၍ ဥပါဒ်ရခြင်းမှာလည်း ရှေးရှေး စိတ္တဇရုပ်ကလာပ်တွင် ပါဝင်သော ဝါယောဓာတ်၏ စွမ်းအင်သတ္တိ ကြောင့်ပင်တည်း။ ထိုသို့ နေရာ ပြောင်း၍ ပြောင်း၍ ဥပါဒ်ခြင်းကိုပင် လူအများက လှုပ်ရှားခြင်းဟု ထင်မြင် ယူဆကြသည်။

ပထမဇောစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ကလာပ်များတွင် ပါဝင်သော ဝါယောဓာတ်သည် ထိုဖြစ်ဆဲခဏ၌ စတုဇရုပ်တို့၏ အရပ်တစ်ပါး၌ ဥပါဒ်ခြင်း၏ အကြောင်းတရား အဖြစ်ဖြင့် လှုပ်ရှားစေခြင်းငှာ အကယ်၍ကား မစွမ်းနိုင်ပေ။ ထိုသို့ပင် မစွမ်းနိုင်သော်လည်း ထိုဝါယောဓာတ်ကို ဝိညတ်ဟူသော ဝိကာရရုပ်နှင့် အတူတကွ ဖြစ်၏ ဟူ၍သာ သိရှိပါလေ။ (ကာယဝိညတ္တိနဝက ကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ဟူသော ဝိညတ်ရုပ်ပါသော ရုပ်ကလာပ် အနေအထားဖြင့်သာ ဖြစ်သည် ဟူလို။)

အကြောင်းကား ဤသို့တည်း --- အရပ် (၁၀)မျက်နှာတို့တွင် အကြင်အရပ်သို့ သွားလို၏၊ သို့မဟုတ် အင်္ဂါ ကြီးငယ်တို့ကို ပစ်ချထားခြင်းငှာ အလိုရှိ၏၊ ကွေးခြင်း ဆန့်ခြင်းငှာ အလိုရှိ၏၊ ထိုအရပ်သို့ ရှေးရှူသည်သာလျှင် ဖြစ်ကုန်သော စတုဇရုပ်တို့ကို ထိုဝါယောဓာတ်သည် ကောင်းစွာလည်း ထောက်ပံ့၏၊ ကောင်းစွာလည်း ဆောင်ထား ၏၊ ထိုကြောင့် ထိုအရပ်သို့ ရှေးရှူသည်၏ အဖြစ်ဟူသော ထူးခြားသော အမူအရာကား ရှိနေသည်သာ ဖြစ်၏၊ အတွင်းသဘော အလိုဆန္ဒနှင့် အတူတကွ ဖြစ်လေ့ရှိသော ထူးခြားသော အမူအရာ = ဝိကာရသည်လည်းဝိညတ် မည်ပေသည်။ ထိုကြောင့် ပထမဇောကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် အကျုံးဝင်သော ဝါယော ဓာတ်ကို ဝိညတ်ဟူသော ဝိကာရရုပ်နှင့် အတူတကွ ဖြစ်၏ဟူ၍သာ သိရှိပါလေ။

ဤအကြောင်းကြောင့် မနောဒွါရာဝဇ္ဇန်း၏လည်း ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည်၏ အဖြစ်သည် အတွင်း သဘော အလိုဆန္ဒအားလျော်စွာ ထူးခြားသော အမူအရာ ပါသည့် ဝိကာရရုပ်ကို (အတွင်းသဘော အလိုဆန္ဒ အားလျော်စွာ ထူးခြားသော အမူအရာ ဝိကာရ ပါရှိသည့် ဝိညတ်ရုပ်ကို) ဖြစ်စေခြင်းအားဖြင့် ကပ်ရောက် ဖြစ် ပေါ်လာပေသည်။ ယင်းသို့ ဖြစ်စေနိုင်ခြင်းကြောင့် ဝုဋ္ဌော, ကာမဇော အဘိညာဏ်ဇောဟူသော (၃၂)မျိုးသော စိတ်တို့ကို စိတ္တဇရုပ်သာမညကိုလည်းကောင်း, ဣရိယာပုထ်ကို ခိုင်ခံ့စေခြင်းကိုလည်းကောင်း, ဝိညတ်ရုပ်ကို လည်းကောင်း ဖြစ်စေတတ်ကုန်၏ဟူ၍ ဆိုအပ်ကုန်ပြီ။ ဤသို့ မှတ်သားပါလေ။

အကြိမ်ထောင်ပေါင်းများစွာ မရေမတွက်နိုင်အောင် ဖြစ်ပေါ်သွားကြကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်သည် တစ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာရှိသော အရပ်သို့ ရောက်ပြီ ဤသို့ ပြောဆိုထိုက်သည်၏ အဖြစ်သို့ ရောက်စေ၏။ (မူလဋီ၊၁၊၇၂။)

ထိုစတုဇ ရူပကာယ = စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းတို့တွင် စိတ္တသမုဋ္ဌာနိက ကာယ ဟူသော စိတ္တဇရုပ်အပေါင်းသည် ရှိ၏၊ ထိုစိတ္တဇရုပ် အပေါင်းသည် ဝိညတ်မဟုတ်ပေ။ အဟုတ်သော်ကား --- စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်ကလာပ်များတွင် အကျုံးဝင်သော ဝါယောဓာတ်နှင့် အတူဖြစ်သော စတုဇ ရူပကာယကို ကောင်းစွာ ထောက်ပံ့ထားခြင်းငှာ = တောင့်ထားခြင်းငှာလည်းကောင်း, ကောင်းစွာ ဆောင်ထား ခြင်းငှာလည်းကောင်း, ထိုမှ ဤမှ လှုပ်ရှားစေခြင်းငှာလည်းကောင်း အကြောင်းတရား ဖြစ်ခြင်းငှာ စွမ်းနိုင်သော စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန် မဟာဘုတ်တို့၏ တစ်မျိုးသော ထူးခြားသော အမူအရာသည် ရှိ၏။ ဤထူးခြားသော အမူအရာသည် ဝိညတ် မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

မှန်ပေသည် ထိုစိတ္တဇမဟာဘုတ်တို့၏ ထိုသို့သော ထူးခြားသော အခြင်းအရာ ရှိကုန်သည်၏ အဖြစ်ကြောင့် ဝါယောဓာတ်သည် အတူတကွ ဖြစ်ဖက် စတုဇ ရူပကာယ = ရုပ်တရားအပေါင်းကို ထောက်လည်းထောက်ပံ့နိုင်၏၊ လှုပ်လည်း လှုပ်ရှားစေနိုင်၏ဟု မှတ်ပါ။ (မဟာဋီ၊၁၊၇၂။)

စိတ္တဇအဋ္ဌကလာပ်ရုပ်တို့သည် စိတ်ကြောင့် ဖြစ်ကုန်သကဲ့သို့ ထိုဝိညတ်ရုပ်သည် စိတ်ကြောင့်ကား မဖြစ် ပေ။ (ပရမတ်အစစ် မဟုတ်သောကြောင့် ဖြစ်၏။) ထိုသို့ပင် စိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ်ပါ သော်လည်း အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘော ရှိကုန်သော သင်္ခတပရမတ်တရားတို့၏ ဇရာမရဏ၏ အဖြစ်ကြောင့် ---

ဇရာ-မရဏံ ဘိက္ခဝေ အနိစ္စံ သင်္ခတံ။ (သံ၊၁၊၂၆၄။)

ရဟန်းတို့ ...ဇရာ-မရဏသည် အနိစ္စတရားတည်း၊ အကြောင်းတရားတို့သည် ပြုပြင်အပ်သော သင်္ခတ တရားတည်း --- ဤသို့စသော တရားစကားတော်ကို ဟောတော်မူသကဲ့သို့, ဤအတူပင် စိတ္တသမုဋ္ဌာန် ဖြစ်ကုန် သော စိတ္တဇရုပ်တို့၏ အတွင်းသဘော အလိုဆန္ဒကို သိစေတတ်သည့် ဝိညတ်ဟူသော ဝိကာရ = အမူအရာထူး ဖြစ်ရကား ထိုဝိညတ်ရုပ်သည်လည်း စိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် မည်ရပေတော့သည်။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ဌာနူပစာ --- အထက်ပါ အဋ္ဌကထာစကားအရ --- ဌာနဖြစ်သော စိတ္တဇ အဋ္ဌကလာပ်ရုပ်တို့၏ စိတ္တသမုဋ္ဌာန်ဟူသော အမည်အစစ်ကို ဌာနီဖြစ်သော ဝိကာရရုပ် ဝိညတ်ပေါ်၌ တင်စား၍ ဝိညတ်ရုပ်ကိုလည်း ဌာနူပစာရအားဖြင့် စိတ္တသမုဋ္ဌာန် အမည်ရသည်ဟု ပြလိုသောကြောင့် သာပိ စိတ္တသမုဋ္ဌာနာ နာမ ဟောတိ (အဘိ၊ဋ္ဌ၊၁၊၁၂၅။) --- ဟု ထိုဝိညတ်ရုပ်သည်လည်း စိတ္တသမုဋ္ဌာန်ရုပ် မည်ရပေတော့သည်ဟု နာမ-သဒ္ဒါ ထည့်၍ ဖွင့်ဆိုရပေသည်။ သို့သော် ဤဝိညတ်ရုပ်ကား ပရမတ်အားဖြင့် တကယ်ထင်ရှားမရှိဟု ပြလို၍ န စိတ္တသမုဋ္ဌာနာ ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ ဤဝိညတ်ရုပ်သည် ဌာနူပစာရအားဖြင့် စိတ္တသမုဋ္ဌာန်ရုပ် ဖြစ်ရသကဲ့သို့ မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့၏ အခြင်းအရာထူး = ဝိကာရ ဖြစ်သောကြောင့် ဌာနူပစာရအားဖြင့် မဟာဘုတ် တို့ကို မှီ၍ ဖြစ်တတ်သည့် ဥပါဒါရုပ် ဖြစ်ကြောင်းကိုလည်း အလိုရှိအပ်၏ဟု သိရှိပါလေ။ (မူလဋီ၊၁၊၇၂။)

၁။ ပဓာန = ပြဓာန်းသောရုပ်

၂။ အပ္ပဓာန = မပြဓာန်းသောရုပ်

ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း ဤ ဣရိယာပထရှုကွက်နှင့် သမ္ပဇညရှုကွက်တို့၌ ---

၁။ ပဓာန = ပြဓာန်းသော ရုပ်တရားတို့ကား ကာယဝိညတ္တိနဝက ကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ဟူသော ဝိညတ်ရုပ် ပါဝင်သော စိတ္တဇရုပ်ကလာပ် (၂)မျိုးတို့ ဖြစ်ကြ၏။ ဘာသိတေ --- ဟူသော သမ္ပဇညရှုကွက်၌ကား စကားပြောနေစဉ်၌ ပြောလိုသော စိတ်ကြောင့် ဖြစ်ပေါ်သွားကြကုန်သော ဝစီဝိညတ္တိဒသက ကလာပ်နှင့် ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ်ဟူသော ဝစီဝိညတ်ရုပ်ပါဝင်သော ရုပ်ကလာပ် (၂)မျိုးတို့ ဖြစ်ကြ၏။

၂။ အပ္ပဓာန = မပြဓာန်းသော ရုပ်တရားတို့ကား ခန္ဓာအိမ်ဝယ် (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြ သော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းတို့ ဖြစ်ကြ၏။ (မ၊ဋီ၊၁၊၃၅၃။)

၁။ ယင်း ပဓာန-အပ္ပဓာနရုပ်တို့တွင် --- ယောဂါဝစရပုဂ္ဂိုလ်သည် ဣရိယာပထရုပ်ဟူသော ဝိညတ်ရုပ်ပါဝင် သော ရုပ်တရားတို့ကို ပဓာနထား၍ သိမ်းဆည်းရှုပွားပါက အပ္ပဓာနဖြစ်သော (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို သိမ်းဆည်းရှုပွားခြင်း ကိစ္စသည်လည်း အစဉ် လိုက်၍ ပြီးစီးသွား၏။

၂။ တစ်ဖန် အပ္ပဓာန = မပြဓာန်းသော (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော စတုသမုဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ပဓာနထား၍ သိမ်းဆည်းရှုပွားပါကလည်း အပ္ပဓာနဖြစ်သော ဣရိယာပထရုပ်များကို သိမ်းဆည်းရှုပွားခြင်း ကိစ္စသည်လည်း အစဉ်လိုက်၍ ပြီးစီးသွား၏။ ဤနောက်နည်း၌ကား --- စတုသမုဋ္ဌာနိကရူပ ကာယကား ပဓာန, ဣရိယာပထရုပ် = ဝိညတ်ပါဝင်သော စိတ္တဇရုပ်တို့ကား အပ္ပဓာနတည်း။ (မ၊ဋီ၊၁၊၃၅၃။)

ယင်း ပဓာန, အပ္ပဓာနရုပ်တရားအားလုံးတို့သည်ကား ရူပက္ခန္ဓာ မည်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ပဓာန, အပ္ပဓာနရုပ်တရားအားလုံးတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းထားပြီးကား ဖြစ်ရပေ မည်၊ သို့မှသာလျှင် နာမ်တရားများကိုလည်း ဆက်လက်၍ သိမ်းဆည်းရှုပွားနိုင်မည် ဖြစ်သည်။ ဤ၌ ရှုကွက် ဆက်စပ်မိစေရန် ရုပ်ကမ္မဋ္ဌာန်းပိုင်း၌ တင်ပြခဲ့သော ရှုကွက်ကိုပင် အနည်းငယ် ထပ်မံ ဖော်ပြအပ်ပါသည်။

ခန္ဓာငါးပါး = ရုပ် + နာမ် နှစ်ပါး

ခန္ဓာငါးပါး = ရုပ် + နာမ် နှစ်ပါး

ဂစ္ဆာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ။ ဌာနာဒီသုပိ ဧသေဝ နယော။ (မ၊ဋ္ဌ၊၁၊၂၅၆။)

ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ။ (မ၊ဋီ၊၁၊၃၅၂။)

= သွားလိုသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုစိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏ = ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်ကို = ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ ယင်းဝါယောဓာတ် သည် ဝိညတ်ရုပ်ကို ဖြစ်စေ၏။ စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍သွားခြင်းကြောင့် တစ်နည်းဆိုရသော် စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ် အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍သွားခြင်းကြောင့် အလုံးစုံသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရား အပေါင်း၏ ေ့ရှသို့ သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကို သွားခြင်းဟူ၍ ခေါ်ဆိုအပ်ပေ၏။ ရပ်ခြင်း စသည်တို့၌လည်း ဤနည်းပင်တည်း။ (မ၊ဋ္ဌ၊၁၊၂၅၆။)

အသင်သူတော်ကောင်းသည် အထက်ပါ အဋ္ဌကထာ ဋီကာစကားရပ်တို့ကို စေ့စေ့ငုငု ဖတ်ရှုကြည့်ပါ။

၁။ ရှေးဦးစွာ သွားလိုသော စိတ်ကို ဉာဏ်ဖြင့်မြင်အောင် ရှုရမည် ဖြစ်၏။

၂။ ထိုသွားလိုသော စိတ်ကြောင့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ = ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားမှုကို ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်း ရှုပွားရမည် ဖြစ်၏။

၃။ ထိုသဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်က တစ်နည်းဆိုရသော် ဝါယောဓာတ်၏ သဘာဝ သတ္တိစွမ်းအင် လွန်ကဲနေသော မဟာဘုတ်ဓာတ် (၄)ပါးက သွားမည့် ကိုယ်အမူအရာ သွားသည့် ကိုယ်အမူအရာ ဝိညတ်ရုပ်ကို ဖြစ်စေမှုကို ဉာဏ်ဖြင့်မြင်အောင် ရှုရမည် ဖြစ်သည်။

၄။ စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခြင်းကြောင့် အလုံးစုံသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရား အပေါင်း၏ ေ့ရှသို့ သယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေပုံကို ဉာဏ်ဖြင့်မြင်အောင် ဆက်ရှုရမည် ဖြစ်၏။

တစ်နည်းဆိုရသော် ---

၁။ သွားလိုသော စိတ်ကို ဉာဏ်ဖြင့်မြင်အောင် ရှုပါ။

၂။ ယင်းစိတ်ကြောင့် ဖြစ်ပေါ်လာကြသော ကာယဝိညတ္တိနဝက ကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်တို့၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ ဖြစ်နေပုံကို ဉာဏ်ဖြင့်မြင်အောင် ရှုပါ။ ဤရုပ်တို့ကား သယ်ဆောင် တတ်သော ရုပ်တို့တည်း၊ ပဓာန = ပြဓာန်းသော ရုပ်တို့တည်း။

၃။ (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော စတုသမုဋ္ဌာနိက ရူပကာယရုပ်တရားအပေါင်းကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ယင်းရုပ်တို့ကား အသယ်ဆောင်ခံရသော ရုပ်တို့တည်း၊ အပ္ပဓာန = မပြဓာန်းသော ရုပ်တို့တည်း။

သွားလိုသော စိတ်

သွားလိုသော စိတ်

မနောဒွါရာဝဇ္ဇန်း, ကာမာဝစရကုသိုလ်ဇောနှင့် အကုသိုလ်ဇောတို့ကား ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်တို့အတွက် သွားလိုသော စိတ်များ ဖြစ်ကြ၏။ သေက္ခအရိယာသူတော်ကောင်းတို့၌ ပယ်ပြီးကိလေသာများကို ပယ်နှုတ်ပါ။ ဣရိယာပထ ဝိညတ်ရုပ်ကို ဖြစ်စေသော ယင်းစိတ်တို့မှာ မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့သာ ဖြစ်ကြ၏။

စိတ်တို့ မည်သည် စိတ်တစ်ခုတည်း သက်သက် စေတသိက်တို့ မပါဘဲ ဖြစ်နိုင်ရိုး ဓမ္မတာ မရှိကြပေ။ စေတသိက်တို့နှင့်သာ ထိုက်သလို ယှဉ်တွဲ၍ အမြဲတမ်း ဖြစ်ကြရ၏။ သို့အတွက် စိတ်ကို ဉာဏ်ဖြင့်မြင်အောင် ရှုရာဝယ် တစ်နွယ်ငင် တစ်စင်ပါဟူ၏သို့ ယှဉ်ဖက်စေတသိက်တို့ကိုပါ ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်းရမည် ဖြစ်ပေသည်။

ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံတဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။)

ဤအထက်ပါ အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုတော်မူချက်နှင့်အညီ အသိစိတ်ဝိညာဏ်သည် တစ်ခုတည်း သက်သက်သာ ဖြစ်နေသည် မဟုတ်သဖြင့် ထိုအသိစိတ်ဝိညာဏ်နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ပေါ်သွားကြကုန်သော ဖဿပဉ္စမကတရား ဦးဆောင်နေသည့် နာမ်တရားစုတို့ကိုပင် သိမ်းဆည်းရမည် ဉာဏ် ဖြင့် ပိုင်းခြားယူရမည် ဖြစ်သည်။ ယင်းနာမ်တရားစုတို့မှာလည်း စိတ္တနိယာမခေါ်သည့် စိတ်တို့၏ ဖြစ်ရိုးဖြစ်စဉ် ဝီထိခေါ်သည့် လမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြသဖြင့် ဤ၌ သွားလိုသောစိတ် ပြဓာန်းနေသော မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့သာ ဖြစ်ကြသည်။

၁။ အထက်တွင် ဖော်ပြခဲ့သော ပဓာန = ပြဓာန်းသော ရုပ်တရားများနှင့် အပ္ပဓာန = မပြဓာန်းသော ရုပ်တရား တို့ကား --- ရုပ်

၂။ သွားလိုသော စိတ်-စေတသိက်တို့ကား --- နာမ်

ဤရုပ်နှင့် နာမ်တို့ကို သိမ်းဆည်းရမည် ဖြစ်၏။

တစ်ဖန် ယင်းရုပ်နာမ်တို့တွင် ---

၁။ ရုပ်တရားကား ရူပက္ခန္ဓာ

၂။ ဝေဒနာကား ဝေဒနာက္ခန္ဓာ

၃။ သညာကား သညာက္ခန္ဓာ

၄။ ဝေဒနာ သညာမှတစ်ပါး ကျန်စေတသိက်တရားစုက သင်္ခါရက္ခန္ဓာ

၅။ အသိစိတ်က ဝိညာဏက္ခန္ဓာ ---

ဤသို့လျှင် ခန္ဓာ (၅)ပါး ဖြစ်ပေသည်။

မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာ (၅)ပါး, ဇော အသီးအသီး၌ ခန္ဓာ (၅)ပါးစီ --- ဤသို့ မြင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ [ဝေဒနာ သညာမှ ကြွင်းကျန်သော စေတသိက်ဟူသမျှသည် သင်္ခါရက္ခန္ဓာ အမည် ရသဖြင့် စိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် စေတသိက် အရေအတွက်သို့ လိုက်၍ သင်္ခါရက္ခန္ဓာ၌ စေတသိက် အရေအတွက်မှာ အတိုးအဆုတ် ရှိပေသည်။ မနောဒွါရာဝဇ္ဇန်း၌ စိတ်+စေတသိက် = နာမ်တရား (၁၂)လုံး ရှိသဖြင့် ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းသော စေတသိက် (၉)လုံးသည် သင်္ခါရက္ခန္ဓာ မည်၏။ ဇော သည် အကယ်၍ ကုသိုလ်ဇော ဖြစ်အံ့ --- နာမ်တရား (၃၄)လုံး ရှိအံ့, ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန်သော စေတသိက် (၃၁)လုံးသည် သင်္ခါရက္ခန္ဓာ မည်၏။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။]

ရှုပုံစနစ် အမြွက်

ရှုပုံစနစ် အမြွက်

၁။ တစ်နေရာတွင် မတ်တတ်ရပ်၍ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးတို့ကို ဃနအသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။ ထိုနောင် ---

၃။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၄။ သွားမည့် အမူအရာ အနည်းငယ် ပြုလုပ်၍ သွားလိုသောစိတ်ကို မြင်အောင် ရှုပါ။ ယင်းစိတ်နှင့် ယှဉ်တွဲ နေသည့် စေတသိက်တို့ကိုလည်း မြင်အောင် ရှုပါ။ မနောဒွါရိက ဇောဝီထိစဉ်အတိုင်း နာမ်တရားတို့ကို မြင်အောင် ရှုပါ။

၅။ ယင်း စိတ်-စေတသိက်တို့ကြောင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားသွားကြကုန်သော ကာယဝိညတ္တိ နဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ဟူသော ရုပ်တရားတို့ကို ပဓာနထား၍ သိမ်းဆည်းပါ။ (ဖြည်းဖြည်း သွားကြည့်နေပါ။)

၆။ ယင်းရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ စွမ်းအင်ကြောင့် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်း၏ နေရာ အသစ်အသစ်၌ ပြောင်းရွှေ့ ဥပါဒ်လျက် ဖြစ်ပွားနေမှုကို မြင်အောင် ရှုပါ။ သိမ်းဆည်းပါ။

(အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော အပ္ပဓာနရုပ်တို့တည်း။)

ထိုသို့ သိမ်းဆည်းနိုင်သောအခါ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ---

၁။ ပဓာန = ပြဓာန်းသော ရုပ်နှင့် အပ္ပဓာန = မပြဓာန်းသော ရုပ်တို့ကို တစ်ပေါင်း တစ်စုတည်းပြု၍ --- ရုပ်တရား ရုပ်တရားဟု သိမ်းဆည်းပါ။

၂။ သွားလိုသော စိတ်-စေတသိက်တို့ကို တစ်ပေါင်းတစ်စုတည်းပြု၍--- နာမ်တရား နာမ်တရားဟု သိမ်း ဆည်းပါ။

သတိပြုရန် --- ထိုသို့ စင်္ကြံသွား၍ ရုပ်နာမ်ကို သိမ်းဆည်းရာ၌ ဖြည်းဖြည်းသာ သွားပါ။ အစဦးစွာ အား ထုတ်သည့်အပိုင်း၌ မိမိ လျှောက်နေကျ စင်္ကြံ ဖြစ်ပါစေ။ စင်္ကြံဦး၌ မတ်တတ်ရပ်၍ သမာဓိထူထောင်စဉ် စတုသမုဋ္ဌာနိက ရုပ်တရား အားလုံးကို သိမ်းဆည်းစဉ်တို့၌လည်းကောင်း, စင်္ကြံ တဖြည်းဖြည်း သွားစဉ်၌လည်းကောင်း မျက်စိကို မှိတ်ထားပါဦး။ လေ့ကျင့်မှု တဖြည်းဖြည်း အောင်မြင်လာသောအခါ၌ကား မျက်စိအနည်းငယ် ဖွင့်၍ လည်း သိမ်းဆည်း ရှုပွားနိုင်ပါသည်။ သွားလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောတို့မှာ အသင်သူတော်ကောင်းအတွက် ကုသိုလ်ဇောလည်း ဖြစ်နိုင်၏၊ အကုသိုလ်ဇောလည်း ဖြစ်နိုင်၏။ သို့သော် ယခုကဲ့သို့ သွားခိုက်၌ ဖြစ်ပေါ်နေကြသော ရုပ်နာမ်တို့ကို သိမ်းဆည်းနေသည့် အချိန်ပိုင်း၌ကား နာမရူပပရိစ္ဆေဒဉာဏ်ပြဓာန်းသော ကုသိုလ်ဇောဝီထိများသာ အဖြစ်များဖွယ်ရာ ရှိပေသည်။

ခန္ဓာ (၅)ပါးနည်း၊ အာယတန (၁၂)ပါးနည်း၊ ဓာတ် (၁၈)ပါးနည်းတို့ဖြင့်လည်း ဆက်လက် သိမ်းဆည်း နိုင်ပါသည်။ နည်းမှီး၍ သိပါလေ။

ယင်းမနောဒွါရိကဇောဝီထိတို့တွင် တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏။ သို့သော် ယင်းတဒါရုံမှာ ဝိညတ်ရုပ်ကိုကား မဖြစ်စေနိုင်ဟု မှတ်ပါ။ ယင်း တဒါရုံတို့မှာ ကာမ ရုပ်နာမ်ကို အာရုံပြုခိုက် ၌သာ အာရုံကလည်း ဝိဘူတာရုံ ဖြစ်ပါမှ ကျခွင့် ရှိနိုင်သည်။

ဤ သွားခိုက်၌လည်း ---

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း --- (ရူပပရိဂ္ဂဟ)

၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း --- (အရူပပရိဂ္ဂဟ)

၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း --- (ရူပါရူပပရိဂ္ဂဟ)

၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း --- (နာမရူပဝဝတ္ထာန)

ဤလုပ်ငန်းကြီး (၄)ရပ်တို့ကို ကြိမ်ဖန်များစွာ ပြုလုပ်ပါ။ အလားတူပင် ရပ်ခိုက်, ထိုင်ခိုက်, အိပ်ခိုက်တို့ ၌လည်း ရပ်သောအခြင်းအရာ, ထိုင်သောအခြင်းအရာ, အိပ်သောအခြင်းအရာအားဖြင့် ရှေးနှင့်နောက် ဆက် စပ်လျက် အထပ်ထပ် ဖြစ်ပေါ်နေကြသော ပဓာန = ပြဓာန်းသော ဣရိယာပထဝိညတ်ရုပ်တို့ ပါဝင်သော စိတ္တဇ ရုပ်ကလာပ် = စိတ္တဇရုပ်တရားအပေါင်းကိုလည်းကောင်း, အပ္ပဓာန = မပြဓာန်းသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကိုလည်းကောင်း, ရပ်လို, ထိုင်လို, အိပ်လိုသောစိတ် ေ့ရှသွား ပြဓာန်းလျက်ရှိသော မနောဒွါရိက ဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း, နာမ်သက်သက်ကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်းတို့ကို နည်းတူပင် ပြုလုပ်ပါ။

ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ။

ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ။

ဤအထက်ပါ ဘုရားရှင်၏ ညွှန်ကြားတော်မူချက်နှင့် ပတ်သက်၍ ဋီကာဆရာတော်က နှစ်နည်း ဖွင့်ဆို ထား၏။ ပထမနည်းမှာ သွား-ရပ်-ထိုင်-လျောင်းဟူသော ဣရိယာပုထ် (၄)ပါးလုံးတို့၌ ပြဓာန်းသော ဣရိယာပထ ဝိညတ်တို့ ပါဝင်သော စိတ္တဇရုပ်ကလာပ်တို့ကို = စိတ္တဇရုပ်တရားအပေါင်းကို ပဓာနထား၍ စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို အပ္ပဓာနအားဖြင့် သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားသောနည်း ဖြစ်၏။

ဒုတိယနည်းမှာကား --- အပ္ပဓာနဖြစ်သော ယင်းစတုသမုဋ္ဌာနိက ရူပကာယရုပ်တရားအပေါင်းကို တစ်ဖန် ပဓာနထား၍ သိမ်းဆည်းပြီးလျှင် ဣရိယာပထ ဝိညတ်ရုပ်တို့ ပါဝင်သော စိတ္တဇရုပ်ကလာပ်အပေါင်း = ရုပ်တရား အပေါင်းကိုလည်း အပ္ပဓာနထား၍ တစ်ဖန် သိမ်းဆည်းရန် ညွှန်ကြားထားသောနည်း ဖြစ်၏။ (ရုပ်ကမ္မဋ္ဌာန်း ပိုင်းတွင် ရှင်းပြခဲ့ပြီ။)

ဤညွှန်ကြားချက်အရ အသင်သူတော်ကောင်းသည် ---

၁။ ဣရိယာပထ-ဝိညတ်ရုပ်တို့ ပါဝင်သော စိတ္တဇရုပ်တို့ကို ပဓာနထား၍ စတုသမုဋ္ဌာနိက ရူပကာယ = ရုပ် တရားအပေါင်းကို အပ္ပဓာနထား၍လည်းကောင်း,

၂။ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော စတုသမုဋ္ဌာနိက ရူပကာယ ရုပ်တရား အပေါင်းကို တစ်ဖန် ပဓာနထား၍ ဣရိယာပထ ဝိညတ်ရုပ်တို့ ပါဝင်သော စိတ္တဇရုပ်တို့ကို အပ္ပဓာနထား ၍လည်းကောင်း ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းပါ။

၃။ ထိုနောင် သွားလို, ရပ်လို, ထိုင်လို, လျောင်းလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ စိတ် စေတသိက် နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။

၄။ ထိုနောင် ရုပ်နာမ်ကို သိမ်းဆည်းပါ။

၅။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။

ဣရိယာပုထ် (၄)ပါးလုံး၌ ရုပ်နာမ်ကိုသာ ဣရိယာပုထ်ချင်း စပ်မိသွားအောင် သိမ်းဆည်းပါ။

ဣရိယာပထ-ဝိညတ်ရုပ်တို့ ပါဝင်သော စိတ္တဇရုပ်တို့ကား သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တို့တည်း။ ကြွင်းကျန်ကုန်သော တစ်ကိုယ်လုံး၌ တည်ရှိကြသော စတုသမုဋ္ဌာနိကရုပ်တို့ကား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်နေကြသော ရုပ်တို့တည်း။ ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်ဖို့ကား အလွန် အရေးကြီးလှပေသည်။ ရုပ်နာမ် နှစ်ဘက်လုံး၌ ဃနပြိုပါမှ အနတ္တသို့ ဉာဏ်အမြင်ဆိုက်မည်၊ သတိရှိစေ။

သမ္ပဇာနပဗ္ဗ = သမ္ပဇဉ်ပိုင်း

သမ္ပဇာနပဗ္ဗ = သမ္ပဇဉ်ပိုင်း

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ---

၁။ အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ။

၂။ အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ။

၃။ သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ။

၄။ သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ။

၅။ အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ။

၆။ ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ။

၇။ ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။ (မ၊၁၊၇၂။)

ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ယောဂါဝစရ ရဟန်းသည် ---

၁။ ေ့ရှသို့ တက်ရာ၌ နောက်သို့ ဆုတ်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၂။ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၃။ ကွေးရာ၌ ဆန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၄။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၅။ စားရာ၌ သောက်ရာ၌ ခဲရာ၌ လျက်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၆။ ကျင်ကြီးစွန့်ရာ၌ ကျင်ငယ်စွန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၇။ သွားရာ၌ ရပ်ရာ၌ ထိုင်ရာ၌ အိပ်ရာ၌ နိုးလာရာ၌ စကားပြောဆိုရာ၌ စကားမပြော ဆိတ်ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

အဒ္ဓါနဣရိယာပထ - မဇ္ဈိမဣရိယာပထ - ခုဒ္ဒကစုဏ္ဏိကဣရိယာပထ

အဒ္ဓါနဣရိယာပထ - မဇ္ဈိမဣရိယာပထ - ခုဒ္ဒကစုဏ္ဏိကဣရိယာပထ

ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာ- နာတိ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတီတိ ဣမသ္မိံဟိ ဌာနေ အဒ္ဓါနဣရိယာပထာ ကထိတာ။

အဘိက္ကန္တေ ပဋိက္ကန္တေ အာလောကိတေ ဝိလောကိတေ သမိဉ္ဇိတေ ပသာရိတေတိ ဣမသ္မိံ မဇ္ဈိမာ။

ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေတိ ဣဓ ပန ခုဒ္ဒကစုဏ္ဏိကဣရိယာပထာ ကထိတာ။ (မ၊ဋ္ဌ၊၁၊၂၇၃။)

၁။ (က) သွားလျှင် သွား၏ဟု ကွဲကွဲပြားပြား သိ၏၊ (သိအောင် ကျင့်ပါ။)

( ခ ) ရပ်လျှင် ရပ်၏ဟု ကွဲကွဲ ပြားပြား သိ၏၊ (သိအောင် ကျင့်ပါ။)

( ဂ ) ထိုင်လျှင် ထိုင်၏ဟု ကွဲကွဲပြားပြား သိ၏၊ (သိအောင် ကျင့်ပါ။)

(ဃ) လျောင်းလျှင် လျောင်း၏ဟု ကွဲကွဲပြားပြား သိ၏။ (သိအောင် ကျင့်ပါ။)

ဤ ဣရိယာပထပိုင်း ရှုကွက် (၄)ဌာန၌ အဒ္ဓါနဣရိယာပထ = အဓွန့်ရှည်သော ဣရိယာပုထ်တို့ကို ရည် ညွှန်း၍ ဘုရားရှင် ဟောကြားထားတော်မူပေသည်။

ေ့ရှသို့ တက်ရာ၌, နောက်သို့ ဆုတ်ရာ၌, တည့်တည့်ကြည့်ရာ၌, စောင်းငဲ့ကြည့်ရာ၌, ကွေးရာ၌ ဆန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလုပ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။ ဤ (၆)ဌာန၌ကား အလယ်အလတ်စား မဇ္ဈိမဣရိယာပုထ်တို့ကို ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူ၏။

တစ်ဖန် ဂတေ, ဌိတေ, နိသိန္နေ, သုတ္တေ, ဇာဂရိတေ = သွားရာ၌, ရပ်ရာ၌, ထိုင်ရာ၌, အိပ်ရာ၌, နိုးလာရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုကျင့်ရန် ဘုရားရှင်သည် ထပ်မံ၍ ညွှန်ကြားထားတော်မူပြန်၏။ ဤ (၅)ဌာန၌ကား ခုဒ္ဒက စုဏ္ဏိက အမည်ရသည့် အငယ်စား အသေးစား ဣရိယာပုထ်တို့ကို ဘုရားရှင်သည် ညွှန်ကြားထားတော်မူပေသည်။ ဤသို့ ခွဲခြား၍ မှတ်သားပါလေ။ (မ၊ဋ္ဌ၊၁၊၂၇၃။)

အဘိက္ကန္တေ - ပဋိက္ကန္တေ

အဘိက္ကန္တေ - ပဋိက္ကန္တေ

ေ့ရှသို့ သွားခြင်းကို အဘိက္ကန္တ, နောက်သို့ ဆုတ်ခြင်းကို ပဋိက္ကန္တဟု ဆို၏။

တဒုဘယမ္ပိ စတူသု ဣရိယာပထေသု လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၃၁-၃၃၂။ မ၊ဋ္ဌ၊၁၊၂၅၈။)

ထို ေ့ရှသို့သွားခြင်း နောက်သို့ဆုတ်ခြင်း နှစ်မျိုးလုံးကိုလည်း ဣရိယာပုထ် (၄)ပါးလုံးတို့၌ပင် ရအပ်ပေ၏။

၁။ သွားခြင်း၌ ကိုယ်ကို (= ရုပ်တရားအပေါင်းကို) ရှေးသို့ ရှေးရှူဆောင်သော ပုဂ္ဂိုလ်သည် ရှေးသို့သွားသည် မည်၏။ နောက်ကြောင်း ပြန်နစ်သော ပုဂ္ဂိုလ်သည် နောက်သို့ ပြန်ဆုတ်သည် မည်၏။

၂။ ရပ်ခြင်း၌လည်း ခြေကို လုံးဝမလှမ်းသေးဘဲ ရပ်လျက်သာလျှင် ကိုယ်ကို (= ရုပ်တရားအပေါင်းကို) ေ့ရှသို့ ညွတ်စေသော ပုဂ္ဂိုလ်သည် ေ့ရှသို့သွားသည် မည်၏။ ကိုယ်ကို (= ရုပ်တရားအပေါင်းကို) နောက်သို့ ဖဲ၍ ညွတ် စေသော ပုဂ္ဂိုလ်သည် နောက်သို့ဆုတ်သည် မည်၏။

၃။ ထိုင်ခြင်း၌လည်း (ရပ်ခြင်း, သွားခြင်း မပြုဘဲ) ထိုင်လျက်သာလျှင် ထိုင်ရာနေရာ၏ ေ့ရှဘက်သို့ (= ေ့ရှဘက် ကိုယ်အင်္ဂါ၏ အစိတ်အပိုင်းဘက်သို့) ရှေးရှူသည် ဖြစ်၍ ရွေ့ရှားသော ပုဂ္ဂိုလ်သည် (အဘိက္ကမတိ) ေ့ရှသို့တိုး သည် မည်၏။ နောက်ကိုယ်အင်္ဂါ အရပ်ဘက်သို့ တစ်ဖန်ပြန်၍ ရွေ့ရှားသောပုဂ္ဂိုလ်သည် နောက်သို့ဆုတ်သည် မည်၏။ လျောင်းခြင်း၌လည်း ဤနည်းပင်တည်း။ လျောင်းလျက်ပင် ေ့ရှဘက်သို့ တိုးမှု နောက်ဘက်သို့ ဆုတ်မှု တို့ကို ဆိုလိုသည်။ (အဘိ၊ဋ္ဌ၊၃၃၁-၃၃၂။ မ၊ဋ္ဌ၊၁၊၂၅၈။)

သမ္ပဇာနကာရီ ဟောတိ

သမ္ပဇာနကာရီ ဟောတိ

ထက်ဝန်းကျင် အပြားအားဖြင့် သိတတ်သော ဉာဏ်ပညာဖြင့် ေ့ရှသို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း စသော အလုံးစုံသော ကိစ္စတို့ကို ပြုလုပ်လေ့ရှိ၏။ တစ်နည်းဆိုသော် ထက်ဝန်းကျင် အပြားအားဖြင့် သိတတ်သော = ကွဲကွဲပြားပြား သိတတ်သော ဉာဏ်ပညာကိုသာလျှင် အသုံးပြုလေ့ရှိ၏။

မှန်ပေသည် ထိုယောဂါဝစရ ရဟန်းသည် ေ့ရှသို့တက်ခြင်း စသည့် ထိုထိုကိစ္စတို့၌ သမ္ပဇဉ်ဉာဏ်ကို အမြဲပြု၏၊ တစ်စုံတစ်ခုသော ကိစ္စ၌ သမ္ပဇဉ်ဉာဏ်မှ ကင်းနေသည့် ကိစ္စဟူသည် မရှိပေ။ တစ်ဖန် သမ္ပဇဉ်ဉာဏ်ကား သတိနှင့် အမြဲတမ်း ယှဉ်လျက်သာလျှင် ရှိ၏။ ထိုကြောင့် ထိုသမ္ပဇညပုဒ်၏ အကျယ်ကို ဖွင့်ပြရာ နိဒ္ဒေသ ပါဠိတော်၌ --

သတော သမ္ပဇာနော အဘိက္ကမတိ၊ သတော သမ္ပဇာနော ပဋိက္ကမတိ။

= သတိနှင့် ပြည့်စုံသည် ဖြစ်၍ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ ေ့ရှသို့ တက်၏၊ သတိနှင့် ပြည့်စုံသည် ဖြစ်၍ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ နောက်သို့ ဆုတ်၏။

ဤသို့လျှင် ဘုရားရှင်သည် သတိကိုလည်း ထည့်၍ ဟောကြားထားတော်မူပေသည်။ ထင်ရှားစေအံ့ ---ဤရဟန်းသည် ေ့ရှသို့သွားသော် (ေ့ရှသို့တိုးသော်) လည်းကောင်း, နောက်သို့ ဆုတ်သော်လည်းကောင်း ပျောက် ပျက်သော သတိ ရှိသည် = သတိ လက်လွတ်နေသည်ကား မဟုတ်၊ ကောင်းစွာ အပြားအားဖြင့် ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ် မရှိသည်လည်း မဟုတ်။ အလျော်အားဖြင့် ဆိုရမူ သတိနှင့် ပြည့်စုံသည် ဖြစ်၍ သာလျှင် ကောင်းစွာ အပြားအားဖြင့် ကွဲကွဲပြားပြား သိတတ်သည့် သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍သာ လျှင် ေ့ရှသို့လည်း တက်၏၊ နောက်သို့လည်း ပြန်ဆုတ်၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၂။ မ၊ဋ္ဌ၊၁၊၂၅၈။)

သဗ္ဗေသု အဘိက္ကမာဒီသု စတုဗ္ဗိဓံ သမ္ပဇညံ ဩတာရေတိ။ (အဘိ၊ဋ္ဌ၊၂၊၃၃၂။)

= ေ့ရှသို့တက်ခြင်း စသော ကိစ္စရပ်အားလုံးတို့၌ သမ္ပဇဉ် (၄)မျိုးလုံးကိုပင် သက်ရောက်စေ၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၂။)

ဤ၌ သမ္ပဇာနကာရီအရ ထက်ဝန်းကျင် အပြားအားဖြင့် သိမှု, ကောင်းစွာ အပြားအားဖြင့် သိမှု, ကွဲကွဲ ပြားပြား သိမှုဟူသည် မည်ကဲ့သို့သော သိမှုမျိုးကို ဆိုလိုပါသနည်းဟု မေးရန်ရှိ၏၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။

သမ္ပဇဉ်လေးပါး

သမ္ပဇဉ်လေးပါး

၁။ သာတ္ထကသမ္ပဇဉ်,

၂။ သပ္ပါယသမ္ပဇဉ်,

၃။ ဂေါစရသမ္ပဇဉ်,

၄။ အသမ္မောဟသမ္ပဇဉ် ---

ဤသို့လျှင် သမ္ပဇဉ် (၄)မျိုး ရှိ၏။

၁။ သာတ္ထကသမ္ပဇဉ်

၁။ သာတ္ထကသမ္ပဇဉ်

ထိုသမ္ပဇဉ် (၄)မျိုးတို့တွင် --- ေ့ရှသို့တက်လိုသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် စိတ်၏ အလိုအတိုင်း သာလျှင် မသွားသေးမူ၍ --- အသို့နည်း ဤနေရာသို့ သွားခြင်းဖြင့် ငါအား အကျိုးရှိလေမည်လော, မရှိလေ မည်လော --- ဟု အကျိုးရှိမှု အကျိုးမရှိမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ အကျိုးရှိမှုကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူ နိုင်ခြင်း သိမ်းဆည်းနိုင်ခြင်းသည် သာတ္ထကသမ္ပဇဉ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၂။ မ၊ဋ္ဌ၊၁၊၂၅၈။)

အကျိုးတရားဟူသည်

တတ္ထ စ အတ္ထောတိ စေတိယဒဿနဗောဓိဒဿနသံဃဒဿနထေရဒဿနအသုဘဒဿနာဒိဝသေန ဓမ္မတော ဝဍ္ဎိ။ (အဘိ၊ဋ္ဌ၊၂၊၃၃၂။ မ၊ဋ္ဌ၊၁၊၂၅၈။)

ထိုစကားရပ်ဝယ် အကျိုးဟူသည် --- စေတီတော်ကို ဖူးမြော်ရခြင်း, ဗောဓိပင်ကို ဖူးမြော်ရခြင်း, သံဃာတော်ကို ဖူးမြော်ရခြင်း, သံဃာထေရ်ကြီး ဆရာတော်ကြီးများကို ဖူးမြော်ရခြင်း, အသုဘရှုရခြင်း စသည်တို့၏ အစွမ်းဖြင့် ဓမ္မ၏ ကြီးပွားတိုးတက်မှုတည်း = ကုသိုလ်ဓမ္မ၏ ကြီးပွားတိုးတက်မှုတည်း။ (ဤစကားအရ ေ့ရှသို့ တက်ခြင်း နောက်သို့ဆုတ်ခြင်းကြောင့် ကုသိုလ်တရား တိုးပွားခဲ့လျှင် ဤ သာတ္ထကသမ္ပဇဉ်ပိုင်း၌ အကျိုးရှိ၏ဟု ဆိုလိုပေသည်။)

အကျိုးတရား ရရှိနိုင်ပုံ

စေတီတော်ကိုလည်းကောင်း, ဗောဓိပင်ကိုလည်းကောင်း ဖူးမြင်ရသည်ရှိသော် ဗုဒ္ဓါရမ္မဏပီတိ = ဘုရား ဂုဏ်လျှင် အာရုံရှိသော ပီတိသည် တစ်ဖွားဖွား ဖြစ်ပေါ်လာနိုင်၏။ ပီတိနှင့်တကွသော မဟာကုသိုလ် မနောဒွါရိက ဇောဝီထိစိတ်အစဉ်များတည်း။ ယင်းပီတိနှင့်တကွသော မဟာကုသိုလ်မနောဒွါရိက ဇောဝီထိစိတ်အစဉ်တို့ကို ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောကို အာရုံယူ၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ခဲ့သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ သံဃာတော်ကို ဖူးမြင်ရခြင်းဖြင့် သံဃာတော်၏ဂုဏ်လျှင် အာရုံရှိသော ပီတိကို ဖြစ်စေ၍ (= ပီတိနှင့် တကွသော မဟာကုသိုလ်ဇောဝီထိစိတ်အစဉ်ကို ဖြစ်စေ၍) ထိုပီတိ ကိုပင်လျှင် = ထိုပီတိနှင့် တကွသော မဟာကုသိုလ် မနောဒွါရိက ကုသိုလ်ဇောဝီထိစိတ်အစဉ်ကိုပင်လျှင် ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောကို အာရုံပြု၍ လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ သံဃာ့ထေရ်ကြီးတို့ကို (= ဆရာတော်ကြီးတို့ကို) ဖူးမြော်ရ၍ ထိုမထေရ် ကြီးတို့၏ အဆုံးအမ ဩဝါဒ၌ ရပ်တည်၍ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ခဲ့သော်, အသုဘ အလောင်းကို အသုဘ ရှုရ၍ ထိုအသုဘ အလောင်းကောင်အာရုံ၌ ပထမစျာန်ကို ဖြစ်စေ၍ ထိုပထမစျာန်ကို ပင်လျှင် ကုန်တတ် ပျက်တတ်သော အနက်သဘောအားဖြင့် ခယ-ဝယ သဘောကို အာရုံယူ၍ လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ခဲ့သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ ထိုကြောင့် စေတီ တော်ကို ဖူးမြော်ရခြင်း, ဗောဓိပင်ကို ဖူးမြော်ရခြင်း, သံဃာတော်ကို ဖူးမြော်ရခြင်း, သံဃာ့ထေရ်ကြီးတို့ကို ဖူးမြော်ရခြင်း အသုဘရှုရခြင်း စသည်တို့ကို အကျိုးရှိ၏ဟူ၍ ဆိုအပ်ပေသည်။ (ဤအကျိုးတရားတို့ကား ရုပ် နာမ်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင်သဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ကိုလည်း ရရှိထားပြီးသော, အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ ကြောင်း-ကျိုး ဆက် = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သိမ်းဆည်းထားတတ်သဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကိုလည်း ရရှိပြီးသော, ယင်း ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်တတ်သဖြင့် ဘင်္ဂဉာဏ်သို့တိုင်အောင်သော ဝိပဿနာ ဉာဏ်တို့ကိုလည်း ရရှိထားပြီးသော သူတော်ကောင်းတို့သာ ရရှိနိုင်သော အကျိုးတရားများပင် ဖြစ်ကြသည်။)

ကေစိဆရာတို့ကား --- ပစ္စည်းအာမိသအားဖြင့် ကြီးပွားမှုသည်လည်း အကျိုးတရားပင် ဖြစ်၏၊ ထိုပစ္စည်း လေးပါးကို အမှီပြု၍ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဟူသော သာသနာ့ဗြဟ္မစရိယ, အရိယ မဂ်တည်းဟူသော မဂ္ဂဗြဟ္မစရိယ ဤဗြဟ္မစရိယ အမည်ရသော သာသနာတော်ကို ချီးမြှောက်ခြင်းငှာ ကျင့်ခွင့် ရရှိနိုင်သောကြောင့်တည်း--- ဟု ဆိုကြ၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၂။ မ၊ဋ္ဌ၊၁၊၂၅၈။)

၂။ သပ္ပါယသမ္ပဇဉ်

၂။ သပ္ပါယသမ္ပဇဉ်

ထိုသို့ စေတီတော်ကို ဖူးမြော်လိုခြင်း စသော ဦးတည်ချက်ဖြင့် သွားရာ၌ --- သပ္ပါယ ဖြစ်မှု သပ္ပါယ မဖြစ်မှုကို (= တော်-မတော်ကို) ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သပ္ပါယ ဖြစ်သည်ကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်း လိုက်နာ ပြုကျင့်နိုင်ခြင်းသည် --- သပ္ပါယသမ္ပဇဉ် မည်၏။

စေတီတော်ကို ဖူးမြော်ရခြင်းသည် အကျိုးရှိသည်ကား မှန်၏၊ သို့သော် စေတီတော်အား အကြီးအကျယ် ပူဇော်သည့် ဘုရားပွဲကြီး ကျင်းပလျက် ပူဇော်ကြသည် ဖြစ်ကုန်အံ့၊ ဆယ်ယူဇနာ, တစ်ဆယ့်နှစ်ယူဇနာ အတွင်း ၌ တည်ရှိကြကုန်သော ပရိသတ်တို့သည် စုဝေးမိကြကုန်သည် ဖြစ်ကုန်အံ့၊ မိမိ၏ စည်းစိမ်ဥစ္စာနှင့် လျော်စွာ အမျိုးသမီးတို့သည်လည်းကောင်း, အမျိုးသားတို့သည်လည်းကောင်း တန်ဆာအမျိုးမျိုး ဆင်ယင်ထုံးဖွဲ့ကြကုန် လျက် ပန်းချီဆေးရေးရုပ်တို့ကဲ့သို့ လှည့်လည်နေကြကုန်သည် ဖြစ်အံ့။ ထိုဘုရားပွဲတော်၌ ထိုယောဂါဝစရပုဂ္ဂိုလ် အား ဣဋ္ဌာရုံနှင့် တွေ့ကြုံသော် ယင်းဣဋ္ဌာရုံ၌ တွယ်တာတပ်မက်မှု လိုလားတောင့်တမှု လောဘတရားသည် ဖြစ်ပေါ်လာတတ်ငြားအံ့၊ အနိဋ္ဌာရုံနှင့် တွေ့ကြုံခဲ့သော် ယင်းအနိဋ္ဌာရုံ၌ စိတ် ခက်ထန် ကြမ်းတမ်းမှု ပဋိဃ တရားသည် ဖြစ်ပေါ်လာတတ်ငြားအံ့၊ ယင်းအာရုံ အမျိုးမျိုးကို ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်ပေါ်လာသော အာရုံ၏ သဘောမှန် ပရမတ္ထဓမ္မသဘာဝမှန်ကို ထွင်းဖောက် မသိမြင်တတ်သည့် အာရုံ၏ သဘောမှန်ကို ဂရုမစိုက် လိုက်မိသည့် အညာဏုပေက္ခာ၏ အစွမ်းဖြင့် အာရုံကို နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်ခြင်း အယောနိသောမနသိကာရအားဖြင့် (ယောက်ျား မိန်းမ လှ-မလှ စသည်ဖြင့်) ရှုမိသဖြင့် စွဲယူမိသဖြင့် မောဟတရားသည် ဖြစ်ပေါ်လာတတ်ငြားအံ့။ တိုးရ ဝှေ့ရသဖြင့် အမျိုးသမီးများနှင့် ထိခိုက်မိသဖြင့် ကာယသံသဂ္ဂအာပတ်သို့မူလည်း ရောက်ရှိနိုင်ငြားအံ့၊ ဆင်တိုက်မိခြင်း ယာဉ်တိုက်မိခြင်း စသည်တို့ကြောင့် အသက်၏ အန္တရာယ်သည်မူလည်း ဖြစ်နိုင်ငြားအံ့၊ ဝိသဘာဂအာရုံ အမျိုးမျိုးတို့နှင့် တွေ့ကြုံရခြင်းကြောင့် သာသနာတော်၌ မပျော်ပိုက်တော့ဘဲ လူထွက်လိုသော စိတ်ဓာတ် ပေါ်လာတတ်ကာ မိမိကျင့်နေသော သီလ သမာဓိ ပညာဟူသော မြတ်သော အကျင့် ဗြဟ္မစရိယ၏ အန္တရာယ်မူလည်း ဖြစ်ပေါ်လာနိုင်ငြားအံ့။ ဤသို့ ဖြစ်ပေါ်နိုင်ခဲ့သော် ထိုဘုရားပွဲတော် ကျင်းပရာ စေတီတော်ဌာနသည် အသပ္ပါယ ဖြစ်၏။ (မသွားသင့်သေးသော မတော်သော အရပ် ဖြစ်သည် ဟူလိုသည်။) ပြောဆိုအပ်ခဲ့ပြီးသော အန္တရာယ် အမျိုးမျိုးသည် မဖြစ်လတ်သော် သပ္ပါယတည်း။ (သွားသင့်၏ ဟူလိုသည်။) ဗောဓိပင်ကို ဖူးမြော်ရခြင်း၌လည်း နည်းတူပင် မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၃၃၂-၃၃၃။)

သံဃာတော်ကို ဖူးမြော်ရခြင်းသည်လည်း အကျိုးရှိသည်သာ ဖြစ်၏။ သို့သော် ရွာတွင်း၌ မဏ္ဍပ်ကြီး ဆောက်လုပ်၍ ညဉ့်သုံးယာမ်တို့ပတ်လုံး တရားနာကြားခြင်း အမှုကို ပြုလုပ်နေကြသော လူသားတို့တွင် အထက် ဘုရားပွဲတော်၌ ဆိုခဲ့သည့်အတိုင်း ကြီးစွာသော လူစုလူဝေးကြီးသည်လည်းကောင်း, အန္တရာယ်သည်လည်း ကောင်း ရှိငြားအံ့၊ ဤသို့ ဖြစ်ခဲ့သော် ထိုအရပ်ဌာနကား အသပ္ပါယ ဖြစ်၏၊ မသွားသင့်သော နေရာ ဖြစ်၏။ အကယ်၍ အသက်၏ အန္တရာယ်, ဗြဟ္မစရိယဟူသော မြတ်သောအကျင့်၏ အန္တရာယ် မရှိခဲ့ပါမူကား ထိုနေရာ သည် သပ္ပါယ ဖြစ်၏၊ သွားရန် သင့်တော်၏။ များပြားသော ပရိသတ်အခြံအရံ ရှိကြကုန်သော မထေရ်ကြီးတို့ကို ဖူးမြော်ရခြင်း၌လည်း ဤနည်းတူပင်တည်း။ (အဘိ၊ဋ္ဌ၊၂၊၃၃၂-၃၃၃။ မ၊ဋ္ဌ၊၁၊၂၅၈-၂၅၉။)

အသုဘရှုခြင်းသည်လည်း အကျိုးရှိသည်သာ ဖြစ်၏။ ထိုအကျိုးရှိမှုကို ထင်ရှားပြခြင်းငှာ ဤသည်မှာ ဝတ္ထုတစ်ခု ဖြစ်၏။ --- ရဟန်းငယ်တစ်ပါးသည် သာမဏေတစ်ပါးကို ခေါ်ဆောင်၍ တံပူ (ဒန်ပူ) ပြုလုပ်ရန် တံပူသားအလို့ငှာ သွား၏။ ရှင်သာမဏေသည် လမ်းပေါ်မှ ဘေးဘက်သို့ အနည်းငယ် ဆင်းသက်၍ ေ့ရှသို့ သွားလတ်သော် အသုဘအလောင်းကောင် တစ်ခုကို တွေ့မြင်ရ၍ ယင်း အသုဘနိမိတ်ကိုပင် အာရုံယူ၍ အသုဘပထမစျာန်ကိုရအောင် ထိုနေရာ၌ပင် ကြိုးစားအားထုတ်တော်မူ၏။ အသုဘပထမစျာန်ကို ဖြစ်စေပြီး၍ ထိုအသုဘပထမစျာန်ကိုပင် ဝိပဿနာ၏ အခြေပါဒကပြု၍ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရ တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်လျက် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို သုံးသပ်ရှုပွားခဲ့သည်ရှိသော် မဂ်အစဉ် ဖိုလ်အစဉ်အားဖြင့် အနာဂါမိမဂ်-ဖိုလ်သို့တိုင်အောင် ဆိုက်ရောက်တော်မူသွားပေ၏။ သို့သော် ထို မျှတွင် ရပ်တန့်မနေဘဲ အရဟတ္တမဂ်ဟူသော အထက်မဂ်ဉာဏ်အလို့ငှာ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားဟူသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ကမ္မဋ္ဌာန်းကို သိမ်းဆည်းလျက် ထိုနေရာမှာပင် ဆက်လက်၍ ရပ်တည်နေ၏။

ရဟန်းငယ်က ထိုရှင်သာမဏေကို မမြင်တွေ့ရသည်ရှိသော် --- သာမဏေရ သာမဏေရ = ကိုရင် ကိုရင် ဟု ခေါ်လိုက်၏။

[ရှင်သာမဏေ ပြုသည့်နေ့မှစ၍ ရဟန်းတို့၏ စကားကို အစဉ်လိုက်၍ ပြောဆိုတတ်သော စကားသည် ယင်းရှင်သာမဏေ၏ အမြဲလေ့ကျင့်ထားသော ပထမစကား ဖြစ်၏။ ရဟန်းတော်တို့၏ စကားကို အစဉ်လိုက်၍ မပြောဆိုတတ်သော ဆန့်ကျင်ဘက်စကားသည်ကား ဒုတိယစကား ဖြစ်၏။ ဤရှင်သာမဏေကား ပထမစကား တစ်မျိုးသာ ပြောဆိုလေ့ရှိ၏။ ဒုတိယစကားမျိုးကို မည်သည့်အခါမျှ မပြောဆိုတတ်ပေ။ ထိုကြောင့် ဤသာမဏေ သည် စကားနှစ်မျိုး မပြောဆိုဖူးသော သာမဏေ ဖြစ်ပေသည်။ (မ၊ဋီ၊၁၊၃၅၅။)]

ထိုအခါ ထိုသာမဏေက ဤသို့ စဉ်းစား၏ --- ငါသည် ရှင်သာမဏေဖြစ်သည့်နေ့မှ စ၍ ရဟန်းတော်နှင့် အတူတကွ စကားနှစ်မျိုး မည်သည်ကို မပြောဆိုခဲ့စဖူးပေ။ နောက်တစ်နေ့ ရောက်မှပင် အထက်မဂ်ဉာဏ် ဖိုလ် ဉာဏ်ဟူသော တရားထူး တရားမြတ်ကို ဖြစ်စေအံ့ --- ဟု စဉ်းစား၏။ ထိုသို့ စဉ်းစား စိတ်ကူးပြီးနောက် --- အရှင်ဘုရား ဘာပါလဲ --- ဟု ပြန်လည် လျှောက်ထားလိုက်၏။ လာပေတော့ဟု ခေါ်လိုက်သော် တစ်ခွန်း တည်းသော စကားဖြင့်ပင် လာလတ်၍ အရှင်ဘုရား ...ေ့ရှဦးစွာ ဤလမ်းဖြင့် ကြွသွားတော်မူပါ၊ ကြွသွား ပြီးလျှင် တပည့်တော် မတ်တတ်ရပ်နေခဲ့သည့် နေရာ၌ပင် အတန်ငယ် အေ့ရှဘက်သို့ မျက်နှာမူ၍ ရပ်တော် မူကာ ကြည့်ရှုတော်မူပါဟု လျှောက်ထား၏။

ထိုရဟန်းငယ်သည် ထိုရှင်သာမဏေက လျှောက်ထားလိုက်သည့်အတိုင်း ပြုကျင့်ခဲ့သည်ရှိသော် ထိုရှင် သာမဏေ ရရှိသည့် အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင်သော တရားထူး တရားမြတ်သို့ပင် ဆိုက်ရောက် တော်မူခဲ့၏။

ဤသို့လျှင် တစ်ခုသော အသုဘအလောင်းကောင်သည် လူသားနှစ်ဦးတို့၏ အကျိုးရှိဖို့ရန်အတွက် ဖြစ် ပေါ်လာခဲ့၏။ ဤသို့ အကျိုးရှိသည်မှန်သော်လည်း ဤအသုဘအလောင်းကောင်သည် ယောက်ျားယောဂီအား အမျိုးသမီး အသုဘအလောင်းကောင်သည် အသပ္ပါယ ဖြစ်၏၊ မသင့်တော်ပေ။ အမျိုးသမီးယောဂီအားလည်း ယောက်ျား အသုဘအလောင်းကောင်သည် အသပ္ပါယ ဖြစ်၏၊ မသင့်တော်ပေ။ ယောက်ျားယောဂီအား ယောက်ျား အသုဘအလောင်းကောင်, အမျိုးသမီးယောဂီအား အမျိုးသမီး အသုဘအလောင်းကောင်သည်သာလျှင် သပ္ပါယ ဖြစ်၏။ အသုဘစျာန်ရအောင် ပွားများရန် သင့်တော်၏။ ဤသို့ သပ္ပါယ ဖြစ်-မဖြစ်ကို ဉာဏ်ဖြင့် ပိုင်းဖြတ်ပြီး နောက် သပ္ပါယဖြစ်သည်ကိုသာ ဉာဏ်ဖြင့် ပိုင်းခြားနိုင်ခြင်းသည် သပ္ပါယသမ္ပဇဉ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၃။ မ၊ဋ္ဌ၊၁၊၂၅၉။)

[မှတ်ချက် ---- သမထပိုင်း၌ကား ယောက်ျားယောဂီအတွက် ယောက်ျား အသုဘအလောင်းကောင်သည် သဘာဂတည်း။ အမျိုးသမီးယောဂီအတွက် အမျိုးသမီး အသုဘအလောင်းကောင်သည် သဘာဂတည်း။ သမထပိုင်း၌ကား စျာန်ကိုရအောင် အားထုတ်ရသည့်အပိုင်း ဖြစ်သဖြင့် သဘာဂအလောင်းကောင်တစ်ခုတည်း ကိုသာ စူးစူးစိုက်စိုက် ရှုနေရ၏။ စျာန်ရသည့်တိုင်အောင် ရှုရ၏။ အကယ်၍ ဝိသဘာဂအလောင်းကောင်ကို စူးစူးစိုက်စိုက် ရှုမိပါက ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါမျိုး၌ ယင်းပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော သမာဓိနှင့် ယှဉ်တွဲလျက် ပီတိ သုခတို့ ဖြစ်ပေါ်လာသောအခါ ရာဂ ဝင်လာတတ်၏။ ရရှိ ပြီးသမာဓိမှ လျှောကျတတ်၏။ အထက် စျာန်သမာဓိသို့လည်း မတက်နိုင် ရှိတတ်၏။ ထိုကြောင့် သမထပိုင်း၌ သဘာဂအလောင်းကောင်ကိုသာ ရှုရခြင်း ဖြစ်၏။ သို့သော် ဝိပဿနာပိုင်း၌ကား သီရိမာ၏ အလောင်းကောင် တစ်ခုကိုပင် ရဟန်းယောက်ျားပရိသတ်, ရဟန်းမိန်းမပရိသတ်, လူယောက်ျားပရိသတ်, လူမိန်းမပရိသတ်ဟူသော ပရိသတ် လေးပါးလုံးကိုပင် အသုဘဘာဝနာကို ပွားများခိုင်းသည့် ထုံးဟောင်းများ ဝိဇယသုတ္တန် စသည်တို့၌ လာရှိသည့်အတွက် သဘာဂ-ဝိသဘာဂ အလောင်းကောင် နှစ်မျိုးလုံးကိုပင် ရှုနိုင်သည်။ ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။]

၃။ ဂေါစရသမ္ပဇဉ်

၃။ ဂေါစရသမ္ပဇဉ်

ဤသို့ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော သာတ္ထကသမ္ပဇဉ် သပ္ပါယသမ္ပဇဉ် ရှိသော ယောဂါဝစရ ရဟန်းတော်သည် (၃၈)မျိုးကုန်သော သမထကမ္မဋ္ဌာန်းတို့တွင် မိမိ၏ စိတ်ကြိုက် ဖြစ်သော ကမ္မဋ္ဌာန်းဟု ခေါ်ဆိုအပ်သော ဂေါစရကို (= ကမ္မဋ္ဌာန်း အာရုံကို) ဥဂ္ဂဟနိမိတ် ဖြစ်ပေါ် ပြီးစီးနိုင်လောက်အောင် သင်ယူ၍ ဆွမ်းခံလှည့်လည်ရာ၌ ထိုကမ္မဋ္ဌာန်းကို ယူ၍သာလျှင် = နှလုံးသွင်း၍ ဆွမ်းခံသွားခြင်းသည် --- ဂေါစရသမ္ပဇဉ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၃။ မ၊ဋ္ဌ၊၁၊၂၅၉။)

[မှတ်ချက် --- ဤဖွင့်ဆိုချက်များအရ ဂေါစရသမ္ပဇဉ်ကား သမထပိုင်းနှင့်သာ ဆိုင်သည်ဟု မှတ်ပါ။ အာကာသကသိုဏ်းကို အာကာသာနဉ္စာယတနစျာန်၌လည်းကောင်း, အာလောကကသိုဏ်းကို ဩဒါတကသိုဏ်း ၌လည်းကောင်း သွင်းယူ၍ သမထကမ္မဋ္ဌာန်း (၃၈)မျိုးဟု ဖွင့်ဆိုထားသည်။ ဤဂေါစရသမ္ပဇဉ်သည် သမထ ကမ္မဋ္ဌာန်းကို ဦးတည်ထားသော်လည်း မိမိက သမထပိုင်းကို ကျော်လွန်၍ ဝိပဿနာပိုင်းသို့ ရောက်ရှိနေသော သူတော်ကောင်း ဖြစ်ပါမူ သမထနှင့် ဝိပဿနာ နှစ်မျိုးလုံးကိုပင် ပွားများအားထုတ်နိုင်သည်သာ ဖြစ်သည်။ ဂေါစရသမ္ပဇဉ်ကား သမထပိုင်းနှင့် ဆိုင်၍ လာမည့် အသမ္မောဟသမ္ပဇဉ်ကား ဝိပဿနာပိုင်းနှင့် သက်ဆိုင် သဖြင့် ခွဲ၍ ဖွင့်ဆိုခြင်းသာ ဖြစ်သည်။ ဆွမ်းခံသွားရာ ပြန်ရာတို့၌ ဝိပဿနာမရှုကောင်းဟု အယူအဆ မမှားစေ လိုပါ။]

ကျင့်ဝတ် (၄) မျိုး

ကျင့်ဝတ် (၄) မျိုး (မ၊ဋ္ဌ၊၁၊၂၂၅၉...။ အဘိ၊ဋ္ဌ၊၂၊၃၃၃...။ )

ဤသာသနာတော်၌ ---

က။ အချို့သော ရဟန်းသည် ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်းကို ဆောင်၏၊ အားထုတ်၏၊ ဆွမ်းခံရွာမှ အပြန်၌ကား ကမ္မဋ္ဌာန်းကို မဆောင်၊ အားမထုတ်။

ခ။ အချို့သော ရဟန်းသည် ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်းကို မဆောင်၊ အားမထုတ်။ ဆွမ်းခံရွာမှ အပြန်၌ကား ကမ္မဋ္ဌာန်းကို ဆောင်၏၊ အားထုတ်၏။

ဂ။ အချို့သော ရဟန်းကား ဆွမ်းခံအသွား၌လည်း ကမ္မဋ္ဌာန်းကို မဆောင်၊ အားမထုတ်။ ဆွမ်းခံရွာမှ အပြန် ၌လည်း ကမ္မဋ္ဌာန်းကို မဆောင်၊ အားမထုတ်။

ဃ။ အချို့သော ရဟန်းသည် ဆွမ်းခံအသွား၌လည်း ကမ္မဋ္ဌာန်းကို ဆောင်၏၊ အားထုတ်၏။ ဆွမ်းခံရွာမှ အပြန်၌လည်း ကမ္မဋ္ဌာန်းကို ဆောင်၏၊ အားထုတ်၏။

ထိုဂေါစရသမ္ပဇဉ်ကို ထင်ရှားဖော်ပြရန်အတွက် ဤစတုက္ကကို သိသင့်ပေသည်။

(က) ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်းဆောင်၍ အပြန်၌ မဆောင်သူ

(က) ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်းဆောင်၍ အပြန်၌ မဆောင်သူ

(က) ထိုရဟန်းလေးမျိုးတို့တွင် အကြင် ရဟန်းတော်တစ်ပါးသည် တစ်နေ့ပတ်လုံး စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကို ပိတ်ဆို့တတ်ကုန်သော နီဝရဏတရားတို့မှ စိတ်ကိုစင်ကြယ်အောင် သုတ်သင်ပြီး၍ (=ဥပစာရသမာဓိ, အပ္ပနာသမာဓိ ဟူသော သမာဓိ တစ်ခုခုကို ရရှိအောင် ကြိုးစားအားထုတ်လျက် နီဝရဏ အညစ် အကြေးတို့မှ စိတ်ကို ကင်းဝေးစေပြီးလျှင်) အလားတူပင် ညဉ့်၏ ပထမယာမ် ကာလပတ်လုံး နီဝရဏ အညစ် အကြေးတို့မှ စိတ်ကို စင်ကြယ်အောင် သုတ်သင်၏။ မဇ္ဈိမယာမ် = သန်းခေါင်ယာမ်၌ကား ကျိန်းစက်၍ ပစ္ဆိမ ယာမ် = မိုးသောက်ယာမ်၌လည်း ထိုင်ခြင်း စင်္ကြံသွားခြင်းတို့ဖြင့် ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် အချိန်ကို ကုန် လွန်စေ၏။ ခပ်စောစောပင်လျှင် စေတီရင်ပြင်၌ ပြုကျင့်ရသည့် စေတီယင်္ဂဏဝတ်, ဗောဓိပင်၌ ဖြည့်ကျင့်ရသည့် ဗောဓိယင်္ဂဏဝတ်တို့ကို ပြုလုပ်၍ ဗောဓိပင်၌ ရေသွန်းလောင်း၏၊ သောက်ရေ သုံးဆောင်ရေကို တည်ထား၏၊ ဆရာသမားတို့အပေါ်၌ လိုက်နာပြုကျင့်ရသည့် အာစရိယဝတ်, ဥပဇ္ဈာယ်ဆရာတို့ အပေါ်၌ လိုက်နာပြုကျင့်ရ သည့် ဥပဇ္ဈာယဝတ် အစရှိကုန်သော ခန္ဓကဝတ် အားလုံးတို့ကို ဆောက်တည်၍ ကျင့်၏။

ထိုရဟန်းသည် မျက်နှာသစ်ခြင်း ကျင်ကြီး ကျင်ငယ် စွန့်ခြင်း စသော ကိုယ်လက်သုတ်သင်ခြင်း အမှုကို ပြု၍ ကျောင်းတွင်းသို့ ဝင်လျက် နှစ်ကြိမ် သုံးကြိမ် တင်ပလ္လင်ခွေကာ တရားထိုင်၏၊ အပူငွေ့ကို ရအောင်ယူ၏။ ကမ္မဋ္ဌာန်း အားထုတ်ပြီးနောက် ဆွမ်းခံချိန်သို့ ရောက်လတ်သော် တရားထိုင်ရာမှ ထ၍ ကမ္မဋ္ဌာန်းကို ဦးတည် လျက်သာလျှင် = ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင် သပိတ် သင်္ကန်းကို ယူဆောင်၍ ကျောင်းမှ ထွက်ခဲ့၏။ ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင် (= မိမိ အားထုတ်နေကျ ဆောင်နေကျ ဖြစ်သည့် ပါရိဟာရိယကမ္မဋ္ဌာန်း ကို မစွန့်မူ၍သာလျှင်) စေတီရင်ပြင်တော်သို့ သွား၏။ အကယ်၍ မိမိ၏ အမြဲဆောင်ထားသော ပါရိဟာရိယ ကမ္မဋ္ဌာန်းသည် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ဖြစ်အံ့၊ ထိုဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကိုပင် မစွန့်လွှတ်မူ၍သာလျှင် စေတီ ရင်ပြင်တော်သို့ ဝင်လေ၏။ အကယ်၍ မိမိ အမြဲအားထုတ်နေသော ပါရိဟာရိယကမ္မဋ္ဌာန်းမှာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းမှ အခြားတစ်ပါးသော အာနာပါနကမ္မဋ္ဌာန်းကဲ့သို့သော ကမ္မဋ္ဌာန်းတစ်ခုခု ဖြစ်အံ့၊ စေတီရင်ပြင်တော်သို့ ဝင်ရာ စောင်းတန်းလှေခါးဦး၌ မတ်တတ်ရပ်၍ --- လက်ဖြင့် ကိုင်တွယ်လာသော လက်ထဲ၌ ပါလာသော ဘဏ္ဍာ ထုတ်ကဲ့သို့ --- ထိုကမ္မဋ္ဌာန်းကို ချထားခဲ့၍ ဘုရားဂုဏ်တော်လျှင် အာရုံရှိသော ဗုဒ္ဓါရမ္မဏပီတိကို ရအောင်ယူ အပ်၏။ ယူပြီးသောအခါ စေတီရင်ပြင်သို့ တက်၍ ကြီးမားသော စေတီတော်ကြီး ဖြစ်အံ့၊ သုံးကြိမ်တိုင်တိုင် လက်ျာရစ် လှည့်၍ လေးဌာနတို့၌ ရှိခိုးပါ။ အကယ်၍ စေတီငယ် ဖြစ်အံ့၊ အလားတူပင် သုံးကြိမ်တိုင်တိုင် လက်ျာရစ် လှည့်၍ ရှစ်ဌာနတို့၌ ရှိခိုးအပ်၏။ စေတီတော်ကို ရှိခိုးပြီး၍ ဗောဓိရင်ပြင်သို့ ရောက်ရှိလာသော ရဟန်းသည်လည်း ဘုန်းတော် (၆)ပါးသခင် သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ မျက်မှောက်တော်၌ကဲ့သို့ တုပ်ဝပ်ရိုကျိုး သော အခြင်းအရာကို ထင်ရှားပြ၍ ဗောဓိပင်ကို ရှိခိုးအပ်၏။

[မှတ်ချက် --- ကျောင်းမှ ထွက်ခွာလာပြီးမှ တွေ့ရှိရသော ဤဗောဓိပင်နှင့် စေတီတော်တို့ကား နံနက်စော စော အိပ်ရာမှထ၍ ဝတ်ကြီး ဝတ်ငယ် ပြုထားပြီးသော စေတီတော်နှင့် ဗောဓိပင်တို့ မဟုတ်ကြဘဲ ဆွမ်းခံသွား ရာလမ်း၌ တွေ့ရှိရသော အခြားအခြားသော စေတီတော်နှင့် ဗောဓိပင်တို့သာ ဖြစ်ကြသည်။ (သီ-ဋီ-သစ်။)]

ထိုရဟန်းသည် ဤသို့ စေတီတော်ကိုလည်းကောင်း, ဗောဓိပင်ကိုလည်းကောင်း ရှိခိုးပြီး၍ ဘဏ္ဍာထုတ် ကို သိမ်းထားသော နေရာသို့ သွား၍ သိမ်းထားသော ဘဏ္ဍာထုတ်ကို လက်ဖြင့် ကိုင်ယူလိုက်ဘိသကဲ့သို့ စေတီ တော်၏ လှေခါးစောင်းတန်းဦး၌ ချထားခဲ့သော မိမိ အမြဲအားထုတ်နေကျ ပါရိဟာရိယ ကမ္မဋ္ဌာန်းကို ယူ၍ နှလုံးသွင်း၍ ရွာ၏အနီးအပါး တစ်နေရာ၌ ကမ္မဋ္ဌာန်းကို ဦးတည်လျက်သာလျှင် နှလုံးသွင်းလျက်သာလျှင် သင်္ကန်းရုံ၍ ရွာတွင်းသို့ ဆွမ်းအလို့ငှာ ဝင်ရောက်သွား၏။ ထိုအခါ၌ ထိုရဟန်းကို ဒါယကာ ဒါယိကာမတို့က ဖူးတွေ့ရ၍ ငါတို့၏ အရှင်မြတ်သည် ကြွလာတော်မူပြီဟု ခရီးဦးကြိုဆို၍ သပိတ်လှမ်းယူ၏၊ ရွာတွင်း ဆွမ်း စားဇရပ်၌လည်းကောင်း, သို့မဟုတ် အိမ်၌လည်းကောင်း သီတင်းသုံးစေကြကုန်၏။ ယာဂုကို ပေးလှူကြကုန် ၏။ ဆွမ်းမကျက်သေးသမျှ ကာလပတ်လုံး ရဟန်း၏ ခြေတော်တို့ကို ဆေးကြောလျက် သုတ်သင်ပြီးလျှင် ခြေနယ်ဆီဖြင့် လိမ်းကျံပေးကြ၏၊ ရဟန်းတော်၏ ေ့ရှ၌ ထိုင်ကုန်လျက် ပြဿနာတို့ကိုသော်လည်း မေးမြန်း လျှောက်ထားကြကုန်၏။ ရဟန်းတော်က ဟောကြားထားသော တရားတော်ကိုမူလည်း နာယူလိုကုန်သည် ဖြစ် ၍ ထိုင်နေကြကုန်၏။ အကယ်၍ ဒါယကာ ဒါယိကာမတို့က တရားဟောဖို့ရန် မလျှောက်ထားကြစေကာမူ လူသားအပေါင်းကို ချီးမြှောက်ခြင်းငှာ တရားဟောခြင်းမည်သည်ကို ပြုသင့်သည်သာလျှင် ဖြစ်ပေသည်ဟု အဋ္ဌကထာဆရာတော်တို့ မိန့်ဆိုတော်မူကြပေသည်။

[ဇနသင်္ဂဟတ္ထ --- ငါသည် ဤသူတို့အား တရားတော်ကို မဟောကြားပေးခဲ့သော် အဘယ်မည်သော သူသည် တရားဟောပေးလတ္တံ့နည်းဟု ဤသို့ နှလုံးပိုက်၍ ဓမ္မာနုဂ္ဂဟ = တရားဖြင့် ချီးမြှောက်ခြင်းဖြင့် လူ သားအပေါင်းကို ချီးမြှောက်ခြင်းငှာ တရားဟောခြင်း မည်သည်ကို ပြုသင့်သည်သာလျှင် ဖြစ်ပေသည်ဟု အဋ္ဌကထာဆရာတော်တို့ မိန့်ဆိုတော်မူကြသည် ဟူလို။ (မ၊ဋီ၊၁၊၃၅၆။)]

ဓမ္မကထာ ဟိ ကမ္မဋ္ဌာနဝိနိမုတ္တာ နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၃၄။ မ၊ဋ္ဌ၊၁၊၂၆၀။)

ဓမ္မကထာ = တရားစကားဟူသည် ကမ္မဋ္ဌာန်းမှ လွတ်သော တရားစကား မည်သည် မရှိကောင်းသည်သာ ဖြစ်သောကြောင့်တည်း။ ထိုကြောင့် ကမ္မဋ္ဌာန်းကို ဦးတည်လျက်သာလျှင် (= မိမိ အမြဲနှလုံးသွင်းနေကျ ပါရိဟာရိယ ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင်) ဆွမ်းအာဟာရကို ဘုဉ်းပေးသုံးဆောင်ပါ။ ကမ္မဋ္ဌာန်းကို ဦး တည်လျက်သာလျှင် အနုမောဒနာတရားကို ဟောပါ။ အနုမောဒနာတရား ဟောကြားပြီး၍ ကျောင်းသို့ ပြန် ကြွရာဝယ် လူဒါယကာတို့ကို လိုက်မပို့ဖို့ရန် တားမြစ်အပ်ပါသော်လည်း လူတို့သည် နောက်မှ အစဉ်လိုက်ပါလာ ကြလျက်သာလျှင် ရွာမှ ထွက်ခဲ့ရ၏၊ ထိုရွာမှ ထွက်ရာအရပ် ရွာဝ၌ လူတို့ကို ပြန်စေ၍ ကျောင်းသို့ ပြန်ရာ လမ်းအတိုင်း ခရီးဆက်သွား၏။

ထိုအခါ၌ ထိုရဟန်းတော်ကို ခပ်စောစော ရှေးဦးစွာပင် ရွာမှ ထွက်ခဲ့ကြ၍ ရွာပြင်ပ၌ ဆွမ်းစားခြင်း ကိစ္စကို ပြုလုပ်ကြပြီးကုန်သော သာမဏေငယ် ရဟန်းငယ်တို့သည် ဖူးမြင်ရ၍ ခရီးဦးကြိုဆိုပြီးလျှင် ထို ရဟန်းတော်၏ သပိတ် သင်္ကန်းကို လှမ်းယူကြကုန်၏။ ပေါရာဏကဘိက္ခူ အမည်ရသော ဘုရားရှင်၏ လက်ထက်တော်မှ အစပြုလာသော ရှေးရှေးရဟန်းတော်တို့သည်ကား ငါတို့၏ ဥပဇ္ဈာယ်ဆရာတည်း၊ ငါတို့၏ နိဿယည်းဆရာတည်း၊ ဤသို့စသည်ဖြင့် ကိုယ့်ဆရာ၏ မျက်နှာကိုသာ ကြည့်၍ ဝတ်ကြီး ဝတ်ငယ်ကို ပြုကြသည်ကား မဟုတ်ကြလေကုန်။ အကျွမ်းဝင်သည် အကျွမ်းမဝင်သည်ကို ခွဲခြားမှု မပြုဘဲ မျက်နှာမလိုက်ဘဲ ရောက်လာတိုင်း ရောက်လာတိုင်းသော အပိုင်းအခြားအတိုင်းသာလျှင် ဝတ်ကြီး ဝတ်ငယ်ကို ပြုကြကုန်၏။ ထိုရဟန်းငယ်တို့က ထိုရွာမှ ထွက်လာသော ရဟန်းတော်ကို --- အရှင်ဘုရား ...ဤလူတို့သည် အရှင်ဘုရား တို့နှင့် ဘယ်လို ဆွေမျိုးတော်စပ်ကြပါကုန်သနည်း။ အမိဘက်မှ ဆွေမျိုးတော်စပ်ကြပါကုန်သလား, အဖဘက်မှ ဆွေမျိုးတော်စပ်ကြပါကုန်သလား ဤသို့ မေးမြန်းလျှောက်ထားကြ၏။ ဘာကို မြင်လို့ ဒီလို မေးကြတာလဲ ဟု ပြန်မေးလိုက်၏။ အရှင်ဘုရားတို့ အပေါ်၌ ထိုသူတို့၏ ကြည်ညိုခြင်း များစွာမြတ်နိုးခြင်းကို မြင်ရလို့ပါ ဘုရားဟု ပြန်လျှောက်ထားကြ၏။

ငါ့ရှင်တို့ ...အကြင်အမှုကို အမိရင်း အဖရင်းတို့သော်မှလည်း ပြုလုပ်ပေးဖို့ရန် အလွန်ခဲယဉ်းလှ၏၊ ထိုကဲ့သို့သော အမှုမျိုးကို ဤလူတို့သည် တပည့်တော်တို့ အပေါ်၌ ပြုလုပ်ဆောင်ရွက်ပေးကြပါကုန်၏။ ငါတို့၏ သပိတ် သင်္ကန်းသည်လည်း ထိုလူတို့၏ ဥစ္စာသာလျှင် ဖြစ်၏၊ ထိုလူတို့၏ အာနုဘော်ကြောင့်ပင်လျှင် ဘေးဒုက္ခ ဆိုက်ရောက်ရာ အခါ၌ ဘေးဒုက္ခကို မသိကြရကုန်၊ ဆာလောင်မွတ်သိပ်မှု ငတ်မွတ်ခေါင်းပါးမှုဖြစ်ရာ အခါ၌ ဆာလောင်မွတ်သိပ်မှု ငတ်မွတ်ခေါင်းပါးမှုကို မသိကြရပါကုန်၊ ငါတို့အား ဤလူတို့နှင့် တူသော ကျေးဇူးများ သော ပုဂ္ဂိုလ်တို့ မည်သည် မရှိသည်သာတည်း --- ဤသို့ စသည်ဖြင့် ထိုဒါယကာ ဒါယိကာမတို့၏ ဂုဏ် ကျေးဇူးတို့ကို ပြောကြားလျက် စကားတပြောပြောနှင့် (ကမ္မဋ္ဌာန်းကို အာရုံမပြုတော့ဘဲ) ကျောင်းသို့ ပြန်လာ၏။ ဤရဟန်းမျိုးကို ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်းကို ဆောင်၏၊ ဆွမ်းခံရွာမှ အပြန်၌ကား ကမ္မဋ္ဌာန်းကို မဆောင် -ဟု ခေါ်ဆိုထိုက်၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၃-၃၃၅။ မ၊ဋ္ဌ၊၁၊၂၅၉-၂၆၁။)

(ခ) ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်း မဆောင်မူ၍ အပြန်၌သာ ဆောင်သူ

(ခ) ဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်း မဆောင်မူ၍ အပြန်၌သာ ဆောင်သူ

(ခ) ရဟန်းတော်တစ်ပါးကား ဖွင့်ဆိုခဲ့ပြီးသည့်အတိုင်း အိပ်ရာမှ ခပ်စောစောထလျက် ဝတ်ကြီး ဝတ်ငယ် အသွယ်သွယ်ကို ဖြည့်ကျင့်နေစဉ် ဂဟဏီ အမည်ရသော ကမ္မဇတေဇောဓာတ်မီးက တောက်လောင်လာ၏။ အစာအိမ်အတွင်း၌ အနုပါဒိန္နက အမည်ရသော အစာအာဟာရ လောင်စာ မရှိသဖြင့် ဥပါဒိန္နက အမည်ရသော အစာအိမ်ကို လောင်မြိုက်လေတော့၏၊ အရ ဖမ်းယူလေ၏။ ခန္ဓာကိုယ်ထဲမှ ချွေးသီးချွေးပေါက်တို့သည် ထွက် လာကြကုန်၏။ ကမ္မဋ္ဌာန်းလမ်းကြောင်းပေါ်သို့ မတက်ရောက်နိုင် ဖြစ်နေ၏။ ထိုရဟန်းတော်သည် ခပ်မြန်မြန်ပင် သပိတ် သင်္ကန်းကို ယူဆောင်လျက် စေတီတော်ကို ရှိခိုး၍ နွားအပေါင်းတို့၏ ရွာမှ ထွက်လာကြရာ အချိန်၌ ပင်လျှင် ရွာတွင်းသို့ ယာဂုဆွမ်းအလို့ငှာ ကြွဝင်တော်မူ၏၊ ယာဂုဆွမ်းကို ရခဲ့သော် ရွာတွင်း ဆွမ်းစားဇရပ်သို့ သွား၍ သောက်လိုက်၏။ ထိုအခါ၌ နှစ်ကျိုက် သုံးကျိုက်ခန့် ယာဂုဆွမ်းကို စားမျိုလိုက်ရုံမျှဖြင့်ပင်လျှင် ထို ရဟန်း၏ အစာကို ကြေကျက်စေတတ်သော ဂဟဏီ အမည်ရသော ကမ္မဇတေဇောဓာတ် ဝမ်းမီးသည် ဥပါဒိန္နက အမည်ရသော အစာအိမ်ကို လွှတ်လိုက်၍ အနုပါဒိန္နက အမည်ရသော အစာသစ်ကို အရ ဖမ်းယူလေ၏၊ ရေအိုး အလုံးပေါင်း တစ်ရာဖြင့် ရေချိုးချလိုက်ရဘိသကဲ့သို့ ကမ္မဇတေဇောဓာတ်ကြောင့် ဖြစ်ပေါ်လာရသော ပူလောင်ခြင်းသည် ငြိမ်းအေးခြင်းသို့ ရောက်ရှိသွား၏။ ကမ္မဋ္ဌာန်းကို ဦးတည်ထားသော စိတ်ဓာတ်ဖြင့် = ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ယာဂုကို ဆက်လက် ဘုဉ်းပေး၏၊ သပိတ်ကိုလည်းကောင်း, ပါးစပ်ခံတွင်းကို လည်းကောင်း ဆေးကြော၏၊ နေ့ဆွမ်း မစားရသေးမီ ဆွမ်းခံချိန် မရောက်မီ အချိန်ကာလအတွင်း၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းနေ၏၊ ဆွမ်းခံချိန်၌ ဆွမ်းခံ၍ ကမ္မဋ္ဌာန်းကို အဦးမူသဖြင့် = ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင် ဆွမ်းအာဟာရကို ဘုဉ်းပေးတော်မူ၏၊ ထိုအခါမှ စ၍ အဆက်မပြတ် တရစပ် ထပ်ကာထပ်ကာ နှလုံးသွင်းခြင်းဖြင့် အသိဉာဏ်၌ ထင်လာသော ကမ္မဋ္ဌာန်းကိုပင် ယူဆောင်လျက်သာလျှင် ကျောင်းသို့ ပြန်ကြွ၏။ ဤရဟန်းမျိုးကို ဆွမ်းခံအသွား၌ကား ကမ္မဋ္ဌာန်းကို မဆောင်, ဆွမ်းခံရွာမှ အပြန်၌သာ ကမ္မဋ္ဌာန်းကို ဆောင်သူ --- ဟူ၍ ခေါ်ဆိုအပ်ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၅။ မ၊ဋ္ဌ၊၁၊၂၆၁။)

ဂဏနပထံ ဝီတိဝတ္တာ

ဂဏနပထံ ဝီတိဝတ္တာ

ဧဒိသာ စ ဘိက္ခူ ယာဂုံ ပိဝိတွာ ဝိပဿနံ အာရဘိတွာ ဗုဒ္ဓသာသနေ အရဟတ္တံ ပတ္တာ နာမ ဂဏနပထံ ဝီတိဝတ္တာ။ သီဟဠဒီပေယေဝ တေသု တေသု ဂါမေသု အာသနသာလာယ န တံ အာသနံ အတ္ထိ၊ ယတ္ထ ယာဂုံ ပိဝိတွာ အရဟတ္တံ ပတ္တာ ဘိက္ခူ နတ္ထီတိ။ (အဘိ၊ဋ္ဌ၊၂၊၃၃၅။ မ၊ဋ္ဌ၊၁၊၂၆၁။)

ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ယာဂုကို သောက်သုံးပြီးလျှင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ဆက်လက်၍ ကြိုးပမ်းတော်မူကြသဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်တွင်း၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြကုန်သော ဤကဲ့သို့သော ရဟန်းတော်တို့မည်သည်ကား ရေတွက်ခြင်း ဂဏန်းသင်္ချာလမ်းကြောင်းကို ကျော်လွှားလွန်မြောက်၍ သွားကြကုန်၏။ (ရေတွက်၍ မပြနိုင်အောင် များလှ၏ဟု ဆိုလိုသည်။) သီဟိုဠ်ကျွန်း တစ်ကျွန်း၌ပင်လျှင် ထိုထို ရွာတို့၌ တည်ရှိကြသော ဆွမ်းစားဇရပ် အသီးအသီး၌ ယာဂုကို သောက်သုံးတော်မူကြပြီး၍ ကမ္မဋ္ဌာန်းကို နှလုံး သွင်းတော်မူကြသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြသော ရဟန်းတို့ မရှိသော နေရာဟူသည် မရှိ သည်သာတည်း။ (ဆွမ်းဇရပ်၌ ဘယ်နေရာမဆို ရဟန္တာ မဖြစ်ဖူးသော နေရာဟူ၍ မရှိပါဟု ဆိုလိုသည်။) (အဘိ၊ဋ္ဌ၊၂၊၃၃၅။ မ၊ဋ္ဌ၊၁၊၂၆၁။)

(ဂ) အသွား - အပြန် ကမ္မဋ္ဌာန်းကို မဆောင်သူ

(ဂ) အသွား - အပြန် ကမ္မဋ္ဌာန်းကို မဆောင်သူ

ရဟန်းတော်တစ်ပါးကား သမထ ဝိပဿနာ ဘာဝနာတို့ကို ပွားများအားထုတ်မှု မရှိဘဲ သာသနာတော်၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်လေ့ရှိ၏၊ စာပေကျမ်းဂန် သင်ကြားမှု ပို့ချမှုဟူသော ဂန္ထဓုရ, ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်ခြင်းဟူသော ဝိပဿနာဓုရဟု သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ထမ်းဆောင်ရမည့် ဓုရ = တာဝန်ဝတ္တရား နှစ်ပါး ရှိ၏။ ထိုရဟန်းကား သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ထမ်း ဆောင်ရမည့် ယင်းဓုရနှစ်ပါး, တာဝန်ဝတ္တရားကြီး နှစ်ခုကို အမြဲတမ်း ပစ်ချထား၏။ ရဟန်းတို့ လိုက်နာပြုကျင့် ရမည့် ဝတ်ကြီးဝတ်ငယ် အားလုံးကို ဖျက်ဆီးထား၏၊ ဖြည့်ကျင့်မှု မရှိ။

၁။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ အပေါ်၌ တပ်စွန်းမှု = ရာဂ မကင်းသေး။

၂။ မိမိကိုယ်ခန္ဓာ အပေါ်၌ တပ်မက်မှု = ရာဂ မကင်းသေး။

၃။ ဗဟိဒ္ဓ = ပြင်ပရုပ်တရား၌ တပ်မက်မှု = ရာဂ မကင်းသေး။

၄။ အလိုရှိတိုင်း ဝမ်းပြည့်အောင် စား၍ ပက်လက်အိပ်ခြင်း ချမ်းသာ, စောင်းလျက်အိပ်ခြင်း ချမ်းသာ, မှိန်း နေရခြင်း ချမ်းသာတို့ကို ကြိုးစားအားထုတ်လျက် နေ၏။

၅။ အမှတ်မထား တစ်ပါးပါးသော နတ်ပြည်လောကကို လိုလားတောင့်တသော စိတ်ထားဖြင့် သာသနဗြဟ္မစရိယ အမည်ရသော မြတ်သောအကျင့်ကို ကျင့်၏။

ဤသည်တို့ကား စိတ်၏ ဆူးငြောင့်ခလုတ် (၅)မျိုးတို့တည်း။ (ဒီ၊၃၊၁၉၉။ မ၊၁၊၁၄၆။)

ထိုရဟန်းသည် ယင်းစိတ်၏ ဆူးငြောင့်ခလုတ် (၅)မျိုးတို့ဖြင့် နှောင်ဖွဲ့ထားအပ်သော အနှောင်အဖွဲ့ခံရ သော စိတ်ဓာတ်ရှိသည် ဖြစ်၍ သာသနာတော်၌ နေထိုင်၏။ ထိုကဲ့သို့သော စိတ်ဓာတ်ဖြင့် သာသနာတော်၌ နေထိုင်လျက် ကမ္မဋ္ဌာန်း မည်သည် ရှိလေ၏။ဟူသော အမှတ်သညာမျှကိုလည်း မပြုမူ၍ ရွာတွင်းသို့ ဆွမ်းခံ ဝင်၏၊ ဆွမ်းခံဝင်ပြီးနောက် ရွာတွင်း၌ သာသနာတော်နှင့် မလျော်မလျောက်ပတ်သော, ရဟန်းတို့နှင့် မလျော် မလျောက်ပတ်သော လူတို့နှင့် ရောရောနှောနှော နေထိုင်ပြုမူခြင်းဖြင့် လူတို့နှင့် ရောရောနှောနှော နေလျက် လှည့်လည်ပြီးနောက် ဆွမ်းစား၏။ ဆွမ်းစားပြီးနောက် ကမ္မဋ္ဌာန်း မပါဘဲ အချည်းနှီး ရွာမှထွက်ခဲ့၏။ ဤရဟန်း မျိုးကို ဆွမ်းခံသွားရာ၌လည်း ကမ္မဋ္ဌာန်းကို မဆောင်သူ ဆွမ်းခံရွာမှ ပြန်ရာ၌လည်း ကမ္မဋ္ဌာန်းကို မဆောင်သူဟူ၍ ခေါ်ဆိုအပ်၏။ (အဘိ၊ဋ္ဌ၊၂၊၃၅၅။ မ၊ဋ္ဌ၊၁၊၂၆၁။)

(ဃ) အသွား - အပြန် ကမ္မဋ္ဌာန်းဆောင်သူ (ဂတပစ္စာဂတိကဝတ်)

(ဃ) အသွား - အပြန် ကမ္မဋ္ဌာန်းဆောင်သူ (ဂတပစ္စာဂတိကဝတ်)

ရဟန်းတော်တစ်ပါးသည်ကား --- ဆွမ်းခံသွားရာ၌လည်း ကမ္မဋ္ဌာန်းကိုဆောင်၏၊ ဆွမ်းခံရွာမှ ပြန်လာရာ ၌လည်း ကမ္မဋ္ဌာန်းကိုဆောင်၏ဟု ဆို၏။ ထိုရဟန်းတော်မျိုးကို ဂတပစ္စာဂတိကဝတ်၏ အစွမ်းဖြင့် သိရှိပါလေ။

အကျယ်မှာ ဤသို့ ဖြစ်၏။ --- မဂ် ဖိုလ် နိဗ္ဗာန်တည်းဟူသော အကျိုးစီးပွားကို လိုလားတောင့်တကြ ကုန်သော အမျိုးကောင်းသားတို့သည် သာသနာတော်တွင်း၌ ဝင်ရောက်၍ ရှင်ရဟန်းပြုကြပြီးနောက် (၁၀)ပါး သော်လည်းကောင်း, အပါး (၂၀)သော်လည်းကောင်း, (၃၀)သော်လည်းကောင်း, (၄၀)သော်လည်းကောင်း, (၅၀)သော်လည်းကောင်း, (၁၀၀)သော်လည်းကောင်း တစ်ပေါင်းတစ်စုတည်း အတူတကွ နေထိုင်ကြကုန်လျက် ကတိကဝတ်ကို ပြု၍ နေထိုင်ကြကုန်၏။

အာဝုသော တုမှေ န ဣဏဋ္ဋာ၊ န ဘယဋ္ဋာ၊ န အာဇီဝိကာပကတာ ပဗ္ဗဇိတာ၊ ဒုက္ခာ မုစ္စိတုကာမာ ပနေတ္ထ ပဗ္ဗဇိတာ။ တသ္မာ ဂမနေ ဥပ္ပန္နကိလေသံ ဂမနေယေဝ နိဂ္ဂဏှထ။ ဌာနေ၊ နိသဇ္ဇာယ၊ သယနေ ဥပ္ပန္နကိလေသံ သယနေယေဝ နိဂ္ဂဏှထ။ ---

ငါ့ရှင်တို့ ...အရှင်ဘုရားတို့သည် ကြွေးမြီ နှိပ်စက်ခံရသည် ဖြစ်၍ သာသာနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြသည်လည်း မဟုတ်ကုန်၊ မင်းဘေး မင်းဒဏ် စသော ဘေးဒုက္ခ အမျိုးမျိုး အနှိပ်စက်ခံရ သည်ဖြစ်၍ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြသည်လည်း မဟုတ်ကုန်။ အသက်မွေး ဝမ်း ကျောင်းသည် အနှိပ်စက်ခံရသည် ဖြစ်၍ အသက်မွေးဝမ်းကျောင်း ကြပ်တည်း၍ သာသနာဘောင်သို့ အစား ချောင်သဖြင့် ဝင်ရောက်၍ ရှင်ရဟန်း ပြုလာကြသည်လည်း မဟုတ်ကုန်။ အမှန်စင်စစ်အားဖြင့်သော်ကား သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးမှ လှလှကြီး ဝဝကြီး ကျွတ်လွတ်ထွက်မြောက်လိုကြကုန်သည် ဖြစ်၍ ဤသာသနာ တော်၌ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြကုန်၏။ ထိုကြောင့် သွားဆဲခဏ၌ ဖြစ်ပေါ်လာသော ကိလေသာကို သွားဆဲခဏ၌ပင်လျှင် နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြပါ။ ရပ်ဆဲခဏ၌ ဖြစ်ပေါ်လာသော ကိလေသာကို လည်း ရပ်ဆဲခဏ၌ပင်လျှင်, ထိုင်ဆဲခဏ၌ ဖြစ်ပေါ်လာသော ကိလေသာကိုလည်း ထိုင်ဆဲခဏ၌ပင်လျှင်, အိပ်ဆဲ ခဏ၌ ဖြစ်ပေါ်လာသော ကိလေသာကိုလည်း အိပ်ဆဲခဏ၌ပင်လျှင် နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြပါ။ -

ဤသို့ ကတိကဝတ်ကို ပြုလုပ်၍ သီတင်းသုံးတော်မူကြ၏။

ထိုရဟန်းတို့သည် ဤသို့ ကတိကဝတ်ကို ပြုကြ၍ ဆွမ်းခံလှည့်ရန် ကြွတော်မူကြကုန်သည်ရှိသော် ဥသဘဝက်, တစ်ဥသဘ, ဂါဝုတ်ဝက်, တစ်ဂါဝုတ်ခန့် အရပ်ဌာန အကြားအကြားတို့၌ ကျောက်တုံးကြီးများ ရှိကြကုန်၏၊ ထိုကျောက်တုံးကြီးများ၏ အမှတ်သညာဖြင့် ကမ္မဋ္ဌာန်းကို နှလုံးသွင်းကြကုန်လျက်သာလျှင် ကြွတော် မူကြကုန်၏။ (ဤကျောက်တုံးကြီးရှိသည့် နေရာကစ၍ ကမ္မဋ္ဌာန်းကို နှလုံးသွင်းကြရမည်ဟု ဤသို့ သတ်မှတ် ထားကာ ထိုကျောက်တုံးကြီးများကို ဆွမ်းခံလမ်းဝယ် တွေ့လျှင် ထိုနေရာက စ၍ တရားကို နှလုံးသွင်းတော်မူ ကြ၏ဟု ဆိုလိုသည်။)

တစ်စုံတစ်ယောက်သော ရဟန်း၏ သန္တာန်ဝယ် သွားဆဲခဏ၌ ကိလေသာသည် အကယ်၍ ဖြစ်ပေါ်လာ ငြားအံ့၊ ထိုကိလေသာ ဖြစ်သည့်နေရာ၌ပင်လျှင် ယင်းကိလေသာကို နိုင်အောင် နှိပ်ကွပ်၏။ (မိမိ ပွားများနေကျ အမြဲတမ်း အားထုတ်နေကျ ကမ္မဋ္ဌာန်းကိုပင် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဟူသည့် စွမ်းအားကြီး (၅)ရပ် ခြံရံလျက် အပြင်းအထန် နှလုံးသွင်း ရှုပွားခြင်းသည်ပင် ကိလေသာကို နိုင်အောင် နှိပ်ကွပ်ခြင်း မည်၏။) ထိုသို့ ကြိုးစားသော်လည်း ကိလေသာကို နှိပ်ကွပ်ဖို့ရန် မစွမ်းနိုင်ခဲ့သော် မတ်တတ်ရပ်လိုက်၏။ ထိုသို့ မတ်တတ်ရပ် လိုက်သောအခါ ထိုကိလေသာကို နှိပ်ကွပ်နေသော ရဟန်းတော်၏ နောက်တော်မှ လိုက်ပါလာသော ရဟန်း တော်ကလည်း မတ်တတ်ရပ်လိုက်ပြန်၏။ (ဒီကိုယ်တော်သွားတာ မဟုတ်ဖူး၊ ဘာတွေလုပ်နေတာလဲဟူသော စိတ်ထားမျိုးကား မရှိပေ၊ တစ်ပါးနှင့် တစ်ပါး နားလည်မှု ရှိနေကြ၏။ ထိုသို့ တစ်ပါးကို တစ်ပါးက နားလည်မှု ရှိခြင်းသည်လည်း ယခုကဲ့သို့ ကိလေသာတရားတို့ကို တိုက်ဖျက်ရာ၌ ကြီးစွာသော အထောက်အပံ့ကောင်းကြီး တစ်ခုပင် ဖြစ်သည်၊ အလွန် ကြည်ညိုလေးစားထိုက်သော စိတ်ထားများ ဖြစ်ကြ၏။ သီတင်းသုံးဖော်အချင်းချင်း တစ်ဦးကို တစ်ဦး နားလည်မှုရှိခြင်းသည် ကုသိုလ်တရားကို လွန်စွာ တိုးပွားစေတတ်သော ကျင့်ဝတ်ပဋိပတ် တစ်မျိုးပင် ဖြစ်သည်။ --- ဆက်ဖတ်ပါ။)

ထိုကိလေသာဖြစ်နေသော ရဟန်းတော်က ဤသို့ စဉ်းစား၏ --- ဤနောက်က ရပ်နေသော ရဟန်းတော် သည် သင်၏ သန္တာန်၌ ဖြစ်ပေါ်နေသော ဝိတက်ကို သိ၏၊ သင့်သန္တာန်ဝယ် ဤဝိတက်ကား မလျော်မလျောက် ပတ်ပေ --- ဤသို့ မိမိကိုယ်ကို မိမိ ကိုယ်တိုင် တစ်ဖန် ပြန်စောဒနာ၍ ဝိပဿနာတရားကို အဆင့်ဆင့် ကြိုးစား အားထုတ်တော်မူသည်ရှိသော် အရိယဘုံသို့ သက်ဝင် ရောက်ရှိသွား၏။

ထိုသို့သော နည်းဖြင့် မတ်တတ်ရပ်လျက် ကိလေသာကို နှိမ်နင်းသော်လည်း နှိပ်ကွပ်ဖို့ရန် မစွမ်းနိုင်ရှိ ခဲ့သော် ထိုကိလေသာ အနှိပ်စက်ခံနေရသော ရဟန်းတော်သည် ထိုင်လိုက်၏၊ ထိုနောင် ထိုကိလေသာအနှိပ် စက်ခံနေရသော ရဟန်းတော်၏ နောက်တော်က ကပ်ပါလာသော ရဟန်းတော်ကလည်း ထိုင်ချလိုက်ပြန်၏။ -ဤသို့လျှင် ရှေးနည်းအတိုင်းပင် မိမိကိုယ်ကို မိမိ တစ်ဖန် ပြန်စောဒနာ၍ မိမိ၏ မူလကမ္မဋ္ဌာန်းကိုပင် နှလုံး သွင်းလျက် ကိလေသာတို့ကို နှိပ်ကွပ်ပြန်၏။ [မိမိ၏ နောက်မှ လိုက်ပါတော်မူကြသော ရဟန်းတော်တို့၏ မိမိကို အကြောင်းပြု၍ ဆွမ်းပြတ်နိုင်သည့် ဆွမ်းငတ်နိုင်သည့် ဘေးဒုက္ခကို ကြောက်ရွံ့ခြင်းဖြင့်လည်း မိမိ၏ကမ္မဋ္ဌာန်း ကို ပုံမှန် နှလုံးသွင်းခြင်း ယောနိသောမနသိကာရသည် တိုးပွားလာနိုင်၏၊ သို့အတွက် ထိုသို့ ဆင်ခြင်ခြင်း ဖြစ်၏။ (မ၊ဋီ၊၁၊၃၅၆။)] --- အရိယဘုံသို့ သက်ဝင်ဖို့ရန် မစွမ်းနိုင်သော်လည်း ထိုကိလေသာကို စျာန်သမာဓိ စွမ်းအားဖြင့် ဝိက္ခမ္ဘနပဟာန် အနေဖြင့် ခပ်ကြာကြာ ခွာထားနိုင်၍ မိမိ၏ ကမ္မဋ္ဌာန်းကိုပင် နှလုံးသွင်းလျက် သာလျှင် ဆွမ်းခံ ဆက်ကြွတော်မူ၏။ ကမ္မဋ္ဌာန်းနှင့် မယှဉ်သော စိတ်ဖြင့် (= ကမ္မဋ္ဌာန်းအာရုံမှ လွတ်ထွက်သွား သော စိတ်ဖြင့်) ခြေထောက် ဘယ်သောအခါမျှ မမြှောက်ပေ။ အကယ်၍ မြှောက်ခဲ့ငြားအံ့၊ တစ်ဖန် နောက် ကြောင်း ပြန်လှည့်၍ ကမ္မဋ္ဌာန်းနှင့် မယှဉ်သော စိတ်ဖြင့် ခြေထောက်ကို ကြွချီမိရာ ရှေးနေရာ အရပ်သို့သာလျှင် တစ်ဖန် ပြန်သွား၏။ ထိုနေရာမှ တစ်ဖန် ကမ္မဋ္ဌာန်းနှင့် ယှဉ်သော စိတ်ဖြင့် ဆွမ်းခံဆက်ကြွတော်မူ၏။ အာလိန္ဒက အရပ်၌ သီတင်းသုံးတော်မူသော မဟာဖုဿဒေဝ မထေရ်မြတ်ကြီးကဲ့သို့ မှတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၃၃၅-၃၃၆။ မ၊ဋ္ဌ၊၁၊၂၆၂။)

မဟာဖုဿဒေဝ မထေရ်မြတ်ကြီး

မဟာဖုဿဒေဝ မထေရ်မြတ်ကြီး

ထိုမဟာဖုဿဒေဝ မထေရ်မြတ်ကြီးသည်ကား (၁၉)နှစ်တို့ ကာလပတ်လုံး ဂတပစ္စာဂတဝတ် (= ဂတပစ္စာဂတိကဝတ်)ကို ဖြည့်ကျင့်တော်မူလျက်သာလျှင် နေထိုင်တော်မူ၏။ လူတို့သည်လည်းကောင်း, ဆွမ်းခံသွားရာ လမ်းခရီးအကြား၌ လယ်ထွန်နေကြကုန်သော သူတို့သည်လည်းကောင်း, ကောက်စိုက်နေကြကုန်သော သူတို့ သည်လည်းကောင်း, စပါးနယ်နေကြကုန်သော သူတို့သည်လည်းကောင်း မိမိတို့၏ ထွန်ယက်စိုက်ပျိုးခြင်းစသော အမှုတို့ကို ပြုနေကြကုန်စဉ် မဟာဖုဿဒေဝ မထေရ်မြတ်ကြီးကို ထိုသို့ ခေါက်တုံ့ခေါက်ပြန် သွားနေသည်ကို မြင်တွေ့ကြ၍ ---

ဤမထေရ်ကြီးသည် ခေါက်တုံ့ခေါက်ပြန် နောက်ပြန်၍ သွားနေ၏၊ လမ်းများမှားနေသလော, သို့မဟုတ် တစ်ခုခု မေ့ကျန်ရစ်ခဲ့လို့လော ---

ဤသို့ အချင်းချင်း ပြောဆိုတတ်ကြကုန်၏။ ထိုမဟာဖုဿဒေဝ မထေရ်မြတ်ကြီးကား ထိုလူတို့ ပြောဆို သည့် စကားကို မယူမူ၍သာလျှင် ကမ္မဋ္ဌာန်းကို အမြဲနှလုံးသွင်းနေသော ကမ္မဋ္ဌာန်းနှင့် ယှဉ်သော စိတ်ဖြင့် သာလျှင် ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူသည်ရှိသော် နှစ်ပေါင်း (၂၀)အတွင်း၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။

အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသော နေ့၌ကား ထိုမဟာဖုဿဒေဝ မထေရ်မြတ်ကြီး၏ စင်္ကြံဦး၌ သစ်ပင်ဝယ် စိုးအုပ်နေထိုင်သော နတ်သည် လက်ချောင်းတို့ကို မီးညှိထွန်း ပူဇော်လျက် ရပ်တည်လာ၏။ စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့သည်လည်းကောင်း, နတ်တို့သနင်း သိကြားမင်းကြီးသည်လည်းကောင်း, သဟမ္ပတိဗြဟ္မာမင်းကြီးသည်လည်းကောင်း ဆည်းကပ်ခစားရန် ဆိုက်ရောက်လာကြကုန်၏။

ထိုလက်ချောင်းတို့ဖြင့် မီးပူဇော်ထားသော အလင်းရောင်နှင့် နတ်ဗြဟ္မာတို့၏ အလင်းရောင်ကို တွေ့မြင် ရ၍ ဝနဝါသီ မဟာတိဿမထေရ်ကြီးက ထိုမဟာဖုဿဒေဝမထေရ်မြတ်ကို နောက်တစ်နေ့၌ မေးမြန်း လျှောက် ထား၏။

ညတုန်းက အရှင်ဘုရား၏ အထံ၌ အရောင်အလင်းသည် ဖြစ်ပေါ်လျက်ရှိ၏၊ ထို အရောင်အလင်းသည် အဘယ်အရောင်အလင်းပါနည်း ---

ဤသို့ မေးမြန်းလျှောက်ထား၏။ မဟာဖုဿဒေဝမထေရ်ကြီးက စကားကို ဘေးသို့ရောက်အောင် စကား လွှဲလျက် --- အရောင်အလင်း မည်သည် ဆီမီးရောင်လည်း ရှိတတ်၏၊ ပတ္တမြားရောင်လည်း ရှိတတ်၏။ --- ဤသို့စသည့် စကားကို ပြောကြားတော်မူလိုက်၏။

ထိုနောင် အရှင်ဘုရားတို့ ဖုံးကွယ်ထားတော်မူကြသကိုးဟု လျှောက်ထားပြန်သော် --- အိမ်းဟု ဝန် ခံ၍ ပြောကြားလိုက်လေ၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၆။ မ၊ဋ္ဌ၊၁၊၂၆၂-၂၆၃။)

သတိပြုပါ --- ဤ၌ မဟာဖုဿဒေဝ မထေရ်မြတ်ကြီးသည် မိမိ၏အကြောင်းကို သူတစ်ပါးတို့က ဝေဖန် နေသော်လည်း ယင်းစကားကို မနာယူဘဲ မိမိ၏ ကမ္မဋ္ဌာန်းကိုသာ မလွတ်တမ်း ကြိုးစားအားထုတ်တော်မူ၏။ အသင်သူတော်ကောင်းအတွက် လိုက်နာပြုကျင့်သင့်သော တန်ဖိုးမဖြတ်နိုင်သည့် ရှေးထုံးဟောင်းကြီးတစ်ခုပင် ဖြစ်သည်။ မသိ မလိမ္မာကြသည့် သတ္တဝါတို့၏ ပါးစပ်ကား ထင်မိထင်ရာကို ပြောဆိုတတ်ကြ၏၊ ယင်းစကားတို့ ကို ကမ္မဋ္ဌာန်းနှလုံးသွင်း ပွားများအားထုတ်နေသော မိမိဘက်က နာယူနေလျှင် လက်ခံစဉ်းစား ဝေဖန်နေလျှင် အချိန်လည်းကုန်၍ ကမ္မဋ္ဌာန်းမှလည်း ဆုတ်ယုတ် ပျက်ပြားသွားတတ်ပေသည်။ သူတစ်ပါးတို့ ထင်ရာမြင်ရာ ပြောသည်ကို မနာယူဘဲ မိမိ၏ ကမ္မဋ္ဌာန်းကိုသာ မိမိ စူးစူးစိုက်စိုက် နှလုံးသွင်းနေပါက ကမ္မဋ္ဌာန်းနှင့် ယှဉ်သော စိတ်ဓာတ်ဖြင့်သာ အမြဲတမ်း နေထိုင်နေပါက တစ်နေ့တွင် မဟာဖုဿဒေဝ မထေရ်မြတ်ကြီးကဲ့သို့ အောင်ပွဲ ရနိုင်မည်သာ ဖြစ်ပေသည်။

မဟာနာဂမထေရ်မြတ်ကြီး

မဟာနာဂမထေရ်မြတ်ကြီး

ကာဠဝလ္လိမဏ္ဍပ (= နွယ်မဲ မဏ္ဍပ်) အရပ်၌ သီတင်းသုံးတော်မူသော မဟာနာဂမထေရ်မြတ်ကြီးသည် လည်း ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်တော်မူသည်ရှိသော် ရှေးဦးစွာ ဘုရားရှင်၏ ဒုက္ကရစရိယာ (၆)နှစ် ကြာ အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခြင်း = မဟာပဓာနကျင့်စဉ်ကို ပဋိပတ္တိပူဇာဖြင့် ပူဇော် ပေအံ့ဟူသော ဆုံးဖြတ်ချက်ဖြင့် (၇)နှစ်တို့ ကာလပတ်လုံး ရပ်ခြင်း စင်္ကြံသွားခြင်းကိုသာလျှင် (= ရပ်လျက် ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း, စင်္ကြံကြွလျက် ကမ္မဋ္ဌာန်း နှလုံးသွင်းခြင်းကိုသာလျှင်) အဓိဋ္ဌာန်တော်မူ၏။ (ဆွမ်း စားခြင်း ကျင်ကြီး ကျင်ငယ် စွန့်ခြင်း စသော ကိစ္စတို့မှအပ ထိုင်ခြင်း, အိပ်ခြင်း, ဣရိယာပုထ်နှစ်မျိုးကို လုံးလုံး အသုံးမပြုပေ။) နောက်ထပ်တစ်ဖန် (၁၆)နှစ်တို့ ကာလပတ်လုံး ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်တော်မူသည် ရှိသော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။

ထိုမဟာနာဂမထေရ်ကြီးသည် ကမ္မဋ္ဌာန်းနှင့် ယှဉ်သော စိတ်ဓာတ်ဖြင့်သာလျှင် ခြေကို ကြွချီတော်မူ၏၊ မြှောက်တော်မူ၏၊ ကမ္မဋ္ဌာန်းနှင့် မယှဉ်သော စိတ်ဖြင့် = ကမ္မဋ္ဌာန်းအာရုံမှ လက်လွတ်သွားသော လွတ်ထွက် သွားသော စိတ်ဖြင့် ခြေကို ကြွချီခဲ့မိသည်ရှိသော် နောက်ကြောင်းသို့ တစ်ဖန် ပြန်လှည့်တော်မူလျက် ထိုကမ္မဋ္ဌာန်း အာရုံမှ လွတ်ထွက်သွားသော စိတ်ဖြင့် ခြေကို ကြွချီမိရာနေရာမှ စ၍ ကမ္မဋ္ဌာန်းနှင့် ယှဉ်သော စိတ်ဖြင့်သာလျှင် တစ်ဖန် ပြန်ကြွတော်မူ၏။ (ဤ၌ ကမ္မဋ္ဌာန်းဟူသည် မိမိ အမြဲနှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းကိုပင် ဆိုလိုသည်။)

ထိုသို့ ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်တော်မူလျက် သွားစဉ် ရွာအနီးသို့ ဆိုက်ရောက်တော်မူလတ်သော် နွားမလေလော, ရဟန်းလေလောဟု ယုံမှားသံသယ ဖြစ်လောက်သော နေရာ၌ မတ်တတ်ရပ်တော်မူ၍ သင်္ကန်းကို ရုံတော်မူပြီးနောက် လက်ကတီးချိုင်းကြားမှ လွယ်လာသော ရေဖြင့် သပိတ်ကို ဆေးကြောတော် မူ၏။ သပိတ်ဆေးပြီးနောက် ရေကို ပါးစပ်တွင်း၌ ငုံထားတော်မူ၏။ အဘယ်ကြောင့်နည်း ဟူမူ --- ငါ့အား ဆွမ်းလောင်းလှူရန်အလို့ငှာလည်းကောင်း ရှိခိုးအံ့သော်ငှာလည်းကောင်း ရောက်ရှိလာကြကုန်သော လူတို့ကို ဒီဃာယုကာ ဟောထ = အသက်ရှည်ကြပါစေဟူသော စကားကို ပြောဆိုခဲ့မိလျှင် ထိုသို့ ပြောဆိုလိုက်မိသော စကားမျှဖြင့်လည်း ကမ္မဋ္ဌာန်းအာရုံမှ စိတ်ပျံ့လွင့်မှုသည် မဖြစ်ပါစေသတည်းဟု နှလုံးပိုက်တော်မူ၏၊ ထိုကြောင့် ရေကို ငုံခြင်း ဖြစ်၏။

အရှင်ဘုရား ...ယနေ့ ဘယ်နှစ်ရက် ရှိပါပြီလဲဟု နေ့ရက်ကိုသော်လည်းကောင်း, ကျောင်း၌ရှိသော ရဟန်းတော် အရေအတွက်ကိုလည်းကောင်း, ပြဿနာ တစ်ခုခုကိုသော်လည်းကောင်း မေးမြန်းလျှောက်ထား ခဲ့ပါမူကား ရေကို မျိုချ၍ အဖြေကို ပြောကြားတတ်၏။ အကယ်၍ နေ့ရက် စသည်တို့ကို မေးမြန်းလျှောက်ထား ကြသော ပုဂ္ဂိုလ်တို့ မရှိကြပါကုန်မူကား ရွာမှ ထွက်ခွာလာသော အချိန်၌ ရွာတံခါးဝ၌ ငုံထားပြီးသော ရေကို ထွေး၍သာလျှင် ကျောင်းသို့ ပြန်ကြွတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၇။ မ၊ဋ္ဌ၊၁၊၂၆၃။)

တန်ဖိုးမဖြတ်နိုင်သော ဥပဒေသတစ်ရပ်

တန်ဖိုးမဖြတ်နိုင်သော ဥပဒေသတစ်ရပ်

ဤ၌ မဟာနာဂမထေရ်မြတ်ကြီးသည် အသက်ရှည်ကြပါစေဟူသော စကားမျှကိုပင် ပြောဆိုမိလျှင် ထိုသို့ ပြောဆိုခိုက်ဝယ် စိတ်သည် ကမ္မဋ္ဌာန်းအာရုံမှ ဘေးအာရုံသို့ ပျံ့လွင့်သွား၏၊ လွတ်ထွက်သွား၏။ ဤမျှ ကိုပင် အလိုမရှိသဖြင့် ရေငုံလျက် စကားမပြောမိရန် ကျင့်ခြင်း ဖြစ်၏။ သို့သော် ပြောသင့် ပြောထိုက်သမျှကို ကား ပြောသည်သာ ဖြစ်သည်။ စကားများများ ပြောခြင်းသည် မိမိ နှလုံးသွင်း ရှုပွားနေသည့် ကမ္မဋ္ဌာန်းအာရုံမှ ဘေးအာရုံအမျိုးမျိုးသို့ ပျံ့လွင့်သွားတတ်ခြင်းကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော် ကောင်းသည် သီလ သမာဓိ ပညာ = သိက္ခာသုံးရပ် အကျင့်မြတ်နှင့် မဆက်စပ်သော စကားများကို မပြောမိဖို့ ရန် အထူးသတိပြုရပေမည်။ စကားများများ ပြောခြင်းသည် စိတ်ပျံ့လွင့်ခြင်း၏ အကြောင်းရင်းတစ်ခုပင်ဖြစ် သည်။ ဤဥပဒေသကား အသင်သူတော်ကောင်းအတွက် အဖိုးမဖြတ်နိုင်သော ဥပဒေသကြီးတစ်ခုပင် ဖြစ်ပေ သည်။

ကလမ္ဗဆိပ်ကမ်းကျောင်း၌ ဝါကပ်တော်မူကြသော ရဟန်းတော် အပါး (၅၀)

ကလမ္ဗဆိပ်ကမ်းကျောင်း၌ ဝါကပ်တော်မူကြသော ရဟန်းတော် အပါး (၅၀)

ကလမ္ဗဆိပ်ကမ်းကျောင်း၌ ရဟန်းတော် အပါး (၅၀)တို့သည် ဝါဆို ဝါကပ်တော်မူကြ၏။ ထိုရဟန်းတော် တို့သည် ဝါဆိုလပြည့်နေ့၌ ---

အရဟတ္တံ အပ္ပတွာ အညမညံ နာလပိဿာမ

အရဟတ္တဖိုလ်သို့ မရောက်မချင်း အချင်းချင်း စကားမပြောကြစတမ်းဟု ကတိကဝတ် ပြုကြကုန်၏။ရွာတွင်းသို့ ဆွမ်းခံဝင်ရာ၌လည်း ရေကိုငုံ၍ ရွာတွင်းသို့ ဝင်တော်မူကြကုန်၏။ နေ့ရက် စသည်တို့ကို မေးမြန်း လျှောက်ထားကြသောသူတို့ ရှိကြပါကုန်မူကား ရေကိုထွေး၍ အဖြေကို ပြောကြားတော်မူကြကုန်၏။ [လုံးလုံး စကားမပြောသည်ကား မဟုတ်၊ ပြောသင့်သည်ကိုသာ ပြောကြားခြင်း ဖြစ်၏။ ငဆွံ့-ငအတို့ကဲ့သို့ (= ဆွံ့အသူ တို့ကဲ့သို့) လုံးလုံး စကားမပြောသည့် = မူဂပဗ္ဗတ အကျင့်ကိုကား ဘုရားရှင်သည် နှစ်ခြိုက်တော်မမူပေ။]

ထိုရွာ၌ နေထိုင်ကြကုန်သော လူတို့သည် ငုံထားသည့်ရေကို ထွေးထားသည့် နေရာကို မြင်သော် ယနေ့ ရဟန်းတော် တစ်ပါး ရွာမှ ကျောင်းသို့ ပြန်ကြွသွား၏၊ ယနေ့ နှစ်ပါး ပြန်ကြွသွားကြ၏။ ဤသို့ စသည်ဖြင့် သိနိုင်ကြကုန်၏။ ထိုရွာသားတို့သည် ဤသို့လည်း စဉ်းစားမိကြပြန်ကုန်၏။

အသို့နည်း --- ဤရဟန်းတော်တို့သည် ငါတို့နှင့်သာ အတူ စကားမပြောကြကုန်သလော၊ သို့မဟုတ် အချင်းချင်းလည်း စကားမပြောကြကုန်သလော၊ အကယ်၍ ရဟန်းတော် အချင်းချင်းလည်း စကားမပြောကြ ကုန်သည် ဖြစ်အံ့၊ မချွတ်ဧကန် ငြင်းခုံမှု ဝိဝါဒစကား ထင်ရှားဖြစ်နေကြသည် ဖြစ်ကြကုန်လတ္တံ့။ လာကြကုန် ထိုရဟန်းတို့ကို အချင်းချင်း ကန်တော့ သည်းခံစေကြကုန်အံ့။ ဤသို့ စဉ်းစားကြကုန်၏။

ဤသို့ စဉ်းစားဆုံးဖြတ်ပြီးနောက် ရွာသားအားလုံးတို့သည် ကျောင်းတော်သို့ သွားကြကုန်၏၊ ကျောင်းသို့ သွား၍ ကြည့်လတ်ကုန်သော် ငါးဆယ်သော ရဟန်းတို့တွင် ရဟန်းနှစ်ပါးတို့သည်လည်း တစ်ခုတည်းသော နေရာ ၌ အတူရှိနေသည်ကို မမြင်ကြရကုန်။ ထိုအခါ ထိုရွာသားတို့တွင် ဉာဏ်ပညာမျက်စိရှိသူ ယောက်ျားတစ်ဦးက- အမောင်တို့ ...ခိုက်ရန် ငြင်းခုံမှုကို ပြုလုပ်နေကြကုန်သော ရဟန်းတော်တို့၏ နေထိုင်ရာ အရပ်သည် ဤကဲ့သို့သော နေရာမျိုး မဟုတ်ပေ။ စေတီရင်ပြင်တော် ဗောဓိရင်ပြင်တော်ကို ကောင်းစွာ တံမြက်စည်းလှည်းထား၏၊ တံမြက်စည်းတို့ကို ကောင်းစွာ သိုမှီးသိမ်းဆည်းထား၏။ သောက်ရေ သုံးဆောင်ရေကို ကောင်းစွာတည်ထား၏ ဟု ပြောကြား၏။ ထိုရွာသားတို့သည် ထိုနေရာမှပင် ရွာသို့ ပြန်လှည့်သွားကြကုန်၏။ ထိုငါးဆယ်ကုန်သော ရဟန်းတော်တို့သည်လည်း ဝါတွင်းသုံးလ အတွင်းမှာပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ရှိတော်မူကြကုန်၍ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ ဝိသုဒ္ဓိပဝါရဏာကို ပြုတော်မူကြကုန်၏။ (ကိလေသာ စင်ကြယ်တော် မူကြသည့် ရဟန္တာအရှင်မြတ်တို့၏ တစ်ပါးနှင့်တစ်ပါး အပြစ်ကို မြင်ပါက ကြားပါက သံသယရှိပါက ပြောကြား တော်မူပါရန် ဖိတ်ကြားသည့်ပွဲကို ဝိသုဒ္ဓိပဝါရဏာဟု ခေါ်ဆိုသည်။) (အဘိ၊ဋ္ဌ၊၂၊၃၃၇။ မ၊ဋ္ဌ၊၁၊၂၆၃။)

[သတိပြုသင့်သော အချက် -- ဤ၌ ရွာသားတို့သည်ကား ကျင့်ဝတ်ပဋိပတ်ကို နားလည်ကြသဖြင့် ရဟန်းတော်တို့အား မေးမြန်းမှုမျှကိုပင် မပြုဘဲ ပြန်သွားကြ၏။ ယခုကာလ၌လည်း တောကျောင်း တောင်ကျောင်းတို့၌ သမထ ဝိပဿနာ ဘာဝနာတို့ကို ပွားများအားထုတ်နေကြသော ရဟန်းတော်များထံသို့ ဒါယကာ ဒါယိကာမများ သွားရောက်ကြ၍ လေကြောမရှည်မိစေရန် အထူး သတိပြုသင့်လှပေသည်။]

လိုက်နာသင့်သော စည်းကမ်းသတ်မှတ်ချက်များ

လိုက်နာသင့်သော စည်းကမ်းသတ်မှတ်ချက်များ

ဤသို့လျှင် ကာဠဝလ္လိမဏ္ဍပ အရပ်၌ သီတင်းသုံးတော်မူသော မဟာနာဂမထေရ်မြတ်ကြီးကဲ့သို့လည်း ကောင်း, ကလမ္ဗဆိပ်ကမ်းကျောင်း၌ ဝါဆိုဝါကပ်တော်မူကြသော ရဟန်းတော်တို့ကဲ့သို့လည်းကောင်း ကမ္မဋ္ဌာန်း နှင့် ယှဉ်သော စိတ်ဖြင့်သာလျှင် (ကမ္မဋ္ဌာန်းကို အမြဲ နှလုံးသွင်းနေသော စိတ်ဖြင့်သာလျှင်) မိမိ၏ ခြေကို မြှောက်ချီလျက် ရွာ၏ အနီးသို့ သွား၏။ (မိမိ နှလုံးသွင်းနေကျ ရှုပွားနေကျ ဖြစ်သည့် အာနာပါနကဲ့သို့သော, ကမ္မဋ္ဌာန်း (၄၀)တို့တွင် တစ်မျိုးမျိုးသော ကမ္မဋ္ဌာန်းကိုသာ အထူးရည်ညွှန်း ပြောဆိုနေသည်ဟု သတိပြုပါ။)

ရွာ၏ အနီးသို့ သွား၍ ရေငုံခြင်းကို ပြု၍ ဆွမ်းခံသွားလိုသည့် လမ်းခရီးတို့ကို ကောင်းစွာ မှတ်သားအပ် ၏။ မှတ်သားပြီးသော် သေသောက်ကြူး ကြွေအန်ကြူး စသည့် ရန်ဖြစ်နေသူတို့ မရှိသည့် လမ်းမျိုး, ဆင်ကြမ်း, မြင်းကြမ်း စသည်တို့ မရှိသည့် လမ်းမျိုးကိုသာ ရွေးချယ်၍ ဆွမ်းခံသွားအပ်၏။ ထိုရွာတွင်း၌ ဆွမ်းခံလှည့် လည်ခဲ့သော် အဆောတလျင်ကဲ့သို့ လျင်လျင်မြန်မြန် မသွားအပ်။ တစ်စုံတစ်ခုသော လျင်မြန်သော အဟုန်ဖြင့် သွားရသော ပိဏ္ဍပါတ်ဓုတင် မည်သည် မရှိကောင်းသည်သာတည်း။ မညီညွတ်သော မြေရှိရာအရပ်သို့ ရောက် သော်ကား ရေအပြည့်တင်ထားသော ရေလှည်းကဲ့သို့ု တုန်လှုပ်မှု မရှိဘဲ ငြိမ်ငြိမ်သက်သက် သွားအပ်၏။ အိမ်စဉ်အတိုင်း ဆွမ်းခံကြွဝင်လျက် လောင်းလှူလိုသည်ကိုလည်းကောင်း, မလောင်းလှူလိုသည်ကိုလည်းကောင်း ကောင်းစွာ မှတ်သားဖို့ရန် မှတ်သားနိုင်လောက်သည်နှင့် သင့်လျော်သော အချိန်အခါ ကာလပတ်လုံး ဆိုင်းငံ့ အပ်၏။ ထိုသို့ ဆိုင်းငံ့လျက် ဆွမ်းကို အလှူခံယူပြီးနောက် ပြည့်စုံသောအခါ ရွာတွင်း၌လည်းကောင်း, ရွာပြင်၌ လည်းကောင်း, ကျောင်းသို့သာလျှင်သော်လည်းကောင်း ပြန်ကြွ၍ ရေမိုး စသည် ချမ်းသာ လွယ်ကူရာ သင့်တင့် လျောက်ပတ်သော အရပ်၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ထိုင်၏၊ စားသုံးဖွယ် အာဟာရ၌ ရွံရှာ စက်ဆုပ်ဖွယ် ပဋိကူလသညာကို ရှေးရှူ ဖြစ်စေ၏။ ရှေးရှူ ဖြစ်စေပြီးနောက် ---

၁။ လှည်းဝင်ရိုး၌ ဆီထိုးပေးရသည့် အက္ခဗ္ဘဉ္ဇနဥပမာ,

၂။ အနာကို လိမ်းကျံပေးရသည့် ဆေးနှင့် တူသည့် ဝဏာလေပနဥပမာ,

၃။ ကန္တာရခရီးခဲကို ကျော်လွှား လွန်မြောက်နိုင်ရေးအတွက် သား၏ အသားကို စားသုံးရသော ပုတ္တမံသူပမာ- (သံ၊၁၊၃၂၂။)

ဤဥပမာတို့၏ အစွမ်းဖြင့် မိမိ မှီဝဲရမည့် အာဟာရကို ဆင်ခြင်အပ်၏။ ထိုသို့ ဆင်ခြင်ပြီးနောက် ---

၁။ ရွာသူသားငယ်တို့ကဲ့သို့ မြူးထူးပျော်ပါး ကစားဖို့ရန် အလို့ငှာ ဤအာဟာရကို မှီဝဲသည် မဟုတ်။

၂။ လက်ဝှေ့သည် လက်ပန်းသည်တို့ကဲ့သို့ အားဟူသော မာန်ယစ်ခြင်းငှာလည်း ဤအာဟာရကို မှီဝဲသည် မဟုတ်။

၃။ နန်းတွင်းသူ ပြည့်တန်ဆာမတို့ကဲ့သို့ လှပရေဆင်းပြည့်ဖြိုးခြင်းငှာလည်း ဤအာဟာရကို မှီဝဲသည်မဟုတ်။

၄။ ကချေသည်တို့ကဲ့သို့ အရေအဆင်း ပြည့်ပြည့်စုံစုံ တင့်တယ်စေခြင်းငှာလည်း ဤအာဟာရကို မှီဝဲသည် မဟုတ်။

အဟုတ်သော်ကား ---

၁။ လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်သည် အရှည်တည်တံ့ရန် အလို့ငှာ -

၂။ အသက်ရှည်စွာ မျှမျှတတ နေထိုင်နိုင်ရန် အလို့ငှာ -

၃။ ဆာလောင်မွတ်သိပ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ပင်ပန်းမှုကို ပယ်ဖျောက်နိုင်ရန် အလို့ငှာ -

၄။ သီလ-သမာဓိ-ပညာ = သိက္ခာသုံးရပ် အကျင့်မြတ်ဟူသော သာသနဗြဟ္မစရိယ, အရိယမဂ်တည်းဟူသော မဂ္ဂဗြဟ္မစရိယ --- ဤဗြဟ္မစရိယနှစ်ပါးကို ချီးမြှောက်နိုင်ရန် အလို့ငှာ -

၅။ ဆာလောင်မွတ်သိပ်နေသော ဝေဒနာဟောင်းများကို ပယ်ဖျောက်နိုင်ရန် အလို့ငှာ -

၆။ အသစ်အသစ်သော ဆာလောင်မွတ်သိပ်ခြင်း ဝေဒနာတို့သည်လည်း နောက်ထပ် မဖြစ်စေရန် အလို့ငှာ-

၇။ ထိုသို့ စားသုံးလိုက်ခြင်းကြောင့် ဣရိယာပထ မျှမျှတတ နေထိုင်ရန် အလို့ငှာ -

၈။ အာဟာရကို ရှာမှီးခြင်း ခံယူခြင်း သုံးဆောင်ခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာတတ်သည့် စိတ် ဆင်းရဲခြင်း စသည့် အကုသိုလ်အပြစ်တို့ မဖြစ်ရန် ချမ်းချမ်းသာသာနေထိုင်နိုင်ရန် အလို့ငှာ -

ဤအာဟာရကို မှီဝဲပါ၏။ --- ဟု အင်္ဂါရှစ်ပါးနှင့် ပြည့်စုံအောင် ပစ္စဝေက္ခဏာ ဆင်ခြင်လျက် အာဟာရကို မှီဝဲသုံးဆောင်အပ်၏။

ဆွမ်းစားပြီးနောက် သပိတ်ကို ရေဆေးခြင်း အစရှိသော ကိစ္စအရပ်ရပ်ကို ပြုလုပ်ပြီးလျှင် ဆွမ်းဆီယစ်ခြင်း ကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုကို ငြိမ်းအေးစေရန် အလို့ငှာ လက်ျာနံတောင်း စောင်းလျက်ဖြစ်စေ (သို့မဟုတ် နှစ်ခြိုက်ရာ ဣရိယာပုထ်ဖြင့် ဖြစ်စေ) အတန်ငယ် ကျိန်းစက်ခြင်းဖြင့် ပယ်ဖျောက်ပေး၏။

နံနက်ပိုင်း၌ ကမ္မဋ္ဌာန်းကိုသာလျှင် ထိုင်ခြင်း စင်္ကြံသွားခြင်းဖြင့် နှလုံးသွင်းနေသကဲ့သို့ ဆွမ်းစားပြီး နောက်ပိုင်း၌လည်းကောင်း, ညဉ့်ဦးယာမ်၌လည်းကောင်း, မိုးသောက်ယာမ်၌လည်းကောင်း အလားတူပင် ကမ္မဋ္ဌာန်းကိုသာလျှင် နှလုံးသွင်းနေ၏။

ဤကဲ့သို့သော ရဟန်းတော်မျိုးကို ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်နေသော အသွားအပြန် နှစ်မျိုးလုံး၌ ကမ္မဋ္ဌာန်းဆောင်သူဟူ၍ ခေါ်ဆိုအပ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၃၇။ မ၊ဋ္ဌ၊၁၊၂၆၃-၂၆၄။)

ရရှိနိုင်သော အကျိုးတရားများ

ရရှိနိုင်သော အကျိုးတရားများ

ဤဆွမ်းခံအသွား၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း, ဆွမ်းခံအပြန်၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်းဟူသော ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်သောသူသည် အကယ်၍ အရဟတ္တဖိုလ်ကို ရနိုင်လောက်သော ဥပနိဿယနှင့် ပြည့်စုံ ခဲ့သည် ဖြစ်အံ့။

၁။ ပထမအရွယ်၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏။

အကယ်၍ ပထမအရွယ်၌ အရဟတ္တဖိုလ်သို့ မရောက်ရှိနိုင်သည် ဖြစ်အံ့။

၂။ မဇ္ဈိမအရွယ်၌ အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏။

အကယ်၍ မဇ္ဈိမ = ဒုတိယအရွယ်၌ အရဟတ္တဖိုလ်သို့ မရောက်ရှိနိုင်သည် ဖြစ်အံ့။

၃။ ပစ္ဆိမ = နောက်ဆုံး တတိယအရွယ်၌ အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏။

အကယ်၍ နောက်ဆုံးအရွယ်၌လည်း အရဟတ္တဖိုလ်သို့ မရောက်ရှိနိုင်သည် ဖြစ်အံ့။

၄။ သေရာညောင်စောင်း လျောင်းစက်သောအခါ၌ အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏။

သေရာညောင်စောင်း လျောင်းစက်သောအခါ၌ အရဟတ္တဖိုလ်သို့ မရောက်ရှိနိုင်သည် ဖြစ်အံ့။

၅။ နတ်သားဖြစ်၍ နတ်သားဘဝ၌ အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏။

အကယ်၍ နတ်သား ဖြစ်၍ နတ်သားဘဝ၌ အရဟတ္တဖိုလ်သို့ မရောက်ရှိနိုင်သည် ဖြစ်အံ့။ အကယ်၍ ပစ္စေကဗောဓိဉာဏ်ကို ရနိုင်လောက်သော ဥပနိဿယ = အားကြီးသောမှီရာ အကြောင်းနှင့် ပြည့်စုံခဲ့ သည်လည်း ဖြစ်အံ့။

၆။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ မပွင့်ရာ သာသနာပအခါ၌ လူဖြစ်ခဲ့သော် ပစ္စေကဗောဓိဉာဏ်ကို မျက်မှောက်ပြု နိုင်၏။

အကယ်၍ ပစ္စေကဗောဓိဉာဏ်ကို မျက်မှောက် မပြုနိုင်ခဲ့သည် ဖြစ်အံ့၊ ဥပနိဿယနှင့်လည်း ပြည့်စုံခဲ့ သည် ဖြစ်အံ့။

၇။ အရှင်ဗာဟိယဒါရုစိရိယ မထေရ်မြတ်ကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ မျက်မှောက်တော်၌ အလွန် လျင်လျင်မြန်မြန် အရဟတ္တမဂ် အရဟတ္တဖိုလ်တိုင်အောင်သော အသိထူး ဉာဏ်ထူးတို့ကို ရယူနိုင်သော ခိပ္ပါဘိည ရဟန္တာမျိုးသော်လည်း ဖြစ်နိုင်၏။

ဥပနိဿယနှင့် ပြည့်စုံခဲ့သည် ဖြစ်အံ့။

၈။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကဲ့သို့ ဉာဏ်ပညာကြီးမားတော်မူသော ရဟန္တာပုဂ္ဂိုလ်သော်လည်း ဖြစ်နိုင်၏။

၉။ အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်ကြီးကဲ့သို့ တန်ခိုးကြီးမားတော်မူသော ရဟန္တာပုဂ္ဂိုလ်သော်လည်း ဖြစ်နိုင်၏။

၁၀။ အရှင်မဟာကဿပ မထေရ်မြတ်ကြီးကဲ့သို့ ဓုတင်ကို ဆောင်ရာ၌ ဧတဒဂ် ရရှိတော်မူသော ရဟန္တာ ပုဂ္ဂိုလ်မျိုးသော်လည်း ဖြစ်နိုင်၏။

၁၁။ အရှင်အနုရုဒ္ဓါမထေရ်မြတ်ကဲ့သို့ ဒိဗ္ဗစက္ခုအဘိဉာဏ်အရာ၌ ဧတဒဂ် ရတော်မူသော ရဟန္တာပုဂ္ဂိုလ်မျိုး သော်လည်း ဖြစ်နိုင်၏။

၁၂။ အရှင်ဥပါလိမထေရ်မြတ်ကဲ့သို့ ဝိနည်းကို ဆောင်သည့်အရာ၌ ဧတဒဂ် ရတော်မူသော ရဟန္တာပုဂ္ဂိုလ်မျိုး သော်လည်း ဖြစ်နိုင်၏။

၁၃။ မန္တာဏိပုဏ္ဏေးမ၏ သားဖြစ်သော အရှင်ပုဏ္ဏမထေရ်မြတ်ကဲ့သို့ ဓမ္မကထိကအရာ၌ ဧတဒဂ် ရတော် မူသော ရဟန္တာပုဂ္ဂိုလ်မျိုးသော်လည်း ဖြစ်နိုင်၏။

၁၄။ အရှင်သာရိပုတ္တရာ၏ ညီထွေးဖြစ်တော်မူသော အရှင်ရေဝတ မထေရ်မြတ်ကဲ့သို့ အာရညကင် တောရ ဓုတင် အရာ၌ ဧတဒဂ် ရတော်မူသော ရဟန္တာပုဂ္ဂိုလ်မျိုးသော်လည်း ဖြစ်နိုင်၏။

၁၅။ အရှင်အာနန္ဒာ မထေရ်မြတ်ကဲ့သို့ ဗဟုသုတအရာ၌ ဧတဒဂ်ရတော်မူသော ရဟန္တာပုဂ္ဂိုလ်မျိုးသော်လည်း ဖြစ်နိုင်၏။

၁၆။ ဘုရားရှင်၏ ရင်သွေးတော် အရှင်ရာဟုလာ မထေရ်မြတ်ကဲ့သို့ သိက္ခာကာမ = သိက္ခာသုံးပါး အကျင့်မြတ် တရားကို လိုလားတောင့်တတော်မူသည့်အရာ၌ ဧတဒဂ် ရတော်မူသော ရဟန္တာပုဂ္ဂိုလ်မျိုးသော်လည်း ဖြစ်နိုင်၏။

ဤသို့ သိရှိပါလေ။ ဤစတုက္က၌ ဆွမ်းခံသွားရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်၍ ဆွမ်းခံရွာမှ အပြန်၌ လည်း ကမ္မဋ္ဌာန်းကို ဆောင်သော ရဟန်းတော်၏ ဂေါစရသမ္ပဇဉ်သည်ကား အထွတ်အထိပ်သို့ ရောက်ရှိသွား သော ဂေါစရသမ္ပဇဉ်ပင် ဖြစ်ပေသည်။

ဤတွင် --- အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ = ေ့ရှသို့တက်ရာ၌ နောက်သို့ဆုတ်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ --- ဟူသော ပါဠိတော်စကားရပ်ကို ဖွင့်ဆိုနေသော အပိုင်းတွင် --- သာတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်, ဂေါစရသမ္ပဇဉ်ဟူသော သမ္ပဇဉ်သုံးပါး ဖြစ်ပုံကို ဖွင့်ဆိုရေးသားပြီး ဖြစ်ပေ၏။ အသမ္မောဟ သမ္ပဇဉ်ပိုင်းကား ကျန်ရှိနေသေး၏။ ယင်းအသမ္မောဟသမ္ပဇဉ် အကြောင်းကို မရေးသားမီ, ဋီကာ ဆရာတော် များက ဖွင့်ဆိုထားတော်မူကြသော ဥပနိဿယသမ္ပန္န အကြောင်းနှင့် ဒိဋ္ဌေ ဒိဋ္ဌမတ္တံ အကြောင်းအရာများကို အခြား အခြားသော ပါဠိတော် အဋ္ဌကထာ ဋီကာအဖွင့်တို့နှင့် နှီးနှော၍ ရေးသားတင်ပြအပ်ပါသည်။

ဥပနိဿယသမ္ပန္န

ဥပနိဿယသမ္ပန္န

တတ္ထ ပစ္စေကဗောဓိယာ ဥပနိဿယသမ္ပဒါ ကပ္ပါနံ ဒွေ အသင်္ချေယျာနိ သတသဟဿဉ္စ တဇ္ဇံ ပုညဉာဏသမ္ဘရဏံ၊ သာဝကဗောဓိယံ အဂ္ဂသာဝကာနံ ဧကံ အသင်္ချေယျံ ကပ္ပသတသဟဿဉ္စ၊ မဟာသာဝကာနံ ကပ္ပသတသဟဿမေဝ၊ ဣတရေသံ အတီတာသု ဇာတီသု ဝိဝဋ္ဋသန္နိဿယဝသေန နိဗ္ဗတ္တိတံ နိဗ္ဗေဓဘာဂိယံ ကုသလံ။ (ဒီ၊ဋီ၊၁၊၂၄၆။ မ၊ဋီ၊၁၊၃၅၇။)

၁။ ပစ္စေကဗောဓိဉာဏ်၏ အားကြီးသောမှီရာ ဥပနိဿယနှင့် ပြည့်စုံအောင် --- နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထို ပစ္စေကဗောဓိဉာဏ်အား လျော်လျောက်ပတ်သော ပါရမီ ကောင်းမှုကုသိုလ်ထူးနှင့် ဉာဏ် အဆောက်အဦကို ဆည်းပူးရ၏။ ပါရမီ ဖြည့်ကျင့်ရ၏။

၂။ သာဝကဗောဓိဉာဏ် သုံးမျိုးတို့တွင် အဂ္ဂသာဝကတို့အား တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထို အဂ္ဂသာဝကဗောဓိဉာဏ်အားလျော်သော ပါရမီ ကောင်းမှုကုသိုလ်ထူး --- ဉာဏ်အဆောက်အဦတို့ကို ဖြည့်ကျင့် ဆည်းပူးရ၏။

၃။ မဟာသာဝကတို့အား မဟာသာဝကဗောဓိဉာဏ် ရရှိရေးအတွက် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထို မဟာသာဝကဗောဓိဉာဏ်အား လျော်သော ပါရမီ ကောင်းမှုကုသိုလ်ထူး --- ဉာဏ်အဆောက်အဦကို ဖြည့်ကျင့် ဆည်းပူးရ၏။

၄။ ပကတိသာဝကတို့အား ပကတိသာဝကဗောဓိဉာဏ် ရရှိရေးအတွက် အတိတ်ဘဝတို့၌ သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ကြောင်း ဝိဝဋ္ဋသဘောကို အမှီပြုသည်၏ အစွမ်းဖြင့် ဖြစ်စေအပ်ပြီးသော ဖြည့်ကျင့် ဆည်းပူးထားအပ် သော, နိဗ္ဗေဓဘာဂိယ = ကိလေသာထု အစိုင်အခဲကို ဖြိုခွဲ ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သော ပါရမီကုသိုလ်ထူးသည် ဥပနိဿယသမ္ပန္န = အားကြီးသောမှီရာ ဥပနိဿယနှင့် ပြည့်စုံသည် မည်၏။ (ဒီ၊ဋီ၊၁၊၂၄၆။ မ၊ဋီ၊၁၊၃၅၇။)

ရိုးရိုး ပကတိသာဝကတို့၏ သာဝကဗောဓိဉာဏ်နှင့် ပြည့်စုံရေးအတွက် အတိတ်ဘဝတို့၌ ပြုစုပျိုးထောင် ခဲ့သော ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းဟူသော လောဘထု ဒေါသထု မောဟထု စသည့် ကိလေသာထု အစိုင်အခဲကြီးကို ဖြိုခွဲနိုင်သည့် ဖောက်ထွင်းနိုင်သည့် စွမ်းအားရှိသော နိဗ္ဗေဓဘာဂိယကုသိုလ်ထူး ရှိရမည်ဟု ဖွင့်ဆိုထား၏။ သာဝကဗောဓိဉာဏ်အရာ၌ ပါရမီမလိုပါဟု ပြောဆိုသော စကားများမှာ ဤအဖွင့်များနှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေပေသည်။ ဤအဖွင့်များအရ ဆိုရမူ --- နိဗ္ဗာန်ကို ရည်ရွယ်တောင့်တ၍ ပြုစု ပျိုးထောင်ခဲ့သော ဒါန သီလ သမထ ဟူသော စရဏမျိုးစေ့ကောင်း, ရုပ်နာမ်ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ကြိတ်ချေခဲ့ဖူးသော ဝိဇ္ဇာမျိုးစေ့ကောင်း --- ဤမျိုးစေ့ကောင်းတို့ကား ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲနိုင်သော နိဗ္ဗေဓဘာဂိယ ကုသိုလ်များ ဖြစ်ကြ၏။ ယင်းနိဗ္ဗေဓဘာဂိယ ကုသိုလ်ပါရမီကား သာဝက ဗောဓိဉာဏ် ရရှိရေးအတွက် ရှိပြီးသား ဖြစ်ရမည်။ လယ်တီဆရာတော်ဘုရားကြီးကား --- ပါရမီဒီပနီ၌ သစ္စက ပရိဗိုဇ်နှင့် ဖားနတ်သားဝတ္ထု (မဏ္ဍုကဒေဝပုတ္တဝတ္ထု)တို့ကို ထောက်၍ နှစ်ဘဝ သုံးဘဝခန့် နိဗ္ဗေဓဘာဂိယ ကုသိုလ်တို့ကို ပြုစုပျိုးထောင်နိုင်လျှင်လည်း ပကတိသာဝကဗောဓိဉာဏ် အရာ၌ လုံလောက်ကြောင်း မိန့်ဆို ထား၏။ ဝိဇ္ဇာမျိုးစေ့ပိုင်း၌လည်း အနည်းဆုံး ပမာဏအားဖြင့် ဓာတ်ကြီး (၄)ပါးလောက်ကိုကား ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားဖူးရမည်ဟုလည်း မိမိ၏ ဒီပနီများတွင် ဖော်ပြထား၏။ နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ ဝိပဿနာဉာဏ်တို့နှင့် ပြည့်စုံခဲ့ပါမူကား ဆိုဖွယ်ရာ မရှိ၊ အကောင်းဆုံးသာ ဖြစ်တော့သည် ဟူ၏။

တစ်ဖန် အရှင်ဗာဟိယဒါရုစိရိယမထေရ်၏ အကြောင်းအရာနှင့် ဆက်စပ်၍လည်း --- ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်ကို ဖွင့်ဆိုထားတော်မူကြ၏။ သို့အတွက် ဤသမ္ပဇဉ်ပိုင်းရှုကွက်နှင့် ဆက်စပ်နေသည့် ယင်းဒိဋ္ဌေ ဒိဋ္ဌမတ္တံ --- ကျင့်စဉ်ကိုလည်း အကျဉ်းချုပ်၍ ဆက်လက် တင်ပြအပ်ပါသည်။

ဒိဋ္ဌေ - ဒိဋ္ဌမတ္တံ ကျင့်စဉ်

ဒိဋ္ဌေ - ဒိဋ္ဌမတ္တံ ကျင့်စဉ်

တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ ---

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီတိ။ ဧဝဥှိ တေ ဗာဟိယ သိက္ခိတဗ္ဗံ။

ယတော ခေါ တေ ဗာဟိယ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ၊ တတော တွံ ဗာဟိယ န တေန။ ယတော တွံ ဗာဟိယ န တေန၊ တတော တွံ ဗာဟိယ န တတ္ထ။ ယတော တွံ ဗာဟိယ န တတ္ထ၊ တတော တွံ ဗာဟိယ နေဝိဓ န ဟုရံ န ဥဘယမန္တရေန။ ဧသေဝန္တော ဒုက္ခဿာတိ။ (ခု၊၁၊၈၅-၈၆။ ဥဒါနပါဠိ။)

= ချစ်သား ဗာဟိယ ...ထိုကြောင့် ဤသာသနာတော်၌ သင်ချစ်သားသည် ဤသို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ ---

၁။ စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်အပ်သည်ရှိသော် မြင်အပ်ကာမျှ ဖြစ်အောင် ကျင့်ပါ။

၂။ သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြားအပ်သည်ရှိသော် ကြားအပ်ကာမျှ ဖြစ်အောင် ကျင့်ပါ။

၃။ ဃာနဝိညာဏ်ဖြင့် ဂန္ဓာရုံကို, ဇိဝှါဝိညာဏ်ဖြင့် ရသာရုံကို, ကာယဝိညာဏ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိအပ် သည်ရှိသော် တွေ့ထိအပ်ကာမျှ ဖြစ်အောင် ကျင့်ပါ။

၄။ မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိအပ်သည်ရှိသော် သိအပ်ကာမျှ ဖြစ်အောင် ကျင့်ပါ။

ချစ်သား ဗာဟိယ ...ဤသို့လျှင် သင်ချစ်သားသည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ ချစ်သား ဗာဟိယ ...အကြင်အခါ၌ သင်ချစ်သားသည် ဒိဋ္ဌ-သုတ-မုတ-ဝိညာတ ဖြစ်ကုန်သော အာရုံ (၆)ပါး တရား တို့၌ ---

၁။ စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်အပ်သည်ရှိသော် မြင်အပ်ကာမျှသည် ဖြစ်လတ္တံ့။

၂။ သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြားအပ်သည်ရှိသော် ကြားအပ်ကာမျှသည် ဖြစ်လတ္တံ့။

၃။ ဃာနဝိညာဏ်ဖြင့် ဂန္ဓာရုံကို, ဇိဝှါဝိညာဏ်ဖြင့် ရသာရုံကို, ကာယဝိညာဏ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိအပ် သည်ရှိသော် တွေ့ထိအပ်ကာမျှသည် ဖြစ်လတ္တံ့။

၄။ မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိအပ်သည်ရှိသော် သိအပ်ကာမျှသည် ဖြစ်လတ္တံ့။

ချစ်သား ဗာဟိယ ...ထိုအခါ၌ သင်ချစ်သားသည် ထိုအာရုံတို့ အပေါ်၌ ထိုရာဂဖြင့် တပ်မက်ခြင်း, ဒေါသဖြင့် ပြစ်မှားခြင်း, မောဟဖြင့် အာရုံ၏ သဘောမှန်ကို မသိခြင်း = တွေဝေခြင်းသည် မဖြစ်ပေလတ္တံ့။ (တစ်နည်း --- ထိုမြင်ခြင်း, ကြားခြင်း, ထိခြင်း, သိခြင်းနှင့် စပ်သော ရာဂ ဒေါသ မောဟနှင့် အတူတကွ မဖြစ် ပေလတ္တံ့။)

ချစ်သား ဗာဟိယ ...အကြင်အခါ၌ သင်ချစ်သားသည် ထိုအာရုံတို့ အပေါ်၌ ထိုရာဂဖြင့် တပ်မက်ခြင်း, ဒေါသဖြင့် ပြစ်မှားခြင်း, မောဟဖြင့် အာရုံ၏ သဘောမှန်ကို မသိခြင်း = တွေဝေခြင်းသည် မဖြစ်ပေလတ္တံ့။ ချစ်သား ဗာဟိယ ...ထိုအခါ၌ သင်ချစ်သားသည် ထို ဒိဋ္ဌ-သုတ-မုတ-ဝိညာတ အာရုံတို့၌ (ရာဂ-ဒေါသ-မောဟ တို့နှင့်) ဆက်စပ်လျက် တည်နေခြင်း မည်သည် မဖြစ်ပေလတ္တံ့။

ချစ်သား ဗာဟိယ ...အကြင်အခါ၌ သင်ချစ်သားသည် ထို ဒိဋ္ဌ-သုတ-မုတ-ဝိညာတ အာရုံတို့၌ (ရာဂ- ဒေါသ-မောဟတို့နှင့်) ဆက်စပ်လျက် တည်နေခြင်းမည်သည် မဖြစ်ပေလတ္တံ့။ ချစ်သား ဗာဟိယ ...ထိုအခါ၌ သင်ချစ်သားသည် ---

၁။ ဤပစ္စုပ္ပန်လောက၌လည်း မဖြစ်တော့ပေလတ္တံ့၊

၂။ တမလွန်လောက၌လည်း မဖြစ်တော့ပေလတ္တံ့၊

၃။ ပစ္စုပ္ပန် တမလွန် နှစ်ပါးစုံသော လောက၌လည်း မဖြစ်တော့ပေလတ္တံ့။

ဤပစ္စုပ္ပန် တမလွန် နှစ်ပါးစုံသော လောက၌ မဖြစ်ခြင်းသည်ပင်လျှင် ကိလေသဒုက္ခ, သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီး၏ အဆုံး မည်ပေ၏။ --- ဤသို့ ဘုရားရှင်က ဟောကြားတော်မူ၏။ (ခု၊၁၊၈၅-၈၆။ ဥဒါန်းပါဠိတော်၊၊)

၁။ ဒိဋ္ဌေ ဒိဋ္ဌမတ္တန္တိ ရူပါယတနေ စက္ခုဝိညာဏေန ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ။ စက္ခုဝိညာဏံ ဟိ ရူပေ ရူပ- မတ္တမေဝ ပဿတိ၊ န နိစ္စာဒိသဘာဝံ။ ဣတိ သေသဝိညာဏေဟိပိ မေ ဧတ္ထ ဒိဋ္ဌမတ္တမေဝ စိတ္တံ ဘဝိဿတီတိ အတ္ထော။ (သံ၊ဋ္ဌ၊၃၊၂၈။)

စက္ခုဝိညာဏေန ဒိဋ္ဌေ ဒိဋ္ဌမတ္တန္တိ စက္ခုဝိညာဏဿ ရူပါယတနံ ယတ္တကော ဂဟဏာကာရော၊ တတ္တကံ။ ကိတ္တကံ ပမာဏန္တိ အတ္တသံဝေဒိယံ ပရဿ န ဒိသိတဗ္ဗံ၊ ကပ္ပနာမတ္တံ ရူပံ။ တေနာဟ စက္ခုဝိညာဏံဟီတိအာဒိ။ ရူပေတိ ရူပါယတနေ။ ရူပမတ္တမေဝါတိ နီလာဒိဘေဒံ ရူပါယတနမတ္တံ၊ န နီလာဒိ။ ဝိသေသနိဝတ္တနတ္ထော ဟိ အယံ မတ္တသဒ္ဒေါ။ ယဒိ ဧဝံ, ဧဝ-ကာရော ကိမတ္ထိယော? စက္ခုဝိညာဏံ ဟိ ရူပါယတနေ လဗ္ဘမာနမ္ပိ နီလာဒိဝိသေသံ ဣဒံ နီလံ နာမ, ဣဒံ ပီတံ နာမာတိ န ဂဏှာတိ။ ကုတော နိစ္စာနိစ္စာဒိသဘာဝတ္ထန္တိ သံဟိတဿပိ နိဝတ္တနတ္ထံ ဧဝကာရဂ္ဂဟဏံ။ တေနာဟ န နိစ္စာဒိသဘာဝန္တိ။ သေသဝိညာဏေဟိပီတိ ဇဝနဝိညာဏေဟိပိ။ (သံ၊ဋီ၊၂၊၃၀၁-၃၀၂။)

(ဆိုလိုရင်း) --- ဒိဋ္ဌေ ဒိဋ္ဌမတ္တံ --- အရ ရူပါရုံကို စက္ခုဝိညာဏ်ဖြင့် မြင်ရာ၌ မြင်သော အခြင်းအရာ အာကာရကို အရကောက်ယူပါ။ စက္ခုဝိညာဏ်သည် အညို အရွှေ စသည်ပြားသော ရူပါရုံ အမျိုးမျိုးကို တွေ့မြင် ရာ၌ အညို အရွှေ စသည်ဖြင့်ကား မသိ၊ နိစ္စသဘော အနိစ္စသဘော စသည်ကိုလည်း မသိ၊ အရောင်မျှကိုသာ သိ၏၊ အလားတူပင် ရူပါရုံကို ဆက်လက် အာရုံယူနေကြသည့် စက္ခုဒွါရိကဇောဝိညာဏ်, မနောဒွါရိကဇော ဝိညာဏ်တို့ဖြင့်လည်း ရူပါရုံ အရောင်မျှကိုသာ သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ ဤကား ဒိဋ္ဌေ ဒိဋ္ဌမတ္တံ၏ ဆိုလိုရင်း အနက်သဘောတည်း။ ဤကား ပထမနည်းတည်း။ ဤမျှဖြင့် အားရတော်မမူသေး ၍ ဒုတိယတစ်နည်း ထပ်ဖွင့်တော်မူပြန်၏။

၂။ အထ ဝါ ဒိဋ္ဌေ ဒိဋ္ဌံ နာမ စက္ခုဝိညာဏံ၊ ရူပေ ရူပဝိဇာနနန္တိ အတ္ထော။ မတ္တာတိ ပမာဏံ၊ ဒိဋ္ဌံ မတ္တာ အဿာတိ ဒိဋ္ဌမတ္တံ၊ စိတ္တံ၊ စက္ခုဝိညာဏမတ္တမေဝ မေ စိတ္တံ ဘဝိဿတီတိ အတ္ထော။ ဣဒံ ဝုတ္တံ ဟောတိ --- ယထာ အာပါထဂတရူပေ စက္ခုဝိညာဏံ န ရဇ္ဇတိ န ဒုဿတိ န မုယှတိ၊ ဧဝံ ရာဂါဒိဝိရဟေန စက္ခုဝိညာဏမတ္တမေဝ ဇဝနံ ဘဝိဿတိ၊ စက္ခုဝိညာဏပမာဏေနေဝ ဇဝနံ ဌပေဿာမီတိ။ (သံ၊ဋ္ဌ၊၃၊၂၉။)

ဒိဋ္ဌံ နာမ စက္ခုဝိညာဏံ ရူပါယတနဿ ဒဿနန္တိ ကတွာ။ တေနာဟ ရူပေ ရူပဝိဇာနနန္တိ။ စက္ခုဝိညာဏမတ္တမေဝါတိ ယတ္တကံ စက္ခုဝိညာဏံ ရူပါယတနေ ဂဟဏမတ္တံ၊ တံမတ္တမေဝ မေ သဗ္ဗံ စိတ္တံ ဘဝိဿတီတိ အတ္ထော။ ရာဂါဒိဝိရဟေနာတိ ဝါ ပါဌော။ (သံ၊ဋီ၊၂၊၃၀၂။)

ဧတ္ထ ဟိ ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ၊ စက္ခုဝိညာဏံ ပန သဒ္ဓိံ တံဒွါရိကဝိညာဏေဟိ ဒဿနဋ္ဌေန။ (ဥဒါန၊ဋ္ဌ၊၈၂။)

ဒိဋ္ဌေ - ဝယ် ဒိဋ္ဌ - အရ စက္ခုဝိညာဏ်ကို အရကောက်ယူပါ။ စက္ခုဝိညာဏ်သည် ရူပါရုံကို မြင်တတ်သော အနက်သဘောကြောင့် ဒိဋ္ဌ မည်၏။ ရူပါရုံ၌ အရောင်မျှကိုသာ သိခြင်းသဘောဟု ဆိုလိုသည်။

မတ္တ --- ဟူသည် အတိုင်းအတာ ပမာဏတည်း။

ဒိဋ္ဌမတ္တ --- ဟူသည် ဒိဋ္ဌ အမည်ရသော စက္ခုဝိညာဏ်လျှင် အတိုင်းအတာ ပမာဏရှိသော ဇောဝီထိစိတ် အစဉ်တည်း။ (စက္ခုဒွါရဝီထိနှင့် ရူပါရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရဝီထိစိတ်အစဉ်တို့တည်း။)

ငါ၏ ဇောဝီထိစိတ်အစဉ်သည် စက္ခုဝိညာဏ်လျှင် အတိုင်းအတာ ပမာဏရှိသော စိတ် ဖြစ်စေရမည် ဖြစ်အောင် ကျင့်မည်ဟု ဆိုလို၏။

ဆိုလိုသော အဓိပ္ပါယ်ကား ဤသို့တည်း --- ရူပါရုံသည် စက္ခုဒွါရ၌ ရှေးရှူ ကျရောက်လာသောအခါ ထင် လာသောအခါ စက္ခုဝိညာဏ်သည် ယင်းရူပါရုံ အပေါ်၌ တပ်မက်မှု မရှိ (ရာဂ မဖြစ်), ပြစ်မှားမှု မရှိ (ဒေါသ မဖြစ်), အာရုံ၏ သဘောမှန် မသိသည့် တွေဝေမှု မရှိ (မောဟ မဖြစ်)။ (စက္ခုဝိညာဏ်နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူ ယှဉ်တွဲ ဖြစ်နိုင်ကြသည့် စေတသိက်တို့ကား သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)လုံးတို့သာ ဖြစ်ကြသည်။ ယင်းနာမ်တရားစု၌ ရာဂ ဒေါသ မောဟတို့ မပါဝင်ကြ မယှဉ်ကြပေ။ ဤသဘောကို ရည်ညွှန်းထား သည်။)

ဤသို့လျှင် ရာဂ စသည်တို့မှ ကင်းနေသော စက္ခုဝိညာဏ် အတိုင်းအတာပမာဏသာလျှင် ရှိသော ဇော စိတ်အစဉ်ကို ဖြစ်စေလတ္တံ့၊ စက္ခုဝိညာဏ် ပမာဏအတိုင်းသာလျှင် ဇောစိတ်ကို ထားပေအံ့ဟု ဆိုလိုသည်။

ဤအဖွင့်အရ ဒိဋ္ဌေ ဒိဋ္ဌမတ္တံဟူသည် စက္ခုဝိညာဏ်သည် ရာဂ ဒေါသ မောဟတို့နှင့် မယှဉ်သလို ရူပါရုံကို ဆက်လက် အာရုံယူကြသည့် ဇောဝီထိစိတ်အစဉ်တို့သည်လည်း ရာဂ ဒေါသ မောဟ ကင်းသော ဇောဝီထိစိတ် အစဉ်တို့သာ ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဟု ဆိုလိုပေသည်။ (ကျင့်ပုံစနစ်ကို နောက်တွင် ဖော်ပြပါမည်။) တတိယတစ်နည်း အဋ္ဌကထာက ထပ်မံ၍ ဖွင့်ဆိုထားတော်မူပြန်သည်။

၃။ အထ ဝါ ဒိဋ္ဌံ နာမ စက္ခုဝိညာဏေန ဒိဋ္ဌရူပံ၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ နာမ တတ္ထေဝ ဥပ္ပန္နံ သမ္ပဋိစ္ဆနသန္တီရဏဝေါဋ္ဌဗ္ဗနသင်္ခါတံ စိတ္တတ္တယံ။ ယထာ တံ န ရဇ္ဇတိ န ဒုဿတိ န မုယှတိ၊ ဧဝံ အာပါထဂတေ ရူပေ တေနေဝ သမ္ပဋိစ္ဆနာဒိပ္ပမာဏေန ဇဝနံ ဥပ္ပါဒေဿာမိ၊ နာဟံ တံ ပမာဏံ အတိက္ကမိတွာ ရဇ္ဇနာဒိဝသေန ဥပ္ပဇ္ဇိတုံ ဒဿာမီတိ အယမေတ္ထ အတ္ထော။ ဧသေဝ နယော သုတမုတေသု။ (သံ၊ဋ္ဌ၊၃၊၂၉။)

ဒိဋ္ဌံ နာမ ပဒတ္ထတော စက္ခုဝိညာဏေန ဒိဋ္ဌံ ရူပံ။ တတ္ထေဝါတိ စက္ခုဝိညာဏေန ဒိဋ္ဌမတ္တေ ရူပေ။ စိတ္တတ္တယံ ဒိဋ္ဌမတ္တံ နာမ စက္ခုဝိညာဏံ ဝိယ ရာဂါဒိဝိရဟေန ပဝတ္တနတော။ တေနာဟ ယထာ တန္တိ အာဒိ။ (သံ၊ဋီ၊၂၊၃၀၂။)

ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ။ (ဥဒါန၊ဋ္ဌ၊၈၂)နှင့် အညီ ရူပါရုံသည် စက္ခုဝိညာဏ်ဖြင့် မြင်အပ်သော တရားသဘော ဖြစ်ခြင်းကြောင့် ဒိဋ္ဌ မည်၏။ ထိုကြောင့် ဤတတိယနည်း၌ စက္ခုဝိညာဏ်ဖြင့် မြင်အပ်သော ရူပါရုံသည် ဒိဋ္ဌ မည်၏။ ထိုစက္ခုဝိညာဏ်ဖြင့် မြင်အပ်ကာမတ္တမျှသာ ဖြစ်သော ရူပါရုံ၌ အာရုံပြုသောအားဖြင့် ဖြစ်ပေါ်လာသော သမ္ပဋိစ္ဆိုင်း-သန္တီရဏ-ဝုဋ္ဌောဟု ခေါ်ဆိုအပ်သော စိတ်သုံးခုအပေါင်းသည် --- စက္ခုဝိညာဏ် ကဲ့သို့ပင် ရာဂ-ဒေါသ-မောဟတို့နှင့် ကင်းလျက် ဖြစ်ပေါ်လာသောကြောင့် --- ဒိဋ္ဌမတ္တ မည်၏။

ထိုစိတ်သုံးခုအပေါင်းသည် ရူပါရုံကို မတပ်မက်သကဲ့သို့ မပြစ်မှားသကဲ့သို့ မတွေဝေသကဲ့သို့ အလားတူ ပင် ရှေးရှူ ကျရောက်လာသော ထင်ခြင်းသို့ ရောက်ရှိလာသော ရူပါရုံ၌ မတပ်မက်တတ် မပြစ်မှားတတ် မတွေဝေတတ်သော ထိုသမ္ပဋိစ္ဆိုင်း-သန္တီရဏ-ဝုဋ္ဌော အတိုင်းအတာ ပမာဏအားဖြင့်သာလျှင် ဇောစိတ်အစဉ်ကို ဖြစ်စေအံ့၊ ငါသည် ထိုသမ္ပဋိစ္ဆိုင်း-သန္တီရဏ-ဝုဋ္ဌော အတိုင်းအတာ ပမာဏကို ကျော်လွန်၍ ယင်းရူပါရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်းတို့၏ အစွမ်းဖြင့် ရာဂ-ဒေါသ-မောဟတို့၏ ဖြစ်ခွင့်ကို မပေးတော့အံ့ -ဟု ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ ဤသည်ကား ဤအရာ၌ ဆိုလိုရင်း အနက်သဘောတည်း။ (သုတ- မုတ တို့၌လည်း ဤနည်းပင်တည်း။ ရာဂ-ဒေါသ-မောဟ မဖြစ်အောင် ကျင့်ပုံ စနစ်ကို နောက်တွင် ဖော်ပြ ပါမည်။) (သံ၊ဋ္ဌ၊၃၊၂၉။)

ဝိညာတေ ဝိညာတမတ္တံ

ဝိညာတေ ဝိညာတမတ္တံ

ဝိညာတေ ဝိညာတမတ္တန္တိ ဧတ္ထ ပန ဝိညာတံ နာမ မနောဒွါရာဝဇ္ဇနေန ဝိညာတာရမ္မဏံ၊ တသ္မိံဝိညာတေ ဝိညာတမတ္တန္တိ အာဝဇ္ဇနပမာဏံ။ ယထာ အာဝဇ္ဇနေန န ရဇ္ဇတိ န ဒုဿတိ န မုယှတိ၊ ဧဝံ ရဇ္ဇနာဒိဝသေန ဥပ္ပဇ္ဇိတုံ အဒတွာ အာဝဇ္ဇနပမာဏေနေဝ စိတ္တံ ဌပေဿာမီတိ အယမေတ္ထ အတ္ထော။ (သံ၊ဋ္ဌ၊၃၊၂၉။)

မနောဒွါရာဝဇ္ဇနေန ဝိညာတာရမ္မဏံ ဝိညာတန္တိ အဓိပ္ပေတံ ရာဂါဒိဝိရဟေန ဝိညေယျတော။ တေနာဟ ယထာ အာဝဇ္ဇနေနာတိအာဒိ။ (သံ၊ဋီ၊၂၊၃၀၂။)

ဝိညာတေ ဝိညာတမတ္တံ --- ၌ ဝိညာတ မည်သည်ကား မနောဒွါရာဝဇ္ဇန်းဖြင့် သိအပ်သော အာရုံတည်း။ [မနောဒွါရာဝဇ္ဇန်းသည် အာရုံ (၆)ပါးလုံးကိုပင် ထိုက်သလို အာရုံပြုသဖြင့် မနောဒွါရာဝဇ္ဇန်းဖြင့် သိအပ်သော အာရုံဟု ဆိုသဖြင့် ထိုအာရုံမှာ အာရုံ (၆)ပါးလုံးပင် ဖြစ်သည်။ အထူးသဖြင့် ဤ၌ကား ဓမ္မာရုံ အမည်ရသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို ရည်ညွှန်းထားပေသည်။ ဒိဋ္ဌ အရ ရူပါရုံ, သုတ အရ သဒ္ဒါရုံ, မုတ အရ ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့ကို အရကောက်ယူထားသဖြင့် ဤဝိညာတ အရ၌ ဓမ္မာရုံလိုင်းဝင် ဝိပဿနာ၏ အရှုခံအာရုံ ဖြစ်ကြသော ပသာဒရုပ်, သုခုမရုပ်တို့နှင့် အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်သင့်ဖြစ်ထိုက်သော လောကီစိတ်စေတသိက် တရားစုတို့ကို အရကောက်ယူပါ။ သို့အတွက် ဒိဋ္ဌ-သုတ-မုတ-ဝိညာတဟု ဆိုလိုက်လျှင် အာရုံ (၆)ပါး စုံသွားပြီ ဖြစ်၏။ အာရုံ (၆)ပါးစုံလျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ပရမတ္ထဓာတ်သားတို့လည်း ကုန်ပြီ ဖြစ်ပေသည်။]

ထိုမနောဒွါရာဝဇ္ဇန်းဖြင့် သိအပ်သော ဝိညာတ အမည်ရသော အာရုံ၌ ဝိညာတမတ္တဟူသည် မနောဒွါရာဝဇ္ဇန်းလျှင် အတိုင်းအတာ ပမာဏရှိသော စိတ်အစဉ်တည်း။ မနောဒွါရာဝဇ္ဇန်းဖြင့် သိအပ်သော ဝိညာတတရား၌ မနောဒွါရာဝဇ္ဇန်းဖြင့် မတပ်မက်သကဲ့သို့ မပြစ်မှားသကဲ့သို့ မတွေဝေသကဲ့သို့ အလားတူပင် ယင်းဝိညာတအာရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် ဖြစ်ခွင့်ကို မပေးမူ၍ မနောဒွါရာဝဇ္ဇန်း အတိုင်းအတာ ပမာဏအားဖြင့်သာလျှင် ဇောစိတ်အစဉ်ကို (= မနောဒွါရိကဇောဝီထိစိတ်အစဉ်ကို) ထားပေအံ့၊ ဖြစ်စေအံ့၊ ဖြစ် အောင် ကျင့်ပေအံ့ --- ဤကား ဤဝိညာတေ ဝိညာတမတ္တံ၌် ဆိုလိုသော အနက်သဘောတည်း။ (သံ၊ဋ္ဌ၊၃၊၂၉။)

ဤအထက်ပါ ရှင်းလင်းချက်များ၏ ဆိုလိုရင်း အချုပ်မှာ ဤသို့ ဖြစ်၏။ အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည်၍ သတိပြုပါ။

ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ (သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊) သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ မနောဒွါရာဝဇ္ဇန်းတို့နှင့် အတူယှဉ်တွဲ ဖြစ်ကြသော စေတသိက် တရားစုတို့ကို ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်ပါ။ ယင်းစိတ်တို့နှင့် ယှဉ်သော စေတသိက်တို့၌ ရာဂ ဒေါသ မောဟတို့ လုံးဝမပါ ကြပေ။ သို့အတွက် ယင်းစိတ်တို့ဖြင့် ရူပါရုံ စသည့် ဆိုင်ရာအာရုံ အသီးအသီးကို တပ်မက်မှု ပြစ်မှားမှု တွေဝေမှု မဖြစ်နိုင်။ ယင်းစိတ်တို့ဖြင့် ရူပါရုံ စသည့် ဆိုင်ရာဆိုင်ရာ အာရုံပေါ်၌ ရာဂ ဒေါသ မောဟ မဖြစ်ကြ သကဲ့သို့ အလားတူပင် ယင်းစိတ်တို့နှင့် ဝီထိစိတ်အစဉ် အတွင်းဝယ် အတူဖြစ်ကြကုန်သော ဇောစိတ်တို့ဖြင့် လည်း ယင်းဆိုင်ရာဆိုင်ရာ အာရုံတို့ အပေါ်၌ ရာဂ ဒေါသ မောဟတို့ မဖြစ်အောင် ကျင့်ပါဟု ဆိုလိုရင်း ဖြစ်၏။ ရာဂ ဒေါသ မောဟတို့ မဖြစ်အောင် မည်သို့ ကျင့်ရမည်နည်း၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။

ဉာတပရိညာ တီရဏပရိညာ

ဉာတပရိညာ တီရဏပရိညာ

ဣတိ ဘဂဝါ ဗာဟိယဿ သံခိတ္တရုစိတာယ ဆဟိ ဝိညာဏကာယေဟိ သဒ္ဓိံ ဆဠာရမ္မဏဘေဒဘိန္နံ ဝိပဿနာယ ဝိသယံ ဒိဋ္ဌာဒီဟိ စတူဟိ ကောဋ္ဌာသေဟိ ဝိဘဇိတွာ တတ္ထဿ ဉာတတီရဏပရိညံ ဒေဿတိ။ ကထံ? ဧတ္ထ ဟိ ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ၊ စက္ခုဝိညာဏံ ပန သဒ္ဓိံ တံဒွါရိကဝိညာဏေဟိ ဒဿနဋ္ဌေန။ တဒုဘယမ္ပိ ယထာပစ္စယံ ပဝတ္တမာနံ ဓမ္မမတ္တမေဝ၊ န ဧတ္ထ ကောစိ ကတ္တာ ဝါ ကာရေတာ ဝါ၊ ယတော တံ ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ, ဥဒယဗ္ဗယပ္ပဋိပီဠနဋ္ဌေန ဒုက္ခံ, အဝသဝတ္တနဋ္ဌေန အနတ္တာတိ ကုတောတတ္ထ ပဏ္ဍိတဿ ရဇ္ဇနာဒီနံ ဩကာသောတိ? အယမေတ္ထ အဓိပ္ပါယော သုတာဒီသုပိ။ (ဥဒါန၊ဋ္ဌ၊၈၂။ အနုဋီ၊၂၊၁၈၃။)

ဤသို့လျှင် ဘုရားရှင်သည် ဗာဟိယအား တရားအကျဉ်းကိုသာ နှစ်ခြိုက်သည့်အတွက်ကြောင့် --- စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ် --- ဟူသော ဝိညာဏ ကာယ (၆)ပါးတို့နှင့် အတူတကွ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ --- ဟူသော (၆)မျိုးသော အာရုံအပြားရှိသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံကို ---

၁။ ဒိဋ္ဌတရား

၂။ သုတတရား

၃။ မုတတရား

၄။ ဝိညာတတရား ---

ဟူသော --- (၄)ပါးကုန်သော ကောဋ္ဌာသ = အဖို့အစုတို့ဖြင့် ခွဲခြားဝေဖန်တော်မူ၍ ထိုဝိညာဏ် (၆)ပါး, အာရုံ (၆)ပါး၌ ထိုဗာဟိယအား ဉာတပရိညာနှင့် တီရဏပရိညာကို ပြည့်စုံအောင် ဖြည့်ကျင့်ရန် ဘုရားရှင်က ညွှန်ကြားပြသတော်မူပေသည်။ အဘယ်သို့ ညွှန်ကြားပြသတော်မူသနည်း ဟူမူ ---

၁။ ရူပါရုံသည် စက္ခုဝိညာဏ်ဖြင့် သိမြင်အပ်သော အနက်သဘောကြောင့် ဒိဋ္ဌ မည်၏။ မြင်အပ်သော တရား တည်း။

၂။ စက္ခုဒွါရိကဝီထိစိတ် (ရူပါရုံကို ဆက်လက် အာရုံယူနေကြသည့် မနောဒွါရိကဝီထိစိတ်)တို့နှင့် တကွသော စက္ခုဝိညာဏ်သည် ရူပါရုံကို သိမြင်တတ်သော အနက်သဘောကြောင့် ဒိဋ္ဌ မည်၏။ မြင်တတ်သော တရားစုတို့ တည်း။ (ဤစကားရပ်ဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ကို ပြ၏။)

၃။ ထိုမြင်အပ်သောတရားနှင့် မြင်တတ်သောတရား နှစ်ပါးစုံသည်လည်း ဆိုင်ရာ ဆိုင်ရာ အကြောင်းတရား တို့က ပြုပြင်ပေးပါမှ အကြောင်းတရား အားလျော်စွာ အနိုင်နိုင် ဖြစ်ပေါ်လာကြရသော ဓမ္မသဘောမျှသာ ဖြစ် ကြ၏။ ဤမြင်အပ်သောတရား, မြင်တတ်သောတရား နှစ်ပါးစုံ၌ တစ်စုံတစ်ခုသော ပြုလုပ်တတ် ဖန်ဆင်းတတ် သော အတ္တသည်လည်းကောင်း, ပြုလုပ်စေအပ် = အဖန်ဆင်းခံရသော အတ္တသည်လည်းကောင်း မရှိပေ။ (ဤစကားရပ်ဖြင့် ယင်း မြင်အပ် မြင်တတ်သော တရားတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းရန် ပစ္စယပရိဂ္ဂဟဉာဏ်ကို ဖော်ပြ၏။ ဤနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကား ဉာတပရိညာတည်း။)

၄။ ယင်းသို့ မြင်အပ်သောတရား, မြင်တတ်သောတရားစုတို့သည် ဆိုင်ရာ အကြောင်းတရားအားလျော်စွာ ဖြစ်ပေါ်လာကြရသော ဓမ္မသဘော သက်သက်မျှသာ ဖြစ်ခြင်းကြောင့် ---- အကြောင်းတရားနှင့် တကွသော ယင်းမြင်အပ်သောတရား မြင်တတ်သောတရားသည် ----

(က) ဖြစ်ပြီးလျှင် မရှိခြင်း အနက်သဘောကြောင့် အနိစ္စတည်း၊

( ခ ) ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် ခံနေရတတ်သည့် အနက်သဘော ကြောင့် ဒုက္ခတည်း၊

( ဂ ) တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း မဖြစ်ခြင်း အနက်သဘောကြောင့် အနတ္တတည်း။

ဤသို့ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်နေသော ပညာရှိသူတော်ကောင်း၏ သန္တာန် ဝယ် ထိုမြင်အပ်သောတရား, မြင်တတ်သောတရားတို့အပေါ်၌ အဘယ်မှာလျှင် တပ်မက်ခြင်း ရာဂ, ပြစ်မှားခြင်း ဒေါသ, အသိမှားခြင်း တွေဝေခြင်း မောဟတို့၏ ဖြစ်ပေါ်လာဖို့ရန် အခွင့်အလမ်းသည် ရှိနိုင်ပါတော့အံ့နည်း။ ဤကား ဤ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဒေသနာတော်၌ ဆိုလိုရင်း အဓိပ္ပါယ်တည်း။ သုတ-မုတ-ဝိညာတတို့၌လည်း ဤနည်း ပင်တည်း။ (ဤစကားရပ်တို့ဖြင့် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်ဟူသော တီရဏပရိညာကို ပြဆို၏။) (အနုဋီ၊၂၊၁၈၃ ၌ အယေဥှတ္ထ အဓိပ္ပါယော၊ ဧသ နယော သုတာဒီသုပိ ---- ဟု လာရှိသည့်အတိုင်း ဘာသာပြန်ဆိုထား သည်။)

ရှုကွက် အတိုချုပ်

ရှုကွက် အတိုချုပ်

၁။ ဒိဋ္ဌ ---- (က) မြင်အပ်သောတရား = ရူပါရုံ

( ခ ) မြင်တတ်သောတရား = စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု

၂။ သုတ ---- (က) ကြားအပ်သောတရား = သဒ္ဒါရုံ

( ခ ) ကြားတတ်သောတရား = သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု

၃။ မုတ ---- (က) တွေ့အပ်သောတရား ---- ၁။ ဂန္ဓာရုံ

၂။ ရသာရုံ

၃။ ဖောဋ္ဌဗ္ဗာရုံ

( ခ ) တွေ့တတ်သောတရား ---- ၁။ ဃာနဒွါရဝီထိ ---- မနောဒွါရဝီထိ နာမ်တရားစု

၂။ ဇိဝှါဒွါရဝီထိ ---- မနောဒွါရဝီထိ နာမ်တရားစု

၃။ ကာယဒွါရဝီထိ ---- မနောဒွါရဝီထိ နာမ်တရားစု

၄။ ဝိညာတ ---- (က) သိအပ်သောတရား = ဓမ္မာရုံ

( ခ ) သိတတ်သောတရား = မနောဒွါရဝီထိနာမ်တရားစု

ဤဖော်ပြပါ (၄)မျိုးသော ---- ဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားတို့ကို ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှေးဦးစွာ သိမ်းဆည်းပါ။ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ (သိမ်းဆည်းပုံ အကျယ်ကို ဖော်ပြခဲ့ပြီး ဖြစ်သည်။)

ထိုနောင် ယင်းရုပ်နာမ်တို့၏ အကြောင်းတရားများကို ရှာဖွေလျက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ (ပဋိစ္စသမုပ္ပါဒ်ပိုင်း ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းတွင် ထင်ရှားလတ္တံ့။)

ထိုနောင် အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါ။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) ထိုနောင် ေ့ရှသို့ ဆက်လက်ကျင့်သုံးရမည့် လုပ်ငန်းခွင်ကို ဗာဟိယအား ဘုရားရှင်က ယတော ခေါ တေ ဗာဟိယ ---- စသည်ဖြင့် ဆက်လက် ဟောကြားတော်မူ၏။

ပဟာနပရိညာစခန်းသို့

ပဟာနပရိညာစခန်းသို့

ဣဒါနိ ဉာတတီရဏပရိညာသု ပတိဋ္ဌိတဿ ဥပရိ သဟ မဂ္ဂဖလေန ပဟာနပရိညံ ဒေဿတုံ ယတော ခေါ တေ ဗာဟိယာတိအာဒိ အာရဒ္ဓံ။ (ဥဒါန၊ဋ္ဌ၊၈၂။ အနုဋီ၊၂၊၁၈၃။)

ဤဖွင့်ဆိုချက်တို့ အရ ယင်း ဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားစုတို့ကိုပင် ဥဒယဗ္ဗယဉာဏ်တိုင်အောင် ဆိုက်ရောက်လာပြီးသောအခါ ဘင်္ဂဉာဏ်မှ စ၍ အထက်ပိုင်း ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက် သည်တိုင်အောင် ပဟာနပရိညာစခန်း ကမ်းတစ်ဖက်သို့ ရောက်အောင် ဆက်လက် ဝိပဿနာရှုရမည် ဖြစ်ပေ သည်။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) အရဟတ္တဖိုလ်တိုင်အောင် ဝိပဿနာရှုနိုင်သည့် အဆင့်ကို ရည်ရွယ် တော်မူလျက် ဘုရားရှင်က အရှင်ဗာဟိယအား အောက်ပါ စကားတော်များကို ဆက်လက် မိန့်ကြားတော်မူ၏။

ချစ်သား ဗာဟိယ ...ဤသို့လျှင် သင်ချစ်သားသည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ၊ ချစ်သား ဗာဟိယ ...အကြင်အခါ၌ သင်ချစ်သားသည် ဒိဋ္ဌ-သုတ-မုတ-ဝိညာတ ဖြစ်ကုန်သော တရားတို့၌ မြင်အပ် ကာမျှ, ကြားအပ်ကာမျှ, ထိအပ်ကာမျှ, သိအပ်ကာမျှသည်သာ ဖြစ်လတ္တံ့။ ချစ်သား ဗာဟိယ ...ထိုအခါ၌ သင်ချစ်သားသည် ထို ဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားတို့ အပေါ်၌ ရာဂဖြင့် တပ်မက်ခြင်း, ဒေါသဖြင့် ပြစ်မှား ခြင်း, မောဟဖြင့် အာရုံ၏ သဘောမှန်ကို မသိခြင်း = တွေဝေခြင်းသည် မဖြစ်ပေလတ္တံ့။ (ဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားတို့၌ ပရမတ်သို့ ဆိုက်အောင် မသိမှု ဝိပဿနာဉာဏ် မဖြစ်မှုကိုပင် တွေဝေသည်ဟု ဆို၏။)

ချစ်သား ဗာဟိယ ...အကြင်အခါ၌ သင်ချစ်သားသည် ထို ဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားတို့ အပေါ်၌ ရာဂဖြင့် တပ်မက်ခြင်း, ဒေါသဖြင့် ပြစ်မှားခြင်း, မောဟဖြင့် အာရုံ၏သဘောမှန်ကို မသိခြင်း = တွေဝေခြင်းသည် မဖြစ်ပေလတ္တံ့၊ ချစ်သား ဗာဟိယ ...ထိုအခါ၌ သင်ချစ်သားသည် ထို ဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားတို့၌ ရာဂ ဒေါသ မောဟတို့နှင့် ဆက်စပ်လျက် တည်နေခြင်းမည်သည် မဖြစ်ပေလတ္တံ့။ ချစ်သား ဗာဟိယ ... အကြင်အခါ၌ သင်ချစ်သားသည် ထိုဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားတို့၌ ရာဂ ဒေါသ မောဟတို့နှင့် ဆက်စပ် လျက် တည်နေခြင်း မည်သည် မဖြစ်ပေလတ္တံ့။ [ဧတ္တာဝတာ ပဟာနပရိညံ မတ္ထကံ ပါပေတွာ ခီဏာသဝဘူမိ ဒဿိတာ = ဤမျှသော စကားအစဉ်ဖြင့် ပဟာနပရိညာကို အထွတ်အထိပ်သို့ ရောက်စေလျက် ကိလေသာ အာသဝေါ ကုန်ခန်းတော်မူသည့် ရဟန္တာအရှင်မြတ်တို့၏ ဘုံကို ပြတော်မူ၏။ (ဥဒါန၊ဋ္ဌ၊၈၂။)]

ချစ်သား ဗာဟိယ ...ထိုအခါ၌ သင်ချစ်သားသည် ----

၁။ ဤပစ္စုပ္ပန်လောက၌လည်း မဖြစ်တော့ပေလတ္တံ့။

၂။ တမလွန်လောက၌လည်း မဖြစ်တော့ပေလတ္တံ့။

၃။ ပစ္စုပ္ပန် တမလွန် နှစ်ပါးစုံသော လောက၌လည်း မဖြစ်တော့ပေလတ္တံ့။

ဤ ပစ္စုပ္ပန် တမလွန် နှစ်ပါးစုံသော လောက၌ မဖြစ်ခြင်းသည်ပင်လျှင် ကိလေသဒုက္ခ၏လည်းကောင်း, သံသရာဝဋ်ဆင်းရဲဒုက္ခ၏လည်းကောင်း အဆုံးပင် မည်ပေ၏။ ---- ဤသို့ ဘုရားရှင်သည် ဟောကြားတော်မူ၏။ (ခု၊၁၊၈၅-၈၆။)

ပဒုမုတ္တရ ဘုရားရှင်၏ လက်ထက်တော်မှစ၍ ခိပ္ပါဘိည ဧတဒဂ်ဘွဲ့ထူးအတွက် ကမ္ဘာတစ်သိန်းနှင့် ချီ၍ ပါရမီဖြည့်ကျင့်ခဲ့သော, အထူးသဖြင့် ကဿပဘုရားရှင်၏ သာသနာတော်တွင်း၌ အနှစ် နှစ်သောင်းတိုင်တိုင် ရဟန်းတရားများကို ပွားများအားထုတ်တော်မူခဲ့သော, နောက်ဆုံး တောင်ထိပ်တက်၍ အသက်စွန့်ကာ ဝိပဿနာတရားကို ပွားများအားထုတ်တော်မူခဲ့သော အရှင်ဗာဟိယဒါရုစိရိယ မထေရ်မြတ်၏ ရင့်ညောင်းတော် မူပြီးသော ပါရမီတော်တို့နှင့် မိမိ၏ နုနယ်သေးကွေးလှသေးသော ပါရမီကို သွား၍ ပခုံးချင်း မယှဉ်မိအောင် လည်း အထူးသတိပြုလေရာသည်။ ဤအရာမျိုး၌ ပါရမီကား အလွန်စကားပြောတတ်၏။ အရှင်ဗာဟိယဒါရုစိရိယ မထေရ်မြတ်ကြီးကား ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိတော်မူသော ခိပ္ပါဘိည ရဟန္တာမထေရ်မြတ်ကြီး ဖြစ် တော်မူ၏။ ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်တော်မူသော သူတော်ကောင်းတို့ကား ရှေးရှေးဘုရားရှင်တို့၏ သာသနာ တော်တွင်း၌ ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်လျက် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာကို အားထုတ်ခဲ့ဖူးကြ၏။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ယခုအခါတွင် ---- အဘိက္ကန္တေ ပဋိက္ကန္တေ ---- ဟူသော ပါဠိတော်ဝယ် ကြွင်းကျန်နေသေးသော အသမ္မောဟ သမ္ပဇဉ်ပိုင်းကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။

အသမ္မောဟသမ္ပဇဉ်

အသမ္မောဟသမ္ပဇဉ်

အဘိက္ကမာဒီသု ပန အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ၊ တံ ဧဝံ ဝေဒိတဗ္ဗံ ---- ဣဓ ဘိက္ခု အဘိက္ကမန္တော ဝါ ပဋိက္ကမန္တော ဝါ ယထာ အန္ဓဗာလပုထုဇ္ဇနာ အဘိက္ကမာဒီသု အတ္တာ အဘိက္ကမတိ, အတ္တနာ အဘိက္ကမော နိဗ္ဗတ္တိတော တိ ဝါ အဟံ အဘိက္ကမာမိ, မယာ အဘိက္ကမော နိဗ္ဗတ္တိတောတိ ဝါ သမ္မုယှန္တိ။ တထာ အသမ္မုယှန္တော အဘိက္ကမာမီတိ စိတ္တေ ဥပ္ပဇ္ဇမာနေ တေနေဝ စိတ္တေန သဒ္ဓိံ စိတ္တသမုဋ္ဌာနာဝါယောဓာတု ဝိညတ္တိံ ဇနယမာနာ ဥပ္ပဇ္ဇတိ။ ဣတိ စိတ္တကိရိယာဝါယောဓာတုဝိပ္ဖါရဝသေန အယံ ကာယသမ္မတော အဋ္ဌိသင်္ဃာတော အဘိက္ကမတိ၊ တေဿဝံ အဘိက္ကမတော ဧကေကပါဒုဒ္ဓရဏေ ပထဝီဓာတု အာပေါဓာတူတိ ဒွေ ဓာတုယော ဩမတ္တာ ဟောန္တိ မန္ဒာ၊ ဣတရာ ဒွေ အဓိမတ္တာ ဟောန္တိ ဗလဝတိယော။ တထာ အတိဟရဏဝီတိဟရဏေသု။ ဝေါဿဇ္ဇနေ တေဇောဓာတု ဝါယောဓာတူတိ ဒွေ ဓာတုယော ဩမတ္တာ ဟောန္တိ မန္ဒာ၊ ဣတရာ ဒွေ အဓိမတ္တာ ဟောန္တိ ဗလဝတိယော။ တထာ သန္နိက္ခေပနသန္နိရုဇ္ဈနေသု၊ တတ္ထ ဥဒ္ဓရဏေ ပဝတ္တာ ရူပါရူပဓမ္မာ အတိဟရဏံ န ပါပုဏန္တိ၊ တထာ အတိဟရဏေ ပဝတ္တာ ဝီတိဟရဏံ၊ ဝီတိဟရဏေ ပဝတ္တာ ဝေါဿဇ္ဇနံ၊ ဝေါဿဇ္ဇနေ ပဝတ္တာ သန္နိက္ခေပနံ၊ သန္နိက္ခေပနေ ပဝတ္တာ သန္နိရုဇ္ဈနံ န ပါပုဏန္တိ။ တတ္ထ တတ္ထေဝ ပဗ္ဗံ ပဗ္ဗံ သန္ဓိ သန္ဓိ ဩဓိ ဩဓိ ဟုတွာ တတ္တကပါလေ ပက္ခိတ္တတိလံ ဝိယ ပဋပဋာယန္တာ ဘိဇ္ဇန္တိ။ တတ္ထ ကော ဧကော အဘိက္ကမတိ၊ ကဿ ဝါ ဧကဿ အဘိက္ကမနံ။ ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ။ တသ္မိံ တသ္မိဥှိ ကောဋ္ဌာသေ သဒ္ဓိံရူပေဟိ ----

အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။

အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။

ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမာတိ။

နိဋ္ဌိတော အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတီတိပဒဿ အတ္ထော။ (အဘိ၊ဋ္ဌ၊၂၊၃၃၉။ မ၊ဋ္ဌ၊၁၊၂၆၅။)

ေ့ရှသို့တက်ခြင်း နောက်သို့ဆုတ်ခြင်းတို့၌ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မတွေမဝေ သိခြင်းသည် အသမ္မောဟသမ္ပဇဉ် မည်၏။ ထို အသမ္မောဟသမ္ပဇဉ်ကို ဤသို့ သိရှိပါလေ။

ပရမတ္ထ ဉာဏ်ပညာမျက်စိ မရှိကြကုန်သော ပရမတ္ထ ဉာဏ်ပညာမျက်စိ ကာဏ်းနေကြကုန်သော အန္ဓဗာလ ပုထုဇန်ငမိုက်သားတို့သည် ေ့ရှသို့တက်ခြင်း စသည်တို့၌ ---- အတ္တသည် ေ့ရှသို့တက်၏၊ အတ္တသည် ေ့ရှသို့ တက်ခြင်းကို ဖြစ်စေအပ်၏ဟု တဏှာဒိဋ္ဌိစွဲဖြင့်သော်လည်းကောင်း, ငါသည် ေ့ရှသို့တက်၏၊ ငါသည် ေ့ရှသို့ တက်ခြင်းကို ဖြစ်စေအပ်၏။ ---- ဟု တဏှာမာနစွဲဖြင့်သော်လည်းကောင်း တွေတွေဝေဝေ သိကြကုန်၏ = အသိမှားကြကုန်၏။

ဤဘုရားရှင်၏ သာသနာတော်တွင်း၌ တည်ရှိနေသော, ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သဖြင့် (ဃနဝိနိဗ္ဘောဂေန - သီ၊ဋီ၊၂၄၆။) ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပြီးသော ယောဂါဝစရ ရဟန်းတော်သည်ကား ထိုအန္ဓဗာလ ပုထုဇန်ငမိုက်သားတို့ကဲ့သို့ တွေတွေဝေဝေ မသိဘဲ အသိမှားမှု မရှိဘဲ ---- သွားအံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုစိတ်နှင့် အတူတကွပင်လျှင် စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော စိတ္တသမုဋ္ဌာန် ဝါယောဓာတ်သည် ကိုယ်အမူအရာ = ကာယဝိညတ်ရုပ်ကို ဖြစ်စေလျက် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် စိတ်ကြောင့် ဖြစ်ကုန်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍သွားခြင်းကြောင့် ရူပကာယ = ရုပ်တရားအပေါင်းဟု ပရမတ္ထသစ္စာနယ်မှ ခေါ်ဝေါ်သမုတ်ထားအပ်သော (= စတုသမုဋ္ဌာနိက ရုပ်တရား အပေါင်းဟု ပရမတ္ထသစ္စာနယ်မှ ခေါ်ဝေါ်သမုတ်ထားအပ်သော) ဤအရိုးစုကြီးသည် ေ့ရှသို့တက်၏။ (သွားခြင်း ဣရိယာပုထ်၌ သမ္မုတိသစ္စာနယ်စကားဖြင့် ပြောဆိုရမူ အရိုးအဆစ် ခိုင်မာတောင့်တင်းပါမှ သွားခြင်းသဘော ဖြစ်နိုင်၍ ဤသို့ဆိုခြင်း ဖြစ်သည်။)

၁။ ဤသို့ ေ့ရှသို့တက်နေသော ပရမတ္ထသစ္စာအားဖြင့် ထိုရုပ်တရားအပေါင်း၏ သမ္မုတိသစ္စာအားဖြင့် ထိုအရိုး အစုအပေါင်း၏ တစ်ကြိမ် တစ်ကြိမ်သော ခြေကို ကြွချီရာ = မြှောက်ချီရာ၌ ပထဝီဓာတ် အာပေါဓာတ်ဟူ သော ဓာတ်နှစ်ပါးတို့သည် ညံ့ကုန်၏၊ နုံ့ကုန် အားနည်းကုန်၏။ တေဇောဓာတ် ဝါယောဓာတ် နှစ်ပါးတို့ကား လွန်ကဲကုန်၏၊ စွမ်းအားကြီးမားကြကုန်၏။ (ဤ၌ ခြေကို ကြွချီမှု မြှောက်ချီမှုကို အတိုကောက်အားဖြင့် ကြွ- ဟု မှတ်သားထားပါ။)

၂။ ရှေးရှူဆောင်ခြင်း ---- အတိဟရဏ ----

၃။ ခြေကို လွှဲခြင်း = ထိုမှ ဤမှ ဆောင်ယူခြင်း ---- ဝီတိဟရဏ ---- တို့၌လည်း ထို့အတူပင်တည်း။

[ဝါယောဓာတ်အား အစဉ်လိုက်ပါလျက်ရှိသော တေဇောဓာတ်သည် ခြေကို ကြွချီခြင်း မြှောက်ချီခြင်း၏ အကြောင်းတရား ဖြစ်သောကြောင့် တေဇောဓာတ် ဝါယောဓာတ် နှစ်ပါးတို့၏ လွန်ကဲကြောင်းကို ဖွင့်ဆိုခြင်း ဖြစ်သည်။ မှန်ပေသည် တေဇောဓာတ်သည် ခြေကို ကြွချီခြင်း အထက်သို့ ကြွချီခြင်း အထက်သို့ တက်ခြင်း သဘော ရှိ၏။ ခြေကို ကြွချီရာ၌ ဝါယောဓာတ်၏ နောက်သို့ ထိုတေဇောဓာတ်၏ အစဉ်လိုက်ပါတတ်သည့် သဘောတရားသည် ထင်ရှားရှိနေ၏၊ ထိုကြောင့် ဤခြေကို ကြွချီရာ၌ ဤ တေဇောဓာတ် ဝါယောဓာတ် နှစ်မျိုး တို့၏ စွမ်းအင်သတ္တိ သဘောအားဖြင့် လွန်ကဲမှု ရှိသည်၏အဖြစ်ကိုလည်းကောင်း, ပထဝီဓာတ် အာပေါဓာတ် နှစ်မျိုးတို့၏လည်း ညံ့သည်၏ အဖြစ် နုံ့သည်၏ အဖြစ်ကိုလည်းကောင်း ထင်ရှား ပြတော်မူလိုသောကြောင့် အထက်ပါ စကားရပ်များကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ တစ်ဖန် တေဇောဓာတ် အား အစဉ်လိုက်ပါလျက်ရှိသော ဝါယောဓာတ်သည် ရှေးရှူဆောင်ခြင်း = အတိဟရဏ, ခြေကိုလွှဲခြင်း ထိုမှ ဤမှ ဆောင်ယူခြင်း = ဝီတိဟရဏ တို့၏ အကြောင်းတရား ဖြစ်၏။ မှန်ပေသည် ဖီလာကန့်လန့် သွားတတ် သော ဝါယောဓာတ်၏ အတိဟရဏ ဝီတိဟရဏတို့၌ အလွန်အကဲနှင့် တကွသော ကြောင့်ကြဗျာပါရကား ရှိ နေ၏။ ဤသို့လျှင် တေဇောဓာတ်၏ ဝါယောဓာတ်အား အစဉ်လိုက်သည်၏ အဖြစ်သည် ထင်ရှား ရှိနေ၏။ ထိုကြောင့် ဤဓာတ်နှစ်ပါးတို့၏ ရှေးရှူဆောင်ခြင်း = အတိဟရဏ, ခြေကိုလွှဲခြင်း = ထိုမှ ဤမှ ဆောင်ယူခြင်း ဝီတိဟရဏ ဤနှစ်မျိုးတို့၏ စွမ်းအင်သဘောအားဖြင့် လွန်ကဲမှု ရှိသည်၏အဖြစ်ကိုလည်းကောင်း, ပထဝီဓာတ် အာပေါဓာတ် နှစ်ပါးတို့၏ နုံ့သည် ညံ့သည်၏ အဖြစ်ကိုလည်းကောင်း အဋ္ဌကထာဆရာတော် ဖွင့်ဆိုတော် မူခြင်း ဖြစ်ပေသည်။ ရပ်သည့် နေရာ = ရပ်ထားသည့် ခြေကို ကျော်၍ ေ့ရှသို့ ဆောင်ခြင်းသည် အတိဟရဏ၊ ခလုတ် သစ်ငုတ် စသည်ကို ရှောင်လွှဲဖို့ရန် ရပ်တည်နေသော ခြေနှင့် ထိခိုက်မှုကို ရှောင်လွှဲဖို့ရန် ဘေးနံပါးဖြင့် ဘေးဘက်ဖြင့် ခြေကိုဆောင်ယူခြင်းသည် ဝီတိဟရဏ၊ တစ်နည်း -- ရပ်တည်နေသော ခြေထောက်သို့တိုင်အောင် ခြေကို ရှေးရှူဆောင်ယူခြင်းသည် အတိဟရဏ၊ ထိုရပ်တည်နေသော ခြေထောက်မှ တစ်ဖက်သို့ (ေ့ရှသို့) ဆောင်ယူခြင်းသည် ဝီတိဟရဏ။ သီ၊ဋီ၊၂၄၇။ ---- ဤသတ်မှတ်ချက်အရ အတိဟရဏကို ---- ဆောင်- ဟု လည်းကောင်း, ဝီတိဟရဏကို လွှဲ- ဟု လည်းကောင်း, လွှဲ ဆောင်- ဟု လည်းကောင်း အတိုကောက်အားဖြင့် မှတ်သားထားပါ။]

ဝေါဿဇ္ဇန = ခြေကို (လှမ်းနေသော ခြေကို) လွှတ်ခြင်း၌ တေဇောဓာတ်, ဝါယောဓာတ် ဤဓာတ်နှစ်ပါး တို့သည် ညံ့ကုန်၏၊ နုံ့ကုန်၏၊ အားပျော့ကုန်၏။ ပထဝီဓာတ် အာပေါဓာတ် နှစ်ပါးတို့သည် စွမ်းအင်သတ္တိ လွန် ကဲကုန်၏၊ စွမ်းအား ကြီးမားကြကုန်၏။ ခြေကိုချလိုက်ခြင်း = သန္နိက္ခေပန, ဖိနင်းခြင်း = သန္နိရုဇ္ဈနတို့၌လည်း နည်းတူ မှတ်ပါ။ (ခြေကို လှမ်း၍ နင်းဖို့ရန် လွှတ်လိုက်ခြင်းကို ဝေါဿဇ္ဇန, ခြေကို မြေသို့ သို့မဟုတ် ကြမ်းပေါ် သို့ ချလိုက်ခြင်းကို သန္နိက္ခေပန, မြေ၌ သို့မဟုတ် ကြမ်းပြင်ပေါ်၌ နောက်ထပ် တစ်လှမ်း လှမ်းဖို့ရန် ဖိနင်းလိုက် ခြင်းကို သန္နိရုဇ္ဈန ---- ဟု ခွဲခြားထားသည်။ ကြွ-ဆောင်-လွှဲ-လွှတ်-ချ-ဖိ ဟု အတိုကောက် မှတ်သားထားပါ၊၊)

၁။ ဥဒ္ဓရဏ = ကြွ

၂။ အတိဟရဏ = ဆောင် (ရပ်သည့် ခြေသို့ ရောက်အောင် ဆောင်)

၃။ ဝီတိဟရဏ = လွှဲ (လွှဲဆောင်ယူ)

၄။ ဝေါဿဇ္ဇန = လွှတ် (လွှတ်ချ)

၅။ သန္နိက္ခေပန = ချ (နင်းချ)

၆။ သန္နိရုဇ္ဈန = ဖိ (ဖိနင်း)

ဤသို့လျှင် အဋ္ဌကထာက ခြေတစ်လှမ်းအတွင်း၌ အခိုက်အတန့် (၆)မျိုး ခွဲထား၏။

ထို (၆)မျိုးတို့တွင် ---- ဥဒ္ဓရဏ = ခြေကို ကြွချီခြင်း အခိုက်အတန့်၌် ဖြစ်ပေါ်နေကြကုန်သော ပရမတ် အစစ် ဖြစ်ကုန်သော ရုပ်တရား နာမ်တရားတို့သည် အတိဟရဏ = ရပ်ထားသည့် ခြေသို့တိုင်အောင် ေ့ရှရှု ဆောင်ခြင်း အခိုက်အတန့်သို့ မရောက်ရှိကြကုန်။ ေ့ရှရှုဆောင်ခြင်း အခိုက်အတန့်၌် ဖြစ်ပေါ်သွားကြကုန်သော ရုပ်တရား နာမ်တရားတို့သည်လည်း ဝီတိဟရဏ = လွှဲဆောင်ယူခြင်း အခိုက်အတန့်သို့ မရောက်ရှိကြကုန်။ လွှဲဆောင်ယူခြင်း အခိုက်၌ ဖြစ်ပေါ်သွားကြကုန်သော ရုပ်တရား နာမ်တရားတို့သည်လည်း ဝေါဿဇ္ဇန = ခြေ ကို လွှတ်ချခြင်း အခိုက်အတန့်သို့ မရောက်ရှိကြကုန်။ ခြေကို လွှတ်ချခြင်း အခိုက်၌ ဖြစ်ပေါ်သွားကြကုန်သော ရုပ်တရား နာမ်တရားတို့သည်လည်း သန္နိက္ခေပန = ခြေကို နင်းချခြင်း အခိုက်အတန့်သို့ မရောက်ရှိကြကုန်။ ခြေကို နင်းချခြင်း အခိုက်အတန့်၌ ဖြစ်ပေါ်သွားကြကုန်သော ရုပ်တရား နာမ်တရားတို့သည်လည်း သန္နိရုဇ္ဈန = ခြေကို ဖိနင်းခြင်း အခိုက်အတန့်သို့ မရောက်ရှိကြကုန်။

ထိုထိုသို့သော အရပ် ထိုထိုသို့သော အခိုက်အတန့်၌သာလျှင် --- အပိုင်းအပိုင်း, အဆစ်အဆစ်, အဆက် အဆက်, အခြားအခြား ဖြစ်၍ အိုးကင်းပူပေါ်သို့ ထည့်လိုက်သော နှမ်းကဲ့သို့ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်ကုန်သည် ဖြစ်၍ ပျက်ကုန်၏။ [ခဏမတ္တာဝဋ္ဌာနတော။ (သီ၊ဋီ၊၂၄၈။) ဥပါဒ်-ဌီ-ဘင် ဟူသော တစ်ခဏ မျှသာ တည်တံ့နိုင်သောကြောင့်တည်း။]

ထိုသို့ ေ့ရှသို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်းတို့၌ အဘယ်မည်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါသည် ေ့ရှသို့ တက်ပါသနည်း။ အဘယ်မည်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏ ေ့ရှသို့ တက်ခြင်းပါနည်း။ မည့်သည့် ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်မျှ ေ့ရှသို့ မတက်၊ မည်သည့် ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်၏မျှ ေ့ရှသို့တက်ခြင်းလည်း မဟုတ်။ ေ့ရှနှင့် နောက် အဆက်မပြတ် ဆက်စပ်လျက် နေရာ အသစ်အသစ်၌ ပြောင်းရွှေ့လျက် အထပ်ထပ် ဖြစ်ပေါ်နေကြသော ရုပ်နာမ်အစုအပုံတို့သာတည်း - ဟူလိုသည်။

ရူပါရူပဓမ္မာတိ ဥဒ္ဓရဏာကာရေန ပဝတ္တာ ရူပဓမ္မာ, တံသမုဋ္ဌာပကာ အရူပဓမ္မာ စ။ (သီ၊ဋီ၊၂၄၇။ မ၊ဋီ၊၁၊၃၅၈။)

= ဤ၌ ရုပ်တရား နာမ်တရားတို့ဟူသည် ခြေကို ကြွချီသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်သွားကြကုန် သော ပဓာန = ပြဓာန်းသော ရုပ်တရား, အပ္ပဓာန = မပြဓာန်းသော ရုပ်တရား, တစ်နည်း သယ်ဆောင်တတ်သော ဝိညတ်ရုပ် ပါဝင်သော စိတ္တသမုဋ္ဌာန် ရုပ်တရားများနှင့် အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရုပ်တရားများ, ထိုသယ်ဆောင်တတ်သော ရုပ်တရားတို့ကို ဖြစ်စေတတ်ကုန်သော နာမ်တရားများတည်း။ ခြေကို --- ကြွ-ဆောင်- လွှဲ-လွှတ်-ချ-ဖိ- ဟူသော ဤအခိုက်အတန့်တို့၌ ထိုထို အခိုက်အတန့် အသီးအသီး၌ ဖြစ်ပေါ်သွားကြကုန်သော အပိုင်းပိုင်း အဆစ်ဆစ် အပြတ်ပြတ် ဖြစ်ပေါ်နေကြကုန်သော ရုပ်တရား နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူရမည် သိမ်းဆည်း ရှုပွားရမည်ဟု ဆိုလိုပေသည်။ သို့အတွက် အဋ္ဌကထာက အောက်ပါအတိုင်း ဆက်လက် ဖွင့်ဆိုထား၏။

မှန်ပေသည် ပရမတ္ထဓမ္မသဘာဝအားဖြင့်ကား ---

၁။ ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် သွားခြင်းတည်း၊

၂။ ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် ရပ်ခြင်းတည်း၊

၃။ ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် ထိုင်ခြင်းတည်း၊

၄။ ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် အိပ်ခြင်းတည်း။

ထိုထို သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်းဟူသော ကောဋ္ဌာသ၌ ရုပ်တရားနှင့် အတူတကွ ---

၁။ အခြားတစ်ပါးသော စိတ်သည် ဖြစ်ပေါ်လာ၏၊

၂။ အခြားတစ်ပါးသော စိတ်သည် ချုပ်ပျက်၍ သွား၏ (= ထိုရုပ်သည် အခြားတစ်ပါးသော စိတ်နှင့်အတူ ချုပ်ပျက်သွား၏)

ဤသို့လျှင် အကြားအလပ်မရှိ အပိုင်းအခြား မရှိသည်ဖြစ်၍ ေ့ရှနှင့် နောက် အစဉ်မပြတ် ဆက်စပ်လျက် မြစ်ရေအယဉ် တသွင်သွင် စီးဆင်းနေသကဲ့သို့ ဖြစ်နေပေ၏။ --- ဤသို့ ဉာဏ်ဖြင့်မြင်အောင် နှလုံးသွင်းပါ သိမ်း ဆည်းပါ ပိုင်းခြားယူပါ။ ဤသို့ ေ့ရှသို့တက်ခြင်း နောက်သို့ ဆုတ်ခြင်းတို့၌ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်တရား နာမ်တရားတို့ကို သိခြင်းကို အသမ္မုယှန = မတွေမဝေ သိခြင်း = အမှန်အတိုင်း သိခြင်းဟု ခေါ်ဆို၏။ ယင်းသို့ ရုပ်နာမ်တို့ကို ပရမတ်သို့ ဆိုက်အောင် မတွေမဝေ သိခြင်းသည် အသမ္မောဟသမ္ပဇဉ် မည်ပေသည်ဟု မှတ်သားပါလေ။

ဤတွင် အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ = ေ့ရှသို့တက်ရာ၌ နောက်သို့ဆုတ်ရာ၌ သမ္ပဇဉ် ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ --- ဟူသော ပါဠိတော်၏ ဆိုလိုရင်း အနက်သဘောကို ဖွင့်ဆိုခြင်းသည် ပြီးဆုံးခြင်းသို့ ရောက်ရှိပေပြီ။ (အဘိ၊ဋ္ဌ၊၂၊၃၃၉။ မ၊ဋ္ဌ၊၁၊၂၆၅။)

ရှုပုံမှာ ဤနာမ်ကမ္မဋ္ဌာန်းပိုင်း စာမျက်နှာ (၃၄၇) စသည်၌ ဖော်ပြခဲ့သော ဣရိယာပထရှုကွက် အတိုင်းသာ သိမ်းဆည်းရှုပွားပါ။

အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊

အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊

= တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

ဤ၌ ေ့ရှတူရူကြည့်ခြင်း = ေ့ရှတည့်တည့်ကြည့်ခြင်းသည် အာလောကိတ မည်၏၊ အထောင့်အရပ်ကို ကြည့်ခြင်း = တစောင်းကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ဝိလောကိတ မည်၏။ အောက်သို့ကြည့်ခြင်း အထက်သို့ ကြည့်ခြင်း နောက်သို့ ကြည့်ခြင်းတို့ကား ရဟန်းတော်တို့အဖို့ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်သော လျောက်ပတ်သော ကြည့်ခြင်းမျိုးတို့ မဟုတ်၍ ဤ၌ ဟောတော်မမူခြင်း ဖြစ်သည်၊ တည့်တည့် ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်း ဤနှစ်မျိုးတို့သည်သာလျှင် ရဟန်းတော်တို့နှင့် လျော်လျောက်ပတ်သော ကြည့်ခြင်းမျိုးများ ဖြစ်သောကြောင့် ဤနှစ်မျိုးကိုသာ ယူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ တစ်နည်းဆိုရသော် ကြည့်ခြင်းအားလုံးတို့ကိုလည်း ဤတည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းကို အဦးမူသဖြင့် သိမ်းကျုံးယူအပ် ပြီးသာလျှင် ဖြစ်ပေသည်။(အဘိ၊ဋ္ဌ၊၂၊၃၃၉-၃၄၀။ မ၊ဋ္ဌ၊၁၊၂၆၅-၂၆၆။)

၁။ သာတ္ထကသမ္ပဇဉ်

၁။ သာတ္ထကသမ္ပဇဉ်

ထိုတည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ကြည့်အံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် စိတ်အလို အတိုင်းသာလျှင် မကြည့်သေးမူ၍ အကျိုးရှိ - မရှိကို ဆင်ခြင်၍ အကျိုးကို ပိုင်းခြားယူနိုင်ခြင်းသည် သာတ္ထက သမ္ပဇဉ် မည်၏။ ထိုသာတ္ထကသမ္ပဇဉ် ဖြစ်ပုံကို အရှင်နန္ဒမထေရ်မြတ်ကို မျက်မှောက်သက်သေပြု၍ သိရှိပါလေ။ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။

ရဟန်းတို့ ...နန္ဒရဟန်းသည် အကယ်၍ အေ့ရှအရပ်ကို တည့်တည့်ကြည့်တော့မည် ဖြစ်အံ့၊ နန္ဒသည် ဤသို့ အေ့ရှအရပ်ကို တည့်တည့်ကြည့်သော ငါ့အား ယင်းရူပါရုံ၌ လိုလားတပ်မက်ခြင်း ရှေးရှူကြံစည်ခြင်း = အဘိဇ္ဈာတရား, စိတ်မချမ်းသာခြင်း = ဒေါမနဿတရားဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရား တို့သည် အစဉ်လိုက်ကုန်လိမ့်မည် မဟုတ်ဟု အခြင်းအရာအားလုံးကို စိတ်ဖြင့် နှလုံးသွင်းပြီးမှ အေ့ရှအရပ်ကို တည့်တည့်ကြည့်၏။ ဤသို့လျှင် ထိုအေ့ရှအရပ်ကို တည့်တည့်ကြည့်ရာ၌ အကျိုးရှိ-မရှိကို ဆင်ခြင်၍ အကျိုးကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံ၏။

ရဟန်းတို့ ...နန္ဒရဟန်းသည် ---

အကယ်၍ အနောက်အရပ်ကို တည့်တည့်ကြည့်တော့မည် ဖြစ်အံ့။ ပ ။

မြောက်အရပ်ကို တည့်တည့်ကြည့်တော့မည် ဖြစ်အံ့။ ပ ။

တောင်အရပ်ကို တည့်တည့်ကြည့်တော့မည် ဖြစ်အံ့။ ပ ။

အထက်အရပ်ကို မော့၍ ကြည့်တော့မည် ဖြစ်အံ့။ ပ ။

အောက်အရပ်ကို ငုံ့၍ ကြည့်တော့မည် ဖြစ်အံ့။ ပ ။

အထောင့်အရပ်ကို စောင်းငဲ့ကြည့်တော့မည် ဖြစ်အံ့။ ပ ။

နန္ဒရဟန်းသည် --- ဤသို့ အထောင့်အရပ်ကို စောင်းငဲ့ကြည့်သော ငါ့အား ယင်းရူပါရုံ၌ လိုလားတပ် မက်ခြင်း = ရှေးရှူကြံစည်ခြင်း = အဘိဇ္ဈာ, စိတ်နှလုံးမသာယာခြင်း = ဒေါမနဿဟု ဆိုအပ်ကုန်သော ယုတ်ညံ့ သော အကုသိုလ်တရားတို့သည် အစဉ်လိုက်ကုန်လိမ့်မည် မဟုတ်ဟု အခြင်းအရာအားလုံးကို စိတ်ဖြင့် နှလုံး သွင်းပြီးမှ အထောင့်အရပ်ကို စောင်းငဲ့ကြည့်၏၊ ဤသို့လျှင် ထိုအထောင့်အရပ်ကို စောင်းငဲ့ကြည့်ရာ၌ အကျိုးရှိ-မရှိကို ဆင်ခြင်၍ အကျိုးကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံ၏၊၊ (အံ၊၃၊၁၄။ အဘိ၊ဋ္ဌ၊၂၊၃၄၀။ မ၊ဋ္ဌ၊၁၊၂၆၆။)

ထိုအရှင်နန္ဒမထေရ်မြတ်သည် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနေသော အချိန်အခါကာလ၌ -- ငါသည် ယင်းဣန္ဒြေတို့၌ မလုံခြုံသော, သတိတည်းဟူသော တံခါးရွက် မရှိမှုကို အမှီပြု၍ သာသနာတော်၌ မပျော်မွေ့ခြင်း စသော ဖောက်ပြန်သော အခြင်းအရာသို့ ရောက်ရှိခဲ့ရ၏၊ ရှက်ပွဲကြီး ကြုံခဲ့ရ၏၊ ယင်း ဣန္ဒြေ မစောင့်စည်းမှုကိုပင် ကောင်းစွာ နှိပ်ကွပ်ပေတော့အံ့ --- ဟု ဤသို့ ဖြစ်ပေါ်လာသော လုံ့လဥဿာဟရှိလျက် အားကောင်းသော ရှက်ခြင်း ကြောက်ခြင်း ဟိရိ-ဩတ္တပ္ပတရားများ ထင်ရှားဖြစ်ပေါ်လာ၏။ ထိုဣန္ဒြေကို လုံခြုံ အောင် စောင့်စည်းမှု၌လည်း ကမ္ဘာတစ်သိန်းနှင့် ချီ၍ ပါရမီတော်တို့ကို ဖြည့်ဆည်းပူးတော်မူခဲ့သဖြင့် ပြုအပ် ပြီးသော အဓိကာရ ကောင်းမှုကုသိုလ်ထူး ရှိသည်၏ အဖြစ်ကြောင့် ဣန္ဒြေကို စောင့်စည်းမှု ဣန္ဒြိယသံဝရ အရာ၌ အထွတ် အထိပ်သို့ ရောက်ရှိနေတော်မူ၏၊ ထို့ကြောင့်ပင်လျှင် ထိုနန္ဒရဟန်းကို ဘုရားရှင်က ---

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဣန္ဒြိယေသု ဂုတ္တဒွါရာနံ ယဒိဒံ နန္ဒော။ (အံ၊၁၊၂၆။)

= ရဟန်းတို့ ...ဣန္ဒြေတို့၌ လုံခြုံအောင် စောင့်စည်းကြကုန်သော သတိတည်းဟူသော တံခါးရွက်ရှိကြ ကုန်သော ငါဘုရားရှင်၏ တပည့်သာဝကတို့တွင် နန္ဒရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ -- ဟု ဧတဒဂ်အရာ၌ ထားတော်မူ၏။ (ဒီ၊ဋီ၊၁၊၂၄၉။)

၂။ တစ်နည်း သာတ္ထကသမ္ပဇဉ် - သပ္ပါယသမ္ပဇဉ်

တစ်နည်းဆိုရသော် --- ေ့ရှသို့ တက်ရာ နောက်သို့ ဆုတ်ရာ --- အပိုင်း၌ ဖွင့်ဆိုခဲ့သည့်အတိုင်း စေတီ တော်ကို ဖူးမြင်ခြင်း စသည်တို့၏ အစွမ်းဖြင့်သာလျှင် သာတ္ထကသမ္ပဇဉ်ကိုလည်းကောင်း, သပ္ပါယသမ္ပဇဉ်ကို လည်းကောင်း သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၀။)

၃။ ဂေါစရသမ္ပဇဉ်

၃။ ဂေါစရသမ္ပဇဉ်

ကမ္မဋ္ဌာနဿ ပန အဝိဇဟနမေဝ ဂေါစရသမ္ပဇညံ။ တသ္မာ ခန္ဓာဓာတုအာယတနကမ္မဋ္ဌာနိကေဟိ အတ္တနော ကမ္မဋ္ဌာနဝသေနေဝ, ကသိဏာဒိကမ္မဋ္ဌာနိကေဟိ ဝါ ပန ကမ္မဋ္ဌာနသီသေနေဝ အာလောကနဝိလောကနံ ကာတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၃၄၀။ မ၊ဋ္ဌ၊၁၊၂၆၆။)

= မိမိ အမြဲနှလုံးသွင်း ရှုပွားနေသော ကမ္မဋ္ဌာန်းကို မစွန့်ခြင်းသည်သာလျှင် ဂေါစရသမ္ပဇဉ် မည်၏။ ထိုကြောင့် ---

၁။ ခန္ဓာ (၅)ပါးကို သိမ်းဆည်း ရှုပွားနေသော ခန္ဓကမ္မဋ္ဌာနိက ရဟန်းသည် တည့်တည့်ကြည့်ရာ၌ ခန္ဓာ (၅) ပါး, စောင်းငဲ့ကြည့်ရာ၌ ခန္ဓာ (၅)ပါးကိုသာ သိမ်းဆည်းပါ၊ ရှုပွားပါ။

၂။ အာယတန (၁၂)ပါးကို သိမ်းဆည်း ရှုပွားနေသော အာယတနကမ္မဋ္ဌာနိက ရဟန်းသည် တည့်တည့် ကြည့်ရာ၌ အာယတန (၄)ပါး, စောင်းငဲ့ကြည့်ရာ၌ အာယတန (၄)ပါး စသည်ကိုသာ သိမ်းဆည်းပါ၊ ရှုပွားပါ။ (နောက်၌ ထင်ရှားလတ္တံ့။)

၃။ ဓာတ် (၁၈)ပါးကို သိမ်းဆည်းရှုပွားနေသော ဓာတုကမ္မဋ္ဌာနိက ရဟန်းသည် တည့်တည့်ကြည့်ရာ၌ ဓာတ် (၄)ပါး, စောင်းငဲ့ကြည့်ရာ၌ ဓာတ် (၄)ပါး စသည်ကိုသာ သိမ်းဆည်းပါ၊ ရှုပွားပါ။ (နောက်၌ ထင်ရှားလတ္တံ့။)

၄။ ကသိုဏ်း စသည်ကို ပွားများအားထုတ်နေကြသော ကသိဏာဒိကမ္မဋ္ဌာနိက ပုဂ္ဂိုလ်တို့သည်လည်း တည့် တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာတို့၌ မိမိတို့ နှလုံးသွင်းနေသည့် ကသိုဏ်း စသော ကမ္မဋ္ဌာန်းကိုသာ နှလုံးသွင်း နေပါ။

၅။ အကယ်၍ အသင်သူတော်ကောင်းသည် အာနာပါနဿတိ သမာဓိကို ပွားများအားထုတ်နေသော အာနာပါနကမ္မဋ္ဌာနိက ပုဂ္ဂိုလ်ဖြစ်အံ့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ မိမိရှုပွားနေသည့် အာနာပါန ကမ္မဋ္ဌာန်းကိုသာ အဦးမူသဖြင့် တည့်တည့်ကြည့်ပါ စောင်းငဲ့ကြည့်ပါ။ တစ်နည်းဆိုသော် တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အာနာပါနကမ္မဋ္ဌာန်းကိုသာ နှလုံးသွင်းနေပါ။

မိမိက သမထပိုင်းတွင်သာ တည်ရှိနေပါက မိမိ နှလုံးသွင်းနေသည့် သမထကမ္မဋ္ဌာန်းကို, မိမိက ဝိပဿနာပိုင်းသို့ ရောက်ရှိနေပါက ခန္ဓာ (၅)ပါးနည်း, အာယတန (၁၂)ပါးနည်း, ဓာတ် (၁၈)ပါးနည်း စသည်တို့ တွင် မိမိရှုပွားနေသည့် တစ်နည်းနည်းဖြင့် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ရှုပွားလျက် တည့်တည့်ကြည့်ပါ စောင်းငဲ့ကြည့်ပါဟု ဆိုလိုသည်။ ဤသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သမထပိုင်းတွင် သမထ ကမ္မဋ္ဌာန်းကို ဝိပဿနာပိုင်းတွင် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းနေပါက ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံပြီ ဖြစ်ပေ သည်။ ဤအဖွင့်များ အရ ---

အကယ်၍ သူတော်ကောင်း တစ်ဦးသည် သမာဓိထူထောင်သည့် အပိုင်းတွင်သာ တည်ရှိနေသေး၍ မိမိ ရှုပွားနေသည့် သမထကမ္မဋ္ဌာန်းကိုသာ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ နှလုံးသွင်းနေပါက ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံပြီဟု ဆိုနိုင်၏။

အကယ်၍ သူတော်ကောင်း တစ်ဦးသည် သမာဓိစခန်းကို အောင်မြင်မှု ရရှိပြီးနောက် ယင်းသမာဓိကို ဝိပဿနာဉာဏ်၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးနိုင်သဖြင့် ခန္ဓာ အာယတန ဓာတ်တို့ကို ဝိပဿနာ ရှုပွားသုံးသပ်လျက် တည့်တည့်ကြည့်ခဲ့သော် စောင်းငဲ့ကြည့်ခဲ့သော် --- တစ်နည်းဆိုရသော် တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ဖြစ်ပေါ်လာကြကုန်သော ခန္ဓာ အာယတန ဓာတ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ခဲ့သော် ထိုသူတော်ကောင်း၏ သန္တာန်ဝယ် ဂေါစရသမ္ပဇဉ်နှင့် အသမ္မောဟသမ္ပဇဉ် နှစ်မျိုးလုံး ပြည့်စုံပြီဟု ဆိုနိုင်ပေသည်။

၄။ အသမ္မောဟသမ္ပဇဉ်

၄။ အသမ္မောဟသမ္ပဇဉ်

ခန္ဓာအိမ် အတွင်း၌ကား တည့်တည့်ကြည့်တတ်သော အတ္တ, စောင်းငဲ့ကြည့်တတ်သော အတ္တ မည်သည် မရှိသည်သာတည်း။ တည့်တည့်ကြည့်ပေတော့အံ့။ --- ဟူသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုစိတ်နှင့် အတူတကွပင်လျှင် စိတ်ကြောင့်ဖြစ်ကုန်သော, စိတ္တသမုဋ္ဌာန် ရုပ်ကလာပ်တို့တွင် သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော ဝါယောဓာတ်သည် ဝိညတ်ရုပ်ကို ဖြစ်စေလျက် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ ထိုထိုသော အရပ်၌ ပျံ့နှံ့သည် ၏ အစွမ်းအားဖြင့် အောက်မျက်လွှာသည် အောက်သို့ နစ်မြုပ်သွား၏၊ အထက်မျက်လွှာသည် အထက်သို့ ကြွ၏ (= တက်၏, လွင့်၏)။ ယန္တရားဖြင့် ဖွင့်သော (= ပွင့်အောင် ဖွင့်လိုက်သော) တစ်စုံတစ်ယောက်သောသူ မည်သည် မရှိသည်သာတည်း။ ထိုနောင် စက္ခုဝိညာဏ်စိတ်သည် မြင်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်လာ၏။ --- ဟု ဤသို့ ကွဲကွဲပြားပြား သိခြင်းသည် ဤ အာလောကိတေ ဝိလောကိတေ၌ အသမ္မောဟသမ္ပဇဉ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၀။ မ၊ဋ္ဌ၊၂၊၂၆၆။)

[မှတ်ချက် --- ဤစက္ခုဝိညာဏ်စိတ်သည် မြင်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်လာသည်ဟု ဆိုသဖြင့် ယင်းစက္ခုဝိညာဏ်သည် မိမိ ေ့ရှက ရှိသော ပဉ္စဒွါရာဝဇ္ဇန်း၊ မိမိ၏ နောက်က ဖြစ်ကြကုန်သော သမ္ပဋိစ္ဆိုင်း- သန္တီရဏ-ဝုဋ္ဌောတို့ မပါဘဲ, မဟန္တာရုံ ဖြစ်က ဇောမပါဘဲ, အတိမဟန္တာရုံ ဖြစ်က ဇော တဒါရုံတို့ မပါဘဲ မိမိ ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ သို့အတွက် မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် စက္ခုဒွါရဝီထိ နာမ်တရားစုတို့နှင့် ရူပါရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရဝီထိ နာမ်တရားစုတို့ကို ပါ စက္ခုဝိညာဏ်၌ သိမ်းကျုံးယူပါ။ ယင်းသို့ ယူစေလိုသောကြောင့် အဋ္ဌကထာဆရာတော်က အောက်ပါ နည်းကို ဆက်လက်၍ တစ်ဖန် ဆိုတော်မူပြန်သည်။]

မူလပရိညာ

မူလပရိညာ

တစ်နည်းကား ----

၁။ မူလပရိညာ၏ အစွမ်းဖြင့်လည်းကောင်း,

၂။ အာဂန္တုက = ဧည့်သည်နှင့် တူသည်၏ အစွမ်းဖြင့်လည်းကောင်း,

၃။ တာဝကာလိက = အခိုက်အတန့်သာ တည်တံ့မှု ရှိသည်၏ အစွမ်းဖြင့်လည်းကောင်း ----

ဤ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အသမ္မောဟသမ္ပဇဉ်ကို သိရှိပါလေ။ ရှေးဦးစွာ မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံကို ဖော်ပြအပ်ပါသည်။

ရူပါရုံကို တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ----

(ဘဝင်)။ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ---- ဟု ဝီထိစိတ်အစဉ်သည် ဖြစ်ပေါ်လာ၏။

ထိုစိတ်တို့တွင် ဘဝင်ကား ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်တည်း။ ပဋိသန္ဓေမှ စုတိအတွင်း ဘဝ တစ်လျှောက်ကို ဥပပတ္တိဘဝဟု ခေါ်ဆို၏။ ဘဝင်သည် ဥပပတ္တိ အမည်ရသော ဘဝ၏ ဝီထိစိတ်များ မဖြစ်ချိန် ဝယ် စိတ်အစဉ် မပြတ်စဲရေးအတွက် ဘဝ၏ အကြောင်းတရား ဖြစ်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်လာ၏။

ရူပါရုံသည် စက္ခုဒွါရနှင့် မနောဒွါရတို့၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ ကိရိယ မနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ထိုဘဝင်ကို လည်စေ၍ (= ရပ်စေ၍) ယင်းရူပါရုံကို ဆင်ခြင် ခြင်း အာဝဇ္ဇန်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။

ထိုပဉ္စဒွါရာဝဇ္ဇန်းစိတ်၏ ချုပ်ပျက်သွားခြင်းကြောင့် စက္ခုဝိညာဏ်စိတ်သည် ယင်းရူပါရုံကို မြင်ခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။

ထိုစက္ခုဝိညာဏ်စိတ်၏ ချုပ်ပျက်သွားခြင်းကြောင့် ဝိပါက်မနောဓာတ် အမည်ရသော သမ္ပဋိစ္ဆိုင်းစိတ် သည် ယင်းရူပါရုံကိုပင် လက်ခံခြင်း သမ္ပဋိစ္ဆိုင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။

ထိုသမ္ပဋိစ္ဆိုင်းစိတ်၏ ချုပ်ပျက်သွားခြင်းကြောင့် ဝိပါက်မနောဝိညာဏဓာတ် အမည်ရသော သန္တီရဏ စိတ်သည် ယင်းရူပါရုံကိုပင် စုံစမ်းခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။

ထိုသန္တီရဏစိတ်၏ ချုပ်ပျက်သွားခြင်းကြောင့် ကိရိယမနောဝိညာဏဓာတ် အမည်ရသော ဝုဋ္ဌောစိတ် သည် ယင်းရူပါရုံကိုပင် ဣဋ္ဌ-အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ခြင်း ဝုဋ္ဌောကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။

ထိုဝုဋ္ဌောစိတ်၏ ချုပ်ပျက်သွားခြင်းကြောင့် (၇)ကြိမ်သော ဇောသည် စောလာ၏။

ထိုဇော (၇)ကြိမ်တို့တွင် ပထမဇော၌လည်း ---- ဤသူကား အမျိုးသမီး, ဤသူကား အမျိုးသားဟု တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် မဖြစ် သေးပေ။ ဒုတိယဇော၌လည်း။ ပ ။ သတ္တမဇော၌လည်း။ ပ ။ မဖြစ်သေးပေ။ စစ်မြေပြင်၌ စစ်သည်တို့ကဲ့သို့ ထို (၇)ကြိမ် ကုန်သော ဇောတို့သည် ထက်အောက်ပြောင်းပြန်၏ အစွမ်းဖြင့် ပျက်စီး၍ ကျကုန်လတ်သော် ဤ သူကား အမျိုးသမီး, ဤသူကား အမျိုးသားဟု တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤတည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၁။)

ဆိုလိုရင်း ---- စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရဝီထိ၌ အမျိုးသမီး အမျိုးသားဟု သိ၍ တပ်မက်မှု စသည် ကား မဖြစ်။ ထိုပဉ္စဒွါရဝီထိ၌ ---- ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့၏ အယောနိသော မနသိကာရအားဖြင့် ဆင်ခြင် ဆုံးဖြတ်သည်၏ အစွမ်းဖြင့် ဣဋ္ဌဖြစ်သော အမျိုးသမီးရူပါရုံ စသည်၌ လောဘမျှကား ဖြစ်၏၊ အနိဋ္ဌဖြစ်သော အမျိုးသမီး ရူပါရုံ စသည်၌ စိတ်ခက်ထန် ကြမ်းတမ်းမှု ပဋိဃမျှကား ဖြစ်၏။ (အမျိုးသမီးပဲ အမျိုးသားပဲဟု သိ၍ ရာဂ ဒေါသ မောဟ ဖြစ်သည်ကား မဟုတ်၊ ရူပါရုံ အရောင်မျှကိုသာ အာရုံပြု၍ လောဘမျှ ဒေါသမျှ မောဟမျှ ဖြစ်သည်ဟု ဆိုလိုသည်။)

မနောဒွါရေ ပန ဣတ္ထီ ပုရိသောတိ ရဇ္ဇနာဒိ ဟောတိ။ တဿ ပဉ္စဒွါရဇဝနံ မူလံ။ ယထာဝုတ္တံ ဝါ သဗ္ဗံ ဘဝင်္ဂါဒိ။ ဧဝံ မနောဒွါရဇဝနဿ မူလဝသေန မူလပရိညာ ဝုတ္တာ။ (ဒီ၊ဋီ၊၁၊၂၅၀။)

သို့သော် မနောဒွါရဝီထိ၌ကား အမျိုးသမီးပဲ, အမျိုးသားပဲဟု သိ၍ တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေ ခြင်းသည် ဖြစ်၏။ (ဤနာမ်ကမ္မဋ္ဌာန်းပိုင်း စာမျက်နှာ -၂၆၀- ၌ ဖော်ပြခဲ့သည့်အတိုင်း ---- ပဉ္စမမြောက် မနောဒွါရဝီထိကျမှ အမျိုးသမီးပဲ, အမျိုးသားပဲဟု သိ၍ ရာဂဖြင့် တပ်မက်ခြင်း, ဒေါသဖြင့် ပြစ်မှားခြင်း, မောဟဖြင့် တွေဝေခြင်း ဖြစ်၏။ စာမျက်နှာ -၂၆၀- ကို ပြန်ကြည့်ပါ။)

အမျိုးသမီးပဲ, အမျိုးသားပဲဟု သိ၍ တပ်မက်တတ်သော ပြစ်မှားတတ်သော တွေဝေတတ်သော လောဘဇော ဒေါသဇော မောဟဇောများ ပါဝင်သည့် ထိုမနောဒွါရဝီထိ၏ ဖြစ်ပေါ်လာဖို့ရန် မူလအခြေခံ အကြောင်း တရားကား ပဉ္စဒွါရဝီထိတို့၌ ပါဝင်သော ဇောပင်တည်း။ တစ်နည်းဆိုရသော် ဘဝင်နှင့် တကွသော ပဉ္စဒွါရဝီထိ စိတ်အစဉ်တို့တည်း။ ဤသို့လျှင် မနောဒွါရဇော၏ အကြောင်းရင်း မူလ၏ အစွမ်းဖြင့် ပဉ္စဒွါရဝီထိများကို ဉာဏ် ဖြင့် ပိုင်းခြားသိမှုကို မူလပရိညာ --- ဟု ဆိုအပ်ပေသည်။

ဤ အာလောကိတေ ဝိလောကိတေ = တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ မူလပရိညာ၏ အစွမ်း ဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံကို သိရှိရမည်ဟု အဋ္ဌကထာက ဖွင့်ဆိုထားသဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် --- တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ဖြစ်ပေါ်သွားကြကုန်သော ---

၁။ စက္ခုဒွါရဝီထိ - စိတ်+စေတသိက် = နာမ်တရားစုတို့ကိုလည်းကောင်း,

၂။ ရူပါရုံကိုပင် ဆက်လက် အာရုံယူကြကုန်သော မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း

(တပ်မက်ခြင်း ကြည်ညိုခြင်း စသည်ဖြစ်သော ဝီထိများ)

နာမ်တုံးနာမ်ခဲ နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်း ဆည်းနိုင် ရှုပွားနိုင်ရမည်။ ယင်းသို့ သိမ်းဆည်းနိုင် ရှုပွားနိုင်ခဲ့သော် မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟ သမ္ပဇဉ်ဉာဏ်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ရရှိပြီဟု ဆိုလိုပေသည်။

ဥပလက္ခဏနည်း နိဒဿနနည်း

ဥပလက္ခဏနည်း နိဒဿနနည်း

အစိတ်ကို မှတ်၍ ဆိုသဖြင့် အပေါင်းကိုလည်း ယူရသော နည်းသည် ဥပလက္ခဏနည်း မည်၏။ ထင်ရှား ရာ တစ်ခုကို မိန့်ဆိုတော်မူသဖြင့် အလုံးစုံကို ယူရသော နည်းသည် နိဒဿနနည်း မည်၏။

ဤသမ္ပဇဉ်ပိုင်း၌ ဘုရားရှင်သည် အာလောကိတေ ဝိလောကိတေ ဟူသော စကားတော်ဖြင့် တည့်တည့် ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်း ဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ယင်းညွှန်ကြားတော်မူချက်ကား ---

ရူပါရုံကို အာရုံယူတတ်သည့် နာမ်တရားစုတည်းဟူသော အစိတ်ကို (အစိတ်အပိုင်း တစ်ခုကို) မှတ်၍ ဟောကြားတော်မူလိုက်သဖြင့် အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံယူတတ်သည့် နာမ်တရားစုအားလုံး တည်းဟူသော အပေါင်းကိုလည်း သိမ်းကျုံးယူရသော ဥပလက္ခဏနည်းအားဖြင့် ဟောကြားထားတော်မူသော ဒေသနာတော် ဖြစ်၏။ တစ်နည်းဆိုရသော် ---

ရူပါရုံကို အာရုံယူတတ်သော နာမ်တရားစုတည်းဟူသော ထင်ရှားရာတစ်ခုကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားတော်မူလိုက်သဖြင့် အာရုံ (၆)ပါးလုံးကိုပင် ထိုက်သလို အာရုံယူတတ်သည့် နာမ်တရားအားလုံးကို သိမ်း ဆည်း ရှုပွားရန် ယူရသော နိဒဿနနည်းအားဖြင့် ဟောကြားထားတော်မူသော ဒေသနာတော် ဖြစ်၏။

ဝုတ္တမှိ ဧကဓမ္မေ၊ ယေ ဓမ္မာ ဧကလက္ခဏာ တေန။

ဝုတ္တာ ဘဝန္တိ သဗ္ဗေ၊ ဣတိ ဝုတ္တော လက္ခဏော ဟာရော။ (မ၊ဋ္ဌ၊၁၊၃၂။)

ဟူသော နေတ္တိပါဠိတော်၌ လာရှိသော လက္ခဏာဟာရနေတ္တိနည်းပင်တည်း။ အာရုံ (၆)ပါးတို့တွင် ရူပါရုံ ကို အာရုံယူတတ်သည့် နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရန် ညွှန်ကြားတော်မူလိုက်သဖြင့် အာရုံကို ယူတတ်ပုံ လက္ခဏာချင်း တူညီသော သောတဒွါရဝီထိ စသော နာမ်တရားစုတို့ကိုလည်း သိမ်းဆည်းရှုပွားရန် ဟောကြား တော်မူပြီးပင် ဖြစ်သည်ဟု ယူရသော နည်းပင်တည်း။

အဝိနာဘာဝနည်း --- ရူပါရုံကို အာရုံယူတတ်သည့် နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြား တော်မူလိုက်သဖြင့် မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ရူပါရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုပါ သိမ်းဆည်းရှုပွားရ၏။ ပဉ္စဝေါကာရ အမည်ရသော ခန္ဓာ (၅)ပါးရှိသော ဘုံဝယ် ဆိုင်ရာ အာရုံနှင့် ကင်း၍လည်း ကောင်း, ဆိုင်ရာ မှီရာဝတ္ထုရုပ်နှင့် ကင်း၍လည်းကောင်း မဖြစ်စကောင်းသောကြောင့် ဖြစ်၏။ သို့အတွက် အဋ္ဌကထာ ဆရာတော်ကိုယ်တိုင်က --- အာလောကိတေ ဝိလောကိတေ၌ ခန္ဓာ (၅)ပါးကို သိမ်းဆည်း ရှုပွားရန် ထပ်မံ၍ ဖွင့်ဆိုပေလတ္တံ့။ (နောက်တွင် ထင်ရှားလတ္တံ့။)

(က) သို့အတွက် --- အာလောကိတေ ဝိလောကိတေ --- အရ ရူပါရုံကို မြင်ရာ၌ ---

၁။ ရူပါရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း,

၂။ ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း, သိမ်းဆည်း ရှုပွားရသကဲ့သို့ အလားတူပင် ---

( ခ ) သဒ္ဒါရုံ = အသံကို ကြားရာ၌ ---

၁။ သဒ္ဒါရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း,

၂။ သဒ္ဒါရုံကို အာရုံပြုကြသည့် သောတဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း,

( ဂ ) ဂန္ဓာရုံ = အနံ့ကို နံရာ၌ ---

၁။ ဂန္ဓာရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း,

၂။ ဂန္ဓာရုံကို အာရုံယူကြသည့် ဃာနဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း,

(ဃ) ရသာရုံ = အရသာကို သိရာ၌ ---

၁။ ရသာရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း,

၂။ ရသာရုံကို အာရုံယူကြသည့် ဇိဝှါဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း,

( င ) ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိကို သိရာ၌ ---

၁။ ဖောဋ္ဌဗ္ဗာရုံနှင့် ဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း,

၂။ ဖောဋ္ဌဗ္ဗာရုံကို အာရုံယူကြသည့် ကာယဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း,

( စ ) ဓမ္မာရုံ အမည်ရသော ရုပ်နာမ် တစ်ခုခုကို သို့မဟုတ် အများစုကို သိရာ၌ ---

၁။ ဆိုင်ရာ ဓမ္မာရုံနှင့် မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း,

၂။ ဓမ္မာရုံကို အာရုံယူကြသည့် မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း သိမ်းဆည်းရှုပွားပါ။

အာဂန္တုက သဘော

အာဂန္တုက သဘော

တစ်ဖန် စက္ခုဒွါရ (မနောဒွါရ)၌ ရူပါရုံသည် ထင်မြင်ခြင်းသို့ ရောက်လတ်သော် လှုပ်သောဘဝင် = ဘဝင်္ဂစလန ဖြစ်သည်မှ အထက်၌ (ပြတ်သောဘဝင် = ရပ်သောဘဝင် = ဘဝင်္ဂုပစ္ဆေဒကို ဆိုလိုသည်။) မိမိ မိမိတို့၏ ဆိုင်ရာ ကိစ္စ အသီးအသီးကို ပြီးစီးစေခြင်း၏ အစွမ်းအားဖြင့် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ ဝုဋ္ဌောတို့သည် ဖြစ်ပြီးကြ၍ ချုပ်ကုန်ပြီးလတ်သော် --- အဆုံး၌ ဇောသည် ဖြစ်ပေါ်လာ၏။ ထိုဇောသည် မိမိ၏ ရှေး၌ ဖြစ်ကုန်ပြီးသော ပဉ္စဒွါရာဝဇ္ဇန်း စသည်တို့၏ အိမ်သဖွယ်ဖြစ်၍ ဖြစ်သော စက္ခုဒွါရ၌ အာဂန္တုက ဧည့်သည် ယောက်ျားသဖွယ်ကဲ့သို့ ဖြစ်နေ၏။ သူတစ်ပါး၏ အိမ်၌ တစ်စုံတစ်ခုသော ဝတ္ထုကို တောင်းအံ့သော ငှာ ဝင်ရောက်လာသော ဧည့်သည် ယောက်ျားအား အိမ်ရှင်တို့က စကားမဆို ဆိတ်ဆိတ်နေကုန်သည်ရှိသော် အာဏာကိုပြုခြင်း အာဏာပြခြင်းသည် မသင့်သကဲ့သို့ ထို့အတူပင် အာဝဇ္ဇန်း (ပဉ္စဒွါရာဝဇ္ဇန်း) စသည်တို့၏ အိမ်သဖွယ် ဖြစ်သော စက္ခုဒွါရ၌ အာဝဇ္ဇန်း စသော ဝီထိစိတ်တို့က ယင်းရူပါရုံကို မတပ်မက်ကုန်သော်လည်း ကောင်း, မပြစ်မှားကုန်သော်လည်းကောင်း, မတွေဝေကုန်သော်လည်းကောင်း ထိုဧည့်သည် ယောက်ျားနှင့် တူသောဇော၏ ယင်းရူပါရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်းသည် မသင့်မြတ်သည်သာတည်း။ ဤ သို့လျှင် ဧည့်သည် အာဂန္တုနှင့် တူသော ဖြစ်မှုရှိသည်၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ်ကို သိပါ။ (အဘိ၊ဋ္ဌ၊၂၊၃၄၁။ မ၊ဋ္ဌ၊၁၊၂၆၇။)

ဆိုလိုရင်းကား --- ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောတို့သည် ရူပါရုံအရောင်မျှ ကိုသာ သိသကဲ့သို့ ရူပါရုံအရောင်မျှကိုသာ သိသော ဇောစိတ်တို့လည်း ဖြစ်ပေါ်လာတတ်၏။ ယင်းအရောင် မျှကိုသာ သိသော ဇောနှင့် တကွသော စက္ခုဒွါရဝီထိ နာမ်တရားစုတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဃနပြိုအောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပါက အသမ္မောဟသမ္ပဇဉ် ဖြစ်ပေပြီ။ ယင်းအသမ္မောဟ သမ္ပဇဉ်ဉာဏ်ကို ရရှိအောင် ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုးစားအားထုတ်ပါ။ ဧည့်သည် အာဂန္တုသည် သူတစ်ပါး ပစ္စည်းတို့ အပေါ်၌ တပ်မက်မှု ပြစ်မှားမှု မဖြစ်သကဲ့သို့ မှတ်ပါ။ တစ်ဖန် ယင်းစက္ခုဒွါရဝီထိတွင် အကျုံးဝင်သော အာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့က အယောနိသောမနသိကာရအားဖြင့် ယင်းရူပါရုံကို နှလုံးသွင်းခဲ့သော် လောဘဇော ဒေါသဇော မောဟဇောတို့လည်း ထိုက်သလို စောကြမည် ဖြစ်၏။ ယင်းဇောတို့ကား အမျိုးသမီးပဲ အမျိုးသား ပဲဟု သိ၍ ဖြစ်ပေါ်လာကြသော လောဘဇော ဒေါသဇော မောဟဇောတို့ မဟုတ်ကြပေ။ အယောနိသော မနသိကာရကို အကြောင်းခံ၍ ရူပါရုံအရောင်မျှ အပေါ်၌ သာယာမှုမျှ ပြစ်မှားမှုမျှ တွေဝေမှုမျှသာဖြစ်သည်။ မိမိအိမ်ရှိ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ အိမ်ရှင်တို့က ပိုင်စိုးပိုင်နင်း သာယာတပ်မက်သကဲ့သို့ တပ်မက်သည်ကား မဟုတ်၊ ဧည့်သည် အာဂန္တုယောက်ျားသဖွယ် သူတစ်ပါးပစ္စည်း အပေါ်၌ သာယာမှု တပ် မက်မှု သဘောမျိုးသာတည်း။ ယင်းသို့ ဧည့်သည် အာဂန္တုယောက်ျား၏ သူတစ်ပါးပစ္စည်း အပေါ်၌ သာယာ တပ်မက်မှု ပြစ်မှားမှု တွေဝေမှုသဘောနှင့် ပဉ္စဒွါရဝီထိ၌ ပါဝင်သော ဇောတို့၏ သာယာတပ်မက်မှု ပြစ်မှားမှု တွေဝေမှုသည် တူ၏။ ယင်းလောဘဇော ဒေါသဇော မောဟဇောများ ပါဝင်သော စက္ခုဒွါရဝီထိ နာမ်တရားစုတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင် ရှုပွားနိုင်ပါက အာဂန္တုဧည့်သည်သဖွယ်နှင့် တူသည်၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ်ဉာဏ် ဖြစ်ပြီ၊ ယင်း အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိအောင် ယောဂါဝစရပုဂ္ဂိုလ် က ကြိုးစားအားထုတ်ပါ။ ဤကား ဆိုလိုရင်းတည်း။

တာဝကာလိက သဘော

တာဝကာလိက သဘော

စက္ခုဒွါရ၌ --- ပဉ္စဒွါရာဝဇ္ဇန်းမှစ၍ ဝုဋ္ဌော အဆုံးရှိကုန်သော အကြင်စိတ်တို့သည် ဖြစ်ပေါ်လာကြကုန်၏၊ ထိုစိတ်တို့သည် ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ထိုထို မိမိ၏ ကိစ္စကို ရွက်ဆောင်ပြီးရာ ခဏ၌ပင်လျှင် ပျက်သွားကြကုန်၏၊ အချင်းချင်း မမြင်ကြကုန်၊ ထိုကြောင့် အလွန်တိုတောင်းသော အချိန်ကာလ ရှိကုန်၏၊ မိမိ မိမိတို့၏ ကိစ္စကို ရွက်ဆောင်ဆဲ တာဝကာလိက = အခိုက်အတန့်ကာလနှင့် ယှဉ်ကုန်၏။ အိမ် တစ်အိမ်ဝယ် အိမ်သူအိမ်သား အားလုံးတို့သည် သေကုန်သည်ရှိသော် ထိုခဏ၌ပင်လျှင် သေခြင်းသဘောရှိသော (= သေတော့မည့်ဆဲဆဲ ဖြစ်သော) ကြွင်းကျန်သော တစ်ယောက်တည်းသော လူ၏ ကခြင်း သီဆိုခြင်း စသည် တို့၌ အလွန်မွေ့လျော်ခြင်း မည်သည် မသင့်သကဲ့သို့ ဤဥပမာအတူပင်လျှင် စက္ခုဒွါရကဲ့သို့သော ထိုတစ်ခုသော ဒွါရ၌ တစ်ခုပြီး တစ်ခု ယှဉ်တွဲ ဖြစ်ကြကုန်သော အာဝဇ္ဇန်း စသော စိတ်တို့သည် ထိုထိုသော မိမိတို့၏ ကိစ္စကို ရွက်ဆောင်ပြီးရာ ခဏ၌ပင်လျှင် ချုပ်ပျက်ကုန်ပြီးလတ်သော် ကြွင်းကျန်သော ထိုခဏ၌ပင်လျှင် သေကြေပျတ် စီးခြင်း မရဏ သဘောရှိသော ဇောစိတ်၏လည်း အာရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် အလွန်မွေ့လျော်ခြင်း မည်သည် မသင့်သည်သာတည်း။ ဤသို့ တာဝကာလိက = အခိုက်အတန့် ဖြစ်သော မိမိ ကိစ္စကို ဆောင်ရွက်ရာ အချိန်ကာလနှင့် ယှဉ်မှု ရှိသည်၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၁-၃၄၂။ မ၊ဋ္ဌ၊၁၊၂၆၇။)

ဆိုလိုရင်းကား --- စက္ခုဒွါရဝီထိ စသော ထိုထိုဝီထိတို့၏ အတွင်း၌ ဝီထိစိတ်တို့သည် သမ္ပယုတ်စေတသိက် တရားတို့နှင့် အတူတကွ ထိုထို မိမိ မိမိ၏ ကိစ္စကို ရွက်ဆောင်လျက် အလွန်တိုတောင်းသော အချိန်ကာလ အတွင်းဝယ် ဖြစ်ပြီး ပျက်သွားကြသည်ကို ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်းရှုပွားရမည်။ ဒွါရ (၆)ပါး၌ ထိုက်သ လို ဖြစ်နေကြသော ယင်းဝီထိနာမ်တရားစုတို့ကို သိမ်းဆည်းလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမူကား ရာဂ-ဒေါသ-မောဟတို့သည် ဖြစ်ခွင့်မရနိုင်ဟု ဆိုလိုပေသည်။ မတွေမဝေသိခြင်း အမှန်အတိုင်းသိခြင်း အသမ္မောဟ သမ္ပဇဉ်ဉာဏ် ဖြစ်ပြီ ဟူလိုသည်။

တစ်နည်း ခန္ဓာ အာယတန ဓာတ် ပစ္စယပစ္စဝေက္ခဏတို့၏ အစွမ်းဖြင့်လည်း ဤအသမ္မောဟသမ္ပဇဉ်ကို သိရှိပါလေ။

ခန္ဓာ (၅) ပါးနည်း၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံ

ခန္ဓာ (၅) ပါးနည်း၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံ

ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ --- (စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်ဝယ်)

၁။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံသည် ရူပက္ခန္ဓာ မည်၏။

၂။ ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်သည် ဝိညာဏက္ခန္ဓာ မည်၏။

၃။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏။

၄။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော သညာသည် သညာက္ခန္ဓာ မည်၏။

၅။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရသည် သင်္ခါရက္ခန္ဓာ မည်၏။

ဤသို့လျှင် ဤခန္ဓာ (၅)ပါးတို့၏ အညီအညွတ် ပေါင်းဆုံမိခြင်းသည် အညီအညွတ်ဖြစ်ခြင်းသည် ထင်ရှား ရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် တည့်တည့်ကြည့်သနည်း၊ အဘယ်မည်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် စောင်းငဲ့ကြည့်သနည်း။ (အဘိ၊ဋ္ဌ၊၂၊၃၄၂။ မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။)

တတ္ထာတိ ပဉ္စက္ခန္ဓဝသေန အာလောကနဝိလောကနေ ပညာယမာနေ တဗ္ဗိနိမုတ္တော ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ (ဒီ၊ဋီ၊၁၊၂၅၀။)

ခန္ဓာ (၅)ပါးတို့၏ အညီအညွတ် ပေါင်းဆုံသည်၏ အစွမ်းဖြင့် အညီအညွတ် ဖြစ်ခြင်း၏ အစွမ်းဖြင့် တည့် တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လတ်သော် ထိုခန္ဓာ (၅)ပါးမှ အလွတ်ဖြစ်သော အဘယ် မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်လေသနည်း အဘယ်မည်သော ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်သည် စောင်းငဲ့ကြည့်လေသနည်း။ တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ် သတ္တဝါဟူသည် မရှိ၊ ခန္ဓာ (၅)ပါးသာ ရှိ၏ ဟူလိုသည်။

ဤအထက်ပါ အဋ္ဌကထာတို့၏ ဖွင့်ဆိုချက်ကား ဥပလက္ခဏနည်း နိဒဿနနည်းတည်း။ စက္ခုဝိညာဏ် စိတ္တက္ခဏ၌ ခန္ဓာ (၅)ပါးကို သိမ်းဆည်း ရှုပွားရသကဲ့သို့ စက္ခုဒွါရဝီထိနှင့် ရူပါရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရဝီထိတို့၏ အတွင်း၌ တည်ရှိကြသော စိတ္တက္ခဏတိုင်း၌လည်း ခန္ဓာ (၅)ပါးစီ အသီးအသီး သိမ်းဆည်း ရှုပွားရမည်ဟု မှတ်သားပါ။ (ဤနာမ်ကမ္မဋ္ဌာန်းပိုင်း- ၃၀၀ - စသည်၌ ဖော်ပြခဲ့ပြီ။) ယင်းခန္ဓာ (၅)ပါးတို့ကို စိတ္တက္ခဏ အသီးအသီး၌ သိမ်းဆည်းရှုပွားနိုင်ပါက အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရလေပြီ။ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူမှတ်ပါ။

အာယတနနည်း၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံ

အာယတနနည်း၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံ

ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ --- (စက္ခုဝိညာဏ်၏ စိတ္တက္ခဏအခိုက်၌)

၁။ စက္ခုအကြည်ဓာတ်သည် စက္ခာယတန မည်၏၊

၂။ ရူပါရုံသည် ရူပါယတန မည်၏၊

၃။ မြင်တတ်သော စက္ခုဝိညာဏ်သည် မနာယတန မည်၏၊

၄။ ဝေဒနာ စသော စက္ခုဝိညာဏ်နှင့် ယှဉ်သော သမ္ပယုတ်စေတသိက် (၇)လုံးသည် ဓမ္မာယတန မည်၏။

ဤသို့လျှင် ဤအာယတန (၄)ပါးတို့၏ အညီအညွတ် ပေါင်းဆုံမိခြင်းသည် အညီအညွတ် ဖြစ်ခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့် ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် တည့်တည့်ကြည့် လေသနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် စောင်းငဲ့ကြည့်လေသနည်း။ (အဘိ၊ဋ္ဌ၊၂၊၃၄၂။ မ၊ဋ္ဌ၊၁၊၂၆၈။)

အာယတန (၄)ပါးတို့၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်လတ်သော် ထိုအာယတန (၄)ပါးမှ အလွတ်ဖြစ်သော အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့် ကြည့်လေသနည်း၊ စောင်းငဲ့ကြည့်လေသနည်း။ တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ မရှိ၊ အာယတန (၄)ပါးသာ ရှိသည်ဟု ဆိုလိုသည်။ ဤ၌လည်း ဥပလက္ခဏနည်း နိဒဿနနည်းဟု မှတ်ပါ။ ရူပါရုံကို အာရုံယူကြသည့် စက္ခုဒွါရဝီထိ, မနောဒွါရဝီထိတို့၏ အတွင်း၌ တည်ရှိကြသော စိတ္တက္ခဏတိုင်း၌ အာယတန (၄)ပါးစီကို သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်သည်။ (ဤနာမ်ကမ္မဋ္ဌာန်းပိုင်း - ၂၉၃ - စသည်၌ ဖော်ပြခဲ့ပြီ။)

ယင်းသို့လျှင် ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့ဝယ် စိတ္တက္ခဏတိုင်း၌ အာယတန (၄)ပါးစီကို အသီးအသီး သိမ်းဆည်း ရှုပွားနိုင်ပါက အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိပြီ ဖြစ်ပေသည်။ သောတဒွါရဝီထိ စသည်တို့၌လည်း ဤနည်းပင်တည်း။ အာယတန (၁၂)ပါးလည်း စုံသွားမည် ဖြစ်သည်။

ဓာတ် (၁၈) ပါးနည်း၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံ

ဓာတ် (၁၈) ပါးနည်း၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံ

တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ --- (စက္ခုဝိညာဏ်စိတ္တက္ခဏအခိုက်၌)

၁။ စက္ခုအကြည်ဓာတ်သည် စက္ခုဓာတ် မည်၏။

၂။ ရူပါရုံသည် ရူပဓာတ် မည်၏။

၃။ မြင်တတ်သော စက္ခုဝိညာဏ်သည် စက္ခုဝိညာဏဓာတ် မည်၏။

၄။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ စသော စေတသိက် (၇)လုံးသည် ဓမ္မဓာတ် မည်၏။

ဤသို့လျှင် ဤဓာတ် (၄)ပါးတို့၏ အညီအညွတ် ပေါင်းဆုံမိခြင်းသည် အညီအညွတ်ဖြစ်ခြင်းသည် ထင်ရှား ရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်လေသနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် စောင်းငဲ့ကြည့်လေသနည်း။ (အဘိ၊ဋ္ဌ၊၂၊၃၄၂။ မ၊ဋ္ဌ၊၁၊၂၆၈။)

ဓာတ် (၄)ပါးတို့၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်လတ်သော် ထိုဓာတ် (၄)ပါးမှ အလွတ်ဖြစ်သော အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့် လေသနည်း၊ စောင်းငဲ့ကြည့်လေသနည်း။ တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ မရှိ၊ ဓာတ် (၄)ပါးမျှသာ ရှိသည်ဟု ဆိုလိုသည်။ --- ဤအဖွင့်သည်လည်း ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ဖွင့်ဆို ထားသော အဖွင့်သာတည်း။ ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းဝယ် ဓာတ် (၄)ပါးစီ အသီးအသီး သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်ပေသည်။ (ဤနာမ်ကမ္မဋ္ဌာန်းပိုင်း စာမျက်နှာ - ၂၉၃-၂၉၄ - စသည်တို့၌ ပြန်ကြည့်ပါ။)

ယင်းသို့လျှင် ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ-မနောဒွါရဝီထိတို့ဝယ် စိတ္တက္ခဏတိုင်း၌ ဓာတ် (၄)ပါးစီကိုသာ သိမ်းဆည်းနိုင် ရှုပွားနိုင်ပါက အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိပြီ ဖြစ်ပေသည်။ သောတဒွါရဝီထိ စသည်တို့၌လည်း ဤနည်းပင်တည်း။ ထိုသို့ သိမ်းဆည်းနိုင်ပါက ဓာတ် (၁၈)ပါးလည်း စုံညီသွားပြီ ဖြစ်ပေသည်။

ပစ္စယပစ္စဝေက္ခဏ (= အကြောင်းတရားကို ဆင်ခြင်သောနည်း) ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ်ဉာဏ် ဖြစ်ပုံ

ပစ္စယပစ္စဝေက္ခဏ (= အကြောင်းတရားကို ဆင်ခြင်သောနည်း) ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ်ဉာဏ် ဖြစ်ပုံ

တထာ စက္ခု နိဿယပစ္စယော၊ ရူပံ အာရမ္မဏပစ္စယော၊ အာဝဇ္ဇနံ အနန္တရသမနန္တရအနန္တရူပနိဿယနတ္ထိဝိဂတပစ္စယော၊ အာလောကော ဥပနိဿယပစ္စယော၊ ဝေဒနာဒယော သဟဇာတာဒိပစ္စယာ။ ဧဝမေတေသံ ပစ္စယာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ (အဘိ၊ဋ္ဌ၊၂၊၃၄၂။ မ၊ဋ္ဌ၊၁၊၂၆၈။)

ဥပနိဿယပစ္စယောတိ ဣဒံ သုတ္တန္တနယေန ပရိယာယတော ဝုတ္တံ။ သဟဇာတပစ္စယောတိ နိဒဿနမတ္တမေတံ အညမညသမ္ပယုတ္တအတ္ထိအဝိဂတာဒိပစ္စယာနမ္ပိ လဗ္ဘနတော။ (ဒီ၊ဋီ၊၁၊၂၅၀။)

တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ --- (စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်ဝယ်)

၁။ စက္ခုအကြည်ဓာတ်သည် ပုရေဇာတနိဿယ ပစ္စည်းတည်း။ (စက္ခုအကြည်ဓာတ်သည် စက္ခုဝိညာဏ် မဖြစ်မီ ရှေးက ေ့ရှဦးအစ အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်ပြီးလျှင် စက္ခုဝိညာဏ် ဖြစ်ပေါ်လာအောင် မှီရာ အဖြစ်ဖြင့် ကျေးဇူးပြုပေးနေသော အကြောင်းတရားဖြစ်သည်ဟု ဆိုလိုသည်။)

၂။ ရူပါရုံသည် အာရမ္မဏပစ္စည်းတည်း။ (ရူပါရုံသည် စက္ခုဝိညာဏ်စိတ်၏ သိစရာအာရုံ ဖြစ်၏။ သိစရာ အာရုံ ရှိပါမှ သိတတ်သည့် ဝိညာဏ်သည် ဖြစ်ပေါ်လာနိုင်၏၊ သိစရာအာရုံ မရှိပါက သိတတ်သည့် ဝိညာဏ်လည်း ဖြစ်ပေါ်မလာနိုင်။ သို့အတွက် ရူပါရုံသည် စက္ခုဝိညာဏ် ဖြစ်ပေါ်လာရေးအတွက် သိစရာအာရုံအဖြစ် ရပ်တည်၍ ကျေးဇူးပြုပေးနေသော အကြောင်းတရားဖြစ်သည်ဟု ဆိုလိုသည်။)

၃။ ပဉ္စဒွါရာဝဇ္ဇန်းသည် --- (က) အနန္တရ (ခ) သမနန္တရ (ဂ) အနန္တရူပနိဿယ (ဃ) နတ္ထိ (င) ဝိဂတပစ္စည်း တည်း၊ အကြောင်းတရားတည်း။

(က) စိတ်တို့မည်သည် နှစ်ခုပြိုင်တူ ဖြစ်ရိုးဓမ္မတာ မရှိကြပေ။ စိတ်တစ်ခု ဖြစ်ပြီး ပျက်သွားမှ နောက်စိတ် တစ်ခု ဖြစ်ခွင့် ရှိ၏။ သို့အတွက် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ချုပ်ပျက်သွားပါမှ စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာနိုင်ခွင့် ရှိ၏။ ပဉ္စဒွါရာဝဇ္ဇန်းစိတ် မချုပ်ပျက်သေးပါက စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ် လာနိုင်ခွင့် မရှိသေးပေ။ သို့သော် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ချုပ်ပျက်သွားသောအခါ စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာနိုင်လောက်အောင် ကျေးဇူးပြုပေးပြီးပါမှ ချုပ်ပျက်သွား၏။ ယင်းသို့ ကျေးဇူးပြုတတ်သော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ကျေးဇူးအပြုခံရသော စက္ခုဝိညာဏ်၏ အကြားတွင် တစ်စုံတစ်ခုသော တရားဓမ္မ သည် ခြားကွယ်မှု မရှိပေ။ ယင်းအခြားမရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရားကို အနန္တရ အကြောင်းတရားဟု ဆိုသည်။ ဤသည်ကိုပင် ပဉ္စဒွါရာဝဇ္ဇန်းသည် စက္ခုဝိညာဏ် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတတ်သော အခြားမရှိသော = အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သော အနန္တရပစ္စည်း အကြောင်းတရားဟု ဆိုသည်။

( ခ ) ကောင်းစွာ အခြားမဲ့ ဖြစ်၍ ကျေးဇူးပြုတတ်သောကြောင့် သမနန္တရအကြောင်းတရား,

( ဂ ) အခြားမဲ့ ဖြစ်၍ အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုတတ်သောကြောင့် အနန္တရူပနိဿယအကြောင်း တရား,

(ဃ) ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်ပျက်သွားပါမှ မရှိပါမှ စက္ခုဝိညာဏ်စိတ်သည် ဖြစ်ပေါ်လာရ၏။ သို့အတွက် ပဉ္စဒွါရာဝဇ္ဇန်းသည် မရှိသည့်အခါမှ စက္ခုဝိညာဏ် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတတ်သောကြောင့် နတ္ထိအကြောင်းတရား,

( င ) ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်ပျက်ပြီးနောက် ကင်းကင်းရှင်းရှင်း ဖြစ်ပါမှ စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာနိုင်သဖြင့် ပဉ္စဒွါရာဝဇ္ဇန်းသည် စက္ခုဝိညာဏ်၏ ကင်းသော အကြောင်းတရား ဝိဂတပစ္စည်းတရား ဖြစ်ရပေသည်။

၄။ စက္ခုဝိညာဏ်သည် ရူပါရုံ အရောင်ကို မြင်ရာ၌ အာလောက ခေါ်သည့် အလင်းရောင် ရှိပါမှ မြင်နိုင်၏၊ အာလောက = အလင်းရောင် မရှိပါက မမြင်နိုင်။ အလားတူပင် မျက်စိမှိတ်၍ တရားထိုင်နေသည့် သူတော်ကောင်းသည်လည်း ရုပ်နာမ်တို့ကို သမာဓိ အဆင့်ဆင့် ထူထောင်၍ သိမ်းဆည်းရာ၌ ယင်းရုပ်တရားတို့တွင် ရူပါရုံ အရောင်သည် ပါဝင်လျက်ရှိ၏။ ရှေးသမာဓိပိုင်းတွင် အလင်းရောင်အကြောင်းကို ရှင်းပြခဲ့သည့်အတိုင်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော ပညာရောင် ဉာဏ်ရောင်ဟု တင်စား ခေါ်ဝေါ်ထားသော အာလောကအလင်းရောင် မရှိပါက ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို သိမ်းဆည်း၍ကား မရနိုင်။ ရုပ်ကလာပ်တို့၏ အရောင်ကိုမျှ မတွေ့သေးလျှင် ရုပ်ကလာပ်ကို တွေ့ဖို့ရန်မှာလည်း မမျှော်လင့်အပ် သည့် အရာသာ ဖြစ်ချေသည်။ ရုပ်ကလာပ်ကို မမြင်သောသူသည် ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ရုပ်ပရမတ်အစစ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရှုပွားရန် မဖြစ်နိုင်တော့သည်သာ ဖြစ်၏။ ရုပ်တရားများကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မသိမ်းဆည်းနိုင်သေးပါက ယင်းရုပ်တရားကို အာရုံပြု၍ ယင်းရုပ်တရား တို့ကို မှီ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း သိမ်းဆည်းနိုင်ဖို့ရန် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ဖို့ရန် အလွန် အလှမ်းဝေးလျက်ပင် ရှိနေဦးမည်သာ ဖြစ်ပေသည်။ သို့အတွက် အာလောက = အလင်းရောင်သည် စက္ခုဝိညာဏ်စိတ်ဖြစ်ပေါ်လာရေး အတွက်သာ အားကြီးသော မှီရာ ဖြစ်သည် မဟုတ်သေး၊ ရူပါရုံကို အာရုံယူ နေကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ ဖြစ်ပေါ်လာရေးအတွက်လည်း အားကြီးသော မှီရာ အကြောင်းတရားပင် ဖြစ်ပေသည်။ အလားတူပင် အခြားအခြားသော ရုပ်ပရမတ်တို့ကို သိမ်းဆည်းနိုင်ဖို့ရန် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ဖို့ရန် အတွက်လည်း အားကြီးသော မှီရာအကြောင်းတရားပင် ဖြစ်သည်။ ရူပါရုံ ဝဏ္ဏ ဓာတ် မပါသော ရုပ်ကလာပ်ကား မရှိစကောင်းသောကြောင့် ဖြစ်၏။ ကြွင်းကျန်သော ရုပ်တရားတို့ကို အာရုံ ယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်း နည်းတူပင်တည်း။ ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ရုပ်တရားမှန်သမျှ ရူပါရုံအရောင် မပါဘဲ ဖြစ်ရိုးဓမ္မတာ မရှိသောကြောင့် ပရမတ္ထရုပ် တရားတို့ကို အာရုံယူလိုက်တိုင်း ရူပါရုံကား မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ပါဝင်လျက် ရှိ နေ၏။ ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်ဖြစ်ရာ အသေးဆုံး ရုပ်တုံးရုပ်ခဲဖြစ်သည့် ကလာပ်တိုင်း၌ ရူပါရုံ ပါဝင်နေ၏။ ရူပါရုံကို မြင်နိုင်ရေးအတွက် သို့မဟုတ် ရူပါရုံနှင့် တကွသော ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်ရေးအတွက် အာလောက = အရောင်အလင်း၏ အကူအညီကား လိုအပ်လျက်ပင် ရှိ၏။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်ပါမှသာလျှင် ယင်းပရမတ်ရုပ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် ဖြစ်ပေသည်။

သို့သော် ယင်းအာလောက = အလင်းရောင်သည် စက္ခုဝိညာဏ်အား အားကြီးသော မှီရာဥပနိဿယ ပစ္စည်း အကြောင်းတရားအဖြစ် ကျေးဇူးပြုပေးမှုကို ဘုရားရှင်သည် ပဋ္ဌာန်းဒေသနာတော်၌ ဟောကြားတော် မမူခဲ့ပေ။ သို့အတွက် သုတ္တန္တနည်းပရိယာယ် အားဖြင့်သာလျှင် ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု အဋ္ဌကထာဆရာတော် ဖွင့်ဆိုတော်မူသည်ဟု မှတ်ပါ။ (ဒီ၊ဋီ၊၁၊၂၅၀။)

၅။ စက္ခုဝိညာဏ်စိတ်သည် မိမိချည်းသက်သက် စေတသိက်တို့ မပါဘဲ ဖြစ်နိုင်သည့်စွမ်းအား မရှိပေ။ ဝေဒနာ စသော သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)မျိုးတို့နှင့် အမြဲတမ်း ယှဉ်တွဲ၍သာ ဖြစ်ရ၏။ သို့အတွက် ယင်းစေတသိက်တရားစုတို့က စက္ခုဝိညာဏ်အား ---

(က) အတူဖြစ်၍ ကျေးဇူးပြုပေးခြင်း သဟဇာတသတ္တိ,

( ခ ) အချင်းချင်း အပြန်အလှန် ကျေးဇူးပြုပေးခြင်း အညမညသတ္တိ,

( ဂ ) စိတ္တက္ခဏ တစ်ခု အတွင်း၌ အတူယှဉ်တွဲလျက် ကျေးဇူးပြုပေးခြင်း သမ္ပယုတ္တသတ္တိ,

(ဃ) ထင်ရှားရှိနေတုန်း ကျေးဇူးပြုပေးခြင်း အတ္ထိသတ္တိ,

( င ) မကင်းမီ မချုပ်မီ ကျေးဇူးပြုပေးခြင်း အဝိဂတသတ္တိ ---

ဤသို့စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ သို့အတွက် ဝေဒနာ စသော စေတသိက်တို့ကား သဟ ဇာတ စသော ပစ္စည်း = အကြောင်းတရားတည်း။

ဤသို့လျှင် ဤပစ္စည်း = အကြောင်းတရားတို့၏ အညီအညွတ် ဖြစ်ခြင်းသည် အညီအညွတ် ပေါင်းဆုံမိ ခြင်းသည် ထင်ရှား ရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ ထို တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့် ကြည့်လေသနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် စောင်းငဲ့ကြည့်လေသနည်း။ (အဘိ၊ဋ္ဌ၊၂၊၃၄၂။ မ၊ဋ္ဌ၊၁၊၂၆၈။)

အကြောင်းတရား အကျိုးတရားတို့၏ အညီအညွတ် ဖြစ်ပေါ်လာသည်၏ အစွမ်းဖြင့် ပေါင်းဆုံမိသည်၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်လတ်သော် ထိုအကြောင်းတရား အကျိုး တရားမှ အလွတ်ဖြစ်သော အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် တည့်တည့်ကြည့်လေ သနည်း၊ စောင်းငဲ့ကြည့်လေသနည်း။ တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါမည်သည် မရှိ၊ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံမျှသာ ရှိသည်။ အကြောင်းတရား အကျိုးတရားမှ အလွတ်ဖြစ် သော ပုဂ္ဂိုလ်သတ္တဝါဟူသည် ပရမတ္ထသစ္စာနယ်၌ (၃၁)ဘုံ အတွင်းဝယ် ထင်ရှားမရှိသောကြောင့် ဖြစ်၏။ ဤကား ဆိုလိုရင်းသဘောတည်း။

ဤ၌လည်း ဥပလက္ခဏနည်း နိဒဿနည်းအားဖြင့်ပင် ဖွင့်ဆိုထားသည်ဟု မှတ်ပါ။ ရူပါရုံကို အာရုံပြုကြ သည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌ စိတ္တက္ခဏတိုင်းဝယ် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရ မည်သာ ဖြစ်ပေသည်။ ယင်းသို့ သိမ်းဆည်းနိုင်ပါက အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိပြီ ဖြစ်ပေသည်။ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ သို့သော် ဤအပိုင်းကား ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းနှင့် သက် ဆိုင်၏။ အပြည့်အစုံကား ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံအပိုင်းတွင် ကြည့်ပါ။

ဤတွင် --- အာလောကိတေ ဝိလောကိတေ = တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ---

၁။ သာတ္ထကသမ္ပဇဉ်

၂။ သပ္ပါယသမ္ပဇဉ်

၃။ ဂေါစရသမ္ပဇဉ်

၄။ အသမ္မောဟသမ္ပဇဉ် ---

ဤသမ္ပဇဉ်ဉာဏ် (၄)မျိုးကို ရရှိအောင် သိမ်းဆည်းရှုပွားပုံ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ အဆိုအမိန့် တို့ကို ရှင်းလင်းတင်ပြပြီးပေပြီ၊ ယခုအခါ ရှုပုံစနစ် အမြွက်မျှကို ဖော်ပြအပ်ပါသည်။

သိမ်းဆည်းရှုပွားပုံစနစ်

သိမ်းဆည်းရှုပွားပုံစနစ်

ထိုင်လျက် ဖြစ်စေ, သို့မဟုတ် မတ်တတ်ရပ်၍ ဖြစ်စေ သမာဓိကို အဆင့်ဆင့် ပြန်လည် ထူထောင်ပါ။ ရုပ်နာမ်တို့ကို ပြန်လည်၍ သိမ်းဆည်းပါ။ ထိုနောင် ---

၁။ ကြည့်လိုသော စိတ်စေတသိက်တို့ကို သိမ်းဆည်းပါ။ မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့တည်း။

၂။ ယင်းစိတ်စေတသိက်တို့ကြောင့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ် အပေါင်း၏ ထိုထို အရပ်သို့ မျက်လုံးအိမ် အရပ်သို့ တိုင်အောင် ပျံ့နှံ့သွားပုံကို ဉာဏ်ဖြင့်မြင်အောင် ကြည့်ပါ။ ယင်းရုပ်ပရမတ်တရားတို့ကို သိမ်းဆည်းပါ။

၃။ မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်ပါ။ မျက်လုံး မျက်ခွံများ လှုပ်ရှားအောင် ရွက်ဆောင်ပေးနေသော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိ လဟုတာဒိဒွါဒသကကလာပ်ရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲလျက် သိမ်းဆည်းပါ။ ပဓာန = ပြဓာန်းသော ရုပ်တရားတို့တည်း။ သယ်ဆောင်တတ်သော ရုပ်တို့တည်း။

၄။ အပ္ပဓာန = မပြဓာန်းသော (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော, အထူးသဖြင့် မျက်လုံးအိမ်ဝန်းကျင် ၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့ကား အသယ်ဆောင်ခံရသော ရုပ်တရားတို့တည်း။ (မျက်ခွံ ပွင့်သွားအောင် သယ်ဆောင်တတ်သော ရုပ်နှင့် အသယ်ဆောင်ခံရသော ရုပ်တရားတို့တည်း။) အောင်မြင်မှု ရရှိပါက သွားခိုက် အိပ်ခိုက် ကြည့်ရာတို့၌ လည်း နည်းတူပင် ရှုပါ။

၅။ ပဓာန --- အပ္ပဓာန ဖြစ်ကြသော ယင်းရုပ်တို့ကား --- ရုပ်တရားတည်း၊

၆။ ကြည့်လိုသော စိတ်စေတသိက်တို့ကား နာမ်တရားတည်း။ ဤသို့ ရုပ်နာမ်ကို သိမ်းဆည်းပါ။ ရုပ်နာမ် ခွဲပါ။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။

ထိုနောင် ရူပါရုံကို လှမ်းကြည့်လိုက်သဖြင့် ရူပါရုံကို မြင်တွေ့သောအခါ ---

၁။ ထိုရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ကို နာမ်ကမ္မဋ္ဌာန်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ဆက်လက်၍ သိမ်းဆည်းပါ။

၂။ ယင်းမြင်လိုက်သော ရူပါရုံနှင့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၏ မှီရာဝတ္ထုရုပ်များကို ဆက်လက် သိမ်း ဆည်းပါ။ (စက္ခုဝတ္ထု အဝင်အပါ မျက်စိ၌ ရှိသော -၅၄- မျိုးသောရုပ်, ဟဒယဝတ္ထု အဝင်အပါ နှလုံး၌ ရှိသော -၅၄- မျိုးသောရုပ်တို့ကို ဆိုလိုသည်။)

၃။ ထိုနောင် ရုပ်-နာမ် ခွဲပါ။

(က) ရူပါရုံနှင့် မှီရာဝတ္ထုရုပ်တို့ကား --- ရုပ်တရား,

( ခ ) စက္ခုဒွါရဝီထိ-မနောဒွါရဝီထိ စိတ်စေတသိက်တို့ကား --- နာမ်တရား ---

ဤသို့ ရုပ်-နာမ်ကို ခွဲပါ။ ထိုနောင် ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားပါ။

ဤအဆင့်သို့ တိုင်အောင် ဖော်ပြထားခဲ့ပြီးသော နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားတတ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ --- ရူပါရုံကို အာရုံပြုနေကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်း ဆည်းဖို့ရန်မှာ လွယ်ကူနေမည်သာ ဖြစ်ပေသည်။ အကယ်၍ မျက်စိအနည်းငယ်ဖွင့်၍ ယင်းနာမ်တရားတို့ကို သိမ်းဆည်းရသည်မှာ အခက်အခဲ ရှိနေပါက --- မျက်စိကို မှိတ်လျက်ပင် သမာဓိကို အဆင့်ဆင့်ထူထောင်လျက် ရုပ်နာမ်တို့ကို ပြန်လည်၍ သိမ်းဆည်းပါ။ ထိုနောင် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ---

၁။ စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ဉာဏ်၌ ပြိုင်တူထင်အောင် ပူးတွဲ သိမ်းဆည်းပါ။

၂။ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။

၃။ ထိုရူပါရုံအရောင်က စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့၌ ပြိုင်တူ ရိုက်ခတ်လိုက်သော အခါ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ ---

၄။ စက္ခုဒွါရဝီထိ နာမ်တရားစုတို့နှင့် ရူပါရုံကို ဆက်လက် အာရုံယူနေကြသည့် မနောဒွါရဝီထိ နာမ်တရားစု တို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ ဇောမှာ ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇော, အယောနိသော မနသိကာရဖြစ်က အကုသိုလ်ဇော, ထိုက်သလို စောပေမည်။

ထိုနောင် ---

၁။ မှီရာဝတ္ထုရုပ်တို့နှင့် ရူပါရုံက ရုပ်တရား,

၂။ စက္ခုဒွါရဝီထိ-မနောဒွါရဝီထိ-စိတ်စေတသိက်တို့က နာမ်တရား ---

ဤသို့ ရုပ်-နာမ် ခွဲပါ။ ထိုနောင် ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားပါ။

တစ်ဖန် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ---

၁။ ခန္ဓာ (၅)ပါးနည်း,

၂။ အာယတန (၁၂)ပါးနည်း,

၃။ ဓာတ် (၁၈)ပါးနည်းတို့ဖြင့်လည်း ဆက်လက်၍ သိမ်းဆည်းလိုပါက သိမ်းဆည်းပါ။

၁။ အသံကို ကြားရာ၌

၂။ အနံ့ကို နံရာ၌

၃။ အရသာကို သိရာ၌

၄။ အတွေ့အထိကို သိရာ၌

၅။ ဓမ္မသဘောကို သိရာ၌ ---

နည်းတူပင် ရှုပါ။ တစ်ဖန် မျက်စိဖွင့်၍ ရှုကြည့်ပါ။ ဣရိယာပုထ်တိုင်း၌ နည်းတူပင် ရှုနိုင်ပါသည်။

__________

သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊

သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊

= ကွေးရာ ဆန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

လက်ဆစ် ခြေဆစ်ဟူသော အရိုးအဆစ်တို့ကို ကွေးမှု ဆန့်မှုကို သမိဉ္ဇိတ ပသာရိတဟု ဆိုသည်။

၁။ သာတ္ထကသမ္ပဇဉ်

၁။ သာတ္ထကသမ္ပဇဉ်

သမိဉ္ဇိတေ ပသာရိတေတိ ပဗ္ဗာနံ သမိဉ္ဇနပသာရဏေ။ တတ္ထ စိတ္တဝသေနေဝ သမိဉ္ဇနပသာရဏံ အကတွာ ဟတ္ထပါဒါနံ သမိဉ္ဇနပသာရဏပစ္စယာ အတ္ထာနတ္ထံ ပရိဂ္ဂဟေတွာ အတ္ထပရိဂ္ဂဏှနံ သာတ္ထကသမ္ပဇညံ။ တတ္ထ ဟတ္ထပါဒေ အတိစိရံ သမိဉ္ဇိတွာ ဝါ ပသာရေတွာ ဧဝ ဝါ ဌိတဿ ခဏေ ခဏေ ဝေဒနာ ဥပ္ပဇ္ဇန္တိ၊ စိတ္တံ ဧကဂ္ဂံ န လဘတိ၊ ကမ္မဋ္ဌာနံ ပရိပတတိ၊ ဝိသေသံ နာဓိဂစ္ဆတိ။ ကာလေ သမိဉ္ဇန္တဿ ကာလေ ပသာရေန္တဿ ပန တာ ဝေဒနာ နုပ္ပဇ္ဇန္တိ၊ စိတ္တံ ဧကဂ္ဂံ ဟောတိ၊ ကမ္မဋ္ဌာနံ ဖာတိံ ဂစ္ဆတိ၊ ဝိသေသမဓိဂစ္ဆတီတိ ဧဝံ အတ္ထာနတ္ထပရိဂ္ဂဏှနံ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၃၄၂။ မ၊ဋ္ဌ၊၁၊၂၆၈။)

ထိုလက်ခြေတို့ကို ကွေးရာ ဆန့်ရာ၌ စိတ်၏အလိုအတိုင်းသာလျှင် ကွေးခြင်း ဆန့်ခြင်းကို မပြုမူ၍ လက် ခြေတို့ကို ကွေးခြင်း ဆန့်ခြင်းတည်းဟူသော အကြောင်းကြောင့် အကျိုးရှိသည် မရှိသည်ကို ဉာဏ်ဖြင့် ပိုင်းခြား ယူ၍ အကျိုးရှိသည်ကိုသာ သိမ်းဆည်းခြင်းသည် (= အကျိုးရှိသည်ဟု ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ကွေးခြင်း ဆန့်ခြင်းသည်) သာတ္ထကသမ္ပဇဉ် မည်၏။

ထိုသို့ ကွေးရာ ဆန့်ရာ၌ လက်ခြေတို့ကို အလွန်ကြာမြင့်စွာ ကွေး၍သော်လည်းကေင်း, ဆန့်တန်း၍သာ လျှင်သော်လည်းကောင်း တည်နေသော ယောဂါဝစရပုဂ္ဂိုလ်အား ခဏတိုင်း ခဏတိုင်း၌ ဒုက္ခဝေဒနာတို့သည် ဖြစ်ပေါ်လာတတ်ကြကုန်၏၊ စိတ်သည် တည်ကြည်ခြင်း = သမာဓိကို မရနိုင်၊ ကမ္မဋ္ဌာန်းသည် လျှောကျသွား၏၊ ဆုတ်ယုတ်သွား၏၊ တရားထူး တရားမြတ်ကို မရရှိနိုင်။ ကွေးသင့်သော အချိန်ကာလ၌ ကွေးသောသူအား ဆန့်သင့်သော အချိန်အခါကာလ၌ ဆန့်သောသူအားကား ထိုဒုက္ခဒေဝနာတို့သည် မဖြစ်ပေါ်လာကြကုန်။ စိတ်သည် တည်ကြည်မှု သမာဓိကို ရရှိလာ၏ = စိတ်သည် တည်ကြည်လာ၏။ ကမ္မဋ္ဌာန်းသည် ကြီးပွားခြင်းသို့ ရောက်ရှိ သွား၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဟူသည့် တရားထူး တရားမြတ်ကြီးကို ရရှိနိုင်၏။ ဤသို့လျှင် အကျိုးရှိမှု မရှိမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၂။ မ၊ဋ္ဌ၊၁၊၂၆၈။)

အဘိညေယျတရား

အဘိညေယျတရား

သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ။ (သံ၊၂၊၂၅၈။ ခု၊၉၊၆။)

ဤသို့ ဟောကြားထားတော်မူအပ်သော ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရမည့် အဘိညေယျ တရားစုတို့ကား ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ ဖြစ်ကြ၏။ ယင်း အဘိညေယျ တရားစုတို့တွင် ဝေဒနာက္ခန္ဓာလည်း ပါဝင်လျက်ရှိ၏။ သို့အတွက် ဝေဒနာသည်လည်း ပရိညာပညာ သုံးမျိုး တို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် သိမ်းဆည်းရမည့် ဝိပဿနာ ရှုပွားသုံးသပ်ရမည့် တရားသာ ဖြစ်၏။ ယင်း ဝေဒနာကို ကုန်အောင် တိုက်ထုတ်ရမည့် တရားမျိုးကား မဟုတ်ပေ။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ပြောဆိုချက်

အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ပြောဆိုချက်

အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား တရားထိုင်လိုက်သဖြင့် အချိန်အနည်းငယ် ကြာညောင်း၍ ခန္ဓာကိုယ်ဝယ် နာကျင်ကိုက်ခဲမှုများ ဖြစ်ပေါ်လာသောအခါ ယင်းနာကျင်ကိုက်ခဲမှု စသည်ကို လိုက်ရှုကြ၏။ ထိုသို့ ရှုလိုက်သဖြင့် နာကျင်ကိုက်ခဲမှု စသည်တို့ ပျောက်ပျက်သွားသောအခါ ဝေဒနာကို ကျော်သွားပြီ၊ ဝေဒနာ ကုန်သွားပြီ၊ ဝေဒနာ မရှိတော့ပြီဟု ပြောတတ်ကြ၏။

ထိုသို့ ပြောဆိုလာသူတို့အား အသိစိတ်ကော ရှိပါသေးသလားဟု မေးမြန်းကြည့်သောအခါ အသိစိတ် ကား ရှိနေသည် မချုပ်သေးပါဟု အဖြေပေးကြ၏။

ယင်းသို့ ဝေဒနာကို နိုင်အောင်တိုက်နိုင်ပါသည်ဟု ဝန်ခံသော ထိုယောဂါဝစရပုဂ္ဂိုလ်မြတ်တို့၏ အလိုမှာ ဝေဒနာကား ချုပ်သွား၏၊ အသိစိတ်ကား မချုပ်သေးဟု ဆိုလိုနေကြ၏။

ဘုရားရှင်၏ အဆုံးအမ သာသနာတော်၌ကား ဝေဒနာစေတသိက်သည် သဗ္ဗစိတ္တသာဓာရဏစေတသိက် = စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် ဖြစ်၏။ စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဉ်၏၊ စိတ်ရှိနေသမျှ ဝေဒနာ ကား ရှိလျက်ပင် ဖြစ်သည်။ စိတ်ဖြစ်နေသမျှ ဝေဒနာကား ဖြစ်လျက်ပင် ရှိ၏။ ထိုဝေဒနာမှာ သုခသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် ဒုက္ခသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် ဥပေက္ခာသော်လည်း ဖြစ်ရာ၏။ ဝေဒနာတစ်မျိုးမျိုး ကား စိတ်ဖြစ်တိုင်း ပါဝင်လျက် ရှိ၏။

ဘုရားဟောနှင့် ခေတ်အပြောကား ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေ၏။ မည်သည့် အဆိုကို အမှန်ယူ သင့်သည် ဟူသော အချက်ကား အသင်သူတော်ကောင်းကိုယ်တိုင် ဆုံးဖြတ်ယူရမည့် ကိုယ်ပိုင် အခွင့်အရေး တစ်ခုပင် ဖြစ်သည်။ အကယ်၍ အသင်သူတော်ကောင်းဘက်က ဘုရားဟောကား မှား၏၊ မိမိ၏ ကိုယ်တွေ့ ဉာဏ်မြင်ကား မှန်၏ဟု အဖြေပေးလာသည် ဖြစ်အံ့၊ ထိုဘုရားကိုပင် အသင်သူတော်ကောင်း အနေဖြင့် ယုံကြည်သိမှတ် ဆည်းကပ် ကိုးကွယ်ဖို့ရန် သင့်မသင့်ကိုပါ ထပ်မံ စဉ်းစားရတော့မည် ဖြစ်ပေသည်။ ဘုရား ဟောကား မှား၏ဟု အဖြေပေးနေသောကြောင့် ဖြစ်၏။

ဝေဒနာ မချုပ်ဘူးလား

ဝေဒနာ မချုပ်ဘူးလား

ဝေဒနာကား ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရမည့် တရားစုသာ ဖြစ်၏။ ဝေဒနာကို ကုန် အောင်တိုက်ရမည့် တရားကား မဟုတ်ပေ။ ဝေဒနာကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော တဏှာအမျိုး မျိုးတို့ကိုသာ ကုန်အောင်တိုက်ရမှာ ဖြစ်သည်။ တဏှာကို ကုန်ခန်းစေသည့် ကျင့်စဉ်ကား --- အကြောင်းတရားနှင့် တကွသော ဝေဒနာ အဝင်အပါ ဖြစ်သည့် ခန္ဓာ (၅)ပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင် ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း လုပ်ငန်းရပ်ပင် ဖြစ်သည်။

ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄။)

အကြောင်းတရားတို့ကား သမုဒယသစ္စာတရားတည်း။ အကျိုးခန္ဓာ (၅)ပါးတို့ကား ဒုက္ခသစ္စာတရားတည်း။ အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာ (၅)ပါးတို့ကား သင်္ခါရတရားတည်း။ ယင်းသင်္ခါရတရားတို့၏ အနိစ္စ- ဒုက္ခ-အနတ္တ အခြင်းအရာ၌ ကောင်းစွာ တည်နေသော ဝိပဿနာဉာဏ်က ရှေးက ဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြု သောအားဖြင့် သိသော အရိယမဂ်ဉာဏ်က နောက်က ဖြစ်၏။

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အရိယမဂ်ဉာဏ် ပေါ်လာမည် ဖြစ်၏၊ ယင်းအရိယမဂ်ဉာဏ်က ကိလေသာတို့ကို အဆင့်ဆင့် ပယ်သတ်သွားမည် ဖြစ်၏၊ ယင်း ကိလေသာတို့တွင် တဏှာလည်း ပါဝင်လျက်ပင် ရှိ၏။ သို့အတွက် ဝေဒနာကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော တဏှာကို ချုပ်ငြိမ်းစေရေးအတွက် အကြောင်းတရားနှင့် တကွသော ဝေဒနာ အဝင်အပါဖြစ်သည့် ခန္ဓာ (၅)ပါး တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။ ထိုကြောင့် ဝေဒနာကား ကုန်အောင်တိုက်ထုတ်ရမည့် တရား မဟုတ်၊ ပရိညာပညာ သုံးမျိုးဖြင့် (တဏှာ ကုန်ခန်းရေးအတွက်) ပိုင်းခြား သိအောင် ကျင့်ရမည့် တရားသာ ဖြစ်သည်။

ယင်းသို့ ဖြစ်လျှင် ဝေဒနာကား မချုပ်တော့ပြီလောဟု မေးရန်ရှိ၏။ ကျမ်းဂန်များ၌ ဝေဒနာချုပ်ပုံ သုံးမျိုး လာရှိ၏။

၁။ ယေဘုယျအားဖြင့် သာသနာပ အချိန်အခါကာလ၌ စတုတ္ထစျာန်သို့ တိုင်အောင်သော ရူပါဝစရစျာန် တို့ကို ရရှိတော်မူကြသည့် သူတော်ကောင်းတို့သည် နာမ်တရား ရှိ၍ ခံစားမှု ရှိနေရ၏၊ နာမ်တရား မရှိက ခံစားမှုလည်း မရှိနိုင်၊ ထိုအခါ ချမ်းသာလိမ့်မည်ဟု မျှော်လင့်၍ နာမ်တရားတို့ကို ရွံရှာစက်ဆုပ်သည့် နာမဝိရာဂဘာဝနာတစ်မျိုးကို ပွားများအားထုတ်ကြ၏။ ယင်းနာမဝိရာဂဘာဝနာ၏ စွမ်းအားကြောင့် ကွယ်လွန်သွား သောအခါ အသညသတ်ဘုံသို့ ရောက်ရှိသွားကြ၏။ ယင်းဘုံ၌ နာမ်တရား လုံးဝမရှိဘဲ ရုပ်ချည်းသက်သက် ကမ္ဘာ (၅၀၀)ကာလပတ်လုံး တည်နေနိုင်၏။ ထိုအချိန်၌ ထိုဘုံဝယ် နာမ်တရားများ လုံးဝဖြစ်ခွင့် မရှိသဖြင့် နာမ်တရားတို့တွင် အဝင်အပါဖြစ်သော ဝေဒနာလည်း ချုပ်ငြိမ်းသွားရ၏။ ဤကားဝေဒနာချုပ်ပုံ တစ်နည်းတည်း။

၂။ သမာပတ် (၈)ပါးတို့ကို ရရှိတော်မူကြသော အနာဂါမ် ရဟန္တာအရှင်မြတ်ကြီးတို့သည် သင်္ခါရတရားတို့၏ အပျက်ကို အမြဲတမ်း ဝိပဿနာရှုနေရသဖြင့် သင်္ခါရတရားတို့၏ အပျက်ကိုပင် မြင်တွေ့နေရ၍ ငြီးငွေ့တော်မူ လာကြ၏၊ ယင်းသို့ ငြီးငွေ့တော်မူကြသဖြင့် သညာ ဝေဒနာကို ဦးတည်၍ သညာဝေဒယိတနိရောဓဟု ခေါ်ဆို ထားသော စိတ်+စေတသိက်+စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှု = နိရောဓသမာပတ်ကို ဝင်စားတော်မူကြ၏။ ယင်း နိရောဓသမာပတ်ကို အလိုရှိသလို အချိန်ကာလကို ပိုင်းခြား၍ ဝင်စားတော်မူကြ၏။ တစ်ရက် ဝင်စားပါက တစ်ရက်ပတ်လုံး စိတ်+စေတသိက်+စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေကြ၏။ (၇)ရက် ဝင်စားပါက (၇)ရက်ပတ်လုံး စိတ် +စေတသိက်+စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေကြ၏။ သို့အတွက် ထိုအချိန်တွင် စေတသိက်တို့တွင် အဝင်အပါ ဖြစ် သော ဝေဒနာလည်း ချုပ်ငြိမ်းသွားရ၏။ ဤသည်မှာလည်း ဝေဒနာချုပ်ပုံ တစ်နည်းတည်း။

၃။ ရဟန္တာအရှင်မြတ်တို့ ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသောအခါ ယင်း ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်၌ ခန္ဓာ (၅)ပါးတို့သည် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြ၏။ အဆင့်ဆင့်သော အရိယမဂ်ဉာဏ် တို့က ကံ-ကိလေသာတို့ကို အကြွင်းမဲ့ ပယ်စွန့်လိုက်သဖြင့် ကံ-ကိလေသာများ ချုပ်ငြိမ်းသွားခြင်းကြောင့်, တစ် နည်း ဆိုရသော် တဏှာကုန်သွားခြင်းကြောင့် တဏှာ အစိုဓာတ် အစေးဓာတ်များ ထင်ရှားရှိပါမှ ဖြစ်ခွင့်ရှိသော ခန္ဓာ (၅)ပါးတို့လည်း မဖြစ်နိုင်တော့ဘဲ လုံးဝအပြီးတိုင် ချုပ်ငြိမ်းသွားကြရ၏။ ခန္ဓာ (၅)ပါးတို့တွင် တစ်ပါး အပါအဝင် ဖြစ်သော ဝေဒနာလည်း ချုပ်ငြိမ်းသွားရ၏။ ဤသည်လည်း ဝေဒနာချုပ်ပုံ တစ်နည်းတည်း။

ဤသို့လျှင် ဗုဒ္ဓစာပေ ကျမ်းဂန်များ၌ ဝေဒနာချုပ်ပုံ သုံးမျိုးလာရှိ၏။ အသညသတ်ဘုံ၌ ဝေဒနာအဝင်အပါ နာမ်တရားအားလုံးတို့၏ ချုပ်ငြိမ်းမှုကား နောင်တစ်ဖန် ပြန်လည်၍ ဖြစ်ခွင့်ရှိသော ချုပ်ငြိမ်းမှု ဖြစ်ခြင်းကြောင့် ဥပ္ပါဒနိရောဓတည်း။ အသညသတ်ဘုံ၌ ကမ္ဘာ (၅၀၀) သက်တမ်း ကုန်ဆုံး၍ ပဉ္စဝေါကာရဘုံ၌ တစ်ဖန်ပြန်၍ ပဋိသန္ဓေ တည်နေရသောအခါ ဝေဒနာ အဝင်အပါ ဖြစ်သော ခန္ဓာ (၅)ပါးတို့ တစ်ဖန် ပြန်လည်၍ ဖြစ်ရပြန်၏။ သို့အတွက် အသညသတ်ဘုံ၌ နာမ်တရားတို့၏ ချုပ်ငြိမ်းမှုမှာ နောင်တစ်ဖန် ဖြစ်ခြင်းရှိသော ချုပ်ခြင်း = ဥပ္ပါဒ နိရောဓတည်း။

နိရောဓသမာပတ် အခိုက်၌ ဝေဒနာနှင့် တကွသော စိတ်+စေတသိက်+စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုမှာလည်း နိရောဓသမာပတ်မှ ထသောအခါ တစ်ဖန် ပြန်လည်၍ ဖြစ်ခွင့်ရှိသောကြောင့် ဥပ္ပါဒနိရောဓ သဘော အားဖြင့် ချုပ်ငြိမ်းခြင်းတည်း။

ပရိနိဗ္ဗာနစုတိ၏ နောက်၌ ဝေဒနာ အဝင်အပါ ခန္ဓာ (၅)ပါးတို့၏ ချုပ်ငြိမ်းမှုကား နောင်တစ်ဖန် မဖြစ် သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ခြင်းတည်း။

ဤဝေဒနာချုပ်ငြိမ်းပုံ သုံးမျိုးလုံး၌ ဝေဒနာ တစ်ခုတည်းသာ ချုပ်သည်မဟုတ် ဝေဒနာနှင့် ယှဉ်ဖက် စိတ် စေတသိက်အားလုံး ချုပ်ကြသည့် ချုပ်ငြိမ်းမှုမျိုးသာ ဖြစ်သည်။ အသင်သူတော်ကောင်း ပြောသကဲ့သို့ အသိ စိတ်ကား ရှိ၏၊ ဝေဒနာကား မရှိတော့ပြီဟူသော ချုပ်နည်းမျိုးကား မဟုတ်ပါပေ။ ခဏနိရောဓဟူသော ဝေဒနာ အဝင်အပါ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်သည်လည်း ဥပ္ပါဒနိရောဓပင်တည်း။ အကြောင်းမကုန်သေးပါက နောင်တစ်ဖန် ဖြစ်ခွင့်ရှိသော ချုပ်ခြင်းတည်း။ သင်္ခါရတရားတိုင်း၏ ဓမ္မတာတည်း။ ယင်းချုပ်ပုံကိုပါ ထည့်သွင်း ရေတွက်လျှင် ဝေဒနာချုပ်ပုံ လေးမျိုး ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းခဏနိရောဓကိုကား ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်သည်။

စည်းကမ်း မလိုက်နာမှုက စခဲ့သည့် အမှား

စည်းကမ်း မလိုက်နာမှုက စခဲ့သည့် အမှား

ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော့မည် ဖြစ်ပါက ---

၁။ သီလဝိသုဒ္ဓိ = သီလစင်ကြယ်အောင် ကြိုးစားအားထုတ်ရ၏။

၂။ စိတ္တဝိသုဒ္ဓိ = ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိ တစ်ခုခုကို ရရှိအောင် နီဝရဏ အညစ်အကြေးကင်း စိတ်ဖြူစင်သန့်ရှင်းအောင် ကြိုးစားအားထုတ်ရ၏။

၃။ စိတ္တဝိသုဒ္ဓိ ဖြစ်ပါမှ သမာဓိစခန်း အောင်မြင်ပါမှ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးရ၏။ နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိအောင် ကြိုးစားအားထုတ်ရ၏။

၄။ ထိုဒိဋ္ဌိဝိသုဒ္ဓိစခန်း --- နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင် --- ဝေဒနာကို သိမ်းဆည်းတော့မည့် ပုဂ္ဂိုလ်သည် -

(က) ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ --- (မ၊ဋ္ဌ၊၁၊၂၈၀) ဟူသော အဋ္ဌကထာများ၏ ညွှန်ကြားချက်အရ ရုပ် ကမ္မဋ္ဌာန်းကို သိမ်းဆည်းထားပြီး ဖြစ်ရမည်။

( ခ ) ဝေဒနာ တစ်ခုတည်းကိုသာ သိမ်းဆည်း ရှုပွားရသည် မဟုတ်၊ ဝေဒနာနှင့် ယှဉ်ဖက် စိတ်+စေတသိက် အားလုံးကို ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်း စိတ္တက္ခဏတိုင်း၌ သိမ်းဆည်း ရှုပွား ရမည်။ ဝီထိမုတ်စိတ်တို့၌လည်း နည်းတူပင်တည်း။

၅။ အတိတ်-အနာဂတ်-ပစ္စုပ္ပန် ကာလသုံးပါးတို့၌ ယင်းဝေဒနာနှင့် တကွသော ခန္ဓာ (၅)ပါး ရုပ်နာမ်တရား တို့၏အကြောင်းတရားတို့ကို သိမ်းဆည်းရမည်။ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိအောင် ကြိုးစားအားထုတ်ရမည်။

၆။ ထိုသို့ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရရှိပြီးပါမှ ဝိပဿနာသို့ ကူးရမည်။

ဤစည်းကမ်းတို့ကား ဝေဒနာကို ရှုတော့မည့် ပုဂ္ဂိုလ်တို့ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်တို့ ဖြစ် ကြသည်။ ဤစည်းကမ်း သတ်မှတ်ချက်တို့ကား တရားစစ် တရားမှန်ကို လိုလားတောင့်တသော သူတော်ကောင်း မှန်သမျှတို့သည် လိုက်နာပြုကျင့်သင့်သော စည်းကမ်းတို့ပင် ဖြစ်ကြသည်။ အကယ်၍ အသင်သူတော်ကောင်း သည် ဤစည်းကမ်းချက်များကို မလိုက်နာဘဲ ဆန်စင်ရာ ကျည်ပွေ့လိုက်နေပါက အသင်သူတော်ကောင်းအဖို့ လိုရာအကျိုး မပြီး ရှိနိုင်သည်။ ဤမျှဖြင့် မကျေနပ်သေးပါက အောက်ပါ ပဟာရာဒသုတ္တန် ကောက်နုတ်ချက်ကို ဖတ်ရှုကြည့်ပါ။

ဖား-ဝါဒ မဟုတ်ပါ

ဖား-ဝါဒ မဟုတ်ပါ

သေယျထာပိ ပဟာရာဒ မဟာသမုဒ္ဒေါ အနုပုဗ္ဗနိန္နော အနုပုဗ္ဗပေါဏော အနုပုဗ္ဗပဗ္ဘာရော န အာယတကေနေဝ ပပါတော။ ဧဝမေဝ ခေါ ပဟာရာဒ ဣမသ္မိံ ဓမ္မဝိနယေ အနုပုဗ္ဗသိက္ခာ အနုပုဗ္ဗကိရိယာ အနုပုဗ္ဗပဋိပဒါ န အာယတကေနေဝ အညာပဋိဝေဓော။ (အံ၊၃၊၄၁။)

အနုပုဗ္ဗသိက္ခာတိအာဒီသု အနုပုဗ္ဗသိက္ခာယ တိဿော သိက္ခာ ဂဟိတာ၊ အနုပုဗ္ဗကိရိယာယ တေရသ ဓုတင်္ဂါနိ၊ အနုပုဗ္ဗပဋိပဒါယ သတ္တ အနုပဿနာ အဋ္ဌာရသ မဟာဝိပဿနာ အဋ္ဌတိံသ အာရမ္မဏဝိဘတ္တိယော သတ္တတိံသ ဗောဓိပက္ခိယဓမ္မာ။ န အာယတကေနေဝ အညာပဋိဝေဓောတိ မဏ္ဍူကဿ ဥပ္ပတိတွာ ဂမနံ ဝိယ အာဒိတောဝ သီလပူရဏာဒိံ အကတွာ အရဟတ္တပဋိဝေဓော နာမ နတ္ထိ၊ ပဋိပါဋိယာ ပန သီလသမာဓိပညာယော ပူရေတွာဝ သက္ကာ အရဟတ္တံ ပတ္တုန္တိ အတ္ထော။ (အံ၊ဋ္ဌ၊၃၊၂၂၀-၂၂၁။)

ဒါယကာတော် ပဟာရာဒ (အသုရိန်) ...မဟာသမုဒ္ဒရာသည် ကမ်းစပ်၌ စလျှင်စချင်း စောက်နက်သည် မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်သည် အစဉ်အတိုင်း ကိုင်းသည် အစဉ်အတိုင်း ရှိုင်းသည် ဖြစ်သကဲ့သို့ ဤအတူပင် ဤငါဘုရားရှင်၏ ဓမ္မဝိနယ သာသနာတော်၌ ---

၁။ အနုပုဗ္ဗသိက္ခာ = အစဉ်အတိုင်း ကျင့်အပ်သော သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ် (သီလ သိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာ) ဟူသော ကျင့်စဉ် ရှိ၏။

၂။ အနုပုဗ္ဗကိရိယာ = အစဉ်အတိုင်း ပြုလုပ်အပ်သော ဓုတင် (၁၃)ပါးဟူသော လုပ်ငန်းစဉ် ရှိ၏။

၃။ အနုပုဗ္ဗပဋိပဒါ = အစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည့် ---

(က) အနိစ္စာနုပဿနာ စသော (၇)ပါးသော အနုပဿနာ ရှိ၏၊

( ခ ) ၁၈ - ပါးသော မဟာဝိပဿနာ ရှိ၏။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။)

( ဂ ) ၃၈ - ပါးကုန်သော သမထအာရုံ ကမ္မဋ္ဌာန်းတို့ကို ခွဲခြားဝေဖန်ခြင်းတို့သည် ရှိကုန်၏။

(သမထကမ္မဋ္ဌာန်းပိုင်းတွင် ထင်ရှားလတ္တံ့။)

(ဃ) ၃၇ - ပါးကုန်သော ဗောဓိပက္ခိယတရားကျင့်စဉ်တို့သည် ထင်ရှားရှိကုန်၏။

(ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။)

၄။ ဖားသတ္တဝါ၏ ဤမှ ထိုမှ ခုန်ပျံ၍ ထိုထို ဤဤ အရပ်သို့ သွားခြင်းကဲ့သို့ စလျှင်စခြင်း အစအဦး၌ပင်လျှင် သီလကျင့်စဉ်ကို ဖြည့်ကျင့်မှု မရှိဘဲ သမာဓိကျင့်စဉ်ကို ဖြည့်ကျင့်မှု မရှိဘဲ ပညာကျင့်စဉ်ကို ဖြည့်ကျင့်မှု မရှိဘဲ အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိခြင်း မည်သည် မရှိစကောင်းသည်သာတည်း။ အစဉ်အတိုင်း သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ဖြည့်ကျင့်မှသာလျှင် အရဟတ္တဖိုလ်သို့ ရောက်ရှိ ဖို့ရန် စွမ်းနိုင်၏။

ဒါယကာတော် ပဟာရာဒ ...ယင်းသို့လျှင် ဤဓမ္မဝိနယ သာသနာတော်၏ ---

၁။ အနုပုဗ္ဗသိက္ခာ = အစဉ်အတိုင်း ပြုကျင့်ရသော သိက္ခာစဉ် ရှိခြင်း ---

၂။ အနုပုဗ္ဗကိရိယာ = အစဉ်အတိုင်း ပြုလုပ်ရသော လုပ်ငန်းစဉ် ရှိခြင်း ---

၃။ အနုပုဗ္ဗပဋိပဒါ = အစဉ်အတိုင်း ကျင့်ရသော ကျင့်စဉ် ရှိခြင်း ---

၄။ န အာယတကေနေဝ အညာပဋိဝေဓော = စလျှင်စခြင်း အစဦး၌ပင်လျှင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မသိရခြင်းသည် ---

ဤဓမ္မဝိနယသာသနာတော်၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ပထမသဘောတည်း၊ ယင်းသဘော ကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယသာသနာတော်၌ အလွန်မွေ့လျော်ကြကုန်၏။ (အံ၊၃၊၄၁၊၊)

ထိုသို့ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ်တို့ကို အစဉ်အတိုင်း မကျင့်ပါက ---

၁။ ဝေဒနာ၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင်လည်း သိမ်းဆည်းတတ် ဉာဏ်ဖြင့် ပိုင်းခြားယူတတ်မည် မဟုတ်ပေ။

၂။ ဝေဒနာနှင့် စိတ္တက္ခဏ တစ်ခုအတွင်း အတူယှဉ်တွဲ ဖြစ်သွားကြသည့် နာမ်တရားစု = သမ္ပယုတ်တရားစု တို့ကိုလည်း ဟုတ်တိုင်းမှန်စွာ သိမ်းဆည်းတတ် ဉာဏ်ဖြင့် ပိုင်းခြားယူတတ်မည်လည်း မဟုတ်ပေ။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဝေဒနာ ဦးဆောင်သည့် နာမ်တရားစုတို့ကို ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်း အတိုင်း သိမ်းဆည်းတတ် ဉာဏ်ဖြင့် ပိုင်းခြားယူတတ်မည်လည်း မဟုတ်ပေ။

၃။ ဝေဒနာ၏ မှီရာဝတ္ထုရုပ် အာရုံရုပ်တို့ကိုလည်း မသိမ်းဆည်းတတ်သေးပါက, ဝေဒနာကို အဦးမူ၍ နာမ် တရားတို့ကိုလည်း ပရမတ်သို့ဆိုက်အောင် မသိမ်းဆည်းတတ်သေးပါက --- ယင်းဝေဒနာနှင့် တကွသော ရုပ် နာမ်တို့ကို မသိမ်းဆည်းတတ် ဉာဏ်ဖြင့် ပိုင်းခြားမယူတတ်သေးသဖြင့် နာမရူပပရိစ္ဆေဒဉာဏ်မျှ မရရှိသေးသော အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ပစ္စယပရိဂ္ဂဟဉာဏ်မှာ အလှမ်းဝေးလျက်ပင် ရှိနေဦးမည်။

၄။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်မျှ မရရှိသေးသော သူတော်ကောင်းတစ်ဦးသည် ကမ္မဋ္ဌာန်း ကျောင်းတစ်ခု၏ အတွင်းသို့ ဝင်ရောက်၍ စလျှင် စခြင်း ရုပ်နာမ်ကိုမျှ ပရမတ်သို့ဆိုက်အောင် မသိသေးဘဲ -

(က) ပညတ် ပရမတ် မခွဲဘဲ ရှုချင်ရာကို ရှုချင်သလို ရှုရသည့်စနစ်ကို ကျင့်သုံးနေပါက ---

( ခ ) ပညတ်ကိုသာ ဖြစ်ပျက် ရှုနေပါက ---

( ဂ ) ခန္ဓာကိုယ်စိုက် ဝေဒနာလိုက်ဟူသော မူဝါဒကို လက်ခံ ကျင့်သုံးနေပါက ---

(ဃ) နာမှု ကျင်မှုတွေကို (အတုံးလိုက် အခဲလိုက်) ဖြစ်ပျက် ရှုနေပါက ---

ဖားသတ္တဝါ၏ ဤမှ ထိုမှ ခုန်ပျံ၍ ထိုထို ဤဤ အရပ်သို့ သွားခြင်းနှင့် တူနေသဖြင့် ဝိပဿနာဉာဏ်အစစ် ဖြစ်နိုင် မဖြစ်နိုင် မဂ်ဉာဏ် ဖိုလ်ဉာဏ်အစစ်ကို ရနိုင် မရနိုင်ဟူသော အချက်ကိုကား အသင်သူတော်ကောင်းသည် အလေးအနက်ထား၍ စဉ်းစားဝေဖန်ရမည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝေဒနာကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်နိုင်ပါမှ ယင်းဝေဒနာ၏ ကုန်တတ် ပျက်တတ်သည့် ခယ ဝယ သဘောကို ဟုတ်တိုင်းမှန်စွာ သိနိုင်မည် ဖြစ်သည်၊ ခဏမစဲ တသဲသဲ ချုပ်ပျက်နေသည့် ခဏိကနိရောဓ = ခဏနိရောဓ = ခယနိရောဓ သဘောကိုလည်း ဟုတ်တိုင်းမှန်စွာ သိရှိနိုင်မည် --- သူတော်ကောင်း အပေါင်းတို့ ...

ဤတွင် သမိဉ္စိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ = ကွေးရာ ဆန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ ရှိ၏။ --- ဟူသော ဒေသနာတော်၌ --- သာတ္ထကသမ္ပဇဉ်အကြောင်းကို ရှင်းလင်း တင်ပြပြီးပေပြီ။ ယခုတစ်ဖန် သပ္ပါယသမ္ပဇဉ် စသည့် သမ္ပဇဉ်များအကြောင်းကို ဆက်လက် တင်ပြအပ်ပါသည်။

၂။ သပ္ပါယသမ္ပဇဉ်

၂။ သပ္ပါယသမ္ပဇဉ်

ကွေးရာ ဆန့်ရာ၌ အကျိုးစီးပွား ရှိမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သဖြင့် အကျိုးရှိသည် မှန်သော်လည်း သပ္ပါယ ဖြစ်သည် မဖြစ်သည်ကို = လျောက်ပတ်သည် မလျောက်ပတ်သည်ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ လျောက် ပတ်သည်ကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်း သိမ်းဆည်းနိုင်ခြင်း ပြုကျင့်နိုင်ခြင်းသည် သပ္ပါယသမ္ပဇဉ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၃။)

ထို သပ္ပါယ အသပ္ပါယ နှစ်မျိုးတို့တွင် ဤဆိုလတ္တံ့သည်ကား သပ္ပါယ အသပ္ပါယ သဘောကို သိကြောင်း ဖြစ်သော နည်းလမ်းတည်း။

မဟာစေတီရင်ပြင်တော်၌ ရဟန်းငယ်တို့သည် တရားတော်ကို ရွတ်ဖတ်ပူဇော်မှုကို ယူနေကြကုန်၏။ ထို ပဉ္စင်းငယ်တို့၏ နောက်ကျောဘက်တို့၌ ဘိက္ခူနီမငယ်တို့သည် တရားတော်ကို နာယူနေကြကုန်၏။ ထိုပဉ္စင်းငယ် တို့တွင် ရဟန်းငယ်တစ်ပါးသည် လက်ကို ဆန့်တန်းလိုက်သည်ရှိသော် ဘိက္ခူနီမငယ်တစ်ဦးနှင့် အသားချင်း ထိမိသွား၏။ ထိုအကြောင်းကြောင့်ပင်လျှင် သာသနာတော်၌ မပျော်မွေ့တော့ဘဲ လူဝတ်လဲလိုက်၏။

တစ်ဖန် ရဟန်းငယ်တစ်ပါးသည် ခြေထောက်ကို ဆန့်တန်းလိုက်သော် မီးပုံပေါ်၌ ဆန့်မိလျက်သား ဖြစ် သွား၏၊ အရိုးသို့တိုင်အောင် ခြေထောက်သည် မီးလောင်ကျွမ်းသွား၏။

အခြား ရဟန်းငယ်တစ်ပါးသည် တောင်ပို့၌ ခြေထောက်ကို ဆန့်တန်းမိ၏။ ထိုရဟန်းကို ပြင်းထန်သော အဆိပ်ရှိသော မြွေက ကိုက်လိုက်၏။ အခြား ရဟန်းတစ်ပါးသည် စီဝရကုဋိ ခေါ်သော သင်္ကန်းကျောင်း၏ တန်းကို လက်ဖြင့် ဆန့်တန်း၍ ကိုင်လိုက်၏၊ ထိုရဟန်းကို ယင်းတန်းတွင် တည်ရှိနေသော မြွေစိမ်းက ကိုက် လိုက်ပြန်၏။

ထိုကြောင့် ဤသို့ သဘောရှိသော မလျော်သော အသပ္ပါယဖြစ်ရာ အရပ်၌ လက်ခြေတို့ကို ဆန့်တန်းမှု မပြုဘဲ လျော်လျောက်ပတ်သော သပ္ပါယ ဖြစ်ရာ အရပ်၌သာလျှင် လက်ခြေတို့ကို ဆန့်တန်းထိုက်၏၊ ဤသို့ လျောက်ပတ်သည်ကို ဆင်ခြင်ခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်း လိုက်နာ ပြုကျင့်နိုင်ခြင်းသည် ဤအရာ၌ သပ္ပါယသမ္ပဇဉ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၃။ မ၊ဋ္ဌ၊၁၊၂၆၈-၂၆၉။)

၃။ ဂေါစရသမ္ပဇဉ်

၃။ ဂေါစရသမ္ပဇဉ်

ဤလက်ခြေတို့ကို ကွေးရာဆန့်ရာ၌ ဂေါစရသမ္ပဇဉ်ဖြစ်ပုံကို မဟာထေရဝတ္ထုဖြင့် ထင်ရှားပြထိုက်ပေ၏။ မဟာထေရ်ကြီးသည် နေ့အခါ၌ တရားနှလုံးသွင်းရာ ဖြစ်သော နေ့သန့်စင်ရာ ဌာန၌ သီတင်းသုံး ထိုင်နေစဉ် အန္တေဝါသိက = အနီးနေတပည့်တို့နှင့် အတူတကွ စကားပြောလတ်သော် အဆောတလျင် (ကမ္မဋ္ဌာန်းလက် လွတ်) လက်ကို ကွေးမိ၏။ ထိုသို့ ကွေးမိ၍ တစ်ဖန် မူလထားမြဲတိုင်းသော နေရာ၌ လက်ကို ပြန်ထား၍ အသာငယ် ဖြေးဖြေး ကွေး၏။ ထိုမထေရ်ကြီးကို အန္တေဝါသိက = အနီးနေတပည့်တို့က --- အရှင်ဘုရား ... အဘယ်ကြောင့် အဆောတလျင် လက်ကို ကွေးလိုက်ပြီးမှ နောက်ထပ်တစ်ဖန် မူလထားမြဲတိုင်းသော နေရာ၌ လက်ကို ပြန်ထား၍ အသာငယ် ဖြေးဖြေး ကွေးပါကုန်သနည်း --- ဤသို့ မေးမြန်း လျှောက်ထားကြကုန်၏။ ငါ့ရှင်တို့ ...အကြင်နေ့မှ အစပြု၍ ငါသည် ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းငှာ စတင်အားထုတ်၏၊ ထိုနေ့မှ အစပြု၍ ငါသည် ကမ္မဋ္ဌာန်းကို လွှတ်၍ လက်ကို မကွေးစေခဲ့ စဖူးပေ။ ယခုအခါ၌ကား ငါသည် သင်တို့နှင့် အတူတကွ စကားပြောမိသည်ဖြစ်၍ ကမ္မဋ္ဌာန်းကို လွှတ်၍ ကွေးခဲ့မိ၏။ ထိုကြောင့် တစ်ဖန် မူလထားမြဲတိုင်း သော နေရာ၌ လက်ကို ထားပြန်၍ ကွေးခဲ့လေပြီ --- ဤသို့ မဟာထေရ်ကြီးက မိန့်ကြားတော်မူလိုက်၏။ အရှင်ဘုရား သာဓု သာဓု သာဓု ... ရဟန်း မည်သည် ဤသို့သော သဘောရှိသော ပုဂ္ဂိုလ်မျိုးသည်သာ ဖြစ်ထိုက်ပါ၏ --- ဤသို့ တပည့်တို့က ပြန်လည် လျှောက်ထားကြကုန်၏။ ဤသို့လျှင် မိမိနှလုံးသွင်းနေသည့် ကမ္မဋ္ဌာန်းကို မစွန့်လွှတ်ခြင်းကိုပင်လျှင် ဤလက်ခြေတို့ကို ကွေးရာ ဆန့်ရာ၌ ဂေါစရသမ္ပဇဉ်ဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၃။ မ၊ဋ္ဌ၊၁၊၂၆၉။)

[မှတ်ချက် --- ဤ၌ ကမ္မဋ္ဌာန်းဟူသည် သမာဓိထူထောင်ဆဲ သမာဓိပိုင်းတွင်သာ တည်ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မူ သမထကမ္မဋ္ဌာန်းကို ဆိုလိုပေသည်။ ဂတပစ္စာဂတဝတ်ပိုင်းတွင် ဖော်ပြခဲ့သော မဟာနာဂမထေရ် စသော မထေရ်ကြီးတို့ကဲ့သို့ ဝိပဿနာပိုင်းသို့ ရောက်ရှိနေသော ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မူ သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်း နှစ်မျိုးလုံးကိုပင် ဆိုလိုသည်ဟု မှတ်ပါ။ သို့သော် ဝိပဿနာ ကမ္မဋ္ဌာန်းကား အသမ္မောဟသမ္ပဇဉ်ပိုင်းနှင့် ဆိုင်သည်။ အောက်တွင် ဆက်လက် ဖတ်ရှုကြည့်ပါ။]

၄။ အသမ္မောဟသမ္ပဇဉ်

၄။ အသမ္မောဟသမ္ပဇဉ်

ခန္ဓာအိမ်အတွင်း၌ အတ္တ မည်သော တစ်စုံတစ်ယောက်သော ကွေးသောသူသည်လည်းကောင်း, ဆန့် သောသူသည်လည်းကောင်း မရှိပေ။ ကွေးလိုသောစိတ် သို့မဟုတ် ဆန့်လိုသောစိတ်ကြောင့် ဖြစ်ပေါ်လာသော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ ထိုထိုသော အရပ်၌ ပျံ့နှံ့၍ သွားခြင်းကြောင့် ရုပ်သေးဆရာက ရုပ်သေးရုပ်ကြိုးကို ဆွဲငင်လိုက်သည့်အတိုင်း ရုပ်သေးရုပ်၏ လက်ခြေတို့၏ ကဟန် ဆိုဟန် စသည်ဖြင့် တင့်တယ် စံပယ်ခြင်းကဲ့သို့ --- ကွေးခြင်း ဆန့်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤသို့ ပိုင်းခြား၍ သိခြင်းကို ဤသမိဉ္ဇိတေ ပသာရိတေ ဟူသော ပါဠိတော်၌ အသမ္မောဟသမ္ပဇဉ်ဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၃။ မ၊ဋ္ဌ၊၁၊၂၆၉။)

ကွေးလိုသောစိတ်, ဆန့်လိုသောစိတ်တို့ကား မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့တည်း။ ကွေးသော အခြင်းအရာ ဆန့်သော အခြင်းအရာအားဖြင့် ရုပ်တရားတို့ ဖြစ်ပေါ်လာရာဝယ် ပဓာန = ပြဓာန်း သောရုပ် = သယ်ဆောင်တတ်သော ရုပ်တို့ကား ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် ရုပ်တို့တည်း။ အပ္ပဓာန = မပြဓာန်းသောရုပ် = အသယ်ဆောင်ခံရသော ရုပ်တို့ကား စတုသမုဋ္ဌာနိက ရုပ်တရားစုတို့ပင်တည်း။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အားလုံးတို့ပင်တည်း။ ပေါင်းသော် -- ရုပ်နာမ်နှစ်ပါး, ခန္ဓာ (၅)ပါးပင် ဖြစ်သည်။ ကွေးရာ ဆန့်ရာ၌ ယင်း ရုပ်နာမ်နှစ်ပါး, ခန္ဓာ (၅)ပါးတို့ကို ဟုတ် တိုင်းမှန်စွာ ပိုင်းခြားသိသော ဉာဏ်ကို အသမ္မောဟသမ္ပဇဉ်ဉာဏ်ဟု ဆိုလိုသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းကွေးရာ ဆန့်ရာ၌ ယင်းအသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိအောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။

သိမ်းဆည်း ရှုပွားပုံစနစ် အမြွက်

သိမ်းဆည်း ရှုပွားပုံစနစ် အမြွက်

၁။ ထိုင်လျက်ဖြစ်စေ ရပ်လျက်ဖြစ်စေ အိပ်လျက်ဖြစ်စေ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။ (မျက်စိကို မှိတ်ထားပါဦး)

၂။ သိမ်းဆည်းထားပြီးသော ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။

၃။ လက်ကို ဖြည်းဖြည်း ကွေးကြည့်ပါ။

၄။ လက်ကို ကွေးလိုသော စိတ်စေတသိက်တို့ကို သိမ်းဆည်းပါ။ (ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း လျက် လက်ကို ဖြည်းဖြည်းကွေးကာ ကွေးချင်သော ကွေးလိုသော စိတ်စေတသိက်တို့ကို သိမ်းဆည်းပါ၊၊) မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့တည်း။ ယောနိသောမနသိကာရ အယောနိသောမနသိကာရ အပေါ် အခြေစိုက်၍ ကုသိုလ်ဇော အကုသိုလ်ဇောများ ထိုက်သလို စောကြမည် ဖြစ်သည်။ ယင်းနာမ်တရားတို့ကို ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။

၅။ တစ်ဖန် လက်ကို ကွေးလိုသော စိတ်စေတသိက်တို့ကြောင့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ ထိုထို အရပ်ဌာနသို့ အထူးသဖြင့် ကွေးနေသည့် လက်သို့တိုင်အောင် ပျံ့နှံ့သွားပုံကို ဉာဏ်ဖြင့်မြင်အောင် ကြည့်ပါ။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။ ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်တို့တည်း။ ပဓာန = ပြဓာန်းသော ရုပ်တရားတို့တည်း။ သယ်ဆောင်တတ်သော ရုပ်တရားတို့တည်း။ သယ်ဆောင်တတ် သော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားတို့တည်း။

၆။ ကွေးနေသော လက်ကို ဓာတ် (၄)ပါး စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ရုပ် ကလာပ် အမျိုးအစား (၅)မျိုး ရုပ်အမျိုးအစား (၄၄)မျိုးတို့ကို သိမ်းဆည်းပါ။ (ရုပ်ပိုင်းဇယားများတွင် ကြည့်ပါ။) စတုသမုဋ္ဌာနိကရုပ်တို့တည်း၊ အပ္ပဓာန = မပြဓာန်းသော ရုပ်တို့တည်း။ အသယ်ဆောင်ခံရ သော ရုပ်တို့တည်း၊ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တို့တည်း။

၇။ ရုပ်-နာမ် ခွဲပါ၊ ရုပ်နာမ်ကို သိမ်းဆည်းပါ။

(က) ပဓာန-အပ္ပဓာန ဖြစ်ကြသော ရုပ်တို့ကား ရုပ်တရား,

( ခ ) ကွေးလိုသော စိတ်-စေတသိက်တို့ကား နာမ်တရား ---

ဤသို့ ရုပ်-နာမ် ခွဲပါ။

၈။ ထိုနောင် --- ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏ဟု ရုပ်နာမ်ကို ပိုင်းခြား မှတ်သားပါ။

လက်ကို ကွေးရာ၌ ရုပ်နာမ်ကို သိမ်းဆည်း ရှုပွားရသကဲ့သို့ အလားတူပင် လက်ကို ဆန့်ရာ၌လည်း ကောင်း, ခြေကို ကွေးရာ၌လည်းကောင်း, ဆန့်ရာ၌လည်းကောင်း နည်းတူပင် ရုပ်နာမ်ကို သိမ်းဆည်းပါ။ အောင်မြင်မှုရရှိသောအခါ သွားခိုက်၌, လက်ခြေတို့ကို ကွေးရာ ဆန့်ရာတို့၌လည်း နည်းတူပင် ရုပ်နာမ်တို့ကို သိမ်းဆည်းပါလေ။

ဤတွင် --- သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ = လက်ခြေကို ကွေးရာ ဆန့်ရာ၌ သမ္ပဇဉ် ဉာဏ်ဖြင့် ပြုလေ့ရှိ၏ --- ဟူသော ဒေသနာတော်၌ ---

၁။ သာတ္ထကသမ္ပဇဉ်,

၂။ သပ္ပါယသမ္ပဇဉ်,

၃။ ဂေါစရသမ္ပဇဉ်,

၄။ အသမ္မောဟသမ္ပဇဉ် ---

ဤသမ္ပဇဉ်ဉာဏ် (၄)ပါးတို့ကို ရရှိအောင် သိမ်းဆည်းပုံအပိုင်း ပြီးဆုံးလေပြီ။

တစ်ဖန် ---

၁။ ခန္ဓာ (၅)ပါးနည်း,

၂။ အာယတန (၁၂)ပါးနည်း,

၃။ ဓာတ် (၁၈)ပါးနည်း --- ဤသို့စသော နည်းတို့ဖြင့်လည်း ဉာဏ်ရှိသလို ချဲ့ထွင်၍ လက်ခြေတို့ကို ကွေးရာ ဆန့်ရာတို့၌ ရုပ်နာမ်တို့ကို ဆက်လက်၍လည်း သိမ်းဆည်းလိုပါက သိမ်းဆည်းနိုင်သည်သာ ဖြစ်ပေသည်။

သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊

သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊

= ဒုကုဋ် - သပိတ် - သင်္ကန်းကို ဆောင်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၁။ သာတ္ထကသမ္ပဇဉ် (သင်္ကန်း)

ဤ၌ ဒုကုဋ်နှင့် သင်္ကန်းတို့ကို ဝတ်ရုံခြင်း၏ အစွမ်းဖြင့်, သပိတ်ကို ဆွမ်းခံခြင်း ဆွမ်းစားခြင်း စသည်တို့၏ အစွမ်းဖြင့် သုံးဆောင်ခြင်းသည် ဓာရဏ = ဆောင်ခြင်း မည်၏။

ဒုကုဋ်နှင့် သင်္ကန်းတို့ကို ဝတ်၍သော်လည်းကောင်း, ရုံ၍သော်လည်းကောင်း ဆွမ်းခံသွားသော ရဟန်းအား ဆွမ်း စသော ပစ္စည်းအာမိသကို ရခြင်းသည်လည်းကောင်း, အအေးကို ပယ်ဖျောက်ခြင်းငှာ စသည်ဖြင့် သင်္ကန်း ကို သုံးဆောင်ရာဝယ် ပစ္စဝေက္ခဏာ ဆင်ခြင်ပုံကို ဘုရားရှင် ဟောကြားထားတော်မူသော နည်းအတိုင်းပင် အချမ်းအပူကို ပယ်ဖျောက်ခြင်း အချမ်းအပူ၏ ပျောက်ကင်းခြင်း စသော အကျိုးတရားသည်လည်းကောင်း အတ္ထ = အကျိုးတရား မည်၏။ ထိုအကျိုးတရား၏ အစွမ်းဖြင့် သာတ္ထကသမ္ပဇဉ်ဉာဏ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၃။ မ၊ဋ္ဌ၊၁၊၂၆၉။)

သင်္ကန်းကို သုံးဆောင်ရာ၌ ရရှိလာသော အကျိုးတရားတို့ကို ဆင်ခြင်၍ သုံးဆောင်တတ်သော ဉာဏ်သည် သာတ္ထကသမ္ပဇဉ်ဉာဏ် မည်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ကန်းကို ဝတ်ရုံသုံးဆောင်ရာ၌ ယင်းရနိုင် သော အကျိုးတရားတို့ကို ဉာဏ်ဖြင့် ဆင်ခြင်၍ သုံးစွဲရမည်ဟု ဆိုလိုပေသည်။

၂။ သပ္ပါယသမ္ပဇဉ် (သင်္ကန်း)

၂။ သပ္ပါယသမ္ပဇဉ် (သင်္ကန်း)

ခန္ဓာကိုယ်ဝယ် ဥသ္မာခေါ်သော ကိုယ်ငွေ့အပူဓာတ် အားကောင်းသော သဘောရှိသော ရဟန်းအား လည်းကောင်း, အင်အားနည်းပါးသော ရဟန်းအားလည်းကောင်း သိမ်မွေ့နူးညံ့ ချောမြေ့သော သင်္ကန်းသည် သပ္ပါယ ဖြစ်၏။ ကြမ်းတမ်းသော ထူထဲလေးလံသော သင်္ကန်းကား သပ္ပါယ မဖြစ်ပေ။ အပူငွေ့ အားနည်း၍ ချမ်း တတ်သော သဘောရှိသော ရဟန်းအား ထူထဲသော ဒုကုဋ်သင်္ကန်းသည် သပ္ပါယ ဖြစ်၏။ သိမ်မွေ့နူးညံ့ ချော မြေ့သော ပေါ့ပါးသော သင်္ကန်းကား သပ္ပါယ မဖြစ်ပေ။

[ဒုပဋ်သင်္ကန်း --- ရှေးယခင်အခါက အပူငွေ့ အားနည်း၍ ချမ်းတတ်သော ရဟန်းတော်တို့သည် ဒုပဋ် သင်္ကန်း တိပဋ်သင်္ကန်း စသည်တို့ကို သုံးစွဲလေ့ရှိကြ၏။ သံဃာဋိ အမည်ရသော နှစ်ထပ်သင်္ကန်းကြီးကို ဒုကုဋ် ဟု ခေါ်ဆို၏။ ဤဒုပဋ်သင်္ကန်းမှာလည်း နှစ်ထပ်ပင် ဖြစ်၏၊ သို့သော် သံဃာဋိ = ဒုကုဋ်ဟူသော အမည်ကို မရ ရှိပေ။ ရိုးရိုးသင်းပိုင် ရိုးရိုးဧကသီသင်္ကန်းတို့ကို နှစ်ထပ် ထပ်ထားလျှင် ဒုပဋ် --- သုံးထပ် ထပ်ထားလျှင် တိပဋ် ဤသို့ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားပေသည်။ ယခုကာလ၌ကား အသုံးမပြုကြတော့ပေ။]

မည်သည့် ရဟန်းအားမဆို ဆွေးမြေ့သော သင်္ကန်းသည် သပ္ပါယ မဖြစ်သည်သာတည်း၊ အကြောင်းကား သင်္ကန်းကို မကြာခဏ ဖာထေးပေးနေရခြင်းဖြင့် ထိုဆွေးမြေ့နေသော သင်္ကန်းသည် ထိုကမ္မဋ္ဌာန်းစီးဖြန်းနေသော ရဟန်းအား ကြောင့်ကြမှု = ပလိဗောဓကို ပြုတတ်သောကြောင့် ဖြစ်၏။ အလားတူပင် ပဋ္ဋုဏ္ဏစီဝရ = ပဋ္ဋုဏ္ဏတိုင်းထွက် သင်္ကန်း, ဒုကူလစီဝရ = ဒုကူလသင်္ကန်း စသော ခိုးသားဓားပြတို့၏ တပ်မက်ဖွယ်ကောင်းသော သင်္ကန်းမျိုးသည်လည်း သပ္ပါယ မဖြစ်သည်သာတည်း။ ထိုသို့ တပ်မက်ဖွယ် နှစ်သက်မြတ်နိုးဖွယ်ကောင်းသော သင်္ကန်းသည် တောကျောင်း တောင်ကျောင်း တောအရပ် တောထဲ၌ တစ်ပါးတည်း နေနေသော ရဟန်းတော်အား သင်္ကန်းလုယက်သွားသဖြင့် သင်္ကန်းကို ဝတ်ရုံရခြင်း၏ အန္တရာယ်ကိုသော်လည်း ပြုတတ်၏၊ တစ် နည်းဆိုရသော် တောထဲ၌ နေထိုင်ခြင်း၏ အန္တရာယ်ကိုသော်လည်း ပြုတတ်၏၊ အသက်၏ အန္တရာယ်သော်လည်း ဖြစ်တတ်၏။ ထိုကြောင့် ထိုကဲ့သို့ မက်မောဖွယ်ကောင်းလှသော သင်္ကန်းသည် သပ္ပါယ မဖြစ်ပေ။

မုချဆတ်ဆတ်အားဖြင့်ကား --- သင်္ကန်းလှူဖို့ရန်အတွက် မအပ်သော ဒါယကာ ဒါယိကာမတို့ထံ၌ အရိပ် နိမိတ်ပြခြင်း တိုက်ရိုက်အလှူခံခြင်း ဆေးကုခြင်း သစ်သီးပေးခြင်း ပန်းပေးခြင်း စသော မိစ္ဆာဇီဝ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သင်္ကန်းသည်လည်းကောင်း, ယင်းသင်္ကန်းကို သုံးဆောင်မှီဝဲသော ရဟန်းတော်အား အကုသိုလ်တရားတို့ တိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်နိုင်သော သင်္ကန်းမျိုးသည်လည်းကောင်း မလျောက်ပတ်သော သပ္ပါယ မဖြစ်သော သင်္ကန်းတည်း။ ဘုရားရှင် ခွင့်ပြုထားတော်မူအပ်သည့် ဝိနည်းဒေသနာတော် နှင့်အညီ သမ္မာအာဇီဝ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သင်္ကန်းသည်လည်းကောင်း, ယင်းသင်္ကန်းကို သုံးဆောင် မှီဝဲသော ရဟန်းအား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားနိုင်သော သင်္ကန်းမျိုးသည် လည်းကောင်း လျော်လျောက်ပတ်သော သပ္ပါယဖြစ်သော သင်္ကန်း မည်၏။ သပ္ပါယ မဖြစ်သော သင်္ကန်းတို့ကို မမှီဝဲဘဲ သပ္ပါယဖြစ်သော သင်္ကန်းတို့ကိုသာ မှီဝဲတတ်သော သမ္ပဇဉ်ဉာဏ်သည် သပ္ပါယသမ္ပဇဉ်ဉာဏ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၄။ မ၊ဋ္ဌ၊၁၊၂၆၉-၂၇၀။)

၃။ ဂေါစရသမ္ပဇဉ် (သင်္ကန်း)

၃။ ဂေါစရသမ္ပဇဉ် (သင်္ကန်း)

သင်္ကန်းကို ဝတ်ရုံသုံးဆောင်ရာ၌ ကမ္မဋ္ဌာန်း (၄၀)တို့တွင် မိမိ နှလုံးသွင်းရှုပွားနေသည့် ကမ္မဋ္ဌာန်းကို မစွန့်လွှတ်သည်၏ အစွမ်းဖြင့်သာလျှင် ဝတ်ရုံသုံးဆောင်ခြင်းသည် = မိမိ နှလုံးသွင်းမြဲ ကမ္မဋ္ဌာန်းကို နှလုံးသွင်း ၍ ဝတ်ရုံသုံးဆောင်ခြင်းသည် ဂေါစရသမ္ပဇဉ် မည်၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၄။ မ၊ဋ္ဌ၊၁၊၂၇၀။)

၄။ အသမ္မောဟသမ္ပဇဉ် (သင်္ကန်း)

၄။ အသမ္မောဟသမ္ပဇဉ် (သင်္ကန်း)

ခန္ဓာကိုယ်အတွင်း၌ အတ္တ မည်သော တစ်စုံတစ်ယောက်သော သင်္ကန်းကို ဝတ်ရုံသုံးဆောင်တတ်သောသူ မည်သည် မရှိ။ သင်္ကန်းကို ဝတ်ရုံလိုသောစိတ်သည် ဖြစ်ပေါ်လာ၏။ ထိုစိတ်သည် ဝါယောဓာတ်၏ သဘာဝ သတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ ယင်းစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ ခန္ဓာကိုယ်ဝယ် ထိုထို အရပ်ဌာနသို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့် သင်္ကန်းကို ဝတ်ရုံသုံးဆောင်ခြင်းသည် ဖြစ်ပေါ်လာ၏။ (ရှုကွက်ကို နောက်တွင် ဖော်ပြပါမည်။)

ထိုသင်္ကန်းနှင့် ရူပကာယ နှစ်မျိုးတွင် --- သင်္ကန်းသည်လည်း စိတ်စေတနာ မရှိ၊ ရူပကာယ = ရုပ်တရား အပေါင်းသည်လည်း စိတ်စေတနာ မရှိ။ သင်္ကန်းသည် ငါသည် ရူပကာယကို ရုံထားအပ်၏ဟု မသိ။ ရူပကာယ ကလည်း ငါ့ကို သင်္ကန်းက ရုံထားအပ်၏ဟု မသိ။ ဓာတ်တို့သည်သာလျှင် ဓာတ်အပေါင်းအစုကို ဖုံးလွှမ်းသွား ကြကုန်၏။ ပုဆိုးစုတ် ပုဆိုးပိုင်းဖြင့် ညွန်စေးရုပ်ကို ဖုံးလွှမ်း၍ ထားခြင်း၌ကဲ့သို့ ဖုံးလွှမ်းထားကြကုန်၏။

ထိုကြောင့် ကောင်းသော သင်္ကန်းကို ရရှိ၍လည်း ဝမ်းမြောက်ခြင်းကို မပြုသင့်ပေ။ မကောင်းသော သင်္ကန်းကို ရရှိ၍လည်း စိတ်နှလုံး မသာယာခြင်းကို မပြုသင့်ပေ။ ထင်ရှားစေအံ့ --- မြွေနဂါး တောင်ပို့ ပူဇော် အပ်သော စေတိယ ခေါ်သော သစ်ပင် စသည်တို့၌ အချို့လူသားတို့သည် ပန်းနံ့သာ နံ့သာပျောင်း အဝတ် ပုဆိုး စသည်တို့ဖြင့် အရိုအသေ ပူဇော်ခြင်းကို ပြုကြကုန်၏၊ အချို့လူတို့ကား မြွေနဂါး တောင်ပို့ စေတိယ သစ်ပင် စသည်တို့၌ ကျင်ကြီးစွန့်ခြင်း, ကျင်ငယ်စွန့်ခြင်း, ရွှံ့ညွန်ဖြင့် လိမ်းကျံခြင်း, တောင်ဝှေးဖြင့် ရိုက်ပုတ်ခြင်း, ဓားဖြင့် ခုတ်ထစ်ခြင်း စသည်တို့ဖြင့် မရိုသေခြင်းကို ပြုမူကြကုန်၏။ ထိုသို့ လူသားတို့က အရိုအသေ ပြုခြင်း အရိုအသေ မပြုခြင်းတို့ကြောင့် မြွေနဂါး တောင်ပို့ စေတိယသစ်ပင် စသည်တို့သည် ဝမ်းမြောက်ခြင်း သောမနဿကိုလည်းကောင်း, စိတ်နှလုံး မသာယာခြင်း ဒေါမနဿကိုလည်းကောင်း မပြုလုပ်ကြကုန်သကဲ့သို့ ဤ ဥပမာအတူပင်လျှင် ကောင်းသော သင်္ကန်းကို ရရှိ၍မူလည်း ဝမ်းမြောက်ခြင်း = သောမနဿကို မပြုသင့်ပေ။ မကောင်းသော သင်္ကန်းညံ့ကို ရရှိ၍သော်လည်း စိတ်နှလုံးမသာယာမှု ဒေါမနဿတရားကို မပြုသင့်ပေ။ ရရ သမျှနှင့် ရောင့်ရဲမှု ဣတရီတရသန္တောသတရားနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်အပ်ပေ၏။ --- ဤသို့ဖြစ် ခြင်းကို ဆင်ခြင်သည်၏ အစွမ်းဖြင့် ဤသင်္ကန်းကို သုံးဆောင်ရာ၌ အသမ္မောဟသမ္ပဇဉ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၄။ မ၊ဋ္ဌ၊၁၊၂၇၀။)

သင်္ကန်းကို ဝတ်ရုံ သုံးဆောင်ရာ၌ ရုပ်နာမ် သိမ်းဆည်းပုံ

သင်္ကန်းကို ဝတ်ရုံ သုံးဆောင်ရာ၌ ရုပ်နာမ် သိမ်းဆည်းပုံ

သင်္ကန်းကို ဝတ်ရုံသုံးဆောင်ရာ၌ ဤအပိုင်းတွင် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံကို ရုပ်နာမ်ကို သိမ်းဆည်းပုံ အပိုင်း, ရရသမျှနှင့် ရောင့်ရဲမှု ဣတရီတရသန္တောသတရား ထင်ရှားဖြစ်ပေါ်လာရန် ဆင်ခြင်သည့်အပိုင်းဟု နှစ်ပိုင်းခွဲ၍ ဖော်ပြထားပါသည်။ ထိုတွင် ရုပ်နာမ်သိမ်းဆည်းပုံအပိုင်းကို အမြွက်မျှ ဖော်ပြအပ်ပါသည်။

၁။ ေ့ရှဦးစွာ ရပ်လျက် ဖြစ်စေ ထိုင်လျက် ဖြစ်စေ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ သိမ်းဆည်းပြီးသည့် ရုပ်နာမ်တို့ကိုပင် တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ (ဉာဏ်ထက်မြက်လာအောင် အရှိန် ယူခြင်း ဖြစ်သည်။)

၃။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း၍ ယင်းဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ သင်္ကန်းအာရုံ ကိုလည်း အစွဲပြု၍ ဖြစ်ပေါ်လာကြကုန်သော သင်္ကန်းကို ဝတ်ရုံလိုသော စိတ် စေတသိက်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ မနောဒွါရိကဇောဝီထိစိတ်အစဉ်များသာတည်း။

၄။ ယင်းစိတ်စေတသိက်တို့ကြောင့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ် အပေါင်း = ရုပ်တရား အပေါင်းတို့၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပုံကို မြင်အောင်ကြည့်ပါ။ သင်္ကန်းကို ဝတ်ရုံ လိုက်သော လက်သို့တိုင်အောင် လိုက်၍ရှုပါ။ သင်္ကန်းကို ရုံကြည့်ပါ။ ယင်းစိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်က သို့မဟုတ် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော မဟာဘုတ်ဓာတ် (၄)ပါးက သင်္ကန်းကို ဝတ်ရုံသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်နေသော ကာယဝိညတ်ရုပ်ကို ဖြစ်စေလျက် ဖြစ်ပေါ် လာ၏။ ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် ရုပ်တို့တည်း။ ယင်းရုပ်တို့ကား ပဓာန = ပြဓာန်းသော ရုပ်တို့တည်း။ သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ရုပ် တို့တည်း။ ယင်းရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။

၅။ လက်တို့၌ ရှိကြသော (၄၄)မျိုးသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကား အပ္ပဓာန = မပြဓာန်းသော ရုပ် တရားတို့တည်း၊ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ရုပ်တရားစုတို့တည်း။ ယင်းရုပ် တရားတို့ကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။

၆။ ဤအချိန်တွင် သင်္ကန်း၌တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိနေမည်သာ ဖြစ်ပေသည်။ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ဩဇဋ္ဌမကရုပ် = ဩဇာလျှင် (၈)ခု မြောက်ရှိသော ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့မှာ ရုပ်ကလာပ်တစ်ခုတွင် ပါဝင်တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲဆင့်ကဲ ပွားစီးနေသော တေဇောဓာတ်၏ အပွားအစီးတို့သာတည်း။ ယင်းဥတုဇ ဩဇဋ္ဌမကရုပ်တို့သည်လည်း ဤရှုကွက်၌ အပ္ပဓာန = မပြဓာန်းသော ရုပ်တို့တည်း။ အသယ်ဆောင်ခံရသော = အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားစုတို့တည်း။

၇။ ယင်းသို့ ရုပ်နာမ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက ရုပ်-နာမ် ခွဲပါ

၁။ ပဓာန - အပ္ပဓာန ဖြစ်သော ရုပ်တို့ကား --- ရုပ်တရား

၂။ သင်္ကန်းကို ဝတ်ရုံလိုသော စိတ်စေတသိက်တို့ကား --- နာမ်တရား

ဤသို့ ရုပ်-နာမ်ကို ခွဲပါ။ ထိုနောင် ယင်းရုပ်နာမ်တို့ကိုပင် ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ---

၈။ ပုဂ္ဂိုလ် - သတ္တဝါ - ဇီဝ - အတ္တ - လူ - နတ် - ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏။ ---

ဤသို့လျှင် ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။ ဤသို့ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်ခဲ့သော် သင်္ကန်းကို ဝတ်ရုံ သုံးဆောင်ရာ၌ အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိလေပြီ။ ဤသို့ ရှု၍ အောင်မြင်မှုရရှိပါက မည်သည့် ဣရိယာ ပုထ်၌မဆို ကျွမ်းကျင်မှုရှိအောင် သင်္ကန်းကို ဝတ်ရုံတိုင်း ဝတ်ရုံတိုင်း၌ ရုပ်နာမ်တို့ကို သိမ်းဆည်းရှုပွားပါလေ။

ဤတွင် သင်္ကန်းကို ဝတ်ရုံသုံးဆောင်ရာ၌ သာတ္ထကသမ္ပဇဉ် သပ္ပါယသမ္ပဇဉ် ဂေါစရသမ္ပဇဉ် အသမ္မောဟသမ္ပဇဉ်ဟူသော သမ္ပဇဉ် (၄)မျိုးကို ရရှိအောင် သိမ်းဆည်းရှုပွားပုံအပိုင်း ပြီးစီးလေပြီ။ ယခုအခါ သပိတ်ကို သုံးဆောင်ရာ၌ သမ္ပဇဉ် (၄)ပါးကို ရရှိအောင် သိမ်းဆည်းပုံကို ဆက်လက် ဖော်ပြအပ်ပါသည်။

၁။ သာတ္ထကသမ္ပဇဉ် (သပိတ်)

၁။ သာတ္ထကသမ္ပဇဉ် (သပိတ်)

သပိတ်ကို သုံးဆောင်ရာ၌လည်း သပိတ်ကို သုံးဆောင်လိုသောအခါ အဆောတလျင် သပိတ်ကို ခပ်မြန် မြန် မကိုင်သေးမူ၍ --- ဤသပိတ်ကို ယူ၍ ဆွမ်းခံ လှည့်လည်သွားခဲ့သည်ရှိသော် ငါသည် ဆွမ်းကို ရရှိပေ လတ္တံ့ ဤသို့လျှင် သပိတ်ကို ကိုင်ယူလိုက်ခြင်းကြောင့် ရအပ်သော အကျိုးတရား၏ အစွမ်းဖြင့် သာတ္ထက သမ္ပဇဉ်ကို သိရှိပါလေ။ (အကျိုးတရားကို ဆင်ခြင်၍ သပိတ်ကို သုံးဆောင်ရမည်ဟု ဆိုလိုသည်။)

၂။ သပ္ပါယသမ္ပဇဉ် (သပိတ်)

၂။ သပ္ပါယသမ္ပဇဉ် (သပိတ်)

တစ်ဖန် ပိန်ကြုံသော အင်အားနည်းပါးသော ကိုယ်ခန္ဓာရှိသော ရဟန်းအား လေးသော သပိတ်သည် သပ္ပါယ မဖြစ်။ မည်သည့် ရဟန်းအားမဆို သပိတ်ကွဲအက်သွားသဖြင့် ယင်းကွဲအက်နေသော မြေသပိတ်၏ နှုတ်ခမ်းမှ စ၍ ကြိုးဖြင့် ဖွဲ့ချည်ချုပ်လေရာ လေးချက် ငါးချက် = လေးဖွဲ့ ငါးဖွဲ့ ချုပ်ပြီး ဖွဲ့ပြီးသော ရေဆေး၍ စင်ကြယ်ခဲသော သပိတ်သည် သပ္ပါယ မဖြစ်သည်သာတည်း။ ရေဆေးသည့်အခါ စင်ကြယ်အောင် ဆေးကြော ဖို့ရန် ခက်ခဲသော ကြမ်းတမ်းသော သပိတ်သည်လည်း ရဟန်းတို့အား မအပ်ပေ။ ထိုသပိတ်ကို ရေဆေးရသော ရဟန်းတော်အဖို့ ကြောင့်ကြမှု ပလိဗောဓတစ်ခု ဖြစ်တတ်၏။ ပတ္တမြားအဆင်းနှင့် တူသော အရောင်အဆင်း ရှိသော သပိတ်သည်ကား မက်မောဖွယ် လောဘဖြစ်ထိုက်သော သပိတ်ဖြစ်၍ သင်္ကန်း၌ ဖွင့်ဆိုခဲ့သည့် နည်း အတိုင်းပင် သပ္ပါယ မဖြစ်မှုကို မှတ်သားပါ။

ဆွေမျိုးမတော်စပ်သူ ပစ္စည်းလေးပါး မဖိတ်ကြားထားသူ ဒါယကာ ဒါယိကာမတို့ကို သပိတ်လှူချင်လာ အောင် လှူလာအောင် အရိပ်နိမိတ်ပြုခြင်း စသည်တို့၏ အစွမ်းဖြင့် မအပ်သောနည်းဖြင့် ရရှိအပ်သော သပိတ် သည်လည်းကောင်း ယင်းသပိတ်ကို မှီဝဲသုံးဆောင်သော ရဟန်းတော်အား အကုသိုလ်တရားတို့ တိုးပွားကြကုန် ၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကြကုန်၏၊ ယင်းကဲ့သို့သော သပိတ်မျိုးသည်လည်းကောင်း ဧကန်အား ဖြင့် သပ္ပါယ မဖြစ်သော သပိတ်သာတည်း။ ဝိနည်းတော်နှင့် အညီ ရရှိအပ်သော သပိတ်သည်လည်းကောင်း, မှီဝဲသုံးဆောင်သော ရဟန်းအား အကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၍ ကုသိုလ်တရားတို့ တိုးပွားကြောင်း ဖြစ်သော သပိတ်သည်လည်းကောင်း သပ္ပါယဖြစ်သော သပိတ်မည်၏။ ယင်း သပ္ပါယသပိတ် အသပ္ပါယသပိတ် နှစ်မျိုးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးနောက် အသပ္ပါယသပိတ်ကို ရှောင်လျက် သပ္ပါယသပိတ်ကိုသာ ဉာဏ် ဖြင့် ပိုင်းခြားယူနိုင်ခြင်း သိမ်းဆည်းနိုင်ခြင်း သုံးစွဲနိုင်ခြင်း သုံးစွဲနိုင်ကြောင်း ဉာဏ်သည် ဤအရာ၌ သပ္ပါယ သမ္ပဇဉ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၄။ မ၊ဋ္ဌ၊၁၊၂၇၀။)

၃။ ဂေါစရသမ္ပဇဉ် (သပိတ်)

၃။ ဂေါစရသမ္ပဇဉ် (သပိတ်)

သပိတ်ကို ကိုင်တွယ်သုံးဆောင်ရာ၌ မိမိ နှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းတစ်ခုခုကို (ဥပမာ- ကမ္မဋ္ဌာန်း - ၄၀ ထဲမှ အာနာပါနကမ္မဋ္ဌာန်းကဲ့သို့သော ကမ္မဋ္ဌာန်းမျိုးကို) မစွန့်လွှတ်သည်၏ အစွမ်းဖြင့်သာလျှင် ဂေါစရသမ္ပဇဉ် ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၄။ မ၊ဋ္ဌ၊၁၊၂၇၀။)

ဤညွှန်ကြားတော်မူချက်အရ အသင်သူတော်ကောင်းသည် သမထနယ်တွင်သာ တည်ရှိနေသေးသူ ဖြစ် ပါက မိမိ နှလုံးသွင်းနေကျ သမထကမ္မဋ္ဌာန်းကိုပင် နှလုံးသွင်းလျက် သပိတ်ကို ကိုင်တွယ်ပါ။ အကယ်၍ ဝိပဿနာပိုင်းသို့ ရောက်နေလျှင်ကား မိမိ ရရှိပြီး သမာဓိကို အဆင့်ဆင့်ထူထောင်၍ အောက်ပါ အသမ္မောဟ သမ္ပဇဉ်ပိုင်း၌ ညွှန်ကြားထားသည့်အတိုင်း လိုက်နာပြုကျင့်ပါ။

၄။ အသမ္မောဟသမ္ပဇဉ် (သပိတ်)

၄။ အသမ္မောဟသမ္ပဇဉ် (သပိတ်)

ခန္ဓာကိုယ်၏ အတွင်း၌ အတ္တ မည်သော တစ်စုံတစ်ယောက်သော သပိတ်ကို ကိုင်သောသူ မည်သည် မရှိသည်သာတည်း။ သပိတ်ကို ကိုင်လိုသောစိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုစိတ်သည် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်းကို ဖြစ်စေ၏။ ယင်းရုပ်ကလာပ်တို့ကား တစ်ကိုယ်လုံးသို့ ထိုထို နေရာသို့ ပျံ့နှံ့သွားကြ၏။ ယင်းရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်သည် တစ်နည်း ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဓာတ်ကြီး (၄)ပါးသည် ဝိညတ်ရုပ်ကို ဖြစ်စေလျက် ဖြစ်ပေါ် လာ၏။ ကာယဝိညတ္တိနဝက ကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်တို့တည်း။ ယင်းဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်း ကြောင့်သာလျှင် သပိတ်ကို ကိုင်တွယ်ခြင်းမည်သည် ဖြစ်ပေါ်လာ၏။ (ရှုကွက်ကို နောက်တွင် ဖော်ပြပါမည်။)

ထိုသပိတ်နှင့် လက် နှစ်မျိုးတို့တွင် သပိတ်သည်လည်း စိတ် စေတနာ မရှိ၊ လက်တို့သည်လည်း စိတ် စေတနာ မရှိကြကုန်။ ငါ့ကို လက်တို့က ကိုင်ယူထားအပ်၏ဟု သပိတ်ကလည်း မသိ။ လက်တို့ကလည်း ငါတို့သည် သပိတ်ကို ကိုင်ယူထားအပ်၏ဟု မသိကြကုန်။ ဓာတ်တို့ကသာလျှင် ဓာတ်အပေါင်းအစုကို ကိုင်ယူ ထားကြကုန်၏။ ညှပ်ဖြင့် မီးအဆင်းနှင့် တူသော = မီးရဲရဲ တောက်နေသော သပိတ်ကို ကိုင်ယူခြင်း၌ကဲ့သို့ မှတ် ပါ။ ဤသို့ ဖြစ်ခြင်းကို ဆင်ခြင်သည်၏ အစွမ်းဖြင့် ဤသပိတ်ကို ကိုင်ဆောင်ရာ၌ အသမ္မောဟသမ္ပဇဉ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၅။ မ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။)

ရုပ်နာမ် သိမ်းဆည်းပုံ အမြွက်

ရုပ်နာမ် သိမ်းဆည်းပုံ အမြွက်

၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ သိမ်းဆည်းပြီး ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။

၃။ သပိတ်ကို ခပ်ဖြည်းဖြည်း ကိုင်တွယ်ကြည့်ပါ။

၄။ သပိတ်ကို ကိုင်လိုသော စိတ်စေတသိက်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။

(ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း၍ သပိတ်ကို ကိုင်တွယ်လိုသော မနောဒွါရိကဇောဝီထိစိတ် အစဉ်တို့ကို သိမ်းဆည်းပါ။ ကုသိုလ်ဇော အကုသိုလ်ဇောတို့သည် ယောနိသောမနသိကာရ အယောနိသောမနသိကာရအပေါ် အခြေစိုက်၍ ထိုက်သလို စောကြမည်။ ယင်းနာမ်တရားတို့ကို နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။)

၅။ သပိတ်ကို ကိုင်တွယ်လို ကိုင်ယူလိုသောစိတ် = ကိုင်ယူနေသော မနောဒွါရိကဇောဝီထိစိတ်ကြောင့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ တစ်ကိုယ် လုံးသို့ အထူးသဖြင့် ကိုင်ယူလိုက်သော လက်သို့တိုင်အောင် ပျံ့နှံ့သွားသော ရုပ်ကလာပ်အပေါင်းကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်တို့တည်း။ (ကိုင်တွယ်ရာ၌ လက်တွင် ပေါ့ပေါ့ပါးပါး ရှိနေပါက လဟုတာ မုဒုတာ ကမ္မညတာတို့ ပါဝင်၏၊ ပေါ့ပေါ့ပါးပါး မရှိပါက မပါဝင်ကြပေ။) ယင်းရုပ်တရားတို့ကား ပဓာန = ပြဓာန်းသော ရုပ်တို့တည်း။ သပိတ်ကို သယ်ဆောင် တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တို့တည်း။

၆။ လက်၌ရှိသော (၄၄)မျိုးသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ [ကာယဌာန = ကာယဒွါရ၌ တည် ရှိသော (၄၄)မျိုးသော ရုပ်တို့ပင်တည်း။] စတုသမုဋ္ဌာနိက ရုပ်တရားတို့တည်း။ အပ္ပဓာန = မပြဓာန်းသော ရုပ် တို့တည်း။ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားတို့တည်း။

၇။ သပိတ်ကို ဓာတ်ကြီး (၄)ပါး စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို ဤအဆင့်တွင် လွယ်ကူစွာ တွေ့နေမည် ဖြစ်ပါသည်။ ကလာပ်တစ်ခုတွင် ပါဝင်တည်ရှိသော တေဇောဓာတ်ကြောင့် နောက်ကလာပ်တစ်ခု အသစ်အသစ် ဆင့်ကဲဆင့်ကဲ ပွားစီးနေသော တေဇောဓာတ် = ဥတု၏ အစီးအပွားတည်း။ ယင်းရုပ်တို့လည်း ဤအပိုင်းတွင် အပ္ပဓာန = မပြဓာန်းသော ရုပ်တို့တည်း။ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ် တရားတို့တည်း။

၈။ ရုပ်နာမ်ကို သိမ်းဆည်းပါ။

၁။ ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်အားလုံးကား -- ရုပ်တရား,

၂။ သပိတ်ကို ကိုင်ယူလိုသော မနောဒွါရိကဇောဝီထိ စိတ်+စေတသိက် တရားစုတို့ကား -- နာမ်တရား

ဤသို့ ရုပ်နာမ်ကို သိမ်းဆည်းပါ။

၉။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ --- ယင်းရုပ်နာမ်တို့ကိုပင် အာရုံယူ၍ ---

ပုဂ္ဂိုလ် - သတ္တဝါ - ဇီဝ - အတ္တ - လူ - နတ် - ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏။

ဤသို့ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။ ယင်းသို့ ရုပ်နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင် ပါက ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက ဤအဆင့်တွင် အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို အသင်သူတော်ကောင်းသည် စတင် ရရှိပြီ ဖြစ်ပေသည်။ လုပ်ငန်းခွင် ကျွမ်းကျင်လာသော အခါ၌ကား ေ့ရှသို့တက်ရာ, နောက်သို့ဆုတ်ရာ, တည့်တည့်ကြည့်ရာ, စောင်းငဲ့ကြည့်ရာ, ကွေးရာ ဆန့်ရာ, ဒုကုဋ် သပိတ် သင်္ကန်းတို့ကို ကိုင်ဆောင်ရာတို့၌ ရုပ်နာမ် =ခန္ဓာ (၅)ပါးတို့ကို အချိန်မရွေး ရှု၍ ရရှိနေမည်သာ ဖြစ်သည်။

ဥတ္တမသမ္ပဇာနကာရီ

ဥတ္တမသမ္ပဇာနကာရီ

နောက်ထပ် နည်းတစ်နည်းကို ဆိုပေဦးအံ့ --- လက်ခြေ ပြတ်နေကြကုန်သော, အိုင်းအမာနာ အဝတို့မှ တစီစီ ယိုကျသော ပြည်သွေး, တဖွားဖွား ထွက်နေသော ပိုးလောက်တို့ ရှိကုန်သော, ယင်မမဲရိုင်းတို့ဖြင့် တသဲသဲ တအုန်းအုန်း ပြွတ်သိပ်နေကုန်သော, ခိုကိုးရာမဲ့ ဇရပ်၌ နေထိုင်ကြကုန်သော ခိုကိုးရာမဲ့ လူတို့ကို မြင်တွေ့ကြရ သော် ကြင်နာဆပွား ကရုဏာနှင့် ယှဉ်သော စိတ်ထား ရှိကြကုန်သော သူတော်ကောင်းတို့သည် -- ထိုခိုကိုးရာမဲ့ သူတို့အား အနာကို ပတ်တီးစည်းဖို့ရန် ပိတ်စ ပုဆိုးစ (ပတ်တီးစ)တို့ကိုလည်းကောင်း, အိုးကင်းကွဲ စသည်တို့ဖြင့် ထည့်၍ ဆေးတို့ကိုလည်းကောင်း ယူဆောင်ခဲ့ကြကုန်၍ ထိုခိုကိုးရာမဲ့တို့၏ အနီး၌ လာရောက် ချထားပေးကြ ကုန်၏။

ထိုပစ္စည်းတို့တွင် အချို့သူတို့က အနာကို ပတ်တီးစည်းဖို့ရန် ပိတ်စ ပုဆိုးစ ချောချော ကောင်းကောင်းကို ရကြ၏၊ အချို့က ခပ်ထူထူ ခပ်ကြမ်းကြမ်းကို ရကြ၏။ ဆေးထည့်ထားသည့် ခွက်တို့သည်လည်း အချို့သူတို့ကား ဆေးခွက် လှလှ ကောင်းကောင်း ရရှိသွားကြ၏၊ အချို့သူတို့က မလှမပ ပုံသဏ္ဌာန် အချိုးမကျသည့် ဆေးခွက် တို့ကို ရရှိကြ၏။

ပတ်တီးစည်းဖို့ရန် ပိတ်စ ကောင်းမှု မကောင်းမှု, ဆေးထည့်သည့်ခွက် ကောင်းမှု မကောင်းမှုနှင့် စပ်၍ ထိုခိုကိုးရာမဲ့တို့၏ သန္တာန်ဝယ် ဝမ်းမြောက်မှုလည်း မဖြစ်ကုန်၊ ဝမ်းနည်းမှုလည်း မဖြစ်ကုန်။ မှန်ပေသည် --- အနာကို ဖုံးလွှမ်း၍ ရရုံမျှသာ ဖြစ်သော ပုဆိုး ပိတ်စဖြင့်, ဆေးထည့်လို့ ရရုံမျှသာ ဖြစ်သော ခွက်ဖြင့်သာ ထို ခိုကိုးရာမဲ့တို့က အလိုရှိကြ၏။

ဤဥပမာ အတူပင်လျှင် ယောဂါဝစရ ရဟန်းတော်သည် အနာကို ပတ်တီးစည်းဖို့ရန် ပုဆိုး ပိတ်စကဲ့သို့ (= အမာလွှမ်း ပုဆိုးကဲ့သို့) သင်္ကန်းကို မှတ်သား၏။ ခိုကိုးရာမဲ့တို့အား ဆေးထည့်ပေးသည့် ခွက်ကဲ့သို့ သပိတ်ကို မှတ်သား၏။ ဆေးခွက်၌ ထည့်ထားသော ဆေးကဲ့သို့ သပိတ်၌ ရရှိလာသောဆွမ်းကို မှတ်သား၏။ -- ဤကဲ့ သို့သော ရဟန်းတော်မျိုးကို ဒုကုဋ်-သပိတ်-သင်္ကန်းကို ဆောင်ရာ၌ မတွေမဝေ သိသော အသမ္မောဟသမ္ပဇဉ် ဉာဏ်ဖြင့် ဥတ္တမသမ္ပဇာနကာရီ = မွန်မြတ်သော ပညာအဆင်အခြင် = သမ္ပဇဉ်ဉာဏ်ကို ပြုတတ်သူ--- ဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၅။ မ၊ဋ္ဌ၊၁၊၂၇၁။)

အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ၊

အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ၊

= စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၁။ သာတ္ထကသမ္ပဇဉ်

ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ --- စသည်ဖြင့် ဆွမ်းစားရာ၌ ပစ္စဝေက္ခဏာ ဆင်ခြင်ရန် လာရှိသော ပါဠိတော်၌ ဖော်ပြထားသော (၈)မျိုးသော အကျိုးတရားတို့ကို ပိုင်းခြားသိတတ်သော ဉာဏ်သည် သာတ္ထကသမ္ပဇဉ်ဉာဏ် မည်၏။ (ယင်းအကျိုးတို့ကို ရှေးတွင် ဖော်ပြခဲ့ပြီ။) (အဘိ၊ဋ္ဌ၊၂၊၃၄၅။)

၂။ သပ္ပါယသမ္ပဇဉ်

၂။ သပ္ပါယသမ္ပဇဉ်

ကြမ်းတမ်းသော ဘောဇဉ်, မွန်မြတ်သော ဘောဇဉ်, ခါးသော အရသာ, ချိုသော အရသာ စသည်တို့တွင် အကြင်ဘောဇဉ်ဖြင့် အကြင်ရဟန်းအား ချမ်းသာမှု မဖြစ်၊ ထိုဘောဇဉ်သည် ထိုရဟန်းအား သပ္ပါယ မဖြစ်။ အကြင်ဘောဇဉ်ကိုကား ဆွေမျိုးမတော်သူ ပစ္စည်းလေးပါးဖြင့် မဖိတ်ကြားထားသူ ဒါယကာ ဒါယိကာမတို့၌ လှူစေလိုသော အရိပ်နိမိတ်ပြခြင်း စသည်တို့၏ အစွမ်းဖြင့် ဝိနည်းတော်နှင့် မအပ်စပ်သော နည်းလမ်းဖြင့် ရှာဖွေရရှိအပ်၏၊ အကြင် ဘောဇဉ်ကိုလည်း မှီဝဲသော ရဟန်းအား အကုသိုလ်တရားတို့သည် တိုးပွားလာကြ ကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်သွားကြကုန်၏။ ထိုဘောဇဉ်သည် ဧကန်စင်စစ် မလျောက်ပတ်သည့် မအပ်စပ်သည့် သပ္ပါယ မဟုတ်သည့် ဘောဇဉ်သာတည်း။ ဘုရားရှင် ခွင့်ပြုထားတော်မူအပ်သော ဝိနည်းတော်နှင့် လျော်ညီစွာ ရှာဖွေ ရရှိအပ်သော ဘောဇဉ်သည်လည်းကောင်း, စားသုံးခြင်းကြောင့် ချမ်းသာသုခကို ဖြစ်စေ သော ဘောဇဉ်သည်လည်းကောင်း, မှီဝဲသူအား အကုသိုလ်တရားတို့ကို ဆုတ်ယုတ်စေ၍ ကုသိုလ်တရားတို့ ကိုသာ တိုးပွားစေတတ်သော ဘောဇဉ်မျိုးသည်လည်းကောင်း သပ္ပါယဖြစ်သော သုံးစွဲသင့်သော ဘောဇဉ် မည် ၏။ ယင်းသို့ သပ္ပါယ ဖြစ်မှု မဖြစ်မှုကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သပ္ပါယ ဖြစ်သည်ကိုသာ ပိုင်းခြားယူတတ်သော ဉာဏ်ကို သပ္ပါယသမ္ပဇဉ်ဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၅။ မ၊ဋ္ဌ၊၁၊၂၇၁။)

၃။ ဂေါစရသမ္ပဇဉ်

၃။ ဂေါစရသမ္ပဇဉ်

ဆွမ်းစားရာ, သောက်ရာ, ခဲရာ, လျက်ရာ၌ မိမိ မူလနှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းကိုသာ မစွန့်လွှတ်ဘဲ နှလုံးသွင်းနေခြင်းသည် = နှလုံးသွင်းနေသော ဉာဏ်သည် --- ဂေါစရသမ္ပဇဉ် မည်၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၅။ မ၊ဋ္ဌ၊၁၊၂၇၁။)

၄။ အသမ္မောဟသမ္ပဇဉ်

၄။ အသမ္မောဟသမ္ပဇဉ်

(က) ခန္ဓာကိုယ်၏ အတွင်း၌ အတ္တမည်သော တစ်စုံတစ်ယောက်သော စားတတ်သောသူမည်သည် မရှိသည် သာတည်း။ စားလိုသော စိတ်သည် ဖြစ်ပေါ်လာ၏။ ယင်းစိတ်သည် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ ယင်းရုပ်ကလာပ်တို့တွင် ပါဝင်သော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်သည် သို့မဟုတ် မဟာဘုတ်ဓာတ် (၄)ပါးသည် ကာယဝိညတ်ကို ဖြစ်စေလျက် ဖြစ်ပေါ်လာ၏။ ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် တို့တည်း။ ယင်းရုပ်ကလာပ်အပေါင်းတို့၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် အထူးသဖြင့် သပိတ်ကို ကိုင်သည့် လက်သို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့် သပိတ်ကို ကိုင်ခြင်းမည်သည် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၅။ မ၊ဋ္ဌ၊၁၊၂၇၁။)

[သမာဓိကို အဆင့်ဆင့် ထူထောင်၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် စားလိုသောစိတ် သပိတ်ကို ကိုင်လို သောစိတ် ပြဓာန်းနေသည့် မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့ကို ဘဝင်မနောအကြည်ဓာတ်မှ စောင့်၍ သိမ်းဆည်းပါ။ ယင်းစိတ်တို့ကြောင့် ဖြစ်ပေါ်သွားကြကုန်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်တို့ကို သိမ်းဆည်းပါ။ ပဓာန = ပြဓာန်းသော ရုပ်တို့တည်း။ လက်၌ တည်ရှိသော (၄၄)မျိုးသော စတုသမုဋ္ဌာနိကရုပ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ယင်းရုပ်တို့ကား အပ္ပဓာန = မပြဓာန်းသော ရုပ်တို့တည်း။ ပဓာနရုပ်တို့ကား သယ်ဆောင်တတ် သော အခြင်းအရာအားဖြင့် ဖြစ်သော ရုပ်တို့တည်း။ အပ္ပဓာနရုပ်တို့ကား အသယ်ဆောင်ခံရသော အခြင်းအရာ အားဖြင့် ဖြစ်သော ရုပ်တို့တည်း။ သပိတ်နှင့် ဆွမ်းတို့ကား ဥတုဇဩဇဋ္ဌမကရုပ်တို့တည်း။ အပ္ပဓာန = မပြဓာန်း သောရုပ်တို့တည်း။ ယင်းပဓာန-အပ္ပဓာနရုပ် အားလုံးကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းထားပါ။ သပိတ် ကို ကိုင်လိုသော စားလိုသော မနောဒွါရိကဇောဝီထိ စိတ်စေတသိက်တို့ကား နာမ်တရား၊ ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တို့ကား ရုပ်တရား --- ဤရုပ်နာမ် နှစ်ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပါ၊ သိမ်းဆည်းထားပါ။ ယင်း ရုပ်နာမ်တို့၏ အညီအညွတ် ဖြစ်ခြင်းသည်ပင် သပိတ်ကို ကိုင်ခြင်း မည်ပေသည်၊ ယင်းရုပ်နာမ်တို့၏ အညီအညွတ်ဖြစ်ခြင်း ပေါင်းဆုံမိခြင်းကြောင့် သပိတ်ကို ကိုင်ခြင်း မည်သည် ဖြစ်ပေါ်လာ၏။ --- ဤအချက်ကို သိမ်းဆည်း ရှုပွားတတ်ပါက အောက်တွင် ဆက်လက် ဖော်ပြမည့် အချက်တို့၌လည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် သိမ်းဆည်းနိုင်မည်၊ သဘောပေါက်နိုင်မည် ဖြစ်သည်။ နည်းမှီး၍ ရုပ်နာမ်တို့ကို သိမ်း ဆည်းပါ။] (ဆက်ဖတ်ပါ။)

( ခ ) သပိတ်၌ လက်ကို ချလိုသော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေ သော ဝိညတ်ရုပ်ပါဝင်သော (ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ဟူသော) ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ အထူးသဖြင့် သပိတ်၌ချမည့် လက်သို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့်သာလျှင် လက်ကို သပိတ်၌ ချခြင်းမည်သည် ဖြစ်ပေါ်လာ၏။ (သပိတ်၌ လက်ကို ချလိုသော မနောဒွါရိကဇောဝီထိ = စိတ်စေတသိက် နာမ်တရားစုတို့ကိုလည်းကောင်း, သပိတ်၌ ချလိုက်သော လက်၌တည်ရှိကြသော ပဓာန-အပ္ပဓာန ရုပ်တရားတို့ကိုလည်းကောင်း, သပိတ်ဟူသော ဥတုဇဩဇဋ္ဌမကရုပ်, ဆွမ်းဟူသော ဥတုဇဩဇဋ္ဌမကရုပ်တို့ကိုလည်းကောင်း --- ဤရုပ်နှင့် နာမ်တို့ကို သိမ်းဆည်းပါ။)

( ဂ ) ဆွမ်းလုတ်ကို ပြုလုပ်လိုသော စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော ဝိညတ်ရုပ် ပါဝင်သော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ အထူးသဖြင့် ဆွမ်းလုတ်ကို ပြုလုပ်နေသော လက်သို့ တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့်သာလျှင် ဆွမ်းလုတ်ကို ပြုလုပ် ခြင်းသည် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၅။)

[ဆွမ်းလုတ်ကို ပြုလုပ်လိုသော ပြုလုပ်နေသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ = စိတ်စေတသိက် နာမ်တရားစုတို့ကိုလည်းကောင်း, ဆွမ်းလုတ်ကို ပြုလုပ်နေသော လက်၌ တည်ရှိနေကြသော (သို့မဟုတ် လက်နှင့် တကွသော တစ်ကိုယ်လုံး၌ တည်ရှိနေကြသော) ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကိုလည်း ကောင်း, ဆွမ်းဟု သမုတ်ထားအပ်သော ဥတုဇဩဇဋ္ဌမကရုပ်တရားတို့ကိုလည်းကောင်း --- ဤရုပ်နာမ်များကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။]

(ဃ) ဆွမ်းလုတ်ကို သပိတ်တွင်းမှ ခံတွင်းဘက်သို့ ထုတ်ဆောင် ချီမလိုသောစိတ်ကြောင့် ဖြစ်သော ဝါယော ဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝိညတ်ရုပ်ပါဝင်သော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ အထူးသဖြင့် ဆွမ်းလုတ်ကို ချီမထုတ်ဆောင်နေသော လက်သို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့်သာလျှင် ဆွမ်းလုတ်ကို သပိတ်တွင်းမှ ခံတွင်းဘက်သို့ ထုတ်ဆောင် ချီမခြင်းသည် ဖြစ်ပေါ် လာ၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၅။)

[ဆွမ်းလုတ်ကို သပိတ်တွင်းမှ ခံတွင်းဘက်သို့ ထုတ်ဆောင် ချီမလိုသောစိတ် ပြဓာန်းသော မနောဒွါရိက ဇောဝီထိ = စိတ်စေတသိက် နာမ်တရားစုတို့ကိုလည်းကောင်း, ဆွမ်းလုတ်ကို ချီမနေသော လက်၌ တည်ရှိနေကြ ဖြစ်ပွားနေကြသော ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကိုလည်းကောင်း, ဆွမ်းဟု ခေါ်ဝေါ် သမုတ်ထားသော ဥတုဇဩဇဋ္ဌမကရုပ်တို့ကိုလည်းကောင်း --- ဤရုပ်နှင့် နာမ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။]

(င) ပါးစပ်ကို ဖွင့်လိုသော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝိညတ်ရုပ် ပါဝင်သော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် အထူးသဖြင့် ခံတွင်းပါးစပ်နှင့် ဆွမ်းလုတ်ကို ချီမ ထုတ်ဆောင်လာသော လက်သို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်း ကြောင့်သာလျှင် ပါးစပ် ခံတွင်းကို ဖွင့်ဟခြင်း မည်သည် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၆။)

[ဤ၌လည်း ပါးစပ် ခံတွင်းကို ဖွင့်ဟလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ = စိတ်စေတသိက် နာမ်တရားစုတို့ကိုလည်းကောင်း, ဆွမ်းလုတ်ကို ချီမလာသော လက်နှင့် ပါးစပ်ခံတွင်းတို့၌ တည်ရှိနေကြသော ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကိုလည်းကောင်း, ဆွမ်းဟု ခေါ်ဝေါ်သမုတ်ထားအပ်သော ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့ကိုလည်းကောင်း --- ဤရုပ်နှင့် နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်း ဆည်းပါ။]

( စ ) တစ်စုံတစ်ယောက်သော သူက သံကောက်ဖြင့်လည်းကောင်း, ယန္တရားဖြင့်လည်းကောင်း, မေးရိုးတို့ကို ဖွင့်လှစ်ပေးလိုက်သည်ကား မဟုတ်၊ အဟုတ်သော်ကား ---

၁။ ပါးစပ်ကို ဖွင့်လိုသော စိတ်,

၂။ ဆွမ်းလုပ်ကို ခံတွင်း၌ ထည့်သွင်းထားလိုသော စိတ်,

၃။ ဆွမ်းကို ဝါးလိုသော စိတ်,

၄။ လျှာကို အသုံးပြုလိုသော စိတ် ---

ဤသို့ စသော စိတ်များ ပြဓာန်းသော ဘဝင်ခြားလျက် အကြိမ်ပေါင်းများစွာ အဆက်မပြတ် ဖြစ်နေကြသော မနောဒွါရိကဇောဝီထိ စိတ်စေတသိက်တို့ကြောင့် ဖြစ်ပေါ်လာကြသော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ အထူးသဖြင့် ဆွမ်းလုတ် သွတ်သွင်းနေသော လက်နှင့် ပါးစပ်ခံတွင်းသို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်းကြောင့်သာလျှင် ---

၁။ ပါးစပ်ကို ဖွင့်ဟခြင်းသည်လည်းကောင်း,

၂။ ဆွမ်းလုတ်ကို ပါးစပ် ခံတွင်း၌ ထည့်သွင်းထားခြင်းသည်လည်းကောင်း,

၃။ အထက်သွားတို့၏ ကျည်ပွေ့ကိစ္စကို ပြီးစေခြင်းသည်လည်းကောင်း, အောက်သွားတို့၏ ဆုံကိစ္စကို ပြီး စေခြင်းသည်လည်းကောင်း (= ဆွမ်းလုတ်ကို ဝါးခြင်းသည်လည်းကောင်း)

၄။ လျှာ၏ လက်ကိစ္စကို ပြီးစေခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏။

[ဤ၌လည်း အထက်ပါ အဆက်မပြတ် ဘဝင်ခြားလျက် ဆက်တိုက်ဖြစ်နေကြသော မနောဒွါရိကဇော ဝီထိ = စိတ်စေတသိက် နာမ်တရားစုတို့ကိုလည်းကောင်း, လက် ပါးစပ် လျှာတို့၌ တည်ရှိကြကုန်သော ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကိုလည်းကောင်း, ဆွမ်းဟု ခေါ်ဝေါ်သမုတ်ထားအပ်သော ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့ကိုလည်းကောင်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။]

(ဆ) ဤသို့လျှင် အစာကို စားရာ၌ လျှာဖျားမှ ထွက်ပေါ်လာသော ကျဲသော တံတွေးသည် ယင်းအစာကို လိမ်းကျံ၏။ လျှာရင်းမှ ထွက်ပေါ်လာသော ပျစ်ချွဲသော တံတွေးသည် ယင်းအစာကို လိမ်းကျံ၏။ ထိုအစာကို အောက်သွားတည်းဟူသော ဆုံ၌ လျှာတည်းဟူသော လက်ဖြင့် တပြောင်းပြန်ပြန် ပြုအပ်၏။ တံတွေးတည်း ဟူသော ရေဖြင့် စွတ်စိုစေအပ်၏၊ အထက်သွားတည်းဟူသော ကျည်ပွေ့ဖြင့် မုန့်မုန့်ညက်ညက် ပြုအပ်၏။ တစ်စုံတစ်ယောက်သော ဇွန်းဖြင့်လည်းကောင်း, ယောက်မဖြင့်လည်းကောင်း သွင်းသောသူ မည်သည် မရှိ။ ဝါယောဓာတ်ကြောင့်သာလျှင် ဝင်သွား၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၆။ မ၊ဋ္ဌ၊၁၊၂၇၂။)

[ဤ၌ --- (၁) ဝါးလိုသောစိတ်တို့ကား တစ်နည်း ဝါးလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိတို့ ကား ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်များ ခြားလျက် ဝီထိပေါင်းများစွာ အဆက်မပြတ် ဖြစ်နေကြ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဝါးလိုသောစိတ် ပြဓာန်းနေသော မနောဒွါရိကဇောဝီထိ စိတ်စေတသိက် --- နာမ်တရားစုတို့ကိုလည်းကောင်း, ပါးစပ် လျှာ သွား စသည်တို့၌ တည်ရှိနေကြသော ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကိုလည်းကောင်း, အစာဟူသော ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့ကိုလည်းကောင်း --- ဤရုပ်နာမ် တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။။

(၂) အစာကို မျိုချလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ = စိတ်စေတသိက် နာမ်တရားစုတို့ကို လည်းကောင်း, လည်ပင်း လည်ချောင်း၌ တည်ရှိကြသော ပဓာန-အပ္ပဓာန ရုပ်တရားတို့ကိုလည်းကောင်း (=အစာကိုမျိုသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တို့တည်း။) အစာဟူသော ဥတုဇဩဇဋ္ဌမက ရုပ်တို့ကို လည်းကောင်း --- ဤရုပ်နာမ်တို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။ ဤ၌ အပ္ပဓာနရုပ်တို့တွင် တံတွေး ကောဋ္ဌာသ ရုပ် (၁၆)မျိုးတို့လည်း ပါဝင်ကြသည်။

(၃) အစာကို ဝါးနေစဉ် အစာကို မျိုချစဉ် အချိန်ကာလတို့၌ ကြိုးကြား ကြိုးကြား ဖြစ်ပေါ်နေကြကုန်သော အစာဟူသော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်နေကြကုန်သော ဇိဝှါဒွါရဝီထိနှင့် မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း, ဇိဝှါပသာဒ = လျှာအကြည်ဓာတ်နှင့် တကွသော လျှာ၌ တည်ရှိကြသော (၅၄)မျိုးကုန်သော ရုပ်တရားတို့ကိုလည်းကောင်း, ရသာရုံနှင့် တကွသော အစာဟူသော ဥတုဇဩဇဋ္ဌမကရုပ် တို့ကိုလည်းကောင်း --- ဤရုပ်နာမ်တို့ကိုလည်း သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။]

ဝါယောဓာတုယာဝ ပဝိသတိ = ဝါယောဓာတ်ကြောင့်သာလျှင် ဝင်သွား၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၆။) --- ဤ၌ ဝါယောဓာတ်ဟူသည်မှာ --- အဓောဂမဝါတ အမည်ရသော ဝါယောကောဋ္ဌာသ၌ ပါဝင်တည်ရှိသော ဝါယော ဓာတ်ကို ရည်ညွှန်းထားပေသည်။ အဓောဂမဝါတဟူသည် အူ၏အတွင်း၌ တည်ရှိသော အောက်သို့ စုန်ဆင်းသော လေကောဋ္ဌာသ ဖြစ်၏။ ယင်းကောဋ္ဌာသတို့၌ ရုပ် (၃၃)မျိုး ရှိ၏။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

၁။ ကံကြောင့်ဖြစ်သော ဇီဝိတနဝကကလာပ် --- ရုပ်သဘော ( ၉ )မျိုး

၂။ စိတ်ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ် --- ရုပ်သဘော ( ၈ )မျိုး

၃။ ဥတုကြောင့်ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် --- ရုပ်သဘော ( ၈ )မျိုး

၄။ အာဟာရကြောင့်ဖြစ်သော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် --- ရုပ်သဘော ( ၈ )မျိုး

အားလုံးပေါင်းသော် --- ရုပ်သဘောတရား (၃၃)မျိုး

ယင်းရုပ်တရားတို့တွင် စိတ္တဇဩဇဋ္ဌမက ရုပ်တရားများမှာ ဤအချိန်ပိုင်းတွင် တစ်နည်း ယခုဖော်ပြနေ ဆဲအပိုင်းတွင် အစာကို မျိုချလိုသော စိတ်များကြောင့် တစ်နည်း အစာကို မျိုချလိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ စိတ်စေတသိက် နာမ်တရားစုတို့ကြောင့် ဖြစ်ပေါ်လာကြသော ရုပ်တရားတို့တည်း။ ယင်း အဓောဂမဝါတကောဋ္ဌာသ၌ ရုပ်အစစ်တို့ကိုသာ ဖော်ပြထားသော်လည်း ဤအစာကို မျိုချစဉ် အခါ၌ကား ယင်းစိတ္တဇရုပ်တို့တွင် ဝိညတ်ရုပ်တို့လည်း ပါဝင်နိုင်၏။ သို့အတွက် အထက်တွင် ဝိညတ်ရုပ်များကိုပါ သိမ်းဆည်း ရန် ဖော်ပြခဲ့ခြင်း ဖြစ်၏။ ယင်း (၃၃)မျိုးသော ရုပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ စွမ်းအားကြောင့် အစာ သည် အတွင်းသို့ ဝင်ရောက်သွား၏။ မျိုချစဉ် အခိုက်၌ကား စိတ်ပြဓာန်းလျက်ပင် ရှိနေသေးသဖြင့် အထက်၌ ယင်းစိတ်နှင့် ပဓာန-အပ္ပဓာန ရုပ်တို့ကို သိမ်းဆည်းရန် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ မျိုချစဉ် စိတ်ပြဓာန်းသကဲ့သို့ စိတ္တဇဝါယောဓာတ်ကလည်း ပြဓာန်းလျက်ပင် ရှိ၏။ သို့သော် အစာဝင်သွားပြီးရာ အခါ၌ကား စတုသမုဋ္ဌာနိက ဝါယောဓာတ် အားလုံးပင် ပြဓာန်းလျက်ရှိ၏၊ ထိုကြောင့် အဋ္ဌကထာက --- ဝါယောဓာတုယာဝ ပဝိသတိ = ဝါယောဓာတ်ကြောင့်သာလျှင် ဝင်သွား၏။ --- ဟု ဖွင့်ဆိုခြင်း ဖြစ်ပေသည်။

( ဇ ) ဝင်တိုင်း ဝင်တိုင်းသော အစာကို ကောက်ရိုးခင်း (သစ်ရွက်ခင်း)ကို ပြုလုပ်၍ ခံယူဆောင်ထားသော တစ်စုံတစ်ယောက်သောသူ မည်သည် မရှိ၊ ဝါယောဓာတ်၏ စွမ်းအင်ဖြင့်ပင် တည်နေရ၏။ (ဤ၌လည်း အဓောဂမဝါတ အမည်ရသော အောက်သို့ စုန်ဆင်းသောလေ ဥဒ္ဓင်္ဂမဝါတ အမည်ရသော အထက်သို့ ဆန်တက်သောလေဟူသော ဝါယောကောဋ္ဌာသတို့၌ ရုပ်အမျိုးအစား (၃၃)မျိုးစီ ရှိကြ၏။ ယင်း (၃၃)မျိုးကုန်သော ရုပ်တို့တွင် ဝါယောဓာတ်၏ ထောက်ပံ့ခိုင်ခံ့စေသည့် ထောက်ကန်မှုစွမ်းအားကား ကြီးမားလျက်ပင်ရှိ၏။ ယင်းထောက်ကန် မှု ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော (၃၃)မျိုးကုန်သော ရုပ်တရားတို့ကြောင့်သာလျှင် အစာသွားလမ်း အတွင်းသို့ ဝင်ရောက်သွားသော အစာသစ်ကောဋ္ဌာသ၏ တည်နေခြင်း ဖြစ်၏။ ယင်း (၃၃) မျိုးကုန်သော ရုပ်တရားတို့ကိုလည်းကောင်း, အစာသစ်ကောဋ္ဌာသဟူသော ဥတုဇဩဇဋ္ဌမကရုပ်တို့ကိုလည်း ကောင်း ယင်းရုပ်တရားတို့ကို သိမ်းဆည်းပါ။)

( စျ ) အစာသစ်အိမ် အဝင်အပါ ဖြစ်သော အစာသွားလမ်း တစ်လျှောက်၌ တည်တိုင်း တည်တိုင်းသော အစာကို ခုံလောက်ကို ပြုလုပ်၍ မီးမွှေး၍ ချက်ပြုတ်နေသော တစ်စုံတစ်ယောက်သောသူ မည်သည် မရှိ။ အစာကို ကြေကျက်စေတတ်သော ဂဟဏီ အမည်ရသော ပါစကတေဇောဓာတ် ဝမ်းမီးကသာလျှင် ကျက်သွားအောင် ချက်၏။

[အစာအိမ်ဝန်းကျင် စသည့် ထိုထို နေရာတို့၌ တည်ရှိနေကြသော ဇီဝိတနဝက ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ်ကို ပါစကတေဇောဓာတ် = အစာကို ကြေကျက်စေတတ်သော ဝမ်းမီးဟု ခေါ်၏။ ယောဂါဝစရ ပုဂ္ဂိုလ်သည် ဤအပိုင်းတွင် ---

၁။ အန္တဟူသော အစာသစ်အိမ် အဝင်အပါ အူကောဋ္ဌာသ = အစာသွားလမ်းတစ်လျှောက်၌ တည်ရှိကြ သော အန္တကောဋ္ဌာသ = ရုပ် (၄၄)မျိုးတို့ကိုလည်းကောင်း,

၂။ အစာကို တည်အောင် အောက်သို့ ဆင်းအောင် ထောက်ကန် တွန်းကန်တတ်သည့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဥဒ္ဓင်္ဂမဝါတကောဋ္ဌာသရုပ် (၃၃)မျိုး, အဓောဂမဝါတကောဋ္ဌာသ ရုပ် (၃၃)မျိုးတို့ကိုလည်းကောင်း,

၃။ အစာသစ်ကောဋ္ဌာသဟူသော ဥတုဇဩဇဋ္ဌမကရုပ်တို့ကိုလည်းကောင်း,

၄။ အစာသစ်ကောဋ္ဌာသကို ကျက်အောင် ချက်ပေးနေသော ပါစကတေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဇီဝိတနဝက ကလာပ်ရုပ်တို့ကိုလည်းကောင်း --- ဤရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူပါ သိမ်းဆည်းပါ။] (အဘိ၊ဋ္ဌ၊၂၊၃၄၆။)

(ည) ကျက်တိုင်း ကျက်တိုင်းသောအစာကို တုတ်ချောင်းငယ်ဖြင့်လည်းကောင်း, တောင်ဝှေးဖြင့်လည်းကောင်း, အပြင်အပသို့ ထုတ်ဆောင်ပေးတတ်သော တစ်စုံတစ်ယောက်သောသူ မည်သည် မရှိ။ ဝါယောဓာတ်ကသာ လျှင် ထုတ်ဆောင်၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၆။)

ဤအပိုင်းတွင်ကား အဓောဂမဝါတ အမည်ရသော အောက်သို့ စုန်ဆင်းသောလေကား အားကောင်းလာပြီ ဖြစ်၏။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ---

၁။ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော အဓောဂမဝါတ ကောဋ္ဌာသ (၃၃)မျိုးသော ရုပ် တရားတို့ကိုလည်းကောင်း,

၂။ အူကောဋ္ဌာသ၌ တည်ရှိကြသော (၄၄)မျိုးသော ရုပ်တရားတို့ကိုလည်းကောင်း,

၃။ အစာသစ် သို့မဟုတ် အစာဟောင်းကောဋ္ဌာသဟူသော ဥတုဇဩဇဋ္ဌမကရုပ်တို့ကိုလည်းကောင်း,

၄။ ပါစကတေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော အစာကို ကြေကျက်စေတတ်သော ဇီဝိတနဝက ကလာပ် ရုပ်တို့ကိုလည်းကောင်း,

၅။ အဗဒ္ဓ သည်းခြေ အမည်ရသော ပိတ္တကောဋ္ဌာသ (၄၄)မျိုးသော ရုပ်တရားတို့ကိုလည်းကောင်း --- ဤရုပ် တရားတို့ကို သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဤအဗဒ္ဓ သည်းခြေကား အူအတွင်း၌ တည်ရှိကြသော အစာတို့ကို ကြေကျက်အောင် ပါစကတေဇောဓာတ်က ချက်ရာ၌ အားပေးထောက်ပံ့နေသော ကောဋ္ဌာသ တစ်ခုပင် ဖြစ်သည်။

ဤအပိုင်းတွင် ဥဒ္ဓင်္ဂမဝါတ = အထက်သို့ ဆန်တက်သော လေကောဋ္ဌာသကား အားပျော့လျက် ရှိ၏၊ သို့ သော် ဓာတ်ချောက်ချားသူ ဓာတ်မညီမျှသူတို့၌လည်း ရံခါဖြစ်တတ်ပါ၏။ ထိုအခါ ရောနှော၍ သိမ်းဆည်းပါ။

သတိပြုရန်

သတိပြုရန်

၁။ အစာကို မျိုသွင်းလိုက်သဖြင့် အစာသွားလမ်း အစာသစ်အိမ်တို့သို့ အစာဝင်သွားသောအပိုင်း,

၂။ အစာသစ်အိမ် အတွင်း၌ အစာတည်နေသောအပိုင်း,

၃။ အစာကို ချက်နေသော ကြေကျက်စေသောအပိုင်း,

၄။ အစာကို အောက် အပြင်အပသို့ ထုတ်ဆောင်နေသောအပိုင်း ---

ဤအပိုင်းကဏ္ဍတို့၌ ရုပ်တရားတို့၏ အလုပ်လုပ်ပုံ ဗျာပါရက ထင်ရှားနေသဖြင့် နာမ်တရားတို့၏ အလုပ် လုပ်ပုံ ဗျာပါရက မထင်ရှားသဖြင့် အဋ္ဌကထာက မဖော်ပြခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တို့၌လည်း နာမ် တရားတို့ကား ဖြစ်လျက်ပင် ရှိကြပေသည်။ စားခြင်းကိစ္စ မပြီးဆုံးသေးသည့် အတွက် ထပ်စားလိုသောစိတ် ဝါးလိုသောစိတ် မျိုချလိုသောစိတ် စသော စိတ်တို့လည်း သို့မဟုတ် ယင်းစိတ်တို့ ပြဓာန်းသော မနောဒွါရိက ဇောဝီထိစိတ်တို့လည်း ကြိမ်ဖန်များစွာ အဆက်မပြတ် ဖြစ်နေကြမည်သာ ဖြစ်ပေသည်။ ယင်း စိတ်တို့ကား အထက်ပါ အစာဝင်သွားသော အပိုင်း, အစာသစ်အိမ်၌ အစာတည်နေသော အပိုင်း အစာကို ချက်နေသော အပိုင်း အစာကို အပြင်အပသို့ ထုတ်ဆောင်နေသော အပိုင်းတို့နှင့် မသက်ဆိုင်၍ အဋ္ဌကထာက သိမ်းဆည်း ဖို့ရန် မညွှန်ကြားခြင်း ဖြစ်ပေသည်။ သို့သော် ဤအပိုင်းနှင့် သက်ဆိုင်နေသော နာမ်တရားတို့လည်း ရှိကြသည် သာ ဖြစ်သည်။ ယင်းနာမ်တရားတို့မှာ ---

၁။ ဥဒ္ဓင်္ဂမဝါတကောဋ္ဌာသ = အထက်သို့ ဆန်တက်သော လေကောဋ္ဌာသ = ရုပ် (၃၃)မျိုး,

၂။ အဓောဂမဝါတကောဋ္ဌာသ = အောက်သို့ စုန်ဆင်းသော လေကောဋ္ဌာသ = ရုပ် (၃၃)မျိုး ---

ဤကောဋ္ဌာသ (၂)မျိုးတို့၌ စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တို့ အသီးအသီး ပါဝင်ကြ၏။ ယင်းစိတ္တဇရုပ် တို့ကို ဖြစ်စေတတ်သော အကြောင်းရင်းစိတ်တို့မှာ အစာကို စားနေခိုက် ဖြစ်ပေါ်နေကြသော ပဉ္စဝိညာဏ်မှ တစ်ပါးသော ဘဝင်နှင့် တကွသော ဝီထိစိတ်စေတသိက်တို့ပင် ဖြစ်ကြသည်။ ယင်းစိတ်စေတသိက် နာမ်တရား စုတို့မှာ အစာကို စားသုံးနေသော ပုဂ္ဂိုလ်အပေါ်၌ မူတည်၍ ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇော အကုသိုလ်ဇောများ ထိုက်သလို ပါဝင်နေသော ဝီထိစိတ်များလည်း ဖြစ်ကြ၏။ ဝီထိမှ အလွတ်ဖြစ်သော ဘဝင်စိတ်တို့လည်းဖြစ်ကြ၏။ ယင်းစိတ်တိုင်း စိတ်တိုင်းသည် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်သည်သာ ဖြစ်၏။ ယင်းစိတ္တဇရုပ်တို့ကား အထက်ပါ အထက်သို့ ဆန်တက်သောလေ အောက်သို့ စုန်ဆင်းသောလေဟူသော ဝါယောကောဋ္ဌာသရုပ် (၃၃)မျိုးစီတို့၌ ပါဝင်လျက်ရှိ၏။ သို့သော် အထက်ပါ အစာဝင်သွားသော အပိုင်း, အစာ တည်နေသော အပိုင်း, အစာကို ချက်နေသော အပိုင်း, အစာကို ထုတ်ဆောင်နေသော အပိုင်းတို့၌ ယင်းစိတ္တဇဝါယောဓာတ် တစ်မျိုးတည်းသာ ပြဓာန်းနေသည်ကား မဟုတ်၊ ယင်းအထက်သို့ ဆန်တက်သော လေကောဋ္ဌာသ, အောက်သို့ စုန်ဆင်းသော လေကောဋ္ဌာသတို့၌ ပါဝင်ကြသော ---

၁။ ဇီဝိတနဝကကလာပ်ရုပ်တို့တွင် ပါဝင်သော ကမ္မဇဝါယောဓာတ်,

၂။ စိတ္တဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော စိတ္တဇဝါယောဓာတ်,

၃။ ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဥတုဇဝါယောဓာတ်,

၄။ အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော အာဟာရဇဝါယောဓာတ် ---

ဟူသော ဤ (၄)မျိုးလုံးသော ဝါယောဓာတ်တို့သည်ပင် ပြဓာန်းလျက်ရှိ၏။ သို့အတွက် စိတ္တဇဝါယောဓာတ် တစ်ခုတည်းကိုသာ ဦးတည်၍ မဖွင့်ဆိုဘဲ (ဝါယောဓာတုယာဝ ပဝိသတိ။) စသည်ဖြင့် ဝါယောဓာတ် (၄)မျိုးလုံး ကိုပင် ဦးတည်၍ ဖွင့်ဆိုသွားပေသည်။

အကယ်၍ အသင်သူတော်ကောင်းသည် အထက်တွင် ဖော်ပြထားသော ---

၁။ အစာဝင်သွားသော အပိုင်း,

၂။ အစာတည်နေသော အပိုင်း,

၃။ အစာကို ချက်နေသော အပိုင်း,

၄။ အစာကို ထုတ်ဆောင်နေသော အပိုင်း ---

ဤအပိုင်း အသီးအသီး, အခိုက်အတန့် အသီးအသီးတို့၌လည်း နာမ်တရားတို့ကို သိမ်းဆည်းလိုပါက ယင်း ဥဒ္ဓင်္ဂမဝါတကောဋ္ဌာသ, အဓောဂမဝါတကောဋ္ဌာသတို့၌ ပါဝင်သော စိတ္တဇဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေ တတ်သော ပဉ္စဝိညာဏ်မှ တစ်ပါးသော ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကိုလည်းကောင်း, ဘဝင် နာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းနိုင်သည်သာ ဖြစ်သည်။ ယင်းပဉ္စဒွါရဝီထိ မနောဒွါရဝီထိတို့ကား အစာကို စားသုံးနေသော ပုဂ္ဂိုလ်၏ နှလုံးသွင်းမှု အပေါ်၌ အခြေစိုက်၍ ဝီထိအမျိုးမျိုး စိတ်အမျိုးမျိုး ဖြစ်နိုင် သည်။ သို့သော် ဤအပိုင်းတွင် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းတတ်သော်လည်း ယင်းဘဝင်နာမ် တရားစု = စိတ်စေတသိက်တို့ကို သိမ်းဆည်းရေးမှာ အခက်အခဲများစွာ ရှိနေပေဦးမည်။ အခက်အခဲ ရှိနေသေး ပါက ခေတ္တ ချန်လှပ်ထားပါ။ ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ရောက်ရှိမှ ထပ်မံ သိမ်းဆည်းပါ။ အဋ္ဌကထာစကားကား မဆုံးသေးပါ၊ သို့အတွက် ဆက်ဖတ်ပါ။

(က) ဤသို့လျှင် ဝါယောဓာတ်သည် ---

၁။ ဆွမ်းလုတ်ကို ခံတွင်းသို့တိုင်အောင် ရှေးရှူလည်း ဆောင်၏။

၂။ ခံတွင်းမှ ဝမ်းဗိုက်တွင်းသို့တိုင်အောင် ရောရောနှောနှော ပြုလုပ်လျက် ကြိတ်ချေလျက် ဆောင်၏။

တစ်နည်းဆိုရသော် ---

၁။ ခံတွင်းဝကို ကျော်လွန်အောင်လည်း ဆောင်၏။

၂။ ဝမ်းဗိုက်၌ ရောက်ရှိသွားသော တည်နေသော အစာကို ဘေးပတ်ဝန်းကျင်သို့ ဆောင်၏။ (အာဟာရဇ ဩဇဋ္ဌမကရုပ်တို့၏ ပျံ့နှံ့သွားမှုကို ဆိုလိုသည်။)

၃။ ခံလည်း ခံထား၏။ (အစာအိမ် အဝင်အပါ အူကောဋ္ဌာသတို့၌ တည်နေအောင် ဆောင်လည်း ဆောင် ထား၏။)

၄။ တပြောင်းပြန်ပြန်လည်း ပြု၏။ (ဝါးသောအခါ လျှာ၏ အလုပ်ကိစ္စ လုပ်ပုံတည်း။)

၅။ မုန့်မုန့်ညက်ညက်လည်း ပြု၏။ (ဝါး၍ ကြိတ်ချေမှုတည်း။)

၆။ ခြောက်လည်း ခြောက်ကပ်စေ၏။

၇။ ထုတ်လည်း ထုတ်ဆောင်၏။ (အပသို့ ထုတ်ဆောင်မှုတည်း။)

( ခ ) ပထဝီဓာတ်သည် ---

၁။ ခံလည်း ခံထား၏၊ (အစာအိမ် အူကောဋ္ဌာသတို့၌ တည်နေအောင် ဆောင်လည်း ဆောင်ထား၏။)

၂။ တပြောင်းပြန်ပြန်လည်း ပြု၏။

၃။ မုန့်မုန့်ညက်ညက်လည်း ပြု၏။

၄။ ခြောက်လည်း ခြောက်ကပ်စေ၏။ (ဝါးပြီးသော အစာ၌ ရှိသော အရည်ကို စုတ်ယူလိုက်သဖြင့် အစာ၌ အရည်ဓာတ် ခြောက်သွေ့မှု ခြောက်ကပ်မှုကို ဆိုလိုသည်။)

၅။ အပသို့ ထုတ်လည်း ထုတ်ဆောင်၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၆။)

ဧတ္ထ စ အာဟာရဿ ဓာရဏပရိဝတ္တနသဉ္စုဏ္ဏနဝိသောသနာနိ ပထဝီဓာတုသဟိတာ ဧဝ ဝါယောဓာတု ကရောတိ၊ န ကေဝလာတိ တာနိ ပထဝီဓာတုယာပိ ကိစ္စဘာဝေန ဝုတ္တာနိ။ (ဒီ၊ဋီ၊၁၊၂၅၁။)

ဤအရာ၌ အစာအာဟာရကို ခံထားခြင်း (= ဆောင်ထားခြင်း), တပြောင်းပြန်ပြန်ပြုခြင်း, မုန့်မုန့်ညက် ညက်ပြုခြင်း, ခြောက်သွေ့စေခြင်းဟူသော ကိစ္စတို့ကို ပထဝီဓာတ်နှင့် အတူတကွသာလျှင် ဝါယောဓာတ်က ပြု လုပ်နိုင်၏။ ဝါယောဓာတ် တစ်ခုတည်းသက်သက်ကား မပြုလုပ်နိုင်။ ထိုကြောင့် ထိုကိစ္စတို့ကို ဝါယောဓာတ်၏ အလုပ်ကိစ္စ အဖြစ်ဖြင့်သာမက ပထဝီဓာတ်၏လည်း အလုပ်ကိစ္စ အဖြစ်ဖြင့် အဋ္ဌကထာက ဖွင့်ဆိုထားအပ် ကုန်၏။ (ဒီ၊ဋီ၊၁၊၂၅၁။)

[ပဓာနနည်းသာ --- ဤ၌ ပထဝီဓာတ် ဝါယောဓာတ်တို့၏လည်း ကြွင်းကျန်သော ကလာပ်တူ ရုပ်တရား တို့နှင့် ကင်း၍ မိမိတို့ချည်းသက်သက် မဖြစ်နိုင်ရကား ပဓာနနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်ဟု မှတ်ပါ။ အပ္ပဓာနအားဖြင့် ကြွင်းကျန်သော ကလာပ်တူ ရုပ်တရားတို့ကိုလည်း သိမ်းကျုံး၍ ယူပါ။ ဃနပြိုမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်သောကြောင့်တည်း။ ယင်းရုပ်တရားတို့ကို အထက်၌ ဖော်ပြခဲ့ပြီးလေပြီ။]

( ဂ ) အာပေါဓာတ်သည် ---

၁။ အစာကို စိုလည်း စိုစွတ်စေ၏။ (တံတွေးကောဋ္ဌာသနှင့် အဗဒ္ဓ သည်းခြေအရည်ကောဋ္ဌာသတို့ကို အထူး ရည်ညွှန်းထားသည်။)

၂။ စိုပြီးသော အစာကိုလည်း စောင့်ရှောက်၏။ (ဝါယောဓာတ် စသော အခြားအခြားသော ဓာတ်တို့ကြောင့် ခြောက်သွေ့မသွားအောင် စွတ်စိုနေအောင် တံတွေးကောဋ္ဌာသ အဗဒ္ဓ သည်းခြေအရည်ကောဋ္ဌာသတို့ က အထူးစောင့်ရှောက်ပေး၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၆။)

(ဃ) တေဇောဓာတ်သည် ---

အစာအိမ်နှင့် အူ၏ အတွင်းသို့ ဝင်လာတိုင်းသော အစာကို ကျက်အောင် ချက်ပေး၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၆။)

( င ) အာကာသဓာတ်သည် ---

အစာအာဟာရ၏ ဝင်လာရာ ထွက်သွားရာ လမ်းကြောင်းကိစ္စကို ရွက်ဆောင်ပေး၏။ (အူ - အစာအိမ် ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်ကလာပ်, အစာသစ်ကောဋ္ဌာသ၌ တည်ရှိကြသော ရုပ်ကလာပ် --- ဤရုပ် ကလာပ်တို့ တစ်ခုနှင့် တစ်ခု ရောယှက်မှုမရှိအောင် အထူးသဖြင့် ပိုင်းခြားပေးသော ရုပ်ဖြစ်၏။ အဓောဂမဝါတ အမည်ရသော အောက်သို့ စုန်ဆင်းသော ဝါယောကောဋ္ဌာသ ရုပ်တရားတို့၏ အကူအညီဖြင့် အတွင်းသို့ ဝင်လာသော အပြင်သို့ ထွက်သွားသော အစာသစ် အစာဟောင်း ကောဋ္ဌာသရုပ်တရားတို့ကို လမ်းဖောက်ပေး သောရုပ် ဖြစ်ပေသည်။)

( စ ) ဝိညာဏဓာတ် ---

ဝိညာဏဓာတု တတ္ထ တတ္ထ သမ္မာပယောဂမနွာယ အာဘုဇတိ။ (အဘိ၊ဋ္ဌ၊၂၊၃၄၆။)

အာဘုဇတီတိ ပရိယေသနဇ္ဈောဟရဏဇိဏ္ဏာဇိဏ္ဏတာဒိံ အာဝဇ္ဇေတိ၊ ဝိဇာနာတီတိ အတ္ထော။ တံတံဝိဇာနနနိပ္ဖါဒကောယေဝ ဟိ ပယောဂေါ သမ္မာပယောဂေါတိ ဝုတ္တောတိ။ အထ ဝါ သမ္မာပဋိပတ္တိမာဂမ္မ အဗ္ဘန္တရေ အတ္တာ နာမ ကောစိ ဘုဇနကော နတ္ထီတိအာဒိနာ ဝိဇာနနံ အာဘုဇနံ။ (မူလဋီ၊၂၊၁၈၂။)

သမ္မာပဋိပတ္တိန္တိ ဓမ္မေသု အဝိပရီတပဋိပတ္တိံ ယထာဘူတာဝဗောဓံ။ (အနုဋီ၊၂၊၁၈၄။)

ဝိညာဏဓာတ်သည် --- ထိုထို ကိစ္စတို့၌ သမ္မာပယောဂကို အစွဲပြု၍ နှလုံးသွင်း၏၊ သိ၏။ နှလုံးသွင်း၏ သိ၏ဟူသည် အစာကို ရှာမှီးခြင်း, အစာကို စားမျိုခြင်း, စားပြီးသောအစာ၏ ကြေကျက်သည်၏ အဖြစ်, မ ကြေကျက်သည်၏ အဖြစ် စသည်ကို ဆင်ခြင် နှလုံးသွင်း၏ သိ၏ဟု ဆိုလို၏။ အကြောင်းကား --- အစာကို ရှာမှီးခြင်း, အစာကို စားမျိုခြင်း, အစာ၏ ကြေကျက်သည်၏ အဖြစ်, မကြေကျက်သည်၏ အဖြစ် စသည့် ထိုထို အာရုံကို သိခြင်းကို ပြီးစေတတ်သည်သာလျှင် ဖြစ်သော ပယောဂကို သမ္မာပယောဂဟူ၍ ဆိုအပ်သောကြောင့် ဖြစ်၏။ အကြင်ပယောဂဖြင့် အစာကို ရှာမှီးခြင်း စသည်သည် ပြီးစီးလာ၏၊ ထိုပယောဂသည် ထိုအစာကို ရှာမှီးခြင်း စသည့် အာရုံကို သိခြင်းကိုလည်း ပြီးစီးစေသည်သာ မည်ပေသည်။ --- ဤအဖွင့်များအရ ဝိညာဏ ဓာတ်သည် အစာကို ရှာမှီးခြင်း အစ --- အစာဟောင်း၏ အပြင်သို့ထွက်ခြင်း အဆုံးရှိသော ယောဂါဝစရပုဂ္ဂိုလ် ၏ ထိုထို သမ္မာပယောဂကို အစွဲပြု၍ သိခြင်းကိစ္စကို ရွက်ဆောင်ပေး၏ဟု ဆိုလိုသည်။ သို့သော် မူလဋီကာ ဆရာတော်က ဤမျှဖြင့် အားရတော် မမူသေး၍ နောက်တစ်နည်း ထပ်ဖွင့်ထားတော်မူ၏။

ဝိညာဏဓာတ်သည် --- အထက်ပါ အစာရှာမှီးမှု အစ --- အစာ၏ ပြင်ပသို့ ထွက်ခြင်း အဆုံးရှိသော ထိုထိုသော ကိစ္စတို့၌ လိုက်နာပြုကျင့်ရမည့် သမ္မာပဋိပတ် အမည်ရသော လောကုတ္တရာတရား (၉)ပါး အားလျော် သော ကောင်းမွန် မှန်ကန်သည့် ကျင့်ဝတ်ပဋိပတ်ကို အကြောင်းပြု၍ အာရုံကို နှလုံးသွင်း၏ စိတ်ကို ရှေးရှူ ဆောင်ယူ၏။ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ အစာအာဟာရကို စားသုံးခြင်း, အစာကို စားသုံးရာ အခိုက် အတန့် အသီးအသီးတို့၌ ဖြစ်ပေါ်နေကြသော ရုပ်နာမ်တို့ကို သိမ်းဆည်းခြင်း, နှလုံးသွင်းခြင်း, စွမ်းနိုင်ပါက ဝိပဿနာ ရှုပွားသုံးသပ်ခြင်းတို့ကား သမ္မာပဋိပတ်ကျင့်ဝတ်တို့ပင် ဖြစ်ကြသည်။ ယင်းသမ္မာပဋိပတ်ကို အစွဲပြု ၍ ခန္ဓာကိုယ် အတွင်း၌ အတ္တ မည်သော တစ်စုံတစ်ယောက်သော စားသုံးတတ်သောသူသည် မရှိသည်သာ တည်း ဤသို့စသည်ဖြင့် သိခြင်းတည်း။ ယင်းသိမှုကိစ္စကို ဝိညာဏဓာတ်က ရွက်ဆောင်ပေး၏။

ဤသို့လျှင် အစာကို သုံးဆောင်ရာ၌ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, အာကာသဓာတ်, ဝိညာဏဓာတ်ဟူသော ဓာတ် (၆)ပါးတို့ ပြဓာန်းသော ရုပ်နာမ်တို့၏ ဖြစ်ခြင်းကို ဆင်ခြင် နှလုံး သွင်းတတ်သော ဉာဏ်၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၆။ မ၊ဋ္ဌ၊၁၊၂၇၂။)

ဤကား ---- အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ ----စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ --- ဟူသော ဒေသနာတော်၏ ဆိုလိုရင်း အနက်သဘောတို့ကို ဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာတို့၏ ရှင်းလင်းချက်များပင် ဖြစ်ကြသည်။ ဤအပိုင်း၌ကား --- စားရာ သောက်ရာ ခဲရာ လျက်ရာတို့၌ ခန္ဓာ (၅)ပါး = ရုပ်နာမ်နှစ်ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်လျှင် အသမ္မောဟသမ္ပဇဉ်ကို ရရှိပြီဟု ဆိုလိုသည်။ နိဗ္ဗာန် အစစ်အမှန်ကိုသာ မျှော်လင့် တောင့်တနေသော သူတော်ကောင်း ဖြစ်ပါမူ ယင်းခန္ဓာ (၅)ပါးတို့ကို သိအောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိအောင် သူများ၏ ပါးစပ်တွင်သာ လမ်းဆုံးနေသော သိနည်းမျိုး မဟုတ်ဘဲ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ကိုယ်တိုင်သိသည့် အသိဉာဏ်ကို ရရှိအောင် ကြိုးပမ်းရတော့မည်သာ ဖြစ်ပေသည်။ သို့အတွက် ---- အသင် သူတော်ကောင်း ...နိဗ္ဗာန် အစစ်အမှန်ကို တကယ်တမ်း လိုချင်လျှင် သူများအပြောနှင့် လွမ်းမနေပါနှင့်၊ ကိုယ်တိုင်သိအောင်သာ ကြိုးစားပါ။

တစ်နည်း အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံ

တစ်နည်း အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံ

၁။ ဆွမ်းခံ လှည့်လည်သည်၏ အစွမ်းဖြင့် ဆွမ်းခံရွာကို ရည်ညွှန်း၍ သွားခြင်းအားဖြင့်လည်းကောင်း,

၂။ ဆွမ်းခံရွာ၌ ဆွမ်းအလို့ငှာ လှည့်လည်လျက် ဆွမ်းကို ရှာမှီးရခြင်းအားဖြင့်လည်းကောင်း,

၃။ ရရှိလာသော အာဟာရကို ဘုဉ်းပေး သုံးဆောင်သောအားဖြင့်လည်းကောင်း,

၄။ အစာသစ်အိမ် အဝင်အပါ အစာသွားလမ်းတစ်လျှောက်၌ တံတွေး သည်းခြေ သလိပ် စသော အညစ် အကြေးတို့ဖြင့် ရောနှောလျက် တည်နေရသော တည်ရာနေရာအားဖြင့်လည်းကောင်း,

၅။ အစာအိမ် စသည်၌ သိုမှီး သိမ်းဆည်းထားသောအားဖြင့်လည်းကောင်း,

၆။ မကြေကျက်သေးသောအားဖြင့်လည်းကောင်း,

၇။ ကြေကျက်သွားပြီးသောအားဖြင့်လည်းကောင်း,

၈။ ပိုးစာ-လောင်မီး-ကျင်ကြီး-ကျင်ငယ်-သွေးသား ဟူသော အစာကြောင့် ဖြစ်ပေါ်လာသော အကျိုးအား ဖြင့်လည်းကောင်း,

၉။ ကိုးပေါက်ဒွါရ အမာဝတို့မှ ယိုစီးစိမ့်ထွက်သော အကျိုးဆက်အားဖြင့်လည်းကောင်း,

၁၀။ အချင်းခပ်သိမ်း လိမ်းကျံသောအားဖြင့်လည်းကောင်း ---

ဤသို့လျှင် (၁၀)မျိုးသော အစာအာဟာရ၏ ရွံရှာစက်ဆုပ်ဖွယ်ရှိသည်၏ အဖြစ်ကို ဆင်ခြင်သောအား ဖြင့်လည်း ဤစားရာ သောက်ရာ ခဲရာ လျက်ရာ၌ အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၆။)

ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ၊

ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ၊

= ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၁။ သာတ္ထကသမ္ပဇဉ်

ထိုကျင်ကြီး ကျင်ငယ်ကို စွန့်ရာ၌ စွန့်ဖို့ရန် ဆိုက်ရောက်လာသော အချိန်ဝယ် ကျင်ကြီး ကျင်ငယ်ကို မစွန့်သောသူအား တစ်ကိုယ်လုံး ချွေးတို့သည် ထွက်လာတတ်ကြကုန်၏၊ မျက်လုံးတို့သည် လည်လာတတ်ကြ ကုန်၏၊ စိတ်သည် တည်ကြည်မှု မရှိ။ အခြားတစ်ပါးသော ရောဂါတို့သည်လည်း ဖြစ်ပေါ်လာတတ်ကုန်၏။ စွန့် သင့်ရာ အခါ၌ ကျင်ကြီး ကျင်ငယ်ကို စွန့်သောသူအားကား ထိုအလုံးစုံသော အပြစ်သည် မဖြစ်တော့ပေ။ ဤ အပြစ်တို့၏ မဖြစ်ခြင်းသည်ပင် ဤအရာ၌ အကျိုးတရား မည်၏။ ထိုအကျိုးကို ပိုင်းခြားယူနိုင်သည်၏ အစွမ်း ဖြင့် သာတ္ထကသမ္ပဇဉ်ဉာဏ်ကို သိရှိပါလေ။

၂။ သပ္ပါယသမ္ပဇဉ်

၂။ သပ္ပါယသမ္ပဇဉ်

ကျောင်းတိုက် အတွင်းဝယ် ဝစ္စကုဋိ = ကျင်ကြီးအိမ်, ပဿာဝကုဋိ = ကျင်ငယ်အိမ် --- ဤသို့ ကျင်ကြီး ကျင်ငယ် စွန့်ဖို့ရန်နေရာများကို သတ်မှတ်ထား၏။ ယင်းသို့သတ်မှတ်ထားသော နေရာတို့ကား ကျင်ကြီး ကျင်ငယ် စွန့်သင့်ရာဌာနတည်း။ အကယ်၍ ရဟန်းတော်တစ်ပါးသည် သတ်မှတ်ထားသည့် နေရာ၌ မဟုတ်ဘဲကျင်ကြီး ကျင်ငယ် မစွန့်သင့်ရာ အရပ်၌ ကျင်ကြီး ကျင်ငယ်ကို စွန့်ခဲ့သော် အာပတ်သင့်၏။ (ဘုရားရှင် ပညတ်ထား တော်မူသောကြောင့် ဖြစ်၏။) အကျော်အစော မရှိခြင်း ဂုဏ်သိက္ခာ ကျဆင်းခြင်း (= ဝိနည်းတော်ကို မလေးစား ဟု နာမည်ပျက်ခြင်း)သည် ဖြစ်ပေါ်လာတတ်၏။

အဋ္ဌာနေတိ မနုဿာမနုဿပရိဂ္ဂဟိတေ အယုတ္တဋ္ဌာနေ ခေတ္တဒေဝါယတနာဒိကေ။ ကုဒ္ဓါ ဟိ အမနုဿာ, မနုဿာပိ ဝါ ဇီဝိတက္ခယံ ပါပေန္တိ။ (ဒီ၊ဋီ၊၁၊၂၅၂။)

ကျင်ကြီး ကျင်ငယ် မစွန့်သင့်ရာ အရပ်ဌာနဟူသည် လူသားတို့ သိမ်းဆည်းထားအပ်သော လူသားတို့ ပိုင်ဆိုင်သော ခြံမြေ စသည်နှင့် နတ်တို့ သိမ်းဆည်းထားအပ်သော သစ်ပင် စသည့် ကျင်ကြီး ကျင်ငယ် မစွန့် သင့်သောနေရာ လယ်တော နတ်ကွန်း စသည်တို့ကို ဆိုလိုပေသည်။ မှန်ပေသည် ယင်းကျင်ကြီး ကျင်ငယ်စွန့် မှုကို အကြောင်းပြု၍ မကျေနပ်ကြသော အမျက်ထွက်ကြသော နတ်တို့သည်လည်းကောင်း, လူတို့သည် လည်းကောင်း ယင်းကျင်ကြီး ကျင်ငယ် စွန့်သူ၏ အသက်ကို ကုန်ခြင်းသို့ ရောက်စေတတ်ကုန်၏။ (ဒီ၊ဋီ၊၁၊၂၅၂။)

ဤစကားအရ နတ်တို့ ဘုံဗိမာန်များ ရှိလိမ့်မည်ဟု ယူဆရသော သစ်ပင်ကြီးကြီးတို့၏ အောက်၌ ကျင်ကြီး ကျင်ငယ် စွန့်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပေသည်။ အသက်၏ အန္တရာယ် ဖြစ်နိုင်၏။

လူဝတ်ကြောင်ပုဂ္ဂိုလ်တို့သည် သံဃာတော်များ သီတင်းသုံးရာ ကျောင်းဝင်း အတွင်း၌လည်းကောင်း, ဘုရားဝင်း အတွင်း၌လည်းကောင်း, အရံ (အာရာမ = အာရာမ်) မရှိသော် အရံထိုက်ရာ အရပ်အတွင်း၌လည်း ကောင်း ကျင်ကြီးစွန့်ခြင်း ကျင်ငယ်စွန့်ခြင်း တံတွေးထွေးခြင်း ဘိနပ်စီးခြင်း ထီးဆောင်းခြင်းတို့ကို ပြုလုပ်ခဲ့ သော် သရဏဂုံ ညှိုးနွမ်းသွားကြောင်းကို သင်္ဂီတိသုတ္တန် အဋ္ဌကထာ၌ ဖွင့်ဆိုထား၏။

ကျင်ကြီး ကျင်ငယ် စွန့်ဖို့ရန် သတ်မှတ်ထားသည့် စွန့်သင့်ရာ နေရာဌာန၌ ကျင်ကြီး ကျင်ငယ် စွန့်သော သူအား ထိုအလုံးစုံသော အပြစ်သည် မဖြစ်နိုင်ပေ။ ဤအပြစ်မရှိခြင်းသည်ပင်လျှင် ဤအရာ၌ သပ္ပါယတည်း။ ယင်းသပ္ပါယကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းသည် သပ္ပါယသမ္ပဇဉ်ဉာဏ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၆-၃၄၇။)

၃။ ဂေါစရသမ္ပဇဉ်

၃။ ဂေါစရသမ္ပဇဉ်

မိမိ နှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းကို (ကမ္မဋ္ဌာန်း -၄၀- တို့တွင် တစ်ခုခုကို) မစွန့်လွှတ်ဘဲ ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင် ကျင်ကြီး ကျင်ငယ်ကို စွန့်ခြင်းသည် ဂေါစရသမ္ပဇဉ်ဉာဏ် မည်၏ ဟူ၍ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၇။)

၄။ အသမ္မောဟသမ္ပဇဉ်

၄။ အသမ္မောဟသမ္ပဇဉ်

ခန္ဓာကိုယ်အတွင်း၌ အတ္တ မည်သော ကျင်ကြီး ကျင်ငယ် စွန့်ခြင်းအမှုကို ပြုလုပ်သောသူမည်သည် မရှိ သည်သာတည်း။ ကျင်ကြီး ကျင်ငယ် စွန့်လိုသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ယင်း စိတ်သည် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်းကို ဖြစ်စေ၏။ ယင်း ရုပ်ကလာပ်တို့တွင် သဘာဝ သတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်သည် တစ်နည်း မဟာဘုတ် (၄)ပါးသည် ဝိညတ်ရုပ်ကို ဖြစ်စေ လျက် ဖြစ်ပေါ်လာ၏။ ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် ရုပ်တို့တည်း။ ယင်း ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် အထူးသဖြင့် ကျင်ကြီးအိမ် ကျင်ငယ်အိမ် ဝန်းကျင်အရပ်သို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်း ကြောင့် ကျင်ကြီးစွန့်ခြင်း ကျင်ငယ်စွန့်ခြင်းသည် ဖြစ်ပေါ်လာ၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၇။ မ၊ဋ္ဌ၊၁၊၂၇၃။)

ရုပ်နာမ်ကို သိမ်းဆည်းပုံ

ရုပ်နာမ်ကို သိမ်းဆည်းပုံ

၁။ သမာဓိကို အဆင့်ဆင့် ထူထောင်၍ သိမ်းဆည်းပြီးသော ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။

၂။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၃။ ကျင်ကြီး ကျင်ငယ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကျင်ကြီးစွန့်လိုသောစိတ် ကျင်ငယ်စွန့်လိုသော စိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ စိတ်စေတသိက် = နာမ်တရားစုတို့ကို သိမ်းဆည်းပါ။

၄။ ယင်းစိတ်စေတသိက်တို့ကြောင့် ဖြစ်ပေါ်လာကုန်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် ရုပ်တရားတို့ကို သိမ်းဆည်း ပါ။ ပဓာန = ပြဓာန်းသော ရုပ်တို့တည်း။

၅။ အဓောဂမဝါတ အမည်ရသော အောက်သို့ စုန်ဆင်းသော ဝါယောကောဋ္ဌာသ ရုပ်တရား (၃၃)မျိုးတို့ကို လည်း သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့ကား စတုသမုဋ္ဌာနိကရုပ်တရားတို့တည်း။ ယင်းရုပ်တရားတို့တွင် စတုသမုဋ္ဌာနိက ဝါယောဓာတ်တို့လည်း ပါဝင်ကြ၏။ ယင်းတို့တွင် စိတ္တဇဝါယောဓာတ်တို့လည်း ပါဝင်ကြ၏။ ယင်း စိတ္တဇရုပ် စိတ္တဇဝါယောဓာတ်တို့မှာ ကျင်ကြီး ကျင်ငယ် စွန့်လိုသော မနောဒွါရိကဇောဝီထိစိတ်တို့ကြောင့် ဖြစ် ပေါ်လာကြသော စိတ္တဇရုပ် စိတ္တဇဝါယောဓာတ်တို့လည်း ဖြစ်နိုင်ကြ၏။ ဘဝင်စိတ်ကြောင့် ဖြစ်ပေါ်လာကြ သော စိတ္တဇရုပ် စိတ္တဇဝါယောဓာတ်တို့လည်း ဖြစ်နိုင်ကြ၏။ ကျင်ကြီး ကျင်ငယ် စွန့်ခိုက်ဝယ် ထိုထိုအာရုံတို့ကို ကြံစည် စိတ်ကူးနေသော ထိုထို ဤဤ အာရုံတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာကြသော ပဉ္စဝိညာဏ်မှ တစ်ပါးသော ပဉ္စဒွါရဝီထိတို့နှင့် မနောဒွါရဝီထိတို့ကြောင့် ဖြစ်ပေါ်လာကြသော စိတ္တဇရုပ် စိတ္တဇဝါယောဓာတ် တို့လည်း ဖြစ်နိုင်ကြ၏။

ထိုစိတ္တဇရုပ် စိတ္တဇဝါယောဓာတ် အမျိုးမျိုးတို့တွင် ဤကျင်ကြီး ကျင်ငယ်ကို စွန့်ရာအခိုက်၌ ကျင်ကြီး ကျင်ငယ် စွန့်လိုသောစိတ်တို့ ပြဓာန်းသော မနောဒွါရိကဇောဝီထိစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော ကာယဝိညတ္တိနဝက ကလာပ်ရုပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် ရုပ်တို့ကား ပဓာန = ပြဓာန်းသော ရုပ် တရားတို့တည်း။ ကြွင်းကျန်သော စိတ္တဇရုပ် စိတ္တဇဝါယောဓာတ်တို့ကား မပြဓာန်းပေ။ အလားတူပင် အဓောဂမဝါတ = အောက်သို့ စုန်ဆင်းသော လေကောဋ္ဌာသတွင် အကျုံးဝင်သော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် ကမ္မဇဝါယော ဥတုဇဝါယော အာဟာရဇဝါယောဓာတ်တို့သည်လည်း မပြဓာန်းပေ။ သို့အတွက် ပြဓာန်းသော စိတ္တဇရုပ်တို့ကို အမှတ်(၄)တွင် သီးသန့်ဖော်ပြ၍ မပြဓာန်းသော စတုသမုဋ္ဌာနိကရုပ်တို့ကို အမှတ် (၅)တွင် ဖော်ပြခြင်း ဖြစ်ပါသည်။

သို့သော် မပြဓာန်းသော ကမ္မဇဝါယော စိတ္တဇဝါယော ဥတုဇဝါယော အာဟာရဇဝါယော တို့သည် ပြဓာန်း သော စိတ္တဇဝါယောဓာတ်အား အထူးအားပေး ထောက်ပံ့လျက်ပင် ရှိကြ၏။ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ ယင်း ဝါယောဓာတ် လေးမျိုးလုံး မပါဝင်လျှင်ကား မပြီးနိုင်ပေ။ ဆီးချုပ် ဝမ်းချုပ် ဖြစ်နေသော အခါမျိုးတို့၌ ကျင်ကြီး ကျင်ငယ် စွန့်ချင်သောစိတ် ဖြစ်နိုင်သော်လည်း စွန့်၍ မရသည်ကို ထောက်ရှုကြည့်ပါ။ သို့အတွက် အထက် --အသိတေ သမ္ပဇာနကာရီ ဟောတိ --- ဟူသော ပုဒ်အဖွင့်တုန်းက ---

ဝါယောဓာတုယေဝ နိဟရတိ။ (အဘိ၊ဋ္ဌ၊၂၊၃၄၆။ မ၊ဋ္ဌ၊၁၊၂၇၂။)

စတုသမုဋ္ဌာနိကဝါယောဓာတ်ကပင်လျှင် အစာဟောင်းကို အပြင်သို့ရောက်အောင် ထုတ်ဆောင်ကြောင်း ကို ဖွင့်ဆိုခဲ့၏။ ဤအပိုင်းတွင်ကား စိတ္တဇဝါယောဓာတ်က ထိုဝါယောဓာတ်လေးမျိုးတို့တွင် လွန်ကဲသော ပဓာန = ပြဓာန်းသော ရုပ်ဖြစ်၍ စိတ္တဇဝါယောဓာတ်ကြောင့် ကျင်ကြီး ကျင်ငယ် စွန့်မှုကို တစ်ဖန် ဖွင့်ဆိုသည်ဟု မှတ်ပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပဓာန-အပ္ပဓာန ရုပ်အားလုံးကိုပင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

၆။ အစာဟောင်းကောဋ္ဌာသဟူသော ဥတုဇဩဇဋ္ဌမကရုပ်များ,

ကျင်ငယ်ကောဋ္ဌာသ ဟူသော ဥတုဇဩဇဋ္ဌမကရုပ်များ --- ဤရုပ်တရားတို့ကိုလည်း သိမ်းဆည်းပါ။ အပ္ပဓာန = မပြဓာန်းသော ရုပ်တို့ပင်တည်း။

ပဓာန = ပြဓာန်းသော ရုပ်တရားတို့ကား သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ရုပ် တရားတို့တည်း။ အပ္ပဓာန = မပြဓာန်းသော ရုပ်တို့ကား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်သော ရုပ်တရားတို့တည်း။

(က) ယင်းပဓာန-အပ္ပဓာနဖြစ်သော ရုပ်တို့ကား - ရုပ်တရား,

( ခ ) ကျင်ကြီး ကျင်ငယ် စွန့်လိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့ကား - နာမ်တရား-

ဤသို့ ရုပ်-နာမ် ခွဲပါ။ (ကျင်ကြီး ကျင်ငယ်စွန့်ခိုက် ဖြစ်ပေါ်နေကြသော အခြားအခြားသော နာမ်တရား တို့ကိုလည်း သိမ်းဆည်းနိုင်သည်သာ ဖြစ်ပါသည်။)

ဥပမာဆောင်၍ ထင်ရှားအောင် ပြပုံ

ဥပမာဆောင်၍ ထင်ရှားအောင် ပြပုံ

အိုင်းအမာနာသည် ရင့်ကျက်၍ ပြည်မှည့်ပြီးသော် အိုင်းအမာနာ၏ ပေါက်ကွဲလာခြင်းကြောင့် ပြည်သွေး သည် အနာဝမှ အလိုမရှိဘဲ ထွက်လာရသကဲ့သို့လည်းကောင်း, အလွန် ပြည့်လွန်းသောကြောင့် (ရေအိုးထဲသို့ ရေကို လျှံကျအောင် လောင်းချလိုက်ခြင်းကြောင့်) ရေအိုးမှ ရေသည် အလိုမရှိဘဲ ထွက်လာရသကဲ့သို့လည်း ကောင်း, ဤဥပမာအတူ အစာဟောင်းအိမ် ကျင်ငယ်အိမ်တို့မှ စုဝေးတည်ရှိကြကုန်သော ကျင်ကြီး ကျင်ငယ် တို့သည် (စိတ္တဇဝါယော သို့မဟုတ် စတုသမုဋ္ဌာနိကဝါယောဟူသော) ဝါယောဓာတ်၏ တွန်းကန်နေသော အဟုန် သည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ အလိုမရှိဘဲသော်လည်း ထွက်ကြရကုန်၏။ ထွက်လာသော ထိုကျင်ကြီး ကျင်ငယ်သည် စွန့်လွှတ်အပ်ပြီးသည်၏ အတွက်ကြောင့် ထိုရဟန်းတော်အဖို့ မိမိ၏ ကိုယ်ပိုင်ဥစ္စာလည်း မဟုတ်။ တစ်စုံတစ်ယောက်သောသူအား စွန့်လွှတ်အပ်သည် မဟုတ်သောကြောင့်လည်းကောင်း, ရွံရှာ စက်ဆုပ်ဖွယ် သဘောသာ ရှိသောကြောင့်လည်းကောင်း သူတစ်ပါး၏ ဥစ္စာလည်း မဟုတ်။ သက်သက်သော ခန္ဓာကိုယ်ကြောင့် ဖြစ်ပေါ်လာရသော ခန္ဓာအိမ်၏ အကျိုးဆက် သက်သက်သာ ဖြစ်၏။ အဘယ်ကဲ့သို့နည်းဟူမူ --- ရေကျည် တောက်ရေဗူး စသည်မှ ရေဟောင်းကို စွန့်ပစ်သောသူအား ထိုရေဟောင်းသည် စွန့်ပစ်သော မိမိ၏ ဥစ္စာလည်း မဟုတ်၊ သူတစ်ပါးတို့၏ ဥစ္စာလည်း မဟုတ်၊ ဗူး၏ စင်ကြယ်ခြင်း သက်သက်မျှသည်သာလျှင် ဖြစ်သကဲ့သို့ တည်း။ --- ဤသို့ ဖြစ်ခြင်းကို ဆင်ခြင်တတ်သော ဉာဏ်၏ အစွမ်းဖြင့် ဤကျင်ကြီး ကျင်ငယ် စွန့်ရာ၌ အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၇။ မ၊ဋ္ဌ၊၁၊၂၇၃။)

ဣရိယာပထသုံးမျိုး ခွဲခြားသတ်မှတ်ပုံ

ဣရိယာပထသုံးမျိုး ခွဲခြားသတ်မှတ်ပုံ

ဂစ္ဆာန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊ နိသိန္နောဝါ နိသိန္နောမှီတိ ပဇာနာတိ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတီတိ ဣမသ္မိဥှိ ဌာနေ အဒ္ဓါနဣရိယာပထာ ကထိတာ။

အဘိက္ကန္တေ ပဋိက္ကန္တေ အာလောကိတေ ဝိလောကိတေ သမိဉ္ဇိတေ ပသာရိတေတိ ဣမသ္မိံ မဇ္ဈိမာ။ ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေတိ ဣဓ ပန ခုဒ္ဒကစုဏ္ဏိကဣရိယာပထာ ကထိတာ။ တသ္မာ ဧတေသုပိ ဝုတ္တနယေနေဝ သမ္ပဇာနကာရိတာ ဝေဒိတဗ္ဗာ။ (မ၊ဋ္ဌ၊၁၊၂၇၃။)

ဧတ္ထ စ ဧကော ဣရိယာပထော ဒွီသု ဌာနေသု အာဂတော။ သော ဟေဋ္ဌာ အဘိက္ကန္တေ ပဋိက္ကန္တေတိ ဧတ္ထ ဘိက္ခာစာရဂါမံ ဂစ္ဆတော စ အာဂစ္ဆတော စ အဒ္ဓါနဂမနဝသေန ကထိတော။ ဂတေ ဌိတေ နိသိန္နေတိ ဧတ္ထ ဝိဟာရေ စုဏ္ဏိကပါဒုဒ္ဓါရဣရိယာပထဝသေန ကထိတောတိ ဝေဒိတဗ္ဗော။ (အဘိ၊ဋ္ဌ၊၂၊၃၄၈။)

အဒ္ဓါနဣရိယာပထာ စိရတရပ္ပဝတ္တိကာ ဒီဃကာလိကာ ဣရိယာပထာ။ မဇ္ဈိမာ ဘိက္ခစရဏာဒိဝသေန ပဝတ္တာ။ စုဏ္ဏိယဣရိယာပထာ ဝိဟာရေ, အညတ္ထာပိ ဣတော စိတော စ ပရိဝတ္တနာဒိဝသေန ပဝတ္တာတိ ဝဒန္တိ။ (ဒီ၊ဋီ၊၁၊၂၅၂။)

(က) ဣရိယာပထပိုင်း၌ ---

၁။ သွားလျှင် သွား၏ဟု သိ၏။

၂။ ရပ်လျှင် ရပ်၏ဟု သိ၏။

၃။ ထိုင်လျှင် ထိုင်၏ဟု သိ၏။

၄။ အိပ်လျှင် အိပ်၏ဟု သိ၏။ ---

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူရာ (၄)ဌာန၌ အချိန်ကာလ ခပ်ကြာကြာ အဓွန့်ရှည်စွာ ဖြစ်ပေါ် နေသော ဣရိယာပုထ်တို့ကို ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ အဓွန့်အရှည်ဆုံး ဣရိယာပုထ်တို့တည်း။

( ခ ) တစ်ဖန် သမ္ပဇဉ်ပိုင်းဝယ် ---

၁။ အဘိက္ကန္တေ = ေ့ရှသို့ တက်ရာ၌

၂။ ပဋိက္ကန္တေ = နောက်သို့ ဆုတ်ရာ၌

၃။ အာလောကိတေ = တည့်တည့်ကြည့်ရာ၌

၄။ ဝိလောကိတေ = စောင်းငဲ့ကြည့်ရာ၌

၅။ သမိဉ္ဇိတေ = ကွေးရာ၌

၆။ ပသာရိတေ = ဆန့်တန်းရာ၌ ---

သမ္ပဇဉ်ဉာဏ်ဖြင့် ပြုရန် ဟောကြားထားတော်မူရာ (၆)ဌာနတို့၌ ဆွမ်းခံသွားရာ ဆွမ်းခံလှည့်ရာ ဆွမ်းခံ ရွာမှ ပြန်ရာ စသည်တို့၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော အလယ်အလတ် အဓွန့်ရှည်သော ဣရိယာပုထ်တို့ကို ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေ၏။

( ဂ ) တစ်ဖန် သမ္ပဇဉ်ပိုင်းဝယ် ဒုတိယအကြိမ် ---

၁။ ဂတေ = သွားရာ၌

၂။ ဌိတေ = ရပ်ရာ၌

၃။ နိသိန္နေ = ထိုင်ရာ၌

၄။ သုတ္တေ = အိပ်ရာ၌ (အိပ်ပျော်ရာ၌)

၅။ ဇာဂရိတေ = နိုးလာရာ၌ ---

သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလုပ်ရန် ဘုရားရှင်သည် ထပ်ဆင့် ညွှန်ကြားတော်မူပြန်၏။ ဤသို့ ညွှန်ကြားတော် မူရာ (၅)ဌာနတို့၌ ကျောင်းတွင်း ကျောင်းပြင် မည်သည့် နေရာ၌မဆို ဟိုဟို ဒီဒီ လှည့်လည်သည်၏ အစွမ်း ဖြင့် ဖြစ်ပေါ်လာကြသော အသေးစား ဣရိယာပုထ်တို့၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော် မူ၏။ သို့အတွက် ယင်းဂတေ-ဌိတေ-နိသိန္နေ-သုတ္တေ-ဇာဂရိတေတို့၌ ရှေး၌ ဖွင့်ဆိုရေးသားခဲ့သည့် နည်း အတိုင်းသာလျှင် သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိပုံကို သိရှိပါလေ။ (မ၊ဋ္ဌ၊၁၊၂၇၃။)

တိပိဋက မဟာသီဝမထေရ်မြတ်ကြီး၏ ဝါဒ

တိပိဋက မဟာသီဝမထေရ်မြတ်ကြီး၏ ဝါဒ

ဤသမ္ပဇဉ်ပိုင်း ရှုကွက်ဝယ် --- နောက်ဆုံး ဟောကြားထားတော်မူအပ်သော ---

၁။ ဂတေ = သွားရာ၌,

၂။ ဌိတေ = ရပ်ရာ၌,

၃။ နိသိန္နေ = ထိုင်ရာ၌,

၄။ သုတ္တေ = အိပ်ရာ၌ (အိပ်ပျော်ရာ၌),

၅။ ဇာဂရိတေ = နိုးလာရာ၌,

၆။ ဘာသိတေ = စကားပြောရာ၌,

၇။ တုဏှိဘာဝေ = စကားမပြော ဆိတ်ဆိတ်နေရာ၌ ---

ဟူသော ဤ (၇)ဌာနတို့၌ တိပိဋကဓရ မဟာသီဝရဟန္တာမထေရ်မြတ်ကြီး၏ အဆိုအမိန့် ထေရဝါဒများ ကိုလည်း အဋ္ဌကထာဆရာတော်က အလေးဂရုပြု၍ ဖော်ပြထားပါသည်။ မဟာသီဝမထေရ်မြတ်ကြီး၏ အလို အရ --- ဣရိယာပထပိုင်း ရှုကွက် အဘိက္ကန္တေ ပဋိက္ကန္တေ စသော ရှုကွက်တို့ကား ဖွင့်ဆိုရေးသား တင်ပြခဲ့သည့် အတိုင်းပင် သမ္ပဇဉ်လေးပါးကို အထူးအားဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။ သမ္ပဇဉ်ပိုင်းတွင် နောက်ဆုံး ဟောကြားထားတော်မူသော ဂတေ ဌိတေ စသော (၇)ဌာနတို့၌ (သွားရာ ရပ်ရာ ထိုင်ရာ စသည်တို့၌ကား) အောက်ပါအတိုင်း ရုပ်နာမ်တို့ကို သိမ်းဆည်းရှုပွားစေလို၏။ မဟာသီဝမထေရ်မြတ်ကြီး၏ ဝါဒ၌ကား အခြားမဲ့၌ အခြားမဲ့၌ (ရှေးက ရှေးက) ဖြစ်ခဲ့သော ဣရိယာပုထ် အခိုက်၌ ဖြစ်ပေါ်ခဲ့သော ရုပ်နာမ် တို့ကို ထိုထို ဣရိယာပုထ် အခိုက်၌ပင်လျှင် ချုပ်ပျက်သွားမှုကို တစ်ဖန်ပြန်၍ ဉာဏ်ဖြင့်မြင်အောင် ရှုသည်၏ အစွမ်းဖြင့် သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိမှုကို ယူ၍ ဖွင့်ဆိုထားပေသည်။

၁။ ဂတေ သမ္ပဇာနကာရီ ဟောတိ၊

၁။ ဂတေ သမ္ပဇာနကာရီ ဟောတိ၊

= သွားရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

ယော စိရံ ဂန္တွာ ဝါ စင်္ကမိတွာ ဝါ အပရဘာဂေ ဌိတော ဣတိ ပဋိသဉ္စိက္ခတိ စင်္ကမနကာလေ ပဝတ္တာ ရူပါရူပဓမ္မာ ဧတ္ထေဝ နိရုဒ္ဓါတိ၊ အယံ ဂတေ သမ္ပဇာနကာရီ နာမ။ (မ၊ဋ္ဌ၊၁၊၂၇၃။)

ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် ကြာမြင့်စွာ သွားပြီး၍သော်လည်းကောင်း, စင်္ကြံလျှောက်ပြီး၍သော်လည်းကောင်း နောက်အဖို့၌ ရပ်တည်လျက် --- စင်္ကြံလျှောက်နေသော အချိန်အခါကာလ၌ ဖြစ်ပေါ်နေကြ ကုန်သော (ဖြစ်ပေါ်ခဲ့ကြကုန်သော) ရုပ်တရား နာမ်တရားတို့သည် ဤစင်္ကြံသွားနေသော ကာလ၌သာလျှင် ချုပ်ပျက်ခဲ့ကြကုန်ပြီ ---

ဤသို့လျှင် ထိုစင်္ကြံသွားဆဲ ခဏက ဖြစ်ပေါ်ခဲ့သော ရုပ်တရား နာမ်တရားတို့ကို ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသော ဃနအတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင် သုံးသပ် ရှုပွား၍ နေ၏။ ဤကား --- ဂတေ သမ္ပဇာနကာရီ = သွားခိုက်၌ သမ္ပဇဉ်ဉာဏ်ဖြင့် ဆင်ခြင်၍ ပြုပုံ ရှုပုံ မည်၏။ (မ၊ဋ္ဌ၊၁၊၂၇၃။)

သိမ်းဆည်းရှုပွားပုံ

သိမ်းဆည်းရှုပွားပုံ

၁။ ရပ်လျက် သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ အရှိန် မကောင်းခင် ဉာဏ်အလွန် မထက်သေးခင် သိမ်းဆည်းပြီး ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်း ဆည်းပါ။

၃။ ရပ်ခိုက် ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ (လောလောဆယ် ရပ်နေခိုက်၌ ဖြစ်ပေါ်နေသော ရုပ် နာမ်တို့ကိုသာ ဆိုလိုပါသည်။)

၄။ ထိုရပ်ခိုက် ရုပ်နာမ်တို့ကို ခြုံ၍ သိမ်းဆည်းနိုင်သောအခါ အနီးကပ်ဆုံး မရပ်ခင် ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းပါ။

၅။ ဤနည်းအားဖြင့် စင်္ကြံသွားစဉ် ရုပ်နာမ်တို့ကို အတိတ်ဘက်သို့ စိတ်ကို စေလွှတ်၍ တစ်စတစ်စ တိုး၍ တိုး၍ သိမ်းဆည်းပါ။

၆။ ထိုထို ရုပ်နာမ်တို့၏ ထိုထို ဖြစ်ဆဲခဏ (ဖြစ်ခဲ့စဉ်ခဏ)၌ပင်လျှင် ချုပ်ပျက်သွားမှုကိုလည်း ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ---

စင်္ကြံလျှောက်နေသော အချိန်အခါကာလ၌ ဖြစ်ပေါ်နေကြကုန်သော (ဖြစ်ပေါ်ခဲ့ကြကုန်သော) ရုပ်တရား နာမ်တရားတို့သည် ဤစင်္ကြံသွားနေသော ကာလ၌သာလျှင် ချုပ်ပျက်ခဲ့ကြကုန်ပြီဟု သိမ်းဆည်းရှုပွား ပါလေ။

ပစ္စဝေက္ခတီတိ ပတိ ပတိ အဝေက္ခတိ၊ ဉာဏစက္ခုနာ ဝိနိဗ္ဘုဇိတွာ ဝိသုံ ဝိသုံ ပဿတိ။ (မ၊ဋီ၊၁၊၃၆၅။)

ဤဋီကာအဖွင့်နှင့် အညီ ပဋိသဉ္စိက္ခတိ - ပုဒ်ကို --- ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲဟူသော ဃန = အတုံး အခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏ဟု ဘာသာပြန်ဆိုထားပါသည်။ မှန်းဆ၍ ဆင်ခြင်မှုမျိုးကို မဆိုလိုကြောင်း ပေါ်လွင်ထင်ရှားစေလိုသောကြောင့် ထိုကဲ့သို့ ဘာသာပြန်ဆိုခြင်း ဖြစ်၏။

၂။ ဌိတေ သမ္ပဇာနကာရီ ဟောတိ၊

၂။ ဌိတေ သမ္ပဇာနကာရီ ဟောတိ၊

= ရပ်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

ယော သဇ္ဈာယံ ဝါ ကရောန္တော ပဥှံ ဝါ ဝိဿဇ္ဇေန္တော ကမ္မဋ္ဌာနံ ဝါ မနသိကရောန္တော စိရံ ဌတွာ အပရဘာဂေ နိသိန္နော ဣတိ ပဋိသဉ္စိက္ခတိ --- ဌိတကာလေ ပဝတ္တာ ရူပါရူပဓမ္မာ ဧတ္ထေဝ နိရုဒ္ဓါတိ။ အယံ ဌိတေ သမ္ပဇာနာကာရီ နာမ။ (မ၊ဋ္ဌ၊၁၊၂၇၃။)

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ပရိယတ်တရားတော်ကို ရွတ်ဖတ် သရဇ္ဈာယ်လျက်သော်လည်းကောင်း, ပြဿနာတစ်ခုခုကို ဖြေဆိုလျက်သော်လည်းကောင်း, ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သော်လည်းကောင်း အချိန် ကြာမြင့်စွာ ရပ်တည်ပြီးမှ နောက်အဖို့၌ ထိုင်နေလျက် ---

ရပ်နေသော အချိန်အခါကာလ၌ ဖြစ်ပေါ်ခဲ့ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် ဤရပ်နေသော အချိန်အခါ ကာလ၌ပင်လျှင် ချုပ်ပျက်ခဲ့ကြကုန်ပြီ ---

ဤသို့လျှင် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃန အတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏။ ဤသို့ ရှုနေခြင်းသည် --- ဌိတေ သမ္ပဇာနကာရီ = ရပ်ရာ၌ သမ္ပဇဉ်ဖြင့် ပြုလေ့ရှိသည် မည်၏။ (မ၊ဋ္ဌ၊၁၊၂၇၃။)

သိမ်းဆည်း ရှုပွားပုံမှာ --- ထိုင်လျက် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးလျှင် ရုပ်နာမ်တို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။ အရှိန် ကောင်းလာသောအခါ အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ ရပ်ခိုက်၌ ဖြစ်ပေါ် ခဲ့သော ရုပ်နာမ်တို့ကို ဆက်လက်၍ တစ်စတစ်စ ဖြည်းဖြည်းသိမ်းဆည်းပါ။ ဤရှုကွက်တို့ကား အနီးကပ်ဆုံးသော အတိတ် ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ ရှုနေခြင်းတို့ပင် ဖြစ်ကြသည်။

၃။ နိသိန္နေ သမ္ပဇာနကာရီ ဟောတိ၊

၃။ နိသိန္နေ သမ္ပဇာနကာရီ ဟောတိ၊

= ထိုင်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

ယော သဇ္ဈာယာဒိကရဏဝသေနေဝ စိရံ နိသီဒိတွာ အပရဘာဂေ နိပန္နော ဣတိ ပဋိသဉ္စိက္ခတိ နိသိန္နကာလေ ပဝတ္တာ ရူပါရူပဓမ္မာ ဧတ္ထေဝ နိရုဒ္ဓါတိ၊ အယံ နိသိန္နေ သမ္ပဇာနကာရီ နာမ။ (မ၊ဋ္ဌ၊၁၊၂၇၃။)

= ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ပရိယတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း, ပြဿနာကို ဖြေဆို ခြင်း, ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း စသည့် လုပ်ငန်းရပ်တို့ကို ပြုလုပ်ခြင်း၏ အစွမ်းဖြင့်သာလျှင် အချိန်ကြာမြင့်စွာ ထိုင်ပြီး၍ နောက်ပိုင်းကာလ၌ လဲလျောင်းလျက် ---

ထိုင်သော အချိန်အခါကာလ၌ ဖြစ်ပေါ်ခဲ့ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် ဤထိုင်သည့် အချိန်အခါကာလ၌ပင်လျှင် ချုပ်ပျက်ခဲ့ကြကုန်ပြီ ---

ဤသို့လျှင် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ဃန = အတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏။ ဤသို့ ရှုနေခြင်းသည် --- နိသိန္နေ သမ္ပဇာနကာရီ = ထိုင်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်။ --- မည်၏။ (မ၊ဋ္ဌ၊၁၊၂၇၃။)

သမာဓိကို အဆင့်ဆင့် ထူထောင်၍ လဲလျောင်းခိုက်၌ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် မလျောင်းခင် အနီးကပ်ဆုံး ထိုင်နေသည့် ဣရိယာပုထ်၌ တည်ရှိခဲ့ကြသော ရုပ်နာမ်တို့က စ၍ အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ တစ်စ တစ်စ ရုပ်နာမ်တို့ကို ပြန်လည် သိမ်းဆည်းပါလေ။

၄။ ၅။ သုတ္တေ ဇာဂရိတေ သမ္ပဇာနကာရီ ဟောတိ၊

၄။ ၅။ သုတ္တေ ဇာဂရိတေ သမ္ပဇာနကာရီ ဟောတိ၊

= အိပ်ပျော်ရာ၌ နိုးလာရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

ယော ပန နိပန္နကော သဇ္ဈာယံ ဝါ ကရောန္တော ကမ္မဋ္ဌာနံ ဝါ မနသိကရောန္တော နိဒ္ဒံ ဩက္ကမိတွာ အပရဘာဂေ ဝုဋ္ဌာယ ဣတိ ပဋိသဉ္စိက္ခတိ သယနကာလေ ပဝတ္တာ ရူပါရူပဓမ္မာ ဧတ္ထေဝ နိရုဒ္ဓါတိ၊ အယံ သုတ္တေ ဇာဂရိတေ စ သမ္ပဇာနကာရီ နာမ။ (မ၊ဋ္ဌ၊၁၊၂၇၃-၂၇၄။)

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်ကား လဲလျောင်းလျက် ပရိယတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ကို ပြုလျက်သော်လည်းကောင်း, ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သော်လည်းကောင်း အိပ်ပျော်ခြင်းသို့ သက်ရောက်ပြီး၍ နောက်အဖို့၌ အိပ်ရာမှ ထ၍ ---

အိပ်သော အချိန်အခါကာလ၌ ဖြစ်ပေါ်ခဲ့ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် ဤအိပ်သော အချိန်အခါကာလ၌ပင်လျှင် ချုပ်ပျက်ခဲ့ကြကုန်ပြီ ---

ဤသို့လျှင် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ဃန = အတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏။ ဤသို့ ရှုနေခြင်းသည် သုတ္တေ ဇာဂရိတေ စ သမ္ပဇာနာကာရီ = အိပ်ပျော်ရာ၌လည်းကောင်း, နိုးလာရာ၌လည်းကောင်း သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ ရှိသည်မည်၏။ (မ၊ဋ္ဌ၊၁၊၂၇၃-၂၇၄။)

အိပ်ပျော်ခြင်းနှင့် နိုးလာခြင်း

အိပ်ပျော်ခြင်းနှင့် နိုးလာခြင်း

ကိရိယမယစိတ္တာနဥှိ အပ္ပဝတ္တံ သုတ္တံ နာမ၊ ပဝတ္တံ ဇာဂရိတံ နာမာတိ။ (မ၊ဋ္ဌ၊၁၊၂၇၄။)

တတ္ထ ကိရိယာမယပဝတ္တဿ အပ္ပဝတ္တိယာ သတိ ဇာဂရိတံ နာမ န ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၃၄၈။)

ကာယာဒိကိရိယာမယတ္တာ အာဝဇ္ဇနကိရိယာသမုဋ္ဌိတတ္တာ စ ဇဝနံ, သဗ္ဗမ္ပိ ဝါ ဆဒွါရပ္ပဝတ္တံ ကိရိယာမယပဝတ္တံ နာမ။ (မူလဋီ၊၂၊၁၈၂။)

ကာယာဒိကိရိယာနိဗ္ဗတ္တနေန တမ္မယတ္တာ အာဝဇ္ဇနကိရိယာသမုဋ္ဌိတတ္တာ စ ဇဝနံ, သဗ္ဗမ္ပိ ဝါ ဆဒွါရပ္ပဝတ္တံ ကိရိယာမယပဝတ္တံ နာမ၊ တသ္မိံ သတိ ဇာဂရိတံ နာမ ဟောတီတိ ပရိဂ္ဂဏှန္တော ဇာဂရိတေ သမ္ပဇာနကာရီနာမ။ (မ၊ဋီ၊၁၊၃၆၄။)

ကာယိကကိရိယာဒိနိဗ္ဗတ္တကဇဝနံ ဖလူပစာရေန ကာယာဒိကိရိယာမယန္တိ ဝုတ္တံ။ ကိရိယာသမုဋ္ဌိတတ္တာတိ ပန ကာရဏူပစာရေန။ (အနုဋီ၊၂၊၁၈၄။)

၁။ ကိရိယာ --- အရ ကိုယ်အမူအရာ နှုတ်အမူအရာဟူသော ဝိညတ်ရုပ်ကို ကောက်ယူရ၏။ ကိရိယမယစိတ္တ- ကိရိယာမယပဝတ္တ --- အရ အဆက်မပြတ်ဖြစ်သော ဇောစိတ်အစဉ်ကို အရကောက်ယူရသောကြောင့် ဖလူပစာရ အားဖြင့် ဇောတိုင်အောင် ယူဖို့ရန် အနုဋီကာက ဖွင့်ဆိုထား၏။ အကျိုးဖြစ်သော ဝိညတ်ရုပ်၏ ကိရိယာမယ -ဟူသော အမည်ကို အကြောင်းဖြစ်သော ဇော၌ တင်စား၍ အကြောင်းဖြစ်သော ဇောကို ကိရိယာမယ --- ဟု ဖွင့်ဆိုထားသည် ဟူပေ။ (ကိရိယာမယ --- ၌ မယ-ပစ္စည်း သွတ္ထ-တည်း၊ အနက် မရှိ။)

၂။ တစ်နည်း --- ကိရိယာ-အရ အာဝဇ္ဇန်းကြိယာစိတ်ကို ကောက်ယူပါ။ (ဤ၌လည်း မယ-ပစ္စည်းသည် သွတ္ထ-တည်း။) ကိရိယာမယစိတ္တ-ကိရိယာမယပဝတ္တတို့ အရ ဇောတိုင်အောင်သော စိတ်တို့ကို ကောက်ယူရသော ကြောင့် ကာရဏူပစာရအားဖြင့် ကိရိယာမယ-အရ ဇောစိတ်များကိုပင် ကောက်ယူပါ။ ဇောစိတ်များသည် ယောနိသောမနသိကာရ အယောနိသောမနသိကာရ အမည်ရသော အာဝဇ္ဇန်းစိတ်များ၏ အနီးစပ်ဆုံး ကျေးဇူးပြု ပေးမှုကြောင့် ဖြစ်ပေါ်လာရသဖြင့် ဤအကြောင်းပရိယာယ်အားဖြင့် အာဝဇ္ဇန်းသည် အကြောင်းတရား ဖြစ်၍ ဇောများကား အကျိုးတရား ဖြစ်ကြသည်။ အကြောင်းဖြစ်သော အာဝဇ္ဇန်းကြိယာစိတ်တို့၏ ကိရိယာမယဟူသော အမည်ကို အကျိုးဖြစ်သော ဇော၌ တင်စား၍ အကျိုးဖြစ်သော ဇောကိုလည်း ကိရိယာမယဟု ကာရဏူပစာရအားဖြင့် ကောက်ယူပါ။

၃။ တစ်နည်း --- ဒွါရ (၆)ပါးလုံး၌ ဖြစ်ပေါ်လာကြသော ဝီထိစိတ်အားလုံးတို့သည် ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်း ဟူသော အာဝဇ္ဇန်းကိရိယာစိတ်တို့ကြောင့်ပင် ဖြစ်ပေါ်လာရကား ကာရဏူပစာရအားဖြင့် ဒွါရ (၆) ပါးလုံး၌ ဖြစ်သော စိတ်အားလုံးကို ကိရိယာမယ-အရ ကောက်ယူပါ။

ယင်းကိရိယာမယ ခေါ်သော ဇောများ၏ သို့မဟုတ် ဝီထိစိတ်အစဉ်များ၏ မဖြစ်မှုသည် သုတ္တ = အိပ် ပျော်မှု မည်၏။ ယင်းဝီထိစိတ်တို့၏ ဖြစ်နေခြင်းသည် ဇာဂရိတ = နိုးခြင်း မည်၏။

ဤသတ်မှတ်ချက်များအရ အိပ်ပျော်ခိုက်၌ ဝီထိစိတ်များ မဖြစ်ဘဲ ဘဝင်စိတ်များသာ ဆက်တိုက်ဖြစ်နေတတ်၏။ (အိပ်မက် မက်နေသည်ကိုကား မဆိုလိုပါ။ အိပ်မက် မမက်ဘဲ အိပ်ပျော်ခိုက် သက်သက်ကိုသာ ဆိုလိုပေသည်။) ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအိပ်ပျော်ခိုက်၌ ဖြစ်ပေါ်ခဲ့ကြကုန်သော ယင်းဘဝင် စိတ် စေတသိက် တရားစုတို့ကိုလည်းကောင်း, ယင်းဘဝင် နာမ်တရားစုတို့၏ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း နိုးလာ သောအခါ တစ်ဖန်ပြန်၍ သိမ်းဆည်းရမည် ဖြစ်သည်။ သိမ်းဆည်းနိုင်သောအခါ ယင်းရုပ်တရား နာမ်တရား တို့၏ အိပ်ပျော်ခဲ့စဉ် အခိုက်၌ပင် ချုပ်ပျက်ခဲ့ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်းသို့ ရှုနိုင်ခဲ့သော် --- သုတ္တေ ဇာဂရိတေ စ သမ္ပဇာနကာရီ = အိပ်ပျော်ရာ၌လည်းကောင်း, နိုးလာရာ၌လည်းကောင်း သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။ (မ၊ဋ္ဌ၊၁၊၂၇၃-၂၇၄။)

အိပ်မက် မက်နေခဲ့သော်

အိပ်မက် မက်နေခဲ့သော်

န သုပတိ န ပဋိဗုဇ္ဈတိ န သုပိနံ ပဿတီတိ သဗ္ဗေနာပိ စ ပဉ္စဒွါရိကစိတ္တေန နေဝ နိဒ္ဒံ ဩက္ကမတိ၊ န နိဒ္ဒါယတိ၊ န ပဋိဗုဇ္ဈတိ၊ န ကိဉ္စိ သုပိနံ ပဿတီတိ ဣမေသု တီသု ဌာနေသု သဟ ဇဝနေန ဝီထိစိတ္တံ ပဋိက္ခိတ္တံ။ ပ ။ ဧဝံ မနောဒွါရိကဇဝနေနေဝ ပဋိဗုဇ္ဈတိ၊ န ပဉ္စဒွါရိကေန။ သုပိနမ္ပိ တေနေဝ ပဿတိ၊ န ပဉ္စဒွါရိကေန။ (အဘိ၊ဋ္ဌ၊၂၊၃၈၈-၃၈၉။)

ကပိမိဒ္ဓပရေတော ခေါ မဟာရာဇ သုပိနံ ပဿတိ။ (ခု၊၁၁၊၂၈၉-မိလိန္ဒပဥှာ။)

တေနာယံ သုပိနော ကုသလောပိ ဟောတိ အကုသလောပိ အဗျာကတောပိ။ ပ ။ သုပိနေနေဝ ဒိဋ္ဌံဝိယ မေ, သုတံ ဝိယ မေတိ ကထနကာလေပိ အဗျာကတောယေဝ။ (အဘိ၊ဋ္ဌ၊၂၊၃၉၁။)

အဗျာကတောယေဝ အာဝဇ္ဇနမတ္တေဿဝ ဥပ္ပဇ္ဇနတောတိ ဝဒန္တိ။ ဧဝံ ဝဒန္တေဟိ မနောဒွါရေပိ အာဝဇ္ဇနံ ဒွတ္တိက္ခတ္တုံ ဥပ္ပဇ္ဇိတွာ ဇဝနဋ္ဌာနေ ဌတွာ ဘဝင်္ဂံ ဩတရတီတိ အဓိပ္ပေတန္တိ ဒဋ္ဌဗ္ဗံ။ (မူလဋီ၊၂၊၂၀၁။)

။ ပ ။ သုပိနံ သေက္ခပုထုဇ္ဇနာဝ ပဿန္တိ၊ အပ္ပဟီနဝိပလ္လာသတ္တာ။ အသေက္ခာ န ပဿန္တိ၊ ပဟီနဝိပလ္လာသတ္တာ။ (အဘိ၊ဋ္ဌ၊၂၊၃၉၀။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ မိန့်ဆိုတော်မူချက် ဖွင့်ဆိုတော်မူချက်အရ ဝိပလ္လာသ တရားကို မပယ်ရှားရသေးသည့် အတွက်ကြောင့် သေက္ခပုထုဇန်ပုဂ္ဂိုလ်တို့သည်သာလျှင် အိပ်မက်ကို မြင်မက် ကြကုန်၏။ ဝိပလ္လာသတရားကို ပယ်ရှားပြီးသည့် အတွက်ကြောင့် ရဟန္တာအရှင်မြတ်တို့သည် အိပ်မက်ကို မြင် မက်တော်မမူကြကုန်။ ကပိမိဒ္ဓပရေတဟု ခေါ်ဆိုသော မျောက်မျဉ်းအိပ် = မျောက်မျဉ်းငိုက် အချိန်အခါ၌သာ အိပ်မက်ကို မက်ကြသည်။ မျောက်သတ္တဝါ၏ အိပ်မှုကား အလွန်လျင်မြန်သော နိုးမှုရှိ၏။ အလားတူပင် ဘဝင် သို့ သက်လိုက် ဝီထိစိတ် ဖြစ်လိုက်ဖြင့် အလွန်လျင်မြန်သော ဖြစ်ခြင်းရှိသည့် အချိန်အခါ = ငိုက်မျဉ်းနေသည့် အချိန်အခါ၌ အိပ်မက်ကို မြင်မက်တတ်၏။

ပဉ္စဒွါရိကဝီထိစိတ်ဖြင့် အိပ်ပျော်ခြင်းသို့ မသက်ရောက်၊ အိပ်လည်း မအိပ်၊ နိုးလည်း မနိုး၊ အိမ်မက်လည်း မမက်။ ဘဝင်စိတ်ဖြင့်သာလျှင် အိပ်ပျော်ခြင်းသို့ သက်ရောက်၏ = အိပ်ပျော်၏။ မနောဒွါရိကဇောစိတ်ဖြင့်သာ လျှင် အိပ်ရာမှ နိုး၏၊ ပဉ္စဒွါရိကစိတ်ဖြင့် အိပ်ရာမှမနိုး၊ မနောဒွါရိကဇောစိတ်ဖြင့်ပင်လျှင် သို့မဟုတ် မနောဒွါရိကစိတ်ဖြင့်ပင်လျှင် အိပ်မက် မြင်မက်၏။ ပဉ္စဒွါရိကစိတ်ဖြင့် အိပ်မက် မမက်။

အိပ်မက် မက်နေသော စိတ်သည် ကုသိုလ်လည်း ဖြစ်နိုင်၏၊ အကုသိုလ်လည်း ဖြစ်နိုင်၏၊ အဗျာကတ လည်း ဖြစ်နိုင်၏။ အိပ်မက်၌ စေတီတော်ကို ရှိခိုးရခြင်း တရားနာရခြင်း တရားဟောရခြင်း စသည်တို့ကို ပြုလုပ်သူအား ကုသိုလ် မနောဒွါရိကဇောဝီထိစိတ်များ ဖြစ်ကြ၏။ အိပ်မက်၌ သူ့အသက်သတ်ခြင်း စသည်ကို ပြုသောသူအား အကုသိုလ် မနောဒွါရိကဇောဝီထိစိတ်များ ဖြစ်ကြ၏။ အိပ်မက်၌ပင်လျှင် မြင်လိုက်သလိုလို, ကြားလိုက်သလိုလိုဟု ပြောဆိုသင့်ရာအခါ၌ အဗျာကတ ဖြစ်၏။

အဗျာကတသာ ဖြစ်သည် ဟူရာ၌ မနောဒွါရာဝဇ္ဇန်းသာ နှစ်ကြိမ် သုံးကြိမ် ဖြစ်ခြင်းကြောင့်ဟု ဆိုကြ၏။ ဤသို့ ပြောဆိုသူတို့၏ ဝါဒအရ --- မနောဒွါရ၌လည်း မနောဒွါရာဝဇ္ဇန်းသည် နှစ်ကြိမ် သုံးကြိမ် ဖြစ်၍ ဇောနေရာ၌ ရပ်တည်၍ ဘဝင်သို့ သက်ပြန်၏ဟု အလိုရှိအပ်ပေသည်။ ဤသို့ မှတ်သားပါ။ (မူလဋီ၊၂၊၂၀၁။)

ယင်းအိပ်မက်၌ ဖြစ်သော ပြုလုပ်အပ်သော ကုသိုလ်ကံ အကုသိုလ်ကံသည် အကျိုးရှိသလော မရှိသလော = အကျိုးပေးသလော မပေးသလောဟူမူ အကျိုးရှိ၏ အကျိုးပေး၏။ သို့သော် အားနည်းသောကြောင့် ပဋိသန္ဓေ အကျိုးကို ပေးဖို့ရန် မစွမ်းနိုင်ပေ။ အခြားသော ကံတစ်ခုက ပဋိသန္ဓေအကျိုးကို ပေးပြီးသော် ပဝတ္တိအခါ၌ကား ယင်းအိပ်မက်၌ ပြုအပ်သော ကုသိုလ်ကံ အကုသိုလ်ကံ၏ အကျိုးကို ခံစားခွင့် ရှိပေသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် နိုးလာသော အခါ၌ ယင်းအိပ်မက် အတွင်း၌ ဖြစ်ခဲ့သော ပြုခဲ့သော ကုသိုလ် အကုသိုလ် အဗျာကတတရားတို့ကိုလည်းကောင်း, ယင်း နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးလျှင် ပြန်လည်၍ သိမ်းဆည်းနိုင်သည်သာ ဖြစ်ပေသည်။ ယင်းသို့ သိမ်းဆည်းနိုင်ခဲ့သော် အိပ်ပျော်ရာ နိုးလာရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်ပင် မည်နိုင်ပါပေသည်။

၆။ ဘာသိတေ သမ္ပဇာနကာရီ ဟောတိ၊

၆။ ဘာသိတေ သမ္ပဇာနကာရီ ဟောတိ၊

= စကားပြောရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

ယော ပန ဘာသမာနော အယံ သဒ္ဒေါ နာမ ဩဋ္ဌေ စ ပဋိစ္စ ဒန္တေ စ ဇိဝှဉ္စ တာလုံ စ ပဋိစ္စ စိတ္တဿ စ တဒနုရူပံ ပယောဂံ ပဋိစ္စ ဇာယတီတိ သတော သမ္ပဇာနော ဘာသတိ၊ စိရံ ဝါ ပန ကာလံ သဇ္ဈာယံ ဝါ ကတွာ ဓမ္မံ ဝါ ကထေတွာ ကမ္မဋ္ဌာနံ ဝါ ပရိဝတ္တေတွာ ပဥံှ ဝါ ဝိဿဇ္ဇေတွာ အပရဘာဂေ တုဏှီဘူတော ဣတိ ပဋိသဉ္စိက္ခတိ ဘာသိတကာလေ ဥပ္ပန္နာ ရူပါရူပဓမ္မာ ဧတ္ထေဝ နိရုဒ္ဓါတိ၊ အယံ ဘာသိတေ သမ္ပဇာနကာရီ နာမ။ (မ၊ဋ္ဌ၊၁၊၂၇၄။)

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် စကားပြောဆိုနေစဉ် --- ဤစကားပြောဆိုနေသော အသံ = သဒ္ဒရုပ် သည် (ဝစီဝိညတ္တိဒသက ကလာပ် + ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ် ရုပ်တို့ကို ရည်ညွှန်းထား သည်။)

(၁) နှုတ်ခမ်းတို့ကိုလည်း အစွဲပြု၍,

(၂) သွားတို့ကိုလည်း အစွဲပြု၍,

(၃) လျှာကိုလည်း အစွဲပြု၍,

(၄) အာစောက် = အာခေါင်ကိုလည်း အစွဲပြု၍,

(၅) ထိုစကားပြောဆိုခြင်း အားလျော်သော စိတ်၏ လုံ့လပယောဂကိုလည်း အစွဲပြု၍ --- ဖြစ်ပေါ်လာရ၏ဟု သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် စကားကို ပြောဆို၏။

[အသံ - သဒ္ဒရုပ် ပါဝင်သော ဝစီဝိညတ္တိဒသက ကလာပ် ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ် ဟူသော ရုပ်တရားတို့ကိုလည်းကောင်း, နှုတ်ခမ်း သွား လျှာ အာစောက် အရပ်တို့၌ တည်ရှိကြသော (၄၄)မျိုး ကုန်သော ရုပ်တရားတို့ကိုလည်းကောင်း, စကားပြောဆိုလိုသောစိတ် ပြဓာန်းသော ကုသိုလ်ဇော မနောဒွါရိက ဝီထိ, သို့မဟုတ် အကုသိုလ်ဇော မနောဒွါရိကဝီထိ = စိတ်စေတသိက် = နာမ်တရားစုတို့ကိုလည်းကောင်း သိမ်း ဆည်းပါ။ အကယ်၍ ဝိပဿနာပိုင်းသို့ ရောက်ရှိပါမူ ရုပ်အတုများကို ချန်လှပ်၍ ရုပ်အစစ်တို့နှင့် နာမ်တရားတို့၏ စကားပြောဆိုနေစဉ် အခိုက်၌ပင် ဖြစ်ပြီး ပျက်သွားမှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဝိပဿနာ ရှုပါ။ ဤသို့ ရှုခြင်းသည် ဘာသိတေ သမ္ပဇာနကာရီ = စကားပြောဆိုရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏၊၊] တစ်ဖန် သမ္ပဇဉ်ဉာဏ်ဖြစ်ပုံကို အဋ္ဌကထာ၌ ဤသို့ ဖွင့်ဆိုထားပြန်၏။

ယောဂါဝစရပုဂ္ဂိုလ်သည် ---

၁။ ကြာမြင့်စွာသော အချိန်ကာလပတ်လုံး ပရိယတ်တရားတော်ကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်းကို ပြုပြီး၍ သော်လည်းကောင်း,

၂။ တရားတော်ကို ဟောကြားပြီး၍သော်လည်းကောင်း,

၃။ ကမ္မဋ္ဌာန်းကို အပြန်ပြန် အလှန်လှန် ဖြစ်စေ၍ ရွတ်ဖတ်လျက် နှလုံးသွင်းပြီး၍သော်လည်းကောင်း,

၄။ ပြဿနာကို ဖြေဆိုပြီး၍သော်လည်းကောင်း,

နောက်အဖို့၌ ဆိတ်ဆိတ်နေလျက် ---

စကားပြောဆိုခဲ့ရာ အချိန်အခါကာလ၌ ဖြစ်ပေါ်ခဲ့ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် ဤစကား ပြောဆိုခဲ့ရာ ကာလ၌ပင်လျှင် ချုပ်ပျက်ခဲ့ကြကုန်ပြီ --- ဟု

ဤသို့လျှင် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ဃန = အတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဉာဏ်စက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေပေ၏။ ဤသို့ ရှုမြင်ခြင်းသည် --- ဘာသိတေ သမ္ပဇာနကာရီ = စကားပြောရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။ (မ၊ဋ္ဌ၊၁၊၂၇၄။)

စကားပြောနေစဉ် ရုပ်နာမ်တို့ကို သိမ်းဆည်းပုံ

စကားပြောနေစဉ် ရုပ်နာမ်တို့ကို သိမ်းဆည်းပုံ

အထက်ပါ အဋ္ဌကထာ အဖွင့်တွင် စကားပြောဆိုနေစဉ်၌ ရုပ်နာမ်တို့ကို သိမ်းဆည်းပုံ၊ စကားပြောပြီး နောက်ပိုင်း၌ စကားပြောခဲ့စဉ်က ရုပ်နာမ်တို့ကို သိမ်းဆည်းပုံဟု အပိုင်းကဏ္ဍ နှစ်ပိုင်း ပါဝင်နေ၏။ စကားပြော စဉ် သိမ်းဆည်းပုံကို အထက်၌ အကျဉ်းချုပ် ဖော်ပြခဲ့၏။ သဘောမပေါက်သူတို့အတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။

၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံ၍ ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။

၃။ ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို ခြုံငုံ၍ သိမ်းဆည်းပါ။

၄။ နှုတ်ခမ်း သွား လျှာ အာခေါင် = အာစောက် အရပ်တို့၌လည်း ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။ ဤအဆင့် တွင် --- ယောဂါဝစရပုဂ္ဂိုလ်သည် နှုတ်ခမ်း သွား လျှာ အာခေါင်တို့ကို မတွေ့ရတော့ဘဲ ရုပ်ကလာပ်အမှုန် များကိုသာ လွယ်လွယ်ကူကူဖြင့် တွေ့မြင်နေမည်သာဖြစ်သည်။ ယင်းရုပ်ကလာပ်အမှုန်များကို ဉာဏ်စက္ခုဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါက --- ကာယဒွါရ၌ ရနိုင်သော ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄) မျိုးတို့ကိုသာ တွေ့ရှိမည် ဖြစ်သည်။ ယင်း ပရမတ္ထရုပ်တရားတို့ကိုလည်း သိမ်းဆည်းထားပါ။ ထိုနောင် ---

၅။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။

၆။ စကားပြောလိုသော စိတ် ပြောဆိုနေသော စိတ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ မထင်ရှား ပါက က-ခ စသည်ဖြင့် ရွတ်ဆိုကြည့်ပါ။ ပြောလိုသောစိတ်ကို ဉာဏ်ဖြင့် တွေ့မြင်နိုင်ပါသည်။

၇။ ယင်း --- က-ခ စသည်ဖြင့် ပြောဆိုလိုသော စိတ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော ဩဇဋ္ဌမကရုပ်တရား တို့ကိုလည်းကောင်း, ယင်းရုပ်တရားတို့၏ က-ခ စသော အသံ ဖြစ်ပေါ်ရာ --- အာခေါင် လျှာ သွား နှုတ်ခမ်း စသော အရပ်သို့တိုင်အောင် ပျံ့နှံ့ ဖြစ်ပွားနေပုံကိုလည်းကောင်း။ ယင်း စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော စိတ္တဇပထဝီဓာတ်နှင့် အသံ ဖြစ်ရာဌာနဟူသော --- အာခေါင် လျှာ သွား နှုတ်ခမ်းဟု သမ္မုတိသစ္စာနယ်မှ သမုတ်ထားအပ်သော (၄၄)မျိုးသော ရုပ်တရားတို့တွင် ပါဝင်သော ကမ္မဇပထဝီဓာတ်တို့ ရိုက်ခတ်သောအခါ -က-ခစသော အသံများ ဖြစ်ပေါ်လာပုံကိုလည်းကောင်း --- ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ယင်းရုပ် တရားတို့မှာ ပြောဆို၍ မသွက်မလက် ဖြစ်နေသော် ဝစီဝိညတ္တိဒသက ကလာပ်ရုပ်တို့ ဖြစ်ကြ၏၊ ပြောဆို၍ သွက်လက်သော် လဟုတာ မုဒုတာ ကမ္မညတာရုပ်များ ပါဝင်လာသဖြင့် ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ်ရုပ်တို့ ဖြစ်ကြ၏။ ယင်းရုပ်တရားတို့ကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။

၈။ ယင်းရုပ်တရားတို့ကို ဖြစ်ပေါ်စေတတ်သော အကြောင်းရင်းဖြစ်သော မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားတို့ကို သိမ်းဆည်းပါ။ (ယင်းနာမ်တရားတို့မှာ ယောနိသောမနသိကာရ အယောနိသောမနသိကာရ တို့အပေါ်အခြေစိုက်၍ ကုသိုလ်ဇော အကုသိုလ်ဇောများ ထိုက်သလို စောနိုင်သည့် နာမ်တရားစုတို့ ဖြစ်ကြ သည်၊၊) ထိုနောင် ရုပ်တစ်စု နာမ်တစ်စု ထား၍ --- ဤကား ရုပ်တရား ဤကား နာမ်တရားဟု ရုပ်နာမ်ကို သိမ်း ဆည်းပါ။ ထိုနောင် ရုပ်နာမ်ကို ပိုင်းခြားမှတ်သားပါ။ ဤသို့ ရှုနိုင်ခဲ့သော် ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ ဘာသိတေ သမ္ပဇာနကာရီ = စကားပြောရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်ပေသည်။

တစ်ဖန် ယင်းသို့ စကားပြောဆိုနေစဉ် အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ တို့လည်း ထိုက်သလို ဖြစ်နိုင်ကြ၏။ ယင်း နာမ်တရားတို့ကိုလည်းကောင်း, မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို လည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ရုပ်နာမ်ကို သိမ်းဆည်းနိုင်ခဲ့လျှင်လည်း ဘာသိတေ သမ္ပဇာနကာရီ = စကားပြောဆိုရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်ပင် မည်နိုင်ပေသည်။

စကားပြောပြီးနောက် ရုပ်နာမ်တို့ကို သိမ်းဆည်းပုံ

စကားပြောပြီးနောက် ရုပ်နာမ်တို့ကို သိမ်းဆည်းပုံ

အချိန်ခပ်ကြာကြာ ပရိယတ်တရားတော်ကို ရွတ်ဖတ် သရဇ္ဈာယ်ပြီးနောက်သော်လည်းကောင်း, တရား ဟောပြီးနောက်သော်လည်းကောင်း, (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းတို့ကဲ့သို့သော ကမ္မဋ္ဌာန်းမျိုးကို အားထုတ်စ ဖြစ် ၍ နှုတ်ဖြင့် ရွတ်ဖတ်သရဇ္ဈာယ် နှလုံးသွင်းပြီးနောက်လည်းကောင်း, ပြဿနာ ဖြေဆိုပြီးနောက်လည်းကောင်း နောက်ပိုင်း ဆိတ်ဆိတ်နေခိုက်ဝယ် ထိုင်၍ ဖြစ်စေ ရပ်၍ ဖြစ်စေ ---

၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ ခန္ဓာကိုယ်ဝယ် ရုပ်တရားတို့ကို ခြုံငုံ၍ ပြန်သိမ်းဆည်းပါ။

၃။ စကားပြောဆိုခဲ့ရာ အတိတ်ဘက်သို့ စိတ်ကို = ဉာဏ်ကို စေလွှတ်၍ ရုပ်တရား နာမ်တရားတို့ကို တစ်စ တစ်စ တိုး၍ တိုး၍ တဖြည်းဖြည်း သိမ်းဆည်းသွားပါ။ အောင်မြင်မှု ရရှိသောအခါ ---

၄။ စကားပြောဆိုခဲ့ရာ အချိန်အခါကာလ၌ ဖြစ်ပေါ်ခဲ့ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် ဤ စကားပြောဆိုခဲ့ရာ ကာလ၌ပင်လျှင် ချုပ်ပျက်ခဲ့ကြကုန်ပြီ --- ဟု ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ဉာဏ်စက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှုလျက် ရှုပွားပါ။

၇။ တုဏှီဘူတေ သမ္ပဇာနကာရီ ဟောတိ၊

၇။ တုဏှီဘူတေ သမ္ပဇာနကာရီ ဟောတိ၊

= စကားမပြော ဆိတ်ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

ယော တုဏှီဘူတော စိရံ ဓမ္မံ ဝါ ကမ္မဋ္ဌာနံ ဝါ မနသိကတွာ အပရဘာဂေ ဣတိ ပဋိသဉ္စိက္ခတိ တုဏှီဘူတကာလေ ပဝတ္တာ ရူပါရူပဓမ္မာ ဧတ္ထေဝ နိရုဒ္ဓါ၊ ဥပါဒါရူပပဝတ္တိယာ သတိ ဘာသတိ နာမ၊ အသတိ တုဏှီ ဘဝတိ နာမာတိ။ အယံ တုဏှီဘာဝေ သမ္ပဇာနကာရီ နာမာတိ။ (မ၊ဋ္ဌ၊၁၊၂၇၄။)

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် စကားမပြောဘဲ ဆိတ်ဆိတ်နေလျက် အချိန်ကြာမြင့်စွာ ပရိယတ်တရား တော်ကိုလည်းကောင်း, သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်း ဟူသော ကမ္မဋ္ဌာန်းတရားကိုလည်းကောင်း နှလုံးသွင်းပြီးမှ နောက်ပိုင်းကာလ၌ ---

စကားမပြောဘဲ ဆိတ်ဆိတ်နေခဲ့ရာ အချိန်အခါကာလ၌ ဖြစ်ပေါ်ခဲ့ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် ဤဆိတ်ဆိတ်နေခဲ့ရာ အချိန်ကာလ၌ပင်လျှင် ချုပ်ပျက်ခဲ့ကြကုန်ပြီ။ ---

ဤသို့လျှင် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဟူသော ဃန = အတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ဉာဏ်စက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင် ရှုပွားသုံးသပ်၍ နေ၏။ မှန်ပေသည် --- သဒ္ဒ စသော ဥပါဒါရုပ်တို့၏ ဖြစ်ခြင်းသည် ရှိခဲ့သော် စကား ပြောသည် မည်၏၊ မရှိခဲ့သော် ဆိတ်ဆိတ်နေသည် မည်၏။ ဤသို့ ရှုခြင်းသည် တုဏှီဘာဝေ သမ္ပဇာနကာရီ = ဆိတ်ဆိတ် နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။ (မ၊ဋ္ဌ၊၁၊၂၇၄။)

သမာဓိကို အဆင့်ဆင့် ထူထောင်၍ (၆)ဒွါရ (၄၂)ကောဋ္ဌာသ ရုပ်တရားတို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။ အရှိန် မကောင်းပါက နာမ်တရားတို့ကိုပါ ဆက်လက် သိမ်းဆည်းပါ။ ထိုနောင် အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ ရုပ်နာမ်တို့ကို တစ်စတစ်စ တိုး၍ တိုး၍ တဖြည်းဖြည်း သိမ်းဆည်းပါ။

ဤတွင် မဟာသီဝမထေရ်မြတ်ကြီး၏ ဝါဒ ပြီးဆုံးပြီ ဖြစ်ပါသည်။ ဤဝါဒ၌ ဘဝင်နာမ်တရားတို့ကိုပါ သိမ်းဆည်းပုံ ပါဝင်နေ၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ကား အတိတ် မရဏာသန္နဇော၏ အာရုံကို ပုံစံ မှန် ရှုနိုင်သော အခါမှ ဘဝင်နာမ်တရားတို့ကို ပုံစံမှန် ရှုတတ်သည်လည်း ရှိ၏။ ပါရမီအားလျော်စွာ အတိတ် မရဏသန္နဇော၏ အာရုံကို လှမ်း၍ မသိမ်းဆည်းရသေးမီ ယခုကဲ့သို့ ပစ္စုပ္ပန်ဘဝတွင် အကျုံးဝင်သော ရုပ်နာမ် တို့ကို သိမ်းဆည်းခိုက်၌ ဘဝင်နာမ်တရားတို့ကို သိမ်းဆည်းနိုင်သည်လည်း ရှိတတ်ပါ၏။ မည်သို့ပင် ရှိစေ ယခု မသိမ်းဆည်းတတ်သေးပါက နောက်၌ သိမ်းဆည်းရမည်သာဟု မှတ်သားထားပါ။ ဤမဟာသီဝမထေရ်မြတ်ကြီး၏ဝါဒ၌ အနီးကပ်ဆုံးသော အတိတ်ရုပ်နာမ်တို့ကို ပြန်လည်၍ သိမ်းဆည်း ရှုပွားပုံ စနစ်များကို ဖော်ပြထား ၏။ ယင်းဝါဒနှင့် ပတ်သက်၍ အဋ္ဌကထာဆရာတော်က အောက်ပါအတိုင်း မှတ်ချက်ချထား၏။

အသမ္မောဟဓုရ

အသမ္မောဟဓုရ

တယိဒံ မဟာသီဝတ္ထေရေန ဝုတ္တံ အသမ္မောဟဓုရံ ဣမသ္မိံ သတိပဋ္ဌာနသုတ္တေ အဓိပ္ပေတံ။ သာမညဖလေ ပန သဗ္ဗမ္ပိ စတုဗ္ဗိဓံ သမ္ပဇညံ လဗ္ဘတိ။ တသ္မာ ဝိသေသတော ဧတ္ထ အသမ္မောဟသမ္ပဇညေဿဝ ဝသေန သမ္ပဇာနကာရိတာ ဝေဒိတဗ္ဗာ။ သမ္ပဇာနကာရီ သမ္ပဇာနကာရီတိ စ သဗ္ဗပဒေသု သတိသမ္ပယုတ္တေဿဝ သမ္ပဇညဿ ဝသေနတ္ထော ဝေဒိတဗ္ဗော။ ဝိဘင်္ဂပ္ပကရဏေ ပန သတော သမ္ပဇာနော အဘိက္ကမတိ၊ သတော သမ္ပဇာနော ပဋိက္ကမတီတိ ဧဝံ တာနိ ပဒါနိ ဝိဘတ္တာနေဝ။ (မ၊ဋ္ဌ၊၁၊၂၇၄။)

မဟာသီဝမထေရ်မြတ်ကြီးသည် မိန့်ဆိုတော်မူအပ်သော အသမ္မောဟဓုရ အမည်ရသော အသမ္မောဟ သမ္ပဇဉ်လျှင် ပြဓာန်းခြင်းရှိသော ဤသမ္ပဇဉ်ကို ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် အလိုရှိအပ်ပေသည်။ သာမညဖလသုတ္တန်၌ကား သာတ္ထကသမ္ပဇဉ် သပ္ပါယသမ္ပဇဉ် ဂေါစရသမ္ပဇဉ် အသမ္မောဟသမ္ပဇဉ် --- ဟူသော သမ္ပဇဉ် လေးမျိုးလုံးကိုပင် ရရှိအပ်ပေသည်။ သာမညဖလသုတ္တန် ဒေသနာတော်ကား သာမညဖလ အမည်ရ သော ရဟန်းပြုခြင်းကြောင့် ရရှိနိုင်သော အကျိုးတရား မှန်သမျှကို ညွှန်ပြခြင်းလျှင် အလွန်အပိုင်းအခြားရှိ သောကြောင့် ဖြစ်၏။ မဟာသီဝမထေရ်မြတ်ကြီး၏ဝါဒ၌ အခြားမဲ့ အခြားမဲ့ ဣရိယာပုထ်၌ ဖြစ်ခဲ့ပြီးသော ရုပ်နာမ်တရားတို့ကို ထိုထို ဣရိယာပုထ် အခိုက်၌ပင် ချုပ်ပျက်ကုန်ဆုံးသွားမှုကို ဉာဏ်ဖြင့်မြင်အောင် ရှုပွား မှုကို သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်ကြောင်းကို ယူ၍ ဖွင့်ဆိုထား၏။ ထိုဖွင့်ဆိုချက်ကို --- ဝိပဿနာစာရ = ဝိပဿနာဉာဏ်၏ ကျက်စားရာ နယ်မြေ၏ အစွမ်းဖြင့် ဖွင့်ဆိုထားသည်ဟု သိရှိပါလေ။

ထိုကြောင့် အထူးအားဖြင့် ဤမဟာသတိပဋ္ဌာနသုတ္တန်၌ အသမ္မောဟသမ္ပဇဉ်ဉာဏ်၏ အစွမ်းဖြင့်သာ လျှင် သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်၏ အဖြစ်ကို သိရှိပါလေ။ သမ္ပဇာနကာရီ သမ္ပဇာနကာရီ = သမ္ပဇဉ်ဉာဏ် ဖြင့် ပြုလေ့ရှိ၏ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ --- ဟူသော စကားရပ်အားလုံးတို့၌ သတိနှင့် အမြဲယှဉ်နေသည် သာလျှင် ဖြစ်သော သမ္ပဇဉ်ဉာဏ်၏ အစွမ်းဖြင့် ဆိုလိုရင်း အနက်သဘောကို သိရှိပါလေ။ ဝိဘင်းကျမ်း၌ကား- သတော သမ္ပဇာနော အဘိက္ကမတိ၊ သတော သမ္ပဇာနော ပဋိက္ကမတိ = သတိရှိလျက် သမ္ပဇဉ်ဉာဏ်ရှိလျက် ေ့ရှသို့တက်၏၊ သတိရှိလျက် သမ္ပဇဉ်ဉာဏ်ရှိလျက် နောက်သို့ဆုတ်၏ --- ဟု ဤသို့လျှင် ဤပုဒ်တို့ကို ဝေဖန်၍ ဟောကြားထားတော်မူပေသည်။ (မ၊ဋ္ဌ၊၁၊၂၇၄။)

ဤအထက်ပါ အဋ္ဌကထာက ဖွင့်ဆိုထားတော်မူသည့်အတိုင်း ဤမဟာသတိပဋ္ဌာနသုတ္တန်၌ကား အသမ္မောဟဓုရ အမည်ရသော အသမ္မောဟသမ္ပဇဉ်ဉာဏ်သည်သာလျှင် လိုရင်းပဓာန ဖြစ်၏၊ အသမ္မောဟသမ္ပဇဉ်ကို ပဓာနထား၍ ရရှိအောင် ကြိုးစားအားထုတ်ပါမှ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်ပေသည်။ သို့သော် ယင်းအသမ္မောဟသမ္ပဇဉ်ဉာဏ်မှာ ထိုထို ဣရိယာပုထ် ကြီးကြီးငယ်ငယ် အခိုက်တို့၌ ဖြစ်ပေါ်နေကြသော ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို သိနေသော = ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ထွင်းဖောက် သိမြင်နေသော ဉာဏ်ပင် ဖြစ်သဖြင့် ဂေါစရသမ္ပဇဉ် အမည်ရသော ကမ္မဋ္ဌာန်း (၄၀)တို့တွင် တစ်ခုခုသော ကမ္မဋ္ဌာန်းကို ပွားများအားထုတ်၍ ရရှိလာသော သမာဓိနှင့် ကင်း၍ကား မဖြစ်နိုင်ပေ။ သမာဓိကိုကား ရှေးဦးစွာ ကြိုတင်၍ ထူထောင်ရမည် ဖြစ်သည်။ သို့သော် သမာဓိစခန်းလောက်တွင်သာ ရပ်တန့်မနေဘဲ အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိအောင် ဆက်လက် ကြိုးပမ်းမှသာလျှင် ထိုထို အမှုကိစ္စတို့၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်ပေသည်။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ဤရေးသားနေဆဲ ဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံအောင် ဤသို့ သိအောင် ရှုပါ။

ဣရိယာပထပိုင်း၌

ဣရိယာပထပိုင်း၌

၁။ သွားလျှင် ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၂။ ရပ်လျှင် ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၃။ ထိုင်လျှင် ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၄။ အိပ်လျှင် ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး။

သမ္ပဇဉ်ပိုင်း၌

သမ္ပဇဉ်ပိုင်း၌

၁။ ေ့ရှသို့တက်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၂။ နောက်သို့ဆုတ်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၃။ တည့်တည့်ကြည့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၄။ စောင်းငဲ့ကြည့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၅။ ကွေးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၆။ ဆန့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၇။ ဒုကုဋ် သင်္ကန်းကို ဝတ်ရုံရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၈။ သပိတ်ကို ကိုင်တွယ်သုံးဆောင်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၉။ သင်္ကန်းကို ဝတ်ရုံရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၁၀။ စားရာ-သောက်ရာ-ခဲရာ-လျက်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၁၁။ ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၁၂။ ဂတေ = သွားပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၁၃။ ဌိတေ = ရပ်ပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၁၄။ နိသိန္နေ = ထိုင်ပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၁၅။ သုတ္တေ = အိပ်ပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၁၆။ ဇာဂရိတေ = အိပ်ရာမှ နိုးပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၁၇။ ဘာသိတေ = စကားပြောပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,

၁၈။ တုဏှီဘာဝေ = ဆိတ်ဆိတ်နေပြီးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး။

ဤအသီးအသီးသော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပရမတ်သို့ဆိုက် အောင် ပိုင်းခြားယူနိုင်ပါမှသာလျှင် အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိမည်၊ ယင်း အသမ္မောဟသမ္ပဇဉ်ဉာဏ်သည် သာလျှင် ဤမဟာသတိပဋ္ဌာနသုတ္တန် မဟာသတိပဋ္ဌာန်ကျင့်စဉ်၌ လိုရင်းပဓာန ဖြစ်ပေသည်။ သတိပဋ္ဌာန်တရား ကို လက်တွေ့ကျင့်နေသူတိုင်း သတိပြုရမည့် အချက်တစ်ရပ်ပင် ဖြစ်ပေသည်။ သတိပဋ္ဌာန်ကိုကား ကျင့်ပါ၏၊ သို့သော် သတိပဋ္ဌာန် မဖြစ်လျှင်, သမ္ပဇဉ်ပိုင်းကိုကား ကျင့်၏၊ သို့သော် သမ္ပဇဉ်ဉာဏ်ကို မရရှိပါလျှင် ပိုးသာကုန် ၍ မောင်ပုံစောင်းမတတ်သည့်ကိန်းသို့ ဆိုက်ရောက်နေတတ်သည်၊ ပညာရှိ သူတော်ကောင်းအပေါင်းတို့ ... အထူး သတိရှိသင့်လှပေသည်။

သမ္မောဟဝိနောဒနီအဋ္ဌကထာအဖွင့်

သမ္မောဟဝိနောဒနီအဋ္ဌကထာအဖွင့်

အဘိဓမ္မာ ဝိဘင်းပါဠိတော်ကြီး၏ အဖွင့် ဖြစ်သော သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးတွင် ဤ ဂတေ- ဌိတေ-နိသိန္နေ စသော ပါဠိတော်၌ ဆိုလိုသော အဓိပ္ပါယ်ကို တစ်နည်း ထပ်မံ၍ ဖွင့်ဆိုထားတော်မူပေသည်။ ယင်းအဖွင့်ကို ဋီကာဆရာတော်များက မဇ္ဈိမဘာဏကာ ပန ဘဏန္တိ (ဒီ၊ဋီ၊၁၊၂၅၃။) = မဇ္ဈိမနိကာယ်ကို ဆောင်တော်မူကြကုန်သော မဇ္ဈိမဘာဏက မထေရ်မြတ်တို့၏ ဝါဒဟု ဖွင့်ဆိုထားပေသည်။ ယင်းအဖွင့်များကို ဤတွင် ဆက်လက်၍ ဖော်ပြအပ်ပါသည်။

ဂတာဒီသု သမ္ပဇာနကာရီ

ဂတာဒီသု သမ္ပဇာနကာရီ

အယံ ပနေတ္ထ အပရောပိ နယော --- ဧကော ဟိ ဘိက္ခု ဂစ္ဆန္တော အညံ စိန္တေန္တော အညံ ဝိတက္ကေန္တော ဂစ္ဆတိ၊ ဧကော ကမ္မဋ္ဌာနံ အဝိဿဇ္ဇေတွာဝ ဂစ္ဆတိ၊ တထာ ဧကော တိဋ္ဌန္တော၊ နိသီဒန္တော၊ သယန္တော အညံ စိန္တေန္တော အညံ ဝိတက္ကေန္တော သယတိ။ ဧကော ကမ္မဋ္ဌာနံ အဝိဿဇ္ဇေတွာဝ သယတိ။

၁။ ဧတ္တကေန ပန န ပါကဋံ ဟောတီတိ စင်္ကမေန ဒီပယိံသု။ ယော ဟိ ဘိက္ခု စင်္ကမနံ ဩတရိတွာ စင်္ကမနကောဋိယံ ဌိတော ပရိဂ္ဂဏှာတိ၊ ပါစီနစင်္ကမနကောဋိယံ ပဝတ္တာ ရူပါရူပဓမ္မာ ပစ္ဆိမစင်္ကမနကောဋိံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊

၂။ ပစ္ဆိမစင်္ကမနကောဋိယံ ပဝတ္တာပိ ပါစီနစင်္ကမနကောဋိံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊

၃။ စင်္ကမနဝေမဇ္ဈေ ပဝတ္တာ ဥဘော ကောဋိယော အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊

၄။ စင်္ကမနေ ပဝတ္တာ ရူပါရူပဓမ္မာ ဌာနံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါ၊

၅။ ဌာနေ ပဝတ္တာ နိသဇ္ဇံ၊

၆။ နိသဇ္ဇာယ ပဝတ္တာ သယနံ အပ္ပတွာ ဧတ္ထေဝ နိရုဒ္ဓါတိ ဧဝံ ပရိဂ္ဂဏှန္တော ပရိဂ္ဂဏှန္တောယေဝ ဘဝင်္ဂံ ဩတာရေတိ၊ ဥဋ္ဌဟန္တော ကမ္မဋ္ဌာနံ ဂဟေတွာဝ ဥဋ္ဌာတိ။ အယံ ဘိက္ခု ဂတာဒီသု သမ္ပဇာနကာရီ နာမ ဟောတီတိ။ (အဘိ၊ဋ္ဌ၊၂၊၃၄၇။)

ဂတေ-ဌိတေ စသည်၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိပုံကို အဘိက္ကန္တေ ပဋိက္ကန္တေ စသည်တို့၌ ဖွင့်ဆိုခဲ့ သည့်နည်းအတိုင်းပင်လျှင် သမ္ပဇဉ် ဖြစ်ပုံကို သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိပုံကို သိရှိပါလေ။ နောက်တစ်နည်းမှာ ဤသို့ ဖြစ်၏။

ဆက်၍ ဆိုဦးအံ့ --- ဤ ဂတေ-ဌိတေ စသော ပါဠိတော်၌ ဤဆိုလတ္တံ့သည်ကား ဆိုအပ်ပြီးသောနည်း မှ အခြားတစ်ပါးလည်းဖြစ်သော နည်းတည်း --- အကျယ်ကား ---

ယောဂါဝစရ ရဟန်းတော်တစ်ပါးသည် သွားရင်း မိမိ နှလုံးသွင်းနေသည့် ကမ္မဋ္ဌာန်းအာရုံမှ အခြားတစ် ပါးသော အကြောင်းအရာကို စဉ်းစားလျက် ကမ္မဋ္ဌာန်းအာရုံမှ အခြားတစ်ပါးသော အကြောင်းအရာကို ကြံစည်လျက် သွား၏။

အခြားတစ်ပါးသော ယောဂါဝစရ ရဟန်းတော်သည်ကား မိမိ နှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းကို မစွန့်လွှတ် မူ၍သာလျှင် ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် သွား၏။ အလားတူပင်လျှင် ယောဂါဝစရ ရဟန်းတော်တစ်ပါး သည် ရပ်သောအခါ ထိုင်သောအခါ အိပ်သောအခါ၌ ကမ္မဋ္ဌာန်းအာရုံမှ တစ်ပါးသော အာရုံကို ကြံစည်စိတ်ကူး စဉ်းစားလျက် ရပ်၏၊ ထိုင်၏၊ အိပ်၏။ အခြားတစ်ပါးသော ယောဂါဝစရ ရဟန်းတော်သည်ကား မိမိ၏ ကမ္မဋ္ဌာန်းကို မစွန့်လွှတ်မူ၍သာလျှင် ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ရပ်၏၊ ထိုင်၏၊ အိပ်၏။ ဤမျှဖြင့်ကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ သိပ်မထင်ရှားလှသေး မရှင်းလင်းလှသေး ဖြစ်နိုင်ရကား စင်္ကြံသွားခြင်းဖြင့် ထင်ရှားပြကြကုန်ပြီ။

ယောဂါဝစရ ရဟန်းတော်တစ်ပါးသည် စင်္ကြံသို့ သက်ဆင်း၍ စင်္ကြံဦး၌ ရပ်လျက် ရုပ်နာမ်တို့ကို ဤသို့ သိမ်းဆည်း၏ ---

၁။ အေ့ရှ စင်္ကြံစွန်း၌ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် အနောက် စင်္ကြံစွန်းသို့ မရောက်မူ၍ ဤအေ့ရှ စင်္ကြံစွန်း၌သာ ချုပ်ပျက်ခဲ့ကုန်ပြီ။

၂။ အနောက် စင်္ကြံစွန်း၌ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့သည်လည်း အေ့ရှ စင်္ကြံစွန်းသို့ မရောက် မူ၍ ဤအနောက် စင်္ကြံစွန်း၌သာ ချုပ်ပျက်ခဲ့ကုန်ပြီ။

၃။ စင်္ကြံအလယ်၌ ဖြစ်ကုန်သော ရုပ်တရား နာမ်တရားတို့သည် နှစ်ဘက်ကုန်သော စင်္ကြံစွန်းတို့သို့ မရောက် မူ၍ ဤစင်္ကြံအလယ်၌သာလျှင် ချုပ်ပျက်ခဲ့ကုန်ပြီ။

၄။ စင်္ကြံသွားခြင်း၌ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် ရပ်ခြင်းသို့ မရောက်မူ၍ ဤစင်္ကြံသွား ခြင်း၌သာ ချုပ်ပျက်ခဲ့ကုန်ပြီ။

၅။ ရပ်ခြင်း၌ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် ထိုင်ခြင်းသို့ မရောက်မူ၍ ဤရပ်ခြင်း၌သာလျှင် ချုပ်ပျက်ခဲ့ကုန်ပြီ။

၆။ ထိုင်ခြင်း၌ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့သည် လျောင်းခြင်းသို့ မရောက်မူ၍ ဤထိုင်ခြင်း၌သာ ချုပ်ပျက်ခဲ့ကြကုန်ပြီ။

ဤသို့လျှင် ရုပ်နာမ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူစဉ် ပိုင်းခြား၍ ယူစဉ်မှာပင်လျှင် အိပ်သော ဘဝင်သို့ သက်ရောက်စေ၏။ အိပ်ရာမှ ထလတ်သော် ကမ္မဋ္ဌာန်းကို ယူလျက်သာလျှင် အိပ်ရာမှ ထ၏။ ဤရဟန်းတော် မျိုးသည်ကား သွားခြင်း စသည်တို့၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။ --- ဤသို့ ပြတော်မူကြကုန်ပြီ။ (အဘိ၊ဋ္ဌ၊၂၊၃၄၇။)

[စင်္ကြံဦး၌ ရပ်လျက် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးလျှင် ရုပ်တရား နာမ်တရားတို့ကို အထက်တွင် အဆင့်ဆင့် ဖော်ပြခဲ့သည့်အတိုင်း စင်္ကြံသွားခိုက်မှသည် အိပ်သည်တိုင်အောင် ရှေးရှေး ဣရိယာပုထ် အခိုက်၌ ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို နောက်နောက် ဣရိယာပုထ်အခိုက်သို့ ရောက်တိုင်း ရောက်တိုင်း တစ်ဖန်ပြန်၍ သိမ်း ဆည်းပါ။]

သုတ္တေ သမ္ပဇာနကာရီ ဟောတိ။

သုတ္တေ သမ္ပဇာနကာရီ ဟောတိ။

ဆက်လက်၍ ဆိုဖွယ် ရှိလာပြန်၏။ ဤ ထိုင်ခြင်း ရပ်ခြင်း စင်္ကြံသွားခြင်း၌ ဆိုအပ်ပြီးသောနည်းဖြင့် ရုပ် နာမ်ကို ပိုင်းခြားသိတတ်သော သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်ပါသော်လည်း အိပ်ပျော်စဉ်၌ ကမ္မဋ္ဌာန်း ကား (ကမ္မဋ္ဌာန်းရှုကွက်ကား) မထင်ရှားသေး ဖြစ်နေ၏။ ထိုကြောင့် ယောဂါဝစရ ရဟန်းတော်သည် အကြင်မျှ လောက်သော ကာလပတ်လုံး ကမ္မဋ္ဌာန်းတရားကို နှလုံးသွင်းခြင်းငှာ စွမ်းနိုင်၏ = ရုပ်နာမ်ကို သိမ်းဆည်းခြင်းငှာ စွမ်းနိုင်၏။ ထိုသို့ သိမ်းဆည်းခြင်းငှာ စွမ်းနိုင်သမျှ ကာလသို့ တိုင်အောင် စင်္ကြံလျှောက်၍လည်းကောင်း, ရပ်၍လည်းကောင်း, ထိုင်၍လည်းကောင်း လျောင်းစက်လတ်သော် ဤသို့ ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်း၍ လျောင်းစက်၏။

၁။ ငါ၏ ရူပကာယ = ရုပ်တရားအပေါင်းသည်လည်း စိတ်စေတနာ မရှိ၊

၂။ အိပ်ရာညောင်စောင်းသည် (ဥတုဇဩဇဋ္ဌမကရုပ်တို့သာ ဖြစ်၍) စိတ်စေတနာ မရှိ။

၃။ ရူပကာယ = ရုပ်တရားအပေါင်းသည် --- ငါသည် အိပ်ရာညောင်စောင်းပေါ်၌ လျောင်းစက်ပြီဟု မသိ။

၄။ အိပ်ရာညောင်စောင်းသည်လည်း --- ငါ့အပေါ်၌ ရူပကာယ = ရုပ်တရားအပေါင်းသည် လျောင်းစက် လေပြီဟု မသိ။

၅။ စိတ်စေတနာ မရှိသော ရူပကာယ ရုပ်တရားအပေါင်းသည် စိတ်စေတနာ မရှိသော (ဥတုဇဩဇဋ္ဌမက ရုပ်တရားအပေါင်းဟု ဆိုအပ်သော) အိပ်ရာညောင်စောင်းပေါ်၌ လျောင်းစက်လေပြီ ---

ဤသို့လျှင် မိမိ ရူပကာယ = ရုပ်တရားအပေါင်းနှင့် အိပ်ရာ ညောင်စောင်းဟူသော ဥတုဇဩဇဋ္ဌမက ရုပ်တရားအပေါင်းကို ဉာဏ်ဖြင့် ပိုင်းခြားယူလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သိမ်းဆည်းလျက် သိမ်းဆည်း လျက်သာလျှင် စိတ်ကို အိပ်သော ဘဝင်သို့ သက်ရောက်စေ၏။ နိုးလတ်သော် ကမ္မဋ္ဌာန်းကို ယူ၍သာလျှင် (ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင် ရုပ်တရားတို့ကို သိမ်းဆည်းလျက်သာလျှင် သို့မဟုတ် ရုပ်တရား နာမ် တရားတို့ကို သိမ်းဆည်းလျက်သာလျှင်) အိပ်ရာမှ နိုး၏။ ဤရဟန်းသည် သုတ္တေ သမ္ပဇာနကာရီ =အိပ်ခြင်း၌ ကောင်းစွာ အပြားအားဖြင့် သိလျက် အိပ်မှုကို ပြုလေ့ရှိသူ မည်သည် = အိပ်ခြင်း၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ ရှိသူ မည်သည် ဖြစ်ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၈။)

[ဤ၌ သမာဓိကို အဆင့်ဆင့် ထူထောင်၍ စင်္ကြံကြွခိုက်, ရပ်ခိုက်, ထိုင်ခိုက်, အိပ်ခိုက်တို့၌ ရုပ်တရား နာမ် တရားတို့ကို သိမ်းဆည်းပါ။ အိပ်စဉ် မိမိ၏ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ရှိသော ရုပ်အားလုံးကို သိမ်းဆည်းပါ။ ထိုနောင် အိပ်ရာညောင်စောင်း၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ် အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့ရှိနိုင်ပေပြီ။ ယင်းရုပ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ဓာတ်ခွဲပါ။ ရုပ်ကလာပ် တစ်ခုတွင် ပါဝင်တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် နောက်ထပ် ရုပ်ကလာပ် အသစ် အသစ်တို့ ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ဖြစ်ပွားနေကြသော ဥတုဇဩဇဋ္ဌမကရုပ်တို့တည်း။ မိမိ၏ ရူပကာယ = ရုပ်တရားအပေါင်းနှင့် အိပ်ရာညောင်စောင်း၌ ရုပ်တရားအပေါင်းကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်လျှင်ကား အထက်ပါ ရှုကွက်မှာ လွယ်ကူပြီ ဖြစ်ပေသည်။]

ဇာဂရိတေ သမ္ပဇာနကာရီ နာမ ဟောတိ။

ဇာဂရိတေ သမ္ပဇာနကာရီ နာမ ဟောတိ။

ဇာဂရိတေတိ ဇာဂရဏေ။ တတ္ထ ကိရိယာမယပဝတ္တဿ အပ္ပဝတ္တိယာ သတိ ဇာဂရိတံ နာမ န ဟောတိ၊ ကိရိယာမယပဝတ္တဝဠေဉ္ဇ ပဝတ္တန္တေ ဇာဂရိတံ နာမ ဟောတီတိ ပရိဂ္ဂဏှန္တော ဘိက္ခု ဇာဂရိတေ သမ္ပဇာနကာရီ နာမ ဟောတိ။ အပိစ ရတ္တိန္ဒိဝံ ဆ ကောဋ္ဌာသေ ကတွာ ပဉ္စ ကောဋ္ဌာသေ ဇဂ္ဂန္တောပိ ဇာဂရိတေ သမ္ပဇာနကာရီ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၃၄၈။)

ကိုယ်အမူအရာ နှုတ်အမူအရာ ဟူသော ဝိညတ်ရုပ်ကို ဖြစ်စေတတ်သော အဆက်မပြတ် ဖြစ်သော မနောဒွါရိကဇော၏, တစ်နည်းဆိုသော် --- အာဝဇ္ဇန်း ကြိယာစိတ်ကြောင့် ဖြစ်သော အဆက်မပြတ် ဖြစ်ပေါ် နေသော မနောဒွါရိကဇော သို့မဟုတ် (၆)ဒွါရ၌ ဖြစ်သော ဆဒွါရိကဇော၏ မဖြစ်ခြင်းသည် ထင်ရှားရှိလတ် သော် နိုးခြင်း မည်သည် မဖြစ်ပေ။ ကိုယ်အမူအရာ နှုတ်အမူအရာဟူသော ဝိညတ်ရုပ်ကို ဖြစ်စေတတ်သော အဆက်မပြတ် ဖြစ်နေသော ဇောကို အသုံးပြုခြင်းသည်, တစ်နည်းဆိုသော် အာဝဇ္ဇန်း ကြိယာစိတ်ကြောင့် ဖြစ် သော အဆက်မပြတ်ဖြစ်သော ဇောကို အသုံးပြုခြင်းသည် ဖြစ်လတ်သော် နိုးခြင်း မည်သည် ဖြစ်ပေါ်လာ၏၊ ဤသို့ ရုပ်နာမ်တို့ကို သိမ်းဆည်းတတ်သော ယောဂါဝစရ ရဟန်းတော်သည် ဇာဂရိတေ သမ္ပဇာနကာရီ နာမ ဟောတိ =နိုးရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၈။)

သည်မျှသာမကသေး --- နေ့၌ နံနက်ပိုင်း, နေ့လည်ပိုင်း, ညနေပိုင်း - ဟု သုံးပိုင်း, ည၌ ညဉ့်ဦးယာမ်, သန်းခေါင်ယာမ်, မိုးသောက်ယာမ် - ဟု သုံးပိုင်း, ဤသို့လျှင် ညဉ့်-နေ့ ကို (၆)ပုံ ပုံ၍ အိပ်ဖို့ရန် မဇ္ဈိမယာမ် = သန်းခေါင်ယာမ်ကို ချန်ထားပြီးလျှင် ကြွင်းကျန်သော ငါးပုံတို့၌ အကုသိုလ် မဖြစ်အောင် စောင့်ရှောက်သော = သမထ ဝိပဿနာဘာဝနာတို့ကို ကြိုးပမ်းလျက်ရှိသော ရဟန်းသည်လည်း နိုးရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ ရှိသည်ပင် မည်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၄၈။)

ဘာသိတေ သမ္ပဇာနကာရီ နာမ ဟောတိ။

ဘာသိတေ သမ္ပဇာနကာရီ နာမ ဟောတိ။

ဘာသိတေတိ ကထနေ။ တတ္ထ ဥပါဒါရူပဿ သဒ္ဒါယတနဿ အပ္ပဝတ္တေ သတိ ဘာသိတံ နာမ န ဟောတိ၊ တသ္မိံ ပဝတ္တန္တေ ဟောတီတိ ပရိဂ္ဂါဟကော ဘိက္ခု ဘာသိတေ သမ္ပဇာနကာရီ နာမ ဟောတိ။ ဝိမုတ္တာယတနသီသေန ဓမ္မံ ဒေသေန္တောပိ ဗာတ္တိံသ တိရစ္ဆာနကထာ ပဟာယ ဒသကထာဝတ္ထုနိဿိတကထံ ကထေန္တောပိ ဘာသိတေ သမ္ပဇာနကာရီ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၃၄၈။)

ဥပါဒါရုပ် ဖြစ်သော သဒ္ဒါယတန၏ မဖြစ်ခြင်းသည် ရှိလတ်သော် စကားပြောခြင်း မည်သည် မဖြစ်နိုင်၊ ထိုသဒ္ဒါယတန ဖြစ်လတ်သော် စကားပြောခြင်း မည်သည် ဖြစ်ပေါ်လာ၏။ ဤသို့ သိမ်းဆည်းတတ်သော ရဟန်းသည် စကားပြောရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။

အရဟတ္တဖိုလ်၏ ရရာရကြောင်း အကြောင်းတရားကို အဦးပြုသဖြင့် တရားတော်ကိုဟောသော ရဟန်းတော်သည်လည်းကောင်း, (၃၂)ပါးသော တိရစ္ဆာနကထာ အမည်ရသော မဂ်ဖိုလ်နိဗ္ဗာန်မှ ဖီလာကန့်လန့်ဖြစ် သော စကားတို့ကို ပယ်စွန့်၍ (၁၀)ပါးသော ကထာဝတ္ထု၌ မှီသော စကားကို ပြောဆိုသော ရဟန်းသည် လည်းကောင်း ဘာသိတေ သမ္ပဇာနကာရီ နာမ ဟောတိ = စကားပြောရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၈။)

ကထာဝတ္ထု (၁၀) ပါး

ကထာဝတ္ထု (၁၀) ပါး

၁။ အပ္ပိစ္ဆ ကထာ = အလိုနည်းမှုနှင့် စပ်သော စကား,

၂။ သန္တုဋ္ဌိ ကထာ = ရောင့်ရဲလွယ်မှုနှင့် စပ်သော စကား,

၃။ ပဝိဝေက ကထာ = ဆိတ်ငြိမ်မှုနှင့် စပ်သော စကား,

၄။ အသံသဂ္ဂ ကထာ = ဒါယကာ ဒါယိကာမတို့နှင့် ရောရောနှောနှော မနေထိုင်မှုနှင့် စပ်သော စကား,

၅။ ဝီရိယာရမ္ဘ ကထာ = ကြိုးစားအားထုတ်မှု လုံ့လဝီရိယနှင့် စပ်သော စကား,

၆။ သီလ ကထာ = သီလနှင့် စပ်သော စကား,

၇။ သမာဓိ ကထာ = ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိနှင့် စပ်သော စကား,

၈။ ပညာ ကထာ = စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ပညာနှင့် စပ်သော စကား,

၉။ ဝိမုတ္တိ ကထာ = ကိလေသာတို့မှ လွတ်မြောက်မှု

= အရဟတ္တဖိုလ်နှင့် စပ်သော စကား,

၁၀။ ဝိမုတ္တိဉာဏဒဿန ကထာ = ကိလေသာတို့မှ လွတ်မြောက်မှု

= အရဟတ္တဖိုလ်၌ဖြစ်သော ပစ္စဝေက္ခဏာ ဉာဏ်အမြင်နှင့် စပ်သော စကား။ (အံ၊၂၊၁၀၃။)

တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။

တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။

တုဏှီဘာဝေတိ အကထနေ။ တတ္ထ ဥပါဒါရူပဿ သဒ္ဒါယတနဿ ပဝတ္တိယံ သတိ တုဏှီဘာဝေါ နာမ နတ္ထိ၊ အပ္ပဝတ္တိယံ ဟောတီတိ ပရိဂ္ဂါဟကော ဘိက္ခု တုဏှီဘာဝေ သမ္ပဇာနကာရီ နာမ ဟောတိ။အဋ္ဌတိံသာယ အာရမ္မဏေသု စိတ္တရုစိယံ ကမ္မဋ္ဌာနံ ဂဟေတွာ နိသိန္နောပိ ဒုတိယဇ္ဈာနံ သမာပန္နောပိ တုဏှီဘာဝေ သမ္ပဇာနကာရီယေဝ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၃၄၈။)

ဥပါဒါရုပ် ဖြစ်သော သဒ္ဒါယတန၏ ဖြစ်ခြင်းသည် ထင်ရှားရှိလတ်သော် ဆိတ်ဆိတ်နေသည်၏ အဖြစ် မည်သည် မရှိ၊ ဥပါဒါရုပ်ဖြစ်သော သဒ္ဒါယတန၏ မဖြစ်ခြင်းသည် ထင်ရှားရှိလတ်သော် ဆိတ်ဆိတ်နေသည်၏ အဖြစ်သည် ဖြစ်ပေါ်လာ၏။ ဤသို့ သဒ္ဒါယတန၏ ထင်ရှားဖြစ်မှု မဖြစ်မှုကို သိမ်းဆည်းတတ်သော ရဟန်းသည် ဆိတ်ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည် မည်၏။ (၃၈)ပါးကုန်သော ကသိုဏ်းပညတ် စသော သမထ ကမ္မဋ္ဌာန်းအာရုံတို့တွင် မိမိ၏ စိတ်ကြိုက်ဖြစ်သော နှစ်သက်အပ်သော ကမ္မဋ္ဌာန်းအာရုံကို အာရုံယူ၍ တရားထိုင် နေသော ရဟန်းသည်လည်းကောင်း, ဒုတိယစျာန်သို့ ကောင်းစွာ ရောက်ရှိနေသော ဒုတိယစျာန်ကို ဝင်စားနေသော ရဟန်းသည်လည်းကောင်း, ဆိတ်ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်သာ မည်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၄၈။)

ဖုဿဒေဝမထေရ် မဟာနာဂမထေရ် စသော မထေရ်ကြီး မထေရ်ကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော်တို့၏ ထုံးကို နှလုံးမူ၍ အတုလိုက်ကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသတည်း။

__________

သတိပဋ္ဌာန်တရား (၄) ပါး အခန်း

သတိပဋ္ဌာန်တရား (၄) ပါး အခန်း

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်,

၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်,

၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်,

၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် --- ဟု

ဤသို့လျှင် သတိပဋ္ဌာန်တရားသည် (၄)မျိုး (၄)စား ရှိ၏။ အနုပဿနာ (၄)ပါးဟုလည်း ခေါ်ဆို၏။ ထို (၄)မျိုးတွင် -- ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက်, ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်သော် ယင်းသတိပဋ္ဌာန်ကို ကာယာနုပဿနာ သတိပဋ္ဌာန်ဟူ၍ ခေါ်ဆိုပေသည်။ ဤကျမ်းစာတွင် ယခု တင်ပြနေသော နာမ်ကမ္မဋ္ဌာန်းပိုင်း အထိ ကာယာနုပဿနာ သတိပဋ္ဌာန်တွင် အကျုံးဝင်သော ---

က။ အာနာပါနပဗ္ဗ --- ပထမဆင့်,

ခ။ ဣရိယာပထပဗ္ဗ --- ပထမဆင့်,

ဂ။ သမ္ပဇညပဗ္ဗ --- ပထမဆင့်,

ဃ။ ဓာတုမနသိကာရပဗ္ဗ --- ပထမဆင့် ---

ဤအပိုင်းကြီး (၄)ပိုင်းတွင် ပထမဆင့်ကျင့်စဉ်တို့ကို ဖော်ပြပြီး ဖြစ်ပါသည်။ ဤမျှဖြင့်ကား ကျင့်စဉ် မပြီး ဆုံးသေးပါ၊ ေ့ရှဆက်ရန် များစွာ ရှိနေပါသေးသည်။ သို့သော် ေ့ရှဆက်ရမည့် ကျင့်စဉ်များကို မဖော်ပြမီ သတိပဋ္ဌာန် (၄)ပါးလုံး၌ ပထမဆင့်ကို တစ်ဖန်ပြန်၍ ရှင်းလင်း တင်ပြအပ်ပါသည်။

ကာယာနုပဿနာ သတိပဋ္ဌာန်

ကာယာနုပဿနာ သတိပဋ္ဌာန်

(က) အာနာပါနပဗ္ဗ = အာနာပါနပိုင်း ပထမဆင့်

သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။

၁။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။

ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။

၂။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။

ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။

၃။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။

သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၄။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။

ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။

သေယျထာပိ ဘိက္ခဝေ ဒက္ခော ဘမကာရော ဝါ ဘမကာရန္တေဝါသီ ဝါ ဒီဃံ ဝါ အဉ္ဆန္တော ဒီဃံ အဉ္ဆာမီတိ ပဇာနာတိ၊ ရဿံ ဝါ အဉ္ဆန္တော ရဿံ အဉ္ဆာမီတိ ပဇာနာတိ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ---

ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ပ ။

ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၁၊ရဝ-၇၁။)

ထိုရဟန်းသည် ---

သတိရှိလျက်သာလျှင် ဝင်သက်လေကို ဖြစ်စေ၏။

သတိရှိလျက်သာလျှင် ထွက်သက်လေကို ဖြစ်စေ၏။

၁။ ရှည်စွာမူလည်း ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏။ ရှည်စွာမူလည်း ထွက်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ထွက်သက်လေကို ဖြစ်စေ၏ဟု သိ၏။

၂။ တိုစွာမူလည်း ဝင်သက်လေကို ဖြစ်စေသည်ရှိသော် တိုစွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏။ တိုစွာမူ လည်း ထွက်သက်လေကို ဖြစ်စေသည်ရှိသော် တိုစွာ ထွက်သက်လေကို ဖြစ်စေ၏ဟု သိ၏။

၃။ ဝင်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ဝင်သက်လေကို ဖြစ်စေအံ့ ဟု ကျင့်၏။ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ထွက်သက် လေကို ဖြစ်စေအံ့ဟု ကျင့်၏။

၄။ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေကို ငြိမ်းစေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ ရုန့်ရင်း ကြမ်းတမ်းသော ထွက်သက်လေကို ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။

ရဟန်းတို့ ...ဥပမာသော်ကား --- ကျွမ်းကျင်သော ပွတ်သမားသည်သော်လည်းကောင်း, ပွတ်သမား၏ တပည့်သည်သော်လည်းကောင်း ပွတ်ကြိုးကို ရှည်ရှည် ဆွဲငင်လျှင်လည်း ရှည်ရှည်ဆွဲငင်၏ဟု သိ၏၊ ပွတ်ကြိုး ကို တိုတိုဆွဲငင်လျှင်လည်း တိုတိုဆွဲငင်၏ဟု သိ၏။ ရဟန်းတို့ ...ဤဥပမာအတူပင် ယောဂါဝစရရဟန်းသည်-

ရှည်စွာမူလည်း ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏။ ပ ။ ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်လေကို ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ (မ၊၁၊ရဝ-၇၁။)

ဤကား အာနာပါနပဗ္ဗ = အာနာပါနပိုင်း ပထမဆင့် ဖြစ်ပါသည်။ ဤအာနာပါနပိုင်း ပထမဆင့်တွင် -

၁။ အာနာပါန စတုတ္ထစျာန်သို့တိုင်အောင် သမာဓိကို ထူထောင်ပုံ အပိုင်းကိုလည်းကောင်း,

၂။ အဿာသပဿာသကာယ --- အမည်ရသော ရုပ်တရား,

၃။ ထိုအဿာသပဿာသကာယ၏ မှီရာဖြစ်သော ကရဇကာယ အမည်ရသော စတုသမုဋ္ဌာနိကရုပ်တရား,

၄။ ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရား,

၅။ အာနာပါန ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် နာမ်တရား ---

ဤ ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းပုံ အပိုင်းကိုလည်းကောင်း ရေးသားတင်ပြခဲ့ပြီးလေပြီ။ အာနာပါနပိုင်းဆိုင်ရာ ကာယာနုပဿနာသတိပဋ္ဌာန် ပထမဆင့်ပင် ဖြစ်သည်။

(ခ) ဣရိယာပထပဗ္ဗ = ဣရိယာပထပိုင်း ပထမဆင့်

(ခ) ဣရိယာပထပဗ္ဗ = ဣရိယာပထပိုင်း ပထမဆင့်

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ---

၁။ ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ။

၂။ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ။

၃။ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ။

၄။ သယာနော ဝါ သယာနောမှီတိ ပဇာနာတိ။

ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊

တထာ တထာ နံ ပဇာနာတိ။ (မ၊၁၊၇၁။)

ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ယောဂါဝစရ ရဟန်းသည် ---

၁။ သွားလျှင်လည်း သွား၏ဟု သိ၏။

၂။ ရပ်လျှင်လည်း ရပ်၏ဟု သိ၏။

၃။ ထိုင်လျှင်လည်း ထိုင်၏ဟု သိ၏။

၄။ လျောင်းလျှင်လည်း လျောင်း၏ဟု သိ၏။

ထိုရဟန်း၏ ထိုရူပကာယ ရုပ်တရားအပေါင်းကို အကြင်အကြင် အခြင်းအရာအားဖြင့် ထားထား၏၊ ထို ထားသည့်အတိုင်း ထိုရုပ်အပေါင်းကို သိ၏။ (မ၊၁၊၇၁။)

ဤကား ဣရိယာပထပိုင်း ပထမဆင့်ပင် ဖြစ်သည်။ ဤအပိုင်းတွင် ---

၁။ သွားလျှင် ခန္ဓာငါးပါး

၂။ ရပ်လျှင် ခန္ဓာငါးပါး

၃။ ထိုင်လျှင် ခန္ဓာငါးပါး

၄။ လျောင်းလျှင် ခန္ဓာငါးပါး ----

ဤသို့လျှင် ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါးတို့ကို ဣရိယာပုထ် အသီးအသီး၌ သိမ်းဆည်း ရှုပွားပုံ အပိုင်းကို လည်း ရေးသားတင်ပြခဲ့လေပြီ။ ဣရိယာပထပိုင်းဆိုင်ရာ ကာယာနုပဿနာသတိပဋ္ဌာန် ပထမဆင့်ပင် ဖြစ်သည်။

(ဂ) သမ္ပဇာနပဗ္ဗ = သမ္ပဇဉ်ပိုင်း ပထမဆင့်

(ဂ) သမ္ပဇာနပဗ္ဗ = သမ္ပဇဉ်ပိုင်း ပထမဆင့်

ပုန စပရံ ဘိက္ခဝေ ဘိက္ခု အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊ အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊ သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊ သင်္ဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊ အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ၊ ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ၊ ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။ (မ၊၁၊၇၂။)

ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ယောဂါဝစရ ရဟန်းသည် ---

၁။ ေ့ရှသို့တက်ရာ နောက်သို့ဆုတ်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၂။ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၃။ ကွေးရာ ဆန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၄။ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၅။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၆။ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၇။ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ စကားပြောရာ ဆိတ်ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ (မ၊၁၊၇၂။)

ဤကား သမ္ပဇဉ်ပိုင်း ပထမဆင့်ပင် ဖြစ်သည်။ ဤအပိုင်းတွင်လည်း ---

၁။ ေ့ရှသို့တက်ရာ နောက်သို့ဆုတ်ရာ၌ ခန္ဓာငါးပါး,

၂။ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ ခန္ဓာငါးပါး,

၃။ ကွေးရာ ဆန့်ရာ၌ ခန္ဓာငါးပါး,

၄။ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ၌ ခန္ဓာငါးပါး,

၅။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ခန္ဓာငါးပါး,

၆။ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ ခန္ဓာငါးပါး,

၇။ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ စကားပြောရာ ဆိတ်ဆိတ်နေရာ၌ ခန္ဓာငါးပါး ---

ဤသို့လျှင် ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါးတို့ကို အသီးအသီး သိမ်းဆည်း ရှုပွားပုံကိုလည်း တင်ပြခဲ့ပြီးလေပြီ။ သမ္ပဇဉ်ပိုင်းဆိုင်ရာ ကာယာနုပဿနာသတိပဋ္ဌာန် ပထမဆင့်ပင် ဖြစ်သည်။

(ဃ) ဓာတုမနသိကာရ ပဗ္ဗ = ဓာတ်ကမ္မဋ္ဌာန်းပိုင်း

(ဃ) ဓာတုမနသိကာရ ပဗ္ဗ = ဓာတ်ကမ္မဋ္ဌာန်းပိုင်း

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။

သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စာတုမဟာပထေ ဗိလသော ဝိဘဇိတွာ နိသိန္နော အဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။ (မ၊၁၊၇၃။)

ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ယောဂါဝစရ ရဟန်းသည် ---

တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယ ခန္ဓာကိုယ်ကြီးကိုပင်လျှင် (= ဤရူပကာယ = ရုပ်တရား အပေါင်းကိုပင်လျှင်) ဤရူပကာယကိုယ်၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ရှိ၏ဟု ဓာတ်သဘော အစုအပုံအားဖြင့် (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မဟုတ်သောအားဖြင့်) ရုပ်တုံး ရုပ်ခဲ ရုပ်ဃနတို့ ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏။

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား --- ကျွမ်းကျင်သော နွားသတ် ယောက်ျားသည်သော်လည်းကောင်း, ကျွမ်းကျင်သော နွားသတ်ယောက်ျား၏ တပည့်သည်သော်လည်းကောင်း နွားကိုသတ်၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာ အရပ်၌ အသားတခြား အရိုးတခြား စသည်အားဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ စုပုံလျက် ထိုင်ရောင်းနေသည် ဖြစ်လေရာ၏။ ရဟန်းတို့ ...ဤဥပမာ အတူပင်လျှင် ယောဂါဝစရ ရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယ ခန္ဓာကိုယ်ကြီးပင်လျှင် (= ဤရူပကာယ = ရုပ်တရား အပေါင်းကိုပင်လျှင်) ဤရူပကာယကိုယ်၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယော ဓာတ် ရှိ၏ဟု ဓာတ်သဘော အစုအပုံအားဖြင့် (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မဟုတ်သောအားဖြင့်) ရုပ်တုံး ရုပ်ခဲ ရုပ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင် သုံးသပ် ရှုပွား၍ နေ၏။ (မ၊၁၊၇၃။)

ဤကား ဓာတုမနသိကာရပိုင်း ပထမဆင့်ပင် ဖြစ်သည်။ ဤအဆင့်တွင် ဓာတ်ကြီးလေးပါးကို ဦးတည်၍

၁။ (၆)ဒွါရတို့၌ ရုပ်တရားတို့ကို သိမ်းဆည်းပုံကိုလည်းကောင်း,

၂။ (၄၂)ကောဋ္ဌာသတို့၌ ရုပ်တရားတို့ကို သိမ်းဆည်းပုံကိုလည်းကောင်း,

၃။ ထိုရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းပုံကိုလည်းကောင်း တင်ပြခဲ့ပြီးလေပြီ။ ဓာတုမနသိကာရ = ဓာတ်ကမ္မဋ္ဌာန်းပိုင်းဆိုင်ရာ ကာယာနုပဿနာသတိပဋ္ဌာန် ပထမ ဆင့်ပင် ဖြစ်ပါသည်။

ဤတွင် ယောဂါဝစရပုဂ္ဂိုလ်တို့ သံသယ ကင်းရှင်းစေရန်အလို့ငှာ ရည်သန်၍ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ အရဟတ္တဖိုလ်ပေါက် ကျင့်စဉ် အကျဉ်းချုပ်ကို ရှင်းလင်း တင်ပြအပ်ပါသည်။ ယင်းကျင့်စဉ် အကျဉ်းချုပ်ကို သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး၌ ဤသို့ ဖော်ပြထား၏။

ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ အရဟတ္တဖိုလ်သို့

ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ အရဟတ္တဖိုလ်သို့

ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ ပ ။ အထဿ ဧဝံ စတ္တာရိ မဟာဘူတာနိ တေဝီသတိ ဥပါဒါရူပါနိ ရူပက္ခန္ဓောတိ ရူပက္ခန္ဓံ ပရိဂ္ဂဏှန္တဿ အာယတနဒွါရဝသေန အရူပိနော ခန္ဓာ ပါကဋာ ဟောန္တိ။ ဣတိ ရူပါရူပပရိဂ္ဂဟော ပဉ္စက္ခန္ဓာ ဟောန္တိ၊ ပဉ္စက္ခန္ဓာ ဒွါဒသာယတနာနိ ဟောန္တိ, ဒွါဒသာယတနာနိ အဋ္ဌာရသ ဓာတုယော ဟောန္တီတိ ခန္ဓာယတနဓာတုဝသေန ယမကတာလက္ခန္ဓံ ဖာလေန္တော ဝိယ ဒွေ ကောဋ္ဌာသေ ကတွာ နာမရူပံ ဝဝတ္ထပေတိ။

သော ဣဒံ နာမရူပံ န အဟေတု န အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယောတိ ဥပပရိက္ခန္တော အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာစာတိ တဿ ပစ္စယံ ဝဝတ္ထပေတွာ အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုေဉ္ဇာ ဧဝါတိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။

ဧဝံ သင်္ခါရေ သလ္လက္ခေတွာ ဌိတဿ ပန ဘိက္ခုဿ ဒသဗလဿ သာသနေ မူလံ ဩတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါ နာမ၊ စူဠသောတာပန္နော နာမ ဟောတိ နိယတဂတိကော။ တထာရူပံ ပန ဥတုသပ္ပါယံ ပုဂ္ဂလသပ္ပါယံ ဘောဇနသပ္ပါယံ ဓမ္မဿဝနသပ္ပါယံ လဘိတွာ ဧကာသနေ ဧကပလ္လင်္ကဝရဂတော တီဏိ လက္ခဏာနိ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ သင်္ခါရေ သမ္မသန္တော အရဟတ္တံ ဂဏှာတီတိ။ ဣဒံ ဓာတုဝသေန အဘိနိဝိဋ္ဌဿ ဘိက္ခုနော ယာဝ အရဟတ္တာ နိဂမနံ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)

ယောဂါဝစရ ရဟန်းတော်သည် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ဓာတ်ကြီးလေးပါးကို စိုက်ရှုလိုက်သော အခါ အဖြူပြင် အကြည်ပြင်တို့ကို တွေ့ရှိရာ ယင်းအဖြူပြင် အကြည်ပြင်တို့၌ ဓာတ်ကြီးလေးပါးကို ဆက်ရှု လိုက်ပါက ရုပ်ကလာပ်အမှုန်များကို စတင်၍ တွေ့ရှိတတ်ပါသည်။ အကယ်၍ ရုပ်ကလာပ်များကို မတွေ့သေး ပါက အာကာသဓာတ်ကို မြင်အောင် ဆက်၍ ရှုခဲ့သော် ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်၏။ ယင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါး = မဟာဘုတ်လေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက (၂၄)မျိုးသော ဥပါဒါရုပ်သည် ထင်ရှားလာ၏။ ပ ။

ထိုသို့ ထင်ရှားလာရာ အခါ၌ ယောဂါဝစရပုဂ္ဂိုလ်သည် မဟာဘုတ်ဓာတ်ကြီးလေးပါးတို့နှင့် (၂၃)မျိုး ကုန်သော (ဟဒယဝတ္ထုကိုပါ ထည့်၍ ရေတွက်သော် ၂၄- မျိုးကုန်သော) ဥပါဒါရုပ်တို့ကား ရူပက္ခန္ဓာတည်း။

ဤသို့ ရူပက္ခန္ဓာကို ဉာဏ်ဖြင့် ပိုင်းခြားယူလတ်သော် အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်ခန္ဓာလေးပါး တို့သည် ထင်ရှားလာကုန်၏။ ဤသို့ သိမ်းဆည်းထားအပ်သော ရုပ်တရား နာမ်တရားသည် ခန္ဓာငါးပါးတို့ ဖြစ် ကြကုန်၏။ ခန္ဓာငါးပါးတို့သည် အာယတန (၁၂)ပါးတို့ ဖြစ်ကြကုန်၏။ အာယတန (၁၂)ပါးတို့သည် ဓာတ် (၁၈)ပါးတို့ ဖြစ်ကြကုန်၏။ ဤသို့လျှင် ခန္ဓာ-အာယတန-ဓာတ်တို့၏ အစွမ်းဖြင့် အစုံဖြစ်သော ထန်းမြစ်ကို ထက်ခြမ်းခွဲလိုက်သကဲ့သို့ နှစ်ဖို့ နှစ်စုတို့ကို ပြု၍ နာမ်ရုပ်ကို ပိုင်းခြားမှတ်သား၏။ (နာမရူပပရိစ္ဆေဒဉာဏ်တည်း၊ ဒိဋ္ဌိဝိသုဒ္ဓိစခန်းတည်း။)

ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤနာမ်ရုပ်သည် တိုက်ရိုက် ဖြစ်စေတတ်သော ဟေတုအကြောင်း = ဇနက အကြောင်းတရား မရှိမူ၍ အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်း = ဥပတ္ထမ္ဘက အကြောင်းတရား မရှိ မူ၍ ဖြစ်သည်ကား မဟုတ်။ တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်း = ဇနကအကြောင်းတရား ထင်ရှား ရှိသည် ဖြစ်၍သာလျှင် အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘက အကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင် ဖြစ်ပေါ်လာ၏၊ ထိုနာမ်ရုပ်၏ ဟေတုအကြောင်းတရားကား အဘယ်ပါနည်း၊ ပစ္စယ အကြောင်းတရားကား အဘယ်ပါနည်း။ ဤသို့ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် ---

၁။ အဝိဇ္ဇာဟူသော အကြောင်းကြောင့်လည်းကောင်း,

၂။ တဏှာဟူသော အကြောင်းကြောင့်လည်းကောင်း,

၃။ ကံဟူသော အကြောင်းကြောင့်လည်းကောင်း,

၄။ အာဟာရဟူသော အကြောင်းကြောင့်လည်းကောင်း ဖြစ်ပေါ်လာရ၏။

ဤသို့ ထိုနာမ်ရုပ်၏ အကြောင်းတရားကို ပိုင်းခြားမှတ်သား၍ ---

၁။ အတိတ်၌လည်း အကြောင်းတရားတို့သည်သာလျှင်လည်းကောင်း, အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ် ပေါ်လာကြရကုန်သော အကျိုးတရားတို့သည်သာလျှင်လည်းကောင်း ရှိကြကုန်၏။

၂။ အနာဂတ်၌လည်း အကြောင်းတရားတို့သည်သာလျှင်လည်းကောင်း, အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ် ပေါ်လာကြရကုန်သော အကျိုးတရားတို့သည်သာလျှင်လည်းကောင်း ရှိကြကုန်၏။

၃။ ယခုပစ္စုပ္ပန်၌လည်း အကြောင်းတရားတို့သည်သာလျှင်လည်းကောင်း, အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ် ပေါ်လာကြရကုန်သော အကျိုးတရားတို့သည်သာလျှင်လည်းကောင်း ရှိကြကုန်၏။

ထိုအကြောင်းတရား အကျိုးတရားထက် အပိုအလွန် ဖြစ်သော သတ္တဝါသည်လည်းကောင်း, ပုဂ္ဂိုလ်သည် လည်းကောင်း မရှိ။ သတ္တဝါ မဖက် သက်သက်သော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အစုအပုံ သက်သက် သာလျှင် ရှိ၏။ ဤသို့လျှင် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ သို့လောသို့လော တွေးတောယုံမှားခြင်း ကင်္ခါ = ဝိစိကိစ္ဆာတရားကို ကျော်လွှား လွန်မြောက်၍သွား၏။ (ပစ္စယပရိဂ္ဂဟဉာဏ်တည်း၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းတည်း။ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။)

ဤသည်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော --- သိသင့်သိထိုက်သော ---

၁။ ရုပ်တရား,

၂။ နာမ်တရား,

၃။ အကြောင်းတရား,

၄။ အကျိုးတရားဟူသော သင်္ခါရတရားတို့ကို ---

ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်တတ်သော ကောင်းစွာပိုင်းခြား မှတ်သား တတ်သော (= ရုပ်တရားဟု, နာမ်တရားဟု, အကြောင်းတရားဟု, အကျိုးတရားဟု, ဤသို့ စသည်ဖြင့် ကောင်းစွာ ပိုင်းခြား မှတ်သားတတ်သော) ဉာတပရိညာ မည်၏။

ဤသို့လျှင် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ကောင်းစွာပိုင်းခြား မှတ်သားပြီး၍ တည်နေသော ယောဂါဝစရ ရဟန်းတော်သည် ကိုယ်တော်အား ဆယ်ပါး ဉာဏ်တော်အား ဆယ်ပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ အရင်းအမြစ်သို့ သက်ဝင်၍ တည်နေသည် မည်ပေတော့၏။ (ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းမိသောအခါ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၍ ဗုဒ္ဓမြတ်စွာသာသနာတော်မှ မခွာနိုင်အောင် သာသနာတော်ဝယ် အမြစ်တွယ်ပြီး ဖြစ်တော့သည် --- ဟူလို။)

ဗုဒ္ဓမြတ်စွာသာသနာတော်၌ ထောက်ရာတည်ရာကို ရအပ်သည် မည်ပေ၏၊ ကောင်းရာသုဂတိ ဘုံဘဝလျှင် ကိန်းသေမြဲသော လားရာဂတိ ရှိသော စူဠသောတာပန် မည်တော့၏။ (ဤဒိဋ္ဌိဝိသုဒ္ဓိနှင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းသို့ ဆိုက်ရေးအတွက် သီလဝိသုဒ္ဓိနှင့် စိတ္တဝိသုဒ္ဓိတို့ကို အခြေခံရဦးမည်သာ ဖြစ်သည်။)

ထိုသို့ အရဟတ္တဖိုလ်ကို ရယူနိုင်လောက်သော သဘောရှိသော ---

၁။ ဥတုသပ္ပါယ = လျောက်ပတ်သော ဥတုကိုလည်းကောင်း,

၂။ ပုဂ္ဂလသပ္ပါယ = လျောက်ပတ်သော ပုဂ္ဂိုလ်ကိုလည်းကောင်း,

၃။ ဘောဇနသပ္ပါယ = လျောက်ပတ်သော ဘောဇဉ်ကိုလည်းကောင်း,

၄။ ဓမ္မဿဝနသပ္ပါယ = အနတ္တလက္ခဏသုတ္တန်ကဲ့သို့သော အရဟတ္တဖိုလ်ကို ရနိုင်လောက်သော လျောက်ပတ်သော တရားတော်ကို နာရခြင်းကိုလည်းကောင်း

ရလတ်သော် တစ်နေရာတည်း၌ တစ်ခုတည်းသော မြတ်သော ထက်ဝယ်တင်ပလ္လင်ထိုင်ခြင်းသို့ ရောက် သည် ဖြစ်၍ လက္ခဏာရေးသုံးတန်တို့သို့ တင်၍ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် စသော ဝိပဿနာဉာဏ်စဉ် အတိုင်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာယာဉ်တင်ကာ သုံးသပ်လတ်သော် အရဟတ္တဖိုလ်ကို ရယူနိုင်ပေ၏။ ဤဆိုအပ်ခဲ့ပြီးသည်ကား ဓာတ်၏အစွမ်းဖြင့် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ ဝိပဿနာကို နှလုံးသွင်းသော ယောဂါဝစရ ရဟန်းတော်အား အရဟတ္တဖိုလ်သို့တိုင်အောင် အပြီးအဆုံးသို့ ရောက်စေနိုင် ကြောင်း စကားအစဉ်တည်း။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။) (ဝိပဿနာရှုပုံကား ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့၊၊)

ဤအထက်ပါ အဋ္ဌကထာတို့၏ ဖွင့်ဆိုချက်ကို အထူးဂရုပြု၍ ဖတ်ရှုကြည့်ပါ။ ဓာတ်ကမ္မဋ္ဌာန်းဟူသည် ဓာတ်လေးပါးချည်းသက်သက် အရဟတ္တဖိုလ်ဆိုက်သည်အထိ တစ်နည်းဆိုသော် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည် အထိ ရှုရသည့် ကမ္မဋ္ဌာန်းမျိုးမဟုတ်ဘဲ ဓာတ်လေးပါးကို ရှုသည့် အဆင့်, ရုပ်တရားကို ရှုသည့် အဆင့်, နာမ် တရားကို ရှုသည့် အဆင့်, အကြောင်းတရားတို့ကို သိမ်းဆည်းရှုပွားရသည့် အဆင့်, ဝိပဿနာ ရှုသည့် အဆင့်, စသည်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် သိမ်းဆည်းရ ရှုပွားရသည့် လုပ်ငန်းခွင်မျိုးသာ ဖြစ်သည်။

ထိုကြောင့် ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် သမာဓိစခန်း၌ အောင်မြင်မှု ရရှိသောအခါ ယင်း သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ရူပကာယ = ရုပ်တရားအပေါင်းကို အဦးမူသဖြင့် --- ရူပကာယ နာမ ကာယဟူသော ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် အကြောင်းတရားကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွ ထိုရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်သော သတိပဋ္ဌာန်ပင် ဖြစ်ပေသည်။ အကြောင်းကား ---

၁။ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။ (ဝုဋ္ဌာနဂါမိနီ ဝိပဿနာ မဖြစ်နိုင်။)

၂။ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။ (ဝုဋ္ဌာနဂါမိနီ ဝိပဿနာ မဖြစ်နိုင်။) (အဘိ၊ဋ္ဌ၊၁၊၂၇၀။)

၃။ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက် ထွင်းဖောက်မသိက သံသရာဝဋ်ဆင်းရဲဒုက္ခမှ မကျော်လွှား မလွန်မြောက်နိုင်။ (ဒီ၊၂၊၄၇။ မဟာနိဒါနသုတ်။)

ဤအကြောင်းတရားများကြောင့် ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ရုပ်တရားသက်သက်ကိုသာ နိဗ္ဗာန်ပေါက်ရှုရသည့် သတိပဋ္ဌာန်ကျင့်စဉ် မဟုတ်သည်ကိုကား သဘောပေါက်သင့်လေရာသည်။

ဤ ကာယာနုပဿနာ သတိပဋ္ဌာန်တွင် အကျုံးဝင်သော ---

၁။ ပဋိကူလမနသိကာရပဗ္ဗ = (၃၂)ကောဋ္ဌာသတို့ကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ရှုပွားပုံ အပိုင်း,

၂။ နဝသိဝထိကပဗ္ဗ = သုဿန်သချုႋင်းနှင့် စပ်ဆိုင်သော အသုဘအလောင်းကောင် (၉)မျိုးကို အာရုံယူ၍ ရှုရသော အသုဘဘာဝနာ (၉)မျိုး ရှုပွားပုံအပိုင်း,

ဤအပိုင်းတို့ကို သမထကမ္မဋ္ဌာန်းပိုင်းတွင်လည်းကောင်း, ဝိပဿနာပိုင်းတွင်လည်းကောင်း ကြည့်ပါလေ။ (သမထကမ္မဋ္ဌာန်း အဖြစ် အားထုတ်ပုံ အပိုင်းကို သမထပိုင်းတွင်လည်းကောင်း, ဝိပဿနာကမ္မဋ္ဌာန်း အဖြစ် အားထုတ်ပုံကို ဝိပဿနာပိုင်းတွင်လည်းကောင်း ကြည့်ရှုလေ။)

__________

ဝေဒနာနုပဿနာ သတိပဋ္ဌာန် ပထမဆင့်

ဝေဒနာနုပဿနာ သတိပဋ္ဌာန် ပထမဆင့်

ကထဉ္စ ဘိက္ခဝေ ဘိက္ခု ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ ဣဓ ဘိက္ခဝေ ဘိက္ခု သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။ ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။ အဒုက္ခမသုခံ ဝါ ဝေဒနံ ဝေဒယမာနော အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။ သာမိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနော သာမိသံ သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ၊ နိရာမိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနော နိရာမိသံ သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

သာမိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနော သာမိသံ ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ၊ နိရာမိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနော နိရာမိသံ ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

သာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော သာမိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ၊ နိရာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော နိရာမိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။ (မ၊၁၊၇၅။)

ရဟန်းတို့ ...အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာတို့ကို အဖန်ဖန် အထပ်-ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေလေသနည်း။ ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် ကာယိကသုခ စေတသိကသုခဟု နှစ်မျိုးပြားသော သုခဝေဒနာကို ခံစားလျှင်လည်း သုခဝေဒနာကို ခံစား၏ဟု သိ၏။ ကာယိကဒုက္ခ စေတသိကဒုက္ခဟု နှစ်မျိုးပြားသော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ဒုက္ခဝေဒနာကို ခံစား၏ဟု သိ၏။ ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော အဒုက္ခမသုခ အမည်ရသော အလယ်အလတ် ခံစားမှု = ဥပေက္ခာဝေဒနာကို ခံစားလျှင်လည်း ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏။

ကာမဂုဏ်နှင့် စပ်သော ချမ်းသာသော သုခဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် စပ်သော ချမ်းသာသော သုခဝေဒနာကို ခံစား၏ဟု သိ၏။ ကာမဂုဏ်နှင့် မစပ်သော ချမ်းသာသော သုခဝေဒနာကို ခံစားလျှင် လည်း ကာမဂုဏ်နှင့် မစပ်သော ချမ်းသာသော သုခဝေဒနာကို ခံစား၏ဟု သိ၏။

ကာမဂုဏ်နှင့် စပ်သော ဆင်းရဲသော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် စပ်သော ဆင်းရဲသော ဒုက္ခ ဝေဒနာကို ခံစား၏ဟု သိ၏။ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲသော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲသော ဒုက္ခဝေဒနာကို ခံစား၏ဟု သိ၏။

ကာမဂုဏ်နှင့် စပ်သော ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော အဒုက္ခမသုခ အမည်ရသော အလယ် အလတ် ခံစားမှု = ဥပေက္ခာဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် စပ်သော ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏။ ကာမဂုဏ်နှင့် မစပ်သော ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော အဒုက္ခမသုခ အမည်ရသော အလယ်အလတ် ခံစားမှု = ဥပေက္ခာဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏။ (မ၊၁၊၇၅။)

ဝေဒနာအကြောင်း သိကောင်းစရာ

ဝေဒနာအကြောင်း သိကောင်းစရာ

၁။ တတ္ထ ကာမံ ဥတ္တာနသေယျကာပိ ဒါရကာ ထညပိဝနာဒိကာလေ သုခံ ဝေဒယမာနာ သုခံ ဝေဒနံ ဝေဒယာမာတိ ပဇာနန္တိ၊ န ပနေတံ ဧဝရူပံ ဇာနနံ သန္ဓာယ ဝုတ္တံ။ ဧဝရူပဥှိ ဇာနနံ သတ္တူပလဒ္ဓိံ နပ္ပဇဟတိ၊ သတ္တသညံ န ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနံ ဝါ သတိပဋ္ဌာနဘာဝနာ ဝါ န ဟောတိ။ ဣမဿ ပန ဘိက္ခုနော ဇာနနံ သတ္တူပလဒ္ဓိံ ပဇဟတိ, သတ္တသညံ ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနဉ္စေဝ သတိပဋ္ဌာနဘာဝနာ စ ဟောတိ။ ဣဒဥှိ ကော ဝေဒယတိ၊ ကဿ ဝေဒနာ, ကိံကာရဏာ ဝေဒနာတိ ဧဝံ သမ္ပဇာနဝေဒိယနံ သန္ဓာယ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၂၅၁။ မ၊ဋ္ဌ၊၁၊၂၇၉။)

ထို --- သုခံ ဝါ ဝေဒနံ ဝေဒယမာနော = ကာယိကသုခ စေတသိကသုခဟု နှစ်မျိုးပြားသော ချမ်းသာ သော သုခဝေဒနာကိုခံစားလျှင် --- ဟူသော ပါဠိတော်၌ ပက်လက်အိပ်တတ်ကာမျှသာ ဖြစ်ကုန်သော = ပက်လက် အိပ်နေကုန်သော ကလေးသူငယ်တို့သော်မှလည်း မိခင်၏ နို့ရည်ကို သောက်စို့ရာ စသည် အချိန်ကာလ၌ ချမ်းသာ သော သုခဝေဒနာကို ခံစားကုန်လတ်သော် ချမ်းသာသော သုခဝေဒနာကို ခံစားကုန်၏ဟု အကယ်၍ကား သိကြပါပေကုန်၏။ သို့သော် ဤကဲ့သို့သော သဘောရှိသည့် ဤသိခြင်းမျိုးလောက်ကို ရည်ရွယ်တော်မူ၍ ထို ဒေသနာတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူသည်ကား မဟုတ်ပေ။ မှန်ပေသည် ဤကဲ့သို့ သဘော ရှိသော ကလေးသူငယ်တို့၏ အသိမျိုးသည် ---

က။ သတ္တဝါဟူသော အယူအဆကို မပယ်စွန့်နိုင်၊

ခ။ သတ္တဝါဟူသော အမှတ်သညာကို မခွာနိုင်၊

ဂ။ ကမ္မဋ္ဌာန်းလည်း မဖြစ်၊ (= သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းလည်း မဖြစ်၊)

ဃ။ သတိပဋ္ဌာနဘာဝနာလည်း မဖြစ်။

အလျော်အားဖြင့်ဆိုရမူ ဤယောဂါဝစရ ရဟန်းတော်၏ ချမ်းသာသော သုခဝေဒနာကို ခံစားလတ်သော် ချမ်းသာသော သုခဝေဒနာကို ခံစား၏ဟု သိခြင်းမျိုးသည်ကား ---

က။ သတ္တဝါဟူသော အယူအဆကို ပယ်စွန့်နိုင်၏၊

ခ။ သတ္တဝါဟူသော အမှတ်သညာကို ပယ်ခွာနိုင်၏၊

ဂ။ ကမ္မဋ္ဌာန်းလည်း ဖြစ်၏၊ (ဝေဒနာကမ္မဋ္ဌာန်း ဟူလိုသည်၊)

ဃ။ သတိပဋ္ဌာနဘာဝနာလည်း ဖြစ်၏။ (ဝေဒနာနုပဿနာသတိပဋ္ဌာန် ဟူလိုသည်။)

မှန်ပေသည် - ဤ --- သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ = ချမ်းသာ သော သုခဝေဒနာကို ခံစားလျှင်လည်း ချမ်းသာသော သုခဝေဒနာကို ခံစား၏ဟု သိ၏။ --- ဟူသော ဤဒေသနာတော်ကို ---

က။ အဘယ်သူသည် ခံစားပါသနည်း၊

ခ။ အဘယ်သူ၏ ခံစားခြင်း ဝေဒနာ ဖြစ်ပါသနည်း၊

ဂ။ အဘယ်အကြောင်းကြောင့် ခံစားခြင်း ဝေဒနာသည် ဖြစ်ပေါ်လာပါသနည်း ---

ဤသို့ ကောင်းစွာ အပြားအားဖြင့် သိသူ၏ ခံစားခြင်းမျိုးကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ယင်း ဒေသနာတော်ကို ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (ဤအမေး၏ အဖြေကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်သဖြင့် ဖြေဆိုနိုင်သူ၏ ခံစားမှုမျိုးကို ဘုရားရှင်သည် ရည်ညွှန်းထားတော်မူသည် ဟူလိုသည်။ ယင်းမေးခွန်းတို့၏ အဖြေတို့မှာ ဤသို့တည်း။)

၂။ (က) တတ္ထ ကော ဝေဒယတီတိ န ကောစိ သတ္တော ဝါ ပုဂ္ဂလော ဝါ ဝေဒယတိ။

( ခ ) ကဿ ဝေဒနာတိ န ကဿစိ သတ္တဿ ဝါ ပုဂ္ဂလဿ ဝါ ဝေဒနာ။

( ဂ ) ကိံ ကာရဏာ ဝေဒနာတိ ဝတ္ထုအာရမ္မဏာ စ ပနေသာ ဝေဒနာ။

တသ္မာ ဧသ ဧဝံ ပဇာနာတိ တံ တံ သုခါဒီနံ ဝတ္ထုံ အာရမ္မဏံ ကတွာ ဝေဒနာဝ ဝေဒယတိ၊ တံ ပန ဝေဒနာပဝတ္တိံ ဥပါဒါယ အဟံ ဝေဒယာမီတိ ဝေါဟာရမတ္တံ ဟောတီတိ။

ဧဝံ ဝတ္ထုံ အာရမ္မဏံ ကတွာ ဝေဒနာဝ ဝေဒယတီတိ သလ္လက္ခေန္တော ဧသ သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတီတိ ဝေဒိတဗ္ဗော စိတ္တလပဗ္ဗတေ အညတရော ထေရော ဝိယ။ (အဘိ၊ဋ္ဌ၊၂၊၂၅၁။)

ထိုမေးခွန်းပြဿနာ သုံးမျိုးတို့တွင် ---

(က) အဘယ်သူသည် ခံစားပါသနည်းဟူမူ တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်း, ပုဂ္ဂိုလ်သည် လည်းကောင်း ခံစားသည် မဟုတ်။

( ခ ) အဘယ်သူ၏ ခံစားခြင်း ဝေဒနာ ဖြစ်ပါသနည်းဟူမူ --- တစ်စုံတစ်ယောက်သော သတ္တဝါ၏လည်းကောင်း, ပုဂ္ဂိုလ်၏လည်းကောင်း ခံစားခြင်း ဝေဒနာ မဟုတ်။

( ဂ ) အဘယ်အကြောင်းကြောင့် ခံစားခြင်း ဝေဒနာသည် ဖြစ်ပေါ်လာပါသနည်းဟူမူ --- ဤဝေဒနာသည် ဝေဒနာ၏ တည်ရာ အာရုံရှိသည် ဖြစ်၍ ခံစားခြင်း ဝေဒနာသည် ဖြစ်ပေါ်လာရ၏။

ထိုကြောင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ သိ၏။ --- သုခ စသော ဝေဒနာတို့၏ တည်ရာ စွဲမှီရာ အာရုံအကြောင်းတရားကို အာရုံပြု၍ ဝေဒနာမည်သော သဘောတရားကသာ ခံစား၏၊ တစ်ဖန် ထိုဝေဒနာ၏ ဖြစ်ခြင်းကိုပင် အစွဲပြု၍ (ဉာဏ်ဖြင့် ကပ်ယူ၍ ဉာဏ်ဖြင့် ရှုနိုင်၍) ငါသည် ခံစား၏ဟု ဤသို့ ခေါ်ဝေါ် ပြောဆိုရုံမျှသည်သာ ဖြစ်၏။ --- ဤသို့ သိ၏။ ဤသို့လျှင် သုခဝေဒနာ စသည်တို့၏ တည်ရာ စွဲမှီရာအာရုံ အကြောင်းတရားကို အာရုံပြု၍ ဝေဒနာကသာလျှင် (ခံစားတတ်သည့် ဝေဒနာကသာလျှင်) ခံစား၏။ --- ဟု ဤသို့ ကောင်းစွာ ဉာဏ်ဖြင့် မှတ်သားနိုင်သော ဉာဏ်ဖြင့် ရှုမြင်နိုင်သော ဤယောဂါဝစရပုဂ္ဂိုလ်သည် သုခ ဝေဒနာကို ခံစား၏ဟု ကွဲကွဲပြားပြား သိ၏ဟူ၍ (ကွဲကွဲပြားပြား သိသူဟူ၍) သိပါလေ။

စိတ္တလတောင်ကျောင်း ၌ သီတင်းသုံးတော်မူသော မထင်ရှားသော မထေရ်မြတ်ကြီးတစ်ပါးကဲ့သို့ မှတ်ပါ။

ခံစားမှုကို ကွဲကွဲပြားပြား သိပုံ

ခံစားမှုကို ကွဲကွဲပြားပြား သိပုံ

သမ္ပဇာနဿ ဝေဒိယနံ သမ္ပဇာနဝေဒိယနံ။ ဝတ္ထုန္တိ သုခါဒီနံ အာရမ္မဏမာဟ၊ တေန ဝတ္ထု အာရမ္မဏံ ဧတိဿာတိ ဝတ္ထုအာရမ္မဏာတိ သမာသော ဒဋ္ဌဗ္ဗော။ ဝေါဟာရမတ္တံ ဟောတီတိ ဧတေန သုခံ ဝေဒနံ ဝေဒယာမီတိ ဣဒံ ဝေါဟာရမတ္တေန ဝုတ္တန္တိ ဒေဿတိ။ (မူလဋီ၊၂၊၁၅၆။)

သမ္ပဇာနဿာတိ သမ္မာ ပကာရေဟိ ဇာနန္တဿ၊ ဝတ္ထာရမ္မဏေဟိ သဒ္ဓိံသုခသာမိသာဒိပ္ပကာရေဟိ အဝိပရီတံ ဝေဒနံ ဇာနန္တဿာတိ အတ္ထော။ ပုဗ္ဗဘာဂဘာဝနာ ဝေါဟာရာနုသာရေနေဝ ပဝတ္တတီတိ အာဟ ဝေါဟာရမတ္တေနာတိ။ ဝေဒယာမီတိ အဟံ ဝေဒယာမီတိ အတ္တုပနာယိကာ ဝုတ္တာတိ၊ ပရိညာတဝေဒနောပိ ဝါ ဥပ္ပန္နာယ သုခဝေဒနာယ လောကဝေါဟာရေန သုခံ ဝေဒနံ ဝေဒယာမီတိ ဇာနာတိ, ဝေါဟရတိ စ၊ ပဂေဝ ဣတရော။ တေနာဟ ဝေါဟာရမတ္တေန ဝုတ္တန္တိ။ (အနုဋီ၊၂၊၁၅၇။)

ဤအထက်ပါ မူလဋီကာနှင့် အနုဋီကာတို့ကား ဝေဒနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ် တစ်ဦး၏ သန္တာန်ဝယ် ဝေဒနာကို ကွဲကွဲပြားပြား သိပုံ အခြင်းအရာကို ဖော်ပြသော အဖွင့်စကားရပ်တို့ပင် ဖြစ် ကြသည်။ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ---

ကောင်းစွာ အပြားအားဖြင့် သိသော ယောဂါဝစရပုဂ္ဂိုလ်၏ ခံစားခြင်းသည် သမ္ပဇာနဝေဒိယန မည်၏။ ဝေဒနာ၏ တည်ရာအကြောင်းတရား ဖြစ်ကုန်သော အာရုံတို့နှင့် အတူတကွ ကာမဂုဏ်တို့နှင့် စပ်သော ကာမဂုဏ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ချမ်းသာသော သုခဝေဒနာ, ကာမဂုဏ်တို့နှင့် မစပ်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်း = နေက္ခမ္မဓာတ်တို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ချမ်းသာသော သုခဝေဒနာ -- ဤသို့စသော အပြားတို့ဖြင့် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ဝေဒနာကို သိမှုကို သမ္ပဇာန = ကွဲကွဲပြားပြားသိမှု ဟု ဆိုလို၏။

ထိုကြောင့် --- ဝတ္ထုအာရမ္မဏာ --- ဟူသော ပုဒ်ကို --- ဝတ္ထု အာရမ္မဏံ ဧတိဿာတိ ဝတ္ထုအာရမ္မဏာ ဟု ဗဟုဗ္ဗီဟိသမာသ် ပြုပါ။ ဝေဒနာဟူသည် တည်ရာအာရုံ အကြောင်းတရားရှိသော တရားဟု ဆိုလို၏။

ဝေဒနာကို သိမ်းဆည်း ရှုပွားတော့မည့် ယောဂါဝစရပုဂ္ဂိုလ်သည် ---

၁။ ဝေဒနာ၏ မှီရာဝတ္ထုရုပ်,

၂။ ဝေဒနာ၏ စွဲမှီရာ တည်ရာ အကြောင်းဖြစ်သည့် အာရုံ ---

ဤနှစ်မျိုးတို့ကို ဟုတ်တိုင်းမှန်စွာ သိထားရမည် ဖြစ်သည်။ သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ရ မည် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော အခါမှ ဝေဒနာကို သိမ်းဆည်းခဲ့သော် ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့သော် ဝေဒနာကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရှိမည် ဖြစ်သည်။ ထိုသို့ ကွဲကွဲပြားပြား သိသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာကို သိအောင် မပွားများမီ မသိမ်းဆည်းနိုင်မီ ဉာဏ်ဖြင့် ပိုင်းခြား မယူနိုင်မီ ရှေးအဖို့က ခေါ်ဝေါ်သုံးစွဲခဲ့သည့်အတိုင်း ထိုထိုဝေဒနာ၏ ဖြစ်ခြင်းကို အစွဲပြု၍ ငါသည် သုခဝေဒနာကို ခံစား၏ ဤသို့ စသည့် စကားကို လူတို့ ခေါ်ဝေါ်သုံးစွဲနေကျ ဝေါဟာရသို့ အစဉ်လိုက်သည်၏ အစွမ်း ဖြင့်သာလျှင် မိမိကိုယ်ကို ဉာဏ်ဖြင့် ကပ်ဆောင်၍ ပြောဆိုရုံမျှသာ ဖြစ်၏။ ဝေဒနာကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းခြားသိပြီးသော သူတော်ကောင်းသည်လည်း သုခဝေဒနာသည် ဖြစ်ပေါ်လာလတ်သော် လူတို့ခေါ်ဝေါ်သုံးစွဲ သည့် လောကဝေါဟာရအားဖြင့် ငါသည် သုခဝေဒနာကို ခံစား၏ဟုသိ၏၊ ခေါ်ဝေါ်သုံးစွဲမှုလည်း ပြုသေး၏။ ပရိညာပညာသုံးမျိုးလုံးဖြင့် ဝေဒနာကို ပိုင်းခြားမသိသေးသော ဝေဒနာကို သိမ်းဆည်းဆဲ ဉာဏ်ဖြင့်ပိုင်းခြား ယူနေဆဲဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း၊ လူတို့ ခေါ်ဝေါ် သုံးစွဲသည့် ဝေါဟာရအတိုင်း ခေါ်ဝေါ်သုံးစွဲရတော့သည်သာဟု ဆိုလိုသည်။ (မူလဋီ၊၂၊၁၅၆။ အနုဋီ၊၂၊၁၅၇၊၊)

မထင်ရှားသော မထေရ်မြတ်ကြီးတစ်ပါး

မထင်ရှားသော မထေရ်မြတ်ကြီးတစ်ပါး

ဤဝေဒနာပိုင်းတွင် ဝေဒနာကို ကွဲကွဲပြားပြား သိပုံ အခြင်းအရာကို ပေါ်လွင်ထင်ရှားစေရန်အတွက် သီဟိုဠ်ကျွန်း စိတ္တလတောင်ကျောင်းတိုက်၌ သီတင်းသုံးတော်မူသော မထေရ်မြတ်ကြီး တစ်ပါး၏ထုံးကို အဋ္ဌကထာ တွင် ဤသို့ ဆက်လက် တင်ပြထား၏။

၃။ ထေရော ကိရ အဖာသုကကာလေ ဗလဝဝေဒနာယ နိတ္ထုနန္တော အပရာပရံ ပရိဝတ္တတိ၊ တမေကော ဒဟရော အာဟ ကတရံ ဝေါ ဘန္တေ ဌာနံ ရုဇ္ဇတီတိ၊ --- အာဝုသော ပါဋိယေက္ကံ ရုဇ္ဇနဋ္ဌာနံ နာမ နတ္ထိ၊ ဝတ္ထုံ အာရမ္မဏံ ကတွာ ဝေဒနာဝ ဝေဒယတီတိ။

ဧဝံ ဇာနနကာလတော ပဋ္ဌာယ အဓိဝါသေတုံ ဝဋ္ဋတိ နော ဘန္တေတိ။

အဓိဝါသေမိ အာဝုသောတိ။

အဓိဝါသနာ ဘန္တေ သေယျာတိ။

ထေရော အဓိဝါသေသိ။ ဝါတော ယာဝ ဟဒယာ ဖာလေသိ။ မဉ္စကေ အန္တာနိ ရာသီကတာနိ အဟေသုံ။ ထေရော ဒဟရဿ ဒေဿသိ --- ဝဋ္ဋတာဝုသော ဧတ္တကာ အဓိဝါသနာတိ။ ဒဟရော တုဏှီ အဟောသိ။ ထေရော ဝီရိယသမာဓိံ ယောဇေတွာ သဟပဋိသမိ႓ဒါဟိ အရဟတ္တံ ပါပုဏိတွာ သမသီသီ ဟုတွာ ပရိနိဗ္ဗာယိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၁။)

မထေရ်ကြီးသည် မကျန်းမာသောအခါ အင်အား ကြီးမားပြင်းထန်သော ဝေဒနာကြောင့် ငြီးတွားလျက် တပြောင်းပြန်ပြန် လူးလိမ့်နေ၏၊ ထိုမထေရ်ကြီးကို ရဟန်းငယ်တစ်ပါးက --- အရှင်ဘုရား ...အရှင်ဘုရားတို့၏ သန္တာန်ဝယ် အဘယ်မည်သော အရပ်သည် နာကျင်ပါသနည်းဟု လျှောက်ထား၏။ ငါ့ရှင် အသီးအခြား တစ်ခု သော နာကျင်သော အရပ်မည်သည် မရှိပါ၊ ဒုက္ခဝေဒနာ၏ တည်ရာအကြောင်း ဖြစ်သည့် အာရုံကို အာရုံပြု၍ ဝေဒနာကသာလျှင် ခံစားနေ၏။ --- ဤသို့ မိန့်ကြားလိုက်၏။

[မထေရ်မြတ်ကြီးကား --- ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ဃနအတုံးအခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး လျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သဖြင့် နာကျင်ကိုက်ခဲသော နေရာကို ရှာမတွေ့ခြင်း ဖြစ်၏။ နာကျင်ကိုက်ခဲသည့်နေရာ၌ သို့မဟုတ် တစ်ကိုယ်လုံး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။ ယင်းရုပ်ကလာပ်များကို ပရမတ်သို့ဆိုက်အောင် ဓာတ်ခွဲနိုင်ပါက ပရမတ္ထဓာတ်သား ရုပ်တရားသက်သက်ကိုသာ တွေ့ရှိမည် ဖြစ်၏။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါက သတ္တသညာ ကွာပြီဖြစ်၏။ သတ္တသညာ ကွာသွားသော် နာကျင်သည့် နေရာကို ရှာမတွေ့နိုင်တော့ပြီ ဖြစ်၏။ နာကျင်သည့် နေရာဟူသည် သတ္တသညာ မကွာခင် မကွာမီအတွင်း၌သာ တွေ့ရှိနိုင်သောကြောင့်တည်း။ တစ်ဖန် ယင်းရုပ်တရားတို့ကား မဖြစ်ခင် မဖြစ်မီက မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်း နှစ်ခုတို့၏ အလယ်၌သာလျှင် ယာယီ အခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာသော ဓမ္မသဘာဝတို့သာ ဖြစ်ကြ၏။ ယာယီ ဟူသည်မှာလည်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် တစ်စက္ကန့်ဟူသော အချိန်ကာလကို အကြိမ် ပေါင်း ကုဋေ (၅၀၀၀)ခန့်လောက် ပုံပါက တစ်ပုံခန့်လောက်သာ သက်တမ်းရှိကြသည့် ယာယီမျိုးဖြစ်၏။ ဤ၌ ခန့်လောက် --- ဟု ဆိုပါသည်၊ အတိအကျ မဆိုလိုပါ။ အလွန့်အလွန် တိုတောင်းသော သက်တမ်းကာလ ရှိကြောင်းကိုသာ ပြောဆိုလိုရင်း ဖြစ်သည်။ ထိုမျှလောက် လျင်လျင်မြန်မြန် ဖြစ်ပျက်နေသော ရုပ်တရားတို့ကို ပရမတ္ထဉာဏ်စက္ခုဖြင့် ထင်းထင်းလင်းလင်း ရှင်းရှင်းဘွင်းဘွင်း သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးအဖို့ လက် ခြေ ဦးခေါင်း ခါး ပေါင် တင်ပါး စသည့် နေရာကိုကား ရှာမတွေ့နိုင်တော့ပြီ။ အလွန် လျင်လျင်မြန်မြန် ဖြစ်ပျက်နေသော ရုပ်ပရမတ် အစဉ်အတန်းကိုသာ ဉာဏ်စက္ခုဖြင့် တွေ့မြင်နေရသောကြောင့် ဖြစ်၏။ ဝေဒနာကို ရှုတော့မည့် ယောဂီသူတော်ကောင်း တစ်ဦးသည်လည်း ထိုမထေရ်ကြီးကဲ့သို့ပင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်နေသူ နာကျင်ကိုက်ခဲသည့် နေရာကို ရှာမတွေ့သူ ဖြစ်ရမည်။ နာကျင်ကိုက်ခဲသည့် နေရာကို ရှာတွေ့နေသေးပါက ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေး၊ ပရမတ်သို့ ဉာဏ်အမြင်မဆိုက်သေးပါက အနတ္တရောင်ခြည်တော်၏ တင့်တယ်စမ္ပယ်စွာ ကွန့်မြူးထွက်ပေါ်လာရေးမှာ အလွန်အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။ သို့အတွက် ဝေဒနာ၏ တည်ရာ အာရုံအကြောင်းတရားကို အာရုံပြု၍ ဝေဒနာကပင် ခံစားနေရပါသည်၊ နာကျင်ကိုက်ခဲသည့် နေရာဟူသည် သီးသန့် မရှိပါ။ဟု မထေရ်မြတ်ကြီးက အဖြေပေးနေခြင်းဖြစ်၏။ ထိုမထေရ်ကြီး၏ အသိဉာဏ်မျိုးကို ရရှိအောင် ဝေဒနာကို သိမ်းဆည်း ရှုပွားတော့မည့် ယောဂါဝစရပုဂ္ဂိုလ်သည် သို့မဟုတ် ဝေဒနာဦးဆောင်သည့် နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းရှုပွားတော့မည့်ပုဂ္ဂိုလ်သည် ယေဘုယျအားဖြင့် (အထူးသဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်မူ) ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ဖြစ်ရမည်ဟု အဋ္ဌကထာများက စည်းကမ်းသတ်မှတ်ပေးထား၏။ အမှန်တရားကို မြတ်နိုးသူတိုင်း လိုက်နာရမည့် စည်းကမ်းပင် ဖြစ်သည်။ အောက်တွင် ထင်ရှားလတ္တံ့။ ဆက် ဖတ်ပါ။]

ထိုကဲ့သို့ မထေရ်မြတ်ကြီးက --- ဝေဒနာ၏ တည်ရာအကြောင်းတရား ဖြစ်သည့် အာရုံကို အာရုံပြု၍ ဝေဒနာကသာလျှင် ခံစားနေ၏။ --- ဟု အဖြေပေးလိုက်သောအခါ သီတင်းငယ် ရဟန်းတော်က ဤသို့ ဆက် လက်၍ လျှောက်ထား၏။

အရှင်ဘုရား ...ဤသို့ကလောက် အသိဉာဏ်ပေါက်နေသော အခါမှ စ၍ ယင်းဝေဒနာကို သည်းခံခြင်းငှာ သင့်မြတ်သည် မဟုတ်ပါလား ဘုရား ...ဟု လျှောက်ထား၏။

ငါ့ရှင် ...သည်းခံပါအံ့ဟု မထေရ်မြတ်ကြီးက ပြန်လည်၍ မိန့်ကြားတော်မူလိုက်၏။ ထိုအခါ သီတင်း ငယ် ရဟန်းတော်က --- အရှင်ဘုရား ...သည်းခံခြင်းသည် မြတ်ပါ၏ဟု လျှောက်ထား၏။

ထိုအချိန်တွင် မထေရ်မြတ်ကြီးသည် ဆင်းရဲသည့် ဒုက္ခဝေဒနာကို ကြိတ်မှိတ်၍ သည်းခံတော်မူလေပြီ။ လေသင်ဓုန်းသည် မထေရ်မြတ်ကြီး၏ နှလုံးအိမ်သို့တိုင်အောင် (= နှလုံးအိမ်သို့ ရောက်သည်တိုင်အောင်) ရင်ဘတ်ကို ပွင့်ထွက်သွားအောင် ဖောက်ခွဲလိုက်၏။ (နှလုံးသို့ခိုက်ရုံသာ ဖောက်ခွဲသည်၊ နှလုံးအိမ်ကား ကျန်သေး၏၊၊) ထိုအခါ မထေရ်မြတ်ကြီး သီတင်းသုံးနေတော်မူသော ညောင်စောင်းငယ်ထက်၌ မထေရ်မြတ်ကြီး၏ အူတို့သည် အစုလိုက် အပုံလိုက် စုပုံနေကြကုန်၏။ ထိုအခါ မထေရ်မြတ်ကြီးက သီတင်းငယ် ရဟန်းတော်အား

ငါ့ရှင် ...ဤမျှ အတိုင်းအရှည် ရှိသော သည်းခံခြင်းသည် သင့်မြတ်ပါ၏လော --- ဤသို့ ပြောပြလေ၏။

သီတင်းငယ်ရဟန်းတော်ကား ထိုအချိန်တွင် စကားတုံ့ မပြန်နိုင်တော့ဘဲ ဆိတ်ဆိတ်ပင် နေလိုက်ရတော့၏။

မထေရ်မြတ်ကြီးကား အူများ အပြင်သို့ ပေါက်ကွဲမထွက်လာမီအချိန်၌ ဝေဒနာကို ကြိတ်မှိတ်၍ အပြင်း အထန် ကြိုးစားကာ သည်းခံနေတော်မူရရှာ၏။ ဝီရိယကား လွန်ကဲနေ၏။ ဝီရိယလွန်သော် ဥဒ္ဓစ္စဟု ဆိုရိုးရှိ သည့်အတိုင်း ဝေဒနာကို သည်းခံခြင်း အဓိဝါသနဝီရိယက လွန်ကဲနေရသဖြင့် စိတ်ငြိမ်သက်မှု သမာဓိကို မရရှိနိုင် ဖြစ်နေခဲ့၏။ သို့သော် လေက ဝမ်းဗိုက်ကို ဖောက်ခွဲလိုက်သောအခါ အူများလည်း ညောင်စောင်းငယ်ထက်၌ စုပုံ ထပ်နေသောအခါ ဆင်းရဲနေသည့် ဝေဒနာမှာ လျော့သွား၏။ ထိုအချိန်တွင် ဝီရိယနှင့် သမာဓိကို ညီမျှ အောင်, မိမိ မိမိတို့၏ ကိစ္စကို အညီအမျှ ရွက်ဆောင်သော အားဖြင့် အယုတ်အလွန် မရှိအောင် ပြု၍ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူလတ်သော် ပဋိသမိ႓ဒါလေးပါးတို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။ မိမိရရှိပြီးသော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသည်တို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ ဇော၏ အဆုံး၌ ပရိနိဗ္ဗာန် စံလွန်တော်မူလေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၅၁။ မ၊ဋ္ဌ၊၁၊၂၇၉-၂၈၀။)

သုခဝေဒနာကို ခံစားလတ်သော် သုခဝေဒနာကို ခံစား၏ဟု ကွဲကွဲပြားပြား သိသကဲ့သို့ အလားတူပင် -ဒုက္ခဝေဒနာကို, ဥပေက္ခာဝေဒနာကို, ကာမဂုဏ်နှင့် စပ်သော သုခဝေဒနာကို, ဒုက္ခဝေဒနာကို, ဥပေက္ခာဝေဒနာကို, ကာမဂုဏ်နှင့် မစပ်သော သုခဝေဒနာကို, ဒုက္ခဝေဒနာကို, ဥပေက္ခာဝေဒနာကို ခံစားလတ်သော် ကာမဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာကို ခံစား၏ဟု ကွဲကွဲပြား သိ၏ (= သိအောင် ကြိုးစားအားထုတ်ပါ။) (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

ဒုက္ခဝေဒနာ ရှုကွက် ပုံစံတစ်ခု

ဒုက္ခဝေဒနာ ရှုကွက် ပုံစံတစ်ခု

အကယ်၍ အသင်သူတော်ကောင်းသည် ကာယိကဒုက္ခဝေဒနာ ပါဝင်သည့် ကာယဝိညာဏ်နှင့် တကွသော ကာယဒွါရဝီထိ, မနောဒွါရဝီထိ စိတ်အစဉ်များ၏ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို ဝေဒနာကို အဦး မူ၍ သိမ်းဆည်း ရှုပွားလိုခဲ့ပါလျှင် ရှေးဦးစွာ ရုပ်တရားတို့ကို စတင်၍ သိမ်းဆည်းရမည်။

၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ကာယိက ဒုက္ခဝေဒနာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေသည့် နေရာ တစ်ခု၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။ ဥပမာ- တင်ပါးတစ်နေရာဟု ဆိုကြပါစို့၊ ထိုတင်ပါးနေရာ၌ ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။(နေရာဟူသည် သတ္တသညာ မကွာခင် ရှုတတ်အောင် သတ်မှတ်ပြခြင်းသာဖြစ်သည်၊ ရုပ်ဃန အတုံးအခဲများ ပြိုသွား၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သောအခါ နေရာမရှိတော့ပြီ ဖြစ်သည်။)

၃။ ထိုသို့ တင်ပါးနေရာတွင် ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုခဲ့သော် ရုပ်ကမ္မဋ္ဌာန်းကို အဝါးဝစွာ လေ့လာ နိုင်နင်းထားပြီးသော အသင်သူတော်ကောင်း၏ အသိဉာဏ်ဝယ် မကြာမီ အချိန်အနည်းငယ် အတွင်းမှာပင် ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ ဉာဏ်ဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ ထိုရုပ်ကလာပ်များကို သဘောတူရာ ပေါင်းစု၍ ခွဲတမ်းချလိုက်သော် ရုပ်ကလာပ် အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုး ရှိ၏။

ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇအဋ္ဌကလာပ်, ဥတုဇအဋ္ဌကလာပ်, အာဟာရဇ အဋ္ဌကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုး ဖြစ်သည်။ ဤ၌ ရုပ်ကလာပ် အမျိုး အစားသာ (၅)မျိုး ဖြစ်သည်၊ ရုပ်ကလာပ် တစ်မျိုးတစ်မျိုး၌ ရုပ်ကလာပ် အရေအတွက်ကား မရေမတွက်နိုင်အောင် များစွာပင် ရှိ၏။ အလားတူပင် ရုပ်အမျိုးအစားသာ (၄၄)မျိုး ဖြစ်သည်။ ရုပ်တစ်မျိုး တစ်မျိုး၌ အရေအတွက်ကား မရေမတွက်နိုင်အောင် များစွာပင် ရှိနေ၏။ ယင်းရုပ်တရားအားလုံးတို့ကို ခြုံငုံ၍ သိမ်းဆည်းပါ။

၄။ ထို (၄၄)မျိုးသော ရုပ်တို့တွင် အကျုံးဝင်သော ကာယအကြည်ဓာတ်ကိုလည်းကောင်း, ဟဒယဝတ္ထုတွင် မှီ၍ ဖြစ်နေသော ဘဝင်မနောအကြည်ဓာတ်ကိုလည်းကောင်း ပြိုင်တူထင်အောင် ပူးတွဲသိမ်းဆည်းပါ။

၅။ ထို မိမိသိမ်းဆည်းထားသော ကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံး ရုပ်ကလာပ်တစ်ခု၌ သို့မဟုတ် ရုပ် ကလာပ်အများစု၌် တည်ရှိကြသော ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ်တို့တွင် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဓာတ်တစ်ခုကို လှမ်း၍ အာရုံယူပါ။ ဥပမာ ---

(က) မာမှု ပထဝီဓာတ်က သတ္တိလွန်ကဲနေလျှင် မာမှု ပထဝီဓာတ်ကို,

( ခ ) ပူမှု တေဇောဓာတ်က သတ္တိလွန်ကဲနေလျှင် ပူမှု တေဇောဓာတ်ကို,

( ဂ ) ထောက်ကန်မှု တွန်းကန်မှု ဝါယောဓာတ်က သတ္တိလွန်ကဲနေလျှင် ထောက်ကန်မှု တွန်းကန်မှု ဝါယော ဓာတ်ကို လှမ်းအာရုံယူပါ။ မိမိ ရှုပွားလိုသော ဖောဋ္ဌဗ္ဗဓာတ် = ဖောဋ္ဌဗ္ဗာရုံ ပါဝင်သည့် ရုပ်ကလာပ်ဘက် ၌လည်း ရုပ်ဃန အတုံးအခဲ ပြိုပါစေ၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါစေ။

၆။ ထိုလွန်ကဲနေသော ဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုက မိမိနှင့် အနီးကပ်ဆုံးဖြစ်သည့် ကာယအကြည်ဓာတ်ကိုလည်း ကောင်း, ဘဝင် မနောအကြည်ဓာတ်ကိုလည်းကောင်း ပြိုင်တူ ရိုက်ခတ်သောအခါ ယင်းဒွါရနှစ်ခု၌ ပြိုင်တူ ထင်လာသောအခါ ကာယဒွါရဝီထိစိတ်နှင့် မနောဒွါရဝီထိစိတ်များသည် ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်များခြားလျက် အကြိမ်များစွာ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ထိုနာမ်တရားတို့ကို ဝေဒနာကို အဦးမူ၍ သိမ်းဆည်းပါ။

ယောနိသောမနသိကာရဖြစ်က ဇောများမှာ ကုသိုလ်ဇောများ ဖြစ်ကြမည်။ အယောနိသော မနသိကာရ ဖြစ်က အကုသိုလ်ဇောများ ဖြစ်ကြမည်။ တစ်ဖန် ယင်းဖောဋ္ဌဗ္ဗဓာတ်ကို ---

၁။ ရုပ်တရားဟု,

၂။ အနိစ္စဟု,

၃။ ဒုက္ခဟု,

၄။ အနတ္တဟု,

၅။ အသုဘဟု ---

ဤသို့ သိနေသော မနောဒွါရဝီထိ (အကောင်းအုပ်စု) နာမ်တရားတို့ကိုလည်း ဝေဒနာကို အဦးမူ၍ သိမ်းဆည်းပါ။ ထိုနောင် ရုပ်-နာမ် ခွဲပါ။ ရုပ်နာမ်ကို ပိုင်းခြား မှတ်သားပါ။ ကြွင်းကျန်သော ရုပ်နာမ်တို့ကိုလည်း အလားတူပင် ဆက်လက် သိမ်းဆည်း ရှုပွားပါ။ ထိုနောင် ဝေဒနာကို အဦးမူ၍ သိမ်းဆည်းထားသော ယင်းနာမ် ရုပ်တို့၏ အကြောင်းတရားတို့ကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့် တကွ ယင်းနာမ်ရုပ်တို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် အထက်ပါ စိတ္တလတောင်ကျောင်း၌ သီတင်းသုံးတော်မူသော မထေရ်မြတ်ကြီးကဲ့သို့ ပါရမီအားလျော်စွာ အရဟတ္တဖိုလ်ကို ရယူနိုင်လေရာသည်။

သတိပြုပါ --- ပူမှု အေးမှုကား တေဇောဓာတ် ဖြစ်၏၊ ရုပ်တရား ဖြစ်၏၊ ဝေဒနာကား နာမ်တရား ဖြစ်၏။ ပူမှု အေးမှုကို ဝေဒနာလုပ်၍ ရှုနေလျှင်ကား အသင်သူတော်ကောင်း၏ ဘာဝနာသည် ကျီးလည်း မမည် ကြက် လည်း မဟုတ် --- ဖြစ်ချေတော့မည်၊ သတိရှိစေ။

ကမ္မဋ္ဌာန်း နှစ်မျိုး

ကမ္မဋ္ဌာန်း နှစ်မျိုး

သမထပိုင်း = သမာဓိ ထူထောင်သည့် အပိုင်းတွင် ကမ္မဋ္ဌာန်း (၄၀) ရှိ၏။ ဝိပဿနာပိုင်းတွင်ကား ရုပ် ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်း နှစ်မျိုး ရှိပေသည်။ ယင်း ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းကိုပင် ---

၁။ ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း = ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = ရုပ်ကို သိမ်းဆည်းကြောင်း ဉာဏ်ဟုလည်းကောင်း,

၂။ အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း = နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = နာမ်ကို သိမ်းဆည်း ကြောင်း ဉာဏ်ဟုလည်းကောင်း အသီးအသီး ခေါ်ဆို၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

ဒုဝိဓဥှိ ကမ္မဋ္ဌာနံ ရူပကမ္မဋ္ဌာနံ အရူပကမ္မဋ္ဌာနဉ္စ၊ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

အရူပကမ္မဋ္ဌာနန္တိ အရူပပရိဂ္ဂဟံ၊ အရူပဓမ္မမုခေန ဝိပဿနာဘိနိဝေသန္တိ အတ္ထော။ ရူပကမ္မဋ္ဌာနေန ပန သမထာဘိနိဝေသောပိ သင်္ဂယှတိ၊ ဝိပဿနာဘိနိဝေသော ပန ဣဓာဓိပ္ပေတောတိ ဒေဿန္တော အာဟ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတီတိ။ (မ၊ဋီ၊၁၊၃၆၈။)

အရူပကမ္မဋ္ဌာန်းဟူသည် နာမ်တရားကို သိမ်းဆည်းခြင်း နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းတည်း။ နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် နာမ်ရုပ်တို့ကို နှလုံးသွင်းခြင်းကို ဆို လိုသည်။ တစ်ဖန် ရုပ်ကမ္မဋ္ဌာန်းဖြင့် သမထကို နှလုံးသွင်းခြင်း = သမထအာရုံတို့ကို နှလုံးသွင်းခြင်းကိုလည်း ပေါင်းရုံး ရေတွက်အပ်၏။ မဟာသတိပဋ္ဌာနသုတ္တန် စသည်တို့၌ ကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် အာနာပါနကဲ့သို့သော သမထအာရုံတို့ကို နှလုံးသွင်းမှုကိုလည်း ဘုရားရှင်ကိုယ်တော်တိုင်က ထည့်သွင်း၍ ဟောကြားထားတော်မူသောကြောင့် ဖြစ်၏။ သို့သော် ဤအရာ၌ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန် သော ရုပ်တရား နာမ်တရားတို့ကို နှလုံးသွင်းခြင်းကိုသာလျှင် အလိုရှိအပ်၏ဟု ထင်ရှား ပြတော်မူလိုသော အဋ္ဌကထာ ဆရာတော်သည် ယင်းရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းကိုပင် --- ရူပပရိဂ္ဂဟ အရူပပရိဂ္ဂဟ --- ဟူ၍ လည်း ခေါ်ဆိုကြောင်းကို ဖွင့်ဆိုသွားတော်မူပေသည်။ (မ၊ဋီ၊၁၊၃၆၈။)

ရုပ်ကမ္မဋ္ဌာန်း နှစ်မျိုး

ရုပ်ကမ္မဋ္ဌာန်း နှစ်မျိုး

တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

ထိုရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ် သော် ---

၁။ သင်္ခေပမနသိကာရ = အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း,

၂။ ဝိတ္ထာရမနသိရကာရ = အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း ---

ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားကြောင်း = ဉာဏ်ဖြင့် ပိုင်းခြားယူကြောင်း ဖြစ်သည့် စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းကို ဟောကြားတော်မူမြဲ ဓမ္မတာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

သင်္ခေပမနသိကာရ = ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနှလုံးသွင်းနည်းကို မဟာသတိပဋ္ဌာနသုတ္တန် (မ၊၁၊၇၃။) ၌လည်းကောင်း, ဝိတ္ထာရမနသိကာရ = ဓာတ်ကမ္မဋ္ဌာန်း အကျယ်နှလုံးသွင်းနည်းကို မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၄။), ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၃။), မဟာဟတ္ထိပဒေါပမသုတ္တန် (မ၊၁၊၂၄၂။), ဓာတုဝိဘင်းပါဠိတော် (အဘိ၊၂၊၈၄။) စသည်တို့၌လည်းကောင်း ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ (မူလဋီ၊၂၊၁၅၇။)

စတုဓာတုဝဝတ္ထာနံ ကထေသီတိ ဧတ္ထာပိ ယေဘုယျေနာတိ ပဒံ အာနေတွာ သမ္ဗန္ဓိတဗ္ဗံ။ (မ၊ဋီ၊၁၊ ၃၆၈။) --- ဟူသော ဋီကာဆရာတော်၏ သတ်မှတ်ချက်အရ ဤစည်းကမ်းမှာလည်း ယေဘုယျစည်းကမ်းဟု မှတ်ပါ။

နာမ်ကမ္မဋ္ဌာန်း သုံးမျိုး

နာမ်ကမ္မဋ္ဌာန်း သုံးမျိုး

အရူပကမ္မဋ္ဌာနံ ပန ကထေန္တော ယေဘုယျေန ဝေဒနာဝသေန ကထေသိ။ တိဝိဓော ဟိ အရူပကမ္မဋ္ဌာနေ အဘိနိဝေသော ဖဿဝသေန ဝေဒနာဝသေန စိတ္တဝသေနာတိ။ ကထံ? ဧကစ္စဿ ဟိ သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ တသ္မိံအာရမ္မဏေ စိတ္တစေတသိကာနံ ပဌမာဘိနိပါတော တံ အာရမ္မဏံ ဖုသန္တော ဥပ္ပဇ္ဇမာနော ဖေဿာ ပါကဋော ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ အနုဘဝန္တီ ဥပ္ပဇ္ဇမာနာ ဝေဒနာ ပါကဋာ ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ ပရိဂ္ဂဟေတွာ ဝိဇာနန္တံ ဥပ္ပဇ္ဇမာနံ ဝိညာဏံ ပါကဋံ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

= ဘုရားရှင်သည် နာမ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သော် ယေဘုယျအားဖြင့် (= များသောအားဖြင့်) ဝေဒနာ၏ အစွမ်းဖြင့် ဟောကြားတော်မူလေ့ရှိ၏။ ထင်ရှားစေအံ့။

နာမ်ကမ္မဋ္ဌာန်း၌ နှလုံးသွင်းနည်းသည် ---

၁။ ဝေဒနာ၏ အစွမ်းဖြင့် နှလုံးသွင်းနည်း,

၂။ ဖဿ၏ အစွမ်းဖြင့် နှလုံးသွင်းနည်း,

၃။ အသိစိတ်၏ အစွမ်းဖြင့် နှလုံးသွင်းနည်း --- ဟု

နှလုံးသွင်းပုံ နည်းစနစ်သည် (၃)မျိုး ရှိ၏။ (၃)မျိုးမှာ ဤသို့ ဖြစ်၏။

၁။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား အကျဉ်းနည်းအားဖြင့်သော်လည်းကောင်း, အကျယ်နည်းအားဖြင့် သော်လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော် ဉာဏ်ဖြင့် ပိုင်းခြားယူပြီးလတ်သော် ထို ရုပ်တရားတည်းဟူသော အာရုံ၌ စိတ်စေတသိက်တို့၏ ရှေးဦးစွာ ကျရောက်ခြင်းသဘောဟူသော ထို ရုပ်တရားတည်းဟူသော အာရုံကို တွေ့ထိလျက် ဖြစ်ပေါ်လာသော ဖဿသည် ထင်ရှား၏။

၂။ အချို့သော ပုဂ္ဂိုလ်အား ထိုအာရုံကို ခံစားလျက် ဖြစ်ပေါ်လာသော ဝေနာသည် ထင်ရှား၏။

၃။ အချို့သော ပုဂ္ဂိုလ်အား ထိုအာရုံကို ပိုင်းခြားယူ၍ သိလျက် ဖြစ်ပေါ်လာသော အသိစိတ် ဝိညာဏ်သည် ထင်ရှား၏။

ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော်

ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော်

ဤအရာ၌ အဋ္ဌကထာများက --- ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ = ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော် ဟူသော စကားရပ် တစ်ခုကို ထည့်သွင်း၍ ဖွင့်ဆိုထားတော်မူကြ၏။ ယင်းဖွင့်ဆိုချက်နှင့် ပတ်သက်၍ ဋီကာ ဆရာတော်က အောက်ပါအတိုင်း ရှင်းလင်း တင်ပြထား၏။

ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေတိ ဣဒံ ရူပမုခေန ဝိပဿနာဘိနိဝေသံ သန္ဓာယ ဝုတ္တံ၊ အရူပမုခေန ပန ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဣစ္ဆိတဗ္ဗော၊ သော စ ပဌမံ စျာနင်္ဂါနိ ပရိဂ္ဂဟေတွာ တတော ပရံ သေသဓမ္မေ ပရိဂ္ဂဏှာတိ။ (မ၊ဋီ၊၁၊၃၆၉။)

= ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော်ဟူသော ဤစကားရပ်ကို ရုပ်တရားကို အဦးမူ၍ ဝိပဿနာ နှလုံးသွင်းခြင်းကို (= ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် ရုပ်တရား နာမ်တရားတို့ကို နှလုံးသွင်းခြင်း = သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကို) ရည်ရွယ်တော်မူ၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို နှလုံးသွင်းခြင်းသည်ကား ယေဘုယျ အားဖြင့် သမထယာနိကပုဂ္ဂိုလ်အား အလိုရှိအပ်ပေ၏။ နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံတို့ကို နှလုံးသွင်းလိုသော ထိုသမထယာနိကပုဂ္ဂိုလ်သည်လည်း ရှေးဦးစွာ စျာန်အင်္ဂါတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူအပ် သိမ်းဆည်းအပ်၏။ ထိုနောင် ကြွင်းကျန်ကုန်သော စျာနဓမ္မ အမည်ရသည့် နာမ်တရားတို့ကိုလည်း ကောင်း, ယင်းစျာနဓမ္မမှ ကြွင်းကျန်ကုန်သော ပကိဏ္ဏက သင်္ခါရ အမည်ရသော ကာမာဝစရနာမ်တရားတို့ကို လည်းကောင်း, ရုပ်တရားတို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းရ၏ ဉာဏ်ဖြင့် ပိုင်းခြားယူရ၏။ (မ၊ဋီ၊၁၊၃၆၉။)

အသင်ယောဂီ ဘာမှားနေသလဲ?

အသင်ယောဂီ ဘာမှားနေသလဲ?

အသင် ယောဂီသူတော်ကောင်းသည် --- ငါသည် သမထယာနိကပုဂ္ဂိုလ်လော, သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်လောဟူသော မေးခွန်းကို မိမိကိုယ်ကို မိမိကိုယ်တိုင် မေးကြည့်ပါ။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဖြစ်သည်ဟု အဖြေထွက်လာလျှင်ကား ရုပ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် ရုပ်နာမ်တို့ကို သိမ်းဆည်း ရှုပွားရတော့မည် ဖြစ်၏။ နာမ်တရားကို အဦးမူသဖြင့် ဝိပဿာနာဉာဏ်၏ အရှုခံ အာရုံဖြစ်ကြသည့် နာမ်ရုပ်တို့ကို နှလုံးသွင်းခြင်း သိမ်းဆည်းခြင်းသည်ကား ယေဘုယျအားဖြင့် သမထယာနိက ပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်သောကြောင့် ဖြစ်၏။ သို့အတွက် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ဖြစ်သော အသင်သူတော်ကောင်းသည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသော ရုပ်တရား နာမ်တရားတို့ကို နှလုံး သွင်းလိုခဲ့သော် ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းရမည် ဖြစ်ကြောင်းကိုကား အထူးဂရုပြု၍ မှတ်ယူစွဲပိုက်လေရာသည်။ တစ်ဖန် ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းရာဝယ် နာမ်တရားတို့ကို မသိမ်းဆည်းမီ ရုပ်တရားကို ဦးစွာသိမ်းဆည်းထားပြီး ဖြစ်ရမည်။ ထိုနောင် နာမ်တရားတို့ကို သိမ်းဆည်းရာဝယ် သိမ်းဆည်းပုံ နည်းစနစ်သုံးမျိုးတို့တွင် မိမိ အသိဉာဏ်၌ ထင်ရှားရာ လွယ်ကူရာက စ၍ သိမ်းဆည်းနိုင်ပါသည်။ အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့ပါမူကား ဤနာမ်ကမ္မဋ္ဌာန်းပိုင်း အစတွင် တင်ပြခဲ့သည့်အတိုင်း စျာန်အင်္ဂါတို့က စ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလိုပါက သိမ်းဆည်းနိုင်သည်သာ ဖြစ်သည်။ ယခုတစ်ဖန် ရှေးနှင့်နောက် အဓိပ္ပါယ်အယူအဆ ဆက်စပ်မိစေရန် ဤဝေဒနာနုပဿနာသတိပဋ္ဌာန် ပိုင်းတွင် အဋ္ဌကထာတို့၌ ဖွင့်ဆိုရေးသားထားတော်မူကြသော နာမ်ကမ္မဋ္ဌာန်း နှလုံးသွင်းပုံ သိမ်းဆည်းပုံ နည်းစနစ်သုံးမျိုးကို ထပ်မံ၍ တင်ပြအပ်ပါသည်။

၁။ ဖဿ ထင်ရှားသော ပုဂ္ဂိုလ်

၁။ ဖဿ ထင်ရှားသော ပုဂ္ဂိုလ်

တတ္ထ ယဿ ဖေဿာ ပါကဋော ဟောတိ၊ သောပိ န ကေဝလံ ဖေဿာဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ အနုဘဝမာနာ ဝေဒနာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

= ထိုသုံးမျိုးတို့တွင် အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဖဿသည် ထင်ရှား၏၊ ထိုဖဿထင်ရှား သော ပုဂ္ဂိုလ်သည်လည်း --- ဖဿတစ်ခုတည်း သက်သက်သာ ဖြစ်ပေါ်လာသည်ကား မဟုတ်သေး၊ ထိုဖဿနှင့် အတူတကွ ထိုအာရုံကိုပင် ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကိုပင် မှတ်သားတတ် သော (= မှတ်သိ သိသော) သညာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်တတ်သော စေတနာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကို ပိုင်းပိုင်းခြားခြား သိတတ်သော (= သညာ ပညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံ သိသော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်လာ၏ --- ဟု ဤသို့ နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုသာလျှင် သိမ်းဆည်း၏ ဉာဏ်ဖြင့်ပိုင်းခြားယူ၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

၂။ ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်

၂။ ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်

ယဿ ဝေဒနာ ပါကဋာ ဟောတိ၊ သောပိ န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ တာယ သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

= အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဝေဒနာသည် ထင်ရှား၏၊ ထိုဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ် သည်လည်း --- ဝေဒနာ တစ်ခုတည်းသက်သက်သာ ဖြစ်ပေါ်လာသည်ကား မဟုတ်သေး၊ ထိုဝေဒနာနှင့် အတူ တကွ ထိုအာရုံကိုပင် တွေ့ထိတတ်သော ဖဿသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကိုပင် မှတ်သားတတ်သော သညာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် သော စေတနာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကိုပင် ပိုင်းပိုင်းခြားခြား သိတတ်သော ဝိညာဏ်သည်လည်း ဖြစ်ပေါ်လာ၏ဟု ဤသို့ နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် သိမ်း ဆည်း၏ ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

၃။ အသိစိတ် = ဝိညာဏ် ထင်ရှားသော ပုဂ္ဂိုလ်

၃။ အသိစိတ် = ဝိညာဏ် ထင်ရှားသော ပုဂ္ဂိုလ်

ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သောပိ န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

= အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အသိစိတ် = ဝိညာဏ်သည် ထင်ရှား၏၊ ထိုအသိစိတ် =ဝိညာဏ် ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း --- အသိစိတ် = ဝိညာဏ် တစ်ခုတည်းသက်သက်သာ ဖြစ်ပေါ်လာ သည်ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူတကွ ထိုအာရုံကိုပင် တွေ့ထိတတ်သော ဖဿသည်လည်း ဖြစ်ပေါ် လာ၏၊ ထိုအာရုံကိုပင် ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကိုပင် မှတ်သားတတ်သော သညာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်လာ၏။ --- ဟု ဤသို့ နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမက တရားတို့ကိုပင်လျှင် သိမ်းဆည်း၏ ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

တူညီသော ပရိဂ္ဂဟ ရှိသည်

တူညီသော ပရိဂ္ဂဟ ရှိသည်

ဖဿပဉ္စမကေယေဝါတိ ဧဝ-သဒ္ဒေန ဝုတ္တေသု တီသုပိ မုခေသု ပရိဂ္ဂဟဿ သမာနတံ ဒေဿတိ။ (မူလဋီ၊၂၊၁၅၇။)

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး၍ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းလတ် သော် ဖဿ၏ အစွမ်းဖြင့် သိမ်းဆည်းနည်း, ဝေဒနာ၏ အစွမ်းဖြင့် သိမ်းဆည်းနည်း, အသိစိတ်ဝိညာဏ်၏ အစွမ်းဖြင့် သိမ်းဆည်းနည်းဟူသော သုံးမျိုးသော သိမ်းဆည်းနည်းတို့တွင် မည်သည့်နည်းဖြင့် သိမ်းဆည်းသည် ပင်ဖြစ်စေ = မည်သည့်တရားကို အဦးမူ၍ သိမ်းဆည်းသည်ပင် ဖြစ်စေ သိမ်းဆည်းရမည့် ပရမတ္ထဓာတ်သားတို့ကား တူညီလျက်ပင် ရှိသည်ဟု ဖဿပဉ္စမကေယေဝ၌ ပါရှိသော ဧဝ-သဒ္ဒါ = သာလျှင်ဟူသော သဒ္ဒါက ဖော်ပြလျက် ညွှန်ပြလျက် ရှိ၏။ သို့အတွက် ဝေဒနာကိုရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာတစ်ခုတည်း ကိုသာ သိမ်းဆည်းရှုပွားရသည် မဟုတ်ဘဲ ဝေဒနာကို အဦးမူ၍ ဝေဒနာနှင့် ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားစုကို စိတ္တက္ခဏတိုင်း၌ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်ပေသည်။ တရား စစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းမှန်သမျှ ရိုသေလေးမြတ်စွာ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် တစ်ရပ်ပင် ဖြစ်ပေသည်။ (မ၊ဋီ၊၁၊၃၇၀ - လည်း ကြည့်ပါ။)

ဣမေသံ ပန ဖဿာဒီနံ တဿ တဿ ပါကဋဘာဝေါ ပစ္စယဝိသေသသိဒ္ဓဿ ပုဗ္ဗာဘောဂဿ ဝသေန ဝေဒိတဗ္ဗော။ (မ၊ဋီ၊၁၊၃၆၉။)

ဖဿ, ဝေဒနာ, ဝိညာဏ်တရားတို့တွင် တစ်ခုခုသော တရား၏ ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဦးစွာ ထင်ရှားလာမှုမှာ ---

၁။ အတိတ်က ဖြည့်ဆည်းပူးခဲ့သော ပါရမီ အကြောင်းတရား,

၂။ ပစ္စုပ္ပန်တွင် ဖဿ ထင်ရှားအောင်, သို့မဟုတ် ဝေဒနာ ထင်ရှားအောင်, သို့မဟုတ် အသိစိတ် = ဝိညာဏ် ထင်ရှားအောင် ကျေးဇူးပြုပေးနေသော ဝတ္ထု-အာရုံ စသော အကြောင်းတရားများ ---

ဤအကြောင်းတရားများ အပေါ်၌ အခြေစိုက်လျက် ရှိ၏။ ယင်းအကြောင်းတရားများကြောင့် ပြီးစီးလာ သော နာမ်တရားတို့ကို မသိမ်းဆည်းမီ ရှေးအဖို့က (= သိမ်းဆည်းတော့မည့် ဆဲဆဲတွင်) ဖြစ်ပေါ်လာသော နှလုံး သွင်းမှု အာဘောဂ၏ အစွမ်းဖြင့် ထင်ရှားလာရသည်ဟု သိရှိပါလေ။ (မ၊ဋီ၊၁၊၃၆၉။)

ဤဋီကာဆရာတော်၏ ဖွင့်ဆိုတော်မူသည့် စကားရပ်များနှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးရှေးပါရမီ အကြောင်းနှင့် မှီရာဝတ္ထုရုပ်, အာရုံရုပ်တို့၏ ထင်ထင်ရှားရှား ကျေးဇူးပြုပေးမှု စသော အကြောင်းတရားတို့ ညီညွတ် ပေါင်းဆုံမိသောအခါ ယောဂါဝစရပုဂ္ဂိုလ်ကလည်း, ဖဿကို အဦးမူ၍, သို့မဟုတ် ဝေဒနာကို အဦး မူ၍, သို့မဟုတ် ဝိညာဏ်ကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလိုသော နှလုံးသွင်းမှု အာဘောဂ ရှိနေလျှင် မိမိ၏ နှလုံးသွင်းမှု အာဘောဂနှင့် လျော်ညီစွာ ဖဿ စသော တရားသုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် ဦးစွာ ထင်ရှားလာသည်သာ ဖြစ်ပေသည်ဟု မှတ်သားပါလေ။

နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းနည်း သုံးနည်းတို့တွင် တစ်နည်းနည်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းပြီး သော ယောဂါဝစရပုဂ္ဂိုလ်သည် အထူးသဖြင့် ဝေဒနာကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် တစ်ဖန် နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိအောင် ေ့ရှသို့ ဆက်လက်၍ ကြိုးပမ်းရမည့် လုပ်ငန်းခွင်ကို အဋ္ဌကထာများက အောက်ပါအတိုင်း ဆက်လက်၍ ညွှန်ကြားထားတော်မူ၏။

နာမရူပပရိစ္ဆေဒဉာဏ်

နာမရူပပရိစ္ဆေဒဉာဏ်

သော ဣမေ ဖဿပဉ္စမကာ ဓမ္မာ ကိံနိဿိတာတိ ဥပဓာရေန္တော ဝတ္ထုံ နိဿိတာတိ ပဇာနာတိ။ ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓန္တိ။ သော အတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။ ဧဝမေတ္ထ ဝတ္ထု ရူပံ၊ ဖဿပဉ္စမကာ နာမန္တိ နာမရူပမေဝ ပဿတိ။ ရူပေဉ္စတ္ထ ရူပက္ခန္ဓော၊ နာမံ စတ္တာရော အရူပိနော ခန္ဓာတိ ပဉ္စက္ခန္ဓမတ္တံ ဟောတိ။ နာမရူပဝိနိမုတ္တာ ဟိ ပဉ္စက္ခန္ဓာ ပဉ္စက္ခန္ဓဝိနိမုတ္တံ ဝါ နာမရူပံ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။ မ၊ဋ္ဌ၊၁၊၂၈၁။)

= ထိုယောဂါဝစရ ရဟန်းတော်သည် ဤဖဿလျှင် ငါးခုမြောက် ရှိကြကုန်သော ဖဿပဉ္စမကတရားတို့ သည် အဘယ်ကို မှီ၍ ဖြစ်ပေါ်လာကြပါကုန်သနည်းဟု ဤသို့ စူးစမ်းဆင်ခြင်လတ်သော် ဤဖဿပဉ္စမက တရားတို့သည် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ပေါ်လာကြကုန်၏ဟု ဤသို့ သိရှိလာ၏။ ဤ၌ ဝတ္ထုဟူသည် စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထုဟူသော ဝတ္ထုရုပ်သက်သက်ကိုသာ ဆိုလိုသည် မဟုတ်၊ ကရဇကာယ အမည်ရသော ရုပ်တရားအပေါင်းကို ဆိုလို၏။ ယင်းကရဇကာယဟူသော ဝတ္ထုရုပ်ကို ရည်ရွယ်တော်မူ၍ --- ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီနေ၏၊ ဤကရဇကာယနှင့် ဆက်စပ်လျက် ဖြစ်နေ၏ဟု (ဒီ၊၁၊၇၂။) သာမညဖလသုတ္တန်၌လည်းကောင်း, (မ၊၂၊၂၀၉။) မဟာသကုလုဒါယိသုတ္တန်၌ လည်းကောင်း ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ယင်း ကရဇကာယဟူသည် ပရမတ္ထတရားကိုယ် အနက်သဘောအားဖြင့် မဟာဘုတ်ဓာတ်ကြီးလေးပါးတို့နှင့် (၂၄)မျိုးသော ဥပါဒါရုပ်တို့ပင် ဖြစ်ကြသည်။ (ကံ -စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ဖြစ်ပေါ်နေကြကုန်သော (၅၄)မျိုး (၄၄) မျိုး စသော ရုပ်တရားတို့ပင်တည်း။ ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ကြည့်ပါ။) ဤ၌ ---

၁။ ကရဇကာယဟူသော ဝတ္ထုကား ရုပ်တရားတည်း၊

၂။ ဖဿပဉ္စမကတရားတို့ကား နာမ်တရားတည်း။

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ရုပ်မျှကိုသာလျှင် ဉာဏ်မျက်စိဖြင့် တွေ့မြင်နေ၏။ ဤနာမ် ရုပ် နှစ်မျိုးတို့တွင် ---

၁။ ရုပ်တရားကား ရူပက္ခန္ဓာတည်း၊

၂။ နာမ်တရားကား နာမ်ခန္ဓာလေးပါးတည်း။ (ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတည်း၊၊)

ဤသို့လျှင် ခန္ဓာငါးပါးမျှသာ ဖြစ်၏။ မှန်ပေသည် ---

၁။ နာမ်ရုပ် နှစ်ပါးမှ လွတ်ကုန်သော ခန္ဓာငါးပါးတို့သည်လည်း မရှိကုန်။

၂။ ခန္ဓာငါးပါးမှ လွတ်သော နာမ်ရုပ်သည်လည်း မရှိပေ။

ပစ္စယပရိဂ္ဂဟဉာဏ် - ဝိပဿနာဉာဏ်

ပစ္စယပရိဂ္ဂဟဉာဏ် - ဝိပဿနာဉာဏ်

သော ဣမေ ပဉ္စက္ခန္ဓာ ကိံဟေတုကာတိ ဥပပရိက္ခန္တော အဝိဇ္ဇာဒိဟေတုကာတိ ပဿတိ။ တတော ပစ္စယော စေဝ ပစ္စယုပ္ပန္နဉ္စ ဣဒံ၊ အညော သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုဉ္ဇမတ္တမေဝါတိ သပ္ပစ္စယနာမရူပဝသေနေဝ တိလက္ခဏံ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမ္မသန္တော ဝိစရတိ။ သော အဇ္ဇ အဇ္ဇာတိ ပဋိဝေဓံ အာကင်္ခမာနော တထာရူပေ ဒိဝသေ ဥတုသပ္ပါယံ ပုဂ္ဂလသပ္ပါယံ ဘောဇနသပ္ပါယံ ဓမ္မဿဝနသပ္ပါယံ ဝါ လဘိတွာ ဧကပလ္လင်္ကေန နိသိန္နောဝ ဝိပဿနံ မတ္ထကံ ပါပေတွာ အရဟတ္တေ ပတိဋ္ဌာသိ။ ဧဝံ ဣမေသံ တိဏ္ဏမ္ပိ ဇနာနံ ယာဝ အရဟတ္တာ ကမ္မဋ္ဌာနံ ကထိတံ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၃။ မ၊ဋ္ဌ၊၁၊၂၈၁။)

= ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် ဤခန္ဓာငါးပါးတို့သည် အဘယ်အကြောင်းတရား ထင်ရှား ရှိကြပါကုန် သနည်းဟု ဤသို့ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် အဝိဇ္ဇာ စသော အကြောင်းတရား ထင်ရှားရှိကုန်၏ ဟု ဉာဏ်မျက်စိဖြင့် မြင်သိလေ၏။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။)

ထိုယောဂါဝစရ ရဟန်းတော်သည် ထိုပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသည်မှ နောက်ကာလ၌ --- ဤနာမ် ရုပ်ဟူသည် အကြောင်းတရားနှင့် အကျိုးတရားမျှသာ ဖြစ်၏၊ အကြောင်း-အကျိုးမှ တစ်ပါးသော သတ္တဝါသည် လည်းကောင်း, ပုဂ္ဂိုလ်သည်လည်းကောင်း မရှိ၊ အကြောင်း-အကျိုး = သင်္ခါရတရား အစုအပုံသက်သက်မျှသည် သာ ဖြစ်၏၊ ဤသို့ သိရှိလာ၏။ ဤသို့ သိရှိပြီးနောက် အကြောင်းတရားနှင့် တကွသော နာမ်ရုပ်၏ အစွမ်းဖြင့် သာလျှင် လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာဉာဏ်စဉ်အားဖြင့် အစဉ်အတိုင်း အနိစ္စ ဒုက္ခ အနတ္တဟု အဖန်ဖန် သုံးသပ်လျက် လှည့်လည်၏။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။)

ထိုယောဂါဝစရပုဂ္ဂိုလ်သည် ယနေ့ ယနေ့ဟူ၍ (= ယနေ့ပင် သစ္စာလေးပါးကို သိရပေအံ့, ယနေ့ပင် သစ္စာ လေးပါးကို သိရပေအံ့ --- ဟူ၍) သစ္စာလေးပါးကို ထိုးထွင်းသိတတ်သော မဂ်ဉာဏ်ကို လိုလားတောင့်တလျက် အရဟတ္တဖိုလ်၌ တည်နိုင်လောက်အောင်သော သဘောရှိသော ထိုနေ့၌ ---

၁။ ဥတုသပ္ပါယ = မျှတသော ဥတုကိုလည်းကောင်း,

၂။ ပုဂ္ဂလသပ္ပါယ = မျှတသော မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ပုဂ္ဂိုလ်ကိုလည်းကောင်း,

၃။ ဘောဇနသပ္ပါယ = မျှတသော ဘောဇဉ်ကိုလည်းကောင်း,

၄။ ဓမ္မဿဝနသပ္ပါယ = အရဟတ္တဖိုလ်ကို ပေါက်စေနိုင်လောက်အောင်သော မျှတသော တရားနာကြားခွင့် ကိုလည်းကောင်း ---

ဤသပ္ပါယ (၄)ပါးကို ရရှိလတ်သော် တစ်ထိုင်တည်းဖြင့် ထိုင်လျက်သာလျှင် ဝိပဿနာဉာဏ်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်အောင် အထွတ်အထိပ်သို့ ရောက်စေ၍ အရဟတ္တဖိုလ်၌ တည်လေပြီ။ ဤသို့လျှင် ---

၁။ ဖဿ ထင်ရှားသော ပုဂ္ဂိုလ်,

၂။ ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်,

၃။ ဝိညာဏ် ထင်ရှားသော ပုဂ္ဂိုလ် ---

ဤပုဂ္ဂိုလ် သုံးဦးတို့အတွက် အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းကို ဘုရားရှင်သည် ဟောကြား တော်မူအပ်ပြီး ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၅၃။ မ၊ဋ္ဌ၊၁၊၂၈၁။)

ဤအထက်ပါ အဋ္ဌကထာကြီးတို့၏ ရှင်းလင်း ဖွင့်ဆိုထားတော်မူသည့်အတိုင်း ဖဿ ထင်ရှားသော ပုဂ္ဂိုလ် သည်လည်း ဖဿ တစ်ခုတည်းကိုသာ ရှုနေရသည် မဟုတ်သည်ကိုလည်းကောင်း, ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ် သည်လည်း ဝေဒနာ တစ်ခုတည်းကိုသာ ရှုနေရသည် မဟုတ်သည်ကိုလည်းကောင်း, ဝိညာဏ် ထင်ရှားသော ပုဂ္ဂိုလ်သည်လည်း အသိစိတ် = ဝိညာဏ် တစ်ခုတည်းကိုသာ ရှုနေရသည် မဟုတ်သည်ကိုလည်းကောင်း ခိုင်မြဲ သော သတိတရား ဖြူစင်ဖြောင့်စင်းသော စိတ်ထားဖြင့် စွဲမြဲစွာ နာယူမှတ်သားလေရာသည်။

သတိပဋ္ဌာန် ခွဲပုံ

သတိပဋ္ဌာန် ခွဲပုံ

တစ်ဖန် ဤသို့လည်း မှတ်သားပါလေဦး ---

၁။ ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်း တရားနှင့် တကွသော ယင်းနာမ်ရုပ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ပွားများနေသည် မည်၏။

၂။ အသိစိတ် = ဝိညာဏ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေ လျက် အကြောင်းတရားနှင့် တကွသော ယင်းနာမ်ရုပ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ပွားများနေသည် မည်၏။

၃။ ဖဿကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်း တရားနှင့် တကွသော ယင်းနာမ်ရုပ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပွားများနေသည် မည်၏။

၄။ တစ်ဖန် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးနောက် ယင်းသမာဓိကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရား နှင့် တကွသော ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် ကာယာနုပဿနာ သတိပဋ္ဌာန်ကို ပွားများနေသည် မည်၏။

ဤဥပဒေသကိုလည်း အထက်ပါ အဋ္ဌကထာစကားရပ်တို့က ညွှန်ကြားပြသနေသည်ဟုလည်း မှတ်သား ပါလေ။ ဤရေးသားတင်ပြခဲ့ပြီးသော အကြောင်းအရာတို့ကား ဝေဒနာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် အဋ္ဌကထာ တို့၏ ဖွင့်ဆိုချက်များ ဖြစ်ကြ၏။ ဤမျှနှင့်ကား မပြီးဆုံးသေးပါ။ ဝေဒနာအကြောင်း သိကောင်းစရာများကို အဋ္ဌကထာများက ဆက်လက်၍ ဖွင့်ဆိုထားတော်မူကြသဖြင့် ဆက်လက်၍ တင်ပြအပ်ပါသည်။

သတိပဋ္ဌာန်လေးပါးတို့တွင် နှစ်ခုမြောက် ဖြစ်သော ဤဝေဒနာနုပဿနာ သတိပဋ္ဌာန် ဒေသနာတော်၌ ဘုရားရှင်သည် အရူပကမ္မဋ္ဌာန်း = နာမ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သည်ရှိသော် ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်အား ရည်ရွယ်တော်မူ၍ ဝေဒနာ၏ အစွမ်းဖြင့် ဝေဒနာကို အဦးမူသဖြင့် ဝေဒနာကို ဦးတည်လျက် ဝေဒနာက စ၍ နာမ်တရားတို့ကို သိမ်းဆည်းရန် ဟောကြားတော်မူ၏။ ဖဿ ထင်ရှားသော ပုဂ္ဂိုလ်အတွက် ဖဿ၏ အစွမ်းဖြင့် ဖဿကစ၍ နာမ်တရားတို့ကို သိမ်းဆည်းရန်လည်းကောင်း, ဝိညာဏ်၏အစွမ်းဖြင့် ဝိညာဏ် က စ၍ နာမ်တရားတို့ကို သိမ်းဆည်းရန်လည်းကောင်း ဟောကြားတော်မူအပ်သည်ရှိသော် နာမ်ကမ္မဋ္ဌာန်းသည် မထင်ရှား ဖြစ်နေတတ်၏၊ အမိုက်တိုက်ကဲ့သို့ ထင်လာတတ်၏။ အလျော်အားဖြင့် ဆိုရမူ ယောဂါဝစရပုဂ္ဂိုလ် က ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ် ဖြစ်နေသဖြင့် ဝေဒနာ၏ အစွမ်းဖြင့် ဝေဒနာက စ၍ နာမ်တရားတို့ကို သိမ်း ဆည်းရန် ဟောကြားတော်မူအပ်သည်ရှိသော် နာမ်ကမ္မဋ္ဌာန်းသည် ထင်ရှားလာတတ်၏။ အကြောင်းမူ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဝေဒနာတို့၏ဖြစ်ပုံ အခြင်းအရာ၏ ထင်ရှားသောကြောင့်ပင် ဖြစ်၏။ အကျယ်မှာ ဤသို့ ဖြစ်၏။

ထိုဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် သုခဝေဒနာ ဒုက္ခဝေဒနာတို့၏ ဖြစ်ပုံကား ထင်ရှား၏။ အကြင်အခါ၌ သုခဝေဒနာသည် ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ တစ်ကိုယ်လုံးကို ချောက်ချားစေလျက်, နှိပ်နယ်လျက်, ပျံ့နှံ့လျက်, ယိုစီးသကဲ့သို့ ဖြစ်စေလျက် (= စွတ်စိုစေလျက်) အကြိမ်တစ်ရာ စစ်အပ်သော ထောပတ်ကို ခံစားစေ သကဲ့သို့လည်းကောင်း, အကြိမ်တစ်ရာ ချက်အပ်သော ဆီကို သုတ်လိမ်းစေသကဲ့သို့လည်းကောင်း, ရေအိုး အလုံး ပေါင်း တစ်ထောင်ဖြင့် ပူအိုက်ခြင်းကို ငြိမ်းစေသကဲ့သို့လည်းကောင်း အဟော သုခံ အဟော သုခံ = ဩော် ချမ်းသာလေစွ, ဩော် ...ချမ်းသာလေစွဟူ၍ စကားလုံးကို မြွက်ဆိုစေလျက်သာလျှင် ဖြစ်ပေါ်လာ၏။

အကြင်အခါ၌ ဒုက္ခဝေဒနာသည် ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ တစ်ကိုယ်လုံးကို ချောက်ချားစေလျက်, နှိပ် နယ်လျက်, ပျံ့နှံ့လျက်, ယိုစီးသကဲ့သို့ ဖြစ်စေလျက် (= စွတ်စိုစေလျက်) အလွန် လောလောပူသော ထယ်သွားကို ခန္ဓာကိုယ်အတွင်းသို့ သွင်းလိုက်သကဲ့သို့လည်းကောင်း, ကြေမွသော ပွက်ပွက်ဆူနေသော ကြေးနီရည်ဖြင့် သွန်း လောင်းလိုက်သကဲ့သို့လည်းကောင်း, ခြောက်သွေ့သော မြက်, တောစိုးသစ်ပင်ရှိသော တောအတွင်း၌ ထင်းမီး ရှူးစည်းကို ထည့်သွင်း ပစ်ချလိုက်သကဲ့သို့လည်းကောင်း အဟော ဒုက္ခံ, အဟော ဒုက္ခံ = ဩော် ...ဆင်းရဲ လေစွ, ဩော် ...ဆင်းရဲလေစွဟူ၍ အထူးထူးအပြားပြား ပြောဆိုစေလျက်သာလျှင် ဖြစ်ပေါ်လာ၏။ ဤသို့ လျှင် သုခဝေဒနာ ဒုက္ခဝေဒနာ ဖြစ်မှုသည် ထင်ရှား၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၃။ မ၊ဋ္ဌ၊၁၊၂၈၁-၂၈၂။)

နောက်တစ်မျိုးကား ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော အဒုက္ခမသုခ အမည်ရသော ဥပေက္ခာ ဝေဒနာသည် ပြဖို့ရန် ခက်ခဲ၏၊ အမိုက်တိုက် အမိုက်မှောင်သဖွယ် ဖြစ်၍ မထင်ရှားပေ။ ထို အဒုက္ခမသုခ = ဥပေက္ခာဝေဒနာသည် သုခ ဒုက္ခ ဝေဒနာတို့၏ ကင်းသွားရာ = ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ပျက်သွားရာ အခါ၌ အာရုံအပေါ်ဝယ် သာယာမှု ရှိခြင်း, သာယာမှု မရှိခြင်းကို ပယ်သည်၏ အစွမ်းဖြင့် အလယ်အလတ် မဇ္ဈတ္တအခြင်းအရာ ရှိသည်ဖြစ်သော (= အာရုံကို လျစ်လျူရှုသော အခြင်းအရာရှိသည် ဖြစ်သော) ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော ဝေဒနာတည်း --- ဤသို့သော နည်းအားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူသော ယောဂါဝစရပုဂ္ဂိုလ်အား ယင်းအဒုက္ခမသုခ = ဥပေက္ခာဝေဒနာသည် ထင်ရှား၏။ ဥပမာ- အဘယ်ကဲ့သို့နည်း ဟူမူ ---

မုဆိုးတစ်ဦးသည် သားသမင်၏ နောက်သို့ လိုက်နေ၏။ သားသမင်သည် ပြေးရင်းဖြင့် လမ်းခုလတ် စပ်ကြား တစ်နေရာ၌ တွေ့ရှိသော ကျောက်ဖျာထက်သို့ တက်၍ ပြေး၏။ မုဆိုးကလည်း ကျောက်ဖျာထက်သို့ တက်၍ ပြေးသွားသော သားသမင်၏ ခြေရာကို ခံလျက် အစဉ်အတိုင်း ဖြစ်သော လမ်းသို့ လိုက်၏။ ယင်းသို့ လိုက်သော မုဆိုးသည် ကျောက်ဖျာ၏ ဤမှာဘက်၌လည်းကောင်း, ထိုမှာဘက်၌လည်းကောင်း သားသမင်၏ ခြေရာကို မြင်၍ ကျောက်ဖျာထက် အလယ်၌ သားသမင်၏ ခြေရာကို မမြင်ရပါသော်လည်း ဤနေရာမှ ကျောက်ဖျာပေါ်သို့ တက်သည်, ဤနေရာ၌ ကျောက်ဖျာပေါ်မှ ဆင်းသည်, အလယ်ဖြစ်သော ကျောက်ဖျာထက်၌ ဤအရပ်ဖြင့် ဖြတ်သွားသည် ဖြစ်ပေလိမ့်မည်ဟု ဤသို့ သားသမင်၏ ခြေရာကို ခံသော မိဂပဒဝလဉ္ဇနနည်း အားဖြင့် သားသမင်၏ ကျောက်ဖြာထက် အလယ်၌ ရှိသော ခြေရာကို သိသကဲ့သို့ မှတ်ပါ။

ကျောက်ဖျာထက်သို့ တက်ရာ အရပ်၌ သားသမင်၏ ခြေရာသည် ထင်ရှားသကဲ့သို့ ဤအတူပင် သုခ ဝေဒနာ၏ ဖြစ်မှုသည် ထင်ရှား၏။ ကျောက်ဖျာထက်မှ ဆင်းသက်ရာ အရပ်၌ သားသမင်၏ ခြေရာသည် ထင်ရှားသကဲ့သို့ ဤအတူပင် ဒုက္ခဝေဒနာ၏ ဖြစ်မှုသည် ထင်ရှား၏။ ဤအရပ်မှ ကျောက်ဖျာထက်သို့ တက်သည်၊ ဤအရပ်မှ ကျောက်ဖျာထက်က ဆင်းသည်ဖြစ်၍ အလယ်ကျောက်ဖျာထက်၌ ဤသို့သွားသည် ဖြစ်ပေလိမ့်မည် ဟု ဤသို့ မိဂပဒဝလဉ္ဇနနည်းအားဖြင့် ကျောက်ဖျာထက်၌ သားသမင်၏ ခြေရာကို ဉာဏ်ဖြင့်ယူခြင်းကဲ့သို့ --- သုခဝေဒနာ ဒုက္ခဝေဒနာတို့၏ ကင်းသွားရာ = သက်တမ်းစေ့၍ ချုပ်ပျက်သွားရာအခါ၌ အာရုံပေါ်ဝယ် သာယာမှု ရှိခြင်း, သာယာမှု မရှိခြင်းကို ပယ်သည်၏ အစွမ်းဖြင့် အာရုံပေါ်၌ အလယ်အလတ် မဇ္ဈတ္တ အခြင်းအရာ = အာရုံကို လျစ်လျူရှုသော အခြင်းအရာရှိသည် ဖြစ်သော ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော ဥပေက္ခာ ဝေဒနာသည် ဖြစ်ပေါ်လာ၏ဟု သားသမင်၏ ခြေရာကို ခံသော မိဂပဒဝလဉ္ဇနနည်းအားဖြင့် ဉာဏ်ဖြင့်ပိုင်းခြား ယူသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ယင်းအဒုက္ခမသုခ = ဥပေက္ခာဝေဒနာသည် ထင်ရှား၏။ ---ဤဆိုအပ်ပြီးသောနည်းဖြင့် ဘုရားရှင်သည် ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို တစ်နည်းဆိုရသော် ကာယာနုပဿနာ သတိပဋ္ဌာန်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပြီးမှ နောက်ပိုင်းကာလ၌ နာမ်ကမ္မဋ္ဌာန်းကို တစ်နည်းဆိုရသော် ဝေဒနာနုပဿနာ စသော ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သည်ရှိသော် ဝေဒနာ၏ အစွမ်းဖြင့် နာမ်ခန္ဓာ လေးပါးမှ ဝေဒနာကို သီးခြားထုတ်ဆောင်တော်မူပြီး၍ နာမ်ကမ္မဋ္ဌာန်းရှုကွက်ကို ညွှန်ကြားပြသတော် မူလေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၅၃-၂၅၄။ မ၊ဋ္ဌ၊၁၊၂၈၂။)

ဤအဘိဓမ္မာ ဝိဘင်းပါဠိတော် မဟာသတိပဋ္ဌာန ဝိဘင်းသက်သက်၌သာ ဤသို့ ညွှန်ကြားပြသတော်မူ သည် မဟုတ်သေး၊ ဒီဃနိကာယ်ဝယ် ---

၁။ မဟာနိဒါနသုတ္တန်၌လည်းကောင်း,

၂။ သက္ကပဥှသုတ္တန်၌လည်းကောင်း,

၃။ မဟာသတိပဋ္ဌာနသုတ္တန်၌လည်းကောင်း,

မဇ္ဈိမနိကာယ်ဝယ် ---

၄။ မဟာသတိပဋ္ဌာနသုတ္တန်၌လည်းကောင်း,

၅။ စူဠတဏှာသင်္ခယသုတ္တန်၌လည်းကောင်း,

၆။ မဟာတဏှာသင်္ခယသုတ္တန်၌လည်းကောင်း,

၇။ စူဠဝေဒလ္လသုတ္တန်၌လည်းကောင်း,

၈။ မဟာဝေဒလ္လသုတ္တန်၌လည်းကောင်း,

၉။ ရဋ္ဌပါလသုတ္တန်၌လည်းကောင်း,

၁၀။ မာဂဏ္ဍိယသုတ္တန်၌လည်းကောင်း,

၁၁။ ဓာတုဝိဘင်္ဂသုတ္တန်၌လည်းကောင်း,

၁၂။ အာနေဉ္ဇသပ္ပါယသုတ္တန်၌လည်းကောင်း,

သံယုတ္တနိကာယ်ဝယ် ---

၁၃။ စူဠနိဒါနသုတ္တန်၌လည်းကောင်း,

၁၄။ ရုက္ခောပမသုတ္တန်၌လည်းကောင်း,

၁၅။ ပရိဝီမံသနသုတ္တန်၌လည်းကောင်း,

၁၆။ ဝေဒနာသံယုတ် တစ်ခုလုံး၌လည်းကောင်း ---

ဤသို့လျှင် များစွာကုန်သော သုတ္တန်ဒေသနာတော်တို့၌ ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို တစ်နည်းဆိုရသော် ကာယာနုပဿနာသတိပဋ္ဌာန် ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပြီးမှ နောက်ပိုင်းကာလ၌ နာမ်ကမ္မဋ္ဌာန်းကို တစ် နည်းဆိုရသော် ဝေဒနာနုပဿနာ စသော ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သည်ရှိသော် ဝေဒနာ၏ အစွမ်း ဖြင့် နာမ်ခန္ဓာလေးပါးမှ ဝေဒနာကို သီးခြား ထုတ်ဆောင်တော်မူပြီး၍ နာမ်ကမ္မဋ္ဌာန်းရှုကွက်ကို ညွှန်ကြားပြသတော်မူလေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၅၄။)

သက္ကပဥှသုတ္တန်

သက္ကပဥှသုတ္တန်

တတ္ထ ဘဂဝါ ယဿ ရူပံ ပါကဋံ၊ တဿ သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ဝိတ္ထာရေန္တော ရူပကမ္မဋ္ဌာနံ ကထေတိ။ ယဿ အရူပံ ပါကဋံ၊ တဿ အရူပကမ္မဋ္ဌာနံ ကထေတိ။ ကထေန္တော စ တဿ ဝတ္ထုဘူတံ ရူပကမ္မဋ္ဌာနံ ဒေဿတွာဝ ကထေတိ၊ ဒေဝါနံ ပန အရူပကမ္မဋ္ဌာနံ ပါကဋန္တိ အရူပကမ္မဋ္ဌာနဝသေန ဝေဒနာ အာရဘိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။)

ထိုရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ ရုပ်တရားသည် ထင်ရှား၏၊ ထိုပုဂ္ဂိုလ်အား ဘုရားရှင်သည် သင်္ခေပမနသိကာရ = အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း, ဝိတ္ထာရမနသိကာရ = အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို ချဲ့ထွင်လျက် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၏။ အကြင်ပုဂ္ဂိုလ်အား နာမ်ကမ္မဋ္ဌာန်းသည် ထင်ရှား၏၊ ထို ပုဂ္ဂိုလ်အား ဘုရားရှင်သည် နာမ်ကမ္မဋ္ဌာန်းကို ဟောကြားပေးတော်မူ၏။ ထိုသို့ နာမ်ကမ္မဋ္ဌာန်းကို ဟောကြားပေး တော်မူရာ၌လည်း ထိုနာမ်တရား၏ စွဲမှီရာဝတ္ထု ဖြစ်သော မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တည်းဟူသော ရုပ်ကမ္မဋ္ဌာန်းကို ညွှန်ကြားပြသတော်မူပြီးမှသာလျှင် နာမ်ကမ္မဋ္ဌာန်းကို ဟောကြားပေးတော်မူ၏။ နတ်တို့၏ အသိဉာဏ်၌ကား နာမ်ကမ္မဋ္ဌာန်းက ထင်ရှားသောကြောင့် နာမ်ကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဝေဒနာကို အားထုတ် ဟောကြား တော်မူလေသည်။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။)

ဤအဋ္ဌကထာ၏ ဖွင့်ဆိုချက်အရ ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ဟောကြားတော်မူရာဝယ် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းအားဖြင့် စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၍, နာမ်ကမ္မဋ္ဌာန်းရှုကွက်ကို ဟောကြားတော်မူရာ၌ ယင်းနာမ်တရား၏ စွဲမှီ၍ ဖြစ်ရာ မှီရာဝတ္ထု ရုပ်နှင့် အာရုံရုပ်တို့ကို ညွှန်ကြားပြသတော်မူပြီးမှသာလျှင် နာမ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၏။ --- ဟူသော ဥပဒေသကိုကား ကျင့်စဉ်မှန်ကို မြတ်နိုးတမ်းတလျက်ရှိသော အသင်သူတော်ကောင်းသည် ရိုသေစွာ ဦးဖြင့် ခံယူလေရာသည်။ သို့သော် သက္ကပဥှသုတ္တန် ပါဠိတော်၌ ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို သင်္ဂါယနာ၌ ထည့်သွင်း၍ သင်္ဂါယနာ မတင်ခဲ့ခြင်းနှင့် ပတ်သက်၍ အဋ္ဌကထာက ဤသို့ ရှင်းပြထား၏။

ယထာ စ တေသု တေသု၊ ဧဝံ ဣမသ္မိမ္ပိ သက္ကပေဥှ ပဌမံ ရူပကမ္မဋ္ဌာနံ ကထေတွာ ပစ္ဆာ အရူပကမ္မဋ္ဌာနံ ဝေဒနာဝသေန နိဝတ္တေတွာ ဒေဿသိ။ ရူပကမ္မဋ္ဌာနံ ပနေတ္ထ ဝေဒနာယ အာရမ္မဏမတ္တကံယေဝ သံခိတ္တံ၊ တသ္မာ ပါဠိယံ နာရုဠှံ ဘဝိဿတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၆။)

= ထိုထို အထက်တွင် ဖော်ပြခဲ့သော မဟာသတိပဋ္ဌာနသုတ္တန် စသော ထိုထို သုတ္တန်တို့၌ ရုပ်ကမ္မဋ္ဌာန်းကို ညွှန်ကြားပြသတော်မူပြီးမှ ဝေဒနာကို အဦးမူ၍ နာမ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူသကဲ့သို့ အလားတူပင် ဤသက္ကပဥှသုတ္တန်၌လည်း ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပြီးမှ နောက်ပိုင်း၌ နာမ်ကမ္မဋ္ဌာန်းကို ဝေဒနာ၏အစွမ်းဖြင့် ဝေဒနာကို အဦးမူ၍ ဝေဒနာကို ဦးတည်၍ နာမ်ခန္ဓာလေးပါးမှ ဝေဒနာကို သီးသန့် ထုတ် ဆောင်လျက် ညွှန်ကြားပြသတော်မူလေသည်။ သို့သော် ဤသက္ကပဥှသုတ္တန်၌ ဘုရားရှင်သည် ဝေဒနာ၏ အာရုံ မျှသာဖြစ်သော ရုပ်ကမ္မဋ္ဌာန်းကို အကျဉ်းချုံး၍ ဟောကြားထားတော်မူ၏။ ထိုကြောင့် သက္ကပဥှသုတ္တန်ပါဠိတော် ၌ အလွန်ကျဉ်းလွန်းသော ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ထည့်သွင်း၍ သင်္ဂါယနာ မတင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ (ဒီ၊ဋ္ဌ၊၂၊၃၁၆။)

မဟာသတိပဋ္ဌာနသုတ္တာဒီသု ကတ္ထစိ ပဌမံ ရူပကမ္မဋ္ဌာနံ ဝတွာ ပစ္ဆာ အရူပကမ္မဋ္ဌာနံ ဝေဒနာဝသေန ဝိနိဝတ္တေတွာ ဒဿိတံ။ ကတ္ထစိ အရူပကမ္မဌာနံ ဧဝ ဝေဒနာဝသေန အရူပရာသိတော, ဉာတပရိညာယ ပရိညာတတော ဝါ ရူပါရူပရာသိတော ဝါ ဝိနိဝတ္တေတွာ ဒဿိတံ။ တတ္ထာပိ ယေသု ပဌမံ ဉာတပရိညာ ဝုတ္တာ၊ တေသု တဒန္တောဂဓံ။ ယေသု န ဝုတ္တာ၊ တေသု စ ဝေဒနာယ အာရမ္မဏမတ္တံ သံခိတ္တံ ပါဠိအနာရုဠှံ ရူပကမ္မဋ္ဌာနံ သန္ဓာယ ရူပကမ္မဋ္ဌာနဿ ပဌမံ ကထိတတာ ဝုတ္တာတိ ဝေဒိတဗ္ဗာ။ (မူလဋီ၊၂၊၁၅၇။)

= မဟာသတိပဋ္ဌာနသုတ္တန် စသည်တို့တွင် အချို့အချို့သောသုတ်၌ ဘုရားရှင်သည် ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်း ကို ဟောကြားတော်မူပြီးပါမှ နောက်၌ နာမ်ကမ္မဋ္ဌာန်းကို ဝေဒနာ၏အစွမ်းဖြင့် ဝေဒနာကို အဦးမူ၍ နာမ်ခန္ဓာ လေးပါးမှ ဝေဒနာကို သီးခြားထုတ်ဆောင်၍ ညွှန်ကြား ပြသတော်မူ၏။

အချို့အချို့သောသုတ်၌ နာမ်ကမ္မဋ္ဌာန်းကိုသာလျှင် ဝေဒနာ၏ အစွမ်းဖြင့် ဝေဒနာကို အဦးမူ၍ ---

၁။ နာမ်တရား အစုမှသော်လည်းကောင်း,

၂။ ဉာတပရိညာပညာဖြင့် ပိုင်းခြားသိအပ်ပြီးသော တရားစုမှသော်လည်းကောင်း, (= ရုပ်-နာမ်-ကြောင်း- ကျိုး = သင်္ခါရတရားစုမှ ဟူလိုသည်။)

၃။ ရုပ်နာမ်တရား အစုမှသော်လည်းကောင်း ---

သီးခြား ထုတ်ဆောင်၍ ဘုရားရှင်သည် ညွှန်ကြားပြသတော်မူအပ်ပေသည်။ ထိုနာမ်ကမ္မဋ္ဌာန်းကိုသာ ညွှန်ကြားပြသရာ သုတ္တန်တို့တွင်လည်း အကြင် သုတ္တန်တို့၌ ရှေးဦးစွာ ဉာတပရိညာကို (= နာမရူပပရိစ္ဆေဒဉာဏ် နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို) ဟောကြားထားတော်မူအပ်၏၊ ထိုသုတ္တန်တို့၌ ထိုဉာတပရိညာ၌ အကျုံးဝင်သော ရုပ်ကမ္မဋ္ဌာန်းကိုလည်းကောင်း, အကြင် သုတ္တန်တို့၌ ဉာတပရိညာကို ဟောတော်မမူအပ်၊ ထိုသုတ္တန်တို့၌လည်း ဝေဒနာ၏ အာရုံမျှ ဖြစ်သော အကျဉ်းချုံးအပ်သော ပါဠိတော်၌ မတက်ရောက်သော သင်္ဂါယနာထည့်သွင်း၍ မတင်ထားအပ်သော ရုပ်ကမ္မဋ္ဌာန်းကိုလည်းကောင်း ရည်ရွယ်တော်မူ၍ ရုပ်ကမ္မဋ္ဌာန်း၏ နာမ်ကမ္မဋ္ဌာန်းကို မဟောကြားမီ ရှေးဦးစွာ ဘုရားရှင် ဟောကြားထားတော်မူအပ်သည်၏ အဖြစ်ကို သင်္ဂဟအဋ္ဌကထာကို စီရင် တော်မူသော အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူအပ်၏ဟု သိရှိပါလေ။ (မူလဋီ၊၂၊၁၅၇။)

ဤဖွင့်ဆိုချက်များနှင့် အညီ ဝေဒနာကို သိမ်းဆည်းရှုပွားတော့မည့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ---

၁။ ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်း ရှုပွားပြီး ဖြစ်ရမည်။

၂။ ဝေဒနာတစ်ခုတည်းကိုသာ မသိမ်းဆည်းရ မရှုပွားရ။ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဝေဒနာနှင့် အတူယှဉ် တွဲ ဖြစ်ကြသည့် စိတ်စေတသိက် သမ္ပယုတ်တရားစုအားလုံးကို သိမ်းဆည်း ရှုပွားရမည်။

ဟူသော ဤဥပဒေသ နှစ်ရပ်ကို သေချာစွာ မှတ်သားနာယူပါလေ။

တစ်နည်း ဝေဒနာကို ကွဲကွဲပြားပြား သိပုံ

တစ်နည်း ဝေဒနာကို ကွဲကွဲပြားပြား သိပုံ

သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ = သုခဝေဒနာကို ခံစား၏ဟု ကွဲကွဲပြားပြား သိ၏ဟူသည် သုခ ဝေဒနာ ဖြစ်ဆဲခဏ၌ ဒုက္ခဝေဒနာ၏ မရှိခြင်းကြောင့် သုခဝေဒနာကို ခံစားလတ်သော် သုခဝေဒနာကို ခံစား၏- ဟူ၍ ခွဲခွဲခြားခြား ကွဲကွဲပြားပြားအားဖြင့် သိ၏၊ ထိုသို့ သိခြင်းကြောင့် သုခဝေဒနာ မဖြစ်မီ ရှေးအဖို့က ဖြစ်ခဲ့ဖူး သော အကြင် ဒုက္ခဝေဒနာသည် ရှိ၏၊ ထိုဒုက္ခဝေဒနာ၏ ယခု သုခဝေဒနာ ဖြစ်ဆဲခဏ၌ ဥပါဒ်-ဌီ-ဘင် အနေ အားဖြင့် ယခု ထင်ရှားဖြစ်နေဆဲ ဖြစ်သော ဤသုခဝေဒနာ၏ ဤယခု ဖြစ်ဆဲအချိန်အခါမှ ရှေးဦးစွာ မဖြစ်မီက မရှိခြင်းကြောင့်လည်းကောင်း, (ယခု သုခ မဖြစ်မီ ရှေးယခင်က သုခ ဖြစ်ဖူးသော်လည်း ရှေးယခင် သုခကား တခြား, ယခု သုခကား တခြား ဖြစ်သည်ကိုလည်း သဘောပေါက်ပါ။) ဝေဒနာမည်သည် ---

၁။ ဖြစ်ပြီး ပျက်တတ်သည့် အနိစ္စတရားသာတည်း၊

၂။ မခိုင်ခံ့သည့် အဒ္ဓုဝတရားသာတည်း၊

၃။ တည်ခြင်း ပျက်ခြင်း = ဇရာ-မရဏဟူသော နှစ်ပါး အပြားအားဖြင့် ဖောက်ပြန်တတ်သော ဝိပရိဏာမ ဓမ္မသာတည်း။

ဤသို့လျှင် ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိ၏။ --- ဤသို့လျှင် ထိုဝေဒနာ၌ ကွဲကွဲပြားပြား သိမှု သမ္ပဇဉ်ဉာဏ် သည် ဖြစ်ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၄။ မ၊ဋ္ဌ၊၁၊၂၈၂-၂၈၃။)

ဒီဃနခသုတ္တန် ကောက်နုတ်ချက်

ဒီဃနခသုတ္တန် ကောက်နုတ်ချက်

ယသ္မိံ အဂ္ဂိဝေဿန သမယေ သုခံ ဝေဒနံ ဝေဒေတိ၊ နေဝ တသ္မိံ သမယေ ဒုက္ခံ ဝေဒနံ ဝေဒေတိ၊ န အဒုက္ခမသုခံ ဝေဒနံ ဝေဒေတိ၊ သုခံယေဝ တသ္မိံ သမယေ ဝေဒနံ ဝေဒေတိ။ ယသ္မိံ အဂ္ဂိဝေဿန သမယေ ဒုက္ခံ။ ပ ။ အဒုက္ခမသုခံ ဝေဒနံ ဝေဒေတိ၊ နေဝ တသ္မိံ သမယေ သုခံ ဝေဒနံ ဝေဒေတိ၊ န ဒုက္ခံ ဝေဒနံ ဝေဒေ- တိ၊ အဒုက္ခမသုခံယေဝ တသ္မိံ သမယေ ဝေဒနံ ဝေဒေတိ။

သုခါပိ ခေါ အဂ္ဂိဝေဿန ဝေဒနာ အနိစ္စာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ ခယဓမ္မာ ဝယဓမ္မာ ဝိရာဂဓမ္မာ နိရောဓဓမ္မာ။ ဒုက္ခာပိ ခေါ။ ပ ။ အဒုက္ခမသုခါပိ ခေါ အဂ္ဂိဝေဿန ဝေဒနာ အနိစ္စာ သင်္ခတာ။ ပ ။ နိရောဓဓမ္မာ။

ဧဝံ ပဿံ အဂ္ဂိဝေဿန သုတဝါ အရိယသာဝကော သုခါယပိ ဝေဒနာယ နိဗ္ဗိန္ဒတိ၊ ဒုက္ခာယပိ ဝေဒနာယ နိဗ္ဗိန္ဒတိ၊ အဒုက္ခမသုခါယပိ ဝေဒနာယ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။ (မ၊၂၊၁၆၈။)

= အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...အကြင်အခါ၌ ချမ်းသာသော သုခဝေဒနာ ကို ခံစားနေ၏၊ ထိုအခါ၌ ဆင်းရဲသော ဒုက္ခဝေဒနာကိုလည်း မခံစားပေ။ ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော အဒုက္ခမသုခ ဝေဒနာကိုလည်း မခံစားပေ။ ထိုအခါ၌ ချမ်းသာသော သုခဝေဒနာကိုသာလျှင် ခံစား၏။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...အကြင်အခါ၌ ဆင်းရဲသည့် ဒုက္ခဝေဒနာကို ခံစားနေ၏၊ ထိုအခါ၌ ချမ်းသာသည့် သုခဝေဒနာကိုလည်း မခံစားပေ၊ ဆင်းရဲလည်းမဟုတ် ချမ်းသာလည်း မဟုတ်သော အဒုက္ခမသုခဝေဒနာကိုလည်း မခံစားပေ။ ထိုအခါ၌ ဆင်းရဲသည့် ဒုက္ခဝေဒနာကိုသာ ခံစား၏။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...အကြင်အခါ၌ ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော အဒုက္ခမသုခ ဝေဒနာကို ခံစားနေ၏၊ ထိုအခါ၌ ချမ်းသာသည့် သုခဝေဒနာကိုလည်း မခံစားပေ၊ ဆင်းရဲသည့် ဒုက္ခဝေဒနာကိုလည်း မခံစားပေ။ ထိုအခါ၌ ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော အဒုက္ခမသုခဝေဒနာကိုသာလျှင် ခံစား၏။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...သုခဝေဒနာသည်လည်း ဖြစ်ပြီးလျှင် ပျက် တတ်သော အနိစ္စတရားသာတည်း၊ အကြောင်းတရားတို့သည် ပေါင်းစု၍ ပြုပြင်မှ အနိုင်နိုင် ဖြစ်ပေါ်လာရ သော သင်္ခတတရားသာတည်း၊ အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာရသော ပဋိစ္စသမုပ္ပန္နတရားသာတည်း။ ကုန်တတ်သော ခယသဘောတရားသာတည်း၊ ပျက်တတ်သော ဝယသဘောတရားသာတည်း၊ ကုန်တတ် ပျက်တတ်သော ဝိရာဂသဘောတရားသာတည်း။ (ခယဝိရာဂတရား ဟူလိုသည်။) ချုပ်တတ်သော နိရောဓ သဘော တရားသာတည်း။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...ဒုက္ခဝေဒနာသည်လည်း ဖြစ်ပြီးလျှင် ပျက် တတ်သော အနိစ္စတရားသာတည်း။ ပ ။ ချုပ်တတ်သော နိရောဓ သဘောတရားသာတည်း။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...အဒုက္ခမသုခဝေဒနာသည်လည်း ဖြစ်ပြီး လျှင် ပျက်တတ်သော အနိစ္စတရားသာတည်း။ ပ ။ ချုပ်တတ်သော နိရောဓ သဘောတရားသာတည်း။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...ဝိပဿနာပညာ မဂ်ပညာဖြင့် ဤသို့ သိမြင် လတ်သော် အာဂမသုတဟူသော သင်သိ, အဓိဂမသုတဟူသော ကျင့်သိ --- ဤအသိ နှစ်မျိုးဟူသော အကြား အမြင် ဗဟုသုတနှင့် ပြည့်စုံသော အရိယသာဝကသည်, တစ်နည်း အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် သုခဝေဒနာ၌လည်း ငြီးငွေ့တော့၏၊ ဒုက္ခဝေဒနာ၌လည်း ငြီးငွေ့တော့၏၊ အဒုက္ခမသုခ ဝေဒနာ၌လည်း ငြီးငွေ့တော့၏၊ ငြီးငွေ့လတ်သော် တွယ်တာတပ်မက်ခြင်း ကင်းပြတ်တော့၏၊ တွယ်တာတပ်မက်ခြင်း ကင်းပြတ်ခြင်းကြောင့် ကိလေသာတို့မှ လွတ်မြောက်တော့၏၊ စိတ်သည် ကိလေသာတို့မှ လွတ်မြောက် လတ်သော် ငါ၏ စိတ်သည် ကိလေသာတို့မှ လွတ်လေပြီ ကျွတ်လေပြီဟု ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာ ဉာဏ်သည် ဖြစ်ပေါ်လာ၏။

ပဋိသန္ဓေ တည်နေရခြင်းသည် ကုန်ပြီ၊ မဂ္ဂဗြဟ္မစရိယ အမည်ရသော မြတ်သောအကျင့်ကို ကျင့်သုံးပြီး ပြီ၊ ပြုသင့် ပြုထိုက်သော အရိယမဂ်ကိစ္စကို ပြုပြီးပြီ၊ အရိယမဂ်ကိစ္စအလို့ငှာ တစ်ဖန် ပြုဖွယ်ကိစ္စသည် မရှိ တော့ပြီဟု သိ၏။ (မ၊၂၊၁၆၇-၁၆၈။)

ဤအထက်ပါ ဒီဃနခသုတ္တန်တွင် ဘုရားရှင်သည် အဂ္ဂိဝေဿနပရိဗိုဇ်အား အထက်ပါ ဝေဒနာကမ္မဋ္ဌာန်း ကို မဟောမီ ဓာတ်ကမ္မဋ္ဌာန်းကို ရှေးဦးစွာ ဟောကြားပေးတော်မူ၏။ (မ၊၂၊၁၆၇ စသည်၌ ကြည့်ပါ။) ထိုနောင်မှ ယင်းဝေဒနာကမ္မဋ္ဌာန်းကို ဆက်လက်၍ ဟောကြားပေးတော်မူလေသည်။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပါ ဝေဒနာသုံးမျိုးတို့ကို သို့မဟုတ် ဝေဒနာကမ္မဋ္ဌာန်းကို သိမ်းဆည်း ရှုပွားလိုပါက အောက်ပါ အင်္ဂါရပ် တို့နှင့် ပြည့်စုံအောင် ကြိုးပမ်းရတော့မည် ဖြစ်သည်။

၁။ ရှေးဦးစွာ ရုပ်တရားတို့ကို သိမ်းဆည်းပြီး ဉာဏ်ဖြင့် ပိုင်းခြားယူပြီး ဖြစ်ရမည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပြီးသူ ဖြစ်ရမည်။

၂။ (က) သုခဝေဒနာဖြစ်ခိုက် ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ မဖြစ်ပုံ,

( ခ ) ဒုက္ခဝေဒနာဖြစ်ခိုက် သုခဝေဒနာ ဥပေက္ခာဝေဒနာတို့ မဖြစ်ပုံ,

( ဂ ) ဥပေက္ခာဝေဒနာဖြစ်ခိုက် သုခဝေဒနာ ဒုက္ခဝေဒနာတို့ မဖြစ်ပုံတို့ကို ဟုတ်တိုင်းမှန်စွာ သိရမည်။

၃။ ယင်းဝေဒနာတို့သည် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က ပေါင်းစု၍ ပြုပြင်ပေးပါမှ အနိုင်နိုင် ဖြစ်ပေါ်လာကြရသော သင်္ခတတရားတို့သာ ဖြစ်ကြသဖြင့် အကြောင်းတရားတို့ကို စွဲမှီ၍သာ ဖြစ်ပေါ်လာကြ ရသော ပဋိစ္စသမုပ္ပန္နတရားတို့သာ ဖြစ်ကြသဖြင့် ---

(က) ဆိုင်ရာဆိုင်ရာ ယှဉ်ဖက်စိတ်စေသိက် သမ္ပယုတ်တရားစုတို့က သဟဇာတ အညမည နိဿယအတ္ထိ အဝိဂတ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာရပုံကိုလည်း ဟုတ်တိုင်းမှန်စွာ သိမ်းဆည်းရှုပွားရမည်။ (ဝေဒနာတစ်ခုတည်းကိုသာ ရှုရမည် ရှုရသည် မဟုတ် ယှဉ်ဖက် သမ္ပယုတ် တရားတို့ကိုပါ ရှုရမည်ဟု ဆိုလိုသည်။)

( ခ ) အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ --- စသော ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ကြောင့် ဝေဒနာနှင့် တကွသော နာမ်တရား ရုပ်တရားတို့၏ ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း, ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်အခိုက်၌ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး နာမ်ရုပ်တို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်း အနုပ္ပါဒနိရောဓသဘောကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိရမည်။

၄။ ယင်းအကြောင်းတရားနှင့် တကွသော ဝေဒနာနှင့်တကွသော နာမ်ရုပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကိုလည်း မဂ်ဆိုက် ဖိုလ်ဆိုက်သည်တိုင်အောင် ဟုတ်တိုင်းမှန်စွာ သိရမည်။

ဤသို့ သိရှိပါမှ သိမ်းဆည်းနိုင်ပါမှ ရှုပွားနိုင်ပါမှသာလျှင် ဝေဒနာကို ဟုတ်တိုင်းမှန်စွာ သိသည် မည်ကြောင်းကို ဤဝေဒနာပရိဂ္ဂဟသုတ္တန်ဟု အမည်တွင်သော ဒီဃနခသုတ္တန်က ညွှန်ပြနေပေသည်။ ဤကား အထက်ပါ အဋ္ဌကထာ စကားရပ်တို့၏ ဆိုလိုရင်းသဘောတည်း။

ဝေဒနာ အမျိုးအစား ခွဲပုံ

ဝေဒနာ အမျိုးအစား ခွဲပုံ

ဝေဒနာကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ တစ်နည်း နာမ်ရုပ်တို့ကို သိမ်းဆည်းရာ၌ ဝီထိမုတ်စိတ်နှင့် ဝီထိစိတ် နှစ်မျိုးလုံးတို့၌ နာမ်တရားတို့ကို သိမ်းဆည်းရ၏။ ဝီထိမုတ်စိတ် ဖြစ်ကြသော ပဋိသန္ဓေ-ဘဝင်-စုတိတို့၌ကား ဝေဒနာမှာ မြဲ၏။ သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေနေခဲ့သူ လူသား ဖြစ်အံ့ ဘဝ တစ်လျှောက်လုံး၌ ပဋိသန္ဓေ-ဘဝင်-စုတိတို့မှာ သောမနဿချည်းသာ ဖြစ်ကြ၏။ နာမ်တရားများမှာ ဉာဏ်ယှဉ် သော် (၃၄) ဉာဏ်မယှဉ်သော် (၃၃) အသီးအသီး ဖြစ်သည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်အံ့၊ အသင်သူတော်ကောင်း၏ ပဋိသန္ဓေ-ဘဝင်-စုတိ တို့မှာလည်း ဥပေက္ခာဝေဒနာချည်းသာ ဖြစ်ကြသည်။ နာမ်တရားတို့မှာ ဉာဏ် ယှဉ်သော် (၃၃) ဉာဏ် မယှဉ် သော် (၃၂) အသီးအသီး ဖြစ်သည်။

တစ်ဖန် ဝီထိစိတ်တို့ကို သိမ်းဆည်းရာဝယ် ဝေဒနာကို အဦးမူသဖြင့် ယင်းဝီထိနာမ်တရားတို့ကို သိမ်း ဆည်းလိုပါက အောက်ပါ သတ်မှတ်ချက်များကို သိထားသင့်ပေသည်။

ပဉ္စဒွါရဝီထိဝယ် ---

၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ --- ဥပေက္ခာဝေဒနာ အမြဲယှဉ်၏၊ နာမ်တရား (၁၁)လုံး ရှိ၏။

၂။ စက္ခုဝိညာဏ်၌ --- ဥပေက္ခာဝေဒနာ အမြဲယှဉ်၏၊ နာမ်တရား (၈)လုံး ရှိ၏။

(သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၌ နည်းတူပင်တည်း။ ကာယဝိညာဏ်၌ ရံခါ ဒုက္ခဝေဒနာ ယှဉ်၏၊ ရံခါ သုခဝေဒနာ ယှဉ်၏။ နာမ်တရား (၈)လုံး ပင်တည်း။)

၃။ သမ္ပဋိစ္ဆိုင်း၌ --- ဥပေက္ခာဝေဒနာ အမြဲယှဉ်၏။ နာမ်တရား (၁၁)လုံး ရှိ၏။

၄။ သန္တီရဏ၌ --- ရံခါ သောမနဿဝေဒနာ ယှဉ်၏၊ နာမ်တရား (၁၂)လုံး ရှိ၏။

ရံခါ ဥပေက္ခာဝေဒနာ ယှဉ်၏၊ နာမ်တရား (၁၁)လုံး ရှိ၏။

၅။ ဝုဋ္ဌော၌ --- ဥပေက္ခာဝေဒနာ အမြဲယှဉ်၏၊ နာမ်တရား (၁၂)လုံး ရှိ၏။

၆။ ဇော၌ --- (က) လောဘဇော ဖြစ်အံ့ --- ရံခါ သောမနဿဝေဒနာနှင့် ယှဉ်၏။

အသင်္ခါရိက ဖြစ်သော် နာမ်တရား (၂၀) ရှိ၏။

သသင်္ခါရိက ဖြစ်သော် နာမ်တရား (၂၂) ရှိ၏။

ယင်းလောဘဇောသည် ရံခါ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။

အသင်္ခါရိက ဖြစ်သော် နာမ်တရား (၁၉)လုံး ရှိ၏။

သသင်္ခါရိက ဖြစ်သော် နာမ်တရား (၂၁)လုံး ရှိ၏။

( ခ ) ဒေါသဇော ဖြစ်အံ့၊ ဒေါမနဿဝေဒနာနှင့် အမြဲယှဉ်၏။ နာမ်တရား (၁၈-၂၀ စသည် ရှိ၏။ နာမ်ကမ္မဋ္ဌာန်း ဇယားများကို ကြည့်ပါ။)

( ဂ ) မောဟဇော ဖြစ်အံ့၊ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏။ နာမ်တရား (၁၆)လုံးရှိ၏။

(ဃ) ကုသိုလ်ဇော ဖြစ်အံ့၊ ရံခါ သောမနဿဝေဒနာနှင့် ယှဉ်၏။

ဉာဏ်ယှဉ်သော် နာမ်တရား (၃၄)လုံး ရှိ၏။

ဉာဏ်မယှဉ်သော် နာမ်တရား (၃၃)လုံး ရှိ၏။

ရံခါ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။

ဉာဏ်ယှဉ်သော် နာမ်တရား (၃၃)လုံး ရှိ၏။

ဉာဏ်မယှဉ်သော် နာမ်တရား (၃၂)လုံး ရှိ၏။

၇။ တဒါရုံ၌ --- (က) အဟိတ် အကုသလဝိပါက် သန္တီရဏတဒါရုံ ဖြစ်အံ့၊ ဥပေက္ခာဝေဒနာနှင့် ယှဉ် ၏။ နာမ်တရား (၁၁)လုံး ရှိ၏။

( ခ ) အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ ဖြစ်အံ့၊ ဥပေက္ခာဝေဒနာ နှင့် ယှဉ်၏၊ နာမ်တရား (၁၁)လုံး ရှိ၏။

( ဂ ) အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံ ဖြစ်အံ့၊ သောမနဿ ဝေဒနာနှင့် ယှဉ်၏၊ နာမ်တရား (၁၂)လုံး ရှိ၏။

(ဃ) မဟာဝိပါက်တဒါရုံ ဖြစ်အံ့၊ ရံခါ သောမနဿဝေဒနာနှင့် ယှဉ်၏။

ဉာဏ်ယှဉ်သော် နာမ်တရား (၃၄)လုံး ရှိ၏။

ဉာဏ်မယှဉ်သော် နာမ်တရား (၃၃)လုံး ရှိ၏။

( င ) ရံခါ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏။

ဉာဏ်ယှဉ်သော် နာမ်တရား (၃၃)လုံး ရှိ၏။

ဉာဏ်မယှဉ်သော် နာမ်တရား (၃၂)လုံး ရှိ၏။

မနောဒွါရဝီထိဝယ် ---

၁။ မနောဒွါရာဝဇ္ဇန်း၌ --- ဥပေက္ခာဝေဒနာ အမြဲယှဉ်၏။ နာမ်တရား (၁၂)လုံး ရှိ၏။ (ဇောနှင့် တဒါရုံတို့ကို အထက်ပါ ဇော-တဒါရုံအတိုင်း မှတ်ပါ။)

ယင်းအထက်ပါ ပဉ္စဒွါရဝီထိနှင့် မနောဒွါရဝီထိ နာမ်တရားစုတို့ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌ ကုဋေပေါင်းများစွာ ဖြစ်နိုင်သော သဘောရှိ၏။ တစ်ဝီထိ အတွင်းမှာလည်း ဝေဒနာ အမျိုးအစား များစွာ ပါဝင် နိုင်၏။ ယင်းဝေဒနာကို အဦးမူသဖြင့် ယင်းဝီထိ စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲ နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွား ရမည် ဖြစ်ပေသည်။

ဝီထိ တစ်ခု တစ်ခု၏ အတွင်း၌ပင် --- သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာ, သုခ ဝေဒနာ, ဒုက္ခဝေဒနာတို့ ထိုက်သလို ယှဉ်တွဲ၍ ဖြစ်နေကြသဖြင့် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အချိန်ကာလ အတွင်းမှာလည်း ဝေဒနာ အမျိုးမျိုးတို့ ထိုက်သလို ဖြစ်နိုင်ကြသည်သာ ဖြစ်၏။ သို့အတွက် တစ်ထိုင်အတွင်းဝယ် အချိန်ကြာမြင့်စွာ --- (မိနစ်ပေါင်းများစွာ, နာရီပေါင်းများစွာ) ---

၁။ ဒုက္ခဝေဒနာတစ်ခုတည်းကိုသာ ရှုနေခြင်းသည်လည်းကောင်း,

၂။ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို ထိုက်သလို ယှဉ်တွဲနေ သည့် ဝေဒနာအမျိုးမျိုးကို အဦးမူ၍ ကုန်စင်အောင် မသိမ်းဆည်း မရှုပွားနိုင်ခြင်းသည်လည်းကောင်း,

၃။ ဝေဒနာနှင့် တကွသော နာမ်တရား အသီးအသီးတို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို ပရမတ်သို့ ဉာဏ် အမြင်ဆိုက်အောင် မသိမ်းဆည်းနိုင် မရှုပွားနိုင်ခြင်းသည်လည်းကောင်း ---

ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်ရာ၌ မလုံလောက်သေးသည်သာ ဖြစ်၏၊ မပြည့်စုံ သေးသည်သာ ဖြစ်၏။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို စည်းစနစ်တကျ မပွားများနိုင်သေးသည်သာ ဖြစ်၏။

သာမိသ သုခ - ဒုက္ခ - ဥပေက္ခာဝေဒနာ

သာမိသ သုခ - ဒုက္ခ - ဥပေက္ခာဝေဒနာ

အာရုံ (၅)ပါး ကာမဂုဏ်တရားတည်းဟူသော အာမိသကို မှီသော, ကိလေသာတို့၏ ပျော်မွေ့ရာ ကာမ ဂုဏ်တည်းဟူသော အိမ်၌ မှီသော, အာရုံ (၆)ပါးကို အစွဲပြု၍ အကြောင်းပြု၍ ဖြစ်ပေါ်လာသော, အာရုံ (၆) ပါးကို အာရုံပြုနေသော ---

၁။ (၆)မျိုးသော သောမနဿဝေဒနာသည် သာမိသ သုခဝေဒနာ မည်၏။

၂။ (၆)မျိုးသော ဒေါမနဿဝေဒနာသည် သာမိသ ဒုက္ခဝေဒနာ မည်၏။

၃။ (၆)မျိုးသော ဥပေက္ခာဝေဒနာသည် သာမိသ ဥပေက္ခာဝေဒနာ မည်၏။

နိရာမိသ သုခ - ဒုက္ခ - ဥပေက္ခာဝေဒနာ

နိရာမိသ သုခ - ဒုက္ခ - ဥပေက္ခာဝေဒနာ

နေက္ခမ္မသိတာနီတိ ဝိပဿနာနိဿိတာနိ။ (မ၊ဋ္ဌ၊၄၊၁၈၆။)

ရူပါရုံ စသည့် အာရုံ (၆)ပါးတို့၏ အနိစ္စ အခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိရှိရ၍ ဇရာ မရဏဖြင့် ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမ အခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိရှိရ၍, ကုန်တတ် ပျက်တတ်သော ခယဝိရာဂသဘောကို ဟုတ်တိုင်းမှန်စွာ သိရှိရ၍, ချုပ်ပျက်တတ်သော ခယနိရောဓ သဘောတရားကို ဟုတ်တိုင်း မှန်စွာ သိရှိရ၍ --- ရှေးယခင်က ဖြစ်ခဲ့ကြကုန်သော အာရုံ (၆)ပါးတို့သည်လည်းကောင်း, ယခု ပစ္စုပ္ပုန်၌ ဖြစ်ဆဲ ဖြစ်ကြကုန်သော အာရုံ (၆)ပါးတို့သည်လည်းကောင်း ထိုအလုံးစုံသော အာရုံ (၆)ပါး (= ရုပ် နာမ်တရား) တို့သည် ---

၁။ ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း၊

၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရသော ဒုက္ခတရားတို့သာတည်း၊

၃။ ဇရာ မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမတရားတို့သာတည်းဟု

ဤသို့လျှင် ဤအနိစ္စ ဒုက္ခ ဝိပရိဏာမ သဘောတရားကို ဟုတ်တိုင်းမှန်စွာ ဝိပဿနာပညာဖြင့် ထွင်းဖောက် သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အာရုံ (၆)ပါးကို အသီးအသီး ဝိပဿနာရှုခိုက် ဖြစ်ပေါ် လာသော ---

၁။ (၆)မျိုးသော သောမနဿဝေဒနာသည် နိရာမိသ သုခဝေဒနာ မည်၏၊

၂။ (၆)မျိုးသော ဒေါမနဿဝေဒနာသည် နိရာမိသ ဒုက္ခဝေဒနာ မည်၏၊

၃။ (၆)မျိုးသော ဥပေက္ခာဝေဒနာသည် နိရာမိသ ဥပေက္ခာဝေဒနာ မည်၏။

ယင်း နိရာမိသ ဝေဒနာတို့ကို ကာမမှ ထွက်မြောက်ကြောင်း နေက္ခမ္မသိတဝေဒနာတို့ဟူ၍လည်း ခေါ်ဆို ပေသည်။ [အကျယ်ကို ဥပရိပဏ္ဏာသပါဠိတော် ဝိဘင်္ဂဝဂ် သဠာယတနဝိဘင်္ဂသုတ္တန် (မ၊၃၊၂၆၀-၂၆၁-၂၆၂)၌ ကြည့်ပါ။ နောက်တွင် ထင်ရှားလတ္တံ့။]

အကြောင်းတရားတို့ကို သိမ်းဆည်း ရှုပွားပုံ အခြင်းအရာကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်လည်းကောင်း, ဝိပဿနာ ရှုပွားပုံ အခြင်းအရာကို ဝိပဿနာပိုင်းတွင်လည်းကောင်း အပြည့်အစုံ တွေ့ရှိရပေလတ္တံ့။

ဤတိုင်အောင် ဝေဒနာနုပဿနာသတိပဋ္ဌာန်နှင့် ဆက်စပ်၍ ရှင်းလင်းတင်ပြခဲ့သော သိမှတ်ဖွယ်ရာအဖြာ ဖြာတို့ကို ဖတ်ရှုလေ့လာပြီးသောအခါ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ငါသည် ဘာမှားနေသလဲ?ဟု မိမိကိုယ်ကို မိမိ မေးကြည့်ပါ။

အကယ်၍ အသင်သူတော်ကောင်းသည် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်နိုင်လောက်အောင် ကျေးဇူးပြု ပေးနိုင်သည့် ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမာဓိတို့တွင် တစ်မျိုးမျိုးသော စံချိန်မီ သမာဓိကို မထူထောင်ဘဲ ခန္ဓာကိုယ်စိုက် ဝေဒနာလိုက်ဟူသော စည်းမျဉ်းဥပဒေသကို လိုက်နာကျင့်သုံးမိသဖြင့် ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မသိမ်းဆည်းနိုင် မရှုပွားနိုင် ဖြစ်နေ ပါက ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ပေးသော စည်းမျဉ်းဥပဒေသကိုကား တရားစစ် တရားမှန်ကို ရရှိရေးအတွက် ရိုသေစွာ ဦးထိပ်ရွက်လျက် ပန်ဆင်သင့်လှပေသည်။

သိမ်းဆည်းပုံ အမြွက်

သိမ်းဆည်းပုံ အမြွက်

၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။

၂။ ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။

၃။ နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် ဝေဒနာကို အဦးမူ၍ နာမ်ကမ္မဋ္ဌာန်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း နာမ်တရားတို့ကို သိမ်းဆည်းပါ။ ဤတွင် ပုံစံတစ်ခုကို ထုတ်ပြအပ်ပါသည်။

ရူပါရုံလိုင်း အကောင်းအုပ်စုဇယား ပထမတန်း ဆိုကြပါစို့၊ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိတို့၏ အတွင်း၌ ပါဝင်တည်ရှိကြသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ဝေဒနာကို အဦးမူ၍ သိမ်းဆည်းပြီးလျှင် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုပါ တစ်ဖန်ပြန်၍ သိမ်းဆည်းလိုလတ်သော် ---

၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ --- ဥပေက္ခာဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၁၁)လုံးက နာမ်တရား,

ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

၂။ စက္ခုဝိညာဏ်၌ --- ဥပေက္ခာဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၈)လုံးက နာမ်တရား,

စက္ခုပသာဒ ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

၃။ သမ္ပဋိစ္ဆိုင်း၌ --- ဥပေက္ခာဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၁၁)လုံးက နာမ်တရား,

ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

၄။ သန္တီရဏ၌ --- သောမနဿဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၁၂)လုံးက နာမ်တရား,

ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

၅။ ဝုဋ္ဌော၌ --- ဥပေက္ခာဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၁၂)လုံးက နာမ်တရား,

ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

၆။ ဇော အသီးအသီး၌ --- သောမနဿဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား,

ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

၇။ တဒါရုံ အသီးအသီး၌ --- သောမနဿ ဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား,

ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

* ဘဝင် အသီးအသီး၌ --- သောမနဿဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား,

ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

(သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေနေသော တိဟိတ်လူသားတစ်ဦးကို ရည်ညွှန်းထားသည်။)

၁။ မနောဒွါရာဝဇ္ဇန်း၌ --- ဥပေက္ခာဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၁၂)လုံးက နာမ်တရား, ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

၂။ ဇော အသီးအသီး၌ --- သောမနဿဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား,

ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

၃။ တဒါရုံ အသီးအသီး၌ --- သောမနဿဝေဒနာ ဦးဆောင်သည့် စိတ်+စေတသိက် (၃၄)လုံးက နာမ်တရား,

ဟဒယဝတ္ထု ပါဝင်သော မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက ရုပ်တရား,

ဤသို့ စသည်ဖြင့် နာမ်ကမ္မဋ္ဌာန်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း တစ်တန်းပြီး တစ်တန်း, အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင် (၆)လိုင်းလုံး၌ နာမ်တရား ရုပ်တရားတို့ကို သိမ်းဆည်း ပါ။ ဝေဒနာကို အဦးမူ၍ နာမ်တရား ရုပ်တရားတို့ကို သိမ်းဆည်းသဖြင့် ဤသို့ သိမ်းဆည်းသော သတိပဋ္ဌာန်သည် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ပင် ဖြစ်၏။ ပထမဆင့်ကား အောင်မြင်ပြီ ဖြစ်၏။

ဤသို့ သိမ်းဆည်းရာဝယ် အာယတနဒွါရအလိုက် ဝေဒနာဦးဆောင်သည့် တစ်နည်းဆိုရသော် ဝေဒနာကို အဦးမူသဖြင့် နာမ်တရားများနှင့် မှီရာဝတ္ထုရုပ် အာရုံရုပ်တို့ကို သိမ်းဆည်းရသဖြင့် ဝီထိစိတ်အစဉ် အတွင်း၌ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းဝယ် ပါဝင်တည်ရှိသော ---

၁။ သောမနဿဝေဒနာ - သို့မဟုတ်,

၂။ ဒေါမနဿဝေဒနာ - သို့မဟုတ်,

၃။ ဥပေက္ခာဝေဒနာ - သို့မဟုတ်,

၄။ သုခဝေဒနာ - သို့မဟုတ်,

၅။ ဒုက္ခဝေဒနာ - ဟူသော

ဤဝေဒနာတို့ကို ကွဲကွဲပြားပြား သိအောင် သိမ်းဆည်းပါ။ စိတ္တက္ခဏတစ်ခု တစ်ခုဝယ် ဤဝေဒနာ (၅) မျိုးတို့တွင် တစ်မျိုးမျိုးကား ပါဝင်လျက်ပင် ရှိ၏။ ထိုသို့ဝေဒနာကို အဦးမူသဖြင့် နာမ်တရား ရုပ်တရားတို့ကို သိမ်းဆည်းနိုင်ခဲ့သော် ---

သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။ (မ၊၁၊၇၅။)

ဤသို့ စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူအပ်သော ဝေဒနာနုပဿနာသတိပဋ္ဌာန် ပထမဆင့်ကို လိုက်နာ ကျင့်သုံးပြီး ဖြစ်ပေသည်။

သာမိသ သုခဝေဒနာ

သာမိသ သုခဝေဒနာ

ကာမတဏှာ၏ ကျက်စားရာ ဖြစ်သော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘောဟူသော ဤလိုချင်စရာ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုသည် ကာမဂုဏ် မည်၏။ ယင်းကာမဂုဏ်များကို ကာမ တဏှာ၏ နေအိမ်ကြီးသဖွယ် ဖြစ်သောကြောင့် ဂေဟဟူ၍ ခေါ်ဆို၏။ ကာမဂုဏ်ကို မှီခို အားထားကြကုန်သော ကာမာဝစရသတ္တဝါတို့၏ မှီခိုရာ အားထားရာ ပုန်းအောင်းရာ လဲလျောင်းရာ နေထိုင်ရာဟူသော အနက်သဘော ကြောင့် ကာမဂုဏ်တို့ကို ဂေဟ (= ကာမဂုဏ်အိမ်) ဟု ဆိုလိုသည်။ ထိုဂေဟ မည်သော ကာမဂုဏ်ကို အာရုံ ပြု၍ အကြောင်းပြု၍ ယင်းကာမဂုဏ်၌ ငြိကပ်လျက် ဖြစ်ပေါ်လာသော (နာမ်ကမ္မဋ္ဌာန်း ရှုကွက်တွင် ဖော်ပြ ခဲ့သော လောဘဒိဋ္ဌိ အုပ်စု, လောဘမာန အုပ်စုများတွင် ပါဝင်သော) ဝမ်းမြောက်ခြင်း သောမနဿဝေဒနာကို ဂေဟသိတ သောမနဿဝေဒနာဟု ခေါ်၏။ ယင်းဂေဟသိတ သောမနဿဝေဒနာသည် သာမိသ သုခဝေဒနာ မည်ပေသည်။

ယင်း သာမိသ သုခဝေဒနာကို သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးနာမ်ကမ္မဋ္ဌာန်း ရှုကွက်များတွင် ဖော်ပြခဲ့သည့်အတိုင်း ---

၁။ စက္ခုဒွါရ-မနောဒွါရ စသည့် ဆိုင်ရာဆိုင်ရာ ဒွါရတို့ကိုလည်းကောင်း,

၂။ ဣဋ္ဌဖြစ်သော ရူပါရုံ စသည့် ဆိုင်ရာဆိုင်ရာ အာရုံတို့ကိုလည်းကောင်း ---

ပူးတွဲသိမ်းဆည်းလျက် ယင်းဣဋ္ဌဖြစ်သော အာရုံ (၆)ပါးတို့တွင် ဆိုင်ရာဆိုင်ရာ အာရုံတစ်ခုခုက ဆိုင်ရာ ဆိုင်ရာ ဒွါရတို့၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ အယောနိသော မနသိကာရကို အခြေ စိုက်လျက် ဖြစ်ပေါ်လာကြကုန်သော သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော လောဘ-ဒိဋ္ဌိအုပ်စု, လောဘ -မာနအုပ်စုဟူသော လောဘဇောများ စောသည့် ဝီထိစိတ်အစဉ်များကို ဝေဒနာကို အဦးမူ၍ သိမ်းဆည်းပါ။ အာယတနဒွါရအလိုက် (၆)လိုင်းလုံး၌ သိမ်းဆည်းပါ။ အာရုံ (၆)ပါးတို့တွင် အာရုံတစ်မျိုးမျိုးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သာမိသသုခဝေဒနာကို အဦးမူ၍ နာမ်တုံးနာမ်ခဲဟူသော နာမ် ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော သာမိသ သုခဝေဒနာကို အဦးမူသဖြင့် နာမ်တရားအားလုံးတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်ပါက သာမိသ သုခ ဝေဒနာကို ကွဲကွဲပြားပြား သိသည် မည်ပေသည်။ နာမ်တရားတို့ကို သိမ်းဆည်းပြီးနောက် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည်ဟူသော အချက်ကိုလည်း မမေ့ပါနှင့်။

ယင်း ဂေဟသိတ သောမနဿဝေဒနာသည် (၆)ဒွါရ၌ ထိုက်သလို ထင်လာသော ဣဋ္ဌ ဖြစ်သော အာရုံ (၆)မျိုးတို့ကို သာယာတပ်မက်တတ်သော တဏှာလောဘနှင့် တွဲဖက်၍ ဖြစ်ပေါ်လာသော သောမနဿဝေဒနာ ဖြစ်ရကား အာရုံ (၆)ပါး ကွဲပြားသဖြင့် ယင်း ဂေဟသိတ သောမနဿဝေဒနာလည်း (၆)မျိုးပင် ပြားလေသည်။

စက္ခုဝိညေယျာနံ ရူပါနံ ဣဋ္ဌာနံ ကန္တာနံ မနာပါနံ မနောရမာနံ လောကာမိသပဋိသံယုတ္တာနံ ပဋိလာဘံ ဝါ ပဋိလာဘတော သမနုပဿတော ပုဗ္ဗေ ဝါ ပဋိလဒ္ဓပုဗ္ဗံ အတီတံ နိရုဒ္ဓံ ဝိပရိဏတံ သမနုဿရတော ဥပ္ပဇ္ဇတိ သောမနဿံ။ ယံ ဧဝရူပံ သောမနဿံ၊ ဣဒံ ဝုစ္စတိ ဂေဟသိတံ သောမနဿံ။ (မ၊၃၊၂၆၀။)

စက္ခုဝိညာဏ်ဖြင့် သိမြင်အပ်ကုန်သော, အလိုရှိအပ် = ရှာမှီးအပ်ကုန်သော, နှစ်သက်အပ်ကုန်သော,မြတ် နိုးအပ်ကုန်သော = စိတ်နှလုံးကို တိုးပွားစေတတ်ကုန်သော, စိတ်နှလုံး၏ မွေ့လျော်ရာ ဖြစ်ကုန်သော = စိတ်ကို မွေ့လျော်စေတတ်ကုန်သော, လောကာမိသ = လောက၏ အာမိသ အမည်ရသော တဏှာနှင့် စပ်ယှဉ်ကုန်သော ရူပါရုံတို့ကို ရရှိခြင်းကြောင့် ရရှိထားအပ်သော ရူပါရုံကို အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ကြည့်ရှုသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း, ရှေးရှေး၌ လွန်ခဲ့လေပြီးသော ချုပ်ဆုံးခဲ့လေပြီးသော ဖောက်ပြန်ပျက်စီးလေ ပြီးသော ရအပ်ခဲ့ဖူးသော ရူပါရုံကို အဖန်ဖန် အောက်မေ့ သတိရသောသူ၏ သန္တာန်၌လည်းကောင်း ဝမ်းမြောက်ခြင်း သောမနဿဝေဒနာသည် ဖြစ်ပေါ်လာ၏။ ဤသို့ သဘောရှိသော ဝမ်းမြောက်မှု သောမနဿ ဝေဒနာကို ဂေဟသိတ သောမနဿဝေဒနာဟူ၍ ခေါ်ဆိုအပ်၏။ (သဒ္ဒါရုံ စသည်တို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။)

ယင်း ဂေဟသိတ သောမနဿဝေဒနာကိုပင် သာမိသ သုခဝေဒနာဟု ခေါ်ဆိုရကား အာရုံ (၆)ပါး ပြားသဖြင့် ယင်းသာမိသ သုခဝေဒနာလည်း (၆)မျိုးပင် ပြားသည်။ ယင်းအာရုံ (၆)မျိုးတို့မှာ အထက်ပါ (မ၊၃၊ ၂၆၀) သဠာယတနဝိဘင်္ဂသုတ္တန် ဒေသနာတော်နှင့် အညီ ပစ္စုပ္ပန်အာရုံ (၆)ပါးလည်း ဖြစ်နိုင်၏။ အတိတ်အာရုံ (၆)ပါးလည်း ဖြစ်နိုင်၏။ ယင်း ဂေဟသိတ သောမနဿဝေဒနာ = သာမိသ သုခဝေဒနာကို အသေဝိတဗ္ဗ = မမှီ ဝဲအပ်သော ဝေဒနာဟု သက္ကပဥှသုတ္တန် စသည်တို့၌ ဘုရားရှင်သည် ဟောကြားထားတော်မူ၏။

ဤ၌ မမှီဝဲအပ်ဟူ၍ ဆိုသဖြင့် ဝိပဿနာမရှုကောင်းဟူ၍ကား အယူအဆ မမှားစေလိုပါ။ အကယ်၍ ဝိပဿနာမရှုကောင်းလျှင် ယင်းသာမိသ သုခဝေဒနာကို ကွဲကွဲပြားပြားသိအောင် သိမ်းဆည်းရှုပွားဖို့ရန် အဆင့် ဆင့် ဝိပဿနာ ရှုပွားသုံးသပ်သွားဖို့ရန် ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင်သည် ညွှန်ကြားတော်မမူလေ ရာ။ ယင်းသာမိသ သုခဝေဒနာကို မှီဝဲလျှင်, ထပ်တလဲလဲ ဖြစ်ပွားစေလျှင်, ကာမဂုဏ်ကို ခံစားလျက် ဖြစ်ပေါ် စေလျှင် အကုသိုလ်တရားတို့သည် ဒီရေအလား တစ်နေ့တခြား တိုးပွားလာကြကုန်၍ ကုသိုလ်တရားတို့သည် လဆုတ် ပက္ခ လရေးကဲ့သို့ တစ်နေ့တခြား ဆုတ်ယုတ်ကုန်လေရာသည်၊ ထိုကြောင့် ဂေဟသိတ သောမနဿဝေဒနာ = သာမိသ သုခဝေဒနာကို မမှီဝဲအပ် မမှီဝဲကောင်းဟူ၍ ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်၏၊ သို့သော် ဝိပဿနာကား ရှုကောင်းသည်သာ ဖြစ်၏၊ ရှုရမည်သာ ဖြစ်၏။ ယင်းသာမိသ သုခဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလျက် အကြောင်းတရားကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့် တကွ ယင်း နာမ်ရုပ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။

အတိတ်၌ သောမနဿဖြစ်ပုံ

အတိတ်၌ သောမနဿဖြစ်ပုံ

အတီတန္တိ ပဋိလဒ္ဓံ။ ပစ္စုပ္ပန္နံ တာဝ အာရဗ္ဘ သောမနဿံ ဥပ္ပဇ္ဇတု၊ အတီတေ ကထံ ဥပ္ပဇ္ဇတီတိ။ အတီတေပိ ယထာဟံ ဧတရဟိ ဣဋ္ဌာရမ္မဏံ အနုဘဝါမိ၊ ဧဝံ ပုဗ္ဗေပိ အနုဘဝိန္တိ အနုဿရန္တဿ ဗလဝသောမနဿံ ဥပ္ပဇ္ဇတိ။ (မ၊ဋ္ဌ၊၄၊၁၈၆။)

= ပစ္စုပ္ပန်အာရုံ (၆)ပါးကို အာရုံပြု၍ သောမနဿဝေဒနာ ဖြစ်တန်စေ၊ အတိတ်ကရအပ်ခဲ့ဖူးသောအတိတ် အာရုံ (၆)ပါး၌ အဘယ်သို့လျှင် သောမနဿဝေဒနာ ဖြစ်နိုင်ပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။ငါသည် ယခုအခါ၌ ဣဋ္ဌာရုံကို ခံစားရသကဲ့သို့ အလားတူပင် ရှေး၌လည်း ခံစားခဲ့ဖူးလေပြီဟု လက်ငင်းခံ စားဆဲ အာရုံကို ပိုင်းခြားယူခြင်းကို အစဉ်လျှောက်သဖြင့် အတိတ်အာရုံကို အစဉ်လျှောက်၍ အောက်မေ့ သတိရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အားကောင်းသည့် ဗလဝသောမနဿဝေဒနာသည် ဖြစ်ပေါ်လာပေ၏။ (မ၊ဋ္ဌ၊၄၊၁၈၆။)

နိရာမိသ သုခဝေဒနာ

နိရာမိသ သုခဝေဒနာ

တတ္ထ ကတမာနိ ဆ နေက္ခမ္မသိတာနိ သောမနဿာနိ။ ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ၊ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတော ဥပ္ပဇ္ဇတိ သောမနဿံ။ ယံ ဧဝရူပံ သောမနဿံ၊ ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ သောမနဿံ။ (မ၊၃၊၂၆၀။)

= ထိုတွင် နေက္ခမ္မသိတ သောမနဿဝေဒနာ (၆)မျိုးတို့ကား အဘယ်သည်တို့နည်းဟူမူ --- ရူပါရုံ (သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ)တို့၏သာလျှင် မမြဲသော အခြင်းအရာကိုလည်းကောင်း, ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်း ချုပ်ပျောက်ခြင်းကိုလည်းကောင်း သိရှိ၍ --- ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ရူပါရုံတို့သည်လည်း ကောင်း, ယခုအခါ၌ ရူပါရုံတို့သည်လည်းကောင်း ရှိကြကုန်၏၊ ခပ်သိမ်းကုန်သော ထိုရူပါရုံတို့သည် (သဒ္ဒါရုံ တို့သည်, ဂန္ဓာရုံတို့သည်, ရသာရုံတို့သည်, ဖောဋ္ဌဗ္ဗာရုံတို့သည်, ဓမ္မာရုံတို့သည်) ---

၁။ ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း၊

၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံရကုန်သော ဒုက္ခတရားတို့သာတည်း၊

၃။ ဇရာ-မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတတ်ကုန်သော ဝိပရိဏာမဓမ္မတို့သာတည်း ---

ဤသို့လျှင် ဤရူပါရုံကို (သဒ္ဒါရုံကို, ဂန္ဓာရုံကို, ရသာရုံကို, ဖောဋ္ဌဗ္ဗာရုံကို, ဓမ္မာရုံကို) မဖောက်မပြန် ဟုတ် တိုင်းမှန်စွာ ဝိပဿနာဉာဏ်ဖြင့် ရှုသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သောမနဿဝေဒနာသည် ဖြစ်ပေါ်၍ လာ၏။ ဤသောမနဿဝေဒနာကို နေက္ခမ္မသိတ သောမနဿဝေဒနာဟူ၍ ခေါ်ဆို၏။ နိရာမိသ သုခဝေဒနာ ဟူ၍လည်း ခေါ်ဆို၏။ ဤ၌လည်း အာရုံ (၆)မျိုး ပြားသဖြင့် နိရာမိသ ဝေဒနာလည်း (၆)မျိုးပင် ပြား၏။ (မ၊၃၊၂၆၀။)

ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ သောမနဿန္တိ ဣဒံ ရညော ဝိယ အတ္တနော သိရိသမ္ပတ္တိံ ဩလောကေန္တဿ ဝိပဿနံ ပဋ္ဌပေတွာ နိသိန္နဿ သင်္ခါရာနံ ဘေဒံ ပဿတော သင်္ခါရဂတမှိ တိက္ခေ သူရေ ဝိပဿနာဉာဏေ ဝဟန္တေ ဥပ္ပန္နသောမနဿံ နေက္ခမ္မသိတံ သောမနဿန္တိ ဝုစ္စတိ။ ဝုတ္တမ္ပိ စေတံ ---

သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။

အမာနုသီ ရတီ ဟောတိ၊ သမ္မာ ဓမ္မံ ဝိပဿတော။

ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။

လဘတီ ပီတိပါမောဇ္ဇံ၊ အမတန္တံ ဝိဇာနတံ။ (မ၊ဋ္ဌ၊၄၊၁၈၆။ ခု၊၁၊၆၇။ ဓမ္မပဒ။ )

မိမိ၏ မင်းစည်းစိမ်၏ ကျက်သရေမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံမှုကို ကြည့်ရှု၍နေသော ရှင်ဘုရင်၏ သန္တာန်၌ နှစ်သက်ဝမ်းမြောက်ခြင်း သောမနဿဝေဒနာသည် ဖြစ်ပေါ်လာသကဲ့သို့ ဤဥပမာအတူပင်လျှင် ဝိပဿနာဉာဏ်ကို ဖြစ်စေလျက် တရားထိုင်နေသော သင်္ခါရတရားတို့၏ အပျက်ကို ရှုမြင်နေသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် သင်္ခါရတရားအပေါင်း အာရုံ၌ ထက်မြက်စူးရှ ရဲရင့်သော ဝိပဿနာဉာဏ်သည် မိမိ၏ ကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာလတ်သော် နှစ်သက် ဝမ်းမြောက်ခြင်း သောမနဿဝေဒနာသည် ဖြစ်ပေါ်လာ၏။ ယင်း သောမနဿဝေဒနာကို နေက္ခမ္မသိတ သောမနဿဝေဒနာ = နိရာမိသ သောမနဿဝေဒနာ ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (မ၊ဋ္ဌ၊၄၊၁၈၆။)

ထိုကြောင့် ဘုရားရှင်သည် ဤတရားစကားတော်ကို ဟောကြားထားတော်မူပေသည်။

မြို့ရွာ အူသံ မဆူညံသည့် လူသံ ကင်းတိတ် ဆိတ်ငြိမ်သည့် ကမ္မဋ္ဌာန်းကျောင်း အတွင်းသို့ မခေါ်အပို ဖော်မလိုဘဲ တစ်ကိုယ်တည်းပင် ကပ်ဝင်၍ နေသော, ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့၏ စွမ်းအားဖြင့် ပယ်ရှားအပ်ပြီးသော ကိလေသာ ရှိသဖြင့် အလွန်ငြိမ်သက် တည်ကြည်သော စိတ်ဓာတ် ရှိသော, ခန္ဓာ (၅)ပါး ရုပ်နာမ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ဖြစ်ပုံ ပျက်ဟန် အချက်မှန်ကို နက်သန်စေ့ငု ကြည့်ရှုလျက် ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို အစဉ်အတိုင်း စီးဖြန်းလျက်ရှိသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ ကာမဂုဏ် ထူထပ်သည့် လူနတ်တို့၏ မွေ့လျော်ပုံ အပျော်မျိုးနှင့် မတူသော, လူသားတို့၏ သာမန် ဒါန သီလ ကုသိုလ်ထက် မြင့်မြတ်သည့် စျာန်ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို မှီနေသည့်အတွက်ကြောင့် ဝိဝေကရတိ နေက္ခမ္မရတိဟု ခေါ်ဆိုအပ်သော အမာနုသီ အမည်ရသော ဝိပဿနာဉာဏ်နှင့် ယှဉ်သော မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ခြင်း ရတိတရားသည် ဖြစ်ပေါ်၍ လာပေ၏။

အကြင်အကြင် ရုပ်အဖို့ နာမ်အဖို့မှ ဥပါဒါနက္ခန္ဓာ (၅)ပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဥဒယ-ဝယ သဘောကို လက္ခဏာတင်ကာ ရှုပွားသုံးသပ်၏၊ ထိုသို့ သုံးသပ်တိုင်းသော ရုပ်နာမ်အဖို့မှ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ ပါမောဇ္ဇတရားကို ရရှိနိုင်သည်သာ ဖြစ်၏။ ဝိပဿနာဘာဝနာ၌ မွေ့လျော်ပျော်ပိုက် အနှစ်ခြိုက်ကြီး နှစ်ခြိုက် နေသော ထိုပီတိပါမောဇ္ဇတရားသည် ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၏ ဖြစ်ပုံ ပျက်ပုံ အလုံးစုံကို အကုန်အစင် ထင်ထင်လင်းလင်း ရှင်းရှင်းကြီး သိမြင်ကြကုန်သော ပညာရှိသူတော်ကောင်းတို့၏ မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို မုချပိုင်ပိုင် ရခြင်း ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်သောကြောင့် မသေရာ အမတ အမည်ရသည့် အမြိုက်တရားကြီးပါပေတည်း။ (မဟာဋီ၊၂၊၄၃၁။ မ၊ဋီ၊၃၊၃၈၃ အဖွင့်များနှင့် အညီ ဘာသာပြန်ထားသည်။)

ဤအထက်ပါ နေက္ခမ္မသိတ သောမနဿဝေဒနာ = နိရာမိသ သုခဝေဒနာမှာ အထွတ်အထိပ်သို့ ရောက်ရှိ သွားသော နိရာမိသ သုခဝေဒနာကို ရည်ညွှန်းထားပေသည်။ အသင်သူတော်ကောင်းသည် ယခုအခါဝယ် ဝိပဿနာပိုင်းသို့ မရောက်သေးသော်လည်း ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင်လည်း ယင်း နိရာမိသ သုခဝေဒနာကို သိမ်းဆည်းရန် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် ဘုရားရှင်က ညွှန်ကြားတော်မူလျက်ပင် ရှိ၏။ သို့အတွက် ရူပါရုံ စသည့် အာရုံ (၆)မျိုးတို့၏ အနိစ္စအခြင်းအရာကိုလည်းကောင်း, ဒုက္ခအခြင်းအရာကိုလည်းကောင်း,အနတ္တ အခြင်းအရာကိုလည်းကောင်း, အသုဘအခြင်းအရာကိုလည်းကောင်း အသီးအသီး အာရုံယူ၍ ---

၁။ အနိစ္စဟု သိနေသော မနောဒွါရဝီထိများ,

၂။ ဒုက္ခဟု သိနေသော မနောဒွါရဝီထိများ,

၃။ အနတ္တဟု သိနေသော မနောဒွါရဝီထိများ,

၄။ အသုဘဟု သိနေသော မနောဒွါရဝီထိများ ---

ဤမနောဒွါရဝီထိများကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။ ထိုသို့ ရှုရာ၌ အာရုံ (၆)ပါးတို့တွင် အာရုံ တစ်ပါးစီကို အာရုံယူ၍ ရှုပါ။ သောမနဿဝေဒနာကို အဦးမူ၍ ရှုပါ။ ဇော အသီးအသီး၌လည်းကောင်း, တဒါရုံ ကျခဲ့သော် တဒါရုံ အသီးအသီး၌လည်းကောင်း ---

၁။ ဉာဏ်-ပီတိ နှစ်မျိုးလုံးယှဉ်ခဲ့သော် နာမ်တရား (၃၄) အသီးအသီး ရှိ၏။

၂။ ဉာဏ်မယှဉ် ပီတိသာယှဉ်သော် နာမ်တရား (၃၃) အသီးအသီး ရှိ၏။

နိရာမိသ သုခဝေဒနာကို အဦးမူ၍ ယင်းမနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းပြီးသော် ယင်းနာမ် တရားစုတို့၏ မှီရာဝတ္ထုရုပ်တို့နှင့် အာရုံရုပ်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါ။ ယင်းသို့ သိမ်းဆည်းနိုင်ခဲ့သော် ကာမဂုဏ်နှင့် မစပ်သော နိရာမိသ သုခဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် မစပ်သော နိရာမိသ သုခဝေဒနာကို ခံစား၏ဟု ကွဲကွဲပြားပြား သိသည် မည်ပေသည်။

သာမိသ ဒုက္ခဝေဒနာ

သာမိသ ဒုက္ခဝေဒနာ

တတ္ထ ကတမာနိ ဆ ဂေဟသိတာနိ ဒေါမနဿာနိ။ စက္ခုဝိညေယျာနံ ရူပါနံ။ ပ ။ သောတဝိညေယျာနံ သဒ္ဒါနံ။ ဃာနဝိညေယျာနံ ဂန္ဓာနံ။ ဇိဝှါဝိညေယျာနံ ရသာနံ။ ကာယဝိညေယျာနံ ဖောဋ္ဌဗ္ဗာနံ။ မနောဝိညေယျာနံ ဓမ္မာနံ ဣဋ္ဌာနံ ကန္တာနံ မနာပါနံ မနောရမာနံ လောကာမိသပဋိသံယုတ္တာနံ အပ္ပဋိလာဘံ ဝါ အပ္ပဋိလာဘတော သမနုပဿတော ပုဗ္ဗေ ဝါ အပ္ပဋိလဒ္ဓပုဗ္ဗံ အတီတံ နိရုဒ္ဓံ ဝိပရိဏတံ သမနုဿရတော ဥပ္ပဇ္ဇတိ ဒေါမနဿံ။ ယံ ဧဝရူပံ ဒေါမနဿံ၊ ဣဒံ ဝုစ္စတိ ဂေဟသိတံ ဒေါမနဿံ။ ဣမာနိ ဆ ဂေဟသိတာနိ ဒေါမနဿာနိ။ (မ၊၃၊၂၆၀-၂၆၁။)

၁။ စက္ခုဝိညာဏ်ဖြင့် သိမြင်အပ်ကုန်သော,

၂။ သောတဝိညာဏ်ဖြင့် ကြားသိအပ်ကုန်သော,

၃။ ဃာနဝိညာဏ်ဖြင့် နံသိအပ်ကုန်သော,

၄။ ဇိဝှါဝိညာဏ်ဖြင့် လျက်သိအပ်ကုန်သော,

၅။ ကာယဝိညာဏ်ဖြင့် ထိသိအပ်ကုန်သော,

၆။ မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော -

အလိုရှိအပ် ရှာမှီးအပ်ကုန်သော, နှစ်သက်အပ်ကုန်သော, မြတ်နိုးအပ်ကုန်သော = စိတ်နှလုံးကို တိုးပွားစေ တတ်ကုန်သော, စိတ်နှလုံး၏ မွေ့လျော်ရာ ဖြစ်ကုန်သော = စိတ်ကို မွေ့လျော်စေတတ်ကုန်သော, လောကာမိသ = လောက၏ အာမိသ အမည်ရသော တဏှာနှင့် စပ်ယှဉ်ကုန်သော (ရူပါရုံတို့ကို, သဒ္ဒါရုံတို့ကို, ဂန္ဓာရုံတို့ကို, ရသာရုံတို့ကို, ဖောဋ္ဌဗ္ဗာရုံတို့ကို) ဓမ္မာရုံတို့ကို မရရှိခြင်းကြောင့် မရရှိထားအပ်သော (ရူပါရုံကို, သဒ္ဒါရုံကို, ဂန္ဓာရုံ ကို, ရသာရုံကို, ဖောဋ္ဌဗ္ဗာရုံကို) ဓမ္မာရုံကို အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ရှုနေသော ပုဂ္ဂိုလ်၏ သန္တာန် ၌လည်းကောင်း, ရှေးရှေး၌ လွန်ခဲ့လေပြီးသော ချုပ်ဆုံးခဲ့လေပြီးသော ဖောက်ပြန် ပျက်စီးလေပြီးသော မရ အပ်ခဲ့ဖူးသော (ရူပါရုံကို။ ပ ။ ဖောဋ္ဌဗ္ဗာရုံကို) ဓမ္မာရုံကို အဖန်ဖန် အောက်မေ့သတိရသောသူ၏ သန္တာန်၌ လည်းကောင်း စိတ်မချမ်းသာခြင်း ဒေါမနဿဝေဒနာသည် ဖြစ်ပေါ်လာ၏။ ဤသို့ သဘောရှိသော စိတ်မချမ်း သာမှု ဒေါမနဿဝေဒနာကို ဂေဟသိတ ဒေါမနဿဝေဒနာဟူ၍ ခေါ်ဆိုအပ်၏။ ဤသည်တို့ကား (၆)မျိုး ကုန်သော ဂေဟသိတ ဒေါမနဿဝေဒနာတို့တည်း။ (မ၊၃၊၂၆၀-၂၆၁။)

ယင်းဂေဟသိတ ဒေါမနဿဝေဒနာကိုပင် သာမိသ ဒုက္ခဝေဒနာဟု ခေါ်၏။ မမှီဝဲအပ်သော တရားတည်း။ ယင်းသာမိသ ဒုက္ခဝေဒနာကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ---

၁။ မရရှိသဖြင့် စိတ်မချမ်းမသာ ဖြစ်နေသော အာရုံ (၆)မျိုးတို့တွင် တစ်မျိုးစီကို အသီးအသီး အာရုံယူ၍ လည်းကောင်း,

၂။ အတိတ်က မရခဲ့ဖူးသဖြင့် စိတ်မချမ်းမသာ ဖြစ်ဖူးသော အာရုံ (၆)မျိုးတို့တွင် တစ်မျိုးစီကို အသီးအသီး အာရုံယူ၍လည်းကောင်း ---

သိမ်းဆည်း ရှုပွားနိုင်သည်။ ထိုသို့ ရှုရာ၌ ဒုက္ခ = ဒေါမနဿဝေဒနာကို အဦးမူသဖြင့် ဒေါမနဿဝေဒနာ ပါဝင်သည့် ဒေါသမူစိတ်နှင့် ယှဉ်သော နာမ်တရားစုတို့ကိုလည်းကောင်း, ယင်းနာမ်တရားတို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်းကောင်း သိမ်းဆည်းရှုပွားပါ။ ထိုသို့ သိမ်းဆည်းနိုင်ခဲ့သော် သာမိသ ဒုက္ခဝေဒနာကို ခံစား လတ်သော် သာမိသ ဒုက္ခဝေဒနာကို ကွဲကွဲပြားပြား သိသည် မည်၏။

အတိတ်၌ ဒေါမနဿဖြစ်ပုံ

အတိတ်၌ ဒေါမနဿဖြစ်ပုံ

အတီတန္တိ ပစ္စုပ္ပန္နံ တာဝ ပတ္ထေတွာ အလဘန္တဿ ဒေါမနဿံ ဥပ္ပဇ္ဇတု၊ အတီတေ ကထံ ဥပ္ပဇ္ဇတီတိ။ အတီတေပိ ယထာဟံ ဧတရဟိ ဣဋ္ဌာရမ္မဏံ ပတ္ထေတွာ န လဘာမိ၊ ဧဝံ ပုဗ္ဗေပိ ပတ္ထေတွာ န လဘိန္တိ အနုဿရန္တဿ ဗလဝဒေါမနဿံ ဥပ္ပဇ္ဇတိ။ (မ၊ဋ္ဌ၊၄၊၁၈၆။)

ပစ္စုပ္ပန္နန္တိ သန္တတိပစ္စုပ္ပန္နံ။ (မ၊ဋီ၊၃၊၃၈၃။)

= သန္တတိပစ္စုပ္ပန် ဖြစ်သော အာရုံ (၆)ပါးကို လိုလားတောင့်တ၍ မရရှိသောသူ၏ သန္တာန်၌ မရရှိခြင်း ကြောင့် စိတ်မချမ်းသာခြင်း = ဒေါမနဿတရားသည် ဖြစ်စေဦးတော့၊ အတိတ်ဖြစ်သော အာရုံ (၆)ပါး၌ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် စိတ်မချမ်းသာခြင်း = ဒေါမနဿဝေဒနာတရားသည် ထင်ရှားဖြစ်လာနိုင် ပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ဖြစ်၏ --- ငါသည် ယခုအခါ၌ ဣဋ္ဌာရုံကို လိုလားတောင့်တ၍ မရ ရှိနိုင်သကဲ့သို့, အလားတူပင် ရှေးယခင်၌လည်း ဣဋ္ဌာရုံကို လိုလားတောင့်တ၍ မရခဲ့ဖူးလေပြီဟု ပစ္စုပ္ပန်၌ တောင့်တသဖြင့် မရရှိနိုင်သော ဣဋ္ဌာရုံကို ပိုင်းခြားယူခြင်းကို အစဉ်လျှောက်သဖြင့် အတိတ်၌ တောင့်တသဖြင့် မရရှိခဲ့သော ဣဋ္ဌာရုံကို အစဉ်လျှောက်၍ အောက်မေ့ သတိရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အားကောင်းသည့် စိတ်မချမ်းသာမှု ဒေါမနဿဝေဒနာသည် ဖြစ်ပေါ်လာပေ၏။ (မ၊ဋ္ဌ၊၄၊၁၈၆)

နိရာမိသ ဒုက္ခဝေဒနာ

နိရာမိသ ဒုက္ခဝေဒနာ

ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ၊ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပေတိ ကုဒါဿု နာမာဟံ တဒါယတနံ ဥပသမ္ပဇ္ဇ ဝိဟရိဿာမိ၊ ယဒရိယာ ဧတရဟိ အာယတနံ ဥပသမ္ပဇ္ဇ ဝိဟရန္တီတိ။ ဣတိ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပယတော ဥပ္ပဇ္ဇတိ ပိဟပစ္စယာ ဒေါမနဿံ၊ ယံ ဧဝရူပံ ဒေါမနဿံ၊ ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ ဒေါမနဿံ။ (မ၊၃၊၂၆၁။)

= ရူပါရုံတို့၏သာလျှင် မမြဲသော အနိစ္စအခြင်းအရာကိုလည်းကောင်း, ဖောက်ပြန်ခြင်း = ဝိပရိဏာမ သဘော, ကင်းပြတ်ခြင်း = ဝိရာဂသဘော, ချုပ်ပျောက်ခြင်း = နိရောဓသဘောကိုလည်းကောင်း သိရှိ၍ --- ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ရူပါရုံတို့သည်လည်းကောင်း, ယခုအခါ၌ ရူပါရုံတို့သည်လည်းကောင်း ရှိကြကုန်၏။ ခပ်သိမ်း ကုန်သော ထိုရူပါရုံတို့သည် ---

၁။ ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း၊

၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံရသော ဒုက္ခတရားတို့သာတည်း၊

၃။ ဇရာ-မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမတရားတို့သာတည်း ---

ဤသို့လျှင် ဤရူပါရုံကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ရသည် ဖြစ်၍ ကိလေသာတို့မှ လွတ်မြောက်မှုတို့၌ အသာဆုံး အမြတ်ဆုံး ဖြစ်သောကြောင့် အနုတ္တရဝိမောက္ခ အမည်ရကုန် သော အရဟတ္တဖိုလ်တို့၌ --- အရိယာ သူတော်ကောင်းတို့သည် ယခုအခါ၌ အကြင် အရဟတ္တဖိုလ်သို့ ကပ်ရောက်၍ နေထိုင်တော်မူကြကုန်၏၊ ငါသည်လည်းပဲ အဘယ်မည်သော အခါ၌ ထိုအရဟတ္တဖိုလ်သို့ ကပ်ရောက် ၍ နေရပါအံ့နည်း --- ဟူသော တောင့်တခြင်းကို (မြတ်နိုးခြင်းကို) ဖြစ်စေ၏။ ဤသို့လျှင် အနုတ္တရဝိမောက္ခ တရားတို့၌ တောင့်တခြင်း (ချစ်မြတ်နိုးခြင်းကို) ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ တောင့်တမှု (ချစ် မြတ်နိုးမှု) ဟူသော အကြောင်းကြောင့် ဒေါမနဿတရားသည် ဖြစ်ပေါ်၍လာ၏။ ဤဒေါမနဿတရားသည် နေက္ခမ္မသိတဒေါမနဿ မည်၏။ နိရာမိသ ဒုက္ခဝေနာတည်း။ (သဒ္ဒါရုံ စသည့် အာရုံငါးပါးတို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။) (မ၊၃၊၂၆၁။)

ဣမာနိ ဆ နေက္ခမ္မသိတာနိ ဒေါမနဿာနီတိ ဣမာနိ ဧဝံ ဆသု ဒွါရေသု ဣဋ္ဌာရမ္မဏေ အာပါထဂတေ အရဟတ္တေ ပိဟံ ပဋ္ဌပေတွာ တဒဓိဂမာယ အနိစ္စာဒိဝသေန ဝိပဿနံ ဥပဋ္ဌပေတွာ ဥဿုက္ကာပေတုံ အသက္ကောန္တဿ ဣမမ္ပိ ပက္ခံ ဣမမ္ပိ မာသံ ဣမမ္ပိ သံဝစ္ဆရံ အရဟတ္တံ ပါပုဏိတုံ နာသက္ခိန္တိ အနုသောစတော ဂါမန္တပဗ္ဘာရဝါသိမဟာသိဝတ္ထေရဿ ဝိယ အဿုဓာရာပဝတ္တနဝသေန ဥပ္ပန္နဒေါမနဿာနိ ဆ နေက္ခမ္မသိတဒေါမနဿာနီတိ ဝေဒိတဗ္ဗာနိ။ (မ၊ဋ္ဌ၊၄၊၁၈၇။)

ဘုရား အစရှိသော အရိယာသူတော်မြတ်တို့၏ အထံမှ အရဟတ္တဖိုလ်၏ ဂုဏ်ကျေးဇူးတို့ကို တစ်ဆင့် ကြားနာရ၍ အရဟတ္တဖိုလ်ကို ရလိုသော ကြံစည်စိတ်ကူးမှုများသည် ဖြစ်ပေါ်လာ၏၊ အရဟတ္တဖိုလ်ကို ရည် ညွှန်း၍ ဆုတောင်းပန်ထွာမှုကိုလည်း ပြု၏။ ထိုအရဟတ္တဖိုလ်၌ မိမိ၏ စိတ်ကို ရရှိဖို့ရန် ဆောက်တည်ထား ၏။ ဤသို့ အရဟတ္တဖိုလ်ကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းတစ်ဦးသည် အရဟတ္တဖိုလ်ကို ရကြောင်းဖြစ်သည့် သမထ ဝိပဿနာ ဘာဝနာတို့ကို စီးဖြန်းအားထုတ်လေရာဝယ် ဒွါရ (၆)ပါးတို့၌ ဣဋ္ဌာရုံ (၆)မျိုးတို့သည် ထိုက်သလို ထင်လာကြ၏။ ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ ဣဋ္ဌာရုံသည် ထင်လာလတ်သော် အရဟတ္တဖိုလ်၌ လိုလားတောင့်တခြင်း = ချစ်မြတ်နိုးခြင်းဟူသော အလွန် သိမ်မွေ့နူးညံ့သော ပိဟတရားကို ဖြစ်စေ လျက် ထိုအရဟတ္တဖိုလ်ကို ရရှိခြင်းငှာ ယင်းအာရုံ (၆)ပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာရေးတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၍ အရဟတ္တဖိုလ်သို့တိုင်အောင် ရောက်ရှိအံ့သောငှာ လုံ့လကြိုးကုတ် အားထုတ်ပါသော်လည်း ရောက်ရှိစေဖို့ရန် မစွမ်းနိုင် ဖြစ်နေ၏။ ထိုသို့ အရဟတ္တဖိုလ်သို့ ရောက်ရှိဖို့ရန် မစွမ်းနိုင် ဖြစ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် -

ငါသည် ဤလဆန်းပက္ခပတ်လုံးလည်း, ဤလဆုတ်ပက္ခပတ်လုံးလည်း, ဤလပတ်လုံးလည်း, ဤနှစ် ပတ်လုံးလည်း ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်ပါလျက် ဖြစ်စေပါလျက် အရဟတ္တဖိုလ်သို့ ရောက်ရှိအံ့ သောငှာ မစွမ်းနိုင်ခဲ့လေပေါ့ --- ဟု

အဖန်ဖန် ဝမ်းနည်း ကြေကွဲခြင်းသည် ဖြစ်ပေါ်လာ၏။ ယင်းသို့ အဖန်ဖန် ဝမ်းနည်း ကြေကွဲသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ရွာနီးကျောင်း လိုဏ်ဂူ၌ သီတင်းသုံးတော်မူသော မဟာသီဝမထေရ်မြတ်ကြီး၏ သန္တာန်၌ကဲ့သို့ မျက်ရည် အယဉ်တို့ကို တသွင်သွင် စီးဆင်းစေသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကြကုန်သော (၆)ပါးကုန်သော ဒေါမနဿဝေဒနာတို့ကို နေက္ခမ္မသိတဒေါမနဿဝေဒနာတို့ဟူ၍ သိအပ်ကုန်၏။ (မ၊ဋ္ဌ၊၄၊၁၈၇။)

အနုတ္တရဝိမောက္ခော နာမ အရဟတ္တံ ဣဓ အဓိပ္ပေတံ ဥက္ကဋ္ဌနိဒ္ဒေသေန။ (မ၊ဋီ၊၃၊၃၈၃။)

အနုတ္တရေသု ဝိမောက္ခေသူတိ သုညတဖလာဒိအရိယဖလဝိမောက္ခေသု။ (ဒီ၊ဋီ၊၂၊၂၆၅။)

အနုတ္တရဝိမောက္ခ အရ အရဟတ္တဖိုလ်ကို ကောက်ယူရန် အဋ္ဌကထာက (မ၊ဋ္ဌ၊၄၊၁၈၆) ဖွင့်ဆိုခြင်းမှာ အသာဆုံး အမြတ်ဆုံးဖြစ်သည့် ဝိမောက္ခတရား = ကိလေသာတို့မှ လွတ်မြောက်ကြောင်းတရားကို ညွှန်ကြား တော်မူလိုသည့် အတွက် ဥက္ကဋ္ဌနိဒ္ဒေသနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်။ ဥပစာရစျာန်, အပ္ပနာစျာန်, ဝိပဿနာစျာန်, အောက်မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို လိုလားတောင့်တလျက် ချစ်မြတ်နိုးလျက် သမထ ဝိပဿနာ ဘာဝနာတို့ကို အားထုတ်ရာ၌လည်း မျှော်လင့် တောင့်တသည့်အတိုင်း မရရှိ၍ ဝမ်းနည်းကြေကွဲရာ၌ ဖြစ်ပေါ် လာကုန်သော ဒေါမနဿဝေဒနာတို့သည်လည်း နေက္ခမ္မသိတဒေါမနဿဝေဒနာတို့သာတည်းဟု မှတ်ပါ။

ဆိုလိုရင်းသဘော

ဆိုလိုရင်းသဘော

ဤ၌ ပိဟာခေါ်သော လောဘတရားက အရိယဖိုလ်ကို ဧကန် တိုက်ရိုက် အာရုံပြု၍ တောင့်တသည်ဟု ဆိုလိုသည် မဟုတ်၊ လောဘကဲ့သို့သော အကုသိုလ်ကို မဆိုထားဘိ၊ ဉာဏဝိပ္ပယုတ်ကုသိုလ်များသည်ပင်သော် လည်း လောကုတ္တရာတရားကို လုံးဝတိုက်ရိုက် အာရုံ မပြုနိုင်ချေ။ အမှန်စင်စစ်သော်ကား --- အရိယဖိုလ်တို့သည် ဤသို့ ဤသို့သော အာနုဘော်ထူး ဂုဏ်ကျေးဇူး ရှိကုန်၏ စသည်ဖြင့် တစ်ဆင့်ကြား၍ ဖြစ်စေ, ကျမ်းဂန်စာပေ သင်ကြားခြင်း, သမထ ဝိပဿနာ ဘာဝနာတရားတို့ကို ပွားများခြင်း၏ စွမ်းအင်သတ္တိကြောင့် ထင်ရှားလာသော လောကုတ္တရာတရားတို့၏ အခြင်းအရာ အာကာရ သဘောသွားကို မှတ်သားတတ်သည့် ဉာဏ်ပညာ၌ တည်၍ ဖြစ်စေ --- အနုမာန မှန်းဆသောအားဖြင့် လောကုတ္တရာ အရိယဖိုလ်တရားတို့ကို တောင့်တကြလေသည်။

အလွန်မွန်မြတ် သိမ်မွေ့သော စျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်တရားတို့၏ အမည်နာမ ပညတ်များသည်လည်း ထိုတရားတို့ကဲ့သို့ပင် မွန်မြတ် သိမ်မွေ့သော သဘော ရှိကုန်၏။ သို့ရကား ပုထုဇန် သူငါတို့သည် မိမိတို့ မရသေး မသိသေးသော စျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်တရားတို့ကို တိုက်ရိုက်အာရုံပြု၍ တောင့်တနိုင်ကြသည်ကား မဟုတ် ကုန်၊ ထိုတရားတို့၏ စျာန်ဟူသော အမည် နာမပညတ်, မဂ် ဖိုလ် နိဗ္ဗာန်ဟူသော အမည် နာမပညတ် --- ဤ အလွန်သိမ်မွေ့လှသည့် ပညတ်တို့ကို အာရုံပြု၍သာ ထိုစျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်တရားတို့ကို ရော်ရမ်းမှန်းဆ အနုမာနအားဖြင့်သာ တောင့်တကြရလေသည်။ ထိုကြောင့် ဤယခုအခါ၌ ပုထုဇန် ယောဂီသူတော်ကောင်း တို့သည် တစ်ဆင့်ကြား = သုတပရိယတ်အားဖြင့် သိရှိအပ်သည့် လောကုတ္တရာ အရိယဖိုလ်တရားတို့ကို ရော်ရမ်းမှန်းဆ၍ ထိုအရိယဖိုလ်တရားတို့၏ လောကုတ္တရာ အရိယဖိုလ်ဟူသော ပညတ်ကိုသာ အာရုံပြု၍ လို လားတောင့်တမှု = ပိဟာ ခေါ်သော လောဘတရားကိုဖြစ်စေကြသည်ကိုပင် လောကုတ္တရာ အရိယဖိုလ်တရား တို့၌ လိုလားတောင့်တမှု = ပိဟာ ခေါ်သော သိမ်မွေ့သော လောဘတရားသည် ဖြစ်ပေါ်လာ၏ဟု ဖော်ပြခြင်း ဖြစ်ပေသည်။

ထိုသို့ လောကုတ္တရာ အရိယဖိုလ်တရားတို့၌ လိုလားတောင့်တမှု = ပိဟာခေါ်သော သိမ်မွေ့သော လောဘ တရားသည် ထင်ရှားဖြစ်ပေါ်ပြီးနောက် ထိုလောကုတ္တရာ အရိယဖိုလ်တရားတို့ကို ရရှိနိုင်ရန် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို မနေမနား ပွားများကြိုးကုတ် အားထုတ်ပါလျက် အရိယဖိုလ်သို့ မရောက်နိုင်သော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် --- ငါကား ဤပက္ခပတ်လုံး, ဤလပတ်လုံး, ဤနှစ်ပတ်လုံး ဝိပဿနာတရားကို မနေမနား ပွားများကြိုးကုတ် အားထုတ်ပါလျက် ငါတောင့်တသည့် အရိယဖိုလ်သို့ မရောက်နိုင်စွတကားဟု အဖန်ဖန် စိုးရိမ်ပူပန်သောအခါ ဖြစ်ပွား ပေါ်ပေါက်၍လာသော စိတ်နှလုံးမသာယာခြင်း = ဒေါမနဿဝေဒနာကို နေက္ခမ္မသိတဒေါမနဿဝေဒနာဟု ခေါ်၏။

တစ်ဖန် မိမိရရှိထားပြီးသော စျာန်များ၏ လျှောကျသွားခြင်းကြောင့်လည်းကောင်း, ရရှိထားပြီး ဖြစ်သည့် စျာန်ကို တစ်ဖန်ပြန်၍ မရရှိသေးခြင်းကြောင့်လည်းကောင်း ထိုပျောက်ပျက်သွားသော စျာန်ကို အာရုံယူ၍ ဖြစ် ပေါ်လာသော စိတ်နှလုံး မသာယာမှု = ဒေါမနဿဝေဒနာကိုလည်း နေက္ခမ္မသိတဒေါမနဿဝေဒနာဟုပင် ခေါ်ဆို၏။

ယင်း နေက္ခမ္မသိတဒေါမနဿဝေဒနာတို့ကို မှီဝဲလျှင် အဖန်တလဲလဲ ဖြစ်စေလျှင် ထိုဒေါမနဿဝေဒနာမှ အားကြီးသော မှီရာ ဥပနိဿယပစ္စည်း အကြောင်းတရားကို ရရှိ၍ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ ဆတက်ထမ်းပိုး တိုးပွားလာနိုင်သဖြင့် အကုသိုလ်တရားများ ဆုတ်ယုတ်ကာ ကုသိုလ်တရားတို့သည် ဒီရေအလား တစ်နေ့တခြား တိုးပွားလာနိုင်လေသည်။ ထိုကြောင့် ယင်းနေက္ခမ္မသိတ ဒေါမနဿဝေဒနာကို မှီဝဲအပ် မှီဝဲ ကောင်း၏ဟူ၍ သက္ကပဥှသုတ္တန်၌ ဘုရားရှင်သည် ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ ဤတွင် မဟာသီဝ မထေရ်မြတ်ကြီး၏ထုံးကို အဋ္ဌကထာက ထုတ်ဆောင် ပြထားတော်မူပေသည်။

မဟာသီဝမထေရ်မြတ်ကြီး

မဟာသီဝမထေရ်မြတ်ကြီး (ဒီ၊ဋ္ဌ၊၂၊၃၁၉-၃၂၂။)

မဟာသီဝမထေရ်မြတ်ကြီးကား သံဃာတော်ပေါင်း ထောင်နှင့်သောင်းနှင့်ချီ၍ အရေအတွက်ရှိသော ဂိုဏ်း ကြီး (၁၈)ဂိုဏ်းတို့ကို စာပေပို့ချတော်မူ၏။ ထိုမထေရ်မြတ်ကြီး၏ အဆုံးအမဩဝါဒ၌ ရပ်တည်၍ သုံးသောင်း အတိုင်းအရှည် ရှိကုန်သော ရဟန်းတော်တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကုန်၏။ ယင်း တပည့် အပေါင်းတို့၏ ရဟန္တာဖြစ်ပြီးရာ ကာလမှနောက်ပိုင်း အချိန်ကာလ၌ ရဟန်းတော်တစ်ပါးသည် ဤသို့စဉ်းစားမိ၏။

ငါ၏ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ဂုဏ်ကျေးဇူးတို့ကား အတိုင်းအရှည် မရှိကြကုန်၊ ငါ၏ ဆရာသမား၏ ဂုဏ်ကျေးဇူးတို့ကို အဘယ်ကဲ့သို့ ရှုအပ်ပါကုန်လိမ့်မည်နည်း?

ဤသို့ ဆင်ခြင်လတ်သော် ပုထုဇန်အဖြစ်၌သာ တည်ရှိနေသေးသည်ကို ဉာဏ်ဖြင့် တွေ့မြင်ရ၍ (အဘိညာဏ်ဖြင့် သိရှိ၍) ---

ငါတို့၏ ဆရာသမားသည်ကား သူတစ်ပါးတို့၏ မှီခိုအားထားရာကား ဖြစ်၏၊ မိမိ၏ကား မှီခိုအားထားရာ ဖြစ်ဖို့ရန် မစွမ်းနိုင်လေပေါ့၊ ထိုဆရာသမားအား ဆိုဆုံးမပေဦးအံ့ --- ဟု နှလုံးပိုက်၍ ကောင်းကင်ခရီးဖြင့် ကြွ ရောက်လာ၍ မဟာသီဝမထေရ်မြတ်ကြီး သီတင်းသုံးတော်မူရာကျောင်း၏ အနီး၌ ကောင်းကင်မှ သက်ဆင်း၍ နေသန့်စင်တော်မူရာအရပ်၌ ထိုင်၍ သီတင်းသုံးနေတော်မူသော ဆရာသမားထံသို့ ချဉ်းကပ်၍ ဝတ်ကြီး ဝတ် ငယ်ကို ပြုသင့်သမျှ ပြုကျင့်ခြင်းဖြင့် ထင်ရှားပြပြီး၍ သင့်တင့်လျောက်ပတ်သော တစ်နေရာ၌ ထိုင်၍ သီတင်းသုံး လိုက်၏။ မဟာသီဝမထေရ်မြတ်ကြီးက လာရောက်ခြင်း၏ အကြောင်းရင်းကို မေးမြန်းတော်မူ၏။ တပည့်ဖြစ်သူ ကလည်း အနုမောဒနာတရား တစ်ပုဒ်လောက်ကို သင်ယူလို၍ လာရောက်ပါကြောင်းကို ပြန်ပြောင်း၍ လျှောက် ထား၏။

အနုမောဒနာတရား တပုဒ်လောက်ကို သင်ယူဖို့ရန် သင်ကြားပေးရန် အခွင့်အရေး ရနိုင်လိမ့်မည်မဟုတ် ကြောင်းကို မထေရ်မြတ်ကြီးက ပြန်လည်၍ မိန့်ကြားတော်မူ၏။

ထိုနောင် ဆရာနှင့် တပည့်တို့ အချီအချ ပြောဆိုကြသည်မှာ ဤသို့ ဖြစ်၏ ---

တပည့် ။ ။ အရှင်ဘုရား ...ယနေ့ ငါသည် အဘယ်အရပ်၌ ဆွမ်းခံလှည့်လည်ရပါအံ့နည်း ဤသို့ အရှင်ဘုရား ကြံစည် စိတ်ကူးရာ တန်ဆောင်းဝန်း၌ ရပ်တည်နေသောအခါ တပည့်တော် မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုတန်ဆောင်းဝန်းအရပ်၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြသည် ငါ့ရှင်။

တပည့် ။ ။ အရှင်ဘုရား ဆွမ်းခံရွာသို့ မရောက်မီ ကျောင်းမှ ဆွမ်းခံရွာသို့ အသွား လမ်းခရီး စပ်ကြား၌ မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုလမ်းခရီး စပ်ကြား၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ နှစ်ထပ်သော သင်းပိုင်ကို ပြင်၍ဝတ်ရာ အရပ်၌ မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ ရွာတွင်းသို့ ဆွမ်းခံဝင်ဖို့ရန် သင်္ကန်းကြီးကို ရုံရာအရပ်၌ မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ ဆွမ်းခံဖို့ရန် သပိတ်အိတ်အတွင်းမှ သပိတ်ကို ထုတ်ယူရာအရပ်၌ မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ အရှင်ဘုရား ရွာတွင်း၌ ဆွမ်းခံလှည့်လည်ပြီးနောက် ရွာတွင်း ဆွမ်းစားရာဇရပ်၌ (ထိုင်နေရာ ဇရပ်၌) ယာဂုကို ဘုဉ်းပေးသုံးဆောင်နေတော်မူသော အခါ၌ မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုယာဂုကို သောက်သုံးရာအခါ၌ အဋ္ဌကထာ၏ အနက်အဓိပ္ပါယ်ကို မေးမြန်းတတ်ကုန်သော မထေရ်ကြီးတို့သည် မိမိ၏ ယုံမှားသံသယ ရှိနေမှုကို လာရောက်၍ ပယ်ဖျောက်ကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ အရှင်ဘုရား ယာဂုဆွမ်းစားခြင်းကိစ္စ ပြီး၍ ရွာတွင်းမှ ထွက်ခွာလာရာအခါ၌ မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုရွာတွင်းမှ ထွက်ခွာလာရာအခါ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင် ။

တပည့် ။ ။ ဆွမ်းခံလှည့်လည်ပြီးနောက် ဆွမ်းကို ယူဆောင်၍ ရွာတွင်းမှ ကျောင်းသို့ ပြန်လာရာ လမ်းခရီး အကြား၌ မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုနေရာ၌ အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ အရှင်ဘုရား ကျောင်းတွင်းရှိ ဆွမ်းစားကျောင်း၌ ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးသောအခါဝယ် မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ အရှင်ဘုရား နေ့သန့်စင်တော်မူရာ နေရာ၌ မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ ကျောင်းပေါ်သို့တက်ရန် ခြေဆေးသည့် အင်းပျဉ်ခုံ၌ ထိုင်လျက် ခြေတို့ကို ဆေးကြောနေစဉ် အချိန်အခါကာလ၌ မေးမြန်း လျှောက်ထားပါရစေ။ အရှင်ဘုရား ...

ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ မျက်နှာကို သစ်တော်မူရာအခါ၌ မေးမြန်း လျှောက်ထားပါရစေ အရှင်ဘုရား။

ဆရာ ။ ။ ထိုအခါ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။ ထိုအချိန်မှ စ၍ အရုဏ်တက်ရာ ကာလတိုင်အောင် အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ အရှင်ဘုရား ဒန်ပူကို ယူဆောင်၍ မျက်နှာသစ်ဖို့ရန် ကြွတော်မူရာအခါ၌ မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုအခါ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ အရှင်ဘုရား မျက်နှာသစ်တော်မူပြီး၍ ပြန်ကြွလာရာ အခါ၌ မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ မျက်နှာသစ်ပြီး၍ ပြန်လာရာ ထိုအခါမှာလည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြ ကုန်၏ ငါ့ရှင်။

တပည့် ။ ။ အရှင်ဘုရား ကျောင်းတွင်းသို့ ဝင်၍ ထိုင်နေရာအခါ၌ မေးမြန်း လျှောက်ထားပါရစေ။

ဆရာ ။ ။ ထိုနေရာ၌လည်း အခြားသူတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။

တပည့် ။ ။ အရှင်ဘုရား ...မျက်နှာသစ်တော်မူပြီး၍ ထက်ဝယ်ဖွဲ့ခွေလျက် ထိုင်နေသည့် ဣရိယာပုထ်ကို နှစ်ကြိမ် သုံးကြိမ် ပြင်၍ ထိုင်ရာ အချိန်အခါပတ်လုံးလောက် ကိုယ်ငွေ့ကို ယူစေ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းဖြစ်သော ယောနိသောမနသိကာရ အမည်ရသော ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း၌ ဝိပဿနာ ဘာဝနာ လုပ်ငန်းရပ်ကို ပြုစုပျိုးထောင်ကြကုန်စဉ် ကမ္မဋ္ဌာန်းနှလုံးသွင်းချိန်၌ သူတစ်ပါးတို့က မေးမြန်း လျှောက်ထားဖွယ် မလိုသောကြောင့် မိမိကမ္မဋ္ဌာန်းအတွက် အခွင့်ပေးသင့်သည့် အချိန်အခါ ကား ဖြစ်သင့်သည် မဟုတ်ပါလား? (ဤမျှလောက်တော့ မိမိအတွက် အချိန်ပေးသင့်သည် မဟုတ်ပါလား?) အရှင်ဘုရား ...အရှင်ဘုရားတို့သည် သေဖို့ရန် အချိန်ကာလ ခဏကိုသော် မျှလည်း မရကြကုန်တော့လတ္တံ့။ အရှင်ဘုရား ...အရှင်ဘုရားတို့သည် မှီရာ တံကဲမှီပျဉ်ချပ်နှင့် တူတော်မူကြပါကုန်၏။ သူတစ်ပါး၏ မှီခိုအားထားရာကား ဖြစ်တော်မူကြပါကုန်၏။ မိမိ၏ မှီခိုအားထားရာ ဖြစ်ဖို့ရန်ကား မစွမ်းနိုင်ကြပါကုန်။ တပည့်တော်အား အရှင်ဘုရားတို့၏ ဆွမ်းအနုမောဒနာတရား စသည့် အနုမောဒနာတရား တစ်ပုဒ်ဖြင့် အလိုမရှိတော့ပါ။

ဤသို့ လျှောက်ထားပြီး၍ ကောင်းကင်ခရီး၌ ပျံတက်၍ ကြွသွားတော်မူ၏။

မဟာသီဝမထေရ်မြတ်ကြီးကား ဤသို့ စဉ်းစားတော်မူ၏ --- ဤရဟန်းတော်မှာ ပရိယတ် စာသင်ခြင်း ဖြင့် ပြုလုပ်ဖွယ် လုပ်ငန်းကိစ္စကား မရှိတန်ရာ၊ သို့သော် --- ပကတိသော ချွန်းသည် ဆင်ကို ဆိုဆုံးမတတ်သည့် လက်နက်ကောင်းတစ်ခု ဖြစ်သကဲ့သို့ အလားတူပင် ဤရဟန်းတော်သည် ငါ၏ ချွန်းချိတ်သဖွယ် ဖြစ်ပေအံ့ဟု ဤသို့ကြံစည်၍ ငါ့ထံသို့ လာရောက်ခြင်း ဖြစ်ပေ၏။ဟု သိရှိ၍ ---

ယခုအခါ၌ ရဟန်းတရားကို သွားရောက်အားထုတ်ဖို့ရန် ဤကျောင်းမှ ထွက်ခွာဖို့ရန် အခွင့်အရေးသည် ကား မဖြစ်တော့ပေလတ္တံ့၊ နံနက် မိုးသောက်ထသောအခါ၌ သွားပေအံ့ --- ဟု ဤသို့ ကြံစည်ဆုံးဖြတ်၍ သပိတ်သင်္ကန်းကို အနီးအနား၌ ထား၍ တစ်နေ့ပတ်လုံးလည်း စာပေကို ပို့ချ၏၊ ပထမယာမ် (ညဉ့်ဦးယာမ်) ပတ်လုံးလည်း စာပေကို ပို့ချ၏။ ပစ္ဆိမ = မိုးသောက်ယာမ်၌ကား မထေရ်တစ်ပါးက ပါဠိတော်ကို သင်ယူပြီး၍ မဟာသီဝမထေရ်ကြီး အထံမှ အထွက်တွင် ထိုမထေရ်နှင့် အတူတကွသာလျှင် ကျောင်းမှ ထွက်တော်မူခဲ့၏။ စာမေးမြန်း လျှောက်ထားဖို့ရန် ထိုင်နေစောင့်နေကြကုန်သော အနီးနေတပည့်တို့သည် --- ငါတို့၏ ဆရာတော်သည် ကိုယ်လက်သုတ်သင်မှု စသည့် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စကြောင့် ထွက်ခွာသွားလေရာ၏ဟု မှတ်ထင်ကြကုန်၏။ နောက်ဆုံး ပစ္ဆိမယာမ်ဖြစ်၍ မှိုးတိုးမှောင်တောင် ဝိုးတိုးဝါးတား ဖြစ်နေချိန်ဝယ် နောက်က နေ၍ ကြည့်လိုက်ရသောကြောင့် ထွက်ခွာသွားသော မထေရ်မြတ်ကြီးကို ဆရာတူ ရဟန်းတော်တစ်ပါးပဲဟု အချို့သူက အမှတ်သညာ ပြုမိ၏။ မထေရ်မြတ်ကြီးကား မိမိကိုယ်ကို မိမိ ဤသို့ ယူဆတော်မူ၏ ---

ငါကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ အရဟတ္တဖိုလ်မည်သည် အဘယ်မှာလျှင် ခဲယဉ်းဖွယ် ရှိနိုင်အံ့နည်း? နှစ်ရက် သုံးရက်ဖြင့်ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ရှိ၍ ပြန်လာပေအံ့ ---

ဤသို့ ကြံစည် ယူဆတော်မူ၍ အတွင်းနေ တပည့်တို့အား မပြောပြမူ၍သာလျှင် ဝါဆိုလ၏ လဆန်းပက္ခ (၁၃)ရက်မြောက်သောနေ့၌ ကျောင်းမှ ထွက်ခဲ့၍ ရွာနီးကျောင်းဖြစ်သည့် တောင်ဝှမ်းလိုဏ်သို့ ကြွတော်မူ၏။ ရောက်ရှိသောအခါ စင်္ကြံထက်သို့ တက်၍ ကမ္မဋ္ဌာန်းကို နှလုံးသွင်းလတ်သော် ထိုနေ့၌ အရဟတ္တဖိုလ်ကို ရယူ ခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့၏။ ဝါဆိုလပြည့် ဥပုသ်နေ့သို့ ရောက်လတ်သော် --- နှစ်ရက် သုံးရက်ဖြင့် အရဟတ္တဖိုလ်ကို အရယူပေအံ့ဟု နှလုံးပိုက်၍ ဤနေရာသို့ ရောက်ရှိလာခဲ့၏။ အရဟတ္တဖိုလ်ကို အရယူဖို့ရန်ကား မစွမ်းနိုင် ရှိခဲ့ လေပေါ့ဟု ကြံစည် စဉ်းစားမိခဲ့လေ၏။ ဝါတွင်းသုံးလတို့ကို သုံးရက်ကဲ့သို့ သေဘောထားကာ သီတင်းကျွတ် လပြည့် မဟာပဝါရဏာနေ့သို့ ဆိုက်ရောက်သောအခါ အရဟတ္တဖိုလ်ကို သိရတော့ပေလတ္တံ့ဟု စိတ်အားတင်း ကာ ထိုရွာနီးကျောင်းလိုဏ်မှာပင် ဝါဆို ဝါကပ်တော်မူလိုက်၏။ ဝါဆိုဝါကပ်၍ ဝါတွင်းသုံးလပတ်လုံး ကမ္မဋ္ဌာန်းတရားကို လှလှကြီး ဝဝကြီး အင်တိုက်အားတိုက် အားသွန်ခွန်စိုက် ကြိုးပမ်းပါသော်လည်း အရဟတ္တဖိုလ်ကို ရယူခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့၏။

သီတင်းကျွတ်လပြည့်နေ့ မဟာပဝါရဏာနေ့၌ကား ဤသို့ စဉ်းစားတော်မူ၏ -- ငါသည် နှစ်ရက် သုံးရက် ဖြင့် အရဟတ္တဖိုလ်ကို အရယူပေအံ့ဟူသော ဦးတည်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့၏၊ ဝါတွင်းသုံးလ ဖြင့်သော်မှလည်း အရဟတ္တဖိုလ်ကို အရယူခြင်းငှာ မစွမ်းနိုင်ခဲ့ပြီပေါ့၊ ငါနှင့် အတူတကွ သီလ-သမာဓိ-ပညာ = သိက္ခာသုံးရပ် အကျင့်မြတ်တည်းဟူသော သာသနဗြဟ္မစရိယ, အရိယမဂ်ဉာဏ်တည်းဟူသော မဂ္ဂဗြဟ္မစရိယ - ဤမွန်မြတ်သော ဗြဟ္မစရိယကျင့်စဉ် နှစ်ရပ်ကို ပြုကျင့်လေ့ ဖြည့်ကျင့်လေ့ ရှိကြကုန်သော သီတင်းသုံးဖော် တို့သည်ကား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြကုန်၍ ကိလေသာတို့မှ အထူးသဖြင့် စင်ကြယ်သော ရဟန္တာ အရှင်မြတ်တို့၏ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ တစ်ပါးနှင့်တစ်ပါး မြင်လျှင်, ကြားလျှင်, သံသယ ရှိလျှင် ပြောဆိုဆုံးမတော်မူပါရန် ဖိတ်ကြားသည့် ဝိသုဒ္ဓိမဟာပဝါရဏာပွဲကြီးကို ဆင်နွှဲတော်မူကြကုန်ပြီပေါ့ဟု ဤသို့ ကြံစည်စဉ်းစားမိလေ၏။

ဤသို့ ကြံစည်စဉ်းစားမိသော မဟာသီဝမထေရ်မြတ်ကြီး၏ သန္တာန်ဝယ် မျက်ရည်အယဉ်တို့သည် တသွင် သွင် စီးဆင်း၍ ကျလာကုန်၏။ ထိုနောင် ကျောက်တောင်ကြီးပမာ အလွန့်အလွန် မြဲမြံခိုင်ခံသည့် ဆုံးဖြတ်ချက်ကြီး များကို ဤသို့ ချမှတ်တော်မူလိုက်၏။

ညောင်စောင်းထက်၌ ဣရိယာပုထ် လေးပါးတို့ဖြင့် ရဟန်းတရားကို ပွားများအားထုတ်လျက်ရှိသော ငါ၏သန္တာန်ဝယ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသည် ဖြစ်နိုင်လိမ့်မည်ကား မဟုတ်၊ ---

၁။ အရဟတ္တဖိုလ်သို့ မရောက်မချင်း ညောင်စောင်းထက်၌ ကျောက်ကုန်းကို မည်သည့်အခါမျှ မဆန့်တန်း တော့ပေအံ့၊

၂။ အရဟတ္တဖိုလ်သို့ မရောက်မချင်း ခြေတို့ကို မည်သည့်အခါမျှ (= ဘယ်တော့မှ) မဆေးကြောပေတော့အံ့

ဤသို့ ဆုံးဖြတ်ချက်ချတော်မူ၍ အဓိဋ္ဌာန်ပြုတော်မူ၍ ညောင်စောင်းကို ထောင်ထားလိုက်၏။

တစ်ဖန် ဝါတွင်းကာလသို့ ရောက်ရှိလာပြန်၏၊ အရဟတ္တဖိုလ်ကို အရယူခြင်းငှာကား မစွမ်းနိုင်ပေ ဖြစ်နေ သေး၏။ (၂၉)ကြိမ်သော သီတင်းကျွတ်လပြည့် ပဝါရဏာနေ့တို့၌ မျက်ရည်အယဉ်တို့သည် တသွင်သွင် စီးဆင်း၍ အမြဲတမ်းကျခဲ့ရ၏။

မဟာသီဝမထေရ်မြတ်ကြီး၏ ခြေတော်တို့ကား ရေမဆေးခဲ့သည်မှာ အလွန်ကြာညောင်းပြီ ဖြစ်သဖြင့် ကွဲအက်တော်မူလာကြကုန်၏။ ရွာသူရွာသား ကလေးသူငယ်တို့သည် မထေရ်မြတ်ကြီး၏ ခြေတော်တို့၌ အလွန် ကွဲအက်နေကြသော နေရာတို့ကို ဆူးတို့ဖြင့် ချုပ်စပ်ပေးကြကုန်၏။

ယင်းကလေးသူငယ်တို့သည် တစ်ဦးက တစ်ဦးကို ပြက်ရယ် ပြောင်လှောင်မှုကို ပြုကြသောအခါတို့၌ သော်မှလည်း --- အရှင်မဟာသီဝမထေရ်မြတ်ကြီး၏ ခြေထောက်တို့ကဲ့သို့ ဖြစ်ကြပါစေ --- ဤသို့ ပြောဆို၍ ပြက်ရယ်မှုကို ပြုကြကုန်၏။

မထေရ်မြတ်ကြီးသည် အနှစ် (၃၀)တို့ပတ်လုံး ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လာရာ အနှစ် (၃၀)မြောက်ဖြစ်သော သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ တံကဲမှီပျဉ်ချပ်ကို မှီ၍ ရပ်တည်လျက် ဤသို့ စဉ်းစား၏ ---

ယခုအခါ ရဟန်းတရားကို ပွားများအားထုတ်၍လာသော ငါ့အား အနှစ် (၃၀)တို့သည် ပြည့်ကုန်ပြီ၊ အရဟတ္တဖိုလ်သို့ ရောက်ရှိအံ့သောငှာ မစွမ်းနိုင်ခဲ့လေပေါ့၊ မချွတ်အမှန် ငါ့မှာ ဤခန္ဓာအတ္တဘော၌ (= ဤဘဝ၌) အရိယမဂ်သည်လည်းကောင်း, အရိယဖိုလ်သည်လည်းကောင်း ရရှိပုံမပေါ်ပေ၊ ငါသည် သီတင်းသုံးဖော်တို့နှင့် အတူတကွ ဝိသုဒ္ဓိပဝါရဏာပွဲကြီးကို ဖိတ်ကြားဆင်နွဲဖို့ရန် အခွင့်အရေးကြီးကိုကား မရနိုင်တော့ပြီပေါ့ ---

ဤသို့ ကြံစည် စဉ်းစားမိ၏။

ဤသို့ ကြံစည်နေစဉ်ပင်လျှင် ထို မဟာသီဝမထေရ်မြတ်ကြီး၏ သန္တာန်၌ စိတ်မချမ်းသာမှု ဒေါမနဿ တရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ မျက်ရည်အယဉ်တို့သည် တသွင်သွင် စီးဆင်းလာကြကုန်၏။

ထိုအခါ၌ မနီးမဝေးသော အရပ်၌ နတ်သမီးတစ်ဦးသည် ငိုယိုလျက် ရပ်တည်လာ၏။

ဤအရပ်၌ ငိုယိုနေသူကား အဘယ်သူနည်းဟု မထေရ်မြတ်ကြီးက မေးတော်မူလိုက်၏။

အရှင်ဘုရား ...တပည့်တော်သည် နတ်သမီးပါ ဘုရား --- ဟု ပြန်လည် လျှောက်ထားလိုက်၏။

အဘယ်အကြောင်းကြောင့် ငိုယိုနေရပါသနည်းဟု မထေရ်မြတ်ကြီးက မေးမြန်းလိုက်သောအခါ နတ်သမီးက ဤသို့ ပြန်လည်လျှောက်ထား၏။

အရှင်ဘုရား ...ငိုယိုသော ပုဂ္ဂိုလ်သည် မဂ်ဖိုလ်ကို ဖြစ်စေအပ်ပါပြီ၊ အရှင်ဘုရား ...ထိုသို့ ငိုလျှင် မဂ်ဖိုလ်ကို ရနိုင်သောကြောင့် တပည့်တော်မသည်လည်း တစ်မဂ် တစ်ဖိုလ်ကိုသော်လည်းကောင်း, နှစ်မဂ် နှစ်ဖိုလ် တို့ကိုလည်းကောင်း ဖြစ်စေတော့အံ့၊ ဤသို့ နှလုံးပိုက်၍ ငိုယိုနေပါသည် ဘုရား

ထိုသို့ နတ်သမီးက လျှောက်ထားလိုက်ခြင်းကြောင့် မဟာသီဝမထေရ်မြတ်ကြီးသည် ဤသို့ စဉ်းစားခန်း ဝင်တော်မူ၏။

အိုအမောင်မဟာသီဝ ...နတ်တို့ကသော်မှလည်း အမောင်နှင့် အတူတကွ ပြက်ရယ်ပြောင်လှောင်မှုကို ပြုကြကုန်ဘိ၏၊ အမောင့်အား ဤသို့ မျက်ရည်ယို၍ ငိုနေခြင်းသည် သင့်တင့်လျောက်ပတ် ကောင်းမြတ်ပါအံ့ လော

ဤသို့ သံဝေဂဉာဏ် ဖြစ်တော်မူ၍ ဝိပဿနာဉာဏ်ကို ဝိပဿနာဉာဏ်စဉ်အတိုင်း အစဉ်အတိုင်း တိုးပွား စေလတ်သည်ရှိသော် အရဟတ္တဖိုလ်ကို အရယူနိုင်ခဲ့လေပြီ။

ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတော်မူသော ထိုမဟာသီဝမထေရ်မြတ်ကြီးသည် --- ယခုအခါ၌ လျောင်း စက်ပေတော့အံ့ဟု ကြံစည်၍ ကျောင်းအိပ်ရာနေရာကို သုတ်သင် ရှင်းလင်း၍ ညောင်စောင်းငယ်ကို ခင်းကျင်း လိုက်၏။ ထိုနောင် ခြေဆေးရေထားရာအရပ်၌ ရေကို တည်ထားပြီးနောက် ခြေတို့ကို ဆေးကြောပေတော့အံ့ဟု ကြံစည်၍ စောင်းတန်းလှေခါးဦးဝယ် ခင်းထားအပ်သော ခြေထိုင်ဆေးသည့် အင်းပျဉ်ချပ်ပေါ်၌ ထိုင်တော်မူ လိုက်၏။

ထိုမဟာသီဝမထေရ်မြတ်ကြီးသည် အန္တေဝါသိက အတွင်းနေ တပည့်တို့သည်လည်း ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန် ကြွသွားတော်မူသော ငါတို့၏ ဆရာသမားသည်ကား နှစ်ပေါင်း (၃၀) တို့ ပြည့်ကုန်ပြီ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော တရားထူး တရားမြတ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်လေသလော? မစွမ်းနိုင်လေသလော? --- ဤသို့ ဆင်ခြင်ကုန်လတ်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပြီး၍ ခြေဆေးရန် အလို့ငှာ ထိုင်နေပြီဟု မြင်တော်မူကုန်ရကား --- ငါတို့၏ ဆရာသမားသည် ငါတို့ကဲ့သို့သော အန္တေဝါသိက တပည့်တို့သည် အသက်ထင်ရှား တည်ရှိနေကြကုန်စဉ် မိမိကိုယ်တိုင်ပင်လျှင် မိမိခြေတို့ကို ဆေးကြောရပေ လတ္တံ့ဟူသော --- ဤသဘောတရားကား သင့်တင့်သော အကြောင်းအရာ မဟုတ်ချေ၊ ငါသည် ခြေဆေးပေး ပေအံ့၊ ငါသည် ခြေဆေးပေးပေအံ့ --- ဤသို့ ကြံစည်၍ သုံးသောင်းကုန်သော ရဟန်းတော်တို့သည်လည်း ကောင်းကင်ခရီးဖြင့် ကြွလာတော်မူကြကုန်၍ မဟာသီဝမထေရ်မြတ်ကြီးအား ရှိခိုးဝတ်ချပြီးနောက် ---

အရှင်ဘုရား ...အရှင်ဘုရား၏ ခြေတော်တို့ကို တပည့်တော်တို့ ဆေးကြောပေးကြပါကုန်အံ့ --- ဟု လျှောက်ထားကြကုန်၏။

ငါရှင်တို့ ...ယခုအခါ၌ ရေမဆေးဘဲ ထားအပ်ကုန်သော ငါ၏ ခြေတို့ကား နှစ်ပေါင်း (၃၀) ရှိကုန်ပြီ၊ သင်တို့ ရပ်တည်နေပေကုန်ဦးတော့၊ ငါသည်ပင် ဆေးကြောပေအံ့ဟု မိန့်ဆိုတော်မူလိုက်၏။

နတ်တို့သနင်း သိကြားမင်းသည်လည်း ဆင်ခြင်လတ်သော် --- ငါ၏ အရှင်မဟာသီဝမထေရ်မြတ်ကြီး သည်ကား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့လေပြီ၊ ခြေဆေးပေးကြပါကုန်အံ့ဟူသော ရည်ရွယ်ချက်ဖြင့် ကြွလာတော်မူကြကုန်သော သုံးသောင်း အတိုင်းအရှည် ရှိကုန်သော အန္တေဝါသိက တပည့်တို့အား ခြေဆေးခွင့်ကို မပေး၊ ငါကဲ့သို့သော အလုပ်အကျွေး ဥပါသကာသည် ထင်ရှားတည်ရှိနေစဉ် ငါ၏ အရှင်မြတ်သည် မိမိ ကိုယ်တိုင်ပင် ခြေဆေးရပေလတ္တံ့ --- ဟူသော ဤသဘောတရားသည် သင့်တင့်သော အကြောင်းအရာကား မဟုတ်၊ ငါသည် ခြေဆေးပေးပေအံ့ --- ဤသို့ ဆုံးဖြတ်ချက်ချ၍ နတ်မိဖုရားကြီး သုဇာနှင့် အတူတကွ ရဟန်း သံဃာတော်၏ အနီးအပါး၌ ကိုယ်ထင်ရှား ဖြစ်ခဲ့လေပြီ။

ထိုသိကြားမင်းသည် သုဇာ မည်သော အသုရာသတို့သမီးကို ေ့ရှက ထား၍ --- အရှင်ဘုရားတို့ ... လမ်းဖယ်ပေးတော်မူကြပါ၊ အမျိုးသ္မီးပါဘုရားဟု လျှောက်ထား၍ သွားခွင့်ကို ရအောင်ပြု၍ မဟာသီဝမထေရ် မြတ်ကြီးထံသို့ ချဉ်းကပ်၍ ရှိခိုးဝတ်ချ၏၊ ထိုနောင် မဟာသီဝမထေရ်မြတ်ကြီး၏ ေ့ရှ၌ ဆောင့်ကြောင့်ထိုင်၍ - အရှင်ဘုရား ...ခြေတော်တို့ကို ဆေးကြောပေးပါရစေဟု လျှောက်ထား၏။

ကောသိယအနွယ်၌ ဖြစ်သော ဒါယကာတော် သိကြားမင်း ...ယခုအခါ၌ ရေမဆေးကြောဘဲ ထား အပ်ကုန်သော ငါ၏ ခြေထောက်တို့ကား နှစ်ပေါင်း (၃၀)တို့ ရှိကုန်ပြီ။ ပင်ကိုယ် ပကတိအားဖြင့်လည်း နတ်တို့ အဖို့ လူတို့၏ကိုယ်ရနံ့ မည်သည် အလွန် ရွံရှာစက်ဆုပ်ဖွယ် သဘောသာ ရှိ၏။ ယူဇနာတစ်ရာ ဝေးကွာရာ အရပ်၌ တည်နေကုန်သော နတ်တို့၏ စိတ်၌လည်း လူတို့၏ ကိုယ်ရနံ့မည်သည် လည်ပင်း၌ ဆွဲထားအပ်သော အကောင်ပုပ်ကဲ့သို့ ဖြစ်နေတတ်၏၊ ငါသည်ပင် ဆေးကြောပေအံ့ဟု ပြန်လည် မိန့်ကြားတော်မူလိုက်၏။

အရှင်ဘုရား ...အရှင်ဘုရား၏ ဤကိုယ်ရနံ့ဟူသော အနံ့မည်သည်ကား မထင်ရှားပါ၊ အရှင်ဘုရား တို့၏ သီလရနံ့သည်ကား ကာမာဝစရ နတ်ပြည်ခြောက်ထပ်တို့ကို ကျော်လွန်၍ အထက်ဘဝဂ်သို့ တိုင်အောင် ရောက်ရှိ၍ တည်နေပါသည် ဘုရား၊ အရှင်ဘုရား ...သီလရနံ့ထက်သာလွန်၍ မြင့်မြတ်သော ရနံ့မည်သည် မရှိပါ။ အရှင် ဘုရားတို့၏ သီလရနံ့ကြောင့် တပည့်တော် ဆိုက်ရောက်လာခြင်း ဖြစ်ပါ၏၊ --- ဤသို့ လျှောက်ထား ၍ လက်ဝဲလက်ဖြင့် ခြေဖမျက်အစပ်၌ ကိုင်၍ လက်ယာလက်ဖြင့် ခြေဖဝါးအပြင်ကို ဆုပ်နယ်ပွတ်သပ်လေ၏။ ငယ်ရွယ် နုနယ်သော ကလေးသူငယ်၏ ခြေတို့ကဲ့သို့ နုသွားကြကုန်၏။ သိကြားမင်းကြီးသည် မထေရ်မြတ်ကြီး၏ ခြေတို့ကို ဆေးကြောပြီး၍ ရှိခိုးဝတ်ချပြီးလျှင် နတ်ပြည်လောကသို့သာ ပြန်သွားလေ၏။ (ဒီ၊ဋ္ဌ၊၂၊၃၁၉ -၃၂၂။) ယောက်ျားမြတ်တို့၏ ကြီးကျယ်မြင့်မြတ် အလွန်အထက်တန်းကျသည့် စွမ်းအားကြီး အပေါင်းတို့တွင် အလွန်ကြည်ညိုဖွယ်ရာ နှစ်ခြိုက်ဖွယ်ရာ မြတ်နိုးဖွယ်ရာ အတုယူဖွယ်ရာကောင်းသည့် ကျင့်ဝတ်ပဋိပတ် စွမ်းအားကြီးတစ်မျိုးပင် ဖြစ်ပေသည်။

နိရာမိသ ဒုက္ခဝေဒနာ ရှုကွက်

နိရာမိသ ဒုက္ခဝေဒနာ ရှုကွက်

ရူပါရုံ စသည့် အာရုံ (၆)ပါးတို့ကို တစ်နည်းဆိုရသော် ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါသော်လည်း မိမိ တောင့်တနေသည့် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မဆိုက်ရောက်နိုင်သဖြင့် ဝမ်းနည်းကြေကွဲမှု ဖြစ်ခဲ့သော် ယင်းဒေါမနဿဝေဒနာ ဦးဆောင်သည့် နာမ်တရားစု တို့ကိုလည်းကောင်း, မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်းကောင်း သိမ်းဆည်း ရှုပွားပါ။ အာရုံ (၆)ပါးတို့ကို တစ်ပါးစီ ခွဲခြား၍ ရှုပါက နိရာမိသ ဒုက္ခဝေဒနာ (၆)မျိုး ဖြစ်ပေသည်။

ဂေဟသိတ ဥပေက္ခာ = သာမိသ ဥပေက္ခာ

ဂေဟသိတ ဥပေက္ခာ = သာမိသ ဥပေက္ခာ

စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇတိ ဥပေက္ခာ ဗာလဿ မူဠှဿ ပုထုဇ္ဇနဿ အနောဓိဇိနဿ အဝိပါကဇိနဿ အနာဒီနဝဒဿာဝိနော အဿုတဝတော ပုထုဇ္ဇနဿ။ ယာ ဧဝရူပါ ဥပေက္ခာ၊ ရူပံ သာ နာတိဝတ္တတိ၊ တသ္မာ သာ ဥပေက္ခာ ဂေဟသိတာတိ ဝုစ္စတိ။ (မ၊၃၊၂၆၁။)

စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်လတ်သော် လူမိုက်ဖြစ်ကြောင်း အကုသိုလ်တရားနှင့် ယှဉ်ခြင်းကြောင့် မိုက်မဲသော မလိမ္မာသော, မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွား၌ အမှန်အတိုင်း မသိသဖြင့် တွေဝေသော, ကိလေသာတို့ကို များစွာဖြစ်စေတတ်သော, ကိလေသာတည်းဟူသော အပိုင်းအခြားကို အရိယမဂ်တည်းဟူသော အပိုင်းအခြားဖြင့် မအောင်မြင်နိုင်သေးသော, (ပဋိသန္ဓေတည်းဟူသော အကျိုးဝိပါက်ကို မဖြစ်အောင် ပြုလုပ် ခြင်းငှာ စွမ်းနိုင်သော အရိယမဂ်တရားကို မရရှိသေးသဖြင့်) ပဋိသန္ဓေတည်းဟူသော အကျိုးဝိပါက်ကို မအောင်နိုင် သေးသော, ရူပါရုံကို ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမဓမ္မဟူသော အပြစ်ရှိသည့်တရားဟု ရှုမြင်လေ့ မရှိသော ရူပါရုံ၏ အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ်ကို မသိမမြင် တွေဝေတတ်သော သမ္မောဟတရား ၌လည်း အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ်တို့ကို ရှုမြင်လေ့ မရှိသော, ကြားနာအပ်ပြီးသော သင်သိ ကျင့်သိဟူသော အကြားအမြင် ဗဟုသုတ မရှိသော ပရမတ္ထ ဉာဏ်ပညာမျက်စိ ကာဏ်းနေသော အန္ဓပုထုဇန် ပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်ပေါ်လာသော အညာဏုပေက္ခာသည် ရူပါရုံကို တစ်နည်း ရူပါရုံ၌ဖြစ်သော ကိလေသာကို မကျော်လွှား မလွန်မြောက်နိုင်။ ထိုကြောင့် ထိုဥပေက္ခာကို ဂေဟသိတဥပေက္ခာဟူ၍ ခေါ်ဆို၏။ (မ၊၃၊၂၆၁။)

သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူသည်။ ဂေဟသိတ ဥပေက္ခာ (၆)မျိုးတည်း။ ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ ဣဋ္ဌာရုံသည် ထင်လာလတ်သော် တင်လဲခဲ၌ (ထန်းလျက်ခဲ, သကာခဲ, သကြားခဲ၌) နားမိသော ယင်ကောင်ကဲ့သို့ ရူပါရုံ စသည့် အာရုံတို့ကို တစ်နည်းဆိုသော် ရူပါရုံ စသည်တို့၌ ဖြစ်သော ကိလေသာတို့ကို မကျော်လွှား မလွန်မြောက်နိုင်သည် ဖြစ်၍ ထိုရူပါရုံ စသည့် အာရုံတို့၌ပင်လျှင် ငြိကပ်သည် အလွန်ငြိကပ်ခြင်းရှိသည် ဖြစ်၍ ဖြစ်ပေါ်လာသော ကာမဂုဏ်၌ မှီသော ဥပေက္ခာ ဝေဒနာတည်း။ (ဒီ၊ဋ္ဌ၊၂၊၃၂၃။ မ၊ဋ္ဌ၊၄၊၁၈၇။)

အညာဏုပေက္ခာတိ အညာဏသဟိတာ ဥပေက္ခာ အသမပေက္ခနပဝတ္တာ။ (မ၊ဋီ၊၃၊၃၈၄။)

ရူပါရုံ စသည့် အာရုံ (၆)ပါးတို့ကား အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ တရားတို့သာတည်း။ ယင်းအာရုံ (၆) ပါးတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ- အသုဘ သဘောမှန်ကို မသိမှုကား အညာဏတည်း။ တရားကိုယ်မှာ မောဟတည်း။ ယင်းအညာဏ အမည်ရသော မောဟနှင့် အတူတကွဖြစ်သော ဥပေက္ခာသည် အညာဏုပေက္ခာတည်း။ ယင်း အညာဏုပေက္ခာသည် အာရုံ (၆)ပါး = ရုပ်နာမ်ဓမ္မ = သင်္ခါရတရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု မရှုဘဲ နိစ္စ-သုခ-အတ္တ-သုဘဟု ရှုမြင်တတ်၏။ ယင်းသို့ ရှုမြင်ခြင်းကို အသမပေက္ခန = မညီမညွတ် ရှုမြင်ခြင်းဟု ခေါ် ဆိုသည်။ ယင်းအညာဏုပေက္ခာကို ဂေဟသိတဥပေက္ခာဟု ခေါ်ဆို၏။

သို့သော် မောဟနှင့် ယှဉ်တွဲနေသော ဥပေက္ခာမှာ မောဟမူစိတ်၌လည်း ရှိနေသဖြင့် ဤ၌ အလိုရှိအပ် သော အညာဏုပေက္ခာကို မဟာဝဂ္ဂဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်း တင်ပြထား၏။

အညာဏာဝိဘူတတာယ အာရမ္မဏေ အဇ္ဈုပေက္ခနဝသေန ပဝတ္တမာနာ လောဘသမ္ပယုတ္တဥပေက္ခာ ဣဓာဓိပ္ပေတာတိ တဿ လောဘဿ အနုစ္ဆဝိကမေဝ အာရမ္မဏံ ဒေဿန္တော ဣဋ္ဌာရမ္မဏေတိ အာဟ။ (ဒီ၊ဋီ၊၂၊၂၆၈။)

အာရုံ (၆)ပါးတို့တွင် အာရုံ တစ်ပါးပါးသည် ဆိုင်ရာဒွါရ၌ ထင်လာသောအခါ ယင်းအာရုံ၏ အနိစ္စ- ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို မသိမှု မောဟက မထင်ရှားဘဲ အာရုံကို နိစ္စ-သုခ-အတ္တ-သုဘဟု မညီမမျှ ရှုတတ်သည့် အသမပေက္ခနဟူသော ဥပေက္ခာသဘောက ပို၍ ထင်ရှားနေ၏။ ေ့ရှတန်းသို့ ရောက်နေ၏။ အထူး သဖြင့် ဤအပိုင်း၌ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သည့် ဣဋ္ဌဖြစ်သော အာရုံအပေါ်၌ တင့်တယ်သည့် သုဘ ဟု ရှုမြင်မှုက ထင်ရှားနေ၏။ အာရုံ၏ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို မသိမှုက မထင်ရှားသည့် အတွက်ကြောင့် အာရုံအပေါ်၌ မညီမညွတ် ရှုမြင်တတ်သော ဥပေက္ခာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော လောဘ နှင့် ယှဉ်တွဲနေသော ဥပေက္ခာကို ဤနေရာ၌ ဂေဟသိတဥပေက္ခာဟူ၍ အလိုရှိအပ်ပေသည်။ (ဒီ၊ဋီ၊၂၊၂၆၈။)

ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြခဲ့သည့်အတိုင်း အာရုံ (၆)ပါးတို့တွင် သုဘဖြစ်သော အာရုံ တစ်မျိုးစီကို အာရုံယူ၍ ဆိုင်ရာဒွါရတို့ကို ပူးတွဲသိမ်းဆည်းလျက် ယင်း ဂေဟသိတဥပေက္ခာဝေဒနာ = သာမိသ ဥပေက္ခာဝေဒနာကို အဦးမူသဖြင့် လောဘအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ၊ ထိုနောင် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။ ယင်းနာမ်ရုပ်တို့ကို သိမ်းဆည်းနိုင်ခဲ့သော် သာမိသ ဥပေက္ခာ ဝေဒနာကို ခံစားလျှင်လည်း သာမိသ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိသည် မည်ပေသည်။

နေက္ခမ္မသိတ ဥပေက္ခာ

နေက္ခမ္မသိတ ဥပေက္ခာ

ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ၊ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတော ဥပ္ပဇ္ဇတိ ဥပေက္ခာ၊ ယာ ဧဝရူပါ ဥပေက္ခာ၊ ရူပံ သာ အတိဝတ္တတိ။ တသ္မာ သာ ဥပေက္ခာ နေက္ခမ္မသိတာတိ ဝုစ္စတိ။(မ၊၃၊၂၆၁-၂၆၂၊၊)

ရူပါရုံတို့၏သာလျှင် မမြဲသော အနိစ္စအခြင်းအရာကိုလည်းကောင်း, ဖောက်ပြန်ခြင်း = ဝိပရိဏာမသဘော, ကင်းပြတ်ခြင်း = ဝိရာဂသဘော, ချုပ်ပျောက်ခြင်း = နိရောဓသဘောကိုလည်းကောင်း သိရှိ၍ --- ရှေး၌ ဖြစ်ခဲ့ ပြီးကုန်သော ရူပါရုံတို့သည်လည်းကောင်း, ယခုအခါ၌ ရူပါရုံတို့သည်လည်းကောင်း ရှိကြကုန်၏၊ ခပ်သိမ်းကုန် သော ထိုရူပါရုံတို့သည် ---

၁။ ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း။

၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံရသော ဒုက္ခတရားတို့သာတည်း။

၃။ ဇရာ-မရဏတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော ဝိပရိဏာမတရားတို့သာတည်း။

ဤသို့လျှင် ဤရူပါရုံကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ရသည် ဖြစ်၍ ထိုသို့ ဝိပဿနာဉာဏ်ဖြင့် ဟုတ်မှန်သည့်အတိုင်း ရှုမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သင်္ခါရ တရားတို့အပေါ်၌ လျစ်လျူရှုနိုင်သော ဥပေက္ခာသည် ဖြစ်ပေါ်လာ၏။[ဥပေက္ခာဝေဒနာနှင့် တတြမဇ္ဈတ္တုပေက္ခာ ဟူသော တတြမဇ္ဈတ္တတာစေတသိက် နှစ်မျိုးလုံးကိုပင် ဤ၌ ဥပေက္ခာဟု ဆိုလိုသည်။ (ဒီ၊ဋ္ဌ၊၂၊၃၂၃။)] ဤသို့ သဘောရှိသော ယင်းဥပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာသည် ရူပါရုံကို, တစ်နည်း ရူပါရုံ၌ဖြစ်သော ကိလေသာ ကို လွန်၍ ဖြစ်၏၊ လွန်မြောက်နိုင်၏။ ထိုကြောင့် ထိုဥပေက္ခာကို နေက္ခမ္မသိတဥပေက္ခာဟူ၍ ခေါ်ဆိုအပ်၏။ (မ၊၃၊၂၆၁-၂၆၂။)

သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူပေသည်။ နေက္ခမ္မသိတဥပေက္ခာ (၆)မျိုးတည်း။

ဣမာ ဆ နေက္ခမ္မသိတာ ဥပေက္ခာတိ ဣမာ ဧဝံ ဆသု ဒွါရေသု ဣဋ္ဌာဒိအာရမ္မဏေ အာပါထဂတေ ဣဋ္ဌေ အရဇ္ဇန္တဿ အနိဋ္ဌေ အဒုဿန္တဿ အသမပေက္ခနေ အသမ္မုယှန္တဿ ဥပ္ပန္နဝိပဿနာဉာဏသမ္ပယုတ္တာ ဆ နေက္ခမ္မသိတာ ဥပေက္ခာတိ ဝေဒိတဗ္ဗာ။ (မ၊ဋ္ဌ၊၄၊၁၈၇။)

အသမပေက္ခနေတိ အသမံ အယုတ္တဒဿနေ အယောနိသော သမ္မောဟပုဗ္ဗကံ အာရမ္မဏဿ ဂဟဏေ။ (မ၊ဋီ၊၃၊၃၈၄။)

ဤနေက္ခမ္မသိတ ဥပေက္ခာ (၆)မျိုးတို့ကား ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ဒွါရ (၆)ပါးတို့၌ ---

၁။ အလိုရှိအပ် နှစ်သက် မြတ်နိုးအပ်သော ဣဋ္ဌာရုံ (၆)မျိုး,

၂။ အလိုမရှိအပ် မနှစ်သက် မမြတ်နိုးအပ်သော အနိဋ္ဌာရုံ (၆)မျိုး,

၃။ အလယ်အလတ် အလိုရှိအပ်သော မဇ္ဈတ္တာရုံ သို့မဟုတ် ဣဋ္ဌမဇ္ဈတ္တာရုံ (၆)မျိုး ---

ဤအာရုံ (၆)မျိုးတို့သည် ထိုက်သလို ရှေးရှူ ကျရောက်လာသောအခါ, ထင်လာသောအခါ ---

၁။ ဣဋ္ဌ ဖြစ်သော အာရုံ (၆)မျိုး၌ ရာဂဖြင့် မတပ်မက်သော (= ရာဂဖြင့် မတပ်မက်အောင် ယင်းအာရုံတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လျက် ရှိသော) ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဤနေက္ခမ္မသိတဥပေက္ခာဝေဒနာ (၆)မျိုးသည် ဖြစ်ပေါ်လာနိုင်၏။

၂။ အနိဋ္ဌဖြစ်သော အာရုံ (၆)မျိုး၌ ဒေါသဖြင့် မပြစ်မှားသော စိတ်မပျက်သော ဝမ်းမနည်းသော (= မပြစ်မှား မိအောင် စိတ်မပျက်အောင် ဝမ်းမနည်းအောင် ယင်း အနိဋ္ဌာရုံ အမျိုးမျိုးကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လျက် ရှိသော) ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ရှိသော ဤနေက္ခမ္မသိတဥပေက္ခာ (၆)မျိုးသည် ဖြစ်ပေါ်လာနိုင်၏။

၃။ အသမပေက္ခန အမည်ရသော မညီမညွတ် ရှုကြည့်စရာဖြစ်သော ဣဋ္ဌာရုံ-အနိဋ္ဌာရုံ-ဣဋ္ဌမဇ္ဈတ္တာရုံ (မဇ္ဈတ္တာရုံ)တို့၌ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိရှိနေသဖြင့် တွေဝေမှု မရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဤနေက္ခမ္မသိတဥပေက္ခာ (၆)မျိုးသည် ဖြစ်ပေါ်လာနိုင်၏။

အသမပေက္ခန

အသမပေက္ခန

ဤအရာတွင် ဒီဃနိကာယ် မဟာဝဂ္ဂအဋ္ဌကထာ (၃၂၃)၌ - အသမပေက္ခနေန -ဟု ရှိ၏။ ယင်း မဟာဝဂ္ဂ ဋီကာ၌လည်း အသမပေက္ခနေန -ဟုပင် အောက်ပါအတိုင်း ဖွင့်ဆိုထား၏။

သမံ သမ္မာ ယောနိသော န ပေက္ခနံ အသမပေက္ခနံ၊ တံ ပန ဣဋ္ဌာနိဋ္ဌမဇ္ဈတ္တေ ဝိယ ဣဋ္ဌာနိဋ္ဌေသုပိ ဗာလဿ ဟောတီတိ ဣဋ္ဌာနိဋ္ဌမဇ္ဈတ္တေတိ အဝတွာ အသမပေက္ခနေန အသမ္မုယှန္တဿာတိ ဝုတ္တံ၊ တိဝိဓေပိ အာရမ္မဏေ အသမပေက္ခနဝသေန မုယှန္တဿာတိ အတ္ထော။ (ဒီ၊ဋီ၊၂၊၂၆၈။)

ဥပရိပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၁၈၇။) ဥပရိပဏ္ဏာသဋီကာ (မ၊ဋီ၊၃၊၃၈၄)တို့၌ကား အထက်တွင် ဖော်ပြထားသည့်အတိုင်း အသမပေက္ခနေဟု ရှိ၏။ အသမပေက္ခနေန, အသမပေက္ခနေဟု ပါဌ် နှစ်ထွေ ရှိနေ သော်လည်း ဆိုလိုရင်း အဓိပ္ပါယ်မှာ မပျက်စီးသွားပေ။ ယင်းအဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ပရမတ္ထဉာဏ်ပညာမျက်စိ မရှိသော အန္ဓဗာလပုထုဇန် ငမိုက်သားသည်ကား အာရုံကို နည်းမှန် လမ်းမှန် နှလုံးသွင်းမှု = အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု ကောင်းမွန် မှန်ကန်စွာ နှလုံးသွင်းမှု ယောနိသောမနသိကာရကို ေ့ရှသွားမပြုတတ်သဖြင့်, အာရုံ၏ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို ကောင်းမွန်မှန်ကန်စွာ မရှုမမြင် တတ်သဖြင့် အာရုံကို နိစ္စ-သုခ-အတ္တ-သုဘဟု အသိမှားခြင်း နှလုံးသွင်းခြင်း အယောနိသောမနသိကာရကို ေ့ရှသွားပြုကာ မညီမညွတ် ရှုတတ်သဖြင့် --- ဣဋ္ဌာရုံနှင့် တွေ့ကြုံလျှင်လည်း ရာဂဖြင့် တပ်မက်တတ်၏၊ အနိဋ္ဌာရုံ နှင့် တွေ့ကြုံလျှင်လည်း ဒေါသဖြင့် ပြစ်မှားတတ်၏ စိတ်ပျက်တတ်၏၊ ဝမ်းနည်းတတ်၏ မျက်ရည်ပေါက်ကြီး ငယ် အသွယ်သွယ် စီးဆင်းလာတတ်၏။ အလားတူပင် --- ဣဋ္ဌာရုံ, အနိဋ္ဌာရုံ, ဣဋ္ဌမဇ္ဈတ္တာရုံ = မဇ္ဈတ္တာရုံဟူ သော အာရုံသုံးမျိုးလုံး အပေါ်၌လည်း ပရမတ္ထဉာဏ်ပညာမျက်စိ မရှိသဖြင့် ဆိုင်ရာဆိုင်ရာ ဒွါရ၌ ယင်းအာရုံ (၆)မျိုးတို့ ထိုက်သလို ထင်လာသောအခါ ယင်းအာရုံတို့ကို နိစ္စဟု, သုခဟု, အတ္တဟု, သုဘဟု မညီမညွတ် ရှု တတ်၏၊ အသိမှားနေ၏၊ အာရုံ၏ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို မသိဘဲ အသိမှားနေသဖြင့် တွေဝေနေသူဟု ခေါ်ဆိုရ၏။ သို့အတွက် ပရမတ္ထ ပညာမျက်စိကာဏ်းနေသော လူမိုက်အဖို့ ဤဣဋ္ဌ-အနိဋ္ဌ-မဇ္ဈတ္တဟု သုံးမျိုးပြားသော အာရုံ (၆)မျိုးသည် နိစ္စ-သုခ-အတ္တ-သုဘဟု မညီမညွတ် ရှုကြည့်ဖွယ်ရာ အာရုံတို့ ဖြစ်နေကြ၏။ သို့သော် ပရမတ္ထ ဉာဏ်ပညာမျက်စိရှိသူ သူတော်ကောင်းကား --- ယင်းလူမိုက်၏ မညီ မညွတ် ရှုကြည့်စရာ ဖြစ်သော ဣဋ္ဌ-အနိဋ္ဌ-မဇ္ဈတ္တ အာရုံ (၆)ပါးတို့၌ နိစ္စ-သုခ-အတ္တ-သုဘဟု တွေဝေမှု မရှိဘဲ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ ဟုသာ အမှန်အတိုင်း သိမြင်နေ၏။ ထိုထို သိမြင်နေသော မောဟဖြင့် တွေဝေမှု မရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဤနေက္ခမ္မသိတဥပေက္ခာ (၆)မျိုး ဖြစ်ပေါ်လာနိုင်ပေသည် ဟူလိုသည်။

နေက္ခမ္မသိတ ဥပေက္ခာဝေဒနာ ရှုကွက်

နေက္ခမ္မသိတ ဥပေက္ခာဝေဒနာ ရှုကွက်

ယင်း နေက္ခမ္မသိတဥပေက္ခာဝေဒနာကိုပင် နိရာမိသ ဥပေက္ခာဝေဒနာဟု ခေါ်ဆို၏။ အသင်သူတော်- ကောင်းသည် ယင်းရူပါရုံ စသည့် အာရုံ (၆)ပါးတို့တွင် အာရုံ တစ်ပါးစီကို အာရုံယူ၍ --- ယင်းအာရုံ အသီး အသီး၏ ---

၁။ ဖြစ်ခြင်း ပျက်ခြင်း အနိစ္စ အခြင်းအရာကို အာရုံယူ၍ အနိစ္စဟု ရှုပါ။ အနိစ္စဟု သိနေသော ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာမည်။ ယင်းဝီထိစိတ်အစဉ်တို့၌ ဝေဒနာကို အဦးမူသဖြင့် စိတ္တက္ခဏတိုင်းရှိ နာမ်တရားတို့ကို သိမ်းဆည်းပါ။ သောမနဿဝေဒနာကို အဦးမူသဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခဲ့သော် နိရာမိသ သုခဝေဒနာကို ဟုတ်တိုင်းမှန်စွာ သိသည် မည်၏။ ဥပေက္ခာဝေဒနာကို အဦးမူ သဖြင့် ယင်းနာမ်တရားတို့ကို သိမ်းဆည်းခဲ့သော် နိရာမိသ ဥပေက္ခာဝေဒနာကို ကွဲကွဲပြားပြား ဟုတ်တိုင်းမှန်စွာ သိသည် မည်၏။

၂။ ထိုနောင် ယင်းနာမ်တရားတို့၏ မှီရာဝတ္ထုရုပ်များနှင့် အာရုံရုပ်တို့ကိုပါ ဆက်လက်၍ သိမ်းဆည်းပါ။ (ရှုပုံ စနစ်များကို ရှေးတွင် ဖော်ပြခဲ့ပြီ။)

နေက္ခမ္မသိတဝေဒနာ = သေဝိတဗ္ဗဝေဒနာ

နေက္ခမ္မသိတဝေဒနာ = သေဝိတဗ္ဗဝေဒနာ

ဤအထက်ပါ နေက္ခမ္မသိတဝေဒနာဟုလည်း ခေါ်ဆိုသော နိရာမိသ သုခဝေဒနာ, နိရာမိသ ဒုက္ခဝေဒနာ, နိရာမိသ ဥပေက္ခာဝေဒနာတို့ကား အဆင့်မြင့်မားလှ၏၊ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသူ ယောဂီသူတော်စင်တို့၏ သန္တာန်၌ ဖြစ်ဖို့ရန် အလွန်ခဲယဉ်းသော ဝေဒနာများ ဖြစ်ကြ၏။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပြီးသူ ယောဂီသူတော်စင်တို့၏ သန္တာန်၌သာ ဖြစ်နိုင်သော ဝေဒနာများဖြစ်ကြ၏။ အကောင်းဆုံးကို ညွှန်ပြသည့် ဥက္ကဋ္ဌနိဒ္ဒေသနည်းအားဖြင့် ယင်းနေက္ခမ္မသိတဝေဒနာများကို ဘုရားရှင်သည် ဟောကြားသွားတော်မူခြင်းဖြစ် ၏။ ယင်းနေက္ခမ္မသိတ ဝေဒနာတို့ကား နိဗ္ဗာန်ကို လိုလားတောင့်တလျက် ရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့သည် မှီဝဲသင့် မှီဝဲထိုက် မှီဝဲရမည့် ဝေဒနာတို့ ဖြစ်ကြ၏။ ယင်းမှီဝဲထိုက်သည့် နေက္ခမ္မသိတဝေဒနာတို့ကို တစ်နည်းဆိုရသော် ဝိပဿနာဉာဏ်ကို မရရှိနိုင်သေးသော သူတော်ကောင်းတို့၏ သန္တာန်၌လည်း ဖြစ်နိုင်သော နေက္ခမ္မသိတ ဝေဒနာတို့ကို မဟာဝဂ္ဂအဋ္ဌကထာ ဋီကာတို့၌ ဤသို့ ဖွင့်ဆိုထားတော်မူကြ၏။

သေဝိတဗ္ဗန္တိ ဣဒံ နေက္ခမ္မဝသေန, ဝိပဿနာဝသေန, အနုဿတိဝသေန, ပဌမဇ္ဈာနာဒိဝသေန စ ဥပ္ပဇ္ဇနကသောမနဿံ သေဝိတဗ္ဗံ နာမ။ (ဒီ၊ဋ္ဌ၊၂၊၃၁၇။)

သေဝိတဗ္ဗန္တိ ဣဒံ နေက္ခမ္မဝသေန, ဝိပဿနာဝသေန အနုဿတိဝသေန, ပဌမဇ္ဈာနာဒိဝသေန စ ဥပ္ပဇ္ဇနကဒေါမနဿံ သေဝိတဗ္ဗံ နာမ။ (ဒီ၊ဋ္ဌ၊၂၊၃၁၇။)

သေဝိတဗ္ဗာတိ အယံ နေက္ခမ္မဝသေန ဝိပဿနာဝသေန အနုဿတိဋ္ဌာနဝသေန ပဌမ ဒုတိယ တတိယ စတုတ္ထဇ္ဈာနဝသေန စ ဥပ္ပဇ္ဇနကဥပေက္ခာ သေဝိတဗ္ဗာ နာမ။ (ဒီ၊ဋ္ဌ၊၂၊၃၂၃။)

နေက္ခမ္မဝသေနာတိ ပဗ္ဗဇ္ဇာဒိဝသေန။ ဝဋ္ဋဒုက္ခတော နိတ္ထရိဿာမီတိ ပဗ္ဗဇိတုံ ဘိက္ခူနံ သန္တိကံ ဂစ္ဆန္တဿ, ပဗ္ဗဇန္တဿ, စတုပါရိသုဒ္ဓိသီလံ အနုတိဋ္ဌန္တဿ, တံ သောဓေန္တဿ, ဓုတဂုဏေ သမာဒါယ ဝတ္တန္တဿ, ကသိဏပရိကမ္မာဒီနိ ကရောန္တဿ စ ယာ ပဋိပတ္တိ၊ သဗ္ဗာ သာ ဣဓ နေက္ခမ္မန္တိ အဓိပ္ပေတာ။ ယေဘုယျေန အနုဿတိယာ ဥပစာရဇ္ဈာနံ နိဋ္ဌာတီတိ ကတွာ အနုဿတိဝသေနာတိ ဝတွာ ပဌမဇ္ဈာနာဒိဝသေနာတိ ဝုတ္တံ။ ဧတ္ထ စ ယထာ ပဗ္ဗဇ္ဇာ ဃရဗန္ဓနတော နိက္ခမနဋ္ဌေန နေက္ခမ္မံ၊ ဧဝံ ဝိပဿနာဒယောပိ တံပဋိပက္ခတော။ တေနာဟ ---

ပဗ္ဗဇ္ဇာ ပဌမံ စျာနံ၊ နိဗ္ဗာနဉ္စ ဝိပဿနာ။

သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မန္တိ ပဝုစ္စရေ။ (ဒီ၊ဋီ၊၂၊၂၆၄။ ဣတိဝုတ္တက၊ဋ္ဌ၊၃၃၁။)

သံသရာဝဋ်ဒုက္ခမှ ငါထွက်မြောက်ရပေတော့အံ့ဟု ရည်ရွယ်မှန်းထားကာ ရှင်ရဟန်း ပြုဖို့ရန် ရှင်ရဟန်း တို့အထံသို့ သွားသော ပုဂ္ဂိုလ်၏ ကျင့်ဝတ်ပဋိပတ်ကိုလည်းကောင်း, ရှင်ရဟန်းပြုသူ၏ ကျင့်ဝတ်ပဋိပတ်ကိုလည်း ကောင်း, စတုပါရိသုဒ္ဓိသီလကို အစဉ်လိုက်၍ တည်နေသူ၏ ကျင့်ဝတ်ပဋိပတ်ကိုလည်းကောင်း, ထိုစတုပါရိသုဒ္ဓိ သီလကို စင်ကြယ်အောင် ဆေးကြောသုတ်သင်သော ရဟန်း၏ ကျင့်ဝတ်ပဋိပတ်ကိုလည်းကောင်း, ဓုတင် ဂုဏ် ကျေးဇူးတို့ကို ဆောက်တည်၍ ကျင့်သော ရဟန်း၏ ကျင့်ဝတ်ပဋိပတ်ကိုလည်းကောင်း, ကသိုဏ်းပရိကံ စသော ဘာဝနာ လုပ်ငန်းရပ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သော ရဟန်း၏ ကျင့်ဝတ် ပဋိပတ်ကိုလည်း ကောင်း ဤအလုံးစုံသော ကျင့်ဝတ်ပဋိပတ်ကို ဤအရာ၌ နေက္ခမ္မဟူ၍ အလိုရှိအပ်ပေသည်။

၁။ ရှင်ရဟန်း အဖြစ်သည် အိမ်ရာတည်ထောင် လူ့ဘောင်တည်းဟူသော အနှောင်ဖွဲ့မှ ထွက်မြောက်တတ် သောကြောင့် နေက္ခမ္မ မည်၏။

၂။ ပထမစျာန်သည် နီဝရဏတို့မှ ထွက်မြောက်တတ်သောကြောင့် နေက္ခမ္မ မည်၏။

၃။ နိဗ္ဗာန်သည် အလုံးစုံသော သင်္ခါရတို့မှ ထွက်မြောက်တတ်သောကြောင့် နေက္ခမ္မ မည်၏။

၄။ ဝိပဿနာသည် နိစ္စ-သုခ-အတ္တ-သုဘဟု ရှုတတ်သော အကုသိုလ်တရားတို့မှ ထွက်မြောက်တတ်သော ကြောင့် နေက္ခမ္မ မည်၏။

၅။ ကုသိုလ်တရား အားလုံးတို့သည်လည်း အကုသိုလ်တရားတို့မှ ထွက်မြောက်တတ်သောကြောင့် နေက္ခမ္မ မည်၏။

ဤသို့လျှင် ဆိုင်ရာ ဆိုင်ရာ ဆန့်ကျင်ဘက်တရားတို့မှ ထွက်မြောက်တတ်သောကြောင့် ဤအထက်ပါ တရားအားလုံးကို နေက္ခမ္မဟူ၍ ခေါ်ဆိုရသည်။

ယင်းနေက္ခမ္မ၏ အစွမ်းဖြင့်လည်းကောင်း, ဝိပဿနာ၏ အစွမ်းဖြင့်လည်းကောင်း, အနုဿတိ၏ အစွမ်း ဖြင့်လည်းကောင်း, ပထမစျာန် စသည်တို့၏ အစွမ်းဖြင့်လည်းကောင်း ဖြစ်ပေါ်လာသော သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာ အသီးအသီးသည် မှီဝဲအပ်သော ဝေဒနာ မည်၏။

၁။ အထက်တွင် ဖော်ပြခဲ့သော ရှင်ရဟန်းပြုရန် ရဟန်းတော်တို့ အထံသို့သွားစဉ် ဖြစ်ပေါ်နေသော ကုသိုလ် စိတ်တို့နှင့် ယှဉ်သော သောမနဿဝေဒနာ, ယင်းကုသိုလ်တို့ကို တစ်ဖန် အာရုံပြု၍ အမှတ်ရ၍ ဖြစ်ပေါ်လာ သော ကုသိုလ်စိတ်တို့နှင့် ယှဉ်သော သောမနဿဝေဒနာ, သီလကျင့်ဝတ် ပဋိပတ်တို့ကို ဆောက်တည်စဉ် ဖြစ် ပေါ်နေသော ကုသိုလ်သောမနဿဝေဒနာ, ဆောက်တည်အပ်သော သီလကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်သောမနဿဝေဒနာ, သီလကို စင်ကြယ်အောင် ဖြည့်ကျင့်စဉ် ဖြစ်ပေါ်နေသော ကုသိုလ် သောမနဿဝေဒနာ, စင်ကြယ်သော သီလကို အမှတ်ရ၍ အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်သောမနဿဝေဒနာ, ဓုတင်ကျင့်ဝတ် ပဋိပတ်ကို ဖြည့်ကျင့်နေသော ကုသိုလ်သောမနဿဝေဒနာ, ယင်းဓုတင်ပဋိပတ်ကို အမှတ်ရ၍ အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်သောမနဿဝေဒနာ, ကသိုဏ်းပရိကံ အာနာပါနပရိကံ စသည်ကို ဖြည့် ကျင့်သဖြင့် ရရှိလာသော ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့နှင့် ယှဉ်သော သောမနဿဝေဒနာ, ယင်း စျာန်တရားတို့ကိုလည်းကောင်း စတုတ္ထစျာန် စသည့် စျာန်တို့ကိုလည်းကောင်း အာရုံပြု၍ အမှတ်ရ၍ ဖြစ်ပေါ် လာသော ကုသိုလ်သောမနဿဝေဒနာ, ဝိပဿနာဉာဏ်နှင့် ယှဉ်သော သောမနဿဝေဒနာ, ဝိပဿနာဉာဏ်ကို အာရုံပြု၍ အားရကျေနပ်နေသော ကုသိုလ်သောမနဿဝေဒနာ, အနုဿတိကမ္မဋ္ဌာန်းတို့ကို ပွားများသဖြင့် ယေဘုယျအားဖြင့် ရရှိသော ဥပစာရ စျာန်သမာဓိနှင့် ယှဉ်သော သောမနဿဝေဒနာ စသည် များမြတ်ကုသိုလ် --- သောမနဿဝေဒနာတို့ကား သေဝိတဗ္ဗ မှီဝဲထိုက်သော သောမနဿဝေဒနာတို့တည်း။ ယင်း သောမနဿ ဝေဒနာတို့ကို မှီဝဲခြင်းကြောင့် အကုသိုလ်တရားများ ဆုတ်ယုတ်၍ ကုသိုလ်တရားများ တိုးပွားလာနိုင်သဖြင့် မှီဝဲထိုက်ခြင်း ဖြစ်သည်။

၂။ ရှင်ရဟန်းပြုမှုကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဒေါမနဿဝေဒနာ, သီလပဋိပတ် ဓုတင်ပဋိပတ် စသည်တို့ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဒေါမနဿဝေဒနာ, ကသိုဏ်းပရိကံ စသော ဘာဝနာလုပ်ငန်း ရပ်တို့ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဒေါမနဿဝေဒနာ, ပထမစျာန် စသည်တို့၏ လျှောကျမှုကိုအကြောင်းခံ၍ ဖြစ်ပေါ်လာရသော ဒေါမနဿဝေဒနာ, အနုဿတိ ဘာဝနာကမ္မဋ္ဌာန်းတို့ကို အကြောင်းခံ၍ ဖြစ် ပေါ်လာရသော ဒေါမနဿဝေဒနာ, ဝိပဿနာဉာဏ်တို့၏ မျှော်လင့်တောင့်တသည့်အတိုင်း မဂ်ဉာဏ် ဖိုလ်ဉာဏ် သို့ ရောက်အောင် ပို့ဆောင်မပေးနိုင်သဖြင့် ဝိပဿနာဉာဏ်တို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဒေါမနဿဝေဒနာ ဤသို့ စသည်ဖြင့် ဒေါမနဿဝေဒနာတို့ကား မှီဝဲထိုက်သော ဒေါမနဿဝေဒနာတို့တည်း။

၃။ အထက်တွင် ဖော်ပြထားသော နေက္ခမ္မဓာတ် အမျိုးမျိုးကို အကြောင်းခံ၍သော်လည်းကောင်း, ယင်း နေက္ခမ္မဓာတ် အမည်ရသော ကုသိုလ်တရားတို့နှင့် ယှဉ်တွဲ၍သော်လည်းကောင်း ဖြစ်ပေါ်လာသော ကုသိုလ် ဥပေက္ခာ ဝေဒနာ, ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေသော ဥပေက္ခာဝေဒနာ, တတြမဇ္ဈတ္တတာစေတသိက်ဟူသော ဝိပဿနုပေက္ခာ, အနုဿတိကမ္မဋ္ဌာန်းတို့၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဥပေက္ခာဝေဒနာ, ပထမစျာန် ဒုတိယ စျာန် တတိယစျာန်တို့ကို အာရုံပြု၍ အကြောင်းပြု၍ ဖြစ်ပေါ်လာသော တတြမဇ္ဈတ္တတာစေတသိက် ဟူသော ဥပေက္ခာ, စတုတ္ထစျာန်နှင့် ယှဉ်သော ဥပေက္ခာဝေဒနာ, ယင်းစတုတ္ထစျာန်ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဥပေက္ခာဝေဒနာ --- ဤဥပေက္ခာတို့ကား မှီဝဲထိုက်သော ဥပေက္ခာတို့တည်း။ ဤဥပေက္ခာဝေဒနာတို့ကား မှီဝဲ ထိုက်သော ဥပေက္ခာဝေဒနာတို့တည်း။

ဝေဒနာကို အဦးမူသဖြင့် နာမ်ရုပ်တို့ကို သိမ်းဆည်းနေသော အသင်သူတော်ကောင်းသည် အထက်တွင် ဖော်ပြထားသော ဂေဟသိတ သောမနဿ, ဒေါမနဿ, ဥပေက္ခာဟူသော သာမိသ သုခ, သာမိသ ဒုက္ခ, သာမိသ ဥပေက္ခာဝေဒနာတို့ကိုလည်းကောင်း, နေက္ခမ္မသိတ သောမနဿ, ဒေါမနဿ, ဥပေက္ခာဟူသော နိရာမိသ သုခ, နိရာမိသ ဒုက္ခ, နိရာမိသ ဥပေက္ခာဝေဒနာတို့ကိုလည်းကောင်း ဉာဏ်ရှိသလို ချဲ့ထွင်၍ သိမ်းဆည်း ရှုပွား ပါ။ ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းနိုင်အောင်ကား အထူးပင် ကြိုးပမ်းရမည် ဖြစ်ပေသည်။

ရုပ် (၂၈)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ကုသိုလ်ဇောများ စော သည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကိုလည်းကောင်း, အကုသိုလ်ဇောများ စောသည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကိုလည်းကောင်း ဝေဒနာကို အဦးမူ၍ သိမ်းဆည်းခဲ့သော် သာမိသ သုခ, ဒုက္ခ, ဥပေက္ခာ ဝေဒနာ, နိရာမိသ သုခ, ဒုက္ခ, ဥပေက္ခာဝေဒနာတို့ကို သိမ်းဆည်းမှုလည်း အကျုံးဝင်သွားပြီ ဖြစ်၏။

သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဟူသော သီလကုသိုလ်ဇောဝီထိ စိတ်အစဉ်တို့ကို သိမ်းဆည်းရာ၌ လည်း ဝေဒနာကို အဦးမူ၍ သိမ်းဆည်းခဲ့သော် နိရာမိသ သုခဝေဒနာ ဥပေက္ခာဝေဒနာတို့ကို သိမ်းဆည်းမှုလည်း အကျုံးဝင်သွားပေသည်။ ယင်း သီလမဂ္ဂင်တို့ကို အာရုံပြု၍ အကြောင်းခံ၍ ဒေါမနဿဝေဒနာ ဖြစ်ခဲ့သော် ယင်း ဒေါမနဿဝေဒနာကို အဦးမူ၍ ယင်း ဒေါမနဿ ပြဓာန်းသည့် အကုသိုလ်တရားတို့ကို သိမ်းဆည်းနိုင်လျှင်လည်း နိရာမိသ ဒုက္ခဝေဒနာကို သိမ်းဆည်းနိုင်သည်ပင် မည်ပေသည်။

ဗုဒ္ဓါနုဿတိ မရဏာနုဿတိ စသည် အနုဿတိ ဘာဝနာနာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်း နည်း တူပင် သဘောပေါက်ပါ။

စျာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ဝေဒနာကို အဦးမူ၍ သိမ်းဆည်းခဲ့သော် နိရာမိသ သုခဝေဒနာ, နိရာမိသ ဥပေက္ခာဝေဒနာတို့ကို သိမ်းဆည်းမှုလည်း အကျုံးဝင်သွားပြီ ဖြစ်၏။ ယင်းစျာန်တို့ကို အကြောင်းပြု၍ ဒေါမနဿ ဖြစ်ခဲ့သော် ရရှိပြီးစျာန်၏ လျှောကျခြင်းကြောင့် ဒေါမနဿ ဖြစ်ခဲ့သော် ယင်းဒေါမနဿဝေဒနာကို အဦးမူ၍ ယင်းဒေါသအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းခဲ့သော် နိရာမိသ ဒုက္ခဝေဒနာကို သိမ်းဆည်းမှုလည်း အကျုံးဝင်သွားပေသည်။

ဝေဒနာနှင့် အနုသယ

ဝေဒနာနှင့် အနုသယ

စက္ခုဉ္စ ဘိက္ခဝေ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ သော သုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော အဘိနန္ဒတိ အဘိ- ဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ၊ တဿ ရာဂါနုသယော အနုသေတိ။ ဒုက္ခာယ ဝေဒနာယ ဖုဋ္ဌော သမာနော သောစတိ ကိလမတိ ပရိဒေဝတိ ဥရတ္တာဠိံ ကန္ဒတိ သမ္မောဟံ အာပဇ္ဇတိ၊ တဿ ပဋိဃာနုသယော အနုသေတိ။ အဒုက္ခမသုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော တဿာ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ နပ္ပဇာနာတိ၊ တဿ အဝိဇ္ဇာနုသယော အနုသေတိ။ သော ဝတ ဘိက္ခဝေ သုခါယ ဝေဒနာယ ရာဂါနုသယံ အပ္ပဟာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယံ အပ္ပဋိဝိနောဒေတွာ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယံ အသမူဟနိတွာ အဝိဇ္ဇံ အပ္ပဟာယ ဝိဇ္ဇံ အနုပ္ပါဒေတွာ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ (မ၊၃၊၃၃၂-၃၃၃။)

= ရဟန်းတို့ ...စက္ခုဒွါရနှင့် ရူပါရုံကို အစွဲပြု၍ စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ စက္ခုဒွါရ, ရူပါရုံ, စက္ခုဝိညာဏ်ဟူသော တရားသုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿသည် ဖြစ်ပေါ်လာ၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း, ဒုက္ခသော်လည်းကောင်း, ဥပေက္ခာသော်လည်းကောင်း တစ်မျိုး မျိုးသော ခံစားမှုဝေဒနာသည် ဖြစ်ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ရူပါရုံကို အလွန် နှစ်သက်၏၊ တမ်းတ ပြောဆို၏၊ မျိုမတတ် စွဲလမ်း၍ တည်၏။ ထို သုခဝေဒနာ ဖြစ်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ရာဂါနုသယသည် ကိန်း၏။ ဒုက္ခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏။ တွေဝေခြင်းသို့ ရောက်၏။ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ပဋိဃာနုသယသည် ကိန်း၏။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ယင်းဥပေက္ခာဝေဒနာ၏ ဖြစ်မှုကိုလည်းကောင်း (= ဖြစ်ကြောင်းသဘော နှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း), ချုပ်မှုကိုလည်းကောင်း (= ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို လည်းကောင်း), သာယာဖွယ်ကိုလည်းကောင်း, (အနိစ္စ-ဒုက္ခ-ဝိပရိဏာမဓမ္မဟူသော) အပြစ်ကိုလည်းကောင်း, ထွက်မြောက်ကြောင်းကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိ၊ ထိုပုဂ္ဂိုလ်၏သန္တာန်၌ အဝိဇ္ဇာနုသယသည် ကိန်း၏။ ရဟန်းတို့ ...စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို မပယ်မူ၍, ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို မပယ်ဖျောက်မူ၍, ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို မပယ်နုတ်မူ၍ အဝိဇ္ဇာကို မပယ်ဘဲ ဝိဇ္ဇာကို မဖြစ်စေဘဲ မျက်မှောက်ဘဝ၌ ကိလေသဒုက္ခ သံသရာဝဋ်ဒုက္ခ၏ အဆုံးကို ပြုနိုင်လတ္တံ့ဟူသော အကြောင်းတရားသည် မရှိ။ (သောတဒွါရ-သဒ္ဒါရုံ စသည်တို့၌လည်း နည်းတူပင် ဟောကြားထားတော်မူသည်။) (မ၊၃၊၃၃၂-၃၃၃။)

စက္ခုဉ္စ ဘိက္ခဝေ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ သော သုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော နာဘိနန္ဒတိ နာဘိ- ဝဒတိ နာဇ္ဈောသာယ တိဋ္ဌတိ၊ တဿ ရာဂါနုသယော နာနုသေတိ။ ဒုက္ခာယ ဝေဒနာယ ဖုဋ္ဌော သမာနော န သောစတိ န ကိလမတိ န ပရိဒေဝတိ န ဥရတ္တာဠိံ ကန္ဒတိ န သမ္မောဟံ အာပဇ္ဇတိ၊ တဿ ပဋိဃာနုသယော နာနုသေတိ။ အဒုက္ခမသုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော တဿာ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ ပဇာနာတိ၊ တဿ အဝိဇ္ဇာနုသယော နာနုသေတိ။ သော ဝတ ဘိက္ခဝေ သုခါယ ဝေဒနာယ ရာဂါနုသယံ ပဟာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယံ ပဋိဝိနောဒေတွာ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယံ သမူဟနိတွာ အဝိဇ္ဇံ ပဟာယ ဝိဇ္ဇံ ဥပ္ပါဒေတွာ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဘဝိဿတီတိ ဌာနမေတံ ဝိဇ္ဇတိ။ (မ၊၃၊၃၃၃-၃၃၄။)

= ရဟန်းတို့ ...စက္ခုဒွါရနှင့် ရူပါရုံကို အစွဲပြု၍ စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာ၏၊ စက္ခုဒွါရ, ရူပါရုံ, စက္ခုဝိညာဏ်ဟူသော တရားသုံးပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖဿသည် ဖြစ်ပေါ်လာ၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း, ဒုက္ခသော်လည်းကောင်း, ဥပေက္ခာသော်လည်းကောင်း တစ်မျိုး မျိုးသော ဝေဒနာသည် ဖြစ်ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ရူပါရုံကို အလွန် မနှစ်သက်၊ မတမ်းတ၊ မျိုမတတ် စွဲလမ်း၍ မတည်။ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ရာဂါနုသယသည် မကိန်း။ ဒုက္ခ ဝေဒနာဖြင့် တွေ့ထိသည်ရှိသော် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်၊ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ပဋိဃာနုသယသည် မကိန်း။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ထို ဝေဒနာ၏ ဖြစ်မှုကိုလည်းကောင်း (= ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း), ချုပ်မှုကိုလည်း ကောင်း (= ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကိုလည်းကောင်း), သာယာဖွယ်ကိုလည်းကောင်း, (အနိစ္စ-ဒုက္ခ-ဝိပရိဏာမဓမ္မဟူသော) အပြစ်ကိုလည်းကောင်း, ထွက်မြောက်ကြောင်းကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ အဝိဇ္ဇာနုသယသည် မကိန်း။ ရဟန်းတို့ ...စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို ပယ်၍, ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို ပယ်ဖျောက်၍, ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို ပယ်နုတ်၍ အဝိဇ္ဇာကို ပယ်လျက် ဝိဇ္ဇာကို ဖြစ်စေလျက် မျက်မှောက်ဘဝ၌ ကိလေသဒုက္ခ+သံသရာဝဋ်ဒုက္ခ၏ အဆုံးကို ပြုနိုင်လတ္တံ့ဟူသော အကြောင်းတရားသည် ရှိသည်သာတည်း။ (သောတဒွါရ-သဒ္ဒါရုံ စသည်တို့၌လည်း နည်းတူပင် ဟောကြားထားတော်မူသည်။) (မ၊၃၊၃၃၃-၃၃၄။)

ဤ ဆ ဆက္က သုတ္တန်ဒေသနာတော်၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ သုခဝေဒနာ၏ နောက်ဆွယ်၌ ကိန်းဝပ်နေသော ရာဂါနုသယကို, ဒုက္ခဝေဒနာ၏ နောက်ဆွယ်၌ ကိန်းဝပ်နေသော ပဋိဃာနုသယကို ဥပေက္ခာဝေဒနာ၏ နောက်ဆွယ်၌ ကိန်းဝပ်နေသော အဝိဇ္ဇာနုသယကို မပယ်နုတ်နိုင်ဘဲ အဝိဇ္ဇာကို ပယ်၍ ဝိဇ္ဇာကို မဖြစ်စေနိုင်ဘဲ အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ကိလေသဒုက္ခ၏ ကုန်ဆုံးခြင်း သဥပါဒိသေသနိဗ္ဗာန်နှင့် သံသရာဝဋ်ဒုက္ခ = ခန္ဓဝဋ်ဒုက္ခ၏ ကုန်ဆုံးခြင်း အနုပါဒိသေသနိဗ္ဗာန်သည် မည်သည့်နည်း နှင့်မျှ ဖြစ်ပေါ်မလာနိုင်သဖြင့်, ယင်းဝေဒနာ အသီးအသီး၏ နောက်ဆွယ်၌ ကိန်းဝပ်နေသော အနုသယဓာတ် အသီးအသီးကို အရိယမဂ်တည်းဟူသော မွေးညှပ်ဖြင့် ပယ်နုတ်နိုင်ပါမှ, အဝိဇ္ဇာကို ပယ်၍ ဝိဇ္ဇာဉာဏ်ကို ဖြစ်စေ နိုင်ပါမှသာလျှင် ကိလေသဒုက္ခ၏ ကုန်ဆုံးခြင်း = သဥပါဒိသေသနိဗ္ဗာန်နှင့် သံသာရဝဋ်ဒုက္ခ = ခန္ဓဝဋ်ဒုက္ခ၏ ကုန်ဆုံးခြင်း အနုပါဒိသေသနိဗ္ဗာန်သည် ဖြစ်ပေါ်လာနိုင်သဖြင့် အသင်သူတော်ကောင်းသည် အဝိဇ္ဇာပျောက်၍ ဝိဇ္ဇာဉာဏ် အလင်းပေါက်အောင် ကြိုးပမ်းရတော့မည်သာ ဖြစ်ပေသည်။ ထိုသို့ ကြိုးပမ်းရာ၌ --- ဒုက္ခဝေဒနာ တစ်ခုတည်းကို ဝေဒနာဟု သိ၍ သုခဝေဒနာနှင့် ဥပေက္ခာဝေဒနာတို့ကို ဝေဒနာဟု မသိက မလုံလောက်သေး သည်သာ ဖြစ်ပေသည်။

၁။ စိတ္တနိယာမလမ်းကြောင်းဟု ခေါ်ဆိုသည့် ဝီထိစဉ်အတိုင်း ဖြစ်ပေါ်သွားကြသော စိတ္တက္ခဏတိုင်း၌ ပါဝင် တည်ရှိသော ဝေဒနာ အသီးအသီးကိုလည်းကောင်း,

၂။ စိတ္တက္ခဏ အသီးအသီး၌ ပါဝင်တည်ရှိကြသော ယင်းဝေဒနာ အသီးအသီးနှင့် ယှဉ်ဖက် စိတ်စေတသိက် တရားစုတို့ကိုလည်းကောင်း,

၃။ ယင်းဝေဒနာနှင့် တကွသော နာမ်တရားစုတို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ် အသီးအသီးကိုလည်းကောင်း

အသင်သူတော်ကောင်းသည် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ရမည် ဖြစ်ပေသည်။ ဝီထိမုတ်စိတ် တို့၌လည်း နည်းတူပင် မှတ်ပါ။

အနုသယ --- အနုသယဓာတ်ဟူသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ပေါ်လာသော ကိလေသာ ကား မဟုတ်။ ဝတ္ထုနှင့် အာရုံတို့၏ ပေါင်းဆုံမှုကို အစွဲပြု၍ ဖဿ-ဝေဒနာတို့၏ ဆင့်ကဲ ကျေးဇူးပြုမှုကို အစွဲပြု ၍ အာရုံကို နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်ခြင်း = အယောနိသော မနသိကာရအပေါ် အခြေစိုက်လျက် ဖြစ်ပေါ်လာနိုင်သည့် ကိလေသာစွမ်းအင် တစ်မျိုးသာ ဖြစ်သည်။ ယင်းအနုသယကိလေသာကို ပယ်နုတ်နိုင်ရေးအတွက် အဝိဇ္ဇာပျောက်၍ ဝိဇ္ဇာဉာဏ် အလင်းပေါက်အောင် ကြိုးပမ်းရမည်သာ ဖြစ်ပေသည်။

အဝိဇ္ဇာပျောက် - ဝိဇ္ဇာဉာဏ် အလင်းပေါက်

အဝိဇ္ဇာပျောက် - ဝိဇ္ဇာဉာဏ် အလင်းပေါက်

စက္ခုံ ခေါ ဘိက္ခု အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ၊ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ။ ရူပေ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ၊ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ။ စက္ခုဝိညာဏံ။ စက္ခုသမ္ဖဿံ။ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ တမ္ပိ အနိစ္စတော ဇာနတော ပဿတော အဝိဇ္ဇာ ပဟီယတိ၊ ဝိဇ္ဇာ ဥပ္ပဇ္ဇတိ။ (သံ၊၂၊၂၅၉။)

၁။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရကို,

၂။ ရူပါရုံတို့ကို,

၃။ စက္ခုဝိညာဏ်ကို,

၄။ စက္ခုသမ္ဖဿကို,

၅။ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ အသီး အသီးကို ---

(က) အနိစ္စဟု သိခဲ့သော် ဝိပဿနာဉာဏ်ဖြင့် မြင်ခဲ့သော်,

( ခ ) ဒုက္ခဟု သိခဲ့သော် ဝိပဿနာဉာဏ်ဖြင့် မြင်ခဲ့သော်,

( ဂ ) အနတ္တဟု သိခဲ့သော် ဝိပဿနာဉာဏ်ဖြင့် မြင်ခဲ့သော်,

(ဃ) အသုဘဟု သိခဲ့သော် ဝိပဿနာဉာဏ်ဖြင့် မြင်ခဲ့သော် ---

အဝိဇ္ဇာ ကင်းပျောက်၍ ဝိဇ္ဇာဉာဏ် အလင်းပေါက်လာမည် ဖြစ်ပေသည်။ (သံ၊၂၊၂၅၉။)

သို့အတွက် အသင်သူတော်ကောင်းသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို စီးဖြန်းလိုပါက ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်းနာမ်ရုပ်တို့ကို ---

၁။ ရုပ်နာမ် ( ၂ )ပါး နည်းဖြင့် ( ၂ )ပုံ ပုံ၍ ဖြစ်စေ,

၂။ ခန္ဓာ ( ၅ )ပါး နည်းဖြင့် ( ၅ )ပုံ ပုံ၍ ဖြစ်စေ,

၃။ အာယတန (၁၂)ပါး နည်းဖြင့် (၁၂)ပုံ ပုံ၍ ဖြစ်စေ,

၄။ ဓာတ် (၁၈)ပါး နည်းဖြင့် (၁၈)ပုံ ပုံ၍ ဖြစ်စေ ---

လက္ခဏာရေးတင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို အပတ်တကုတ် ကြိုးပမ်းအားထုတ်လေရာသည်။

စိတ္တာနုပဿနာသတိပဋ္ဌာန် ပထမဆင့်

စိတ္တာနုပဿနာသတိပဋ္ဌာန် ပထမဆင့်

ကထဉ္စ ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ ဣဓ ဘိက္ခဝေ ဘိက္ခု ---

၁။ သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ၊

၂။ ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာနာတိ။

၃။ သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ၊

၄။ ဝီတဒေါသံ ဝါ စိတ္တံ ဝီတဒေါသံ စိတ္တန္တိ ပဇာနာတိ။

၅။ သမောဟံ ဝါ စိတ္တံ သမောဟံ စိတ္တန္တိ ပဇာနာတိ၊

၆။ ဝီတမောဟံ ဝါ စိတ္တံ ဝီတမောဟံ စိတ္တန္တိ ပဇာနာတိ။

၇။ သံခိတ္တံ ဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ၊

၈။ ဝိက္ခိတ္တံ ဝါ စိတ္တံ ဝိက္ခိတ္တံ စိတ္တန္တိ ပဇာနာတိ။

၉။ မဟဂ္ဂတံ ဝါ စိတ္တံ မဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ၊

၁၀။ အမဟဂ္ဂတံ ဝါ စိတ္တံ အမဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ။

၁၁။ သဥတ္တရံ ဝါ စိတ္တံ သဥတ္တရံ စိတ္တန္တိ ပဇာနာတိ၊

၁၂။ အနုတ္တရံ ဝါ စိတ္တံ အနုတ္တရံ စိတ္တန္တိ ပဇာနာတိ။

၁၃။ သမာဟိတံ ဝါ စိတ္တံ သမာဟိတံ စိတ္တန္တိ ပဇာနာတိ၊

၁၄။ အသမာဟိတံ ဝါ စိတ္တံ အသမာဟိတံ စိတ္တန္တိ ပဇာနာတိ။

၁၅။ ဝိမုတ္တံ ဝါ စိတ္တံ ဝိမုတ္တံ စိတ္တန္တိ ပဇာနာတိ၊

၁၆။ အဝိမုတ္တံ ဝါ စိတ္တံ အဝိမုတ္တံ စိတ္တန္တိ ပဇာနာတိ။ (မ၊၁၊၇၆။)

= ရဟန်းတို့ ...အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေလေ သနည်း?

ရဟန်းတို့ ...ဤငါဘုရားရှင်၏ သာသနာတော်၌ ရဟန်းသည် ---

၁။ ရာဂနှင့်တကွသော စိတ်ကိုလည်း ရာဂနှင့်တကွသော စိတ်ဟု သိ၏။

၂။ ရာဂကင်းသော စိတ်ကိုလည်း ရာဂကင်းသော စိတ်ဟု သိ၏။

၃။ ဒေါသနှင့်တကွသော စိတ်ကိုလည်း ဒေါသနှင့်တကွသော စိတ်ဟု သိ၏။

၄။ ဒေါသကင်းသော စိတ်ကိုလည်း ဒေါသကင်းသော စိတ်ဟု သိ၏။

၅။ မောဟနှင့်တကွသော စိတ်ကိုလည်း မောဟနှင့်တကွသော စိတ်ဟု သိ၏။

၆။ မောဟကင်းသော စိတ်ကိုလည်း မောဟကင်းသော စိတ်ဟု သိ၏။

၇။ ကျုံ့သော သံခိတ္တ စိတ်ကိုလည်း ကျုံ့သော သံခိတ္တ စိတ်ဟု သိ၏။

၈။ ပျံ့လွင့်သော ဝိက္ခိတ္တ စိတ်ကိုလည်း ပျံ့လွင့်သော ဝိက္ခိတ္တ စိတ်ဟု သိ၏။

၉။ မဟဂ္ဂုတ် စိတ်ကိုလည်း မဟဂ္ဂုတ် စိတ်ဟု သိ၏။

၁၀။ မဟဂ္ဂုတ် မဟုတ်သော စိတ်ကိုလည်း မဟဂ္ဂုတ် မဟုတ်သော စိတ်ဟု သိ၏။

၁၁။ သဥတ္တရ စိတ်ကိုလည်း သဥတ္တရ စိတ်ဟု သိ၏။ (ကာမာဝစရ စိတ်။)

၁၂။ အနုတ္တရ စိတ်ကိုလည်း အနုတ္တရ စိတ်ဟု သိ၏။ (မဟဂ္ဂုတ် စိတ်။)

၁၃။ တည်ကြည်သော သမာဟိတ စိတ်ကိုလည်း တည်ကြည်သော သမာဟိတ စိတ်ဟုသိ၏။

၁၄။ မတည်ကြည်သော အသမာဟိတ စိတ်ကိုလည်း မတည်ကြည်သော အသမာဟိတ စိတ် ဟု သိ၏။

၁၅။ ကိလေသာတို့မှ လွတ်မြောက်သော ဝိမုတ္တစိတ်ကိုလည်း ကိလေသာတို့မှ လွတ်မြောက်သော ဝိမုတ္တစိတ်ဟု သိ၏။

၁၆။ ကိလေသာတို့မှ မလွတ်မြောက်သော အဝိမုတ္တစိတ်ကိုလည်း ကိလေသာတို့မှ မလွတ်မြောက်သော အဝိမုတ္တစိတ်ဟု သိ၏။ (မ၊၁၊၇၆။)

ဤစိတ်တို့၏ အဓိပ္ပါယ်နှင့် အရကောက်ယူပုံကို ဤနာမ်ကမ္မဋ္ဌာန်းပိုင်း စာမျက်နှာ (၇၄)စသည်တို့၌ ကြည့်ပါ။

သတ်မှတ်ထားသော စည်းမျဉ်းဥပဒေသ

သတ်မှတ်ထားသော စည်းမျဉ်းဥပဒေသ

ဤစိတ္တာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ---

၁။ သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ --- (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

= ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းအားဖြင့်သော်လည်းကောင်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းအားဖြင့်သော် လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော်ဟူသော အဋ္ဌကထာကြီးများ၏ ညွှန်ကြားသတ်မှတ် ထားသော ဝိပဿနာ လုပ်ထုံးလုပ်နည်း ကျင့်ထုံးကျင့်နည်း စည်းမျဉ်းဥပဒေသနှင့် အညီ ရုပ်တရားကို သိမ်းဆည်း ထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီးသူ ဖြစ်ရမည်။

၂။ ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သောပိ န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံတဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

= အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အသိစိတ် = ဝိညာဏ်သည် ထင်ရှား၏၊ ထိုယောဂါဝစရ ပုဂ္ဂိုလ်သည်လည်း --- ဤဝိညာဏ် တစ်ခုတည်းသာလျှင် ဖြစ်ပေါ်၍ နေသည်ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိတတ်သော ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံ၏ အရသာကိုပင် ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင် အမှတ်ပြု၍ သိတတ်သော သညာသည် လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ်သော စေတနာ သည်လည်း ဖြစ်ပေါ်နေ၏ဟု ဤသို့ နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင် လျှင် သိမ်းဆည်း၏ ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

ဤသို့လျှင် အဋ္ဌကထာကြီးများက ညွှန်ကြားသတ်မှတ်ထားသော ဝိပဿနာ လုပ်ထုံးလုပ်နည်း ကျင့်ထုံး ကျင့်နည်း စည်းမျဉ်းဥပဒေသနှင့် အညီ စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်သော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် အသိစိတ် = ဝိညာဏ်တစ်ခုတည်းကိုသာ သိမ်းဆည်းရ ရှုပွားရသည်ကား မဟုတ်၊ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းဝယ် ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားစု အားလုံးတို့ကို နာမ်တုံး နာမ်ခဲ ဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။ ဤကား ဒုတိယ လိုက်နာရမည့် ပြုကျင့် ဆောင်ရွက်ရမည့် အရေးပါသော စည်းကမ်း ဥပဒေသတစ်ရပ်ပင် ဖြစ်သည်။

၁။ ရုပ်တရားကို သိမ်းဆည်းပြီးခြင်း,

၂။ ဝိညာဏ်နှင့် ယှဉ်ဖက် နာမ်တရားအားလုံးကို သိမ်းဆည်းခြင်း ---

တည်းဟူသော ဤ စည်းကမ်းဥပဒေသ နှစ်ရပ်ကို မလိုက်နာ မပြုကျင့်ဘဲ စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်နေပါက အသားကြေ၍ အရိုးသာ ဆွေးမည်၊ ဝိပဿနာဉာဏ်အစစ် ဖြစ်ပေါ်လာရေးကား မိုး နှင့် မြေကြီးမျှမက အလွန်အလှမ်းဝေးလျက်ပင် ရှိနေဦးမည်ကို အထူးသတိပြုသင့်လှပေသည် သူတော်ကောင်း အပေါင်းတို့ ...

ဤတွင် စိတ္တာနုပဿနာသတိပဋ္ဌာန် ပထမဆင့် ပြီးဆုံးလေပြီ။

__________

ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပထမဆင့်

ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပထမဆင့်

ဧဝံ သောဠသဝိဓေန စိတ္တာနုပဿနာသတိပဋ္ဌာနံ ကထေတွာ ဣဒါနိ ပဉ္စဝိဓေန ဓမ္မာနုပဿနံ ကထေတုံ ကထဉ္စ ဘိက္ခဝေတိအာဒိမာဟ။ (မ၊ဋ္ဌ၊၁၊၂၈၅။)

အပိ စ ဘဂဝတာ ကာယာနုပဿနာယ သုဒ္ဓရူပပရိဂ္ဂဟော ကထိတော၊ ဝေဒနာစိတ္တာနုပဿနာဟိ သုဒ္ဓအရူပပရိဂ္ဂဟော။ ဣဒါနိ ရူပါရူပမိဿကပရိဂ္ဂဟံ ကထေတုံ ကထဉ္စ ဘိက္ခဝေတိအာဒိမာဟ။ (မ၊ဋ္ဌ၊၁၊၂၈၅။)

ကာယာနုပဿနာယ ဝါ ရူပက္ခန္ဓပရိဂ္ဂဟောဝ ကထိတော၊ ဝေဒနာနုပဿနာယ ဝေဒနာက္ခန္ဓပရိဂ္ဂဟောဝ၊ စိတ္တာနုပဿနာယ ဝိညာဏက္ခန္ဓပရိဂ္ဂဟောဝါတိ ဣဒါနိ သညာသင်္ခါရက္ခန္ဓပရိဂ္ဂဟမ္ပိ ကထေတုံ ကထဉ္စ ဘိက္ခဝေတိအာဒိမာဟ။ (မ၊ဋ္ဌ၊၁၊၂၈၅။)

ဧတ္တာဝတာ ယသ္မာ ကာယာနုပဿနာယ ရူပက္ခန္ဓပရိဂ္ဂဟောဝ ကထိတော၊ ဝေဒနာနုပဿနာယ ဝေဒနာက္ခန္ဓပရိဂ္ဂဟောဝ၊ စိတ္တာနုပဿနာယ ဝိညာဏက္ခန္ဓပရိဂ္ဂဟောဝ။ တသ္မာ ဣဒါနိ သမ္ပယုတ္တဓမ္မသီသေန သညာသင်္ခါရက္ခန္ဓပရိဂ္ဂဟမ္ပိ ကထေတုံ ဓမ္မာနုပဿနံ ဒေဿန္တော ကထဉ္စ ဘိက္ခူတိအာဒိမာဟ။ (အဘိ၊ဋ္ဌ၊၂၊၂၅၆။)

ဤသို့လျှင် (၁၆)မျိုးသော အပြားအားဖြင့် စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ဟောကြားတော်မူပြီး၍ ယခု အခါ၌ ---

၁။ နီဝရဏပဗ္ဗ = နီဝရဏပိုင်း,

၂။ ခန္ဓပဗ္ဗ = ခန္ဓာပိုင်း,

၃။ အာယတနပဗ္ဗ = အာယတနပိုင်း,

၄။ ဗောဇ္ဈင်္ဂပဗ္ဗ = ဗောဇ္ဈင်ပိုင်း,

၅။ သစ္စပဗ္ဗ = သစ္စာပိုင်း --- ဟူသော

(၅)မျိုးသော အပြားအားဖြင့် ဓမ္မာနုပဿနာသတိပဋ္ဌာန်ကို ဟောကြားပြသတော်မူခြင်းငှာ --- ကထဉ္စ ဘိက္ခဝေ စသော ဒေသနာတော်ကို ဟောကြားတော်မူလေသည်။ (မ၊ဋ္ဌ၊၁၊၂၈၅။)

တစ်နည်းဆိုရသော် --- ဘုရားရှင်သည် ကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်းဖြင့် ရုပ်တရားသက်သက်ကို သိမ်းဆည်းခြင်းကို ဟောကြားထားတော်မူအပ်ပေ၏၊ ဝေဒနာနုပဿနာသတိပဋ္ဌာန် စိတ္တာနုပဿနာသတိပဋ္ဌာန် တို့ဖြင့် နာမ်တရားသက်သက်ကို သိမ်းဆည်းခြင်းကို ဟောကြားထားတော်မူအပ်ပေ၏။ ယခုအခါ၌ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် ရုပ်တရား နာမ်တရား နှစ်မျိုးလုံးကို သိမ်းဆည်းပုံကို ဟောကြားပြသတော်မူခြင်းငှာ ကထဉ္စ ဘိက္ခဝေ --- စသော ဓမ္မာနုပဿနာသတိပဋ္ဌာန် ဒေသနာတော်ကို အားသစ်တော်မူလေသည်။ (မ၊ဋ္ဌ၊၁၊၂၈၅၊၊)

တစ်နည်း --- ကာယာနုပဿနာ သတိပဋ္ဌာန်ဖြင့် ရူပက္ခန္ဓာကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ကိုသာလျှင် = ရူပက္ခန္ဓာကို ပိုင်းခြား၍ ယူကြောင်း ရူပပရိဂ္ဂဟဉာဏ်ကိုသာလျှင် ဟောကြားထားတော်မူအပ်၏။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဖြင့် ဝေဒနာက္ခန္ဓာကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကိုသာလျှင် = ဝေဒနာက္ခန္ဓာကို ပိုင်းခြား၍ ယူကြောင်း ဝေဒနာပရိဂ္ဂဟဉာဏ်ကိုသာလျှင် ဟောကြားထားတော်မူအပ်၏။ စိတ္တာနုပဿနာ သတိပဋ္ဌာန်ဖြင့် ဝိညာဏက္ခန္ဓာကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကိုသာလျှင် = ဝိညာဏက္ခန္ဓာကို ပိုင်းခြား၍ ယူကြောင်း ဝိညာဏပရိဂ္ဂဟဉာဏ်ကိုသာလျှင် ဟောကြားထားတော်မူအပ်၏။ ထိုကြောင့် ယခုအခါ၌ ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို အဦးမူသဖြင့် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို ဦးတည်၍ သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကိုလည်း = သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ တို့ကို ပိုင်းခြားယူကြောင်း သညာပရိဂ္ဂဟဉာဏ်, သင်္ခါရပရိဂ္ဂဟဉာဏ်ကိုလည်း ဟောကြားပြသတော်မူခြင်းငှာ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ထင်ရှားပြသတော်မူလိုသည်၏ အဖြစ်ကြောင့် ကထဉ္စ ဘိက္ခဝေ --- အစရှိသော ဓမ္မာနုပဿနာသတိပဋ္ဌာန် ဒေသနာတော်ကို စတင် အားသစ်တော်မူလေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၅၆။ မ၊ဋ္ဌ၊၁၊၂၈၅၊၊)

သညာသင်္ခါရက္ခန္ဓပရိဂ္ဂဟမ္ပီတိ ပိ-သဒ္ဒေန သကလပဉ္စုပါဒါနက္ခန္ဓပရိဂ္ဂဟံ သမ္ပိဏ္ဍေတိ ဣတရေသံ တဒန္တောဂဓတ္တာ။ (မ၊ဋီ၊၁၊၃၇၃။)

သညာသင်္ခါရက္ခန္ဓပရိဂ္ဂဟမ္ပိ --- (မ၊ဋ္ဌ၊၁၊၂၈၅။ အဘိ၊ဋ္ဌ၊၂၊၂၅၆။) ဟူသော အဋ္ဌကထာ စကားရပ်ဝယ် ပိ-သဒ္ဒါဖြင့် အလုံးစုံသော ဥပါဒါနက္ခန္ဓာ (၅)ပါးလုံးကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ပေါင်း၏။ ထိုသညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ၌ ဝေဒနာက္ခန္ဓာ ဝိညာဏက္ခန္ဓာ ရူပက္ခန္ဓာတို့လည်း အကျုံးဝင်နေသောကြောင့် ဖြစ်၏။ ဝေဒနာ ဝိညာဏ်တို့ မပါဘဲ (ပဉ္စဝေါကာရဘုံဝယ်) မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ မပါဘဲ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာချည်းသက်သက်ကား မဖြစ်နိုင်။ သို့အတွက် ဓမ္မာနုပဿနာဖြင့် သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူပုံ သိမ်းဆည်းပုံကို ပဓာနထား၍ ဟောကြားထားတော်မူသော်လည်း ထိုသညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ သက်သက် ကိုသာ သိမ်းဆည်းရသည် မဟုတ်၊ ထိုသညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့နှင့် စိတ္တက္ခဏတစ်ခု အတွင်းဝယ် အမြဲတမ်း ယှဉ်တွဲ၍ ဖြစ်သော ဝေဒနာက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ကိုလည်း သိမ်းဆည်းရ၏။ ယင်း နာမ်ခန္ဓာလေးပါးတို့၏မှီ၍ ဖြစ်ရာ မှီရာဝတ္ထုရုပ်နှင့် စွဲမှီရာ အာရုံရုပ်ဟူသော ရူပက္ခန္ဓာကိုလည်း သိမ်းဆည်းရ၏။ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဟု ဆိုသော်လည်း ဥပါဒါနက္ခန္ဓာ ငါးပါးလုံးကိုပင် သိမ်းဆည်းရ၏။ ဝေဒနာက္ခန္ဓာ ဝိညာဏက္ခန္ဓာ ရူပက္ခန္ဓာတို့၏ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့၌ အတွင်းဝင်နေသောကြောင့်တည်း။ (အန္တောဂဓ နည်းတည်း။) (မ၊ဋီ၊၁၊၃၇၃။)

ဤဖွင့်ဆိုချက်များနှင့် အညီ နာမ်ကမ္မဋ္ဌာန်းသိမ်းဆည်းနည်း သုံးနည်းတို့တွင် ဖဿကို အဦးမူသဖြင့် နာမ် ရုပ်တို့ကို သိမ်းဆည်းသော နည်းစနစ်သည် ဤဓမ္မာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် အကျုံးဝင်သည်ဟု မှတ် သားပါ။ ဖဿသည် သင်္ခါရက္ခန္ဓာတွင် အကျုံးဝင်သော တရားတစ်ခုပင် ဖြစ်သောကြောင့်တည်း။

နီဝရဏ ပဗ္ဗ (= နီဝရဏပိုင်း) ပထမဆင့်

နီဝရဏ ပဗ္ဗ (= နီဝရဏပိုင်း) ပထမဆင့်

ကထဉ္စ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။ ဣဓ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု။

ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္ဒံ အတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒောတိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္ဒံ နတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒောတိ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ ကာမစ္ဆန္ဒဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ ကာမစ္ဆန္ဒဿ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ပဟီနဿ ကာမစ္ဆန္ဒဿ အာယတိံ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ။ (မ၊၁၊၇၆-၇၇။)

= ရဟန်းတို့ ...အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းသည် ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရား တို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ နေလေသနည်း၊ ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းတော်သည် နီဝရဏငါးပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ် ထပ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ...အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းတော်သည် နီဝရဏငါးပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ နေလေသနည်း။

ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းတော်သည် မိမိ၏ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒ နီဝရဏတရား ထင်ရှားရှိလျှင်လည်း ငါ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒ နီဝရဏတရား ထင်ရှားရှိ၏ဟု သိ၏။ မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒနီဝရဏတရား ထင်ရှား မရှိလျှင်လည်း ငါ၏ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒ နီဝရဏ တရား ထင်ရှားမရှိဟု သိ၏။

မဖြစ်ပေါ်လာသေးသော ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒ နီဝရဏတရား၏ ဖြစ်ပေါ် လာခြင်း၏ အကြောင်းတရားကိုလည်း ကွဲကွဲပြားပြား သိ၏။ ဖြစ်ပေါ်ပြီးသော ကာမဂုဏ်ကို လိုလားတပ်မက် တတ်သော ကာမစ္ဆန္ဒ နီဝရဏတရား၏ ပယ်သတ်ခြင်း၏ အကြောင်းတရားကိုလည်း ကွဲကွဲပြားပြား သိ၏၊ ပယ် အပ်ပြီးသော ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒ နီဝရဏတရား၏ နောင်အခါ၌ မဖြစ်ပေါ် ခြင်း၏ အကြောင်းတရားကိုလည်း ကွဲကွဲပြားပြား သိ၏။ (မ၊၁၊၇၆-၇၇။)

ဗျာပါဒ နီဝရဏ, ထိနမိဒ္ဓ နီဝရဏ, ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ, ဝိစိကိစ္ဆာ နီဝရဏတို့ကိုလည်း ပုံစံတူပင် ဆက်လက်၍ ဟောကြားထားတော်မူပေသည်။ (မ၊၁၊ရရ၌ ကြည့်ပါ။)

နီဝရဏ = စျာန် စသော ကုသိုလ်တရားတို့ကို တားမြစ်ပိတ်ပင်တတ်သော တရားတို့ကို နီဝရဏဟု ခေါ် သည်။ ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင်သည် ယင်းနီဝရဏတရားတို့ကို ငါးပါး အပြားအားဖြင့် ဟောကြားထားတော်မူ၏။

၁။ ကာမစ္ဆန္ဒ နီဝရဏ = ကာမဂုဏ်၌ လိုလားတပ်မက်သော လိုချင်နှစ်သက်သော တဏှာ = လောဘသည် ကာမစ္ဆန္ဒ မည်၏။ ယင်းကာမစ္ဆန္ဒသည် စျာန် စသော ကုသိုလ်တရားများကို ဖြစ်ခွင့်မရအောင် မိမိထင်ရှား ရှိခိုက်ဝယ် တားမြစ်ပိတ်ပင်တတ်သောကြောင့် ကာမစ္ဆန္ဒ နီဝရဏ မည်၏။

၂။ သတ္တဝါ သင်္ခါရတို့ကို ပျက်စီးအောင် ဖျက်ဆီးလိုသော ဒေါသသည် ဗျာပါဒ မည်၏။

၃။ စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှုသည် ထိန-မိဒ္ဓ မည်၏။

၄။ စိတ်ပျံ့လွင့်မှု, နောင်တ တစ်ဖန် ပူပန်မှုသည် ဥဒ္ဓစ္စ-ကုက္ကုစ္စ မည်၏။

၅။ ရတနာသုံးတန်, ကံ-ကံ၏အကျိုးတရား စသည်တို့အပေါ်၌ သို့လောသို့လော တွေးတော ယုံမှားခြင်းသည် ဝိစိကိစ္ဆာ မည်၏။

ယင်း ဗျာပါဒ, ထိန-မိဒ္ဓ, ဥဒ္ဓစ္စ-ကုက္ကုစ္စ, ဝိစိကိစ္ဆာတို့သည်လည်း စျာန် စသော ကုသိုလ်တရားတို့ကို ဖြစ် ခွင့်မရအောင် မိမိတို့ ထင်ရှားရှိခိုက်ဝယ် တားမြစ် ပိတ်ပင်တတ်သောကြောင့် ဗျာပါဒ နီဝရဏ, ထိန-မိဒ္ဓ နီဝရဏ, ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏ, ဝိစိကိစ္ဆာ နီဝရဏဟူသော အမည် အသီးအသီးကို ရရှိပေသည်။

သန္တ - အသန္တ = ထင်ရှားရှိမှု - မရှိမှု

သန္တ - အသန္တ = ထင်ရှားရှိမှု - မရှိမှု

တတ္ထ သန္တန္တိ အဘိဏှသမုဒါစာရဝသေန သံဝိဇ္ဇမာနံ။ အသန္တန္တိ အသမုဒါစာရဝသေန ဝါ ပဟီနတ္တာ ဝါ အဝိဇ္ဇမာနံ။ (အဘိ၊ဋ္ဌ၊၂၊၂၅၇။ မ၊ဋ္ဌ၊၁၊၂၈၅။)

ကဏှသုက္ကာနံ ယုဂနဒ္ဓတာ နတ္ထီတိ ပဇာနနကာလေ အဘာဝါ အဘိဏှသမုဒါစာရဝသေနာတိ အာဟ။ (မူလဋီ၊၂၊၁၅၈။)

ဓမ္မာနုပဿနာဉာဏ် ပြဓာန်းသော ဝိပဿနာဉာဏ် ဖြစ်ခိုက် ဖြူစင်သော ကုသိုလ်တရားများသာ ဆက် တိုက် ဖြစ်နေ၏။ ထိုဖြူစင်သော ကုသိုလ်တရားများ ဖြစ်ခိုက်၌ မည်းညစ်သော ကာမစ္ဆန္ဒ နီဝရဏ စသော အကုသိုလ်တရားများ မဖြစ်နိုင်။ ကုသိုလ်ကား ဖြူစင်သောတရားတည်း။ အကုသိုလ်ကား မည်းညစ်သောတရား တည်း။ အဖြူနှင့် အမည်း တရားနှစ်မျိုးတို့ကား - ထမ်းပိုးတစ်ခု၌ နွားနှစ်ကောင်ကို အတူယှဉ်တွဲ၍ ကထား သကဲ့သို့စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်နိုင်ကြသည်ကား မဟုတ်ကြပေ။ သို့ပါလျက် အဘယ်အကြောင်းကြောင့် သန္တ = ထင်ရှားရှိသော ကာမစ္ဆန္ဒ စသော နီဝရဏတရားကို ဓမ္မာနုပဿနာဉာဏ် ဖြင့် သိရမည်ဟု ဟောဆိုနေပါသနည်းဟု မေးမြန်းဖွယ် ရှိ၏။ သို့အတွက် သန္တ- ဟူသော ပါဠိတော်ကို --- အဘိဏှသမုဒါစာရဝသေန သံဝိဇ္ဇမာနံ --- ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူ၏။ ဤဓမ္မာနုပဿနာဉာဏ် ဖြစ်ခိုက်၌ ကာမစ္ဆန္ဒ စသော နီဝရဏတရားများ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိသော်လည်း အခြား အချိန်ဝယ် မကြာမကြာ ကြိုးကြားကြိုးကြား မပြတ်မပြတ် ဖြစ်နိုင်သောကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန် ၌ ကာမစ္ဆန္ဒ စသော နီဝရဏတရားများ ထင်ရှားရှိနေကြသေးသည်ဟုပင် ဆိုရသည် ဟူလိုသည်။ အသန္တဟူသည် ယင်းကာမစ္ဆန္ဒ နီဝရဏ စသော အကုသိုလ်တရား၏ မကြာမကြာ မဖြစ်သည်၏ အစွမ်းကြောင့်သော်လည်းကောင်း, ဆိုင်ရာဆိုင်ရာ အရိယမဂ်တရားဖြင့် ပယ်ရှားအပ်ပြီးသည်၏ အဖြစ်ကြောင့်သော်လည်းကောင်း ထင်ရှားမရှိသော နီဝရဏတရားတို့ကို ဆိုလိုသည်။

သတိပြုရန် အချက်တစ်ရပ်

သတိပြုရန် အချက်တစ်ရပ်

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ မိန့်ဆိုထားတော်မူချက်များကို အသင်သူတော်ကောင်း သည် သတိပြု၍ ပြန်လည် ဆန်းစစ်ကြည့်ပါ။ ဤ၌ အရှုခံ နာမ်တရားများမှာ ကာမစ္ဆန္ဒနီဝရဏ စသော အကုသိုလ်တရားတို့ ဖြစ်ကြ၏။ ရှုတတ်သော ဓမ္မာနုပဿနာဉာဏ်မှာ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်တို့ သန္တာန်ဝယ် မဟာကုသိုလ် မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့ ဖြစ်ကြ၏။

အရှုခံ အကုသိုလ်တရားတို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ခိုက်ဝယ် ရှုတတ်သော ဓမ္မာနုပဿနာဉာဏ် ပြဓာန်းသော ကုသိုလ်တရားတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မဖြစ်နိုင်ကြသေးကုန်။ ရှုတတ်သော ဓမ္မာနုပဿနာဉာဏ် ပြဓာန်းသော ကုသိုလ်တရားတို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်ခိုက်၌လည်း အရှုခံအကုသိုလ်တရားတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိကြတော့ပြီ ဖြစ်ကြ၏။

သို့သော် ယင်းသို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိသော, အခြားအခြား အချိန်ဝယ် မကြာမကြာ ဖြစ်နိုင်သောကြောင့် ထင်ရှားရှိနေသေးသည်ဟု ဆိုရသော ယင်းအကုသိုလ်တရားတို့ကို ဓမ္မာနုပဿနာဉာဏ် ဖြင့် ကွဲကွဲပြားပြားသိအောင် သိမ်းဆည်းရှုပွားရန် ဘုရားရှင်ကလည်း ညွှန်ကြားတော်မူလျက် ရှိ၏၊ အဋ္ဌကထာ ဋီကာတို့ကလည်း ထောက်ခံ ဖွင့်ဆိုလျက် ရှိကြ၏။ အသင်္ချေနှင့် ချီ၍ ကျွတ်ပွဲကြီး ယင်ခဲ့ကြသော သူတော် ကောင်းတို့၏ စာရင်းကို ကြည့်ပါက ရှု၍ ရတော်မူကြသော အရိယာသူတော်ကောင်းတို့သည်လည်း သာသနာတော်ဝယ် များစွာပင် ရှိတော်မူခဲ့ကြပေသည်။ သို့အတွက် နာမ်ကမ္မဋ္ဌာန်းပိုင်းဝယ် ပစ္စုပ္ပန် ပေါ်ဆဲ ပေါ်ဆဲ ခဏ၌သာ ပစ္စုပ္ပန်တရား သက်သက်ကိုသာ ဝိပဿနာ ရှုရမည်ဟူသော စည်းမျဉ်းဥပဒေသကိုကား အထူး စဉ်းစားသင့်လှပေသည်။

ကာမစ္ဆန္ဒ နီဝရဏ၏ ဖြစ်ကြောင်းတရား

ကာမစ္ဆန္ဒ နီဝရဏ၏ ဖြစ်ကြောင်းတရား

တတ္ထ သုဘနိမိတ္တေ အယောနိသောမနသိကာရေန ကာမစ္ဆန္ဒဿ ဥပ္ပါဒေါ ဟောတိ။ သုဘနိမိတ္တံ နာမ သုဘမ္ပိ သုဘနိမိတ္တံ၊ သုဘာရမ္မဏမ္ပိ သုဘနိမိတ္တံ။ အယောနိသောမနသိကာရော နာမ အနုပါယမနသိကာရော ဥပ္ပထမနသိကာရော အနိစ္စေ နိစ္စန္တိ ဝါ ဒုက္ခေ သုခန္တိ ဝါ အနတ္တနိ အတ္တာတိ ဝါ အသုဘေ သုဘန္တိ ဝါ မနသိကာရော၊ တံ တတ္ထ ဗဟုလံ ပဝတ္တယတော ကာမစ္ဆန္ဒော ဥပ္ပဇ္ဇတိ။ တေနာဟ ဘဂဝါ ---

အတ္ထိ ဘိက္ခဝေ သုဘနိမိတ္တံ၊ တတ္ထ အယောနိသောမနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ကာမစ္ဆန္ဒဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ ကာမစ္ဆန္ဒဿ ဘိယျောဘာဝါယ ဝေပုလ္လာယာတိ။ (သံ၊၃၊၉၀။ အဘိ၊ဋ္ဌ၊၂၊၂၅၇။ မ၊ဋ္ဌ၊၁၊၂၈၅-၂၈၆။)

သုဘမ္ပီတိ ကာမစ္ဆန္ဒောပိ။ သော ဟိ အတ္တနော ဂဟဏာကာရေန သုဘန္တိ ဝုစ္စတိ၊ တေနာကာရေန ပဝတ္တမာနကဿ အညဿ ကာမစ္ဆန္ဒဿ နိမိတ္တတ္တာ နိမိတ္တန္တိ စာတိ။ အာကင်္ခိတဿ ဟိတသုခဿ အနုပါယဘူတော မနသိကာရော အနုပါယမနသိကာရော။ တတ္ထာတိ နိပ္ဖါဒေတဗ္ဗေ အာရမ္မဏဘူတေ စ ဒုဝိဓေပိ သုဘနိမိတ္တေ။ (မူလဋီ၊၂၊၁၅၈။)

= ထိုကာမစ္ဆန္ဒနီဝရဏ၏ ဖြစ်ကြောင်းတရား ပယ်ကြောင်းတရားတို့တွင် သုဘဟု မှတ်သားအပ်သောအာရုံ ၌ မသင့်မတင့်သောအားဖြင့် = နည်းမှား လမ်းမှားအားဖြင့် နှလုံးသွင်းခြင်းကြောင့် ကာမစ္ဆန္ဒနီဝရဏတရား၏ ထင်ရှားဖြစ်ပေါ်လာခြင်း ဖြစ်၏။

သုဘနိမိတ် --- မည်သည် အာရုံကို သုဘဟု မှတ်ယူတတ်သော = သုဘဟု သာယာတပ်မက်တတ်သော ရှေးရှေးသော ကာမစ္ဆန္ဒသည်လည်း နောက်နောက်သော ကာမစ္ဆန္ဒ၏ အကြောင်းတရား ဖြစ်သောကြောင့် သုဘ နိမိတ် မည်၏၊ တင့်တယ်သော သုဘအာရုံသည်လည်း သုဘဟု မှတ်ယူအပ်သည်၏ အဖြစ်ကြောင့် = သုဘဟု သာယာတပ်မက်အပ်သည်၏ အဖြစ်ကြောင့် သုဘနိမိတ် မည်၏။

အယောနိသောမနသိကာရ --- မည်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့် အာရုံကို နှလုံးသွင်းခြင်းတည်း။

၁။ အနိစ္စဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ နိစ္စဟူ၍သော်လည်းကောင်း,

၂။ ဒုက္ခဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ သုခဟူ၍သော်လည်းကောင်း,

၃။ အနတ္တဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အတ္တဟူ၍သော်လည်းကောင်း,

၄။ အသုဘဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ သုဘဟူ၍သော်လည်းကောင်း နှလုံးသွင်းခြင်းတည်း။

ထို အယောနိသောမနသိကာရကို ထို သုဘနိမိတ်၌ ကြိမ်ဖန်များစွာ ဖြစ်စေသော ပုဂ္ဂိုလ်၏ သန္တာန်၌ ကာမစ္ဆန္ဒ နီဝရဏတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော် မူ၏။

ရဟန်းတို့ ...သုဘနိမိတ်သည် ရှိ၏၊ ထိုသုဘနိမိတ်၌ စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ် သောအားဖြင့် နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့ အလာပြုခြင်းသည် ရှိ၏၊ ဤအယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ် ပေါ်သေးသော ကာမစ္ဆန္ဒနီဝရဏ၏ ထင်ရှားဖြစ်ပေါ်ခြင်းငှာလည်းကောင်း, ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒနီဝရဏ ၏ လွန်စွာတိုးပွားခြင်းငှာလည်းကောင်း ပြန့်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှာလည်းကောင်း အကြောင်း တရားပေတည်း။ (သံ၊၃၊၉၀။ အဘိ၊ဋ္ဌ၊၂၊၂၅၇။ မ၊ဋ္ဌ၊၁၊၂၈၅-၂၈၆။)

ကာမစ္ဆန္ဒ နီဝရဏကို ပယ်ကြောင်းတရား

ကာမစ္ဆန္ဒ နီဝရဏကို ပယ်ကြောင်းတရား

အသုဘနိမိတ္တေ ပန ယောနိသောမနသိကာရေနဿ ပဟာနံ ဟောတိ။ အသုဘနိမိတ္တံ နာမ အသုဘမ္ပိ အသုဘနိမိတ္တံ၊ အသုဘာရမ္မဏမ္ပိ အသုဘနိမိတ္တံ။ ယောနိသောမနသိကာရော နာမ ဥပါယမနသိကာရော ပထမနသိကာရော အနိစ္စေ အနိစ္စန္တိ ဝါ ဒုက္ခေ ဒုက္ခန္တိ ဝါ အနတ္တနိ အနတ္တာတိ ဝါ အသုဘေ အသုဘန္တိ ဝါ မနသိကာရော။ တံ တတ္ထ ဗဟုလံ ပဝတ္တယတော ကာမစ္ဆန္ဒော ပဟီယတိ။ တေနာဟ ဘဂဝါ ---

အတ္ထိ ဘိက္ခဝေ အသုဘနိမိတ္တံ၊ တတ္ထ ယောနိသောမနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ကာမစ္ဆန္ဒဿ အနုပ္ပါဒါယ ဥပ္ပန္နဿ ဝါ ကာမစ္ဆန္ဒဿ ပဟာနာယတိ။ (မ၊ဋ္ဌ၊၁၊၂၈၆။)

အသုဘမ္ပီတိ အသုဘဇ္ဈာနမ္ပိ၊ တံ ပန ဒသသု အသုဘေသု ကေသာဒီသု စ ပဝတ္တံ ဒဋ္ဌဗ္ဗံ။ ကေသာဒီသု ဟိ သညာ အသုဘသညာတိ ဂိရိမာနန္ဒသုတ္တေ ဝုတ္တာတိ။ ဧတ္ထ စတုဗ္ဗိဓဿပိ အယောနိသောမနသိကာရဿ ယောနိသောမနသိကာရဿ စ ဒဿနံ နိရဝသေသဒဿနတ္ထံ ကတန္တိ ဝေဒိတဗ္ဗံ။ တေသု ပန အသုဘေ သုဘန္တိ အသုဘန္တိ စ မနသိကာရော ဣဓာဓိပ္ပေတော၊ တဒနုကုလတ္တာ ဝါ ဣတရေပီတိ။ (မူလဋီ၊၂၊၁၅၈။)

နောက်တစ်မျိုးကား --- အသုဘဟု မှတ်သားအပ်သော အာရုံ၌ (= အသုဘနိမိတ်၌) မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် အာရုံကို နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသောမနသိကာရကြောင့် ထိုကာမစ္ဆန္ဒ နီဝရဏကို ပယ်သတ်ခြင်းသည် ဖြစ်ပေါ်လာ၏။

အသုဘနိမိတ် --- အသုဘအာရုံ ရှိသော စျာန်သည်လည်း အသုဘနိမိတ် မည်၏။ အသုဘအာရုံသည်လည်း အသုဘနိမိတ် မည်၏။ ထိုအသုဘကို အာရုံပြု၍ ဖြစ်ပေါ်လာသော အသုဘစျာန်ကို ---

၁။ သမထပိုင်းတွင် လာရှိသော အသုဘကမ္မဋ္ဌာန်း (၁၀)မျိုးတို့၌လည်းကောင်း, (= အသုဘအလောင်းကောင် ၁၀-မျိုးတို့၌လည်းကောင်း)

၂။ ဆံပင် စသော (၃၂)ကောဋ္ဌာသတို့၌လည်းကောင်း ---

ဖြစ်ပေါ်လာသော စျာန်ဟူ၍ မှတ်သားပါလေ။ ဖူးဖူးရောင်ကြွ ပုပ်ပွနေသော လိင်တူ အသုဘအလောင်း ကောင် စသည့် အလောင်းကောင် (၁၀)မျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံယူ၍ အသုဘကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ သော် ပထမစျာန်သမာဓိကို ရရှိနိုင်၏။

တစ်ဖန် အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသ တစ်ခုခုကိုလည်းကောင်း, (၃၂)ကောဋ္ဌာသအားလုံးကို လည်းကောင်း အာရုံယူ၍, ယင်းကောဋ္ဌာသ တစ်ခု၏ သို့မဟုတ် ကောဋ္ဌာသအားလုံး၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ အသုဘကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် ပထမစျာန်သမာဓိကို ရရှိနိုင်၏။ ဂိရိမာနန္ဒသုတ္တန်၌ ဘုရားရှင် ဟောကြားထားတော်မူခဲ့၏။

သူသေအလောင်းကောင်ကို အာရုံယူ၍ စီးဖြန်းသော အသုဘကမ္မဋ္ဌာန်းကို အဝိညာဏက အသုဘကမ္မဋ္ဌာန်းဟူ၍လည်းကောင်း, သက်ရှိသတ္တဝါတို့၏ သန္တာန်ဝယ် တည်ရှိကြကုန်သော (၃၂)ကောဋ္ဌာသတို့၏ ရွံရှာ စက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ စီးဖြန်းသော အသုဘကမ္မဋ္ဌာန်းကို သဝိညာဏက အသုဘကမ္မဋ္ဌာန်း ဟူ၍လည်းကောင်း ဝိဇယသုတ္တန် စသည်တို့၌ ခေါ်ဝေါ်သုံးစွဲထားပေသည်။ (သမထကမ္မဋ္ဌာန်းပိုင်းတွင် ရှုပွားပုံ ထင်ရှားလတ္တံ့။)

ယောနိသောမနသိကာရ --- မည်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် အာရုံကို နှလုံးသွင်းခြင်းတည်း၊ အာရုံကို နည်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်းတည်း။

၁။ အနိစ္စ ဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အနိစ္စဟူ၍သော်လည်းကောင်း,

၂။ ဒုက္ခ ဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ ဒုက္ခဟူ၍သော်လည်းကောင်း,

၃။ အနတ္တ ဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အနတ္တဟူ၍သော်လည်းကောင်း,

၄။ အသုဘ ဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အသုဘဟူ၍သော်လည်းကောင်း နှလုံးသွင်းခြင်းတည်း။

ထို ယောနိသောမနသိကာရကို ထို အသုဘစျာန် အသုဘအာရုံဟု ဆိုအပ်သော နှစ်မျိုးသော အသုဘ နိမိတ်၌ ကြိမ်ဖန်များစွာ ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ကာမစ္ဆန္ဒ နီဝရဏကို ပယ်ရှားအပ်ပြီး ဖြစ်၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။

ရဟန်းတို့ ...အသုဘနိမိတ်သည် ရှိ၏၊ ထိုအသုဘနိမိတ်၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွား ချမ်းသာကို ရခြင်း၏ အကြောင်းဖြစ်သော သင့်သောအားဖြင့် နှလုံးသွင်းခြင်း နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ကာမစ္ဆန္ဒ နီဝရဏ၏ မဖြစ်ပေါ်လာခြင်းငှာလည်းကောင်း, ဖြစ်ပေါ်လာပြီးသော ကာမစ္ဆန္ဒ နီဝရဏကို ပယ်ခြင်းငှာလည်း ကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။

ဤ၌ အယောနိသော မနသိကာရ လေးမျိုးကို ကာမစ္ဆန္ဒ နီဝရဏတရား၏ ဖြစ်ပေါ်လာခြင်း၏ အကြောင်း တရားအဖြစ် ညွှန်ပြခြင်းသည်လည်းကောင်း, ယောနိသော မနသိကာရ လေးမျိုးကို ကာမစ္ဆန္ဒ နီဝရဏတရားကို ပယ်သတ်ခြင်း၏ အကြောင်းတရားအဖြစ် ညွှန်ပြခြင်းသည်လည်းကောင်း - အယောနိသော မနသိကာရနှင့် ယောနိသော မနသိကာရကို အကြွင်းအကျန် မရှိ ကုန်စင်အောင် ညွှန်ကြားပြသတော်မူခြင်း အကျိုးငှာ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ ထိုလေးမျိုးတို့တွင် ---

၁။ အသုဘ၌ သုဘဟု နှလုံးသွင်းခြင်း အယောနိသောမနသိကာရနှင့်

၂။ အသုဘ၌ အသုဘဟု နှလုံးသွင်းခြင်း ယောနိသောမနသိကာရတို့ကိုသာ ဤကာမစ္ဆန္ဒနီဝရဏပိုင်း၌ အလို ရှိအပ်ပေသည်။

တစ်နည်း --- အသုဘ စင်စစ် ဧကန် ဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၌ သုဘဟု နှလုံးသွင်းခြင်း အယောနိသော မနသိကာရအား --- အနိစ္စဖြစ်သော ယင်းခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၌ နိစ္စဟု နှလုံးသွင်း တတ်သော အယောနိသောမနသိကာရနှင့် နိစ္စသညာတို့ကလည်းကောင်း, ဒုက္ခဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ် တရားတို့၌ သုခဟု နှလုံးသွင်းတတ်သော အယောနိသောမနသိကာရနှင့် သုခသညာတို့ကလည်းကောင်း, အနတ္တဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၌ အတ္တဟု နှလုံးသွင်းတတ်သော အယောနိသောမနသိကာရနှင့် အတ္တသညာတို့ကလည်းကောင်း ပကတိ အားကြီးသော မှီရာဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးလျက် ရှိကြ၏။ သို့အတွက် ထိုအသုဘအာရုံ၌ သုဘဟု နှလုံးသွင်းတတ်သော အယောနိသော မနသိကာရအား ကျန်အယောနိသောမနသိကာရ သုံးမျိုးနှင့် နိစ္စသညာ သုခသညာ အတ္တသညာတို့သည် လျော်ကုန်၏။ ထိုကြောင့် အခြား သော အယောနိသော မနသိကာရတို့ကိုလည်း ဤကာမစ္ဆန္ဒကို ပြဆိုရာ အပိုင်း၌ အလိုရှိအပ်ပေသည်။

အလားတူပင် - အနိစ္စ-ဒုက္ခ-အနတ္တ စင်စစ် ဧကန်မှန်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အနိစ္စ-ဒုက္ခ- အနတ္တဟု အသီးအသီး နှလုံးသွင်းတတ်သော ယောနိသောမနသိကာရနှင့် အနိစ္စသညာ ဒုက္ခသညာ အနတ္တ သညာတို့ကလည်း အသုဘဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အသုဘဟု နှလုံးသွင်းတတ်သော ယောနိသောမနသိကာရနှင့် အသုဘသညာတို့အား ပကတိ အားကြီးသော မှီရာ = ဥပနိဿယ အကြောင်းသတ္တိဖြင့် ကျေးဇူးပြုပေးလျက် ရှိ၏။ သို့အတွက် အသုဘ၌ အသုဘဟု နှလုံးသွင်းတတ်သော ယောနိသောမနသိကာရအား ကျန်သုံးမျိုးသော ယောနိသောမနသိကာရတို့နှင့် အနိစ္စသညာ ဒုက္ခသညာ အနတ္တသညာတို့သည် လျော်ကုန်၏။ ထိုကြောင့် ဤကာမစ္ဆန္ဒကို ပြဆိုရာအပိုင်း၌ အခြားသော ယောနိသောမနသိကာရတို့ကိုလည်း အလိုရှိအပ်သည် သာ ဖြစ်ပေသည်။ (မူလဋီ၊၂၊၁၅၈။)

အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် အသုဘာနုပဿနာဉာဏ် ဟူသော အနုပဿနာဉာဏ် လေးမျိုးတို့တွင် အနုပဿနာဉာဏ်တစ်ခု၏ ရဲရင့်စူးရှ ထက်မြက် သန့်ရှင်းလာရေး အတွက် ရင့်ကျက်လာရေးအတွက် ကျန် အနုပဿနာဉာဏ်တို့က ဝိုင်းဝန်း၍ အားကြီးသော မှီရာ = ဥပနိဿယ အကြောင်းတရား အဖြစ်ဖြင့် ကျေးဇူးပြုပေးရ၏၊ သို့မှသာလျှင် ယင်းအနုပဿနာဉာဏ်သည် ရဲရင့်လာ၏ စူးရှ လာ၏ ထက်မြက်လာ၏ သန့်ရှင်းလာ၏ ရင့်ကျက်လာ၏။ ယင်းသို့ ရဲရင့်စူးရှ ထက်မြက် သန့်ရှင်းရင့်ကျက်လာ အောင် အနုပဿနာဉာဏ်တစ်ခုအား ကျန်အနုပဿနာဉာဏ်တို့က အားကြီးသော မှီရာဥပနိဿယ အကြောင်း သတ္တိဖြင့် ကျေးဇူးပြုပေးမှုကိုပင် ဤ၌ လျော်သည်ဟု ဆိုသည်။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့ ။)

တစ်နည်း ကာမစ္ဆန္ဒ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး

တစ်နည်း ကာမစ္ဆန္ဒ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး

၁။ အသုဘနိမိတ် = အသုဘအာရုံကို သင်ယူခြင်း,

၂။ အသုဘဘာဝနာကို အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်ခြင်း,

၃။ စက္ခု စသော ဣန္ဒြေတို့၌ စောင့်စည်းထားအပ်သော သတိတည်းဟူသော တံခါးရွက်ရှိသူ ဖြစ်ခြင်း,

၄။ အစာအာဟာရ ဘောဇဉ်၌ အတိုင်းအရှည်ကို သိသူ ဖြစ်ခြင်း,

၅။ ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်းရှိသူ ဖြစ်ခြင်း,

၆။ အသုဘဘာဝနာကို မှီသော လျောက်ပတ်သော တရားစကား ရှိခြင်း ---

ဤ (၆)ပါးကုန်သော တရားတို့သည် ကာမစ္ဆန္ဒကို ပယ်ခြင်းငှာ ဖြစ်ကြကုန်၏။

၁။ ဖူးဖူးရောင်ကြွ ပုပ်ပွလျက်ရှိသော ဥဒ္ဓုမာတက စသော (၁၀)မျိုးသော အသုဘအာရုံ = အသုဘကမ္မဋ္ဌာန်း ကို သင်ယူသော ပုဂ္ဂိုလ်သည်လည်း ကာမစ္ဆန္ဒကို ပယ်နိုင်၏။

၂။ ယင်းအသုဘဘာဝနာကို ပွားများသောပုဂ္ဂိုလ်, ဖြစ်စေသောပုဂ္ဂိုလ်သည်လည်း ကာမစ္ဆန္ဒကို ပယ်နိုင်၏။

၃။ ဣန္ဒြေ (၆)ပါး တံခါး (၆)ပေါက်တို့မှ ရာဂ ဒေါသ မောဟ စသည် အကုသိုလ် အယုတ်တရားတို့ မဝင် ရောက်လာနိုင်အောင်, ကမ္မဋ္ဌာန်းအာရုံတစ်ခု၌ မိမိ၏ စိတ်ကို အမြဲသွတ်သွင်းထားလျက်, ပိတ်ဆို့ထား အပ်သော သတိတည်းဟူသော တံခါးရွက်ရှိသော ပုဂ္ဂိုလ်သည်လည်း ကာမစ္ဆန္ဒကို ပယ်နိုင်၏။

၄။ ဆွမ်းစားသောအခါ ဆွမ်းကိစ္စပြီးလုခါနီးဝယ် လေးလုတ် ငါးလုတ်သော ဆွမ်းလုတ်တို့၏ တည်နိုင်လောက် ရာ အရပ်သည် အစာသစ်အိမ်၌ ကျန်ရှိနေသေးလတ်သော် ယင်းလေးလုတ် ငါးလုတ်သော ဆွမ်းလုတ်တို့ကို ဆက်မစားဘဲ ချန်ထား၍ ရေကိုသောက်၍ မျှတလေ့ရှိသဖြင့် အစာအာဟာရဘောဇဉ်၌ အတိုင်းအရှည်ကို သိသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ကာမစ္ဆန္ဒကို ပယ်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၇-၂၅၈။)

အချို့ပုဂ္ဂိုလ်တို့က ယင်းဘောဇနေ မတ္တညူ = ဘောဇဉ်၌ အတိုင်းအရှည်ကို သိသောပုဂ္ဂိုလ်ကို ထိနမိဒ္ဓ တရားတို့သည် မလွှမ်းမိုးအပ် မလွှမ်းမိုးနိုင်၊ မဖိစီးအပ် မဖိစီးနိုင်၊ အိပ်ချင်ငိုက်မျဉ်းမှု မရှိလျှင် ကမ္မဋ္ဌာန်းကို အမြဲ နှလုံးသွင်းနေသောကြောင့် ကာမရာဂ၏ သက်ရောက်ဖို့ရန် ဝင်ရောက်လာဖို့ရန် အပေါက်အကြား အခွင့်အလမ်းကို မရနိုင်၊ ထိုကြောင့် ဘောဇနေ မတ္တညူ ပုဂ္ဂိုလ်သည် ကာမရာဂကို ပယ်နိုင်၏ဟု ဆိုကြသည်။ (ဝဒန္တိ ဝါဒတည်း။) ယင်းဝဒန္တိဝါဒကို မူလဋီကာဆရာတော်က မနှစ်သက်သဖြင့် ဤသို့ ဖွင့်ဆိုထား၏။

ထိုသို့ပင် ဝဒန္တိပုဂ္ဂိုလ်တို့က ဆိုကြပါသော်လည်း ဘောဇဉ်ကို မှီသော အာဟာရေပဋိကူလသညာ = အစာ အာဟာရ၌ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသညာကို ထိုဘောဇနေမတ္တညူပုဂ္ဂိုလ်သည် ဖြစ်စေနိုင်၏။ စားသုံးလိုက် သော အစာ၏ ကြေကျက်သွားသောအခါ ကိုးပေါက်ဒွါရတို့မှ ယိုစီးစိမ့်ထွက်လာသော ချွေး မျက်ချေး စသည် တို့နှင့် တကွ ကျင်ကြီး ကျင်ငယ်တို့သည်လည်းကောင်း, ဘောဇဉ်ကို စားသောအခါ လက်, ခံတွင်း စသည်တို့၌ အဆင်း အနံ့ စသည်တို့ဖြင့် လူးလဲခြင်းတို့သည်လည်းကောင်း ထိုဘောဇဉ်၏ ကြေကျက်ခြင်းဟူသော နိဿန္ဒ အကျိုးဆက်တို့တည်း။ ယင်း ကျင်ကြီး ကျင်ငယ် နှပ် တံတွေး စသည့် ဘောဇဉ်၏ နိဿန္ဒ အကျိုးဆက်တို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ အသုဘဘာဝနာကိုလည်း ပွားနိုင်၏။ ယင်းကောဋ္ဌာသတို့၏ အရောင်ကို အာရုံယူ၍ ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်းတို့ကိုလည်း ပွားနိုင်၏။ ယင်းကောဋ္ဌာသတို့၌ ဓာတ်- ကြီး (၄)ပါးကို အာရုံယူ၍ ဓာတ်ကမ္မဋ္ဌာန်းကိုလည်း ပွားနိုင်၏။ သို့အတွက် ထိုဘောဇဉ်၏ ကြေကျက်ခြင်းဟူသော နိဿန္ဒ စသော အကျိုး၏ အသုဘ၏အဖြစ် စသည်ကို ရှုတတ်သော ဉာဏ်ကို ထိုဘောဇနေမတ္တညူ ပုဂ္ဂိုလ် သည် ဖြစ်စေနိုင်၏။

ထိုဘောဇဉ်၏ တည်ရာ အစာသစ်အိမ် အတွင်း၌ တည်ရှိသော အစာသစ်၏လည်းကောင်း, တစ်နည်းဆို သော် ထိုအစာအာဟာရ၏ (= အာဟာရဇရုပ်၏) ပျံ့နှံ့ရာ (၃၂)ကောဋ္ဌာသ အားလုံးတို့၏လည်းကောင်း အသုဘ သဘော စသည် ဖြစ်မှုကို ရှုတတ်သော ဉာဏ်ကို ထိုယောဂါဝစရ ဖြစ်သော ဘောဇနေမတ္တညူ ပုဂ္ဂိုလ်သည် ဖြစ်စေနိုင်၏။

ကာမရာဂ၏ အားကြီးသော မှီရာ အကြောင်းတရားဖြစ်သော ထိုဘောဇဉ်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘ သဘော စသည်ကို ရှုတတ်သော ဉာဏ်ကိုလည်း ထိုဘောဇနေမတ္တညူ ပုဂ္ဂိုလ်သည် ဖြစ်စေနိုင်၏။

ကရဇကာယ အမည်ရသော စတုသမုဋ္ဌာနိကရုပ်တရားအပေါင်း၏ အာဟာရဟူသော တည်ရာ အကြောင်း တရား ရှိသည်၏ အဖြစ် စသည်ကို ရှုတတ်သော ဉာဏ်ကိုလည်း ထိုဘောဇနေမတ္တညူ ပုဂ္ဂိုလ်သည် ဖြစ်စေနိုင် ၏။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

ထိုကြောင့် ထိုဘောဇနေမတ္တညူ ပုဂ္ဂိုလ်သည် ကာမစ္ဆန္ဒကို ပယ်အပ် ပယ်နိုင်သည်သာ ဖြစ်ပေသည်။ (မူလဋီ၊၂၊၁၅၈-၁၅၉။)

၅။ အသုဘဘာဝနာ လုပ်ငန်းရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု ရှိသော တိဿမထေရ်မြတ်ကြီး နှင့် တူကုန်သော အသုဘဘာဝနာ၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်တော်မူကြကုန်သော ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်းတို့ကို မှီဝဲဆည်းကပ်သော ပုဂ္ဂိုလ်သည်လည်း ကာမစ္ဆန္ဒ နီဝရဏတရားကို ပယ်ရှားနိုင်ပေ၏။

၆။ လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ (၁၀)ပါးသော အသုဘကမ္မဋ္ဌာန်းကို မှီသော လျောက်ပတ်သော တရားစကားဖြင့်လည်း ကာမစ္ဆန္ဒနီဝရဏကို ပယ်ရှားနိုင်၏။ ထိုကြောင့် (၆)ပါးကုန် သော တရားတို့သည် ကာမစ္ဆန္ဒနီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏ဟု ဖွင့်ဆိုခဲ့ခြင်း ဖြစ်ပေသည်။

တစ်ဖန် ဤ (၆)ပါးကုန်သော အကြောင်းတရားတို့ဖြင့် ပယ်ရှားအပ်ပြီးသော ကာမစ္ဆန္ဒနီဝရဏတရား၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်း အနုပ္ပါဒနိရောဓ သဘောအား ဖြင့် ချုပ်ငြိမ်းသွား၏ဟု ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြား သိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၂၅၈။) (အဘိဓမ္မာနည်းအရ လောဘအားလုံးသည်ပင် ကာမစ္ဆန္ဒနီဝရဏ အမည်ရ၍ ယင်းနီဝရဏကို အရဟတ္တမဂ်က ပယ်သတ်ကြောင်း ဖွင့်ဆိုခြင်း ဖြစ်၏။)

ဗျာပါဒ နီဝရဏ ဖြစ်ကြောင်းတရား

ဗျာပါဒ နီဝရဏ ဖြစ်ကြောင်းတရား

ပဋိဃနိမိတ်၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သော အားဖြင့် နည်းမှားလမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကြောင့် ဗျာပါဒနီဝရဏတရားသည် ဖြစ်ပေါ်လာရ၏။

ထိုပဋိဃနိမိတ်ဟူရာ၌ ---

၁။ စိတ်ကို ထိပါးတတ်သော (= ထိခိုက်စေတတ်သော) ရှေးရှေး ဒေါသသည်လည်း နောက်နောက် ဒေါသ၏ ဖြစ်ပေါ်လာရန် အကြောင်းတရား ဖြစ်သောကြောင့် ပဋိဃနိမိတ် မည်၏။

၂။ စိတ်ထိခိုက်ဖွယ်ရာ ဒေါသဖြစ်ကြောင်း အာရုံသည်လည်း ပဋိဃနိမိတ် မည်၏။

အယောနိသောမနသိကာရကား နီဝရဏတရားအားလုံးတို့၌ တူသောလက္ခဏာ ရှိသည်သာ ဖြစ်၏။ ထို အယောနိသော မနသိကာရကို ထိုနှစ်မျိုးသော ပဋိဃနိမိတ်၌ ကြိမ်ဖန်များစွာ ဖြစ်စေသော ပုဂ္ဂိုလ်၏သန္တာန်၌ ဗျာပါဒ နီဝရဏတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားတော်မူ၏။

ရဟန်းတို့ ... ပဋိဃနိမိတ်သည် ရှိ၏၊ ယင်း ပဋိဃနိမိတ်၌ စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာ ပြုခြင်းသည် ရှိ၏၊ ဤအယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ဗျာပါဒ နီဝရဏ၏ ထင်ရှား ဖြစ်ပေါ်ခြင်းငှာလည်းကောင်း, ဖြစ်ပေါ်ပြီးသော ဗျာပါဒ နီဝရဏ၏ လွန်စွာ တိုးပွားခြင်းငှာလည်းကောင်း, ပြန့်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ၊၃၊၉၁-၉၂။ အဘိ၊ဋ္ဌ၊၂၊၂၅၈။)

ဗျာပါဒ နီဝရဏကို ပယ်ကြောင်းတရား

ဗျာပါဒ နီဝရဏကို ပယ်ကြောင်းတရား

မေတ္တာနှင့် ယှဉ်သော စိတ်၏ ဆန့်ကျင်ဘက် နီဝရဏတို့မှ လွတ်မြောက်ကြောင်းဖြစ်သော မေတ္တာစျာန် သမာပတ်ဟူသော မေတ္တာစေတောဝိမုတ္တိတရား၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသည့် စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကြောင့် ထိုဗျာပါဒနီဝရဏကို ပယ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ထိုမေတ္တာယ စေတောဝိမုတ္တိယာ - ဟူသော စကားရပ်၌ မေတ္တာဟူ၍ ဆိုအပ် သော မေတ္တာ အပ္ပနာစျာန်သည်လည်းကောင်း မေတ္တာ ဥပစာရစျာန်သည်လည်းကောင်း နှစ်မျိုးလုံးပင် သင့်၏၊ စေတောဝိမုတ္တိ (= မေတ္တာစေတောဝိမုတ္တိ)ဟူ၍ ဆိုအပ်ရာ၌ကား မေတ္တာ အပ္ပနာစျာန်သည်သာ သင့်ပေသည်။ ယောနိသောမနသိကာရကား ဆိုအပ်ပြီးသော လက္ခဏာ ရှိသည်သာတည်း။

ထိုယောနိသော မနသိကာရကို ထိုမေတ္တာ အပ္ပနာစျာန် မေတ္တာ ဥပစာရစျာန်၌ ကြိမ်ဖန်များစွာ ဖြစ်စေ သော ယောဂါဝစရပုဂ္ဂိုလ်သည် ဗျာပါဒ နီဝရဏကို ပယ်နိုင်၏။ (အပ္ပနာစျာန် ဥပစာရစျာန်ဟူသော မေတ္တာ စျာန်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်မှုကို ရည်ညွှန်းထားပေသည်၊၊) ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူပေ၏။

ရဟန်းတို့ ...မေတ္တာစေတောဝိမုတ္တိတရားသည် ရှိ၏၊ ထိုမေတ္တာစေတောဝိမုတ္တိတရား၌ မဂ်ဉာဏ် ဖိုလ် ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းဖြစ်သော သင့်သော အားဖြင့် နှလုံးသွင်းခြင်း နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကို (= မေတ္တာစျာန်နာမ်တရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘဟု အသီးအသီး နှလုံးသွင်းခြင်းကို) ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် ရှိ၏၊ ဤယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ဗျာပါဒ နီဝရဏ၏ မဖြစ်ပေါ်လာခြင်းငှာလည်းကောင်း, ဖြစ်ပေါ်လာပြီးသော ဗျာပါဒ နီဝရဏကို ပယ်ခြင်းငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ၊၃၊၉၁။ မ၊ဋ္ဌ၊၁၊၂၇၁။)

တစ်နည်း ဗျာပါဒ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး

တစ်နည်း ဗျာပါဒ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး

၁။ မေတ္တာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်းကို သင်ယူခြင်း,

၂။ မေတ္တာ၏ ဘာဝနာကို အဖန်ဖန် အားထုတ်ခြင်း,

၃။ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ရှိသည်၏ အဖြစ်ကို ဆင်ခြင်ခြင်း,

၄။ ဉာဏ်ဖြင့် ဆင်ခြင်မှု၌ အကြိမ်များစွာ ပြုလုပ်ခြင်း,

၅။ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ရှိသူ ဖြစ်ခြင်း,

၆။ မေတ္တာဘာဝနာကို မှီသော လျောက်ပတ်သော တရားစကား ရှိခြင်း ---

ဤတရား (၆)ပါးတို့သည် ဗျာပါဒ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကြကုန်၏။

၁။ ဩဒိဿကမေတ္တာ ---

(က) အတ္တ = မိမိ, (မိမိကို အာရုံယူ၍ မေတ္တာပွားရာ၌ကား စျာန်မရ။)

( ခ ) ဂရု ဘာဝနိယ = လေးစားထိုက်သော လိင်တူ ပုဂ္ဂိုလ်,

( ဂ ) အတိပ္ပိယသဟာယ = အလွန် ချစ်ခင်အပ်သော လိင်တူ မိတ်ဆွေ,

(ဃ) မဇ္ဈတ္တ = အလယ်အလတ် လိင်တူ ပုဂ္ဂိုလ်,

( င ) ဝေရီ = ရန်သူ = မုန်းသူ လိင်တူ ပုဂ္ဂိုလ် ---

ဤပုဂ္ဂိုလ် အသီးအသီးကို အာရုံယူ၍ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရာ (ခ-ဂ-ဃ-င) ပုဂ္ဂိုလ်တို့၌ မေတ္တာ တတိယစျာန်ဆိုက်သည်အထိ မေတ္တာပွားနိုင်သဖြင့် မေတ္တာစျာန်ကို ဝင်စားနိုင်၏၊ ယင်းမေတ္တာကို ဩဒိဿကမေတ္တာ = ရည်ညွှန်းမှု အပိုင်းအခြားရှိသော မေတ္တာဟု ဆိုရ၏။

အနောဒိဿကမေတ္တာ --- ယင်းအထက်ပါ --- အတ္တ, ဂရု ဘာဝနိယ, အတိပ္ပိယသဟာယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်တို့၌ မေတ္တာချင်း ညီမျှမှုရှိအောင် မေတ္တာစျာန်ကို ဝင်စားနိုင်သဖြင့် ဤသူကား အတ္တ, ဤသူကား ဂရု ဘာဝနိယ, ဤသူကား အတိပ္ပိယသဟာယ, ဤသူကား မဇ္ဈတ္တ, ဤသူကား ဝေရီဟု အပိုင်းအခြား ကင်းလတ်သော် အပိုင်းအခြား ပြိုခဲ့သော် မည်သူ့အပေါ်၌မျှ မေတ္တာအပိုအလို မရှိဘဲ မေတ္တာချင်း ညီမျှခဲ့သော် ယင်းမေတ္တာ စျာန်ကို အနောဒိဿကမေတ္တာ = ရည်ညွှန်းပိုင်းခြားမှု မရှိသော မေတ္တာဟု ဆိုရ၏။

ဒိသာဖရဏမေတ္တာ --- အေ့ရှအရပ် စသော တစ်ခုသော အရပ်မျက်နှာ၌ တည်ရှိကြသော သတ္တဝါအား လုံးတို့ အပေါ်၌ ဖြန့်ကြက်လျက် ဝင်စားအပ်သော မေတ္တာစျာန်ကို ဒိသာဖရဏမေတ္တာဟု ဆို၏။

တစ်နည်း --- ကျောင်းတိုက်တစ်ခုလုံး အပိုင်းအခြား, လမ်း၏ ဝဲ-ယာ အပိုင်းအခြား, ရွာ၏ အပိုင်းအခြား စသည်တို့၏ အစွမ်းဖြင့် ဖြန့်ကြက် ပွားများအပ်သော မေတ္တာစျာန်သည် ဩဒိဿကဒိသာဖရဏမေတ္တာ မည်၏၊ ကျောင်းတိုက် တစ်ခုလုံး စသော အပိုင်းအခြားကို ညွှန်ပြခြင်းမှကင်းသော အေ့ရှအရပ် အစရှိသော အရပ်မျက် နှာတို့၏ အစွမ်းဖြင့် သတ္တဝါ အားလုံးတို့အပေါ်၌ ဖြန့်ကြက်ပွားများထားအပ်သော မေတ္တာစျာန်သည် အနောဒိဿကဒိသာဖရဏမေတ္တာ မည်၏။ (မူလဋီ၊၂၊၁၅၉။)

ယောဂါဝစရပုဂ္ဂိုလ်သည် မေတ္တာကမ္မဋ္ဌာန်းကို ဆရာသမားထံ၌ သင်ယူရာဝယ် ဩဒိဿကမေတ္တာပွား နည်း မေတ္တာစျာန် ဖြန့်ကြက်နည်း, အနောဒိဿက မေတ္တာပွားနည်း မေတ္တာစျာန် ဖြန့်ကြက်နည်း, ဒိသာဖရဏ မေတ္တာပွားနည်း မေတ္တာစျာန် ဖြန့်ကြက်နည်းတို့ကို သင်ယူရ၏။ ယင်းသို့ မေတ္တာကမ္မဋ္ဌာန်းကို သင်ယူသော ပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၉။)

၂။ ဩဓိသမေတ္တာ, အနောဓိသမေတ္တာ, ဒိသာဖရဏမေတ္တာတို့ကို မေတ္တာစျာန်ဆိုက်အောင် မေတ္တာကမ္မဋ္ဌာန်း ကို စီးဖြန်းနေသော မေတ္တာစျာန်ကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၉။) (ပွားနည်းသည် သမထကမ္မဋ္ဌာန်းပိုင်းတွင် ထင်ရှားလတ္တံ့။)

၃။ သူတော်ကောင်း ...သင်သည် ဤသူအား ဒေါသအမျက် ခြောင်းခြောင်းထွက်လတ်သော် အဘယ် အရာကို သင်သည် ပြုလုပ်နိုင်လိမ့်မည်နည်း။ ဤသူ၏ သီလ သမာဓိ ပညာ သိက္ခာသုံးရပ်အကျင့်မြတ် စသည် ကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်လိမ့်မည်လော။ သင်သည် မိမိ၏ကံကြောင့် ဤဘဝသို့ ရောက်ရှိလာ၍ မိမိ၏ ကံ ကြောင့်ပင်လျှင် တမလွန်ဘဝသို့ သွားရလိမ့်မည် မဟုတ်လော၊ သူတစ်ပါးကို စိတ်ဆိုးနေခြင်း မည်သည် မီးတောက်မီးလျှံကင်းသော မီးကျီးခဲကို လက်ဖြင့် ဆုပ်ကိုင်၍ အလွန် လောလောပူသော မီးရဲရဲ တောက်နေသော သံချောင်းကို လက်ဖြင့် ဆုပ်ကိုင်၍, ရွံရှာစက်ဆုပ်ဖွယ် မစင်တုံး စသည်တို့ကို လက်ဖြင့် ဆုပ်ကိုင်၍ သူတစ်ပါးကို ပုတ်ခတ်ခြင်းငှာ အလိုရှိနေသူ၏ ဖြစ်ပုံနှင့် တူနေပေ၏။ ဤသူတစ်ပါးသည်လည်း သင့်အား ဒေါသအမျက် ခြောင်းခြောင်းထွက်သည် ဖြစ်လတ်သော် အဘယ်အရာကို ပြုလုပ်နိုင်လိမ့်မည်နည်း။ သင်၏ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ် စသည်ကို ပျက်စီးအောင် ဖျက်ဆီးခြင်းငှာ စွမ်းနိုင်လိမ့်မည်လော၊ ဤ သူတစ်ပါးသည် --- မိမိ၏ ကံကြောင့် ဤဘဝသို့ ရောက်ရှိလာ၍ မိမိ၏ ကံကြောင့်ပင်လျှင် တမလွန်ဘဝသို့ သွား ရပေလတ္တံ့၊ လက်မခံအပ်သော လက်ဆောင်သည် ပေးသူထံသို့သာ ပြန်ရောက်သကဲ့သို့လည်းကောင်း, မြူမှုန် ကို လက်ဖြင့်ဆုပ်ကိုင်၍ လေညာသို့ ပစ်လွှင့်လိုက်သောအခါ ပစ်လွှင့်သူ မိမိကိုယ်ပေါ်သို့ ပြန်ရောက်သကဲ့သို့ လည်းကောင်း ဤဥပမာအတူပင်လျှင် ထိုသူတစ်ပါး၏ပင်လျှင် အမျက်ဒေါသသည် ထိုသူတစ်ပါး၏ အပေါ်၌သာ ကျရောက်ပေလတ္တံ့ --- ဤသို့လျှင် မိမိ၏လည်းကောင်း, သူတစ်ပါး၏လည်းကောင်း ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ရှိသည်၏ အဖြစ်ကို ဆင်ခြင်သော ပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၉။)

၄။ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ရှိသည်၏ အဖြစ်ကို ဆင်ခြင်၍ အသင့် အားဖြင့် ရှုတတ်သော နည်းမှန် လမ်းမှန် ရှုတတ်သော ဝိပဿနာဉာဏ်၌ တည်သော ပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံးတို့၌ အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်တတ်သော ဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏။ ယင်းပဋိသင်္ခါဉာဏ်၌ တည်နေသော ပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏ ဟူလိုသည်။) (အဘိ၊ဋ္ဌ၊၂၊၂၅၉။)

၅။ အရှင်အဿဂုတ္တမထေရ်မြတ်ကြီးနှင့် တူကုန်သော မေတ္တာဘာဝနာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော် မူကြကုန်သော မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတို့ကို မှီဝဲဆည်းကပ်သော ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၉။)

၆။ လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ မေတ္တာဘာဝနာကို မှီသော လျောက်ပတ်သော စကားရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၉။)

ထိုကြောင့် (၆)ပါးကုန်သော တရားတို့သည် ဗျာပါဒ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏ဟု ဖွင့် ဆိုခဲ့ခြင်း ဖြစ်၏။ ဤ (၆)ပါးကုန်သော တရားတို့ဖြင့် ပယ်ရှားအပ်ပြီးသော ဗျာပါဒ နီဝရဏတရား၏ အနာဂါမိ မဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွား၏ဟု ကွဲကွဲပြားပြား သိ၏၊ ကွဲကွဲပြားပြား သိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၂၅၉။)

ထိနမိဒ္ဓ နီဝရဏ ဖြစ်ကြောင်းတရား

ထိနမိဒ္ဓ နီဝရဏ ဖြစ်ကြောင်းတရား

ရဟန်းတို့ ...ကမ္မဋ္ဌာန်းတရား၌ မမွေ့လျော်ခြင်းသည်, ကိုယ်၏ ပျင်းရိခြင်းသည်, ကိုယ်လက် ဆန့်တန်း ခြင်းသည်, ထမင်းဆီယစ်ခြင်းသည်, စိတ်၏ တွန့်ဆုတ်သည်၏ အဖြစ်သည် ရှိ၏။ ထို ကမ္မဋ္ဌာန်းတရား၌ မမွေ့ လျော်ခြင်း စသည်တို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သော အားဖြင့် နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြု ခြင်းသည် ရှိ၏။ ဤ အယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာ သေးသော ထိနမိဒ္ဓ နီဝရဏတရား၏ ထင်ရှားဖြစ်ပေါ်ခြင်းငှာလည်းကောင်း, ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓ နီဝရဏ တရား၏ လွန်စွာ တိုးပွားခြင်းငှာလည်းကောင်း, ပြန့်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ၊၃၊၉၁။)

ထိနမိဒ္ဓ နီဝရဏကို ပယ်ကြောင်းတရား

ထိနမိဒ္ဓ နီဝရဏကို ပယ်ကြောင်းတရား

အာရမ္ဘဓာတ် စသည်တို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း အားဖြင့် နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကြောင့် ထိုထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားနိုင်ခြင်းသည် ဖြစ်ပေါ်လာ၏။

အာရမ္ဘဓာတ် မည်သည် ရှေးဦးပထမ အားထုတ်ကြောင်း ဝီရိယတည်း။ နိက္ကမဓာတ်မည်သည် ကမ္မဋ္ဌာန်း အာရုံ၌ ပျင်းရိငြီးငွေ့ခြင်း = ကောသဇ္ဇတရားမှ ထွက်မြောက်သည်၏ အဖြစ်ကြောင့် ထိုအာရမ္ဘဓာတ် ဝီရိယထက် သာလွန်၍ အားရှိသော ဝီရိယတည်း။ ပရက္ကမဓာတ်မည်သည် ဘာဝနာလုပ်ငန်းခွင်ဝယ် တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက်မြင့်အောင် အဆင့်ဆင့်မြင့်သော အရာကို ရောက်တတ်သည်၏ အဖြစ်ကြောင့် ထိုနိက္ကမဓာတ် ဝီရိယ ထက်လည်း သာလွန်၍ အားရှိသော ဝီရိယတည်း။ ဤသုံးမျိုးပြားသော ဝီရိယ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကို ကြိမ်ဖန် များစွာ ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားနိုင်၏။ ထိုကြောင့် ဘုရားရှင် သည် ဤသို့ ဟောကြားထားတော်မူ၏။

ရဟန်းတို့ ...ကမ္မဋ္ဌာန်းတရားကို ရှေးဦးစွာ ကြိုးစားအားထုတ်ခြင်း အာရမ္ဘဓာတ်ဟူသော ဝီရိယသည် လည်းကောင်း, ဘာဝနာလုပ်ငန်း ကမ္မဋ္ဌာန်းတရား၌ ပျင်းရိငြီးငွေ့ခြင်း = ကောသဇ္ဇတရားမှ ထွက်မြောက်ကြောင်း ဖြစ်သည့် သာလွန်၍ ကြိုးစားအားထုတ်မှု နိက္ကမဓာတ်ဟူသော ဝီရိယသည်လည်းကောင်း, ဘာဝနာမှု၌ တစ်ဆင့် ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် အဆင့်ဆင့် ကြိုးစားအားထုတ်မှု ပရက္ကမဓာတ်ဟူသော ဝီရိယသည်လည်း ကောင်း ရှိ၏။ ထိုအာရမ္ဘဓာတ် နိက္ကမဓာတ် ပရက္ကမဓာတ်ဟူသော ဝီရိယတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် ရှိ၏၊ ဤယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့ အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ထိနမိဒ္ဓ နီဝရဏတရား၏ မဖြစ်ပေါ်လာခြင်းငှာလည်းကောင်း, ဖြစ်ပေါ်လာပြီးသော ထိနမိဒ္ဓနီဝရဏတရားကို ပယ်ရှားခြင်းငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ၊၃၊၉၂။ မ၊ဋ္ဌ၊၁၊၂၈၈။)

တစ်နည်း ထိနမိဒ္ဓ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး

တစ်နည်း ထိနမိဒ္ဓ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး

၁။ အလွန်စားခြင်း၌ ထိနမိဒ္ဓ၏ အကြောင်းဟု မှတ်ယူခြင်း,

၂။ ဣရိယာပုထ်ကို ပြောင်းလွှဲခြင်း ရှိသူ ဖြစ်ခြင်း,

၃။ အရောင်အလင်း၌ ဖြစ်သော သညာနှင့် = အာလောကသညာနှင့် ယှဉ်သော အရောင်အလင်းကို နှလုံး သွင်းခြင်း,

၄။ လွင်တီးခေါင်၌ နေခြင်း,

၅။ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ရှိသူ ဖြစ်ခြင်း,

၆။ ထိနမိဒ္ဓကို ပယ်နိုင်ကြောင်း လျောက်ပတ်သော တရားစကား ရှိခြင်း ---

ဤတရား (၆)ပါးတို့သည် ထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏။

က။ အာဟရဟတ္ထက ပုဏ္ဏား --- များများကြီး စားပြီး၍ မိမိဘာသာ နေရာမှ ထခြင်းငှာ မစွမ်းနိုင်ရကား လက်ကို လှမ်းဆွဲစမ်းပါဟု ပြောရလောက်အောင် အစားကြီးသော ပုဏ္ဏားသည် အာဟရဟတ္ထက ပုဏ္ဏား မည်၏။

ခ။ ဘုတ္တဝမိတက ပုဏ္ဏား --- စားပြီးသော အစာကို ကောင်းစွာ ဆောင်ထားခြင်းငှာ မစွမ်းနိုင်ရကား ထို အစာ စားပြီးရာ အရပ်၌ပင်လျှင် စားပြီးသော အစာကို အန်ထုတ်ရလောက်အောင် အစားကြီးသော ပုဏ္ဏားသည် ဘုတ္တဝမိတက ပုဏ္ဏား မည်၏။

ဂ။ တတြဝဋ္ဋက ပုဏ္ဏား --- အစာ စားပြီးသောအခါ ထခြင်းငှာ မစွမ်းနိုင်ရကား ထိုစားပြီးရာ အရပ်၌ပင်လျှင် လှဲ၍ အိပ်ရလောက်အောင် အစားကြီးသော ပုဏ္ဏားသည် တတြဝဋ္ဋက = တတ္ထဝဋ္ဋက ပုဏ္ဏား မည်၏။

ဃ။ အလံသာဋက ပုဏ္ဏား --- အလွန် ဖောင်းပွသော ဝမ်းဗိုက် ရှိသည်၏ အဖြစ်ကြောင့် (= ဗိုက်ရွှဲနေသည့် အတွက်) အစာ စားပြီးသောအခါ နေရာမှ ထနိုင်ပါသော်လည်း ပုဆိုးကို ဝတ်ခြင်းငှာ မစွမ်းနိုင်ရကား ပုဆိုး မဝတ်နိုင်လောက်အောင် အစားကြီးသော ပုဏ္ဏားသည် အလံသာဋက ပုဏ္ဏား မည်၏။

င။ ကာကမာသက ပုဏ္ဏား --- ဝမ်းဗိုက် ပြည့်ရုံမျှမက ခံတွင်းဝသို့တိုင်အောင် အစာအာဟာရ ပြည့်အောင် စားထားသဖြင့် ခံတွင်းပေါက်က ကျီးနှိုက်လို့ရလောက်အောင် အစားကြီးသော ပုဏ္ဏားသည် ကာကမာသက ပုဏ္ဏား မည်၏။ (အဘိ၊ဋ္ဌ၊၁၊၄၃၂။)

၁။ ဤပုဏ္ဏား (၅)မျိုးတို့၏ စားခြင်းကဲ့သို့ အစာကို အလွန်အကျွံ စားပြီး၍ ညဉ့်သန့်ရာ အရပ် နေ့သန့်ရာ အရပ်၌ ထိုင်လျက် ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ထိနမိဒ္ဓတရားသည် ဆင်ပြောင်ကြီးကဲ့သို့ လွှမ်းမိုးဖိစီးလျက် ဆိုက်ရောက်လာတတ်၏။ အစာဝခါနီး ဝယ် လေးလုတ် ငါးလုတ်သော ဆွမ်းလုတ်တို့၏ တည်လောက်ရာ ဆန့်လောက်ရာ အရပ်ကို မစားဘဲ ချန်ထား၍ သောက်ရေကို သောက်၍ မျှတလေ့ရှိသော ရဟန်းတော်၏ သန္တာန်ဝယ် ထိုထိနမိဒ္ဓ နီဝရဏတရားသည် ဖြစ်ပေါ် မလာနိုင်။ ဤသို့လျှင် --- အလွန်အကျွံ စားခြင်း၌ ထိနမိဒ္ဓ၏ ဖြစ်ကြောင်းဟု ယူသော ရဟန်းသည်လည်း ထိန မိဒ္ဓကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၀။)

အလွန်အကျွံ စားခြင်း၌ ထိနမိဒ္ဓ၏ အကြောင်းဟု ယူခြင်းဟူသည် --- ဤမျှ အတိုင်းအရှည်ရှိသော ဘောဇဉ်ကို စားအပ်သော် ထိနမိဒ္ဓ၏ အကြောင်း ဖြစ်၏၊ ဤမျှ အတိုင်းအရှည်ရှိသော ဘောဇဉ်ကို စားအပ်သော် ထိနမိဒ္ဓ၏ အကြောင်း မဖြစ် --- ဤသို့ ထိနမိဒ္ဓ၏ အကြောင်း ဟုတ်သည်, အကြောင်း မဟုတ်သည်ကို ယူခြင်း ဟု ဆိုလိုသည်။ (မူလဋီ၊၂၊၁၅၉။)

၂။ အကြင် ဣရိယာပုထ်၌ ထိနမိဒ္ဓသည် သက်ရောက်လာ၏၊ ထိုထိနမိဒ္ဓ သက်ရောက်ရာ ဣရိယာပုထ်မှ အခြားတစ်ပါးသော ဣရိယာပုထ်ကို ပြောင်းလွှဲပေးသော ရဟန်းသည်လည်း ထိနမိဒ္ဓတရားကို ပယ်ရှားနိုင်၏။ (လျောင်း၍နေစဉ် ထိနမိဒ္ဓ သက်ရောက်လာလျှင် ထလိုက်သောအခါ ထိနမိဒ္ဓ ပျောက်၏၊ ဤသို့ စသည်ဖြင့် သိရှိပါလေ။) (အဘိ၊ဋ္ဌ၊၂၊၂၆၀။)

၃။ ညဉ့်အခါ၌ လရောင် ဆီမီးရောင် မီးရှူးရောင်တို့ကိုလည်းကောင်း, နေ့အခါ၌ နေရောင်ကိုလည်းကောင်း နှလုံးသွင်းသော ရဟန်းသည်လည်း (= အာလောကသညာကို ပွားများသော ရဟန်းသည်လည်း) ထိနမိဒ္ဓနီဝရဏ တရားကို ပယ်ရှားနိုင်၏။

၄။ လွင်တီးခေါင်၌ နေထိုင်သော ရဟန်းသည်လည်း ထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားနိုင်၏။

၅။ အရှင်မဟာကဿပ မထေရ်မြတ်ကြီးနှင့် တူတော်မူကြကုန်သော ပယ်ရှားထားအပ်ပြီးသော ထိနမိဒ္ဓ နီဝရဏတရား ထင်ရှားရှိကြကုန်သော မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတို့ကို မှီဝဲသော ရဟန်းသည်လည်း ထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၀။)

၆။ ဓုတင်တရားတို့၏ ဝီရိယကို အမှီပြုကုန်သည်၏ အဖြစ်ကြောင့် လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ ဓုတင်ကျင့်ဝတ်ပဋိပတ်ကို မှီသော လျောက်ပတ်သော တရားစကားဖြင့်လည်း ထိနမိဒ္ဓ နီဝရဏ တရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၀။)

ထိုကြောင့် (၆)ပါးကုန်သော တရားတို့သည် ထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏ဟု ဖွင့်ဆိုခဲ့ခြင်း ဖြစ်၏။ ဤ (၆)ပါးကုန်သော အကြောင်းတရားတို့ဖြင့် ပယ်ရှားအပ်ပြီးသော ထိနမိဒ္ဓ နီဝရဏတရား သည် အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းအားဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း၏ဟု ကွဲကွဲပြားပြား သိ၏၊ ကွဲကွဲပြားပြား သိသည်တိုင်အောင် ကြိုးစားအားထုတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၂၆၀။)

ဥဒ္ဓစ္စ - ကုက္ကုစ္စ နီဝရဏ ဖြစ်ကြောင်းတရား

ဥဒ္ဓစ္စ - ကုက္ကုစ္စ နီဝရဏ ဖြစ်ကြောင်းတရား

ကုက္ကုစ္စတရားသည်လည်း ပြုအပ်ပြီးသော ဒုစရိုက်, မပြုလိုက်မိသော သုစရိုက်တို့ကို အစဉ်လိုက်၍ ဝမ်းနည်းခြင်း၏ အစွမ်းဖြင့် ဖြစ်ပေါ်လာလတ်သော် ဥဒ္ဓစ္စနှင့် တူသော သဘောလက္ခဏာရှိရကား စိတ်မငြိမ် သက်ခြင်းသဘော ရှိသည်သာ ဖြစ်၏၊ ထိုကြောင့် --- စိတ်၏ မငြိမ်သက်ခြင်းကို ဥဒ္ဓစ္စ-ကုက္ကုစ္စဟူ၍ပင် အဋ္ဌကထာက ဖွင့်ဆိုထားတော်မူ၏။ (မူလဋီ၊၂၊၁၅၉။)

စိတ်၏ မငြိမ်သက်ခြင်း၌ တစ်နည်းဆိုရသော် စိတ်၏ မငြိမ်သက်ဖွယ်ရာ အာရုံ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကြောင့် ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရား၏ ထင်ရှားဖြစ်ပေါ်လာခြင်း ဖြစ်၏။ စိတ် မငြိမ်သက်ခြင်း မည်သည် စိတ်၏ မငြိမ်သက်သည်၏ အဖြစ်ဟူသော အခြင်းအရာတည်း။ ဤစိတ်မငြိမ်သက် ခြင်းသည် တရားကိုယ် အနက်သဘောအားဖြင့် ဥဒ္ဓစ္စ-ကုက္ကုစ္စသာတည်း။ ထိုဥဒ္ဓစ္စ-ကုက္ကုစ္စတရား၌ တစ်နည်း ဆိုသော် ဥဒ္ဓစ္စ-ကုက္ကုစ္စ ဖြစ်ရာ အာရုံ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နှလုံးသွင်းခြင်း = အယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ဖြစ်စေသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။

ရဟန်းတို့ ...စိတ်၏ မငြိမ်သက်ခြင်းသည် ရှိ၏၊ ထိုစိတ်မငြိမ်သက်ခြင်း၌ (စိတ်မငြိမ်သက်ဖွယ်ရာ အာရုံ ၌) မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နှလုံး သွင်းခြင်း = အယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် ရှိ၏။ ဤအယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏ တရား၏ ထင်ရှားဖြစ်ပေါ်ခြင်းငှာလည်းကောင်း, ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရား၏ လွန်စွာ တိုးပွားခြင်းငှာလည်းကောင်း, ပြန့်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ၊၃၊၉၁။ အဘိ၊ဋ္ဌ၊၂၊၂၆၀-၂၆၁။)

ဥဒ္ဓစ္စ - ကုက္ကုစ္စ နီဝရဏကို ပယ်ကြောင်းတရား

ဥဒ္ဓစ္စ - ကုက္ကုစ္စ နီဝရဏကို ပယ်ကြောင်းတရား

သမာဓိဟု ဆိုအပ်သော စိတ်၏ ငြိမ်းအေးခြင်း၌ တစ်နည်း စိတ်၏ ငြိမ်းအေးကြောင်းတရား၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသောမနသိကာရကြောင့် ထိုဥဒ္ဓစ္စ-ကုက္ကုစ္စကို ပယ်ရှားနိုင်ခြင်းသည် ဖြစ်ပေါ်လာ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။

ရဟန်းတို့ ...စိတ်၏ ငြိမ်းအေးခြင်းသည် တစ်နည်း စိတ်၏ ငြိမ်းအေးကြောင်းတရားသည် ရှိ၏၊ ထို စိတ်၏ ငြိမ်းအေးခြင်း၌ တစ်နည်း ထိုစိတ်၏ ငြိမ်းအေးကြောင်းတရား၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် ရှိ၏၊ ဤ ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာ ပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရား၏ မဖြစ်ပေါ်လာခြင်းငှာလည်းကောင်း, ဖြစ် ပေါ်လာပြီးသော ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားခြင်းငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေ သည်။ (သံ၊၃၊၉၃။ မ၊ဋ္ဌ၊၁၊၂၈၉။)

တစ်နည်း ဥဒ္ဓစ္စ - ကုက္ကုစ္စ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး

တစ်နည်း ဥဒ္ဓစ္စ - ကုက္ကုစ္စ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး

၁။ များသော အကြားအမြင် ဗဟုသုတရှိသူ ဖြစ်ခြင်း,

၂။ အဖန်ဖန် မေးမြန်းတတ်သူ ဖြစ်ခြင်း,

၃။ ဝိနည်းအရာ၌ သဘောတရားကို သိသူ ဖြစ်ခြင်း,

၄။ သက်တော်ကြီး, ဝါတော်ကြီး ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်လေ့ရှိသူ ဖြစ်ခြင်း,

၅။ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ရှိသူ ဖြစ်ခြင်း,

၆။ ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်ကြောင်း လျောက်ပတ်သော တရားစကားရှိသူ ဖြစ်ခြင်း ---

ဤ (၆)ပါးကုန်သော တရားတို့သည် ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၁။)

၁။ များသော အကြားအမြင်ဗဟုသုတရှိသူ ဖြစ်ခြင်းကြောင့် နိကာယ်တစ်ရပ်ကိုသော်လည်းကောင်း, နိကာယ် နှစ်ရပ်တို့ကိုသော်လည်းကောင်း, နိကာယ်သုံးရပ်တို့ကိုသော်လည်းကောင်း, နိကာယ်လေးရပ်တို့ကိုသော်လည်း ကောင်း, နိကာယ်ငါးရပ်တို့ကိုသော်လည်းကောင်း ပါဠိတော်၏ အစွမ်းဖြင့်သော်လည်းကောင်း, အဋ္ဌကထာ၏ အစွမ်းဖြင့်သော်လည်းကောင်း (ပါဠိတော်နှင့် တကွ အဋ္ဌကထာကိုသော်လည်းကောင်း) သင်ယူသော ပုဂ္ဂိုလ် သည်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။ [ဗဟုသုတ ရှိသော, ပါဠိတော် အဋ္ဌကထာတို့၏ အနက် အဓိပ္ပါယ်ကို စူးစမ်းဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် စိတ်၏ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စသည် မဖြစ်နိုင်။ ပါဠိ တော် အဋ္ဌကထာတို့၌ လာရှိသော သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ် ကျင့်စဉ်အတိုင်း အစီအရင် အတိုင်း ကျင့်ခြင်းကြောင့်လည်းကောင်း, ဒေသနာတော်နှင့် လျော်ညီစွာ အပြစ်ကို ကုစားခြင်းကြောင့်လည်း ကောင်း ပြုအပ်ပြီးသော ဒုစရိုက် မပြုလိုက်မိသော သုစရိုက်တို့ကို အစဉ်လိုက်၍ ဝမ်းနည်းခြင်း ကုက္ကုစ္စလည်း မဖြစ်နိုင် ဟူလိုသည်။ (မူလဋီ၊၂၊၁၅၉။)]

၂။ ပြုလုပ်အပ်သောအရာ မပြုလုပ်အပ်သောအရာ ပြောဆိုအပ်သောအရာ မပြောဆိုအပ်သောအရာ၌ အဖန်ဖန် မေးမြန်းမှု များပြားလေ့ရှိသော ရဟန်းသည်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။

၃။ ဝိနည်းပညတ်တော်၌ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် လေ့လာအပ်ပြီးသော အလေ့အကျင့် = ဝသီဘော် ရှိသည်၏ အဖြစ်ကြောင့် ဝိနည်းသဘောတရား၌ တတ်သိ နားလည်သော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။

၄။ မိမိထက် အသက် ဂုဏ် သိက္ခာ ကြီးမြတ်တော်မူကြကုန်သော သက်တော်ကြီး ဝါတော်ကြီး မထေရ်ကြီး မထေရ်ကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော်တို့ကို မှီဝဲဆည်းကပ်သော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (သက်တော်ကြီး ဝါတော်ကြီးတို့ကို မှီဝဲဆည်းကပ်လေ့ရှိသူ၏ အဖြစ်သည် ဆည်းကပ်သူ မိမိအတွက် ကြီးရင့်သော သီလရှိသူ၏ အဖြစ်ကို ရွက်ဆောင်နိုင်၏၊ ထိုကြောင့် စိတ်၏ ငြိမ်သက်မှု ကို ပြုတတ်သည်၏ အဖြစ်ကြောင့် ဥဒ္ဓစ္စ-ကုက္ကုစ္စကို ပယ်ရှားမှုကို ပြုလေ့ရှိသည်၏ အဖြစ်ကို အဋ္ဌကထာက ဖွင့်ဆိုအပ်ပေသည်။ တစ်ဖန် သီတင်းဝါကြီးမှုကို မငဲ့မူ၍ ဝိနည်းကို ဆောင်ကုန်သော ဝိနည်းဓိုရ် ဖြစ်ကုန်သော ကုက္ကုစ္စကို ပယ်ဖျောက်တတ်သော ရဟန်းတို့ကို ကလျာဏမိတ္တ = မိတ်ကောင်း ဆွေကောင်းတို့ဟူ၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုအပ်ကုန်၏ဟု မှတ်ပါ။)

၅။ အရှင်ဥပါလိမထေရ်နှင့် တူကုန်သော ဝိနည်းကို ဆောင်တော်မူကြကုန်သော မိတ်ကောင်း ဆွေကောင်း သူတော်ကောင်းတို့ကို မှီဝဲ ဆည်းကပ်သော ပုဂ္ဂိုလ်သည်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (ဝိနည်းဓိုရ်ပုဂ္ဂိုလ်မှန်လျှင် ကုက္ကုစ္စကို ပယ်ရှားပေးနိုင်သောကြောင့် သီတင်းဝါ သိက္ခာ ကြီးမားသူ မဟုတ်သော် လည်း ကလျာဏမိတ္တ = မိတ်ကောင်း ဆွေကောင်းပင်တည်း၊ ထိုကြောင့် --- သီတင်းဝါကြီးသူ သူတော်ကောင်း တို့မှ သီးခြားထုတ်ဆောင်၍ ကလျာဏမိတ္တ = မိတ်ကောင်း ဆွေကောင်းကို ဖွင့်ဆိုတော်မူသည်။)

၆။ လျောင်း-ထိုင်-ရပ်-သွား လေးပါးကုန်သော ဣရိယာပုထ်တို့၌ တရားတော်နှင့် လျော်ညီသော အပ်သော အကြောင်းအရာ, တရားတော်နှင့် မလျော်ညီသော မအပ်သော အကြောင်းအရာကို မှီသော လျောက်ပတ်သော တရားစကားဖြင့်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။ ထိုကြောင့် (၆)ပါးကုန်သော တရားတို့ သည် ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏ဟု ဖွင့်ဆိုခဲ့ခြင်း ဖြစ်သည်။ ဤ (၆)ပါးကုန် သော တရားတို့ဖြင့် ပယ်ရှားအပ်ပြီးသော ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏ တရားနှစ်ပါးတွင် ဥဒ္ဓစ္စသည် အရဟတ္တမဂ် ကြောင့် ကုက္ကုစ္စသည် အနာဂါမိမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း၏ဟု ကွဲကွဲပြားပြား သိ၏၊ ကွဲကွဲပြားပြား သိအောင် ကျင့်ပါ။ (အဘိ၊ဋ္ဌ၊၂၊၂၆၁။)

ဝိစိကိစ္ဆာ နီဝရဏ ဖြစ်ကြောင်းတရား

ဝိစိကိစ္ဆာ နီဝရဏ ဖြစ်ကြောင်းတရား

ဝိစိကိစ္ဆာ၏ တည်ရာအကြောင်း ဖြစ်ကုန်သော တရားတို့၌ တစ်နည်း တည်တတ်သော ဝိစိကိစ္ဆာ ရှိကုန် သော တရားတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နည်းမှားလမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကြောင့် ဝိစိကိစ္ဆာ နီဝရဏတရား၏ ထင်ရှား ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ဝိစိကိစ္ဆာဌာနီယဓမ္မ = ဝိစိကိစ္ဆာ၏ တည်ရာ အကြောင်းတရားတို့ မည်သည် အဖန်ဖန် အထပ်ထပ် ဖြစ်ပေါ်၍နေသော နောက်နောက်သော ဝိစိကိစ္ဆာ၏ အကြောင်းတရား ဖြစ်သောကြောင့် ရှေးရှေး သော ဝိစိကိစ္ဆာပင်တည်း။ ထိုဝိစိကိစ္ဆာဌာနီယဓမ္မတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ ဖြစ်စေသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဝိစိကိစ္ဆာ နီဝရဏတရားသည် ထင်ရှား ဖြစ်ပေါ်လာ၏။ ထို ကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။

ရဟန်းတို့ ...ဝိစိကိစ္ဆာ၏ တည်ရာအကြောင်း ဖြစ်ကုန်သော တရားတို့သည် တစ်နည်း တည်တတ်သော ဝိစိကိစ္ဆာ ရှိကုန်သော ရှေးရှေးသော ဝိစိကိစ္ဆာတရားတို့သည် ရှိကုန်၏။ ယင်းဝိစိကိစ္ဆာ၏ တည်ရာအကြောင်း တရားတို့၌ တစ်နည်း ယင်းဝိစိကိစ္ဆာတရားတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နှလုံးသွင်းခြင်း = နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် ရှိ၏၊ ဤအယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ဝိစိကိစ္ဆာနီဝရဏတရား၏ ထင်ရှားဖြစ်ပေါ်လာခြင်းငှာလည်း ကောင်း, ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာနီဝရဏတရား၏ လွန်စွာ တိုးပွားခြင်းငှာလည်းကောင်း, ပြန့်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ၊၃၊၉၁။ အဘိ၊ဋ္ဌ၊၂၊၂၆၁။)

ဝိစိကိစ္ဆာ နီဝရဏကို ပယ်ကြောင်းတရား

ဝိစိကိစ္ဆာ နီဝရဏကို ပယ်ကြောင်းတရား

ကုသိုလ် စသော တရားတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း အားဖြင့် နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသောမနသိကာရကြောင့် ထို ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ခြင်းသည် ဖြစ်ပေါ်လာ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။

ရဟန်းတို့ ...ကုသိုလ်တရား, အကုသိုလ်တရားတို့သည် ရှိကြကုန်၏၊ အပြစ်ရှိကုန်သော တရား, အပြစ် မရှိကုန်သော တရားတို့သည် ရှိကြကုန်၏။ မှီဝဲထိုက်ကုန်သော တရား, မမှီဝဲထိုက်ကုန်သော တရားတို့သည် ရှိ ကြကုန်၏။ ယုတ်ညံ့ကုန်သော တရား, မွန်မြတ်ကုန်သော တရားတို့သည် ရှိကြကုန်၏။ မည်းညစ်သောတရားနှင့် တူသောအဖို့ ရှိကုန်သော တရား, ဖြူစင်သော တရားနှင့် တူသောအဖို့ ရှိကုန်သော တရားတို့သည် ရှိကြကုန် ၏။ ထိုကုသိုလ် အကုသိုလ် စသော တရားတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့ အလာပြုခြင်းသည် ရှိ၏၊ ဤယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ် လာသေးသော ဝိစိကိစ္ဆာ နီဝရဏတရား၏ မဖြစ်ပေါ်လာခြင်းငှာလည်းကောင်း, ဖြစ်ပေါ်လာပြီးသော ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားခြင်းငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ၊၃၊၉၃။ မ၊ဋ္ဌ၊၁၊၂၉၀၊၊)

တစ်နည်း ဝိစိကိစ္ဆာ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး

တစ်နည်း ဝိစိကိစ္ဆာ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး

တစ်နည်းကား --- (၆)ပါးကုန်သောတရားတို့သည် ဝိစိကိစ္ဆာနီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏။

၁။ များသော အကြားအမြင် ဗဟုသုတရှိသူ ဖြစ်ခြင်း,

၂။ အဖန်ဖန် မေးမြန်းတတ်သူ ဖြစ်ခြင်း,

၃။ ဝိနည်းအရာ၌ သဘောတရားတို့ကို သိသူ ဖြစ်ခြင်း,

၄။ များသော ဆုံးဖြတ်ချက်ချခြင်းရှိသူ ဖြစ်ခြင်း,

၅။ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ရှိသူ ဖြစ်ခြင်း,

၆။ ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ကြောင်း လျောက်ပတ်သော တရားစကား ရှိသူ ဖြစ်ခြင်း ---

ဤ (၆)ပါးကုန်သော တရားတို့သည် ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)

၁။ များသော အကြားအမြင် ဗဟုသုတရှိသူ ဖြစ်ခြင်းကြောင့် နိကာယ် တစ်ရပ်ကို ဖြစ်စေ, နိကာယ် နှစ်ရပ်ကို ဖြစ်စေ, နိကာယ် သုံးရပ်ကို ဖြစ်စေ, နိကာယ် လေးရပ်ကို ဖြစ်စေ, နိကာယ် ငါးရပ်ကို ဖြစ်စေ, ပါဠိတော်နှင့် တကွ အဋ္ဌကထာကို သင်ယူသော ပုဂ္ဂိုလ်သည်လည်း ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)

၂။ ရတနာသုံးပါးတို့ကို အကြောင်းပြု၍ အကြိမ်များစွာ အဖန်ဖန် အထပ်ထပ် မေးမြန်းခြင်းရှိသော ပုဂ္ဂိုလ် သည်လည်း ဝိစိကိစ္ဆာနီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)

များသောအကြားအမြင် ဗဟုသုတရှိသူ ဖြစ်ခြင်း, ရတနာသုံးပါးတို့၏ အကြောင်းအရာကို အကြိမ်များစွာ အဖန်ဖန်အထပ်ထပ် မေးမြန်းတတ်သူ ဖြစ်ခြင်းဟူသော ဤအကြောင်းတရားတို့ကြောင့် ---

(က) ၈ - ပါးသော တည်ရာဝတ္ထု ရှိသော ဝိစိကိစ္ဆာ (ဝိစိကိစ္ဆာစေတသိက်ပိုင်း၌ ရှင်းခဲ့ပြီ။)

( ခ ) ၁၆ - ပါးသော တည်ရာဝတ္ထု ရှိသော ဝိစိကိစ္ဆာ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့) ---

ဤဝိစိကိစ္ဆာ အမျိုးမျိုးကို အကယ်၍ကား ပယ်အပ် ပယ်နိုင်ပါပေ၏။ ထိုသို့ပင် ပယ်နိုင်ပါသော်လည်း ရတနာသုံးပါးအပေါ်၌ ယုံမှားသံသယ ရှိမှု = ဝိစိကိစ္ဆာမှ ကြွင်းသော ဝိစိကိစ္ဆာမှန်သမျှသည် ရတနာသုံးပါးအပေါ် ၌ ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာလျှင် အရင်းခံ ရှိ၏။ ဘုရားကို မယုံလျှင် ဘုရားရှင်၏ တရားကိုလည်း ယုံ တော့မည် မဟုတ်၊ ဘုရားရှင်၏ တပည့်သား သာဝကဖြစ်သည့် အရိယသံဃာကိုလည်း ယုံတော့မည် မဟုတ်။ ရတနာသုံးပါးကို မယုံကြည်လျှင် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်၌လည်း ယုံကြည် တော့မည် မဟုတ်၊ အတိတ်ဘဝ, အနာဂတ်ဘဝ, အတိတ် အနာဂတ် ဘဝတို့၌လည်း ယုံကြည်တော့မည် မဟုတ်၊ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌လည်း ယုံကြည်တော့မည် မဟုတ်၊ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ သို့အတွက် ရတနာသုံးပါးတို့ကို အကြောင်းပြု၍ ယုံမှားသံသယရှိမှုကိုသာ ဦးတည်၍ အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၁၆၀။)

၃။ ဝိနည်းပညတ်တော်၌ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် လေ့လာအပ်ပြီးသော အလေ့အကျင့် ဝသီဘော် ရှိသည်၏ အဖြစ်ကြောင့် ဝိနည်းသဘောတရား၌ တတ်သိနားလည်သော ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မှုသည် လည်း --- သိက္ခာယ ကင်္ခတိ = သီလ - သမာဓိ - ပညာ သိက္ခာသုံးရပ် အကျင့်မြတ်၌ ယုံမှားသံသယ ရှိ၏။ -ဟူ၍ ဟောကြားထားတော်မူအပ်သော ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)

၄။ ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်ကို သက်ဝင်၍ ယုံကြည်တတ်သော ဩကပ္ပနသဒ္ဓါဟု ခေါ်ဆို အပ်သော သဒ္ဓါဓိမောက္ခဖြင့် ဘုရားစစ် ဘုရားမှန် ဧကန်မှန်၏၊ တရားစစ် တရားမှန် ဧကန်မှန်၏၊ သံဃာစစ် သံဃာမှန် ဧကန်မှန်၏ဟု များများကြီး လွန်လွန်ကဲကဲ ဆုံးဖြတ်ခြင်းရှိသော ပုဂ္ဂိုလ်သည်လည်း ရတနာသုံးပါး တို့၌ ယုံမှားသံသယရှိမှု ဝိစိကိစ္ဆာတရားကို ပယ်ရှားနိုင်၏။ (ယင်းသို့ ပယ်ရှားနိုင်ရေးအတွက် ရတနာသုံးပါးတို့ ၏ ဂုဏ်တော်တို့၌ လွန်လွန်ကဲကဲ သက်ဝင်ယုံကြည်တတ်သော သဒ္ဓါတရား ရှိလာအောင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စသည်တို့ကို ပွားများသင့်လှပေသည်။) (အဘိ၊ဋ္ဌ၊၂၊၂၆၂။)

၅။ ရတနာသုံးပါး၌ လွန်လွန်ကဲကဲ စွဲမြဲနစ်မြုပ်သော ယုံကြည်ချက် သဒ္ဓါတရား ထင်ရှားရှိကြကုန်သော အရှင် ဝက္ကလိမထေရ်မြတ်ကြီးနှင့် တူကုန်သော မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတို့ကို မှီဝဲ ဆည်းကပ်သော ပုဂ္ဂိုလ်သည်လည်း ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)

၆။ လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို မှီသော လျောက်ပတ်သော တရားစကားဖြင့်လည်း ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ပေ၏။

ထိုကြောင့် (၆)ပါးကုန်သော တရားတို့သည် ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ကုန်၏ဟု ဖွင့်ဆိုခဲ့ ခြင်း ဖြစ်သည်။ ဤ (၆)ပါးကုန်သော တရားတို့ဖြင့် ပယ်ရှားအပ်ပြီးသော ဝိစိကိစ္ဆာ နီဝရဏတရားသည် သောတာပတ္တိမဂ်ဉာဏ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓ သဘောအား ဖြင့် ချုပ်ငြိမ်း၏ဟု ကွဲကွဲပြားပြား သိ၏၊ ကွဲကွဲပြားပြား သိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)

ဆိုလိုရင်း ရှုကွက်

ဆိုလိုရင်း ရှုကွက်

ဤအထက်ပါ နီဝရဏပိုင်းရှုကွက်တို့ကို ပြန်လည် သုံးသပ်ကြည့်ပါ။ လိုရင်းအချုပ်မှာ ဤသို့ ဖြစ်၏ ---

၁။ မိမိ၏ သန္တာန်၌ နီဝရဏတရားငါးပါး ထင်ရှားရှိလျှင်လည်း ထင်ရှားရှိ၏ဟု သိအောင် သိမ်းဆည်းရှုပွား ရမည်။

၂။ မိမိ၏ သန္တာန်၌ နီဝရဏတရားငါးပါး ထင်ရှားမရှိလျှင်လည်း ထင်ရှားမရှိဟု သိအောင် ရှုရမည်။

၃။ နီဝရဏ ဖြစ်ကြောင်းတရားကိုလည်း ဟုတ်တိုင်းမှန်စွာ သိရမည်။

၄။ နီဝရဏ ချုပ်ကြောင်းတရားကိုလည်း ဟုတ်တိုင်းမှန်စွာ သိရမည်။

ဤ၌ နီဝရဏ ဖြစ်ကြောင်းတရားတို့တွင် အဓိက အနီးကပ်ဆုံးအကြောင်းတရားမှာ အယောနိသောမနသိကာရပင် ဖြစ်၏။ နီဝရဏ ချုပ်ကြောင်းတရားတို့တွင်လည်း အဓိက အနီးကပ်ဆုံးသော အကြောင်းတရားမှာ အရိယမဂ် မဆိုက်မီ ရှေးဦးစွာ ဖြည့်ကျင့်ရမည့် အကြောင်းတရားမှာ ယောနိသောမနသိကာရပင် ဖြစ်သည်။

အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် မှန်သော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၌ နိစ္စ-သုခ-အတ္တ-သုဘဟု နှလုံးသွင်းမှားမှုသည် အယောနိသောမနသိကာရ ဖြစ်၍, --- အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် မှန်သော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၌ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု နှလုံးသွင်းမှုသည် ယောနိသောမနသိကာရ ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး ဖြစ်၏။ သို့အတွက် အသင် ယောဂီသူတော်ကောင်းသည် ---

၁။ နီဝရဏတရားငါးပါးကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်ပါ။

၂။ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် အမှန်ဖြစ်သည့် နီဝရဏငါးပါး အဝင်အပါ ဖြစ်သည့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်ပါ။

၃။ အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု တွင်တွင်ကြီး ဝိပဿနာ ရှုပွားပါ။

ဤကား ဤနီဝရဏပိုင်း ရှုကွက် လိုရင်း ဖြစ်ပေသည်။ နီဝရဏပိုင်းဟု ဆိုသော်လည်း နီဝရဏတရား သက်သက်ကိုသာ ရှုရသည် မဟုတ်ဘဲ ခန္ဓာငါးပါး ရှုကွက်ပါ ပူးတွဲ ပါဝင်လာသည်ကို သဘောပေါက်ပါ။ ဤယခု ရေးသားနေဆဲဖြစ်သည့် နီဝရဏပိုင်း ပထမဆင့်တွင်ကား နီဝရဏငါးပါး အဝင်အပါ ဖြစ်သည့် ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကိုပင် သိအောင် သိမ်းဆည်းထားပါဦး။ ဝိပဿနာရှုပုံကား ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။

__________

ဓမ္မာနုပဿနာ ခန္ဓပဗ္ဗ (= ခန္ဓပိုင်း) ပထမဆင့်

ဓမ္မာနုပဿနာ ခန္ဓပဗ္ဗ (= ခန္ဓပိုင်း) ပထမဆင့်

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု ဥပါဒါနက္ခန္ဓေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု ဥပါဒါနက္ခန္ဓေသု။ ဣဓ ဘိက္ခဝေ ဘိက္ခု ---

၁။ ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော။

၂။ ဣတိ ဝေဒနာ၊ ဣတိ ဝေဒနာယ သမုဒယော၊ ဣတိ ဝေဒနာယ အတ္ထင်္ဂမော။

၃။ ဣတိ သညာ၊ ဣတိ သညာယ သမုဒယော၊ ဣတိ သညာယ အတ္ထင်္ဂမော။

၄။ ဣတိ သင်္ခါရာ၊ ဣတိ သင်္ခါရာနံ သမုဒယော၊ ဣတိ သင်္ခါရာနံ အတ္ထင်္ဂမော။

၅။ ဣတိ ဝိညာဏံ၊ ဣတိ ဝိညာဏဿ သမုဒယော၊ ဣတိ ဝိညာဏဿ အတ္ထင်္ဂမောတိ။ (မ၊၁၊၇၈။)

= ရဟန်းတို့ ...တစ်ဖန် ထို့ပြင်လည်း ယောဂါဝစရ ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးပါး ဓမ္မသဘောတရား တို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ...အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းသည် ဥပါဒါနက္ခန္ဓာ ငါးပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေလေသနည်း?

ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းသည် ---

၁။ (က) ဤကား ရုပ်တရားတည်း။

( ခ ) ဤကား ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း။

( ဂ ) ဤကား ရုပ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၂။ (က) ဤကား ဝေဒနာတရားတည်း။

( ခ ) ဤကား ဝေဒနာတရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း။

( ဂ ) ဤကား ဝေဒနာတရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၃။ (က) ဤကား သညာတရားတည်း။

( ခ ) ဤကား သညာတရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း။

( ဂ ) ဤကား သညာတရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၄။ (က) ဤသည်တို့ကား စေတသိက် သင်္ခါရတရားစုတို့တည်း။

( ခ ) ဤကား စေတသိက် သင်္ခါရတရားတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း။

( ဂ ) ဤကား စေတသိက် သင်္ခါရတရားတို့၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၅။ (က) ဤကား ဝိညာဏ်တရားတည်း။

( ခ ) ဤကား ဝိညာဏ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း။

( ဂ ) ဤကား ဝိညာဏ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

ဤသို့ အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (မ၊၁၊၇၈။)

ဣတိ ရူပံ - ဣတိ ဝေဒနာ

ဣတိ ရူပံ - ဣတိ ဝေဒနာ

ဣတိ ရူပန္တိ ဣဒံ ရူပံ၊ ဧတ္တကံ ရူပံ၊ န ဣတော ပရံ ရူပံ အတ္ထီတိ သဘာဝတော ရူပံ ပဇာနာတိ။ ဝေဒနာဒီသုပိ ဧသေဝ နယော။ (ဒီ၊ဋ္ဌ၊၂၊၃၇၃။ မ၊ဋ္ဌ၊၁၊၂၉၁။)

ဣတိ ရူပန္တိ ဧတ္ထ ဣတိ-သဒ္ဒေါ ဣဒံ-သဒ္ဒေန သမာနတ္ထောတိ အဓိပ္ပါယေနာဟ ဣဒံ ရူပန္တိ။ တယိဒံ သရူပဂ္ဂဟဏဘာဝတော အနဝသေသပရိယာဒါနံ ဟောတီတိ အာဟ ဧတ္တကံ ရူပံ၊ န ဣတော ပရံ ရူပံ အတ္ထီတိ။ ဣတီတိ ဝါ ပကာရတ္ထေ နိပါတော၊ တသ္မာ ဣတိ ရူပန္တိ ဣမိနာ ဘူတုပါဒါဒိဝသေန ယတ္တကော ရူပဿ ဘေဒေါ၊ တေန သဒ္ဓိံရူပံ အနဝသေသတော ပရိယာဒိယိတွာ ဒေဿတိ။ သဘာဝတောတိ ရုပ္ပနသဘာဝတော စက္ခာဒိဝဏ္ဏာဒိသဘာဝတော စ။

ဝေဒနာဒီသုပီတိ ဧတ္ထ အယံ ဝေဒနာ၊ ဧတ္တကာ ဝေဒနာ၊ န ဣတော ပရံ ဝေဒနာ အတ္ထီတိ သဘာဝတော ဝေဒနံ ပဇာနာတီတိအာဒိနာ, သဘာဝတောတိ စ အနုဘဝနသဘာဝတော သာတာဒိသဘာဝတော စာတိ ဧဝမာဒိနာ ယောဇေတဗ္ဗံ။ (ဒီ၊ဋီ၊၂၊၃၂၀။ မ၊ဋီ၊၁၊၃၇၇။)

တတ္ထ ဣတိ ရူပန္တိ ဣဒံ ရူပံ, ဧတ္တကံ ရူပံ, ဣတော ဥဒ္ဓံ ရူပံ နတ္ထီတိ ရုပ္ပနသဘာဝဉ္စေဝ ဘူတုပါဒါယဘေဒဉ္စ အာဒိံ ကတွာ လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနဝသေန အနဝသေသရူပပရိဂ္ဂဟော ဝုတ္တော။ ပ ။ ဣတိဝေဒနာတိအာဒီသုပိ အယံ ဝေဒနာ, ဧတ္တကာ ဝေဒနာ, ဣတော ဥဒ္ဓံ ဝေဒနာ နတ္ထိ။ အယံ သညာ။ ဣမေ သင်္ခါရာ။ ဣဒံ ဝိညာဏံ, ဧတ္တကံ ဝိညာဏံ, ဣတော ဥဒ္ဓံ ဝိညာဏံ နတ္ထီတိ ဝေဒယိတသဉ္ဇာနနအဘိသင်္ခရဏဝိဇာနနသဘာဝဉ္စေဝ သုခါဒိ ရူပသညာဒိ ဖဿာဒိ စက္ခုဝိညာဏာဒိဘေဒဉ္စ အာဒိံ ကတွာ လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနဝသေန အနဝသေသဝေဒနာသညာသင်္ခါရဝိညာဏပရိဂ္ဂဟော ဝုတ္တော။ (ဒီ၊ဋ္ဌ၊၂၊၅၃။ သံ၊ဋ္ဌ၊၂၊၄၄-၄၅။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုထားတော်မူသည့် ညွှန်ကြားချက်များနှင့် အညီ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တွင် အကျုံးဝင်သော ခန္ဓပဗ္ဗ = ခန္ဓာပိုင်း သတိပဋ္ဌာန် ရှုကွက်ကို ပွားများအားထုတ်လိုသော အသင် သူတော်ကောင်းသည် ရှေးဦးစွာ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို အောက်ပါအတိုင်း သိရှိအောင် ကြိုးစားအားထုတ်ပါ။

၁။ ဘူတရုပ်-ဥပါဒါရုပ်အားဖြင့် ပြားသော ရုပ် (၂၈)ပါးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

၂။ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ, သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ --- ဤသို့ပြား သော ဝေဒနာအားလုံးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်း ဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

၃။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာ --- ဤသို့ပြားသော သညာ အားလုံးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

၄။ ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ --- ဤသို့ စသည်အားဖြင့် ပြားသော (၅၀)ကုန်သော သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်ကုန်သော စေတသိက်အားလုံးတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းပါ။

၅။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ် --- ဤသို့ ပြားသော ဝိညာဏ်အားလုံးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ဤသို့ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိမ်းဆည်းပုံကို လက္ခဏာဒိစတုက္ကပိုင်းတွင် သီးသန့်ဖော်ပြမည် ဖြစ်ပါသည်။ ယခုအခါတွင်ကား ဤကျမ်းဝယ် ယခုရေးသားနေဆဲအပိုင်းအထိ --- ရူပံ သဘာဝတော ပဇာနာတိ --- (ဒီ၊ဋ္ဌ၊၂၊၃၇၃။ မ၊ဋ္ဌ၊၁၊၂၉၁) ဟူသော အဋ္ဌကထာကြီးများနှင့်အညီ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သဘာဝလက္ခဏာသို့ဆိုက်အောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပုံ သိမ်းဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြား ယူပုံ စနစ်ကိုသာ ဖော်ပြရသေးသည်။ ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရှုပွားပုံ စနစ်ကိုကား မတင် ပြရသေးပေ။ သို့သော် လက္ခဏာဒိစတုက္ကပိုင်းတွင် တွေ့ရှိရပေလတ္တံ့။

ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော

ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော

ဣတိ ရူပဿ သမုဒယောတိ ဧဝံ အဝိဇ္ဇာသမုဒယာဒိဝသေန ပဉ္စဟာကာရေဟိ ရူပဿ သမုဒယော။ ဣတိ ရူပဿ အတ္ထင်္ဂမောတိ ဧဝံ အဝိဇ္ဇာနိရောဓာဒိဝသေန ပဉ္စဟာကာရေဟိ ရူပဿ အတ္ထင်္ဂမော။ ဝေဒနာဒီသုပိ ဧသေဝ နယော။ (ဒီ၊ဋ္ဌ၊၂၊၃၇၃။ မ၊ဋ္ဌ၊၁၊၂၉၁။)

၁။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဟူသော အတိတ်အကြောင်းတရားတို့ကြောင့် တစ်နည်းဆိုရသော် ရှေးရှေးဘဝက ပြီးစီးခဲ့သော အကြောင်းတရားတို့ကြောင့် ကမ္မဇရုပ်တို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း,

၂။ စိတ်ကြောင့် စိတ္တဇရုပ်တို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း,

၃။ ဥတုကြောင့် ဥတုဇရုပ်တို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း,

၄။ အာဟာရကြောင့် အာဟာရဇရုပ်တို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း,

၅။ ယင်း ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့၏ နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်ခြင်းသဘော တရားကိုလည်းကောင်း ဉာဏ်ဖြင့် ရှုမြင်ခဲ့သော် ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို ရှုမြင်သည် မည်၏။

၁။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားသောအခါ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်ဝယ် ကမ္မဇရုပ်တို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူ သော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကိုလည်းကောင်း,

၂။ စိတ်ချုပ်ခြင်းကြောင့် စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းပုံကိုလည်းကောင်း,

၃။ ဥတုချုပ်ခြင်းကြောင့် ဥတုဇရုပ်တို့၏ ချုပ်ငြိမ်းပုံကိုလည်းကောင်း,

၄။ အာဟာရချုပ်ခြင်းကြောင့် အာဟာရဇရုပ်တို့၏ ချုပ်ငြိမ်းပုံကိုလည်းကောင်း,

၅။ ယင်း ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ပျက်ခြင်း ဘင်ဟူသော ဝိပရိဏာမလက္ခဏာကို လည်းကောင်း ဉာဏ်ဖြင့် ရှုမြင်ခဲ့သော် ရုပ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို ရှုမြင် သည် မည်၏။

ဝေဒနာက္ခန္ဓာ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ (အကျယ်ကား ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်လည်းကောင်း, ဝိပဿနာပိုင်းတွင်လည်းကောင်း ထင်ရှားပေလတ္တံ့။)

မေးသင့်သော မေးခွန်းများ

မေးသင့်သော မေးခွန်းများ

အသင်သူတော်ကောင်းသည် သမထ ဝိပဿနာ ဘာဝနာတို့ကို အားထုတ်ဖူးကောင်း အားထုတ်ဖူးပေ မည်။ အကယ်၍ အားထုတ်ဖူးသူဖြစ်လျှင် --- မိမိကိုယ်ကို မိမိ အောက်ပါမေးခွန်းတို့ကို မေးကြည့်ပါ။

၁။ ငါသည် ရုပ် (၂၈)ပါးတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းတတ် ရှုပွားတတ်ပြီလား?

၂။ စေတသိက် (၅၂)ပါး, ဝိညာဏဓာတ် (၆)ပါးတို့ကိုလည်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်း ဆည်းတတ် ရှုပွားတတ်ပြီလား?

၃။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့ကြောင့် အကျိုးရုပ်နာမ် တို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း, အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးရုပ်နာမ်တို့၏ ချုပ်ငြိမ်းပုံကိုလည်းကောင်း, ယင်း အကြောင်း-အကျိုး နှစ်ရပ် လုံးတို့၏ ဖြစ်ခြင်း ပျက်ခြင်း သဘောကိုလည်းကောင်း --- ဟုတ်တိုင်းမှန်စွာ သိမ်းဆည်းတတ် ရှုပွားတတ် ပြီလား?

ဤမေးခွန်းတို့ကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ မသိမ်းဆည်းတတ်သေး မရှုပွားတတ်သေးဟု အဖြေထွက်ခဲ့လျှင်ကား သိမ်းဆည်းတတ် ရှုပွားတတ်အောင် ကြိုးစားအားထုတ်ပါဟု ဤကျမ်းက အထူးတိုက်တွန်း အပ်ပါသည်။ အလုံးစုံသော ရုပ်နာမ်တို့ကို ပရိညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိပါမှ သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီး ကုန်ဆုံးနိုင်မည် ဖြစ်ကြောင်းကို အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀), သဗ္ဗပရိညာသုတ္တန် (ဣတိဝုတ္တက၊ ၁၉၇)တို့တွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသောကြောင့် ဖြစ်၏။ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတို့ ကာလပတ်လုံး ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူပြီးမှ ရရှိတော်မူသည့် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးဖြင့် ဝေဖန် ပိုင်းခြားတော်မူလျက် ထူထောင်ထားခဲ့သော ဘုရားရှင်၏ အဆုံးအမ သာသနာတော်မြတ်ကြီးနှင့် အလွဲကြီး မလွဲရအောင် အထူးကြိုးပမ်းသင့်လှပေသည်။

အာယတန ပဗ္ဗ - အာယတနပိုင်း ပထမဆင့်

အာယတန ပဗ္ဗ - အာယတနပိုင်း ပထမဆင့်

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု။

ဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုဉ္စ ပဇာနာတိ၊ ရူပေ စ ပဇာနာတိ၊ ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ၊ တဉ္စ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ။ (မ၊၁၊၇၈-၇၉။)

ရဟန်းတို့ ...တစ်ဖန် ထို့ပြင်လည်း ယောဂါဝစရ ရဟန်းသည် အတွင်း အာယတန (၆)ပါး, အပြင် အာယတန (၆)ပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ...အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းသည် အတွင်း အာယတန (၆)ပါး, အပြင် အာယတန (၆)ပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေလေသနည်း။

ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းတော်သည် စက္ခုအကြည်ဓာတ်ကိုလည်း ဟုတ် မှန်တိုင်းသော ကိုယ်ပိုင်သဘာဝလက္ခဏာ၏ အစွမ်းဖြင့် ကွဲကွဲပြားပြား သိ၏။ ဗဟိဒ္ဓ စတုသမုဋ္ဌာနိက = အပြင် ဗဟိဒ္ဓ ဖြစ်သော, ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား လေးပါးကြောင့် ဖြစ်သော ရူပါရုံကိုလည်း ဟုတ်မှန်တိုင်းသော ကိုယ်ပိုင်သဘာဝလက္ခဏာ၏ အစွမ်းဖြင့် ကွဲကွဲပြားပြား သိ၏။

ထို စက္ခုအကြည်ဓာတ်နှင့် ရူပါရုံ နှစ်ပါးစုံကို အစွဲပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ခြင်းကိုလည်း ကွဲကွဲပြား ပြား သိ၏။ မဖြစ်ပေါ်လာသေးသော သံယောဇဉ်တရား၏ ဖြစ်ပေါ်လာရန် အကြောင်းတရားကိုလည်း ကွဲကွဲ ပြားပြား သိ၏၊ ဖြစ်ပေါ်လာပြီးသော သံယောဇဉ်တရားကို ပယ်ရှားနိုင်ဖို့ရန် အကြောင်းတရားကိုလည်း ကွဲကွဲ ပြားပြား သိ၏။ ပယ်အပ်ပြီးသော သံယောဇဉ်တရား၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်း၏ အကြောင်းတရားကိုလည်း ကွဲကွဲပြားပြား သိ၏။ (မ၊၁၊၇၈-၇၉။)

သောတာယတန-သဒ္ဒါရုံ, ဃာနာယတန-ဂန္ဓာရုံ, ဇိဝှါယတန-ရသာရုံ, ကာယာယတန-ဖောဋ္ဌဗ္ဗာရုံ, မနာယတန-ဓမ္မာရုံတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူသည်။

ပဇာနာတိ = ကွဲကွဲပြားပြား သိပုံ

ပဇာနာတိ = ကွဲကွဲပြားပြား သိပုံ

စက္ခုံ ပဇာနာတီတိ စက္ခုပသာဒံ ယာထာဝသရသလက္ခဏဝသေန ပဇာနာတိ။ ရူပေ စ ပဇာနာတီတိ ဗဟိဒ္ဓါ စတုသမုဋ္ဌာနိကရူပဉ္စ ယာထာဝသရသလက္ခဏဝသေန ပဇာနာတိ။ (မ၊ဋ္ဌ၊၁၊၂၉၂။)

ယာထာဝသရသလက္ခဏဝသေနာတိ အဝိပရီတဿ အတ္တနော ရသဿ စေဝ လက္ခဏဿ စ ဝသေန၊ ရူပေသု အာဝိဉ္ဆနကိစ္စဿ စေဝ ရူပါဘိဃာတာရဟဘူတပသာဒလက္ခဏဿ စ ဝသေနာတိ အတ္ထော ။ ပ ။ သရသလက္ခဏဝသေနာတိ စက္ခုဝိညာဏဿ ဝိသယဘာဝကိစ္စဿ စေဝ စက္ခုပဋိဟနနလက္ခဏဿ စ ဝသေနာတိ ယောဇေတဗ္ဗံ။ (မ၊ဋီ၊၁၊၃၇၈။)

စက္ခုပသာဒ = စက္ခုအကြည်ဓာတ်သည် စက္ခုဝိညာဏ်နှင့်တကွသော စက္ခုဒွါရဝီထိစိတ်အစဉ်ကို ရူပါရုံ ဘက်သို့ ဆွဲဆောင်ခေါ်ငင်ခြင်း လုပ်ငန်းကိစ္စ ရှိ၏။ ရူပါရုံ၏ ရှေးရှူ ရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ် ဓာတ်ကြီး (၄)ပါးကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိ၏။

ရူပါရုံသည် စက္ခုဝိညာဏ်၏ အာရုံဖြစ်ခြင်း လုပ်ငန်းကိစ္စ ရှိ၏။ စက္ခုအကြည်ဓာတ်ကို ထိခိုက်ခြင်း သဘောလက္ခဏာ ရှိ၏။

ဤသို့လျှင် ပရမတ္ထဓာတ်သားတိုင်း၌ ကိုယ်ပိုင်သဘာဝလက္ခဏာနှင့် ကိုယ်ပိုင်လုပ်ငန်းကိစ္စရသ အသီး အသီး ရှိ၏။ ယင်း လုပ်ငန်းကိစ္စရသနှင့် သဘာဝလက္ခဏာ အသီးအသီးကို ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ သိမ်း ဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏ --- ဟု ဆိုရပေသည်။ သို့အတွက် ဒီလိုရှုလည်း ကျွဲကူးရေပါ အားလုံးပါသွားတာပဲဟု ပြောဆို၍မရနိုင်သည်ကိုကား သဘောပေါက်သင့်လှပေသည်။

ဖြစ်ကြောင်းတရားနှင့် ပယ်ကြောင်းတရား

ဖြစ်ကြောင်းတရားနှင့် ပယ်ကြောင်းတရား

တဉ္စ ကာရဏန္တိ သုဘနိမိတ္တပဋိဃနိမိတ္တာဒိဝိဘာဝံ ဣဋ္ဌာနိဋ္ဌာဒိရူပါရမ္မဏဉ္စေဝ တဇ္ဇာယောနိသောမနသိကာရဉ္စာတိ တဿ တဿ သံယောဇနဿ ကာရဏံ။ ပ ။ ယေန ကာရဏေနာတိ ယေန ဝိပဿနာသမထဘာဝနာသင်္ခါတေန ကာရဏေန။ (မ၊ဋီ၊၁၊၃၇၉။)

နီဝရဏပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း သုဘနိမိတ် ပဋိဃနိမိတ် စသည်ကို ထင်ရှားပြတတ်သော ဣဋ္ဌာရုံ အနိဋ္ဌာရုံ စသည်ဖြင့် ခေါ်ဝေါ်သမုတ်အပ်သော အာရုံ (၆)ပါးတို့အပေါ်၌ ကာမရာဂသံယောဇဉ် ပဋိဃသံယောဇဉ် စသော ထိုထိုသံယောဇဉ်များ ဖြစ်ပေါ်လာနိုင်လောက်အောင် နည်းမှား လမ်းမှားအားဖြင့် နှလုံး သွင်းခြင်း = အယောနိသောမနသိကာရသည်ကား သံယောဇဉ် (၁၀)ပါး ဖြစ်ပေါ်လာဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားပင် ဖြစ်သည်။ ပ ။ အလားတူပင် သမထ ဝိပဿနာ ဘာဝနာဟု ခေါ်ဆိုအပ်သော ယောနိသော မနသိကာရသည်လည်း သံယောဇဉ် (၁၀)ပါးကို ပယ်ရှားနိုင်ဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားပင် ဖြစ် ပေသည်။ (မ၊ဋီ၊၁၊၃၇၉။)

အယောနိသောမနသိကာရကို အကြောင်းခံ၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပေါ်လာပုံ ရှုကွက်ကို ရှေးပိုင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်ပေသည်။ အကယ်၍ အသင်သူတော်ကောင်းသည် သံယောဇဉ် (၁၀)ပါးကို ပယ်ရှားလိုပါက အာယတန (၁၂)ပါး = ရုပ်နာမ်တရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ အခြင်းအရာကို ဉာဏ်ဖြင့်ထွင်းဖောက် သိမြင်အောင် ကြိုးစား၍ ယင်းအာယတန (၁၂)ပါး = ရုပ်တရား နာမ်တရားတို့ကို အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု, အသုဘဟု တွင်တွင်ကြီး နှလုံးသွင်းတတ်သော ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နေ့ညမစဲ လုံ့လသဲပါလေ။ ယင်းသို့ ကြိုးပမ်းခဲ့သော် ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံးတွင် အဆင့် ဆင့်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ယင်း အရိယမဂ်ဉာဏ်တို့က သံယောဇဉ် (၁၀)ပါးတို့ကို နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားအောင် အောက်ပါအတိုင်း အဆင့်ဆင့် ပယ်သတ်သွားမည် ဖြစ်ပေသည်။

အနုပ္ပါဒနိရောဓ

အနုပ္ပါဒနိရောဓ

၁။ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, ဣဿာ, မစ္ဆရိယ --- ဤသံယောဇဉ် ငါးမျိုးကို သောတာပတ္တိ မဂ်ဉာဏ်က အကြွင်းမဲ့ ပယ်သတ်၏။ ယင်းသံယောဇဉ် ငါးပါးသည် သောတာပတ္တိမဂ်ဉာဏ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွား၏။

၂။ ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂသံယောဇဉ် ပဋိဃသံယောဇဉ် နှစ်ပါးကို သကဒါဂါမိမဂ်ဉာဏ်က အကြွင်းမဲ့ ပယ်သတ်၏။ သကဒါဂါမိမဂ်ဉာဏ်ကြောင့် ယင်း ရုန့်ရင်းကြမ်းတမ်းသော သံယောဇဉ် နှစ်ပါးသည် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွား၏။

၃။ သိမ်မွေ့နူးညံ့သော ကာမရာဂသံယောဇဉ် ပဋိဃသံယောဇဉ် နှစ်ပါးကို အနာဂါမိမဂ်ဉာဏ်က အကြွင်းမဲ့ ပယ်သတ်၏၊ ယင်းသံယောဇဉ် နှစ်ပါးသည် အနာဂါမိမဂ်ဉာဏ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းသွား၏။

၄။ မာနသံယောဇဉ် ဘဝရာဂသံယောဇဉ် အဝိဇ္ဇာသံယောဇဉ် --- ဤ သံယောဇဉ် သုံးမျိုးကို အရဟတ္တမဂ် ဉာဏ်က အကြွင်းမဲ့ ပယ်သတ်၏။ ယင်း သံယောဇဉ် သုံးမျိုးသည် အရဟတ္တမဂ်ဉာဏ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွား၏။ (မ၊ဋ္ဌ၊၁၊၂၉၂-၂၉၃။)

ဓမ္မာနုပဿနာ ဗောဇ္ဈင်္ဂပဗ္ဗ (= ဗောဇ္ဈင်ပိုင်း) ပထမဆင့်

ဓမ္မာနုပဿနာ ဗောဇ္ဈင်္ဂပဗ္ဗ (= ဗောဇ္ဈင်ပိုင်း) ပထမဆင့်

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ သတ္တသု ဗောဇ္ဈင်္ဂေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ သတ္တသု ဗောဇ္ဈင်္ဂေသု။

ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ သတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ သတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ၊ တဉ္စ ပဇာနာတိ။ (မ၊၁၊၈၀။)

ရဟန်းတို့ ... နောက်တစ်မျိုးသော်ကား ယောဂါဝစရ ရဟန်းသည် ဗောဇ္ဈင် (၇)ပါး ဓမ္မသဘောတရား တို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ...အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းသည် ဗောဇ္ဈင် (၇)ပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေလေသနည်း?

ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းသည် မိမိ၏သန္တာန်၌ သတိသမ္ဗောဇ္ဈင်တရား ထင်ရှားရှိလျှင်လည်း ငါ၏ သန္တာန်၌ သတိသမ္ဗောဇ္ဈင်တရား ထင်ရှားရှိ၏ဟု သိ၏။ မိမိ သန္တာန်၌ သတိ သမ္ဗောဇ္ဈင်တရား ထင်ရှားမရှိလျှင်လည်း ငါ၏ သန္တာန်၌ သတိသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိဟု သိ၏။ မဖြစ် ပေါ်လာသေးသော သတိသမ္ဗောဇ္ဈင်တရား၏ ဖြစ်ကြောင်းတရားကိုလည်း သိ၏။ ဖြစ်ပေါ်လာပြီးသော သတိ သမ္ဗောဇ္ဈင်တရား၏ ဘာဝနာဉာဏ်၏ ပြီးစီးပြည့်စုံခြင်း၏ အကြောင်းတရားကိုလည်း သိ၏။ (မ၊၁၊၈၀။)

ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်, ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာ သမ္ဗောဇ္ဈင်တရားတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူပေသည်။ အားလုံးပေါင်းသော် ဗောဇ္ဈင် (၇)ပါး ဖြစ်၏။

၁။ (က) ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို သိမ်းဆည်းတတ်သော သတိ,

( ခ ) ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းတတ်သော သတိ,

( ဂ ) အကြောင်းတရားနှင့် တကွသော ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်း အရာ, အနတ္တအခြင်းအရာ, အသုဘအခြင်းအရာကို သိမ်းဆည်းတတ်သော သတိ --- ဤအသီးအသီး သော သတိသည် လောကီ သတိသမ္ဗောဇ္ဈင် မည်၏။

(ဃ) အရိယမဂ်နှင့် ယှဉ်သော သတိသည် လောကုတ္တရာ သတိသမ္ဗောဇ္ဈင် မည်၏။

၂။ (က) ကုသိုလ် အကုသိုလ် စသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို စူးစမ်းဆင်ခြင်တတ်သော = ထိုးထွင်းသိသော ပညာ,

( ခ ) ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့၏ အကြောင်းတရားတို့ကို စူးစမ်းဆင်ခြင်တတ်သော = ထိုးထွင်းသိသော ပညာ,

( ဂ ) အကြောင်းတရားနှင့် တကွသော ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်း အရာ အနတ္တအခြင်းအရာ အသုဘအခြင်းအရာကို စူးစမ်းဆင်ခြင်တတ်သော = ထိုးထွင်းသိသော ဝိပဿနာပညာ --- ဤအသီးအသီးသော ပညာသည် လောကီ ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။

(ဃ) အရိယမဂ်နှင့် ယှဉ်သော ပညာသည် လောကုတ္တရာ ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။

၃။ (က) ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ထိုးထွင်းသိအောင် ကြိုးစား အားထုတ်ခြင်း = ဝီရိယ,

( ခ ) ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့၏ အကြောင်းတရားတို့ကို သိအောင် ကြိုးစားအားထုတ်ခြင်း = ဝီရိယ,

( ဂ ) အကြောင်းတရားနှင့် တကွသော ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်း အရာ, အနတ္တအခြင်းအရာ, အသုဘအခြင်းအရာကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်း = ဝီရိယ, ဤအသီးအသီးသော ဝီရိယသည် လောကီ ဝီရိယသမ္ဗောဇ္ဈင် မည်၏။ ဝိပဿနာဉာဏ်နှင့် ယှဉ်သော ဝီရိယတည်း။

(ဃ) အရိယမဂ်နှင့် ယှဉ်သော သမ္မာဝါယာမ မဂ္ဂင်သည် လောကုတ္တရာ ဝီရိယသမ္ဗောဇ္ဈင် မည်၏။

၄။ (က) ယင်း သတိ-ဓမ္မဝိစယ-ဝီရိယ သမ္ဗောဇ္ဈင်တရားတို့နှင့် ယှဉ်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည် ရသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ထိုးထွင်းသိခိုက် ဖြစ်ပေါ်လာသော နှစ်သက်ခြင်း ပီတိ,

( ခ ) ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့၏ အကြောင်းတရားတို့ကို ထိုးထွင်းသိခိုက် ဖြစ်ပေါ်လာသော နှစ်သက် ခြင်း ပီတိ,

( ဂ ) အကြောင်းတရားနှင့်တကွသော ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ, အသုဘအခြင်းအရာတို့ကို ထိုးထွင်းသိခိုက် ဖြစ်ပေါ်လာသော နှစ်သက်ခြင်း ပီတိ --- ဤအသီးအသီးသော ပီတိသည် လောကီ ပီတိသမ္ဗောဇ္ဈင် မည်၏။ ဝိပဿနာဉာဏ်နှင့် ယှဉ်သော ပီတိတည်း။

(ဃ) အရိယမဂ်နှင့် ယှဉ်သော ပီတိသည် လောကုတ္တရာ ပီတိသမ္ဗောဇ္ဈင် မည်၏။

၅။ (က) ယင်း သတိ-ဓမ္မဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တရားတို့နှင့် ယှဉ်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ထိုးထွင်းသိခိုက် ဖြစ်ပေါ်လာသော စိတ်စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဿဒ္ဓိ,

( ခ ) ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အကြောင်းတရားတို့ကို ထိုးထွင်းသိခိုက် ဖြစ်ပေါ်လာသော စိတ် စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဿဒ္ဓိ,

( ဂ ) အကြောင်းတရားနှင့်တကွသော ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ, အသုဘအခြင်းအရာကို ထိုးထွင်းသိခိုက် ဖြစ်ပေါ်လာသော စိတ်စေတသိက် တို့၏ ငြိမ်းအေးခြင်း ဝိပဿနာ ပဿဒ္ဓိ --- ဤအသီးအသီးသော ပဿဒ္ဓိသည် လောကီ ပဿဒ္ဓိ သမ္ဗောဇ္ဈင် မည်၏။

(ဃ) အရိယမဂ်နှင့် ယှဉ်သော ပဿဒ္ဓိသည် လောကုတ္တရာ ပဿဒ္ဓိသမ္ဗောဇ္ဈင် မည်၏။

၆။ (က) ယင်းသတိ-ဓမ္မဝိစယ-ဝီရိယ-ပီတိ-ပဿဒ္ဓိ စသော ဗောဇ္ဈင်တရားတို့နှင့် ယှဉ်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး အာရုံ၌ တည်ကြည်မှု သမာဓိ,

( ခ ) ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အကြောင်းတရား အာရုံ၌ တည်ကြည်နေသော သမာဓိ,

( ဂ ) အကြောင်းတရားနှင့်တကွသော ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ, အသုဘအခြင်းအရာဟူသော တစ်မျိုးမျိုးသော အခြင်းအရာ၌ တည်ကြည်မှု သမာဓိ --- ဤအသီးအသီးသော သမာဓိသည် လောကီ သမာဓိသမ္ဗောဇ္ဈင် မည်၏။

[မှတ်ချက် --- သမထကမ္မဋ္ဌာန်းတို့ကို ပွားများအားထုတ်သဖြင့် ရရှိသော ဥပစာရသမာဓိ, အပ္ပနာသမာဓိ သည်လည်း လောကီ သမာဓိသမ္ဗောဇ္ဈင်ပင် မည်ပေသည်။]

(ဃ) အရိယမဂ်နှင့် ယှဉ်သော သမာဓိသည် လောကုတ္တရာ သမာဓိသမ္ဗောဇ္ဈင် မည်၏။

၇။ (က) ယင်း သတိ-ဓမ္မဝိစယ စသော ဗောဇ္ဈင်တရားတို့နှင့် ယှဉ်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည် ရသည့် ဥပါဒါနက္ခန္ဓာငါးပါး အာရုံ၌ အတူဖြစ်သော စိတ်စေတသိက် တရားတို့ကို အလယ်အလတ် အခြင်းအရာ၌ တည်အောင် ထားတတ်သော ဗောဇ္ဈင်္ဂုပေက္ခာ,

( ခ ) ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့၏ အကြောင်းတရား အာရုံ၌ အတူဖြစ်သော စိတ်စေတသိက်တရားတို့ကို အလယ်အလတ် အခြင်းအရာ၌ တည်အောင် ထားတတ်သော ဗောဇ္ဈင်္ဂုပေက္ခာ,

( ဂ ) အကြောင်းတရားနှင့်တကွသော ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ, အသုဘအခြင်းအရာ၌ အတူဖြစ်သော စိတ်စေတသိက် တရားတို့ကို အလယ် အလတ် အခြင်းအရာ၌ တည်အောင် ထားတတ်သော ဗောဇ္ဈင်္ဂုပေက္ခာ = ဝိပဿနုပေက္ခာ = သင်္ခါရု- ပေက္ခာ --- ဤ အသီးအသီးသော ဥပေက္ခာသည် လောကီ ဥပေက္ခာသမ္ဗောဇ္ဈင် မည်၏။ တရား ကိုယ်မှာ တတြမဇ္ဈတ္တတာ စေတသိက်တည်း။ (တတိယစျာန်နှင့် ယှဉ်သော တတြမဇ္ဈတ္တတာ စေတသိက်ဟူသော စျာနုပေက္ခာ, စတုတ္ထစျာန်နှင့် ယှဉ်သော တတြမဇ္ဈတ္တတာ စေတသိက်ဟူသော ပါရိသုဒ္ဓုပေက္ခာတို့သည်လည်း လောကီ ဥပေက္ခာသမ္ဗောဇ္ဈင်ပင် မည်၏။)

(ဃ) အရိယမဂ်နှင့် ယှဉ်သော တတြမဇ္ဈတ္တတာ စေတသိက်သည် လောကုတ္တရာ ဥပေက္ခာသမ္ဗောဇ္ဈင် မည်၏။

ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် လောကုတ္တရာ ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့နှင့် ပြည့်စုံရေး အတွက် လောကီ ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့နှင့် ပြည့်စုံအောင် ကြိုးပမ်းရမည် ဖြစ်သည်။ ပုံစံတစ်ခုကို ထုတ်ပြရသော်

၁။ စက္ခုအကြည်ဓာတ်ကို ရုပ်တရားဟု သိနေသော မနောဒွါရိကဝီထိဇော,

၂။ စက္ခုအကြည်ဓာတ်ကို စက္ခုအကြည်ဓာတ်ဟု သိနေသော မနောဒွါရိကဝီထိဇော,

၃။ စက္ခုအကြည်ဓာတ်ကို အနိစ္စဟု သိနေသော မနောဒွါရိကဝီထိဇော,

၄။ စက္ခုအကြည်ဓာတ်ကို ဒုက္ခဟု သိနေသော မနောဒွါရိကဝီထိဇော,

၅။ စက္ခုအကြည်ဓာတ်ကို အနတ္တဟု သိနေသော မနောဒွါရိကဝီထိဇော,

၆။ စက္ခုအကြည်ဓာတ်ကို အသုဘဟု သိနေသော မနောဒွါရိကဝီထိဇော,

ဤမနောဒွါရိကဝီထိဇောစိတ် အသီးအသီး၌ (ဉာဏ်ယှဉ် ပီတိယှဉ်သော်) နာမ်တရား (၃၄)လုံးစီ အသီး အသီး ရှိ၏။ ယင်းနာမ်တရားတို့တွင် သတိ-ဓမ္မဝိစယ-ဝီရိယ-ပီတိ-ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ --- ဟူသော လောကီ ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့ ပါဝင်လျက် ရှိကြ၏။

ယင်းဗောဇ္ဈင်မြတ်တရား (၇)ပါးတို့ ပါဝင်တည်ရှိကြသော နာမ်တရားတို့ကို နာမ်တုံး နာမ်ခဲတည်းဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွား နိုင်သော် မိမိ၏သန္တာန်၌ ယင်းဗောဇ္ဈင်မြတ်တရားတို့ ထင်ရှားရှိလျှင်လည်း ထင်ရှားရှိကြောင်းကို သိသည် မည် ပေသည်။ အကယ်၍ ယင်းဗောဇ္ဈင်တရား (၇)ပါးတို့ ပါဝင်သော နာမ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် မသိမ်း ဆည်းနိုင်ခဲ့သော် ဗောဇ္ဈင်တရားများ မိမိ၌ ထင်ရှားမရှိကြောင်းကို သိသည် မည်ပေသည်။

ဗောဇ္ဈင်္ဂ = ဗောဇ္ဈင်

ဗောဇ္ဈင်္ဂ = ဗောဇ္ဈင်

အရိယမဂ်ဉာဏ် အခိုက်၌ ယင်း ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့၏ အယုတ်အလွန်မရှိ အညီအညွတ်ဖြစ်မှု ကို ဓမ္မသာမဂ္ဂီဟု ခေါ်ဆို၏။ ထိုတွင် ဓမ္မဝိစယ, ဝီရိယ, ပီတိ ပြဓာန်းသော ဓမ္မသာမဂ္ဂီ [= အညီအညွတ် ဖြစ် သော ဗောဇ္ဈင်တရား (၇)ပါးသည်] ---

၁။ ဘာဝနာအာရုံမှ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်တတ်သော ပျင်းရိခြင်း = ကောသဇ္ဇ ပြဓာန်းသော အကုသိုလ် စိတ်အစဉ်ဟူသော = လီနတရား၏လည်းကောင်း,

၂။ ဤဘဝ၌လည်းကောင်း, သံသရာ၌လည်းကောင်း ကိလေသာ၏ အစွမ်းဖြင့် တန့်ရပ်နေခြင်း, တစ်နည်း တဏှာ၏ အစွမ်းဖြင့် တန့်ရပ်နေခြင်း = ပတိဋ္ဌာနတရား၏လည်းကောင်း, (ဘဝတစ်ခုကို တဏှာဖြင့် တွယ်တာတပ်မက်လျက် ရပ်တည်နေခြင်း လွတ်အောင် မရုန်းကန်ခြင်းကို ဆိုလိုသည်။)

၃။ ကာမဂုဏ်ချမ်းသာကို ငြိကပ်လျက် ကာမဂုဏ်ချမ်းသာကို ခံစားဖို့ရန် အဖန်ဖန် ကြိုးစားအားထုတ်ခြင်း = ကာမသုခလ္လိကာနုယောဂ၏လည်းကောင်း,

၄။ ဘဝဟူသည် ပုခက်နှင့် ခေါင်း အကြားမှာသာ ရှိ၏၊ သေလျှင် ပြတ်၏၊ ခေါင်းဟိုဘက် ဘာမျှမရှိ --- ဟု အမှားမှား အယွင်းယွင်း နှလုံးသွင်းတတ်သော = ဥစ္ဆေဒအဘိနိဝေသ၏လည်းကောင်း ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်၏။

ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာ ပြဓာန်းသော ဓမ္မသာမဂ္ဂီ [= အညီအညွတ် ဖြစ်သော ဗောဇ္ဈင်တရား (၇)ပါး သည်] ---

၁။ ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်မှု = ဥဒ္ဓစ္စ၏လည်းကောင်း,

၂။ သံသရာ၌ ရပ်တည်နိုင်ဖို့ရန် နောက်နောက် ဘဝအတွက် = နောက်နောက်ဘဝ နောက်နောက် ခန္ဓာများ ဖြစ်ပေါ်လာအောင် ပြုစီမံတတ်သော ပုညာဘိသင်္ခါရ အမည်ရသော ကာမာဝစရကုသိုလ်ကံ ရူပါဝစရ ကုသိုလ်ကံ, အပုညာဘိသင်္ခါရ အမည်ရသော အကုသိုလ်ကံ, အာနေဉ္ဇာဘိသင်္ခါရ အမည်ရသော အရူပ ကုသိုလ်ကံတို့ကို ကြိုးစားအားထုတ်ခြင်း = အာယူဟန၏လည်းကောင်း --- တစ်နည်း ဒိဋ္ဌိ၏ အစွမ်းဖြင့် အားထုတ်ခြင်း အာယူဟန၏လည်းကောင်း,

၃။ မိမိကိုယ်ကို ပင်ပန်းအောင် ညှဉ်းပန်းနှိပ်စက်မှု အကျင့်ကို အဖန်ဖန် အထပ်ထပ် ကြိုးစားအားထုတ်ခြင်း = အတ္တကိလမထာနုယောဂ၏လည်းကောင်း,

၄။ အတ္တသည် မြဲ၏၊ သေလျှင် ပြတ်မသွား၊ တစ်ဘဝပြီး တစ်ဘဝ ပြောင်းရွှေ့နေ၏၊ --- ဤသို့ စသည်ဖြင့် နှလုံးသွင်းတတ်သော = သဿတအဘိနိဝေသ၏လည်းကောင်း ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်၏။

အရိယမဂ်ဉာဏ် အခိုက်၌ အညီအညွတ် ဖြစ်ကုန်သော ယင်းတရား (၇)ပါးတို့၏ အပေါင်းအစုကို ဗောဓိ ဟု ခေါ်၏။ ယင်းဗောဓိမည်သော အညီအညွတ်ဖြစ်သော ဓမ္မသာမဂ္ဂီ တရားအပေါင်း၏ အစိတ်အပိုင်းသည် ဗောဇ္ဈင်္ဂ မည်၏။ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

လောကုတ္တရာ မဂ်ဉာဏ်ခဏ၌ ဖြစ်ပေါ်လာသော အထက်ဖော်ပြပါ စိတ်တွန့်ဆုတ်မှု စိတ်ပျံ့လွင့်မှု စသော များစွာကုန်သော ကပ်၍ နှိပ်စက်တတ်ကုန်သော ဘေးရန် အမျိုးမျိုးတို့၏ ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်သော သတိ, ဓမ္မဝိစယ, ဝီရိယ, ပီတိ, ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာဟု ဆိုအပ်သော အကြင်တရားတို့၏ ညီညွတ်ခြင်း = ဓမ္မသာမဂ္ဂီဖြင့် အရိယသာဝကသည် ---

၁။ ကိလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ နိုးကြားလာတတ်၏။

၂။ တစ်နည်း သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိတတ်၏။

၃။ တစ်နည်း နိရောဓသစ္စာ အမည်ရသော နိဗ္ဗာန်တရားတော်မြတ်ကြီးကို တိုက်ရိုက် မျက်မှောက်ပြုသော အားဖြင့် ထွင်းဖောက် သိမြင်တတ်၏။

ထိုကြောင့် ယင်းဓမ္မသာမဂ္ဂီကို ဗောဓိဟူ၍ ခေါ်ဆိုအပ်၏။ (၇)ပါးကုန်သော တရားတို့၏ အညီအညွတ် ဖြစ်ခြင်း = ဓမ္မသာမဂ္ဂီဟု ဆိုအပ်သော ထိုဗောဓိ၏ အစိတ်အပိုင်းသည် ဗောဇ္ဈင်မည်၏။ စျာနင်္ဂ = စျာနင်, မဂ္ဂင်္ဂ = မဂ္ဂင် စသည်တို့၌ကဲ့သို့ မှတ်ပါ။

စျာန်အင်္ဂါငါးပါးတို့၏ အပေါင်းကို စျာန်ဟု ခေါ်၍ ယင်းစျာန်၏ အစိတ်အပိုင်း အင်္ဂါတစ်ပါးပါးကို စျာနင်္ဂ = စျာနင်ဟု ခေါ်ရသကဲ့သို့လည်းကောင်း, မဂ္ဂင်တရားကိုယ် (၈)ပါးတို့၏ အပေါင်းကို မဂ်ဟု ခေါ်၍ ယင်းမဂ်၏ အစိတ်အပိုင်း အင်္ဂါတစ်ပါးပါးကို မဂ္ဂင်္ဂ = မဂ္ဂင်ဟု ခေါ်ရသကဲ့သို့လည်းကောင်း, အလားတူပင် ဗောဓိယာ အင်္ဂေါ ဗောဇ္ဈင်္ဂေါ --- ဟူသည်နှင့် အညီ ဗောဇ္ဈင် (၇)ပါး အပေါင်းဟူသော ဓမ္မသာမဂ္ဂီ၏ အစိတ်အပိုင်း ဖြစ်သော သတိ စသော တစ်ပါးစီကို ဗောဇ္ဈင်္ဂ = ဗောဇ္ဈင်ဟု ခေါ်ဆိုရလေသည်ဟု ဆိုလိုသည်။ (အဘိ၊ဋ္ဌ၊၁၊၂၆၂။ အဘိ၊ဋ္ဌ၊၂၊၂၉၆။)

ဗောဓိဿ ဝါ အင်္ဂေါ ဗောဇ္ဈင်္ဂေါ --- တစ်နည်း --- သတိ ဓမ္မဝိစယ စသည်ပြားသော ဤ (၇)ပါးသော တရားတို့၏ ပေါင်းဆုံ ညီညွတ်ခြင်းဖြင့် သစ္စာလေးပါးကို သိတတ်သောကြောင့် သစ္စာလေးပါးကို သိတတ်သော အရိယသာဝကကိုလည်း ဗောဓိဟူ၍ ခေါ်ဆိုအပ်၏။ ထိုဗောဓိ မည်သော အရိယသာဝက၏ အင်္ဂါအစိတ်အပိုင်း ဖြစ်သောကြောင့်လည်း ဗောဇ္ဈင်္ဂ = ဗောဇ္ဈင် မည်၏။ သေန အမည်ရသော စစ်တပ်၏ အစိတ်အပိုင်း ဖြစ်သော ဆင်တပ် စသည်သည် သေနင်္ဂ အမည်ရသကဲ့သို့ မြင်းရထား = မြင်းလှည်း၏ အစိတ်အပိုင်း ဖြစ်သော ဝင်ရိုး လှည်းသံ စသည်သည် ရထင်္ဂ = ရထား၏ အစိတ်အပိုင်းအင်္ဂါ အမည်ရသကဲ့သို့ ဗောဓိ အမည်ရသော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရသော အရိယသူတော်ကောင်း၏ ရုပ်နာမ်ခန္ဓာ အစဉ်ဝယ် ဖြစ်ပေါ်လာသော သတိ စသည်ကိုလည်း ယင်းရုပ်နာမ်အစဉ်၏ အစိတ်အပိုင်း ဖြစ်သောကြောင့် ဗောဇ္ဈင်္ဂ = ဗောဇ္ဈင်ဟု ခေါ်ဆိုရသည် --- ဟု ဆိုလိုပေသည်။

ဗောဓာယ သံဝတ္တန္တီတိ ဗောဇ္ဈင်္ဂါ = သစ္စာလေးပါးကို သိခြင်း၏ အကြောင်းတရားများ ဖြစ်ခြင်းကြောင့် သတိ စသော တရား (၇)ပါးသည် ဗောဇ္ဈင်္ဂ မည်၏။

ဗုဇ္ဈန္တီတိ ဗောဇ္ဈင်္ဂါ = သစ္စာလေးပါးတို့ကို သိတတ်ကုန်သောကြောင့် သတိ စသော တရား (၇)ပါးအပေါင်း သည် ဗောဓိတို့ မည်ကုန်၏။ ဗောဓိတို့သည်ပင် ဗောဇ္ဈင်္ဂ = ဗောဇ္ဈင် မည်၏။ (ဗောဓိနှင့် အင်္ဂ အရတူသည်။)

အနုဗုဇ္ဈန္တီတိ ဗောဇ္ဈင်္ဂါ = ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် စသော အကြောင်းတရားတို့အားလျော် စွာ သိသင့် သိထိုက်သော ထိုထိုတရားတို့ကို သိတတ်ကုန်သောကြောင့်လည်းကောင်း, တစ်နည်း သိထိုက်သော သစ္စာလေးပါးတရားတို့အား လျော်စွာ သိတတ်ကုန်သောကြောင့်လည်းကောင်း ဗောဇ္ဈင်္ဂ = ဗောဇ္ဈင် မည်ကုန်၏။

ပဋိဗုဇ္ဈန္တီတိ ဗောဇ္ဈင်္ဂါ = သစ္စာလေးရပ် တရားမြတ်ကို တစ်နည်း နိဗ္ဗာန်တရားတော်မြတ်ကို မျက်မှောက်ပြု သည်၏ အဖြစ်ဖြင့် ရှေးရှူသိတတ်ကုန်သောကြောင့် သတိ စသော တရားတို့သည် ဗောဇ္ဈင်္ဂ = ဗောဇ္ဈင်တို့ မည် ကုန်၏။

သမ္ဗုဇ္ဈန္တီတိ ဗောဇ္ဈင်္ဂါ = သစ္စာလေးရပ် တရားမြတ်ကို တစ်နည်း နိဗ္ဗာန်တရားတော်မြတ်ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိတတ်ကုန်သောကြောင့် သတိ စသော (၇)ပါးကုန်သော တရားတို့သည် ဗောဇ္ဈင်္ဂ = ဗောဇ္ဈင် မည်ကုန်၏။ (ပဋိသမိ႓ဒါမဂ်၊၃၀၂။ အဘိ၊ဋ္ဌ၊၁၊၂၆၂။)

ဗောဇ္ဈင်ဖြစ်ကြောင်းတရားများကို အာနာပါနဿတိသမာဓိပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း မှတ် သားပါလေ။ ထိုဗောဇ္ဈင်ဖြစ်ကြောင်းတရားတို့တွင် ---- တတ္ထ ယောနိသောမနသိကာရ ဗဟုလီကာရော၊ အယမာဟာရော ---- (သံ၊၃၊၆၀။) ---- ဤသို့ စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း မဂ်ဉာဏ် ဖိုလ် ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း ယောနိသောမနသိကာရကား ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့ ဖြစ်ပေါ်လာဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားပင် ဖြစ်သည်။ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် မှန်သော ကုသိုလ်တရား အကုသိုလ်တရား စသော ခန္ဓာ ငါးပါး = ရုပ်နာမ်တရားတို့၌ အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု, အသုဘဟု တွင်တွင်ကြီး နှလုံးသွင်းမှု = ယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းသည် မဖြစ်ပေါ်လာသေးကုန်သော ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့၏ ထင်ရှားဖြစ်ပေါ်လာရန် အကြောင်းတရားလည်း ဖြစ်၏၊ ဖြစ်ပေါ်လာပြီးကုန်သော ဗောဇ္ဈင်မြတ်တရား (၇)ပါး တို့၏ အရဟတ္တမဂ်သို့ ဆိုက်သည်တိုင်အောင် ပြီးပြည့်စုံရန် အကြောင်းတရားလည်း ဖြစ်၏။

ဓမ္မာနုပဿနာ သစ္စပဗ္ဗ (= သစ္စာပိုင်း) ပထမဆင့်

ဓမ္မာနုပဿနာ သစ္စပဗ္ဗ (= သစ္စာပိုင်း) ပထမဆင့်

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု အရိယသစ္စေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု အရိယသစ္စေသု။ ဣဓ ဘိက္ခဝေ ဘိက္ခု ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ (မ၊၁၊၈၂။)

ရဟန်းတို့ ...တစ်ဖန် ထို့ပြင်လည်း ယောဂါဝစရ ရဟန်းသည် အရိယသစ္စာလေးပါး ဓမ္မသဘောတရား တို့၌ ဓမ္မသဘောတရားဟု (ဓမ္မသဘောတရားတို့ကို) အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းသည် အရိယသစ္စာလေးပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု (ဓမ္မသဘောတရားတို့ကို) အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေလေသနည်း?

ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းသည် ဤကား ဒုက္ခအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ တည်းဟု မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် = ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ = မဂ္ဂအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်မှန်သည့် အတိုင်း ကွဲကွဲပြားပြား သိ၏။ (မ၊၁၊၈၂။)

ဒုက္ခ အရိယသစ္စာ

ဒုက္ခ အရိယသစ္စာ

သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (အဘိ၊၂၊၁၀၄။ မ၊၁၊၈၂။)

အကျဉ်းချုပ်အားဖြင့် ဆိုရသော် အာသဝေါတရားတို့၏ အာရုံဖြစ်ကုန်သော တဏှာဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဥစ္စာ ဟု စွဲယူရာ ဖြစ်သော အတိတ်-အနာဂတ်-ပစ္စုပ္ပန် အဇ္ဈတ္တ-ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခ အရိယသစ္စာတရားတို့တည်း။

ဒုက္ခသမုဒယ အရိယသစ္စာ

ဒုက္ခသမုဒယ အရိယသစ္စာ

ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ။ သေယျထိဒံ၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။ (အဘိ၊၂၊၁၀၆။ မ၊၁၊၈၄။)

= ရဟန်းတို့ ...ဒုက္ခ အရိယသစ္စာဖြစ်ကြောင်း ဒုက္ခသမုဒယ အရိယသစ္စာတရားဟူသည် အဘယ်နည်း? တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်မက်ခြင်း = နန္ဒီရာဂနှင့် အတူတကွ ဖြစ်သော ထိုထိုဘဝ, ထိုထိုအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ ထိုတဏှာသည် အဘယ်နည်း? ---- ကာမတဏှာ, ဘဝ တဏှာ, ဝိဘဝတဏှာတို့တည်း။ (အဘိ၊၂၊၁၀၆။ မ၊၁၊၈၄။)

ကာမတဏှာတိ ကာမေ တဏှာ ကာမတဏှာ။ ပဉ္စကာမဂုဏိကရာဂေဿတံ အဓိဝစနံ။ ဘဝေ တဏှာ ဘဝတဏှာ။ ဘဝပတ္ထနာဝသေန ဥပ္ပန္နဿ သဿတဒိဋ္ဌိသဟဂတဿ ရူပါရူပဘဝရာဂဿ စ စျာနနိကန္တိယာ စေတံ အဓိဝစနံ။ ဝိဘဝေ တဏှာ ဝိဘဝတဏှာ။ ဥစ္ဆေဒဒိဋ္ဌိသဟဂတဿ ရာဂေဿတံ အဓိဝစနံ။ (အဘိ၊ဋ္ဌ၊၂၊၁၀၄။)

ရူပါရူပဘဝရာဂေါ ဝိသုံ ဝက္ခတီတိ ကာမဘဝေ ဧဝ ဘဝပတ္ထနာဥပ္ပတ္တိ ဝုတ္တာတိ ဝေဒိတဗ္ဗာ။ (မူလဋီ၊၂၊၆၉။)

၁။ ကာမတဏှာ ---- ငါးပါးအာရုံ ကာမဂုဏ်၌ တွယ်တာတပ်မက်သော တဏှာသည် ကာမတဏှာ မည်၏။ ဤ ကာမတဏှာဟူသော အမည်သည် အာရုံငါးပါး ကာမဂုဏ်တရား၌ တွယ်တာ တပ်မက်တတ်သော ရာဂ၏ အမည် ဖြစ်သည်။

၂။ ဘဝတဏှာ ----

(က) ကာမဘဝကို လိုလားတောင့်တသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ကာမဘဝ၌ တွယ်တာ တပ်မက် သော တဏှာသည်လည်း ဘဝတဏှာ မည်၏။

( ခ ) အတ္တသည် မပျက်မစဲ အမြဲဖြစ်၏ဟူသော သဿတဒိဋ္ဌိ အယူကို ယူပြီးလျှင် ထိုအယူကို နှစ်သက်သော တဏှာသည်လည်း ဘဝတဏှာ မည်၏။

( ဂ ) ရူပဘဝ အရူပဘဝကို တွယ်တာ တပ်မက်သော ရူပရာဂ အရူပရာဂဟု ခေါ်ဆိုအပ်သော တဏှာသည် လည်း ဘဝတဏှာ မည်၏။

(ဃ) ရူပဘဝ အရူပဘဝ၏ ဖြစ်ကြောင်း ဖြစ်သော စျာန်တရား၌ တွယ်တာတပ်မက်တတ်သော စျာနနိကန္တိဟု ခေါ်ဆိုအပ်သော တဏှာသည်လည်း ဘဝတဏှာ မည်၏။

၃။ ဝိဘဝ တဏှာ ---- အတ္တသည် မမြဲ ပြတ်စဲ၏၊ အတ္တသည် သေလျှင် ပြတ်၏။ ---- ဟု ယူဆအပ်သော အတ္တဝါဒသည် ဝိဘဝ မည်၏၊ ထို ဝိဘဝ အမည်ရသော အတ္တဝါဒကို စွဲယူသော ဒိဋ္ဌိသည် ဥစ္ဆေဒဒိဋ္ဌိ = ဝိဘဝဒိဋ္ဌိ မည်၏။ ထို ဥစ္ဆေဒဒိဋ္ဌိ = ဝိဘဝဒိဋ္ဌိကို တွယ်တာ တပ်မက်သော ဥစ္ဆေဒဒိဋ္ဌိ = ဝိဘဝဒိဋ္ဌိနှင့် အတူတကွ ဖြစ်သော ရာဂသည် ဝိဘဝတဏှာ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၄။ မူလဋီ၊၂၊၆၉။)

ဤကား သုတ္တန္တဘာဇနီယနည်းတည်း။ အဘိဓမ္မဘာဇနီယနည်းအားဖြင့် သမုဒယသစ္စာကို အောက်ပါ အတိုင်း ငါးမျိုးခွဲ၍ ဟောကြားထားတော်မူ၏။

အဘိဓမ္မဘာဇနီယနည်း

အဘိဓမ္မဘာဇနီယနည်း

၁။ တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော။ (အဘိ၊၂၊၁၁၂။)

၂။ တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ စ အဝသေသာ စ ကိလေသာ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော။ (အဘိ၊၂၊၁၁၃။)

၃။ တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ စ အဝသေသာ စ ကိလေသာ အဝသေသာ စ အကုသလာ ဓမ္မာ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော။ (အဘိ၊၂၊၁၁၄။)

၄။ တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ စ အဝသေသာ စ ကိလေသာ အဝသေသာ စ အကုသလာ ဓမ္မာ တီဏိ စ ကုသလမူလာနိ သာသဝါနိ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော။ (အဘိ၊၂၊၁၁၄။)

၅။ တတ္ထ ကတမော ဒုက္ခသမုဒယော၊ တဏှာ စ အဝသေသာ စ ကိလေသာ အဝသေသာ စ အကုသလာ ဓမ္မာ တီဏိ စ ကုသလမူလာနိ သာသဝါနိ အဝသေသာ စ သာသဝါ ကုသလာ ဓမ္မာ။ အယံ ဝုစ္စတိ ဒုက္ခသမုဒယော။ (အဘိ၊၂၊၁၁၅။)

၁။ တဏှာဟူသမျှကို သမုဒယသစ္စာဟူ၍ ခေါ်ဆို၏။

၂။ တဏှာနှင့် တကွသော ကိလေသာအားလုံးကိုလည်း သမုဒယသစ္စာဟူ၍ ခေါ်ဆို၏။

၃။ (က) တဏှာ, (ခ) တဏှာမှကြွင်းသော ကိလေသာ, (ဂ) တဏှာ+ကိလေသာတို့မှ ကြွင်းသော အကုသိုလ် တရားအားလုံးကိုလည်း သမုဒယသစ္စာဟူ၍ ခေါ်ဆို၏။

၄။ (က) တဏှာ, (ခ) ကြွင်းကိလေသာ, (ဂ) ကြွင်းအကုသိုလ်တရား, (ဃ) အာသဝေါတရားတို့၏ အာရုံဖြစ် သော အလောဘ, အဒေါသ, အမောဟဟူသော ကုသလမူလတရားသုံးပါးကိုလည်း သမုဒယသစ္စာဟူ၍ ခေါ်ဆို၏။

၅။ (က) တဏှာ, (ခ) ကြွင်းကိလေသာ, (ဂ) ကြွင်းအကုသိုလ်တရား, (ဃ) အာသဝေါတရားတို့၏ အာရုံဖြစ် သော ကုသလမူလတရား သုံးပါး, (င) ကုသလမူလတရား သုံးပါးမှ ကြွင်းသော အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာဟူ၍ ခေါ်ဆို၏။ (အဘိ၊၂၊၁၁၂-၁၁၅၊၊)

ဤအထက်ပါ ပါဠိတော်ကြီးနှင့် အညီ သမ္မောဟဝိနောဒနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကြီးတို့က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏။

တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)

= အာသဝေါတရားတို့၏ အာရုံဖြစ်သော (ဝဋ္ဋနိဿိတ ဖြစ်သော) ကုသိုလ်ကံနှင့် အကုသိုလ်ကံ မှန်သမျှ သည် သမုဒယသစ္စာ မည်၏ဟူ၍ သစ္စဝိဘင်းပါဠိတော်၌ ဟောကြားတော်မူအပ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)

ဝိပဿနာဉာဏ်၏ အရှုခံ သစ္စာတရား

ဝိပဿနာဉာဏ်၏ အရှုခံ သစ္စာတရား

၁။ ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ဒုက္ခသစ္စာတရား,

၂။ ကုသိုလ်ကံ, အကုသိုလ်ကံဟူသော သမုဒယသစ္စာတရား,

တစ်နည်း ---- အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားဟူသော သမုဒယသစ္စာတရား ----

ဤ သစ္စာနှစ်ပါးတို့ကား ဝဋ္ဋသစ္စာ မည်၏။

၃။ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဟူသော နိရောဓသစ္စာတရား,

၄။ အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော မဂ္ဂင်တရားကိုယ် (၈)ပါးတည်းဟူသော မဂ္ဂသစ္စာတရား ----

ဤ သစ္စာနှစ်ပါးတို့ကား ဝိဝဋ္ဋသစ္စာ မည်၏။

တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။ ဒီ၊ဋ္ဌ၊၂၊၃၉၁။)

ထိုဝဋ္ဋသစ္စာ, ဝိဝဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ယောဂါဝစရ ရဟန်းတော်သည် ဝဋ္ဋသစ္စာ အမည်ရသည့် ဒုက္ခ သစ္စာ, သမုဒယသစ္စာ တရားနှစ်ပါး၌ ဝိပဿနာ နှလုံးသွင်းခြင်းကို ပြုလုပ်ရ၏။ ဝိဝဋ္ဋသစ္စာ တရားနှစ်ပါး၌ ဝိပဿနာ နှလုံးသွင်းဖွယ်ရာ မရှိပေ။ သို့အတွက် အသင်သူတော်ကောင်းသည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ရှေးဦးစွာသိအောင် ကြိုးစားအားထုတ်ရမည် ဖြစ်ပေသည်။ ထိုတွင် ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် ပစ္စုပ္ပန်ဝယ် အဇ္ဈတ္တသန္တာန်၌ အဇ္ဈတ္တဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို သိမ်းဆည်းပုံ = ဉာဏ်ဖြင့် ပိုင်းခြားယူပုံကို ဤကျမ်းတွင် တင်ပြပြီးလေပြီ။

ဗဟိဒ္ဓ သက်မဲ့ သင်္ခါရတရားတို့ကို သိမ်းဆည်းပုံအပိုင်းကိုလည်းကောင်း, ဗဟိဒ္ဓ သက်ရှိ သင်္ခါရတရားများ ဖြစ်ကြသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို သိမ်းဆည်းပုံအပိုင်းကိုလည်းကောင်း ဤ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင်ပင် ဆက် လက်တင်ပြမည် ဖြစ်သည်။ သမုဒယသစ္စာတရားတို့ကို သိမ်းဆည်းပုံအပိုင်းကိုကား ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် တင်ပြ ပေအံ့။ ယခုအခါတွင် နိရောဓသစ္စာနှင့် မဂ္ဂသစ္စာတရားနှစ်ပါး အကြောင်းကို ဆက်လက်တင်ပြအပ်ပါသည်။

နိရောဓသစ္စာ

နိရောဓသစ္စာ

ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။ ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။ (မ၊၁၊၈၆။)

= ရဟန်းတို့ ...ဒုက္ခနိရောဓ အရိယသစ္စာသည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမရှိ ကင်း ချုပ်ရာ တဏှာကို စွန့်ရာ တဏှာကို ဝေးစွာ စွန့်ရာ တဏှာမှ လွတ်မြောက်ရာ တဏှာဖြင့် မကပ်ငြိရာ နိဗ္ဗာန် တရားတော်မြတ်ကြီးသည် ဒုက္ခနိရောဓ အရိယသစ္စာ = ဒုက္ခချုပ်ရာ နိရောဓ အရိယသစ္စာ မည်၏။ (မ၊၁၊၈၆။)

နိရောဓ နှစ်မျိုး

နိရောဓ နှစ်မျိုး

ဝိရာဂါနုပဿီတိ ဧတ္ထ ပန ဒွေ ဝိရာဂါ ခယဝိရာဂေါ စ အစ္စန္တဝိရာဂေါ စ။ တတ္ထ ခယဝိရာဂေါတိ သင်္ခါရာနံ ခဏဘင်္ဂေါ။ အစ္စန္တဝိရာဂေါတိ နိဗ္ဗာနံ။ ဝိရာဂါနုပဿနာတိ တဒုဘယဒဿနဝသေန ပဝတ္တာ ဝိပဿနာ စ မဂ္ဂေါ စ။ တာယ ဒုဝိဓာယပိ အနုပဿနာယ သမန္နာဂတော ဟုတွာ အဿသန္တော ပဿသန္တော စ ဝိရာဂါနုပဿီ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီတိ ဝေဒိတဗ္ဗော။ နိရောဓာနုပဿီပဒေပိ ဧသေဝ နယော။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)

ခယဝိရာဂ, အစ္စန္တဝိရာဂဟု ဝိရာဂ နှစ်မျိုး ရှိ၏။ ခယနိရောဓ, အစ္စန္တနိရောဓဟု နိရောဓလည်း နှစ်မျိုးပင် ရှိ၏။ ထိုတွင် ဒုက္ခသစ္စာ, သမုဒယသစ္စာဟူသော သင်္ခါရတရားတို့၏ ပျက်ခြင်း ခဏဘင်သည် ခယဝိရာဂ မည်၏၊ ခယနိရောဓလည်း မည်၏။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား အစ္စန္တဝိရာဂ မည်၏၊ အစ္စန္တနိရောဓလည်း မည်၏။ ရာဂ၏ စင်စစ် ကင်းပြတ်ရာ ကင်းပြတ်ကြောင်း, ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း တရားတည်း။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)

သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ပျက်ခြင်း = ခဏဘင်ကို ရှုမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်သည် တဒင်္ဂအားဖြင့် ကိလေသာတို့ကို စွန့်လွှတ်တတ်သောကြောင့် ကင်းပြတ်စေတတ်သော ကြောင့် ဝိရာဂါနုပဿနာ မည်၏။ တဒင်္ဂအားဖြင့် ကိလေသာတို့ကို ချုပ်စေတတ်သောကြောင့် တဒင်္ဂအားဖြင့် ကိလေသာတို့၏ ချုပ်ငြိမ်းကြောင်း ဖြစ်သောကြောင့် နိရောဓာနုပဿနာလည်း မည်၏။

အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာတရားတော်မြတ်ကြီးကို အာရုံ မျက်မှောက် ထွင်းဖောက်သိမြင်သော အရိယမဂ်သည် ရာဂ၏ အကြွင်းမဲ့ စင်စစ် ကင်းရာကင်းကြောင်း ချုပ်ရာချုပ်ကြောင်း ဖြစ်သောကြောင့် ဝိရာဂါနုပဿနာ မည်၏၊ နိရောဓာနုပဿနာလည်း မည်၏။

ထိုဝိရာဂါနုပဿနာ နိရောဓာနုပဿနာ အမည်ရသော ဝိပဿနာဉာဏ် မဂ်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ထွက်သက်လေကို ဖြစ်စေသည်ရှိသော် ဝိရာဂသဘော နိရောဓသဘောကို (သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် နိဗ္ဗာန်တရားတော်မြတ်ကို) အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်အောင် ထွက်သက်လေကို ဖြစ်အောင် ကျင့်၏ဟူ၍ သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)

ဤအထက်ပါ ဝိရာဂနှစ်မျိုး နိရောဓနှစ်မျိုးတို့တွင် ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၏ ပျက်ခြင်း ခဏဘင်ဟူသော ခယဝိရာဂ, ခယနိရောဓ သဘောကို ရှုမြင်တတ်သော ဝိပဿနာဉာဏ်ကိုရအောင် ကြိုးပမ်းရမည် ဖြစ်သည်။ အစ္စန္တဝိရာဂ, အစ္စန္တနိရောဓ အမည်ရသော အကယ်စင်စစ် ရာဂ၏ ကင်းရာချုပ်ရာ ဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို သိမြင်တတ်သော အရိယမဂ်ကို ရရှိရေးအတွက် ဖြစ်သည်။

အကယ်၍ အသင်သူတော်ကောင်းသည် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရား တို့၏ (အရဟတ္တမဂ်၏ စွမ်းအားကြောင့်) နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟူသော အနုပ္ပါဒနိရောဓ သဘော အားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်း ဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းမှုကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်ခဲ့သည် ဖြစ်အံ့၊ ယင်း ချုပ်ငြိမ်းမှုသဘောကား လောကီနိရောဓသစ္စာပင်တည်း။ ယင်းနိရောဓသစ္စာကို ရှုမြင်တတ်သော ဝိပဿနာ ဉာဏ်ကား လောကီမဂ္ဂသစ္စာတည်း။ (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။)

ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ၊ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ယဉ္စဿ ဥဒယဗ္ဗယဒဿနံ၊ မဂ္ဂေါဝါယံ လောကိကောတိ မဂ္ဂသစ္စံ ပါကဋံ ဟောတိ၊ တတြ သမ္မောဟဝိဃာတတော။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ယောဂါဝစရပုဂ္ဂိုလ်သည် ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက်ရှိသွားသောအခါ ---

၁။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးဥပါဒါနက္ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း, အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးဥပါဒါနက္ခန္ဓာငါးပါးတို့၏ ပရိနိဗ္ဗာနစုတိ၏ အဆုံး၌ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကို လည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရ၏။ ယင်းသို့ ရှုမြင်သောဉာဏ်ကို ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်ဟု ခေါ်ဆို၏။ အကြောင်းတရားအားဖြင့် ဖြစ်မှု ချုပ်မှုကို ရှုမြင်သော ဉာဏ်ဟု ဆိုလိုသည်။

ထိုတွင် အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံကို ရှုမြင်သော ဝိပဿနာဉာဏ်ကို ပစ္စယတော ဥဒယဒဿနဉာဏ်ဟု ခေါ်ဆို၏။ အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံကို ရှုမြင်သော ဝိပဿနာဉာဏ်ကို ပစ္စယတော ဝယဒဿနဉာဏ်ဟု ခေါ်ဆို၏။

အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံကို ရှုမြင်တတ်သော ပစ္စယတော ဝယ ဒဿနဉာဏ် ဖြစ်ပေါ်လာခြင်းဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ နိရောဓသစ္စာတရားသည် ထင်ရှားလာ၏။ အကြောင်းတရားတို့၏ မဖြစ်ခြင်းကြောင့် = နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် အရဟတ္တမဂ်ကြောင့် ချုပ် ငြိမ်းသွားခြင်းကြောင့် အကြောင်းတရား ထင်ရှားရှိမှသာလျှင် ထင်ရှားဖြစ်ပေါ်လာနိုင်သော အကျိုးတရားစုတို့၏ မဖြစ်ခြင်း သဘောကို = နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ပရိနိဗ္ဗာနစုတိ၏ အခြားမဲ့၌ ချုပ်ငြိမ်းသွားမှုကို ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကြောင့်တည်း။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

အကြောင်းတရားတို့၏ ချုပ်ငြိမ်းမှုကား သဥပါဒိသေသနိဗ္ဗာန်တည်း။ အကျိုးတရားတို့၏ ချုပ်ငြိမ်းမှုကား အနုပါဒိသေသနိဗ္ဗာန်တည်း။ အကြောင်းတရားတို့၏ ချုပ်ငြိမ်းမှုကား ကိလေသပရိနိဗ္ဗာန်တည်း၊ အကျိုးတရား တို့၏ ချုပ်ငြိမ်းမှုကား ခန္ဓပရိနိဗ္ဗာန်တည်း။ (အဘိ၊ဋ္ဌ၊၂၊၄၁၃။)

၂။ ခဏတော ဥဒယဗ္ဗယဒဿန --- သင်္ခါရတရားတို့၏ ဖြစ်မှု-ပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ရှုမြင် တတ်သော ဝိပဿနာဉာဏ်သည် ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် မည်၏။

ဤနှစ်မျိုးသော ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်, ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်သည် တစ်နည်း ဉာဏ် ပြဓာန်းသော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဟူသော တရားစုသည် လောကီမဂ္ဂသစ္စာတည်း။ ထို ပစ္စယတော ဥဒယဗ္ဗယ, ခဏတော ဥဒယဗ္ဗယဟူသော နှစ်မျိုးသော ဥဒယဗ္ဗယ သဘော၌ မသိအောင် ဖုံးလွှမ်းထားတတ်သော မောဟကို = သမ္မောဟတရားကို တဒင်္ဂအားဖြင့် ပယ်သတ်တတ် သောကြောင့် ယင်းတရားစုသည် မဂ္ဂသစ္စာ မည်၏။

အယံ လောကိယော အယံ လောကုတ္တရောတိ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ယထာဘူတံ န ပဇာနာတိ၊ အဇာနန္တော လောကိယမဂ္ဂေ အဘိနိဝိသိတွာ လောကုတ္တရံ နိဗ္ဗတ္တေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၅။)

ဤကား လောကီမဂ္ဂသစ္စာ၊ ဤကား လောကုတ္တရာမဂ္ဂသစ္စာဟု ဖြူစင်မြင့်မြတ်သော အရိယာတို့၏ မဂ္ဂင် ရှစ်ပါး အကျင့်မြတ်တရားကို ဟုတ်တိုင်းမှန်စွာ မသိသော ယောဂါဝစရပုဂ္ဂိုလ်သည် လောကီမဂ္ဂသစ္စာတရား၌ နှလုံးသွင်း၍ လောကုတ္တရာမဂ္ဂသစ္စာတရားကို ဖြစ်စေအံ့သောငှာ မစွမ်းနိုင်ပေ။ (မ၊ဋ္ဌ၊၂၊၁၆၅။)

ထိုကြောင့် အသင်သူတော်ကောင်းသည် လောကီနိရောဓသစ္စာ, လောကုတ္တရာနိရောဓသစ္စာ, လောကီ မဂ္ဂသစ္စာ, လောကုတ္တရာမဂ္ဂသစ္စာတရားတို့ကို သိအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။

သင်္ခါရတရားတို့၏ ဖြစ်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် သိမြင်ခြင်းကား ဇာတိဒုက္ခ ကို သိမြင်ခြင်းတည်း။ သင်္ခါရတရားတို့၏ ပျက်မှု ခဏဘင်ကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် သိမြင်ခြင်းကား မရဏ ဒုက္ခကို သိခြင်းတည်း။ ယင်း ဇာတိဒုက္ခ မရဏဒုက္ခတို့ကား လောကီဒုက္ခသစ္စာတရားတည်း။ တစ်ဖန် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် ထင်ရှားရှိနေခြင်းကြောင့် အကျိုးဥပါဒါနက္ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်မှုကို သိခြင်းကား သမုဒယသစ္စာကို သိခြင်းတည်း၊ လောကီသမုဒယ သစ္စာတည်း။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ဤလောကီ ဒုက္ခသစ္စာ သမုဒယသစ္စာတို့ကိုလည်း အသင်သူတော်ကောင်းသည် သိအောင် ကြိုးပမ်းရ မည်သာ ဖြစ်ပေသည်။

မဂ္ဂသစ္စာ

မဂ္ဂသစ္စာ

သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဟူသော ဖြူစင်မြင့်မြတ်သော ဤမဂ္ဂင် (၈)ပါး အကျင့်မြတ်တရားသည် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဟု ခေါ်ဆိုအပ်သော မဂ္ဂအရိယသစ္စာ မည်၏။

ထိုမဂ္ဂင် (၈)ပါးတို့တွင် ---

၁။ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ --- ဤမဂ္ဂင် သုံးပါးကား သီလမဂ္ဂင်တည်း၊ သီလသိက္ခာတည်း၊ သီလ ကျင့်စဉ်တည်း။

၂။ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ --- ဤသုံးပါးကား သမာဓိမဂ္ဂင်တည်း၊ သမာဓိသိက္ခာတည်း၊ သမာဓိ ကျင့်စဉ်တည်း။

၃။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ --- ဤမဂ္ဂင် နှစ်ပါးကား ပညာမဂ္ဂင်တည်း၊ ပညာသိက္ခာတည်း၊ ပညာကျင့်စဉ်တည်း။

နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော်ကောင်းသည် ဤ သီလ သမာဓိ ပညာ သိက္ခာ သုံးရပ် အကျင့်မြတ်တို့ကို အစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်ဟု သတိပြုထားပါလေ။

၁။ သမ္မာဒိဋ္ဌိ

၁။ သမ္မာဒိဋ္ဌိ

ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ၊ ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ (မ၊၁၊၈၈။)

ရဟန်းတို့ ...သမ္မာဒိဋ္ဌိဟူသည် အဘယ်နည်း?

၁။ ဒုက္ခသစ္စာ၌ သိသော ဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏။

၂။ သမုဒယသစ္စာ၌ သိသော ဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏။

၃။ နိရောဓသစ္စာ၌ သိသော ဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏။

၄။ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဟူသော မဂ္ဂသစ္စာ၌ သိသော ဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏။

ရဟန်းတို့ ...ဤသို့ သိမြင်ခြင်းကို မှန်စွာသိမြင်ခြင်း = သမ္မာဒိဋ္ဌိဟူ၍ ဆိုအပ်၏။ (မ၊၁၊၈၈။)

ဧဝံ ဒုဒ္ဒသတ္တာ ဂမီ႓ရေသု ဂမ္ဘီရတ္တာ စ ဒုဒ္ဒသေသု စတူသု သစ္စေသု ဥဂ္ဂဟာဒိဝသေန ပုဗ္ဗဘာဂဉာဏုပ္ပတ္တိံ သန္ဓာယ ဣဒံ ဒုက္ခေ ဉာဏန္တိအာဒိ ဝုတ္တံ။ ပဋိဝေဓက္ခဏေ ပန ဧကမေဝ တံ ဉာဏံ ဟောတိ။ (ဒီ၊ဋ္ဌ၊၂၊၃၉၂၊၊)

ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာတည်း၊ တဏှာသည် သမုဒယသစ္စာတည်း ဤသို့ အကျဉ်းအား ဖြင့်သော်လည်းကောင်း,

ဥပါဒါနက္ခန္ဓာငါးပါးတို့ဟူသည် အဘယ်တို့နည်း? ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာတို့တည်း ---

ဤသို့ စသော နည်းဖြင့် အကျယ်အားဖြင့်သော်လည်း ဆရာသမား၏ အထံ၌ ဒုက္ခသစ္စာ သမုဒယသစ္စာ တရားတို့၌ သင်ယူခြင်း, အဖန်ဖန် မေးမြန်းခြင်း, နာယူခြင်း, နှုတ်ဖြင့် ဆောင်ထားခြင်း, အလွတ်ပြန်ခြင်းတို့ကို ရှေးဦးစွာ ပြုလုပ်အပ်၏။ ထိုနောင် ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို သိအောင် ကြိုးစားအား ထုတ်ခြင်း ဘာဝနာမှုကို ပြုရ၏။ (ဒီ၊ဋ္ဌ၊၂၊၃၉၁။) (ဝိပဿနာ အားထုတ်ရာ၌ စာသင်နေဖို့ မလိုပါဟု အယူ အဆ အစွဲအလမ်း ရှိသူတို့သည် ဤအဋ္ဌကထာ၏ မိန့်ဆိုချက်ကို အထူး သတိပြုသင့်လှ၏။)

နိရောဓသစ္စာ မဂ္ဂသစ္စာ တရားနှစ်ပါးတို့၌ကား နိရောဓသစ္စာသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ၏။ မဂ္ဂသစ္စာသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၏ --- ဤသို့ ဘုရားအစရှိကုန်သော အရိယာသူတော်ကောင်းတို့၏ အထံမှ တစ်ဆင့်ကြားနာရခြင်းအားဖြင့် အနုမာန မျက်ရမ်းဆ၍ ဘာဝနာအမှုကို ပြုလုပ်ရ၏။

ထိုသစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာတို့သည် မြင်နိုင်ခဲကုန်သည်၏ အဖြစ်ကြောင့် နက်နဲ ကုန်၏၊ နိရောဓသစ္စာ မဂ္ဂသစ္စာ နှစ်ပါးတို့ကား နက်နဲကုန်သည်၏ အဖြစ်ကြောင့် မြင်နိုင်ခဲကုန်၏။

ဒုက္ခသစ္စာသည် ဖြစ်ခြင်းသဘောအားဖြင့် ထင်ရှား၏။ သစ်ငုတ်တိုက်မိရာအခါ ဆူးစူးမိရာအခါ စသည် တို့၌ ဩော် ...ဒုက္ခဟူ၍ ပြောဆိုထိုက်သည်၏ အဖြစ်သို့ပင် ရောက်၏။ သမုဒယသစ္စာသည်လည်း စားလို သောက်လို ဝတ်ဆင်လိုသောအခါ စသည်တို့၌ ဖြစ်ပုံထင်ရှား၏။ သို့သော် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားတို့၏ သဘာဝလက္ခဏာကို ထိုးထွင်း၍ သိခြင်းသဘောအားဖြင့်ကား ယင်းသစ္စာ နှစ်ပါးလုံးပင် နက်နဲလှ၏။

အသင်သူတော်ကောင်းသည် ဤအရာတွင် ခေတ္တ ရပ်တန့်၍ စဉ်းစားကြည့်ပါ။ ပရမာဏုမြူထက် အဆ ပေါင်းများစွာ သေးငယ်သော ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်ဖို့ရန်မှာလည်း အလွန်ခက်ခဲလှ၏၊ ယင်းရုပ်ကလာပ်တို့ကား မျက်စိတစ်မှိတ် လက်ဖျစ်တစ်တွက်ဟူသော အချိန်ကာလကို အပုံပေါင်း ကုဋေ (၅၀၀၀) ကျော်ခန့်ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်းရှိကြ၏။ ယင်းသို့ အလွန့်အလွန် လျင်လျင်မြန်မြန် ဖြစ်ပျက် နေသော ရုပ်ကလာပ် တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော (၈)မျိုးသော ရုပ်တရား, သို့မဟုတ် (၉)မျိုးသော ရုပ်တရား, သို့မဟုတ် (၁၀)မျိုးသော ရုပ်တရား စသည့် ရုပ်တရား အသီးအသီး၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ရေးကား အလွန့်အလွန် ပို၍ ပို၍ ခက်ခဲလှ၏။

နာမ်တရားတို့သည်လည်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အချိန်ကာလကို အပုံပေါင်း ကုဋေတစ်သိန်းခန့်ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်းရှိကြ၏။ စိတ္တက္ခဏ တစ်ခုသည် အလွန် တိုတောင်းသော သက်တမ်းရှိ၏၊ အလွန် လျင်လျင်မြန်မြန် ဖြစ်ပျက်နေ၏။ ထိုမျှ လျင်မြန်သော စိတ်များကို ဤကား ပဉ္စဒွါရာဝဇ္ဇန်း ဤကား စက္ခုဝိညာဏ် ဤသို့ စသည်ဖြင့် ပိုင်းခြားသိဖို့ရန်လည်း အလွန်ခဲယဉ်းလှ၏။ တစ်ဖန် စိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြကုန်သော ဖဿ ဝေဒနာ သညာ စေတနာ စသော နာမ်တရားတိုင်း နာမ်တရားတိုင်း၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်ရေးမှာလည်း ပို၍ ပို၍ပင် ခက်ခဲလှ၏၊ အလွန့်အလွန် မြင်နိုင်ခဲ၏။

တစ်ဖန် သမုဒယသစ္စာ အမည်ရသည့် ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကား လောက၌ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ မပွင့်ထွန်း မပေါ်ပေါက်ခဲ့လျှင် သာဝကတို့ သိနိုင်ခွင့်ရှိသော တရား များ မဟုတ်ကြပေ။ ဘုရားရှင်တို့ ညွှန်ကြားတော်မူသည့် သီလ-သမာဓိ-ပညာ = သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံး ရေတွက်အပ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို စနစ်တကျ ရိုသေစွာ ခရီးပေါက်အောင် လိုက်နာပြုကျင့်သူတို့သာ သိရှိခွင့်ရနိုင်သော တရားများ ဖြစ်ကြ၏။ အလွန် မြင်နိုင်ခဲသော တရားတို့ ဖြစ်ကြ၏။ ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင် ရေးကား ပို၍ ပို၍ပင် ခက်ခဲလှပေသည်။ ထိုကြောင့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား နှစ်ပါးတို့သည် မြင်နိုင်ခဲကုန်သည်၏ အဖြစ်ကြောင့် နက်နဲကုန်၏။

နိရောဓသစ္စာတရား မဂ္ဂသစ္စာတရား နှစ်ပါးတို့ကို ဉာဏ်ဖြင့် မြင်ဖို့ရန် ကြိုးစားအားထုတ်ခြင်းသည် (၃၁) ဘုံဟူသော ဘဝ၏ အဆုံးဖြစ်သော နေဝသညာနာသညာယတနဘုံကို လှမ်းကိုင်ဖို့ရန် လက်ကို ဆန့်တန်းလိုက် သည်နှင့်လည်း တူ၏။ အဝီစိကို ထိဖို့ရန် ခြေကို ဆန့်တန်းလိုက်သည်နှင့်လည်း တူ၏၊ အစိတ်တစ်ရာ စိတ်ထား အပ်သော သားမြီး၏ ထိပ်ဖျားတစ်ခုဖြင့် ထိပ်ဖျားတစ်ခုကို ထိအောင် ကြိုးစားအားထုတ်ရသည်နှင့်လည်း တူ၏။ ဤသစ္စာ နှစ်ပါးတို့ကား ပူပန်စေတတ် နှိပ်စက်တတ်သော ကိလေသာတို့ကြောင့် ညစ်နွမ်းမှု မရှိသဖြင့် စင်စစ် ချမ်းသာခြင်းသို့ ရောက်ရှိနေ၏၊ နောင်တစ်ဖန် ဘဝသစ်ကို မဖြစ်စေနိုင်ခြင်း သဘော ရှိ၏၊ တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးသေးသည့်အတွက် ဖြစ်ပုံ၏အစွမ်းဖြင့် မထင်ရှားသည့်အတွက်ကြောင့် အလွန်နက်နဲ၏၊ ထိုကြောင့် အလွန် နက်နဲသော ဉာဏ်ဖြင့်သာလျှင် မြင်သိနိုင်သော သစ္စာတရားများ ဖြစ်ကြသဖြင့် ပကတိ ရိုးရိုးသာမန် ဉာဏ်မျိုးဖြင့် ယင်းသစ္စာနှစ်ပါးကို မြင်တွေ့ဖို့ရန်ကား မည်သည့်နည်းနှင့်မျှ မစွမ်းနိုင်ပေ။ ထိုကြောင့် နိရောဓသစ္စာ မဂ္ဂသစ္စာ တို့သည် နက်နဲသည်၏ အဖြစ်ကြောင့် ယင်းသစ္စာတို့ကို မြင်နိုင်ခဲကုန်၏။

ဤသို့လျှင် မြင်နိုင်ခဲသည်၏ အဖြစ်ကြောင့် နက်နဲကုန်သော နက်နဲသည်၏ အဖြစ်ကြောင့် မြင်နိုင်ခဲကုန် သော သစ္စာလေးပါးတို့၌ ဆရာသမားထံ၌ သင်ယူခြင်း စသည်တို့၏ အစွမ်းဖြင့် အရိယမဂ်ကို မရသေးမီ ရှေးအ- ဖို့၌ ဖြစ်သော ကျင့်စဉ်အရပ်ရပ်၌ ဉာဏ်၏ ဖြစ်ပုံကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် --- ဒုက္ခသစ္စာကို သိသောဉာဏ်, သမုဒယသစ္စာကို သိသောဉာဏ်, နိရောဓသစ္စာကို သိသောဉာဏ်, မဂ္ဂသစ္စာကို သိသောဉာဏ်ဟု သမ္မာဒိဋ္ဌိကို (၄)မျိုး ခွဲ၍ ဟောကြားတော်မူလေသည်။ လောကီသတိပဋ္ဌာန် ကျင့်စဉ်ပိုင်း၌ သမ္မာဒိဋ္ဌိဉာဏ် (၄) မျိုး ကွဲပြားသောကြောင့် (၄)မျိုး ခွဲ၍ ဟောကြားတော်မူခြင်း ဖြစ်၏။

သို့သော် ပဋိဝေဓ အမည်ရသော အရိယမဂ်အခိုက်၌ကား သမ္မာဒိဋ္ဌိဉာဏ် တစ်မျိုးသာ ဖြစ်၏။ အရိယမဂ်သည် တစ်ကြိမ်သာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ မဂ်စိတ်တစ်ခု၏ အတွင်း၌လည်း သမ္မာဒိဋ္ဌိ အမည်ရသော မဂ်ဉာဏ် သည် တစ်မျိုးသာ ဖြစ်ခွင့်ရှိ၏။ သမ္မာဒိဋ္ဌိသာမက ဖဿ ဝေဒနာ စသော စေတသိက်တို့လည်း တစ်မျိုးစီသာ ဖြစ်ခွင့်ရှိ၏။

တစ်ခုတည်းသော ထိုလောကုတ္တရာသမ္မာဒိဋ္ဌိဟူသော အရိယမဂ်ဉာဏ်သည် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဟူသော နိရောဓသစ္စာ တရားတော်မြတ်ကြီးကို အာရုံပြု၍ ယင်း နိရောဓသစ္စာ တရားတော်မြတ်ကြီးက အာရမ္မဏပစ္စယသတ္တိဖြင့် အာရုံအကြောင်းတရားအဖြစ် ရပ်တည်၍ ကျေးဇူးပြုပေးသဖြင့် သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို အကြွင်းမဲ့ ပယ်သတ်လိုက်၏။ ထိုအခါ မသိမှု အဝိဇ္ဇာပျောက်၍ သိမှု ဝိဇ္ဇာဉာဏ် ပေါ်လာ၏။ သို့အတွက် ယင်းအရိယမဂ်အခိုက်၌ တစ်ခုတည်းသော သမ္မာဒိဋ္ဌိသည် ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာတို့၌ ကိစ္စသိဒ္ဓိအားဖြင့် ထိုးထွင်းသိ၏။ နိရောဓသစ္စာ၌ အာရုံပြုသောအားဖြင့် အာရုံမျက် မှောက် တိုက်ရိုက်ထွင်းဖောက် သိ၏။

၂။ သမ္မာသင်္ကပ္ပ

၂။ သမ္မာသင်္ကပ္ပ

၁။ နေက္ခမ္မသင်္ကပ္ပ = ကာမအာရုံမှ လွတ်ကင်းသော ကြံစည်ခြင်း,

၂။ အဗျာပါဒသင်္ကပ္ပ = ဖျက်ဆီးခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း,

၃။ အဝိဟိံသာသင်္ကပ္ပ = ညှဉ်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း ---

ဤသင်္ကပ္ပ = ကြံစည်ခြင်း သုံးမျိုးကို သမ္မာသင်္ကပ္ပဟူ၍ ခေါ်ဆို၏။ (မ၊၁၊၈၈။)

၁။ နေက္ခမ္မသင်္ကပ္ပသည် ကာမအာရုံ၌ ကြံစည်စိတ်ကူးမှု = ကာမသင်္ကပ္ပမှ ရှောင်ကြဉ်ကြောင်းသညာနှင့်ယှဉ်၏။

၂။ အဗျာပါဒသင်္ကပ္ပသည် သတ္တဝါ သင်္ခါရတို့ကို ပျက်စီးအောင် ဖျက်ဆီးလိုသည့် ကြံစည်စိတ်ကူးမှု = ဗျာပါဒ သင်္ကပ္ပမှ ရှောင်ကြဉ်ကြောင်းသညာနှင့် ယှဉ်၏။

၃။ အဝိဟိံသာသင်္ကပ္ပသည် သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လိုသည့် ကြံစည်စိတ်ကူးမှု = ဝိဟိံသာသင်္ကပ္ပမှ ရှောင်ကြဉ်ကြောင်းသညာနှင့် ယှဉ်၏။

ထိုကြောင့် ဤနေက္ခမ္မသင်္ကပ္ပ, အဗျာပါဒသင်္ကပ္ပ, အဝိဟိံသာသင်္ကပ္ပတို့သည် ကာမသင်္ကပ္ပ, ဗျာပါဒသင်္ကပ္ပ, ဝိဟိံသာသင်္ကပ္ပတို့မှ ရှောင်ကြဉ်ကြောင်းသညာတို့၏ ထူးထွေကွဲပြားကုန်သည်၏ အဖြစ်ကြောင့် အရိယမဂ်၏ ေ့ရှအဖို့၌ ဖြည့်ကျင့်ရသည့် ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော ပုဗ္ဗဘာဂ သတိပဋ္ဌာန်ကျင့်စဉ်ပိုင်း၌ မတူထူးခြား ကွဲပြားမှု ရှိကုန်၏။ အရိယမဂ်ခဏ၌ကား ကာမသင်္ကပ္ပ ဗျာပါဒသင်္ကပ္ပ ဝိဟိံသာသင်္ကပ္ပဟူသော ဤသုံးဋ္ဌာန တို့၌ ဖြစ်ပေါ်လာသော အကုသလသင်္ကပ္ပ = အကုသိုလ်ဝိတက်၏ သွားရာလမ်းကြောင်းကို ဖြတ်တောက်လိုက် ခြင်းအားဖြင့် မဖြစ်ခြင်းကို ပြီးစီးစေသည်၏ အစွမ်းဖြင့် အရိယမဂ္ဂင် (၈)ပါးကို ပြည့်စေလျက် တစ်ပါးတည်းသာ ဖြစ်သော အရိယမဂ်နှင့် ယှဉ်သော ကုသလသင်္ကပ္ပ = ကုသိုလ်ဝိတက်သည် ဖြစ်ပေါ်လာ၏၊ ဤ ကုသလသင်္ကပ္ပ သည် သမ္မာသင်္ကပ္ပ မည်၏။ (ဒီ၊ဋ္ဌ၊၂၊၃၉၂။)

အဗျာပါဒသင်္ကပ္ပကား မေတ္တာနှင့်ယှဉ်သော သင်္ကပ္ပတည်း၊ အဝိဟိံသာသင်္ကပ္ပကား ကရုဏာနှင့် ယှဉ်သော သင်္ကပ္ပတည်း။ နေက္ခမ္မသင်္ကပ္ပကား အရာကျယ်၏။ ပထမစျာန်နှင့် ယှဉ်သော သင်္ကပ္ပဝိတက်, ဝိပဿနာဉာဏ်နှင့် ယှဉ်သော သင်္ကပ္ပဝိတက်တို့သည်လည်း ဤနေက္ခမ္မသင်္ကပ္ပတွင်ပင် အကျုံးဝင်လျက် ရှိ၏။ (နေက္ခမ္မသိတ ဝေဒနာ ပိုင်းတွင် ပြန်ကြည့်ပါ။) ထိုသင်္ကပ္ပဝိတက်သည် --- သွာယံ အာရမ္မဏေ စိတ္တဿ အဘိနိရောပနလက္ခဏော = အာရုံ၌ (အာရုံပေါ်သို့) စိတ်ကို ရှေးရှူတင်ပေးခြင်း သဘောလက္ခဏာ ရှိ၏ --- (ဝိသုဒ္ဓိ၊၁၊၁၃၈။)-ဟု ဖွင့်ဆိုထား သဖြင့် အရိယမဂ်၏ ေ့ရှအဖို့၌ ဖြည့်ကျင့်ရသော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်အရာ၌ ယင်းသမ္မာသင်္ကပ္ပ၏ လုပ်ငန်း ကိစ္စရပ်တို့သည် အရှုခံအာရုံသို့ လိုက်၍ အမျိုးမျိုး ကွဲပြားနိုင်ပေသည်။ လိုရင်းကို ခြုံ၍ဆိုရသော် ဤသို့ဖြစ်၏။

သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပေသုပိ ပညာ အတ္တနော ဓမ္မတာယ အနိစ္စံ ဒုက္ခမနတ္တာတိ အာရမ္မဏံ နိစ္ဆေတုံ န သက္ကောတိ။ ဝိတက္ကေ ပန အာကောဋေတွာ အာကောဋေတွာ ဒေန္တေ သက္ကောတိ။ (ဝိသုဒ္ဓိ၊၂၊၁၄၆။)

၁။ ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော အာရုံပေါ်သို့ အသီးအသီး စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘောသည် သမ္မာသင်္ကပ္ပတည်း။ ယင်းဒုက္ခသစ္စာတရားတို့ကို သဘာဝလက္ခဏာသို့ ဆိုက်အောင် ထိုးထွင်းသိခြင်းကား သမ္မာဒိဋ္ဌိတည်း။

၂။ သမုဒယသစ္စာတရား အမည်ရသည့် အာရုံ အသီးအသီးပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘောကား သမ္မာသင်္ကပ္ပတည်း။ ယင်းသမုဒယသစ္စာတရားတို့၏ ဒုက္ခသစ္စာတရားတို့နှင့် ကြောင်း-ကျိုး ဆက်နွယ်မှု သဘော တည်းဟူသော အာရုံပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်း သဘောကား သမ္မာသင်္ကပ္ပတည်း။ ယင်းသမုဒယသစ္စာ တရား အသီးအသီးကို သဘာဝလက္ခဏာသို့ဆိုက်အောင် ထိုးထွင်းသိခြင်း, သမုဒယသစ္စာနှင့် ဒုက္ခသစ္စာတရား တို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ထိုးထွင်းသိခြင်းတို့ကား သမ္မာဒိဋ္ဌိတည်း။

၃။ ဒုက္ခသစ္စာ သမုဒယသစ္စာတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ အသုဘ အခြင်းအရာ အာရုံပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်း သဘောကား သမ္မာသင်္ကပ္ပတည်း။ ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ အသုဘအခြင်းအရာကို ထိုးထွင်းသိမြင်ခြင်းကား သမ္မာဒိဋ္ဌိတည်း။ (ဤဒုက္ခသစ္စာ စာရင်းတွင် စျာန်နာမ်တရားတို့လည်း ပါဝင်ကြ၏။)

သို့အတွက် ဤသမထဝိပဿနာပိုင်း၌ ပထမစျာန်နှင့် ယှဉ်သော ဝိတက်, နာမရူပပရိစ္ဆေဒဉာဏ် စသည့် ဝိပဿနာဉာဏ် အားလုံးနှင့် ယှဉ်သော ဝိတက်ဟူသမျှသည် နေက္ခမ္မသင်္ကပ္ပ = သမ္မာသင်္ကပ္ပ အမည်ရသည်ဟု မှတ်သားပါ။ ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီ၏ သဘာဝလက္ခဏာကို ခွဲခြားစိတ်ဖြာ၍ ရှုရာ၌ ထိုသဘာဝ လက္ခဏာ အသီးအသီး အာရုံပေါ်သို့ စိတ်ကို ရှေးရှူတင်ပေးမှု သမ္မာသင်္ကပ္ပမှာလည်း ပရမတ္ထဓာတ်သား များ သလောက် များပြားနိုင်ပေသည်။ ပရမတ္ထဓာတ်သားတို့ကို ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း စသည်ဖြင့် ခြုံငုံ ၍ ဝိပဿနာရှုရာ၌လည်း ခြုံငုံထားသည့် ပရမတ္ထဓာတ်သားအများစုကို အာရုံယူ၍လည်း သမ္မာသင်္ကပ္ပမဂ္ဂင် အမျိုးမျိုး ဖြစ်နိုင်သည်။ ဤသမ္မာသင်္ကပ္ပမဂ္ဂင်ကား နာမရူပပရိစ္ဆေဒဉာဏ် စသော ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် ရရှိရေးအတွက် လွန်စွာ ကျေးဇူးများသော တရားတစ်မျိုးပင် ဖြစ်ပေသည်။ သမ္မာသင်္ကပ္ပမဂ္ဂင်က တင်ပေးထား သော အာရုံကို သမ္မာဒိဋ္ဌိမဂ္ဂင်က ဟုတ်တိုင်းမှန်စွာ ခွဲခြားစိတ်ဖြာ၍ သိပေသည်။

၃။ သမ္မာဝါစာ

၃။ သမ္မာဝါစာ

၁။ မုသာဝါဒါ ဝေရမဏိ = မုသားစကားမှ ရှောင်ကြဉ်ခြင်း,

၂။ ပိသုဏဝါစာ ဝေရမဏိ = ကုန်းစကားမှ ရှောင်ကြဉ်ခြင်း,

၃။ ဖရုသဝါစာ ဝေရမဏိ = ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်ခြင်း,

၄။ သမ္ဖပ္ပလာပါ ဝေရမဏိ = ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်ခြင်း ---

ဤသို့လျှင် ရှောင်ကြဉ်မှု (၄)မျိုး ရှိ၏။ သမ္မာဝါစာ (၄)မျိုးတည်း။

ဤ မုသာဝါဒါ ဝေရမဏိ = မုသားစကားမှ ရှောင်ကြဉ်ခြင်း စသော တရားတို့သည် ဤ မုသာဝါဒ စသည့် ဝစီဒုစရိုက်တို့မှ ရှောင်ကြဉ်ကြောင်းသညာတို့၏ ထူးထွေကွဲပြားသည်၏ အဖြစ်ကြောင့် အရိယမဂ်၏ ရှေးအဖို့ ဖြစ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော လောကီ သတိပဋ္ဌာန်ကျင့်စဉ်ပိုင်း၌ သမ္မာဝါစာလည်း ထူးထွေကွဲပြားမှု ရှိ၏။ အရိယမဂ်အခိုက်၌ကား ဤ ဝစီဒုစရိုက် (၄)ဌာနတို့၌ ဖြစ်သော ဒုဿီလျ = သီလမရှိသူ ဖြစ်ကြောင်း အကုသိုလ်စေတနာ၏ သွားရာလမ်းကြောင်းကို အကြွင်းမဲ့ ဖြတ်တောက်ပစ်လိုက်ခြင်းအားဖြင့် နောင်တစ်ဖန် မဖြစ်ခြင်းကို ပြီးစီးစေသည်၏ အစွမ်းဖြင့် မဂ္ဂင်္ဂ = အရိယမဂ်၏ အင်္ဂါကို ပြည့်စေလျက် တစ်မျိုးတည်း တစ်ပါး တည်းသာ ဖြစ်သော ကုသိုလ်ဖြစ်သော ဝိရတိသည် ဖြစ်ပေါ်လာ၏၊ ဤ ကုသလဝိရတိသည် သမ္မာဝါစာ မည်၏။ (မ၊၁၊၈၈။ ဒီ၊ဋ္ဌ၊၂၊၃၉၂။)

၄။ သမ္မာကမ္မန္တ

၄။ သမ္မာကမ္မန္တ

၁။ ပါဏာတိပါတာ ဝေရမဏိ = သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း,

၂။ အဒိန္နာဒါနာ ဝေရမဏိ = ပိုင်ရှင်က မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း,

၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိ = ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း ---

ရဟန်းတို့ ...ဤရှောင်ကြဉ်ခြင်း (ကြဉ်ရှောင်ခြင်း)ကို သမ္မာကမ္မန္တဟူ၍ ဆိုအပ်၏။ (မ၊၁၊၈၈။)

ဤပါဏာတိပါတာ ဝေရမဏိ = သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း -- စသော တရားတို့သည် ပါဏာတိပါတ = သူ့အသက်ကိုသတ်ခြင်း စသည့် ကာယဒုစရိုက်တို့မှ ရှောင်ကြဉ်ကြောင်းသညာတို့၏ ထူးထွေကွဲပြား သည်၏ အဖြစ်ကြောင့် အရိယမဂ်၏ ေ့ရှအဖို့ဖြစ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော လောကီ သတိပဋ္ဌာန် ကျင့်စဉ်ပိုင်း၌ ယင်းကာယဒုစရိုက်တို့မှ ရှောင်ကြဉ်ခြင်း = သမ္မာကမ္မန္တသည်လည်း ထူးထွေကွဲပြားမှု ရှိ၏။ အရိယ မဂ်ခဏ၌ကား ဤကာယဒုစရိုက် (၃)ဌာနတို့၌ ဖြစ်သော ဒုဿီလျ = သီလမရှိသူ ဖြစ်ကြောင်း အကုသိုလ် စေတနာ၏ ကာယဒုစရိုက်တို့၌ မပြုလုပ်ခြင်း မပြုကျင့်ခြင်းအားဖြင့် သွားရာလမ်းကြောင်းကို အကြွင်းမဲ့ ဖြတ် တောက်ပစ်လိုက်ခြင်းအားဖြင့် နောင်တစ်ဖန် မဖြစ်ခြင်းကို ပြီးစီးစေသည်၏ အစွမ်းဖြင့် မဂ္ဂင်္ဂ = အရိယမဂ်၏ အင်္ဂါကို ပြည့်စေလျက် တစ်မျိုးတည်း တစ်ပါးတည်းသာ ဖြစ်သော ကုသလဝိရတိသည် ဖြစ်ပေါ်လာ၏။ ဤ ကုသလဝိရတိသည် သမ္မာကမ္မန္တ မည်၏။ (ဒီ၊ဋ္ဌ၊၂၊၃၉၂။)

၅။ သမ္မာအာဇီဝ

၅။ သမ္မာအာဇီဝ

ရဟန်းတို့ ...သမ္မာအာဇီဝဟူသည် အဘယ်နည်း? ရဟန်းတို့ ...ဤသာသနာတော်၌ အရိယာ ဖြစ် သော တပည့်သာဝကသည် ခဲဖွယ် ဘောဇဉ် စသည်တို့အလို့ငှာ ဖြစ်စေအပ်သော အသက်မွေး ဝမ်းကျောင်းမှုနှင့် စပ်ဆိုင်သော ကာယဒုစရိုက် ဝစီဒုစရိုက်ဖြင့် အသက်မွေးခြင်းဟူသော မှားသော အသက်မွေးခြင်းကို ပယ်စွန့် ၍ မှန်စွာ အသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့ ...ဤအသက်မွေးခြင်းကို မှန်စွာ အသက်မွေးခြင်း သမ္မာအာဇီဝဟူ၍ ဆိုအပ်၏။ (မ၊၁၊၈၉။)

ဘုရားရှင်သည် ချီးမွမ်းတော်မူအပ်သော သမ္မာအာဇီဝသည်လည်း လူဒါယကာ လူဒါယိကာမတို့ ကြည်ညိုလာအောင် အံ့ဩဖွယ်ကို ပြုလုပ်ပြခြင်း = ကုဟန စသည့် လုပ်ငန်းရပ်တို့မှ ရှောင်ကြဉ်ကြောင်းသညာတို့၏ ထူးထွေကွဲပြားသည်၏ အဖြစ်ကြောင့် အရိယမဂ်၏ ရှေးအဖို့ ဖြစ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟူသော လောကီ သတိပဋ္ဌာန်ကျင့်စဉ်ပိုင်း၌ သမ္မာအာဇီဝမှာလည်း ထူးထွေကွဲပြားမှု ရှိ၏။ အရိယမဂ်ခဏ၌ကား ကာယဒုစရိုက် သုံးပါး, ဝစီဒုစရိုက် လေးပါးဟူသော ဤ (၇)ဌာနတို့၌ ဖြစ်ပေါ်လာသော မှားယွင်းသော မိစ္ဆာဇီဝဖြင့် အသက် မွေးသဖြင့် သီလမရှိသူ ဖြစ်ကြောင်း = မိစ္ဆာဇီဝဒုဿီလျ အကုသိုလ်စေတနာ၏ သွားရာလမ်းကြောင်းကို အကြွင်း မဲ့ ဖြတ်တောက်ပစ်လိုက်ခြင်းအားဖြင့် နောင်တစ်ဖန် မဖြစ်ခြင်းကို ပြီးစီးစေသည်၏ အစွမ်းဖြင့် မဂ္ဂင်္ဂ = အရိယ မဂ်၏ အင်္ဂါကို ပြည့်စေလျက် တစ်မျိုးတည်း တစ်ပါးတည်းသာဖြစ်သော ကုသလဝိရတိသည် ဖြစ်ပေါ်လာ၏၊ ဤ ကုသလဝိရတိသည် သမ္မာအာဇီဝ မည်၏။ (ဒီ၊ဋ္ဌ၊၂၊၃၉၂။)

ဤသမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ မဂ္ဂင်သုံးပါးတို့ကား လောကီအခိုက်ဝယ် ဝိပဿနာဉာဏ်တို့ နှင့် ယှဉ်တွဲ၍ မဖြစ်ကြဘဲ အသီးအသီး ဖြစ်ကြသည်။ ဤမဂ္ဂင် သုံးပါးတို့သည် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် အမည်ရသော မဂ္ဂင် (၈)ပါး၌ အကျုံးဝင်လျက် ရှိ၏။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းမှန်သမျှ ဖြည့်ကျင့်ရမည့် မဂ္ဂင်တရားများပင် ဖြစ်ကြ၏။ အချို့ သူတို့ကား အရက်မူးနေသည့် သန္တတိအမတ်ကြီးတို့ အရိယာဖြစ်သည့် ထုံးကိုလည်းကောင်း, လူသတ်သမားကြီး အင်္ဂုလိမာလ၏ အရိယာဖြစ်တော်မူသည့် ထုံးကိုလည်းကောင်း ထောက်ရှု၍ တရားအားထုတ်ရာ၌ သီလစင်ကြယ်မှုကို အလေးဂရု မပြုလိုကြပေ။ သန္တတိအမတ်ကြီးကား ဘုရားရှင်နှင့် မတွေ့မီ အရက်မူးနေသည် မှန် သော်လည်း ဘုရားရှင်နှင့် တွေ့ရ၍ တရားတော်ကို နာယူရသည့်အခါ အရက်မူးပြေ၍ သုသီလျ သဘော = သီလစင်ကြယ်သော သဘောများ ဝင်လာ၏။ နောင်ကို မလွန်ကျူးမိစေရန် စိတ်က ဆောက်တည်လိုက်သော ကုသိုလ်စေတနာများ ဖြစ်ပေါ်လာ၏။ ယင်းကုသိုလ်စေတနာများသည် သီလစင်ကြယ်သူ ဖြစ်ရန် အကြောင်း တရားများပင် ဖြစ်ကြသည်။ တစ်ဖန် သန္တတိအမတ်ကြီး၏ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို ဖြည့်ကျင့် ရမည့် အချိန်သည် ဘုရားရှင်၏ ထံတော်၌ တရားနာယူနေသည့် အချိန်ပင် ဖြစ်သည်။ ထိုအချိန်၌ မဂ္ဂင် (၈) ပါး အကျင့်မြတ်တရားကို ဖြည့်ကျင့်နိုင်သည့်အတွက် သန္တတိအမတ်ကြီးသည် အရိယာသူတော်ကောင်း အဖြစ် သို့ ရောက်ရှိသွားခြင်းပင် ဖြစ်၏။ အင်္ဂုလိမာလသည်လည်း လူ့ဘဝက လူသတ်သမား ဖြစ်ခဲ့သော်လည်း သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုသည့် အချိန်ကစ၍ သီလကား စင်ကြယ်သွား၏။ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်သည့်အတွက် အရဟတ္တဖိုလ်သို့ ဆိုက်သွားခြင်း ဖြစ်၏။

၆။ သမ္မာဝါယာမ

၆။ သမ္မာဝါယာမ

ကတမော စ ဘိက္ခဝေ သမ္မာဝါယာမော။ ဣဓ ဘိက္ခဝေ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဝါယာမော။ (မ၊၁၊၈၉။)

၁။ ရဟန်းတို့ ...သမ္မာဝါယာမဟူသည် အဘယ်နည်း? ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လ ပြု၏၊ စိတ်ကို ချီးမြှောက်၏ = စိတ်ဓာတ်ကို မြှင့်တင်ပေး၏။ ဆောက်တည်၏။

၂။ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်နိုင်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လ ပြု၏၊ စိတ်ကို ချီးမြှောက်၏ = စိတ်ဓာတ်ကို မြှင့်တင်ပေး၏၊ ဆောက်တည်၏။

၃။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏ = စိတ်ဓာတ်ကို မြှင့်တင်ပေး၏၊ ဆောက်တည်၏။

၄။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်တံ့ ခိုင်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက် ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ဘာဝနာ၏ ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏ = စိတ်ဓာတ်ကို မြှင့်တင်ပေး၏၊ ဆောက်တည်၏။ ရဟန်းတို့ ...ဤအားထုတ်ခြင်းကို မှန်ကန်စွာအားထုတ်ခြင်း သမ္မာဝါယာမဟူ၍ ဆိုအပ်၏။ (မ၊၁၊၈၉။)

၁။ အနုပ္ပန္န အကုသိုလ်

၁။ အနုပ္ပန္န အကုသိုလ်

အနုပ္ပန္နာနန္တိ ဧကသ္မိံ ဝါ ဘဝေ တထာရူပေ ဝါ အာရမ္မဏေ အတ္တနော န ဥပ္ပန္နာနံ။ ပရဿ ပန ဥပ္ပဇ္ဇမာနေ ဒိသွာ အဟောဝတ မေ ဧဝရူပါ ပါပကာ အကုသလာဓမ္မာ န ဥပ္ပဇ္ဇေယျုန္တိ ဧဝံ အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ။ ပ ။ ပဒဟတီတိ ကာမံ တစော စ နှာရု စ အဋ္ဌိ စ အဝသိဿတူတိ ပဒဟနံ ပဝတ္တေတိ။ (ဒီ၊ဋ္ဌ၊၂၊၃၉၂-၃၉၃။)

အနုပ္ပန္နာနန္တိ အသမုဒါစာရဝသေန ဝါ အနနုဘူတာရမ္မဏဝသေန ဝါ အနုပ္ပန္နာနံ။ အညထာ ဟိ အနမတဂ္ဂေ သံသာရေ အနုပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ နာမ န သန္တိ။ တေနာဟ ဧကသ္မိံ ဘဝေတိအာဒိ။ (ဒီ၊ဋီ၊၂၊၃၄၆။)

အစမထင် အနမတဂ္ဂ သံသရာတစ်ခွင်၌ သတ္တဝါတစ်ဦး၏ ရုပ်နာမ်သန္တာန် အစဉ်ဝယ် မဖြစ်ဖူးသော ယုတ်မာသော အကုသိုလ်တရား မည်သည် မရှိကောင်းသည်သာ ဖြစ်၏။ ဤ၌ အနုပ္ပန္န = မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားဟူသည် တစ်ခုသော ဘဝ၌ မိမိ၏ ရုပ်နာမ်သန္တာန် အစဉ်ဝယ် မပြတ်မလပ် မဖြစ်ခြင်း၏ အစွမ်းဖြင့် မဖြစ်ဖူးကုန်သော အကုသိုလ်တို့သည်လည်း အနုပ္ပန္နအကုသိုလ်တို့ မည်ကုန်၏။ သတ္တဝါ တစ်ဦးအဖို့ တစ်ခုသော ဘဝ၌ မခံစားဖူးသော အာရုံတို့သည်လည်း များစွာရှိကြကုန်သည်သာ ဖြစ်ကုန်၏။ တစ်ခုသော ဘဝ၌ မခံစားဖူးသော အာရုံတို့၏ အစွမ်းဖြင့် မခံစားဖူးသော အာရုံတို့ကို အကြောင်းပြု၍ မိမိ၏ ရုပ်နာမ်သန္တာန် အစဉ်၌ မဖြစ်ဖူးကုန်သော အကုသိုလ်တို့သည်လည်း အနုပ္ပန္နအကုသိုလ်တို့ မည်ကုန်၏။

ယောဂါဝစရပုဂ္ဂိုလ်သည် သူတစ်ပါး၏ သန္တာန်၌ ထိုအနုပ္ပန္နအကုသိုလ် နှစ်မျိုးတို့ကို ထင်ရှားဖြစ်နေကြ သည်တို့ကို တွေ့မြင်ရသော် --- ငါ၏သန္တာန်၌ ဤသို့ သဘောရှိကုန်သော ယုတ်မာကုန်သော အကုသိုလ်တရား တို့သည် မဖြစ်ကြပါကုန်မူကား ဩော် ကောင်းလေစွဟု ဤသို့လျှင် နှလုံးပိုက်၍ ထိုနှစ်မျိုးကုန်သော ယုတ်မာ ကုန်သော မိမိသန္တာန်၌ မဖြစ်သေးကုန်သော အနုပ္ပန္နအကုသိုလ်တရားတို့ကို မဖြစ်ရန် ဦးတည်၍ ထိုအကုသိုလ် တရားတို့ကို မဖြစ်ပေါ်စေတတ်သော အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟု ဆိုအပ်သော သမထ ဝိပဿနာ ဘာဝနာကျင့်စဉ်တို့ကို ထမြောက်အောင်မြင် ပြီးစီးစေတတ်သော စွမ်းအားရှိသော ဝီရိယနှင့် ယှဉ်သော ဆန္ဒဓာတ်ကို ဖြစ်စေ၏၊ ကြိုးစားအားထုတ်၏၊ ကာယိကဝီရိယ စေတသိကဝီရိယကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယဖြင့် စိတ်ဓာတ်ကို မြှင့်တင်ပေး၏။

၁။ အရေ ကြွင်းစေ,

၂။ အကြော ကြွင်းစေ,

၃။ အရိုး ကြွင်းစေ,

၄။ အသား အသွေးတွေ ခန်းခြောက်ချင် ခန်းခြောက်ပါစေ ---

ယောက်ျားတို့၏ ဇွဲလုံ့လ ဝီရိယဖြင့် ရနိုင်သည့် အရာမှန်က ငါ နောက်သို့ မည်သည့်အခါမျှ မဆုတ်ပေအံ့ ဟု အင်္ဂါလေးပါးရှိသော ဝီရိယ ခြံရံလျက် သမထ ဝိပဿနာ ဘာဝနာကျင့်စဉ်တို့ကို တကယ်ကျင့်ဖို့ရန် စိတ်ကို ဆောက်တည်၏၊ တကယ် ကျင့်၏။

၂။ ဥပ္ပန္န အကုသိုလ်

၂။ ဥပ္ပန္န အကုသိုလ်

ဥပ္ပန္နာနန္တိ သမုဒါစာရဝသေန အတ္တနော ဥပ္ပန္နပုဗ္ဗာနံ။ ဣဒါနိ တာဒိသေ န ဥပ္ပါဒေဿာမီတိ တေသံ ပဟာနာယ ဆန္ဒံ ဇနေတိ။ (ဒီ၊ဋ္ဌ၊၂၊၃၉၃။)

ဥပ္ပန္နအကုသိုလ်ဟူသည် မပြတ်မလပ် ဖြစ်ခြင်း၏ အစွမ်းဖြင့် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ရှေး၌ ဖြစ်ဖူး ကုန်သော ယုတ်မာသော အကုသိုလ်တရားစုတို့တည်း။ ဖြစ်ပြီး အကုသိုလ်များကား ဖြစ်ပြီးသာ ဖြစ်ကြ၏၊ ချုပ် ပျက်ပြီးသာ ဖြစ်ကြ၏။ ထိုချုပ်ဆုံးလေပြီးသော အကုသိုလ်တရားတို့ကို မဖြစ်အောင် ကြိုးပမ်းဖွယ်ရာကား မရှိပေ။ သို့အတွက် ဖြစ်ဖူးသော အကုသိုလ်တရားတို့နှင့် အလားတူ အကုသိုလ်များကိုသာ မဖြစ်အောင် ယောဂါဝစရ ပုဂ္ဂိုလ်က ကြိုးပမ်းရမည် ဖြစ်၏။ သို့အတွက် ဖြစ်ပြီး အကုသိုလ် = ရှေး၌ ဖြစ်ဖူးသော အကုသိုလ်နှင့် ယောဂါဝစရ ပုဂ္ဂိုလ်က နောက်ထပ် မဖြစ်အောင် ကြိုးပမ်းရမည့် အကုသိုလ်တရားတို့သည် မပြတ်မလပ် ဖြစ်ခြင်း၏ အစွမ်းဖြင့် အကုသိုလ် အမျိုးအစားခြင်း တူညီသောကြောင့် သဒိသူပစာရအားဖြင့် နောက်ထပ် မဖြစ်အောင် ကြိုးပမ်းရမည့် အကုသိုလ်တရားတို့ကိုလည်း ဥပ္ပန္န အကုသိုလ်ဟု ခေါ်ဆို၏။ (ဒီ၊ဋီ၊၂၊၃၄၆။)

ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ မပြတ်မလပ် ဖြစ်ခြင်း၏ အစွမ်းဖြင့် ရှေး၌ ဖြစ်ဖူး ကုန်သော အကုသိုလ်တရားတို့နှင့် အလားတူသော အကုသိုလ်တရားတို့ကို မဖြစ်စေအံ့ဟု ထိုအကုသိုလ်တရား တို့ကို ပယ်ခြင်းငှာ သမထ ဝိပဿနာ ဘာဝနာကျင့်စဉ်တို့ကို ပြီးစီးစေတတ်သည့် စွမ်းအားရှိသော ဝီရိယနှင့် ယှဉ်သော ဆန္ဒကို ဖြစ်စေ၏၊ ကြိုးစားအားထုတ်၏၊ ကာယိကဝီရိယ စေတသိကဝီရိယကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယဖြင့် စိတ်ဓာတ်ကို မြှင့်တင်ပေး၏။ အင်္ဂါ လေးပါးရှိသော ဝီရိယ ခြံရံလျက် သမထ ဝိပဿနာ ဘာဝနာ ကျင့်စဉ်တို့ကို တကယ် ကျင့်ဖို့ရန် စိတ်ကို ဆောက်တည်၏၊ တကယ် ကျင့်၏။

၃။ အနုပ္ပန္န ကုသိုလ်

၃။ အနုပ္ပန္န ကုသိုလ်

အနုပ္ပန္နာနံ ကုသလာနန္တိ အပ္ပဋိလဒ္ဓါနံ ပဌမဇ္ဈာနာဒီနံ။ (ဒီ၊ဋ္ဌ၊၂၊၃၉၃။)

အနုပ္ပန္နာနံ ကုသလာနန္တိ ဧတ္ထ ကုသလာတိ ဥတ္တရိမနုဿဓမ္မာ အဓိပ္ပေတာ။ (ဒီ၊ဋီ၊၂၊၃၄၆။)

မိမိ၏ ရုပ်နာမ်အစဉ်၌ မဖြစ်ဖူးသေးသော အနုပ္ပန္နကုသိုလ်ဟူသည် မိမိ မရအပ်ကုန်သေးသော ပထမ စျာန် စသည့် စျာန်တရား မဂ်တရားတို့ကို ဆိုလိုသည်။ စျာန်တရားတို့ကား အစမထင် သံသရာတစ်ခွင်၌ ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အဖို့ မရခဲ့စဖူးခြင်း မည်သည် မရှိစကောင်းသည်သာ ဖြစ်၏။ အောက်ထစ်ဆုံး အားဖြင့် ကမ္ဘာပျက်သောအခါ၌ စျာန်တရားများကို ထိုက်သလို ရရှိခဲ့ဖူး၍ ဗြဟ္မာ့ပြည်သို့ ရောက်ခဲ့ဖူးသည်သာ ဖြစ်၏။ အရိယမဂ်ကုသိုလ်ကား ပုထုဇန်တို့အဖို့ မရဖူးသော ကုသိုလ်သာ ဧကန်ဖြစ်၏၊ အနုပ္ပန္န ကုသိုလ်စစ် တည်း။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် တစ်ခုသောဘဝ၌ တနည်းဆိုသော် ဤဘဝ၌ စျာန်တရား မဂ် တရားတို့ကို မရအပ်ကုန်သေးလျှင် ထိုယောဂါဝစရပုဂ္ဂိုလ်အဖို့ ယင်းစျာန်ကုသိုလ် မဂ်ကုသိုလ်တို့သည် အနုပ္ပန္န ကုသိုလ်တို့ မည်ကုန်၏။ ယင်း အနုပ္ပန္န ကုသိုလ်တို့ကို ရရှိအောင် ယောဂါဝစရပုဂ္ဂိုလ်သည် သမထ ဝိပဿနာ ဘာဝနာကျင့်စဉ်တို့ကို အင်္ဂါလေးပါးရှိသော ဝီရိယ ခြံရံလျက် အပြင်းအထန် ကြိုးပမ်းရမည် ဖြစ်ပေသည်။

၄။ ဥပ္ပန္န ကုသိုလ်

၄။ ဥပ္ပန္န ကုသိုလ်

ဥပ္ပန္နာနန္တိ တေသံယေဝ ပဋိလဒ္ဓါနံ။ (ဒီ၊ဋ္ဌ၊၂၊၃၉၃။)

ရအပ်ကုန်ပြီးသော စျာန်ကုသိုလ် မဂ်ကုသိုလ်တို့သည် ဥပ္ပန္န ကုသိုလ်တို့ မည်ကုန်၏။ ထိုတွင် မဂ်ကုသိုလ် ကား စိတ္တက္ခဏတစ်ချက်သာ သက်တမ်းရှိ၏။ မဂ်ကုသိုလ်စိတ် (၄)မျိုးတို့သည် တစ်ကြိမ်စီသာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ ထိုကြောင့် ယင်းမဂ်ကုသိုလ်တရားတို့ကို ယောဂါဝစရပုဂ္ဂိုလ်သည် တည်တံ့အောင် တိုးပွားအောင် ပြုလုပ် ဖို့ရန် မစွမ်းနိုင်ပေ။ ထိုမဂ်ကုသိုလ်၏ အားကြီးသောမှီရာ ဥပနိဿယ အကြောင်းရင်းဖြစ်သော ဝိပဿနာကုသိုလ် ကိုလည်းကောင်း, ယင်းဝိပဿနာ၏ အခြေခံ အကြောင်းရင်း ပါဒကဖြစ်သော စျာန်ကုသိုလ်ကိုလည်းကောင်း ပဗန္ဓဌိတိ အမည်ရသော ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်ခြင်း အစဉ်အတန်း၏ အစွမ်းဖြင့် တည် တံ့အောင် ကြိုးစားရ၏၊ မပျောက်ပျက်အောင် ကြိုးစားရ၏၊ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် အထပ်ထပ် ဖြစ်အောင် ကြိုးစားရ၏၊ မိမိ ပွားများနေသော ဘာဝနာဉာဏ်၏ အရဟတ္တမဂ်ဆိုက်သည် အထိ ပြည့်စုံအောင် ကြိုးပမ်းရ၏။ ဝီရိယနှင့်ယှဉ်သော ဆန္ဒဓာတ်ကို ဖြစ်စေအပ်၏၊ ကာယိကဝီရိယ စေတသိကဝီရိယ ကို ဖြစ်စေအပ်၏၊ လုံ့လပြုအပ်၏၊ ဝီရိယဖြင့် စိတ်ဓာတ်ကို မြင့်မားအောင် မြှင့်တင်ပေးရ၏၊ အင်္ဂါလေးပါး ရှိသော ဝီရိယခြံရံလျက် သမထ ဝိပဿနာ ဘာဝနာကျင့်စဉ်တို့ကို တကယ် ကျင့်ဖို့ရန် စိတ်ကို ဆောက်တည် အပ်၏၊ တကယ် ကျင့်အပ်၏။ ယင်းသို့ ကျင့်သော် အနုပ္ပန္န ကုသိုလ်တို့လည်း ဖြစ်ပေါ်လာကြမည် ဖြစ်၏၊ ဥပ္ပန္န ကုသိုလ်တို့လည်း တိုင်းထက်အလွန် တိုးပွားလာကြမည် ဖြစ်၏။

ဤ သမ္မာဝါယာမမဂ္ဂင်သည်လည်း ---

၁။ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်အောင် ကြိုးစားအားထုတ်ခြင်း,

၂။ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင် ကြိုးစားအားထုတ်ခြင်း,

၃။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ခြင်း,

၄။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် ကြိုးစားအားထုတ်ခြင်း ---

ဟု အားထုတ်ခြင်း သမ္မာဝါယာမ (၄)မျိုး ရှိ၏။

ဤသို့ ကြိုးစားအားထုတ်နေသော စိတ်ဓာတ်တို့၏ ထူးထွေကွဲပြားမှု ရှိသည့်အတွက်ကြောင့် အရိယမဂ်၏ ရှေးအဖို့၌ ကျင့်အပ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟု ဆိုအပ်သော သမထ ဝိပဿနာ ဘာဝနာကုသိုလ်တရားတို့ ဖြစ်ပေါ်လာအောင် ကြိုးပမ်းခိုက်၌ ထူးထွေကွဲပြားမှု ရှိ၏၊ သမ္မာဝါယာမ အမျိုးမျိုး ရှိ၏။ သို့သော် အရိယမဂ် အခိုက်၌ကား သမ္မာဝါယာမမဂ္ဂင်သည် ဤလေးဌာနလုံးတို့၌ ပင်လျှင် ပြုသင့်ပြုထိုက်သည့် ယင်း (၄)မျိုးသော လုပ်ငန်းကိစ္စရပ်တို့ကို ပြီးစီးစေတတ်သည့် စွမ်းအားကြောင့် မဂ္ဂင်္ဂ = အရိယမဂ်၏ အင်္ဂါကို ပြည့်စေလျက် တစ်ခု တည်းသာလျှင် ဖြစ်သော ကုသိုလ်ဝီရိယသည် ဖြစ်ပေါ်လာ၏၊ ဤကုသိုလ်ဝီရိယသည် သမ္မာဝါယာမ မည်၏။ (အရိယမဂ်နှင့် ယှဉ်သော ဝီရိယသည် အထက်ပါ ကိစ္စလေးရပ်ကို ပြီးစီးအောင် တစ်ပြိုင်နက် ဆောင်ရွက်နိုင်၏ ဟူလိုသည်။) (ဒီ၊ဋ္ဌ၊၂၊၃၉၃။)

၇။ သမ္မာသတိ

၇။ သမ္မာသတိ

ကတမာ စ ဘိက္ခဝေ သမ္မာသတိ။ ဣဓ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသတိ။ (မ၊၁၊၈၉၊။)

ရဟန်းတို့ ...သမ္မာသတိဟူသည် အဘယ်နည်း ?

၁။ ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းသည် ကိလေသာတို့ကို ပူပန်စေတတ် လောင် ကျွမ်းစေတတ်သော အပြင်းအထန် ကြိုးစားအားထုတ်သော သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိသည်ဖြစ်၍, ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍, သိမ်းဆည်းတတ်သော သတိ ရှိသည်ဖြစ်၍ ရုပ်လောက ၌ လိုလားတပ်မက်ခြင်း = အဘိဇ္ဈာတရား, စိတ်မချမ်းသာခြင်း = ဒေါမနဿတရားကို ပယ်ရှားလျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

၂။ ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော အပြင်းအထန် ကြိုးစားအားထုတ်သော သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိသည်ဖြစ်၍, ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍, သိမ်းဆည်းတတ်သော သတိရှိသည် ဖြစ်၍ ဝေဒနာလောက၌ လိုလားတပ်မက်ခြင်း အဘိဇ္ဈာတရား, စိတ်မချမ်းသာခြင်း ဒေါမနဿတရားကို ပယ်ရှားလျက် ဝေဒနာတို့၌ ဝေဒနာတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။

၃။ ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော အပြင်းအထန် ကြိုးစားအားထုတ်သော သမ္မပ္ပဓာန် လုံ့လဝီရိယရှိသည် ဖြစ်၍, ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်ရှိသည် ဖြစ်၍, သိမ်းဆည်းတတ်သော သတိရှိသည်ဖြစ်၍ စိတ်လောက၌ လိုလားတပ်မက်ခြင်း အဘိဇ္ဈာတရား, စိတ်မချမ်းသာခြင်း ဒေါမနဿတရားကို ပယ်ရှားလျက် စိတ်၌ စိတ်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

၄။ ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော အပြင်းအထန် ကြိုးစားအားထုတ်အပ်သော သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိသည်ဖြစ်၍, ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍, သိမ်းဆည်းတတ်သော သတိ ရှိသည်ဖြစ်၍ ဓမ္မလောက၌ လိုလားတပ်မက်ခြင်း အဘိဇ္ဈာတရား, စိတ်မချမ်းသာခြင်း ဒေါမနဿတရားကို ပယ်ရှားလျက် ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ရဟန်းတို့ ...ဤသို့ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတည်းဟူသော အာရုံကို သိမ်းဆည်းတတ် အောက်မေ့ တတ်သော သတိကို မှန်စွာအောက်မေ့ခြင်း သမ္မာသတိဟူ၍ ဆိုအပ်၏။ (မ၊၁၊၈၉။)

ပြည့်စုံရမည့် တရားသုံးပါး

ပြည့်စုံရမည့် တရားသုံးပါး

ဤ သတိပဋ္ဌာန်တရား (၄)ပါးတို့ကို ပွားများရာ၌ ပြည့်စုံရမည့် သမ္ပယောဂ အင်္ဂါ သုံးပါး ရှိ၏။ သတိပဋ္ဌာန် ကျင့်စဉ်ကို ကျင့်ရာ၌ အတူယှဉ်တွဲ ပါဝင်ရမည့် တရားသုံးပါး ဖြစ်သည်။ ယင်း တရားတို့မှာ ---

၁။ အာတာပီခေါ် ဝီရိယ,

၂။ သမ္ပဇဉ်ဉာဏ်,

၃။ သတိ --- တို့ ဖြစ်ကြသည်။

၁။ အာတာပီ = ဝီရိယ

ကိလေသာတို့ကို တဒင်္ဂအားဖြင့် ဖြစ်စေ, ဝိက္ခမ္ဘန = ခပ်ကြာကြာ ခွာထားခြင်းအားဖြင့် ဖြစ်စေ ပယ်ရှားခြင်း သည် ပူပန်စေတတ် လောင်ကျွမ်းစေတတ်ခြင်းသည် သမ္မာဒိဋ္ဌိ စသော အခြားအခြားသော တရားတို့အားလည်း စွမ်းအားရှိသည်သာ ဖြစ်၏။ သို့သော် ဝီရိယ၏ ပယ်ရှားမှုသတ္တိက ပို၍ ထင်ရှားသဖြင့် အထင်ရုဠှီအားဖြင့် ဝီရိ- ယကိုပင် အာတာပီ = ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သောတရားဟု ဟောတော်မူခြင်း ဖြစ်သည်။ တစ်နည်း --- ဆန့်ကျင်ဘက် ကိလေသာတို့ကို တဒင်္ဂ+ဝိက္ခမ္ဘနအားဖြင့် ပယ်ရှားရာ၌ စိတ္တက္ခဏတစ်ခု အတွင်း မိမိနှင့် အတူယှဉ်တွဲ ဖြစ်ကြသည့် သမ္ပယုတ်တရားတို့ကို အလွန်အမင်း အားထုတ်စေသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝီရိယ၏ အလွန်အကဲနှင့်တကွ ထိုကိလေသာကို ပူပန်စေတတ်သောကြောင့် ဝီရိယကိုသာလျှင် အာတာပီဟူ၍ ဆိုအပ်၏။ (ဒီ၊ဋီ၊၂၊၂၉၄။)

၂။ သမ္ပဇာန = သမ္ပဇဉ်ဉာဏ်

သမ္မာ သမန္တတော သာမဉ္စ (သမဉ္စ) ပဇာနန္တော သမ္ပဇာနော၊ အသမ္မိဿတော ဝဝတ္ထာနေ အညဓမ္မာနုပဿိတာဘာဝေန သမ္မာ အဝိပရီတံ, သဗ္ဗာကာရပဇာနနေန သမန္တတော, ဥပရူပရိ ဝိသေသာဝဟဘာဝေန ပဝတ္တိယာ သာမံ (သမံ) ပဇာနန္တောတိ အတ္ထော။ (ဒီ၊ဋီ၊၂၊၂၉၄။)

သမ္ပဇဉ်ဉာဏ်ဟူသည် ---

(က) ကောင်းစွာ အပြားအားဖြင့် သိခြင်း,

( ခ ) ပတ်ဝန်းကျင်မှ အပြားအားဖြင့် သိခြင်း,

( ဂ ) အညီအညွတ် အပြားအားဖြင့် သိခြင်းတည်း။

(က)ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ပရမတ္ထရုပ်တရားတို့ကို ဤကား ပထဝီ, ဤကား အာပေါ, ဤကား တေဇော, ဤကား ဝါယော စသည်ဖြင့် ပရမတ်ချင်းချင်း မရောယှက်သောအားဖြင့် ပိုင်းခြား မှတ်သားရာ၌လည်းကောင်း, စိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော နာမ်တရားတို့ကိုလည်း ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် ဤသို့ စသည်ဖြင့် ပရမတ်ချင်းချင်း ရောယှက် ရှုပ်ထွေးခြင်း ကင်းသောအားဖြင့် = မရောယှက်သောအားဖြင့် ပိုင်းခြား မှတ်သားရာ၌လည်းကောင်း ကောင်းမွန် မှန်ကန်စွာ မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ထွင်းဖောက်သိမြင်တတ်သော ဉာဏ်သည် သမ္ပဇဉ် ဉာဏ် မည်၏။ ကောင်းစွာ အပြားအားဖြင့် သိခြင်း ကွဲကွဲပြားပြား သိခြင်းတည်း။ ဤသမ္ပဇဉ်ဉာဏ်ကား ပထဝီကို အာပေါဟု မရှု၊ တေဇောကို ဝါယောဟု မရှု၊ ဖဿကို ဝေဒနာဟု မရှု၊ ပူမှု အေးမှု တေဇောကို ဝေဒနာဟု မရှု။ ပထဝီကို ပထဝီဟုပင် ရှု၏၊ တေဇောကို တေဇောဟုပင် ရှု၏၊ ဖဿကို ဖဿ ဟုပင် ရှု၏၊ ဝေဒနာကို ဝေဒနာ ဟုပင် ရှု၏၊ ပူမှု အေးမှုကို ရုပ်ဟုပင် ရှု၏။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။

(ခ) ထိုသို့ ရုပ်ပရမတ် နာမ်ပရမတ် အသီးအသီးကို ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူရ၏။ ထိုသို့ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း ရုပ်ပရမတ်တရား တစ်လုံးလောက်ကိုသာ, စိတ္တက္ခဏ တစ်ခု အတွင်း၌လည်း နာမ်ပရမတ်တရား တစ်လုံး လောက်ကိုသာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားမယူဘဲ, ရုပ်ကလာပ် တစ်ခု အတွင်း၌ ရုပ်ပရမတ်တိုင်းကို, စိတ္တက္ခဏတစ်ခု အတွင်း၌လည်း နာမ်ပရမတ်တိုင်းကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူရ၏။ ဤသို့ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ဉာဏ်ဖြင့် ထိုးထွင်းသိခြင်းသည် သဗ္ဗာကာရပဇာနန = ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကွဲကွဲပြားပြား သိခြင်း သမ္ပဇဉ်ဉာဏ်တည်း။ တစ်ဖန် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့ ဖြစ်ခြင်းကြောင့် အကျိုးရုပ်နာမ်တို့ ထင်ရှား ဖြစ်ပုံ, အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးရုပ်နာမ်တို့ ချုပ်ငြိမ်းပုံကို သိခြင်းသည်လည်း သဗ္ဗာကာရပဇာနန = ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကွဲကွဲပြားပြား သိ ခြင်း = သမ္ပဇဉ်ဉာဏ်ပင်တည်း။ တစ်ဖန် အကြောင်းတရားနှင့်တကွသော ယင်းရုပ်တရား နာမ်တရားတို့၏ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ အသုဘအခြင်းအရာတို့ကိုလည်း ယင်းသမ္ပဇဉ်ဉာဏ်သည် ကွဲကွဲပြားပြား သိတတ်၏။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကွဲကွဲပြားပြား သိခြင်းသည် သမ္ပဇဉ်ဉာဏ်ပင် တည်း။ --- ဤသို့ ကွဲကွဲပြားပြား သိရာ၌ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓ သက်ရှိလောကနှင့် သက်မဲ့လောကသို့တိုင် အောင် ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာသို့တိုင်အောင် (၃၁)ဘုံလုံးကို ခြုံငုံ၍ သိပေသည်။ ပတ်ဝန်းကျင်မှ အပြားအားဖြင့် သိခြင်း = ပတ်ဝန်းကျင်နှင့်တကွ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ကွဲကွဲပြားပြား သိခြင်းတည်း။

(ဂ) ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိ သက်မဲ့ လောက၌ အကြောင်းတရားနှင့်တကွသော ကာယ-ဝေဒနာ-စိတ္တ- ဓမ္မ အမည်ရသော ရုပ်နာမ် ပရမတ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ အသုဘ အခြင်းအရာကို ကွဲကွဲပြားပြား သိရာ၌ အထက် အထက်ဖြစ်သော ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော တရားထူး တရားမြတ်တို့ကို အဆင့်ဆင့် ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးနိုင်သည်၏ အဖြစ်ဖြင့် ဖြစ်ပေါ်လာ အောင် ယင်းသင်္ခါရတရားတို့ကို အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု, အသုဘဟုသာ အညီအညွတ် ကောင်းစွာ ရှု၏။ နိစ္စဟု သုခဟု အတ္တဟု သုဘဟု မညီမညွတ် မရှုပေ။ ယင်းသို့ သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသုဘဟု အညီအညွတ် အပြားအားဖြင့် သိခြင်းသည်လည်း သမ္ပဇဉ်ဉာဏ် မည်ပေသည်။

၃။ သတိမာ - သတိနှင့် ပြည့်စုံခြင်း

သတိမာတိ ကာယပရိဂ္ဂါဟိကာယ သတိယာ သမန္နာဂတော။ အယံ ပန ယသ္မာ သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ၊ န ဟိ သတိဝိရဟိတဿ အနုပဿနာ နာမ အတ္ထိ၊ တေနေဝါဟ သတိဉ္စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမီတိ။ (ဒီ၊ဋ္ဌ၊၂၊၃၄၉။)

သတိပဋ္ဌာန်တရားကို ပွားများအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် တတိယမြောက် ပြည့်စုံရမည့် အင်္ဂါရပ်မှာ သတိနှင့် ပြည့်စုံခြင်းပင် ဖြစ်သည်။ သတိနှင့် ပြည့်စုံမှုဟူသည် သတိဖြင့် ကာယ- ဝေဒနာ-စိတ္တ-ဓမ္မဟူသော သတိ၏တည်ရာ အာရုံ ဖြစ်ကြသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပိုင်းခြား ယူတတ် သိမ်းဆည်းတတ်သော သတိနှင့် ပြည့်စုံခြင်းတည်း။

သတိပဋ္ဌာန်တရားကို ပွားများအားထုတ်နေသော ဤယောဂါဝစရ ရဟန်းတော်သည်ကား ကာယ-ဝေဒနာ စိတ္တ-ဓမ္မတည်းဟူသော အာရုံကို ပိုင်းခြားကာ ယူ၍ သိမ်းဆည်း၍ ပညာဖြင့် အဖန်ဖန်ရှု၏။ မှန်ပေသည် --- သတိမှ လွတ်ကင်းနေသော = သတိလက်လွတ်နေသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို အဖန်ဖန် ရှုတတ်သော အနုပဿနာဉာဏ်မည်သည် မရှိစကောင်းသည်သာတည်း။ ထိုကြောင့် ဘုရားရှင်သည် ---

သတိဉ္စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ = ရဟန်းတို့ ...သတိကိုကား ဘာဝနာအာရုံမှ တွန့်ဆုတ်သောစိတ် ဖြစ်ရာအခါဝယ် ပွားများထိုက် ဖြစ်စေထိုက်ကုန်သော ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိ သမ္ဗောဇ္ဈင်တို့၏လည်းကောင်း, ဘာဝနာအာရုံမှ ပျံ့လွင့်သောစိတ် ဖြစ်ရာအခါဝယ် ပွားများထိုက် ဖြစ်စေထိုက် ကုန်သော ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်တို့၏လည်းကောင်း အကျိုးရှိကြောင်းတရား ဟူ၍ ငါဘုရားသည် ဟောကြားတော်မူ၏။

ဤသို့လျှင် ဘုရားရှင်သည် ဗောဇ္ဈင်္ဂသံယုတ် အဂ္ဂိသုတ် (သံ၊၃၊၉၉)၌ ဟောကြားထားတော်မူ၏။ ထိုကြောင့် သတိသည် ဘာဝနာအာရုံမှ စိတ်ဓာတ်တွန့်ဆုတ်ရာ အခါဝယ် စိတ်ဓာတ်ကို မြှင့်တင်ပေးရာ၌လည်းကောင်း, ဘာဝနာအာရုံမှ စိတ်ဓာတ်ပျံ့လွင့်နေရာ အခါဝယ် စိတ်ဓာတ်ကို ဘာဝနာအာရုံပေါ်သို့ ရောက်ရှိအောင် ဆွဲစု ပေးရာ၌လည်းကောင်း အခါခပ်သိမ်း အလိုရှိအပ်သော တရားပင် ဖြစ်ပေသည်။

သတိနှင့် ပညာ

သတိနှင့် ပညာ

သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ --- (ဒီ၊ဋ္ဌ၊၂၊၃၄၉။) ဟူသော အဋ္ဌကထာနှင့် အညီ သတိနှင့် ပညာကို ဤသို့ မှတ်သားပါ။

၁။ သတိသည် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်းတတ်၏၊ ပညာကား (= သမ္မာဒိဋ္ဌိကား) ထိုသတိက သိမ်းဆည်းထားအပ်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို ပရမတ္ထ ဓမ္မသဘာဝသို့ ဆိုက်အောင် ထိုးထွင်း သိ၏။

၂။ သတိကား ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းတတ်၏၊ ပညာကား ယင်း အကြောင်းတရားတို့ကို ထိုးထွင်းသိ၏။

၃။ သတိကား ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်း အရာ အသုဘအခြင်းအရာကို သိမ်းဆည်းတတ်၏၊ ပညာကား ယင်းကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ထိုးထွင်းသိ၏။

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို အဖန် ဖန် အထပ်ထပ် ရှု၏။ အင်္ဂါလေးပါးရှိသော ဝီရိယကို ခြံရံလျက် ရှု၏။ ထိုသို့ ရှုရာ၌ အဘိဇ္ဈာနှင့် ဒေါမနဿ တရားနှစ်ပါးကို ဥပစာရသမာဓိ အပ္ပနာသမာဓိ စသော ကုသိုလ်တရားတို့ကို ဖြစ်စေလျက် တဒင်္ဂအားဖြင့် လည်းကောင်း, ဝိက္ခမ္ဘနအားဖြင့်လည်းကောင်း ပယ်ရှားလျက် ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိအောင် ကြိုးပမ်းလေရာသည်။ ပယ်ရှားရမည့် တရားနှစ်ပါးကား အဘိဇ္ဈာနှင့် ဒေါမနဿ ဖြစ်သည်။ ပြည့်စုံရမည့် တရား သုံးပါးကား ဝီရိယ သတိ သမ္ပဇဉ်ဉာဏ်တို့ ဖြစ်ကြသည်။

လောကီပိုင်း-လောကုတ္တရာပိုင်း

လောကီပိုင်း-လောကုတ္တရာပိုင်း

၁။ ကာယ = ရူပကာယ = ရုပ်တရားအပေါင်းကို သိမ်းဆည်းတတ်သော စိတ်,

၂။ ဝေဒနာကို သိမ်းဆည်းတတ်သော စိတ်,

၃။ စိတ်ကို သိမ်းဆည်းတတ်သော စိတ်,

၄။ ဓမ္မသဘောတရားတို့ကို သိမ်းဆည်းတတ်သော စိတ်,

ဤသို့လျှင် သိမ်းဆည်းတတ်သော စိတ်တို့၏ (သိမ်းဆည်းတတ်သော သတိ ပညာတို့နှင့် ယှဉ်သော စိတ် တို့၏) ထူးထွေကွဲပြားမှု ရှိသည့်အတွက်ကြောင့် ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟု ဆိုအပ်သော အရိယမဂ်၏ ရှေးအ-ဖို့၌ ဖြည့်ကျင့်အပ်သော လောကီ သတိပဋ္ဌာန်ကျင့်စဉ်ပိုင်း၌ ဤသမ္မာသတိသည်လည်း ထူးထွေကွဲပြား၏။ အရိယ မဂ်အခိုက်၌ကား ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတည်းဟူသော (၄)ဌာနတို့၌ မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟကို ပယ်ရှားလျက် သိခြင်းကိစ္စကို ပြီးစီးစေသည်၏ အစွမ်းဖြင့် မဂ္ဂင်္ဂ = အရိယမဂ်၏ အင်္ဂါကို ပြည့်စေလျက် တစ်မျိုးတည်းသာလျှင် ဖြစ်သော သတိသည် ဖြစ်ပေါ်လာ၏။ ဤသတိသည် သမ္မာသတိ မည်၏။ (ဒီ၊ဋ္ဌ၊၂၊၃၉၃။)

သတိပဋ္ဌာန်ဆိုတာ ဘာလဲ?

သတိပဋ္ဌာန်ဆိုတာ ဘာလဲ?

ယခုအခါ၌ အသင်သူတော်ကောင်းသည် သတိပဋ္ဌာန်ဟူသည် အဘယ်နည်း --- ဟူသော ဤမေးခွန်းကို မေးသင့်ပြီ ဖြစ်၏၊ အဖြေကိုလည်း သိသင့်ပြီ ဖြစ်ပေသည်။

၁။ သတိ၏ ကျက်စားရာ အာရုံသည်လည်း သတိပဋ္ဌာန် မည်၏။

၂။ သုံးမျိုးသုံးစားအားဖြင့် ကျင့်ကုန်သော သာဝကတို့၌ ဆရာဖြစ်တော်မူသော ဘုရားရှင်၏ မုန်းခြင်း ချစ်ခြင်း ကို ကျော်လွန်သည်၏ အဖြစ်သည်လည်း သတိပဋ္ဌာန် မည်၏။

၃။ သတိသည်လည်း သတိပဋ္ဌာန် မည်၏။ (ဒီ၊ဋ္ဌ၊၂၊၃၄၃။)

၁။ မဟာဝဂ္ဂသံယုတ်, သတိပဋ္ဌာနသံယုတ်, အမတဝဂ် သမုဒယသုတ္တန်၌ ဘုရားရှင်သည် သတိ၏ ကျက်စားရာ အာရုံ ဖြစ်သည့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သတိပဋ္ဌာန်ဟူ၍ ဟောကြားထားတော်မူ၏။ (သံ၊၃၊၁၆၁ - ကြည့်ပါ။)

တစ်ဖန် ပဋိသမိ႓ဒါမဂ်ပါဠိတော်ကြီး၌လည်း --- ကာယော ဥပဋ္ဌာနံ နော သတိ၊ သတိ ပန ဥပဋ္ဌာနဉ္စေဝ သတိ စ (ခု၊၉၊၄၀၆) --- ဤသို့ စသည်ဖြင့် သတိ၏ ကပ်၍ တည်ရာ ကျက်စားရာ အာရုံ ဖြစ်ကုန်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သတိပဋ္ဌာန်ဟူ၍ ဟောကြားထားတော်မူ၏။ ဤနည်း၌ ပတိဋ္ဌာတိ အသ္မိန္တိ ပဋ္ဌာနံ၊ သတိယာ ပဋ္ဌာနံ သတိပဋ္ဌာနံ --- သတိ၏ တည်ရာအာရုံသည် သတိပဋ္ဌာန် မည်၏။ တစ်နည်း --- ပဓာနံ ဌာနန္တိ ဝါ ပဋ္ဌာနံ၊ သတိယာ ပဋ္ဌာနံ သတိပဋ္ဌာနံ = သတိ၏ ပြဓာန်းသော တည်ရာအာရုံသည် (ကာယ-ဝေဒနာ-စိတ္တ-ဓမ္မသည်) သတိပဋ္ဌာန် မည်၏။ (ဒီ၊ဋ္ဌ၊၂၊၃၄၃-၃၄၄။)

၂။ တယော သတိပဋ္ဌာနာ ယဒရိယော သေဝတိ၊ ယဒရိယော သေဝမာနော သတ္ထာ ဂဏမနုသာသိတုမရဟတိ။ (မ၊၃၊၂၆၃။)

အကြင်သတိပဋ္ဌာန်တို့ကို အမြတ်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရားသည် မှီဝဲတော်မူ၏၊ ယင်းသတိပဋ္ဌာန်တို့ကို မှီဝဲတော်မူသော အမြတ်ဆုံး ဖြစ်တော်မူသော ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည် ဂိုဏ်း သံဃာကို ဆိုဆုံးမခြင်းငှာ ထိုက်တော်မူ၏၊ ထိုသတိပဋ္ဌာန်တို့ကား သုံးပါးတို့တည်း။ (မ၊၃၊၂၆၃။)

ဤဥပရိပဏ္ဏာသပါဠိတော် သဠာယတနဝိဘင်္ဂသုတ်၌ ---

၁။ ဘုရားရှင် ဆိုဆုံးမတော်မူသည့်အတိုင်း မလိုက်နာ မပြုကျင့်သော သာဝက,

၂။ ဘုရားရှင် ဆိုဆုံးမတော်မူသည့်အတိုင်း မလိုက်နာ မပြုကျင့်သော သာဝကနှင့် လိုက်နာ ပြုကျင့်သော သာဝက နှစ်မျိုးတို့ ရောနှောနေသော သာဝက,

၃။ ဘုရားရှင် ဆိုဆုံးမတော်မူသည့်အတိုင်း လိုက်နာ ပြုကျင့်သော သာဝက ---

ဤသို့ သုံးမျိုးသုံးစားအားဖြင့် ကျင့်နေသော သာဝကတို့၌ ဆရာဖြစ်တော်မူသော ဘုရားရှင်၏ မုန်းခြင်း ချစ်ခြင်းကို ကျော်လွန်သည်၏ အဖြစ်ကို သတိပဋ္ဌာန်ဟူ၍ ဟောကြားထားတော် မူ၏။ ဤနည်း၌ ပဋ္ဌပီယတေတိ ပဋ္ဌာနံ၊ သတိယာ ပဋ္ဌာနံ သတိပဋ္ဌာနံ = သတိဖြင့် ဖြစ်စေထိုက်သော တရားသည် သတိပဋ္ဌာန် မည်၏။ ယင်း ဖြစ်စေထိုက်သော တရားဟူသည် --- သုံးမျိုးသုံးစားအားဖြင့် ကျင့်နေကုန်သော သာဝကတို့ အပေါ်၌ ချစ်ခြင်း မုန်းခြင်းကို ကျော်လွှား လွန်မြောက်ခြင်းပင်တည်း။ (ဒီ၊ဋ္ဌ၊၂၊၃၄၄။) အတုယူဖွယ် အလွန်ကောင်းပေစွ။ ကြည်ညိုဖွယ် အလွန်ကောင်းပေစွ၊ ဆရာဖြစ်သူတိုင်း သတိပြုသင့်လှပေစွ။

၃။ စတ္တာရော သတိပဋ္ဌာနာ ဘာဝိတာ ဗဟုလီကတာ သတ္တ ဗောဇ္ဈင်္ဂေ ပရိပူရေန္တိ။ (မ၊၃၊၁၂၄။)

သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်ကုန်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ကုန်သည် ရှိသော် ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့ကို ပြည့်စေနိုင်ကုန်၏။ (မ၊၃၊၁၂၄။)

ဤသုတ္တန်၌ သတိကိုပင် သတိပဋ္ဌာန်ဟူ၍ ဟောတော်မူ၏။ ဤနည်း၌ ---

ပဋ္ဌာတီတိ ပဋ္ဌာနံ၊ သတိယေဝ ပဋ္ဌာနံ သတိပဋ္ဌာနံ = ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတည်းဟူသော အာရုံ၌ ကပ်၍ တည်တတ်သော သတိသည်ပင် သတိပဋ္ဌာန် မည်၏။ တစ်နည်း --- သရဏဋ္ဌေန သတိ၊ ဥပဋ္ဌာနဋ္ဌေန ပဋ္ဌာနံ၊ သတိ စ သာ ပဋ္ဌာနဉ္စာတိ သတိပဋ္ဌာနံ၊ ဣဒမိဓာ ဓိပ္ပေတံ = ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော အာရုံကို အမှတ်ရခြင်းဟူသော အနက်သဘောကြောင့် သတိ မည်၏။ ဤမျှသာမက သတိသည် ကြာမြင့်စွာက ပြုလုပ် ခဲ့သော ပြောဆိုခဲ့သော အာရုံတို့ကိုသော်မှလည်း အောက်မေ့တတ် အမှတ်ရတတ်၏။ ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော အာရုံ၌ ကပ်၍ တည်ခြင်းဟူသော အနက်ကြောင့် ပဋ္ဌာန မည်၏။ ထိုကြောင့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတည်းဟူသော အာရုံကို အမှတ်ရခြင်း သဘောတရားလည်း ဟုတ်၏၊ ထို အမှတ်ရခြင်း သဘောတရား ဟူသည် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော အာရုံ၌ ကပ်၍ တည်ခြင်း သဘောတရားလည်း ဟုတ်၏၊ ထိုကြောင့် လည်း သတိပဋ္ဌာန် မည်၏။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အာရုံကို အမှတ်ရတတ်သော ယင်းအာရုံ၌ ကပ်၍ တည် တတ်သော သတိသည်ပင် သတိပဋ္ဌာန် မည်၏ဟု ဆိုလိုသည်။

ဤသုံးခုမြောက်သော သတိသည်ပင် သတိပဋ္ဌာန် မည်၏ဟူသော အနက်သဘောကို ဤမဟာသတိပဋ္ဌာန သုတ္တန်အရာ၌ အလိုရှိအပ်ပေ၏။ (ဒီ၊ဋ္ဌ၊၂၊၃၄၄။) ဆိုလိုရင်းမှာ ဤသို့တည်း ---

၁။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ တို့ကို အောက်မေ့တတ် အမှတ်ရတတ် သိမ်းဆည်းတတ်သော ထိုကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အာရုံ၌ ကပ်၍ တည်တတ်သော သတိသည် သတိပဋ္ဌာန် မည်၏။

၂။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ တို့၏ အကြောင်းတရားတို့ကို အောက်မေ့တတ် အမှတ်ရတတ် သိမ်းဆည်း တတ်သော, ယင်းအကြောင်းတရား အာရုံ၌ ကပ်၍ တည်တတ်သော သတိသည် သတိပဋ္ဌာန် မည်၏။

၃။ အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ အသုဘအခြင်းအရာကို အောက်မေ့တတ် အမှတ်ရတတ် သိမ်းဆည်းတတ်သော, ယင်း အခြင်းအရာ အသီးအသီး၌ ကပ်၍ တည်တတ်သော သတိသည် သတိပဋ္ဌာန် မည်၏၊ အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော လောကီသတိပဋ္ဌာန်တည်း။

၄။ အရိယမဂ်ခဏ၌ကား အသင်္ခတဓာတ် နိရောဓသစ္စာ တရားတော်မြတ်ကြီးကို အောက်မေ့တတ် အမှတ်ရ တတ် သိမ်းဆည်းတတ်သော, ယင်းနိရောဓသစ္စာ အာရုံ၌ ကပ်၍ တည်တတ်သော အရိယမဂ်နှင့် ယှဉ်သော သတိသည် သမ္မာသတိ မည်၏၊ သတိပဋ္ဌာန် မည်၏၊ လောကုတ္တရာ သတိပဋ္ဌာန်တည်း။ ဤကား ဆိုလိုရင်းတည်း။

ယင်းသမ္မာသတိနှင့် ယှဉ်သော အရိယမဂ်တရားကား --- ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို မသိအောင် ဖုံး လွှမ်းထားသည့် မောဟကိုလည်းကောင်း, ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ ဆိုင်ရာဆိုင်ရာ အကြောင်းတရား တို့ကိုလည်း မသိအောင် ဖုံးလွှမ်းထားတတ်သော မောဟကိုလည်းကောင်း, အကြောင်းတရားတို့နှင့် တကွသော ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ, အသုဘအခြင်း အရာကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကိုလည်းကောင်း အကြွင်းမဲ့ ပယ်ရှားလိုက်၏။ မသိမှု အဝိဇ္ဇာ ပျောက်၍ သိမှု ဝိဇ္ဇာဉာဏ် ပေါ်လာ၏။ ယင်းဝိဇ္ဇာဉာဏ် = အရိယမဂ်ဉာဏ်နှင့် ယှဉ်သော သတိသည် နိဗ္ဗာန်ကို အောက်မေ့တတ် အမှတ်ရတတ် သိမ်းဆည်းတတ်၍ နိဗ္ဗာန်အာရုံ၌ ကပ်၍ တည်တတ်သောကြောင့် သတိပဋ္ဌာန် မည်ပေသည်။ လောကုတ္တရာ သတိပဋ္ဌာန်တည်း။

ဤမဟာသတိပဋ္ဌာနသုတ္တန်၌ကား ---

ဧကာယနမဂ္ဂေါ ဝုစ္စတိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ --- (ဒီ၊ဋ္ဌ၊၂၊၃၃၇။)

ဟူသော အဋ္ဌကထာ ဖွင့်ဆိုတော်မူချက်နှင့် အညီ ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော အရိယမဂ်၏ ရှေး အဖို့၌ ဖြည့်ကျင့်အပ်သော လောကီသတိပဋ္ဌာန်ကို ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။

ဧကာယန = တစ်ကြောင်းတည်းသောလမ်း

ဧကာယန = တစ်ကြောင်းတည်းသောလမ်း

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။ (မ၊၁၊ရဝ။)

ရဟန်းတို့ ...ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်ဓာတ် စင်ကြယ်သန့်ရှင်းရန်, စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို ကျော်လွှားလွန်မြောက်ရန်, ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန်, အရိယမဂ်ကို ရရှိရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန်, တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏။ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန် လေးပါးတို့ပင်တည်း။ (မ၊၁၊ရဝ။)

ဤသဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ ဟောကြားထားတော်မူသော ဒေသနာတော်နှင့် အညီ နိဗ္ဗာန်သွားရာ လမ်းကား ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော သတိပဋ္ဌာန်လေးပါး ကျင့်စဉ်တရားပင် ဖြစ်သည်။ ဤသတိပဋ္ဌာန် လေးပါး ကျင့်စဉ်တရားကလွဲ၍ နိဗ္ဗာန်သို့ သွားရာလမ်းဟူသည် မရှိ ဖြစ်ခဲ့၏။ ဤသတိပဋ္ဌာန်ကား နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသော လမ်းသာ ဖြစ်သောကြောင့်တည်း။

သို့အတွက် နိဗ္ဗာန်သို့ သွားရာလမ်းသည် အမျိုးမျိုး ရှိ၏၊ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်သည် အမျိုးမျိုး ရှိ၏၊ ဤနည်းလည်း မှန်၏၊ ထိုနည်းလည်း မှန်၏၊ အားလုံးသည် သူ့နည်းသူ့ဟန်နှင့်သူ မှန်သည်ချည်း ဖြစ်၏၊၊ ဤသို့ စသည်ဖြင့် ဖြောင့်ဖြောင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်ကြကုန်သော ကျင့်စဉ်အားလုံးတို့သည် မှန် သည်ချည်းသာ ဖြစ်ကြ၏ဟု လက်ခံခဲ့လျှင် အသင်သူတော်ကောင်းအတွက် နိဗ္ဗာန်သို့ဝင်ရာ တံခါးမုခ်ဦးကြီးမှာ ပွင့်တော့မလို ပိတ်တော့မလို အခြေအနေမှာ တည်ရှိနေပေလိမ့်မည်။ ဖြောင့်ဖြောင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်ကြသည့် ကျင့်စဉ်အားလုံးတို့သည် အားလုံးမှန်ကြပါသည်ဟူသည် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ပုံစံ အချို့ကို ထုတ်ပြပေအံ့။

၁။ သတိ၏ တည်ရာ အာရုံ ဖြစ်ကြသည့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကား ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ပင် ဖြစ်ကြ၏။ ရုပ်တို့မည်သည် ရုပ်ကလာပ်ဟု ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ ယင်းရုပ်ကလာပ်များကို ဓာတ်ခွဲနိုင်ပါမှ ရုပ်ကလာပ်တစ်ခု အတွင်း၌ ပါဝင်တည်ရှိကြသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုး စသော ပရမတ္ထရုပ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ ရုပ်ပရမတ်ကို သိမ်းဆည်းနိုင် သည် မည်၏၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည် မည်၏။ တစ်ဖန် နာမ်တရားတို့သည်လည်း ဝီထိမုတ်စိတ် အနေအားဖြင့်လည်းကောင်း ဝီထိစိတ် အနေအားဖြင့်လည်းကောင်း ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းဓမ္မတာလမ်းကြောင်းမှ ပြောင်းလွဲ၍ ဖြစ်ရိုးဓမ္မတာ မရှိကြပေ။ ယင်း နာမ်တရားတို့ကို စိတ္တက္ခဏ အသီးအသီး၌ (၈)မျိုး (၁၁)မျိုး (၃၄)မျိုး စသော နာမ်တရား အသီးအသီးကို ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးသို့ ဉာဏ်အမြင် ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်၏။

(က) ကျင့်စဉ်တစ်မျိုးက ဤအထက်ပါ ရုပ်နာမ်တို့ကို သိမ်းဆည်းရှုပွားရမည်ဟု ဖော်ပြထား၏။

( ခ ) နောက်ကျင့်စဉ်တစ်မျိုးက --- ဤရုပ် ဤနာမ်များသည် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာသာ ဖြစ်၏၊ သာဝကတို့သည် ရှု၍ မရနိုင်ဟု ဖော်ပြထား၏။

ဤသို့ ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်နေကြသော ကျင့်စဉ်နှစ်မျိုးတို့သည် နှစ်မျိုးလုံး မှန်ပေသည်ဟူ၍ကား မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်၊ တစ်ခုသာ မှန်ရပေမည်။ တစ်ဖန် ---

(က) ကျင့်စဉ်တစ်ခုက --- ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိက သံသရာမှ မလွတ်မြောက်နိုင်ဟူသော မဟာနိဒါနသုတ္တန် (ဒီ၊၂၊၄၇)၌ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် အတိတ်အကြောင်းတရား (၅)ပါးကြောင့် ပစ္စုပ္ပန်အကျိုးတရား (၅)ပါး ဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးကြောင့် အနာဂတ် အကျိုးတရား (၅)ပါး ဖြစ်ပုံတို့ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ထွင်းဖောက်သိမြင်ရန် ရှုရမည်ဟု ညွှန်ကြား၏။ အတိတ်အကြောင်းတရားတို့သည် အတိတ်ခန္ဓာ (၅)ပါး၌ အကျုံးဝင်သဖြင့် အတိတ်ခန္ဓာ (၅)ပါးကို ရှုရမည်ဟုလည်းကောင်း, အနာဂတ်အကျိုးတရား (၅)ပါးတို့သည် အနာဂတ်ခန္ဓာ (၅)ပါး၌ အကျုံးဝင်သဖြင့် အနာဂတ်ခန္ဓာ (၅)ပါးကိုလည်း ရှုရမည်ဟုလည်းကောင်း ညွှန်ကြား၏။

( ခ ) ကျင့်စဉ်တစ်မျိုးကလည်း ဝိပဿနာဟူသည် အတိတ် အနာဂတ်ကို မရှုရ၊ ရှုဖို့ မလို၊ ပစ္စုပ္ပန်ကိုသာ ရှုရ၏။ဟု ညွှန်ကြား၏။

ဤသို့ ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်နေကြသော ကျင့်စဉ်နှစ်မျိုးတို့သည် နှစ်မျိုးလုံး မှန်ပေသည်ဟူ၍ကား မဆိုသင့်ပြီ၊ တစ်ခုသာ မှန်ရပေမည်။ ဆန့်ကျင်ဘက် နှစ်မျိုးလုံး မှန်ပါသည်ဟူသည်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်သော အရာသာ ဖြစ်သည်။ တစ်ဖန် ---

(က) ကျင့်စဉ်တစ်မျိုးက အကြောင်းတရားနှင့် တကွသော ယင်း ရုပ်တရား နာမ်တရားတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာရှုရန် ညွှန်ကြား၏။

( ခ ) အခြား ကျင့်စဉ်တစ်ခုက လက္ခဏာရေးသုံးတန် တင်ဖို့မလိုဟု ညွှန်ကြား၏။ ပညတ်ကိုပဲဖြစ်ဖြစ် ပရမတ်ကိုပဲဖြစ်ဖြစ် ရှုချင်ရာကို ရှုချင်သလို ရှုနေရန် ညွှန်ကြား၏။

ဤထိပ်တိုက် ဆန့်ကျင်ဘက် နှစ်မျိုးလုံးတို့လည်း နှစ်မျိုးလုံး အမှန်ချည်းကား မဖြစ်နိုင်ပေ။ တစ်ဖန် ---

(က) ကျင့်စဉ်တစ်ခုက ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ် တရားတို့ကိုလည်းကောင်း, ယင်း ရုပ်နာမ်တို့၏ အကြောင်းတရားတို့ကိုလည်းကောင်း, အကြောင်း တရားနှင့် တကွသော ယင်း ရုပ်နာမ်တို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို ထူထောင်ရမည်ဟု ညွှန်ကြား၏။

( ခ ) တစ်ဖန် ကျင့်စဉ်တစ်ခုက သမာဓိကို ထူထောင်ဖို့မလိုဟု ညွှန်ကြား၏။

ဤ ထိပ်တိုက် ဆန့်ကျင်ဘက် နှစ်မျိုးတို့လည်း နှစ်မျိုးလုံး အမှန်ချည်းကား မဖြစ်နိုင်။ တစ်ခုသာ မှန်ရပေမည်။

အဘယ်ကြောင့် တစ်ခုသာ တစ်မျိုးသာ မှန်ရသနည်းဟု မေးရန်ရှိ၏။ နိဗ္ဗာန်သို့ သွားရာလမ်းကား တစ် လမ်းသာ ရှိသောကြောင့်, နှစ်လမ်း သုံးလမ်း မရှိသောကြောင့်ဟုပင် ဖြေဆိုလေရာသည်။

နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော, အမှန်တရားကို မြတ်နိုးလျက်ရှိသော, ဘုရားရှင်၏ ရွှေရင်တော်- နှစ် သားတော်စစ် ဖြစ်လိုသော အသင်သူတော်ကောင်းသည် စဉ်းစားရန် ဝေဖန်ရန် နှိုင်းချိန်ဖို့ရန် ဆုံးဖြတ်ချက် ချမှတ်ရန် အချိန်သို့ကား ဆိုက်ရောက်လာပြီ ဖြစ်ပေသည်။ အမှန်တရားကိုရအောင် ရှာဖွေပါလော့။ သစ္စာတရား ကား ထင်ရှားရှိနေသေးသည်သာ ဖြစ်သည်။

၈။ သမ္မာသမာဓိ

၈။ သမ္မာသမာဓိ

ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ။ ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ၊ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ ဥပေက္ခကော သတိမာ သုခဝိဟာရီတိ၊ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသမာဓိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ။ (မ၊၁၊၈၉။)

ရဟန်းတို့ ...သမ္မာသမာဓိဟူသည် အဘယ်နည်း?

၁။ ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ဝိတက်နှင့်လည်း တကွ ဖြစ်သော ဝိစာရနှင့်လည်း တကွ ဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော နှစ်သက်ခြင်း = ပီတိ, ချမ်းသာခြင်း = သုခရှိသော ပထမ စျာန်သို့ ရောက်၍ နေ၏။

၂။ ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းသွားခြင်းကြောင့် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေ တတ်သော, မြတ်သော တည်ကြည်မှု သမာဓိကို တိုးပွားစေတတ်သော, ဝိတက်လည်း မရှိ ဝိစာရလည်း မရှိသော, ပထမစျာန် သမာဓိကြောင့် ဖြစ်ပေါ်၍လာသော တစ်နည်း သမ္ပယုတ် သမာဓိကြောင့် ဖြစ်ပေါ်၍လာသော နှစ်သက်ခြင်း = ပီတိ, ချမ်းသာခြင်း = သုခ ရှိသော ဒုတိယစျာန်သို့ ရောက်၍ နေ၏။

၃။ ပီတိ၏လည်း ကင်းပြတ်သွားခြင်းကြောင့် (အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ကမ္မဋ္ဌာန်းအာရုံကို) အညီ အမျှ လျစ်လျူရှုလျက်, (ကမ္မဋ္ဌာန်းအာရုံကို) အမှတ်ရတတ်သော သိမ်းဆည်းတတ်သော သတိရှိလျက်, (ကမ္မဋ္ဌာန်း အာရုံကို) သမ္ပဇဉ်ဉာဏ်ဖြင့် ဆင်ခြင်လျက် နေ၏။ ချမ်းသာခြင်း ကာယိကသုခ စေတသိကသုခကိုလည်း နာမ ကာယ = နာမ်တရားအပေါင်းဖြင့် ခံစား၏။ အကြင်တတိယစျာန်ကြောင့်, ထိုတတိယစျာန်နှင့် ပြည့်စုံသူကို (ကမ္မဋ္ဌာန်းအာရုံကို) အညီအမျှ လျစ်လျူရှုသူ, (ကမ္မဋ္ဌာန်းအာရုံကို) အမှတ်ရတတ်သော သိမ်းဆည်းတတ်သော သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူဟု ဘုရား အစရှိကုန်သော အရိယာတကာ သူတော်စွာတို့သည် ချီးမွမ်း စကား ပြောကြားတော်မူကြကုန်၏၊ ထိုတတိယစျာန်သို့ ရောက်၍ နေ၏။

၄။ ကိုယ်ချမ်းသာခြင်း = ကာယိကသုခ, ကိုယ်ဆင်းရဲခြင်း = ကာယိကဒုက္ခကို ပယ်ရှားထားခြင်းကြောင့်လည်း ကောင်း, ရှေးဦးကပင် ဝမ်းသာခြင်း = သောမနဿ, စိတ်နှလုံး မသာယာခြင်း = ဒေါမနဿတရားတို့၏ ချုပ်ငြိမ်း ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ ကင်းသော (တတြမဇ္ဈတ္တတာ စေတသိက်ဟူသော) စျာနုပေက္ခာကြောင့် ဖြစ်ပေါ်လာသော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်း ရှိသော စတုတ္ထစျာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ...ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း = သမ္မာသမာဓိဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ...ဤမဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော တရားသဘောကို ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာဟူ၍ ဆိုအပ်၏။ (မ၊၁၊၈၉။)

ဤစျာန်တရားတို့သည်ကား အရိယမဂ်၏ ေ့ရှအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟု ခေါ်ဆိုအပ်သော လောကီ သတိပဋ္ဌာန်ကျင့်စဉ်ပိုင်း၌လည်းကောင်း, အရိယမဂ်ခဏ၌လည်းကောင်း မတူထူးခြား ကွဲပြားကြကုန်၏။ အရိယမဂ်၏ ေ့ရှအဖို့ ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ပိုင်း၌ ပထမစျာန်သမာပတ်, ဒုတိယစျာန် သမာပတ်, တတိယစျာန်သမာပတ်, စတုတ္ထစျာန်သမာပတ် --- ဤသို့စသည့် သမာပတ်၏ အစွမ်းဖြင့် မတူထူးခြား ကွဲပြားကြကုန်၏။ အရိယမဂ်ခဏ၌ အမျိုးမျိုးသော အရိယမဂ်၏ အစွမ်းဖြင့် မတူထူးခြား ကွဲပြားကြကုန်၏။

တစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရှေးဦးစွာ ဖြစ်သော သောတာပတ္တိမဂ်သည် ပထမစျာန် နှင့် ယှဉ်၏၊ သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်တို့သည်လည်း ပထမစျာန်နှင့် ယှဉ်ကုန်သည်သော်လည်း ကောင်း, ဒုတိယစျာန် စသည့် စျာန်တို့တွင် အမှတ်မထား တစ်ပါးပါးသော စျာန်နှင့် ယှဉ်ကုန်သည်သော်လည်း ကောင်း ဖြစ်ကြကုန်၏။

တစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရှေးဦးစွာ ဖြစ်သော သောတာပတ္တိမဂ်သည်လည်း ဒုတိယစျာန် စသည့် စျာန်တို့တွင် အမှတ်မထား တစ်ပါးပါးသော စျာန်နှင့် ယှဉ်သည်လည်း ဖြစ်နိုင်၏၊ သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်တို့သည်လည်း ဒုတိယစျာန် စသည်တို့တွင် အမှတ်မထား တစ်ပါးပါးသော စျာန်နှင့် ယှဉ်ကုန်သည်သော်လည်းကောင်း, ပထမစျာန်နှင့် ယှဉ်ကုန်သည်သော်လည်းကောင်း ဖြစ်နိုင်ကုန်၏။

ဤသို့လျှင် အရိယမဂ် လေးပါးတို့သည်လည်း စျာန်နှင့် စပ်သဖြင့် ---

၁။ အလုံးစုံ တူကုန်သည်သော်လည်းကောင်း (= အရိယမဂ် လေးပါးလုံးသည် ---

(က) ပထမစျာန်နှင့် ယှဉ်သော ပထမစျာနိကမဂ်ချည်းသော်လည်းကောင်း,

( ခ ) ဒုတိယစျာန်နှင့် ယှဉ်သော ဒုတိယစျာနိကမဂ်ချည်းသော်လည်းကောင်း,

( ဂ ) တတိယစျာန်နှင့် ယှဉ်သော တတိယစျာနိကမဂ်ချည်းသော်လည်းကောင်း,

(ဃ) စတုတ္ထစျာန်နှင့် ယှဉ်သော စတုတ္ထစျာနိကမဂ်ချည်းသော်လည်းကောင်း ---

ဤသို့ စသည်ကို ဆိုလိုသည်။)

၂။ အလုံးစုံ မတူကုန်သည်သော်လည်းကောင်း, (အချို့မဂ်က ပထမစျာန်နှင့် ယှဉ်၍ အချို့မဂ်က ဒုတိယ စျာန်နှင့် ယှဉ်၏ --- ဤသို့ စသည်ကို ဆိုလိုသည်။)

၃။ အချို့ တူကုန်သည်သော်လည်းကောင်း ဖြစ်နိုင်ကုန်၏။

အရိယမဂ်၏ အလုံးစုံ တူမှု, အလုံးစုံ မတူမှု, အချို့ တူမှုဟူသော ဤထူးခြားမှုသည် မတူကွဲပြားအောင် မှတ်သားကြောင်း ဖြစ်သော ပါဒကစျာန်ကြောင့် ဖြစ်ပေါ်လာရ၏။ (ဒီ၊ဋ္ဌ၊၂၊၃၉၃။) အကျယ်ကို ဝိပဿနာပိုင်းတွင် တွေ့ရလတ္တံ့။

လောကီမဂ္ဂင် တရားကိုယ် (၈) ပါး ရှုကွက်

လောကီမဂ္ဂင် တရားကိုယ် (၈) ပါး ရှုကွက်

လောကီ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ --- ဟူသော လောကီ ဝိရတိ စေတသိက် ရှုကွက်များကို ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း ရှုပါ။

ဝိပဿနာဇောသည် ဉာဏသမ္ပယုတ် = ဉာဏ်ယှဉ်ခဲ့လျှင် ယင်း ဝိပဿနာဇော အသီးအသီး၌ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ (= ဝီရိယ), သမ္မာသတိ, သမ္မာသမာဓိ (= ဧကဂ္ဂတာ)တို့ ပါဝင်ကြ၏။ ဉာဏဝိပ္ပယုတ် ဝိပဿနာဇော၌ကား သမ္မာဒိဋ္ဌိ မပါဝင်ပေ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်များကို ပြန်၍ သတိပြုကြည့်ပါ။

စက္ခုအကြည်ဓာတ် ရုပ်တရား တစ်လုံးကိုပင် ---

၁။ စက္ခုအကြည်ဓာတ်ဟု သိသော မနောဒွါရဝီထိ,

၂။ ရုပ်တရားဟု သိသော မနောဒွါရဝီထိ,

၃။ အနိစ္စဟု သိသော မနောဒွါရဝီထိ,

၄။ ဒုက္ခဟု သိသော မနောဒွါရဝီထိ,

၅။ အနတ္တဟု သိသော မနောဒွါရဝီထိ,

၆။ အသုဘဟု သိသော မနောဒွါရဝီထိ -

ဤမနောဒွါရဝီထိ အသီးအသီး၌ ဇော အသီးအသီးသည် ဉာဏသမ္ပယုတ် မဟာကုသိုလ် ဖြစ်လျှင် ယင်း မဂ္ဂင်တရားကိုယ် (၅)ပါးတို့ ပါဝင်ကြ၏။ ယင်းမနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းသောအခါ၌ ယင်းမဂ္ဂင် တရားကိုယ် (၅)ပါးတို့ကို သိမ်းဆည်းခြင်းလည်း အကျုံးဝင်သွားပေသည်။ ကျန်ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ် ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း, ရုပ်တရားအားလုံးကို ခြုံ၍ ရှုနေသော မနောဒွါရဝီထိ နာမ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရာ၌လည်းကောင်း, နာမ်တရား တစ်လုံးစီကို ဖြစ်စေ, စိတ္တက္ခဏ တစ်ခုအတွင်း, ဝီထိစဉ် တစ်ခုအတွင်းရှိ နာမ်တရားအားလုံးတို့ကို ခြုံ၍ ဖြစ်စေ ရှုနေသော မနောဒွါရဝီထိ နာမ် တရားများကို တစ်ဖန်ပြန်၍ သိမ်းဆည်း ရှုပွားရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ အရူပသတ္တက ရှုနည်းတို့၌လည်းကောင်း, ဘင်္ဂဉာဏ်ပိုင်း စသည် တို့၌လည်းကောင်း ဝိပဿနာဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုရာ၌ ယင်းအရှုခံဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရဝီထိအတွင်း ဇော အသီးအသီး၌လည်း ယင်း မဂ္ဂင်တရားကိုယ် (၅)ပါးတို့ ပါဝင်လျက်ပင် ရှိကြ၏။ လောကီ မဂ္ဂင်တရားကိုယ် (၅)ပါးတို့ကို တစ်နည်း လောကီ မဂ္ဂင်တရားကိုယ် (၅)ပါးနှင့် တကွသော သမ္ပယုတ် နာမ်တရားစုတို့ကို သိမ်းဆည်းခြင်း တစ်ဖန်ပြန်၍ ဝိပဿနာရှုခြင်းပင် ဖြစ်ပေသည်။ လောကီ မဂ္ဂသစ္စာ တရားတို့ကို ဟုတ်တိုင်းမှန်စွာ ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြား သိခြင်းပင် ဖြစ်ပေသည်။ သိအောင်ကြိုးစားပါလေ။

သတိပဋ္ဌာန်လေးပါး ခွဲခြား ဝေဖန်ပုံ

သတိပဋ္ဌာန်လေးပါး ခွဲခြား ဝေဖန်ပုံ

ဣတိ ဣမေ စတ္တာရော သတိပဋ္ဌာနာ ပုဗ္ဗဘာဂေ နာနာစိတ္တေသု လဗ္ဘန္တိ။ အညေနေဝ ဟိ စိတ္တေန ကာယံ ပရိဂ္ဂဏှာတိ၊ အညေန ဝေဒနံ၊ အညေန စိတ္တံ၊ အညေန ဓမ္မေ ပရိဂ္ဂဏှာတိ။ လောကုတ္တရမဂ္ဂက္ခဏေ ပန ဧကစိတ္တေယေဝ လဗ္ဘန္တိ။ အာဒိတော ဟိ ကာယံ ပရိဂ္ဂဏှိတွာ အာဂတဿ ဝိပဿနာသမ္ပယုတ္တာ သတိ ကာယာနုပဿနာ နာမ။ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ကာယာနုပဿီ နာမ။ ဝိပဿနံ ဥဿုက္ကာပေတွာ အရိယမဂ္ဂံ ပတ္တဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တာ သတိ ကာယာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ကာယာနုပဿီ နာမ။ ဝေဒနံ ပရိဂ္ဂဏှိတွာ။ စိတ္တံ ပရိဂ္ဂဏှိတွာ။ ဓမ္မေ ပရိဂ္ဂဏှိတွာ အာဂတဿ ဝိပ- ဿနာသမ္ပယုတ္တာ သတိ ဓမ္မာနုပဿနာ နာမ။ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ဓမ္မာနုပဿီ နာမ။ ဝိပဿနံ ဥဿုက္ကာပေတွာ အရိယမဂ္ဂံ ပတ္တဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တာ သတိ ဓမ္မာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ဓမ္မာနုပဿီ နာမ။ ဧဝံ တာဝ ဒေသနာ ပုဂ္ဂလေ တိဋ္ဌတိ။

ကာယေ ပန သုဘန္တိ ဝိပလ္လာသပ္ပဟာနာ ကာယပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ကာယာနုပဿနာ နာမ။ ဝေဒနာယ သုခန္တိ ဝိပလ္လာသပ္ပဟာနာ ဝေဒနာပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ဝေဒနာနုပဿနာ နာမ။ စိတ္တေ နိစ္စန္တိ ဝိပလ္လာသပ္ပဟာနာ စိတ္တပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ စိတ္တာနုပဿနာ နာမ။ ဓမ္မေသု အတ္တာတိ ဝိပလ္လာသပ္ပဟာနာ ဓမ္မပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ဓမ္မာနုပဿနာ နာမ။ ဣတိ ဧကာဝ မဂ္ဂသမ္ပယုတ္တာ သတိ စတုကိစ္စသာဓနဋ္ဌေန စတ္တာရိ နာမာနိ လဘတိ။ တေန ဝုတ္တံ လောကုတ္တရမဂ္ဂက္ခဏေ ပန ဧကစိတ္တေယေဝ လဗ္ဘန္တီတိ။ (အဘိ၊ဋ္ဌ၊၂၊၂၇၃-၂၇၄။)

ဤအထက်ပါ အဋ္ဌကထာ စကားရပ်တို့၏ ဆိုလိုရင်းသဘောတရားကို မရှင်းပြရသေးမီ အသင်သူတော်ကောင်းကိုယ်တိုင် သတိပြုထားသင့်သော အချက်နှစ်ရပ်ကို ကြိုတင်၍ ထပ်မံ တင်ပြအပ်ပါသည်။

၁။ အလုံးစုံသော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ပရိညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိပါက သံသရာ ဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်။ ပ ။ အလုံးစုံသော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ပရိညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိရှိပါမှ သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်၏။ --- ဟူသော အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀), သဗ္ဗပရိညာသုတ္တန် (ဣတိဝုတ္တက၊၁၉၇)တို့၌ ဘုရားရှင်၏ ဟောကြားတော်မူချက်ကိုလည်း ရှေးဦးစွာ သတိပြုပါ။

၂။ အပရော အာဒိတောဝ ရူပေ အဘိနိဝိသတိ၊ အဘိနိဝိသိတွာ ဘူတရူပဉ္စ ဥပါဒါရူပဉ္စ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ, သင်္ခါရေ, ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

= ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ဝိပဿနာပိုင်းတွင် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဟု နှစ်မျိုးရှိရာ ရုပ်တရား၌ (= ရုပ်ကမ္မဋ္ဌာန်းကို) စ၍ နှလုံးသွင်း၏။ နှလုံးသွင်းပြီးနောက် ဘူတရုပ်နှင့် ဥပါဒါရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြား၍ အနိစ္စ စသောအားဖြင့် ဝိပဿနာ ရှု၏။ သို့သော် ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်ကား ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် တစ်နည်း ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ် မလာနိုင်။ ထိုကြောင့် နာမ်တရားကိုလည်း ရှုရမည်သာ ဖြစ်သည်။ ထိုကြောင့် ထိုရုပ်တရားကို အာရုံပြု၍ ဖြစ် ပေါ်လာသော ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ကိုလည်း ဤကား နာမ်တရားဟု ဉာဏ်ဖြင့် ပိုင်းခြားယူ ပြီးနောက် ယင်းနာမ်တရားကို အနိစ္စ စသောအားဖြင့် ဝိပဿနာ ရှု၏။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

ဤအဋ္ဌကထာ၏ ဆုံးဖြတ်ချက်အတိုင်း ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် နာမ်တရားသက်သက် ကို ဝိပဿနာရှုရုံမျှဖြင့် ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်လာနိုင်ဟူသော အဋ္ဌကထာ၏ ဆုံးဖြတ်ချက်ကိုလည်း ဒုတိယ သတိပြုထားပါ။ ယင်းသို့ နှလုံးပိုက်ပြီးသော် အထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ ဆိုလိုရင်း သဘောတရားကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။ ယင်းအဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်

ဤသတိပဋ္ဌာန်တရား လေးပါးတို့ကို အရိယမဂ်ဉာဏ်၏ ေ့ရှအဖို့ဖြစ်သော လောကီသတိပဋ္ဌာန် အခိုက်ဝယ် အမျိုးမျိုးသော စိတ် = အထူးထူးသော စိတ်တို့၌ ရအပ်ကုန်၏။ မှန်ပေသည် ---

(က) ဝေဒနာ စသည်ကို သိမ်းဆည်းကြောင်း ဖြစ်သော စိတ်မှ အခြားတစ်ပါးသာလျှင် ဖြစ်သော စိတ်ဖြင့် ရူပကာယ = ရုပ်တရားအပေါင်းကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူ၏ = သိမ်းဆည်း၏။

( ခ ) ရူပကာယ = ရုပ်တရားအပေါင်းကို သိမ်းဆည်းကြောင်း ဖြစ်သော စိတ်မှ အခြားတစ်ပါးသာလျှင် ဖြစ် သော စိတ်ဖြင့် ဝေဒနာကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူ၏ = သိမ်းဆည်း၏။

( ဂ ) ရူပကာယ = ရုပ်တရားအပေါင်း စသည်ကို သိမ်းဆည်းကြောင်း ဖြစ်သော စိတ်မှ အခြားတစ်ပါးသာလျှင် ဖြစ်သော စိတ်ဖြင့် စိတ်ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူ၏ = သိမ်းဆည်း၏။

(ဃ) ရူပကာယ = ရုပ်တရားအပေါင်း စသည်ကို သိမ်းဆည်းကြောင်း ဖြစ်သော စိတ်မှ အခြားတစ်ပါးသာလျှင် ဖြစ်သော စိတ်ဖြင့် ဓမ္မသဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်းဆည်း၏။

[လောကီ သတိပဋ္ဌာန်အခိုက်၌ ရုပ်တရားကို သိမ်းဆည်းသော မနောဒွါရဝီထိစိတ်, ဝေဒနာကို သိမ်းဆည်း သော မနောဒွါရဝီထိစိတ်, စိတ်ကို သိမ်းဆည်းသော မနောဒွါရဝီထိစိတ်, သညာ, သင်္ခါရဟူသော တစ်နည်းခန္ဓာ ငါးပါးဟူသော ဓမ္မသဘောတရားတို့ကို သိမ်းဆည်းသော မနောဒွါရဝီထိစိတ်ဟု မနောဒွါရဝီထိစိတ် အမျိုးမျိုးရှိ၏ ဟု ဆိုလိုသည်။ အရိယမဂ်ဉာဏ်၏ ရှေးအဖို့၌ သတိပဋ္ဌာန်တရား လေးပါးလုံးကိုပင် ပွားများအားထုတ်ရသဖြင့် ပွားများအားထုတ်နေသော = သိမ်းဆည်းရှုပွားနေသော မနောဒွါရဝီထိစိတ်များမှာလည်း အမျိုးမျိုးပင် ရှိရပေသည်၊၊]

သို့သော် ဤသတိပဋ္ဌာန်တရား လေးပါးတို့ကို လောကုတ္တရာ အရိယမဂ်ဉာဏ်၏ ဖြစ်ဆဲခဏ၌ တစ်ခု တည်းသော စိတ်၌သာ ရအပ်ကုန်၏။ မှန်ပေသည် --- ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် ကာယ, ဝေဒနာ, စိတ္တ, ဓမ္မဟူသော သတိ၏ တည်ရာအာရုံ လေးမျိုးတို့တွင် ရှေးဦး အားထုတ်ခါစ၌ ရုပ်တရားကို စ၍ ဉာဏ်ဖြင့် ပိုင်း ခြားယူ၏ = သိမ်းဆည်း၏။ (ရုပ်တရားသက်သက်ကိုသာ သိမ်းဆည်းသည်ဟု မဆိုလိုပါ။ ရုပ်တရားကစ၍ သတိ၏ တည်ရာ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော တရားအားလုံးကိုပင် သိမ်းဆည်း၏ဟု မှတ်ပါ။)

ရှေးဦးအားထုတ်ခါစ၌ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားကာယူ၍ = သိမ်းဆည်း၍လာသော (= အစဉ်အ တိုင်း သိမ်းဆည်းရှုပွား၍လာသော) ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ကာယာနုပဿနာ မည်၏။ ထိုဝိပဿနာသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ကာယာနုပဿီ မည်၏။ ဝိပဿနာဉာဏ်ကို အထက်အထက်သို့ တက်စေ၍ ဝိပဿနာ ဉာဏ်စဉ်အတိုင်း အစဉ်အတိုင်း အားထုတ်၍ အရိယ မဂ်ဉာဏ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ဉာဏ် ဖြစ်ဆဲခဏ၌ အရိယမဂ်ဉာဏ်နှင့် ယှဉ်သော သတိသည် ကာယာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်ည် ကာယာနုပဿီ မည်၏။ (ဤစကားရပ်ကို အရိယမဂ်ဉာဏ်၏ ဖြစ်ပေါ်လာကြောင်း ဝိပဿနာဉာဏ်နှင့် စပ်သဖြင့် အဋ္ဌကထာ ဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်၏ဟု မှတ်ပါ။)

၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်

၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်

ဝေဒနာကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍ (= ဝေဒနာကို အဦးမူသဖြင့် နာမ်ရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ ပြီး၍) သိမ်းဆည်းပြီး၍ အစဉ်အတိုင်း သိမ်းဆည်းရှုပွား၍လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ဝေဒနာနုပဿနာ မည်၏။ ထိုဝိပဿနာသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာနုပဿီ မည်၏။ ဝိပဿနာဉာဏ်ကို အထက်အထက်သို့ တက်စေ၍ ဝိပဿနာဉာဏ်စဉ်အတိုင်း အစဉ် အတိုင်း အားထုတ်၍ အရိယမဂ်ဉာဏ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ဉာဏ် ဖြစ်ဆဲ ခဏ၌ အရိယမဂ်ဉာဏ်နှင့် ယှဉ်သော သတိသည် ဝေဒနာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ် သည် ဝေဒနာနုပဿီ မည်၏။

၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်

၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်

စိတ်ကို (= စိတ်ကို အဦးမူသဖြင့် နာမ်ရုပ်အားလုံးကို) ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍ သိမ်းဆည်းပြီး၍ အစဉ် အတိုင်း သိမ်းဆည်းရှုပွား၍လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် စိတ္တာနုပဿနာ မည်၏။ ထိုဝိပဿနာသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် စိတ္တာနုပဿီ မည်၏။ ဝိပဿနာဉာဏ်ကို အထက်အထက်သို့ တက်စေ၍ ဝိပဿနာဉာဏ်စဉ်အတိုင်း အစဉ်အတိုင်း အားထုတ်၍ အရိယမဂ် ဉာဏ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ဉာဏ် ဖြစ်ဆဲခဏ၌ အရိယမဂ်ဉာဏ်နှင့် ယှဉ် သော သတိသည် စိတ္တာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် စိတ္တာနုပဿီ မည်၏။

၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်

၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်

ဓမ္မသဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်းပြီး၍ အစဉ်အတိုင်း သိမ်းဆည်းရှုပွား၍လာ သော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ဓမ္မာနုပဿနာ မည်၏။ ထိုဝိပဿနာ သတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓမ္မာနုပဿီ မည်၏။ ဝိပဿနာဉာဏ်ကို အထက်အထက်သို့ တက်စေ၍ ဝိပဿနာဉာဏ်စဉ်အတိုင်း အစဉ်အတိုင်း အားထုတ်၍ အရိယမဂ်ဉာဏ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ဉာဏ် ဖြစ်ဆဲခဏ၌ အရိယမဂ်ဉာဏ်နှင့် ယှဉ်သော သတိသည် ဓမ္မာနုပဿနာ မည်၏။ ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဓမ္မာနုပဿီ မည်၏။

ဤသို့လျှင် ေ့ရှဦးစွာ ဒေသနာတော်သည် ပုဂ္ဂိုလ်၌ တည်၏။ (အဘိ၊ဋ္ဌ၊၂၊၂၇၃။)

ကာယာနုပဿီ, ဝေဒနာနုပဿီ, စိတ္တာနုပဿီ, ဓမ္မာနုပဿီ --- ဟူသော ပုဂ္ဂိုလ် လေးမျိုးတို့၏ အရိယမဂ် ဉာဏ်သို့တိုင်အောင် လာရာလမ်းကြောင်း ဖြစ်သည့် အရိယမဂ်၏ ဖြစ်ပေါ်လာကြောင်း ဝိပဿနာနှင့် စပ်သဖြင့် အထူးပြု၍ ဟောကြားထားတော်မူအပ်သော သတိပဋ္ဌာန်ဒေသနာတော်သည် ပုဂ္ဂိုလ်၌ တည်၏ဟု ဆိုလိုသည်။ မှန်ပေသည် တစ်ယောက်သောပုဂ္ဂိုလ်၏ တစ်ပါးမက များစွာသော သတိပဋ္ဌာန်နှင့် ပြည့်စုံခြင်း ရှိသည်၏ အဖြစ် ကို ပြောဆိုခြင်းငှာ မတတ်ကောင်းပေ။ အဘယ်ကြောင့်နည်းဟူမူ --- တစ်ပြိုင်နက်သော ခဏ၌ = တစ်ခုတည်း သော စိတ္တက္ခဏ၌ တစ်ပါးမက များစွာသော သတိ၏ ဖြစ်သင့်ခြင်းသို့လည်း ရောက်ရှိသွားနိုင်သောကြောင့် လည်းကောင်း, သတိတစ်ခုတည်းကလည်း ထိုဖြစ်သမျှ သတိများစွာကို ထိုးထွင်း၍ သိခြင်းသို့လည်း ရောက်ရှိ သွားနိုင်သောကြောင့်လည်းကောင်း ဖြစ်ပေသည်။ (မူလဋီ၊၂၊၁၆၁။)

သတိပဋ္ဌာန်လေးပါး၏ စွမ်းအား

သတိပဋ္ဌာန်လေးပါး၏ စွမ်းအား

ကာယေတိ ရူပကာယေ။ (မ၊ဋ္ဌ၊၁၊၂၄၆။)

၁။ ရူပကာယ = ရုပ်တရား အပေါင်း၌ သုဘ = တင့်တယ်၏ဟူ၍ ဖောက်ဖောက်ပြန်ပြန် အသိမှားခြင်း, အမှတ်မှားခြင်း, အယူမှားခြင်း ဝိပလ္လာသတရားကို ပယ်ရှားတတ်သော, ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူ တတ်သော = သိမ်းဆည်းတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီး ပြည့်စုံသွား၏။ ထိုကြောင့် ကာယာ- နုပဿနာ မည်၏။

၂။ ဝေဒနာ၌ သုခ = ချမ်းသာ၏ဟူ၍ ဖောက်ဖောက်ပြန်ပြန် အသိမှားခြင်း, အမှတ်မှားခြင်း, အယူမှားခြင်း ဝိပလ္လာသတရားကို ပယ်ရှားတတ်သော, ဝေဒနာကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူတတ်သော = သိမ်းဆည်းတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီး ပြည့်စုံသွား၏။ ထိုကြောင့် ဝေဒနာနုပဿနာ မည်၏။

၃။ စိတ်၌ နိစ္စ = မြဲ၏ဟု ဖောက်ဖောက်ပြန်ပြန် အသိမှားခြင်း, အမှတ်မှားခြင်း, အယူမှားခြင်း ဝိပလ္လာသ တရားကို ပယ်ရှားတတ်သော, စိတ်ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူတတ်သော = သိမ်းဆည်းတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီး ပြည့်စုံသွား၏။ ထိုကြောင့် စိတ္တာနုပဿနာ မည်၏။

၄။ ဓမ္မသဘောတရားတို့၌ အတ္တဟု ဖောက်ဖောက်ပြန်ပြန် အသိမှားခြင်း, အမှတ်မှားခြင်း, အယူမှားခြင်း ဝိပလ္လာသတရားကို ပယ်ရှားတတ်သော, ဓမ္မသဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ယူတတ်သော = သိမ်းဆည်း တတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီး ပြည့်စုံသွား၏။ ထိုကြောင့် ဓမ္မာနုပဿနာ မည်၏။

ဤသို့လျှင် တစ်ပါးတည်းသာ ဖြစ်သော အရိယမဂ်ဉာဏ်နှင့် ယှဉ်သော သတိသည် လေးပါးသော ကိစ္စကို ပြီးစီးစေတတ်သည်၏ အဖြစ်ကြောင့် --- ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသော အမည်တို့ကို ရရှိပေ၏။ ထိုကြောင့် --- လောကုတ္တရမဂ္ဂက္ခဏေ ပန ဧက စိတ္တေယေဝ လဗ္ဘန္တိ = လောကုတ္တရာ အရိယမဂ်ဉာဏ်၏ ဖြစ်ဆဲခဏ၌ တစ်ခုတည်းသော စိတ်၌သာ ရအပ်ကုန်၏ဟု ဖွင့်ဆိုခဲ့ခြင်း ဖြစ်၏။ (အဘိ၊ဋ္ဌ၊၂၊၂၇၃-၂၇၄။)

ပုဂ္ဂိုလ်ကို သုံးသပ်၍ မိမိကိစ္စဖြင့် ပိုင်းခြားအပ်သော တရားတို့ကို ဟောကြားတော်မူအပ်သည် ရှိသော် ကိစ္စ၏ ကွဲပြားခြင်းကြောင့် တစ်ပါးတည်းသာဖြစ်သော သတိ၏လည်း ကာယာနုပဿနာသတိပဋ္ဌာန် စသည်ဖြင့် တစ်ပါးမက များပြားသော အမည်နာမ ရှိသည်၏အဖြစ်သည် ဖြစ်ပေ၏။ ဤအနက်သဘောတရားကို ထင်ရှား ပြလိုသည်၏ အဖြစ်ကြောင့် လောကုတ္တရာမဂ်ဉာဏ်အခိုက်၌ တစ်ခုတည်းသော သတိက အမည်လေးမျိုး ရရှိကြောင်း စကားရပ်ကို အဋ္ဌကထာက ဖွင့်ဆိုထားတော်မူခြင်း ဖြစ်၏။ ဥပမာဆောင်၍ ထင်ရှားအောင် ဆိုရသော် ဤသို့ ဖြစ်၏။

ပုဂ္ဂိုလ်၏ ကိစ္စဟူသည် သဘာဝဓမ္မတို့သာတည်း။ ထိုကြောင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန် သော သဘာဝဓမ္မတို့၏ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟု ကွဲပြားခြင်းကြောင့် ကာယာနုပဿီပုဂ္ဂိုလ်, ဝေဒနာနုပဿီပုဂ္ဂိုလ်, စိတ္တာနုပဿီပုဂ္ဂိုလ်, ဓမ္မာနုပဿီပုဂ္ဂိုလ်ဟု ပုဂ္ဂိုလ်တို့၏ ကွဲပြားခြင်းသည် ဖြစ်သကဲ့သို့ ဤဥပမာ အတူပင် ---

တစ်ခုသော ဓမ္မ၏ အခြားတစ်ပါးသော ဓမ္မသည် ကိစ္စကား မဖြစ်နိုင် (= တစ်ခုသော ဓမ္မ၏ ကိစ္စကိုအခြား တစ်ခုသော ဓမ္မက မရွက်ဆောင်နိုင်။) ထိုကြောင့် သဘာဝဓမ္မတို့၏ ကွဲပြားခြင်းကြောင့် ထိုသဘာဝဓမ္မတို့၏ ကိစ္စ၏ ကွဲပြားမှုကား မရှိနိုင်၊ ဤကဲ့သို့ သဘာဝဓမ္မတို့၏ ကွဲပြားမှုကြောင့် ကိစ္စ၏ကွဲပြားခြင်း မရှိနိုင်သောကြောင့် ဖြစ်၏။ ထိုသို့ ပရမတ္ထ သဘာဝဓမ္မတို့၏ ကွဲပြားခြင်းကြောင့် ကိစ္စ၏ ကွဲပြားမှုကို အလိုမရှိအပ်သည်၏ အဖြစ်, ကိစ္စ၏ ကွဲပြားခြင်းကြောင့်သာ ပရမတ္ထ သဘာဝဓမ္မတို့၏ အထူးအပြားကို အလိုရှိအပ်သည်၏ အဖြစ်ကြောင့် တစ်ပါးတည်းသာလျှင် ဖြစ်သော သတိသည် (၄)ပါးသော ဝိပလ္လာသတရားကို ပယ်ရှားတတ်သည် ဖြစ်ရကား အရိယမဂ်အခိုက် ခဏ၌ ပြီးပြည့်စုံလာ၏။ ယင်းသို့လျှင် သတိ၏ လေးမျိုးသော လုပ်ငန်းကိစ္စရပ်သည် အရိယ မဂ်ခဏ၌ ပြီးပြည့်စုံလတ်သော် အခြားတစ်ပါးသော အကျိုးထူးကား မရှိတော့ပြီ ဖြစ်၏။ ယင်းဝိပလ္လာသတရား လေးမျိုးကို ပယ်ခြင်း အကျိုးထူးသာရှိ၏။ ယင်းသို့ အခြားတစ်ပါးသော အကျိုးထူး မရှိသော ထိုဝိပလ္လာသတရား လေးမျိုးကိုသာ ပယ်ရှားခြင်း ကိစ္စ၏ အပြားအားဖြင့် အရိယမဂ်နှင့် ယှဉ်သော တစ်ခုတည်းသော သတိသည် ကာယာနုပဿနာ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာဟူသော လေးမျိုးကုန်သော အမည်တို့ကို ရရှိပေ၏။ ဤကား အထက်ပါ အဋ္ဌကထာစကားရပ်၌ ဆိုလိုရင်း အဓိပ္ပါယ်တည်း။ (မူလဋီ၊၂၊၁၆၁။)

လုပ်ငန်းခွင် (၄) ဆင့်

လုပ်ငန်းခွင် (၄) ဆင့်

၁။ ယော ဟိ စတ္တာရိ မဟာဘူတာနိ ပရိဂ္ဂဟေတွာ ဥပါဒါရူပံ ပရိဂ္ဂဏှာတိ၊

၂။ အရူပံ ပရိဂ္ဂဏှာတိ၊

၃။ ရူပါရူပံ ပန ပရိဂ္ဂဏှန္တော ...

၄။ ယောပိ ရူပါရူပံ ပရိဂ္ဂဟေတွာ နာမရူပံ ဝဝတ္ထပေန္တော ... (အဘိ၊ဋ္ဌ၊၁၊၂၆၀။)

၃။ ရူပါရူပါနံ လက္ခဏာဒီဟိ ပရိစ္ဆိန္ဒိတွာ ဂဟဏံ ရူပါရူပပရိဂ္ဂဟော၊

၄။ နာမရူပမတ္တမေတံ၊ န အညော ကောစိ သတ္တာဒိကောတိ ဝဝတ္ထာပနံ နာမရူပဝဝတ္ထာပနံ။ (မူလဋီ၊၁၊၁၁၂။)

အာနာပါနဿတိ သမာဓိကို ဝိပဿနာဉာဏ်၏ အခြေပါဒကပြု၍ သမာဓိကို ထူထောင်ပြီးလျှင် --- ရုပ် ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်တို့ကို အဆင့်ဆင့် တင်ပြခဲ့ပြီးလေပြီ။ ယင်း ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ် ကမ္မဋ္ဌာန်းပိုင်းတို့၌ အထက်ပါ အဋ္ဌသာလိနီ အဋ္ဌကထာနှင့် မူလဋီကာတို့၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း လုပ်ငန်းခွင် (၄)ဆင့်တို့ကို ဖော်ပြခဲ့ပြီးလေပြီ။ ယင်းလုပ်ငန်းခွင် (၄)ဆင့်တို့မှာ ---

၁။ ရူပပရိဂ္ဂဟ --- ဓာတ်ကြီးလေးပါးကို အခြေတည်၍ ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = သိမ်းဆည်းခြင်း,

၂။ အရူပပရိဂ္ဂဟ --- နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = သိမ်းဆည်းခြင်း,

၃။ ရူပါရူပပရိဂ္ဂဟ --- ရုပ်တရား နာမ်တရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ဉာဏ်ဖြင့် ပိုင်းခြား၍ ယူခြင်း = သိမ်းဆည်းခြင်း --- (ဤအပိုင်းတွင် သဘာဝလက္ခဏာအားဖြင့် ရုပ်တရား နာမ်တရား တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပုံ သိမ်းဆည်းပုံကိုသာ ဖော်ပြရသေးသည်၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် အားဖြင့် သိမ်းဆည်းပုံကို လက္ခဏာဒိစတုက္ကပိုင်းတွင် ကြည့်ပါ။)

၄။ နာမရူပဝဝတ္ထာန --- ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏ဟု (တစ်နည်း --- ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏ --- ဟု) နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း-

အဇ္ဈတ္တသန္တာန်ဝယ် ဤလုပ်ငန်းခွင် (၄)ဆင့်တို့ကို အဆင့်ဆင့် တင်ပြခဲ့ပြီးလေပြီ။ ယင်းလုပ်ငန်းခွင် (၄) ဆင့်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းသည် သတိပဋ္ဌာန်လေးပါးကို ပွားများ နေသည် မည်ကြောင်းကိုလည်း အထူးမှတ်သားပါ။ ယခုအခါတွင် သတိပဋ္ဌာန်လေးပါးလုံး၌ ဒုတိယဆင့် လုပ် ငန်းခွင်ကို ဆက်လက်၍ တင်ပြပေအံ့။

သတိပဋ္ဌာန်လေးပါး - ဒုတိယဆင့်

သတိပဋ္ဌာန်လေးပါး - ဒုတိယဆင့်

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)

ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း (= ရူပကာယ၌မူလည်း, တစ်နည်း --- ရူပကာယ, နာမကာယ၌မူ လည်း) ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဗဟိဒ္ဓ ကာယ၌မူလည်း ကာယဟု အဖန် ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ ကာယ၌မူလည်း ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (ကာယာနုပဿနာ- အာနာပါနပိုင်း, ဣရိယာပထပိုင်း, သမ္ပဇဉ်ပိုင်း, ပဋိကူလမနသိကာရပိုင်း, ဓာတုမနသိကာရပိုင်း, နဝသိဝထိကပိုင်းဟူသော အပိုင်းကြီး (၁၄)ပိုင်းတို့တွင် ပုံစံတူ ဟောကြား ထားတော်မူပေသည်။)

ဣတိ အဇ္ဈတ္တံ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၅။)

ဤသို့လျှင် အဇ္ဈတ္တ ဝေဒနာတို့၌မူလည်း ဝေဒနာဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ဗဟိဒ္ဓ ဝေဒနာတို့၌မူလည်း ဝေဒနာဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ ဝေ- ဒနာတို့၌မူလည်း ဝေဒနာဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (မ၊၁၊၇၅။)

ဣတိ အဇ္ဈတ္တံ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၆။)

= ဤသို့လျှင် အဇ္ဈတ္တ စိတ်၌မူလည်း စိတ်ဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ဗဟိဒ္ဓ စိတ်၌မူလည်း စိတ်ဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ စိတ်၌မူလည်း စိတ် ဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (မ၊၁၊၇၆။)

ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၇-၇၈-၈၀-၈၁-၉၀။)

ဤသို့လျှင် အဇ္ဈတ္တ ဓမ္မသဘောတရားတို့၌မူလည်း ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ ရှိသည် ဖြစ်၍ နေ၏၊ ဗဟိဒ္ဓ ဓမ္မသဘောတရားတို့၌မူလည်း ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ ရှိသည် ဖြစ်၍ နေ၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ ဓမ္မသဘောတရားတို့၌မူလည်း ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (မ၊၁၊၇၇-၇၈ ...) (ဓမ္မာနုပဿနာ-နီဝရဏပိုင်း, ခန္ဓပိုင်း, အာယတနပိုင်း, ဗောဇ္ဈင်ပိုင်း, သစ္စာပိုင်းဟူသော ငါးပိုင်းလုံး၌ ပုံစံတူ ဟောကြားထားတော်မူပေသည်။)

အဋ္ဌကထာကြီးများ၏ ဖြတ်ထုံးများ

အဋ္ဌကထာကြီးများ၏ ဖြတ်ထုံးများ

လောကုတ္တရမဂ္ဂေါ ဟိ အဇ္ဈတ္တံ အဘိနိဝိသိတွာ အဇ္ဈတ္တံ ဝုဋ္ဌာတိ၊ အဇ္ဈတ္တံ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ဝုဋ္ဌာတိ၊ ဗဟိဒ္ဓါ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ဝုဋ္ဌာတိ၊ ဗဟိဒ္ဓါ အဘိနိဝိသိတွာ အဇ္ဈတ္တံ ဝုဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။)

တတ္ထ အဇ္ဈတ္တံ အဘိနိဝိသိတွာ အဇ္ဈတ္တံ ဝုဋ္ဌာတီတိအာဒီသု တာဝ ဣဓေကစ္စော အာဒိတောဝ အဇ္ဈတ္တံ ပဉ္စသု ခန္ဓေသု အဘိနိဝိသတိ၊ အဘိနိဝိသိတွာ တေ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါ ပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိန္နသင်္ခါရေပိ အနိစ္စံ ဒုက္ခမနတ္တာတိ ပဿတိ။ သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါတိ။ တေဿဝံ သမ္မသတော အဇ္ဈတ္တံ သမ္မသနကာလေ ဝိပဿနာ မဂ္ဂေန သဒ္ဓိံဃဋိယတိ။ ဧဝံ အဇ္ဈတ္တံ အဘိနိဝိသိတွာ အဇ္ဈတ္တံ ဝုဋ္ဌာတိ နာမ။ သစေ ပနဿ ဗဟိဒ္ဓါ သမ္မသနကာလေ ဝိပဿနာ မဂ္ဂေန သဒ္ဓိံဃဋိယတိ၊ ဧဝံ အဇ္ဈတ္တံ အဘိနိဝိသိတွာ ဗဟိဒ္ဓါ ဝုဋ္ဌာတိ နာမ။ ဧသေဝ နယော ဗဟိဒ္ဓါ အဘိနိဝိသိတွာ ဗဟိဒ္ဓါ စ အဇ္ဈတ္တဉ္စ ဝုဋ္ဌာနေပိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။ စကားလုံး အနည်းငယ် ကွဲ၏၊ အဓိပ္ပါယ် တူ၏။)

= လောကုတ္တရမဂ်အရာ၌ ---

၁။ အဇ္ဈတ္တ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ အဇ္ဈတ္တ ခန္ဓာမှ ထသည်လည်း ရှိ၏။

၂။ အဇ္ဈတ္တ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ဗဟိဒ္ဓ ခန္ဓာမှ ထသည်လည်း ရှိ၏။

၃။ ဗဟိဒ္ဓ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ဗဟိဒ္ဓ ခန္ဓာမှ ထသည်လည်း ရှိ၏။

၄။ ဗဟိဒ္ဓ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ အဇ္ဈတ္တ ခန္ဓာမှ ထသည်လည်း ရှိ၏။

ထိုစကားရပ်၌ ဆိုလိုရင်း သဘောအကျယ်မှာ ဤသို့ ဖြစ်၏ ---

၁။ ဤသာသနာတော်၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကုန်သော ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတည်းဟူသော သင်္ခါရတရားတို့ကို စတင်၍ နှလုံးသွင်းရာဝယ် ရှေးဦးစွာ အဇ္ဈတ္တသန္တာန် (= မိမိသန္တာန်)၌ တည်ရှိကြကုန်သော ခန္ဓာငါးပါးတို့၌ စွဲစွဲမြဲမြဲ နှလုံးသွင်း၏၊ ဉာဏ်ဖြင့် ပိုင်းခြား ယူ၏၊ သိမ်းဆည်း၏။ နှလုံးသွင်းပြီး၍ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍ သိမ်းဆည်းပြီး၍ ထိုအဇ္ဈတ္တ ခန္ဓာငါးပါးတို့ကို အနိစ္စ စသည်ဖြင့် လက္ခဏာရေးတင်ကာ ဝိပဿနာ ရှု၏။ သို့သော် အဇ္ဈတ္တ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်ကား အရိယမဂ်တည်းဟူသော ဝုဋ္ဌာနသည် (= သင်္ခါရနိမိတ်အာရုံမှ ထ၍ နိဗ္ဗာန်ကို အာရုံပြုသော အရိယမဂ်ဉာဏ်သည်) မဖြစ်နိုင်သေး။ သို့ရကား ဗဟိဒ္ဓ ခန္ဓာငါးပါးကိုလည်း ဝိပဿနာရှုရမည်သာလျှင် ဖြစ်ပေ သည်။ ထိုကြောင့် သူတစ်ပါး၏ ခန္ဓာငါးပါးတို့ကိုလည်းကောင်း, သက်မဲ့ အနုပါဒိန္န သင်္ခါရတရားတို့ကိုလည်း ကောင်း အနိစ္စဟု ဒုက္ခဟု အနတ္တဟု ဝိပဿနာ ရှု၏။

ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ အဇ္ဈတ္တ ခန္ဓာငါးပါးကို ဝိပဿနာရှု၏၊ ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါးကို ဝိပဿနာ ရှု၏၊ ထိုသို့ သုံးသပ်ရှုပွားနေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် အဇ္ဈတ္တ ခန္ဓာကို ဝိပဿနာရှုခိုက်၌ အရိယမဂ်နှင့် အတူတကွ ဆက်စပ်မိ၏။ ဤသို့ ဆက်စပ်မိလတ်သော် --- အဇ္ဈတ္တ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ အဇ္ဈတ္တ ခန္ဓာမှ ထသည် မည်၏။

၂။ နောက်တစ်မျိုးကား အကယ်၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် ဗဟိဒ္ဓခန္ဓာကို ဝိပဿနာ ရှုခိုက်၌ အရိယမဂ်နှင့် အတူတကွ ဆက်စပ်မိလတ်သော် --- အဇ္ဈတ္တ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်း ပြီး၍ ဗဟိဒ္ဓ ခန္ဓာမှ ထသည် မည်၏။

၃။ ဗဟိဒ္ဓ ခန္ဓာငါးပါး၌ ရှေးဦးစွာ စွဲစွဲမြဲမြဲ နှလုံးသွင်းပြီး၍ ဗဟိဒ္ဓ ခန္ဓာမှလည်းကောင်း,

၄။ အဇ္ဈတ္တ ခန္ဓာမှလည်းကောင်း ထခြင်း၌လည်း ဤနည်းပင်တည်း။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။)

အဇ္ဈတ္တံ ဝါ အဘိနိဝေသိတွာ ဗဟိဒ္ဓါဓမ္မာပိ ဒဋ္ဌဗ္ဗာယေဝ၊ ဗဟိဒ္ဓါ အဘိနိဝေသိတွာ အဇ္ဈတ္တဓမ္မာပိ။ (သံ၊ဋ္ဌ၊၂၊၅၉။)

ဗဟိဒ္ဓါဓမ္မာပိ ဒဋ္ဌဗ္ဗာယေဝ သဗ္ဗဿပိ ပရိညေယျဿ ပရိဇာနိတဗ္ဗတော။ (သံ၊ဋီ၊၂၊၇၅။)

ဤအထက်ပါ ကဠာရသုတ္တန် အဋ္ဌကထာကလည်း --- အဇ္ဈတ္တ ဓမ္မတို့၌ နှလုံးသွင်း ရှုပွားပြီးလျှင်လည်း ဗဟိဒ္ဓ ဓမ္မတို့ကိုလည်း ရှုရမည်သာ ဖြစ်ကြောင်းကိုလည်းကောင်း, ဗဟိဒ္ဓ ဓမ္မတို့၌ နှလုံးသွင်း ရှုပွားပြီးလျှင်လည်း အဇ္ဈတ္တ ဓမ္မတို့ကိုလည်း ရှုရမည်သာ ဖြစ်ကြောင်းကိုလည်းကောင်း အဋ္ဌသာလိနီအဋ္ဌကထာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ တို့နှင့် အဓိပ္ပါယ်တူပင် ဖွင့်ဆိုထားပေသည်။ သံယုတ် ဋီကာဆရာတော်ကလည်း --- သိသင့် သိထိုက်သော ပရိ- ညေယျ တရားအားလုံးကိုလည်း ထိုးထွင်း၍ သိရမည်သာ ဖြစ်သောကြောင့် အဇ္ဈတ္တ ဓမ္မ, ဗဟိဒ္ဓ ဓမ္မ နှစ်မျိုးလုံး ကိုပင် ဝိပဿနာရှုရန် အဋ္ဌကထာက ဖွင့်ဆိုတော်မူကြောင်းကိုလည်း ထပ်ဆင့် ထောက်ခံလျက် ဖွင့်ဆိုသွားပေ သည်။ ဘုရားရှင်ကလည်း ---

၁။ ရံခါ အဇ္ဈတ္တ = ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့ကို,

၂။ ရံခါ ဗဟိဒ္ဓ = ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့ကို,

၃။ ရံခါ အဇ္ဈတ္တ+ဗဟိဒ္ဓ = ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့ကို

နှလုံးသွင်းရန် ဉာဏ်ဖြင့် ပိုင်းခြားယူရန် သိမ်းဆည်းရန် ဝိပဿနာရှုရန် ညွှန်ကြားတော်မူ၏။

အဋ္ဌကထာကြီးများကလည်း ---

၁။ အဇ္ဈတ္တ ဓမ္မသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သည် မဖြစ်ပေါ်လာနိုင်။

၂။ ဗဟိဒ္ဓ ဓမ္မသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သည် မဖြစ်ပေါ်လာနိုင် ဟု ---

ဖွင့်ဆိုထားတော်မူကြ၏။ ဘုရားဟောပါဠိတော်တို့နှင့် အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုချက်သည် ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း နှီးနှောမိလျက် ရှိ၏။ မြဲရာ၌ သံပတ်, တင်းရာ၌ သပ်ပင်း --- ဟူ၏သို့ အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုချက်သည် ဘုရားဟောပါဠိတော်ကြီးကို ခိုင်ခံ့အောင် မြဲမြံအောင် သံပတ်လိုက်သည် နှင့်လည်း တူ၏၊ သပ်ပင်းလိုက်သည်နှင့်လည်း တူ၏။

အသင် ယောဂီသူတော်ကောင်းသည် မည်သည့်လမ်းသို့ လိုက်မည်နည်း?

စဉ်းစားရန် ဝေဖန်ရန် ဆုံးဖြတ်ချက်ချရန် အချိန်သို့ကား ဆိုက်ရောက်လာပြီ ဖြစ်ပေသည်။

ဗဟိဒ္ဓသို့ ဉာဏ်ကို စေလွှတ်ပါ

ဗဟိဒ္ဓသို့ ဉာဏ်ကို စေလွှတ်ပါ

အသင်သူတော်ကောင်းသည် အဇ္ဈတ္တ၌ ---

၁။ ရုပ်ကို သိမ်းဆည်းခြင်း,

၂။ နာမ်ကို သိမ်းဆည်းခြင်း,

၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း,

၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း --- ဟူသော

ဤလုပ်ငန်းရပ်ကြီး (၄)မျိုးတို့ကို ပြုလုပ်ပြီးသောအခါ ကြိုးစားအားထုတ်ပြီးသောအခါ ဗဟိဒ္ဓ၌လည်း ပုံစံ တူပင် သိမ်းဆည်းရမည် ဖြစ်ပေသည်။ ဤကျမ်းတွင်ကား အဇ္ဈတ္တ၌ ရုပ်တရားက စ၍ သိမ်းဆည်းပုံကို တင်ပြ ထားသဖြင့် ဗဟိဒ္ဓ၌လည်း ရုပ်တရားကပင် စတင်၍ သိမ်းဆည်းပုံကို ဖော်ပြအပ်ပါသည်။

အဇ္ဈတ္တ၌ အထက်ပါ လုပ်ငန်းရပ်ကြီး (၄)မျိုးကို အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်း ရှုပွားပြီးသောအခါ အဇ္ဈတ္တ၌ပင် ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။

ထိုနောင် လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကို ယူ၍ မိမိ ဝတ်ရုံထားသော သင်္ကန်း၌ သို့မဟုတ် ဝတ်ဆင်ထားသော အဝတ်၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စတင်၍ ရှုကြည့်ပါ။ သဘောမပေါက်နိုင်ပါက လက်ဖြင့် ထိထားသော အဝတ်သင်္ကန်းက စ၍ ပထဝီ စသည့် ဓာတ်ကြီး (၄)ပါးကို တစ်စတစ်စ သိမ်းဆည်း ကြည့်ပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ယင်းအဝတ်သင်္ကန်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို သဘောပေါက်ပါက ဓာတ်ကြီး (၄)ပါးကိုပင် ဆက်လက်၍ ရှုနေပါ။ ဤအဆင့်သို့တိုင်အောင် ရောက်ရှိနေသော အသင်သူတော်ကောင်း၏ အသိဉာဏ်၌ သင်္ကန်းအဝတ်၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီး ဖြစ်သော မာမှု, ကြမ်းမှု, လေးမှု, ပျော့မှု, ချောမှု, ပေါ့မှု, ယိုစီးမှု, ဖွဲ့စည်းမှု, ပူမှု, အေးမှု, ထောက်မှု, တွန်းမှု သဘောတရားများသည် အလွယ်တကူပင် ထင်ရှားနေမည် ဖြစ်သည်။ မကြာမီ အချိန်အတွင်းမှာပင် အဝတ်သင်္ကန်းကို မတွေ့ရတော့ဘဲ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိနေမည်။ ထိုရုပ်ကလာပ်များကား မကြည်သော ရုပ်ကလာပ်များသာတည်း။ ရုပ်ကလာပ်တစ်ခုတွင် တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဘုတ် အဆက်ဆက် ရိုက်ခတ်လျက် ဆင့်ကဲ ဖြစ်ပွားနေကြသော ဩဇာလျှင် (၈)ခုမြောက်ရှိသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့သာတည်း။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲလျက် ယင်း ရုပ်တရားတို့ကို ရုပ်-ရုပ်ဟု သို့မဟုတ် ရုပ်တရား-ရုပ်တရားဟု သိမ်းဆည်းပါ။ ရံခါ အဝတ်ချင်း တစ်နည်းဆိုသော် ရုပ်ကလာပ်ချင်း ပွတ်ချုပ် ထိခိုက်မိ၍ အသံ ဖြစ်ပေါ်လာတတ်၏။ ဥတုဇသဒ္ဒနဝက ကလာပ်ရုပ်တို့တည်း။ (၉)မျိုးသော ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲလျက် သိမ်းဆည်းပါ။

သတိပြုရန် အချက်တစ်ရပ်

သတိပြုရန် အချက်တစ်ရပ်

ထိုသို့ ဗဟိဒ္ဓ သက်မဲ့လောကသို့ ဝတ်ဆင်ထားသော ဝတ်ရုံထားသော အဝတ်သင်္ကန်းမှစ၍ ရုပ်တရားတို့ကို သိမ်းဆည်းရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ယင်း အဝတ်သင်္ကန်း၌ မကြည်သော ရုပ်ကလာပ်များကို သာမက ကြည်သော ရုပ်ကလာပ်များကိုလည်း တွေ့သည်ဟု ယူဆတတ်ကြ၏။ အမှန်စင်စစ်မှာမူကား အဝတ် သင်္ကန်း၌ ကြည်သော ရုပ်ကလာပ်များကား မရှိပေ။ သို့သော် အဝတ်သင်္ကန်းတို့၏အတွင်း ကြိုကြိုကြားကြား၌ အလွန်သေးငယ် မှုန်မွှားသော ပိုးကောင် သတ္တဝါငယ်များလည်း အခါအားလျော်စွာ ရှိတတ်၏။ ထို သေးငယ် မှုန်မွှားသော သတ္တဝါငယ်ကလေးတို့၌ အနည်းဆုံး ပမာဏအားဖြင့် ကာယအကြည်ဓာတ်ကား တည်ရှိနေ၏၊ ထိုကြောင့် ကြည်သည့် ရုပ်ကလာပ်များကိုလည်း တွေ့ခြင်းဖြစ်၏။ ထိုပြင် ဝတ်ဆင်ထားသော ဝတ်ရုံထားသော အဝတ်သင်္ကန်း၌ လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်ရာ အဝတ်သင်္ကန်း ကို ကျော်လွန်၍ ထိုးဖောက်၍ အဝတ်သင်္ကန်း ပတ်ထားသော အသားများအထိ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်မိသော် ကာယအကြည်ဓာတ် ပါဝင်သော ကြည်သည့် ရုပ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်ခြင်းလည်း ဖြစ်နိုင်၏။ သို့အတွက် ကြည်သည့် ရုပ်ကလာပ်အမှုန်များသည် ဗဟိဒ္ဓ သက်မဲ့လောက၌ မရှိဟု မှတ်ပါ။ အနုပါဒိန္န အမည်ရသော သက်မဲ့ ဗဟိဒ္ဓလောက၌ ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်နှင့် အသံပါသော ဥတုဇသဒ္ဒနဝက ကလာပ် နှစ်မျိုးသာ ရှိပေသည်။ ယင်းဥတုဇရုပ်တို့၌ ကာယအကြည်ဓာတ် စသော ပသာဒရုပ် = အကြည်ရုပ်များ မပါရှိကြသဖြင့် ယင်း ဥတုဇရုပ်ကလာပ်တို့သည် မကြည်ဟု မှတ်ပါ။ နောက်တွင် ဆက်လက် ဖော်ပြလတ္တံ့ဖြစ် သော သစ်ပင် ရေ မြေ တော တောင် စသော သက်မဲ့လောက တစ်ခုလုံး၌လည်း နည်းတူပင် မှတ်ပါ။

အသင်သူတော်ကောင်းသည် ဝတ်ဆင်ထားသော ဝတ်ရုံထားသော အဝတ်သင်္ကန်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်ရာ ရုပ်ကလာပ်အမှုန်များကိုသာ ဉာဏ်ဖြင့် တွေ့မြင်ရသဖြင့် ယင်းရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ပရမတ္ထ ရုပ်အစစ်များကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ သိမ်းဆည်းနိုင်သောအခါ တစ်ဖန် အဇ္ဈတ္တသန္တာန်ဝယ် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်ပရမတ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အဇ္ဈတ္တ၌ တစ်လှည့် ဗဟိဒ္ဓ၌ တစ်လှည့် ရုပ်တရားတို့ကို အပြန်ပြန်အလှန်လှန် သိမ်းဆည်းပါ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အောင်မြင်မှုရခဲ့သော် ထိုင်နေသော ကြမ်းပြင်၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ၊ ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲပါ၊ ရုပ်ပရမတ်တရားတို့ကို သိမ်းဆည်းပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ အပြန်ပြန် အလှန်လှန် ရှုပါ။

ဉာဏ် ထက်မြက် စူးရှမှု

ဉာဏ် ထက်မြက် စူးရှမှု

အကယ်၍ သက်မဲ့ ဗဟိဒ္ဓလောက၌ ရုပ်ကလာပ်များကို ဉာဏ်ဖြင့်မြင်အောင် ရှုရာ၌လည်းကောင်း, ရုပ် ကလာပ်များကို ဓာတ်ခွဲလျက် (၈)မျိုးသော, (၉)မျိုးသော ပရမတ္ထရုပ်တရားများကို သိမ်းဆည်းရာ၌လည်းကောင်း အောင်မြင်မှု မရရှိနိုင် ဖြစ်နေပါက တစ်ဖန် အဇ္ဈတ္တဝယ် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားတို့ကိုသာ ကြိမ်ဖန်များစွာ အပြန်ပြန် အလှန်လှန် သိမ်းဆည်း ရှုပွားနေပါ။ အဇ္ဈတ္တ ရုပ်တရားတို့ကို လျင်လျင် မြန်မြန် သိမ်းဆည်း၍ ရနေသော ရူပပရိဂ္ဂဟဉာဏ်က အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေး သဖြင့် ဗဟိဒ္ဓ သက်မဲ့လောက၌ တည်ရှိကြသော ရုပ်ပရမတ်တရားတို့ကိုလည်း လွယ်လွယ်ကူကူပင် သိမ်းဆည်း၍ ရရှိနိုင်ပေသည်။ ဗဟိဒ္ဓ သက်မဲ့လောက၌ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်ပါက ရှုနိုင်ပါက အဇ္ဈတ္တ ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ ရှုပါ။ ထို သို့ အဇ္ဈတ္တ၌ တစ်လှည့် ဗဟိဒ္ဓ၌ တစ်လှည့် အပြန်ပြန် အလှန်လှန် ရုပ်တရားတို့ကို သိမ်းဆည်းခြင်း ရှုပွားခြင်းဖြင့် ရူပပရိဂ္ဂဟဉာဏ် = ရုပ်တရားကို သိမ်းဆည်းနေသော ဉာဏ်သည် ပို၍ ပို၍ ထက်မြက်စူးရှလာ၏၊ လျင်မြန် သွက်လက်လာ၏။ ထိုသို့ လျင်မြန်စူးရှသော ဉာဏ်ဖြင့် ဗဟိဒ္ဓ သက်မဲ့လောကဝယ် ခပ်ဝေးဝေးသို့တိုင်အောင် တဖြည်းဖြည်း ဉာဏ်ကို စေလွှတ်၍ ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားပါက ပို၍ လွယ်ကူမည် ဖြစ်သည်။ သို့အတွက် ဗဟိဒ္ဓလောက၌ ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွား၍ရတိုင်း အဇ္ဈတ္တ-ဗဟိဒ္ဓ ရုပ်တရားတို့ကို အပြန်ပြန် အလှန်လှန် သိမ်းဆည်း ရှုပွားရန် မမေ့ပါနှင့်။

သစ်ပင် - ရေ - မြေ - တော - တောင်

သစ်ပင် - ရေ - မြေ - တော - တောင်

မိမိတရားထိုင်၍ နှလုံးသွင်းရာ ဖြစ်သော နေရာ အဆောက်အဦ၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်ခြင်းဖြင့် ရုပ်ကလာပ်များကို ဉာဏ်ဖြင့်တွေ့မြင်ရ၍ ယင်းရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ် တရားတို့ကို သိမ်းဆည်းရှုပွား၍ ရသောအခါ ထိုသို့ရှုနေသော ဉာဏ်အရောင်အလင်း၏ အကူအညီဖြင့် ပတ်ဝန်း ကျင်သို့ တစ်စတစ်စ တိုး၍ ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ယင်းဉာဏ်အရောင်အလင်းဖြင့် တွေ့ထိမိရာ သစ်ပင်-ရေ-မြေ-တော-တောင်တို့၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်သော အခါ ဓာတ်ခွဲပါ၊ ရုပ်ပရမတ်တရားတို့ကို သိမ်းဆည်းပါ။ အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်တရားတို့ကို အပြန်ပြန် အလှန်လှန် သိမ်းဆည်းပါ။ ဤ၌လည်း သစ်ပင်-ရေ-မြေ-တော-တောင်တို့၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက် သောအခါ ဉာဏ်သည် ထက်မြက် စူးရှနေသဖြင့် ရုပ်ကလာပ်အမှုန်များကို အလွယ်တကူပင် တွေ့ရှိနိုင်ပေ၏။ ယောဂီပုဂ္ဂိုလ်အချို့တို့သည် ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်များကို ရောနှော၍ တွေ့မြင်နေ တတ်၏။ ထို သစ်ပင်-ရေ-မြေ-တော-တောင်တို့၌ ပူးကပ်၍ တည်ရှိကြသော ပိုးမွှား စသော တိရစ္ဆာန်သတ္တဝါ တို့၏ သန္တာန်၌ အကျုံးဝင်သော ကာယအကြည်ဓာတ် စသော ပသာဒရုပ်များ ပါဝင်တည်ရှိသော ရုပ်ကလာပ် အမှုန်တို့ကား ကြည်သည့် ရုပ်ကလာပ်အမှုန်တို့ ဖြစ်ကြ၏။

ဤနည်းအတိုင်း သက်မဲ့ ဗဟိဒ္ဓလောက တစ်ခုလုံးသို့ ဉာဏ်ကို တစ်စတစ်စ တိုး၍ စေလွှတ်ကြည့်ပါ။ ဉာဏ်အရောင်အလင်းဖြင့် တွေ့ထိမိရာ သက်မဲ့ အရာဝတ္ထုမှန်သမျှ၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ ရုပ်ကလာပ် များကို တွေ့မြင်ရတိုင်း ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ လေတိုက်ခတ်သဖြင့် သစ်ပင်ချင်း သစ်ခက်ချင်း သစ်ရွက်ချင်း ရိုက်ခတ်၍ အသံမြည်ခဲ့သော် ဥတုဇသဒ္ဒနဝက ကလာပ်ရုပ်တို့တည်း။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားပါ။ ဤနည်းအတိုင်း အရပ် (၁၀)မျက်နှာ၌ သက်မဲ့ ရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ (၃၁)ဘုံအတွင်း သက်မဲ့ ဗဟိဒ္ဓလောက၌ တည်ရှိကြသော ရုပ်တရားတို့ကို ဆက်လက် ၍ သိမ်းဆည်းပါ။

ဉာဏ်အရောင်အလင်းဖြင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော မည်သည့်သက်မဲ့အရာဝတ္ထု၌မဆို တည်ရှိ သော ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်တိုင်း ရုပ်ကလာပ်အမှုန်များကိုသာ ဉာဏ်ဖြင့် တွေ့မြင်ရ၍ ယင်း ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို သိမ်းဆည်းနိုင်လျှင် အနုပါဒိဏ္ဏ အမည်ရသော ဗဟိဒ္ဓ သက်မဲ့လောက၌ ရုပ်တရားတို့ကို သိမ်းဆည်းခြင်းလုပ်ငန်းကြီးသည် အောင်မြင်လေပြီ၊ သစ်ပင်-ရေ-မြေ-တော-တောင်ကို မတွေ့မြင်ရတော့ဘဲ ရုပ်တရား အစုအပုံကိုသာ ဉာဏ်ဖြင့် တွေ့မြင်ရပေလိမ့်မည်။

သက်ရှိ ဗဟိဒ္ဓ ရုပ်လောကသို့

သက်ရှိ ဗဟိဒ္ဓ ရုပ်လောကသို့

သစေ ပန ဗဟိဒ္ဓါ ပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ အာဟိဏ္ဍန္တာ မနုဿတိရစ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ဓာတုသမူဟဝသေနေဝ ဥပဋ္ဌဟန္တိ၊ တေဟိ ကရိယမာနာ ကိရိယာ ဓာတုမယေန ယန္တေန ပဝတ္တိယမာနာ ဟုတွာ ဥပဋ္ဌာတိ၊ တေဟိ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ဓာတုသင်္ဃာတေ ပက္ခိပ္ပမာနော ဓာတုသင်္ဃာတော ဝိယ ဥပဋ္ဌာတိ။ (မဟာဋီ၊၁၊၄၃၄-၄၃၅။)

ဤအထက်ပါ မဟာဋီကာဆရာတော် ဖွင့်ဆိုတော်မူသည့်အတိုင်း အသင်သူတော်ကောင်းသည် ဗဟိဒ္ဓ လောက၌လည်း ဓာတ်ကြီး (၄)ပါးကို နှလုံးသွင်းရှုပွားမှုကို ဉာဏ်ဖြင့် ရှေးရှူကပ်ဆောင်ကြည့်ပါ။ ရုပ်တရားတို့ကို သိမ်းဆည်းနေသော ရူပပရိဂ္ဂဟဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းဖြင့် တွေ့ထိမိရာ အရပ်၌ တွေ့မြင်ရသော သက်ရှိ သတ္တဝါတို့၌တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ ရုပ်ကလာပ်များကို တွေ့မြင် သောအခါ ယင်းရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုအခါ ထိုသို့ ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားနေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ လှည့် လည် ကျက်စား သွားလာကြကုန်သော လူ တိရစ္ဆာန် စသော သတ္တဝါတို့သည် သတ္တဝါဟူသော အခြင်းအရာကို ပယ်စွန့်၍ ဓာတ်ကြီး (၄)ပါးတို့၏ အပေါင်းအစု၏ အစွမ်းဖြင့်သာလျှင် အသိဉာဏ်၌ တည်နေကုန်၏။ ထိုသတ္တဝါ တို့သည် ပြုလုပ်အပ်သော အပြုအမူမှန်သမျှသည် ဓာတ်ကြီး (၄)ပါးဖြင့် ပြီးသော ယန္တရားစက်ဖြင့် လည်ပတ် စေအပ်သည် ဖြစ်၍ ဉာဏ်၌ထင်လာ၏။ ထိုသတ္တဝါတို့သည် စားမျိုအပ်သော သောက်ဖွယ်စားဖွယ် စသည်သည် ဓာတ်ကြီး (၄)ပါးတို့၏ အပေါင်းအစု၌ ထည့်သွင်းအပ်သော ဓာတ်ကြီး (၄)ပါးတို့၏ အပေါင်းအစုကဲ့သို့ ထင်လာ၏။ (မဟာဋီ၊၁၊၄၃၄-၄၃၅။)

သတ္တာကာရံ ဝိဇဟိတွာ --- သတ္တဝါဟူသော အခြင်းအရာကို ပယ်စွန့်၏ဟူသည် သတ္တသညာ အတ္တသညာ ကွာသွားမှုကို ဆိုလိုသည်။ ရှေး- ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်း တင်ပြခဲ့သည့်အတိုင်း ဓာတ်ကြီး (၄)ပါးကို ရှု လိုက်တိုင်း ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိရ၍ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ပရမတ်သို့ဆိုက်အောင် ရုပ်တရားတို့ကို, အထူးသဖြင့် ရုပ်ကလာပ်တို့၌ ဓာတ်ကြီး (၄)ပါးတို့ကို သိမ်းဆည်းနိုင်သောအခါမှ သတ္တသညာ = အတ္တသညာသည် ကွာသွားမည် ဖြစ်ပေသည်။ ဤအဆင့်အထိ ရည်ညွှန်းထားသည်ဟု သဘောပေါက်ပါ။ ဃနပြိုမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှ အနတ္တသို့ ဉာဏ်အမြင်ဆိုက်မည်၊ အနတ္တသို့ ဉာဏ်အမြင်ဆိုက်ပါမှ သတ္တသညာ ကွာနိုင်မည်။ သတိရှိစေ။

ဤမဟာဋီကာဆရာတော်၏ ဖွင့်ဆို ရှင်းလင်းချက်များကို ဤကျမ်းတွင် ထပ်မံဖော်ပြနေခြင်းမှာ ဗဟိဒ္ဓကို ရှုရာ၌ အနုမာနအားဖြင့် မျက်ရမ်းမှန်းဆ၍သာ ရှု၍ ရနိုင်သည် ရကောင်းသည်ဟု အသင်သူတော်ကောင်း အနေဖြင့် ထင်မြင် ယူဆနေမည်စိုးသောကြောင့်ပင် ဖြစ်သည်။ အနုမာနအားဖြင့် မျက်ရမ်းမှန်းဆ၍ ဗဟိဒ္ဓကို ရှုရသည် မဟုတ်၊ ပစ္စက္ခအားဖြင့် တိုက်ရိုက် မျက်မှောက်ပြုလျက် ထွင်းဖောက်သိမြင်အောင် ပရမတ်သို့ ဉာဏ် အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားရမည်ဟု သိစေလို၍ ခိုင်လုံသော ကျမ်းဂန်အထောက်အထားများကို တင်ပြ နေခြင်း ဖြစ်သည်။

အသင်သူတော်ကောင်းသည် ဗဟိဒ္ဓ သက်မဲ့လောက၌ ရုပ်တရားတို့ကို ကျေကျေနပ်နပ်ကြီး အားပါးတရ သိမ်းဆည်း ရှုပွားပြီးသောအခါ ဗဟိဒ္ဓ သက်ရှိလောကသို့ ပြောင်း၍ ရှုနိုင်ပြီ ဖြစ်သည်။ သမာဓိကို အဆင့်ဆင့် ထူထောင်လျက် မိမိ၏ အဇ္ဈတ္တသန္တာန်၌ (၆)ဒွါရ (၄၂)ကောဋ္ဌာသ ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ မော်တော်ကား ထွက်ခါနီးဝယ် စက်ကို နှိုးလိုက်သကဲ့သို့ ဉာဏ်အား ထက်မြက် စူးရှလာအောင် အရှိန်ယူလိုက် ခြင်းပင် ဖြစ်သည်။

ထိုနောင် မိမိနှင့် အနီးကပ်ဆုံး ေ့ရှတည့်တည့်၌ ရှိသော ပုဂ္ဂိုလ်တစ်ဦး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် စတင်၍ရှုပါ။ ေ့ရှတည့်တည့်၌ရှိသော ပုဂ္ဂိုလ်ကို မြင်ရေးအတွက် လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကိုကား လိုအပ်လျက်ပင် ရှိသည်။ မိမိ၏ အဇ္ဈတ္တတွင် ရုပ်တရားတို့ကို သိမ်းဆည်းနေသော ရူပပရိဂ္ဂဟဉာဏ်ကြောင့် ထွက်ပေါ်နေသော လင်းရောင်ခြည်ဖြင့် တွေ့ထိမိသော ေ့ရှတည့်တည့်က ပုဂ္ဂိုလ်၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စတင်၍ရှုပါ။ အကယ်၍ ေ့ရှတည့်တည့်၌ ပုဂ္ဂိုလ်တစ်ဦး မရှိ ဖြစ်နေပါက လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ပုဂ္ဂိုလ်တစ်ဦး၌ စတင်၍ ဓာတ်ကြီး (၄)ပါးကို ရှုပါ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကိုမျှ ဉာဏ်အလင်းရောင် အတွင်း၌ မတွေ့မမြင်ဘဲ မျက်ရမ်းမှန်းဆ၍ကား မရှုပါနှင့်။ အနီးကပ်ဆုံး ပုဂ္ဂိုလ် တစ်ဦးဦး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုနိုင်သောအခါ ယင်းဓာတ်ကြီး (၄)ပါးကိုပင် ဆက်လက် ရှုနေပါက ယင်းဓာတ်ကြီး (၄)ပါးကိုပင် အာရုံယူ၍ သမာဓိကို ဆက်လက် ထူထောင်နေပါက မကြာမီ ရုပ် ကလာပ်များကို စတင်၍ တွေ့ရှိနိုင်ပါသည်။ ရုပ်ကလာပ်များကို လွယ်လွယ်နှင့် မတွေ့သေးပါက ယင်းဓာတ်ကြီး (၄)ပါးကိုသာ ဆက်ရှုနေပါ။ တဖြည်းဖြည်း အဖြူတုံး အဖြူခဲမှ အကြည်တုံး အကြည်ပြင်ကို တွေ့ရှိမည် ဖြစ်သည်။ ယင်းအဖြူပြင် အကြည်ပြင်တို့၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် ဆက်ရှုပါ၊ ယင်းအကြည်ပြင်၌ အာကာသ ဓာတ်ကို မြင်အောင် တစ်ဖန် ဆက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်ပေသည်။

အဇ္ဈတ္တမျက်စိဝယ် ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုး ရှိသကဲ့သို့ အလားတူပင် ဗဟိဒ္ဓမျက်စိ၌လည်း ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးပင် ရှိပေသည်။ ယင်းရုပ်တရား တို့ကို အဇ္ဈတ္တ၌ တစ်လှည့် ဗဟိဒ္ဓ၌ တစ်လှည့် အပြန်ပြန် အလှန်လှန် သိမ်းဆည်းပါ။ အလားတူပင် ကျန် (၅) ဒွါရတို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့၌လည်းကောင်း ရုပ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။

ဒွါရတစ်ခုစီ၌, ကောဋ္ဌာသတစ်ခုစီ၌တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ဓာတ်ခွဲလျက် ရုပ်တရားတို့ကို အဇ္ဈတ္တ၌ ဖော်ပြထားသကဲ့သို့ ဆက်လက်၍ သိမ်း ဆည်းပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ဒွါရတစ်ခုစီ ကောဋ္ဌာသတစ်ခုစီ အတွင်း၌ တည်ရှိသော (၅၄)မျိုး, (၄၄)မျိုး စသော ရုပ်တရားတို့ကို အပြန်ပြန် အလှန်လှန် သိမ်းဆည်းနိုင်သောအခါ ယင်း (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးတို့ကိုလည်း ခြုံငုံ၍ ရုပ်တရား ရုပ်တရားဟု သိမ်းဆည်းပါ။ ရုပ်အစစ်များကို သိမ်းဆည်း ပြီးပါက ရုပ်အတုတို့ကိုလည်း အဇ္ဈတ္တ၌ သိမ်းဆည်းသကဲ့သို့ ဗဟိဒ္ဓ၌လည်း ဆက်လက်သိမ်းဆည်းပါ။ စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့၌ ရုပ်အစစ်သက်သက်သာ ပါဝင်သော ရုပ်ကလာပ်တို့လည်း ရှိကြ၏။ ရုပ်အစစ် ရုပ်အတု ရောနှောနေသော ရုပ်ကလာပ်တို့လည်း ရှိကြ၏။ တစ်ဖန် နကုတောစိ သမုဋ္ဌာန် အမည်ရသော မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ်သော ရုပ်အတု (၁၀)မျိုးတွင် ပါဝင်သော လက္ခဏရုပ် (၄)မျိုးတို့ လည်း ရှိကြ၏။ ယင်းရုပ်အစစ် ရုပ်အတု အားလုံးကို ခြုံငုံ၍ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ တစ်လှည့်စီ အပြန် ပြန်အလှန်လှန် ရုပ်တရား ရုပ်တရားဟု သိမ်းဆည်းနေပါ။

အောင်မြင်မှု ရရှိပါက ဗဟိဒ္ဓသို့ တစ်စတစ်စ တိုး၍ သက်ရှိလောက ရုပ်တရားတို့ကို သိမ်းဆည်းပါ။ လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ်၌ တွေ့ရှိသမျှ လူ တိရစ္ဆာန် စသော သတ္တဝါတို့၌ ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်ပါက ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဒွါရ တစ်ခုစီ, ကောဋ္ဌာသ တစ်ခုစီ၌ တည်ရှိကြသော ရုပ်တရားတို့ကို ဒွါရ တစ်ခုစီ ခွဲ၍လည်းကောင်း, ကောဋ္ဌာသ တစ်ခုစီ ခွဲ၍လည်းကောင်း ခြုံငုံ၍ သိမ်းဆည်းပါ။ (၆)ဒွါရ (၄၂)ကောဌာသတို့၌ တည်ရှိကြသော ရုပ်အစစ် ရုပ်အတု အားလုံးတို့ကိုလည်း ခြုံငုံ၍ သိမ်းဆည်းပါ။

ဤနည်းဖြင့် တစ်စတစ်စ တိုး၍ ဉာဏ်ကို စေလွှတ်၍ (၃၁)ဘုံ သက်ရှိလောက၌ တွေ့ရှိသမျှ ရုပ်အားလုံးကို ခြုံငုံ၍ သိမ်းဆည်းပါ။ စွမ်းနိုင်ပါက အနန္တစကြဝဠာသို့တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်လျက် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာတို့ကို မတွေ့ရတော့ဘဲ ရုပ်တရားအစုအပုံကိုသာ ဉာဏ်ဖြင့် တွေ့ မြင်ရသည်တိုင်အောင် ဆက်လက်၍ ကြိုးပမ်းပါ။

ဘာဝရုပ်

ဘာဝရုပ်

အသင်ယောဂီသူတော်ကောင်းသည် အမျိုးသားဖြစ်လျှင် အဇ္ဈတ္တ၌ အမျိုးသားဘာဝရုပ် (= ပုမ္ဘာဝရုပ်) တစ်မျိုးတည်းကိုသာ ရှု၍ရနိုင်မည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် အမျိုးသ္မီးယောဂီ ဖြစ်လျှင်ကား အမျိုးသမီးဘာဝရုပ် (= ဣတ္ထိဘာဝရုပ်) တစ်မျိုးကိုသာ ရှု၍ ရနိုင်မည်။ သို့သော် ဗဟိဒ္ဓ သက်ရှိလောကကို ရှုရာ၌ကား အမျိုးသားဘာဝရုပ် အမျိုးသမီးဘာဝရုပ် နှစ်မျိုးလုံးကိုပင် ရှု၍ ရရှိနိုင်ပေသည်။ သို့သော် သာဝက ပါရမီဉာဏ်အရာဝယ် ဗဟိဒ္ဓ လောကကို ရှုရာ၌ ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ သန္တာန် ခွဲခြား ဝေဖန်မှုကို မပြုဘဲ ဗဟိဒ္ဓချင်း တူညီသဖြင့် သာမန် ပေါင်းစုခြုံငုံ၍ ရှုရန် အနုပဒသုတ္တန်ဋီကာတွင် ဤသို့ ဖွင့်ဆိုထား၏။ -

တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ, ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)

= အလုံးစုံသော ရုပ်နာမ်တို့ကို ပရိညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိရှိပါမှ ကိလေသဒုက္ခ သံသာရဒုက္ခ တို့ ကုန်ဆုံးနိုင်မည် ဖြစ်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသောကြောင့် ---

၁။ မိမိ အဇ္ဈတ္တ သန္တာန်၌ တည်ရှိကြသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား အားလုံးတို့ကိုလည်းကောင်း,

၂။ သူတစ်ပါး သန္တာန်၌ တည်ရှိကြသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား အားလုံးတို့ကိုလည်းကောင်း, ထိုသင်္ခါရတရားတို့ကို ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ခွဲခြားဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓအဖြစ် တူညီသောကြောင့် သာမညအားဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်မှုကို ပြုအပ်၏။

ဤသည်ကား သာဝကတို့၏ ဝိပဿနာဉာဏ်၏ ကျက်စားရာနယ်မြေဟူသော သမ္မသနစာရခေတ်တည်း။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)

သို့အတွက် (၃၁)ဘုံ အတွင်းဝယ် ---

၁။ ရုပ်သက်သက်ရှိသော သတ္တဝါ, (အသညသတ် သတ္တဝါ)

၂။ ရုပ်နာမ် နှစ်မျိုးရှိသော သတ္တဝါ, (ပဉ္စဝေါကာရ သတ္တဝါ)

ဤသတ္တဝါတို့ကို ဗဟိဒ္ဓချင်း တူညီသဖြင့် ပေါင်းစုခြုံငုံ၍ ယင်းသတ္တဝါတို့၏ ရုပ်တရားတို့ကို သိမ်းဆည်း နိုင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်အောင် လေ့ကျင့်ပါ။ (၃၁)ဘုံ အတွင်း၌ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာကို ရှာမတွေ့တော့ဘဲ ရုပ်တရားအစုအပုံကိုသာ ဉာဏ်ဖြင့် တွေ့မြင်နေအောင် ဤရုပ်ကို သိမ်း ဆည်းနေသည့် အပိုင်းတွင် လေ့ကျင့်ပေးပါ။

သို့သော် ယင်းအနုပဒသုတ္တန်ဋီကာ၌ပင်လျှင် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည် ဗဟိဒ္ဓကို ရှုရာ၌ အချို့အချို့သော သင်္ခါရတရားတို့ကို သန္တာန် ခွဲခြားဝေဖန်လျက် ရှုပွားကြောင်းကို ဤသို့လည်း ဖွင့်ဆို ထား၏။

ထေရော ပန ဗဟိဒ္ဓါဓမ္မေပိ သန္တာနဝိဘာဂေန ကေစိ ကေစိ ဥဒ္ဓရိတွာ သမ္မသိ၊ တဉ္စ ခေါ ဉာဏေန ဖုဋ္ဌမတ္တံ ကတွာ။ တေန ဝုတ္တံ ယဋ္ဌိကောဋိယာ ဥပ္ပီဠေန္တော ဝိယ ဧကဒေသမေဝ သမ္မသန္တောတိ။ (မ၊ဋီ၊၃၊၂၇၅။)

= အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည်ကား ဗဟိဒ္ဓ သင်္ခါရတရားတို့၌လည်း ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည့် သန္တာန် ခွဲခြားဝေဖန်ခြင်းဖြင့် အချို့အချို့သော သင်္ခါရတရားတို့ကို သီးသန့် ထုတ်ဆောင် ၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏၊ ထိုသို့ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကိုလည်း ယင်း သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် တွေ့ထိအပ်ကာမျှသာ ပြု၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏။ ထိုကြောင့် --- မြေကြီးကို တောင်ဝှေးစွန်းဖြင့် ထောက်၍ သွားသကဲ့သို့ သင်္ခါရတရား တစ်စိတ်တစ်ဒေသကို သာလျှင် ဝိပဿနာ ရှုပွား သုံးသပ်တော်မူ၏ --- ဟု အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (မ၊ဋီ၊၃၊၂၇၅၊၊)

တောင်ဝှေးစွန်းဖြင့် မြေကြီးကို ထောက်၍ သွားရာ၌ တောင်ဝှေးထိပ်စွန်းဖြင့် တွေ့ထိမိသော မြေအရပ် ထက် တောင်ဝှေး ထိပ်စွန်းဖြင့် မတွေ့ထိမိသော မြေအရပ်က သာလွန်၍ များသကဲ့သို့ အလားတူပင် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည် ဗဟိဒ္ဓ သတ္တဝါတစ်ချို့ သန္တာန်၌ တည်ရှိကြသော သင်္ခါရတရားတို့ကို ထုတ်နုတ်၍ သီးသန့် ဝိပဿနာ ရှုပွားသုံးသပ်တော်မူသည် မှန်သော်လည်း ရှုလိုက်နိုင်သော သတ္တဝါတို့၏ သင်္ခါရ တရားတို့ထက် မရှုလိုက်မိသော ဉာဏ်ဖြင့် မထုတ်ဆောင်လိုက်မိသော သတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော သင်္ခါရတရားတို့ကသာ သာလွန်၍ များပြားသည်ဟု ဆိုလိုပေသည်။ သင်္ခါရတရား အမျိုးအစားကိုကား ကုန်စင် အောင် ဝိပဿနာ ရှုတော်မူသည်သာ ဖြစ်၏။ သတ္တဝါတိုင်း သတ္တဝါတိုင်း သန္တာန်၌ တည်ရှိသော သင်္ခါရတရားတိုင်း သင်္ခါရတရားတိုင်းကိုကား ကုန်စင်အောင် မရှုနိုင်ပေ။ ဤသို့သာ ဆိုလိုသည်ကို သဘောပေါက်ပါ။

ဤသို့ အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီး စသည့် ဉာဏ်ကြီးရှင်တို့၏ ဝိပဿနာ လုပ်ထုံးလုပ် နည်းကို အတုယူ၍ ဗဟိဒ္ဓ ရုပ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ အချို့အချို့သော သတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော ရုပ်တရားတို့ကိုကား သီးသန့် ထုတ်နုတ်၍ ရှုလိုက ရှုနိုင်သည် သိမ်းဆည်းနိုင်သည်။ ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့ကို ရှု၍ ရရှိနိုင်သဖြင့် ယင်း (၃၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားတို့ကိုလည်း သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော မဟာဋီကာ (၁၊၄၃၅)၏ စကားတော်ကို ထောက်ရှုပါ။ (ဤကျမ်းစာ --- စာမျက်နှာ - ၅၇၇ - ပြန်ကြည့်ပါ။)

ဗဟိဒ္ဓ နာမ်လောကသို့

ဗဟိဒ္ဓ နာမ်လောကသို့

အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးကား အဘိညာဏ်အရာ၌ ကျွမ်းကျင်လိမ္မာတော်မူသော သူတော်ကောင်းကြီး ဖြစ်သဖြင့် ဗဟိဒ္ဓနာမ်တရားတို့ကိုလည်း သိမ်းဆည်းရှုပွားရာ၌ အချို့အချို့သော သတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော နာမ်တရားတို့ကိုလည်း သီးသန့် ထုတ်ဆောင်၍ ရှုတော်မူနိုင်ခြင်း ဖြစ်၏။ အသင် သူတော်ကောင်းသည်လည်း ပရစိတ္တဝိဇာနန အဘိညာဏ် = သူတစ်ပါး၏ စိတ်ကို သိသော အဘိညာဏ်ကို ရရှိ ထားသူ ဖြစ်ပါမူ အချို့အချို့သော သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပေါ်တည်ရှိနေကြသော နာမ်တရားတို့ကို သီးသန့် ထုတ်ဆောင်၍ သိမ်းဆည်း ရှုပွားနိုင်ပါသည်။ သူတစ်ပါး၏ စိတ်ကို အတိအကျ သိနိုင်ခြင်းမှာ ပရစိတ္တဝိဇာနန အဘိညာဏ်၏အရာသာ ဖြစ်သောကြောင့်တည်း။

ပရစိတ္တဝိဇာနနအဘိညာဏ်ကို မရရှိသော သူတော်ကောင်းသည်ကား ဗဟိဒ္ဓ နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရာ၌ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ခွဲခြားဝေဖန်ခြင်းကို မပြုဘဲ ဗဟိဒ္ဓချင်း တူညီ၍ သာမန် ပေါင်းစု ခြုံငုံ၍သာ သိမ်းဆည်း ရှုပွားပါ။

အသင်သူတော်ကောင်းသည် ဗဟိဒ္ဓ သက်မဲ့လောက ရုပ်တရားနှင့် ဗဟိဒ္ဓ သက်ရှိလောက ရုပ်တရားအား လုံးတို့ကိုလည်း ခြုံငုံ၍ သိမ်းဆည်းပါ။ (၃၁)ဘုံကို ခြုံငုံ၍ ရုပ်တရားအားလုံးကို သိမ်းဆည်းနိုင်ခဲ့သော် ဗဟိဒ္ဓ၌ လည်း နာမ်ကမ္မဋ္ဌာန်းကို ပြောင်း၍ ရှုနိုင်ပြီဖြစ်သည်။ အဇ္ဈတ္တ၌ နာမ်ကမ္မဋ္ဌာန်းကို စတင်အားသစ်ရာဝယ် စျာန် အင်္ဂါနှင့် စျာနသမ္ပယုတ်တရားတို့မှစ၍ သိမ်းဆည်းသကဲ့သို့ အလားတူပင် ဗဟိဒ္ဓ၌လည်း စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ်တရားတို့မှ စ၍ နာမ်တရားတို့ကို သိမ်းဆည်းပါ။ အောင်မြင်မှုရရှိပါက အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ယင်းနာမ်တရားတို့ကို အပြန်ပြန် အလှန်လှန် သိမ်းဆည်းပါ။

စျာန်နာမ်တရားတို့ကို သိမ်းဆည်းမှု၌ အားရကျေနပ်မှုကို ရရှိသောအခါ ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းနိုင်ပေပြီ။ အဇ္ဈတ္တ၌ နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းခဲ့စဉ်က မနောဒွါရဝီထိ နာမ်တရားတို့က စ၍ သိမ်းဆည်းခဲ့သဖြင့် ဗဟိဒ္ဓ၌လည်း နည်းတူပင် ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိ နာမ်တရားတို့က စ၍ပင် သိမ်းဆည်းပါ။ အဇ္ဈတ္တ၌ မနောဒွါရိကဇော ဝီထိစိတ်အစဉ်တို့တွင် ကုသိုလ်ဇော စောသည့် အကောင်းအုပ်စု နာမ်တရားများကို သိမ်း ဆည်းသည့် နည်းစနစ်အတိုင်း ဗဟိဒ္ဓ၌လည်း သိမ်းဆည်းပါ။ အလွယ်မှ အခက်သို့ တစ်စတစ်စ ကူးပြောင်းခြင်း ဖြစ်၏။ ပုံစံတစ်ခုကို ဆိုပေအံ့။

အဇ္ဈတ္တ၌ ---

၁။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း၍,

၂။ စက္ခုအကြည်ဓာတ်ကို အာရုံယူပြီးလျှင်, ယင်း စက္ခုအကြည်ဓာတ်ကို ---

(က) စက္ခုအကြည်ဓာတ်ဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ,

( ခ ) ရုပ်တရားဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ,

( ဂ ) အနိစ္စဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ,

(ဃ) ဒုက္ခဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ,

( င ) အနတ္တဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ,

( စ ) အသုဘဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ ---

ဤနာမ်တရားများကို သိမ်းဆည်းသကဲ့သို့ အလားတူပင် ဗဟိဒ္ဓ၌လည်း ဗဟိဒ္ဓချင်း တူညီ၍ သာမန် ပေါင်းစု ခြုံငုံ၍ ---

၁။ ဗဟိဒ္ဓ --- ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း၍,

၂။ ဗဟိဒ္ဓ --- စက္ခုအကြည်ဓာတ်ကို အာရုံယူပြီးလျှင်, ယင်း စက္ခုအကြည်ဓာတ်ကို ---

(က) စက္ခုအကြည်ဓာတ်ဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ

( ခ ) ရုပ်တရားဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ,

( ဂ ) အနိစ္စဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ,

(ဃ) ဒုက္ခဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ,

( င ) အနတ္တဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ,

( စ ) အသုဘဟု သိနေသော မနောဒွါရဝီထိနာမ်တရားများ,

ဤနာမ်တရားတို့ကို သိမ်းဆည်းပါ။ မည်သူမည်ဝါ၏ ဘဝင်မနောအကြည်ဓာတ်ဟုလည်းကောင်း, မည်သူ မည်ဝါ၏ စက္ခုအကြည်ဓာတ်ဟုလည်းကောင်း, မည်သူမည်ဝါ၏ မနောဒွါရဝီထိ နာမ်တရားများဟုလည်းကောင်း ပုဂ္ဂိုလ်သတ္တဝါ ခွဲခြား ဝေဖန်ခြင်းကို မပြုပါနှင့်၊ ဗဟိဒ္ဓချင်း တူညီ၍ သာမန်အားဖြင့်သာ ပေါင်းစုခြုံငုံ၍ ရှုပါ။ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော အကုသိုလ်ဇောများ စောကြသည့် မနောဒွါရဝီထိ နာမ် တရားများကို သိမ်းဆည်းရာ၌လည်း အဇ္ဈတ္တ၌ ရှုသည့်စနစ်အတိုင်းသာလျှင် ဗဟိဒ္ဓ၌လည်း နည်းမှီး၍ ရှုပါ။ ဓမ္မာရုံလိုင်း၌ အကျုံးဝင်သော ရုပ်အစစ် ရုပ်အတုတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့၌ လည်း နည်းတူပင် သဘောပေါက်ပါ။

အဇ္ဈတ္တ၌ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ---

၁။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရတို့ကို ပူးတွဲ သိမ်းဆည်းပြီးလျှင်,

၂။ ရူပါရုံကို အာရုံယူ၍,

အာယတနဒွါရအလိုက် ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိ, မနောဒွါရဝီထိ နာမ်တရားများကို သိမ်း ဆည်းသကဲ့သို့, အလားတူပင် ဗဟိဒ္ဓ၌လည်း ---

၁။ စက္ခုဒွါရနှင့် မနောဒွါရတို့ကို ပူးတွဲ သိမ်းဆည်းပြီးလျှင်,

၂။ ဗဟိဒ္ဓရူပါရုံကို အာရုံယူ၍

အာယတနဒွါရအလိုက် ဖြစ်ပေါ်လာကြသော စက္ခုဒွါရဝီထိ, မနောဒွါရဝီထိ နာမ်တရားများကို သိမ်းဆည်းပါ။ မည်သူမည်ဝါ၏ စက္ခုဒွါရ, မနောဒွါရ, ရူပါရုံ စသည်ဖြင့် ပုဂ္ဂိုလ် သတ္တဝါ ခွဲခြားဝေဖန်မှုကို မပြုပါနှင့်။ ဗဟိဒ္ဓချင်း တူညီ၍ သာမန်အားဖြင့် ပေါင်းစုခြုံငုံ၍သာ သိမ်းဆည်းပါ။ သဒ္ဒါရုံ စသည့် အာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား စသည်တို့ကိုလည်း အဇ္ဈတ္တ၌ ရှုသည့် စနစ်ကိုပင် နည်းမှီး၍ ရှုပါ။ ဇောများမှာ ယောနိသောမနသိကာရ ဖြစ်က ကုသိုလ်ဇော ဖြစ်၍ အယောနိသော မနသိကာရ ဖြစ်က အကုသိုလ်ဇော ဖြစ်ကြပေမည်။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် သိမ်းဆည်း ရှုပွားပါ။

အနီးမှ အဝေးသို့

အနီးမှ အဝေးသို့

ဗဟိဒ္ဓ ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ရှေးဦးစွာ အနီးပတ်ဝန်းကျင်မှ စ၍ သိမ်းဆည်းပါ။ တဖြည်းဖြည်း တစ်စတစ်စ တိုး၍ အဝေးသို့ ဉာဏ်ကို စေလွှတ်၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပါ။ အဇ္ဈတ္တ ရုပ်နာမ်ကို ရှုလိုက်, ဗဟိဒ္ဓ ရုပ်နာမ်ကို ရှုလိုက် --- ဤသို့ ပြုလုပ်ခြင်းဖြင့် ဉာဏ်ကို ထက်မြက်စူးရှလာအောင် သွေးပေးပါ။ နောက်ဆုံး (၃၁)ဘုံ၌ ခြုံငုံ၍ ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းနိုင်သည့် အဆင့်သို့ ရောက်အောင် သွားပါ။ အောင်မြင် မှုရခဲ့သော် ---

အဇ္ဈတ္တ၌ ---

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း,

၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း,

၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း,

၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း -

ဟူသော ဤလုပ်ငန်းရပ်ကြီး (၄)ခုကို ပြုလုပ်သကဲ့သို့, အလားတူပင် ---

ဗဟိဒ္ဓ၌လည်း ---

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း,

၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း,

၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း,

၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း -

ဟူသော ဤလုပ်ငန်းရပ်ကြီး (၄)ခုကို ပြုလုပ်ပါ။ တစ်ဖန် အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်မျိုးလုံး၌ပင် အဇ္ဈတ္တ၌တစ်လှည့်, ဗဟိဒ္ဓ၌တစ်လှည့်အားဖြင့် တစ်ထိုင်အတွင်းမှာပင် အပြန်ပြန် အလှန်လှန် အကြိမ်များစွာ ---

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း,

၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း,

၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း,

၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း -

ဟူသော ဤလုပ်ငန်းရပ်ကြီး (၄)မျိုးကိုလည်း ပြုလုပ်ပါ။ ထိုသို့ ကြိုးစားအားထုတ်နိုင်ခဲ့သော် ---

နာမရူပမတ္တတော ဥဒ္ဓံ အညော သတ္တော ဝါ ပုဂ္ဂလော ဝါ ဒေဝေါ ဗြဟ္မာ ဝါ နတ္ထီတိ နိဋ္ဌံ ဂစ္ဆတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၈။)

= နာမ်တရား ရုပ်တရားမျှထက် အပိုအလွန် အခြားတစ်ပါးသော သတ္တဝါသည်လည်းကောင်း, ပုဂ္ဂိုလ်သည် လည်းကောင်း, နတ်သည်လည်းကောင်း, ဗြဟ္မာသည်လည်းကောင်း မရှိဟု သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချနိုင်ခြင်းသို့ ရောက်ရှိသွားပေသည်။ [မှတ်ချက် --- အသညသတ်ဘုံ၌ ရုပ်သက်သက်သာ ရှိ၏၊ အရူပလေးဘုံ၌ နာမ်သက်သက်သာ ရှိ၏၊ ပဉ္စဝေါကာရ (၂၆)ဘုံ၌ --- ရုပ်+နာမ် နှစ်မျိုးလုံး ရှိ၏။ ယင်း (၃၁)ဘုံကို ခြုံငုံ၍ သိမ်းဆည်းပါ၊၊]

နာမရူပဝဝတ္ထာနဉာဏ်

နာမရူပဝဝတ္ထာနဉာဏ်

အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်မျိုးလုံးတို့၌ ---

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း = ရူပ ပရိဂ္ဂဟ,

၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း = အရူပ ပရိဂ္ဂဟ,

၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း = ရူပါရူပ ပရိဂ္ဂဟ ---

ဤပရိဂ္ဂဟ သုံးမျိုးလုံး၌ ပါရဂူမြောက် ကမ်းတစ်ဖက်သို့ ရောက်ပြီးသော ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက် ရှိသော = ဝိပဿနာကမ္မိက ယောဂါဝစရပုဂ္ဂိုလ်သည် ---

၄။ နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း = နာမရူပဝဝတ္ထာန လုပ်ငန်းရပ်ကြီးကိုပါ ဆက်လက်၍ ပြုကျင့်ရန် အထက်၌ ဖော်ပြခဲ့၏။ ထိုသို့ နာမရူပဝဝတ္ထာန ဘာဝနာလုပ်ငန်းရပ်ကို ဆက်လက်၍ ပြုလုပ်သင့်ကြောင်း ကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ ဖွင့်ဆိုထားတော်မူ၏။

သော ဧဝံ ယာထာဝသရသတော နာမရူပံ ဝဝတ္ထပေတွာ သုဋ္ဌုတရံ သတ္တော ပုဂ္ဂလောတိ ဣမိဿာ လောကသမညာယ ပဟာနတ္ထာယ သတ္တသမ္မောဟဿ သမတိက္ကမတ္ထာယ အသမ္မောဟဘူမိယံ စိတ္တံ ဌပနတ္ထာယ သမ္ဗဟုလသုတ္တန္တဝသေန နာမရူပမတ္တမေဝိဒံ၊ န သတ္တော၊ န ပုဂ္ဂလော အတ္ထီတိ ဧတမတ္ထံ သံသန္ဒေတွာ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၈။)

လောကသမညာယပိ ပဟာနတ္ထာယ၊ ပဂေဝ သတ္တော ဇီဝေါတိ ပဝတ္တနကမိစ္ဆာဘိနိဝေသဿာတိ အဓိပ္ပါယော။ နာမရူပမတ္တတာယ အဝိနိစ္ဆိတတ္တာ, သန္တာနာဒိဃနဘေဒဿ စ အကတတ္တာ အဘိနိဝေသေန ဝိနာ သမူဟေကတ္တဂ္ဂဟဏဝသေန သတ္တောတိ ပဝတ္တော သမ္မောဟော သတ္တသမ္မောဟော၊ တဿ ဝိက္ခမ္ဘနာ အသမ္မောဟဘူမိ။ (မဟာဋီ၊၂၊၃၆၂။)

၁။ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက်ရှိသော ထို ဝိပဿနာကမ္မိက ယောဂါဝစရပုဂ္ဂိုလ်သည် အထက်တွင် ရှင်းလင်း တင်ပြခဲ့သည့် အစီအစဉ်အတိုင်း မဖောက်မပြန် ဟုတ်မှန်တိုင်းသော မိမိ၏ ကိုယ်ပိုင် သဘာဝလက္ခဏာအားဖြင့် နာမ်ရုပ်ကို ပိုင်းခြားမှတ်သားပြီး၍ ကောင်းသည်ထက် ကောင်းမွန်စွာ သတ္တဝါဟု ပုဂ္ဂိုလ်ဟု လောက၌ လူတို့ခေါ်ဝေါ်သုံးစွဲနေသော (= သတ္တဝါ ထင်ရှားရှိ၏, ပုဂ္ဂိုလ်ထင်ရှားရှိ၏ဟု ယုံကြည်ချက် ဖြင့် လူတို့ ခေါ်ဝေါ်သုံးစွဲနေသော) လောကသမညာအတ္တစွဲ သတ္တစွဲကိုလည်းကောင်း, အသက်ကောင် လိပ်ပြာ ကောင် ဝိညာဏ်ကောင် သတ္တဝါကောင် အတ္တကောင် တကယ် ထင်ရှားရှိ၏ဟု သာသနာပ အယူဝါဒ ရှိသူတို့၏ သန္တာန်၌ ဖြစ်ပေါ်လာသော အမှားမှား အယွင်းယွင်း နှလုံးသွင်းခြင်း = မိစ္ဆာဘိနိဝေသ အတ္တဒိဋ္ဌိစွဲကိုလည်းကောင်း ပယ်ရှားခြင်းငှာ,

၂။ နာမ်ရုပ်မျှသာ ရှိသည်၏အဖြစ်ကို ဆုံးဖြတ်ချက် မချနိုင်သည့်အတွက်ကြောင့်လည်းကောင်း, သန္တတိဃန, သမူဟဃန, ကိစ္စဃန, အာရမ္မဏဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး ခြင်းကို မပြုလုပ်နိုင်သည်၏ အဖြစ် မပြုလုပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဝိပဿနာ၏ ရှေးအဖို့၌ ပြု သင့် ပြုထိုက်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် ရုပ်ပရမတ် နာမ်ပရမတ်တို့ကို နှလုံးသွင်းခြင်း အဘိနိဝေသနှင့် ကင်း၍ အပေါင်းအစု သမူဟအတုံးအခဲ တစ်ခုတည်း၏ အဖြစ်ကို စွဲယူခြင်း၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သမ္မောဟ = ပြင်းစွာ တွေဝေမှု = လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ တကယ် ထင်ရှား ရှိ၏ဟု အသိမှားမှုသည် သတ္တသမ္မောဟ မည်၏။ ယင်းသတ္တသမ္မောဟကို ကောင်းစွာ လွန်မြောက်ခြင်း အကျိုးငှာ,

၃။ သတ္တဝါဟု လွန်စွာ တွေဝေတတ်သော = သတ္တဝါဟု အသိမှားနေသော သမ္မောဟတရား၏ ဆန့်ကျင်ဘက် ဖြစ်၍ ထိုသမ္မောဟတရားကို ပယ်ခွာတတ်သော အသမ္မောဟဘုံ၌ စိတ်ကိုထားခြင်း အကျိုးငှာ ---

ဤဘုံသုံးပါး အတွင်း၌ ဖြစ်နေသော တရားအပေါင်းသည် နာမ်နှင့် ရုပ်မျှသာလျှင်တည်း၊ သတ္တဝါ မရှိ၊ ပုဂ္ဂိုလ် မရှိ၊ ဇီဝ မရှိ၊ အတ္တ မရှိ

တစ်နည်းဆိုသော် ---

ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏။

ဤသို့သော အနက်သဘောကို များစွာသော သုတ္တန်တို့၏ အစွမ်းဖြင့် နှီးနှော၍ နာမ်ရုပ်ကို ပိုင်းခြား မှတ်သား၏။ (ဝိသုဒ္ဓိ၊၂၊၂၂၈။)

ယထာ ဟိ အင်္ဂသမ္ဘာရာ၊ ဟောတိ သဒ္ဒေါ ရထော ဣတိ။

ဧဝံ ခန္ဓေသု သန္တေသု၊ ဟောတိ သတ္တောတိ သမ္မုတိ။ (သံ၊၁၊၁၃၇။)

သေယျထာပိ အာဝုသော ကဋ္ဌဉ္စ ပဋိစ္စ ဝလ္လိဉ္စ ပဋိစ္စ တိဏဉ္စ ပဋိစ္စ မတ္တိကဉ္စ ပဋိစ္စ အာကာသော ပရိဝါရိတော အဂါရန္တွေဝ သင်္ခံ ဂစ္ဆတိ၊ ဧဝမေဝ ခေါ အာဝုသော အဋ္ဌိဉ္စ ပဋိစ္စ နှာရုဉ္စ ပဋိစ္စ မံသဉ္စ ပဋိစ္စ စမ္မဉ္စ ပဋိစ္စ အာကာသော ပရိဝါရိတော ရူပန္တွေဝ သင်္ခံ ဂစ္ဆတိ။ (မ၊၁၊၂၄၈။)

ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။

နာညတြ ဒုက္ခာ သမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဈတိ။ (သံ၊၁၊၁၃၇။)

ယထာဘူတဒဿနဉာဏ်

ယထာဘူတဒဿနဉာဏ်

ဝင်ရိုး လှည်းဘီး ပုံတောင်း ထောက်အကန့် စသည့် အစိတ်အပိုင်း အဆောက်အဦတို့သည် ရထားဟု ခေါ်ဝေါ်ခြင်း၏ အကြောင်းရင်း ဖြစ်သော တစ်ခုသော ပုံစံ အနေအထားအားဖြင့် တည်နေခဲ့သော် ရထားဟု ခေါ်ဝေါ်ရုံမျှသာ ဖြစ်သကဲ့သို့ ပရမတ္ထ ဉာဏ်ပညာမျက်စိဖြင့် ရထား၏ အင်္ဂါအစိတ်အပိုင်း တစ်ခုစီ တစ်ခုစီကို စူးစမ်းဆင်ခြင်ခဲ့သော် ရထားမည်သည် မရှိသကဲ့သို့ (ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုသာ ဖြစ်သကဲ့သို့) အလားတူပင် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထင်ရှားရှိကုန်လတ်သော် သတ္တဝါဟူသော ခေါ်ဝေါ်သမုတ်ခြင်းသည် ဖြစ်ပေါ်လာ၏။ (ပရမတ္ထအားဖြင့် သတ္တဝါဟူသည် မရှိ ဥပါဒါနက္ခန္ဓာငါးပါးသာ ရှိသည် ဟူလိုသည်။)

သစ်သား, နွယ်, မြေညက်, မိုးစရာမြက် စသည့် အိမ်၏ အဆောက်အဦတို့သည် အိမ်ဟု ခေါ်ဝေါ်ခြင်း၏ အကြောင်းဖြစ်သော တစ်ခုသော အခြင်းအရာအားဖြင့် အာကာသကို ခြံရံ၍ တည်ကုန်လတ်သော် အိမ်ဟူသော ဝေါဟာရသည် ဖြစ်ပေါ်လာသကဲ့သို့ ပရမတ်အားဖြင့် အိမ်ဟူသည် မရှိသကဲ့သို့ (ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သကဲ့သို့) - ဤဥပမာအတူပင် အရိုး, အကြော, အသား, အရေကို အစွဲပြု၍ အရိုး အကြော စသည်တို့ဖြင့် ခြံရံထားအပ်သော အာကာသကို သရီရ = ခန္ဓာကိုယ်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းသည် ဖြစ်ပေါ်လာ၏၊ ရုပ်တရားဟု ခေါ်ဝေါ်သမုတ်ခြင်းသည် ဖြစ်ပေါ်လာ၏။

[သစ်သား စသည်တို့သည် အိမ် ကျောင်းဟု ခေါ်ဝေါ်နိုင်လောက်သော အခြင်းအရာ တစ်မျိုးဖြင့် တည်နေ ခဲ့သော် သစ်သား စသည့် မူလအမည်ဟောင်းကို စွန့်၍ အိမ် ကျောင်း ဟူ၍သာလျှင် အမည်သညာ ဝေါဟာရသို့ ရောက်သကဲ့သို့ ထို့အတူ အရိုး အကြော စသည်တို့သည် ရုပ်ဟု ကိုယ်ဟု ခေါ်နိုင်လောက်သော အခြင်းအရာ တစ်မျိုးဖြင့် တည်နေခဲ့သော် အရိုး အကြော စသည့် မူလအမည်ကို စွန့်၍ ရူပ = ရုပ်, သရီရ = ကိုယ်ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏ဟု ဆိုလိုသည်။။ ရူပံ သရီရမိစ္စေဝ သင်္ခံ ဂစ္ဆတီတိ ယောဇနာ (မဟာဋီ၊၂၊၃၆၂။) -ဤ၌ သရီရ = ကိုယ်ဟူသည် ရူပ-ရုပ်ကိုပင် ဆိုလိုသည်။ တစ်နည်း ဥပါဒါနက္ခန္ဓာငါးပါးကို ဆိုလိုသည်။]

လက်ချောင်း လက်မ စသည်တို့သည် လက်သီးဆုပ်ဟု ခေါ်ဝေါ်နိုင်လောက်အောင် တစ်ခုသော အခြင်း အရာအားဖြင့် တည်ကုန်လတ်သော် လက်သီးဆုပ်ဟူသော ဝေါဟာရမျှသည် ဖြစ်ပေါ်လာသကဲ့သို့, စောင်းခွက်, စောင်းညို့ စသည်တို့သည် စောင်းဟု ခေါ်ဝေါ်နိုင်လောက်အောင် တစ်ခုသော အခြင်းအရာအားဖြင့် တည်နေ ကုန်လတ်သော် စောင်းဟူသော ဝေါဟာရမျှသည် ဖြစ်ပေါ်လာသကဲ့သို့, ဆင် မြင်း စသည်တို့သည် စစ်တပ်ဟု ခေါ်ဝေါ်နိုင်လောက်သော တစ်ခုသော အခြင်းအရာအားဖြင့် တည်နေကုန်လတ်သော် စစ်တပ်ဟူသော ဝေါဟာရမျှသည် ဖြစ်ပေါ်လာသကဲ့သို့, တံတိုင်း အိမ် တံခါးမုခ် ပြအိုး တန်ဆောင်း စသည်တို့သည် မြို့ဟု ခေါ်ဝေါ် နိုင်လောက်အောင် တစ်ခုသော အခြင်းအရာအားဖြင့် တည်နေကုန်လတ်သော် မြို့ဟူသော ဝေါဟာရမျှသည် ဖြစ်ပေါ်လာသကဲ့သို့, ပင်စည် အခက် အရွက် စသည်တို့သည် သစ်ပင်ဟု ခေါ်ဝေါ်နိုင်လောက်သော တစ်ခုသော အခြင်းအရာအားဖြင့် တည်နေကုန်လတ်သော် သစ်ပင်ဟူသော ဝေါဟာရမျှသည် ဖြစ်ပေါ်လာရသကဲ့သို့, ပရမတ် အားဖြင့် ပင်စည် သစ်ခက် စသော တစ်ခု တစ်ခုသော အစိတ်အပိုင်းကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သည် ရှိသော် သစ်ပင်မည်သည် မရှိသကဲ့သို့ (ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သကဲ့သို့ ) ---

ဤဥပမာအတူပင်လျှင် ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့သည် ရှေးနှင့်နောက် အစဉ်မပြတ် ဆက် စပ်လျက် သန္တာန်အစဉ်၏ အစွမ်းဖြင့် တစ်ပေါင်းတစ်စုတည်း ဖြစ်ကုန်လတ်သော် ပုဂ္ဂိုလ် သတ္တဝါ (ဇီဝ အတ္တ) ဟူသော ဝေါဟာရမျှသာ ဖြစ်၏၊ ပရမတ်အားဖြင့် တစ်ခု တစ်ခုသော တရားကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ် သော် --- ငါဖြစ်၏ဟူ၍လည်းကောင်း, ငါဟူ၍လည်းကောင်း ဤသို့သော မိစ္ဆာအယူစွဲ၏ တည်ရာဝတ္ထု ဖြစ်သော သတ္တဝါမည်သည် မရှိသည်သာတည်း။ ပရမတ်အားဖြင့်ကား နာမ်ရုပ်မျှသာ ရှိ၏။ --- ဤသို့ ဟုတ်မှန်သောသဘော အားဖြင့် သိခြင်းသည် ဝိပဿနာကမ္မိက ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာပေသည်။

ဧဝံ ပဿတော ဟိ ဒဿနံ ယထာဘူတဒဿနံ နာမ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၉။)

ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏ --- ဟု ဤသို့ သိမြင်နေသော ဉာဏ်အမြင်သည် ယထာဘူတဒဿန = ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင် မည်ပေသည်။ ဤယထာဘူတ ဉာဏ်အမြင်ကိုပင် ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တဟု အမှားမှား အယွင်းယွင်း စွဲယူခြင်း မိစ္ဆာဂါဟမှ စင်ကြယ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိဟူ၍ ခေါ်ဆို၏။ (ဝိသုဒ္ဓိ၊၂၊၂၂၈-၂၂၉။)

သို့သော် အသင်သူတော်ကောင်းသည် ဤမျှဖြင့်ကား မကျေနပ်သင့်သေး၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းရဦးမည် ဖြစ်ပါသည်။ လက္ခဏာဒိစတုက္ကပိုင်းတွင် ဖော်ပြထားပါသည်။

နိဗ္ဗာန်ဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းတွင်ကား ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းပြီးပါမှ လက္ခဏာဒိစတုက္က ပိုင်းကို ဖော်ပြထားပါသည်။ အကြောင်းမှာ ဤသို့ ဖြစ်၏ --- အချို့အချို့သော ပရမတ်တရားတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်တို့မှာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းတတ်သည့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးမှသာလျှင် သိမ်းဆည်းရှုပွားပါက သဘောပေါက်နိုင်၏။ ဥပမာ ပုံစံတစ်ခုကို ဆိုအံ့ ---သင်္ခါရက္ခန္ဓာကို ခြုံ၍ရှုသော လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်သည် အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံ စသည့် အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌ အကြောင်းတရား အကျိုးတရားတို့ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ် သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပါမှသာလျှင် ရှု၍ရနိုင်သော ရှုကွက်တစ်မျိုး ဖြစ်၏။ ဤသို့ စသည့် အကြောင်း ပြချက်တို့ကြောင့် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း = ပဋိစ္စသမုပ္ပါဒ်ပိုင်း ပြီးစီးပါမှ လက္ခဏာဒိစတုက္ကပိုင်းကို ဖော်ပြထား ခြင်း ဖြစ်သည်။ ရှုကွက်များကို တိတိကျကျ ပိုမိုနက်ရှိုင်းစွာ သဘောပေါက်နိုင်ရန်အတွက်ပင် ဖြစ်သည်။

သို့သော် အဋ္ဌကထာကြီးများ၌ ညွှန်ကြားထားတော်မူသည့်အတိုင်း ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌လည်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် နာမ်ရုပ်တို့ကို သိမ်းဆည်းပါ။ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီး သောအခါ၌လည်း တစ်ကြိမ် ထပ်မံ၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် နာမ်ရုပ်တို့ကို သိမ်း ဆည်းပါ။ ထိုနောင်မှ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပြီးမှ ဝိပဿနာသို့ ကူးပါ။ ထိုသို့ လိုက်နာ ပြုကျင့်ပါက ရုပ်တရား နာမ်တရားတို့နှင့် ပတ်သက်သော အသိဉာဏ်သည် ပို၍ ပို၍ သန့်ရှင်းလာမည် ဖြစ်ပေသည်။

အနုဗောဓဉာဏ်

အနုဗောဓဉာဏ်

နာမရူပပရိစ္ဆေဒေါ, တဿ စ ပစ္စယပရိဂ္ဂဟော န ပဌမာဘိနိဝေသမတ္တေန ဟောတိ၊ အထ ခေါ တတ္ထ အပရာပရံ ဉာဏုပ္ပတ္တိသညိတေန အနု အနု ဗုဇ္ဈနေန။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)

အနု အနု ဗုဇ္ဈနဋ္ဌေန အနုဗောဓော --- ဟူသော ဖွင့်ဆိုချက်နှင့်အညီ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ဟူသော နှစ်မျိုးသော ဉာဏ်တို့သည်ကား ရှေးဦးအစ ပထမ တစ်ကြိမ်တစ်ခါမျှ နှလုံးသွင်းလိုက် ရုံမျှဖြင့်ကား ဖြစ်ပေါ်လာနိုင်သည် မဟုတ်သေး၊ ကိစ္စ မပြီးနိုင်သေး၊ ထို ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံ၌ တပြောင်းပြောင်း တပြန်ပြန် ဉာဏ်၏ ဖြစ်ပေါ်ခြင်းဟု မှတ်သားအပ်သော ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိခြင်းဖြင့်သာ လိုရင်းကိစ္စ ပြီးစီးနိုင်သောကြောင့် အနုဗောဓဉာဏ် မည်၏။ ပုံစံတစ်ခု ဆိုရသော် --- အသင် သူတော်ကောင်းသည် ယခုအချိန်ထိ ဝီထိစိတ်တို့၏ အကြားအကြား၌ ဖြစ်သွားကြကုန်သော ဘဝင်နာမ်တရား တို့ကို မသိမ်းဆည်းနိုင်သေး ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်သေးသည်ကို ထောက်ရှုကြည့်ပါ။ သို့အတွက် ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ရှုနိုင်လျှင် ရုပ်နာမ်နှင့် ပတ်သက်သော အသိဉာဏ်များ ပို၍ ပို၍ သန့်ရှင်းလာမည် ဖြစ်ပေသည်။

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် ရုပ်နာမ်တို့ကို မသိမ်း ဆည်းရသေးမီ ယခုကဲ့သို့သော အချိန်အခါမျိုး၌လည်း ရုပ်တရား နာမ်တရားတို့၏ သဘာဝလက္ခဏာကို ဦး စားပေးလျက် နာမရူပပရိစ္ဆေဒဉာဏ်ကို ရအောင် ရုပ်နာမ်ကို ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းလျက် ရှိ၏။ တစ်ဖန် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့်လည်း ရုပ်နာမ်တို့ကို ထပ်မံ၍ သိမ်းဆည်းပြန်၏။ ထိုတွင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ရုပ်နာမ်တို့ကို မသိမ်းဆည်းရသေးမီအခါ၌ ရုပ်နာမ်တို့ကို သိ နေသော အသိဉာဏ်နှင့် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို တစ်ဖန် သိမ်းဆည်း ပြီးရာအခါ၌ ရုပ်နာမ်တို့ကို သိနေသော အသိဉာဏ် --- ဤအသိဉာဏ် နှစ်မျိုးတို့ကို နှိုင်းယှဉ်ကြည့်လိုက်သော်, လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးနောက် ရရှိလာသော ရုပ်နာမ်တို့ကို ထိုးထွင်းသိမြင်နေသော အသိဉာဏ်မှာ ပို၍ ပို၍ အသိဉာဏ် သန့်ရှင်းလာသည်ကို ယောဂါဝစရပုဂ္ဂိုလ်အများစု၌် တွေ့ရတတ်၏။ သို့အတွက် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်တို့ကို သိမ်းဆည်းခြင်းကို အပိုလုပ်ငန်း တစ်ခုအဖြစ် ယူဆနေလျှင်ကား အသင်သူတော်ကောင်းအတွက် သာသနာတော်အတွင်း၌ ရရှိ နိုင်သော အခွင့်ကောင်းကြီးများသည် ဆုံးရှုံးသွားကြတော့မည်။ ပရမတ်တရားတို့ကို လေးဘက်လေးတန်က လှည့်လည်၍ ဉာဏ်၏ ကျက်စားခွင့်ကို ရရှိခြင်းသည် ဗုဒ္ဓမြတ်စွာသာသနာတော်၏ လွန်ကဲထူးမြတ်သော အခွင့် ကောင်းကြီး တစ်ရပ်ပင် ဖြစ်ပေသည်။ တို့ ရှုနေသည့် အထဲမှာ အားလုံး ပါသွားတာပဲဟု ကျွဲကူးရေပါ စိတ် သဘောထားမျိုးကိုကား အထူး ရှောင်ရှားသင့်လှပေသည်။

အယူအဆ မမှားသင့်ပေ

အယူအဆ မမှားသင့်ပေ

ဤ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်တို့ကို သိမ်းဆည်းသည့်အပိုင်းတွင် အောက်ပါ စိတ္တာနုပဿနာ သတိပဋ္ဌာန် ပိုင်းတွင် ဖွင့်ဆိုထားတော်မူသော အဋ္ဌကထာအဖွင့်နှင့် ပတ်သက်၍ အယူအဆ မလွဲမိအောင် အထူး သတိပြု သင့်လှပေသည်။

ဣတိ အဇ္ဈတ္တံ ဝါတိ ဧဝံ သရာဂါဒိပရိဂ္ဂဟဏေန ယသ္မိံ ယသ္မိံ ခဏေ ယံ ယံ စိတ္တံ ပဝတ္တတိ၊ တံ တံ သလ္လက္ခေန္တော အတ္တနော ဝါ စိတ္တေ, ပရဿ ဝါ စိတ္တေ, ကာလေန ဝါ အတ္တနော, ကာလေန ဝါ ပရဿ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (မ၊ဋ္ဌ၊၁၊၂၈၅။)

= အဇ္ဈတ္တ၌လည်းကောင်း, ဗဟိဒ္ဓ၌လည်းကောင်း သရာဂစိတ် = ရာဂနှင့် အတူတကွဖြစ်သော စိတ် စသော စိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ဟောကြားထားတော်မူအပ်သော (၁၆)မျိုးသော စိတ်ကို ဉာဏ်ဖြင့် ပိုင်းခြား ယူခြင်း သိမ်းဆည်းခြင်းဖြင့် အကြင်အကြင် ခဏ၌ အကြင်အကြင် စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုထိုခဏ၌ ထိုထိုစိတ်ကို ကောင်းစွာ မှတ်သားလျက် မိမိ၏ စိတ်၌လည်းကောင်း, သူတစ်ပါး၏ စိတ်၌လည်းကောင်း, ရံခါ မိမိ၏စိတ်၌လည်းကောင်း, ရံခါ သူတစ်ပါး၏ စိတ်၌လည်းကောင်း စိတ်ဟု အဖန်တလဲလဲ ရှု၍ နေ၏ = ရှုနေပါ။ (မ၊ဋ္ဌ၊၁၊၂၈၅။)

ဤအထက်ပါ အဋ္ဌကထာ၏ စကားရပ်၌ --- သရာဂစိတ် စသော (၁၆)မျိုးသော စိတ်ကို သိမ်းဆည်းလျက် ကောင်းစွာ မှတ်သားလျက် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံးတို့၌ စိတ်-ဟု တစ်လှည့်စီ ရှုနေပါဟူသော ညွှန်ကြားချက်နှင့် ပတ်သက်၍ ပညတ် ပရမတ်မဟူ ရှုချင်ရာကို ရှုချင်သလို ရှုရမည်ဟု နားလည်သဘောကျသော ဆရာမြတ်တို့ လည်း ရှိကြ၏။ ဤစိတ္တာနုပဿနာ သတိပဋ္ဌာန် ဒေသနာတော်ကား အသိစိတ် = ဝိညာဏ်ကို အဦးမူ၍ နာမ် တရားတို့ကို တစ်နည်း နာမ်ရုပ်တို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားလျက် သိမ်းဆည်းရန် ညွှန်ကြားတော်မူသော ဒေသနာတော်သာ ဖြစ်ကြောင်းကို ရှေးစိတ္တာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် ရှင်းလင်း တင်ပြခဲ့ပြီး ဖြစ်၏။

အထက်ပါ အဋ္ဌကထာစကားရပ်ဝယ် ---

၁။ အကြင်အကြင် ခဏ၌ အကြင်အကြင် စိတ်သည် ဖြစ်၏၊ ထိုထို စိတ်ကို ---

၂။ ကောင်းစွာ ပိုင်းခြား မှတ်သားလျက်,

၃။ (က) မိမိ၏ စိတ်၌လည်းကောင်း,

( ခ ) သူတစ်ပါး၏ စိတ်၌လည်းကောင်း,

( ဂ ) ရံခါ မိမိ၏ စိတ်၌လည်းကောင်း, ရံခါ သူတစ်ပါး၏ စိတ်၌လည်းကောင်း စိတ်-ဟု အဖန်ဖန် အထပ် ထပ် ရှုရန် သိမ်းဆည်းရန် ညွှန်ကြားထား၏။

ဤညွှန်ကြားတော်မူချက် စကားရပ်ဝယ် အရှုခံစိတ်နှင့် ရှုတတ်သောစိတ်ဟု စိတ်နှစ်မျိုးရှိနေသည်ကို သတိပြုပါ။

၁။ အကြင် အကြင် ခဏ၌ အကြင် အကြင် စိတ်သည် ဖြစ်ပေါ်၏၊ ထိုထို စိတ်ကိုဟူသော စကားရပ်ဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သရာဂစိတ် စသော (၁၆)မျိုးသော စိတ်ကို ညွှန်ပြတော်မူ၏။

၂။ ကောင်းစွာ ပိုင်းခြား မှတ်သားလျက် --- ဟူသော စကားရပ်ဖြင့် ရှုတတ်သည့် ဝိပဿနာစိတ် = အရူပပရိဂ္ဂဟဉာဏ် = နာမရူပပရိစ္ဆေဒဉာဏ်ကို ညွှန်ပြတော်မူ၏။

ထိုတွင် အရှုခံစိတ်မှာ သရာဂစိတ် စသော (၁၆)မျိုးသော စိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ဟောကြား ထားတော်မူအပ်သော စိတ်တည်း။ ရှုတတ်သော စိတ်ကား ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဝိပဿနာဉာဏ် = နာမရူပပရိစ္ဆေဒဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရိက ဇောဝီထိစိတ်အစဉ်တည်း။ ဝီတရာဂစိတ်, ဝီတဒေါသစိတ်, ဝီတမောဟစိတ် စသည်တို့၌ ပါဝင်၏။ ယင်းသရာဂစိတ် စသော အရှုခံစိတ်နှင့် ရှုတတ်သော စိတ်တို့ကား ဝီထိစဉ်တစ်ခု၏ အတွင်း၌လည်းကောင်း, စိတ္တက္ခဏတစ်ခု၏ အတွင်း၌လည်းကောင်း အတူယှဉ်တွဲ ၍ကား မဖြစ်နိုင်ကြပေ။ အရှုခံစိတ်နှင့် ရှုတတ်သော စိတ်တို့ကား ဝီထိစဉ် တစ်ခုစီသာ ဖြစ်ကြ၏၊ စိတ္တက္ခဏ တစ်ခုစီသာ ဖြစ်၏။ အရှုခံစိတ်ကား တခြားတစ်ပါးသာတည်း၊ ရှုတတ်သောစိတ်ကား တခြားတစ်ပါးသာတည်း။ သရာဂစိတ် စသော အရှုခံစိတ်သည် ဥပါဒ်-ဌီ-ဘင် (ဖြစ်-တည်-ပျက်) အနေအားဖြင့် ထင်ရှားရှိခိုက် ရှုတတ်သော (ကုသိုလ်) စိတ်ကား ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမဖြစ်သေး၊ ရှုတတ်သော စိတ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ခိုက်၌လည်း အရှုခံစိတ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိတော့ပြီ ဖြစ်၏။

သို့အတွက် အကြင်အကြင် ခဏ၌ အကြင်အကြင် စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုထိုစိတ်ကို ကောင်းစွာ ပိုင်းခြားမှတ်သားလျက် = မှတ်သားပါဟူသော အဋ္ဌကထာစကားသည် အဘယ်ကို ဆိုလိုပါသနည်းဟု မေးရန် ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။

သရာဂစိတ် စသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ ထိုထိုစိတ်နှင့် တကွသော နာမ်တရားတို့ကို = ထိုထိုဖြစ်ဆဲခဏ၌ အတူယှဉ်တွဲ ဖြစ်ကြသည့် စိတ်စေတသိက်တရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားလျက် ယင်းနာမ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏပစ္စုပ္ပန်ကို မြင်အောင် ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားပါဟုသာ ဆိုလိုရင်း ဖြစ်သည်။ (ဘဒ္ဒေကရတ္တသုတ္တန်ပိုင်းတွင် ရှင်းလင်းတင်ပြပြီး ဖြစ်သည်။ ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှုပုံစနစ်များကိုလည်း ဖော်ပြပြီး ဖြစ်သည်။)

တစ်ဖန် ဤစိတ္တာနုပဿနာသတိပဋ္ဌာန် ဒေသနာတော်နှင့် ဤအထက်ပါ အဋ္ဌကထာအဖွင့်တို့သည် ပညတ် ပရမတ် မခွဲဘဲ ရှုချင်ရာကို ရှုချင်သလို ရှုရန် ညွှန်ကြားနေသော ဒေသနာတော်များကား မဟုတ်ကြပေ။ အသင် ယောဂီသူတော်ကောင်းသည် စဉ်းစားနှိုင်းချိန်နိုင်ရန် အချက်တစ်ရပ်ကို တင်ပြရသော် - ယင်း (၁၆)မျိုးသော စိတ်တို့တွင် ပါဝင်သော မဟဂ္ဂုတ်စိတ် အမည်ရသော စျာန်စိတ်တို့ပင် ဖြစ်ကြသည်။ စျာန်စိတ်တို့ကား သမထယာနိကပုဂ္ဂိုလ် ယောဂီသူတော်မွန်တို့သည် သိမ်းဆည်းရှုပွားရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ တရားတို့တွင် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက် ရှိကြ၏။ ယင်းစျာန်စိတ်တို့ကား ပညတ် ပရမတ် မခွဲဘဲ ရှုချင်ရာကို ရှုချင်သလို မပြတ်တရစပ် ရှုနေရုံမျှဖြင့် ဖြစ်ပေါ်လာနိုင်သော တရားမျိုးတို့ကား မဟုတ်ကြကုန်။ စျာန်ရနိုင်သည့် ကမ္မဋ္ဌာန်း တစ်ခုခုကို စည်းကမ်းစနစ်တကျ ရှုနိုင်ပါမှသာလျှင် ရရှိနိုင်သော တရားမျိုးတို့ ဖြစ်ကြ၏။ ဤသည်မှာလည်း အသင်သူတော်ကောင်းကိုယ်တိုင် နှိုင်းချိန်နိုင်ရန် အချက်တစ်ရပ် ဖြစ်သည်။

တစ်ဖန် ဤ (၁၆)မျိုးသော စိတ်တို့ကို သိမ်းဆည်းရာဝယ် ယင်းစိတ်တို့ကို တစ်ခုပြီးတစ်ခု သီးသန့် သိမ်း ဆည်းရှုပွားရန် မလို၊ သူ့ဟာသူ အလိုအလျောက် ဖြစ်ပေါ်လာခိုက်၌သာ သိမ်းဆည်းရှုပွားရမည်ဟုလည်း အချို့ ဆရာမြတ်တို့က အယူရှိတော်မူကြပြန်၏။ ပရမတ်တရားတို့တွင် နိဗ္ဗာန် ပရမတ် တရားတော်မြတ်ကြီးကလွဲလျှင် မည်သည့် ပရမတ်တရားမဆို ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့က အညီအညွတ် ပေါင်းစု၍ ပြုပြင်ပေးမှသာ လျှင် ဖြစ်ပေါ်လာနိုင်ကြသော တရားတို့သာ ဖြစ်ကြ၏၊ သူဟာသူ အလိုအလျောက် ဖြစ်ပေါ်လာသော တရား ဟူ၍ကား မရှိစကောင်းသည်သာ ဖြစ်၏။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။)

တစ်ဖန် အချို့သူတော်စင်ကြီးတို့ကား သရာဂစိတ် စသော အကုသိုလ်စိတ်တို့ကို သီးသန့် တစ်ခမ်းတစ်နား အာရုံယူ၍ ရှုပွားမှုကို အလိုမရှိ ဖြစ်နေကြပြန်၏။ အကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင် ပြုလုပ်နေခြင်းပင် ဖြစ်၏ဟု အယူရှိကြ၏။ ယင်း အကုသိုလ်တရားတို့သည်လည်း အကျိုးပေးနိုင်၏ဟု အယူရှိကြ၏။ သမ္မပ္ပဓာန် ပိုင်းတွင် ---

အနုပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ...(မ၊၁၊၈၉)

မဖြစ်ပေါ်လာသေးကုန်သော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်လာအောင်သာ ကြိုးစားအားထုတ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူသောကြောင့် ယခုကဲ့သို့ သရာဂစိတ် စသော အကုသိုလ်တရားတို့ကို တမင်ဖြစ်ပေါ်လာအောင် ကြိုးပမ်း၍ အားထုတ်ခြင်းသည် = အယောနိသောမနသိကာရ ဖြစ်အောင် ပြုလုပ်၍ ကြိုးစားအားထုတ်ခြင်းသည် မဖြစ်ပေါ်လာကုန်သေးသော အကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင် ကြိုးစား အားထုတ်ရာ ရောက်၏ဟုလည်း အယူရှိကြပြန်၏။

ဤသို့ ယူဆသူတို့အား သရာဂစိတ် စသော အကုသိုလ်တရားတို့ကို ဘယ်အခါကျမှ ရှုရမှာလဲ? --- ဤ သို့ မေးမြန်းလိုက်သောအခါ အာရုံ-မနသိကာရ တိုက်ဆိုင်၍ ဖြစ်ပေါ်လာသော အခါကျမှ ရှုရန် ဘုရားရှင်က ညွှန်ကြားနေကြောင်းကို အဖြေပေးကြ၏။

ဤတွင် အသင်သူတော်ကောင်းသည် ခေတ္တရပ်နား၍ စဉ်းစားပါ။ အယောနိသောမနသိကာရသည် ခပ် သိမ်းသော အကုသိုလ်တရားတို့၏ အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်၏။ အယောနိသောမနသိကာရ ဟူသည် ဆိုင်ရာဒွါရတို့၌ ဆိုင်ရာအာရုံတို့ ထင်လာသောအခါ ရှေးရှူ ကျရောက်လာသောအခါ ယင်းအာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းမှု = နိစ္စ-သုခ-အတ္တ-သုဘဟု နည်းမှား လမ်းမှား နှလုံးသွင်းမှုပင် ဖြစ်၏။ ယင်း အယောနိသောမနသိကာရ ဖြစ်က အကုသိုလ်တရားများ ဖြစ်ပေါ်လာကြမည် ဖြစ်၏။ ယင်း အယောနိသော မနသိကာရကို မည်သူက ပြုလုပ်နေပါသနည်း? --- ယင်း အယောနိသောမနသိကာရသည် မြင်းလှည်းစီးလျက် သို့မဟုတ် ကားစီးလျက် အသင်သူတော်ကောင်းထံသို့ ဆိုက်ရောက်လာပါသလား? စဉ်းစားပါ။

သရာဂစိတ် စသော အကုသိုလ်တရားတို့သည် အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်ပေါ်လာခဲ့သည် ဖြစ်အံ့၊ အသင်သူတော်ကောင်း၏ အယောနိသောမနသိကာရကြောင့်ပင် ဖြစ်ပေါ်လာရ၏။ ယင်းအယောနိသော မနသိကာရကို အသင်သူတော်ကောင်းသည်ပင် ပြုလုပ်သည် မဟုတ်ပါလား။ ယင်းအယောနိသော မနသိကာရ ကို ပြုလုပ်ပေးနေသော အခြားသော ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်များ ရှိနေပါသေးသလား? စဉ်းစားပါ။ သို့မဟုတ် အလိုအလျောက် ဖြစ်ပေါ်လာပါသလား? စဉ်းစားပါ။

အကယ်၍ မိမိ၏ အယောနိသောမနသိကာရကြောင့်ပင် ယင်း အကုသိုလ်တရားတို့သည် မိမိ၏ နာမ် သန္တတိအစဉ်၌ ဖြစ်ပေါ်လာသည်ဟုပင် လက်ခံနိုင်ငြားအံ့၊ ထိုသို့ ဖြစ်ပေါ်လာသော အကုသိုလ်တရားတို့ကိုလည်း ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် သိမ်းဆည်း ရှုပွားရမည်ဟု လက်ခံနိုင်ငြားအံ့ --- ဤ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင်လည်း ယင်း အယောနိသောမနသိကာရကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်တရားတို့ကို သိမ်းဆည်း ရှုပွားခြင်းကို အသင်သူတော်ကောင်းသည် အဘယ်အကြောင်းကြောင့် လက်မခံနိုင်ပါသနည်း? စဉ်းစားပါ။

တစ်ဖန် ကုသိုလ်တရားတို့ကိုသာ တိုးပွားအောင် ကြိုးစားအားထုတ်သင့်၏၊ အကုသိုလ်တရားတို့ကို တိုး ပွားအောင် မကြိုးစားသင့်ဟု အကြောင်းပြပြန်၏။

သရာဂစိတ် စသော အကုသိုလ်တရားတို့ အဝင်အပါ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ပရိညာပညာ သုံးမျိုးတို့ ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းသည်ကား အရိယမဂ်၏ ေ့ရှအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟု ခေါ်ဆိုအပ်သော လောကီသတိပဋ္ဌာန် ကျင့်စဉ်ပင် ဖြစ်၏။ လောကီမဂ္ဂသစ္စာတရားတို့ကို ပွားများခြင်းပင် ဖြစ်၏။

၁။ မဖြစ်ပေါ်လာသေးသော အကုသိုလ်တရားတို့ကို မဖြစ်အောင်,

၂။ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင်,

၃။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင်,

၄။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် ကြိုးစားအားထုတ်ခြင်းပင် ဖြစ်၏။

၁။ အကုသိုလ်တရားတို့ကို ပိုင်းခြားသိတတ်သော နာမရူပပရိစ္ဆေဒဉာဏ်,

၂။ ယင်းအကုသိုလ်တရားတို့၏ အကြောင်းတရားတို့ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟ ဉာဏ်,

၃။ အကြောင်းတရားနှင့် တကွသော ယင်းအကုသိုလ်တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာ အသုဘအခြင်းအရာကို ထိုးထွင်းသိသော ဝိပဿနာဉာဏ် ---

ဤဉာဏ် အသီးအသီးတို့ကို ရရှိအောင်သာ ကြိုးပမ်းနေခြင်းပင် ဖြစ်၏၊ အကုသိုလ်တရားတို့ကို တိုးပွား အောင် ကြိုးစားနေခြင်းလည်း မဟုတ်ပေ။

တစ်ဖန် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင် ကြိုးစားနေခြင်းလည်း မဟုတ်ပေ။ သတ္တဝါတို့ကား ကုသိုလ်တရားတို့ အပေါ်၌သာ အစွဲကြီး စွဲကြသည် မဟုတ်၊ အကုသိုလ်တရားတို့ အပေါ်၌ လည်း အစွဲကြီး စွဲနေကြ၏။

ငါ့လောဘက သူများလောဘနှင့် တူတာမဟုတ်ဘူး

ငါ့ဒေါသက သူများဒေါသနှင့် တူတာမဟုတ်ဘူး

ငါ့မာနက သူများမာနနှင့် တူတာမဟုတ်ဘူး

ငါ့စိတ်က သူများစိတ်နှင့် တူတာမဟုတ်ဘူး ---

ဤသို့ စသည်ဖြင့် အကုသိုလ်တရားတို့ အပေါ်၌လည်း အစွဲကြီး စွဲနေတတ်၏။ တစ်ဖန် မိမိတို့ စွဲလမ်း ယုံကြည်နေသော အတ္တဝါဒကဲ့သို့သော မိစ္ဆာဒိဋ္ဌိ အယူဝါဒမျိုး၌လည်း အစွဲကြီး စွဲနေတတ်ပြန်၏။

သို့အတွက် ယင်းအကုသိုလ်တရားတို့ အပေါ်၌ စွဲနေသော တဏှာ-မာန-ဒိဋ္ဌိစွဲတို့ကို ဖြိုခွဲဖျက်ဆီးနိုင် ရေးအတွက်လည်း ယင်းအကုသိုလ်တရားတို့ကို အနိစ္စာနုပဿနာဉာဏ် စသော ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာ ရှုပွားသုံးသပ်ရခြင်း ဖြစ်ပေသည်။

တစ်ဖန် စဉ်းစားပါဦး --- အကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင် သက်သက်နှလုံးသွင်း၍ မရှုပါနှင့်၊ အာရုံနှင့် မနသိကာရ တိုက်ဆိုင်မှသာ ရှုပါ --- ဟူသော အဆို၌ ထပ်မံစဉ်းစားရန် အချက်တို့လည်း ရှိလာကြပြန် ၏။ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို နေ့ညမစဲ လုံ့လသဲနေသော ပကတိသော ဝိပဿကပုဂ္ဂိုလ်၏ သန္တာန်၌ ယောနိသောမနသိကာရကား အဖြစ်များလျက်ပင် ရှိ၏။ တစ်နာရီ နှစ်နာရီ စသည့် အချိန်တို့ပတ်လုံး ဝိပဿနာ ဉာဏ်များ ဆက်တိုက် ဖြစ်နေပါက သရာဂစိတ် စသော အကုသိုလ်တရားတို့ကား ရာဂ စသည်ဖြစ်အောင် သက်သက် နှလုံး မသွင်းခဲ့လျှင် ဖြစ်ခွင့် မရနိုင်ကြပေ။ ဝိပဿနာကို မပွားများသော အချိန်အခါတို့၌သာလျှင် ဖြစ်ခွင့် ရကောင်း ရနိုင်၏။ သို့သော် အယောနိသောမနသိကာရ ရှိပါမှသာ ရနိုင်၏။

ထိုသို့ ဝိပဿနာဉာဏ်များ မဖြစ်ခိုက် ဝိပဿနာ မရှုခိုက်၌ သရာဂစိတ် စသည့် အကုသိုလ်တရားတို့ ဖြစ် ခဲ့သော် ဝိပဿနာ မပွားများချိန် ဖြစ်နေသဖြင့် ထိုအကုသိုလ် နာမ်တရားတို့ကို ဃနဟုခေါ်သော နာမ်တုံးနာမ်ခဲ လေးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုနိုင်ရေးမှာလည်း အလှမ်းဝေး နေဦးမည်သာ ဖြစ်၏။ တစ်ဖန် ယင်းနာမ်တရား အသီးအသီးကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းနိုင်ရေးမှာလည်း ဝိပဿနာဉာဏ် သို့မဟုတ် နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်ခိုက် မဟုတ်သဖြင့် ပို၍ ပို၍ပင် ခက်ခဲဖွယ်ရာ ရှိ၏။ ဝိပဿနာဉာဏ် ဖြစ်ခိုက် သို့မဟုတ် နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်ခိုက်၌သာ ရှု၍ ရနိုင်သော တရားများဖြစ်သောကြောင့်တည်း။ နာမရူပပရိစ္ဆေဒဉာဏ် အဝင်အပါ ဖြစ်သော ဝိပဿနာဉာဏ် တို့ဖြင့်သာ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဃနပြိုအောင် ပရမတ်သို့ဆိုက်အောင် သိနိုင်သော တရားများသာ ဖြစ်ကြသဖြင့် ဝိပဿနာဉာဏ် မဟုတ်သော ဝိပဿနာဉာဏ် မပါဝင်သော စိတ်တို့ဖြင့် ရှုနေခြင်းမှာ အဓိပ္ပါယ် ကင်းမဲ့ နေမည်သာ ဖြစ်၏။ ဝိပဿနာဉာဏ် မပါသည့် ရိုးရိုးစိတ်တို့ဖြင့် ယင်းအကုသိုလ်တရားတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ရှု ရနိုင်-မရနိုင်ကိုကား အသင်သူတော်ကောင်း ကိုယ်တိုင်ပင် လက်တွေ့သုတေသန ပြုကြည့်ပါ။

တစ်ဖန် မဟာနာဂမထေရ်မြတ်ကြီးတို့၏ သန္တာန်၌မှာကဲ့သို့ နှစ်ပေါင်း (၆၀)ခန့်လောက်ကြာအောင် ကိလေသာတို့ကို စျာန်သမာပတ်တို့၏ စွမ်းအားဖြင့်လည်းကောင်း, ဝိပဿနာဉာဏ်တို့၏ စွမ်းအားဖြင့်လည်း ကောင်း ခပ်ကြာကြာ ခွာထားနိုင်ခဲ့သော် ထိုမျှကာလပတ်လုံး ယင်းကိလေသာတို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ခွင့် မရခဲ့သော် ယင်းကိလေသာတို့ကို ဝိပဿနာမရှုဘဲ ထားရတော့မည်လော? ဤသည်မှာလည်း စဉ်းစားသင့်သော အချက်တစ်ရပ်ပင် ဖြစ်သည်။

တစ်ဖန် သမုဒယသစ္စာတရားတို့တွင် တဏှာသည် ပြဓာန်းလျက် ရှိ၏။ လက်ရှိ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၏ အကြောင်းရင်း သမုဒယသစ္စာ တဏှာကား အတိတ်က ဤဘဝ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို ဖြစ်စေမည့် ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ဖြစ်ခဲ့၏၊ တစ်ဖန် ဤဘဝ၌ ပြုစုပျိုးထောင်လိုက်သော သမုဒယသစ္စာ တဏှာကား နောင်အနာဂတ်ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အကြောင်းရင်းသာ ဖြစ်၏။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ တို့တွင် ယင်းသမုဒယသစ္စာလည်း ပါဝင်လျက် ရှိ၏။ ဝိပဿနာဉာဏ်ဖြင့် သိအောင် ရှုရမည့်တရား ဖြစ်၏။ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ပါဝင်၏။

သဠာယတနကြောင့် ဖဿဖြစ်ပုံ, ဖဿကြောင့် ဝေဒနာဖြစ်ပုံ, ဝေဒနာကြောင့် တဏှာဖြစ်ပုံ စသည့် ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကို ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် သိမြင်အောင် ရှုရမည် ဖြစ်၏။

ထိုသို့ ရှုရာ၌ ယောဂါဝစရပုဂ္ဂိုလ်ဘက်က ယောနိသော မနသိကာရကို ေ့ရှသွားပြုထားသဖြင့် ဝေဒနာ ကြောင့် တဏှာ မဖြစ်ခဲ့သော် ေ့ရှသို့ ဆက်လက်၍ မရှုသေးဘဲ တဏှာဖြစ်သည်တိုင်အောင် ထိုင်၍ စောင့် နေရဦးမည်လော? စဉ်းစားသင့်လှပေ၏၊ စဉ်းစားထိုက်လှပေ၏။

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ တရားမှန်ပါက, ယောဂါဝစရပုဂ္ဂိုလ်ကလည်း ရှု၍ရနိုင်သည့် တရားမှန် ပါက မည်သည့်တရားကို မဆို အချိန်မရွေး ဝိပဿနာရှု၍ရအောင် ယောဂါဝစရပုဂ္ဂိုလ်ဘက်က ကြိုးစားထား သင့်သည်သာ ဖြစ်သည်။ မိမိ ရရှိထားပြီး စျာန်တရားမှန်ခဲ့လျှင်လည်း အချိန်မရွေး ဝိပဿနာရှု၍ ရနိုင်အောင် ကြိုးပမ်းထားသင့်၏။ အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသော ကိလေသာမှန်ခဲ့လျှင်လည်း အချိန်မရွေး ဝိပဿနာ ရှု၍ ရနိုင်အောင် ကြိုးပမ်းထားသင့်သည်သာ ဖြစ်၏။

အထက်တွင် ဖော်ပြခဲ့သော စိတ္တာနုပဿနာသတိပဋ္ဌာန်ပါဠိတော် (မ၊၁၊၇၆။)နှင့် မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၂၈၅။)တို့၏ ညွှန်ကြားထားတော်မူချက်ကိုပင် ပြန်လည်၍ ဖတ်ရှုကြည့်ပါ။

၁။ ရံခါ အဇ္ဈတ္တ၌ သရာဂစိတ် စသော (၁၆)မျိုးသော စိတ်ကို,

၂။ ရံခါ ဗဟိဒ္ဓ၌ သရာဂစိတ် စသော (၁၆)မျိုးသော စိတ်ကို,

၃။ ရံခါ အဇ္ဈတ္တ-ဗဟိဒ္ဓ၌ သရာဂစိတ် စသော (၁၆)မျိုးသော စိတ်ကို

အဖန်ဖန် အထပ်ထပ် ရှုရန် ညွှန်ကြားထားတော်မူ၏။ စိတ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်း နာမ်ရုပ်တို့ကို ဝိပဿနာ ရှုပွားသုံး သပ်ရန်သာ ညွှန်ကြားထားတော်မူသော ဒေသနာတော်တို့သာ ဖြစ်ကြ၏။ ထိုကြောင့် ယင်းပါဠိတော်နှင့် အဋ္ဌကထာအဖွင့်တို့သည် ပညတ် ပရမတ် မခွဲဘဲ ရှုချင်ရာကို ရှုချင်သလို မပြတ်ရှုမှတ်ရန် ညွှန်ကြားနေသော ဒေသနာတော်များ မဟုတ်ကြသည်ကိုကား စိတ်ချယုံကြည်စွာဖြင့် ရိုသေစွာ နာယူမှတ်သားလေရာသည်။

သတိပဋ္ဌာန်လေးပါးလုံး၌ ဒုတိယဆင့် အောင်မြင်ပြီ

သတိပဋ္ဌာန်လေးပါးလုံး၌ ဒုတိယဆင့် အောင်မြင်ပြီ

ဤတွင် ---

၁။ အဇ္ဈတ္တ၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်းခြင်း,

၂။ ဗဟိဒ္ဓ၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်းခြင်း,

၃။ အဇ္ဈတ္တ-ဗဟိဒ္ဓ၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်းခြင်း ---

ဟူသော သတိပဋ္ဌာန်လေးပါးလုံး၌ ဒုတိယဆင့် ကျင့်စဉ်ကား အောင်မြင်ပြီးဆုံးပြီ ဖြစ်ပေသည်။ ကာယာနုပဿနာ သတိပဋ္ဌာန်တွင် အကျုံးဝင်သော အာနာပါနဿတိသမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ရုပ် နာမ်တို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ သိမ်းဆည်းပုံ အစီအရင်ပင် ဖြစ်ပေသည်။

ယခုအခါ အသင်သူတော်ကောင်းသည် အာနာပါနကမ္မဋ္ဌာန်းကို အစီအစဉ်တကျ တစ်ဆင့်ပြီး တစ်ဆင့် ပွားများ အားထုတ်ခြင်းဖြင့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော သတိ၏ တည်ရာ ဝိပဿနာဉာဏ်၏ တည်ရာ အာရုံလေးမျိုးကို = သတိပဋ္ဌာန်လေးပါးကို သိမ်းဆည်း ရှုပွားခြင်း ကိစ္စလည်း အကျုံးဝင်သွားပြီ ဖြစ်သည်ကို သဘောပေါက်သင့်လောက်ပေပြီ။

သတိပဋ္ဌာန်ကျင့်စဉ် တတိယဆင့်

သတိပဋ္ဌာန်ကျင့်စဉ် တတိယဆင့်

ယခုတစ်ဖန် အသင်သူတော်ကောင်းသည် ေ့ရှသို့ ဆက်လက်၍ ကျင့်ရမည့် သတိပဋ္ဌာန် လေးပါးလုံး၌ တတိယဆင့်ကို ဆက်လက် တင်ပြပေအံ့။

၁။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊

ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊

သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။ )

၂။ သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊

ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊

သမုဒယဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ။ (မ၊၁၊၇၅။ )

၃။ သမုဒယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊

ဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊

သမုဒယဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ။ (မ၊၁၊၇၆။ )

၄။ သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊

ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊

သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ။ (မ၊၁၊၇၇-၇၈။ )

၁။ ရူပကာယ = ရုပ်တရားအပေါင်း၌ (တစ်နည်း ရူပကာယ နာမကာယ၌) ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်း သဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ရူပကာယ = ရုပ်တရားအပေါင်း၌ (တစ် နည်း ရူပကာယ နာမကာယ၌) ပျက်ကြောင်းတရား = ချုပ်ကြောင်းတရားနှင့် ပျက်ခြင်းသဘော = ချုပ်ခြင်းသ ဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ရူပကာယ = ရုပ်တရားအပေါင်း၌ (တစ်နည်း ရူပကာယ နာမကာယ၌) ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ (မ၊၁၊၇၁။)

၂။ ဝေဒနာတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ဝေဒနာတို့၌ ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ မူလည်း နေ၏၊ ဝေဒနာတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ (မ၊၁၊၇၅။)

၃။ စိတ်၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ စိတ်၌ ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ စိတ်၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ (မ၊၁၊၇၆။)

၄။ ဓမ္မသဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ဓမ္မသဘောတရားတို့၌ ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ် ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ဓမ္မသဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘော, ချုပ် ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ (မ၊၁၊၇၇-၇၈။)

အဋ္ဌကထာ-ဋီကာ အဖွင့်များ

အဋ္ဌကထာ-ဋီကာ အဖွင့်များ

သမုဒယဓမ္မာနုပဿီ ဝါတိ ယထာ နာမ ကမ္မာရဘသ္တဉ္စ ဂဂ္ဂရနာဠိဉ္စ တဇ္ဇဉ္စ ဝါယာမံ ပဋိစ္စ ဝါတော အပရာပရံ သဉ္စရတိ၊ ဧဝံ ဘိက္ခုနော ကရဇကာယဉ္စ နာသပုဋဉ္စ စိတ္တဉ္စ ပဋိစ္စ အဿာသပဿာသကာယော အပရာပရံ သဉ္စရတိ။ ကာယာဒယော ဓမ္မာ သမုဒယဓမ္မာ၊ တေ ပဿန္တော သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတီတိ ဝုစ္စတိ။ ဝယဓမ္မာနုပဿီ ဝါတိ ယထာ ဘသ္တာယ အပနီတာယ ဂဂ္ဂရနာဠိယာ ဘိန္နာယ တဇ္ဇေ စ ဝါယာမေ အသတိ သော ဝါတော နပ္ပဝတ္တတိ၊ ဧဝမေဝ ကာယေ ဘိန္နေ နာသာပုဋေ ဝိဒ္ဓသ္တေ စိတ္တေ စ နိရုဒ္ဓေ အဿာသပဿာသကာယော နာမ နပ္ပဝတ္တတီတိ ကာယာဒိနိရောဓာ အဿာသပဿာသနိရောဓောတိ ဧဝံ ပဿန္တော ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတီတိ ဝုစ္စတိ။ သမုဒယဝယဓမ္မာနုပဿီ ဝါတိ ကာလေန သမုဒယံ, ကာလေန ဝယံ အနုပဿန္တော။ (မ၊ဋ္ဌ၊၁၊၂၅၄-၂၅၅။)

သမုဒယဓမ္မာနုပဿီ (၁) ပန်းပဲသမား၏ သားရေဖားဖို, (၂) မီးရှူးပြွန်ဝ = လေပြွန်ချောင်း, (၃)ထိုလေ ဖြစ်ခြင်းအား လျော်သော လုံ့လ ဝီရိယ --- ဤ (၃)မျိုးကို အစွဲပြု၍ ပန်းပဲသမား၏ ဖားဖိုမှ လေသည် တပြောင်း ပြန်ပြန် ကောင်းစွာ ဖြစ်သကဲ့သို့ ဤဥပမာအတူပင် ---

၁။ ကရဇကာယ အမည်ရသော ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား လေးပါးကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ဘူတရုပ် ဥပါဒါရုပ်ကိုလည်းကောင်း, (ကရဇကာယော နာမ စတ္တာရိ မဟာဘူတာနိ ဥပါဒါရူပဉ္စ။ မ၊ဋ္ဌ၊၁၊၂၅၄။)

၂။ နှာခေါင်းဖုကိုလည်းကောင်း,

၃။ စိတ် (= ဝင်သက်လေ ထွက်သက်လေကို ဖြစ်စေသောစိတ်)ကိုလည်းကောင်း

အစွဲပြု၍ အဿာသ ပဿာသ = ဝင်သက်လေ ထွက်သက်လေသည် တပြောင်းပြန်ပြန် ကောင်းစွာ ဖြစ်၍ နေ၏။ ယင်း ကရဇကာယ အမည်ရသော စတုသမုဋ္ဌာနိက ဘူတရုပ် ဥပါဒါရုပ်, နှာခေါင်းဖု, စိတ်ဟူသော သုံးမျိုးသော တရားတို့ကား အဿာသပဿာသတို့၏ ဖြစ်ခဲ့ရာ အကြောင်းတရားတို့တည်း။ ယင်း (၃)မျိုးသော တရားတို့ကို ရှုမြင်သော ပုဂ္ဂိုလ်ကို ကာယ၌ (အဿာသ ပဿာသ ကာယ၌) သမုဒယ = ဖြစ်ကြောင်းတရားကို အဖန်ဖန် အထပ်ထပ် ရှုနေ၏ဟု ဆိုအပ်၏။ သမုဒယဓမ္မာနုပဿီပုဂ္ဂိုလ် ဟူလိုသည်။

ဝယဓမ္မာနုပဿီ --- (၁) သားရေဖားဖိုကို ပယ်အပ်ပြီးသော်လည်းကောင်း, (၂) မီးရှူးပြွန်ဝကို ဖျက်အပ် သော်လည်းကောင်း, (၃) ထိုလေဖြစ်ခြင်းအားလျော်သော လုံ့လဝီရိယသည် မရှိသော်လည်းကောင်း ထိုဝင်လေ ထွက်လေသည် မဖြစ်သကဲ့သို့ ဤဥပမာအတူပင်လျှင် ---

၁။ ကရဇကာယသည် ပျက်သွားသော်လည်းကောင်း,

၂။ နှာခေါင်းဖုကို ဖျက်ဆီးအပ်သော်လည်းကောင်း,

၃။ စိတ်သည် ချုပ်သော်လည်းကောင်း

အဿာသပဿာသကာယ မည်သည် မဖြစ်နိုင်တော့ပေ။ ယင်းကရဇကာယ စသည်တို့၏ ချုပ်ခြင်းကြောင့် အဿာသ ပဿာသ၏ ချုပ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤသို့ရှုမြင်သော ပုဂ္ဂိုလ်ကို အဿာသ ပဿာသကာယ၌ ချုပ်ကြောင်းတရား = ဝယဓမ္မကို အဖန်ဖန် အထပ်ထပ် ရှု၍ နေ၏ ဟုဆိုအပ်၏။ ဝယဓမ္မာနုပဿီပုဂ္ဂိုလ် ဟူလို သည်။

သမုဒယဝယဓမ္မာနုပဿီ --- ရံခါ သမုဒယ သဘောကို, ရံခါ ဝယ သဘောကို ရှုမြင်သော ပုဂ္ဂိုလ်ကို သမုဒယဝယဓမ္မာနုပဿီပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုအပ်၏။ (မ၊၁၊၂၅၄-၂၅၅။)

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်ကား အဿာသပဿာသကာယ အမည်ရသော စိတ္တဇ သဒ္ဒနဝက ကလာပ် ရုပ်တရားတို့အတွက်သာ ရည်ညွှန်း၍ ဖွင့်ဆိုထားသော ဖွင့်ဆိုချက် ဖြစ်ပါသည်။ အာနာပါနဿတိ သမာဓိပိုင်းမှ စ၍ ရှေးတွင် အကြိမ်ကြိမ် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကျင့်စဉ်မှ ဥပစာရသမာဓိသို့ ဆိုက်အောင် သို့မဟုတ် စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးသောအခါ ---

၁။ အဿာသပဿာသကာယဟူသော စိတ္တဇသဒ္ဒနဝက ကလာပ် ရုပ်တရားများ,

၂။ ကရဇကာယဟူသော ဘူတရုပ် ဥပါဒါရုပ်,

၃။ နာမကာယဟူသော နာမ်တရားအပေါင်း ---

ဤ ရူပကာယ နာမကာယတို့ကို ဆက်လက်၍ သိမ်းဆည်း ရှုပွားရ၏။ ထိုတွင် အဿာသပဿာသ ကာယ၏ အကြောင်းတရားများကို အထက်ပါ အဋ္ဌကထာက ဖွင့်ဆိုထား၏။ ကရဇကာယ နာမကာယတို့၏ အကြောင်းတရားကိုကား အောက်ပါအတိုင်း ကြိုတင်၍ ယင်းအဋ္ဌကထာ၌ပင် ဖွင့်ဆိုထား၏။

စျာနကမ္မိကောပိ ဣမာနိ စျာနင်္ဂါနိ ကိံ နိဿိတာနိ၊ ဝတ္ထုံ နိဿိတာနိ။ ဝတ္ထု နာမ ကရဇကာယောတိ စျာနင်္ဂါနိ နာမံ, ကရဇကာယော ရူပန္တိ နာမရူပံ ဝဝတ္ထပေတွာ တဿ ပစ္စယံ ပရိယေသန္တော အဝိဇ္ဇာဒိပစ္စယာကာရံ ဒိသွာ ပစ္စယပစ္စယုပန္နဓမ္မမတ္တမေဝေတံ၊ အညော သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထီတိ ဝိတိဏ္ဏကင်္ခေါ သပ္ပစ္စယနာမရူပေ တိလက္ခဏံ အာရောပေတွာ ဝိပဿနံ ဝဍ္ဎေန္တော အနုက္ကမေန အရဟတ္တံ ပါပုဏာတိ။ ဣဒံ ဧကဿ ဘိက္ခုနော ယာဝ အရဟတ္တာ နိယျာနမုခံ။ (မ၊ဋ္ဌ၊၁၊၂၅၄။)

အာနာပါနစတုတ္ထစျာန်တိုင်အောင် စျာန်ကို ရရှိထားသော ယောဂါဝစရပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ တက်လှမ်းရာ၌ စျာန်အင်္ဂါတို့က စ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းခဲ့သော် ယင်းပုဂ္ဂိုလ်မျိုးကို စျာနကမ္မိကပုဂ္ဂိုလ်ဟူ၍ ခေါ်ဆို၏။ အဿာသပဿာသ ရုပ်တရားတို့က စ၍ ရုပ် နာမ်တို့ကို သိမ်းဆည်းခဲ့သော် အဿာသပဿာသကမ္မိကပုဂ္ဂိုလ်ဟူ၍ ခေါ်ဆို၏။ ယင်းပုဂ္ဂိုလ် နှစ်မျိုးလုံး၌ ရုပ်နာမ်ကို သိမ်းဆည်းပုံ အခြင်းအရာ စသည်တို့ကား တူညီလျက်ပင် ရှိ၏။ ဤ၌ သမုဒယဓမ္မာနုပဿီ စသည်ကို သဘောပေါက်စေရန်အတွက် စျာနကမ္မိကပုဂ္ဂိုလ် အကြောင်းကို ဖော်ပြအပ်ပါသည်။

စျာနကမ္မိကပုဂ္ဂိုလ်သည်လည်း ဤစျာန်အင်္ဂါတို့သည် အဘယ်ကိုမှီ၍ ဖြစ်ကုန်သနည်းဟု ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်ကြည့်လတ်သော် ဤစျာန်အင်္ဂါတို့သည် ဝတ္ထုရုပ်ကို မှီကုန်၏ဟု သိ၏။ ဝတ္ထု မည်သည် ကရဇကာယ တည်း။ ကရဇကာယ မည်သည် မဟာဘုတ်လေးပါးတို့နှင့် ဥပါဒါရုပ်တည်း။ စျာန်အင်္ဂါတို့ကား နာမ်တရား, ကရဇကာယကား ရုပ်တရားတည်း။ ဤသို့ နာမ်ရုပ်ကို အသီးအသီး ပိုင်းခြားမှတ်သားပြီး၍ ထိုနာမ်ရုပ်၏ အကြောင်းတရားကို ရှာဖွေလတ်သော် အဝိဇ္ဇာ အစရှိသော ကျေးဇူးပြုပုံ အခြင်းအရာရှိသော ပဋိစ္စသမုပ္ပါဒ် သဘောတရားကို ဉာဏ်ဖြင့် သိမြင်၍ --- ဤနာမ်ရုပ်သည် အကြောင်းတရားနှင့် အကျိုးတရားမျှသာတည်း၊ အကြောင်း-အကျိုးမှ အခြားတစ်ပါးသော သတ္တဝါသည်လည်းကောင်း ပုဂ္ဂိုလ်သည်လည်းကောင်း မရှိ --- ဤသို့ ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်သည် ဖြစ်၍ အကြောင်းတရားနှင့် တကွသော နာမ်ရုပ်၌် လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာဉာဏ်ကို တိုးပွားစေသည်ရှိသော် အစဉ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၏။ ဤကား စျာနကမ္မိက အမည်ရသော တစ်ဦးသော ယောဂါဝစရ ရဟန်းတော်၏ အရဟတ္တဖိုလ် တိုင်အောင်သော သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိက လမ်းကြောင်းပင်တည်း။ (မ၊ဋ္ဌ၊၁၊၂၅၄။)

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုတော်မူချက်နှင့် အညီ ---

၁။ (က) အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် ရူပကာယ နာမကာယဟူသော ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း,

( ခ ) ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း ---

ရှုမြင်ခဲ့သော် သမုဒယဓမ္မာနုပဿီ = ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို ရှုမြင်သူဟူ၍ ဆို အပ်၏။

၂။ (က) အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် ချုပ်ငြိမ်း သွားသောအခါ ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ချုပ်ငြိမ်းပုံကိုလည်းကောင်း,

( ခ ) ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ပျက်မှု ဘင်ကိုလည်းကောင်း, ရှုမြင်နိုင်ခဲ့သော် ဝယဓမ္မာနုပဿီ = ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို ရှုမြင်သူဟူ၍ ဆိုအပ်၏။

၃။ ရံခါ သမုဒယဓမ္မကို, ရံခါ ဝယဓမ္မကို ရှုမြင်နေလျှင် သမုဒယဝယဓမ္မာနုပဿီပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

တစ်ဖန် ဣရိယာပထပိုင်း စသည်တို့၌လည်း ဤသို့ ဖွင့်ဆိုထားတော်မူ၏။

သမုဒယဓမ္မာနုပဿီ ဝါတိအာဒီသု ပန အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိအာဒိနာ နယေန ပဉ္စဟာကာရေဟိ ရူပက္ခန္ဓဿ သမုဒယော စ ဝယော စ နီဟရိတဗ္ဗော။ တဥှိ သန္ဓာယ ဣဓ သမုဒယဓမ္မာနုပဿီ ဝါတိအာဒိ ဝုတ္တံ။ (မ၊ဋ္ဌ၊၁၊၂၅၇။)

သမုဒယဝယဓမ္မာနုပဿီ ဝါတိ ဧတ္ထ ပန အဝိဇ္ဇာသမုဒယာ ဝေဒနာသမုဒယောတိအာဒီဟိ ပဉ္စဟိ ပဉ္စဟိ အာကာရေဟိ ဝေဒနာနံ သမုဒယဉ္စ ဝယဉ္စ ပဿန္တော သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ကာလေန သမုဒယဓမ္မာနုပဿီ ဝါ, ကာလေန ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတီတိ ဝေဒိတဗ္ဗော။ (မ၊ဋ္ဌ၊၁၊၂၈၃-၂၈၄။)

သမုဒယဝယဓမ္မာနုပဿီတိ ဧတ္ထ ပန အဝိဇ္ဇာသမုဒယာ ဝိညာဏသမုဒယောတိ ဧဝံ ပဉ္စဟိ ပဉ္စဟိ အာကာရေဟိ ဝိညာဏဿ သမုဒယော စ ဝယော စ နီဟရိတဗ္ဗော။ (မ၊ဋ္ဌ၊၁၊၂၈၅။)

သမုဒယဝယာ ပနေတ္ထ အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိအာဒီနံ ပဉ္စသု ခန္ဓေသု ဝုတ္တာနံ ပညာသာယ လက္ခဏာနံ ဝသေန နီဟရိတဗ္ဗာ။ (မ၊ဋ္ဌ၊၁၊၂၉၁။)

ဤအထက်ပါ အဋ္ဌကထာစကားတို့ကား ပဋိသမိ႓ဒါမဂ်ပါဠိတော် (၅၃)၌ လာရှိသော ခန္ဓာငါးပါး၌ ဥဒယ ဉာဏ် (၂၅)ပါး, ဝယဉာဏ် (၂၅)ပါး ဟူသော ဥဒယဗ္ဗယဉာဏ် (၅၀)တို့ကို ရည်ညွှန်း၍ ဖွင့်ဆိုထားတော်မူသော စကားတို့ ဖြစ်ကြ၏။ ယင်းအဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

၁။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော အကျိုးဥပါဒါနက္ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း, အကျိုးဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ဖြစ်မှုဥပါဒ်ကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခဲ့သော် သမုဒယဓမ္မာနုပဿီ = သမုဒယဓမ္မကို = ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုနေသူ မည်၏။

၂။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)

အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်း၍သွားခြင်းကြောင့် ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်ဝယ် အနာဂတ်ဖြစ်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော ဥပါဒါနက္ခန္ဓာငါးပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်း ပုံကိုလည်းကောင်း, ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း = ပျက်ခြင်း = ဘင်ကိုလည်းကောင်း ဝိပဿနာ ဉာဏ်ဖြင့် ရှုမြင်ခဲ့သော် ဝယဓမ္မာနုပဿီ = ဝယဓမ္မကို = ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုနေသူ မည်၏။

၃။ ရံခါ သမုဒယဓမ္မကို, ရံခါ ဝယဓမ္မကို အဖန်ဖန် အထပ်ထပ် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခဲ့သော် သမုဒယဝယဓမ္မာနုပဿီ = သမုဒယဓမ္မ ဝယဓမ္မကို = ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းတရားနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုနေသူ မည်၏။

ဤကား အထက်ပါ အဋ္ဌကထာစကားရပ်တို့၏ ဆိုလိုရင်းသဘောတည်း။ ဤအပိုင်းတွင် ဘုရားရှင်သည်-

၁။ ပစ္စယပရိဂ္ဂဟဉာဏ်,

၂။ သမ္မသနဉာဏ်,

၃။ ဥဒယဗ္ဗယဉာဏ် ---

ဤဉာဏ် (၃)ပါးတို့ကို စုပေါင်း၍ ဟောကြားထားတော်မူပေသည်။ ယင်းဉာဏ် (၃)ပါးတို့ကို ရရှိအောင် ဆက်လက် ကြိုးစားအားထုတ်ရမည့် ကျင့်စဉ်အရပ်ရပ်ကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်၍ ဖော်ပြမည် ဖြစ် ပါသည်။ ထိုသို့ မဖော်ပြမီ သတိပဋ္ဌာန်ကျင့်စဉ်နှင့် ပတ်သက်၍ မျက်ကြောမပြတ်စေရန် ေ့ရှဆက်လက် ကျင့် ရမည့် ကျင့်စဉ်ကို မဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင်ကိုယ်တိုင် ဟောကြားထားတော်မူသည့်အတိုင်း အကျဉ်း ချုပ်၍ ကြိုတင် ဖော်ပြအပ်ပါသည်။ မိမိကျင့်ရမည့် သတိပဋ္ဌာန်ကျင့်စဉ်ကို ကြိုတင်၍ သဘောပေါက်ထားရန် အတွက် ဖြစ်ပေသည်။

သတိပဋ္ဌာန်ကျင့်စဉ် စတုတ္ထဆင့်

သတိပဋ္ဌာန်ကျင့်စဉ် စတုတ္ထဆင့်

အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)

အတ္ထိ ဝေဒနာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၅-၇၆။)

အတ္ထိ စိတ္တန္တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၆။)

အတ္ထိ ဓမ္မာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿီတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု။ (ပဉ္စသု ဥပါဒါနက္ခန္ဓေသု။ ) (မ၊၁၊၇၈။)

ထိုပြင် ---

၁။ ရုပ်တရားအပေါင်းသည်သာလျှင် ရှိ၏

၂။ ဝေဒနာတရားသည်သာလျှင် ရှိ၏

၃။ စိတ်တရားသည်သာလျှင် ရှိ၏

၄။ ဓမ္မသဘောတရားတို့သည်သာလျှင် ရှိကုန်၏

ဤသို့လျှင် ထိုယောဂါဝစရ ရဟန်းအား သတိသည် ရှေးရှူထင်၏၊ ထိုသတိသည် အဆင့်ဆင့် ဝိပဿနာ ဉာဏ်၏ တိုးပွားခြင်းငှာသာ ဖြစ်၏၊ အဆင့်ဆင့် ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သတိ၏ တစ်ဖန်တိုးပွားခြင်းငှာသာ ဖြစ်၏။ ထိုရဟန်းသည် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော ဥပါဒါနက္ခန္ဓာငါးပါးတို့၌ တဏှာ-ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဥစ္စာဟု မမှီတွယ်မူ၍လည်း နေ၏။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော လောက၌ တစ်စုံတစ်ခုသော တရားကိုမျှလည်း ငါ-ငါ၏ဥစ္စာဟု စွဲလည်း မစွဲလမ်း။

ရဟန်းတို့ ... ဤသို့လည်း ရဟန်းသည် ---

၁။ ရုပ်တရားအပေါင်း၌ ရုပ်တရားအပေါင်းကို,

၂။ ဝေဒနာတို့၌ ဝေဒနာတို့ကို,

၃။ စိတ်၌ စိတ်ကို,

၄။ ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (မ၊၁၊၇၁-၇၅-၇၆-၇၈။)

ဤအပိုင်းတွင် ဘုရားရှင်သည် ဘင်္ဂဉာဏ်ပိုင်းမှ စ၍ အရိယမဂ်ဉာဏ်သို့တိုင်အောင်သော ဝိပဿနာ ဉာဏ် မဂ်ဉာဏ်တို့ကို စုပေါင်း၍ ဟောကြားထားတော်မူပေသည်။

ဤတွင် သတိပဋ္ဌာန်လေးပါးကျင့်စဉ် အကျဉ်းချုပ်ကို တင်ပြပြီးလေပြီ။ ယခုအခါတွင် ထိုသတိပဋ္ဌာန် လေးပါးကျင့်စဉ်တွင် အကျုံးဝင်သော --- သမုဒယဓမ္မာနုပဿီ --- ဟူသော ဘုရားရှင်၏ ညွှန်ကြားထားတော်မူ သော ဒေသနာတော်နှင့် အညီ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ ထင်ရှား ဖြစ်ခြင်းကြောင့် ထင်ရှားရှိခြင်းကြောင့် အကျိုးတရားများ ဖြစ်ကြသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ထင်ရှားဖြစ်ပုံ အခြင်းအရာဟူသော ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ရှုပုံနည်း စနစ်များနှင့် တကွ တင်ပြပေအံ့။



Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ