ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နိဒါန်း
မုံရွာမြို့ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည် နိုင်ငံခြား သာသနာပြုရေးနှင့် စပ်လျည်း၍ ဥရောပတိုက် အင်္ဂလန်ပြည်ရှိ ပါဠိဘာသာအသင်းကြီးသို့ ဗုဒ္ဓဘာသာအလင်းရောင်ကို ထွန်းပြောင်၍ ပြဘိသကဲ့သို့ အလွန်တရာ သိမှတ်ဖွယ်ကောင်းလှသော အချက်ကြီးများ ကို ပိဋကတ်သုံးပုံ ပါဠိအဋ္ဌကထာဋီကာ အသီးသီးတို့မှ ရွေးနှုတ်ပြီးလျှင် ပါဠိဘာသာဖြင့် ရေးသားတင်ပို့လေသည် ဖြစ်ပါကြောင်း။
ထိုပါဠိဘာသာဖြင့် ရေးသားတင်ပို့အပ်သော ဥရောပ ဗုဒ္ဓဘာသာ အလင်းပြကို အင်္ဂလန်ပြည်ရှိ ပါဠိဘာသာ အသင်းဝင် သူတော်စဉ် ပညာရှိ အပေါင်းတို့က များစွာနှစ်သက်ကြလေသည်။ ယင်းသို့ နိုင်ငံခြားသို့ ပေးပို့သော ကျမ်းစာသည် ဗုဒ္ဓဘာသာအနှစ်သာရတို့ဖြင့် ပြည့်ဝစုံလင်သောကြောင့် အကျွန်ုပ်တို့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ အမျိုးသားတို့လည်း သိသင့်သိထိုက်ကြသည့်အားလျော်စွာ သိရှိကြစေရန် ရည်သန်သဘောထား၍ နိုင်ငံခြားသာသနာပြုအသင်း ကြီး၏ စက္ကတေရီဖြစ်သူ မုံရွာမြို့ အမိန့်တော် ရမင်း ဦးစံသင်းက(ဘီအေ) မဟာဝိဇ္ဇာဘွဲ့ရ အလင်္ကာကျော်စွာ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး အား အဆိုပါ ဥရောပဗုဒ္ဓဘာသာ အလင်းပြကျမ်းကို မြန်မာဘာသာ ပြန်ဆိုရေးသား၍ ပေးပါမည့်အကြောင်းနှင့်အခါခါ ဝပ်တောင်းပန် အပ်သည်ဖြစ်၍ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ညာ လက်ရုံးစစ် တပည့်ကြီးဖြစ်သည့် (ဘီအေ) မဟာဝိဇ္ဇာဘွဲ့ရ အလင်္ကာ ကျော်စွာ ထိုလယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးသည် လယ်တီဆရာတော် ဘုရားကြီး၏ အလိုဆန္ဒတော်နှင့် ညီညွတ်စွာရှိလေအောင် မြန်မာဘာသာ ဖြင့် ချောမွှေ့ပြေပြစ်စွာ ပြန်ဆို၍ ဥရောပဗုဒ္ဓဘာသာအလင်းပြ ဟူသော အမည်ဖြင့်ပင် စာအုပ်ရိုက်နှိပ်သည် ဖြစ်ပါကြောင်း။
ထိုစာအုပ်သည် ယခုအခါ၌ အလွန်ရှားပါး၍ နေသည်ဖြစ်ရကား ယင်းသို့ အလွန်ဆန်းကြယ်မှတ်သားဖွယ် အချက်အလက်တို့ဖြင့် ပြည့်နှက် စုံလင်သော ဥရောပဗုဒ္ဓဘာသာအလင်းပြ ဥရောပဗုဒ္ဓဘာသာအလင်းပြ ကျမ်းစာကို သာသနာဆုံး သည်တိုင်အောင် မပျောက်မပျက် တည်ရှိစေရန် ရည်သန် သောစိတ် ထားဖြင့် ဘဒ္ဒန္တကေလာသ-နဝမ ပဓာန နာယကဆရာတော် ကြီးမှူး သော ဦးဗိုလ်မောင် (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ဦးမောင်မောင်ဦး (ဘီအေ)တို့နှင့် လယ်တီဒီပနီထွန်းကား ပြန့်ပွါးရေးအဖွဲ့သားတို့က တည်းဖြတ်သုတ်သင်လျက် မုံရွာမြို့ မဟာလယ်တီတိုက် လယ်တီ ရောင်ခြည်ကွန်ပျူတာအဖွဲ့မှ စာစီပြုလုပ်ကာ ရန်ကုန်မြို့ မုံရွေး စာအုပ် တိုက်မှ ထုတ်ဝေဖြန့်ချီအပ်ပါသတည်း။
နေ့စွဲ
ဘဒ္ဒန္တကေလာသ
၁၃၆၂-ခုနှစ်
နဝမ ပဓာန နာယကဆရာတော်
တပို့တွဲလပြည့်ကျော်- ၄-ရက်
မဟာလယ်တီတိုက်
(၁၁-၂-၂၀၀၁)
မုံရွာမြို့
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဏာမနှင့် အာသီသ
နမော ဓမ္မဿ၊ နမော သံဃဿ၊ နမော အာစရိယာနံ၊ တိဋ္ဌန္တု သီသေ မေ ဧတေ၊ အန္တရာယာ သမေန္တုမေ။
ဘဂဝတော=ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တတည်းဟူ သော ခြောက်ဝဘုန်းဟုန် ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူထသော၊ အရဟတော=ကိလေသာကင်းပြတ်သဖြင့် မြတ်သောအလှူကို ခံယူတော် မူထိုက်ထသော၊ တဿ သမ္မာသမ္ဗုဒ္ဓဿ=မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်ထိုးထွင်း၍ သိမြင်တော်မူသော ထိုမြတ်စွာဘုရားသခင်အား၊ နမော=ရှိခိုးပါ၏၊ ဓမ္မဿ=မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားတော်မြတ်အား၊ နမော=ရှိခိုးပါ၏၊ သံဃဿ=မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်အား၊ နမော=ရှိခိုးပါ၏၊ အာစရိယာနံ= ပညာသိပ္ပ ညွန်ပြသွန်သင် ကျေးဇူးရှင်ဆရာမြတ်တို့အား၊ နမော= ရှိခိုးပါ၏၊ ဧတေ=ထိုဘုရား တရား သံဃာ ဆရာအရှင်မြတ်တို့သည်၊ မေ=အကျွန်ုပ်၏၊ သီသေ=ဦးခေါင်းရတနာ မြတ်အင်္ဂါထက်၌၊ တိဋ္ဌန္တု= တည်နေကိန်းဝပ်တော်မူကြပါစေကုန်သတည်း။ မေ=အကျွန်ုပ်အား၊ အန္တရာယာ=ဘေးအတန်တန် ရန်အသွယ်သွယ် အန္တရာယ် ဟူသမျှတို့ သည်၊ သမေန္တု=ကင်းငြိမ်းလွင့်စင်ကြပါစေကုန်သတည်း။
(အထက်၌ပြဆိုခဲ့ပြီးသော ပဏာမအန္တရာယ် ကင်းဂါထာကို ပါဠိ အနက်နှင့်တကွ နှုတ်တက် ကျက်မှတ်၍အမြဲမပြတ် ရွတ်ဖတ်သရဇ္ဈာယ် လျှင် ဘေးအန္တရာယ် ကင်းရှင်း၍ စီးပွါးဥစ္စာ တိုးတက်လျက် ဘုန်းကျက် သရေ ကြီးမားတတ်သည် ကျက်မှတ်သရဇ္ဈာယ်ကြပါကုန်။)
.............
နိယာမတရားငါးပါး
၁၊၊ ဥတုနိယာမ,
၂။ ဗီဇနိယာမ,
၃။ ကမ္မနိယာမ,
၄။ စိတ္တနိယာမ,
၅။ ဓမ္မနိယာမ,
၁။ ဥတုနိယာမ။
ထိုနိယာမတရား ငါးပါးတို့တွင် ဥတုနိယာမကို ရှေးဦးစွာ ပြဆိုဦးအံ့။ ဥဒေတိ ပသဝတီတိ ဥတု
ဥဒေတိ ပသဝတိ=ပွါးစီးတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဥတု= ဥတုမည်၏။
မဖြစ်သေးသောရုပ်ကို ဖြစ်စေခြင်း, ဖြစ်ပြီးသောရုပ်ကို တိုးပွါး စေခြင်း သဘောရှိ၏ဟု ဆိုလိုသည်။။ဥတုဟူသည် တရားကိုယ် အားဖြင့် တေဇောဓာတ်အထူးပင် ဖြစ်သည်။။တေဇောတည်းဟူသော မီးဓာတ်၏ ပထမရှေးဦးစွာဖြစ်သည့် အခိုက်အတန့် အထူးကိုပင် ဥတုဆို ရသည်။
ပထဝီ အာပေါ တေဇော ဝါယောဟုဆိုအပ်သော မဟာဘုတ် လေးပါးတို့မှာ သုံးပါးသုံးပါးသော အခိုက်အတန့် အခြင်းအရာတို့သည် ရှိကုန်၏၊။ ထိုသို့ရှိပုံကို ပြဆိုပေအံ့။
ပထဝီဓာတ်သည်
၁။ သာဓာရဏပထဝီ,
၂။ ပံသုပထဝီ,
၃။ သိလာပထဝီ,
ဟူ၍ သုံးမျိုးရှိ၏။
၁။ ထိုသုံးမျိုးတို့တွင် ရေ၌၎င်း၊ ဆီမီးလျှံ၌၎င်း၊ တိုက်ခတ်သော လေ၌၎င်း၊ ခက်မာခြင်း လက္ခဏာပါရှိ၍ အတူတကွ ဖြစ်နေသော သဟဇာတ် ရုပ်ဓာတ်တို့၏ တည်ရာကိစ္စ အနေအားဖြင့် ရှိနေသော ရုပ် ကလာပ်ဟူသမျှတို့နှင့် ဆက်ဆံသော မြေဓာတ်သဘောနုကို သာဓာရဏ ပထဝီခေါ်သည်။
၂။ မြေမှုန့် အဆိုင်အခဲဖြစ်သော မြေကို ပံသုပထဝီခေါ်သည်။
၃။ ကျောက်မြေကို သိလာပထဝီခေါ်သည်။
ထိုရုပ်တို့၌ ဖွဲ့စည်းခြင်းလက္ခဏာရှိသောသဘောသည် အာပေါ ဓာတ်မည်၏၊ ဖွဲ့အပ်သောဝတ္ထုမရှိခဲ့သော် ဖွဲ့စည်းခြင်းလည်း မရှိနိုင်။ လောင်တတ်သော တေဇောသည်လည်း မိမိလောင်ရန် အစာရှိမှ သာ လျှင် တည်ရှိနိုင်၏၊ စွဲလမ်းလောင်မြိုက်ရန် အစာမရှိခဲ့သော် ထိုတေဇော ဓာတ်သည်လည်း တည်နိုင်မည် မဟုတ်ချေ။ ဝါယောဓာတ်သည် ထောက် ကန်ခြင်း သဘောလက္ခဏာရှိ၏၊ ထောက်ကန်ခြင်းသဘော လက္ခဏာ သည်လည်း ထောက်ကန်စရာ ရှိမှဖြစ်နိုင်သည်၊ ထောက်ရာ တည်ရာကို မရသည်ရှိသော် မဖြစ်နိုင်၊ ထို့ကြောင့် ရေ မီးလျှံ လေ အစရှိသော ရုပ်တရားတို့သည်ရှိကုန်၏၊ အယုတ်ဆုံးအားဖြင့် ပရမာဏုမြူတစ် လုံးမျှဖြစ်သော ရုပ်အစုသည်လည်းရှိ၏၊ ထိုအလုံးစုံသော ရုပ်ဟူသမျှတို့၏ ထောက်တည်ရာဖြစ်သော အထည်ကိုယ်ပဓာနဓာတ်သည်ကား ပထဝီ ဓာတ်သာဖြစ်သည်၊ ထိုပထဝီဓာတ်သည် အလုံးစုံသော ရုပ်တို့၏ တည်ရာကိစ္စအားဖြင့် အားကြီးသော မှီရာဖြစ်လေသည်။
အာပေါ၏ ဖွဲ့စည်းရန်ဝတ္ထုကား ပထဝီဖြစ်သည်၊ တေဇော၏ လောင်မြိုက်ရန် အစာကား ပထဝီဖြစ်သည်၊ ဝါယော၏ ထောက်ကန်ရန် မှာလည်း ပထဝီပင်ဖြစ်သည်ဟူ၍ ဆိုလိုပေသည်။
အာပေါဓာတ်သည်လည်း
၁။ သာဓာရဏအာပေါ,
၂။ တေမနကအာပေါ,
၃။ ပဂ္ဃရဏကအာပေါ,
ဟူ၍ အခိုက်အတန့်အားဖြင့် သုံးပါးရှိ၏၊
(ရုပ်အလုံးစုံနှင့်ဆက်ဆံသော အာပေါ- စိုစွတ်စေတတ်သော အာပေါ-ယိုစီးစေတတ်သော အာပေါဟူ၍ ဆိုလိုသည်။)
၁။ ထိုအာပေါသုံးမျိုးတို့တွင် ကျောက်ခဲ သံခဲတို့၌၎င်း၊ လေတို့၌၎င်း၊ မီးလျှံစသည်တို့၌၎င်း ရုပ်တို့ကို တစ်ပေါင်းတည်း ဖွဲ့စည်းမှုကိစ္စဖြင့် အစဉ် ပါရှိသော နူးညံ့သည့်ဓာတ်သည် သာဓာရဏအာပေါမည်၏။
၂။ လူတို့၏ကိုယ်၊ တိရစ္ဆာန်တို့၏ကိုယ်၊ စိမ်းစိုသော သစ်ပင်စ သည်တို့၌ စိုစွတ်စေတတ်သော အာပေါဓာတ်သည် တေမနကအာပေါ ဓာတ်မည်၏။
၃။ ရေတို့၌၎င်း၊ အုန်းရေ ထန်းရေ ကြံရေ စသည်တို့၌၎င်း တည်ရှိ သော ယိုစီးစေတတ်သည့် အာပေါသည် ပဂ္ဃရဏကအာပေါ မည်၏။
ထိုစကားရပ်၌ရုပ်တရားတို့၏ အဆိုင်အခဲအစေးအားဖြင့် တည်ရှိ သော အခြင်းအရာတို့သည် ထင်ရှားကုန်၏၊ သေးငယ်သော ပရမာ ဏုမြူမှစ၍ မြင့်မိုရ်တောင်ကြီးတိုင်အောင် စုဝေးဆိုင်ခဲလျက်တည် နေကြ ကုန်၏၊။ ထိုသို့တည်ရှိလေသမျှသောရုပ်တို့၏ အဆိုင်အခဲ အစုအဝေး တို့သည် အာပေါဓာတ်ကိစ္စဖြင့်သာလျှင် ဆိုင်ခဲစုဝေးမိကြကုန်၏၊ အာပေါ ဓာတ်နှင့် ကင်းပါမူကား ထိုကဲ့သို့ ဆိုင်ခဲစုဝေးခြင်းသို့ပင် ရောက်နိုင်ကြ မည်မဟုတ်ကုန်။
တေဇောဓာတ်သည်လည်း
၁။ သာဓာရဏတေဇော,
၂။ အင်္ဂါရကတေဇော,
၃။ ဇာကလတေဇော,
ဟူ၍ သုံးပါးရှိသည်။
(ရုပ်အလုံးစုံတို့နှင့် ဆက်ဆံ သောတေဇော မီးခဲတေဇော မီးတောက်တေဇော ဟူ၍ ဆိုလိုသည်။)
၁။ ထိုတေဇော သုံးမျိုးတိုတွင် ကျောက်ခဲ သစ်သား မြေ စသည်တို့၌ အတူတကွ ဖြစ်သောရုပ်တို့ကို ရင့်ကျက်စေခြင်းကိစ္စ ပွါးစေ ခြင်းကိစ္စအားဖြင့် ရုပ်ကလာပ်တိုင်း၌ အစဉ်ပါရှိ၍နေသောပူမှု အေးမှု ဟုဆိုအပ်သော တေဇောနုသည် သာဓာရဏတေဇောမည်၏၊ ၂။ မီးတောက်မီးလျှံ ငြိမ်းပြီးသော မီးခဲတို့၌တည်ရှိသော တေ ဇောသည် အင်္ဂါရကတေဇောမည်၏။
၃။ မီးတောက် မီးလျှံတို့၌တည်ရှိသော တေဇောသည် ဇာကလ တေဇောမည်၏။
ထိုစကားရပ်၌ အလုံးစုံသော ရုပ်ဟူသမျှတို့သည် တေဇော ဓာတ်၏ အစွမ်းအားဖြင့် ရင့်ကျက်ကြကုန်၏၊ အစဉ် တည်တန့် နိုင်ကြ ကုန်၏၊ ကြီးပွါးနိုင်ကြကုန်၏။
ဝါယောဓာတ်သည်လည်း-
၁။ သာဓာရဏ ဝါယော,
၂။ သဏ္ဌမ္ဘနက ဝါယော,
၃။ သမီရဏက ဝါယော,
ဟူ၍သုံးပါးအပြားရှိ၏။
(ရုပ်အလုံးစုံတို့နှင့် ဆက်ဆံသော ဝါယော၊ ထောက်ကန်တတ် သော ဝါယော၊ ရွေ့ရှားလှုပ်ယှက်စေတတ်သော ဝါယောဟူ၍ ဆိုလို သည်။)
၁။ ထိုဝါယောသုံးမျိုးတို့တွင် ကျောက်ခဲ ကျောက်တုံးစသည် တို့၌ အတူတကွဖြစ်သော ရုပ်ဓာတ်တို့ကို ထမ်းဆောင်ခြင်းကိစ္စအားဖြင့် အစဉ်ပါရှိ၍နေသော ဝါယောဓာတ်နုသည် သာဓာရဏ ဝါယောမည်၏။
၂။ လေဖြင့် ပြည့်၍နေသော လေခေါင်းအုံး လေမွှေ့ရာ သား ရေအိပ် စသည်တို့၌ ထောက်ကန်တတ်သော သဏ္ဌမ္ဘနက ဝါယောသည် ထင်ရှား၏။
၃။ ထွက်သက်ဝင်သက် ရှိုက်ရှူခြင်း လက်ခြေတို့ကို ကွေး ဆန့်ခြင်း တိုက်ခတ်သောလေဟုန်ကြောင့် သစ်ပင်သစ်ကိုင်းတို့၏ ယိမ်းယိုင်ခြင်း စသည်တို့၌ သမီရဏကဝါယောသည် ထင်ရှား၏၊ ဝါယောဓာတ်မည်သည်ကား အတူတကွဖြစ်သော ရုပ်တရားတို့၏ အင်အားဖြစ်၍ ဗလဓာတ် ထာမဓာတ်မည်သည်၊ အလုံးစုံသော ရုပ်တရားတို့သည် ဝါယောဓာတ်၏ အစွမ်းအားဖြင့် မိမိတို့နှင့် သက်ဆိုင် သော ကိစ္စတို့၌ အားရှိကြကုန်လျက် ကိုယ့်ကိစ္စတို့ကို ဆောင်ရွက်နိုင် ကြကုန်သည်။
သက်ရှိ သက်မဲ့ဖြစ်သော ရုပ်တို့၌ ရွေ့ရှားခြင်း၊ ထောက်ကန်ခြင်း၊ တွန်းထိုးခြင်း စသည်တို့ကား ဝါယောဓာတ်၏ သတ္တိချည်းသာတည်း။ သို့ဖြစ်၍ ဝါယောသည် ဓာတ်ရှင်ကဲ့သို့ဖြစ်လေသည်၊ ဓာတ်လေးပါး တို့တွင်ပထဝီနှင့် အာပေါသည် ဓာတ်သေမည်၏၊ တေဇောနှင့် ဝါယော သည် ဓာတ်ရှင်မည်၏။
ဤ မဟာဘုတ် ဓာတ်ကြီးလေးပါးတို့သည် ဆိုအပ်ခဲ့ပြီးသော အခိုက်အတန့် သုံးပါးတို့၌ တည်ကြကုန်လျက် ကြီးပွါးရန်အကြောင်း ရှိခဲ့သော် ကြီးပွါးတိုးတက်ကြကုန်၏၊ ဆုတ်ယုတ်ရန် အကြောင်းရှိခဲ့သော် ဆုတ်ယုတ်ပျက်စီးကြကုန်၏၊။ အကြောင်းကိုသာ ထူထောင်၍ ပေးတတ်ကြပါလျှင် ကျောက်ခဲ သံခဲ၌ရှိသော အာပေါဓာတ်သည် အရည် တွေတွေစီးဆင်းခြင်းသို့ ရောက်နိုင်ကုန်၏၊ ကျောက်ခဲ သံခဲရှိ ကြမ်းတမ်း သော ပထဝီဓာတ်သည် နူးညံ့သိမ်မွေ့ခြင်းသို့ ရောက်နိုင်၏၊။ ရေ၌ တည်ရှိသော တေဇောသည် အခိုးအလျှံနှင့်တကွ ထ၍တောက်လောင် သော ဇာလကတေဇောမီး အဖြစ်သို့ရောက်နိုင်၏၊။ ကျောက်ခဲ သံခဲ ရေထဲ၌ရှိနေသော ဝါယောဓာတ်သည်လည်း လှုပ်ရှားတိုက်ခတ်သော သမီရဏကဝါယောဓာတ်ဖြစ်၍ ထကြွခြင်း သို့ရောက်နိုင်၏၊ ဤကဲ့သို့ အကြောင်းကို ထူထောင်၍ ပေးနိုင်ပါက ကြီးကျယ်သောအဖြစ်သို့ ရောက်နိုင်ကြသောကြောင့် ထိုဓာတ်ကြီးလေးပါးတို့ကို“မဟာဘူတ” မဟာဘုတ်ဓာတ်ကြီးတို့ဟူ၍ဆိုရလေကုန်သည်။။ထိုမဟာဘုတ် ရုပ်ဓာတ်ကြီးတို့၏ အထွဋ်အထိပ်သို့ရောက်အောင် တန်ခိုးအစွမ်းပြ၍ ကြီးပွါးကြပုံမှာ ကမ္ဘာပျက်ခြင်း ကမ္ဘာတည်ခြင်း စသည်တို့၌ များစွာ ထင် ရှားကုန်၏။
ပြအပ်ခဲ့သော စကားရပ်၌ တေဇော၏ အခိုက်အတန့် သုံးမျိုး တို့တွင် သာဓာရဏတေဇော ဟုဆိုအပ်သော ဓာတ်နုအခိုက်အတန့်၌ တည်၍ အလုံးစုံရုပ်နှင့် စပ်ဆိုင်သော အဆောက်အဦဟူသမျှတို့၏ မျိုးစေ့ သဖွယ်ဖြစ်၍ဖြစ်သော တေဇောကိုသာလျှင် ဥတုဟူ၍ ခေါ်ဆိုရလေ သည်။
ဥတုဝသေန နိယာမတော သိဒ္ဓတ္တာ ဥတုနိယာမော နာမ။
ဥတုဝသေန=ဥတု၏အစွမ်းအားဖြင့်သာလျှင်၊ နိယာမတော= အမြဲထာဝရအားဖြင့်၊ သိဒ္ဓတ္တာ=ဖြစ်ပေါ်ပြီးစီးလေသောကြောင့်၊ ဥတု နိယာမော နာမ=ဥတုနိယာမ မည်၏။
ဥတုနိယာမဆိုသည်ကား-
ဥတု အစွမ်းအားဖြင့် ဤလောက၌ အစဉ်အတိုင်းဖြစ် နေကြသော သဘောမျိုးကို ဥတုနိယာမဆိုသည်။
လောက၌ သံဝဋ္ဋကပ်စသည်ဖြင့် ကမ္ဘာပျက်ခြင်း ကမ္ဘာတည်ခြင်း သူ့အချိန်ကာလအားလျော်စွာ ဖြစ်ပျက်မှုသည်လည်း ဥတုနိယာမ အစွမ်းမည်၏။
နွေဥတု မိုးဥတု ဆောင်းဥတုအားဖြင့် ဥတုသုံးပါး ရတုခြောက်ပါး ဖြစ်၍ နေမှုသည်လည်း ဥတုနိယာမအစွမ်းမည်၏။
သစ်ပင် နွယ်ချုံ မြက်တို့၏ သူ့အချိန်ကာလအားလျော်စွာ ရွက် ဟောင်း ကြွေကျခြင်း ရွက်သစ် လဲပြောင်းခြင်း ပုရစ်ဖူးတံ ထွက်ပြူခြင်း ကင်းငုံခြင်း ပွင့်ခြင်း သီးခြင်း ရင့်မှည့်ခြင်း စသည်တို့ဖြင့် အစဉ်အတိုင်း သူ့အချိန်နှင့် သူသူ့အမျိုးနှင့်သူဖြစ်၍ နေမှုသည်လည်း ဥတုနိယာမ အစွမ်းပင်မည်၏။
ဆိုအပ်ပြီးသော ကမ္ဘာပျက်ခြင်း ကမ္ဘာတည်ခြင်း သစ်ပင် တော တောင်တို့၏ သူ့အချိန်နှင့်သူ ထိုက်သည့်အား လျော်စွာ ဖြစ်ပျက်၍ နေမှုကို တစ်စုံတစ်ယောက်သော လူသည်၎င်း၊ နတ်သည်၎င်း၊ ဗြဟ္မာ သည်၎င်း၊ ပြုပြင်ဖန်ဆင်းအပ်သည်မဟုတ်၊ လောကကို ပြုပြင်ဖန်ဆင်း တတ်သော ပုဂ္ဂိုလ် သတ္တဝါဟူ၍မရှိ၊ စင်စစ်အာဖြင့် ဥတုကဖန်ဆင်းသော အတိုင်းပင် ဖြစ်၍နေကြရလေသည်၊ ဤကဲ့သို့ဖြစ်နေမှုကိုပင် ဥတုနိယာမ ဟူ၍ဆိုလေသည်။
ဤဥတုနိယာမကိုရည်၍-
ဟောတိ ခေါ သော ဝါသေဋ္ဌ သမယော ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန အယံ လောကော သံဝဋ္ဋတိ။
စသောစကားကို မြတ်စွာဘုရားဟောကြားတော်မူသည်။
အနက်ကား။။ ဝါသေဋ္ဌ=အိုဝါသေဋ္ဌ၊ ယံ ကဒါစိ ကရဟစိ= အကြင်အမှတ်မရှိသော တစ်ရံတစ်ခါ၌၊ ဒီဃဿ=ရှည်မြင့်စွာသော၊ အဒ္ဓုနော=ကာလအဓွန့်၏၊ အစ္စယေန=ကုန်လွန်လေသဖြင့်၊ အယံလော ကော=ဤလောကကြီးသည်၊ သံဝဋ္ဋတိ=ဥတုနိယာမအားဖြင့် ပျက်ပြား လေ၏၊ သော သမယော=ထိုကမ္ဘာပျက်သော အချိန်ကာလသည်၊ ဟောတိ ခေါ=ရှိသည်သာလျှင်တည်း။
(ဤသည်ကား ဥတုနိယာမအတွက်နှင့် ကမ္ဘာပျက်ပုံကို ဟောတော် မူအပ်သော ပါဠိတော်စကားရပ်တည်း။)
ထိုမှတစ်ပါးလည်း-
အထခေါ တေသံ ဝါသေဋ္ဌ သတ္တာနံ သယံ ပဘာ အန္တရဓာယိ။ သယံပဘာယ အန္တရဟိတာယ စန္ဒိမ သူရိယာ ပါတုရဟေတုံ။ နက္ခတ္တာနိ တာရကရူပါနိ ပါတုရဟေသုံ။ ရတ္တိဒိဝါ ပညာယိံသု။ မာသ အဍ္ဎမာသ ဥတု သံဝရစ္ဆရာ ပညာယိံသု။စသည်ဖြင့်လည်း ဟောကြားတော်မူသည်။
အနက်ကား။။ ဝါသေဋ္ဌ=အိုဝါသေဋ္ဌ၊ အထခေါ=ထိုကိလေ သာရမ္မက် ထူပြောကြသောအခါ၌၊ တေသံ သတ္တာနံ=ထိုကမ္ဘာဦးသူ တို့အား၊ သယံပဘာ=ကိုယ်ရောင်သည်၊ အန္တရဓာယိ=ကွယ်ခဲ့လေ၏၊ သယံပဘာယ=ကိုယ်ရောင်သည်၊ အန္တရဟိတာယ=ကွယ်ခဲ့လေသည်ရှိ သော်၊ ဥတုနိယာမဝသေန=ဥတုနိယာမအစွမ်းအားဖြင့်၊ စန္ဒိမ သူရိယာ= လ-နေတို့သည်၊ ပါတုရဟေသုံ=ထင်ရှားဖြစ်ပေါ်ကြလေကုန်၏၊ နက္ခတ္တာနိ=ဘအဿဝဏီ စသောနက္ခတ်၂၇-လုံးတို့သည်၊ တာရကရူပါနိ= ကြယ်တာရာတို့သည်၊ ပါတုရဟေသုံ=ထင်ရှားဖြစ်ပေါ်ကြကုန်၏၊ ရတ္တိဒိဝါ=ညဉ့်-နေ့တို့သည်၊ ပညာယိံသု=ထင်ရှား ကုန်၏၊ မာသ အဍ္ဎမာသ ဥတုသံဝစ္ဆရာနိ=လ-လခွဲ-ဥတုသုံးပါး-နှစ်အပိုင်းအခြားတို့သည်၊ ပညာယိံသု=ထင်ရှားကုန်၏။
(ဤကား ဥတုနိယာမအားဖြင့် ကမ္ဘာစတည်ပုံကို ပြဆိုသော ပါဠိတော်ကြီးပေတည်း။)
ဥတုနိယာမ ပြီး၏။
-------*------
၂။ ဗီဇနိယာမ
မျိုးစေ့ကို ဗီဇဟူ၍ဆိုသည်။
“ဝိဝိဓေန ဇာယန္တိ ရုက္ခာဒယော ဧတေနာတိ ဗီဇံ” ဧတေန=ဤမျိုးစေ့ဖြင့်၊ ရုက္ခာဒယော=သစ်ပင် နွယ်ပင် စသည် တို့သည်၊ ဝိဝိဓေန=အထူးထူး အပြားပြားအားဖြင့်၊ ဇာယန္တိ=ဖြစ်ပွါး ပေါက် ရောက်တတ်ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဗီဇံ=ဗီဇမည်၏၊ (ဗီဇံ=မျိုးစေ့)
မျိုးစေ့ဟူသည် အဘယ်နည်းဟူမူ လူတို့ခေါ်ဝေါ်အပ်သော ပညတ်အားဖြင့်--
၁။ အမြစ်မျိုးစေ့,
၂။ ပင်စည်မျိုးစေ့,
၃။ အသီးမျိုးစေ့,
၄။ အညွန့်မျိုးစေ့,
၅။ အစေ့မျိုးစေ့,
ဟူ၍ ငါးပါးရှိသည်။
စင်စစ် ပရမတ္ထအားဖြင့်မူကား တေဇောဓာတ်ဟုဆိုအပ်သော ဥတု အထူးမျှသာတည်း။ ထိုစကားမှန်၏၊ စိမ်းရှင်၍နေကြကုန်သော သစ်ပင် ချုံနွယ် စသည်တို့ကို ခြောက်သွေ့သည်၏အဖြစ်သို့ မရောက် စေဘဲ ဖြစ်ပွါး ပေါက်ရောက်စေတတ်သော ဥတုဓာတ်အထူးသည်ရှိ၏၊ ထိုဥတု ဓာတ်အားဖြင့်သာလျှင် သစ်ပင် ချုံနွယ် စသည်တို့သည် စိမ်းရှင် ကြီးပွါး၍ နေကြကုန်၏၊ ထိုသို့စိမ်းရှင် ကြီးပွါးကြောင်းဖြစ်သော ဓာတ်သဘောကို သာလျှင် ဗီဇဟူ၍ ခေါ်ဆိုရလေသည်။
ဗီဇနိယာမဆိုသည်ကား
ဗီဇဝသေနေဝ နိယာမတော သိဒ္ဓတ္တာ ဗီဇနိယာမောနာမ။
ဗီဇဝသေနေဝ=ဥတုအထူးဟုဆိုအပ်သော မျိုးစေ့၏ အစွမ်းအား ဖြင့်သာလျှင်၊ နိယာမတော=အစဉ်မြဲသောအားဖြင့်၊ သိဒ္ဓတ္တာ=ပြီးစီးလျက် ရှိနေသောကြောင့်၊ ဗီဇနိယာမော နာမ=ဗီဇနိယာမမည်၏။
ဤစကားအတိုင်း--
တေဇောဓာတ်အထူးဟုဆိုအပ်သော မျိုးစေ့၏အစွမ်း အားဖြင့် အစဉ်အမြဲ ပြောင်းလွဲ မှားယွင်းသည်ဟူ၍ မရှိဘဲ ပြီးစီးနေကြ သည်ကို ဗီဇနိယာမဆိုသည်။
ဥပမာ။။ သပြေပင်၏မျိုးစေ့မှ ပေါက်ရောက်လာသည်ရှိသော် အညွန့်အညှောက်တို့သည် သပြေညွန့် သပြေညှောက် တို့သာဖြစ်ကုန် ၏၊ ပင်စည်အကိုင်း အခက်တို့သည်လည်း သပြေပင် သပြေကိုင်း သပြေ ခက်တို့သာဖြစ်ကုန်၏၊ အရွက် အသီးတို့သည်လည်း သပြေရွက် သပြေ သီးတို့သာဖြစ်ကုန်၏၊ အညွန့် အညှောက် အသီးအရွက်စသည်တို့သည် သပြေပင်၏ ဇာတ်ကို မစွန့်ကြကုန်။ ဤနည်းအတူပင်လျှင် အလုံးစုံ ရှိရှိသမျှကုန်သော သစ်ပင် နွယ်ပင် ချုံ ပေါင်း မြက်တို့၌ ဗီဇနိယာမ အတွက်ကြောင့် မိမိတို့၏ဇာတ်ကို မစွန့်ကြောင်းကို သိရာ၏၊ ဤသို့ဖြစ်မှု ကို တစ်စုံတစ်ဦးသော ဖန်ဆင်းတတ်သောသူ ပုဂ္ဂိုလ်က ဖန်ဆင်းသည် မဟုတ်။ စင်စစ်အားဖြင့် တေဇောဓာတ် အထူးဟုဆိုအပ်သော ဗီဇနိယာမ ကသာလျှင် ဖန်ဆင်းလေသည်ဟုသိရာ၏။
ဤဗီဇနိယာမအကြောင်းကို ဝိနည်းပါဠိတော်
ဘူတဂါမ သိက္ခာပုဒ်၌--
ပဉ္စိမာနိ ဘိက္ခဝေ ဗီဇာနိ မူလဗီဇံ ခန္ဓဗီဇံ ဖလုဗီဇံ အဂ္ဂဗီဇံ ဗီဇဗီဇံ။
အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ ဗီဇာနိ=မျိုးစေ့တို့သည်၊ မူလဗီဇံ=အမြစ်မျိုးစေ့၎င်း၊ ခန္ဓဗီဇံ=ပင်စည်မျိုးစေ့၎င်း၊ ဖလုဗီဇံ= အသီး မျိုးစေ့၎င်း၊ အဂ္ဂဗီဇံ=အညွန့်မျိုးစေ့၎င်း၊ ဗီဇဗီဇံ=အစေ့မျိုးစေ့၎င်း၊ ဣမာနိ ပဉ္စ=ဤငါးပါးတို့တည်း။
ဗီဇနိယာမပြီး၏။
----*---
၃။ ကမ္မနိယာမ
ကောင်းမှု မကောင်းမှု ပြုပြုသမျှသောအကျိုးရှိ အကျိုးမဲ့ အမှုကိစ္စများကို ကံဟူ၍ဆိုသည်။
“ကရောန္တိ ဇနာ ဟိတာဟိတကိစ္စာနိစ ပုညာပုည ကိစ္စာနိစ ဧတေနာတိ ကမ္မံ”
ဧတေန=ဤစေ့ဆော်မှုစေတနာဖြင့်၊ ဇနာ=သတ္တဝါအများတိ့ု သည်၊ ဟိတာဟိတ ကိစ္စာနိစ=အကျိုးရှိသောအမှု အကျိုးမဲ့သော အမှုတို့ကို၎င်း၊ ပုညာပုညကိစ္စာနိစ=ကောင်းမှု မကောင်းမှုတို့ကို၎င်း၊ ကရောန္တိ=ပြုတတ် ကုန်၏၊ ဣတိတသ္မာ=ထိုကြောင့်၊ ကမ္မံ=ကံမည်၏။
ထိုကံသည် တရားကိုယ်အားဖြင့် စေတနာ စေတသိက်ပင်ဖြစ်၏၊ ထိုကြောင့်--
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ။
ဟူ၍ ဆက္ကင်္ဂုတ္တရ ဆဋ္ဌဝဂ် နိဗ္ဗေဓိကသုတ်တွင် မြတ်စွာဘုရား ဟောကြားတော်မူသည်။အနက်ကား။။ ဘိက္ခဝေ=ရဟန်တို့၊ စေတနံ=စေ့ဆော် စီရင် တတ်သော စေတနာ စေတသိက်ကို၊ ကမ္မံ=ကံဟူ၍၊ အဟံ=ငါဘုရားသည်၊ ဝဒါမိ=ဟောတော်မူ၏၊ စေတယိတွာ=စေ့ဆော်စီရင်၍၊ ကာယေန= ကိုယ်ဖြင့်၎င်း၊ ဝါစာယ=နှုတ်ဖြင့်၎င်း၊ မနသာ=စိတ်ဖြင့်၎င်း၊ ကမ္မံ=အမှု အမျိုးမျိုးကို၊ ကရောတိ=ပြု၏။
စင်စစ်အားဖြင့်မူကား ကောင်းမှု မကောင်းမှု ကုသိုလ် အကုသိုလ် အကျိုးရှိ အကျိုးမဲ့ဖြစ်သော အမှုကိစ္စများကို စေ့ဆော်စီရင်တတ်သော စေတနာကိုသာလျှင် ကံဟူ၍ ဆိုရလေသည်။
စေတနာဆိုသောစကား၌
“စေတေတီတိ စေတနာ”
စေတေတိ=စေ့ဆော်စီရင်တတ်၏၊ ဣတိတသ္မာ=ထိုကြောင့်၊ စေတနာ=စေတနာမည်၏။
အလုံးစုံသော အမှုမျိုးတို့ကို ပြုလုပ်ရာတို့၌ စေတနာသည် ကိုယ်တိုင်နာမ်တရားတို့၏၊ အကြီးအမှူးဖြစ်၍ မိမိ၏ စေ့ဆော်ခြင်းကိစ္စ၊ ဖဿစသောတရားတစ်ပါးတို့၏၊ တွေ့ထိခြင်းစသော ကိစ္စတို့ကို ဆောင် ရွက်တတ်သောတရားပေတည်း။
တစ်ခုသော စိတ္တုပ္ပါဒ်၌ အတူတကွ ယှဉ်ဖော် ယှဉ်ဖက်ဖြစ်သော သမ္ပယုတ်တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့တွင် စေတနာသည် အကြီးအမှူးဥက္ကဋ္ဌ ပဓာနအချုပ်ဖြစ်၏၊ မိမိသည် စေ့ဆော်စီရင်ခြင်း ကိစ္စ ကို ရွက်ဆောင်၏၊ ဖဿစသော အခြားတရားတို့ကို ဆိုင်ရာဆိုင်ရာဖြစ် သော တွေ့ထိခြင်းဖုသနကိစ္စ စသည်များကိုလည်း ဆောင်ရွက်ကြစေရန် တိုက်တွန်းသကဲ့သို့ဖြစ်၏။
တစ်ခုသော ကိစ္စကို သမ္ပယုတ်တရားတို့က အသီးသီး ဆိုင်ရာ ဆိုင်ရာက ဝိုင်းဝန်းညီညာစွာ ပြုလုပ်ကြသော်လည်း စေတနာကသာလျှင် အကြီးဥက္ကဋ္ဌဖြစ်လေသည်။ ဖဿ စသောတရားတို့မူကား လက်အောက် ငယ်သားတို့သဖွယ်သာ ဖြစ်ကြကုန်၏၊ ထို့ကြောင့် ကံဟူသော အမည်ကို စေတနာကသာလျှင် ခံယူရလေသည်။
ဥပမာကား--
ပဉ္စမသင်္ဂါယနာတင် ဘုရင်မင်းတုန်းမင်းတရားကြီးသည် မဟာ လောကမာရဇိန်မည်သော စေတီတော်ကြီးကို တည်တော်မူသည်ဟု ဆို ရာ၌ စင်စစ်မှာ မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင် အလုံးစုံကို ဝင်၍ ပြုလုပ်သည် မဟုတ်၊ အကြီးအချုပ် ဥက္ကဋ္ဌအဖြစ်နှင့်သာ အမိန့်ချ တော်မူသည်။ သို့ရာတွင် ထိုစေတီတော်ကြီးကို မင်းတုန်းမင်း၏ ကုသို်လ် တော် ဖြစ်သော စေတီတော်ကြီးဟူ၍သာလျှင် ခေါ်ဆိုရလေ၏၊ ထို့အတူ သမ္ပယုတ်ဖြစ်သော နာမ်တရားတို့သည် မိမိတို့ ဆိုင်ရာက ဝင်၍ပြုလုပ်ကြသော်လည်း စေတနာသာလျှင် အမှူးအချုပ် ဥက္ကဋ္ဌဖြစ် လေသောကြာင့် ကံဟူသောအမည်ကို စေတနာကသာလျှင် ရရှိလေ၏။
ဖဿစသော အခြားတရားတို့က မရရှိနိုင်ကြလေကုန်။
ထို့ကြောင့် “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဟူသော စကားကို မြတ်စွာဘုရား ဟောကြားတော်မူသည်။
(စင်စစ်အားဖြင့် အလုံးစုံသော အမှုကိစ္စတို့နှင့် ဆက်ဆံသော၊ စေ့ဆော်စီမံမှု၊ ဗျာပါရကိုသာလျှင် စေတနာဟူ၍ ခေါ်ရလေသည်။) ထိုစေတနာ ဗျာပါရသည် ကုသိုလ်မှုမှာဖြစ်စေ အကုသိုလ်မှုမှာ ဖြစ်စေ တစ်ကြိမ်မျှလောက် ကောင်းစွာဖြစ်ပွါးလေသည်ရှိသော် ယခု ပစ္စုပ္ပန်ကာလ၌ ထိုကိစ္စမှာ သဟဇာတဖြစ်သော၊ ရုပ်နာမ် ခန္ဓာတို့ကို ဖြစ်ပွါးစေတတ်၏၊ ထိုသို့စေတနာ နှိုးဆော်မှုကြောင့် ရုပ် နာမ်ခန္ဓာတို့ ဖြစ်ပွါးသည်ရှိသော် ဤသူသည် အလှူဒါနစသော၊ ကောင်းမှုကိုပြု၏၊ သူ့အသက်ကို သတ်ခြင်းစသော မကောင်းမှုကိုပြု၏ဟူ၍ ဆိုရလေ သည်။ စေတနာ၏ လှုံ့ဆော်စီမံမှုကြောင့် စိတ်နှင့် စိတ္တဇရုပ်တို့၏ လှုပ်ရှားခြင်း ပြောဆိုခြင်း စသောအမူအရာများကိုပင် ကုသိုလ်ကံ အကု သိုလ်ကံ ဟူ၍ဆိုရသည်။ ကောင်းသောဗျာပါရအားဖြင့် စေ့ဆော် စီရင်သည်ရှိသော် ကုသိုလ်ကံဖြစ်၏၊ မကောင်းသော ဗျာပါရ အားဖြင့် စေ့ဆော်စီရင်သည်ရှိသော် အကုသိုလ်ကံဖြစ်၏။
ထိုစေတနာဗျာပါရအတွက်ကြောင့် နောင်အခါအနာဂတ်ဘဝ၌ ပဋိသန္ဓေနှင့်တကွသော ဥပပတ္တိခန္ဓာများကို ထင်ရှားစွာ ဖြစ်ပေါ်စေ ရန်ကိုလည်း ပြီးစီးစေ၏၊ ထိုစေတနာအတွက်နှင့် ဥပပတ္တိဘဝခန္ဓာ ဖြစ်ပေါ်မှုကို အစွဲပြု၍ ဤသူသည် အလှူဒါနကို ပေးလှူခြင်းကြောင့် သေသည်မှနောက်ကာလ၌ သုဂတိဘဝ၌ ဖြစ်လတ္တံ့ ဤသူသည် သူ့ အသက်ကိုသတ်ခြင်း စသော အကုသိုလ်မှုကြောင့် သေသည်မှ နောက် ကာလ၌ အပါယ်လေးပါး၌ ဖြစ်လတ္တံ့ ဟူ၍ ပြောဆိုကြရကုန်၏။
ယခုပစ္စက္ခ မျက်မြင်အားဖြင့်လည်း ချမ်းသာကြီးပွါး၍နေသော သူများကို မြင်လျှင်၊ ဤသူကား ရှေးရှေးဘဝတို့၌ ကောင်းသော ကုသိုလ် ကံများကို ပြုခဲ့ဘူးသည်ဟူ၍ ဆိုကြရကုန်၏၊ ဆင်းရဲနွမ်းပါး ဒုက္ခိတ သတ္တဝါများကို တွေ့မြင်လျှင် ဤသူသည်ကား ရှေးရှေးဘဝတို့၌ ဆိုးညစ် သော အကုသိုလ်ကံများကို ပြုခဲ့ဘူးသည် ဟူ၍ဆိုကြရကုန်၏။
ဤကဲ့သို့သော အကျိုးများကို ဖြစ်ပွါးစေတတ်သည်ကို အစွဲပြု၍ စေ့ဆော်စီရင်မှုဟုဆိုအပ်သော နာမ်တရားတို့၏ ဗျာပါရကို ပဋ္ဌာန်း ကျမ်း ကြီး၌ သဟဇာတကမ္မပစ္စည်းဟူ၍၎င်း, နာနက္ခဏိကကမ္မ ပစ္စည်းဟူ၍၎င်း ဟောတော်မူသည်။
ပရမတ္ထဖြစ်သော ဓာတ်သဘာဝတို့၏ အဟုန်အရှိန်သည် အလွန် ကြီးကျယ်ပြန့်ပွါးသော တန်ခိုးအစွမ်းရှိ၏။
တစ်ခုသောအရပ်ဌာန၌ တစ်စုံတစ်ခုသောကာလ၌ တစ်ကြိမ်မျှ လောက် ကောင်းစွာစီရင် ပြုပြင်လိုက်သည်ရှိသော် ထိုပရမတ္ထဓာတ် အရှိန် အဟုန်သည် ဝေးသောအရပ်ဌာန၌၎င်း, ရှည်မြင့်စွာသော နောင်အနာ ဂတ်ကာလ၌၎င်း ရုပ်အထူး ထူးတို့ကို ဖြစ်ပေါ်စေခြင်းငှါ အကြောင်းခံ ဖြစ်လေ၏၊ နာမ်အထူးထူးတို့၏ ဖြစ်ပေါ်ခြင်းငှါ အကြောင်းခံလည်း ဖြစ်လေ၏၊ ရုပ် နာမ်နှစ်ပါး အထူးထူးတို့၏ ဖြစ်ပေါ်ခြင်းငှါ အကြောင်း ရင်းလည်းဖြစ်လေ၏၊ ထိုကြောင့် ထိုပရမတ္ထဓာတ်သဘာဝ အရှိန်အဟုန် တို့သည် မြတ်စွာဘုရား၏ သာသနာတော်ဘက်၌ တရားကိုကြံစည်ကြ ကုန်သော ဓမ္မစိန္တကပုဂ္ဂိုလ်တို့အား၎င်း လောကီရေးဘက်၌ ဓာတ်ကို အမျိုးမျိုး ကြံစည်ကြကုန်သော ဓာတုစိန္တက ဆရာတို့အား၎င်း များပြား ကြီးကျယ်သော အကျိုးတို့ကို ဖြစ်ပွါးစေတတ်ကုန်၏။
များပြားလှစွာကုန်သော၊ ဓာတ်အရှိန်အဟုန်တို့တွင်၊ နှစ်ပါးသော ဓာတ်တို့သည် မိမိတို့သဘောအားဖြင့်၊ ပြုပြင် စီရင်အပ်သော အခါများစွာ ကြီးကျယ်သော တန်ခိုးအစွမ်းကို ဆောင်ရွက်ကြကုန်၏။
ဓာတ်နှစ်ပါးဆိုသည်ကား--
၁။ သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်၌ စေတနာဓာတ်။
၂။ ဗဟိဒ္ဓသန္တာန်၌ တေဇောဟုဆိုအပ်သော ဥတုဓာတ်။
ဤဓာတ်နှစ်ပါးတို့ပေတည်း။
အဇ္ဈတ္တသန္တာန်၌ စိတ်၏ဆန်းကြယ်မှုသည် စေတနာ ဆန်းကြယ် ခြင်း အကျိုးငှါသာဖြစ်၏၊ စေတနာဆန်းကြယ်သည်ကိုပင် ကံဆန်းကြယ် သည်ဟူ၍ ဆိုသည်။ ကံဆန်းကြယ်တိုင်းအကျိုးပေးပုံ ဆန်းကြယ်၍ သတ္တဝါအမျိုးမျိုး အစားစား ပုံပန်းအမျိုးမျိုး အစားစား ဆင်းရဲချမ်းသာ အမျိုးမျိုး အစားစားတို့ ဖြစ်ကုန်၏၊ ထိုသို့ဖြစ်မှုသည်ကား စေတနာ ဓာတ် ၏ အဟုန်အရှိန်ကြောင့်သာလျှင် ဖြစ်လေသည်။ ဝါယောဓာတ် ဆန်းကြယ်မှုသည် တေဇောဟုဆိုအပ်သော ဥတုဆန်းကြယ်ခြင်း၏ အကျိုးငှါဖြစ်လေ၏၊ ဝါယောဓာတ်သည် တေဇောဓာတ်၏ အဖော် မိတ်ဆွေစစ်ကြီးဖြစ်နေသောကြောင့် ဝါယောဓာတ် ဆန်းကြယ်တိုင်း တေဇောဓာတ်ကလိုက်၍ ဆန်းကြယ်လေ၏။
ယခုလောက၌ ဓာတုစိန္တက ဆရာကြီးတို့သည် တန်ခိုးအစွမ်းကြီး ကျယ်လှသော တေဇော၊ ဝါယောတို့၏ အရှိန်အဟုန်ကို အမျိုးမျိုးပြုပြင်၊ စီမံခြင်းအားဖြင့် အမျိုးမျိုးသော ကိစ္စတို့ကို ကြီးကျယ်စွာ ဆောင်ရွက်၍ နေကြကုန်သည်။ လျှပ်စစ်ဓာတ်မီး ထွန်းညှိမှု, လျှပ်စစ်ယပ်ကိုလည်စေမှု, လျှပ်စစ်ဓာတ်ဖြင့် စက်အမျိုးမျိုးတို့ကို လည်ပတ်စေမှု, ကောင်းကင်၌ လေယာဉ်ပျံ ရထားကို ပျံသန်းစေမှု, လျှပ်စစ်ဓာတ်ရထားကို ပြေးသွားစေမှု သင်္ဘောကြီးငယ်တို့ကို ရေအပြင်၌ သွားလာစေမှု, ဝေးသော အရပ် ဌာန သို့ သံကြိုးဖြင့် စကားပြောဆိုမှု စသည်များကား၊ တေဇောဓာတ်နှင့် ဝါယောဓာတ်တို့၏ အရှိန်တန်ခိုးကို အမျိုးမျိုး အသုံးချခြင်းတို့သာ ဖြစ်လေကုန်၏။
ကမ္မနိယာမဆိုသည်ကား
ကမ္မဝသေနေဝ နိယာမတော သိဒ္ဓတ္တာ ကမ္မနိယာမောနာမ။
ကမ္မဝသေနေဝ=ကံ၏အစွမ်းအားဖြင့်သာလျှင်၊ နိယာမတော= မြဲသောသဘောအားဖြင့်၊ သိဒ္ဓတ္တာ=ပြီးစီးလေသောကြောင့်၊ ကမ္မနိယာ မောနာမ=ကမ္မနိယာမမည်၏။
(ကံ၏အစွမ်းအားဖြင့် ဖောက်ပြန်ပြောင်းလွဲသည်မရှိ။ အမြဲဖြစ်လျက် ပြီးစီး၍ နေမှုကို ကမ္မနိယာမဆိုသည်။)
ကမ္မနိယာမ၏မြဲပုံမှာ
မကောင်းသဖြင့် ပြုအပ်သောဒုစ္စရိုက်ကံတို့၏ အလိုမရှိအပ် မနှစ် သက်အပ်သော အနိဋ္ဌ အကျိုးပေးမှု၏ မြဲခြင်း၊ အကုသိုလ်ကံတို့၏ အပါယ်လေးဘုံ၌ အကုသလဝိပါက်ပဋိသန္ဓေကို ဖြစ်စေမှု၏ မြဲခြင်း, ကာမကုသိုလ်တို့၏၊ ကာမသုဂတိ ခုနစ်ဘုံ၌ ကုသလဝိပါက် ပဋိသန္ဓေ ကိုဖြစ်စေမှု၏ မြဲခြင်း၊ ရူပကုသိုလ်တို့၏ ရူပဘုံတို့၌ ရူပါဝစရဝိပါက် ပဋိ သန္ဓေကိုဖြစ်စေမှု၏ မြဲခြင်း၊ အရူပကုသိုလ်တို့၏ အရူပလေးဘုံတို့၌ အရူ ပဝိပါက် ပဋိသန္ဓေကိုဖြစ်စေမှု၏ မြဲခြင်း၊ ဤကား ကမ္မနိယာမ၏ သဘော ပေတည်း။
ထိုမှတစ်ပါး ပဏ္ဏာသပါဠိတော် သုဘသုတ်၌
၁။ သူ့အသက်ကို သတ်ခြင်း တည်းဟူသော ပါဏာတိပါတ ကံ၏ အသက်တိုခြင်းအကျိုး,
၂။ ထိုပါဏာတိပါတကံမှ ရှောင်ကြဉ်မှု၏ အသက်ရှည်ခြင်း အကျိုး,
၃။ သူတစ်ပါးကို ညှဉ်းဆဲခြင်း တည်းဟူသော ဝိဟိံသာကံ၏ အနာရောဂါများခြင်းအကျိုး,
၄။ သူတစ်ပါးတို့အား မညှဉ်းဆဲခြင်း တည်းဟူသော အဝိဟိံသာ ကံ၏ အနာရောဂါကင်းရှင်း ခြင်းအကျိုး,
၅။ အမျက်ထွက်ခြင်း တည်းဟူသော ကောဓကံ၏အရုပ် အဆင်း၊ ဆိုးဝါးခြင်းအကျိုး,
၆။ အမျက်မထွက်ခြင်း တည်းဟူသော မေတ္တာ အကောဓကံ၏ အရုပ်အဆင်းလှပတင့်တယ်၍ ကြည်ညိုဘွယ်ရှိခြင်း အကျိုးတစ်ပါး,
၇။ ငြူစူ စောင်းမြောင်းခြင်း တည်းဟူသော ဣဿာကံ၏ ဘုန်း ကံနည်းပါးလာဘ်လာဘပါးရှား ခြင်းအကျိုး,
၈။ မငြူစူ ကြည်ဖြူလှစွာ မုဒိတာပွါးခြင်းတည်းဟူသော အနိဿာကံ၏ ဘုန်းကံကြီးမား အခြံအရံများပြား လာဘ် လာဘပေါများခြင်းအကျိုး,
၉။ မလှူရက် မဒါန်းရက်ခြင်း တည်းဟူသော မစ္ဆရိယ အဒါန ကံ၏ စည်းစိမ်ဥစ္စာ ပါးရှားခြင်းအကျိုး,
၁၀။ လှူဒါန်းပေးကမ်းခြင်း တည်းဟူသော ဒါနကံ၏ စည်းစိမ် ဥစ္စာ ခံစားသုံးဆောင်ဘွယ်ရာ ပေါများခြင်းအကျိုး,
၁၁။ စိတ်နေမြင့်မား ထောင်လွှား မာန်တက်ခြင်း တည်းဟူသော အတိမာနကံ၏ အမျိုးယုတ်၌ ဖြစ်ပွါးခြင်းအကျိုး,
၁၂။ နှိမ့်ချခြင်း ရိုသေကျိုးနွံခြင်း တည်းဟူသော နိဝါတ နိမာန ဂါရဝ အနတိမာနကံ၏ အမျိုးမြင့် အမျိုးမြတ်၌ဖြစ်ပွါးခြင်း အကျိုး,
၁၃။ ပညာမဲ့သောသူကို မှီဝဲခြင်းတည်းဟူသော အပဏ္ဍိတ သေဝနကံ၏ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျိုး,
၁၄။ ပညာရှိကို မှီဝဲခြင်းတည်းဟူသော ပဏ္ဍိတသေဝနကံ၏၊ ပညာကြီးကျယ်ခြင်းအကျိုး,
ဤကဲ့သို့ အကြောင်းဖြစ်သော ကံအားလျော်စွာ အကျိုး၏ ဖြစ် ထွန်းခြင်းသည်လည်း၊ ကမ္မနိယာမပင် ဖြစ်လေသည်။ ပါဏာတိပါတ ကံ၏ အသက်တိုခြင်း အကျိုးကို ပေးသည်ဟူရာ၌ တစ်စုံတစ်ခုသော လူ၏အသက်ကို၎င်း၊ တိရစ္ဆာန်၏ အသက်ကို၎င်း တစ်ကြိမ်မျှ သတ်ဖြတ် လိုက်သောသူအား ထိုပါဏာတိပါတကံသည် အကြိမ်ပေါင်းများစွာ အပါယ်၌ ပဋိသန္ဓေကို ပေး၏၊ ထိုအပါယ်ဘုံမှ လွတ်၍ လူ့ဘုံသို့ တစ်ဖန် ရောက်လာသည်ရှိသော် ထိုပါဏာတိပါတကံသည် ဥပစ္ဆေဒက ကံအရာ သို့ရောက်၍ အထောင်မကကုန်သော ဘဝတို့၌ အသက်တိုခြင်းကို ဖြစ် စေတတ်၏၊။ လူ့အဖြစ်ကိုရပါသော်လည်း အသက်တမ်း ရှိသမျှ အရွယ်ကြီးရင့်အောင် မနေရဘဲ သေလွန်ရခြင်း၊ သူတစ်ပါးတို့၏ လုံ့လ ပယောဂဖြင့် အသက်ဆုံးရှုံးရခြင်း၊ ဓား လှံ သေနတ် ဘေးနှင့် သေဆုံး ရခြင်းစသော သေခြင်းဆိုးတို့နှင့် သေရတတ်သည်ဟူ၍ ဆိုလိုသည်။ ဤသို့သေမှုကို ဥပစ္ဆေဒကကံဖြင့် သတ်ဖြတ်၍ သေရသည်ဟုဆို၏၊ (ဤသည်ကား ပါဏာတိပါတကံတစ်ခု၏ အသက်တိုခြင်း အကျိုး မြဲပုံကို ပြဆိုခြင်းတည်း။ ကြွင်းသော ကံတို့၌လည်း ဤနည်းအတိုင်း သိလေ။)
ဤကမ္မနိယာမ အကြောင်းနှင့်စပ်၍ များစွာသော သုတ္တန်တို့၌ မြတ်စွာဘုရား ဟောကြားတော်မူသည်။
ပါဠိတော်အမြွက်သော်ကား
အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသောယံ ကာယဒုစ္စရိတဿ ဣဋ္ဌော ကန္တော မနာပေါ ဝိပါကော နိဗ္ဗတ္တေယျ။
ဘိက္ခဝေ=ရဟန်းတို့၊ ကာယဒုစ္စရိတဿ=ကိုယ်ဖြင့်ယုတ်မာစွာကျင့် အပ်သော ကာယဒုစ္စရိုက်ကံ၏၊ ဣဋ္ဌော=အလိုရှိအပ်သော၊ ကန္တော= နှစ်သက်အပ်သော၊ မနာပေါ=စိတ်နှစ်လုံးကို ပွါးစေတတ်သော၊ ဝိပါကော=ကောင်းကျိုးသည်၊ ယံ နိဗ္ဗတ္တေယျ=အကြင်ဖြစ်ပေါ်ရာ၏၊ ဧတံ= ဤသို့ ဒုစ္စရိုက်တရား၏ ကောင်းကျိုးဖြစ်ပွါးမှုသည်၊ အဋ္ဌာနံ=အကြောင်း မဟုတ်၊ အနဝကာသော=အရာမဟုတ်။
ကံ၏အကျိုးသည်။
၁။ မုချအကျိုး,
၂။ နာနတ္တအကျိုး,
ဟူ၍ နှစ်မျိုးရှိ၏။
* အကျိုးရင်းစင်စစ်ကို မုချအကျိုးဆို၏။
* အထူးအထွေဖြစ်သော အကျိုးဖျားတို့ကို နာနတ္တအကျိုး ဆို၏။
ထို့ပြင်လည်း။
၁။ ဝိပါကအကျိုး,
၂။ နိဿန္ဒအကျိုး,
ဟူ၍ နှစ်မျိုးခေါ်ဆိုသေး၏၊ ရှေးနည်းအတိုင်းပင်* အကျိုးရင်းကို ဝိပါကအကျိုးဆို၏။
* အထူးထူးသော အကျိုးဖျားတွေကို နိဿန္ဒအကျိုးဆို၏၊ ထိုအကျိုးနှစ်ပါးတို့တွင် မုချအကျိုးရင်းနှင့် စပ်လျဉ်း၍ ကမ္မနိယာမ ကိုဆိုအပ်၏၊ မုချအကျိုးမည်သည်ကား၊ တိမ်းပါးလွဲချော် သည်မရှိ။ မှန်သောအတိုင်း ဖြောင့်ဖြောင့်အကျိုးပေး၏၊ နာနတ္တ အကျိုးသည်ကား ဖြောင့်မှန်သည် ဟူ၍မရှိလှ။
တိုက်ဆိုင်မိသည်အားလျော်စွာ ယံဝါ တံဝါ အကျိုးပေး၏၊ အကုသိုလ်၏ မုချအကျိုးမှာ မကောင်းသော အကျိုးဖြစ်သည်။ ကုသိုလ်၏ မုချအကျိုးမှာ ကောင်းသောအကျိုးဖြစ်သည်။ အထူးထူးအထွေထွေ အကျိုးပေးသော နာနတ္တအကျိုးမှာ ဤလောက၌ တစ်စုံတစ်ယောက် သောသူသည်၊ သူ၏အသက်ကို သတ်ခြင်းစသော မကောင်းမှုကိုပြု၍ အသက်မွေးရာ များစွာသော ပစ္စည်းဥစ္စာနှင့် စည်းစိမ်ချမ်းသာတို့ကိုရ၏၊ သေသည်မှ နောက်ကာလ၌မူကား မုချအကျိုးအားဖြင့် အပါယ်ဆင်းရဲကို ခံစားရလေ၏၊ ဤအရာ၌ မကောင်းမှုကိုပြု၍ မျက်မှောက်ဘဝ၌ စည်းစိမ်ဥစ္စာကို ရရှိသည်မှာ နာနတ္တအကျိုးမည်၏၊ သေသည်မှနောက်၌ အပါယ်ဘေးနှင့်တွေ့ရသည်မှာ မုချအကျိုးမည်၏။
အချို့သောသူတို့သည် ကုသိုလ်ကောင်းမှုကို ပြုကုန်အံ့၊ တရားကို ကျင့်ကြံအားထုတ်ကုန်အံ့ဟု-အလုံးစုံသော စည်းစိမ်ချမ်းသာတို့ကို စွနြ့်ကဲပေးကမ်း လှူဒါန်းခြင်းစသော ကုသိုလ်ကောင်းမှုကိုပြု၏၊ တော တောင်သို့ထွက်၍ ငြိုငြင်ဆင်းရဲကိုခံလျက် တရားအားထုတ်၏၊ မျက်မှောက်ဘဝ၌မူကား ပစ္စည်းကုန်ခန်းခြင်း ကိုယ်ဆင်းရဲခြင်းတို့နှင့် တွေ့ကြုံရလေ၏၊။ သေသည်မှ နောက်ကာလ၌မူကား လူ့ချမ်းသာ နတ်ချမ်းသာများကို ခံစားရလေ၏၊ ဤအရာ၌ ကုသိုလ်ကောင်းမှုကို ပြုသောကြောင့် မျက်မှောက်ဘဝ၌ ဆင်းရဲဒုက္ခတွေ့ခြင်းသည် နာနတ္တ အကျိုးမည်၏၊ တမလွန်ဘဝ၌ ချမ်းသာစည်းစိမ်အထူးကို ရခြင်းသည် ကား မုချအကျိုးမည်၏။
(ကမ္မနိယာမကို မုချအကျိုးအားဖြင့်သာ ဆိုရ၏၊ မုချအကျိုးသာလျှင် ဖြောင့်မှန်သော အကျိုးပေတည်း။)
ကမ္မနိယာမပြီး၏။
------*-----
၄။ စိတ္တနိယာမ
စိတ္တနိယာမ၌ စိတ်ဆိုသည်ကား
စိန္တေတီတိ စိတ္တံ၊ အာရမ္မဏံ ဝိဇာနာတီတိ အတ္ထော။
စိန္တေတိ=ကြံစည်တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ စိတ္တံ=စိတ်မည် ၏၊ အာရမ္မဏံ=အာရုံအမျိုးမျိုးကို၊ ဝိဇာနာတိ=သိတတ်၏၊ ဣတိအယံ= ဤအဓိပ္ပါယ်သည်ကား၊ အတ္ထော=အနက်ရင်းပေတည်း။
(အာရုံအမျိုးမျိုးကိုသိတတ် ကြံစည်တတ်သောကြောင့် စိတ်မည်၏ ဟူ၍ဆိုလိုသည်။)
အဓိပ္ပါယ်တစ်နည်းသော်ကား။။အမျိုးမျိုးသောအမှုတို့၌ ကြံစည်ပုံ ဆန်းကြယ်လှသောကြောင့်လည်း စိတ်ဟူ၍ ခေါ်ဆိုရ၏။
အာရမ္မဏေသု စိန္တနာကာရဝိစိတ္တတာ စိတ္တန္တိ ဝုစ္စတိ။
အာရမ္မဏေသု=အာရုံအမျိုးမျိုးတို့၌၊ စိန္တနာကာရဝိစိတ္တတာ= ကြံစည်ပုံဆန်းကြယ်လှသောကြောင့်၊ စိတ္တံ=စိတ်မည်၏။
ဤလောက၌ စိတ်သည် အဆန်းကြယ်ဆုံးဖြစ်၏၊ စိတ်ထက်ဆန်း ကြယ်သောအရာဟူ၍မရှိ၊ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးသော် မှလည်း စိတ်ကဲ့သို့ဆန်းကြယ်သောအရာကို မြင်တော်မမူ ဟူ၍ဟောကြား တော်မူရချေသည်။
နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ ယံ ဧဝံ ဝိစိတ္တံ၊ ယထယိဒံ ဘိက္ခဝေ စိတ္တံ။
(ခန္ဓသံယုတ် ပါဠိတော်)
အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ ယထယိဒံ ယံ ဣဒံ စိတ္တံ= အကြင်စိတ်သည်၊ အတ္ထိ=ရှိ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ ဧဝံ ဝိစိတ္တံ= ဤ စိတ်ကဲ့သို့ဆန်ကြယ်သော၊ အညံ=စိတ်မှတစ်ပါးသော၊ ဧကဓမ္မမ္ပိ= တစ်ခုသော တရားကိုမျှလည်း၊ အဟံ=ငါဘုရားသည်၊ န သမနုပဿာမိ= မြင်တော်မမူချေ။
ယခုလောက မျက်မြင်အားဖြင့် ကုန်းနေ ရေနေ ကောင်းကင်နေ ဖြစ်ကြကုန်သော တိရစ္ဆာန်တို့သည် ပုံပန်းသဏ္ဌာန် အားဖြင့်၎င်း၊ အသွေး အရောင်အားဖြင့်၎င်း၊ အမွေးအတောင် ရှိမရှိအားဖြင့်၎င်း၊ ခြေလက် အင်္ဂါအားဖြင့်၎င်း ဤသို့စသည်ဖြင့် အလွန်တရာ ဆန်းကြယ်လှကုန်၏၊ ထိုသို့ တိရစ္ဆာန်ဟူသမျှတို့၏ ဆန်းကြယ်မှုတို့သည် မည်သည့်အတွက် ကြောင့် ဆန်းကြယ်သနည်းဟု အရင်းကို စစ်လျောက်၍ ရှာဖွေသည် ရှိသော် စိတ်ကြောင့်ဆန်းကြယ်သည်ဟု အကြောင်းရင်းကိုတွေ့ရ၏၊ စိတ်ဆန်းကြယ်သောအခါ ကံဟုဆိုအပ်သော စေတနာဆန်းကြယ်၏၊ စေတနာဆန်းကြယ်လျှင် သတ္တဝါဇာတ်အမျိုးမျိုး ပုံပန်းအမျိုးမျိုး အသွေးအရောင်အမျိုးမျိုး စသည်ဖြင့် ဆန်းကြယ်လေ၏၊ ထို့ကြောင့် တိရစ္ဆာန်တို့၏ ဆန်းကြယ်မှုသည် ဆန်းကြယ်သောဓာတ်က ဖန်ဆင်းခြင်း ကြောင့်သာ ဖြစ်သည်ဟူ၍ ဆိုရလေသည်။။ အကုသိုလ်အရာ၌ စိတ်သည် လွန်စွာဆန်းကြယ်၏၊ “ပါပသ္မိံ ရမတေ မနော”ဟူ၍ မြတ်စွာ ဘုရား ဟောကြားတော်မူသောကြောင့် စိတ်မည်သည် အကုသိုလ်မှု၌ သာ၍ပျော်မွေ့၏၊ ပျော်မွေ့တိုင်းဆန်းကြယ်၏၊ ထိုသို့အကုသိုလ်စိတ်၏ အလွန်ဆန်းကြယ်ခြင်းကြောင့် အကုသိုလ်ကြောင့် ဖြစ်ကြကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် များစွာဆန်းကြယ်ကြကုန်သည်။။အလုံးစုံ သော သတ္တလောကကြီးကို စိတ်သည် ဖန်ဆင်းအပ်၏၊ စိတ်ဖန်ဆင်းမှု ကြောင့်သာလျှင် သတ္တလောကကြီး ဖြစ်ပေါ်၍နေရလေ၏၊ စိတ်ဓာတ် တစ်ခုချုပ်ခဲ့လျှင် လောကကြီးလည်း ချုပ်ဆုံးမည်သာ ဖြစ်လေ၏။
ဤကဲ့သို့ စိတ်ကိုအစွဲပြု၍ လောကကြီး၏ ဖြစ်ပွါးပုံ ချုပ်ဆုံးပုံကို မြတ်စွာဘုရားဟောကြားတော်မူခဲ့သည်မှာ
* လောကသမုဒယဉ္စဘိက္ခဝေ ဒေသေဿာမ လောက နိရောဓဉ္စ၊
ကတမော စ ဘိက္ခဝေ လောကသမုဒယော၊ စက္ခုဉ္စ ပဋိစ္စ ရူပေစ
ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿ ပစ္စယာ
ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။(လ)။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ စသည်တည်း။
အနက်ကား။။ဘိက္ခဝေ=ရဟန်းတို့၊ လောကသမုဒယဉ္စ= သတ္တလောကကြီး၏ဖြစ်ပုံကိုလည်း၊ ဒေသေဿာမိ=ဟောကြားတော် မူအံ့၊ လောကနိရောဓဉ္စ=သတ္တလောကကြီး၏ ချုပ်ဆုံးပုံကိုလည်း၊ ဒေသေဿာမိ=ဟောကြားတော်မူအံ့။။ဘိက္ခဝေ=ရဟန်းတို့၊ ကတမောစ= အဘယ်သည်လျှင်၊ လောကသမုဒယော=သတ္တလောက ကြီး၏ဖြစ်ပုံသည်၊ ဟောတိ=ဖြစ်လေသနည်း၊ စက္ခုဉ္စ=မျက်စိဟုဆိုအပ်သော စက္ခုပသာဒ ကို၎င်း၊ ရူပေစ=အဆင်းဟုဆိုအပ်သော ရူပါရုံတို့ကို၎င်း၊ ပဋိစ္စ=အစွဲပြု၍၊ စက္ခုဝိညာဏံ=မြင်တတ်သော စက္ခုဝိညာဏ်စိတ်သည်၊ ဥပ္ပဇ္ဇတိ=ဖြစ် ပေါ်၏၊ တိဏ္ဏံ=စက္ခု ရူပါရုံ စက္ခုဝိညာဏ် စိတ်တို့၏၊ သင်္ဂတိ=ပေါင်းဆုံ စည်းဝေးခြင်းသည်၊ ဖေဿာ=ဖဿမည်၏၊ ဖဿ ပစ္စယာ=ဖဿဟူသော အကြောင်းကြောင့်၊ ဝေဒနာ=ခံစားခြင်း ဝေဒနာသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ် ၏၊ ဝေဒနာပစ္စယာ=ဝေဒနာဟူသော အကြောင်းကြောင့်၊ တဏှာ= သာယာခြင်းတဏှာသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ်၏၊(လ)။ ဧဝံ=ဤသို့လျှင်၊ ကေဝလဿ-ဒုက္ခက္ခန္ဓဿ=ချမ်းသာဟူ၍ မြူမျှမကွက် သက်သက်ဆင်းရဲ တုံးကြီးဖြစ်သော၊ ဧတဿ=ထိုသတ္တလောကကြီး၏၊ သမုဒယော=ဖြစ်ပုံ သည်၊ ဟောတိ=ဖြစ်၏။
စက္ခုဒွါရတစ်ခုနှင့် သတ္တလောကကြီးဖြစ်ပေါ်ပုံကို ပြဆိုသော ဒေသနာတော်ကြီးပေတည်း။
ရူပါရုံ, မျက်စိ ကြိုက်ကြုံကြသောအခါ မြင်တတ်သော စက္ခု ဝိညာဏ်စိတ်ဖြစ်၏၊ မျက်စိအဆင်း မြင်ခြင်းဟုဆိုအပ်သော ဓာတ်သုံးပါး တို့၏ တွဲစပ်မိခြင်းကိုပင်လျှင် ဖဿဟူ၍ဆိုသည်။ ထိုဖဿကြောင့် ခံစားခြင်း ဝေဒနာဖြစ်၏၊ ဝေဒနာက ခံစားလျှင် သာယာသော တဏှာ ဖြစ်၏၊ တဏှာက သာယာလျှင် စွဲလမ်းခြင်း ဥပါ ဒါန်ဖြစ်၏၊ စွဲလမ်းခြင်း ဖြစ်လျှင် ကမ္မဘဝ ဥပပ္ပတ္တိဘဝ ဖြစ်လေ၏၊ ထိုဘဝဖြစ်မှု ကြောင့် ပဋိသန္ဓေနေခြင်း ဇာတိစသည်တို့ ဖြစ်ပေါ်ကြလေကုန်၏၊ ထိုသို့ဖြစ်ပေါ် လှည့်လည် နေသည်ကိုပင် သတ္တလောကကြီးဟူ၍ ဆိုရလေသည်။
ဤနည်းအတိုင်း သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရတို့၌လည်း အသီးသီး သတ္တလောကကြီး ဖြစ်ပေါ် ပုံကို မြတ်စွာ ဘုရားဟောကြားတော်မူ၏၊ ဒွါရခြောက်ပါး အာရုံခြောက်ပါးကို အစွဲပြု၍ သတ္တလောကကြီး၏ ဖြစ်ပုံသည် ခြောက်နည်း ခြောက်လမ်းရှိလေသည်။
ပြဆိုအပ်ခဲ့ပြီးသော လောက သမုဒယ ဒေသနာတော်ဖြင့် ပုထုဇ္ဇန် သတ္တဝါတို့အား ခဏတိုင်း ခဏတိုင်း အမျိုးမျိုးသော ဝိညာဏ် စိတ်တို့၏ ဖြစ်ပေါ်မှုသည် နောင်အနာဂတ်ကာလ၌ ဘဝအမျိုးမျိုး ဇာတ်အမျိုးမျိုး တို့ကို ဖြစ်ပေါ်စေခြင်းငှာ အကြောင်းရင်းဖြစ်၏ဟူ၍ ပြဆိုတော်မူသည်။ နောင်အခါ၌ ဖြစ်ပေါ်လတ္တ့သော ဘဝအမျိုးမျိုးကို ယခုဘဝက စိတ်တို့ သည် ဖန်ဆင်းအပ်ကုန်၏ဟူ၍ ဆိုလိုသည်။
ဤကဲ့သို့ ဘဝတိုင်းဘဝတိုင်း ဖြစ်လေရာရာတို့မှာ သတ္တဝါတို့၏ စိတ်များက နောင်အနာဂတ်အတွက်နှင့် ဘဝအမျိုးမျိုး ဖန်ဆင်းလျက် ရှိနေသောကြောင့် သံသရာအဆက်မပြတ်နိုင်ဘဲ သတ္တလောကကြီး တဖြစ် ထဲဖြစ်၍ နေရလေသည်။ စိတ် ဆန်းကြယ်မှုကို အစွဲပြု၍ မှတ်ထင်ခြင်း သညာဆန်းကြယ်လေ၏၊ သညာဆန်းကြယ်ခြင်းကို အစွဲပြု၍ သာယာ ခြင်း တဏှာ ဆန်းကြယ်လေ၏၊ တဏှာဆန်းကြယ်ခြင်းကို အစွဲပြု၍ ကံ ဆန်းကြယ်လေ၏၊ ကံ ဆန်းကြယ်ခြင်းကို အစွဲပြု၍ သတ္တဝါ အမျိုးမျိုး အစားစား ဆန်းကြယ်လေ၏။
စိတ်ဆန်းကြယ်မှုကြောင့် သတ္တလောကကြီးသည်သာ ဆန်းကြယ် သည် မဟုတ်သေး၊ ထိုစိတ်ဖြင့် ပြုလုပ်သော အရာဟူသမျှတို့သည်လည်း ဆန်းကြယ်ကြကုန်၏။
ဥပမာကား
အလွန်လိမ္မာလှသော ပန်းချီဆရာကြီးတစ်ယောက်သည် မြင်ရ တိုင်း အံ့ဩဖွယ်ရာ လွန်စွာဆန်းကြယ်လှသော ရုပ်စုံ ပန်းစုံ ကား ပုံကြီး တစ်ခုကို ရေးလေ၏၊ ရေး၍ပြီးစီးသောအခါ မြင်ရသူအပေါင်းတို့သည် အလွန်ဆန်းကြယ်သော ကားပုံကြီးဟူ၍ ကြည့်သူတိုင်းကပင် ချီးမွမ်း အံ့ဩလျက် ထောမနာပြုကြကုန်၏၊ စဉ်စား ဆင်ခြင်လိုက်သည်ရှိသော် ဤကားပုံကြီးကို ရေးသားရန် ပန်းချီဆရာ၏ အကြံအစည်ဟုဆိုအပ် သောစိတ်သည် လွန်စွာဆန်းကြယ်ရလေ၏၊ စိတ်ကဆန်းဆန်း ကြယ် ကြယ်ကြံစည်၍ ရေးသောကြောင့်သာလျှင် ဤကဲ့သို့ ဆန်းကြယ်သော ကားပုံကြီးဖြစ်နိုင်လေသည်၊ သို့ရာတွင် စိတ်အကြံဆန်းကြယ်သလောက် လက်ကလိုက်၍ ရေးသားနိုင်မည် မဟုတ်သေး၊ စိတ်အကြံ ဆန်းကြယ် တိုင်း လက်ကလိုက်၍ ရေးသားနိုင်မည်ဆိုလျှင်သာ၍ပင် ဆန်းကြယ် လိမ့်ဦးမည်။
ဤဥပမာ၌ ပန်းချီဆရာ၏ စိတ်အကြံအစည် ဆန်းကြယ်မှုကြောင့် အလွန်ဆန်းကြယ်သော ကားပုံကြီးဖြစ်ပေါ်လာဘိသကဲ့သိ့ု ထိုအတူ သတ္တဝါတို့၏ စိတ်ဆန်းကြယ်မှုကြောင့် ဤလောကပေါ်မှာ ဆန်းကြယ် သော အရာအမျိုးမျိုးတို့သည် ဖြစ်ပေါ်၍နေကြလေကုန်၏။
ခေတ်ကာလအားလျော်စွာ အဆန်းအကြယ်တွေ ဖြစ်ပေါ်လာ သမျှသည် စိတ်အကြံအစည် ဆန်းကြယ်မှုကြောင့်သာ လျှင်ဖြစ်လေ သည်။ ယခုဖြစ်ပေါ်ပြီး ဖြစ်ပေါ်ဆဲဖြစ်သည့် အဆန်းအကြယ်တွေမှ တစ်ပါး နောင်အနာဂတ် ကာလတွင်လည်း စိတ်အကြံ ဆန်းကြယ်တိုင်း လောကပေါ်မှာ များစွာသော အဆန်းတကြယ်တို့သည် ဖြစ်ပေါ်ကြကုန် လတ္တံ့သည်သာလျှင်တည်း။
* ပရမတ္ထသစ္စာ အဘိဓမ္မာနည်းသက်သက်အားဖြင့်ဆိုလျှင် စိတ်နှင့်ကံသည် သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ်မဟုတ်၊ စင်စစ် ပရမတ္ထဓာတ် သဘာဝမျှသာဖြစ်၏။
* သမ္မုတိသစ္စာဟုဆိုအပ်သော သုတ္တန်နည်းအားဖြင့်ဆိုလျှင် ထိုကံနှင့်စိတ်ကိုပင် သတ္တဝါ ပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုရ၏။
ဤလောက၌ လူအများအပေါင်းတို့သည် ဆန်းကြယ်စွာ ကြံစည် တတ်သောစိတ်ဖြင့် အလွန်ဆန်းကြယ်သော အရာဝထ္ထု အမျိုးမျိုးတို့ကို ပြုလုပ်နိုင်ကြကုန်ဘိသကဲ့သို့၎င်း၊ နတ်များအပေါင်းတို့သည် အဆန်းတ ကြယ် ကြံစည်နိုင်သောစိတ်ဖြင့် ဆန်းကြယ်သော ဝထ္ထုအမျိုးမျိုးတို့ကို ဖန်ဆင်းနိုင်ကြကုန်ဘိသကဲ့သို့၎င်း၊ ထိုအတူပင်လျှင် အဆန်းတကြယ် ကြံစည်တတ်သော စိတ်က အဆန်းတကြယ် ပြုလုပ်အပ်ကုန်သော ကံနှင့် ကံ၏အကျိုးတို့သည် သတ္တဝါ ပုဂ္ဂိုလ်တို့ကဲ့သို့ အလွန်ဆန်းကြယ်ခြင်း နှင့်တကွ ဖြစ်ကြလေကုန်၏။
ဤသို့ပြဆိုအပ်ခဲ့ပြီးသော စိတ်နှင့်ကံတို့၏ သဘောသတ္တိကို သိရှိ ကြကုန်သဖြင့် စိတ်နှင့်ကံသည် အလိုသို့မလိုက် အစိုးမရသော တရား ဖြစ်သောကြောင့် တစ်စုံတစ်ရာကိုမျှ ပြုလုပ်ခြင်းငှာ မသိစွမ်းနိုင်၊ တစ်စုံ တစ်ရာကိုမျှ မပြုလုပ်နိုင်၊ ပုဂ္ဂိုလ်သတ္တဝါတို့သည်သာလျှင် အလုံးစုံကို ပြုလုပ်ခြင်းငှာ သိစွမ်းနိုင်ကုန်၏၊ အလုံးစုံကို ပြုလုပ်နိုင်ကုန်၏၊ ထိုကြောင့် ဤကဲ့သို့ အတိုင်းမသိ အဆုံးမရှိ အနန္တ ဆန်းကြယ်လှသော ဤလောက ကြီးကို ပြုလုပ် ဖန်ဆင်းနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တစ်ဦး ရှိတန်ရာ၏ ဟူ၍ မဆိုထိုက် မကြံစည်ထိုက်ကြလေကုန်။
(စိတ်နှင့်ကံမှတစ်ပါး အဆန်းတကြယ်ဟူသမျှတို့ကို ပြုပြင်သူ ပုဂ္ဂိုလ်ထူး မရှိဟူ၍သာလျှင် မှတ်အပ်လေသည်။)
ပြဆိုအပ်ပြီးသောအတိုင်း စိတ်နှင့်ကံ၏ သဘောသတ္တိကို မိမိရရ သိမြင်ပါလျှင် လောကကိုဖန်ဆင်းသူရှိ၏ ဟူ၍ ယူသော ထာဝရအယူ ကြီးကို ဖျက်ဆီးနိုင်လေ၏၊။ စိတ်နှင့်ကံကို အကြွင်းမဲ့ ချုပ်ငြိမ်းအောင် ပြုနိုင်ပါလျှင် လောကကြီးလည်း ချုပ်ငြိမ်းခြင်းသို့ ရောက်လိမ့်မည်သာ ဖြစ်၏။
(ဤကားစိတ်ဆန်းကြယ်ပုံ၊ စိတ်ကဖန်ဆင်းပုံကို ပြဆိုသော စကားရပ် အမြွက်ပေတည်း။)
စိတ္တနိယာမ ဆိုသည်ကား
စိတ္တဝသေနေဝ နိယာမတော သိဒ္ဓတ္တာစိတ္တနိယာမောနာမ။ စိတ္တဝသေနေဝ=စိတ်၏အစွမ်းအားဖြင့်သာလျှင်၊ နိယာမတော= မြဲသောအားဖြင့်၊ သိဒ္ဓတ္တာ=ပြီးစီးလေသောကြောင့်၊ စိတ္တနိယာမောနာမ= စိတ္တနိယာမမည်၏။
စိတ်၏အစွမ်းအားဖြင့် အမြဲနေရာတကျ အစဉ်ကျနစွာ ဖြစ်နေမှုကို စိတ္တနိယာမ ဆိုသည်။။သတ္တဝါတို့၏ သန္တာန်၌ခဏမစဲ အမြဲဖြစ်၍ နေသောစိတ်တို့သည် ကမောက္ကမ အစီအစဉ်မသင့် တဖျင့်တပါး မှောက် မှောက်မှားမှား ဖြစ်၍နေသည်မဟုတ်။ စိတ္တနိယာမ၏ အစွမ်းအားဖြင့် ကိစ္စအစဉ် ဌာနအစဉ်အတိုင်းသာ ညီညွှတ်စွာ ဖြစ်၍နေကုန်၏၊
* ကိစ္စဆိုသည်ကား စိတ်တို့၏ ပြုလုပ်သော အမှုပေတည်း။
* ဌာနဆိုသည်ကား စိတ်တို့၏ဖြစ်စဉ်အတိုင်း မည်သည့်စိတ် နောက်မှာ မည်သည့် စိတ်ဖြစ်သည်၊ မည်သည့်စိတ်နောက်မှာ မည်သည့် စိတ်ဖြစ်သည်ဟူ၍ စိတ်၏ဖြစ်ရာ ဌာနများကိုဆိုသည်။
ပဋိသန္ဓေကိစ္စ စသောအားဖြင့် ကိစ္စ ဆယ့်လေးပါးရှိ၏၊ ပဋိသန္ဓေ ဌာန စသောအားဖြင့် ဌာနဆယ်ပါးရှိ၏။
(ပရမတ္ထသံခိပ်-ပကိဏ်းပိုင်း ကိစ္စသင်္ဂဟတွင် ထင်ရှားစွာ ပါရှိ လေ၏၊ )
အမြွတ်အားဖြင့် စိတ္တနိယာမကို ပြဆိုသည်ရှိသော် စုတိကိစ္စကို ရွက်ဆောင်သော စိတ်၏နောက်၌ ပဋိသန္ဓေကိစ္စကို ရွက်ဆောင်သော စိတ်သည် အမြဲဖြစ်၏၊ ပဋိသန္ဓေကိစ္စနောက်၌ ဘဝင်ကိစ္စဖြစ်၏၊ ဘဝင် ကိစ္စ၏နောက်၌ အာဝဇ္ဇန်းကိစ္စ စသည်တို့သာဖြစ်ကုန်၏၊ အတိမန္တာရုံ စက္ခုဒွါရဝီထိအားဖြင့်ဆိုလျှင် အတီတဘဝင်စိတ်နောင် စလနဘဝင် စိတ်သာဖြစ်၏ အခြားစိတ်မဖြစ်၊ စလနဘဝင်စိတ်နောင် ဥပစ္ဆေဒ ဘဝင် စိတ်သာဖြစ်၏၊ အခြားစိတ်မဖြစ်၊ ဥပစ္ဆေဒ ဘဝင်စိတ်နောင် ပဉ္စဒွါရဝဇ္ဇန်း စိတ်သာဖြစ်၏၊ ပဉ္စဒွါရဝဇ္ဇန်းစိတ်နောင် စက္ခုဝိညာဏ်စိတ်သာဖြစ်၏၊ စက္ခုဝိညာဏ်စိတ်နောင် သမ္ပဋိစ္ဆိုန်း စိတ်သာဖြစ်၏၊ သမ္ပဋိစ္ဆိုန်းစိတ်နောင် သန္တီရဏစိတ်သာဖြစ်၏၊ သန္တီရဏစိတ်နောင် ဝုဋ္ဌောစိတ်သာဖြစ်၏၊ ဝုဋ္ဌောစိတ်နောင် ဇောစိတ်သာလျှင်-၇-ကြိမ်ဖြစ်၏၊ ဇောစိတ်နောင် တဒါရုံစိတ်သာလျှင် နှစ်ကြိမ်ဖြစ်၏၊ အခြားစိတ်မဖြစ်၊ တဒါရုံစိတ်နောင် ဘဝင်စိတ်သာဖြစ်၏၊ အခြားစိတ်မဖြစ်။
(ဤကားစက္ခုဒွါရ အတိမဟန္တာရုံဝီထိအားဖြင့် စိတ္တနိယာမ ဖြစ်ပုံကိုပြဆိုသော စကားရပ်တည်း)
ဤသို့စိတ်တို့၏ အစီအစဉ်အားလျော်စွာ ဖြောင့်ဖြောင့် တန်းတန်း ဖြစ်နေမှုသည် စိတ္တနိယာမ၏ အစွမ်းကြောင့်သာလျှင် ဖြစ်ရလေသည်။ ။စိတ္တနိယာမကိုလွန်၍ ကမောက္ကမ ရှေ့နောက်အစဉ် မညီမညွတ်ဖြစ် နေပါ လျှင် မည်သည့် အာရုံကိုမျှ ယူနိုင်ကြမည် မဟုတ်ဘဲ သူရူးကဲ့သို့၎င်း၊ မျောက်တို့ကဲ့သို့၎င်း၊ မရပ်မတည်ဖြစ်၍သာ နေကြကုန်လိမ့်မည်။
စိတ်တို့သည် အစဉ်မမှန်ဘဲ ယံဝါ တံဝါဖြစ်၍ နေကြသည်ရှိသော် အက္ခရာတစ်လုံးကိုမျှ ပြီသစွာပြောဆိုနိုင်မည် မဟုတ်ချေ။ အဓိပ္ပါယ် ရကောင်းသောစကားကို ပြောဆိုနိုင်ရန်မူကား လွန်စွာပင်ဝေးလေစွ။ စကားကိုသာ ပြီသစွာ မပြောဆိုနိုင်မည် မဟုတ်သေး၊ ခြေတစ်လှမ်းကိုမျှ တည့်တည့်မတ်မတ် မှန်မှန်ကန်ကန် လှမ်းသွားနိုင်ကြမည်မဟုတ်ချေ။ ထမင်းတစ်လုပ်ကိုမျှ ခံတွင်းသို့ တည့်တည့်မတ်မတ် သွင်းနိုင်ကြမည် မဟုတ်ချေ။ တစ်စုံတစ်ခုသောအလုပ်ကို ပြုလုပ်နိုင်ရန်မှာ လွန်စွာဝေး ကွာလေ၏။
ထိုစကားမှန်၏
လျှပ်တပြက် မျက်စိတစ်မှိတ်အတွင်း စိတ်ပေါင်း ကုဋေတစ်သိန်း ချုပ်ဆုံးပျက်စီးသည်ဟူ၍ဆိုသောကြောင့် အက္ခရာတစ်လုံးကို ရွတ်ဆိုရာ ခြေတစ်လှမ်းကိုလှမ်းရာတို့၌ မည်မျှလောက် စိတ်ပေါင်းဖြစ်မည်ကို နှိုင်းချိန်ရာ၏၊ အက္ခရာရွတ်ဆိုမှုကို စိတ်ကသာလျှင် အရင်းခံ၍ ပြု လုပ်ရ၏၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇသဒ္ဒရုပ်ကိုပင်လျှင် အက္ခရာ သံဟူ၍ ဆိုရသည်။။ ခြေလှမ်းမှု စသည်များကိုလည်း စိတ်ကသာလျှင် အရင်းခံ၍ပြုလုပ်ရ၏၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ် လှုပ် ရှားမှု အမူအရာကိုပင် ခြေလှမ်းသည် လက်လှုပ်သည်စသောအားဖြင့် ခေါ်ဆိုရလေသည်။
စိတ္တဇဝါယောဓာတ်မှကင်း၍ အက္ခရာတစ်လုံးကို ရွတ်ဆိုစဉ် အတွင်း ခြေတစ်လှမ်းအတွင်းမှာ စိတ်ကို မှန်ကန် ဖြောင့်မတ်စွာ မဖြစ်စေ နိုင်ပါက ဘယ်မှာ အက္ခရာကို ရွတ်ဆိုခြင်း ခြေလှမ်းခြင်းစသည်တို့ ဖြစ်နိုင် ပါမည်နည်း။ စိတ္တဇနိယာမအတွက်ကြောင့်သာလျှင် သတ္တလောက၌ သတ္တဝါအပေါင်းတို့သည် စကားကို ပြီသစွာပြောဆိုနိုင်ခြင်း၊ မှန်ကန်စွာ သွားလာလှုပ်ရှားနိုင်ခြင်း၊ အလုပ်အကိုင်ကို ဖြောင့်တန်းစွာ လုပ်ကိုင် နိုင်ခြင်းစသည်တို့ဖြင့် လူရာဝင်၍ နေကြကုန်သည်။
အရာရာတို့၌ တတ်သိလိမ္မာခြင်း ဆိုသည်မှာလည်း စိတ္တနိယာမ အတွက်ကြောင့်သာလျှင် ဖြောင့်မှန်စွာ သိမြင်နေကြကုန်သည်။ စိတ္တနိ ယာမပျက်ယွင်း၍ စိတ်တို့သည် ဖြစ်လိုရာဖြစ် ကပြောင်းကပြန် ကမော က္ကမ နေပါမူကား မည်သည့်အရာကိုမျှ ဖြောင့်တန်းစွာ သိကျွမ်း နားလည် နိုင်ကြမည်မဟုတ်ကုန်။ စိတ္တနိယာမအတွက်နှင့် သတ္တလောကကြီးသည် တည့်မတ်စွာ တည်တံ့၍ နေနိုင်သည်။ စိတ္တနိယာမ ပျက်ကွက်၍နေပါ လျှင် သတ္တလောကကြီးသည် စောင်းထောင် မှောက်လှန်၍ လေပြင်း မုန်တိုင်းကျရောက်သောအခါ သစ်ရွက်တို့ လွင့်ပါးဘိသကဲ့သို့ ကသောက် ကရောက် ကမောက္ကမဖြစ်လျက် ပျက်စီး၍ ကုန်ကြမည်သာ ဖြစ်လေ၏။
ဤစိတ္တနိယာမကို အဘိဓမ္မာ ပဋ္ဌာန်းပါဠိတော်၌ အနန္တရပစ္စည်း တွင် ထင်ရှားစွာဟောကြားတော်မူ၏။
ဤကား စိတ္တနိယာမနှင့် စပ်၍ဆိုသော စကားရပ်အမြွက် ပေ တည်း။
စိတ္တနိယာမပြီး၏။
-------*-----
၅။ ဓမ္မနိယာမ
ဓမ္မဆိုသည်ကား
“သဘာဝံ ဓာရေတီတိ ဓမ္မော”
သဘာဝံ=မိမိတို့၏သဘောကို၊ ဓာရေတိ=ဆောင်တတ်၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ ဓမ္မော=ဓမ္မမည်၏။
မိမိတို့၏သဘောကို ဆောင်တတ်သောကြောင့် ဓမ္မမည်၏ ဟူ၍ဆိုလိုသည်။။ မိမိတို့၏သဘောဆိုသည်ကား ဖဿ၏တွေ့ထိခြင်း၊ ဝေဒနာ၏ခံစားခြင်း၊ ပထဝီ၏ခက်မာခြင်း၊ အာပေါ၏ဖွဲ့စည်းခြင်း စသည်များကိုဆိုသည်။ ဤကဲ့သို့ အသီးအသီးဖြစ်သော သဘောသည် သဘာဝလက္ခဏာမည်၏၊ ထိုမှတစ်ပါးလည်းဖြစ်ခြင်း၊ ရင့်ခြင်း၊ ပျက်စီးခြင်း သဘောများသည် တရားရှိသမျှတို့နှင့် ဆက်ဆံသောကြောင့် သာမညလက္ခဏာမည်၏။
(ဤသို့ သဘာဝလက္ခဏာ၊ သာမညလက္ခဏာကို ဆောင်သော တရားကို ဓမ္မဟူ၍ဆိုသည်။)
လောဘစသော ဟိတ်ခြောက်ပါး တရားတို့သည် မိမိတို့၏ အကြောင်းမူလအားဖြင့် ကျေးဇူးပြုခြင်းတည်းဟူသော ဟေတုပစ္စယ သတ္တိကို ဆောင်ကုန်၏၊ ဟေတုပစ္စည်း၏ အကျိုးဖြစ်သော တရား တို့သည် ဟိတ်ကြောင့် ဖြစ်ပေါ်ခြင်း တည်းဟူသော ပစ္စယုပ္ပန်သဘောကို ဆောင်ကြကုန်၏၊ ဤသို့စသည်ဖြင့် အလုံးစုံသော တရားတို့သည် မိမိ တို့၏ သဘောသဘာဝကိုသာ အသီးအသီးဆောင်ရွက်တတ်ကြ ကုန်၏၊ ဤအရာ၌ သုတ္တန်ပိဋကတ် အဘိဓမ္မာပိဋကတ်တို့၌ ဟောတော်မူအပ် ကုန်သော တရားဟူသမျှတို့ကို ဓမ္မဟူ၍ဆိုအပ်ကုန်၏။
ထိုမှတစ်ပါး ဝိနည်းဒေသနာတော်၌ ဟောကြားတော်မူအပ်ကုန် သော သီလက္ခန္ဓဓမ္မတို့ကိုလည်း ဤအရာ၌ ဓမ္မဟူ၍ ဆိုအပ်ကုန်၏၊ စင်စစ်အားဖြင့် တရားကိုယ်ကောက်ယူလိုက်သည်ရှိသော် ဝိနည်းတော်၌ ဟောတော်မူအပ်သော တရားတို့သည်လည်း အဘိဓမ္မာဓမ္မတို့သာ ဖြစ် ကုန်၏။
ဓမ္မနိယာမ ဆိုသည်ကား
ဓမ္မေနေဝ နိယာမတော သိဒ္ဓတ္တာ ဓမ္မနိယာမောနာမ။
ဓမ္မေနေဝ=သဘောအားဖြင့်သာလျှင်၊ နိယာမတော=မြဲသော အားဖြင့်၊ သိဒ္ဓတ္တာ=ပြီးစီးသည်၏အဖြစ်ကြောင့်၊ ဓမ္မနိယာမောနာမ=ဓမ္မ နိယာမမည်၏။
ဤလောက၌ မည်သည့်အရာမျိုးမဆို အကြောင်းအားလျော်စွာ အကျိုးဖြစ်ပေါ်မှု အလုံးစုံသည် ဓမ္မနိယာမ မည်၏။
* ပဋိစ္စသမုပ္ပါဒ် ဒေသနာ၌ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည် ဆိုရာမှာလည်း ဓမ္မနိယာမပင် ဖြစ်လေသည်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာ၊ ပဋ္ဌာန်းဒေသနာတော်ကြီး များ သည် သက် သက်အားဖြင့် ဓမ္မနိယာမကိုပြသော ဒေသနာတော်ကြီး များဖြစ်လေသည်။
* သစ္စာလေးပါး၌ သမုဒယကြောင့် ဒုက္ခဖြစ်သည်၊ မဂ္ဂင်ရှစ် ပါးကြောင့် ဒုက္ခချုပ်သည်ဟူ၍ ဟော တော်မူသော သစ္စာဒေသနာ တော်သည်လည်း ဓမ္မနိယာမ ဒေသနာတော်ကြီးပင် ဖြစ်လေသည်။
ထိုသို့အကြောင်းအကျိုး ဆက်လက်၍ ဓမ္မနိယာမကို ဟောကြား သောဒေသနာတို့တွင် ပဋ္ဌာန်းဒေသနာသည် အထွဋ် အထိပ်သို့ရောက် အောင် အသိမ်မွေ့ဆုံးသော ဒေသနာတော်ကြီး ဖြစ်လေသည်။
ဤဓမ္မနိယာမကို အချို့သော ဒေသနာတော်တို့၌ ဓမ္မဋ္ဌိတတာ ဟူ၍၎င်း၊ ဓမ္မနိယာမတာဟူ၍၎င်း မြတ်စွာဘုရား ဟောကြားတော်မူ၏။
ပါဠိတော်အထောက်ကား
အဝိဇ္ဇာပစ္စယာ ဘိက္ခဝေ သင်္ခါရာ ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ တထာဂတာနံ ဌိတာဝ သာ ဓာတု ဓမ္မဋ္ဌိတတာ ဓမ္မနိယာ မတာ--စသည်တည်း။
အနက်ကား။။ဘိက္ခဝေ=ရဟန်းတို့၊ အဝိဇ္ဇာပစ္စယာ=အဝိဇ္ဇာ ဟူသော အကြောင်းကြောင့်၊ သင်္ခါရာ=သင်္ခါရတရားတို့သည်၊ ယံ ဥပ္ပဇ္ဇန္တိ= အကြင်ဖြစ်ကုန်၏၊ သာ ဓာတု=ထိုအဝိဇ္ဇာကြောင့် သင်္ခါရဖြစ်မှုဟူသော ဓာတ်သဘောသည်၊ တထာဂတာနံ=မြတ်စွာဘုရားတို့၏၊ ဥပ္ပါဒါဝါ= ဖြစ်ပေါ်သော်၎င်း၊ တထာဂတာနံ=မြတ်စွာဘုရားတို့၏၊ အနုပ္ပါဒါဝါ=မဖြစ် ပေါ်သော်၎င်း၊ ဌိတာဝ=အထင်အရှား မပျက်ပြားဘဲ တည်၍နေသည် သာလျှင်တည်း၊ ဓမ္မဋ္ဌိတတာ=တရားသဘောအားဖြင့် အမြဲတည်နေ သောကြောင့် ဓမ္မဋ္ဌိတတာလည်းမည်၏၊ ဓမ္မနိယာမတာ=တရားသဘော အားဖြင့် အမြဲဖြစ်၍နေသောကြောင့် ဓမ္မနိယာမတာလည်းမည်၏။
အဓိပ္ပါယ်ဆိုလိုရင်းမှာ
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပေါ်မှုသည် မြတ်စွာဘုရားတို့ ပွင့်သည် ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ၊ သူ့သဘောအတိုင်း အမြဲတည်နေလျက်ရှိ၏၊ ထိုသဘောကို ဓမ္မဋ္ဌိတတာလည်းခေါ်၏၊ ဓမ္မနိယာမတာလည်းခေါ်၏၊ ဓမ္မနိယာမအားဖြင့် အကြောင်းရှိ၍ အကျိုးဖြစ်ပေါ်၍နေမှုကို တစ်စုံတစ်ဦးသော လူ, နတ်, ဗြဟ္မာ သတ္တဝါတို့က မပြုပြင် မစီရင်နိုင်ကုန်။
ထိုဓမ္မနိယာမကို ပြောင်းလွဲ၍ မရနိုင်ကုန်။ အခြားပုဂ္ဂိုလ်ကို မဆိုထားဘိ မြတ်စွာဘုရားသော်မှလည်း ဓမ္မနိယာမကို ဖျက်ဆီးခြင်းငှါ၎င်း၊ ပြုပြင်ခြင်း ငှါ၎င်း မစွမ်းနိုင်ချေ။။ကမ္ဘာကြီးတွေ အကြိမ်ပေါင်းမည်မျှပင် ပျက်စီး၍ သွားစေကာမူ ထိုဓမ္မနိယာမသည် ပျက်စီးလေသည်မဟုတ်၊ ထိုဓမ္မနိယာမကို အချို့သောဒေသနာ၌ ဓမ္မတာဟူ၍ ဟောတော် မူ၏။
အထောက်ပါဠိတော်ကား
ဓမ္မတာ ဧသာ ဘိက္ခဝေ ယဒါ ဗောဓိသတ္တော တုသိတာကာယာ စဝိတွာ မာတုကုစ္ဆိသ္မိံ ဩက္ကမတိ၊ အထခေါ ဘိက္ခဝေ သဒေဝကေ သဗြဟ္မကေ လောကေ ဥဠာရော ဩဘာသော ပါတုဘဝတိ။ အယဉ္စ ဒသသဟဿိ လောကဓာတု ကမ္ပတိ သံကမ္ပတိ သံပဝေဓတိ။
စသည်တည်း။
အနက်ကား။။ဘိက္ခဝေ=ရဟန်းတို့၊ ယဒါ=အကြင်အခါ၌၊ ဗောဓိသတ္တော=ဘုရားလောင်းသည်၊ တုသိတာကာယာ=တုသိတာနတ် ပြည်မှ၊ စဝိတွာ=စုတေခဲ့၍၊ မာတုကုစ္ဆိသ္မိံ=မယ်တော်၏ ဝမ်းတိုက်၌၊ ဩက္ကမတိ=ပဋိသန္ဓေတည်နေခြင်းအားဖြင့် သက်လေ၏၊ ဘိက္ခဝေ= ရဟန်းတို့၊ အထခေါ=ထိုအခါ၌၊ သဒေဝကေ=နတ်နှင့်တကွသော၊ သဗြဟ္မကေ=ဗြဟ္မာနှင့်တကွသော၊ လောကေ=လောက၌၊ ဥဠာရော= မွန်မြတ်ထူးဆန်းသော၊ ဩဘာသော=အရောင်အလင်းကြီးသည်၊ ပါတုဘဝတိ=ထင်ရှားဖြစ်ပေါ်လာ၏၊ အယဉ္စဒသသဟဿိ လောက ဓာတု=ဤတစ်သောင်းသော လောကဓာတ်သည်လည်း၊ ကမ္ပတိ=တုန် လှုပ်၏၊ သံကမ္ပတိ=ပြင်းစွာတုန်လှုပ်၏၊ သံပဝေဓတိ=အလွန်ပြင်းစွာ တုန်လှုပ်၏၊ ဧသာ=ဤသို့ဖြစ်မှုသည်၊ ဓမ္မတာ=လောကစဉ်လာ ဓမ္မတာ သဘောရိုးကြီးပေတည်း။
ဘုရားလောင်းတို့ ပဋိသန္ဓေ တည်နေသောအခါ မွန်မြတ်ဆန်း ကြယ်လှစွာသော အရောင်အလင်းကြီး ဖြစ်ပေါ်လာ၏၊ တစ်သောင်း သော လောကဓာတ်သည် တုန်လှုပ်၏၊ ဤသို့ဖြစ်မှုကား ဓမ္မတာပင် ဖြစ်လေသည်။ ထိုသဘော ဓမ္မတာကို တစ်စုံတစ်ယောက်သော သူမျှ မဖြစ်ပေါ်အောင် မတတ်နိုင်ချေ။။ဘုရားဖြစ်တော်မူသော အခါတို့၌ လည်း ထိုအတူပင် လျှင်တည်း။ မည်သူတစ်ဦးမှ ပုဂ္ဂိုလ်၏အစွမ်းအား ဖြင့် ပြုပြင်၍မရသောအရာ ဖျက်ဆီး၍ မရသောအရာကို ဓမ္မတာဟူ၍ ဆိုလိုသည်။ ဖြစ်ခွင့်ရှိလျှင် အမြဲဖြစ်ရ၏၊ ပျက်ခွင့်ရှိလျှင် အမြဲပျက်ရ၏။
ဤဓမ္မနိယာမကို အချို့သော ဒေသနာတို့၌ ဌာနဟူ၍၎င်း၊ အဌာန ဟူ၍၎င်း ဟောကြားတော်မူ၏။
အထောက်ပါဠိတော်ကား
အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ကိဉ္စိ သင်္ခါရံ နိစ္စတော ဥပဂစ္ဆေယျ၊ နေတံ ဌာနံ ဝိဇ္ဇတိ။
စသည်တည်း။
အနက်ကား။။ဘိက္ခဝေ=ရဟန်းတို့၊ ဒိဋ္ဌိသမ္ပန္နော=မဂ်ဉာဏ် အမြင် နှင့်ပြည့်စုံသော၊ ပုဂ္ဂလော=အရိယာပုဂ္ဂိုလ်သူမြတ်သည်၊ ကိဉ္စိ သင်္ခါရံ= တစ်စုံတစ်ခုသောသင်္ခါရကို၊ နိစ္စတော=မြဲ၏ဟူ၍၊ ယံ ဥပဂစ္ဆေယျ= အကြင် ကပ်၍ယူငြားအံ့၊ ဧတံ=ဤသို့မှတ်ယူသော အရေးသည်၊ အဋ္ဌာနံ=အရာ မဟုတ်၊ အနဝကာသော=အခွင့်မဟုတ်၊ ဧတံဌာနံ=ဤသို့မှတ်မည့် အကြောင်းအရာသည်၊ နဝိဇ္ဇတိ=မရှိနိုင်။
မဂ်ဉာဏ်အမြင်နှင့်ပြည့်စုံ၍ အရိယာဖြစ်ပြီးသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို မြဲ၏ဟူ၍ မှတ်ယူရန် အကြောင်းမရှိဟု ဆိုလိုသည်။ ဤသို့ဖြစ်မှုသည်လည်း ဓမ္မနိယာမပင်ဖြစ်လေသည်။
အကျဉ်းသင်္ခေပအားဖြင့် ဓမ္မနိယာမ၏ သဘောလက္ခဏာသည် ကား--
* ဤအကြောင်းရှိလျှင် ဤအကျိုးရှိ၏၊ ဤအကြောင်းဖြစ် ပေါ်ခြင်းကြောင့် ဤအကျိုးဖြစ်ပေါ်ရ၏။
* ဤအကြောင်းမရှိသည်ရှိသော် ဤအကျိုးမရှိ၊ ဤအ ကြောင်း ချုပ်ခြင်းကြောင့် ဤအကျိုးချုပ်၏
ဟူ၍ အကြောင်းအကျိုး ဆက်လက်ဖြစ်ပျက်နေမှုပင်တည်း။ ထိုသို့ အကြောင်းအကျိုး ဆက်လက်၍ ဖြစ်ပျက်နေမှုကိုပင် ဓမ္မနိယာမဟူ၍ ဆိုသည်၊ ပြုပြင်၍ ဖြစ်သမျှသော သင်္ခါရတရားဟူသမျှတို့မှာ ဖြစ်ပေါ် ခြင်း=ဥပါဒ်, တစ်ခဏတည်တံ့ခြင်း=ဌိတိ, ပျက်စီးခြင်း=ဘင်္ဂတို့သည် အမြဲ ရှိကုန်၏၊ ထိုသဘောသည်လည်း ဓမ္မနိယာမပင်တည်း။ ပြုပြင်၍ မဖြစ်နိုင်သော အသင်္ခတ တရားမှာ ဖြစ်ပေါ်ခြင်း=ဥပါဒ်မရှိ၊ ချုပ်ခြင်း= ဘင်မရှိ၊ ဤသဘောသည်လည်း ဓမ္မနိယာမပင်တည်း။ ဖြစ်တတ်သော ဇာတိဓမ္မမှန်လျှင် အမြဲဖြစ်ပေါ်တတ်၏၊ အိုမင်းရင့်ရော်တတ်သော ဇရာ ဓမ္မမှန်လျှင် အမြဲအိုတတ်၏၊ သေတတ်သော မရဏဓမ္မမှန်လျှင် အမြဲ သေတတ်၏၊ ဤသဘောသည်လည်း ဓမ္မနိယာမပင်တည်း။ဤဓမ္မနိယာမသည် လွန်စွာကျယ်ဝန်းလှ၏၊ ယခုမျက်မြင် ဒိဋ္ဌ အားဖြင့်ဖြစ်နေသောအရာများကို ဆင်ခြင်ခြင်းအားဖြင့် အရင်းအမြစ်ကို ရှာသည်ရှိသော် ဓမ္မနိယာမသို့ ဉာဏ်သက်ဝင်၍ သွားလိမ့်မည်သာဖြစ်၏၊ ထို့ကြောင့်စဉ်းစား ဆင်ခြင်လေ့ရှိသော သူတို့ သည် အရာရာတိုင်း၌ ဟုတ်မှန်သောအတိုင်း အကြောင်းရင်းသို့ ထိခိုက် အောင်နိုက်၍ ဉာဏ်မြင် နိုင်ကြလေသည်၊ သဗ္ဗညုတဉာဏ်တော်သို့ ရောက်မှသာလျှင် အလုံးစုံ သောအရာဌာနတို့၌ ဓမ္မနိယာမအစွမ်းကို လမ်းဆုံးအောင်မြင်နိုင်လေ သည်။ ထိုမှတစ်ပါး ဇာတိနိယာမသည်လည်း ရှိသေး၏။
ဇာတိနိယာမဆိုသည်မှာ
ဇာတိဝသေနေဝ နိယာမတော သိဒ္ဓတ္တာ ဇာတိနိယာမော နာမ။
ဇာတိဝသေနေဝ=ဇာတ်၏အစွမ်းအားဖြင့်သာလျှင်၊ နိယာမတော= မြဲသောအားဖြင့်၊ သိဒ္ဓတ္တာ=ပြီးစီးလေသောကြောင့်၊ဇာတိနိယာမော နာမ= ဇာတိနိယာမ မည်၏။
ဇာတ်အားဖြင့် ပြီးစီးသောအရာများကို ဇာတိနိယာမ ဟူ၍ဆို သည်။။ဇာတိဆိုသည်ကား တူမျှသော အဖြစ်ဖြင့် တစ်စုတစ်ဝေးတည်း တစ်ပေါင်းတစ်သင်းတည်း တစ်နွယ်တစ်စဉ်တည်းဖြစ်သော အရာများ ကိုဆိုသည်။။ထိုဇာတ်သည် သစ်ပင်ချုံနွယ် စသည်တို့မှာလည်းရှိ၏၊ တိရစ္ဆာန်တို့မှာလည်းရှိ၏၊ လူတို့မှာလည်းရှိ၏၊။သစ်ပင်တို့မှာ တစ်မျိုး တည်းမဟုတ်ဘဲ ဇာတ်အမျိုးမျိုးရှိကုန်၏၊ သရက်ပင်ဇာတ်၊ ပိန္နဲပင်ဇာတ်၊ စံပယ်ပင်ဇာတ်၊ စကားပင်ဇာတ်စသည်ဖြင့် လွန်စွာများကုန်၏၊။ သရက် ပင်ဇာတ်မှန်လျှင် မည်သည့်ဌာနမှာမဆို အသီးအရွက် အရသာ စသော အားဖြင့်တူမျှကြကုန်၏၊ စံပယ်ပင်ဇာတ်မှန်လျှင် မည်သည့်ဌာန မှာမဆို အဖူးအပွင့်စသောအားဖြင့် တူမျှကြကုန်၏၊ တိရစ္ဆာန် လူဇာတ်တို့၌လည်း ထိုနည်းအတူပင်တည်း။
ဤဇာတိနိယာမကို မဇ္ဈိမပဏ္ဏာသပါဠိတော် သုတ္တနိပါတ်ပါဠိ တော်များ၌ မြတ်စွာဘုရားဟောကြားတော်မူ၏။
အထောက်ပါဠိတော်ကား
တေသံ ဝေါဟံ ပဝက္ခိဿံ၊ အနုပုဗ္ဗံ ယထာတထံ။
ဇာတိဝိဘင်္ဂံ ပါဏာနံ၊ အညမညာ ဟိ ဇာတိယော။
တိဏရုက္ခေပိ ဇာနာထ၊ ယေ န ကိဉ္စိ ဝိဇာနရေ။
လိင်္ဂံ ဇာတိမယံ တေသံ၊ အညမညာ ဟိ ဇာတိယော။
စသောဂါထာများပေတည်း။
အနက်ကား။။ဝေါ=သင်တို့အား၊ အဟံ=ငါသည်၊ တေသံ ပါဏာနံ= ထိုသတ္တဝါတို့၏၊ ဇာတိဝိဘင်္ဂံ=ဇာတ်အားဖြင့် ခြားနားဝေဖန် ခြင်းကို၊ ယထာတထံ=ဟုတ်မှန်သောအတိုင်း၊ အနုပုဗ္ဗံ=အစဉ်အတိုင်း၊ ပဝက္ခိဿံ= ဟောကြားပေအံ့၊ ဇာတိယော=ဇာတ်တို့သည်၊ အညမညာ ဟိ=အသီးသီး တို့သာတည်း။
တိဏရုက္ခေပိ=မြက်သစ်ပင်၌လည်း၊ ဇာနာထ=ထိုအတူသိကြကုန် လော့၊ ယေ=အကြင်သစ်ပင်တို့သည်၊ ကိဉ္စိ=တစ်စုံတစ်ခုကိုမျှ၊ နဝိဇာ နရေ=မသိနိုင်ကြကုန်၊ တေသံ=ထိုသစ်ပင်တို့၏၊ လိင်္ဂံ=အသွင်သဏ္ဌာန် သည်၊ ဇာတိမယံ=ဇာတ်ဖြင့် ပြီး၏၊ ဇာတိယော=ဇာတ်တို့သည်၊ အညမညာ ဟိ=အသီးသီးတို့သာတည်း။
ဤဂါထာတို့ဖြင့် သစ်ပင်စသည်တို့၌၎င်း၊ တိရစ္ဆာန်တို့၌၎င်း၊ ဇာတိနိယာမရှိကြောင်းကို ပြဆိုတော်မူ၏။
လူတို့၌လည်း ဇာတ်အမျိုးမျိုး၊ အနွယ်အမျိုးမျိုးတို့သည် ရှိကုန်၏၊ မျက်မြင်ဒိဋ္ဌအားဖြင့် ဤမြန်မာနိုင်ငံမှာ မြန်မာမျိုးဇာတ် ရှမ်းမျိုးဇာတ် ကရင်မျိုးဇာတ် စသည်တို့သည်ရှိကုန်၏၊ ဣန္ဒြိယနိုင်ငံ ဥရောပတိုက် စသည်တို့၌လည်း များစွာသော လူမျိုးဇာတ်တို့သည် ရှိကုန်၏၊။ဖြူသော လူမျိုးဇာတ် မည်းသော လူမျိုးဇာတ်တို့လည်း ရှိကုန်၏၊ ထိုအမျိုးဇာတ်မှ ဖြစ်သော သူတို့သည် မိမိတို့ဖြစ်ရာ ဇာတ်နှင့်သာလျှင် အသွင်အပြင် သဏ္ဌာန် ပုံပန်းဟန်ပန် အမူအရာတို့သည် တူမျှကြလေကုန်၏၊ အဖြူ မျိုးကပေါက်ဖွားလျှင် ဖြူသောသူတို့သာ ဖြစ်ကုန်၏၊ မည်းနက်သော သူတို့ကပေါက်ဖွားလျှင် မည်းနက်သော သူတို့သာ ဖြစ်ကုန်၏၊ အမိအဖ တို့၏ ဇာတ်သို့လိုက်၍ အသွင်သဏ္ဌာန် ဟန်ပန်အမူအရာတို့သည် တူ မျှကြကုန်၏၊ စိတ်နေစိတ်ထား အစားအသောက် အနေအထိုင်တို့ သည်လည်း မိဖတို့၏ ဇာတ်သို့သာလိုက်ပါကြလေကုန်၏၊ ဘာသာအယူ ဝါဒတို့သည်လည်း များသောအားဖြင့် မိဖတို့၏ ဇာတ်သို့သာ လိုက်ပါ တတ်ကြကုန်၏။
ဝဏ္ဏသဏ္ဌာနနာနတ္တံ ပန မာတာပေတ္တိကံ ဇာတိနာနတ္တံ ပဋိစ္စ ဘိဇ္ဇတိ။
ဝဏ္ဏသဏ္ဌာနနာနတ္တံ ပန=အဆင်းပုံပန်းသဏ္ဌာန် အထူးထူး သည်ကား၊ မာတာပေတ္တိကံ=မိခင်ဖခင်တို့မှ ဆက်နွယ်လာသော၊ ဇာတိ နာနတ္တံ=ဇာတ်အထူးထူးကို၊ ပဋိစ္စ=အစွဲပြု၍၊ ဘိဇ္ဇတိ=ကွဲပြားခြားနား လေ၏။
တိရစ္ဆာန်တို့၌လည်း မြင်းဇာတ်ကပေါက်ဖွားလာလျှင် အသွင် သဏ္ဌာန် အသွားအလာ အစားအစာ အမူအရာတို့သည် မြင်းနှင့်သာ တူကုန်၏၊ ထိုအတူ နွားမျိုးဇာတ်က ပေါက်ဖွားလာလျှင် နွားတို့နှင့်သာ တူကုန်၏၊ ငှက်မျိုးဇာတ်က ပေါက်ဖွားလာလျှင် မိမိဇာတိဖြစ်သော ငှက်မျိုးဇာတ်နှင့်သာတူကုန်၏၊ ဤသို့စသည်ဖြင့် သတ္တဝါရှိရှိသမျှ ဇာတိ နိယာမသို့လိုက်၍ ဖြစ်ပွါးကြကြောင်းကို ဆင်ခြင်စဉ်းစားကြရာ၏၊ ပြဆို အပ်ပြီးသောအတိုင်း ပုံပန်းသဏ္ဌာန် စသည်များကို ဇာတိနိယာမက သာလျှင် စီမံဖန်ဆင်းလေ၏။
သတ္တဝါတို့၏ အယုတ်အမြတ် ချမ်းသာဆင်းရဲ များကိုမူကား ကမ္မ နိယာမကသာလျှင် စီမံလေသည်။ ထို့ကြောင့်
ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပဏီတတာယ။
ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။အနက်ကား။။ယဒိဒံကမ္မံ=အကြင်ကံသည်၊ အတ္ထိ=ရှိ၏၊ ဣဒံ ကမ္မံ=ဤကံသည်၊ သတ္တေ=သတ္တဝါတို့ကို၊ ဟီန ပဏီတတာယ=အယုတ် အမြတ်ဖြစ်စိမ့်သောငှာ၊ ဝိဘဇတိ=ဝေဖန်ခွဲခြားလေ၏။
ဣန္ဒြိယနိုင်ငံ၌ မြတ်စွာဘုရား ပွင့်တော်မမူမှီ ရှေးကာလကပင်လျှင် ဇာတ်ကိုအစွဲပြု၍ လောက၌ ဗြာဟ္မဏဇာတ်သည် အမြတ်ဆုံးဖြစ်၍ ဗြာဟ္မဏဇာတ်က ပေါက်ဖွားလာလျှင် အခြားဇာတ်ရှိသော သူများတို့၏ အရိုအသေကို ခံထိုက်၏ဟူ၍ အယူရှိကြကုန်၏၊ မြတ်စွာဘုရား ပွင့် တော်မူသော အခါမှာမူကား သတ္တဝါတို့၏ အယုတ်အမြတ်မှာ မိမိတို့ပြု လုပ်အပ်သော ကံသာပဓာနဖြစ်သည်ဟူ၍ ဟောကြားတော်မူသည်။။ ပြဆိုအပ်ပြီးသော စကားကိုထောက်၍ ဥတုနိယာမ, ဗီဇနိယာမ, ကမ္မနိယာမ, စိတ္တနိယာမ, ဓမ္မနိယာမတို့မှတစ်ပါး ဇာတိနိယာမကိုလည်း အသီးအခြားတစ်ခု ပြုလုပ်၍ ဆိုသင့်လေသတည်း။
ဤသို့ နိယာမအချက်ကို ဉာဏ်တွင် သက်ဝင်စူးရှ၍ ကျနထင်လင်း စွာ သိမြင်နိုင်သည်ရှိသော် လောကကို မည်သည့်ပုဂ္ဂိုလ်က ဖန်ဆင်း သည်၊ သတ္တဝါတို့၏ ချမ်းသာဆင်းရဲကို မည်သည့်ပုဂ္ဂိုလ်က ဖန်ဆင်းသည်၊ တော တောင် ရေမြေစသော ဝိညာဏက အရာဝတ္ထုများကို မည်သည့် ပုဂ္ဂိုလ်က ဖန်ဆင်းသည်၊ ဤသည့်ပုဂ္ဂိုလ်သည် လောကကို အစိုးရသည် ဟူ၍ယူသော ဣဿရ နိမ္မာနဒိဋ္ဌိဝါဒကို ရှင်းလင်းစွာ ဖြေဖျောက်နိုင် လေ၏။
နိယာမတရား ငါးပါးပြီး၏။
---ကပ်ကြီးငါးပါး
၁။ မဟာကပ်၊
၂။ အသင်္ချေယျကပ်၊
၃။ အန္တရကပ်၊
၄။ အာယုကပ်၊
၅။ အန္တရာယကပ်။
၁။ မဟာကပ်
ကပ်-ဟူသောစကား၌ အဘယ်ကြောင့် ကပ်ဟုခေါ်သနည်း။
“ကပ္ပိယန္တိ ပရိစ္ဆိဇ္ဇိယန္တိ နာနာဓမ္မပဝတ္တိယော ဧတေနာတိ ကပ္ပေါ” ဧတေန=ဤအချိန်ကာလဖြင့်၊ နာနာဓမ္မပဝတ္တိယော=တရားအမျိုး မျိုးတို့၏ ဖြစ်ခြင်းတို့ကို၊ ကပ္ပိယန္တိ ပရိစ္ဆိဇ္ဇိယန္တိ=ပိုင်းဖြတ်အပ်ကုန်၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ ကပ္ပေါ=ကပ္ပမည်၏။
တရားအထူးတို့၏ ဖြစ်နေခိုက်ကို ပိုင်းဖြတ်ကြောင်း ဖြစ်သော အချိန်ကာလကို ကပ်ဟူ၍ဆိုသည်။။ကာလ အထူးပင်တည်း။ “မဟန္တော ကပ္ပေါတိ မဟာကပ္ပေါ”
မဟန္တော=ရှည်လျားကြီးကျယ်သော၊ ကပ္ပေါ=ကပ်တည်း၊ ဣတိ တသ္မာ=ထို့ကြောင့်၊ မဟာကပ္ပေါ=မဟာကပ်မည်၏။
ကပ်ငါးပါး ရှိသည့်အနက် အရှည်ဆုံးဖြစ်သော ကပ်ကြီးကို မဟာကပ်ဟူ၍ဆိုသည်။
မေး။ ထိုမဟာကပ် တစ်ခုသည် မည်မျှလောက် ရှည်လျား ပါသနည်း။
ဖြေ။ အလျား အနံ အထု တစ်ယူဇနာစတုရန်းရှိသော သက် သက်ကျောက်အတိပြီးသော တောင်ကြီး ရှိသတတ်၊ ထိုကျောက်သား တောင်ကြီးကို တစ်ဦးသော ယောကျ်ားသည် အနှစ်တစ်ရာ တစ်ထောင် လွန်မှ အလွန်နူးညံ့စွာ ဖတ်အပ်သော ကာသိကရာဇ်တိုင်းဖြစ် ဝါဂွမ်းဖြင့် တစ်ကြိမ်တစ်ကြိမ် တို့ထိပွတ်တိုက်လေရာ၏၊ ဤကဲ့သို့ ပွတ်တိုက် သည်ရှိသော် ထိုကျောက်တောင်ကြီးသည် လျင်မြန်စွာ ကုန်၍သွား သော်လည်း သွားတန်ရာ၏၊ မဟာကပ်သည်ကား ကုန်လိမ့်မည် မဟုတ်။ မဟာကပ်သည် ဤမျှလောက် ရှည်လျားကြာညောင်းလေ၏။
လွန်ခဲ့ပြီးသော အတိတ်ကာလ၌ ထိုကဲ့သို့ရှည်လျားသော မဟာ ကပ်ကြီး အဆက်ဆက်တို့သည် မည်မျှလောက် ကုန်ဆုံးကြကုန်သနည်း ဆိုလျှင် ထိုမဟာကပ် အစဉ်အဆက်တို့သည် မည်မျှလောက် လွန်ဆုံးလေ ကုန်ပြီဟူ၍ မသိနိုင်ကုန်။ အရေအတွက် သင်္ချာအားဖြင့်လည်း မဟာကပ် ပေါင်း မည်မျှရှိပြီဟူ၍ မဆိုနိုင်ကုန်။ ထိုလွန်ခဲ့ပြီးသော အတိတ်က မဟာကပ် အစဉ်အဆက်တို့ကိုပင်လျှင် အတိတ်သံသရာ ကြီးတွေ ဟူ၍ လည်း ဆိုအပ်ကုန်၏။
အနမတဂ္ဂသုတ်ပါဠိတော်ကြီး၌
အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော ပုဗ္ဗကောဋိ နပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။
ဟူ၍ အတိတ်သံသရာကြီး၏ ရှည်လျားကြောင်းကို မြတ်စွာဘုရား ဟောကြားတော်မူသည်။အနက်ကား။။ဘိက္ခဝေ=ရဟန်းတို့၊ အဝိဇ္ဇာ နီဝရဏာနံ= အဝိဇ္ဇာ ဖြင့် ဖုံးလွှမ်းအပ်ကုန်သော၊ တဏှာသံယောဇနာနံ=တဏှာဖြင့် နှောင်ဖွဲ့ ချည်တုပ်အပ်ကုန်သော၊ သန္ဓာဝတံ=သံသရာစခန်းမှာ တပင်ပန်းပန်း ပြေး၍နေကြကုန်သော၊ သံသရတံ=တပတ်လည်လည် အတည်မကျ ကျင်လည်၍ နေကြကုန်သော၊ သတ္တာနံ=သတ္တဝါတို့၏၊ ပုဗ္ဗကောဋိ= ရှေ့သံသရာအစွန်းအစသည်၊ နပညာယတိ=မထင်ရှား (မရှိ)၊ ဘိက္ခဝေ= ရဟန်းတို့၊ အယံသံသာရော=ဤသံသရာကြီးသည်၊ အနမတဂ္ဂေါ= မသိ အပ်သော အစရှိ၏၊ ဝါ=အစကိုမသိအပ်။
အနမတဂ္ဂသံသရာဟူသောပုဒ်၌
“အမတော အဂ္ဂေါ ယဿာတိ အနမတဂ္ဂေါ”
ယဿ=အကြင်သံသရာအား၊ အမတော=မသိအပ်သော၊ အဂ္ဂေါ= အဦးအစသည်၊ အတ္ထိ=ရှိ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ အနမတဂ္ဂေါ= အနမတဂ္ဂမည်၏။
ပြဆိုအပ်ပြီးသော ပါဠိတော်၌ ပုဗ္ဗကောဋိနပညာယတိ ဆိုသည်မှာ အစမရှိဟူ၍ပင်ဆိုလိုသည်။
ပညာယတိဆိုသောစကားသည်
အပိနုခေါ အာနန္ဒ ဇာတိယာ အသတိ ဇရာမရဏံ ပညာယေထာတိ နောဟေတံ ဘန္တေ။
ဟူသောပါဠိတော်မှာ 'ပညာယေထ'သဒ္ဒါကဲ့သို့ ထင်ရှားရှိခြင်း ကိုဟော၏။
အနက်ကား။။အာနန္ဒ=ချစ်သားအာနန္ဒာ၊ ဇာတိယာ= ပဋိသန္ဓေနေ ခြင်းဇာတိသည်၊ အသတိ=မရှိခဲ့သည်ရှိသော်၊ ဇရာမရဏံ=အိုခြင်း သေခြင်းသည်၊ အပိ=စင်စစ်၊ ပညာယေထနုခေါ=ရှိဦးမည်လော၊ ဘန္တေ= အရှင်ဘုရား၊ နောဟေတံ=ဤသို့မဖြစ်နိုင်ပါ။
ဤပါဠိတော်၌ရှိသော 'ပညာယေထ'သဒ္ဒါကဲ့သို့ ထင်ရှားရှိခြင်းကို ဟောသည်၊ 'နပညာယတိ'ဟူ၍ နသဒ္ဒါနှင့် မြစ်ဆိုခြင်းကြောင့် မရှိဟူ သော အဓိပ္ပါယ်ရလေသည်။
ထို့ကြောင့်“ပုဗ္ဗကောဋိ နပညာယတိ“ဆိုသည်မှာ ရှေ့အစွန်းမရှိ ဟူ၍ပင် ဆိုလိုရင်းဖြစ်သည်။
ဣဓပိ နပညာယတီတိ နတ္ထိ ဣစ္စေဝ ဝုတ္တံ ဟောတိ။ (အဋ္ဌကထာ)
ဣဓပိ=ဤပုဗ္ဗကောဋိ နပညာယတိ ဟူသောပါဠိတော် ၌လည်း၊ နပညာယတီတိ=နပညာယတိ ဟူသောစကားသည်၊ နတ္ထိ ဣစ္စေဝ=မရှိ ဟူ၍သာလျှင်၊ ဝုတ္တံ=ဆိုလိုရင်းသည်၊ ဟောတိ=ဖြစ်၏။
အချို့သောသူတို့သည်ကား
နပညာယတိကို နတ္ထိ အနက်မယူဘဲ နဥပဋ္ဌာတိ အနက်ယူ၍ မထင်မရှားဟု အဓိပ္ပါယ်ကောက်ယူပြီးလျှင် သံသရာ၏ ရှေ့အစွန်းသည် မြတ်စွာဘုရား၏ရွှေဉာဏ်တော်ကြီးမှာပင် မထင်နိုင်၊ အဘယ့်ကြောင့် နည်းဆိုလျှင် အလွန်ရှည်လျားလှသော ကြောင့်တည်း၊ စင်စစ်အားဖြင့် သံသရာရှေ့အစွန်းရှိတန်ရာ၏ဟူ၍ဆိုကြကုန်၏၊ ထိုသို့မှတ်ယူ ပြော ဆိုကြကုန်သောသူတို့သည် မြတ်စွာဘုရား၏ အလုံးစုံမြင်တော်မူနိုင် စွမ်းသော သဗ္ဗညုတဉာဏ်တော်ကို ပိတ်ပင်သည်မည်၏။
အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
ဉာဏပရိယန္တံ ဉေယျံ ဉေယျ ပရိယန္တံ ဉာဏံ။
ဉာဏံ အတိက္ကမ္မ ဉေယျံ နဝတ္တတိ။
ဉေယျံ အတိက္ကမ္မ ဉာဏံ နဝတ္တတိ။
ဟူသော ပါဠိများနှင့်လည်း ထိုသူတို့စကားသည် ဆန့်ကျင်လေ၏။
အနက်ကား။။ အတီတံသေ=အတိတ်ကာလအဖို့၌၊ ဘဂဝတော= ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရား၏၊ ဉာဏံ=ဉာဏ်တော်သည်၊ အပ္ပဋိဟတံ=အပိတ်အပင် အဆီးအတားမရှိ။
ဉေယျံ=သိသင့်သိထိုက်သမျှသောဉေယျတရားစုသည်၊ ဉာဏ ပရိယန္တံ=သဗ္ဗညုတဉာဏ်တော်သာလျှင်အဆုံးရှိ၏၊ ဉာဏံ=သဗ္ဗညုတ ဉာဏ်တော်သည်၊ ဉေယျပရိယန္တံ=သိသင့်သိထိုက်သော ဉေယျတရား လျှင် အဆုံးရှိ၏။
(သိတတ်သော သဗ္ဗညုတဉာဏ်တော်နှင့် သိအပ်သောဉေယျဓံ တရားသည် မသာမလွန် အညီအမျှရှိသည်ဟုဆိုလိုသည်။)
ဉာဏံ=သဗ္ဗညုတဉာဏ်တော်ကို၊ အတိက္ကမ္မ=လွန်ကျူး၍၊ ဉေယျံ= ဉေယျဓံတရားသည်၊ နဝတ္တတိ=မဖြစ်နိုင်၊ ဉေယျံ=ဉေယျဓံတရားကို၊ အတိက္ကမ္မ=လွန်ကျူး၍၊ ဉာဏံ=သဗ္ဗညုတဉာဏ်တော်သည်၊ နဝတ္တတိ= မဖြစ်နိုင်။
သံသရာမှာ အစရှိ၏ဟူ၍ယူလျှင် အကြောင်းမရှိပဲ စ၍ ဖြစ်ပေါ် လာသည်ဟူသော အဟေတုက ဒိဋ္ဌိအယူသို့လည်း သက်ဝင်လေရာ၏။
လောကကိုအစိုးရသော ပုဂ္ဂိုလ်တစ်ဦးကစ၍ ဖန်ဆင်းသည်ဟူ သော ဣဿရနိမ္မာန ဒိဋ္ဌိအယူသို့လည်း သက်ဝင်လေရာ၏။
ပြဆိုအပ်ခဲ့ပြီးသောအတိုင်း သံသရာမှာ အစမရှိ ဟူ၍ ယူသည်ရှိ သော် တစ်စုံတစ်ခုသောအပြစ်မှ ဖြစ်နိုင်မည် မဟုတ်ချေ။
ထိုစကားမှန်၏၊ နိယာမတရားအခဏ်းတွင် ပြဆိုပြီးသောအတိုင်း ဓမ္မနိယာမအားဖြင့်ဖြစ်၍နေသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် သံသရာ ကြီးမှာ ဘယ်အရာတွင် အစဟူ၍တွေ့နိုင်ပါအံ့နည်း။ အညီအညွတ် ဝိုင်းဝန်း၍နေသော ဝမ်းဘဲဥမှာ အစမရှိသကဲ့သို့၎င်း၊ တညီတညာ တည်းချောမောစွာနှင့် ဝိုင်းဝန်း၍နေသောစက်ဘီးမှာ အစမရှိသကဲ့သို့၎င်း အကြောင်းအကျိုးဆက်လက်၍ စက်လည်ကာဖြစ်ပွါး၍နေသော သံသရာကြီး၏အစဟူသည် အဘယ်မှာရှိနိုင်ပါတော့မည်နည်း။
ပုဗ္ဗကောဋိ နပညာယတိဟူသောစကား၌ အလုံးစုံသော မဟာကပ် အစီအစဉ်တို့၏ အစသာလျှင် မရှိဟူ၍ဆိုသည်၊ တစ်ခုတစ်ခုသော မဟာကပ်၏ အစအလယ်အဆုံးတို့သည်ကား ရှိကုန်၏၊ အကြင်သူ တို့သည် ထိုမဟာကပ် အစဉ်အဆက်တို့၏ အစ မဟာကပ် လည်းရှိ၏၊ ထိုမဟာကပ်၏ အစလည်းရှိ၏ ဟူ၍လည်း မှတ်ထင်ကြကုန်၏၊ ထိုသူတို့ မှတ်ထင်ခြင်းမှာ မိမိတို့အရမ်းတွေးဖြစ်၍ အတ္တနောမတိအားဖြင့် ထင်မှတ်ခြင်းမှတစ်ပါး အခြားအကြောင်းမရှိချေ။ အကြင်သူတို့သည် ပဋိစ္စသမုပ္ပါဒ်တရားသဘောကို ထင်ရှားစွာမသိ မမြင်နိုင်ကြကုန်။ မြင့် မြတ်နက်နဲသော ပဋိစ္စသမုပ္ပါဒ်ဉာဏ်မျက်စိကို မရကြလေကုန်။ ထိုသူ တို့သည် အကြံသမား အရမ်းတွေးသမား တက္ကီပုဂ္ဂိုလ်များသာ ဖြစ်ကြ ကုန်၍ သံသရာရှေ့အစွန်းနှင့် စပ်လျဉ်းပြီးလျှင် ဆိုအပ်ခဲ့သောအတိုင်း အဟေတုကဒိဋ္ဌိသမားတို့သော်လည်း ဖြစ်တတ်ကုန်၏၊ ဣဿရနိမ္မာနဒိဋ္ဌိ ဟုဆိုအပ် သော ထာဝရအယူသမားတို့သော်လည်း ဖြစ်တတ်လေကုန်၏။
ဤစကားရပ်ကား မဟာကပ်နှင့်စပ်၍ ပြဆိုအပ်သော စကား အမြွက်ပေတည်း။
မဟာကပ်ပြီး၏။
---၂။ အသင်္ချေယျကပ်
“ဝဿဂဏနေန သင်္ခါတုံ အသက္ကုဏေယျောတိ အသင်္ချေယျော” ဝဿဂဏနေန=နှစ်အရေအတွက်အားဖြင့်၊ သင်္ခါတုံ=ရေတွက် ခြင်းငှါ၊ အသက္ကုဏေယျော=မစွမ်းနိုင်၊ ဣတိတသ္မာ=ထို့ကြောင့်၊ အသင်္ချေယျော=အသင်္ချေယျမည်၏။
နှစ်တို့၏ အရေအတွက်အားဖြင့် ရေတွက်ခြင်းငှါ မတတ်ကောင်းသောကြောင့် အသင်္ချေယျမည်၏ ဟုဆိုလိုသည်။
ထိုအသင်္ချေယျကပ်သည်
၁။ သံဝဋ္ဋ အသင်္ချေယျကပ်,
၂။ သံဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်,
၃။ ဝိဝဋ္ဋ အသင်္ချေယျကပ်,
၄။ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်,
အားဖြင့်လေးပါးရှိ၏။
ဤအသင်္ချေယျကပ် လေးပါးကိုရည်၍ စတုက္ကနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော်မြတ်၌
စတ္တာရိမာနိ ဘိက္ခဝေ ကပ္ပဿ အသင်္ချေယျာနိ သံဝဋ္ဋော၊ သံဝဋ္ဋဋ္ဌာယီ၊ ဝိဝဋ္ဋော၊ ဝိဝဋ္ဋဋ္ဌာယီတိ၊ ယဒါ ဘိက္ခဝေ ကပ္ပေါ သံဝဋ္ဋတိ။ တံနသုကရံသင်္ခါတုံဧတ္တကာဝဿသတ သဟဿာနီတိ။
စသည်ဖြင့် ဟောကြားတော်မူသည်။
အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ ကပ္ပဿအသင်္ချေယျာနိ= အသင်္ချေယျကပ်တို့သည်၊ သံဝဋ္ဋော=သံဝဋ္ဋကပ်၎င်း၊ သံဝဋ္ဋဋ္ဌာယီ=သံဝဋ္ဋ ဋ္ဌာယီကပ်၎င်း၊ ဝိဝဋ္ဋော=ဝိဝဋ္ဋကပ်၎င်း၊ ဝိဝဋ္ဋဋ္ဌာယီ=ဝိဝဋ္ဋဋ္ဌာယီကပ်၎င်း၊ ဣတိ ဣမာနိ စတ္တာရိ=ဤလေးပါးတို့တည်း။ ဘိက္ခဝေ=ရဟန်းတို့၊ ယဒါ= အကြင်အခါ၌၊ ကပ္ပေါ=ကမ္ဘာသည်၊ သံဝဋ္ဋတိ=ပျက်၏၊ တံ=ထိုကမ္ဘာပျက် သော သံဝဋ္ဋကပ်ကို၊ ဧတ္တကာနိဝဿသတသဟဿာနီတိ=ဤမျှလောက် နှစ်အသိန်းပေါင်းရှိ ကုန်၏ဟူ၍၊ သင်္ခါတုံ=ရေတွက်ခြင်းငှါ၊ နသုကရံ= မလွယ်ချေ။
* ကမ္ဘာပျက်သည်ကို သံဝဋ္ဋကပ်ခေါ်၏။
* ပျက်ပြီးသောအတိုင်း တည်နေသည်ကို သံဝဋ္ဋဋ္ဌာယီကပ် ခေါ်၏။
* ကမ္ဘာ ဖြစ်ပေါ်လာသည်ကို ဝိဝဋ္ဋကပ်ခေါ်၏။
* ဖြစ်ပေါ်ပြီးသောအတိုင်း တည်နေသည်ကို ဝိဝဋ္ဋဋ္ဌာယီကပ် ခေါ်၏။
“သံဝဋ္ဋတိ ဝိနဿတီတိ သံဝဋ္ဋော”
သံဝဋ္ဋတိ ဝိနဿတိ=ကမ္ဘာပျက်စီး၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သံဝဋ္ဋော=သံဝဋ္ဋကပ်မည်၏။
“ယထာသံဝဋ္ဋံ တိဋ္ဌတီတိ သံဝဋ္ဋဋ္ဌာယီ”
ယထာသံဝဋ္ဋံ=ပျက်စီးပြီးသောအတိုင်း၊ တိဋ္ဌတိ=တည်နေ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သံဝဋ္ဋဋ္ဌာယီ=သံဝဋ္ဋဋ္ဌာယီကပ်မည်၏၊ “ဝိဝဋ္ဋတိ ပုန သဏ္ဌဟတီတိ ဝိဝဋ္ဋော”
ဝိဝဋ္ဋတိ ပုန သဏ္ဌဟတိ=တစ်ဖန်ကမ္ဘာပြန်၍တည်၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ ဝိဝဋ္ဋော=ဝိဝဋ္ဋကပ်မည်၏။
“ယထာဝိဝဋ္ဋံ တိဋ္ဌတီတိ ဝိဝဋ္ဋဋ္ဌာယီ”
ယထာ ဝိဝဋ္ဋံ=ကမ္ဘာတည်ပြီးသောအတိုင်း၊ တိဋ္ဌတိ=တည်နေ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဝိဝဋ္ဋဋ္ဌာယီ=ဝိဝဋ္ဋဋ္ဌာယီ ကပ်မည်၏။
သံဝဋ္ဋကပ်သည်
၁။ တေဇောသံဝဋ္ဋကပ်၊
၂။ အာပေါသံဝဋ္ဋကပ်၊
၃။ ဝါယောသံဝဋ္ဋကပ်၊
အားဖြင့် သုံးပါးရှိ၏။
* မီးဖြင့်ပျက်သော ကပ်သည် တေဇောသံဝဋ္ဋကပ်မည်၏၊
* ရေငန်ဖြင့်ပျက်သော ကပ်သည် အာပေါသံဝဋ္ဋကပ် မည်၏။
* လေဖြင့်ပျက်သောကပ်သည် ဝါယောသံဝဋ္ဋကပ်မည်၏။
မီးတို့တွင် ကမ္ဘာကိုလောင်သောမီးသည် အကြီးအကျယ်ဆုံးဖြစ်၏၊ ကမ္ဘာမီးလောင်သည်ရှိသော် ပထမစျာန် ဗြဟ္မာသုံးဘုံနှင့်တကွ အောက် တစ်ခွင်လုံး ရှိရှိသမျှဘုံတွေကို အကုန်လောင်လေ၏။
ရေတို့တွင် ကမ္ဘာကို ပျက်ကျေစေတတ်သော ရေသည် အကြီး အကျယ်ဆုံးဖြစ်၏၊ ဤအရာ၌ မီးအစွမ်းထက် ရေအစွမ်းသည် ထက် မြက်၏၊ ကမ္ဘာကိုပျက်စေသော ရေသည်ကား ရေငန်တည်း။ ရေသို့ကျ သော ဆားခဲသည် မြေ့မြေ့ ကျေပျက်လေဘိသကဲ့သို့ ကမ္ဘာဖျက်ရေနှင့် တွေ့ထိသောအခါ အလုံးစုံသော ကမ္ဘာ့အဆောက်အဦ ဟူသမျှတို့သည် ကျေမွပျက်စီး ကြလေကုန်၏၊ ရေဖျက်သောအခါ ဒုတိယစျာန် ဗြဟ္မာသုံး ဘုံတို့နှင့်တကွ အောက်တစ်ခွင်လုံး ရှိရှိသမျှတို့သည် အလုံးစုံပျက်စီး ကြလေကုန်၏။
လေတို့တွင် ကမ္ဘာကိုဖျက်သောလေသည် အကြီးအကျယ်ဆုံး ဖြစ်၏၊ မြင့်မိုရ်တောင်ကြီးကိုပင် လွင့်စင်အောင် တိုက်ခတ်နိုင်၏၊ ကမ္ဘာ ဖျက်လေကြမ်းကြီး ထ၍လာသောအခါ ကမ္ဘာ့အဆောက်အဦ ဟူသမျှ တို့သည် ပြောင်းရွှေ့ လွင့်စင်ကြကုန်လျက် အချင်းချင်းတိုက်ခိုက်ပြီးလျှင် ကျေမွပျက်စီး ကြလေကုန်၏၊ ဤအရာ၌ လေအစွမ်းသည် မီးရေတို့ထက် ထက်မြက်၏၊ လေဖျက်သောအခါ တတိယစျာန် ဗြဟ္မာသုံးဘုံနှင့်တကွ အောက်တစ်ခွင် ဘုံရှိသမျှ အလုံးစုံ ပျက်စီးကြလေကုန်၏၊ ဤအသင်္ချေယျကပ် လေးခုအပေါင်းကို မဟာကပ်ကြီးတစ်ကပ်ဟု ခေါ်သည်။
ထို့ကြောင့် အသင်္ချေယျကပ် တစ်ကပ်သည် မည်မျှလောက် ရှည်မြင့်ပါသနည်းဆိုလျှင် မဟာကပ်၏ လေးပုံတစ်ပုံရှိသည်ဟူ၍ ဖြေကြားရာ၏၊ ကမ္ဘာမြေပေါ်၌ သတ္တဝါတို့ နေထိုင်ကြရသော ခေတ် ကာလသည်ကား မဟာကပ်၏ လေးပုံတစ်ပုံဖြစ်သော ဝိဝဋ္ဋဋ္ဌာယီ တစ် ကပ်မျှသာဖြစ်သည်။ ကြွင်းသော အသင်္ချေယျကပ် သုံးကပ်တို့မှာ ကမ္ဘာ မြေ၌တည်နေသော သတ္တဝါဟူ၍မရှိချေ။
ဤအရာ၌ ဤမျှလောက် ကြီးကျယ်သော ကမ္ဘာလောကကြီးကို လောင်စွမ်းနိုင်သောမီးကို အဘယ်မှရအပ်သနည်း၊ ဤမျှ ကြီးကျယ်သော ကမ္ဘာလောကကြီးကို မြေ့မြေ့ကျေမွစေနိုင်သော ရေကို အဘယ်မှရအပ် သနည်း၊ ဤမျှကြီးကျယ်သော ကမ္ဘာလောကကြီးကိုပျက်စီးအောင် မှုတ် လွင့်နိုင်သောလေကို အဘယ်မှရအပ်သနည်းဟု မကြံစည်အပ်။ ဤကမ္ဘာလောကကြီးသည်ကား ဓာတ်လေးပါး အစုအဝေးမျှသာ တည်း။ ဤကမ္ဘာလောကကြီးသည် အမြဲမပြတ် တေဇောဓာတ်တို့ဖြင့် ပြည့်၍နေ၏၊ အာပေါဓာတ်တို့ဖြင့် ပြည့်၍နေ၏၊ ဝါယောဓာတ်တို့ဖြင့် ပြည့်၍နေ၏၊ ဤမဟာပထဝီ မြေကြီးသည် အမြဲမပြတ် နိစ္စပတ်ကာလ ပတ်လုံး တေဇောဓာတ်ဖြင့် ပြည့်၍နေ၏၊ အာပေါဓာတ်ဖြင့် ပြည့်၍ နေ၏၊ ဝါယောဓာတ်ဖြင့် ပြည့်၍နေ၏၊ ထို့အတူပင်လျှင် မြင့်မိုရ်တောင်၊ သတ္တရဘန်တောင်စဉ်ခုနစ်ထပ်၊ စကြဝဠာတောင်၊ သမုဒ္ဒရာ၊ သီတာ စသော ကမ္ဘာတန်ဆာဟူသမျှတို့မှာ အချင်းခပ်သိမ်း အလုံးစုံတေဇောဓာတ်တို့ဖြင့် ပြည့်၍နေကုန်၏၊ အာပေါဓာတ်တို့ဖြင့် ပြည့်၍နေကုန်၏၊ ဝါယောဓာတ်တို့ဖြင့် ပြည့်၍နေကုန်၏၊ ထိုကမ္ဘာလောကပေါ်မှာ အပြည့်အနှက် နိစ္စပတ်တည်ရှိ၍နေသော တေဇောဓာတ်တို့ကပင်လျှင် ကမ္ဘာမီးတောက်လောင်ကုန်၏၊ အာပေါဓာတ်တို့ကပင် ကမ္ဘာဖျက် ရေဖြစ်၍ ကျေမွစေကုန်၏၊ ဝါယောဓာတ်တို့ကပင်လျှင် ကမ္ဘာဖျက်လေ ဖြစ်၍ မှုတ်လွင့်တိုက်ခတ်ကြကုန်၏။
ဥပမာဆိုသည်ရှိသော်
အိမ်တစ်ခုကို မီးလောင်သည်ရှိသော် မီးတောက်မီးလျှံတို့သည် အနီးအပါးမှာ ရှိသောအိမ်တို့ကို ဆက်ကာဆက်ကာ ကူးပြောင်း၍ တောက်လောင်သကဲ့သို့တည်း။ ဤအရာ၌ တစ်အိမ်မှာ လောင်၍နေ သောမီးသည် စင်စစ်အားဖြင့် တစ်အိမ်သို့ ကူးပြောင်းသည်မဟုတ်။ တစ်အိမ်မှာရှိသော တေဇောဓာတ်တို့ကို အားရှိအောင် ထကြွအောင် နှိုး၍ပေးလေ၏၊ ထိုသို့ တေဇောဓာတ် တစ်ခုကနှိုး၍ ပေးသောအခါ တစ်အိမ်မှာရှိသော တေဇောဓာတ်သည် အားရှိ၍ ထကြွတောက်လောင် လေ၏၊ တစ်စုံတစ်ခုသောဝတ္ထုကို မီးတောက်လောင်သည် ဆိုရာ၌ အခြားမီးကလာ၍ တောက်လောင်သည်မဟုတ်။ ထိုဝတ္ထုထဲမှာ အမြဲရှိနေ ရင်းဖြစ်သော တေဇောဓာတ်ကသာလျှင် ထကြွ၍ တောက်လောင်လေ သည်ချည်းသာ ဖြစ်၏ဟူ၍ မှတ်ယူထိုက်လေသည်။
ထို့ကြောင့် ဤဥပမာနှင့်လျော်စွာ ကမ္ဘာမီးတောက်လောင်သည် ဆိုရာ၌ မဟာပထဝီမြေကြီးစသည်တို့၌ အပြည့်အနှက် အမြဲအစွဲ တည်ရှိ ၍နေသော တေဇော,အာပေါ,ဝါယောဓာတ်တို့သည် မိမိတို့အစွမ်းရှိသ လောက် ထကြွလှုပ်ရှားကြရန် ကမ္ဘာကြီးကို ပုန်ကန်သောင်းကျန်းကြ ရန် အခွင့်ကိုသာ မြှော်လင့်၍ နေကြကုန်၏။
အကြင်အခါ၌ လှုပ်ရှားထကြွခွင့်ကို ရကြကုန်၏၊ ထိုအခါ မြေကြီး၌ စွဲမှီနေကြကုန်သော မီးဓာတ်တို့သည် ထိုမှီရာမြေ ကြီးကို ပျက်စီးအောင် တောက်လောင်ကြလေကုန်၏၊ မြင့်မိုရ်တောင် ဟိမဝန္တာတောင် စကြဝဠာတောင်စသည်တို့၌ မှီသော မီးဓာတ်တို့လည်း ထိုထို မိမိတို့မှီရာ ဝတ္ထုတို့ကို တောက်လောင်ကြလေကုန်၏၊ ထိုအတူပင်လျှင် မြေကြီး စသည်တို့၌ တည်ရှိကြကုန်သော အာပေါဓာတ်တို့သည် အခွင့်ရ၍ ထကြွကြသောအခါ မိမိတို့မှီရာဝတ္ထုကြီးကို ကျေမွအောင် အရေပျော် စေ၍ပျက်စီးအောင် ပြုလုပ်လေကုန်၏၊ မြေကြီးစသည်တို့၌ တည်ရှိ သော ဝါယောဓာတ်တို့သည် အခွင့်ရ၍ ထကြွသောင်းကျန်းသောအခါ မိမိတို့မှီရာဖြစ်သောမြေကြီးကို လွင့်စင်အောင် ပစ်လွှင့်လေကုန်၏၊ မြင့်မိုရ်တောင် စသည်တို့၌ တည်ရှိသော ဝါယောဓာတ်တို့သည် မြင့်မိရ် တောင်ကြီးကိုပင်လျှင် ဘောလုံးကွင်းမှာ နှစ်ဘက်အသင်းက ဝိုင်းဝန်း၍ ကန်အပ်သော ဘောလုံးကဲ့သို့ ကတောင်ချောက်ချား လွင့်ပါးခြင်းကို ဖြစ်စေ၏။
ထို့ကြောင့်ကမ္ဘာပျက်စီးသည်ဆိုသည်မှာ အခြားတစ်ပါးက မီး လာ၍လောင်သည် မဟုတ်။ တစ်စုံတစ်ဦးသောပုဂ္ဂိုလ်လာ၍ မီးရှို့သည် မဟုတ်၊ တစ်စုံတစ်ဦးသော ပုဂ္ဂိုလ်၏ တန်ခိုးအစွမ်းဖြင့် မီးတောက် လောင်သည်မဟုတ်။ ကမ္ဘာလောကကြီးမှာ အပြည့်အနှက်တည်ရှိသော တေဇောဓာတ်တို့ကသာလျှင် ထ၍တောက်လောင်ကြလေကုန်သည်။။ ရေဖျက်သောကပ် လေဖျက်သောကပ်တို့၌လည်း ထိုအတူပင်လျှင် ကမ္ဘာ လောကကြီးမှာ ရှိနေရင်းဖြစ်သော အာပေါဓာတ် ဝါယောဓာတ်တို့က ထကြွ၍ ဖျက်ဆီးကြလေကုန်သည်။
စင်စစ်အားဖြင့် ပရမတ္ထသို့ ထိခိုက်အောင် ဆိုလိုက်သည်ရှိသော် ကမ္ဘာပျက်ခြင်းဆိုသည်မှာ တေဇောဓာတ် အာပေါဓာတ် ဝါယောဓာတ် တို့၏ အကြီးအကျယ် ထကြွသောင်းကျန်းမှုကြီးတို့သာလျှင်တည်း။ ပရမတ္ထဓာတ်သဘောတို့မည်သည် နေရာဌာနတစ်ခုမှ နေရာဌာနတစ်ခု သို့ ပြောင်းရွှေ့ရိုးမရှိ။ ဓာတ်သဘောတူအချင်ချင်း အဆင့်ဆင့် ကျေးဇူး ပြု၍ အဆင့်ဆင့်ထိခိုက်ခြင်း အဆင့်ဆင့်တိုးပွါးခြင်း အဆင့်ဆင့်နိုးအောင် နှိုးခြင်းတို့သာလျှင်ရှိကုန်သည်။
* ထိုကဲ့သို့ ဓာတ်အဆင့်ဆင့် ကျေးဇူးပြု၍ ထိခိုက်ခြင်း တိုးပွားခြင်း နှိုးခြင်းများကိုပင်လျှင် မီးကူး၍ လောင်သည်၊ ရေအဟုန်ဖြစ်၍ စီးသည်၊ လေကြီးတိုက်သည်ဟူ၍ ပြော ဆိုကြလေကုန်သည်။
ဤကဲ့သို့ ဓာတ်သဘာဝတို့၏သဘောကို သိမြင်သောအခါ ကမ္ဘာ ပျက်မှုသည် မည်သည့်ပုဂ္ဂိုလ်ကြောင့်ဖြစ်ရသည်၊ ကမ္ဘာလောကကို အစိုးရ သောသူက ဖျက်ဆီးသည်စသောအားဖြင့် ဣဿရနိမ္မာနဒိဋ္ဌိဝါဒကို ပယ်ရှားနိုင်လေ၏၊ အသင်္ချေယျကပ်လေးခုရှိ၍ မဟာကပ်တစ်ခုပြည့် သည်ရှိသော် တစ်ဖန်ကမ္ဘာပျက်စီးပြန်လေ၏၊ ကမ္ဘာပျက်စီးသည့်နောက် တစ်ဖန် ကမ္ဘာတည်ပြန်လေ၏၊ ကမ္ဘာတည်သည်မှာ ဥတုနိယာမခဏ်း၌ ပြဆိုခဲ့ပြီးသောအတိုင်း တေဇောဓာတ် အထူးစီရင်သည့်အတိုင်း ကမ္ဘာဖြစ် ပေါ်လာလေသည်။ ကမ္ဘာပျက်သည်ရှိသော် စကြဝဠာကမ္ဘာကုဋေ တစ်သိန်း တစ်ပြိုင်နက်တည်း ပျက်စီးလေသည်။ တည်သောအခါတွင် လည်း ထိုအတူပင်လျှင် တစ်ပြိုင်နက်တည်း တည်ကြကုန်သည်၊ ဖြစ်အတူ ပျက်အတူဖြစ်သော စကြဝဠာကုဋေတစ်သိန်းကို အာဏာခေတ်ဟူ၍ ဆိုသည်။
ဤကား အသင်္ချေယျကပ်နှင့်စပ်၍ ဆိုသောစကားရပ်ပေတည်း။
အသင်္ချေယျကပ်ပြီး၏။
၃။ အန္တရကပ်
ကမ္ဘာပေါ်၌ သတ္တဝါတို့တည်နေကြသော ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တစ်ခု၏အတွင်း လူတို့၏ အသက်တမ်းအဆုတ်အတက် အနိမ့် အမြင့်အားဖြင့် ဖြစ်နေသော ကပ်ငယ်များကို အန္တရကပ်ဟူ၍ဆိုသည်။ “ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျဿ အဗ္ဘန္တရေ သန္ဒိဿမာနော ကပ္ပေါ အန္တရကပ္ပေါ” ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျဿ=ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျ ကပ်၏၊ အဗ္ဘန္တရေ=အတွင်း၌၊ သန္ဒိဿမာနော=ထင်ရှားသော၊ ကပ္ပေါ= ကပ်သည်၊ အန္တရကပ္ပေါ=အန္တရကပ်မည်၏။
ထင်ရှားစွာ ပြဆိုဦးအံ့
ကမ္ဘာဦးကာလ၌ လူတို့သည် အသက်အသင်္ချေရှည်ကြကုန်၏၊ ထိုသို့ အသက်အသင်္ချေရှည်သော လူတို့သည် အဆက်ဆက်အားဖြင့် များစွာတည်လျက်ရှိကြကုန်၏၊ နောက်ကာလ၌ လူတို့အား အကုသိုလ် တရား ပွါးများကြကုန်သည်ရှိသော် အစဉ်အတိုင်းအသက်တမ်း ဆုတ် ယုတ်၍လာကြကုန်၏၊ အသိန်း အသန်း နှစ်ပေါင်းများစွာ အဆင့်ဆင့် လွန်၍ သွားကုန်သည်ရှိသော် လူတို့၏အသက်သည် ဆယ်နှစ်တမ်းသို့ တိုင်အောင် ဆုတ်ယုတ်လေ၏၊ ဆယ်နှစ်တမ်းမျှသာရှိသော လူတို့သည် အဆက်ဆက်အားဖြင့် များစွာတည်တံ့လျက်ရှိနေကြကုန်၏၊ ထို့နောက်တစ်ဖန် လူတို့အား ကုသိုလ်ပွါးများကြပြန်ကုန်သည် ရှိသော် ဆယ်နှစ်တမ်းမှစ၍ တစ်ဆင့်ထက်တစ်ဆင့် အသက်တမ်းတိုး၍ တိုး၍ သွားလေကုန်၏၊ အသင်္ချေယျတမ်းသို့တိုင်ရောက်အောင် တိုးတက် လေကုန်၏၊ ဤကဲ့သို့ အတိုးအဆုတ်ဖြစ်သော အသက်တမ်းနှစ်ခု အပေါင်းကို အန္တရကပ်တစ်ကပ်ဟူ၍ခေါ်သည်။
* အသင်္ချေယျတမ်းမှ ဆုတ်၍ ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တမ်းမှတက်၍ အသင်္ချေယျတမ်းသို့ တက်သော အသက်တမ်း တစ်စုံသည် အန္တရကပ်တစ်ကပ်မည်၏ ဟူ၍ ဆိုလိုသည်။
* ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တစ်ခုမှာ အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ်ရှိ၏။
* အန္တရကပ် ခြောက်ဆယ့်လေးကပ်သည် အသင်္ချေယျကပ် တစ်ကပ်ဖြစ်၏ဟူ၍ ဆိုလိုသည်။
အန္တရကပ်တစ်ခုသည် မည်မျှလောက် ရှည်လျှားသနည်းဟုဆိုလျှင် အသင်္ချေယျကပ်ကို ခြောက်ဆယ့်လေးပုံပုံလျှင် တစ်ပုံခန့်ရှိ၏ဟူ၍ ဆို အပ်၏၊ တစ်နည်းကား ဂင်္ဂါမြစ်ကြီးတွင် တစ်ယူဇနာတိုင်တိုင် အရပ်ရပ် မှာရှိသော သဲတို့ကိုစုပုံ၊ တစ်နှစ်လျှင် သဲတစ်ပွင့်အားဖြင့် ရေတွက် သည်ရှိသော် တစ်ယူဇနာရှိသော သဲသောင်ပြင်ကြီးသည် ကုန် လေရာ၏၊ အန္တရကပ်တစ်ခု၏ နှစ်သည် မကုန်နိုင်ရာဟူ၍ ကျမ်းဂန်တို့၌ ဆိုသည်။ ဤကား အန္တရကပ်နှင့် စပ်လျဉ်း၍ ဆိုသောစကားရပ်ပေတည်း။ အန္တရကပ် ပြီး၏။
၄။ အာယုကပ်
လူတို့၏ အသက်တမ်းများကို အာယုကပ်ဟူ၍ဆိုသည်။ ဆုတ် ကပ်၌ အသက်အသင်္ချေယျမှစ၍ ဆယ်နှစ်တမ်းတိုင်အောင် လူတို့၏ အသက်တမ်းသည် အဆင့်ဆင့် အစားစားများစွာရှိကုန်၏၊ တက်ကပ်၌ ဆယ်နှစ်တမ်းမှစ၍ အသင်္ချေယျတိုင်အောင် လူတို့၏ အသက်တမ်းသည် လည်း များစွာပင်ရှိကုန်၏။
အန္တရကပ် တစ်ခုအတွင်းမှာ အာယုကပ်ပေါင်းသည် အဆင်ဆင့် အစားစားများစွာရှိသည်ဟု ဆိုလို၏။
ဘုမ္မဇိုဝ်းနတ်တို့နှင့် အပါယ်လေးဘုံတို့မှာ အသက်တမ်းအမြဲမရှိ။ စတုမဟာရာဇ် စသော ကာမာဝစရနတ်ပြည် ခြောက်ထပ်နှင့် ဗြဟ္မာဘုံ နှစ်ဆယ်တို့မှာ အသီးအသီးမြဲသော အသက်တမ်းရှိကုန်၏၊ ထို့ပြင် အရှေ့ကျွန်း, အနောက်ကျွန်း,မြောက်ကျွန်းတို့၌လည်း မြဲသောအသက် တမ်းရှိ၏၊ သမ္မော အဋ္ဌကထာ ဓမ္မဟဒယဝိဘင်းတွင် အကျယ်ပြလျက်ရှိ လေသည်။
ဤကား အာယုကပ်နှင့်စပ်လျဉ်း၍ဆိုသော စကားရပ်ပေတည်း။
အာယုကပ်ပြီး၏။
၅။ အန္တရာယကပ်
မနုဿလောကေ ကတ္ထစိ ကဒါစိ မနုဿာနံ ဥပ္ပန္နော ဇီဝိတန္တရာယော ဣဓ အန္တရာယကပ္ပေါတိ ဝုစ္စတိ။
မနုဿလောကေ=လူ့ပြည်လောက၌၊ ကတ္ထစိ=တစ်စုံတစ်ခုသော အရပ်၌၊ ကဒါစိ=တစ်ခါတစ်ရံ၌၊ မနုဿာနံ=လူတို့အား၊ ဥပ္ပန္နော= ဖြစ်ပေါ်လာသော၊ ဇီဝိတန္တရာယော=အသက်၏ အန္တရာယ်ဆိုး ရောဂါ ဥပဒ်ဆိုးများကို၊ ဣဓ=ဤအရာ၌၊ အန္တရာယကပ္ပေါတိ=အန္တရာယကပ် ဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။
လူတို့၏အသက်ကို ဖျက်ဆီးတတ်သော ရောဂါဆိုး ဥပဒ်ဆိုးများ ကို အန္တရာယကပ်ဟူ၍ဆိုသည်။ အန္တရာယ်ကပ်လည်းမည်၏၊ ထို အန္တရာယ်ကပ်သည် အခါခပ်သိမ်း ဖြစ်ပေါ်လာသည်မဟုတ်။ ရပ်ရွာမြို့ ပြတိုင်းမှာ ဖြစ်ပေါ်လာသည်လည်း မဟုတ်။ တစ်ရံတစ်ခါ တစ်စုံတစ်ခု သောအရပ်ဌာနများမှာ ဖြစ်ပေါ်လာတတ်၏။
ထိုအန္တရာယ်ကပ်သည်
၁။ သတ္ထန္တရာယ်ကပ်၊
၂။ ဒုဗ္ဘိက္ခန္တရာယ်ကပ်၊
၃။ ရောဂန္တရာယ်ကပ်၊
ဟူ၍ သုံးပါးအပြားရှိ၏၊ ထိုသုံးပါးကို ကပ်ဆိုးကြီးသုံးပါးဟူ၍ ဆိုသည်။* ဓား လှံ သေနတ်အစရှိသော လက်နက်များအတွက်နှင့် အသက် အန္တရာယ်ဖြစ်ပေါ်လာသည်ကို သတ္ထန္တရာယ်ကပ် ဆိုသည်။
* အစားဆန်ရေရှားပါးသော ငတ်မွတ်ခေါင်းပါးမှုနှင့် အသက် အန္တရာယ်ဖြစ်ပေါ်လာသည်ကို ဒုဗ္ဘိက္ခန္တရာယ်ကပ်ဆိုသည်။
* ရောဂါဆိုး ဥပဒ်ဆိုးဖြစ်ပေါ်သည့်အတွက်နှင့် အသက် အန္တရာယ်ဖြစ်ပေါ်လာသည်ကို ရောဂန္တရာယ်ကပ်ဆို သည်။
ဤကပ်ကြီးသုံးပါးနှင့်စပ်၍ မြတ်စွာဘုရားလက်ထက်တော်အခါ၌ ဗြာဟ္မဏပညာရှိတစ်ယောက်က မြတ်စွာဘုရား ထံသို့ဝင်၍ လျှောက်ထား သည်မှာ- “အို-ဂေါတမနွယ်ဖွား မြတ်စွာဘုရား ရှေးပညာရှိဗြာဟ္မဏ လူမျိုးဆရာကြီးတို့၏ စကား အစဉ်အဆက်ကို ကျွန်ုပ်ကြားရဘူးသည်မှာ ဤဇမ္ဗူဒီပါကျွန်းဟု ဆိုအပ်သောလောကသည် ရှေးအခါ၌ လွန်စွာစည် ကားလှ၏၊ မြို့ရွာနိဂုံးများသည် ကွက်လပ်ဟူ၍မရှိဘဲ ပြည့်၍နေ၏၊ ရွာ,နိဂုံး,မင်းနေပြည်များသည် 'ကုက္ကုဋသံပါတိက' ကြက်ပျံတကျဖြစ်၍ စည်ကား၏၊ ယခုအခါ၌မူကား လူတို့သည် အလွန်နည်းပါးကုန်၏၊ ရှေးက ရွာဖြစ်သောအရပ်တို့သည်လည်း ယခုအခါ ရွာမဟုတ်ကြဘဲ မြို့ ဖြစ်ဖူးသောအရပ်တို့သည်လည်း ယခုအခါ မြို့မဟုတ်ကြလေကုန်။ ရှေးက ဇနပုဒ်နယ်ကြီးများသည်လည်း ယခုအခါ ဇနပုဒ်နယ်များမဟုတ်ကြကုန်။ တော ချုံအတိသာလျှင် ဖြစ်လေကုန်၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ် အကြောင်းကြောင့်ပါနည်း” ဟူ၍လျှောက်ထားလေ၏။
ပုဏ္ဏား လျှောက်ထားသော စကား၌ 'ကြက်ပျံတကျ' ဆိုသည်ကိုကုက္ကုဋသံပါတိကာတိ ဣဓ ဂါမူပစာရတော ဥပ္ပတန္တာ ကုက္ကုဋာ အညဿ ဂါမဿ ဥပစာရေ သံပတန္တိ။ ဧဝရူပေန ကုက္ကုဋသံပါတေန ယုတ္တာ။
ဟူသောပါဌ်ဖြင့် သိမှတ်ရာ၏။
အနက်ကား။။ကုက္ကုဋ သံပါတိကာတိ='ကြက်ပျံတကျ' ဆို သည်ကား၊ ဣဓ=ဤရွာ၌၊ ဂါမူပစာရတော=ရွာဥပစာမှ၊ ဥပ္ပတန္တာ= ပျံကြလေကုန်သော၊ ကုက္ကုဋာ=ကြက်တို့သည်၊ အညဿဂါမဿ=တစ်ပါး သောရွာ၏၊ ဥပစာရေ=ဥပစာအတွင်း၌၊ သံပတန္တိ=သက်ဆင်းကျရောက် ကြလေကုန်၏၊ ဧဝရူပေန ကုက္ကုဋသံပါတေန=ဤသို့သဘောရှိသော 'ကြက်ပျံတစ်ကျ' နှင့်၊ ယုတ္တာ=ယှဉ်ကုန်၏။
ဆိုလိုရင်းအဓိပ္ပါယ်မှာ...
ရွာတစ်ခု၏ ဥပစာကြက်ပျံလေသည်ရှိသော် ရွာတစ်ခု၏ ဥပစာ အတွင်းကျရောက်နိုင်လေ၏၊ ဤကား ကြက်ပျံတစ်ကျ၏ အဓိပ္ပါယ် တည်း။ ဤကား ကြက်ပျံတစ်ကျဟူသော စကားဖြင့် ရွာချင်းချင်းများစွာ နီးစပ်၍ စည်ကားကြောင်းကို ပြဆိုသည်။ ဤကဲ့သို့ “ ကြက်ပျံတစ်ကျ “ ဆိုရမည်ကို တချို့က“ကြက်ပျံမကျ”ဟူ၍လည်း ဆိုကြကုန်၏၊ ဤသို့ပုဏ္ဏားကြီး လျှောက်ထားလာသောအခါ ဘုန်းတော်ကြီး သော မြတ်စွာဘုရားက
ဧတရဟိ ဗြာဟ္မဏ မနုဿာ အဓမ္မရာဂရတ္တာ ဝိသမလောဘာ ဘိဘူတာ မိစ္ဆာဓမ္မ ပရေတာ တိဏှာနိ သတ္ထာနိ ဂဟေတွာ အညမညံ ဇီဝိတာ ဝေါရောပေန္တိ။ တေန ဗဟူ မနုဿာကာလင်္ကရောန္တိ။ အယံ ခေါ ဟေတု အယံ ပိ ပစ္စယော။ ယေန ဧတရဟိ မနုဿာနံ ခယော ဟောတိ။ တနုတ္တံ ပညာယတိ။
ဟူ၍ ဖြေတော်မူ၏။အနက်ကား။။ ဗြာဟ္မဏ=ပုဏ္ဏားကြီး၊ ဧတရဟိ=ယခုအခါ၌၊ မနုဿာ=လူတို့သည်၊ အဓမ္မရာဂ ရတ္တာ= မတရားသော ကာမရာဂဖြင့် တပ်မက်ကြကုန်သည်ဖြစ်၍၊ ဝိသမလောဘာဘိဘူတာ=သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာတို့၌ အဘိဇ္ဈာဖြင့် တပ်မက်သောလောဘသည် နှိပ်စက်အပ် ကုန်သည်ဖြစ်၍၊ မိစ္ဆာဓမ္မပရေတာ=မိုက်မှားသော မိစ္ဆာတရားတို့ဖြင့် နှိပ်စက် အပ်ကုန်သည်ဖြစ်၍၊ တိဏှာနိ=ထက်မြက်ကုန်သော၊ သတ္ထာနိ= ဓား, လှံ, သေနတ်စသော လက်နက်တို့ကို၊ ဂဟေတွာ=ကိုင်စွဲကုန်၍၊ အညမညံ=အချင်းချင်း၊ ဇီဝိတာ=အသက်မှ၊ ဝေါရောပေန္တိ=ချကြကုန်၏၊ ဝါ=သတ်ဖြတ်ကြကုန်၏၊ တေန=ထိုသတ္ထန္တရာယ် ကပ်တိုက်မှုကြောင့်၊ ဗဟူ=များစွာကုန်သော၊ မနုဿာ=လူအပေါင်းတို့သည်၊ ကာလင်္ကရောန္တိ= သေကြေ ပျက်စီးကြလေကုန်၏၊ ယေန=အကြင်အကြောင်းကြောင့်၊ မနုဿာနံ=လူတို့၏၊ ခယော=ကုန်ခန်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊တနုတ္တံ= လျော့ပါးမှုသည်၊ ပညာယတိ=ထင်၏၊ အယံပိခေါ=ဤသို့သတ္ထန္တရာယ် ကပ်ကြီးတိုက်မှုသည်၊ ဟေတု=လူ သတ္တဝါတို့ နည်းပါးခြင်း၏ အကြောင်း ပေတည်း။ အယံ=ဤသတ္ထန္တရာယ်ကပ်ကြီးတိုက်မှုသည်၊ ပစ္စယော= သတ္တဝါတို့နည်းပါးခြင်း၏ အထောက်အပံ့ပေတည်း။
လူတို့သည် အဓမ္မရာဂ ဝိသမလောဘ မိစ္ဆာဓမ္မတို့ဖြင့် ဖိစီးနှိပ်စက် အပ်သောအခါ မေတ္တာ ကရုဏာကင်းမဲ့ကြပြီးလျှင် ဓား လှံ သေနတ် စသော လက်နက်တို့ကိုကိုင်၍ ရဲဝံ့စွာအချင်းချင်း သတ်ဖြတ်ကြကုန်၏၊ ထိုအခါ လူတို့သည် အသေအပျောက် များကုန်၏၊ ထို့ကြောင့် ယခုအခါ ရှေးကကဲ့သို့ လူမစည်ကား၊ မြို့ပြပြည်ရွာတို့ မစည်ကားပဲ နည်းပါး ယုတ် လျော့ကြသည်ဟူ၍ ဆိုလိုသည်။
အဓမ္မရာဂရတ္တာတိ ကာမေသုမိစ္ဆာစာရ ရာဂေနရတ္တာ။
အဓမ္မရာဂရတ္တာတိ=အဓမ္မရာဂရတ္တာဆိုသည်ကား-ကာမေသုမိစ္ဆာ စာရရာဂေန=ကာမဂုဏ်တို့၌မှားသောအားဖြင့် ကျင့်သောကာမရာဂ ဆိုးဖြင့်၊ ရတ္တာ=တပ်နှစ်သက်ကြကုန်၏။
ဤသို့ဆိုသောကြောင့် ကာမဂုဏ်မှုတို့၌ အကြူးအလွန်လိုက်စား တပ်မက်မှုကို အဓမ္မရာဂဆိုသည်။။အဓမ္မရာဂဖြင့် တပ်မက်နှစ်သက် လေသည်ရှိသော် သူ၏သားမယားဟူ၍လည်း မထောက်ထားနိုင်၊ မိကြီး မိထွေး နှမသားချင်းဆွေရင်းမျိုးချာဟူ၍လည်း မထောက်ထားနိုင်ပဲ ရာဂနှိုးဆော်တိုင်း လိုက်စားမှားယွင်းလေ၏၊ သူရဲသံဘက် စီး၍နေ သောသူသည် တစ်စုံတစ်ရာကိုမျှ ပကတိသဘောအတိုင်း မသိသကဲ့သို့ အဓမ္မရာဂတည်းဟူသော တရားဆိုးကြီး ဖိစီးနှိပ်စက်၍ လာသောအခါ မည်သည့်အရာကိုမျှ ဆင်ခြင်ခြင်းမရှိဘဲ လိုက်စားမိ လိုက်စားရာ ဆိုးဆိုး ဝါးဝါး ကျင့်ကြံမှားယွင်းလေ၏၊။ထိုအဓမ္မရာဂပူးဝင်၍ လာသောအခါ ဘယ်မှာတရားရှိနိုင်ပါတော့မည်နည်း၊ တိရစ္ဆာန်၏ အလေ့အလာသို့သာ သက်ဝင်လေတော့၏။
ဝိသမလောဘာဘိဘူတာတိ ဝိသမလောဘော နာမ ပရသန္တကေသု အဘိဇ္ဈာလောဘောစ ဝိသမေန ကာယဝစီပယောဂေန ပရသန္တကာနံ ဂဟဏလောဘောစ၊ တေန အဘိဘူတာ။ အနက်ကား။။ ဝိသမလောဘာဘိဘူတာတိ=ဝိသမလောဘာ ဘိဘူတာဆိုသည်ကား၊ ပရသန္တကေသု=သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာတို့၌၊ အဘိဇ္ဈာလောဘောစ=မတရားသဖြင့် လိုလားသော လောဘသည်၎င်း၊ ဝိသမေန=မညီညွတ်သော၊ ကာယဝစီ ပယောဂေန=ကာယကံဆိုး ဝစီကံ ဆိုးဖြင့်၊ ပရသန္တကာနံ=သူတစ်ပါးတို့ပစ္စည်းဥစ္စာတို့ကို၊ ဂဟဏ လော ဘောစ=အနိုင်အထက် ရအောင်ယူသော လောဘသည်၎င်း၊ ဝိသမလော ဘောနာမ=ဝိသမလောဘမည်၏၊ တေန=ထိုဝိသမလောဘဖြင့်၊ အဘိဘူတာ=နှိပ်စက်အပ်ကုန်၏။
ဤသို့ဆိုသည်နှင့်အညီ သူတစ်ပါးတို့၏ ဥစ္စာပစ္စည်းကိုမြင်လျှင် လိုခြင်အားကြီးစွာနှင့် မတရားသဖြင့် တပ်မက်ခြင်းသည် ဝိသမလောဘ မည်၏၊ (အဘိဇ္ဈာလည်းခေါ်သည်)။ ထိုသူတစ်ပါး၏ ဥစ္စာပစ္စည်းကို ကိုယ်ဖြင့်လိမ်လည် လှည့်ပတ်၍သော်၎င်း၊ နှုတ်ဖြင့် လိမ်လည် လှည့်ပတ် ၍သော်၎င်း မရ ရအောင်ကြံဆောင်၍ယူခြင်း အနိုင်အထက်လုယက်၍ ယူခြင်းများသည်လည်းဝိသမလောဘမည်၏၊ ထိုဝိသမလောဘဖြင့် နှိပ်စက်ဖိစီး၍လာသောအခါ တရားသည်, မတရားသည်ဟူ၍ မစဉ်းစား နိုင်ဘဲ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကိုသာ ရအောင်ယူလေ၏၊ သက်သက် သာသာနှင့် မရနိုင်လျှင် အတင်းအကျပ် လုယက်၍ ယူလေ၏၊ ဤ လောက၌ ကောင်းသောကုန်သွယ်ခြင်း, ကောင်းသော လယ်လုပ်ခြင်း တို့ဖြင့် ပစ္စည်းကိုရအောင် ကြံစည်လိုလားမှုသည်ကား တရားသော လိုလားမှုမည်၏၊ ထိုသို့တရားသဖြင့် လိုလားမှုကို ကြဉ်ရှောင်၍ မတရား သော ဝိသမလောဘဖြင့် လိုချင်အားကြီး၍ လာသောအခါ လောဘစည်း ကမ်းလွန်၍ လုယက်ခြင်း, တိုက်ခိုက်ခြင်း, ခိုးယူခြင်းစသည်တို့ကို ပြုလုပ် ရလေ၏၊ ထိုအခါ ဓား လှံ သေနတ် စသည်တို့ကို ကိုင်ဆောင်သုံးစွဲ ရလေ၏။
* အဓမ္မရာဂသည် ကာမဂုဏ်အရာ၌ မတရားသဖြင့် ကျူး လွန်မှုနှင့် စပ်ဆိုင်၏။
* ဝိသမလောဘသည် သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာတို့၌ မတရားသဖြင့် လိုချင်တတ်မက်မောမှုနှင့်စပ်ဆိုင်၏၊ မိစ္ဆာဓမ္မပရေတာတိ မိစ္ဆာဓမ္မပရာယနာ၊ မိစ္ဆာဓမ္မောနာမ သေသ ဒုစ္စရိတာနိ ပါဏဃာတ ပဋိသံယုတ္တာနိ နာနာယညကမ္မာနိစ။ အနက်ကား။ မိစ္ဆာဓမ္မပရေတာတိ=မိစ္ဆာဓမ္မပရေတာဆိုသည်ကားမိစ္ဆာဓမ္မပရာယနာ=မှားသောတရားသို့သာလျှင် သက်ဝင်ကြလေကုန် ၏၊ သေသဒုစ္စရိတာနိစ=အဓမ္မရာဂ ဝိသမလောဘမှ ကြွင်းကုန်သော ဒုစ္စရိုက် တို့သည်၎င်း၊ ပါဏဃာတ ပဋိသံယုတ္တာနိ=သူ့အသက်ကို သတ်ဖြတ်မှုနှင့် စပ်ဆိုင်ကုန်သော၊ နာနာယညကမ္မာနိစ=အထူးအထူးသော ယဇ်ပူဇော်မှု တို့သည်၎င်း၊ မိစ္ဆာဓမ္မောနာမ=မိစ္ဆာဓမ္မမည်၏။
ဤသို့ဆိုသောကြောင့် ဒုစ္စရိုက်တရားစုနှင့် သူ့အသက်ကို သတ် ဖြတ်၍ ယဇ်နတ်ပူဇော်ခြင်း စသည်များသည် မိစ္ဆာဓမ္မမည်၏၊ ထိုမိစ္ဆာဓမ္မ များ ဝင်ရောက်ဖိစီးလာသောအခါ မှန်သော တရားဘက်သို့ မလိုက်ပါ နိုင်ဘဲ ဆိုးဝါးညစ်ညမ်းသော ဘက်သို့သာ မျက်နှာလှည့်၍ ပြုမိပြုရာပြု လေ၏။
ပြဆိုအပ်ပြီးသော အဓမ္မရာဂ ဝိသမလောဘ မိစ္ဆာဓမ္မဟုဆိုအပ် သည့် တရားဆိုးကြီးသုံးပါးတို့သည် လောကပေါ်မှာ ဖိစီးတိုက်ခိုက် လာသောအခါ လူတို့သည် တရားလက်လွတ်ကြလေကုန်၏၊ ကိုယ်အမူ အရာ နှုတ်အမူအရာတို့သည် ကြမ်းထမ်း ရက်ရောစွာ ဖြစ်ကြလေကုန်၏၊ အမျိုးမျိုးသော လက်နက်အထူးထူးတို့သည် လောကမှာ ပေါ်ပေါက်လာ ကြကုန်၏၊ ခေတ်အားလျော်စွာ ထိုလက်နက်တို့သည် ထိုလူတို့၏ အလိုသို့လိုက်၍ အဖော်သဟဲကြီးတွေ ဖြစ်ကြလေကုန်၏၊ တစ်ယောက် ကိုတစ်ယောက် သတ်ဖြတ်ခြင်း၊ ထိုးခုတ်ခြင်းတို့သည် လောကမှာ ဖြစ် ပေါ်လာကုန်၏၊ လုယက်ခြင်း၊ သူခိုး ခိုးခြင်း၊ ဓားပြတိုက်ခြင်းတို့သည် ဖြစ်ပေါ်ကုန်၏၊ မြို့ရွာနိဂုံးတို့ကို မီးရှို့ခြင်းတို့လည်း ဖြစ်ပေါ်လာကုန်၏၊ မီးသည် တရားဆိုးသုံးပါး ထွန်းကားသောအခါ လောက၏ လက်နက်ကြီး တစ်ပါးပင် ဖြစ်လေ၏၊ ထိုသို့ဖြစ်လေသောအခါ လူတို့သေကျေပျက် စီးခြင်း၊ ပစ္စည်းဥစ္စာကုန်ဆုံးခြင်း၊ မြို့ပြပြည်ရွာတို့၌ မီးလောင်ခြင်းတို့သည် ဖြစ်ကုန်၏။
နိုင်ငံအချင်းချင်း စစ်ဖြစ်ကြလျှင် ကြီးစွာသော သတ္ထန္တရာယ်ကပ်ကြီး တိုက်သည်မည်၏၊ ထိုသို့ နိုင်ငံအချင်းချင်း စစ်တိုက်မှုသည် ဆိုအပ်ခဲ့ပြီးသော တရားဆိုးကြီးသုံးပါးတို့ နှိပ်စက် ဖိစီးမှုကြောင့်သာလျှင် ဖြစ်လေသည်။ ထိုသို့ စစ်ပွဲကြီးများ ဖြစ်သောအခါ ထောင်ပေါင်းများ စွာသော လူတို့သည် သေကျေပျက်စီးကြကုန်၏၊ မြို့ရွာပေါင်း များစွာ တို့သည်လည်း ပြုန်းတီး ကျေပျက်ကြလေကုန်၏၊ ထိုစစ်ပွဲများသည် အချို့မှာ နှစ်နှစ်,သုံးနှစ်ကြာ၏၊ အချို့မှာလေးငါးခြောက်နှစ်ကြာ၏၊ အချို့မှာ ဆယ်နှစ် ဆယ့်နှစ်နှစ် စသည်ကြာမြင့်ကုန်၏၊ စစ်ပွဲကြာလေလေ လူသတ္တဝါတွေ သေကျေ ပျက်စီး လေလေဖြစ်၏၊ ထိုသို့ သတ္ထန္တရာယ်ကပ်ကြီး တိုက်ခိုက်လေသောအခါ သတ္တဝါတို့လည်း နည်းပါး ယုတ်လျော့ ကြကုန်၏၊ မြို့ရွာနိုင်ငံတို့လည်း ပျက်စီးကြလေကုန်၏၊ ထို့ကြောင့် သတ္ထန္တရာယ်ကပ်သည် လူနည်းပါးကြောင်း၊ နိုင်ငံပြည်ရွာ ပျက်စီးကြောင်း ဖြစ်သည်ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
ဤကား သတ္ထန္တရာယ်ကပ်နှင့် စပ်၍ဆိုသော စကားရပ်ပေတည်း။ တစ်ဖန်ထပ်၍ ဟောကြားတော်မူပြန်သည်မှာ
ပုနစ ပရံ ဗြာဟ္မာဏ ဧတရဟိ တေသံ အဓမ္မရာဂရတ္တာနံ ဒေဝေါ သမ္မာဓာရံ န အနုပဝစ္ဆတိ။ တေန ဒုဗ္ဘိက္ခံ ဟောတိ။ တေန ဗဟူ မနုဿာ ကာလံကရောန္တိ။
အနက်ကား။။ ဗြာဟ္မဏ=ပုဏ္ဏားကြီး၊ ပုနစ ပရံ=တစ်ဖန်တုံ၊ ဧတရဟိ=ယခုဆုတ်ကပ် ကာလ၌၊ တေသံ=ထိုလူများအပေါင်းတို့သည်၊ အဓမ္မရာဂရတ္တာနံ=မတရားသော ကာမရာဂဖြင့်တပ်မက်ကြကုန်စဉ်၊ ဒေဝေါ=မို်းသည်၊ သမ္မာရာဓံ=ကောင်းသော မိုးရေအယဉ်ကို၊ န အနုပ ဝစ္ဆတိ=မပေး (ဝါ=မိုးမရွာ)၊ တေန=ထိုသို့ကောင်းစွာ မိုးမရွာမှုကြောင့်၊ ဒုဗ္ဘိက္ခံ=ငတ်မွတ် ခေါင်းပါးခြင်းသည်၊ ဟောတိ=ဖြစ်၏၊ တေန=ထိုဒုဗ္ဘိက္ခန္တ ရာယ်ကပ်တိုက်မှုကြောင့်၊ ဗဟူမနုဿာ=များစွာသော လူတို့သည်၊ ကာလံ ကရောန္တိ=သေကျေပျက်စီးကြလေကုန်၏။
ဤကမ္ဘာလောက၌ လူတို့၏ အသက်ရှင်နေမှုသည် ဤအစား အစာပေါ်မှာသာ တည်နေ၏၊ အစားအစာ ပြတ်လပ်ကြပါလျှင် အလုံးစုံ ပျက်စီးကြကုန်မည်သာဖြစ်၏၊ ဤကမ္ဘာလောကကြီးမှာ လူတို့သည် ခုနစ်ရက်တိတိ တညီတညွတ်တည်းသာ ငတ်မွတ်၍ နေကြပါလျှင် တစ်ကမ္ဘာလုံး လူတွေပြုန်းတီးသေဆုံးကြမည်သာဖြစ်၏၊ လူတို့၏အစာ သည် စပါးဆန်ရေတို့သာ ဖြစ်၏၊ ထိုစပါးဆန်ရေတို့၏ ကောင်းသည့် ခေတ်ကာလမှာမှ မြေပေါ်တွင် လုပ်ကိုင်ကြရာ မိုးမရွာလျှင် ထိုအစာဆန် ရေတို့ကို မလုပ်ကိုင်နိုင်ကြကုန်။
အဓမ္မရာဂစသော တရားဆိုးသုံးပါးတို့သည် လောကကို ဖိစီး နှိပ်စက်ကြကုန်သည်ရှိသော် မိုးကောင်းစွာမရွာသွန်းချေ။ လူတို့သန္တာန်မှ ဖြစ်ပေါ်သော တရားဆိုးတို့၏ အငွေ့အရှိန်တို့သည် မိုးရေမိုးပေါက်တို့ကို ခန်းခြောက်စေတတ်ကုန်၏၊ ကောင်းစွာနှစ်စဉ်အတိုင်း မိုးမရွာခဲ့သည် ရှိသော် လူတို့၏ အစားအစာတို့ကို မလုပ်မဆောင်နိုင်ကြကုန်။ ထိုအစား အစာ ခေါင်းပါးခြင်းတည်းဟူသော ဒုဗ္ဘိက္ခန္တရကပ်ကြီး တိုက်လေ၏၊ ဒုဗ္ဘိက္ခန္တရကပ် တိုက်သောအခါ များစွာသော လူတို့သည် သေကျေ ပျက်စီး ကြလေကုန်၏၊ တိုင်းပြည်မြို့ရွာတို့သည်လည်း ပျက်စီး ပြုန်းတီးကြ လေကုန်၏၊ ထိုသို့ ဒုဗ္ဘိက္ခန္တရာယ်ကပ်ကြီး တိုက်ခိုက်မှုသည် လူနည်းပါး ကြောင်း မြို့ရွာပျက်ပြားကြောင်းပင် ဖြစ်လေသည်။
ဤကား ဒုဗ္ဘိက္ခန္တရာယ်ကပ်နှင့် စပ်၍ဆိုသော စကားပေတည်း။ တစ်ဖန်ထပ်၍ဟောကြားတော်မူသည်မှာ
ပုန စ ပရံ ဗြာဟ္မဏ ဧတရဟိ တေသံ အဓမ္မရာဂရတ္တာနံ ယက္ခာ ဝါဠေ အမနုေဿ ဩသဇ္ဇန္တိ၊ တေန ဗဟူ မနုဿာ ကာလံကရောန္တိ။
အနက်ကား။။ ဗြာဟ္မဏ=ပုဏ္ဏားကြီး၊ ပုနစပရံ=တစ်ဖန်တုံ၊ ဧတရဟိ=ယခုဆုတ်ကပ်ကာလ၌၊တေသံ=ထိုလူတို့သည်၊ အဓမ္မရာဂ ရတ္တာနံ=မတရားသော ကာမရာဂဖြင့် တပ်မက်ကြကုန်စဉ်၊ ယက္ခာ=နတ် မင်းကြီးတို့သည်၊ ဝါဠေ=ကြမ်းထမ်းသော သူရဲသံဘက်တို့ကို၎င်း၊ အမနုေဿ=မြေဘီလူး၊ ရေဘီလူး၊ အသားစားကြူးသော အဆိုးအဝါး တို့ကို၎င်း၊ ဩသဇ္ဇန္တိ=လွှတ်ကြလေကုန်၏၊ တေန=ထိုဘီလူးသံဘက်တို့ ကြောင့်၊ မနုဿာ=လူတို့သည်၊ ကာလံကရောန္တိ=သေကျေပျက်စီးကြ ကုန်၏။
လောက၌ အလွန်ကြမ်းတမ်းကုန်သော သူရဲသံဘက် မြေဘီလူး ရေဘီလူး ကုန်းဘီလူး ကောင်းကင် ဘီလူးတို့မည်သည် ရှိကုန်၏၊ ထို မြေဘီလူး စသည်တို့ကိုပင်လျှင် အမနုဿဟူ၍၎င်း၊ အဝရုဒ္ဓိကဟူ၍၎င်း၊ သူရဲသံဘက်တို့ဟူ၍၎င်း၊ အစိမ်းအဝါးတို့ဟူ၍၎င်း ခေါ်ဆိုကြကုန်၏၊ ထိုနတ်ဆိုးနတ်ဝါးတို့သည် စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အုပ်စု နယ်တွင် အပါအဝင် ဖြစ်ကြကုန်၏၊။ထိုအဆိုးအဝါးတို့သည် လူတို့၏ အသွေးအသားတို့ကို သောက်စားတတ်ကြကုန်၏၊ အလွန်ဆိုးသွမ်း ကြမ်းတမ်းသော သဘောရှိကြကုန်သောကြောင့် ထိုဘီလူး သံဘက်တို့ကို အခါခပ်သိမ်း သူတို့သဘော အားလျော်စွာလွှတ်၍ မထားကြကုန်ဘဲ စတုမဟာရာဇ်နတ်မင်းကြီးတို့က ဩဇာအာဏာဖြင့် ထိန်းသိမ်း စောင့် ရှောက်၍ ထားကြရကုန်၏၊ ကျားများ ခြင်္သေ့များကို နှောင်အိမ် အတွင်း မှာ လှောင်၍ထားဘိသကဲ့သို့တည်း။
လောက၌ လူတို့သည် တရားပျက်ယွင်းကြသောအခါ စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အမိန့်နှင့် ထိုသူရဲသံဘက်ဘီလူး ရက္ခိုသ် များကို လူ့ပြည်လောကသို့ စေလွှတ်ကြလေကုန်၏၊ ထိုအခါ ဘီလူး သံဘက်များသည် သံချိုင့်မှထွက်ရသော ကျားခြင်္သေ့ ကြီးတွေကဲ့သို့ ဆိုးဝါးကြမ်းတမ်းချင်သမျှ ဆိုးဝါးကြမ်းတမ်းကြပြီးလျှင် လူ့ပြည်လောကသို့ ချဉ်နင်းဝင်ရောက်ကြ၍ အခွင့်ရရှိတိုင်း လူတို့၏ အသွေးအသားတို့ကို သောက်စားကြလေကုန်၏၊ ထိုသို့ ဘီလူးတို့ လူ့နယ်လောကသို့ ဝင် ရောက် လာသောအခါ လူတို့၌ များစွာအန္တရာယ် ရောဂါတို့ဖြစ်ကြ ကုန်၏၊ လျင်မြန်စွာ သေဆုံးခြင်းတို့ ဖြစ်ကြကုန်၏၊ အဖျားရိုး အနာရိုး မဟုတ်ဘဲ ထူးဆန်းကြမ်းတမ်းသော အဖျားအနာရောဂါဆိုးတို့သည် ဖြစ်ကြကုန်၏၊ ဝမ်းသက်လျှော၍ မြန်စွာသေဆုံးခြင်း၊ မူးမေ့၍ အမြန်သေဆုံးခြင်းစသော ရောဂါဆိုးတို့ဖြစ်ကုန်၏၊ ထိုရောဂါဆိုးဖြစ် သည်ကိုပင် ရောဂန္တရာယ်ကပ်ဟူ၍ ဆိုသည်။
ထိုဘီလူးသံဘက်တို့သည် လူပြည်လောကသို့ ဝင်ရောက်ခွင့်ကို ရသောအခါ အရာမက အထောင်မက အသောင်းမက စုရုံးကြကုန်၍ သမုဒ္ဒရာထဲမှသော်လည်း တောထဲတောင်ထဲမှသော်လည်း လူ့ပြည် လောကသို့ ဝင်ရောက်ကြကုန်၏၊ သမုဒ္ဒရာမှ တက်လာသော မကောင်း ဆိုးဝါးတို့ကို ရေဘီလူး ရေသံဘက်တို့ဟူ၍ ဆိုရကုန်၏၊ တော တောင်မှ ထွက်လာသော မကောင်းဆိုးဝါးတို့ကို ကုန်းဘီလူး ကုန်းသံဘက်တို့ဟူ၍ ဆိုရကုန်၏။
လူတို့ကိုတွေ့ရှိ၍ သတိလစ်ခွင့်ကို ရရှိကြသောအခါ အတင်းပူးဝင် ကြပြီးလျှင် လူတို့၏အသွေးအဆီတို့ကို သောက်စားတတ်ကြကုန်၏၊ ထိုမကောင်းဆိုးဝါးတို့၏ အသွေးအဆီစုတ်ခြင်း သောက်ခြင်းတို့ကိုမူကား လူသားတို့မမြင်နိုင်ကြကုန်။ လတ်တလော ရောဂါစွဲကပ်၍ အလျင်အမြန် သေဆုံးခြင်းအားဖြင့်သာလျှင် ထိုမကောင်းဆိုးဝါးတို့၏ အစွမ်းကိုသိကြ ရကုန်သည်။ လူတို့၏ အဆီ အသွေးတို့ကို သောက်စားတတ်ကုန်သော ကြောင့် ထိုမကောင်းဆိုးဝါးတို့ကို သွေးစိမ်းစား သွေးစိမ်းသောက် တို့ဟူ၍ ခေါ်ဆိုကြရကုန်၏။
လူတို့၏ အသွေးအဆီတို့ကို စားသောက်ခွင့် မရကြကုန်သည်ရှိ သော် နွား,ကျွဲစသည်တို့၏ အသွေးအဆီတို့ကို စားသောက်ကြလေ ကုန်၏၊ ထိုအခါ နွား ကျွဲစသည်တို့၌ ကပ်ရောဂါ ကျရောက်သည်ဟူ၍ ဆိုရ၏၊ တစ်ခုသောတိုင်းနိုင်ငံ၌ ရောဂါအန္တရာယ်ကျရောက်သည်ရှိသော် ခြောက်နှစ် ခုနစ်နှစ် စသည်ဖြင့်ဖြစ်၍ နေတတ်လေ၏၊ ထိုမကောင်း ဆိုးဝါးဖြစ်သော ကုန်းဘီလူး ရေဘီလူးတို့သည် ဆူဖြိုး၍ ပျိုနုသောသူတို့၏ အဆီအသွေးတို့ကို သာ၍ပင် နှစ်သက်ကြလေကုန်၏၊ ထို့ကြောင့် လောက၌ ဆူဖြိုး၍ပျိုနုသော သူတို့သည်၎င်း၊ ဆူဖြိုး၍ ပျိုနုသော နွား ကျွဲတို့သည်၎င်း အသေအပျောက်များပြားကြကုန်၏။
ထိုကပ်ရောဂါမျိုးတို့ကို လောက၌ တန်ခိုးသတ္တိ အစွမ်းနှင့် ပြည့် စုံသော မန္တာန်ဆေးဝါး အင်းအိုင်များတို့ဖြင့် ကွယ်ကာ၍ ကင်းငြိမ်း စေနိုင်ကုန်၏၊ မြတ်စွာဘုရား၏ ပရိတ်တော်ဂုဏ်တော် စသည်များဖြင့် လည်းကင်းငြိမ်းစေနိုင်ကုန်၏၊ ထိုမှတစ်ပါး ဗလိနတ်စာ ကျွေးမွေးခြင်း အားဖြင့်လည်း ထိုရောဂါအန္တရာယ်မျိုးတို့ကိုကင်းငြိမ်းစေနိုင်ကုန်၏၊ ဗလိနတ်စာကျွေးမွေးခြင်းမည်သည်ကား--
သူရဲသံဘက်တို့အား ကျွေးမွေးခြင်း၊ သူရဲသံဘက် မကောင်းဆိုးဝါး တို့ ကြိုက်နှစ်သက်သော အစာအာဟာရများကိုပေးခြင်းပင်တည်း။ ထိုသူရဲသံဘက်တို့ ကြိုက်နှစ်သက်သော အစာအာဟာရမည်သည်ကား အသားငါးတို့ဖြင့် ဖြုန်းဆတ်ကျို၍ ထားသောအစာပေတည်း။ ထိုသား ပြွမ်းဖြုန်းဆတ်ကို ဖက်စိမ်းခွက်တို့၌ ထည့်ပြီးလျှင် နီသောပန်းတို့ဖြင့် ခြံရံ၍ ကျွေးမွေးလျှင် များစွာကြိုက်နှစ်သက်တတ်ကုန်၏၊ ဤကဲ့သို့ ဗလိနတ်စာကျွေးမွေးမှုကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိသော လက်ထက် တော်အခါကပင်လျှင် ပြုလုပ်လေ့ရှိကြကုန်၏၊ ထို့ကြောင့် ရတနသုတ် ပါဠိတော်တွင်“ဟရန္တိ ယေဗလိံ“ စသည်ဖြင့် ဟောတော်မူ သည်။
ထိုဗလိနတ်စာ ကျွေးမွေးသောအခါ မေတ္တာစိတ်ဖြင့် ကျွေးမွေးပြီး လျှင်- “ငါတို့သည် သင်တို့အား မေတ္တာစိတ်ဖြင့် ကျွေးမွေးပါကုန်၏၊ ငါတို့ကျွေးမွေးအပ်သော ဗလိနတ်စာကို ဝစွာစားသောက်ကြပြီးလျှင် ဤမြို့ ဤရွာမှ ဖဲခွါကြကုန်လော့၊ ဤမြို့ ဤရွာ၌ တစ်စုံတစ်ရာသော အန္တရာယ်ကို မပြုကြကုန်လင့်၊ ငါတို့သည် သင်တို့အား မေတ္တာစိတ်ဖြင့် ကျွေးမွေးဘိသကဲ့သို့ သင်တို့ကလည်း ငါတို့အား မေတ္တာသက်ဝင်ကြ ကုန်လော့”ဟူ၍ ပြောဆို၍ နှင်ထုတ်ရာ၏။
ဤသို့ ဗလိနတ်စာကျွေးမွေးမှုနှင့် စပ်လျဉ်း၍ မဟာဝင်ကျမ်းတွင် လာရှိသော သံဃဗောဓိမင်း၏ ဝတ္ထုကို ဤနေရာ၌ ထုတ်ဆောင်၍ ပြသင့်လေ၏။
ဤ ဆိုအပ်ခဲ့ပြီးသော ကပ်သည်ကား ရောဂန္တရာယ်ကပ် မည်၏၊ ဤလောက၌ အမျိုးမျိုးသော အန္တရာယ်ကပ်တို့သည် ဒိဋ္ဌအားဖြင့် ထင်ရှားလျက် ရှိကြကုန်၏။
မြေငလျင်ကြီးစွာ တုန်လှုပ်သဖြင့် မြို့ရွာပျက်စီး၍ လူတို့အန္တရာယ် ဖြစ်မှုသည်လည်း အန္တရာယ်ကပ်ပင် မည်၏၊ လေပြင်းမုန်တိုင်း ကျရောက် သဖြင့် လူတို့ အသက်အန္တရာယ် ဖြစ်မှုသည်လည်း အန္တရာယ်ကပ်ပင် မည်၏၊ ရေလွမ်းမိုးခြင်း အားဖြင့်၎င်း, မီးတောင်ပေါက်ကွဲခြင်းအားဖြင့်၎င်း, ရွာမြဲတိုင်းထက် လွန်ကဲ၍ သည်းထန်စွာ ကပ်မိုးကြီးရွာခြင်းအားဖြင့်၎င်း လူတို့၏ အသက်အန္တရာယ် ဖြစ်မှုသည်လည်း အန္တရာယ်ကပ်ပင်မည် လေ၏၊ ဇာတ်နိပါတ် ကျမ်းဂန်တို့၌ လာရှိသောအတိုင်း ရှေးအခါ ဒဏ္ဍကတိုင်း မဇ္ဈတိုင်း ကလိင်္ဂတိုင်း မာတင်္ဂတိုင်းများသည် နတ်တို့၏ တန်ခိုးအာနုဘော်အားဖြင့် ရေလွှမ်းခြင်း, သဲပူမိုးကြီး ရွာချခြင်းတို့ကို ဖြစ်စေသောကြောင့် တစ်တိုင်းလုံးပျက်စီး၍ သဲကန္တာရအပြင်ကြီး ရေအပြင်ကြီးဖြစ်၍ နစ်မြုပ်တိမ်ကော လေကုန်၏၊ ဤသို့ဖြစ်မှုသည် လည်း အန္တရာယ်ကပ်ပင် မည်၏၊ ယခုခေတ် ကာလ၌လည်း သူ့အသက် ကို သတ်ဖြတ်ခြင်း များကုန်၍ ညှဉ်းဆဲနှိပ်စက် တရားပျက်ခြင်း အားကြီး ကုန်သော တိုင်းပြည်မြို့ရွာတို့၌၎င်း, ကျွန်းကြီး ကျွန်းငယ်တို့၌၎င်း မြေငလျင်ကြီးစွာ တုန်လှုပ်သောဘေး, သမုဒ္ဒရာလှိုင်းအဟုန် လွှမ်းဖုံး အုပ်ခြုံသောဘေး, လေပြင်း မုန်တိုင်း ကျရောက်သောဘေး, ကပ်မိုးကြီး ရွာသွန်းသောဘေး, ဆီးနှင်းအပြင်းအထန် ကျရောက်သောဘေး, မီး တောင်ပေါက်ကွဲ၍ မီးလောင်သောဘေး, ဓာတ်သတ္ထုတွင်း ပေါက်ကွဲ သောဘေး, ယမ်းတိုက်ကြီး ပေါက်ကွဲသောဘေး, သင်္ဘောပျက်စီးသော ဘေး စသော ဘေးအတန်တန် ရန်အထွေထွေတို့ကြောင့် များစွာသော လူတို့၏ အသက်သေဆုံးခြင်းတို့သည် ဖြစ်ကုန်၏၊ ထိုသို့ ဖြစ်မှုသည် လည်း အန္တရာယ်ကပ်ကြီးတိုက်သည်ပင် မည်၏။
မေး။ ပြဆိုအပ်ပြီးသော သတ္ထန္တရာယ်ကပ်, ဒုဗ္ဘိက္ခန္တရာယ်ကပ်, ရောဂန္တရာယ်ကပ်တို့သည် ဤကမ္ဘာလောကပေါ်တွင် မည်သည့် ခေတ် အခါကစ၍ ဖြစ်ပေါ်ပါသနည်း။
ဖြေ။ အသင်္ချေယျတမ်းမှ ဆုတ်၍လာသောအခါ အနှစ်ငါးရာ တမ်းမှာမှ ဤကပ်ဆိုးကြီးသုံးပါးဖြစ်ပေါ်ကြောင်း ဖြစ်သော အဓမ္မရာဂ ဝိသမလောဘ မိစ္ဆာဓမ္မတရားဆိုးသုံးပါးတို့ ဖြစ်ပေါ်လာသည်။ ဤတရားဆိုးကြီးသုံးပါးသည်ပင် ကပ်ဆိုးကြီး သုံးပါးဖြစ်အောင် ထူထောင်သော အကြောင်းရင်းပေတည်။
စက္ကဝတ္တိသုတ်ပါဠိတော်၌---
ပဉ္စဝဿသတာယုကေသု ဘိက္ခဝေ မနုေဿသု တယော ဓမ္မာ ဝေပုလ္လံ အဂမံသု။ အဓမ္မရာဂေါ ဝိသမလောဘော မိစ္ဆာဓမ္မော။ စသည်ဖြင့် ဟောတော်မူသည်။
အနက်ကား။။ဘိက္ခဝေ=ရဟန်းတို့၊ မနုေဿသု=လူတို့သည်၊ ပဉ္စဝဿသတာယုကေသု=အနှစ်ငါးရာတမ်းတို့၌ တည်ကြကုန်သည် ရှိသော်၊ အဓမ္မရာဂေါ=မတရားသဖြင့် တပ်မက်သော အဓမ္မရာဂ၎င်း၊ ဝိသမလောဘော=စည်းကမ်းကို ကျော်လွန်၍ လိုချင်မက်မောသော ဝိသမလောဘ၎င်း၊ မိစ္ဆာဓမ္မော=မှားယွင်းသော ဒုစ္စရိုက်တရားစု၎င်း၊ ဣတိဣမေ တယောဓမ္မာ= ဤတရားဆိုးကြီးသုံးပါးတို့သည်၊ ဝေပုလ္လံ= ပြန့်ပြောများပြားသည်၏ အဖြစ်သို့၊ အဂမံသု= ရောက်ကြလေကုန်၏၊ အနှစ်ငါးရာတမ်းမှစ၍ ဆယ်နှစ်တမ်းသို့တိုင် ရောက်လေအောင် ဆုတ်၍ ဆုတ်၍သွားတိုင်း တရားဆိုးတို့သည်လည်း တိုး၍ တိုး၍လာ ကုန်၏၊ တရားဆိုးတို့က တိုးပွား၍လာတိုင်း ရောဂန္တရာယ်အမျိုးမျိုး တို့သည်လည်း တိုးတက်၍လာကုန်၏၊ ယခုခေတ်ကာလအခါမှာပင် မကြားဖူး မကြုံဖူးသော ရောဂါအထူးထူးတို့ဖြစ်ပေါ်လာသည်ကိုကြား ကြရကုန်၏၊ နောင်အနာဂတ်ကာလတွင် မည်မျှလောက် ရောဂါဥပဒ် အထူးထူးတို့ ဖြစ်ပေါ်လာကြလိမ့်မည်ဟူ၍ မပြောနိုင်အောင်ပင် ရှိ ကုန်၏။
ဤဆိုအပ်ပြီးသော စကားရပ်ကား အန္တရာယ်ကပ်နှင့်စပ်လျဉ်း သော စကားရပ်ပေတည်း။
အန္တရာယကပ်ပြီး၏။
ကပ်ငါးပါးပြီး၏။
အစိန္တေယျကြီးလေးပါး
၁။ ဗုဒ္ဓဝိသယ အစိန္တေယျ,
၂။ ဣဒ္ဓိဝိသယ အစိန္တေယျ,
၃။ ကမ္မဝိပါက အစိန္တေယျ,
၄။ လောကစိန္တာ အစိန္တေယျ,
စတုက္ကနိပါတ်အင်္ဂုတ္တိုရ်ပါဠိတော်ကြီး၌...
စတ္တာရိမာနိ ဘိက္ခဝေ အစိန္တေယျာနိ န စိန္တေတဗ္ဗာနိ။
ယာနိ စိန္တေန္တော ဥမ္မာဒဿ ဝိဃာတဿ ဘာဂီ အဿ။
ကတမာနိ စတ္တာရိ ဗုဒ္ဓါနံ ဗုဒ္ဓဝိသယော အစိန္တေယျော, စျာယီနံ စျာနဝိသယော အစိန္တေယျော, ကမ္မဝိပါကော အစိန္တေယျော, လောကစိန္တာ အစိန္တေယျာ။ ဟူ၍ဟောတော်မူသည်။
အနက်ကား။။ဘိက္ခဝေ=ရဟန်းတို့၊ ယာနိ=အကြင်လေးပါးတို့ကို၊ စိန္တေန္တော=ကြံစည်သည်ရှိသော်၊ ဥမ္မာဒဿ= ရူးသွပ်ခြင်း၏၊ ဝိဃာတဿ= စိတ်ပင်ပန်းခြင်း၏၊ ဘာဂီ=အဖို့ရှိသည်၊ အဿ=ဖြစ်ရာ၏၊ နစိန္တေတဗ္ဗာနိ= မကြံစည်ထိုက်ကုန်သော၊ ဣမာနိ အစိန္တေယျာနိ=ဤအစိန္တေယျတရား တို့သည်၊ စတ္တာရိ=လေးပါးတို့တည်း။ ကတမာနိစတ္တာရိ=အဘယ်လေးပါး တို့နည်းဟူမူကား၊ ဗုဒ္ဓါနံ=မြတ်စွာဘုရားတို့၏၊ ဗုဒ္ဓဝိသယော=ဘုရားအရာ ကို၊ အစိန္တေယျော=မကြံစည်အပ်၊ စျာယီနံ=စျာန်ရပုဂ္ဂိုလ်တို့၏၊ စျာန ဝိသယော=စျာန်တန်ခိုးအရာကို၊ အစိန္တေယျော=မကြံစည်အပ်၊ ကမ္မ ဝိပါကော=ကံ၏အကျိုးကို၊ အစိန္တေယျော=မကြံစည်အပ်၊ လောကစိန္တာ= လောကီရေးနှင့်ဆိုင်သော အရာကို၊ အစိန္တေယျာ=မကြံစည်အပ်။ ဤကား အစိန္တေယျလေးပါးနှင့်စပ်၍ မြတ်စွာဘုရား ဟောကြား တော်မူအပ်သော ဒေသနာတော်ပေတည်း။
ပါကတိကေဟိ လောကိယဇနေဟိ စိန္တိတုံ
အသက္ကုဏေယျတ္တာ အစိန္တေယျာနိ နာမ။
ပါကတိကေဟိ=ပကတိရိုးရိုးဖြစ်ကုန်သော၊ လောကိယဇနေဟိ= လောကီလူအပေါင်းတို့သည်၊ စိန္တိတုံ=ပေါက်ရောက်အောင် ကြံစည်ခြင်းငှါ၊ အသက္ကုနေယျတ္တာ=မတတ်စွမ်းနိုင်ကုန်သောကြောင့်၊ အစိန္တေယျာနိ နာမ=အစိန္တေယျတို့မည်ကုန်၏။
ပကတိလူသားတို့ ထိုးထွင်းပေါက်ရောက်အောင် မကြံနိုင်သော ကြောင့် အစိန္တေယျမည်၏ဟူ၍ဆိုလိုသည်။
ဤကဲ့သို့ပကတိဉာဏ်ဖြင့်ထောက်၍ မမီနိုင်သော အစိန္တေယျကြီး တို့ကို ငါသည် ကိုယ်တိုင်ထိထိရောက်ရောက် မျက်မှောက်ပြုမည်ဟု ကြီးစွာသောလုံ့လဝီရိယဖြင့် ကြံစည်လျှင် မပေါက်ရောက် မကူးခတ်နိုင် သော အရာဖြစ်၍ ကြံစည်ရသောဝိတက်ကနှိပ်စက် နှလုံးသွေးပျက်လျက် ရူးသွပ်ရာ၏၊ မရူးသော်လည်း စိတ်ပင်ပန်းကြီးပင်ပန်းလျက် ဆင်းရဲဒုက္ခ ရောက်တတ်လေ၏။
ဥပမာ ယုန်သူငယ်သည် ပင်လယ်သို့ ကျရောက်လေရာ ငါသည် ပင်လယ်ကို အောက်သို့မီအောင် ထောက်မည်ဟု အားခဲ၍ ထောက်သော် လည်း မီနိုင်မည်မဟုတ်။ ကမ်းတစ်ဖက်သို့ ရောက်အောင် ကူးခတ်မည်ဟု ကူးသော်လည်း တစ်ဖက်ကမ်းသို့ ရောက်နိုင်မည်မဟုတ်။ သမုဒ္ဒရာထဲတွင် ပျက်စီးဆုံးပါးရုံမျှသာ ရှိလေရာသကဲ့သို့၎င်း, သူရူးသူနှမ်းတစ်ယောက် သည် ကောင်းကင်မှာရှိသော နေနှင့်လကို အရမီအောင်လှမ်း၍ ဆွတ်ယူ မည်ဟု လက်ကိုဆန့်တန်းသော်လည်း ပင်ပန်းရုံရှိသကဲ့သို့၎င်း အစိန္တေယျ လေးပါးတို့ကို သာမညပကတိဉာဏ်မျိုးနှင့် ကြံစည်မည်ဆိုလျှင် စိတ်ပင် ပန်းရုံ ရူးနှမ်းရုံမျှသာ ဖြစ်လေသည်။
၁။ ဗုဒ္ဓဝိသယအစိန္တေယျ
အစိန္တေယျ လေးပါးတို့တွင် ဗုဒ္ဓဝိသယဘုရားအရာဆိုသည် ကား...
က။ စတုဝေသာရဇ္ဇဉာဏ်တော်လေးပါး,
ခ။ အသာရဏဉာဏ်တော်ခြောက်ပါး,
ဂ။ ဒသဗလဉာဏ်တော်ဆယ်ပါး,
ဤဉာဏ်တော်များသည် ဘုရားအရာမည်၏၊ သာဝကစသည် တို့နှင့် မသက်ဆိုင်ချေ။
ဘုရားအရာမှာ ဘုရားတို့၏ဉာဏ်တော်သာလျှင် ပမာဏရှိ၏၊ ဘုရားဉာဏ်တော်မှသာလျှင် ထောက်မီနိုင်၏၊ သာဝက တို့၏ဉာဏ်အရာ မဟုတ်။ ရှင်သာရိပုတ္တရာစသော သာဝကတို့၏ဉာဏ်အရာမဟုတ်။ ရှင်သာရိပုတ္တရာစသော သာဝကတို့၏ ဉာဏ်အရာကိုလည်း တစ်ပါးသော လူ, နတ်, ဗြာဟ္မာတို့၏ဉာဏ်ဖြင့် ထောက်မီနိုင်မည်မဟုတ်ချေ။ သာဝက အရာမှာ သာဝကဉာဏ်သာ ပမာဏဖြစ်၏။
သာဝကတို့သည်ဘုရားအရာမှာ မြတ်စွာဘုရားဟောတော်မူသော အတိုင်းသာလျှင် မှတ်သားဆောင်ရွက်လိုက်နာကျင့်ကြံမည်ဟူ၍ စိတ်ကို ဆုံးဖြတ်၍ ထားရာ၏၊ ဤကဲ့သို့ မြတ်စွာဘုရား ဟောကြားတော်မူသော အတိုင်း မသွေမလှန်လိုက်နာ ကျင့်ကြံလျှင် သာဝကတို့၏ကိစ္စပြီးစီး၏၊ သာဝကတို့ပြုဖွယ်ကိစ္စကို ကောင်းစွာလိုက်နာဆောင်ရွက်သည် မည်၏၊ မြတ်စွာဘုရားဟောကြားတော်မူသောအတိုင်း လိုက်နာဆောင်ရွက် ကျင့်ကြံခြင်းကို မပြုမလုပ်ပဲ ထင်တိုင်း ကြံစည်ပြုလုပ်ပါက သာဝကတို့ သည် မိမိတို့စည်းကမ်းကို ကျော်လွန်သောကြောင့် မိမိတို့၏အကျိုးမဲ့ကို ပြုလုပ်သည် မည်၏၊ ထို့ကြောင့် ဘုရားဂုဏ်အရာကို မဆိုင်သောပုဂ္ဂိုလ် တို့ သက်ဝင်ကြံစည်ပါက ရူးသွပ်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ ပင်ပန်းခြင်း ဖြစ်ရာ၏ဟူ၍ မြတ်စွာဘုရားဟောကြားတော်မူလေသည်။ ဤနေရာ၌ဆိုလတ္တံ့သောအတိုင်း အမေးပုစ္ဆာနှင့်အဖြေ ဝိဿဇ္ဇနာ တို့ကို ထုတ်ဆောင်ရာ၏။
ပုစ္ဆာ။ မြတ်စွာဘုရား၏ ဉာဏ်တော်အရာမှာ ဘုရာ့ဉာဏ် သာလျှင် ပမာဏဖြစ်သည်၊ ဘုရားဉာဏ်တော်သာ မီနိုင် သည်ဆိုလျှင် ဘုရားမှတစ်ပါးသော သာဝက စသည်တို့သည် ဤပုဂ္ဂိုလ်ကား ဘုရား ဖြစ်သည် ဟူ၍ မည်သို့သိနိုင်ပါသနည်း။
ဝိဿဇ္ဇနာ။ အကျိုးကိုမြင်သဖြင့် အကြောင်းကို သိနိုင်ရာသကဲ့ သို့ ဉာဏ်တော်၏ကြီးကျယ်ပုံကို သိမြင်ရသဖြင့် ဤပုဂ္ဂိုလ်ကား ဘုရားစင်စစ်ဖြစ်သည်ဟူ၍ သိနိုင် လေသည်။
ပုစ္ဆာ။ ကြီးကျယ်သော ဉာဏ်တော်ဆိုသည်ကား အဘယ် ဉာဏ်တော်ဖြစ်သနည်း။
ဝိဿဇ္ဇနာ။ ရှိရှိသမျှ သိသင့်သိထိုက်သော ေဥယျဓံတရားတို့ကို တစ်ခုမကျန် ဖြောင့်မှန်စွာ အလုံးစုံသိနိုင်သော သဗ္ဗညုတဉာဏ်တော်ကို ကြီးကျယ်သော ဉာဏ် တော်ဟူ၍ဆိုသည်။
ပုစ္ဆာ။ ထိုသဗ္ဗညုတဉာဏ်တော်ကို အဘယ်နည်းအားဖြင့် သိနိုင်သနည်း။
ဝိဿဇ္ဇနာ။ ဟောကြားတော်မူသော ဒေသနာတော်၏ များပြား ဆန်းကြယ် ကြီးကျယ်မြင့်မြတ်ပုံကို ထောက်ဆ သောအားဖြင့် သဗ္ဗညုတဉာဏ်တော်ကို သိနိုင် သည်။
ပုစ္ဆာ။ ဒေသနာတော်၏ ကြီးကျယ်မြင့်မြတ်ပုံကား အ ဘယ်နည်း။
ဝိဿဇ္ဇနာ။ ဟောကြားတော်မူအပ်သော ဓမ္မက္ခန္ဓာအပေါင်း ရှစ်သောင်းလေးထောင်သည် ဒေသနာတော်၏ ကြီးကျယ် မြင့်မြတ်ပုံ မည်၏။
ဤသို့သဘောရှိသော ဉာဏ်ပညာကြီးကျယ်မြင့်မြတ်ခြင်းအားဖြင့် ဤပုဂ္ဂိုလ်ကား ဘုရားဟူ၍ သမုတ်ထိုက်လေသည်။ တန်ခိုးကြီးမား ကာမျှ ဖြင့် ဘုရားဟူ၍ သမုတ်ထိုက်သည် မဟုတ်ချေ။ ထိုစကားမှန်၏၊ လူအပေါင်းကို ကယ်တင်တော်မူသော ဘုရားမည်သည်--
ဇာတိမဟတ္တ' အမျိုးဇာတ်၏ ကြီးမြတ်ခြင်း,
ပုညမဟတ္တ' ဘုန်းသမ္ဘာ ကုသိုလ် ပါရမီတော်၏ ကြီးမြတ်ခြင်း,
သီလမဟတ္တ' အကျင့်သီလတော်၏ ကြီးမြတ်ခြင်း,
သမာဓိမဟတ္တ' တည်ကြည်ခိုင်ခံ့သော သမာဓိတော်၏ ကြီးကျယ် မြင့်မြတ်ခြင်း,
ဣဒ္ဓိမဟတ္တ' တန်ခိုးတော်၏ ကြီးကျယ်မြင့်မြတ်ခြင်း,
ဗုဒ္ဓိမဟတ္တ' ဉာဏ်ပညာ၏ ကြီးကျယ်မြင့်မြတ်ခြင်း,
ဤကဲ့သို့သော လောကတွင် ရှိရှိသမျှသော လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့ထက် မြင့်မြတ်ကြီးကျယ်ခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမှသာလျှင် ဘုရားဟုသမုတ်ထိုက်လေသည်။ ထိုသို့မဟုတ်ဘဲ တန်ခိုးအာနုဘော် ကြီးရုံမျှနှင့် ဘုရားဟူ၍ မဆိုထိုက်ချေ။
တန်ခိုးအရာနှင့် ဉာဏ်အရာသည် တစ်လမ်းစီသာဖြစ်၏၊ တန်ခိုးနှင့်မသက်ဆိုင်သော အရာဌာန တို့သည် လွန်စွာများပြားကုန်၏၊ တန်ခိုးကြီးကျယ်ရုံမျှသာရှိ၍ ဉာဏ်ပညာ ကြီးကျယ်ခြင်းကင်းမဲ့လေသည်ရှိသော် ပညာနှင့်သာ သက်ဆိုင်သော အရာဌာနတို့၌ အကန်းအတိသို့သာလျှင် ဖြစ်လေကုန်၏၊ တန်ခိုးမျှသာ ကြီး၍ ဉာဏ်ပညာအရာတို့၌ အကန်းအတိ ဖြစ်၍နေပါလျှင် များစွာသော သတ္တဝါတို့ကို ကယ်တင်ခြင်းပြုလုပ်သောအခါ သတ္တဝါများအပေါင်း တို့သည် မှောက်မှောက် မှားမှား တိမ်းတိမ်းပါးပါးဖြစ်ကြ၍ စင်စစ်အကျိုးမဲ့ ခြင်းတို့သာလျှင် ဖြစ်လေကုန်ရာ၏၊ တန်ခိုးမည်သည်ငယ်သည် ဖြစ်စေ ကြီးသည်ဖြစ်စေ ပညာကင်းမဲ့ပါလျှင် သတ္တဝါများအပေါင်းကို ဖြား ယောင်း၍ လိမ်လည်လှည့်ပတ်ခြင်းအကျိုးငှာ ဖြစ်တတ်လေသည်။
ဣဒ္ဓိဂရုကာ ဟိ ဗာလာ၊ ဗုဒ္ဓိဂရုကာ ပဏ္ဍိတာ။
ဟိ=စင်စစ်၊ဗာလာ=မလိမ္မာသော သူတို့သည်၊ ဣဒ္ဓိဂရုကာ=တန်ခိုး အစွမ်းကိုသာ အလေးအမြတ်ပြုကြလေကုန်၏၊ ပဏ္ဍိတာ=ပညာရှိသော သူတို့သည်၊ ဗုဒ္ဓိဂရုကာ=ဉာဏ်ပညာကိုသာ အလေးအမြတ်ပြုလေ့ရှိကြ ကုန်၏။
လောကကြီးတစ်ခွင်လုံးမှာ တန်ခိုးကိုသာ အလေးအမြတ်ပြုသူ ပေါများသဖြင့် ဉာဏ်ပညာကင်း၍ တန်ခိုးအစွမ်းမျှနှင့် လောကကို ကယ်တင်မည်ဆိုလျှင် များစွာသောသူတို့သည် မှောက်မှားချွတ်ချော်၍ ကုန်ကြရာ၏၊ ပညာကင်းမဲ့သော လူမလိမ္မာတို့သည် တန်ခိုးအစွမ်းကိုပြ၍ ဟောကြားညွန်ပြလျှင် လွယ်ကူစွာ ယုံကြည်လေ့ရှိကြကုန်၏၊ အဟုတ် အမှန်သိသော ဉာဏ်မှကင်း၍ တန်ခိုးအစွမ်းမျှသာ ရှိသောသူတို့က ပြော ကြားလျှင် အမှောက်အမှားတို့သာလျှင် များလေသည်။ တန်ခိုးကိုသာ အလေးမူ၍ တန်ခိုးမျှသာ ရှိသောသူ၏ ပြောစကားတိုင်းကို လိုက်နာ ယုံကြည်လျှင် အဘယ်မှာ မမှောက်မှာဘဲ ရှိပါချေတုံအံ့နည်း။
ဤပညာနှင့် တန်ခိုးအကြောင်းကို သီလက္ခန်ပါဠိတော် ကေဝဋ္ဋသုတ္တန်ဖြင့်ထုတ်ပြရာ၏။
ထိုမှတစ်ပါး ဉာဏ်ပညာကင်းမဲ့၍ တန်ခိုးအစွမ်းကိုသာ အလေးပြု သော သုနက္ခတ္တ ရဟန်းလည်းမြတ်စွာဘုရားထံမှ ထွက်ခွာ၍သွားလေရာ ပျက်စီးခြင်းကြီး ပျက်စီးဘူးလေသည်။
ဤနေရာ၌ ဆိုဖွယ်စကားရှိသည်မှာ ပညာဉာဏ်ကြီးကျယ် မြင့် မြတ်ခြင်းကို တန်ခိုးအစွမ်းကြီးကျယ်မြင့်မြတ်ခြင်းငှာသာ အလိုရှိအပ် လေ၏၊ အကြင်ပုဂ္ဂိုလ်သည် တန်ခိုးကြီးကျယ်ခြင်းမျှဖြင့် အလုံးစုံသော လောကအကျိုးကို သည်ပိုးရွက်ဆောင်နိုင်၏၊ ထိုပုဂ္ဂိုလ်၏ သာသနာမှာ ဟောကြားသော တရားဒေသနာ၏ ကြီးကျယ်များပြားရန် ကိစ္စလည်း မလိုတော့ပြီ၊ ဒေသနာကြီးကျယ်များပြားခြင်းကို အလိုမရှိအပ် သည်ရှိ သော် ထိုပုဂ္ဂိုလ်၏ သာသနာ၌ ဉာဏ်ပညာကြီးကျယ်မြင့်မြတ်ရန် ကိစ္စလည်း မရှိလေပြီ။ အကြင်ပုဂ္ဂိုလ်သည်မူကား ထိုသို့တန်ခိုး အစွမ်းနှင့် လောက၏အကျိုးကို မရွက်ဆောင်နိုင်ချေ။ ထိုပုဂ္ဂိုလ်၏ သာသနာ တော်မှာသာလျှင် တန်ခိုးကြီးကျယ်ခြင်း, ဉာဏ်ပညာကြီးကျယ်ခြင်းကို လိုလားအပ်၏ဟူ၍ ဉာဏ်ပညာကို ပယ်ရှား၍ တန်ခိုးဘက် သက်သက် အားဖြင့်သာ ဆိုရာ၏။
တန်ခိုးအစွမ်းသက်သက်မျှနှင့် အလုံးစုံလောကကြီး၏ အကျိုးကို သည်ပိုးရွက်ဆောင်နိုင်သည်ဟု ဆိုသောစကားရပ်၌ ဤကဲ့သို့ တန်းခိုး အစွမ်းမျှနှင့် အလုံးစုံသော လောကအကျိုးကို ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်မည်သည် အညစ်အကြေး ကင်းစင်သော ကောင်းကင်ပြင်၌ နေ ဝန်းလဝန်းကြီးများကဲ့သို့ ရှေးကာလ၌၎င်း, ယခုမျက်မှောက် ပစ္စုပ္ပန် ကာလ၌၎င်း အချင်းခပ်သိမ်း အလုံးစုံသော လူများအပေါင်း၏ မျက် မှောက်မှာ အထင်အရှားကြီးဖြစ်၍ နေလတ္တံ့။ ထိုကဲ့သို့ လောက၏ အလုံးစုံသောအကျိုးစီးပွားကို ရွက်ဆောင်၍နေသောတန်ခိုးနှင့် ပြည့်စုံ သောအရှင်သည် အထင်အရှားမရှိပါဘဲလျက်နှင့် တန်ခိုးအမျိုးမျိုးကို စိုးပိုင်၍နေသောအရှင်သည် မည်သည့်ဌာနမှာတည်ရှိသည် လောကကြီး ကို မည်သို့ပြုပြင်၍နေသည် စသောအားဖြင့် အရမ်းမဲ့ပြောကြား၍ တန်ခိုးရှိသောပုဂ္ဂိုလ်ကို အမည်တပ်ပြီးလျှင် ထင်ရှားမရှိသောတန်ခိုးရှင်ကို အမီပြု၍ စားကာသောက်ကာ အသက်မွေးကြကုန်သောလူတို့၏ စကား အသိုင်းအဝိုင်း အညာအလှိုင်း အပြောအဆို ကြီးကျယ်ရုံမျှနှင့် ယုံကြည် စိတ်ချ၍နေကြသော လူမလိမ္မာများသည် နောင်အခါကာလ၌ မဟာ ပထဝီမြေကြီးအမှတ် ထင်သောကြောင့် အောက်မှာရှိသော အဇဋာကာသ ကောင်းကင်ပြင်ကြီးထဲသို့ သက်ဆင်းပြေးဝင်သော သူတို့ကဲ့သို့သာ ဖြစ် ကုန်ရာ၏။
စင်စစ်မှာမူကား ဉာဏ်ပညာ ကြီးကျယ် မြင့်မြတ်ခြင်းသည်သာ လျှင် ဧကန္တယုံကြည်လေးမြတ်ထိုက်သော အရာဖြစ်လေ၏၊ အကြင် သူသည် ဤကဲ့သို့ ကြီးကျယ်နက်နဲသော ဘုရားနှင့်ဆိုင်သည့် အရာဌာန၌ ပညာကြီးမြင့်သည်ကို မရှာမှီးဘဲ တန်ခိုးအစွမ်း ကြီးကျယ် သည်ဆိုသော စကားမျှနှင့်သာ ယုံကြည်စိတ်ချ၍ နေ၏၊ ထိုသူသည် ပကတိ သဘော အားဖြင့် မလိမ္မာသော လူ့ဗာလဟူ၍သာလျှင် ထင်ရှားလေ၏၊ ဤကား ဗုဒ္ဓဝိသယဘုရားအရာကို မကြံစည်အပ်ကြောင်းနှင့် စပ်ဆိုင်သော စကားရပ်ပေတည်း။
ဗုဒ္ဓဝိသယ အစိန္တေယျ ပြီး၏။
---၂။ ဣဒ္ဓိဝိသယ အစိန္တေယျ
တန်ခိုးအရာမည်သည်ကို ဤနေရာဌာန၌ ဘာဝနာပွါးများမှု ကြောင့် ဖြစ်ပေါ်သောတန်ခိုးကိုသာ လိုလားအပ်၏၊ ထိုတန်ခိုးကို ဘာဝနာမယိဒ္ဓိခေါ်ဆိုသည်။ ထိုဘာဝနာမယိဒ္ဓိသည် ရှေးအသက်တမ်း ရှည်လျားသော ခေတ်အခါတွင် သာသနာပဖြစ်သော ရဟန်း ပုဏ္ဏား ရသေ့များတို့သည် ငါးပါးသော တန်ခိုးကို ရရှိကြလေကုန်၏၊ တန်ခိုးငါးပါးကား--
၁။ ဣဒ္ဓိဝိဓ အဘိညာဏ်,
၂။ ဒိဗ္ဗစက္ခု အဘိညာဏ်,
၃။ ဒိဗ္ဗသောတ အဘိညာဏ်,
၄။ စေတောပရိယ အဘိညာဏ်,
၅။ ပုဗ္ဗေနိဝါသာ နုဿတအဘိညာဏ်,
ဤလောကီ အဘိညာဏ်ငါးပါးပေတည်း။
ထိုအဘိညာဏ်များကိုပင်လျှင် ဘာဝနာကြောင့်ပြီးစီးသော “ဘာဝနာမယိဒ္ဓိတန်ခိုး”ဟူ၍ ဆိုသည်။ မြတ်စွာဘုရား ထင်ရှားပွင့်တော် မူသော သာသနာတွင်း အခါများ၌မူကား ဆိုခဲ့ပြီးသော အဘိညာဏ် ငါးပါးတို့တွင် အာသဝက္ခယ အဘိညာဏ်ကို ထည့်၍ တန်ခိုးအဘိညာဏ် ခြောက်ပါးဖြစ်၏။
ကိလေသာအာသဝေါတရားတိ့ုကို ကုန်ခန်းစေနိုင်သော အရဟတ္တ ဖိုလ်သည် အာသဝက္ခယ အဘိညာဏ်မည်၏။
ထိုတန်ခိုးအဘိညာဏ်နှင့် ပြည်စုံသော ရဟန်း ပုဏ္ဏားတို့သည် ဣဒ္ဓိဝိဓအဘိညာဏ်တန်ခိုးဖြင့် မြေလျှိုးမိုးပျံခြင်းကို စွမ်းနိုင်ကြ၍ အထက်နတ်ပြည် ဗြဟ္မာပြည်များသို့ ခဏချင်းသွားရောက်နိုင်ကြကုန်၏၊ အောက်ငရဲပြည်သို့လည်း ခဏချင်း သွားရောက်နိုင်ကြကုန်၏၊ ဤ စကြဝဠာမှတစ်ပါး အခြားစကြဝဠာတိုက်သို့လည်း ခဏချင်းသွား ရောက် နိုင်ကြကုန်၏၊ ဆင်တပ် မြင်းတပ် ရထားတပ် စသောအရာ အမျိုးမျိုး တို့ကိုလည်း ဖန်ဆင်းနိုင်ကြကုန်၏၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် ဝေးဝေး နီးနီးကြီးကြီးငယ်ငယ် အသွယ်သွယ်သော ရူပါရုံတို့ကို မြင်နိုင်ကုန်၏၊ ဤနေရာဌာနက တည်၍ အရပ်ရပ်မှာရှိသော အဆင်အမျိုးမျိုးတို့ကို မြင်စွမ်းနိုင်ကုန်၏၊ စကြဝဠာ တစ်ပါးမှာရှိသော အဆင်းတို့ကို သော်လည်း မြင်စွမ်းနိုင်ကုန်၏၊ ဒိဗ္ဗသောတ အဘိညာဏ်တန်ခိုးဖြင့် အမျိုးမျိုးသော အသံတို့ကို ကြားစွမ်းနိုင်ကုန်၏၊ ဤစကြဝဠာ၌ တည်လျက် စကြဝဠာ တစ်ပါးမှဖြစ်သော အသံတို့ကိုလည်း ကြားစွမ်းနိုင်ကုန်၏၊ စေတောပရိယ အဘိညာဏ်တန်ခိုးဖြင့် ထိုထို အရပ်၌တည်ရှိကုန်သော လူအမျိုးမျိုးတို့၏ စိတ်အကြံအစည်ကို သိနိုင်ကုန်၏၊ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ် တန်ခိုးဖြင့် အတိတ်ကာလ၌ လွန်ခဲ့သမျှသော ဘဝဇာတ်တို့ကို ဆင်ခြင်အောက်မေ့နိုင်ကုန်၏၊ များစွာကုန်သော အတိတ်ကပ်ကမ္ဘာ တို့ကို ဆင်ခြင်အောက်မေ့နိုင်ကုန်၏။
ထိုကဲ့သို့ လောကီအဘိညာဏ်ငါးပါးကို ရရှိကြကုန်သော ရဟန်း ပုဏ္ဏားတို့သည် အထက်အဖို့ အောက်အဖို့ ဖီလာအဖို့အားဖြင့် ပျံသန်း သွားလာကြကုန်သည်ရှိသော် တစ်မဟုတ်မျှ တစ်ခဏမျှနှင့် ဤမျှ လောက်သော ယူဇနာခရီးတို့ကို ဆိုက်ရောက်ကုန်ပြီဟူ၍ သိရှိမှတ်သားနိုင်ကြ ကုန်၏၊ ထိ့ုကြောင့် ကမ္ဘာဦးကာလမှစ၍ ကမ္ဘာအပြင်၌ ယူဇနာမှစ၍ အထူးထူးသော အတိုင်းအရှည် ပမာဏတို့သည် ထင်ရှားရှိကြလေ ကုန်သည်။
ထိုရဟန်း ပုဏ္ဏားတို့သည် ကာမဂုဏ်တရားတို့၌ ငြီးငွေ့၍ အပြစ် မြင်ကြကုန်ပြီးလျှင် တောတောင်ဆိတ်ငြိမ်ရာ ဌာနသို့ကပ်၍ စုတေသည်မှ နောက်ဘဝ၌ ဗြဟ္မာဘုံသို့ ရောက်ခြင်းငှာ ကသိုဏ်းစျာန် ဗြဟ္မဝိဟာရ စျာန်တို့ကို ပွားများကြကုန်လျက် ဣဒ္ဓိဝိဓအစရှိသော အဘိညာဏ် ငါးပါးတို့၌ နိုင်နိုင်နင်းနင်း ဝသီဘော်မြောက်ခြင်းသို့ ရောက်ကြလေ ကုန်၏။
ထိုလောကီ အဘိညာဏ်ငါးပါးကို ရရှိကြသောအခါ သာသနာပ ၌ ဖြစ်ကြကုန်သော ရဟန်းပုဏ္ဏားတို့အား မိမိတို့အတွက်နှင့် တိုးတက်၍ ပြုလုပ်ကြိုးစားဖွယ် လမ်းမရှိကြလေကုန်။ လောကီစခန်းတွင် လမ်းဆုံးသို့ ရောက်၍ ပါရဂူမြောက်သည် မည်ကြလေကုန်၏၊ ထိုအခါတွင်မှ အဘိညာဏ်ငါးပါးကို ရရှိကြကုန်သော ရဟန်း ပုဏ္ဏားတို့သည် အနှစ် ရာပေါင်းများစွာသော ကာလတို့ပတ်လုံး, အနှစ်ထောင်ပေါင်းများစွာ သော ကာလတို့ပတ်လုံး, အနှစ်သိန်းပေါင်း များစွာသော ကာလတို့ပတ် လုံး ဤလူ့ပြည်လောက၌ တည်၍ လောက၏အကျိုးစီးပွားတို့ကိုသာလျှင် ရှာမှီး ကြံစည်ကြလေကုန်၏၊ ဤသို့အားလပ်ခွင့်ရ၍ အဘိညာဏ်တန်ခိုး အရာတွင် သိဒ္ဓိမြောက်ကြကုန်ပြီးသော ပုဂ္ဂိုလ်ကြီးတို့၏ အကြံအစည် အားဖြင့် လောကတွင် အထောင်မကကုန်သော သိပ္ပါယတနအမျိုးမျိုး ဝိဇ္ဇာဌာနအမျိုးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်ကြလေကုန်၏။
* ဤနေရာ၌ ဂဏန်းအတတ်, ဆင်စီး မြင်းစီး အတတ်မှစ၍ အဋ္ဌာရသ သိပ္ပအပြားနှင့် များလှစွာ သော အတတ်မျိုးကို သိပ္ပါယတန ခေါ်သည်။
* ဗေဒင်ကျမ်းတို့၌ သိမြင်သော ဝေဒပညာ, မြေကြီး၏ ကြန် အင်လက္ခဏာကိုသိသော ဘူမိဝိဇ္ဇာ, လူတို့၏ ရုပ် လက္ခဏာကိုမြင်သဖြင့် အကျိုးပေးမပေးကို သိနိုင်သော အင်္ဂဝိဇ္ဇာ, ကြယ်နက္ခတ် တာရာတို့ကို မြင်သဖြင့် လောက၌ မည်သို့ အကျိုးအပြစ် ဖြစ်မည်ဟု သိ်စွမ်းနိုင်သော နက္ခတ္တ ဝိဇ္ဇာ ဤသို့စသည်ဖြင့် များလှစွာသောပညာအမျိုးမျိုးတို့ကို ဝိဇ္ဇာဌာနဆိုသည်။
အတတ်ကို သိပ္ပါယတန, ပညာကို ဝိဇ္ဇာဌာနဟူ၍ ခွဲခြမ်းဝေဖန် ရာ၏၊ ဝိဇ္ဇာဌာနသည် အတတ်မျိုးဖြစ်သော သိပ္ပါယတနထက် နူးညံ့ သိမ်မွေ့၍ နက်နဲခက်ခဲ၏။
အတတ်ပညာဟူ၍ မြန်မာလူမျိုးတို့ပြောဆိုကြသော စကားမှာ လည်း သိပ္ပါယတနနှင့် ဝိဇ္ဇာဌာနကိုရည်၍ဆိုသော စကားဖြစ်လေသည်။ တန်ခိုးအရာ၌သိဒ္ဓိမြောက်၍ လောကီလမ်းပေါက်ကြကုန်သော ရဟန်း ပုဏ္ဏားတို့သည် အားလပ်ခွင့် ရကြကုန်သဖြင့် အချို့က သိပ္ပါယတန ဖက်က ကြံစည်ကြပြီးလျှင် လောက၌ နည်းနာနိဿယတို့ကို ထားခဲ့ကြ ကုန်၏၊ အချို့က ဝိဇ္ဇာဌာန ဖက်ကနေ၍ ဉာဏ်ပညာ ဝိဇ္ဇာနည်းလမ်းတို့ ကို ချန်ထားခဲ့ကြကုန်၏ဟူ၍ ဆိုလိုသည်။
ပြဆိုအပ်ခဲ့ပြီးသောအတိုင်း ငါးပါးကုန်သော အဘိညာဏ်ကိစ္စ တို့ကို ဣဒ္ဓိဝိသယတန်ခိုးအရာဟူ၍ ဆိုသည်။ ထို့ကြောင့် တန်ခိုး အဘိညာဏ်နှင့် ပြည့်စုံကုန်သော စျာနလာဘီ ပုဂ္ဂိုလ်တို့၏ တန်ခိုးအရာ၌ ထိုပုဂ္ဂိုလ်တို့၏ ဉာဏ်သာလျှင် ပမာဏဖြစ်၏၊ ပကတိလူသာမန်တို့၏ ဉာဏ်အရာ မဟုတ်ချေ။ ပကတိလူသားတို့သည် တန်ခိုးရှင်များ၏ တန်ခိုးအရာကို မကြံစည်ထိုက်။ ထိုသူတို့ ဉာဏ်အရာ မဟုတ်ဟူ၍ဆိုလို သည်။ စင်စစ်မူကား သာမန်လူသားတို့မှာ တန်ခိုးရှင်များ ပြောကြားသော အတိုင်း မှတ်သားနာယူကြရန် တာဝန်မျှသာရှိလေသည်။ တန်ခိုးရှင် များက တာဝတိံသာနတ်ပြည်ရှိသည်၊ ထိုနတ်ပြည်သည် မြင့်မိုရ်တောင် ထိပ်မှာတည်သည်၊ ထိုနတ်ပြည်မှာ သုဓမ္မာဇရပ် ဝေဇယန္တာ နတ်ရထား ကြီးရှိသည် စသောအားဖြင့် ပြောကြားလျှင် ပြောသောအတိုင်း မှတ်သား ရာ၏၊ မိမိတို့ဉာဏ်မမီသော တန်ခိုးရှင်တို့၏ အရာမှာပါဝင်၍ ကြံစည် လျှင် ဉာဏ်မထောက်မီသောကြောင့် စိတ်ပင်ပန်းခြင်း, စိတ်ဖောက် ပြန်ခြင်းတို့သာ ဖြစ်ကုန်ရာ၏။
ဤအဓိပ္ပါယ်ကိုရည်၍ ဒသဝတ္ထုက သမ္မာဒိဋ္ဌိအရာတို့၌အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာ ပဋိပန္နာ ယေ ဣမဉ္စလောကံ ပရဉ္စလောကံ သယံ အဘိညာယ သစ္ဆိကတွာ ပဝေဒေန္တိ။ ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
အနက်ကား။။ ယေ=အကြင်ရဟန်း ပုဏ္ဏားတို့သည်၊ ဣမဉ္စ လောကံ=ဤပစ္စုပ္ပန်လောကကြီးကို၎င်း၊ ပရဉ္စလောကံ=တစ်မလွန် လောကကြီးကို၎င်း၊ သယံ=ကိုယ်တိုင်၊ အဘိညာယ=ထူးသောဉာဏ်ဖြင့် သိ၍၊ သစ္ဆိကတွာ=ကိုယ်တိုင်မျက်မှောက်ပြု၍၊ ပဝေဒေန္တိ=ဟောကြား မိန့်ဆိုတော်မူနိုင်ကြကုန်၏၊ သမဂ္ဂတာ=အညီအညွတ် ကျင့်ကြကုန်သော၊ သမ္မာပဋိပန္နာ=ကောင်းစွာ ကျင့်ကြကုန်သော၊ တေသမဏ ဗြာဟ္မဏာ= ထိုရဟန်း ပုဏ္ဏားတို့သည်၊ လောကေ=လောက၌၊ အတ္ထိသန္တိ=ထင်ရှားရှိကြ လေကုန်၏။
ပစ္စုပ္ပန်လောက တမလွန်လောကကို ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ ကိုယ်တိုင် မျက်မှောက်ပြု၍ ဟောပြောနိုင်သောအကျင့် ပဋိပတ် နှင့်ပြည့်စုံ၍ တန်ခိုးရှိသော ရဟန်း ပုဏ္ဏားတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟူ၍ ဆိုလိုသည်။
ဤအရာ၌ ဉာဏ်ပညာ မနှံ့မပြန့်သောသူသည် ဤသို့ဆိုရာ၏၊ ဤလောက၌ ပြဆိုခဲ့ပြီးသောအတိုင်း တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံ သည့် ရဟန်း ပုဏ္ဏားတို့မည်သည် ထင်ရှားရှိကြကုန်လိမ့်မည်ဟူ၍ ကျွန်ုပ် မယုံကြည်နိုင်၊ အကြောင်းမူကား ယခုခေတ်အခါ ထိုကဲ့သို့ တန်ခိုး အစွမ်းနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို မတွေ့မမြင်စဖူး မကြားစဖူးသောကြောင့် ဖြစ်သတည်း ဟူ၍ ဆိုရာ၏။
ဤသို့ဖြေကြားရာ၏--
တန်ခိုးရှင်များကို မတွေ့မမြင်စဖူးသော သင်၏စကားမှန်ပေလိမ့် မည်။ အကြောင်းမူကား သင်သည် ဆုတ်ကပ် ကာလ၏ နောက်အစွန်းမှာ လူဖြစ်၍လာသော သူပေတည်း။ သို့ဖြစ်၍ တန်ခိုးရှင်များကို မမြင်စဖူး ဆိုသော စကားမှန်ပေ လိမ့်မည်။ ထို့ပြင် တန်ခိုးရှင်များကို မကြားစဘူး ဆိုသော သင်၏စကားလည်း မှန်ပေလိမ့်မည်။ အကြောင်းမူကား သင် သည် မွန်မြတ်သော အရိယာလူမျိုးတို့၏ နေထိုင်ဖြစ်ပွားရာဒေသ၌ ကမ္ဘာဦးကစ၍ အစဉ်အဆက်လာသော ကမ္ဘာဦး လက်ရိုးတရားကြီးများ နှင့်လည်း ဝေးကွာ၏၊ ကမ္ဘာဦးကာလမှ အစဉ်အဆက် ဆင်းသက် လာသော ကျမ်းဂန်အစူအစည် တို့မှလည်း ဝေးကွာ၏၊ 'အနရိယ ဒေသ' ကမ္ဘာ၏ အစွန်အနားမှာ ဖြစ်ပွားသော သူပေတည်း။ ထို့ကြောင့် မကြားစဖူးဟူသော သင်၏စကားလည်း မှန်ပေလိမ့်မည်။
သင်မမြင်ဖူး မကြားဖူးရုံမျှနှင့် လောကတွင် တန်ခိုးအဘိညာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်များမရှိဟူ၍ မပစ် ပယ်လေနှင့်၊ သင်ဉာဏ်မမီသော အရာတို့သည် လွန်စွာ များပြားကုန်၏၊ သင့်ဉာဏ်နှင့် မသက်ဆိုင်သော အရာ မထောက်မီသော အရာများကို ဉာဏ်စွမ်းအားကိုး မကြံစည်လေ လင့်၊ သင်သည် ဤသို့သာလျှင် ဆင်ခြင် စဉ်းစားထိုက်လေ၏၊ ဤလောကကြီးသည် ရှေးအခါလွန်စွာကောင်းမြတ်၍ သမ္ပတ္တိစက် နှင့် ကြုံကြိုက်၏၊ ဥတုသပ္ပါယ အစာအာဟာရတို့မှစ၍ ပြည့်စုံညီညွတ်ပြီး လျှင် လူတို့သည်လည်း လွန်စွာအသက်ရှည်ကြကုန်၏၊ ထိုလူတို့၏ အသက်တမ်းသည် အသင်္ချေတိုင်အောင်ပင် တည်နေကြလေ၏၊ ထို ကဲ့သို့ ခေတ်ကောင်းကြုံကြိုက် သမ္ပတ္တိဆိုက်သောအခါတို့၌ လူ့ပြည် လောကသည် မည်သို့သဘော ရှိလိမ့်မည်၊ကာမဂုဏ်မှ ခွါရှောင်၍ တော တောင် အတွင်းမှာ မှီတင်းပျော်မွေ့ ယောဂီအလေ့ဖြင့် နေထိုင်ကြကုန် သော ရဟန်း ပုဏ္ဏားတို့သည် မည်သို့သဘောရှိကြကုန်လိမ့်မည် ဟူ၍သာ လျှင် ကြံစည် ဆင်ခြင်ထိုက်လေ၏။
ဤကား တန်ခိုးအရာကို မကြံစည်ထိုက်ဟူသော စကားနှင့်စပ် လျဉ်း၍ ဆိုအပ်သော စကားရပ်ပေတည်း။
ဣဒ္ဓိဝိသယ အစိန္တေယျ ပြီး၏။
---၃။ ကမ္မဝိပါက အစိန္တေယျ
ဤအရာ၌ ကုသိုလ်စေတနာ အကုသိုလ် စေတနာများကို ကံ ဟူ၍ခေါ်ဆိုရ၏။ ထိုကံကြောင့် ဖြစ်ပေါ်သောအကျိုးကို ဝိပါကဟူ၍ ခေါ်ဆိုရ၏။
” ဝိပစ္စတီတိ ဝိပါကော၊ ဖလတိ နိပ္ဖတ္တိံ ပါပုဏာတီတိ အတ္ထော” ဝိပစ္စတိ=ရင့်ကျက်သောအားဖြင့် အကျိုးပေးတတ်၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ ဝိပါကော=ဝိပါက်မည်၏၊ ဖလတိ=ပြီးစီးတတ်၏၊ နိပ္ဖတ္တိံ=ပြီးစီးခြင်းသို့၊ ပါပုဏာတိ=ရောက်တတ်၏၊ ဣတိအယံ=ဤ သည်ကား၊ အတ္ထော=ဝိပါကသဒ္ဒါ၏ အနက်တည်း။
ထိုကံ၏အကျိုးသည်
၁။ မျက်မှောက်ဘဝ၌ ခံစားရသော ဒိဋ္ဌဓမ္မအကျိုး,
၂။ တမလွန်ဘဝ၌ ခံစားရသော သမ္ပရာယိကအကျိုး,
ဟူ၍ နှစ်မျိုးရှိ၏။
ကုသိုလ် အကုသိုလ်စေတနာတို့၏ အကျိုးပြီးဆုံးခြင်းသို့ရောက် ရာ၌ ဥပမာမှာ တစ်ယောက်သောသူသည် လက်ဖြင့် လုပ်ဆောင်ရသော 'ဟတ္ထကမ္မ' အလုပ်တစ်ခုကို လုပ်ဆောင်၍ ထိုအလုပ်ကို ပြုလုပ်သည့် အတွက် ငွေတစ်ကျပ်ရ၏။ ထိုအလုပ်သမားသည် အလုပ်လုပ်၍ ရရှိသော ငွေတစ်ကျပ်ဖြင့် အလိုရှိရာဝယ်ခြမ်း၍ သုံးဆောင်၏။ ထိုအခါ ထိုအလုပ် သည် ပြီးဆုံးခြင်းသို့ ရောက်သည်မည်၏။
ဤနေရာ၌ လက်မှုပညာ 'ဟတ္ထကမ္မ' အလုပ်သည် ကံမည်၏။ ထိုအလုပ်အတွက်ရရှိသော ငွေတစ်ကျပ်နှင့် သုံးဆောင်ခံစားရသော အရာများသည် အကျိုးဝိပါက်မည်၏။
မည်သည့်အလုပ်များမှာမဆို အသီးအသီး အကျိုးဝိပါက် ရှိလေ၏။ ကုသိုလ် အကုသိုလ်စေတနာတို့၏ အကျိုးပြီးဆုံးခြင်းသို့ရောက်ရာ၌ ဥပမာမှာ တစ်ယောက်သောသူသည် လက်ဖြင့် လုပ်ဆောင်ရသော 'ဟတ္ထကမ္မ' အလုပ်တစ်ခုကို လုပ်ဆောင်၍ ထိုအလုပ်ကို ပြုလုပ်သည့် အတွက် ငွေတစ်ကျပ်ရ၏။ ထိုအလုပ်သမားသည် အလုပ်လုပ်၍ ရရှိသော ငွေတစ်ကျပ်ဖြင့် အလိုရှိရာဝယ်ခြမ်း၍ သုံးဆောင်၏။ ထိုအခါ ထိုအလုပ် သည် ပြီးဆုံးခြင်းသို့ ရောက်သည်မည်၏။ ဤနေရာ၌ လက်မှုပညာ 'ဟတ္ထကမ္မ' အလုပ်သည် ကံမည်၏။ ထိုအလုပ်အတွက်ရရှိသော ငွေတစ်ကျပ်နှင့် သုံးဆောင်ခံစားရသော အရာများသည် အကျိုးဝိပါက်မည်၏။
မည်သည့်အလုပ်များမှာမဆို အသီးအသီး အကျိုးဝိပါက် ရှိလေ၏။ ကုသိုလ် အကုသိုလ်အရာ၌ ကံသည် ကမ္မပထမြောက်အောင် တစ်ကြိမ် ပြုလုပ်သည်ရှိသော် အကြင်မျှလောက် အကျိုးမပေးသေး၊ ထိုမျှလောက် ထိုကံသည် အပြီးအဆုံးသို့ရောက်သည်မမည်ချေ။ ကမ္ဘာတစ်သိန်းတို့ တိုင်အောင်သော်လည်း ထိုကဲ့သို့ ပြုလုပ်သောသူ၏ သန္တာန်သို့ အစဉ် တစိုက်လိုက်၍နေလေ၏။ အားကြီးသောအကုသိုလ်ကံသည် အပါယ် လေးဘုံတို့၌ ပဋိသန္ဓေအားဖြင့် အကျိုးပြီးဆုံးခြင်းသို့ ရောက်စေ၏။ အားကြီးသော ကုသိုလ်ကံသည် ပဋိသန္ဓေအားဖြင့် သုဂတိဘုံတို့၌ အကျိုး ပြီးဆုံးခြင်းသို့ ရောက်စေ၏။
တနည်းအားဖြင့် ကံ၏အကျိုးသည်...
၁။ မုချအကျိုး,
၂။ နိဿန္ဒအကျိုး,
ဟူ၍ နှစ်မျိုးရှိပြန်သည်။
* အကျိုးရင်းသည် မုချအကျိုးမည်၏။
* အကျိုးဆက် အကျိုးဖျားသည် နိဿန္ဒအကျိုးမည်၏။ ထိုနှစ်ပါးတို့တွင် အကုသိုလ်ကံကြောင့် အပါယ်ဘုံ၌ ပဋိသန္ဓေစွဲ၍ ဘဝဇာတ်တစ်ခုထွက်ရခြင်း, တစ်ဘဝလုံး ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ကိုယ်တိုင်ကြုံတွေ့ရခြင်းသည် အကုသိုလ်ကံ၏ မုချအကျိုးမည်၏။ ကုသိုလ်ကံကြောင့် သုဂတိဘဝ၌ ပဋိသန္ဓေစွဲ၍ ဘဝဇာတ်တစ်ခုထွက် ရခြင်း, ထိုဘဝ၌ ချမ်းသာအမျိုးမျိုးနှင့် ကိုယ်တိုင်ကြုံတွေ့ရခြင်းသည် ကုသိုလ်ကံ၏ မုချအကျိုးမည်၏။ ထိုမုချအကျိုးသည် ကံကိုပြုလုပ်ခဲ့သော သူတစ်ဦးတည်းနှင့်သာ တိုက်ရိုက်သက်ဆိုင်လေ၏၊ သူတစ်ပါးတို့နှင့် မသက်ဆိုင်။
ကံအားလျော်စွာ ပဋိသန္ဓေစွဲ၍ ဘဝအတ္တဘောကိုယ် မရှိပြီးနောက် ထိုသူကို ချမ်းသာစေခြင်းငှါ၎င်း, ဆင်းရဲစေခြင်းငှါ၎င်း ကံ၏တန်ခိုး အာနုဘော်ကြောင့် ပြီးစီးကြကုန်သော ကိုယ်မှအပဖြစ်ကုန်သော ပြည့်စုံ ခြင်း၏အကြောင်း, ချို့တဲ့ခြင်း၏ အကြောင်းတို့သည် ထင်ရှားဖြစ်ပေါ် ကုန်၏။ ဤအကျိုးသည် နိဿန္ဒအကျိုးမည်၏။
ကုသိုလ်ကံ၏အတွက် သုဂတိဘဝ၌ ဖြစ်ပေါ်လာသောအခါ ချမ်းသာခြင်းအကြောင်းဖြစ်သော ရွှေငွေဘဏ္ဍာရတနာတို့၏ ပေါများ ကြွယ်ဝခြင်း, နေရာထိုင်ခင်း၏ ခမ်းနားကြီးကျယ်စွာဖြစ်ခြင်း, လယ်ယာ ဆင်မြင်း ကျွန်သင်းပင်း အခြွေအရံတို့၏ ပေါများခြင်း စသည်များကား ကုသိုလ်၏ နိဿန္ဒအကျိုးဆက်မည်၏။
အကုသိုလ်ကံအတွက်ကြောင့် အပါယ်ဘုံ၌ဖြစ်သောအခါ ဆင်းရဲ ငြိုငြင်စွာ ဖြစ်ရခြင်း၏ အကြောင်းဖြစ်သော အမျိုးမျိုးသော ယုတ်ညံ့ခြင်း, ချို့တဲ့ခြင်းမျာသည်ကား အကုသိုလ်ကံ၏ နိဿန္ဒအကျိုး ဆက်မည်၏။ ထိုနိဿန္ဒအကျိုးဆက်သည် သူတစ်ပါးတို့နှင့်လည်း ဆက်ဆံ၏။ ဥပမာအားဖြင့် မဟာသုဒဿန စကြာမင်းကြီး၏ ဘဝကိုရမှုသည် ကုသိုလ်ကံ၏ မုချအကျိုးရင်းမည်၏။ ထိုကုသိုလ်ကံ၏ အစွမ်းကြောင့် ဘုံဗိမာန် အခြွေအရံတို့သည် များစွာထင်ရှားဖြစ်ပေါ်လာကုန်၏။ ထိုထိုအရပ်ဌာနသော်မှလည်း ဆိုက်ရောက် လာကြရကုန်၏။ ထိုသို့ မြားမြောင်ကျယ်ဝန်းလှစွာသော အကျိုးဆက်များသည် နိဿန္ဒအကျိုး မည်၏။ ထိုအကျိုးဆက်များသည် စကြာမင်းအုပ်စိုးသော တိုင်းနိုင်ငံ ကျွန်းကြီးကျွန်းငယ်တို့၌ နေထိုင်ကြကုန်သော သူတို့အားလည်း ချမ်းသာ စေခြင်းငှါဖြစ်၏။ နိုင်ငံသူ နိုင်ငံသားတို့သည် ထိုအကျိုးဆက်များကိုမှီ၍ သုံးဆောင်ခံစားကြရကုန်၏။ နန္ဒမင်းသား၏ ကုသိုလ်အကျိုးဆက်ကြောင့် ပဒေသပင်ပေါက်၍ နိုင်ငံတွင် ရှိရှိသမျှသောသူတို့မှာ ချမ်းသာကြလေ ကုန်၏။
(ဤကားကုသိုလ်ကံအတွက် ပြဆိုချက်တည်း။) အကုသိုလ်ကံအရာ၌ ရသေ့ငါးရာတို့အား ပြစ်မှားသော နာဠိကေရ မင်း၏ အကုသိုလ်ကံအကျိုးဆက်ကြောင့် တစ်တိုင်းလုံး တစ်ပြည် လုံး ပျက်စီးခြင်းစသော ဝတ္ထုများကို ထုတ်ဆောင်၍ ဟောကြားအပ် ကုန်၏။
ဤနိဿန္ဒအကျိုးဆက်ကိုရည်၍
ဧကပုဂ္ဂလော ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ။
အနက်ကား။။ဘိက္ခဝေ=ရဟန်းတို့၊ လောကေ=လောက၌၊ ဧကပုဂ္ဂလော=တစ်ဦးသောပုဂ္ဂိုလ်သည်၊ ဥပ္ပဇ္ဇမာနော=ဖြစ်ပေါ်လာသည် ရှိသော်၊ ဗဟုဇနဟိတာယ=လူများအပေါင်း၏ အကျိုးစီးပွါးဖြစ်ခြင်းငှါ၊ ဗဟုဇနသုခါယ=လူများအပေါင်း၏ ချမ်းသာခြင်းငှါ၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ် လာ၏။
ဘုန်းကံပါရမီ ကြီးမားသော ပုဂ္ဂိုလ်ကောင်း တစ်ဦးတစ်ယောက် ပေါ်ပေါက် ဖြစ်ထွန်းလာသည်ရှိသော် များစွာသော သူတို့မှာ အကျိုးစီးပွါး ဖြစ်ထွန်းကြကုန်၏၊ ချမ်းသာသုခကိုရရှိကြကုန်၏။ ကုသိုလ်ပါရမီကြီးလျှင် ကြီးသည့်အလျောက် များစွာသောသူတို့ ခိုကိုးကြရကုန်၏။ ဥပမာ သေဋ္ဌေးကြီးတစ်ယောက်ဖြစ်ထွန်းလျှင် ထိုသေဋ္ဌေးကိုမှီ၍ အသက်မွေး ကြကုန်သောသူတို့မှာ ချမ်းသာကြီးပွါးကြကုန်၏။ မင်းကောင်းတစ်ပါး ပေါ်ထွန်းလာသည်ရှိသော် ထိုမင်း၏ တိုင်းနိုင်ငံမှာ ချမ်းသာကြီးပွါးကြ ကုန်၏။ စကြဝတေးမင်းကြီး ပေါ်ပေါက်လာသောအခါ ကျွန်းငယ်များစွာ တို့နှင့်တကွ လေးကျွန်းလုံး၌ နေကြကုန်သောသူတို့မှာ ချမ်းသာကြီးပွါး ကြကုန်၏။ အတုမရှိ လောက၏အထွဋ်အထိပ်ဖြစ်တော်မူသော မြတ်စွာဘုရားပွင့်၍ လာသောအခါ ဇာတိ, အာဏာ, ဝိသယာဟုဆိုအပ် သော လောကဓာတ်သုံးပါး၌ နေထိုင်ကြကုန်သော လူနတ်ဗြဟ္မာသတ္တဝါ အပေါင်းတို့မှာ နိဗ္ဗာန်တိုင်အောင်သော အကျိုးထူးကိုရ၍ ချမ်းသာ ကြီးပွားကြကုန်၏။
မကောင်းမှုအရာ၌
ဧကပုဂ္ဂလော ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနအဟိတာယ ဗဟုဇနအသုခါယ။
အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ လောကေ=လောက၌၊ ဧကပုဂ္ဂလော=တစ်ဦးသော ပုဂ္ဂိုလ်ဆိုးသည်၊ ဥပ္ပဇ္ဇမာနော=ဖြစ်ပေါ်လာ သည်ရှိသော်၊ ဗဟုဇနအဟိတာယ=များစွာသောသူတို့၏ အကျိုးမဲ့စိမ့် သောငှါ၊ ဗဟုဇနအသုခါယ= များစွာသော သူတို့၏ မချမ်းမသာ လွန်စွာ ပူပန်ခြင်းငှါ၊ ဥပ္ပဇ္ဇတိ=ဖြစ်၏။
အကုသိုလ်ကံကြီးမားသော သူတစ်ယောက်ဖြစ်ထွန်းလာလျှင် များစွာသောသူတို့မှာ အကျိုးမဲ့ဖြစ်၍ ဆင်းရဲဒုက္ခရောက်တတ်ကြကုန်၏။ လောကတိဿသည် အိမ်ခြေတစ်ထောင်ရှိသော ရွာ၌ဖြစ်ပေါ်လာရာ ထိုသူ၏ အကုသိုလ်ကံ အကျိုးဆက်ကြောင့် တစ်ရွာလုံးငတ်မွတ်ခေါင်းပါး ကြလေကုန်၏။ ဒေဝဒတ်ဖြစ်ပေါ်လာသည့်အတွက် အဇာတသတ် ကောကာလိကတို့မှစ၍ များစွာပင်အကျိုးမဲ့ကြလေကုန်၏။ ပုရာဏ ကဿပ နာဋပုတ္တစသော ဒိဋ္ဌိလူဆိုးကြီး တစ်ဦးတစ်ဦး ဖြစ်ပေါ်လိုက် သည့်အတွက် နောက်လိုက်ဖြစ်သောသူတို့မှာ အလွန်တရာနစ်နာ ခြင်းနှင့်တကွ အပါယ်ငရဲတွင်းသို့ သက်ဆင်းကြ လေကုန်၏။ အယုတ် သဖြင့် တစ်စုံတစ်ခုသော နယ်ပယ်မြို့ရွာမှာ တစ်ဦးတစ်ယောက်က ခေါင်းတည်၍ တိုင်းပြည်နိုင်ငံကို ပုန်ကန်လျှင် တစ်နယ်လုံးနစ်နာ ဆုံးရှုံးကြလေကုန်၏။
ဤသို့ဖြစ်မှုကား အကုသိုလ်ဒုစ္စရိုက်၏ နိဿန္ဒ အကျိုးဆက်များ ပေတည်း။
နိဿန္ဒ အကျိုးဆက်သည် သတ္တဝါများနှင့်သာ ဆက်ဆံသည် မဟုတ် မြေရေစသော ဩကာသလောက သင်္ခါရလောကကြီးများနှင့် လည်း ပျံ့နှံ့၍ဆက်ဆံသေး၏။ ထိုစကားမှန်၏ မြတ်စွာဘုရားလောင်း သည် တုသိတာနတ်ပြည်မှစုတေ၍ အမိဝမ်းတိုက်၌ ပဋိသန္ဓေတည် နေသောအခါ နတ်နှင့်တကွသောလောကမှာ ကြီးကျယ်မွန်မြတ်စွာသော အရောင်အလင်းကြီးသည် ဖြစ်ပေါ်လာ၏။ ဇာတိခေတ်အပေါင်း စကြဝဠာတိုက်တစ်သောင်းသည် ပြင်းစွာတုန်လှုပ်၏။
ဤသို့ဖြစ်ခြင်းကား အလွန်ဘုန်းကံသမ္ဘာ ပါရမီကြီးမားကုန်သော ပုဂ္ဂိုလ်ကြီးတို့၏ ကုသိုလ်အကျိုးဆက်ကြောင့် ဖြစ်သတည်း။ ဤလောက၌ အကြင်အခါလူတို့သည် မကောင်းသောစိတ်ဖြင့် ယုတ်မာသောအမှုတို့ကို ပြုလုပ်ခြင်းများကြကုန်၏၊ အကုသိုလ်ဒုစ္စရိုက် တို့ကို များစွာလိုက်စားကြကုန်၏။ ထိုအခါ အကုသိုလ်ကံတို့၏ နိဿန္ဒ အကျိုးဆက်တို့သည် မဟာပထဝီ မြေကြီးမှစ၍ နေလနက္ခတ် တာရာ တို့တိုင်အောင် ပျံ့နှံ့၍ မှန်ကန်သော နေသွား, လသွား, နက္ခတ်သွားတို့ကို ဖျက်ဆီးလေကုန်၏။
အလုံးစုံသော ဩကာသလောကကြီးကို ချောက်ချားစေလျက် သမ္ပတ္တိအဖို့မှ ဝိပတ္တိအဖို့သို့ရောက်စေကုန်၏။ အလုံးစုံသော တော တောင် သစ်ပင်အစရှိသည့် သင်္ခါရလောကကြီးကိုလည်း ချောက်ချား စေ၍ အစဉ်အတိုင်း သမ္ပတ္တိအဖို့ကို ကုန်ခန်းပျက် စီးစေလျက် ဝိပတ္တိ အဖို့ကိုသာ တိုးပွားစေကုန်၏။ ထိုအခါဩကာသလောက သင်္ခါရလောက နှစ်ပါး၌ တည်၍အသက်မွေးကြရကုန်သော လူအပေါင်းတို့၏ အသက် တမ်းသည် အစဉ်အတိုင်းတို၍တို၍သွားလေ၏။ အရုပ်အဆင်းများ လည်း ယုတ်လျော့လေ၏။ ပုံပန်းသဏ္ဌာန်များလည်း သေးသိမ်ခြင်း မခန့် ညားခြင်းအနေအားဖြင့် ဆုတ်ယုတ်လေ၏။
ယခုခေတ်ကာလ၌ လူတို့သည်၎င်း သစ်ပင်တို့သည်၎င်း အလွန် သေးငယ်ကြကုန်၏။ ဗုဒ္ဓဝင်ကျမ်း၌ အသက်တမ်းရှည်သောကာလ၌ ပွင့်တော်မူကြသော ဘုရားရှင်တို့၏ အရပ်တော်များသည် အတောင်ရှစ် ဆယ် အတောင်ကိုးဆယ် မြင့်သည်ဟူ၍ဆိုသည်။ ဆက္ကနိပါတ် အင်္ဂုတ္တိုရ် ဓမ္မိကဝဂ်၌ ရှေးအခါ ကုရုတိုင်း၌ ကောရဗျမင်းကြီး၏ သုပ္ပတိဋ္ဌမည်သော ပညောင်ပင်ကြီးသည် ၁၂-ယူဇနာအပြန့်ရှိ၏။ ထိုပညောင်ပင်ကြီး၏ အသီးသည် ပြည်ဝင်အိုးမျှလောက်ရှိ၏ဟူ၍ ဆိုသည်။
အကြင်အခါ၌ လူတို့သည် ကောင်းသောစိတ်ရှိကြကုန်၏။ ကောင်း သော ကုသိုလ်မှုတို့ကိုသာလျှင် အပြုများကြကုန်၏။ ထိုအခါကုသိုလ်ကံ တို့၏ နိဿန္ဒအကျိုးဆက်တို့သည် မဟာပထဝီမြေကြီးမှစ၍ နေ-လနက္ခတ်တာရာတို့တိုင်အောင် ပျံ့နှံ့လေကုန်၏။ နေသွား လသွား နက္ခတ် သွားတို့ကို ဖြောင့်မှန်စေကုန်၏။ ဩကာသလောကကြီးတစ်ခုလုံးကို ပျားရေတို့ဖြင့် ပြည့်သော ပျားလဘို့ကြီးကဲ့သို့ ကောင်းမြတ်သော သမ္ပတ္တိ အဖို့တို့ဖြင့်သာ ပြည့်စုံစေကုန်၏။ တောတောင် သစ်ပင်ချုံနွယ်စသော သင်္ခါရ လောကကိုလည်း ဝိပတ္တိအဖို့မှလွတ်ကင်းစေ၍ သမ္ပတ္တိအဖို့သို့သာ ရောက်စေတတ်ကုန်၏။ အသီးအနှံအမြစ်အဖုတို့ကို အဆီ အနှစ်တို့ဖြင့် ပြည့်နှက်စေကုန်၏။ ထိုအခါ ဩကာသလောက သင်္ခါရလောကဟု ဆိုအပ်သော လောကနှစ်ပါး၌တည်၍ ထိုလောကနှစ်ပါးကိုမှီ၍ အသက် မွေးကြကုန်သောလူတို့၏ အသက်တမ်းသည် တိုးတက်ရှည်လျား၏။ အရောင်အဆင်းလည်း ကြည်လင်၏။ ပုံပန်းသဏ္ဌာန်သည် ခန့်ညား ကြီးထွား၏။ လောက၌ကောင်းမြတ်သော သမ္ပတ္တိစက်တို့သာလျှင် လည် ကုန်၏။
ဤကဲ့သို့ အကုသိုလ်ဓမ္မ၏ ဝိပတ္တိအကျိုးဆက်, ကုသိုလ်ဓမ္မ၏ သမ္ပတ္တိအကျိုးဆက်ကိုရည်၍ စတုက္ကနိပါတ်အဂ်င်္ုတ္တိုရ်၌
ယသ္မိံ ဘိက္ခဝေ သမယေ ရာဇာနော အဓမ္မိကာ ဟောန္တိ၊ ရာဇယုတ္တာပိ တသ္မိံ သမယေ အဓမ္မိကာ ဟောန္တိ၊ ဗြာဟ္မဏဂဟပတိကာပိ နေဂမ ဇနပဒါပိ၊ တဒါ ဝိသမံ စန္ဒိမာသူရိယာ ပရိဝတ္တန္တိ၊ ဝိသမံ နက္ခတ္တာနိတာရကရူပါနိ ပရိဝတ္တန္တိ။
ဟူ၍ဟောတော်မူသည်။
အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ ယသ္မိံသမယေ=အကြင် အခါ၌၊ ရာဇာနော=မင်းတို့သည်၊ အဓမ္မိကာ=တရားမစောင့်ကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏။ တသ္မိံသမယေ=ထိုအခါ၌၊ ရာဇယုတ္တာပိ=မင်းမှီစိုး ကပ်ဖြစ်သောသူတို့သည်လည်း၊ အဓမ္မိကာ=တရားမစောင့်ကြကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏။ ဗြာဟ္မဏဂဟပတိကာပိ=ပုဏ္ဏားသူကြွယ် တို့သည်၎င်း၊ နေဂမဇနပဒါပိ= နိဂုံးသူ နိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား တို့သည်၎င်း၊ အဓမ္မိကာ=တရားမစောင့်ကြကုန်သည်၊ ဟောန္တိ= ဖြစ်ကုန်၏။ တဒါ=ထိုအခါ၌၊ စန္ဒိမသူရိယာ=လနေတို့သည်၊ ဝိသမံ=မဖြောင့်မမတ်၊ ပရိဝတ္တန္တိ=လှည့်လည်သွားလာကြကုန်၏။ နက္ခတ္တာနိ=ဂြိုဟ်နက္ခတ် တို့သည်၎င်း၊ တာရကရူပါနိ=ကြယ်တာရာတို့သည်၎င်း၊ ဝိသမံ=မဖြောင့် မမတ်၊ ပရိဝတ္တန္တိ=လည့်လှည်သွားလာကြကုန်၏။
ဤကား အကုသိုလ်၏ နိဿန္ဒအကျိုးအတွက်နှင့် လောကကြီး ပျက်စီးပုံကို ဟောကြားသော ဒေသနာတော်ကြီးပေတည်း။
ယသ္မိံ ဘိက္ခဝေ သမယေ ရာဇာနော ဓမ္မိကာ ဟောန္တိ။
ရာဇယုတ္တာပိ တသ္မိံ ဓမ္မိကာ ဟောန္တိ။
ဗြာဟ္မဏ ဂဟပတိကာပိ နေဂမ ဇနပဒါပ၊ိ တဒါ သမံ စန္ဒိမသူရိယာ ပရိဝတ္တန္တိ၊ သမံ နက္ခတ္တာနိ တာရကရူပါနိ ပရိဝတ္တန္တိ။
အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ ယသ္မိံ သမယေ=အကြင် အခါ၌၊ ရာဇာနော=မင်းတို့သည်၊ ဓမ္မိကာ၊ တရားစောင့်ကြကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏။ တသ္မိံသမယေ=ထိုအခါ၌၊ ရာဇယုတ္တာပိ=မင်းမှီစိုးကပ် ဖြစ်သောသူတို့သည်လည်း၊ ဓမ္မိကာ=တရားစောင့်ကြကုန်သည်၊ ဟောန္တိ= ဖြစ်ကြကုန်၏။ ဗြာဟ္မဏဂဟပတိကာပိ=ပုဏ္ဏားသူကြွယ်တို့သည်၎င်း၊ နေဂမဇန ပဒါပိ=နိဂုံးသူ နိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သားတို့သည်၎င်း၊ ဓမ္မိကာ=တရားစောင့်ကြကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏။ တဒါ=ထိုအခါ၌၊ စန္ဒိမသူရိယာ=လ နေတို့သည်။ သမံ=ဖြောင့်မတ်စွာ၊ ပရိဝတ္တန္တိ= လှည့်လည်ကြကုန်၏။ နက္ခတ္တာနိ=ဂြိုဟ် နက္ခတ်တို့သည်၎င်း၊ တာရက ရူပါနိ=ကြယ်တာရာတို့သည်၎င်း၊ သမံ=ဖြောင့်မတ်စွာ၊ ပရိဝတ္တန္တိ= လှည့် လည်ကြကုန်၏။
ဤကား ကုသိုလ်ကံ၏ နိဿန္ဒ အကျိုးအတွက်နှင့် လောကကြီး တိုးတက်ဖြစ်ထွန်းပုံကို ဟောကြားသော ဒေသနာတော်ကြီးဖြစ်သည်။ ပြဆိုအပ်ပြီးသောအတိုင်း ကုသိုလ်ကံ အကုသိုလိကံတို့၏ နိဿန္ဒ အကျိုးဆက်များသည် အလုံးစုံသော ဩကာသလောက သင်္ခါရလောက တို့နှင့် ပျံ့နှ့၍ ဆက်ဆံကြောင်းကို သိအပ်လေသည်။
ကံအကျိုးကြောင့်ပြီးစီးသော ကမ္မဝိပါကဇိဒ္ဓိမည်သည်ကား--ဥပပတ်အားဖြင့် ပဋိသန္ဓေတည်နေကြကုန်သော သတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ အတ္တဘောကိုရရှိသည်နှင့် တစ်ပြိုင်နက် ရှေးကံအစွမ်း ကြောင့် အလိုအလျောက်ပြီးစီးကုန်သော ကောင်းကင်သို့ ပျံသန်းသွား လာနိုင်ခြင်း, အဆင်းသဏ္ဌာန် အမျိုးမျိုးကို ဖန်ဆင်းနိုင်ခြင်း စသောတန်ခိုး များပေတည်း။ ထိုကမ္မဝိပါကဇိဒ္ဓိတန်ခိုးသည် အလွန်တရာများပြား စွာ၏။ နတ်တန်ခိုး, သိကြားတန်ခိုး, ဗြဟ္မာတန်ခိုး, ဘီလူးတန်ခိုး, အပါယ် ဘုံ၌ ဥပပတ်ပဋိသန္ဓေ တည်နေကြကုန်သော နဂါးတို့၏ နဂါးတန်ခိုး, ဥပပတ် ဂဠုန်တို့၏ ဂဠုန်တန်ခိုး, ပြိတ္တာဘုံ၌ အကျွမ်းဝင်ကုန်သော ဥပပတ် သတ္တဝါတို့၏ ပြိတ္တာတန်ခိုး ဤသို့လျှင် ကမ္မဝိပါကဇိဒ္ဓိသည် လွန်စွာ များပြားလှ၏။
ဥပပတ် မဟုတ်သော အချို့သောလူတို့မှာလည်း အပ္ပကနည်း အားဖြင့် ကမ္မဝိပါကဇိဒ္ဓိကို ရရှိကြကုန်သေး၏။
ဤတန်ခိုးတို့တွင် ဗြဟ္မာတို့၏တန်ခိုးသည် အလွန်ကြီးကျယ်၏။ ထိုဗြဟ္မိဒ္ဓိကို အမြွက်မျှပြဆိုဦးအံ့။
မဇျွိမ ပဏ္ဏာသ သင်္ခါရူပပတ္တိသုတ်၌--
သဟဿဗြဟ္မာ ဒွိသဟဿဗြဟ္မာ တိသဟဿဗြဟ္မာ စတု သဟဿဗြဟ္မာ ပဉ္စသဟဿဗြဟ္မာ ဒသသဟဿဗြဟ္မာဟူ၍ ဗြဟ္မာ တန်ခိုးများကို ဟောကြားတော်မူ၏။ ထိုစကားရပ်၌ သဟဿဗြဟ္မာဆို သည်ကား စကြဝဠာတိုက်ပေါင်း တစ်ထောင်ကို မိမိကိုယ်ရောင်ဖြင့် ထွန်းလင်းစေနိုင်သော အစွမ်းရှိသည့် ဗြဟ္မာပေတည်း။ ထိုအတူ စကြဝဠာ နှစ်ထောင်ကို ကိုယ်ရောင်ဖြင့် ထွန်းလင်းစေနိုင်သော ဗြဟ္မာသည် ဒွိသဟဿဗြဟ္မာမည်၏။ လ။ စကြဝဠာတစ်သောင်းကို ကိုယ်ရောင်ဖြင့် ထွန်းလင်းစေနိုင်သော ဗြဟ္မာသည် ဒသသဟဿ ဗြဟ္မာမည်၏။ ပြဆိုခဲ့ပြီးသော ဗြဟ္မာတို့သည်ကား ပထမစျာန်ဘုံ၌ အကြီးအမှုး ဖြစ်သော မဟာဗြဟ္မာကြီးတို့ပေတည်း။
အောက် အောက်ဘုံ၌ နေကြကုန်သော နတ်လူတို့သည် ထိုမဟာ ဗြဟ္မာကို အလုံးစုံသော လောကကိုဖန်ဆင်းနိုင်သည်၊ အလုံးစုံသော လောကကိုအစိုးရသည်၊ မအိုမသေ ထာဝရတည်နေသည်၊ လောကီလူ များကို ကယ်တင်နိုင်သည်ဟူ၍ မှတ်ထင်ကြကုန်၏။ ထိုသို့ စွဲလန်းမှတ် ထင်သည်ကို အစပြု၍ လောက၌ ဣဿရနိမ္မာန ထာဝရ အယူဝါဒတို့ ဖြစ်ထွန်းလာကုန်သည်။
မူလ ပဏ္ဏာသ ပထမ သုတ္တန်--
“ဗြဟ္မံ ဗြဟ္မတော သဉ္ဇာနာတိ” စသည်ဖြင့် ထိုဗြဟ္မာအကြောင်းကို ဟောကြားတော်မူသည်။ ထိုပါဠိတော်၏ အဓိပ္ပါယ်မှာ နာမ်ရုပ်တရား တို့ကို ပရိညာသုံးပါးဖြင့် ပိုင်းခြား၍ မသိကြကုန်သောကြောင့် လူအများတို့ ခေါ်ဝေါ် ပြောဆိုကြသည့်အတိုင်း အမှတ်သညာအားဖြင့် ဗြဟ္မာကို ဗြဟ္မာဟူ၍သာလျှင် မှတ်ထင်ကြကုန်၏။
* မဟာဗြဟ္မာသည် တင့်တယ်၏ဟူ၍ တဏှာ မညနာအား ဖြင့်လည်း မှတ်ထင်ကြကုန်၏။
* ဤမဟာ ဗြဟ္မာသည် လောက၌ အမြတ်ဆုံးဖြစ်၏၊ ချီးမွှမ်း ထိုက်၏ဟူ၍ မာနမညနာအားဖြင့်လည်း မှတ်ထင်ကြ ကုန်၏။
* မဟာဗြဟ္မာသည် ပျက်စီးခြင်းမရှိ အမြဲတည်၏၊ နိစ္စ ထာဝရအရှင်ဖြစ်၏ဟူ၍ ဒိဋ္ဌိမညနာ အားဖြင့်လည်း မှတ် ထင်ကြကုန်၏။
မဟာဗြဟ္မာ၌ ဤကဲ့သို့သော အဆင်းရှိ၏၊ ဤကဲ့သို့သော အရောင်အလင်းရှိ၏၊ ဤကဲ့သို့သော တန်ခိုးအဆင်းရှိ၏ ဟူ၍လည်း မှတ်ထင်ကြကုန်၏။ ဤလောကကြီးသည် မဟာဗြဟ္မာကြီးကြောင့် ဖြစ်ပေါ်ရ၏၊ မဟာဗြဟ္မာကြီးသည် ဤလောကကို ဖန်ဆင်း၏ ဟူ၍မှတ် ထင်၏။ မဟာဗြဟ္မာသည် ငါတို့၏ အရှင်သခင်ဖြစ်၏၊ ငါတို့ကို အစိုးရ၏၊ ငါတို့၏ ကိုးကွယ်ရာ မှီခိုရာ ဖြစ်၏ဟူ၍ မှတ်ထင်၏။ မဟာဗြဟ္မာသည် တန်ခိုးကြီးလေစွတကား၊ မဟာဗြဟ္မာသည် အာနုဘော်အစွမ်းနှင့် ပြည့်စုံ လေစွတကား ဟူ၍နှစ်သက်၏။
ထိုသို့ မှတ်ထင် နှစ်သက်ခြင်းသည် ရုပ်နာမ်တရားတို့ကို ပရိညာ သုံးပါးတို့ဖြင့် ပိုင်းခြား၍ မသိနိုင်ခြင်းကြောင့်သာလျှင် ဖြစ်လေသည်။ * စင်စစ်အားဖြင့်ဆိုသော် ဗြဟ္မာမည်သည်မရှိ၊ ရုပ်နာမ် တရားတို့သာ ရှိကုန်၏။ ဤသို့ ဉာတပရိညာအားဖြင့်လည်း မသိချေ။
* ထိုရုပ်နာမ်တရားတို့သည် အတည်မမြဲ ဆင်းရဲ၍ အစိုးမရ သော တရားတို့သာ ဖြစ်ကုန်သောကြောင့် အနိစ္စ ဒုက္ခ အနတ္တ တို့သာတည်းဟူ၍လည်း တိရဏပရိညာအားဖြင့် မပိုင်းခြားနိုင်ကြကုန်။
* ထိုမဟာဗြဟ္မာနှင့် စပ်လျဉ်းသမျှသော တဏှာ မာန ဒိဋ္ဌိ တို့ကိုလည်း ပဟာနပရိညာဖြင့် မပယ်နိုင်ကြကုန်။ ထိုသို့ ပရိညာသုံးပါးဖြင့် မပိုင်းခြားနိုင်ခြင်းသည် ဗြဟ္မာဟူ၍ မှတ်ထင်ခြင်း, စွဲလမ်းခြင်းတို့၏ အကြောင်းရင်းကြီးပင် ဖြစ်လေသည်။ ဤကား ဗြဟ္မာတန်ခိုးနှင့် စပ်လျဉ်း၍ ပြဆိုသော စကားရပ်ပေ တည်း။
နတ်တန်ခိုးအစရှိသည်တို့သည်မူကား ဒေဝတာသံယုတ်, ဒေဝပုတ္တ သံယုတ်, သက္ကသံယုတ်, ဗြဟ္မာသံယုတ်, ယက္ခသံယုတ်, နာဂသံယုတ်, သုပဏ္ဏသံယုတ်, လက္ခဏသံယုတ်, ပေတဝတ္ထုစသည်တို့၌ ထင်ရှား ကုန်၏။ ထိုဥပပတ် သတ္တဝါတို့မည်သည် စိတ်ဆောင်တိုင်း သွားလာ လှည့်လည်နိုင်သော အစွမ်းရှိကြကုန်၏။ စိတ်အဟုန်အားဖြင့် ကိုယ် ကာယကို ရွက်ဆောင်နိုင်ကြကုန်၏။ လူတို့ထက်လည်း ပေါများ လှစွာ ကုန်၏။ လူတို့သည် ထိုဥပပတ်ပုဂ္ဂိုလ်တို့ သွားလာကြစဉ် ကိုယ်ကာယကို လည်း မတွေ့ မမြင်နိုင်ကြကုန်။ တန်ခိုးကြီးသော ရဟန်း ပုဏ္ဏားတို့နှင့် မန္တန်အတတ်၌ လေ့ကျက်တတ်ကျွမ်းသော ဝိဇ္ဇာဓိုရ်တို့ သာလျှင် သိနိုင် မြင်နိုင်ကြကုန်၏။ ထို့ကြောင့် ကံအကျိုး၏ တန်ခိုး အစွမ်းဟုဆိုအပ်သော ဤကမ္မဝိပါကဇိဒ္ဓိသည် ပကတိသာမညဖြစ်သော လူသားတို့၏ အရာ မဟုတ်။ ထိုကမ္မဝိပါကဇိဒ္ဓိကို မကြံစည်ထိုက်။
အဓိပ္ပါယ်တစ်နည်းသော်ကား--
ကမ္မဝိပါကဇိဒ္ဓိမည်သည် အလုံးစုံသော သတ္တဝါတို့နှင့် ဆက်ဆံ၏။ ယခု ပြဆိုလတ္တံ့သော ကမ္မဝိပါကဇိဒ္ဓိသည်ကား ယခင်ပြဆိုခဲ့သော ဥပပတ်ပုဂ္ဂိုလ်တို့၏ ကမ္မဝိပါကဇိဒ္ဓိတန်ခိုးကို ဆိုသည်မဟုတ်။ ကံအကျိုး ပေးပုံဆန်းကြယ်၍ တန်ခိုးဖြင့် ဖန်ဆင်းသကဲ့သို့ ဖြစ်ပုံကိုဆိုသည်။ ထင်စွာပြဦးအံ့--
အလုံးစုံသော သတ္တဝါတို့သည် အစမထင်သော အနမတဂ္ဂ သံသရာပြင်၌ ကျင်လည်ကျက်စား ကြသောအခါ အောက်အဖို့အားဖြင့် အဝီစိ, အထက်အဖို့အားဖြင့် ဘဝဂ် ဤအတွင်းမှာ ကျင်လည်ကြရကုန်၏။ အဝီစိနှင့် ဘဝဂ်အတွင်းမှာ ဘုံပေါင်း ၃၁-ဘုံရှိ၏။ ထိုဘုံများသည် သတ္တဝါတို့၏ တည်းခိုရန် ဇရပ်ကြီးတွေကဲ့သို့ ဖြစ်ကုန်၏။ သတ္တဝါ တို့သည် ကံအားလျော်စွာ ကျင်လည်ကြရကုန်သည်ရှိသော် နတ်အဖြစ် သို့လည်း ရောက်ကုန်၏။ ဗြဟ္မာအဖြစ်သို့လည်း ရောက်ကုန်၏။ မဟာ ဗြဟ္မာအဖြစ်သို့လည်း ရောက်ကုန်၏။ ထိုမှ အထက်၌ ဒုတိယစျာန်ဗြဟ္မာ တတိယစျာန်ဗြဟ္မာအဖြစ်သို့လည်း ရောက်ကုန်၏။ ထိုမှအထက် ဝေဟပ္ဖိုလ်ဗြဟ္မာအဖြစ် အသညသတ်ဗြဟ္မာအဖြစ်သို့လည်း ရောက် ကုန်၏။ ထိုမှအထက် အရူပဗြဟ္မာ အဖြစ်သို့လည်း ရောက်ကုန်၏။ သုဒ္ဓါဝါသဘုံသည်ကား အနာဂါမ်စသော အရိယာများ၏ နေထိုင်ရာ ဌာနဖြစ်သောကြောင့် သံသရာ၌ ကျင်လည်ကြသော ပုထုဇန်တို့နှင့် မသက်ဆိုင်ချေ။ ထိုသို့ အထက်အထက် ဘုံတို့၌ ဖြစ်ကုန်သော်လည်း စိတ်မချရသေးဘဲ တစ်ဖန် အပါယ်ငရဲသို့ ကျရောက် ရပြန်ကုန်၏။ ထိုသို့ ကမ္မဝိပါကတန်ခိုးဖြင့် မြေလျှိုး မိုးပျံ ကျင်လည် ကြရပုံသည် အလွန်ဆန်းကြယ်လှသောကြောင့် ထိုကံ၏အစွမ်းကို သာမန်လူသားတို့ ကြံစည်ခြင်းငှါ ထိုက်သောအရာမဟုတ်။ ယနေ့ပင်လျှင် တန်ခိုး အာနုဘော်ကြီးသော နတ်မင်းကြီး ဗြဟ္မာမင်ကြီးဖြစ်၍ ခမ်းနားစွာ ခံစား စံစား၍နေရ၏။ နက်ဖြန်ကျလျှင် ခွေး ဝက် ကြက်ငှက်တိရစ္ဆာန်ဖြစ်နိုင်၏ ဟူ၍ ဆိုထိုက်၏။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ ကံအကျိုးပေးပုံအစွမ်းက အစိန္တေယျကြီးဖြစ်၍ နေသောကြောင့် ထိုသို့ကျင်လည် ဆန်းကြယ်ပုံကို လူသာမန်တို့ မကြံစည်နိုင်ကုန်။ အပါယ်ဘုံတွင် အကျုံးဝင်သော ပြိတ္တာဘုံ, တိရစ္ဆာန်ဘုံတို့၌ သတ္တဝါတို့၏ အထူးထူးအထွေအထွေ ဖြစ်နေကြပုံကို ဆင်ခြင်လျှင်သာ၍ပင် ကံအကျိုးပေးပုံဆန်းကြယ်၍ ကြံနိုင်ဖွယ်ရာ အကြောင်းမရှိသောအချက်တို့သည် ထင်ရှားကုန်၏။
ထိုမှ တစ်ပါးလည်း လူ တိရစ္ဆာန်တို့၏ကိုယ်၌ ရှေးကံအတွက် ကြောင့် ဖြစ်ပွား၍နေကြကုန်သော ကမ္မဇရုပ်တရားတို့သည် ရှိကုန်၏။ ထိုကမ္မဇရုပ်တို့သည် အစိန္တေယျ ရုပ်တို့သာတည်း။ ကမ္မဇရုပ်တရားတို့ အကြွင်းမဲ့ ချုပ်ဆုံးကြကုန်သည်ရှိသော် သေလေပြီးသော ကိုယ်ကောင်ကို တစ်ဖန်ပြန်၍ ရှင်အောင်ပြုမည် ဟူ၍၎င်း, ချုပ်ဆုံးစုတေလေပြီးသော စက္ခု သောတ ဃာန ဇိဝှါ ကာယ ဘာဝတို့ကို တစ်ဖန်ပြန်၍ ရှင်အောင် ပြုမည်ဟူ၍၎င်း ကြံစည် အားထုတ်သော သူသည် ရူးသွပ် ဖောက်ပြန်ခြင်း သို့ ရောက်လေရာ၏။ အကြောင်းမူကား ကံကြောင့်ဖြစ်သော ဣန္ဒြိယ ရုပ်တရားတို့သည် ပစ္စုပ္ပန်၌ဖြစ်သော လူတို့အစွမ်းနှင့်မဆိုင်ဘဲ ရှေးကံ၏ အရာသာဖြစ်သောကြောင့်တည်း။ ထိုမှတစ်ပါးလည်း ကံ၏အစွမ်း ကြောင့် ဖြစ်ကုန်သော သတ္တဝါတို့၏သန္တာန်၌ ရုပ်နာမ်တို့၏ တည်ထောင် ဖြစ်ပွား၍ နေပုံသည်လည်း လွန်စွာဆန်းကြယ်၏။ ပုံပန်းသဏ္ဌာန်နှင့် တကွ တည်ရာဌာနအားဖြင့် ထိုရုပ်နာမ်တို့၏ ဖြစ်နေပုံသည်လည်း သာမန် လူသားတို့ ကြံစည်ဆင်ခြင်နိုင်သော အရာမဟုတ်။ ဘုရားတို့၏ ဉာဏ် တော်အရာသာဖြစ်လေသည်။ ထို့ကြောင့် “ကမ္မဝိပါကော အစိန္တေယျော” ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူပေသတည်း။
ကမ္မဝိပါက အစိန္တေယျပြီး၏။
၄။ လောကစိန္တာ အစိန္တေယျ
မဟာဝဂ္ဂသံယုတ် သစ္စာလေးပါးအခဏ်း၌--သဿတော လောကောတိဝါ အသဿတော လောကောတိဝါ။ လောကကြီးသည်မြဲ၏၊ လောကကြီးသည် မမြဲစသည်ဖြင့် ဆယ်ပါး အပြားရှိသော ဒိဋ္ဌိစိန္တာကို လောကစိန္တာဟူ၍ ဆိုသည်။ ဤကျမ်း၌ဆို လတ္တံ့သော လောကစိန္တာသည် ဒိဋ္ဌိစိန္တာကိုဆိုလိုသည် မဟုတ်ဘဲ တန်ခိုးအဘိညာဏ်နှင့်ပြည့်စုံကုန်သော ရဟန်း ပုဏ္ဏားတို့သည်၎င်း, ထိုရဟန်း ပုဏ္ဏားတို့၏ သိဿာနုသိဿ တပည့်အစဉ်အဆက်တို့သည် ၎င်း, အဋ္ဌက ဝါမကစသော ရသေ့တို့သည်၎င်း ကြံစည်စီရင်အပ်ကုန် သော ရှေး၌ပြဆိုအပ်ပြီးသော ဝိဇ္ဇာဌာနနှင့် ထိုမှတစ်ပါးကုန်သော ဝေဒင်္ဂ မန္တင်္ဂတို့ကို လောကစိန္တာဟူ၍ ဆိုသည်။
ဗေဒင် ဆေးဝါး မန္တရားတို့ကို လောကစိန္တာဟူ၍ ဆိုလိုသည်။ ဝေဒင်္ဂဆိုသည်ကား- ရှေးအခါ ပုဏ္ဏား ရသေ့တို့သည် ဗေဒင် သုံးပုံတို့ကို အစွဲပြု၍ ထားအပ်ကုန်သော ဗေဒင်အဆောက်အဦဟူသမျှ တို့ကို ဆိုသည်။
ဝေဇ္ဇင်္ဂဆိုသည်ကား- ဆေးအမျိုးမျိုးတို့ကို စီရင်သော အတတ် ပညာတို့ပေတည်း။
မန္တင်္ဂဆိုသည်ကား- ပထဝီဇယ မန္တန် ဝေဒဗ္ဗမန္တန် စိန္တာမဏိမန္တန် စသော မန္တန်များပေတည်း။
ထို့ပြင် သီလက္ခန်ပါဠိတော် ကေဝဋ္ဋသုတ်၌လာသော မနိကာဝိဇ္ဇာ ဂန္ဓာရီဝိဇ္ဇာများသည်လည်း လောကစိန္တာပင်မည်၏။
မနိကာဝိဇ္ဇာဆိုသည်ကား- စေတောပရိယ အဘိညာဏ်ကဲ့သို့ သူတစ်ပါးတို့၏ စိတ်အကြံ အစည်ကိုသိသော ဝိဇ္ဇာအတတ်မျိုးပေတည်း။ ဂန္ဓာရီဝိဇ္ဇာဆိုသည်ကား-ဣဒ္ဓိဝိဓ အဘိညာဏ်ကဲ့သို့ ကောင်း ကင်သို့ပျံခြင်း, အမျိုးမျိုးဖန်ဆင်းနိုင်ခြင်းစသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ပြီးစေနိုင်သော ဝိဇ္ဇာအတတ်ပေတည်း။
ထိုဂန္ဓာရီဝိဇ္ဇာသည်
၁။ မူလဝိဇ္ဇာ,
၂။ မန္တဝိဇ္ဇာ,
၃။ အင်္ကဝိဇ္ဇာ,
၄။ ဓာတုဝိဇ္ဇာ,
စသည်ဖြင့် များသောအပြားရှိ၏။
* ထိုစကားရပ်၌ ဆေးမြစ်တို့ဖြင့် သိဒ္ဓိပေါက်သော ဝိဇ္ဇာသည် မူလဝိဇ္ဇာမည်၏။
* မန္တရားတို့ဖြင့် သိဒ္ဓိပေါက်သော ဝိဇ္ဇာသည် မန္တဝိဇ္ဇာမည်၏၊
* စမ္ပာနဝင်း သုံးကွက်အင်း, လေးကွက်အင်း, ငါးကွက် ခြောက်ကွက်ခုနစ်ကွက်အင်း, ရှစ်ကွက်အင်း, ကိုးကွက် အင်းစသော အင်းတို့၏တန်ခိုးဖြင့် သိဒ္ဓိပေါက်သော ဝိဇ္ဇာသည် အင်္ကဝိဇ္ဇာမည်၏။
(အင်းဝိဇ္ဇာ ဆိုလိုသည်။)
* သံပြဒါးဓာတ် စသည်ဖြင့် သိဒ္ဓိပေါက်သော ဝိဇ္ဇာသည် ဓာတုဝိဇ္ဇာ မည်၏။
(သံဝိဇ္ဇာ, ပြဒါးဝိဇ္ဇာဆိုလိုသည်။)
ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီး၌--
တတ္ထ ကတမာ ဝိဇ္ဇာ ဣဒ္ဓိမယာ ဝိဇ္ဇန္ဓရာ ဝိဇ္ဇံ ပရိဇပ္ပေတွာ အာကာသေ အန္တလိက္ခေ ဟတ္ထိံပိ ဒေဿန္တိ၊ အဿံပိ ဒေဿန္တိ၊ ရထံပိ ဒေဿန္တိ၊ ပတ္တိံပိ ဒေဿန္တိ၊ ဝိဝိဓံပိ သေနာဗျူဟံ ဒေဿန္တိ။ စသည်ဖြင့် အရှင်သာရိပုတ္တရာ မထေရ်ဟောကြားတော်မူသည်။
အနက်ကား။။ တတ္ထ=ထိုစကားရပ်၌၊ ဝိဇ္ဇာ=ဝိဇ္ဇာဟူသည်၊ ကတမာ=အဘယ်နည်း၊ ဣဒ္ဓိမယာ=တန်ခိုးအစွမ်းဖြင့် ပြီးကြကုန်သော၊ ဝိဇ္ဇန္ဓရာ=ဝိဇ္ဇာဓိုရ်တို့သည်၊ ဝိဇ္ဇံ=အတတ်ကို၊ ပရိဇပ္ပေတွာ=ရွတ်ဖတ်နိုးကြား ကြကုန်၍၊ အန္တလိက္ခေ=ရေးခြစ်မထင်သော၊ အာကာသေ=ကောင်းကင် ပြင်၌၊ ဟတ္ထိံပိ=ဆင်တပ်ကိုလည်း၊ ဒေဿန္တိ=ပြနိုင်ကြကုန်၏၊ အဿံပိ= မြင်းတပ်ကိုလည်း၊ ဒေဿန္တိ=ပြနိုင်ကြကုန်၏၊ ရထံပိ=ရထားတပ် ကိုလည်း၊ ဒေဿန္တိ=ပြနိုင်ကြကုန်၏၊ ပတ္တံပိ=ခြေလျင်တပ်ကိုလည်း၊ ဒေဿန္တိ=ပြနိုင်ကြကုန်၏၊ ဝိဝိဓံ=အထူးထူး အပြားပြားများသော၊ သေနာဗျူဟံပိ=စစ်ဆင်စစ်တက်ခြင်း စစ်ခင်းခြင်းများကိုလည်း၊ ဒေဿန္တိ= ပြနိုင်ကြကုန်၏။
ဤပါဠိတော်ဖြင့် ဝိဇ္ဇာတန်ခိုးအစွမ်းကို ဟောတော်မူသည်။
အတတ်ပညာ အထူးကို ဝိဇ္ဇာဆိုသည်။ ထိုပညာကို ဆောင်သောပုဂ္ဂိုလ် ကို ဝိဇ္ဇာဓိုရ်ဟူ၍ဆိုသည်။
မဇ္ဈိမ ပဏ္ဏာသ ဥပါလိ သုတ္တန်၌လည်း
တံ ကိံ မညသိ ဂဟပတိ၊ ပဟောတိ နုခေါ သော သမဏော ဝါ ဗြာဟ္မဏောဝါ ဣဒ္ဓိမာ စေတော ဝသီပတ္တော ဧကေန မနောပဒေါသေန ဣမံ နာဠန္ဒံ ဘသ္မံ ကာတုန္တိ။ ပဟောတိ ဘန္တေ။
ဟူ၍ ဟောကြားတော်မူသည်။
အနက်ကား။။ဂဟပတိ=ဥပါလိသူကြွယ်၊ တံ=ထိုပြောကြားလတ္တ့ သော အကြောင်းကို၊ ကိံ မညသိ=အသို့မှတ်ထင်သနည်း။ ဣဒ္ဓိမာ= လောကစိန္တာ ဝိဇ္ဇာတန်ခိုးနှင့်ပြည့်စုံသော၊ စေတောဝသီပတ္တော= စိတ်ကြံ တိုင်း ပြီးမြောက်သော၊ သမဏောဝါ=ရဟန်းသည်၎င်း၊ ဗြာဟ္မဏောဝါ= ပုဏ္ဏားသည်၎င်း၊ ဧကေနမနောပဒေါသေန=စိတ်တစ် ချက်ညှို့လိုက်ရုံ မျှနှင့်၊ ဣမံနာဠန္ဒံ=ဤနာဠန္ဒမြို့ကြီးကို၊ ဘသ္မံ ကာတုံ=ချက်ခြင်းပြာဖြစ်၍ သွားအောင်ပြုခြင်းငှါ၊ ပဟောတိနုခေါ=စွမ်းနိုင်ပါ မည်လော၊ ဣတိ=ဤသို့ မြတ်စွာဘုရားက မေးမြန်းတော်မူလေ၏။ ဘန္တေ=အရှင်ဘုရား၊ ပဟောတိ= စွမ်းနိုင်ပါ၏၊ ဣတိ=ဤသို့ ဥပါလိသူကြွယ်က ဖြေကြားလျှောက်ထား လေ၏။
ဤပါဠိတော်၌ဆိုလိုရင်းအဓိပ္ပါယ်အချုပ်မှာလောကစိန္တာ ဝိဇ္ဇာတန်ခိုးနှင့်ပြည့်စုံ၍ စိတ်ကြံတိုင်းပြီးမြောက် အောင်မြင်သောပုဂ္ဂိုလ်သည် စိတ်တစ်ချက် ညှို့လိုက်ရုံမျှနှင့် နာဠန္ဒမြို့ ကြီးတစ်ခုလုံးကို ဖွဲပြာဖြစ်အောင်စွမ်းနိုင်၏ဟု ဆိုလိုရင်းဖြစ်သည်။ ဤပါဠိတော်ဖြင့် လောကစိန္တာ ဝိဇ္ဇာတန်ခိုး အစွမ်းသည် ဤမျှလောက် ကြီးကျယ်ကြောင်းကိုပြတော်မူ၏။ ဤပြဆိုအပ်ပြီးသောလောကစိန္တာသည် သာမညလူသားတို့၏ ကြံစည်နိုင်သော အရာမဟုတ်၊ လောကစိန္တာလမ်း တွင် ဆုံးခန်းတိုင်မြောက် ပေါက်ရောက်အောင်မြင်သော ပုဂ္ဂိုလ်၏အရာ သာလျှင် ဖြစ်လေသည်။ လောကစိန္တာသည် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ အစွမ်းသတ္တိနှင့် ပြည့်စုံကြောင်း, ဤမျှလောက် တန်ခိုးရှိကြောင်း ကို သာမန်လူသားတို့ မကြံစည်ထိုက်ချေ၊ ကြံစည်လျှင် စိတ်ပင်ပန်းရုံမျှသာ ဖြစ်လေရာ၏။
ဤကား လောကစိန္တာနှင့် စပ်၍ဆိုသောစကားရပ်ပေတည်း။ ဤအစိန္တေယျကြီး လေးပါးတို့တွင် ဗုဒ္ဓဝိသယသည် အကြီးကျယ် ဆုံး အမြတ်ဆုံးဖြစ်၏။ ထို့အောက်ဣဒ္ဓိဝိသယ ကြီးကျယ်၏။ ထို့အောက် ကမ္မဝိပါကဇိဒ္ဓိ ကြီးကျယ်၏။ ထိုစကားမှန်၏။ ကမ္မဝိပါကဇိဒ္ဓိနှင့်ပြည့်စုံကုန် သော အထက်နတြ်ပည်၌ ဥပပတ်ဖြစ်ကြသည့် နတ်မင်းတို့သည်၎င်း, လောကကိုအစိုးရသည့် လောကအရှင်ဖြစ်သည်ဟူ၍ မှတ်ထင်လျက် ရှိနေကြကုန်သောဗြဟ္မာတို့သည်၎င်း ဤလူ့ပြည်၌ ဘုရားပစ္စေကဗုဒ္ဓါ သာဝကတို့၏ ခြေရင်းအလုပ်အကျွေးတို့သာ ဖြစ်ကုန်၏။ ထိ့ုအတူ နတ်ပြည်ခြောက်ထပ်၌ ရှိကြကုန်သော ကမ္မဝိပါကဇိဒ္ဓိနှင့် ပြည့်စုံကြသည့် နတ်တို့သည်လည်း တန်ခိုးအရာ၌သိဒ္ဓိ ပေါက်၍ ဝသီဘော်မြောက်ကြကုန်သော သာသနာပ ဗာဟိရက ရသေ့ ရဟန်းတို့၏ ခြေရင်းအလုပ် အကျွေးတို့သာ ဖြစ်ကုန်၏။ အဘယ်ကြောင့်နည်းဆိုလျှင် ကမ္မဝိပါကဇိဒ္ဓိမည်သည် အပါယ်ဘုံသားတို့မှာသော်လည်း ပြည့်စုံနိုင်၏။ ထိုကမ္မဝိပါကဇိဒ္ဓိနှင့်ပြည့်စုံသော အပါယ်ဘုံသားတို့သည် ပစ္စုပ္ပန်၌ ကြိုး စားအားထုတ်၍ ပွါးများအပ်ကုန်သော သီလသမာဓိပညာဂုဏ်တို့နှင့် ပြည့်စုံကြမည် မဟုတ်ကြကုန်။
ဤအကြာင်းကို ထောက်သဖြင့်--
* ကမ္မဝိပါကဇိဒ္ဓိသည်ဣဒ္ဓိဝိသယ၏ အောက်သို့ နိမ့်ကျ၏။
* ဣဒ္ဓိဝိသယသည်ဗုဒ္ဓဝိသယ၏ အောက်သို့ နိမ့်ကျသည် ဟူ၍ သိသာလေသည်။
လောကစိန္တာသည်ကား လွန်စွာဆန်းကြယ်၏ ထိုလောကစိန္တာ ဝိဇ္ဇာအရာ၌ ကမ်းဆုံးတိုင်ရောက် သိဒ္ဓိမြောက်ကြ ကုန်သော ဂန္ဓာရီဝိဇ္ဇာဓိုရ်တို့မည်သည် ရှိကုန်၏။ အောက်၌ဖြစ်ကုန်သော အချို့ဘုမ္မစိုးနတ် အချို့ရုက္ခစိုးနတ်တို့သည်၎င်း၊ အလုံးစုံသော ဘီလူး သူရဲသံဘက် ရက္ခိုသ်တို့သည်၎င်း ထိုဂန္တာရီ ဝိဇ္ဇာဓိုရ်တို့၏ အစေခံတို့သာ ဖြစ်ကုန်၏။ ဤလောက၌ အစွမ်းသတ္တိ တန်ခိုးအာနုဘော်နှင့် ပြည့်စုံ ကုန်သော မန္တရားတို့သည် ရှိကုန်၏။ ထိုမန္တရားတို့သည် ပြဆိုခဲ့ပြီး သော အောက်နတ်တို့နှင့် ဘီလူးရက္ခိုသ်တို့ကို နှိမ်နင်းခြင်းငှါ ဖြစ်ကုန်၏။ ထိုမန္တန် တို့ဖြင့် နှိမ်နင်းနိုင်ကုန်၏။
လောက၌ ထိုမန္တန်အစွမ်းကိုတတ်၍ အောက်နတ်တို့နှင့် ဘီလူး ရက္ခိုသ်တို့ကို နိုင်နင်း သောသူတို့သည် ဤတိုင်း နိုင်ငံမှာသော်လည်း တစ်ရံတစ်ခါ ပေါ်ပေါက်လာကြကုန်၏။ ထိုသူတို့သည် ဆိတ်ငြိမ် သော တော,တောင်ဌာနသို့ဝင်၍ ရှည်မြင့်စွာသော နေ့ညဉ့်ရက်လတို့ ပတ်လုံး မန္တရားတို့၌ လေ့ကျက်အားထုတ်၍ အစီအရင်ရှိသည့်အတိုင်း ပြု လုပ်ကြိုးစားကြကုန်၍ သိဒ္ဓိမြောက်ကြလေကုန်၏။ သိဒ္ဓိပေါက်မြောက် ကြကုန်သောအခါ လူတို့နေထိုင်ရာ ရွာနိဂုံးတို့၌ လှည့်လည်ကြကုန်၍ သူနာတို့ကို ခဏချင်းပျောက်ကင်း ချမ်းသာစေနိုင်ကြကုန်၏။ ထိုမှတစ်ပါး များပြား ဆန်းကြယ်သော အံ့ဖွယ်သရဲတို့ကိုလည်း ပြကြလေကုန်၏။
လူအပေါင်းတို့အား ထိုထိုအံ့ဖွယ်သရဲတို့ကို ပြောကြားကြကုန်၏။ အကြင် တိုင်းနိုင်ငံ မြို့ရွာဇနပုဒ်တို့၌ လောကစိန္တာမှတစ်ပါးသော အစိန္တေယျတို့ကို မသိကြလေကုန်။ ထိုတိုင်းနိုင်ငံ မြို့ရွာ ဇနပုဒ်တို့၌ ဤလောကစိန္တာမျှကို ဘုရားဉာဏ်တော်အရာကဲ့သို့ မှတ်ထင်ယုံကြည်ကြ ကုန်၏။ လောကစိန္တာလမ်းသို့ ပေါက်ရောက်သောသူများကို ဘုရားဟူ၍ ခေါ်ဝေါ် သမုတ်တတ်ကြကုန်၏။
အချို့သောသူတို့သည်လည်း သားငါးတိရစ္ဆာန်တို့ကို သတ်ဖြတ်၍ ကမ္မဝိပါကဇိဒ္ဓိအစွမ်းဖြင့် တန်ခိုးကြီးကုန်သော သူရဲသံဘက်ကြီးတို့ကို အမြဲနိစ္စပတ် ကျွေးမွေးကြကုန်၏။ ယဇ်နတ်ပူဇော်မှုကို ပြုကြကုန်၏။ ထိုသို့ကျွေးမွေးခြင်းဖြင့် သူရဲသံဘက်တို့ကို မိမိအလိုသို့လိုက်အောင် သွေးဆောငြ်ကကုန်၏။ ထိုသူရဲသံဘက်တို့သည်လည်း နိစ္စပတ်ကျွေးမွေး သော သူ၏အလိုသို့ လိုက်ပါတတ်ကြကုန်၏။ ထိုသူတို့စေခိုင်းတိုင်း ပြုလုပ် တတ်ကြကုန်၏။ အံ့ဖွယ်သရဲတို့ကို ပြုကြကုန်၏။ ထိုမြို့ရွာ ဇနပုဒ်တို့၌ ဗဟုသုတနည်းပါးသောသူတို့သည် သူရဲ,သံဘက်တို့၏ ကမ္မဝိပါကဇိဒ္ဓိမျှကို ဘုရားအရာကဲ့သို့ ယုံကြည် မြတ်နိုးကြလေကုန်၏။ သူရဲသံဘက်ကိုမွေး၍ အဆန်းတကြယ် အံ့ဖွယ်သရဲပြုလုပ် ခိုင်းစေနိုင်သောသူကိုပင် ဘုရား ကဲ့သို့မှတ်ထင် ရိုသေကြလေကုန်၏။
အစိန္တေယျကြီးလေးပါး ပြီး၏။
သစ္စာ ၂-ပါး
မဖောက်မပြန် မှန်ကန်သည်ကို သစ္စာဟူ၍ဆိုသည်။ ထိုသစ္စာသည်...
၁။ သမ္မုတိသစ္စာ,
၂။ ပရမတ္ထသစ္စာ,
အားဖြင့် နှစ်ပါးအပြားရှိ၏။
၁။ သမ္မုတိသစ္စာ-- သမ္မုတိသစ္စာဆိုသည်ကား လောကီလူများ အပေါင်းတို့ သမုတ်အပ်သောအတိုင်း လောကအခေါ်အဝေါ် ဝေါဟာရ အားဖြင့်ပြီးစီးမှန်ကန်သော သစ္စာပေတည်း။ အတ္တ ဇီဝ ပုဂ္ဂိုလ် သတ္တဝါ ယောကျ်ား မိန်းမ ဦးခေါင်း ကိုယ် လက် ခြေ ဆံပင် အမွေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုးအစရှိသော ပုဂ္ဂိုလ် သတ္တဝါတို့၏သဏ္ဌာန်နှင့်ဆိုင်သော အခေါ်အဝေါ် ပညတ်ချက်တို့ သည်၎င်း, သတ္တဝါတို့၏ကိုယ်သဏ္ဌာန်မှအပ၌ သစ်ပင် နွယ်ချုံ အိမ် ကျောင်း ညောင်စောင်း အင်းပျဉ် တောတောင် သမုဒ္ဒရာစသော ခေါ်ဝေါ်ပညတ် ချက်တို့သည်၎င်း လောကသမ္မုတိမည်ကုန်၏၊ ထိုလောကသမ္မုတိသည် စိတ် ဝေဒနာ ဖဿ ပထဝီ အာပေါ စသော ပရမတ္ထသဘာဝတို့၏ အမည်နာမများမဟုတ်ကုန်၊ သဏ္ဌာန ပညတ် သန္တတိပညတ် တို့၏အမည်တို့သာတည်း။ ထိုလောကသမ္မုတိ အမည်တို့၏ အနက်ဒြဗ်တို့သည်လည်း ပရမတ္ထအားဖြင့် ထင်ရှားရကောင်း သော တရားတို့မဟုတ်ကုန်။ သဏ္ဌာနပညတ် သန္တတိပညတ်မျှတို့သာဖြစ် ကုန်၏၊ ထိုလောကသမ္မုတိအမည်တို့နှင့် အနက်ဒြဗ်တို့သည်လည်း လောကသမ္မုတိမျှသာဖြစ်၍ စင်စစ်အားဖြင့် သဘာဝဓမ္မများကို မရ ကောင်း၊ ပညတ်မျှတို့သာတည်း၊ ထိုပညတ်မျှသည်ပင်လျှင် လောက သမ္မုတိ မည်လေသည်။
ဥပမာကား
မိန်းမမြုံ၏သား ဟူသောစကားသည်ရှိ၏၊ စင်စစ်မိန်းမမြုံ၏ သားရှိပါသလောဆိုလျှင် မုချမရှိလေသကဲ့သို့တည်း။
မေး။ ထိုသို့ဖြစ်လျှင် လောကသမ္မုတိအားဖြင့် ပြီးစီးသော အရာကို အဘယ်ကြောင့် သစ္စာဆိုသနည်း။
ဖြေ။ သတ္တဝါရှိ၏ ပုဂ္ဂိုလ်ရှိ၏ လူရှိ၏ ယောကျ်ားရှိ၏ မိန်းမရှိ၏ နတ်ရှိ၏ သစ်ပင်ရှိ၏ တောတောင်ရှိ၏စသည်ဖြင့် လောကီလူတို့ ခေါ်ဝေါ်ပြောဆိုကြမြဲအတိုင်းသုံးစွဲခေါ်ဝေါ် ပြောဆိုလျှင် မုသာဝါဒ မဖြစ်။ အမှန်ကိုသာ ပြောဆိုသည် မည်သောကြောင့် သစ္စာမည်သည်။ ပြောဆိုသောပုဂ္ဂိုလ်သည်လည်း သစ္စာဝါဒီမည်၏။
အဘယ့်ကြောင့်နည်းဆိုသော် ထိုသို့ပြောဆို ခြင်းအားဖြင့် တစ်စုံ တစ်ယောက်သောသူအား ပျက်ပြား ချွတ်ယွင်းခြင်းကို မဖြစ်စေတတ် သောကြောင့်တည်း။ သမ္မုတိသစ္စာကို ပြောဆိုသောအခါ ပရမတ္ထဘက်သို့ မလှည့်ဘဲ လောကီလူတို့ အပြောအဆို အခေါ်အဝေါ်အမှတ်အထင် အားဖြင့်သာလျှင် ပြောကြားရာ၏။
ထိုသမ္မုတိသစ္စာသည် သူ့ဆိုင်ရာဌာန၌ များစွာအကျိုးရှိ၏၊ ဗောဓိလောင်းဟူသမျှတို့သည် ထိုသမ္မုတိသစ္စာကို လက်ကိုင်ပြုသဖြင့် သာလျှင် ဗောဓိဆုကိုဖြည့်ဆည်းပူးတော်မူကြရကုန်၏၊ လောကသမ္မုတိ အစွမ်းကြီးကျယ်စွာနှင့် မှန်ကန်ပုံမှာ အမိအဖနှင့် အခြားသူများသည် လူ့ဘုံသားချင်းချင်းတူကြ၏၊ အမိ အဖဟူ၍ လောကသမ္မုတိ ပညတ်ချက် ရှိလေသောကြောင့် အခြားသောသူကိုသတ်လျှင် မာတုဃာတကကံ ပိတုဃာတကကံထိုက်၍ အပြစ်လေးသည်မဟုတ်၊ အမိ အဖကို သတ် လျှင်သာ ထိုအပြစ်ကြီးများထိုက်၍ အကျိုးပေး နက်နဲလေသည်။ အကုသိုလ်တရား ကုသိုလ်တရားတို့၌ သမ္မုတိသစ္စာနှင့်ဖြန့်၍ နှံ့စပ် အောင်ကြည့်လေ။
သမ္မုတိသစ္စာပြီးပြီ။
၂။ ပရမတ္ထ သစ္စာ
သဘောအားဖြင့် ထင်ရှားပြီးသောသစ္စာသည် ပရမတ္ထသစ္စာမည်၏၊ မေး။ ပရမတ္ထသစ္စာဟူသည် အဘယ်ကိုခေါ်သနည်း။
ဖြေ။ သဘောအားဖြင့် ထင်ရှားရရှိကောင်းသော တရားများကို ပရမတ္ထဆိုသည်။
သဘောအားဖြင့် ထင်ရှားရရှိကောင်းသော တရားတို့ကား စိတ် စေတသိက် ရုပ် နိဗ္ဗာန် ခန္ဓာ အာယတနဓာတ်တို့ပေတည်း။ ထိုတရား အပေါင်းတို့သည် ပညတ်မျှမဟုတ်ဘဲ သဘောအားဖြင့် ထင်ရှားရှိသော ကြောင့်၎င်း, ထိုထက်လွန်ကဲ၍ နူးညံ့သိမ်မွေ့ နက်နဲသော သဘောမရှိ သောကြောင့်၎င်း ပရမတ္ထမည်သည်။
သဘာဝတော ဝိဇ္ဇမာနဋ္ဌေန တတော ဥတ္တရိ တရဿ အတ္ထဿ အဘာဝတော ပရမတ္ထောနာမ။
အနက်ကား။။ သဘာဝတော=သဘောအားဖြင့်၊ ဝိဇ္ဇမာနဋ္ဌေန=ထင်ရှားရှိသော အနက်ကြောင့်၎င်း၊ တတော=ထိုတရားထက်၊ ဥတ္တရိတရဿ=ကဲလွန်နက်နဲသော၊ အတ္ထဿ=သဘာဝတရားမျိုး၏၊ အဘာဝတော=မရှိခြင်းကြောင့်၎င်း၊ ပရမတ္ထောနာမ=ပရမတ္ထမည်၏။
မေး။ ပရမတ္ထအားဖြင့် ပြီးစီးသော သစ္စာကား အဘယ်နည်း။ ဖြေ။ အာရုံကိုကြံတတ် သိတတ်သော စိတ်ရှိ၏၊ တွေ့ထိတတ် သော ဖဿရှိ၏၊ ခံစားတတ်သော ဝေဒနာရှိ၏၊ခက်မာသော ပထဝီရှိ ၏၊ ဖွဲ့စေးခြင်း အာပေါရှိ၏၊ ချုပ်ငြိမ်းခြင်း နိဗ္ဗာန်ရှိ၏၊ ဤသို့စသည်ဖြင့် တရား သဘောရှိတိုင်း ပြောဆိုသည်ရှိသော် မှန်ကန် ခြင်းသို့ရောက်၏၊ ဤသို့စသည်ဖြင့်ဆိုသော ပုဂ္ဂိုလ်လည်း သစ္စာဝါဒီမည်၏၊ ပြောဆို သော စကားသည်လည်း သစ္စာစကားဖြစ်၏။
အဘယ်ကြောင့်နည်းဟူမူ သညာဝိပလ္လာသ စိတ္တဝိပလ္လာသ ဒိဋ္ဌိ ဝိပလ္လာသတို့နှင့် မစပ်ယှက် သက်သက်မှန်ကန်သော သဘောဖြစ်လေ သောကြောင့်တည်း။
ဤကား ပရမတ္ထသစ္စာကိုပြသော စကားရပ်ပေတည်း။
သမ္မုတိသစ္စာသည် မဟုတ်မမှန်ပြောခြင်းတည်းဟူသော မုသာဝါဒနှင့်ဆန့်ကျင်ဖက်ဖြစ်၏။
ပရမတ္ထသစ္စာသည် ဖောက်ပြန်ထင်မှားခြင်း တည်းဟူသော ဝိပလ္လာသတရားနှင့် ဆန့်ကျင်ဖက်ဖြစ်၏။
သမ္မုတိသစ္စံ မုသာဝါဒ ပဋိပက္ခံ။
ပရမတ္ထသစ္စံ ဝိပလ္လာသ ပဋိပက္ခံ။
သမ္မုတိသစ္စံ=သမ္မုတိသစ္စာသည်၊ မုသာဝါဒ ပဋိပက္ခံ=မုသာဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်၏၊ ပရမတ္ထသစ္စံ=ပရမတ္ထသစ္စာသည်၊ ဝိပလ္လာသ ပဋိပက္ခံ=ဝိပလ္လာသနှင့် ဆန့်ကျင်ဖက်ဖြစ်၏။
ထိုစကားကို ထင်စွာပြဦးအံ့
သဘောအားဖြင့် မှန်သည်ဖြစ်စေ, မမှန်သည်ဖြစ်စေ, မိစ္ဆာဒိဋ္ဌိ အရာပင်ဖြစ်စေ, သမ္မာဒိဋ္ဌိ အရာပင်ဖြစ်စေ သမ္မုတိသစ္စာ ဘက်ကနေ၍ အတ္တရှိ၏ ဇီဝရှိ၏ ပုဂ္ဂိုလ်ရှိ၏ သတ္တဝါရှိ၏ ယောကျ်ားရှိ၏ မိန်းမရှိ၏ ဤသို့စသည်ဖြင့် ပြောဆိုသောသူအား မုသာဝါဒမဖြစ်နိုင်၊ အဘယ် ကြောင့်နည်းဆိုသော် တစ်စုံတစ်ယောက်သော သူကိုမျှ လိမ်လည်လှည့် ပတ်၍ပြောခြင်း မဟုတ်သောကြောင့်တည်း။ ထိုသမ္မုတိသစ္စာအားဖြင့် ပြောကြားသည်ရှိသော် ဖောက်ပြန်ထင်မှားခြင်း ဝိပလ္လာသမူကားဖြစ်၏၊ အဘယ်ကြောင့်နည်းဆိုသော် အတ္တမဟုတ်သောတရားတို့ကို အတ္တ စသည်ဖြင့်စွဲလမ်း၍ ပြောဆိုခြင်းကြောင့်တည်း။ ပရမတ္ထသစ္စာ ဘက်၌ တည်၍ အတ္တမရှိ ဇီဝမရှိ ပုဂ္ဂိုလ်မရှိ သတ္တဝါမရှိ ယောကျ်ားမရှိ မိန်းမမရှိ သဘာဝဓမ္မတို့သာရှိကုန်၏၊ ထိုသဘာဝဓမ္မတို့သည် အတ္တ မဟုတ်ကုန်၊ အနတ္တတို့သာလျှင်တည်းဟူ၍ ပြောဆိုသည်ရှိသော် မုသာ ဝါဒလည်း မဖြစ်နိုင်။ ဝိပလ္လာသလည်း မဖြစ်နိုင်။
မှားယွင်းဘောက်ပြန်သည်ကို ဝိပလ္လာသ ဆိုသည်။ “ဝိပရိတတော အသနံ ဥပဂမနံ ဝိပလ္လာသော”
ဝိပရိတတော=မှားယွင်းသောအားဖြင့်၊ အသနံ ဥပဂမနံ=ကပ် ရောက်ခြင်းသည်၊ ဝိပလ္လာသော=ဝိပလ္လာသမည်၏။
အနိစ္စကို နိစ္စ, ဒုက္ခကို သုခ, အနတ္တကို အတ္တ, အသုဘကို သုဘ ဟူ၍ ဖောက်ပြန်ထင်မှားခြင်း ဝိပလ္လာသ တရားလေးပါးရှိသည်။
ဝိပလ္လာသလေးပါးကို သညာ, စိတ္တ, ဒိဋ္ဌိသုံးပါးနှင့် မြှောက်ပွား သည်ရှိသော် ဝိပလ္လာသတရား ၁၂-ပါးဖြစ်၏။
အမှတ်အထင် ဖောက်ပြန်မှုကို သညာ ဝိပလ္လာသဆိုသည်။
အသိအကြံ ဖောက်ပြန်မှုကို စိတ္တ ဝိပလ္လာသ ဆိုသည်။
အမြင်အယူ ဖောက်ပြန်မှုကို ဒိဋ္ဌိ ဝိပလ္လာသ ဆိုသည်။
ရုပ် နာမ် တရားတို့၌ အမှတ်သညာ၏ ဖောက်ပြန်ခြင်း, အသိ အကြံ၏ ဖောက်ပြန်ခြင်း, အမြင်အယူ၏ ဖောက်ပြန်ခြင်းများ ဆိုလိုသည်။ ပရမတ္ထသက်သက်မျှသာဖြစ်သော ရုပ်နာမ်တရားတို့ကို သတ္တဝါ ဟူ၍၎င်း, ပုဂ္ဂိုလ်ဟူ၍၎င်း မှတ်ထင်စွဲလမ်း၍ ယူသည် ရှိသော် အနိစ္စ၌ နိစ္စဟူ၍ မှတ်ယူစွဲလမ်းသည် မည်၏၊ အဘယ်ကြောင့်နည်းဆိုသော် သတ္တဝါပုဂ္ဂိုလ်ဟူသည် ပညတ်မျှသာဖြစ်၏၊ စင်စစ်ရှိသော တရားမျိုး မဟုတ်၊ စင်စစ်ထင်ရှားမရှိသော ပညတ်တရားမှာ ပျက်စီးချုပ် ကွယ်ခြင်း သဘောမရှိ၊ ပုဂ္ဂိုလ်သတ္တဝါတစ်ယောက်သည် တစ်ခုသော ဘဝ၌ ပထမ ပဋိသန္ဓေ တည်နေသောအခါ တစ်ကြိမ်သာလျှင်ဖြစ်၏၊ ဘဝ၏အဆုံး၌ တစ်ကြိမ်သာလျှင် သေ၏၊ သတ္တဝါသည် ထိုထိုဘဝမှ လာ၍ ပဋိသန္ဓေ တည်နေ၏၊ သေသည်မှ နောက်ကာလ၌ ထိုထိုဘဝသို့ ကူးပြောင်းရ လေ၏၊ ဤကား သတ္တဝါတို့၏ သဘောအလေ့ပေတည်း။ ထိုကြောင့် နာမ် ရုပ်တရားကို ပုဂ္ဂိုလ် သတ္တဝါဟူ၍ ယူသည်ရှိသော် အနိစ္စ၌ နိစ္စဟူ၍ မှတ်ယူဖောက်ပြန်သည် မည်လေ၏၊ နာမ်ရုပ်တရားသည် မြဲသော သဘောမရှိ၍ အနိစ္စဖြစ်၏၊ ခဏခဏဖြစ်၍ ခဏခဏ ပျက်စီးတတ်၏၊ သတ္တဝါမှာ ထိုသို့သဘောမရှိ၊ သို့ဖြစ်၍ နာမ်ရုပ်တို့ကို သတ္တဝါဟု မှတ်ယူ သောအခါ သဘောချင်း ကန့်လန့်ဆန့်ကျင်၍ ဝိပလ္လာသမည်လေသည်။
ဒုက္ခသစ္စာတွင် အကျုံးဝင်၍ ဖြစ်ပျက်ခြင်းတိ့ုဖြင့် နှိပ်စက် အပ်သော ကြောင့် ချမ်းသာမဖက် သက်သက်ဒုက္ခအတိသာ ဖြစ်သော ရုပ်နာမ် တို့ကို ချစ်ခင်ဖွယ်, နှစ်သက်ဖွယ်, သာယာမြတ်နိုးဖွယ်း, ချမ်းသာဖွယ် ဟူ၍ မှတ်ယူစွဲလမ်းသည်ရှိသော် ဒုက္ခ၌သုခဟူ၍ မှတ်ယူဖောက်ပြန် သည်မည်၏၊ အသုဘ၌ သုဘဟူ၍ မှတ်ယူ ဖောက်ပြန်သည်လည်း မည်၏၊ သတ္တဝါမည်သည် ပညတ်မျှသာရှိ၏၊ သဘောအားဖြင့် ထင်ရှားမရှိ၊ ဤကဲ့သို့ထင်ရှားမရှိသော သတ္တဝါကို ထင်ရှားရှိသကဲ့သို့ စွဲလမ်းမှတ်ယူလျက် နာမ်ရုပ်တရားကိုပင်လျှင် သတ္တဝါ၏အနှစ်သာရ အတ္တဇီဝ ဟူ၍ ပြုလုပ်ပြီးလျှင် နာမ်ရုပ်တရားသည်ပင်လျှင် သတ္တဝါ၏ အတ္တဇီဝ မည်၏၊ ဤနာမ်ရုပ်တရားပင်လျှင် သတ္တဝါမည်၏ ဟူ၍ မှတ်ယူ သည်ရှိသော် အနတ္တ၌ အတ္တဟူ၍ မှတ်ယူစွဲလမ်း ဖောက်ပြန်သည် မည် ၏။
“ယောကျ်ားသည် မျက်စိဖြင့် အဆင်းကိုမြင်၏” ဟူသောစကား၌ မြင်ခြင်းမည်သည်ကား စက္ခုဝိညာဏ်စိတ် ပင်လျှင်တည်း။ ထိုစက္ခု ဝိညာဏ်စိတ်သည် အဆင်းကိုအာရုံပြု၏၊ အဆင်းမည်သည်လည်း ဝဏ္ဏာယတနခေါ်သော ရူပါရုံ ဓာတ်တရားဖြစ်၏၊ ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ်ကမြင်သည်မဟုတ်။ အဆင်းကိုမြင်ပြီးသော အခါတစ်ဖန် မနောဝိညာဏ်စိတ်တို့ဖြင့် သတ္တဝါဟူ၍မှတ်ထင်၏၊ ယောကျ်ားဟူ၍ မိန်းမဟူ၍ ဦးခေါင်းဟူ၍ မျက်နှာဟူ၍ ခြေလက်အင်္ဂါ ဟူ၍ မှတ်ထင်၏၊ သစ်ပင်ဟူ၍ ရထားဟူ၍ အိမ်ဟူ၍ ကျောင်းဟူ၍ မှတ်ထင်၏၊ ဤသို့ဖြစ်ရခြင်းကား မြင်ခြင်းဒဿနလျှင် အကြောင်း ရင်းရှိသော စိတ္တဝိပလ္လာသမျိုးပေတည်း။ ကြားခြင်းသဝန, နံခြင်း ဃာယန, လျက်ခြင်းသာယန, တွေ့ထိခြင်းဖုသနလျှင် အရင်းရှိသော စိတ္တဝိပလ္လာသ တို့၌လည်း ထိုနည်းအတူပင်တည်း။ စိတ်လျှင် အရင်းရှိသော စိတ္တ ဝိပလ္လာသသည်ကား လွန်စွာအရာကျယ်၏။
ဤကား စိတ္တဝိပလ္လာသမှုပေတည်း။
အကြင်သို့သော အခြင်းအရာအားဖြင့် မနောဝိညာဏ်စိတ်က မှတ် ၍ထား၏၊ ထိုသို့သော အခြင်းအရာအားဖြင့် သညာက မြဲစွဲစေ၏၊ နောက် အခါ၌ မေ့လျော့ခြင်း ပျက်စီးခြင်းကို မဖြစ်စေ။
ဤကား သညာဝိပလ္လာသမှုပေတည်း။
ထိုထိုသို့သော အခြင်းအရာအားဖြင့် သညာက အမြဲအစွဲ မှတ်၍ ထားအပ်ကုန်သော သတ္တဝါ ပုဂ္ဂိုလ် စသည်တို့၌ အတ္တရှိ၏၊ ဇီဝရှိ၏၊ ထိုအတ္တဇီဝသည် ဤသို့သဘောရှိ၏၊ ဤသို့အခြင်းအရာရှိ၏ စသည်ဖြင့် ဒိဋ္ဌိက ကြံစည်၏။
ဤကား ဒိဋ္ဌိဝိပလ္လာသမှုပေတည်း။
သုတ္တန်တို့၌မူကား သညာဝိပလ္လာသက သတ္တဝါ၌ ထင်ရှားသော ကြောင့် ထိုသညာဝိပလ္လာသကို ရှေးဦးစွာ ဟောကြားတော်မူသည်။ သို့ရာတွင် ထိုသညာဝိပလ္လာသသည် ဒိဋ္ဌိ၏နောက်သို့ပင် အစဉ်လိုက် လျက်ရှိလေသေး၏။
ဤဝိပလ္လာသ တရားတို့သည် အဝိဇ္ဇာလျှင် အကြောင်းရင်းရှိကြ ကုန်၏၊ အဝိဇ္ဇာကြောင့်ဖြစ်ကုန်၏၊ သစ္စာလေးတန်ကို မှန်သောအတိုင်း မသိမှုကြောင့် အဖောက်ဖောက်အပြန်ပြန် ဝိပလ္လာသတရားတွေ ဖြစ်၍ နေသည်၊ ထိုဝိပလ္လာသတို့တွင် သညာဝိပလ္လာသနှင့် စိတ္တဝိပလ္လာသ နှစ်ပါး တို့ကို လောကီကုသိုလ် စိတ္တုပ္ပါဒ်တို့၌လည်း ရအပ်ကုန်၏၊ထိုဝိပလ္လာသ တရားတို့ကြောင့် တဏှာ မာန ဒိဋ္ဌိတည်း ဟူသော သံသရာ နယ်ချဲ့သမား ပပဉ္စတရားတို့ ဖြစ်ပေါ်လာ ကြကုန်၏၊ ပရမတ္ထသစ္စာ၌တည်၍ ဆင်ခြင် သည်ရှိသော် ထိုဝိပလ္လာသတရားတို့၏ မှားယွင်းဖောက်ပြန်ချက်တို့ကို ထင်ရှားစွာ ပိုင်းခြား၍ သိနိုင်ကုန်၏၊ ထိုသို့ပိုင်းခြား၍ သိနိုင်သည်ရှိသော် ထိုဝိပလ္လာသတရားတို့ကို ပယ်စွန့်နိုင်လေ၏။
သစ္စာနှစ်ပါးပြီး၏။
လောကသုံးပါး
၁။ ဩကာသလောက,
၂။ သင်္ခါရလောက,
၃။ သတ္တလောက,
“အနိစ္စဘူတေန လုဇ္ဇတီတိ လောကော”
အနိစ္စဘူတေန=အမြဲထာဝရ တည်နေတတ်သည့် သဘောမရှိ သောကြောင့်၊ လုဇ္ဇတိ=ပျက်စီးတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ လောကော=လောကမည်၏။
အမြဲတည်လေ့မရှိ ပျက်စီးတတ်သောကြောင့် လောကမည်၏ ဆိုလိုသည်။
၁။ ဩကာသလောက
မဟာပထဝီမြေကြီး, မဟာသမုဒ္ဒရာအပြင် ပတ်ဝန်းကျင်၌ စကြဝဠာတောင်, အလယ်၌မြင့်မိုရ်တောင်, ထိုမြင့်မိုရ်တောင်၏ အပြင် ပ၌ အသီးအသီး သီတာ သမုဒ္ဒရာခုနစ်တန်ဖြင့် ဝန်းရံအပ်ကုန်သော သတ္တရဘန်တောင်စဉ်ခုနစ်ထပ်, ထိုမှ ပြင်ပ၌ ကျွန်းကြီးလေးကျွန်းနှင့် ကျွန်းငယ်များစွာတို့သည်၎င်း, အထက်နတ်ပြည် ခြောက်ထပ်နှင့် ဗြဟ္မာဘုံ နှစ်ဆယ် တို့သည်၎င်း တစ်ခုသော ဩကာသလောကမည်၏၊ စကြဝဠာ တိုက် တစ်ခုဟူ၍လည်းဆိုအပ်၏၊ ဤစကြဝဠာတိုက်မှ အရပ်ရှစ်မျက် နှာတို့၌ ဤကဲ့သို့ သဘောရှိကုန်သော စကြဝဠာတိုက် တို့သည်လည်း အနန္တပင်ရှိကုန်သေး၏။
ထိုဩကာသလောကနှင့် စပ်လျဉ်း၍ တိကင်္ဂုတ္တရပါဠိတော် အာနန္ဒဝဂ်၌
၁။ စူဠသဟဿီ လောကဓာတ်,
၂။ မဇ္ဈိမသဟဿီ လောကဓာတ်,
၃။ မဟာသဟဿီ လောကဓာတ်,
ဟူ၍ လောကဓာတ်သုံးပါးကို မြတ်စွာဘုရား ဟောကြားတော်မူ၏။
ထိုသုံးပါးတို့တွင် စကြဝဠာတစ်ထောင်သည် စူဠသဟဿီ လောကဓာတ်မည်၏။
ထိုစကြဝဠာတစ်ထောင်ကို တစ်ထောင်ဖြင့် မြှောက်၍ စကြဝဠာတိုက်ပေါင်းတစ်သန်းသည် မဇ္ဈိမသဟဿီ လောကဓာတ် မည်၏။
ထိုစကြဝဠာ တစ်သန်းကို တစ်သန်းဖြင့်မြှောက်၍ စကြ ဝဠာ တိုက်ပေါင်း ကုဋေတစ်သိန်းသည် မဟာသဟဿီ လောက ဓာတ်မည်၏။
ဤလောကဓာတ်သုံးပါးသည်လည်း ဩကာသလောကပင် မည် ပေ၏။
ထိုမှတစ်ပါးလည်း--
၁။ ဇာတိခေတ်လောကဓာတ်,
၂။ အာဏာခေတ်လောကဓာတ်,
၃။ ဝိသယခေတ်လောကဓာတ်,
ဟူ၍ လောကဓာတ် သုံးပါးရှိပြန်သည်။
စကြဝဠာတိုက်ပေါင်း တစ်သောင်းသည် 'ဇာတိခေတ် လောကဓာတ်' မည်၏။
မြတ်စွာဘုရားတို့၏ ဖြစ်ပွင့်တော်မူရာ ခေတ်ဟူ၍ဆိုလိုသည်။ ထိုဇာတိခေတ်အတွင်း၌ ရှိကြကုန်သော နတ် ဗြဟ္မာတို့သည် မြတ်စွာ ဘုရား၏ ပရိသတ်တို့သာ ဖြစ်ကြကုန်၏၊ မြတ်စွာဘုရား ဖွားမြင်တော် မူသောအခါ မြေငလျင်တုန်လှုပ်ခြင်း, အရောင်အလင်း ဖြစ်ပေါ်ခြင်း စသည်တို့၌ ဇာတိခေတ်အတွင်းမှာ တစ်ပြိုင်နက် ဖြစ်ရိုးဓမ္မတာရှိသည်။
မဟာသဟဿီ လောကဓာတ်ဟုဆိုအပ်သော စကြဝဠာ တိုက်ပေါင်း ကုဋေတစ်သိန်းသည် အာဏာခေတ်လောက ဓာတ်မည်၏။
မြတ်စွာဘုရား၏ ပရိတ်တော်နှင့် အာဏာစက်များ ပျံ့နှံ့ရာဌာန ဟူ၍ဆိုလိုသည်။ ထိုအာဏာခေတ်အတွင်း၌ ရှိနေကြကုန်သော နတ် ဗြဟ္မာတို့သည် မြတ်စွာဘုရား၏ အာဏာစက်ကို ခံယူနိုင်ကြကုန်၏။
အဆုံးမရှိသော အနန္တစကြဝဠာ ကမ္ဘာလောက ဓာတ်များ သည် 'ဝိသယခေတ် လောကဓာတ်' မည်၏။
မြတ်စွာဘုရားတို့၏ ဉာဏ်တော် ပျံ့နှံ့ရာဌာနဆိုလိုသည်။ ထို ဝိသယခေတ် အတွင်းမှာ ရှိရှိသမျှသော အာရုံတို့ကို မြတ်စွာဘုရား၏ ဉာဏ်တော်ဖြင့် သိတော်မူနိုင်၏။
၁။ ကာမလောကဓာတ်,
၂။ ရူပလောကဓာတ်,
၃။ အရူပလောကဓာတ်,
ဟူ၍လောကဓာတ်သုံးပါးရှိပြန်၏။
ကာမ ၁၁-ဘုံသည် ကာမလောကဓာတ်မည်၏၊ * ရူပ ၁၆-ဘုံသည် ရူပလောကဓာတ်မည်၏၊ * အရူပ ၄-ဘုံသည် အရူပလောကဓာတ်မည်၏၊ ဤသုံးပါးသည်လည်း ဩကာသလောကပင်မည်၏၊ ဘုံအားဖြင့်---
၁။ ကာမဘုံ,
၂။ ရူပဘုံ,
၃။ အရူပဘုံ,
၄။ လောကုတ္တရာဘုံ,
ဟူ၍ လေးပါးရှိ၏။
အဝီစိမှ ပရနိမ္မိတ ဝသဝတ္တီနတ်ပြည်တိုင်အောင် အတွင်း မှာရှိသော ဘုံများသည် ကာမဘုံမည်၏။
ပထမစျာန်ဘုံမှစ၍ သုဒ္ဓါဝါသ အကနိဋ္ဌဘုံတိုင်အောင် အတွင်းမှာရှိသော ဘုံများသည် ရူပဘုံမည်၏။
ရုပ်မရှိသော အထက်လေးဘုံသည် အရူပဘုံမည်၏။
မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်တရားများသည် လောကုတ္တရာဘုံမည်၏။
လောကုတ္တရာဘုံကိုကား ဩကာသလောကဟူ၍ မဆိုနိုင်။ ကြွင်းသော ဘုံသုံးပါးကိုသာ ဩကာသလောကဆိုသည်။ ဩကာသလောကပြီး၏။
၂။ သင်္ခါရလောက
သင်္ခါရလောကဆိုသည်မှာ ဩကာသလောကပေါ်တွင် ပြုပြင်ဖြစ် ပျက်၍ နေကြကုန်သော သစ်ပင်ချုံနွယ်စသော ဗီဇဂါမ် ဘူတဂါမ် အပေါင်းတို့သည်၎င်း, အိမ် ကျောင်း လှည်း ရထား ရွှေ ငွေ ရတနာ အဝတ်ပုဆိုးစသော အတွင်းအသုံးအဆောင် အပအသုံးအဆောင်တို့ သည်၎င်း သင်္ခါရလောကမည်ကုန်၏။
အကျဉ်းအားဖြင့်ဆိုသည်ရှိသော် ခန္ဓာငါးပါး, အာယတန တစ်ဆယ့် နှစ်ပါး, ဓာတ်တစ်ဆယ့်ရှစ်ပါး ပဋိစ္စသမုပ္ပါဒ်တရားတို့သည် သင်္ခါရ လောကမည်၏။
သင်္ခါရလောကပြီး၏။
၃။ သတ္တလောက
သတ္တလောကဆိုသည်ကား သတ္တဝါတစ်ဦး, ပုဂ္ဂိုလ်တစ်ဦး ဟူ၍ ဆိုအပ်ကုန်သော ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် လူ နတ် ဗြဟ္မာ ဟူသမျှသည် သတ္တလောကမည်၏။
ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ဒွိဟိတ် တိဟိတ်ဟု ဆိုအပ်သော ပုဂ္ဂိုလ်လေးယောက်၊ အရိယာရှစ်ယောက် ဤတစ်ကျိပ်နှစ်ယောက်သော ပုဂ္ဂိုလ်များသည်လည်း သတ္တလောကပင်မည်၏။
ထိုမှ တစ်ပါး ကုန်း၌ကျက်စားသော သတ္တဝါ၊ ရေ၌ကျက်စားသော သတ္တဝါ၊ ကောင်းကင်၌ကျက်စားသော သတ္တဝါတို့သည်၎င်း, ဥ၌ ပဋိသန္ဓေနေသော အဏ္ဍဇသတ္တဝါ၊ အမိဝမ်းတိုက်အတွင်း သားအိမ်၌ ပဋိသန္ဓေနေသော သတ္တဝါ၊ အညှိကိုစွဲ၍ ပဋိသန္ဓေနေသော သံသေဒဇ သတ္တဝါ၊ ကိုယ်ထင်ရှား ဖွားကနဲဖြစ်ပေါ်လာသော ဩပပါတိက သတ္တဝါ တို့သည်၎င်း, အခြေ မရှိသော သတ္တဝါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါ၊ အခြေများသော သတ္တဝါတို့သည် ၎င်း, ရုပ်ရှိသောသတ္တဝါ၊ ရုပ်မရှိသောသတ္တဝါ၊ သညာရှိသောသတ္တဝါ၊ သညာမရှိသောသတ္တဝါ၊ သညာရှိသည်လည်းမဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါတို့သည်၎င်း သတ္တလောက မည်ကုန်၏။
စင်စစ်အားဖြင့် ဆိုသည်ရှိသော် အလုံးစုံသော ဩကာသလောက၊ သတ္တလောကဟူသမျှသည် သင်္ခါရလောက၌ အကျုံးဝင်ကုန်၏၊ အဘယ် ကြောင့်နည်းဆိုလျှင် ပြုပြင်ခြင်း ဖြစ်ပျက်ခြင်းတို့မှ မလွတ်ကင်းကြကုန် သောကြောင့်တည်း။ သို့ရာတွင် တည်ရာဘုံဟူသော အမည်, ပုဂ္ဂိုလ် သတ္တဝါဟူသော အမည်အားဖြင့် တစ်သီးတစ်ခြားစီ ဝေဖန်ပြီးလျှင် ဩကာသလောက, သတ္တလောကဟူ၍ဆိုရသည်။
သတ္တလောကပြီး၏။
ဩကာသလောကကြီးတည်ပုံ
ဤမဟာပထဝီ မြေကြီးသည် အောက်ရေအပြင်ကြီးပေါ်၌ တည်၏၊ ရေအပြင်ကြီးသည် လေအပြင်ကြီးပေါ်၌တည်၏၊ ထိုလေအပြင် ကြီးသည် အောက်အဇဋာကာသ ကောင်းကင်ပြင်ကြီးပေါ်၌တည်၏၊ ထိုအောက် အဇဋာကာသ ကောင်းကင် ပြင်ကြီးသည်ကား အောက်အဖို့ အားဖြင့်၎င်း, ဖီလာအဖို့အားဖြင့်၎င်း အနန္တအဆုံးအစ မရှိသည်သာ ဖြစ်၏၊။ထိုအောက် ကောင်းကင်အပြင်ကြီးမှာ မလှုပ်မရှားသော လေဆိုင်ကြီးတို့ဖြင့်သာလျှင် ပြည့်၍နေ၏၊ ထိုလေဆိုင်အထုကြီးသည် ယူဇနာပေါင်း ကိုးသိန်းခြောက်သောင်း ရှိသည်ဖြစ်၍ လေးသိန်းရှစ် သောင်း အထုရှိသော ရေအပြင်ကြီးကို ရွက်ဆောင်၍ နေ၏၊ ထိုရေ အပြင် ကြီးသည် နှစ်သိန်းလေးသောင်း အထုရှိသော မြေအပြင်ကြီးကို ရွက်ဆောင်၍ နေလေ၏၊ ထိုလေ ရေ မြေတို့ကို ကမ္ဘာလေ ကမ္ဘာရေ ကမ္ဘာမြေ တို့ဟူ၍ ဆိုသည်။
မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်ကြီး၌--
အယံ အာနန္ဒ မဟာပထဝီ ဥဒကေ ပတိဋ္ဌိတာ၊ ဥဒကံ ဝါတေ ပတိဋ္ဌိတံ၊ ဝါတော အာကာသဋ္ဌော ဟောတိ။ ဟူ၍ ဩကာသလောက တည်ပုံကို ဟောကြားတော်မူသည်။
အနက်ကား။။ အာနန္ဒ=ချစ်သားအာနန္ဒာ၊ အယံ မဟာပထဝီ= ဤမြေကြီးသည်၊ ဥဒကေ=ရေပေါ်၌၊ ပတိဋ္ဌိတာ=တည်၏၊ ဥဒကံ=ရေ သည်၊ ဝါတေ=လေပေါ်၌၊ ပတိဋ္ဌိတံ=တည်၏၊ ဝါတော=လေသည်၊ အာကာသဋ္ဌော=အောက်ကောင်းကင်၌ တည်လေ၏။
ဤကား ဩကာသလောကကြီး တည်နေပုံတည်း။
ဩကာသလောကကြီး ဖြစ်ပျက်ပုံ
ရုပ်ကလာပ်တို့၌ သဟဇာတ်တည်ရှိသော တေဇောဓာတ်နှင့် ဇာတိ ဇရာ မရဏတို့သည် ဩကာသလောကကြီး၏ ဖြစ်ပွါးကြောင်း ပျက်ပြား ကြောင်းမည်၏၊ ပါဠိတော်ကြီးများ၌ တေဇောဓာတ်သည် ပူလောင် စေတတ်၏၊ ရင့်ရော်အိုးမင်းစေတတ်၏၊ ရင့်ကျက်ခြင်းသို့ ရောက် စေတတ်၏ဟူ၍ ဟောတော်မူ၏၊ ထို့ကြောင့် တေဇောဓာတ် သည် မိမိနှင့် အတူတကွဖြစ်သော ရုပ်တို့ကို အမြဲမပြတ် လောင်မြိုက်၏၊ ရင့်ရော်စေ၏၊ အခိုက်အတန့်တစ်ပါးမှ အခိုက်အတန့်တစ်ပါးသို့ ရောက်စေ၏၊ သီတ တေဇောဓာတ်သည်လည်း အေးမြသောဓာတ်ငွေ့ ဓာတ်ရှိန်အားဖြင့် ပြဆိုအပ်ပြီးသော တေဇောဓာတ်၏ ကိစ္စတို့ကို ဆောင်ရွက် ပြုလုပ်၍ နေ၏၊ ဥဏှတေဇောဆိုသည်မှာ သီတတေဇောထက် သာ၍ အစွမ်း ထက်မြက်သောကြောင့် အထူးပြောဆိုဖွယ်မလိုချေ။ သင်္ခတတရားတို့၏ ဖြစ်ပေါ်မှု ဇာတိတစ်ခုမှာ သဘောလေးမျိုးရှိ၏။
ထိုသဘောလေးမျိုးကား
၁။ ဇာတိ
၂။ အာစယ
၃။ ဥပစယ
၄။ သန္တတိ
ဤလေးမျိုးပေတည်း။
ထိုလေးပါးတို့တွင် သင်္ခတ တရားတို့၏ အစဖြစ်ပေါ်မှုသည် ဇာတိ မည်၏၊ ဖြစ်ပေါ်ပြီးသော တရားတို့၏ အစပထမ ကြီးပွါးလာခြင်းသည် အာစယမည်၏၊ ကြီးပွားသောတရားတို့၏ အဆင့်ဆင့်ကြီးပွားမှုသည် ဥပစယမည်၏၊ အဆင့်ဆင့် ကြီးပွါးပြီးသော တရားတို့၏ တိုးတက်၍ ကြီးပွားမှုရပ်စဲပြီးလျှင် ထိုကြီးပွားပြီးသော အနေအားဖြင့် အစဉ်ဆက် လက်ကာ ဖြစ်၍နေမှုသည် သန္တတိမည်၏။
ထိုမှနောက်ကာလ၌ အိုမင်းရင့်ရော်စေတတ်သော ဇိရဏ တေဇောဓာတ်ဒဏ်ချက်၏ နှိပ်စက်ခြင်းကို ခံလျက်သာလျှင် တစ်ဆင့် တစ်ဆင့် ရင့်ရော်အိုမင်းခြင်း ဇရာခေတ်သို့ ရောက်လေကုန်၏၊ အိုမင်း တိုင်း အိုမင်းတိုင်း ဆုတ်ယုတ်၍ ဆုတ်ယုတ်၍ လာလေ၏၊ အဆုံးစွန်၌မူ ကား သေဆုံးပျက်စီးသော မရဏခေတ်တွင်းသို့ ကျရောက်၍ ပျက်စီးကုန် ဆုံးခြင်းသို့ ရောက်လေကုန်၏၊ ဤသို့ဖြစ်မှုသည် ကြီးကျယ်သော သင်္ခတဝတ္ထုတို့၌ လွန်စွာထင်ရှား၏၊ ဤသို့ ဖြစ်ပေါ်ကြီးပွားပြီး၍ ပျက်စီး ကုန်ဆုံးတတ်သော သဘောသည် လောကဓမ္မတာကြီးဖြစ်၏၊ ဓမ္မနိယာမ လည်းမည်၏။
ဥပမာကား- သရက်ပင်၌ မျိုးစေ့မှ အညှောက်ထွက်၍ လာခြင်း သည် ဇာတိသဘောနှင့်တူ၏၊ အညှောက်မှ အကိုင်းအခက်ဖြာ၍ မထွက်မီ ကြီးပွားမှုသည် အာစယသဘောနှင့်တူ၏၊ အကိုင်းအခက်ဖြာ ထွက်သည်မှ သရက်ပင်လက္ခဏာ အင်္ဂါစုံညီ၍ အပွင့်အသီးကို ဆောင် သည့်တိုင်အောင် အစဉ်တစိုက် ကြီးပွားမှုသည် ဥပစယသဘောနှင့်တူ၏၊ အပွင့်အသီးကို ဆောင်သည်တိုင်အောင် ကြီးပွားပြီးသောအခါ သရက်ပင် ဓမ္မတာမှာ ထိုထက်ပိုမို၍ ကြီးပွားရန် လမ်းမရှိတော့ပြီ။ ကြီးပွားပြီးသော အနေနှင့်သာ အစဉ်တည်တံ့လျက် ဖြစ်ပွားစည်ပင်၍ နေမှုသည် သန္တတိသဘောနှင့် တူ၏၊ ထို့နောက် သရက်ပင်၏ ထုံးတမ်းဓမ္မတာအား လျော်စွာ ထွားကြိုင်းစိုပျိုသောခေတ်မှ ဆုတ်ယုတ်၍ အိုမင်းပြီးလျှင် တရွေ့ရွေ့အားနည်း ပျက်စီးခြင်းသို့ ရောက်လေ၏။
ဤကား သရက်ပင်၏ဇာတိသဘောမှစ၍ မရဏသဘောတိုင် အောင် ဖြစ်ပျက်သော အခိုက်အတန့်တို့ကို ပြဆိုခြင်း ပေတည်း။
ဤနည်းအတိုင်း သင်္ခတမှန်သော အရာဝတ္ထုတိုင်းမှာ ဉာဏ်ဖြင့် ဆင်ခြင်၍ ကြည့်လေ။ ထိုသို့ ဇာတိသဘောအားဖြင့် အဆုံးသတ်မှု သည် အလုံးစုံသော သင်္ခတတရားတို့၏ ဓမ္မနိယာမ သဘောရိုး ကြီးပေ တည်း။
ဤမဟာပထဝီမြေကြီးမှာ လောင်မြိုက်ရင့်ရော်စေတတ်သော တေဇောဓာတ်သည် အပြီးပါရှိလျက်နေ၏၊ သီတ ဥဏှဟုဆိုအပ်သော ထိုတေဇောဓာတ်နှစ်ပါးဖြင့် အမြဲမပြတ် လောင်မြိုက်အပ်သည်ဖြစ်၍ ပူလောင်ခြင်း, ဆွေးမြေ့ခြင်း, ရင့်ရော်ခြင်းသို့ အစဉ်အတိုင်း ရောက်၍ နေ၏၊ ထို့ကြောင့် ဤကမ္ဘာမြေကြီးသည် ဇာတိ အာစယ ဥပစယ သန္တတိ ဇရာ မရဏဟု ဆိုအပ်သော ဤခေတ်ခြောက်ပါးမှ လွတ်မြောက်နိုင်သည် မဟုတ်ချေ။ ဇာတိသဘောမှစ၍ တစ်ဆင့်တစ်ဆင့် တက်ပြီးလျှင် အဆုံး စွန်မှာ မရဏသဘောဖြင့် လက်စသိမ်းရလိမ့်မည်သာ ဖြစ်လေ၏။
ထိုအတူ မြင့်မိုရ်, စကြဝဠာ, သမုဒ္ဒရာ, သီတာခုနစ်တန် သတ္တရ ဘန်စသော သင်္ခတဝတ္ထုတို့သည်လည်း ပြဆိုခဲ့သော ခေတ်ကြီးခြောက် ပါးကို မလွန်မြောက်နိုင်ကြလေကုန်။ ထို့ကြောင့် ဤဝိဝဋ္ဋဋ္ဌာယီ မဟာကပ် ကြီး၌ ထင်ရှားဖြစ်ပေါ်ကြကုန်သော အလုံးစုံသောမြေကြီး, မြင့်မိုရ်တောင်, စကြဝဠာတောင် စသည်တို့သည် ရှေးဦးအစ၌ ဇာတိ အာစယ ဥပစယ သန္တတိ ဟုဆိုအပ်သော ခေတ်ကြီးလေးခုအစဉ်အားဖြင့် ဖြစ်ပေါ်ကြီးပွား တည်တံ့လျက် ကာလရှည်မြင့်စွာ သွားပြီးမှ ဆုတ်ယုတ်သော ဟာယန ခေတ်တွင်းသို့ သက်ဆင်းကြကုန်လတ္တံ့။ “ဇရာ ခေတ်ကို ဟာယနခေတ် ဆိုသည်“၊ ဟာယနခေတ်၌ အလုံးစုံသော တေဇောဓာတ်၏ ကိစ္စဟုဆို အပ်သော မီးရှိန်တို့သည် ထိုမဟာပထဝီစသော သင်္ခတဝတ္ထုတို့ကို အထင်အရှား လွှမ်းမိုးကြကုန်လတ္တံ့။ ထိုအခါမှစ၍ တေဇောတည်း ဟူသော မီး၏ လောင်မြိုက်ရင့်ကျက် စေမှုကြောင့် ထိုသင်္ခတဝတ္ထု ဟူသမျှတို့၌ အနှစ်သာရမဟုတ်သော အဖို့တို့သည် ချို့ယွင်း ကုန်ဆုံးခြင်း သို့ ရောက်ကြ ကုန်လတ္တံ့။ အနှစ်သာရရှိသော အဖို့တို့သာလျှင် ကြွင်းကျန် တည်ရှိရစ်ကုန်လတ္တံ့။ ထို့နောက် တေဇောဓာတ်က ရှည်မြင့်စွာ လောင် မြိုက် ဆွေးမြေ့စေအပ်သည်ရှိသော် အတော်အတန် အနှစ်သာရအဖို့ရှိ သော အရာတို့သော်လည်း ကုန်ဆုံးခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုထက် သာလွန်၍ အနှစ်သာရရှိသော အဖို့အစုတို့သည်သာလျှင် ကြွင်းကျန် တည်ရှိရစ်ကုန်လတ္တံ့။
ဤသို့သောနည်းအားဖြင့် ကာလကြာမြင့်စွာ တေဇောဓာတ် လောင်မြိုက်အပ်သည်ရှိသော် အဆုံးစွန်၌ ဤကမ္ဘာ လောကကြီးသည် အလွန်ရင့်ရော် ဆွေးမြေ့သည်၏အဖြစ်သို့ ရောက်ပြီးလျှင် ယခုအခါ အစိုးရမင်းတို့၏ စစ်သည်တော်များ အသုံးပြုသော ယမ်းတောင့်တွေကို အနည်းငယ်သောမီးဖြင့် ညှိလိုက်ဘိသကဲ့သို့၎င်း, ယမ်းတိုက်ကြီးကို အနည်းငယ်သော မီးဖြင့် တို့လိုက်ဘိသကဲ့သို့၎င်း အနည်းငယ်သော မီးနှင့်တွေ့ထိကာမျှဖြင့်သာလျှင် မီးတောက်မီးလျှံထ၍ တဟုန်းဟုန်း တောက်လောင်ကုန်လတ္တံ့။ ထိုအခါ သတ္တသူရိယ သုတ္တန်တွင် မြတ်စွာ ဘုရားဟောကြားတော်မူသောအတိုင်း ဤဝိဝဋ္ဋဋ္ဌာယီ မည်သော ကမ္ဘာ လောကကြီးသည် တေဇောဓာတ်တည်းဟူသော မီးဖြင့်ပျက်စီး လတ္တံ့။ သံဝဋ္ဋကပ်ကြီးဆိုက် ရောက်လတ္တံ့။
ဤကမ္ဘာမီးသည် ကမ္ဘာကိုခံသော အောက်ရေအပြင်မှ ပထမစျာန် ဗြဟ္မာ့ဘုံတိုင်အောင် ဤအတွင်း၌ ရှိရှိသမျှသော သင်္ခတတို့ကို အဏုမြူမျှ မကျန်မကြွင်းအောင် လောင်မြိုက်လေ၏၊ မီးသွေးဟူ၍ ပြာဟူ၍ အကြွင်း အကျန်မရှိစေရ။ မြေလွှာနှစ်ထပ်ရှိသည့်အနက် ကျောက်မြေလွှာကြီးကို ကမ္ဘာမီးလောင်အပ်သည်ရှိသော် ထိုသိလာပထဝီနေရာ၌ နောင်အခါ သိလာပထဝီ ဖြစ်ပေါ်စေရန် တေဇောဓာတ်အထူးဟု ဆိုအပ်သော ဥတုတို့သည် ကြွင်းကျန်ရစ်ကုန်၏၊ ထိုဥတုဝိသေသသည် နောင်ကမ္ဘာ အသစ် တည်သောအခါ သိလာပထဝီဖြစ်ပေါ်ရန် မျိုးစေ့အနေနှင့် တည်ရှိလေ၏၊ ထို့အတူ မြေဆိုင်မြေလွှာကြီးကို ကမ္ဘာမီးလောင် အပ်သည်ရှိသော် ထိုပံသုပထဝီနေရာ၌ နောင်အခါ ပံသုပထဝီဖြစ်ပေါ် စေရန် တေဇောဓာတ် အထူးဟု ဆိုအပ်သော ဥတုတို့သည် ကြွင်းကျန် ရစ်ကုန်၏၊ ထိုဥတုဝိသေသသည် နောင်ကမ္ဘာအသစ် တည်သောအခါ ပံသုပထဝီဖြစ် ပေါ်ရန် မျိုးစေ့အနေနှင့် တည်ရှိလေ၏၊ ထိုကမ္ဘာမီး၏ အကျိုးဆက်ဖြစ်သော ဥတုဓာတ်တို့သည် ထိုထိုနေရာတို့၌ ကြွင်းကျန် ရစ်ကုန်၍ လောကကြီးတစ်ခုလုံး အပြည့်အနှက်ပင် ရှိ၍တည်ကြ လေကုန်၏၊ ဤသို့လျှင် ကမ္ဘာမီးသည် မိမိ၏အကျိုးဆက်ဖြစ်သော ဥတုဓာတ်ငွေ့ အထူးတို့ကို ထိုထိုနေရာဌာနတို့၌ ချန်ထားခဲ့ပြီးလျှင် မိမိ သည်မူကား အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းသို့ ရောက်လေ၏၊ ဤကား ကမ္ဘာ ပျက်သော သံဝဋ္ဋကပ်၏ သဘောပေတည်း။
ပျက်ပြီးသောအတိုင်း တည်တံ့၍ နောင်ကမ္ဘာအသစ်ကို ဖြစ်စေရန် အားယူသော အနေအားဖြင့် တည်ရှိ၍ နေသော ကပ်သည် သံဝဋ္ဋဋ္ဌာယီ ကပ် မည်၏။
ဤကား သံဝဋ္ဋကပ် သံဝဋ္ဋဋ္ဌာယီကပ် နှစ်ပါးကို ပြဆိုသော စကား ရပ်ပေတည်း။
ပြဆိုအပ်ပြီးသော ဥတုဓာတ်ကြွင်းတို့သည် ဝိဝဋ္ဋကပ်သို့ ရောက် သောအခါ အလွန်အေးမြသော သီတလေဖြင့် ပတ်ဖွဲ့ သိမ်းရုံး အပ်ကုန် သည်ဖြစ်၍ မိမိတို့ တည်မြဲအတိုင်း တည်နေကြကုန်ပြီးလျှင် အကြင်အခါ ရင့်မာထက်သန်ခြင်းသို့ ရောက်ကြလေကုန်၏၊ အားအစွမ်းနှင့် ပြည့်စုံကြ ကုန်သည်ဖြစ်၍ ဥဏှသဘောသို့ သက်ဝင်ကြလေကုန်၏၊ ထိုအခါ တိုးပွားလာကြကုန်၍ တိမ်လွှာ တိမ်ထွတ် တိမ်ခဲ တိမ်ဆိုင်တို့ ဖြစ်ပေါ် ထင်ရှားလာကြကုန်၏၊ ထိုအခါ ကမ္ဘာပြု မိုးကြီးကို ရွာသွန်းစေကုန်၏။
ထိုကမ္ဘာပြုမိုးကြီးသည် ကမ္ဘာပျက်သော သံဝဋ္ဋကပ်အခါ အလုံးစုံ သော မီးလောင်ရာဌာနဟူသမျှကို တစ်ခဲနက် ရေဖြင့် ပြည့်စေ၍ ရွာသွန်း လေ၏၊ ထိုသို့ရွာသွန်းလေသမျှသော မိုးရေတို့သည် အလွန်အေးမြသော လေဖြင့် ထိတွေ့ကြကုန်သည်ရှိသော် များသောအားဖြင့် အဆိုင်အခဲ အဖြစ်သို့ ရောက်ကြလေကုန်၏၊ အကြင်အခါ အောက်၌ ကမ္ဘာကိုထမ်း ဆောင်သော ရေအပြင်ကြီး လေနိုင်ကုန်သေး၊ ထိုအခါ ကာလပတ်လုံး အောက် အဇဋာကာသ ကောင်းကင်အပြင်ကြီးထဲသို့ လျောကြ၍သာ နေကြကုန်၏၊ အကြင်အခါ၌ အောက်ရေအပြင် လေအပြင်တို့သည် ထမ်း ဆောင်ခြင်းငှါ စွမ်းနိုင်ကြကုန်၏၊ ထိုအခါ အောက်သို့ မကျစေဘဲ ရွက် ဆောင်၍ ထားကြကုန်၏။
ဝါယောခေါ်သော လေဓာတ်တို့မည်သည် ဝိတ္ထမ္ဘနသတ္တိရှိ သော ကြောင့် အခြားဓာတ်များကို ထမ်းဆောင်၍ ထားနိုင်သောအလေ့ရှိ၏၊ ထို့ကြောင့် အောက်၌ရှိသော ကမ္ဘာလေထုကြီးသည် ရေမြေတို့ကို ထမ်း ဆောင်၍ ထားနိုင်လေသည်။
ကမ္ဘာပြုမိုးကြီး၏ အဆောက်အဦဟူသမျှတို့သည် ကမ္ဘာသစ် တည်ထောင်ခြင်း အကျိုးငှါသာဖြစ်ကုန်၏၊ ထိုကမ္ဘာပြုမိုးကြီး၏ အဆောက်အဦများရှိသည့်အနက် အဆိုင်အခဲအဖြစ်သို့ ရောက်ကြကုန် ပြီးသော မိုးအဆောက်အဦတို့သည် သိလာပထဝီနေရာ၌ ကျောက်ဖြင့်ပြီး သော ကမ္ဘာမြေကြီးဖြစ်ရန် အလို့ငှါ ဖြစ်ကြကုန်၏၊ ရေအစုမျှသာ ဖြစ်သော မိုးအဆောက်အဦတို့သည်ကား ပံသုပထဝီနှင့် မဟာသမုဒ္ဒရာ ကြီးများ ဖြစ်ပေါ်ရန်အလို့ငှါ ဖြစ်ကုန်၏။
ကမ္ဘာပြု မိုးကြီးကပင်လျှင် သိလာပထဝီ ဖြစ်သင့်သောအရာ၌ သိလာပထဝီဖြစ်စေသည်, ပံသုပထဝီ ဖြစ်သင့်သော နေရာ၌ ပံသုပထ ဝီဖြစ်စေသည်, သမုဒ္ဒရာဖြစ်သင့်သောနေရာ၌ သမုဒ္ဒရာ ဖြစ်စေ သည်, ကမ္ဘာပြုမိုးကြီးသည်ပင် ကမ္ဘာကြီး၏ အဆောက်အဦတို့ကို ထူထောင်လေ သည်ဟူ၍ ဆိုလိုသည်။
ဤကဲ့သို့ ဖြစ်ခြင်း၏ အရင်းမူလမှာလည်း ဥတုခေါ်သော တေဇော ဓာတ်၏ အစွမ်းပင်ဖြစ်လေသည်။ ဥတုနိယာမ ၏ အစွမ်းကြောင့်သာလျှင် ကျောက်မြေ မြေဆိုင် သမုဒ္ဒရာစသော ကမ္ဘာ့အဆောက်အဦများ ဖြစ်ပေါ် လာရ၏၊ တစ်စုံတစ်ဦးသော တန်ခိုးရှင်၏ ဖန်ဆင်းစီရင်ခြင်းကြောင့် ဖြစ်ပေါ်လာရသည် မဟုတ်ချေ။
ဤဥတုနိယာမ၏ သဘောကို ကောင်းစွာ မသိမြင်လျှင် ဤကမ္ဘာ ကြီးသည် ဖန်ဆင်းတတ်သော တန်ခိုးရှင်က ဖန်ဆင်း၍ ဖြစ်သည်ဟူ၍ အယူဖောက်ပြန်တတ်လေသည်၊ ဥတုနိယာမသဘောကို သိမြင်နိုင်လျှင် ထိုကဲ့သို့ ဣဿရနိမ္မာန ဒိဋ္ဌိဖြစ်နိုင်မည် မဟုတ်ချေ။
ကမ္ဘာလောကကြီး၏ အဆောက်အဦဟူသမျှတို့သည် တည်၍ လာကြကုန်သည်ရှိသော် ဓမ္မနိယာမ အစီအရင် အားဖြင့်သာလျှင် တည် ထောင်ကြကုန်၏၊ ဓမ္မနိယာမသည် ကမ္ဘာကြီးကို တည်ထောင်ရာ၌ လက်သမားဆရာကြီးသဖွယ် ဖြစ်လေ၏၊ ဓမ္မနိယာမအစီအရင် မည်သည်ကား ပထဝီစသော ပရမတ္ထဓာတ်တို့၏ အညီအညွတ် ရွက် ဆောင်ခြင်း, မညီမညွတ် ရွက်ဆောင်ခြင်းများပေတည်း၊ အညီ အညွတ် ရွက်ဆောင်ခြင်းသည် ဓာတ်တို့၏ပကတိသဘော အားဖြင့် ဖြောင့် မှန်စွာ ရွက်ဆောင်ခြင်းမည်၏၊ မညီမညွတ် ရွက်ဆောင်ခြင်းသည် ဓာတ်တို့၏ ဝိကတိသဘောအားဖြင့် ဖောက်ဖောက်ပြန်ပြန် ရွက်ဆောင်ခြင်းမည်၏။
ပကတိသဘောအားဖြင့် ရွက်ဆောင် ပြုပြင်သည်ရှိသော် အညီ အညွတ် ရွက်ဆောင်ပြုပြင်လေ၏၊ ဝိကတိသဘောအားဖြင့် ရွက်ဆောင် သည်ရှိသော် မညီမညွတ်ရွက်ဆောင် ပြုပြင်လေ၏၊ ကမ္ဘာ လောကပေါ် ၌ ရှိရှိသမျှသော ကမ္ဘာ့အဆောက် အဦဟူသမျှတို့၏ ပုံပန်းသဏ္ဌာန်သည် အဝန်းအဝိုင်းတွေသာများ၏၊ ပုံသဏ္ဌာန်တို့တွင် အဝန်းအဝိုင်းတည်း ဟူသော သဏ္ဌာန်သည်ကား ပကတိသဏ္ဌာန်ဖြစ်၏၊ ထို့ကြောင့် ပထဝီ စသော ဓာတ်တို့၏ အညီအမျှ ရွက်ဆောင်ခြင်းတည်းဟူသော အား အစွမ်းကြောင့် စကြဝဠာကမ္ဘာ လောကဓာတ်နှင့်စပ်ဆိုင်သော အရာ ဟူသမျှတို့သည် စက်ဖြင့်လှည့်၍ အဝန်းအဝိုင်း ပြုအပ်ကုန်ဘိ သကဲ့သို့ အဝန်းအဝိုင်းသဏ္ဌာန်အားဖြင့်သာလျှင် တည်ကြကုန်၏၊ မဟာပထဝီ မြေကြီး အဝန်းအဝိုင်းသဏ္ဌာန် အားဖြင့်တည်သည်၊ ထိုအတူ မဟာ သမုဒ္ဒရာသည်၎င်း, စကြာဝဠာတောင်သည်၎င်း အဝန်းအဝိုင်း သဏ္ဌာန် အားဖြင့်သာလျှင် တည်ကြကုန်၏၊ အလယ်၌ မြင့်မိုရ်တောင်သည်၎င်း, သီတာသမုဒ္ဒရာခုနစ်တန်တို့သည်၎င်း, သီတာခြားလျက် မြင့်မိုရ်တောင်ကို ပတ်ရံ၍တည်ကြကုန်သော သတ္တရဘန်တောင်စဉ်ခုနစ် ထပ်တို့သည်၎င်း အဝန်းအဝိုင်းသဏ္ဌာန်အားဖြင့်သာလျှင် တည်ကြကုန်၏၊ ထို့ပြင် နေ လ နက္ခတ် တာရာစသည်တို့သည်လည်း အဝန်းအဝိုင်း သဏ္ဌာန်အားဖြင့် သာလျှင် တည်ကြကုန်၏။
ဤသို့ဖြစ်ခြင်းသည် ဓမ္မနိယာမ၏ အားအစွမ်းကြောင့်ဖြစ်ခြင်း မည်၏၊ ထို့ကြောင့် ကမ္ဘာကြီးကို တည်ထောင်ရာတွင် ဓမ္မနိယာမက စီရင်သော အတိုင်းသာဖြစ်ကြရသည်ဟူ၍ ပြဆိုခဲ့ပေသည်။ အထူးအား ဖြင့် ပထဝီစသောဓာတ်တို့၏ အညီအညွတ် ဆောင်ရွက်ခြင်း, မညီမညွတ် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဆိုဖွယ်ရှိပြန်သည်မှာ သတ္တဝါတို့၏ သဏ္ဌာန်၌ ပညောင်ပင်၏ အဝန်းကဲ့သို့ ကိုယ်ရပ်နှင့်အလံတို့၏ ညီညွတ် ခြင်းသည်ဓာတ်တို့၏ အညီအညွတ်ဆောင်ရွက်ခြင်းမည်၏၊ ဆိုခဲ့သော အတိုင်း မညီမညွတ်ခြင်းသည် ဓာတ်တို့၏ အညီအညွတ် ဆောင်ရွက်ခြင်း မဟုတ်ချေ။ အကျဉ်းအားဖြင့်ဆိုသည်ရှိသော် သုံးဆယ့် နှစ်ပါးသော ယောကျ်ားမြတ်တို့၏ 'မဟာပုရိသ' လက္ခဏာကြီးတို့သည် ဓာတ်တို့၏ အညီအညွတ်ဆောင်ရွက်ခြင်း အစွမ်းကြောင့်ဖြစ်ကုန်၏၊ ပြဆိုခဲ့ပြီးသော လက္ခဏာတို့နှင့် မပြည့်စုံခြင်းသည် ဓာတ်တို့၏ မညီမညွတ် ဆောင်ရွက် ခြင်းကြောင့်ဖြစ်သည်။ ကောင်းသောစိတ်ဓာတ်အစဉ်နှင့် ပြည့်စုံခြင်းသည် ဓာတ်တို့၏ အညီအညွတ်ဆောင်ရွက်ခြင်းမည်၏၊ မကောင်း ယုတ်မာ ဆိုးညစ်စွာသောစိတ်နှင့် ပြည့်စုံခြင်းသည် ဓာတ်တို့၏ မညီမညွတ် ဆောင်ရွက်ခြင်းမည်၏။
* ဓာတ်တို့၏အညီအညွတ်ဆောင်ရွက်မှုကို သမဓာရဏ ဆိုသည်။
* မညီမညွတ်ဆောင်ရွက်မှုကို ဝိသမဓာရဏဆိုသည်။
အညီအညွတ်ဆောင်ရွက်မှုဆိုသည်ကား အမျိုးမျိုးသော အကြောင်းပစ္စည်းတို့၏ ပြည့်စုံညီညွတ်မှုကြောင့် ပထဝီစသော ဓာတ်တို့၏ အနှောင့်အယှက်မရှိ ပြေပြစ်ချောမောစွာ ဖြစ်ပေါ်ခြင်းကိုဆိုသည်။ မညီ မညွတ်ဆောင်ရွက်ခြင်းဆိုသည်ကား အကြောင်းအမျိုးမျိုးချို့တဲ့သဖြင့် ပထဝီစသောဓာတ်တို့၏ အနှောင့်အယှက်နှင့်တကွ ဖြစ်ပေါ်လာရခြင်း ကိုဆိုသည်။
ဗဟိဒ္ဓဖြစ်သော သစ်ပင်စသည်တို့၌ ပညောင်ပင်ကဲ့သို့ အညီ အညွတ်ဝန်းဝိုင်းသော သဏ္ဌာန်နှင့်ပြည့်စုံမှုသည် သမဓာရဏကိစ္စမည်၏၊ ဤကဲ့သို့ ညီညွတ်ဝန်းဝိုင်းသော သဏ္ဌာန်နှင့် မပြည့်စုံမှု ချို့တဲ့မှုသည် ဝိသမဓာရဏကိစ္စမည်၏၊ ပင်စည် အကိုင်းအခက် အရွက် အညွန့် အဖူး အပွင့် အသီး အခိုင် စသည်တို့၌ ဤနည်းအတိုင်းပင်လျှင် သမဓာရဏကိစ္စ ဝိသမဓာရဏကိစ္စကိုသိရာ၏၊ အကျဉ်းအားဖြင့်ဆိုသည်ရှိသော် လောကသုံးပါးတို့၌ ပကတိပုံသဏ္ဌာန်စသည်တို့၏ အတိုင်းမသိ ဆန်း ကြယ်မှုသည် ထင်ရှား၏၊ ဤသို့ ပုံပန်းသဏ္ဌာန်ဟူသမျှတို့၏ အနန္ဒ ဆန်းကြယ်မှုသည် ပထဝီစသော ဓာတ်တို့၏ ဆောင်ရွက်ဖြစ်ပေါ်ပုံ ဆန်း ကြယ်ခြင်းကြောင့်သာလျှင်ဖြစ်လေသည်။ ဤကဲ့သို့ ကမ္ဘာလောကပေါ်၌ ရှိရှိသမျှသော ကမ္ဘာ့အဆောက်ဦဟူသမျှတို့၏ အနန္တဆန်းကြယ်ပုံ, ဓာတ် တို့၏ဆောင်ရွက်ဖြစ်ပေါ်မှု ဆန်းကြယ်ပုံများသည် သဗ္ဗညုမြတ်စွာ ဘုရား တို့၏ အနေကဓာတုဉာဏ် နာနာဓာတုဉာဏ်တော်တို့၏အရာသာလျှင် ဖြစ်လေသည်။ အခြားပုဂ္ဂိုလ်တို့၏ ဉာဏ်အယူ မဟုတ်ကြလေကုန်။ အကြင်သူတို့သည်ကား ပရမတ္ထဓာတ်တို့၏ ဤသို့သဘောရှိသော ဆောင်ရွက်ဖြစ်ပေါ်မှု၏ အနန္တဆန်းကြယ်ပုံကို မသိကြလေကုန်၊ ထို သူတို့သည် အထင်အမြင် လွှဲမှားပြီးလျှင် လောကကိုပြုပြင်စီရင်နိုင် သော ပုဂ္ဂိုလ်များကို ရှာမှီးကြံစည်ကြလေကုန်၏၊ စိန္တာမယဉာဏ်ဖြင့် ကြံဖန် မှတ်ယူကြပြီးလျှင် လောကကို ဖန်ဆင်းစီရင်ပြုပြင်စီမံတတ်သော ပုဂ္ဂိုလ် အရှင်မြတ်ကြီးရှိသည်၊ ထိုအရှင်မြတ်ကြီး၏ တန်ခိုးအစွမ်းကြောင့် ကမ္ဘာ လောကကြီး ဖြစ်ပေါ်ရသည်၊ ကမ္ဘာပေါ်မှာ သက်ရှိသက်မဲ့ ရှိရှိသမျှ အနန္တတို့သည်လည်း ထိုဖန်ဆင်းစီရင်တတ်သော အရှင်မြတ်ကြီး၏ တန်ခိုး အစွမ်းကြောင့်သာလျှင် အထူးထူး အထွေထွေ ဖြစ်ပေါ်ကြကုန်သည်ဟူ၍ ပြောဆိုကြလေကုန်၏၊ ထိုသို့ ပြောဆိုသောအတိုင်းလည်း တစ်ဆင့်တစ် ဆင့် စွဲမြဲစွာယုံကြည်ကြလေကုန်၏၊ ထိုသို့ယုံကြည်သက်ဝင်မှတ်ထင် ပြောဆိုကြသော သူတို့သည် ဣဿရနိမ္မာနဒိဋ္ဌိဝါဒသို့ ဆင်းသက်သော သူတို့ဖြစ်ကြကုန်၏။
စင်စစ်အားဖြင့် ပရမတ္ထဓာတ်သဘာဝတို့မှတစ်ပါး ကမ္ဘာလော ကိုပြုပြင်ဖန်ဆင်းတတ်သော ပြုပြင်စီရင်တတ်သော သူဟူ၍ တစ်စုံတစ် ယောက်မျှ မရှိချေ။ ပရမတ္ထဓာတ်သဘာဝတို့သာလျှင် ပြုပြင်စီရင်ကြ ကုန်၏၊ ပြုပြင်ဖန်ဆင်းတတ်သော ပုဂ္ဂိုလ်အရှင်ဟူ၍ ပြောဆိုကြသည် မှာ စကားအဖြစ်မျှသာရှိလေ၏၊ စင်စစ်မှာ ရှိသည်မဟုတ်ချေ။ ဤသို့သာ လျှင် စွဲမြဲ၍ မှတ်သားအပ်၏။
ထိုထိုကမ္ဘာ့အဆောက်အဦဟူသမျှတို့၏ မျိုးစေ့သဖွယ်ဖြစ်ကုန် သော ဥတုတို့တွင်ရုန့်ရင်းကြမ်းတမ်းသော ဥတုအဖို့အစုတို့သည် ထိုက် သည်အားလျော်စွာ ရုန့်ရင်းကြမ်းတမ်း၍ ခိုင်မာတောင့်တင်းသော ကမ္ဘာ့အဆောက်အဦတို့ဖြစ်ပေါ်ခြင်းငှါ အကြောင်းညီညွတ်ကြလေ ကုန်၏၊ နူးညံ့သော ဥတုအဖို့အစုတို့နှင့် ရေအစုရေခဲအစုတို့သည် ထိုက် သည်အားလျော်စွာ နူးညံ့သော ကမ္ဘာ့အဆောက်အဦအဖြစ် ရေအဖြစ် မြေအဖြစ်သို့ ရောက်ကြလေကုန်၏။
အလုံးစုံသောသတ္တဝါရှိရှိသမျှတို့၏ ကံအကျိုးဆက်နှင့်တကွ ဖြစ်ကုန်သော ထိုဥတုဓာတ်သဘော အဖို့အစုတို့၏ အစွမ်းအားဖြင့် လူနတ်တို့၏ အဖိ့ုငှါ အရှင်မရှိသော လဗိမာန် နေဗိမာန် နက္ခတ်တာရာ ဗိမာန်တို့သည် လက်ဦးမဆွ စောစောကပင်လျှင် ပေါ်လာကြကုန်ဘိ သကဲ့သို့ ထို့အတူအထက်နတ်ပြည်ခြောက်ထပ်တို့၌၎င်း၊ ဗြဟ္မာ့ဘုံတို့၌၎င်း နတ်ဗြဟ္မာတို့၏ အလို့ငှါ အရှင်မရှိသော နတ်ဗိမာန် ဗြဟ္မာ့ဗိမာန်တို့သည် လက်ဦးမဆွ စောစောကပင်လျှင် ဖြစ်ပေါ်လာကြကုန်၏၊ ကမ္ဘာတည်ဦးစ အခါတွင် ပြဆိုအပ်ပြီးသော ဘုံဗိမာန်တို့၌ စိုးပိုင်သောအရှင်ဟူ၍ မရှိကြကုန်။ ထို့ကြောင့် သုညဗိမာန်တို့ဟူ၍သာ ဆိုရကုန်၏၊ နောက် ကာလ၌မူကား အထက်အထက်ဘုံတို့မှ စုတေလာကြကုန်သော ပုထုဇ္ဇန် သတ္တဝါတို့သည် ထိုက်သည်အားလျော်စွာ ထိုသုညဗိမာန်တို့၌ ဖြစ်ကြ လေကုန်၏။
ပါဠိတော်၌
ဟောတိ ခေါ သော ဘိက္ခဝေ သမယော ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန အယံ လောကော ဝိဝဋ္ဋတိ။ ဝိဝဋ္ဋမာနေ လောကေ သုညံ ဗြဟ္မဝိမာနံ ပါတုဗ္ဘဝတိ။ ဟူ၍ ဟောတော်မူသည်။
အနက်ကား-- ဘိက္ခဝေ=ရဟန်းတို့၊ ကဒါစိ ကရဟစိ=တစ်ရံ တစ်ခါ၌၊ ဒီဃဿအဒ္ဓုနော=ရှည်လျားသော အဓွန့်ကာလ၏၊ အစ္စယေန= လွန်သောအခါ၌၊ အယံ လောကော=ဤကမ္ဘာလောကကြီးသည်၊ ယံ ဝိဝဋ္ဋတိ=အကြင်ဖြစ်ပေါ် တည်ထောင်လာ၏၊ သောသမယော=ထိုကမ္ဘာ လောကကြီးဖြစ်ပေါ်တည်ထောင်သောကာလသည်၊ ဟောတိ ခေါ= ရှိသည်သာလျှင်တည်း၊ လောကေ=ကမ္ဘာလောကကြီးသည်၊ ဝိဝဋ္ဋမာနေ= ဖြစ်ပေါ်တည်ထောင်၍လာသည်ရှိသော်၊ သုညံ=ပိုင်ရှင်ကင်းမဲ့သော၊ ဗြဟ္မဝိမာနံ=ဗြဟ္မာ့ဗိမာန်သည်၊ ပါတုဗ္ဘဝတိ=ထင်ရှားဖြစ်ပေါ်လာ၏၊ ဤအရာ၌ အလုံးစုံသော သတ္တဝါဟူသမျှတို့၏ ကံအကျိုးဆက်နှင့် တကွ ဖြစ်ကုန်သော ထိုဓာတ်ဥတု အဖို့အစုတို့၏ အစွမ်းအားဖြင့်သာလျှင် ထိုဘုံဗိမာန်တို့သည် အဘယ်ကြောင့် ဖြစ်ပေါ်နိုင်ကုန်မည်နည်းဟူ၍ မကြံအပ်။ လောကသုံးပါးတို့တွင် သတ္တလောကသာလျှင် ပဓာနဖြစ်၍ ကြီးကဲပြဓာန်းလေသည်။ သတ္တလောကမှတစ်ပါးကုန်သော ဩကာသ လောကနှင့် သင်္ခါရလောကတို့သည် သတ္တလောကအလို့ငှါသာလျှင် ဖြစ်ကြကုန်၏။
မဟာပထဝီမြေကြီးသည်လည်း သတ္တလောက အလို့ငှါသာလျှင် ဖြစ်ပေါ်ရကုန်၏၊ ဘုံဗိမာန်တို့မှာ ဆိုဖွယ်ရာအထူးမရှိချေ။ စင်စစ်အား ဖြင့် သတ္တလောကအလို့ငှါသာလျှင် ဖြစ်ပေါ်ကြကုန်သည်။ သတ္တ လောက၌ အကျုံးဝင်ကုန်သော စိတ်စေတနာစသော နာမ်တရားတို့သည် အရူပ ဓာတ်တို့မည်ကုန်၏၊ ထိုအရူပဓာတ်တို့သည် အလွန်တန်ခိုးအစွမ်း ကြီးကျယ်လှကုန်၏၊ အလွန်တရာ အရှိန်အဟုန် ကြီးကျယ်လှကုန်၏၊ အစိန္တေယျကြီးလေးပါးတို့သည်လည်း ထိုအရူပဓာတ်တို့မှ ဖြစ်ကြကုန် သည်။
ဆိုဖွယ်အထူးရှိပြန်သည်ကား- အသက်နှစ်ဆယ်တမ်းအခါ၌ သတ္ထန္တရကပ်တည်းဟူသော ဘေးကြီးဖြင့် ခြိမ်းခြောက်အပ်ကုန်သော လူတို့၏အဆင့်ဆင့် ပြုလုပ်ကြိုးစားအပ်ကုန်သော ကုသိုလ်ကံအကျိုးဆက် တို့သည် အလုံးစုံသောလောကဓာတ်ကို ပျံ့နှံ့စေ၍ အသက်အသင်္ချေယျ တမ်းသို့ ရောက်စေနိုင်ကုန်၏။
ဤအရာ၌မူကား ကမ္ဘာကြီးတစ်ခုလုံး ပျက်ပြုန်းသော ဘေးကြီးဖြင့် ခြိမ်းချောက်အပ်ကုန်သော လူအပေါင်းတို့အား အထက်ဗြဟ္မာ့ဘုံသို့ တက်ခြင်းငှါ သံဝဋ္ဋကပ်ကြီး တစ်ကပ်ပတ်လုံး ပြုလုပ်ဆည်းပူးအပ်ကုန် သော ကုသိုလ်ကံတို့သည်လည်းရှိကုန်၏၊ ဗြဟ္မာ့ဘုံသို့ ရောက်ကြကုန်ပြီး သောအခါ အသင်္ချေယျကပ်နှစ်ကပ်တို့ပတ်လုံး နီဝရဏတရား ငါးပါးတို့ကို ပယ်ခွါ၍ ကောင်းစွာတည်နေကြကုန်စဉ် ဖြစ်ပွါးကုန်သော ကုသိုလ်ကံ တို့သည်လည်းရှိကုန်၏၊ ထိုကုသိုလ်ကံတို့ကို ပေါင်းစုသည်ရှိသော် အလွန်တရာ ကြီးကျယ်များပြားလှကုန်၏၊ ထိုကံတို့၏ အကျိုးဆက် တို့သည်လည်း အလွန်တရာ ကြီးကျယ်များပြားလှကုန်၏၊ ဤကံအကျိုး ဆက်တို့ကိုရည်၍ အလုံးစုံသော သတ္တဝါတို့၏ ကံအကျိုးဆက်နှင့်တကွ ဖြစ်ကုန်သော ဥတုအဖို့အစုတို့ကြောင့် ဘုံဗိမာန် တို့ ဖြစ်ပေါ်ကြကုန်သည် ဟူ၍ဆိုခဲ့ပေသည်၊ ဤကဲ့သို့သောအဓိပ္ပါယ်ကို အကျယ်သိမြင်ပါလျှင်လည်း ဘုံဗိမာန်တို့၏ ဖြစ်ပေါ်လာပုံကို အထူးကြံ စည်ထိုက်သည် မဟုတ်ချေ။ ပြဆိုအပ်ခဲ့ပြီးသော ကောင်းကင်၌ တည်ကြကုန်သော နတ်ဗိမာန် ဗြဟ္မာ့ဗိမာန် အလုံးစုံတို့မည်သည် တစ်ခဲနက် ရတနာအတိတို့သာ ဖြစ်ကုန်၏၊ ဥပပတ်သတ္တဝါတို့၏ ကိုယ်ကာယတို့ကဲ့သို့ အလွန်တရာ ပေါ့လည်းပေါ့ကုန်၏၊ မလှုပ်မရှား သော လေဆိုင်လေခဲအပြင်တို့၌ တိမ်ထွတ်ကြီးတို့ကဲ့သို့ တည်၍နေကြ ကုန်၏၊ လဗိမာန် နေဗိမာန် ဂြိုဟ် နက္ခတ် တာရာဗိမာန်တို့လည်း လှုပ်လှုပ် ရှားရှား သွားလာလှည့်လည်၍ နေကြကုန်၏။
ထိုဘုံဗိမာန်တို့သည် အဘယ်သို့သွားလာလှည့်လည်၍ နေကြကုန် သနည်းဟုဆိုလျှင် ထိုအထက်ကောင်းကင်ပြင်၌ မြင့်မိုရ်တောင် သတ္တရ ဘန်တောင်တို့မှ ပြင်ပသို့ တိုက်ခတ်သော လေဟုန်လေယဉ်တို့သည်၎င်း, စကြဝဠာတောင်မှ အတွင်းသို့ တိုက်ခတ်သောလေ အပသို့တိုက်ခတ်သော လေဟုန်လေယဉ်နှစ်ပါးတို့သည်၎င်း အချင်းချင်း တွေ့ဆုံပေါင်းသင်းမိကြ ကုန်သည် ရှိသော် အလွန်ကြီးကျယ်စွာသော လေပွေစကြာဝိုင်းကြီးဖြစ်၍ မြင့်မိုရ်တောင်မဏ္ဍိုင်ကို လကျ်ာရစ်လှည့်လည်ပြီးလျှင် ထက်မြက်မြန်ဆန် သော အဟုန်နှင့်တကွ အစဉ်မပြတ် လှည့်လည်ဝိုင်းဝန်း၍ နေကြလေ ကုန်၏။
ထိုလေပွေ,လေစကြာကြီးက တိုက်အပ်,လွှင့်အပ်သည်၏အဖြစ် ကြောင့် ပြဆိုအပ်ခဲ့ကုန်ပြီးသော လဗိမာန် နေဗိမာန်စသည်တို့သည် လေဟုန်အယဉ်ကိုစီး၍ မြင့်မိုရ်တောင်ကြီးကို လကျ်ာရစ်လှည့်လည် သွားလာလျက်နေကြကုန်သည်၊ ထိုဗိမာန်တို့တွင် အချို့ဗိမာန်တို့သည် အလွန်တရာ ပေါ့ပါးကုန်၏၊ အချို့ဗိမာန်တို့သည် အလွန်တရာမပေါ့ပါး ကုန်၊ ထို့ကြောင့် အချို့ဗိမာန်တို့၏ နှေးစွာသွားခြင်း, အချို့ဗိမာန်တို့၏ လျင်မြန်စွာသွားခြင်းတို့သည် ထင်ရှားကုန်၏။
ဆိုအပ်ခဲ့ပြီးသော လေဟုန် လေယဉ်နှစ်ပါးတို့သည်လည်း တစ်ရံ တစ်ခါ မျှတသော အင်အားရှိကြကုန်၏၊ တစ်ရံတစ်ခါ မျှတသော အင်အားမရှိကြကုန်၊ ထို့ကြောင့် အကြင်ဗိမာန်တို့သည် နှေးနှေးသွားကြ ကုန်၏၊ ထိုဗိမာန်တို့သည် လေပွေ လေစကြာကြီးတိ့ု၏ မညီမညွတ်ဆောင် သည်၏ အစွမ်းအားဖြင့် တောင်မြောက်ရွေ့ရှား ပြောင်းလွဲပြီးလျှင် တစ်ဖြင့် တစ်ပါး သွားလာလှည့်လည်ကြလေကုန်၏၊ အမျိုးမျိုးသော လေပွေ လမ်းခရီးအားဖြင့်လည်း ဗိမာန်တို့၏ သွားပုံအမျိုးမျိုးတို့သည် ထင်ရှား ကုန်၏၊ လေပွေစကြာ၏ လမ်းခရီးမှ အောက်သို့နိမ့်ကျ၍ တည်ရှိကြ ကုန်သော အာကာသဋ္ဌဗိမာန် အချို့တို့သည်၎င်း, ဝလာဟကနတ် အမျိုး မျိုးတို့၏ ဘုံဗိမာန်တို့သည်၎င်း ရွေ့ရှားသွားလာခြင်း မရှိကြလေကုန်၊ အဘယ်ကြောင့်နည်းဆိုသော် လေပွေ လေစကြာကြီး၏လမ်းနှင့် မတိုက် ဆိုင်မိကြသောကြောင့်တည်း။
ဤကား ကမ္ဘာတည်ဆဲဖြစ်သော ဝိဝဋ္ဋကပ်နှင့်စပ် လျဉ်း၍ ပြဆို အပ်သော စကားရပ်ပေတည်း။
နေလတို့ပေါ်သည်မှစ၍ ကမ္ဘာပျက်သည့်တိုင်အောင် ဤအတွင်း ၌ အန္တရကပ်ခြောက်ဆယ့်လေးကပ် ပမာဏဖြစ်၍ တည်သော စတုတ္ထ အသင်္ချေယျကပ်သည် ဝိဝဋ္ဋဋ္ဌာယီကပ်မည်၏၊ ဤဝိဝဋ္ဋဋ္ဌာယီကပ်၌ ကမ္ဘာ ပေါ်တွင် သတ္တလောကကြီးသည် ဖြစ်ထွန်းစည်ကားလျက် တည်နေကြ ကုန်သည်။
ဝိဝဋ္ဋကပ် ဝိဝဋ္ဋဋ္ဌာယီ ကပ်နှစ်ပါးကို ဆိုသောစကားပြီး၏။
ထိုသို့ဆိုအပ်ခဲ့ပြီးသော အသင်္ချေယျ လေးကပ်တို့တွင် စတုတ္ထဖြစ် သော ဤဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်၌ ရေ,မြေမဟာသမုဒ္ဒရာ မြင့်မိုရ် စသော ကမ္ဘာ့အဆောက်အဦတို့၏ အကြီးအကျယ်ဖြစ်မှုသည် နောင် အခါ ဖြစ်ပေါ်လတ္တံ့သော ကမ္ဘာပျက်သည့် ပထမသံဝဋ္ဋကပ်၌ ကမ္ဘာမီး အကြီးအကျယ် လောင်ခြင်း၏အကျိုးငှါသာ ဖြစ်လေ၏၊ ထိုသံဝဋ္ဋကပ်၌ ကမ္ဘာမီးအကြီးအကျယ် လောင်ခြင်းသည် ဒုတိယဖြစ်သော သံဝဋ္ဋဋ္ဌာယီ ကပ်၌ ဓာတ်ဥတုအဆောက်အဦတို့ တည်ထောင်ခြင်းအကျိုးငှါသာ ဖြစ်လေ၏၊ ထိုသံဝဋ္ဋဋ္ဌာယီကပ်၌ ဓာတ်ဥတုအဆောက်အဦ ကြီးကျယ်မှု သည် တတိယဖြစ်သော ကမ္ဘာတည်ထောင်သည့် ဝိဝဋ္ဋကပ်၌ ကမ္ဘာပြု မိုးကြီး အကြီးအကျယ်ရွာသွန်းခြင်း အကျိုးငှါသာ ဖြစ်၏၊ ထိုဝိဝဋ္ဋကပ်၌ ကမ္ဘာပြုမိုး အကြီးအကျယ်ရွာသွန်းမှုသည် စတုတ္ထဖြစ်သော ဝိဝဋ္ဋဋ္ဌာယီ ကပ်၌ ရေမြေမဟာသမုဒ္ဒရာ မြင့်မိုရ်စသော ကမ္ဘာ့အဆောက်အဦတို့ အကြီးအကျယ် ဖြစ်ပေါ်ခြင်း အကျိုးငှါသာ ဖြစ်၏၊ ထိုမှတစ်ဖန် စတုတ္ထ ဝိဝဋ္ဋဋ္ဌာယီကပ်၌ ကမ္ဘာ့အဆောက်အဦတွေ ကြီးကျယ်လေသမျှသည် ပထမသံဝဋ္ဋကပ်၌ ကမ္ဘာမီးအကြီးအကျယ် လောင်ခြင်းငှါသာ ဖြစ်လေ၏။
ဤကဲ့သို့ အသင်္ချေယျ ကပ်လေးပါးအစဉ်သည် တစ်ခုနှင့်တစ်ခု ကျေးဇူးပြု၍ အနမတဂ္ဂ အပရိယန္တအဆုံး အစမရှိ ကမ္ဘာအစဉ်အဆက် ဖြစ်ပျက်၍ သွားလေ၏၊ ဆိုအပ်ခဲ့ပြီး အသင်္ချေယျ ကပ်ကြီးလေးပါးသည် အစဉ်အတိုင်း စက်လည်ပြီးလျှင် မည်သည့်အခါမှာမှ ဆုံးနိုင်သည်ဟူ၍ မရှိဘဲ တဝဲလည်လည် ဖြစ်တည် ချုပ်ပျက်၍ နေကြလေကုန်၏၊ ဤသို့ ကပ်လေးပါးအစဉ် စက်လည်၍ နေမှုသည် တစ်စုံတစ်ဦးသောပုဂ္ဂိုလ်က စီမံဖန်ဆင်းခြင်းကြောင့် ဖြစ်နေသည်မဟုတ်၊ လောကကိုအစိုးရသော အရှင်၏အလိုအတိုင်း ဖြစ်နေသည်လည်း မဟုတ်၊ စင်စစ်အားဖြင့် ဥတုနိယာမ ဓမ္မနိယာမ အစဉ်အားဖြင့်သာလျှင် ဖြစ်,တည်,ချုပ်,ပျက်၍ နေခြင်းဖြစ်လေသည်။ ဤသို့ အသင်္ချေယျကပ်ကြီးလေးပါးတို့၏ အစဉ် အဆက်ဖြစ်နေမှုသည်လည်း လောကကို အစိုးရသည်ဟု ခေါ်ကြသော ပုဂ္ဂိုလ်ပေါင်း ရာ,ထောင်,သိန်း,သောင်းတို့က မဖြစ်ရအောင် တားမြစ်နိုင် ကြသည်လည်း မဟုတ်ချေ၊ ဥတုနိယာမ, ဓမ္မနိယာမအတိုင်းသာလျှင် မဆိုင်းမတွဖြစ်ပေါ် ပျက်စီးကြလျက် မည်သည့်ပုဂ္ဂိုလ်၏အလိုသို့ လိုက်၍ လည်းမဖြစ်၊ မည်သည့်ပုဂ္ဂိုလ်က တားမြစ်သော်လည်း မဆိုင်းလင့်၊ ထိုက် သင့်သည် အားလျော်စွာ ကမ္ဘာ့ဓမ္မတာ ရှိသမျှနှင့် ဖြစ်ပျက်၍ နေကြလေ သည်။
ဩကာသလောကကြီး ဖြစ်ပျက်ပုံ ပြီး၏။
သင်္ခါရလောကကြီး ဖြစ်ပျက်ပုံ
ဤအရာ၌ သစ်ပင် ချုံနွယ်စသော ဗီဇဂါမ် ဘူတဂါမ်များကိုသင်္ခါရလောကဟုဆိုအပ်၏။
ဗီဇဂါမ် ဘူတဂါမ်နှစ်ပါး အထူးကား--
* မျိုးစေ့ အခိုက်အတန့်၌ တည်နေကြကုန်သော သစ်ပင် စသည်တို့၏ အပေါင်းသည် ဗီဇဂါမ်မည်၏။
* မျိုးစေ့ အခိုက်အတန့်မှ လွန်၍ ကြီးပွားခြင်းသို့ရောက် လေပြီးသော သစ်ပင်စသည်တို့၏ အပေါင်းသည် ဘူတဂါမ် မည်၏။
သတ္တဝါတို့၏ စိတ်ဆန်းကြယ်မှုကို အစပြု၍ သညာဆန်းကြယ်ခြင်း သည်ဖြစ်၏၊ သညာဆန်းကြယ်မှုကို အစွဲပြု၍ ကံဆန်းကြယ်၏၊ ကံဆန်းကြယ်မှုကို အစွဲပြု၍ တိရစ္ဆာန် သတ္တဝါတို့၏ အမျိုးဇာတ်တို့သည် လွန်စွာဆန်းကြယ်ကုန်၏ဟူ၍ ရှေ့စိတ္တနိယာမခဏ်းတွင် ပြဆိုအပ်လေ ပြီးသော စကားကဲ့သို့ ဤသင်္ခါရလောကအရာ၌လည်း စိတ် သညာ ကံ ဆန်းကြယ်ခြင်းကို အစွဲပြု၍ သစ်ပင်စသည်တို့၏ မျိုးစေ့ဇာတ်တို့ သည်လည်း အမျိုးမျိုးအထွေထွေ ဆန်းကြယ်ကြကုန်၏၊ မျိုးစေ့ဇာတိ အထူးထူး အထွေထွေ ဆန်းကြယ်မှုကို အစွဲပြု၍ ဗီဇဂါမ် ဘူတဂါမ်ဟု ဆိုအပ်သော သစ်ပင်စသည်တို့သည် အနန္တဆန်းကြယ်ကြ လေကုန်၏၊ တိရစ္ဆာန်တို့၏ ဆန်းကြယ်မှု၌ ကံ၏မချ အကျိုးရင်း ပြဓာန်းသည်။ ဗီဇဂါမ် ဘူတဂါမ်တို့၌မူကား ကံ၏နိဿန္ဒ အကျိုးဆက် ပြဓာန်းသည်။
ဤအရာ၌ မျိုးစေ့မည်သည်ကား သမ္မုတိသစ္စာဟု ဆိုအပ်သော ပညတ်အားဖြင့်ဆိုလျှင် ပြဆိုခဲ့ပြီးသော မူလဗီဇ ခန္ဓဗီဇ စသောမျိုးစေ့ တို့ပေတည်း၊ ပရမတ္ထသစ္စာအားဖြင့် ဥတုဝိသေသကို ဗီဇဟုဆိုသည်။
ထိုစကားကို ထင်ရှားစွာပြဆိုဦးအံ့- သမ္မုတိသစ္စာ၏ အစွမ်းအားဖြင့် အကြင်မျိုးစေ့ကို သရက်မျိုးစေ့ သပြေမျိုးစေ့ စသည်ဖြင့် ခေါ်ဆိုသမုတ်အပ်၏၊ ထိုသို့ပညတ်အားဖြင့် အမျိုးမျိုး ခေါ်ဆိုသမုတ် အပ်သော မျိုးစေ့များသည် ပရမတ္ထသစ္စာသဘောသို့ ရောက်လေသော အခါ အလုံးစုံမျိုးစေ့တို့ မဟုတ်ကြလေကုန်။ စင်စစ်အားဖြင့် ဆိုသည် ရှိသော် ထိုသရက်မျိုးစေ့၌ ဓာတ်ရှစ်ပါးတို့ တည်ရှိကြကုန်၏၊ ထိုဓာတ် ရှစ်ပါးတို့ကား ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, ဝဏ္ဏဓာတ်, ဂန္ဓဓာတ်, ရသဓာတ်, ဩဇာဓာတ်တို့ပေတည်း။ ထိုဓာတ် ရှစ်ပါးတို့တွင် တေဇောဓာတ်တစ်ပါးသည်သာလျှင် မျိုးစေ့ကိစ္စကို ရွက် ဆောင်နိုင်၏၊ ထို့ကြောင့် ထိုတေဇောဓာတ်သည်သာလျှင် မျိုးစေ့ မည် သည်၊ ကြွင်းသော ဓာတ်ခုနစ်ပါးတို့သည်ကား ထိုတေဇောဓာတ်၏ အဆောက်အဦ အထောက်အပံ့မျှတို့သာ ဖြစ်ကုန်၏၊ မျိုးစေ့ကိစ္စကို ပြီးစီးစေနိုင်သည် မဟုတ်ကုန်။ မျိုးစေ့ဟုဆိုအပ်သော ထိုဥတုအထူး သည်ကား ကမ္ဘာ၏ မျိုးစေ့သဖွယ်ဖြစ်၍ နေကုန်သော ဥတုအဆောက် အဦတို့တွင် အကျုံးဝင်၍ ပါရှိလေ၏။
(ထိုဥတုဝိသေသသည် သံဝဋ္ဋကပ်စသည်တို့၌ အကြောင်းကို မရ ခြင်းကြောင့် ပေါက်ရောက်ခြင်းကိစ္စကို မပြီးစီးစေနိုင်ကြကုန်။ ဝိဝဋ္ဋ ဋ္ဌာယီကပ်၌မူကား မြေတည်းဟူသော တည်ရာအကြောင်းနှင့် ရေတည်း ဟူသော အချီးအမြှောက်ကို ရရှိကြကုန်သောကြောင့် ပေါက်ရောက် ခြင်းကိစ္စကို ပြီးစီးစေနိုင်ကြကုန်၏၊)
ထို့ကြောင့် ဤလူ့ပြည်လောက၌ ကမ္ဘာဦးအခါ အကြင်မျှလောက် သော ကာလပတ်လုံး မိန်းမ,ယောကျ်ားတို့ဟူ၍ မဖြစ်ပေါ်ကြကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ဥပပတ်လူတို့သည်သာလျှင် ဖြစ်ပေါ် ကြကုန်သကဲ့သို့ ထိုအတူ ဤလောက၌ ကမ္ဘာဦးအခါ ဗီဇဂါမ် ဘူတဂါမ် တို့သည် အကြင်မျှလောက်သော ကာလပတ်လုံး မူလဗီဇစသော မျိုးစေ့ ငါးပါးတို့ မဖြစ်ပေါ်ကြကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး မြေရေတို့၌ အကျုံးဝင်ကာ တည်ရှိနေသော မျိုးစေ့ဓာတ်တိ့ုမှသာလျှင် ဗီဇဂါမ် ဘူတဂါမ်တို့ ဖြစ်ပေါ်ကြကုန်၏၊ သပြေပင် ဖြစ်ထိုက်သော မျိုးစေ့ဓာတ်မှ သပြေပင်တို့ဖြစ်ပေါ်လာကုန်၏၊ သရက်ပင်ဖြစ်ထိုက်သော မျိုးစေ့ဓာတ်မှ သရက်ပင်တို့ဖြစ်ပေါ်လာကုန်၏၊ ဤသို့ စသည်ဖြင့် ဗီဇဂါမ် ဘူတဂါမ် အနှံ့အပြားသိလေ။ မျိုးစေ့ဓာတ်ဆိုသည်မှာ ယခင်က ပြဆိုခဲ့ပြီး သော တေဇောခေါ်သည့် ဥတုဝိသေသပေတည်း။
ထိုဥတုဝိသေသနှင့် အတူတကွ ဖြစ်ကြကုန်သော ဓာတ်ခုနစ်ပါး တို့၏ ဓမ္မနိယာမအားဖြင့် ဆောင်ရွက်ကြပုံကို အမြွက်မျှ ပြဆိုဦးအံ့။
သရက်မျိုးစေ့ဖြစ်ထိုက်သော တေဇောနှင့်အတူတကွ ဖြစ်ကြကုန် သော ဓာတ်ခုနစ်ပါးတို့သည် ဗီဇဂါမ်,ဘူတဂါမ်တို့ကို ဖြစ်ပွားစေရာ ဥတုဝိသေသ၏အလိုသို့ လိုက်ကြရကုန်၏၊ ဥတုဝိသေသသည် ပဓာနကြီး ဖြစ်၍ ပြဓာန်းစိုးမိုးလေ၏၊ သရက်မျိုးစေ့ဖြစ်သော ဥတုဝိသေသသည် ဓမ္မနိယာမအားဖြင့် သရက်ပင်ကိုသာ ပေါက်စေ၏၊ အခြားအပင်ကို မပေါက်စေ၊ ထိုဥတုဝိသေသနှင့် အတူတကွဖြစ်သော အာပေါသည် သရက်ပင်၏ သဘောအနေအားဖြင့်သာလျှင် ဖွဲ့စည်းခြင်းတည်းဟူသော မိမိကိစ္စကို ရွက်ဆောင်လေ၏၊ ပထဝီဓာတ်ကလည်း ထိုအတူပင်လျှင် သရက်ပင်၏အဖြစ်ကို ရွက်ဆောင်လေ၏၊ ဝါယောဓာတ်ကလည်း သရက် ပင်သဘောအားဖြင့် ထောက်ခံလှုပ်ရှားခြင်းတည်းဟူသော မိမိကိစ္စကို ဆောင်ရွက်လေ၏၊ ဝဏ္ဏဓာတ်ကလည်း အညှောက်ကစ၍ အသီးမျှတို့ သို့တိုင်အောင် သရက်၏အဆင်းကဲ့သို့သော အဆင်းကိစ္စကို ရွက်ဆောင် လေ၏၊ ဂန္ဓဓာတ်ကလည်း ထိုအတူ အသီးမှည့်သို့တိုင်အောင် သရက်၏ အနံ့ကဲ့သို့သော အနံ့ကိုသာ ရွက်ဆောင်လေ၏၊ ရသဓာတ်ကလည်း အသီးမှည့်သို့တိုင်အောင် သရက်၏အရသာကဲ့သို့သော အရသာကိုသာ ရွက်ဆောင်လေ၏၊ ဩဇာဓာတ်ကလည်း အသီးမှည့်သို့တိုင်အောင် သရက်၏ ဩဇာကဲ့သို့သော ဩဇာကိုသာ ရွက်ဆောင်လေ၏၊ ဤကဲ့သို့ ဓာတ်ရှစ်ပါးတို့က ဓမ္မနိယာမအားဖြင့် ကိုယ်စီကိုယ်င ကိုယ့်သဘောနှင့် ကိုယ် ရွက်ဆောင်ကြရာ သရက်ပင်ကြီး ပီသစွာ ဖြစ်လာလေ၏။
ဤနည်းအတိုင်း သပြေပင် ပိန္နဲပင် စသည်တို့မှာလည်း ရုပ်ဓာတ် ရှစ်ပါးတို့၏ ဓမ္မနိယာမအားဖြင့် ကြံစည်ရာ၏။
ဥတုဝိသေသအမျိုးမျိုးကိုစွဲ၍ ထိုဥတုနှင့်တကွဖြစ်သော ဓာတ် ခုနစ်ပါးတို့သည်လည်း မိမိတို့ကိစ္စကို အမျိုးမျိုး ရွက်ဆောင်ကြရကုန်၏၊ ဤကဲ့သို့ ဓမ္မနိယာမအားဖြင့် ဓာတ်သဘာဝတို့ ပြုပြင်ကြပုံကို ထင်ရှားစွာ သိမြင်သောအခါ သစ်ပင်,ချုံ,နွယ်စသော ဗီဇဂါမ်,ဘူတဂါမ်များကို မည်သည့်ပုဂ္ဂိုလ်က ဖန်ဆင်းသည်၊ မည်သည့်ပုဂ္ဂိုလ်အရှင်မြတ်၏ တန်ခိုး အစွမ်းကြောင့် ဖြစ်ပေါ်ရသည်ဟူ၍ ယူဆမှောက်မှားသော ဣဿရ နိမ္မာနဒိဋ္ဌိများကို ပယ်ရှားလွှင့်နှင်နိုင်လေသည်။
ကမ္ဘာတည်ဦးစ ပထမအခါ မြေအပြင်ထက်၌ မြှေးယှက်၍ ရသ ပထဝီမည်သော အရာသည် လက်မွန်စွာ တည်လာ၏၊ နွားနို့အပြင်၌ မလိုင်တက်သကဲ့သို့တည်း၊ ထိုရသပထဝီသည် အလုံးစုံသော ရေမျက်နှာ အပြင်ကို မြှေးယှက်၍နေ၏၊ ထိုရသပထဝီကို လျက်ခြင်းငှါတတ် ကောင်း ၏၊ အလွန်ကောင်းမြတ်သော မြေဆီအရသာဖြစ်သည်။ ထိုအခါ ဗြဟ္မာ့ ပြည်မှ အောက်သို့ လျောသက်ကြကုန်သော ကမ္ဘာ့အဆောက်အဦ ဖြစ် သည့် ရေဆိုင်ရေခဲတို့သည် ရှေးဦးစွာ သိလာပထဝီ မြင့်မိုရ်တောင် သတ္တရဘန်တောင် စကြဝဠာတောင် ဟိမဝန္တာတောင်တို့ဖြစ်၍ တည်ကြ ကုန်၏၊ ကြွင်းသောအရပ်ဌာနတို့ကား တခဲနက် ရေအပြင်သို့သာ ဖြစ်လေကုန်၏၊ ထိုမှနောက်၌ ပြဆိုခဲ့ပြီးသော ရသပထဝီသည် ရင့်မာလေ သည်ရှိသော် ကြမ်းတမ်းသည်၏ အဖြစ်သို့ ရောက်လေ၏၊ လက်ဖြင့် ကော်၍ လျက်ခြင်းငှါ မတတ်ကောင်း၊ ထိုအခါ တောင့်တင်းခက်မာသော ထိုရသပထဝီပေါ်မှာ ဘူမိပ္ပဋိကခေါ်သော မြေချပ် မြေလွှာသည် ထင်ရှား စွာ ဖြစ်ပေါ်လာ၏။
ဤရသပထဝီနှင့် မြေချပ်လွှာတို့သည် ပံသုပထဝီ၏ ရှေးဦးမဆွဖြစ် သော အရာတို့ပေတည်း။ ပံသုပထဝီ၏ မျိုးစေ့တို့ဟူ၍ ဆိုအပ်ကုန်၏၊ ထိုမြေချပ်မြေလွှာသည် ပေါ်ဦးစအခါတွင် နူးညံ့၍ စားခြင်းငှါထိုက်၏၊ ရင့်မာခြင်းသို့ ရောက်လေသောအခါ၌မူကား စားသုံးခြင်းငှါမတတ် ကောင်းလေ၊ ထိုအခါ၌ ဗီဇဂါမ် ဘူတဂါမ်တို့တွင် ပဒါလတာမည်သော နွယ်မျိုးနှင့် ကောက်သလေးတို့သည် ရှေးဦးစွာ ပေါ်လာကြကုန်၏၊ ထိုမှ နောက်၌ မြက်အမျိုးမျိုး သစ်ပင်အမျိုးမျိုး နွယ်အမျိုးမျိုး ချုံအမျိုးမျိုး တို့သည် ဖြစ်ပေါ်လာကြကုန်၏၊ ထိုဗီဇဂါမ် ဘူတဂါမ်တို့ဖြစ်ပေါ်လာ ခြင်း၏ အကြောင်းရင်း ဗီဇသည်မူကား ကမ္ဘာ့အဆောက်အဦတို့တွင် ပါရှိသော တေဇောခေါ်သည့် ဥတုဝိသေသပင်ဖြစ်လေသည်။ ထိုမှ နောက်၌ ကာလရှည်မြင့်လေသောအခါ လောက၌ ပါပစိတ္တ ပါပဓမ္မ ဟုဆိုအပ်သော စိတ်ယုတ် စိတ်ဆိုး တရားယုတ် တရားဆိုးတို့ တိုးပွား ထွန်းကား လာကြကုန်သည်ရှိသော် ထိုစိတ်ယုတ်တရားဆိုးတို့၏ နိဿန္ဒ အကျိုးဆက်ကြောင့် သစ်ပင်စသည်တို့၌ အဆီ အစေး အရသာ ဩဇာ ဓာတ်တို့သည် အစဉ်အတိုင်း တရွေ့ရွေ့ ဆုတ်ယုတ်ကုန်ခန်းခြင်းသို့ ရောက်ကြလေကုန်၏၊ ထိုအခါ မျိုးစေ့ဓာတ်တို့သည် မိမိတို့နှင့် သက်ဆိုင် ရာဌာနတို့၌ စုဝေးပေါင်းဆုံကြလေကုန်၏၊ မူလဗီဇဖြစ်ထိုက်သော အပင်မျိုးတို့မှ အဆီအစေးဓာတ်တို့သည် အမြစ်၌စုဝေးကြကုန်၏၊ ဗီဇ ဗီဇဖြစ်ထိုက်သော အပင်မျိုးတို့မှ အဆီအစေးတို့သည် အစေ့၌စုဝေး ပေါင်းဆုံကြကုန်၏။
ဤသို့စသည်ဖြင့် မျိုးစေ့ငါးပါးတို့သည် ထင်ရှားဖြစ်ပေါ် လာကြ ကုန်၏၊ အမြစ်မှ ပေါက်လေ့ရှိသော အပင်တို့သည် အမြစ်မှသာလျှင် ပေါက်ရောက်ကြကုန်၏၊ မျိုးစေ့မှ ပေါက်ရောက်လေ့ရှိသော အပင်မျိုး တို့သည် မျိုးစေ့မှသာလျှင် ပေါက်ရောက်ကြလေကုန်၏၊ ဤသို့စသည်ဖြင့် ဗီဇငါးပါးတို့ကို အနှံ့အပြား ဝေဖန်၍သိရာ၏။
သင်္ခါရလောကကြီး ဖြစ်ပျက်ပုံပြီး၏။
သတ္တလောကကြီးဖြစ်ပျက်ပုံ
သတ္တလောကကြီး၏ ဖြစ်ပုံမည်သည်ကား လွန်စွာနက်နဲလှ၏၊ လွန်စွာမြင်နိုင်ခဲလှ၏၊ သတ္တလောကကြီး ဖြစ်ပုံသည် အလုံးစုံသော ဒိဋ္ဌိဟူသမျှတို့၏ တည်ရာမှီရာကြီးဖြစ်၏၊ ထိုသတ္တလောကကိုစွဲ၍ ဒိဋ္ဌိဟူသမျှတို့သည် ဖြစ်ပွားကြကုန်၏၊ ထို့ကြောင့် သတ္တလောက၏ အကြောင်းကို ဆိုလိုသောသူသည် ရှေးဦးစွာ
၁။ သမ္မုတိသစ္စာ,
၂။ သမ္မုတိနာမ်,
၃။ သမ္မုတိအနက်သဘော,
၄။ ပရမတ္ထသစ္စာ,
၅။ ပရမတ္ထနာမ်,
၆။ ပရမတ္ထအနက်သဘော,
ဤသို့ဝေဖန်ခြင်းကို ရှင်းလင်းစွာ ပြု၍ထားရာ၏၊ ဤခြောက်ပါး သော ဝေဖန်ခြင်းတို့ကိုခြားနားစွာ သိရှိလေသည်ရှိသော် သတ္တလောကကြီး၏ ဖြစ်ပုံအကြောင်းကို ကောင်းမွန်ခြားနားစွာ သိနိုင်လေသည်။။ သမ္မုတိသစ္စာနှစ်ပါးကို အောက်၌ ပြဆိုအပ်ခဲ့ပြီး၍ ဤအရာ၌ အထူး ချဲ့ထွင်၍ ပြောကြားရန်မလိုချေ။
* ပုဂ္ဂိုလ် သတ္တဝါဟူသော အမည်သည် သမ္မုတိနာမ်မည်၏၊
* သတ္တဝါတို့၏ ပုံသဏ္ဌာန် အားဖြင့် ဖြစ်၍နေသော သတ္တဝါ အစဉ်သည် သမ္မုတိအနက်မည်၏၊
* နာမ်ရုပ်ဟူသောအမည်,ပထဝီ ဖဿစသောအမည်များ သည် ပရမတ္ထနာမ်မည်၏၊
* နာမ်ရုပ်တို့၏ ကိုယ်စီကိုယ်င အသီးအသီးဖြစ်သော သဘောသည် ပရမတ္ထအနက်မည်၏။
ဥပမာဖြင့်ထင်စွာပြဦးအံ့- တစ်ယောက်သော ယောကျ်ား သည် မြေကြီးကိုတူး၍ မြေမှုန့်ပြုပြီးလျှင် ရေဖြင့်နယ်၍ အိုးလုပ်လေ၏၊ ထိုသို့ ပြုလုပ်ရာ၌ အိုးဟူသောအမည်သည် ပုံသဏ္ဌာန်၏အမည်ဖြစ်၏၊ အိုး၏ပုံသဏ္ဌာန်သည်ကား'အိုး'ဟူသော နာမ်၏အနက်ဖြစ်၏၊ မြေအိုးဟူ သောစကား၌ မြေဟူသည်ကား မြေမှုန့်တိ့ု၏အမည်ပေတည်း၊ ထိုမြေမှုန့် များသည်ပင်လျှင် 'မြေ'ဟူသော အမည်၏အနက်ဖြစ်လေသည်။ ဤ အရာ၌ မြေမှုန့်နှင့်မြေဟူသော အမည်များသည် ရှေးဦးမဆွကပင်လျှင် ပကတိသဘောအားဖြင့် ပြီးစီးလျက်ရှိလေ၏၊ အိုး၏ပုံသဏ္ဌာန်နှင့် 'အိုး'ဟူသောအမည်သည်ကား အိုးလုပ်သမားက အိုးဖြစ်အောင် ပြုလုပ် သောအခါ၌သာလျှင် ဖြစ်လာကြကုန်၏။
ထိုမှတစ်ဖန် ထိုအိုးကိုခွဲ၍ အမှုန့်ပြုလုပ်လိုက်ပြန်သည်ရှိသော် မြေမှုန့်များပင် ပြန်၍ဖြစ်လေ၏၊ မြေဟူသော အမည်သည်ကား မပျောက် ချေ၊ အိုး၏ပုံသဏ္ဌာန်နှင့် အိုးဟူသော အမည်နာမများသည်ကား ထိုအခါ၌ ကွယ်ပျောက်လေ၏၊ ပကတိသဘောမည်သည် မည်သို့ပင် ပြုလုပ်စီမံသော်လည်း ပျောက်ပျက်ခြင်း သဘောမရှိချေ၊ နဂိုရ်ပကတိ မဟုတ်သော အရာများသည်ကား တစ်မျိုးတစ်မည် ပြုလုပ်ပြောင်းလဲလျှင် ပျက်စီးတတ်လေ၏၊ ဤသို့ပြဆိုအပ်ပြီးသော အတိုင်း အိုးသဏ္ဌာန်နှင့် အိုးဟူသောအမည် မြေမှုန့်နှင့်မြေဟူသောအမည် ခြားနားလျက် မရော မနှော တစ်သီးတစ်ခြားစီဖြစ်လေ၏။
ထိုအမည်နှစ်ပါး, အနက်နှစ်ပါးကို ရောနှော၍ တစ်ခုတည်းကဲ့သို့ ဆိုလျှင် မှားယွင်းလေ၏၊ ဥပမာ,ဥပမေယျ စပ်ဟပ်သည်ရှိသော် အိုး၏ပုံ သဏ္ဌာန်ကဲ့သို့ သတ္တဝါ၏ပုံသဏ္ဌာန်ကို မှတ်သားအပ်၏၊ အိုးဟူသော အမည်ကဲ့သို့ သတ္တဝါ ဟူသောအမည်ကို မှတ်အပ်၏၊ မြေမှုန့်ကဲ့သို့ ရုပ်နာမ်တရားအစုကို မှတ်အပ်၏၊မြေဟူသောအမည်ကဲ့သို့ ရုပ်နာမ်တို့၏ အမည်ကို မှတ်ထားအပ်၏၊ အိုးဟူသောအမည်နှင့်အိုး၏ ပုံသဏ္ဌာန်များ သည် အဟုတ်မရှိ၊ သမ္မုတိသစ္စာအနေမျှသာ ရှိလေသောကြောင့် ဉာဏ်ဖြင့် နက်နဲစွာရှုဆင်ခြင်သည်ရှိသော် ပြယ်ပျောက်ခြင်းသို့ ရောက် လေကုန်သကဲ့သို့ သတ္တဝါ၏ ပုံသဏ္ဌာန်နှင့် သတ္တဝါဟူသော အမည် နာမများသည်လည်း စင်စစ်အားဖြင့် ရှိသည်မဟုတ်၊ ပညတ်မျှသာ ရှိလေသောကြောင့် ဉာဏ်ဖြင့်နက်နက်နဲနဲ ထိထိရောက်ရောက် ဆင်ခြင် လိုက်သည်ရှိသော် ပြယ်ပျောက် ခြင်းသို့ရောက်လေကုန်၏၊ မြေမှုန့်များ သည် နဂိုရ်ပကတိအားဖြင့် ရှိနေသာကြောင့် ဉာဏ်ဖြင့်ဆင်ခြင်တိုင်း အထင်အရှားပေါ်လေဘိသကဲ့သို့ နာမ်ရုပ် တရားများသည်လည်း အထင်အရှားရှိနေသောကြောင့် ဉာဏ်ဖြင့် ထိထိရောက်ရောက် ဆင်ခြင် တိုင်း အထင်အရှား ပေါ်လေကုန်၏။
သဏ္ဌာန်နှင့် သန္တာန်နှစ်ပါးအထူးမှာ
* ခြေလက်အင်္ဂါ မျက်နှာ ဦးခေါင်းမှစ၍ အလုံးစုံသော ပုံပန်း များကို သဏ္ဌာန်ဆိုသည်။
* ဘဝတစ်ခု၌ အစဉ်အဆက် ဖြစ်နေခြင်း တစ်ဘဝမှ တစ် ဘဝသို့ ကူးပြောင်းသွားလာ၍နေမှုကို သန္တာန်ဆိုသည်။ ပုံပန်းကိုသဏ္ဌာန်ဆိုသည်၊ အစဉ်ကိုသန္တာန်ဆိုသည်။
သတ္တဝါဟူသည် ပညတ် သမ္မုတိသစ္စာမျှဖြင့်သာ ရှိလေသောကြောင့် ထိုသတ္တဝါမှာ ဥပါဒ်ဟူ၍၎င်း၊ ဘင်ဟူ၍၎င်း မရှိချေ၊ နာမ်ရုပ်တရားတို့မှာ ပရမတ္ထအားဖြင့် အထင်အရှားရှိနေသောကြောင့် ဥပါဒ်လည်းရှိ၏၊ ဘင်လည်းရှိ၏၊ သတ္တဝါဖြစ်သည်၊ သတ္တဝါအိုမင်းသည်၊ သတ္တဝါ သေလွန် စုတေသည်ဟူသော အကြင်ပညတ်ခြင်းသည်ရှိ၏၊ ထိုပညတ်သည် သတ္တဝါတို့၏ တစ်ခုသောဘဝမှာ တစ်ကြိမ်သာဖြစ်သော ပညတ်ပေ တည်း။ ပဋိသန္ဓေနေသောအခါ၌ သတ္တဝါဖြစ်သည်ဟူ၍ တစ်ကြိမ်ဆိုရ၏၊ စုတိချုပ်ဆုံးသောအခါ၌ သတ္တဝါသေသည်ဟူ၍ တစ်ကြိမ်ဆိုရ၏၊ သတ္တဝါမှာ တစ်ခုသောဘဝ၌ အခါခါဖြစ်သည်ဟူ၍မရှိ။အကြိမ်ကြိမ် သေသည်ဟူ၍မရှိ။ အထင်အရှားရှိသော နာမ်ရုပ်တရား သည်မူကား တစ်နေ့အတွင်းမှာ အသိန်းအသင်္ချေမက ဖြစ်လည်းဖြစ်၏၊ ရင့်လည်း ရင့်၏၊ ချုပ်လည်းချုပ်၏၊ သတ္တဝါသည် ပရမတ္ထသဘော ကဲ့သို့ အထင် အရှားရှိနေသည်ဆိုလျှင် ခဏခဏဖြစ်၊ ခဏခဏချုပ်၍ နေရာ၏၊ ထို သို့ကား မဟုတ်၊ သတ္တဝါမည်သည် စင်စစ်အားဖြင့်ရှိသော တရား မဟုတ်၍ ခဏခဏဖြစ်ခြင်း ချုပ်ခြင်းမရှိချေ၊ သတ္တဝါမှာ တစ်ဘဝလျှင် တစ်ခါသာဖြစ်၍ တစ်ကြိမ်သာသေသည်ဟူ၍ မှတ်ယူကြလေသည်၊ ပရမတ္ထအားဖြင့် စင်စစ်ကိုဆိုသော် သတ္တဝါမည်သည် သဘောအားဖြင့် အထင်အရှားရှိသည် မဟုတ်သောကြောင့် သတ္တဝါဖြစ်သည်လည်းမရှိနိုင်။ သတ္တဝါ သေသည်ဟူသော စကားမှာ လောက၌ လူတို့၏ ဝေါဟာရ စကားမျှသာ ဖြစ်လေသည်။
ဤကဲ့သို့ သမ္မုတိနှင့် ပရမတ္ထကို ဝေဖန်၍သိရ၏။
ဥပမာတစ်နည်းအားဖြင့်- အဆုံးမရှိသော အနန္တာကာသ ကောင်း ကင်ကြီးသည် ရှိ၏ဟူ၍ဆိုသော် သမ္မုတိသစ္စာအားဖြင့် မှန်သော စကားဖြစ်၏၊ ထိုအနန္တာကာသ ကောင်းကင်ကြီးသည် သဘောအားဖြင့် ထင်ရှားကား မရှိဟူ၍ဆိုသော် ပရမတ္ထအားဖြင့် မှန်သော စကားဖြစ်၏၊ အနန္တာကာသ ကောင်းကင်ကြီး၏ ရှိ-မရှိဟူသော စကားသည် သူ့အရာ နှင့်သူ ဆိုသဖြင့် အချင်းချင်းဆန့်ကျင်ကြသည် မဟုတ်ချေ၊ ထို့အတူပင် လျှင် ဤလောက၌လည်း သတ္တဝါ ပုဂ္ဂိုလ်မည်သည်ကို ပုထုဇ္ဇန်တို့၏ စိတ်နှင့် သညာတို့၌သာလျှင် ရှိသည်ဟူ၍ဆိုအပ်၏၊ သမ္မုတိသစ္စာ အားဖြင့်သာလျှင် သတ္တဝါရှိသည်ဟု ဆိုရ၏၊ ထိုသတ္တဝါ သည် ဘဝ တစ်ခုမှ ဘဝတစ်ခုသို့ ကူးပြောင်းလေသည်၊ ကျင်လည်လေ သည်ဟူသော စကားသည်လည်း သမ္မုတိသစ္စာ အနေအားဖြင့် မှန်ကန်၏၊ ရုပ် နာမ် တရားသက်သက်မျှကိုသာ ပြဆိုသော အဘိဓမ္မာ သဘောဉာဏ် အားဖြင့် မူကား သတ္တဝါမည်သည်ကို မရအပ်၊ ပရမတ္ထသစ္စာအားဖြင့် သတ္တဝါ မည်သည် မရှိ၊ ရုပ်နာမ်တရားတို့သာလျှင် ရှိကုန်၏၊ ထိုရုပ်နာမ်တရား တို့သည်လည်း ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ပြောင်းလေ့မရှိကြကုန်၊ ကျင် လည်လေ့ မရှိကြကုန်၊ ဖြစ်သောနေရာ၌သာလျှင် ပျက်ခြင်းသို့ ရောက် လေကြကုန်၏။
ပရမတ္ထသစ္စာနှင့် သမ္မုတိသစ္စာသည် သူ့နေရာနှင့်သူ ထိုက်သည် အားလျော်စွာ ပြောဆိုသုံးစွဲရသော တရားများ ဖြစ်လေသောကြောင့် သတ္တဝါရှိသည်, သတ္တဝါမရှိဟူသော စကားနှစ်ခုသည် အချင်းချင်း ဆန့်ကျင်ဖက်မဖြစ်ချေ။။ သမ္မုတိသစ္စာအားဖြင့်ဆိုသော် သတ္တဝါရှိ၏၊ ပရမတ္ထသစ္စာ အားဖြင့်ဆိုသော် သတ္တဝါမရှိဟူသော စကားသည် သူ့ အရာအားလျော်စွာ ဆိုသောကြောင့်မှန်သည်ချည်းသာဖြစ်၏။
ထိုအတူ သတ္တဝါသည် တစ်ဘဝသို့ ကျင်လည်ပြောင်းသွားသည်, မကျင်လည် မပြောင်းသွားဆိုသော စကားသည်လည်း အရာအားလျော် စွာ သင့်လျော်ကြသော စကားများဖြစ်လေ၏၊ ထိုစကားရပ်၌ သတ္တဝါသည် တစ်ဘဝမှ တစ်ဘဝသို့ ကျင်လည်ပြောင်းသွားသည်ဟူ၍ အမြဲအစွဲမှတ်ယူပြီးလျှင် နာမ်ရုပ်တရားသည်လည်း ပြောင်းသွား ကျင် လည်၏ဟူ၍ ယူလေသည်ရှိသော် သဿတဒိဋ္ဌိဖြစ်၏။
ထိုမှတစ်ပါး နာမ်ရုပ်တရားသည် ပြောင်းသွားကျင်လည်ခြင်း မရှိဟူ၍ အမြဲအစွဲ အခိုင်အမာမှတ်ယူပြီးလျှင် သတ္တဝါသည်လည်း ပြောင်းသွားကျင်လည်လေ့မရှိ၊ တစ်ဘဝနှင့်သာ ကိစ္စတုံးလေ၏၊ တစ်ဘဝ နှင့် သတ္တဝါဇာတ်ပြတ်လေ၏၊ သစ်ပင်သည် သေသောအခါ ဘယ်သစ်ပင် ဖြစ်သည်ဟူ၍မရှိဘဲ ပြတ်လေဘိသကဲ့သို့တည်းဟု ယူပြန်သော် ဥစ္ဆေဒဒိဋ္ဌိဖြစ်၏။
* သမ္မုတိသစ္စာဘက်သို့ လုံးလုံးလိုက်ပါလွန်းလျှင် သဿတဒိဋ္ဌိဖြစ်၏။
* ပရမတ္ထသစ္စာဘက်သို့ လုံးလုံး လိုက်ပါလွန်းလျှင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တတ်၏ဟု ဆိုလိုသည်။
သဿတဒိဋ္ဌိအယူကို ယူသည်ရှိသော် နိဗ္ဗာန်တံခါးကို ပိတ်ဆို့သည် မည်၏၊ အဘယ်ကြောင့်နည်းဆိုသော် ထိုကဲ့သို့ ကျင်လည်ပြောင်းသွား၍ နေသော နာမ်ရုပ်တရားရှိသည်ရှိသော် သံသရာအပြင်၌ အမြဲပင် တည် သော သဘောရှိလေသောကြောင့်တည်း။
ဥစ္ဆေဒဒိဋ္ဌိအယူကိုယူလျှင် နတ်ပြည်၏ တံခါးကိုပိတ်ဆို့သည် မည်၏၊ အဘယ်ကြောင့်နည်းဆိုသော် ထိုဥစ္ဆေဒအယူဖြင့် ကုသိုလ်ကံ အကုသိုလ်ကံများကို တားမြစ်သောကြောင့်တည်း။
စင်စစ်အားဖြင့်သော်ကား ပြဆိုအပ်ခဲ့ပြီးသော ဒိဋ္ဌိနှစ်ပါးတို့၌လည်း နာမ်ရုပ်နှစ်ပါးတို့ကို အတ္တဟူ၍ စွဲလမ်းလျက်သာရှိကြလေ၏၊ အတ္တဟူ သည် အလုံးစုံသော ဒိဋ္ဌိတို့၏ အမြစ်မူလကြီးဖြစ်၏၊ အတ္တဒိဋ္ဌိမှ အမျိုးမျိုး သော ဒိဋ္ဌိဝါဒတို့သည် ပေါ်ပေါက်ကြကုန်၏၊ အတ္တရှိ၏ဟူ၍ ယူသည်ရှိ သော် အလုံးစုံသောဒိဋ္ဌိတို့၏ အမြစ်မူလကို တည်ထောင် စိုက်ထူသည် မည်၏၊ ထို့ကြောင့် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော အစွန်းအစ အဓမ္မ အယုတ်တရားနှစ်ပါးကို ပယ်ရှားပြီးလျှင် ပြဆိုခဲ့ပြီးသော သမ္မုတိ သစ္စာ ပရမတ္ထသစ္စာ ဝေဖန်နည်းဖြင့် ထိုက်သည်အားလျော်စွာ သူ့နေရာ နှင့်သူ မဆန့်ကျင်စေဘဲ ကျင့်ကြံသည်ရှိသော် နတ်ရွာ နိဗ္ဗာန် တံခါးကို ဖွင့်၍ တည်နေသည်မည်၏။
သစ္စာနှစ်ပါးကို ခြားနားဝေဖန်၍ မှန်ကန်စွာကျင့်လျှင် နတ်ရွာ နိဗ္ဗာန် တံခါးဖွင့်သည်ဟူ၍ ဆိုလိုသည်။
သမ္မုတိသစ္စာနည်း-
ပြဆိုအပ်ခဲ့ပြီးသော သစ္စာနှစ်ပါးတို့တွင် ယခုအခါ သမ္မုတိသစ္စာနည်းအားဖြင့် သတ္တလောက၏ ဖြစ်ပုံကို ပြဆို ပေအံ့၊ ကမ္ဘာတည်ထောင်၍ လာသည်ရှိသော် ဤလောက၌ ပထမ စျာန်ဗြဟ္မာ့ဘုံမှစ၍ အောက်တစ်ပြင်လုံး၌ ဘုံစဉ်အဆင့်ဆင့်တို့သည် တည်ကြလေကုန်၏၊ ဗြဟ္မာဘုံ၌ အရှင်ကင်းမဲ့သော သုညဗိမာန် တို့သည် ဖြစ်ပေါ်ကြကုန်၏၊ နတ်ပြည်လောက၌ အရှင်ကင်းမဲ့သော သုညဗိမာန် တို့သည် ဖြစ်ပေါ်ကြကုန်၏၊ လူ့ပြည်လောကဟုဆိုအပ်သော မြေအပြင် သည်လည်း ဖြစ်ပေါ်၍လာ၏၊ ဤကဲ့သို့ အစဉ်အတိုင်း ဖြစ်ပေါ်၍ လာသည်ရှိသော် များသောအားဖြင့် သတ္တဝါတို့သည် အာဘဿရ ဗြဟ္မာ့ဘုံမှ စုတေ၍ အောက်ဘုံတို့၌ ဖြစ်လာကြကုန်၏။
ဤနေရာ၌ စောဒနာဖွယ်ရှိသည်ကား- သတ္တဝါတို့သည် အဘယ်ကြောင့် များသောအားဖြင့် အောက်အောက်ဘုံတို့၌ စုန်ဆင်း၍ ဖြစ်ကြကုန်သနည်း။
ထိုမျှလောက် ရှည်ကြာလေးမြင့်သော အခါကာလပတ်လုံး အာဘဿရဘုံ၌ တည်နေကြရကုန်သောကြောင့် ထိုဘုံ၌ အထက်ထက် ဖြစ်သော စျာန်တရားတို့ကို ပွားများပြီးလျှင် ယေဘုယျအားဖြင့် ထိုအာဘဿရဗြဟ္မာ့ဘုံမှ အထက်ထက်ဖြစ်သော ဗြဟ္မာ့ဘုံတို့၌ ဖြစ်ကုန် ရာသည် မဟုတ်လော။ ။ ဤကား စောဒနာဖွယ်တည်း။
အဖြေကိုဆိုအံ့- ဒုကင်္ဂုတ္တရပါဠိတော် သမစိတ္တသုတ္တန်၌ အဇ္ဈတ္တ သံယောဇဉ်ရှိသောပုဂ္ဂိုလ်, ဗဟိဒ္ဓသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ ပုဂ္ဂိုလ် နှစ်ပါးကို ဘုရားဟောတော်မူ၏။
အတွင်း၌ ငြိတွယ်သော ပုဂ္ဂိုလ်, အပ၌ ငြိတွယ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုလိုသည်။
* သံယောဇဉ်တရား ဆယ်ပါးရှိလေသည်အနက် သက္ကာယ ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ကာမစ္ဆန္ဒ ဗျာပါဒ ဤ သံယောဇဉ်ငါးပါး တို့သည် အဇ္ဈတ္တ သံယောဇဉ် မည်ကုန် ၏၊ ဩရမ္ဘာဂိယ သံယောဇဉ်ဟူ၍လည်း ဆိုအပ်ကုန်၏။
* ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာ ဤသံယောဇဉ် ငါးပါးတို့သည် ဗဟိဒ္ဓသံယောဇဉ် မည်ကုန်၏၊ ဥဒ္ဓံဘာဂိယ သံယောဇဉ် ဟူ၍လည်း ဆိုအပ်ကုန်၏။
ဤအရာ၌ ကာမဘုံကို အဇ္ဈတ္တဆိုသည်၊ ဗြဟ္မာ့ဘုံကို ဗဟိဒ္ဓဆို သည်၊ ကာမဘုံသည် သတ္တဝါတို့နှင့် နှီးရင်း၍ အတွင်းကျသောဘုံမည်၏၊ ဗြဟ္မာ့ဘုံသည် သတ္တဝါတို့နှင့် များစွာမနှီးရင်းလှ၍ အပဘုံမည်၏၊ အဇ္ဈတ္တ ခေါ်သော ကာမဘုံ၌ ငြိတွယ်သည့် သံယောဇဉ်ကို အဇ္ဈတ္တ သံယောဇဉ် ခေါ်သည်၊ ရူပဘုံ၌ ငြိတွယ်သော သံယောဇဉ်ကို ဗဟိဒ္ဓ သံယောဇဉ် ခေါ်သည်ဟူ၍ ဆိုလို၏။
မေး။ ကာမလောကကို အဘယ်ကြောင့် အဇ္ဈတ္တဆိုပါသနည်း၊ ဗြဟ္မာ့လောကကို အဘယ်ကြောင့် ဗဟိဒ္ဓဆိုပါသနည်း။
ဖြေ။ အလုံးစုံသော သတ္တဝါတို့၏ ပဋိသန္ဓေတည်နေခြင်းသည် ကာမလောက၌ အကြိမ်များ၏၊ ဤသို့ ကာမလောကသည် သတ္တဝါတို့နှင့် နှီးရင်း၍ အတွင်းကျသောကြောင့် အဇ္ဈတ္တမည်လေ၏၊ ဗြဟ္မာ့ဘုံ၌မူကား သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည်နည်းပါး၏၊ ပဋိသန္ဓေနည်းပါး သောဘုံသည် သတ္တဝါတို့နှင့်များစွာမနှီးရင်း အတွင်းမကျ၊ ထို့ကြောင့် ဗြဟ္မာ့လောကကိုဗဟိဒ္ဓဟူ၍ဆိုရလေသည်။
ထိုစကားကို ထင်ရှားစွာ ပြဆိုဦးအံ့- အကြင်ဘုံဌာန၌ သတ္တဝါ တို့သည် ပဋိသန္ဓေယူခြင်း အကြိမ်ကြိမ်များကြကုန်၏၊ ထိုဘုံဌာန၌ အမျိုးမျိုးသော အာရုံတို့မှာ တဏှာသည် များစွာကျက်စားရလေ၏၊ တဏှာ၏ စားကျက် နယ်ကျယ်သောနေရာမှာ သတ္တဝါတို့၏ ဝါသနာ လည်းစွဲလမ်း လေ၏၊ ကာမဘုံမှာ အကြိမ်ကြိမ်အခါခါ ပဋိသန္ဓေတည် နေ၍ ဖြစ်ဖန်များသောကြောင့် တဏှာသည်လည်း ကာမဘုံတွင်းမှာ ရှိသော ကာမအာရုံတို့မှာ လွန်စွာကျွမ်းကျင်၍နေ၏။
“တဏှာ ဒုတိယော ပုရိသော”
ပုရိသော=သတ္တဝါသည်၊ တဏှာ ဒုတိယော=တဏှာသာလျှင် အဖော်သဟဲရှိ၏။
ဤသို့မြတ်စွာဘုရားဟောကြားတော် မူအပ်သောအတိုင်း သတ္တဝါတို့သည် တဏှာကို အဖော်ပြုလုပ်၍ သံသရာအပြင်မှာ ကျင် လည်ကြရကုန်၏၊ ပဋိသန္ဓေအကြိမ်ကြိမ်နေရသော ကာမဘုံမှာ တဏှာက ကျွမ်းကျင်လမ်းသိ၍နေသောကြောင့် တဏှာအဖော်က သတ္တဝါကို ကာမဘုံသို့သာ များစွာဆွဲဆောင်လေ၏၊ ဆွဲဆောင်သော အတိုင်းလည်း ကာမဘုံမှာ အကြိမ်ကြိမ်အခါခါ ပဋိသန္ဓေတည်လာရ၏၊ ထို့ကြောင့် ကာမဘုံကို ပုထုဇ္ဇန်သတ္တဝါတို့၏ အဇ္ဈတ္တဟူ၍ဆိုရလေသည်။ ထိုသဘောအဓိပ္ပါယ်မှပြန်သောအားဖြင့် ဗြဟ္မာ့ဘုံ၏ ဗဟိဒ္ဓမည်ကြောင်း ကိုသိရာ၏။
အဓိပ္ပါယ်တစ်နည်းသော်ကား- ဤသတ္တဝါတို့သည် ကာမ အာရုံ ကာမဂုဏ်ဝတ္ထု အာလယအစု၌သာလျှင် မွေ့လျော်ပျော်ပါးလေ့ရှိ ကြကုန်၏၊ ကာမအာရုံ ကာမဂုဏ်တို့နှင့်တွေ့လျှင် ဆွေ့ဆွေ့ခုန်ရွှင်မြူး ဝမ်းမြောက်ကြကုန်၏၊ ကာမဘုံသည်လည်း ကာမဝတ္ထုတို့၏ တည်ရာ ဖြစ်၏၊ ကာမဘုံတစ်ခုလုံးသည် ကာမဂုဏ်တို့ဖြင့် ထက်ဝန်းကျင် ပြည့် လျှံ့၍နေ၏၊ ထိုကာမအာရုံတို့က သတ္တဝါတို့ကို ဆောင်ခေါ်ငင်သကဲ့သို့ ဖြစ်၍နေကြကုန်၏၊ ကာမအာရုံကို ကြိုက်နှစ်သက်သော သတ္တဝါအ ပေါင်းတို့သည်ကား ထိုထိုကာမဘုံထဲသို့ ရောက်သောအခါ မိမိတို့အိမ်ပိုင် တိုက်ပိုင်သို့ရောက်၍ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေထိုင်ခွင့်ကို ရရှိကြကုန်သကဲ့သို့ အထူးရွှင်လန်းဝမ်းမြောက်စွာ မွေ့လျော်ပျော်ပါး ကြကုန်၏။
ဥပမာကား- နွားသတ္တဝါတို့သည် မြက်တောကြီးရာမှာသာ ပျော်ပိုက်၏၊ သန့်ရှင်းသော တလင်းမြေပြင်ပေါ်မှာ မပျော်ပိုက်၊ ကျွဲ သတ္တဝါသည်ရွှံ့ညွံထူထပ်ရာမှာသာ ပျော်ပိုက်၏၊ ခြောက်သွေ့သန့်ပြန့် သော ကွင်းမြေပေါ်မှာ မပျော်ပိုက်၊ ထိုအတူပင်လျှင် သတ္တဝါတို့သည် ကာမဂုဏ်မြက် ကာမဂုဏ်ညွန်ဗွက် ထူထပ်ပေါများသော ကာမဘုံမှာသာ များစွာပျော်ပိုက်ကြလေကုန်၏၊ ကာမဂုဏ်မှ ကင်း၍ သန့်ရှင်းသော ဗြဟ္မာ့ဘုံမှာ များစွာပျော်ပိုက်လေ့မရှိကြကုန်၊ ဤသို့လျှင် ကာမဘုံသည် သတ္တဝါတို့၏ အိုးပိုင် အိမ်ပိုင်ကြီးကဲ့သို့ ဖြစ်နေသောကြောင့် အဇ္ဈတ္တ မည်လေသည်။ ဗြဟ္မာ့ဘုံမှာမူကား ထိုကဲ့သို့ သတ္တဝါတို့ကြိုက် နှစ်သက် တတ်သော ကာမအာရုံတို့သည် မရှိကြလေကုန်၊ ရွှံ့ညွန်မြက်တောတို့မှ ရှင်းလင်းသော ကွင်းပြင်မြေပြန့်ကြီး နှင့်သာတူလေသည်၊ ထို့ကြောင့်ဗြဟ္မာ့ ဘုံ၌ တည်နေကြကုန်သော အလုံးစုံသောပုထုဇ္ဇန်သတ္တဝါတို့သည် မိမိတို့ ဝါသနာ ပါရင်းရှိနေသည့်အတိုင်း အောက်ကာမဘုံကိုသာ ငုံ့လျှိုးသော သဘောဖြင့် နေထိုင်ကြကုန်၏၊ ကာမဘုံသို့လားရန် အကြောင်း အခွင့် မညီမညွတ်သေးသောကြောင့်သာလျှင် ထိုဗြဟ္မာ့ဘုံ၌တည်၍ နေကြရ ကုန်၏။
ဥပမာ ဆိုသည်ရှိသော်- သူပုန်ထကြွခြင်း, စစ်မက်ဖြစ်ပွါးခြင်း စသည်တို့ဖြင့် နိုင်ငံတုန်လှုပ်ချောက်ချားလေသည်ရှိသော် တိုင်းပြည်မြို့ ရွာ၌ နေထိုင်ကြသောလူအပေါင်းတို့သည် တောကြီးအတွင်းသို့ထွက်၍ နေကြရကုန်၏၊ ထိုတောကြီးသည် လွန်စွာလည်း မွေ့လျော်ပျော်ဖွယ်ရာ ရှိ၏၊ ဘေးကင်းချမ်းသာ၏၊ အရိပ်ရေမိုးတို့နှု့်လည်း ပြည့်စုံ၏၊ ဤသို့ပင် ပြည့်စုံညီညွတ်၍ နေပါသော်လည်း တောကြီးအတွင်းသို့ ထွက်၍ နေကြ ကုန်သော ထိုလူအပေါင်းတို့သည် ထိုတောကြီးအတွင်းမှာ ကြာရှည်စွာ နေထိုင်၍ ပျော်ပါးမွေ့လျော်လိုသော စိတ်မရှိကြလေကုန်၊ အကြောင်း မညီညွတ်သေးသည့်အခါ ဖြစ်၍သာလျှင် မြို့ရွာတို့မှခွါ၍ တော၌ နေကြရ ကုန်သည်၊ မည်သည့်အခါကာလ ငါတို့နေရင်းဌာနသို့ ပြန်သွားရပါအံ့ နည်းဟူ၍ စိတ်တစွဲလမ်းလမ်းနှင့် မြို့ရွာဆီသို့သာမျှော်၍ နေကြ လေကုန်၏၊ မြို့ရွာသို့သာ ညွတ်ကိုင်းသောစိတ်ရှိကြလေကုန်၏။
ဤဥပမာနှင့်အတူ ပုထုဇ္ဇန်သတ္တဝါတို့သည် ဗြဟ္မာ့ပြည်သို့ ရောက် ၍တည်နေကြရကုန်သော်လည်း ကာမဘုံသို့သာ မျှော်၍နေကြ လေကုန် သည်၊ မြို့ရွာသည် ကာမဘုံနှင့်တူ၏၊ တောကြီးသည်ဗြဟ္မာ့ဘုံ နှင့်တူ၏၊ တိုင်းပြည်ချောက်ချားခိုက်တွင် ခေတ္တမျှ တောတွင်းမှာနေကြရ သောသူ တို့သည် အဇ္ဈတ္တသံယောဇဉ် ဩရမ္ဘာဂိယ သံယောဇဉ်များကို မဂ်ဖြင့် မပယ်ရှားအပ်ကုန်သေးသော ပုထုဇ္ဇန်သတ္တဝါတွေနှင့် တူကုန်၏ ထို့ကြောင့်ကမ္ဘာတည်လာသောအခါ အထက်ဗြဟ္မာ့ဘုံ၌ဖြစ်သော ပုထုဇ္ဇန်သတ္တဝါတို့သည် များသောအားဖြင့် ကာမဘုံသို့ သက်ဆင်း ဖြစ်ပွါးလာကြကုန်သည်ဟူ၍ ဆိုခဲ့ပေသည်။ တရားသဘောအားဖြင့် ပြဆိုအပ်သည်ရှိသော် အဇ္ဈတ္တ သံယောဇဉ်ငါးပါးက ဆွဲငင်သည့်အတွက် ကြောင့် သတ္တဝါတို့သည် ကာမဘုံတွင်း၌သာ တစ်ရစ်ဝဲဝဲ ကျရောက်ကျင် လည်၍ နေကြသည်ဟူ၍ဆိုလိုသည်။။ထိုအဇ္ဈတ္တသံယောဇဉ်ငါးပါးကို ဩရမ္ဘာဂိယခေါ်သည်မှာ ယုတ်နိမ့်အောက်ကျသော ကာမဘုံဟူ၍ ဆိုအပ်သည့် ဤမှာဖက်သို့သာ ဆွဲဆောင်တတ်သော သဘောအဖို့ ရှိသောကြောင့် ဩရမ္ဘာဂိယဟူ၍ခေါ်သည်။ ဗဟိဒ္ဓသံယောဇဉ် ငါးပါးကို ဥဒ္ဓံဘာဂိယသံယောဇဉ်ဟူ၍ ဆိုရသည်မှာ မြင့်မြတ်သော အထက်ဗြဟ္မာ့ ဘုံသို့ မြှင့်မြှောက်တတ်သော သဘောရှိသောကြောင့် ဥဒ္ဓံဘာဂိယဟူ၍ ဆိုသည်။
အကျဉ်းချုပ်အားဖြင့်ဆိုသော် ဩရမ္ဘာဂိယ သံယောဇဉ်သည် အောက်သို့သက်ဆင်းရန် ညွတ်ကိုင်းသော သဘောရှိ၏၊ ဥဒ္ဓံဘာဂိယ သံယောဇဉ်သည် အထက်သို့တက်ကြွရန် မြှင့်မြှောက်သောသဘောရှိ၏။
ဩရမ္ဘာဂိယသံယောဇဉ်ကင်းကုန်ပြီးသော အရိယာပုဂ္ဂိုလ်တို့ သည်ကား- ထိုဗြဟ္မာ့ပြည်သို့ရောက်လေသည့်အခါ ကာမဘုံသို့ ပြန်လှည့် သော သဘောမရှိကြလေကုန်၊ သောတာပန် သကဒါဂါမ်တို့သည် ဩရမ္ဘာဂိယ သံယောဇဉ်ကို အလုံးစုံမပယ်သတ်နိုင်သေးသော်လည်း ဗြဟ္မာ့ဘုံသို့ရောက်လေသောအခါ ပုဂ္ဂလဂတိအားဖြင့် ကာမဘုံသို့ ပြန်လည်လေ့မရှိကြလေကုန်။ ဥဒ္ဓံဘာဂိယသံယောဇဉ် ကင်းရှင်းပြီးသော အခါ၌မူကား အလုံးစုံသော ဘုံသုံးပါးတို့မှ ကျွတ်လွတ် ထွက်မြောက်၍ နိဗ္ဗာန်သို့ပေါက်ရောက်ကြလေကုန်၏၊ ပြဆိုခဲ့ပြီးသော အတိုင်း ကမ္ဘာ တည်သောအခါ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် သက်ဆင်း လာကြကုန် သော ပုဂ္ဂိုလ်တို့သည် ဤလူ့ပြည်လောက၌ ဖြစ်ကြကုန် သည်ရှိသော် ဥပပတ်လူသားတို့သာလျှင် ဖြစ်ကြလေကုန်၏၊ ထိုအခါ ဗြဟ္မာတို့ကဲ့သို့ပင် စိတ်လိုတိုင်း စိတ်လိုတိုင်း ပြီးစီးသော မနောမယပုဂ္ဂိုလ်တို့သာလျှင် ဖြစ်ကြကုန်၏၊ စျာနပီတိသာလျှင် အစာအာဟာရရှိကြကုန်၏၊ ယခု အခါမှာကဲ့သို့ ထမင်း ဟင်းစသော ကဗဠီကာရ အာဟာရကို မသုံး ဆောင်ကြကုန်၊ မိမိတို့ ကိုယ်ရောင်ကိုယ်ဝါဖြင့် နေထိုင်ကြကုန်၏၊ ကောင်း ကင်၌ လှည့်လည်သွားလာနိုင်ကြကုန်၏၊ ကောင်းကင်၌လည်း နေနိုင်ကြ ကုန်၏၊ ထိုကမ္ဘာဦးလူတို့၏ အသက်သည် နှစ်ပေါင်းအသင်္ချေ ရှည်ကြာ ၏။
ဤကား ကမ္ဘာစ၍တည်ထောင်ရာ၌ လူ့ဘုံလောကမှာ လူသတ္တဝါ တို့စသည်ဖြစ်ပေါ်လာပုံကို သမ္မုတိသစ္စာအားဖြင့် ပြဆိုခြင်းပေတည်း။ သမ္မုတိသစ္စာအာဖြင့် သတ္တလောကဖြစ်ပျက်ပုံပြီး၏။
----------*---------
ပရမတ္ထသစ္စာနည်း-
ပရမတ္ထ သစ္စာနည်းအားဖြင့် သတ္တလောက ကြီး၏ ဖြစ်ပုံမှာ အလုံးစုံသော ပဋိစ္စသမုပ္ပါဒ် စက်ကြီးပင်ဖြစ်လေသည်။ ထို့ကြောင့် သတ္တလောကကြီး၏ ဓမ္မနိယာမဖြစ်သော ပဋိစ္စသမုပ္ပါဒ်တရား တော်ကြီးကို ဤနေရာ၌ ထုတ်ဖော် ပြဆိုအပ်လေသတည်း။
----------------
အဝိဇ္ဇာပစ္စယာ သင်္ခါရာ
(အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကုန်သည်။)
အဝိဇ္ဇာဆိုသော စကားသည် ဝိဇ္ဇာဆိုသောစကားမှ 'န' သဒ္ဒါမြစ်၍ ဖြစ်လာသောကြောင့် ဝိဇ္ဇာကိုရှေးဦးစွာ ပြဆိုသင့်၏။
“ဝိဒတိ ဇာနာတီတိဝိဇ္ဇာ”
ဝိဒတိ ဇာနာတိ=သိတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဝိဇ္ဇာ= ဝိဇ္ဇာမည်၏။
“အသိအလိမ္မာ၊ ဉာဏ်ပညာ၊ ဝိဇ္ဇာ အမောဟ” ဟူ၍ဆိုအပ်သော အတိုင်း သိမြင်လိမ္မာသောတရားကို ဝိဇ္ဇာဆိုသည်၊ တရားကိုယ်ကောက် လျှင် ပညာစေတသိက်ကိုရ၏။
မေး။ ဝိဇ္ဇာသည် ဘယ်နေရာကို သိတတ်ပါနည်း။
ဖြေ။ သိထိုက် သိအပ်သည်ကို သိပါသည်။
မေး။ သိထိုက် သိအပ်သော အရာသည် အဘယ်နည်း။
ဖြေ။ မှန်သော သစ္စာတရားသည် သိထိုက်သိအပ်သော အရာ ဖြစ်သည်။
မေး။ အမှန်တရားဟူသည် အဘယ်နည်း။
ဖြေ။ အကြင်တရားသည် အလုံးစုံသော အခါကာလပတ်လုံး ထင်ရှားရှိ၏၊ သဘောအားဖြင့် မှန်ကန်၏၊ ဖောက်ပြန်လေ့မရှိ၊ အခြင်း အရာတစ်ပါးပြောင်းလဲ၍လည်း မသွား၊ ဤတရားမျိုးသည် 'သစ္စာ' အမှန် တရားဖြစ်၏၊
မေး။ ထိုအမှန်တရားသည် ဘယ်နှစ်ပါးရှိပါသနည်း။
ဖြေ။ လေးပါးရှိပါသည်။
မေး။ လေးပါးဟူသည်ကား အဘယ်နည်း။
ဖြေ။ ဒုက္ခအရိယသစ္စာ၊ ဒုက္ခသမုဒယ အရိယသစ္စာ၊ ဒုက္ခနိရောဓ အရိယသစ္စာ၊ ဒုက္ခနိရောဓဂါမိနီ အရိယသစ္စာ၊ ဤကား သစ္စာလေးပါး ပေတည်း။
ဤသစ္စာလေးပါးကို မဖောက်မပြန် မှန်ကန်သောကြောင့် အရိယသစ္စာ၊ သဘောအားဖြင့် လှုပ်ရှားပြောင်းလဲခြင်း မရှိသောကြောင့် အစလသစ္စာဟူ၍လည်းခေါ်သည်။
မေး။ ထိုသစ္စာ လေးပါးတို့တွင် ဒုက္ခသစ္စာဟူသည် အဘယ်နည်း။
ဖြေ။ အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော ခန္ဓာငါးပါး ကို ဒုက္ခသစ္စာခေါ်သည်။
မေး။ ခန္ဓာငါးပါးတို့တွင် ရူပက္ခန္ဓာကို အဘယ်ကြောင့် ဒုက္ခသစ္စာ ခေါ်ပါသနည်း၊ ထိုရူပက္ခန္ဓာသည် နတ်ပြည်၌ဖြစ်သော ရူပက္ခန္ဓာ၊ ဗြဟ္မာ့ပြည်၌ဖြစ်သော ရူပက္ခန္ဓာများလည်းရှိသေးသည် မဟုတ်ပါလော၊ ထိုနတ်ပြည် ဗြဟ္မာ့ပြည်၌ဖြစ်သော ရူပက္ခန္ဓာများကို ဆင်းရဲအမှန်ဟု ဆိုထိုက်ပါမည်လော။
ဖြေ။ ရူပက္ခန္ဓာမှန်လျှင် အမှန်ဆင်းရဲရမည်ဖြစ်၍ ဒုက္ခသစ္စာ သဘောကို မလွန်မြောက်နိုင်ချေ၊ နတ်ပြည်ဗြဟ္မာ့ပြည်၌ဖြစ်သော ရူပက္ခန္ဓာ ဖြစ်စေကာမူ ပဋိသန္ဓေနေခြင်း ဇာတိဓမ္မကို မလွန်မြောက်နိုင်၊ အိုခြင်း ဇရာဓမ္မကို မလွန်မြောက်နိုင်၊ စုတိသေဆုံးခြင်း မရဏဓမ္မကို မလွန် မြောက်နိုင်၊ စိုးရိမ်ပူဆွေးခြင်း သောကဓမ္မကို မလွန်မြောက်နိုင်၊ ငိုကြွေးမည် တမ်းခြင်း ပရိဒေဝဓမ္မကို မလွန်မြောက်နိုင်၊ ဆင်းရဲခြင်း ဒုက္ခသဘောကို မလွန်မြောက်နိုင်၊ နှလုံးမသာ ခြင်း ဒေါမနဿသဘောကို မလွန်မြောက်နိုင်၊ အလွန်ပင်ပန်းခြင်း ဥပါယာသတရားကို မလွန် မြောက် နိုင်၊ ဤကဲ့သို့ရူပက္ခန္ဓာသည် ဇာတိဓမ္မ၊ ဇရာဓမ္မ၊ မရဏဓမ္မ စသည် ဖြစ်လေ သောကြောင့် ဒုက္ခသစ္စာနယ်မှမလွတ်ကင်းနိုင်ဘဲ အမြဲပင်ဒုက္ခသစ္စာ ဟူ၍ဆိုရလေသည်။
ထင်ရှားစွာပြဆိုဦးအံ့- ဇာတိဓမ္မရှိသော ထိုရုပ်တရားသည် ပဋိသန္ဓေနေခြင်းကိစ္စကို ဆောင်ရွက်ရ၏၊ ငရဲပဋိသန္ဓေကိုလည်း ဆောင်ရွက်ရ၏၊ တိရစ္ဆာန်ပဋိသန္ဓေကိုလည်း ဆောင်ရွက်ရ၏၊ ပြိတ္တာ ပဋိသန္ဓေကိုလည်း ဆောင်ရွက်ရ၏၊ အသုရကာယ်ပဋိသန္ဓေကိုလည်း ဆောင်ရွက်ရ၏၊ အဘယ်သို့ ဆောင်ရွက်သနည်းဆိုလျှင် ထိုထိုဘုံဘဝ တို့၌ ပဋိသန္ဓေ တည်နေသောအခါ ရုပ်သည်ပါဝင်၍ ဆောင်ရွက်ရလေ၏၊ ပဋိသန္ဓေအခါ၌ပါဝင်ဆောင်ရွက် ရသည်ကိုပင် ပဋိသန္ဓေနေမှုကို ဆောင် ရွက်ရသည်ဟု ဆိုသည်၊ အရူပဘုံမှာကား ရုပ်မရှိ၍ မပါဝင်ချေ။ ထိုရူပက္ခန္ဓာသည် အလုံးစုံသော ကိလေသာတို့၏ ဇာတိကိုလည်း ဆောင် ရွက်ရ၏၊ အလုံးစုံသော ဒုစ္စရိုက်တို့၏ ဇာတိကိုလည်း ဆောင်ရွက်ရ၏၊ အလုံးစုံသော ရောဂါတို့၏ ဇာတိကိုလည်း ဆောင်ရွက်ရ၏၊ အလုံးစုံ သော အနာတို့၏ ဇာတိကိုလည်း ဆောင်ရွက်ရ၏။
အဘယ်ကဲ့သို့ ဆောင်ရွက်သနည်းဆိုလျှင် ထိုကိလေသာ ဖြစ်ပေါ် မှု ဒုစ္စရိုက်ဖြစ်ပေါ်မှု အနာရောဂါဖြစ်ပေါ်မှုတို့၏ အကြောင်း အဖြစ်ဖြင့် ဆောင်ရွက်သည်၊ ဥပမာ တစ်စုံတစ်ခုသော ရူပါရုံအဆင်းကို သာယာ သောအခါ ထိုအဆင်းတည်းဟူသော ရုပ်သည် တဏှာ ကိလေသာကို ဖြစ်အောင် ထူထောင်မှု၏ အကြောင်းဖြစ်လေသည်၊ ဒုစ္စရိုက်ကို ထူထောင်မှု၊ အနာရောဂါကို ထူထောင်မှုတို့၌လည်း ဤနည်းကို အမှီပြု၍ သိရာ၏။
အကြင်သို့သော အခြင်းအရာအားဖြင့် ငရဲပဋိသန္ဓေကို ဆောင် ရွက်လေ၏၊ ထိုသို့သော အခြင်းအရာအားဖြင့် ငရဲနှင့်ဆိုင်သော စိုးရိမ် ခြင်း၊ ငရဲနှင့်ဆိုင်သော ငိုကြွေးခြင်း၊ ငရဲနှင့်ဆိုင်သော ဆင်းရဲခြင်း၊ ငရဲနှင့်ဆိုင်သော နှလုံးမသာခြင်း၊ ငရဲနှင့်ဆိုင်သော ပင်ပန်းခြင်းကြီးများကို လည်း ဆောင်ရွက်လေ၏၊ ငရဲပဋိသန္ဓေကို ဆောင်ရွက်သည့်အတွက် ငရဲဖြစ်သော စိုးရိမ်ခြင်းကိစ္စ စသည်များကို ဆောင်ရွက်ခြင်းကိစ္စ ပြီးစီး လေသည်ဟူ၍ ဆိုလိုသည်။
ထိုရူပက္ခန္ဓာသည် ဇရာဓမ္မဖြစ်၏၊ မရဏဓမ္မဖြစ်၏၊ သုဂတိဘုံ ဘဝတို့၌ ရုပ်နှင့်ပြည့်စုံကြကုန်သော အကြင်လူ နတ် ဗြဟ္မာတို့သည်၎င်း၊ အကြင်စည်းစိမ်ချမ်းသာတို့သည်၎င်း ရှိကြလေကုန်၏၊ ထိုရူပက္ခန္ဓာသည် ကိုယ်တိုင် အိုခြင်းသဘောကို ရွက်ဆောင်သဖြင့် ထိုလူနတ်ဗြဟ္မာ စည်းစိမ် ချမ်းသာတို့၏ အိုမင်း ရွေ့လျောခြင်းကို ရွက်ဆောင်လေ၏၊ ကိုယ်တိုင် သေခြင်းသဘောကို ရွက်ဆောင်သဖြင့် ထိုလူနတ်ဗြဟ္မာ စည်းစိမ် ချမ်းသာတို့၏ သေကျေပျက်စီးခြင်း သဘောကို ရွက်ဆောင်လေ၏။
အကြင်သူသည် ထိုရူပက္ခန္ဓာကို သာယာစွဲလမ်း၏၊ သာယာသော သူသည်လည်း ပြဆိုအပ်ခဲ့ပြီးသော ဆင်းရဲဒုက္ခတို့မှ မလွတ်နိုင်ရာ၊ ရူပက္ခန္ဓာကို နှစ်သက်လျှင် ထိုရူပက္ခန္ဓာနှင့် စပ်ဆိုင် သမျှသော ဒုက္ခတွေကို နှစ်သက်သည်မည်၏၊ ထို့ကြောင့် ရူပက္ခန္ဓာသည် ကိုယ်တိုင်လည်း ဘေးဖြစ်သောအနက်၊ လူနတ်ဗြဟ္မာတို့၏ ဘေးကိုလည်း ဖြစ်စေ တတ်သော အနက်ကြောင့် စင်စစ် ဒုက္ခဖြစ်လေသည်၊ အနမတဂ္ဂ အစ မထင်သော သံသရာအပြင်၌ ရူပက္ခန္ဓာသည် တစ်ရံတစ်ခါမျှ ထိုဘေး ဒုက္ခများကို မလွန်မြောက်နိုင်ချေ၊ ဘယဋ္ဌသဘောနှင့်သာ အမြဲတွေ့ ကြုံဆုံစည်း၍ နေရလေ၏၊ ရူပက္ခန္ဓာ၏ ထိုဘယဋ္ဌသဘောသည် အခါခပ်သိမ်း ထင်ရှားရှိ၏၊ မှန်ကန်၏၊ မဖောက်မပြန်သဘော တစ်မျိုး ပြောင်းလဲ၍မသွား၊ ထို့ကြောင့် ရူပက္ခန္ဓာ၏ ဒုက္ခသဘောသည် အစလသစ္စာ၊ အရိယသစ္စာ မည်လေသည်။
ဝေဒနက္ခန္ဓာ စသော အကြွင်းခန္ဓာတို့၌လည်း ဤနည်းအတိုင်း ဒုက္ခသဘောကို သိရာ၏။
ဒုက္ခ သမုဒယ၌- ခန္ဓာငါးပါး၏ ဆင်းရဲကိုပင် ဒုက္ခဟူ၍ဆိုသည်၊ ထိုဒုက္ခကို ပွားစီးစေတတ်သောကြောင့် ဒုက္ခသမုဒယမည်၏၊ “ဒုက္ခံ သမုဒေတီတိ ဒုက္ခသမုဒယော”။
ဒုက္ခံ=ဆင်းရဲဒုက္ခကို၊ သမုဒေတိ=ဖြစ်ပွားစေတတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ဒုက္ခသမုဒယော=ဒုက္ခသမုဒယမည်၏။
ဒုက္ခသမုဒယဆိုသည်မှာ တရားကိုယ်အားဖြင့် တဏှာလောဘ ပေတည်း။ အကြင်သူသည် ထိုသမုဒယဖြစ်သော တဏှာလောဘကို ပိုင်းခြား၍မသိနိုင်သေး၊ မပယ်နိုင်သေး၊ ထိုသူအား ခန္ဓာနှင့်စပ်ဆိုင် သမျှသော ဒုက္ခကို ဖြစ်ပွားစေလိမ့်မည်သာ အမှန်ဖြစ်၏၊ အလုံးစုံသော ဆင်းရဲဒုက္ခဟူသမျှသည် တဏှာလောဘကြောင့်သာလျှင် ဖြစ်ရ၏၊ တဏှာလောဘသည် ဆင်းရဲဒုက္ခ၏ အရင်းမူလဖြစ်၏၊ ဒုက္ခမျိုးစေ့ဖြစ်၏၊ ထို့ကြောင့် တဏှာကို ဒုက္ခသမုဒယဟူ၍ ဆိုသည်၊ ထိုတဏှာ၏ဒုက္ခကို ဖြစ်ပွားစေတတ်သော သဘောသည် အခါခပ်သိမ်း ထင်ရှားရှိ၏၊ တဏှာ ၏ ဒုက္ခအရင်းအမြစ်ဟူသော သဘောသည် မှန်ကန်၏၊ မဖောက်မပြန် သဘောတစ်မျိုး ပြောင်းလဲ၍မသွား၊ ထို့ကြောင့် တဏှာ လောဘလည်း ဒုက္ခသမုဒယသစ္စာ အမှန်ဖြစ်၏၊ လှုပ်ရှားဖောက်ပြန်ခြင်းမရှိသော အရိယသစ္စာဖြစ်၏။
ဒုက္ခ နိရောဓ၌- ခန္ဓငါးပါး၏ဆင်းရဲမှုကိုပင် ဒုက္ခဟူ၍ ဆိုသည်။ “နိရုဇ္ဈနံ နိရောဓော”
နိရုဇ္ဈနံ=ချုပ်ခြင်း၊ နိရောဓော=ချုပ်ခြင်း။ နိရောဓဆိုသည်ကား ဒုက္ခ၏ချုပ်ငြိမ်းမှုဟု ဆိုအပ်သော နိဗ္ဗာန်ပေတည်း။
ထိုချုပ်ခြင်း နိရောဓသည် ဥပ္ပါဒနိရောဓ၊ အနုပ္ပါဒနိရောဓအားဖြင့် နှစ်ပါးအပြားရှိ၏။
- ထိုနှစ်ပါးတို့တွင် ဖြစ်ပေါ်၍ ဥပါဒ်ခြင်းသို့ ရောက်ပြီးသော သင်္ခတတရားတို့၏ ဘင်၏ အစွမ်းအားဖြင့် ချုပ်ခြင်းသည် ဥပ္ပါဒနိရောဓ မည်၏။
- တစ်ဖန် ဖြစ်ပေါ်မှု၏ မရှိခြင်းသည် အနုပ္ပါဒနိရောဓမည်၏။
ဥပ္ပါဒနိရောဓမှာ ဖြစ်ပေါ်ဥပါဒ်ခြင်း အစရှိသေး၏၊
အနုပ္ပါဒနိရောဓမှာ ဖြစ်ပေါ်ဥပါဒ်ခြင်း အလျင်းမရှိချေ။
ဥပ္ပါဒနိရောဓသည် သင်္ခတတရား တို့နှင့်ဆိုင်၏၊ အနုပ္ပါဒ နိရောဓသည် အသင်္ခတနိဗ္ဗာန်နှင့်ဆိုင်၏။
ဤဒုက္ခသစ္စာအရာ၌ကား- အနုပ္ပါဒနိရောဓကိုသာ အလိုရှိ အပ်၏။
“ဒုက္ခဿ နိရောဓော ဒုက္ခနိရောဓော”
ဒုက္ခဿ=ခန္ဓာဝန်ဆင်းရဲကြီး၏၊ နိရောဓော=ချုပ်ငြိမ်းခြင်းတည်း၊ ဒုက္ခနိရောဓော=ခန္ဓာဝန်ဆင်းရဲကြီး၏ ချုပ်ငြိမ်းခြင်း။
မေး။ ဒုက္ခနိရောဓဟူသည် အဘယ်နည်း။
ဖြေ။ ဒုက္ခကို ဖြစ်ပွားစေတတ်သော တဏှာလောဘ၏ တစ်ဖန် ပြန်၍ မဖြစ်ပေါ်သော အနေအားဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းပေတည်း။
အကြင်သို့သော အကြောင်းကြောင့် တဏှာ၏ ချုပ်ခြင်းသည် ဒုက္ခချုပ်ခြင်းအလို့ငှါသာဖြစ်၏၊ ဒုက္ခချုပ်ခြင်းသာလျှင် လိုရင်းပဓာန ဖြစ်၏၊ ထို့ကြောင့် ဒုက္ခနိရောဓဟူ၍ ဆိုရလေသည်၊ ထိုဒုက္ခဟူသမျှသည် တဏှာချုပ်ငြိမ်းမှသာလျှင် ချုပ်ငြိမ်းခြင်းသို့ရောက်၏၊ တဏှာမချုပ်ငြိမ်း သည်ရှိသော် ဒုက္ခမချုပ်ငြိမ်း၊ တဏှာချုပ်ငြိမ်းသည်ရှိသော် ဒုက္ခမချုပ်ငြိမ်း ဘဲ နေသည်ဟုမရှိနိုင်။ ဒုက္ခချုပ်ငြိမ်းခြင်းကို အလိုရှိသောပုဂ္ဂိုလ်တို့သည် လည်း တဏှာ၌သာလျှင် အလုပ်ဖွင့်၍ လုပ်ကိုင်ကြရ၏၊ တဏှာကို အနည်းနည်းအားဖြင့် ပယ်ဖြတ်ကြရ၏၊ ဒုက္ခကို ချုပ်ငြိမ်းစေလိုသည့် အတွက်နှင့် ဒုက္ခအပေါ်မှာ အလုပ်ဖွင့်၍ မလုပ်ကိုင်ကြရကုန်၊ ဒုက္ခကို အရေးပြု၍ ပယ်ဖြတ်ခြင်း မပြုကြရကုန်။ ဒုက္ခကို ချုပ်ငြိမ်းစေလိုသည့် အတွက်ကြောင့် ဒုက္ခပေါ်မှာသာ အရေးစိုက်နေသော်လည်း အရာ မဟုတ် ၍ ဒုက္ခချုပ်မည်မဟုတ်၊ ဒုက္ခ၏ အမြစ်မူလဖြစ်သော တဏှာကို အရေး စိုက်၍ပယ်နိုင်မှ ဒုက္ခချုပ်ငြိမ်းခွင့်ကို ရနိုင်သည်၊ ထို့ကြောင့် ဒုက္ခနိရောဓ သည်ကား ဒုက္ခ၏အကြောင်းရင်းဖြစ်သော တဏှာ၏အကြွင်းမဲ့ ချုပ်ခြင်းဖြစ်သည်ဟူ၍ ပြဆိုခဲ့ပေသည်။
ဥပမာကား- ကောက်ရိုးပုံကို မီးလောင်၍နေရာ မီးငြိမ်းစေလိုသ ဖြင့် မီးတောက်ကိုသာ ဂရုစိုက်၍ ငြိမ်းသတ်နေမည်ဆိုလျှင် မြန်စွာမီးငြိမ်း နိုင်တဲ့မည်မဟုတ်၊ မီးစာဖြစ်သော ကောက်ရိုးတို့ကို အကြွင်းမဲ့ကုန်အောင် ယူပစ်လိုက်ပါလျှင် ထိုတောက်လောင်၍နေသော မီးသည် အပြီးတိုင် ချုပ်ငြိမ်းလိမ့်မည် အမှန်ဖြစ်လေ၏။
မီးကိုငြိမ်းစေလိုသည့်အတွက်နှင့် မီးတောက်ကို ဂရုစိုက်မနေနှင့်၊ မီး၏လောင်စာကို ဂရုစိုက်၍ အလုပ်လုပ်ပါဟု ဆိုလိုသည်။
ဥပမာတစ်နည်းအားဖြင့်- တစ်ခုသော အရပ်ဌာနမှာ အဆိပ်ပင် နှစ်ပင်တို့သည်ရှိကုန်၏၊ ထိုအဆိပ်ပင်တို့ကို ပယ်သတ်ခြင်းငှါ နှစ်ယောက်သောသူတို့သည် အသီးအသီး တစ်ပင်စီခုတ်ဖြတ်ကြကုန်၏၊ တစ်ယောက်သောသူသည် အမြစ်ကို ဂရုစိုက်၍ ခုတ်ဖြတ်၏၊ အပင်ကိုမူ ကား မခုတ်ဖြတ်၊ တစ်ယောက်သောသူသည်မူကား အပင်ကိုသာခုတ် ဖြတ်၏၊ အမြစ်ကိုမခုတ်ဖြတ်၊ ထိုသူနှစ်ယောက်တို့တွင် အမြစ်ကို ခုတ်ဖြတ်သောသူသည်သာလျှင် အဆိပ်ပင်ကို သတ်သောသူမည်၏၊ အပင်ကို ခုတ်ဖြတ်သောသူသည်ကား အဆိပ်ပင်ကို သတ်သောသူမမည်။
ထိုစကားမှန်၏၊ အမြစ်ကို ခုတ်ဖြတ်အပ်သည်ရှိသော် အပင်ကို မခုတ်ဖြတ်သော်လည်း ထိုအရပ်၌ အဆိပ်ပင် သေဆုံးပျက်စီးလေ၏၊ အမြစ်ကိုမဖြတ်ဘဲ အပင်ကိုသာ ခုတ်ဖြတ်သည်ရှိသော် ထိုအရပ်၌ အဆိပ်ပင်မျိုးမပြတ်ဘဲ ထပ်၍သာ ပေါက်ရောက်စိမ်းရှင်မည်ဖြစ်၏၊ ဤကဲ့သို့ ပြဆိုအပ်ပြီးသော အနက်သဘောကြောင့် တဏှာ၏ ချုပ်ခြင်း သည်သာလျှင် စင်စစ်ဒုက္ခကင်းငြိမ်းကြောင်းဖြစ်၍ ဒုက္ခနိရောဓမည်လေ သည်၊ ထိုတဏှာချုပ်ငြိမ်းမှုကြောင့်ဖြစ်သော ဒုက္ခချုပ်ငြိမ်းမှု သဘောသည် လည်း အခါခပ်သိမ်း ထင်ရှားရှိ၏၊ မဖောက်မပြန်မှန်ကန်၏၊ သဘော ပြောင်းလဲ၍မသွား၊ ထို့ကြောင့် တဏှာချုပ်ငြိမ်းမှုဟုဆိုအပ်သော နိဗ္ဗာန်ကို ဒုက္ခနိရောဓ အရိယသစ္စာဟူ၍ ဆိုရလေသည်။
“ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ” ဟူသော စကား၌ ဒုက္ခ ချုပ်ငြိမ်းမှုဟု ဆိုအပ်သော နိဗ္ဗာန်သို့ရောက်စေတတ်သော အကျင့်ကို ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ ဆိုသည်။
“ဒုက္ခနိရောဓံ အဝဿံ ဂမေတိ သမ္ပာပေတီတိ ဒုက္ခနိရောဓဂါမိနီ” ဒုက္ခနိရောဓံ=ဒုက္ခချုပ်ငြိမ်းမှုဟု ဆိုအပ်သော နိဗ္ဗာန်သို့၊ အဝဿံ=မချွတ်၊ ဂမေတိ သမ္ပာပေတိ=ရောက်စေတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဒုက္ခ နိရောဓဂါမိနီ=ဒုက္ခနိရောဓဂါမိနီမည်၏။
ထိုဒုက္ခနိရောဓဂါမိနီကိုပင်လျှင် ဒုက္ခချုပ်မှုကို အလိုရှိသောသူတို့ ကျင့်အပ်သောကြောင့် ပဋိပဒါခေါ်သည်။
“ဒုက္ခနိရောဓံ ဣစ္ဆန္တေဟိ ပဋိပဇ္ဇိတဗ္ဗာတိ ပဋိပဒါ”
ဒုက္ခနိရောဓံ=ဒုက္ခချုပ်ငြိမ်းမှုကို၊ ဣစ္ဆန္တေဟိ=အလိုရှိသော ပုဂ္ဂိုလ် တို့သည်၊ ပဋိပဇ္ဇိတဗ္ဗာ=ကျင့်အပ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ပဋိပဒါ= ပဋိပဒါ မည်၏။
နှစ်ပုဒ်တွဲစပ်သောအခါ ဒုက္ခနိရောဓဂါမိနီပဋိပဒါဖြစ်၏၊ ဒုက္ခ ချုပ်ငြိမ်းမှုသို့ရောက်စေတတ်သော အကျင့်ပဋိပတ်ဟူ၍ ဆိုလိုသည်။ စင်စစ်သဘောအားဖြင့် တဏှာချုပ်ငြိမ်းမှုသို့ ရောက်စေတတ်သော အကျင့်ပင်တည်း၊ ထိုအကျင့်ပဋိပတ်သည် ဒုက္ခသစ္စာဖြစ်သော ခန္ဓာငါးပါး တို့၌ ဒုက္ခသဘောကို ထင်ရှားစွာ သိမြင်ခြင်းငှါ ကျင့်ကြံအားထုတ်သော ကျင့်လမ်းဖြစ်သည်။ ထိုဒုက္ခနိရောဓဂါမိနီ ပဋိပဒါကို 'မဂ္ဂင်'ဟူ၍လည်း ခေါ်သည်။ ထိုကျင့်လမ်းဟူ၍ ဆိုအပ်သောမဂ္ဂင်သည် အောက်၌ ဖေါ်ပြ အပ်သောအတိုင်း ရှစ်ပါးအပြားရှိ၏။
၁။ သမ္မာဒိဋ္ဌိ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ မြင်ခြင်း၊
၂။ သမ္မာသင်္ကပ္ပ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ ကြံဖန်ခြင်း၊
၃။ သမ္မာဝါစာ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ ပြောဆိုခြင်း၊
၄။ သမ္မာကမ္မန္တ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ ပြုလုပ်ခြင်း၊
၅။ သမ္မာအာဇီဝ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ အသက်မွေးခြင်း၊
၆။ သမ္မာဝါယာမ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ အားထုတ်ခြင်း၊
၇။ သမ္မာသတိ-- မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ အောက်မေ့ခြင်း၊
၈။ သမ္မာသမာဓိ---မဖောက်မပြန် မှန်ကန် ကောင်းမွန်စွာ တည်ကြည်ခြင်း။
ထိုမဂ္ဂင်ရှစ်ပါးတို့တွင်
- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဤနှစ်ပါးသည် ပညာက္ခန္ဓမည်၏၊
ပညာသဘော၌ အကျုံးဝင်၏။
- သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဤသုံးပါးသည် သီလက္ခန္ဓမည်၏၊ အကျင့်သဘော၌အကျုံးဝင်၏။
- သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဤသုံးပါးသည် သမာဓိက္ခန္ဓမည်၏၊ တည်ကြည် ခိုင်ခံ့ခြင်း ဈာန်သဘော၌ အကျုံးဝင်၏။
ဤကား မဂ္ဂင်ရှစ်ပါးကို သီလ သမာဓိ ပညာ သုံးပါးတို့၌ သဘော တူရာသွင်း၍ ပြဆိုပုံတည်း။
ထိုစကားရပ်၌- သီလက္ခန္ဓမည်သည်ကား အကျဉ်းချုပ်အားဖြင့် အာဇီဝဋ္ဌမက သီလပေတည်း၊ အာဇီဝဋ္ဌမက သီလဆိုလျှင် အလုံးစုံသော သီလတို့ကို အုပ်ချုပ်မိလေ၏၊ ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်ခြင်း၊ ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်ခြင်း၊ မကောင်းသော အသက်မွေးမှုမှ ရှောင်ကြဉ်ခြင်းများကို အာဇီဝဋ္ဌမက သီလဆိုသည်၊ ထိုအာဇီဝဋ္ဌမက သီလကို ရှေးဦးစွာ ဖြည့်ကျင့်ရာ၏။
သမာဓိက္ခန္ဓမည်သည်ကား ရူပါဝစရဈာန် အရူပါဝစရဈာန်တို့ ပေတည်း၊ ဈာန်သမာဓိဆိုသည် ထိုရူပဈာန် အရူပဈာန်တို့ကို ပြည့်စုံ ထမြောက်အောင် မစွမ်းဆောင်နိုင်လျှင် ကာယဂတာသတိ၊ အာနာ ပါနဿတိမျှကို ဖြည့်ဆည်းပူး ခြင်းသည်လည်း သမာဓိက္ခန္ဓပင် မည်၏။
ပညာက္ခန္ဓမည်သည်ကား ခန္ဓာစသောတရားတို့၌ ပိုင်ပိုင်နိုင်နိုင် အသိဉာဏ်ပေါ်ပေါက်မှုတို့ကို ပြည့်စုံစေခြင်းတည်း၊ ထိုရုပ် နာမ်ခန္ဓာတို့၌ ပိုင်နိုင်စွာ အသိဉာဏ်ပေါ်ပေါက်မှုကို ပရိညာဆိုသည်၊ ဉာဏ်၏ကိစ္စကို ပြီးစီးမှုပေတည်း။
ထိုပရိညာသည်
၁။ ဉာတပရိညာ၊
၂။ တိရဏပရိညာ၊
၃။ ပဟာနပရိညာ၊
ဟူ၍ သုံးပါးအပြားရှိ၏။ ထိုပရိညာသုံးပါးတို့တွင်
၁။ ဝိပဿနာ၏အာရုံဖြစ်သော ခန္ဓာ အာယတန စသောတရား တို့၌ တရားကိုယ် အသီးအသီးခွဲခြားဝေဖန်နိုင်သော ဉာဏ်၏ ကိစ္စပြီး မြောက်မှုသည် ဉာတပရိညာမည်၏၊ အယုတ်သဖြင့် ပထဝီ အာပေါ တေဇော ဝါယောဟုဆိုအပ်သော မဟာဘုတ်တရား လေးပါးကိုပင် တရား ကိုယ် အသီးအသီး ခွဲခြား၍မြင်နိုင်လျှင် ဉာတပရိညာကိစ္စ ပြီးမြောက် လေ၏။
၂။ ထိုသို့ဉာတပရိညာဖြင့် တရားကိုယ် အသီးအသီးခွဲခြားအပ် ကုန်ပြီးသော ရုပ်နာမ်တရားတို့၌ လက္ခဏာရေးသုံးပါးဖြင့် ထင်ရှားစွာမြင် စွမ်းနိုင်သော ဉာဏ်၏ကိစ္စပြီးမြောက်ခြင်းသည် တိရဏပရိညာမည်၏။
၃။ ထိုသို့လက္ခဏာရေးသုံးပါးတို့ဖြင့် ပိုင်းခြားထင်မြင်အပ်ကုန်ပြီး သော ရုပ်နာမ်တရားတို့၌ သညာဝိပလ္လာသ စိတ္တဝိပလ္လာသ ဒိဋ္ဌိဝိပလ္လာသ ဟုဆိုအပ်သော ဖောက်ဖောက်ပြန်ပြန် ထင်မြင်မှတ်ယူတတ်သည့် ဝိပလ္လာသတရားတို့ကို ပယ်နိုင်ခြင်း၏ ကိစ္စပြီးမြောက်မှုသည် ပဟာန ပရိညာမည်၏။
အကျဉ်းအားဖြင့်ဆိုသော်
- ရုပ်နာမ် တရားတို့၏ တရားကိုယ်အသီးအသီး သဘော အသီးအသီးကို ပိုင်ပိုင်မြင်နိုင်ခြင်းသည် ဉာတပရိညာ မည်၏။
- တရားကိုယ် အသီးအသီးတို့၌ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးပါးတို့ကို ပိုင်ပိုင် မြင်နိုင်ခြင်းသည် တိရဏပရိညာ မည်၏။
- လက္ခဏာရေး သုံးပါးတို့ဖြင့် ပိုင်းခြား၍ မြင်အပ်ပြီးသော တရားတို့၌ ဝိပလ္လာသတရားတို့ကို ပယ်ရှားနိုင်ခြင်းသည် ပဟာနပရိညာ မည်၏။
ပရိညာသုံးပါး ကိစ္စထမြောက်အောင်မြင် ပြီးစီးလေသည်ရှိသော် ဤအရိယာမဂ်သည် (သောတာပတ္တိမဂ်နှင့် သကဒါဂါမိမဂ်သည်) ရှေးဦး စွာ အတ္တဒိဋ္ဌိကို ပယ်ခြင်းကိစ္စ ပြီးမြောက်ခြင်းကြောင့် အပါယ်ဘေး ဒုက္ခ၏ ချုပ်ငြိမ်းခြင်းသို့ အမြဲရောက်စေ၏။
နှစ်ကြိမ်မြောက်၌ အရိယာမဂ်သည် (အနာဂါမိမဂ်သည်) ကာမ တဏှာကို ပယ်ခြင်းကိစ္စ ပြီးမြောက်ခြင်းကြောင့် ကာမဘုံ၌ ဖြစ်သမျှသော ဒုက္ခ၏ ချုပ်ငြိမ်းခြင်းသို့အမြဲရောက်စေ၏။
သုံးကြိမ်မြောက်၌ အရိယာမဂ်သည် (အရဟတ္တမဂ်သည်) ဘဝ တဏှာကို ပယ်ခြင်းကိစ္စ ပြီးမြောက်လေသောကြောင့် ရူပဘုံ အရူပဘုံ တို့၌ အလုံးစုံသောဒုက္ခ၏ ချုပ်ငြိမ်းခြင်းသို့ အမြဲရောက်စေ၏။
သို့ဖြစ်၍ အရိယာမဂ်သည် ဝဋ်ဒုက္ခတို့မှ ထွက်မြောက်တတ်သော နိယျာနဋ္ဌ အနက်သဘောကြောင့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါလည်း မည်၏၊ ထိုအရိယာမဂ်၏ ဝဋ်ဒုက္ခမှ ထွက်မြောက်တတ်သော နိယျာနဋ္ဌ သဘောသည် အခါခပ်သိမ်း ထင်ရှားရှိ၏၊ ဟုတ်မှန်၏၊ ဖောက်ပြန်ခြင်းမရှိ၊ သဘောတစ်မျိုး ပြောင်းလဲ၍ မသွား၊ ထို့ကြောင့် အရိယသစ္စာလည်း မည်သည်။ ပြဆိုအပ်ပြီးသော သစ္စာလေးပါးတို့တွင် တတိယသစ္စာကို သုခသစ္စာဟူ၍ ဆိုသင့်ပါလျက် ထိုသို့မဆိုဘဲ နိရောဓ သစ္စာဟူ၍ ဆိုခြင်း မှာ သန္တိသုခမျိုးကို ပြခြင်းငှါ နိရောဓသစ္စာဟူ၍သာ ဆိုလေသည်။
ထင်ရှားစွာပြဆိုဦးအံ့- ချမ်းသာသုခမျိုးသည် ဝေဒယိတသုခ၊ သန္တိသုခဟူ၍ နှစ်ပါးရှိသည်။ ထိုနှစ်ပါးတို့တွင်- သုဂတိဘုံဘဝ တို့၌ စည်းစိမ်သမ္ပတ္တိကိုရ၏၊ ခံစားကြကုန်သော ပုဂ္ဂိုလ်တို့သန္တာန်မှာ ဖြစ်ပေါ်လာသော သုခဝေဒနာသည် ဝေဒယိတသုခမည်၏၊ စံစားအပ် သော ချမ်းသာဆိုလိုသည်။
အရိယာမဂ်ကို ပွါးများသဖြင့် ရအပ်သော အပါယ်ဘေး ဒုက္ခ စသည်တို့မှ ကင်းငြိမ်းမှုသည် သန္တိသုခမည်၏။
ဒုက္ခအမျိုးမျိုးတို့မှ ကင်းငြိမ်းသောချမ်းသာ ဆိုလိုသည်။
ထိုချမ်းသာသုခ နှစ်မျိုးတို့တွင် ဝေဒယိတသုခသည် တဏှာ အလိုသို့ လိုက်ကြကုန်သော သတ္တဝါတို့၏ ချမ်းသာမည်၏၊ ဉာဏ်အလိုသို့ လိုက်ကြကုန်သော သူတို့သည်မူကား ထိုဝေဒယိတသုခကိုပင်လျှင် ဒုက္ခဟူ၍ ထင်မြင်ကုန်၏၊ အဘယ်ကြောင့်နည်းဆိုသော် သန္တိသုခမှ ကင်း၍ ထိုဝေဒယိတသုခကို ခံစားကြကုန်သော သတ္တဝါတို့အား အပါယ် ဘေးဒုက္ခစသည်တို့သည် ရှေ့၌ ထင်လျက်နေကြကုန်သော ကြောင့် တည်း။
ဥပမာ- ရာဇဝတ်မှုရောက်၍ သတ်ခါနီးတွင် ကောင်းမြတ်သော ဘောဇဉ်တို့ကို ကျွေးမွေး၏၊ ထိုဘောဇဉ် ထမင်းပွဲကြီး၏ရှေ့၌ သတ်ဖြတ် ရန်ဖြစ်သော ဓား လှံ သေနတ်တို့ကိုလည်း အသင့်ပြင်ဆင်၍ထား၏၊ မိမိကိုသတ်ရန်ဖြစ်သော ဓား လှံ သေနတ်တို့ကို ကြည့်ရှု ထင်မြင်၍နေ ရင်း ကောင်းမြတ်သော ဘောဇဉ် ထမင်းတို့ကို ချမ်းချမ်းသာသာ အရသာ ခံစား၍ မစားမသောက်နိုင်သကဲ့သို့တည်း။
သန္တိသုခသည် ဉာဏ်အလိုသို့လိုက်ကြကုန်သော သူတို့၏ ချမ်းသာ မျိုးဖြစ်လေသည်။ တဏှာအလိုသို့ လိုက်ကြကုန်သောသူတို့သည်မူကား ထိုသန္တိသုခကို ကောင်းမြတ်ချမ်းသာသည်ဟူ၍ မထင်၊ ဆင်းရဲဒုက္ခဟူ၍ ထင်မှတ်ကြကုန်၏၊ အဘယ်ကြောင့်နည်းဆိုသော် ထိုသန္တိသုခမှာ တဏှာ ကြိုက်နှစ်သက်သော အစာအာဟာရများ မရှိသောကြောင့်တည်း။
ထိုတဏှာ၏ အစာအာဟာရမျိုးဖြစ်သော ဝေဒနာသည်လည်း နိဗ္ဗာန်မရှိ။ သန္တိသုခမျိုးသည်လည်း ဘုံသုံးပါးတည်းဟူသော လောက၌ မရှိ။ ထိုသုခနှစ်ပါးသည် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ကြကုန်၏၊ လောကီသမားတို့သည် ဝေဒယိတသုခကို လိုလားလိုက်စားကြကုန်၏၊ လောကုတ္တရာသမားတို့သည် သန္တိသုခကို လိုလားလိုက်စားကြကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားတို့သည်ကား ဉာဏ်အလိုသို့ လိုက်စားကြကုန်သော ပုဂ္ဂိုလ်တို့အား ဤသန္တိသုခ၏ အထွတ်အစွန်းအပြီး အဆုံးသို့ ရောက်စေတော်မူခြင်းငှါ ဤသစ္စာလေးပါး တရားဒေသနာကို ဟောကြားပြသတော် မူကြပေကုန်သည်၊ ဤကဲ့သို့ ပြဆိုအပ်ပြီးသော သစ္စာအမှန်တရားတို့သည် သိသင့်သိထိုက်သော တရားဖြစ်၏၊ ဝိဇ္ဇာသည် ထိုသစ္စာလေးတန် တရားမှန်တို့ကို ဧကန်သိမြင်နိုင်လေသတည်း။
အဝိဇ္ဇာဆိုသည်ကား
“န ဝိဒတိ န ဇာနာတီတိ အဝိဇ္ဇာ”
နဝိဒတိ နဇာနာတိ=မသိတတ်၊ ဣတိတသ္မာ=ထို့ကြောင့်၊ အဝိဇ္ဇာ= အဝိဇ္ဇာမည်၏။
မသိတတ်သော အမိုက်အမဲတရား ဆိုလိုသည်။
“န ဝိဇ္ဇာ အဝိဇ္ဇာ”ဟူ၍လည်း ဝိဇ္ဇာနှင့်ပြန်ဘက်ပြု၍ ဝိဂြိုဟ်ဆိုသင့် သေး၏၊ ဝိဇ္ဇာ=သိတတ်သောတရားသည်၊ န=မဟုတ်၊ အဝိဇ္ဇာ= သိတတ် သောတရား မဟုတ်။
မေး။ အဘယ်တရားကို မသိတတ်သနည်း။
ဖြေ။ သိသင့်သိထိုက်သောတရားကို မသိတတ်။
မေး။ သိသင့်သိထိုက်သောတရားဟူသည် အဘယ်နည်း။
ဖြေ။ အမှန်လေးချက် တရားနက်ဟု ဆိုအပ်သော သစ္စာလေး ပါးတရားပေတည်း။
ဤသို့စသည်ဖြင့် ဝိဇ္ဇာဟူသော ပုဒ်အဖွင့်တွင် ဆိုခဲ့ပြီးသော နည်း တို့ဖြင့် ပြန်ဘက်ပြု၍ အဝိဇ္ဇာသဘောကို သိရာ၏။
သင်္ခါရဆိုသောစကား၌
“သင်္ခရောန္တိ သတ္တာ ဧတေဟီတိ သင်္ခါရာ”
ဧတေဟိ=ထိုတရားတို့ဖြင့်၊ သတ္တာ=သတ္တဝါတို့သည်၊ သင်္ခရောန္တိ= ပြုလုပ်စီရင်ကြကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သင်္ခါရာ=သင်္ခါရမည် ကုန်၏၊ သတ္တဝါတို့ ပြုလုပ်စီရင်ကြောင်းဖြစ်သော တရားကို သင်္ခါရဆို သည်၊ တရားကိုယ်အားဖြင့် စေတနာစေတသိက်ပေတည်း။
မေး။ ဘယ်အမှုကို ပြုပြင်စီရင်တတ်သနည်း။
ဖြေ။ အကျိုးရှိသောအမှု၊ အကျိုးမဲ့သောအမှု၊ ကောင်းမှု၊ မကောင်းမှုများကို ပြုပြင်စီရင်တတ်သည်။
ထိုစကားရပ်၌ အကျိုးရှိသောအမှု၊ အကျိုးမဲ့သော အမှုဆိုသည် ကား လောက၌ မျက်မှောက်ဒိဋ္ဌခံစားရသော အမှုများပေတည်း။ ကောင်းမှု၊ မကောင်းမှုဆိုသည်ကား နောင်တမလွန်ဘဝ၌ ခံစားရသော အမှုများပေတည်း။ လိုရင်းဖြစ်သော သဘောအဓိပ္ပါယ်အားဖြင့် ပစ္စုပ္ပန် ခန္ဓာ၏ အကျိုးငှါသော်၎င်း၊ အနာဂတ်ခန္ဓာ၏ အကျိုးငှါသော်၎င်း၊ ထိုခန္ဓာ နှစ်ပါးစုံ၏ အကျိုးငှါသော်၎င်း ပြုလုပ်အပ်ကုန်သော အကြင်ကာယကံမှု ဝစီကံမှု မနောကံမှုတို့သည် ရှိကုန်၏၊ ထိုကာယကံ ဝစီကံ မနောကံ အလုံးစုံတို့သည် သင်္ခါရမည်ကုန်၏။
ထိုသင်္ခါရတို့သည်
၁။ ပုညာဘိသင်္ခါရ၊
၂။ အပုညာဘိသင်္ခါရ၊
၃။ အာနေဉ္ဇာဘိသင်္ခါရ၊
အားဖြင့် သုံးပါးရှိကုန်၏၊ ထိုသင်္ခါရသုံးပါးကား ထင်ရှားပြီ။
မေး။ အဘယ်သို့လျှင် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပေါ်ပါသနည်း။
ဖြေ။ အကြင်သတ္တဝါတို့သည် အမှန်လေးချက် သဘောနက်ဟု ဆိုအပ်သော သစ္စာလေးပါးတို့ကို ထင်ရှားစွာ မသိ၊ မမြင်ကြကုန်၊ ထို သတ္တဝါတို့အား အဝိဇ္ဇာမှောင်တိုက်ကြီး ကာဆီးဟန့်တားသဖြင့် ခန္ဓာ ငါးပါးတို့၌ ဖောက်ပြန်မှားယွင်း ထင်မှတ်ခြင်းဟု ဆိုအပ်သော ဝိပလ္လာသ တရားတို့သည် ဖြစ်ပွါးကြလေကုန်၏၊ ထိုဝိပလ္လာသတည်းဟူသော အကြောင်းကြောင့် ခန္ဓာငါးပါးတို့၌ သာယာစွဲလမ်းခြင်းတည်း ဟူသော တဏှာဥပါဒါန်တို့သည် ဖြစ်ကုန်၏၊ ထိုတဏှာ ဥပါဒါန်တို့ကြောင့် ပစ္စုပ္ပန်ခန္ဓာ၏အတွက် ပြုပြင်စီရင်မှု သင်္ခါရတို့သည် ဖြစ်ပွါးကုန်၏၊ နောင်အနာဂတ်ခန္ဓာအတွက် ပြုပြင်စီရင်မှု သင်္ခါရတို့သည် ဖြစ်ပွါးကုန်၏၊ ဤသို့အားဖြင့် အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတရားတို့ ဖြစ်ပွါးကြကုန်သည်။
- ပစ္စုပ္ပန်ခန္ဓာကိုယ်ကို ငဲ့ကွက်သောအားဖြင့် အဝိဇ္ဇာကြောင့် အပုညာဘိသင်္ခါရဖြစ်တတ်သည်။
- အနာဂတ် ခန္ဓာအတွက်နှင့် ပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရများ ဖြစ်တတ်သည်။
ဖြစ်ပုံမှာ- ဤကိုယ်ခန္ဓာကြီးသည် အမြဲမရှိသောအနိစ္စ၊ ဆင်းရဲ တတ်သောဒုက္ခ၊ အစိုးမရအလိုသို့ မလိုက် အနှစ်သာရမရှိသော အနတ္တ၊ မတင့်တယ်မဖွယ်ရာသော အသုဘစင်စစ်ကြီးဖြစ်ပါလျက် အဝိဇ္ဇာဖုံးလွှမ်း မှုကြောင့် အထင်အမြင်ဖောက်ပြန်၍ ဝိပလ္လာသတရားလွှမ်းမိုးပြီးလျှင် နိစ္စ၊ သုခ၊ အတ္တ၊ သုဘဟူ၍ မှတ်ထင်လေ၏၊ ထိုအခါ ငါ့ကိုယ် ငါ့ကိုယ် ဟူ၍ ခင်မင်စွဲလမ်းသော တဏှာဥပါဒါန်တို့သည် ပွါးများကြကုန်၏၊ ထိုသို့သာယာစွဲလမ်းမှုကြောင့် ဤမျက်မှောက် ပစ္စုပ္ပန်ဖြစ်သော ကိုယ် ခန္ဓာကို ကောင်းစေရန်အတွက်နှင့် သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်းစသော ဒုစ္စရိုက်မှုတို့ကို ပြုလုပ်လေ၏၊ ထိုအခါ အဝိဇ္ဇာကြောင့် အပုညာဘိသင်္ခါရဖြစ်သည်မည်၏။
ဖြစ်ပုံမှာ- လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာများသည် သစ္စာဒေသနာတော်အလိုအားဖြင့် ဒုက္ခသစ္စာ အမှန်ဖြစ်သော်လည်း အဝိဇ္ဇာဖုံးလွှမ်းသည့် အတွက်ကြောင့် သုခအနေအားဖြင့် မှတ်ထင်လေ၏၊ ဝိပလ္လာသတရား လွှမ်းမိုးသောကြောင့် သုခသုဘအနေအားဖြင့် မှတ် ထင်သည်ရှိသော် ထိုဘုံဘဝများသို့ ရောက်လိုသောဆန္ဒရှိလေ၏၊ ထိုအခါ ထိုသုဂတိဘုံဘဝများသို့ ရောက်ရာရောက်ကြောင်းဖြစ်သော ဒါန သီလ ဘာဝနာများကို ပြုလုပ်ကြိုးစားလေ၏၊ ဤသို့ပြုလုပ်သောအခါ အဝိဇ္ဇာ ကြောင့် ပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရများ ဖြစ်ပွါးသည်မည်၏။
ဤအဓိပ္ပါယ်ကိုရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌
“ဗောဓိရတနာ၊ ယဉ်စကြာဖြင့်၊ သစ္စာလေးရပ်၊ လေးကျွန်း ပတ်သည်၊ နတ်ဝိသုဒ္ဓိ၊ တုမရှိအား၊ တြိဒွါရ၊ ရှိဦးခလျက်။ ဘဝသုံးပါး၊ ဟုန်းဟုန်းသွားသည်၊ ရထားသံသရာ၊ ယာဉ်စကြာ၏၊ ခြင်းရာထုပ္ပတ်၊ သမုပ္ပါဒ်ကို၊ အတပ်သိရန်၊ နိဒါန်းပြန်ပိမ့်။ အမှန်လေးချက်၊ သဘောနက် ကို၊ ဖုံးဝှက်ကွယ်ကာ၊ အဝိဇ္ဇာဟု၊ မဟာတမ၊ မှောင်ကြီးကျ၍၊ ဘဝမြုံသိုက်၊ ရှိန်ရှိန်အိုက်သား၊ အမှိုက်မီးစာ၊ ဤခန္ဓာကို၊ တွယ်တာသမှု၊ အကြောင်း ပြု၍၊ အကုသလ၊ ဓမ္မညစ်ဆိုး၊ အပြစ်မျိုးကို၊ ကြိုးကြိုးပမ်းပမ်း၊ နေ့စဉ် ထမ်းသည်၊ ပါယ်လမ်းဗီဇ၊ အပုညနှင့်။ ဘဝနောင်ခါ၊ သံသရာဝယ်၊ လူ့ရွာနတ်ငြမ်း၊ စည်းစိမ်သွမ်းကို၊ ချမ်းသာအတိ၊ အထင်ငြိလျက်၊ ဂတိနောင်ကို၊ ကောင်းစေလို၍၊ ကုသိုလ်အရိုး၊ အမျိုးမျိုးကို၊ ကြိုး ကြိုးစားစား၊ ပြုတုံငြားက၊ ဆယ်ပါးပုည၊ အာနေဉ္ဇဟု၊ ဘဝနှီးရင်း၊ ပွါးတုံလျင်းသည်။ ဝဋ်ခင်းဝဋ်နွယ် ရှည်သတည်း”
ဟူ၍ စပ်ဆိုတော်မူသည်။
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံကို ပြဆိုခြင်းပြီး၏။
သင်္ခါရပစ္စယာ ဝိညာဏံ
(သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပေါ်သည်။)
သင်္ခါရ၏ သဘောအဓိပ္ပါယ်ကို အောက်၌ပြဆိုခဲ့ပြီ။ ဝိညာဏ်ဆို သော စကား၌--
“ဝိဝိဓာ ကာရေန ဇာနာတီတိ ဝိညာဏံ”
ဝိဝိဓာ ကာရေန=အထူးထူးအပြားပြား များသောအခြင်းအရာ အားဖြင့်၊ ဇာနာတိ=သိတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဝိညာဏံ= ဝိညာဏ် မည်၏။
အထူးထူးအပြားပြား များသောအခြင်းအရာအားဖြင့် သိတတ် သောကြောင့် ဝိညာဏ်မည်၏ ဟူ၍ဆိုလိုသည်။ ဝိညာဏ်ဆိုသည်ကား စိတ်ပင်လျှင်တည်း။
မေး။ အဘယ်သို့လျှင် အထူးထူးအပြားပြား များသော အခြင်းအရာအားဖြင့် သိပါသနည်း။
ဖြေ။ * အဆင်းကိုမြင်မှု အခြင်းအရာအားဖြင့် သိတတ်၏၊ ဤစိတ်ကို အမြင်စိတ်ဟူ၍ ခေါ်ဝေါ်ကြကုန်၏။
* အသံကိုကြားမှုအခြင်းအရာ အားဖြင့်သိ၏၊ ဤ စိတ်ကို အကြားစိတ်ဟူ၍ခေါ်ဝေါ်ကြကုန်၏။
* အနံ့ကိုနံမှုအခြင်းအရာအားဖြင့်သိ၏၊ ဤစိတ်ကို အနံ့စိတ်ဟူ၍ခေါ်ဝေါ်ကြကုန်၏။
* အရသာကို လျက်မှုအခြင်းအရာအားဖြင့် သိ၏။
ဤစိတ်ကိုလျက်စိတ်ဟူ၍ခေါ်ဆိုကြကုန်၏။
* တွေ့ထိဘွယ် အာရုံများကို တွေ့ထိမှုအခြင်းအရာ အားဖြင့် သိ၏၊ ဤစိတ်ကို အတွေ့အထိစိတ်ဟူ၍ ခေါ်ဝေါ်ကြကုန်၏။
* ဆိုခဲ့ပြီးသော အာရုံငါးပါးတို့မှ တစ်ပါးသောတရား များကို သိမှု ကြံစည်မှု အခြင်းအရာအားဖြင့် သိ၏၊ ထိုစိတ်ကို အသိစိတ် အကြံစိတ်ဟူ၍ခေါ်ဝေါ်ကြ ကုန်၏။
ထိုမှတစ်ပါးလည်း ဝိညာဏ်သည် ဟုတ်မှန်သောအရာကို မဟုတ် မမှန်သောအားဖြင့်လည်းသိ၏၊ မဟုတ်မမှန်သည်ကိုလည်း ဟုတ်မှန် သော အခြင်းအရာ အားဖြင့်သိ၏၊ ဖြောင့်မှန်တရားသည်ကို လည်း မဖြောင့်မတရားသော အခြင်းအရာအားဖြင့် သိ၏၊ မဖြောင့် မမှန်သည် ကိုလည်း ဖြောင့်မှန်သော အနေအားဖြင့်သိ၏။
အကျိုးရှိသည်ကိုလည်း အကျိုးမဲ့သော အနေအားဖြင့်သိ၏၊ အကျိုးမဲ့ သည်ကိုလည်း အကျိုးရှိသော အနေအားဖြင့်သိ၏၊ ဤသို့စသည် ဖြင့် သတ္တဝါအပေါင်းတို့သည် ဤကဲ့သို့ဟုတ်သည်ဖြစ်စေ, မဟုတ်သည် ဖြစ်စေ အထူးထူးအပြားပြား သိမြင်ခြင်း ကိစ္စအားဖြင့် ရူးသွပ်သော အခြင်းအရာ၌သာ တည်နေကြကုန်၏၊ ထို့ကြောင့် “ပုထုဇ္ဇနော ဥမ္မတ္တကော”ဟူသော စကားကိုဆိုကြကုန်သည်။
ဤစိတ်ဝိညာဏ်ကို မျက်လှည့်မှုနှင့်တူသည်ဟူ၍လည်း မြတ်စွာ ဘုရားဟောကြားတော်မူသည်။
ဤကဲ့သို့စိတ်၏ ပုထုဇ္ဇန် သတ္တဝါတို့ကို ရူးသွပ်စေမှု၏ ဆန်းကြယ်ပုံ, မျက်လှည့်ကဲ့သို့ လှည့်ပတ်ဖျားယောင်းမှု၏ ဆန်းကြယ်ပုံများကို တိရစ္ဆာန် သတ္တဝါတို့၏ အနန္တ အပ္ပမေယျ အတိုင်းမသိ ဆန်းကြယ်ပုံကို မြင်သော အားဖြင့် သိအပ်၏၊ လောက၌စိတ်ဝိညာဏ်ကို ယဉ်ကျေးအောင် ပြုလုပ် နိုင်ရန် ခဲယဉ်း၏၊ လုံခြုံအောင်ပြုလုပ်ခြင်းငှါ ခဲယဉ်း၏၊ စောင့်ရှောက် နိုင်ခဲ၏၊ ပိတ်ဆို့နိုင်ခဲ၏၊ ထိုစိတ်ကို ယဉ်ကျေး လုံခြုံအောင် မပြုလုပ်နိုင် သည်ရှိသော် အကျိုးမဲ့ကြီးကို ဖြစ်စေတတ်၏၊ အဘယ့်ကြောင့်ယဉ်ကျေး အောင်ပြုခြင်းငှါ ခဲယဉ်းသနည်း, လုံခြုံအောင်ပြုခြင်းငှါ ခဲယဉ်းသနည်း, စောင့်ရှောက်နိုင်ခဲသနည်းဆိုလျှင် ပြဆိုခဲ့ပြီးသောအတိုင်း အမြင်စိတ် အကြားစိတ်စသော စိတ်တို့သည် အဆင်း အသံစသော အာရုံတို့ကို မြင်တိုင်း ကြားတိုင်း မျက်စိ နားစသော ဒွါရခြောက်ပါးတို့မှ ထွက် ပေါ်ကွန့်မြုးကြ၍ ကျက်စားလေ့ ရှိသောကြောင့်တည်း။ ကျယ်စွာသော တောနက်ကြီးအတွင်း၌ သူအလိုရှိသမျှ ကျက်စားချင် တိုင်းကျက် စားခွင့် ကို ရသော မျောက်ကို စောင့်ရှောက် လုံခြုံစေခြင်းငှါ ခဲယဉ်းစွာ ဖြစ်ဘိသ ကဲ့သို့တည်း။
စိတ်၏ အာရုံခြောက်ပါး တည်းဟူသော ကျက်စားရာ နယ်သည် လည်း အလွန်ကျယ်၏၊ စိတ်၏တည်နေ ကိန်းအောင်းရာဖြစ်သော ဒွါရဝတ္ထုများသည်လည်း အလွန်နယ်ကျယ်၏၊ စက္ခုဒွါရ တစ်ခုကိုပင်လျှင် သမုဒ္ဒရာကြီးကဲ့သို့ နက်နဲကျယ်ဝန်းကြောင်းကို မြတ်စွာဘုရား ဟောကြား တော်မူခဲ့လေသည်၊ သောတစသည်ကိုလည်း ထိုအတူ သောတသမုဒ္ဒရာ စသော ဒေသနာကိုဟောကြားတော်မူ၏၊ ဤကဲ့သို့ စိတ်၏တည်ရာ မှီရာ ထွက်ဝင်ရာ၏ ကျယ်ဝန်းခြင်း, ကျက်စားရာ၏ ကျယ်ဝန်းခြင်းများကြောင့် စိတ်ကို နိုင်နင်းအောင် ဖမ်းယူ၍ စောင့်ရှောက်ခြင်းငှါ ခဲယဉ်းလေ၏၊ ထိုသို့စောင့်ရှောက်ခြင်းငှါ ခဲယဉ်းခြင်း, ယဉ်ကျေးစေ ခြင်းငှါ ခဲယဉ်းခြင်း များကြောင့် စိတ်သည် သူသဘောရှိသည့် အလျောက် ပြေးသွား ကျက်စား ကွန့်မြူးပြီးလျှင် သတ္တဝါတို့၏ အကျိုးမဲ့ကြီးကို ဖြစ်စေတတ်၏၊ အကျိုးမဲ့ကြီးဆိုသည်မှာ အကျဉ်းအားဖြင့် အပါယ်လေးပါး၌ သတ္တဝါများ ကို ကျရောက်စေခြင်းများပေတည်း။
ဤအရာ၌ စိတ်၏ အကျိုးမဲ့ဖြစ်စေပုံကို မြတ်စွာဘုရားဟောကြား တော်မူအပ်သော နခသိခသုတ္တန်, ကာဏကစ္ဆပေါပမ သုတ္တန်တို့ဖြင့် ပြဆိုအပ်၏၊ ထိုသုတ္တန်များ၏ပါဠိအနက်ကို မရေးဘဲ မြန်မာပြန် သက် သက်ကို ရေးသားပြဆိုပေအံ့။
နခသိခသုတ္တန်မြန်မာပြန်- ဘုန်းတော်ကြီးသော မြတ်စွာ ဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူပြီးသောအခါ၌ ကိုယ်တော်မြတ်၏ လက်သည်းဖျားပေါ်တွင် မြေမှုန့်ကိုတင်၍ ရဟန်းတို့ကို ဤသို့ ပြောကြား မိန့်ဆိုတော်မူ၏။
“ချစ်သားရဟန်းတို့ သင်တို့ အဘယ်သို့ မှတ်ထင်ကြကုန်ဘိသ နည်း၊ ငါဘုရား၏ လက်သည်းဖျားပေါ်၌ တင်ထားအပ်သော မြေမှုန့် လည်းရှိ၏၊ ဤမဟာပထဝီမြေကြီးလည်းရှိ၏၊ ထိုမြေနှစ်ပါးတို့တွင် အဘယ်မြေက သာလွန် များပြားသနည်း'ဤသို့မြတ်စွာဘုရား မိန့်ကြား တော်မူ၏။
“ဘုန်းတော်ကြီးသော အရှင်မြတ်ဘုရား ဤမြေကြီးကသာလျှင် သာလွန်များပြားပါသည်“ဤသို့ရဟန်းတို့က လျှောက်ထားကြကုန်၏၊ “ချစ်သားရဟန်းတို့ ဤဥပမာအတူသာလျှင် အကြင်လူတို့သည် လူ့ဘဝမှ စုတေကြကုန်သည်ရှိသော် တစ်ဖန်ပြန်၍ လူဖြစ်ကြကုန်၏၊ ထိုလူတစ်ဖန် ပြန်၍ဖြစ်သောလူတို့သည်ကား လက်သည်းဖျားပေါ်၌ရှိသော မြေမှုန့် ကဲ့သို့အလွန်တရာနည်းပါးကုန်၏၊ စင်စစ်သော်ကား အကြင်လူတို့သည် လူ့ဘဝမှ စုတေကြကုန်သည်ရှိသော် ငရဲဘုံ၌ ဖြစ်ကြလေကုန်၏၊ တိရစ္ဆာန်ဘုံ၌ ဖြစ်ကြလေကုန်၏၊ ပြိတ္တာဘုံ၌ ဖြစ်ကြလေကုန်၏၊ ထိုလူတို့သာလျှင် လွန်စွာပေါများကုန်၏၊ ဤကား နခသိခသုတ္တန်ပေ တည်း။
လူ့ဘဝမှစုတေသော လူတို့သည် လူပြန်၍ဖြစ်သည်မှာ နည်းပါး ကြ၍ အပါယ်ဘုံသို့ အသွားများကြသည်မှာ တစ်ခြား ကြောင့် မဟုတ်ပါ။ “ပါပသ္မိံ ရမတေ မနော” ဟူ၍ ဟောတော်မူသောအတိုင်း မကောင်းမှု ၌သာ ပျော်မွေ့၍ ယဉ်ကျေးခြင်း လုံခြုံခြင်းကင်းမဲ့သော စိတ်က ဆောင်ရွက်မှုကြောင့်ပင် ဖြစ်လေသည်။
ကာဏကစ္ဆပေါပမသုတ္တန် မြန်မာပြန်ကား
“ချစ်သားရဟန်းတို့ ဥပမာအားဖြင့် တစ်ဦးသောယောကျ်ားသည် လည်ပင်းလျှိုဝင်ရန် အပေါက်ငယ်တစ်ခုသာရှိသော ထမ်းပိုးကို မဟာ သမုဒ္ဒရာကြီးထဲ၌ ချ၍မျှောလေရာ၏၊ ထိုမဟာသမုဒ္ဒရာကြီးထဲ၌ မျက်စိကန်းသော လိပ်ငယ်တစ်ကောင်သည်ရှိ၏၊ ထိုလိပ်ငယ်သည် နှစ်ပေါင်းအရာအထောင် လွန်သောအခါမှ တစ်ကြိမ်တစ်ကြိမ်သာလျှင် ရေပေါ်သို့ ဦးခေါင်းပြူ၍ပေါ်လာ၏၊ ချစ်သားရဟန်းတို့ သင်တို့ အဘယ် သို့ အောက်မေ့ကြကုန်သနည်း။ နှစ်ပေါင်းအရာ အထောင် လွန်ပါမှ တစ်ကြိမ်တစ်ကြိမ်သာ ရေပေါ်သို့ ဦးခေါင်းပြူ၍ ပေါ်လာတတ် သော ထိုလိပ်ကန်းသည် လည်ပင်းလျှိုဝင်ရန် အပေါက်တစ်ခုသာရှိသော ထို ထမ်းပိုး၌ လည်ပင်းကို တည့်တည့်ဝင်အောင် လျှိုသွင်းနိုင်ပါမည်လော” ဤသို့ မြတ်စွာဘုရား မိန့်ကြားတော်မူသည်။
“ဘုန်းတော်ကြီးသော အရှင်ဘုရား ကာလအဓွန့်ရှည်မြင့်စွာ လွန်လေသည်ရှိသော် တစ်ရံတစ်ခါ တည့်တည့်ဝင်အောင် လျှိုသွင်းနိုင်ပါ မည်လား မသိပါဘုရား” ဤသို့ ရဟန်းတို့က လျှောက်ထားကြကုန်၏။
“ချစ်သားရဟန်းတို့ အနှစ်အရာ အနှစ်အထောင်မှာမှ တစ်ကြိမ် တစ်ခါမျှသာလျှင် ဦးခေါင်းပြူ၍ ပေါ်လာသော ထိုလိပ်ကန်းသည် အပေါက်တစ်ခုတည်းသာရှိသော ထမ်းပိုး၌ လည်ပင်းကိုလျင်မြန်စွာ လျှိုသွင်းနိုင်သော်လည်း လျှိုသွင်းနိုင်ရာသေး၏၊ ချစ်သားရဟန်းတို့ စင်စစ်မူကား တစ်ကြိမ်တစ်ခါမျှ အပါယ်သို့ လားရလေသော သူမိုက်သည် လူ့ဘဝကို ရလွယ်မည်ဟူ၍ ငါဘုရားဟောကြားတော်မမူ။ ထိုသို့ မဟော ကြားခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူ၍ဆိုသော် ချစ်သား ရဟန်းတို့ ထိုအပါယ်ဘုံ၌ တရားသဖြင့် ကျင့်ခြင်းသည်လည်းမရှိ၊ ဖြောင့်မှတ်မှန်ကန်စွာ ကျင့် ခြင်းသည်လည်းမရှိ၊ ကုသိုလ်ပြုမှုလည်းမရှိ၊ ကောင်းမှုပြုခြင်းလည်းမရှိ၊ ချစ်သားရဟန်းတို့ ထိုအပါယ်ဘုံ၌ အချင်းချင်း နိုင်ရာစား တရားဆိုး တစ်ခုရှိသည်ဖြစ်၏၊ အားနည်းသူကို စားခြင်းတရား သည်ရှိ၏၊ ဤကား ကာဏကစ္ဆပေါပမသုတ္တန် မြန်မာပြန်တည်း။
ဤလိပ်ကန်းဥပမာ ဒေသနာတော်အလိုအားဖြင့် အပါယ်သို့ တစ်ကြိမ်ကျရောက်သွားလေသော သူမိုက်သည် တစ်ဖန်လူပြန်၍ ဖြစ်ခြင်းငှါ လိပ်ကန်းထမ်းပိုး လျှိုဝင်မိသော အချက်ထက်ပင် ခက်လေ သည်၊ အဘယ့်ကြောင့်နည်းဆိုလျှင် ထိုအပါယ်ဘုံဘဝ၌ တရားကျင့်မှု စသော သုစရိုက်များသည် မရှိချေ၊ နိုင်ရာစား အဓမ္မအလေ့တို့ကသာလျှင် များကုန်၏၊ ထိုတရားဆိုးတို့က ထပ်ခါထပ်ခါ အကျိုးပေးလေသည် ရှိသော် အဘယ်မှာအပါယ်ဘဝက လွတ်မြောက်နိုင်ပါတော့အံ့နည်း။ ဤသို့အပါယ်ဘုံမှ မလွတ်မြောက်နိုင်အောင် အထပ်ထပ်ပြန်၍ အပါယ်သို့ ချ၍နေသော လက်သည်ကား အခြားမဟုတ်၊ စိတ်ဝိညာဏ်ပင်ဖြစ်လေ သည်။ ဤကဲ့သို့သော အခြင်းအရာအားဖြင့် စိတ်ဝိညာဏ်၏ အထူးထူး အထွေထွေ သိတတ်သည်၏အဖြစ်, ဘေးဘယကိုဖြစ်ပွါး စေတတ်သော အားဖြင့် ဒုက္ခသစ္စာ၏အဖြစ်သည် လွန်စွာထင်ရှား၏၊ ဤကား ဝိညာဏ် ၏ အထူးထူးအပြားပြား သိတတ်ပုံနှင့်စပ်လျဉ်း၍ ပြဆိုအပ်သော စကား ရပ်ပေတည်း။
ထိုဝိညာဏ်သည်
၁။ စက္ခု ဝိညာဏ်,
၂။ သောတဝိညာဏ်,
၃။ ဃာနဝိညာဏ်,
၄။ ဇိဝှါဝိညာဏ်,
၅။ ကာယဝိညာဏ်,
၆။ မနောဝိညာဏ်,
အားဖြင့် ခြောက်ပါးအပြားရှိ၏။
မျက်စိ၌ဖြစ်ပေါ်သော ဝိညာဏ်စိတ်ကို စက္ခုဝိညာဏ်စိတ်ခေါ်၏၊ အမြင်စိတ်ပေတည်း။ သောတဝိညာဏ်စသည်တို့၌လည်း ဤနည်း အတိုင်း သိရာ၏၊ ကာယဝိညာဏ်၌ ကာယအရကို တစ်ကိုယ်လုံးယူ၍ ကာယပသာဒတည်ရှိသမျှ တစ်ကိုယ်လုံးမှာဖြစ်သော ဝိညာဏ်ကို ကာယ ဝိညာဏ်ဆိုသည်။ မနောဝိညာဏ်၌ ပဉ္စဝိညာဏ်မှ တစ်ပါးသော စိတ်ဝိညာဏ်တို့သည် မနောဝိညာဏ်မည်ကုန်၏။
ထိုမှတစ်ပါး
၁။ ကုသလ ဝိပါက်ဝိညာဏ်,
၂။ အကုသလ ဝိပါက်ဝိညာဏ်,
အားဖြင့် နှစ်ပါးရှိ၏။
ကုသိုလ်ကြောင့်ဖြစ်သော အကျိုးဝိပါက်များသည် ကုသလဝိပါက် ဝိညာဏ်မည်၏၊။ထိုကုသလဝိပါက် ဝိညာဏ်သည်.. ၁။ ကာမကုသလ ဝိပါက်ဝိညာဏ်,
၂။ ရူပကုသလ ဝိပါက်ဝိညာဏ်,
၃။ အရူပကုသလ ဝိပါက်ဝိညာဏ်,
အားဖြင့် သုံးပါးရှိ၏။
မေး။ အဘယ်သို့လျှင် သင်္ခါရကြောင့်ဝိညာဏ်ဖြစ်ပေါ်ပါ သနည်း။
ဖြေ။ ရှေးဘဝ၌ ပြုလုပ်ဖြစ်ပေါ်ပြီးသော သင်္ခါရသုံးပါးတို့ကြောင့် နောက်ဘဝ၌ ဝိညာဏ်ဖြစ်ပေါ်သည်။
ထင်ရှားစွာပြဆိုဦးအံ့-သူ့အသက်ကိုသတ်ခြင်း 'ပါဏာတိပါတ' စသော ဆယ်ပါးသော အပြားရှိသည့်'ဒုစရိုက်' အပုညာဘိသင်္ခါရကြောင့် အပါယ်လေးဘုံတို့၌ အပါယ်ဇာတ်ရှိကုန်သော အကုသလဝိပါက် ဝိညာဏ်တို့သည် ဖြစ်ပေါ်ကုန်၏၊ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ် ရှောင်ခြင်း၊ 'ပါဏာတိပါတာဝေရမဏိ'စသော ဆယ်ပါးအပြားရှိသည့် 'သုစရိုက်'ပုညာဘိသင်္ခါရကြောင့် ကာမသုဂတိ ခုနစ်ဘုံတို့၌ ကာမသုဂတိ ဇာတ်ရှိကုန်သော ကာမကုသလဝိပါက် ဝိညာဏ်တို့သည် ဖြစ်ကုန်၏၊ ပုညာဘိသင်္ခါရ ဟုဆိုအပ်သော ရူပကုသိုလ် စေတနာလေးခုကြောင့် အသညသတ်ကြဉ်အပ်ကုန်သော ရူပဗြဟ္မာ တစ်ဆယ့်ငါးဘုံတို့၌ ရူပ ဗြဟ္မာဇာတ်ရှိကုန်သော ရူပါဝစရကုသလဝိပါက် ဝိညာဏ်တို့သည် ဖြစ် ကုန်၏၊ အာနေဉ္ဇာဘိသင်္ခါရဟုဆိုအပ်သော အရူပါဝစရကုသိုလ် စေတနာလေးခုကြောင့် အရူပဗြဟ္မာလေးဘုံတို့၌ အရူပဗြဟ္မာဇာတ် ရှိကုန်သော အရူပါဝစရကုသလဝိပါက် ဝိညာဏ်တို့သည် ဖြစ်ကုန်၏၊ ဤနေရာ၌ စောဒနာဖွယ်ရှိသည်ကား- ရှေးဘဝ၌ ပြုအပ် သဖြင့် ချုပ်လေပြီးသော ကံသင်္ခါရကြောင့် နောက်ဘဝ၌ အဘယ်သို့လျှင် ဝိပါက်ဝိညာဏ်ဖြစ်ပေါ်နိုင်ပါသနည်း။ ဤအရာ၌ သင်္ခါရဟူသောစကား ကံဟူသောစကားသည် စေတနာဓာတ်တစ်ခု၏ အမည်ပေတည်း။
ဤစောဒနာကို အောက်၌ ပြဆိုခဲ့ပြီးသော ကမ္မနိယာမ ကထာခန်း ၌၎င်း, ကမ္မဝိပါကဇိဒ္ဓိ ကထာခန်း၌၎င်း သုတ်သင်ရှင်းလင်းခြင်း ကိစ္စပြီး လေပြီ။ သို့သော်လည်း အမြွက်မျှ အဖြေကိုပြဆိုဦးအံ့။
ကံ၏ချုပ်ခြင်းသည်
၁။ စေတနာ၏ ချုပ်ဆုံးခြင်း စေတနာနိရောဓ,
၂။ ကံအရှိန် ကံအဟုန် ကံအာနုဘော်၏ ချုပ်ဆုံးခြင်း ကမ္မဝေဂနိရောဓ-ဟူ၍ နှစ်မျိုးရှိ၏။
ထိုနှစ်ပါးတို့တွင် ရှေးဘဝ၌ ပြုလုပ်ပြီးသော စေတနာ၏ ချုပ်ဆုံး ခြင်းသည် စေတနာနိရောဓမည်၏၊ ဥပါဒ်ဖြစ်ပေါ်လေသော စေတနာ ဓာတ်၏ ဘင်အနေအားဖြင့် ချုပ်ခြင်းပေတည်း။ ထိုသို့စေတနာချုပ် လေသော်လည်း ကံ၏ အရှိန်အဟုန်သည်ကား ချုပ်ဆုံးလေသည်မဟုတ်၊ နောင်ဘဝတို့၌ အခွင့်သင့်သောအခါ အကျိုးပေးရန်အနေနှင့်ကျန်ရှိ လေ၏၊ ထိုကံ၏ အရှိန်အဟုန်အာနုဘော်ကို ပဋ္ဌာန်းကျမ်းတွင် နာနက္ခဏိကကမ္မသတ္တိ ဟူ၍ဆို၏၊ ထိုကံ၏ အရှိန်အဟုန်သည် အဖန် ဖန် ပဋိသန္ဓေအကျိုး, ပဝတ္တိအကျိုးအဖြစ်သို့ ရောက်ပြီးမှသာလျှင် ချုပ်ဆုံး လေ၏။
ဥပမာအားဖြင့်- သရက်မျိုးစေ့ကို စိုက်ပျိုးသောသူသည် သရက်သီးကို အလိုရှိသောကြောင့်သာလျှင် စိုက်ပျိုး၏၊ သရက်ပင်ဖြစ် ပေါ် ပေါက်ပွါးလာသည်ရှိသော် သရက်သီးတို့သည် ဖြစ်ကုန်လတ္တံ့။ သရက်မျိုးစေ့၏သဘောသည် သရက်ပင်ပေါက်စေမှုမှာ ကိစ္စတုံး၏၊ သရက်ပင်ကိုဖြစ်စေပြီးသောနောက် ထိုသရက်မျိုးစေ့ ပျက်စီး၍သွား သော်၎င်း, မပျက်စီးဘဲ နေသော်၎င်း ပမာဏမဟုတ်၊ နောင်အခါ၌ အကြင်မျှလောက် သရက်ပင်အသက်ရှည်၏၊ ထိုမျှလောက် သရက်သီး တို့ကို ရခြင်းသာလျှင် ပမာဏဖြစ်၏၊ ဤဥပမာကဲ့သို့ စေတနာနှင့် ကံအဟုန် ကံအာနုဘော်ကို မှတ်သားအပ်၏၊ သရက်မျိုးစေ့နှင့် ကံ စေတနာတူ၏၊ သရက်ပင်နှင့် ကံအဟုန် ကံအာနုဘော်တူ၏၊ ထိုကံ အဟုန် ကံအာနုဘော်သည်ကား ပြဆိုခဲ့ပြီးသော ပဋိသန္ဓေကျိုး, ပဝတ္တိကျိုး သို့ ရောက်ပြီးမှသာလျှင် ပြီးဆုံးလေ၏၊ ဤသဘောကို အောက်၌လည်း ပြဆိုအပ်လေပြီ။
ဤကမ္မာဝေဂ ကမ္မာနုဘာဝသတ္တိကိုရည်၍
နာဟံ ဘိက္ခဝေ သေဉ္စတနိကာနံ ကမ္မာနံ ကတာနံ ဥပစိတာနံ ဖလံ ဝိပါကံ အပဋိသံဝေဒိတွာ ဗျန္တိဘာဝံ ဝဒါမိ။
ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ သေဉ္စတနိကာနံ=စေ့ဆော် စီရင်အပ်ကုန်ပြီးသော၊ ကတာနံ=ပြုအပ်ကုန်ပြီးသော၊ ဥပစိတာနံ= ဆည်းပူးအပ်ကုန်ပြီးသော၊ ကမ္မာနံ=ကံတို့၏၊ ဖလံဝိပါကံ=အကျိုးဝိပါက်ကို၊ အပဋိသံဝေဒိတွာ=မခံစားရမူ၍၊ ဗျန္တိဘာဝံ=ပျက်ပျောက်ခြင်းကို၊ အဟံ=ငါဘုရားသည်၊ န ဝဒါမိ=ဟောကြားတော်မမူ။
ဤနေရာ၌ စောဒနာဖွယ်ရှိသည်မှာ- သရက်မျိုးစေ့နှင့်တူ သော ကံစေတနာသည်မူကား ရှေးကချုပ်ကွယ်ခဲ့လေပြီ၊ သရက်ပင် နှင့်တူသော ကံ၏အရှိန်အဟုန် အာနုဘော်သည်ကား ထိုသတ္တဝါ၏ သန္တာန်မှာ တည်၏၊ ထိုကံကိုပြုလုပ်သော သတ္တဝါသည်ကား ဤလူ့ပြည်၌ သေလေ၏၊ ထိုသို့ဖြစ်ပါလျက် ထိုကံ၏အကျိုးသည် အလွန်တရာ ဝေးလှစွာသော အောက်ငရဲပြည်၌၎င်း, အထက်ဗြဟ္မာပြည်၌၎င်း အဘယ်သို့ ဖြစ်နိုင်ပါသနည်း။။ ဤကား စောဒနာတည်း။
အဖြေကိုဆိုအံ့- ဝေးလွန်းသော အရပ်၌ဖြစ်စေ, နီးလွန်းသော အရပ်၌ပင်ဖြစ်စေ, အောက်အရပ်မှာဖြစ်စေ, အထက်အရပ်မှာ ဖြစ်စေ ကံအာနုဘော်၏ ပျံ့နှံ့ခြင်းမည်သည် မကြံစည်ကောင်းသော အရှိန် အဟုန်ရှိ၏၊ ဝိပါက်တို့မည်သည်လည်း မိမိတို့ ဖြစ်ထိုက်သော ဌာနမှာ သာလျှင် ဖြစ်ကြကုန်၏၊ ဌာနဘူမိလွှဲပြောင်း၍ ဖြစ်လေ့မရှိ၊ ငရဲဇာတ် ရှိသော ဝိပါက်သည် ငရဲဘုံ၌သာလျှင်ဖြစ်၏၊ ဗြဟ္မာဇာတ်ရှိသော ဝိပါက် သည် ဗြဟ္မာ့ဘုံ၌သာလျှင်ဖြစ်၏၊ ကံ၏အဟုန်အရှိန် ပျံ့နှံ့ခြင်းနှင့် အကျိုးဝိပါက်များကို မြတ်စွာဘုရားတို့ပင်သော်လည်း တားဆီး၍ရနိုင် သော အရာမဟုတ်ချေ။
ဤအရာ၌ ကံ၏အဟုန်အရှိန် ပျံ့နှံ့ခြင်း၏ အစိန္တေယျဝေဂဖြစ် ကြောင်းကို ဆိုလတ္တံ့သောအတိုင်း ဥပမာဖြင့် ထင်စွာပြရာ၏၊ ပကတိဖြစ် သော လူသားတို့၏ အဆင်းအရောင်သည် အပသို့ထွက်လေ့မရှိ၊ ထိုလူရိပ်သည်မူကား ကြည်လင်သောမှန်အပြင် ရေအပြင်စသည်တို့၌ ထင်လေ၏၊ ကြေးမုံ,ဖန်,မှန်စသည်တို့ရှိခဲ့သော် ဆယ်တောင် အတောင် နှစ်ဆယ်ဝေးကွာသော ထိုဖန်,မှန်အကြည်ပေါ်မှာ ထင်လေ၏၊ အလွန် တရာ ကြည်လင်သော ဖန်,မှန်စသည်များ ဖြစ်လျှင် အလွန်ဝေး ကွာသော အရပ်ကပင်သော်လည်း ထင်လေသေး၏၊ ဖန်,မှန်စသည်တို့၏ ကြည် လင်ခြင်းသည်သာလျှင် ပမာဏဖြစ်၏၊ ထိုစကားမှန်၏၊ ကြည်လင်သော ဖန်,မှန်အပြင်သည် လူရိပ်လူပုံ၏ ဖြစ်ပေါ်ခြင်းငှါ ထိုက်သော အရပ်ဌာန ဖြစ်လေသည်။ ထို့ကြောင့် လူတို့၏အဆင်းသည် ဖန်,မှန်စသော အကြည် အလင် မရှိခဲ့သည်ရှိသော် အနီးအရပ် ဌာနမှာသော်လည်း မထင်ချေ၊ အကြည်အလင်ရှိသည်ရှိသော် အနီးမှာသော်လည်း ထင်၏၊ အဝေးမှာ သော်လည်း ထင်၏၊ အလွန်ဝေးသော အရပ်မှာသော်လည်း ထင်၏၊ ထိုသို့ထင်သော်လည်း လူရိပ်၏သွားခြင်း လာခြင်းမည်သည် မရှိချေ။
ဤဥပမာကဲ့သို့ ကံ၏အကျိုးဝိပါက်များ ဖြစ်ပေါ်ပုံကို သိရာ၏၊ ထိုအရိပ်ထင်မှုမှာ လူ၏ ကိုယ်ကို၎င်း, ကြည်လင်သော ကြေးမုံ မှန်ပြင်ကို ၎င်း, အလည်စပ်ကြား၌တည်ရှိသော အလင်းကို၎င်း စွဲ၍ မှန်အပြင်၌ အရိပ်ထင်ခြင်းဖြစ်လေသည်။ အဆင်း၏ သွားခြင်း လာခြင်းမရှိသော ကြောင့် အနီးမှာ လျင်မြန်စွာ ထင်၏၊ အဝေးမှာ နှေးနှေးထင်သည်ဟူ၍ အထူး အပြားမရှိချေ၊ မှန်၏ ရှေ့ကနေ၍ရပ်လိုက်လျှင် ဝေးသောမှန်မှာ ဖြစ်စေ, နီးသောမှန်မှာဖြစ်စေ တစ်ပြိုင်နက် အရိပ်ထင်လေသည်သာ ဖြစ်၏၊ လူသည်ကံနှင့်တူ၏၊ မှန်၌ထင်သောအရိပ်သည် ကံ၏အကျိုး ဝိပါက်များ ဖြစ်ပေါ်လာသည်နှင့်တူ၏၊ ဝေးသောမှန်မှာဖြစ်စေ, နီးသော မှန်မှာဖြစ်စေ မရှေးမနှောင်း အရိပ်ထင်လေသကဲ့သို့ ကံ၏ အရှိန်အဟုန် ပျံ့နှံ့ခြင်းအားဖြင့် ထိုက်သင့်သော ဘုံဘဝတို့၌ အကျိုးဝိပါက်ပေါ် လေ သည်ရှိသော် နီးသောလူ့ဘုံမှာဖြစ်စေ, ဝေးလှစွာသော အောက်အဝီစိမှာ ဖြစ်စေ, ဝေးလှစွာသော အထက်ဗြဟ္မာ့ဘုံမှာဖြစ်စေ အနှေးအမြန် အထူးမရှိဘဲ ကံအားလျော်စွာ ဝိပါက်ပေါ် လေသည်သာဖြစ်၏။
လူပုံလူရိပ်သည် ရုပ်တရားလျှင် အရင်းခံရှိလေသောကြောင့် အလည်ကြား၌ အကာအကွယ် ခြားနေလျှင် ထင်နိုင်သည် မဟုတ်ချေ၊ အကျိုးဝိပါက်များသည်ကား စေတနာတည်းဟူသော နာမ်တရားလျှင် အရင်းမူလရှိလေသောကြောင့် အကြားမှာ မြေကြီး သမုဒ္ဒရာ မြင့်မိုရ် တောင်စသော အဆီးအတား အကွယ်အကာဟူ၍ မရှိနိုင်ချေ။ ဤသို့ ဖြစ်ပုံ အနက်သဘောကို ပဋိဌာန်းပစ္စည်းအားဖြင့် ပြဆိုအပ်၏၊ အာရမ္မဏ ပစ္စည်း ဥပနိဿယပစ္စည်း နာနာက္ခဏိက ကမ္မပစ္စည်း ဤပစ္စည်း သုံးပါး သည် ဝိပါက်ကို ဖြစ်ပေါ်စေရာ၌ အထူးဝိသေသကျေးဇူးပြုသော ပစ္စည်း များဖြစ်လေသည်၊ ဤပစ္စည်းသုံးပါးတို့က ကျေးဇူးပြုသောအခါ သွားခြင်း လာခြင်းကို ကြဉ်ထား၍ ကာလအားဖြင့် ကြာရှည်သည် အလွန်ကြာ ရှည်သည်ဖြစ်သော်၎င်း, ဌာနအားဖြင့် ဝေးကွာသည် အလွန်ဝေးကွာ သည်ဖြစ်သော်၎င်း မိမိတို့၏ ပစ္စယုပ္ပန်ဖြစ်သော အကျိုးတရားများကို ဖြစ်ပွားစေနိုင်သည်သာလျှင်တည်း။
ဤသို့လျှင် သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ် တရား တို့သည် ဖြစ်ပွားကုန်၏။
ဤသင်္ခါရပစ္စယာ ဝိညာဏံ ဟူသောပုဒ်ကိုရည်၍ဝဋ်ခင်း ဝဋ်နွယ်၊ ရှည်ကြောင်းရွယ်သား၊ ဆယ်ဖြာပုည၊ အပုညနှင့်၊ ဘဝနှီးရင်း၊ ပွားတုံလျင်းသော်၊ လေးသင်းပါယ်ရွာ၊ အဖြာဖြာလျှင်၊ ဗြဟ္မာလူနတ်၊ ဘုံသုံးရပ်၌၊ ဓာတ်ပဓာန၊ ပြဓာန်းလှသား၊ ဒွါရသခင်၊ ခြောက်ဝိညာဏ်ဟု၊ အရှင်ဓာတ်မင်း၊ပေါ်တုံလျင်း၍၊ ကိုယ်တွင်းကိုယ်ပြင်၊ ထွက်ဝင်တံခါး၊ အင်ခြောက်ပါး၌၊ အများရုပ်နာမ်၊ အတန်တန်လျှင်၊ ဝန်းရံဖြိုးဖြိုး၊ အမျိုးမျိုးကို၊ အုပ်စိုးဆောင်ရွက်၊ လျှမ်းလျှမ်းတက်လျှင်၊ ထက်မြက်တေဇာ၊ သူ့ရှိန်ဝါကြောင့်၊ ငါငါ သူသူ၊ လူဘဲနတ်ဘဲ၊ အထင် လွဲလျက်၊ ငရဲအပါယ်၊ အသွယ်သွယ်လျှင်၊ ဝဋ်နွယ်ရှည်လျား၊ တမားမား သည်။။ ခြောက်ပါးဝိညာဏ်စွမ်းရည်တည်း။
ဟူ၍ စပ်ဆိုတော်မူသည်။သင်္ခါရပစ္စယာ ဝိညာဏံပြီး၏။
---ဝိညာဏပစ္စယာ နာမရုပံ
(ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပေါ်သည်။)
ဝိညာဏ်၏သဘောအဓိပ္ပါယ်ကို ရှေ့၌ ပြဆိုအပ်ခဲ့လေပြီ။ “အာရမ္မဏေ နမတီတိ နာမံ”
အာရမ္မဏေ=အာရုံ၌။ နမတိ=ညွတ်တတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ နာမံ=နာမ်မည်၏။
အာရုံ၌ ညွတ်တတ်သောကြောင့် နာမ်မည်၏ ဆိုလိုသည်။ “ဝိရုဒ္ဓပစ္စယေ သတိ ရုပ္ပတိ ဝိကာရံ အာပဇ္ဇတီတိ ရူပံ” ဝိရုဒ္ဓပစ္စယေ=ဆန့်ကျင်ဖက်ဖြစ်သောအကြောင်းသည်၊ သတိ= ရှိသည်ရှိသော်၊ ရုပ္ပတိ=ဖောက်ပြန်တတ်၏၊ ဝိကာရံ=ဖောက်ပြန်ခြင်းသို့၊ အာပဇ္ဇတိ=ရောက်တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ရူပံ=ရုပ်မည်၏၊ သီတ ဥဏှ စသော ဆန့်ကျင်ဘက်အကြောင်းများနှင့် တွေ့ဆုံလာ သည်ရှိသော် ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်၏ဟု ဆိုလိုသည်။ ဤအရာ၌ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဤနာမ်ခန္ဓာသုံးပါးကို နာမ်ဆိုသည်၊ ရူပက္ခန္ဓာကို ရုပ်ဆိုသည်။
မေး။ အဘယ်သို့လျှင် ဝိညာဏ်ဟူသော အကြောင်းကြောင့် နာမ်ရုပ်ဖြစ်သနည်း။
ဖြေ။ အထူးထူးအပြားပြား သိခြင်းကိရိယာကို ဝိညာဏ်ဟူ၍ ဆိုအပ်၏၊ ထိုဝိညာဏ်သည် ကြီးမားသော အရှိန်တန်ခိုးရှိ၏၊ ကြီးမား သော ပျံ့နှံ့ခြင်းရှိ၏၊ ထို့ကြောင့် ထိုဝိညာဏ်ဓာတ် ဖြစ်ပေါ်လေသည်ရှိ သော် နာမ်တရား ရုပ်တရားတို့သည်လည်း ဝိညာဏ်၏ အရှိန်ကြောင့် ဖြစ်ပေါ်ကြကုန်၏။
ဥပမာအားဖြင့်- မီးကို တောက်လောင်စေအပ်သည်ရှိသော် ထက်ဝန်းကျင်မှ မီး၏အရှိန်ကို၎င်း, မီးရောင်ကို၎င်း ဖြန့်လျက်သာ တောက်လောင်လေ၏၊ ထိုအတူ ဝိညာဏ်ဖြစ်ပေါ်သည်ရှိသော် သူ၏ တန်ခိုးအရှိန်ကြောင့် နာမ်ရုပ်တို့လည်း ဖြစ်ပေါ်ကြကုန်သည်၊ မီး တောက် မီးလျှံနှင့် ဝိညာဏ်တူ၏၊ မီး၏ အပူအရှိန်နှင့် နာမ်တရားတူ၏၊ မီးရောင်နှင့် ရုပ်တရားတူ၏၊ ဤသို့ ဥပမာနှီးနှောစပ်ဟပ်ရာ၏၊ ထိုပြင် ဥပမာ တစ်နည်းအားဖြင့် နေဝန်းတက်၍ လာသည်ရှိသော် ထက်ဝန်း ကျင်မှ နေပူရှိန်နှင့် နေရောင်များကို လွှတ်၍တက်လာ၏၊ နေဝန်းနှင့် ဝိညာဏ် တူ၏၊ နေပူရှိန်နှင့် နာမ်တရားတူ၏။
ပဋိသန္ဓေဝိညာဏ် ပဝတ္တိဝိညာဏ် နှစ်ပါးရှိလေသည့်အနက် ပဋိသန္ဓေဝိညာဏ်သည် ထိုဘုံဘဝ၌ အလုံးစုံသော နာမ်တရားအစု ရုပ် တရားအစု၏ ဦးခေါင်းသဖွယ်ဖြစ်၏၊ မျိုးစေ့သဖွယ်ဖြစ်၏၊ ဥပမာ သရက်မျိုးစေ့ကို စိုက်ပျိုးလိုက်ရာ ရှေးဦးစွာ မျိုးစေ့မှပေါက်သော အညှောက်သည် နောင်ကြီးပွားလတ္တံ့သော သရက်ပင်ကြီး၏ ဦးခေါင် သဖွယ် ဖြစ်လေသကဲ့သို့တည်း။ ထိုမှတစ်ပါး ပဋိသန္ဓေအခါ၌ ရှေးဦးစွာ ဖြစ်သောရုပ်သည် ထိုဘဝ၌ အလုံးစုံသော ရူပကာယ၏ ဦးခေါင်းသဖွယ် မျိုးစေ့သဖွယ်ဖြစ်၏၊ သေးငယ်သော ညောင်စေ့မှ ကြီးသော ညောင်ပင် ကြီး ဖြစ်လာရာတွင် ပဋိသန္ဓေနှင့် ညောင်စေ့ တူ၏၊ ညောင်ပင်ကြီးနှင့် ထိုပဋိသန္ဓေရုပ် အစဉ်အတိုင်း ဆက်လက်ဖြစ်ပွားသော သတ္တဝါတို့၏ ရူပကာယတူ၏၊ ဤသို့ မှတ်သားအပ်၏။
မဟာနိဒါနသုတ်ပါဠိတော်ကြီး၌
ဝိညာဏပစ္စယာပိ နာမရူပံ၊ နာမရူပပစ္စယာပိ ဝိညာဏံ၊ ဧတ္တာဝတာ ပညတ္တိပထော၊ ယဒိဒံ နာမရူပံ သဟ ဝိညာဏေန အညမညပစ္စယတာယ ပဝတ္တတိ။
ဟူ၍မြတ်စွာဘုရားဟောကြားတော်မူသော ဒေသနာရှိ၏။အနက်ကား။။ ဝိညာဏ ပစ္စယာပိ=ဝိညာဏ်ဟူသော အကြောင်း ကြောင့်လည်း၊ နာမရူပံ=နာမ်ရုပ်သည်၊ သမ္ဘဝတိ=ဖြစ်၏၊ နာမရူပ ပစ္စယာပိ=နာမ်ရုပ်ဟူသောအကြောင်းကြောင့်လည်း၊ ဝိညာဏံ=ဝိညာဏ် သည်၊ သမ္ဘဝတိ=ဖြစ်၏၊ ယဒိဒံနာမရူပံ=အကြင်နာမ်ရုပ်သည်၊ ဝိညာဏေန=ဝိညာဏ်နှင့်၊ သဟ=တကွ၊ အညမညပစ္စယတာယ=အချင်း ချင်းကျေးဇူးပြုသည်၏ အဖြစ်ဖြင့်၊ ပဝတ္တတိ= ဖြစ်၏၊ ဧတ္တာဝတာ= ဤသို့ နာမ်ရုပ်၏ ဝိညာဏ်နှင့်တကွ အချင်းချင်းကျေးဇူးပြုသည်၏ အဖြစ်ဖြင့်၊ ပညတ္တိပထော=သတ္တဝါနှင့်ဆိုင်သော ပညတ်အနန္တ၏ ဖြစ်ပေါ်ရန်လမ်း သည်၊ ဟောတိ=ဖြစ်၏။
နာမ်ရုပ်သည် ဝိညာဏ်နှင့် အချင်းချင်း ကျေးဇူးပြုသောအားဖြင့် ၎င်း, ဝိညာဏ်သည် နာမ်ရုပ်နှင့် အချင်းချင်း ကျေးဇူးပြုသောအားဖြင့်၎င်း သတ္တဝါတို့နှင့်စပ်ဆိုင်သော ပညတ်အမျိုးမျိုး ဖြစ်ပေါ်လာသည်ဟူ၍ ဆိုလိုသည်။ သတ္တလောကကြီးသည် “ဝိညာဏပစ္စယာ နာမရူပံ” ဟူသော ပုဒ်မှ ဖြစ်ပေါ်လာ၏၊ သတ္တဝါဟူသမျှတို့နှင့်စပ်ဆိုင်သော ပညတ်သည် အနန္တအပ္ပမေယျဖြစ်၍ လွန်စွာများကုန်၏၊ သတ္တဝါအမျိုးမျိုးကို မဆို ထားနှင့်ဦး သတ္တဝါတစ်ဦးတစ်ယောက်မှာပင် ဦးခေါင်း ခြေလက်မှစ၍ သတ္တဝါနှင့်စပ်ဆိုင်သော ပညတ်တို့သည် လွန်စွာများ ကုန်၏၊ သတ္တဝါ အနန္တဖြစ်၍ ပညတ်လည်း အနန္တပင် ဖြစ်လေ၏။
အကျဉ်းချုပ်အားဖြင့်ဆိုသော် --
၁။ သတ္တပညတ်,
၂။ အတ္တပညတ်,
၃။ ဇီဝပညတ်,
ဟူ၍ သုံးပါးရှိ၏။
၁။ ထိုသုံးပါးတို့တွင် သတ္တပညတ်သည် ဘုံအပြားအားဖြင့် သုံးဆယ့် တစ်ပါးဖြစ်၏၊ ငရဲသူသတ္တဝါဟူ၍၎င်း, တိရစ္ဆာန်သတ္တဝါဟူ၍၎င်း, ပြိတ္တာသတ္တဝါဟူ၍၎င်း, အသုရကာယ်သတ္တဝါဟူ၍၎င်း ပညတ်ကြကုန်၏၊ ဤလေးပါးကား အပါယ်ဘုံနှင့်ဆိုင်သော သတ္တပညတ် လေးပါးပေတည်း။ လူသတ္တဝါဟူ၍ ပညတ်ကြကုန်၏၊ ဘုမ္မစိုးနတ်, ရုက္ခစိုးနတ် အာကာသ စိုးနတ် နတ်ဘီလူး ရက္ခိုသ်နတ် ဂန္ဓဗ္ဗနတ် ကုမ္ဘဏ်နတ်ဟူ၍ ပညတ်ကြ ကုန်၏၊ ထိုနတ်များကား စတုမဟာရာဇ်နတ် ပြည် အပါအဝင်တို့ ပေတည်း။ စတုမဟာရာဇ်နတ်, တာဝတိံသာ နတ်, ယာမာနတ်, တုသိတာ နတ်, နိမ္မာနရတိနတ်, ပရနိမ္မိတဝသဝတ္တိနတ် ဟူ၍ ပညတ်ကြကုန်၏၊ ဤခုနစ်ပါးကား ကာမသုဂတိခုနစ်ဘုံနှင့်ဆိုင် သော သတ္တပညတ်များပေ တည်း။ ဗြဟ္မပါရိသဇ္ဇာစသော အထက်ဗြဟ္မာဘုံ နှစ်ဆယ်တို့၌လည်း ဘုံအားလျော်စွာ သတ္တပညတ် နှစ်ဆယ်တို့ ဖြစ်ကုန်သည်။
၂။ အတ္တပညတ်အရာ၌ကား အတ္တကိုပညတ်ခြင်း, အတ္တဟူ၍ ထင်မြင်ခြင်းအားဖြင့် နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင် အတ္တဟူ၍ပညတ်ခြင်း သည်ကား ရဟန်း ပုဏ္ဏားတို့၏ အလုပ်ကိစ္စကြီး ဖြစ်၏၊ အတ္တဟူ၍ထင်မြင် ခြင်းသည်ကား အလုံးစုံသော လောကနှင့်ဆက်ဆံ၏၊ အလုံးစုံသော ပုထုဇ္ဇန်သတ္တဝါတို့သည် အတ္တကို ထင်မြင်စွဲလမ်းကြကုန်၏၊ အယုတ် သဖြင့် ပိုးရွ ခြပုန်းတို့ပင်သော်လည်း အတ္တအစွဲရှိကြကုန်၏၊ ဤအတ္တ ပညတ်သည်ကား ဗြဟ္မဇာလသုတ္တန်တွင် အကျယ်အားဖြင့်လာ၏။
လာပုံကား
၁။ အတ္တသည် ရုပ်ရှိ၏,
၂။ အတ္တသည် ရုပ်မရှိ,
၃။ အတ္တသည် ရုပ်လည်းရှိ၏၊ ရုပ်လည်းမရှိ,
၄။ အတ္တသည် ရုပ်ရှိသည်လည်း မဟုတ်၊
ရုပ်မရှိသည်လည်းမဟုတ်,
ဤကား အတ္တပညတ်၌ ပထမ စတုက္ကပေတည်း။
ထိုမှတစ်ပါး
၁။ အတ္တသည် သညာရှိ၏,
၂။ အတ္တသည် သညာမရှိ,
၃။ အတ္တသည် သညာလည်း ရှိ၏၊ သညာလည်းမရှိ,
၄။ အတ္တသည် သညာရှိသည်လည်း မဟုတ်၊
သညာမရှိသည်လည်းမဟုတ်,
ဤကား ဒုတိယ စတုက္က ပေတည်း။
ထိုမှတစ်ပါး
၁။ အတ္တသည် အဆုံးရှိ၏,
၂။ အတ္တသည် အဆုံးမရှိ,
၃။ အတ္တသည် အဆုံးလည်းရှိ၏၊ အဆုံးလည်းမရှိ,
၄။ အတ္တသည် အဆုံးရှိသည်လည်းမဟုတ်၊
အဆုံးမရှိသည်လည်းမဟုတ်,
ဤကား တတိယ စတုတ္ထပေတည်း။
ထိုမှတစ်ပါး
၁။ အတ္တသည် တစ်ခုတည်းသောသညာရှိ၏,
၂။ အတ္တသည် ထူးထွေများပြားသော သညာရှိ၏,
၃။ အတ္တသည် သေးငယ်သော သညာရှိ၏,
၄။ အတ္တသည် အတိုင်းမသိ ကျယ်ဝန်းသော သညာရှိ၏,
ဤကား စတုတ္ထ စတုက္က ပေတည်း။
ထိုမှတစ်ပါး
၁။ အတ္တသည် စင်စစ်ချမ်းသာခြင်းရှိ၏,
၂။ အတ္တသည် စင်စစ်ဆင်းရဲခြင်းရှိ၏,
၃။ အတ္တသည် ချမ်းသာဆင်းရဲ နှစ်ပါးရှိ၏,
၄။ အတ္တသည် ဆင်းရဲလည်းမရှိ၊ ချမ်းသာလည်းမရှိ,
ဤကား ပဉ္စမ စတုက္က ပေတည်း။
(အတ္တပညတ်ပေါင်း နှစ်ဆယ်ဖြစ်သည်။)
ထိုအတ္တပညတ်တို့တွင် ပထမ စတုက္က၌
ကာမဘုံ ရူပဘုံ၌ရှိသော သတ္တဝါတို့၏ အတ္တကိုရည်၍ “အတ္တ သည် ရုပ်ရှိ၏” ဟူ၍ပညတ်လေသည်။ အရူပ ဗြဟ္မာတို့၏ အတ္တကို ရည်၍ “အတ္တသည် ရုပ်မရှို” ဟု ပညတ်လေသည်။ ကာမ ရူပ,အရူပ ဘုံသားတို့၏ အတ္တကိုရည်၍“အတ္တသည် ရုပ်လည်းရှိ၏၊ ရုပ်လည်းမရှိ” ဟု ပညတ်လေသည်။ ဗြဟ္မာတို့ ပကတိဖြစ်သော ရုပ်အဆင်းကိုမြင်၍ “အတ္တသည် ရုပ်ရှိသည်လည်းမဟုတ် ရုပ်မရှိသည် လည်း မဟုတ်” ဟူ၍ ပညတ်လေသည်။ ထိုစကားမှန်၏၊ ဗြဟ္မာတို့၏ ပကတိရုပ်သည် အလွန် တရာ နူးညံ့လှစွာ၏၊ အလွန်ထင်ရှားသော ရုပ်ကိစ္စ မရှိ၊ ထို့ကြောင့် ဗြဟ္မာတို့၏ ရုပ်ကို ထင်ရှားရှိသည် ဟူ၍လည်း မဆိုနိုင်၊ ထင်ရှားမရှိဟူ၍ လည်း မဆိုနိုင်၊ ထိုဗြဟ္မာတို့ကို အတ္တဟူ၍ စွဲယူပြီးလျှင် “အတ္တသည် ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်” ဟူသော ဝါဒဖြစ် လေသည်။
ဒုတိယစတုက္က၌
ကာမဘုံသား, အသညသတ်ကြဉ်သော ရူပဘုံသား, နေဝသညာ နာသညာယတနကြဉ်သော အရူပဘုံသားတို့၏ အတ္တကိုရည်၍ “အတ္တသည် သညာရှိ၏ “ ဟူ၍ ပညတ်လေသည်၊ အသညသတ်ဘုံသား တို့၏ အတ္တကိုရည်၍ “အတ္တသည် သညာမရှိ” ဟူ၍ ပညတ်လေသည်။ ဆိုခဲ့ပြီးသော ပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ပင် “အတ္တသည် သညာလည်း ရှိ၏၊ သညာလည်းမရှိ” ဟူ၍ ပညတ်လေသည်။ နေဝသညာ နာသညာ ယတနဘုံသားတို့၏ အတ္တကိုရည်၍ “အတ္တသည် သညာရှိသည် လည်း မဟုတ်၊ သညာ မရှိသည်လည်း မဟုတ်”ဟူ၍ ပညတ်လေသည်။
တတိယစတုက္က၌
သေးငယ်သော ကသိုဏ်းဝန်းကို ရသောပုဂ္ဂိုလ်တို့၏ အတ္တကို ရည်၍ “ အတ္တသည် အဆုံးရှိ၏ “ ဟူ၍ပညတ်လေသည်။ အတိုင်းမသိ ပြန့်ကျယ်သော ကသိုဏ်းဝန်းကိုရသော ပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ “အတ္တသည် အဆုံးမရှိ”ဟူ၍ပညတ်လေသည်။ အောက်အထက်၌ အဆုံး ရှိ၍ ဖီလာအားဖြင့် အဆုံးမရှိသော ကသိုဏ်းဝန်းကိုရသော ပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ “အတ္တသည် အဆုံးလည်းရှိ၏၊ အဆုံးလည်း မရှိ”ဟူ၍ ပညတ်လေသည်။ အတ္တသည် အဆုံးရှိသည်လည်းမဟုတ်၊ အဆုံးမရှိသည် လည်းမဟုတ် ဟူသောဝါဒသည်ကား ကြံဆသော တက္ကီပုဂ္ဂိုလ်တို့၏ အယူဝါဒဖြစ်သည်။ ထိုသူတို့ကြံစည်ပုံမှာ အဆုံးရှိ သော ကသိုဏ်းဝန်း သည်လည်း အမြဲမဟုတ်၊ တစ်ဖန်ချဲ့အပ်သည်ရှိသော် အဆုံးမရှိ ကျယ်ဝန်းပြန်လေ၏၊ အဆုံးမရှိသော ကသိုဏ်းဝန်းလည်း အမြဲမဟုတ်၊ တစ်ဖန်အကျဉ်းချုံးအပ်ပြန်သည်ရှိသော် အဆုံးရှိအောင် ကျဉ်းမြောင်း ၍လာ၏၊ ဤသဘောကို ကြံဆရည်ရွယ်၍ “အတ္တသည် အဆုံးရှိသည် လည်းမဟုတ်၊ အဆုံးမရှိသည်လည်း မဟုတ်”ဟုပညတ်လေသည်။
စတုတ္ထစတုက္က၌
ဂဗ္ဘသေယျက သံသေဒဇပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ “အတ္တသည် သေးငယ်သော သညာရှိ၏”ဟူ၍ ပညတ်လေသည်။ ဥပပတ်ပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ “အတ္တသည် အတိုင်းမသိ ကျယ်ဝန်းသော သညာရှိ၏” ဟူ၍ ပညတ်လေသည်။ စျာန်ဝင်စား၍နေသော ပုဂ္ဂိုလ်တို့၏ အတ္တကို ရည်၍“အတ္တသည် တစ်ခုတည်းသော သညာရှိ၏”ဟူ၍ ပညတ်လေ သည်။ စျာန်မဝင်စားသော ပုဂ္ဂိုလ်တို့၏ အတ္တကိုရည်၍ “အတ္တသည် ထူးထွေများပြားသော သညာရှိ၏” ဟူ၍ ပညတ်လေသည်။
ပဉ္စမစတုက္က၌
အာဘဿရဗြဟ္မာ သုဘကိဏှဗြဟ္မာတို့၏ အတ္တကိုရည်၍ “အတ္တ သည် စင်စစ်ချမ်းသာ၏” ဟူ၍ ပညတ်လေသည်။ ငရဲသားတို့၏ အတ္တကို ရည်၍ “အတ္တသည် စင်စစ်ဆင်းရဲ၏”ဟူ၍ ပညတ်လေသည်။ လူ့ဘုံသား တို့၏ အတ္တကိုရည်၍ “အတ္တသည် ဆင်းရဲ,ချမ်းသာ နှစ်ပါး ရှိ၏”ဟူ၍ ပညတ်လေသည်။ ဝေဟပ္ဖိုလ်စသော ဥပေက္ခာဗြဟ္မာတို့၏ အတ္တကို ရည်၍ “အတ္တသည် ဆင်းရဲလည်းမရှိ၊ ချမ်းသာလည်းမရှိ”ဟူ၍ ပညတ် လေသည်။ ဤသို့သဘောရှိသော အတ္တကို အစွဲပြု၍ ပုဗ္ဗန္တကပ္ပိက ဒိဋ္ဌိဝါဒ တစ်ဆယ့်ရှစ်ပါး, အပရန္တကပ္ပိကဒိဋ္ဌိဝါဒလေးဆယ့်လေးပါး ဤသို့အားဖြင့် ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိဝါဒတို့သည် ဖြစ်ကုန်၏၊ ဤကား အတ္တ ပညတ်နှင့်စပ်၍ဆိုသောစကားရပ်ပေတည်း။
အတ္တဟူ၍ ထင်မြင်စွဲလမ်းမှုသည်ကား “ရူပံ အတ္တတော သမနု ပဿတိ” စသည်ဖြင့် ဟောတော်မူသောအတိုင်း ရုပ်ကို အတ္တဟူ၍ စွဲလမ်းထင်မြင်၏၊ အတ္တသည် ရုပ်ရှိ၏ ဟူ၍စွဲလမ်းထင်မြင်၏၊ အတ္တ၌ ရုပ်ရှိ၏ ဟူ၍ စွဲလမ်းထင်မြင်၏၊ ရုပ်၌ အတ္တရှိ၏ ဟူ၍ စွဲလမ်းထင်မြင်၏၊ ဤသို့စသည်ဖြင့် ခန္ဓာငါးပါးတို့မှာ တစ်ပါးတစ်ပါးတို့၌ အတ္တ စွဲလမ်းပုံ လေးမျိုးစီ ရှိသောကြောင့် အတ္တာနုပဿနာပေါင်း (အတ္တဒိဋ္ဌိပေါင်း) နှစ်ဆယ်ရှိ၏၊ ထိုနှစ်ဆယ်ကိုပင် သက္ကာယဒိဋ္ဌိနှစ်ဆယ်ဟူ၍ ဆို၏။
“ရူပံ ဧတံ မမ, ဧသော ဟမသ္မိ, ဧသော မေ အတ္တာ” ဤပါဠိတော်သည်လည်း ရုပ်၌ အတ္တ စွဲလမ်းပုံကို ပြဆိုသော ပါဠိ တော်ပေတည်း။
အနက်ကား။။ ရူပံ=ရုပ်ကို၊ (ပဋိစ္စ=စွဲ၍) ဧတံ=ဤရုပ်သည်၊ မမ=ငါ၏ဥစ္စာတည်း၊ဧသော=ဤရုပ်ခန္ဓာသည်၊ အဟမသ္မိ=ငါကိုယ်တိုင်ပင် ဖြစ်၏၊ ဧသော=ဤရုပ်ခန္ဓာသည်၊ မေ=ငါ၏၊ အတ္တာ=အတ္တပေတည်း။ ဧတံ မမ-ကား ရုပ်ကို တဏှာဖြင့် အတ္တ စွဲလမ်းချက်ပေတည်း။ ဧသောဟမသ္မိ-ကား ရုပ်ကို မာနဖြင့် အတ္တ စွဲလမ်းချက်ပေတည်း။ ဧသော မေ အတ္တာ-ကား ရုပ်ကို ဒိဋ္ဌိဖြင့် အတ္တ စွဲလမ်းချက်ပေ တည်း။
ရူပက္ခန္ဓာ၌ တဏှာ မာန ဒိဋ္ဌိ ထိုသုံးပါးတို့ဖြင့် အတ္တဟူ၍စွဲလမ်း၏၊ ဝေဒနာက္ခန္ဓာစသည်တို့၌လည်း ဤနည်းအတိုင်း သုံးချက်စီပင် စွဲလမ်း လေ၏၊ ဤနည်းအားဖြင့်ဆိုလျှင် ခန္ဓာငါးပါး၌ အစွဲပေါင်း တစ်ဆယ့် ငါးပါးရှိ၏၊ ထိုအတ္တ စွဲလမ်းမှုသည် ပုထုဇ္ဇန်မှန်သမျှတို့နှင့် အလုံးစုံ ဆက်ဆံသော စွဲလမ်းခြင်းပေတည်း။
ဤကား အတ္တာနုပဿနာ အတ္တအစွဲ, အတ္တအထင်နှင့် စပ်လျဉ်း၍ ပြဆိုအပ်သော စကားရပ်ပေတည်း။
၃။ ဇီဝပညတ်ဆိုသည်ကား သတ္တဝါတို့၏ အသက်တည်နေမှုကို စွဲ၍ ပညတ်ခြင်းပေတည်း၊ ဤသတို့သားသည် ခုနစ်ရက် အသက်ရှည်၏၊ တစ်လအသက်ရှည်၏၊ တစ်နှစ်အသက်ရှည်၏၊ ဤသူသည် ဆယ်နှစ် အသက်ရှည်၏၊ ဤသူသည် အနှစ်နှစ်ဆယ် အသက်ရှည်၏၊ ဤသို့ စသည်ဖြင့် သမုတ်ပညတ်ရာ၌ ဇီဝပညတ်ဖြစ်သည်ကို သိရာ၏၊ တစ်နည်းအားဖြင့် ဤဇီဝပညတ်ကို အသက်တမ်းအမျိုးမျိုး ခြားနားကွဲပြား သည်၏ အစွမ်းအားဖြင့်ဆိုအပ်၏၊ အပါယ်လေးဘုံတို့၌ အသက်တမ်း မရှိ၊ လူတို့၌ အသက်တမ်း မမြဲ၊ ဆုတ်တုံ တက်တုံရှိ၏၊ မြေ၌မှီ၍ နေကြ ကုန်သော ဘုမ္မစိုးနတ်ဟူသမျှတို့တို့မှာလည်း အသက်တမ်း အပိုင်းအခြား မရှိ။ အထက်နတ်ပြည်ခြောက်ထပ်တို့နှင့် ဗြဟ္မာနှစ်ဆယ်တို့မှာမူကား အသက်တမ်းမြဲ၏။
နတ်သက် ဗြဟ္မာသက်များကား သဂြိုဟ်ဘုံပိုင်း၌ ထင်ရှားပြီ။
အထူးမှာ မဟာဗြဟ္မာတို့သည် အလွန်ရှည်လျားသော အသက် တမ်းရှိလေသောကြောင့် မိမိတို့ဖြစ်လာသော အစအဆုံးကိုပင် မသိမမြင် နိုင်ကြလေကုန်၊ ထို့ကြောင့် ထိုမဟာဗြဟ္မာတို့သည် များသောအားဖြင့် သဿတဒိဋ္ဌိအယူရှိကြလေကုန်၏၊ အောက်ဘုံ၌ဖြစ်ကြကုန်သော လူနတ်ဗြဟ္မာတို့သည်လည်း ထိုမဟာဗြဟ္မာတို့ကို မအို မသေ အမြဲနေရ သော ပုဂ္ဂိုလ်တို့ဟူ၍၎င်း, နိစ္စထာဝရတည်သော ပုဂ္ဂိုလ်တို့ဟူ၍၎င်း စွဲလမ်းမှတ်ထင်ကြကုန်၏၊ လောကကို ထိုမဟာဗြဟ္မာတို့ပင် ဖန်ဆင်းကြ ကုန်သည်၊ ထိုမဟာဗြဟ္မာတို့၏ ဖန်ဆင်းမှုကြောင့် လောကကြီးနှင့်တကွ သတ္တဝါအများတို့ ဖြစ်ပေါ်ကြရကုန်သည်ဟူ၍ ထင်ကြလေကုန်၏။
ဤသို့မှတ်ထင်ခြင်းကို အစပြု၍ လောကမှာ ထာဝရအယူဖြစ်ပေါ် လာသည်။ ဣဿရနိမ္မာနဒိဋ္ဌိ ထွန်းကားလာသည်။
ဥပမာအားဖြင့်
အလွန်အသက်ရှည်သော အင်ကြင်းပင်ကြီးရှိ၏၊ ထိုအင်ကြင်းပင် ကြီးအောက်မှာ အသက်တိုသော မြက်သစ်ပင်တို့သည် ပေါက်ရောက်ကြ ကုန်၏၊ ထိုသို့ဖြစ်ရာ၌ မြက်သစ်ပင်အပေါင်းတို့က အချင်းချင်းပြောဆိုကြ ကုန်ရာ၏၊ “အင်ကြင်းပင်ကြီးသည် ပျက်စီးခြင်းမရှိ၊ အမြဲထာဝရ တည်၏၊ နိစ္စဓုဝ သဘောရှိ၏၊ ငါတို့၏ ဘိုး ဘေး ဘီ ဘင် အစဉ်အဆက်တို့ပင် သော်လည်း ဤအင်ကြင်းပင်ကြီး၏ အစကိုမသိကြကုန်၊ နောင်အနာဂတ် ကာလ၌ ထိုကဲ့သို့ပင် အမြဲထာဝရ တည်လတ္တံ့၊ ငါတို့သည်ကား မြဲသော သဘောမရှိကြကုန်၊ မကြာမြင့်မီပင် ပျက်စီးတတ်သောသဘော ရှိကုန်၏၊ တစ်နှစ်နှစ်နှစ်မျှနှင့် ပျက်စီးကြရကုန်၏”ဟူ၍ ဆိုကုန်ရာ၏၊ ဤဥပမာ ကဲ့သို့ အောက်ဘုံ၌ ဖြစ်ကြကုန်သော လူနတ်ဗြဟ္မာတို့သည် မိမိတို့ထက် အသက်တမ်းရှည်သော မဟာဗြဟ္မာကြီးကို နိစ္စထာဝရ တည်နေသော ပုဂ္ဂိုလ်မြတ်ဟူ၍ မှတ်ထင်ကြကုန်၏။
ပြဆိုအပ်ပြီးသော အင်ကြင်းပင်ကြီးနှင့် မြက်သစ်ပင်တို့၏ ဥပမာဖြင့် သိလေ။
ထိုနတ်ဗြဟ္မာ အပေါင်းတို့သည် ထိုထိုဘုံတို့၌ အသက်တမ်းရှိသည် အားလျော်စွာ တည်နေကြကုန်ပြီးလျှင် တစ်ဖန် ဤလူ့ပြည်သို့ပြန်လာကြ ရကုန်၏၊ တစ်ဖန် အပါယ်လေးဘုံသားဖြစ်၍ အပါယ်ဘုံတို့ကို ပြည့်နှက် စေကုန်၏၊ အဘယ်ကြောင့်နည်းဟူမူကား အတ္တဒိဋ္ဌိကိုမပယ်ရသေး သော ပုထုဇ္ဇန်တို့ ဖြစ်လေသောကြောင့်တည်း။ ထိုဗြဟ္မာတို့သည် ရှေးဘဝ တို့၌ လူ့ပြည်လောကမှာ စျာန်ကိုရသော စျာနလာဘီပုဂ္ဂိုလ်, အဘိညာဏ် ကိုရသော အဘိညာလာဘီပုဂ္ဂိုလ်, ရှေးအစွန်းကိုကြံဆသော ပုဗ္ဗန္တကပ္ပိက ပုဂ္ဂိုလ်, နောက်အစွန်းကိုကြံဆသော အပရန္တကပ္ပိကပုဂ္ဂိုလ် တို့ဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဤလူ့ပြည်မှ စုတေသည်ရှိသော် ပုညာဘိသင်္ခါရ ဟုဆို အပ်သော စျာန်ဘာဝနာ၏အစွမ်းကြောင့် အခြားမဲ့ဘဝ၌ ထိုက်သည် အားလျော်စွာ ထိုရူပဘုံ အရူပဘုံတို့၌ ဖြစ်ကြလေကုန်၏၊ ထိုသို့ဗြဟ္မာ့ ဘုံသို့ ပို့ဆောင်သော ကုသိုလ်ကံအစွမ်းကုန်ခန်းလေသည်ရှိသော် ထိုဗြဟ္မာတို့သည် အောက်ဘုံသို့ တစ်ဖန်လျှောကျကြပြန်ကုန်၏၊ အပါယ် ဘုံတို့၌ ဖြစ်ရပြန်ကုန်၏။
ပမာဒတရားဖြင့် ဖုံးလွှမ်း၍ အတ္တဒိဋ္ဌိကို မပယ်ရကုန်သေးသော ပုထုဇ္ဇန်တို့မှာ အပါယ်လေးဘုံသည် မိမိတို့ အမြဲ နေထိုင်သော အိမ်ပိုင်ကြီး တွေကဲ့သို့ ဖြစ်ကုန်၏၊ ပြဆိုအပ်ပြီးသောအတိုင်း ပုထုဇ္ဇန်ဗြဟ္မာတိ့ု စုတေသောအခါ အပါယ်ဘုံသို့လည်း ကပ်ရောက်ဖြစ်ပွား ရလေသေး၏ ဟုဆိုခြင်းမှာ သုတ္တန်ဒေသနာတော်နည်းအားဖြင့် ပုထုဇ္ဇန် သတ္တဝါတို့ အဖြစ်များရာသို့ လိုက်၍ ဆိုခြင်းဖြစ်သည်။
အဘိဓမ္မာ ဒေသနာနည်းအားဖြင့် ဗြဟ္မာ့ပြည်က စုတေ၍ ဘဝ တစ်ဆက်တည်း အပါယ်ဘုံသို့ သွားနိုင်သည် မဟုတ်ချေ၊ ဘဝခြားရ မည်သာဖြစ်၏၊ သို့ရာတွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ သွားသည်ဆိုရာ၌ လမ်းခရီးအကြားတွင်ရှိသော မြို့များသို့ ခေတ္တဝင်ရောက်နားနေသော် လည်း ထိုမြို့များသို့ သွားသည်ဟု မဆိုရဘဲ လိုရင်းပဓာနဖြစ်သော ရန်ကုန်မြို့သို့သွားသည် ဟူ၍သာ ဆိုရလေသကဲ့သို့ ပုထုဇ္ဇန်မှန်သမျှတို့၏ များစွာသွားရောက် ကျင်လည်ရာဖြစ်သော အပါယ်ဘုံကိုသာ ပဓာနထား ၍ ဗြဟ္မာ့ပြည်က စုတေလျှင် ပုထုဇ္ဇန်မှန်က အပါယ်လေးပါးသို့ လားရလေ ၏ဟူ၍ ဟောကြားတော်မူလေသည်။
ထိုပုထုဇ္ဇန်တို့မှာ အတ္တဒိဋ္ဌိလျှင် အရင်းရှိကုန်သော အလုံးစုံသော ဒိဋ္ဌိတို့ကိုလည်း မပယ်ရသေးကုန်၊ အောက်ဘုံသို့ ဆွဲဆောင်တတ်သော ဩရမ္ဘာဂိယသံယောဇဉ်နှင့် အောက်ဘုံသို့ သွားရောက်စေတတ်သော ဟေဋ္ဌာဂါမိကံတို့သည် ထိုပုထုဇ္ဇန်တို့သန္တာန်မှာ ပြည့်လျှံစွာ ရှိနေကြ ကုန်၏၊ ထို့ကြောင့် ပုထုဇ္ဇန်မှန်သမျှတို့သည် နေဝသညာနာသညာယတန ဗြဟ္မာ့ဘုံသို့တက်၍ ဗြဟ္မာကြီးဖြစ်သော်လည်း တစ်ဖန်အပါယ်ဘုံသို့ လားရလေသည်သာဖြစ်၏၊ ဗြဟ္မာ့ဘုံ၌ဖြစ်သော အရိယာပုဂ္ဂိုလ်တို့ သည် မူကား ဖြစ်ရာဘုံတို့မှ အောက်ကျသောဘုံတို့သို့ မသက်ဆင်းကြကုန်။ “ဗြဟ္မာ့ပြည်မှာ၊ အရိယာ၊ အောက်ရွာဆင်း မရှိ” အဘယ်ကြောင့် နည်းဆို သော် ထိုအရိယာပုဂ္ဂိုလ်တို့သည် ဒိဋ္ဌိဟူသမျှတို့နှင့် အောက်ဘုံသို့ ကျ ရောက်စေတတ်သော ဟေဋ္ဌာဂါမိကံတို့ကို အကြွင်းမဲ့ ပယ်အပ်ပြီးဖြစ် သောကြောင့်တည်း။
သုဒ္ဓါဝါသဘုံတို့သည်ကား ပုထုဇ္ဇန်တို့နှင့်ဆက်ဆံသော ဘုံများ မဟုတ်ကုန်၊ အထက်ဆုံးဖြစ်သော အရိယာပုဂ္ဂိုလ် သုံးပါးတို့နှင့်သာ ဆက်ဆံသော ဘုံများဖြစ်လေသည်။ ဤသို့ပြဆိုခဲ့ပြီးသော နည်းအတိုင်း အသက်တမ်း၏ အစွမ်းအားဖြင့် ဇီဝပညတ်ကို သိအပ်၏။
ဤသို့လျှင် ဝိညာဏ်ပြဓာန်း ကြီးစိုးလျက် ရှိသောကြောင့် နာမ်ရုပ် သည် သတ္တဝါနှင့်ဆိုင်သော ပညတ်အမျိုးမျိုးတို့၏ ဖြစ်ပေါ်ရာလမ်းကြီး ဖြစ်လေသည်။ “ဝိညာဏပစ္စယာ နာမရူပံ” ဟူသောပုဒ်ဖြင့် သတ္တ ပညတ်အမျိုးမျိုးဖြစ်ပေါ်ပုံ, အတ္တပညတ် အမျိုးမျိုးဖြစ်ပေါ်ပုံ, ဇီဝပညတ် အမျိုးမျိုးဖြစ်ပေါ်ပုံကို သိရာ၏၊ သတ္တလောက၏ မူလအခြေတည်ကြီး ပေတည်း။
ဤကား ဝိညာဏ်ကြောင့် နာမ် ရုပ်ဖြစ်ပေါ်ပုံကို ပြသောစကားရပ်ပေတည်း။
ဤအဓိပ္ပါယ်စုကိုရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌ခြောက်ပါးဝိညာဉ်၊ စွမ်းရည်အင်ကြောင့်၊ မီးတွင်ရှိန်ဝါ၊ ထက်ကြပ် ပါသို့၊ မကွာတူကွ၊ ဖြစ်ပေါ်ကြသား၊ ဖဿဝေဒနာ၊ စေတနာနှင့်၊ သညာဝိတက်၊ ရောင်စုံယှက်သည်၊ အမျက်ကြောင်ဝယ်၊ ကြိုးစုံချယ်သို့၊ အသွယ်သွယ်၊ အနွယ်နွယ်လျှင်၊ ဆန်းကျယ်စွာလှ၊ နာမ် ကာယနှင့်။ ဘူတဟူပေ၊ မြေ ရေ လေ မီး၊ ဓာတ်ကြီးလေးတန်၊ အမာခံလျက်၊ အရံရုပ်သေး၊ နှစ်ဆယ့်လေးနှင့်၊ ပေါင်းထွေးမျှညီ၊ အဋ္ဌဝီသ၊ ရုပ်ကာယဟု၊ နာမရူပ၊ ဓမ္မအပြား၊ ဤနှစ်ပါးလည်း၊ ထင်ရှားစုံစွာ၊ပေါ်တုံလာ၍၊ နာနာကာယ၊ အနန္တလျှင်၊ ရူပရုပ်ဟန်၊ သဏ္ဌာန်အမူ၊ ဇာတ်မတူသည်၊ လူအရပ်ရပ်၊ နတ်အထွေထွေ၊ ရေမျိုးကုန်းမျိုး၊ ကောင်းဆိုးယုတ်ညံ့၊ အကန့်ကန့်လျှင်၊ ခြားသန့်ပေါယယ်၊ သောသောကြွယ်သည်။။နှစ်သွယ် နာမ်ရုပ် စွမ်းရည်တည်း။
ဟူ၍စပ်ဆိုတော်မူလေသည်။ဝိညာဏပစ္စယာ နာမရူပံ ပြီး၏။
---နာမရူပပစ္စယာ သဠာယတနံ
(နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်ပေါ်၏၊)
နာမ်ရုပ်အကြောင်းကို အောက်၌ ဖော်ပြအပ်လေပြီ။ စက္ခုစသော တရားခြောက်ပါးကို ဤနေရာ၌ အာယတန ဟူ၍ဆိုသည်။
မေး။ အဘယ်သို့သော အနက်သဘောကြောင့် အာယတန မည်ပါသနည်း။
ဖြေ။ “တတော တတော အာဂန္တွာ ယတန္တိ ဃဋေန္တိ အတ္တနော အတ္တနော ကိစ္စာနိ ဧတ္ထာတိ အာယတနံ”
ဧတ္ထ=ဤအရာ၌၊ တတော တတော=ထိုထိုအရပ်မှ၊ အာဂန္တွာ=လာ ရောက်၍၊ အတ္တနော အတ္တနော=မိမိ မိမိတို့၏၊ ကိစ္စာနိ=ပြုဘွယ်ကိစ္စတို့ကို၊ ယတန္တိ ဃဋေန္တိ=အားထုတ်ရွက်ဆောင်ကြကုန်၏၊ ဣတိတသ္မာ=ထို့ ကြောင့်၊ အာယတနံ=အာယတနမည်၏။
ထိုထိုအရပ်မှ လာရောက်၍ မိမိတို့နှင့်ဆိုင်သော ကိစ္စတို့ကို ကြိုးစား အားထုတ် ပြုလုပ်ဆောင်ရွက်ကြရာ ဖြစ်သောကြောင့် အာယတနမည်၏ ဟူ၍ဆိုသည်။
ဥပမာအားဖြင့် ပြဆိုအပ်သည်ရှိသော်
သမုဒ္ဒရာကမ်းဆိပ်၌၎င်း, မြစ်ကမ်းဆိပ်၌၎င်း ကြီးစွာသောမြို့ သည်ရှိ၏၊ ထိုမြို့၌ များစွာသော ကုန်သင်္ဘော ဆိပ်ကြီးတို့သည် ရှိကုန်၏၊ ထိုသင်္ဘောဆိပ်ကြီးတွေမှာ အလွန်များပြားလှစွာသော ကုန်စည်ပစ္စည်း တို့သည်လည်း အပြည့်အနှက်ရှိကုန်၏၊ များစွာသော သင်္ဘောကြီးငယ် တို့သည် ထိုထိုနိုင်ငံမြို့ပြတို့မှ လာရောက်ကြကုန်၍ ထိုသင်္ဘောဆိပ်တို့၌ ဆိုက်ကပ်ကြကုန်ပြီးလျှင် ကုန်အမျိုးမျိုးတို့ကို ရောင်းကြကုန်၏၊ မြို့သား တို့သည်လည်း ထိုထိုအရပ်တို့မှ လာရောက်ကြကုန်ပြီးလျှင် ကုန်အမျိုးမျိုး တို့ကို ဝယ်ယူကြကုန်၏၊ မိမိတို့မြို့မှာရှိသော ကုန်တို့ကိုလည်း ရောင်းကြ ကုန်၏၊ သင်္ဘောကုန်သည်ကြီးတို့လည်း ဝယ်ယူ၍ သင်္ဘောသို့ တင် ဆောင်ကြကုန်၏၊ ထို့ကြောင့် ထိုသင်္ဘောဆိပ်ကြီးများကို အာယတနဟူ၍ ဆိုအပ်ကုန်၏။
ထို့အတူလျှင် သတ္တဝါတို့၏ ကိုယ်သန္တာန်၌ သင်္ဘောဆိပ်ကြီး များပမာ ဌာနခြောက်ပါးတို့သည် ရှိကုန်၏၊ အပ၌ရှိကြကုန်သော ရူပါရုံ အစရှိသည့် အာရုံခြောက်ပါးတို့သည် ထိုထိုအရပ်မှ လာရောက်ကြ၍ ထိုထိုဌာနတို့၌ တင်ကြကုန်ပြီးလျှင် အာရုံကိစ္စကို ဆောင်ရွက်ကြိုးစား ကြကုန်၏၊ သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်မှာရှိသော ဆဒွါရိကစိတ် စေတသိက်တို့သည်လည်း မိမိတို့၏ မှီရာဖြစ်သော ထိုထိုဝတ္ထုတို့မှ လာ ရောက်ကြပြီးလျှင် ထင်လာသော အာရုံကိုယူခြင်း, အာရုံပြုခြင်း ကိစ္စ အားဖြင့် ကြိုးစားအားထုတ်ကြကုန်၏၊ ထို့ကြောင့် ထိုအရာဌာန ခြောက် ပါးကို အာယတနဟူ၍ ဆိုအပ်ကုန်၏။
ထိုအာယတနခြောက်ပါးကား
၁။ စက္ခာယတန,
၂။ သောတာယတန,
၃။ ဃာနာယတန,
၄။ ဇိဝှါယတန,
၅။ ကာယာယတန,
၆။ မနာယတန,
ဤခြောက်ပါးတို့ပေတည်း။
မျက်စိတည်းဟူသော ဆိပ်ကမ်းကြီး, နားတည်းဟူသော ဆိပ်ကမ်း ကြီး, နှာခေါင်းတည်းဟူသော ဆိပ်ကမ်းကြီး, လျှာတည်းဟူသော ဆိပ် ကမ်းကြီး, ကိုယ်တည်းဟူသော ဆိပ်ကမ်းကြီး, စိတ်တည်းဟူသော ဆိပ် ကမ်းကြီး ဟူ၍ ဆိုလိုသည်။
ထိုခြောက်ပါးတို့တွင်
၁။ စက္ခုပသာဒရုပ်သည် စက္ခာယတနမည်၏၊
၂။ သောတပသာဒရုပ်သည် သောတာယတနမည်၏၊
၃။ ဃာနပသာဒရုပ်သည် ဃာနာယတနမည်၏၊
၄။ ဇိဝှါပသာဒရုပ်သည် ဇိဝှါယတနမည်၏၊
၅။ ကာယပသာဒရုပ်သည် ကာယာယတနမည်၏၊
၆။ အလုံးစုံသော ဘဝင်စိတ်သည် မနာယတနမည်၏၊
ထိုအာယတနခြောက်ပါးကို အပ၌ရှိသော ဗဟိဒ္ဓအာရုံခြောက်ပါး တို့၏ ဝင်ရာ, အတွင်း၌ရှိသော စိတ်စေတသိက်တို့၏ ထွက်ရာဖြစ်၍ တံခါးနှင့်တူသောကြောင့် ဒွါရဟူ၍ ဆိုအပ်ကုန်၏။
ဥပမာကား
ဘုန်းကံပါရမီ ကြီးမားကုန်သော သူတို့၏အိမ်၌ များစွာကုန်သော အကြည်မှန်တံခါးတို့ကို တပ်၍ထားကြကုန်၏၊ အိမ်၏ပြင်ပ၌ ရှိကြကုန် သော သက်ရှိသက်မဲ့ဖြစ်သည့် အာရုံနိမိတ်တို့သည် ထိုအကြည်မှန်တံခါးမှ အိမ်တွင်းသို့ ထင်သောအားဖြင့် ဝင်လာကုန်ပြီးလျှင် အိမ်၌နေကြ ကုန်သော သူတို့၏ အာရုံပြုစရာအဖြစ်သို့ ရောက်ကြလေကုန်၏၊ အိမ် တွင်း၌ နေကြကုန်သော သူတို့သည်လည်း ထိုအကြည်မှန်တံခါးတို့မှ အပြင်ပသို့ မျက်နှာမူကြကုန်လျက် ဆိုအပ်ပြီးသော အာရုံနိမိတ်တို့ကို ရှုမြင်နိုင်ကြကုန်၏၊ ထို့ကြောင့် ထိုမှန်အကြည်တို့ကို တံခါးဟူ၍ ဆိုအပ် ကုန်၏။
ထိုအတူ သတ္တဝါတို့၏ ကိုယ်သန္တာန်၌ ကံကြောင့် ဖြစ်ပေါ်လာ ကြကုန်သော အဇ္ဈတ္တိကာယတနဓာတ် မှန်တံခါး ခြောက်ခုတို့သည် အပ၌ရှိသော အာရုံတို့၏ ဝင်ရာလည်း ဖြစ်ကုန်၏၊ အတွင်း၌ဖြစ်သော ဆဒွါရိကစိတ်တို့၏ ထွက်ရာလည်းဖြစ်ကုန်၏၊ အပအာရုံနှင့် အတွင်းစိတ် တို့သည် အာရုံအာရမ္မဏိကအဖြစ်ဖြင့် ပေါင်းသင်းဆက်ဆံ၍ ထိုအကြည် တံခါးတို့ဖြင့် ထွက်ဝင်ခြင်းကို ပြုကြကုန်၏၊ ထိုသို့အာရုံတို့၏ ဝင်ရာ, စိတ်တို့၏ ထွက်ရာဖြစ်သောကြောင့် စက္ခုစသော အာယတနခြောက်ပါး တို့ကို ဒွါရတို့ဟူ၍ ဆိုအပ်ကုန်၏။
ဤအရာ၌ ဒွါရဆိုသည်မှာ အကြည်တံခါးဟူ၍ ဆိုလိုသည်။ အပေါက်ဟင်းလင်းတံခါး မဟုတ်ကြကုန်။
ထိုအာယတန ခြောက်ပါးတို့တွင် မနာယတနဟုဆိုအပ်သော ဘဝင်စိတ်သည် ကြည်လင်ရုံမျှသာ မဟုတ်သေး။ ကောင်းစွာ သွေးအပ် သော စိန်ကဲ့သို့ ပြိုးပြိုးပြက်ပြက် တောက်ပလေသည်လည်းဖြစ်၏။
ထို့ကြောင့်--
ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။
ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။အနက်ကား။ ဘိက္ခဝေ=ရဟန်းတို့၊ ဣဒံစိတ္တံ=ဤစိတ်သည်၊ ပဘဿရံ=ပြိုးပြိုးပြက်ပြက် တလက်လက် ထွန်းလင်းတောက်ပလျက်ရှိ၏။
အာယတန ခြောက်ပါးတို့တွင် မနာယတန တစ်ပါးသာလျှင် နာမ် အာယတနဖြစ်၏၊ အကြွင်းငါးပါးတို့သည် ရုပ်အာယတနတို့ ဖြစ်ကုန်၏၊ နာမ်အာယတနသည်လည်း အကြည်လင်ဆုံး အထွန်းပဆုံး ဖြစ်လေ၏၊ ထိုအာယတနအရာ၌ သံသေဒဇပုဂ္ဂိုလ်, ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့မှာ ရှိသော ထိုအာယတနတို့သည် နုန့်ကုန်၏၊ အလွန်မကြည်လင်ကြကုန်၊ ဥပပတ်ပုဂ္ဂိုလ်တို့သန္တာန်မှာရှိသော အာယတနတို့သည်မူကား လွန်စွာ ကြည်လင်ကြကုန်၏၊ အရှိန်တန်ခိုးရှိကြကုန်၏၊ ထွန်းလင်းတောက်ပ ကြလေကုန်၏၊ ထို့ကြောင့် ထိုဥပပတ်ပုဂ္ဂိုလ်တို့၏ အာယတနတို့သည် ဝေးသောအရပ်၌၎င်း, အလွန်ဝေးသောအရပ်၌၎င်း, အမိုက်မှောင် တွင်း၌၎င်း, ဖုံးလွှမ်းကာကွယ်၍ နေရာ၌၎င်း, နံရံခြားရာ၌၎င်း, တံတိုင်း ခြားရာ၌၎င်း, တောင်ကြီး ကာဆီးရာ၌၎င်း အာရုံတို့ကို ယူခြင်းငှါ စွမ်းနိုင် ကုန်၏။
ဥပပတ် ပုဂ္ဂိုလ်တို့တွင် စတုမဟာရာဇ်နတ်တို့၏ အာယတနထက် တာဝတိံသာနတ်တို့၏ အာယတနသည် ထက်မြက်ကြည်လင်ထွန်းပ၏၊ ဤသို့စသည်ဖြင့် အကနိဋ္ဌဗြဟ္မာ့ဘုံတိုင်အောင် အာယတနတို့၏ အဆင့် ဆင့် ထက်မြက်၍ တန်ခိုးရှိပုံ ထွန်းလင်းတောက်ပပုံကို သိရာ၏၊။ ပုထုဇဉ်သတ္တဝါတို့၏ အသိဉာဏ်မည်သည် ပဉ္စဒွါရ အစဉ်လျှောက်၍ သိရခြင်းသာ များလေ၏၊ မျက်စိမှ အစဉ်လျှောက်၍ အသိဉာဏ်ပေါ် ပေါက်သည်, နားမှစ၍ အသိဉာဏ်ပေါ်ပေါက်သည်စသောအားဖြင့် ဆိုလေ။ အရူပဗြဟ္မာတို့မှာမူကား ပဉ္စဒွါရတို့ပင် မရှိကြလေကုန်၊ ထို့ကြောင့် ထိုအရူပပုထုဇ္ဇန် ဗြဟ္မာတို့မှာ လွန်စွာထက်မြက်၍ ထွန်းပ သော မနာယတန ရှိပါသော်လည်း ပဉ္စဒွါရမှ ကင်းသည့်အတွက် များစွာ အသိဉာဏ်ပေါ်ပေါက်ခြင်း မရှိကြလေကုန်။
ထိုသို့ပုထုဇ္ဇန်တို့မှာ ပဉ္စဒွါရမှ အစဉ်လျှောက်၍ သိရခြင်းသာလျှင် များသောကြောင့် အလွန်တန်ခိုးကြီးသော သဟဿမည်သည့် ဗြဟ္မာ ကြီးတို့ အသိဉာဏ်သည်လည်း မိမိတို့၏မျက်စိ, နားကျက်စား ကျင် လည်ရာတို့မှာသာလျှင် အသိဉာဏ် များစွာဖြစ်၏၊ စက္ခုသောတ၏ အရာ မဟုတ်ကုန်သော အတိုင်းမသိများပြားစွာကုန်သော တရားသဘာဝတို့၌ မူကား ထိုးထွင်း၍ အသိဉာဏ် မပေါ်ပေါက်နိုင်ကြကုန်၊ ထိုနက်နဲသော တရားသဘောအရာတို့၌မူကား ထိုဗြဟ္မာကြီးတို့ပင်သော်လည်း ဗာလ ဥမ္မတ္တကကြီးတို့သာလျှင် ဖြစ်ကြလေကုန်၏၊ ထိုဗြဟ္မာကြီးတို့မှာ အလွန် ထက်မြက်သော ဒိဗ္ဗအာယတနရှိလေသောကြောင့် အကယ်၍ အလိုရှိကြ ပါလျှင် မိမိတို့နေရာဌာန၌ တည်လျက်ပင် မိမိတို့နှင့် ဘုံတူမျှသောသူတို့၏ အဆင်းကို၎င်း, မိမိအောက်၌ အဝီစိတိုင်အောင် ရှိရှိသမျှသောဘုံတို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့၏ အဆင်းကို၎င်း မျက်စိဖြင့် ရှုမြင်နိုင်ကုန်၏၊ အသံတို့ကို နားဖြင့် ကြားနိုင်ကုန်၏၊ ထိုဆိုပြီးသော သတ္တဝါတို့၏ စိတ် အကြံအစည်ကို မိမိစိတ်ဖြင့် သိနိုင်၏။
သို့ရာတွင် မိမိတို့၏အထက်၌ ဖြစ်ကြကုန်သော အထက်အထက် ဘုံသားတို့၏ ပကတိအဆင်းတို့ကိုမူကား မမြင်နိုင်ကြကုန်၊ ပကတိ အသံ တို့ကိုလည်း မကြားနိုင်ကြကုန်၊ စိတ်အကြံအစည်တို့ကိုမူကား အဘယ်မှာ သိနိုင်ကြကုန်မည်နည်း၊ အထက်အထက်ဘုံသားတို့က ရုံ့ရင်းကြမ်း တမ်းသော အဆင်းကို ဖန်ဆင်း၍ ပြလျှင်သာ မြင်စွမ်းနိုင်ကြကုန်၏။
အောက်အောက် ဘုံသားတို့၏ အဆင်း အသံ စိတ်အကြံတို့ကိုသာ သိမြင်နိုင်၍ အထက်အထက် ဘုံသားတို့၏ ပကတိဖြစ်သော အဆင်း အသံ စိတ်အကြံကို မသိမမြင်နိုင်ခြင်းကား နတ်ပြည် ဗြဟ္မာ့ပြည်တို့၏ ဓမ္မတာပေတည်း။
ထိုမှတစ်ပါး ဆိုဖွယ်ရှိပြန်သည်မှာ--
မနာယတနတို့တွင် အဟိတ်ဘဝင်သည် နုန့်၏၊ ထို့ထက် ဒွိဟိတ် ဘဝင်သည် ထက်မြက်၏၊ ထို့ထက် တိဟိတ်ဘဝင်သည် ထက်မြက်၏၊ တိဟိတ် ဘဝင်တို့တွင်လည်း သာဝကဗောဓိဟုဆိုအပ်သော ဗောဓိဉာဏ် ကိုရခြင်းငှါ ပါရမီအရင်းခံ မရှိကုန်သော အဘဗ္ဗပုဂ္ဂိုလ်တို့၏ တိဟိတ်ဘဝင် သည် နုန့်၏၊ ထို့ထက် ဗောဓိဉာဏ်ကိုရခြင်းငှါ ပါရမီအရင်းခံ ရှိကြ ကုန်သော ဘဗ္ဗပုဂ္ဂိုလ်တို့၏ တိဟိတ်ဘဝင်သည် ထက်မြက်၏၊ ထိုဘဗ္ဗ ပုဂ္ဂိုလ်တို့တွင်လည်း ပကတိသာဝကတို့၏ ဘဝင်သည် နုန့်၏၊ ထို့ထက် မဟာသာဝကတို့၏ ဘဝင်သည် ထက်မြက်၏၊ ထိ့ုထက် အဂ္ဂ သာဝက တို့၏ ဘဝင်သည် ထက်မြက်၏၊ ထိ့ုထက် ပစ္စေကဗုဒ္ဓါတို့၏ ဘဝင်သည် ထက်မြက်၏၊ မြတ်စွာဘုရား၏ ဘဝင်သည်ကား အထွတ် အစွန်းသို့တိုင် ရောက်အောင် ထက်မြက် ကြည်လင်လေ၏၊ ထိုမြတ်စွာ ဘုရားတို့၏ ဘဝင်သည် အလုံးစုံသော ဉေယျဓံတရားတို့ကို လက်ခံခြင်းငှါ စွမ်းနိုင် သောသတ္တိရှိ၏၊ ထို့ကြောင့်ပင်လျှင် အလုံးစုံသော တရားကို သိမြင်၍ သဗ္ဗညူမည်တော်မူလေသည်။
ဤသို့ပြဆိုခြင်းကား ဇာတ်အမျိုးမျိုးဖြင့် ပြီးစီးထူးခြားသော အာယတနတို့၏အရာကို ဝေဖန်ခွဲခြမ်း၍ ပြဆိုခြင်းပေတည်း။
ဗုဒ္ဓဝိသယ ဘုရားအရာ, ဣဒ္ဓိဝိသယ တန်ခိုးအရာ, လောကစိန္တာ ဝိသယ လောကီအကြံအစည် အရာတို့သည်မူကား အာယတန၏ အရာ တို့ မဟုတ်ကုန်၊ စိတ်ပညာ ဘာဝနာတို့၏ အရာဌာနတို့သာဖြစ် ကုန်၏၊ အာယတနတို့၏ ပကတိအရာကို လွန်မြောက်ကြကုန်၏၊ မေး။ အဘယ်သို့လျှင် နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်သနည်း။
ဖြေ။ ဥပပတ်ပုဂ္ဂိုလ် သံသေဒဇပုဂ္ဂိုလ်တို့မှာ ပဋိသန္ဓေအခါ၌ ပင်လျှင် အလုံးစုံသော အင်္ဂါကြီးငယ်တို့သည် ပြည့်စုံကြကုန်၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေအခါ၌ဖြစ်သော မဟာဘုတ် ရုပ်တို့ကိုအမှီပြု၍ စက္ခာယတန အစရှိသော ရုပ်အာယတန ငါးပါးတို့သည် ဖြစ်ကုန်၏၊ ဟဒယဝထ္ထုကိုအမှီပြု၍ မနာယတနသည်ဖြစ်၏၊ ဤသို့လည်း အာယတနခြောက်ပါးတို့သည် ဖြစ်ကုန်၏။
ထိုပဋိသန္ဓေအခါ၌ ဥပပတ်ပုဂ္ဂိုလ်တို့မှာ လုံးရပ်သဏ္ဌာန်မှစ၍ အလုံးစုံသော သတ္တဝါတို့၏ အင်္ဂါ အဆောက်အဦးတို့သည် အပြည့်အစုံ ဖြစ်ကုန်၏၊ တစ်ဖန်တိုးပွါးဘွယ်ကိစ္စမရှိ။
သံသေဒဇ ပုဂ္ဂိုလ်တို့မှာမူကား ပဋိသန္ဓေအခါ၌ အင်္ဂါကြီးငယ် မျှတို့သာလျှင် ပြည့်စုံကြကုန်၏၊ လုံးရပ်သဏ္ဌာန်စသော သတ္တဝါတို့၏ အင်္ဂါအလုံးစုံတို့သည် မပြည့်စုံကြကုန်သေး၊ ထိ့ုကြောင့် တစ်ဖန်ကြီးပွါးခြင်း ကိစ္စကို အလိုရှိအပ်ကုန်၏၊ တစ်ဖန် တစ်ဆင့် ကြီးပွါးမှသာလျှင် လုံးရပ် သဏ္ဌာန်စသည်တို့ ပြည့်စုံကုန်၏။
ဂဗ္ဘသေယျကပုဂ္ဂိုလ်မှာမူကား ပဋိသန္ဓေအခါ နှလုံးအိမ်တည်ရာ ဌာနမျှသည်သာလျှင် ရှေးဦးအစဖြစ်ပေါ်လေ၏၊ ပဋိသန္ဓေစိတ်နှင့်တကွ ဝတ္ထုဒသက, ကာယဒသက, ဘာဝဒသက သုံးပါးတို့သာလျှင် ဖြစ်ပေါ် ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေအခါမှာ ကာယာယတန မနာယတန နှစ်ပါးတို့သာလျှင် ဖြစ်ပေါ်ခွင့်ကို ရရှိကုန်၏၊ ကြွင်းသော အယာတန လေးပါးတို့သည်မူကား ခုနစ်ဆယ့်ခုနစ်ညဉ့်မြောက်သော နေ့၌သာလျှင် ဖြစ်ပေါ်ကြကုန်၏ဟူ၍ ကထာဝတ္ထုအဋ္ဌကထာ၌ ဆို၏။
ခုနစ်ဆယ့်ခုနစ်ညဥ့်မြောက်ဆိုသောစကားမှာ ဧကာဒသမ သတ္တာ ဟ၏ နောက်ဆုံးဖြစ်သောရက်ကို ရည်၍ဆိုသော စကား ဖြစ်လေသည်။ ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့၏ အာယတနဖြစ်ပေါ်ပုံကို ဆိုဦးအံ့--
၁။ ပဋိသန္ဓေတည်နေစဖြစ်သော ပထမသတ္တာဟ၌ ဇာတိ ဥဏ္ဏာမည်သော အလွန်နူးညံ့သည့် သားမွေး သုံးမျှင်တို့ဖြင့် ပြုလုပ်အပ် သော ကြိုးငယ်အဖျား၌တည်သော အလွန်ကြည်လင်လှသော ဆီပေါက် ငယ်မျှ ပမာဏရှိသည့် ကလလရေကြည်သည် ဖြစ်ပေါ်၏။
၂။ ဒုတိယ သတ္တာဟ၌ ထိုကလလ ရေကြည်မှ သားဆေးရေ အဆင်းရှိသော အမြှုပ်ဆိုင်သည် ဖြစ်ပေါ်၏၊ ထိုအခါ ကလလရေကြည် ဟူသောအမည် ကွယ်ပျောက်လေ၏။
၃။ တတိယ သတ္တာဟ၌ ထိုအမြှုပ်မှ ပေသိမည်သော အသား တစ် ဖြစ်ပေါ်လာ၏၊ ထိုအသားတစ်သည် မီးဖြင့်ကြိုအပ်သည်ဖြစ်၍ ကြေမွမှုန့်ညက်၍နေသော ကြေးနီမှုန့်တို့နှင့်တူ၏၊ များစွာမမာသေး၊ ထိုအခါ အမြှုပ်ဟူသောအမည် ကွယ်ပျောက်လေ၏။
၄။ စတုတ္ထသတ္တာဟ၌ ဃနမည်သော အသားအဆိုင် အခဲ သည် ဖြစ်ပေါ်လာ၏၊ ထိုအသားအဆိုင်အခဲသည် ကြက်ဥသဏ္ဌာန်ရှိ၏၊ ရင့်မာ၏၊ ထိုအခါ အသားတစ်ဟူသောအမည်သည် ကွယ်ပျောက်လေ၏။
၅။ ပဉ္စမသတ္တာဟ၌ ထိုအသားအဆိုင်အခဲမှာ လက်နှစ်ဖက် ခြေနှစ်ဖက် ဦးခေါင်းဖြစ်ပေါ်ခြင်းအကျိုးငှါ အဖုအညှောက် ငါးခုဟုဆိုအပ် သော ခက်မငါးဖြာတို့သည် ဖြစ်ပေါ်လာကုန်၏။
၆။ ၇။ ၈။ ၉။ ၁၀။ ပဉ္စမသတ္တာဟ၏နောက်၌ ငါးသတ္တာဟ တို့ပတ်လုံးဖြစ်ပြီးသော ရုပ်ကာယတို့သည် ရင့်၍ ပွါးစီး၍ နေကြကုန်၏။
(ဆဋ္ဌ သတ္တာဟမှ ဒသမသတ္တာဟတိုင်အောင် ငါးသတ္တာဟတို့ကို ဆိုလိုသည်။)
၁၁။ တစ်ဆယ့် တစ်သတ္တာဟမြောက်ဟုဆိုအပ်သော ဧကာ ဒသမသတ္တာဟ၌ အဖုငါးခုတို့တွင် ဦးခေါင်းသဏ္ဌာန်သည် အတန်ငယ် ပြည့်စုံကြီးရင့်၍လာ၏၊ မျက်စိတွင်းမျက်လုံးတို့သည်၎င်း, နားပေါက် နှာခေါင်းပေါက် ခံတွင်းပေါက်တို့၌ လျှာသဏ္ဌာန်တို့သည်၎င်း ပြည့်စုံ၍ လာကြကုန်၏၊ အကြင်အခါ၌ ဆိုအပ်ကုန်ပြီးသော မျက်စိသဏ္ဌာန်စသည် တို့သည် ရင့်မာခြင်းသို့ရောက်ကြလေကုန်၏၊ ထိုအခါ၌ ထိုမျက်လုံး စသည်တို့၌ ဖြစ်ကုန်သော ကမ္မဇ မဟာဘုတ်ရုပ်တရားတို့၏ ကြည်လင် ခြင်းသည် ဖြစ်လေ၏၊ ကံကြောင့်ဖြစ်သော မဟာဘုတ်တို့၏ အကြည် အလင်ကိုပင်လျှင် ပသာဒဟူ၍ ဆိုအပ်ကုန်၏၊ မျက်စိအဆောက်အဦ ဖြစ်သော အလုံး၌ မျက်နက်ဝန်းဌာနမှာ အဆင်းရူပါရုံထင်လာစေရန် အနေအားဖြင့် ကြည်လင်မှုကို စက္ခုပသာဒဟူ၍ဆိုသည်၊ ထိုအကြည်ကို ပင်လျှင် စက္ခာယတနဟူ၍ဆို၏၊ မျက်စိအကြည်ပေတည်း။
နားပေါက် အတွင်း၌ အသံသဒ္ဒါရုံထင်လာစေရန် အနေအားဖြင့် ကြည်လင်မှုကို သောတပသာဒ ဆိုသည်၊ ထိုအကြည်ကိုပင်လျှင် သောတာယတန ဟူ၍ဆို၏၊ နားအကြည်ပေတည်း။။ နှာခေါင်းတွင်း၌ အနံ့ဂန္ဓာရုံကို ထင်လာစေရန် အနေအားဖြင့် ကြည်လင်မှုကို ဃာနပသာဒ ဆိုသည်၊ ထိုအကြည်ကိုပင်လျှင် ဃာနာယတနဆို၏၊ နှာခေါင်းအကြည် ပေတည်း။။ လျှာအပြင်၌ ရသာရုံကို ထင်လာစေရန် အနေအားဖြင့် ကြည်လင်မှုကို ဇိဝှါပသာဒဆိုသည်၊ ထိုအကြည်ကိုပင်လျှင် ဇိဝှါယတန ဆို၏၊ လျှာအကြည်ပေတည်း။။ ဤအာယတနလေးခုတို့သည် ဧကာ ဒသမ သတ္တာဟ၏ အဆုံးရက်၌ ဖြစ်ပေါ်ကြကုန်သည်။
ကာယာယတနသည်မူကား ပဋိသန္ဓေနှင့် အတူအကွ ဖြစ်ပေါ် ကြောင်းကို အောက်၌ပြဆိုခဲ့ပြီ။
ဆံပင် မွေးညင်း ခြေသည်း လက်သည်း စသည်တို့ကား လေး ဆယ့်နှစ်သတ္တာဟမြောက်၌ ဖြစ်ကုန်၏ဟူ၍ဆိုသည်။
ဤသို့လျှင် နာမ်ရုပ်ဟူသောအကြောင်းကြောင့် သဠာယတန တို့သည်ဖြစ်ကုန်၏၊ သဠာယတန ဆိုသောအရာမှာ အဇ္ဈတ္တိကာယတန ခြောက်ပါးကို ယူရသည်။
ဤသို့ နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်ပုံကိုရည်၍ ပဋိစ္စသမုပ္ပါဒ် လင်္ကာ၌--
ထင်ရှားစေ့စုံ၊ အပုံပုံလျှင်၊ တည်တုံနာမ်ရုပ်၊ ကိုယ်သမုတ်သား၊ အထုပ် အထည်၊ ကြီးငယ်ကာယ၊ ပေါ်ပြန်ကလည်း၊ ဒွါရတွင်မည်၊ ဖိတ်ဖိတ်လည်သည်၊ အကြည်ခြောက်မျိုး၊ ကိုယ်လုံးဖြိုးလျက်၊ အရိုးစီစဉ်၊ အမြင်စက္ခု၊ ကြားမှု သောတ၊ ဃာနအနံ၊ လျက်ရန်ဇိဝှါ၊ ကာယာတွေ့ထိ၊ အသိမနော၊ မရောမယှက်၊ တလက်လက်လျှင်၊ အမျက်စိန်ရည်၊ လဲ့လဲ့ ကြည်သို့၊ ခြောက်မည်အာရုံ၊ အလုံးစုံလည်း၊ ပုံသဏ္ဌာန်ရိပ်၊ နိမိတ် အသွင်၊ အကုန်ထင်၍၊ ဤရှင်ဤလူ၊ ဤမူနေလ၊ ရူပသဏ္ဌာန်၊ အသံ အမျိုး၊ အခိုးလှိုင်ပျံ့၊ ရနံ့ထိုထို၊ အချိုအချဉ်၊ ဤလျှင်အပူ၊ဤမူအအေး၊ အတွေး အသိ၊ ပြည့်စုံဘိ၍၊ ငါ၏ဤကိုယ်၊ ငါးမင်းပျိုဟု၊ အဆိုအထင်၊ အမြင် မှောက်မှား၊ စိတ်နေကြွားဖို့၊ တံခါးခြောက်သင်း၊ ကိုယ်လုံးလင်း သည်။ ။ခြောက်စင်းဓာတ်မှန် စွမ်းရည်တည်း။
နာမရူပပစ္စယာ သဠာယတန ပြီး၏။
------*-----
သဠာယတနပစ္စယာ ဖေဿာ
(အာယတနခြောက်ပါးကြောင့် ဖဿဖြစ်ပေါ်၏၊) “ဖုသတီတိ ဖေဿာ”
ဖုသတိ=တွေ့ထိကြိတ်နယ်တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဖေဿာ=ဖဿမည်၏။
ဝိညာဏ်စိတ်သည် အကြင်အာရုံစုကိုသိ၏၊ ထိုအာရုံစုကိုသိခြင်း မျှနှင့် ရပ်တန့်၍မနေဘဲ အာရုံ၏အရသာကို ပေါ်ထွက်စိမ့်သောငှါ ကြိတ် ဘနယ်သောအားဖြင့် တွေ့ထိတတ်သော သဘောကို ဖဿဟူ၍ ဆို သည်။ ကြံကြိတ်စက်ဖြင့် ကြံရည်ကိုထွက်အောင် ကြိတ်နယ်ဘိသကဲ့သို့ အာရုံ၏အရသာ ပေါ်ထွက်အောင် ကြိတ်နယ်သော အားဖြင့် တွေ့ထိမှု သဘောပေတည်း။
လောက၌ တစ်စုံတစ်ရာသော အရာဝတ္ထုနှစ်ခုတို့၏ ပေါင်း၍ ထားမှုကို ထိသည် တွေ့သည်ဟူ၍ဆိုကြ၏၊ အဘိဓမ္မာသဘောအရာ၌မူ ကား ထိုကဲ့သို့ ထိရုံမျှကို ဖဿ ဖုသန မခေါ်သေးဘဲ အာရုံ၏အရသာ ပေါ်ထွက်အောင် ကြိတ်နှိပ်မှုကိုသာ ဖဿဟူ၍ဆိုသည်။ ဤကဲ့သို့ ကြိတ်နှိပ်အပ်သည်ရှိသော် ကြိတ်နှိပ်အပ်သောဝတ္ထုတို့၏ ပေါင်းဆုံခြင်း စုဝေးခြင်းသည်ဖြစ်၏၊ ထိုသို့ပေါင်းဆုံ စုဝေးခြင်းဖြစ်သည်ရှိသော် ကိစ္စ အမျိုးမျိုးတို့သည် ဖြစ်ပေါ်လာကုန်၏၊ ဤအရာ၌ ကိစ္စအမျိုးမျိုးဆို သည်မှာ အာရုံခြောက်ပါးတို့၌ ဝေဒနာ သညာစသော စေတသိက်တို့၏ ကိစ္စအမျိုးမျိုးတို့ပေတည်း၊ ဖဿဓာတ်က ဝတ္ထု အာရုံ စိတ် သုံးပါးတို့ကို ကြိတ်နယ်သောအားဖြင့် တွေ့ထိ စုဝေးစေသည်ရှိသော် ဝေဒနာ သညာ စသော စေတသိက်တို့သည် ခံစားခြင်း မှတ်ခြင်းစသော မိမိတို့၏ ကိစ္စ အသီးသီးတို့ကို ရွက်ဆောင်ကြလေကုန်၏ဟူ၍ ဆိုလိုသည်။
ဥပမာအားဖြင့်
တစ်ခုသော ရွာမှု မြို့မှု ကိစ္စကြောင့် အကြီးအကဲဖြစ်သော လူတို့ သည် တစ်ခုသောနေရာဌာနမှာ လာရောက်ကြကုန်၍ တစ်စုံတစ်ခုကိုမျှ မပြောမဆိုကြကုန်ဘဲ ဆိတ်ဆိတ် နေကြကုန်သည်ရှိသော် အစည်းအဝေး မမည်ကုန်၊ အဘယ်ကြောင့်နည်းဆိုသော် ထိုမြို့ရွာ ကိစ္စတို့၌ အချင်းချင်း အညီအညွတ်ပေါင်းသင်း၍ မပြုလုပ် မရွက်ဆောင်ကြကုန်သောကြောင့် တည်း။ အကြင်အခါ၌ ထိုသို့စည်းဝေးကြကုန်၍ တိုင်ပင်ညှိနှိုင်း သင့် သမျှကို တိုင်ပင်ညှိနှိုင်းကြကုန်၏၊ ပြုလုပ်ဆောင်ရွက်ဖွယ်တို့ကို ပြုလုပ် ဆောင်ရွက်ကြရန် ဆုံးဖြတ် ပြဓာန်းကြကုန်၏၊ ထိုအခါ၌သာလျှင် အစည်း အဝေး ထမြောက်သည်မည်လေ၏၊ ထိုအစည်းအဝေး ထမြောက်သည် ရှိသော်သာလျှင် မြို့သားရွာသားတို့မှာ မိမိတို့ဆိုင်ရာကိစ္စတို့၌ အသီးအသီး ပြုဖွယ်ကိစ္စတို့သည် ပေါ်ပေါက်လာကုန်၏၊ ထိုအခါ ထိုသူတို့သည် မိမိ တို့ဆိုင်ရာ အမှုကိစ္စတို့၌ ထကြွ ဆောင်ရွက် ပြုလုပ်ကြလေကုန်၏။
ဤဥပမာ၌ အစည်းအဝေး ထမြောက် အောင်မြင်မှုသည် ဖဿ သဘောနှင့်တူ၏၊ လူအများတို့သည် မိမိတို့ကိစ္စ၌ ကိုယ်စီကိုယ်င ထကြွ လုပ်ဆောင်ခြင်းသည် ဖဿတွေ့ထိပေးမှုကြောင့် ဝေဒနာ သညာ စသော စေတသိက်တို့သည် မိမိတို့ ကိစ္စများကို အသီးအသီး ဆောင် ရွက်ကြသည်နှင့်တူ၏၊ ဤဥပမာအတိုင်း ဖဿသဘောကို သိရာ၏။
ပါဠိတော်များ၌
ဖေဿာဟေတု၊ ဖေဿာ ပစ္စယော၊ ဝေဒနာက္ခန္ဓဿ ပညာ ပနာယ၊ သညာက္ခန္ဓဿ ပညာပနာယ၊ သင်္ခါရက္ခန္ဓဿ ပညာပနာယ။
အနက်ကား။ ဝေဒနာက္ခန္ဓဿ=ဝေဒနာက္ခန္ဓာ၏၊ ပညာပနာယ= ထင်ရှားဖြစ်ပေါ်ခြင်းငှါ၊ သညာက္ခန္ဓဿ=သညာက္ခန္ဓာ ၏၊ ပညာပနာယ= ထင်ရှားဖြစ်ပေါ်ခြင်းငှါ၊ သင်္ခါရက္ခန္ဓဿ=သင်္ခါရက္ခန္ဓာ၏၊ ပညာပနာယ= ထင်ရှားဖြစ်ပေါ်ခြင်းငှါ၊ ဖေဿာ=ဖဿသည်၊ ဟေတု=အထောက် အပံ့ဖြစ်သော ဥပတ္ထမ္ဘကအကြောင်းမည်၏၊ ဖေဿာ=ဖဿသည်၊ ပစ္စယော=တိုက်ရိုက်ဖြစ်ပေါ် စေတတ်သော ဇနကအကြောင်း မည်၏။
ဤပါဠိတော်ဖြင့် ဖဿသည် စေတသိက် ခန္ဓာတရားသုံးပါးတို့၏ အကြောင်းပစ္စည်းဖြစ်သည်ဟူ၍ ဟောတော်မူသည်။ အာဟာရလေးပါး တို့တွင် ဖဿသည်ကား အာဟာရတစ်ပါးဖြစ်၏၊ ဖဿ အာဟာရသည် စေတသိက်ခန္ဓာသုံးပါးတို့ကို ဖြစ်ပေါ်အောင် ရွက်ဆောင်လေ၏။
ထိုဖဿသည်
၁။ စက္ခု သမ္ဖဿ,
၂။ သောတ သမ္ဖဿ,
၃။ ဃာန သမ္ဖဿ,
၄။ ဇိဝှါ သမ္ဖဿ,
၅။ ကာယ သမ္ဖဿ,
၆။ မနော သမ္ဖဿ,
ဟူ၍ ခြောက်ပါးရှိ၏။
စက္ခုဒွါရ၌ဖြစ်သော ဖဿသည် စက္ခုသမ္ဖဿမည်၏၊ ဤနည်း အတိုင်း သောတသမ္ဖဿ စသည်တို့ကိုလည်း သိလေ။
မေး။ အဘယ်သို့လျှင် အာယတနခြောက်ပါးကြောင့် ဖဿဖြစ် ပေါ်ပါသနည်း။
ဖြေ။ စက္ခုသမ္ဖဿ ဖြစ်ပုံ၌ စက္ခာယတနဟုဆိုအပ်သော မျက်စိ, ထိုမျက်စိ၌ထင်သော ရူပါရုံ, ထိုရူပါရုံကိုအာရုံပြု၍ မျက်စိ၌ဖြစ်ပေါ်လာ သော စက္ခုဝိညာဏ်စိတ် ဤတရားသုံးပါးတို့သည် မိမိတို့၏ ကိစ္စအသီး သီးတို့ကို ရွက်ဆောင်လျက် ဖြစ်ပေါ်ကြကုန်၏၊ ထိုအခါ ထိုတရားတို့ ပေါင်းစု စည်းဝေးမိခြင်းဟုဆိုအပ်သော တွေ့ထိကြိတ်နယ်မှု သဘော သည် ဖြစ်ပေါ်လာ၏၊ ထိုအခါ စက္ခုသမ္ဖဿ ဖြစ်သည်မည်၏၊ သောတ သမ္ဖဿ စသည်တို့မှာလည်း ထိုအတူပင်တည်း။
မျက်စိ၌အဝန်းအစရှိသော အဆင်းနိမိတ် ထင်သည်ရှိသော် မျက်စိ ကိုမှီ၍ အဆင်းကိုအာရုံပြုလျက် မြင်တတ်သော စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာသည်ရှိသော် အာရုံ၌မြဲမြံထက်မြက်စွာ စူးစိုက် ကျရောက်ခြင်း ဟုဆိုအပ်သော အဟုန်သည်လည်း ထိုစိတ်နှင့်တကွဖြစ်ပေါ်လာ၏၊ ထိုအဟုန်သည် မျက်စိဝန်း၌ တစ်ပြိုင်နက် ဖြစ်ပေါ်ကြကုန်သော တရား သုံးပါးတို့ကို အချင်းချင်း ရောနှောပေါင်းစည်းမှုကိုပြုလျက် ဖြစ်ပေါ်၏၊ ထိုအဟုန်သည် သဘောအားဖြင့် တရားသုံးပါးတို့ကို ပေါင်းစပ်ခြင်း ကရိယာ အထူးပေတည်း၊ ထိုသို့ ပေါင်းစပ် စည်းဝေးမိအောင်ပြုလုပ်သော ထိုကိရိယာ အမူအရာတို့ကိုပင်လျှင် ဖဿဟူ၍ဆိုသည်၊ ထို့ကြောင့် တရားသုံးပါးတို့၏ ပေါင်းဆုံ စုဝေးမှုသည် ဖဿမည်၏ဟူ၍ မြတ်စွာ ဘုရား ဟောတော်မူ၏။
ထိုဖဿ အဟုန်အရှိန်ကိုစွဲ၍ အာရုံအရသာတို့သည် ထွက်ပေါ်ကြ ကုန်၏၊ ထိုဖဿ အဟုန်အရှိန်ကြောင့် ဝေဒနာစသော ဓာတ်တို့သည် လည်း မိမိတို့၏ကိစ္စကို အသီးအသီး ဆောင်ရွက်လျက် ဖြစ်ပေါ်ကြ ကုန်၏၊ အာရုံ၏ ထိခိုက်ပုံ အနုန့် အထက်သို့လိုက်၍ ဖဿအရှိန်လည်း အနုန့် အထက်ရှိလေ၏၊ ဖဿအနုန့် အထက်ကို စွဲ၍ ဝေဒနာစသည် တို့မှာလည်း အနုန့် အထက်ရှိပြန်လေ၏၊ မျက်စိစသည်တို့၌ အာရုံ ထိခိုက်ပုံ နုန့်လျှင် ဖဿအရှိန်သည်လည်း နုန့်လေ၏၊ အာရုံထိခိုက်ပုံ ထက်မြက်လျှင် ဖဿအရှိန် အဟုန်လည်း ထက်မြက်လေ၏၊ ဖဿအရှိန် နုန့်သည်ရှိသော် ဝေဒနာစသော တရားတို့သည်လည်း နုန့်နှေးစွာ ဖြစ်ကြ ကုန်၏၊ ဖဿအရှိန် ထက်မြက်သည်ရှိသော် ဝေဒနာတို့သည်လည်း ထက် မြက်စွာ ဖြစ်ပေါ်ကြလေကုန်၏။
သတ္တဝါ အပေါင်းတို့ သုခဝေဒနာကို ခံစားကြရာ၌ ထက်မြက်သော ဖဿအဟုန်အရှိန်ကိုလိုလား ရှာမှီးကြကုန်၏၊ ဒုက္ခဝေဒနာကို ခံစားရာ ၌ကား နုန့်သော ဖဿအရှိန်ကို လိုလားကြကုန်၏၊ သုခဝေဒနာ ဖြစ်ပေါ် အောင်ပြုလုပ်ရာ၌ သတ္တဝါတို့သည် ဖဿအဟုန်အရှိန် ထက်မြက် အောင် ကြိုးစားကြကုန်၏၊ ဒုက္ခဝေဒနာအရာ၌မူကား ဖဿအရှိန်ကို သက်သာနိုင်စေသမျှ သက်သာ နုန့်နှေးအောင် ပြုလုပ်တတ်ကြလေသည်။ ဥပမာ ချစ်ခင်အပ်သော သား သမီး စသည်တို့ကို လက်ဖြင့် ပိုက်ဖက်ရာ၌ အရှိန်အဟုန်နှင့်တကွ အားရှိသမျှ ပိုက်ဖက်ကြကုန်၏၊ အဆူးပါသော သစ်တုံးကိုဖြစ်စေ, ပူသောရေ နွေးအိုးကိုဖြစ်စေ အတင်းအဓမ္မ ပိုက်ဖက် ရမည်ဆိုလျှင် ထိုသို့အရှိန်အဟုန်နှင့်တကွ အားရှိသမျှ ပိုက်ဖက်ကြမည် မဟုတ်ကုန်၊ ဤသို့စသည်ဖြင့် သုခဝေဒနာ ဒုက္ခဝေဒနာအရာတို့၌ သတ္တဝါတို့ လိုလားနှစ်သက်သော ဖဿအနုန့် အထက်ကို သိရာ၏။
ဤသို့လျှင် သဠာယတနကြောင့် ဖဿတို့သည် ဖြစ်ပေါ်ကြကုန်၏။
ဤအချက်စုကို ရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌ဓာတ်မှန်အကြည်၊ ခြောက်မျိုးတည်က၊ ခြောက်မည်အာရုံ၊ အလုံးစုံလည်း၊ ပုံသဏ္ဌာန်ရိပ်၊ နိမိတ်အသွင်၊ ကိုယ်လုံးထင်၍၊ ဝိညာဉ် ခြောက်ဆင့်၊ ဖွါးဖွါးပွင့်က၊ နှိုင်းသင့်တူမျှ၊ ပမာပြမူ၊ သိကြာ့းစက်ရှိန်၊ လက်လက်ထိန်သား၊ ဝရဇိန်သွား၊ ရွပ်ရွပ်ဝါးသို့၊ ခြောက်ပါးဖဿ၊ ဖြန်းဖြန်း ထ၍၊ ရသခြောက်မည်၊ အာရုံရည်ကို၊ ကြိတ်နည်သောအား၊ တွေ့ထိ ငြားက၊ ဤကားဣဋ္ဌ၊ အနိဋ္ဌနှင့်၊ ဤမျှမကောင်း၊ ဤမျှကောင်းဟု၊ အကြောင်းသွေးဆော်၊ အရေးပေါ်လျက်၊ ခြောက်ဖော်အာရုံ၊ ရသ ဂုဏ်တို့၊ အကုန်ပေါ်ထွက်၊ ရွှန်းရွှန်းတက်၍၊ မက်ဖွယ်မုန်းဖွယ်၊ အနှုန်း ခြယ်သည်။။ခြောက်သွယ်ဖဿ စွမ်းရည်တည်း။
ဟူ၍ စပ်ဆိုတော်မူလေသည်။သဠာယတန ပစ္စယာ ဖဿော ပြီး၏။
-------*------
ဖဿပစ္စယာ ဝေဒနာ
(ဖဿကြောင့် ဝေဒနာဖြစ်ပေါ်သည်။)
” ဝေဒယတီတိ ဝေဒနာ “
ဝေဒယတိ=ခံစားတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဝေဒနာ= ဝေဒနာမည်၏။
ဖဿဓာတ်၏ ကြိတ်နယ် ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော အာရုံ၏အရသာကို ခံစားတတ်သောတရားသည် ဝေဒနာမည်၏ဟု ဆိုလိုသည်။
အာရုံ၏အရသာမည်သည်ကား ပိယ သာတဟုဆိုအပ်သော ချစ်ခင်နှစ်သက်ဖွယ် သာယာမြတ်နိုးဖွယ်များကို ဆိုသည်၊ ဤပိယ သာတများသည် သုခဝေဒနာ၏ အစာဖြစ်၍ ထိုသုခဝေဒနာက ခံစားလေသည်၊ အပ္ပိယ အဿာတဟုဆိုအပ်သော မုန်းဖွယ် မသာယာ မမြတ်နိုးဖွယ်များသည်လည်း ဒုက္ခဝေဒနာ၏အစာဖြစ်သော အာရုံ အရသာမည်၏၊ ထိုအပ္ပိယ အဿာတ အာရုံအရသာများကို ဒုက္ခဝေဒနာက ခံစားလသည်။
ထိုဝေဒနာသည်
၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ,
၂။ သောတသမ္ဖဿဇာ ဝေဒနာ,
၃။ ဃာနသမ္ဖဿဇာ ဝေဒနာ,
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ,
၅။ ကာယသမ္ဖဿဇာ ဝေဒနာ,
၆။ မနောသမ္ဖဿဇာ ဝေဒနာ
အားဖြင့် ခြောက်ပါး အပြားရှိ၏။
မျက်စိ၌ ဖြစ်ပေါ်သော ဖဿ အရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို စက္ခုသမ္ဖဿဇာ ဝေဒနာဆိုသည်၊ အကျဉ်းအားဖြင့် စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာသည် စက္ခုသမ္ဖဿဇာ ဝေဒနာမည်၏။
သောတာသမ္ဖဿဇာ ဝေဒနာ စသည်တို့၌လည်း ဤအတိုင်း သိရာ၏။
ထိုမှတစ်ပါး
၁။ သုခ ဝေဒနာ,
၂။ ဒုက္ခ ဝေဒနာ,
၃။ အဒုက္ခမသုခ ဝေဒနာ,
ဟူ၍ သုံးပါးအပြားရှိ၏။
၁။ ချမ်းသာသဖြင့် ခံစားသော ဝေဒနာသည် သုခဝေဒနာမည်၏။
၂။ ဆင်းရဲသဖြင့် ခံစားသော ဝေဒနာသည် ဒုက္ခဝေဒနာမည်၏။
၃။ ချမ်းသာ ဆင်းရဲနှစ်ပါးမှ အလွတ်ဖြစ်၍ ခံစားသော ဝေဒနာသည် အဒုက္ခမသုခဝေဒနာမည်၏။
ထိုမှတစ်ပါး
၁။ သုခ ဝေဒနာ,
၂။ ဒုက္ခ ဝေဒနာ,
၃။ သောမနဿ ဝေဒနာ,
၄။ ဒေါမနဿ ဝေဒနာ,
၅။ ဥပေက္ခာ ဝေဒနာ,
အားဖြင့် ငါးပါးအပြား ရှိပြန်၏။
ထိုမှတစ်ပါး
၁။ အပါယိက ဝေဒနာ,
၂။ မာနုဿိက ဝေဒနာ,
၃။ ဒိဗ္ဗ ဝေဒနာ,
ဟူ၍ သုံးပါးအပြား ရှိပြန်၏။
၁။ အပါယ်ဘုံ၌ ဖြစ်သော ဝေဒနာသည် အပါယိက ဝေဒနာမည်၏။
၂။ လူ့ပြည်လောက၌ ဖြစ်သော ဝေဒနာသည် မာနုဿိက ဝေဒနာမည်၏။
၃။ နတ်ဗြဟ္မာတို့၏ဘုံ၌ ဖြစ်သော ဝေဒနာသည် ဒိဗ္ဗ ဝေဒနာမည်၏။
အပါယိကဝေဒနာသည် ငရဲ၏ ဒုက္ခဝေဒနာ, တိရစ္ဆာန်တို့၏ ဒုက္ခ ဝေဒနာ, ပြိတ္တာတို့၏ ဒုက္ခဝေဒနာ, အသုရကာယ်တို့၏ ဒုက္ခဝေဒနာဟူ၍ လေးမျိုးရှိ၏၊။သိဉ္ဇိုဝ်း ငရဲမှစ၍ အဝီစိတိုင်အောင် ငရဲဘုံတို့၌ဖြစ်သော ဆင်းရဲမှုကို ငရဲ၏ဒုက္ခဝေဒနာ ဆိုသည်။ ထိုငရဲ၏ဆင်းရဲသည် ဒုက္ခဝေဒနာ ဟူသမျှတို့တွင် အကြီးအကျယ်ဆုံးဖြစ်လေ၏။
ထိုငရဲ၏ဒုက္ခကို မြတ်စွာဘုရားက ဥပမာဖြင့် ဤသို့ပြဆိုတော်မူ၏
ယောကျ်ားတစ်ယောက်ကို နေ့တိုင်းနေ့တိုင်း တစ်နေ့လျှင် လှံချက်ပေါင်း သုံးရာတို့ဖြင့် အနှစ်တစ်ရာတိုင်တိုင် ထိုးရာ၏၊ ထိုကဲ့သို့ အနှစ်တစ်ရာတိုင်တိုင် နေ့စဉ် လှံချက်ပေါင်း သုံးရာတို့ဖြင့် အထိုးခံရသော ဒုက္ခဝေဒနာသည် လူ့ပြည်လောကမှာ လွန်စွာကြီးကျယ်သော ဆင်းရဲဒုက္ခဟူ၍ ဆိုကြကုန်ရာ၏၊ သို့ရာတွင် ယူဇနာငါးရာရှိသော ဟိမဝန္တာတောင်ကြီးနှင့် နှိုင်းစာလျှင် လက်သီးဆုပ်မျှလောက်သာရှိသော ကျောက်ခဲသည် အနည်းငယ်မျှသာဖြစ်လေ၏၊ ဟိမဝန္တာတောင်ကြီးက သာလျှင် လွန်စွာကြီးကျယ်လေ၏၊ ထိုဥပမာအတူသာလျှင် ငရဲတို့၏ ဒုက္ခ ဝေဒနာနှင့် နှိုင်းယှဉ်လိုက်သည်ရှိသော် ထိုအနှစ်တစ်ရာပတ်လုံး နေ့စဉ် ထိုးသော လှံချက်သုံးရာ၏ ဒုက္ခဝေဒနာသည် မပြောလောက်စဖွယ် အနည်းငယ်ကလေးမျှသာဖြစ်၏၊ ငရဲဒုက္ခကသာလျှင် လွန်စွာကြီးကျယ်လှ၏၊ ထိုငရဲဘုံတို့၌ ဒုက္ခဝေဒနာ များပြားကျယ်ဝန်းစွာ ဖြစ်ပွါးခွင့်ကို ရရှိလေအောင် ဒုက္ခဝတ္ထုဖြစ်သော ကိုယ်ကောင် အထည်ဒြဗ်တို့သည်လည်း လွန်စွာကြီးကျယ်ကုန်၏၊ ငရဲဘုံ၌ အသက်တမ်းလည်း မရှိ၊ တစ်ကမ္ဘာပတ်လုံးတည်ကုန်သော ငရဲသူသတ္တဝါတို့သည်လည်း အဝီစိငရဲကြီး၌ အသင်္ချေယျ အပ္ပမေယျ အဆုံးအစမရှိ ပေါများကုန်၏၊ ထိုအဝီစိငရဲသူ ငရဲသားတို့သည် သမုဒ္ဒရာအလယ်၌ ငါးကြီးတွေ နေကြ ကုန်ဘိသကဲ့သို့ တခဲနက် တောက်လောင်စွဲငြိ၍နေသော မီးပုံကြီးထဲမှာ မြုပ်၍ နစ်၍ နေကြလေကုန်၏။
ဤကား ငရဲ၏ ဒုက္ခဝေဒနာပေတည်း။
တိရစ္ဆာန်တို့၏ ဒုက္ခဝေဒနာသည် ထင်ရှား၏။
ပြိတ္တာတို့၏ ဒုက္ခဝေဒနာသည် လွန်စွာကြီးကျယ်၏၊ တစ်ခဏမျှ ချမ်းသာခွင့်ကိုမရဘဲ အန္တရကပ် တစ်ကပ် နှစ်ကပ် သုံးကပ်သို့တိုင်တိုင် တစ်ဟုန်တည်း တောက်လောင်သောကိုယ်တို့ဖြင့် ကျင်လည် ကျက်စားသွားလာကြကုန်လျက် သည်းထန် ထက်မြက်သောဒုက္ခဝေဒနာများကို ခံစားရှာကြရကုန်၏၊ ပေတဝတ္ထုပါဠိတော် လက္ခဏသံယုတ် စသည်များမှာ ပြိတ္တာတို့၏ ဆင်းရဲကို များစွာပြဆိုလျက် ရှိလေ၏။
အသုရကာယ်တို့၏ ဆင်းရဲသည် ပြိတ္တာဆင်းရဲ၌ အကျုံးဝင်လေကုန်၏။
ဤကား အပါယိက ဝေဒနာများပေတည်း။
မာနုဿိကဝေဒနာဟုဆိုအပ်သော လူ့ဘုံ၌ဖြစ်သည့် ဝေဒနာသည် ချမ်းသာ ဆင်းရဲ တွဲဖက်ရောနှောလျက် ရှိလေ၏၊ “ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်“ဆိုသောစကားမှာ လူ့ဘုံ၌ဖြစ်သော ဝေဒနာကို ရည်၍ဆိုသော စကားဖြစ်လေသည်။ ယခုအခါ ဆုတ်ကပ်၏ အစွန်အဖျားနား၌ ဖြစ်ကြကုန်သော ပြည့်ရှင်မင်းမှစ၍ အလုံးစုံသော လူတို့၏ ချမ်းသာသည် လက်သီးဆုပ်မျှလောက်ရှိသော ကျောက်ခဲနှင့် တူ၏၊ ကပ်ဦး၌၎င်း, ကပ်အလယ်၌၎င်း ဖြစ်ကြကုန်သော စကြဝတေးမင်းမှစ၍ အလုံးစုံသောလူတို့၏ချမ်းသာသည် ဟိမဝန္တာတောင်ကြီးနှင့်တူ၏၊ ဤကဲ့သို့ လူ့ပြည်လောက၌ ခေတ်ကာလသို့လိုက်၍ ချမ်းသာအမျိုးမျိုး အစားစား ရှိကြောင်းကိုလည်း သိရာ၏၊ နတ်ချမ်းသာနှင့် နှိုင်းစာလိုက်သည်ရှိသော် ကပ်ဦး ကပ်လယ်၌ဖြစ်သော စကြဝတေးမင်းစသော လူတို့၏ ချမ်းသာသည် လက်သီးဆုပ်မျှလောက်သာရှိသော ကျောက်ခဲကဲ့သို့ သေးငယ်၏၊ အထက်နတ်ပြည် လောက၌ရှိသော နတ်တို့၏ချမ်းသာသည် ဟိမဝန္တာတောင်ကြီးကဲ့သို့ ကြီးကျယ်၏။
ထိုနတ်တို့၏ ချမ်းသာကို ဗြဟ္မာတို့၏ချမ်းသာနှင့် နှိုင်းစာလိုက်ပြန်သည်ရှိသော် နတ်တို့၏ချမ်းသာသည် လက်သီးဆုပ်မျှလောက်ရှိသော ကျောက်ခဲကဲ့သို့ သေးငယ်၏၊ ပထမစျာန် ဗြဟ္မာတို့၏ ချမ်းသာသည် ဟိမဝန္တာတောင်ကြီးကဲ့သို့ ကြီးကျယ်၏။
ဤသို့စသည်ဖြင့် အဆင့်ဆင့် နှိုင်းယှဉ်၍ ဘဝဂ်ဘုံသို့တိုင်အောင် သိရာ၏။
ပြဆိုအပ်ခဲ့ပြီးသော ချမ်းသာသုခများသည် ခံစားအပ်သော ဝေဒယိတသုခများ ဖြစ်လေသောကြောင့် ယုတ်ညံ့၏၊ သင်္ခတချမ်းသာဖြစ်၍ ထာဝရမဟုတ်ဘဲ ပျက်စီးတတ်၏၊ ကာလဖြင့်ပိုင်းခြားအပ်သော ချမ်းသာများဖြစ်၏၊ တစ်ခဏမျှ ချမ်းသာသည်ဟူ၍ ဆိုရ၏၊ အလွန်တိုသော ချမ်းသာများဖြစ်၏၊ ထိုလောကီချမ်းသာများ၏ နောက်ကလည်း ဆင်းရဲက ထက်ကြပ်ပါလျက်ရှိ၏၊ အခွင့်ရသောအခါ သတ်မည်ကြံ၍ သံလျက်စွဲကိုင်ကာ လိုက်နေဘိသကဲ့သို့တည်း၊ အသင်္ခတဖြစ်သော နိဗ္ဗာန်ချမ်းသာသည်ကား ပြုပြင်စီရင်ခြင်းမရှိဘဲ ပကတိငြိမ်းချမ်းသော ချမ်းသာဖြစ်၍ မွန်မြတ်၏၊ အပိုင်းအခြားမရှိ ကျယ်ဝန်းလှ၏၊ ပျက်စီးခြင်းမရှိ၊ ဆင်းရဲဒုက္ခဟူသမျှတို့နှင့်လည်း မဆက်ဆံချေ၊ တဏှာကို အဖော်ပြုလုပ်၍ နေကြကုန်သော သတ္တဝါတို့သည်မူကား ဝေဒယိတသုခမျိုးကိုသာ နှစ်သက်ကြကုန်၏၊ သန္တိသုခကို အရသာရှိသည်ဟု မထင်ကြကုန်။ သုခဝေဒနာကို လိုလားရှာမှီးရသည့်အတွက်နှင့် အမျိုးမျိုးသော ဆင်းရဲတို့နှင့် တွေ့ကြုံရကုန်၏၊ သုခကိုရှာပါသော် ဒုက္ခတွင်းသို့သာ ဆင်းမိလျက် ငြားကြကုန်၏။
ဤကား ဝေဒနာနှင့်စပ်လျဉ်း၍ ပြဆိုအပ်သော စကားရပ်ပေတည်း။
မေး။ အဘယ်သို့လျှင် ဖဿကြောင့် ဝေဒနာဖြစ်ပေါ်သနည်း။
ဖြေ။ သုခဝေဒနာဖြစ်ပေါ်အောင် ကြိတ်နယ်ထိတွေ့သော ဖဿကိုအစွဲပြု၍ သုခဝေဒနာဖြစ်ပေါ်၏၊ ဒုက္ခဝေဒနာဖြစ်ပေါ်အောင် ကြိတ်နယ်တွေ့ထိသော ဖဿကိုအစွဲပြု၍ ဒုက္ခဝေဒနာဖြစ်ပေါ်၏၊ ဥပေက္ခာဝေဒနာကို ဖြစ်ပေါ်အောင် ကြိတ်နယ်တွေ့ထိသော ဖဿကို အစွဲပြု၍ ဥပေက္ခာဝေဒနာဖြစ်ပေါ်၏၊ စက္ခုစသော ဒွါရခြောက်ပါးတို့ကို ဖြန့်၍ ဖဿကြောင့် ဝေဒနာဖြစ်ပုံကို သိရာ၏။
ဤကား ဖဿကြောင့် ဝေဒနာဖြစ်ပေါ်ပုံတည်း။
ဤအဓိပ္ပါယ်ကိုရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌ဖဿခြောက်မည်၊ သူ့စွမ်းရည်ဖြင့်၊ ကြိတ်နည်သောအား၊ စက်ရှိန် ဝါး၍၊ ခြောက်ပါးအာရုံ၊ မြေ့မြေ့တုန်လျက်၊ ခြောက်စုံရသ၊ အနိဋ္ဌနှင့်၊ ဣဋ္ဌဟူသည်၊ အရည်ဒီးဒီး၊ ယိုထွက်စီးသော်၊ ဓာတ်သီး ခြောက်ဖြာ၊ ဝေဒနာဟု၊ ထွေလာအထူး၊ ထွက်ပေါ်မြူး၍၊ ခြောက်ဦး ရွှန်းစည်၊ အာရုံရည်ကို၊ မည်မည်ရရ၊ ခံစံကြမှ၊ သုဘသုဘာ၊ သာမသာနှင့်၊ ထွေလာ များတောင်း၊ ကောင်းမကောင်းလည်း၊ ထောင်းထောင်းငေါ်ငေါ်၊ သိထင်ပေါ်၍၊ ကောင်းသော်စိတ်ဝမ်း၊ ဖိတ်ဖိတ်လျှမ်းလျှင်၊ရွှင်လန်းနှလုံး၊ စွင့်စွင့်ပြုံး၏၊ မုန်းဖွယ်တွေ့က၊ ခြောက်သွေ့နွမ်းညှိုး၊ နှလုံးဆိုး၍၊ အခိုး လူလူ၊ ပွက်ပွက်ဆူမျှ၊ ပူပူပင်ပင်၊ မရွှင်မလန်း၊ စိတ်ကုန်ခန်း၏၊ ချမ်းသာ သုခ၊ တစ်ခုမျှ၌၊ လောကအထု၊ အကုန်စု၏၊ ပုပုရွရွ၊ မြင်သမျှလည်း၊ သုခဘို့ချည်း၊ လုံ့လသည်း၏၊ အရည်းသူမြတ်၊ ပရမတ်ကို၊ ချန်လှပ်ထား၍၊ အများလောက၊ ရှိသမျှကို၊ ဒုက္ခပွားမှု၊ များစွာပြုသည်။။ သုခဝေဒနာ စွမ်းရည်တည်း။
ဟူ၍ စပ်ဆိုတော်မူသည်။
ဖဿပစ္စယာ ဝေဒနာပြီး၏၊
---ဝေဒနာပစ္စယာ တဏှာ
(ဝေဒနာကြောင့် တဏှာဖြစ်ပေါ်၏၊)
“တဏှိယတီတိ တဏှာ”
တဏှိယတိ=ငတ်မွတ်တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ တဏှာ= တဏှာမည်၏။
မည်သည့်အခါကာလမှာမှ အလိုပြည့်ဝသည်ဟု မရှိဘဲ အမြဲငတ်မွတ်လျက်ရှိနေသည်ကို တဏှာဟူ၍ဆိုသည်။
ဤနေရာ၌ မန္ဓတ်စကြာမင်းကြီး၏ တဏှာအတွက်နှင့် ငတ်မွတ်ပုံကို ထုတ်၍ပြရာ၏။
တစ်နည်းကား--
“တဿတိ ပရိတဿတီတိ တဏှာ”
တဿတိ ပရိတဿတိ=တောင့်တ လိုချင်တတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ တဏှာ=တဏှာမည်၏။
မရှိသေးသောအရာကို တောင့်တမြှော်လင့်၍ တမ်းတမ်းစွဲ ဖြစ်နေမှုသည် တဏှာမည်၏ ဟူ၍ ဆိုလိုသည်။
ထိုတဏှာ၏ တောင့်တချက်သည် ကာလသုံးပါးကို အစွဲပြု၍ သုံးမျိုးရှိသည်။
- အတိတ်ကိုအစွဲပြု၍ ရှေးအခါ ဤဝတ္ထုမျိုးကို ငါရဘူး၏၊ ထိုဝတ္ထုမျိုးသည် ယခုအခါ ငါ့မှာ မရှိခဲ့ပါတကား ဩော် ဆင်းရဲလေစွဟူ၍ တောင့်တ၏။
- အနာဂတ်ကို အစွဲပြု၍ ဤကဲ့သို့သော ဝတ္ထုမျိုးသည် နောင်အခါ ငါ၌ရရှိပါမူကား ကောင်းလေစွဟူ၍ တောင့်တ၏။
- ပစ္စုပ္ပန်ကိုအစွဲပြု၍ ယခုအခါ ဤဝတ္ထုမျိုးကို သူတစ်ပါးရရှိကြလေသည်၊ ငါ့မှာမူကား မရပါ၊ ရလျှင် ကောင်းလေစွဟူ၍ တောင့်တလေ၏။
ဤကား တဏှာ၏ တောင့်တချက် သုံးပါးပေတည်း။
ထိုတဏှာသည်
၁။ ရူပတဏှာ,
၂။ သဒ္ဒတဏှာ,
၃။ ဂန္ဓတဏှာ,
၄။ ရသတဏှာ,
၅။ ဖောဋ္ဌဗ္ဗတဏှာ,
၆။ ဓမ္မတဏှာ,
အားဖြင့် ခြောက်ပါးအပြားရှိ၏။
- အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာတို့၌ သာယာတပ်မက်ခြင်းကို ရူပတဏှာဆိုသည်။
- အသံတို့၌ သာယာတပ်မက်ခြင်းကို သဒ္ဒတဏှာဆိုသည်။
- အနံ့တို့၌ သာယာတပ်မက်ခြင်းကို ဂန္ဓတဏှာဆိုသည်။
- အရသာတို့၌ သာယာတပ်မက်ခြင်းကို ရသတဏှာဆိုသည်။
- အတွေ့အထိဟူသမျှတို့၌ သာယာတပ်မက်ခြင်းကို ဖောဋ္ဌဗ္ဗတဏှာဆိုသည်။
(ဤတဏှာ ငါးပါးကား ကာမဂုဏ်ငါးပါး၌ တွယ်တာတပ်မက်သော တဏှာများပေတည်း။)
- ရူပါရုံစသော ကာမဂုဏ်အာရုံငါးပါးတို့မှတစ်ပါး ဓမ္မာရုံခေါ်သော တရားစု၌ သာယာတပ်မက်ခြင်းကို ဓမ္မတဏှာဆိုသည်။
ဓမ္မတဏှာ၏ အာရုံတို့ကား လွန်စွာနယ်ကျယ် များပြားကုန်၏၊ စက္ခုစသော အာယတနခြောက်ပါးတို့၌ သာယာသော တဏှာသည်လည်း ဓမ္မတဏှာပင်မည်၏၊ စက္ခုဝိညာဏ်စသော ဝိညာဏ်ခြောက်ပါးတို့၌ သာယာသော တဏှာသည်လည်း ဓမ္မတဏှာပင်မည်၏၊ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ စသည်တို့၌ သာယာသော တဏှာသည်လည်း ဓမ္မတဏှာပင်မည်၏၊ ယောကျ်ား မိန်းမ သားသမီး ရွှေ ငွေ ဥစ္စာ ရတနာ ဆင် မြင်း တိုက် အိမ် ဗိမာန်စသော ပညတ်အနန္တတို့၌ သာယာသော တဏှာသည် ဓမ္မတဏှာပင်မည်၏။
မေး။ အဘယ်သို့လျှင် ဝေဒနာဟူသောအကြောင်းကြောင့် တဏှာဖြစ်ပေါ်ပါသနည်း။
ဖြေ။ စက္ခုသမ္ဖဿဇာ ဝေဒနာကြောင့် ရူပတဏှာဖြစ်၏၊ ထိုရူပတဏှာသည် မျက်စိတည်းဟူသော ဒွါရမှဖြစ်ပေါ်၏။
ဤနည်းကိုမှီ၍ သဒ္ဒတဏှာ စသည်များကိုလည်း သိအပ်၏၊ ရူပတဏှာ၏သဘောမှာ အကြင်သူသည် မျက်စိအတွေ့ကြောင့် ဖြစ်သော ဝေဒနာကို သာယာ၏၊ ထိုမျက်စိ အတွေ့ကြောင့်ဖြစ်သော ဝေဒနာသည် အဆင်းရူပါရုံနှင့် ကင်း၍မဖြစ်နိုင်၊ အဆင်းရူပါရုံသည်လည်း အသက်ရှိသော အသက်မဲ့သော ဝတ္ထုများနှင့် ကင်း၍မဖြစ်နိုင်၊ ထို့ကြောင့် မျက်စိအတွေ့ကြောင့်ဖြစ်သော ဝေဒနာကို သာယာသည်ရှိသော် အဆင်းရူပါရုံကို၎င်း, ထိုရူပါရုံ၏ တည်ရာအဆောက်အဦဖြစ်သော သက်ရှိသက်မဲ့ ဝတ္ထုများကို၎င်း သာယာသည်မည်လေ၏၊ ထိုသို့ မျက်စိအတွေ့ကို သာယာသော တဏှာကိုပင်လျှင် ရူပါရုံတို့၌ သာယာခြင်းသို့ ရောက်လေသောကြောင့် ပရိယာယ်အားဖြင့် ရူပတဏှာဟူ၍ ဆိုရလေသည်။
စင်စစ်အားဖြင့်ဆိုသည်ရှိသော် မျက်စိ၌ အဆင်းရူပါရုံ ထင်မြင်လာ၏၊ ထိုအခါ စက္ခုဝိညာဏ်ဟုဆိုအပ်သော အမြင်စိတ်ဖြစ်ပေါ်လာ၏၊ ဤသုံးပါးကို ပေါင်းစု၍ ကြိတ်နယ်သကဲ့သို့ဖြစ်သော ဖဿဖြစ်ပေါ်လာ၏၊ ဖဿကြိတ်နယ် မှုကြောင့်ဖြစ်သော အာရုံ၏အရသာကို ဝေဒနာခံစား၏၊ ထိုဝေဒနာကို တဏှာက သာယာ၏၊ ဝေဒနာသည် တဏှာ၏အစာ အာဟာရဖြစ်၏၊ သို့ရာတွင် ဝေဒနာကို သာယာသော်လည်း ရူပါရုံကို သာယာသည်ဟု အဓိပ္ပါယ်ရောက်နေသောကြောင့် ရူပတဏှာဟူ၍ ဆိုလေသည်။
တိုက်ရိုက်အားဆိုသော် စက္ခုဒွါရ၌ဖြစ်ပေါ်သော တဏှာသည် စက္ခုသမ္ဖဿဇာ ဝေဒနာကို သာယာ၏၊ ရူပါရုံသည် တဏှာကြိုက်နှစ်သက်တတ်သော ဝေဒနာတို့ကို တဏှာအရှင်အား ဆက်သွင်းလေ၏၊ ရူပါရုံက ဆက်သွင်းသော ဝေဒနာတို့ကို တဏှာကသိမ်းပိုက် သာယာ၏၊ ရူပါရုံသည် တဏှာသခင်၏ လိုသမျှကို ဆက်သွင်းနိုင်သော သေဋ္ဌေးကြီးနှင့်တူ၏၊ သဒ္ဒတဏှာ စသည်တို့၌လည်း ဤနည်းအတိုင်း သိလေ။
ဤကား ဝေဒနာကြောင့် တဏှာဖြစ်ပေါ်ပုံတည်း ဤအဓိပ္ပါယ်ကို ရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌
သုခဝေဒနာ၊ စွမ်းရည်ဖြာ၍၊ ရသာမြိန်ရွှန်း၊ အစိမ့်မွန်းက၊ သွန်းသွန်းဆူကြွ၊ ထိုသုခ၌၊ ပိယဟူသား၊ အချစ်ပွါး၍၊ ခြောက်ပါးဝေဒနာ၊ မြိန်ယှက်စွာကို၊ လွယ်ကာမနှေး၊ ကိုယ်တိုင်ပေးသည်၊ သေဋ္ဌေးရတနာ၊ ပမာအလား၊ ကြင်မယားနှင့်၊ ဝတ်စားရွှေငွေ၊ လယ်မြေလုပ်ခင်း၊ ထမင်း ဘောဇဉ်၊ သဘင်ပွဲလမ်း၊ အဆန်းဆန်းတည့်၊ ပန်းမျိုးနံ့သာ၊ အဖြာဖြာလျှင်၊ ရူပါရမ္မဏ၊ စသည်အပုံ၊ ပဉ္စာရုံနှင့်၊ ခြောက်စုံဖဿ၊ စက္ခုစသား၊ ဒွါရခြောက်မည်၊ အကြည်အလင်း၊ ကိုယ်တွင်းဓာတ်နု၊ အစုစုလျှင်၊ ဗဟုဘေဒါ၊ များပြားစွာသည်၊ ဓမ္မာရမ္မဏ၊ ကာမဝတ္ထု၊ အစုအပုံ၊ ခြောက်အာရုံ၌၊ ခုံတမင်မင်၊ ခင်တများများ၊ နေ့စဉ်ပွါး၍၊ တရားအချက်၊ သဘောနက်ကို၊ အိပ်မက်တွင်မျှ၊ မမြင်ကြဘဲ၊ ကာမ ထောင်တွင်း၊ ခန္ဓာကင်းသည်။ ။ခြောက်သင်းတဏှာ စွမ်းရည်တည်း။
ဟူ၍ စပ်ဆိုတော်မူသည်။
ဝေဒနာပစ္စယာ တဏှာပြီး၏။
---တဏှာပစ္စယာ ဥပါဒါနံ
(တဏှာကြောင့် ဥပါဒါန်ဖြစ်ပေါ်၏၊)
“ဥပါဒိယတီတိ ဥပါဒါနံ”
ဥပါဒိယတိ=မြဲစွာစွဲလမ်းတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဥပါဒါနံ=ဥပါဒါန်မည်၏။
ခိုင်မြဲကြပ်တည်းစွာ မလွတ်ရက်ပဲ စွဲလမ်းသောတရားကို ဥပါဒါန်ဆိုသည်။ အကြင်တစ်စုံတစ်ရာသောဝတ္ထုကို သာယာစွဲလမ်းမှုကြောင့် အလွန်များပြားလှသော ဆင်းရဲဒုက္ခကို ရပါသော်လည်း ထိုဝတ္ထုကို မစွန့်လွတ်နိုင်၊ အပြစ်ဒေါသ အာဒီနဝတို့ကို မြင်ပါသော်လည်း ထိုဝတ္ထုကို မစွန့်လွတ်နိုင်၊ ဖားကို မြွေမြို၍ထားဘိသကဲ့သို့ အတင်းစွဲလမ်းသည်ကို ဥပါဒါန်မည်၏ဟူ၍ ဆိုလိုသည်။
ထိုဥပါဒါန်သည်
၁။ ကာမုပါဒါန်,
၂။ ဒိဋ္ဌုပါဒါန်,
၃။ သီလဗ္ဗတုပါဒါန်,
၄။ အတ္တဝါဒုပါဒါန်,
ဟူ၍ လေးပါးအပြားရှိ၏။
ကာမအစွဲအလမ်း, ဒိဋ္ဌိအစွဲအလမ်း, အကျင့်မှောက် အကျင့်မှား အစွဲအလမ်း, အတ္တအစွဲအလမ်းဟူ၍ ဆိုလိုသည်။
ထိုလေးပါးတို့တွင်
၁။ ချစ်ခင်နှစ်သက် စုံမက်သာယာဖွယ်ဖြစ်သော ရူပါရုံအစရှိသည့် ကာမဝတ္ထုတို့၌ မလွတ်ရက်ဘဲ ပြင်းစွာစွဲလမ်းသော ကာမတဏှာသည် ကာမုပါဒါန်မည်၏။
၂။ မှားယွင်းသောအယူတို့၌၎င်း, ဒိဋ္ဌိနှင့်ဆိုင်သော ဝတ္ထုတို့၌၎င်း, ကျမ်းဂန်တို့၌လည်းကောင်း, ဤအယူသာမှန်၏၊ အခြားအယူများကား အမှားချည်းသာတည်းဟူ၍ ပြင်းထန်ခိုင်မြဲစွာ စွဲလမ်းသောဒိဋ္ဌိသည် ဒိဋ္ဌုပါဒါန်မည်၏။
၃။ သမာဓိကိုဖြစ်စေတတ်သော ဘာဝနာ, ပညာကိုဖြစ်ပွါးစေတတ်သော ဘာဝနာလမ်းမှ ရှောင်ထွက်၍ မိမိကိုယ်ကို ပူပန်အောင် ကျင့်ခြင်းစသော အတ္တကိလမထာနုယောဂအကျင့်, အချည်းနှီးစက်ဆုပ်ဖွယ်ကျင့်သောအကျင့်, နွားတို့အကျင့် နွားတို့အလေ့သို့လိုက်သောအကျင့် ဤသို့သော ဗာဟိရကတိတ္ထိတို့၏ အကျင့်မျှနှင့် သံသရာမှ စင်ကြယ်စွာ ထွက်မြောက်နိုင်သည်၊ ဒုက္ခမှကင်းလွတ်နိုင်သည်ဟူ၍ အခိုင်အမြဲ စွဲလမ်းသောဒိဋ္ဌိတစ်မျိုးသည် သီလဗ္ဗတုပါဒါန်မည်၏။
၄။ သတ္တဝါတို့မှာ ခိုင်မြဲသောအတ္တရှိ၏၊ ထိုအတ္တဖြင့် တစ်ဘဝမှ တစ်ဘဝသို့ကူးပြောင်း၏၊ လူသေ၍ပြောင်းလဲသော်လည်း အတ္တမပြောင်းလဲ၊ ငါဧကန်ရှိသည်၊ သူတစ်ပါးဧကန်ရှိသည်၊ ယောကျ်ား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဧကန်ရှိသည်ဟူ၍ အတ္တကို အပြင်းအထန်စွဲလမ်းသော ဒိဋ္ဌိတစ်မျိုးသည် အတ္တဝါဒုပါဒါန်မည်၏။
ထိုအတ္တဝါဒုပါဒါန်ကို အတ္တဒိဋ္ဌိဟူ၍၎င်း, အတ္တာနုဝါဒဒိဋ္ဌိဟူ၍၎င်း, သက္ကာယဒိဋ္ဌိဟူ၍၎င်း ဆိုအပ်၏။
“အာဒီယတိ အဇ္ဈတ္တသာရဘာဝေန ဂဏှီယတီတိ အတ္တာ”
အဇ္ဈတ္တသာရဘာဝေန=သတ္တဝါတို့၏ အတွင်းကျသော အနှစ်သာရအဖြစ်ဖြင့်၊ အာဒီယတိ ဂဏှီယတိ=စွဲလမ်းသိမ်းပိုက်အပ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ အတ္တာ=အတ္တမည်၏။
သတ္တဝါတို့၏အတွင်း အနှစ်သာရအနေအားဖြင့် စွဲလမ်းတတ်သောသဘောကို အတ္တမည်၏ဟူ၍ဆိုလိုသည်။
“အတ္တာဣတိ ဝဒန္တိစေဝ ဥပါဒိယန္တိစ ဧတေနာတိ အတ္တဝါဒုပါဒါနံ”
ဧတေန=ဤဒိဋ္ဌိအယူဖြင့်၊ အတ္တာဣတိ= အတ္တအနှစ်သာရဟူ၍၊ ဝဒန္တိစေဝ=ပြောလည်းပြောဆိုကြကုန်၏်၊ ဥပါဒိယန္တိစ=စွဲလည်းစွဲလမ်းကြကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ အတ္တဝါဒုပါဒါနံ=အတ္တဝါဒုပါဒါန်မည်၏။
အနှစ်သာရ အတ္တဟူ၍လည်း ပြောဆိုကြကုန်၏၊ အတ္တဟုလည်း အခိုင်အမြဲ စွဲလမ်းကြကုန်၏၊ ထိုသို့ပြောဆို စွဲလမ်းကြောင်းဖြစ်၍ အတ္တဝါဒုပါဒါန်မည်၏ဟု ဆိုလိုသည်။
အတ္တဟူ၍ စွဲလမ်းပြောဆိုပုံမှာ- ငါသည် ငါ့ကို ငါနှင့် ငါ့အား ငါ၏ ငါ၌စသည်ဖြင့် ပြောဆိုသမျှသည် အတ္တကိုစွဲ၍ ပြောဆိုသည်မည်၏၊ ယောကျ်ားသွားလေသည်၊ မိန်းမစားသည်၊ မြင်းပြေးသည်စသော စကားများလည်း အတ္တကိုစွဲ၍ပြောဆိုသော စကားများပင် ဖြစ်လေသည်၊ လောက၌ အတ္တကိုများစွာ အစွဲပြု၍သာလျှင် ပြောဆိုသုံးစွဲကြကုန်၏၊ သမ္မုတိသစ္စာအားဖြင့် ပြောကြားသမျှသည် အတ္တအစွဲနှင့် မကင်းလွတ်ချေ။
အတ္တဟူ၍စွဲလမ်းပုံမှာ- အနမတဂ္ဂ သံသရာကစ၍ ယခုနေ့တိုင်အောင်ပင် အမြဲအမြံ စွဲလမ်းလျက်သာ ရှိနေကြကုန်၏၊ အတ္တဝါဒုပါဒါန် အတ္တဒိဋ္ဌိ အတ္တာနုဝါဒဒိဋ္ဌိများသည် ခန္ဓာငါးပါးတို့၌ အတ္တဟူ၍ ထင်မြင်ခြင်းများ ဖြစ်လေသည်။
သက္ကာယဒိဋ္ဌိဆိုသောစကား၌ သက္ကာယတစ်ပုဒ်, ဒိဋ္ဌိတစ်ပုဒ် ခွဲ၍ ဆိုရာ၏။
“ပစ္စက္ခတော သန္တော သံဝိဇ္ဇမာနော ကာယောတိ သက္ကာယော”
ပစ္စက္ခတော=မျက်မှောက်ဒိဋ္ဌအားဖြင့်၊ သန္တော သံဝိဇ္ဇမာနော= ထင်ရှားရှိသော၊ ကာယော=ခန္ဓာငါးပါးအပေါင်းတည်း၊ ဣတိတသ္မာ= ထို့ကြောင့်၊ သက္ကာယော=သက္ကာယမည်၏။
ပစ္စက္ခအားဖြင့် ထင်ရှားရှိနေသော ပဉ္စုပါဒါနက္ခန္ဓာ ငါးပါးကို သက္ကာယခေါ်သည်။
“သက္ကာယေ သော မေ အတ္တာတိ ပဝတ္တာ ဒိဋ္ဌိ သက္ကာယဒိဋ္ဌိ”
သက္ကာယေ=ပဉ္စုပါဒါနက္ခန္ဓာဟုဆိုအပ်သော သက္ကာယ၌၊ သော= ထိုခန္ဓာငါးပါးသည်၊ မေ=ငါ၏၊ အတ္တာ=အတွင်းအနှစ်သာရ အတ္တအစစ်ပေတည်း၊ ဣတိ ပဝတ္တာ=ဤသို့စွဲလမ်းသောအားဖြင့်ဖြစ်သော၊ ဒိဋ္ဌိ=ဒိဋ္ဌိသည်၊ သက္ကာယဒိဋ္ဌိ=သက္ကာယဒိဋ္ဌိမည်၏။
ပဉ္စုပါဒါနက္ခန္ဓာငါးပါး၌ အတ္တဟူ၍စွဲလမ်းသော ဒိဋ္ဌိသည် သက္ကာယဒိဋ္ဌိမည်၏ဟူ၍ ဆိုလိုသည်။
ထိုသက္ကာယဒိဋ္ဌိသည် ခန္ဓာငါးပါးတို့တွင် တစ်ပါးတစ်ပါး၌ စွဲလမ်းပုံ လေးပါးရှိသောကြောင့် နှစ်ဆယ်အပြားရှိ၏၊ ထိုသက္ကာယဒိဋ္ဌိ နှစ်ဆယ်ကို “ရူပံ အတ္တတော သမနုပဿတိ“စသောအားဖြင့် ပြည့်စုံစွာ မြတ်စွာဘုရား ဟောကြားတော်မူသည်။
ရူပက္ခန္ဓာ၌ စွဲလမ်းသော သက္ကာယဒိဋ္ဌိလေးပါး၏ အဓိပ္ပါယ်ကို အမြွက်မျှ ပြဆိုဦးအံ့
၁။ “ရုပ်ကို အတ္တဟူ၍ ထင်မြင်သည်“ဆိုသော ပထမအချက်၌ ရူပက္ခန္ဓာနှင့် အတ္တကိုမကွဲမပြားဘဲ တသားတည်း ထား၍ ထင်မြင်၏၊ ကျောက်ရုပ်နှင့်ကျောက်သားကို မကွဲမပြားဘဲ ရှုသကဲ့သို့တည်း။
၂။ “အတ္တကို ရုပ်ရှိ၏”ဟူ၍ထင်မြင်သည်ဆိုသော ဒုတိယအချက်၌ ငါ၏အတ္တသည် ရုပ်နှင့်ပြည့်စုံ၏၊ ရုပ်ရှိ၏ဟူ၍ ထင်မြင်သည်၊ သစ်ပင်ကို အရိပ်ရှိ၏ဟူ၍ထင်မြင်ရှုစားဘိသကဲ့သို့တည်း။
၃။ “အတ္တ၌ရုပ်ရှိ၏”ဟူသော တတိယအချက်၌ ငါ၏ ရူပက္ခန္ဓာသည် အတ္တပေါ်မှာတည်၏ဟူ၍ထင်မြင်သည်၊ ပန်းနံ့သည် ပန်းပွင့်မှာ တည်သည်ဟု ရှုဆင်ခြင်သကဲ့သို့တည်း။
၄။ “ရုပ်၌အတ္တရှိသည်”ဟူသော စတုတ္ထအချက်၌ ငါ၏အတ္တသည် ရုပ်ပေါ်မှာတည်၏ဟူ၍ထင်မြင်သည် ကြုတ်ထဲမှာ ပတ္တမြားရှိ၏ဟူ၍ ရှုဆင်ခြင်သကဲ့သို့တည်း။
ဝေဒနက္ခန္ဓာစသည်တို့၌လည်း ဤနည်းအတိုင်း သိလေ။ သတ္တဝါတို့၏ ထင်မြင်စွဲလမ်းချက် အမျိုးမျိုးကို အစွဲပြု၍ဆိုသဖြင့် သက္ကာယဒိဋ္ဌိပေါင်းနှစ်ဆယ်အပြားကို ဟောကြားတော်မူ၏၊ ပုဂ္ဂိုလ်တစ်ဦးသည် ရုပ်ကိုအတ္တဟူ၍စွဲလမ်းထင်မြင်၏၊ ပုဂ္ဂိုလ်တစ်ဦးသည် အတ္တကို ရုပ်ရှိ၏ဟူ၍ စွဲလမ်းထင်မြင်၏၊ ပုဂ္ဂိုလ်တစ်ဦးသည် အတ္တ၌ ရုပ်ရှိ၏ဟူ၍စွဲလမ်းထင်မြင်၏၊ ပုဂ္ဂိုလ်တစ်ဦးသည် ရုပ်၌ အတ္တရှိ၏ဟူ၍စွဲလမ်းထင်မြင်၏၊ ဤသို့အသီးအသီး ကိုယ့်သဘောနှင့်ကိုယ် မှတ်ထင်စွဲလမ်းကြကုန်သည်။
ဝေဒနက္ခန္ဓာစသည်တို့မှာလည်း ဤနည်းအတိုင်း သိလေထိုသက္ကာယဒိဋ္ဌိအရာ၌ ငါသည်ချမ်းသာ၏, ငါသည်ဆင်းရဲ၏ ဟုဆိုရာ၌ ဝေဒနာက္ခန္ဓာကို အတ္တဟူ၍ စွဲလမ်းချက် ပေတည်း၊ ငါသည် ဤအရာများကို မှတ်သား၏ဟုဆိုရာ၌ သညာက္ခန္ဓာကို အတ္တဟူ၍ စွဲလမ်းချက်ပေတည်း၊ ငါသည် ဤအမှုကိုပြု၏, ငါသည် ဤစကားကိုဆို၏, ငါသည် ဤအကြံကို ကြံ၏, ငါသည် လိုချင်၏, ငါသည် သိစွမ်းနိုင်၏ဟု စသည်ဖြင့်ဆိုရာ၌ သင်္ခါရက္ခန္ဓာကို အတ္တဟူ၍ စွဲလမ်းချက်ပေတည်း၊ ငါသည် အဆင်းကို မြင်၏ဆိုရာ၌ စက္ခုဝိညာဏ်စိတ်ကို အတ္တဟူ၍ စွဲလမ်းချက်ပေတည်း။ (ပ)။ ငါသည်တွေ့ထိ၏ဟုဆိုရာ၌ ကာယဝိညာဏ်ကို အတ္တဟူ၍ စွဲလမ်းချက်ပေတည်း။ ဤသို့စသည်ဖြင့် ခန္ဓာငါးပါးတို့၌ အတ္တစွဲလမ်းချက်တို့သည် များကုန်၏။
မူလပဏ္ဏာသ အလဂ္ဂဒ္ဒူပမသုတ်၌ ဒိဋ္ဌိဖြစ်ပေါ်ရာဖြစ်သော ဌာနခြောက်ပါးကို “ဆယိမာနိ ဘိက္ခဝေ ဒိဋ္ဌိ ဌာနာနိ“စသည်ဖြင့် ဟောကြားတော်မူသည်။
ခြောက်ပါးဟူသည်ကား
၁။ ရူပက္ခန္ဓာ,
၂။ ဝေဒနာက္ခန္ဓာ,
၃။ သညာက္ခန္ဓာ,
၄။ သင်္ခါရက္ခန္ဓာ,
၅။ ဒိဋ္ဌ သုတ မုတ ဝိညာတ ဟုဆိုအပ်သော စိတ်၏ အာရုံဟူသမျှ,
၆။ နိစ္စထာဝရအမြဲတည်နေသည်ဟုဆိုအပ်သော တမလွန်လောက,
ဤခြောက်ပါးပေတည်း။
ဒိဋ္ဌိဌာနဖြစ်ပုံမှာ
၁။ “ရူပံ ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာတိ သမနုပဿတိ” ဤရုပ်သည် ငါ့ဥစ္စာတည်း, ရုပ်သည်ပင်လျှင် ငါဖြစ်၏, ထိုရုပ်သည် ငါ၏ကိုယ် အတ္တပေတည်းဟူ၍ ထင်မြင်၏၊ ဤစွဲလမ်းမှုသည် ရုပ်၌မီ၍ဖြစ်သောကြောင့် ထိုရုပ်သည် ဒိဋ္ဌိဖြစ်ရာဌာနဖြစ်လေသည်။ ၂-၃-၄ ဝေဒနာ သညာ သင်္ခါရတို့၌လည်း ထိုအတူပင်လျှင် စွဲလမ်းလေသည်။ သို့ဖြစ်၍ ဒိဋ္ဌိဌာနဖြစ်လေ၏။
၅။ မြင်အပ်သော အာရုံ ဟူသမျှတို့ကို ဒိဋ္ဌ, ကြားအပ်သော အာရုံဟူသမျှကို သုတ, နံအပ် လျက်အပ် တွေ့ထိအပ်သော အာရုံဟူသမျှကို မုတဆိုသည်။ ဒိဋ္ဌ သုတ မုတ ဟူသောစကားဖြင့် ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ယူခြင်းကိစ္စ ပြီးလေ၏၊ ဝိညာတဆိုသည်မှာ ထိုအာရုံငါးမျိုးတို့မှတစ်ပါး စိတ်ဖြင့်သိအပ်သမျှသော အာရုံဟူသမျှ အလုံးစုံကို သိမ်းရုံး၍ဆိုသည်၊ ထိုဒိဋ္ဌ သုတ မုတ ဝိညာတ တို့ကိုစွဲ၍လည်း ငါ့ဟာဖြစ်သည်, ငါဖြစ်သည်, ငါ၏ကိုယ်, ငါ၏ အတ္တဖြစ်သည်ဟူ၍ မှတ်ယူထင်မြင်သည်၊ သို့ဖြစ်၍ ထိုဒိဋ္ဌ သုတ မုတ ဝိညာတ များသည် ဒိဋ္ဌိဖြစ်ပေါ်ရာဌာနတစ်ပါး ဖြစ်လေ၏။
၆။ ဒိဋ္ဌိဖြစ်ရာဖြစ်သော တမလွန်လောကဆိုသည်မှာ တစ်စုံတစ်ခုသော ဒိဋ္ဌိအယူကို ယူ၍ ထိုဒိဋ္ဌိအယူ၌ ပညတ်ချက်တို့ကို ကျင့်ကြံ၍ စုတေသည်ရှိသော် ထိုတမလွန်လောက၌ဖြစ်၏၊ ဦးခေါင်းထက်၌ရှိသော ကောင်းကင်ဘုံသည်ရှိ၏၊ အလွန်ချမ်းသာ၏၊ ထိုကောင်းကင်ဘုံ၌ ဖြစ်ရလေသောအခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းတို့ကို လွန်မြောက်နိုင်ကုန်၏၊ ဤအကျင့်ကို ကျင့်ကြံသည်ရှိသော် ထိုကောင်းကင်ဘုံ၌ ထာဝရအမြဲတည်၍ ထာဝရဖြစ်သော ချမ်းသာကို ခံစားရ၏၊ ထိုတမလွန်လောကတို့ပင်လျှင် ငါ့ဟာဖြစ်သည်, ငါဖြစ်သည်, ငါ့အတ္တဖြစ်သည်ဟူ၍ ထင်မြင်စွဲလမ်း၏၊ သို့ဖြစ်၍ ဒိဋ္ဌိတို့ ယူဆကြသော ထာဝရဘုံသည်လည်း ဒိဋ္ဌိဌာနကြီးတစ်ပါး ဖြစ်လေ၏။
ဒိဋ္ဌိအရာ၌
၁။ အတ္တ,
၂။ အတ္တနိယ
ဟူ၍ နှစ်မျိုးရှိ၏။
- အတ္တဆိုသည်မှာ ယခင်က ပြဆိုခဲ့ပြီးသောအတိုင်း အတွင်း အနှစ်သာရကဲ့သို့ မှတ်ယူ၍ ငါ သူတစ်ပါး ယောကျ်ား မိန်းမအစရှိသည့် အမှတ်အထင်များပေတည်း။
- အတ္တနိယဆိုသည်မှာ အတ္တနှင့်စပ်သမျှ အတ္တပိုင်ဆိုင်သမျှသော အရာများကိုဆိုသည်။
အတ္တရှိသည်ရှိသော် အတ္တနိယရှိရာ၏၊ အတ္တမရှိလျှင် အတ္တနိယလည်းမရှိရာ။ အတ္တနိယရှိသည်ရှိသော် အတ္တရှိရာ၏၊ အတ္တနိယမရှိလျှင် အတ္တလည်းမရှိတန်ရာ၊ ဥစ္စာရှိမှသာ ဥစ္စာရှင်ရှိ၏၊ ဥစ္စာမရှိလျှင် အဘယ်မှာ ဥစ္စာရှင်ရှိပါအံ့နည်း။ စင်စစ်အားဖြင့်ဆိုသော် မျက်မှောက်ဘဝမှာသော်လည်း အတ္တဟူ၍ စင်စစ်မရှိ၊ အတ္တနိယဟူ၍လည်း စင်စစ်မရှိ၊ အတ္တ အတ္တနိယ ဆိုသောစကားမှာ သက္ကာယဒိဋ္ဌိကြောင့်ဖြစ်ပေါ်သော ထင်မြင်ချက်များဖြစ်လေသည်။ ထိုသို့မျက်မှောက် ဘဝမှာပင် စင်စစ်အားဖြင့် အတ္တ အတ္တနိယဟူ၍ မရမရှိခဲ့ပါလျှင် တမလွန်လောက၌ဖြစ်သော အတ္တသည်မြဲ၏၊ ထာဝရတည်၏၊ ဧကန္တချမ်းသာ၏ဟု ကြံစည်၍ ထာဝရမြဲ၍ ချမ်းသာသော တမလွန်ဘဝသို့ရောက်နိုင်ရန် ဒိဋ္ဌိပညတ်ချက်များကို ကျင့်ကြံအားထုတ်ခြင်းသည် အဘယ်မှာဖြောင့်မှန်နိုင်ပါမည်နည်း၊ ထိုသို့ တမလွန်လောက၏ နိစ္စ ထာဝရ ဧကန္တချမ်းသာဟူ၍ ထင်မြင်ချက်များနှင့် ထိုလောကသို့ သွားရောက်ခံစားရန် ကျင့်ကြံအားထုတ်မှုများသည် အချည်းနှီးမျှသာဖြစ်သော ဗာလုဿုက္ကတို့သာ ဖြစ်ကုန်သည်။
ဤကား သက္ကာယဒိဋ္ဌိနှင့် စပ်လျဉ်း၍ ပြဆိုအပ်သော စကားရပ်ပေတည်း
မေး။ အဘယ်သို့လျှင် တဏှာကြောင့် ကာမုပါဒါန်ဖြစ်ပေါ်ပါသနည်း။
ဖြေ။ တဏှာနှင့် ကာမုပါဒါန်သည် တရားကိုယ်အားဖြင့် ကွဲပြားသည်မဟုတ် အတူတူပင်ဖြစ်၏၊ သာယာတပ်မက်သော တဏှာသည်ပင်လျှင် ပြင်းထန်ခိုင်မြဲစွာ တပ်မက်စွဲလမ်းခြင်းသို့ ရောက်သောအခါ ကာမုပါဒါန်ဖြစ်လေ၏၊ နုသောတဏှာအခိုက်မှ ရင့်ခိုင်သော တဏှာအဖြစ်သို့ ရောက်လေသည်ကိုပင် ကာမုပါဒါန်ခေါ်သည်။
တဏှာနှင့်ကာမုပါဒါန်အထူးကို ဤသို့ပြဆိုကြကုန်သေး၏
- မရသေးသော အာရုံကို တောင့်တခြင်းသည် တဏှာမည်၏၊ ရရှိပြီးသောအာရုံကို စွဲလမ်းသိမ်းပိုက်၍ သာယာခြင်းသည် ကာမုပါဒါန်မည်၏။
- တဏှာသည် အလိုနည်းသော အပိစ္ဆဂုဏ်နှင့် ဆန့်ကျင်ဖက်ဖြစ်၏၊ ကာမုပါဒါန်သည် ရောင့်ရဲလွယ်သော သန္တုဋ္ဌိဂုဏ်နှင့် ဆန့်ကျင်ဖက်ဖြစ်၏။
- တဏှာသည် မရသေးသည်ကို ရှားမှီးရသော ဆင်းရဲ၏ အကြောင်းမူလဖြစ်၏၊ ကာမုပါဒါန်သည် ရပြီးသော အရာကို မြဲမြံစွာ စောင့်ရှောက်ရသော ဆင်းရဲ၏ အကြောင်းမူလဖြစ်၏။
ဤသို့ တဏှာနှင့် ကာမုပါဒါန်အထူးတို့ကို ပြဆိုကြကုန်၏၊ စင်စစ်အားသေးသော တဏှာနှင့် အားကြီးသော တဏှာများပေတည်း။ မေး။ အဘယ်သို့လျှင် တဏှာဟူသော အကြောင်းကြောင့် ဒိဋ္ဌုပါဒါန်ဖြစ်ပါသနည်း။
ဖြေ။ ဤလောက၌ ကာမဂုဏ်ကို အမြတ်တနိုးပြု၍ ခံစားလေ့ရှိကြကုန်သောသူတို့သည် ကာမဂုဏ်နှင့်စပ်ဆိုင်သော လမ်းတို့၌သာလျှင် အကြံအစည်များကြကုန်၏၊ ထို့ကြောင့် ထိုကာမဘောဂီသမားတို့မှာ ကာမုပါဒါန် များကြကုန်၏။
ထိုမှတစ်ပါး ကာမဂုဏ်တို့၌ အပြစ်ဒေါသကိုမြင်၍ ရသေ့ရဟန်းအဖြစ်သို့ကပ်ကြကုန်သော ပုဂ္ဂိုလ်တို့သည်ကား နောင်ဘဝ၌ ကောင်းစေရန်အတွက်နှင့် ဘဝသမ္ပတ္တိဖက်သို့ များစွာလေ့ကျက် ကြံစည်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့တွင် အကြင်သူတို့မှာ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်အထုသည် ထူကဲစွာ ပိတ်ဆို့လျက်ရှိ၏၊ ဝိပလ္လာသတရားတို့သည် အားကြီးစွာ ဖိစီးနှိပ်စက်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကြိယဒိဋ္ဌိဖြစ်ရန်ဖြစ်သော အကြောင်းတို့သည် ထင်မြင်လာကုန်၏၊ ထိုဒိဋ္ဌိဖြစ်ရန်ဖြစ်သော အကြောင်းတို့သည် ထိုပုဂ္ဂိုလ်တို့သန္တာန်မှာ လက်ခံစေခြင်း နှစ်သက်စေခြင်း ဟုဆိုအပ်သော ခမနရောစန တဏှာ၏အစွမ်းအားဖြင့် ခိုင်ခံ့သည်၏အဖြစ်သို့ ရောက်ကြလေကုန်၏၊ ဤသို့သော အကြောင်းအားဖြင့် တဏှာကြောင့် ဒိဋ္ဌုပါဒါန်ဖြစ်တတ်လေ၏။
အကြင်ရဟန်းပုဏ္ဏားတို့သည်ကား တဏှာလျှင်အကြောင်းရင်းရှိသော အတ္တဝါဒုပါဒါန်၌တည်၍ အတိတ်ဖြစ်သော ရှေ့အစွန်း၌ ထိုအတ္တ၏ဖြစ်ခဲ့သော ဂတိတို့ကို ရှာကြံစုံစမ်းကြကုန်၏၊ အနာဂတ်ဖြစ်သော နောက်အဖို့၌လည်း ထိုအတ္တ၏ ဖြစ်မည့်ဂတိတို့ကို ရှာမှီးစုံစမ်းကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် အတ္တ၏ရှေ့အစွန်းကို ရှာမှီးစုံစမ်းကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိဖြစ်ကုန်၏။
တစ်ဆယ့်ရှစ်ပါးအပြားရှိသော ဒိဋ္ဌိဖြစ်ရန်အကြောင်းတို့ကို ရှုမြင်ကြလေကုန်၏၊ အကြင်ပုဂ္ဂိုလ်တို့သည် အတ္တ၏နောက်အစွန်းကို ရှားမှီးစုံစမ်းကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် အပရန္တကပ္ပိကဒိဋ္ဌိဖြစ်ကုန်၏။
လေးဆယ့်လေးပါး အပြားရှိကုန်သော ဒိဋ္ဌိဖြစ်ရန်အကြောင်းတို့ကို ရှုမြင်ခြင်းတို့သည် ထိုပုဂ္ဂိုလ်တို့သန္တာန်မှာ လက်ခံခြင်း နှစ်သက်ခြင်း ဟုဆိုအပ်သော ခမနရောစန တဏှာ၏အစွမ်းအားဖြင့် ခိုင်ခံ့မြဲမြံသည်၏အဖြစ်သို့ ရောက်ကြလေကုန်၏၊ ဤကဲ့သို့သော အကြောင်းအားဖြင့်လည်း တဏှာကြောင့် ဒိဋ္ဌုပါဒါန်ဖြစ်တတ်လေသည်။
မေး။ အဘယ်သို့လျှင် တဏှာဟူသော အကြောင်းကြောင့် သီလဗ္ဗတုပါဒါန်ဖြစ်ပါသနည်း။
ဖြေ။ အချို့သောပုဂ္ဂိုလ်တို့သည် တဏှာလျှင် အကြောင်းရင်းရှိသော အတ္တဝါဒုပါဒါန်၌တည်၍ နောင်လာလတ္တံ့သော အနာဂတ်အဖို့၌ မိမိအတ္တဘော၏ စင်ကြယ်ရန် လမ်းပေါက်ကို ရှာကြံကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် အဝိဇ္ဇာဖုံးလွှမ်းခြင်းရှိကုန်သည်ဖြစ်၍ စင်ကြယ်ကြောင်း မဟုတ်သော နွားအလေ့ နွားအကျင့်စသည်တို့ကို စင်ကြယ်ကြောင်း ဧကန်ဖြစ်သည်ဟူ၍ ထင်မြင်ကြကုန်၏၊ ထိုမှတစ်ပါးလည်း မိမိကိုယ်ကို ပူပန်စေတတ်သော အတ္တန္တပအကျင့်, မိမိဆင်းရဲ ပင်ပန်းကြောင်းဖြစ်သော အတ္တကိလမထာနုယောဂအကျင့်, ပူပန်စေတတ်သောအကျင့်, စက်ဆုပ်ဖွယ်ဖြစ်သော အကျင့်ယုတ်တို့၌ စင်ကြယ်ကြောင်း မဟုတ်ကုန်ပဲလျက် စင်ကြယ်ကြောင်းဖြစ်သည်ဟူ၍ ထင်မြင်ကြလေကုန်၏၊ တစ်ဖန် ထိုထင်မြင်ချက်တို့သည် ထိုပုဂ္ဂိုလ်တို့ သန္တာန်၌ လက်ခံခြင်း နှစ်သက်ခြင်း ဟုဆိုအပ်သော ခမနရောစန တဏှာ၏အစွမ်းအားဖြင့် ခိုင်မြဲခြင်းသို့ ရောက်ကြလေကုန်၏၊ ဤသို့လျှင် တဏှာကြောင့် သီလဗ္ဗတုပါဒါန်ဖြစ်လေသည်။
မေး။ အဘယ်သို့လျှင် တဏှာဟူသောအကြောင်းကြောင့် အတ္တဝါဒုပါဒါန် ဖြစ်ပါသနည်း။
ဖြေ။ ဤသက္ကာယဒိဋ္ဌိမည်သည် ခန္ဓာငါးပါးတို့၌ သာယာစွဲလမ်းသော တဏှာလျှင် အကြောင်းရင်းရှိ၏၊ သာယာသော တဏှာနှင့်ကင်း၍ မဖြစ်နိုင်၊ သက္ကာယဒိဋ္ဌိဆိုသည်လည်း အတ္တဝါဒုပါဒါန်ပင်လျှင်တည်း၊ ထို့ကြောင့် တဏှာကြောင့် အတ္တဝါဒုပါဒါန်ဖြစ်ပုံသည် လွန်စွာထင်ရှားလှစွာ၏။
ဤပြဆိုအပ်ပြီးသော စကားရပ်သည်ကား တဏှာကြောင့် ဥပါဒါန်လေးပါးဖြစ်ပုံကို ပြဆိုသောစကားရပ်တည်း
ဤအဓိပ္ပါယ်ကိုရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌
တဏှာခြောက်မည်၊ အရင်းတည်၍၊ အရှည်များလျား၊ အစဉ်ပွါးက၊ လေးပါးအမှန်၊ ဥပါဒါန်လည်း၊ ခန္ဓာကာယ၊ အဇ္ဈတ္တနှင့်၊ ကာမအာရုံ၊ အလုံးစုံကို၊ အကုန်နှီးရင်း၊ အစွဲပြင်း၏၊ အသင်းပွါးများ၊ သားမယားက၊ စသည်ဖြာဖြာ၊ မဆုံးရာသား၊ ကာမာဝတ္ထု၊ စွဲလမ်းပြုသည်၊ ကာမုပါဒါန်။ တစ်ဖန်ထို့ပြင်၊ မိစ္ဆာဉာဉ်ဖြင့်၊ အမြင်ယွင်းဖောက်၊ အယူမှောက်သည်၊ ခြောက်ဆယ့်နှစ်ပါး၊ ပြားသည်ဒိဋ္ဌိ။ တစိထိုမှ၊ ဂေါသီလကို၊ ဝဋ်မှထုတ်တတ်၊ စွဲထင်မှတ်သည်၊ သီလဗ္ဗတုပါဒါန်။ ခန္ဓာငါးပါး၊ တရားအစု၊ ဓာတ်အနုကို၊ ကိုယ်ဟုစွဲကပ်၊ အမြဲမှတ်သည်၊ အတ္တဝါဒုပါဒါန်။ အထန်အပြင်း၊ အယူတင်း၍၊ ဝဋ်ခင်းဝဋ်နွယ်၊ ဝဋ်ပင် လယ်မှ၊ လွတ်ဖွယ်မအား၊ တမားမားသည်။။လေးပါးဥပါဒါန် စွမ်းရည်တည်း။
ဟူ၍စပ်ဆိုတော်မူသည်။
တဏှာပစ္စယာ ဥပါဒါနံ ပြီး၏။
ဥပါဒါနပစ္စယာ ဘဝေါ
(ဥပါဒါန်ကြောင့် ဘဝဖြစ်ပေါ်သည်)
ဤအရာ၌ “ဘဝ” သဒ္ဒါသည် ကြီးပွါးခြင်းအနက်ကို ဟော၏၊ ကြီးပွါးခြင်းမည်သည် ဤအရာ၌ သတ္တဝါတို့၏ ဘဝ အတ္တဘောကို ရရှိခြင်းပေတည်း၊ ထို့ကြောင့် အတ္တကိုရမှုသည်ပင်လျှင် ဤနေရာ၌ ဘဝမည်လေသည်။
ထိုဘဝသည်
၁။ ကံအစု,
၂။ ဝိပါက်အစု,
အားဖြင့် နှစ်ပါးအပြား ရှိ၏။
ကံအစုကို ကမ္မဘဝဆိုသည်။ ကံ၏ အကျိုးဖြစ်သော ဝိပါက်အစုကို ဥပပတ္တိဘဝ ခေါ်သည်။
ထိုဘဝ နှစ်မျိုးတွင် အကုသလ ကမ္မပထဆယ်ပါး, ကုသလ ကမ္မပထဆယ်ပါးတို့သည် ကမ္မဘဝမည်ကုန်၏၊ ကုသိုလ်ကံ အကုသိုလ် ကံများကို ကမ္မဘဝဆိုသည်။ ကံ၏အကျိုးဖြစ်သော ဝိပါက်များကို ဥပပတ္တိဘဝဆိုသည်။
ပါဏာတိပါတ အဒိန္နာဒါနစသော အကုသလကမ္မပထ တရား ဆယ်ပါး, ဒါန သီလ ဘာဝနာစသော ကုသလကမ္မပထတရား ဆယ်ပါးတို့ ကား ထင်ရှားပြီ။
ကမ္မဘဝတွင်ပါဝင်သော ကုသိုလ်ကံများနှင့်စပ်၍ သိမှတ်ဖွယ် ကောင်းသော အချက်ကို အမြွက်မျှ ပြဆိုဦးအံ့
၁။ ဝဋ္ဋနိဿိတ ကုသိုလ်,
၂။ ဝိဝဋ္ဋနိဿိတ ကုသိုလ်,
ဟူ၍ ကုသိုလ်နှစ်မျိုးနှစ်ပါးရှိ၏၊။ထိုနှစ်ပါးတို့တွင်* ဤမျက်မှောက်ဘဝ၌ ဂုဏ်ပကာသန ကျော်ဇောကိတ္တိကို ရရှိခြင်းငှာလည်းကောင်း, နောင်တမလွန်ဘဝ၌ လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံ တို့၌ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာကို ရရှိခြင်းငှာလည်း ကောင်း ပြုလုပ် အားထုတ်အပ်သော ဒါန သီလစသော ကုသိုလ်မျိုးသည် ဝဋ္ဋနိဿိတကုသိုလ်မည်၏၊ လောကီဝဋ်ဘုံထဲ၌ တစ်ဝဲလည်လည် ကျင်လည်စေတတ်သော ကုသိုလ်မျိုးဆိုလိုသည်။
ထိုဝဋ္ဋနိဿိတ ကုသိုလ်ကို အဝိဇ္ဇာပစ္စယာ သင်္ခါရာဟူသောပုဒ်၌ သင်္ခါရထဲသို့ ထည့်သွင်းအပ်၏၊ ဤဘဝအရာ၌လည်း ကမ္မဘဝ၌ ထည့်သွင်းအပ်လေ၏။
* ယခုမျက်မှောက်ဘဝ၌ ဂုဏ်ပကာသနနှင့် ကျော်ဇောကိတ္တိ ကို မငဲ့မူ၍လည်းကောင်း, နောင်တမလွန်လောက၌ ဘဝ သမ္ပတ္တိကို မငဲ့မူ၍လည်းကောင်း,
“ဣဒံ မေ ပုညံ အာယတိံ တဏှာက္ခယာယ ပစ္စယော ဟောတု”
မေ=ငါ၏၊ ဣဒံပုညံ=ဤကောင်းမှုသည်၊ အာယတိံ=နောင်အခါ၌၊ တဏှာက္ခယာယ=တဏှာကုန်ခန်း နိဗ္ဗာန်လမ်းပေါက်ခြင်း၏၊ ပစ္စယော= အကြောင်းသည်၊ ဟောတု=ဖြစ်ပါစေသတည်း။ ဤသို့ရည်ရွယ်၍ ဝဋ်ကင်းရာ တဏှာချုပ်ရာဖြစ်သော နိဗ္ဗာန်ကို တိုက်ရိုက်တောင့်တ၍ ပြုလုပ်အပ်သော ဒါန သီလစသည့် ကုသိုလ်မျိုးသည် ဝိဝဋ္ဋနိဿိတ ကုသိုလ်မည်၏၊ လောကီဝဋ်မှ လွတ်ထွက်နိုင်သော ကုသိုလ်ဆိုလိုသည်။
ထိုဝိဝဋ္ဋနိဿိတ ကုသိုလ်ကိုမူကား သင်္ခါရပုဒ်၌လည်း မထည့်သွင်း အပ်။ကမ္မဘဝ၌လည်း မထည့်သွင်းအပ် အဘယ်ကြောင့်နည်းဆိုသော် ပဋိစ္စသမုပ္ပါဒ် ဒေသနာသည် ဝဋ်လည်ပုံကိုရည်၍ ဟောအပ်သော ဝဋ္ဋကထာဒေသနာ ဖြစ်လေသောကြောင့်တည်း။
ထိုဝိဝဋ္ဋနိဿိတ ကုသိုလ်သည်လည်း
၁။ ပါရမီပက္ခိယ ကုသိုလ်,
၂။ ဗောဓိပက္ခိယ ကုသိုလ်,
ဟူ၍ နှစ်မျိုးရှိပြန်၏။
ပါရမီအသင်းအပင်းသို့ ပါဝင်သောကုသိုလ်, မဂ်ဉာဏ် အသင်း အပင်းသို့ ပါဝင်သောကုသိုလ် ဟူ၍ဆိုလိုသည်။
၁။ နောင်အခါ ဗောဓိဆုလေးပါးတို့တွင် တစ်ပါးပါးကို ရည်ရွယ်၍ ပါရမီ ဖြည့်ဆည်းပူးသော အနေအားဖြင့် ပြုလုပ်အပ်သော ဒါနစသည့်ကုသိုလ်များကို ပါရမီပက္ခိယကုသိုလ်ခေါ်သည်၊ ပါရမီဖြည့် ဆည်းပူးအပ်သော ပုဂ္ဂိုလ်တို့၏ ကုသိုလ်မျိုးပေတည်း။
၂။ ယခု မျက်မှောက်ဘဝ၌ပင်သော်လည်းကောင်း, ဤဘုရား သာသနာ၌သော်လည်းကောင်း မဂ်ဉာဏ်ကိုရခြင်းငှာ ပြုလုပ်အပ်သော သီလစသည့် ကုသိုလ်မျိုးကို ဗောဓိပက္ခိယကုသိုလ်ခေါ်သည်။
ဥပမာအားဖြင့် ဘုရားလောင်း သုမေဓာဘဝမှစ၍ ပြုလုပ် ဆည်းပူးအပ်သော ဒါနစသော ကုသိုလ်မျိုးသည် ပါရမီပက္ခိယကုသိုလ် မည်၏၊ သိဒ္ဓတ္ထမင်းသားဘဝ၌ တောထွက်တော်မူပြီး၍ ဘုရားဖြစ်ခြင်းငှါ ကျင့်ကြံအားထုတ်အပ်သော ကုသိုလ်မျိုးသည် ဗောဓိပက္ခိယ ကုသိုလ် မည်၏၊ ဤသို့ ဝေဖန်၍သိလေ။
ဤဗောဓိပက္ခိယကုသိုလ်ကိုရည်၍ ထိုထိုပါဠိတော်ကြီးတို့၌သတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါသဂ္ဂပရိဏာမိတံ။
စသော ဒေသနာများကို ဟောကြားတော်မူသည်။
အနက်ကား။။ ဝိဝေကနိဿိတံ=ကိလေသာမှ ဆိတ်ရာဖြစ်သည့် နိဗ္ဗာန်ကိုမှီသော၊ ဝိရာဂနိဿိတံ=ရာဂ ကင်းရာဖြစ်သည့် နိဗ္ဗာန်ကိုမှီသော၊ နိရောဓနိဿိတံ=ဘေးဒုက္ခကင်းချုပ်ရာဖြစ်သည့် နိဗ္ဗာန်ကိုမှီသော၊ ဝေါသဂ္ဂပရိဏာမိတံ=ကိလေသာတို့ကို စွန့်လွှတ်ရာဖြစ်သည့် နိဗ္ဗာန်သို့ ကိုင်းရှိုင်းသော၊ သတိသမ္ဗောဇ္ဈင်္ဂံ=သတိသမ္ဗောဇ္ဈင်တရားကို၊ ဘာဝေတိ= ပွါးများ၏။
ထိုမှတစ်ပါးလည်း သောတာပတ္တိယင်္ဂတရားလေးပါးတို့ကို ထိုထိုပါဠိတော်တို့၌ ဟောတော်မူအပ်ကုန်၏၊ သောတာပန်ဖြစ်ရန် အခြေခံဖြစ်သော ဤသောတာပတ္တိယင်္ဂတရား လေးပါးတို့ကိုလည်း ဗောဓိပက္ခိယကုသိုလ်၌ ထည့်သွင်းအပ်ကုန်၏၊ ထိုမှတစ်ပါးလည်း နာမ်ရုပ်နှင့်စပ်ဆိုင်သော သုညတတရားတို့ကို ဖော်ပြသည့်သုတ္တန်တို့ကို ကြားနာခြင်း, ဆောင်ရွက်ကျက်မှတ်ခြင်း, မေးမြန်းစုံစမ်းခြင်း, ဆုံးဖြတ်ခြင်း စသည်တို့နှင့်ယှဉ်ကုန်သော ကလျာဏပုထုဇ္ဇန်ဖြစ်ကြောင်း စူဠသောတာ ပန်ဖြစ်ကြောင်းဖြစ်သော ကုသိုလ်မျိုးတို့သည်ရှိကုန်၏၊ ထိုကုသိုလ် မျိုးကိုလည်း ဗောဓိပက္ခိယ ကုသိုလ်မျိုး၌ ထည့်သွင်းအပ်ကုန်၏။
မာ ဘိက္ခဝေ ပုညာနိ ဘာယိတ္ထ၊ သုခေဿတံ အဓိဝစနံ ယဒိဒံ ပုညာနီတိ။
အစရှိသော ဒေသနာတော်များသည် ပါရမီပက္ခိယ ကုသိုလ်ကို ရည်စူး၍ ဟောကြားတော်မူအပ်သော ဒေသနာ တော်များ ဖြစ်လေသည်။ အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ ပုညာနိ=ကုသိုလ်ကောင်းမှု တို့ကို၊ မာ ဘာယိတ္ထ=မကြောက်ကြကုန်လင့်၊ ယဒိဒံ ပုညာနီတိ=အကြင် ကုသိုလ်ကောင်းမှုဟူသောစကားသည်၊ အတ္ထိ=ရှိ၏၊ ဧတံ=ထိုကုသိုလ် ဟူသောစကားသည်၊ သုခဿ=ချမ်းသာအပေါင်း၏၊ အဓိဝစနံ=အမည် စကားရင်းပေတည်း။
သာသနာတော်မှ အပဖြစ်သော အညတိတ္ထိယဝါဒီတို့ လုပ်အပ် သော ကုသိုလ်ကောင်းမှုတို့သည်လည်း ရှိကုန်၏၊ ထိုသူတို့ ပြုလုပ်အပ် သော ကုသိုလ်ပုညများသည်ကား ဝဋ္ဋနိဿိတ သက်သက်တို့သာဖြစ် ကုန်၏၊ ထိုစကားမှန်၏၊ သာသနာတော်မှ အပဖြစ်ကုန်သော ထိုဗာဟိရက တိတ္ထိတို့သည် ဝိဝဋ္ဋဖြစ်သော နိဗ္ဗာန်ကိုပင် မသိရှာကြလေ ကုန်၊ ထိုသူတို့၏ ကုသိုလ်ကို သင်္ခါရပုဒ်, ကမ္မဘဝပုဒ်တို့၌ ထည့်သွင်း အပ်၏၊ သင်္ခါရပုဒ်, ဘဝပုဒ်တွင် ပါဝင်သော ကုသိုလ်,အကုသိုလ်မျိုးကို ရည်၍ပင်လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့ဟောကြား တော်မူ၏။
“ချစ်သားရဟန်းတို့ အလွန်တရာပူပန်ဆင်းရဲ၍ ကြောက်မက်ဖွယ် ကောင်းလှသော ငရဲမည်သည်ရှိ၏၊ ထိုငရဲဘုံ၌ ရှိရှိသမျှတို့သည် အနိဋ္ဌ တို့သာဖြစ်ကုန်၏၊ မျက်စိဖြင့် ရှုမြင်လျှင်လည်း ကြောက်လန့်ဖွယ်ရာ အနိဋ္ဌာရုံတို့ကိုသာလျှင် တွေ့မြင်ရ၏၊ နားဖြင့်လည်း ကြောက်လန့်ဖွယ်ရာ အနိဋ္ဌာရုံတို့ကိုသာ ကြားရ၏၊ (ပ)။ စိတ်ဖြင့် တွေးဆလျှင်လည်း ကြောက် လန့်ဖွယ်ရာ အနိဋ္ဌာရုံတို့ကိုသာ သိရ၏”
ဤသို့ဟောတော်မူသည်ရှိသော် အမှတ်မထင်သော ရဟန်း တစ်ပါးက ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို ဤသို့ လျှောက်ထား လေ၏။
“အရှင်ဘုရား ဟောပြတော်မူအပ်သော ထိုငရဲ အပူအပန်သည် လွန်စွာကြီးစွတကား၊ ထိုငရဲအပူအပန်သည် လွန်စွာကြောက်မက်ဖွယ် ကောင်းစွတကား၊ အရှင်ဘုရား လျှောက်ထားပါဦးအံ့၊ ထိုငရဲအပူအပန် ထက် ကြီးသောအပူမျိုးသည်ရှိသေးသလော၊ ထိုငရဲကြောက်မက်ဖွယ် ထက် ကြီးသောကြောက်မက်ဖွယ် မျိုးသည် ရှိပါသေးသလော”ဟူ၍ လျှောက်ထားလေ၏၊။ ထိုအခါ မြတ်စွာဘုရားက
“ချစ်သားရဟန်းထိုထက်ပူပန်၍ ထိုထက်ကြောက်မက်ဖွယ် ကောင်းသော အရာသည် ရှိလေသေး၏”ဟူ၍မိန့်တော်မူ၏၊။ထိုအခါ ထိုရဟန်းက
“အပူအပန်နှင့် ကြောက်မက်ဖွယ်ဟူသည် အဘယ်ဖြစ်ပါသနည်း” ဟူ၍လျှောက်ထားလေ၏၊။ ထိုအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရား က ဤသို့ဟောကြားတော်မူ၏၊ “အိုချစ်သား အကြင်ရဟန်းပုဏ္ဏား တို့သည် သစ္စာလေးပါး တရားအမှန်တို့ကို မသိကြလေကုန်၊ ထိုရဟန်း ပုဏ္ဏားတို့သည် ပဋိသန္ဓေနေခြင်း ဇာတိကို ဖြစ်စေတတ်ကုန်သော သင်္ခါရ တို့၌ မွေ့လျော်ကြလေကုန်၏၊ အိုခြင်း သေခြင်း စိုးရိမ် ပူဆွေးရခြင်း ပင်ပန်းခြင်းကို ဖြစ်စေတတ်ကုန်သော သင်္ခါရတို့၌ မွေ့လျော်ကြကုန်၏၊ ထိုသင်္ခါရတို့၌ မွေ့လျော်ကြကုန်သောပုဂ္ဂိုလ်တို့သည် ဇာတိစသည်တို့ကို ဖြစ်စေတတ်ကုန်သော သင်္ခါရမျိုးတို့ကို ပြုလုပ်အားထုတ်ကြလေကုန်၏၊ ထိုသင်္ခါရတို့ကို ပြုလုပ်အားထုတ်ကြကုန်သည်ရှိသော် ပဋိသန္ဓေနေခြင်း တည်းဟူသော အပူမျိုးဖြင့် ပူပန်ကြရကုန်၏၊ အိုမှုအပူမျိုးဖြင့်လည်း ပူပန်ကြရကုန်၏၊ သေမှုအပူမျိုးဖြင့်လည်း ပူပန်ကြရကုန်၏၊ စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာမှု လွန်စွာပင်ပန်းမှုဟုဆိုအပ်သော အပူမျိုး တို့ဖြင့်လည်း ပူပန်ကြရကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ပဋိသန္ဓေနေခြင်းအိုခြင်း နာခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း လွန်စွာပင်ပန်းခြင်းတည်းဟူသော ကြောက်မက်ဖွယ်ဘေးတို့မှ မလွတ်နိုင် ကြကုန်၊ အမျိုးမျိုးသော ဆင်းရဲအပေါင်းတို့မှ မလွတ်နိုင်ကြကုန်ဟူ၍ ငါဘုရား ဟောကြားတော်မူ၏”ဟူ၍ မိန့်တော်မူသည်။
ဥပပတ္တိဘဝသည်--
၁။ ကာမဘဝ,
၂။ ရူပဘဝ,
၃။ အရူပဘဝ,
၄။ သညီဘဝ,
၅။ အသညီဘဝ,
၆။ နေဝသညီနာသညီဘဝ,
၇။ ဧကဝေါကာရဘဝ,
၈။ စတုဝေါကာရဘဝ,
၉။ ပဉ္စဝေါကာရဘဝ,
အားဖြင့် ဘဝကိုးပါးရှိ၏။
၁။ ထိုကိုးပါးတို့တွင် ကာမတစ်ဆယ့်တစ်ဘုံ၌ရှိသော သတ္တဝါတို့၏ အတ္တဘောသည် ကာမဘဝမည်၏။
၂။ ရူပတစ်ဆယ့်ခြောက်ဘုံ၌ရှိသော ဗြဟ္မာတို့၏ အတ္တဘောသည် ရူပဘဝမည်၏။
၃။ အရူပလေးဘုံ၌ရှိသော ဗြဟ္မာတို့၏ အတ္တဘောသည် အရူပဘဝမည်၏။
၄။ စိတ်သညာတို့နှင့် ပြည့်စုံသော ဘဝသည် သညီဘဝမည်၏။
ထိုသညီဘဝသည် ကာမတစ်ဆယ့်တစ်ဘုံ, အသညသတ်ကြဉ် သော ရူပ ၁၅-ဘုံ, နေဝသညာ နာသညာယတနကြဉ်သော အရူပလေး ဘုံ ဤနှစ်ဆယ့်ကိုးဘုံတို့၌ ဖြစ်သော ပုဂ္ဂိုလ်တို့၏ အတ္တဘောပေတည်း။
၅။ စိတ်သညာတို့မှကင်းသော အသညသတ် ဗြဟ္မာတို့၏ အတ္တဘောသည် အသညီဘဝမည်၏။
၆။ နေဝသညာ နာသညာယတန ဗြဟ္မာတို့၏ အတ္တဘောသည် နေဝသညီ နာသညီဘဝမည်၏။
၇။ ရုပ်ခန္ခာတစ်ပါးမျှသာရှိသော အသညသတ်၏ အတ္တဘောသည် ဧကဝေါကာရဘဝမည်၏။
၈။ နာမ်ခန္ဓာလေးပါးရှိသော အရူပဗြဟ္မာတို့၏ အတ္တဘောသည် စတုဝေါကာရဘဝမည်၏။
၉။ ခန္ဓာငါးပါးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့၏ အတ္တဘောသည် ပဉ္စဝေါကာရဘဝမည်၏။
ထိုပဉ္စဝေါကာရဘဝသည် ကာမတစ်ဆယ့်တစ်ဘုံ, အသညသတ် ကြဉ်သော ရူပတစ်ဆယ့်ငါးဘုံ, ဤနှစ်ဆယ့်ခြောက်ဘုံတို့၌ရှိသော ပုဂ္ဂိုလ်တို့၏ အတ္တဘောပေတည်း။
ထိုဘဝကိုးပါးတို့ကိုပင်လျှင် တဏှာဒိဋ္ဌိတို့သည် ပြင်းစွာစွဲလမ်း အပ်သောကြောင့် ဥပါဒိန္နတို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ သတ္တလောက ကြီး၏ အရင်းမူလ ပဓာနကြီးတွေဖြစ်သောကြောင့် ထိုဘဝကိုးပါးတို့ကို ပင်လျှင် အတ္တဟူ၍၎င်း, ပုဂ္ဂိုလ် သတ္တဝါဟူ၍၎င်း ပညတ်ခေါ်ဝေါ်အပ် ကုန်၏၊ ထိုဘဝကိုးပါးကို အစွဲပြု၍ပင်လျှင် သတ္တပညတ် အမျိုးမျိုးတို့ ဖြစ်ပေါ်ကုန်၏။
ထိုဘဝကိုးပါးတို့၌- ပစ္စုပ္ပန်အားဖြင့် ထင်ရှားနေကြကုန်သော အတ္တဘောဟူ၍ ဆိုအပ်သည့် ဥပပတ္တိဘဝ ကြီးကြီးငယ်ငယ်တို့သည် ယခုမျက်မြင် ထင်ရှားရှိနေကြကုန်သော သစ်ပင် ကြီးကြီးငယ်ငယ်တို့နှင့် တူကုန်၏၊။ ထိုသစ်ပင်တို့ကို ပေါက်ရောက် စေတတ်ကုန်သော မျိုးစေ့ အမျိုးမျိုးတို့ကဲ့သို့ ထိုပစ္စုပ္ပန် ဥပပတ္တိဘဝတွေကို ထူထောင်တတ်ကုန်သော အတိတ် ကမ္မဘဝတို့ကို မှတ်အပ်ကုန်၏၊ ထိုသစ်ပင်တို့မှ သီးသော အသီးတို့ကဲ့သို့ ပစ္စုပ္ပန် ဥပပတ္တိဘဝတို့မှ ဖြစ်ပေါ်ကုန်သော ပစ္စုပ္ပန် ကမ္မဘဝအမျိုးမျိုးတို့ကို မှတ်အပ်ကုန်၏၊ ပစ္စုပ္ပန်ကမ္မဘဝအမျိုးမျိုး တို့သည် အနာဂတ်ကာလ၌ ဥပပတ္တိဘဝအမျိုးမျိုးတို့ကို ထူထောင်ကြပြန် ကုန်၏၊ မျိုးရှိလျှင် သစ်ပင်ပေါက်၏၊ ထိုသစ်ပင်မှ အသီးသီး၏၊ ထိုအသီး မှတစ်ဖန် သစ်ပင်ဖြစ်ပြန်၏၊ ဤသို့ဆက်နွယ်၍နေသဖြင့် သစ်ပင်မျိုး ဇာတ် မပြတ်နိုင်ဘဲ ရှိလေသကဲ့သို့ အတိတ်ကမ္မဘဝရှိ၍ ပစ္စုပ္ပန် ဥပပတ္တိ ဘဝဖြစ်ပေါ်၏၊ ပစ္စုပ္ပန် ဥပပတ္တိဘဝမှ ပစ္စုပ္ပန်ကမ္မဘဝတို့သည် ဖြစ် ကုန်၏၊ ပစ္စုပ္ပန်ကမ္မဘဝမှ တစ်ဖန် အနာဂတ် ဥပပတ္တိဘဝတို့သည် ဖြစ်ကုန်၏၊ ဤသို့ ကမ္မဘဝ ဥပပတ္တိဘဝ နှစ်ပါးတို့သည် အစဉ်မပြတ် စက်ရဟတ်လည်သကဲ့သို့ ဖြစ်နေသောကြောင့် ဘုံမပြတ် ဘဝမပြတ် သံသရာစက် ရဟတ်ကြီးလည်၍ ဖြစ်နေလေသည်။
ဤကား ဥပပတ္တိဘဝနှင့်စပ်၍ ဆိုအပ်သောစကားရပ်ပေတည်း
မေး။ အဘယ်သို့လျှင် ဥပါဒါန်ဟူသော အကြောင်းကြောင့် ဘဝ ဖြစ်ပေါ်ပါသနည်း။
ဖြေ။ အကြင်ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့အား ဥပါဒါန်တရား လေးပါးတို့ကို မဂ်ဖြင့်အကြွင်းမဲ့ မပယ်သတ်အပ်ကုန်၊ ထိုပုထုဇ္ဇန် ပုဂ္ဂိုလ်တို့အား ကာမုပါဒါန်ဟုဆိုအပ်သော တဏှာလောဘကြောင့် ကာမနှင့် စပ်ဆိုင် သော ကာယကံ ဝစီကံ မနောကံတို့ကို ပြုလုပ်ကြိုးစား ကြလေကုန်၏၊ ထိုအခါ ကာမုပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပေါ်လေ၏။
ထိုပုထုဇ္ဇန်တို့သည် ဒိဋ္ဌုပါဒါန်ဟူသော အကြောင်းကြောင့် ထိုထို ဒိဋ္ဌိအယူနှင့် စပ်လျဉ်းသမျှသော ကာယကံ ဝစီကံ မနောကံတို့ကို ပြုလုပ်ကြိုးစားကြလေကုန်၏၊ ထိုအခါ ဒိဋ္ဌုပါဒါန်ဟူသော အကြောင်း ကြောင့် ကမ္မဘဝဖြစ်လေ၏။
ထိုပုထုဇ္ဇန်တို့သည် သီလဗ္ဗတုပါဒါန်ဟူသော အကြောင်းကြောင့် နွားအကျင့် ခွေးအကျင့် စသည်တို့နှင့် စပ်ဆိုင်သော ကာယကံ ဝစီကံ မနောကံတို့ကို ပြုလုပ်ကြကုန်၏၊ ထိုအခါ သီလဗ္ဗတုပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်ပေါ်၏။
ထိုပုထုဇ္ဇန်တို့သည် အတ္တဝါဒုပါဒါန်ဟူသော သက္ကာယဒိဋ္ဌိကြောင့် အတ္တဒိဋ္ဌိနှင့်ဆိုင်သမျှသော ကာယကံ ဝစီကံ မနောကံတို့ကို ပြုလုပ်ကြလေ ကုန်၏၊ ထိုအခါ အတ္တဝါဒုပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပေါ်လေ၏။
ထိုပုထုဇ္ဇန်တို့သည် ကမ္မဘဝတို့ကို ပြုလုပ်ကြကုန်၍ ဥပါဒါန်တရား နှင့် တကွဖြစ်၍သာလျှင် စုတေသေလွန်ကြလေကုန်၏၊ ထိုအခါ စင်စစ်အားဖြင့် တစ်ဖန်ဘဝသစ်သို့ ကပ်ရောက် ဖြစ်ပွါးကြရလေကုန်၏၊ ဘဝသစ်၌ ဥပပတ္တိခန္ဓာတို့ ဖြစ်ပေါ်ကြလေကုန်၏။
ဤသို့လျှင် ဥပါဒါန်ဟူသော အကြောင်းကြောင့် ဘဝတို့ဖြစ်ကုန် သတည်း
ဤအဓိပ္ပါယ်ကိုရည်၍ ပဋိစ္စသမုပ္ပါဒ်၌
စွမ်းရည်ပြင်းထန်၊ ဥပါဒါန်ဖြင့်၊ ခန္ဓာဓမ္မ၊ ကိုယ်ကာယ၌၊ အတ္တအစွဲ၊ မြဲကြီးမြဲ၍၊ ရဲရဲရက်ရက်၊ ကိုယ်အတွက်ကြောင့်၊ သက်သတ်ခိုးမှု၊ စသည်ပြု လျက်၊ အကုသလ၊ ဓမ္မဆယ်တန်၊ အပြစ်လျှံ၏၊ တစ်ဖန်နောက်နှောင်း၊ ငါလျှင်ကောင်းစိမ့်၊ အကြောင်းရည်ရော်၊ အရှည်မြော်လျက်၊ သူတော် ဓလေ့၊ ရသေ့ရဟန်း၊ လှူဒါန်းဝေငှ၊ ပဉ္စင်္ဂနှင့်၊ အဋ္ဌအင်္ဂိ၊ ဒသင်္ဂိတည့်၊ လေးလီဗြဟ္မ၊ ဝိဟာရစျာန်၊ ဆယ်တန်ကသိုဏ်း၊ အလှိုင်းများစွာ၊ ဘာဝနာဟု၊ ဆယ်ဖြာပုည၊ ကုသလကို၊ လုံ့လကြိုးစား၊ ကောင်းမှုပွါး၏၊ နှစ်ပါးကုသိုလ်၊ အကုသိုလ်ဟု၊ ထိုထိုဘဝ၊ ဖြစ်သမျှ၌၊ ဗီဇပြည့်ဖြိုး၊ အမျိုးမျိုးကြောင့်၊ အကျိုးတရား၊ အရှည်ပွါးသည်။။ နှစ်ပါးဘဝ စွမ်းရည်တည်း။
ဥပါဒါနပစ္စယာ ဘဝေါ ပြီး၏။
---ဘဝပစ္စယာ ဇာတိ
(ဘဝကြောင့် ဇာတိဖြစ်ပေါ်သည်။)
“ဇာယန္တိ သတ္တာ သင်္ခါရာစ ဧတာယာတိ ဇာတိ” ဧတာယ=ဤတရားသဘောဖြင့်၊ သတ္တာစ=သတ္တဝါတို့သည်၎င်း၊ သင်္ခါရာစ=သင်္ခါရတို့သည်၎င်း၊ ဇာယန္တိ=ဖြစ်ပေါ် ကြကုန်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ဇာတိ=ဇာတိမည်၏။
သက်ရှိသက်မဲ့ဖြစ်သော သတ္တဝါသင်္ခါရတို့၏ ဖြစ်ကြောင်းတရား ကို ဇာတိဆိုသည်။
တနည်းကား
“ဇနနံ ဇာတိ”
ဇနနံ=ဖြစ်ပေါ်ခြင်း၊ ဇာတိ=ဖြစ်ပေါ်ခြင်း။
သတ္တဝါ သင်္ခါရတို့၏ ဖြစ်ပေါ်ခြင်းကို ဇာတိဆိုသည်။ ဥပပတ္တိဘဝကိုးပါး၏ ရှေးဦးအစ ပဋိသန္ဓေတည်နေခြင်း ကိစ္စ အားဖြင့် ဖြစ်ပေါ်မှုကို ဇာတိဆို၏။
ထိုဇာတိသည် ဘဝကိုးပါးကိုအစွဲပြု၍-
၁။ ကာမဇာတိ,
၂။ ရူပဇာတိ,
၃။ အရူပဇာတိ,
၄။ သညီဇာတိ,
၅။ အသညီဇာတိ,
၆။ နေဝသညီနာသညီဇာတိ,
၇။ ဧကဝေါကာရဇာတိ,
၈။ စတုဝေါကာရဇာတိ,
၉။ ပဉ္စဝေါကာရဇာတိ,
အားဖြင့် ကိုးပါးအပြားရှိ၏။
ထိုဇာတိကိုးပါးတို့တွင် ကာမဇာတိသည် ဖြစ်ပေါ်ပုံ ယောနိအပြား အားဖြင့်--
၁။ အဏ္ဍဇဇာတိ,
၂။ ဇလာဗုဇဇာတိ,
၃။ သံသေဒဇဇာတိ,
၄။ ဩပပါတိကဇာတိ,
အားဖြင့် လေးပါးအပြားရှိ၏။
ထိုလေးပါးတို့တွင်
“အဏ္ဍေ ဇာယန္တီတိ အဏ္ဍဇာ”
အဏ္ဍေ=အဥ၌၊ ဇာယန္တိ=ဖြစ်ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ အဏ္ဍဇာ=အဏ္ဍဇမည်ကုန်၏။
ဥမှ ပေါက်ဖွားကြကုန်သော ကြက် ငှက်စသော သတ္တဝါ, ငါး လိပ်စသော သတ္တဝါများကို အဏ္ဍဇဆိုသည်၊ ထိုအဏ္ဍဇသတ္တဝါတို့၏ ပဋိသန္ဓေနေမှုသည် အဏ္ဍဇဇာတိမည်၏။
သူငယ်၏တည်နေရာ “ကလလရေကြည်၏ တည်နေရာ” ဖြစ် သော သားအိမ်ကို ဇလာဗုဇခေါ်သည်။
“ဇလာဗုမှိ ဇာယန္တီတိ ဇလာဗုဇာ”
ဇလာဗုမှိ=သားအိမ်၌၊ ဇာယန္တိ=ဖြစ်တတ်ကုန်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ဇလာဗုဇာ=ဇလာဗုဇမည်ကုန်၏။
သားအိမ်၌ ပဋိသန္ဓေတည်နေ၍ ဖြစ်ကြကုန်သော လူစသော သတ္တဝါ, နွား, ကျွဲ, ဆင်, မြင်းစသော သတ္တဝါတို့ကို ဇလာဗုဇခေါ်သည်။ ထိုဇလာဗုဇ သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် ဇလာဗုဇ ဇာတိ မည်၏။
မစင်ဘင်ပုပ်, ကျင်ငယ်ပုပ်, ရွံ့ညွန်ပုပ်, ရေပုပ်, အသေကောင်ပုပ်, ငါးပုပ်, ထမင်းဟင်းအသိုးအပုပ် စသည်များနှင့် ပဒုမ္မာကြာတိုက်၏အညှိ, သစ်ပင်၏အညှိများသည် သံသေဒဇမည်၏၊ စိုစွတ်ကျိချွဲသော အရာ ဝတ္ထုများပေတည်း။
“သံသေဒေ ဇာယန္တီတိ သံသေဒဇာ”
သံသေဒေ =အပုပ် အစပ် အကျိ အချွဲ၌၊ ဇာယန္တိ=ဖြစ် ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သံသေဒဇာ=သံသေဒဇ မည်ကုန်၏။
အပုပ်အစပ် အကျိအချွဲ၌ ပဋိသန္ဓေတည်နေကြကုန်သော ပိုးရွ သတ္တဝါတို့မှစ၍ ပဒုမ္မာကြာတိုက်၌ ပဋိသန္ဓေတည်နေ ကြကုန်သော ပဒုမ ဒေဝီစသော လူသတ္တဝါတို့ကို သံသေဒဇဆိုသည်။ ထိုသံသေဒဇ သတ္တဝါ တို့၏ ပဋိသန္ဓေတည်နေမှုသည် သံသေဒဇ ဇာတိမည်၏။
ကောင်းကင်ထက်မှ လျောကျလာဘိသကဲ့သို့ ပြည့်စုံသော ကိုယ် အင်္ဂါတို့နှင့်တကွ ထင်ရှားစွာ ဖြစ်ပေါ်လာမှုသည် ဥပပါတ်မည်၏၊ “ဥပပါတေန ကိစ္စေန ဇာယန္တီတိ ဩပပါတိကာ”
ဥပပါတေန ကိစ္စေန=ကိုယ်လက်အင်္ဂါပြည့်စုံစွာ ကျရောက် လာခြင်း ကိစ္စဖြင့်၊ ဇာယန္တိ=ဖြစ်ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဩပ ပါတိကာ=ဩပပါတိကမည်ကုန်၏။
အထက်နတ်ပြည်ခြောက်ထပ် ဗြဟ္မာ့ဘုံနှစ်ဆယ်တို့၌ ဖြစ်ကြ ကုန်သော နတ်ဗြဟ္မာတို့သည် ဩပပါတိကသာ ဖြစ်ကြကုန်၏၊၊ အလုံးစုံ သော ငရဲသူ သတ္တဝါတို့သည်လည်း ဩပပါတိကတို့သာတည်း။ ဩပပါ တိက သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုကို ဩပပါတိက ဇာတိ ဆိုသည်။
ကမ္ဘာတည်ဦးစအခါ၌ လူတို့သည် ဥပပါတ်တို့သာဖြစ်ကုန်၏၊ ထိုအတူ တိရစ္ဆာန် ပြိတ္တာ ဘုမ္မစိုးနတ်တို့သည်လည်း ကမ္ဘာဦးကာလမှာ ဥပပါတ်တို့သာဖြစ်ကြကုန်၏၊ နောက်ကာလ၌မူကား လူတို့သည် ဇလာဗုဇ ဖြစ်ကြကုန်၏၊ တစ်ရံတစ်ခါ အဏ္ဍဇ ဖြစ်ကုန်၏၊ တစ်ရံတစ်ခါ သံသေဒဇဖြစ်ကုန်၏၊ တိရစ္ဆာန် သတ္တဝါတို့တွင် အချို့တို့သည် အဏ္ဍဇဖြစ် ကုန်၏၊ အချို့တို့သည် ဇလာဗုဇဖြစ်ကုန်၏၊ ဘုမ္မဇိုဝ်းနတ်တို့သည်ကား ဥပပါတ်တို့သာ များကုန်၏။
မေး။ အဘယ်သို့လျှင် ဘဝဟူသော အကြောင်းကြောင့် ဇာတိဖြစ် ပါသနည်း။
ဖြေ။ ဥပပတ္တိဘဝကိုးပါးတို့၏ ရှေးဦးစွာ ဖြစ်ပေါ်မှုကို ဇာတိ ဟူ၍ပြဆိုအပ်လေပြီ။။ ထို့ကြောင့် ကမ္မဘဝဟူသော အကြောင်းကြောင့် ဥပပတ္တိဘဝဖြစ်ပေါ်သည်ရှိသော် ပဋိသန္ဓေနေမှုဟုဆိုအပ်သော ဇာတိ၏ ဖြစ်ခြင်းကိစ္စလည်း တစ်လုံးတည်း ပြီးစီးပါရှိလေ၏၊ သို့ဖြစ်၍ ကမ္မဘဝ ဟူသောအကြောင်းကြောင့် ဥပပတ္တိဘဝကိုးပါးတို့၌ ဇာတိဖြစ် ပေါ်ပုံသည် ထင်ရှားလှလေ၏။
ဤသို့လျှင် ဘဝဟူသော အကြောင်းကြောင့် ဇာတိဖြစ်ပေါ်လေ သည်။
ဤအဓိပ္ပါယ်ကိုရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌
ဘဝစွမ်းရေ၊ ကံနှစ်ထွေကြောင့်၊ သဗ္ဗေသတ္တာ၊ သတ္တဝါတို့၊ ဖြစ်ရာဘဝ၊ ဆုံးပြန်ကလည်း၊ ဧကစတု၊ ငါးခုခန္ဓာ၊ ကံချရာ၌၊ ဓမ္မတာစစ်၊ သစ်တလဲလဲ၊ အနဲနဲလျှင်၊ ဖြစ်မြဲဇာတိ၊ သန္ဓေငြိ၍၊ တြိဘုံပြင်၊ နယ် တစ်ခွင်၌၊ အစဉ်ပြည့်ပွါး၊ အစားစားလျှင်၊ မားမားမတ်မတ်၊ ဇာတ် အမျိုးမျိုး၊ တန်ခိုးထင်တိမ်၊ ဂုဏ်သိရ်နိမ့်မြင့်၊ အကျင့်ဆိုးကောင်း၊ အပေါင်းများစွာ၊ သတ္တဝါဟု၊ နာနာကာယ၊ ဖြစ်ပြန်ကြသည်။။ လေးဝဇာတိ၊ စွမ်းရည်တည်း။
ဘဝပစ္စယာ ဇာတိပြီး၏။
---ဇာတိပစ္စယာ ဇရာမရဏံ
(ပဋိသန္ဓေနေမှုကြောင့် အိုခြင်း သေခြင်းဖြစ်ပေါ်၏၊)
“ဇိယန္တိ သတ္တာ သင်္ခါရာစ ဇိဏ္ဏဘာဝံ ဂစ္ဆန္တိ ဧတာယာတိ ဇရာ”
ဧတာယ=ဤတရားသဘောဖြင့်၊ သတ္တာစ=သတ္တဝါတို့သည်၎င်း၊ သင်္ခါရာစ=ရှိရှိသမျှသင်္ခါရတို့သည်၎င်း၊ ဇိယန္တိ=ဆွေးမြေ့ အိုမင်းတတ် ကုန်၏၊ ဇိဏ္ဏဘာဝံ=ဆွေးမြေ့အိုမင်းသည်၏အဖြစ်သို့၊ ဂစ္ဆန္တိ= ရောက် ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဇရာ=ဇရာမည်၏။
သတ္တဝါသင်္ခါရတို့၏ ဆွေးမြေ့အိုမင်း ကြောင်းဖြစ်သော တရားကို ဇရာခေါ်သည်။
တနည်းကား” ဇိရဏံ ဇရာ”
ဇိရဏံ=ဆွေးမြေ့ အိုမင်းခြင်း၊ ဇရာ=ဆွေးမြေ့ အိုမင်းခြင်း၊ ဤအလိုအားဖြင့် ဆွေးမြေ့ အိုမင်းမှုသည်ပင် ဇရာမည်လေသည်၊ ပဋိသန္ဓေတည်နေသည်၏ အစွမ်းအားဖြင့် ဖြစ်ပေါ်လာသော ဥပပတ္တိဘဝကိုးပါး၏ အသစ်သဘောမှ ရွေ့လျောမှု ပျိုသော သဘောမှ ပြောင်းလဲမှု ရင့်ရော်မှု ဆုတ်ယုတ်မှုများသည်ပင်လျှင် ဇရာမည်လေသည်။
ထိုဇရာသည်လည်း ဇာတိကဲ့သို့ပင်လျှင်
၁။ ကာမဇရာ,
၂။ ရူပဇရာ,
၃။ အရူပဇရာ,
၄။ သညီဇရာ,
၅။ အသညီဇရာ,
၆။ နေဝသညီနာသညီဇရာ,
၇။ ဧကဝေါကာရဇရာ,
၈။ စတုဝေါကာရဇရာ,
၉။ ပဉ္စဝေါကာရဇရာ,
အားဖြင့် ဥပပတ္တိဘဝကိုးပါးနှင့် ဝေဖန်၍ ကိုးမျိုးပင်ရလေ၏။
တနည်းကား
၁။ နာမ်ဇရာ,
၂။ ရုပ်ဇရာ,
အားဖြင့် နှစ်ပါးအပြားရှိ၏။
ထိုနှစ်ပါးတို့တွင် နာမ်ဇရာသည်
၁။ ခဏိကဇရာ,
၂။ သန္တတိဇရာ,
အားဖြင့် နှစ်ပါးရှိပြန်၏။
ထိုအတူ ရုပ်ဇရာသည်လည်း နှစ်ပါးပြားပြန်၏
ထိုဇရာနှစ်မျိုးတို့တွင် ရုပ်နာမ်တို့၏ ခဏိကဇရာသည် မထင်ရှား၊ သန္တတိဇရာသာလျှင် ထင်ရှားလေ၏၊ ထင်ရှားသော သန္တတိဇရာကို မြင်သဖြင့် မထင်ရှားသော ခဏိကဇရာရှိနေမှုကိုလည်း သိအပ်လေ၏၊ ။ ခဏိကဇရာဆိုသည်မှာ ရုပ်နာမ်တို့၏ ဥပါဒ်အဖြစ်မှ လွန်၍ ဋ္ဌီအဖြစ်၌ တည်နေဆဲကိုပင် ဆိုသည်၊ ခဏိကဇရာသည် မြတ်စွာဘုရားတို့၏ ဉာဏ်တော် အရာသာဖြစ်လေသည်၊ သန္တတိဇရာဆိုသည်မှာ တစ်စဉ် တစ်စဉ် တစ်သုတ်တစ်သုတ်ဖြစ်ကြကုန်သော ရုပ်နာမ်တို့၏ အားယုတ်မှု ရင့်ရော်မှုကို ဆိုသည်။
မေး။ အဘယ်သို့လျှင် နာမ်တရားတို့၏ သန္တတိဇရာ ထင်ရှားပါ သနည်း။
ဖြေ။ ဝေဒနာက္ခန္ဓာ၌ ကိုယ်လက်အင်္ဂါတို့၌ သုခဝေဒနာ ဒုက္ခ ဝေဒနာ ပြောင်းလဲမှု၏ အစွမ်းအားဖြင့်၎င်း, သညာက္ခန္ဓာ၌ အဆင်းကို မှတ်သော ရူပသညာ, အသံကိုမှတ်သော သဒ္ဒသညာစသည်တို့ ပြောင်းလဲ မှု၏ အစွမ်းအားဖြင့်၎င်း, သင်္ခါရက္ခန္ဓာ၌ ကြံစည်ခြင်း နှစ်သက်ခြင်း လိုချင် မက်မောခြင်း အမျက်ထွက်ခြင်း ကြည်ညိုခြင်းစသည်တို့ ပြောင်းလဲမှု၏ အစွမ်းအားဖြင့်၎င်း, ဝိညာဏက္ခန္ဓာ၌ အမြင်စိတ် အကြားစိတ် စသည်တို့ ပြောင်းလဲမှု၏ အစွမ်းအားဖြင့်၎င်း နာမ်တရားတို့၏ သန္တတိဇရာသည် ထင်ရှား၏။
ပြောင်းလဲခြင်းမည်သည်ကား
ရှေ့အစဉ်ဟောင်း ကွယ်ပျောက်၍ နောက်အစဉ်သစ်တစ်မျိုး ပေါ်ပေါက်ဖြစ်ပွါးလာခြင်း ပေတည်း။ ရှေ့အစဉ်ဟောင်း ကွယ်ပျောက် မှုမည်သည်လည်း ဆုတ်ယုတ်အားလျော့မှုမရှိက မဖြစ်ပေါ်နိုင်၊ ထိုဆုတ် ယုတ်အားလျော့မှုကိုပင် ဇရာဟူ၍ ဆိုရလေသည်။ စိတ်ဓာတ်မည်သည် အလွန်အပြောင်းအလွဲလျင်မြန်၏၊ မြတ်စွာဘုရားသည်လည်း ထိုစိတ် ဓာတ် အပြောင်းအလွဲ လျင်မြန်ကြောင်းကို ဤသို့ဟောကြားတော်မူ၏၊ “ချစ်သားရဟန်းတို့ စိတ်ကဲ့သို့ အပြောင်းအလွဲ လျင်မြန်သော တရားကို ငါဘုရားမြင်တော်မမူ၊ ချစ်သား ရဟန်းတို့ စိတ်၏အပြောင်း အလွဲ လျင်မြန်သကဲ့သို့သောအရာကို ဥပမာဖြင့်သော်လည်း ပြဆိုရန် မလွယ်ချေ”
ထိုစကားရပ်၌ စိတ်၏အပြောင်းအလွဲ လျင်မြန်မှုဆိုသည်ကား စိတ်၏ အစဉ်တစ်မျိုးမျိုးပြောင်းလွဲခြင်းကို ဆိုအပ်၏၊ မြင်သောစိတ် အစဉ်မှ ကြားသောစိတ်အစဉ်သို့ ပြောင်းလွဲခြင်း, ကြားသောစိတ်အစဉ်မှ မြင်သောစိတ်အစဉ်သို့ ပြောင်းလွဲခြင်း, လိုချင်တပ်မက်သော စိတ်အစဉ်မှ အမျက်ဒေါသ ခြောင်းခြောင်းထသော စိတ်အစဉ်သို့ ပြောင်းလွဲခြင်း, ချစ်သောစိတ်အစဉ်မှ မုန်းသော စိတ်အစဉ်သို့ ပြောင်းလွဲခြင်း, ကြည်ညို သောစိတ်အစဉ်မှ မကြည်ညိုသော စိတ်အစဉ်သို့ ပြောင်းလွဲခြင်း, ဝမ်းမြောက်သော စိတ်အစဉ်မှ ဝမ်းနည်းသော စိတ်အစဉ်သို့ ပြောင်းလွဲ ခြင်း စသည်များပေတည်း။ ထို့ကြောင့် စိတ်၏အပြောင်းအလွဲ လျင်မြန် ပုံကို သိမြင်ရိပ်မိသော သူတို့သည် စိတ်၏ အိုမင်းယုတ်လျော့ခြင်း ဇရာ, ချုပ်ဆုံးခြင်း မရဏများကိုလည်း လွယ်ကူချမ်းသာစွာ သိနိုင်လေ၏။
မေး။ အဘယ်သို့လျှင် ရုပ်တရားတို့၏ သန္တတိဇရာ ထင်ရှားပါ သနည်း။
ဖြေ။ ဣရိယာပုထ် အပြောင်းအလွဲတို့၌ အထူးထူးသော ရုပ် အစဉ်တို့၏ ပြောင်းလွဲခြင်းသည် ထင်ရှား၏၊ ချဲ့၍ဆိုဦးအံ့၊ တစ်စုံ တစ်ခုသော ဣရိယာပုထ်ဖြင့် တည်ရှိကြကုန်သော ရုပ်အစဉ် ရုပ်အပေါင်း တို့သည် အချင်းခပ်သိမ်း မအိုသည်ရှိသော် မသေသည်ရှိသော် မကွယ် ပျောက် မချုပ်ဆုံးသည်ရှိသော် တစ်ပါးသော ဣရိယာပုထ် ရုပ်အစဉ် ဖြစ်ခွင့်ကို မပေးနိုင်ကြချေ။
သွား၍နေသောသူမှာ ပထမခြေလှမ်း၌ရှိသော ရုပ်အစဉ်သည် အချင်းခပ်သိမ်း မအို မသေ မကွယ် မပျောက် လေသည်ရှိသော် ဒုတိယ ခြေလှမ်းအတွက် ရုပ်အစဉ်ဖြစ်ခွင့်ကို မပေးနိုင်ချေ၊ ကွေးခြင်း ဆန့်ခြင်း စသော ဣရိယာပုထ်တို့၌လည်း ထိုအတူပင်လျှင်တည်း။ထိုမှ တစ်ပါး လည်း လောက၌ မဟာကပ်အစရှိကုန်သော ကပ်အမျိုးမျိုးတို့၏ ပြောင်း လွဲခြင်းဟူသည်လည်း ထင်ရှားရှိ၏၊ နှစ်တို့၏ အပြောင်းအလွဲ, ဥတုတို့၏ အပြောင်းအလွဲ, လတို့၏ အပြောင်းအလွဲ, လဆန်း လဆုတ် တို့၏ အပြောင်းအလွဲ, နေ့ညဉ့်တို့၏ အပြောင်းအလွဲတို့သည်လည်း ထင်ရှား ရှိကုန်၏၊ ထိုမဟာကပ်စသည်တို့၏ အပြောင်းအလွဲ ဟူသမျှ သည်လည်း ရုပ်အစဉ်တို့၏ အပြောင်းအလွဲကြီးတို့သာလျှင် ဖြစ်ကုန်၏၊ ထိုစကား မှန်၏၊ တစ်ခုသော မဟာကပ်၌ မဟာပထဝီ မြေကြီး စသည်တို့သည် အချင်းခပ်သိမ်း မအိုမင်း မဆွေးမြေ့မပျက်စီး မချုပ်ကွယ် သည်ရှိသော် တစ်ပါးသော မဟာကပ်အသစ်ကိုဖြစ်စေခြင်းငှါ အဘယ်မှာ အခွင့်ပေး ပါအံ့နည်း။ ဤသို့စသည်ဖြင့် လောက၌ အပြောင်းအလွဲဟူသမျှတို့ကို ထောက်ရှု ဆင်ခြင်ပြီးလျှင် ရူပသန္တတိ ဇရာ၏ ဖြစ်ပုံကို သိရာ၏၊ ဤကား ဇရာနှင့်စပ်၍ဆိုအပ်သော စကားရပ်ပေတည်း မရဏ၌
“မိယန္တိ သတ္တာ သင်္ခါရာစ ပါဏံ စဇန္တိ ဘိဇ္ဇန္တိ အန္တရဓာနံ ဂစ္ဆန္တိ ဧတေနာတိ မရဏံ”
ဧတေန=ဤတရားသဘောဖြင့်၊ သတ္တာစ=သတ္တဝါအပေါင်းတို့ သည်၎င်း၊ သင်္ခါရာစ=ဖြစ်ဖြစ်သမျှသင်္ခါရတို့သည်၎င်း၊ မိယန္တိ=သေကြ ကုန်၏၊ ပါဏံ=အသက်ကို၊ စဇန္တိ=စွန့်လွှတ်ကြကုန်၏၊ ဘိဇ္ဇန္တိ=ပျက်စီးကြ ရကုန်၏၊ အန္တရဓာနံ=ကွယ်ပျောက်ခြင်းသို့၊ ဂစ္ဆန္တိ=ရောက်ကြလေကုန်၏၊ ဣတိတသ္မာ=ထို့သို့သေကြေပျက်စီး ပြုန်းတီးဆုတ်ကွယ်ကြောင်း ဖြစ်လေ သောကြောင့်၊ မရဏံ=မရဏမည်၏။
သတ္တဝါသင်္ခါရတို့၏ သေကြောင်း ပျက်စီးကြောင်း ချုပ်ပျောက် ကြောင်း တရားကို မရဏဟူ၍ ဆိုလိုသည်သတ္တဝါသင်္ခါရဆိုသော စကား၌ ဘဝကိုးပါး၌ ဖြစ်သော အတ္တဘောဟူသမျှကို သတ္တဝါ, ထိုမှ ကြွင်းလေသမျှသော အဝိညာဏကစုကို သင်္ခါရဆိုသည်။ သတ္တဝါ, သင်္ခါရ ဆိုလေတိုင်း ဤသို့ချည်းမှတ်ရာ၏၊ တနည်းကား--
“မီယတေ မရဏံ”
မီယတေ=သေခြင်း၊ မရဏံ=သေခြင်း။
ဤအလိုအားဖြင့် သတ္တဝါသင်္ခါရတို့၏ သေခြင်းမျှကိုပင် မရဏ ဆိုသည်။
ထိုမရဏသည် ဘဝကိုးပါးနှင့် ယှဉ်စပ်၍
၁။ ကာမမရဏ,
၂။ ရူပမရဏ,
၃။ အရူပမရဏ,
၄။ သညီမရဏ,
၅။ အသညီမရဏ,
၆။ နေဝသညီနာသညီမရဏ,
၇။ ဧကဝေါကာရမရဏ,
၈။ စတုဝေါကာရမရဏ,
၉။ ပဉ္စဝေါကာရမရဏ,
အားဖြင့် ကိုးပါးအပြားရှိ၏။
ကာမအတ္တဘောတို့၏ သေမှုသည် ကာမမရဏမည်၏၊ ဤသို့စသည်ဖြင့်သိလေ။
ထိုမှတစ်ပါးလည်း--
၁။ အာယုက္ခယမရဏ=အသက်တမ်းကုန်၍ သေခြင်း,
၂။ ကမ္မက္ခယမရဏ=ကံ အစွမ်းကုန်၍ သေခြင်း,
၃။ ဥဘယက္ခယမရဏ=အသက် ကံနှစ်ပါးကုန်၍ သေခြင်း,
၄။ ဥပစ္ဆေဒကမရဏ=ကံဆိုးဖြတ်ချွေ၍ သေခြင်း,
ဟူ၍ မရဏမျိုး လေးပါးရှိ၏၊။ ထိုလေးပါးတို့တွင်
* အာယုက္ခယမရဏ မည်သည်ကား “ဝိညာဏပစ္စယာ နာမရူပံ” ဟူသောပုဒ်အဖွင့် ဇီဝ ပညတ်ခန်း တွင် ပြဆိုအပ်ခဲ့ပြီးသော နည်းအတိုင်း ထိုထို ဘုံဘဝတို့၌ အမျိုးမျိုးသော ထိုထိုအာယုကပ် အသက်တမ်း အပိုင်းအခြားတို့သည် ပဋိသန္ဓေတည်နေသောအခါ ရှေးဦးစွာဖြစ်ပေါ်သော နာမ်ရုပ်တို့၏ ချုပ်ခြင်းမှစ၍ အစဉ်အတိုင်း ကုန်ဆုံးချုပ်ကွယ်ခြင်းသို့ ရောက်ကြလေကုန်၏၊ ထိုအသက်တမ်းတို့၏ အားလုံးကုန်ဆုံး သဖြင့် သေလွန်ခြင်းသည် အာယုက္ခယမရဏမည်၏၊ * “သင်္ခါရပစ္စယာ ဝိညာဏံ” ဟူသော ပုဒ်အဖွင့်၌ ပြဆိုအပ်ပြီး သောအတိုင်း စေတနာတည်းဟူသော ကံ၏ချုပ်ပုံ နှစ်မျိုးတို့တွင် ဒုတိယ ဖြစ်သော ကံ၏အရှိန်အစွမ်း ချုပ်ဆုံးမှုကြောင့် သေခြင်းသည် ကမ္မက္ခယ မရဏမည်၏။
* ထိုအသက်တမ်း ကံစွမ်းနှစ်ပါးတို့၏ အညီအမျှ ကုန်ဆုံးသ ဖြင့် သေခြင်းသည် ဥဘယက္ခယမရဏ မည်၏။
* ဥပစ္ဆေဒကမရဏအရာ၌ အသက်ကို ဖြတ်ချွေတတ်သော ဥပစ္ဆေဒကကံမျိုးသည်--
၁။ အတိတ်ကံ,
၂။ ပစ္စုပ္ပန်ကံ,
အားဖြင့် နှစ်ပါးအပြားရှိ၏၊။ထိုနှစ်ပါးတို့တွင် တစ်ယောက် သောသူသည် များစွာသော ပါဏာတိပါတကံတို့ကို ပြုလုပ်ကျူးလွန်၏၊ နောက်ကာလ၌ ထိုပါဏာတိပါတကံ၏ အကျိုးရင်း၏ အစွမ်းအားဖြင့် ထိုသူ၏သန္တာန်မှာ အသက်ကိုဖြတ်တတ်ကုန်သော ရောဂါအနာအမျိုးမျိုး တို့သည် ဖြစ်တတ်ကုန်၏၊ ထိုကံ၏ နိဿန္ဒအကျိုးဆက်၏ အစွမ်း အားဖြင့် အပ၌ဖြစ်သော ဘေးအန္တရာယ် အသွယ်သွယ်တို့သည်လည်း အလွန်များပြားတတ်ကုန်၏၊ ထိုအပရန်တို့သည် ထိုသူတို့သို့ ကပ်ရောက် လာတတ်ကုန်၏၊ ဓား လှံ သေနတ်စသော အရာများသည် အပရန် မည်၏၊ အတိတ်ကံ၏ အကျိုးရင်းကြောင့် စိတ်ဖောက်ပြန်ပြီးလျှင် သေဖို့ ရန်ဖြစ်သော ထိုထိုအကြောင်းတို့ကိုလည်း ရှာမှီးတတ်၏၊ ထိုသေဖို့ ကိုယ်တိုင်သေပေါက်သေလမ်း ရှာကြံမှုဖြင့်လည်း အသက်သေဆုံး တတ် ၏၊ ဤသို့ သေဆုံးခြင်းသည် အတိတ်ဖြစ်သော ဥပစ္ဆေဒကကံ၏ ဖြတ် ချွေမှုကြောင့် အသက်သေဆုံးခြင်းမည်၏။
ဤလောကကြီး၌ သတ္တဝါတို့၏ အသက်အန္တရာယ်ကို ပြုတတ်ကုန် သော အရာတို့သည် အထောင်မက ပေါများစွာ ရှိကြကုန်၏၊ သင့်လျော် စွာ ပြုလုပ်အားထုတ်ခြင်းဟုဆိုအပ်သော ပယောဂသမ္ပတ္တိမှကင်း၍ ချွတ်ယွင်းဖောက်ပြန် ကျင့်ကြံပြုလုပ်ခြင်းတည်းဟူသော ဝိသမ ပယောဂ ကို ပြုလုပ်မိကြကုန်သောကြောင့် ထိုအထောင်မကသော အသက် အန္တရာယ်တို့တွင် တစ်ပါးပါးသော အန္တရာယ်ဖြင့်သေဆုံးလေ၏၊ ဤသို့ သေခြင်းသည် ပစ္စုပ္ပန်ဖြစ်သည့် ဥပစ္ဆေဒကကံကြောင့် သေဆုံး စုတေခြင်း မည်၏။
ဤအရာ၌ ပစ္စုပ္ပန်ဖြစ်သော ဥပစ္ဆေဒကကံသည်ကား ဝိသမ ပယောဂ, ပယောဂဝိပတ္တိများပေတည်း။
ဥပမာကား- တစ်ယောက်သောသူသည် ခိုးဝှက်ခြင်းငှါ သူတစ် ပါး၏ အိမ်သို့ အချိန်မဲ့၌ တက်လေ၏၊ ပရဒါရကံကို ကျူးလွန်ခြင်းငှါ ထိုကဲ့သို့ သွားရောက်၏၊ အိမ်ရှင်များက ဓား လှံ စသည်ဖြင့် ခုတ်သတ် ထိုးနှက်လေ၏၊ ထိုအခါအသက် သေလေ၏၊ ထိုသို့ သေရခြင်းကား ပစ္စုပ္ပန်ဖြစ်သော ဝိသမပယောဂဟု ဆိုအပ်သည့် ဥပစ္ဆေဒကကံကြောင့် အသက်သေရခြင်းဖြစ်လေသည်၊ ဓားပြတိုက်၍ သေခြင်း, သူပုန်ထကြွ၍ သေခြင်း, သူတစ်ပါးတို့ကို သတ်မိ၍ ကိုယ်မှာ အသတ်ခံရခြင်း, အဆိပ် ထန်သော မြွေမှန်းသိလျက်နှင့် မြွေကိုထိပါးသောကြောင့် မြွေကိုက်ခံရ၍ သေခြင်း စသည်တို့သည်လည်း ပစ္စုပ္ပန်ဖြစ်သော ဥပစ္ဆေဒက ကံကြောင့် သေခြင်းပင်မည်လေသည်၊ ထိုမှတစ်ပါးလည်း အတိတ်ပစ္စုပ္ပန်ဖြစ်သော ဥပစ္ဆေဒကကံ နှစ်ပါးတို့၏ နိဿန္ဒမည်သော အကျိုးဆက်သည်လည်း ရှိသေး၏၊ တစ်ယောက်သောသူ ပြုလုပ်အပ်သော ဥပစ္ဆေဒကကံ၏ အကျိုးဆက်ကြောင့် များစွာသောသူတို့၏ သေကျေပျက်စီးခြင်း, လူ အများပြုလုပ်ကြသော ဥပစ္ဆေဒကကံ၏ အကျိုးဆက်ကြောင့် အလွန်များ စွာသောသူတို့၏ သေကျေပျက်စီးခြင်းများလည်း ရှိလေသေး၏။
ဒဏ္ဍကတိုင်း မဇ္ဈတိုင်း ကလိင်္ဂတိုင်း မာတင်္ဂတိုင်းတို့၏ ပျက်စီး ပုံများကို ထောက်ထားလေ၊ ကပ္ပကထာ၌လည်း ဤအဓိပ္ပါယ်မျိုးကို ပြဆိုခဲ့လေပြီ။
သတ္တင်္ဂုတ္တရပါဠိတော်၌လည်း လူတို့၏အသက်သည် လွန်စွာ ပျက်စီးလွယ်၏၊ ခိုင်မြဲသည်မဟုတ်၊ ပျက်စီးစေ တတ်သောအကြောင်းနှင့် တိုက်ဆိုင်လာလျှင် လွယ်ကူစွာ ပျက်စီးတတ်လေ၏၊ အနည်းငယ်မျှသာ ဖြစ်၍ တိုသော အသက်ပေတည်း။ ဥပမာ မြက်ဖျား၌ သီး၍နေသော နှင်းပေါက်သည် နေတက်လျှင် ပျောက်ပျက်ဘိသကဲ့သို့၎င်း, သည်းထန်စွာ မိုးရွာသောအခါ ရေပွက်တို့သည် ရုတ်တရက်ထ၍ ပျက်စီးဘိသကဲ့သို့၎င်း, ရေ၌ ရေးသားအပ်သော အရေးအသား ကဲ့သို့၎င်း လျင်မြန်စွာ ပျက်လွယ် ပျောက်လွယ်တတ်သော သဘောရှိ၏ဟူ၍ ဟောကြားတော်မူသည်။
ယခုဆုတ်ကပ်ကာလအခါမှာ သာ၍ပင် အသက်အန္တရာယ် တို့သည် များပြားကုန်၏၊ သေလမ်း သေပေါက်တို့သည် အရပ်ဆယ် မျက်နှာမှ လမ်းပွင့်၍ နေကြလေကုန်၏၊ ပယောဂဝိပတ္တိနှင့်ကြုံလျှင် လွယ်ကူစွာနှင့် သေလမ်းသေတွင်းသို့ သက်ဆင်းရလေ၏၊ ရှေးအခါ၌ မူကား ထိုကဲ့သို့ အသက်အန္တရာယ် မများကြလေကုန်၊ မပြောပလောက် သော ရောဂါအနာကလေး ခြောက်ပါးတို့ သာလျှင်ရှိကုန်၏။
ထိုခြောက်ပါးသော အနာရောဂါဆိုသည်ကား
၁။ ချမ်းသောကာလ၌ အေးခြင်း,
၂။ ပူသောကာလ၌ ပူခြင်း,
၃။ အချိန်ရောက်သောအခါ အစာစားလိုခြင်း,
၄။ သောက်လိုခြင်း,
၅။ ကျင်ကြီးစွန့်လိုခြင်း,
၆။ ကျင်ငယ်စွန့်လိုခြင်း,
ဤခြောက်ပါးတို့ပေတည်း။
ပြဆိုအပ်ခဲ့ပြီးသောအတိုင်း အသက်၏ပျက်စီးလွယ်သည့်အဖြစ်ကို ပါဠိတော်အဋ္ဌကထာတို့၌ ပြဆိုအပ်လေသောကြောင့် သတ္တဝါတို့၏ ကံသည်လည်း ပျက်စီးလွယ်၏ဟူ၍ သိနိုင်လေသည်။ ပစ္စုပ္ပန်၌ ဝိသမ ပယောဂ ဝင်လာလျှင် လူ့ဘဝကို ရရှိအောင် ထူထောင်၍ပေးသော ကံ၏အစွမ်းသည်လည်း ပျက်စီးရလေ၏၊ လေပြင်းမုန်တိုင်းကျ၍ အကြီးအကျယ် လှိုင်းတံပိုးထကြွ၍ နေသောပင်လယ်ပြင်မှာ သွားလာခိုက် ဖြစ်သော သင်္ဘောကဲ့သို့ ယခုဆုတ်ကပ်အခါ ဝိသမပယောဂတည်းဟူ သော လေမုန်တိုင်း အသက်အန္တရာယ်တည်းဟူသော လှိုင်းတို့၏ အလယ် တွင် သတ္တဝါတို့၏ အသက်တည်၍ နေရလေသည်။ ထို့ကြောင့် အတိတ် ဥပစ္ဆေဒကကံနှင့် ကင်း၍ တစ်စုံတစ်ခုသော ဝိသမပယောဂ အကြောင်း အားဖြင့်လည်း သေရတတ်လေသည်။
ဤကဲ့သို့ အဓိပ္ပါယ်ကိုယူအပ်သည်ရှိသော် မရဏာနုဿတိ ဘာဝနာကို ပွါးများရာလွယ်ကူစွာနှင့် ကမ္မဋ္ဌာန်းပြည့်စုံနိုင်၏၊ အတိတ်ဖြစ် သော ဥပစ္ဆေဒကကံကြောင့်သာလျှင် ရုတ်တရက် သေဆုံးနိုင်သည်ဟူ၍ အဓိပ္ပါယ် ကောက်ယူနေလျှင် မရဏာနုဿတိ ဘာဝနာမပြည့်စုံနိုင်ချေ။ မရဏာနုဿတိဘာဝနာ၌သေပေါက် သေလမ်းတွေများလှ၍ ခဏ လက်ငင်း ချက်ခြင်းပင်လျှင် သေခြင်းသို့ ရောက်ရတော့မည်လောက် လန့်ကြောက်ရမည် အနေအားဖြင့် မြတ်စွာဘုရားဟော ကြားတော်မူ သည်၊ ဆွမ်းတစ်လုပ်မျိုသည့်အကြား အသက်ရှူရှိုက်နေသည့်အကြားမှာ အသက်ရှင်နေပါလျှင် ကောင်းလေစွဟူ၍ ဆင်ခြင်နိုင်ခြင်းသည် လောက ၌ အသက်အန္တရာယ် များပြားပုံ, အသက်နေ နည်းပါးပုံ, အသက်၏ ပျက်လွယ်ပုံများကို သိမြင်သောကြောင့် ဖြစ်လေသည်။
ဤကား မရဏနှင့်စပ်၍ဆိုအပ်သော စကားရပ်ပေတည်း။
မေး။ အဘယ်သို့လျှင် ဇာတိကြောင့် ဇရာမရဏ ဖြစ်ပေါ်ပါသ နည်း။
ဖြေ။ ထိုဇရာမရဏတို့မည်သည် ဇာတိရှိလျှင်ဖြစ် ပေါ်ကြ ကုန်၏၊ ဇာတိမရှိပါလျှင် ထိုဇရာမရဏတို့သည်လည်း မဖြစ်ကြကုန်။ ပဋိသန္ဓေတည်နေမှုသည်ပင် ဇရာမရဏတို့ကို ထူထောင်ပြုလုပ် သည် မည်၏၊ ထို့ကြောင့်ဇာတိရှိသည့်အတွက် ဇရာမရဏဖြစ်ပုံမှာ ထင်ရှား လေသည်။
ဤသို့လျှင် ဇာတိကြောင့် ဇရာမရဏဖြစ်ပုံကိုရည်၍ ပဋိစ္စသမုပ္ပါဒ် လင်္ကာ၌
သန္ဓေဇာတိ၊ တစ်ဖန်ငြိ၍၊ တြိဘုံသူ၊ အဆူဆူလျှင်၊ လူလူနတ်နတ်၊ မတ်မတ်မားမား၊ ဖြစ်ပြန်ငြားသော်၊ သုံးပါးအရွယ်၊ အလယ်အဆုံး၊ ရှိမြဲထုံးဖြင့်၊ အနှုန်းစဉ်စီ၊ သန္ဓေချီက၊ နာရီစဉ်သင့်၊ အဆင့်ဆင့်လျှင်၊ ရင့်မြဲရော်မြဲ၊ တသဲသဲတည့်၊ မစဲနေ့ည၊ တရွရွလျှင်၊ ခဏသန္တတိ၊ အဂ္ဂိဇရာ၊ နှစ်ဖြာလောင်းမီး၊ ရှိန်ရှိန်ညီး၍၊ အကြီးအငယ်၊ အရွယ် ခြားနား၊ အစားစားလျှင်၊ အသွားတွင်တွင်၊ မစဲနှင်၏၊ လေးအင်သေမှု၊ တစ်ခုခု လည်း၊ ဗဟုအန္တရာယ်၊ အသွယ်သွယ်နှင့်၊ နှီးနွယ်ရုံးစည်း၊ တစ်လုံးတည်း လျှင်၊ ကြီးကြီးငယ်ငယ်၊ အရွယ်မထောက်၊ အချိန်ရောက်က၊ ချုပ်ပျောက် ခန္ဓာ၊ မငြင်းသာသည်။ ။ဇရာမရဏ စွမ်းရည်တည်း။
ဇာတိပစ္စယာဇရာမရဏံပြီး၏
---သောက ပရိဝေဒ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ
စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်းစသော သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည်လည်း ဇာတိကြောင့်သာလျှင် ဖြစ်ကုန်၏။
ဇာတိရှိမှသာလျှင် ထိုတရားတို့ဖြစ်ပေါ်ကုန်၏၊ သို့ရာတွင် ထိုသောက စသောတရားသည် ဇာတိ၏မုချအကျိုးရင်းများ မဟုတ်ကုန်။ နိဿန္ဒ ဖြစ်သော အကျိုးဆက်အကျိုးဖျားတို့သာလျှင်ဖြစ်ကုန်၏။
ထိုစကားမှန်၏- ဗြဟ္မာတို့မှာ ဇာတိပင်ရှိသော်လည်း သောက ပရိဒေဝစသော တရားတို့မရှိကြကုန်၊ အနာဂါမ် ရဟန္တာတို့မှာလည်း ထို့အတူပင်လျှင် ဇာတိရှိပါသော်လည်း သောကပရိဒေဝစသော တရားတို့ မရှိကုန်၊ ထို့ကြောင့် သောကစသောတရားတို့ကို ဇာတိ၏ အကျိုးရင်း မဟုတ်ဟူ၍ ဆိုပေသည်။ ထိုသို့အကျိုးရင်း မဟုတ်သောကြောင့်လည်း ထိုသောကစသည်တို့ကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါ၌ မထည့်သွင်းအပ်ကုန်။ အဝိဇ္ဇာစသောအကြောင်းကြောင့် ဧကန်မုချဖြစ်ပေါ်ရ မည်ဖြစ်သော သင်္ခါရအစရှိသည့် အကျိုးရင်းတို့ကိုသာလျှင် ပဋိစ္စသမုပ္ပါဒ် အင်္ဂါဟူ၍ ဆိုရလေသည်။
မေး။ ထိုသို့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါမဟုတ်ခဲ့သော် အဘယ်ကြောင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ ထည့်သွင်းရပါသနည်း။
ဖြေ။ ဝဋ္ဋဓမ္မဟုဆိုအပ်သော သံသရာစက်တရားတို့၏ အကျိုးဖျား အကျိုးဆက်ကိုပြခြင်းငှါ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ ထည့်သွင်းရသည်။ အဝိဇ္ဇာစသော အကြောင်းတရား သင်္ခါရစသော အကျိုးတရားတို့၏ အစဉ်မပြတ်ဆက်လက်ဖြစ်ပွါး သံသရာရှည်လျား၍ နေမှုမှာ အကျိုးကိုလိုက်၍ ရှာလိုက်သည်ရှိသော် သောကပရိဒေဝစသော အနိဋ္ဌတရားတို့ ပွားစီးဖို့သာလျှင် ဖြစ်သည်၊ အပြစ်ဒေါသ အာဒီနဝတို့၏ အစု ပုံမျှသာ ဖြစ်နေလေသည်ဟုပြဆိုခြင်းငှါ သောကစသော နိဿန္ဒ အကျိုးတရားကိုလည်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါ၌ ထည့်သွင်းရလေသည်ဟု ဆိုလိုသည်။
ထိုသောကပရိဒေဝ စသညိတို့ကိုရည်၍ပဋိစ္စသမုပ္ပါဒ်လက်ာ၌သန္ဓေဇာတိ၊ ခန္ဓာရှိက၊ ဉာတိဘောဂ၊ စသည်သင်းပင်း၊ ကွေကွင်းခြင်းနှင့်၊ မကင်းစသာ၊ ကြုံကြိုက်လာသော်၊ ပူဆာသောက၊ ယူတငိုကြွေး၊ သက်မွေးဝန်ထမ်း၊ ပူချမ်းဒုက္ခ၊ အနိဋ္ဌကြောင့်၊ စိတ်ကမကြည်၊ မဆည်ငင်ရှိုက်၊အလှိုက်အလှဲ၊ ဆင်းရဲငါးပါး၊ အကျဉ်းအားတည့်၊ ကျယ်ပွါးအနန္တ၊ တွေ့ကြုံရသည်။ ။မူလဇာတိ အနှုန်းတည်း။
ဟူ၍စပ်ဆိုတော်မူသည်။
ဤအရာ၌ စောဒနာဖွယ်ရှိသည်မှာ- ဇာတိ၊ ဇရာ၊ မရဏဤတရား သုံးပါးတို့ကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့၌ ထည့်သွင်း၍ ဟောတော်မူအပ်ကုန်၏၊ ထိုတရားသုံးပါးတိ့ုသည် ဖဿ၊ ဝေဒနာစသော နာမ်တရား၊ ပထဝီစသော ရုပ်တရားတို့ကဲ့သို့ တရားကိုယ် အသီးအခြား အထင်အရှား ရစကောင်းသော တရားများ မဟုတ်ကြလေကုန်၊ သင်္ခတတရားတို့၏ လက္ခဏာမျှသာဖြစ်ကုန်၏၊ ပေါ့သောကိစ္စရှိကုန်သော တရားပေါ့ တရားသိမ်ကလေးတို့သာ ဖြစ်ကုန်၏ဟူ၍ စောဒနာရန်ရှိလေသည်။
ဖြေကြားရန်ကား- ထိုတရားသုံးပါးတို့ကို ပေါ့သော ကိစ္စရှိကုန်သော တရားပေါ့ တရားသိမ်ကလေးတို့သာ ဖြစ်ကုန်သည်ဟူ၍ မဆိုထိုက်ကုန်၊ အလုံးစုံသော သင်္ခတတရားတိ့ုထက် ကြီးလေးလှသောတရား၊ ကြီးလေးလှသောကိစ္စကို ဆောင်ရွက်သည့်တရားကြီးတို့ဟူ၍သာလျှင် ဆိုအပ်ကုန်၏၊ အဘယ်ကြောင့်နည်းဆိုသော် ဘုရားပွင့်တော်မူရခြင်း၏ အကြောင်းရင်းတရားများ ဖြစ်သောကြောင့်တည်း။
ဇာတိ ဇရာ မရဏ တရားသုံးပါးတို့ ရှိနေသည့်အတွက်ကြောင့် ဘုရားဖြစ်ပေါ်ရကြောင်းနှင့် -
သစေ ဘိက္ခဝေ ဣမေ တယော ဓမ္မာ လောကေ န သံဝိဇ္ဇေယျုံ။လောကေ ဗုဒ္ဓါနာမ န သံဝိဇ္ဇေယျုံ။ ယသ္မာ စခေါ ဘိက္ခဝေ ဣမေ တယော ဓမ္မာ လောကေ သံဝိဇ္ဇန္တိ တသ္မာ လောကေ ဗုဒ္ဓါ ဥပ္ပဇ္ဇန္တိ။
ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ ဣမေ တယော ဓမ္မာ=ဤ ဇာတိ ဇရာ မရဏ တရားသုံးပါးတို့သည်၊ လောကေ= လောက၌၊ သစေ န သံဝိဇ္ဇေယျုံ=အကယ်၍ မရှိပါကုန်မူကား၊ လောကေ=လောက၌၊ ဗုဒ္ဓါနာမ=ဘုရာရှင်တို့မည်သည်၊ န သံဝိဇ္ဇေယျုံ=ပွင့်တော်မူကြကုန်ရာ၊ (ရှိတော်မမြူကကုန်ရာ)၊ ဘိက္ခဝေ=ရဟန်းတို့၊ ယသ္မာ စ ခေါ=အကြင် သို့သော အကြောင်းကြောင့်၊ ဣမေ တယော ဓမ္မာ=ဤတရားကြီး သုံးပါးတို့သည်၊ လောကေ=လောက၌၊ သံဝိဇ္ဇန္တိ=ထင်ရှားရှိကြလေကုန်၏၊ တသ္မာ=ထို့ကြောင့်၊ လောကေ=လောက၌၊ ဗုဒ္ဓါ=ဘုရားရှင်တို့သည်၊ ဥပ္ပဇ္ဇန္တိ=ပွင့်တော်မူကြလေကုန်၏။
ဇာတိ ဇရာ မရဏ တရားသုံးပါးတို့ ထင်ရှားရှိမှုကြောင့် ထိုတရားသုံးပါးတိ့ုမှ လွတ်ကင်းလေအောင် သတ္တဝါအများကို ကယ်တင်တော်မူရန် ဘုရားရှင်များပွင့်တော်မူကြရကုန်သည်၊ ထိုတရားသုံးပါးမရှိက ဘုရားပွင့်ဖွယ်ကိစ္စမရှိ၊ သတ္တဝါအများတို့ကို ထိုတရားတို့မှ လွတ်ကင်းလေအောင် ကယ်တင်ရန်ကိစ္စ မရှိချေဟူ၍ ဆိုလိုသည်။ ဤတရားသုံးပါး မရှိခဲ့လျှင် သတ္တဝါအများတို့သည် မိမိဖြစ်တို့ဖြစ်ရာ ဘုံဘဝတို့၌ အမြဲထာဝရတည်နေကြကုန်ရာ၏၊ ထိုသို့အမြဲထာဝရ တည်နေကြသော အခါ မြတ်စွာဘုရားတို့၏သတ္တဝါတို့ကို ကယ်တင်ရန် အခွင့်သည်မရှိရာ။
ဆိုဖွယ် အထူးရှိပြန်သည်မှာ- ဤတရားသုံးပါးတို့သည် အလုံးစုံသော လောကကြီးသုံးပါးကို လောင်မြိုက်တတ်သော မီးပုံကြီးတို့မည်ကုန်၏၊ မဟာပထဝီ မြေကြီး မြင့်မိုရ်တောင်ကြီးမှစ၍ ရှိရှိသမျှ သတ္တဝါ သင်္ခါရတို့သည်၊ ထိုမီးပုံကြီးသုံးပါးတို့၏ မီးစာတို့သာဖြစ်ကုန်၏။
ထိုမီးပုံကြီးသုံးပါးတို့၏ လောင်မြိုက်မှုကြောင့် ကမ္ဘာပေါင်း အသင်္ချေယျအနန္တတို့သည် ပျက်စီးပြုန်းတီး၍သာ နေလေကုန်၏၊ ရှေးအတိတ်ကမ္ဘာတို့က မဟာပထဝီစသော ဝတ္ထု၊ ပွင့်တော်မူကြသော ဘုရား၊ စကြာမင်း စသည်များတို့သည် တစ်စုံတစ်ရာမျှ အဖတ်ရှာ၍မရကြလေကုန်၊ အလုံးစုံပြုန်းတီးကြလေကုန်သည်သာတည်း။
နောင်အနာဂတ်ကာလ၌ ကမ္ဘာပေါင်း အသင်္ချေယျတို့ဖြစ်ပေါ်လာကြမည် ဖြစ်သော်လည်း ထိုမီးသုံးပါးတို့၏ အစာတို့သာဖြစ်၍ အလုံးစုံ ပျက်စီးပြုန်းတီးကြကုန်လတ္တံ့၊ ထို့ကြောင့် ဤဇာတိ ဇရာ မရဏ စသော တရားသုံးပါတို့ကို ပေါ့သောကိစ္စရှိသည့်တရား၊ သေးသိမ်ဖျင်းပေါ့သော တရားတို့ဟူ၍ မဆိုအပ်ကုန်၊ အလွန်တရာကြီးလေးသောတရား၊ ကြီးမားလေးလံသောကိစ္စကို ရွက်ဆောင်သော တရားကြီးတို့ဟူ၍သာလျှင် ဆိုအပ်ကုန်၏။
အဝိဇ္ဇာအစ ဘဝအဆုံးရှိသော ရှေ့ရှေ့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါဆယ်ပါးတို့သည် ဤဇာတိ ဇရာ မရဏ တရားသုံးပါးတို့၏ အဆက်ဆက်ဖြစ်သော အကြောင်းတို့မည်ကုန်၏၊ ဤဇာတိ ဇရာ မရဏတရားသုံးပါးတို့ကို ထိုအဆက်ဆက်ဖြစ်သော အကြောင်းတို့နှင့်တကွ ရောနှော၍ ပြဆိုခြင်းငှါ အဝိဇ္ဇာအစရှိသော အင်္ဂါဆယ်ပါးတို့ကို မြတ်စွာဘုရား ဟောကြားတော်မူအပ်ကုန်၏။
ရှေးအခါ၌သံသရာ၏ နောက်အစွန်းကို ကြံစည်ကြကုန်သော အပရန္တကပ္ပိက ဖြစ်ကြကုန်သော ရဟန်း ပုဏ္ဏားတို့သည် ဇရာ မရဏ ရှိခြင်းကြောင့်သာလျှင် ဘဝအမြဲမရှိဘဲ အပါယ်လေးပါးထဲသို့ ကျရောက်၍ နေကြရကုန်၏၊ ဇရာ မရဏမရှိဘဲ အမြဲတည်နေကြရပါလျှင် အဘယ်မှာ အပါယ်လေးပါးသို့ ကျရောက်နိုင်ပါအံ့နည်း ဟူ၍ ထင်မှတ်ယူမှားကြကုန်၏၊ ဇရာ မရဏ၏ အဆက်ဆက်ဖြစ်သော အကြောင်းကိုမူကား မမြင်ရှာကြလေကုန်။ ဗြဟ္မာ့ဘုံသည် ဇရာ မရဏမှကင်း၍ အမြဲတည်နေကြရသော ဘုံဖြစ်သည်ဟူ၍ မှတ်ထင်ကြကုန်၏၊ ထိုဘုံသို့ ရောက်လျှင် မအိုမသေ အမြဲနေ၍ အပါယ်လေးပါးသို့ မကျနိုင်ဟူ၍ မှတ်ယူကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းဖြစ်သော စျာန်တရားတို့ကိုသာ ပွါးများအားထုတ်ကြလေကုန်၏၊ ဇရာ မရဏ၏အကြောင်းအစဉ်အဆက် ဖြစ်သော အဝိဇ္ဇာသင်္ခါရ စသည်တို့ကိုမူကား မပယ်နိုင်ကြလေကုန်။ ထိုပုဂ္ဂိုလ်တို့သည် သေဆုံး စုတေသည်မှ နောက်ကာလ၌ ထိုအယူနှင့်တကွ ဇရာမရဏ၏အကြောင်းတို့ကို သည်ပိုး ရွက်ဆောင်၍ ဗြဟ္မာ့ဘုံ၌ဖြစ်ကြလေကုန်၏၊ ဗြဟ္မာ့ဘုံသို့ ရောက်လေသောအခါ ဇရာမရဏလည်း မကင်းရှင်း အပါယ်လေးပါးသို့ကျရောက်ခြင်းမှလည်း မရှောင်ကွင်းနိုင်ကြကုန်၊ ဇရာ မရဏ တန်းလန်း အပါယ် ဘေးတန်းလန်းနှင့်သာ ရှိနေကြလေကုန်၏၊ ထိုဗြဟ္မာ့ဘုံ၌ ကမ္ဘာပေါင်းများစွာ တည်နေကြကုန်ပြီးလျှင် ဇရာမရဏ လက်နက်နှင့် ပျက်စီးဆုံးပါးခြင်းကို ခံရ၍ တစ်ဖန်ပင် အပါယ်လေးပါး ဘေးကြီးနှင့် ကြုံကြိုက်ကြရလေပြန်၏၊ ဇရာ မရဏတို့၏ ဖြစ်ကြောင်း အစဉ်အဆက်တို့ကို ဟုတ်မှန်စွာ မသိမူ၍ ထိုအကြောင်းအစဉ်အဆက်တို့ကို မပယ်ရှားနိုင်သေးသမျှ ကာလပတ်လုံး ဇရာမရဏတို့မှ လွန်မြောက်နိုင်ကြရန် အကြောင်းမရှိချေ။
ယခုခေတ်ကာလ၌ သံသရာ၏ နောက်အစွန်းကို စုံစမ်းကြံစည်လေ့ရှိကြကုန်သော အကြင်အကြံသမား အစုံစမ်းသမားတို့သည် ဇရာ မရဏ၏ အကြောင်းအစဉ်အဆက်တို့ကိုလည်း မသိကြလေကုန်၊ စျာန်ကို ရကြောင်းဖြစ်သည့် ဘာဝနာမှုတို့ကိုလည်း မသိကြလေကုန်၊ ထိုအကြံသမား အစုံစမ်းသမားတို့သည် အကြောင်းမဲ့သက်သက် လောကကို အစိုးရသော ပုဂ္ဂိုလ်အရှင်မည်သည်ကို ကောင်းကင်ဌာန၌ နိစ္စထာဝရတည်ရှိ၏ဟူ၍ ကြံစည်ကြကုန်ပြီးလျှင် ထိုအရှင်သည် အလွန်တန်ခိုးကြီး၏၊ လောကကိုအစိုးရ၏၊ လောကကိုဖန်ဆင်း၏၊ ငါတို့၏ အရှင်သခင်ပေတည်း၊ သေဆုံးသည်မှနောက်ကာလ၌ ငါတို့ကို ကယ်တင်လတ္တံ့၊ ငါတို့သည် ထိုအရှင်ထံသို့ ရောက်ကြသောအခါ ဇရာမရဏမှ လွန်မြောက်ကြရကုန်လတ္တံ့၊ အမြဲနိစ္စထာဝရ တည်၍ နေကြကုန်လတ္တံ့၊ ပျက်စီးရွေ့လျောခြင်းသဘောမရှိကြကုန်ဘဲ အမြဲအစွဲချမ်းသာကြရကုန်လတ္တံ့ဟူ၍ ကြံစည်ကြ ကုန်ပြီးလျှင် ထိုဣဿရ အရှင်ကိုသာလျှင် ခိုင်မြဲစွာဆည်းကပ်ခစားကြလေကုန်၏၊ အမှန်အားဖြင့်ဆိုသော် လောကကို အစိုးရ၍ တန်ခိုးပိုင်ဖြစ်သော အရှင်မည်သည် စင်စစ်အားဖြင့် ထင်ရှားရှိသည်မဟုတ်ချေ၊ အကြံအစီသမားတို့၏ စကားတစ်ခုလုပ်၍ ပြောဆိုရန်မျှသာဖြစ်၏၊ ထိုသို့လောကကိုအစိုးရသော အရှင်သည် အမှန်အားဖြင့် ထင်ရှားမရှိပါဘဲလျက် လောကီလူများအား ကယ်တင်မှုကို ပြုစွမ်းနိုင်မည့် အရေးသည် အဘယ်မှာ ရှိနိုင်ပါအံ့နည်း၊ ဤကဲ့သို့ ကြံစည်ပြုလုပ်မှုများသည် အလွန်အကြူး အထူး အံ့ဩဖွယ်ကောင်းသော အချက်ကြီးများဖြစ်လေသည်။ ဇရာမရဏ၏ဖြစ်ကြောင်းကိုမသိ၊ ဇရာမရဏ၏ ချုပ်မှုကိုမသိလျှင် ဇရာ မရဏကိုလွန်မြောက်နိုင်သော အကြောင်းမရှိချေ။
------------*------------
ပဋိစ္စသမုပ္ပါဒ်ကို သိမြင်ခြင်းအကျိုး
အကြင်ပုဂ္ဂိုလ်တို့သည် ဇရာ မရဏ၏ အရင်းမူလဖြစ်သော အကြောင်းအစဉ်အဆက်တို့ကိုလည်း ကောင်းစွာ သိမြင်နိုင်ကြကုန်၏၊ ထိုးထွင်း၍ သိမြင်နိုင်ကြကုန်၏၊ ဇရာ မရဏ၏ချုပ်မှုတို့ကိုလည်း ကောင်းစွာသိမြင်နိုင်ကြကုန်၏၊ ထိုးထွင်း၍သိမြင်နိုင်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့တွင် အယုတ်ဆုံး အောက်ထစ်ဆုံးကျသော ပုဂ္ဂိုလ်တို့မှာသော်လည်း အကျိုးအာနိသင်တရား ကိုးပါးနှင့် ပြည့်စုံ၏ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
ဒေသနာတော်ကား
အယံ ဝုစ္စတိ ဘိက္ခဝေ အရိယသာဝကော ဒိဋ္ဌိသမ္ပန္နော ဣတိပိ, ဒဿန သမ္ပန္နော ဣတိပိ , အာဂတော ဣမံ သဒ္ဓမ္မံ ဣတိပိ, ပဿတိဣမံ သဒ္ဓမ္မံ ဣတိပိ, သေက္ခေန ဉာဏေန သမန္နာဂတော ဣတိပိ, သေက္ခာယ ဝိဇ္ဇာယ သမ္မန္နာဂတော ဣတိပိ, ဓမ္မသောတံ သမာပန္နောဣတိပိ, အရိယော နိဗ္ဗေဓိကပညောဣတိပိ, အမတဒွါရံ အာဟစ္စ တိဋ္ဌတိ ဣတိပီတိ။
အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤပဋိစ္စသမုပ္ပါဒ်၏ ဖြစ်ပုံချုပ်ပုံတို့ကိုသိသော၊ အရိယသာဝကော= မြတ်သော တပည့်သားကို၊
၁။ ဒိဋ္ဌိသမ္ပန္နော ဣတိပိ=မှန်သောအယူနှင့်ပြည့်စုံပြီဟူ၍၎င်း၊
၂။ ဒဿန သမ္ပန္နောဣတိပိ=မှန်သော အမြင်နှင့်ပြည့်စုံပြီ ဟူ၍၎င်း၊
၃။ ဣမံ သဒ္ဓမ္မံဣတိပိ=ဤဗုဒ္ဓဘာသာတရားမှန် အတွင်းသို့၊ အာဂတောဣတိပိ=ဝင်ရောက်လာပြီ ဟူ၍၎င်း၊
၄။ ဣမံ သဒ္ဓမ္မံ=ဤဗုဒ္ဓဘာသာတရားမှန်ကို၊ ပဿတိ ဣတိပိ= ကောင်းစွာမြင်ပြီဟူ၍၎င်း၊
၅။ သေက္ခေန ဉာဏေန=အကျင့်လမ်းမှန်သော သေက္ခဉာဏ်နှင့်၊ သမန္နာဂတော ဣတိပိ=ပြည့်စုံပြီဟူ၍၎င်း၊
၆။ သေက္ခာယ ဝိဇ္ဇာယ= အကျင့်လမ်းမှန်သော ဝိဇ္ဇာနှင့်၊ သမ္မန္နာဂတော ဣတိပိ=ပြည့်စုံပြီဟူ၍၎င်း၊
၇။ ဓမ္မသောတံ=ဗောဓိပက္ခိယ တရားအယဉ်သို့၊ သမာပန္နော ဣတိပိ=ဆိုက်ဆိုက်လာပြီဟူ၍၎င်း၊
၈။ အရိယော=မွန်မြတ်သော၊ နိဗ္ဗေဓိကပညောဣတိပိ= မသိဘူးသေးသော တရားတို့ကို ထိုးထွင်း၍ သိမြင်နိုင်သောပညာနှင့် ပြည့်စုံပြီဟူ၍၎င်း၊
၉။ အမတဒွါရံ=အမြိုက်နိဗ္ဗာန်တံခါးဝသို့၊ အာဟစ္စ= ဆိုက်ရောက်၍၊ တိဋ္ဌတိဣတိပီတိ=တည်နေပြီဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။
ပဋိစ္စသမုပ္ပါဒ်ကို ကောင်းစွာသိမြင်သော ပုဂ္ဂိုလ်၏ အကျိုးကိုးပါး လိုရင်းမှာ
၁။ မှန်သောအယူနှင့်ပြည့်စုံခြင်း၊
၂။ မှန်သောအမြင်နှင့်ပြည့်စုံခြင်း၊
၃။ ဤဗုဒ္ဓဘာသာတရားမှန်အတွင်းသို့ ဝင်ရောက်ခြင်း၊
၄။ ဗုဒ္ဓဘာသာတရားမှန်ကို ဧကန်သိမြင်ခြင်း၊
၅။ အကျင့်မှန်သော သေက္ခဉာဏ်နှင့် ပြည့်စုံခြင်း၊
၆။ အကျင့်မှန်သော သေက္ခဝိဇ္ဇာနှင့် ပြည့်စုံခြင်း၊
၇။ ဗောဓိပက္ခိယ တရားအယဉ်သို့ ဆိုက်ရောက်ခြင်း၊
၈။ ထိုးထွင်းသိမြင်နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံခြင်း၊
၉။ အမြိုက်နိဗ္ဗာန် တံခါးဝသို့ ဆိုက်ရောက်၍ တည်ခြင်း၊
ဤကိုးပါးပေတည်း။
ဤကိုးပါးတွင်- “ အာဂတော ဣမံ သဒ္ဒမ္မံ” ဟူသော တတိယအကျိုး၌ ဤပဋိစ္စသမုပ္ပါဒ်ဒေသနာကို ကောင်းစွာသိမြင်ပါမှ ဗုဒ္ဓမြတ်စွာ၏ သာသနာတွင်းသို့ အတွင်းသားအဖြစ်နှင့် ဝင်ရောက်သည်မည်၏၊ ဗုဒ္ဓဘာသာဝင် လူမျိုးပင်ဖြစ်စေကာမူ ပဋိစ္စသမုပ္ပါဒ်တရားကို ကောင်းစွာ မသိ မမြင်သည်ရှိသော် ဗုဒ္ဓဘာသာ၏ အတွင်းသားအဖြစ်သို့ ရောက်သည်ဟူ၍ မဆိုချေ၊ အပြင်ပက ဗုဒ္ဓဘာသာဝင်ဟူ၍သာလျှင် ဆိုအပ်လေ၏၊ အဘယ့်ကြောင့်နည်းဆိုသော် ယခုနေ့ဗုဒ္ဓဘာသာ ပင်ဖြစ်သော်လည်း နက်ဖြန်ခါ ဘာသာတစ်ပါးသို့ ပြောင်းသွားတတ်၏၊ ယခုဘဝ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း နောင်ဘဝ၌ ဘာသာတစ်ပါးဖက်သို့ ရောက်တတ်လေ၏၊ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်ကို ကောင်းစွာမသိလျှင် ဗုဒ္ဓဘာသာ၏အတွင်းသား နှီးနှီးရင်းရင်း မဖြစ်နိုင်ဟုဆိုခဲ့ပေသည်။ ပဋိစ္စသမုပ္ပါဒ်ကို ကောင်းစွာသိမြင်လျှင် ဘာသာတစ်ပါး မပြောင်းလဲပြီ ဖြစ်၍ ဗုဒ္ဓဘာသာ၌ နှီးနှီးရင်းရင်း အတွင်းသား အမှန်ဖြစ်လေတော့သည်။ ပဋိစ္စသမုပ္ပါဒ်ကို သိသောအခါ မဂ်ဉာဏ်အပင်းအသင်းသို့ ပါဝင်သော ဗောဓိပက္ခိယတရားဂိုဏ်းထဲသို့ ရောက်လေတော့သည်၊ ဆုတ်နစ်ခြင်းမရှိ၊ ထို့ကြောင့် “ဓမ္မသောတံ သမာပန္နော” ဟူ၍ ဟောတော်မူလေသည်။
ပဋိစ္စသမုပ္ပါဒ်တရားကို အနမတဂ္ဂ သံသရာမှာ လွန်စွာသိမြင်နိုင်ခဲ၏၊ သိမြင်နိုင်လျှင်လည်း သံသရာမှ ကျွတ်လွတ်ရန် လမ်းသို့ရောက်လေ၏၊ အနမတဂ္ဂ သံသရာက မသိမြင် မထိုးထွင်းဖူးသော ပဋိစ္စသမုပ္ပါဒ်တရားကို သိသောအခါ နိဗ္ဗေဓိကပညာနှင့် ပြည့်စုံသည်၊ ထို့ကြောင့် “အရိယေနိဗ္ဗေဓိကပညော” ဟူ၍ဟောတော်မူသည်။
အမြိုက်နိဗ္ဗာန်တံခါးသို့ဆိုက်၍ တည်၏ဆိုရာ၌ နိဗ္ဗာန်တံခါးဆိုသည်ကား မဂ်ဉာဏ်ပေတည်း၊ ပဋိစ္စသမုပ္ပါဒ်ကို ကောင်းစွာသိလျှင် ထိုနိဗ္ဗာန်တံခါးဝသို့ ဆိုက်ရောက်လေသည်မည်၏ ဟူ၍ဟောတော်မူခြင်းငှာ “အမတဒွါရံ အာဟစ္စတိဋ္ဌတိ” ဟူ၍ဟောတော်မူသည်။ ဤအရာ၌ နိဗ္ဗာန်သည်--
၁။ ပထမနိဗ္ဗာန်၊
၂။ ဒုတိယနိဗ္ဗာန်၊
၃။ တတိယနိဗ္ဗာန်၊
ဟူ၍ သုံးမျိုးရှိ၏၊ ။ထိုသုံးမျိုးတို့တွင်-
အကြင်ပုဂ္ဂိုလ်တို့အား သက္ကာယဒိဋ္ဌိတရားကို အချင်းခပ်သိမ်း ပယ်ရှားအပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား လွန်ခဲ့သော အတိတ်ဘဝတို့က ပြုအပ်ခဲ့သမျှသော အပါယ်သို့ရောက်စေတတ်သည့် ကံဟောင်းတို့ကိုလည်း အချင်းခပ်သိမ်း ပယ်အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်မှာ ရှိရှိသမျှသော ဒုစ္စရိုက်ကံဟောင်းတို့သည် အကျိုးမပေးသော အနေအားဖြင့် အဟောသိကံဖြစ်၍ ချုပ်ဆုံးကြကုန်သည်ဟူ၍ ဆိုလိုသည်၊ ယခုဘဝ၌ အပါယ်သို့ကျရောက်စေတတ်သော ဒုစ္စရိုက်ကံသစ်တို့ကိုလည်း ဤဘဝမှာပင် အလုံးစုံပယ်အပ်လေကုန်၏၊ ထိုအတူ အလုံးစုံသော ဒိဋ္ဌိဟူသမျှတို့ကိုလည်း ပယ်အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား ဤဘဝမှစ၍ အပါယ်သို့ ကျရောက်ခြင်းမှ ကင်းငြိမ်းကြလေကုန်၏။
သုဂတိဘဝသို့ ရောက်စေတတ်သော ကံတို့သာလျှင် ထိုပုဂ္ဂိုလ်တို့၏ သန္တာန်မှာရှိလေတော့၏၊ ဤကဲ့သို့ အပါယ်ဘေးကြီး ကင်းငြိမ်းချမ်းသာမှုသည် မြတ်စွာဘုရား၏ သာသနာတော်၌ ပထမနိဗ္ဗာန်ကြီးမည်၏။
သောတာပန် သကဒါဂါမ်တို့နှင့် ဆိုင်သော နိဗ္ဗာန်မျိုးပေတည်း။
တစ်ဖန်တုံ- အကြင်ပုဂ္ဂိုလ်တို့အား ကာမဘုံ၌ သာယာသော ကာမတဏှာကို အချင်းခပ်သိမ်း ပယ်ရှားအပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား ကာမဘုံသို့ ရောက်စေတတ်ကုန်သော ကံတို့ကို၎င်း, ကာမဘုံဘဝတို့ကို၎င်း အကြွင်းမဲ့ပယ်အပ်လေကုန်၏၊ ရူပဘုံ အရူပဘုံသို့ရောက်စေတတ်သော ကံများနှင့် ရူပဘဝ အရူပဘဝတို့သည်သာလျှင် ထိုပုဂ္ဂိုလ်တို့၏ သန္တာန်၌ ကြွင်းကျန်ကုန်၏၊ ဤကဲ့သို့ ကာမဘုံ ကာမဒုက္ခနယ်တို့မှ ကင်းငြိမ်းချမ်းသာမှုသည် မြတ်စွာဘုရား၏ သာသနာတော်၌ ဒုတိယ နိဗ္ဗာန်ကြီးမည်၏။
အနာဂါမ်ပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်သော နိဗ္ဗာန်မျိုးပေတည်း။
တစ်ဖန်တုံ- အကြင်ပုဂ္ဂိုလ်တို့အား အလုံးစုံသော ဘဝတဏှာတို့ကို အကြွင်းမဲ့ပယ်အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား ရူပ အရူပ ဗြဟ္မာ့ ဘဝကို ဖြစ်စေတတ်သော ကံများနှင့် ထိုဗြဟ္မာ့ဘဝတို့ကိုလည်း အကြွင်းမဲ့ပယ်အပ်လေကုန်၏၊ ထိုဘဝ၌ပင်လျှင် ဒုက္ခဇာတ်သိမ်း၍ ပရိနိဗ္ဗာန်စံခြင်းဖြင့် ငြိမ်းတော်မူလေကြကုန်၏၊ ဤကဲ့သို့ အလုံးစုံသော ဘုံဘဝ ဝဋ်ဒုက္ခတို့မှ လွတ်ကင်း ချမ်းသာမှုသည် မြတ်စွာဘုရား၏ သာသနာတော်၌ တတိယ နိဗ္ဗာန်ကြီးမည်၏။
ဘုရားရဟန္တာ အရှင်မြတ်တို့နှင့် သက်ဆိုင်သော မဟာအသင်္ခတ နိဗ္ဗာန်ကြီးပေတည်း။
ဤပဋိစ္စသမုပ္ပါဒ်ကြီးကို အတပ်ထင်ထင် ကောင်းစွာသိမြင်မှုသည် ပြဆိုအပ်ပြီးသော နိဗ္ဗာန်သုံးပါးသို့ မဆုတ်နစ်သော ဝင်ခြင်းဖြင့် ဝင်ရောက်ရန် လမ်းဝ,လမ်းစဖြစ်လေ၏၊ နိဗ္ဗာန်သုံးပါး၏ တံခါးဝ သဖွယ်ဖြစ်လေ၏၊ ထို့ကြောင့် “အမတဒွါရံ အာဟစ္စတိဋ္ဌတိ” ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
ဤဒေသနာတော်ကိုရည်၍
“ပဋိစ္စသမုပ္ပါဒ် တရားကိုသိလျှင် ဒိဋ္ဌိအဖြာဖြာ ဝိစိကိစ္ဆာ ကင်္ခါ ယုံမှားခြင်း အမျိုးမျိုးမှ ကင်းရှင်းပြီးလျှင် ကင်္ခါဝိတရဏ ဝိသုဒ္ဓိလမ်းသို့ ပေါက်ရောက်လေသည်၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိဉာဏ်နှင့် ပြည့်စုံလျှင် စူဠသောတာပန်ဖြစ်လေသည်” ဟူ၍ အဋ္ဌကထာဆရာကြီးတို့ မိန့်ဆိုတော်မူကြကုန်သည်။
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည် ဓမ္မနိယာမကို ပြဆိုသော ဒေသနာတော်ကြီးဖြစ်ပေ၏၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်မှု (လ) ဇာတိကြောင့် ဇရာ မရဏဖြစ်မှုသည် မြတ်စွာဘုရားတို့ ပွင့်တော်မူကြကုန်သည်ဖြစ်စေ, ပွင့်တော်မမူကြကုန်သည်ဖြစ်စေ အမြဲမပြတ်တည်၍ နေသော ဓမ္မနိယာမ ဓာတ်ကြီးဖြစ်၏၊ အဝိဇ္ဇာစသောအကြောင်း တရားတို့ကြောင့် သင်္ခါရစသော အကျိုးတရားတို့၏ ဖြစ်နေမှုကို တစ်စုံတစ်ဦးသော လူသည်၎င်း, နတ်သည်၎င်း, ဗြဟ္မာသည်၎င်း, လောကကို အစိုးရသော သူသည်၎င်း ပြုပြင်ဖန်ဆင်းအပ်သည်မဟုတ်၊ သင်္ခတတရားတို့၏ နိယာမသဘောအားဖြင့် အမြဲဖြစ်၍နေသော သဘောရိုး လမ်းစဉ်ကြီးပေတည်း။ အဝိဇ္ဇာမရှိလျှင် သင်္ခါရမဖြစ် (လ) ဇာတိမရှိလျှင် ဇရာ မရဏမဖြစ်ဟူသော ပဋိစ္စသမုပ္ပါဒ်၏ ချုပ်လမ်း ပျောက်လမ်း သည်လည်း တရားသဘောအားဖြင့် ရှိလေ၏၊ တစ်စုံတစ်ဦးသောပုဂ္ဂိုလ်တို့၏ အမိန့်အာဏာ တန်ခိုးအစွမ်းနှင့် ချုပ်ငြိမ်းသည် မဟုတ်ချေ။ ဤပဋိစ္စသမုပ္ပါဒ်ဒေသနာသည် သတ္တလောကကြီး၏ ဖြစ်ပုံကို ပရမတ္ထသစ္စာနည်းအားဖြင့် ပြဆိုအပ်သော ဒေသနာတော်ကြီးပေတည်း။
------*----
ဧဝမေတဿ (ပ) ဟောတိ
(ဤသို့အလုံးစုံဒုက္ခတုံးသက်သက်၏ ဖြစ်ပွါးချက်များ ဖြစ်သည်။)
ပရမတ္ထသစ္စာနည်းအားဖြင့် သတ္တလောကကြီးဖြစ်နေမှုကိုပင် ပုထုဇ္ဇန်တို့၏စိတ်၌ ပုဂ္ဂိုလ်သတ္တဝါတွေ ဖြစ်၍နေသည်ဟု ထင်မှတ်စွဲလမ်းကြလေကုန်သည်၊ နာမ်ရုပ်တရားတို့၏ အကြောင်းအကျိုး ဆက်လက်ဖြစ်ပွါးခြင်းမျှသာတည်း။ ထိုဖြစ်ပွါးမှုသည် စင်စစ်အားဖြင့် ချမ်းသာသုခ ဟူ၍ မြူမျှမဖက် သက်သက်ဒုက္ခတရားတို့၏ အစုအပုံမျှတို့သာ ဖြစ်လေသည်၊ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာ၏အဆုံးတွင် “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”ဟူ၍ ဒုက္ခဖြင့် နိဂုံးချုပ်၍ ဟောကြားတော်မူသည်။
ဤဒေသနာကိုရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌
ဝဋ်သံသရာ၊ ရှည်မင်းစွာ၌၊ သူငါကစ၊ ဖြစ်သမျှကား၊ သတ္တမဟုတ်၊ ဓာတ်မှန်ထုတ်သော်၊ နာမ်ရုပ်နှစ်သင်း၊ အမြင်လင်းလော့၊ အရင်းအဝိဇ္ဇာ၊ ထိုမှဖြာ၍၊ ဇရာမရဏ၊ အဆုံးကျသည်၊ ဓမ္မအပြား၊ ဆယ့်နှစ်ပါးကို၊ ဤကားလူပင်၊ ဤလျှင်နတ်ဘဲ၊ အထင်လွဲလျက်၊ တဝဲလည်လည်၊ ဝဋ်နွယ်စည်၏၊ ရှည်လေသမျှ၊ အနန္တကား၊ သုခဟူသည်၊ မြူမျှမကွက်၊ အဆက်ဆက်လျှင်၊ သက်သက်ဒုက္ခ၊ ဓာတ်မှန်ရသည်။။ ဘဝဤကိုယ် ဖြစ်ထုံးတည်း။
ဟူ၍ စပ်ဆိုတော်မူသည်။
ပရမတ္ထသစ္စာဟုဆိုအပ်သော ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် သတ္တလောကကြီး ဖြစ်ပျက်ပုံပြီး၏။
------*----
နိဂုံး
ပုလဲနှစ်အသွင် စင်ကြယ်သော သီလဂုဏ်, မြင့်မိုရ်တရထည် ခိုင်တည်သောသမာဓိဂုဏ်, ဝရဇိန်စက်ကဲ့သို့ထက်မြက်သော ပညာဂုဏ်, မြေကြီးသမုဒ္ဒရာကဲ့သို့ လွန်စွာကျယ်ပြန့် နက်နဲသော ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသော ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးသည်၁၂၇၅-ခုနှစ်၊ ဝါတွင်းအခါ မုံရွာလယ်တီတောရ ကျောင်းတိုက်အတွင်း သီတင်းသုံးလတ် ဝါကပ်မှီခို၍ နေတော်မူစဉ် ဥရောပတိုက်သို့ ပေးပို့ရန် “နိုင်ငံခြား သာသနာပြုကိစ္စအတွက်” ဤကျမ်းစာကို ပါဠိဘာသာအားဖြင့် ရေးသားစီရင်တော်မူသတည်း။
------*----
ဆရာတော်ဘုရားကြီး၏ အာသီသဂါထာ
၁။ “ဧတေန မမ ဂန္ထေန၊ သဗ္ဗေ ဥရောပိကာ ဇနာ။
သုဒိဋ္ဌာ အရိယံ ဉာဏံ၊ အပါယံ အစ္စယန္တု တေ”။
မမ=လယ်တီတောကျောင်းဆရာငါ၏၊ ဧတေန ဂန္ထေန=ဤကျမ်းဖြင့်၊ ဥရောပိကာ=ဥရောပတိုက်၌ နေထိုင်ပေါက်ပွားကြကုန်သော၊ သဗ္ဗေဇနာ=လူခပ်သိမ်းတို့သည်၊ အရိယံ=ဗုဒ္ဓဘာသာနှင့်စပ်၍ မွန်မြတ်သော၊ ဉာဏံ=နည်းကောင်းလမ်းမှန် တရားဉာဏ်ကို၊ သုဒိဋ္ဌာ=ကောင်းစွာ သိမြင်ကြကုန်သည်ဖြစ်၍၊ တေ=ထိုဥရောပတိုက်သားတို့သည်၊ အပါယံ=အပါယ်ဘေးကြီးကို၊ အစ္စယန္တု=လွန်မြောက်နိုင်ကြပါစေ ကုန်သတည်း။
---------*-------
မြန်မာဘာသာပြန် ဆရာ၏ နိဂုံး
၁။ လယ်တီပဏ္ဍိတနာမော ယော၊ လယ်တီထေရဿ သိက္ခိတော။
လယ်တီ ရာမမှိ သဉ္ဇာတော၊ လယ်တီဝံသမှိ သော ကဝိ။
၂။ လယ်တီထေရ ရစိတာယ၊ ပါဠိယာ အတ္ထသူစကံ။
ရစယီ မြန်မာ့ဘာသာယ၊ ဗုဒ္ဓဘာသာဘ ဒီပနိံ။
၃။ ပဉ္စ သတ္တ ဒွယေကမှိ၊ အာသဠှီမာသ ဇုဏှကေ။
တတိယေ နိဋ္ဌိတာ ဧသာ၊ နာနာနယ ပသောဘိတာ။
၄။ ပုညေနေတေန ထေရော သော၊ သမတ္ထော ဟောတု သာသနံ။
သီဃံ ဥရောပရဋ္ဌမှိ၊ သကလေ ပတ္ထရေတဝေ။
၁။ လယ်တီပဏ္ဍိတနာမော='လယ်တီပဏ္ဍိတ' အမည်ရသော၊ ယော=အကြင်သူသည်၊ လယ်တီထေရဿ=ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏၊ သိက္ခိတော=သင်ကြားပြသဆုံးမနည်းပေး ယဉ်ကျေးစေအပ်သောသူဖြစ်၏၊ လယ်တီရာမမှိ=မုံရွာမြို့ လယ်တီတိုက်တာ အရာမ်ကြီး၌၊ သဉ္ဇာတော=သာကီနွယ်မြတ် ရဟန်းဇာတ်သို့ ဆိုက်ကပ်ကြီးပွါး၍ လာသောသူပေတည်း၊ သော=ထိုလယ်တီပဏ္ဍိတ မည်သောသူသည်၊ လယ်တီဝံသမှိ=လယ်တီဂိုဏ်း အဆက်အနွယ်၌၊ ကဝိ=စာရေးဆရာတစ်ဦး ဖြစ်လေသည်။
၂။ သော=ထို လယ်တီပဏ္ဍိတ မည်သောသူသည်၊ လယ်တီထေရ ရစိတာယ=ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး စီရင်တော်မူအပ်သော၊ ပါဠိယာ=ဥရောပတိုက်သို့ ပို့သော ပါဠိကျမ်း၏၊ အတ္ထသူစကံ=အနက်အဓိပ္ပါယ်ကို အကျယ်တဝင့် ပွင့်ပွင့်လင်းလင်း ပြဆိုတတ်သော၊ ဗုဒ္ဓဘာသာဘဒီပနိံ=ဗုဒ္ဓဘာသာ အလင်းကိုပြတတ်သည်ဖြစ်၍ 'ဗုဒ္ဓဘာသာအလင်းပြ' မည်သောကျမ်းကို၊ မြန်မာ့ဘာသာယ=တိုင်းရင်းစဉ်လာ မြန်မာဘာသာဖြင့်၊ ရစယီ=ရေးသားစီရင်လေပြီ။
၃။ နာနာနယ ပသောဘိတာ=အထူးထူးသော နည်းလမ်းတို့ဖြင့် တင့်တယ်ဆန်းကြယ်သော၊ ဧသာ=ထိုဗုဒ္ဓဘာသာ အလင်းပြကျမ်းသည်၊ ပဉ္စသတ္တဒွယေကမှိ=သက္ကရာဇ်-၁၂၇၅-ခုနှစ်၌၊ အာသဠှီ မာသ ဇုဏှကေ= ဝါဆိုလဆန်းဖြစ်သော၊ တတိယေ=သုံးရက်မြောက်သည့် သောကြာနေ့၌၊ နိဋ္ဌိတာ=ပြီးဆုံးခြင်းသို့ရောက်လေ၏။
၄။ ဧတေန ပုညေန=ဤဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်းကို ရေးသားရသော ကောင်းမှုကြောင့်၊ သော ထေရော=ထိုကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည်၊ သကလေ=အလုံးစုံသော၊ ဥရောပရဋ္ဌမှိ=ဥရောပတိုက်၌၊ သာသနံ=ဗုဒ္ဓမြတ်စွာ၏ သာသနာကို၊ သီဃံ=လျင်လျင်မြန်မြန်၊ ပတ္ထရေတဝေ=ထွန်းလင်းအနှံ့ ပြန့်ကြီးပြန့်အောင် ဖြန့်တော်မူခြင်းငှါ၊ သမတ္ထော=စွမ်းဆောင်တော်မူနိုင်သည်၊ ဟောဟု=ဖြစ်ပါစေ သတည်း။
ဥရောပ ဗုဒ္ဓဘာသာအလင်းပြကျမ်း ပြီး၏။
-----*----
Comments
Post a Comment