လူသေလူဖြစ် ဝါဒါနုဝါဒ
သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့်၏
ဒုလ္လဘဓမ္မဒါန
သာဓုအနုမောဒနာ ဝမ်းမြောက်ဖွယ်စကား
ဤဓမ္မဒါနကုသိုလ်ရှင် စာဒါယကာကြီး ဦးကျော်ညွန့်သည် ဗုဒ္ဓဘာသာမျိုးရိုးမှ ရတနာသုံးပါး ဦးထိပ်ထား၍ မွေးဖွားလာသူဖြစ်သည့်အတိုင်း မိဘတို့၏သွန်သင်မှုဖြင့် လူမှန်းသိစကပင် ရတနာသုံးပါးနှင့် အစဉ်မပြတ်ထိတွေ့ခဲ့ရပေသည်၊ ကျောင်းစာသင်ချိန်များမှာလည်း ဆရာကောင်းများနှင့် ဘာသာစာပေများကို သင်ကြားခဲ့ရသည်၊ ယင်းဘာသာရေးစာပေများကို ဖတ်ရှု လေ့လာရတိုင်း ကြည်နူးဝမ်းသာဖြစ်ခဲ့ရသည်၊ တာဝန်များထမ်းဆောင်ချိန်တွင် ဆရာတော်သံဃာတော်များနှင့် အခါမပြတ် ကြုံကြိုက်ဖူးမြင်ခွင့်ရပြီး ဘာသာရေး အသိဉာဏ်များ ကြွယ်ဝခဲ့ရသည်။
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်ဆည်းပူး၍ ဘုရားအဖြစ် ရတော်မူပုံကို အာရုံပြုကာ အကြိမ်ကြိမ် အဖန်ဖန် ဗုဒ္ဓပူဇာပြုခဲ့သည်၊ စေတီဘုရားကျောင်းကန်များ တည်ဆောက်ပြုပြင် မွမ်းမံရာဌာနများတွင် ကိုယ်အား ငွေအား စွမ်းအားရှိသမျှ ပါဝင်ကုသိုလ်ပြုခဲ့သည်၊ ရှင်တော်ဘုရား ဟောကြားထားတော်မူသော အပူခပ်သိမ်း ငြိမ်းအေးကြောင်း ဓမ္မရတနာ တည်တံ့ပြန့်ပွားစေရန် စာအုပ်စာပေကျမ်းဂန်များကို အခွင့်ရသလို ရိုက်နှိပ်လှူဒါန်း ခဲ့သည်။
လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဆည်းပူး၍ အလုံးစုံသိမြင်တော်မူသော ဘုရားအဖြစ်သို့ ရောက်ပါမှ ဟောကြားတော်မူသော ဓမ္မရတနာများကို ဆန့်ကျင်သောအားဖြင့် ထိခိုက်စွပ်စွဲ ပြောဆိုသံကြားရလျှင် စိတ်နှလုံး တုန်လှုပ်ပြီး တင်းကြပ်စွာ ခံစားခဲ့ရသည်၊ ယင်းမှားယွင်းချက်များကို တတ်အားသမျှ သိသမျှ ဖြေရှင်းပေးခဲ့သည်။
လောကသည် အလွန်ဆန်းကြယ်လှသည်၊ ဤမျှမွန်မြတ်သော တရားတော်များကို ပင်ကိုယ်သဒ္ဓါတရား နည်းပါးသူများသည် ရှုထောင့်ဘက်ပေါင်းစုံမှ နည်းအမျိုးမျိုးဖြင့် ထိပါးပုတ်ခတ် စွပ်စွဲလာတတ်ကြသည်၊ လူသေလူဖြစ်လို ဝါဒမျိုးမှာ အထောက် အထားအမျိုးမျိုးပြ၍ ပေါ်ပေါက်လာသည်ဖြစ်ရာ စာဒါယကာကြီးသည် မဟုတ်မမှန်မှန်း ဧကန်တိတိ သိရှိသည်၊ သို့ရာတွင် ယင်းဘက်ဆိုင်ရာ ပညာရှင်မဟုတ်သည့်အတွက် စနစ်တကျ အကျယ်တဝင့် တစ်ချက်ခြင်း ဖြေရှင်းနိုင်စွမ်း မရှိပေ။
ကံအားလျှော်စွာ သီးခြားနိုင်ငံတော်ဝိနိစ္ဆယ အမှတ်(၂)အဖွဲ့ ဆုံးဖြတ်ထားသော လူသေလူဖြစ် ဝါဒါနုဝါဒ (ထေရဝါဒ စွယ်စုံကျမ်း) ကို ဖတ်ရှုလေ့လာခွင့် ရရှိခဲ့သည်၊ ဝိနိစ္ဆယဆရာတော်များက မှန်ကန်စွာ အောင်အောင်မြင်မြင် ပိုင်ပိုင်နိုင်နိုင် ဝိနိစ္ဆယ ချနိုင်ခဲ့သည်ကို ကြည်ညိုခဲ့ရပေသည်၊ သို့သော်လည်း ဤကျမ်းစာမှာ ယခုအခါ လေ့လာသူများ အတွက် ထပ်မံပုံနှိပ်ရန် လိုအပ်လျက် ရှိပေသည်။
သို့ဖြစ်ရာ ဒါယကာတို့၏အကျိုးကို အစဉ်အမြဲ နည်းပေးလမ်းညွှန် ပြုတော်မူလေ့ရှိသော ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပုညနိမ္မိတာရာမ ရွှေသုဝဏ်ကျောင်းဆရာတော် ဘဒ္ဒန္တသဒ္ဓိယ (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) နှင့်တိုင်ပင်၍ ဤဝိနိစ္ဆယကျမ်းစာကို ပုံနှိပ်လှူဒါန်းလိုကြောင်း၊ ဤကျမ်းစာပုံနှိပ်ပြီးပါက ရောင်းရငွေကို ပဒေသာရန်ပုံငွေအဖြစ်သတ်မှတ်လျက် ဤကျမ်းစာကုန်သွားတိုင်း နောက်အကြိမ်များ အဆက်မပြတ်အောင် ဆက်လက်ပုံနှိပ်နိုင်ရန် ရည်ရွယ်ပါကြောင်း မိမိအား အဆိုပြု တင်ပြပါသည်၊ သာသနာတော် တည်တံ့ပြန့်ပွားရေးသို့ ရှေးရှုလျက် ဤဝိနိစ္ဆယကျမ်းကို မူမပျက်စေဘဲ ပုံနှိပ်လှူဒါန်းလိုသည့် စာဒါယကာကြီး ဦးကျော်ညွန့်၏ အကြံအစည် သမ္မာသင်္ကပ္ပမှာ အနှစ်သာရပြည့်ဝ၍ ကောင်းမြတ်လှကြောင်း တွေ့ရှိရပါသည်။ စာဒါယကာကြီး ဦးကျော်ညွန့်၏အလှူသည် ပညာသံဝတ္တနိကဓမ္မဒါန ပဒေသာပင်အဖြစ် တည်ရှိနေမည်ဖြစ်ပြီး သာသနာတည်နေသရွေ့ ထာဝရကုသိုလ် အစဉ်ရှင်သန်နေမည့် အစီအစဉ်ပင် ဖြစ်ပါသည်။
လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)ကြီးသည် စာမျက်နှာပေါင်း ၁၂၀၀-ခန့်ရှိ၍ ဆိုက်ကြီးဆိုက်ခန့် ဖြစ်ပါသည်။ စက္ကူကောင်း၊ မင်ကျမင်နကောင်း၊ ချုပ်လုပ်မှုကောင်းဖြင့် အကောင်းသုံးချက်ညီစွာ အုပ်ရေ (၁၀၀၀)အတွက် စာဒါယကာကြီး ဦးကျော်ညွန့်မိသားစုက ငွေကျပ်သိန်း(၅၀)ကျော် မတည်လှူဒါန်းထားပါသည်။
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီရပ်ကွက်၊ ပါရမီလမ်း၊ ငွေကြာရံရိပ်သာနေ ပြည့်စုံညွန့် ကုမ္ပဏီပိုင်ရှင်၊ အလှူရှင် ဦးကျော်ညွန့်+ဒေါ်သန်းမြင့် နှင့် သားသမီးမြေးတစ်စု တို့၏ အခြားသာသနာပြု အလှူတော်ဖြစ်သော ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် စာသင်တိုက်အလှူနှင့် တိပိဋကပါဠိမြန်မာ အဘိဓာန် အတွဲ(၁)၊ အတွဲ (၂)၊ အတွဲ (၃) ပုံနှိပ်အလှူ စသည်တို့နှင့်တကွ အထူးသဖြင့် ဤလူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) အတွက် ပုံနှိပ်လှူဒါန်းခြင်း ပညာသံဝတ္တနိက ဓမ္မဒါန မြတ်ကောင်းမှု ကုသိုလ်အစုစုတို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ်ခေါ်ဆိုလျက် ဤအနုမောဒနာစာတမ်းဖြင့် ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသတည်း။
ပုံနှိပ်ထုတ်ဝေရခြင်းအကြောင်း
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အတွင်း လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိဝါဒ၊ ရွှေအဘိဓမ္မာဝါဒတို့နှင့် ပတ်သက်၍ ဝိဝါဒါဓိကရုဏ်းကြီးဖြစ်ပွားလျက်ရှိရာ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၏ တာဝန်ပေးချက်အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ယင်းဝိဝါဒါဓိကရုဏ်းကြီးကို ဆုံးဖြတ်ပေးရန်အတွက်နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ကို ၁၃၄၃-ခုနှစ်၊ နယုန်လဆုတ် (၉)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပေသည်။
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ (၂)သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တာဝန်ပေးချက်အရ ၁၃၄၃-ခုနှစ်၊ နယုန်လဆုတ် (၁၂)ရက်နေ့တွင် စတင်၍ ရုံးဖွင့် စစ်ဆေးခဲ့ပြီး စောဒကနှင့် စုဒိတကတို့ နှစ်ဦးနှစ်ဘက် တင်ပြ လျှောက်ထားကြသော စောဒနာ သောဓနာတင်လွှာတို့ကို လေးလကြာမျှ အချိန်ယူ သုံးသပ်စစ်ဆေးလျက် ၁၃၄၃-ခုနှစ်၊ သီတင်းကျွတ်လဆုတ် (၁၁)ရက်နေ့မှစ၍ ၆-ရက်တိုင်တိုင် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပေသည်။ ယင်း ဆုံးဖြတ်ချက် ဝိနိစ္ဆယသည် နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ်မှ ပြန့်ကျယ်သော ဗုဒ္ဓဝါဒ ဓမ္မဥဿုံ စုံစုံလင်လင်ရှိလှသဖြင့် “ထေရဝါဒ စွယ်စုံကျမ်း” ဟုပင် ခေါ်ဆိုထိုက်ပေသည်။
သို့ဖြစ်၍ -
(က) ဝိနိစ္ဆယကို ၆-ရက်တိုင်တိုင် ချမှတ်ရာ၌ စိတ်ဝင်စားစွာဖြင့် လာရောက်နာယူကြသူများနှင့် ဤဝိနိစ္ဆယ အဆုံးအဖြတ်များကို အစဉ်ဖတ်ကြားမှတ်သားလိုကြသော ဗုဒ္ဓဘာသာဝင်တို့၏ လိုအင်ဆန္ဒကို ဖြည့်စွမ်းရန်၊
(ခ) ဓမ္မ အဓမ္မ ဝိဝါဒါဓိကရုဏ်းများ နောက်ထပ် မပေါ်ပေါက်စေရန်၊
(ဂ) ဖြစ်ပေါ်ပြီးသော ဝိဝါဒါဓိကရုဏ်းများ ငြိမ်းအေးပပျောက်စေရန်၊
(ဃ) ထေရဝါဒပိဋကတ်တော်နှင့် ဆန့်ကျင်သော အယူအဆများ ပပျောက်စေရန်၊
(င) ထေရဝါဒပိဋကတ်တော်နှင့် ညီညွတ်သော အယူအဆများ ထွန်းကားစေရန်၊
(စ) မိစ္ဆာဝါဒ အကုသိုလ် အယူအဆများကင်းစင်၍ သမ္မာဝါဒကုသိုလ်အယူအဆများ ထွန်းကားစေရန်၊
(ဆ) ဓမ္မ အဓမ္မ ဝိဝါဒကိစ္စ၌ အတုယူဖွယ် ဖြတ်ထုံးအဖြစ် သမိုင်းတွင် ကျန်ရစ်စေရန် -
ဟူသော ရည်ရွယ်ချက်ဖြင့် ထေရဝါဒပိဋကတ်တော်နှင့်အညီ ဆုံးဖြတ်ထားသော ဤ “လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ” ကျမ်းကြီးကို သာသနာရေးဦးစီးဌာနမှ တစ်အုပ်တည်းနှင့်အပြီး စက်တင်ပုံနှိပ်၍ ထုတ်ဝေဖြန့်ချိ အပ်ပါသတည်း။
သာသနာရေးဦးစီးဌာန
၁၃၄၃-ခုနှစ်၊ နယုန်လဆုတ် (၁၃) ရက်၊ (၃၀.၆.၈၁) ရက်နေ့
ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ အပရဂေါယာနကျောင်းဆောင်၌
လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို
ဓမ္မ-အဓမ္မအဖြစ် ကြားနာစစ်ဆေးရန် ဖွင့်လှစ်အပ်သော
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ရုံးတော်ဖွင့်
အခမ်းအနားအစီအစဉ်
---------
၁။ မေတ္တသုတ် ပရိတ်တော်ကို ရွတ်ဖတ်၍ ရုံးတော်ကို ဖွင့်လှစ်ရန်၊
၂။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ သဘောထားကို လျှောက်ထားရန်၊
၃။ သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ကို ဖွဲ့စည်းကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အမိန့် (ကြေညာချက်) ကို ဖတ်ကြားရန်၊
၄။ လက်မှတ်ထိုးထားသည်မှာ မှန်ကန်မှု ရှိ မရှိ စောဒကနှင့် စုဒိတကတို့အား သဘာပတိဆရာတော်က မေးမြန်းရန်၊
၅။ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ရုံးတော်၏ ရပ်တည်ချက်ကို ဖတ်ကြားရန်၊
၆။ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို ဖြန့်ဖြူးရေးသား ဟောပြောနေခြင်းမှာ ဘုရားဟော ထေရဝါဒ ပိဋကတ်တော်နှင့် ဆန့်ကျင်၍ အဓမ္မဝါဒဖြစ်ကြောင်း စောဒနာ တင်သွင်းရန်၊
၇။ စောဒကဆရာတော်များ၏ စောဒနာနှင့်စပ်လျဉ်း၍ ပြန်လည်ချေပခြင်း ပြု မပြု စုဒိတကများအား မေးမြန်းရန်၊
၈။ ပြန်လည်ချေပခြင်းမပြုသော ဆရာတော်သုံးပါး၏ ဝန်ခံချက်ကို ဖတ်ကြားရန်၊
၉။ ဝိသေသစောဒနာတင်သွင်းရန်အတွက် ရက်ချိန်းပေးရန်၊
(အခမ်းအနားမှူးအဖြစ် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်က ဆောင်ရွက်သည်)
သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြည်ညွန့်
လျှောက်ထားအပ်သော ပြည်ထဲရေးနှင့် သာသနာရေး
ဝန်ကြီးဌာန၏ သဘောထား
ရှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်ဝါဒနှင့် စပ်လျဉ်းပြီး ဝိနိစ္ဆယ အဆုံးအဖြတ်ပေးရန်အတွက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ဖွဲ့စည်းပေးအပ်သော သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)မှ သဘာပတိဆရာတော်ဘုရားကြီး အမှူးထား ပြီးတော့ ဝိနည်းဓိုရ်ဆရာတော်များ ဘုရား -
ဝိနိစ္ဆယအဆုံးအဖြတ်ပေးမည့် ဝိနည်းဓိုရ်အဖွဲ့ဝင် ဆရာတော်ဘုရားများကို တိုင်တည်ပြီးတော့ တပည့်တော်က နှစ်ဘက်သော စောဒကပုဂ္ဂိုလ်များနှင့် စုဒိတကပုဂ္ဂိုလ်များကို တပည့်တော်တို့ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ သဘောထားကို လျှောက်ထားလိုပါတယ် ဘုရား။
တပည့်တော်တို့ဝန်ကြီးဌာနရဲ့ သဘောက ဘာလဲဆိုရင် တပည့်တော်များ ယခုလို ဓမ္မ အဓမ္မအမှုတွေကို သီးခြား ဝိနိစ္ဆယအဖွဲ့ ဖွဲ့ပြီး စစ်ဆေးတဲ့အခါမှာ နှစ်ဘက်သော စောဒကနှင့် စုဒိတကပုဂ္ဂိုလ်များကို တပည့်တော်များ အထူးပဲ မေတ္တာရပ်ခံချင်တာက တပည့်တော်တို့သည် ဆရာတော်ကြီးများရဲ့ ဝိနိစ္ဆယအဖွဲ့ ရှေ့မှာလာပြီး အရှုံးအနိုင်လုတဲ့ သဘောမျိုး မဖြစ်စေချင်ပါဘူးဆိုတာ နှစ်ဘက်သော စောဒကနှင့် စုဒိတကတို့သိအောင် ဝန်ကြီးဌာနရဲ့ သဘောထားကို တင်ပြရင်း အထူးပဲ တောင်းပန်ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ဖြစ်စေချင်တဲ့ သဘောထားက ဘာလဲ၊ နှစ်ဘက်သော စောဒကနှင့် စုဒိတကပုဂ္ဂိုလ်များ အနေနဲ့ ပုထုဇဉ်တို့ရဲ့ သဘာဝအလျောက် အယူအဆရေးရာနှင့် ပတ်သက်ပြီးတော့ သဘောထားကွဲလွဲမှု ရှိခဲ့ကြတယ်၊ အဲဒီလို ရှိခဲ့ကြတဲ့အတွက် အရှင်ဘုရားများက အမှန်သဘောထားများကို ရှာဖွေ ပေးသနားတော်မူပါဆိုတဲ့ သဘောမျိုးနဲ့ လာရောက်ပြီးတော့ အရှင်ဘုရားများ၏ အမှန်တရား အဆုံးအဖြတ်ပေးမဲ့ ကိစ္စကို နာခံခြင်းဖြစ်တယ်လို့ သဘောထားကြပါရန် အရှင်ဘုရားများကို တိုင်တည်ပြီး တပည့်တော်က အရှင်ဘုရားများရဲ့ ရှေ့မှောက်မှာ နှစ်ဘက်သော ပုဂ္ဂိုလ်များကို မေတ္တာရပ်ခံလိုရင်း ဖြစ်ပါတယ်။
ဒီမှာ အနည်းငယ် နှစ်ဘက်ပုဂ္ဂိုလ်များကို ရှင်းလင်းလျှောက်ထားရမည်ဆိုယင် ယခု သီးခြား ဝိနည်းဓိုရ်အဖွဲ့ကို ဆရာတော်များအားလုံး အသိဖြစ်ပါတယ်၊ လူပုဂ္ဂိုလ်များလဲပဲ အသိဖြစ်ပါတယ်၊ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများဖြေရှင်းရေးဆိုင်ရာ ဥပဒေပုဒ်မ (၃)အရ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ပုဒ်မ(၃)က ဘယ်လိုဆိုထားသလဲဆိုယင် -
“ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းတွေနဲ့ ပတ်သက်လို့ရှိယင် ဖွဲ့စည်းတဲ့ ဝိနိစ္ဆယအဖွဲ့ (သို့မဟုတ်) သီးခြားဝိနိစ္ဆယအဖွဲ့များ ကသာ ဆုံးဖြတ်ရမယ်”လို့ ဆိုထားပါတယ်။
နောက်တစ်ချက်က ပုဒ်မ(၁၃)အရ ဆောင်ရွက်ရန်ဖြစ်ပါတယ်၊ အဲဒီ ပုဒ်မ(၁၃)မှာ ဘယ်လိုဆိုထားသလဲဆိုယင် “ဒီလို ဝိနိစ္ဆယ အဖွဲ့တွေက စစ်ဆေးဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနက လိုအပ်သလို ဆောင်ရွက်နိုင်သည်” လို့ ဆိုထားပါတယ်။
အဲဒီလို ပုဒ်မ(၂)ခု ရှိပါတယ်၊ (၃ နှင့် ၁၃) အဲဒီပုဒ်မ နှစ်ခုသည် ဝိနိစ္ဆယဥပဒေရဲ့ အဓိကကျတဲ့ ပုဒ်မ ၂-ခုဖြစ်ပါတယ်၊ အခု တပည့်တော်လျှောက်ထားခြင်းသည် ပုဒ်မ(၁၃)အရ ဝန်ကြီးဌာနက အရှင်ဘုရားများရဲ့ အဆုံးအဖြတ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရမဲ့ တာဝန်ဝတ္တရားရှိသည့်အလျောက် ပုဒ်မ (၁၃)အရ လျှောက်ထားခြင်း ဖြစ်ပါတယ်။
အဲဒီတော့ ဒီမှာ အနည်းငယ် နောက်ကြောင်းပြန်ပြီး လျှောက်ထားမယ်ဆိုယင် တပည့်တော်တို့ ဒီဝိနိစ္ဆယနဲ့ ပတ်သက်ပြီးတော့ အရှင်ဘုရားများအားလုံး သိပါတယ်၊ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ဝိနိစ္ဆယဥပဒေ ရှိခဲ့ပါတယ်၊ ဝိနိစ္ဆယခုံဥပဒေ စသည်ဖြင့် ရှိခဲ့ပါတယ်၊ ဒီ ဥပဒေအားလုံးသည် သံဃာများရဲ့ ဝိနည်းဓမ္မကံ အဓိကရုဏ်း နှင့် မှုခင်းများကို ဆုံးဖြတ်ဖြေရှင်းတဲ့ နေရာမှာ အေးအေးချမ်းချမ်းနဲ့ သံဃာစည်းလုံးညီညွတ်မှုကို ဖြစ်စေရန် မူလက ရည်ရွယ်ခဲ့သော်လည်း လက်တွေ့မှာ ဖြစ်မလာပါဘူး၊ ဒီလို ဖြစ်မလာတဲ့အတွက် တော်လှန်ရေးကောင်စီ ဥပဒေပုဒ်မ အမှတ် (၁) နဲ့ ၁၉၆၅-ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်၊ ရည်ရွယ်ချက်အတိုင်း ဖြစ်မလာလို့ ဖျက်သိမ်းခဲ့ရခြင်း ဖြစ်ပါတယ်။
အဲဒီနောက် ဥပဒေလဲမရှိတဲ့အခါမှာ ဒီလို ဓမ္မ အဓမ္မ အဓိကရုဏ်းမှုခင်းတွေကိုရော ကျောင်းကန် အဓိကရုဏ်းမှုခင်း တွေကိုရော တပည့်တော်တို့ သာသနာရေးဝန်ကြီးဌာနအနေနှင့် ဘာမှ ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး၊ အဲဒီလို မရှိခဲ့တဲ့အတွက် တပည့်တော်တို့ အထူးသဖြင့် ဓမ္မ အဓမ္မ အငြင်းပွားတဲ့ ကိစ္စတွေမှာ နယ်တွေမှာ အတော်ကလေး ဂယက်ရိုက်သွားပါတယ်၊ ဥပမာ တချို့နေရာတွေမှာ တစ်ဘက်က တရားဟောတယ်၊ တစ်ဘက်က ခဲနဲ့ ပေါက်တယ်၊ ဒါ အားလုံးသိပါတယ်၊ နောက်ပြီးတော့ တချို့နေရာတွေမှာ ဘုန်းကြီးချင်း ကွဲတယ်၊ ဘုန်းကြီးကွဲတော့ ရွာကွဲတယ်၊ ရွာကွဲတော့ မြို့ရော နယ်ရော ကွဲတယ် စသည်ဖြင့် တပည့်တော်တို့နိုင်ငံရဲ့ စည်းလုံး ညီညွတ်မှု ထိခိုက်ပါတယ်။
မြတ်စွာဘုရားဟောကြားတဲ့ အဆုံးအမကို အားလုံးလိုက်နာတဲ့နေရာမှာ တစ်ဘက်နှင့်တစ်ဘက် အယူအဆမတူတာနဲ့ လူတွေ ပဋိပက္ခဖြစ်ပြီး ကွဲပြားတယ်ဆိုတာ သာသနာတော်အတွက် အင်မတန်နစ်နာမှုတွေဖြစ်ပါတယ်၊ ဒီလို ကိစ္စတွေမှာ တပည့်တော်တို့ သာသနာရေးဝန်ကြီးဌာနအနေနဲ့ အတတ်နိုင်ဆုံး ဉာဏ်စွမ်းရှိသမျှခေါ်ပြီးတော့ ဌာနမှာ ညှိနှိုင်းမှုတွေရှိခဲ့ပါတယ်၊ သို့သော်လည်း ပုထုဇဉ်တို့သဘာဝအလျောက် မိမိ၏အယူအဆကို မှန်ကန်တယ် ဆိုပြီးတော့ ခိုင်မာသော အစွဲအမြဲ ရှိတဲ့အတွက် မအောင်မြင် ခဲ့ပါဘူး။
ဥပမာ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပြီးတော့ ပြောဆိုလိုခြင်း မဟုတ်ပါဘူး၊ အရင်တလောကပဲ စတုတ္ထပါရာဇိက သိက္ခာပုဒ် လွန်ကျူးပါတယ်လို့ ဝန်ခံပြီး လူထွက်သွားတဲ့ မိုးအေးဆရာတော် ကိစ္စဆိုရင် ထင်ရှားပါတယ်၊ မိုးအေးဘုန်းကြီးဟောတဲ့ တိတ်ခွေ တပည့်တော်တို့ဆီမှာ ရှိပါတယ်၊ သူက နဂါးပြည်သွားပြီး စွယ်တော် ပင့်လာတယ်တဲ့၊ ဒါ သတင်းစာထဲမှာ ပါပါတယ်၊ အဲဒီကိစ္စတွေမှာ သူ့ကိုယုံကြည်တဲ့ ဒကာ ဒကာမတွေထဲမှာ ခေတ်ပညာတတ်တွေလဲ အများကြီးပါပါတယ်၊ ခေတ်ပညာတတ် အစိုးရအရာရှိတာဝန်ကို ထမ်းဆောင်နေတဲ့ တော်တော် ကြီးကြီးမားမား ပုဂ္ဂိုလ်တွေလဲ ပါပါတယ်၊ ဒီပုဂ္ဂိုလ်တွေကို တပည့်တော်တို့ သာသနာရေးဦးစီးဌာန အနေနဲ့ ခေါ်ယူပြီးတော့ (မဖြစ်နိုင်တဲ့အကြောင်း) ဆွေးနွေးပါတယ်၊ ဘယ်လိုပဲ ရှင်းပြပြ၊ သူတို့လက်မခံဘူး၊ သူတို့ ယုံကြည်တာကိုး၊ ဒီ ယုံကြည်မှုအစွဲဟာ အတော်ကလေး အချွတ်ရခက်ပါတယ် ဆိုတဲ့အကြောင်းကို အလျဉ်းသင့်တုန်း လျှောက်ထားရခြင်း ဖြစ်ပါတယ်။
အလားတူပါပဲ ရှင်ဥက္ကဋ္ဌဝါဒနဲ့ ပတ်သက်လို့လဲ ကြိုတင်ပြီးတော့ ခုံရုံးမှာလျှောက်ထားခြင်း မဟုတ်ပါဘူး၊ အလေးပေးပြီးတော့ လျှောက်ထားခြင်း မဟုတ်ပါဘူး၊ အကြိမ်ကြိမ်အဖန်ဖန် ခေါ်ယူဆွေးနွေးပါတယ်၊ တပည့်တော်တို့ သာသနာရေးဦးစီးဌာနအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တယ်ဆိုတဲ့အကြောင်း ဆရာတော်ဘုရားများကို လျှောက်ထားရခြင်းဖြစ်ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးကိုကိုလေးကို အကြိမ်ကြိမ်အခါခါ တပည့်တော်တို့ ခေါ်ယူဆွေးနွေးပါတယ်၊ ဒါပေမဲ့ သူတို့လဲ တပည့်တော်တို့ သာသနာရေးဦးစီးဌာနဆွေးနွေးချက်ကို လက်မခံပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့အယူအဆကို စွဲစွဲမြဲမြဲ ယူထားကြတော့ တပည့်တော်တို့ သာသနာရေးဦးစီးဌာန လူပြန်တော်ပညာရှိတွေရဲ့ စကားကို သူတို့ လက်မခံပါဘူး၊ နားမထောင်ပါဘူး။
အလားတူပဲ တခြား ဓမ္မ အဓမ္မဆိုတာ ရှိပါတယ်၊ ဒါကြောင့် ဆရာတော်ကြီးများ မနှစ်က ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပတဲ့အခါ ဝိနည်းဓမ္မကံ ဖြေရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ရေးဆွဲတဲ့ နေရာမှာ အဲဒီအချိန်က ဆရာတော်တွေ စဉ်းစားခဲ့တာ (ရေးဆွဲခဲ့တာ)ဟာ အလွန် မှန်ကန်ပါတယ်၊ အင်မတန်လဲ ကောင်းမွန်ပါတယ်၊ ဘယ်လိုလဲဆိုတော့ ဓမ္မ အဓမ္မ အမှုသည် အင်မတန် သိမ်မွေ့နူးညံ့တဲ့ကိစ္စဖြစ်သည်၊ အဲဒါကြောင့် ဓမ္မ အဓမ္မ အမှုကို ဆုံးဖြတ်တဲ့နေရာမှာ သာမန်ရိုးရိုး မြို့နယ်အဆင့်မှာရှိတဲ့ ဝိနည်းဓိုရ်များက ဆုံးဖြတ်ခြင်းနဲ့စာလျှင် ယခု ဆရာတော်ကြီးများကဲ့သို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် သံဃာအပါး ၃၀၀-ပါဝင်တဲ့ နိုင်ငံတော်အဆင့်ရှိ ဆရာတော်ကြီးများက စီရင်ဆုံးဖြတ်ခြင်းက ပိုပြီးတော့ မှန်ကန်လိမ့်မယ်လို့ ယူဆပြီးတော့ ဒီဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက ဓမ္မ အဓမ္မ အငြင်းပွားတဲ့ကိစ္စတွေကိုတော့ မြို့နယ်အဆင့်ရှိတဲ့ ဝိနည်းဓိုရ်များက မစစ်ဆေးနဲ့တော့၊ နိုင်ငံတော်အဆင့်ရှိတဲ့ ဗဟိုဝန်ဆောင်အဖွဲ့ဝင်ဆရာတော်ကြီးများက စစ်ဆေးဆုံးဖြတ်ရမယ်လို့ ဒီလို ဝိနည်းဓမ္မကံ အဓိကရုဏ်း ဖြေရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းမှာ ထည့်သွင်းပြီးတော့ ဆုံးဖြတ်ခဲ့တာဟာ ဆရာတော်ကြီးများ အပါအဝင် ဖြစ်ပါတယ်။
အဲဒီ ဝိနည်းဓမ္မကံ ဖြေရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးက အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်၊ သို့သော်လဲ အဲဒီ အတည်ပြုပြဋ္ဌာန်းတဲ့ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများသည် အာဏာစက်အရာ မသက်ရောက်ခဲ့ပါဘူး၊ အဲဒါကြောင့် အာဏာစက်အရာသက်ရောက်ဖို့အတွက် နိုင်ငံတော်ကနေပြီးတော့ ပြည်သူ့လွှတ်တော် အထူးအစည်းအဝေး ခေါ်ပြီးတော့ “ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းရေးဆိုင်ရာ ဥပဒေ” ဆိုပြီးတော့ ပြဋ္ဌာန်းပေးခဲ့တာ အားလုံးအသိပဲ၊ ဆရာတော်များလဲ အသိပဲ၊ လူပုဂ္ဂိုလ်များလဲ အသိပဲ၊ တစ်နိုင်ငံလုံး အသိပဲ။
ဒါကြောင့် ယနေ့ဆရာတော်ဘုရားများ ဆုံးဖြတ်ချက်သည် အာဏာစက် ဓမ္မစက် ပူးပေါင်းပြီးတော့ ဆုံးဖြတ်မဲ့ ဆုံးဖြတ်ချက် ဖြစ်ခြင်းကြောင့် ယင်းဆုံးဖြတ်ချက်ကို စောဒကများရော စုဒိတကများရော နှစ်ဘက်စလုံးက လိုက်နာကြဖို့ တာဝန်ရှိပါတယ်၊ လိုက်နာအောင် ဆောင်ရွက်ပေးဖို့ တာဝန်လဲ တပည့်တော်တို့ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်၊ ဒါကြောင့်မို့ ဒီနေရာမှာ တပည့်တော် အစက လျှောက်ထားခဲ့သလို နှစ်ဘက်သော စောဒကပုဂ္ဂိုလ်နှင့် စုဒိတကပုဂ္ဂိုလ်များသည် ဆရာတော်များ၏ အဆုံးအဖြတ်ကို လိုက်နာကြရမဲ့အတူတူ တပည့်တော်လျှောက်ထားခဲ့သလို အမှားအမှန် လာပြီးငြင်းတဲ့ သဘောမျိုး မထားကြဘဲနှင့် အမှန်တရားကို ရှာဖွေတဲ့နေရာမှာ မိမိတို့ထက် သီလ သမာဓိ ပညာ အများကြီးပို၍ ကြီးကျယ် မြင့်မြတ်တဲ့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဝင် ဆရာတော်ကြီးများ ပါဝင်ပြီးတော့ ဆုံးဖြတ်မဲ့ အဆုံးအဖြတ်ကို အေးအေးဆေးဆေးနဲ့ ကျေကျေနပ်နပ် လက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ တပည့်တော်တို့ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ သဘောထားက ဒီလိုရှိပါတယ်ဆိုတဲ့အကြောင်း နှစ်ဘက်သော စောဒကနှင့် စုဒိတကပုဂ္ဂိုလ်များ သိအောင် လျှောက်ထားရခြင်း ဖြစ်ပါတယ်။
အဓိကကတော့ ဒီမှာလာပြီးတော့ အငြင်းအခုံလုပ်တဲ့သဘောမျိုးမဟုတ်ပါဘူး၊ အမှန်တရားကို ရှာဖွေတဲ့နေရာမှာ သီးခြား ဝိနိစ္ဆယအဖွဲ့မှ ဝိနည်းဓိုရ်ဆရာတော်ကြီးများက အဆုံးအဖြတ်ပေးပါလိမ့်မယ်၊ မိမိဘက်ကလဲ မိမိရဲ့ အယူအဆကို တင်ပြတဲ့ နေရာမှာ မိမိကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ဒီလိုယူဆပါတယ်၊ ဒါ မှန်သလားဘုရား၊ မှားသလား ဘုရား - အစစ်ဆေးခံတဲ့ သဘောမျိုး ထားရန်ဖြစ်ပါတယ်၊ ဒီဘက်က စောဒကပုဂ္ဂိုလ်များကလဲ ဒီလိုပဲ တစ်ဘက်ကဟောနေတဲ့ တရားတွေဟာ မှားတယ်လို့ တပည့်တော်တို့ ယူဆပါတယ်၊ အဲဒါ မှားသလား ဘုရား၊ မှန်သလားဘုရား - စသည်ဖြင့် အမှန်တရားကို ရှာဖွေတဲ့ သဘောမျိုးအနေနဲ့ အားလုံး ဆရာတော်ဘုရားကြီးများ၏အဆုံးအဖြတ်ကို လေးလေးစားစား လိုက်နာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံ လျှောက်ထားယင်း နိဂုံးချုပ်ပါတယ် ဘုရား။
နေ့စွဲ။ ၃၀-၆-၈၁
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ
မြန်မာနိုင်ငံတော်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
ဗဟိုဌာနချုပ် ဇမ္ဗုဒီပကျောင်းဆောင်
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့
နေ့စွဲ၊ ၁၃၄၃-ခုနှစ်၊ နယုန်လပြည့်ကျော် ၉-ရက်
(၁၉၈၁-ခုနှစ်၊ ဇွန်လ ၂၆-ရက်)
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ရွေးချယ်သည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များသာ ပါဝင်သော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဖွဲ့စည်းခြင်း အမိန့်
(လုပ်ထုံးလုပ်နည်းများ အပိုဒ်-၅၇)
၁။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် စောဒက -
ဦးစန္ဒိမာ တိုက်သစ်ကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့၊ မန္တလေးတိုင်း။
ဦးပညာသီဟ ရတနာမာန်အောင်ကျောင်းတိုက်၊ မေမြို့၊ မန္တလေးတိုင်း။
ဦးဝိသုဒ္ဓ လောကမှန်ကင်းကျောင်း၊ မန္တလေး အနောက်မြောက်မြို့နယ်၊ မန္တလေးတိုင်း။
ဦးပညာသာမိ ရေလည်ကျောင်းတိုက်၊ သာစည်မြို့၊ မန္တလေးတိုင်း။
တို့နှင့် စုဒိတက -
ဦးဇဝန နေရှင်နယ်ကျောင်း၊ တောင်တွင်းကြီးမြို့။
ဦးဆန္ဒာဓိက နတ်မှီတောရကျောင်း၊ တောင်တွင်းကြီးမြို့။
ဦးဥဇ္ဇောတိက၊ ကွင်းကျောင်း၊ ဒေးဒရဲမြို့။
သခင်မြတ်ဆိုင်၊ အမှတ်(၄) စိန်ချယ်လမ်း၊ ကျိုက္ကစံရပ်ကွက်၊ ရွှေဂုံတိုင်စာတိုက်၊ ဗဟန်း၊ ရန်ကုန်မြို့။
ဦးခင်ဟန် အမှတ်(၉၅၄) မေခလာခန်းမ၊ ၁၆/၁-ရပ်ကွက်၊ ရတနာလမ်း၊ သင်္ကန်းကျွန်း။
ဦးရွှေပြည့် တောင်ကုတ်မြို့၊ ရခိုင်ပြည်နယ် -
တို့၏ လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့နှင့် ပတ်သက်၍ ဓမ္မ အဓမ္မအဖြစ် အငြင်းပွားမှုကို ဝိနည်းတရားတော်နှင့်အညီ စစ်ဆေးဆုံးဖြတ်ပေးရန်အတွက် အောက်ဖော်ပြပါ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများသာ ပါဝင်သော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ကို ဖွဲ့စည်းလိုက်ပါသည်။
အမှတ်စဉ် ဘွဲ့တော် သိက္ခာ ကျောင်းတိုက်
၁။ ဘဒ္ဒန္တဃောသိတာဘိဝံသ ၅၃ ဃောသိတာရာမတိုက်၊ ထားဝယ်။
၂။ ဘဒ္ဒန္တဇဝနာဘိဝံသ ၅၁ ဇဝနာဘိဝံသာရုံကျောင်းတိုက်၊ ကြို့ပင်ကောက်။
၃။ ဘဒ္ဒန္တဓမ္မာဘိဝရ ၄၄ ကံတွင်းဆုတောင်းပြည့်ကျောင်းတိုက်၊ ပြည်မြို့။
၄။ ဘဒ္ဒန္တကုမာရ ၃၈ မဟာဝိသုတာရာမတိုက်၊ မကွေး။
၅။ ဘဒ္ဒန္တဉာနိက ၃၀ ပဇ္ဇောတာရုံကျောင်းတိုက်၊ မြောင်းမြ။
၂။ အထက်ပါ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)တွင် သင့်လျော်ရာတစ်ပါးကို သဘာပတိအဖြစ် တင်မြှောက်၍ ကျန်ဆရာတော်များက အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်တော်မူကြရန် ဖြစ်ပါသည်။
(ဘဒ္ဒန္တရေဝတာဘိဝံသ- အဂ္ဂမဟာပဏ္ဍိတ)
ဒုတိယဥက္ကဋ္ဌ ဆရာတော်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
စာအမှတ်၊ ၂၀၈/၁/သာ-မဟန
နေ့စွဲ၊ ၁၃၄၃-ခုနှစ်၊ နယုန်လပြည့်ကျော် ၉-ရက်
(၁၉၈၁-ခုနှစ်၊ ဇွန်လ ၂၆-ရက်)
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ
မြန်မာနိုင်ငံတော် အမှတ်(၂)
သီးခြားဝိနည်းဓိုရ်အဖွဲ့၏ ရပ်တည်ချက်
နေ့စွဲ၊ ၁၃၄၃-ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃-ရက်
(၁၉၈၁-ခုနှစ်၊ ဇွန်လ ၃၀-ရက်၊ အင်္ဂါနေ့)
အပရဂေါယာနကျောင်းဆောင် သီးခြား ဝိနိစ္ဆယ ရုံးတော်
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို ဓမ္မ-အဓမ္မ စစ်ဆေး ဆုံးဖြတ်ရန် ဥပဒေနှင့်အညီဖွဲ့စည်းအပ်သော ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် အမှတ်(၂) သီးခြားဝိနည်းဓိုရ် အဖွဲ့၏ ရပ်တည်ချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
၂။ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ အခန်း-၂၊ပုဒ်မ(၃)။ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အခန်း ၇၊ အပိုဒ် ၅၇ နှင့်အညီ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဖွဲ့ပေးခဲ့သည့်အတိုင်း ယခု အမှတ်(၂) သီးခြား ဝိနည်းဓိုရ်အဖွဲ့သည် လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရခိုင်ပြည်၌ ပေါ်ပေါက်နေသော ရွှေအဘိဓမ္မာဝါဒများကို စိစစ်ဆုံးဖြတ်ရန် ယနေ့ ၁၃၄၃-ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃-ရက်၊ (၃၀.၆.၈၁)နေ့တွင် ဤ သီးခြား ဝိနိစ္ဆယရုံးတော်ကို ဖွင့်လှစ်လိုက်ပြီး ဖြစ်ကြောင်း။
၃။ ဤရုံးတော်၌ အမှတ်(၂) သီးခြားဝိနည်းဓိုရ်အဖွဲ့သည် ဘုရားရှင်အဆုံးအမတော်အားလျော်စွာ ဓမ္မဝိနယနှင့်အညီ စစ်ဆေး ဆုံးဖြတ်ကြမည်ဖြစ်ပါသည်၊ စောဒက, စုဒိတကပုဂ္ဂိုလ်များသည်လည်း ဓမ္မဝိနယဥပဒေတော်ကို အလေးအနက် ဦးထိပ်ရွက် ပန်ဆင်ကာ စောဒနာ၊ သောဓနာမှုများကို ပြုကြရမည်။
၄။ ဤနေရာ၌ “ဓမ္မဝိနယ” ဟူသည်မှာ သံဂါယနာ ၆-တန် တင်အပ်ပြီးသော ထေရဝါဒဝိနယပိဋကနှင့်တကွ ပိဋကတ်သုံးသွယ် နိကာယ် ၅-ရပ်ဟူသော ပါဝစနဗုဒ္ဓစကားတော်များကို ဆိုလိုသည်၊ “ထေရဝါဒပိဋက” ဟူသော စကားကို အလေးအနက်ထား၍ ဆိုသည်ကား အောက်ပါအကြောင်းရပ်များကြောင့် ဖြစ်သည်။
(က) တတိယသံဂါယနာမတင်မီ သာသနာသက္ကရာဇ် ၂၀၀-ပတ်ဝန်းကျင်ကာလမှစ၍ သာသနာတော်၌ မိစ္ဆာဝါဒ အညစ်အကြေးများ ပေါ်ပေါက်လာခဲ့ရာ ကြီးမားသော သဒ္ဓါ၊ သတိ၊ မြင့်မားသော လုံ့လ ဥဿာဟ၊ ထက်မြက်စူးရှသော ဉာဏ်ပညာအမြော်အမြင်ရှိတော်မူကြသည့် ဆဠဘိည၊ ပဋိသမ္ဘိဒါပတ္တ၊ သံဃပိတု၊ သံဃနာယက သက်တော်ရှည် မထေရ်မြတ်ကြီးများသည် သာသနာတော်၏ ဘေးရန်အန္တရာယ်အသွယ်သွယ်ကို ရှင်သန်သော ဉာဏ်မျက်လုံးဖြင့် ရှုကြည့်တော်မူကြ၍ အကာအကွယ်ပေးလျက် စောင့်ရှောက်တော်မူကြပြီး တတိယသံဂါယနာ တင်ခြင်းကိစ္စ ဆုံးသည်အထိ အရေးတော်ကြီး ပြီးစီးအောင်မြင်အောင် ဆောင်ရွက်တော် မူခဲ့ကြခြင်း၊
(ခ) ယင်းသို့ တတိယသံဂါယနာတင်ကြရာတွင် အနာဂတ်သာသနာကို အမြော်အမြင် ကြီးစွာဖြင့် ရှုမြော်တော်မူ၍ အညဘာသိတ=အခြားသူများအဆိုကို ဗုဒ္ဓဘာသိတ=ဘုရားဟောဟု ပြောလိုသူများ၊ ဗုဒ္ဓဘာသိတ= ဘုရားဟောကို အညဘာသိတ=ဘုရားမဟော တခြားပြောဟု လုပ်လိုသူများကို မည်သို့ နှိမ်နင်းချေဖျက်ရမည်ဟူ၍ နည်းလမ်းစနစ် တည်ရစ်လေလိုသော သဘောအားဖြင့် ရှေးသံဂါယနာ နှစ်တန်တွင် မပါဝင်ခဲ့ဖူးသေးသော ကထာဝတ္ထု အမည်ရှိသောကျမ်းကြီးကို ဗုဒ္ဓရှင်တော်မြတ် ရည်မှတ်ပြညွှန်တော်မူခဲ့သည့်အတိုင်း တတိယသံဂါယနာတင် သံဃာတစ်ထောင် အညီအညွတ်သဘောတူ တင်တော်မူခဲ့၍ အဘိဓမ္မာ ခုနစ်ကျမ်းတွင် စာရင်းတင်တော်မူခဲ့ကြခြင်း၊
(ဂ) ထိုမှတပါး ပထမနှင့် ဒုတိယသံဂါယနာနှစ်ရပ်၏ ကြောင်းရာထုပ္ပတ် ဖြစ်ရပ်အမှန်များကို စူဠဝဂ္ဂဝိနယ ပါဠိတော်တွင် ပဉ္စသတိကသင်္ဂီတိက္ခန္ဓက၊ သတ္တသတိကသင်္ဂီတိက္ခန္ဓကဟု စာရင်းတင်တော်မူခဲ့ကြခြင်း၊
(ဃ) သမယန္တရအညဝါဒ=အယူတပါး အမှားအယွင်းများကို ဗုဒ္ဓဘာသိတပါဝစန= ဘုရားဟော ဒေသနာတော်ထဲ၌ ရောနှောမဝင် လွန်သန့်စင်အောင် အထူးသတိဆောင်တော်မူခဲ့ကြသဖြင့် ပါဋလိပုတ်ပြည် အသောကာရုံကျောင်း တော်ကြီးတွင် သတိမန္တပညဝန္တ သိက္ခာကာမ မထေရ်မြတ်ကြီးများသည် တိတ္ထိတိုကနှင့် ရောနှောကာ ဥပုသ်မပြုဘဲ (၆)နှစ်တိုင်တိုင် နေတော်မူခဲ့ကြခြင်း၊
(င) ပါဠိတော်များ အခြံအရံအဖွင့်သံဝဏ္ဏနာ အဋ္ဌကထာ ဋီကာကျမ်းဂန်ကြီးများသည် ရှင်တော်ဗုဒ္ဓလက်ထက်တော်မှ စ၍ဆင်းသက်လာသော အဓိပ္ပာယ်ရှင်းလင်းချက် အနက်ကောက်ယူနည်းများဖြစ်သော နေတ္တိ ပေဋကောပဒေသ၊ စူဠနိဒ္ဒေသ၊ မဟာနိဒ္ဒေသ စသော ကျမ်းလား နည်းနိဿရည်းအတိုင်း ခြားပိုင်းကန့်သတ် ချမှတ် စီရင်ခဲ့သော ဖြတ်ထုံး၊ မှတ်ထုံး၊ အဆုံးအဖြတ်များကို မတိမ်ကော မပပျောက်ရအောင် ခိုင်လုံစွာ မှတ်တမ်း တင်တော်မူခဲ့ကြခြင်း၊
(စ) ယင်းသို့ ဆိုပြီးခဲ့သော ပါဠိ အဋ္ဌကထာ ဋီကာကျမ်းကြီးများကို ထိုစဉ်က ဒေသိယဘာသာ (အရပ်သုံးဝေါဟာရ ဖြစ်သော) မာဂဓီခေါ် ပါဠိဘာသာဖြင့် သင်ယူချပို့ခဲ့သော သိဿာနုသိဿဝါစနာမဂ္ဂ အစီအစဉ်အတိုင်း သီဟိုဠ်ကျွန်းနှင့် မြန်မာပြည်တို့၌ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌသံဂါယနာ အသီးအသီး တင်တော်မူခဲ့ကြခြင်း။
ဤဆိုခဲ့ပြီးသော အကြောင်းများကြောင့် ထေရဝါဒပိဋက ဟူ၍ ဝိသေသန အထူးမ၍ ဆိုရခြင်းဖြစ်ပေသည်။
၅။ ယင်းသို့ သံဂါယနာ(၆)တန် တင်တော်မူခဲ့ကြသော ဗုဒ္ဓဘာသိတပါဝစန ပိဋကတ်တော်များသည်လည်း -
(က) ဓမ္မ-အဓမ္မ၊ ဝိနယ-အဝိနယ အငြင်းပွားမှုပေါ်ပေါက်လာသောအခါ-
“တေဟာနန္ဒ ဘိက္ခူဟိ သဗ္ဗေဟေဝ သမဂ္ဂေဟိ သန္နိပတိတဗ္ဗံ၊ သန္နိပတိတွာ ဓမ္မနေတ္တိံ သမနုမဇ္ဇိတဗ္ဗာ၊ ဓမ္မနေတ္တိံ သမနုမဇ္ဇိတွာ ယထာ တတ္ထ သမေတိ၊ တထာ တံ အဓိကရဏံ ဝူပသမေတဗ္ဗံ”
အာနန္ဒ၊ အာနန္ဒာ။ သဗ္ဗေဟေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ တေဟိဘိက္ခူဟိ၊ ထိုအငြင်းပွားမှုတွင် ပါဝင်ကြသော ရဟန်းတို့သည်။ သမဂ္ဂေဟိ၊ အစုံအညီ တက်ရောက်ကြကုန်သည်ဖြစ်၍။ သန္နိပတိတဗ္ဗံ၊ စည်းဝေးရမည်။ သန္နိပတိတွာ၊ စည်းဝေးပြီး၍။ ဓမ္မနေတ္တိံ၊ သဘောမှန်အတိုင်း ဆောင်တတ်သော (စည်းကမ်း) တံမျဉ်းကြိုးကို။ သမနုမဇ္ဇိတဗ္ဗာ၊ သုံးသပ်ဆင်ခြင် (သတ်မှတ်) ရမည်။ သမနုမဇ္ဇိတွာ၊ သုံးသပ်ပြီး၍။ တတ္ထ၊ ထိုအငြင်းပွားမှု၌။ ယထာ၊ အကြင်နည်းဖြင့် ပြီးငြိမ်းစေသည်ရှိသော်။ သမေတိ၊ နှစ်သက်ညီညွတ်၏။ တထာ၊ ထိုသို့ ညီညွတ်နိုင်သော နည်းဖြင့်။ တံ အဓိကရဏံ၊ ထိုအဓိကရုဏ်းမှုခင်းကို။ ဝူပသမေတဗ္ဗံ၊ ငြိမ်းစေရမည်။
ဟူ၍ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ သာမဂါမသုတ် (၃၅)၌ လာရှိသည့်အတိုင်း သံဃာစုံ ညီညွတ်စွာစည်းဝေး၍ ဓမ္မနေတ္တိ ကြိုးနှင့်ညှိကာ ဓမ္မကို ဓမ္မဟူ၍လည်းကောင်း၊ အဓမ္မကို အဓမ္မဟူ၍လည်းကောင်း၊ ဝိနယကို ဝိနယ ဟူ၍လည်းကောင်း၊ အဝိနယကို အဝိနယ ဟူ၍လည်းကောင်း ထိမိသေချာပြတ်သားစွာ ဆုံးဖြတ်နိုင်ကြောင်း ကောင်းမြတ်သော တံမျဉ်းချည်သဖွယ် ဖြစ်ခြင်း။
(ခ) ပဋိပတ်အကျင့်လမ်းစဉ်နှင့်စပ်လျဉ်း၍ လက်တွေ့ ကိုယ်တွေ့ ဉာဏ်ဖြင့်တွေ့အောင် ကိုယ်တိုင်ကျင့်ရန် အတိအကျ အခိုင်အမာ ညွှန်ပြထားသောကြောင့် တောရမ်းပယ်ဖွဲ့ စဉ်းစားဉာဏ်ချဲ့ရုံမျှဖြင့် ဖြစ်စေ၊ တစ်စုံတစ်ရာနှင့် ညှိနှိုင်းယှဉ်တု သုတေသနပြုရုံမျှဖြင့်ဖြစ်စေ မရကောင်း မသိကောင်းသော ကိုယ်တိုင်ကျင့်သုံးမှ ကိုယ်တိုင်သိနိုင်သော ပစ္စတံ ဝေဒိတဗ္ဗဂုဏ်တော်ရှိသော ဓမ္မဖြစ်သည့်အားလျော်စွာ ကျမ်းဂန်နှင့်အညီ ဆရာစဉ်ဆက် မပျက် လက်ဆင့်ကမ်း၍ ကျင့်ငြမ်းထူခဲ့ကြသည့်အတိုင်း ပြည်တွင်းပြည်ပ ဌာနအသီးသီးတို့၌ ကျင့်သုံးဆတ်ဆတ် ရှုမှတ်ပွားများကြရာတွင် လက်တွေ့ပိုင်ပိုင် ရရှိနိုင်သော အကျိုးဖလများကို ခိုင်ခိုင်မာမာ ပြနိုင်လောက်အောင် ရရှိစေခြင်း စသော အကြောင်းများကြောင့် ထေရဝါဒနိုင်ငံ အသီးသီးက ယုံကြည်လက်ခံထားသော ပိဋကများဖြစ်ကြပေသည်။
၆။ ယင်းသို့ ခိုင်မာတိကျ အနှစ်သာရရှိသောကြောင့် ပညာရှိမှန်သမျှအလေးဂရုပြုအပ်သော ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ အာဂမ၊ သဘာဝယုတ္တိတို့ဖြင့် ပက္ခပါတ (ဘက်လိုက်ခြင်း)မရှိ၊ ဘုရားရှင့် ရွှေမျက်နှာတော်ကိုသာ ကြည့်၍ စစ်ဆေးဆုံးဖြတ်ကြမည် ဖြစ်သည်၊ ဤသို့ ဓမ္မဝိနယနှင့်အညီ စိစစ်ဆုံးဖြတ်ရာတွင်လည်း -
အနုဿုယာယမာနော သော၊ သမ္မဒညာယ ဘာသတိ၊
သုဘာသိတံ အနုမောဒေယျ၊ ဥဗ္ဘဋ္ဌေ နာပသာဒယေ။
ဥပါရမ္ဘံ န သိက္ခေယျ၊ ခလိတဉ္စ န ဂါဟယေ။
နာဘိဟရေ နာဘိမဒ္ဒေ၊ န ဝါစံ ပယုတံ ဘဏေ။
အာညာတတ္ထံ ပသာဒတ္ထံ၊ သတံ ဝေ ဟောတိ မန္တနာ၊
ဧဝံ ခေါ အရိယာ မန္တေန္တိ၊ ဧသာ အရိယာန မန္တနာ။
သော၊ ထို ပြောဆိုဆွေးနွေး အဆုံးအဖြတ်ပေးသောသူသည်။ အနုဿုယာယမာနော၊ မာနမပြူ မငြူစူဘဲ။ သမ္မဒညာယ၊ ကောင်းစွာသိ၍။ ဘာသတိ၊ ပြောဆို၏။ သုဘာသိတံ၊ ကောင်းစွာပြောဆိုအပ်သော စကားကို။ အနုမောဒေယျ၊ ဝမ်းမြောက် ကြည်သာ လက်ခံရာ၏။ ဥဗ္ဘဋ္ဌေ၊ လွဲမှား၍ပြောဆိုအပ်သည် ရှိသော်။ န အပသာဒယေ၊ မခြိမ်းခြောက် မမောင်းမဲရာ။ ဥပါရမ္ဘံ၊ ထိပါးပုတ်ခတ်ခြင်းကို။ န သိက္ခေယျ၊ မကျင့်ရာ။ ခလိတဉ္စ၊ အဆိုချွတ်သော စကားကိုလည်း။ န ဂါဟယေ၊ မယူရာ။ နာဘိဟရေ၊ ဖိနှိပ်၍ မဆောင်ရာ။ န အဘိမဒ္ဒေ၊ မဖိနှိပ်ရာ။ ပယုတံ၊ ဒေါသ အာဃာတနှင့် စပ်ယှဉ်သော။ ဝါစံ၊ စကားကို။ န ဘဏေ၊ မဆိုရာ။ အာညာတတ္ထံ၊ သိရခြင်းအကျိုးငှာ။ ပသာဒတ္ထံ၊ ကြည်လင်ရခြင်းအကျိုးငှာ။ ဝေ၊ စင်စစ်။ ဟောတိ၊ ဖြစ်ကုန်၏။ ဧဝံ၊ ဤသို့သာလျှင်။ အရိယာ၊ သူတော်ကောင်းတို့သည်။ မန္တေန္တိ၊ တိုင်ပင်ကြကုန်၏။ ဧသာ၊ ဤဆိုအပ်ခဲ့ပြီးသော အခြင်းအရာသည်။ အရိယာနံ၊ သူတော်ကောင်းတို့၏။ မန္တနာ၊ တိုင်ပင်နှီးနှောခြင်း မည်၏၊
ဤသို့ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ ကထာဝတ္ထုသုတ်၌ ဗုဒ္ဓရှင်တော်မြတ် ပြညွှန်သွန်သင်တော်မူ သည့်အတိုင်း -
(က) မာန ဒေါသ ရှေ့ထား၍ မပြောဆိုခြင်း၊
(ခ) အနက်အဓိပ္ပာယ် ရေလည်စွာသိ၍ ပြောဆိုခြင်း၊
(ဂ) စကားကောင်းကို ဝမ်းမြောက်စွာ လက်ခံခြင်း၊
(ဃ) တစ်ဘက်က အပြောရိုင်းသော်လည်း မခြိမ်းခြောက် မမောင်းမဲခြင်း၊
(င) အကြောင်းမဲ့ ကဲ့ရဲ့ရှုတ်ချ မပြုခြင်း၊
(စ) သတိလွတ်၍ အဆိုချွတ်သော စကားကို အရေးမယူခြင်း၊
(ဆ) တစ်ဘက်သားကို ဖိနှိပ်၍ မပြောဆိုခြင်း၊
(ဇ) မခံချင်အောင် ထိကပါး ရိကပါး မပြောဆိုခြင်း၊
(စျ) သဘောမှန်ကို နားလည်အောင် ပြောပြခြင်း၊
(ည) ကြည်လင်ရွှင်လန်းအောင် ပြောဆိုခြင်း၊
ဤ အထက်ပါ ၁၀-ချက်တို့ကိုလိုက်နာ၍တရားသဖြင့် စိစစ်ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း ထပ်လောင်း၍ ကြေညာအပ်ပါကြောင်း။
၇။ ယခု စစ်ဆေးစီရင်မည့် ဓမ္မ၊ အဓမ္မ ဝိဝါဒါဓိကရုဏ်းမှုသည် သာသနာတော်တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် အထူးအရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်၍ ခိုင်မြဲသောစာဖြင့်သာ ရေးသား၍ စောဒနာ၊ သောဓနာ ပြုကြရမည်၊ ရုံးတော်က နှုတ်မေးခွန်းများ မေးသောအခါ၌သာ နှုတ်ဖြင့် ပြန်လည် ဖြေကြားရမည် ဖြစ်သည်။
၈။ အထူးသတိပေးလိုသည်မှာ သက်ဆိုင်ရာ စုဒိတကပုဂ္ဂိုလ်တို့သည် ဤရုံးတော်သို့ တင်သွင်းသော ဆိုလွှာ၊ ချေလွှာ တို့ကို ပြင်ပသို့ ပျံ့လွင့်ပေါက်ကြားဖြန့်ဝေခြင်းများ မပြုရ၊ ဆုံးဖြတ်စီရင်ပြီးသောအခါ အမှုဖြစ်ရပ် အခြင်းအရာ အဖြာဖြာကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် သာသနာရေးဦးစီးဌာနတို့ကသာ လိုအပ်သလို စိစစ်၍ ဗုဒ္ဓဘာသာ ရဟန်းရှင်လူများသို့ ဖြန့်ဝေလိမ့်မည် ဖြစ်သည်။
၉။ ဤတားမြစ်ချက်ကို မလိုက်နာဘဲ ဆိုလွှာ၊ ချေလွှာ မိတ္တူများကို ဖြစ်စေ၊ အသံသွင်းကြိုးခွေများကို ဖြစ်စေ တိတ်တဆိတ် ဖြန့်ဝေလျှင် ဤ သီးခြားဝိနိစ္ဆယရုံးတော်ကို မထေမဲ့မြင်ပြုခြင်း၊ ထုတ်ဝေသူမှတ်ပုံတင်မဲ့ ဖြန့်ဝေခြင်း စသည်တို့ကြောင့် သက်ဆိုင်ရာ ဥပဒေဖြင့် အရေးယူမခံရစေရန် မေတ္တာဖြင့် ကြိုတင် သတိပေးအပ်ပါသည်။
၁။ ဘဒ္ဒန္တဃောသိတာဘိဝံသ၊ သိက္ခာ (၅၄)
သဘာပတိ
ဃောသိတာရာမတိုက်၊ ထားဝယ်မြို့။
၂။ ဘဒ္ဒန္တဇဝနာဘိဝံသ၊ သိက္ခာ(၅၂)၊ အဖွဲ့ဝင်
ဇဝနာဘိဝံသာရုံကျောင်းတိုက်၊ ကြို့ပင်ကောက်မြို့။
၃။ ဘဒ္ဒန္တဓမ္မာဘိဝရ၊ သိက္ခာ(၄၅)၊ အဖွဲ့ဝင်
ကံတွင်းဆုတောင်းပြည့်ကျောင်းတိုက်၊
ပြည်မြို့။
၄။ ဘဒ္ဒန္တကုမာရာဘိဝံသ၊ သိက္ခာ(၃၉)၊ အဖွဲ့ဝင်
မဟာဝိသုတာရာမတိုက်၊ မကွေးမြို့။
ပဇ္ဇောတာရုံကျောင်းတိုက်၊ မြောင်းမြမြို့။
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယအတွက် စောဒနာတင်သွင်းလွှာ
၁၃၄၃ -ခု နယုန်လပြည့်ကျော် (၁၃) ရက်
(၃၀.၆.၈၁)
နိဒါန်း
အမှတ် (၂) နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ဝင် ဆရာတော် အရှင်မြတ်တို့ ဘုရား-
၁။ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုသူ ပြည်ထောင်စုသားတိုင်းသည် မိမိတို့ ကြိုက်နှစ်သက်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိကြပါသည်၊ မည်သည့် ဘာသာကိုမျှ မကိုးကွယ် လိုသူတို့ သည်လည်း ဘာသာမဲ့အဖြစ် နေထိုင်ခွင့် ရှိကြပါသည်၊ သို့ရာတွင် တရားသဖြင့် ပေးထားသော “လွတ်လပ်စွာ ကိုးကွယ်ခွင့်” ကို မတော်မတရား အလွဲသုံးစား မလုပ်ရန် တားမြစ်ချက် ရှိပါသည် ဘုရား။
၂။ ဘာသာမဲ့တို့သည် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အခွင့်ကောင်းယူပြီး ထိုထို ဘာသာ သာသနာတို့ကို စော်ကားခြင်း၊ ပုတ်ခတ်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ ဖျက်ဆီးခြင်း ပြုကြသည်ရှိသော် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အလွဲသုံးစား ပြုလုပ်ခြင်းဟု တပည့်တော်များ ယူဆကြပါသည်၊ ထိုနည်းအတူ မိမိကိုယ်တိုင် ကိုးကွယ်ပါသည်ဆိုသော ဘာသာသာသနာ၏ အထွတ်မြတ်ဆုံး ရတနာများဖြစ်ကြသော ဘုရား တရား သံဃာနှင့် စာပေပရိယတ်တို့ကို ထိုဘာသာဝင်ဆိုသူတို့သည် စော်ကားခြင်း၊ ပုတ်ခတ်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ ဖျက်ဆီးခြင်း ပြုကြသော် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အလွဲသုံးစား လုပ်ခြင်းပင်ဟု တပည့်တော်များ ယူဆ ကြပါသည် ဘုရား။
ဆရာတော် အရှင်မြတ်တို့ဘုရား-
၃။ လူသေလူဖြစ်ဦးဥက္ကဋ္ဌသည် ဗုဒ္ဓဘာသာရဟန်းအသွင် အရဟတ္တဓဇ ဘုရားအရေတော်သင်္ကန်းကို ဝတ်ဆင်ထားသူ ဖြစ်ပါလျက် ၁၉၅၈-ခုနှစ်တွင် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သော “လူသေလူဖြစ်” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါသည်၊ ထို လူသေလူဖြစ် စာအုပ်၌ ဘုရားဟော ဒေသနာတော်လာ (၃၁) ဘုံတို့တွင် မျက်မြင် လူ့ဘုံနှင့် တိရစ္ဆာန်ဘုံ (၂)ဘုံကိုသာ လက်ခံပြီး ကျန် (၂၉) ဘုံတို့ကို ပယ်ထားပါသည်၊ ကံတရားကို ပယ်ကြသော သာသနာပ တိတ္ထိဆရာကြီးများကဲ့သို့ ကုသိုလ်ကံ အကုသိုလ်ကံ တို့ကိုလည်း ပယ်ထားပါသည်၊ ဗုဒ္ဓဘာသာ၏ စစ်မှန်သော ဘုရား တရား သံဃာတို့ကိုလည်း ရက်ရက်စက်စက် ပုတ်ခတ် စော်ကားထားပါသည်၊ ထို့ကြောင့် လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒကို တစ်နိုင်ငံလုံးရှိ စစ်မှန်သော ဗုဒ္ဓဘာသာ သံဃာတော်များက ကန့်ကွက်ရှုတ်ချခဲ့ကြပါသည်၊ စစ်မှန်သော ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမများကလည်း ကန့်ကွက် ရှုတ်ချခဲ့ကြပါသည် ဘုရား။
ဆရာတော်ကြီးများ ဆုံးဖြတ်ချက်
ဆရာတော် အရှင်မြတ်တို့ ဘုရား-
၄။ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဝိနည်းဓိုရ် ဆရာတော်ကြီးများနှင့် ကျောင်းထိုင်ဆရာတော်များ အဖွဲ့ချုပ်မှ ဆရာတော်ကြီးများသည် စည်းဝေးတော်မူကြပြီး “လူသေလူဖြစ်” စာအုပ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချပေးရန် (၂၇)ပါးသော ဆရာတော်ကြီးများအား တာဝန်ပေးတော်မူခဲ့ကြပါသည်၊ ထို (၂၇)ပါးသော ဆရာတော်ကြီးတို့သည် ဘုရားဟော ဒေသနာတော်အရ အသေအချာ ကောက်ချက်ချတော်မူကြပြီး လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့ကို -
(က) ဥက္ခေပနီယကံ ပြုထိုက်သည်၊
(ခ) လူဝတ်လဲပေးလျက် သာသနာတော်မှ နှင်ထုတ်ထိုက်သည်-
ဟု ဆုံးဖြတ်တော်မူခဲ့ကြပါသည်။
၅။ ထိုဆုံးဖြတ်ချက်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော် ကျောင်းထိုင်ဆရာတော်များအဖွဲ့ချုပ် ဗဟိုဦးစီး အလုပ်အမှုဆောင် ဆရာတော်များကလည်း တစ်ညီတစ်ညွတ်တည်း သဘောတူလက်ခံခဲ့ကြပါသည်၊ မန္တလေးမြို့ နိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်ကြီးများကလည်း လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့ကို -
(က) ဥက္ခေပနီယကံ ပြုထိုက်သည်၊
(ခ) ပကာသနီယကံ ပြုထိုက်သည်၊
(ဂ) လူများကလည်း အပ္ပသာဒပဝေဒနီယကံ ပြုထိုက်သည်-
ဟု ဆုံးဖြတ်တော်မူခဲ့ကြပါသည် ဘုရား။
ပကာသနီယကံ ပြုခြင်း
ဆရာတော် အရှင်မြတ်တို့ ဘုရား-
၆။ အထက်ပါ ဆုံးဖြတ်ချက်များအရ မြန်မာနိုင်ငံတော် တဝန်းလုံးမှ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများသည် ၁၃၂၅ -ခု၊ ဝါဆိုလပြည့်ကျော် (၉) ရက် (၁၄.၇.၆၃) နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက်၌ အစည်းအဝေးပွဲ ကျင်းပတော်မူကြပြီး သင်္ကန်းအရေခြုံလျက် သာသနာကို ဖျက်ဆီးနေကြသော လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့ကို ပကာသနီယကံ ပြုတော်မူခဲ့ကြပါသည်၊ “ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့ ကိုယ်နှုတ်တို့ဖြင့် ပြောဆို ပြုလုပ် ရေးသားသမျှသည် မြတ်စွာဘုရားနှင့်လည်း မဆိုင်၊ မြတ်စွာဘုရား၏ တရားတော်နှင့်လည်း မဆိုင်၊ ဘုရား တပည့် သံဃာတော်များနှင့်လည်း မဆိုင်၊ ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့သည် သူ့သဘောအတိုင်း သူထင်မြင်ရာ ပြုလုပ်ခြင်းမျှသာ ဖြစ်သည်” ဟု မှတ်ယူကြရန် သံဃသမ္မုတိရဝေဠုဝန်ဆရာတော်ဘုရားကြီးက ဒါယကာ ဒါယိကာမတို့အား ဘုရားဟော ဒေသနာတော်နှင့် အညီ ကြေညာအသိပေးခဲ့ပါသည်။
၇။ ထိုမှ နောက်၌ ပကာသနီယကံ ပြုပွဲများ၊ ပကာသနီယကံကို ထောက်ခံပွဲများကို မြန်မာတစ်နိုင်ငံလုံး အနှံ့အပြား၌ ပြုလုပ်ခဲ့ကြပါသည်၊ ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့အား လူဝတ်လဲစေလျက် သာသနာတော်မှ နှင်ထုတ်သော အလုပ်ကိုမူ အာဏာစက် အကူအညီ မရခဲ့သဖြင့် မပြုလုပ်နိုင်ခဲ့ကြပါဘုရား။
သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်နှင့် လှုပ်ရှားမှုများ
ဆရာတော် အရှင်မြတ်တို့ ဘုရား-
၈။ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာတော်၏ ခေါင်းဆောင်ဆရာတော်များသည် ဘုရားတရားတော်နှင့်အညီ ပကာသနီယကံပြုကာ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့ကို ဆုံးမခဲ့ကြပါသည်၊ ဗုဒ္ဓသာသနာတော်နည်းအရ အရေးယူကြပါသည်၊ သို့ရာတွင် လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့သည် ရပ်တန်းကမရပ်ဘဲ သင်္ကန်းများ ဝတ်မြဲ ဝတ်ကြလျက် ဗုဒ္ဓဘာသာ အရေခြုံထားကြသောကြောင့် လွန်စွာရိုးသားကြသော ဗုဒ္ဓဘာသာဝင်များသည် ၎င်းတို့ကို ဗုဒ္ဓဘာသာ ဘုန်းကြီးဟုပင် ထင်ကြပါသည်၊ ၎င်းတို့ ဟောချင်ရာဟောသော တရားတို့ကိုလည်း ဗုဒ္ဓဘာသာတရားဟုပင် ထင်ကြပါသည်။
၉။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ ဦးဝါသဝနှင့် ဦးဥက္ကဋ္ဌ၏ နောက်လိုက် သံယောင်သမားတို့သည်ကား ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးနိုင်ရေးအတွက် အကွက်ကောင်းကို အမြဲချောင်းနေကြပါသည်၊ လူသေလူဖြစ်စာအုပ် ထုတ်ဝေပြီးနောက် မကြာမီအချိန် (၁၉၆၃) ၌ပင် လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် (၃၁) ဘုံပယ်ဝါဒီ ၎င်းတို့၏ နောက်လိုက်တို့သည် “သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ချုပ်” ဟူသော သာသနာဖျက် အင်အားစုတစ်ခုကို ထူထောင်ခဲ့ကြပါသည်၊ အဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့ကြပါသည်၊ လူသေလူဖြစ် ဦးဥက္ကဋ္ဌသည် ထိုအဖွဲ့တွင် ဩဝါဒါစရိယအဖြစ် ပါဝင်ပါသည်၊ လူသေလူဖြစ် ဦးဥက္ကဋ္ဌ ဟောပြောချက်များကို လက်ခံကြသူများ တပည့်များသည် ထိုအဖွဲ့တွင် ပါဝင်ကြပါသည်။ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ချုပ်၏ အဖွဲ့ခွဲများကို မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖွဲ့စည်းကြပါသည်။
၁၀။ သူတို့သည် သမ္မာဒိဋ္ဌိကို သုတေသနပြုလုပ်သည်ဟု အသံကောင်းလွှင့် မျက်နှာဖုံးစွပ်ပြီး ဗုဒ္ဓသာသနာတော် ပျက်စီးရာ ပျက်စီးကြောင်း အလုပ်တို့ကို စနစ်တကျ အကွက်ချပြီး နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးတို့ဖြင့် ကျကျနန လုပ်ခဲ့ကြ ပါသည်၊ လုပ်ပုံများမှာ ဤသို့ ဖြစ်ပါသည်-
(က) သံဂါယနာ ၆-တန် တင်ပြီးသည့် စစ်မှန်သော ထေရဝါဒပိဋကတ်တော်များနှင့် ဗုဒ္ဓသာသနာတော်ကို မတော်မတန် ဝေဖန်ရှုတ်ချရေးအတွက် ဗဟိုအဖွဲ့ချုပ်မှ တစ်ပြည်လုံးရှိ အဖွဲ့ခွဲများသို့ အခါအားလျော်စွာ သွားရောက် ဟောပြောကြသည်၊ သင်တန်းများ ပို့ချကြသည်၊ ဒူးတိုက် ဆွေးနွေးကြသည်။
(ခ) ဝါဒဖြန့်စာအုပ် စာရွက် စာတမ်းများနှင့် လစဉ်ထုတ် စာစောင်များကို အစိုးရဥပဒေနှင့် ဆန့်ကျင်ပြီး ထုတ်ဝေကြသည်၊ ဖြန့်ချိကြသည်။
(ဂ) လူသေလူဖြစ် ဦးဥက္ကဋ္ဌ အပါအဝင်ဖြစ်သော ခေါင်းဆောင်များ၏ ဟောပြောချက် ကက်ဆက်ကြိုးခွေများကို တစ်ပြည်လုံးရှိ အဖွဲ့ခွဲများသို့ ဖြန့်ကြသည်၊ ၎င်းအပြင် တေးသရုပ်ဖော် ကက်ဆက်ကြိုးခွေများ၊ ဘုံကမ္ဘာ ဘုံရှင်းတမ်းကဲ့သို့သော ပြဇာတ် ဇာတ်လမ်းများ ပေါ်လာအောင် လမ်းပြပေးကြသည်။
(ဃ) ဗဟိုအဖွဲ့ချုပ်၌ အဆင့်မြင့်သင်တန်းအဖြစ် ထေရဝါဒဗုဒ္ဓသာသနာတော်ဆန့်ကျင်ရေး စာတမ်းများ ဖတ်ကြသည်၊ ဆွေးနွေးကြသည်။
(င) အဖွဲ့ခွဲများကလည်း ဗဟိုအဖွဲ့ချုပ်မှ ရောက်ရှိလာသော လက်သိပ်ထိုး စာအုပ်စာတမ်းများ၊ လစဉ်ထုတ် စာစောင်များကို ဖတ်ကြသည်၊ စုပေါင်း ဆွေးနွေးကြသည်၊ ဗုဒ္ဓသာသနာတော်ကို စော်ကားသည့် အဓမ္မတရား တိတ်ခွေများကိုလည်း နာကြားကြသည်၊ အခွင့်ရသည့် သီတင်းပတ်တိုင်း ဤသို့ လုပ်ကြသည်။
(စ) အဖွဲ့ဝင်များ တိုးပွားရေးအတွက် နည်းအမျိုးမျိုးဖြင့် စည်းရုံးကြသည်၊ အဖွဲ့ဝင်များ ရှာပြီး ငွေကြေး ကောက်ခံ ကြသည်၊ ဝါဒဖြန့်ကြသည်၊ ဒူးတိုက် ဆွေးနွေးကြသည်၊ မသာအသုဘ လူမှုရေးကိစ္စ၌ပင် သူတို့၏ အဓမ္မဝါဒ ပြန့်ပွားရေး အလုပ်များကို လုပ်ကြသည်။
၁၁။ ဤကဲ့သို့ လူအများ ကိုးကွယ်ဆည်းကပ်လျက်ရှိသော ဗုဒ္ဓဓမ္မများကို ဗြောင်ကျကျ စော်ကားနေမှုများနှင့် ပတ်သက်၍ စိတ်မချမ်းမသာဖြစ်ကြသော ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများက မခံမရပ်နိုင် ဖြစ်ကြပြီး တိုင်ကြားစာများကို နိုင်ငံတော်သမ္မတကြီးထံသို့ပင် ပို့ကြသည်၊ သာသနာရေးဝန်ကြီးထံသို့လည်း ပို့ကြသည်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့လည်း ပေးပို့ တိုင်ကြားကြသည်။
ရွှေအဘိဓမ္မာ
၁၂။ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့အချုပ်သည် မည်သူတွေက မည်သူ့ကိုပင် တိုင်တိုင် ဗုဒ္ဓဘာသာ ရဟန်းရှင်လူ အများကို ဂရုမစိုက်ဘဲ အဓမ္မဝါဒများကို ဆက်လက်ဖြန့်ဝေမြဲ ဖြန့်ဝေကြသည်၊ အမှန်တရားကို ရှာပါသည်ဟု ဆင်ခြေပေးပြီး ထေရဝါဒဗုဒ္ဓသာသနာတော် အားနည်းရေးကိုသာ ဆက်လက်ကြိုးစားနေကြသည်၊ အကွက်ပေါ်လျှင် ပေါ်သလို လှုပ်ရှားနေကြသည်၊ ထို့ကြောင့်ပင် ၎င်းတို့ကို မြစ်ဖျားခံပြီး “ရွှေအဘိဓမ္မာ” ဟူ၍ ပေါ်လာရခြင်း ဖြစ်သည်၊ အမှန်မှာ “ရွှေအဘိဓမ္မာ” ဟူသည် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ခွဲ၏ လှုပ်ရှားမှု တစ်ရပ်သာ ဖြစ်သည်။
၁၃။ ထိုအဖွဲ့ခွဲသည် အဖွဲ့ဝင်အချင်းချင်း သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့၏ လုပ်ငန်းများကို ဆွေးနွေးကြစဉ် ဗုဒ္ဓသာသနာဖျက် စိတ်အားထက်သန်လာကြသည်၊ ဗုဒ္ဓသာသနာကို ရိုင်းပျစွာ စော်ကားသော မေးခွန်းများကို သူသာငါသာ မေးပြကြသည်၊ ထိုမေးခွန်းများကို အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က “လူ့အဘိဓမ္မာ” ဟု အမည်တပ်လျက် မှတ်တမ်းပြုထားကြသည်၊ ထို လူ့အဘိဓမ္မာဆိုသော မှတ်တမ်းကို တောင်ကုတ်မြို့မှ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ခွဲဥက္ကဋ္ဌ ဦးရွှေပြည့်သည် ရန်ကုန်မြို့ရှိ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်သို့ ကိုယ်တိုင်လာပို့သည်၊ အမြင်မှန်ကို ရှာကြသည်ဆိုသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်သည် အလွန်ဝမ်းသာသွားသည်၊ ဗုဒ္ဓဘာသာအရေခြုံကာ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးမှု ပြုနေကြသော မိမိတို့၏ လုပ်ငန်းကြီး မည်မျှအစွမ်းထက်နေသည်ကိုကြည့်ကာ လွန်စွာ အားရကြသည်။
၁၄။ မေးခွန်းရှင် တောင်ကုတ်မြို့ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ခွဲက ပေးထားသော “လူ့အဘိဓမ္မာ” ဟူသော နာမည်ကိုပင် ဖျက်လိုက်ပြီး မေးခွန်းလွှာ လာပို့သူ ဦးရွှေပြည့်ကို ဂုဏ်ပြုသောအားဖြင့် “ရွှေအဘိဓမ္မာ” ဟု အမည်ပြောင်းလိုက်ကြသည်၊ ဗုဒ္ဓသာသနာကို ဤသို့ ဖျက်ကြလျှင် ဤသို့နာမည်ထွက်အောင် ဒို့ကဂုဏ်ပြုမည်ဟု အလုပ်ဖြင့် ပြလိုက်ကြခြင်းသဘော ဖြစ်သည်။
၁၅။ ရွှေအဘိဓမ္မာ၌ မေးခွန်းပေါင်း (၈၀) ပါဝင်သည်၊ အားလုံးလောက်နီးပါး မေးခွန်းများသည် ဗုဒ္ဓသာသနာတော် ကို စော်ကားသည့်မေးခွန်းများ၊ ပြက်ရယ်ပြုသည့် မေးခွန်းများသာ ဖြစ်သည်၊ ဗုဒ္ဓဘာသာတို့၏ အစဉ်အလာ ယဉ်ကျေးမှုကို ချိုးနှိမ်ပြီး တခြားသူတို့ကို ချီးကျူးသည့် မေးခွန်းမျိုးလည်း ပါသည်၊ ဤသို့အားဖြင့် “ရွှေအဘိဓမ္မာ” ဆိုသော လက်ကမ်း စာစောင်ပေါ်ကာ အဓမ္မဝါဒလက်သစ်တစ်ခုထပ်မံ ပေါ်လာပြန်ပါသည် ဘုရား။
ဆရာတော် အရှင်မြတ်တို့ ဘုရား-
၁၆။ လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒ၊ ရွှေအဘိဓမ္မာဝါဒ ဟူသော အဓမ္မဝါဒ ဓမ္မအန္တရာယ် အတွင်းရန်တို့ကို ပိုင်ပိုင်နိုင်နိုင် မဆုံးမနိုင်လျှင် လူကောင်းရှင်ကောင်းတို့ ဗုဒ္ဓသာသနာအမှန်ကို ဆည်းကပ်ကိုးကွယ်နိုင်ရေး အတွက် အနှောင့်အယှက်အဆီးအတားကြီး ပို၍ ကြီးမားလာမည်မှာ အမှန်ဖြစ်ပါသည်။
ဆရာတော် အရှင်မြတ်တို့ ဘုရား-
၁၇။ ဗုဒ္ဓသာသနာတော်၏ အန္တရာယ်မှန်သမျှကို တားဆီးကာကွယ်ရန်မှာ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ အားလုံး၏ တာဝန် ဖြစ်ပါသည်၊ ဗုဒ္ဓသာသနာတော်၏ အတွင်းရန် အပြင်ရန် အန္တရာယ်တို့ကို ရဟန်းရှင်လူများက ထိထိရောက်ရောက် ပိုင်ပိုင်နိုင်နိုင် ကာကွယ်တားဆီးနိုင်ပါမှ ဗုဒ္ဓသာသနာတော်သည် သန့်ရှင်းတည်တံ့ ပြန့်ပွားမည် ဧကန်ဖြစ်ပါသည်။
၁၈။ သို့ဖြစ်ပါ၍ ဗုဒ္ဓသာသနာတော်နှင့် ဆန့်ကျင်သော အဓမ္မဝါဒတို့ကို ပယ်ရှားသုတ်သင်ရန် အလို့ငှါလည်းကောင်း၊ သံဂါယနာခြောက်တန်တင် ထေရဝါဒ နိကာယ်ငါးရပ် ပိဋကတ်ကျမ်းများ၌ လာရှိသော ဘုရားဟော တရားတော်များနှင့်အညီ အမှန်တရားကို ရှာဖွေနိုင်ကြစေရန် အလို့ငှါလည်းကောင်း ဤကဲ့သို့ ရည်သန်ရိုးရင်း နှလုံးသွင်းရှိကြပါသောကြောင့် တပည့်တော်များသည် ဤစောဒနာလွှာကိုတင်သွင်းကြပါသည် ဘုရား။
၁၉။ ဤသို့ စောဒနာတင်သွင်းရာတွင် အဓမ္မဝါဒပိုင်းမှ စုဒိတက(=တရားပြိုင်) ဖြစ်ရမည့် ဦးဥက္ကဋ္ဌ ဦးဝါသဝ ဦးကိုကိုလေးတို့သည် သေဆုံးကုန်ကြရှာပါပြီ။ သူတို့သည်-
မိစ္ဆဒိဋ္ဌိကာ၊ မိမိတို့ကိုယ်တိုင်လည်း မိစ္ဆာအယူ ရှိကုန်သည်။ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ သူတပါးတို့ အားလည်း မိစ္ဆာဒိဋ္ဌိဖြစ်အောင် လုပ်ပေးကြသည်။ (သို့ဖြစ်၍) ကာယဿ ဘေဒါ ပရံ မရဏာ၊ သေပြီးနောက်။ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ၊ ချမ်းသာကင်းသော မကောင်းသောလားရာဖြစ်သော ဖောက်ပြန် ပျက်စီး၍ ကျရာဖြစ်သော ငရဲသို့ ကျရောက်ကြရာ၏၊
ဟူသော ဒိဗ္ဗစက္ခုဉာဏကထာ ဘုရားဟောဒေသနာတော်အရ မိမိတို့ ပြုမှားမိခဲသော အကုသိုလ်ကံတရားကြောင့် ငရဲသို့ လားနေပြီ ဟု တွက်ဆနိုင်ပါသည် ဘုရား။
၂၀။ သို့ဖြစ်သောကြောင့် ယခု အသက်မသေ ကျန်ရှိနေသေးသော စုဒိတက(=တရားပြိုင်) များသည် ဆရာမှား သူများပီပီ သူတို့၏ ဆရာကြီးများ သွားရာလမ်းသို့ မလိုက်မပါ မကျမရောက်ကြပါစေနှင့်၊ အဇာတသတ်နှင့် ဒေဝဒတ်သော်မှ အချိန်တန် အမြင်မှန်ရသေးသည်ကို ထောက်ထား၍ သူတို့လည်း အမြင်မှန်ရလာကြပါစေဟု မေတ္တာ စေတနာ ထားပြီး စောဒနာသမှု ပြုပါသည် ဘုရား။
ယခု စုဒိတကပုဂ္ဂိုလ်များကို ယခင်က မြင်လည်း မမြင်ဖူး၊ သိလည်း မသိဖူးခဲ့ကြပါ၊ သို့ဖြစ်၍ ပုဂ္ဂိုလ်ရေးနှင့် လုံးဝပတ်သက်ခြင်း မရှိဘဲ ဓမ္မရေးရာနှင့်သာပတ်သက်၍ စောဒနာခြင်း ဖြစ်ပါသည်ဘုရား။
၂၁။ တစ်ခုရှိသည်မှာကား ယခုကိစ္စကြီးသည် ဗုဒ္ဓသာသနာတော် တစ်ရပ်လုံးနှင့် သက်ဆိုင်သော ဓမ္မ အဓမ္မ ပြဿနာကြီး ဖြစ်နေသဖြင့် ဗုဒ္ဓသာသနာတော်၏ မျက်နှာတော်ကိုသာ ထောက်ထားရန်ရှိသည် တစ်ချက်၊ သူတို့၏ စော်ကားမှုများကြောင့် စိတ်နှလုံးမချမ်းမြေ့ကြသော ဗုဒ္ဓဘာသာရဟန်းရှင်လူပြည်သူ တစ်ရပ်လုံး၏ကိုယ်စား တပည့်တော်များက ဆောင်ရွက်ရသည်ဖြစ်၍ ဓမ္မဝါဒီများရာဆန္ဒကိုသာ လိုက်ရပါမည် တစ်ချက် ဤအချက်များကြောင့် သူတို့အား ငဲ့ကွက်ပြီး လျှော့လျှော့ပေါ့ပေါ့ စောဒနာ၍ကား မဖြစ်ပါဘုရား၊ “ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့” ဆိုသည့်အတိုင်း တာဝန်ကျေအောင် ဆိုရေးရှိသမျှကိုတော့ ဆိုရမည် ဖြစ်ပါသည် ဘုရား။
၂၂။ ယင်းသို့ ပြောဆိုတင်ပြ စောဒနာရာတွင် “ရောင်းသူ ဝယ်သူ အသံတူ” ဆိုဘိသကဲ့သို့ သူတို့၏ ဝေဖန်စော်ကား ပြောစကားများနှင့် အသံကိုက် ဟန်ကိုက်အောင် သရုပ်သကောင်ပေါ်အောင် ပြောရသည့်နေရာမျိုး၌ အကယ်၍ ဘုရားသားတော်များ၏ ပင်ကိုယဉ်ကျေးမှုအလိမ္မာ အခြေခံနှင့်ဆန့်ကျင်ပြီး သူတို့နည်း သူတို့ဟန်ကလေးများ ပါသွားပါလျှင်လည်း ဆရာတော်ဘုရားကြီးများက ခွင့်လွှတ်တော်မူပါမည့်အကြောင်း ကြိုတင်လျှောက်ထား အသနားခံအပ်ပါသည် ဘုရား။
၁။ ဦးစန္ဒိမာ ပထမကျော်၊ ဓမ္မာစရိယ၊ ဓမ္မာစရိယကျောင်းတိုက်၊ မိတ္ထီလာမြို့။
၂။ ဦးပညာသီဟ ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ရတနာမာရ်အောင်ကျောင်းတိုက်၊ မေမြို့။
၃။ ဦးဝိသုဒ္ဓ ဓမ္မာစရိယ၊ ဝိသိဋ္ဌ ဒီဃဘာဏက၊ လောကမှန်ကင်းကျောင်းတိုက်၊ မန္တလေးမြို့။
၄။ ဦးပညာသာမိ (မာဂဓီ) ဓမ္မာစရိယ၊ ရေလည်ကျောင်းတိုက်၊ သာစည်မြို့။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယအတွက်
စောဒနာတင်သွင်းလွှာ
စောဒနာ အမှတ်(၁)
၁။ ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့သည် ဘာသာမဲ့ ရုပ်ဝါဒီများဖြစ်ကြောင်း စောဒနာချက်ပါ ဘုရား။
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် တစ်စုံတစ်ခုသောအကျိုးကို မျှော်မှန်း၍ ရဟန်းပြုကြ၊ ဗုဒ္ဓဝါဒီ အမည်ခံကြသော်လည်း ဗုဒ္ဓဝါဒီများ မဟုတ်ပါ။ အမှန်မှာ ဗုဒ္ဓဘာသာ အရေခြုံထားသော ဘာသာမဲ့ရုပ်ဝါဒီ ဘာသာဆန့်ကျင်ရေး သမားများသာ ဖြစ်ကြပါသည် ဘုရား။
၂။ ထိုသို့ ဘာသာမဲ့ရုပ်ဝါဒီများ ဖြစ်ကြောင်းကို သူတို့၏ အောက်ပါအပြောအဆို အရေးအသားများအရ ထင်ရှားလှပါသည် ဘုရား။
ဒီနေ့ ဗုဒ္ဓဘာသာဆိုတဲ့ လူစားတွေမှာ ဘိန်းနဲ့ ဘိန်းစားလို ဖြစ်နေကြပြီကိုး၊ ဘိန်းဆိုတာ မစားခင် တုန်းကတော့ အလကားဟာပေါ့။ မစွဲပါဘူး၊ ဘိန်းမရှု မစားရလို့ ဘာမျှ မဖြစ်သေးပါဘူး၊ အဲ ... ဘိန်းကလေး နဲနဲဝင်ပြီး စွဲလာပြီဆိုတော့ ဒီဘိန်းကလွဲလို့ တခြားဘာမျှ မလိုလဲ မလိုချင်ဘူး၊ မကြားလဲ မကြားချင်ဘူး၊ ဘိန်းဆိုတဲ့ ဘိန်းပဲ စွဲတော့တာပဲ၊ သားမယားတောင် ဘိန်းလောက် မမက်တော့ဘူး၊ ဟုတ်ကလား- အခုလဲ ဒို့တတွေမှာ ဘိန်းစွဲ နေတဲ့ ဘိန်းစားတွေ ဘိန်းဖြတ်ခိုင်းသလို ဖြစ်နေပြီ၊ ဟို-ကွန်မြူနစ်များက ဘာသာဟာ ဘိန်းပဲလို့ပြောတာ သေသေချာချာ တွေးတော့ ဒီနေရာမှာ တကယ် မှန်တာကိုး ဒကာကြီးရဲ့။ (အတွဲ-၁၊အမှတ် (၈) သစ္စာဓမ္မရေးရာစာစောင် နှာ ၈-တွင် ဖော်ပြသော ဦးဥက္ကဋ္ဌဟောသော ဓမ္မစကြာဆိုသညမှ)
၃။ ဤစကားရပ်များဖြင့် ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ဘာသာမဲ့များဖြစ်ကြသည်မှာ ထင်ရှားလှပါသည် ဘုရား၊ သူတို့သည် အခြားဘာသာမဲ့များနည်းတူ ရုပ်ဝါဒီများလည်း ဖြစ်ကြကြောင်းကို ဆက်လက်၍ သက်သေခံသာဓက တင်ပြ ပါမည် ဘုရား။
(က) အမှန်မှာ ပြုလုပ်သူ (ကာရက)သည် ရုပ်တုံးရုပ်ခဲ အစစ်မုချဖြစ်၏၊ သို့ဖြစ်လျှင် ခံစားသူ (ဝေဒက) ကော ဘာသဘောဖြစ်ရမည်နည်း၊ ၎င်းလည်း ရုပ်သဘာဝပင် ဧကန္တဖြစ်ရပေမည်။ (လူသေလူဖြစ်စာအုပ်၊ စာမျက်နှာ-၅၆)
(ခ) ရုပ်သည် အခြေခံဖြစ်၍ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် ရုပ်ကို မှီရာတည်ရာ ထား၍ ဖြစ်ပေါ်လာသော အကျိုးတရား၊ (ဝါ) အခိုးသတ္တိ၊ (ဝါ) ရုပ်၏ အဟုန်မျှသာ ဖြစ်ပေသည်။ (၃၁ -ဘုံဝါဒ ဗုဒ္ဒလက်မခံ စာအုပ်- ၂၀၂)
(ဂ) တချို့က အရှင်ဘုရားဟာ ရုပ်ကိုသာ ဟောနေတယ်၊ စိတ်ကလေးကို လုပ်အုံးမှပေါ့နဲ့ ပြောနေတယ်၊ ကျုပ်တို့ ဒကာမကြီးတွေက၊ ကောင်းပါပြီ စိတ်ကလေးကို လုပ်ရအောင်၊ ဘယ်မလဲတော့လို့သာ ပြန်မေးလိုက်ကြရမယ်။ ပ။ အလုပ်လုပ်ဆိုတာ တကယ်ရှိတဲ့ရုပ်ကို ကောင်းအောင် အလုပ်လုပ်ကြရမှာပဲ၊ စိတ်ကို ကောင်းအောင် လုပ်လို့ မရပါဘူး။ (အိုယောဂီ သင် ဘယ်ဆီသွားမလဲ၊ စာမျက်နှာ ၈၀-၈၁)
(ဃ) နာမ်သည် ဘာလဲဆိုဦး-ဤဘူတဓာတ်တို့၏ သတ္တိရုပ်ပင် ဖြစ်နေပြန်သည်၊ အကြောင်းမူကား လေနှင့် တေဇော တွေ့လျှင် “အားအသက်” ဟူ၍ ဖြစ်သော သတ္တိသည် ရုပ်ဘာဝ၏ ပင်ကိုလက္ခဏာကြောင့်ပင် ဖြစ်သည်၊ ထိုဝါယောနှင့် တေဇော တို့သည် မည်သည့်ဒြပ်စင် ပရမာအဏုမြူတွင်မျှ သီးခြားကင်းလွတ်စွာ မရှိ၊ ပ-အာ-ဝါ-တေ တို့မှာ အစဉ်တွဲစပ်နေသောကြောင့် ဖြစ်သည်၊ သို့ဖြစ်ရာ ဘူတဒြပ်စင် မူလ ပရမာအဏုမြူ သဘာဝအထိ အဆင့်ဆင့် အကဲခတ်လေ့လာသောအခါ ဤဘူတရုပ်တို့ပင် ရုပ်ဟုလည်းကောင်း၊ နာမ်ဟုလည်းကောင်း စသည်ဖြင့် ဖြစ်နေသောကြောင့် အားလုံး ရုပ်ဘာဝ အခြေခံချည်း ဖြစ်နေသည်ကို တွေ့ရပေသည်။ (သခင်မြတ်ဆိုင်၏ ဗုဒ္ဓဝိပဿနာ၊ ပထမတွဲ ၈၄-၈၅)
(င) ရုပ်နာမ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု မကွဲပေ၊ ပရမတ်ပထဝီ ပရမတ်အာပေါ ပရမတ်ဝါယော ပရမတ်တေဇောတို့မှာ အမြဲအတူတပြေးတညီတည်း ရုပ်လည်း နာမ်၊ နာမ်သည်ပင် ရုပ်အဖြစ်ဒွန်တွဲကာ အစဉ်အတူ ဖြစ်ပျက်နေသည်ကို တွေ့မြင်မှသာ ချက်ချင်း ဖြစ်သည်ကို ဖြစ်မှန်းသိသည်။ (ဗုဒ္ဓဝိပဿနာ ပထမတွဲ-၁၁၃)
၄။ ဤစကားရပ်များဖြင့် လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသူတို့သည် မြတ်ဗုဒ္ဓ၏ မှန်ကန်စွာဟောကြားထားသော နာမ်တရားမျိုးကို အသိအမှတ်မပြုကြပါ၊ သူတို့၏ ရုပ်ကြမ်းဝါဒီ ဆရာ့ဆရာကြီးများ၏ အယူအဆနောက်သို့ ကောက်ကောက်ပါအောင်လိုက်ကာ မြတ်ဗုဒ္ဓအဘိဓမ္မာ သာသနာကို ကျောခိုင်းသော သူများသာ ဖြစ်ကြပါသည် ဘုရား။
၅။ မြတ်စွာဘုရား၏ ပိဋကတ်တော်များ၌ နာမ်တရား၌ တွေဝေသူအတွက် ရုပ်ကို အကျဉ်း၊ နာမ်ကို အကျယ်ချဲ့၍ ဟောတော်မူသော ဒေသနာများ၊ ရုပ်၌ တွေဝေသူအတွက် နာမ်ကို အကျဉ်း၊ ရုပ်ကို အကျယ်ချဲ့၍ ဟောတော်မူသော ဒေသနာများ၊ ရုပ်နာမ်နှစ်ပါးစုံ၌ တွေဝေသူအတွက် ရုပ်ရော နာမ်ပါ အကျယ်ချဲ့၍ဟောထားသော ဒေသနာများဟု စနစ်တကျ ရုပ်နာမ်ဓမ္မတို့ကို တွဲလျက် ဟောထားသော ဒေသနာများကို တွေ့မြင်ရပါသည် ဘုရား။
၆။ ကောက်နုတ်ချက် စကားရပ်များသည် ဘုရားဟောဒေသနာများနှင့် ဆန့်ကျင်ပြီး ဘုရားဟော နာမ်တရားကို ပယ်ရှား၍ ရုပ်ကိုပင် နာမ်တရားဟု ဆိုထားရကား ပိဋကတ်တော်နှင့် ဆန့်ကျင်သော အဓမ္မဝါဒများသာ ဖြစ်ပါကြောင်းနှင့် ထိုဦးဥက္ကဋ္ဌနှင့် နောက်လိုက်များသည်လည်း ဗုဒ္ဓဝါဒီများ မဟုတ်၊ ရုပ်ကြမ်းဝါဒီများအဖြစ် ထင်ရှားပါကြောင်းကို ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။
စောဒနာ အမှတ် (၂)
၂။ လူသေလူဖြစ်ဟူ၍ စိတ်ကူးပေါက်ရာ လိုက်လံဟောပြော ရေးသားမှုနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ ဤစောဒနာချက်နှင့် ပတ်သက်၍ တောင်တွင်းကြီး ဦးဥက္ကဋ္ဌသည် လူသေလူဖြစ် အမည်ရှိ စာအုပ် အစရှိသော စာအုပ် စာတမ်းများ ရေးသားထုတ်ဝေခြင်း သင်တန်းများပေးခြင်း၊ ဟောပြောစည်းရုံးခြင်း စသည်ဖြင့် လုပ်ဆောင်ခဲ့ပါသည် ဘုရား၊ ယင်း လုပ်ဆောင်ချက်နှင့် ပတ်သက်၍ သက်သေအထောက်အထားများကို လက်လှမ်းမီသမျှ အနည်းငယ်လျှောက်ထားခွင့်ပြုပါဘုရား။
(က) လူသားဆိုတဲ့ သတ္တဝါ သေဆုံးသွားပြီးတဲ့နောက်အခါ၌ အကယ်စင်စစ် ဖြစ်ခွင့်ဖြစ်စရာ ဖြစ်ဖို့အလားအလာများ ရှိခဲ့သေးလျှင် လူမှတပါး အခြားဘာမျှ ဖြစ်စရာလည်း မရှိချေ။ (လူသေလူဖြစ် စာအုပ်၊ ဒုတိယအကြိမ်ရိုက်၊ စာမျက်နှာ-၄)
(ခ) လက်ရှိကမ္ဘာလောကတွင် အထွတ်အထိပ်ဖြစ်သော အန္တိမအခြေအနေသို့ ရောက်၍နေသော လူသားသည်လည်း နောက်သို့ပြန်ဆုတ်၍ ဖုတ်နှင့်ပြိတ္တာ တစ္ဆေနှင့် မှင်စာ ငရဲကောင်နှင့် တိရစ္ဆာန်သတ္တဝါများ ဖြစ်ရန် အကြောင်း လုံးဝမရှိတော့ချေ။ (လူသေလူဖြစ်စာအုပ်၊ စာမျက်နှာ-၃၃၁)
(ဂ) လူသားသည် သေပြီးသည့်နောက် ဆက်လက်၍ ဖြစ်နေရဦးမည်ဆိုလျှင် လူမှတပါး အခြားသော သတ္တဝါအဖြစ်သို့ မရောက်နိုင်။ (လူသေလူဖြစ်စာအုပ်၊ ဒုတိယအကြိမ်ရိုက်၊ စာမျက်နှာ-၃၀၆)
၂။ ဦးဥက္ကဋ္ဌသည် သူ၏လူသေလူဖြစ်ဝါဒကို သံယောဂသုတ်၌ ဘုရားပင် ဟောလေဟန် မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ထားပါသည် ဘုရား၊ အမှန်မှာ သံယောဂသုတ်၌ အမသတ္တဝါ အမပြန်ဖြစ်ပုံ၊ အဖိုသတ္တဝါ အဖိုပြန်ဖြစ်ပုံ၊ အမ သတ္တဝါ အမသတ္တဝါအဖြစ်မှ ကျော်လွန်ပုံ၊ အဖိုသတ္တဝါ အဖိုသတ္တဝါအဖြစ်မှ ကျော်လွန်ပုံ လေးချက်ခွဲ၍ ဟောထားပါသည် ဘုရား၊ ဦးဥက္ကဋ္ဌ၏ သူလိုရာဆွဲ၍ ဘုရားအား စွပ်စွဲထားပုံကို ဆက်လက် နားဆင်တော်မူကြပါဘုရား။
(ဃ) ဘယ်လောက်များ ဂွကျလိုက်သလဲဆိုတော့ ကျုပ်လို လူသေလူဖြစ်ဘုန်းကြီး လာပြီး ဥစ္ဆေဒဒိဋ္ဌိ လို့များတောင် ဖိနှိပ်လိုက်ကြသေးတယ်၊ ဒါလဲ ယုံတဲ့လူက ယုံကြမှာပဲ၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာကြီး ဦးထိပ်ထားပြီး ဥပါဒါန်မပြတ်တဲ့ လူသေရင်လူပဲလို့ဆိုတာ ကျုပ်ကချည့် ဟောတာမဟုတ်ပါဘူး၊ ဘုရားရှင်ကိုယ်တိုင် သံယောဂသုတ်ကြီးနဲ့ ဖွင့်ပြီး ဟောထားတာ အထင်အရှားပါဠိတော်များမှာ ပါရှိတယ်။ (၁၁-၄-၇၃ မော်လမြိုင်ဟော၊ ဦးဥက္ကဋ္ဌ အတွဲ-၁၊အမှတ်-၁၊သစ္စာဓမ္မစာစောင် နှာ-၁၂)
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၃။ ဦးဥက္ကဋ္ဌသည် သူ၏ လူသေလူဖြစ်ဝါဒကို သဘောကျလက်ခံလျှင် သောတာပန် အရိယာများရရှိသည့် ဂုဏ်အရည်အချင်းများပင် ရလေဟန် လိမ်ညာရေးသားလျက် အလွယ်တကူ သောတာပန်ဘွဲ့ယူလိုသော လူအများကို အောက်ပါအတိုင်း စည်းရုံးပြန်ပါသည် ဘုရား။
(င) လူသားသည် လူသေလျှင်လူသာဖြစ်၏ဟုဆိုအပ်သော သဘာဝအမှန်ကို သဘောပေါက်သည်နှင့် တစ်ပြိုင်နက်-
(၁) ဒိဋ္ဌဓမ္မ=မျက်မြင်သဘော ဖြစ်လေတော့၏၊
(၂) ပတ္တဓမ္မ=နားကြားသဘော ဖြစ်လေတော့၏၊
(၃) ဝိဒိတဓမ္မ=နှာခေါင်းနှင့် လျှာတွေ့သဘော ဖြစ်လေတော့၏၊
(၄) ပရိယောဂါဠှဓမ္မ=ကိုယ်ကာယတစ်ခုလုံး ပျံ့နှံ့၍ (ဝါ) စိမ့်ထုံ၍ အကျိုးရသော မနတွေ့(ဝါ) ဟဒယတွေ့ သဘောဖြစ်လေတော့၏၊
(၅) လူသေလျှင် လူဖြစ်ခြင်းသာလျှင် နိယတ ဖြစ်သည်။
(၆) ယင်းသို့ မြဲမှသာလျှင် သမ္ဗောဓိပရာယနဘက်သို့ တိုးတက်၍ သွားနိုင်သည်-
ဟူသော ဗုဒ္ဓ၏ အာဘောဂနှင့် ကိုက်ညီ၍ ဆီလျော်မည်။ (လူသေလူဖြစ်စာအုပ်၊ ဒုတိယရိုက်၊ စာမျက်နှာ- ၄၇)
၄။ လူသေလူဖြစ် စာအုပ်ကို စတင်ထုတ်ဝေခဲ့သော ဦးဝါသဝကလည်း (၁၇-၄-၇၆) နေ့ည မြောင်းမြတရားပွဲတွင် လုံးဝမဖြစ်နိုင်သော မန်ကျည်းပင်က မန်ကျည်းပင် ပေါက်သည်၊ တမာ မဖြစ် ဟူသော ဥပမာပြ၍ သူ့ဆရာ လူသေလူဖြစ်ဝါဒကို အောက်ပါအတိုင်း ထောက်ခံခဲ့ပါသည် ဘုရား။
(စ) ဟေ့ ... လူဟာ ဘာမှဖြစ်စရာ မလိုဘူး၊ လူဟာ လူပဲ ဖြစ်စရာရှိတယ်၊ ဖြစ်ခြင်းဖြစ်ရင် မန်ကျည်းပင် သည် မန်ကျည်းပင်ပဲ ပေါက်တယ်၊ တမာ မဖြစ်ဘူး၊ ခုလဲ လူပုံစံကို ဘာပုံစံနဲ့မှ ပြောင်းလို့ မရဘူး။ (မြောင်းမြ တရားပွဲဟောပြောချက် ကြိုးခွေ ဘီ-ဘက်မှ)
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၅။ ဦးဥက္ကဋ္ဌ၏သာဝကကြီးသခင်မြတ်ဆိုင်ကလည်း လူသေလူဖြစ် ပြဿနာ စာမျက်နှာ ၁၆၂-၁၆၃ မှာ လူသေလူဖြစ်ဝါဒကို ရုပ်ဝါဒနှင့်တွဲလျက် အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ပြန်ပါသည် ဘုရား။
(ဆ) ဒီလိုကွ၊ ကိုယ့်ရုပ် ကိုယ့်နာမ်အပေါ်မှာ တကယ်စွဲတဲ့ ရုပ်နာမ် သဏ္ဍာန်အရှိကို စွဲတဲ့ အတ္တဝါဒုပါဒါန် အတိုင်း လူဟာလူပဲ ဖြစ်တယ်၊ ကုသိုလ်အကုသိုလ်ကိစ္စက သူနဲ့ မဆိုင်သေးဘူး၊ ဒါပေမဲ့ ကာယကံ ဝစီကံ မနောကံ စတဲ့ ကိုယ် နှုတ် နှလုံး မကောင်းလာတဲ့ ရုပ်ပျက်က ပြန်ပေါ်လာတဲ့ ဘူတရုပ်ဆိုတော့ ရုပ်ဆိုး ဖြစ်လာမယ် ဆိုပါတော့ကွာ၊ ခြေတိုချင်တိုမယ်၊ လက်မပါချင်မပါဘူး၊ မနောကံ ကြပ်ကြပ်ဆိုးတဲ့ ရုပ်ကျတော့ တော်တော်အကျည်းတန်တဲ့ ရုပ်ဆိုး ရုပ်ဝါးမျိုးပေါ့ကွာ၊ ဒီဆိုးလာတဲ့ ရုပ်ပျက်က ပြန်ပေါင်းစပ်တဲ့ ရုပ်သစ်မှန်ရင် မျက်စေ့ရင် ချို့ယွင်းမယ်၊ ပါးစပ်ပြဲ မျက်ပြူးရင် ဖြစ်မယ်၊ ခေါင်းရင် ကြီးမယ်၊ ဒါမှမဟုတ် ကိုယ်တွင်းက အသည်းတို့ နှလုံးတို့ပါ ညံ့ဖျင်းလာရင် အသက်ပါ တိုမယ်။ (လူသေလူဖြစ် ပြဿနာ၊ ၁၆၂-၁၆၃)
ဖော်ပြပါ စကားများအရ ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် လူသေလျှင် လူမှတစ်ပါး အခြားဖြစ်စရာ မရှိ၊ လူသာလျှင် ဖြစ်ရမည် ဟု ဆိုလျက်ရှိကြောင်း ထင်ရှားစွာ သိမြင်ကြရပါသည်။
၆။ သို့ရာတွင် တပည့်တော်များ ပိဋကတ်ကျမ်းစာကိုလေ့လာရာတွင် သတ္တဝါတို့သည် မိမိတို့ ကုသိုလ်ကံအကုသိုလ်ကံ အလျောက် ဂတိငါးပါးတို့တွင်တစ်ပါးပါးသို့ လားရောက်နိုင်ကြောင်း သိရှိရပါသည် ဘုရား၊ ကုသိုလ်အကျိုးပေးလျှင် လူဘဝ နတ်ဘဝ ဖြစ်ရပြီး အကုသိုလ်အကျိုးပေးလျှင် ငရဲတိရစ္ဆာန် ပြိတ္တာ ဘဝများသို့ ကျရောက်ရမည်ဖြစ်ပါသည် ဘုရား၊ တရားဒေသနာတော်အရ လူသေလျှင် လူသော်လည်းကောင်း၊ နတ်သော် လည်းကောင်း၊ ငရဲသတ္တဝါသော် လည်းကောင်း၊ တိရစ္ဆာန်သော်လည်းကောင်း၊ ပြိတ္တာသော်လည်းကောင်း ဖြစ်နိုင်ပါသည်။
၇။ ဤ “လူသေလူဖြစ်” ဟူသော အချက်ကို သူ့အယူဝါဒ၏ မဏ္ဍိုင်ထားပြီး ၃၁-ဘုံ ပယ်ခြင်း၊ ၃၁-ဘုံကို ဟောထားသော ပိဋကတ်သုံးပုံကို ပယ်ခြင်း စသည်ဖြင့် ဝါးလုံးရှည်ဖြင့် ဆက်လက်ရမ်းပုံများကိုလည်း တွေ့ကြရပါသည် ဘုရား။
၈။ ထို့ကြောင့် လူသေလျှင် လူသာဖြစ်ရမည်ဟူသော ဦးဥက္ကဋ္ဌ၏ အယူသည် ဆိုခဲ့ပါ ဂတိငါးပါး တရားဒေသနာနှင့် ဆန့်ကျင်သောကြောင့် ဓမ္မဝါဒမဟုတ်၊ အဓမ္မဝါဒ စစ်စစ်သာ ဖြစ်ပါကြောင်း ဝေဖန်စစ်ဆေး အဆုံးအဖြတ် ပေးတော်မူကြပါ ဘုရား။
စောဒနာ အမှတ် (၃)
၃။ ၃၁-ဘုံကို ဗုဒ္ဓမြတ်စွာဘုရားက လက်မခံဟူ၍ မှားယွင်းစွာရေးသားဟောပြောမှုနှင့် ပတ်သက်၍ စောဒနာချက်ပါဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် သူတို့၏ လူသေလူဖြစ်ဝါဒကို ခိုင်မြဲစေရန် လူ့ဘုံမှ တစ်ပါး အခြားဘုံတို့ကို မထားလိုကြပါ၊ သို့ပါ၍ ၃၁-ဘုံကို ဘုရားဟောခဲ့ပါလျက် မဟောလေဟန် လုပ်ကြံစွပ်စွဲမှု အမျိုးမျိုးကို ပြုလုပ်ခဲ့ကြပါသည်၊ သူတို့၏ လုပ်ကြံစွဲချက်များမှ သက်သေခံ အထောက်အထားများကို အနည်းငယ် လျှောက်ထားပါရစေ ဘုရား။
(က) လူသားသည် ခန္ဓာပျက်ကြွေ သေဆုံးပြီးသည်၏နောက်၌ ငရဲကောင်၊ တိရစ္ဆာန်ကောင်၊ ပြိတ္တာကောင်၊ အသူရကာယ်ကောင်များလည်း မဖြစ်နိုင်တဲ့အပြင် အထက်ကောင်းကင် ဝေဟာတစ်ခွင်မှာ ကျင်လည် ကျက်စား ပြေးလွှားနေကြတဲ့ နတ်ဗြဟ္မာ ပြောင်ပြောင်လက်လက် ကိုယ်ရောင်ထွက်နေတဲ့ သတ္တဝါတွေလည်း မဖြစ်နိုင်တော့ပြီ။ (လူသေလူဖြစ်စာအုပ်၊ စာမျက်နှာ ၇-မှ)
(ခ) လက်တွေ့ဖြစ်သော လူနှင့်တိရစ္ဆာန်ကို ပဓာနအခြေခံအဖြစ်ဖြင့် မူတည်၍ ထားခဲ့ကြကုန်၏၊ တိရစ္ဆာန်ကို အခြေပြု၍ ပြိတ္တာ အသူရကာယ်နှင့် ငရဲသတ္တဝါဟူ၍ ထပ်မံ ခွဲခြားကြပြန်လေသည်၊ ဤသုံးမျိုးကား မျက်တွေ့လက်တွေ့မဟုတ်ဘဲ (ဝါ) စိတ်ကူးတို့သာ ဖြစ်ကြကုန်၏၊ (လူသေလူဖြစ်၊ စာမျက်နှာ-၁၁)
(ဂ) ကောင်းကင်ကို ကြည့်တဲ့ မှန်ပြောင်းကြီးများကို တီထွင်အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ရှေးလူတို့ အမှန်ယုံကြည်ခဲ့ကြသော နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတဲ့ ကောင်းကင်ဘုံနန်းတွေဟာ နေရောင်တွေကြောင့် ဆီးနှင်းပေါက်ကဲ့သို့ တစ်ခုပြီး တစ်ခု ဆက်ကာ ဆက်ကာ ကွယ်ပျောက်၍ သွားကြရှာလေပြီ။ (လူသေလူဖြစ်၊ စာမျက်နှာ ၉၉-၁၀၀)
(ဃ) နတ် ဗြဟ္မာ သိကြားတို့ဟာ မုချအားဖြင့် စိတ်ကူးနယ်ပယ်အတွင်း၌သာ အသက်ဝင်နိုင်သော သတ္တဝါများ ဖြစ်ကြကုန်သတည်း။ (လူသေလူဖြစ်-၁၅၅)
(င) ကျွန်ုပ်တို့၏ ဆွေးနွေးပွဲများသည် နေရာနှင့်အနှံ့လည်းကောင်း၊ ထပ်မနားအားဖြင့်လည်းကောင်း ကျင်းပလာသောအခါ ဤအမြဲတစေ ခလုတ်ကန်သင်းပမာ ကန့်လန့်လုပ်၍ လိုက်ပါလေ့ရှိသော ဤ ၃၁-ဘုံ ပြဿနာကို ရှင်းလင်းသုတ်သင်ပစ်၍ မဖြစ်တော့သည့် အခြေအနေသို့ ရောက်ရှိ၍ လာပါတော့သည်၊ (၃၁ -ဘုံဝါဒ ဗုဒ္ဓလက်မခံ -၁၄၇)
(စ) လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ-အစွဲဥပါဒါန် တရားရှိသူတို့သည် လောကရှိသူဟု စွဲယူကြ၍ အစွဲဥပါဒါန်ကင်းစင်သူတို့အတွက် လောကဖြစ်ကြောင်း မရှိတော့ဟူသည့် ကစ္စာယနဂေါတ္တမထေရ်အား ဗုဒ္ဓဘုရားသခင်က ဟောပြောညွှန်ကြားချက် အတိုင်းသာဆိုလျှင် ဤဘဝ ထိုဘဝ နောင်ဘဝ အဆက်ဆက်နှင့် တကွသော နတ်ပြည် ဗြဟ္မာ့ပြည် ငရဲပြည် အသူရကာယ်ပြည်တို့သည် ဥပါဒါန်အတွေးနယ်ထဲ စိတ်ကူးယဉ် နယ်ထဲမှာသာ ရှိချေသည်။ (၃၁ -ဘုံဝါဒ ဗုဒ္ဓလက်မခံ- ၂၁၀)
(ဆ) တန်ခိုးပြဋိဟာတို့ကိုလည်းကောင်း၊ နတ်ဆိုးနတ်ဝါးနှင့် နတ်ကောင်းနတ်မြတ်တို့ကို လည်းကောင်း နတ်ပြည် ဗြဟ္မာ့ပြည်နှင့် ယမမင်း၏အင်ပါယာ နိုင်ငံတော်ကြီးများကို လည်းကောင်း ယုံကြည်မှုသည် လူသား၏ ဦးနှောက်ကို ဖောက်ပြန်ချောက်ချားစေ၍ ဤကပ္ပါလောကကြီးကို အရူးထောင်အဖြစ်သို့ ရောက်စေခဲ့သည်။ (အစွဲပြုတ် တဲကုတ်ရွှေနန်းတော် စာအုပ် -၅၄)
(ဇ) နတ်ပြည်သို့ ရောက်ရေးအတွက် ဒါနများကို မလုပ်ပါက ငရဲများနှင့် ကြုံတွေ့ရပြီး နစ်နာမှုရှိတတ်သလို နတ်ပြည် ငရဲပြည်ဟူ၍ တသီးတခြား မရှိပါဘဲနှင့် မရှိသည့်အလုပ်ကို ငွေကုန်ကြေးကျ ပင်ပန်းခံပြီး လုပ်နေပါကလည်း သစ်ခြောက်ပင်ကို ရေလောင်းသည့်ပမာ အသက်ထက်ဆုံး ဒုက္ခနှင့်သာ ကြုံတွေ့သွား နိုင်သည်။ (နတ်နှင့်ငရဲ ဘယ်မှာလဲ -၁၀)
၂။ ဤသို့လျှင် တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ၃၁-ဘုံသည် တကယ် မရှိ၊ စိတ်ကူးယဉ် ဥပါဒါန်အစွဲမျှသာ ဖြစ်သည်ဟု ဆိုသည့်အပြင် ဘုရားဟောမဟုတ်သော “လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ” ဟူသော လက်ဖြစ်ပါဠိမှား လက်ဖြစ်အဓိပ္ပာယ်အယူအဆအမှားတို့ကို ဘုရားဟောဖြစ်လေဟန်ပင် လိမ်ညာ၍ ဆိုထားကြပါသည် ဘုရား။
၃။ ဗုဒ္ဓမြတ်စွာ ပိဋကတ်ဒေသနာတို့၌ ထိုထိုကောင်းမကောင်းကံတို့ကြောင့် ထိုထိုဘုံ၌ ဖြစ်ကြရကြောင်းကို များစွာ ညွှန်ပြထားပါသည် ဘုရား၊ အကုသိုလ်ကံကြောင့် အပါယ်လေးဘုံ၊ ကာမာဝစရကုသိုလ်ကံကြောင့် ကာမသုဂတိ ၇-ဘုံ၊ ရူပဝါစရာကုသိုလ်ကံကြောင့် ရူပ ၁၆-ဘုံ၊ အရူပါဝစရကုသိုလ်ကံကြောင့် အရူပ ၄-ဘုံတို့၌ ဖြစ်ရကြောင်းကို ထေရဝါဒ ပိဋကစာပေတို့၌ များစွာတွေ့ရပါသည် ဘုရား။
၄။ သို့ပါ၍ ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော စကားသည် ဗုဒ္ဓဘုရားကိုလည်း စော်ကားပြီး ပိဋကတ်ဒေသနာ နှင့်လည်း ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာဖြစ်ကြောင်း ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။
စောဒနာ အမှတ် (၄)
၄။ ဗုဒ္ဓဘာသာအခြေခံဖြစ်သော ကံ-ကံ၏အကျိုး သက်ဝင်ယုံကြည်မှုကို ပျက်စီးအောင် နည်းအမျိုးမျိုးဖြင့် ဖျက်ဆီး နေကြခြင်းနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသူတို့သည် ဒိဋ္ဌိဝိပလ္လာသ (အယူဖောက်ပြန်) တစ်ဖက်လွန်၊ အဝိဇ္ဇာဗွက် ကျွံသဖြင့် သန္ဒိဋ္ဌိပရာမာသီ (ကိုယ့်အမြင်ကို အမှန်လုပ်ကာ အမှားသုံးသပ်သူ) အာဒါနဂ္ဂါဟီ (ယူမိယူရာ စွဲလမ်းစွာ ယူသူ) ဟူသော ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့၏ အပြောမျိုး အယူမျိုးကို ယူဆ ပြောဆိုနေကြပါသည်၊ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားကြပါလျက် ဗုဒ္ဓသာသနာတော်၏ အခြေခံမူလဖြစ်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိကိုပင် ပုဗ္ဗေကတ ဟေတုဒိဋ္ဌိနှင့် ရောထွေးကာ လွဲမှားစွာပြောဆို ယူဆကြပါသည်၊ သူတို့သည် ကံနှင့်ကံ၏အကျိုးကို ပယ်လိုက်လျှင် လူသေလူဖြစ် ဝါဒနှင့် အံဝင်ဂွင်ကျဖြစ်မည်ဟု တွက်ဆ၍ ကံနှင့် ကံ၏အကျိုးတို့ကို ပယ်ရှားသော စကားတို့ကို ပြောမှား ရေးမှား ကြပါသည်။
၂။ ဦးဥက္ကဋ္ဌသည် သူ၏ လူသေလူဖြစ်စာအုပ် စာမျက်နှာ ၁၄-၌ ကုသိုလ်ကံနှင့် ကောင်းကျိုး၊ အကုသိုလ်ကံနှင့် မကောင်းကျိုးတို့ကို စိတ်ကူးယဉ်ဟု အောက်ပါအတိုင်း စွပ်စွဲထားပါသည် ဘုရား။
(က) ကောင်းမှု ကောင်းတာကို နေမကွာညမလပ် တရစပ် အားထုတ်၍ ပြုလုပ်ကြိုးပမ်းသူ လူသားအတွက် အနဂ္ဃအဖိုးတန် အမျိုးမှန် ဆုလာဘ်များနှင့် ဘုံနန်းများကို တခမ်းတနားစီမံ၍ ထားခဲ့ကြကုန်၏၊ ဖန်တီး၍ ထားခဲ့ကြကုန်၏၊ သို့ရာတွင် မကောင်းမှုဟု ဆိုအပ်တဲ့ ဒုစရိုက် အယုတ်တရားများကို လိုက်မှားကျူးလွန်သော လူသားအတွက်လည်း စူးရှထက်မြက် တကယ် အခံရခက်သည့် ပက်ပက်စက်စက် အပြစ်ဒဏ်များကို အပြင်းအထန် ချမှတ်၍ ထားခဲ့ကြကုန်၏၊ ရက်ရက်စက်စက် အပြစ်ဒဏ် ခတ်ခဲ့ကြကုန်၏၊ စင်စစ်လိုရင်းမှာ စိတ်ကူးသက်သက်ဖြင့် လူသား၏ စိတ်ကို ဖြားယောင်း သွေးဆောင်ခဲ့ကြကုန်၏၊ ခြောက်လှန့်ခဲ့ကြကုန်၏၊
၃။ ဦးဥက္ကဋ္ဌ၏တပည့်ကြီး သခင်မြတ်ဆိုင်ကလည်း သူ၏ လူသေလူဖြစ်ပြဿနာ စာမျက်နှာ (၁၅၈-၁၅၉) ၌ အောက်ပါ အတိုင်း ဆရာ့သံယောင်လိုက်၍ မှတ်တမ်းတင်ထားလေသည်။
(ခ) “အနို့ ဒီဘဝ ကောင်းစားချမ်းသာနေတာတွေဟာ ရှေးဘဝက ပရံပရဘဝါဘဝက ကုသိုလ် မဟုတ်ရဘူးပေါ့။”
“ဒါက ဘယ်ရှေးရှေးက ကံမှမဟုတ်ဘူး၊ အခုဘဝ လိမ်လည်သွေးစုပ် အမြတ်ထုတ်လို့ရင်လည်း ဖြစ်ရမယ်၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံးက သူ့အခြေအနေနဲ့ အဆင်ပြေအောင် ကောင်းအောင် မှန်အောင် လုပ်နိုင်လို့ရင်လည်း ဖြစ်ရမယ်၊ ဒီပစ္စက္ခအလုပ်ရဲ့ ကျေးဇူးသက်သက်ပဲ၊ အခုဘဝချမ်းသာတာ ဟိုရှေးရှေးက ကုသိုလ်ကံ အကြောင်းလို့များ ယုံလိုက်ရင် အဲ့ဒါကို ဘုရားက ပုဗ္ဗေကတဟေတုဒိဋ္ဌိလို့ ဆိုထားတယ်ရှိတယ်၊ ဘုရားအလိုကတော့အဓမ္မတဲ့၊ တရားမဟုတ်လို့ဆိုတာပဲ”
(ဂ) “ကုသိုလ် အကုသိုလ်အကျိုးတရားဟူသည်ကား အကြောင်းကြောင့် အကျိုး မပြတ်ဆက်သည်ဟု ကမ္မဿကတ လမ်းစဉ်ဂိုဏ်းမှ ယုံကြည်သော တရားဖြစ်၏၊ ထိုတရားသည် ဗြာဟ္မဏဝေဒဒေသနာမှ မြစ်ဖျားခံ စီးဆင်း လာသော တရားဖြစ်လေရာ သံသရာလည်နေရေးကိုသာလျှင် အားပေးနေသောတရား ဖြစ်သည်” (ဗုဒ္ဓဝိပဿနာစာအုပ် ပထမတွဲ-၁၄၆)
(ဃ) ဗုဒ္ဓ၏ မူရင်းဒေသနာများ၌ အတိတ်ကံကို အစွဲပြုသော ပရမ္ပရကာမာဝစရ ကုသိုလ် အကုသိုလ်များအား စွဲယူ လက်ခံ ယုံကြည်ရန်မပါမရှိပေ။ (ဗုဒ္ဓ၏ မိဂဒါဝုန်တရား၊ စာမျက်နှာ-၅၇)
(င) အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ သင်္ခါရဟူသော အတိတ်ဘဝအကြောင်းကံကြောင့် ယခု ပစ္စက္ခဘဝမှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော အကျိုးတရားများ လာ၍ဖြစ်ရသည် စသည်ဖြင့် အတိတ်ဘဝက အကြောင်းကြောင့် ယခုဘဝတွင် အကျိုးတရားများ လာ၍ဖြစ်ရသည် ဟူသော အယူအဆများမှာ အတ္တလမ်းစဉ် ဝိညာဉ်စွဲ အမှားတရားများသာ ဖြစ်သည်။ (ဝိမုတ္တိရသ အရကောက်ကျမ်း ၂၂-၂၃)
၄။ ဤစကားများဖြင့် ဦးဥက္ကဋ္ဌနှင့် သံယောင်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသူတို့သည် ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုးဆိုးပြစ်များကို လည်းကောင်း၊ နာနက္ခဏိကသတ္တိရှိသော အတိတ်ကံကိုလည်းကောင်း၊ ပစ္စုပ္ပန်ကံကြောင့် အနာဂတ် ရမည့် အကျိုးကိုလည်းကောင်း ပစ်ပယ်ကြပါသည် ဘုရား။
၅။ ဗုဒ္ဓမြတ်စွာ ဒေသနာတော်၌ မျိုးစေ့အလိုက် အသီးဖြစ်သည်ကို ဥပမာထား၍ ကောင်းသောကံကြောင့် ကောင်းသောအကျိုး၊ မကောင်းသောကံကြောင့် မကောင်းသောအကျိုး ရသည်ကိုလည်းကောင်း၊ အတိတ်ကံကြောင့် ပစ္စုပ္ပန်အကျိုး ရပုံနှင့် ပစ္စုပ္ပန်ကံကြောင့် အနာဂတ်အကျိုး ရပုံများကိုလည်းကောင်း ဝေဖန်ခွဲခြား၍ များစွာ ဟောထားပါသည် ဘုရား။
၆။ သို့ပါ၍ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုးဆိုးပြစ်များကိုလည်းကောင်း၊ အတိတ်ကံ ပစ္စုပ္ပန်အကျိုး ပစ္စုပ္ပန်ကံ အနာဂတ်အကျိုးများကိုလည်းကောင်း ပယ်ရှားသော စကားသည် ပိဋကတ်ဒေသနာတော်များနှင့် ဆန့်ကျင်သော အဓမ္မဝါဒများသာဖြစ်ကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။
စောဒနာ အမှတ် (၅)
၅။ အတိတ်အနာဂတ်ဘဝတို့ကို လုံးလုံးပစ်ပယ်ပြီး ဗုဒ္ဓဝါဒကို ပစ္စုပ္ပန်ဝါဒဖြစ်လေဟန် အမျိုးမျိုး လှည့်စားလျက် ရေးသားဟောပြောမှုနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ဘုရား-
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် ၎င်း၏ နောက်ယောင်ခံများသည် အတိတ်ဘဝကိုလည်း လက်မခံ၊ အနာဂတ်ဘဝ ကိုလည်း ပယ်လှန်၊ ပစ္စုပ္ပန်တစ်ဘဝကိုသာ မျက်တွေ့လက်တွေ့ဖြစ်သည်ဆိုပြီး လက်ခံကြပါသည်၊ အနာဂတ်ဘဝ တစ်ပိုင်းတစ်စ လက်ခံကြသူများကလည်း လူသေလျှင် လူဖြစ်သည်ဟူသော ဘောင်အတွင်း၌သာ လက်ခံကြပါသည်၊ သူတို့သည် အစစ အရာရာ ပစ္စုပ္ပန် တစ်ဘဝကိုသာ မူသေထား စဉ်းစားလက်ခံကြပါသည်၊ သူတို့ကိုယ်တိုင်ပင် ဤအကြောင်းကို ထုတ်ဖော် အသိပေးကြပြီး ဖြစ်ပါသည်။
(က) ကပ္ပါလူသား၏ တစ်ခုတည်းသော (ဝါ) နှစ်ခုမဖြစ်နိုင်သော အဓိကအလိုဆန္ဒကား ပုခက်နှင့်ခေါင်းအကြားရှိ ပစ္စုပ္ပန်တိတိဖြစ်သော ပစ္စက္ခနယ်အတွင်း၌ ကိုယ်ရောစိတ်ပါ ဧကန်ချမ်းသာမှု ရရေးပင်ဖြစ်သည်။ (အနတ္တရောင်ခြည် စာမျက်နှာ-၁၈၆)
ဤစကားရပ်သည် ပစ္စုပ္ပန်ကိုသာ ကောက်ယူဖော်ပြချက် ဖြစ်ပါသည်၊ ဦးဥက္ကဋ္ဌသည် “အတီတံ နာနုသောစာမိ” အစရှိသော ဘုရားဟော တေမိဇာတ်တော်လာစကားကို အကြိမ်များစွာကိုးကားလျက် ဗုဒ္ဓကို ပစ္စုပ္ပန်သမားသက်သက် ဖြစ်လေဟန် ဝါဒဖြန့်ခဲ့ပါသည်။
ဤကဲ့သို့ ဦးဥက္ကဋ္ဌ၏ ဩဝါဒကို လက်ဆုပ်လက်ကိုင် ရရှိထားကြသော သူတို့ကိုယ်သူတို့ သမ္မဒိဋ္ဌိသုတေသီဆိုသူတို့က ဤသို့ ဆိုထားကြပါသည်။
(ခ) သမ္မာဒိဋ္ဌိသုတေသီတို့သည် ကောင်းမှု မကောင်းမှု အကြောင်းအကျိုးတို့ကို ပစ္စုပ္ပန်ကျကျ လက်ခံယုံကြည်သည်။ (သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် အယူဝါဒရေးရာဆိုင်ရာ ခံယူချက် သဘောထား အပိုဒ် -၈)
၂။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် ၎င်း၏ နောက်ယောင်ခံများသည် သဗ္ဗညုဘုရားရှင်ကိုလည်း သူတို့လိုပင် မျက်စေ့တဆုံးသာ ကြည့်နိုင်သည့် သူလိုငါလို သာမညလူစား ပစ္စုပ္ပန်တစ်ဘဝသမား ဖြစ်အောင် ဇွတ်အတင်းပင် ဤသို့ ပုံသွင်း နေကြပါသည်။
(ဂ) ဗုဒ္ဓသည်-သူသည် ပုခက်နှင့် ခေါင်းအကြား လက်ငင်းဒိဋ္ဌ တွေ့ကြုံနေရသော ပစ္စုပ္ပန်ဘဝကိုသာ တိကျ ပြတ်သားစွာ ဖော်ထုတ်ခဲ့သဖြင့် ပြောသလို လုပ်၍ လုပ်သလို ပြောခဲ့သော လက်တွေ့သမားဖြစ်ခဲ့သည်။ (ဗုဒ္ဓဝါဒ အခြေခံသင်တန်း၊ သင်တန်းအမှတ်စဉ် (၁) သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်-စာမျက်နှာ -၃၉)
(ဃ) ဗုဒ္ဗရဲ့ လမ်းညွှန်ချက်က။ ပ။ တမလွန်ကိစ္စကျတော့ စဉ်းကို မစဉ်းစားကြနဲ့တဲ့၊ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး၊ အဲဒါတွေ သွားစဉ်းစားနေရင် ဒုက္ခပွားစီးရေးမှတပါး ဘာအကျိုးမှ မရှိပါဘူးတဲ့။ (သစ္စာဗိမာန်အတွဲ (၁) အမှတ် (၆) နှာ-၂၅၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်)
၃။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် ၎င်း၏နောက်ယောင်ခံ ဗုဒ္ဓဘာသာအရေခြုံတို့သည် သဗ္ဗညုဘုရားရှင်ကို ပစ္စုပ္ပန် တစ်ဘဝကိုသာ လက်ခံသူအဖြစ် လှည့်ကာပတ်ကာ လိမ်ညာပုံဖော်နေကြခြင်းမှာ အတိတ်ဘဝအကြောင်းအရာမျိုးစုံကို အကုန်သိတော်မူနိုင်သော ဘုရားရှင်၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် အပါအဝင်ဖြစ်သော ဉာဏ်တော်မျိုးစုံ၊ အနာဂတ်အကြောင်းအရာ သိစရာမှန်သမျှကို ဧကန္တသိတော်မူနိုင်သော အနာဂတံသဉာဏ်တော်အပါအဝင်ဖြစ်သော ဉာဏ်တော်မျိုးစုံ၊ စုဆောင်းတော်မူခဲ့ပြီးဖြစ်သည့် ပါရမီတော် အဟုန်တို့ကြောင့် အပြည့်အစုံ ရရှိတော်မူပြီးသော ဉာဏ်တော်ကြီးများ မြတ်ဘုရား၌ မရှိကြပါဟု ပြောနိုင်အောင် ကြိုးစားနေကြခြင်း ဖြစ်ပါသည် ဘုရား။
၄။ ဤကဲ့သို့ ဉာဏ်နီဉာဏ်နက် ဘက်စုံစွက်ပြီး မဟုတ်မဟပ် လုပ်ဇာတ်ခင်းကာ သဗ္ဗညုဘုရားရှင်၏ ဝါဒကို ပစ္စုပ္ပန် ဝါဒသက်သက် ဖြစ်လေဟန် အလိမ်ဉာဏ်နှော ရေးသားပြောဟောနေကြသော လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် ၎င်း၏ နောက်ယောင်ခံသမားတို့၏ ဝါဒသည် ဓမ္မဝါဒ မဟုတ်၊ အဓမ္မဝါဒသာ ဖြစ်ကြောင်းကို ဘုရားဟော ပိဋကတ်တော်နှင့်အညီ စိစစ်ဆုံးဖြတ်ပေးတော်မူကြပါရန် ဤစောဒနာလွှာကို တပည့်တော်များ တင်သွင်းကြပါသည် ဘုရား။
စောဒနာ အမှတ် (၆)
၆။ ဗုဒ္ဓအဘိဓမ္မာကို ဘုရားဟောမဟုတ်လေဟန် အကောက်ဉာဏ် အမျိုးမျိုးဖြင့် အလဲထိုးနေခြင်းနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ် ဆရာတော်များဘုရား-
၁။ ဗုဒ္ဓမြတ်စွာ၏ စကားတော်များဖြစ်သော ပိဋကသုံးပုံကို သာသနာနှင့် ခွဲပြလျှင် -
(၁) သုတ္တန်ပိဋကသည် သတ္တဝါတို့၏ အလိုစိတ်ကြိုက် စရိုက်စသည် အားလျော်စွာ ဆုံးမရာ ဖြစ်သောကြောင့် ယထာနုလောမ သာသနာ မည်ပါသည်။
(၂) ဝိနယပိဋကသည် အပြစ်အားလျော်စွာ ဆုံးမရာဖြစ်သောကြောင့် ယထာပရာဓသာသနာ မည်ပါသည်။
(၃) အဘိဓမ္မာပိဋကသည် ပုဂ္ဂိုလ်သတ္တဝါ မျက်နှာမထောက် ဟုတ်တိုင်းမှန်စွာ ဆုံးမရာဖြစ်သောကြောင့် ယထာဓမ္မသာသနာ မည်ပါသည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော်များ ဘုရား-
၂။ တီကောင်သည် ဆားကို ကြောက်ဘိသကဲ့သို့လည်းကောင်း မျက်ခမ်းစပ်သည် နေကို ကြောက်သကဲ့သို့ လည်းကောင်း မဟုတ်မမှန် အကောက်ဉာဏ်ဖြင့် ပြောဆိုရေးသားကြသော ဦးဥက္ကဋ္ဌနှင့် နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသူတို့သည် အဟုတ်အမှန်ကို ဖော်ပြသည့် အဘိဓမ္မာကို ကြောက်ကြသည်မှာ သဘာဝကျပါသည် ဘုရား၊ အဘိဓမ္မာကို လက်ခံယုံကြည်လျှင် သူတို့၏ လူသေလူဖြစ် ရုပ်ကြမ်းဝါဒ ပြာကျဖို့သာရှိပါသည် ဘုရား။
၃။ သို့ပါ၍ သူတို့သည် သူတို့ဆရာကြီးဖြစ်သော “ဂျင်းနင်း၏ ဝေဒန်တစ် ဗုဒ္ဓစ်ဇင်” (VEDANTIC BUDDHISM by G. G Genningအသံသို့ နောက်ယောင်ခံ လိုက်ပြီး အဘိဓမ္မာကို ဘုရားဟော မဟုတ်လေဟန် လုပ်ကြံ ပြောဆိုကြပါသည် ဘုရား၊ သူတို့၏ စကားများကို သာဓက အဖြစ် ထုတ်ပြလျှောက်ထားပါမည် ဘုရား။
(က) တစ်နည်းကြည့်ပြန်လျှင် ပထမသံဂါယနာတင်တွင် ဓမ္မနှင့်ဝိနယကို အာဂုံရွတ်ဆိုကြသည်၊ ဒုတိယ၊ တတိယ တို့သည်လည်း အလားတူပင် အာဂုံရွတ်ဆိုကြသည်၊ အဘိဓမ္မာ မပါဝင်သေးပေ၊ စတုတ္ထသံဂါယနာတင်၏ နောက်ပိုင်းကျမှ အဘိဓမ္မာ ဟူ၍ ပေါ်လာခြင်းဖြစ်သည်။ (ဗုဒ္ဓဝါဒအခြေခံ သင်တန်း၊ စာမျက်နှာ-၇၀)
(ခ) သီဟိုဠ်ခေတ်စောစောပိုင်းကပင် အဘိဓမ္မာပိဋကမှာ ထင်ရှားပြီးဖြစ်သည်၊ ဤသို့ဖြင့် ထေရဝါဒီတို့၏ အဘိဓမ္မာ စာပေစုသည် ပိဋကတစ်ဆူအဖြစ် စုစည်းတည်တံ့နေချိန်မှာ တတိယသံဂါယနာတင်ချိန် (ဘီစီ-၂၄၄) ထက် နောက်မကျနိုင်ချေ၊ သို့စင်လျက် ရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလတိုင် ဟောကြားခဲ့သော အဘိဓမ္မာ ၇-ကျမ်းကို (ဗုဒ္ဓမတညူ) ဘုရားဉာဏ်ဆောင်၍ ရေးသားသည်ဟု ယုံကြည်လက်ခံထားကြခြင်းမှာ ထားသူတို့၏ သက္ကာယအစွဲမျှသာ ဖြစ်ရချေမည်။ (ဗုဒ္ဓဝါဒအခြေခံသင်တန်း နှာ-၇၈)
(ဂ) အဘိဓမ္မာဒေသနာနှင့် ပတ်သက်၍မူ နိဒါန်းပုဂ္ဂိုလ်ဝတ္ထုများကို-
(၁) ရှင်အာနန္ဒာ၏ ဝန်ခံချက် မပါခြင်း။
(၂) ဣဒ္ဓိဝိဓ တန်ခိုးပြအခန်းများ ဦးစားပေးလာခြင်း။
(၃) ဝိမုတ္တိရသကျိုး မပါခြင်း၊
(၄) ယနေ့ လောကဓာတ်သိပ္ပံက နားလည်ရန် ခက်ခဲနေခြင်း၊ (ဥပမာ-မြင့်မိုရ်တောင် ရှာမရသေးခြင်း) စသည်တို့ကြောင့် အလွန်လေးနက်သောတရားများ အယူအဆများ ပါသည်ကို အသိအမှတ်ပြုရုံမှတပါး ဗုဒ္ဓဘာသိတဟူ၍ အတည်ပြုရန် ဆက်လက်လေ့လာရန် အများကြီး လိုနေသေးသည်။ (ဒေးဒရဲမြို့ ကွင်းကျောင်းတိုက် ပဉ္စနိကာယသုတေသီအဖွဲ့မှ ၁၃၃၀-ခု၊ နတ်တော်လဆန်း၁၅-ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ဗုဒ္ဓသာသနာသမိုင်း၊နှာ-၁၀)
(ဃ) ယင်း အဘိဓမ္မာ ၇-ကျမ်းကို ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ဟောသည်ဟူသော အချက်မှာ အဋ္ဌကထာဆရာ ရှင်ဗုဒ္ဓဃောသ၏ ထွင်လုံးပုံပြင်မျှသာ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
(င) စင်စစ် ပိဋကတ်စာပေများကို စုစည်းခြင်း၊ အနက်ဖွင့်ဆိုခြင်း (အဋ္ဌကထာ) များနှင့် အဘိဓမ္မာ ကျမ်းများကို စုစည်းဖော်ထုတ်ပေးခြင်းအားဖြင့် သီဟိုဠ် ရှင်ဗုဒ္ဓဃောသသည် အလွန်တရာ ကျေးဇူးကြီးမားလှသော ပုဂ္ဂိုလ်ကြီးကား မှန်ပေသည်၊ သို့သော် မိမိရှာဖွေစုစည်းပေးသော အဘိဓမ္မာခုနစ်ကျမ်း၏ ဩဇာထက်မြက်မှုအတွက် ဗုဒ္ဓဟော လုပ်ပစ်ခဲ့ခြင်းမှာ ရှင်မဟာဗုဒ္ဓဃောသသည် ဗုဒ္ဓဂေါတမအပေါ်တွင် သစ္စာဖောက်ရာ ကျနေပေသည်။ (အတွဲ -၃၊ အမှတ် -၁၂၊ သစ္စာဓမ္မစာစောင်၊ စာမျက်နှာ -၅၊ ၆)
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၄။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသူတို့သည် အဘိဓမ္မာကိုပယ်၍ ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ်အစွမ်းဖြင့် ဟောကြားအပ်သော သာသနာတော်စက်ကို ချိုးဖျက်နေကြကြောင်း ထင်ရှားလှပါသည် ဘုရား။
၅။ ထိုထို ဝိနယပါဠိတော် သုတ္တန္တပါဠိတော်များအလို၌ ဗုဒ္ဓမြတ်စွာလက်ထက်ကပင် အဘိဓမ္မာရှိကြောင်း အထင်အရှား ပြဆိုထားသော စကားများရှိပါသည်၊ သို့ပါ၍ တတိယသံဂါယနာနောက်ပိုင်းမှ အဘိဓမ္မာ ပေါ်လေဟန် ရေးသားသော စကားများသည် အဓမ္မကထာများသာ ဖြစ်ကြောင်း တင်ပြလျှောက်ထားပါသည် ဘုရား။
စောဒနာ အမှတ် (၇)
၇။ ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ်တော်ကို ထိပါးစေလျက် ဗုဒ္မဘာသာ ပျက်စီးရာ ပျက်စီးကြောင်း ဟောပြောရေးသားမှုနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့သည် ဗုဒ္ဓမြတ်စွာ၌ရှိသော သဗ္ဗညုတဉာဏ်တော်ကို မယုံကြည်ကြပါ၊ တရားအားလုံးကိုသိသော သဗ္ဗညုတဉာဏ်တော်ကို တရားတစ်စိတ်တစ်ဒေသကိုသာသိသော ပဒေသဉာဏ်အဖြစ်သို့ ရောက်စေကြပါသည်၊ သူတို့သည် သဗ္ဗညုဗုဒ္ဓကို သာမန်အသိဉာဏ်ထူးရှိသော လူတစ်ယောက်ထက်ပို၍ အထင်ရောက်ပုံ မပေါ်ပါ၊ သာဝကနှင့် ဗုဒ္ဓကို ထူးထူးခြားခြား ကွဲပြားအောင် မမြင်တတ်ကြပါ။
၂။ ဤအကြောင်းနှင့် ပတ်သက်၍ သူတို့၏ စကားများထဲမှ အနည်းငယ်ကို သက်သေခံအဖြစ် ဆက်လက် လျှောက်ထား ပါမည် ဘုရား။
(က) အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓ၏ ဂုဏ်အကြောင်းအရာများကို ချီးမြှောက်ရေးသားရာ၌ ထို သဗ္ဗညုတဉာဏ် ရရှိသည်ဆိုသော တိတ္ထိဆရာကြီးတို့ကို အညံ့မခံလိုသည်က တစ်ကြောင်း၊ ဗုဒ္ဓကို အခြားအရိယာ ပုဂ္ဂိုလ်တို့နှင့် ခွဲခြားထားလိုသောကြောင့် ဗုဒ္ဓသည် ဘာမဆို အကြားအမြင်အသိရှိသော သဗ္ဗညုတဉာဏ် ရရှိသည်ဟု ပြဆိုကြဟန် တူ၏၊
(ခ) ဗုဒ္ဓသည် သဗ္ဗညုတဉာဏ် ရပါလျက် အဘယ့်ကြောင့် ဒေဝဒတ်၏ ရှေ့အဖြစ်ကို ကြိုတင်မသိမြင် ပါသနည်း၊ နောင်တစ်နေ့တွင် မိမိ၏အသက်ကို ရန်ရှာမည့်သူတစ်ဦးအား အဘယ့်ကြောင့် ရဟန်းပြုခွင့် ပေးပါသနည်း။
(ဂ) ဗုဒ္ဓသည် သဗ္ဗညုတဉာဏ်ရသည် ဆိုပါလျက် အဘယ့်ကြောင့် ရဟန်းတို့အား နုတ်ပယ်သင့်သော သေးနုပ်သော သိက္ခာပုဒ်များကို နုတ်ပယ်ကြလော့ဟု မိန့်တော်မူရပါသနည်း၊ ဗုဒ္ဓကိုယ်တိုင် ပညတ်တော်မူခဲ့သည့် သိက္ခာပုဒ်များ၌ နုတ်ပယ်သင့်သော သိက္ခာပုဒ်များ ပါရှိနိုင်ပါမည်လော။
(ဃ) ဝိဇ္ဇာသုံးပါးသည် ရဟန္တာတိုင်းရရှိသော အသိဉာဏ် ဖြစ်၏၊ ဤသို့ ဆိုပါမူ ဗုဒ္ဓနှင့် ရဟန္တာပုဂ္ဂိုလ်သည် မည်သို့ ခြားနားပါသနည်း။
(င) ဗုဒ္ဓ၏ရရှိအပ်သော သဗ္ဗညုတဉာဏ်သည် ဝိဇ္ဇာသုံးပါးတို့ကို ကြွင်းကျန်မရှိ ထိုးထွင်းပြီး သိမြင်ရရှိခဲ့သော ဉာဏ် ဖြစ်၏၊
(က) (ခ) (ဂ) (ဃ) (င) ငါးမျိုးလုံး အမှန်တရား သုတေသနအမှတ် (၁) စာစောင် နှာ-၅-၆-၇-၌ အဘိဓမ္မာဆရာစိန်က ဝေဖန်ရေးသားထားပါသည်။
ဝိနည်းဓိုရ် ဆရာတော်များ ဘုရား-
၃။ ဤစကားရပ်များဖြင့် သဗ္ဗညုတဉာဏ်သည် အလုံးစုံသော တရားတို့ကို သိသည်မဟုတ်၊ ဝိဇ္ဇာသုံးပါး တရား တစ်စိတ်တစ်ဒေသလောက်သာ သိသည်ဟု ဆိုရာရောက်ပါသည် ဘုရား။
၄။ ထိုသူတို့၏ စကားသည် သဗ္ဗံ အဘိညာသိ၊ ယဒတ္ထိ နေယျံ=သိအပ်သမျှ တရားအားလုံးကို အကုန်အစင် သိမြင်သည်။ (ခု-၇၊ ၂၈၀။ ခု-၈၊ ၁၇၈။ ခု-၉၊ ၂၂၇)
ကတမံ တထာဂတဿ သဗ္ဗညုတညာဏံ၊ သဗ္ဗံ သင်္ခတမသင်္ခတံ အနဝသေသံ ဇာနာတီတိ သဗ္ဗညုတညာဏံ = သင်္ခတ အသင်္ခတ တရားအားလုံးကို ကြွင်းကျန်မရှိ အကုန်သိသောကြောင့် သဗ္ဗညုတဉာဏ် မည်၏ အစရှိသော ပဋိသမ္ဘိဒါမဂ် ပါဠိတော် စာမျက်နှာ-၁၂၅ လာ စကားများနှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ဓမ္မဝါဒမဟုတ်၊ အဓမ္မဝါဒ များသာ ဖြစ်ကြောင်း စိစစ်ဝေဖန်၍ အဆုံးအဖြတ် ပေးတော်မူကြပါ ဘုရား။
စောဒနာ အမှတ် (၈)
၈။ ဗုဒ္ဓဘာသာဝင်တို့၏ သမထလမ်းစဉ်နှင့် ဝိပဿနာလမ်းစဉ်တို့ကို ဖျက်ဆီးပြီး သံသရာမှ ထွက်မြောက်ရာလမ်းကို ပိတ်ပင်ဟန့်တား ဖျက်ဆီးနေကြခြင်းနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ လူသေလူဖြစ်ဝါဒီ ဦးဥက္ကဋ္ဌနှင့်တကွ ၎င်း၏ဩဝါဒခံ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များနှင့်တကွ အပေါင်းပါ နောက်လိုက်များသည် ဗုဒ္ဓဘာသာဝင်တို့၏ သမထလမ်းစဉ်နှင့် ဝိပဿနာလမ်းစဉ်များကို ပျက်စီးအောင် နည်းအမျိုးမျိုးဖြင့် ဖျက်ဆီးလျက် ရှိနေကြပါသည် ဘုရား၊ ယင်းသို့ဖျက်ဆီးရာ၌ စာအုပ်စာတမ်းများ ရေးသားထုတ်ဝေ၍ သမထဝိပဿနာကို ပြောင်လှောင်ပျက်ချော် သရော်စော်ကား ရေးသားခြင်း၊ ဟောပြောပွဲများတွင် ကြုံလျှင်ကြုံသလို သမထဝိပဿနာ အားထုတ်ကြသော ပုဂ္ဂိုလ်များအား ကဲ့ရဲ့ခြင်း၊ ၎င်းတို့၏ အခြေခံသင်တန်းတွင် သမထဝိပဿနာလုပ်ငန်းကို ဗုဒ္ဓဝါဒမဟုတ်ဟု အတိအလင်း ပို့ချခြင်းများ ပြုလုပ်လျက် ရှိကြပါသည် ဘုရား၊ သမထဝိပဿနာလမ်းစဉ်ကို ပျက်လိုပျက်စီး ဖျက်ဆီးနေကြသော ၎င်းတို့၏ လုပ်ဆောင်ချက်များကို အမြွက်မျှ တင်ပြပါမည် ဘုရား။
၂။ ဗုဒ္ဓလမ်းစဉ် အမည်ရှိ စာအုပ် စာမျက်နှာ ၆၅-တွင် လူသေလူဖြစ်ဆရာကြီး ဦးဥက္ကဋ္ဌက ရေးသားထားသည်မှာ-
(က) “ဗုဒ္ဓ၏ အစစ်အမှန်ဖြစ်သော လမ်းစဉ်ကား ဥပါဒါန်မနှောင့်ဘဲ ဖြောင့်ဖြူးလှ၏၊ သို့ရာတွင် သဥပါဒါန ဟိန္ဒူယောဂလမ်းစဉ် လွှမ်းမိုး၍နေသော ဗမာ့ပဋိပတ္တိသာသနာဝင်၌ကား ယောဂီပုဂ္ဂိုလ်အပေါင်းတို့သည် ဗုဒ္ဓကိုယ်တိုင်ထွင် ဗုဒ္ဓကိုယ်တိုင်လျှောက်၍ ဗုဒ္ဓကိုယ်တိုင် ပြောင်မြောက်ခဲ့သော ဗုဒ္ဓ၏ အနုပါဒါနလမ်းစဉ်ကို ရှိသေးသည်ဟူ၍ပင် အသိအမှတ်မပြုနိုင်ခဲ့” ဟူ၍ ရေးသားထားပါသည်။
၃။ ၁၃၄၀-ခုနှစ် (၁၉၇၈-ခုနှစ်)၊ ဝါတွင်းကာလတွင် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ တနင်္ဂနွေနေ့တိုင်း ကျင်းပခဲ့သော ဗုဒ္ဓဝါဒဓမ္မရေးရာသင်တန်း ပို့ချချက်တွင် သမထဝိပဿနာလုပ်ငန်းစဉ်များမှာ ဗုဒ္ဓဝါဒတွင် မပါဝင်ကြောင်း၊ အတိအလင်း သင်တန်းပေးရုံမျှမက ဗုဒ္ဓဝါဒပြဿနာများအမည်ရှိ စာအုပ်စာမျက်နှာ (၁၉-၂၀) တွင် အောက်ပါအတိုင်း ဘွင်းဘွင်း ရှင်းရှင်း အတင့်ရဲစွာ ရေးထားပါသည် ဘုရား။
(ခ) တိကျစွာ ဆိုရသော် ဗုဒ္ဓဝါဒတွင် သမထနှင့် ဝိပဿနာလုပ်ငန်းစဉ်များ မပါဝင်ပါ။
(ဂ) သို့သော် သမထနှင့် ဝိပဿနာကို အလုံးစုံ ခြုံ၍ ပစ်ပယ်ခြင်းမှာ မဖြစ်နိုင်ပါ၊ အကြောင်းမှာမူ ယင်း သမထနှင့် ဝိပဿနာများသည် ဗုဒ္ဓဘာသာလောကတစ်ခုလုံး အရိုးစွဲ၍ အသဲခိုက်လျက် ရှိကြသောကြောင့် ယင်းတို့ကို မေ့လျော့ထားခြင်းငှာ မသင့်ပါ။
ဟူ၍ မောဟသည်းစွာ ရေးသားထားပါသည် ဘုရား။
၄။ ၎င်းတို့၏ ရေးသားချက်များသည် ဗုဒ္ဓ၏ သမထဝိပဿနာကျင့်စဉ်ကို ဟိန္ဒူယောဂဟု အဓမ္မပြောဆိုခြင်း၊ ဗုဒ္ဓ ကိုယ်တိုင်ဟောပြောခဲ့သော သမထဝိပဿနာကျင့်စဉ်များကို ဗုဒ္ဓဝါဒတွင် မပါဝင်ဟု ပြောင်ပြောင်တင်းတင်း ရေးသားထားခြင်းဖြစ်၍ ပါထကဝဂ္ဂပါဠိ၊ မဇ္ဈိမပဏ္ဏာသပါဠိ၊ ဥပရိပဏ္ဏာသပါဠိ၊ အင်္ဂုတ္တရနိကာယ် အဘိညာသုတ္တပါဠိ၊ အသင်္ခတ သံယုတ်ပါဠိတော်များနှင့် ဆန့်ကျင်နေပါသည် ဘုရား၊ သို့ဖြစ်၍ ဘုရားဟောဒေသနာတွင် တိုက်ရိုက်လာရှိသည်ကို မျက်စိ မှိတ်၍ “ဗုဒ္ဓဝါဒတွင် သမထနှင့် ဝိပဿနာလုပ်ငန်းစဉ်များ မပါဝင်ပါ” ဟု ငြင်းဆိုသောကြောင့် မိစ္ဆာဓမ္မ အဓမ္မဝါဒ ဖြစ်ကြောင်းနှင့် ထိုသို့ပြောသော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင်များသည်လည်း အဓမ္မဝါဒီများသာဖြစ်ကြောင်း လျှောက်ထား၍ စောဒနာအပ်ပါသည် ဘုရား။
စောဒနာ အမှတ် (၉)
၉။ ဗုဒ္ဓသာသနာတော်၏အသက်ဖြစ်သော ဝိနည်းကျင့်ဝတ် တရားတော်များကို လုံးလုံးလျားလျား ပစ်ပယ်ပြီး သင်္ကန်းဝတ်၍ သာသနာအရေခြုံကာ မသိနားမလည်သူတို့အား လှည့်ဖြားလိမ်ညာပြီး ဆရာတစ်ဆူ လုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
၁။ လူသေလူဖြစ်ဝါဒကို ဖန်တီးသော ဦးဥက္ကဋ္ဌနှင့် လူသေလူဖြစ်စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေသော ဦးဝါသဝတို့သည် ဘုရားသာသနာတော်တွင် နေထိုင်၍ သင်္ကန်းဝတ်ထားကြပါသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ဝိနည်းသိက္ခာပုဒ်ကို မစောင့်စည်းရုံမျှမက ၎င်းတို့နှင့် ဝါဒတူ ဆန္ဒတူ ပုဂ္ဂိုလ်များကိုပါ အဖော်ညှိ၍ ဝိနည်းတရားကို ဥပေက္ခာပြု လျစ်လျူရှုစေခဲ့ ကြပါသည်၊ အရိပ်ခိုပြီး အခက်ချိုးသော အလွန်ကြောက်ဖွယ် ကောင်းသော အလဇ္ဇီ ဒုဿီလကြီးများ ဖြစ်ကြပါသည် ဘုရား။
၂။ ဝိနည်းကျင့်ဝတ်ကို အလျင်းဂရုမစိုက်သော ဦးဥက္ကဋ္ဌ၏ ရေးသားချက်များအနက်မှ အနည်းငယ် ထုတ်နုတ်ပြရပါလျှင် “ဗုဒ္ဓမှတ်ကျောက်” အမည်ရှိစာအုပ် စာမျက်နှာ ၁၇၅-တွင်-
(က) “ယနေ့ ဘိက္ခုသံဃာလို့ဆိုတဲ့ ဂိုဏ်းပေါင်းစုံဘုန်းကြီးတွေ လိုက်နာကျင့်သုံးနေကြတဲ့ ဝိနည်းကို မငဲ့ညှာဘဲ လေ့လာသုံးသပ်ကြည့်လိုက်ရင် ဥပါဒါန်တစ်လုံးတစ်ခဲကြီး ဖြစ်ရှိနေတာကို တွေ့ရပြန်တယ်”
ဟူ၍ ရက်ရက်စက်စက် အမနာပ ရေးသားထားတာကို တွေ့ရပါတယ် ဘုရား။
၃။ ဤသို့ ရေးသားခြင်းများသည် ဘုရားသခင်၏ အာဏာဒေသနာ ဖြစ်သော ဝိနည်းတရားကို ဥပါဒါန်နှင့် ကိုင်ပေါက်ခြင်းသဘောမှာ ပေါလောကြီးပေါ်လျက် ရှိပါသည် ဘုရား၊ ဤရေးသားချက်သည် ဗုဒ္ဓသာသနာတော်၏ အသက်သဖွယ်ဖြစ်သော ဝိနည်းတရားကို ပယ်ရာရောက်၍ အဝိနယဝါဒီ ဖြစ်ကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။
၄။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် အမြီးစားဖက် ခေါင်းစားဖက် ဖြစ်သော ဦးဝါသဝ (လူသေလူဖြစ်ကို ပထမအကြိမ် ရိုက်နှိပ် ထုတ်ဝေသူ) သည်လည်း သူကိုယ်တိုင် ဝိနည်းတရားကို မကျင့်သုံးမလိုက်နာရုံမျှမက ဗုဒ္ဓသာသနာတော်ကြီးနှင့် စပ်ဆိုင်သော ဝိနည်းဓမ္မကံစီမံပုံများကို အောက်ပါအတိုင်း ပြောင်လှောင်ပျက်ချော် သရော်စော်ကား ပြောခဲ့ပါသည် ဘုရား။
ဥပသမ္ပဒကံဆောင်တယ်ဆိုတာ ခင်ဗျားတို့လဲ မြင်မှာပေါ့ဗျာ၊ ဗုဒ္ဓဘာသာအုပ်စု ရဟန်းခံတဲ့အခါကျတော့ ဟိုထိပ်က ထိုင်တာ ဥပဇ္ဈာယ်ဆရာ၊ ဒီဘက်က သုံးပါးက ကမ္မဝါစာဆရာ၊ ဘေးကဟာတွေက အရံတွေ၊ ဝမ်းနာတဲ့အခါ ဝမ်းဆွဲတို့ဘာတို့ တောက်တီးတောက်တဲ့တွေ အကုန်ပေါ့၊ ခလေးမွေးမလို့ ခလေးမွေးမလို့-ခလေးမွေးမလို့၊
လူဖိုနဲ့လူမတို့ ဆက်ဆံတဲ့ ခလေးမွေးတာက လူသားတို့ရဲ့ လမ်းစဉ်အတိုင်း မွေးတာ၊ ဒီဟာက ဟို ဟိန္ဒူဗြာဟ္မဏ တို့ဆီက အမွေအနှစ် ယူလာပြီး ဟိန္ဒူဗြာဟ္မဏလမ်းစဉ်က-
(၁) ဗြဟ္မာဘုရားကြီးရဲ့ ပါးစပ်က မွေးတာသည် ဗြဟ္မာဇာတ် (အမြတ်ဆုံး)
(၂) ဗြဟ္မာဘုရားကြီးရဲ့ ရင်ပတ်က မွေးတာသည် ခတ္တိယဇာတ်၊
(၃) ဗြဟ္မာဘုရားကြီးရဲ့ ဗိုက်က မွေးတာသည် ဝဿဇာတ်၊
(၄) ဗြဟ္မာဘုရားကြီးရဲ့ ပေါင်က မွေးတာသည် သုဒ္ဒဇာတ်
၅။ အဲဒီဇာတ်၄-မျိုးကို ပြန်လည်ပြင်ဆင်ရေး လုပ်ချင်တာနဲ့ ဟိုထိပ်ကထိုင်တဲ့ ဥပဇ္ဈာယ်ဆရာကအဖေ၊ ဒီဘက်က ကမ္မဝါစာ ဖတ်တာက အမေ၊ မိဘ ၂-ပါးမွေးလာတဲ့ စနေသားတင်မောင်ဆိုတဲ့ ကောင်လေးကို ဗြဟ္မာဇာတ်ထဲသွင်းချင်တော့ ဟို တင်ပြင်ခွေကြီး ထိုင်တယ်၊ မီးနေသည် အပြင်ဘက် တအေးအေးနေပြီးတော့ မိန်းမလုပ်တဲ့လူက (လက်သည်တွေ) ခုခေတ်ဆိုရင်ဖြင့် ဆေးရုံမှာ သွားပြီးတော့ မွေးတာ၊ ဒီတော့ မိဘ ၂-ပါး မွေးမှ သားဆိုတာ ဖြစ်တာ။
၆။ ဒီမှာလဲ ဥပသမ္ပဒကံဆောင်တော့ ဥပဇ္ဈာယ်ဆရာက အဖ၊ ကမ္မဝါစာဆရာက အမိ၊ အဲဒီ ၂-ယောက်စပ်တဲ့ ပြီးတော့ ခပ်ကြမ်းကြမ်း (ရော့ရော့လေး မရဘူး) အဟံ ဘန္တေ (ထန်လာတယ် ... ထန်လာတယ်) ဗိုက်နာတော့ မအော်ရင် မရဘူး၊ အဲဒီလိုနဲ့ မွေးထုတ်လိုက်တာ၊ ဘာလေး မွေးလာသလဲ၊ စနေသားလေး တင်မောင်ဟာ သော ဘာသေယျ၊ ဒုတိယမ္ပိ သော ဘာသေယျ၊ တတိယမ္ပိ သော ဘာသေယျ သုံးခါသာ ဘာပြီးသေးလိုက်ရတယ်၊ ဘာမှမပြောနဲ့တော့ စနေသား တင်မောင်လေး တေဇကို ဖြစ်ကရော။
ကနေ့ ဗုဒ္ဓဘာသာက လူ့လမ်းစဉ်ကို မပျက် ပျက်အောင် ဖျက်ပစ်တယ်၊ မိဘ ၂-ပါးက မွေးထားမှ တင်မောင် တော်ရောပေါ့၊ မဟုတ်သေးဘူး (တေဇလို့ မှည့်လိုက်ရသေး) အလကားဇာတ် အယုတ်၊ အယုတ်။-(ပ)
ဒီက ဟိန္ဒူ ဗြဟ္မဏအတုခိုးပြီး ပါးစပ်က မွေးချလိုက်လို့ ဒီက ဘာမှမလုပ်ရဘဲနဲ့ ဘာသိက္ခာတွေမှ မကျင့်ရဘဲနဲ့ သော ဘာသေယျ ဆိုတာနဲ့ တစ်ပြိုင်နက်ထဲ ဟို ၂၂၇-သွယ် သိက္ခာပုဒ်တွေ ကိုယ်မှာတည်ပြီး တစ်ခါထဲ ဗြဟ္မဏဇာတ် ဖြစ်သွားတာ။
(၁၅-၄-၇၆ နေ့ည မြောင်းမြမြို့ ၆-လမ်း၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင် ဦးစစ်တင်နေအိမ်တွင် ဟောကြားသော ဦးဝါသဝ ၏ တိတ်ခွေ ဘီ-ဘက် မျက်နှာမှ
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၇။ အထက်ပါစကားများကို ရေးသားဟောပြောနေကြတဲ့ ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့ဟာ ဝတ်ကြောင်လုံချည်ကို ဝတ်ထားကြတဲ့သူတွေ မဟုတ်ပါဘုရား၊ ထမီတို့ ဆာရီတို့ ဂါဝန်တို့ကို ဝတ်ထားကြတဲ့သူတွေမဟုတ်ပါဘုရား၊ ဘုရားအရေတော် သင်္ကန်းကို ဝတ်ထားကြတဲ့လူတွေပါ ဘုရား၊ သူတို့ကို မသိနားမလည်တဲ့သူတွေက “ဆရာတော်အသျှင်” လို့ လက်ခံနေကြတဲ့ လူတွေပါဘုရား။
၈။ ဦးဝါသဝနှင့် ဦးဥက္ကဋ္ဌတို့သည် နဂိုက ရဟန်းဖြစ်ခဲ့တယ်ဆိုရင် ဒီစကားမျိုးတွေ မပြောသင့်ပါ ဘုရား၊ ရဟန်းဘဝ နှင့် ဒီစကားမျိုးတွေကို ပြောခြင်းအားဖြင့် သိက္ခာကျပြီး ရဟန်းမဟုတ်တော့ပါ ဘုရား၊ ဗုဒ္ဓံ ပစ္စက္ခာမိ၊ သိက္ခံ ပစ္စက္ခာမိ၊ ဘုရားကို ပယ်ပါ၏၊ သိက္ခာကို ပယ်ပါ၏ ဆိုလျှင် ရဟန်းသိက္ခာကျပြီး လူဖြစ်ပါတယ်ဘုရား၊ သူတို့ဟာ ဒီလို ဝိနည်းတရားကို ပစ်ပယ်သော စကားမျိုးတွေကို ပြောဆိုခြင်းအားဖြင့် သာသနာနှင့်မထိုက်တန်သော အလဇ္ဇဒုဿီလများ ဖြစ်ကြောင်း ထင်ရှား ပါသည် ဘုရား၊ သူတို့တစ်စုသည် နဂိုကတည်းက သိက္ခာရှိသော ရဟန်းကောင်းမျိုး မဟုတ်နိုင်ပါဘုရား၊ အစားချောင်လို့ (သမ္မာဒိဋ္ဌိအဖွဲ့ဝင်တွေလို လူစားမျိုးတွေအပေါ် ဆရာတစ်ဆူ လုပ်ရလွယ်အောင်လို့) သင်္ကန်းအရေခြုံပြီး ဝိနည်းပုန်ကန် စကား မျိုးတွေ ပြောနေခြင်း ဖြစ်ပါသည် ဘုရား။
၉။ သကျပုတ္တ ဘုရားသားတော်မှန်လျှင် သာသနာတော်၌ ကောင်းသောအကြံ ကောင်းသောအပြော ကောင်းသော အပြုအမူများကို ကျင့်သုံးကြရပါသည် ဘုရား၊ ယခုမူ ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့သည် ဝိနည်းသိက္ခာနှင့် မလျော်ညီသော စကားမျိုးကို ပြောဆိုရေးသားပြီး ဝိနည်းကိုပစ်ပယ်နေကြ၍ အဝိနယဝါဒီပုဂ္ဂိုလ်များသာ ဖြစ်ကြောင်း ဆုံးဖြတ်ပေးတော်မူပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
၁၀။ ဦးဥက္ကဋ္ဌ၏ အမွေသွေးဆိုးကို ဆက်ခံနေရရှာသော သမ္မာဒိဋ္ဌိအဖွဲ့သားများကလည်း သူတို့၏ ဆရာကြီးများအတိုင်း ဝိနည်းတရားကို စော်ကားပြောဆိုကြပါသည် ဘုရား၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ထုတ်ဝေသော ဗုဒ္ဓဝါဒအခြေခံသင်တန်း၊ သင်တန်း အမှတ်စဉ် (၁) သင်တန်းမှတ်စုများ စာအုပ်ကြီး စာမျက်နှာ ၄၇-တွင် သင်တန်းသားများအား အောက်ပါအတိုင်း ပို့ချထားပါသည် ဘုရား။
“ဝိနည်းကို အဓိကထားခြင်းအားဖြင့် ဘိက္ခုနီသာသနာကိုဆိတ်သုဉ်းစေခဲ့သည်မှာ ပထမသံဂါယနာပွဲမှ စတင်ခဲ့လေသည်”
၁၁။ ဤပြောကြားချက်မှာ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်ကြီးကို ကြိုးကိုင်ခြယ်လှယ်ပြီး သာသနာဘာသာ ဖျက်ဆီးရေးလုပ်ငန်းကို အမြဲတစေ လုပ်ကိုင်နေသော အတွင်းရေးမှူး ဦးကိုကိုလေး၏ သင်တန်းပို့ချချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၁၂။ ဤလူသေလူဖြစ်ဝါဒီ ရဟန်းဆိုးရှင်ဆိုးများနှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ကဲ့သို့သော ဒုစရိုက်အားပေး အကုသိုလ် သေဌေးတွေရှိသမျှ သာသနာတော်ကြီး၏အန္တရာယ်မှာ မသေးလှပါ ဘုရား၊ ၎င်းတို့၏ အပြုအမူ အပြောအဆို အရေးအသားများသည် ဓမ္မဝိနယ၏ ဆန့်ကျင်ဘက်များသာ ဖြစ်ကြောင်း သံဝေဂဖြစ်ဖွယ် စိစစ်ဆုံးဖြတ်ပေးတော်မူပါ ဘုရား။
စောဒနာ အမှတ် (၁၀)
၁၀။ ဝိနည်းတရားတော်ကို မပစ်ပယ်ဘဲ ဘုရားရှင်၏ ဝိနည်းသိက္ခာ ပုဒ်တော်များကို အသက်တမျှ လိုက်နာ ကျင့်သုံး နေထိုင်ကြသော ရဟန်းကောင်း၊ ရှင်ကောင်း၊ သံဃာတော်တို့အား ပက်ပက်စက်စက် စွပ်စွဲပုတ်ခတ် ရေးသားပြီး သံဃာစော်ကားမှု ပြုခြင်းနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများ၏ ဩဝါဒါစရိယဖြစ်သော ဦးဥက္ကဋ္ဌနှင့် ဆန္ဒတူ ဖြစ်ကြကုန်သော အလဇ္ဇီပုဂ္ဂိုလ်များသည် သာသနာဘောင်မှာနေလျက် သင်္ကန်းအရေခြုံထားသည့်အပြင် ဘုရားသခင် ပညတ်တော်အတိုင်း လိုက်နာကျင့်ကြံ နေထိုင်ကြကုန်သော သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား ဣဿာအဘိဇ္ဈာကြီးမားစွာဖြင့် အမနာပ ဆဲရေးတိုင်းထွာမှုကို အကြိမ်ပေါင်းများစွာပြောဆို ရေးသားခဲ့ကြပါသည် ဘုရား၊ ရာနှင့်ချီ၍ ဆဲရေးထားသော အချက်များထဲမှ အချက်အလက် အနည်းငယ်ကို ဖော်ပြပါမည် ဘုရား၊ လူသေလူဖြစ်စာအုပ် စာမျက်နှာ ၈၂-တွင်-
(က) ထိုခေတ်သမယကား ဘာသာရေးဝန်ထမ်း ဖြစ်ကြကုန်သော ဘုန်းကြီး ရဟန်းများသည် ရွှေ၊ ငွေ စသော လာဘ်လာဘငါးကို မျှားသူ၊ ဖမ်းသူတို့ ဖြစ်ကြလေရာ ဓာတ်တော် အံတော် ဆံတော် တောင်ဝှေးတော် စသည်တို့ကို ငါးစာအဖြစ်ဖြင့် အသုံးပြုကြကုန်၏၊
ဟူ၍လည်းကောင်း၊
(ခ) ၎င်းတို့သည် ကောင်းကင်ဘုံနန်းနှင့် ငရဲခန်းတို့၏ သော့ကိုင်များဖြစ်ကြရာ ဟန်ဆောင်လုပ်ငန်း၌ ပထမတန်း ကျွမ်းကျင်သူများ ဖြစ်ခဲ့ကြသည် မဟုတ်တုံလော၊ ဟန်ဆောင်လုပ်ငန်းသည် သူ့ဘဝ၏ သင်္ခန်းစာဖြစ်၍ အကြောက်နှင့် အမျှော်ကိုဆွပေးမှုသည် သူတို့၏ သက်ထိန်းလုပ်ငန်းတစ်ရပ် ဖြစ်သည် မဟုတ်တုံလော၊ အဘယ်ကြောင့်နည်း-လူသား၏ စိတ်၌ အကြောက်နှင့် အမျှော် သွေးအေး၍ သွားလေလေ၊ သူတို့၏ ဘဝတည်မြဲရေး ပိုမိုလှုပ်ရှား၍ မဟားတရားအခြေသို့ ရောက်၍သွားတတ်လေလေ ဖြစ်သော ကြောင့်တည်း။ (လူသေလူဖြစ်စာအုပ် စာမျက်နှာ ၆၄-၆၅)
ဟူ၍ လည်းကောင်း၊(ဂ) သူတို့သည် မည်သည့်မုက္ခပါဌ်ကျမ်းစာကိုမျှ လွတ်လွတ်လပ်လပ် ဖတ်ကြားသင်ယူ၍ စဉ်းစားဝေဖန်မှုကို မပြုလုပ်ရဲကြချေ၊ သူတို့သည် ကြက်တူရွေးများကဲ့သို့ သင်ယူခဲ့ကြကုန်၏၊ ကျက်မှတ်၍ထားသော စာတို ပေစများကို အမှားအနည်းဆုံးနှင့် ပြန်လည်ရွတ်ဆို ဟောပြောနိုင်ကြသော ပုဂ္ဂိုလ်တို့သည် အကောင်းဆုံး ဖြစ်ကြကုန်၏၊
(ဃ) လိုရင်းဆိုရသော် သူတို့သည် စားရေး သောက်ရေး ဝတ်ရေးအတွက် ယုတ္တိယုတ္တာ ကင်းမဲ့သော အကြွားအမှား နှင့် တန်ခိုးပြာဋိဟာများကို ပြောဟော၍ နေကြကုန်၏၊ (လူသေလူဖြစ်စာအုပ် ဒုတိယအကြိမ်ရိုက် စာမျက်နှာ-၃၁၄)
ဟူ၍ လည်းကောင်း-(င) သူတို့သည် လက်ထပ်မင်္ဂလာအခမ်းအနားများ၌လည်းကောင်း၊ အိမ်သစ်ရာသစ် တက်သော အခမ်းအနား၌လည်းကောင်း၊ ရှင်ပြုနားသမင်္ဂလာများ၌လည်းကောင်း ဦးဆောင်မှုကို ပေးကြကုန်၏၊ အဓိပ္ပာယ် မရှိသော စကားလုံးကို ရွတ်ဆိုကြကုန်၏၊ သေသူအတွက် သင်္ချီုင်းကုန်းသို့ လိုက်ပြီးလျှင် တကယ်ဖြစ်ပျက်ရန် အလားအလာ မရှိသော အမြုံဂတိများကို ပေးကြကုန်၏၊ သေ၍ သွားလေပြီးသူများ တမလွန်လောက၌ ကြည်လင်ရွှင်ပျ ချမ်းသာသုခ ရရေးအတွက် ရည်မှန်း၍ ဆွမ်းသွတ်ကြကုန်၏၊ ပိဏ္ဍာ ကျွေးကြကုန်၏၊ အမျှအတန်း ဝေကြစေကုန်၏၊ အေး- သူတို့သည် သူတို့၏ သက်ထိန်းလမ်းကို ထွင်ရာ၌ကား အထူးအချွန် အလွန် ကျွမ်းကျင်တော်မူကြကုန်၏၊ (လူသေလူဖြစ်စာအုပ် စာမျက်နှာ-၃၁၅)
ဟူ၍ လည်းကောင်း၊
(စ) လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ တပည့်သာဝက အရင်းခေါက်ခေါက်ကြီးဖြစ်သော သခင်မြတ်ဆိုင် ဆိုသူကလည်း “ဗုဒ္ဓ၏ မိဂဒါဝုန်တရား” အမည်ရှိ စာအုပ် စာမျက်နှာ ၈၁-တွင် ဒါနအကျိုးကျေးဇူး၊ သီလအကျိုးကျေးဇူးဆိုသော တမလွန်တရား ကာမာသဝ ဘဝါသဝတွေနှင့် ဆွယ်ကာ မြှောက်လိုက်၊ ထိုထိုဒါနနှင့် သီလမှ မပါလျှင် သေခါမှသိလိမ့်ဆိုသော ဒိဋ္ဌာသဝ အဝိဇ္ဇာသဝတွေနှင့် ခြောက်လိုက်-စသည်ဖြင့် အမျိုးမျိုး အမှောင်တိုက်ကာ အချောင်နှိုက် ခေါင်းပုံဖြတ်နေကြလေပြီ။
ဟူ၍ လည်းကောင်း၊
(ဆ) ဘာသာဝန်ဆောင်များကမူ ထိုသို့သော ကောင်းကင်နိမိတ်များက ရည်ညွှန်းသော ဘေးအပေါင်း ရန်အပေါင်း အန္တရာယ်အပေါင်းမှ လုံးဝကွင်းကျွတ် ကင်းလွတ်လိုသော လူသားသည် ၎င်းဘာသာဝန်ထမ်း ပုဂ္ဂိုလ်များရဲ့ အဆုံးအမ ဩဝါဒကို တိကျပြတ်သားစွာ လိုက်နာကျင့်သုံးရမည်၊ ပုတီးကို ကြိုးစား၍ စိပ်ရမည်၊ ဘာသာရေးဆိုင်ရာတို့၌ အလှူဒါန နှစ်ဆတိုး၍ လှူဒါန်းရမည် ဟူ၍ ဟောပြောလေ့ ရှိကြကုန်၏၊ (အစွဲပြုတ် တဲကုတ်ရွှေနန်းတော် အမည်ရှိ စာမျက်နှာ-၁၄)
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၂။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ ပြောသမျှကိုဘုရားဟောတမျှ လက်ခံထားကြကုန်သော သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့သားများကလည်း သာသနာတော်ကြီးနှင့် သာသနာ့ဝန်ထမ်းများကို အကွက်ရတိုင်း အပြစ်ပြောလေ့ရှိကြပါသည်ဘုရား၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ထုတ်ဝေဖြန့်ဖြူးသော ဗုဒ္ဓဝါဒအခြေခံသင်တန်း၊ သင်တန်းအမှတ်စဉ်(၁) စာမျက်နှာ၄၆-တွင် ရှင်သာရိပုတ္တရာနှင့် ရှင်ဥပါလိတို့လို ရဟန္တာပုဂ္ဂိုလ်ကြီးများကိုပင် မဟုတ်မတရားဝိဝါဒဖြင့်အောက်ပါအတိုင်း စွပ်စွဲထား ပါသည် ဘုရား။
“သမိုင်းနှင့် စာပေအထောက်အထားများတွင်” ဗုဒ္ဓရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ရှင်သာရိပုတ္တရာ၏ ဓမ္မအခြေခံ သဘောထားနှင့် ရှင်ဥပါလိ၏ ဝိနည်းအခြေခံသဘောထားများ ရိပ်ရိပ် ကွဲပြားလျက် ရှိသည်များကိုလည်း မေ့လျော့ ပစ်ပယ် ထား၍ မဖြစ်နိုင်ပေ”
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၃။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက် ဖြစ်ကြကုန်သော အပေါင်းပါတို့၏ ရေးသားပြောဟော ဝါဒဖြန့်သဘောများသည် သာသနာ့ဝန်ထမ်း ရဟန်းများကို ဆဲရေးခြင်း၊ သာသာနာတော်ကြီး၏ အသရေကို ညစ်ညူးစေခြင်း အမှန်ပင်ဖြစ်၍ ဗုဒ္ဓဘာသာဝင်များဟုပင် မဆိုထိုက်တော့ဘဲ အဝိဇ္ဇာမှောင် ပိတ်ကာနှောင်သည့် မိစ္ဆာကောင်များဟုသာ ဆိုထိုက် ပါတော့သည် ဘုရား။
၄။ သူတို့သည် အထက်ပါ စကားမျိုးကို ပြောခြင်းအားဖြင့် ဗုဒ္ဓဘာသာ ဆန့်ကျင်ရေးသမား စစ်စစ်တို့သာ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ အယောင်ဆောင်ပြီး ဗုဒ္ဓဘာသာကို အတွင်းကနေ၍ ဖျက်ဆီးနေသူများ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာများ၏ သည်းခံနေမှုကို အခွင့်ကောင်းယူကာ နှိမ်ချင်တိုင်း နှိမ်နေသူ အဓမ္မဝါဒသမားများသာ ဖြစ်ကြောင်း ထင်ရှားလှပါသည် ဘုရား။
၅။ သို့ဖြစ်ပါ၍ ၎င်းတို့၏ သံဃာကို ပုတ်ခတ်ရေးသားခြင်း၊ မတော်မတရား ဝါဒဖြန့်နေခြင်း အားလုံးကို အဓမ္မဝါဒများအဖြစ် စစ်ကြောသုံးသပ်၍ အဆုံးအဖြတ် ပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။
စောဒနာ အမှတ် (၁၁)
၁၁။ ပရိတ်ဟု ခေါ်ဆိုသော ဘုရားဟောပါဠိတော်များကို မရွတ်ကောင်းဟု ဆိုပြီး ပရိတ်ရွတ်မှုကို ဆန့်ကျင်၍ ဗုဒ္ဓဘာသာ ဆရာစဉ်ဆက် လိုက်နာကျင့်သုံးခဲ့သော လမ်းစဉ်ကို ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ ဦးဆောင်သော မိစ္ဆာဝါဒီတို့သည် ဘုရားသခင်၏ မုခပါဌ်တော် ဖြစ်သော ပရိတ်ဒေသနာများကို လက်ခံယုံကြည်ခြင်း မရှိကြပါ ဘုရား၊ လက်မခံ မယုံကြည်သည့်အပြင် ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်သော ပုဂ္ဂိုလ်များနှင့် ပရိတ်ဒေသနာကို ကြားနာကြသော ပုဂ္ဂိုလ်များကိုပါ အမနာပ ပြောဆိုရေးသား ပြောဟောချက်ကို သာဓက အဖြစ် အနည်းငယ် တင်ပြလိုပါသည် ဘုရား။
တိတ်ခွေအမှတ် ၁၂၊ ဘီ-ဘက် မျက်နှာတွင်-
သင်္ကန်းအရေခြုံ ဦးဥက္ကဋ္ဌက “ပရိတ်ကြီး ၁၂-သုတ်ကို အရည်းကြီး လက်ကျန်” ဟု အတိအလင်း ဆိုထားပါသည် ဘုရား၊ “နတ်မှီ၌ သီတင်းသုံးနေထိုင်ကြသော ရဟန်းတော်များသည် ပရိတ်မရွတ်ကြပါ” ဟု သခင်မြတ်ဆိုင်ကိုယ်တိုင်က ဝန်ခံထားပါသည် ဘုရား။
၂။ လူသေလူဖြစ်စာအုပ်၊ စာမျက်နှာ-၁၄၃-တွင် ပရိတ်ဆောင်ပုဂ္ဂိုလ်များနှင့် ပရိတ်နာပုဂ္ဂိုလ်များအား အောက်ပါ အတိုင်း ဆဲရေးတိုင်းထွာမှု ပြုထားသည်ကို တွေ့ရပါသည် ဘုရား။
ပရိတ်ချည်၊ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲများသည်လည်းကောင်း၊ ရဟန္တာတို့၏ ဓာတ်တော် မွေတော်သည် လည်းကောင်း၊ ပုတီးစိပ်ခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ ကိုးဆူကျွေးခြင်း၊ မီးပူဇော်ခြင်းများသည်လည်းကောင်း၊ သူတော်စင်တို့၏ အဝတ်စနှင့် ပရိဘောဂ ဥဒ္ဒိဿစေတီပုထိုး အမျိုးမျိုးသည်လည်းကောင်း လူသား၏ ကိုယ်ကာယ၌ စွဲမှီကပ်ရောက်လာသော ရောဂါအနာအမျိုးမျိုးကို ကင်းစင်ပပျောက်စေနိုင်သော တန်ခိုးသတ္တိနှင့် ပြည့်စုံကြကုန်ပြီဟူ၍ ဘုန်းကြီးများကလဲ ဟောပြောခဲ့ကြကုန်၏၊
ယင်းသို့ ဟောပြောတိုင်းလဲ များစွာသောလူထုက လှိုက်လှိုက်လှဲလှဲ အသဲခိုက်အောင် ယုံကြည်ခဲ့လေပြီ၊ ယထာဘူတ သဘာဝကျသော ကြောင်းကျိုးနှစ်သွယ်တို့၏ မပျက်မကွယ်စကောင်းသော အဆက်အသွယ်တို့အား အနက်ထည်ကြီးနှင့် ဖုံးအုပ်ထားတဲ့အသွင် အနည်းအကျဉ်းမျှပင် မပေါ်လွင် မထင်ရှားနိုင် ဖြစ်ခဲ့လေရာ ဖြစ်ပျက်သော ကိစ္စမှန်သမျှကို တန်ခိုး ပြာဋိဟာနှင့် လျှို့ဝှက်သော အာနုဘော်ကြောင့်သာ ဟူ၍ မှတ်ရှုခဲ့ကြလေပြီ။
ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များက ဉာဏ်နီဉာဏ်နက် အဘက်ဘက်မှာ သုံးသလောက် လူထုက စဉ်းစားဉာဏ် ထုံထိုင်းပြီး ပြောတိုင်းယုံ၊ ကြုံတိုင်းလိုက်၊ နှိုက်တိုင်းရသော လူအ လူရိုးကြီးတွေ ဖြစ်ခဲ့ရလေပြီ။
၃။ လူသေလူဖြစ်ဝါဒီ ဆရာကြီးများနှင့် အပေါင်းပါတို့၏ ရေးသားပြောဟောချက်များသည် ဘုရားသခင်ကိုယ်တိုင် ဟောတော်မူခဲ့သော ရတနသုတ်၊ ခန္ဓသုတ်၊ မေတ္တသုတ် စသော ပရိတ်တော်များကို လက်ခံယုံကြည်ခြင်း အလျှင်းမရှိသောကြောင့် ဘုရားကိုပယ်သော တရားကိုပယ်သော အဗုဒ္ဓဝါဒီ အဓမ္မဝါဒီများသာ ဖြစ်ကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။
စောဒနာ အမှတ် (၁၂)
၁၂။ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အထွတ်အမြတ်ထား၍ ဆည်းကပ်ကိုးကွယ်ရာ ဖြစ်သော ဓာတ်တော် မွေတော် စေတီပုထိုး ရုပ်ပွားဆင်းတုတော်များကို ပူဇော်သမှုပြုရာ၌ ဗုဒ္ဓဘာသာဝင်များ သဒ္ဓါတရား ပျက်ပြားအောင် မတော်မတရား စော်ကားမော်ကား ရေးသား ပြောဟောခြင်းနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ ဦးဥက္ကဋ္ဌနှင့်တကွ နောက်လိုက်များ ဖြစ်ကြကုန်သော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များနှင့်တကွ ဘာသာပုန်ကန် လမ်းစဉ်မမှန်သော သူတို့သည် ဘုရားပုထိုး ရှိခိုးခြင်းအမှုကို အပိုအလုပ်ဟု ယူဆကြပါသည် ဘုရား၊ ဗုဒ္ဓကိစ္စ ဓမ္မကိစ္စ သံဃကိစ္စတို့၌ လျစ်လျူရှု ဥပေက္ခာပြုရုံမျှမက အမြဲတမ်း ဆန့်ကျင်ဘက် ပြုမူနေကြပါသည် ဘုရား။
၂။ အရဟတ္တဓဇ ကာသာဝ ဖြစ်သော သင်္ကန်းကို လူသားတို့၏ ထဘီပုဆိုးနှင့် စံချိန်ထိုး၍ အရှိန်ညှိုးအောင် ပြောဆိုပါသည် ဘုရား၊ ဘုရားသခင်၏ ဆံတော်ကိုလည်း မြင်းမြီးနှင့်နှိုင်း၍ ရိုင်းပြစွာ ပြောဆိုပါသည်ဘုရား၊ ဘုရားသခင်၏ ဓာတ်တော် မွေတော်များကိုလည်း ဘာသာရေး အမှိုက်သရိုက်များအဖြစ် မငဲ့မကွက် ရက်ရက်စက်စက် ရေးသား ကြပါသည် ဘုရား။
၃။ လူသေလူဖြစ် စာအုပ် (ဒုတိယအကြိမ်ရိုက်) စာမျက်နှာ ၈၁-တွင် ဗုဒ္ဓဘာသာဝင်တို့ စိတ်မချမ်းမြေ့ဖွယ်ရာ အယုတ်တမာ စကားတို့ဖြင့် အောက်ပါအတိုင်း ရိုင်းရိုင်းပျပျ ရေးသားထားပါသည် ဘုရား။
ဝတ်ထည်ဖျင်ခင်းကို သင်္ကန်းဟူ၍ မခွဲခြားတော့ဘဲ အဝတ်ဟူ၍ တသားတည်း မြင်ကြလေပြီ၊ သူတော်ကောင်းတို့ရဲ့ ဆံပင်တည်းဟူသော အမွေးသည် မြင်းမြီးထက် ပို၍ အနာရောဂါကို ပျောက်စေနိုင်သည်ဟူသော ဥပါဒါန်ကိုလည်း ယခုခေတ်၌ တော်လှန်ကြလေပြီ၊ ယခုအခါ၌ မြင့်မြတ်သော ဓာတ်တော် မွေတော် စသည်တို့ကို ဘာသာရေး အမှိုက်သရိုက်များ ဖြစ်သည်ဟု ကျွန်ုပ်တို့ သေချာထင်ထင် သိမြင်ကြကုန်ပြီ။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်များ ဘုရား-
၄။ လူသေလျှင် လူသာဖြစ်ရမည် ဟူသော အတ္တဝါဒ သဿတဒိဋ္ဌိအယူကို ကိုင်စွဲထားသော ဦးဥက္ကဋ္ဌ၏ အယူအဆကို ထောက်ခံသောအားဖြင့် ဗုဒ္ဓဝါဒ သိပ္ပံ ဦးဝါသဝကလည်း “ရွှေတိဂုံဟာ ဘုရား မဟုတ်ဘူးကွ၊ အမှန်တော့ သချႌုင်းကုန်းကွ” ဟု (၁၆-၄-၇၆ နေ့ည မြောင်းမြမြို့တရားပွဲတွင် ဂါရဝကင်းမဲ့စွာဖြင့် ပက်ပက်စက်စက် ပြောဟောပါသည် ဘုရား။
၅။ ဤကဲ့သို့ ဘုရားရိပ် တရားရိပ်နှင့် ကျောင်းရိပ် ကန်ရိပ်ကို ခိုလှုံပြီး ဘုရားကျေးဇူး တရားကျေးဇူး သံဃာ့ကျေးဇူးများကို မထောက်ထားဘဲ အမနာပ ပြောဆိုရေးသားနေခဲ့သည်မှာ မလိုလားအပ်သောကိစ္စမျိုး ဖြစ်ပါသည်ဘုရား၊ ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့၏ လောင်းရိပ်ကို အမိခံနေကြသော ရဟန်းရှင်လူများကိုလည်း ဤသဘောထားဆိုးမျိုး မကိန်းဝပ်အောင် ထိန်းချုပ်သင့်ပါပြီ ဘုရား။
၆။ ဓာတ်တော် မွေတော် စေတီပုထိုး ရုပ်ပွားဆင်းတု ကိုးကွယ်ခြင်းနှင့် ပတ်သက်သော အကျိုးတရားများကို ပြဆိုသည့် ပိဋကတ်ကျမ်းဂန်များ အထင်အရှား ရှိနေသည်ကို သူတို့ မျက်ကွယ်ပြုထားကြခြင်းသာ ဖြစ်ပါသည် ဘုရား။
၇။ ဦးဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌဝါဒီတို့၏ သဘောထားဆိုးများသည် ဗုဒ္ဓသာသနာတော်ကြီးကိုလည်းကောင်း၊ ဗုဒ္ဓယဉ်ကျေးမှုကိုလည်းကောင်း အမြစ်မကျန် တွန်းလှန်ဖြိုဖျက်သော မိစ္ဆာဝါဒများဖြစ်၍ သာသနာမသန့်ရှင်းအောင် မတည်တံ့အောင် မပြန့်ပွားအောင် လုပ်ဆောင်ချက်များ ဖြစ်ပါသောကြောင့် ဓမ္မဝိနယနှင့်အညီ စိစစ်ပေးတော်မူပါ ဘုရား။
စောဒနာ အမှတ် (၁၃)
၁၃။ ဘာသာသာသနာ၏ တင့်တယ်မှုတစ်ခုဟု ဆိုထိုက်သော ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် ဓလေ့ထုံးစံများကို အလိုဆိုးဖြင့် အမြစ်မှ လှန်၍ တူးဖြိုဖျက်ဆီးနေခြင်းနှင့် ပတ်သက်၍ စောဒနာပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ ဩဝါဒကို ခံယူထားကြသော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင်များသည် ဗုဒ္ဓယဉ်ကျေးမှုနှင့် စပ်လျဉ်းသော ဓလေ့ထုံးစံများကို နည်းအမျိုးမျိုးဖြင့် ပျက်စီးအောင် ဖျက်ဆီးနေကြပါသည် ဘုရား၊ ၎င်းတို့၏ သာသနာဖျက်လုပ်ငန်းကို စာအုပ်စာတမ်းများ ရိုက်နှိပ်ဖြန့်ဖြူး၍ လည်းကောင်း၊ အသံသွင်း ကြိုးခွေများဖြင့်လည်းကောင်း၊ ဆွေးနွေးပွဲ ဟောပြောပွဲများ ပြုလုပ်၍ လည်းကောင်း ရေးသားခြင်း၊ ဟောပြောခြင်းများ ပြုလုပ်လျက် ရှိနေကြပါသည် ဘုရား။
၂။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများ၏ ဆရာ့ဆရာကြီး ဖြစ်သော တောင်တွင်းကြီး ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်စာအုပ် စာမျက်နှာ ၁၂၇-တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ပတ်သက်သော အပြုအမူများကို အောက်ပါအတိုင်း ပြောင်ပြောင်တင်းတင်း ပစ်ပယ်ထားပါသည် ဘုရား။
ဆီမီးအခိုးတိုင် ထွန်းညှိခြင်း၊ ပူဇော်ခြင်း၊ ဒူးထောက်ရိုကျိုး ရှိခိုးခြင်း၊ ကြေးစည်ခေါင်းလောင်း ထိုးခြင်း၊ ဓမ္မ သီချင်း ကျူးရင့်ခြင်း၊ ဂုဏ်တော် ရွတ်ဖတ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဆုတောင်းပတ္ထနာ ပြုခြင်းဖြင့် ချဉ်းကပ်ရသော နတ်တို့ ဘုရားတို့ကို ကျွန်ုပ်တို့ ယုံကြည်ရန် မဖြစ်နိုင်တော့ချေ။
၃။ ဤစကားကို ကြည့်ခြင်းအားဖြင့် ဦးဥက္ကဋ္ဌနှင့်တကွ သူ၏ ဩဇာခံများဖြစ်ကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များသည် ဆီမီးပူဇော်ခြင်း၊ ရှိခိုးခြင်း၊ ဂုဏ်တော် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ဥပုသ်စောင့်ခြင်း စသော ဘာသာရေးလုပ်ငန်းများကို ပစ်ပယ်ကြောင်း အတိအလင်း ဝန်ခံထားသည်မှာ ထင်ရှားပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၄။ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့၏ နောက်မြီးဆွဲဖြစ်သော ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ရွှေအဘိဓမ္မာအမည်ခံသော လူတစ်စုတို့ကလည်း အချက်ပေါင်း (၈၀) မေးခွန်းထုတ်၍ ဗုဒ္ဓဘာသာ သာသနာနှင့် ဆန့်ကျင်သော ဝါဒများကို ဖြန့်ဝေခဲ့ကြပါသည် ဘုရား၊ အချက်ပေါင်း (၈၀) ထဲမှ ဗုဒ္ဓယဉ်ကျေးမှုနှင့် ဆန့်ကျင်ဘက် ပြုလုပ်ထားသော အချက် (၄) ချက်ကို တင်ပြပါမည် ဘုရား။
(က) ဩကာသ ဩကာသဟု လက်အုပ်ချီမိုး ရှိခိုးဦးချ အသနားခံနေကြခြင်းမှာ အပြစ်ရှိနေသော လူသိုက်တို့တရားသူကြီးရှေ့မှောက် အယူခံဝင်ရောက်ကြမည်ဟုဆိုက မှားနိုင်မည်လား။
(ခ) ဗုဒ္ဓက ရွှေကို မကိုင်ရဟု ဆိုထားပါလျက် ဘုရားကို ရွှေကပ်ခြင်း ပန်းကပ်ခြင်း လုပ်နေကြသည်မှာ ဗုဒ္ဓဝါဒလား၊ ဟိန္ဒူ မြန်မာတို့၏ နတ်ဝါဒလား၊ ဗြာဟ္မဏဘာသာသမိုင်းကို လေ့လာရန် မလိုဘူးလား။
(ဂ) သိဒ္ဓတ္ထဖြစ်သောဘုရားမှာ သူခိုး၊ ဓားပြရန်ကို ကာကွယ်ရန်ဟု ဒါရဝမ်တစ်ဦးတစ်ယောက်မျှ မထားခဲ့ပါဘဲနှင့် ရွှေတိဂုံတို့ မဟာမြတ်မုနိတို့တွင် ဒါရဝမ်ထားနေရခြင်းမှာ ဗြာဟ္မဏဝါဒလား၊ ဗုဒ္ဓဝါဒလား။
(ဃ) အတုမရှိသော ဗုဒ္ဓဟု ဆိုထားပါလျက် အုတ်ခဲ ကျောက်ခဲများကို အတုလုပ်ပြီး ရှိခိုးဦးချ ဆုတောင်းနေခြင်းမှာ ဗုဒ္ဓဝါဒလား။
၅။ ရွှေအဘိဓမ္မာလူတစ်စု၏ ရေးသားဟောပြောမှုသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် သက်ဆိုင်သော ထုံးဓလေ့များကို ပြောင်လှောင်ပြက်ချော် သရော်စော်ကားထား၍ မိစ္ဆာသဘော သက်ဝင်ပါသည် ဘုရား။
မိစ္ဆာသဘောသက်ဝင်သောကြောင့် ၎င်းသည် “ရွှေအဘိဓမ္မာ” မဟုတ်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု နစ်မြုပ်စရာ နွံအိုင်ကြီးသာ ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
လူသေလူဖြစ်ဝါဒီ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် ဗုဒ္ဓဘာသာ အမည်ခံယူထားသော်လည်း ဗုဒ္ဓသာသနာ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ပျက်စီးရာ ပျက်စီးကြောင်းကို အခွင့်ကြုံတိုင်း ပြုမူဖျက်ဆီး နေကြပါသည် ဘုရား။
၆။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ထုတ်ဝေသော အတွဲ (၁) အမှတ်စဉ် (၉) သစ္စာစာစောင်တွင် “ကျွန်ုပ်တို့ မကြမ်းပါ၊ မရမ်းပါ” အမည်တပ်၍ ခေါင်းကြီးပိုင်းမှနေပြီး ဗုဒ္ဓဘာသာ သာသနာတော်ကြီး၏ ပျက်စီးရာ ပျက်စီးကြောင်းကို အောက်ပါအတိုင်း ဖျက်ဆီးရေးသားထားပါသည် ဘုရား။
ဤစာကို ရေးချိန်တွင် ပုဂံစေတီပုထိုးများကို ပြင်ဆင်ရေးအတွက် အလှူငွေပေါင်း ၁၆-သိန်းကျော် ရနေပြီဟု သိရသည်၊ ဤသည်မှာ ၂-လကျော်မျှအတွင်း ရသောငွေ ဖြစ်သည်၊ နောက်မည်မျှရနေဦးမည် မသိနိုင်သေးပေ။
အဘယ်မည်သော လူမှုရေးသည်လည်းကောင်း၊ နိုင်ငံရေးသည်လည်းကောင်း ထိုမျှအချိန်နှင့် ထိုမျှငွေကြေး ပမာဏမျိုး ရရှိနိုင်အံ့နည်း၊ ဘာသာရေးမှတစ်ပါး အခြား မည်သည့်ကိစ္စတွင် ဤမျှ ထည့်ဝင်လှူဒါန်းကြအံ့နည်း။
အရင်းစစ်လျှင် ဗမာနိုင်ငံသည် (၈၀) ရာနှုန်းမျှသော လူဦးရေသည် ဗုဒ္ဓဘာသာဝင်တွေသာ ဖြစ်သည်၊ ထိုကဲ့သို့သော လူမျိုးကို (နိုင်ငံရေးသည် နိုင်ငံရေး၊ ဘာသာရေးသည် ဘာသာရေး၊ သီးခြားကဏ္ဍစီ ဖြစ်သည်၊ မရောယှက်ထိုက်) ဟု ဆိုသူများအဖို့ စဉ်းစားစရာ ဖြစ်သည်၊ ယခုကား ယင်းသို့ ပြောသူများကိုယ်တိုင်က ပါဝင် နေရသည်ကို တွေ့ရသည်၊ ချိုးကပ်နေသော အတွေးအခေါ်ဟူသည် ပြောင်းလဲရန် ခဲယဉ်းပါဘိတောင်း။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
၇။ ပုဂံငလျင်ဘေးကြောင့် နှစ်ပေါင်းရာထောင်ချီပြီး တည်တံ့ထွန်းကားခဲ့သော စေတီပုထိုးများ ပြိုပျက်၍ (ဗုဒ္ဓဘာသာယဉ်ကျေးမှု) မြန်မာ့အမွေအနှစ်များ ဆုံးရှုံးခြင်းကို ကာကွယ်ရန် မကူညီ မလှူဒါန်းသည့်အပြင် လှူဒါန်းသူများကို ကဲ့ရဲ့ပြစ်တင်ခြင်းမှာ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ အလွန်ယုတ်ညံ့သော စိတ်သဘောထားကို ပေါ်လွင်စေပါသည် ဘုရား၊ ကမ္ဘာ့နိုင်ငံအသီးသီးကပင် ကူညီနေပါလျက် ဗမာပြည်မှာနေပြီး ဗမာရေကိုသောက်၊ ဗမာလေကိုရှု၊ ဗမာမြေကို နင်းလျက် ဗုဒ္ဓဘာသာအမည်ခံ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များက မကူချင် မလှူချင်ရုံမျှမက အယုတ်တမာ အမနာပ ပြောဆိုရေးသား ခြင်းမှာ အလွန်သဘောထားယုတ်ညံ့ကြောင်း ထင်ရှားလှပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၈။ သမ္မာဒိဋ္ဌိအဖွဲ့ဝင်တို့သည် ယခုကဲ့သို့ ဘာသာရေးနှင့် စပ်လျဉ်း၍ ယုတ်ညံ့သော စိတ်သဘောထားများ ကိန်းအောင်းရခြင်းမှာ ၎င်းတို့၏ လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ စိတ်ဓာတ်များ ကူးစက်သောကြောင့် ဖြစ်ပါသည် ဘုရား။
၉။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ထုတ်ဝေသော အတွဲ (၁) အမှတ် (၅) သစ္စာဓမ္မရေးရာစာစောင်တွင် (နှာ-၆) တွင် ဗုဒ္ဓဘာသာ သာသနာတော်ကြီး၏ အခြေခံအုတ်မြစ်ကို ဦးဥက္ကဋ္ဌက အောက်ပါအတိုင်း တူးဖြို ဖျက်ဆီးခဲ့ပါသည် ဘုရား။
“အခု ကြည့်လေ မူလတန်းကျောင်းက ၆-နှစ်၊ ၇-နှစ် အရွယ် လူမမယ် ကလေးငယ်ကစပြီး ဘုရားရှိခိုးကို ကျက်မှတ်ကြ၊ ချပေးကြနဲ့ လုပ်နေကြတော့ အဲဒီမှာ ဘာက စသလဲ၊ ဩကာသ ဘုရားရှိခိုးက စပြီး ဘာသာရေးဘက် ဆွဲသွင်းကြရတယ်ဆိုတော့ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာဆိုတာ ဘာမှန်းမှမသိသေးတဲ့ ကလေးတွေကို “ဟောဒါ ဗုဒ္ဓဘာသာပဲဟေ့” လို့ စွဲသွားအောင် လုပ်လိုက်သလို ဖြစ်ကုန်တယ်”
၁၀။ ဦးဥက္ကဋ္ဌသည် အခြားဘာသာဝင်တို့၏ ကလေးငယ်များကို ငယ်စဉ်ကတည်းက သူတို့ဘာသာရေး သင်ပေး သိမ်းသွင်းမှုကို ဘာမျှ မဝေဖန်ရဲ၊ ကွန်မြူနစ်နိုင်ငံတို့၌ ကလေးသူငယ်များအား ကွန်မြူနစ်ဝါဒ သွတ်သွင်းပေးခြင်းကို တစ်စုံတစ်ရာမပြောဘဲ ဆိတ်ဆိတ်နေ၍ ထောက်ခံပေသည်၊ ဗုဒ္ဓဘာသာ ကလေးများကျမှ ငယ်ငယ်တည်းက ဗုဒ္ဓဘာသာ သင်ပေးရကောင်းလားဟု ခြိမ်းမဲငေါက်ငမ်းခြင်း ပြုလေသည်၊ သည်းခံမှုကြီးလှသော ဗုဒ္ဓဘာသာရဟန်းရှင်လူ ပြည်သူလူထု အပေါ်ကိုမှ နှိမ်ချင်တိုင်းနှိမ်၍ သွားနိုင်သော တကယ့်အာဇာနည်ကြီးပါပေတကား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
၁၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့်တကွ သူ၏ဝါဒမှိုင်းကို အမိခံနေရသော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့သားများသည် လည်းကောင်း၊ သမ္မာဒိဋ္ဌိအဖွဲ့၏ လောင်းရိပ်မိ၍ အဆိပ်သင့်ခြင်းကိုခံနေရရှာသော ရဟန်းရှင်လူတို့သည်လည်းကောင်း ဗုဒ္ဓယဉ်ကျေးမှုနှင့် ဗုဒ္ဓသာသနာတော်ကြီးကို နည်းအမျိုးမျိုးဖြင့် ပျက်စီးအောင် ဖျက်ဆီးနေပါ၍ ၎င်းတို့၏ အရေးအသား အပြောအဆို အပြုအမူများသည် တရားမဖက် အမှားသက်သက်သာဖြစ်ကြောင်း စိစစ်ဆုံးဖြတ်ပေးတော်မူပါ ဘုရား။
စောဒနာ အမှတ် (၁၄)
၁၄။ ဗုဒ္ဓဘာသာဝင်တို့၏ ကုသိုလ်ရေးလုပ်ငန်းများဖြစ်သော သီလခံယူခြင်း ဆုပေးဆုယူပြုခြင်း၊ သပိတ်သွတ်ခြင်း စသော ဘာသာရေးဆိုင်ရာ အမှုကိစ္စများကို အပိုသက်သက် ဖြစ်သယောင် ဟောပြော ရေးသား ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ စောဒနာပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ ဗုဒ္ဓဝါဒီအဖြစ်ကို ပြောဆိုရမှာ ဝန်လေးနေကြကုန်သော ဥက္ကဋ္ဌဝါဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့်တကွ အပေါင်းပါ နောက်လိုက်တစ်စုတို့သည် သီလခံယူခြင်း ဆုပေးဆုယူ ပြုလုပ်ခြင်း စသော ကုသိုလ်ရေးလုပ်ငန်းများကို မပြုလုပ်ကြသည့်အပြင် ထိုလုပ်ငန်းများ လုပ်ဆောင်ကြသော ရဟန်းရှင်လူများကိုပင် အမျိုးမျိုးအဖုံဖုံ အမနာပ ပြောဆို ရေးသား ပြောဟော၍ နေကြပါသည် ဘုရား၊ သူတို့သည် ဗုဒ္ဓဘာသာဝင်များ၏ ကုသိုလ်ရေးလုပ်ငန်းများကို အမြစ်မှလှန်၍ နုတ်ပစ်နေကြပါသည် ဘုရား၊ ၎င်းတို့၏ မိစ္ဆာရင်တွင်းမှ ပွင့်အံလာသော ဣဿာလှိုင်းတံပိုးများကို အနည်းငယ် တင်ပြလိုပါသည် ဘုရား။
၂။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေငြာထားသော အယူဝါဒရေးဆိုင်ရာ သဘောထား ၁၂-ချက်တွင် နံပါတ် ၁၁-၌ -
“ဆုတောင်း ဆုပေးသက်သက်ဖြင့် မည်သည့် အာနိသံသမျှ အကျိုးတရား ထင်ရှားနိုင်လိမ့်မည်ဟု မယုံကြည်”
ဟူ၍ အတိအလင်း သူတို့ ဝန်ခံထားကြပါသည် ဘုရား၊ ဗုဒ္ဓဘာသာ ကျမ်းဂန်များတွင် ဆုတောင်းဆုပေး ပြုလုပ်ခြင်းကြောင့် ရရှိသော အာနိသံသ အကျိုးတရားများကို ထင်ရှားတွေ့နိုင်ပါလျက် ဇွတ်မှိတ်ပြီး မျက်ကွယ်ပြုနေခြင်း ဖြစ်ပါသည် ဘုရား။
၃။ သမ္မာဒိဋ္ဌိအုပ်စုဝင် လူသားများသာမက တောင်တွင်းကြီးနတ်မှီ၌ နေထိုင်ကြသော ဥက္ကဋ္ဌဝါဒီ ရဟန်းတော်များ ကိုယ်တိုင်လည်း “ဆုတောင်း ဆုပေးခြင်း မလုပ်ကြပါ” ဟု သခင်မြတ်ဆိုင်ကိုယ်တိုင်က ဝန်ခံထားပါသည် ဘုရား။
၄။ လူသေလူဖြစ်စာအုပ် စာမျက်နှာ ၁၄၉ တွင် ဆုတောင်းခြင်းကြောင့် ရရှိသော အကျိုးတရားများမှာ မိုးကိုမျှော်သည့် ဖားတိရစ္ဆာန်၏ ယုံကြည်ချက်မျိုးသာ ဖြစ်ကြောင်း ဦးဥက္ကဋ္ဌက အောက်ပါအတိုင်း အမနာပ ရေးထားပါသည် ဘုရား။
“အမှန်ဆိုရလျှင် ဆုတောင်းပတ္ထနာ ပြုမှုကြောင့် အကျိုးရရှိသည် ဟူသော လူသား၏ ယုံကြည်ချက်ကား သူ၏ ကြွေးကြော်အော်မြည်မှုကြောင့် မိုးဦးကျလာရသည် ဟူသော ဖားသူငယ်၏ ယုံကြည်မှုမျိုးသာ ဖြစ်လေတော့သည်”
၅။ လူသေလူဖြစ်ဆရာကြီးသည် ဆုပေးခြင်း၊ ဆုတောင်းခြင်း စသော အပြုအမူများကိုလည်း နည်းနည်းကလေးမျှ မရှုစိမ့်နိုင် ဘဲ စာမျက်နှာ ၁၄၇-တွင် အောက်ပါအတိုင်း ဂရဟာနှော၍ ရေးထားပြန်ပါသည် ဘုရား။
“ဘုန်းတော်ကြီးများသည် ဆုတောင်းပတ္ထနာပြုမှုကို မိမိကိုယ်တိုင်ပြုရုံမျှမကမူ၍ လူဒါယကာနှင့် ဒါယိကာမတို့အား ဆုပေးမှုကိုလည်း ပြုကြကုန်သေး၏”
၆။ လူသေလူဖြစ်ခေါင်းဆောင်ကြီးက ဤသို့စသည်ဖြင့် ကဲ့ရဲ့ရုံမျှမက လူသေလူဖြစ်ဝါဒ၏ အမာခံကျောရိုးဖြစ်သော တပည့်ကြီး သခင်မြတ်ဆိုင်ကလည်း “ဗုဒ္ဓ၏မိဂဒါဝုန်တရား” အမည်ရှိစာအုပ် စာမျက်နှာ (၅၈) တွင် သူ့ဆရာ၏ လေသံအတိုင်း အတို့အဆိတ်ကလေးဖြင့် အောက်ပါအတိုင်း ရေးထားပါသည် ဘုရား။
“ဗုဒ္ဓသည် ယခု လူအများကြီးက လက်ခံယုံကြည်နေသော တမလွန် ဆုတောင်းခြင်း၊ ဆုပေးခြင်းစသော ကမ္မဿကတာ ဒါနသီလ ကုသိုလ်မျိုးကို မပြုလုပ် အားမပေးပြန်ချေ”
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
၇။ ဦးဥက္ကဋ္ဌနှင့်တကွ သူ၏ နောက်လိုက်နောက်ပါ တပည့်သာဝကတို့၏ အရေးအသား အပြောအဟောများသည် ဘာသာသာသနာကို ထိပါးချုပ်ချယ်ရုံမျှမက ပိဋကတ်လာ အဆိုအမိန့်များကို လျစ်လျူရှုရာ ရောက်နေကြပါသည် ဘုရား။
၈။ ဝိနည်းမဟာဝါပါဠိ၊ ဥဒါန်းပါဠိ၊ အင်္ဂုတ္တရနိကာယ်နှင့် ဓမ္မပဒ စသော ပိဋကတ်ကျမ်းဂန်များတွင် ဆုပေး ဆုတောင်း သက်သေသာဓကများစွာ လာရှိပါသည်၊ ထို့ကြောင့် ဗုဒ္ဓက လက်မခံဘူးဟု ဥက္ကဋ္ဌဝါဒီတို့၏ ရေးသားပြောဟောချက်များသည် မသိနားမလည်သူများ (ဝါ) ပိဋကတ်ကို မကြည့်တတ်သူများအား ဗုဒ္ဓကို ခုတုံးလုပ်ပြီး လိမ်ခြင်း ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၉။ အတိတ်နှင့် အနာဂတ်ကံတရားများကို လက်မခံကြဘဲ ပုခက်နှင့် ခေါင်းအကြားကိုသာ မျက်မွေးတစ်ဆုံး ကြည့်၍ ထင်ရာမြင်ရာ စွတ်လုပ်နေကြသော လူသေလူဖြစ်ဝါဒီ သမ္မာဒိဋ္ဌိအဖွဲ့သားများနှင့် နောက်လိုက်နောက်ပါတို့သည် ဗုဒ္ဓဘာသာဝင်များ သေသူကို ရည်မှန်း၍ သပိတ်သွတ် ဆွမ်းကျွေးခြင်းကို အပိုအလုပ်ဟု ယူဆထားကြပါသည် ဘုရား၊ သမ္မာဒိဋ္ဌိအဖွဲ့ဝင်တို့သည် သူတို့ကိုယ်တိုင်ကလည်း ဆွမ်းသွတ်ခြင်း၊ အမျှဝေခြင်း ကုသိုလ်ကိစ္စ ဘာတစ်ခုမျှ မပြုကြပါ ဘုရား။
၁၀။ ၁၉၇၃-ခု၊ ဇူလိုင်လ ၁-ရက်ထုတ် အတွဲ(၁) အမှတ်(၁) သစ္စာဓမ္မစာစောင်တွင် စာမျက်နှာ ၁၅-၌ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ကြီး၏ နာယကဖြစ်သော ဦးတင်၏ မသာအကြောင်းကို သခင်မြတ်ဆိုင်က အောက်ပါအတိုင်း ရေးပြထားသည်မှာ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများ၏ ဘာသာမဲ့ အခြေခံပုံမှန်သရုပ်ကို ကွက်ကွက်ကွင်းကွင်း ပေါ်စေခဲ့ပါသည် ဘုရား။
ဦးတင်၏ မသာကို သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များနှင့် ဓမ္မသုတေသီများကပင် နောက်ဆုံးဂါရဝပြုသည့် အနေဖြင့် အစွမ်းကုန် တာဝန်ယူလိုက်ကြရာ မသာအကြီးစားကြီး စံချိန်ထက် မလျော့ပါချေ၊ အလောင်းကို ကြံတောသုသာန်တွင် မီးရှို့လိုက်ကြ၏၊
သမ္မာဒိဋ္ဌိစည်းကမ်းနှင့်အညီ ဘာရေစက်ချ၊ ဘာအမျှဝေ၊ ဘာဆွမ်းသွတ်မှုမျှ မပါမရှိ၊ ဘုန်းကြီးဟူ၍ တစ်ပါးမျှ မပင့်၊ အတွယ်အစွဲ လွတ်လွတ်ကျွတ်ကျွတ်ကြီးနှင့်ပင် ကိစ္စပြတ်သွား၏၊
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်များ ဘုရား-
၁၁။ “စကားစကား၊ ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုသကဲ့သို့လည်းကောင်း၊ “ကိုယ့်ကိုကိုယ်ဖော် မသူတော် ခုနစ်ပါး” ဆိုသကဲ့သို့လည်းကောင်း အထက်ပါ သခင်မြတ်ဆိုင်၏ စကားသည် သူတို့ဟာ ဘယ်လိုလူစားတွေဟု အထင်အရှား ပြလျက်ရှိပါသည် ဘုရား၊ ကံကို မယုံသော လူနုံတို့၏ အလုပ်ကို အဟုတ်ထင်ပြီး လုပ်နေကြသူများ ဖြစ်ပါသည် ဘုရား။
၁၂။ လူသေလျှင် လူသာ ဖြစ်ချင်နေသော သဿတဝါဒီဆရာကြီးက ဗုဒ္ဓဘာသာဝင်တို့၏ ကုသိုလ်ကမ္မ ကိစ္စတစ်ခု ဖြစ်သော ဆွမ်းသွတ်ခြင်း အမျှဝေခြင်းလုပ်ငန်းများကို အောက်ပါအတိုင်း ငေါ့တော့တော့ ရေးထားပါသည် ဘုရား။
သေသူအတွက် သချႌုင်းကုန်းသို့လိုက်ပြီးလျှင် တကယ်ဖြစ်ပျက်ရန် အလားအလာမရှိသော အမြုံဂတိများကို ပေးကြကုန်၏၊ သေ၍သွားလေပြီးသူများ တမလွန်လောက၌ ကြည်လင်ရွှင်ပျ ချမ်းသာသုခရရှိရေးအတွက် ရည်မှန်း၍ ဆွမ်းသွတ်ကြကုန်၏၊ ပိဏ္ဍာ ကျွေးကြကုန်၏၊ အမျှအတန်း ဝေကြစေကုန်၏၊ အေး-သူတို့သည် သူတို့၏ သက်ထိန်းလမ်းကို ထွင်ရာ၌ကား အထူးအချွန် အလွန် ကျွမ်းကျင်တော်မူကြကုန်သည်တကား။ (လူသေလူဖြစ် စာမျက်နှာ- ၃၁၅)
ဝိနည်းဓိုရ် ဆရာတော်များ ဘုရား-
၁၃။ လူသေလူဖြစ်ဝါဒီ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များနှင့် နောက်လိုက်နောက်ပါတစ်စုတို့သည် သူတို့ကိုယ်တိုင် သပိတ်သွတ်၊ ရေစက်ချ၊ အမျှဝေစသော ကုသိုလ်လုပ်ငန်းများကို ပစ်ပယ်ကြောင်း၊ သူတို့၏ အရေးအသားနှင့် အဟောအပြောများက သက်သေခံလျက် ရှိပါပြီ၊ သူတို့၏ အယူအဆအတွေးအခေါ်များသည် ဘုရားဟောဒေသနာဖြစ်သော တိရောကုဋ္ဋသုတ်၊ ဇာဏုဿောဏိသုတ်စသော ပိဋကတ်ကျမ်းဂန်များနှင့် အံမဝင် ဂွင်မကျ ဆန့်ကျင်လှပါသောကြောင့် အဓမ္မဝါဒ မိစ္ဆာအယူသာ ဖြစ်ကြောင်း တင်ပြလျှောက်ထားအပ်ပါသည် ဘုရား။
စောဒနာ အမှတ် (၁၅)
၁၅။ ဥပါဒါန စသော ဘုရားဟောပါဠိတော်ဝေါဟာရ စကားလုံးများ၏ အနက်အဓိပ္ပာယ်မှန်ကို ပစ်ပယ်ပြီး ကိုယ်ထင်သလို အနက်အဓိပ္ပာယ်ကောက်လျက် ဟောပြောရေးသားခြင်းနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသောသူတို့သည် လူသေလူဖြစ်ဝါဒကို ကျားကန်ပေးနိုင်ရန် ပါဠိတော်များကို မဖြစ် အဖြစ်၊ ကပြစ်ကညစ် ဖြစ်ညှစ်ပြီး ဇွတ်အတင်း အနက်ပေးကြရသလို၊ ဘုရားဟော မဟုတ် လက်လုပ်ပါဠိများကို မတရားထည့်သွင်းကြရသလို လူသေလူဖြစ် ဝါဒကို ချေဖျက်မည့် ပါဠိဝေါဟာရ စကားလုံးများ အနက်အဓိပ္ပာယ်မှန်ကိုလည်း ပစ်ပယ်ပြီး ထင်သလို အဓိပ္ပာယ် ပြန်ဆိုကြပြန်ပါသည် ဘုရား။
၂။ သူတို့၏ ပါဠိဝေါဟာရ အဓိပ္ပာယ်ပြန်မှားတို့ကို ထင်ရှားအောင် စာအုပ်စာစောင် တိတ်ခွေများမှ ကောက်နုတ် တင်ပြပါမည် ဘုရား။
(က) ဥပါဒါန် (ဝါ) အစွဲဆိုတာ ဘာလဲ၊ ၎င်းကား အခြားမဟုတ်။ပ။
Ġ စိတ်ဝိညာဏ် (ဝါ) နာမ်သည် ရုပ်တရားကို ဖန်ဆင်း၍ အုပ်စိုးနေ၏ဟူသော ယုံကြည်မှုသည် လည်းကောင်း၊
Ġ မက်တာနှင့် ဖိုစ် (ဝါ) ဓာတ်သေနှင့် ဓာတ်ရှင် (ဝါ) ဂုဏ်နှင့် ဂုဏေးတို့ကို တစ်ခုစီတစ်ကွဲစီ တည်နေ၏-ဟူသော ယုံကြည်မှုသည် လည်းကောင်း၊
Ġ တန်ခိုးပြာဋိဟာများ၊ ဂါထာမန္တန်များ၊ ပရိတ်များ၊ အင်းအိုင် ခလှဲ့လက်ဖွဲ့များ၊ ကာယသိဒ္ဓိ ပီယသိဒ္ဓိဆေးများ၊ အိပ်မက် ယာမက်၏ အကျိုးအပြစ်များ၊ ဗေဒင်များကို ယုံကြည်မှုသည် လည်းကောင်း၊
Ġ နောက်ဆုံး၌ သဘာဝဓမ္မထက် ကျော်လွန်နေသော ဖြစ်ရပ်များကို (ဝါ) တန်ခိုးပြာဋိဟာများကို ယုံကြည်မှုသည်လည်းကောင်း အစွဲအလမ်း (ဝါ) ဥပါဒါန် မည်လေတော့၏၊ (လူသေလူဖြစ် စာအုပ် စာမျက်နှာ-၇၂)
(ခ) ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းတို့ကို တခမ်းတနား တည်ဆောက်ခဲ့သူ လက်သမားသည်လည်း ထိုသည့် ဥပါဒါန်အစွဲဖြစ်သည် ဟူ၍ အကျွန်ုပ်တို့ သိခဲ့ရလေပြီ။ (လူသေလူဖြစ် စာမျက်နှာ-၃၀၃)
(ဂ) အဘယ်ကုသိုလ်ဒါနသည် အဘယ်ဘဝ၌ အကျိုးပေး၍ မွန်မြတ်သော ဘဝသို့ ရောက်နိုင်သည်ဟူသော အယူသည် အစွဲဥပါဒါန်သွင်းသော တရားမျိုးသာ ဖြစ်ရာ၏၊ (ဗုဒ္ဓ၏ မိဂဒါဝုန်တရား စာမျက်နှာ-၇၁)
မှတ်ချက်။ ။ အထက်ပါစကားတို့သည် အဘိဓမ္မာလာ ဥပါဒါန်၏ အဓိပ္ပာယ်မဟုတ်ချေ။
(ဃ) မနောကမ်=(ဝါ) ဟဒယဝတ္ထု (သို့မဟုတ်) ဦးနှောက်ရုပ်တို့ဖြင့် ပြုလုပ်၍ ရသောအမှု။ (လူသေလူဖြစ်-၄၈)
မှတ်ချက်။ ။ “မနော” ကို ရုပ်ဟု ဘာသာပြန်ခြင်း ဖြစ်သည်။(i) ဓမ္မစက္ကပဝတ္တန=ဓမ္မဆိုသည်မှာ လေးပါးသော မဟာဘုတ် တရားများ ဖြစ်လေသည်။
စက္ကဆိုသည်မှာ ဖြစ်ပျက်နှင့် ပြောင်းလဲပြီး လည်၍ ဖြစ်နေခြင်းကို ဆိုလိုသည်။
ပဝတ္တနဆိုသည်မှာ မျက်စိနှင့် မြင်ရသည်ကို ဆိုလေသည်။
သုတ္တ၏ အဓိပ္ပာယ်မှာ လူသားတို့၏ ထင်ရှားရှိနေသည့် ခန္ဓာကိုယ် ကာယကို ဆိုသည်။ (အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာ ၁၀၂-၁၀၃)
(စ) ဒိဋ္ဌုပါဒါန်=အယူစွဲ၊ ဤအယူစွဲရာ၌ (ဒိဋ္ဌိ+ဥပါဒါန်) ဟူ၍ ဆိုထားရာ သမ္မာဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိဟူ၍ ခွဲခြားခြင်း မရှိသည်ကို သတိပြုအပ်ပေသည်။ (၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ-၈၉)
(ဇ) ကာမဘဝဟူရာ၌ အာရုံငါးပါးတို့၏ ဣန္ဒြေကို မစောင့်စည်းမှုမှ ဖြစ်ပေါ်လာသည့် စွဲလမ်းမှု တဏှာ ဥပါဒါန်တရားတို့ ဖြစ်ပြီး-
Ġ ရူပဘဝဆိုသည်မှာ မိမိ၏ မျက်စိ နား နှာ လျှာ ကိုယ်တို့ ဖြစ်သည်။
Ġ အရူပဘဝဆိုသည်မှာ ဤရုပ်တရားကို အကြောင်းရင်းခံ၍ ဖြစ်ပေါ်လာသည့် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တည်းဟူသော နာမ်၏ အဖြစ်သဘောတို့သာ ဖြစ်သည်။(၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ-၂၁၁)
(စျ) ဘဝတဏှာ=ဘဝ၏ အဖြစ်ကို တွယ်တာစွဲမက်ခြင်း။
ဝိဘဝတဏှာ=ဘဝ၏ ဂုဏ်ပကာသနာစည်းစိမ်ကို လိုလားခုံမင်ခြင်း။ (ဗုဒ္ဓ၏ မိဂဒါဝုန်တရား -၇၀-၇၁)
(ည) မနမှာ နှလုံးအိမ်ဟဒယဝတ္ထု၌ လည်ပတ်သော သွေးအစဉ်ကိုကောက်မှ အဓိပ္ပာယ်ရှင်းစရာ ရှိပေသည်၊ ဤနှလုံးသွေးသည်သာ သညာက္ခန္ဓာဖြစ်သော ဦးနှောက်၏လုပ်ငန်းကို အားပေးဆက်သွယ်နေသောကြောင့် မနကို ကောက်ခြင်း ဖြစ်သည်။ (သခင်မြတ်ဆိုင်၏ ဗုဒ္ဓဝိပဿနာ ပထမတွဲ-၆၀)
မှတ်ချက်။ ။ ဤအယူအဆသည် ရုပ်ဝါဒီတစ်ဦး၏ အမြင်ပင် ဖြစ်သည်။(ဋ) ဤကိုယ်ကာယသည်ပင် ပဉ္စာရုံကာမငါးမျိုးတို့ ဖြစ်စေသော သဘောလက္ခဏာများ ရှိသည့်အတွက် ကာမဘုံ၊
Ġ ရုပ်ပစ္စည်းတို့အား သူ့ဌာနနှင့်သူ အချိုးအစားကိုက်ညီအောင် ဖွဲ့စည်းထားသည့် ကိုယ်အတွက် ရူပဘုံ၊
Ġ အသက်ဇီဝဟူသော ထွက်သက်ဝင်သက် ရှိနေသည့်အတွက် အရူပဘုံဟု အရှင်းဆုံး၊ ကောက်ယူရန် အလွယ်ဆုံး ဖြစ်ပေသည်။ (ဗုဒ္ဓဝိပဿနာ ပထမ-၆၁)
(ဌ) ကာမဘဝ=မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တို့က အဆင်း၊ အသံ၊ အနံ့၊ အရသာ ထိတွေ့ဖွယ်ရာတို့၌ တိုက်ဆုံသောအခါ တပ်မက်တွယ်တာသော လိုချင်မှု၊
ရူပဘဝ = မိမိ၏ခန္ဓာကိုယ် ရုပ်တရားအပေါ် (ဝါ) ခန္ဓာငါးပါးအပေါ်တွင် မြဲသည်ဟူသော သတ်မှတ်ချက်ဖြင့် မပျက်ချင်သော ရူပဘဝ၊
အရူပဘဝ = မအိုချင်၊ မသေချင်၊ မနာချင်သော အဖြစ်၊ အိုမှုအတွက် စိုးရိမ်ပူပန်ခြင်း၊ နာမှုအတွက် စိုးရိမ်ပူပန်ခြင်း၊ သေမှုအတွက် စိုးရိမ်ပူပန်ခြင်း အဖြစ်၊ စိတ်ကူးများစွာဖြင့် ပစ္စက္ခအရေးကိစ္စမှ လွန်မြောက်သော ဘဝစည်းစိမ်အမျိုးမျိုးတို့ကို စိတ်ကူးနှင့် ကြံဆ၍ ရနိုင်၏၊ ရောက်နိုင်၏၊ သုံးသပ်ခြင်း မရှိဘဲ (အရူပဘဝ) စိတ်ကူးစွဲ အဖြစ်များ။ (ဗုဒ္ဓဝါဒပြဿနာ စာမျက်နှာ -၅-၆)
(ဍ) ဟဒယဝတ္ထုဆိုတဲ့ မနောအကြည်ရုပ်- (အနတ္တရောင်ခြည်-၁၀၃)
(ဎ) မနောခေါ်သော ဦးနှောက်မှာ အမှန်အားဖြင့် သညာက္ခန္ဓာ၏ အဓိကအင်္ဂါပင် ဖြစ်ပါ၏၊ (အနတ္တရောင်ခြည်-၁၄၆)
(ဏ) နာမ်ဆိုသည်မှာ ရုပ်ကို အမည်ပေးထားသော သဘောသာ ဖြစ်သည်။ (ဗုဒ္ဓဝါဒပြဿနာ-၃၅)
(တ) စွဲလမ်းမှု ဥပါဒါန်အကြောင်းကြောင့် ဘဝတစ်ခုသည် ဖြစ်လာ၏၊ (ပစ္စုပ္ပန်ဘဝ= ကျောင်းသားဘဝမှ စာရေးဘဝ၊ စာရေးဘဝမှ အရာရှိဘဝ၊ အိမ်ထောင်သည်ဘဝ စသည်များ။)
(ထ) ဘဝဖြစ်ခြင်းကြောင့် ဇာတိ-အလုပ်တစ်ခု တာဝန်တစ်ခု၌ ရောက်ခြင်း။
(ဒ) ဇရာ=လုပ်သက်ရင့်လာခြင်း။
(ဓ) မရဏ=အလုပ်မှ ရပ်နားခြင်း၊ အလုပ်ထုတ်ခံရခြင်း။ (ဗုဒ္ဓဝိပဿနာ ဒုတိယ-၁၇၆)
မှတ်ချက်။ ။ အထက်ပါ အပိုဒ်များ၌ နာမည်တပ်ထားသည်က ဗုဒ္ဓဝါဒ ဗုဒ္ဓဝိပဿနာ၊ ရေးထားသည်များက အရူးချီးပန်း ပရမ်းပတာ ဘာသာရေးပြက်လုံးများပင် ဖြစ်ပေသည်တကား။
(န) ပုဗ္ဗေနိဝါသဉာဏ်ကား-
ပုဗ္ဗေ=ခြောက်နှစ်ကာလ ခါသမယ။ နိ=ထင်ရှားဧကန် အမှန်မရှိသော။ ဝါသ= တပ်မက်စွဲလမ်းခြင်း၏ နှိပ်စက် ညှင်းပန်းမှု ခံရခြင်းတို့ကို။ ဉာဏ=အမှန်ထွင်းဖောက် အသိဉာဏ်ရရောက်ခဲ့လေပြီ။
(ပ) ဒိဗ္ဗစက္ခုဉာဏ်ကား-
စက္ခု=မျက်စိနှစ်ကွင်းဖြင့် မြင်ခြင်းဟူသမျှတို့ကို။ ဒိဗ္ဗ=ရှင်းရှင်းလင်းလင်း အစွဲကင်းပြီး။ ဉာဏံ= အမှန်ထွင်း ဖောက် သိမြင်ခြင်းသို့ ရရောက်ခဲ့လေပြီ။
(ဖ) အာသဝက္ခယဉာဏ်-
အာသဝ=တပ်မက်စွဲလမ်းမှု ဖြစ်ခြင်းဟူသမျှကို။ ခယ=ကုန်ခန်းချုပ်ငြိမ်းမှုအမှန်သို့ ရရှိခြင်းကို။ ဉာဏံ=အမှန် ထွင်းဖောက် သိမြင်ခြင်းသို့ ရရောက်ခဲ့လေပြီ။ (အမှန်တရားသုတေသန အမှတ် (၁) စာစောင်၊ စာမျက်နှာ-၇ အဘိဓမ္မာ ဆရာစိန်)
ယခု သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်ဆိုသည်၏ နာယကကြီးဆိုသူ အဘိဓမ္မာဆရာစိန်ဆိုသူက ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခု၊ အာသဝက္ခယ အဘိညာဉ်ဟူသော ဝိဇ္ဇာသုံးပါးတို့ကို အနက်အဓိပ္ပာယ် ဖော်ပြပုံမှာ လူရွှတ်လူနောက်တစ်ယောက်က ခြင်္သေ့ကို မမြင်ဖူးရှာသော ကလေးငယ်တစ်ဦးအား ဆောင့်ကြောင့်ထိုင်နေသော ဖားကလေးတစ်ကောင်ကို လက်ညှိုးထိုးပြပြီး “ခြင်္သေ့ဆိုတာ ဒီအကောင်ပဲ” ဟု ပြသကဲ့သို့ ဖြစ်နေပေသည်။
(ဗ) အတ္တကိလမထာနုယောဂ = အတ္တ ဟူသော ပုဒ်၏ အဓိပ္ပာယ်သရုပ်ကား ဝိညာဉ်စိတ် ဖြစ်၏၊ ကိလမထပုဒ်၏ အဓိပ္ပာယ်ကား ချုပ်ချယ်ထားခြင်းကို ဆို၏၊ အနုယောဂပုဒ်၏ သဘောသွားကား ဘာဝနာကမ္မဋ္ဌာန်းတစ်ခုခုကို အစဉ်အားဖြင့် အားထုတ်ကျင့်ကြံနေမှုကို ဆို၏၊ (အမှန်တရားသုတေသန အမှတ်(၆) စာမျက်နှာ-၈)
(ဘ) နတ် = နတ်ဆိုသည့် ပါဠိစကားမှာ မြန်မာလို စည်းစိမ်ခံစားခြင်းကို ခေါ်၍ ဤခန္ဓာအတွင်းမှာ ရှိသော စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန ဤ (၆) ခုတို့ဖြင့် ခံစားမှု ပြုခြင်းကိုပင် စည်းစိမ်ခံစားမှု နတ်ခြောက်ဘုံဟု ခေါ်ဆိုရခြင်း ဖြစ်ကြောင်း ဗုဒ္ဓဟောသော ပါဠိများကို ခန္ဓာနည်း၊ လက်တွေ့နည်းတို့ဖြင့် ပေါင်းစပ်ရှာဖွေပါက မိမိတို့ခန္ဓာအတွင်း ရှိသော ဤခြောက်ခုကိုပင် နတ်ဘုံခြောက်ဘုံဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရပါသည်။ (နတ်နှင့်ငရဲ ဘယ်မှာလဲ၊ စာမျက်နှာ-၂၃)
(မ) သိန်းဇီဝ = ဇီဝ၏ အဓိပ္ပာယ်မှာ အသက်ကို ခေါ်ပါသည်၊ သိန်း၏ အဓိပ္ပာယ်မှာ သေလုနီးပါးဟု ခေါ်ပါသည်၊ နှစ်ခုပေါင်းလိုက်လျှင် ဇီဝ=သေလုနီးပါးအထိ ပူလောင်ကျွမ်းမှုကြီး ဖြစ်ရခြင်းဟု ပြဆိုခြင်း ဖြစ်သည်။
(ယ) ကာလသုတ် = ကြိုးနှင့် တုပ်နှောင်ထားဘိသကဲ့သို့ ရုန်းထွက်၍ မရသလို ပူလောင်မှုဒဏ်ကို ခံနေရခြင်း။
(ရ) သင်္ဃာတ = သံမီးတောင်ကြီး၏ အပူရှိန်ဖြင့် ဖိကပ်၍ ထားဘိသကဲ့သို့ ပူလောင်ခံနေရခြင်း။
(လ) ရောရုဝ = အသံ အော်ဟစ်လျက် မခံမရပ်နိုင်ဘဲ ပူလောင်မှုဒဏ် ခံနေရခြင်း။
(ဝ) မဟာရောရုဝ = ထ၍မနိုင် ထိုင်၍မရ ဘယ်လိုနေရမှန်းမသိဖြစ်ရသည်အထိ ပူလောင်ကျွမ်းမှုဒဏ်ကို ခံနေရခြင်း။
(သ) တာပန = အသံမထွက်နိုင်တော့ဘဲ ရင်လုံးဆောင့်လျက် ပူဆွေးလောင်ကျွမ်းဒဏ် ခံရခြင်း။
(ဟ) မဟာတာပန = အလွန် ပြင်းထန်စွာ အသံမထွက်နိုင်တော့ဘဲ သတိပင်မရ မေ့မြောကြရသည်အထိ ပူလောင်မှုဒဏ် ခံရခြင်း။
(ဠ) အဝီစိ = တစ်ချက်ကလေးမျှ မေ့ပျောက်၍မရနိုင်လောက်အောက် အေးကွက်စပ်ကြားမရှိဘဲ ပူလောင်နေခြင်းတည်းဟူသော ပူလောင်ကျွမ်းမှုအမျိုးမျိုး၊ (၈)မျိုး (၈)ထပ်တို့၏ နှိပ်စက်မှုဒဏ်များကို ခံနေရသူတို့ကို ငရဲကြီး (၈)ထပ်တွင် ကျခံနေရသူများဟု ကျမ်းဂန်၌ ပြဆိုမှုပြုခြင်း ဖြစ်သည်။ (နတ်နှင့်ငရဲ ဘယ်မှာလဲ ၂၄-၂၅)
၃။ အထက်ပါနတ်နှင့် ငရဲကြီးရှစ်ထပ်တို့၏ အဓိပ္ပါယ်ဖော်ပြထားချက်များသည် လွန်ခဲ့သောနှစ်က နိုင်ငံတော် သံဃမဟာနာယက ထံမှောက်၌ မိမိတို့မှားပါပြီဟု ဝန်ချတောင်းပန်ခဲ့ကြသော နိုင်လင်းနှင့် ရုပ်ရှင်မင်းသားထွန်းဝေ စသူတို့၏ သာသနာစော်ကားသော ဘုံရှင်းတမ်း ဘုံကမ္ဘာ တိတ်ခွေများကို ဖြစ်ပေါ်လာစေသည့် အခြေခံမျိုးစေ့များပင် ဖြစ်ပါသည်။ အရှက်မရှိ ဗြောင်ပလီထားသော အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များသာ ဖြစ်၏၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့လောက်သာ အနက်အမှန် ထင်နိုင်စရာရှိသော မုသာဝါဒများ ဖြစ်ကြပေသည်။
(အ) အဟိတ် = ဒီလောဘ ဒေါသ မောဟတရားကိုမှ မလုပ်ရ မနေနိုင်ပါဘူးဆိုတဲ့ အမျိုးက အဟိတ်အစစ်ပဲ။
(အာ) ဒွိဟိတ် = ဒီတရားစု ငါလုပ်နေရတာ တကယ်တော့ သံသရာလည်တဲ့ ဝဋ်တရားတွေကို ငါလုပ်နေရပါ ကလားလို့ သိသိကြီးနဲ့ မလွှဲသာလို့ လုပ်နေရရင် ဒွိဟိတ်။
(ဣ) တိဟိတ် = ဒီလောဘ ဒေါသ မောဟတရားတွေဟာ ငါ့အဖို့လဲ အကျိုးတကယ်မရှိဘူး၊ လူများအဖို့လဲ ငါ့ကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကုန်ကြရတယ်၊ ဒါတွေ ငါမလုပ်တော့ပါဘူးလို့ ဆုံးဖြတ်တတ်ရင် တိဟိတ်ပဲ။ (အတွဲ-၁၊အမှတ်-၅၊ သစ္စာဓမ္မစာစောင် စာမျက်နှာ-၁၀- ဦးဥက္ကဋ္ဌ ဟောသော တရားမှ)
(ဤ) သံ ဆိုတာ - ရှိတာ၊ ဃာ ဆိုတာ - ဖိုမ၊ အဲဒီရှိတဲ့ ဖိုမ ၂-ယောက်ကို သံဃာလို့ ခေါ်တာ၊ ဒါကြောင့်
“သံဃံ သရဏံ ဂတ်ချာမိ”
သံ - ရှိတဲ့၊ ဃံ - ယောကျ်ားမိန်းမ (၂)ယောက်သည်။ သရဏံ - ပြေလည်စွာ လက်တွဲကြ၍။ ဂတ်ချာမိ၊ ကမ္ဘာ့ခရီးကို သွားနေကြလေသည်။
ကမ္ဘာမှာရှိတဲ့ ယောကျ်ားနှင့် မိန်းမ ဖိုမ ၂-ယောက်တို့ ပြေပြေလည်လည် လက်တွဲပြီးတော့ ကမ္ဘာ့ခရီးကို သွားနေတာကို (သံဃံ သရဏံ ဂတ်ချာမိ) ဆိုလိုတယ်။
ဝိနည်းဓိုရ်ဆရာတော်များဘုရား -
၄။ ဘုရားဟော ပါဠိဝေါဟာရများကို ဖော်ပြပါအတိုင်း ထင်ရာမြင်ရာ အဓိပ္ပာယ်ဖော်ပြချက်များသည် ဩ “ လက်စသတ်တော့ သမ္မာဒိဋ္ဌိသုတေသန လုပ်နေတယ်ဆိုတဲ့ လူတစ်စုဟာ ဒီလို ပါဠိတော်ဝေါဟာရတွေကို ဖျက်ဆီးပြီး ကျီးကန်းပက်လက်ပျံတာကိုမှ ကြည့်ချင်တတ်တဲ့ အဆန်းကြိုက်များ၏ ရှေ့၌ တကယ့်ခေတ်မီသုတေသနကြီး လုပ်ပြနေပါကလား ဟူ၍ ပြည်သူလူထုက သိနိုင်ကြပြီဖြစ်ပါသည်ဘုရား၊ တစ်နည်းဆိုရသော် ယခုလို သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်နှင့် အသိုင်းအဝိုင်းကလုပ်နေသော သုတေသနလုပ်နည်းမျိုးသည် ယနေ့တိုးတက်သော ကမ္ဘာ၌ မပေါ်သေးပါဘုရား၊ ထို့ကြောင့် ဤကဲ့သို့ ထိုသူများ၏ ရေးသားချက်များကို ပိဋကတ်တော်နှင့် မညီဟူ၍ ပြောရမှာပင် မစင်ပုံကို လက်ဖြင့် ကိုင်ပြရသကဲ့သို့ ဖြစ်နေပါသည် ဘုရား။
စောဒနာ အမှတ် (၁၆)
၁၆။ ဗုဒ္ဓဘာသာလောက၌ အထွတ်အမြတ်ထားအပ်သော ထေရဝါဒပိဋကတ်လာ အရိယာနှင့် နိဗ္ဗာန်ကို စိတ်ကူးယဉ် လူသေလူဖြစ်အယူအဆနှင့် ကိုက်ညီအောင် ပြင်ဆင်ဖွင့်ဆိုရေးသားခြင်းနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ဘုရား -
၁။ ဗုဒ္ဓမြတ်စွာ သာသနာတွင် အရိယာဆိုသောပုဂ္ဂိုလ်များမှာ အဆင့်ဆင့် ကိလေသာကိုပယ်၍ ပုထုဇဉ်တို့ထက် မြင့်မြတ်ကြောင်းကို ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါသည် ဘုရား၊ ဦးဥက္ကဋ္ဌ၏ တပည့်များဖြစ်ကြကုန်သော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင်တို့ကမူ ဗုဒ္ဓသာသာနာ၌ အလေးဂရုပြု၍ တန်ဖိုးထားအပ်သော အရိယာကို ပုံပျက်ပန်းပျက်ဖြစ်အောင် ဖျက်ဆီးနေကြပါသည် ဘုရား၊ ၎င်းတို့၏ ဖျက်ဆီးပုံကို သက်သေအထောက်အထားပြ၍ လျှောက်ထားပါမည် ဘုရား။
၂။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ထုတ်ဝေသော အတွဲ-၄ အမှတ်(၈) သစ္စာဓမ္မစာစောင် စာမျက်နှာ ၉-တွင် အရိယာကို ပုံပျက်အောင် ဤသို့ ရေးပြထားပါသည် ဘုရား။
အရိယာဆိုသည်မှာ မြင်တတ် ကြားတတ်သူကို ဆိုသည်၊ အနတ္တလက္ခဏသုတ္တန် အဆုံးတွင် ဗုဒ္ဓက ဤအတိုင်း ဖွင့်ဆိုသည်။ “ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော” ဤသို့ မြင်တတ် ကြားတတ်သော ပုဂ္ဂိုလ်သည် ဟု ဆိုခဲ့သည်၊ လူမှာ မျက်စိနှင့် နား ရှိသည်။ ထိုမျက်စိနှင့် နားရှိသူသည် မြင်တတ်ရမည်၊ ကြားတတ်ရမည်၊ သို့ဖြစ်၍ လူနှင့်အရိယာ၊ အရိယာနှင့်လူ အတူတူပင် ဖြစ်သည်။
မျက်စိ၊ နား ရှိလျက်နှင့် မမြင်တတ် မကြားတတ်သူကို ဗုဒ္ဓက အနရိယဟု ဆိုခဲ့သည်၊ အနရိယသည် အရိယ၏ ဆန့်ကျင်ဘက် ဖြစ်သည်။
အ သည် = မဟုတ် ဟု သိရသည်။
နရ သည် = လူ ဟု သိရသည်။
ဣယ သည် = ပိုင်ဆိုင်မှု ဟု သိရသည်။
စုပေါင်းသည့်အခါ အနရိယ ဖြစ်သည်၊ အနရိယသည် လူမဟုတ်ဘူးဟု ဆိုသည်၊ လူသည် မြင်တတ်သည်၊ ကြားတတ်သည်၊ လူမဟုတ်သူသည် မမြင်တတ် မကြားတတ်သူဖြစ်သည်။ ပ။ သို့ဖြစ်၍ လူနှင့်အရိယာသည် အတူတူပင် ဖြစ်သည်။
၃။ သမ္မာဒိဋ္ဌိအဖွဲ့သားများက ဖျက်ဆီးသည့်နည်းတူ သမ္မာဒိဋ္ဌိတို့၏ ဘိုးတော်ကြီး ဦးဝါသဝကလည်း အလားတူ အရိယာ၏ သဘောမှန်ကို ဖျက်ဆီးခဲ့ပါသည် ဘုရား၊ ၁၅-၄-၇၆ နေ့ည မြောင်းမြမြို့၊ ၆-လမ်း ဦးစစ်တင်၏ နေအိမ်တွင် ဟောပြောရာ၌ အရိယာကို ပုံပျက်အောင် အောက်ပါအတိုင်း ဂုဏ်ဖျက်ခဲ့ပါသည် ဘုရား။
အရိယာဆိုတာ လူလင်မယားကို ခေါ်တာ၊
အရ ဆိုတာ = မိန်းမ၊
ဣယ ဆိုတာ = ယောကျ်ား၊
အဲဒီ မိန်းမ ယောကျ်ား ၂-ယောက်ကို စာအလိုက အရိယလို့ ခေါ်တယ်၊
လင်မယား ၂-ယောက်ကို အရိယလို့ ခေါ်တယ်။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
သမ္မာဒိဋ္ဌိ သုတေသနသမားများနှင့် ၎င်းတို့၏ဘိုးတော်ကြီး ဦးဝါသဝတို့၏ ပြောဆိုရေးသားချက်သည် အရပ်ရပ် နေပြည်တော်ကြားလို့မှ မလျော်ပါ ဘုရား။
ဗုဒ္ဓအဘိဓမ္မာ စာမျက်နှာ ၂၅၉-တွင် ရေးသားထားသော ဉာဏ်ကြီးရှင်ဦးဥက္ကဋ္ဌ၏ အဆိုအမိန့်ကိုလည်း တင်ပြပါရစေ ဘုရား။
ဝိသာခါကျောင်းအမကြီးသည် လင်ယောကျ်ားနှင့်၊ အနာထပိဏ်သေဌေးကြီးသည် မယားနှင့် နေကြ၏၊ သို့သော် ၎င်းတို့သည် တဏှာနှင့် ဥပါဒါန် မရှိကြတော့ဘဲ လင့်ဝတ် ၅-ပါး၊ မယားဝတ် ၅-ပါး ပြုကြရုံမှ တပါး အနုပါဒါန်တရားနှင့် နေထိုင်ကြသဖြင့် သောတာပန်ဖြစ်၍ သုခတရားကို ရနေကြ၏၊
စဉ်းစားတော်မူကြပါဘုရား၊ သောတာပန်ဖြစ်၍ တဏှာဥပါဒါန် မရှိကြဘူးတဲ့ ဘုရား၊ အတော်လေးနက်တဲ့ ဥက္ကဋ္ဌ အဘိဓမ္မာပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၅။ ထင်ရာမြင်ရာ စွတ်တွယ်တတ်သော သမ္မာဒိဋ္ဌိသုတေသန ဆိုသူတို့၏ အလွဲလွဲ အချော်ချော် ထော်လော် ကန့်လန့် လုပ်တတ်ပုံကို ဆက်လက်တင်ပြ ပါဦးမည် ဘုရား၊ အတွဲ(၁) အမှတ်(၇) မှောင်ခိုထုတ်သော သစ္စာစာစောင်၊ စာမျက်နှာ ၉-တွင် အရိယာပုဂ္ဂိုလ်တို့၏ အကြောင်းကို အောက်ပါအတိုင်း မှားယွင်းစွာ ဆိုထားပါသည် ဘုရား။
သက်သာသလိုနေ၍ ကျင့်ပါ၊ ဉာဏ်လျင်သူများအဖို့ တစ်လ နှစ်လ အတွင်း အကြောက်နှင့် အမျှော် ပျောက်လာပါလိမ့်မည်၊ ယင်းကို သောတာပတ္တိမဂ်ဟု မှတ်ပါ၊ နောက် ဆက်ကာဆက်ကာကျင့်လျှင် စိုးရိမ်မှုနှင့် တုန်လှုပ်မှု ပျောက်လာပါလိမ့်မည်၊ ယင်းကို သကဒါဂါမိဟု မှတ်ပါ။
ဆက်ကျင့်လျှင် ချစ်ခြင်းနှင့် မုန်းခြင်းတို့ ပျောက်လာပါလိမ့်မည်၊ ယင်းကို အနာဂါမိဟု မှတ်ပါ။ ဤအတိုင်း ဆက်လက်ပွားများပါလျှင် စွဲလမ်းခြင်းနှင့် လိုချင်တပ်မက်မှု(တဏှာ-ဥပါဒါန်) အားလုံးချုပ်ငြိမ်း လာပါလိမ့်မည်၊ ယင်းကို အရဟတ္တမဂ် ဟု သိပါ။
ဆက်လက်၍ ပွားယင်း အသ္မိမာန=(ငါတည်းဟူသော) အမှတ်သညာကလေး ငွေ့ငွေ့ကျန်ရှိနေသမျှ ပျောက်ကွယ်သွားလျှင် အရဟတ္တဖိုလ် ဆိုက်ပါပြီ။
အဲဒါ ဗုဒ္ဓဝိပဿနာကျမ်းပြုဆရာကြီး သခင်မြတ်ဆိုင်ရဲ့ အရိယာမှတ်တမ်းကြီးပါ ဘုရား၊ နားမလည်သူတွေကတော့ အထင်ကြီးကြပါလိမ့်မယ်၊ စာပေကျမ်းဂန် လေ့လာဖူးသူများ တွေ့ရင်ဖြင့် ရယ်စရာအတိ ရှက်စရာအတိပါ ဘုရား။
၆။ ဦးဝါသဝ၏ ဗုဒ္ဓသိပ္ပံဝိုင်းတော်သားတို့ ရမ်းကားထားပုံကိုလည်း တင်ပြပါရစေဦး ဘုရား၊ “ဗုဒ္ဓသိပ္ပံ ပရိသတ် တော်လှန်ရေးလူသားတွေ အမြင်” ခေါင်းစဉ်တပ်၍ ထုတ်ဝေသော “ဘာသာစီးပွားရေးနဲ့ လူမှုစီးပွားရေး” အမည်ရှိ မှောင်ခိုစာစောင် စာမျက်နှာ ၂၀-တွင် အရိယာအကြောင်းကို ပုံပျက်အောင် အောက်ပါအတိုင်း ဖျက်ဆီးထားပါသည် ဘုရား။
ဒီလို လူမိ လူဖက မွေးတဲ့ လူသားကို ဟိုတုန်းက စာစကားနဲ့ ရေးရရင် “အရိယာ” လို့ ဆိုတယ်၊ အရိယာ ဆိုတဲ့စကားကို ပုဒ်ခွဲလိုက်တော့ အရ+ဣယ+အာ ဆိုတဲ့ ပုဒ်သုံးခုကို စပ်ထားတာဖြစ်တယ်၊ ဒီ သုံးပုဒ်မှာ-
အရ-က = လူအမေ
ဣယ-က = လူအဖေ
အာ = လုပ်ထာ
လူအမေ၊ လူအဖေတွေ လုပ်လို့ ဖြစ်ထာလို့ ဆိုလိုတယ်။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား -
၇။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများနှင့်တကွ အလားတူ အဆိပ်သင့်ခြင်းခံနေရတဲ့ ဘာသာမဲ့ ရုပ်ကြမ်းဝါဒသမားများ၏ အရေးအသား အပြောအဆိုများသည် စည်းမရှိ ကမ်းမရှိ လွတ်ချင်တိုင်း လွတ်နေပါသောကြောင့် အဓမ္မဝါဒီ အဘူတဝါဒီများ ဖြစ်ကြောင်းကို အော်ဂလီဆန်လှစွာဖြင့်ပင် လျှောက်ထားအပ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၈။ ဦးဥက္ကဋ္ဌ ဦးဝါသဝတို့၏ ပြင်ညာသန္ဓေနှင့် ထင်ရာမာန်တွေဝင့်နေကြသော သမ္မာဒိဋ္ဌိအဖွဲ့သားများသည် အရိယာကိုသာ ဖျက်ဆီးရုံမက နိဗ္ဗာန်၏ သဘောတရားကိုလည်း မဟုတ်မမှန် လုပ်ကြံ၍ ဆိုထားပါသည် ဘုရား၊ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ချုပ် ဗမာနိုင်ငံဆိုသည်မှ ခိုးထုတ်သော ဗုဒ္ဓဝါဒအခြေခံသင်တန်း၊ သင်တန်းအမှတ်စဉ်(၁) သင်တန်းမှတ်စုများ စာအုပ်၊ စာမျက်နှာ ၄၁-တွင် နိဗ္ဗာန်ကို ဒီလို သရုပ်ဖျက်ပြလိုက်ပါတယ် ဘုရား။
ဝါန = အကြောက်၊ အလို
နိ = မရှိခြင်း၊ ကင်းခြင်း
နိဝါန = နိဗ္ဗာန = နိဗ္ဗာန်ပါတဲ့ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၉။ သမ္မာဒိဋ္ဌိသုတေသနဆိုတဲ့ စကားလုံးကြီးကို မဟာ့မဟာဥပါဒါန်ကြီး ပြင်းစွာနဲ့ ဖက်တွယ်ထားသော အတွင်းရေးမှူးချုပ်ကြီး ဦးကိုကိုလေး၏ နိဗ္ဗာန်အယူအဆကိုလည်း တင်ပြပါရစေဘုရား။
၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ် စာမျက်နှာ ၁၁၄- တွင် နိဗ္ဗာန်ကို ဒီလိုမြင်ပါသတဲ့ ဘုရား။
ဤခန္ဓာကိုယ်တည်းဟူသော ရုပ်တရား ရူပက္ခန္ဓာတွင် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ ဟူသော အရူပက္ခန္ဓာဂုဏ်နှင့် နိဗ္ဗာန်ဟူသော ဂုဏ် ၂-မျိုးရှိလေသည်။
ဒီစကားအရ ဥပါဒါန်အစွဲချွတ်ချင်နေသော သမ္မာဒိဋ္ဌိဆရာကြီးတို့၏ နိဗ္ဗာန်မှာ ဥပါဒါန်စက်ကွင်းက မလွတ်ကင်းနိုင်ဘဲ ရုပ်ဝါဒဝဲဂယက်မှာ လွှဲမထွက်သာအောင် ဖြစ်နေပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား -
၁၀။ ဗုဒ္ဓအဘိဓမ္မာကို ပစ်ပယ်၍ ယုတ်သမျှအဘိဓမ္မာကို တရားသေကိုင်စွဲထားသော ဝိပဿနာဆရာကြီး သခင်မြတ်ဆိုင်၏ နိဗ္ဗာန်အမြင်ကို တင်ပြပါရစေ ဘုရား၊ ဗုဒ္ဓဝိပဿနာစာအုပ် ပထမတွဲ စာမျက်နှာ ၄၅-တွင် “နိဗ္ဗာန်ကိုတောင့်တ၍ တရားအားထုတ်တာကို ကာမ” လို့ ဆိုထားပါသည် ဘုရား။
နိဗ္ဗာန်၏ချမ်းသာကို တမင်တောင့်တခံစားလို၍ အားထုတ်ပါက ဤနိဗ္ဗာန်အလိုသည် ကာမနှင့်ယှဉ်သော အလိုသာ ဖြစ်ရပေမည်။ (ဗုဒ္ဓဝိပဿနာ၊ ပထမတွဲ-၄၅)
အဲဒါ ပိဋကတ် ကောက်နုတ်ချက်တွေကို ပလူပျံအောင် ဝေနေတဲ့ သခင်မြတ်ဆိုင်ဆိုတဲ့ ဆရာကြီးရဲ့ နိဗ္ဗာန်အလွဲ ဥပါဒါန်အစွဲကြီးပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား -
၁၁။ သမ္မာဒိဋ္ဌိသုတေသန တပည့်သာဝကတို့ ယခုလို အမှားဇာတ်တွေ ထပ်ကာထပ်ကာ ကျူးလွန်နေရခြင်း၏ တရားခံလက်သည်ကို ရှာတဲ့အခါ လူသေလူဖြစ်ဆရာကြီး ဦးဥက္ကဋ္ဌကြောင့် ဖြစ်တယ်ဆိုတာ ငြင်းမရအောင် ထင်ရှားနေပါသည် ဘုရား၊ ဗုဒ္ဓဓမ္မစကြာ စာအုပ် စာမျက်နှာ ၅၂-၅၃ တွင် ခန္ဓာငါးပါးကို နိဗ္ဗာန်ဟု အောက်ပါအတိုင်း မှားယွင်းစွာ ဆိုထားပါသည် ဘုရား။
နိဗ္ဗာန်နှင့်ခန္ဓာငါးပါးဟာ တခြားစီမဟုတ်ရင် ပူးတွဲလျက်ရှိတယ်ဟု ဆိုလိုဒါပါပဲ၊ တစ်ဆင့်တက်ကြည့်ရင် ခန္ဓာငါးပါးဟာ နိဗ္ဗာန်ဖြစ်နိုင်တာပေါ့၊ ဘုရားကတော့ အတိအကျ နိဗ္ဗာန်နဲ့ခန္ဓာ တခြားစီမဟုတ်ဘူး ဟု ဟောထားတာဘဲ။
၁၂။ အဲဒါ ဓမ္မစကြာကို ရေလဲနဲ့သုံးနေတဲ့ ဥက္ကဋ္ဌရဲ့ နိဗ္ဗာန်အယူအဆပါပဲ ဘုရား၊ ဤတွင် ဘုရားဟောပါတယ်ဟု ဘုရားမဟောသည်ကို ဘုရားဟောလုပ်ပြီး ပြောထားတာ တွေ့နိုင်ပါတယ်။
အို ယောဂီ သင်ဘယ်ဆီသွားမလဲ ဆိုတဲ့ စာအုပ် စာမျက်နှာ ၈၆-တွင်
စိတ် စေတသိက် ရုပ် နိဗ္ဗာန်သည် နာမ်၌ထည့်ထားသောကြောင့် နာမ်သည် ရုပ်တရားတို့၏ဂုဏ်ဖြစ်ခဲ့မူ နိဗ္ဗာန် သည်လည်း ရုပ်တရားတို့၏ဂုဏ် ဖြစ်ရမည်။
ဟူ၍ ဦးဥက္ကဋ္ဌက ဆိုထားပါသည် ဘုရား၊ ဒီနေရာမှာ -
“အို ယောဂီ သင် ဘယ်ဆီသွားမလဲ” ဆိုမည့်အစား “အို ဦးဥက္ကဋ္ဌ သင် ဘယ်သွားမလဲ”လို့ ဆိုဖို့ကောင်း နေပါတယ် ဘုရား၊ အဖြေကတော့ ရုပ်ဝါဒသို့ သွားနေပါတယ်ဟု ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ဘုရား -
၁၃။ ဦးဥက္ကဋ္ဌ ခေါင်းတွဲကြီးဆွဲရာသို့ ဒရွတ်တိုက် တသီတတန်းကြီး ပါနေကြရကုန်သော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့သားများနှင့်တကွ နောက်လိုက်နောက်ပါတို့၏ အရေးအသား အပြောအဆိုများသည် ထေရဝါဒပိဋကတ် ကျမ်းဂန်နှင့် မလျော်ကန် မတော်မမှန်တွေဖြစ်သောကြောင့် အဓမ္မဝါဒများအဖြစ် ဆုံးဖြတ်ပေးတော်မူပါ ဘုရား။
စောဒနာ အမှတ် (၁၇)
၁၇။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ ဩဝါဒပေးဆရာကြီး လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာလက်သစ်နှင့် စပ်လျဉ်း၍ စောဒနာချက်ပါ ဘုရား။
သီးခြား ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၁။ ဘုရားဟော ပါဠိတော်များကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌လည်းကောင်း၊ အနက်ကိုပြန်ဆိုရာ၌ လည်းကောင်း၊ ကိုယ်ထင်ရာ ငါတကောဖြင့် ပြောချင်တိုင်းပြောခြင်းအားဖြင့် မူမှန်သောခံယူချက်ကို မရနိုင်ပါ ဘုရား၊ ဗုဒ္ဓမတညု ဘုရားအလိုကို သိရှိတော်မူကြသော အရှင်မဟာဗုဒ္ဓဃောသ စသော အဋ္ဌကထာကျမ်းပြုမထေရ်မြတ်ကြီးများသည်ပင်လျှင် ပါဠိတော်များကို ဖွင့်ဆိုရာ၌ ဘုရားရှင်လက်ထက်တော်မှစ၍ ချပို့ရိုး အစဉ်အလာ (ဝါစနာမဂ္ဂ) အတိုင်းသာ ဖွင့်ဆိုရေးသားကြရပါသည်၊ တစ်ခါတစ်ရံ မိမိထင်မြင်ချက်ကို ဖွင့်လိုလျှင်လည်း ရိုးသားစွာဖြင့် ဤအနက် ဤအဖွင့်များသည် သူ၏ အတ္တနောမတိမျှသာဖြစ်ကြောင်း မှာကြားလေ့ရှိကြပါသည် ဘုရား၊ အလွန်ရိုးသား ဖြောင့်မတ်တော် မူကြပါသည် ဘုရား။
၂။ တောင်တွင်းကြီးဦးဥက္ကဋ္ဌနှင့် သူ၏ ထင်ရာအမွေကို ခံယူကြကုန်သော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင် မောင်ရမ်းကား ဦးရမ်းကားတို့သည်ကား ဘုရားဟောပါဠိတော်များကို သူတို့၏ တစ်မိုက်တစ်ထွာ ဉာဏ်မျှဖြင့် ပေါက်တတ်ကရ အဓိပ္ပာယ်မဲ့ ထင်သလို ဘာသာပြန် အနက်ဖော်ကြပါသည် ဘုရား။
၃။ ဤနေရာတွင် ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာလက်သစ်အကြောင်း လျှောက်ထားစောဒနာခွင့် ပြုတော်မူပါဘုရား၊ မသိ နားမလည်သူများက ဦးဥက္ကဋ္ဌဟာ ဓမ္မစကြာတရားကို လက်ခံတယ် လေးစားတယ် ဟူ၍ ထင်မှတ်နေကြပါတယ်ဘုရား၊ သို့ရာတွင် ဦးဥက္ကဋ္ဌ ဓမ္မစကြာသည်ကား ဘုရားဟော ဓမ္မစကြာ မဟုတ်ကြောင်းကို မသိကြပါ ဘုရား၊ စင်စစ် ဦးဥက္ကဋ္ဌဓမ္မစကြာသည် လူသေလူဖြစ် ဓမ္မစကြာမျှသာ ဖြစ်ပါသည် ဘုရား။
ဤကိစ္စနှင့် ပတ်သက်၍ သက်သေခံ ကောက်နုတ်ချက် အပိုဒ်အချို့ကို ဖော်ပြပါရစေ ဘုရား။
(က) လူသားသည် “လူသေလျှင် လူသာဖြစ်၏” ဟူသော သဘာဝအမှန်ကို သဘောပေါက်တာနှင့် တစ်ပြိုင်နက် -
(၁) ဒိဋ္ဌဓမ္မ - မျက်မြင်သဘော ဖြစ်လေတော့၏၊
(၂) ပတ္တဓမ္မ - နားကြားသဘော ဖြစ်လေတော့၏၊
(၃) ဝိဒိတဓမ္မ - နှာခေါင်းနှင့် လျှာတွေ့သဘော ဖြစ်လေတော့၏၊
(၄) ပရိယောဂါဠှဓမ္မ - ကိုယ်ကာယတစ်ခုလုံး ပျံ့နှံ့၍ (ဝါ)စိမ့်ထုံ၍ အကျိုးရသော မနတွေ့ (ဝါ)ဟဒယတွေ့သဘော ဖြစ်လေတော့၏၊ ယင်းသို့ ပဥ္စာရုံအတွေ့ဖြင့် တေ့တေ့ဆိုင်ဆိုင် မယိုင် မယိမ်း အမှန်ဓမ္မဆိုအပ်တဲ့ သဘာဝသို့ ဆိုက်ရောက်တဲ့ အခါမှသာလျှင် လူသားသည်-
(၅) တိဏ္ဏဝိစိကိစ္ဆော - သံသယ ဝိစိကိစ္ဆာဆိုတဲ့ သို့လောသို့လော ဖြစ်မှုတွေကို လွန်မြောက်၍ သွားပေလိမ့်မည်။
(၆) ဝိဂတကထံကထော - ဇဝေဇဝါနှင့် ဝိုးတိုးဝါးတားတွေလည်း ကင်းပျောက်၍ သွားပေလိမ့်မည်။
(၇) ဝေသာရဇ္ဇပတ္တော - အမျှော်အကြောက်ကို လွန်မြောက်သွားပြီဖြစ်၍ ရဲရင့်ခြင်းသို့ ရောက်ပေ လိမ့်မည်။
(၈) အပရပ္ပစ္စယော - ငရဲရှစ်ထပ်နှင့် ထက်နတ်ဗြဟ္မာဆိုအပ်တဲ့ တပါးသော ဘုံတွေ ဘဝတွေကို သွားဖို့ ရောက်ဖို့ အကြောင်းမဖြစ်တော့သည်ကို တိကျစွာသိမြင်ခြင်းသို့ ရောက်ပေလိမ့်မည်။ (လူသေလူဖြစ် စာအုပ်၊ စာမျက်နှာ ၄-၅)
၄။ အထက်ပါ ဒိဋ္ဌဓမ္မော ပတ္တဓမ္မော စသည်တို့မှာ ဓမ္မစကြာ စသည်တို့၌ပါသော ဘုရားဟော ပါဠိတော်များ ဖြစ်ပါသည် ဘုရား၊ အနက်မြန်မာပြန်များမှာကား ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်အနက်များသာ ဖြစ်ပါသည် ဘုရား၊ ဘုရားရှင်၏ ကောက်ယူလိုရင်း အနက်အဓိပ္ပာယ်များ မဟုတ်ပါဘုရား၊ ဘုရားတပည့်တော်များ၏ ရှင်းလင်းချက်ကို ဒုတိယစောဒနာကျမှ လျှောက်ထားပါမည် ဘုရား၊ အထက်ပါ ကောက်နုတ်ချက်များအရ ဥက္ကဋ္ဌဓမ္မစကြာသည် ဘုရားဟော တရားဓမ္မနှင့် ဆန့်ကျင်သော လူသေလူဖြစ် အဓမ္မများသာဖြစ်ကြောင်း သိသာပါပြီ ဘုရား။
၅။ သမ္မာဒိဋ္ဌိသုတေသနဆိုသော အသင်းရဲ့ ဆရာကြီးတစ်ဆူဖြစ်သော အဘိဓမ္မာဆရာစိန် ဆိုသူက ဓမ္မစကြာတရားကို ဝင်ပြီး “ကော” ထားပုံတို့ကို ဆက်ပြီး လျှောက်လိုက်ပါရစေ ဘုရား၊ ဆရာစိန် ဆိုသူ၏ သာသနာဖျက် လက်ရာကား အောက်ပါအတိုင်း ဖြစ်ပါသည် ဘုရား။
(ခ) ဇာတိပိ - ငန်းငန်းတက် စွဲလမ်းခြင်း ဖြစ်၍လာခြင်းကြောင့်၊
ဒုက္ခာ - ဆင်းရဲခြင်း အကျိုးတရား ဖြစ်ရချေ၏၊
ဇရာပိ - ဆံဖြူသွားကြွေ အသားရေယိုယွင်း အိုမင်းရင့်ရော်ခြင်းတို့ကို စိုးရိမ်မကင်းဖြစ်၍ လာသော အစွဲ ဥပါဒါန်ကြောင့်၊
ဒုက္ခာ - ပူပန်သောက ဆင်းရဲခြင်း ဖြစ်ရချေ၏၊
ဗျာဓိပိ - အနာရောဂါ ကျင်နာကိုက်ခဲ နူနာဝဲတို့ ဖြစ်၍လာသည်တို့ကို ပူဆွေးကြောင့်ကြခြင်းဖြစ်၍ လာသော အစွဲ ဥပါဒါန်ကြောင့်၊
ဒုက္ခာ - မချိထန်သဲ အလွန်ပင် ဆင်းရဲခြင်း ဖြစ်ရချေ၏၊
မရဏမ္ပိ - အမိအဖ မယား သားသမီး ပစ္စည်းဥစ္စာ ရတနာရွှေစင် စသည်တို့နှင့်တကွသော ဆွေညာ အပေါင်းတို့အား ပယ်ခွာစွန့်ထားခဲ့၍ သေရမည့်ဘေးကို စိုးရိမ်မကင်း စွဲလမ်းခြင်း ဥပါဒါန်ကြောင့်၊
ဒုက္ခံ - ကြောက်လန့်မျှော်ကိုး ဆင်းရဲခြင်းအကျိုး ဖြစ်ရချေ၏၊
အပ္ပိယေဟိ - မနှစ်သက် မလိုလားအပ်ကုန်သော ဇရာဗျာဓိ မရဏ စသည်ဥဿုံ ဘေးအပေါင်းစုံ တို့နှင့်၊
သမ္ပယောဂေါ - လက်ငင်းဒိဋ္ဌ ယခုပက်ပင်းမှာ တွေ့ကြုံခံစားနေရလေခြင်းဟု စွဲလမ်းခြင်း ဖြစ်၍နေသော ဥပါဒါန်ကြောင့်၊
ဒုက္ခော - ပူလောင်ထန်ပြင်း အလွန်ပင် ဆင်းရဲခြင်း ဖြစ်ရချေ၏၊
ပိယေဟိ - ချစ်ခင်နှစ်သက် စွဲမက်ကုန်သော မိမိ ဇနီး သားသမီးနှင့် ပစ္စည်းဥစ္စာ ရတနာရွှေငွေ အိုးအိမ်တိုက်တာတို့နှင့်
ဝိပ္ပယောဂေါ - ကွေကွင်းကုန်ဆုံး ပျက်ပြိုပြုန်းခဲ့သည် ရှိသော်၊
ဒုက္ခော - အရူးပမာ မျက်ရည်ဖြာ၍ ပူဆွေးသောက ဆင်းရဲခြင်းအကျိုး ဖြစ်ရချေ၏၊
ယမ္ပိစ္ဆံ - မိမိတို့ အလိုရှိအပ် တောင့်တကြသည့်အတိုင်း၊
န လဘတိ - မုချပိုင်ပိုင် မရနိုင်ချေ။
တမ္ပိ - ထိုသို့ အလိုရှိအပ် တောင့်တကြသည့်အတိုင်း မရခြင်းကြောင့်၊
ဒုက္ခံ - ရင်တွင်းလှိုက်ဖို ဆင်းရဲအပို ဖြစ်ရချေ၏၊
သံခိတ္တေန - အတိုအကျဉ်း လိုရင်းကို ခြုံ၍ ပြောရပါမူ၊
ပဉ္စ - မျက်စိ နား နှာ လျှာ ကိုယ်တည်းဟူသော ငါးခုတို့တွင်၊
ဥပါဒါနက္ခန္ဓာပိ - စွဲလမ်းခြင်း ဥပါဒါန်နှင့်တကွ ဖြစ်ရှိနေသော ခန္ဓာကိုယ်ကာယ တို့သည်လည်း၊
ဒုက္ခာ - ဆင်းရဲခြင်းအကျိုး ဖြစ်၍ နေလေ၏၊ (အဘိဓမ္မာ ဆရာစိန်၏ “အတ္တဝါဒနှင့် တာဝတိံသာအဘိဓမ္မာ” စာအုပ်၊ နှာ- ၁၀၉၊ ၁၁၀၊ ၁၁၁)
(ဃ) အယမေဝ သော အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ။
သော - ထိုကဲ့သို့ ကြံစရာ စည်စရာ ပူစရာ ပင်စရာ ဆွေးစရာ အေးစရာ ချုပ်ငြိမ်းစရာ အဖြာဖြာတို့သည်၊
အယမေဝ - ယခုပစ္စက္ခ၌ လက်ငင်းဒိဋ္ဌ ကြုံတွေ့နေရသည့် အခိုက်တွင်
အရိယော - အစွဲဥပါဒါန် ချေးညှော်တို့၏ သန့်ရှင်းခြင်းကို အလိုရှိကြကုန်သော လူသားအပေါင်းတို့သည်၊
အဋ္ဌင်္ဂီကော - အင်္ဂါရှစ်ပါးရှိသော၊
မဂ္ဂေါ - ကျင့်အပ်သော တရားတို့ပေတည်း၊ (အဘိဓမ္မာ ဆရာစိန်၏ “အတ္တဝါဒနှင့် တာဝတိံသာအဘိဓမ္မာ” စာအုပ်၊ နှာ- ၁၀၄)
၆။ ဘုရားတပည့်တော်များ ယခုတင်ပြလျှောက်ထားခဲ့သော အချက်များသည် အနည်းငယ် အမြွက်မျှသာ ဖြစ်ပါသည် ဘုရား၊ ဤအချက်များကို ထောက်ဆဆင်ခြင်ပါက တောင်တွင်းကြီးဥက္ကဋ္ဌနှင့် သူ၏ အပေါင်းပါများ ဖြစ်ကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များ၊ ရွှေအဘိဓမ္မာဝါဒီများသည် မိမိတို့၏အလိုဆိုးကို အခြေခံ၍ ဘုရားရှင်၏ ပါဠိတော်အချို့ကို အလွဲလွဲအချော်ချော် အဓိပ္ပာယ်ယူဆပြီး ဘာသာဝင်များ အထင်အမြင်မှားအောင် လှည့်စားကာ ရေးသားဟောပြောလျက် သာသနာတော်ကြီးကို ဖျက်ဆီးနေကြကြောင်း အလွန်ပင် ထင်ရှားပါသည်၊ ထိုပုဂ္ဂိုလ်တို့၏ ရေးသားဟောပြောချက်များသည် ဘုရားရှင်၏ အလိုတော်နှင့် ဆန့်ကျင်နေသောကြောင့် ဓမ္မဝါဒ မဟုတ်၊ အဓမ္မဝါဒစစ်စစ်သာ ဖြစ်ကြောင်း လျှောက်ထားပါသည် ဘုရား။
စောဒနာ အမှတ် (၁၈)
၁၈။ အတ္တနောမတိ မိမိထင်ရာပြောဆိုသည့် လက်ဖြစ်စကားများဖြင့် ဘုရားမဟောသည်ကို ဘုရားဟောဖြစ်လေဟန် လိမ်ညာရေးသား ပြောဟောမှုနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား -
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သံယောင်နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသူတို့သည် ဗုဒ္ဓမြတ်စွာ၏ ရွှေနှုတ်တော်ထွက် ဖြစ်သည့်အနက်နှင့် ပြည့်စုံခြင်းဂုဏ်၊ သဒ္ဒါနှင့် ပြည့်စုံခြင်းဂုဏ်၊ ဖြည့်စွက် နုတ်ပယ်ဖွယ်မရှိ အလုံးစုံပြည့်စုံခြင်းဂုဏ်၊ အလွန်စင်ကြယ်သောဂုဏ်တို့နှင့် ပြည့်စုံသော ပါဠိတော်များကို အလွယ်တကူ ပယ်ရှားရမှာ မကြောက်သလို လိင်မမှန် ဝုစ်မမှန် သဒ္ဒါမမှန် အနက်မမှန် ကလိန်ဉာဏ်ဖြင့် တောက်တီးတောက်တဲ့ဆိုထားသော ပါဠိများကို ဘုရားဟောပါဠိဖြစ်လေဟန် လိမ်ညာ ဖြီးဖြန်းရမှာလည်း မရှက်ကြပါ ဘုရား။
၂။ သူတို့၏ လက်ဖြစ်ပါဠိများကို သူတို့၏အနက်နှင့် တွဲဖက်တင်ပြပါမည် ဘုရား
(က) လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ-ဟူ၍ ဘဒ္ဒေကရတ္တသုတ်၌ ကစ္စာယနဂေါတ္တမထေရ်ကို ဗုဒ္ဓရှင်ဟောခဲ့သည့် လောကဟူသည် ရှိသည်ဟု စွဲယူက ရှိ၏၊ မရှိဟု ပြတ်ကလည်း မရှိဟု ဆိုထား၏၊ (လူသေလူဖြစ်ပြသနာ-၁၇) (၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ်အဖွင့်)
၃။ သီလက္ခန်ပါဠိတော်မှာ ဗုဒ္ဓကို ကစ္စာယနဂေါတ္တမထေရ်က မေးလျှောက်သည်၊ “ရှင်ဂေါတမ ဤသတ္တဝါသေပြီးမှ တစ်ဖန် ပြန်၍ ဖြစ်ပါသေးသလား” ဟု မေးလျှောက်ရာ ဗုဒ္ဓက “ကစ္စာယန ... လောကသမုဒယဉ္စအတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ” ဟူ၍သာ နောက်တစ်ဖန် ဖြစ်သေးသည်ဟု စွဲနေရင် သင့်စိတ်မှာ ဖြစ်နေသည်၊ မစွဲရင် သင့်စိတ်မှာ ဖြစ်၍ မနေဟုသာ အစွဲဥပါဒါန်ကိုပြလျက် အဖြေပေးခဲ့လေသည်။ (နတ်နှင့်ငရဲ ဘယ်မှာလဲ-၂၂)
မှတ်ချက်။ ။ ဤအဓိပ္ပာယ်သည် သီလက္ခန်ပါဠိတော်၌ မပါ၊ လိမ်ထားသော စကားသာ ဖြစ်သည်။လောကသမုဒယဉ္စအတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ၊ ပြတ်လျှင်လည်း မရှိဟု သံယုတ်ပါဠိတော် ကစ္စာယနဂေါတ္တမထေရ်ကို ဟောသောတရား၌ အတိအလင်းဆိုထားချက်အရ ဥပါဒါန်အစွဲသာလျှင်ဖြစ်ကြောင်း ရှင်းနေသည်။
(ခ) ဥပါဒါနက္ခန္ဓာပိ ဒုက္ခ၊ အနုပါဒါနက္ခန္ဓာပိ နိရောဓ၊ (ဗုဒ္ဓဝါဒပြသနာများ စာအုပ်-၂၇)
မှတ်ချက်။ ။ ဤပါဠိလည်း လုပ်ထည့်သော ပါဠိဖြစ်၏၊
(ဂ) နိရယံ ဘိက္ခဝေ ဒေသေဿာမီတိ တံ သုဏာထ ဘိက္ခဝေ နိရယံ၊ သဘာဝေ ဥပ္ပါဒေါ နိရယော။ ဘိက္ခဝေ၊ သံသရာဘေး လာမည့်ရေးကို မြော်တွေးထောက်ရှု အို ... ဘိက္ခုတို့။ နိရယံ၊ ငရဲကို။ ဒေသေဿာမိ၊ ဟောပေအံ့။ တုမှေ၊ သင်တို့သည်။ သုဏာထ၊ နားထောင်ကြကုန်လော။ သဘာဝေ၊ သဘာဝလေးပါး၌။ ဥပ္ပါဒေါ၊ အလွန် အလိုတဏှာတရားစွဲလမ်းခြင်းသည်။ နိရယော၊ နိရယမည်၏၊
(ဃ) အပါယံ ဘိက္ခဝေ ဒေသေဿာမီတိ တံ သုဏာထ ဘိက္ခဝေ အပါယံ၊ သဘာဝေ ဥပ္ပါဒေါ အပါယော။
(င) အဝီစိံ ဘိက္ခဝေ ဒေသေဿာမီတိ တံ သုဏာထ ဘိက္ခဝေ အဝီစိ၊ သဘာဝေ ဥပ္ပါဒေါ အဝီစိ။
မှတ်ချက်။ ။ ဤ (ဂ) (ဃ) (င) အမှတ်ပါ ပါဠိအားလုံးသည် ဘုရားဟောမဟုတ်ဘဲ ဘုရားဟောလုပ်ထည့်ထားသော ပါဠိ များသာ ဖြစ်သည်။
(စ) န တေန သော ဘိက္ခု၊ ယာဝတာ ဘိက္ခဝေ ပရေ။ ဝိသံ ဓမ္မံ သမာဒါယ၊ ဘိက္ခု ဝုစ္စတိ န တာဝတာ။
(ဆ) ယဿ နတ္ထိ ဂဟိတံ အယံ သဿတော (ဗုဒ္ဓရှင်က ဟောသွားတယ်) ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ နတ္ထိ၊ ပင်ကိုက မရှိတဲ့ တရားတွေကို။ ဂဟိတံ၊ ခန္ဓာကိုယ်မှာ အရှိထင်ပြီး စွဲလမ်းခြင်းသည်။ သဿတော၊ သဿတ မည်ပါပေ၏၊
(ဇ) ယဿ နတ္ထိ မုဉ္စိတဗ္ဗံ အယံ ဥစ္ဆေဒေါ။
ယဿ ပုဂ္ဂလဿ၊ အကြင်ပုဂ္ဂိုလ်အား။ နတ္ထိ၊ မရှိတဲ့သဘောတရားကို။ မုဉ္စိတဗ္ဗံ၊ ကုန်အောင်လုပ်နေတယ်။ ဥစ္ဆေဒေါ၊ ထမင်းအငတ်ခံနေတယ်၊ အညောင်းခံနေတယ်၊ အတ္တကိလမထာနုယောဂ ဥစ္ဆေဒ လမ်းစဉ်ပဲ။
မှတ်ချက်။ ။ အထက်ပါစကားတို့သည် ဘုရားဟော မဟုတ်ပါ၊ မုသာဝါဒများသာတည်း။
(စျ) နတ္ထိ ကိလေသေ ပဟာနာတိ။ နတ္ထိ ကိလေသ၊ ပင်ကိုက မရှိတဲ့ ကိလောသာတွေကို။ ပဟာနာတိ၊ ပယ်ကြကုန်လော့။
(ည) အဇာတာ ယေဝ န ဇာယန္တိ။ အဇာတာ ယေဝ၊ ပင်ကိုကမရှိတဲ့ ကိလေသာတွေကို။ န ဇာယန္တိ၊ မဖြစ်အောင် လုပ်ကြ၊ ပင်ကိုက မရှိတဲ့ ကိလေသာတွေကို မဖြစ်အောင်နေခြင်းဟာ နိရောဓ၊ ဒါ နိဗ္ဗာန်။ (ရွှေအဘိဓမ္မာ ရခိုင်ပြည် တိတ်ခွေ-ဘီ)
မှတ်ချက်။ ။ ဤ (စျ) (ည) ပါ စကားသည် အဓမ္မဝါဒဖြစ်သော ကျောက်သင်္ဘောဝါဒမျိုးဖြစ်သည်။ အနက်လိမ်ပေး ထားခြင်းဖြစ်သည်။
(ဋ) အနိယျာနိကံ သမ္ဖပ္ပလာပေါ။
အနိယျာနိကံ၊ သံသရာဝဋ်မှ ထွက်မြောက်ကြောင်းမဟုတ်တဲ့ ဇာတ်၊ အဋ္ဌကထာ၊ ဗုဒ္ဓဝင်၊ ဝေဿန္တရာ စသည်ကို ဟောပြောခြင်းသည်။ သမ္ဖပ္ပလာပေါ နာမ၊ သမ္ဖပ္ပလာပ မည်၏၊ (ရခိုင် ဦးကျော်တင့် တိတ်ခွေ)
၄။ အထက်ပါ စကား၌ပါရှိသော ပါဠိအနက်သည် ဘုရားဟောမဟုတ်၊ ပါဠိခုတုံးလုပ်ပြီး ပရိယတ္တိသာသနာကို ပယ်ခြင်းသာ ဖြစ်သည်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်ဆိုသူတို့၏ စကားမျိုးသည်သာ သမ္ဖပ္ပလာပ ဖြစ်ရုံမက မိစ္ဆာစကားများ ဖြစ်လေသည်။ ဘုရားဟော ပါဠိအဖြစ် ရေးသားပြောဟောကာ ရိုးသားသော ဘာသာဝင်ပုဂ္ဂိုလ်တို့အား လိမ်လည်လှည့်ဖြားခဲ့ကြသည်။
၅။ ဤသို့ဆိုလျှင် ဦးဥက္ကဋ္ဌ၏ သံယောင်နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသူတို့သည် ဘုရားမဟောသည်ကို ဘုရားဟောလုပ်ကာ အရှက်မရှိ လိမ်ညာရေးသားပြောဟောကြပါသည် ဘုရား။
၆။ သူတို့သည် တထာဂတံ အဘူတေန အဗ္ဘာစိက္ခတိ-ဒေသနာအရ ဘုရားရှင်ကို မဟုတ်မမှန်သောအားဖြင့် လုပ်ကြံ စွပ်စွဲကြသူများဖြစ်ကြရကား အတ္တာနံ ခဏတိ၊ ဗဟုံ စ အပုညံ ပသဝတိ-ဒေသနာတော်အရ မိမိကိုယ်ကို တူးဖြိုဖျက်ဆီးပြီး အကုသိုလ် တရားဆိုးများ တိုးပွားစေသူများ ဖြစ်ကြပါသည် ဘုရား။
၇။ သို့ပါ၍ သူတို့၏ လက်ဖြစ်ပါဠိများသည် ဘုရားဟောပါဠိ မဟုတ်သည့်အပြင် ဘုရားဟောပါဠိနှင့် မလျော်လည်း မလျော်ရကား ဓမ္မမဟုတ်၊ အဓမ္မများသာ ဖြစ်ကြောင်း ရိုသေစွာလျှောက်ထားအပ်ပါသည် ဘုရား။
စောဒနာ အမှတ် (၁၉)
၁၉။ ဗုဒ္ဓမြတ်စွာဘုရားသခင် ၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်းခဲ့ဖူးသော ပါရမီတော်များကို လက်မခံရုံမျှမက ကြည်ညိုအားကျဖွယ်ရာကောင်းသော ဗုဒ္ဓ၏ဖြစ်တော်စဉ် ဗုဒ္ဓဝင်များကို မထေမဲ့မြင်ပြု၍ ပြောင်လှောင်ပြက်ချော် သရော်စော်ကား ရေးသားခြင်းနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၁။ ကံတရားကိုပစ်ပယ်ပြီး ၃၁-ဘုံဝါဒကို လက်မခံကြသော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့သားများနှင့်တကွ လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏နောက်လိုက်တို့သည် ဗုဒ္ဓဘုရားသခင်အား သာမန်လူသား တစ်ယောက်ထက်ပို၍ အထင်မကြီးကြပါ ဘုရား။ ဗုဒ္ဓကို ဥက္ကဋ္ဌနှင့် တန်းတူထားပြီး လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်းခဲ့သော ပါရမီတော်များကိုလည်း သူတို့လက်မခံကြပါ ဘုရား၊ ဗုဒ္ဓဘုရားသခင်၏ ကြည်ညိုအားကျဖွယ်ရာကောင်းသော ဗုဒ္ဓဝင်အဖြစ်တော်များကိုလည်း သူတို့တတွေ လက်မခံကြပါ ဘုရား၊ လက်မခံရုံမျှမက ဘာသာမဲ့ ရုပ်ကြမ်းဝါဒ သမားများပီပီ ဗုဒ္ဓဝင်ကို ထော်လော်ကန့်လန့် ဝါဒဖြန့်၍ ပြောင်လှောင်ပြက်ချော် သရော်စော်ကား ပြုလုပ်ရေးသားကြပါသည် ဘုရား။
၂။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ မှောင်ခိုထုတ်ဝေသော အတွဲ-၁၊အမှတ်-၄၊ သစ္စာဓမ္မစာစောင် နှာ-၁၃ တွင် ဘုရားသခင်၏ ဗုဒ္ဓဝင်နှင့်စပ်လျဉ်းသော အကြောင်းအရာများကို အချက်ပေါင်းများစွာတို့ဖြင့် စော်စော်ကားကား ရေးသားထားပါသည် ဘုရား၊ သိသာရုံမျှ ကောက်နုတ်ဖော်ပြပါမည် ဘုရား။
(က) ဗုဒ္ဓဝင်၌ ဗုဒ္ဓလောင်းလျာသိဒ္ဓတ္ထကုမာရမျှ မမွေးသေးမီကပင် ထိုနတ်ဗြဟ္မာတို့က ဒိဗ္ဗစက္ခုရပြီး ဘုရားလောင်း သေတကေတုနတ်သားရှိရာ တုသိတာနတ်ပြည်တွင် စုဝေး၍ ဘုရားအဖြစ်ပွင့်ရန် သန္ဓေယူပါမည့်အကြောင်း ဝိုင်းဝန်း တောင်းပန်ကြသည် ဟု ဆိုထား၏၊ ဘုရားလောင်း နတ်သားကိုယ်တိုင်က မသိသော ကိစ္စကို သူတို့က ကြိုတင်ပြီး ဘုရားဖြစ်မည့်သူပါဟု သိနှင့်ပြီးလိုလို တစ်ဆင့်တစ်လုံး တင်စီးထားလိုက်ကြသည်။
ဟူ၍လည်းကောင်း၊
မှတ်ချက်။ ။ သေတကေတုနတ်သားက မသိ၍မဟုတ်၊ “မသိသောကိစ္စ”ဟု ရေးခြင်းသည် ရမ်းခြင်းသာဖြစ်သည်။
(ခ) ဝိုင်းဝန်းတောင်းပန်ကြသည်ဆိုသော စကားလုံးကား သေးသေးကွေးကွေးကိစ္စမဟုတ်၊ ကိုယ့်ကိုယ်ကို သတ်သေရန် တိုက်တွန်းကြသော အဓိပ္ပာယ်ထွက်၏၊ သေတကေတု နတ်သားကလေးခမျာ တစ်ဖက်ငါးရာနှင့် နတ်စည်းစိမ် ခံစားနေခွင့်ပင် မရ၊ သူတို့ တိုက်တွန်းသည့်အတိုင်း လက်ကတီးကြားက ချွေးယိုစီးကာ မှိုင်တွေကျလျက် စုတေခဲ့ရသည် ဆို၏၊
ဟူ၍လည်းကောင်း၊
မှတ်ချက်။ ။ ဤစကားမှာ ရေးသူ၏ မနောဆိုး သဘောဆိုး ပေါ်နေ၏၊
(ဂ) တဖန် မယ်တော်မာယဒေဝီထံ၌ သန္ဓေမှီးမည့်အကြောင်း အိပ်မက်ပေးခန်းဖွင့်ဆိုရာ၌မူ နတ်သားလေး လှလှ ပပအဖြစ် အိပ်မက်မပေး၊ အဟိတ်တိရစ္ဆာန် ဆင်ကြီးအဖြစ် အိပ်မက်ပေး၍ ဝင်ရောက် သန္ဓေယူစေသည်။
ဟူ၍လည်းကောင်း၊
မှတ်ချက်။ ။ လောကရေး မလိမ္မာ၍သာ ဆင်ဖြူတော်ကို ရှုတ်ချရေးသားခြင်း ဖြစ်သည်။
(ဃ) ဗုဒ္ဓရှင်တော်၏ သဗ္ဗညုတဉာဏ်တော်ကို အစော်ကားဆုံးကား သဂါထာဝဂ္ဂသံယုတ်ပါ နတ်သုတ်ပေါင်းများစွာပင် ဖြစ်သည်။
ဟူ၍လည်းကောင်း၊
(င) ယင်း သဂါထာဝဂ္ဂသံယုတ်၊ စာမျက်နှာ-၄၆-တွင် ပါသော တာယနသုတ်မှာကား တဏှာကုန်၍ ဘုရားပင် ဖြစ်နေပြီ ဖြစ်သော ဗုဒ္ဓရှင်ကိုပင် တဏှာကို ဖြတ်ပါလော့၊ ကိလေသာကာမဝတ္ထုတို့ကို ပယ်ပါလော့ စသည်ဖြင့် လာ၍ဆရာလုပ်ပြန်သည်၊ ဘုရားက နတ်၏တရားကို နာလိုက်ရဘိသို့ ဖြစ်ရုံမျှမက ရဟန်းတို့အားပင် ထိုတာယန နတ်သား၏ ဟောပြောချက်ဂါထာကို ပို့ချပြီး သင်ယူစေရသည်ဟု ဆိုထားချေသည်။
ဟူ၍လည်းကောင်း၊
(စ) မြတ်စွာဘုရားသည် (၇)ဝါမြောက်၌ တာဝတိံသာနတ်ပြည်သို့ ကြွ၍ မယ်တော်ဖြစ်ခဲ့သော သန္တုဿိတ နတ်သားကို တစ်ဝါတွင်းလုံး တရားဟောတော်မူသည်ဟု ဆိုရာဝယ် မယ်တော်ဖြစ်သော သန္တုဿိတနတ်က သားတော် ဘုရားရှင်အား တစ်ကြိမ်တစ်ခါမျှ ဆွမ်းကျွေးသည်ဟု မတွေ့ရ။
ဟူ၍လည်းကောင်း၊
(ဆ) မြတ်စွာဘုရားသည်သာ တောင်ကျွန်း မြောက်ကျွန်း အနောက်ကျွန်းများသို့ကြွ၍ ဆွမ်းခံဘုဉ်းပေးနေရသည်ဟု တွေ့ရသောအခါ မယ်တော်နတ်သားသည် သားတော်ဘုရားရှင် ဗုဒ္ဓဂေါတမကို တော်တော်ပင် နေအားနေစိမ့် ရှိတော်မူလှပါဘိ။ (၄င်း-၁၄၊၁၅)
ဟူ၍လည်းကောင်း၊
အမျိုးမျိုးအဖုံဖုံ မိစ္ဆာသူပုန်ပီသစွာ အမနာပ ပြော၍ ဝေဖန်ပုတ်ခတ်ထားပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား -
၃။ သမ္မာဒိဋ္ဌိသုတေသနအမည်ကို ခံယူထားသော လူတန်းစားတို့သည် ရိုးဖြောင့်မှန်ကန်သော ဗုဒ္ဓဘာသာများ မဟုတ်ကြောင်း သူတို့၏ အတွင်းဆိုးဖြင့် ရေးသားထားသောစာများက သက်သေခံလျက် ရှိပါသည်ဘုရား၊ သူတို့၏ အရေးအသား အပြောအဟော များသည် ဇာတ်သိမ်းသွားကြပြီဖြစ်သော ပဲခူးရိုးမပေါ်မှ တောခိုကွန်မြူနစ်များ၏ အပြောအဆိုနှင့် တစ်ထပ်တည်း ချွတ်စွပ်တူနေပါသည် ဘုရား၊ သို့ဖြစ်၍ သမ္မာဒိဋ္ဌိသုတေသနဆရာတို့သည် ဗုဒ္ဓဘာသာကို ပူးသတ်စနစ်ဖြင့် ဖျက်ဆီးနေကြသော အဓမ္မဝါဒီများ ဖြစ်ကြောင်း သေချာပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၄။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ကိုယ်ပွား ကိုယ်စားဖြစ်သောရခိုင်ပြည်နယ်မှ ရွှေအဘိဓမ္မာအမည်ခံ သမ္မာဒိဋ္ဌိသုတေသန လူရမ်းကားတို့ကလည်း သူ၏ဆရာကြီးများနည်းတူ ဗုဒ္ဓဝင်ကို အောက်ပါအတိုင်း ပြက်ရယ်ပြု၍ စော်ကားကြပြန်ပါသည် ဘုရား။
(ဇ) ဂေါတမအလောင်းအလျာက ကြီးကျယ်သော အံ့ဖွယ်များကိုပြခဲ့သည်ဟု ဇာတ်တော် ငါးရာငါးဆယ်တွင် ရေးသားထားပါလျက် ကျန်သေးသည်ဆိုသော အရိမေတ္တေယျအလောင်းမှာ ယနေ့တိုင် မည်သည့်အံ့ဖွယ်ကိုမျှ ပြသည်ဟူ၍ ဤကမ္ဘာပေါ်မှာ မတွေ့ရခြင်းမှာ အရိမေတ္တေယျဟူ၍ မကျန်၍လော၊ ဂေါတမလောင်း ပြခဲ့သည်ဆိုသော ဇာတ်တော် ငါးရာငါးဆယ်စာမှာ ဒဏ္ဍာရီလော၊ စဉ်းစားဝေဖန်ရန် မလိုဘူးလော။ (ရွှေအဘိဓမ္မာကြေငြာချက် အမှတ်-၅)
(စျ) ညောင်တစ်ပင်မှာ အမည်မသိသူတစ်ဦးက ပေးလိုက်၍ မယ်တော်မာယာတွင် သိဒ္ဓတ္ထကို သန္ဓေရသည်ဟုဆိုသော ဗုဒ္ဓဝင်ကျမ်းစာအရ ဆိုသူ လွန်သလား၊ ဗုဒ္ဓဝင်ကို ရေးသူ လွန်သလား။ (ရွှေအဘိဓမ္မာကြေငြာချက် -၄၇)
(ည) ဘုရားလောင်း သေတကေတုနတ်သားအား နတ်ဗြဟ္မာအပေါင်းတို့က တောင်းပန်၍ မယ်တော်မာယာ၏ ဝမ်းတိုက်ထဲဝင်ရသည်ဟု ဆိုသော ဗုဒ္ဓဝင်ကျမ်းစာအရ မှန်ပါက သုဒ္ဓေါဒနကို ဖခင်အရင်းမဟုတ်ဟု ဆိုလျှင် ဆိုသူ မှားမည်လား။ (ရွှေအဘိဓမ္မာကြေငြာချက် -၇၅)
(ဋ) ဘုရားအလောင်းဖွားမြင်သောအခါ အကျိုးအကန်းမှစ၍ ဒုက္ခိတအားလုံး ပကတိအကောင်း ဖြစ်နေကြသည်၊ နတ်ပြည် ငရဲပြည်တို့ကိုပင် ဟင်းလင်းမြင်ကြသည်ဟု ဗုဒ္ဓဝင်မှာ ပါရှိပါလျက် ဤကမ္ဘာ့သမိုင်းတွင် မတွေ့မြင်ရ ခြင်းမှာ ဗုဒ္ဓဝင်ကျမ်းက မမှန်၍လော၊ သမိုင်းဆရာတို့က မသိလိုက်ကြ၍လော။ (ရွှေအဘိဓမ္မာကြေငြာချက် -၇၆)
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား -
၅။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများနှင့် ထိုအဖွဲ့၏လောင်းရိပ်ကို အမိခံနေရသော ဘာသာမဲ့ ရုပ်ကြမ်းဝါဒသမားတို့၏ အရေးအသား အပြောအဟောများသည် ဗုဒ္ဓဘုရားသခင်၏ ပါရမီတော်များနှင့် ဗုဒ္ဓအဖြစ်တော်များကို မှတ်တမ်းတင်ထားသော ဗုဒ္ဓဝင်ကို ပြောင်လှောင်ပြက်ချော် သရော်စော်ကားထားပါ၍ အဓမ္မဝါဒသက်သက်သာဖြစ်ကြောင်း ဆုံးဖြတ်ပေးပါရန် လျှောက်ထားအပ်ပါသည်။
စောဒနာ အမှတ် (၂၀)
၂၀။ ထေရဝါဒလာ သံဂါယနာ ၆-တန်ကို ပေါ့ပျက်သေးသိမ်အောင် ဟောပြောဆွေးနွေး ရေးသားထိုးနှက်လျက် သာသနာဖျက်လုပ်ရပ်များ လုပ်ကိုင်နေကြမှုနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၁။ ဘုရားတပည့်တော်တို့၏ ဗုဒ္ဓမြတ်စွာသာသနာတော်တွင် ယနေ့အထိ ဆရာစဉ်ဆက် ပုဒ်ပါဌ်မပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသော ထေရဝါဒပိဋကတ်တော်များကို ဆဠဘိည ပဋိသမ္ဘိဒါပတ္တ တိပိဋကဓရ ဖြစ်တော်မူကြကုန်သော အရှင်မဟာကဿပ စသော မထေရ်မြတ်ကြီးများ ကိုယ်တိုင် ကြီးကြပ်သုတ်သင်၍ သံဂါယနာ တင်ထားခဲ့ကြပါသည် ဘုရား။
၂။ သံဂါယနာတင်မှုကိစ္စသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တစ်ဖွဲ့အနေဖြင့် ကြိတ်ဝိုင်းလုပ်၍ ရစကောင်းသော ကိစ္စ မဟုတ်ပါဘုရား၊ သံဂါယနာတင်သမိုင်းကို အပြုသဘောဖြင့် ရိုးရိုးသားသား ကြည့်ကြမည်ဆိုလျှင် ညီညွတ်စုစည်း၍ ပိဋကတ္တယဆေက ပိဋကတ္တဝိဒူ ဖြစ်တော်မူကြကုန်သော လက်ရွေးစင် မထေရ်မြတ်ကြီးတို့ ဦးစီးဦးဆောင်ပြု၍ သာသနာပြုမင်းများနှင့် ပြည်သူလူထု၏ ပံပိုးကူညီမှုကိုရယူကာ လူသိရှင်ကြားပြုလုပ်ခဲ့သော သံဂါယနာ ၆-တန်ဖြစ်သည်ကို တွေ့ရမည် ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၃။ လူသေလူဖြစ်ဝါဒ ဦးဥက္ကဋ္ဌနှင့် ၎င်းဝါဒကို အသက်သွင်းပေးလျက် ရှိကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များနှင့် သံယောင်နောက်လိုက်တို့၏ သံဂါယနာ ၆-တန်နှင့် ပတ်သက်၍ မမှန်မကန် ဝေဖန်ရေးသားလျက် သာသနာဖျက်ဆီးနေကြပုံကို သက်သေအထောက်အထားအဖြစ် အမြွက်မျှ တင်ပြလျှောက်ထားပါမည် ဘုရား။
“လူသေလူဖြစ်စာအုပ်” စာမျက်နှာ (၁၁၈)နှင့် အစွဲပြုတ် တဲကုပ်ရွှေနန်းတော် စာအုပ်၊ စာမျက်နှာ (၆၈-၆၉)တို့တွင် -
“သူတို့သည် မိမိတို့နှင့် သက်ဆိုင်ရာ မုခပါဌ်တော်များကို သံဂါယနာ အထပ်ထပ်တင်ခြင်းဖြင့် မွမ်းမံပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြကုန်ပြီ၊ ဒါပေမယ်လို့ ထိုထိုသံဂါယနာတင်ပွဲတို့ကို အယူသည်းခေါင်းမာသူ တစ်ယူသန် ပုဂ္ဂိုလ်ထူးကြီးများက ကြီးစိုးလွှမ်းမိုးလျက် နေတဲ့အပြင် အမှားကိုပြင်ဆင်ရန်၊ ထည့်ပါဌ်ကို နုတ်ပယ်ပစ်ရန်(ဝါ)ပိုဖျက် လိုစွက်ပြုလုပ်ရန် စွမ်းရည်သတ္တိ သူတို့မှာ အပြည့်အစုံ မရှိခြင်းကြောင့် သူတို့၏ကြိုးပမ်းမှုများသည် စိတ်ကူးအဆင့်၌သာ စုတေခဲ့ကြရလေပြီ”
ဟူ၍လည်းကောင်း၊
အစွဲပြုတ် တဲကုတ်ရွှေနန်းတော် စာအုပ်၊ စာမျက်နှာ ၁၃၈-၁၃၉-တွင်
မည်မျှထူးချွန်သော ပုဂ္ဂိုလ်မှန်သမျှ ဘုရားစာပေကို ပြင်ဆင်မွမ်းမံရန်ဖြစ်စေ၊ သို့မဟုတ် ထပ်မံဖြည့်စွက်ရန်ဖြစ်စေ မစွန့်စားခဲ့ဖူးချေ၊ အကယ်၍ ရဲရဲဝံ့ဝံ့နှင့် စွန့်စားပြုစုစေကာမူ အောင်မြင်ရန် လမ်းစကား အမြဲတစေ ပိတ်လျက်သာ နေချေမည်၊ အဘယ်ကြောင့်နည်း၊ ဘာသာအသီးသီးဆိုင်ရာ ဘာသာဝန်ဆောင် ပုဂ္ဂိုလ်ကြီးတို့သည် မနည်းသော(ဝါ)ကြီးမားလှသော သဒ္ဓါ စေတနာ လုံ့လ ဝီရိယတို့ဖြင့် သက်ဆိုင်ရာ ဘုရားစာပေများကို မူရင်းမပျက် အဆက်ဆက်တည်မြဲဖြစ်စေရန် အတန်တန်သော သံဂါယနာ တင်ခြင်းတို့ဖြင့် စည်းသတ်စောင့်ထိန်းခဲ့သောကြောင့် ဖြစ်သည်၊ သို့ဖြစ်ရာ ဘုရားစာပေတို့သည် ဒုံရင်းအတိုင်းသာ တည်မြဲ နေကုန်၏၊
ဟူ၍လည်းကောင်း ရေးသားထားပါသည် ဘုရား။
ဤအရေးအသားများသည် သံဂါယနာ ၆-တန်ကို အသိအမှတ်မပြုလိုခြင်း၊ ဦးစီးခေါင်းဆောင် မထေရ်ကြီးများအား အယူသည်း ခေါင်းမာသူ တစ်ယူသန် ပုဂ္ဂိုလ်ကြီးများဟု စွပ်စွဲကဲ့ရဲ့ ပုတ်ခတ်ခြင်းဖြစ်၍ သံဂါယနာ ၆-တန်ကို ပြက်ရယ်ပြုကြောင်း ထင်ရှားပါသည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော်အရှင်မြတ်များ ဘုရား။
၄။ ၁၃၃၀-ခု နတ်တော်လဆန်း ၁၅-ရက် နေ့စွဲဖြင့်ထုတ်ပြန်ထားသော ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်၊ ပဉ္စနိကာယသုတေသီအဖွဲ့မှ ထုတ်ဝေဖြန့်ဖြူးသော ဗုဒ္ဓသာသနာသမိုင်း စာစောင် စာမျက်နှာ ၁၅-တွင် -
ဤ ဆဋ္ဌသံဂါယနာသည်လည်း သံဂါယနာတင်သည်ဟူသော အမည်မျှသာဖြစ်၏၊ အမှန်အားဖြင့် ပဉ္စမသံဂါယနာက စာပေအတိုင်း ပြန်လည်အတည်ပြုခြင်းသာဖြစ်လေရာ အတ္တ၊ အတ္တနိယနှင့် ဆက်နွယ်ထားသော ဗြာဟ္မဏလက်ရာများကို ပြုပြင် ပယ်ဖျက်ခြင်းကား မဟုတ်ချေ၊ သို့ဖြစ်ရာ တမလွန်မျှော် သဿတဝါဒမှာ ဗိုလ်ကျမြဲ ကျနေဆဲပင် ရှိနေသည်။
ဟူ၍ ရေးသားထားပါသည် ဘုရား။
ဤအရေးအသားသည် မြန်မာနိုင်ငံအပါအဝင် ထေရဝါဒနိုင်ငံများ တညီတညွတ်တည်း စုပေါင်းပြုလုပ်အပ်သော ဆဋ္ဌသံဂါယနာကို အတိအလင်း ပုတ်ခတ်ထားခြင်းဖြစ်ပါသည် ဘုရား၊ ဥက္ကဋ္ဌဝါဒီတို့က သူတို့လုပ်ချင်တိုင်း မလုပ်ရ၍ ဆဋ္ဌသံဂါယနာကို အသိအမှတ် မပြုကြောင်း ကြွေးကြော်လိုက်ခြင်းပင် ဖြစ်ပါသည်ဘုရား။
ဝိနည်းဓိုရ် ဆရာတော်အရှင်သူမြတ်တို့ ဘုရား။
၅။ ဦးဥက္ကဋ္ဌနှင့် သူ၏အပေါင်းအသင်း နောက်လိုက်နောက်ပါတို့သည် ထေရဝါဒဆရာစဉ်ဆက် အခိုင်အမာတင်ခဲ့သော သံဂါယနာ ၆-တန်ကို အသိအမှတ်မပြု၊ လက်ခံမှုမရှိသည့်အပြင် “ပဉ္စနိကာယ ဓမ္မသာကစ္ဆာ” အမည်ဖြင့် ဒေးဒရဲမြို့တွင် (၃)ကြိမ် တိုင်တိုင် ဆန့်ကျင်ဘက်များ ပြုလုပ်လျက် ၎င်းတို့၏ဝါဒကို ထူထောင်ကြပါသည် ဘုရား။
၆။ ယင်းဆွေးနွေးပွဲများကို ဦးဥက္ကဋ္ဌက ဦးစီးခေါင်းဆောင်ပြု၍ ဦးဥဇ္ဇောတိကက လက်ခံကျင်းပပါသည်၊ ၎င်းတို့၏ လူသေ လူဖြစ်ဝါဒနှင့် မကိုက်ညီသော ပိဋကတ်များကို ဟိန္ဒူဗြာဟ္မဏဟူသော စွပ်စွဲချက်ဖြင့် ပယ်ထုတ်ပစ်ပါသည် ဘုရား၊ သံဂါယနာ ၆-တန်ကို အံတုဖက်ပြိုင်သောအနေဖြင့် ခိုင်မာသောကျောက်တိုင်ကြီးတစ်ခုကိုလည်း ဒေးဒရဲမြို့၊ ကွင်းကျောင်းတွင် စိုက်ထူထားပါသည် ဘုရား၊ ၎င်းတို့၏ဝါဒများကိုလည်း ကျောက်တိုင်တွင် လေးဘက်လေးတန် ကမ္ဗည်းစာတမ်းထိုး၍ ထားပါသည် ဘုရား၊ ယင်းကျောက်တိုင်ကို လူသေလူဖြစ်ဆရာကြီး ဦးဥက္ကဋ္ဌအား ဂုဏ်ပြုသောအားဖြင့် ၁၃၄၀-ခု၊ နတ်တော်လဆုတ်(၁၁)ရက်၊ ၁၉၇၈-ခု၊ ဒီဇင်ဘာလ(၂၅)ရက်၊ တနင်္ဂနွေနေ့၊ ညနေ(၃)နာရီတိတိအချိန်တွင် စိုက်ထူခြင်းဖြစ်ပါသည်။ ထိုနေ့မှာ ဦးဥက္ကဋ္ဌ၏ ရုပ်ကလာပ်ကို စျာပနပြုလုပ်သည့်နေ့နှင့်တိုက်၍ တမင်ပြုလုပ်ကြောင်း သိရပါသည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော်အရှင်သူမြတ်တို့ ဘုရား။
၇။ ဦးဥက္ကဋ္ဌနှင့်တကွ သူ၏အပေါင်းအသင်း ရောင်းရင်းဖြစ်ကြကုန်သော ဦးဥဇ္ဇောတိကအပါအဝင် ရဟန်းရှင်လူတို့သည် ရှေးယခင်က တင်ခဲ့ပြီးသော သံဂါယနာ ၆-တန်အပေါ် အဘယ်မျှ မကျေမနပ်ဖြစ်ပြီး မှားယွင်းစွာသုံးသပ်ထားပုံကို “နိကာယ်၏ နိကာယ်သမိုင်း ကျောက်တိုင်” မှ စာတစ်ပုဒ်ကို ထုတ်နုတ်ကြည့်လျှင် သိနိုင်ပါသည် ဘုရား။
တတိယသံဂါယနာတင်ပွဲ၌ ပိဋကသုံးပုံဟူ၍ ဖြစ်လာသည်မှာ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် သူရေးထားသော ကထာဝတ္ထုကျမ်းကို ထည့်လို၍ အဘိဓမ္မာ ၇-ကျမ်းဟု တင်သွင်း သံဂါယနာတင်ခဲ့ကြဟန် ရှိလေသည်။
ဤတတိယသံဂါယနာ၌ အပြိုင်ဟူ၍ ထင်ရှားတင်ရန် အကြောင်း မပေါ်ပေါက်တော့ချေ၊ အဘယ့်ကြောင့်ဆိုသော် အသောကမင်းကြီးက အကွဲကွဲသော သံဃာများ၏ အလိုသို့လိုက်၍ အများကြိုက်ဖြစ်စေရန် စုပေါင်းပြီး တင်လိုက်သောကြောင့် ဖြစ်သည်၊ ပိဋကတ်မှာ ဤသံဂါယနာမှစ၍ ဗြာဟ္မဏဟောနှင့် ဗုဒ္ဓဟောတို့ အတိအလင်း တရားဝင် ရောထွေးလာတော့၏၊ ထေရဝါဒဂိုဏ်းတို့က မကျေနပ်သော်လည်း မင်း၏အာဏာကို မဆန့်ကျင်လိုသဖြင့် လိုက်လျောခဲ့ရ၏၊ ဤအမှား၏ဒဏ်ကို အစဉ်အဆက် သာသနာသမိုင်းတစ်လျှောက် အမွေခံခဲ့ရ၏၊ (နိကာယ်၏နိကာယ်သမိုင်းကျောက်တိုင်ရှိ အနောက်ဘက်မျက်နှာမှ-စာ)
ဝိနည်းဓိုရ် ဆရာတော်အရှင်မြတ်များ ဘုရား။
၈။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ အမွေအနှစ်ကို မြိန်ရည်ယှက်ရည် ခံယူကြကုန်သော ရဟန်းရှင်လူအချို့နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် ၎င်းတို့၏သဘောနှင့် မတိုက်ဆိုင်သော ပိဋကတ်များကို ဟိန္ဒူဗြာဟ္မဏဝါဒဟု စွပ်စွဲကာ အမျိုးမျိုး ပစ်ပယ်လေ့ ရှိကြပါသည် ဘုရား။
၉။ ဗုဒ္ဓဘာသာရဟန်းတော်များကိုယ်တိုင် ဖွင့်ဆိုရေးသားထားသော ထေရဝါဒပိဋကတ်တော်လာ သံဂါယနာသမိုင်းကို ပစ်ပယ်၍ နောက်မှပေါ်သော လူမျိုးခြား ဘာသာခြားတို့၏ အင်္ဂလိပ်မှတ်တမ်းများကိုကြည့်ကာ သံဂါယနာတင် သမိုင်းကြောင်းကို အမှားမှားအယွင်းယွင်း ရေးသားဖြန့်ဖြူးလျက် ရှိကြပါသည် ဘုရား၊ ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်၊ ပဉ္စနိကာယ သုတေသီအဖွဲ့မှ ၁၃၃၀-ခု၊ နတ်တော်လဆန်း ၁၅-ရက်နေ့ ထုတ်ပြန်သော “ဗုဒ္ဓသာသနာသမိုင်း”နှင့် “နိကာယ်၏ နိကာယ်” စာအုပ်တွင် သံဂါယနာသမိုင်းကြောင်းကို ထေရဝါဒပိဋကတ်နှင့် ဆန့်ကျင်စွာ ဖော်ပြထားသည်ကို အတိအလင်းတွေ့ရှိနိုင်ပါသည် ဘုရား။
၁၀။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သော ဦးကိုကိုလေးကလည်း သံဂါယနာတင် သမိုင်းကြောင်းကို လွဲမှားစွာ ဟောပြောခဲ့ပါသည် ဘုရား။
(၁) ပထမသံဂါယနာတင်။ ။ ဓမ္မနဲ့ဝိနယပဲ တင်တယ်၊ အဘိဓမ္မာ ၇-ကျမ်း မပါဘူး။ ပါဠိနဲ့လဲ တင်တာမဟုတ်ဘူး၊ ပါဠိလဲ မပေါ်သေးဘူး၊ စာနဲ့လဲ တင်တာ မဟုတ်ဘူး။
(၂) ဒုတိယသံဂါယနာတင်။ ။ ဓမ္မနဲ့ဝိနယပဲ တင်တယ်၊ အာဂုံရွတ်ဆိုကြတယ်၊ စာနဲ့လဲ တင်တာ မဟုတ်ဘူး၊ ပါဠိလဲ မပေါ်သေးဘူး၊ အဘိဓမ္မာ ၇-ကျမ်းလဲ မပါသေးဘူး။
အချိန်မကုန်အောင် အနည်းငယ် ကောက်နုတ်ဖော်ပြပါသည် ဘုရား။
(၃) တတိယသံဂါယနာတင်။။ ဓမ္မနဲ့ဝိနယပဲ တင်တယ်၊ စာနဲ့လဲ တင်တာ မဟုတ်ဘူး၊ အဘိဓမ္မာ ၇-ကျမ်းလဲ မပါသေးဘူး၊ ပါဠိလဲ မပေါ်သေးဘူး၊ အဲဒီမှာ ကျွန်တော်တို့ ကြည့်ရမယ်၊ အဘိဓမ္မာ ၇-ကျမ်း၊ ၆-ကျမ်းကတော့ နောက်မှပေါ်တာ၊ ကထာဝတ္ထု နောက်မှ ပေါ်တာ။ ပ။
(၄) ဘုရားသခင် ပရိနိဗ္ဗာန်စံပြီး ၄၉၇-နှစ်အကြာ သီဟိုဠ် ဒုဋ္ဌဂါမဏိမင်းလက်ထက်မှာ စတုတ္ထသံဂါယနာကို သီဟိုဠ်ဘာသာနဲ့ ပေထက်အက္ခရာတင်ပါတယ်၊ အဲဒီအထိ အဘိဓမ္မာ ၇-ကျမ်း မပါသေးဘူး၊ ဓမ္မနဲ့ဝိနယပဲ တင်ပါတယ်၊ ပေထက် အက္ခရာတင်ပါတယ်၊ ပါဠိလဲ မပေါ်သေးဘူး။ (သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုကိုလေး ဟောပြောချက် “သံဂါယနာတင်သမိုင်း” တိတ်ခွေအမှတ် ၁၂ - အေ-ဘက် မျက်နှာမှ)
စတုတ္ထသံဂါယနာတင်သည်ပင်လျှင် ရှေးဦးစွာ သီဟိုဠ်ဘာသာဖြင့် ပေထက်အက္ခရာတင်၍ နောက်မှ ပါဠိဘာသာကို ပြန်ဆို ရေးသားခဲ့ခြင်း ဖြစ်သည်။ (ဗုဒ္ဓဝါဒ အခြေခံသင်တန်း၊ သင်တန်းအမှတ် ၁-နှာ ၇၀)
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၁၁။ လူသေလူဖြစ်ဆရာကြီး၏ တပည့်များဖြစ်ကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များနှင့် ဒေးဒရဲ၊ ပဉ္စနိကာယ ဓမ္မသာကစ္ဆာ အမည်ခံ ပုဂ္ဂိုလ်တစ်စုတို့သည် အလွန် အာရဲလျှာရဲ နိုင်လှပါသည် ဘုရား၊ ၎င်းတို့သည် ဗုဒ္ဓဘုရားရှင်အား (ပါဠိမတတ်)ဟူ၍ ပြောဆိုကြသည့်အပြင် ဗုဒ္ဓမတညူ ကျမ်းပြုအကျော် အရှင်မဟာ ဗုဒ္ဓဃောသကိုလည်း အမျိုးမျိုးပင် အမနာပ ပြော၍ ဝေဖန်ကဲ့ရဲ့ ကြပါသည် ဘုရား။
၁၂။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုကိုလေး၏ ဟောပြောချက်ဖြစ်သော “သံဂါယနာတင်သမိုင်း” တိတ်ခွေအမှတ် ၁၂-အေ-ဘက် မျက်နှာတွင်-
“ပါဠိဆိုတဲ့ စကားလုံးလေးပေါ်တာနဲ့ ကျွန်တော်တို့ ဗုဒ္ဓဘုရားသခင်နဲ့ဟာ နှစ်ပေါင်း(၇၅၄) နှစ် ကွာပါတယ်၊ နို့ ဒါဖြင့် ဘုရား ဘာ ဘာသာနဲ့ ဟောသလဲ၊ မဂဓမ်လို့ခေါ်တဲ့ မာဂဓဘာသာနဲ့ ဟောပါတယ်။ ပ။ ဟိန္ဒူရယ်၊ သက္ကတရယ်၊ ပြာကရိုက်ရယ်၊ မာဂဓ ရယ် ၄-ခုပေါင်းပြီး မွေးဖွားလာတဲ့ ဥဇ္ဇေနီပြည်သုံး စကားကနေ ဆန်းသစ်ထားတဲ့ ပါဠိ၊ အေဒီ (၈၁)ခု ပေါ်ပါတယ်၊ သီရိကိတ္တိ သီရိဇယျမင်း လက်ထက်မှာ ပါဠိပေါ်ပါတယ်၊ ပါဠိတော်ကြီး ဘုရားဟောလုပ်ကြတယ်၊ အမှန်ကတော့ ကျွန်တော်တို့ဘုရား ပါဠိ မတတ်ပါဘူး”
ဟူ၍ ဟောပြောပါသည် ဘုရား၊ ဤသို့ဟောပြောခြင်းမှာ သဗ္ဗညုတဉာဏ်ကို စော်ကားခြင်းပင် ဖြစ်ပါသည် ဘုရား။
၁၃။ ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်၊ ပဉ္စနိကာယသုတေသီအဖွဲ့မှ ထုတ်ဝေဖြန့်ဖြူးသော “ဗုဒ္ဓသာသနာသမိုင်း” စာမျက်နှာ ၉-၁၀ တွင် အရှင်မဟာဗုဒ္ဓဃောသအား အောက်ပါအတိုင်း ဝေဖန်ပုတ်ခတ်ထားပါသည် ဘုရား။
ဗမာပြည် မူလဗုဒ္ဓသာသနာတွင် သီဟိုဠ် ဗုဒ္ဓဃောသတို့၏ အယူအဆများက လွှမ်းမိုးလာလေတော့သည်၊ ထိုမှနောက်ပိုင်း ဗမာပြည် ဗုဒ္ဓသာသနာသည် ဗုဒ္ဓဃောသသာသနာ၏ အောက်တွင် မှေးမှိန်သွားခြင်း ခံရလေသည်၊ ဗုဒ္ဓ၏ သစ္စာလေးပါးအခြေခံ အနတ္တဝါဒကြီးသည် အတ္တဒေသနာများ၏ အရောအယှက်ခံရ၏၊ ဗုဒ္ဓ၏ အနုပါဒါန လမ်းစဉ်သည် ဝဋ်သုံးပါးကို ပြန်လှည့်သော ဥပါဒါန်လမ်းစဉ်အဖြစ်သို့ ပြောင်းပြန်ဦးလှည့်လာတော့၏၊
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၁၄။ လူသေလူဖြစ်ဆရာကြီး တပည့်တစ်သိုက်သည် ၎င်းတို့အလိုဆန္ဒမကိုက်ညီသော ပိဋကတ်ကို မသန့်ရှင်း မစင်ကြယ် မပြတ်သားပါဟု ပြောဆိုရေးသားကြပြီး ၎င်းတို့စိတ်ကြိုက်တွေ့သော ပိဋကတ်များကိုသာ သန့်ရှင်းသည် စင်ကြယ်သည် ပြတ်သားသည်ဟု အတ္တဒိဋ္ဌိသမားများ ပီသစွာ ဟစ်အော်ကြွေးကြော်နေကြပါသည် ဘုရား၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ထုတ်ဝေသော အတွဲ(၁) အမှတ်စဉ် (၅) သစ္စာဓမ္မရေးရာ စာစောင် ခေါင်းကြီးပိုင်းတွင် -
ယနေ့ဗုဒ္ဓဝါဒီလောကသည် မူလ ဗုဒ္ဓရှင်တော်၏ ဆုံးမချက် သာသနာတော်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သော အာသဝေါတရား နယ်တွင်းတရားတို့ကိုသာ လေ့လာလိုက်စားနေကြသည်၊ ကံ ကံ၏ အကြောင်းအကျိုး ကွင်းဆက် သံသရာတွင်း၌သာ ပျော်မွေ့နှစ်သိမ့် နေကြလေသည်၊ ဤကား အခြားမဟုတ်၊ ယနေ့ ပိဋကတ်၏ မသန့်ရှင်း မစင်ကြယ် မပြတ်သားမှုတို့ကြောင့်ပင် ဖြစ်လေသည်။
ယခုမူ ၁၉၇၅-ခု၊ မတ်လ(၂၈)ရက်နေ့မှစ၍ မေလ(၁၀)ရက်အထိ ရက်ပေါင်း ၄၀-ကျော်မျှဖြင့် နိကာယ်ငါးရပ် တည်းဖြတ် သုတ်သင်တော်မူကြသော ဒေးဒရဲပဉ္စနိကာယ ဓမ္မသာကစ္ဆာသဘင် ဆင်ယင်၍ ပြီးမြောက်ပြီ ဖြစ်လေရာ ရှေ့အဖို့ အနာဂတ်သာသနာအတွက် စင်ကြယ်သန့်ရှင်း၍ အာသဝေါတရားစုမှလွတ်သော ဗုဒ္ဓ၏ အာဘောဂ ဓမ္မမှန်အတိုင်းသာ လက်ခံကြရတော့မည်ဖြစ်ကြောင်း ကြေညာလိုက်ရပေသည်။
ဟူ၍ ရေးသားထားပါသည် ဘုရား။
ဒေးဒရဲ၊ ဓမ္မသာကစ္ဆာအဖွဲ့၏ “နိကာယ်၏ နိကာယ်”များမှာ လူသေလူဖြစ်ဆရာကြီးနှင့် သမ္မာဒိဋ္ဌိသုတေသနခေါင်းဆောင်ပိုင်းတို့ အလိုကျ ထုတ်ပြန်ထားသော (ဖြုတ်၊ ထုတ်၊ ပယ်) တစ်ပိုင်းကြောင် နိကာယ်များ ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၁၅။ မြန်မာနိုင်ငံတွင် ထေရဝါဒသာသနာတော်ကြီးကို လူသေလူဖြစ်ဝါဒကို လက်ကိုင်ထားကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များနှင့် သံယောင်နောက်လိုက်သမားများက စာစောင်၊ စာအုပ်၊ တိတ်ခွေ၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ စသော နည်းအမျိုးမျိုးတို့ဖြင့် ဖျက်ဆီးလျက် ရှိကြပါသည် ဘုရား။ ၎င်းတို့၏ အပြုအမူ လုပ်ဆောင်ချက်များသည် သာသနာတော်အတွက် အလွန်အန္တရာယ် ကြီးမားလှပါသည် ဘုရား၊ ၎င်းတို့၏ အရေးအသား၊ အဟောအပြော၊ အပြုအမူအားလုံးသည် ဘာသာ သာသနာကို အန္တရာယ်ပေးမည့် အဆိပ်ရေသင့်သော အဆိပ်ပန်းများ ဓမ္မန္တရာယ်များသာဖြစ်၍ ဓမ္မမမီ၊ အဓမ္မဝါဒ၊ အဓမ္မဝါဒီများသာဖြစ်ကြောင်း ဆုံးဖြတ်တော်မူနိုင်ရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။
စောဒနာ အမှတ် (၂၁)
၂၁။ သံဂါယနာ ၆-တန်တင်ပြီး ဘုရားဟောပါဠိတော်အမှန်များကို လူသေလူဖြစ်ဝါဒနှင့် မကိုက်ညီပါက ဘုရားဟော မဟုတ်ဟူ၍လည်းကောင်း၊ ဟိန္ဒူဗြာဟ္မဏဝါဒ ဟူ၍လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များ အမြင်မှားအောင် လှည့်စား လိမ်ညာ၍ ဝါဒဖြန့်ခြင်းနှင့် ပတ်သက်သော စောဒနာချက်ပါ ဘုရား၊
သီးခြားဝိနည်းဓိုရ်ဆရာတော်များ ဘုရား -
၁။ လူသေလူဖြစ်ဦးဥက္ကဋ္ဌနှင့်တကွ သူ၏နောက်လိုက်များဖြစ်ကြကုန်သော် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသော လူတစ်စုတို့သည် လည်းကောင်း၊ ဦးဥက္ကဋ္ဌနှင့် ဝါဒတူဖြစ်ကြကုန်သော ဘက်တော်သား သင်္ကန်းဝတ်များသည် လည်းကောင်း၊ ထေရဝါဒ ပိဋကတ်တော်မှ ပါဠိတော်များကို သူတို့၏လူသေလူဖြစ် အဓမ္မရုပ်ဝါဒနှင့် မကိုက်ညီသည့်အတွက် ဘုရားဟောမဟုတ် ဟူ၍ လည်းကောင်း၊ ဟိန္ဒူဗြာဟ္မဏဝါဒတွေ ရောနေသည်ဟူ၍လည်းကောင်း၊ အမျိုးမျိုးစွပ်စွဲပြီး ဖြုတ်ထုတ်နုတ်ပယ်ခြင်း လုပ်ငန်းများကို အတင့်ရဲစွာ ပြုလုပ်လျက် ရှိကြပါပြီ ဘုရား။
၂။ လက်တွေ့မျက်တွေ့ ၎င်းတို့၏လုပ်ရပ်များကို ယခုတင်ပြပါမည် ဘုရား၊ ဦးဥက္ကဋ္ဌက မဟာနာယကလုပ်၍ ဒေးဒရဲ ဦးဥဇ္ဇောတိက က စူဠနာယကလုပ်ပြီး သူတို့စိတ်ကြိုက် ပြင်ဆင်တည်းဖြတ် ထုတ်ဝေသော “နိကာယ်၏ နိကာယ်” အမည်ရှိ စာအုပ်တွင် ဘုရားဟောပါဠိတော်များစွာကို အတိအလင်းထုတ်ပယ်ထားပါပြီ ဘုရား၊ ယခု ထိုစာအုပ်ကို ဤရုံးတော်သို့ သက်သေခံပစ္စည်းအဖြစ် တပည့်တော်များ ဆက်ကပ်ထားပြီဖြစ်၍ သေချာစွာ စစ်ဆေးတော်မူပါ ဘုရား။
(က) နိကာယ်၏ နိကာယ်စာအုပ်တွင် ဒီဃနိကာယ်၊ ဗြဟ္မဇာလသုတ်ကို ဘာသာပြန်ဆိုရာ၌ အပြည့်အစုံ မပြန်ဆိုသည့်အပြင် မုသာဝါဒသိက္ခာပုဒ်နှင့် ဖရုသဝါစာသိက္ခာပုဒ်များကို တမင်ဖြုတ်၍ ထားခဲ့ပါသည် ဘုရား၊ သီလက္ခန်ပါဠိတော်(၄) နှင့် နိကာယ်၏ နိကာယ်စာအုပ်၊ စာမျက်နှာ ၄၁-ကို တိုက်ဆိုင်ကြည့်ပါ ဘုရား)၊ ဤသို့ဖြုတ်ထားခြင်းမှာ သဘောရိုး မဟုတ်ပါ ဘုရား။
(ခ) ဒီဃနိကာယ်၊ ဗြဟ္မဇာလသုတ်၊ ဧကစ္စသဿတဝါဒကို ဘာသာပြန်ဆိုရာ၌ (ထိုသတ္တဝါတို့သည် အာဘဿရဘုံ၌ စျာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ ပီတိဟူသော အစာရှိကုန်၏၊ မိမိကိုယ်ပိုင် အရောင်အလင်း ရှိကုန်၏၊ ကောင်းကင်၌ သွားလာနိုင်ကုန်၏၊ တင့်တယ်သော ဥယျာဉ် ဗိမာန် ပဒေသာပင် ရှိကုန်၏၊ မဟာကပ် ရှစ်ကမ္ဘာပတ်လုံး တည်ကုန်၏၊) တေ တတ္ထ ဟောန္တိ မနောမယာ ပီတိဘက္ခာ သယံပဘာ အန္တလိက္ခစရာ သုဘဋ္ဌာယိနော စိရံ ဒီဃမဒ္ဓါနံ - ဟူသော ပါဠိတော်ကို ဖြုတ်ထားခဲ့ပါသည် ဘုရား။ (သီလက္ခန်ပါဠိတော်(၁၆)နှင့် နိကာယ်၏ နိကာယ်စာအုပ်၊ စာမျက်နှာ ၄၄- ကို တိုင်ဆိုင်၍ကြည့်တော်မူပါ ဘုရား။)
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၃။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ ဦးစီး၍ စူဠနာယက ဦးဥဇ္ဇောတိက ခေါင်းဆောင်တည်းဖြတ်သော ဒေးဒရဲ၊ ပဉ္စနိကာယ ဓမ္မသာကစ္ဆာအဖွဲ့သားများသည် ဘုရားဟောပါဠိတော်များကို ၎င်းတို့၏ဝါဒနှင့် မကိုက်လျှင် အတုံးလိုက် အတစ်လိုက် ဖြုတ်ပစ်လေ့ရှိပါသည် ဘုရား။ ဖြုတ်ပစ်ပါသည် ဘုရား။
(ဂ) နိကာယ်၏ နိကာယ် စာအုပ်တွင် သာမညဖလသုတ်ကို ဘာသာပြန်ဆိုရာ၌ သီလက္ခန်ပါဠိတော်(၇၃-မှ ၇၉-အထိ စာမျက်နှာ ၆-မျက်နှာတိတိ လုံးဝဖြုတ်ပယ်၍ ပြန်ဆိုထားပါသည် ဘုရား၊ ထို ဖြုတ်ထားသောစာများ၌ မနောမယိဒ္ဓိဉာဏ်၊ ဣဒ္ဓိဝိဓဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ စေတောပရိယဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်တို့ကို ပြဆိုထားသည့် ဘုရားဟော ပါဠိတော်တွေ တစ်လုံးမကျန် ဖြုတ်ပစ်ပါသည် ဘုရား၊ အသိဉာဏ်ကို သူတို့ လက်မခံကြပါ ဘုရား။
(ဃ) ကေဝဋ္ဋသုတ်ကို ဘာသာပြန်ဆိုရာ၌ ယာဝ ဗြဟ္မလောကာပိ ကာယေန ဝသံ ဝတ္တေတိ= ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ဖြင့် အလိုကို ဖြစ်စေ၏ ဟူသော ပါဠိကို “နိကာယ်၏ နိကာယ်”စာအုပ်၌ လုံးဝဖြုတ်၍ဘာသာပြန်ပါသည် ဘုရား၊ (နိကာယ်၏ နိကာယ် စာအုပ်၊ စာမျက်နှာ ၆၆-နှင့် သီလက္ခန်ပါဠိတော်(၂၀၆၊ ကေဝသုတ်ကို တိုက်ဆိုင်ကြည့်တော်မူပါ ဘုရား) ဗြဟ္မလောကာ=ဗြဟ္မာပြည်မှ ဟူသော ဝေါဟာရကို မျက်မုန်းကျိုး နေပုံ ရပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၄။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် နေရာတကာ သုတေသနလုပ်ချင်ကြသော သူ၏နောက်လိုက် သင်္ကန်းဝတ်တစ်စု လူတစ်စုတို့သည် ဗြဟ္မာကိုသာ မုန်းသည် မဟုတ်၊ တာဝတိံသာ စသော နတ်များကိုလည်း သူတို့ဝါဒနှင့်မကိုက်၍ ပါဠိတော်ထဲမှ ထုတ်ပယ်လိုက်ကြပါသည် ဘုရား။
(င) နိကာယ်၏ နိကာယ် စာအုပ်တွင် ကေဝဋ္ဋသုတ်ကို ဘာသာပြန်ဆိုရာ၌ သီလက္ခန်ပါဠိတော်(၂၀၈-မှ ၂၁၃-အထိ ဘူတနိရောဓေကဘိက္ခုဝတ္ထု=မဟာဘုတ်ရုပ်တို့၏ ချုပ်ငြိမ်းရာကိုရှာသော ရဟန်းဝတ္ထု တစ်ပုဒ်လုံးကို တစ်ခုမကျန် ဖြုတ်ထားကြပါသည် ဘုရား၊ ယင်းအခန်းတွင် တာဝတိံသာ စသော နတ်တို့၏ အကြောင်းများ ပါနေ၍ ၃၁-ဘုံပယ်သော ၎င်းတို့၏ဝါဒနှင့် မကိုက်သောကြောင့် ဖြုတ်ပစ်ကြပါသည်ဘုရား။
(နိကာယ်၏ နိကာယ် စာမျက်နှာ ၆၆-၆၇-နှင့် သီလက္ခန်ပါဠိတော် ကေဝဋ္ဋသုတ်ကို တိုက်ဆိုင် ကြည့်တော်မူပါ ဘုရား။)
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
၅။ ဒေးဒရဲ၊ ပဉ္စနိကာယ ဓမ္မသာကစ္ဆာအမည်တပ်ထားသော ဦးဥက္ကဋ္ဌဝါဒီတို့သည် ဘုရားဟောပါဠိတော်များကို ဖြုတ်ချင် တိုင်း ဖြုတ်၊ ပယ်ချင်တိုင်း ပယ်နေကြပါသည် ဘုရား။
သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများ ကြိုက်လှပါသည်ဆိုသော ကေသမုတ္တိသုတ် (ကာလာမသုတ်)ကိုပင် သူတို့လိုချင်ရာကွက်၍ ဘာသာပြန်ဆိုထားပါသည် ဘုရား၊ အပြည့်အစုံပြန်ရမည်ကို သူတို့ အလွန် လက်ရွံ့ကြပါသည် ဘုရား။
(စ) နိကာယ်၏ နိကာယ်စာအုပ်တွင် ကေသမုတ္တိသုတ်ကို ဘာသာပြန်ဖော်ပြရာ၌ ဗြဟ္မစိုရ်တရား လေးပါးကို ဖော်ပြသော ပါဠိတော်များကို တစ်ပုဒ်လုံးဖြုတ်၍ ဘာသာပြန်ဆိုကြပါသည် ဘုရား။ (နိကာယ်၏ နိကာယ်စာအုပ် စာမျက်နှာ ၁၈၄-၁၈၅နှင့် အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်ပါဠိတော် ၁၉၂-ကို တိုက်ဆိုင်၍ ကြည့်တော်မူပါ ဘုရား။)
၆။ ဗြဟ္မစိုရ်တရား ခန်းခြောက်သူများပီပီ ကေသမုတ္တိသုတ်ကို ဘာသာပြန်ဆိုရာ၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟု ဆိုအပ်သော ဗြဟ္မစိုရ်တရား လေးပါးအကြောင်းကိုမှ တမင်ကွက်၍ ချန်လိုက်ခြင်းသည် ရုပ်ဝါဒီအစစ်များဖြစ်ကြောင်း သူတို့ကိုယ် သူတို့ ဝန်ခံထားခြင်း ဖြစ်ပါသည် ဘုရား။
သီးခြား ဝိနည်းဓိုရ်ဆရာတော်များ ဘုရား -
လူသေလူဖြစ် ဦးဥက္ကဋ္ဌ ဦးစီး၍ တည်းဖြတ်သုတ်သင်ထားသော “နိကာယ်၏ နိကာယ်” တို့တွင် သူတို့အုပ်စု အလွန်ကြိုက် နှစ်သက်လှပါသည်ဆိုသော ကေသမုတ္တိသုတ်ကိုပင် လိုရာကွက်၍ မလိုရာကိုဖျက်ပြီး ဘာသာပြန်ထားသေးရာ အခြားပိဋကတ်တော်များကိုမူ အဘယ်မျှလောက် ဖြုတ်ထုတ် ပစ်ပယ်ထားမည်ဆိုသည်ကို စဉ်းစားရန်ပင် မလိုတော့ပါဘုရား၊ ယခု ရုံးတော်သို့ သက်သေခံအဖြစ် တင်ပြထားသော နိကာယ်၏ နိကာယ်စာအုပ်ကို အပြန်ပြန်အလှန်လှန် သုံးသပ်၍ အမှားအမှန် ဆုံးဖြတ်တော်မူပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား -
၇။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ အမွေအနှစ်ကို ဆက်ခံထားသော တောင်တွင်းကြီး နတ်မှီ ဦးဆန္ဒာဓိက၏ ပိဋကတ်ပယ်ပုံ အယူအဆကိုလည်း ထောက်ပြပါရစေ ဘုရား။
အတွဲ-၁၊အမှတ်-၅၊ သစ္စာဓမ္မရေးရာ (မှောင်ခို) စာစောင် နှာ-၂-တွင်
(ဆ) ထေရဝါဒကို ပထမသံဂါယနာတင်စဉ်က ဝိနယနှင့်ဓမ္မဟူ၍သာ ဖြစ်သည်၊ တစ်နည်းအားဖြင့် ပိဋကတ် ၂-ပုံဟူ၍သာ မှတ်ရ၏၊
(ဇ) နိကာယ်လေးရပ်သာလျှင် ပထမသံဂါယနာတွင် ထင်ရှားစေ၏၊ ခုဒ္ဒကနိကာယ်မှာ ဘုရားနှင့်အလွန်ကွာလှမ်းသော သီဟိုဠ် စတုတ္ထသံဂါယနာတွင်မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဤသို့ဆိုထားခြင်းကြောင့် အဘိဓမ္မာပိဋကအပါအဝင် ခုဒ္ဒကနိကာယ်ကို ဘုရားဟောအဖြစ် လက်မခံခြင်း ဖြစ်ပါသည် ဘုရား။
၈။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှထုတ်ဝေသော ဗုဒ္ဓဝါဒအခြေခံသင်တန်း၊ သင်တန်းအမှတ်စဉ် (၁) စာမျက်နှာ ၇၂-တွင် -
(စျ) ခုဒ္ဒကနိကာယ်မှာ အထက်ပါ နိကာယ်လေးရပ် ပေါ်ပြီးနောက် ကာလအတန်ကြာပြီးမှ ထွက်ပေါ်လာသော ကျမ်းစာများကို စုပေါင်းထားခြင်း ဖြစ်သည်။
ဟုဆိုထားပါသည်။
ခုဒ္ဒကနိကာယ်၊ ကျမ်းစာရင်း ၂၀-ဟု ပြဆိုထားပြီး၊ ယင်း ၂၀-တွင် -
(၁၉) ဘိက္ခုပါတိမောက်နှင့်
(၂၀) ဘိက္ခုနီပါတိမောက် -
ဟု ဖော်ပြထားပါသည်၊ ဘိက္ခုပါတိမောက်နှင့် ဘိက္ခုနီပါတိမောက်ကို ဝိနည်းပါဠိတော်၌ပါဝင်သည် ဆိုတာလောက်ကိုမှ မသိခြင်းမှာ အလွန် ရှက်ဖွယ်၊ ရယ်ဖွယ်ကောင်းလှပါသည် ဘုရား၊ ဦးဆန္ဒာဓိကနှင့်တကွ သမ္မာဒိဋ္ဌိသုတေသနဆိုသူများသည် ခုဒ္ဒကနိကာယ်ကို ပယ်လိုက်ခြင်းအားဖြင့် ဘုရားဟော ပါဠိတော် စာအုပ် ၄၀-ရှိသည့်အနက် နိကာယ်ကြီးလေးရပ်တွင် ပါဝင်သော ပါဠိတော် စာအုပ် ၁၂-အုပ်ကိုသာ ကွက်ယူသလို ဖြစ်နေပါသည် ဘုရား၊ ယင်းနိကာယ်ကြီး ၄-ရပ်ကိုလည်း အားလုံးလက်ခံခြင်း မဟုတ်ဘဲ ရုပ်ဝါဒနှင့်မကိုက်သော အချို့ပါဠိတော်များကို ဟိန္ဒူဗြာဟ္မဏဝါဒဟူသော ပုဒ်မတပ်ပြီး ဖယ်ထုတ်ပစ်ကြသည်မှာလည်း ကုန်သလောက် ဖြစ်နေပါပြီ ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား -
၉။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်ပုဂ္ဂိုလ်တို့သည် သူတို့ဝါဒနှင့် မကိုက်ညီသော ထေရဝါဒပိဋကတ်ရှိ ပါဠိတော်များကို ပထမတွင် နည်းနည်းဖြုတ်၍ စမ်းကြည့်ကြပါသည် ဘုရား၊ နောက်တစ်ဖန်အတင့်ရဲ၍ ပါဠိတော်အများစုကို ဖြုတ်ကြ ထုတ်ကြ ပယ်ကြ ပစ်ကြ ရစရာမရှိအောင် လုပ်ပစ်ကြပါသည် ဘုရား၊ ဦးဥက္ကဋ္ဌ၏တပည့်ကြီး သခင်မြတ်ဆိုင်ကမူ ဓမ္မစကြာ၊ အနတ္တလက္ခဏ၊ ပဋိစ္စသမုပ္ပါဒ် - ဤသုတ်သုံးခုကလွဲလျှင် ကျန်ပိဋကတ်များကို မီးရှို့ပစ်ချင်သည်အထိ မျက်မုန်းကျိုးနေပါသည် ဘုရား။
၁၀။ “လက်ရွေးစင်သီးသန့် ပိဋကတ်တော် ကောက်နုတ်ချက်များ” အမည်ရှိ စာအုပ် စာမျက်နှာ ၃-တွင် သခင်မြတ်ဆိုင်က ဘုရားဟော ပိဋကတ်ပါဠိတော်များကို ဖြုတ်ထုတ်ပစ်ပယ်ရေးအတွက် အောက်ပါအတိုင်း ကြုံးဝါးထားပါသည် ဘုရား။
(ည) ပိဋကတ်တော်ဟူ၍ ခေါ်ဆိုကြရာ၌ သုတ်အရေအတွက် စုစုပေါင်း (၃၄၈၈၈) ကျော်ရှိသည်၊ ယင်းအထဲ၌ မိုးပေါ် လက်ညှိုးထိုး၍မြှောက်၊ မြေကြီးထဲကို ညွှန်၍ခြောက် စသော သုတ်များတို့ကို အကုန်လုံး မီးလောင်ကုန်ကုန်၊ တစ်သုတ်တလေမျှပင် မကျန်ကျန်၊ ဤယခုသုံးသုတ် (ဓမ္မစကြာ၊ အနတ္တလက္ခဏ၊ ပဋိစ္စသမုပ္ပါဒ်) တည်းသာလျှင် ကျန်လျှင် သာသနာတော် မည်သည့်အခါမျှ မပျက်နိုင်ချေ-
ဟူ၍ ပြင်းပြင်းထန်ထန် ကြုံးဝါးထားပါပြီ ဘုရား။
၁၁။ ဦးဥက္ကဋ္ဌ၏ သာဝကများဖြစ်ကြကုန်သော သခင်မြတ်ဆိုင်နှင့်တကွ သမ္မာဒိဋ္ဌိသုတေသန ဆိုသူတို့သည် ဓမ္မစကြာ၊ အနတ္တလက္ခဏ၊ ပဋိစ္စသမုပ္ပါဒ် ဤသုတ်သုံးမျိုးကိုသာ သူတို့လက်ခံချင်ကြသည် ဆိုသော်လည်း ၎င်းတရားတော်များကို လက်တွေ့ကျင့်သုံးရန် မဟုတ်ဘဲ အသံကောင်းဟစ်နိုင်ရန်အတွက်သာ နောက်တစ်ဆင့် ဖြုတ်ရန်အတွက်သာ ချန်ထားခြင်း ဖြစ်နိုင်ပါသည် ဘုရား၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ကာယကံ ဝစီကံ မနောကံတို့သည် ထိုဘုရားဟော သုတ်သုံးသုတ်လာ အဆုံးအမ တည်ရှိသည့် အရိပ်အရောင်မျှပင် မတွေ့ရသောကြောင့် ဖြစ်ပါသည် ဘုရား၊ ထို့ကြောင့်ပင် ကျန် ဘုရားဟောပါဠိတော်များကို သူတို့၏ ကြမ်းသော ပါးစပ်၊ ရမ်းသော ကလောင်တို့ဖြင့် မီးရှို့ဖျက်ဆီးလျက် နေကြပြီကို မျက်ဝါးထင်ထင် တွေ့မြင်ကြရပါပြီ ဘုရား၊ သာသနာအပေါ် ဤမျှ ြုငိးမာန်ပွားနေသော ရုပ်ကြမ်းဝါဒီ အာဃာတသမားတို့၏ “ပိဋကတ်ပယ် ဝါဒဆိုး”သည် မပြုသင့် မပြုထိုက် မလုပ်သင့် မလုပ်ထိုက်သော ကိစ္စမျိုးဖြစ်၍ အဓမ္မဝါဒအစစ် အဓမ္မဝါဒီ စစ်စစ်ကြီးများသာဖြစ်ကြောင်း ဆုံးဖြတ်နိုင်ရန် စောဒနာအပ်ပါသည် ဘုရား။
သက်သေခံပစ္စည်းစာရင်း
အမှတ်(၂) နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒ၊ ရွှေအဘိဓမ္မာဝါဒတို့ကို ဓမ္မ အဓမ္မ စစ်ဆေးဆုံးဖြတ်မည့် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်၂- ရုံးတော်သို့ စောဒနာတင်သွင်းရာ၌ ကောက်ချက်ထုတ် ဖော်ပြသော သက်သေခံ စာအုပ်၊ စာတမ်း၊ စာစောင်၊ တိတ်ခွေတို့၏ စာရင်းကို သီးသန့်ပြုစုတင်ပြပါသည် ဘုရား။
(ဤစာရင်းတွင် မပါဝင်သေးသော အခြားစာအုပ်၊ စာတမ်း၊ စာစောင်၊ တိတ်ခွေများလည်း အများအပြား ကျန်ရှိပါသေးသည် ဘုရား။)
စာအုပ်စာတမ်းများ
၁။ လူသေလူဖြစ် (ရှင်ဥက္ကဋ္ဌ)
၁-၉-၁၉၆၃၊ ဒုတိယနှိပ်ခြင်း၊
ထုတ်ဝေသူ- မောင်စိုးဝင်း၊ ယာယီမှတ်ပုံတင် (ဝ၅၁၉)
မြန်မာ့ဗျူဟာ စာပုံနှိပ်တိုက်
၁၂(ခ)၊ နှင်းပန်းလမ်း၊ ရေကျော်၊ ရန်ကုန်မြို့။
၂။ ဗုဒ္ဓ ဓမ္မစကြာ
(တောင်တွင်းကြီး၊ နတ်မှီတောရ၊ ရှင်ဥက္ကဋ္ဌ ဟောသည်)
၁၉၆၄-ခု၊ စက်တင်ဘာလ၊
ထုတ်ဝေသူ-ဒေါ်သန်း၊ မှတ်ပုံတင် (ဒီအီး ဝဝဝ၇၄၀)
အမှတ် ၁၇၂၊ ၆-လမ်း၊ ပေါင်းတည်မြို့။
ပုံနှိပ်သူ- ဒေါ်သန်း၊ သီရိမင်္ဂလာစာပုံနှိပ်တိုက်၊
(မှတ်ပုံတင်အမှတ်-ဝရ) ၆-လမ်း၊ ပေါင်းတည်မြို့။
၃။ တောင်တွင်းကြီး ဗုဒ္ဓတက္ကသိုလ် အရှင်ဥက္ကဋ္ဌ၏ “ဗုဒ္ဓအဘိဓမ္မာ”
စတုတ္ထလက်ဆောင်၊ ၁၃၁၆-ခု၊
ရွှေပြည်တန်စာပုံနှိပ်တိုက်၊ တုတ်အင်ဆန်း၊ စန်းပွင့်ကုမ္ပဏီ၊ အမှတ်-၁၂၊ နှင်းပန်းလမ်း၊ ရေကျော်စျေး၊ ရန်ကုန်မြို့။
၄။ အစွဲပြုတ် တဲကုပ်ရွှေနန်းတော် (ရှင်ဥက္ကဋ္ဌ ရေး)
၁၉၆၃-ခု၊ မေလ (၁)ရက်၊
ထုတ်ဝေသူ-(ဝ၅၀၉)၊ ပုံနှိပ်သူ-မှတ်ပုံတင်အမှတ် (ဝ၄၄၇)
မြန်မာ့ဗျူဟာစာပုံနှိပ်တိုက်၊ ၁၂၊ နှင်းပန်းလမ်း၊ ရေကျော်၊ ရန်ကုန်မြို့။
၅။ ဗုဒ္ဓလမ်းစဉ် (ရှင်ဥက္ကဋ္ဌ)၊ ဒုတိယနှိပ်ခြင်း၊ ၁၉၆၂-ခု
ပုံနှိပ်ထုတ်ဝေသူ-မောင်စိုးဝင်း၊
မြန်မာ့ဗျူဟာ စာပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ရန်ကုန်မြို့၊ ရေကျော်၊ နှင်းပန်းလမ်း၊ အမှတ်-၁၂၊ ရွှေပြည်တန်စာအုပ်တိုက်မှ ဖြန့်ဝေသည်။
၆။ အနတ္တရောင်ခြည် (ရှင်ဥက္ကဋ္ဌ ရေး)
ပထမ နှိပ်၊ ၁၃၂၄-ခု၊ သီတင်းကျွတ်လ။
ရန်ကုန်မြို့၊ အမှတ်(၁)၊ ဆင်းဒဝစ်လမ်း၊ ရှုမဝပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်ဆရာတော် အရှင်ဥဇ္ဇောတိက ဆရာတော်က တာဝန်ခံ ထုတ်ဝေသည်။
၇။ အို ယောဂီ သင်ဘယ်ဆီသွားမလဲ (ရှင်ဥက္ကဋ္ဌ)
ဒုတိယပုံနှိပ်ခြင်း၊ ၁၉၆၂-ခု၊ အောက်တိုဘာလ။
ရန်ကုန်မြို့၊ ရေကျော်စျေး၊ နှင်းပန်းလမ်း၊ အမှတ်-၁၂ (ခ)၊ မြန်မာ့ဗျူဟာ စာပုံနှိပ်တိုက်တွင် ပုံနှိပ်၍
ရွှေပြည်တန် စာပုံနှိပ်တိုက်နှင့် စာအုပ်တိုက်မှ ပြည်လုံးကျွတ် ဖြန့်ဝေသည်။
၈။ ရှင်ဥက္ကဋ္ဌ ပြုစုသော “ဗုဒ္ဓမှတ်ကျောက်”
၁၉၆၃-ခု၊ ဒီဇင်ဘာလ
ထုတ်ဝေသူ-ဦးစိုးဝင်း၊ မှတ်ပုံတင်အမှတ် (၉၃)၊ မြန်မာ့ဗျူဟာ စာအုပ်တိုက်၊
၆၂-ဗိုလ်ချုပ်လမ်း၊ ရန်ကုန်မြို့။
ဖြန့်ဝေသူ- ရွှေပြည်တန် စာပေတိုက်၊ မှတ်ပုံတင်အမှတ် (၉၄)၊
၁၂၊ နှင်းပန်းလမ်း၊ ရေကျော်၊ ရန်ကုန်မြို့။
၉။ ဗုဒ္ဓစာချွန်တော် (ရှင်ဥက္ကဋ္ဌ)
၁၉၆၁-ခု အောက်တိုဘာလ၊ ပထမပုံနှိပ်ခြင်း၊
ပုံနှိပ်ထုတ်ဝေသူ-မောင်စိုးဝင်း၊
မြန်မာ့ဗျူဟာ စာပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ရွှေပြည်တန် စာပုံနှိပ်တိုက်နှင့် စာအုပ်တိုက်၊ အမှတ်-၁၂၊ နှင်းပန်းလမ်း၊ ရေကျော်စျေး၊ ရန်ကုန်မြို့မှ ဖြန့်ဝေသည်။
၁၀။ အသင်လူသား ဘာမှားနေသလဲ (ရှင်ဥက္ကဋ္ဌ)
၁၉၆၆-ခု၊ ဇူလိုင်လ ၁-ရက်၊
ထုတ်ဝေသူ-ဦးစိုးဝင်း၊ မှတ်ပုံတင်အမှတ် မြဲ(ဝဝ၉၃)၊ မြန်မာ့ဗျူဟာ စာအုပ်တိုက်၊
၁၂ (ခ)၊ နှင်းပန်းလမ်း၊ ရေကျော်၊ ရန်ကုန်မြို့။
ဖြန့်ဝေသူ- ရွှေပြည်တန် စာပေတိုက်။ မှတ်ပုံတင်အမှတ် (ဝဝ၉၄)၊
၁၂ (က)၊ နှင်းပန်းလမ်း၊ ရေကျော်၊ ရန်ကုန်မြို့။
၁၁။ ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ (ကိုကိုလေး)
(အဘိဓမ္မာ ဆရာစိန် တည်းဖြတ်သည်)
ထုတ်ဝေသူ-ဦးသိန်းရွှေ (ဝ၁၁၇)၊ ပင်းယစာပေတိုက်၊
(၂၈၉)၊ ဘားလမ်း၊ ရန်ကုန်မြို့။
ပုံနှိပ်သူ- ဦးအောင်ခင်၊ မှတ်ပုံတင်(ဝ၃၄၅) သိန်းသန်း ပုံနှိပ်တိုက်၊
အမှတ်-၇၇၉၊ ၅-ရပ်ကွက်၊ တောင်ဥက္ကလာပ၊ ရန်ကုန်မြို့။
၁၉၆၄-ခု၊ အောက်တိုဘာလ (၁)ရက်၊
၁၂။ အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာ (အဘိဓမ္မာ ဆရာစိန်) (၂၀-၅-၆၅)
ထုတ်ဝေသူ-ဦးသိန်းရွှေ (ဝ၁၁၇)မြဲ၊ ပင်းယစာပေတိုက်၊
၂၈၉၊ ဘားလမ်း၊ ရန်ကုန်မြို့။
ပုံနှိပ်သူ- ဦးအောင်ခင် (ဝ၃၄၅) သိန်းသန်း ပုံနှိပ်တိုက်၊
၇၇၉၊ ၅-ရပ်ကွက်၊ တောင်ဥက္ကလာပ၊ ရန်ကုန်မြို့။
၁၃။ လူသေလူဖြစ်ပြဿနာ (သခင်မြတ်ဆိုင် အမေး၊ ရှင်ဥက္ကဋ္ဌ အဖြေ)
ပထမပုံနှိပ်ခြင်း ၁၉၆၄-ခု၊ နိုဝင်ဘာလ။
ထုတ်ဝေသူ-ဦးစိုးလှိုင်၊ ဝိဇယစာအုပ်တိုက် (ဝ၁၁၀)
၄၂-အေ၊ အောင်မင်္ဂလာလမ်း၊ ကျောက်မြောင်း၊ ရန်ကုန်မြို့။
ပုံနှိပ်သူ- ဦးစိုးလှိုင်၊ ရွှေမြို့တော် စာပုံနှိပ်တိုက်၊ (ဝ၁၃၇)
၄၂-အေ၊ အောင်မင်္ဂလာလမ်း၊ ကျောက်မြောင်း၊ ရန်ကုန်မြို့။
၁၄။ ဗုဒ္ဓ၏ မိဂဒါဝုန်တရား (သခင်မြတ်ဆိုင် ဖွင့်သည်။)
ပုံနှိပ်သူ- ဦးတင်၊ စံချိန်သစ်ပုံနှိပ်တိုက်၊ (ဝ၄၂၁)
အမှတ်-၃၅-ဗဟိုလမ်း၊ ဂွတ္တလစ်၊ ရန်ကုန်မြို့။
ထုတ်ဝေသူ- ဦးတင်၊ စိန်တင်စာပေရိပ်မြုံ။ (ဝ၂၉၇)
အမှတ်-၃၅-ဗဟိုလမ်း၊ ဂွတ္တလစ်၊ ရန်ကုန်မြို့။
ဖြန့်ချိသူ-ပြည်သူ့အလင်း စာပေဖြန့်ချိရေး၊
၁၀၇၊ ဗိုလ်ချုပ်အောင်ဆန်းစျေး၊ ရန်ကုန်မြို့။
၁၅။ ဗုဒ္ဓဝိပဿနာ (၁) (သခင်မြတ်ဆိုင်)
ပထမအကြိမ်၊ ၁၉၆၄-ခု၊ မှတ်ပုံတင် (ဝဝ၄၈) ရန်ကုန်မြို့၊
၁၀၇၊ ဗိုလ်ချုပ်အောင်ဆန်းစျေး၊ ပြည်သူ့အလင်း စာပေတိုက်မှ ထုတ်ဝေသည်။
မှတ်ပုံတင် (ဝဝ၄၇) ရန်ကုန်မြို့။ အမှတ် ၅၅-အလုံ၊ ကျောင်းလမ်း၊ ပြည်သူ့အလင်းစာပုံနှိပ်တိုက်မှ ရိုက်နှိပ်သည်။
၁၆။ ဗုဒ္ဓဝိပဿနာ (၂) (သခင်မြတ်ဆိုင်)
၁၉၆၇-ခု၊ ဇန္နဝါရီလ၊
ရန်ကုန်မြို့၊ ၁၀၇၊ ဗိုလ်ချုပ်စျေး၊ ပြည်သူ့အလင်း စာပေတိုက်မှ ထုတ်ဝေသည်။ မှတ်ပုံတင်အမှတ် (ဝဝ၄၈)
ရန်ကုန်မြို့၊ အလုံ၊ ကျောင်းလမ်း-၅၅၊ ပြည်သူ့အလင်းစာပုံနှိပ်တိုက်က ရိုက်နှိပ်သည်။ မှတ်ပုံတင်အမှတ် (ဝဝ၄၇)
၁၇။ သမ္မာဒိဋ္ဌိသုတေသနနှင့် ရေနံချောင်းအရေးတော်ပုံ၊ သို့မဟုတ် ဗုဒ္ဓဝါဒနှင့် ဘဝသံသရာ၊
၁၉၆၄-ခု၊ ဩဂုတ်လ၊
ထုတ်ဝေသူ-ဦးသိန်းရွှေ (ဝ၁၁၇) ပင်းယစာပေတိုက်၊ အမှတ် ၂၈၉၊ ဘားလမ်း၊ ရန်ကုန်မြို့။
ပုံနှိပ်သူ- ဦးစိုးလှိုင်၊ (ဝဝရဝ) မျိုးညွန့်ပုံနှိပ်တိုက်၊ အမှတ်-၉၀၊ လှည်းတမ်းလမ်း၊ ရန်ကုန်မြို့။
၁၈။ ဘဝရေစီး (ရှင်ဥက္ကဋ္ဌ) ၁၉၆၁-ခု၊ စက်တင်ဘာလ ၂၂-ရက်၊
ရွှေပြည်တန် စာပုံနှိပ်တိုက်၊ အမှတ်(၁၂) နှင်းပန်းလမ်း၊ ရေကျော်၊ ရန်ကုန်မြို့။
၁၉။ ဗုဒ္ဓဝါဒအခြေခံသင်တန်း
သင်တန်းအမှတ်စဉ် (၁) သင်တန်းမှတ်စုများ၊
သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၊ ဗမာနိုင်ငံ (အဖွဲ့ဝင်များသာ)
(ပုံနှိပ်ထုတ်ဝေသူမပါ)
၂၀။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၊
ဗုဒ္ဓဝါဒအခြေခံသင်တန်း၊ သင်တန်းမှတ်စု (သင်တန်းသားများအတွက်သာ)
(ပုံနှိပ်ထုတ်ဝေသူမပါ)
၂၁။ ဝိမုတ္တိရသအရကောက်ကျမ်း၊ ဦးကိုကိုလေး
(ပုံနှိပ်ထုတ်ဝေသူမပါ)
၂၂။ သစ္စာဓမ္မစာစောင်
အတွဲ (၁) အမှတ် (၁) (၂) (၃) (၄) (၅)
အတွဲ (၂) အမှတ် (၇) (၈) (၉) (၁၀) (၁၁) (၁၂)
အတွဲ (၃) အမှတ် (၁) (၂) (၃) (၇) (၁၂)
အတွဲ (၄) အမှတ် (၇) (၈)
စုစုပေါင်း သစ္စာဓမ္မ (၁၈)စောင်
၂၃။ သစ္စာဓမ္မရေးရာစာစောင်
အတွဲ (၁) အမှတ် (၅) (၆) (၇) (၈) (၉)
စုစုပေါင်း သစ္စာဓမ္မရေးရာစာစောင် (၅)စောင်
၂၄။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် (အဖွဲ့ဝင်များသာ)
သစ္စာဗိမာန်
စည်းရုံးရေးနှင့် အဘိဓမ္မာရေးရာ (ပြန်တမ်း)
အတွဲ (၁) အမှတ် (၃) (၆)
အတွဲ (၂) အမှတ် (၅)
စုစုပေါင်း (၃)စောင်
၂၅။ ဓမ္မအလင်းရောင် (အဖွဲ့ဝင်များအတွက်သာ)
အတွဲ (၂) အမှတ် (၆) (၇) (၈)
အတွဲ (၃) အမှတ် (၂) (၃) (၄)
စုစုပေါင်း ဓမ္မအလင်းရောင် (၆)စောင်
၂၆။ အမှန်တရား သုတေသန စာစောင်
အမှတ် (၁) (၂) (၃) (၄) (၅) (၆)
စုစုပေါင်း စာစောင် (၆)စောင် (အဘိဓမ္မာ ဆရာစိန် တင်ပြသည်)
၂၇။ လက်ရွေးစင် သီးသန့်
ပိဋကတ်တော် ကောက်နုတ်ချက်များ
သခင်မြတ်ဆိုင်
၂၈။ နိကာယ်၏ နိကာယ်နှင့် ဒေးဒရဲမြို့၊ ကျောက်တိုင်မှ စာများ
(ကွင်းကျောင်းတိုက်)
၂၉။ ဗုဒ္ဓသာသနာသမိုင်း (အကျဉ်း) ပဉ္စာနိကာယ ဓမ္မသာကစ္ဆာအဖွဲ့
၁၃၃၀-ခု၊ နတ္တော်လဆန်း (၁၅)ရက် (ကွင်းကျောင်းတိုက်၊ ဒေးဒရဲမြို့)
၃၀။ အနတ္တဝါဒနှင့် လောက်လန်းသဖွယ် ဝိညာဉ်တွယ် ဟူသော အတ္တဝါဒ၊
တင်ပြသူ ဦးရွှေပြည့်၊ တောင်ကုတ်မြို့၊ ရခိုင်ပြည်နယ်။ (အဖွဲ့ဝင်များအတွက်သာ)
၃၁။ နတ်နှင့်ငရဲ ဘယ်မှာလဲ
တင်ပြသူ ဦးရွှေပြည့်၊ တောင်ကုတ်မြို့၊ ရခိုင်ပြည်နယ်။ (အဖွဲ့ဝင်များအတွက်သာ)
၃၂။ ဗုဒ္ဓသိပ္ပံ ပရိသတ် တော်လှန်ရေး လူသားတွေအမြင် ဘာသာစီးပွားရေးနှင့် လူမှုစီးပွားရေး
၃၃။ ရွှေအဘိဓမ္မာ တောင်ကုတ်၊ ရခိုင်ပြည်နယ်၏ မေးခွန်းစာစောင်
၃၄။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် အယူဝါဒရေးရာဆိုင်ရာ ခံယူချက် သဘောထားစာရွက်
၃၅။ တိတ်ခွေ (၁၁)ခွေ စာရင်း -
(က) ဦးဥက္ကဋ္ဌဟော သစ္စာလေးပါး (တောင်တွင်းကြီး နတ်မှီတောရ)
(ခ) ဦးကိုကိုလေး ဗုဒ္ဓဝါဒအခြေခံသင်တန်း သင်ခန်းစာ (၁)
(ဂ) သံဂါယနာတင်သမိုင်း (အစ) (ဦးကိုကိုလေး)
(ဃ) သံဂါယနာတင်သမိုင်း (အဆုံး) (ဦးကိုကိုလေး)
(င) ရခိုင်သမ္မာဒိဋ္ဌိအဖွဲ့ဝင် ပထမနေ့ ပထမခွေ
(စ) ရခိုင်သမ္မာဒိဋ္ဌိအဖွဲ့ဝင် ပထမနေ့ ဒုတိယခွေ
(ဆ) ရခိုင်သမ္မာဒိဋ္ဌိအဖွဲ့ဝင် ဒုတိယနေ့ ပထမခွေ
(ဇ) ရခိုင်သမ္မာဒိဋ္ဌိအဖွဲ့ဝင် ဒုတိယနေ့ ဒုတိယခွေ
(စျ) ဦးဝါသဝ မြောင်းမြဟော (၁၅-၄-၇၆) နေ့
(ည) ဦးဝါသဝ မြောင်းမြဟော (၁၆-၄-၇၆) နေ့
(ဋ) ဦးဝါသဝ မြောင်းမြဟော (၁၇-၄-၇၆) နေ့
စုစုပေါင်း စာအုပ်၊ စာစောင်၊ စာတမ်းများ
အမျိုးအားဖြင့် ၃၄-မျိုး
အရေအတွက်အားဖြင့် ၆၇-ခု ရှိပါသည်။
၃၆။ ယခု သက်သေခံအဖြစ် တင်ပြခဲ့သော စာအုပ်၊ စာတမ်း၊ စာစောင်၊ ဏာရွက် အရေအတွက်မှာ အမျိုးအားဖြင့် (၃၄)မျိုး၊ အရေအတွက်အားဖြင့် (၆၇) ဖြစ်ပါသည်၊ ၆၇-မျိုးတွင် ပုံနှိပ်ထုတ်ဝေသူပါသော စာအုပ်စာတမ်းမှာ (၁၉)မျိုးသာ ဖြစ်ပါသည်၊ ကျန် (၄၈)မျိုးကတော့ ပုံနှိပ်ထုတ်ဝေသူ မပါပါ ဘုရား၊ ပုံနှိပ်ထုတ်ဝေသူ မပါသော်လည်း ခိုင်မာသော အထောက်အထားအရ သက်သေခံအဖြစ် တပည့်တော်များ တင်ပြပါသည် ဘုရား။
၃၇။ ဗုဒ္ဓဝါဒအခြေခံသင်တန်း သင်တန်းအမှတ်စဉ်(၁) သင်တန်းမှတ်စုများမှာ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ချုပ် ဗမာနိုင်ငံဟု ပါရုံမျှမက သက်သေခံတိတ်ခွေ အမှတ် (ခ) (ဂ) (ဃ) ပါ ဦးကိုကိုလေးပို့ချသော ဗုဒ္ဓဝါဒအခြေခံသင်တန်းပို့ချချက်များနှင့် လိုရင်း အဓိပ္ပာယ် လုံးဝတူညီနေပါသည်၊ ထို့ကြောင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်က စာအုပ်တွင်ပါသည့်အတိုင်း သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များထံ ဖြန့်ဝေကြောင်း ထင်ရှား၍ သက်သေခံအဖြစ် တင်ပါသည် ဘုရား။
သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် ဗုဒ္ဓဝါဒအခြေခံသင်တန်း သင်တန်းမှတ်စု (သင်တန်းသားများအတွက်သာ) စာအုပ်သည်လည်း သင်တန်းအမှတ်စဉ် (၁) စာအုပ်ကြီးနှင့် အကျဉ်းအကျယ်မျှသာ ကွဲပြား၍လည်းကောင်း၊ သင်တန်းသားများကို ဖြန့်ဝေသော စာအုပ်ငယ်ဖြစ်၍လည်းကောင်း၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်ကပင် ဖြန့်ဝေသည်ဟု သိနိုင်ပါသည်။
၃၈။ သစ္စာဓမ္မစာစောင်သည်လည်း လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ နောက်ယောင်ခံများက ဖြန့်ဝေကြောင်း-
(က) စာပေကော်မတီ
(ခ) ပါဝင်ရေးသားသူများ
(ဂ) အတွင်းစာသားနှင့် ထင်ရှားသော အချက်အလက်များက သက်သေပြနေပါသည်၊ သစ္စာဓမ္မ အတွဲ(၄) အမှတ်(၇) စာမျက်နှာ (၁၀)၌ အောက်ပါအတိုင်း ရေးထားပါသည်။
အဖွဲ့ချုပ် စာပေကော်မတီ
(၁) ဦးခင်ဟန် (အကြံပေး)
(၂) ဦးလွန်းမောင် (။)
(၃) ဦးအောင်နိုင် (တာဝန်ခံစာတည်း)
(၄) ဦးကိုကိုလေး (။)
(၅) ဦးထွန်းစော (။)
(၆) ဦးမြင့်ဆွေ (။)
(၇) ဦးတင်သိန်း (။)
(၈) ဦးမောင်စိန် (။)
တို့ပါဝင်သော စာပေကော်မတီဖွဲ့စည်းလိုက်ပါသည်။ စာပေရေးရာကိစ္စနှင့်ပတ်သက်လာပါက အဖွဲ့ချုပ်စာပေ ကော်မတီသို့ ဆက်သွယ်ကြစေလိုပါသည်၊ ဤသို့ ရေးထားပါသည်၊ ပါဝင်ရေးသားသူများကလည်း လူသေလူဖြစ် ဦးဥက္ကဋ္ဌ၊ သခင် မြတ်ဆိုင်၊ ဒဂုန် ဦးလှဖေ၊ ဦးဘမောင်-ဒေးဒရဲ၊ ဦးကိုကိုလေး စသူတို့ ဖြစ်ကြပါသည်၊ သက်သေခံတင်ထားသော သစ္စာ ဓမ္မစာစောင် (၁၈)စောင်တွင် (၁၄)စောင်၌ လူသေလူဖြစ် ဦးဥက္ကဋ္ဌ ပါဝင်ရေးသားထားပါသည်၊ သစ္စာဓမ္မအတွဲ(၂) အမှတ် (၁၀) စာမျက်နှာ (၁၁)၌ ဓမ္မဗိမာန်တည်နိုင်ရေးအတွက် အလှူငွေ ပို့နိုင်သည့် ပုဂ္ဂိုလ်များအဖြစ် -
(၁) ဦးဇဝန ပရဟိတ ဆရာတော်၊ ဗနရှင်နယ်ကျောင်း၊ တောင်တွင်းကြီးမြို့။
(၂) ဦးဉာဏ်သိုင်း၊ မေခလာတိုက်၊ အမှတ်(၉၅၄) ၁၆-ရပ်ကွက်၊ ရတနာလမ်း၊ တောင်ဥက္ကလာပ။
(၃) ဦးခင်ဟန် (သစ္စာဓမ္မ) ၃၁၃၊ ဗိုလ်ချုပ်လမ်း၊ ရန်ကုန်မြို့ တို့ကို ဖော်ပြထားပါသည်။
ထို ၃-ဦးတွင် ၂-ဦးမှာ ယခုစုဒိတကများ ဖြစ်နေကြပါသည်။
ရေးသော အကြောင်းအရာများကလည်း သစ္စာဓမ္မ အတွဲ(၂) အမှတ်(၁၂) မျက်နှာဖုံးစာမျက်နှာတွင် ကောက်ချက်ချ ထားသည့်အတိုင်း လူသေလူဖြစ်ဦးဥက္ကဋ္ဌဝါဒ ကျယ်ပြန့်အောင် ရေးသားနေကြခြင်းသာ ဖြစ်ပါသည်၊ ထို့ကြောင့် သစ္စာဓမ္မစာစောင်များကို ပုံနှိပ်ထုတ်ဝေသူ မပါသော်လည်း သက်သေခံအဖြစ် တပည့်တော်များ တင်ပြကြပါသည်။
၃၉။ သစ္စာဓမ္မရေးရာ စာစောင်များ၊ သစ္စာဗိမာန် စာစောင်များ၊ ဓမ္မအလင်းရောင် စာစောင်များ အပါအဝင် ကျန်စာအုပ် စာတမ်း စာစောင်များသည်လည်း လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ ဘာသာမဲ့ဝါဒကို အမျိုးမျိုးအဖုံဖုံ အစွမ်းကုန်ထူထောင်နေကြသည့် စာစောင်များသာဖြစ်ကြောင်း စေ့စေ့စပ်စပ်ကြည့်က သိနိုင်ပါသည် ဘုရား၊ ထို့ကြောင့် ဖော်ပြခဲ့ပြီးသော စာအုပ် စာတမ်းများနှင့် တိတ်ခွေများကို သက်သေခံအဖြစ် တပည့်တော်များ တင်ပြကြပါသည် ဘုရား။
သာမညစောဒနာတင်အပြီး စုဒိတကပုဂ္ဂိုလ်များကို ရုံးတော်မှ စစ်မေးခြင်း
နေ့စွဲ (၃၀-၆-၈၁)
သဘာပတိက မေးခြင်း
စောဒနာကိစ္စ ပြီးသွားပါပြီ၊ စောဒကဆရာတော်များက အခုလို စာအုပ်စာတမ်း စာမျက်နှာ အကိုးအကားတွေဖော်ပြပြီး စောဒနာ တင်ထားပါတယ်၊ သက်သေခံဖြစ်တဲ့ စာအုပ်တွေ စာတမ်း တိတ်ခွေတွေကိုလည်း အခုစားပွဲပေါ်မှာ တင်ပြီးထားတယ်၊ အခု တင်ပြထားတဲ့ စာအုပ်စာတမ်းတွေ စာစောင်တွေ အားလုံးဟာ ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒ၊ ရွှေအဘိဓမ္မာဝါဒနဲ့ ပတ်သက်လို့ ရေးထားတာ အမှန်ဖြစ်ပါသလား၊ မဟုတ်ရင်လဲ ငြင်းပယ် နိုင်ပါတယ်။
ဦးဥဇ္ဇောတိက -တပည့်တော်များအနေနဲ့ ဒီကိစ္စ လုံးဝ မသိပါ ဘုရား။
သဘာပတိ -ကျန်တဲ့ဆရာတော်များက ယခု သက်သေခံတင်ပြထားတဲ့ စာအုပ် စာစောင်တွေသည် ဆရာတော်တို့ အရင်တုန်းက သုံးသပ်ဖူးတဲ့ လက်ခံဖူးတဲ့ သဘောတူဖူးတဲ့ စာအုပ်စာတမ်းတွေ ဟုတ်ပါသလားလို့ မေးပါတယ်။
ဦးဇဝန ၂-ပါး -တပည့်တော်များလဲ မသိကြတော့ပါ ဘုရား။
ဦးဆန္ဒာဓိက -တပည့်တော်လဲ မသိတော့ပါ ဘုရား။
သဘာပတိ -ဘယ်သူမှ မသိဘူးပေါ့၊ ဒါဖြင့် နောက်က သခင်မြတ်ဆိုင်တို့ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ဦးခင်ဟန်တို့ ဖြေပါ။
သခင်မြတ်ဆိုင် -တပည့်တော် နာမည်နဲ့ ရေးထားတဲ့ဟာတော့ တာဝန်ယူပါတယ် ဘုရား၊ တခြားပုဂ္ဂိုလ်များ ရေးတာတော့ မသိပါ ဘုရား၊ သမ္မာဒိဋ္ဌိအဖွဲ့ထဲလဲ တပည့်တော် မပါဘူး ဘုရား၊ ရေးတယ်ဆိုတာ ဝန်ခံပါတယ်၊ တပည့်တော်အမည် ပါတာမှန်သမျှ အားလုံး တာဝန်ယူပါတယ် ဘုရား။
ဦးခင်ဟန် -ဘုရားတပည့်တော်များနဲ့ ပတ်သက်တာတော့ တာဝန်ယူပါတယ် ဘုရား။
ဦးဉာနိက (ဝိနည်းဓိုရ်) -ပတ်သက်တယ်ဆိုတာက သမ္မာဒိဋ္ဌိသုတေသနအမည်ပါရင် တာဝန်ယူမယ် ပြောတာလား
ဦးခင်ဟန် -သမ္မာဒိဋ္ဌိနာမည်ပါရင် တာဝန်ယူပါမယ် ဘုရား။
သခင်မြတ်ဆိုင် -လျှောက်ထားချင်တာက ရှင်ဝါသဝစာတွေနဲ့ရောထွေးနေပြီးတော့ ဒါက ၁၅-နှစ်လောက်ကထဲက တပည့်တော်တို့နဲ့ လုံးဝမတူတဲ့ကိစ္စဖြစ်နေတယ်၊ ရိုရိုသေသေ လျှောက်ရမယ်ဆိုရင်တော့ မတော်မတဲ့ စကားတွေ ဖြစ်နေတယ်၊ အဲဒါ အစောကြီးကထဲက အဲဒီပုဂ္ဂိုလ်နဲ့ တပည့်တော်တို့ မဆိုင်တော့ပါဘူး။
ဦးဉာနိက (ဝိနည်းဓိုရ်) -မဆိုင်တာတော့ဟုတ်ပြီ၊ သမ္မာဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့ပါနေတယ်၊ သူက တာဝန်ခံပြီး ထုတ်ဝေထား တော့ သူက ပါနေတယ်။
သခင်မြတ်ဆိုင် -ဒါကတော့ ဟုတ်ပါတယ် ဘုရား၊ သမ္မာဒိဋ္ဌိနဲ့တော့ ဆိုင်ပါတယ် ဘုရား၊ သမ္မာဒိဋ္ဌိကတော့ မှန်တယ်၊ တပည့်တော်တို့အနေကတော့ ရှင်ဝါသဝနဲ့ လုံးလုံးမပတ်သက်ပါ ဘုရား။
ဦးဇဝန (ဝိနည်းဓိုရ်) -လူသေလူဖြစ်စာအုပ်ကို ဦးဝါသဝက တာဝန်ယူ ထုတ်ဝေထားတယ် မဟုတ်လား။
သခင်မြတ်ဆိုင် -ရှင်ဥက္ကဋ္ဌ ပါနေတော့ တပည့်တော် တာဝန်ယူရမလို ဖြစ်နေပါတယ် ဘုရား။
သဘာပတိ -သမ္မာဒိဋ္ဌိကို ဘယ်သူက တာဝန်ယူမှာလဲ။
သခင်မြတ်ဆိုင် -အရှင်ဘုရားတို့ ထွေးနေတယ် ထင်တယ် ဘုရား၊ သမ္မာဒိဋ္ဌိကို ဦးခင်ဟန်က တာဝန်ယူပါလိမ့်မယ် ဘုရား၊ တပည့်တော်က သပ်သပ် တစ်ယောက်ထဲပဲ ဘုရား၊ နဂိုကထဲက အဖွဲ့အစည်းမရှိပါ ဘုရား၊ ဘာလို့လဲဆိုရင် တစ်ယောက်ထဲ လုံးချင်းပဲ ကြိုက်တယ်ဘုရား၊ ခံစရာရှိလဲ ကိုယ့်ဟာကိုယ် ခံမယ်၊ သေစရာရှိလဲ ကိုယ့်ဟာကိုပဲ သေမယ်၊ အဖော်အပေါင်းနဲ့ဆိုတော့ ငဲ့ရတာ ကွက်ရတာတွေက ပြဿနာ ရှုပ်လွန်းလို့ နဂိုထဲက လုံးချင်းပဲ ဘုရား။
သဘာပတိ -ကောင်းပြီ၊ ကောင်းပြီ။
သခင်မြတ်ဆိုင် -ရှင်ဥက္ကဋ္ဌလုပ်ဆောင်ချက်မှန်သမျှ၊ ရှင်ဥက္ကဋ္ဌအမည်ပါသမျှ အားလုံး တာဝန်ယူပါတယ် ဘုရား၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ့်ဆရာဘက်က ရပ်ရမှာပဲ ဘုရား၊ ဒါမှလဲ တပည့်တော် တပည့်ကောင်း ဖြစ်မယ် ဘုရား၊ ဒီနေရာမှာတော့ တပည့်တော် ထွက်ပြေးလို့ မရတော့ပါဘူး။
လူသေလူဖြစ်ဝါဒကို အဓမ္မဝါဒဖြစ်ကြောင်း ဆရာတော် ၃-ပါးက ဝန်ခံခြင်း
သဘာပတိ -စောဒကဆရာတော်များ တင်ပြစောဒနာထားတဲ့ ၂၁-ချက်အတိုင်းအဆုံးအဖြတ် ပေးရလိမ့်မယ်၊ စုဒိတက များက ဒါကိုလက်ခံနိုင်ကြသလား၊ သို့မဟုတ် ချေပ ပြောဆို လိုသလား။
ဦးဥဇ္ဇောတိက (ဒေးဒရဲ) -တပည့်တော်များအတွက် လူသေလူဖြစ်စာအုပ်နဲ့ပတ်သက်လို့ လျှောက်ထားလိုပါတယ်၊ လူသေလူဖြစ် ကျမ်းစာအုပ်နဲ့ပတ်သက်လို့ ဓမ္မ အဓမ္မ ဆုံးဖြတ်ချက်ကို ဆုံးဖြတ်ပေးဖို့ရာ ဝိနိစ္ဆယအတွက် အရှင်မြတ်များမှာ တာဝန်ရှိပါတယ်၊ စောဒကဆရာတော်များက လူသေလူဖြစ်ကျမ်းကို အဓမ္မဝါဒလို့ တင်ပြထားတဲ့ အတိုင်း တစ်လုံးတစ်ပါဒမျှ ငြင်းဆိုခြင်း ကန့်ကွက်ခြင်း မပြုလိုပါ၊ တပည့်တော်များကိုယ်တိုင်က လူသေလူဖြစ်စာအုပ်ကို အဓမ္မဝါဒဖြစ်ကြောင်း လွန်ခဲ့တဲ့ (၇)နှစ်လောက်ကစပြီး သူသက်တော်ထင်ရှား ရှိစဉ်ကပင် သူ့မျက်မှောက်၌ ကန့်ကွက်ပြီးဖြစ်နေလို့ ဒီစာအုပ်ကို စောဒကအရှင်မြတ်များက အဓမ္မဝါဒလို့ တင်ပြနေချက်အတွက် ကန့်ကွက်ဖို့ ချေပဖို့ လုံးဝမရှိပါ။ ဤအကြောင်း ဆရာတော်ဘုရားများ တရားဝင် စာနဲ့ တင်သွင်းခွင့်ပြုလျှင်လဲ တင်ဖို့ အဆင်သင့် ရေးပြီး ဖြစ်ပါတယ်။
သဘာပတိ -တင်နိုင်ပါတယ်၊ တင်ပါ။
ဒေးဒရဲ ဦးဥဇ္ဇောတိက၏ ဝန်ခံချက်
ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) သို့ စောဒကပုဂ္ဂိုလ်များက စောဒနာ တင်သွင်းသော လူသေလူဖြစ်ဦးဥက္ကဋ္ဌဝါဒနှင့် ပတ်သက်၍ တင်ပြလျှောက်ထားလွှာပါ ဘုရား။
နေ့စွဲ။ ၃၀-၆-၈၁
သီးခြား ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဆိုသောဝါဒတို့နှင့် စပ်လျဉ်း၍ စောဒကဆရာတော်များက အချက်ပေါင်း (၂၁)ချက် တင်ပြပြီး ထိုဝါဒများသည် ဓမ္မဝါဒမဟုတ်၊ အဓမ္မဝါဒ များသာဖြစ်ကြောင်း အဆုံးအဖြတ်ပေးရန် တင်ပြလျှောက်ထားသည်ကို ကြားသိရပါသည် ဘုရား၊ ထိုစောဒနာသော အချက်များအနက် လူသေလူဖြစ်စာအုပ်နှင့် ပတ်သက်သည့် အချက်မှန်သမျှကို ဘုရားတပည့်တော်အနေဖြင့် ဆန့်ကျင်လိုခြင်း၊ ချေပလိုခြင်း၊ သောဓနာပြုလိုခြင်း မရှိပါဘုရား၊ စောဒကပုဂ္ဂိုလ်များကဲ့သို့ပင် တပည့်တော်ကလည်း ထိုဝါဒများကို အဓမ္မဝါဒအဖြစ် လက်ခံထားပြီး ဖြစ်ပါသည် ဘုရား။
၂။ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့် ပတ်သက်၍ တပည့်တော်သည် ဦးဥက္ကဋ္ဌ ရှိစဉ်ကပင် လက်ခံမှု ယုံကြည်မှု မရှိခဲ့ပါ၊ ပေါင်းတည်အထက် အင်းမရွာကြီးတရားပွဲ၌ တပည့်တော်သည် ဦးဥက္ကဋ္ဌနှင့်အတူ ဆုံခဲ့စဉ်က ဒကာတစ်ဦး၏ လူသေလူဖြစ်တရားကို နာလိုကြောင်း လျှောက်ထားရာတွင် အရှင်ဥဇ္ဇောတိက (ဒေးဒရဲ) ဖြေကြားလိုက်ပါဟု ဦးဥက္ကဋ္ဌ၏ မိန့်ကြားချက်အရ တပည့်တော် ဖြေဆိုရာ၌ “လူသေလူဖြစ်ဝါဒသည် ဗုဒ္ဓအလိုတော်ကျသော ဝါဒမဟုတ်ကြောင်း၊ ဗုဒ္ဓပိဋကတ်တော်နှင့် မညီသောဝါဒဖြစ်ကြောင်း” ကို တစ်နာရီခန့် အကျယ်ချဲ့၍ ပြောဟောမိန့်ကြားခဲ့ပါသည်။ အနီးတွင် ငုတ်တုတ်ထိုင်နေသော ဦးဥက္ကဋ္ဌကလည်း ဘာမျှပြောဆိုခြင်း မပြုပါ။ ဒေးဒရဲမှာနေသမျှ တရားဟောသမျှအချိန်တိုင်း ဘယ်အခါမှလည်း လူသေလူဖြစ်ဝါဒနှင့် ပတ်သက်သော တရားများကို မဟောခဲ့ပါ။ လူသေလူဖြစ်ဝါဒကို ယုံကြည်မှု ခံယူမှုမရှိ၍ မဟောခြင်းသာ ဖြစ်ပါသည်။ ဒီလို မဟောကြောင်းကို ဒေးဒရဲမြို့နယ်၊ သံဃနာယကအဖွဲ့မှ မြို့နယ်သာသနာရေးမှူးများ ရှေ့မှောက်၌ လွန်ခဲ့သော တပေါင်းလဆုတ် ၁၄-ရက်က တရားဝင် ဖြေရှင်းခဲ့ပြီး ဖြစ်ပါသည် ဘုရား။
၃။ သို့ရာတွင် ယခင်က ဦးဥက္ကဋ္ဌနှင့် ဆက်သွယ်ခဲ့သည်အားလျော်စွာ တစ်ဘက် စောဒကပုဂ္ဂိုလ်များ၏ စောဒနာ၌ပါရှိသည့်အတိုင်း နိကာယ်၏ နိကာယ် စသောကိစ္စများကိုမူ လုပ်ဆောင်ခဲ့ဖူးပါသည်၊ ယခုအခါတွင်မူ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို ဆောင်ရွက်လာသည့်အတွက် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်များက ယထာဓမ္မ ယထာဝိနယ မကျဟု ဆုံးဖြတ်တော်မူကြပါက လိုက်နာကျင့်သုံးရန် ဝန်ခံကတိပြုကြောင်း ရိုသေစွာ လျှောက်ထားပါသည် ဘုရား။
၄။ ထိုသို့ ဝန်ခံသည်နှင့်အညီ ယခုအခါ၌ ဓမ္မရေးရာနှင့် ပတ်သက်၍ တပည့်တော်သည် ဆရာစဉ်ဆက် ထေရဝါဒဂိုဏ်းသားဖြစ်၍ ထေရဝါဒဂိုဏ်သုံးဓမ္မများကို လေးစားလျက်ရှိပါသည်၊ သံဂါယနာ ၆-တန် တင်ပြီးသော ပိဋကတ်တော်များကို ယုံယုံကြည်ကြည် လက်ခံလိုက်နာလျက်ရှိပါသည်၊ ဝိနယရေးရာနှင့် ပတ်သက်၍လည်း သံဂါယနာတင်ပြီး ပိဋကတ်တော်လာ ဝိနည်းတော်များကို လိုက်နာကျင့်သုံးလျက် ရှိပါသည် ဘုရား။
၅။ အထူးလျှောက်ထားလိုသည်မှာ တပည့်တော်ကျောင်းထဲ၌ရှိသော ကျောက်တိုင်နှင့်ပတ်သက်၍ သစ္စာလေးပါး၊ ပဋိစ္စသမုပ္ပါဒ်၊ အနတ္တလက္ခဏ ထိုသုံးသုတ်အရ ကြည်ညိုလေးစား၍ နောင်လာနောင်သားအတွက် ရည်ညွှန်းကာ ကျောက်တိုင်စိုက်ထူထားခြင်း ဖြစ်ပါသည်၊ သို့သော် ထိုကျောက်တိုင်၌ ဦးဥက္ကဋ္ဌ၏ တရားလင်္ကာများ ရေးထိုးထားပါသည်၊ ယင်းကျောက်တိုင်ရှိ စာပေများသည် ယထာဓမ္မ ယထာဝိနယ မဖြစ်ဘူးဟူ၍ ဆုံးဖြတ်ပါလျှင် ဆုံးဖြတ်သည့်အတိုင်းလိုက်နာဆောင်ရွက်ပါမည် ဘုရား။
တောင်တွင်းကြီးဆရာတော် ၂-ပါး၏ ဝန်ခံချက်
သို့။
သဘာပတိဆရာတော်
အမှတ် (၂) နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော်များအဖွဲ့
နေ့စွဲ။ ၃၀-၆-၈၁
၁။ ဦးဇဝန နေရှင်နယ်ပရဟိတကျောင်း၊ တောင်တွင်းကြီး နှင့်
၂။ ဦးဇဝန ငါးဆင့်ကျောင်း(အနောက်) တောင်တွင်းကြီး တို့မှ
စောဒကဆရာတော်များတင်သွင်းသွားသော စောဒနာချက်များနှင့် ပတ်သက်၍ ပြန်လည်ချေပခြင်းများ မပြုလုပ်ကြပါ ဘုရား။ ဝိနည်းဓိုရ်ဆရာတော်များ၏ ဆုံးဖြတ်ချက်ကို ခံယူလိုက်နာပါမည် ဘုရား။
ယခု စောဒနာတဲ့အချက်တွေကို အဓမ္မဝါဒဟု တပည့်တော်များလည်း ခံယူ (ပယ်စွန့်) ပါမည် ဘုရား။
၁။ အရှင်ဇဝန
နေရှင်နယ် ပရဟိတကျောင်း၊
တောင်တွင်းကြီးမြို့။
၂။ ဦးဇဝန
ငါးဆင့် အနောက်ကျောင်း၊
တောင်တွင်းကြီးမြို့။
လက်မှတ်ထိုးနိုင် မထိုးနိုင်မေးခြင်း
သဘာပတိ -ဆရာတော်တို့ ၃-ပါးအနက် ဒေးဒရဲဦးဥဇ္ဇောတိက ကတော့ ဦးဥက္ကဋ္ဌရှိစဉ်ကထဲက လူသေလူဖြစ် အယူကို လက်မခံပါဘူးလို့ ဝန်ခံစာထဲမှာ အတိအလင်းဖော်ပြထားတယ်၊ တောင်တွင်းကြီးဆရာတော် ဦးဇဝန ၂-ပါးရဲ့စာက လူသေလူဖြစ်အယူကို နဂိုက လက်မခံဘူး၊ (သို့မဟုတ်) လက်ခံပြီးသားအယူကို ယခုမှ စွန့်တယ်ဆိုတဲ့ အဓိပ္ပာယ်လား ဘုရား၊ ဒီစာထဲမှာ မပါဘူး၊ ဆရာတော်တို့စာက မသေချာဘူး။
ဦးဇဝန -တပည့်တော်နဲ့ဦးဥက္ကဋ္ဌတို့အလုပ်က တခြားစီပါဘုရား၊ တပည့်တော်က ပရဟိတ အလုပ်ဆိုတော့ ပရဟိတ လုပ်ငန်းပဲ လုပ်ပါတယ် ဘုရား၊ သူ့ရဲ့လူသေလူဖြစ်ကို သူကိုယ်တိုင်ဟောသံလဲ မကြားဖူးပါဘုရား။
သဘာပတိ -ဟောသံတော့ မကြားဘူး၊ စာအုပ်က ဗမာတစ်ပြည်လုံး နှံ့နေတယ်၊ နယ်စွန်နယ်ဖျားအထိ အားလုံး ရောက်နေတယ်၊ ဒါကြောင့် ဆရာတော်များ နဂိုက ဒီစာအုပ်အရ ဦးဥက္ကဋ္ဌရဲ့ လောင်းရိပ်အောက်မှာမိပြီး ဒီအယူအတိုင်းကို လိုက်ယူနေတာလား။
ဦးဇဝန ၂-ပါး -ရှေးကလဲ မလိုက်ဖူးပါ၊ ယခုလဲ မလိုက်ပါ ဘုရား။
သဘာပတိ -ဒါဖြင့် ဒီအယူကို လုံးဝ မယူဘူးပေါ့၊ နောက်ကိုလဲ မယူဘူး၊ ဒီဝါဒကိုလဲ မဖြန့်ဖြူးဘူး၊ ဆရာတော်က ပရဟိတအလုပ်သမားဖြစ်၍ ပရဟိတအလုပ်ကိုပဲ ဆက်လုပ်မယ်၊ ဦးဥက္ကဋ္ဌရဲ့ဝါဒကို ဖြန့်ဖြူးဖို့၊ ဆက်ပြီး ဟောပြောဖို့ မိမိကိုယ်တိုင်ကလဲ မလုပ်တော့ဘူး၊ ဒီလိုလား။
ဦးဇဝန -မှန်ပါ ဘုရား။
သဘာပတိ -ဦးဥက္ကဋ္ဌအယူကို လက်ခံတဲ့အကြောင်း ဒီဆရာတော် ၃-ပါးက ဝိနည်းဓိုရ်အဖွဲ့ကို တင်ပြထားတယ်၊ ဒီ ဆရာတော် ၃-ပါးက နောင်ကို ဒီအယူဝါဒနှင့် ပတ်သက်ပြီး ဘာမျှမလုပ်ပါဘူးဆိုတာ ပဋိညာဉ်ဝန်ခံချက် ပေးပြီ၊ ဒါကြောင့် ဝိနိစ္ဆယ ချမှတ်တဲ့အခါ ဆရာတော်တို့ ၃-ပါး လက်မှတ်ထိုးကြရမယ်၊ လက်မှတ် ထိုးနိုင်တယ် မဟုတ်လား။
ဦးဇဝန ၂-ပါး -ထိုးနိုင်ပါတယ် ဘုရား။
ဦးဥဇ္ဇောတိက -ထိုးနိုင်ပါတယ် ဘုရား။
သဘာပတိ -အေး၊ လက်မှတ်ထိုးမှ အတည်ဖြစ်မယ်၊ ဒါဖြင့် ဆရာတော်တို့ ၃-ပါးအတွက်ကတော့ နဂိုကလဲ ဟုတ်တိပတ်တိ ယူတာ မဟုတ်ဘူးပေါ့၊ နောက် ဦးဥဇ္ဇောတိက ကတော့ ဦးဥက္ကဋ္ဌ အသက်ထင်ရှားရှိစဉ် ကပင် ဒီအယူကို သူ့ရှေ့မှာပဲ ဗြောင်ငြင်းခဲ့တယ် ဟုတ်လား။
ဦးဥဇ္ဇောတိက -မှန်ပါ၊ ဗြောင်ငြင်းခဲ့ပါတယ် ဘုရား။
သဘာပတိ -အဲဒီလိုဆိုတော့ ဒီ ၃-ပါးအတွက်က မိမိတို့နဂိုက ဦးဥက္ကဋ္ဌလောင်းရိပ်မိပြီး ယူမိသည်ဖြစ်စေ၊ သဘောကျ ပြီးသည့်ကာလ လက်ခံသည်ဖြစ်စေ၊ ဆရာတော်ဦးဥက္ကဋ္ဌနှင့် အပေါင်းအသင်းလုပ်ပြီး နေမိသည့်အတွက် ယခု ဆရာတော်တို့ အခုလို ဝိနည်းဓိုရ်ရုံး ရောက်လာရခြင်းဖြစ်တယ်၊ အမှန်စင်စစ် အဲဒီလိုဖြစ်တော့ ဆရာတော်တို့ ၃-ပါးဟာ မိမိတို့ ဦးဥက္ကဋ္ဌနှင့် အတူနေမိ ပြောမိ ဆိုမိ လုပ်မိ ကိုင်မိ နဲနဲကျဉ်းကျဉ်း ရှိမိတဲ့အတွက် ဆရာတော် ဦးဥဇ္ဇောတိကကျောင်းမှာက အစည်းအဝေးတွေလုပ်၊ ကျောက်တိုင်တွေထူ ဆိုတော့ တစ်သဘောထဲလို ဖြစ်နေတယ်။
ဦးဥဇ္ဇောတိက -မှန်ပါ့၊ အထည်ကိုယ်က ရှိနေတော့ ထင်စရာဖြစ်နေပါတယ် ဘုရား။
သဘာပတိ -မပြေးသော်လည်း ကန်ရာကရှိနေတယ် ဆိုသလိုပဲ၊ အဲဒီလိုရှိနေတဲ့အတွက် ဆရာတော်တို့ ဒီရုံးကို ရောက်လာရခြင်းဖြစ်တယ်၊ အဲဒီလိုရောက်လာတော့ ဒီအယူကို မယူပါဘူး၊ ဝိနိစ္ဆယအဖွဲ့က ချမှတ်သမျှ အဆုံးအဖြတ် ခံယူပါမယ်လို့ ယခု ဝန်ချတယ် မဟုတ်လား။
ဦးဥဇ္ဇောတိက -မှန်ပါ ဝန်ချပါပြီ ဘုရား။
သဘာပတိ -အဲဒီလို ဝန်ချတောင်းပန်တာအင်မတန်ကောင်းပါတယ်၊ မိမိတို့ လုပ်မိမှားမိသမျှကို အမှားကိုအမှားမှန်း သိရှိပြီး “အစ္စယံ အစ္စယတော ဒိသွာ ယထာပစ္စယံ ကရောတိ” ဘုရားဟော ဒေသနာမှာ ပါရှိတဲ့ အတိုင်း ကုစားခြင်းအမှု ပြုလိုက်တာပဲ၊ အဲဒီလို ကုစားမှုပြုလိုက်တဲ့အတွက် ဘုရားရှင်သာသနာတော်မှာ သီလ သမာဓိ ပညာ တိုးပွားဖို့အကြောင်းသာ ရှိပါတယ်၊ ဒါကြောင့် အရှင်ဘုရားများ ဒီလိုဝန်ချတဲ့အတွက် ဆရာတော်တို့ ဝိနစ္ဆယအဖွဲ့မှ ဝိနည်းဓိုရ်ဆရာတော်များက ဝမ်းမြောက်ဝမ်းသာ လက်ခံပြီးသကာလ ကျေနပ်ပြီးသကာလ သာဓု ခေါ်ပါတယ်။
(သာဓု-သာဓု-သာဓု)
ဒါကြောင့် ဆရာတော်တို့ ၃-ပါးသည် ဒီစောဒနာများကို ချေပခြင်း၊ သောဓနာခြင်း မပြုလုပ်တဲ့အတွက် ချမ်းချမ်းသာသာ နေနိုင်ပါပြီ၊ ဒါပေမဲ့ ဆရာတော်တို့ စုဒိတကအဖြစ်က မလွတ်သေးဘူး၊ မလွတ်သေးတဲ့ အတွက် ဒီရုံးက ဝိနိစ္ဆယ ဆုံးဖြတ်ချက် ချတဲ့အခါ လာရောက်ပြီးတော့ မျက်မှောက်နာခံရဦးမယ်၊ ဆရာတော်တို့ကို အကြောင်းကြားမယ်၊ အဲဒီအခါ ဒီရုံးကိုလာပြီး ရှေ့မှောက်မှာ ဆုံးဖြတ်ချက်ကို နာခံကြ ရမယ်။
စုဒိတကရဟန်းများ -မှန်ပါ နာခံပါမယ် ဘုရား။
သဘာပတိ -ကျန် ဆရာတော် ဦးဆန္ဒာဓိကနှင့် လူစုဒိတက ပုဂ္ဂိုလ်များက ချေပပြောဆိုမှာ အမှန်ပဲလား။
ဦးရွှေပြည့် -တပည့်တော် ဦးရွှေပြည့် (နတ်နှင့်ငရဲ ဘယ်မှာလဲ) ကိုသာ ချေပပါမည် ဘုရား။
သခင်မြတ်ဆိုင် -တပည့်တော် ချေပပါမည် ဘုရား။
ဦးခင်ဟန် -တပည့်တော် သမ္မာဒိဋ္ဌိအဖွဲ့ကိုယ်စား ချေပပါမည် ဘုရား။
ဦးဆန္ဒာဓိက -ချေပပါမည် ဘုရား။
ဝိသေသစောဒနာ တင်ရန် ရက်ချိန်းပေးခြင်း
သဘာပတိ -စောဒကပုဂ္ဂိုလ်တွေ တင်ပြထားတဲ့ စောဒနာများမှာလဲ အကိုးအကား အစုံအလင် မပါသေးဘူး၊ ပါဠိ အဋ္ဌကထာ ဋီကာ အကိုးအကားပြဖို့ လိုသေးတယ်၊ သောဓနာချေမဲ့ ပုဂ္ဂိုလ်တွေက စုံစုံလင်လင်သိရအောင် စောဒကပုဂ္ဂိုလ်များက အကိုးအကား ပါဠိ အဋ္ဌကထာ ဋီကာ တင်ပြပြီး လျှောက်ထားရဦးမယ်၊ အထူး ဝိသေသစောဒနာ အကျယ်လျှောက်ထားရဦးမယ်၊ အခုဟာက သာမညစောဒနာ ရှိသေးတယ်၊ ဘယ်ဟာ ဘယ်ဟာဖြင့် ဘယ်ပါဠိတော် ဘယ်အဋ္ဌကထာ ဘယ်ဋီကာ ဘယ်မျက်နှာနှင့် မကိုက်ညီကြောင်း အစုံအလင် ဖော်ပြရဦးမယ်၊ ဒါကြောင့် ဝါဆိုလဆန်း(၃)ရက်နေ့ နံနက် (၈)နာရီမှာ ဝိသေသစောဒနာ တင်ရမယ်။
စောဒကများ -ဆရာတော်များ အမိန့်အာဏာကို လေးစားသောအားဖြင့် ဝိသေသစောဒနာကို ထပ်၍ တင်ပါမည် ဘုရား။
သဘာပတိ -ဦးဆန္ဒာဓိကနှင့်တကွ စုဒိတကပုဂ္ဂိုလ်အားလုံး အဲဒီနေ့လာကြရမယ်၊ ဦးဇဝန ၂-ပါးနှင့် ဦးဥဇ္ဇောတိက တို့ကတော့ ချမ်းချမ်းသာသာ နေနိုင်ပါပြီ။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့
အမှတ် (၂)
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယအတွက်
ဝိသေသစောဒနာ တင်သွင်းလွှာ
၁၃၄၃-ခု၊ ဝါဆိုလဆန်း ၃-ရက်၊ စနေနေ့
(၄-၇-၈၁)
ဝိသေသနိဒါန်း
အမှတ် (၂) နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်မြတ်တို့ ဘုရား။
၁။ ၁၃၄၃-ခုနှစ်၊ နယုန်လပြည့်ကျော် (၁၃)ရက်၊ (၃၀-၆-၈၁)နေ့က ဤသီးခြားဝိနိစ္ဆရုံးတော်၌ လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒ၊ ရွှေအဘိဓမ္မာဝါဒဆိုသည်တို့နှင့် ပတ်သက်၍ ထိုကာယကံရှင်တို့ ရေးသားထုတ်ဝေ ဖြန့်ချီသော စာအုပ်၊ စာတမ်း၊ စာစောင်၊ တိတ်ခွေတို့ကို သက်သေခံပစ္စည်းများအဖြစ် တင်ပြလျက် ယင်း စာအုပ် စာစောင် တိတ်ခွေ တို့မှ အရေးကြီးသော စာပိုဒ် စကားရပ်တို့ကို ကောက်နုတ်ဖော်ပြပြီး ထိုဝါဒများသည် ဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်သော အဓမ္မဝါဒများသာ ဖြစ်ကြောင်း ဤရုံးတော်က အဆုံးအဖြတ်ပေးတော်မူပါရန် အချက်ပေါင်း(၂၁)ချက်တို့ဖြင့် စောဒနာလွှာ တင်သွင်းခဲ့ပါသည် ဘုရား။
ထိုသို့ စောဒနာလွှာ တင်သွင်းခဲ့ရာတွင် စုဒိတကပုဂ္ဂိုလ်(၇)ဦးအနက် ပိဋကတ်ကျမ်းဂန်ကို လေ့လာဖူးသော ဆရာတော် ဦးဥဇ္ဇောတိက (ဒေးဒရဲ)၊ တောင်တွင်းကြီးမှ ဆရာတော် ဦးဇဝန (နေရှင်နယ်) နှင့် ဆရာတော် ဦးဇဝန (ငါးဆင့်)တို့က တပည့်တော်များ စောဒနာသည့်အတိုင်း ထိုလူသေလူဖြစ်ဝါဒ စသည်ကို အဓမ္မဝါဒဖြစ်ပါကြောင်း ဤရုံးတော်၌ဝန်ခံသွားကြပြီး ဖြစ်ပါသည် ဘုရား၊ သို့ရာတွင် ကျန်စုဒိတက (၄)ဦးတို့မှာ ဝန်မခံလိုကြသဖြင့် စောဒကပုဂ္ဂိုလ်ဖြစ်ကြသော တပည့်တော်များက မိမိတို့ စောဒနာချက်များအပေါ် ကျန်ရှိသော စုဒိတကပုဂ္ဂိုလ်များ ပိုမိုသဘောပေါက် နားလည်ကြစေရန် ပိဋကတ်ကျမ်းဂန် သက်သေသာဓကများဖြင့် ထပ်မံ၍ ဝိသေသစောဒနာတင်ရန် ရုံးတော်၏ခွင့်ပြုချက်အရ ယခု ဝိသေသစောဒနာကို တင်သွင်းကြပါသည် ဘုရား။
၂။ အမှတ်(၂) နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ဝင် ဆရာတော်အရှင်မြတ်တို့ ဘုရား-
“အဓမ္မကို ဓမ္မဟူ၍ ညွှန်ပြကြသော ရဟန်းများ, ဓမ္မကို အဓမ္မဟူ၍ ညွှန်ပြသော ရဟန်းများ, မြတ်စွာဘုရား မဟောအပ်သည်ကို မြတ်စွာဘုရားဟောအပ်သည်ဟူ၍ ညွှန်ပြသော ရဟန်းများနှင့် မြတ်စွာဘုရား ဟောအပ်သည်ကို မြတ်စွာဘုရား မဟောအပ်ဟူ၍ ညွှန်ပြသော ရဟန်းများသည် လူရောနတ်ပါ သတ္တတို့၏ အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာ ကျင့်ကြသူတို့ဖြစ်ကြကုန်၏၊ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလဲ ဖြစ်ပွားစေကုန်၏၊ ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေကုန်၏” ဟူ၍ လည်းကောင်း၊ “အဓမ္မကို အဓမ္မဟူ၍ ညွှန်ပြကြသော ရဟန်းတော်များ, ဓမ္မကို ဓမ္မဟူ၍ ညွှန်ပြကြသော ရဟန်းတော်များ, မြတ်စွာဘုရား မဟောအပ်သည်ကို မြတ်စွာဘုရား မဟောအပ်ဟူ၍ ညွှန်ပြကြသော ရဟန်းတော်များနှင့် မြတ်စွာဘုရား ဟောအပ်သည်ကို မြတ်စွာဘုရား ဟောအပ်၏ဟု ညွှန်ပြကြသော ရဟန်းတော်များသည် လူရောနတ်ပါ သတ္တဝါတို့၏ အစီးအပွားဖြစ်ခြင်း ချမ်းသာခြင်းငှာ ကျင့်ကြကုန်၏၊ ထိုရဟန်းတော်တို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေကုန်၏၊ ဤသာသနာတော်ကိုလည်း တည်တံ့စေကုန်၏” ဟူ၍ လည်းကောင်း၊ အင်္ဂုတ္တိုရ်ပါဠိတော်(ပ-၁၈-၁၉) တို့၌ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူထားသော ဒေသနာတော်ကို ဦးထိပ်ထားကာ တပည့်တော်များသည် အဓမ္မကို အဓမ္မဟူ၍ လည်းကောင်း၊ ဘုရား မဟောသည်ကို ဘုရား မဟောဟူ၍ လည်းကောင်း၊ ညွှန်ပြကြပါသည်၊ ဝိနည်းဓိုရ်ဆရာတော်ကြီးများက လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒါတို့ကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ပေးတော်မူကြရန် စောဒနာလွှာ တင်သွင်းကြခြင်း ဖြစ်ပါသည် ဘုရား။
၃။ တပည့်တော်များ၏ စောဒနာပုံကို အချို့က သဘောမပေါက်ကြပါ ဘုရား၊ ထို့ကြောင့် နားလည်သဘောပေါက်အောင် အနည်းငယ် ရှင်းလင်းလျှောက်ထားပါရစေ ဘုရား၊ တပည့်တော်များ စောဒနာကြရာ၌ “အဓမ္မဝါဒ” တည်းဟူသော မူကိုသာ အခြေပြု၍ စောဒနာကြခြင်းဖြစ်ပါသည် ဘုရား၊ လူပုဂ္ဂိုလ်များ စာအုပ်စာတမ်း စာစောင် တိတ်ခွေများကို ထည့်သွင်းပြောကြားရခြင်းသည် ထို “အဓမ္မဝါဒ” နှင့် သက်ဆိုင်သောကြောင့်သာ မလွှဲသာ မရှောင်သာ ပြောရခြင်း ဖြစ်ပါသည် ဘုရား။
၄။ ဥပမာ “၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ” ဆိုသော ကိစ္စမျိုးနှင့် ပတ်သက်၍ ဦးဥက္ကဋ္ဌ ဖြစ်စေ ဦးဝါသဝ ဖြစ်စေ သခင်မြတ်ဆိုင် ဖြစ်စေ သမ္မာဒိဋ္ဌိသုတေသန အသင်းသားများ ဖြစ်စေ ရွှေအဘိဓမ္မာအသင်းသားများ ဖြစ်စေ ပါဝင်ပတ်သက်သည်သာ ဖြစ်ပါသည် ဘုရား၊ “ဒို့နှင့် မဆိုင်”ဟူ၍ ခွဲထွက်၍ မရပါ ဘုရား၊ အခြားသော စောဒနာချက်များ၌လည်း ဤနည်းအတူပင် ဖြစ်ပါသည် ဘုရား၊ ယခု သီးခြား ဝိနိစ္ဆယအမှတ်(၂) ရုံးတော်၌ စုဒိတကပုဂ္ဂိုလ်များအဖြစ် ထည့်သွင်းထားသူများမှာ တပည့်တော်များ စောဒနာသည့် အချက်များကို ဖြေဆိုနိုင်ကြစေခြင်းငှာသာ ဖြစ်ပါသည်၊ အမှန်စင်စစ် ရုံးတော်က “အဓမ္မဝါဒီ” ဟု ဆုံးဖြတ်လျင် ထို “အဓမ္မဝါဒ” နှင့် ပတ်သက်သူအားလုံး “အဓမ္မဝါဒီ” များသာ ဖြစ်ကြရပါမည် ဘုရား၊ သို့ဖြစ်သောကြောင့် ဝါဒနှင့်ပတ်သက်သူ မှန်သမျှ တပေါင်းတစည်းတည်း ပါဝင်ပြီး ဖြစ်ပါသည် ဘုရား။
၅။ စောဒနာ၏ခေါင်းစဉ် တင်ရာ၌ ထုံးစံအတိုင်း စကားကျဉ်းစိမ့်သောငှာ လူသေလူဖြစ်ဦးဥက္ကဋ္ဌဝါဒ သမ္မာဒိဋ္ဌိသုတေသနဝါဒ ရွှေအဘိဓမ္မာဝါဒ ဟူ၍ သုံးနှုန်းခြင်း ဖြစ်ပါသည် ဘုရား၊ ဤအထဲက ဘုရားတပည့်တော်များက အချက်ပေါင်း (၂၁)ချက်ကို တင်ပြပြီး “ဓမ္မ” “အဓမ္မ” စောဒနာခြင်းဖြစ်ပါသည် ဘုရား၊ ဤစောဒနာသော အချက်(၂၁)ချက် သည်သာလျှင် ဤရုံးတော်၌ တရားဝင် သက်ဆိုင်သောအချက် ဖြစ်ပါသည် ဘုရား။ ဤသဘောကိုနားလည်လျှင် မိမိတို့သည် ဦးဥက္ကဋ္ဌဝါဒကို အားလုံးလက်ခံသည် မဟုတ်၊ လက်ခံသင့်သည်ကိုသာ လက်ခံသည် စသည်ဖြင့် ပြောဖွယ်မရှိပါ ဘုရား၊ “ဓမ္မ” “အဓမ္မ” ပြဿနာ မဖြစ်သောအချက်များ ကျန်ရှိသေးသည်ဆိုက မိမိတို့သဘောအတိုင်းပင်ဖြစ်သည်။ တပည့်တော်တို့၏ စောဒနာချက်နှင့် မသက်ဆိုင်ပါ ဘုရား။
၆။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ စသည်တို့အပေါ် စောဒနာရခြင်း အကြောင်းကိုလည်း ဤနေရာတွင် ရှင်းလင်း လျှောက်ထားပါရစေ ဘုရား၊ ဘုရားတပည့်တော်များ တင်သွင်းခဲ့သော ပထမစောဒနာနိဒါန်း၌ ဖော်ပြခဲ့သည့်အတိုင်း ပုဂ္ဂိုလ်တစ်ဦး၏ လွတ်လပ်စွာ ယုံကြည်မှုကို မည်သို့မျှပြောဖွယ် မလိုပါ ဘုရား၊ ဝိနိစ္ဆယတင်၍ စောဒနာဆိုသည်ကား အိပ်မက်ပင် မက်ဖို့ကိစ္စ မဟုတ်ပါ ဘုရား၊ သို့ရာတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရာနှုန်း(၈၀)ကျော်မျှဖြစ်သော ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတစ်ရပ်လုံးနှင့် တစ်သိန်းကျော် သံဃာတော်တို့၏ အမြတ်တနိုး ကိုးကွယ်ရာဖြစ်သော သံဂါယနာ(၆)တန်တင် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးသွယ်တို့နှင့်တကွ ထိုဗုဒ္ဓဘာသာရဟန်းရှင်လူတို့၏ ဓလေ့ထုံးစံများကို ဘောင်ကျော်၍ ထိပါး ပုတ်ခတ်လာခြင်း, မိမိထင်ရာ ပြုလုပ်ခြင်းများအတွက်ကိုမူ သက်ဆိုင်ရာ ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူတို့က ခုခံကာကွယ်ကြရမည့် တာဝန်ရှိပါသည် ဘုရား။
၇။ ပို၍ ထင်ရှားစွာလျှောက်ထားရပါလျှင် ဦးဥက္ကဋ္ဌတို့လူစုက (၃၁)ဘုံကို လက်မခံဟု ဆိုလျှင် ဘုရားတပည့်တော်များ အနေဖြင့် မည်သို့မျှပြောဖွယ် မရှိပါ ဘုရား၊ ကျန်ဗုဒ္ဓဘာသာဝင်များကလည်း မည်သို့မျှပြောကြမည် မဟုတ်ပါ ဘုရား၊ သူတို့ဟာသူတို့ (၃၁)ဘုံမကလို့ (၃၀၃)ဘုံကိုပင် လက်မခံခံ, အနေသာကြီးဟု တွက်ဆကြမည် ဖြစ်ပါသည် ဘုရား။
၈။ သို့သော် ...
၉။ ဤ “သို့သော်ကား” အလွန် အရေးကြီးပါသည် ဘုရား၊ (၃၁)ဘုံကို မိမိ လက်မခံသည်ကို ဗုဒ္ဓဘာသာရဟန်းရှင်လူအများ အမြတ်တနိုး ကိုးကွယ်ရာဖြစ်သည့် ဗုဒရရှင်တော်ဘုရားကို ဆွဲထည့်ပြီး “၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ” ဟူ၍ လုပ်လာသောအခါ လွတ်လပ်စွာယုံကြည်မှုဘောင်ကို ကျော်လွန်ပြီး နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာ ရဟန်းရှင်လူများ၏ ယုံကြည်မှုကို ထိပါးစော်ကားလာခြင်း ဖြစ်ပါသည် ဘုရား၊ ဤကဲ့သို့ မိမိယုံကြည်ရုံတွင် မနေဘဲ ဗုဒ္ဓဘုရားရှင်ကို ခုတုံး လုပ်ပြီး သူတပါးယုံကြည်မှုကို စော်ကားလားခြင်းသည် အခြေခံဥပဒေက ပေးထားသော အခွင့်အရေးကို အလွဲသုံးစားပြုခြင်းဖြစ်၍ ရာဇဝတ်မှု ကျူးလွန်ခြင်းတစ်မျိုးပင် ဖြစ်ပါသည် ဘုရား။
ထိုနည်းအတူ ဘုရားရှင် မဟောသည်ကို အဟော, ဘုရားရှင် ဟောသည်ကို မဟောပြုလုပ်၍ ပိဋကတ်သုံးပုံကို ကမောက်ကမ ပြောင်းဆန်အောင် လုပ်ခြင်း, အစဉ်အလာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ ထုံးစံများကိုပြက်ရယ်လှောင်ပြောင် စော်ကားခြင်း စသည်တို့ကို ပြုလုပ်ကြခြင်းသည်လည်း ဘောင်ကျော်၍ ပြစ်မှုကျူးလွန်ခြင်း တစ်မျိုးပင် ဖြစ်ပါသည် ဘုရား။
၁၀။ ဤကဲ့သို့ ဦးဥက္ကဋ္ဌနှင့်တကွ သမ္မာဒိဋ္ဌိသုတေသနလူတစ်စုတို့၏ တိုင်းပြည်အတွက် စီးပွားရေးလည်း မဟုတ်၊ ကြီးပွားရေးလည်း မဟုတ်၊ သက်သက် အပိုလုပ်သော ဗုဒ္ဓဘာသာဆန့်ကျင်ရေး အလုပ်များကို လုပ်သည့်အတွက်ကြောင့် တစ်နိုင်ငံလုံးရှိ ရဟန်းရှင်လူ ပြည်သူများ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ခဲ့ကြရသည်၊ တပည့်တော်များလည်း ဗုဒ္ဓဘာသာဝင်တို့နှင့်အတူ ခံစားခဲ့ကြရပါသည် ဘုရား။
၁၁။ သို့ဖြစ်ပါသောကြောင့် နိုင်ငံတော်အတွင်း၌ ရဟန်းရှင်လူ ပြည်သူလူထုတို့အား ဒုက္ခပေးနေသော ဘေးဆိုး အန္တရာယ်ဆိုးမှ ကင်းငြိမ်းချမ်းသာပါစေဟု ရည်သန်လျက် ဘုရားတပည့်တော်များက အများကိုယ်စား ယခုလို စောဒနာရခြင်း ဖြစ်ပါသည် ဘုရား၊ ဤသို့ စောဒနာသည့်အမှုကို ပြုသည့်အတွက် တစ်ဘက်က မုန်းတီးခြင်း ခံရမှု, လုပ်ငန်း ဆောင်ရွက်ရသည့်အတွက် ပင်ပန်းမှုများ ရှိလျှင်လည်း “ငါတို့သည် ကိုယ်ကျိုးအတွက် မဟုတ်၊ အများအကျိုးအတွက် သာသနာတော်အကျိုးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပေသည်တကား” ဟူ၍ နှလုံးထားကြမည် ဖြစ်ပါသည် ဘုရား။
၁၂။ ယခုအချိန်ကစ၍ ဘုရားတပည့်တော်များအား တစ်ဘက်စုဒိတကပုဂ္ဂိုလ်များ ပိုမို သဘောပေါက်စေရန် ရည်သန်၍ ဝိသေသစောဒနာသမှု အခွင့်ပြုတော်မူပါတော့ ဘုရား။
ဝိသေသစောဒနာ အမှတ် (၁)
၁။ ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့သည် ဘာသာမဲ့ ရုပ်ဝါဒီများ ဖြစ်ကြောင်းနှင့် ပတ်သက်၍ ဝိသေသစောဒနာပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၁။ အထက်ပါ စကားရပ်၌-
(က) ဘာသာသည် ဘိန်းနှင့် တူသည်ဟူသော စွပ်စွဲချက်၊
(ခ) ကာရက, ဝေဒက=ပြုလုပ်သူ, ခံစားသူသည် ရုပ်ဖြစ်သည် ဟူသော အချက်၊
(ဂ) နာမ်တရားသည် ရုပ်၏ အခိုးသတ္တိ, ရုပ်၏ အဟုန် ဟူသောအချက်၊
(ဃ) ရုပ်လည်း နာမ်, နာမ်လည်း ရုပ် အပြန်အလှန် ဒွန်တွဲနေသည် ဟူသော အချက် -
အားဖြင့် အဓိက အချက်လေးချက် ပါဝင်ပါသည် ဘုရား၊ ထိုအချက်လေးချက်မှာ တရားတော်နှင့် မလျော်သော အဓမ္မဝါဒများသာ ဖြစ်ကြောင်း သာဓကဖြင့် တင်ပြလျှောက်ထားပါမည် ဘုရား။
၂။ ပထမဦးစွာ ဗုဒ္ဓဘာသာသည် ဘိန်းနှင့်မတူပုံကို လျှောက်ထားပါရစေ ဘုရား။
၃။ ဘာသာသည် ဘိန်းနှင့်တူသည်ဟူသော အချက်၌ ဘိန်းသည် စွဲစေသကဲ့သို့ ဘာသာသည်လည်း စွဲစေသည်၊ ဘိန်းသည် အကျိုးမဲ့ကို ဖြစ်စေသကဲ့သို့ ဘာသာသည်လည်း အကျိုးမဲ့ကို ဖြစ်စေသည်၊ ဘိန်းသည် တွေဝေထိုင်းမှိုင်းစေ သကဲ့သို့ ဘာသာသည်လည်း တွေဝေထိုင်းမှိုင်းစေသည်ဟု ဦးဥက္ကဋ္ဌကဆိုရာ ရောက်ပါသည် ဘုရား။
၄။ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ်၌ စိတ်ရောက်၍ သက်ဝင်ယုံကြည်မှုသည် တဏှာဖြင့် စွဲယူသကဲ့သို့ စွဲယူမှုမျိုး မဟုတ်ပါ၊ မတုန်မလှုပ် သက်ဝင်ကြည်လင်သော သဒ္ဓါတရားသာ ဖြစ်ပါသည်၊ ထိုသဒ္ဓါတရားမှာ ဉာဏ်နှင့်ယှဉ်၍ ရင့်ကျက် မြင့်မားလာသောအခါ ခြိမ်းခြောက်ဖျက်ဆီး၍လည်း မရသည်မှာ ဓနဉ္ဇာနီဝတ္ထုဖြင့် ထင်ရှားသကဲ့သို့ ဖြားယောင်း၍ မရသည်မှာလည်း သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထုဖြင့် ထင်ရှားစေပါသည် ဘုရား၊ ဤသို့ မတုန်မလှုပ် သက်ဝင်ခြင်းကို ညစ်နွမ်းသော တဏှာပေမအစွဲဟု မခေါ်ရပါ၊ ထက်သန်သော ယုံကြည်မှု, သန့်ရှင်းသော သဒ္ဓါတရားဟုသာ ခေါ် ဆိုရပါသည် ဘုရား။
၅။ ထိုသို့ သက်ဝင်ယုံကြည်၍လည်း အကျိုးယုတ်စေသည် မဟုတ်ပါ၊ လောကဓာတ်တစ်ရပ်လုံးတွင် အမြတ်ဆုံးရတနာများဖြစ်၍ သက်ဝင်ယုံကြည်သူများအား အမြတ်ဆုံးကောင်းကျိုးများ တိုးပွားစေသည်မှာ ရတနာသုံးပါးကို တကယ်ဆည်းကပ်သူများ လက်တွေ့ သိရှိကြပါသည်၊ ထို့ပြင်-
အင်္ဂုတ္တရနိကာယ်၊ အဂ္ဂပသာဒသုတ်(၃၄၃)လာ ဗုဒ္ဓမြတ်စွာ ဒေသနာတော် အရလည်း ထင်ရှားလှပါသည် ဘုရား။
ယေ ဘိက္ခဝေ ဗုဒ္ဓေ ပသန္နာ၊ အဂ္ဂေ တေ ပသန္နာ၊ အဂ္ဂေ ခေါ ပန ပသန္နာနံ အဂ္ဂေါ ဝိပါကော ဟောတိ။
ယေ ဘိက္ခဝေ ဝိရာဂေ ဓမ္မေ ပသန္နာ၊ အဂ္ဂေ တေ ပသန္နာ၊ အဂ္ဂေ ခေါ ပန ပသန္နာနံ အဂ္ဂေါ ဝိပါကော ဟောတိ။
ယေ ဘိက္ခဝေ သံဃေ ပသန္နာ၊ အဂ္ဂေ တေ ပသန္နာ၊ အဂ္ဂေ ခေါ ပန ပသန္နာနံ အဂ္ဂေါ ဝိပါကော ဟောတိ။ (အံ၊၁၊၃၄၃။)
ရဟန်းတို့ အကြင်သူတို့သည် ဗုဒ္ဓမြတ်စွာရတနာ၌လည်းကောင်း၊ ရာဂကင်းကြောင်း ကောင်းသော တရား၌ လည်းကောင်း၊ သံဃာတော်၌လည်းကောင်း ကြည်ညိုကုန်အံ့၊ ထိုသူတို့သည် လောကဓာတ်တစ်ရပ်လုံးတွင် အမြတ်ဆုံး ရတနာပေါ်၌ ကြည်ညိုသူ မည်ကုန်၏၊ အမြတ်ဆုံး ဘုရားရတနာ၌ ကြည်ညိုသူတို့အား အမြတ်ဆုံးအကျိုးတရား ဖြစ်၏၊
၆။ ဘိန်းသည် တွေဝေထိုင်းမှိုင်းစေသကဲ့သို့ ဘုရား တရား သံဃာ ရတနာသုံးပါးကို အောက်မေ့မှု ကိုးကွယ်မှုသည် တွေဝေထိုင်းမှိုင်းစေသည် မဟုတ်ပါ၊ အမှန်မှာ ဖြောင့်မတ်ဖြူစင် ကြည်လင်ရွှင်ပျ သုခချမ်းသာ နန်းအမတာသို့ပင် ရောက်စေနိုင်ကြောင်း အင်္ဂုတ္တရနိကာယ၊ မဟာနာမသုတ်အရ သိသာလှပါသည် ဘုရား၊ ယခု ထိုသုတ်တော်ကို သာဓက အဖြစ် ထုတ်ဆောင်ပြပါမည် ဘုရား။
ဣဓ မဟာနာမ အရိယသာဝကော ထထာဂတံ အနုဿရတိ။ပ။ နေဝဿ တသ္မိံ သမယေ ရာဂပရိယုဋ္ဌိတံ စိတ္တံ ဟောတိ၊ န ဒေါသပရိယုဋ္ဌိတံ စိတ္တံ ဟောတိ၊ န မောဟပရိယုဋ္ဌိတံ စိတ္တံ ဟောတိ၊ ဥဇုဂတမေဝဿ တသ္မံ သမယေ စိတ္တံ ဟောတိ တထာဂတံ အာရဗ္ဘ။ ဥဇုဂတစိတ္တော ခေါ ပန မဟာနာမ အရိယသာဝကော လဘတိ အတ္ထဝေဒံ၊ လဘတိ ဓမ္မဝေဒံ၊ လဘတိ ဓမ္မူပသံဟိတံ ပါမောဇ္ဇံ၊ ပမုဒိတဿ ပီတိ ဇာယတိ၊ ပီတိမနဿ ကာယော ပဿမ္ဘတိ၊ ပဿဒ္ဓကာယော သုခံ ဝေဒိယတိ၊ သုခိနော စိတ္တံ သမာဓိယတိ။ အယံ ဝုစ္စတိ မဟာနာမ အရိယသာဝကော ဝိသမဂတာယ ပဇာယ သမပ္ပတ္တော ဝိဟရတိ၊ သဗျာပဇ္ဇာယ ပဇာယ အဗျာပဇ္ဇော ဝိဟရတိ၊ ဓမ္မသောတံ သမာပန္နော ဗုဒ္ဓါနုဿတိံ ဘာဝေတိ။ (အံ၊၂၊၂၅၂။)
[မှတ်ချက်။ ။ဓမ္မ သံဃ တို့လည်း နည်းတူပါ ဘုရား။]
မဟာနာမ် ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏၊ပ။
မဟာနာမ် အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကိုအောက်မေ့သော အခါ၌ ထိုအရိယာတပည့်အား ရာဂထကြွ သောင်းကျန်းသော စိတ် မဖြစ်၊ ထိုအခါ ထိုပုဂ္ဂိုလ်အား မြတ်စွာဘုရား၏ ဂုဏ်တော်ကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာလျှင် ဖြစ်၏၊
မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် ဂုဏ်တော်၏ အနက်အဓိပ္ပါယ်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ ပါဠိကို မှီ၍ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ နှစ်သက်သော စိတ်ရှိသော သူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသောကိုယ် ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသောသူ၏ စိတ်သည် တည်ကြည်၏၊
မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ရောက်လျက်နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည်ဖြစ်၍ နေသူ (ဝိပဿနာဉာဏ်ဟု ဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း= ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများသူဟု ဆိုအပ်ပါ၏၊ (အင်၊ မြန်၊၂၊၃၂၇။)
၇။ ဤ ဘုရားဟောဖော် ပါဠိတော်များအရ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုးကွယ်မှုဆိုင်ရာ ဗုဒ္ဓဘာသာသည် -
(က) တဏှာပေမစွဲကို မဖြစ်စေဘဲ ကြည်လင်မှုသဒ္ဓါတရားကိုသာ တိုးပွားစေခြင်း၊
(ခ) အကျိုးမဲ့ကို မဖြစ်စေဘဲ အကျိုးစီးပွားကိုသာ ဖြစ်စေခြင်း၊
(ဂ) တွေဝေထိုင်းမှိုင်းမှုကို မဖြစ်စေဘဲ ကြည်လင်ရွှင်ပျမှုကို ဖြစ်စေခြင်း၊
ထို့ကြောင့် ဗုဒ္ဓဘာသာသည် ဘိန်းနှင့်တူသော အရာမဟုတ်ပေ၊ ဗုဒ္ဓဘာသာကို ဘိန်းနှင့်တူသည်ဟု ဆိုပါက သာသနာတော်ကို ဖျက်ဆီးလိုသော ပဒုဋ္ဌစိတ်ထားဖြင့် လူမျိုးခြား ဘာသာခြားတို့၏ “ရီလီးဂျင့်” ဟူသော စကားကို ပါးစပ်အငှါး ထည့်မိရာမှ ပေါက်ဖွားလာသော အဓမ္မဝါဒသာ ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။
ဤအချက်ကို ထောက်လျှင် ဦးဥက္ကဋ္ဌနှင့် ၎င်း၏ တပည့်များသည် သင်္ကန်းဝတ်၍ ဗုဒ္ဓဘာသာ အမည်ခံထားသော်လည်း ဘာသာမဲ့များပင် ဖြစ်သည်မှာ ထင်ရှားပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၈။ ရုပ်ဝါဒီများ ဖြစ်ပုံ ဆက်လက် လျှောက်ထားပါရစေ ဘုရား၊ ကာရက, ဝေဒက သည် ရုပ်ဖြစ်သည်ဟူသော အယူအဆမှာ-
ကမ္မဿ ကာရကော နတ္ထိ၊ ဝိပါကဿ စ ဝေဒကော။
သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝမေတံ သမ္မဒဿနံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)
ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာလာ ဂါထာကို ရုပ်ဝါဒနှင့် ညီအောင် လိုသလိုဆွဲယူထားခြင်းသာ ဖြစ်ပါသည် ဘုရား။
၉။ ထိုဂါထာ၏ ဆိုလိုရင်းအချက်မှာ “ကံကို ပြုလုပ်သူ အတ္တမရှိ၊ အကျိုးကို ခံစားသူ အတ္တလည်းမရှိ အမှန်မှာ ရုပ်-နာမ် ဓမ္မ ပရမတ္ထတရားတို့ သက်သက်သာ (ကြောင်းကျိုးဆက်ကာ) ဖြစ်ကြကုန်၏၊ ဤသို့ရှုမြင်မှုသည် မှန်ကန်သောအမြင်ဖြစ်၏” ဟူ၍သာ ဆိုလိုရင်း ဖြစ်ပါသည်၊ ပြုလုပ်သူ ကာရက, ခံစားသူ ဝေဒကသည် ရုပ်တုံးရုပ်ခဲဖြစ်၏ဟု ယူလျှင် ရုပ်တရားကို အတ္တဟု ယူရာရောက်၍ “ရူပံ အတ္တတော သမနုပဿတိ= ရုပ်ကို အတ္တဟု ရှုမြင်၏” ဟူသော အတ္တဒိဋ္ဌိ (သက္ကာယဒိဋ္ဌိ)သာ ဖြစ်ရကား အဓမ္မဝါဒသာ ဖြစ်ပါသည် ဘုရား။
၁၀။ ထို့ပြင် နာမ်တရားသည် ရုပ်၏အခိုးသတ္တိ ရုပ်၏အဟုန် ဟူသောအချက်၊ ရုပ်လည်း နာမ်, နာမ်လည်း ရုပ်ဟူသော အချက်သည်လည်း အမှားသက်သက်သာ ဖြစ်ပါသည် ဘုရား၊ ပရမတ္တတရားမှန်သမျှသည် ကြောင်းကျိုး ဆက်သွယ်ရုံမျှ ဆက်သွယ်ပြီး ကိုယ့်သဘာဝ ကိုယ့်သတ္တိ ကိုယ်စီရှိနေကြပါသည် ဘုရား၊ နာမ်သည် ရုပ်၏ အခိုးသတ္တိ မဟုတ်သလို ရုပ်သည်လည်း နာမ်၏ အခိုးသတ္တိ မဟုတ်ကြပါ၊ နာမ်သည် ရုပ်မှ သီးခြား ဖြစ်သကဲ့သို့ ရုပ်လည်း နာမ်မှ တသီးတခြားပင် ဖြစ်ပါသည် ဘုရား၊ သို့ပါ၍ နာမ်တရားသည် ရုပ်၏အခိုးသတ္တိ ရုပ်၏အဟုန်ဟူသော်၏ ပြောဆိုချက်သည်လည်းကောင်း၊ ရုပ်လည်း နာမ် နာမ်လည်း ရုပ် ဟူသော ပြောဆိုချက်သည်လည်းကောင်း အမှားသက်သက် အဓမ္မဝါဒ သာဖြစ်ပါကြောင်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယအုပ်လာ စကားဖြင့် ပိုမိုထင်ရှားလှပါသည် ဘုရား။
ယထ စ ဒဏ္ဍာဘိဟတံ ဘေရိံ နိဿာယ သဒ္ဒေ ပဝတ္တမာနေ အညာ ဘေရီ၊ အညော သဒ္ဒေါ၊ ဘေရိသဒ္ဒါ အသမ္မိဿာ၊ ဘေရီ သဒ္ဒေန သုညာ၊ သဒ္ဒေါ ဘေရိယာ သုညော၊ ဧဝမေဝံ ဝတ္ထုဒွါရာရမ္မဏသင်္ခါတံ ရူပံ နိဿာယ နာမေ ပဝတ္တမာနေ အညံ ရူပံ၊ အညံ နာမံ၊ နာမရူပါ အသမ္မိဿာ၊ နာမံ ရူပေန သုညံ၊ ရူပံ နာမေန သုညံ၊ အပိ စ ခေါ ဘေရိံ ပဋိစ္စ သဒ္ဒေါ ဝိယ ရူပံ ပဋိစ္စ နာမံ ပဝတ္တတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၀။)
တုတ်ဖြင့် ခေါက်အပ်သော စည်ကိုမှီ၍ အသံ ဖြစ်ပေါ်ရာ စည်တခြား အသံတခြား ဖြစ်သကဲ့သို့၊ စည်နှင့် အသံတို့ သဘာဝချင်း မရောယှက်သကဲ့သို့၊ စည်သည် အသံမှ ဆိတ်သုဉ်းပြီး အသံသည် စည်မှ ဆိတ်သုဉ်းသကဲ့သို့ ဤအတူ ဝတ္ထု ဒွါရ အာရုံ ရုပ်ကို မှီ၍ နာမ် ဖြစ်ပေါ်လာသော်လည်း ရုပ်တခြား နာမ်တခြားသာ ဖြစ်၏၊ နာမ်နှင့်ရုပ်တို့သည် သဘာဝချင်း မရောယှက်ကြ၊ နာမ်သည် ရုပ်မှ ဆိတ်သုဉ်းခဲ့၏၊ ရုပ်သည် နာမ်မှဆိတ်သုဉ်း၏၊ စင်စစ်ကား စည်ကိုစွဲ၍ အသံ ဖြစ်သကဲ့သို့ ရုပ်ကို စွဲ၍ နာမ်ဖြစ်ပေါ်ခြင်းသာ ဖြစ်လေသည်။
ရူပံ ပဋိစ္စ နာမံ ပဝတ္တတိ (ရုပ်ကို အစွဲပြု၍ နာမ် ဖြစ်၏) ၌ အညဝါဒီတို့ ပြောသကဲ့သို့ ရုပ်က နာမ်ကို ဖြစ်စေသည် မဟုတ်ပါ၊ ပဋိစ္စ ဟူသော ပါဠိစကားလုံးကို နားလည်လျှင် ဤပြဿနာ မရှုပ်ပါ၊ ပဋိစ္စ ဟူသော ပါဠိစကားလုံးကို နားမလည်ရာမှ အမြင်မှားခြင်း ဖြစ်ပါသည်၊ ဝတ္ထုရုပ် ဒွါရရုပ်များသည် နာမ်တရား၏ တည်မှီရာ နိဿယသတ္တိ၊ အာရုံ ရုပ်များက အာရမ္မဏသတ္တိများဖြင့် နာမ်ဖြစ်လာအောင် ထောက်ပံ့ကူညီ ကျေးဇူးပြုသည် ကိုသာ ဆိုလိုရင်း ဖြစ်ပါကြောင်း သိစေအပ်ပါသည် ဘုရား။
ဤအရာသည်ကား ဆရာတော် သံဃာတော်များထံမှ ပဋ္ဌာန်းကျမ်းအထိ သေချာစွာ လေ့လာသင်ယူ ဆည်းပူးပြီးမှ နားလည်နိုင်မည့်အရာ၊ သို့မဟုတ် ယင်းသို့ လေ့လာဖူးသူတို့က သေသေချာချာ အကျယ်တဝင့် ရေးပြ ပြောပြမှ နားလည်နိုင်မည့်အရာ ဖြစ်ပါသည်၊ ဤတွင်ကား ရုံးတော်ဖြစ်၍ ရုပ်လည်း နာမ် နာမ်လည်း ရုပ်ဟူသော အယူသည် ဓမ္မစည်းမျဉ်းနှင့် မညီကြောင်း သိသာရုံ လိုရင်းကိုသာ အကျဉ်းမျှ လျှောက်ထားပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၂)
၂။ လူသေလူဖြစ်ဟူ၍ စိတ်ကူးပေါက်ရာ လိုက်လံဟောပြော ရေးသားမှုနှင့် ပတ်သက်၍ ဝိသေသစောဒနာချက် ပါ ဘုရား။
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက်နောက်ပါတို့သည် “လူသေလျှင် လူသာ ဖြစ်သည်” ဟူသော ဝါဒကို ဟောပြောရေးသားလျက် ဘုရားရှင် သာသနာတော်ကြီးကို ဖျက်ဆီးနေကြကြောင်းကို (၃၀-၆-၈၀) နေ့က ဤ သီးခြား ဝိနိစ္ဆယရုံးတော်၌ ဘုရားတပည့်တော်များ သာမညအားဖြင့် စောဒနာ တင်သွင်းခဲ့ပြီး ဖြစ်ပါသည် ဘုရား။
ယခု ထိုသာမညစောဒနာချက်ကို ပါဠိတော်သာဓကတို့ဖြင့် ဝိသေသစောဒနာအဖြစ် တင်သွင်း လျှောက်ထား ပါရစေ ဘုရား။
“လူသေလျှင် လူသာ ဖြစ်သည်” ဟူသော ဝါဒသည် အောက်ပါ မနုဿစုတိနိရယသုတ် စသော ပါဠိတော် များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည် ဘုရား။
အထ ခေါ ဘဂဝါ ပရိတ္တံ နခသိခါယံ ပံသုံ အာရောပေတွာ ဘိက္ခူ အာမန္တေသိ “တံ ကိံ မညထ ဘိက္ခဝေ၊ ကတမံ နု ခေါ ဗဟုတရံ၊ ယော ဝါယံ မယာ ပရိတ္တော နခသိခါယံ ပံသု အာရောပိတော၊ အယံ ဝါ မဟာပထဝီ” တိ။
ဧဝမေဝ ခေါ ဘိက္ခဝေ အပ္ပကာ တေ သတ္တာ ယေ မနုဿာ စုတာ မနုေဿသု ပစ္စာဇာယန္တိ။ အထ ခေါ ဧတေဝ ဗဟုတရာ သတ္တာ၊ ယေ မနုဿာ စုတာ နိရယေ ပစ္စာဇာယန္တိ။ပ။ တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ။ပ။ ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။ပ။ ဒေဝေသု ပစ္စဇာယန္တိ။ပ။ နိရယေ ပစ္စာဇာယန္တိ။ပ။ တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ။ပ။ ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။ (သံ၊၃၊၄၁၂)
မြန်မာပြန်
ထိုအခါ မြတ်စွာဘုရားသည် လက်သည်းဖျားပေါ်၌ မြေမှုန့်အနည်းငယ်ကို တင်ထား၍ “ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လက်သည်းဖျားပေါ်၌ ငါတင်ထားသော မြေမှုန့်နှင့် ဤ(ကမ္ဘာ) မြေကြီးသည် အဘယ်က ပို၍ များသနည်း” ဟု ရဟန်းတို့ကို မိန့်တော်မူ၏၊ အရှင်ဘုရား ဤ(ကမ္ဘာ)မြေကြီးကသာ ပို၍ များပါ၏၊ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်သည် အနည်းငယ်သာတည်း၊ (ကမ္ဘာ) မြေကြီးကို ထောက်ဆ၍ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်သည် မရေမတွက်လောက် မနှိုင်းယှဉ်လောက် အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါဟု(လျှောက်ကုန်၏) ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ လူ့ဘဝ၌ ပြန်ဖြစ်ကြသော သတ္တဝါတို့သည် နည်းပါကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ ငရဲ၌ဖြစ်ကြသော သတ္တဝါတို့သည်သာ ပို၍ များကုန်၏၊ ပ။ တိရစ္ဆာန်မျိုး၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏၊ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍များကုန်၏၊ (သံ၊မြန်၊၃၊၄၁၈။)
ဤနည်းအတူ နတ်ဘုံ, ငရဲဘုံ, ပြိတ္တာဘုံတို့မှ စုတေ၍ လူ့ဘုံ၌ လူလာဖြစ်သူ နည်းပါး၍ ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံတို့၌ ဖြစ်ကြသူတို့သာ များလှပုံတို့ကိုလည်း မဟာဝဂ္ဂသံယုတ္တပါဠိ၊ ပဉ္စဂတိပေယျာလဝဂ် ၌ ရှင်တော်မြတ်ဘုရားကိုယ်တော်တိုင် ဟောကြားတော်မူထားပေသည်။ (သံ၊၃၊၄၁၂၊၄၁၃၊၄၄။)
လူသေလူဖြစ်ပြဿနာ စာမျက်နှာ (၁၉၁၊၁၉၂)တို့၌ ဦးဥက္ကဋ္ဌ၏ သာဝကကြီး သခင်မြတ်ဆိုင်က “အေး... ဘာသာရေးဆရာတွေ ပြောသလို လူ့အဖြစ် လူ့ဘဝ ရင်းစားပြန်ရဖို့တောင် ဘယ်လောက် ခဲယဉ်းသလေး, ဘယ်အကျင့် သီလရှိမှလေး, ဘယ်ဒါန ပါမှ ဆိုဒါတွေမျိုး မင်းက ယုံချင်သေးသလားကွ၊ ဒါတွေက စားလမ်းပဲ” ဆိုသော စကားသည် ဘုရားရှင် ဒေသနာတော်ကို မည်မျှ ကျူးကျော်စော်ကားထားသည်ကို အထင်အရှား တွေ့မြင်နိုင်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
“ယတော စ ခေါ ဘိက္ခဝေ မာတာပိတရောစ သန္နိပတိတာ ဟောန္တိ၊ မာတာ စ ဥတုနီ ဟောတိ၊ ဂန္ဓဗ္ဗောစ ပစ္စုပဋ္ဌိတော ဟောတိ။ ဧဝံ တိဏ္ဏံ သန္နိပါတာ ဂဗ္ဘဿဝက္ကန္တိ ဟောတိ” (မ၊၁။ ၃၃၂)
ဟူသော မူလပဏ္ဏာသပါဠိတော်၊ မဟာတဏှာသင်္ခယသုတ်၌-
(၁) မိဘလောင်း နှစ်ဦး ဆုံဆည်းခြင်း၊
(၂) မိခင်လောင်း ဥတုလာပြီးစ ဖြစ်ခြင်း၊
(၃) ပဋိသန္ဓေနေမည့် သတ္တဝါက ရှေးရှုတည်ခိုက် ကြုံခြင်း
ဟူ၍ ပဋိသန္ဓေတည်နေခြင်း၏ အကြောင်းသုံးပါးကို ပြရာပါဠိတော်၌ “ဂန္ဓဗ္ဗ” ၏ အရ ကိုလည်း လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် ကြံဆောင်၍ လူသေမှ ထွက်လာသော ဥသ္မာဓာတ်ပျက် ဝါယောဓာတ်ဟု ယူပြီး ထိုဂန္ဓဗ္ဗဓာတ်က ၎င်းကို ရှုမိတဲ့ မိဘလောင်းတို့ရဲ သွေးနဲ့ ရောစပ်ပြီး လူဖြစ်လာသည်ဟု ရေးသားပုံများသည်လည်း ဘုရားရှင်အာဘော်နှင့် မိုးနှင့် မြေလောက် ကွာနေပါသည် ဘုရား။
အမှန်မှာ “ဂန္ဓဗ္ဗောတိ တြုတပဂသတ္တော” (မ၊ဋ္ဌ၊၂၊၁၀။) ဟူသော အဋ္ဌကထာနှင့်အညီ အမိဝမ်းတိုက်သို့ ကပ်ရောက်ထိုက်သော စုတေခါနီး သတ္တဝါကိုသာ ဂန္ဓဗ္ဗအရ ယူရမည် ဖြစ်ပါသည် ဘုရား။
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌတို့သည် ဓမ္မစကြာ အနတ္တလက္ခဏ ပဋိစ္စသမုပ္ပါဒ်-ဤသုံးမျိုးလောက်သာ ဘုရားဟောဟု ယုံကြည်ချင်သည်ဆိုပေမဲ့ လူသေလူဖြစ်ဝါဒဘက်သို့ ဆွဲငင်၍ ရမည်ထင်သည့် သုတ်တချို့ကိုမှ ဘုရားဟောဆိုပြီး ခပ်တည်တည်ဖြင့် ခုတုံးလုပ်ပြန်ပါသည် ဘုရား၊ ဤတွင် သံယောဂသုတ်ကို အသုံးချထားပုံကို ကြည့်တော်မူပါ ဘုရား။
သံယောဂသုတ်၌ ဘုရားရှင်ကပင် လူသေလူဖြစ် ဟောလေဟန် မဟုတ်မမှန် လုပ်ကြံ စွပ်စွဲထားပါသည် ဘုရား၊ သို့သော် သံယောဂသုတ်အမှန်ကို ထင်ရှားသိသာအောင် ပါဠိမှ ထုတ်ဆောင် တင်ပြပါမည် ဘုရား။
ဣတ္ထိ ဘိက္ခဝေ အဇ္ဈတ္တံ ဣတ္ထိန္ဒြိယံ မနသိ ကရောတိ ဣတ္ထိကုတ္တံ ဣတ္ထာကပ္ပံ ဣတ္ထဝိဓံ ဣတ္ထိစ္ဆန္ဒံ ဣတ္ထိဿရံ ဣတ္ထာလင်္ကာရံ။ သာ တတ္ထ ရဇ္ဇတိ၊ တတြာဘိရမတိ၊ သာ တတ္ထ ရတ္တာ တတြာတိရတာ ဗဟိဒ္ဓါ ပုရိသိန္ဒြိယံ မနသိ ကရောတိ ပုရိသကုတ္တံ ပုနံသာကပ္ပံ ပုရိသဝိဓံ ပုရိသစ္ဆန္ဒံ ပုရိသဿရံ ပုရိသာလင်္ကာရံ သာ တတ္ထ ရဇ္ဇတိ၊ တတြာဘိရမတိ။ သာ တတ္ထ ရတ္ထာ တတြာဘိရတာ ဗဟိဒ္ဓါ သံယောဂံ အာကင်္ခတိ၊ ယဉ္စဿာ သံယောဂပစ္စယာ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ တဉ္စ အာကင်္ခတိ။ ဣတ္ထတ္တေ ဘိက္ခဝေ အဘိရတာ သတ္တာ ပုရိသေသု သံယောဂံ ဂတာ။ ဧဝံ ခေါ ဘိက္ခဝေ ဣတ္ထီ ဣတ္ထတ္တံ နာတိဝတ္တတိ။ (အံ၊၂၊၄၄၁)
မြန်မာပြန်
ရဟန်းတို့ မိန်းမတို့သည် မိမိသန္တာန်၌ မိန်းမဣန္ဒြေကို နှလုံးသွင်း၏၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမ၏ဟန် မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏အသံ မိန်းမ၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊ ထိုမိန်းမသည် ဣတ္ထိန္ဒြေ စသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည် ဖြစ်၍ အပသန္တာန်၌ ရှိသော ပုရိသိန္ဒြေကို နှလုံးသွင်း၏၊ ယောက်ျားအမူအရာ၊ ယောက်ျားအသွင်အပြင်၊ ယောကျ်ား၏ဟန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏အသံ၊ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊ ထိုမိန်းမသည် ပုရိသိန္ဒြေ စသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌(မေထုန်နှင့်) ယှဉ်မှုကို အလိုရှိ၏၊ ထိုမိန်းမအား (မေထုန်နှင့်) ယှဉ်မှုဟူသော အကြောင်းကြောင့်ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှု ကိုလည်း အလိုရှိ၏၊ ရဟန်းတို့ မိန်းမအဖြစ်၌ မွေ့လျော်ကုန်သော သတ္တဝါတို့သည် ယောက်ျားတို့၌ မေထုန်နှင့် ယှဉ်မှု သို့ရောက်၏၊ ရဟန်းတို့ ဤသို့လျှင် မိန်းမသည် မိန်းမ၏ အဖြစ်ကို မလွန်မြောက်နိုင်။ (အင်မြန်၊၂၊၅၅၆)
ထို့ပြင် အမသတ္တဝါသည် အမသတ္တဝါအဖြစ်မှ လွန်မြောက်၍ အဖိုဖြစ်လာပုံ၊ အဖိုသတ္တဝါသည် အဖိုသတ္တဝါအဖြစ်မှ လွန်မြောက်၍ အမဖြစ်သွားပုံကိုလည်း ပြောင်းပြန်အားဖြင့် ဟောကြားတော်မူပါသည် ဘုရား။
ဤသုတ်သည် သက္ကာယဒိဋ္ဌိနှင့် ဘဝတဏှာကို အခြေခံပြီး အဖိုအမ ဖြစ်တတ်ပုံအကြမ်းစားကို ဒေသနာအစဉ် ရောက်သည်အားလျော်စွာ ဟောခြင်းဖြစ်သည်၊ ဤသုတ်က အခြားသော သုတ်တို့ကို ခြေဖျက်ခြင်းမဟုတ်၊ ဤသုတ်၏ ဟောကြားချက်သည် “လူသေလျှင် လူသာဖြစ်ရမည်” ဟုဆိုကာ စိတ်ကူးယဉ်အတွက် သက်သေမခံ၊ ထိုကြောင့် ဦးဥက္ကဋ္ဌအဖို့ အားကိုးမှားခြင်းသာ ဖြစ်ပေသည်။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
မြတ်စွာဘုရားလက်ထက်က နာမည်ကြီးခဲ့သော သီဟစစ်သူကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သောတာပန် အရိယာအဖြစ်သို့ ရောက်ပြီးနောက် ဘုရားရှင်သို့ ဆွမ်းဘုဉ်းပေး ပင့်လျှောက်ခန်း၌-
အထ ခေါ သီဟော သေနာပတိ ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပ တ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ - (အံ၊၃၊၃၀။)
ဟု အင်္ဂုတ္တရနိကာယ်၊ သီဟသုတ်ပါဠိတော်၌ လာရှိပါသည် ဘုရား၊ ထိုနှင့်အလားတူ စကားရပ်များ ထိုထိုပါဠိတော်တို့၌ လာရှိပါသည် ဘုရား။
အထက်ပါ ဒိဋ္ဌဓမ္မော၊ ပတ္တဓမ္မော စသောပါဠိကို ဦးဥက္ကဋ္ဌလို အနက်ပေးလျှင်ဖြင့် ဘုရားရှင်လက်ထက်က သီဟစစ်သူကြီးသည် ဤသာသနာ ၂၅၀၀-ကျော်မှ ပေါ်လာသော ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်စိတ်ကူးယဉ်ကို ဒိဋ္ဌမြင်၍ သောတာပန်ဖြစ်သည်ဟု ဆိုစရာ ဖြစ်နေပါသည်၊ တကယ်တော့ ဦးဥက္ကဋ္ဌပြောစကားများကို စိစစ်ကြည့်လေ, ရယ်ဖွယ်ကောင်းလေဖြစ်ကြောင်းတွေ့ကြရပါသည် ဘုရား။
အမှန်စစ်စစ် အဋ္ဌကထာအဖွင့်နှင့်အညီ ဒိဋ္ဌဓမ္မော စသော ပုဒ်တို့သည် အရိယသစ္စာတရားကို ဉာဏ်ဖြင့်မြင်ပြီးသော အရိယသစ္စာ တရားသို့ ဉာဏ်ဖြင့် ဆိုက်ရောက်ပြီးသော အရိယသစ္စာတရားကို သိပြီးသော အရိယသစ္စာတရားသို့ သက်ဝင်ပြီးသော ဘုရား, တရား, သံဃာ, သိက္ခာသုံးရပ် စသည်တို့၌ ယုံမှားမှုတို့ကို လွန်မြောက်ပြီးသော သို့လော, သို့လော တွေးတောမှု ကင်းပြီးသော ရွံ့ရှားခြင်းကင်း ရဲတင်းသူ၏အဖြစ်သို့ ရောက်သော ဘုရားရှင်သာသနာတော်၌ မိမိမှတပါး အခြားသူကို အားမကိုးတော့သော သောတာပန် အရိယာ၏ဂုဏ်ကို ဖော်ပြသောပုဒ်များ ဖြစ်ပါသည် ဘုရား။
နိယတောတိ သမ္ဗောဓိပရာယနော ဟူသော ပုဒ်တို့ကိုလည်း-
နိယတောတိ ပဌမမဂ္ဂသင်္ခါတေန သမ္မတ္တနိယာမေန နိယတော။ သမ္ဗောဓိပရာယနောတိ ဥတ္တရိမဂ္ဂတ္တယသင်္ခါတော သမ္ဗောဓိ ပရံ အယနံ မယှန္တိ သောဟံ သမ္ဗောဓိပရာယနော၊ တံ သမ္ဗောဓိံ အဝဿံ အဘိသမ္ဗုဇ္ဈနကောတိ အတ္ထော။ (သံ၊ဋ္ဌ၊၂၊၆၈။)
သမ္မတ္တနိယာမဟု ဆိုအပ်သော ပဌမမဂ်သည် ခုနစ်ဘဝမှအထက် မဖြစ်ဖို့ရန် သတ်မှတ်အပ်သော (ဝါ) ခုနစ်ဘဝမှအထက် မဖြစ်ခြင်းသဘောအားဖြင့် မြဲသော သစ္စာလေးပါးကို သိပြီးသော သောတာပတ္တိမဂ်မှ တပါးသော အထက်မဂ်သုံးပါးဟူသော လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ် ဟုပင် ဖွင့်ပြခဲ့ပါသည် ဘုရား။
ဆရာတော် အရှင်မြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌသည် ထိုသောတာပန်ဂုဏ်ရည်များကို သူ၏ လူသေလူဖြစ်ဝါဒ၌ တပ်ဆင်၍ ခမ်းခမ်းနားနားကြီး လုပ်ပြလိုက်ခြင်း ဖြစ်ပါသည် ဘုရား၊ သို့သော် အဓမ္မဝါဒ ဖြစ်ကြောင်းကိုမူ ပညာရှိဆရာတော်များက ဆုံးဖြတ်ပေးတော် မူကြပါ ဘုရား။
ဝိသေသစောဒနာ အမှတ် (၃)
၃။ (၃၁)ဘုံကို ဗုဒ္ဓမြတ်စွာဘုရား လက်မခံဟူ၍ မှားယွင်းစွာ ရေးသားဟောပြောမှုနှင့် ပတ်သက်၍ ဝိသေသစောဒနာ ချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
စောဒနာအမှတ် (၃)တွင်-
(က) လူသေပြီးနောက် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် မဖြစ်နိုင် ဟူ၍လည်းကောင်း၊ နတ်နှင့်ဗြဟ္မာ မဖြစ်နိုင် ဟူ၍လည်းကောင်း ဆိုထားခြင်း၊
(ခ) လူနှင့်တိရစ္ဆာန် (၂)ဘုံကိုသာလက်ခံခြင်း, ပြိတ္တာ အသူရကာယ် ငရဲဘုံတို့ကို မျက်တွေ့လက်တွေ့မဟုတ် စိတ်ကူးယဉ်ဟု ဆိုထားခြင်း၊
(ဂ) ကောင်းကင်ကိုကြည့်တဲ့ မှန်ပြောင်းကြီးများဖြင့် ကြည့်လိုက်တဲ့အခါ နတ်ပြည် ဗြဟ္မာပြည်တွေဆိုတာ ဘယ်ရောက်ကုန်မှန်းမသိဟု ဆိုထားခြင်း၊
(ဃ) နတ် ဗြဟ္မာ သိကြားဆိုတာ စိတ်ကူးယဉ်သတ္တဝါတွေဟု ဆိုထားခြင်း၊
တို့ကို တပည့်တော်များ ထောက်ပြခဲ့ပါသည် ဘုရား။
ဤရေးသား ဖွင့်ဆိုချက်များကို ကောက်ချက်ချလိုက်သောအခါ(၃၁)ဘုံကို လက်မခံဟု ပြောလိုက်ခြင်းပင် ဖြစ်ပါသည် ဘုရား၊ ဤနေရာတွင် ဘုရားဟော (၃၁) ဘုံကို သိသာရုံမျှ ထုတ်ပြပါမည် ဘုရား၊
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
(က) လူသေပြီးနောက် လူအဖြစ် နည်းပါး၍ ငရဲတိရစ္ဆာန် ပြိတ္တာ အသူရကာယ် အဖြစ်များပုံအကြောင်းကို ဘုရားသခင်က အင်္ဂုတ္တိုရ်ပါဠိတော်၌ ဤသို့ တိတိကျကျ ဟောထားပါသည် ဘုရား။
သေယျထာပိ ဘိက္ခဝေ အပ္ပမတ္တကံ ဣမသ္မိံ ဇမ္ဗုဒီပေ အာရာမ ရာမဏေယျကံ ဝနရာမဏေယျကံ ဘူမိရာမဏေယျကံ ပေါက္ခရဏိရာမဏေယျကံ။ အထ ခေါ ဧတဒေဝ ဗဟုတရံ၊ ယဒိဒံ ဥက္ကူလ ဝိကူလံ နဒီဝိဒုဂ္ဂံ ခါဏုကဏ္ဋကဋ္ဌာနံ ပဗ္ဗတဝိသမံ။ ဧဝမေဝံ ခေါ ဘိက္ခဝေ အပ္ပကာ တေ သတ္တာ၊ ယေ မနုဿာ စုတာ မနုေဿသု ပစ္စဇာယန္တိ။ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ၊ ယေ မနုဿာ စုတာ နိရယေ ပစ္စာဇာယန္တိ။ ပ။ တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ။ ပ။ ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။ (အံ၊၁၊၃၉။)
မြန်မာပြန်
“ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသော အရံ၊ မွေ့လျော်ဖွယ်ကောင်းသော တော၊ မွေ့လျော်ဖွယ်ကောင်းသော မြေ အရပ်၊ မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်းမြင့်မောက်သောမြေ၊ သွားလာ ကူးခက်သော မြစ်၊ သစ်ငုတ်ဆူးငြောင့်ရှိသော အရပ်၊ မညီညွတ်သော တောင်တို့သာ များသကဲ့သို့ ... ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ လူပြည်၌ပင် တစ်ဖန် ပြန်ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှစုတေ၍ ငရဲဘုံ၌ဖြစ်ကုန်သော။ပ။ တိရစ္ဆာန်ဘုံ၌ ဖြစ်ကုန်သော။ပ။ ပြိတ္တာဘုံ၌ဖြစ်ကုန်သော သတ္တဝါတို့သာ များကုန်၏၊” (အင်မြန်၊၁၊၄၈။)
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား--
ဤ ဘုရားဟောတရားတော်များအရ လူသေလျှင် လူပြန်ဖြစ်သူ နည်းပါး၍ လူသေလျှင် ငရဲ တိရစ္ဆာန် ပြိတ္တာ အပါယ်ဘုံ၌ အဖြစ်များကြောင်း သိရပါသည် ဘုရား။
ယခုတစ်ဖန် လူသေပြီးနောက် နတ်ပြည်၌ အဖြစ်နည်း၍ အပါယ်ဘုံ၌ အဖြစ်များကြောင်း သာဓကကိုလည်း ထုတ်ဆောင်ပြပါမည် ဘုရား။
ဧဝမေဝံ ခေါ ဘိက္ခဝေ အပ္ပကာ တေ သတ္တာ၊ ယေ မနုဿာ စုတာ ဒေဝေသု ပစ္စာဇယန္တိ။ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ၊ ယေ မနုဿာ စုတာ နိရယေ ပစ္စာဇာယန္တိ၊ တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ၊ ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။ (အံ၊၁၊၃၉။)
မြန်မာပြန်
“ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏”။ (အင်မြန်၊၁၊၄၈။)
အထက်ဖေါ်ပြပါ ဘုရားတရားတော် (စကားတော်)အရ လူသေပြီးနောက် နတ် အဖြစ်နည်း၍ အပါယ်ဘုံ အရောက်များကြောင်း သက်သေသာဓကကို တွေ့နိုင်ပါသည် ဘုရား၊ ဤသို့တွေ့နိုင်သောကြောင့် နတ်ဘုံ ဗြဟ္မာဘုံနှင့် အပါယ်ဘုံတို့ကို ပယ်ခြင်းသည် ရွှေတိဂုံစေတီကို လက်ဝါးစောင်းခုတ်ပြီး ဖျက်ရန် ကြိုးစားသကဲ့သို့ ဖြစ်ချေသည်။
(ခ) လူနှင့်တိရစ္ဆာန် ၂-ဘုံကိုသာ လက်ခံခြင်း၊ ပြိတ္တာ အသူရကာယ် ငရဲဘုံတို့ကို မျက်တွေ့ လက်တွေ့မဟုတ်၊ စိတ်ကူးယဉ် ဟု ဆိုခြင်းမှာလည်း (ဆိုလတ္တံ့သော ဝိဘင်းပါဠိတော်အရ) မှားယွင်းသော စကားဖြစ်ကြောင်း ထင်ရှားပါသည် ဘုရား။
(ဂ) ပကတိမှန်ပြောင်းကြီးဖြင့် ကြည့်လို့ မမြင်ရတာနှင့် နတ်ပြည် ဗြဟ္မာပြည်တွေဆိုတာ ဘယ်ရောက်ကုန်မှန်းမသိဘူးဟု ဆိုသော စကားမှာလည်း ၃၁-ဘုံကို မှန်ပြောင်းနှင့် လိုက်ရှာနေသဖြင့် ရယ်ဖွယ် ဖြစ်ပါသည်၊ ရုပ်ဝါဒသမားတွေအဖို့ ကုသိုလ်ကံ အဆင့်အတန်းမြင့်သော နတ်ဘုံ ဗြဟ္မာဘုံတို့ကို မှန်ပြောင်းဖြင့် ဘယ်သောအခါမှ တွေ့မြင်နိုင်မည် မဟုတ်ပါ ဘုရား။
(ဃ) နတ် ဗြဟ္မာ သိကြားဆိုတာ စိတ်ကူးယဉ်သတ္တဝါတွေဟု ဆိုထားသော စကားမှာလည်း ဒေဝတာသံယုတ်၊ ဗြဟ္မသံယုတ်၊ သက္ကသံယုတ် ပါဠိတော်များနှင့် ဆန့်ကျင်ဘက် လုပ်ခြင်းသာ ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
၃၁-ဘုံဝါဒကို ဗုဒ္ဓလက်ခံရုံမျှမက အောက်ပါအတိုင်း ဓမ္မဟဒယဝိဘင်း ပါဠိတော်၌ ရေတွက်၍ ဟောကြားထားပါသည် ဘုရား။
ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ ဧကာဒသာယတနာနိ ပါတုဘဝန္တိ။
ကာမာဝစရာနံ ဒေဝါနံ၊ ပဌမကပ္ပိကာနံ မနုဿာနံ၊ ဩပပါတိကာနံ ပေတာနံ၊ ဩပပါတိကာနံ အသုရာနံ၊ ဩပ ပါတိကာနံ တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ပရိပုဏ္ဏာယတနာနံ ဥပပတ္တိက္ခဏေ ဧကာဒသာယ တနာနိ ပါတုဘဝန္တိ။(ပ)
ကာမဓာတုယာ ဥပဝတ္တိက္ခဏေ ဧတေသံ ဣမာနိ ဧကာဒသာ ယတနာနိ ပါတုဘဝန္တိ။
(အဘိ၊၂၊၄၂၇။)
မြန်မာပြန်
ကာမဘုံ ပဋိသန္ဓေခဏ၌ အဘယ်ပုဂ္ဂိုလ်အား အာယတန(၁၁)ပါး ဖြစ်ကုန်သနည်း။ အာယတနပြည့်စုံသူ၊ ကာမာဝစရနတ်၊ ကမ္ဘာဦးသူလူ၊ ဥပပတ်ပြိတ္တာ၊ ဥပပတ်အသူရကာယ်၊ ဥပပတ်တိရစ္ဆာန်၊ ငရဲသားတို့အား ပဋိသန္ဓေခဏ၌ အာယတန(၁၁)ပါး ထင်ရှားဖြစ်ကုန်၏၊ ကာမဘုံပဋိသန္ဓေခဏ၌ ထိုသူတို့အား ဤအာယတန (၁၁)ပါးတို့ ထင်ရှား ဖြစ်ကုန်၏၊
ဤပါဠိတော်၌ နတ်ပြည် ၆-ထပ်, လူ့ဘုံ, အပါယ်လေးဘုံတို့ကို တိုက်ရိုက်ဟောပြထား၍ ကာမ(၁၁)ဘုံ ရှိကြောင်း သိရပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
ရူပ ၁၆-ဘုံ ရှိကြောင်း အထောက်အထား သာဓကကို ဓမ္မဟဒယဝိဘင်းပါဠိတော်၌ပင် အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည် ဘုရား-
ကတမေ ဓမ္မာ ရူပါဝစရာ ဟေဋ္ဌတော ဗြဟ္မလောကံ ပရိယန္တံ ကရိတွာ ဥပရိတော အကနိဋ္ဌေ ဒေဝေ အန္တောကရိတွာ ယံ ဧတသ္မိံ အန္တရေ ဧတ္ထာဝစရာ ဧတ္ထ ပရိယာပန္နာ သမာပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌဓမ္မသုခဝိဟာရိဿ ဝါ စိတ္တစေတသိကာ ဓမ္မာ၊ ဣမေ ဓမ္မာ ရူပါဝစရာ။ (အဘိ၊၂၊၄၃၆။)
မြန်မာပြန်
အဘယ်တရားတို့သည် ရူပါဝစရ မည်ကုန်သနည်း။ အောက်အဖို့အားဖြင့် ဗြဟ္မပါရိသဇ္ဇာဘုံကို အပိုင်းအခြားပြု၍ အထက်အဖို့အားဖြင့် အကနိဋ္ဌဗြဟ္မာတို့ကို အတွင်းပြု၍ ဤအကြား၌ ဖြစ်ကုန်သော အကျုံးဝင်ကုန်သော သမာပတ်ဝင်စားသူ၊ ပဋိသန္ဓေနေသူ၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေလေ့ရှိသူများ၏ စိတ်စေတသိက်တရားတို့သည် ရူပါဝစရ မည်ကုန်၏၊
ဤပါဠိတော်၌ ရူပ ၁၆-ဘုံကို တိုက်ရိုက် ဟောပြထားပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
အရူပ ၄-ဘုံရှိကြောင်း အထောက်အထား သာဓကကိုလည်း ဓမ္မဟဒယဝိဘင်း ပါဠိတော်၌ အောက်ပါအတိုင်း ပါရှိသည်ကို ဖော်ပြလိုက်ပါသည် ဘုရား-
ကတမေ ဓမ္မာ အရူပါဝစရာ ဟေဋ္ဌတော အာကာသာနဉ္စာယတ နူပဂေ ဒေဝေ ပရိယန္တံ ကရိတွာ ဥပရိတော နေဝသညာနာသညာ ယတနူပဂေ ဒေဝေ အန္တော ကရိတွာ ယံ ဧတသ္မိံ အန္တေရေ ဧတ္ထာဝစရာ ဧတ္ထ ပရိယာပန္နာ သမာပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌမ္မေသုခဝိဟာ ရိဿ ဝါ စိတ္တစေတသိကာ ဓမ္မာ၊ ဣမေ ဓမ္မာ၊ အရူပါဝစရာ။ (အဘိ၊၂၊၄၃၆။)
မြန်မာပြန်
အဘယ်တရားတို့သည် အရူပါဝစရ မည်ကုန်သနည်း၊ အောက်အဖို့အားဖြင့် အာကာသာနဉ္စာယတနဗြဟ္မာတို့ကို အပိုင်းအခြားပြု၍ အထက်အဖို့အားဖြင့် နေဝသညာနာသညာယတန ဗြဟ္မာတို့ကို အတွင်းပြု၍ ဤအကြား၌ ဖြစ်ကုန်သော အကြုံးဝင်ကုန်သော သမာပတ်ဝင်စားသူ၊ ပဋိသန္ဓေနေသူ၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေလေ့ရှိသူများ၏ စိတ်စေတသိက် တရားတို့သည် အရူပါဝစရတို့ မည်ကုန်၏၊
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
ဤပါဠိတော်၌ အရူပ ၄-ဘုံကို တိုက်ရိုက်ဟောပြထားပါသည် ဘုရား၊ ဓမ္မဟဒယဝိဘင်း၌ လာရှိသော အထက်ဖော်ပြပါ စကား(၃)ရပ်ကို ပေါင်းစပ်လိုက်သောအခါ-
(က) ကာမ ၁၁-ဘုံ၊
(ခ) ရူပ ၁၆-ဘုံ၊
(ဂ) အရူပ ၄-ဘုံ၊
အားဖြင့် (၃၁)ဘုံ စစ်စစ်ကြီး ဖြစ်ကြောင်း ကောင်းကောင်းကြီး မှတ်သားနိုင်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
ဒါနပြု၍ နတ်ပြည်ရောက်ပုံ ဘုရားဟောပါဠိကို ဓမ္မဟဒယဝိဘင်းပါဠိတော်မှပင် သာဓကအဖြစ် ထုတ်ဆောင်ပြပါမည် ဘုရား။
၁။ ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ အပ္ပေကစ္စေ စာတုမဟာရာဇိတာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။
၂။ အပ္ပေကစ္စေ တာဝတိံသာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။
၃။ အပ္ပေကစ္စေ ယာမာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။
၄။ အပ္ပေကစ္စေ တုသိတာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။
၅။ အပ္ပေကစ္စေ နိမ္မာနရတီနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။
၆။ အပ္ပေကစ္စေ ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ (အဘိ၊၂၊၄၃၇။)
မြန်မာပြန်
ဒါနကို ပြု၍၊ သီလကို စောင့်ထိန်း၍၊ ဥပုသ်ဆောက်တည်ခြင်း အမှုကိုပြု၍ အချို့သော သူတို့သည် စာတုမဟာရာဇ်နတ်တို့၏ ... တာဝတိံသာနတ်တို့၏ ... ယာမာနတ်တို့၏ ... တုသိတာနတ်တို့၏ ... နိမ္မာနရတိနတ်တို့၏ ... ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊
ဤဒေသနာတော်အရ ဒါနပြု၍ နတ်ပြည် ၆-ထပ်ရောက်နိုင်ပုံကို သိရသောကြောင့် နတ်နှင့်ငရဲ ဘယ်မှာလဲ စာအုပ်တွင် ဦးရွှေပြည့် ဖော်ပြသကဲ့သို့ (သစ်ခြောက်ပင်ကို ရေလောင်းခြင်းမဟုတ်ဘဲ) ရှင်သန်ဆဲ သစ်ပင်ကို ဖွံ့ဖြိုးစည်ကားအောင် ပြုလုပ်ခြင်းနှင့် တူပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
နတ်ပြည်ရှိကြောင်း သာဓကကို ဖော်ပြပြီး၍ ငရဲရှိကြောင်းကို သံကိစ္စဇာတ်တော် ပါဠိတော်မှ သာဓကကိုလည်း ထုတ်ပြပါမည် ဘုရား။
သဉ္ဇီဝေါ ကာဠသုတ္တော စ၊ သင်္ဃာတော ဒွေ စ ရောရုဝါ။
အထာပရော မဟာဝီစိ၊ တာပနော စ ပတာပနော။
ဣစ္စေတေ အဋ္ဌ နိရယာ၊ အက္ခာတာ ဒုရတိက္ကမာ။
အာကိဏ္ဏာ လုဒ္ဒကမ္မေဟိ၊ ပစ္စေကာ သောဠသုဿဒါ။ (အဘိ၊၂၊၄၃၇။)
ဤဇာတ်တော်ပါဠိတော်အရ ငရဲဆိုတာ အထင်အရှားရှိကြောင်း သိနိုင်ပါပြီ ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
နတ်နှင့်ငရဲ ထင်ရှားရှိသည်ကို မရှိဟု ဆိုသော သူများသည်လည်းကောင်း၊ ၃၁-ဘုံကို လက်မခံသော သူတို့သည်လည်းကောင်း စင်စစ် အဓမ္မဝါဒီများဖြစ်၍ (အဓမ္မော နိရယံ တေနိ) ဟူသော သံကိစ္စဇာတ်တော်ပါဠိတော်အရ မလွဲမသွေ ငရဲသို့ ကျရမည်မှာ သေချာပါသည် ဘုရား၊ သို့ဖြစ်၍ ၃၁-ဘုံကို လက်မခံသော ၎င်းတို့၏ ဝါဒမှာလည်း ဘုရားဟော ဒေသနာများနှင့် ဆန့်ကျင်ပါသောကြောင့် စင်စစ် အဓမ္မဝါဒများ ဖြစ်ကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၄)
၄။ ဗုဒ္ဓဘာသာ၏ အခြေခံဖြစ်သော ကံ-ကံ၏ အကျိုးတရား၌ သက်ဝင်ယုံကြည်မှု ပျက်စီးအောင် ဖျက်ဆီးနေကြခြင်းနှင့် ပတ်သက်၍ ဝိသေသစောဒနာချက်ပါ ဘုရား။
နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အရှင်မြတ်တို့ ဘုရား-
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌတို့သည် လူသေလူဖြစ်ဝါဒနှင့်အံဝင်ခွင်ကျဖြစ်အောင် ဘုရားဟော “ကမ္မဿကဝါဒ”ကို ဘုရား မဟောဟု ကံ-ကံ၏အကျိုးပေးတရားကို ပယ်ရှားလျက် အမှားမှားအယွင်းယွင်း ဟောပြောရေးသား၍ ဝါဒဖြန့်နေကြပါသည်ဘုရား။
၂။ ဗုဒ္ဓရှင်တော်မြတ်သည် ဥပရိပဏ္ဏာသ ပါဠိတော် စူဠကမ္မဝိဘဂ် သုတ်၌-
ကမ္မဿကာ မာဏဝ သတ္တာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပ္ပဋိသရဏာ၊ ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ။ (မ၊၃၊၂၄၄။)
[လုလင်-သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏၊ ကံ၏အမွေခံတို့သာ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရင်း ရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးစားထောက်တည်ရာ ရှိကုန်၏၊ ကုသိုလ်ကံ အကုသိုလ်ကံသည် သတ္တဝါတို့ကို အယုတ်အမြတ်၏ အဖြစ်ဖြင့် ခွဲခြမ်းဝေဖန်၏] ဟူ၍ အထင်အရှား ဟောထားပါသည် ဘုရား။
၃။ ခုဒ္ဒကနိကာယ် ဣတိဝုတ္တကပါဠိ တပနီယသုတ်၌လည်း-
ကာယဒုစ္စရိတံ ကတွာ၊ ဝစီ ဒုစ္စရိတာနိ စ။
မနောဒုစ္စရိတံ ကတွာ၊ယဉ္စညံ ဒေါသသဥှိတံ။
အကတွာ ကုသလံ ကမ္မံ၊ ကတွာနာ ကုသလံဗဟုံ။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။ (ခု၊၁၊၂၁၂။)
[ပညာမဲ့သူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုခြင်းကြောင့် ရာဂစသော အပြစ်နှင့်ယှဉ်သော အခြားအမှုတို့ကို ပြုခြင်းကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုဘဲ အကုသိုလ်ကံကိုသာ များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ ရောက်ရ၏] ဟူ၍ ဟောထားပါသည် ဘုရား။
၄။ ခုဒ္ဒကနိကာယ် ဣတိဝုတ္တကပါဠိ-အတပနီယသုတ်၌လည်း-
ကာယဒုစ္စရိတံ ဟိတွာ၊ ဝစီဒုစ္စရိတာနိ စ။
မနောဒုစ္စရိတံ ဟိတွာ၊ ယဉ္စညံ ဒေါသသဥှိတံ။
အကတွာ ကုသလံ ကမ္မံ၊ ကတွာန ကုသလံ ဗဟုံ။
ကာယဿ ဘေဒါ သပ္ပညော၊ သဂ္ဂံ သော ဥပပဇ္ဇတိ။ (ခု၊၁၊၂၁၃။)
[ပညာရှိသူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို ပယ်စွန့်ခြင်းကြောင့်လည်းကောင်း၊ ရာဂစသော အပြစ်နှင့်ယှဉ်သော အခြားအမှုတို့ကို ပယ်စွန့်ခြင်းကြောင့်လည်းကောင်း၊ အကုသိုလ်ကံကို မပြုဘဲ ကုသိုလ်ကံကိုသာ များစွာပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ် ပျက်စီးသောအခါ နတ်ပြည်သို့ရောက်ရ၏] ဟူ၍ ကုသိုလ်ကံ အကုသိုလ်ကံကြောင့် သတ္တဝါတို့ အယုတ်အမြတ်ကွဲပြားရပုံ၊ လူဆင်းရဲ လူချမ်းသာ ကွာခြားရပုံ၊ အရုပ်ဆိုး အကျည်းတန် ပုံဟန်ခြားနားပုံ၊ ဒုဂ္ဂတိ သုဂတိ လားရပုံ စသည်တို့ကို ကျနပိုင်းခြား ဟောကြားတော်မူခဲ့ပါသည်။
၅။ ကံတရား၏ အကျိုးပေးပုံ ကာလအမျိုးမျိုးကိုလည်း ဤသို့ ဟောကြားထားပါသည် ဘုရား။
ယံ ဘိက္ခဝေ လောဘပကတံ ကမ္မံ လောဘဇံ လောဘနိဒါနံ လောဘသမုဒယံ။ ယတ္ထဿ အတ္တဘာဝေါ နိဗ္ဗတ္တတိ။ တတ္ထ တံ ကမ္မံ ဝိပစ္စတိ။ ယတ္တ တံ ကမ္မံ ဝိပစ္စတိ၊ တတ္ထ တဿ ကမ္မဿ ဝိပါကံ ပဋိသံဝေဒေတိ ဒိဋ္ဌေ ဓမ္မေ ဥပပဇ္ဇ ဝါ၊ အပရေ ဝါ ပရိယာယေ။ (အံ၊၁၊၁၃၃။)
မြန်မာပြန်
ရဟန်းတို့ ... အကြင် ကံကို လောဘသည် ပြုအပ်၏၊ လောဘကြောင့် ဖြစ်၏၊ လောဘလျှင် အကြောင်း နိဒါန်းရှိ၏၊ လောဘလျှင် အကြောင်း သမုဒယရှိ၏၊ အကြင် ဘုံ၌ ထိုကံရှိသူ၏ အတ္တဘောသည်ဖြစ်၏၊ ထိုဘုံ၌ ထိုကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထိုကံသည် အကျိုးပေး၏၊ ထိုဘုံဝယ် မျက်မှောက်ဘဝ၌သော် လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထိုကံ၏ အကျိုးကို ခံစားရ၏၊ (အင် မြန်၊၁၊၁၅၁။)
၆။ ဤဒေသနာ၌ ကံသည် မျက်မှောက်ဘဝ၌ အကျိုးပေးသော ကံ၊ ဒုတိယဘဝကျမှ အကျိုးပေးသော ကံ၊ တတိယဘဝမှ တစ်ချိန်ချိန်မှာ အကျိုးပေးဖို့ကံ ဟူ၍ ကံ၏ သဘာဝဓာတ် ခြင်းရာဇာတ်ကို တပ်အပ်ထင်ထင် သိမြင်အောင် ဟောထားပါသည် ဘုရား။
၇။ သို့သော် လူသေလူဖြစ် ဦးဥက္ကဋ္ဌတို့သည် ထုံးအိုးထဲနှိုက်သော လက်သည် ချက်ချင်း ဖြူသလို, ကတ္တရာစေးပုန်းထဲ နှိုက်သောလက်သည် ချက်ချင်း နက်သလို, ငရုပ်သီးကို စားလျှင် ချက်ချင်း စပ်သလို ဗုဒ္ဓ၏ကမ္မဝါဒသည် ပုခက်နှင့် ခေါင်းကြားသာ ဖြစ်လေဟန် ရေးသားကြပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၈။ ကံ-ကံ၏အကျိုးတရားနှင့် ငရဲဘုံ နတ်ဗြဟ္မာဘုံ စသည်တို့ကို ပယ်ရှားသော အယူဝါဒသည် ယခုမှပေါ်လာသော ဝါဒအသစ်အဆန်း မဟုတ်ပါ၊ ဘုရားရှင်လက်ထက်၌ ပူရဏကဿပ တိတ္ထိဆရာကြီးသည် ဦးဥက္ကဋ္ဌကဲ့သို့ ပင် ကံ-ကံ၏ အကျိုးကို ပယ်ခဲ့ပါသည် ဘုရား။
တိတ္ထိဆရာကြီး၏ စကားမှာ-
“ဒါနေန ဒမေန သံယမေန သမ္မဝဇ္ဇေန နတ္ထိ ပုညံ နတ္ထိ ပုညဿ အာဂမော”၊ “ပေးလှူခြင်း၊ ဣန္ဒြေတို့ကို ဆုံးမခြင်း၊ သီလကို စောင့်ရှောက်ခြင်း၊ မှန်သော စကားကို ပြောဆိုခြင်းဖြင့် ကောင်းမှု မရှိ ကောင်းမှု ဖြစ်မလာ” ပါတဲ့ ဘုရား။
၉။ ထို့အပြင် ကမ္ဘာကျော် အဇိတဆရာကြီးကလဲ တိုင်းပြည်အုပ်ချုပ်နေသော အဇာတသတ်မင်းနှင့် သူ၏ မင်းချင်းတို့အား ဤကဲ့သို့ ခေတ်မီမီ သုတေသနဆန်ဆန် ဝေဖန်ပြပါသေးသည် ဘုရား။
“နတ္ထိ မဟာရာဇ ဒိန္နံ= မင်းမြတ် ... ပေးလှူကြောင်းဖြစ်သော ဒါနစေတနာ၏ အကျိုးသည် မရှိ။
နတ္ထိယိဋ္ဌံ= ကြီးကျယ်သော ပူဇော်မှု၏အကျိုး မရှိ။
နတ္ထိဟုတံ= သေးငယ်သော ပူဇော်မှု၏အကျိုး မရှိ။
နတ္ထိ သုကတဒုက္တဋာနံ ကမ္မာနံ ဖလံ ဝိပါကော= ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံ၊ မကောင်းသဖြင့် ပြုအပ်သော အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်း မရှိ။
နတ္ထိ မာတာ= အမိကျေးဇူး မရှိ။
နတ္ထိ ပိတာ= အဖကျေးဇူး မရှိ။
[အမိအဖတို့၌ ပြုအပ်သော ကောင်းမှု မကောင်းမှု၏အကျိုး မရှိ]
နတ္ထိ သတ္တာ ဩပဝါတိကာ= ငရဲ မရှိ၊ နတ် မရှိ၊ ဗြဟ္မာမရှိ၊
နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ - (ဒီ၊၁၊၅၁။)
ဤပစ္စုပ္ပန်လောက တမလွန်လောကကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် (အဘိဉာဏ်ဖြင့်) မျက်မှောက်ပြု၍ ပြောဟောနိုင်ကြသည့် လမ်းမှန်သွား လမ်းမှန်ကျင့်ကြတဲ့ သမဏဗြဟ္မဏများ မရှိ။ပ။
ဘဿန္တာ အာဟုတိယော= ပေးလှူ ပူဇော်သမျှ နောက်ဆုံး ပြာကျကုန်တာပဲ၊ လှူတာအလကား၊ ဘုန်းကြီး စားတာပဲ။
ဒတ္တုပညတ္တံ ယဒိဒံ ဒါနံ= ယင်းဒါနကို လူအ-လူဖျင်းတွေက ပညတ်ကြတာ ဖြစ်တယ်။
တတ္ထ ကမ္မံ ပဋိဗာဟန္တေနာပိ ဝိပါကော ပဋိဗာဟိတော ဟောတိ၊ ဝိပါကံ ပဋိဗာဟန္တေနာပိ ကမ္မံ ပဋိဗာဟိတံ ဟောတိ၊ ဣတိ သဗ္ဗေပေတေ အတ္ထတော ဥဘယပ္ပဋိဗာဟကာ အဟေတုကဝါဒါ စေဝ အကိရိယဝါဒါ စ နတ္ထိကဝါဒါ စ ဟောန္တိ - (ဒီ၊ဋ္ဌ၊၁၊၁၅၀။)
ဟူသော အဋ္ဌကထာနှင့်အညီ အကြောင်းကံကို ပယ်လျှင် အကျိုးဝိပါက်ကို ပယ်ပြီးဖြစ်၍ အကျိုးဝိပါက်ကို ပယ်လျှင်လည်း အကြောင်းကံကို ပယ်ပြီးဖြစ်ရကား မက္ခလိဂေါသာလ တိတ္ထိဆရာကြီးနှင့် တူပြီး ဖြစ်ကြပါသည် ဘုရား။
၁၀။ ခေတ်လူတို့သည် ဘုရားလက်ထက်က ပူရဏကဿပနှင့် အဇိတကေသကမ္ဗလ အမည်ရှိသော တိတ္ထိဆရာကြီးတို့၏ အယူဝါဒ အပြောအဟောနှင့် ကမ္ဘာကျော်ဆိုသော ဦးဥက္ကဋ္ဌတို့၏ ရေးသားပြောဟောချက် များကို နှိုင်းယှဉ်လေ့လာ ကြည့်သင့်ကြပေသည်။
၁၁။ ကံ-ကံ၏အကျိုးတရားကို ပိဋကတ်တော်နှင့်အညီ လက်ခံယုံကြည်ပါက တိပိဋကဓရ အရှင်ဝိစိတ္တသာရာဘိဝံသမှ အထက် ရှင်အရဟံ ရှင်မောဂ္ဂလိပုတ္တတိဿ၊ ရှင်မဟာကဿပ စသော ထေရ်မြတ်တို့ဝါဒကို လက်ခံရာ ရောက်ပါသည်၊ ကံ-ကံ၏ အကျိုးကို လက်မခံပါက (ဝါ) ပယ်ပါက ဦးဥက္ကဋ္ဌမှ စတင်၍ ပုဂံခေတ် အရည်းကြီးများ, ဘုရားလက်ထက် တိတ္ထိကြီးများ၏ ဝါဒကို လက်ခံရာရောက်ပါသည်။
အချုပ်လျှောက်ထားရပါသော် ကံ-ကံ၏ အကျိုးတရားကို ပယ်သောဝါဒသည် ဆန်းသစ်သောဝါဒ မဟုတ်ဘဲ ဘုရားလက်ထက်က တိတ္ထိဆရာကြီးများက စတင်သွားသော ဝါဒသာဖြစ်၍ ထေရဝါဒ ဓမ္မဝိနယနှင့် မညီသော အဓမ္မဝါဒသာ ဖြစ်ကြောင်း ဆုံးဖြတ်ပေးပါရန် လျှောက်ထားပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၅)
၅။ အတိတ် အနာဂတ်ဘဝတို့ကို လုံးဝပစ်ပယ်ပြီး ဗုဒ္ဓဝါဒကို ပစ္စုပ္ပန်ဝါဒ ဖြစ်လေဟန် အမျိုးမျိုး လှည့်စားလျက် ရေးသား ဟောပြောမှုနှင့် ပတ်သက်၍ ဝိသေသစောဒနာပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဗုဒ္ဓဝါဒသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃-ပါးနှင့် ယှဉ်၍ ဟောတော်မူသော ဝါဒ ဖြစ်ပါသည်၊ ရုပ်ဝါဒီတို့သည် ပစ္စုပ္ပန်တစ်ဘက်မြင် ဝါဒဖြစ်ပါသည်၊ ဗုဒ္ဓဝါဒသည် ကေဝလ ပရိပုဏ္ဏ(ပြည့်စုံသော) ဒေသနာဖြစ်၍ ရုပ်ကြမ်းဝါဒသည် အပရိပုဏ္ဏ (မပြည့်စုံသော) စကား ဖြစ်ပါသည်၊ ဗုဒ္ဓတရားတော်၌ လောကီ လောကုတ္တရာပြည့်စုံ ပါသည်၊ လောကုတ္တရာရေးကို ဟောရာ၌ ပစ္စုပ္ပန်တည့်တည့်ကိုသာ ဝိပဿနာရှုရမည်ဟု ဝိပဿနာကို ရည်ရွယ်၍ ဟောတော်မူချက် (သန္ဓာယဘာသိတ) ကို နားမလည်၍ (ဝါ) လိုရာကိုကပ်ပြီး ဤဝိပဿနာစကားတစ်ရပ်ဖြင့် ကျန်သမျှ ဗုဒ္ဓဒေသနာအားလုံးကို ပယ်ရန် ကြိုးစားခြင်းသာ ဖြစ်ပါသည်။
ဝိပဿနာအရာ၌-
ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။
အသံဟီရံ အသံကုပ္ပံ၊ တံ ဝိဒွါ မနုဗြူဟယေ။ (မ၊၃၊၂၂၆။)
(ဥပရိပဏ္ဏာသ ဘဒ္ဒေက ရတ္တသုတ်)
ယော၊ အကြင် ယောဂီပုဂ္ဂိုလ်သည်။ ပစ္စုပ္ပန္နံ၊ ဖြစ်ဆဲဖြစ်သော။ ဓမ္မံ စ၊ ရုပ်နာမ်နှစ်ပါး သဘာဝတရားကိုသာ လျှင်။ တတ္ထ တတ္ထ၊ ထိုသို့ဖြစ်ပေါ်လာဆဲ ခဏ၌။ ဝိပဿတိ၊ ဝိပဿနာရှု၏။ ဝိဒွါ၊ ပညာရှိသော။ သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။ တံ ဓမ္မံ၊ ပစ္စုပ္ပန်ဆတ်ဆတ် ပရမတ်ဖြစ်သော ထိုသဘောကို။ အသံဟီရံ၊ တဏှာယှက်သို တွန့်တိုခြင်း မရှိရလေအောင်။ အသံကုပ္ပံ၊ ဒေါသမာနမစွက် ပျက်စီးခြင်း မရှိရလေအောင်။ အနုဗြူဟယေ၊ ဝိပဿနာဉာဏ်ဖြင့် ပွားစေရာ၏၊
ဤဂါထာအရ ဝိပဿနာအာရုံ ပစ္စုပ္ပန်တရားကိုသာ ယူရပါသည်၊ ထို့ကြောင့် သူ့ရှေ့နားက ဂါထာ ဖြစ်တဲ့-
အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။
ယဒတီတံ ပဟီနံ တံ၊ အပတ္တဉ္စ အနာဂတံ။ (မ၊၃၊၂၂၆။)
ယောဂီ၊ ယောဂီပုဂ္ဂိုလ်သည်။ အတီတံ၊ အတိတ်အာရုံသို့။ နာနွာဂ မေယျ၊ အစဉ်မလိုက်ရာ။ အနာဂတံ၊ အနာဂတ်အာရုံကို။ နပ္ပဋိကင်္ခေ၊ မတောင့်တရာ။ (ကသ္မာ၊ အဘယ်ကြောင့်နည်း)။ ယံ၊ အကြင်တရားသည်။ အတီတံ၊ လွန်ခဲ့လေပြီ။ တံ၊ ထိုတရားသည်။ ပဟီနံ၊ ကင်းပခဲ့လေပြီ။ ယံ စ၊ အကြင်တရားသည်ကား။ အနာဂတံ၊ မရောက်လာသေး။ တံ၊ ထိုအနာဂတ်တရားသို့။ အပ္ပတ္တံ၊ ဝိပဿနာဉာဏ်ဖြင့် မရောက်အပ် မရောက်နိုင်။ တသ္မာ၊ ထို့ကြောင့်ပေတည်း။
ဤစကားအရ အတိတ်အနာဂတ်မှန်သမျှကို ပယ်ရမည်၊ လုံးဝ မစဉ်းစားရဟု ဆိုလိုသည်မဟုတ်၊ ဝိပဿနာရှုသောအခါ ပစ္စုပ္ပန်ကိုသာ ရှု အတိတ် အနာဂတ်ကို မရှုရဟု၍ ဆိုလိုပါသည်၊ အတိတ် အနာဂတ်မရှိ၊ အတိတ်တွင် ဘာမျှမဖြစ်ခဲ့၊ အနာဂတ်မှာ ဘာမျှ ဖြစ်မည်မဟုတ်ဟူသော အနက်အဓိပ္ပါယ် လုံးဝမထွက်ပါ ဘုရား။
ထို့ပြင် သာသနာတော်၌ ထင်ရှားသော အနတ္တလက္ခဏသုတ်၌-
တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊သဗ္ဗံ ရူပံ။ ပ။ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ (ဝိ၊၃၊၂၀။) စသည်။
ဘိက္ခဝေ၊ ရဟန်းတို့။ တသ္မာ၊ ထို့ကြောင့်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ အတီတာ နာဂတပစ္စုပ္ပန္နံ၊ အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော။ အဇ္ဈတ္တံ ဝါ၊ အတွင်းသဏ္ဌာန်၌ သော်လည်း ဖြစ်သော။ ဗဟိဒ္ဓါ ဝါ၊ အပသဏ္ဌာန်၌သော် လည်းဖြစ်သော။ ဩဠာရိကံ ဝါ၊ ကြမ်းတမ်းသည်လည်း ဖြစ်သော။ သုခုမံ ဝါ၊ နူးညံ့ပျော့ပျောင်းသည်သော်လည်း ဖြစ်သော။ ဟီနံ ဝါ၊ ယုတ်ညံ့သည်သော်လည်း ဖြစ်သော။ ပဏီတံ ဝါ၊ မြတ်သည်သော်လည်း ဖြစ်သော။ ဒူရေ ဝါ၊ ဝေးသည်သော်လည်း ဖြစ်သော။ သန္တိကေ ဝါ၊ နီးသည်သော်လည်း ဖြစ်သော။ ယံ ရူပံ၊ အကြင်ရုပ်သည်။ အတ္ထိ၊ ရှိ၏။ သဗ္ဗံ၊ အလုံးစုံသော။ တံ ရူပံ၊ ထိုရုပ်ကို။ ပ။ ပညာယ၊ ပစ္စဝေက္ခဏာ ဉာဏ်ပညာဖြင့်။ သမ္မာ၊ ကောင်းစွာ။ ဒဋ္ဌဗ္ဗံ၊ ရှုမှတ်အပ်၏၊
ဤပါဠိတော်မှာ အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီ ဟောဆိုထားပါသည်ဘုရား၊ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါး သေချာစွာ ဟောထားပါသည် ဘုရား။
ဤနေရာတွင် သတိချပ်ဖို့လိုသည်မှာ ဦးဥက္ကဋ္ဌဝါဒီတို့သည် အနတ္တလက္ခဏသုတ်ကို ကြိုက်လှပါသည်ဟု ဆို၏၊ တစ်ခါ အနတ္တလက္ခသုတ်၌ ဟောသောအတိတ် အနာဂတ်ကိုမူ ပယ်ပြန်၏၊ ယင်းတို့၏ စကားများကို မျက်ခြေမပြတ် ခြေရာခံလိုက်လျှင် ဇာတိရုပ်ကို မြင်နိုင်ကြပေကုန်၏၊
သည်မျှမက ငါးပါးသီလအကျိုးအပြစ် ပြတော်မူရာမှာပင် ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးအပြစ်တို့ကို ပူးတွဲ၍ ပြတော်မူခဲ့ပါသည်။
သာဓကပါဠိတော်မှာ-
ဣဓ ဂဟပတယော ဒုဿီလော သီလဝိပန္နော ပမာဒါဓိကရဏံ မဟတိံ ဘောဂဇာနိံ နိဂစ္ဆတိ၊ အယံ ပဌမော အာဒီနဂေါ ဒုဿီလဿ သီလဝိပတ္တိယာ။ ပ။ ပုန စပရံ ဂဟပတယော ဒုဿီလော သီလ ဝိပန္နော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ အယံ ပဉ္စမော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိ ယာ။ (ဒီ၊၂၊၇၂။) (ဒီဃနိကာယ်၊ မဟာဝဂ္ဂ မဟာပရိနိဗ္ဗာန သုတ်ပါဠိတော် ဖြစ်ပါသည်။)
မြန်မာပြန်
ဥပသကာတို့ ဤလောက၌ သီလမရှိသော သီလပျက်သော သူသည် မေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ် ဆုံးရှုံးခြင်းသို့ ရောက်၏၊ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ရှေးဦးစွာသော အပြစ်ပေတည်း။ပ။
ဥပသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲ၌ ဖြစ်ရ၏၊ ဤကား သီလမရှိသောသူ၏ သီလပျက် ခြင်း၌ ငါးခုမြောက် အပြစ်ပေတည်း။ (ဒီ၊မြန်၊၂၊၈၄။)
ဤသို့စသည်ဖြင့် ဘုရားရှင်ဒေသနာတော်သည် ဝိပသနာရှုရန်အတွက်သာ ပစ္စုပ္ပန်ကို ဦးစားပေး၍ ဟော၏၊ ကျန်သော ကိစ္စရပ်များ၌ အတိတ် အနာဂတ်ကို မပယ်သော အတိတ်အနာဂတ်က ရုပ်နာမ်သဘာဝနှင့် အကျိုးအပြစ်ကိုပြသော ဒေသနာတော် ဖြစ်၏၊
ထို့ကြောင့်အတိတ်နှင့် အနာဂတ်ကို ပယ်သောဝါဒသည် ဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်သော အဓမ္မဝါဒသာ ဖြစ်ကြောင်း လျှောက်ထားရပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၆)
၆။ ဗုဒ္ဓအဘိဓမ္မာကို ဗုဒ္ဓဘာသိတ(ဘုရားဟော) မဟုတ်၊ နောက်အလွန်ကျမှ သာဝကရဟန်းများ တီထွင်ဖေါ်ထုတ် လေဟန် မှားယွင်းစွာ ပြောဆိုဝေဖန်ခြင်းနှင့် ပတ်သက်၍ ဝိသေသစောဒနာချက်ပါ ဘုရား။
သီးခြားဝိနည်းဓိုရ် ဆရာတော်များ ဘုရား-
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိသုတေသန အသင်းသားတို့သည် ဗုဒ္ဓရှင်တော်မြတ် ကိုယ်တိုင်ဟောတော်မူသော အဘိဓမ္မာကို ရှင်ဗုဒ္ဓဃောသက သီဟိုဠ်ကျမှ ပုံပြင်ကလေးတွေနှင့် တန်ဆာဆင် တီထွင်ခဲ့လေဟန် ပြောဆိုရေးသား ဖြန့်ဝေကြပါသည်။
၂။ အမှန်မှာ ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်ကပင် ရဟန်းတော်များသည် အဘိဓမ္မာကို သင်အံလေ့ကျက်ကြ၍ တစ်ပါးနှင့်တစ်ပါး အချင်းချင်း ဆွေးနွေးကြ သံဃာတော်များ စုံစုံညီညီ ရှိတဲ့အခါ သံဃာများအလယ်တွင် အဘိဓမ္မာဆိုင်ရာ ပြဿနာများကို မေးကြ ဖြေကြတဲ့အကြောင်း သုတ္တန်မှာရော ဝိနည်းပိဋကမှာပါ တွေ့ရပါသည်။
၃။ ဝိနည်းဆိုင်ရာ၌ ရှေးဦးစွာ လျှောက်ပါရစေဘုရား၊ ရဟန်းတော်များတွင် (၁၀)ဝါလည်းရမှ အဘိဓမ္မာရေးရာလည်း ဆုံးမသွန်သင်တက်မှ ဝိနည်းကြောင်းလည် ကျွမ်းကျင်ပါမှ သာမဏေများ ရဟန်းငယ်များ မွေးမြူပြီး ဥပဇ္ဈာယ် ပေးနိုင်ပါသည်၊ ဝိနည်းမဟာဝါ ပါဠိတော်၌ ယခုကဲ့သို့ အင်္ဂါရပ်နှင့် စပ်၍ ဤသို့ဟော တော်မူပါသည်။
ပဋိဗလော ဟောတိ အန္တေဝါသိံ ဝါ သဒ္ဓိဝိဟာရိံ ဝါ အဘိဓမ္မေ ဝိနေတုံ၊ အဘိဝိနယေ ဝိနေတုံ။ (ဝိ၊၃၊၉၃)
(သော ဘိက္ခု၊ ထို၁၀-ဝါ ရပြီးသော ရဟန်းသည်) အန္တေဝါသိံ ဝါ၊ အတွင်းနေတပည့်ကို သော်လည်းကောင်း။ သဒ္ဓိဝိဟာရိံ ဝါ၊ အတူနေတပည့်ကို သော်လည်းကောင်း။ အဘိဓမ္မေ၊ အဘိဓမ္မာ၌။ ဝါ၊ အဘိဓမ္မာနှင့်ဆိုင်ရာ ရုပ် နာမ်ဘုံ အထူး ခန္ဓာအထူး စသည်၌။ ဝိနေတုံ၊ ဆုံမခြင်းငှာ။ ပဋိဗလော၊ စွမ်းနိုင်သည်။ ဟောတိ၊ ဖြစ်၏၊ အဘိဝိနယေ၊ မရောမယှက်သောအားဖြင့် တည်နေသောဝိနည်း၌။ ဝါ၊ဝိနည်းကြောင်းဆိုင်ရာ ကံကြီး ကံငယ် အသွယ်သွယ်၌။ ဝိနေတုံ၊ သွန်သင်ဆုံးမ နည်းလမ်းပြခြင်းငှာ။ ပဋိဗလော၊ စွမ်းဆောင်နိုင်သည်။ ဟောတိ၊ ဖြစ်၏၊ စသည်ဖြင့် အထူးပြု၍ ဟောတော်မူပါသည်။
၄။ အဘိဓမ္မာသဘောတရားများသည် သိမ်မွေ့နက်နဲ ခက်ခဲသောကြောင့် ဉာဏ်နက်နဲတဲ့ ပုဂ္ဂိုလ်များသာ သင်ယူလိုကြပါသည်၊ သင်ယူ၍ သဘောပေါက်နားလည်နိုင်ကြပါသည်၊ သို့ဖြစ်၍ ဗုဒ္ဓလက်ထက်တော်က ရဟန်းတော်တိုင်း အဘိဓမ္မာ တက်ကြသည် မဟုတ်ပါ၊ ထို့ကြောင့် တစ်ချိန်တွင် အရှင်မဟာမောဂ္ဂလ္လာန် အရှင်သာရိပုတြာ အရှင်အနုရုဒ္ဓါ စသော ရဟန္တာထေရ်ကြီးများနှင့်အတူ အရှင်အာနန္ဒာသည် ဂေါသိင်္ဂအမည်ရှိသော တောကြီးသို့ သွားရောက်ကြစဉ် ဘယ်သို့ဘယ်ပုံ အချိန်ကုန်စေရရင် ကောင်းပါမည်လဲ ဘယ်သို့နေထိုင်ကြရင် ဤဂေါသိင်္ဂတောကြီးကို တင့်တယ်စေရာရောက်ပါမည်လဲလို့ ထေရ်ကြီးများကို မေးလျှောက်တဲ့အခါ အရှင်မဟာကဿပက ဓုတင်အကြောင်း ဆွေးနွေးရရင် ကောင်းမည်။ အရှင်အနုရုဒ္ဓါက ဒိဗ္ဗစက္ခုဉာဏ်နှင့်စပ်တဲ့ ပရိကမ်လုပ်ငန်းဆိုင်ရာတွေ ဆွေးနွေးအချိန်ကုန်စေရလျှင် ဂေါသိင်္ဂတောကြီးကို တန်ဆာဆင်ရာ တင့်တယ်စေရာ ရောက်မည် စသည်ဖြင့် အသီးသီး မိမိသန်ရာဘက်ကို ပြောကြပါသည်။
၅။ သမာဓိ ကြီးမားတော်မူသော အရှင်မဟာမောဂ္ဂလ္လာန်ကတော့-
ဣဓာဝုသော သာရိပုတ္တ ဒွေ ဘိက္ခူ အဘိဓမ္မကထံ ကထေန္တိ၊ တေ အညမညံ ပဥှံ ပုစ္ဆန္တိ၊ အညမညဿ ပဥှံ ပုဋ္ဌာ ဝိဿဇ္ဇန္တိ၊ နော စ သံသာရေန္တိ၊ ဓမ္မီ စ နေသံ ကထာ ပဝတ္တိနီ ဟောတိ၊ ဧဝရူပေန ခေါ အာဝုသော သာရိပုတ္တ ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျ - (မ၊၁၊၂၇၅။)
အာဝုသော သာရိပုတ္တ၊ ငါ့ရှင် သာရိပုတြာ။ ဣဓ၊ ဤ သာသနာတော်၌။ ဒွေ ဘိက္ခူ၊ ရဟန်း ၂-ပါးတို့သည်။ အဘိဓမ္မကထံ၊ အဘိဓမ္မာနှင့် စပ်သော တရားစကားကို။ ကထေန္တိ၊ ပြောဟောကြကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ အညမညံ၊ အချင်းချင်း။ ပဥှံ ပုစ္ဆန္တိ၊ ပြဿနာမေးကြကုန်၏။ ပဥှံ ပုဋ္ဌာ၊ အပြန်အလှန် မေးအပ်ကုန်သည်ရှိသော်။ အညမညဿ၊ အချင်းချင်းအား။ ဝိဿဇ္ဇန္တိ၊ ဖြေဆိုကြကုန်၏။ နော စ သံသာရေန္တိ၊ စိတ်ဆုတ်နစ် မသွားစေကြကုန်။ နေသံ၊ ထိုရဟန်းတို့၏။ ဓမ္မီကထာ စ၊ တရားစကားသည်လည်း။ ပဝတ္တိနီ၊ အကြားမလပ် ဆက်စပ်ကာ ဖြစ်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ အာဝုသော သာရိပုတ္တ၊ ငါ့ရှင်သာရိပုတြာ။ ဧဝရူပေန၊ ဤသို့သဘောရှိသော။ ဘိက္ခူနာ၊ ရဟန်းဖြင့် တင့်တယ် စေနိုင်ရာပါ၏၊
ဤသို့ မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ် ပါဠိတော်၌ ဖြေဆိုထားသည်ကို တွေ့ရပါသည် ဘုရား။
၆။ ယင်းအပြင် အခါတစ်ပါး များစွာသော ရဟန်းတို့သည် ပစ္ဆာဘတ်အခါ ဆွမ်းခံရာအရပ်မှ ပြန်လာကြပြီး စည်းဝေးညီမူရာ တန်ဆောင်းဝန်းမှာ စုဝေးနေထိုင်ကြကာ အဘိဓမ္မာတရားစကား ပြောဟောနေကြပါသည်၊ ထိုအခါ နောင် ရဟန္တာဖြစ်မည့် စိတ္တဟတ္ထိ သာရိပုတ္တမည်သော ရဟန်းတစ်ပါးသည် စိတ်မပါလှ၍ တစ်ကြောင်း၊ သဘောမပိုင်သောကြောင့်လည်းကောင်း၊ ကြိုးကြားကြိုးကြား စကားဝင်၍ ပြောပါသည်၊ ထိုအခါ မဟာပေါဋ္ဌိက မည်သော ရဟန္တာမထေရ်ကြီးက-
မာယသ္မာ စိတ္တော ဟတ္ထိသာရိပုတ္တာ ထေရာနံ ဘိက္ခူနံ အဘိဓမ္မကထံ ကထေန္တာနံ အန္တရန္တရာ ကထံ ဩပါတေသိ၊ ယာဝ ကထာ ပရိယောသာနံ အာယသ္မာ စိတ္တော အာဂမေတု။ (အံ၊၂၊၃၄၄-၅)
စိတ္တော၊ စိတ္တဟူသော ဘွဲ့အမည်ထူးရှိသော။ အာယသ္မာ ဟတ္ထိ သာရိပုတ္ထော၊ အရှင် ဟတ္ထိသာရိပုတ္တသည်။ ထေရာနံ ဘိက္ခူနံ အဘိဓမ္မကထံ ကထေန္တနံ၊ ထေရ်ကြီးရဟန်းတို့ အဘိဓမ္မာ တရားစကား ပြောဟောနေကြကုန်စဉ်။ အန္တရန္တရာ၊ အကြားကြား၌။ မာ ကထံ ဩပါတေသိ၊ စကားဝင်စွက် မနှောက်ယှက်ပါလင့်။ ယာဝ ကထာပရိယောသာနံ၊ ကထာတစ်ရပ် လက်စသတ် ကုန်ဆုံးသည့်တိုင်အောင်။ အာဂမေတု၊ ဆိုင်းငံ့ပါလော့။
ဤသို့ အင်္ဂုတ္တရနိကာယ ဟတ္ထိသာရိပုတ္တသုတ် ပါဠိတော်၌ ပြောဆိုထားသည်ကို တွေ့ရပါသည် ဘုရား။
သီးခြား ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ဘုရား-
၇။ သံဂါယနာ မှတ်တမ်းများဖြစ်သော စူဠဝဂ္ဂ ပဉ္စသတိကသင်္ဂီတိခန္ဓကနှင့် မဟာသင်္ဂီတိခန္ဓက ၂-ခုမှာ တိုက်ရိုက် အမေးအဖြေ မေးဖြေပုံ မပါသော်လည်း သုတ္တန်ပိဋကအပါအဝင် ဓုဒ္ဒကနိကာယ်တွင် အဘိဓမ္မာကို ထည့်သွင်း သံဂါယနာ တင်ကြောင်းမှာ သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ စသော BUDDHIST TRADITION (ခေါ်) ထေရဝါဒ ဗုဒ္ဓသာသနာ အစဉ်အလာမှတ်တမ်းများတွင် အခိုင်အခံ့ ဆိုထားပါသည် ဘုရား။
၈။ ဗုဒ္ဓဘာသာဝင် မဟုတ်သော ပါဠိပညာရှင် အနောက်နိုင်ငံသားတို့၏ စာပေများကို အရမ်းပုံ၍ ယုံကြည်ကာ ဗုဒ္ဓရှင်တော်မြတ်အား အဘိဓမ္မာပင် မတတ်လေဟန် ပြောဆိုရေးသာခြင်းကား အလွန် ယုတ်ညံ့သိမ်ဖျင်းရာ ရောက်ပါသည်၊ ထို့ကြောင့် သူတို့၏ဝါဒသည် အဓမ္မဝါဒသာ စင်စစ်ဖြစ်ကြောင်း တင်သွင်း လျှောက်ထားရပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၇)
၇။ ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ်တော်ကို ထိပါးစေလျက် ဗုဒ္ဓသာသနာ ပျက်စီးရာပျက်စီးကြောင်း ဟောပြော ရေးသားမှုနှင့် ပတ်သက်၍ ဝိသေသစောဒနာချက်ပါ ဘုရား။
နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အရှင်မြတ်တို့ ဘုရား-
ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်သည် မည်သည့်သာဝကနှင့်မျှမဆိုင်သော အသာတရဏဉာဏ်တော် ဖြစ်သည်၊ သဗ္ဗညုတ ဉာဏ်တော် ရတော်မူသောကြောင့်သာ ဘုရားဟူသော ဂုဏ်ထူးကို ရတော်မူခဲ့သည်၊ ဤသို့ သဗ္ဗညုတဉာဏ်တော်ကို ရခြင်းသည် ပါရမီတော်ကို အပြည့်အဝ ဖြည့်တော်မူသောကြောင့်သာ ရတော်မူခဲ့ခြင်း ဖြစ်သည်၊ တခြားအကြောင်းကြောင့် သဗ္ဗညုတဉာဏ် ရသည်မဟုတ်ပေ၊ ဂေါတမဘုရားအလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ပါရမီတော်တရား အစားစားကို အားပါးတရ ဖြည့်တော်မူနိုင်ခဲ့သော ကြောင့်သာ သဗ္ဗညုတဉာဏ် ရတော်မူခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပါရမီတော်ဖြည့်ရာ၌ အသက်ကိုပင် ပဓာနမထား၊ ပါရမီတရားကိုသာ ကြိုးစားဖြည့်ရသည့် ပရမတ္တပါရမီများလည်း အများအပြား ဖြည့်ကျင့်ခဲ့သည်၊ ထို့ကြောင့်ပင် သိစရာမှန်က ဧကန္တသိသည့် သဗ္ဗညုတဉာဏ်ထူးကို ဆွတ်ခူးရရှိတော်မူခြင်း ဖြစ်ပါသည်၊ ကြာကြာ အသိဉာဏ် ရှာလေ အသိဉာဏ် ပိုမြင့်လေ ကြိုးစား အသိဉာဏ်ရှာလေ အသိဉာဏ် ပိုမြင့်လေ ဖြစ်ရခြင်းသည် သဘာဝတရား ပင်ဖြစ်ပါသည် ဘုရား။
ထိုသို့ သဗ္ဗညုတဉာဏ်တော်ကိုရအောင် ပါရမီတော်များကို စုဆောင်းတော်မူခြင်းသည် ဘုရားဟူသော ဂုဏ်ထူးဖြင့် အချီးကျူးခံ လို၍ မဟုတ်ပါ၊ သဗ္ဗညုတဉာဏ်တော်ကို ရလျှင်-
၁။ သိစရာတရား အစားစားကို ခွဲခြားပိုင်ပိုင် သိတော်မူနိုင်ခြင်း၊
၂။ ဟောပြစဖွယ် အသွယ်သွယ်သော တရားဆင်နည်းမျိုးစုံကို သိနိုင်ခြင်း၊
၃။ သတ္တဝါ အနန္တတို့၏ အလိုဆန္ဒ အဇ္ဈာသယ စသည်တို့ကို သိနိုင်ခြင်း
ဟူသော သဗ္ဗညုတဉာဏ်တော်၏ စွမ်းအားများကို ဧကန်ရရှိလာ၍ သတ္တဝါများ ကောင်းကျိုးကို အထွတ်အထိပ်ရောက် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါသည်၊ ထို့ကြောင့် သဗ္ဗညုတဉာဏ်တော် ရအောင် ပါရမီတော်များကို ဖြည့်တော်မူခဲ့ပါသည်၊ ထိုသဗ္ဗညုတဉာဏ်တော် နှင့်ဆက်၍ ရှင်းလင်းချက်များကို ဆက်လက် လျှောက်ထားပါမည် ဘုရား။
ဗုဒ္ဓရှင်တော်ဘုရားသည် ဒေဝဒတ်အကြောင်းကို ကောင်းကောင်းကြီးသိတော်မူပါသည်၊ မိမိကို သေကြောင်း ကြံမည်ကို လည်းကောင်း၊ သံဃာကို အသင်းခွဲမည်ကိုလည်းကောင်း အတိအကျ သိတော်မူပါသည်၊ သို့သိပါလျက် အဘယ့်ကြောင့် ဒေဝဒတ်ကို ရဟန်းပြုခွင့် ပေးရသနည်း၊ အဖြေကတော့ ရှင်းပါသည်၊ မဟာကရုဏာတော်သခင် ဘုရားရှင် ဖြစ်တော်မူသောကြောင့် ဖြစ်ပါသည်။
ဘုရားရှင်၏ ကရုဏာတော်သည် ကြီးမားလှပါသည်၊ ဘုရားရှင်၏ ကရုဏာတော်နှင့် တုယှဉ်နိုင်သော ကရုဏာတရား လောကတွင် မရှိပါ၊ ထို့ကြောင့် မိမိကိုသတ်မည့် ရန်သူကိုပင် ရန်သူလို သဘောမထား ကောင်းကျိုးရအောင်သာ အကျိုးဆောင်တော်မူပါသည်၊ ဒေဝဒတ်သည် ရဟန်းအဖြစ်သို့ မရောက်လည်း ဘုရားပေါ် ပြစ်မှားသော ယုတ်မာမှု ကြီးကို ဧကန်ပြုမည့်သူ ဖြစ်ပါသည်၊ ဒေဝဒတ်သည် လူသားတစ်ယောက်အနေဖြင့်ဆိုလျှင် သာသနာတော်၏ အဆုံးအမကို ရရှိဖို့ ခက်လှပါသည်၊ သို့သော် ရဟန်းပြုခွင့် ရသည့်အတွက် ဒေဝဒတ်သည် သမာဓိသာသနာကြီးကို ကြီးမားစွာ ထူထောင်နိုင်ခဲ့ပါသည်၊ မြေလျှိုးမိုးပျံ တန်ခိုးစျာန် ရရှိခဲ့ပါသည်။
ဤသို့ သမာဓိသာသနာကို မြင့်မားစွာ ထူထောင်နိုင်ခဲ့သည့်အတွက် သေခါနီးကာလ၌ ဒေဝဒတ် သတိရခဲ့ပါသည်၊ မေးအထိ မြေမြိုခံရသောအခါ အသက်ပါ ပုံအပ်ကာ ဘုရားကိုးကွယ်ခဲ့ပါသည်၊ အရိုးတို့ဖြင့် ပူဇော်ခဲ့လေသည်၊ ထို့ကြောင့်ပင် ဒေဝဒတ်သည် နောက်ကမ္ဘာတစ်သိန်းကြာသောအခါ၌ အဋ္ဌိဿရ မည်သော ပစ္စေကဗုဒ္ဓါ ဖြစ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရပေလိမ့်မည်။
ဤအကြောင်းကို သိမြင်တော်မူ၍ ဘုရားရှင်သည် ဒေဝဒတ်ကို ရဟန်းပြုခွင့် ပေးတော်မူခဲ့လေသည်၊ (ဓမ္မပဒ၊ဋ္ဌ၊၁၊၉၅) ကရုဏာတရား ကြီးမားတော်မူလှ၍ မိမိကိုသတ်မည့်သူကိုပင် သိလျက် ရဟန်းပြုခွင့်ပေးတော်မူသည့် ဘုရားရှင်၏ ကရုဏာတော်ကြီးကား အံ့အားသင့်စဖွယ် ကြည်ညိုဖွယ်ကြီးပါတကား။
ဤတွင် မိမိကို သတ်မည့်သူမှန်း အတတ်သိလျက်နှင့် ဗိမ္ဗိသာရမင်းသော်မှ ဤသို့စိတ်ထားနိုင်၏၊ သူ၏ဆရာ ဘုရားရှင်မူကား ဆိုဖွယ် မရှိပြီ။
ဘုရားရှင်သည် သေးငယ်သော သိက္ခာပုဒ်များကို နုတ်ပယ်ပစ်ကြလောဟူ၍ တစ်ထစ်ချ ခိုင်းတော်မမူခဲ့၊ နုတ်ပယ်လိုက နုတ်ပယ်ကြဟူ၍သာ ခိုင်းတော်မူခဲ့လေသည် (ဒီ၊ဋ္ဌ၊၂၊၁၈၄)၊ နုတ်ပယ်လိုက နုတ်ပယ်ကြဟူသော စကားသည် “မနုတ်ပယ်လိုကလည်း မနုတ်ပယ်ကြနှင့်” ဟူ၍လည်း အဓိပ္ပါယ်ရှိလာသည် (ဒီ၊ဋီ၊၂၊၁၈၅)၊ ဤသို့ နှစ်ခွအဓိပ္ပါယ်ရှိသော စကားကို ဘုရားရှင် မိန့်ကြားတော်မူခြင်းသည် ရည်ရွယ်ချက် (၂) မျိုးရှိပါသည်။
(က) တချို့ ရဟန်းတော်များသည် သေးငယ်သော သိက္ခာပုဒ်များကို မလိုက်နာလိုကြ၊ ထိုရဟန်းတော်များသည် ဘုရားရှင်အပေါ်၌ အားမလို အားမရ ဖြစ်စရာရှိသည်၊ ဘုရားရှင်က “သေးငယ်သော သိက္ခာပုဒ်များကို သံဃာက ပယ်နုတ်လိုလျှင် ပယ်နုတ်ပါလေ” ဟု လိုက်လျောစကား မိန့်ကြားခဲ့သောကြောင့် ထိုရဟန်းများသည် ဘုရားအပေါ်၌ ကျေနပ်ကြလိမ့်မည်။
(ခ) နောက်အကြောင်း တစ်မျိုးလည်း ရှိသေးသည်၊ သေးငယ်သော် သိက္ခာပုဒ်များကို နုတ်ပယ်လိုက နုတ်ပယ်ကြဟူ၍ ဘုရားရှင်က ပယ်နုတ်နိုင်သည့်လမ်းစ ပေးထားပါလျက် ဘုရားသားတော် သံဃာတော်များ မည်သည့် သိက္ခာပုဒ်ကိုမျှ မနုတ်မပယ် ဘုရားရှင်ပညတ်သမျှ သိက္ခာပုဒ်များကို အသေးအကြီး မခွဲမခြား လေးလေးစားစား လိုက်နာကြသည်၊ အသက်ပမာ မြတ်နိုးစွာ စောင့်ရှောက်ကြသည်၊ သေးငယ်သော သိက္ခာပုဒ်များကို ပယ်နုတ်လိုက ပယ်နုတ်နိုင်သည်ဟု ဘုရားရှင်ကိုယ်တိုင် အခွင့်ပြုပါလျက် သိက္ခာပုဒ်တစ်ပုဒ်တလေမျှ မပယ်နုတ်ကြ၊ ဘုရားပရိနိဗ္ဗာန်စံပြီးနောက်လည်း လေးလေးစားစား လိုက်နာကျင့်ကြံ ကြပါပေသည် ဟူ၍ ဗုဒ္ဓသာသနာနှင့် စပ်ဆိုင်သူများက အားရကြလိမ့်မည်၊ မဆိုင်သူများကလည်း လေးစားကြလိမ့်မည်။
ဤသို့ သဗ္ဗညုတဉာဏ်တော်ဖြင့် သိမြင်တော်မူသောကြောင့်သာ ဘုရားရှင်သည် သေးငယ်သော သိက္ခာပုဒ်များကို နုတ်လိုပါက နုတ်ပါလေ ဟူသောစကားကို လိမ္မာပါးနပ် ကျွမ်းကျင်စွာ မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ (ဒီ၊ဋီ၊၂၊၁၈၆)
မိမိကိုယ်တိုင် ကျမ်းစာ မနှံ့၍လည်းကောင်း၊ မူလကျမ်းရင်း မကြည့်နိုင်၍လည်းကောင်း နားမလည်ခြင်းကို သတိမထား၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးကိုသာ စော်ကားခြင်းမှာ အဓမ္မသမား ဖြစ်ကြောင်း သက်သေပြနေခြင်းသာ ဖြစ်ပါ၍ အဓမ္မဝါဒ ပေါ်လွင်အောင် ဆုံးဖြတ်ပေးတော်မူပါရန် လျှောက်ထားပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၈)
၈။ ဗုဒ္ဓဘာသာဝင်တို့၏ သမထလမ်းစဉ်နှင့် ဝိပဿနာလမ်းစဉ်တို့ကို ဖျက်ဆီးပြီး သံသရာမှ ထွတ်မြောက်ရာ လမ်းကို ပိတ်ပင်ဟန့်တား ဖျက်ဆီးနေကြပုံနှင့် ပတ်သက်၍ ကျမ်းဂန် အထောက်အထားများဖြင့် ဝိသေသစောဒနာပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် ၎င်း၏ ဩဝါဒခံ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များသည် ဗုဒ္ဓဘာသာဝင်တို့၏ သမထလမ်းစဉ်၊ ဝိပဿနာလမ်းစဉ်များကို ပျက်စီးအောင် နည်းအမျိုးမျိုးဖြင့် ဖျက်ဆီးလျက် စာအုပ်စာတမ်းများ ရေးသားထုတ်ဝေခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သမထဝိပဿနာ အားထုတ်ကြသော ပုဂ္ဂိုလ်များအား ကဲ့ရဲ့ခြင်း၊ ၎င်းတို့၏ အခြေခံသင်တန်းများတွင် သမထဝိပဿနာလုပ်ငန်းများကို ဗုဒ္ဓဝါဒ မဟုတ်ဟု အတိအလင်း သင်ကြားခြင်းများကို လျှောက်ထားခဲ့ပါပြီ ဘုရား။
ယင်းသို့ လုပ်ဆောင်ချက်များသည် ထေရဝါဒနှင့် ဆန့်ကျင်သော အဓမ္မဝါဒများသာ ဖြစ်ကြောင်းကို တပည့်တော်များ အကိုး သာဓက ထုတ်ဆောင်လျှောက်ထား တင်ပြပါမည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဘုရားတပည့်တော်များ၏ ဗုဒ္ဓရှင်တော်မြတ်သည် “ဗုဒ္ဓေါ ဟေဿံ သဒေဝကေ” (ခု၊၄၊၃၁၀။)။ သဒေဝကေ၊ နတ်နှင့်တကွသော လောက၌။ ဗုဒ္ဓေါ၊ ဘုရားသည်။ ဟေဿံ၊ ငါဖြစ်အံ့။
“သန္တာရေဿံ သဒေဝကံ” (ခု၊၄၊၃၁၀။)။ သဒေဝကံ၊ နတ်နှင့်တကွသော လောကကို။ သန္တာရေဿံ၊ သံသရာမှ ကယ်တင်ထုတ်ဆောင်အံ့။ “ဗြဟ္မာလူနတ် ဘုံသုံးရပ်၌ ဘုရားဖြစ်အောင် ငါကျင့်ဆောင်မည်၊ ဘုရားဖြစ်လျှင် ဗြဟ္မာနတ် လူ သုံးဘုံသူတို့ကို သံသရာမှ ကယ်တင်ထုတ်ဆောင်မည်” ဟူသော ရည်ရွယ်ချက်တော်ကြီးဖြင့် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူလာရကား ဟောကြားတော်မူအပ်သော တရားတော်မြတ် အားလုံးသည် သံသရာမှထွက်မြောက်ရေးတည်းဟူသော ဝိမုတ္တိရသသို့ချည်းသာ ဦးတည်ကြပါကုန်သည် ဘုရား။
ထို ဝိမုတ္တိရသတည်းဟူသော သံသရာမှ ထွတ်မြောက်ရေးသည်လည်း ကျင့်ကြံအားထုတ်မှုရှိမှ ရပါမည်၊ ထိုကျင့်ကြံ အားထုတ်မှု အတွက်လည်း လမ်းစဉ် ရှိရပါမည်၊ ထိုလမ်းစဉ်ကို ဤသို့ ဟောကြားခဲ့ပါသည် ဘုရား။
ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။ (ဒီ၊၂၊၂၁၃။)
ဘိက္ခဝေ၊ ရဟန်းတို့။ ယဒိဒံ-ယေ ဣမေ စတ္တာရော သတိပဋ္ဌာနာ၊ အကြင် သတိပဋ္ဌာန်တရား လေးပါးတို့သည်။ အတ္ထိ၊ ရှိကုန်၏။ အယံ၊ ဤသတိပဋ္ဌာန်လေးပါးသည်။ သတ္တာနံ၊ သတ္တဝါတို့၏။ ဝိသုဒ္ဓိယာ၊ စင်ကြယ်ခြင်းငှာ။ သောကပရိဒေဝါနံ၊ သောကပရိဒေဝတို့ကို။ သမတိက္ကမာယ၊ လွန်မြောက်ခြင်းငှာ။ ဒုက္ခဒေါမနဿနံ၊ ဒုက္ခဒေါမနဿ တို့၏။ အတ္ထင်္ဂမာယ၊ ချုပ်ငြိမ်းခြင်းငှာ။ ဉာယဿ၊ အရဟတ္တဖိုလ်ကို။ အဓိဂမာယ၊ ရခြင်းငှာ။ နိဗ္ဗာနဿ၊ နိဗ္ဗာန်ကို။ သစ္ဆိကိရိယာယ၊ မျက်မှောက်ပြုခြင်းငှာ။ ကောယနော မဂ္ဂေါ၊ တစ်ခုတည်းသော လမ်းကြောင်းပေတည်း။
“ချစ်သားတို့ သတိပဋ္ဌာန်လမ်းစဉ်သည် သတ္တဝါတွေ စင်ကြယ်ဖို့ သောကပရိဒေဝ လွန်မြောက်ဖို့ ဒုက္ခ ဒေါမနဿ ချုပ်ငြိမ်းဖို့ အရဟတ္တဖိုလ် ရဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တစ်ခုတည်းသော လမ်းကြောင်းကြီး ဖြစ်သည်” ဤသို့ စသည်ဖြင့် နေရာပေါင်းများစွာ ဒေသနာပေါင်းများစွာတို့၌ ဟောကြားတော်မူပါသည်၊ ထို ဟောကြားတော်မူချက်တို့သည် သမထလမ်းစဉ် ဝိပဿနာ လမ်းစဉ်တို့ ဖြစ်ကြပါသည် ဘုရား။
မူလပဏ္ဏာသပါဠိတော် ရထဝိနီတသုတ်၌ အောက်ပါအတိုင်း ဟောကြားထားပါသည် ဘုရား-
သီလဝိသုဒ္ဓိ ယာဝဒေဝ စိတ္တဝိသုဒ္ဓတ္တာ၊ စိတ္တဝိသုဒ္ဓိ ယာဝဒေဝ ဒိဋ္ဌိဝိသုဒ္ဓတ္တာ။ ဒိဋ္ဌိဝိသုဒ္ဓိ ယာဝဒေဝ ကင်္ခါဝိတရဏဝိသုဒ္ဓတ္တာ။ ကင်္ခါဝိတရဏဝိသုဒ္ဓိ ယာဝဒေဝ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓတ္တာ။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ယာဝဒေဝ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓတ္တာ။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ယာဝဒေဝ ဉာဏဒဿနဝိသုဒ္ဓတ္တာ။ ဉာဏဒဿနဝိသုဒ္ဓိ ယာဝဒေဝ အနုပါဒါပရိနိဗ္ဗနတ္ထာ။ (မ၊၁၊၂၀၄။)
မြန်မာပြန်
အကျင့်သီလ အထူးစင်ကြယ်ခြင်းသည် စိတ်သမာဓိ အထူးစင်ကြယ်ရုံမျှ အကျိုးရှိ၏၊ စိတ်သမာဓိ အထူးစင် ကြယ်ခြင်းသည် အမြင် အထူးစင်ကြယ်ရုံမျှ အကျိုးရှိ၏၊ အမြင် အထူးစင်ကြယ်ခြင်းသည် ယုံမှားခြင်းကို လွန်မြောက်မှု (ဉာဏ်) အထူး စင်ကြယ်ရုံမျှသာ အကျိုးရှိ၏၊ ယုံမှားခြင်းကို လွန်မြောက်မှု (ဉာဏ်) အထူးစင်ကြယ်ခြင်းသည် မဂ်ဟုတ်သည် မဟုတ်သည်၌ (ဉာဏ်) အမြင် အထူးစင်ကြယ်ရုံမျှသာ အကျိုးရှိ၏၊ မဂ်ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းသည် အကျင့်(အနုလုံ) ဉာဏ်အမြင် အထူးစင်ကြယ်ရုံမျှသာ အကျိုးရှိ၏၊ အကျင့်(အနုလုံ) ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းသည် မဂ်ဉာဏ်အမြင် အထူးစင်ကြယ်ရုံမျှသာ အကျိုးရှိ၏၊ မဂ်ဉာဏ်အမြင် အထူးစင် ကြယ်ခြင်းသည် စွဲယူမှု မရှိသော ထက်ဝန်းကျင် ငြိမ်းအေးရုံမျှသာ အကျိုးရှိ၏၊ (မ၊မြန်၊ ၁။ ၂၁၀-၁။)
ဝိသုဒ္ဓိခုနစ်ခန်း လမ်းစဉ်တို့တွင် သီလဝိသုဒ္ဓိသည် သီလကျင့်စဉ်၊ စိတ္တဝိသုဒ္ဓိသည် သမထကျင့်စဉ်၊ ကျန် ၅-ပါးသော ဝိသုဒ္ဓိတို့သည် ဝိပဿနာကျင့်စဉ်တို့ ဖြစ်ကြပါသည်၊ ၎င်းဝိသုဒ္ဓိတို့သည် နောက်ဆုံး၌ အနုပါဒါပရိနိဗ္ဗာန် အကျိုးဖြစ်ကြောင်း ဟောကြားတော်မူပါသည်၊ ဤသည်ကား ဘုရားသခင် မူလရည်ရွယ်ခဲ့သော သတ္တဝါတို့အား သံသရာမှ ကယ်တင်လွတ်မြောက် စေကြောင်း တရားတော်တို့ ဖြစ်ကြပါသည် ဘုရား။
ထိုမှတပါး စတုက္ကနိပါတ အင်္ဂုတ္တရပါဠိတော် ယုဂနဒ္ဓသုတ်၌-
သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝေတိ (အံ၊၁၊၄၇၅။)။ သမထပုဗ္ဗင်္ဂမံ၊ သမထရှေ့သွားရှိသော။ ဝိပဿနံ၊ ဝိပဿနာကို။ ဘာဝေတိ၊ ပွား၏။
ဝိပဿနာပုဗ္ဗင်္ဂမံ သမထံ ဘာဝေတိ (အံ၊၁၊၄၇၅။)။ ဝိပဿနာပုဗ္ဗင်္ဂမံ၊ ဝိပဿနာရှေ့သွားရှိသော။ သမထံ၊ သမထကို။ ဘာဝေတိ၊ ပွား၏။
သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ (အံ၊၁၊၄၇၅။)။ သမထဝိပဿနံ၊ သမထနှင့် ဝိပဿနာကို။ ယုဂနဒ္ဓံ၊ အစုံတွဲ၍။ ဘာဝေတိ၊ ပွား၏။
ဤကဲ့သို့ ဗုဒ္ဓသာသနာတော်၌ သမထဝိပဿနာ ပွားရမည့် ဩဝါဒနည်းလမ်းများကို ဟောကြားထားခြင်း ရှိပါသည် ဘုရား။
ထိုမှတပါးလည်း ပါထိကဝဂ္ဂ ပါဠိတော် ဒသုတ္တရသုတ်၌-
ကတမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ၊ သမထော စ ဝိပဿနာ စ၊ ဣမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ။ (ဒီ၊၃၊၂၂၈။)
အဘယ်တရားနှစ်ပါးတို့ကို ပွားစေအပ်ကုန်ပါသနည်း၊ သမထတရားကိုလည်းကောင်း၊ ဝိပဿနာတရားကို လည်းကောင်း ဤတရားနှစ်ပါးတို့ကို ပွားစေအပ်ပါကုန်၏ဟု ဟောကြားထားချက် ရှိပါသည် ဘုရား။
ဓမ္မစကြာဒေသနာတော်လာ မဇ္ဈမပဋိပဒါ လမ်းစဉ်သည်လည်း ဝိပဿနာလမ်းစဉ်တရားတို့ ဖြစ်ကြပါသည်၊ အနတ္တလက္ခဏသုတ်၌ ဟောကြားတော်မူခဲ့သော “နေတံ မမ၊ နေသောဟမသ္မိ၊ နှ မေသော အတ္ထာ” ငါ့ဟာ မဟုတ်၊ ငါမဟုတ်၊ ငါ့ကိုယ်မဟုတ်ဟူသော တရားတို့သည်လည်း ဝိပဿနာတရားတော်တို့သာ ဖြစ်ကြပါသည် ဘုရား။
ဓမ္မစကြာကို မြတ်နိုးသည် အနတ္တလက္ခဏကို အထင်ကြီးသည်ဆိုသော ဦးဥက္ကဋ္ဌတို့ လူစုသည် ဓမ္မစကြာနှင့် အနတ္တ လက္ခဏသုတ်တို့မှာ ပါသော ဝိပဿနာကိုကား ပယ်နေကြပြန်သည်၊ ထို့ကြောင့် သူတို့သည် ဘုရားဟောအစစ် ဓမ္မစကြာ အနတ္တ လက္ခဏသုတ်တို့ကို ပြောခြင်းမဟုတ်သည်မှာ ထင်ရှားလေသည်။
ဤကဲ့သို့ ဗုဒ္ဓပိဋက ထေရဝါဒ၌ သမထဝိပဿနာတို့သည် ဘုရားသခင်ကိုယ်တော်မြတ်၏ ပဓာန ရည်ရွယ်ချက်လမ်းစဉ် သံသရာမှ ကယ်တင်ရေးလမ်းစဉ်တို့ ဖြစ်ကြပါသည်၊ အလွန်အရေးကြီးသော ပဓာန ဖြစ်သောလမ်းစဉ်၊ သမထ ဝိပဿနာကျင့်စဉ်တို့ကို ဗုဒ္ဓဝါဒ၌ မပါဝင်ဟု ပြောင်ပြောင် တင်းတင်း ငြင်းပယ်နေကြခြင်းကြောင့် ထိုသူတို့၏ ဝါဒသည် ဗုဒ္ဓပိဋက ထေရဝါဒနှင့် မညီညွတ်သာ အဓမ္မဝါဒများ ဖြစ်ကြောင်း လျှောက်ထားရခြင်း ဖြစ်ပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၉)
၉။ ဗုဒ္ဓသာသနာတော်၏ အသက်ဖြစ်သော ဝိနည်းကျင့်ဝတ် တရားတော်များကို လုံးလုံးလျားလျား ပစ်ပယ်ပြီး သင်္ကန်းဝတ်၍ သာသနာအရေခြုံကာ မသိနားမလည်သောသူတို့အား လှည့်ဖျားလိမ်ညာ၍ ဆရာတစ်ဆူ လုပ်ခဲ့ ခြင်းနှင့် ပတ်သက်သည့် ကျမ်းဂန်အထောက်အထားများဖြင့် ထပ်မံစောဒနာသော ဝိသေသစောဒနာပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ။ (ဝိ၊ဋ္ဌ၊၁၊၁၁။)
“ဝိနည်းသည် သာသနာတော်၏ အသက်၊ ဝိနည်းတည်မှ သာသနာတည်မည်” ဖြစ်သောကြောင့် ရဟန်းတော်တို့သည် ဝိနည်း သိက္ခာပုဒ်များကို မကဲ့ရဲ့ရ၊ ကဲ့ရဲ့ပါသော် ပါစိတ်အာပတ်သင့်စေဟု ပညတ်တော်မူထားကြောင်းကို “သိက္ခာ ပဒ ဝိဝဏ္ဏကေ ပါစိတ္တိယံ” ဟု ပါစိတ်ပါဠိတော်၌ လာရှိပါသည်၊ ဝိနည်း အရေးကြီးသောကြောင့် ဝိနည်းကို ကဲ့ရဲ့လျှင် ပါစိတ်အာပတ် ပညတ်ထားပါသည်။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဝိနည်းတရားတော်သည် အနုပါဒါပရိနိဗ္ဗာန်သို့ ဆိုက်ရောက်သည်အထိ အကျိုးကြီးမားကြောင်း ပရိဝါရပါဠိတော်၌ ညွှန်ပြထားတော်မူပုံကို တပည့်တော်များ တင်ပြလျှောက်ထားပါမည် ဘုရား။
ဝိနယော သံဝရတ္ထာယ (ဝိ၊၅၊၂၈၈။)။ ဝိနယော၊ ဝိနည်းသည်။ သံဝရတ္ထာယ၊ စောင့်စည်းခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (ဝိနည်း သည် စောင့်စည်းဖို့ ဖြစ်ပါသည် ဘုရား။)
သံဝရော အဝိပ္ပဋိသာရတ္ထာယ (ဝိ၊၅၊၂၈၈။)။ သံဝရော၊ စောင့်စည်းခြင်းသည်။ အဝိပ္ပဋိသာရတ္ထာယ၊ နှလုံးစိတ်ဝမ်း အေးချမ်းခြင်းအလို့ငှာ။ ဟောတိ၊ ဖြစ်၏၊ (စောင့်စည်းခြင်းသည် စိတ်နှလုံးချမ်းသာမှု ဖြစ်ဖို့ပါ ဘုရား။)
အဝိပ္ပဋိသာရော ပါမုဇ္ဇတ္ထာယ (ဝိ၊၅၊၂၈၈။)။ အဝိပ္ပဋိသာရော၊ နှလုံးမသာယာမှု မဖြစ်ခြင်းသည်။ ပါမုဇ္ဇတ္ထာယ၊ ဝမ်းသာဝမ်းမြောက် ဖြစ်ခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (စိတ်နှလုံးမသာယာမှု မဖြစ်ရခြင်းသည် ဝမ်းသာဝမ်းမြောက် ဖြစ်ဖို့ပါ ဘုရား။)
ပါမုဇ္ဇံ ပီတတ္ထာယ (ဝိ၊၅၊၂၈၈။)။ ပါမုဇ္ဇံ၊ ဝမ်းသာဝမ်းမြောက်ခြင်းသည်။ ပီတတ္ထာယ၊ နှစ်သက် ရွှင်လန်းခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (ဝမ်းသာဝမ်းမြောက်ခြင်းသည် နှစ်သက်ရွှင်လန်းဖို့ပါ ဘုရား။)
ပီတိ သုခတ္ထာယ (ဝိ၊၅၊၂၈၈။)။ ပီတိ၊ နှစ်သက်ရွှင်လန်းခြင်းသည်။ သုခတ္ထာယ၊ ချမ်းသာခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (နှစ်သက်ရွှင်လန်း ခြင်းသည် ချမ်းသာဖို့ပါ ဘုရား။)
သုခံ သမာဓတ္ထာယ (ဝိ၊၅၊၂၈၈။)။ သုခံ၊ ချမ်းသာခြင်းသည်။ သမာဓတ္ထာယ၊ တည်ကြည်ခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (ချမ်းသာခြင်းသည် တည်ကြည်ဖို့ပါ ဘုရား။)
သမာဓိ ယထာဘူတဉာဏဒဿနတ္ထာယ (ဝိ၊၅၊၂၈၈။)။ သမာဓိ၊ တည်ကြည်ခြင်းသည်။ ယထာဘူတဉာဏဒဿနတ္ထာယ၊ ယထာဘူတဉာဏ်အမြင်အကျိုးငှာ။ ဟောတိ၊ ဖြစ်၏၊ (တည်ကြည်ခြင်းသည် ယထာဘူတ-ဟုတ်တိုင်းမှန်ရာကိုသိတဲ့ ဉာဏ်အမြင် ဖြစ်ဖို့ပါ ဘုရား။)
ယထာဘူတဉာဏဒဿနံ နိဗ္ဗိဒတ္ထာယ (ဝိ၊၅၊၂၈၈။)။ ယထာဘူတဉာဏဒဿနံ၊ ယထာဘူတ ဉာဏ်အမြင်သည်။ နိဗ္ဗိဒတ္ထာယ၊ သံသရာ၌ ငြီးငွေ့ခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (ယထာဘူတဉာဏ်အမြင်သည် သံသရာမှာ ငြီးငွေ့ဖို့ ဖြစ်ပါသည် ဘုရား။)
နိဗ္ဗိဒါ ဝိရာဂတ္ထာယ (ဝိ၊၅၊၂၈၈။)။ နိဗ္ဗိဒါ၊ သံသရာ၌ ငြီးငွေ့ခြင်းသည်။ ဝိရာဂတ္ထာယ၊ တပ်ခြင်းကင်းခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (သံသရာ၌ ငြီးငွေ့ခြင်းသည် တပ်ခြင်း ကင်းဖို့ ဖြစ်ပါသည် ဘုရား။)
ဝိရာဂေါ ဝိမုတ္တတ္ထာယ (ဝိ၊၅၊၂၈၈။)။ ဝိရာဂေါ၊ တပ်ခြင်း ကင်းခြင်းသည်။ ဝိမုတ္တတ္ထာယ၊ လွတ်မြောက်ခြင်းငှာ (ဝါ) အရ ဟတ္တဖိုလ်အလို့ငှာ။ ဟောတိ၊ ဖြစ်၏၊ (တပ်ခြင်းကင်းတယ်ဆိုတာ လွတ်မြောက်ဖို့ ဖြစ်ပါသည် ဘုရား။)
ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနတ္ထာယ (ဝိ၊၅၊၂၈၈။)။ ဝိမုတ္တိ၊ လွတ်မြောက်ခြင်း(ဝါ)အရဟတ္တဖိုလ်သည်။ ဝိမုတ္တိဉာဏဒဿနတ္ထာယ၊ ဝိမုတ္တိဉာဏ် ဖြစ်ခြင်းအကျိုးငှာ။ ဟောတိ၊ ဖြစ်၏၊ (လွတ်မြောက်ခြင်းသည် ဝိမုတ္တိဉာဏဒဿန ဆိုတဲ့ ပေစ္စစေက္ခဏာဉာဏ် အမြင်ရဖို့ ဖြစ်ပါသည် ဘုရား။)
ဝိမုတ္တိဉာဏဒဿနံ အနုပါဒါပရိနိဗ္ဗာနတ္ထာယ (ဝိ၊၅၊၂၈၈။)။ ဝိမုတ္တိဉာဏဒဿနံ၊ ဝိမုတ္တိဉာဏ်ဒဿနဆိုတဲ့ ပစ္စဝေက္ခဏာဉာဏ် အမြင်သည်၊ အနုပါဒါပရိနိဗ္ဗာနတ္ထာယ၊ အနုပါဒါပရိနိဗ္ဗာန် အကျိုးငှာ။ ဟောတိ၊ ဖြစ်၏၊ (ဝိမုတ္တိဉာဏ ဒဿနဆိုတဲ့ ဉာဏ်အမြင်သည် အနုပါဒါပရိနိဗ္ဗာန် အကျိုးဖို့ ဖြစ်ပါသည် ဘုရား။)
ဤကဲ့သို့ ဝိနည်းသည် အဆင့်ဆင့် အဆက်ဆက်အားဖြင့် အနုပါဒါပရိနိဗ္ဗာန်တိုင်အောင် ဆိုက်ရောက်သည့် အကျိုးကြီးမားလှသော တရားတော် ဖြစ်ပါသည် ဘုရား။
အထက်ပါ ဒေသနာတော်ကို ချုပ်ကြည့်လျှင် ဝိနည်းသိက္ခာ လိုက်နာကျင့်သုံးပါမှ ယထာဘူတဉာဏ် ရနိုင်ဖို့အကြောင်း သိရပါသည် ဘုရား၊ လူဝတ်ကြောင်ဖြစ်ကလည်း ၅-ပါးသီလ၊ ၁၀-ပါးသီလ အစရှိသော လူ့ကျင့်ဝတ် ရှိမှ (ဝါ) ကိုယ်ကျင့်တရားရှိမှ အမြင်မှန် မြင်နိုင်သည်ဟု သိနိုင်ပါသည် ဘုရား။
ယခု ဝိနည်းသိက္ခာကို ပယ်သော ဦးဥက္ကဋ္ဌတို့သည် ဤဘုရားဟော ဒေသနာတော်အရ ယထာဘူတဉာဏ် အမြင်မှန်တို့ကို မရနိုင်ကြကြောင်း ထင်ရှားလှပါသည်၊ “မျက်စိကန်း တစ္ဆေမကြောက်” ဟူသောစကားပုံကဲ့သို့ ဟုတ်လိမ့်နိုးနိုး ဆင်ကန်းတောတိုး ပြောကြ ဟောကြ ဝေဖန်ကြခြင်းတို့သာ ဖြစ်သည်ဟု ဒေသနာတော်နှင့် ညှိ၍ သိနိုင်လောက်ကြပါပြီ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ထိုဝိနည်းတရားတော်ကို ဘုရားသခင်ကိုယ်တော်မြတ် ပညတ်တော်မူတဲ့အခါ အကျိုးမရှိ အကြောင်းမဲ့ ပညတ်တော်မူခဲ့သည် မဟုတ်ပါ၊ ဆယ်ပါးသော အကျိုးတရားနဲ့ စပ်တဲ့ အကြောင်းတရားတို့ကို အစွဲပြု၍ ပညတ်တော်မူခြင်း ဖြစ်တယ်ဆိုတာ ပါရာဇိကဏ်ပါဠိတော်၌-
တေန ဟိ ဘိက္ခဝေ ဘိက္ခူနံ သိက္ခာပဒံ ပညပေဿာမိ ဒသ အတ္ထဝသေ ပဋိစ္စ သံဃသုဋ္ဌုတာယ, သံဃဖာသုတာယ, ဒုမ္ပင်္ကူနံ ပုဂ္ဂလာနံ နိဂ္ဂဟာယ, ပေသလာနံ ဘိက္ခူနံ ဖာသုဝိဟာရာယ, ဒိဋ္ဌဓမ္မိကာနံ အာသဝါနံ သံဝရာယ, သမ္ပရာယိကာနံ အာသဝါနံ ပဋိဃာတာယ အပ္ပသန္နာနံ ပသာဒါယ, ပသန္နာနံ ဘိယျောဘာဝါယ, သဒ္ဓမ္မဋ္ဌိတိယာ ဝိနယာနုဂ္ဂဟာယ။ (ဝိ၊၁။ ၂၄။)
ဤစကားရပ်တို့ကို ဆဋ္ဌသံဂါယနာ မြန်မာပြန် စကားအတိုင်း လျှောက်ထားပါမည် ဘုရား။
မြန်မာပြန်
ရဟန်းတို့ သို့ဖြစ်လျှင်-
(၁) သံဃာတော်၏ ကောင်းပါပြီဟု လွယ်ကူစွာ ကျင့်သုံးရန်၊
(၂) သံဃာတော်များ ချမ်းသာစေရန်၊
(၃) အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်၊
(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ကို ချမ်းသာစွာ နေနိုင်ရန်၊
(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကို စောင့်စည်းရန်၊
(၆) နောင်ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊
(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်၊
(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊
(၉) သူတော်ကောင်းတရား သာသနာသုံးရပ် တည်တံ့ရန်၊
(၁၀) ဝိနည်း စည်းမျဉ်းဥပဒေကို ချီးမြှောက်ရန်-
ဟူသော အကျိုး (၁၀) ပါးတို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်ဟု မိန့်တော်မူ၏၊
(ဝိ၊မြန်၁၊၂၉။)
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ထို့ပြင် ဘုရားသခင်ကိုယ်တော်မြတ်သည် ပရိနိဗ္ဗာန်ညောင်စောင်း၌ လျောင်းစက်တော်မူစဉ်အခါမှာ ဝိနည်းတရားကို လေးစားဖို့ကို ဟောကြားခဲ့ပါသည် ဘုရား။
ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနုယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ။ (ဝိ၊မြန်၁၊၂၉။) (ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော်၊ မဟာပရိနိဗ္ဗာနသုတ်)
အာနန္ဒာ ငါဟောကြားထား ပညတ်ထားသော တရားတော်နှင့် ဝိနည်းတော်သည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ဆရာဘုရားပင် ဖြစ်ပေ၏၊ (ဒီ၊၂၊၁၂၆-၇။)
ဤကဲ့သို့ ဝိနည်းတရားတော်ကို လေးလေးစားစား လိုက်နာရန် ဘုရားသခင်ကိုယ်တော်မြတ်က ဟောကြား ညွှန်ပြထားတော်မူပါလျက် ဝိနည်းတရားတော်ကို ပစ်ပယ်ရှုတ်ချ ပြောဆိုနေကြသောသူတို့သည် နိဗ္ဗာန်တရားတော်ကို ပယ်မြစ်တားဆီးရာ ရောက်နေသည်ကိုလည်း သိနားလည်ခြင်း မရှိကြပါကုန်။
ထို့ပြင် သံဂါယနာခြောက်တန်တင် ဝိနည်းပိဋကတော်၌ ဖြုတ်ပယ်စရာ ထည့်သွင်းစရာ မလိုအပ်၊ အပညတ္တံ န ပညာပေတဗ္ဗံ၊ ပညတ္တံ န သမုစ္ဆိန္ဒိတဗ္ဗံ၊ ဘုရားရှင် မပညတ်သည်ကို ထပ်မံ မပညတ်ရ မထည့်သွင်းရ၊ ပညတ်ပြီး ရှိပြီး သိက္ခာပုဒ်များကိုလည်း မည်သည့် အကြောင်းပြချက်ဖြင့်မျှ မပယ်ရ။
“ဂရုကလဟုကေသု ဂရုကေ ကာတဗ္ဗံ” သိက္ခာပုဒ်နှင့် စပ်လျဉ်း၍ အလေးအပေါ့ရှိလျှင် အလေးသို့ လိုက်ရမည်၊ ဤကဲ့သို့ ပညာရှိသော သူတော်ကောင်းတို့ လိုက်နာကျင့်သုံးခဲ့ကြသည်၊ ထို့ကြောင့်လည်း ဗုဒ္ဓသာသနာတော် ၂၅၀၀-ကျော်အထိ တည်တံ့လာခြင်း ဖြစ်သည်။
ဝိနည်းတစ်စိတ်တစ်ဒေသဖြစ်စေ အားလုံးကိုဖြစ်စေ ပစ်ပယ် မလိုက်နာသော်ကား သာသနာကို အသက်ထွက်အောင်လုပ်ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေရာ ဘာနဲ့မျှ ဖုံးကွယ်၍ရမည် မဟုတ်ပါပေ။
သို့ဖြစ်သောကြောင့် ဝိနည်းပယ် ဝိနည်းဖြတ် လုပ်ရပ်သည် သာသနာတော် သန့်ရှင်းတည်တံ့ရေးအတွက် အန္တရာယ်ကြီးမားလှပါသဖြင့် အဓမ္မဝါဒတံဆိပ် ခပ်နှိပ်ပေးတော်မူကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၁၀)
၁၀။ ဝိနည်းတရားတော်ကို မပစ်ပယ်ဘဲ ဘုရားရှင်၏ ဝိနည်းသိက္ခာ ပုဒ်တော်များကို အသက်တမျှ လိုက်နာကျင့်သုံး နေထိုင်ကြသော ရဟန်းကောင်း ရှင်ကောင်း သံဃာတော်တို့အား ပက်ပက်စက်စက် စွပ်စွဲပုတ်ခတ် ရေးသာပြီး သံဃာတော် ကို စော်ကားမှု ပြုခြင်းနှင့် ပတ်သက်၍ ဝိသေသစောဒနာပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၁။ ဗုဒ္ဓဘာသာဝင်မှန်လျှင် ဘုန်းကြီးပင်ဖြစ်စေ၊ လူပင်ဖြစ်စေ သာသနာတော်၏တာဝန်ကို တကယ်တမ်း ထမ်းဆောင်နေကြသော ရဟန်းကောင်း ရှင်ကောင်း သံဃာတော်အပေါင်းကို ကဲ့ရဲ့ရှုတ်ချသောစကား မပြောကြားဝံ့ကြပါ ဘုရား၊ မာန ဒေါသ အလျောက် မောက်မောက်မာမာ ပြောမိကြပါလျှင်လည်း ဝန်ချတောင်းပန်လေ့ ရှိကြပါသည် ဘုရား၊ သံဃာတော်ကို မစော်ကားခြင်းသည် ဗုဒ္ဓဘာသာဝင် သူတော်စင်များ လေးလေးစားစား စောင့်ထိန်းထားရမည့် တာဝန်ဝတ္တရားကြီး ဖြစ်ပါသည် ဘုရား၊ မလေးမစား စော်ကားကြလျှင်လည်း အပြစ်ကြီးမားလှကြောင်း သူတော်ကောင်းများက ယုံကြည်ကြပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၂။ သံဃာတော်အား ဆဲရေးစော်ကားမိ၍ ပြိတ္တာ ဖြစ်ရရှာသော ကျောင်းဒါယကာတစ်ယောက်ကို အရှင်မဟာမောဂ္ဂလ္လာန် ရဟန္တာအရှင်မြတ်က မြင်တွေ့ရ၍ မေးသောအခါ ပြိတ္တာက ပြန်လည်ဖြေကြားပုံကို ပေတဝတ္ထု ပါဠိတော်၌ အောက်ပါအတိုင်း ပါရှိပါသည် ဘုရား။
တဿာဟံ ဝစနံ သုတွာ၊ ဘိက္ခဝေါ ပရိဘာသိသံ။
တဿ ကမ္မဝိပါကေန၊ ပေတလောကံ ဣတော ဂတော။ (ခု၊၂၊၂၁၃။)
အရှင်ဘုရား-တပည့်တော် ကိုးကွယ်ထားသော ထိုဆရာတော်ကြီး၏စကားကို ကြားရ၍ သူတော်ကောင်း ရဟန်းတော်တို့ကို တပည့်တော် ဆဲခဲ့မိပါသည်။ ထိုဆဲခဲ့သော ကံ၏ အကျိုးအားဖြင့် တပည့်တော်သည် ပြိတ္တာဘဝသို့ ရောက်ခဲ့ရပါသည် ဘုရား။
ဤစကားသည် သံဃာကို စော်ကားသဖြင့် ပြိတ္တာဘဝသို့ ရောက်ရရှာသော ကျောင်းဒါယကာဟောင်း ပြိတ္တာ၏စကား ဖြစ်ပါသည် ဘုရား။
သီးခြား ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၃။ ဘုရားရှင်၏ သာသနာတော်ကို ယုတ်လျော့စေအောင် ပြုလုပ်သဖြင့် ဗဟုသုတရှင် ရဟန်းကြီးနှင့် အသိုင်းအဝိုင်းများ အဝီစိ လားကြပုံများလည်း ကျမ်းစာများ၌ ပါရှိပါသည် ဘုရား။
သောပိ ကပိလော ဧဝံ တံ သာသနံ ဩသက္ကာပေတွာ ကာလံ ကတော အဝီစိမဟာနိရယေ နိဗ္ဗတ္တိ၊ သာပိဿ မာတာ စ ဘဂိနီ စ တေဿဝ ဒိဋ္ဌာနုဂတိံ အာပဇ္ဇိဟွာ ပေသလေ ဘိက္ခူ အက္ကောသမာနာ ပရိဘာသမာနာ ကာလံ ကတွာ နိရယေ နိဗ္ဗတ္တိံသု။ (သုတ္တနိ၊ဋ္ဌ၊၂၊၄၃။)
ဗဟုသုတကြီးမား သဒ္ဓါတရားမရှိသော ထိုကပိလ ရဟန်းကြီးသည်လည်း (ဓမ္မဟူ၍ လည်းမရှိ၊ ဝိနည်းဟူ၍လည်းမရှိ စသည်ဖြင့်) ဤသို့ပြောဆိုကာ ကဿပမြတ်စွာဘုရား၏ ထိုသာသနာတော်ကို ဆုတ်ယုတ်စေသောကြောင့် ကွယ်လွန်လေသော် မဟာအဝီစိငရဲ၌ ဖြစ်ခဲ့ရပြီ၊ ထိုကပိလရဟန်းဆိုး၏ မယ်တော်နှင့် နှမတို့သည်လည်း ထိုကပိလရဟန်းဆိုး၏ ဒိဋ္ဌာနုဂတိသို့လိုက်ကာ သီလမြတ်နိုးကြသော ရဟန်းကောင်းတို့ကို ဆဲကြမောင်းမဲကြသောကြောင့် သေသော် ငရဲ၌ ဖြစ်ခဲ့ကြပြီ။
ဤကျမ်းစာအရ ဗဟုသုတကြီးသော်လည်း လမ်းမှားလိုက်က နောက်လိုက်များပါငရဲလားရပုံကို သတိပြုစရာ ဖြစ်ပါသည်ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၄။ သံဃာတော်များကို စွပ်စွဲကဲ့ရဲ့လျှင် ဘဝသံသရာအဖြာဖြာ၌ ဘေးဒုက္ခများစွာ ကြုံလာမည့်အရေးကို သူတော်ကောင်းများသည် တွေးဆကြောက်လန့်ကြပါသည် ဘုရား၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၌ ပါရှိသော-
ယော နိန္ဒိယံ ပသံသတိ၊ တံ ဝါ နိန္ဒတိ ယော ပသံသိယော။
ဝိစိနာတိ မုခေန သော ကလိံ၊ ကလိနာ တေန သုခံ န ဝိန္ဒတိ။ (သံ၊၁၊၁၅၄။)
ကဲ့ရဲ့ထိုက်သူကို ချီးမွမ်းသူနှင့် ချီးမွမ်းထိုက်သူကို ကဲ့ရဲ့သူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးရှာဖွေ၏၊ ထိုအပြစ်ကြောင့် ချမ်းသာကို မရနိုင်ဟူသော ဒေသနာအရ ဓမ္မလမ်းကြောင်း ဖြောင့်အောင် အထူးသတိထားကြရပါသည်၊ သူတော်ကောင်းတို့သည် သံဃာဆိုလျှင် ပုထုဇဉ်သံဃာကိုပင် မစွပ်စွဲလိုကြပါ။ အရိယာသံဃာကို စွပ်စွဲဖို့အရေးမှာ ဝေးလှပါသည်။ ပညာအရာ၌ ဧတဒဂ်ရတော်မူသော လက်ယာတော်ရံ ရဟန္တာ အရှင်သာရိပုတြာနှင့် ဝိနည်းအရာ ဧတဒဂ်ရတော်မူသော ရဟန္တာအရှင်ဥပါလိ တို့လို သူတော်ကောင်းကြီးများ အပေါ်၌ကား နှုတ်ဖြင့် ထုတ်ဖော်စွပ်စွဲရန် မဆိုထားဘိ စိတ်ဖြင့် မပြစ်မှားရဲကြပါ ဘုရား။
၅။ ယော သော ဘိက္ခဝေ ဘိက္ခု အက္ကောသကပရိဘာသကော အရိယူပဝါဒီ သဗြဟ္မစာရီနံ၊ တဿ ပဉ္စ အာဒီနဝါ ပါဋိကင်္ခါ၊ ကတမေ ပဉ္စ၊ ပါရာဇိကော ဝါ ဟောတိ ဆိန္ဒပရိဗန္ဓော၊ အညတရံ ဝါ သံကိလိဋ္ဌံ အာပတ္တိံ အာပဇ္ဇတိ၊ ဗာဠံ ဝါ ရောဂါတင်္ကံ ဖုသတိ၊ သမ္မူဠှော ကာလံ ကရောတိ၊ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇဘိ၊ ယော သော ဘိက္ခဝေ ဘိက္ခု အက္ကော- သကပရိ ဘာသကော အရိယူပဝါဒီ သဗြဟ္မစာရီနံ၊ တဿ ဣမေ ပဉ္စ အာဒီနဝါ ပါဋိကင်္ခါ။ (အံ၊၂၊၂၂၀။)
ရဟန်းတို့ သီတင်းသုံးဖော်တို့ကို ဆဲရေးတတ် ရေရွတ်ကြိမ်းမောင်းတတ် အရိယာပုဂ္ဂိုလ်တို့အား စွပ်စွဲတတ် သော ရဟန်းသည် အပြစ်ငါးမျိုးတို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏၊
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(၁) လောကုတ္တရာတရား ပြတ်၍ လောကုတ္တရာတရားမှ ဆုံးရှုံး၏၊
(၂) ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့မူလည်း ရောက်ကြ၏၊
(၃) ပြင်းထန်သော ရောဂါသို့မူလည်း ရောက်၏၊
(၄) တွေဝေလျက် သေရ၏၊
(၅) ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ, ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်၏၊
ရဟန်းတို့ သီတင်းသုံးဖော်တို့ကို ဆဲရေးတတ်၊ ရေရွတ် ကြိမ်းမောင်းတတ်၊ အရိယာပုဂ္ဂိုလ်တို့အား စွပ်စွဲတတ်သောရဟန်းသည် ဤအပြစ်ငါးမျိုးတို့ကို မချွတ် ရလိမ့်မည်ဟု မျှော်လင့်အပ်၏၊ (အင် မြန်၊၂၊၂၂၇။)
ဆရာတော်အရှင်မြတ်တို့ ဘုရား-
၆။ အရိယာကို ပြစ်မှားလျှင် လောကုတ္တရာတရားထူးမှ ဆုံးရှုံးခြင်း စသော ဤအပြစ်ငါးမျိုး ကြုံရသည်ကို သူတော်ကောင်းမှန်သမျှ ဘယ်သူမှ မလိုလားကြပါ၊ ကြုံလည်း မကြုံလိုကြပါ၊ ဘုရားကိုလည်း မယုံကြည်ကြသော အဓမ္မသမားများအနေအားဖြင့်ကား အရိယာသံဃာကို စော်ကားရဲခြင်းကိုပင် ဂုဏ်ထူးကြီးတစ်ခုဟု ထင်ချင် ထင်ကြပါ လိမ့်မည် ဘုရား၊ ထို့ကြောင့်ပင် အရိယာသံဃာကိုပါ စော်ကားကြခြင်း ဖြစ်ပါသည် ဘုရား။
ဆရာတော် အရှင်မြတ်တို့ ဘုရား-
၇။ သက်တော်ထင်ရှား ဘုရားရှင်၏တပည့် ရဟန္တာကြီးများဖြစ်ကြသော အရှင်သာရိပုတ္တရာနှင့် အရှင်ဥပါလိတို့ ဓမ္မအခြေခံသဘောထား ဝိနည်းအခြေခံ သဘောထား ကွဲပြားကြလေဟန် သမ္မာဒိဋ္ဌိ သုသေတနဝါဒီတို့ ရေးသားကြခြင်းမှာ ရဟန္တာအရှင်မြတ်ကြီးများကို စော်ကားခြင်းသက်သက် ဖြစ်ပါသည် ဘုရား၊ ဘုရားတရားတော် မှန်လျှင် ဓမ္မအရာ၌ ဖြစ်စေ၊ ဝိနည်းအရာ၌ ဖြစ်စေ၊ ရဟန္တာမှန်သမျှ စိတ်တူသဘောတူ အယူသီလ တူမျှကြပါသည် ဘုရား၊ ယုံမှား သံသယ မရှိကြပါ ဘုရား၊ ဤကဲ့သို့ ရဟန္တာ အရှင်မြတ်ကြီးများနှင့်တကွ သံဃာတော်မှန်သမျှကို ရှုတ်ချစော်ကား ခြင်းသည် ဓမ္မလမ်း လိုက်လို ကြသူများ မလုပ်ရဲသော အလုပ်ဖြစ်ပါသည်၊ သာသနာတော်တစ်ရပ်လုံးကို စော်ကားသော သူတို့၏ သံဃာစော်ကားခြင်းသည် အဓမ္မသမားတို့၏ အဓမ္မလုပ်ရပ်သာ ဖြစ်ပါသဖြင့် အဓမ္မဝါဒအဖြစ် စိစစ် ဆုံးဖြတ် ပေးတော်မူကြပါရန် တပည့်တော်များက လျှောက်ထားကြပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၁၁)
၁၁။ ပရိတ်ဟု ခေါ်ဆိုသော ဘုရားဟောပါဠိတော်များကို မရွတ် ကောင်းဟုဆိုပြီး ပရိတ်ရွတ်မှုကို ဆန့်ကျင်၍ ဗုဒ္ဓဘာသာ ဆရာစဉ်ဆက် လိုက်နာကျင့်သုံးခဲ့သော လမ်းစဉ်ကို ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ဝိသေသစောဒနာပါ ဘုရား။
သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ပထမစောဒနာလွှာတွင် ဘုရားဟောပါဠိတော်များကို မရွတ်ကောင်းဟုဆိုပြီး ပရိတ်ရွတ်မှုကို ဆန့်ကျင်၍ ဗုဒ္ဓဘာသာ ဆရာစဉ်ဆက် လိုက်နာကျင့်သုံးခဲ့သော လမ်းစဉ်ကို ဖျက်ဆီးနေခြင်းအပေါ် အဓမ္မဝါဒ ဖြစ်ကြောင်း လျှောက်ထားခဲ့ပါသည်၊ ထို လျှောက်ထားချက်ကို ပိုမိုခိုင်ခံ့အောင် ထေရဝါဒ ပိဋကတ်တော်များ အထောက်အထားဖြင့် ယခု ထပ်မံ၍ တင်ပြ လျှောက်ထားပါရစေ ဘုရား။
ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
တပည့်တော်များသည် စောဒနာမှုကို ပြုရာတွင် စောဒနာနှစ်ရပ်လုံး၌ လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ, သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် လက်သစ်ရွှေအဘိဓမ္မာဝါဒရှင်တို့၏ ရေးသားဟောပြောချက်များ ပေးစာတိုင်စာ စသည်များကို အခိုင်အမာ အထောက်အထားပြု၍ အလေးအနက် စောဒနာမှု ပြုကြခြင်းဖြစ်ပါသည် ဘုရား၊ ယနေ့ နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အမှတ်(၂) ရုံးတော်သို့ ဓမ္မ အဓမ္မ စစ်ဆေး အဆုံးအဖြတ်ပေး ခံနိုင်ရန် တပည့်တော်များ လျှောက်ထားစောဒနာရာ၌ မခိုင်လုံ မတိကျသော အထောက်အထားများဖြင့် မစောဒနာကြပါ ဘုရား၊ အရပ်ပြော ရှင်ပြော လူပြောစကားမျှဖြင့်လည်းကောင်း ရိပ်ဖမ်းသံကြား စကားမြွက်မျှဖြင့် လည်းကောင်း မစောဒနာကြပါ ဘုရား၊ တပည့်တော်တို့သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဓမ္မ အဓမ္မ အတွက်မျှ မကြည့်မူပဲ သာသနာတစ်ရပ်လုံး၏ ဓမ္မ အဓမ္မ အရေးကိုသာ ဦးတည်၍ စောဒနာကြပါသည် ဘုရား၊ ဘုရားရှင်၏ ရွှေမျက်နှာတော် တစ်ခုတည်းကိုသာ ထောက်ထား၍ ဖြစ်ပေါ်နေသော သာသနာတော်၏ ဓမ္မန္တရာယ်များ ဖယ်ရှားရေး၊ နောင်မပေါ်ပေါက်ရေးတို့ဘက်မှ ရပ်တည်၍ သာသနာ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
တပည့်တော်များ အထက်ပါ စကားရပ်များကို လျှောက်ထားနေရခြင်းမှာ ပထမစောဒနာလွှာ တင်စဉ်က-
“နတ်မှီ၌ သီတင်းသုံးနေထိုင်ကြသော ရဟန်းတော်များသည် ပရိတ်မရွတ်ကြပါ” ဟု သခင်မြတ်ဆိုင်ကိုယ်တိုင်က ဝန်ခံထားပါသည် ဘုရား-
ဟု တပည့်တော်များ လျှောက်ထား စောဒနာသွားရာတွင် စုဒိတက ဦးစန္ဒာဓိက ကိုယ်တိုင်က စောဒနာများ၏ စောဒနာလွှာတွင်ပါဝင်သော ၎င်းတို့ ပရိတ်မရွတ်ဆိုသော စောဒနာမှုမှာ မဟုတ်ကြောင်း ငြင်းဆိုသွားပါသည် ဘုရား။
တပည့်တော်များသည် အောက်ပါ သခင်မြတ်ဆိုင်၏ ပေးစာအရ စောဒနာရခြင်း ဖြစ်ပါသည် ဘုရား၊ သခင်မြတ်ဆိုင်၏ပေးစာကို ဝိနည်းဓိုရ်ဆရာတော်များ နားဆင်တော်မူကြပါ ဘုရား။
သို့
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်။
နေ့စွဲ၊ ၂-၁-၈၁။
ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် အရှင်သူမြတ်များ ဘုရား-
တပည့်တော်သည် ၁-၁-၈၁ နေ့က တောင်တွင်းကြီး နတ်မှီတောရသို့ ခေတ္တ ရောက်သွားပါသည် ဘုရား၊ ထိုအခါ နတ်မှီ၌ သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်းတော်များထံမှ အောက်ပါ အချက်များကို ကြားခဲ့ရပါသည် ဘုရား။
၎င်းတို့မှာ-
(၁) ဂိုဏ်းဂဏဝါဒစွဲ မထားကြပါ၊
(၂) အတ္တဒိဋ္ဌိယှဉ်သော အချက်များကို ရှောင်ကြဉ်ကြပါသည်၊
(၃) ရေစက်ချ၍ ပုဂ္ဂိုလ်ရေး အပိုင်ယူခြင်းမျိုး မပြုကြပါ၊
(၄) ပရိတ် မရွတ်ကြပါ၊
(၅) တဏှာဒိဋ္ဌိနှင့် ယှဉ်သော ဆုတောင်း ဆုပေးမှု မလုပ်ကြပါ၊
(၆) အတိတ် အနာဂတ်ဆိုင်ရာ ကမ္မဝါဒကို ရှောင်ကြဉ်ကြပါသည်။
သခင်မြတ်ဆိုင်
အမှတ်-၄၊ စိန်ချယ်လမ်း၊ကျိက္ကဆံရပ်
ရွှေဂုံတိုင်စာတိုက်၊ ရန်ကုန်။
ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
တပည့်တော်များသည် စုဒိတက ဦးဆန္ဒာဓိကကိုယ်တိုင် ချင့်ချိန်နိုင်ရန် နတ်မှီကိုယ်တော်များ ပရိတ်မရွတ်ကြပါဆိုသော အထောက်အထားကို တင်ပြလျှောက်ထားရပါသည် ဘုရား။
ဤကိစ္စနှင့် စပ်လျဉ်း၍ ဦးဆန္ဒာဓိကသည် ပရိတ်ရွတ် ရေစက်ချ စသည်လုပ်ပါက သခင်မြတ်ဆိုင်က မဟုတ်မမှန် ရေးသားခြင်းသာ ဖြစ်ပါသည် ဘုရား၊ ဦးဆန္ဒာဓိကနှင့် သခင်မြတ်ဆိုင်တို့ အပြင်မှာ ရှင်းကြရန်သာ ရှိပါသည် ဘုရား။
စုဒိတက ဦးဆန္ဒာဓိကကိုယ်တိုင် ပထမစောဒနာလွှာ တင်သွင်းစဉ်က ဤရုံးတော်ရှေ့တွင် ၎င်းတို့ ပရိတ်ရွတ်ကြကြောင်း ဝန်ခံပြောဆိုခြင်းကို တပည့်တော်များက ဝမ်းမြောက်နုမော် သာဓုခေါ်ပါကြောင်း လျှောက်ထားပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
တပည့်တော်များ ဆရာစဉ်ဆက် သင်ယူခဲ့ရသည်မှာ ပရိတ်ကြီး(၁၁)သုတ်သာ ဖြစ်ပါသည် ဘုရား၊ ပရိတ်တော်များ၌ ဘုရားဟော ပါဠိတော်များ ပါပါသည် ဘုရား၊ လူသေလူဖြစ် ဦးဥက္ကဋ္ဌကမူ ၎င်းဟောသော တိတ်ခွေတွင် ပရိတ်ကြီးများကို မယုံမကြည် ပစ်ပယ် ပုတ်ခတ်ထားပါသည် ဘုရား၊ မယုံကြည်ရုံမျှမက ပရိတ်ကြီး (၁၂)သုတ် ဟူ၍လည်း ကောင်း အရည်းကြီးလက်ကျန်ဟူ၍ လည်းကောင်း အမနာပ ပြောဟောထားပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
လူတိုင်း၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာမှုသည် ပယောဂ, ဥတု, အာဟာရ, စိတ္တ, ကမ္မ ဟူသော အခြေခံအကြောင်းများပေါ်တွင် တည်ရှိနေပါသည် ဘုရား။
အထက်ဖော်ပြပါ အခြေခံအကြောင်းတရားများ မညီမျှ၍ သဘာဝလမ်းကြောင်း ဖောက်ပြန်လျက် ဝေဒနာတစ်ခု ဖြစ်ပေါ်လာသော ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့သည် ခေတ်မီ ဆေးဆရာဝန်နှင့် ဆေးများကို မှီဝဲကြသည့်နည်းတူ ပရိတ်ချည် ပရိတ်ရေ စသော စိတ်ပြုပြင်နည်း, ကံမြှင့်တင်နည်း, နာမ် ဆေးတို့ဖြင့်လည်း ယထာဘူတ သဘာဝကျကျ ကုစားလျက် ရှိကြပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
မြတ်စွာဘုရားသခင်ကိုယ်တော်တိုင် နှုတ်တော်တွတ်တွတ် ရွတ်၍ ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ် ပိဋကသုံးသွယ် ပါဠိတော်များမှ အရှည်ကို မြော်မြင်တော်မူကြသော ရှေးခေတ် သာသနာတော်စောင့် မထေရ်မြတ်ကြီးများသည် ထိုပရိတ်တော်များကို တပေါင်းတည် စုပေါင်း ထုတ်နုတ်၍ ပရိတ်ကြီးဟူသော အမည်ဖြင့် သီးခြား ကျမ်းတစ်စောင်အဖြစ် စီစဉ်ထားခဲ့ကြပါသည် ဘုရား။
လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိသုတေသန စသော အပေါင်းပါတို့သည် ပရိတ်တော်များကို မယုံကြည် ပုတ်ခတ်ဆဲရေး ထားသော်လည်း ဘုရားရှင်ကိုယ်တော်တိုင် ပရိတ်တော်များကို ခွင့်ပြုခဲ့ကြောင်း ပါဠိအထောက်အထားများ ရှိပါသည် ဘုရား။
ဒီဃနိကာယ် ပါထိကဝဂ် အာဋာနာဋိယသုတ်ပါဠိတော်၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အောက်ပါအတိုင်း အာဋာနာဋိယ အရံအတားကို သင်ယူလေ့လာ ဆောင်ထားကြရန် တိုက်တွန်းတော်မူထားသည်ကို တွေ့ရပါသည် ဘုရား။
ဥဂ္ဂဏှာထ ဘိက္ခဝေ အာဋာနာဋိယံ ရက္ခံ ပရိယာပုဏာထ ဘိက္ခဝေ အာဋာနာဋိယံ ရက္ခံ၊ ဓာရေထ ဘိက္ခဝေ အာဋာနာဋိယံ ရက္ခံ၊ အတ္ထသံဟိတာ ဘိက္ခဝေ အာဋာနာဋိယာ ရက္ခာ ဘိက္ခူနံ ဘိက္ခူနီနံ ဥပါသကာနံ ဥပါသိကာနံ ဂုတ္တိယာ ရက္ခာယ အဝိဟိံသာယ ဖာသုဝိဟာရာယာတိ။ (ဒီ၊၃၊၁၇၄။)
မြန်မာပြန်
ရဟန်းတို့ အာဋာနာဋိယမည်သော ပရိတ်အရံအတားကို သင်ယူကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သောပရိတ်၏ အရံအတားကို အဖန်ဖန် လေ့လာကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သော ပရိတ်အရံအတားကို ဆောင်ကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သော ပရိတ်အရံအတားသည် အကျိုးစီးပွားနှင့်စပ်၏၊ အာဋာနာဋိယ မည်သော ပရိတ်အရံအတားသည် ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက် ဖြစ်ခြင်းငှာ, မဆင်းရဲမပင်ပန်းခြင်းငှာ, ချမ်းသာစွာ နေရခြင်းငှာ ဖြစ်၏၊ (ဒီ၊မြန်၊၃၊၁၉၄။)
ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
ဝိနည်းပိဋက ပါစိတ်ပါဠိတော် ဘိက္ခုနီဝိဘင်း တိရစ္ဆာနကထာ သိက္ခာပုဒ် နှစ်ခု၏ အနာပတ္တိဝါရတို့၌လည်း-
အနာပတ္တိ ဂုတ္တတ္ထာယ၊ ပရိတ္တံ ပရိယာပုဏာတိ။
အနာပတ္တိ ဂုတ္တတ္ထာယ၊ ပရိတ္တံ ဝါစေတိ။ (ဝိ၊၂၊၄၀၂-၄၀၃။)
ဟု ဘေးရန်မှ လုံခြုံရေးအတွက် ပရိတ်ကို သင်ယူပို့ချသော ရဟန်းမိန်မအား အာပတ်မှ ကင်းလွတ်ခွင့်ပေးသော ပညတ်ချက်ကို တွေ့ရပါသည် ဘုရား။
ဤသိက္ခာပုဒ်၌ ခွင့်ပြုအပ်သော ပရိတ်ဟူသည်-
ပရိတ္တန္တိ ယက္ခပရတ္တနာဂမဏ္ဍလာဒိဘေဒံ သဗ္ဗမ္မိ ဝဋ္ဋတိ - (ဝိ၊ဋ္ဌ၊၃၊၂၁၅။)
ဟူသော အဋ္ဌကထာနှင့် အညီ တစ္ဆေသရဲနိုင်မန္တန်၊ မြွေနိုင်မန္တန် စသည်တို့ ဖြစ်ပါသည် ဘုရား။ ဘုရားဟော မဟုတ်သော ဤမန္တန်မျိုးကိုပင် သင်ယူခွင့် ပို့ချခွင့် ပြုတော်မူသည်ဆိုလျှင် ဘုရားဟောဖြစ်သည့် ပရိတ်တို့ကိုမူကား အထူးဆိုဖွယ်မရှိ ခွင့်ပြုပြီးပင် ဖြစ်ပါတော့သည် ဘုရား။ ထို့အပြင် ရဟန်းမိန်းမတို့အား ခွင့်ပြုသည် ဆိုထားသဖြင့် ရဟန်းယောက်ျားနှင့်တကွ လူဒကာ၊ ဒကာမတို့အားလည်း ခွင့်ပြုပြီးပင် ဖြစ်ပါတော့သည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော်တို့ ဘုရား-
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော် မူပြီးနောက်၌လည်း ပရိတ်သည် အရေးကြီးသော ဘာသာရေးလုပ်ငန်းတစ်ရပ် ဖြစ်ခဲ့ပါသည် ဘုရား။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမထေရ် ပေါ်ထွန်းချိန်ဖြစ်သည့် သာသနာနှစ် ကိုးရာကျော် တစ်ထောင်ခန့်၌လည်း ပရိတ်ရွတ်ဖတ်မှုကို ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်သုံးခဲ့ကြကြောင်း သိရပါသည် ဘုရား။
ပါရာဇိကဏ်အဋ္ဌကထာ(ဒု၊ ၆၇) ၌လည်း လူတို့အတွက် ပရိတ်ရွတ်ပေးမှုနှင့် ပတ်သက်၍ ရဟန်းတော်တို့ လိုက်နာစရာများကို ပြဆိုထားပါသည် ဘုရား။ ၎င်းသည်လည်း ထိုအခါက လူတို့သည် မိမိတို့ အရေးကိစ္စ ပေါ်ပေါက်လာသောအခါ ရဟန်းတော်တို့ကို ပင့်၍ ပရိတ်တရား နာယူလေ့ရှိပုံ အထောက်အထားတစ်ရပ် ဖြစ်ပါသည် ဘုရား။ ထိုကျမ်း၌ပင် ပရိတ်ရေ၊ ပရိတ်ချည် အကြောင်းများကိုပါ တပါတည်း ပြဆိုထားသဖြင့် ပရိတ်ရေ၊ ပရိတ်ချည်တို့ကို ဘေးရန်တားဆီးရေးအတွက် ယုံကြည်စွာ အသုံးပြုခြင်းသည်လည်း ထိုအခါက အသားကျလျက်ရှိသော ဘာသာရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း သိနိုင်ပါသည် ဘုရား။
မြန်မာနိုင်ငံ၌လည်း ပုဂံခေတ်ဦးပိုင်းကပင် ပရိတ်ရွတ်ဖတ်မှု ရှိခဲ့ကြောင်း ကျောက်စာအထောက်အထားများ အရ သိရှိရပါသည် ဘုရား။ ကျန်စစ်သားမင်းကြီးသည် နန်းတော်ဆောက်လုပ်သောအခါ အရှင်အရဟံ အမှူးရှိသော ရဟန်းတော် (၄၁၀၈) ပါးတို့ကို ပရိတ်မင်္ဂလာ ရွတ်စေခဲ့သည်ဟု ကျန်စစ်သားမင်းတရားကြီး၏ နန်းတော် မွန်ကျောက်စာ မြန်မာပြန် စာမျက်နှာ (၄၇-၄၈) တွင် တွေ့ရှိရပါသည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော်တို့ ဘုရား-
ပရိတ်တော်များသည် အတန်တန်သော ဘေးရန်အန္တရာယ်များကို ကာကွယ်တားဆီးနိုင်သည်ဟု ဆိုသော်လည်း ပရိတ်ရွတ်ဖတ်နာယူနည်းမကျပါက အကျိုးရမည် မဟုတ်ပါဘုရား။ ပရိတ်ရွတ်ဖတ် နာယူနည်း ကျစေရန် ပရိတ်ရွတ်သူတို့ ပြည့်စုံရမည့် အင်္ဂါ (၃) ပါးနှင့် ပရိတ်နာယူသူတို့ ပြည့်စုံရမည့် အင်္ဂါ (၃) ပါးကို သိထားရပါမည် ဘုရား။
ဒီဃနိကာယ် ပါထိကဝဂ်အဋ္ဌကထာ(၁၄၉)အာဋာနာဋိယသုတ် ၌လာသော ပရိတ်ရွတ်သူတို့ပြည့်စုံရမည့် အင်္ဂါ (၃) ပါးမှာ -
(၁) အနက်သဒ္ဒါတို့ကို သုတ်သင်၍ ကောင်းစွာ သင်ယူထားခြင်း၊
(၂) ပုဒ်ဗျည်းတို့ကို မယုတ်စေရ၊ ပြည့်စုံအောင် လေ့လာကျက်မှတ်ထားခြင်း၊
(၃) လာဘ်လာဘကို မငဲ့၊ ဗမတ္တာရှေ့ထား၍ ရွတ်ဆိုခြင်း၊
တို့ ဖြစ်ပါသည် ဘုရား။
မိလိန္ဒပဉှာ (၁၅၅) ၌လာသော ပရိတ်နာသူတို့ ပြည့်စုံရမည့် အင်္ဂါ (၃) ပါးမှာ
(၁) ပဉ္စာနန္တရိယကံ မရှိခြင်း၊
(၂) နိတယမိစ္ဆာဒိဋ္ဌိ မဟုတ်ခြင်း၊
(၃) ပရိတ်တန်ခိုးကို ယုံကြည်ခြင်း၊
တို့ ဖြစ်ပါသည် ဘုရား။
ဤစကားအရ သတိပြုရန် တစ်ချက်မှာ မိမိတို့ကိုယ်တိုင်က ဗုဒ္ဓဓမ္မ အယူမှန်မှ၊ တိမ်းယိမ်းနေသူများ ဖြစ်ပါက ပရိတ်အာနိသင် ပရိတ်အကျိုး မရနိုင်ပါဘုရား။ ထို့ကြောင့်ပင် ဦးဥက္ကဋ္ဌတို့က မိမိတို့မခံစားနိုင်သည့် အရသာဖြစ်၍ “မြေခွေးက သစ်ပင်ပေါ်က သပျစ်သီးချဉ်သည်” ဟု ပြောသော ပုံပြင်ကဲ့သို့ ပရိတ်တော်များကို ပယ်လေသလော စဉ်းစားဖွယ် ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော်တို့ ဘုရား-
တပည့်တော်များ လျှောက်ထားခဲ့သည့် ပရိတ်တော်များသည် ဘုရားကိုယ်တော်တိုင်ဟော ဗုဒ္ဓဘာသိတ ဖြစ်ခြင်း ဆရာစဉ်ဆက် လိုက်နာကျင့်သုံးအပ်သည့် ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူတို့၏ တန်ဖိုးမဖြတ်နိုင်သည့် ဘာသာရေးအမွေ၊ ယဉ်ကျေးမှု အမွေကြီးတစ်ခု ဖြစ်ခြင်း၊ ပရိတ်တော်များကို ရွတ်သူ၊ နာသူ နှစ်ဦးနှစ်ဖက် အင်္ဂါစုံစုံဖြင့် ရွတ်ဖတ်သရဇ္ဈယ် နာယူက ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ပွားတိုးကြောင်း ဖြစ်ခြင်းတို့ကို ထေရဝါဒ ပိဋကတ်တော် အထောက်အထားများဖြင့် လျှောက်ထားတင်ပြပြီး ဖြစ်ပါသည်။ ထိုဒေသနာတော်များအရ ပရိတ်တော်များနှင့် ပရိတ်ရွတ်ဖတ် သရဇ္ဈယ်တော်မူကြသော သံဃာတော်များ၊ ပရိတ်နာသူ ဗုဒ္ဓဘာသာဝင်များ အပေါ် ပုတ်ခတ်စွပ်စွဲ ပြောဆိုမှုများသည် အဓမ္မဝါဒများသာ ဖြစ်ကြောင်း၊ ထိုအဓမ္မဝါဒကို ရေးသားဟောပြောနေကြသူများသည်လည်း အဓမ္မဝါဒီများသာ ဖြစ်ကြောင်း ဝိနိစ္ဆယ ပြုပေးတော်မူကြပါရန် လျှောက်ထားအပ်ပါသည် ဘုရား။
ဝိသေသ စောဒနာ အမှတ် (၁၂)
၁၂။ ပထမစောဒနာလွှာတွင် ပါဝင်သော အမှတ် (၁၂) စောဒနာ (သင်္ကန်းနှင့် ဝတ်ထည်၊ ဆံတော်နှင့် မြင်းမြီး) ကိစ္စကို ထေရဝါဒ ပိဋကတ်တော်လာ သာဓကတို့ဖြင့် ထပ်မံလျှောက်ထားပါရစေ ဘုရား။
သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ ထိုအမှတ် (၁၂) စောဒနာလွှာတွင် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အထွတ်အမြတ်ထား၍ ဆည်းကပ်ကိုးကွယ်ရာ ဖြစ်သော ဓါတ်တော်၊ မွေတော်၊ စေတီပုထိုး၊ ရုပ်ပွားဆင်းတုတော်များကို ပူဇော်သမှု ပြုရာ၌ ဗုဒ္ဓဘာသာဝင်များ သဒ္ဓါတရားပျက်ပြားအောင် မတော်မတရား ရေးသား ပြောဟောခြင်းများကို စောဒနာထားခဲ့ပါသည် ဘုရား။
၂။ မတော်မတရား ရေးသားထားချက်များအနက်-
(က) သင်္ကန်းနှင့် လူတို့၏ အဝတ်ပုဆိုး ဘာမျှမထူးခြား၊ အတူတူဟု ဆိုထားခြင်း၊
(ခ) ဘုရားရှင်၏ ဆံတော်နှင့် မြင်းမြီး၊ မြင်းမြီးက ပို၍အသုံးဝင်သည်ဟု ဆိုထားခြင်း၊
(ဂ) ဓာတ်တော်၊ မွေတော် အစရှိသည်တို့ကို အမှိုက်သရိုက်များဟု ဆိုထားခြင်း၊
တို့သည် အရဟတ္တဒ္ဓဇသင်္ကန်းနှင့် ဓာတ်တော်မွေတော် စသည်တို့ကို မယုံမကြည် ပစ်ပယ်၍ အမနာပ ရေးထားခြင်း ဖြစ်ပါသည် ဘုရား။
၃။ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်တို့၏ ဩဝါဒါစရိယကြီးဖြစ်သော ဦးဥက္ကဋ္ဌသည် အသုံးဝင်မှုနှင့် တန်ဖိုးရှိမှုကို ခွဲခြားမသိနိုင်ရှာသောသူ ဖြစ်ပါသည်။ ရုပ်မျက်လုံးသည် အသုံးဝင်မှုကိုသာ ကြည့်တတ်ပြီး နာမ်မျက်လုံးက တန်ဖိုးကို သိတတ်ပါသည် ဘုရား။ သူ့မှာ ရုပ်မျက်လုံးသာ ရှိပါသည် ဘုရား။ ဥပမာ-တန်ဖိုးကို သိပ်မသိသော တောသားတစ်ယောက်အား စိန်တစ်ပွင့်နှင့် ပုဆိုးတစ်ထည်ကို ဘယ်ဟာယူမလဲ မေးလျှင် ပုဆိုးကိုပဲ ယူပါလိမ့်မည် ဘုရား။
သို့ဖြစ်၍တန်ဖိုးကို မသိသူပီပီ ဗုဒ္ဓဘာသာဝင်တို့က တန်ဖိုးထားသော အရဟတ္တဒ္ဓဇသင်္ကန်းနှင့် ဆံတော် စသည်တို့ကို ပုတ်ခတ်ဝေဖန်မိခြင်း ဖြစ်ရှာပါသည် ဘုရား။
သင်္ကန်းနှင့် ဝတ်ကြောင် ကွာခြားပုံ
၄။ ယင်းသို့ ပုတ်ခတ်ထားချက်များသည် အောက်ပါ ထေရဝါဒပိဋက၊ ဒေသနာတော်များနှင့် လုံးဝဆန့်ကျင်၍ အဓမ္မဝါဒများသာ ဖြစ်သည့်အပြင် ၎င်းအဓမ္မဝါဒကို ထူထောင်ခဲ့သော ဦးဥက္ကဋ္ဌနှင့်တကွ အပေါင်းအပါများသည် အဓမ္မဝါဒီများသာဖြစ်ကြောင်း စောဒနာအပ်ပါသည် ဘုရား။
၅။ သင်္ကန်းနှင့် လူတို့၏ အဝတ်ပုဆိုး၏ ခြားနားပုံကို ထေရာပဒါန် ပါဠိတော်၌ အောက်ပါအတိုင်း ဟောထားပါသည် ဘုရား။
ပန္ထေ ဒိသွာန ကာသာဝံ၊ ဆဍ္ဍိတံ မီဠှမက္ခိတံ။
သိရသ္မိံ အဉ္ဇလိံ ကတွာ၊ ဝန္ဒိတဗ္ဗံ ဣသိဒ္ဓဇံ။ (ခု၊၃၊၅၂။)
အရဟတ္တဒ္ဓဇ ခေါ် ရဟန်းသာမဏေတို့၏ သင်္ကန်းကို လမ်းကြိုလမ်းကြား မစင်များ အလိမ်းလိမ်း ကပ်ငြိနေသော်လည်း လူတို့ရှိခိုးပူဇော်အပ်၏၊ ပါရာဇိကဏ် အဋ္ဌကထာ၌-
ပဗ္ဗဇိတ ပရိဘောဂါ ဟိ အာဂါရိကာနံ စေတိယဠာနိယော (ဝိ၊ဋ္ဌ၊၂၊၆၇။)
ဟု ဖွင့်ဆို၏၊ မှန်၏၊ ရဟန်းတို့ အသုံးအဆောင်ဖြစ်သော သင်္ကန်းစသည်သည်၊ လူပုဂ္ဂိုလ်တို့အား စေတီထိုက်၏၊
ဤတွင် စုဒိတကပုဂ္ဂိုလ်များအား မေးလိုသည်မှာ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် အလံကို လက်နှီးစုတ်ကဲ့သို့ အသုံးပြုထိုက်ပါသလော၊ ပြခဲ့ပါသလောဟု မေးလိုပါသည်။
၆။ တပည့်တော်များ၏ မြန်မာနိုင်ငံကို နှစ်ပေါင်းတစ်ရာကျော် အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်သဘောက် ဖြစ်နေရသည့်ဘဝမှ တိုင်းပြည်လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်သွားကြသော ဗိုလ်ချုပ်အောင်ဆန်း စသော အာဇာနည်ခေါင်းဆောင်ကြီးများ ရှိပါသည် ဘုရား။ ထိုအာဇာနည်ကြီးများ၏ တိုင်းပြည့်အပေါ် ပြုပေးဖူးသော ကျေးဇူးတရားကို ထောက်ထားဂုဏ်ပြုသည့်အနေဖြင့် ပြည်သူလူထုက အမြဲတန်း အမှတ်တရရှိစေရန် ရုပ်ထုကြီးများ၊ ဓာတ်ပုံ ပန်းချီကား စသည်များ ထုလုပ်ရေးဆွဲ မှတ်တမ်းတင်ကာ ကျေးဇူးဆပ် ဂုဏ်ပြုလျက် ရှိကြပါသည် ဘုရား။
၇။ ထိုနည်းပမာမက ဆံတော်ဓာတ်မြတ်သခင် သုံးလူ့ရှင်သည် သုံးလောကသားများ အို နာ သေ ဝဋ်ဒုက္ခဘေးဆိုးမှ ကယ်တင်တော်မူခဲ့ပါသည် ဘုရား၊ ယခုလည်း မြတ်ဗုဒ္ဓ၏ နည်းမှန် စနစ်မှန်တို့ဖြင့် ကယ်တင်နေဆဲ ဖြစ်ပါသည်ဘုရား။ နောင်ကိုလည်း မြတ်ဗုဒ္ဓသာသနာ မကွယ်မချင်း ကယ်တင်နေဦးမည် ဖြစ်ပါသည် ဘုရား။ ဤသို့သော မနှိုင်းယှဉ်အပ် ကျေးဇူးတော် ဂုဏ်တော် အနန္တအပေါင်းကို အောက်မေ့ယုံကြည်မှုဖြင့် ဆံတော် ဓာတ်တော် မွေတော် စသည်တို့ကို မြတ်နိုးသမှု ရိုသေသမှု ကိုးကွယ်သမှု ပြုနေကြရပါသည် ဘုရား။
၈။ ဆံတော် ဓာတ်တော် မွေတော် စသည်တို့ကို ဘုရားရှင်၏ ကိုယ်ပွားတော်အဖြစ် ရိုသေမြတ်နိုး ရှိခိုးပူဇော်ကြကုန်သော သတ္တဝါတို့သည် ဓာတ်တော် မွေတော်နှင့် စေတီရုပ်ပွားတော်များကို ပူဇော်ရာ၌ သက်တော်ထင်ရှား ဘုရား၌ကဲ့သို့ စိတ်ထားနိုင်လျှင် အကျိုးတရား အတူတူရနိုင်သည်။ စိတ်ထားမှုသာလျှင် လိုရင်းပဓာနဖြစ်သည်ဟု အောက်ပါအတိုင်း ဘုရားရှင်ဟော ဟောကြားထားခဲ့ပါသည် ဘုရား။
ယော စေ ပူဇေယ၊ သမ္ဗုဒ္ဓံ၊ တိဋ္ဌန္တံ လောကနာယကံ။
ဓာတုံ သာသပမတ္တမ္ပိ၊ နိဗ္ဗုတဿာပိ ပုဇယေ။
သမေ စိတ္တပ္ပသာဒမှိ၊ သမံ ပုညံ မဟဂ္ဂတံ။
တသ္မာ ထုပံ ကရိတွာန၊ ပုဇေဟိ ဇိနဓာတုယော။ (ခု၊၃၊၁၆၈။)
တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။ (ခု၊၂၊၆၆။)
မြန်မာပြန်
လူသုံးပါးတို့၏ အကြီးအမှူး နာယကဖြစ်တော်မူသော သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်သကဲ့သို့ ပရိနိဗ္ဗာန် စံလွန်တော် မူပြီးသော ဘုရားရှင်၏ မုန်ညင်းစေ့မျှလောက်သော ဓာတ်တော်ကိုလည်း ပူဇော်လေ။
ကြည်ညိုသော်စိတ် ယိုဖိတ်တူညီလျှင် ကောင်းမှုကုသိုလ်လည်း တူမျှသည်။ ထို့ကြောင့် စေတီပုထိုး ပြုလုပ်၍ ဘုရားဓာတ်တော်များကို ပူဇော်လေ။
သက်တော်ထင်ရှား ဘုရား၌ဖြစ်စေ၊ ပရိနိဗ္ဗာန် စံလွန်တော်မူသော ဘုရား၌ဖြစ်စေ၊ စိတ်ထားမှု တူမျှလျှင် အကျိုးရလာဒ်လည်း တူမျှပေသည်။ မှန်၏၊ စိတ်၏ တောင့်တမျှော်လင့်ချက် အရသာလျှင် သတ္တဝါတို့သည် သုဂတိဘုံသို့ ရောက်ကြရမြဲ ဖြစ်ပေသတည်း။
၉။ စေတီပုထိုး တည်ထားကိုးကွယ်ထိုက်သော ဘုရားမြတ်စွာ၊ ပစ္စေကဗုဒ္ဓါ၊ ဘုရားတပည့်သာဝက၊ စကြဝတေးမင်း၊ ဤလေးပါးတို့ကို ထူပါရဟ ထိုက်သည်ကိုလည်း ဘုရားမြတ်စွာ အောက်ပါအတိုင်း မိန့်တော်မူပါသည် ဘုရား။
စတ္တာရောမေ အာနန္ဒ ထူပါရဟာ။ ကတမေ စတ္တာရော။ တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ထူပါရဟော၊ ပစ္စေကဗုဒ္ဓါ သမ္ဗုဒ္ဓေါ ထူပါရဟော၊ တထာဂတဿ သာဝကော ထူပါရဟော၊ ရာဇာစက္ကဝတ္တီ ထူပါရဟောတိ။ (ဒီ၊၂၊၁၁၇။)
မြန်မာပြန်
အာနန္ဒာ ဤလေးပါးကုန်သော ပုဂ္ဂိုလ်တို့ကို စေတီတည်ထိုက်ကုန်၏၊ အဘယ်လေးပါးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို စေတီတည်ထိုက်၏၊ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏၊ မြတ်စွာဘုရား၏ သာဝကကို စေတီတည်ထိုက်၏၊ စကြဝတေးမင်းကို စေတီတည်ထိုက်၏၊ (ဤလေးပါးတို့တည်း)။ (ဒီ၊မြန်၊ ၂။ ၁၃၆။)
၁၀။ ဘုရားရှင် ကိုယ်တော်မြတ်၏ ဓာတ်တော်၊ မွေတော်၊ ဆံတော် စသော စေတီပုထိုး ရုပ်ပွားဆင်းတုတော်များကို လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ ရှိခိုးပူဇော်ခြင်းကို ပြုခဲ့ရာ ပရိနိဗ္ဗာန် စံလွန်တော် မူပြီးသော ဘုရားရှင်ကိုယ်တော်မြတ်နှင့် ထပ်တူထပ်မျှ ကြည်လင်သော ပသန္နသဒ္ဓါဖြစ်မှုခြင်း တူညီလျှင် တူသောအကျိုးအာနိသင်များကို ရှိခိုးပူဇော်သောသူအား ခံစားထိုက်သည်ဟု ဘုရားမြတ်စွာ အောက်ပါဒေသနာတော်ဖြင့် မိန့်တော်မူပါသည် ဘုရား
ကိဉ္စာနန္ဒ အတ္ထဝသံ ပဋိစ္စ တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ထူပါရဟော၊ “အယံ တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ထူပေါ” တိ အာနန္ဒ ဗဟုဇနာ စိတ္တံ ပသာဒေန္တိ၊ တေ တတ္ထ စိတ္တံ ပသာဒေတွာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ။ ဣဒံ ခေါ အာနန္ဒ အတ္ထဝသံ ပဋိစ္စ တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ထူပါရဟော။ (ဒီ၊၂၊၁၁၈။)
မြန်မာပြန်
အာနန္ဒာ အဘယ်သို့သော အကျိုးထူးကိုစွဲ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို စေတီတည်ထိုက်သနည်း။
အာနန္ဒာ “ဤ (စေတီ) သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ စေတီတော်ဟု လူအများတို့သည် စိတ်ဖြင့်ကြည်ညိုကုန်၏၊ ထိုသူတို့သည် ထို (စေတီ) ၌ စိတ်ဖြင့်ကြည်ညိုပြီးသော ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရကုန်၏၊
အာနန္ဒာ “ဤအကျိုးထူးကို စွဲ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို စေတီတည်ထိုက်၏၊ (ဒီ၊မြန်၊၂၊၁၃၇။)
၁၁။ ကလိင်္ဂဗောဓိဇာတ်အဋ္ဌကထာ(၂၂၉) ၌လည်း ဘုရားရှင် ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ရူပကာယဖြစ်သော ခန္ဓာတော်ကို စွဲ၍ဖြစ်သော သာရီရိက ဓာတ်တော်၊ ဘုရားရှင်၏ အသုံးအဆောင်ဖြစ်သော သပိတ် ပရိက္ခရာ စသော ပရိဘောဂ၊ ဘုရားရှင်ကို ရည်မှတ်၍ ထုလုပ်အပ်သော ရုပ်ပွားဆင်းတုတော်တို့သည် စေတီထိုက်၏ ဟု ဖွင့်ဆိုမိန့်တော်မူထားပါသည် ဘုရား။
၁၂။ ဒီဃနိကာယ် ပါထိကဝဂ်အဋ္ဌကထာ(၈၁-၈၂) ၌လည်း ဓာတ်တော်တွေ ရှိနေသမျှ ဘုရားရှင်လည်း သက်တော်ထင်ရှား ရှိသည်မည်ပေ၏ ဟု ပြဆိုထားပါသည် ဘုရား။
၁၃။ ဤသို့ စသည်ဖြင့် သင်္ကန်းတော်၊ ဆံတော်၊ ဓာတ်တော် စသော ပူဇာရဟ ပူဇော်ထိုက်သည်တို့ကို ပူဇော်သမှုပြုရာ၌ အကျိုးရပုံ အဖုံဖုံကို အမြွက်မျှ လျှောက်ထားပြီးပါပြီ ဘုရား။
လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ ဓာတ်တော်မွေတော် စသည်များအပေါ် ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်ဆဲရေးမှုများသည် အဓမ္မဝါဒများသာဖြစ်၍ ထိုအဓမ္မဝါဒများကို လိုက်နာရေးသား ဖြန့်ဖြူးနေသူများသည်လည်း အဓမ္မဝါဒီများသာဖြစ်ကြောင်း ဆုံးဖြတ်ပေးတော်မူပါရန် လျှောက်ထားအပ်ပါသည် ဘုရား။
ဝိသေသ စောဒနာ အမှတ် (၁၃)
၁၃။ ဘာသာသာသနာ၏ တင့်တယ်မှုတစ်ခုဟု ဆိုထိုက်သော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် ဓလေ့ထုံးစံများကို အလိုဆိုးဖြင့် အမြစ်မှလှန်လျက် တူးဖြိုဖျက်ဆီးနေခြင်းနှင့် ပတ်သက်၍ ဝိသေသ စောဒနာချက်ပါ ဘုရား။
ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ ယင်းစောဒနာချက် အမှတ် (၁၃) တွင်
(က) ဘုရားရှိခိုးခြင်း၊ ပစ္စည်းအမျိုးမျိုးဖြင့် ပူဇော်ခြင်း၊ ဂုဏ်တော်ပွားခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း စသည်တို့၌ အကျိုးရှိသည်ဟု မယုံကြည်ခြင်း၊
(ခ) စေတီပုထိုးများကို အုတ်ခဲ ကျောက်ခဲများဟု မြင်ခြင်း၊
(ဂ) ပုဂံဘုရားပုထိုးများ ထိန်းသိမ်းစောင့်ရှောက် ထားခြင်းကို မနှစ်သက်ခြင်း၊
ဟူသော အချက်သုံးချက်ကို တွေ့ရပါမည် ဘုရား။
၂။ ရတနာသုံးပါးကို ပစ်ပယ်ထားကြသည့် လူကြမ်းလူရမ်းတို့ နေထိုင်ရာ အိမ်၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ တိုင်းပြည်များမှာ အေးချမ်းသာယာမှု မရှိ ဒုက္ခအတိ ဖြစ်ကြမည်ကို သိမြင်ကြသော ဗုဒ္ဓဘာသာ မိကောင်းဖခင်များသည် မိမိတို့၏ သားသမီးများကို ငယ်စဉ်မှစ၍ ဩကာသ သင်ပေးခြင်း၊ ဆီမီးတော်၊ ဆွမ်းတော်၊ ပန်းတော် ကပ်လှူစေခြင်း၊ ဣတိပိ သော ဘဂဝါ စသည့် ဂုဏ်တော်တို့ကို သင်ပေးခြင်း စသည်ဖြင့် လူယဉ်ကျေးကလေးများဖြစ်အောင် ပြုပြင်ပေးတတ်ကြပါသည်။ ဗုဒ္ဓမြတ်စွာ၏ ကျောင်းဒကာ အနာထပိဏ်လည်း သူ၏သား ကာလကို ကလေးကြိုက် မုန့်ဖိုးပေး၍ပင် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်အောင် ပြုလုပ်ခဲ့ပါသည်။ အဘယ်ကြောင့်နည်းဆိုသော် ခုရောနောင်ပါ အေးချမ်သာယာ ချမ်းသာကြဖို့ပင် ဖြစ်ပါသည် ဘုရား။
၃။ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း မိမိစကားကို နားထောင်မည့် စောင့်ရှောက်ထိုက်သူတို့ကို ရတနာသုံးပါး၌ သက်ဝင်ယုံကြည်ရေး သီလဆောက်တည်ရေးတို့၌ သွင်းပေးရမည်ဟု မဟာဝဂ္ဂသံယုတ် ပါဠိတော် ပဌမ မိတ္တာမစ္စသုတ်၌ နည်းညွှန်လမ်းပြ ထားပါသည် ဘုရား။
ယခုနည်းညွှန်ချက်ကို သာဓကအဖြစ် တင်ပြပါမည် ဘုရား။
ယေ တေ ဘိက္ခဝေ အနုကမ္ပေယျာထ၊ ယေ စ သောတဗ္ဗံ မညေယျုံ၊ မိတ္တာ ဝါ အမစ္စာ ဝါ ဉာတီ ဝါ သာလောဟိတာ ဝါ၊ တေ ဘိက္ခဝေ စတူသု သောတာပတ္တိမင်္ဂသု သမာဒပေတဗ္ဗာ၊ နိဝေသေတဗ္ဗာ၊ ပတိဋ္ဌာပေတဗ္ဗာ။
ကတမေသု စတူသု ဗုဒ္ဓေ အဝေစ္စပ္ပသာဒေ သမာဒပေတဗ္ဗာ နိဝေ သေတဗ္ဗာ ပတိဋ္ဌာ ပေတဗ္ဗာ “ဣတိပိ သော ဘဂဝါ။ ပ။ သတ္တာဒေဝ မနုဿာနံ ဗုဒ္ဓေါ ဘဂဝါ” တိ။ ဓမ္မေ။ ပ။ သံဃေ။ ပ။ အရိယကန္တေသု သီလေသု သမာဒပေတဗ္ဗာ နိဝေသေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ အခဏ္ဍေသု။ ပ။ သမာဓိ သံဝတ္တနိကေသု။
ယေ တေ ဘိက္ခဝေ အနုကမ္ပေယာထ၊ ယေ စ သောတဗ္ဗံ မညေယျုံ မိတ္တာဝါ အမစ္စာ ဝါ ဉာတီ ဝါ သာလောဟိတာ ဝါ၊ တေ ဘိက္ခဝေ ဣမေသု စတူသု သောတာပတ္တိမင်္ဂသု သမာဒပေတဗ္ဗာ နိဝေသေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ။ (သံ၊၃၊၃၁၇-၃၁၈။)
ပါဠိနားမလည်သူတွေအတွက် မြန်မာပြန်ကို ထုတ်နုတ်ဖော်ပြပါမည် ဘုရား။
မြန်မာပြန်
ရဟန်းတို့ ... အစဉ်သနား (စောင့်ရှောက်) ထိုက်ကုန်သော သူတို့ကိုလည်းကောင်း၊ မိမိစကားကို လိုက်နာလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေ၊ ခင်ပွန်း၊ ဆွေမျိုးသားချင်းတို့ကို လည်းကောင်း၊ သောတာပန် အင်္ဂါလေးမျိုးတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏၊ အဘယ်လေးပါးတို့နည်း။ ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္တာဒေဝ မနုဿာန မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏-ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်း၌ ဆောက်တည်စေအပ်ကုန်၏ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏၊ တရားတော်၌။ ပ။ သံဃာတော်၌။ ပ။ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ မကျိုးမပေါက် မပြောက်မကျားကုန်သော။ ပ။ တည်ကြည်မှု သမာဓိကို ဖြစ်စေတတ်သော အရိယာတို့ နှစ်သက်အပ်သော သီလတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏၊ ရဟန်းတို့ ... အစဉ်သနား (စောင့်ရှောက်) ထိုက်ကုန်သော သူတို့ကိုလည်းကောင်း၊ မိမိစကားကို လိုက်နာလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေ၊ ခင်ပွန်း၊ ဆွေမျိုးသားချင်းတို့ကို လည်းကောင်း၊ သောတာပန် အင်္ဂါလေးမျိုးတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏၊ (သံ၊မြန်၊၃၊၃၁၉။)
၄။ မြန်မာနိုင်ငံတော်၌ စေတီပုထိုးများသည် မြန်မာ့ကျက်သရေကိုဆောင်ကာ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဂုဏ်အရောင်ကို ထွန်းပြောင်စေသည့်အပြင် ဖူးမြင်ရသူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ရတနာသုံးပါးအပေါ် ကြည်ညိုခြင်းတည်းဟူသော ကောင်းမှုကုသိုလ်တရားများ တိုးပွားစေသည့်အပြင် ဘုရားစကားတော်ကို လိုက်နာပြုကျင့်ကြသဖြင့် လူ့ရွာနတ်ထံ နိဗ္ဗာန်တိုင်မြောက် ကောင်းကျိုးရောက်စေနိုင်ပါသည်။ ဥပမာ အမိအဖ ဓါတ်ပုံကို မြင်လျှင် မိဘဂုဏ်ကျေးဇူးကို ပြန်လည်အောက်မေ့နိုင်ခြင်း၊ မိဘ၏ဆုံးမစကားတို့ကို ပြန်လည်အမှတ်ရ၍ လိုက်နာခြင်း စသည်တို့ကဲ့သို့ပင် ဖြစ်ပါသည်။
၅။ အညဝါဒီ ပုဂ္ဂိုလ်တို့သည် ဦးဥက္ကဋ္ဌ၏ ဓာတ်ပုံကို ရင်၌ထိုး၍ အမြတ်တနိုး ပြုနေကြပါလျက် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ကိုးကွယ်ရာ စေတီပုထိုးကျကာမှ အုတ်ခဲကျောက်ခဲများကို အတုလုပ်ထားသည်ဟု စော်စော်ကားကား ပြောရက်ခြင်းမှာ လူယဉ်ကျေးတို့၏ အခြေခံတရားကလေးမျှ မရှိရာ ရောက်နေကြပါသည်။
စေတီပုထိုးကို အုတ်ခဲကျောက်ခဲများကို အတုလုပ်ထားသည်ဟူသော စကားသည် ထေရအပဒါန် ပါဠိတော်၌-
တံ ပုပ္ဖံ ဩစိနိတွာန၊ သုဂန္ဓံ ဂန္ဓိတံ သုတံ။
ထူပံ ကတွာန ပုလိနေ၊ ဗုဒ္ဓဿ အဘိရောပယိံ။ (ခု၊၃၊၃၁၆။)
စသည်ဖြင့် သဲပုံစေတီ ပြုလုပ်ကာ ပုန်းညက်ပန်းကို လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် ရဟန္တာ အဖြစ်သို့တိုင်အောင် ရောက်ခဲ့သော ပုန္နာဂပုပ္ဖမထေရ်၏ ဖြစ်တော်စဉ် ဒေသနာနှင့် ဆန့်ကျင်ရကား အဓမ္မဝါဒသာ ဖြစ်ပါသည် ဘုရား။
၆။ နိုင်ငံတော်အစိုးရနှင့်တကွ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ပုဂံရှိ စေတီပုထိုးများကို ကြည်ညိုသဒ္ဓါပွား၍ ဘုရားကိုရည်မှန်းကာ အားထားကိုးကွယ်ရာဟု အသိအမှတ် ပြုကြသည့်အပြင် ရှေးအကျဆုံးသော မြန်မာ့ယဉ်ကျေးမှု တစ်ရပ်အနေဖြင့်လည်း အလွန်မြတ်နိုးကြပါသည်။ အလွန်နှစ်သက်ကြပါသည်။ အလွန်ခင်မင်ကြပါသည်။ အလွန်တန်ဖိုးထားကြပါသည်။ အလွန်ဂုဏ်ယူကြပါသည်။
ထို့ကြောင့် မပျက်မစီးအောင် ထိန်းကြ၊ သိမ်းကြ၊ စောင့်ကြ၊ ရှောက်ကြ၊ ပြုကြ၊ ပြင်ကြနှင့် ဤမျှကာလကြာအောင် တည်စေခဲ့ကြပါသည်။
၈။ ပုဂံဘုရားများ မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားကြောင်း သတင်းကြားရသောအခါ ယဉ်ကျေးသော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ဝမ်းနည်းပက်လက် စိတ်လက်မချမ်းမသာ လွန်စွာနှမြောမှု ဖြစ်ကြရပါသည်။ ပြုပြင်ပေးမည့်သူကို မှန်းဆ၍တမ်းတကြသည်။ နိုင်ငံတော်အစိုးရက ပုဂံဘုရားများ ပြင်ဆင်ဖို့ အလှူခံလိုက်သည်ဆိုလျှင် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ တစ်ရပ်ကွက်ချင်း အနေဖြင့်လည်းကောင်း၊ တစ်မြို့နယ်၊ တစ်သင်း၊ တစ်ဖွဲ့ချင်း အနေဖြင့်လည်းကောင်း သူသူငါငါ သဒ္ဓါဖြူဖွေးလျက် အလှူပေးကာ ယဉ်ကျေးမှု မြတ်နိုးသူတို့၏ တာဝန်ကို ကျေပွန်စေခဲ့ကြပါသည်။ နိုင်ငံရပ်ခြား တိုင်းပြည်များကပင် ပေးကြ၊ ကမ်းကြ၊ ကူကြ၊ လှူကြပါသည်။ ကိုယ်တိုင် မပေးလှူနိုင်သူတို့ကလည်း သူတစ်ပါး ပေးလှူသည်ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါသည် ဘုရား။
၉။ သို့သော် ကိုယ်တိုင် မပေးမလှူသည့်အပြင် ပေးကြ လှူကြသူများကိုပင် ငြူစူကြပြီး “ချိုးကပ်နေသော အတွေးအခေါ်ဟူသည် ပြောင်းလဲရန် ခဲယဉ်းပါဘိတောင်း” ဟု ကဲ့ရဲ့လျက် ဗုဒ္ဓဘာသာ မြန်မာတို့၏ ယဉ်ကျေးမှုသမိုင်းကိုဖြတ်၍ အရိုင်းဇာတ်သွင်းချင်သူများ အုံနဲ့ကျင်းနဲ့ အဖွဲ့နဲ့ အသင်းနဲ့ ရှိနေကြပါတကားဟု သတိထား၍ ဓမ္မသံဝေဂ ပွားကြရပါသည် ဘုရား။
၁၀။ ဩကာသ ကန်တော့ခန်းကို အသနားခံနေသည်ဟု ပြောခြင်းသည် ဗုဒ္ဓဘာသာစနစ်ကို နားမလည်ခြင်း၊ အခြားသော ဘာသာအယူများနှင့် ရောထွေးနေခြင်းကြောင့် ဖြစ်ပါသည်။ ဘာသာရေး အမြင်မရှိသူတို့၏ ဝေဖန်ချက်မျှ ဖြစ်ပါသည်။ စင်စစ် ဩကာသ ကန်တော့ခန်းသည် အစဉ်အလာ ကြီးမားသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို ထင်ဟပ်စေလျက် ရှိပါသည်။
၁၁။ ဗုဒ္ဓက ရွှေကို မကိုင်ရ ဆိုပါလျက် ဘုရားရွှေချရကောင်းလားဟု ပြောခြင်းသည်လည်း မဆီမဆိုင် စကားဖြစ်တန်း ပြောခြင်းသာ ဖြစ်ပါသည်။ ထိုသို့ ပြောသူမျိုးအား တရားပြရန် မလွယ်ပါ။ စကားကောင်း စကားဆိုးကိုပင် ခွဲခြားသိရန် လွယ်မည့်လူစားတွေ မဟုတ်ပါ ဘုရား။
“သိဒ္ဓတ္ထဖြစ်သော ဘုရား” ဟု စကားသုံးထားခြင်းသည် “သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရား” ဟူသော သုံးရိုးသုံးစဉ်ကို ဖျက်၍ (ဝါ) မြတ်စွာဘုရားကို လူသာမန် အနေအထားမျိုး ရောက်အောင် ပညာသားပါပါ နှိမ်၍ရေးထားသော စကားဖြစ်ပါသည် ဘုရား။ ထိုသက်ရှိဘုရားမှာ ဒရဝမ်မထားရပဲ ရွှေတိဂုံစေတီကြီးများ ဒရဝမ် ထားရမလားဟု ငေါ့ထားပါသည်။ ဤစကားကို အလေးအနက် မှတ်သားထားသင့်ပါသည်။ ရွှေတိဂုံမှာ ဒရဝမ်မရှိစေချင်၍ ဖြစ်ဟန်တူပါသည်။ ရွှေတိဂုံမှာက စစ်မှန်သော ဗုဒ္ဓဘာသာဝင်တို့က လှူဒါန်းထားသည့် ရတနာတွေက ရှိနေပေသကိုး ဘုရား။
၁၂။ အားလုံကို စုပေါင်း၍ ကောက်ချက်ချကြည့်လျှင် ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ စေတီပုထိုးဆိုင်ရာ ရှုတ်ချရေးသားမှုများသည် အာဂမယုတ္တိ သဘာဝယုတ္တိလုံးဝမရှိ။ ဗုဒ္ဓသာသနာ၏ သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို အန္တရာယ်ပြုသည့် အဓမ္မစကားရပ်များသာ ဖြစ်ပါသဖြင့် သာသနာတော်အတွက် ထက်မြက်သော အဆုံးအဖြတ် ပေးပါရန် လျှောက်ထားအပ်ပါသည် ဘုရား။
ဝိသေသ စောဒနာ အမှတ် (၁၄)
၁၄။ ဗုဒ္ဓဘာသာဝင်တို့၏ သီလခံယူခြင်း၊ ဆုပေးဆုယူပြုခြင်း၊ သပိတ်သွတ်ခြင်း၊ စသော ဘာသာမှု ကုသိုလ်ရေးဆိုင်ရာ ကိစ္စများကို အပိုသက်သက် အဖြစ်ဖြင့် ဟောပြောရေးသား ဖျက်ဆီးခြင်း စောဒနာဆိုင်ရာ၌ ဝိသေသ စောဒနာ ပြုချက်ပါဘုရား။
ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌဝါဒီတို့သည် သီလခံယူခြင်း၊ ဆုပေးဆုယူပြုလုပ်ခြင်း စသော ကုသိုလ်ရေးလုပ်ငန်းများကို မပြုလုပ်ကြသည့်အပြင် ထိုလုပ်ငန်းများ လုပ်ဆောင်ကြသော ရဟန်းရှင်လူများကိုပင် အမျိုးမျိုး အဖုံဖုံ အမနာပ ပြောဆိုရေးသား၍ နေကြပါသည် ဘုရား။ ထိုကဲ့သို့ ပြောဆိုရေးသား ယူဆချက်များသည် ဗုဒ္ဓပိဋက ထေရဝါဒနှင့် မကိုက်မညီ ဖီလာဆန့်ကျင်နေသော အဓမ္မဝါဒများ ဖြစ်ကြောင်း တပည့်တော်များ တင်ပြလျှောက်ထား လိုပါသည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
တပည့်တော်တို့၏ ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘုရားဖြစ်ရန် ပါရမီတော်တို့ကို ဖြည့်ဆည်းပူးတော်မူတဲ့အခါ ဒါနပါရမီ၊ သီလပါရမီတို့ကို အစထားပြီး ဖြည့်ဆည်းပူးတော် မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ကိုယ်တော်တိုင် ဒါနမှု-သီလမှု စသည်တို့ကို ကျင့်သုံးတော် မူပြီးနောက် သံသရာမှ ကျွတ်လမ်းရှာကြသူတို့အားလည်း ဒါနမှု-သီလမှု စသည်တို့ကို ပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်သူတို့ လားရောက်ရမည့် ဂတိတို့ကို ဓမ္မဟဒယဝိဘင်း၌ ဤသို့ဟောကြားတော် မူပါသည်။
ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ ကတ္ထ ဥပပဇ္ဇန္တိ။ ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ အပ္ပေကစ္စေ ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇန္တိ။ ပ။ အပ္ပေကစ္စေ ပရနိမ္မိတဝတဝတ္တီနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ (အဘိ၊၂၊၄၃၇။)
ဒါနကို ပေးလှူ၍ သီလကို ဆောက်တည်၍ ဥပုသ်သုံးခြင်း အမှုကိုပြု၍ အဘယ်ဘုံ၌ ဖြစ်ကုန်သနည်း၊ ဒါနကို ပေးလှူ၍ သီလကို ဆောက်တည်၍ ဥပုသ်သုံးခြင်း အမှုကို ပြု၍ အချို့တို့သည် ခတ္တိယမဟာသာလခေါ် မင်း သေဌေးတို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် ဗြာဟ္မဏ မဟာသာလခေါ် ပုဏ္ဏားသေဌေးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် ဂဟပတိမဟာသာလခေါ် သူကြွယ်သေဠေးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် စတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် တာဝတိံသာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် တုသိတာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် နိမ္မနရတိနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် ပရနိမ္မိတဝတဝတ္တိနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ (အပေါင်းအဖော်အဖြစ်ဟူသည် အပါအဝင်ဟု ဆိုလိုသည်။)
ထိုမှတပါးလည်း ဗုဒ္ဓမြတ်စွာတို့၏ အနုပုဗ္ဗိကထာ ဟူသည် အစဉ်ဖြစ်သော တရားစကား (ဟောကြားရာ) တို့၌လည်း ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ စသည်တို့ကို အဦးမူ၍ ဟောတော်မူလေ့ ရှိပါသည်။
ဤ ဒါနကထာ သီလကထာနှင့် ပတ်သက်၍ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူချက်တို့သည် ထေရဝါဒ ပိဋကတ်တော်၌ အပြည့်အနှက် ရှိနေပါသည်။ သို့ပါလျက် ဦးဥက္ကဋ္ဌဝါဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့်တကွ အပေါင်းပါ နောက်လိုက်တစ်စုတို့က ဒါနမှု သီလခံမှုတို့ကို ဆန့်ကျင်ပြောဆိုနေကြပါသည်။ ယင်းတို့၏ ထိုသို့ ဆန့်ကျင်ပြောဆိုမှု ယူဆမှုတို့သည် ဗုဒ္ဓအလိုတော်ကျ ဓမ္မဝါဒီ ဖြစ်နိုင်ပါမည်လား ဘုရား။ စင်စစ်အားဖြင့် အဓမ္မဝါဒ မိစ္ဆာဝါဒသာလျှင်ဖြစ်ကြောင်း တင်ပြလျှောက်ထားပါသည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌဝါဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့် တကွ အပေါင်းပါ နောက်လိုက်တစ်စုတို့သည် ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းပတ္တနာပြုခြင်း၊ ဆုပေးခြင်းများကိုလည်း ဆန့်ကျင်ဘက်ပြု၍ ကဲ့ရဲ့ရှုတ်ချ ဝေဖန်ပြောဟော ကြပါကုန်သည်။
တပည့်တော်များ၏ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်ပင် ပါရမီဆယ်ပါး၊ စရိယသုံးပါး၊ စွန့်ခြင်းကြီး ငါးပါးတို့ကို ပြုလုပ်ဆည်းပူးတော်မူစဉ်က တိံသနိပါတ် ဆဒ္ဒန္တဇာတ်၌ -
“သဗ္ဗညုတဉာဏ ပဋိဝေဓာယ မေ ဣဒံ ပုညံ ပစ္စယော ဟောတုတိ ဒန္တေ ဒတွာ” (ဇာတက၊ဋ္ဌ၊၅၊၅၃။)
ကျွန်ုပ်၏ ဤကောင်းမှုသည် သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိရှိခြင်း၏ အကြောင်း ဖြစ်ပါစေသတည်းဟု အစွယ်တို့ကိုလှူ၍-
မဟာနိပါတ် ဝေဿန္တရာဇာတ်၌-
“သဗ္ဗညုတဉာဏဿ ပစ္စယော ဟောတုတိ ပတ္ထနံ ကတွာ ဥဒကံ ပါတေတွာ” (ဇာတက၊ဋ္ဌ၊၇၊၃၂၆။)
သဗ္ဗညုတဉာဏ်၏ အကြောင်း ဖြစ်ပါစေသတည်းဟု- ဆုတောင်းမှုကိုပြု၍ ရေစက်ချပြီး ဆုတောင်းပတ္ထနာမှု ပြုတော်မူပါသည် ဘုရား။ သံသရာဝဋ်မှ ကျွတ်လွတ်လိုသူတို့အားလည်း မိမိတို့ ကုသိုလ်လက်ကိုင် ရှိစဉ်တွင် ဆုတောင်းပတ္တနာပြုရန် ညွှန်ကြားတော် မူခဲ့ပါသည်။
တေရသနိပါတဇာတက အကိတ္တိဇာတ်၌ သိကြားမင်းက-
“ဝရံ ကဿပ တေ ဒမ္မိ။ ယံ ကိဉ္စိ မနသိစ္ဆသိ” (ခု၊၅၊၂၆၇။)
ကဿပနွယ်ဖြစ်သော အကိတ္တိရသေ့၊ သင်၏ စိတ်၌ အလိုရှိရာဆုမျိုးကို ငါပေးမည်ဟု ဆုပေးနိုင်ပုံကို လည်းကောင်း၊
ဗာလံ န ပေဿ န သုဏေ၊ န စ ဗာလေန သံဝသေ။
ဗာလေနလ္လာပ သလ္လာပံ၊ န ကရေ န စ ရောစယေ။ (ခု၊၅၊၂၆၇။)
ဗာလပုဂ္ဂိုလ်ကို ငါ မမြင်လို မကြားလို။ ဗာလပုဂ္ဂိုလ်နှင့် အတူမနေလို။ ဗာလပုဂ္ဂိုလ်နှင့် နှီးနှောပြောဆိုမှုကို ငါမပြုလို၊ ငါမနှစ်သက်လို- ဟူသော ဆုကို အကိတ္တိရသေ့က ဆုတောင်းပုံကိုလည်းကောင်း တွေ့မြင်ရပါသည်။
ဥဒါန်းပါဠိတော် သုပ္ပဝါသာသုတ်၌ သောတာပန် သာဝိကာ ဖြစ်သော သုပ္ပဝါသာသည် ဘုရားရှင်ကိုလည်းကောင်း၊ တရားတော်မြတ် (နိဗ္ဗာန်) ကိုလည်းကောင်း၊ သံဃာတော်တို့ကိုလည်းကောင်း မပြတ် အောက်မေ့ဆင်ခြင်လျက်နှင့်ပင် သားသန္ဓေကို ခုနစ်နှစ်တိုင် လွယ်ထားရခြင်း၊ ခုနစ်ရက်တိုင်တိုင် ဂဗ္ဘမုဠှဟူသော မွေးဖွားခက် ဝေဒနာကို ခံစားရခြင်း ရှိနေ၏၊
ထိုအကြောင်းကို ကောလိယမင်းသား သုပ္ပဝါသာ၏ ခင်ပွန်းအား လျှောက်စေခိုင်းသောအခါ ဘုရားသခင် ကိုယ်တော်မြတ်က -
သုခိနီ ဟောတု သုပ္ပဝါသာ ကောလိယဓီတာ အရောဂါ၊ အရောဂံ ပုတ္တံ ဝိဇာယတု-(ခု၊၁၊၉၄။)
ဟု မိန့်ကြားလိုက်လေသည်။ (ဆုပေးလိုက်ခြင်းပင် ဖြစ်သည်။) ဤသို့ ဆုပေးမိန့်ကြားခြင်း စကားနှင့် တစ်ပြိုင်နက်ပင် သုပ္ပဝါသာသည် ချမ်းသာလျက် ရောဂါကင်းသွားကာ ရောဂါကင်းသော သားတော်လေးကို ဖွားမြင်နိုင်လေသည်။
ထိုသို့ ဆုပေးခြင်း၊ ဆုခံယူနိုင်ခြင်းတို့မှာ ဆုခံယူလိုသူကလည်း ကုသိုလ်လက်ကိုင် ရှိနေလျက် ရှိသည်။ သုပ္ပဝါသာ၏ အတိတ်ကံဆိုးကလည်း ကုန်ခန်းချိန် ရောက်နေသည်။ ထို့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်က ဆုပေးလိုက်သည်နှင့် ချမ်းသာခြင်း၊ ရောဂါကင်းခြင်း ဖြစ်ရလေသည်။ အကယ်၍ ဘုရားသခင် ကိုယ်တော်မြတ်က ထိုသို့ ဆုမပေးမိပါက သုပ္ပဝါသာအား ထိုနောက်လည်း အထိုက်အလျောက်သော ကာလပတ်လုံး ထိုဆင်းရဲသည် မကျွတ်မလွတ် စွဲမြဲနေဦးမည်ပင် ဖြစ်ကြောင်းကို ဥဒါန်းအဋ္ဌကထာ၌ (အပရေဝါဒအားဖြင့်) ပြဆိုထားတော်မူခြင်း ရှိပေသည်။
သံဂါယနာတင် ထေရဝါဒပိဋကတ်တော် မဟာဝါပါဠိ အင်္ဂုတ္တရနိကာယ် ဓမ္မပဒ စသည်၌ ထိုသို့ ဆုပေးခြင်း၊ ဆုတောင်းခြင်းတို့ကို များစွာ တွေ့မြင်ရပါသည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် သစ္စာလေးပါးကို အကျယ်အားဖြင့် ဟောပြတော်မူခြင်း မရှိကြပဲ “ဣစ္ဆိတံ ပတ္တိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု” ဟု ဆုပေးမှုကိုသာ ပြုတော်မူခဲ့ကြပါသည်။ ပေးအပ်သော သူသည်လည်း ပြည့်စုံစွာ ဆုယူသူ ကုသိုလ်ရှင်အတွက် လိုအပ်သော အကျိုး ရရှိသွားပါသည်။
ဘုရားအလောင်းတော် သုမေဓာသည် ဒီပင်္ကရာ မြတ်စွာဘုရား၏ ခြေတော်ရင်းဝယ် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံစွာ ဘုရားဆုကို တောင်းတော်မူခဲ့ရာ ဒီပင်္ကရာ ဘုရားသခင် ကိုယ်တော်မြတ်ကလည်း ဘုရားဖြစ်ဆုကို ပေးသောအားဖြင့် ဗျာဒိတ်စကား မြွက်ကြားတော်မူခဲ့ပါသည်။
ဤကဲ့သို့ ထေရဝါဒပိဋကတ်တော်၌ ဆုတောင်းပတ္တနာပြုခြင်း၊ ဆုပေးခြင်းတို့ကို ဗုဒ္ဓဝါဒလမ်းစဉ် (ကျင့်စဉ်) တစ်ခုအဖြစ် ဟောထားခွင့်ပြုထားပါလျက် ဦးဥက္ကဋ္ဌဝါဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့်တကွ အပေါင်းပါ နောက်လိုက်တစ်စုတို့က ဆန့်ကျင်ဖက်ပြု၍ ကဲ့ရဲ့ရှုတ်ချ ဝေဖန်ပြောကြားခြင်းသည် ဗုဒ္ဓဘာသာ ဆန့်ကျင်သော အဓမ္မဝါဒီ မိစ္ဆာဝါဒီတို့ ဖြစ်ကြသောကြောင့်သာတည်း ဟု တပည့်တော်များ တင်ပြလျှောက်ထားရခြင်း ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌဝါဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့် နောက်လိုက်နောက်ပါတို့သည် သေသူကိုရည်မှန်း၍ သပိတ်သွတ်ဆွမ်းကျွေးခြင်းကို အပိုအလုပ်ဟု ယူဆထားကြပါသည် ဘုရား၊ ရေစက်ချခြင်း၊ အမျှဝေခြင်းတို့ကိုလည်း ပစ်ပယ်ကြပါကုန်သည် ဘုရား။
ဘုရားသခင် ကိုယ်တော်မြတ်သည် တိရောကုဋ္ဋသုတ် ပါဠိတော်၌-
ဥန္နမေ ဥဒကံ ဝုဋ္ဌံ၊ ယထာ နိန္နံ ပဝတ္တတိ။
ဧဝမေဝံ ဣတော ဒိန္နံ၊ ပေတာနံ ဥပကပ္ပတိ။ (ခု၊၁၊၈၁။)
ကုန်းမြင့်၌ ရွာသွန်းအပ်သော မိုးရေသည် ချိုင့်ဝှမ်းရှိရာသို့ စီးဆင်းသကဲ့သို့ ဤအတူပင် ဤမှာဘက် ဘဝက ပေးလှူအပ်သော အလှူ၏အကျိုးသည် ထိုမှာဘက် ပေတဂတိ၌ ရှိသူ (ဘဝတသွန် ကွယ်လွန်သူ) တို့အား ဖြစ်ပေသည်ဟု ဟောတော်မူအပ်ပါသည်။
အင်္ဂုတ္တရ ဒသက နိပါတ ဇာဏုဿောဏိသုတ်၌ -
ဣဓ ပန ဗြာဟ္မဏ ဧကစ္စော ပါဏာတိပါတီ ဟောတိ။ ပ။ မိစ္ဆာဒိဋ္ဌိကော ဟောတိ၊ သော ကာယဿ ဘေဒါ ပရံ မရဏာ ပေတ္တိဝိသယံ ဥပပဇ္ဇတိ။ ယော ပေတ္တိဝိသယိကာနံ သတ္တာနံ အာဟာရော၊ တေန သော တတ္ထ ယာပေတိ။ တေန သော တတ္ထ တိဋ္ဌတိ။ ယံ ဝါ ပနဿ ဣတော အနုပဝေစ္ဆန္တိ မိတ္တာမစ္စာ ဝါ ဉာတိသာ လောဟိတာ ဝါ။ တေန သော တတ္ထ ယာပေတိ။ တေန သော တတ္ထ တိဋ္ဌတိ၊ ဣဒံ ခေါ ဗြာဟ္မဏ ဌာနံ၊ ယတ္ထ ဌိတဿ တံ ဒါနံ ဥပကပ္ပတီတိ။ (အံ၊၃၊၄၇၉။)
မြန်မာပြန်
ပုဏ္ဏား ဤလောက၌ အချို့သောသူသည် သတ္တဝါအသက်ကို သတ်လေ့ရှိ၏၊ ပ။ မှားယွင်းသော အယူရှိ၏၊ ထိုသူသည် ခန္ဓာပျက်ကြွေ သေလွန်သည်၏ နောက်၌ ပြိတ္တာဘုံဌာနသို့ ရောက်၏၊ ထိုသူသည် ပြိတ္တာဘုံသား ဖြစ်သော သတ္တဝါတို့၏ အစာအဟာရဖြင့် ထိုပြိတ္တာဘုံဌာန၌ နေထိုင်ရ၏၊ သို့မဟုတ် ထိုသူအတွက် အဆွေခင်ပွန်း အဖော်သဟဲတို့ကသော်လည်းကောင်း၊ ဆွေမျိုးသားချင်းတို့ကသော်လည်းကောင်း ဤလူ့ပြည်မှ ပေးလှူအပ်သော အလှူဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ မျှတနေရ၏၊ ထိုအလှူဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ တည်နေရ၏၊ ပုဏ္ဏား ဤပြိတ္တာဘုံဌာနသည် ဤလူ့ပြည်မှ အလှူဒါန ရောက်နိုင်သော ဘုံဌာန ဖြစ်၏၊ ယင်းပြိတ္တာဘုံဌာန၌ တည်နေသော ပြိတ္တာအတွက် ထိုအလှူဒါနသည် ရောက်၏၊ (အင် မြန်၊၃၊၄၆၉။)
ဗိမ္ဗိသာရမင်းကြီး၏ ဆွေတော်မျိုးတော်တို့သည် ဤမှာဘက် ဘဝက ပေးလှူလိုက်သော အလှူ၏ ရေစက်ချ အမျှဝေမှုကို သာဓုနုမော် ခေါ်ဆိုကြသည်ဖြစ်၍ ဆင်းရဲလှစွာသော ပေတဂတိမှ လွတ်မြောက်ကြပုံ အထင်အရှား ရှိပါသည် ဘုရား။
ဤကဲ့သို့သော ဘုရားဟော ထေရဝါဒပိဋကတ်တော်များအရ ယခုအခါ ဗုဒ္ဓဘာသာဝင်တို့က သေသူကို ရည်မှန်း၍ ဆွမ်းသွတ်ခြင်း အမျှဝေခြင်း စသည်တို့ ပြုလုပ်နေကြသည်တို့ကို လူသေလူဖြစ်ဆရာကြီး ဦးဥက္ကဋ္ဌဝါဒီတို့က ဆန့်ကျင်ဘက် ပြုမူဟောပြောနေသည်မှာ အဓမ္မဝါဒ မိစ္ဆာဝါဒသာ ဖြစ်ကြော်ငး တင်ပြလျှောက်ထား အပ်ပါသည် ဘုရား။
ဝိသေသ စောဒနာ အမှတ် (၁၅)
၁၅။ ဥပါဒါန စသော ဘုရားဟော ပါဠိတော် ဝေါဟာရ စကားလုံးများ၏ အနက်အဓိပ္ပါယ်မှန်ကို ပစ်ပယ်ပြီး ကိုယ်ထင်သလို အနက်အဓိပ္ပါယ် ကောက်လျက် ဟောပြောရေးသားခြင်းနှင့် ပတ်သက်၍ ဝိသေသ စောဒနာချက်ပါ ဘုရား။
ဥပါဒါန်၏ အဓိပ္ပါယ်မှန်
ဥပါဒါန်ဟူသော စကားကို အလွဲလွဲအချော်ချော် အဓိပ္ပါယ်ဖော်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း လျှောက်ထားပါမည် ဘုရား။
သီးခြားဝိနည်းဓိုရ် ဆရာတော်အရှင်သူမြတ်တို့ ဘုရား-
စတ္တာရိမာနိ အာဝုသော ဥပါဒါနာနိ၊ ကာမုပါဒါနံ၊ ဒိဋ္ဌုပါဒါနံ၊ သီလဗ္ဗတုပါဒါနံ၊ အတ္တဝါဒုပါဒါနံ- (မ၊၁၊၆၂။)
ဟူ၍ မူလပဏ္ဏာသ ပါဠိတော်မှာ ပါသည့်အတိုင်း ဥပါဒါန်ဟူသည်-
၁။ ကာမုပါဒါန်၊
၂။ ဒိဋ္ဌုပါဒါန်၊
၃။ သီလဗ္ဗတုပါဒါန်၊
၄။ အတ္တဝါဒုပါဒါန်-
ဟူ၍လေးမျိုး ရှိပါသည် ဘုရား။
“ဥပါဒါနန္တိ ဒဠှဂ္ဂဟဏံ” ဟူ၍ အဋ္ဌသာလိနီအဋ္ဌကထာ(၄၁၅) ၌ အဋ္ဌကထာ ဆရာတော် ရှင်းပြထားသည်နှင့်အညီ မစွန့်နိုင်၊ မလွှတ်နိုင်၊ ခိုင်ခိုင်မာမာ ဆွဲကိုင်ထားမှု အစွဲစုကို “ဥပါဒါန်” ဟူ၍ ခေါ်ပါသည် ဘုရား။ ဖားကို မြွေငန်း မြဲစွာဖမ်းသကဲ့သို့ အလွဲအမှား၌ အစွဲတရား အားကြီးခြင်းပင် ဖြစ်ပါသည် ဘုရား။ အမှားနှင့် အမှန် ဝေဖန်နိုင်သော ဉာဏ်ပေါ်အောင် ပါဠိတော် အဋ္ဌကထာ အတန်တန်ဖြင့် အမှန်ဖော်ပေးသည်ကိုလည်း အရေးမစိုက် မိုက်နေရသည်ကိုပင် ဂုဏ်ကြီးတစ်ခုထင်ကာ အမှားအမိုက်ကို တအားလိုက်နေခြင်းမျိုးသည်လည်း ဥပါဒါန်ဖြစ်ပါသည် ဘုရား။ ဤဥပါဒါန်လေးမျိုးတွင် ကာမုပါဒါန်၏ အဓိပ္ပါယ်အမှန်ကို ကျမ်းဂန်လာအတိုင်း လျှောက်ထားပါရစေဘုရား။
ကာမုပါဒါန်၏ အဓိပ္ပါယ်
တိပိဋက ပါဠိ-မြန်မာ အဘိဓာန် အတွဲ (၅) စာမျက်နှာ (၅၆၂) မှာ လိုချင်ဖွယ်ကာမကို မြဲမြံစွာ ယူတတ် စွဲလမ်းတတ်သော သဘော၊ လိုချင်ဖွယ် ကာမကို ပြင်းထန်စွာ ယူတတ် စွဲလမ်းတတ်သော သဘောဟု ကာမုပါဒါန= ကာမုပါဒါန်ကို ဘာသာပြန်ဆိုထားပါသည် ဘုရား။ မူလပဏ္ဏာသ ပါဠိတော် မြန်မာပြန် စာမျက်နှာ (၆၈) ၌ “ကာမဂုဏ်၌ စွဲလမ်းခြင်း၊ ကာမုပါဒါန်” ဟု ဘာသာပြန်ထားပါသည် ဘုရား။ ထိုသို့ မြန်မာပြန်ဆိုထားခြင်းသည် ကတ္ထ ကတမံ ကာမုပါဒါနံ၊ ယော ကာမေသု ကာမစ္ဆန္ဒော = ထိုဥပါဒါန် လေးပါးတို့တွင် လိုချင်ဖွယ် ကာမကို ပြင်းစွာယူမှု စွဲလမ်းမှုဟူသည် အဘယ်နည်း။ လိုချင်ဖွယ် ကာမတို့၌ အကြင်လိုချင် တောင့်တမှု ကာမစ္ဆန္ဒ စသည်ဖြင့် ဓမ္မသင်္ဂဏီပါဠိတော်(၂၄၁) စသည်တို့၌ ဘုရားရှင် ဟောတော်မူခြင်းနှင့် ညီညွတ်မှန်ကန် လှပါသည် ဘုရား။
“ကာမေသု ကာမစ္ဆန္ဒော= ကာမဂုဏ်တို့၌ လိုချင် တောင့်တမှု ကာမစ္ဆန္ဒ” ဟူ၍ ဘုရားရှင် မိန့်ကြားတော်မူခြင်းမှာ အဓိပ္ပါယ်လွန်စွာ ရှိပါသည် ဘုရား၊ လိုချင်မှုဆန္ဒသည် ကုသိုလ်ဆိုင်ရာ၌လည်း ရှိပါသည်။ အကုသိုလ်ဆိုင်ရာ၌လည်း ရှိပါသည်။ ကုသိုလ်ဆန္ဒကို ကာမုပါဒါန် ခေါ်၍ မရပါ။ အကုသိုလ်လောဘမူ စိတ်နှင့်ယှဉ်သော ဆန္ဒကိုသာ ကာမုပါဒါန် ခေါ်ရမည်ဟု ဘုရားရှင် ရှင်းပြတော်မူခြင်း ဖြစ်ပါသည်။
အဋ္ဌသာလိနီအဋ္ဌကထာ(၄၀၂) ၌ “ကာမစ္ဆန္ဒောတိ ကာမသင်္ခါတော ဆန္ဒော၊ န ကတ္တုကမျတာ ဆန္ဒော၊ န ဓမ္မစ္ဆန္ဒော = ကာမစ္ဆန္ဒ ဟူသည် စွဲမက်လိုလားတတ်သော တဏှာဟု ဆိုအပ်သော ဆန္ဒတည်း၊ ပြုခြင်းငှာ အလိုရှိအပ်သော ဆန္ဒ (ကတ္တုကမျတာ ဆန္ဒ) မဟုတ်၊ ကောင်းသောတရားကို လိုလားသော (ဓမ္မစ္ဆန္ဒ) မဟုတ်” ဟူ၍ အဋ္ဌကထာ ဆရာကလည်း ရှင်းပြထားပါသည် ဘုရား။
ကာမုပါဒါန်၏ အဓိပ္ပါယ်မှန်ကို လိုလားကြသူမှန်သမျှသည် ဘုရားရှင်နှင့် အဋ္ဌကထာဆရာတို့ ရှင်းပြထားသော ဤစကားများကို မလေးမစား ဘေးဖယ်ထား၍ မဖြစ်ပါ ဘုရား။ မလေးမစား ဘေးဖယ်ထားလျှင် အလွဲလွဲ အချော်ချော် အဓိပ္ပါယ်ဖော်မိကြမှာ ဧကန်ပင် ဖြစ်ပါသည်။
ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ကာမဂုဏ် တရားတို့၌ သာယာစွဲလမ်းခြင်း သဘောသည် ကာမုပါဒါန် ဖြစ်ပါသည် ဘုရား၊ အဘိဓမ္မာ တရားကိုယ်အားဖြင့် အကုသိုလ်စင်စစ် ဖြစ်သော လောဘမူစိတ်နှင့် တွဲယှဉ်ဖြစ်ပေါ်သည့် လောဘစေတသိက်ကို ခေါ်ပါသည် ဘုရား။ ကုသိုလ်ကိစ္စပြုလုပ်ရန် လိုလားသော ဆန္ဒ၊ နိဗ္ဗာန်တရားကို လိုလားသော ဆန္ဒမျိုးသည် ကုသိုလ်ဆန္ဒသာ ဖြစ်ကြပါသည် ဘုရား၊ ကာမုပါဒါန်တရား မဟုတ်ပါဘုရား။
“မဟာဝိသယံ ဟိ တံ အဋ္ဌစိတ္တသမာယောဂါ = ထိုကာမုပါဒါန်သည် လောဘမူစိတ် ရှစ်ပါးနှင့် တွဲယှဉ်ခြင်းကြောင့် (ကျန် ဥပါဒါန်တရား သုံးပါးထက်) အရာကျယ်သည်” ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၂၀၅) ပါ စကားကို မေ့ထား၍ မဖြစ်ပါ ဘုရား၊ မေ့ထားလျှင် ဖြစ်စေ၊ မသိကြလျှင် ဖြစ်စေ၊ တစ်မျိုးမျိုး ဖြစ်နေလျှင် နိဗ္ဗာန်ချမ်းသာ လိုချင်မှုကိုပင် တဏှာလောဘအဖြစ် ကာမုပါဒါန်အဖြစ် ယူမှားတတ်ကြပါသည် ဘုရား။
ကုသိုလ်ဆန္ဒနှင့် အကုသိုလ်လောဘ ဤအခြေခံ သဘာဝနှစ်မျိုးကို ကွဲကွဲပြားပြား နားမလည်ကြပဲ အမြင်မှန်သဘာဝကို ရှာဖွေသည်ုဆိုလျှင် အမှန်မပေါ် အမှားကိုသာ ဖော်မိကြ၍ ဒိဋ္ဌုပါဒါန်ကြီးသာ ကြီးလာမည် ဧကန်ဖြစ်သည်ကို သတိပြုသင့်လှပါသည် ဘုရား။
ဒိဋ္ဌုပါဒါန်၏ အဓိပ္ပါယ်
သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဒိဋ္ဌုပါဒါန်ကို ဘုရားဟော ဒေသနာတော်နှင့်အညီ ယခုအခါ ရှင်းလင်းလျှောက်ထားပါမည် ဘုရား၊ စွဲစွဲလမ်းလမ်း ယူထားသော အယူမှားသည် ဒိဋ္ဌုပါဒါန်ဖြစ်ပါသည် ဘုရား။ (အယူမှား၌ စွဲလမ်းခြင်း၊ ဒိဋ္ဌုပါဒါန်) ဟူ၍ မူလပဏ္ဏာသပါဠိတော်(၆၈) ၌ ဘာသာပြန်ထားပါသည် ဘုရား။ အယူမှား၌ စွဲလမ်းခြင်း ဆိုသော စကားကို အထူးသတိပြုဖို့ အရေးကြီးပါသည် ဘုရား၊ အယူမှန်၌ စွဲမြဲခြင်းသည် ဒိဋ္ဌုပါဒါန် မဖြစ်၊ အယူမှား၌ စွဲလမ်းခြင်းသာ ဒိဋ္ဌုပါဒါန်ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည် ဘုရား။
“အပ္ပဝိသယာနိ ဣတရာနိ စတုစိတ္တသမာယောဂါ= ကျန် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်တို့သည် အကုသိုလ်လောဘမူ၊ ဒိဋ္ဌိဂတသမ္ပယုတ် စိတ် (၄) ပါးနှင့် တွဲယှဉ်ခြင်းကြောင့် ကာမုပါဒါန်လောက် အရာမကျယ်၊ အရာကျဉ်း၏” ဟူ၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၂၈၅) ၌ အဋ္ဌကထာဆရာက အသေအချာ ရှင်းပြထားပါသည် ဘုရား။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် သုံးမျိုးလုံးပင် အကုသိုလ်သက်သက် ဖြစ်ရုံမျှသာမက အမြင်မှားသော ဒိဋ္ဌိစေတသိက် တရား တစ်မျိုးတည်းကိုပင် နာမည်သုံးမျိုးခွဲကာ အသီးအခြား ခေါ်ဝေါ်ထားခြင်း ဖြစ်ပါသည် ဘုရား၊ ဤအကြောင်းနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ယူဆနိုင်အောင် မူလပဏ္ဏာသအဋ္ဌကထာ(ပ-၂၂၃) ၌ “သီလဗ္ဗတုပါဒါန၊ အတ္တဝါဒုပါဒါန ဝဇ္ဇဿ သဗ္ဗဒိဋ္ဌိကတေဿတံ အဓိဝစန = ဒိဋ္ဌုပါဒါန်ဟူသော ဝေါဟာရသည် သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဒိဋ္ဌိနှစ်မျိုးမှတစ်ပါး ကျန်မိစ္ဆာအယူမှားအားလုံး၏ ဝေါဟာရဖြစ်သည်။ (ကျန်မိစ္ဆာအယူမှားအားလုံးနှင့် ဆိုင်သော ဝေါဟာရဖြစ်သည်) ဟူ၍ ရှင်းပြထားပါသည် ဘုရား။
စွဲစွဲလမ်းလမ်း ယူထားသော အယူမှား ဒိဋ္ဌုပါဒါန်နှင့် ပတ်သက်၍ ဘုရားရှင်ကိုယ်တော်တိုင် ရှင်းလင်းဟောကြားထားပုံများကို ဆက်လက်လျှောက်ထားပါမည် ဘုရား။
ဒိဋ္ဌုပါဒါန်
ကတ္ထ ကတမံ ဒိဋ္ဌုပါဒါနံ = ထိုဥပါဒါန် လေးပါးတို့တွင် ပြင်းစွာ ယူတတ်၊ စွဲလမ်းတတ်သော အမြင်မှားမှု ဒိဋ္ဌုပါဒါန်ဟူသည် အဘယ်နည်း၊ ဘုရားရှင်သည် ဤသို့ မေးတော်မူပြီးလျှင် ကိုယ်တော်တိုင်ပင် ပြန်လည်ဖြေကြားခဲ့ပါသည်။
(၁) နတ္ထိဒိန္နံ - ပေးလှူရခြင်း အကျိုးသည် မရှိ။ (ဤသို့ ယူခြင်းသည် ဒိဋ္ဌုပါဒါန် ဖြစ်ပါသည်။)
(၂) နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော - ကောင်းစွာ ပြုအပ်၊ မကောင်းသဖြင့် ပြုအပ်သော ကောင်းမှု မကောင်းမှု ကံတို့၏ အကျိုးများ၊ အကျိုးဆက် ဖလ၊ အကျိုးရင်း ဝိပါက်သည် မရှိ။
(ဤသို့ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ခုဘဝ နောက်ဘဝ ဖြစ်ရမည့် အကျိုးတရားကို မယုံကြည်ခြင်းသည် ဒိဋ္ဌုပါဒါန် ဖြစ်ပါသည်။)
(၃) နတ္ထိ ပရော လောကော - တမလွန်လောကသည် မရှိ။
(သတ္တဝါများ သေဆုံးသွားပြီးနောက် ရောက်ရသော နတ်ဘုံ နတ်ဘဝကို မယုံကြည်ခြင်းသည် ဒိဋ္ဌုပါဒါန်၊ ဗြဟ္မာ့ဘုံ ဗြဟ္မာ့ဘဝကို မယုံကြည်ခြင်းသည် ဒိဋ္ဌုပါဒါန်၊ ငရဲဘုံ ငရဲဘဝ၊ ပြိတ္တာဘုံ ပြိတ္တာဘဝကို မယုံကြည်ခြင်းသည် ဒိဋ္ဌုပါဒါန်။)
သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခုတပည့်တော်များ လျှောက်ထားခဲ့သော ပါဠိတော်များမှာ ဓမ္မသင်္ဂဏီပါဠိတော်(၂၄၅) ၌ ရှိပါသည် ဘုရား။ တိုက်ရိုက်ဘာသာပြန်ဆိုချက်များမှာလည်း ဓမ္မသင်္ဂဏီ ပါဠိတော် မြန်မာပြန် စာမျက်နှာ (၄၄၄) မှ ဖြစ်ပါသည် ဘုရား။
သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
နတ် ဗြဟ္မာနှင့် ငရဲရှိသည်ဟု ယုံကြည်ခြင်းသည် ကုသိုလ်သဒ္ဓါတရား ဖြစ်ပါသည်ဘုရား။ အကုသိုလ်ဖြစ်သော ဥပါဒါန် အလွဲအမှား မဟုတ်ပါ။ ထေရဝါဒ ပိဋကတ်တော်များကို ဖြုတ်ထုတ်ပယ်နုတ်မှု မပြုပဲ ဆဋ္ဌသံဂါယနာအထိ သံဂါယနာ (၆) တန် တင်ထားပြီးသော ပါဠိပိဋကတ်တော်များနှင့် မြန်မာပြန်များကို မှန်ကန်သော သဒ္ဓါတရားဖြင့် ကြည့်လျှင် အတိအကျပင် သိကြမည် ဖြစ်ပါသည် ဘုရား။
သတ္တဝါများ သေဆုံးပြီးနောက် ရောက်ရသော နောက်ဘဝ (နတ်ဗြဟ္မာနှင့် ငရဲဘုံဘဝ) တို့ကို ယုံကြည်ခြင်းသည် ကုသိုလ်သဒ္ဓါတရား စစ်စစ်ဧကန် ဖြစ်နေကြောင်း အတိအကျ တွေ့ရသိရမည် ဖြစ်ပါသည် ဘုရား။
သီလဗ္ဗတုပါဒါန်၏ အဓိပ္ပါယ်
သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခု သီလဗ္ဗတုပါဒါန်၏ အကြောင်းကို လျှောက်ထားပါမည် ဘုရား-
တတ္ထ ကတမံ သီလဗ္ဗတုပါဒါနံ၊ ဣတော ဗဟိဒ္ဓါ သမဏဗြာဟ္မဏာနံ သီလေန သိဒ္ဓိ ဝတေန သုဒ္ဓိ သီလဗ္ဗတေန သုဒ္ဓီတိ ယာ ဧဝရူပါ ဒိဋ္ဌိ - ထိုဥပါဒါန်လေးပါးတို့တွင် နွား၊ ခွေး စသည်တို့၏ အလေ့အကျင့်ကို စင်ကြယ်၏ဟု ပြင်းစွာ ယူမှု စွဲလမ်းမှု သီလဗ္ဗတုပါဒါန် ဟူသည် အဘယ်နည်း။ ဤသာသနာတော်မှ အပြင်အပ ဖြစ်ကုန်သော ရဟန်း၊ ပုဏ္ဏား၊ သမဏ၊ ဗြာဟ္မဏတို့၏ နွား၊ ခွေး စသည်တို့၏ အလေ့သီလဖြင့် ကိလေသာမှ စင်ကြယ်၏၊ နွား၊ ခွေး စသည်တို့၏ အကျင့်ဝတ်ဖြင့် ကိလေသာမှ စင်ကြယ်၏၊ နွား၊ ခွေး စသည်တို့၏ အလေ့အကျင့် သီလဗ္ဗတဖြင့် ကိလေသာမှ စင်ကြယ်၏ဟု ဤသို့သဘောရှိသော အမြင်မှားမှုသည် သီလဗ္ဗတုပါဒါန် ဖြစ်ပါသည် ဘုရား။ (ဓမ္မသင်္ဂဏီ ပါဠိတော် မြန်မာပြန်-၄၄၅)
ဤပါဠိတော်၌ ဟောတော်မူထားသည့်အတိုင်း နွားလိုခွေးလို လေးဘက်ထောက်သွားခြင်း စသည်ကို ကိလေသာငြိမ်းကြောင့် အကျင့်ကောင်းအဖြစ် ယုံကြည်ခြင်းမျိုးသည် သီလဗ္ဗတုပါဒါန် ဖြစ်ပါသည်။ လွဲလွဲမှားမှား ကျင့်ခြင်းမျိုးဟု သာမညအားဖြင့် ပြောနိုင်ပါသည်။
ဘုရားရှင် ညွှန်ပြ ဆိုဆုံးမသည့်အတိုင်း နိဗ္ဗာန်ရောက်ကြောင်း ပါရမီကောင်းကို စုဆောင်းခြင်း၊ ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း ဘာဝနာပွားများ အားထုတ်ခြင်းသည် ကုသိုလ်ပါရမီသာ ဖြစ်ကြောင်းကို သာသနာတော်ကို ကြည်ညိုသည့် သဒ္ဓါတရား နည်းနည်းပါးပါး ရှိသူပင်လျှင် သဘောပေါက်ပြီး ဖြစ်ပါသည်
လူ့ဘဝ၊ လူ့စည်းစိမ်၊ နတ်ဘဝ၊ နတ်စည်းစိမ် တောင့်တ၍ ဒါနပြုခြင်း သီလဆောက်တည်ခြင်းကိုပင် အကုသိုလ်ဟု မဆို၊ ဝဋ္ဋနိဿိတ ကုသိုလ် (သံသရာဝဋ်ကို မှီသော ကုသိုလ်) ဟုသာ ဆိုပါသည်။
ဝဋ္ဋနိဿိတ ကုသိုလ်၊ ဝဋ္ဋနိဿိတ ကုသိုလ် ဟူသော စကားများမှာ မြန်မာနိုင်ငံ တရားဟောလောက၌ မကြာမကြာ ထည့်ဟောထားသော စကားများ ဖြစ်ပါသည်။ သို့ပါလျက် နတ်စည်းစိမ်၊ နတ်ဘဝ၊ ဗြဟ္မာ့စည်းစိမ်၊ ဗြဟ္မာ့ဘဝ မှန်းဆ၍ ကုသိုလ်ပြုခြင်းကို အကုသိုလ်ဥပါဒါန် ဖြစ်လေဟန် ဟောပြောရေးသားခြင်းသည် မသိနားမလည်၍ ရမ်းရေးခြင်းလော၊ ဗုဒ္ဓဘာသာဝင်များက လှူဒါန်းပေးကမ်းမှု စသည်မပြုအောင် နည်းပရိယာယ်အားဖြင့် တားဆီးခြင်းလောဟု မေးစရာပင် ဖြစ်နေပါသည် ဘုရား။ လောလောဆယ် သူတို့လှုပ်ရှားမှုမျိုးစုံကို ကြည့်လျှင် နည်းပရိယာယ်အားဖြင့် တားဆီးခြင်းဟု ဆိုနိုင်ပါသည် ဘုရား။
သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် အဓမ္မဝါဒီသမား နောက်လိုက်များတို့သည် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့နှင့် ဆက်စပ်၍ ယုံကြည်မှုများစွာကို ဥပါဒါန်အစွဲဟုချည်း လွဲလွဲမှားမှား အဓိပ္ပါယ်တွေ ဖော်သွားကြခြင်းမှာ တစ်ခုတည်းသော ရည်ရွယ်ချက်မှ မြစ်ဖျားခံလာခြင်း ဖြစ်ပါသည် ဘုရား။ ထိုတစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဘုရားဟော ပါဠိတော် ဝေါဟာရမှန်များကို ဖျက်ဆီးပစ်ရေးပင် ဖြစ်ပါသည် ဘုရား။ ထို့ကြောင့် ဝေါဟာရမှန် အတော်များများကို သူတို့တစ်တွေ ကြိုးကြိုးစားစား ဖျက်ဆီးနေကြခြင်း ဖြစ်ပါသည် ဘုရား။ သူတို့ဖျက်ဆီထားသော အချို့သော ဝေါဟာရများကို တပည့်တော်များ ဆက်လက်လျှောက်ထားလိုပါသည် ဘုရား။
ဘဝတဏှာနှင့် ဝိဘဝတဏှာ
ရူပါရူပဘဝေ တဏှာ ဘဝတဏှာ = ရူပဗြဟ္မာဘဝ အရူပဗြဟ္မာဘဝ၌ တပ်မက်တတ်သော တဏှာသည် ဘဝတဏှာ ဖြစ်၏၊ အဋ္ဌသာလိနီအဋ္ဌကထာ(၃၉၈။)
ဥစ္ဆေဒ သင်္ခါတေ ဝိဘဝေတဏှာ ဝိဘဝတဏှာ = သတ္တဝါသေလျှင် ပြတ်သွားသည်။ ဘဝဆက်မဖြစ်တော့ဟု ယူဆသောအားဖြင့် ဘဝပြတ်ခြင်းဟု ဆိုအပ်သော ဝိဘဝ၌ တပ်မက်သော တဏှာသည် ဝိဘဝတဏှာမည်၏၊ (အဋ္ဌသာလိနီ၊ အဋ္ဌကထာ၊ ၃၉၈။)
သဿတဒိဋ္ဌိ သဟဂတော ဟိ ရာဂေ၊ ဘဝတဏှာတိ ဝုစ္စတိ = သဿတဒိဋ္ဌိ (လူသေလူဖြစ် မြဲ၏ စသော အယူမှား) နှင့် အတူတကွ ဖြစ်သော လောဘကို ဘဝတဏှာဟူ၍ ဆိုအပ်၏၊ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၀၂)
ဥစ္ဆေဒဒိဋ္ဌိ သဟဂတောတိ ရာဂေါ၊ ဝိဘဝတဏှာတိ ဝုစ္စတိ = ဥစ္ဆေဒဒိဋ္ဌိ (သေလျှင်ပြီးရော နောက်ဘဝမရှိဟု ယူသော အယူ) နှင့် အတူတကွဖြစ်သော လောဘကို ဝိဘဝတဏှာဟူ၍ ဆိုအပ်၏၊ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၀၂)
ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ ဟူသော ဝေါဟာရတို့၏ အနက်မှန်ကို ရှင်းလင်းတင်ပြပါမည် ဘုရား။
ကာမဘဝဟူသည်
(၁) ကာမဘုံ၌ ဖြစ်စေသော ကံ၊
(၂) ကံကြောင့် ဖြစ်သော အကျိုးဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်၊
(၃) ကာမ (၁၁) ဘုံ၊
(၄) ကာမဘုံ၌ အကျုံးဝင်သော စိတ်၊ စေတသိက်၊ ရုပ်များကို ခေါ်ပါသည် ဘုရား။
သာဓကသွင်း၍ ဆက်ရှင်းပါမည် ဘုရား။
တယော မေ အာဝုသော ဘဝါ ကာမဘဝေါ ရူပဘဝေါ အရူပဘဝေါ = ငါရရှင်တို့ ဘဝတို့သည် ကာမဘဝေ ရူပဘဝေ အရူပဘဝေဟု သုံးမျိုးတို့တည်း။ (မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ ပါဠိ၊ ၆၂) ကမ္မဉ္စ ဥပပတ္တိ စ ဥဘယမွေတမိဓ ကာမဘဝေါတိ ဝုတ္တံ။ ဧသနယော ရူပါရူပဘဝေသု (မ၊ဋ္ဌ၊၁၊၂၂၃) = ဤကံကို လည်းကောင်း၊ ကံကြောင့် ဖြစ်သော အကျိုးကိုလည်းကောင်း နှစ်ပါးစုံကို ကာမဘဝဟု ဆိုအပ်၏၊
ဤသာဓကများအရ ကာမဘုံ၌ ဖြစ်စေသော ကံနှင့် အကျိုးဝိပါက် နာမက္ခန္ဓာ ကဋတ္တာရုပ်များကို ကာမဘဝဟု ခေါ်ဆိုရပါသည် ဘုရား။
ယခု ကာမ (၁၁) ဘုံနှင့် ကာမဘုံ၌ အကျုံးဝင်သော စိတ် စေတသိက် ရုပ်များ ကာမဘဝမည်ကြောင်း သာဓကကို ထုတ်ပြပါမည် ဘုရား။
ကာမဘဝေတိ ကာမာဝစရေ။ ရူပဘဝေတိ ရူပါဝစရေ။ အရူပဘဝေတိ အရူပါဝစရေ။ (မဟာနိဒ္ဒေသ အဋ္ဌကထာ။ ၁၃၇)
ကာမဘဝဟူသည် ကာမဝစရတရား။ ရူပဘဝဟူသည် ရူပါဝစရ တရား။ အရူပဘဝဟူသည် အရူပါဝစရ တရားတို့တည်း။
ကာမဘဝဆိုတာ ဘာလဲ
“သော စတုန္နံ အပါယာနံ မနုဿာနံ ဆန္နဉ္စ ဒေဝလောကာနံ ဝသေန ဧကာဒသဝိဓော ပဒေသော “ကာမော ဧတ္ထ အဝစရတီ” တိ ကာမာဝစရော။ (အဘိ၊ဋ္ဌ၊၁၊၁၀၄) တတ္ထ ပရိယာပန္နေ ဓမ္မေ သန္ဓာယ သဗ္ဗေပိ ကာမာဝစရာ ဓမ္မာတိ ဝုတ္တံ။
အပါယ်လေးဘုံ လူ့ဘုံ နတ်ခြောက်ဘုံ တို့၏ အစွမ်းအားဖြင့် တစ်ဆယ့်တစ်ပါးသော အရပ်ကို “ကာမတရားနှစ်ပါး၏ ကျင်လည်ရာ ဖြစ်သောကြောင့် ကာမာဝစရဟု ဆိုအပ်၏” (ဘုံ-ကာမာဝစရ)
ထိုကာမဘုံ၌ အကျုံးဝင်သော စိတ် စေတသိက် ရုပ်တရားတို့ကို ရည်ရွယ်၍ အလုံးစုံသော ကာမာဝစရ တရားတို့ဟု ဆိုအပ်၏၊ (စိတ် စေတသိက် ရုပ်တို့ကို ကာမာဝစရ)
ဤပါဠိ အဋ္ဌကထာလာ စကားတို့ကို စစ်ထုတ် ညှိနှိုင်းယူလိုက်သောအခါ ကာမဘုံ၌ ဖြစ်စေတတ်သော ကံကိုလည်းကောင်း၊ ကံကြောင့် ဖြစ်သော အကျိုးဝိပါက် နာမက္ခန္ဓာ ကဋတ္တာရုပ်ကိုလည်းကောင်း၊ ကာမ (၁၁) ဘုံကိုလည်းကောင်း၊ ထို၌ အကျုံးဝင်သော စိတ် စေတသိက် ရုပ်များကိုလည်းကောင်း၊ ကာမဘဝဟူ၍ ခေါ်ဆိုရပါသည် ဘုရား။ ရူပဘဝ၊ အရူပဘဝတို့လည်း ထိုနည်းတူပင် ဖြစ်ပါ၍ အကျယ်သွင်း၍ ရှင်းမပြတော့ပါ ဘုရား။
ပု-ဒိ-အာ
ပုဗ္ဗေ နိဝါသောတိ ပုဗ္ဗေ အတီတဇာတီသု နိဝုတ္ထက္ခန္ဓာ။ (ပါရာဇိကဏ် အဋ္ဌကထာ၊ ပ။ ၁၂၈)
ပုဗ္ဗေ နိဝါသန္တိ သမနန္တရာတီတံ ဘဝံ အာဒိံ ကတွာ တတ္ထ တတ္ထ နိဝုတ္ထသန္တာနံ။
(ပါရာဇိကဏ် အဋ္ဌကထာ၊ ပ။ ၁၂၈)
ဤအဖွင့် သံဝဏ္ဏနာများအရ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော သတိနှင့်ယှဉ်သော ဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် မည်ပါသည်။
ဒိဗ္ဗသဒိသတ္တာ ဒိဗ္ဗံ။ပ။ ဣဒဉ္စပိ ဝီရိယဘာဝနာဗလနိဗ္ဗတ္တံ ဉာဏစက္ခု တာဒိသမေဝါတိ ဒိဗ္ဗသတ္တာ ဒိဗ္ဗံ။ ပါရဇိကဏ်အဋ္ဌကထာ(ပ-၁၃၂)
ဤအဖွင့် သံဝဏ္ဏနာများအရ နတ်မျက်စိကဲ့သို့ မြင်စွမ်းနိုင်သော ဉာဏ်သည် ဒဒိဗ္ဗစက္ခုဉာဏ် မည်ပါသည် ဘုရား။
အရဟတ္တမဂ္ဂေါ ဟိ အာသဝဝိနာသနတော အာသဝါနံ ခယောတိ ဝုစ္စတိ။ (ပါရဇိကဏ်အဋ္ဌကထာ(ပ-၁၃၆)
အာသဝတို့ကို ဖျက်ဆီးတတ်သော အရဟတ္တမဂ်ဉာဏ်သည် အာသဝတို့ကို ကုန်စေတတ်သောကြောင့် အသဝက္ခယဉာဏ် မည်ပါသည်။
သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ထုတ်ဝေသော “အမှန်တရားသုတေသန အမှတ် (၁) စာစောင်” စာမျက်နှာ (၇)လာ ပုဗ္ဗေနိဝါသ စသည့် ဖွင့်ဆိုချက်တို့မှာ အမှန်တရားကို ရှောင်ရှား၍ အမှားများကို သုတေသသနပြုထားသော စကားများသာ ဖြစ်ပါသည် ဘုရား။
နတ်နှင့်ငရဲ
နတ်ဆိုသည့်ပါဠိစကားမှာ မြန်မာလို စည်းစိမ်ခံစားခြင်းကို ခေါ်၏ဟု စုဒိတကပုဂ္ဂိုလ်တို့ဆိုခြင်းမှာ ကျမ်းဂန်ကို ကျကျနန မသိရှိဘဲ ပြောသံကြားနှင့် ဖြန်းတောရမ်းတော လုပ်ထားခြင်းဖြစ်ကြောင်း ကျမ်းတတ်ပုဂ္ဂိုလ်များက သိကြပါသည်၊ “နာထ” ပါဠိမှ နတ်ဟူသော မြန်မာဝေါဟာရ ရသည်ဟု ဝေါဟာရဗေဒပညာရှင်တို့က ဆိုပါသည်၊ “ဒိဗ္ဗ” ဟူသော ပါဠိသည် ကာမဂုဏ်ငါးပါးဖြင့် ထွန်းပခြင်းဟု အဓိပ္ပါယ် ရှိပါသည်၊ နတ်တို့သည် ဒါနရှင် သီလရှင် များဖြစ်၍ ချမ်းသာစွာ နေရသည်ကို ရည်ညွှန်းပါသည်။
ယခု ငရဲရှစ်ထပ် ဝေါဟာရမှန်ကို ဇာတကအဋ္ဌကထာ၊ ပဉ္စမအုပ်(၂၈၇)၌ လာသည့်အတိုင်း ရှင်းပြပါမည် ဘုရား။
(က) ပုနပ္ပုနံ သဉ္ဇီဝန္တိ ဧတ္ထာတိ သဉ္ဇဝေါ= ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံရသော်လည်း မသေနိုင်ဘဲ အဖန်ဖန် အသက်ရှင်သကဲ့သို့ ခံနေရသော ငရဲသည် သဉ္ဇီဝငရဲ မည်၏၊
(ခ) ဇလိတပထဝိယံ ပတိတေ ဇလိတကာလသုတ္တံ ပါတေတွာ။ ပ။ ကရောန္တာ ဧတ္ထ တစ္ဆန္တီတိ ကာဠသုတ္တော= အလျှံတောက်သောမြေ၌ လဲကျသူတို့ကို သစ်ရွေသမားတို့ မျဉ်းသား၍ ခုတ်သကဲ့သို့ ခုတ်ရွေခြင်း ခံရရာအရပ်သည် ကာဠသုတ်ငရဲ မည်၏၊
(ဂ) မဟန္တာ ဇလိတအယပဗ္ဗတာ ဃာတေန္တိ ဧတ္ထာတိ သံဃာတော = အလျှံပြောင်ပြောင် သံတောင်ကြီးတို့ ဖိညှပ်နှိပ်စက်ရာ အရပ်သည် သံဃာတ မည်၏၊
(ဃ) ဥဘယတ္ထပိ ပစ္စန္တာ သတ္တာ မဟာဝိရဝံ ဝိရဝန္တီတိ ဒွေပိ ရောရုဝါတိ ဝုတ္တာ = ဒွါရကိုးပေါက်မှ မီးလျှံများ ဝင်ရောက်လောင်ကျွမ်းသဖြင့် အော်ဟစ်ခံနေရသော အရပ်သည် ဇာလရောရုဝ မည်၏၊
(င) ဒွါရကိုးပေါက်မှ အခံရဆိုးသည့် မီးခိုးများ ဝင်ရောက် မွှေနှောက်သဖြင့် အော်ဟစ်ခံနေရသော အရပ်သည် ဓူမရောရုဝ မည်၏၊
(စ) နိစ္စလေ သတ္တေ တာပေတီတိ တာပနော = မတုန်မလှုပ် သံတံကျင်လျှို ထားသော သတ္တဝါတို့ကို ပူလောင်စေရာ အရပ်သည် တာပန မည်၏၊
(ဆ) အတိပိယ တာပေတီတိ ပတာပနော = အလွန်အကြူး အထူးပူလောင် စေရာ အရပ်သည် ပတာပန မည်၏၊
(ဇ) ဇာလာနံ ဝါ ပစ္စနသတ္တာနံ ဝါ တေသံ ဒုက္ခဿ ဝါ ဝီစိ အန္တရံ နတ္ထိ ဧတ္ထာတိ အဝီစိ= ငရဲမီးလျှံတို့၏ လည်းကောင်း၊ ငရဲသားသတ္တဝါတို့၏လည်းကောင်း၊ ငရဲသားသတ္တဝါတို့၏ ဆင်းရဲ၏လည်းကောင်း အပေါက်အကြား မရှိခြင်းကြောင့် အဝီစိ မည်၏၊
ဤကား ငရဲကြီးရှစ်ထပ်၏ အမှန်အကန် ဝေါဟာရ ဖော်ဆောင်ချက် ဖြစ်ပါသည် ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
စုဒိတကတို့ ဖျက်ဆီးထားသော ပါဠိဝေါဟာရများမှာ များစွာကျန်ပါသေးသည်၊ ထိုအဖျက်ခံ ဝေါဟာရများ၏ မှန်သောအဓိပ္ပါယ်ကို ဖော်ထုတ်ဖို့ လိုအပ်ပါကလည်း သာသနမာမက ဓမ္မမာမက ဖြစ်တော်မူကြသော ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်များက စီစဉ်ဆောင်ရွက်ပေးတော်မူကြပါရန် လျှောက်ထားအပ်ပါသည်ဘုရား။
အချုပ်အားဖြင့် လျှောက်ထားရပါလျှင် ဥပါဒါန်ဟူသည် အကုသိုလ်ဖြစ်သော လောဘနှင့် ဒိဋ္ဌိတရားသာ ဖြစ်သည်၊ လောဘနှင့် လိုချင်မှု ဒိဋ္ဌိနှင့်အမြင်မှားမှု ဥပါဒါန် ဖြစ်သည်၊ အကုသိုလ် မဟုတ် ကုသိုလ်သာ ဖြစ်သော (ဝါ) အပြစ်မရှိ ကောင်းသော သဘောသာ ဖြစ်သော ဆန္ဒ(လိုချင်မှုမျိုး)ကား ဥပါဒါန်မဟုတ်၊ ဤသည်ကား သံဂါယနာ (၆) တန်တင် ပိဋကတ်တော်အရ အနက်မှန် အဓိပ္ပါယ်မှန် ဖြစ်ပါသည်၊ တစ်နည်းအားဖြင့် အဘိဓမ္မာတတ်သူတို့ သိသည့် အသိ ဖြစ်ပါသည်၊ ထို့ကြောင့် တွေ့ကရာ ဥပါဒါန် ဖြစ်နေခြင်းကား အဘိဓမ္မာအခြေခံမဲ့သော လမ်းပေါ်ကလူများ၏ တရားနှင့်ဆန့်ကျင်သော စကားသာဖြစ်ပါသည် ဘုရား၊ ဤအချက်ကိုပေါ်လွင်အောင် ဆုံးဖြတ်ပေးပါရန် လျှောက်ထားပါ သည် ဘုရား။
ဝိသေသစောဒနာ အမှတ်(၁၆)
၁၆။ ထေရဝါဒ ပိဋကတ်လာ အရိယာနှင့်နိဗ္ဗာန်ကို စိတ်ကူးယဉ် လူသေလူဖြစ် အယူအဆနှင့် ကိုက်ညီအောင် ပြင်ဆင်ဖွင့်ဆို ရေးသားခြင်း စောဒနာဆိုင်ရာ ဝိသေသစောဒနာပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ထေရဝါဒ ပိဋကတ်တော်တို့၌ အရိယာဟူသော ပုဒ်ကို ဤကဲ့သို့ ဖွင့်ဆိုထားပါသည်-
အရိယ။ (တိ) [(၁) အာရကာသဒ္ဒါကို နိရုတ္တိနည်းဖြင့် အရိယပြု ကိလေသာနံ အာရကတ္တာ အရိယော နိရုတ္တိနယေန။ သာရတ္ထ၊၁၊၁၇၁၊(သီ၊ဋီ၊သစ်၊၂၊၂၉၀။) (ဒီ၊ဋီ၊၂၊၃၄၂။) (မ၊ဋီ၊၁၊၁၉၆။) ကိလေသေဟိ အရကာတိ အရိယော ယဒါဒိနာ အာရကာသဒ္ဒဿ အရိယာဒေသော။ သူစိ၊ ၃၉။
(၂) အယ+ဣရိယ+အ။ နိရုတ္ထိနည်းဖြင့် အရိယပြု၊ (မ၊ဋီ၊၁၊၆၂။) (သံ၊ဋီ၊၂၊၂၀၂-၃၊) (မူလ၊ဋီ၊၁၊၁၆၂။) ပါရာဇိကဏ် ဂဏသစ်၊၁၊၃၄၊ တို့ကြည့်။
(၃) အရိ+ ဟန+ ကွိ။ ကိလေသာရယော ဟနဟီတိ အရဟော။ သော ဧဝ အရိယော။ ဓာန်၊ ဋီ၊ ၄၃၅။
(၄) အရ+ဏျ။ အရ ဂမနေ ဝါ။ အရတိ အဓိဂစ္ဆတိ မဂ္ဂဖလဓမ္မေတိ အရိယော။ ဓာန်၊ ဋီ၊ ၄၃၅။ အရ ဂမနေ၊ ဏျော၊ ဣကာရာဂမော။ ဓာန်၊ ဋီ၊ ၆၉၃-၆၊ အာယီ-သံ]
ဤ ပြဆိုလျှောက်ထားချက်များသည် တိပိဋက ပါဠိ မြန်မာအဘိဓာန် အတွဲ-၃၊ စာမျက်နှာ ၅၃၀-မှ ဖြစ်ပါသည် ဘုရား။
ဤအဘိဓာန်အနေအားဖြင့် အရိယဆိုသောပုဒ်သည်
(၁) အာရကာသဒ္ဒါမှ အရိယ ဖြစ်လာသည်။
(၂) အယ ပုဒ်+ဣရိယ ပုဒ်+ အ ပစ္စည်းအားဖြင့် အရိယ ဖြစ်လာသည်။
(၃) အရဟ ပုဒ်က အရိယ ဖြစ်လာသည်။
(၄) အရပုဒ် ဏျပစ္စည်းအားဖြင့် အရိယ ဖြစ်လာသည်ဟု ဆိုပါသည်။
ထိုကဲ့သို့ ဖြစ်လာသော ထိုအရိယသဒ္ဒါ၏ အနက်များကို ထိုတိပိဋက ပါဠိ-မြန်မာအဘိဓာန်ကျမ်းကြီး၌ ဆက်လက် ပြဆိုထားပါသည်။
အရိယဆိုသည်မှာ
(၁) (က) အပြစ်မရှိ အပြစ်ကင်းသော၊ ကောင်းသော။
(ခ) ကိလေသာတို့မှ ကင်းဝေး-စင်ကြယ်-သော၊ ဖြူစင်သော မြင့်မြတ်သော။
(ဂ) နိဗ္ဗာန်ကို အလိုရှိသောသူတို့သည် သိအပ်-ရောက်အပ်-သော။
(ဃ) မချွတ်မယွင်း-မှန်ကန်-သော။
(င) ဆုတ်ယုတ်ပျက်စီးကြောင်း တရား၌ မဖြစ်တတ်သောသူ။
(စ) သတ္တဝါတို့အား ကောင်းသောကျင့်ဝတ်ကို သင်ယူစေတတ် သင်ပေးတတ်သောသူ။
(၂) အရိယာပုဂ္ဂိုလ်-
(က) ကိလေသာတို့မှ ကင်းဝေးသော, အကျိုးစီးပွားမဲ့ကို မဖြစ်စေတတ်သော, အကျိုးစီးပွားကို ဖြစ်စေတတ်သော သတ္တလောကသည် ကိုးကွယ်ရာဟူ၍ ဆည်းကပ်အပ်သော ကိလေသာရန်သူကို သတ်တတ်သော မဂ်ဖိုလ်တရားကို ရသော-ဖြူစင်သန့်ရှင်းသော ပုဂ္ဂိုလ်၊ ပဋိဝေဓအရိယာပုဂ္ဂိုလ်။
(ခ) ကောင်းသော အကျင့်ရှိသော, အကျင့်ကောင်းသော ပုဂ္ဂိုလ်၊ အာစာရ အရိယာပုဂ္ဂိုလ်
စသည်ဖြင့် ပြဆို ထားပါသည် ဘုရား။
အရိယာဆိုသည်မှာ အာစာရအရိယာ၊ ဒဿနအရိယာ၊ လိင်္ဂအရိယာ၊ ပဋိဝေဓအရိယာ ဟူ၍ လေးမျိုးရှိကြောင်း ကို ဇာတကဋ္ဌကထာ ဒုတိယအုပ် နှာ-၂၅၆ ၌ ဆိုထားပါသည်၊ ပဋိဝေဓအရိယာ ဆိုသည်မှာ အကျဉ်းအားဖြင့် မဂ္ဂဋ္ဌာန် လေးယောက်, ဖလဋ္ဌာန်လေးယောက်တို့ ဖြစ်ပါသည်။
ဤကဲ့သို့ မြင့်မြတ်သော သူတော်စင် အရိယာသခင်များကို ဗုဒ္ဓသာသနာတော်၌ အလေးဂရုပြု၍ တန်ဖိုးထားခဲ့ကြပါသည်၊ ဤကဲ့သို့ အလေးဂရုပြု၍ တန်ဖိုးထားအပ်သော အရိယာသခင်များကို ပံပျက်ပန်းပျက် ဖြစ်အောင် ကပ်သီး ကပ်သပ် ဖျက်ဆီးကြပါသည် ဘုရား၊ “အရိယာဆိုတဲ့ စကားကို ပုဒ်ခွဲလိုက်တော့ အရ+ဣယ+အာ ဆိုတဲ့ ပုဒ်သုံးခုကို စပ်ထားတာ ဖြစ်တယ်၊ ဒီသုံးပုဒ်မှာ အရ-က= လူအမေ၊ ဣယ-က= လူအဖေ၊ အာ= လုပ်တာ၊ လူအမေ လူအဖေတွေ လုပ်လို့ဖြစ်တာ အရိယာ” လို့ ဆိုလိုတယ်ဟု ရေးသားကြသည်မှာ ဗုဒ္ဓသာသနာအား တရားလွန် စော်ကားခြင်းသာဖြစ်ကြောင်း လျှောက်ထားလိုပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌဝါဒီ သမ္မာဒိဋ္ဌိအဖွဲ့သားများသည် အရိယာကိုသာ ဖျက်ဆီးရုံမက နိဗ္ဗာန်၏ သဘောတရားကိုလည်း မဟုတ်မမှန် လုပ်ကြံဖျက်ဆီး ရေးသားထားကြပါသည် ဘုရား၊ နိ+ဝါန အရ နိဗ္ဗာန်ဆိုသော ပုဒ်၌ ဤဘဝနှင့် ထိုဘဝ ချုပ်စပ်တတ်သော ဝါနမည်သော တဏှာ မရှိသောကြောင့် နိဗ္ဗာန်ဟု အမှန်ဖြစ်ပါသည်၊ “ဝါန” ကို အကြောက်-အလို၊ နိ-မရှိခြင်း၊ ကင်းခြင်းဟူသော အဓိပ္ပါယ်မှာ ငရဲကြောက်ခြင်း၊ နတ်ပြည်ကို လိုချင်ခြင်း မရှိတာလို့ ဆွဲယူထားပါသည်၊ ထေရဝါဒ ပိဋကတ်တော်နဲ့ အလွန် ဆန့်ကျင်တဲ့စကား ဖြစ်ပါသည် ဘုရား။
ထို့ပြင်လည်း ဤခန္ဓာကိုယ်တည်းဟူသော ရုပ်တရား ရူပက္ခန္ဓာတွင် ဝေဒနာသညာ သင်္ခါရ ဝိညာဏဟူသော အရူပက္ခန္ဓာဂုဏ်နှင့် နိဗ္ဗာန်ဟူသော ဂုဏ် ၂-မျိုး ရှိလေသည်ဟု ဆိုထားခြင်းသည်လည်း အလွန်မှပင် မဟုတ်တရုတ်နိုင်လှသောစကားများ ဖြစ်ပါသည်၊ ခန္ဓာကိုယ်ဟာ ရုပ်တရားချည်းသက်သက် မဟုတ်ပါ၊ ရူပက္ခန္ဓာချည်းသက်သက် မဟုတ်ပါ၊ ထိုရုပ်တရားတွင် ဝေဒနာ-သညာ သင်္ခါရ ဝိညာဏနှင့် နိဗ္ဗာန် တည်ရှိသည် ဆိုတာဟာလည်း ထိုနည်းတူ မဟုတ်တရုတ် ဗလုဿုက္ကစကားများ ဖြစ်ပါသည်။
ရုပ်တရားနှင့် နာမ်တရားတို့သည် အကြောင်းအားလျော်စွာ သဟဇာတ (အတူဖြစ်ဖက်)မျိုး, တည်ရာမှီရာ (နိဿယ)မျိုး, အားကြီးသော တည်ရာမှီရာ (ဥပနိဿယ)ဖြစ်ဖက်မျိုးတို့ ဖြစ်ကြပါကုန်သည် ဘုရား၊ နိဗ္ဗာန်တရားတော်မြတ်သည် ရုပ်တရားမှာ တည်နေခြင်းဆိုတာကတော့ လုံးဝ ထေရဝါဒပိဋကတ်တော်နှင့် မကိုက်ညီပါ ဘုရား၊ နိဗ္ဗာန် သည် သတ္တဝါတို့၏ အဇ္ဈတ္တ၌ ရရှိအပ်သောတရားမျိုး မဟုတ် အပ၌သာ ရရှိအပ်သော ဗဟိဒ္ဓတရားမျိုးသာဖြစ်ကြောင်း ဓမ္မသင်္ဂဏီပါဠိတော်၌ “ဗဟိဒ္ဓါ ဓမ္မာ” ဟု ဟောတော်မူထားပါသည် ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌနှင့် နောက်လိုက် သမ္မာဒိဋ္ဌိအဖွဲ့သားများသည် ထေရဝါဒပိဋကတ်တော်ကို လုံးဝ နားမလည်သူများသာ ဖြစ်ကြပါသည်၊ နားလည်အောင်လည်း သဒ္ဓါတရားဖြင့် သင်ကြားသူများ မဟုတ်ကြပါ၊ ထေရဝါဒ ပိဋကတ်ပါဠိတော်များကို အနည်းငယ်မျှ လေ့လာဖူးလျှင်လည်း ထိုသို့ လေ့လာကြခြင်းများသည် ချုပ်ချယ်လို၍ တစ်ဘက်ကို အပြစ်ရှာလို၍ လေ့လာသင်ကြားခြင်း အလဂဒ္ဒူပမပုဂ္ဂိုလ်များသာ ဖြစ်ကြပါသည်၊ အကြောင်းမှာ နိဗ္ဗာန်၏ ချမ်းသာကို တမင်တောင့်တခံစားလို၍ အားထုတ်ပါက (ဤနိဗ္ဗာန် အလိုသည် ကာမနှင့်ယှဉ်သော အလိုသာ ဖြစ်ရပေမည်)ဟု ဆိုထားကြသောကြောင့် ဖြစ်ပါသည်။
အဘိဓမ္မာပိဋက ဓမ္မသင်္ဂဏီပါဠိတော်၌ နိဗ္ဗာန်ကို အနုပါဒိဏ္ဏအနုပါဒါနိယ ဓမ္မဟု ဟောကြားတော်မူခဲ့ပါသည်၊ တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်၊ ဥပါဒါန်တို့၏ အစီးအပွား အာရုံလည်း မဟုတ်သော တရား-ဟု လာရှိပါသည်၊ ကာမဆိုသော တဏှာ၏ အလိုဖြင့် ရနိုင်သော နိဗ္ဗာန် မဟုတ်ပါ။
ထို အဘိဓမ္မာ ဓမ္မသင်္ဂဏီပါဠိတော်၌ပင်-
ကတမေ ဓမ္မာ အနုပါဒိဏ္ဏအနုပါဒါနိယာ၊ အပရိယာပန္နာ မဂ္ဂါ စ မဂ္ဂဖလာနိ စ အသင်္ခတာ စ ဓာတု၊ ဣမေ ဓမ္မာ အနုပါဒိဏ္ဏအနုပါဒါနိယာ။ (အဘိ၊၁။ ၂၀၆။)
မြန်မာပြန်
အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူလည်း မစွဲယူအပ်ကုန်သည်ဖြစ်၍ လွန်စွာ စွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွား (အာရုံ) လည်း မဟုတ်သော အနုပါဒိဏ္ဏအနုပါဒါနိယတရားတို့ ဖြစ်ကုန်သနည်း၊ (တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းမဟုတ်၊ ဥပါဒါန်တို့၏ အာရုံလည်းမဟုတ်သော တရားများကား အဘယ်နည်း) ဘုံသုံးပါး၌ အကျုံးမဝင် ကုန်သော (လောကုတ္တရာဖြစ်သော) မဂ်တို့သည်လည်းကောင်း ကိလေသာတို့ကိုသတ်လျက် နိဗ္ဗာန်သို့ သွားတတ်သော မဂ်၏ အကျိုး(ဖိုလ်) တို့သည်လည်းကောင်း (ကံ-စိတ်-ဥတု-အာဟာရ-ဟူသော အကြောင်းတရားတို့) မပြုပြင်အပ်သော သဘော “အသင်္ခတဓာတ်” (နိဗ္ဗာန်) သည်လည်းကောင်း ရှိ၏၊ ဤတရားတို့သည် (တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ ဥပါဒါန်တို့၏ အာရုံလည်းမဟုတ်သော) အနုပါဒိဏ္ဏ အနုပါဒါနိယ တရားတို့ ဖြစ်ကုန်၏၊ (အဘိ၊မြန်၊၁၊၃၆၉။)
စတ္တာရော မဂ္ဂါ အပရိယာပန္နာ စတ္တာရိ စ သာမညဖလာနိ နိဗ္ဗာနဉ္စ။ (ကာမ၊ ရူပ၊ အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မင်္ဂလေးပါး၊ ထို့ပြင် ဖိုလ်လေးပါး၊ ထို့ပြင်နိဗ္ဗာန်သည်ရှိ၏၊ ၎င်းဓမ္မသင်္ဂဏီပါဠိတော်၌ ဟောတော်မူပါသည် ဘုရား။ (အဘိ၊၁၊၂၆၇။)
ထိုမှတပါး နိဗ္ဗာန်၏ဂုဏ်တော်ပုဒ် တခုဖြစ်သော “အနုပါဒါပရိနိဗ္ဗာန” ဟူသောပုဒ်ကို တိပိဋက ပါဠိမြန်မာ အဘိဓာန်ကျမ်းကြီးက တစ်စုံတစ်ခုသောတရားကို တဏှာဒိဋ္ဌိတို့ဖြင့် မယူမူ၍ ချုပ်ငြိမ်းခြင်း ချုပ်ငြိမ်းသောတရား၊ နောင်အခါ ပဋိသန္ဓေ၏ အကြောင်းမဖြစ်သော ချုပ်ငြိမ်းခြင်း ချုပ်ငြိမ်းသောတရားဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည် ဘုရား။
ဤကဲ့သို့ ထေရဝါဒပိဋကတ်တော်များ၌ နိဗ္ဗာန်သည် တဏှာဒိဋ္ဌိတို့၏ အာရုံ မဟုတ်၊ တဏှာဒိဋ္ဌိတို့ဖြင့် မရအပ်၊ မသိအပ်သော တရားအဖြစ် ဟောကြားတော်မူပါလျက် ကာမနှင့်ယှဉ်သော အလိုသာ ဖြစ်ရပေမည်ဟု ဆိုထားခြင်းသည် မိစ္ဆာဝါဒီ အဓမ္မဝါဒီတို့၏ မိစ္ဆာဝါဒ အဓမ္မဝါဒသာဖြစ်ပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၁၇)
၁၇။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ ဩဝါဒပေးဆရာကြီး လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာလက်သစ်နှင့် စပ်လျဉ်း၍ ဝိသေသ စောဒနာချက်ပါ ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာလက်သစ်နှင့် ပတ်သက်၍ လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် မဟုတ်မဟတ် လုပ်ဇာတ်ခင်းကာ အနက်ပေးခဲ့ပုံများနှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ နာယကကြီးတစ်ဦးဖြစ်သူ အဘိဓမ္မာ ဆရာစိန် ဆိုသူ၏ ကိုယ်လိုရာကိုယ်ဆွဲ အနက်ပေးထားပုံများကို မူလစောဒနာလွှာ အမှတ်(၁၇)တွင် ဖော်ပြစောဒနာထားပြီးခဲ့ပါပြီ ဘုရား။
သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ ဓမ္မစကြာ, အနတ္တလက္ခဏသုတ်, ပဋိစ္စသမုပ္ပါဒ် တစ်စိတ် တစ်ဒေသတို့ကိုသာ ဘုရားဟောဟု ဟောပြောဖြန့်ဝေထားသော စာအုပ်, စာတမ်း, စာစောင်, တိတ်ခွေ စသည်တို့ကို (စာပေစိစစ်ရေးသို့ မတင်ကြဘဲ တိတ်တဆိတ် ဖြန့်ဝေထားသော လက်ကမ်းစာစောင် စာအုပ်များပါ မကျန်) စုဆောင်းရှာဖွေ၍ ဤရုံးတော်သို့ သက်သေခံအထောက်အထားအဖြစ် တင်ပြပြီး မူလစောဒနာလွှာတွင် တင်ပြလျှောက်ထား စောဒနာပြီးပါပြီ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌနှင့် အပေါင်းအပါတို့ နှစ်သက်လှပါသည်, မြတ်နိုးလှပါသည် ဆိုသော ဓမ္မစကြာကိုလည်း လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် ဒိဋ္ဌဓမ္မော စသော ပါဠိပုဒ်များကို ကိုယ်လိုရာ ကိုယ်ဆွဲ အနက်ပေးထားကြကြောင်း လျှောက်ထားခဲ့ပြီး ဖြစ်ပါသည်၊ ဘုရားရှင်၏ အလိုတော်ကျ အနက်ပေးရမည်ကို အဘယ့်ကြောင့် ကြောက်ရွံ့၍ နောက်တွန့်နေကြကြောင်းများကို ၎င်းတို့၏ အဓမ္မဝါဒကို စစ်ဆေးဆုံးဖြတ်သောအခါ အထင်းသား ပေါ်လာမည် ဖြစ်ပါသည် ဘုရား။
ဤနေရာတွင်-
ဒိဋ္ဌဓမ္မော စသော ဓမ္မစကြာပါဠိပုဒ်များကို ဗုဒ္ဓမြတ်စွာ အလိုတော်ကျ ဆရာတော်ဦးဗုဓ် အနက်ပေးထားပုံများကို ဆက်လက်လျှောက်ထား ဖော်ပြခွင့်ပြုပါ ဘုရား။
(၁) ဒိဋ္ဌဓမ္မော၊ မြင်အပ်ပြီးသော သစ္စာတရား ရှိသည် ဖြစ်၍။
(၂) ပတ္တဓမ္မော၊ ရောက်အပ်ပြီးသော သစ္စာတရား ရှိသည် ဖြစ်၍။
(၃) ဝိဒိတဓမ္မော၊ သိအပ်ပြီးသော သစ္စာတရား ရှိသည် ဖြစ်၍။
(၄) ပရိယောဂါဠှဓမ္မော၊ ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာတရား ရှိသည် ဖြစ်၍။
(၅) တိဏ္ဏဝိစိကိစ္ဆော၊ ကူးမြောက်ပြီးသော တစ်ဆယ့်ခြောက်ပါးသော ယုံမှားခြင်း၊ ရှစ်ပါးသော ယုံမှားခြင်း ရှိသည် ဖြစ်၍။
(၆) ဝိဂတကထံကထော၊ သို့လော သို့လော တွေးတောယုံမှားခြင်း ကင်းသည် ဖြစ်၍။
(၇) သတ္ထုသာသနေ၊ မြတ်စွာဘုရား သာသနာတော်၌၊ ဝေသာရဇ္ဇပ္ပတ္တော၊ ရဲရင့်ခြင်းသို့ ရောက်သည်ဖြစ်၍။
(၈) အပရပ္ပစ္စယော၊ ကိုယ်တိုင်မျက်မှောက် သိမြင်အပ်သောကြောင့် သူတပါးတို့အား ယုံကြည်ခြင်း မဖြစ်မူ၍။
ဤ၌ “သစ္စာတရား” ဟူသည် အထက် ဓမ္မစကြာတရားစာကိုယ်၌ ဟောကြားထားသော ဒု-သ-နိ-မ သစ္စာ လေးပါး ဖြစ်ပါသည်။
ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
အထက်ဖော်ပြပါ ဒိဋ္ဌဓမ္မော စသော ပုဒ်တို့၏ ဘုရားရှင်အလိုကျအနက်များကို အောက်ပါ အဋ္ဌကထာဖွင့်နှင့်အညီ ဖော်ပြထားခြင်း ဖြစ်ပါသည် ဘုရား။
ဒိဋ္ဌော အရိယသစ္စဓမ္မော ဧတေနာတိ ဒိဋ္ဌဓမ္မော။ ဧသ နယော သေသပဒေသုပိ။ တိဏ္ဏာ ဝိစိကိစ္ဆာ အနေနာတိ တိဏ္ဏဝိစိကိစ္ဆော။ ဝိဂတာ ကထံကထာ အဿာတိ ဝိဂတကထံကထော။ ဝေသာရဇ္ဖပ္ပတ္တောတိ ဝေသာရဇ္ဇံ ပတ္တော၊ ကတ္ထ သတ္ထုသာသနေ။ နာဿ ပရော ပစ္စယော န ပရဿ သဒ္ဓါယ ဧတ္ထ ဝတ္တတီတိ အပရပ္ပစ္စယော။ (မ၊ဋ္ဌ၊၃၊၆၆။)
မြန်မာပြန်
မြင်အပ်ပြီးသော အရိယသစ္စာတရား ရှိသည်၏ အဖြစ်ကြောင့် သောတာပန်သည် ဒိဋ္ဌိဓမ္မ မည်၏၊ ကြွင်းသော ပတ္တဓမ္မ, ဝိဒိတဓမ္မ, ပရိယောဂါဠှဓမ္မ ပုဒ်တို့၌လည်း ဤအစီအရင်အတိုင်းပင်တည်း၊ လွန်မြောက်အပ်ပြီးသော ဝိစိကိစ္ဆာ ရှိသည်၏ အဖြစ်ကြောင့် သောတာပန်သည် တိဏ္ဏဝိစိကိစ္ဆာ မည်၏၊ ကင်းသော အဘယ်သို့ပါလိမ့်ဟု ပြောဆိုကြောင်း ဝိစိကိစ္ဆာ ရှိသည်၏ အဖြစ်ကြောင့် သောတာပန်သည် ဝိဂတကထံကထ မည်၏၊ ဝေသာရဇ္ဇပ္ပတ္တ ဟူသည်ကား ကင်းသော ရွံ့ရှားခြင်းရှိသူ၏ အဖြစ်သို့ ရောက်သနည်း၊ မြတ်စွာဘုရား၏ သာသနာတော်၌ ကင်းသော ရွံ့ရှားခြင်းရှိသူ၏ အဖြစ်သို့ ရောက်ပြီ၊ သောတာပန်၏ သူတပါးဟူသော စွဲ၍ ဖြစ်ရာသည် (ဝါ) ယုံကြည်ထိုက်သူသည် မရှိ၊ သူတပါးကို ယုံကြည်ခြင်းကြောင့် ဤသာသနာတော်၌ ကျင့်သည် မဟုတ်သောကြောင့် သောတာပန်သည် အပရပ္ပစ္စယ မည်၏၊
ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
အထက်ဖော်ပြပါ ပါဠိ အဋ္ဌကထာများအရ ဘုရားရှင်သည် ဒိဋ္ဌဓမ္မော စသော ပုဒ်များကို သစ္စာလေးပါးတရားကို သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်များကို ရည်ရွယ်၍ ဟောထားခြင်းဖြစ်ကြောင်း သိနိုင်ပါသည် ဘုရား။
ဓမ္မစကြာကို ဘုရားဟောပါဠိ၊ အဋ္ဌကထာ၊ ဋီကာနှင့်အညီ ပေးရသော အနက်နှင့် ဦးဥက္ကဋ္ဌပေးထားသော အနက် ဘယ်လိုကွာခြားနေသည်ကို အမှန်တရား စူးစမ်းလိုသည့် လူငယ်များ နှိုင်းယှဉ်ကြည့်သင့်ပါသည်။
ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
အဘိဓမ္မာဆရာစိန်ဆိုသူရေးသော အတ္တဝါဒနှင့် တာဝတိံသာအဘိဓမ္မာ စာအုပ်တွင် ဓမ္မစကြာ ဒေသနာတော်လာ ဒုက္ခသစ္စာ ဟောပုဒ်များကို သူထင်ရာ မြင်ရာ ပေါက်တတ်ကရ အနက်ပေးထားပုံများကို မူလ စောဒနာလွှာ၌ လျှောက်ထား စောဒနာပြီးပါပြီ ဘုရား။
အဘိဓမ္မာဆရာစိန် ရမ်းကားစွာ အနက်ပေးထားသော ဒုက္ခသစ္စာ ဟောပုဒ်များကို ဆရာတော် ဦးဗုဓ်က ဘုရားရှင်အလိုတော်ကျ အနက်ပေးထားပုံများကို လျှောက်ထား ဖော်ပြပါရစေ ဘုရား။
ဇာတိပိ၊ ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။
ဇရာပိ၊ ဆိုးရွားဟောင်းမြင်း အိုမင်းရင့်ရော်ရခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏
ဗျာဓိပိ၊ ဖျားနာရခြင်းသည်လည်း။ ဒုက္ခော၊ ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏။
မရဏမ္ပိ၊ သေရခြင်းသည်လည်း။ ဒုက္ခံ၊ ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏။
အပ္ပိယေဟိ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့်။ သမ္ပယောဂေါ၊ အတူတကွ ပေါင်းယှဉ်ရခြင်းသည်လည်း။ ဒုက္ခော၊ ဆင်းရဲ၏။
ပိယေဟိ၊ ချစ်နှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ၊ ကွေကွင်း ကင်းကွာ ရှဲခွာဖဲကြည် မပေါင်းယှဉ်ရခြင်းသည်လည်း။ ဒုက္ခော၊ ဆင်းရဲ၏။
ယံ ပိစ္ဆံ၊ အကြင် ပဋိသန္ဓေနေရခြင်း စသော သဘောတရား ငါ့အား မဖြစ်ပါမူ ကောင်းလေစွ စသည် ဖြင့် တောင့်တခြင်းကို။ န လဘတိ၊ မရအပ်။ တမ္ပိ၊ ထို တောင့်တတိုင်း မရခြင်းသည်လည်း။ ဒုက္ခံ၊ ဆင်းရဲ၏။
သံခိတ္တေန၊ အကျဉ်းအားဖြင့်။ ပဉ္စ၊ ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာပိ၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်လည်း။ ဒုက္ခာ၊ ဆင်းရဲကုန်၏၊
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဆရာတော်ဦးဗုဓ်၏ ဘုရားအလိုတော်ကျ အနက်များသည် (ဝိနယပိဋကသာရတ္ထဒီပနီဋီကာ(၁၇၁-၁၇၅) မဟာခန္ဓက၊ ပဉ္စဝဂ္ဂယကထာ၊ ဓမ္မစက္ကပ္ပဝတ္တနသုတ် အဖွင့်တို့မှ ဖွင့်ဆိုထားချက်များနှင့် အညီ အနက်မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည် ဘုရား။
ဤနေရာတွင် ခေတ်လူငယ်များ မြင်သာအောင် အစစ်နှင့်အတု နှိုင်းယှဉ် ပြပါရစေ ဘုရား။
ဇာတိပိ - ငန်းငန်းတက် စွဲလမ်းခြင်း ဖြစ်၍လာခြင်းကြောင့်။ ဒုက္ခာ၊ ဆင်းရဲခြင်း အကျိုးတရား ဖြစ်ရချေ၏၊ (ဆရာစိန်) (အတု)
ဇာတိပိ - ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏၊ (ဆရာတော် ဦးဗုဓ်) (အစစ်)
ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
အဘိဓမ္မာဆရာစိန် ဆိုသူသည် သူ၏ အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာစာအုပ်၌ပင် “အယမေဝ သော အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ” ပါဠိကို လိင်ဝုစ်မမှန် သဒ္ဒါဟန်အနေမကျ အနက်ပေးထားသည်ကိုလည်း မူလ စောဒနာလွှာ၌ တင်ပြလျှောက်ထားခဲ့ပါသည် ဘုရား၊ “အရိယော၊ မြတ်သော။ အယ မေဝ မဂ္ဂေါ၊ ဤမဂ်သည်လျှင်။ အဋ္ဌင်္ဂီကော၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၏” ဟူသော အနက်သည် သဒ္ဒါမှန် ပုဒ်မှန် အနက်မှန် ဖြစ်ပါသည်၊ ခိုင်ခံ့သော ဘာသာစကား မှန်သမျှ စည်းကမ်းရှိပါသည်၊ ပါဠိ, သက္ကတ စသော ဘာသာစကားကြီးများသည် စည်းစနစ်ရှိသော ဘာသာများ ဖြစ်ပါသည်၊ ထို့ကြောင့် ပါဠိဘာသာကို သဒ္ဒါမမှန် ပေါက်တတ်ကရ လုပ်ပစ်ပါက အဓိပ္ပာယ်မှန် မရနိုင်တော့ပါ၊ စက်ဘီးစီးတတ်သူသည် လဲအောင် ဘယ်လိုလုပ်လုပ် မလဲပါ၊ ပါဠိတတ် ပညာရှင်များသည်လည်း မှားအောင် တမင်လုပ်တာတောင် မမှားပါ၊ ဦးဥက္ကဋ္ဌတို့ ဆရာစိန်တို့မှာကား ပါဠိသဒ္ဒါနှင့် ပါဠိစာပေကို ကောင်းစွာ မတတ်၍ စက်ဘီးမစီးတတ်သော သူကဲ့သို့ ဖြစ်နေပေသည်။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် အဘိဓမ္မာဆရာစိန်တို့၏ ဘုရားဟော ဓမ္မစကြာဒေသနာအပေါ် ဘုရားရှင်၏ အလိုတော်ကို ဆန့်ကျင်လျက် အနက်မြန်မာပြန်ဆိုထားကြပုံသည် တပည့်တော်များ လျှောက်ထားခဲ့သော ဘုရားရှင်၏ အလိုတော်ကျ ထေရဝါဒပိဋကတ်တော်များနှင့်အညီ ရှေးဆရာစဉ်ဆက် အနက်မြန်မာ ပြန်ဆိုထားကြသော ဓမ္မစကြာဒေသနာတော်များနှင့် လုံးဝဆန့်ကျင်နေသောကြောင့် ဓမ္မစကြာလက်သစ် အနက်ပေးပုံသည် အဓမ္မဝါဒများသာ ဖြစ်ကြောင်း လျှောက်ထားပါသည် ဘုရား၊ ထိုအဓမ္မဝါဒများကို လိုက်နာနေကြသော သူတို့သည်လည်း အဓမ္မဝါဒီများသာဖြစ်ကြောင်း အဆုံးအဖြတ် ပေးတော်မူပါရန် လျှောက်ထားပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၁၈)
၁၈။ အတ္တနောမတိ- မိမိထင်ရာပြောဆိုသည့် လက်ဖြစ်စကားများဖြင့် ဘုရားမဟောသည်ကို ဘုရားဟော ဖြစ်လေ ဟန် လိမ်ညာရေးသား ပြောဟောမှုနှင့်ပတ်သက်၍ ဝိသေသစောဒနာချက်ပါ ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ အတ္တနောမတိ= မိမိထင်ရာ ပြောဆိုသည့် လက်ဖြစ်စကားများဖြင့် ဘုရားမဟောသည်ကို ဘုရားဟောဖြစ်လေဟန် လိမ်ညာရေးသား ပြောဟောမှုနှင့် ပတ်သက်၍ “ဘုရားမဟောသည်ကို ဘုရားဟော လုပ်မှုသည်” ဘာသာသနာဖျက် အပြုအမူမျိုး ဖြစ်ကြောင်း သက်သေသာဓကများဖြင့် လျှောက်ထားပါရစေ ဘုရား။
၂။ ပိဋကသုံးသွယ် နိကာယ်ငါးဖြာ ဒေသနာတော်သည် သူလိုငါလို သာမန်ပုဂ္ဂိုလ်တစ်ယောက်က တွေးတောကြံစည်ပြီး ဟောထားသော ဒေသနာမဟုတ်၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီတော်များကို ဖြည့်ဆည်းပူးပြီးမှ သုံးလောကထွဋ်ထား ဘုရားအဖြစ်သို့ ရောက်ပြီးသော တရားအားလုံးကို အကုန်အစင် သိမြင်တော်မူသည့် ဘုရားရှင်က သဗ္ဗညုတရွှေဉာဏ်တော်ကြီးဖြင့် သိမြင်ပြီး ဟောကြားထားသော တရားဒေသနာတော်များ ဖြစ်ပါသည် ဘုရား၊ ထိုတရားဒေသနာတော်များမှာ ဖြည့်ဖွယ် စွက်ဖွယ် ပယ်ဖွယ် နုတ်ဖွယ် မရှိကြောင်းကို သီလက္ခန်ပါဠိတော် သာမညဖလသုတ်၌ ဤသို့ ဟောကြားထားပါသည် ဘုရား။
သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသောနကလျာဏံ၊ သာတ္ထံ သဗျဉ္စနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ (ဒီ၊၁၊၅၉။)
ဤပါဠိတော်ကို အောက်ပါအတိုင်း ရှင်းလင်း ဖော်ပြအပ်ပါသည် ဘုရား-
ကလျာဏဂုဏ်
ဗုဒ္ဓမြတ်စွာ ဒေသနာတော်များသည် ပထမပါဒဖြင့် အစ၌ ကောင်းခြင်း၊ ဒုတိယ, တတိယပါဒဖြင့် အလယ်၌ ကောင်းခြင်း၊ စတုတ္ထပါဒဖြင့် အဆုံး၌ ကောင်းခြင်းဂုဏ်။
နိဒါန်းဖြင့် အစ၌ ကောင်းခြင်း၊ အလယ်စကားရပ်ဖြင့် အလယ်၌ကောင်းခြင်း၊ နိဂုံးစကားရပ်ဖြင့် အဆုံး၌ ကောင်းခြင်း ဂုဏ်။
ပထမအနုသန္ဓေဖြင့် အစ၌ ကောင်းခြင်း၊ အလယ်အနုသန္ဓေဖြင့် အလယ်၌ကောင်းခြင်း၊ အဆုံးအနုသန္ဓေဖြင့် အဆုံး၌ ကောင်းခြင်း ဂုဏ်။
သီလသမာဓိဖြင့် အစ၌ ကောင်းခြင်း၊ ဝိပဿနာမဂ်တို့ဖြင့် အလယ်၌ကောင်းခြင်း၊ ဖိုလ်, နိဗ္ဗာန်တို့ဖြင့် အဆုံး၌ ကောင်းခြင်းဂုဏ်၊ ဤသို့ အစ, လယ် အဆုံး သုံးပါးလုံး ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသော ဒေသနာတော်များ ဖြစ်ကြပါသည် ဘုရား။
သတ္ထဂုဏ်
ဗုဒ္ဓမြတ်စွာ ဒေသနာတော်သည် မျက်မှောက်အကျိုး တမလွန်အကျိုး လောကီအကျိုး လောကုတ္တရာ အကျိုး နှင့် ပြည့်စုံပါ၏၊
သင်္ကာသန = အကျဉ်းအားဖြင့် ပြဆိုအပ်သော အနက်၊
ပကာသန = ရှေးဦးစွာ ပြဆိုအပ်သော အနက်၊
ဝိဝရဏ = အကျဉ်းကို အကျယ်ဖွင့်ဆိုအပ်သောအနက်၊
ဝိဘဇန = ပြဆိုအပ်ပြီးသည်ကို တဖန်ဝေဖန်အပ်သော အနက်၊
ဥတ္တာနီကရဏ = ဖွင့်ဆိုပြီးသည်ကို အထူးတလည် အကျယ်တဝင့် ဖွင့်ဆိုအပ်သော အနက်၊
ပညာပန = ဝေဖန်အပ်ပြီးကို (ပေါ်လွင်သည်ထက် ပေါ်လင်အောင်) ပြည့်ပြည့်စုံစုံ
သိစေအပ်သော အနက်။
ဤဆိုခဲ့ပြီးသော အကျိုးစီးပွား အနက်များနှင့် ပြည့်စုံကြွဝသော ဒေသနာတော် ဖြစ်ပါသည် ဘုရား။
သဗျဉ္ဇနဂုဏ်
ဗုဒ္ဓမြတ်စွာ ဒေသနာတော်သည်-
အက္ခရ = တစ်လုံး တစ်လုံးသော အက္ခရာ၊
ပဒ = ဝိဘတ်အဆုံးရှိသော နာမ်ပုဒ်၊ အာချာတ်ပုဒ်၊ ဥပသာရပုဒ်၊ နိပါတ်ပုဒ်၊
ဗျဉ္ဇန = အနက်အဓိပ္ပာယ်ကို ပြတတ်သော ဝါကျ၊
အာကာရ = ဝါကျကို များစွာသော အပြားတို့ဖြင့် ဝေဖန်မှု ပြုကြောင်း စကား၊
နိရုတ္တိ = အပြားအားဖြင့် ဝေဖန်ပြီးသည်ကို ထုတ်ဆောင်၍ အကျယ်ဆိုအပ်သော ဝိဂ္ဂဟ အကျဉ်းစကား။
နိဒ္ဒေသ = အကြွင်းအကျန်မရှိအောင် ညွှန်ပြအပ်သော ဝိဂ္ဂဟ အကျယ်စကား။
ဤဆိုခဲ့ပြီးသော သဒ္ဒါများနှင့် ပြည့်စုံကြွယ်ဝသော ဒေသနာတော် ဖြစ်ပါသည် ဘုရား။
ကေဝလပရိပုဏ္ဏဂုဏ် စသည်
ဗုဒ္ဓမြတ်စွာ ဒေသနာတော်သည်-
ထည့်သွင်းဖြည့်စွက်ဖွယ်ရာ မလိုအောင် ပြည့်စုံနေသည် ဖြစ်ပါ၍ ကေဝလ ပရိပုဏ္ဏဂုဏ်၊
အပြစ်မကင်းသဖြင့် တစ်စုံတစ်ရာ ထုတ်နုတ်ပယ်ဖျက်ရမည့် တရားမပါရှိ၍ အလွန်သန့်စင်သော ပရိသုဒ္ဓဂုဏ်၊
သီလ သမာဓိ ပညာ သိက္ခာသုံးအင် မြတ်သော တရားအစဉ်ကို ထင်မြင်အောင် ဖော်ပြနိုင်သည့် ဗြဟ္မစရိယ, ပကာသနဂုဏ်၊
ဤဂုဏ်တော်တို့နှင့် လောက်လုံပြည့်ဝ တင့်တယ်လှသော ဒေသနာတော် ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၃။ ဆိုခဲ့ပြီးသော ကျေးဇူးဂုဏ်တို့နှင့် ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာ ဒေသနာတော်သည်-
(၁) ပါဠိဝေါဟာရ စကားလုံး အသုံးအနှုန်း၏ နက်နဲခြင်း = ဓမ္မဂမ္ဘီရ၊
(၂) အနက်သဘော၏ နက်နဲခြင်း = အတ္ထဂမ္ဘီရ၊
(၃) ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်း = ဒေသနာဂမ္ဘီရ၊
(၄) ပါဠိအနက်တို့ကို ထိုးထွင်၍ သိနိုင်သော ဉာဏ်၏ နက်နဲခြင်း = ပဋိဝေဓဂမ္ဘီရ-
ဟူသော နက်နဲခြင်းလေးမျိုးတို့နှင့် ပြည့်စုံသော ဒေသနာတော် ဖြစ်ပါသည်၊ သို့ဖြစ်ရကား အစောက်လည်းနက်, အပြောလည်းကျယ်သော သမုဒ္ဒရာဝယ် ယုန်သူငယ်သည် ထောက်တည်ရာ မရသကဲ့သို့ ဖြည့်ကျင့် ဆည်းပူးအပ်သော ကုသိုလ် အဆောက်အဦး မရှိသူတို့ သက်ဝင်ကျက်စားရန် ခက်ခဲပြီး ထောက်မီရန်လည်း မလွယ်သော ဒေသနာတော် ဖြစ်ပါသည် ဘုရား။
ဤမျှလောက် အဖက်ဖက်က ဂုဏ်ပေါင်းစုံနေတဲ့ ဘုရားဟော ပါဠိတော်၌ မည်သူကမျှ မဟုတ်မဟတ် လုပ်ဇတ် ပါဠိကို ထည့်၍ ဘုရားဟော မလုပ်သင့်ပါ ဘုရား၊ လုပ်ခဲ့လျှင်လည်း ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက အရိဋ္ဌရဟန်း၏ လမ်းသို့သာ မြန်းရဖို့ရှိပါသည် ဘုရား။
အရိဋ္ဌ ရဟန်း
ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါ၌ အရိဋ္ဌမည်သော ဓမ္မကထိက ရဟန်းတစ်ပါး ရှိခဲ့ဖူးပါသည် ဘုရား၊ သူက အဘိဓမ္မာပိဋကနှင့် သုတ္တန်ပိဋကကို တတ်ကျွမ်းပြီး ဝိနည်းပိဋကကို နားမလည်ပါ၊ သို့ပါ၍ ဗုဒ္ဓမြတ်စွာ ဓမ္မဒေသနာ၌ အောက်ပါ လုပ်ပါဠိကို ထည့်လိုက်ပါသည် ဘုရား။
တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ။ ယထာ ယေ မေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ၊ တေ ပဋိသေဝတော နာလံ အန္တရာယာယ။ (မ၊၁၊၁၈၄။)
မေထုန ပဋိသေဝနတရားတို့ကို စျာန် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်၏ ဟု ဘုရားဟောထားသော်လည်း အကြင် နည်းလမ်းဖြင့် မှီဝဲသူအား အန္တရာယ်မဖြစ်နိုင်၊ ဘုရား ဟောထားသော စျာန် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သော မေထုနပဋိသေဝနတရားတို့သည် အန္တရာယ်မဖြစ်နိုင်သော နည်းလမ်းကို ငါသိထားသည်။
ရဟန်းတို့က မဟုတ်မှန်ကြောင်း ဘုရားရှင်က ဤသို့မဟောကြောင်း ရှင်းလင်းပြသော်လည်း လက်မခံ၊ မှန်မှန် မှားမှား ဆိုပြီးသားစကားကို မစွန့်နိုင်ဟု စွဲစွဲမြဲမြဲ ယူဆနေသည်၊ ဘုရားရှင်က ခေါ်ယူဆုံးမရာ၌-
အထ စ ပန တွံ မောဃပုရိသ အတ္တနာ ဒုဂ္ဂဟိတေန အမှေ စေဝ အဗ္ဘာစိက္ခသိ၊ အတ္တာနဉ္စ ခနသိ၊ ဗဟုဉ္စ အပုညံ ပသဝသိ။ တံ ဟိ တေ မောဃပုရိသ ဘဝိဿတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ။ (မ၊၁၊၁၈၅။)
(မူလပဏ္ဏာသပါဠိတော်၊ အလဂဒ္ဒူပမသုတ်)
မြန်မာပြန်
မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ထိုသို့ ဟောထားပါလျက် သင်သည်, မိမိသည် မကောင်းသော စွဲယူ ခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲဘိ၏၊ မိမိကိုယ်ကိုလည်း တူးဖြိုဖျက်ဆီးဘိ၏၊ အကုသိုလ်တရားတို့ကိုလည်း များစွာပွား စေဘိ၏၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား သင့်အား ထိုယုတ်ညံ့သော မိစ္ဆာအယူသည် ကာလရှည်မြင့်စွာ အစီး အပွားမဲ့ခြင်း, ဆင်းရဲခြင်းငှာ ဖြစ်လတ္တံ့။
ဤကဲ့သို့ မိန့်ဆိုပြီး ရဟန်းတို့အား အောက်ပါအတိုင်း မေးတော်မူ၏၊
“ရဟန်းတို့... ထိုအကြောင်းကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ လင်းတသတ်မျိုး၌ ဖြစ်ဖူးသော ဤအရိဋ္ဌ ရဟန်းသည် သာသနာတော်၌ ဉာဏ်အငွေ့အသက်မျှ ရှိသေးသလော” ဟု မေးတော်မူ၏၊
“မြတ်စွာဘုရား အဘယ်မှာ ရှိနိုင်ပါအံ့နည်း၊ မရှိနိုင်ပါ ဘုရား” ဟု ရဟန်းတို့က လျှောက်ထားကြကုန်၏၊
ထိုသို့ ဆုံးမသော်လည်း အရိဋ္ဌရဟန်းသည် မတုန်မလှုပ် ငုတ်တုတ်ထိုင်ကာ အယူမစွန့်ဘဲ ဇွတ်ပေနေပါသည် ဘုရား။
ထိုအခါ မြတ်စွာဘုရားက-
ပညာယိဿတိ ခေါ တွံ မောဃပုရိသ ဧတေန သကေန ပါပကေန ဒိဋ္ဌိဂတေန၊ (မ၊၁၊၁၈၅။)
မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား၊ သင်သည် မိမိ၏ ယုတ်ညံ့လှသော ဤအယူဖြင့် ငရဲ စသည်တို့၌ ထင်ရှားလတ္တံ့။
ဤသို့ မိန့်ဆိုတော်မူပြီး အရိဋ္ဌကို သံဃာ့ဂိုဏ်းမှ နှင်ထုတ်လိုက်ပြီး ရဟန်းကောင်းတို့အားလည်း အရိဋ္ဌရဟန်းကဲ့သို့ မပြုကြရန် အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသက အောက်ပါအတိုင်း သတိပေးပြန်ပါသည်။
အရိဋ္ဌေန ဝိယ န တုမှေဟိ မယှံ သာသနေ ကလလံ ဝါ ကစဝရံ ဝါ ပက္ခိပိတဗ္ဗံ။ (မ၊ဋ္ဌ၊၂၊၁၆။)
“ရဟန်းတို့ သင်တို့သည် အရိဋ္ဌရဟန်းကဲ့သို့ ငါ၏ သာသနာတော်၌ ရွှံ့ညွန်နှင့် အမှိုက်သရိုက်ကို မထည့်သွင်းရ” ဟု သတိပေးပါသည်။
ကဏ္ဍကသာမဏေ
ထိုသို့ သတိပေးနေသည့်အကြားမှ အရိဋ္ဌရဟန်း၏ သံယောင်နောက်လိုက် အရိဋ္ဌရဟန်း၏ မိစ္ဆာအယူကို အလံထူပေးမည့် ကဏ္ဍကသာမဏေဆိုတဲ့ ကိုရင်ကြီးတစ်ဦး ပေါ်လာပြန်ပါသည်၊ သူကလည်း မေထုနပဋိသေဝနအမှုသည် စျာန်မဂ်ဖိုလ်၏ အန္တရာယ်မပြုနိုင်ဟု ဆက်လက်ဟောပြန်သည်၊ သူ့ဝါဒကို လူကြိုက်လည်း များသည်၊ လူသေလူဖြစ်ကဲ့သို့ ဆန်းသစ်တဲ့ အဘိဓမ္မာပဲဆိုပြီး အသစ်အဆန်းကြိုက်သူတို့ ဝိုင်းဝိုင်းလည်နေကြသည်၊ ဒီအထဲ သာသနာတော်သမိုင်းမှာ တစ်လျှောက်လုံးရှုပ်လာသော ဆဗ္ဗဂ္ဂီကိုယ်တော်ကြီးတို့က ရှေ့ဆုံးမှ ပါဝင်နေသည်၊ ဒီကိုရင်ကို ကျွေးကြသည်၊ ပေးကြသည် အတူအိပ် အတူစား နေထိုင်ကာ မသူတော်ချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်မွေ့နေကြသည်၊ ကဏ္ဍက သာမဏေကို အယူမှန်အောင် ဟော၍လည်း မရ။
ထိုအကြောင်း ဘုရားရှင် သိသောအခါ ရဟန်းတို့ကို ခေါ်၍ အောက်ပါ အတိုင်း နှင်ထုတ်ခိုင်းလိုက်သည်။
အဇ္ဇတဂ္ဂေ တေ အာဝုသော ကဏ္ဍက န စေဝ သော ဘဂဝါ သတ္ထာ အပဒိသိတဗ္ဗော၊ ယံပိ စညေ သမဏုဒ္ဒေသာ လဘန္တိ ဘိက္ခူဟိ သဒ္ဓိံ ဒိရတ္တတိရတ္တံ သဟသေယျံ၊ သာပိ တေ နတ္ထိ၊ စရ ပိရေ ဝိနဿ။ (ဝိ၊၂၊၁၈၂။)
ဟေ့ မောင်ကဏ္ဍက သင်သည် ငါတို့ဆရာ ဘုရားမြတ်စွာကို ယနေ့ကစပြီး ဆရာလို့ မညွှန်ပြရ၊ အခြား ကိုရင်ကောင်းများလို အတူ နှစ်ညသုံးည အိပ်ခွင့်လည်း မရတော့၊ သူစိမ်းပြင်ပ ဟေ့ လူအ တော်ရာသွား၍ ပျက်စီးပါလေ။
ဤစကားကိုပြော၍ သာသနာတော်မှ သန့်ရှင်းရေးလုပ် ထုတ်ပစ်ရမည်ဟု ရဟန်းတို့ကို မိန့်တော်မူပါသည် ဘုရား။
အပေါင်းအသင်းလုပ်သော ဆဗ္ဗဂ္ဂီရဟန်းတို့ကိုလည်း ခေါ်၍ ကဲ့ရဲ့ရှုတ်ချပြီး နောင် အပေါင်းအသင်းလုပ်လျှင် ပါစိတ်အာပတ်သင့်စေဟု အာဏာတော်မှတ်၍ သိက္ခာပုဒ်ကိုပင် ပညတ်ခဲ့ရပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဗုဒ္ဓမြတ်စွာသည် မိမိ၏ သာသနာ၌ မဟုတ်မဟတ် လုပ်ဇတ်ပါဠိ မဟုတ်မတရား ဝါဒအမှား ထည့်သွင်းခြင်းကို ဤမျှပင် ပြင်းပြင်းထန်ထန် ကိုယ်တော်တိုင် အရေးယူခဲ့ပါသည် ဘုရား။
လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ တပည့်ကြီး သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် ပါဠိအနေအထားမမှန်၍ သဒ္ဒယုတ္တိလည်းမရှိ၊ အနက်အဓိပ္ပါယ်မမှန်၍ အတ္ထယုတ္တိလည်းမရှိသော-
“လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ” ဟူသော စကားကို ဘဒ္ဒေကရတ္တသုတ်၌ ဟောခဲ့သည်ဟုလည်းကောင်း သီလက္ခန်၌ ဟောခဲ့သည်ဟုလည်းကောင်း၊ သံယုတ်၌ ဟောခဲ့သည်ဟုလည်းကောင်း လိမ်လည်ရေးသား၍ အနက်ဖော်ရာမှာလည်း သူတို့ချင်းပင် မညီညွတ်ကြပါ ဘုရား၊ နိဒါနဝဂ္ဂသံယုတ်၊ ကစ္စာနဂေါတ္တသုတ်၌ ထိုသည့် လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ ဆိုတဲ့စကား မပါသည့်အပြင် အနက်အဓိပ္ပါယ်လည်း မပါပါ ဘုရား၊ ယင်း ကစ္စာနဂေါတ္တသုတ်လာ ပါဠိမှန် အနက်မှန်ကို တင်ပြ လျှောက်ထားပါမည် ဘုရား။
လောကသမုဒယံ ခေါ ကစ္စန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ နတ္ထိတာ၊ သာ န ဟောတိ။ လောကနိ ရောဓံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ အတ္ထိတာ၊ သာ န ဟောတိ။
မြန်မာပြန်
ကစ္စနသင်္ခါရလောက၏ ဖြစ်ကြောင်းဖြစ်ရာ (အနုလောမ ပဋိစ္စသမုပ္ပါဒ်) ကို မှန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ မြင်သောသူ၏ (သန္တာန်၌) လောက၌ မရှိသည်၏အဖြစ်, ပြတ်သည်၏ အဖြစ်ဟူသော ဥစ္ဆေဒ အယူမဖြစ်၊ ကစ္စာန သင်္ခါရလောက၏ ချုပ်ခြင်း ချုပ်ရာ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ကို မှန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ မြင်သောသူ၏ (သန္တာန်၌) လောက၌ ရှိသည်၏အဖြစ် မြဲသည်၏အဖြစ် ဟူသော သဿတ အယူ မဖြစ်။
ဤစကားရပ်များမှာ ကစ္စာနဂေါတ္တသုတ် မြန်မာပြန် အမှန် ဖြစ်ပါသည် ဘုရား၊ အမှန်ကို အမှန်အတိုင်း ထုတ်ပြလိုက်သဖြင့် အမှားကိုလည်း အမှားဟု သိသာခြားနား ကွဲပြားစွာ မြင်တွေ့ရပါသည် ဘုရား။
ဘုရား မဟောသည်ကို ဘုရားဟောဟု လိမ်ရဲ ညာရဲခြင်းနှင့် ပတ်သက်၍-
ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော။
ဝိတိဏ္ဏပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။
လိမ်ညာရဲပြီး တမလွန်ဘဝကို ပယ်ရှားသူသည် မပြုရဲသော အကုသိုလ် ဒုစရိုက် ဟူ၍ မရှိ၊ လိမ်ရဲသူသည် ဘာမဆို လုပ်ရဲသည် ဟူသော ဓမ္မပဒပါဠိတော်လာ စကားနှင့်အညီ ရတနာသုံးပါးကိုလည်း စော်ကားရဲကြပါသည် ဘုရား။
ထို့ကြောင့် ဘုရားမဟောသည်ကို အဟောလုပ်ပြီး အပြောရှုပ်သည်ကို သဘောဟုတ် ပေါ်လွင်အောင် ဓမ္မက္ခန်နှင့်ညှိ၍ ဆုံးဖြတ်ပေးတော်မူကြပါ ဘုရား။
ဝိသေသစောဒနာ အမှတ် (၁၉)
၁၉။ ဗုဒ္ဓ၏ဖြစ်တော်စဉ် ဗုဒ္ဓဝင်များကို မထေမဲ့မြင်ပြု၍ ပြောင်လှောင်ပြက်ချော် သရော်စော်ကား ရေးသားခြင်းနှင့် ပတ်သက်သည့် ဝိသေသစောဒနာချက်ပါ ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
သာမညစောဒနာအမှတ် ၁၉-တွင် စုဒိတကတို့၏ စာအုပ်စာတမ်း စသည်တို့မှ ကောက်နုတ် ဖော်ပြထားသော စာပိုဒ်အမှတ် (က) မှ (န) အထိ စကားရပ်များသည် ဗုဒ္ဓဘုရားသခင်အား မရိုမသေ ဂါရဝကင်းမဲ့စွာ ပြောင်လှောင်ပြက်ချော် သရော်စော်ကား ရေးသားထားသော စကားများဖြစ်၍ ထိုစကားရပ်များသည် အင်္ဂုတ္တရနိကာယ်၊ ပဉ္စမပဏ္ဏာသက၊ ကိမိလဝဂ် ကိမိလသုတ် ဒေသနာတော်အရ အဂါရဝ ၅-မျိုးတွင် အကျုံးဝင်နေပါသည် ဘုရား၊ သူတော်ကောင်းတရား ပျက်စီးအောင် (အရှည်ခိုင်ခံ့ မတည်တံ့အောင်) ဖျက်ဆီးရာ ရောက်နေပါသည် ဘုရား။
အဂါရဝ ၅-မျိုး ဆိုသည်မှာ-
၁။ ဘုရား၌ မရိုသေခြင်း၊
၂။ တရား၌ မရိုသေခြင်း၊
၃။ သံဃာ၌ မရိုသေခြင်း၊
၄။ သိက္ခာ၌ မရိုသေခြင်း၊
၅။ အချင်းချင်း၌ မရိုသေခြင်း-
ဤငါးမျိုး ဖြစ်ပါသည် ဘုရား၊ ဤအဂါရဝ ၅-မျိုးကြောင့် ဘုရားသခင် ပရိနိဗ္ဗာန်စံလွန်ပြီးနောက် သူတော် ကောင်းတရားများ ပျက်စီးရခြင်း ဖြစ်ပါသည် ဘုရား၊ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး ပျက်စီးရခြင်းမှာလည်း အဂါရဝ ၅-မျိုး ထွန်းကားအောင် လုပ်ဆောင်နေခြင်းပင် အရင်းခံ ဖြစ်ပါသည် ဘုရား။
အဂါရဝ ၅-ပါး ပါဠိတော်
ကော နု ခေါ ဘန္တေ ဟေတု ကော ပစ္စယော ယေန တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော န စိရဋ္ဌိတိကော ဟောတီတိ။
(၁) ဣဓ ကိမိလ တထာဂတေ ပရိနိဗ္ဗုတေ ဘိက္ခု ဘိက္ခုနိယော ဥပါသကာ ဥပါသိကာယော သတ္ထရိ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ။
(၂) ဓမ္မေ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ၊
(၃) သံဃေ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ၊
(၄) သိက္ခာယ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ၊
(၅) အညမညံ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ၊
အယံ ခေါ ကိမိလ ဟေတု အယံ ပစ္စယော ယေန ထထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော န စိရဋ္ဌိတိတော ဟောတီတိ။ (အံ၊၂၊၂၁၆။) (ပဉ္စင်္ဂုတ္တရပါဠိတော်၊ ကိမိလသုတ်)
အဂါရဝ ၅-ပါး မြန်မာပြန်
“အရှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာ မတည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်၏၊
ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် ဤသာသနာတော်၌ ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့သည်-
(၁) မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏၊
(၂) တရား၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏၊
(၃) သံဃာ၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏၊
(၄) သီလသိက္ခာ၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏၊
(၅) အချင်းချင်း ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏၊
ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာ မတည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ (အင် မြန်၊၂၊၂၁၇။)
ဤနေရာတွင် ယင်းတို့၏ ဝေဖန်ချက်သည် တရားလမ်းကြောင်းမကျကြောင်းကို သာမညစောဒနာ (ပထမစောဒနာ)၌ ပါသော ကောက်နုတ်ချက် အစဉ်လိုက် အနည်းငယ်စီ ဖော်ပြပါမည် ဘုရား။
(က) အလောင်းတော်နတ်သားအား စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က ဘုရားဖြစ်ရန် တောင်းပန်ရသည်မှာ လောက၏ ထုံးတမ်းစဉ်လာအရ ကိစ္စအတိုင်းအတာကြီးလျှင် ကြီးသည့်အလျောက် ပတ်ဝန်းကျင်က တိုက်တွန်းတောင်းပန်ကြခြင်းသည် ဓမ္မတာပင် ဖြစ်သည်၊ ဗုဒ္ဓဝင် မူရင်းစကား၌ စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့က အသင် ဘုရားဖြစ်မည်ဟု လာပြောသည် မဟုတ်ပါ၊ ဘုရားဖြစ်ရန် လူ့ပြည်သို့ဆင်းပြီး သန္ဓေယူပါဟု တောင်းပန်ခြင်း ဖြစ်ပါသည်၊ ဝေဖန်သူက အလောင်းတော်က မသိ၊ နတ်ဗြဟ္မာတို့က ကြိုတင်သိနှင့်သည်ဟု ဝေဖန်ခြင်းမှာ ဗုဒ္ဓဝင်စာသားကို နားလည်အောင် မဖတ်နိုင်၍ ဖြစ်ပါလိမ့်မည်။
(ခ) လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်ရန် တောင်းပန်ခြင်းသည် ကိုယ့်ကိုယ်ကို သတ်သေဖို့ တောင်းပန်ခြင်းဖြစ်ကြောင်း ဝေဖန်ချက်မှာလည်း ဗုဒ္ဓဝင်ကိုကျကျနန ဖတ်ဖူးသူများအဖို့ ရယ်စရာပြက်လုံးမျှသာ ဖြစ်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် အလောင်းတော်နတ်သားသည် သူ့ပါရမီအရ သူ့အချိန်အခါ ကျရောက်၍သာ သေတကေတုနတ်သားဘဝမှ စုတေ၍ မယ်တော်မာယာဝမ်း၌ သန္ဓေယူခြင်း ဖြစ်ပါသည်၊ ဤဝေဖန်ချက်သည် ဝေဖန်သူ၌ မှန်ကန်သော သဘောထား မရှိကြောင်း ပေါ်လွင်စေပါသည်။
(ဂ) မယ်တော်မာယာ အိပ်မက်ခန်း၌ ဆင်ဖြူတော် အိပ်မက်ပေးသည်ကိုလည်း အဟိတ်တိရစ္ဆာန်ကြီး ပေးရမလားဟု ဝေဖန်ပြန်သည်၊ အကယ်၍ ဝေဖန်စာ၌ပါသည့်အတိုင်း နတ်သားလှလှလေးကို အိပ်မက်ပေးပါက ဝေဖန်သူတို့က မယ်တော်မာယာသည် နတ်သားနှင့် အိပ်မက်ထဲမှာ ဖောက်ပြန်သည်ဟု ဝေဖန်ကြမည်သာ ဖြစ်ပါသည်၊ အကောင်းမမြင်ချင်သူတို့သည် အဘက်ဘက်က အပြစ်ရှာမည်သာ ဖြစ်ပါသည်။
(ဃ) သဂါထာဝဂ္ဂသံယုတ်လာ နတ်သုတ်တွေက ဗုဒ္ဓရှင်တော်အား အစော်ကားဆုံးဟု ဝေဖန်စွပ်စွဲချက်ကို ပိဋကတ်တတ် ပညာရှိသူတော်ကောင်းတို့က ပြုံးတော်မူကြပါသည်။
(င) နတ်၏တရားကို ဘုရားရှင်က လိုက်နာရလေဟန် ဤအမှတ်ပြဝေဖန်ချက်သည်လည်း မဟုတ်ပါ၊ စင်စစ် နတ်ကို အြုငိးကြီးလှစွာဖြင့် အပြစ်ရှာနေခြင်းသာ ဖြစ်ပါသည်။
(စ) တာဝတိံသာမှာ အဘိဓမ္မာတရားဟောသော မြတ်စွာဘုရားအား မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားက တစ်ကြိမ်မျှ ဆွမ်းမကျွေးရကောင်းလားဟု ဝေဖန်ထားပါသည်၊ ဤဝေဖန်ချက်ကား မဆိုးလှပါ၊ တာဝတိံသာမှာ ဘုရားရှင် အဘိဓမ္မာဟောသည်ကို သွယ်ဝိုက်လက်ခံရာ ရောက်ပါသည်။
(ဆ) ဤအမှတ်ပြစကားရပ်၌ မြတ်စွာဘုရား အဘိဓမ္မာတရား တာဝတိံသာမှာ ဟောတော်မူစဉ် နေ့တိုင်း မြောက်ကျွန်းသို့ကြွပြီး ဆွမ်းခံ၍ ဆွမ်းဘုဉ်းပေးနေရသည်ကို ကြည့်နေနိုင်ရက်ရန်ကောဟု မယ်တော်မိနတ်သားအား သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများက ရန်တွေ့ထားပါသည်၊ သူတို့သာဆိုလျှင် ဒီလိုကြည့်မနေရက်ပါဘူးဟု ဆိုရာရောက်သဖြင့် ဘယ်ဆိုးလို့တုန်းဟု မှတ်ချက်ပြုလိုပါသည် ဘုရား။
(ဇ) ဦးရွှေပြည့်ကလည်း ယခုအခါမှာ အရိမေတ္တေယျဘုရားအလောင်းနှင့် ပတ်သက်၍ အံ့ဖွယ်သရဲ ထူးကဲသောဖြစ်ရပ်များကို မတွေ့ရ၍ မချင့်မရဲဖြစ်နေကြောင်း သိရပါသည်၊ မတွေ့ဟုဆိုသည်မှာ တိုတောင်းလှတဲ့ လူ့ဘဝကာလလေးအတွင်း၌ ဦးရွှေပြည့် မတွေ့တာလား၊ ယနေ့ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးခြား ဘာသာခြားတွေက မတွေ့တာလား၊ အံ့ဖွယ်သရဲကို တွေ့ရရင်လည်း ဒါဘုရားအလောင်းကြောင့်ပဲဟု ဘယ်သူ သိနိုင်သလဲ၊ ၅၅၀- ဇာတ်နိပါတ်တော်များကို ဒဏ္ဍာရီတွေပဲဟု စွဲလမ်းမှတ်ထင်နေတဲ့ ဥပါဒါန်ကလေးကိုဖြုတ်ပြီး စဉ်းစားလျှင် အမြင်မှန် ပြန်ရပါလိမ့်မည် ဘုရား။
(စျ) ညောင်ပင်တစ်ပင်မှာ အမည်မသိသူတစ်ဦးက မယ်တော်မာယာအား အလောင်းတော်သိဒ္ဓတ္ထ သန္ဓေရအောင် ပေးလိုက်ကြောင်း ဗုဒ္ဓဝင်ကဆိုသတဲ့၊ ထေရဝါဒ ဗုဒ္ဓဝင် အစောင်စောင်မှာ ဒီလိုမပါပါဘုရား။
(ည) အလောင်းတော်နတ်သားသည် နတ်ဗြဟ္မာတို့၏ တောင်းပန်ချက်အရ မယ်တော်မာယာဝမ်း၌ သန္ဓေယူခဲ့သည် ဆိုသည့်အတွက် ဖခင်သုဒ္ဓေါဒနသည် ဖခင်ရင်းမဟုတ်ဟု ရွှေအဘိဓမ္မာက ဆိုပါသည်၊ ဒါ့ကြောင့်လဲ ရွှေအဘိဓမ္မာဟု အမြတ်တနိုး နာမည်ပေးကြသည် ထင်ပါ၏ ဘုရား။
(ဋ) ဘုရားအလောင်း ဖွားမြင်တုန်းက အကျိုးအကန်းတွေ ကောင်းသည်၊ နတ်ပြည်ငရဲပြည် မြင်ရသည်ဆိုတာကို ကမ္ဘာ့သမိုင်းမှာ မပါ၍တဲ့၊ ရွှေအဘိဓမ္မာက မကျေနပ်၊ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀-က တကယ့်အဖြစ်အပျက်ကို မှတ်တမ်းမတင်နိုင်တဲ့ ကမ္ဘာ့သမိုင်းဆရာများကို ရွှေအဘိဓမ္မာဆရာတို့က ဆက်လက် အရေးယူကြရန် တိုက်တွန်းပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဤစောဒနာအမှတ် ၁၉-တွင် ဖော်ပြထားသော (က)မှ (ဋ)အထိ စကားရပ်များသည် ဘာသာရေးပြက်လုံးများပင် ဖြစ်ကြသော်လည်း ဗုဒ္ဓနှင့်ဗုဒ္ဓဝံသကို ပြောင်လှောင်ပြက်ချော် သရော်စော်ကား၍ ဂါရဝကင်းမဲ့စွာ ပြုမူထားသောကြောင့် မသိနားမလည်ရှာသူများအနေဖြင့် အထင်အမြင် လွဲမှားပြီး သွားနိုင်ပါသဖြင့် ဘုရားဖျက်, တရားဖျက်, သံဃာဖျက်, အချင်းချင်း ဖျက်ဆီးသော စကားရပ်များသာ ဖြစ်နေပါသောကြောင့် ဓမ္မလမ်းကြောင်း မစောင်းရအောင် တည့်မတ်ပေးတော်မူပါမည့်အကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။
ဝိသေသစောဒနာ အမှတ် (၂၀)
၂၀။ ထေရဝါဒလာ သံဂါယနာ (၆)တန်ကို ပေါ့ပျက်သေးသိမ်အောင် ဟောပြောဆွေးနွေး ရေးသားထိုးနှက်လျက် သာသနာဖျက်လုပ်ရပ်များကို လုပ်ကိုင်နေကြမှုနှင့် ပတ်သက်၍ ဝိသေသစောဒနာချက်ပါ ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရားတော်များ ဘုရား-
၁။ သံဂါယနာ (၆)တန် တင်တော်မူလာခဲ့ကြတဲ့ ရှင်မဟာကဿပ အစရှိသော ဘုရားသားတော် ထေရ်မြတ်ကြီးများသည် ဗုဒ္ဓမြတ်စွာ ၄၅-ဝါ ကာလကြာအောင် ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့သော စကားတော်ဒေသနာ အနှစ်များကို မပေါ့ပျက် မသေးသိမ် မတည်ငြိမ် မချောက်ချား ဖောက်ပြား ရွေ့လျော၍ မသွားရလေအောင် တစ်ပွင့်စီ ကြွေလင်နေသော ပန်းများကို စီကာ စဉ်ကာ ကုံးသီထားသကဲ့သို့ စုစည်းကုံးသီ အစီအစဉ်ကျအောင် ကဏ္ဍခြား ပိုင်းကာရွတ်ဆို ထားတော်မူခဲ့ကြပါသည် ဘုရား။
၂။ ပထမသံဂါယနာသမိုင်းကို နောက်ကြောင်းပြန်၍ကြည့်လျှင် ခေါင်းဆောင်သံဃထေရ် ဖြစ်တော်မူသော ရှင်မဟာကဿပထေရ်သည် သုဘဒ္ဒရဟန်းကြီး၏ ထိတ်လန့်ဖွယ်ကောင်းသော ဝိနည်းတရားတော်ကို ရှုတ်ချကဲ့ရဲ့သည့် စကားကိုကြားရ၍ “ဝိနည်းကျင့်ဝတ်သည် သာသနာတော်၏ ရေသောက်မြစ် ဖြစ်သည်၊ ရေသောက်မြစ် ပုပ်ဆွေးလျှင် သာသနာတော်ပင်မ သွေ့ခြောက် ပျက်စီးတော့မည်” ဟု မြင်တော်မူသောကြောင့် ဆန္ဒဝီရိယကြီးမားလှစွာဖြင့် သံဃာ ၅၀၀-လက်ရွေးစင် ရွေးကောက်တော်မူကာ သံဂါယနာတင်ပွဲကြီးကို ကျင်းပတော်မူခဲ့ပါသည်၊ ယင်းသို့ သံဂါယနာတင်ခြင်း၏အကျိုးမှာ လွန်စွာ ကြီးမားလှပါသည်၊ ကိလေသာဘေးရန်တို့မှ ကင်းငြိမ်းပြီး၍ စျာန်ချမ်းသာ ဖိုလ်ချမ်းသာဖြင့် အေးအေး လူလူ နေတော်မူ၍ သာသနာတော် သက်ရှည်ရေးအတွက် ဗျာပါရကင်းမဲ့နေသော ရဟန္တာကြီးများကို ကြောင့်ကြတစ်ခုပြုကာ သာသနာတည်မြဲရေးအတွက် တာဝန်ယူစေနိုင်ခဲ့ပါသည် ဘုရား။
၃။ ပထမသံဂါယနာ တင်ပြီးသည့်နောက် တာဝန်အသီးသီး ပေးထားတော်မူခဲ့သည့်အလျောက် ရှင်ဥပါလိသည် ဝိနည်းကို တာဝန်ယူကာ ဖြန့်ဖြူးခဲ့ရပါသည်၊ ရှင်အာနန္ဒာက ဒီဃနိကာယ်ကို တပည့်စဉ်ဆက် ဆောင်ရွက်ခဲ့ရပါသည်၊ ရှင်သာရိပုတ္တရာ၏ တပည့်ဖြစ်သော ထေရ်ကြီးများသည် မဇ္ဈိမနိကာယ်ကို သင်ယူပို့ချ ဖြန့်ဖြူးသောအားဖြင့် တာဝန်ယူစောင့်ရှောက်တော်မူခဲ့ရပါသည်၊ ရှင်မဟာကဿပသည် သံယုတ္တနိကာယ်ကို မတိမ်ကော မပျောက်ပျက်အောင် တပည့်စဉ်ဆက် ဆောင်ရွက်ခဲ့ရပါသည်၊ ရှင်အနုရုဒ္ဓါကား အင်္ဂုတ္တရနိကာယ်ကို အနက်အဓိပ္ပါယ် ပျောက်ကွယ်ဖောက်ပြား အမှားအယွင်း မရှိရလေအောင် ကြပ်မကွပ်ကဲ အမြဲ ရွတ်အံသရဇ္ဈာယ်ခြင်း, ပို့ချခြင်း, ဆွေးနွေးမေးမြန်းခြင်းများ ပြုခဲ့ရပါသည်၊ ထို့ကြောင့်ပင် ထိုသို့ ပထမသံဂါယနာပွဲက စေ့ဆော် ဖန်ပြုစီစဉ်ခဲ့မှုကြောင့် ယခု တပည့်တော်များခေတ်သို့ရောက်အောင် ထေရဝါဒနိုင်ငံများတွင် ထေရဝါဒ ပိဋကတ်တော်များ မပျောက်မပျက် တည်ရှိခဲ့ခြင်း ဖြစ်ပါသည် ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၄။ ဒုတိယနှင့် တတိယသံဂါယနာပွဲများမှာလည်း ဝိနည်းကြောင်းနှင့် ဓမ္မရေးရာများ၌ ယိမ်းယိုင်ဖောက်ပြား ချောက်ချားမည့် အန္တရာယ်ကို မြင်တော်မူကြ၍ ကျရောက်လာသော ဘေးရန်မှလည်း ကင်းစေ၊ နောင် အနာဂတ်အတွက်လည်း ဒိဋ္ဌာနုဂတိရ၍ သာသနာ့ဝန်ထမ်း ရဟန်းတော်များ ကြောင့်ကြမဲ့ မနေ သာသနာ့အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ကြစေ ဟူသော မြော်ခေါ်ချက်ဖြင့် ရှင်မဟာယသထေရ် ရှင်မောဂ္ဂလိပုတ္တတိဿထေရ်တို့သည် ပဋိဝေဓဂုဏ်လည်း ရှိ, ဗဟုသုတဂုဏ်လည်း ပြည့်တော်မူကြသော (၇၀၀-၁၀၀၀) အသီးသီးရှိသော သံဃာတော်များကို ရွေးကောက်၍ ဒုတိယအကြိမ်နှင့် တတိယအကြိမ် သံဂါယနာတင်တော်မူခဲ့ကြပါသည် ဘုရား။
၅။ ဒုတိယသံဂါယနာတင်ပွဲကြီး၏ အရှိန်အဝါကြောင့် ဝိနည်းရေးရာ၌ အလေးအနက်မထား ပေါ့လျော့စွာ နေထိုင်ကျင့်ကြံလိုကြသော သူများသည် တစ်ဂိုဏ်းခွဲ တစ်စင်ထောင်၍ ဂိုဏ်းသီးခြား ပြုသွားကြပါသည်၊ အရေအတွက် ပို၍များသော သံဃာအစုအဝေးဖြင့် သီးခြားသံဂါယနာ တင်ကြပါသည်၊ ယင်းကို မဟာသင်္ဂီတိဂုဏ်းဟု သမိုင်းတွင်စေခဲ့ပါသည်၊ နည်းသည် များသည် ပဓာနမဟုတ်၊ သန့်ရှင်းခြင်းသည်၊ ကောင်းသည် ဖြူစင်ခြင်းသည် မွန်မြတ်သည် အညစ်အကြေးကင်းသော ဗုဒ္ဓသာသနာကို အစွန်းအထင်း မရှိအောင် ငါတို့ ထိန်းကြမည်ဟု ထေရ်ကြီးများသည် ဆုံးဖြတ်တော်မူခဲ့ကြသည်၊ ဗစာင့်ရှောက်တော် မူခဲ့ကြသည်၊ ထို့ကြောင့်ပင် ထေရဝါဒဂုဏ်းဟူ၍ ထိုစဉ်ကစ၍ တွင်ခဲ့ခြင်း ဖြစ်ပါသည် ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၆။ တတိယသံဂါယနာ၏ ဂုဏ်ကျေးဇူးသည်လည်း အလွန် ထူးခြားလှပါသည် ဘုရား၊ မိစ္ဆာဝါဒ မြူအညစ်တို့ကို ဖြူသစ်အောင် ဆေးကြောပြီး၍ လောကဓာတ်အနှံ့ ဗုဒ္ဓသာသနာ ဖြန့်ဝေရန် ကိုးတိုင်းကိုးဌာနသို့ သာသနာပြု စေလွတ်နိုင်ခဲ့ခြင်းမှာ တတိယသံဂါယနာ၏ အကျိုးဆက် ဖြစ်ပါသည်၊ ယင်းဓမ္မဒူတ လုပ်ငန်းကြီး၏ မှန်ကန်မှု ထက်မြက်မှုကြောင့် ထေရဝါဒနိုင်ငံများဟု ယခုခေတ်တွင် ထင်ရှားကျော်ကြား၍နေသော မြန်မာ ယိုးဒယား ကမ္ဘောဒီးယား သီဟိုဠ် လာအို စသော ဒေသများတွင် တိပိဋက ဗုဒ္ဓအဆုံးအမများသည် ပျက်ပြားတိမ်ကော၍မသွားဘဲ သာသနာနှစ် ၂၅၂၅ ကျော်သည်အထိ ခိုင်ခိုင်ခံ့ခံ့တည်တံ့နေခဲ့ခြင်း ဖြစ်ပါသည်ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၇။ သို့စဉ်လျက် ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့က ဒုတိယ တတိယသံဂါယနာများသည် ဟိန္ဒူဗြာဟ္မဏဝါဒတိုနှင့် ရောနှောစက်ယှက် အနက် အဓိပ္ပါယ်မမှန် ဖောက်ပြန်နေသည်၊ မဖြူမဖွေး ညစ်ထေးနေသည်ဟု မဟုတ်မတရား စွပ်စွဲကြပါသည်၊ ဤသံဂါယနာများသည် မူလကပင် မယူမစင် အမြင်လွဲမှားမှုတို့ အနည်းငယ်မျှ ရောနှောဝင်စွက် သိရ်မပျက်ရအောင် ဆက်လက်ထိန်းသိမ်းခဲ့ခြင်းကြောင့် သူတို့ ဆိုသလို မဟုတ်၊ အလွန်တောက်ပြောင်ထိန်ဝင်း အသရေ လင်းခဲ့ပါပေသည်ဘုရား။
၈။ စတုတ္ထသံဂါယနာသမိုင်းကို ကြည့်ပြန်ပါလျှင်လည်း မဟာဝိဟာရဝါသီဂိုဏ်းဝင် အရှင်မြတ်တို့သည် အိန္ဒိယမှ ကူးစက်ရွေ့လျား ဖောက်ပြားလာသော ဓမ္မရုစိဂိုဏ်း ဝေတုလျဂိုဏ်း အယူအဆ သမယန္တများ မရောမစွက်ရအောင် အခက်အခဲ အမျိုးမျိုးကြားထဲမှာ စောင့်ရှောက်ကာကွယ် ထိန်းသိမ်းနိုင်ကြကြောင်း တွေ့ရမည်ဖြစ်ပါသည်၊ ယင်းသို့ ဖြူစင်သန့်ရှင်းနေပါလျက် ဘာကိုထုတ်၍ ဘာကို နုတ်ရမည်ဟု အချည်းနှီး မြည်တမ်းနေခြင်းသည် အဖျက်သဘောသက်သက်သာ ဖြစ်ပါသည်ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၉။ ပေထက်အက္ခရာ တင်လိုက်တဲ့အတွက် သီဟိုဠ်သာသနာ အရှည်တည်တံ့ခိုင်ခံ့၍သွားသလို ပဉ္စမသံဂါယနာ တင်လိုက်တဲ့အတွက် မြန်မာနိုင်ငံသာသနာတော်သည်လည်း ကမ္ဘာက အသိအမှတ်ပြုခြင်း ခံရလောက်အောင် သန့်လည်းသန့် ခန့်လည်းခန့်ပါပေသည်၊ အနှစ်တရာအတွင်း သင်္ခါရစက်ကွင်းက မလွတ်ကင်းနိုင်သောကြောင့် ဒုတိယကမ္ဘာစစ်ကြီးတွင် ကျောက်ထက်အက္ခရာတင်ခဲ့ပြီးသော ပိဋကတ်စာမူများသည် အချို့ပြိုလဲ ပျက်ကွဲခဲ့ရပါသည်၊ အစောင့်အရှောက် ကင်းမဲ့သည့်အလျောက် ကာလကြာလျှင် ထိုထက်ပင် ပျက်စီးရတော့မည့်ဘေးကို မြင်ကြ၍ မြန်မာနိုင်ငံတွင် ပြည်သူနှင့်အစိုးရ၊ သံဃာတော်များနှင့်တကွ တိုင်ပင်ညှိနှိုင်းကြပြီး ထေရဝါဒနိုင်ငံများမှ အကူအညီ အကြံဉာဏ်များရယူကာ ၆-ကြိမ်မြောက် သံဂါယနာတင်ခဲ့ကြပါသည်ဘုရား။
၁၀။ မူအစောင်စောင်နှင့် ညှိနှိုင်း အထပ်ထပ်သုတ်သင် အကြိမ်ကြိမ် ပြင်ဆင်၍ ပီပီပြင်ပြင်တင်ခဲ့သော ဆဋ္ဌသံဂါယနာကို အနိုင်နိုင်ငံက အသိအမှတ်ပြုကြသဖြင့် ဆဋ္ဌမူပိဋက စာပေတို့သည် ကမ္ဘာ့နိုင်ငံကြီးများ၏ စာကြည့်တိုက်ကြီးတိုင်းတွင် ခန့်ခန့်ညားညား ကြွားကြွားဝင့်ဝင့် ရှိနေရုံမျှမက ကမ္ဘာ့ပညာရှင် သိုက်ဆရာတို့၏ ပညာသိုက်တူးဖော်ရာ ဌာနကြီးများဖြစ်လျက်ရှိနေကြပါသည်။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁၁။ သံဂါယနာ (၆)တန်တင်ခဲ့သည့်ဘာသာစကားနှင့် ပတ်သက်၍သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ တင်ပြသလို ပါဠိနှင့်တင်သည်မဟုတ်၊ ပါဠိလည်းမပေါ်သေး ဟူသော အဆိုမှာရယ်ဖွယ်သက်သက်သာ ဖြစ်ပါသည်၊ နားမလည်သောကြောင့် အမှားမှားအယွင်းယွင်း ရေးသားပြောဆိုကြသည်မှာ သနားဖွယ်ပင်ဖြစ်ပါသည်။ အမှန်မှာ ယခုအခါ ပြာကရိတ်ဟု ထင်ရှားသော ဘာသာစကားကြီး၏ အကိုင်းအခက် (၆)မျိုး အနက် မာဂဓီခေါ်သော သာသာစကားရပ်သည်ပင်း ဒေသန္တရကူးပြောင်း လူအမျိုးမျိုးတို့ သုံးစွဲပြောဆိုရာမှ ဘုရားရှင်၏ စကားတော်အစဉ်ဟူသော အနက်အဓိပ္ပါယ်ကိုရည်ညွှန်းကား (text) ကို ပါဠိတော်၊ (text language) ကိုပါဠိဘာသာစကားဟို ဝေါဟာရ ကူးပြောင်းလာခြင်းမှ ဖြစ်ပါသည်ဘုရား။
သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁၂။ ယခုလျှောက်ထားခဲ့သော စကားအစဉ်ဖြင့် သံဂါယနာ (၆)တန်တင်ခဲ့သော ပိဋကတ်သည် ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တစ်ယူသန်များ ပြောဆိုဖြန့်ဝေကြသလို ဟိန္ဒူဗြာဟ္မဏဝါဒလမ်းစဉ်၊ မနှော စင်းလုံးချောသော ပိဋကတ်များ ဖြစ်ပါသည်၊ ဝိမုတ္တိစခန်းသို့ ဖြောင့်တန်းစွာ ပို့တတ်သော လမ်းစဉ်မှန်များလည်းဖြစ်ပါသည်၊ မိစ္ဆာအယူရှိသောခေါင်းဆောင် ရှေ့ကသွားသဖြင့် နောက်လိုက်ဖြစ်သော ရဟန်းရှင်လူတို့လည်း သနားစဖွယ် မိစ္ဆာအယူမှားနောက်သို့ လိုက်ကြရှာပါသည်၊ သူတို့ကိုယ်တိုင်က ဆရာစွဲ ဥပါဒါန်ကြီးရှာသောကြောင့် အစွဲမရှိသော အနုပါဒါနပိဋကတ်ကိုပင် အစွဲနှင့် ပြည့်နှက်နေဟန် လုပ်ကြံ ပြောဆိုကြခြင်းသာ ဖြစ်ပါသည်၊ သို့ဖြစ်ပါ၍ ထို အစွဲရှင်များကို အစွဲပြုတ်အောင် ဖြုတ်ပယ်ရှင်းလင်းပေးတော်မူကြပါရန် လျှောက်ထားအပ်ပါသည်ဘုရား။
ဝိသေသစောဒနာ အမှတ် (၂၁)
၂၁။ သံဂါယနာ ၆-တန်တင်ပြီး ဘုရားဟော ပါဠိတော်အမှန်များကို လူသေလူဖြစ်ဝါဒနှင့် မကိုက်ညီပါက ဘုရားဟော မဟုတ်ပါဟူ၍ လည်းကောင်း၊ ဟိန္ဒူဗြာဟ္မဏဝါဒဟူ၍လည်းကောင်း ဗုဒ္ဓဘာသာဝင်များ အမြင်မှားအောင် လှည့်စားလိမ်ညာ၍ ဝါဒဖြန့်ခြင်းနှင့် ပတ်သက်သော ဝိသေသစောဒနာချက်ပါဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
စောဒနာ အမှတ် ၂၁-တွင် ဖော်ပြထားသော (က) အမှတ်ပြ စကားရပ်၌ နိကာယ်၏နိကာယ် စာအုပ်တွင် ဒီဃနိကာယ် ဗြဟ္မဇာလသုတ်ကို ဘာသာပြန်ဆိုရာ၌ အပြည့်အစုံ မပြန်ဆိုသည့်အပြင် (မုသာဝါဒ) သိက္ခာပုဒ်နှင့် (ဖရုသဝါစာ) သိက္ခာပုဒ်များကို တမင်ဖြုတ်ခဲ့ကြောင်း စောဒနာခဲ့ပါပြီဘုရား။
ယင်းဖြုတ်ထားခဲ့သော သိက္ခာပုဒ် ၂-ခုအနက် မုသာဝါဒသိက္ခာပုဒ်နှင့် ဆိုင်သော ဘုရားဟောပါဠိတော်ကို မူရင်းအတိုင်းဖော်ပြပါမည်ဘုရား။
မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော သမဏော ဂေါတမော သစ္စါဝါဒီ သစ္စသန္ဓော ထေတော ပစ္စယိကော အဝိသံဝါဒကော လောကဿာတိ။ ဣတိဝါဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံဝဒမာနော ဝဒေယျံ။ (သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်)
ဒီပါဠိတော်ကတော့ ဦးဥက္ကဌဦးစီး၍ ဦးဥဇ္ဇောတိက တာဝန်ယူကျင်းပသော ဒေးဒရဲ ပဉ္စနိကာယဓမ္မသာကစ္ဆာအဖွဲ့သားများ အတည်ပြုထားသော နိကာယ်၏နိကာယ်စာအုပ်တွင် ဖြုတ်ထားခြင်းခံရသော ဘုရားဟောပါဠိတော်ပါဘုရား၊ ယခု ထိုပါဠိကို အနက်မြန်မာ ဖွင့်ဆိုပြပါမည်ဘုရား။
ဂေါတမော = ဂေါတမအနွယ်ရှိသော သမဏေ ရဟန်းသည်
မုသာဝါဒံ = မုသာဝါဒကို (ဝါ) ချွတ်ယွင်းဖောက်ပြန်မဟုတ်မမှန်သော ကာယပယောဂ, ဝစီပယောဂဖြင့် သိစေကြောင်းဖြစ်သော စေတနာကို။
ပဟာယ = ဆောက်တည်ရာကာလ၏ အစွမ်းအားဖြင့် ပယ်တော်မူပြီး၍။
မုသာဝါဒါ = မုသာဝါဒမှ (ဝါ) ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ, ဝစီပယောဂဖြင့် သိစေကြောင်း ဖြစ်သော စေတနာမှ။
ပဋိဝိရတော = နောင်အခါ၌ ဝိပရီတဝတ္ထုဟု ဆိုအပ်သော လွန်ကျူးအပ်သော ဝတ္ထုနှင့်ပေါင်းဆုံးတွေ့ကြုံရာ ကာလ၏ အစွမ်းအားဖြင့် အသီးသီး ကင်းလျက် ရှောင်ကြဉ်တော်မူ၏။
သစ္စဝါဒီ = မှန်ကန်သော စကားကိုသာ ပြောဆိုတော်မူတတ်၏
သစ္စသန္ဓော = မှန်ကန်သော ရှေ့စကားနှင့် မှန်ကန်သော နောက်စကားကို စေ့စပ်တော်မူတတ်၏။
ထေတော = မြဲမြံတည်တံ့ အရှည်ခံသော စကားရှိတော်မူ၏။
ပစ္စယိကော = သဒ္ဓါဖြင့် ဖြစ်စေအပ်သော စကားရှိတော်မူ၏။ (ဝါ) ယုံကြည်အပ်ယုံကြည်သင့် ယုံကြည်ထိုက်သော စကားရှိတော်မူ၏
လောကဿ = သတ္တလောကကို။ အဝိသံဝါဒကော= ချွတ်ယွင်းစေတော်မမူတတ်။
ဣတိ = ဤသို့။ ဝဒေယျ၊ ဆိုရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣတိ ဝါ၊ ဤသို့သော မုသာဝါဒဝိရတီဟူသော သီလမျှဖြင့်၏သော်လည်း။ ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။ တထာဂတဿ၊ မြတ်စွာဘုရား၏။ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို။ ဝဒေယျ၊ ပြောဆိုရာ၏။ (ပခုက္ကူမူ သီလက္ခန် ပါဠိတော် နိဿယ၊ နှာ၊ ၄၀။)
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
နိကာယ်၏ နိကာယ်စာအုပ်တွင် ဖြုတ်ထားခဲ့သော (ဖရုသဝါစာ)သိက္ခာပုဒ်ကိုလည်း သီလက္ခန်ပါဠိတော်မှ ထုတ်နုတ်၍တင်ပြပါမည်ဘုရား၊
“ဖရုသံ ဝါစံ ပဟာယ ဖရုသာယ ဝါစာယ ပဋိဝိရတော သမဏော ဂေါတမော ယာသာ ဝါစာ နေလာ ကဏ္ဏသုခါ ပေမနီယာ ဟဒယင်္ဂမာ ပေါရီ ဗဟုဇနကန္တာ ဗဟုဇနမနာပါ၊ တထာရူပိံဝါစံ ဘာသိတာဓ တိ၊ဣတိ ဝါဟိဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံဝဒမာနော ဝဒေယျ။
(သီလက္ခန် ပါဠိတော်၊ ဗြဟ္မဇာလသုတ်) (ဒီ၊၁၊၄။)
ယခု ထိုပါဠိကို အနက်မြန်မာ ပြန်ဆိုပါမည်ဘုရား။
ဂေါတမော = ဂေါတမအနွယ်ရှိသော သမဏေ ရဟန်းသည်။
ဖရုသံ = တပါးသောသူကို ပူလောင်စေတတ်သော (ဝါ) မိမိသူတပါးနှစ်ဦးသားကို လွှသွားကဲ့သို့ ကြမ်းတမ်းသည်ကို ပြုတတ်သော။
ဝါစံ = စကားကို (ဝါ) စကားကို ပြောဆိုကြောင်းဖြစ်သော စေတနာကို။
ပဟာယ = ဆောက်တည်ရာကာလ၏ အစွမ်းအားဖြင့် ပယ်တော်မူပြီး၍။
၊ဖရုသာယ = တပါးသောသူကို ပူလောင်စေတတ်သော (ဝါ) မိမိသူတပါးနှစ်ဦးသားကို လွှသွားကဲ့သို့ကြမ်းတမ်းသည်ကို ပြုတတ်သော။
ဝါစာယ = စကားမှ (ဝါ) စကားကို ပြောကြောင်းဖြစ်သော စေတနာမှ။
ပဋိဝိရတော = နောင်အခါ၌ အက္ကောသိတဗ္ဗပုဂ္ဂိုလ်ဟု ဆိုအပ်သော လွန်ကျူးအပ်သော ဝတ္ထုနှင့် ပေါင်းဆုံတွေ့ကြုံရာ ကာလ၏ အစွမ်းအားဖြင့် အသီးသီး ကင်းလျက် ရှောင်ကြည်တော်မူ၏။
နေလာ = အပြစ်မရှိသော။
ကဏ္ဏသုခါ = ကြားနာရသော ပုဂ္ဂိုလ်၏နားတို့ကို ချမ်းသာစေတတ်သော။
ပေမနိယာ = ချစ်ခြင်းကို ဖြစ်စေတတ်သော။
ဟဒယင်္ဂမာ = မထိမခိုက် စိုက်စိုက်မတ်မတ် စိတ်နှလုံးသို့သက်ဝင်တတ်သော။
ပေါရီ = ဂုဏ်၏ ပြည့်သည်၏အဖြစ်၌ဖြစ်သော။ (ဝါ) မြို့ကြီးသူတို့၏ အခေါ်အဝေါ် အသုံးအနှုန်း အပြောအဆိုဖြစ်သော။
ဗဟုဇနကန္တာ = များစွာသော လူအပေါင်းသည် နှစ်သက်အပ်သော။
ဗဟုဇနမနာပါ = များစွာသော လူအပေါင်း၏စိတ်ကိုတိုးပွားစေတတ်သော။
ယာသာဝါစာ = အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ တထာရူပိံ၊ ထိုသို့သဘောရှိသော။
ဝါစံ = စကားကို။ ဘာသိတာ၊ ပြောဆိုတော်မူတတ်၏။ ဣတဧဝံ၊ ဤသို့။
ဝဒေယျ = ဆိုရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣတိဝါ၊ ဤသို့သော ဖရရုသဝါစာဝိရတိဟူသော သီလမျှဖြင့်သော်လည်း။ ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။ တထာဂတဿ၊ မြတ်စွာဘုရား၏။ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို။ ဝဒမာနော၊ ပြောဆိုလိုသည်ရှိသော။ ဝဒေယျ၊ ပြောဆိုရာ၏၊
(ပခုက္ကူမူ သီလက္ခန်ပါဠိတော် နိဿယ၊နှာ၊၄၃၊၄၄)
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
(ခ) အမှတ်ပြ(ဂ) အမှတ်ပြ(ဃ) အမှတ်ပြ(စ) အမှတ်ပြ စကားရပ်များတွင် နိကာယ်၏ နိကာယ်စာအုပ်၌ ဖြုတ်ထားခဲ့သော ဘုရားဟော ပါဠိတော်များကို မျက်နှာနံပါတ်များနှင့်တကွ အတိအကျ ထောက်ပြထားပြီးဖြစ်၍ ဝိသသစောဒနာ ပြုနေဖွယ် မလိုတော့ပါဘုရား။
(စ) အမှတ်ပြ စကားရပ်၌ နိကာယ်၏ နိကာယ်စာအုပ်တွင် (ကေသမုတ္တိ) သုတ်ကို ဘာသာပြန်ဖော်ပြရာ၌ ဗြဟ္မစိုရ်တရားလေးပါးကို ဖော်ပြသော ပါဠိတော်များကို တစ်ပုဒ်လုံးဖြုတ်၍ ဘာသာပြန်ဆိုကြောင်းကို မူလစောဒနာတွင် ထောက်ပြထားခဲ့ပါသည် ဘုရား၊ ယခု ဒေးဒရဲ ပဉ္စနိကာယ ဓမ္မသာကစ္ဆာအဖွဲ့မှ ဖြုတ်ထားခဲ့သော (ကေသမုတ္တိသုတ်)မှ လက်ကျန်ပါဠိကို ဖော်ပြပါမည် ဘုရား။
၁။ သ ခေါ သော ကာလာမ အရိယသာဝကော ဧဝံ ဝိဂတာဘိဇ္ဈော၊ ဝိဂတဗျာပါဒေါ အသမ္မူဠော သမ္ပဇာနော ပတိဿတော မေတ္တာ သဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ။ တထာဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထတတိယံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္ထတာယ သဗ္ဗဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။
၂။ ကရုဏာ သဟဂတေန စေတသာ။ပ။
၃။ မုဒိတာ သဟဂတေန စေတသာ။ပ။
၄။ ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထတတိယံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္ထတာယ သဗ္ဗဝန္တံ လောကံဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ၁။ (အင်္ဂုတ္တရပါဠိတော်။ တိကနိပါတ်။ ကေသမုတ္တိသုတ်) (အံ၊၁၊၁၉၂။)
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခု ထုတ်ပြလိုက်သော ပါဠိတော်ကတော့ ဦးဥက္ကဌ ဦးစီးသော ဒေးဒရဲ ပဉ္စနိကာယ ဓမ္မသာကစ္ဆာအဖွဲ့မှ ဖြတ်ထုတ်ပစ်ပယ်လိုက်သော သမ္မာဒိဌိတို့အကြိုက် ကေသမုတ္တိသုတ်မှ လက်ကျန်ပါဠိတော်ပါဘုရား၊ ထိုပါဠိတော်ကို ဗြာဟ္မဏဝါဒကြောင့် ဖြုတ်ပစ်သလော၊ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုသော တရားလေးပါးကို လိုက်နာကျင့်သုံးလိုစိတ် ကင်းမဲ့၍ ဖြုတ်ပစ်ခြင်းလော။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
အထက်ပါ ကေသမုတ္တိသုတ်မှ လက်ကျန်ပါဠိကို မြန်မာလို ဖော်ပြပေးလိုက်ပါတယ် ဘုရား။
ကာလာမမင်းတို့ အရိယာတပည့်တို့သည် ဤသို့ မက်မောခြင်း အဘိဇ္ဈာမှ ကင်းသည်၊ ပျက်စီးစေလိုခြင်း ဗျာပါဒမှ ကင်းသည်၊ တွေဝေခြင်း မရှိသည်၊ ဆင်ခြင်တုံတရား ရှိသည်၊ သတိနှင့် ပြည့်စုံသည် ဖြစ်၍ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံနှံ့စေ၍နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို၊ သုံးခုမြောက်သော အရပ်မျက်နှာကို၊ လေးခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍နေ၏၊
ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြင့်မြတ်သော၊ အတိုင်းအရှည်မရှိသော ရန်မရှိသော၊ ကြောင့်ကြမရှိသော သနားခြင်းကရုဏာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏၊ ပ။ ဝမ်းမြောက်ခြင်း မုဒိတာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏၊ပ။ လျစ်လျူရှူခြင်း ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် တခုသော အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို၊ လေးခုမြောက်အရပ်မျက်နှာကို ပျံ့နှံ့စေ၍နေ၏၊
ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြင့်မြတ်သော၊ အတိုင်းအရှည်မရှိသော ရန်မရှိသော၊ ကြောင့်ကြခြင်းမရှိသော၊ လျစ်လျူရှူခြင်း ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏၊
(အင်္ဂုတ္တရပါဠိတော်။ တိကနိပါတ်။ ကေသမုတ္တိသုတ်မြန်မာပြန်) (အင်မြန်၊၁၊၂၀၇၊၂၀၈။)
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဌအပါအဝင် သူ၏တပည့်သာဝကအားလုံးက ဤ ကေသမုတ္တိသုတ်ကို လက်ကိုင်ထား၍ ဝါဒမတူသော ပုဂ္ဂိုလ်များ၏ စာ၊ စကား၊ တရားအားလုံးကို ဝေဖန်ကဲ့ရဲ့လေ့ရှိပါသည်ဘုရား၊ ဗုဒ္ဓမှတ်ကျောက်ဆိုပြီး အလွဲ အဓိပ္ပါယ်ဖော်ကာ သူတို့သဘောနှင့် မတွေ့တိုင်း ပါဠိတော်တွေကို အပြတ်ရှင်းရှင်းပစ်ကြပါသည်ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
မဟာနာယက ဦးဥက္ကဌနှင့် စူဠနာယက ဦးဥဇ္ဇောတိကတို့ တာဝန်ယူတည်းဖြတ် သုတ်သင်ထားသော နိကာယ်၏နိကာယ် စာအုပ်တွင် ဘုရားဟောပါဠိတော်များကို မြောက်မြားစွာ နှုတ်ပယ်ထားပါသည်ဘုရား၊ ယခုတပည့်တော်များက ၎င်းတို့၏ ပိဋကတ်ပယ်ဝါဒကို သိသာရုံမျှ နမူနာအဖြစ် လောက်သာ တင်ပြထားခြင်းဖြစ်ပါသည်ဘုရား။
မြတ်စွာဘုရားသခင် ဟောကြားတော်မူခဲ့သော ဘုရားဟော ပါဠိတော်များသည်
(၁) အနက် အဓိပ္ပာယ် ပြည့်စုံပြီးဖြစ်သောကြောင့် သာတ္ထံ ဆိုသော ဂုဏ်အင်္ဂါမြောက်ပါသည်ဘုရား။
(၂) ပေါ်လွင်ပြေပြစ် ကျစ်လစ်ကောင်းမွန်သော သဒ္ဒါနှင့်ပြည့်စုံသောကြောင့် သဗျဉ္ဇနံ ဆိုသော ဂုဏ်အင်္ဂါလည်း မြောက်ပါသည်ဘုရား
(၃) ဖြည့်ဖွယ်စွက်ဖွယ် မရှိ အလုံးစုံ ပြည့်စုံသောကြောင့် ကေဝလပရိပုဏ္ဏံ ဂုဏ်အရင်္ဂါလည်း မြောက်ပါသည်ဘုရား
(၄) ပယ်ဖွယ် နုတ်ဖွယ် မရှိ အလုံးစုံ အပြစ်ကင်းသောကြောင့် ပရိသုဒ္ဓံ ဂုဏ်နှင့်လည်း ပြည့်စုံပါသည်ဘုရား
ပါရာဇိကဏ်အဋ္ဌကထာ(ပ-၉၉)
အမှတ် (၂၁) စောဒနာတွင် ဖော်ပြထားသော (က) မှ (ည) အထိ စာပိုဒ်များသည် ပါဠိတော်များကို ပယ်ထားသောစာပိုဒ်များ ဖြစ်ပါသည်ဘုရား။
အထက်ဖော်ပြပါ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဟူသော ဂုဏ်အင်္ဂါမြောက်သည့် ဘုရားဟောစာ ပါဠိတော်များကို ဖြုတ်ထုတ် လွှင့်ပယ်ထုနှက်ဖျက်ဆီး ပျက်စီးအောင် မည်သို့အကြောင်းပြချက်နှင့်မျှ မလုပ်ရပါဘုရား။ လူတစ်ကိုယ် ထင်တစ်လုံးစီးရှိ၍ ကိုယ်ထင် ထင်သလို မထင် မထင်သလို လုပ်တမ်းသာ ဆိုပါက တစ်ဖက်နှင့် တဖက် ပဋိပက္ခမှုကြီးတွေပေါ်လာပြီး လောကငြိမ်းချမ်းရေး ပျက်စီးသွားမည်သာ ဖြစ်ပါသည်ဘုရား။
ထို့ပြင် ဤသံဂါယနာခြောက်တန်တင် ပါဠိ အဋ္ဌကထာ ဋီကာများ သန့်ရှင်း တည်တံ့ ပြန့်ပွားအောင် ဘဝကို ပေးအပ်ပြီးနေ့စဉ် သင်အံ ချပို့နေကြသည့် သိန်းကျော် သံဃာတော်များအားလည်း စော်ကားရာ ရောက်ပါသည်ဘုရား။
ဘုရားဟောကို ဘုရားမဟောဟု ဖြုတ်ပယ်သည့်အတွက် ဝိဝါဒါဓိကရုဏ်းမှု၏ လက်သည်လည်း ဖြစ်လာပါသည်ဘုရား။
သို့ဖြစ်ပါသောကြောင့် ဤသို့ ဆရာတော်ဘုရားကြီးများပါ မနေရ၊ ညောင်းညာပင်ပန်းတော်မူရခြင်းသည် ငါထင်သလို ငါလုပ်မည် ဘယ်သူမှ မငဲ့ဘူးဆိုသော အဓမ္မသမားတစ်စု၏ အပြုအမူကြောင့် ဖြစ်သဖြင့် အဓမ္မဝါဒီနှင့် အဓမ္မဝါဒီများကို ဖော်ထုတ်ပေးပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
ဝိသေသစောဒနာ ပြီးပါပြီ။
စောဒနာ နိဂုံး
အမှတ်(၂) သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ ဆရာတော်ဘုရားများ ရုံးတော်၌ လူသေလူဖြစ် ဦးဥက္ကဌဝါဒ၊ သမ္မာဒိဌိသုတေသနဝါဒ၊ ရွှေအဘိဓမာဝါဒတို့မှ အချက်ပေါင်း (၂၁) ချက်ထုတ်ဆောင်၍ ဓမ္မ အဓမ္မ ပြဿနာကို အဆုံးအဖြတ်ခံရန် တင်ပြလျှောက်ထားပြီး ဖြစ်ပါသည်ဘုရား၊ ယခု နိဂုံးချုပ်အနေဖြင့် ပေါင်းရုံးသုံးသပ်ချက်ကို လျှောက်ထားပါရစေဘုရား။
၂။ ပထမသံဂါယနာမှစ၍ ဆဌသံဂါယနာအထိ ရာထောင်မကသော ပညာရှိသူတော်ကောင်း မထေရ်မြတ်ကြီးများက တညီတညွတ်တည်း ထိန်းသိမ်းစောင့်ရှောက် အတည်ပြုပေးတော်မူခဲ့ကြသည့်အတွက် ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့က ကျေကျေနပ်နပ် လက်ခံထားလျက်ရှိသော နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ်နှင့်တကွ ထို ပိဋကတ်ကျမ်းဂန်များအရ ကျင့်သုံးလိုက်နာလျက်ရှိသော အစဉ်အလာ တရားဓမ္မ ယဉ်ကျေးမှုများအပေါ် ထော်လော်ကန့်လန့်လုပ်လာသော ဦးဥက္ကဌနှင့်တရုံတည်း တစ်ခြုံတည်းသားများကို ခြုံ၍ကြည့်ရာတွင် ၎င်းတို့ အဓိက ကိုင်စွဲသော လက်နက် (၂)မျိုးကို တွေ့ကြရပါသည်။
ထိုလက်နက် (၂) မျိုးမှာ ရုပ်ဝါဒလက်နက်နှင့် ဥပါဒါန်လက်နက်ပင် ဖြစ်ပါသည်ဘုရား။
၃။ ဦးဥက္ကဌတို့သည် သူတို့ ရေးသားဟောပြောချက်များအရ နာမ်တရား၏ အခန်းကဏ္ဍကိုလုံးဝ ပစ်ပယ်ပြီး ရုပ်ကိုသာ အခြေခံကျကျ ကိုင်စွဲထားသည်ကို တွေ့ကြရပါသည်ဘုရား၊ ရုပ်ဝါဒ၏ အဆောင်အယောင်များမှာ ပကတိမျက်လုံးမှန်ပြောင်း စသည်နှင့် အခြားသော ရုပ်ကရိယာများ ဖြစ်ပါသည်ဘုရား၊ ရုပ်ဝါဒ၏ အကျယ်အဝန်းသည်လည်း သူတို့ပြောသည့် ပုခက်နှင့် ခေါင်းကြားပင်ဖြစ်ပါသည်ဘုရား၊ သတ္ထဝါတစ်ဦး ပုခက်တွင်းသို့ မရောက်မီ(ဝါ) သန္ဓေမတည်မီရှေ့ပိုင်းနှင့် ခေါင်းထဲရောက်ပြီးနောက်ပိုင်း(ဝါ) အနာဂတ် ဘဝပိုင်းသည် ရုပ်ဝါဒလက်လှမ်းမှီသော အပိုင်းမဟုတ်ပါဘုရား။
၄။ ဗုဒ္ဓဝါဒသည်ကား ဝိဘဇ္ဇဝါဒ ဖြစ်သည်အားလျော်စွာ ရုပ်နာမ်တရားတို့ကိုလည်းကောင်း၊ ပစ္စုပ္ပန် အတိတ် အနာဂတ်တို့ကိုလည်းကောင်း ကျယ်ကျယ်ဝန်းဝန်း ရှုမြင်သုံးသပ်ဖော်ပြထားသော ဝါဒဖြစ်ပါသည်ဘုရား၊ ဗုဒ္ဓဝါဒ၏ အဓိကလက်နက်မှာ သီလ သမာဓိကို အခြေခံသော ပညာဉာဏ် ဖြစ်ပါသည်ဘုရား။ ရုပ်မျက်စိနှင့် မှန်ပြောင်းမဟုတ်ပါဘုရား၊ ဤ ဗုဒ္ဓဝါဒကို ပိဋကတ်သုံးပုံ၌သေချာစွာ ဖော်ပြထားပါသည်ဘုရား။
၅။ ဦးဥက္ကဌတို့ လူစုသည် ၎င်းတို့ဆုပ်ကိုင်ထားသော ရုပ်ဝါဒပေတံဖြင့် ဗုဒ္ဓဝါဒကို တိုင်းတာကြည့်သောအခါ ပေမမီ ဒေါက်မမီ ဖြစ်နေပါသည်ဘုရား။ နာမ်တရားကိုလည်း တိုင်း၍မရ၊ အတိတ် အနာဂတ်ကိုလည်း မမီဖြစ်နေကြပါသည်ဘုရား၊ ဤတွင် ဥပမာအားဖြင့် ဖော်ပြရပါက ကမ္ဘာကို ရပ်မှတ်အဖြစ်ထားလျှင် နေသည် ထွက်ဝင်သွားလာနေသည်ဟု ဆိုရပါမည်ဘုရား၊ နေကို ရပ်မှတ်အဖြစ်ထားလျှင် ကမ္ဘာသည် လည်ပတ်နေသည်ဟု ဆိုရပါသည်ဘုရား၊ ဤဥပမာကဲ့သို့ပင် သူတို့ကိုင်စွဲထားသော ရုပ်ဝါဒကိုသာ အမှန်ဟူ၍ သတ်မှတ်ထားလျှင် ဗုဒ္ဓဝါဒ အမှားဖြစ်ရပါမည်ဘုရား၊ ဗုဒ္ဓဝါဒကို အမှန်ဟူ၍ လက်ခံလျှင် သူတို့ ဆုပ်ကိုင်ထားသော ရုပ်ဝါဒသည် အမှားဖြစ်ရပါမည်ဘုရား၊ ဤသည်ကား ဦးဥက္ကဌတို့ လူစုအတွက် ပြဿနာတက်စေသော အခြေခံ အချက်ဖြစ်ပါသည်ဘုရား။
၆။ ဦးဥက္ကဌတို့သည်ကား ရုပ်ဝါဒကိုသာ အမှန်ဟူ၍ အခြေခံအားဖြင့် ဆုပ်ကိုင်ထားကြသူများ ဖြစ်ပါသည်ဘုရား၊ သို့သော်သူတို့သည် လောကီရေးအားဖြင့် လူလည်လူပါးများဖြစ်ကြသည် အားလျော်စွာ ဤဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဝါဒတစ်ခုလုံးကို မှားသည်ဟူ၍မပြောကြဘဲ ဗုဒ္ဓဝါဒအမှန်ကို ဖော်ပြနေသော ပိဋကတ်တော်များကိုသာ ရှုပ်ထွေးအောင်လုပ်ခြင်း ဗုဒ္ဓဝါဒအမှန်ကို ဟောပြောနေကြသော ပုဂ္ဂိုလ်များကို ပုတ်ခတ်ခြင်းများပြုကြလျက် ဗုဒ္ဓရှင်တော်ကိုယ်တိုင်က သူတို့ဘက်သားဖြစ်လေဟန် ဝင်္ကန္တဉာဏ်အမျိုးမျိုးဖြင့် အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိကြခြင်း ဖြစ်ပါသည်ဘုရား။
၇။ ဦးဥက္ကဌတို့လူစု ကိုင်စွဲသော အခြားလက်နက်တစ်ခုမှာ ဥပါဒါန်လက်နက်ပင်ဖြစ်ပါသည်ဘုရား၊ “မျောက်မြီးနှင့် မျောက်ပြန်တုပ်” ဆိုဘိသကဲ့သို့ ဗုဒ္ဓဝါဒကိုဖျက်စီးရာတွင် ဗုဒ္ဓဝါဒထဲမှ ထက်မြက်စူးရှသော စကားတစ်လုံးကို အသုံးချခြင်းဖြစ်ပါသည်ဘုရား၊ ကမ္ဘာ့ကုလသမဂ္ဂ၌ ဗီတိုအာဏာဆိုသော အရာကဲ့သို့ ဦးဥက္ကဌတို့လူစုကလည်း “ဥပါဒါန်” ကို ဗီတိုအာဏာအပ်နှင်းထားကြပါသည်ဘုရား၊ ရုပ်ဝါဒအရ မမြင်နိုင်သော နတ်ဗြဟ္မာ ငရဲတို့ကို “ဥပါဒါန်” အစွဲတွေဟု သမုတ်ကြပါသည်ဘုရား၊ ထိုသို့ သုဂတိ ဒုဂ္ဂတိဘဝတို့ကို ရောက်စေနိုင်သည့် ကံ၊ ကံ၏အကျိုးဆိုင်ရာ ယုံကြည်မှုများကိုလည်း “ဥပါဒါန်” လုပ်ပစ်လိုက်ကြပါသည်ဘုရား၊ မည်သည့်အရာမဆို သူတို့၏ ရုပ်ဝါဒ အခြေခံအမြင်အရ မကြည်သော အရာမှန်သမျှ “ဥပါဒါန်” ပုဒ်မတပ်၍ ရှုတ်ချပစ်ကြပါသည်ဘုရာ၊ သို့သော် ထိုဥပါဒါန်သည် ဗုဒ္ဓဘုရားဟောသော ဥပါဒါန်မဟုတ်၊ ဦးဥက္ကဌပြောသော ဥပါဒါန်လက်သစ်သာ ဖြစ်ပါသည်ဘုရား၊
၈။ အကြောင်းသိသော သူများအတွက် ပြုမိသော အချက်တစ်ရပ်မှာ “ဥပါဒါန် ဥပါဒါန်” ဟူ၍တဖွဖွပြောပြီး သူတပါးကို ရှုတ်ချနေသူများက သူတို့ကိုယ်တိုင် ပို၍ဥပါဒါန်ကြီးနေသည်ကို တွေ့ကြရခြင်းပင် ဖြစ်ပါသည်ဘုရား၊ သူတို့၏ ဝါဒအပေါ်၌ အဘယ်မျှ အစွဲအလမ်းကြီးပါသနည်းဆိုသော် ရဟန်းရှင်လူ ပြည်သူလူထုတို့၏ နှာခေါင်းရှုံ့ခံပြီး ဇွတ်လုပ်နေခြင်းက သက်သေဖြစ်ပါသည်ဘုရား၊
၉။ အမှန်စင်စစ် သူတို့ဆုပ်ကိုင်ထားသော ဥပါဒါန်သည်သာလျှင် ဘုရားဟောသော အကုသိုလ်ဥပါဒါန်အစစ် ဖြစ်ကြောင်းတွေ့ရပါသည်ဘုရား၊ သို့ဖြစ်၍ သူတို့၏ ဥပါဒါန်သည် ပို၍ခိုင်မြဲကာ သူတို့ကို သံသရာ သစ်ငုတ်၌တုပ်ချီထားသည့် “ဂန္ထ” ဟူသော တုပ်နှောင်မှုအဆင့်သို့ ရောက်ရှိနေပါသည်ဘုရား။
၁၀။ သို့ရာတွင် မှားယွင်းသော အယူ (မိစ္ဆာဒိဌိ)သည် ဘုရားဟော၍သော်မှ မကျွတ်နိုင်သည့် အဆင့်ရောက်မှ မြဲသည်ဟုဆိုနိုင်သည်၊ သို့မဟုတ်ပါက အချိန်မရွေး အမြင်မှန်ရပြီး ပြုပြင်ပြောင်းလဲလာနိုင်သည်ပင် ဖြစ်ပါသည်၊ “အမှီမကောင်း ယှဉ်မိပေါင်းက၊ အလောင်းတို့လျက်၊ ကျင့်ကောင်းပျက်၏” ဆိုသကဲ့သို့ အပေါင်းအသင်းမှားရာမှ အယူမှားမှုလည်း ဖြစ်နိုင်ပါသည်။
၁၁။ ဤသို့ ဖြစ်သည်ရှိသော် ကေသမုတ္တိသုတ်၌ ဗုဒ္ဓဘာသာမဟုတ်သေးသော ကာလာမ အမျိုးသားတို့အား မြတ်စွာဘုရား နည်းပေးထားသော “မာ” ၁၀ ချက်တို့တွင် “မာ သမဏောနော ဂရု” “ငါတို့ရဲ့ဆရာ ကမ္ဘာကျော် အရှင်ကြီးပဲ” ဟူ၍ ဥပါဒါန်ပြင်းစွာ မကပ်ဘဲ နှလုံးသွင်း လိမ္မာခွင့်လည်းရှိပေသည်။
၁၂။ ဤနေရာ၌ သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်၌ပါသော ဗြဟ္မဒတ်လုလင် စိတ်ထားပုံသည် အတုယူစရာကောင်းလှပါသည်၊ ဗြဟ္မဒတ်လုလင်သည် အဓမ္မလမ်းမှားအတိုင်း တန်းတန်းကြီးသွားနေသော ဆရာဖြစ်သူ သုပ္ပိယပရိဗိုဇ်ကိုကြည့်ကာ ဤသို့တွေးနေပါသည်။
အာစရိယ ခေါပနဂူထံ ဝါအဂ္ဂိံ ဝါ ကဏ္ဍကံ ဝါကဏှသပ္ပံ ဝါအက္ကမန္တေ သူလံ ဝါ အဘိရုဟန္တေ ဟလာဟလံ ဝါ ဝိသံ ခါဒန္တေ ခရောဒကံ ဝါ ပက္ခလန္တေ နရကပပါတံ ဝါ ပပတန္တေ နအန္တေဝါသိနာ တံ သဗ္ဗမနုကာတဗ္ဗံဟောတိ။ ပ။ မဟာသာဝဇ္ဇော ခေါပနာရိယူပဝါဒေါတိ။ (ဒီ၊ဋ္ဌ၊၁၊၃၈။)
မြန်မာပြန်
ဆရာသည် မစင်ကိုသော်လည်းကောင်း၊ မီးကိုသော်လည်းကောင်း၊ ဆူးကိုသော်လည်းကောင်း၊ မြွေဟောက်ကိုသော်လည်းကောင်း တက်နင်းသော် တပည့်ရင်းသည် ထိုအားလုံးကို အတုလိုက်၍ မပြုထိုက်ပေ၊ ဆရာသည် မိမိ ကိုယ်ခန္ဓာကို ထိုးဖောက်မည့် တံကျင်ပေါ်သို့တက်သော်လည်းကောင်း၊ လတ်တလော သေစေတတ်သော အဆိပ်ကို စားသော်လည်းကောင်း၊ ကြမ်းတမ်းသော ရေအယဉ်ထဲသို့ ချော်ကျသော်လည်းကောင်း (နက်လှသော) နရက်ချောက်ထဲသို့ ခုန်ချသော်လည်းကောင်း တပည့်ရင်းသည် ထိုအားလုံးကို အတုလိုက်၍ မပြုထိုက်ပေ။ပ။ အရိယာတို့ကို စွပ်စွဲခြင်းသည် အပြစ်ကြီးလေးလှ၏၊
၁၃။ ဗြဟ္မဒတ်လုလင်သည် ဤသို့တွေးမိပါသည်၊ ဤသို့တွေးကာ အဓမ္မလမ်းကိုလိုက်သော ဆရာ သုပ္ပိယပရိဗိုဇ်နှင့် လမ်းခွဲခဲ့ပါသည်၊ လမ်းမှန်ရောက်အောင် ကိုယ်တိုင်ပင်ကြိုးစားပြုပြင်ခဲ့ပါသည်။
၁၄။ တပည့်တော်များမူကား ရုံးတော်၏ စည်းကမ်းနှင့်အညီ လူသေလူဖြစ် ဦးဥက္ကဌဝါဒ၊ သမ္မာ ဒိဌိသုတေသနဝါဒ၊ ရွှေအဘိဓမ္မာဝါဒဆိုင်ရာ အချက်(၂၁)ချက်ကိုထုတ်၍ ဘုရားဟော ထေရဝါဒ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်နှင့်ဆန့်ကျင်သည့်အကြောင်း လျှောက်ထားစောဒနာပြီးဖြစ်ပါသည်ဘုရား၊ ဤသို့ စောဒနာခွင့် ရခြင်းသည်လည်း ရှေးကုသိုလ်ကံ ထောက်မ၍ သာသနာပြုခွင့် တာဝန်တစ်ရပ်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ပေပြီးတကားဟု နှလုံးထားကြမည်ဖြစ်ပါသည်ဘုရား။
၁၅။ သီးခြားဝိနည်းဓိုရ်ဆရာတော်များ အနေဖြင့်မူကား တပည့်တော်များ စောဒနာသော အချက် (၂၁) ချက်နှင့် စပ်လျဉ်း၍ စုဒိတကပုဂ္ဂိုလ်များ၏ သောဓနာချက်ကို နားဆင်တော်မူကြပြီး တရားသက်ရာ ဆုံးဖြတ်တော် မူကြရန် ဖြစ်ပါသည် ဘုရား။ စောဒနာ စုဒိတက မည်သူ့မျက်နှာကိုမျှ မငဲ့ကွက်ဘဲ ဘုရားရှင်သာသာနာတော် တစ်ခုတည်းကိုသာ ကြည့်တော်မူ၍ တိကျပြတ်သားရှင်းလင်းသော အဆုံးအဖြတ်ကို ချမှတ်ပေးတော်မူပါရန် လေးမြတ်ရိုသေစွာ လျှောက်ထားကြပါသည်ဘုရား။
၁။ ဦးစန္ဒိမာ (ပထမကျော်၊ ဓမ္မာစရိယ)
ဓမ္မာစရိယကျောင်းတိုက်၊ မိတ္ထီလာမြို့။
၂။ ဦးပညာသီဟ (ဓမ္မာစရိယ၊ ပါဠိပါရဂူ)
ရတနာမာရ်အောင်ကျောင်းတိုက်၊ မေမြို့။
၃။ ဦးဝိသုဒ္ဓ (ဓမ္မာစရိယ၊ ဝိသိဌဒီဃဘာဏက)
လောကမှန်ကင်းတိုက်၊ မန္တလေးမြို့။
၄။ ဦးပညာသာမိ(မာဂဓီ) (ဓမ္မာစရိယ)
ရေလည်ကျောင်းတိုက်၊ သာစည်မြို့။
ဝိသေသစောဒနာနိဂုံး ပြီးပြည့်စုံပြီ။
ဝိသေသစောဒနာအပြီး၊ စုဒိတကများအား မေးခြင်း
နေ့စွဲ။ ၄-၇-၈၁
သဘာပတိ -အခု စောဒက ပုဂ္ဂိုလ်များရဲ့ ဝိသေသစောဒနာကို ဖတ်ကြားပြီးဆုံးသွားပါပြီ၊ ပြီးဆုံးသွားတော့ စုဒိတကပုဂ္ဂိုလ်များ၏ သောဓနာတင်သွင်းဖို့ ကျန်ပါတယ်။
ဦးရွှေပြည့် -နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အရှင်သူမြတ်တို့ဘုရား-
၃၀-၆-၈၁ နေ့က နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အရှင်သူမြတ်တို့၏ ရှေ့မှောက်တွင် ရွှေအဘိဓမ္မာ မေးခွန်းလွှာကိစ္စနှင့်ပတ်သက်၍ တပည့်တော်အပေါ်၌ စွပ်စွဲသော ရဟန်းတော်များက အချက်ပေါင်းများစွာတို့ဖြင့် သာသာနာတော်ကို ဆန့်ကျင်သူအဖြစ် စွပ်စွဲသွားကြပါသည်ဘုရား၊ ဤသို့ စွပ်စွဲထားချက်အပေါ် တပည့်တော်က ကျေနပ်မှုမရပါ၍ ချေပပါသည်ဘုရား။
ဗုဒ္ဓသာသနာတော် ဆန့်ကျင်သူများဟုပင် ယုံကြည်မိပါသည်ဘုရား၊ ဤသည်ကိုပင် အဓမ္မအမှုဟု ခေါ်ဆိုမှု ပြုနိုင်သည်ဟုလည်း တပည့်တော်ယုံကြည်မိပါသည်ဘုရား၊ သာသနာတော်ကို စောင့်ထိန်းသည်ဟု ဆိုရာ၌လည်း ဗုဒ္ဓမြတ်စွာဆိုဆုံးမခဲ့သော ထားခဲ့သော သစ္စာလေးပါးတရားအစွဲပြုတ်ရေး တရားအရ လိုက်နာကျင့်သုံးလျက် ၃၁-ဘုံဟူသော ဘဝထိုထိုအပေါ်မှာ မစွဲယူကြဘဲ ကျင့်သုံးနေထိုင်ကြမှုကိုပင် ဗုဒ္ဓ၏သာသနာတော်ကို စောင့်ထိန်းသူများဟု ခေါ်ဆိုခြင်း ပြုနိုင်သည်ဟု ယုံကြည်မိပါသည်ဘုရား။
ဦးဇဝန (ဝိနည်းဓိုရ်) -တင်ထားတဲ့ စောဒနာထဲမှာ ဒီသစ္စာလေးပါးတရားတွေမပါဘူး၊ သစ္စာလေးပါး တရားကို သောဓနာဖွယ်မလိုဘူး၊ မိမိအထင်ကို လုပ်ထားတာကိုသာဖြေဆိုပါ။
ဦးရွှေပြည့် -တပည့်တော်ကတော့ ဒီအတိုင်းပဲ သစ္စာလေးပါးနဲ့ ကိုက်ပြီးတော့ ပြောချင်ပါတယ်။
ဦးဇဝန -သစ္စာလေးပါးတွေ ဘာတွေမလိုပါဘူ၊ စောဒနာနဲ့ ကိုက်မိအောင်သာ ဖြေဆိုဖို့လိုပါတယ်။
ဦးဉာနိက (ဝိနည်းဓိုရ်) -အဓိပ္ပါယ်က ဒီလိုဆိုလိုပါတယ်၊ စောဒနာထားတဲ့ ၂၁ ချက်မှာပါတဲ့ဟာကိုသာ ဖြေရှင်းရမယ်၊ တခြားအပိုတွေ ဖြေစရာမလိုပါဘူး။
ဦးရွှေပြည့် -ဒီလိုဆိုရင် တပည့်တော်ရဲ့ ချေပလွှာကို သခင်မြတ်ဆိုင်ကိုပဲ လွှဲအပ်ချင်ပါတယ်၊ တပည့်တော်လဲ အချိန်မရလို့ တပည့်တော်ကလဲ ပြန်ဖို့လိုတယ်၊ ရခိုင်ကဆိုတော့ တာရှည်စောင့်မနေနိုင်လို့ တပည့်တော်ကိုယ်စား သခင်မြတ်ဆိုင်ကို စုဒိတကလုပ်ဖို့ လွှဲအပ်ခဲ့ပါတယ်။
ဦးဉာနိက -ဒါဆိုရင် ငဲ့ညှာတဲ့သဘောဖြစ်နိုင်ပါတယ်။
မှတ်ချက်။ ။ ဤနေရာ၌ ဦးရွှေပြည့် လွှဲစာ ထည့်ရပါသည်။
နေ့စွဲ။ ၄-၅-၈၁
တပည့်တော်၏ စုဒိတကအတွက် သခင်မြတ်ဆိုင်အား တပည့်တော်၏ ကိုယ်စား လွှဲအပ်ပါသည်၊ လက်ခံတော်မူပါ ဆရာတော် အရှင်သူမြတ်တို့ဘုရား။
ရွှေပြည့်
သဘောတူ လက်ခံ ဆောင်ရွက်ပါမည်။
သခင်မြတ်ဆိုင်
သောဓန ကဏ္ဍ
စုဒိတကပုဂ္ဂိုလ်များအား သောဓနာမတင်မီ သဘာပတိဆရာတော် ဘုရားကြီး၏ ကြိုတင်သတိပေး မိန့်ကြားချက်
နေ့စွဲ။ ၈-၇-၈၁။
ယခုအချိန်ကစပြီး သီးခြားဝိနည်းဓိုရ် အမှတ်(၂) ရုံးကို ဖွင့်ပါပြီ။
တစ်နေ့က (၄-၇-၈၁ နေ့) စောဒကပုဂ္ဂိုလ်များ စောဒနာလွှာတင်သွင်းတဲ့ ကိစ္စပြီးနေပါပြီ၊ ယနေ့ စုဒိတကပုဂ္ဂိုလ်များ သောဓနာလွှာ (ချေပချက်) တင်သွင်းဖို့ အချိန်ရောက်ပါပြီ၊ အဲဒီ သောဓနာတင်သွင်းတဲ့ နေရာမှာ စောဒနာ တင်ထားတဲ့ ၂၁-ချက်နဲ့ မပတ်သက်တဲ့ စကားများပါနေရင် ဒီနေရာမှာ ထည့်သွင်းလျှောက်ထားခွင့်ရမှာ မဟုတ်ပါဘူး၊ စောဒနာ (၂၁)ချက်နှင့် ပတ်သက်တဲ့ ချေပလွှာများကို ဒီရုံးက လက်ခံမယ်လို့နဂိုက ရပ်တည်ချက်မှာ ကြေငြာပြီးသားဖြစ်ပါတယ်၊ အားလုံးနှလုံးသွင်းဖို့က ဒီကိစ္စဟာ သာသနာတော်တစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်လို့ အင်မတန်အရေးကြီးပါတယ်၊ဒါကြောင့်အရှုံးအနိုင်ဟူ၍ သဘောမထားဘဲ အမှားအမှန် (ဓမ္မ အဓမ္မ)ဆုံးဖြတ်ဖို့ ဒို့ခံယူတာပဲလို့ နှလုံးသွင်းထားကြဖို့ ဘုန်းကြီးက မေတ္တာရပ်ခံ ကြိုတင်အသိပေးပါတယ်။
ဒါပြီး သောဓနာ(ချေပလွှာ)မှာ ပိဋကတ်တော်မှာ မပါဘဲနှင့်ပါတယ်လို့ အဲဒီလို တင်ပြလျှောက်ထားလို့ ရှိရင်လည်းပဲ အဲဒါကို ဘုန်းကြီးတို့ ဝိနည်းဓိုရ်များအနေနဲ့ ဖတ်ကြားတဲ့ ပုဂ္ဂိုလ်တွေကို အနည်းအကျဉ်းပြန်ပြီး မေးရပါလိမ့်မယ်၊ ဘယ်မှာပါတယ်ဆိုတာ(ပြပါလို့) မေးရပါလိမ့်မယ်၊ အင်မတန် အရေးကြီးသကိုး၊ ပိဋကတ်တော်မှာ မပါဘဲနှင့် ပါပါတယ်၊ ဒီအတိုင်းကူးယူထားပါတယ်၊ ကူးပြီးတော့ သောဓနာလွာမှာ တင်သွင်းထားပါတယ်လို့ မရှိဘဲနှင့် အရှိလုပ်ပြီးထားလို့ရှိရင်လည်း ဘုန်းကြီးတို့က ပြန်ပြီးမေးရလိမ့်မယ်၊ မပါဘဲနှင့် အပါလုပ်ပြီး၊ လျှောက်ထားချေပခဲ့လျှင် ဘယ်နေရာမှာ ပါတယ်ဆိုတာ အနည်းအကျဉ်း တစ်ခုနှစ်ခု စသည် မေးရလိမ့်မယ်၊ အချို့အချို့နေရာတိုင်းမှာလည်း ဘုန်းကြီးတို့ ဝိနည်းဓိုရ်ဆရာတော်များ ကြိုတင်ကြည့်ခွင့်မရဘူး၊ ရှာခွင့်မရဘူး၊ မရတဲ့အတွက် စုဒိတကပုဂ္ဂိုလ်တွေကို အခွင့်အရေးပေးတဲ့ အနေနဲ့ ဘုန်းကြီးတို့ ဖတ်ခွင့်ပြုမယ် ၂-ချက် ၃-ချက်တော့ မေးခွန်းမေးရလိမ့်မယ်၊ အဲဒါကို ကြိုတင် သတိပေးထားပါတယ်။
စုဒိတကပုဂ္ဂိုလ်များမှာလည်းပဲ ဘုန်းကြီးဦးဆန္ဒာဓိကရယ်၊ ဒကာကြီး သခင်မြတ်ဆိုင်ရယ်၊ ဦးခင်ဟန်ရယ် သုံးဦးရှိတဲ့အနက် ဦးဆန္ဒာဓိက တင်သွင်းလွှာက နည်းလည်းနည်းတယ်၊ ဘုန်းကြီးလည်းဖြစ်တယ်၊ ဒါကြောင့် ဦးဆန္ဒာဓိက၏ တင်သွင်းလွှာကို ပထမဆုံး တင်သွင်းပြီးမှ ဒကာကြီးဦးမြတ်ဆိုင်ရဲ့ အဖြေသောဓနာလွှာကို ဖတ်ခွင့်တင်သွင်းခွင့် ပေးမယ်၊ ဒီမှာ ဦးဆန္ဒာဓိကလည်းပဲ စောဒနာ(၂၁)ချက်နဲ့ မပတ်သက်တဲ့ ကိစ္စတွေကို မတင်သွင်းဖို့ရာ မလျှောက်ထားဖို့ရာ ဘုန်းကြီး သတိပေးပါတယ်၊ အကယ်၍ ပါနေလျှင်ဘုန်းကြီးတို့ တားမြစ်ရလိမ့်မည်။
ဦးဆန္ဒာဓိက၏ သောဓနာနိဒါန်း
သဘာပတိ ဆရာတော်ဘုရားကြီးနှင့် ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ဘုရား တစ်ဘက်သော စောဒကဆရာတော်များက လူသေလူဖြစ် ဦးဥက္ကဌဝါဒ ဟူသော အမည်ဖြင့် တပည့်တော်များ၏ အပေါ်တွင် စွဲချက်တင်ထားခြင်းကြောင့် ယခုဝိနိစ္ဆယဌာနသို့ ရောက်ခဲ့ရခြင်း ဖြစ်ပါသည် ဘုရား။
တပည့်တော်သည် ဆရာတော် အရှင်ဥက္ကဌထံတွင် ပညာသင်ကြား သဘောတရားလေ့လာရန် ရောက်ခဲ့သည်မှာ (၁၂) နှစ်ခန့်မျှ ရှိသွားပါပြီ ဘုရား။
ဆရာတော်ကြီးနှင့် (၁၀)နှစ်ခန့်မျှအတူ သီတင်းသုံးခဲ့ရ၍ ဆရာတော်ကြီးမှာ ခမာဂုဏ်၊ ဓိတိဂုဏ်၊ ပညာဂုဏ်တို့နှင့် ဘယ်၍ဘယ်မျှ ပြည့်စုံကြောင်း ကိုယ်တိုင်သိ ဖြစ်ပါသည် ဘုရား။
လူခပမာဏခေါ် ခေါင်းပါးစွာ နေထိုင်မှုတွင် မျက်မှောက်ခေတ် သာသနာဝင်၌ စံတင်လောက်သော ပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်ပါသည်၊ ဗုဒ္ဓရှင်တော်မြတ်ကို ကြည်ညိုရာတွင်လည်း အမျှော်အကြောက်ကင်း၍ သန့်ရှင်းသော လေးစားခြင်းဖြင့် ကြည်ညိုလေးစားတတ်သော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါသည်၊ ထိုဆရာတော်ကြီးသည် မြန်မာနိုင်ငံမှ ရဟန်းရှင်လူအားလုံးတို့ အသိဖြစ်သော လူသေလူဖြစ် ကျမ်းကြီးကို ပြုစုခဲ့ရာ အများပြည်သူများအတွင်း၌ ထိုကျမ်းကြီးကို ကြိုက်သူရှိခဲ့သလို မကြိုက်နိုင်သူများလည်း (အထိုက်အလျောက်) ရှိကြောင်းဆရာတော်များ အသိပင်ဖြစ်ပါသည် ဘုရား၊ တပည့်တော်တို့မှာ ထိုကျမ်းကြီးကို ကြည့်ရှုလေ့လာဖူးသော်လည်း လက်ခံနိုင်လောက်အောင် နားလည်သဘောပေါက်ခြင်း မရှိသည်ကတစ်ကြောင်း လူသေလူဖြစ်ဆိုသည်မှာ ဒုက္ခသစ္စာနယ်တွင်းမှ မလွတ်ကင်းနိုင်သော သဘောတရားမျိုးဖြစ်သည်က တစ်ကြောင်းတို့ကြောင့် ကမ္ဘာ့သမိုင်းတွင် ပေါ်ပေါက်ရိုးဖြစ်သော အတွေးအခေါ်များကဲ့သို့ ဆရာတော်ကြီးသည် သူ၏အတွေးအခေါ်ကို ပညာရှင်များ လေ့လာနိုင်ရန် ရဲဝံ့စွာတင်ပြလိုက်သော ဒဿနကျမ်းစာတစ်စောင်ဖြစ်သည် ဟူ၍သာ သဘောထားခဲ့ပါသည်၊ သို့ရာတွင် ယနေ့အချိန်၌ ဤလူလေလူဖြစ် ကျမ်းနှင့်ပတ်သက်၍ပင် တပည့်တော်များသည် ဆရာတော်ကြီးများ၏ ရှေ့မှောက်သို့ အဆုံးအဖြတ်ခံရန် ရောက်ရှိလာကြရခြင်း ဖြစ်ပါသည် ဘုရား။
ဤသို့ ဆုံဖြတ်ခြင်းမပြုမီ ဝိနိစ္ဆယခုံရုံးမှ ပေးအပ်သော စုဒိတက၏ ချေပခွင့်ကို ရိုးသားစွာ အသုံးပြုလျက် လျှောက်ထားပါမည် ဘုရား။
ဤသို့လျှောက်ထားရာ၌ ရဟန်းငယ်တစ်ပါးက မထေရ်ကြီးများအား မလေးမစားပြုသည်ဟု သဘောမထားဘဲ ထေရဝါဒပိဋကနှင့်အညီ မှားမှန်ဝေခွဲ၍ ညွှန်ကြားဆုံးမပါရန် လျှောက်ထားအပ်ပါသည် ဘုရား။
စောဒကဆရာတော်များက ပကာသနိကကံကို တင်ပြပြောဆိုကြသဖြင့် တပည့်တော်များ ရှင်းရန် အခွင့်သင့်ကြရပါသည်၊ ဤသာသနာတော်၌ ပကာသနိယကံ၏ အရသာကို စတင်ခံစားခဲ့ရသော ပုဂ္ဂိုလ်မှာ အရှင်ဒေဝဒတ်ပင် ဖြစ်ပါသည်၊ (ဤနေရာအရောက်တွင် သဘာပတိဆရာတော်ကြီးက စောဒက(၂၁)ချက်နှင့် မပတ်သက်၍ ပကာသနိယကံအကြောင်း တင်သွင်းချက်ကို ဖတ်ခွင့်မပြုကြောင်း မိန့်ကြားသည်)။
သောဓနာ အမှတ်(၅)
(ဦးဆန္ဒာဓိက၏ ချေပချက်)
အမှတ်(၅) စောဒနာချက်နှင့် ပတ်သက်၍ အောက်ပါအတိုင်း သောဓနာ အပ်ပါသည် ဘုရား။
အမှတ်(၅) စောဒနာချက် ခေါင်းစဉ်၌ အတိတ် အနာဂတ် ဘဝတို့ကို လုံးလုံးပစ်ပယ်ပြီး ဟူသော စကားပါရှိပါသည်၊ ဘုရားတပည့်တော်များအတိတ်ဘဝကို လက်ခံလိုပါသည် ဆိုပါသော်လည်း လွန်လာခဲ့ပြီဖြစ်၍ လက်မခံနိုင်တော့ပါ၊ ပစ်ပယ်လိုသည် ဆိုပါကလည်း ပစ်ပယ်စရာ အတိတ်ဘဝစသည် တပည့်တော်များတွင် မရှိတော့ပါ ဘုရား၊ စောဒကဆရာတော်များ ဆိုလိုဟန်ရှိသည်မှာ အတိတ်ဘဝ အနာဂတ်ဘဝဆိုင်ရာ အယူဝါဒသာ ဖြစ်လိမ့်မည် ထင်ပါသည်၊ အတိတ်ဘဝ အနာဂတ်ဘဝ ရှိသည်ဟူသော အယူကို ယူလျှင် မည်သို့သော အကျိုး ဖြစ်ထွန်းမည်ကို သိလိုပါသည်၊ ဘုရားတပည့်တော်များသည် ကောင်းကျိုးကို ရလိုသူများ ဖြစ်ကြပါသည်၊ အတိတ်ဘဝကို ပြန်လည်စဉ်းစားနေစဉ် ပစ္စုပ္ပန်ခန္ဓာငါးပါးမှ ခွာလျက် အတိတ်ဘဝသို့ ခန္ဓာငါးပါးလုံး တကယ်ရောက်သွားနိုင်ပါသလား ဘုရား၊ နာမ်တရားချည်းသက်သက် အတိတ်သို့ ပြန်သွားနိုင်ပါသလား ဘုရား၊ ရုပ်တရားချည်းသက်သက် သွား၍ကော ရပါသလား ဘုရား၊ အတိတ်အနာဂတ်သည် တပည့်တော်အား သံသယကိုပွားစေပါသည်။
ယေ မေ ပုဗ္ဗေဝိယာကံသု၊ ဟုရံ ဂေါတမသာသနာ။
ဣစ္စာသိ ဣတိ ဘဝိဿတိ၊ သဗ္ဗံ တံ ဣတိ ဟီတိဟံ။
သဗ္ဗံ တံ တက္ကဝဋ္ဋုနံ၊ နာဟ တတ္ထ အဘိရမိံ။ (သုတ္တနိပါတ၊၄၄၃။)
ဂေါတမဘုရား၏ သာသနာမပေါ်သေးမီ ရှေးအခါက အကြင်ဆရာတို့သည် ဤသို့ဖြစ်ခဲ့ပြီ၊ ဤသို့ဖြစ်လိမ့်မည်ဟု အကျွန်ုပ်အား မိမိတို့အယူအဆကို ပြောကြားကြပါကုန်၏၊ ထိုသူတို့၏ အလုံးစုံသော စကားသည် ထိုတဆင့်ကြားကာမျှသာတည်း၊ ထိုအလုံးစုံသည် ကာမဝိတက် စသည်ကို ပွားစေနိုင်၏၊ အကျွန်ုပ်သည် ထိုအယူအဆတို့၌ မနှစ်သက်နိုင်ပါ။
အထက်ပါ ဟေမကလုလင်၏ စကားကို ထောက်၍ အတိတ်အနာဂတ်ဆိုင်ရာ အယူဝါဒသည် သံသယ ဝိစိကိစ္ဆာကို ပွားစေသည်မှာ ထင်ရှားပါသည်။ ၎င်းအပြင် ဘဒြကသုတ်၌ -
အဟေဉ္စတေ ဂါမဏိ အတီတမဒ္ဓါနံ အာဂဗ္ဘ ဒုက္ခဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ဒေသေယျံ၊ ဧဝံ အဟောသိ အတီတမဒ္ဓါနန္တိ၊ တတြ တေသိယာ ကင်္ခါ သိယာ ဝိမတိ၊ (ပ) ဧဝံ ဘဝိဿတိ အနာဂတမဒ္ဓါ နန္တိ၊ တတြာပိ တေ သိယာ ကင်္ခါ သိယာ ဝိမတိ၊ အပိ စာဟံ ဂါမဏိ ဣဓေဝ နိသန္နော ဧတ္ထေဝ တေ နိသန္နဿ ဒုက္ခဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ဒေသေဿာမိ။ (သံ၊၂။ ၅၁၀-၁။)
ဟု ဆိုထားပြန်ပါသည်။
မြန်မာပြန်
ရွာသူကြီး လွန်လေပြီးသောကာလ၌ ဤသို့ ဖြစ်ဖူးပြီဟု ငါသည် သင့်အား အတိတ်ကာလကို အကြောင်းပြု၍ ဆင်းရဲခြင်းဖြစ်ခြင်း ချုပ်ခြင်းကို ဟောပြပါမူ ထိုအတိတ်ကာလကို အကြောင်းပြု၍ သင့်အား ယုံမှားဖြစ်ရာ၏၊ တွေးတောမှု ဖြစ်ရာ၏၊ ရွာသူကြီး အနာဂတ်ကာလ၍ ဤသို့ ဖြစ်လိမ့်မည်ဟု ငါသည် သင့်အား အနာဂတ်ကာလကို အကြောင်းပြု၍ ဆင်းရဲဖြစ်ခြင်းကို ချုပ်ခြင်းကို ဟောခဲ့ပါမူ ထိုအနာဂတ်ကာလ၌လည်း သင့်အား ယုံမှားဖြစ်ရာ၏၊ တွေးတောမှု ဖြစ်ရာ၏၊ ရွာသူကြီး စစ်စစ် ငါသည် ဤနေရာ၌ ထိုင်နေလျက်ပင်လျှင် ဤနေရာ၌ ထိုင်လျက်ရှိသော သင့်အား ဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောပေအံ့။
ဤနေရာ၌လည်း ဗုဒ္ဓရှင်တော်မြတ်သည် အတိတ်အနာဂတ်ကို အကြောင်းပြု၍ ဆင်းရဲဖြစ်ခြင်း ချုပ်ချင်းကို ဟောလျှင် ယုံမှားခြင်း ကင်္ခါနှင့်တွေးတောခြင်း ဝိမတိတို့သာ ဖြစ်နိုင်ကြောင်း ဟောထားပါသည် ဘုရား။
အတီတံ နာနုသော စန္တိ၊ နပ္ပဇပ္ပန္တိ နာဂတံ။
ပစ္စုပ္ပန္နေန ယာပေန္တိ၊ တေန ဝဏ္ဏော ပသီဒတိ။ (သံ၊၁၊၅။)
အတိတ်ဖြစ်သော လာဘ်ကိုလည်း မစိုးရိမ်ကြကုန်။ အနာဂတ်ဖြစ်သော(လာဘ်)ကိုလည်း မတောင့်တကြကုန်။ ပစ္စုပ္ပန်ရဆဲ(လာဘ်)ဖြင့်သာ ရောင့်ရဲကြကုန်၏၊ ထို့ကြောင့် အရေအဆင်းသည် ကြည်လင်၏ ဟူ၍ ဆိုထားပါသည်၊ တမလွန်ဖြစ်သော အတိတ်ဘဝနှင့် အနာဂတ်ဘဝတို့ကိုသာမက ယခုမျက်မှောက်ဘဝ၌ပင် အတိတ်အနာဂတ် လာဘ်လာဘများအပေါ် မကြောင့်မကြ မတောင့်မတဘဲ ပစ္စုပ္ပန်ရသမျှ လာဘ်လာဘဖြင့် မျှတရောင့်ရဲနိုင်သော ရဟန်းပုဂ္ဂိုလ်အား ကြည်လင်ရွှင်ပျချမ်းသာရပုံကို ပြဆိုနေပါသည်၊ ပစ္စုပ္ပန်ဘဝ၌ ရိုးသားဖြူစင်စွာ ကျင့်ကြံနေထိုင်သူအား ရရှိနိုင်သော အဿာသတရားလေးပါးကို ဗုဒ္ဓမြတ်စွာသည် ကာလာမအမျိုးသားတို့အား ဤသို့ပင် ဟောပြတော်မူခဲ့ပါသည် ဘုရား။
ကာလာမမင်းတို့ ဤသို့ရန်ကင်းသောစိတ် ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သောစိတ်ရှိသော အရိယာတပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ကုန်၏၊
(၁) တမလွန်လောကသည် အကယ်၍ ရှိအံ့၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ ရှိအံ့၊ ထိုသို့ရှိခဲ့သော် ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်သို့ ရောက်ရလိမ့်မည် ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤကား အရိယာတပည့်အား ရအပ်သော ပထမထောက်တည်ရာပေတည်း၊
(၂) တမလွန်လောကသည် အကယ်၍ မရှိအံ့၊ ကောင်းသော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက်အကျိုးရင်းသည် အကယ်၍ မရှိအံ့။ ထိုသို့မရှိခဲ့သော် ငါသည် မျက်မှောက်ဘဝ၌ပင် ရန်မရှိသော ကြောင့်ကြမရှိသော ဆင်းရဲမရှိသော ချမ်းသာခြင်းရှိသော မိမိကိုယ်ကို ဆောင်ရလေ၏ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထိုအရိယာတပည့်အား ရအပ်သော ဒုတိယထောက်တည်ရာပေတည်း။
(၃) မကောင်းမှုကို ပြုခဲ့လျှင် ပြုသည် မည်အံ့၊ ငါသည် တစ်စုံတစ်ခုသော မကောင်းမှုကို အားမထုတ်ခဲ့၊ (မကောင်းမှု) မပြုသော ငါ့အား အကုသိုလ်ကံသည် အဘယ်မှာ ဆင်းရဲ တွေ့ထိနိုင်စေအံ့နည်းဟူသော ထောက်တည်ရကို ရလေ၏၊ ဤသည်ကား ထိုအရိယာတပည့်အား ရအပ်သော တတိယ ထောက်တည်ရာပေတည်း၊
(၄) မကောင်းမှု ပြုသော်လည်း ပြုသည် မမည်အံ့၊ ထိုသို့ ပြုသည် မမည်သော် ငါသည် (မကောင်းမှုကို မပြုခြင်း, ပြုသည် မမည်ခြင်းဟူသော) နှစ်ပါးစုံဖြင့်သာလျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်ရပေ၏ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထိုအရိယာတပည့်အား ရအပ်သော စတုတ္ထထောက်တည်ရာပေတည်း။
ဤ ကေသမုတ္တိသုတ်ပါ (အဿာသ) တရားလေးပါးကို ကြည့်ပါက အတိတ်ဘဝ အနာဂတ်ဘဝဆိုသည်မှာ လုံးဝအရေးမကြီးဟု ဆိုရန်မဖြစ်နိုင်ရုံသာရှိကြောင်း တွေ့ရှိနိုင်ပါသည်၊ ဗုဒ္ဓဘာသာဝင်တို့အတွက် ဤမျက်မှောက် ဘဝ၌ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်တို့မှ ရှောင်ကြဉ်၍ သဒ္ဓါသီလ စသော သူတော်ကောင်းတရားတို့နှင့် ပြည့်စုံအောင် နေထိုင်သွားပါလျှင် ထိုပုဂ္ဂိုလ်အတွက် တမလွန်ရှိသည် ဖြစ်စေ၊ ရရှိသည်ဖြစ်စေ၊ အရှုံးမရှိ၊ ချမ်းသာခြင်း အမြတ်သာရှိကြောင်း အကုသိုလ်ဒုစရိုက်သမားအတွက်ကား မျက်မှောက်ဘဝ၌ပင် ရန်လိုသောစိတ် ကြောင့်ကြသောစိတ် ညစ်ညူးသောစိတ် မစင်ကြယ်သောစိတ် ရှိသည်ဖြစ်၍ ထောက်တည်ရာ တရားလေးပါး ကင်းကွာလျက် ဆင်းရဲခြင်းသား အဖတ်တင်ကြောင်း ပြဆိုထားပါသည် ဘုရား။
စောဒက ဆရာတော်များက ဘဒ္ဒေကရတ္တသုတ်လာ
အတီတံ နနွာကမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။
ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ - (မ၊၃၊၂၂၆။)
ဟူသော ဂါထာကို ရွတ်လျက် လောကုတ္တရာ ဝိပဿနာကိစ္စနှင့်သာ သက်ဆိုင်ကြောင်း စောဒကဆရာတော်များက တင်ပြသွားကြပါသည် ဘုရား။
ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ -
ဟူသော နှစ်ပါဒကို ဂရုပြုတော်မူကြပါ ဘုရား။
အတိတ်သည် ပစ္စုပ္ပန်မဟုတ်သဖြင့် (သဘာဝအားဖြင့်ပင်) ပယ်အပ်ပြီဟု ဆိုလိုပါသည်၊ ပယ်ရမည်ဟု တမင်ခိုင်းနေခြင်းမဟုတ်ပါ၊ အနာဂတ်သည် မရောက်လာသေးဟု ဆိုရာ၌ လောကီအနာဂတ်ဖြစ်စေ၊ လောကုတ္တရာ အနာဂတ်ဖြစ်စေ၊ ရောက်မလာသေးသည်ကို အနာဂတ်ဟုခေါ်ပါသည်၊ လောကီအနာဂတ် လောကုတ္တရာ အနာဂတ်ဟူ၍ တပည့်တော်စကားလုံးဝေါဟာရ ထွင်နေခြင်းမဟုတ်ပါ ဘုရား၊ စောဒကဆရာတော်များ စကားကိုလိုက်၍ဆိုခြင်းသာ ဖြစ်ပါ သည်။
တပည့်တော်သည် အတိတ်အနာဂတ်ကို အကြောင်းမတန်ငြင်းဆန်နေသည်မဟုတ်ပါ၊ သူ့ကာလနှင့် သူ့အင်အားအလိုက် လက်ခံပါသည်၊ အတိတ်သည် ရှိ၏၊ အနာဂတ်သည် ပစ္စုပ္ပန်နှင့် တန်းတူထားနေကြ၍သာ ပြောဆိုနေရခြင်း ဖြစ်ပါသည်၊ အမှန်မှာ အတိတ်သည် ရှိခဲ့၏၊ ပစ္စုပ္ပန်သည် ရှိ၏၊ အနာဂတ်သည် ရှိလိမ့်မည်ဟုကာလအလိုက်အနက်နှင့်သဒ္ဒါတိကျအောင် ခွဲဝေသုံးကြလျှင် ဤအတိတ်အနာဂတ်ပြဿနာသည် ရှင်းသွားလိမ့်မည် ထင်ပါသည် ဘုရား။
ဖြစ်ရပ်ပေါင်းများစွာတို့သည် ဖြစ်ခဲ့ကြ၍ ဖြစ်ရပ်ပေါင်းများစွာတို့သည် ပျက်ကြလိမ့်မည်ဆိုသော ဖြစ်ပျက်စဉ်ကြီးကို မည်သူမှလည်း မငြင်းနိုင်ပါ၊ သို့ရာတွင် ဖြစ်ဆဲအခြေအနေသည်ကား ယင်း အတိတ်အနာဂတ်တို့ထက် များစွာပင်အရေးကြီးကြောင်း သုတ်ထောက်သုတ်ကိုးဖြင့် တင်ပြရခြင်းဖြစ်ပါသည်။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၃၀.၆.၈၁ ရက်နေ့ ဤဝိနည်းဓိုရ်ခုံရုံးတွင် တပည့်တော်များ ပရိတ်ရွတ်ကြပါကြောင်း လျှောက်ထားခဲ့ပါသည် ဘုရား၊ သို့ရာတွင် အချိန်စေ့သွားပါသဖြင့်ဆက်လက်လျှောက်ထားခြင်း မပြုနိုင်ခဲ့ပါဘုရား၊ ထိုစဉ်က လျှောက်ထားရန် ကျန်ရှိနေသည်များကိုလျှောက်ထားပါရစေ ဘုရား။
တပည့်တော်များ ပရိတ်ရွတ်သည်ဆိုသည်မှာ သံဃာတော်ချင်း သာမဂ္ဂီဖြစ်သည်ကို ပြရန်လည်းကောင်း၊ အခမ်းအနား ယဉ်ကျေးမှုများကို အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ နာကြားသူတို့ စိတ်ကြည်နူးစေရန် လည်းကောင်း၊ အထူးသဖြင့် ဒုက္ခအေးငြိမ်းရေးကို အထောက်အပံ့ ဖြစ်စေရန်အတွက်လည်းကောင်း ပရိတ်ရွတ်ဆိုခြင်း ဖြစ်ပါသည် ဘုရား။
တန္တရ၊ မန္တရ ဆန်ဆန် ဖုတ်၊ ပြိတ္တာ၊ တစ္ဆေ၊ သူရဲတို့၏ ဘေးရန်ကို ကာကွယ်ရန်၊ မိုးရွာစေရန်၊ မီးတားစေရန်၊ လာဘ်သပ်ပကာရွှင်စေရန် စသော ရည်ရွယ်ချက်များ မပါကြပါ ဘုရား၊ ယင်းအချက်များသည် ဗုဒ္ဓရှင်တော်၏ ရည်ရွယ်ချက်ကို လွှဲဖယ်ရာ ကျနိုင်ပါသည် ဘုရား။
“သုစရိတံ စရန္တိ” ကောင်းသော အကျင့်ကို ကျင့်ကြကုန်၏ဟု ဟောတော်မူသော ဗုဒ္ဓရှင်တော်မြတ်၏ စကားတော်ကို ဦးထိပ်ထက် ပန်ဆင်နေခြင်းသာ ဖြစ်ပါသည် ဘုရား။
“နောက်တစ်ချက် လျှောက်ထားလိုသည်မှာ စောဒကဆရာတော်များက တစ္ဆေသူရဲနိုင်မန္တန် မြွေနိုင်မန္တန် စသည်တို့ကိုပင် ဗုဒ္ဓရှင်တော်မြတ်က သင်ယူခွင့်ပြုကြောင်း ဝိသေသစောဒနာတွင် တင်သွင်းဖော်ပြသွားကြပါသည်။ အဋ္ဌကထာစကားကို မှားသည်ဟု တပည့်တော်များ မဆိုလိုပါ ဘုရား။
“သို့ရာတွင် သီလက္ခန်ပါဠိတော် သာမညဖလသုတ် မဟာသီလခန်း ပထမအပိုဒ်၌ မြွေအတတ် အဆိပ်အတတ် ကင်းမြီးကောက်အတတ်တို့သည် ရဟန်းတော်များ မသင်ကောင်း မလုပ်ကောင်းသော မိစ္ဆာဇီဝတရားများသာ ဖြစ်ကြောင်းမိန့်ဆိုထားပါသည် ဘုရား။
“မဟာသီလခန်း တစ်နေရာတွင်လည်း-
ယထာ ဝါ ပနေကေ ဘောန္တော သမဏေဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧဝရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝေန ဇီဝိတံ ကပ္ပေန္တိ၊ သေယျထိဒံ သန္တိကမ္မံ ပဏိဓိကမ္မံ ဘူတကမ္မံ။ (ဒီ၊၁၊၆၅၊၆၆။)
ထို့ကြောင့်လည်း တစ်ချို့သော သမဏဗြဟ္မဏတို့သည် ယုံကြည်၍ လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသော အသက်မွေးမှုဖြစ်ကုန်သော ဤသို့သော ဖီလာဖြစ်ကုန်သော အတတ်တို့ဖြင့် အသက်မွေးကြကုန်၏၊
ဤသည်တို့သည်ကား အဘယ်နည်း၊ နတ်ကိုးခြင်း, တောင်းဆုပြု၍ နတ်ပူဇော်ခြင်း, ဖုတ်တစ္ဆေအတတ်တို့ကို လေ့ကျင့်ခြင်းဟု ဆိုထားပါသည် ဘုရား၊ မိစ္ဆာဇီဝများကို သမ္မာအာဇီဝ ထင်မှတ်နေကြလျှင် ပရိတ်အကျိုးရမည်ထက် သာသနာတွင်း၌ လူဖြစ်ကျိုးရှုံးမည်ကို ပို၍ ကြောက်သင့်ပါသည် အရှင်သူမြတ်များ ဘုရား။
သောဓနာ အမှတ် (၁၄)
(ဦးဆန္ဒာဓိက၏ ချေပချက်)
သေယျထာပိ ဝါသေဋ္ဌ အယံ အစိရဝတီ နဒီ ပူရာ ဥဒကဿ သမတိတ္ထိကာ ကာကပေယျာ၊ အထပုရိသော အာဂစ္ဆေယျ ပါရတ္ထိကော ပါရဂါမီ ပါရဂဝေသီ ပါရံ တရိတုကာမော၊ သော ဩရိမေ တီရေဌိတော ပါရိမံ တီရံ အဝှေယျ “ဧဟိ ပါရာပါရံ ဧဟိ ပါရာပါရ”န္တိ။ (ဒီ၊၁၊၂၃၀။)
ဝါသေဋ္ဌ ဤအစိရဝတီမြစ်သည် ကမ်းမှာနား၍ ကျီးသောက်နိုင်လောက်အောင် ကမ်းနှင့်အညီ ရေပြည့်လျက် ရှိ၏၊ ထိုအခါ တစ်ဘက်ကမ်းသို့ သွားလို ဆိုက်လို ရောက်လို ကူးမြောက်လိုသော ယောက်ျားသည် လာရာ၏၊ ထိုယောက်ျားသည် ဤမှာဘက်ကမ်း၌ ရပ်လျက် “ဟေ...ဟိုဘက်ကမ်းသည် ဘက်ကမ်းသို့ လာခဲ့လော့”
တံကိံ မညသိ ဝါသေဋ္ဌ အပိ နု တဿ ပုရိသဿ အဝှါယနဟေတု ပတ္ထနဟေတု ဝါ အဘိနန္ဒနဟေတု ဝါ အစိရဝတိယာ နဒိယာ ပါရိမံ တီရံ ဩရိမံ တီရံ အာဂစ္ဆေယျာတိ။ နော ဟိဒံ ဘော ဂေါတမ။ (ဒီ၊၁၊၂၃၀။)
ဝါသေဋ္ဌ ထိုအရာကို ဘယ်သို့ ထင်သနည်း၊ ထိုယောက်ျား၏ ခေါ်ခြင်းအကြောင်းကြောင့်လည်းကောင်း၊ တောင်းပန်ခြင်း အကြောင်းကြောင့်လည်းကောင်း၊ အလိုရှိခြင်း အကြောင်းကြောင့်လည်းကောင်း အစိရဝတီမြစ်၏ ဟိုမှာဘက်ကမ်းသည် ဤမှာ ဘက်ကမ်းသို့ လာရာသလော၊ အရှင်ဂေါတမ မလာရာပါ။
အထက်ပါ သီလက္ခန်ပါဠိတော် တေဝိဇ္ဇသုတ်လာ ဆုတောင်းခြင်းနှင့် ပတ်သက်၍ ပေးထားသော ဥပမာမှာ အလွန်ပြည့်စုံပါသည် ဘုရား၊ မြစ်တစ်ဘက်ကမ်းမှရပ်လျက် လုံ့လဥဿာဟကိုမထုတ်ဘဲ ဟိုဘက်ကမ်းကို လှမ်းခေါ်ရုံဖြင့် မရောက်နိုင်ကြောင်း ဥပမာကောင်းကောင်းပေးထားပါသည် ဘုရား။
စောဒကဆရာတော်များက ဘုရားတပည့်တော်များ ဆုတောင်းဆုပေး မလုပ်သည်ကိုပင် အပြစ်တစ်ခုကဲ့သို့ မြင်နေဟန် တူပါသည်၊ တပည့်တော်များသည် သူတပါး၏ ဆုတောင်းဆုပေးလုပ်သည်ကို တားမြစ်ပိတ်ပင်ခြင်း မရှိပါ၊ ဆုတောင်းဆုပေး မလုပ်ခြင်းအတွက် မည်သည့်သိက္ခာပုဒ်နှင့် ငြိစွန်းသည်ဟူ၍ မသိမိပါ။
တစ်ခါတရံ ဆွမ်းစားပင့်၍ သီလပေးရမည့် အခါနှင့် ကြုံလျှင် “မိမိတို့ အလရုရှိအပ် တောင့်တအပ်သော ဆုအပေါင်းနှင့် ပြည့်စုံအောင် မိမိတို့ ကိုယ်တိုင်ကြိုးစား အားထုတ်နိုင်ကြသည် ဖြစ်စေ”ဟူ၍ ဆုပေးရိုး ရှိပါသည် ဘုရား၊ ၎င်းဆုပေးနည်း မှားလျှင် ပြုပြင်ပေးတော်မူကြပါ ဘုရား။
“ဗုဒ္ဓရှင်တော်မြတ်သည် ဇီဝကနှင့် ဝိသာခါတို့အား ဆုပေးသည်ကို ဝိနည်းမဟာဝါ၌ တွေ့ရပါသည်၊ သို့ရာတွင် ဗုဒ္ဓရှင်တော်မြတ် ပေးသောဆုမှာ အခြားပုဂ္ဂိုလ်များ ပေးသောဆုများနှင့် တူမည်မထင်ပါ၊ ယဉ္စ ဘန္တေ ကပ္ပတိ၊ ယဉ္စ အနဝဇ္ဇံ -ဟူသော စကားအရ “အပ်စပ်သောဆု အပြစ်မရှိသောဆု”ဟု ဆိုပါသည်။
ဇီဝကတောင်းသော ဆုမှာ ဂဟပတိစီဝရကို ရဟန်းများအား လှူဒါန်းခွင့်ပြုရန်ဖြစ်သည်၊ ဆုတောင်းသူက ဆုပေးမည့် ပုဂ္ဂိုလ်ထံတွင် ခွင့်တစ်ခုတောင်းခြင်းကိုထောက်၍ ဆုတောင်းခြင်းဆိုသည်မှာ ကာမဂုဏ်အာရုံငါးပါးကို မျှော်လင့်တောင့်တ၍ ကာမငါးမျိုးကို ရလိုကြောင်း တောင်းဆိုခြင်း မဟုတ်သည်ကို တွေ့ရသည်။
အဆင်း အသံ အနံ့ အရသာ အတွေ့ဟူသော အာရုံငါးမျိုးကို ရလိုကြောင်း ဆုတောင်းလျှင် အကပ္ပိယသာဝဇ္ဇဆု (ဝါ)မအပ်သော အပြစ်ရှိသော ဆုဟု ဆိုကောင်းဆိုနိုင်ကောင်းမည် ထင်ပါသည်၊ အကြောင်းမှာ စွန့်လွှတ်လှူဒါန်းရန် အခွင့်တောင်းခြင်းကို အပ်သော အပြစ်ကင်းသော ဆုဟု ဆိုထားရာ ရယူရန်သိမ်းပိုက်ရန် စွဲယူရန် ဆုတောင်းမှုကို အဘယ်သို့ ဆိုနိုင်မည်ကို ဆက်လက်စဉ်းစားနိုင်ပါသည်။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့သည် အကပ္ပိယသာဝဇ္ဇဆုမျိုးကို မပေးမိရန် အထူးသတိပြုသင့်ပါသည်၊ “ယော ဘိက္ခဝေ ရူပံ အဘိနန္ဒတိ၊ ဒုက္ခံ သော အဘိနန္ဒတိ”ဟူသော ဒေသနာတော်မှာ ရုပ်ကို နှစ်သက်စွဲလမ်းသူမှာ ဒုက္ခကို နှစ်သက်စွဲလမ်းခြင်း ဖြစ်၏၊ ထို့အတူ ဝေဒနာ သညာ သင်္ခါရ ဝိညာဏတို့ကို နှစ်သက်စွဲလမ်းပါကလည်း ဒုက္ခကို နှစ်သက်သည် မည်ပါသည်၊ ဒုက္ခကင်းပြတ်ရေးကို ကျင့်ရမည့် ဗုဒ္ဓသာသနာတော်၌ ဒုက္ခသို့ ပို့တတ်သော ဆုပေးမျိုး ဆုတောင်းမျိုးကို ပေးလိုက် တောင်းလိုက်လုပ်ခြင်းသည် ဗုဒ္ဓအဆုံးအမတော်နှင့် မဆန့်ကျင်ဟု ဆိုရန် ခက်ခဲလှပါသည် ဘုရား။
သောဓနာအမှတ် (၂၁)
(ဦးဆန္ဒာဓိက၏ ချေပချက်)
သဘာပတိဆရာတော်ဘုရားကြီးနှင့် ဝိနည်းဓိုရ်ဆရာတော်အရှင်မြတ်တို့ ဘုရား၊ ဘုရားတပည့်တော် လေးမြတ်စွာ လျှောက်ထားအပ်ပါသည်။
စောဒကဆရာတော်များ၏ စောဒနာချက်များအနက် ဘုရားတပည့်တော်နှင့် တိုက်ရိုက်သက်ဆိုင်သော စောဒနာချက်အမှတ် (၂၁)ကို လျှောက်ထား ဆွေးနွေးခွင့်ပြုပါ ဘုရား-
ဝိနိစ္ဆယခုံရုံးအဖွင့်နေ့က “ဓမ္မော သဘာဝေ ပရိယတ္တိ ပညာ” စသည်ဖြင့် ဟောနက်ပေါင်း များစွာရှိသည့် ဓမ္မသဒ္ဒါ နှင့် ပတ်သက်၍ သဘာပတိဆရာတော်ဘုရားကြီးက ပရိယတ္တိတည်းဟူသော ထေရဝါဒဂိုဏ်းသုံး ပါဠိအဋ္ဌကထာ စသည်များဖြစ်ကြောင်း ဖွင့်ဆိုတော်မူခဲ့ပါသည် ဘုရား၊ ထိုအဖွင့်မိန့်ခွန်းအပိုဒ် (၆)၌ပင် အာဂမသဘာဝယုတ္တိတို့တွင် သဘာဝယုတ္တိကို ခွင့်ပြုတော်မူသဖြင့် ဘုရားတပည့်တော် အထူးပင် ကျေနပ်အားရမိပါသည် ဘုရား။
“ဝိနယပိဋကပါ ကျန်ခုဒ္ဒကနိကာယ်ဝင်ကျမ်းများနှင့် ပတ်သက်၍ စတုတ္ထသံဂါယနာ အနီးတဝိုက်သို့ တပည့်တော်၏ ထင်မြင်ချက်ကို ပို့ပေးသူမှာ အရှင်ဗုဒ္ဓဃောသဖြစ်ပါသည် ဘုရား။
အဘိဓမ္မပိဋကနှင့် ပတ်သက်၍ အနည်းငယ်ရှင်းပါရစေ ဘုရား၊ အရှင်ဗုဒ္ဓဃောသ၏ အဋ္ဌသာလိနီအဋ္ဌကထာ နိဒါန်း၌ အဘိဓမ္မာခုနှစ်ကျမ်းနှင့် ပတ်သက်သော ငြင်းခုံပွဲတစ်ခုကို တွေ့နိုင်ပါသည်၊ အဋ္ဌသာလိနီအဋ္ဌကထာ(၄)။
ယင်းငြင်းခုံပွဲ၌ ဝိတဏ္ဍဝါဒီများက ကထာဝတ္ထုသည် သာဝကဟောဖြစ်၍ အဘိဓမ္မာကျမ်းများမှ ပယ်စွန့်ရန်တောင်းဆိုကြပါသည်၊ ကိံ ပန ဆပ္ပကရဏာနိ အဘိဓမ္မော = အဘိဓမ္မာသည် ခြောက်ကျမ်းသာ ဖြစ်ရမည်လောဟု အခြားရဟန်းတော်များက ဆိုကြရာ ဝိတဏ္ဍဝါဒီတို့က မဟာဓမ္မဟဒယ၊ ထို့နောက် မဟာဓာတုကထာကျမ်းနှစ်ကျမ်းကို တင်ပြသည်ဆိုပါသည်၊ သို့ရာတွင် ထိုနှစ်ကျမ်းတွင် မဟာဓမ္မဟဒယကျမ်းမှာ နှစ်ခု သုံးခုမျှသော ပဥှာဝါဒသာ ကျန်တော့ခြင်း, မဟာဓာတုကထာမှာ အနည်းငယ်မျှသော အစဉ်လောက်သာ ကျန်တော့ခြင်းတို့ကြောင့် အဘိဓမ္မာကျမ်းများ စာရင်းတွင် မဝင်နိုင်ခဲ့ကြပါ၊ ထို့ကြောင့် ကထာဝတ္ထုနာဝ သဒ္ဓိံ သတ္တာတိ = ကထာဝတ္ထုနှင့်သာ ခုနှစ်ကျမ်းဖြစ်ခဲ့သည်ဟု ဆိုထားပါသည်။
ထိုစဉ်က မဟာဓမ္မဟဒယနှင့် မဟာဓာတုကထာကျမ်းကြီးများမှာ တစ်ကျမ်းကျမ်းသာ အပြည့်အစုံ ရှိခဲ့ပါလျှင် ကထာဝတ္ထု၏ အခြေအနေသည် တစ်မျိုးတစ်ဖုံ ဖြစ်နိုင်ကြောင်း ဆွေးနွေးရပါသည် ဘုရား။
ထို့အပြင် အဘိဓမ္မာသည် ခုနှစ်ကျမ်းရှိရမည်ဟူသော သတ်မှတ်ချက်တစ်ရပ် ရှိနေသည်မှာ သဗ္ဗတ္ထိဝါဒဂိုဏ်းသုံး အဘိဓမ္မာခုနှစ်ကျမ်းကို အားကျနေခြင်းလားဟု သံသယဝင်မိပါသည်။
မဟာဓမ္မဟဒယနှင့် မဟာဓာတုကထာကျမ်းတို့မှာ တစ်ပိုင်းတစ်စကြွင်းကျန် နေကြသေးသည်ကို ထောက်က အာဂုံခေတ်မဟုတ်တော့၊ “စာပေရေးခေတ်” ထွန်းကားနေပြီကို သိနိုင်ပါသည်။
“မောဂ္ဂလိပုတ္တတိဿတ္ထေရေနေတံ ဌပိတံ၌ ဌပိတံ ဟူသော ပုဒ်သည် တတိယ သံဂါယနာ တင်ပြီးချိန်ကို ညွှန်ပြနေပါသည်။
တပည့်တော်သည် အဘိဓမ္မာခုနှစ်ကျမ်း အတည်ဖြစ်ချိန်ကိုသာ ဆွေးနွေးနေခြင်းဖြစ်၍ အဘိဓမ္မာကျမ်းများ၏ လေးနက်မှုကို ပေါ့ပျက်အောင် လုပ်နေခြင်း မဟုတ်ပါ၊ မာတိကာ ဓာတုကထာ ယမိုက် ပဋ္ဌာန်းတို့ကို သင်ကြားခဲ့ဖူး၍ အဘိဓမ္မာဒေသနာ၏ ဆန်းပြားသော ကြောင်းကျိုးဆက်စပ်မှုကို ရိပ်စားမိပါသည် ဘုရား။
ခုဒ္ဒကနိကာယ်နှင့် ပတ်သက်၍ ဆက်လက်တင်ပြပါရစေ ဘုရား၊ သီလက္ခန်အဋ္ဌကထာတွင် ဒီဃနိကာယ် မဇ္စျိမနိကာယ် သံယုတ္တနိကာယ် အင်္ဂုတ္တရနိကာယ်ကြီးတို့ကို သာဝကကြီးများ ခွဲဝေတာဝန်ချထားပြီးနောက် ဓမ္မသင်္ဂဏီ ဝိဘင်း ဓာတုကထာ ပုဂ္ဂလပညတ် ကထာဝတ္ထု ယမိုက် ပဋ္ဌာန်းတို့ကို အဘိဓမ္မာခေါ်ဆိုအပ်ကြောင်း ငါးရာသော ရဟန္တာကြီးများ ရွတ်ဆိုကြကြောင်း ဖွင့်ဆိုပြီး-
တတော ပရံ ဇာတကံ နိဒ္ဒေသော ပဋိသမ္ဘိဒါမဂ္ဂေါ အပဒါနံ သုတ္တနိပါတော ခုဒ္ဒကပါဌော ဓမ္မပဒံ ဥဒါနံ ဣတိဝုတ္တကံ ဝိမာနဝတ္ထု ပေတဝတ္ထု ထေရဂါထာ ထေရီဂါထာတိ ဣမံ တန္တိံသင်္ဂါယိတွာ “ခုဒ္ဒကဂန္ထော နာမာယ” န္တိ စ ဝတွာ “အဘိဓမ္မပိဋကသ္မံယေဝ သင်္ဂဟံ အာရောပယိံသူ” တိ ဒီဃဘာဏကာ ဝဒန္တိ (ဒီ၊ဋ္ဌ၊၁၊၁၅။)-
ဟု ဆိုသောကြောင့်
ဒီဃဘာဏကရဟန်းတော်တို့၏ အလိုအရ ခုဒ္ဒကဂန္ထသည် (၁၃)ကျမ်းရှိ၍ ထို (၁၃)ကျမ်းကို အဘိဓမ္မာပိဋက၌သွင်းလျက် သံဂါယနာတင်ကြသည်ဆိုသဖြင့် အဘိဓမ္မာကျမ်းပေါင်း (၂၀)မျှ ရှိသည်ဟု ဆိုရာရောက်ပါသည်။
မဇ္ဈိမဘာဏက ရဟန်းတော်များက အထက်ပါ (၁၃)ကျမ်းတွင် စရိယာပဋိကနှင့် ဗုဒ္ဓဝံသတို့ကို ထည့်၍ ခုဒ္ဒကဂန္ထကို (၁၅)ကျမ်းဟု ဆိုကြပါသည်၊ ၎င်းတို့က သုတ္တန်ပိဋကသို့ သွင်းကြပါသည်။
“ပထမသံဂါယနာတင် ရဟန္တာမထေရ်ကြီး ငါးရာတို့ကို တစ်ဖွဲ့နှင့် တစ်ဖွဲ့ အယူအဆမတူကြ၍ စွပ်စွဲရန် မဝံ့သဖြင့် ခုဒ္ဒကဂန္ထများ၏ ပိဋကစာရင်းဝင်ရန်ခေတ်ကို ပုထုဇဉ်ရဟန်းတော်များ ခေတ်တွင်သာ သတ်မှတ်သင့်သည်ဟု ထင်ပါကြောင်း ဘုရား။
သို့ရာတွင် သုတ္တနိပါတ်ကဲ့သို့သောကျမ်းများမှာ အခြားသော နိကာယ်ကြီးများနှင့် ခေတ်ချင်း ပြိုင်နိုင်လောက်အောင် ရှေးကျကြောင်း သုတေသီပညာရှင်များက ရေးသားကြပါသည် ဘုရား။
“နှစ်တစ်ရာခန့်က အဖြစ်အပျက်များကိုပင် တိကျစွာဆိုရန် ခဲယဉ်းလှပါသည်၊ နှစ်ပေါင်းများစွာက ပေါ်ပေါက်ခဲ့သော ပိဋကတ်တော်များနှင့် ပတ်သက်၍ တပည့်တော်၏ ထင်မြင်ချက်များကို မှန်ရမည်ဟု တိကျစွာ မဆိုနိုင်ပါ ဘုရား၊ ဝိနည်းဓိုရ်ဆရာတော်ကြီးများကသာ မှန်သည်မှားသည်ကို အဆုံးအဖြတ်ပြုတော်မူကြပါ ဘုရား။
သခင်မြတ်ဆိုင်၏ ချေပလွှာနိဒါန်း
လူသေလူဖြစ် ဓမ္မဝိနယဝိနိစ္ဆယအတွက် သောဓနာတင်သွင်းလွှာပါ ဘုရား-
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
နိဒါန်းစကားကို တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။ ယခု တပည့်တော် တင်ပြလျှောက်ထားချက်များမှာ ထေရဝါဒပိဋကတ်တော် ဆဋ္ဌသံဂါယနာပါဠိတော် မြန်မာပြန်များမှ တိုက်ရိုက် ကူးယူလျှောက်ထားချက်များသာ ဖြစ်ပါကြောင်းပါ ဘုရား၊ ဤသို့ လျှောက်ထားရာ၌ ပိဋကတ်တော် အဆိုအမိန့်များမှလွဲ၍ အပြင်စကားကိုလည်းကောင်း၊ တွေးဆချက်ဟူ၍ လည်းကောင်း မပါရှိပါ ဘုရား၊ သို့ရာတွင် အချိန်အကန့်အသတ်အရ အချို့သောသုတ်များကို အနည်းငယ်ချုံး၍ လိုရင်းမျှကိုသာ လျှောက်ထားရပါသည် ဘုရား၊ အကျယ်ကိုမူ ဆရာတော်များ သိရှိတော်မူကြပြီးဖြစ်မည်ဟု ယုံကြည်ပါသည် ဘုရား၊ သံသယရှိလျှင် တပည့်တော်ရည်ညွှန်းလျှောက်ထားချက် ပါဠိပိဋကတ်တော် စာမျက်နှာများ၌ ပြန်လည်ရှုမှတ်တော် မူကြရန်ဖြစ်ပါသည် ဘုရား-
အထူး လျှောက်ထားလိုသည်မှာ တပည့်တော် ဤဓမ္မအဓမ္မဝိနိစ္ဆယရုံးတော်သို့ ဝင်ရောက် လျှောက်ထားရခြင်းမှာ အနိုင်အရှုံးဟူသော သဘောမျိုးဟူ၍ လုံးဝမရည်ရွယ်ပါ ဘုရား၊ ရည်ရွယ်ရန် သတ္တိရှိသူလည်းမဟုတ်ပါ ဘုရား၊ အရှင်မြတ်တို့ ဖဝါးအောက် ဖုန်မှုန့်လောက်မျှ မယှဉ်ဝံ့ပါ ဘုရား၊ လျှောက်ထားရန် လိုရင်းမှာ “တပည့်တော်၏ ဆရာနှင့် အယူအဆပိုင်းဆိုင်ရာတို့၏ အမှား အမှန်ကို သိရန်”ဟူသော ရည်ရွယ်ချက်ဖြင့် ဤဝိနိစ္ဆယအဖွဲ့၏ အဆုံးအဖြတ်ကို ခံယူရန် ဆရာတော်ကြီးများ၏ ရှေ့မှောက်သို့လာရောက်ကာ သိသမျှ တင်ပြအစစ်ခံခြင်းမျှသာဟု သိမှတ်တော်မူကြပါရန် လေးစားစွာ လျှောက်ထားအပ်ပါသည် ဘုရား။
ဤသို့ တင်ပြလျှောက်ထားရာ၌ ပုထုဇဉ်တို့၌ရှိသော ဒွိဟစရိုက်အတိုင်း အမှားအမှန်ဟူသော အချက်များ ရောထွေးတတ်သည့်သဘော မကင်းပါ ဘုရား။
“ရှေးယခင်က အမ်အာရ်အေ၏ ကျောင်းထိုင်အဖွဲ့ဦးဆောင်သော အဆုံးအဖြတ်မှာ တစ်ဖက်သတ် ဆုံးဖြတ်ချက်ဖြစ်သည့်အလျောက် တပည့်တော်များ မခံယူခဲ့ရပါ ဘုရား။
ယခုသည်ကား သီလဂုဏ် သမာဓိဂုဏ်နှင့်တကွ ပရိယတ္တိပရိမာမကဂုဏ် ပြည့်စုံတော်မူကြသော ဆရာတော်ဘုရားကြီးများ ဖြစ်တော်မူကြ၍ တပည့်တော် ဝမ်းမြောက်စွာခံယူရမည် ဖြစ်ပါသည် ဘုရား၊ ဤသို့ဖြစ်ပေါ်လာစေရန် စုစည်းစောင့်ရှောက်ခဲ့သော နိုင်ငံတော်အစိုးရအားလည်း ကျေးဇူးဥပကာရတင်ရကြောင်းပါ ဘုရား။
ထို့ကြောင့် တပည့်တော် ဤဝိနိစ္ဆယရုံးတော်ရှေ့မှောက် လာရောက်လျှောက်ထားသမျှကို အနိုင်အရှုံးသဘောဖြင့် ရှုမှတ်တော်မမူကြဘဲ အမှားအမှန်ကိုသာ ရှေ့ရှု သုံးသပ်ပေးတော်မူရန်ကို နာခံမှတ်သားမည်သာဖြစ်ကြောင်း ကြိုတင်လျှောက်ထားပါသည် အရှင်မြတ်တို့ ဘုရား။
သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဦးတည်၍ ရိုသေစွာနာခံမည် ဖြစ်ကြောင်းပါ ဘုရား။
တပည့်တော်သခင်မြတ်ဆိုင်ပါ ဘုရား။
သောဓနာ အမှတ် (၁)
(သခင်မြတ်ဆိုင်၏ ချေပချက်)
လူသေလူဖြစ်ဝါဒနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက် သောဓနာပါ ဘုရား-
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒနာဘက်မှ ရဟန်းတော်များတင်ပြချက်နှင့် ပတ်သက်၍ အမှတ် (၁)ကို ရှင်းလင်းချေပပါသည်၊ အောက်ပါချေပချက်များနျင့် ပတ်သက်၍ ပိဋကတ်တော် ကိုးကားချက်များမှာ ဆဋ္ဌမူဖြင့် ရေးသားသော မြန်မာပြန်များ ဖြစ်ပါသည် ဘုရား၊ ဘာသာ ဟူသော စကားနှင့် သာသနာဟူသော စကား နှစ်မျိုးရှိရာ၌ သာသနာကိုသာ လက်ခံ၍ ဘာသာကို ပယ်ကြောင်းမှန်ပါသည် ဘုရား၊ ဤစကားနှစ်ရပ်ကို ရှင်းလင်းပါမည်၊ သာသနာမှာမူလ ဗုဒ္ဓရှင်၏ ညွှန်ပြချက် သွန်သင်ချက်ကိုသာ ဆိုလိုပါသည်။
ဘာသာဆိုသော စကားမှာ ထာဝရဘုရားအယူမှ ဆင်းသက်လာသော အတ္တဝါဒအခြေခံဖြစ်၍ သာသနာဝင်အနေဖြင့် လက်မခံပါ ဘုရား၊ ထိုဘာသာဆိုသော ဝေါဟာရသည်လည်း မြန်မာ့သမိုင်းတွင် ဘကြီးတော်နောက် သာယာဝတီမင်းလက်ထက်မှ ခေါ်ခဲ့သော စကားလုံးဖြစ်သည်ဟု ခရစ်ယာန် သာသနာပြုဆရာယုဒသန် (ခေါ်)အဘိဓာန်တွင် တွေ့ရှိရပါသည် ဘုရား။
ယခုလက်ရှိ ဘာသာဆိုသည်မှာကား ဗုဒ္ဓဟော ဗြဟ္မဏဟော ဝေဒဟော အဟော သုံးမျိုး စုပေါင်းကာ အားလုံး ပိဋကတ်တွင် ပါဝင်နေသော အဆိုအမိန့်များ ဖြစ်ကြပါသည် ဘုရား၊ သံသရာမှ လည်စေတတ်သော တရားများဖြင့် ရှုပ်ထွေးနေပါသည် ဘုရား။
ထို့ကြောင့် ဘာသာဟူသော အယူကို လက်မခံပါ၊ သာသနာတည်းဟူသော သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ရာ ဒုက္ခငြိမ်းရာ ကိလေသာကုန်ခန်းရာ တရားများကိုသာ လက်ခံပါသည် ဘုရား၊ သာဓကအားဖြင့် အောက်ပါ အင်္ဂုတ္တိုရ် ဧကဒသကနိပါတ်၊ တယောဓမ္မသုတ် (၃၆၈)ကို ကိုးကားတင်ပြပါသည် ဘုရား။
ဤလောက၌ ဇာတိ၊ ဇရာ၊ မရဏ ဟူသော ဤတရားသုံးမျိုး ရှိနေ၍သာလျှင် ငါသည် ဗုဒ္ဓဟူ၍ ပွင့်ပေါ်ခဲ့ရသည်၊ ဤတရားသုံးမျိုးကို လွန်မြောက်၍သာလျှင် ငါ၏ ဓမ္မဝိနယတို့ထွန်းတောက်ခဲ့ရသည်၊ ဤတရားသုံးမျိုးသာမရှိပါက ငါသည် ဗုဒ္ဓဟူ၍ လောက၌ ပွင့်ပေါ်ရန် မရှိပေ။
ဤကား သာသနာတော်၏ ဇာတိ ဇရာ ဗျာဓိ မရဏ ဟူသော သံသရာမှ လွတ်မြောက်ငြိမ်းရေးအစစ် ဖြစ်ပါသည် ဘုရား။
နောက်တစ်ဖန် ဗုဒ္ဓဘုရားရှင်သည် သံသရာကို မလည်မိစေရန် နိဗ္ဗာန်အား တိုက်ရိုက်ညွှန်ပြတော်မူပါသည် ဘုရား။ အထောက်အထား သာဓကအားဖြင့် အောက်ပါ ကိုးကားချက်ကို တင်ပြပါသည် ဘုရား။ မဟာဝဂ္ဂသံယုတ် အနုပါဒါပရိနိဗ္ဗာနသုတ် (၂၅)တွင်-
ရဟန်းတို့ သာသနာအပြင်မှ ပရိဗိုဇ်တို့က သင်တို့ အဘယ်အတွက် ဗုဒ္ဓဂေါတမထံ၌ ကျင့်သုံးကြသနည်းဟု မေးကြသော် ငါ့ရှင်တို့ အကြောင်းကင်းသော နိဗ္ဗာန်အလို့ငှာ ဗုဒ္ဓမြတ်စွာထံတော်၌ မြတ်သော အကျင့်ကို ကျင့်သုံး ကြပါသည်ဟု ဖြေကြလော့။
ယင်းသုတ်၏ အဆိုကိုထောက်က ဗုဒ္ဓသည် နိဗ္ဗာန်ကိုသာ တည့်တည့် ညွှန်ပြကြောင်း ထင်ရှားပါသည် ဘုရား။
ထို့နောက်တစ်ဖန် ဤသို့ မိန့်ဆိုပြန်ပါသည် ဘုရား၊ မူလပဏ္ဏာသ မဟာသာရောပမသုတ် (၂၅၉)တွင်-
ရဟန်းတို့ ဤသာသနာတော်သည် လာဘ်သပ်ပကာရ အကျော်အစောရှိမှုအတွက် မဟုတ်၊ သမာဓိ ဟူသော အကျိုးရှိမှုအတွက် မဟုတ်၊ သီလဟူသော အကျိုးရှိမှုအတွက် မဟုတ်၊ ဤသာသနာတော်သည် ဒုက္ခမှ လွတ်မြောက်မှုအတွက်သာလျှင် ဖြစ်သည်၊ ဤသည်ပင် အနှစ်အသားတည်း၊ ဤသည်ပင် အဆုံးပန်းတိုင်တည်း-
ဟု ဟောကြားထားပါသည် ဘုရား၊ ထို့ကြောင့် တပည့်တော်များသည် သံသရာတစ်ခွင် လည်စေတတ်သော ဘာသာကို ပယ်၍ သံသရာမှ လွတ်မြောက်ရာဖြစ်သည့် သာသနာကို လက်ခံပါသည် ဘုရား။
“ဘာသာ”ကို အယူသဘောဖြင့်သာ တပည့်တော်တို့ သတ်မှတ်ပါသည် ဘုရား၊ ထို့ကြောင့် အယူကို ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်ပယ်ခဲ့ကြောင်း အောက်ပါသုတ်များအရ ကောက်နုတ်တင်ပြပါသည် ဘုရား။ မဇ္စျိမပဏ္ဏာသပါဠိတော် အဂ္ဂိဝစ္ဆသုတ် (၁၆၃)တွင်-
ငါသည် အယူဟူသော ဤစကားကို ပယ်ပြီးပြီ၊ ခန္ဓာငါးပါး၏ ချုပ်ခြင်း ချုပ်ကြောင်းကို သိပြီးပြီ၊ ငါဟူ၍ ထင်မှတ်စွဲလမ်းခြင်းမရှိ၊ တရားအားလုံးကို လွတ်ပြီးပြီဟု ဟောထားတော်မူ၏၊
ထို့နောက် မူလပဏ္ဏာသ သလ္လေခသုတ် (၆၀) တွင် “အယူမှန်က မိမိ၏ အယူကိုပါ တစ်ဖန်ပြန်လည်၍ စွန့်လွှတ်လော့၊ ဤကား အေးငြိမ်းရန် ဖြစ်၏”ဟု ဤသုတ်တွင် (၁၆)ကြိမ်မျှ ပါရှိပါသည် ဘုရား။
[ဤစာပိုဒ်အရောက်တွင် သံသယရှိ၍ ရုံးတော်မှအောက်ပါအတိုင်းမေးမြန်းသည်။]
သလ္လေခသုတ်နှင့် ပတ်သက်၍ မေးခြင်း
မှတ်ချက်။ ။ သခင်မြတ်ဆိုင်ကအမှတ် (၁) စောဒနာကို ရှင်းလင်းချေပရာ၌ မူလပဏ္ဏာသ သလ္လေခသုတ်ကို ကိုးကား၍ တင်ပြရာတွင် သခင်မြတ်ဆိုင်၏ တင်ပြချက် မှားနေသောကြောင့် ဝိနည်းဓိုရ်ဆရာတော်များက စာအုပ်ပြ၍ လက်တွေ့မေးမြန်းကြသည်။
ဦးဉာနိက (အဖွဲ့ဝင်) -ဒကာကြီးကိုးတဲ့ အဲဒီမြန်မာပြန်ကို ပြစေချင်ပါတယ်၊ အဲဒီမြန်မာပြန်ဟာ ဒီအတိုင်းဟုတ်မည် မထင်၊ ဘုန်းကြီးတို့စိတ်ထဲ သံသယရှိနေပါတယ်။
သခင်မြတ်ဆိုင်-တင်ပါ့၊ စာအုပ်ရှိပါသလား ဘုရား။
ဦးဉာနိက-ရှိပါတယ်၊ ဒကာတစ်ယောက် ဒီဘက်လာ၊ စာအုပ်ယူပြီး ပြလိုက်စမ်း။
[ဝိနည်းဓိုရ်ဆရာတော်များက မူလပဏ္ဏာသ စာအုပ်ကိုပေး၍ သခင်မြတ်ဆိုင်အား လက်တွေ့ရှာခိုင်း၏၊၊ သလ္လေခသုတ်၏ ဆိုလိုချက်သည် သခင်မြတ်ဆိုင် ကိုးသည့်အတိုင်း မဟုတ်သည်ကို တွေ့ရသောကြောင့် သခင်မြတ်ဆိုင်က အောက်ပါအတိုင်း လျှောက်ထားသည်။]
သခင်မြတ်ဆိုင်-အင်မတန်တိကျအောင်လို့ ကြိုးစားတာပါပဲ ဘုရား၊ မျက်စိကလည်းမကောင်းဘူး၊ ယခုလို အမှားကို ထောက်ပြတဲ့အတွက် ကျေးဇူးတင်ကြောင်းပါ ဘုရား။ (၈၊ ၇၊ ၈၁နေ့အသံဖမ်းကြိုးခွေမှ)
မဇ္စျိမပဏ္ဏာသ ဒီဃနခသုတ် (၁၇၆)တွင်-
အယူအားလုံးကို ငါမနှစ်သက်ဟု ဆိုလေ့ရှိသူ၊ အယူအားလုံးကို နှစ်သက်သူ၊ အယူအချို့ကို နှစ်သက်သူ၊ အချို့ကို မနှစ်သက်သူ-ဟူ၍ သုံးမျိုး ရှိ၏၊ ဤအထဲ၌ အယူအားလုံးကို မနှစ်သက်သူသာလျှင် သံယောဇဉ်ကုန်ရာ၊ တဏှာကုန်ရာ၊ ကိလေသာငြိမ်းရာ နီးစပ်ရာနီးစပ်၏ဟု ဟောသည်၊ ဆိုလိုရင်းကို အတိုချုပ်ဖော်ပြခြင်းဖြစ်ပါသည် ဘုရား။ အကျယ်ကို မူလသုတ်တွင်ကြည့်ရှုတော်မူပါ ဘုရား။
၎င်းနောက် ဥပရိပဏ္ဏာသပါဠိတော် သာမဂါမသုတ် (၃၆)တွင်-
အာနန္ဒာ......အကြင်ရဟန်းသည် ကျေးဇူးကို ချေဖျက်လေ့ ရှိ၏၊ ဂုဏ်ပြိုင်လေ့ ရှိ၏၊ ဝန်တိုလေ့ ရှိ၏၊ တာဝန်ကို ဆောင်တတ်၏၊ လှည့်ပတ်တတ်၏၊ ယုတ်ညံ့သော အလိုဆိုး ရှိ၏၊ မိမိ၏ အယူသာ မှန်၏ဟု စွဲမြဲစွာယူလေ့ ရှိ၏၊ ထိုအယူကို စွန့်နိုင်ခဲ၏၊ ထိုရဟန်းသည် သိက္ခာသုံးပါးကို မကျင့်သော ရဟန်းတည်း၊ ထို့ကြောင့် တပည့်တော်များသည် ဘာသာကိုလည်း စွန့်သည်၊ အယူကိုလည်း “ပယ်စွန့်ပါသည် ဘုရား၊ တစ်နည်းဆိုသော်-စောဒကဆရာတော်များ တင်ပြသော ဘာသာမဲ့ဆိုသည်မှာလည်းဟုတ်ပါသည် ဘုရား၊ ရုပ်ဝါဒီသမားများ ဆိုသည်မှာလည်း မှန်ပါသည် ဘုရား၊ ရုပ်ဆိုရာတွင်သုံးမျိုးသော ရုပ်၏ သဘောလက္ခဏာကို ဗုဒ္ဓဘုရားရှင် ဟောကြားထားကြောင်း တွေ့ရပါသည် ဘုရား၊ ၎င်းတို့မှာ ဒီဃနိကာယ်၊ ပါထိကဝဂ် သိင်္ဂီတိသုတ် (၂၀၂)၌ -
(၁) မြင်ရ ထိတွေ့ရသောရုပ်၊
(၂) မမြင်ရ မထိတွေ့ရသောရုပ်၊
(၃) မမြင်ရ ထိတွေ့၍ မရသောရုပ်-ဤသုံးမျိုးတို့ကို ဟောပါသည်။
၎င်းနောက်အင်္ဂုတ္တိုရ်၊ ဧကနိပါတ်၊ အမတဝဂ်နှင့် ကာယဂတာသတိဝဂ် (၅၄)တို့တွင်- “ရဟန်းတို့...အကြင်သူတို့သည် ဆံ အစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို သုံးဆောင်ကုန်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်သည် မည်ကုန်၏”ဟု မိန့်တော်မူ၏၊ ၎င်းနောက် စာမျက်နှာ (၅၆)တွင် - “ရဟန်းတို့ ...တစ်ခုသော တရားကို ပွားများအပ်၊ အဖန်ဖန်လေ့လာမှုပြုအပ်သည်ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်၏၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်၏၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်၏၊ တစ်ခုသော တရားဟူသည်အဘယ်နည်းဟူမူ-ဆံ အစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိပင်တည်း”ဟူ၍ ပါရှိပါသည် ဘုရား၊ ထို့ကြောင့် တပည့်တော်များသည် ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော ရုပ်တရားနှင့်အညီ ဆဋ္ဌမူ မြန်မာပြန် ပိဋကတ်တော်အရသာ ကိုးကွယ်သည့်သူများဖြစ်ကာ အင်မတန်မှ ယုတ်မာရိုင်းစိုင်းပြီး အဖေနဲ့အမေမှန်း မသိသော ရုပ်ကြမ်းဝါဒသမားများ မဟုတ်ရပါ ဘုရား၊ ထို့ကြောင့် ဝိနည်းဓိုရ်ဆရာတော်များအား တင်ပြခဲ့သော အမှတ် (၁)မှာ ထေရဝါဒပိဋကတ်တော်အရ ဖြစ်ပါသည် ဘုရား၊ အပိုစကား ဘေးစကား တစ်လုံးမျှ ချဲ့ကားခြင်း မရှိပါ ဘုရား။
သောဓနာအမှတ် (၂)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ်ဆရာတော်အ၏ရှင်သူမြတ်တို့ဘုရား-
စောဒနာ အမှတ် (၂)ကို ရှင်းလင်းချေပပါမည် ဘုရား-
“ဘာသာနှင့် ဘိန်းအတူတူပင်”ဟူသော စကားမှာတပည့်တော်များ မသုံးစွဲမိပါ၊ လွန်ခဲ့သော အနှစ်ခုနှစ်ဆယ်ခန့်က နိုင်ငံခြားမှ သုံးစွဲခဲ့သော စကားဖြစ်ဟန် တူပါသည်၊ တပည့်တော်များမသုံးခဲ့ကြောင်းပါ ဘုရား၊ ထို့ကြောင့် စောဒကဆရာတော်များ စွပ်စွဲခဲ့သော “ဘိန်း”အား မဖြေကြားလိုပါ၊ ထေရဝါဒပိဋကတ်တော်တွင်းနှင့်လည်း မပတ်သက်၍ အပိုစကားများ ဖြစ်ကြသဖြင့် မဖြေကြားရခြင်း ဖြစ်ပါသည် ဘုရား။
လူသေလူဖြစ်နှင့် ပတ်သက်၍ တပည့်တော်များ၏ စိတ်ကူးပေါက်ရာ ကိုယ်ပိုင် စကားတစ်လုံးမျှ မပါခြင်းကို တင်ပြအပ်ပါသည် ဘုရား။
ဆရာတော် သျှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဒေသနာမှာလည်း မူလအရင်းအားဖြင့် ဆဋ္ဌသံဂါယနာတင် ထေရဝါဒပိဋကတ်ပါ အင်္ဂုတ္တိုရ် သတ္တကနိပါတ် သံယောဂသုတ်ကို အခြေပြု၍ ဖော်ထုတ်ထားခြင်းသာ ဖြစ်ပါသည် ဘုရား၊ သို့ရာတွင် ယခုစောဒကဆရာတော်ဘုရားများသည် သခင်မြတ်ဆိုင်၏ ရေးသားချက်မှတစ်ဆင့် သိရှိနေကြပြီးဖြစ်၍ အထူးလျှောက်ထားရန် လိုအပ်တော့မည် မထင်တော့ပါ ဘုရား၊ ယင်းသံယောဂသုတ်နှင့် ပတ်သက်၍ သုတ်၏ သဘောထားအမှန်ကို အနည်းငယ်တင်ပြလိုပါသည် ဘုရား။
သုတ်၏ တိုက်ရိုက်အဆိုမှာ စာမျက်နှာ-၅၅၆-တွင် “ရဟန်းတို့ (မေထုန်နှင့်) ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာကို သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ရဟန်းတို့ ထို (မေထုန်နှင့်)ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာဟူသည် အဘယ်နည်း၊ ရဟန်းတို့ မိန်းမသည် မိမိသန္တာန်၌ မိန်းမဣန္ဒြေကို နှလုံးသွင်း၏၊ မိန်းမ၏ အမူအရာ၊ မိန်းမ၏ အသွင်အပြင်၊ မိန်းမ၏ မာန်၊ မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏ အသံ၊ မိန်းမ၏ အဝတ်ဆန်ဆာကို နှလုံးသွင်း၏၊ ထိုမိန်းမသည် ဣတ္ထိန္ဒြေစသော တရားခုနှစ်မျိုးတို့၌ တမ်မက်၏၊ ထိုခုနှစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုမိန်းမသည် တရားခုနှစ်မျိုး၌ တပ်မက်နှစ်သက်သည် မွေ့လျော်သည်ဖြစ်ရာ အပသန္တာန်၌ရှိသော ပုရိသိန္ဒြေကို နှလုံးသွင်း၏၊ ယောက်ျားအမူအရာ၊ ယောက်ျားအသွင်အပြင်၊ ယောက်ျား၏ မာန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏ အသံ၊ ယောက်ျား၏ အဝတ်ဆန်ဆာကို နှလုံးသွင်း၏၊ ထိုမိန်းမသည် ပုရိသိန္ဒြေစသော တရားခုနှစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနှစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုမိန်းမသည် တရားခုနှစ်မျိုး၌ တပ်မက်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ (မေထုန်နှင့်)ယှဉ်မှုကို အလိုရှိ၏၊ ထိုမိန်းမအား (မေထုန်နှင့်)ယှဉ်မှု ဟူသော အကြောင်းကြောင့်ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုရှိ၏၊ ရဟန်းတို့ မိန်းမအဖြစ်၌ မွေ့လျော်ကုန်သော သတ္တဝါတို့သည် ယောက်ျားတို့၌ (မေထုန်နှင့်)ယှဉ်မှုသို့ ရောက်၏၊ ရဟန်းတို့ ဤသို့လျှင် မိန်းမသည် မိန်းမ၏ အဖြစ်ကို မလွန်မြောက်နိုင်။
ရဟန်းတို့ ယောက်ျားသည် မိမိသန္တာန်၌ ယောက်ျားဣန္ဒြေကို နှလုံးသွင်း၏၊ ယောက်ျား၏ အမူအရာ၊ ယောက်ျား၏ အသွင်အပြင်၊ ယောက်ျား၏ မာန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏ အသံ၊ ယောက်ျား၏ အဝတ်ဆန်ဆာကို နှလုံးသွင်း၏၊ ထိုယောက်ျားသည် ပုရိသိန္ဒြေစသော တရားခုနှစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနှစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုယောက်ျားသည် ထိုတရားခုနှစ်မျိုးတို့၌ တပ်နှစ်သက်သည်၊ မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ရှိသော ဣန္ဒြေကို နှလုံးသွင်း၏၊ မိန်းမ၏ အမူအရာ၊ မိန်းမ၏ အသွင်အပြင်၊ မိန်းမ၏ မာန်၊ မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏ အသံ၊ မိန်းမ၏ အဝတ်ဆန်ဆာကို နှလုံးသွင်း၏၊ ထိုယောက်ျားသည် ဣတ္ထိန္ဒြေစသော တရားခုနှစ်မျိုး၌ တပ်မက်၏၊ ထိုခုနှစ်မျိုးကုန်သော တရားတို့၌ မွေ့လျော်၏၊ ထိုယောက်ျားသည် ထိုတရားခုနှစ်မျိုး၌ တပ်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန် (မေထုန်နှင့်)ယှဉ်မှုကို အလိုရှိ၏၊ ထိုယောက်ျားအား (မေထုန်နှင့်)ယှဉ်မှုဟူသော အကြောင်းကြောင့်ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုရှိ၏၊
ရဟန်းတို့ ယောက်ျားအဖြစ်၌ မွေ့လျော်ကုန်သော သတ္တဝါတို့သည် မိန်းမတို့၌ (မေထုန်နှင့်)ယှဉ်မှုကို ရောက်၏၊ ရဟန်းတို့ ဤသို့လျှင် ယောက်ျားသည် ယောက်ျား၏ အဖြစ်ကို မလွန်မြောက်နိုင်။
၎င်းသုတ်၏ ကျန်နောက်ပိုင်းတွင်ကား ယောက်ျား၊ မိန်းမတို့၌ အထက်ဖော်ပြပါအတိုင်း တွယ်တာကပ်ငြိနေသော တရားခုနှစ်မျိုးတို့ကို (မေထုန်နှင့်)ယှဉ်၍ နေကြသမျှ ကာလပတ်လုံး ဤသံသရာမှ မလွတ်နိုင်၊ ထိုတွယ်တာရာ တရားခုနှစ်မျိုးတို့ကို မေထုန်နှင့် မစပ်မယှဉ် ပယ်စွန့်ကြမှသာလျှင် မိန်းမတို့၏ ဘဝ၊ ယောက်ျားတို့၏ ဘဝအသီးသီးမှ လွတ်မြောက်ပေလိမ့်မည်ဖြစ်ကြောင်းဟု ဟောကြားထားပါသည်၊ ပါဠိတော် စာမျက်နှာ-၅၄၀-တွင် ထိုသံယောဂသုတ်၏ အကျယ်ကို ကြည့်ရှုနိုင်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များဘုရား-
ဤသံယောဂသုတ်နှင့် ပတ်သက်၍ အဋ္ဌကထာဆရာ၏ အလိုကို ထပ်မံကြည့်ရှုရာတွင် အဋ္ဌကထာဆရာက ဘာမျှအထူးမရေး၊ “မြတ်စွာဘုရား ဟောကြားတော်မူသော ဒေသနာအတိုင်းသာ တင်ပြလိုက်ရပေသတည်း”ဟူ၍ သာတွေ့ရှိရပါသည် ဘုရား၊ ဤသုတ်နှင့် ပတ်သက်၍ အကျယ်တဝင့် ရေးသားကြောင်း မတွေ့ရပါ၊ သို့ရာတွင် စောဒကဆရာတော်ဘုရားများသည် ဤသုတ်အရ လူသေလူဖြစ် မဟုတ်နိုင်လေဟန် အကျယ်တဝင့် တင်ပြထားသည်ကို တွေ့ရပါသည် ဘုရား၊ အဝတ်တန်ဆာဆိုသောစကား ဤသုတ်တွင် အထင်အရှား ပါရှိလေရာ ယင်းဝေါဟာရမှာ အခြားသတ္တဝါများနှင့် မဆိုင်သော စကားဖြစ်ပါသည်၊ ဤသုတ်ပါ အဆိုအမိန့်အတိုင်းဆိုပါက ယောက်ျားသေလျှင် ယောက်ျားဖြစ်၊ မိန်းမသေလျှင် မိန်းမ ဖြစ်၏ သဘောမျိုးသာဖြစ်ပါသည်၊ ယောက်ျားမှ မိန်းမ၊ မိန်းမမှ ယောက်ျား မဖြစ်နိုင်တော့ပြီလော ဟူ၍ စောကြောစရာ ဖြစ်နေပါသည် ဘုရား၊ ၎င်းအချက်ကို ဗုဒ္ဓမြတ်စွာဘုရားက ထည့်ဟောနေစရာပင် မလိုတော့ပါ၊ ထိုယောက်ျား ထိုမိန်းမတို့၌ ကပ်ငြိ စွဲလမ်းသော ဥပါဒါန်၏ အခြေအနေကိုသာ လေ့လာရန် ရှိပါသည် ဘုရား။
မိန်းမ ဧကန်ဖြစ်နေပါလျက် ယောက်ျားတို့၏ စရိုက်ဝါသနာ၊ ယောက်ျား၏ အဝတ်တန်ဆာကိုသာ စွဲလမ်းပြုလုပ်နေသူများ၊ တစ်ဖန်ယောက်ျားစင်စစ်ဖြစ်ပါလျက် မိန်းမ၏ စရိုက်ဓလေ့၊ မိန်းမ၏ အမူအယာ၊ မိန်းမ၏ အဝတ်တန်ဆာတို့ကိုသာ နှစ်သက်စွဲလမ်းနေကြသူများကို လက်ငင်းပစ္စက္ခမျက်မှောက်၌ အထင်အရှား တွေ့နိုင်ကြပါသည် ဘုရား၊ ထိုဥပါဒါန်၏ အစွဲကို ကြည့်ပါက နောက်တစ်ဖန် ပြောင်းလွဲကြမည့် အရိပ်နိမိတ်များဖြစ်သည်ဟူ၍ နားလည်ကြရန်သာ ရှိပါသည် ဘုရား၊ ဤအချက်မှာ သေပြီးမှ မည်သို့ မည်ပုံဖြစ်သည်ဟူ၍ ဗုဒ္ဓမြတ်စွာရှင်မြတ် မဟောကြားပါ၊ မသေခင် သက်ရှိထင်ရှားအဖြစ်၌ အစွဲဥပါဒါန်၏ လက္ခဏာကို ကြည့်ရန်သာ ဖြစ်ပါသည်၊ သတ္တဝါသည် သေပြီးမှ မည်သို့မည်ပုံ ဖြစ်ကြောင်း မဟောဟူသော သုတ်များလည်း များစွာရှိပါသည် ဘုရား။
အထက်ပါအကြောင်းများနှင့်အညီ ဆရာတော်ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဒေသနာမှာ လူတစ်ဦးတစ်ယောက်သည်မသေခင်၌ ၎င်း၏ အစွဲဥပါဒါန်ကိုသာကြည့်၍ ထိုသူ၏ အစွဲအရသေလျှင် မည်သို့ဖြစ်လိမ့်မည်ဟူ၍ ဟောဖော်ညွှန်ပြတော်မူသော ဒေသနာသာဖြစ်ပါသည် ဘုရား၊ သေပြီးသော သတ္တဝါမှာကား ခန္ဓာငါးပါး ပျက်စီးသွားပြီဖြစ်သဖြင့် ၎င်းအစွဲဥပါဒါန်ကို မည်သည့်နည်းနှင့်မျှ မသိနိုင်တော့ပါ၊ သေပြီးသူမှာ ဘယ်ဣန္ဒြေ ဘယ်အမူအရာ ဘယ်သို့သော မေထုန်သာယာမှုမျှ ကျန်ရှိလိမ့်မည်မဟုတ်ပါ ဘုရား၊ ဆရာတော် ရှင်ဥက္ကဋ္ဌဆိုလိုသည်မှာလည်း ပုဂ္ဂိုလ်သတ္တဝါ၏ အစွဲဥပါဒါန်အရသာ မသေခင် ကြည့်ရှုဟောကြောင်း ဖြစ်ပါသည် ဘုရား၊ ဤသုတ်ပါ အဆိုအမိန့်ကို ကြည့်လျှင် ဘုရားဟောခဲ့သော လူသေလူဖြစ်ဟုပင် ဆိုနိုင်ပါသည် ဘုရား။
သို့သော်လည်း အဘယ်အကြောင်းကို အမှီပြု၍ ဆိုလိုသည်ကို ပြန်လည် သုံးသပ်ရန်ရှိလာပါသည် ဘုရား၊ ဤ၌ ဓမ္မစက္ကပဝတ္တနသုတ်တွင် “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြ တတြာဘိနန္ဒိနီ၊ သေယျထိဒံ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ (=အကြင် တဏှာသည် ဘဝသစ်ကို ဖြစ်စေ၊ တပ်နှစ်သက်စွဲကပ်မှုနှင့်တကွ ထိုထိုဘဝကို နှစ်သက်တတ်၏၊ အဘယ်သို့နည်း၊ ကာမကို ဆာလောင်ခြင်း, ဘဝကို ဆာလောင်ခြင်း, မရှိသော ဘဝကို ဆာလောင်ခြင်း) ဤသို့ ဆာလောင်ခြင်း ဖြစ်နေရာမှ အစွဲဥပါဒါန် အဆင့်သို့ ရောက်ရပြန်၏၊ ထိုမှတစ်ဖန် ပဋိစ္စသမုပ္ပါဒ်ကို ဆက်လက်ကြည့်ရှုသော အခါတွင် ထိုတဏှာကြောင့် ဥပါဒါန်၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ ဟူသော ပုဒ်များနှင့် ဆက်စပ်၍ လူ၏ စွဲလမ်းတတ်သော ဥပါဒါန် သတ္တိသည်သာလျှင် ဘဝသစ်ကို ဖြစ်ပေါ်ကြောင်း တွေ့ရပါသည် ဘုရား။
ထိုဥပါဒါန်ဆိုသည်မှာ ဒီဃနိကာယ် မဟာဝဂ် မဟာနိဒါနသုတ် ၅၄-တွင် “စွဲလမ်းခြင်း ဥပါဒါန်ဟူသည် အဘယ်နည်း၊ ကာမုပါဒါန် = ကာမ ၅-မျိုး၌ စွဲလမ်းခြင်း, ဒိဋ္ဌုပါဒါန်=အယူ၌ စွဲလမ်းခြင်း, သီလဗ္ဗတုပါဒါန်= အကျင့်ဓလေ့စရိုက်၌ စွဲလမ်းခြင်း, အတ္တဝါဒုပါဒါန် = ငါတည်းဟူသော အတ္တ၌ စွဲလမ်းခြင်း, အာနန္ဒာ ဤအစွဲအလမ်း အစွဲတို့သည်သာလျှင် ဖြစ်ကြောင်း ကမ္မဘဝ၏ အကြောင်းရင်းတို့ပေတည်း၊ သမုဒယပေတည်း၊ သံသရာ၏ အထောက်အကူပေတည်း”ဟူ၍ ထေရဝါဒပိဋကတ်တွင် တွေ့ရှိရပါသည် ဘုရား၊ ထို့နောက် ဥပရိပဏ္ဏာသပါဠိတော် ဗဟုဓာတုကသုတ် (၁၁၁)တွင် “အာနန္ဒာ အကြင်ရဟန်းသည် ဓာတ်၌ လိမ္မာခြင်း, ပဋိစ္စသမုပ္ပါဒ်၌ လိမ္မာခြင်း, အာယတနတို့၌ လိမ္မာခြင်း စသော ဤလိမ္မာခြင်း ၃-မျိုးနှင့် ပြည့်စုံသော် ပညာရှိရဟန်း ဟု ဆိုခြင်းငှာ ထိုက်၏၊
ဤအချက်အရ လူသေလူဖြစ် မည်သို့ ဖြစ်ရပုံကို အထက်သုတ်ပါ စကားအတိုင်း ဓာတ်နည်းအားဖြင့် လည်းကောင်း၊ အာယတနနည်းအားဖြင့်လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ်နည်းအရလည်းကောင်း စဉ်းစားရန်သာ ရှိလေတော့သည်။
ထို့ကြောင့် အဘိဓမ္မာသဘောဖြင့် စဉ်းစားခြင်း မပြုတော့ပါ ဘုရား၊ ဤတွင် ဆရာတော် သျှင်ဥက္ကဋ္ဌသည် ပထမဦးစွာ ဓာတ်နည်းဖြင့် စတင်စဉ်းစား၏၊ ထေရဝါဒပိဋကတ်ဖြစ်သော နိဒါနဓာတုသံယုတ်-ဟီနာဓိမုတ္တိကသုတ် ၃၅၂-တွင် “ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့် တူရာတူရာ၌သာ တပေါင်းတည်း ဖြစ်၏၊ တစ်သားတည်း ဖြစ်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိသူသည် ယုတ်ညံ့သော နှလုံးသွင်းရှိသူနှင့်သာ တပေါင်းတည်း ဖြစ်၏၊ တစ်သားတည်း ဖြစ်၏၊ ကောင်းသော နှလုံးသွင်းရှိသူသည်ကောင်းသော နှလုံးသွင်းရှိသူနှင့်သာ “တပေါင်းတည်း ဖြစ်၏၊ တစ်သားတည်း ဖြစ်၏၊ အတိတ်ကလည်း ထိုအတိုင်းဖြစ်ခဲ့၏၊ ယခုပစ္စုပ္ပန်၌လည်း ထိုအတိုင်းဖြစ်နေသည်၊ နောင်အနာဂတ်ကာလ၌လည်း ထိုအတိုင်းပင် ဖြစ်ကုန်လတ္တံ့”ဟု ဟော၏၊
၎င်းနောက်ထပ် တစ်ဖန် နိဒါနသံယုတ် အဿန္ဓသံသန္ဒနသုတ် ၃၅၆-သုတ်တွင် သတ္တဝါတို့သည် အတိတ်-ပစ္စုပ္ပန်-အနာဂတ်-ကာလအားလုံး၌ ဓာတ်အားဖြင့်သာလျှင် တူရာတူရာတို့ အချင်းချင်း တပေါင်းတည်း ဖြစ်၏၊ တစ်သားတည်း ဖြစ်၏၊ မကောင်းသော နှလုံးသွင်းရှိသူသည် မကောင်းသော နှလုံးသွင်းရှိသူနှင့်သာ “တပေါင်းတည်း ဖြစ်၏၊ တစ်သားတည်း ဖြစ်၏၊ ကောင်းသောနှလုံးသွင်းရှိသူသည် ကောင်းသော နှလုံးသွင်းရှိသူနှင့်သာလျှင် တပေါင်းတည်း ဖြစ်၏၊ တစ်သားတည်း ဖြစ်၏၊ ထို့အတူ အကျင့်ဆိုးရှိသူ၊ အကျင့်ကောင်းသူ၊ ပညာရှိသူ၊ ပညာမဲ့သူစသည်ဖြင့် တူရာတူရာ အချင်းချင်း၌သာလျှင် တပေါင်းတည်း ဖြစ်၏၊ တစ်သားတည်း ဖြစ်၏၊ ထိုသဘောသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလအားလုံး၌ ဤအတိုင်းသာတည်းဟု ဟော၏၊
ယခုတင်ပြခဲ့သော ပိဋကတ်တော်များရှိ ဓာတ်ဆိုင်ရာ အခန်းကဏ္ဍအပြင် ဣတိဝုတ် ဓာတုသောသံသန္ဒနသုတ် ၂၂၇-တွင် “ရဟန်းတို့ သတ္တဝါတို့သည် အဇ္ဈာသယဓာတ်အားဖြင့်သာလျှင် နှီးနှောညီညွတ် (ပေါင်းစည်း)ကြကုန်၏၊ ယုတ်သောသူ ယုတ်သောသူနှင့်၊ မြတ်သောသူ မြတ်သောသူနှင့်၊ ကောင်းသောသူ ကောင်းသောသူနှင့် နှီးနှောကြ၏၊ တပေါင်းတည်းဖြစ်ကြ၏၊ အတိတ် ပစ္စုပ္ပန် အနာဂတ် ရောနှောခြင်းကြောင့် ကိလေသာ ဖြစ်၏၊ မရောနှောသော ကိလေသာမဖြစ်၊ ပျင်းရိသူပါလျှင် ကောင်းသော အသက်မွေးခြင်း ရှိသူလည်း ပျက်စီးရ၏၊ သံသရာ၌ နစ်မြုပ်၏၊
ဤအချက်တို့ပါ ဗုဒ္ဓဘုရား၏ အဆိုအမိန့်နှင့်အညီ ဓာတ်များသည် တူရာစုဝေးကြပုံကို လူသေလူဖြစ်တွင် ဟောဖော်ညွှန်ပြခြင်း ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော်များဘုရား-
ထေရဝါဒပိဋကတ် နိဒါနသံယုတ်- ဓာတုနာနတ္တသုတ် ၃၄၃-တွင်
ရဟန်းတို့ ဓာတ်အမျိုးမျိုးဟူသည် စက္ခုဓာတ် ရူပဓာတ် စက္ခုဝိညာဏဓာတ်၊ သောတဓာတ် သဒ္ဒဓာတ် သောတဝိညာဏဓာတ်၊ ဃာနဓာတ် ဂန္ဓဓာတ် ဃာနဝိညာဏဓာတ်၊ ဇိဝှာဓာတ် ရသဓာတ် ဇိဝှာဝိညာဏဓာတ်၊ ကာယဓာတ် ဖောဋ္ဌဗ္ဗဓာတ် ကာယဝိညာဏဓာတ်၊ မနောဓာတ် ဓမ္မဓာတ် မနောဝိညာဏဓာတ် တို့တည်း၊ ရဟန်းတို့ ဤသည်ကို ဓာတ် (၁၈)ပါးဟု ခေါ်ဆိုအပ်၏”ဟု မိန့်တော်မူ၏၊
ဤအချက်အရ တိရစ္ဆာန်နှင့်လူ ဓာတ်ချင်း မတူကြသည့်အတွက် ပေါင်းစပ်ရန် အကြောင်း မရှိကြောင်းတွေ့ရပါသည် ဘုရား။
သတ္တဝါအားလုံး ဓာတ် (၁၈)ပါးပင် ဖွဲ့စည်းထားသော်လည်း ဓာတ် (၁၈)ပါးပေါ်ပေါက်ပုံခြင်းမှာ လူနှင့် တိရစ္ဆာန် များစွာကွာခြားပါသည်၊ လူသည် ပန်းတစ်ပွင့်ကို မြင်လျှင် လှသည်ဟု အမှတ်ပြုကြပါသည် ဘုရား၊ တိရစ္ဆာန်သည် ထိုပန်းကို မြင်နေ၏၊ သို့ရာတွင် အစာအာဟာရအဖြစ်သာ မြင်မည် ဖြစ်ပါသည် ဘုရား၊ လူသည် ကဗျာဂီတ တေးသံသာများကို နည်းအမျိုးမျိုးဖြင့် ခံစားတတ်သော်လည်း တိရစ္ဆာန်များသည် ဤကဲ့သို့ ခံစားတတ်သည် မဟုတ်ပါ ဘုရား၊ ဤသို့ဖြင့် ဓာတ် (၁၈)ပါးချင်း အတူတူ လူနှင့်တိရစ္ဆာန်တို့မှာကား ခံစားရပုံ ဓာတ်မတူသောကြောင့် သွေးဓာတ်ချင်း မတူကြောင်း တွေ့ရပါသည် ဘုရား။
အထက်ပါတူရာတူရာ ဓာတ်ကူးသည် ဆိုသည့်အချက် အထောက်အထား ဘုရားဟောဒေသနာများအရ လူ၌ ဖြစ်သောဓာတ်သည် လူ့အချင်းချင်း ဓာတ်ကူးသည်ဆိုပါက လူသာလျှင် ဖြစ်မည်ဆိုကြောင်း တွေ့ရပါသည် ဘုရား၊ သာဓကအားဖြင့် ဆေးရုံရှိ လူနာတစ်ဦးလိုအပ်သော သွေးကို သွေးချင်းတူရာ လှူမှသာလျှင် အထောက်အကူပြု၍ လူလူချင်း ဓာတ်ကူးကြပါသည် ဘုရား၊ ဤတိရစ္ဆာန်သွေးကို လူသွေးအစား အသုံးပြု၍ မရပါ ဘုရား၊ ဤပါဠိတော် အထောက်အထားအရ ဆရာတော် သျှင်ဥက္ကဋ္ဌသည် သွေးဓာတ်တူရောနှောမှုကို အတည်ပြုပါသည် ဘုရား။
အာယတနနည်း
ဤအချက်၌လည်း ဆရာတော် သျှင်ဥက္ကဋ္ဌသည် အဓိပ္ပာယ်ဖော်ပြန်ပါသည် ဘုရား-
ထေရဝါဒပိဋကတ် သဠာယတနဝဂ္ဂသံယုတ်ပါဠိ မြန်မာပြန် ၂၄၈-တွင် “ရဟန်းတို့ အာယတနတို့ မည်သည် အလုံးစုံသော ပဋိသန္ဓေနေမှု သဘောရှိ၏၊ ရဟန်းတို့ အဘယ်သို့လျှင် အလုံးစုံသော ပဋိသန္ဓေမှု သဘောရှိသနည်း၊ မျက်စိသည် အဆင်း စက္ခုဝိညာဏ်၊ စက္ခုသမ္ဖဿသည် ပဋိသန္ဓေနေမှု သဘော ရ၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာသည်လည်း ပဋိသန္ဓေနေမှု သဘော ရှိ၏၊ နားသည် ၎င်းအတိုင်း ပဋိသန္ဓေမှု သဘော ဖြစ်၏၊
လျှာသည် ၎င်းအတိုင်းပင် ပဋိသန္ဓေမှု သဘော ရှိ၏၊
ကိုယ်သည် ၎င်းအတိုင်းပင် ပဋိသန္ဓေမှု သဘော ရှိ၏၊
စိတ်သည် ၎င်းအတိုင်းပင် ပဋိသန္ဓေမှု သဘော ရှိ၏၊
ဤအထက်ပါအတိုင်း အာယတနနည်းအားဖြင့် တူရာတူရာကို ဆက်၍ ပဋိသန္ဓေမှုကို ပိဋကတ်တော်တွင် တွေ့ရပါသည် ဘုရား။
ဆက်လက်၍ ဥပရိပဏ္ဏာသ သဠာယတနဝဂ် မဟာသဠာယတနိကသုတ် ၃၄၃-တွင် “ရဟန်းတို့ စက္ခုနှင့် ရူပါရုံကို ဟုတ်မှန်သော အတိုင်းမသိကြ၍ စက္ခုဝိညာဏကို ဟုတ်မှန်သောအတိုင်း မသိကြချေ၊ စက္ခုသမ္ဖဿကို ဟုတ်မှန်သောအတိုင်း မသိမမြင်ကြ၍ ယင်းတို့ကြောင့် ဖြစ်ပေါ်လာသော သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာတို့ကို ဟုတ်မှန်သောအတိုင်း မသိမမြင်ကြဘဲ ထိုဝေဒနာတို့ကို စွဲယူ၏၊ ပြင်းစွာ စွဲလမ်းခြင်း ဥပါဒါန်နှင့် ယှဉ်သောရာဂဖြင့် တွေဝေသော သာယာဖွယ်ကို ရှု၏၊ မုန်းစရာကိုလည်း ဣဿာ၊ အဘိဇ္ဈာနှင့် ယှဉ်သော ဒေါသနှင့် မုန်း၏၊ နား၊ နှာ၊ လျှာ၊ ကိုယ် စိတ်တို့၌လည်း အထက်ကိုယ်အတိုင်း ဟောလျက် ငါးပါးသော ပဉ္စုပါဒါနက္ခန္ဓာတို့သည် ဖြစ်ပွားခြင်းသို့ ရောက်စေ၏၊ ထိုအခါ ပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်ကို ရောက်စေတတ်သော နှစ်သက်စွဲလမ်းခြင်း ဥပါဒါန်နှင့်တကွသော တပ်မက်ခြင်း တဏှာသည်လည်း ပွားများခြင်းသို့ ရောက်၏၊
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
အထက်ပါ အာယတနနည်းများကို ပဋိစ္စသမုပ္ပါဒ်နည်းတွင် တပေါင်းတည်း ဖွင့်ဆိုတင်ပြသွားမည် ဖြစ်ပါသည် ဘုရား။
ပဋိစ္စသမုပ္ပါဒ်နည်း
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံမှ စ၍ ၁၂-ဆက်သော ကွင်းဆက် ရှိသည်၊ သံသရာတွင် ကျင်လည်သမျှ၏ အကြောင်းရင်းများပေတည်း၊ ဇာတိ ဇရာ မရဏတို့ကို အဖန်တလဲလဲဖြစ်ပေါ်စေသော အခြေခံတရားတို့ပေတည်း။
ဤတွင် လူသေလူဖြစ်ဖွယ် တဏှာ ဥပါဒါန် ဥပဒါနပစ္စယာ ဘဝေါ၊ ဘဝ ပစ္စယာ ဇာတိ ဟူသော အပိုင်းသာလျှင် လိုရင်း ဖြစ်ပါသည် ဘုရား။
ပိဋကတ်တော် ကိုးကားချက်များမှာ-
ရဟန်းတို့ ဖြစ်ပြီးဖြစ်ဆဲ သတ္တဝါတို့ တည်တံ့ရေး အထောက်အပံ့ကား အာဟာရ ၄-မျိုး ရှိ၏၊ အလုပ်အကျွေးပြု၍ စားရသော ကဗဠီကာရအာဟာရ၊ ထိတွေ့မှု၌ မှတ်သားသော ဖဿာဟာရ၊ စဉ်းစားတွေးတောသော မနောသေဉ္စတနာဟာရ၊ အထူးသိမှုမျှ ဝိညာဏအာဟာရ ဤလေးပါးတို့တည်း၊ ထိုအာဟာရလေးပါးတို့ကို ကပ်ငြိမှုနှင့် နှစ်သက်မှု၊ ကာမရာဂ၊ အထူးသိမှု ဝိညာဏ အာဟာရ၊ နှစ်သက်မှု နန္ဒီ၊ တပ်စွန်းမှု၊ (ငြိတွယ်မှု)တဏှာရှိခဲ့မှု စက္ခုစသော ဝိညာဏ တည်ခြင်းသို့ ရောက်၏၊ ထိုအခါ (ပြုစီရင်မှု)သင်္ခါရတို့ ဖြစ်ပွား၏၊
(နိဒါနသံယုတ် အတ္တိရာပသုတ် ၃၁၁-၃၁၂-မှ အဆိုပါဘုရား)
နိဒါနဝဂ္ဂ နိဒါနသုတ် ၃၀၄-တွင်လည်း-
တိရစ္ဆာန်နှင့် လူသည် ဤအာဟာရ ၄-မျိုး တို့၌ အကြိုက်ချင်း မတူညီသည့် အလျောက် ဥပါဒါန် ဖြစ်ပေါ်ပုံ များစွာကွဲပြား ခြားနားကြပါသည် ဘုရား။
ဤအာဟာရတို့ကို မှီ၍ ဖြစ်ပေါ်လာသော ဥပါဒါန်တို့သည်လည်း မတူညီကြပါ ဘုရား။
အာနန္ဒာ-တေဘူမ ကတရား (မြင်တွေ့ကြားသိသမျှ)တို့၌ သာယာဖွယ်ရှိနေသူအား တပ်မက်ခြင်း (ငြိတွယ်မှု တဏှာသည်ပွား၏) တဏှာကြီး ပွားသော် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန် အကြောင်းကြောင့် ဘဝဟူသည် ဖြစ်ရ၏ဟု ဟောထားပါသည် ဘုရား။
ဤသို့ မြင်တွေ့ကြားသိရသမျှတို့၌ အာဟာရ ကွဲပြားခြားနားနေရသမျှ တိရစ္ဆာန်၏ ဥပါဒါန်နှင့် လူဥပါဒါန် ကပ်ငြိပုံခြင်း မတူကြောင်း တင်ပြရပါသည် ဘုရား။
သို့ရာတွင် ဥပါဒါန်လေးမျိုး ရှိသည့်အနက် အတ္တဝါဒုပါဒါန်ဟူသည်မှာ တိရစ္ဆာန်၏ ကိုယ်ကိုစွဲလမ်းရာ၌ အမွှေးအတောင် အမြီး လေးဘက်ထောက် အဝတ်မပါ ဗလာကိုယ်တည်း သူ့ပင်ကိုသဘာဝ ကိုယ်ခန္ဓာကိုသာ စွဲကြပါသည်၊ လူက စွဲသော အတ္တဝါဒုပါဒါန်မှာမူ စကားပြောခြင်း, နှီးနှောခြင်း, ရယ်ခြင်း, ငိုခြင်း, အတွေးအခေါ်ဝင်ခြင်း, အဝတ်အဆင်တန်ဆာကိုသာလျှင် လူ၏ အတ္တဝါဒုပါဒါန် အဖြစ်စွဲလမ်းကြပါသည် ဘုရား။
ခန္ဓဝဂ် ထေရဝဂ် အာနန္ဒသုတ် ၈၂-မှ တင်ပြပါမည် ဘုရား။
အာနန္ဒာ....ဥပမာသော်ကား တန်ဆာဆင်ခြင်း သဘောရှိသော ငယ်ရွယ်နုပျိုသူ မိန်းမငယ်သည် လည်းကောင်း၊ ယောက်ျားငယ်သည်လည်းကောင်း၊ စင်ကြယ်သော ကြေးမုံပြင် ဖြစ်စေ၊ ရေ၌ ဖြစ်စေ မိမိ မျက်နှာရိပ်ကို ကြည့်ရှုသော် ရုပ်ကို အစွဲပြု၍သာလျှင် ငါတည်းဟု မြင်ရ၏၊ အစွဲမပြုသော်မူ ငါဟူ၍ မသိမမြင်လေရာ၊ ဤအတူပင် ရုပ်ကို အစွဲပြု၍ သာလျှင် ငါ ဖြစ်၏ဟူသော ပပဉ္စတရားတို့သည် ဖြစ်ရလေသည်ဟု မိန့်ဆိုထားပါသည် ဘုရား။
ထို့နောက် ခန္ဓဝဂ္ဂ ခန္ဓသံယုတ်၊ ပိဏ္ဍောပမသုတ် ၇၄-သုတ်တွင် ငါဟူ၍ စွဲကပ်သော် ရုပ်ကိုသာလျှင် စွဲလမ်းရာ၏၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဏတို့ကို စွဲလမ်းရာ၏၊ ထိုငါအား ဤစွဲလမ်းမှု အကြောင်းခံကြောင့် ဘဝ ဖြစ်ရာ၏၊ ဘဝအကြောင်းကြောင့် ဇာတိ ဇရာ မရဏ တို့ဖြစ်ရာ၏ဟု ဟောထားပါသည် ဘုရား၊ ထို့နောက်ငါဟူ၍ စွဲကပ်သော ရုပ်ကိုသာလျှင် စွဲလမ်းရာ၏၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဏတို့ကို စွဲလမ်းရာ၏၊ ထိုငါအား ဤစွဲလမ်းမှုအကြောင်းကြောင့် ဘဝ ဖြစ်ရာ၏၊ ဘဝအကြောင်းကြောင့် ဇာတိ ဇရာမရဏတို့ဖြစ်ရ၏၊ ခန္ဓဝဂ္ဂ ခန္ဓသံယုတ် ပိဏ္ဍောပမသုတ် ၇၄-မှပါ ဘုရား။
ထို့နောက် ဝစ္ဆငါဘုရားသည် စွဲလမ်းမှု ဥပါဒါန် ရှိသူအားသာ တစ်ဖန်ဘဝသစ် ဖြစ်ရ၏ဟု ဟော၏၊ စွဲလမ်းမှု ဥပါဒါန် မရှိသူအား မဟောချေ။ သဠာယတနဝဂ္ဂသံယုတ်၊ ကုလ္လူပမသုတ်၊ ၅၄၄-မှပါ ဘုရား။
၎င်းပြင် ခန္ဓာငါးပါး၌ စွဲလမ်းသော် ထိုစွဲလမ်းမှု ဥပါဒါန်ကြောင့် ဘဝ ဖြစ်၏၊ ဘဝကြောင့် ဇာတိဖြစ်ရ၏၊ ခန္ဓဝဂ္ဂ သမာဓိသုတ် ၁၂-မှပါ ဘုရား။
၎င်းနောက်ကာမဂုဏ်နှင့် ပတ်သက်သော ကာမုပါဒါန်တွင် ဤသို့ ဟောပါသည် ဘုရား၊ ရဟန်းတို့ ကာမဂုဏ်၌ လိုလားသော သူသည် ထိုကာမဂုဏ်နှင့် လျော်သော အတ္တဘောကိုသာ ရရာ၏၊ အင်္ဂုတ္တိုရ် ဆက္ကနိပါတ်၊ နိဗ္ဗေဓိကသုတ် ၄၅၂-မှပါ ဘုရား။
[ဤစာပိုဒ်အရောက်တွင် ရုံးတော်မှ နိဗ္ဗေဓိကသုတ် ပြန်ဆိုချက်လွဲမှားနေကြောင်း လက်တွေ့မေးသည်။]
နိဗ္ဗေဓိကသုတ်ကို လက်တွေ့မေးခြင်း
လူသေလူဖြစ် စောဒနာအမှတ် (၂)ကို ချေပရာ၌ သခင်မြတ်ဆိုင်က ကာမဂုဏ်နှင့် ပတ်သက်သော ကာမုပါဒါန်တွင် ဤသို့ ဟောပါသည်ဘုရားဟု လျှောက်ထားပြီး....
“ရဟန်းတို့ ကာမဂုဏ်၌ လိုလားသော သူသည် ထိုကာမဂုဏ်နှင့် လျောသော အတ္တဘောကိုသာ ရရာ၏” - ဟု ကိုးကားတင်ပြသောကြောင့် ဝိနည်းဓိုရ်ဆရာတော်များက လွဲမှားကြောင်းသိ၍ အောက်ပါအတိုင်း စိစစ်မေးမြန်းကြသည်။
ဦးဉာနိက (အဖွဲ့ဝင်) -ဒကာကြီး ကိုးကားတဲ့နေရာမှာ သံသယဖြစ်ဖွယ် တွေ့တွေ့နေရတယ်။ ချုံးတာကို မချုံးရဘူးလို့ မဆိုပါဘူး၊ ဘာသာပြန်တဲ့နေရာမှာ ဟိုမူရင်း မြန်မာပြန်က (သာ)ဆိုတဲ့ စကားလုံးမပါတာကို (သာ)ထည့်ရင် ဒီနေရာမှာ အဓိပ္ပာယ်အများကြီး ကွဲလွဲသွားပါတယ်။
သခင်မြတ်ဆိုင်-မှန်ပါသတိပေးပါ ဘုရား။
ဦးဉာနိက- ဒကာကြီး မြန်မာပြန်ချက်ကို နဲနဲကလေး ကျမ်းရင်းနဲ့ တိုက်ကြည့်စေချင်ပါတယ်၊ ဒကာတစ်ယောက် ဒီဘက်လာ၊ စာအုပ် ရော့ ကြည့်စမ်း။
သခင်မြတ်ဆိုင်-ကြည့်ပြီးတော့ အရှိန်မပျက် ဖတ်သွားပါမယ် ဘုရား၊ နောက်ဆုံးကျတော့ တပည့်တော်ကို ဆုံးမတာပေါ့ ဘုရား။
[သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရွှေအောင်က စာအုပ်ကိုယူ၍ သခင်မြတ်ဆိုင်သို့ ပေးသည်၊ အတော်နှင့် ရှာမတွေ့၊ ဦးရွှေအောင်က ဖတ်ပြရသည်၊ ၄၅၂-တွင် မတွေ့၊ ၄၅၃-တွင် တွေ့ရ၏၊ ယင်းသို့ တွေ့ရသော်လည်း မူရင်းဘုရားဟောစကားနှင့် သခင်မြတ်ဆိုင် တင်ပြချက်လွဲနေသည်၊ မူရင်းမြန်မာပြန်မှာ အောက်ပါအတိုင်း....
“ရဟန်းတို့ .....ကာမဂုဏ်လိုလားသူသည် ကုသိုလ်အဖို့ကြောင့်သော်လည်းကောင်း၊ အကုသိုလ် အဖို့ကြောင့်သော်လည်းကောင်း ဖြစ်သော ထိုထို (ကိလေသာကာမ)အားလျော်သော အတ္တဘောကို ဖြစ်စေ၏၊”
သခင်မြတ်ဆိုင်၏ ချေပလွှာတွင် (ကုသိုလ်၊ အကုသိုလ်)ဟူသော စကားလုံးကို တမင်ဖြုတ်ထားသည့်အပြင် မူရင်းမြန်မာပြန်၌ မပါသော (သာ)ကို ထည့်၍ (အတ္တဘောကိုသာ)ဟု ပြန်ဆိုထားသောကြောင့် ဝိနည်းဓိုရ်ဆရာတော်များက မေးခြင်းဖြစ်သည်။]
သခင်မြတ်ဆိုင်-နဲနဲပါးပါး လွဲတာတော့ ရှိမယ် ဘုရား။
ဦးဉာနိက -နဲနဲပါးပါးလွဲတာလို့ မဆိုနိုင်ဘူး၊ (သာ)မရှိတဲ့နေရာမှာ (သာ) ထည့်လိုက်တဲ့အတွက် အဓိပ္ပာယ် အင်မတန်ကွာခြား သွားပါတယ်။
သခင်မြတ်ဆိုင် - ကျေးဇူးတင်ပါတယ် ဘုရား၊ တပည့်တော် ဆရာတော်များနှင့် ဆွေးနွေးဖို့အခွင့်ရလျှင် ပြန်ပြီးဆွေးနွေးပါမယ် ဘုရား၊ အင်မတန်ရခဲတဲ့ အခွင့်အရေးမို့ ဆရာတော်ကြီးများ ကြိုက်သလိုဆုံးဖြတ်ပါ ဘုရား။
၎င်းအရ ခန္ဓာငါးပါး၌ အတ္တ-ငါဟု ရှုမှတ်နေသော် ထိုဖောက်ပြန်တတ်သော ခန္ဓာငါးပါးတိုင်း ကာမဂုဏ်အတိုင်းသာလျှင် ဘဝသစ်ဟူ၍ အစဉ်အလိုက်နေမည် ဖြစ်လေရာ သူ၏ ခေတ္တအိပ်ပျော်ခြင်းသည် ခေတ္တသေခြင်း သဘောပင်ဖြစ်သည်၊ ထိုခေတ္တယာယီ အသေသဘော၌ပင် အိပ်မက်မက်ကြရာတွင် လူ၏ အိပ်မက်သည် လူ့အဖြစ်ကို စွန့်၍ ခွေး၊ ဝက်၊ ကြက်၊ နွားတို့ အဖြစ်သို့ ကူးပြောင်းသော အိပ်မက်မျိုး မက်၍ မဖြစ်စကောင်းသည်ကို ထောက်ပါသော် ကိုယ့်ဘဝ အဖြစ်ကိုသာလျှင် အစွဲဥပါဒါန်များ ကပ်ရောက်ကြောင်း သိသာလောက်ပါသည် ဘုရား။
သို့ဖြစ်ရာ လူဖြစ်ကြရာ၌ မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုသော စကားဖြင့် လူဖြစ်သူတိုင်း ကုသိုလ် ကောင်းသည်၊ မွန်မြတ်လှသော ဘဝကောင်းဖြစ်သည်ဟူ မယူဆနိုင်ပေ၊ ဤနေရာ၌ အတ္တတည်းဟူသော ငါအစွဲပြုသမျှ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ဖယ်၍ မရ၊ ကံအတိုင်း ဖြစ်ရသည်မှာ မှန်၏၊ သို့ရာတွင် ဆရာတော်ကြီးက ဗြာဟ္မဏတို့၏ မိုးကျရွှေကိုယ်ကံကို ဖယ်ပြီး ဗုဒ္ဓ၏ သန္ဒိဌိက ကံကိုသာ မပယ်ချေ။
ဗုဒ္ဓ၏ကံမှာ ကာယကံ၊ ဝစီကံ၊ မနောကံတို့သာလျှင် ဖြစ်သည်၊ ထိုကံသည်သာလျှင် အကောင်းအဆိုးကို ဖြစ်စေသည်ဟု ယခုလူသေလူဖြစ်တွင် ဆိုလိုပါသည် ဘုရား။
ဤ၌ မြတ်စွာဘုရားက ဤသို့ ဟောပါသည် ဘုရား။ အစွဲဆုံး အချစ်ဆုံးဟူသည် မိမိကိုယ်ကိုသာတည်း၊ အဘယ်အရပ်သို့လှည့်ပတ်၍ ရှာဖွေစေကာမူ အဘယ်ရပ်အတွင်းမှ မိမိကိုယ်ထက် ပို၍ ချစ်အပ်နှစ်သက်အပ်သူကို မတွေ့နိုင်၊ ဤအတိုင်းသာတည်း။ (သဂါထာဝဂ္ဂသံယုတ်၊ မလ္လိကာသုတ်-၇၅)
ဤသို့လျှင် အတ္တဝါဒုပါဒါန်သည် ရှေ့ဆောင် ဥပါဒါန် ဖြစ်နေသည်ဟု ဆရာတော် အရှင်ဥက္ကဌက မိန့်ဆိုပါသည် ဘုရား။
ဤဘုရားဟော တရားကိုကျော်ပြီး တိရစ္ဆာန်နှင့် မိုးပေါ်က နတ်ဗြဟ္မာဖြစ်နိုင်သည်ဟုဆိုသော အယူကို ဆရာတော် အရှင်ဥက္ကဌက စဉ်းစားခြင်း မပြုတော့ပါ ဘုရား။
သတ္တဝါတစ်ဦး၌ စွဲကပ်နေသော တဏှာဥပါဒါန်သည် သတ္တဝါသေပြီးသည့်နောက်တွင် ရှိမြဲ ရှိလျက်ရှိသည်ဟူ၍ ဗုဒ္ဓဘုရားရှင်က ဟောပါသည် ဘုရား၊ ၎င်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဝစ္ဆ သတ္တဝါသည် ဤကိုယ်ကို ပစ်ချပြီးနောက် တပါးသော ကိုယ်ကို မကပ်ရောက်ရသေးစေကာမူ ထိုအခါ၌လည်း သတ္တဝါ၏ တဏှာဥပါဒါန်သည် ရှိမြဲ ရှိ၏ဟု ငါ ဆို၏၊
ဥပမာ မီးသည် လောင်စာမရှိသော လေကိုပင် စွဲလျက်တည်သကဲ့သို့ ထိုတဏှာသည် လေကိုပင် မှီလျက် ဖြစ်၏”ဟု မိန့်တော်မူ၏၊ သဠာယနသံယုတ် ကုတူဟလသသာသုတ် နှာ-၅၅၄ ဟု ပါရှိပါသည် ဘုရား။
နောက်တစ်ဖန် ဥပါဒါန်ကို ကံနှင့်တွဲ၍ ဖြစ်ကြောင်း ဥပါဒိန္နကံတရားနှင့် ပတ်သက်၍ ဤသို့ ဟောပါသည် ဘုရား။
ရာဟုလာ အဇ္ဈတ္တသန္တာန်၌ ဖြစ်သော၊ ကြမ်းတမ်းသော၊ ကြမ်းတမ်းခြင်းသို့ရောက်သော၊ အကြင်အလုံးစုံသော ဥပါဒိန္နကံတရားသည် ဥပါဒိန္နရုပ်တရားကို အကျိုးပြု၏၊ ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ အရေထူ အရေပါးစသော ၃၂-ကောဌာသ ရုပ်တို့တည်း၊ ဥပါဒိန္န(အဇ္စုတ္တရုပ်)တို့သည် ကိုယ်ကို စွဲ၍ ဖြစ်သော ရုပ်တရားစုတည်း၊ မဇ္ဈိမပဏ္ဏာသ မဟာရာဟုလောဝါဒသုတ် ၉၁-တွင်ပါ ဘုရား။
မြတ်စွာဘုရားက ကံဟူသောပုဒ်ကို ဤသို့ပညတ်ပါသည် ဘုရား။
ငါ့ရှင်ဂေါတမ မကောင်းမှုပြုခြင်း ကံကို သင် အဘယ်မျှဖြင့် ပညတ်ပါသနည်းဟု တပဿိနိဂဏက မေး၏၊ ဗုဒ္ဓက တပဿိနိဂဏ္ဌ ငါသည် ကံကို သုံးပါးအားဖြင့် ပညတ်၏၊ ကာယကံ၊ ဝစီကံ၊ မနောကံတို့တည်းဟု မိန့်တော်မူ၏၊ မဇ္ဈိမပဏ္ဏာသ ဥပါလိသုတ် ၄၁ တွင် ပါပါသည် ဘုရား။
ဤသို့ ညွှန်ပြသောအခါ ကာယကံ၊ ဝစီကံ၊ မနောကံတို့ ကောင်းသော် ကံကောင်း၏၊ ယင်းတို့ မကောင်းသော် ကံမကောင်း။
(အင်္ဂုတ္တိုရ် ဒသကနိပါတ် စုန္ဒသုတ်-၄၆၆)
ဤအထက်ပါ သဘောတရားများအရ ဗုဒ္ဓသည် ဗြာဟ္မဏတို့၏ ရှေးဟောင်းကံကို လက်ခံတော်မမူဘဲ ကာယကံ၊ ဝစီကံ၊ မနောကံတို့ကိုသာ လက်ခံသည်ဟု ဆရာတော်က ဆုံးဖြတ်ပါသည်၊ ဤနေရာ၌ အတ္တတည်းဟူသော ငါ အစွဲဖြင့် ပြုလုပ်နေသမျှ စေတနာရှေ့ပြေး ပါသည့်အတိုင်း ကုသိုလ်ကံ အကုသိုလ်ကံတို့ ဖြစ်ရသည်မှာ မှန်ပါသည် ဘုရား၊ သို့ရာတွင် ဆရာတော် ရှင်ဥက္ကဌသည် ရှေး မိုးကျရွှေကိုယ်ကံကို ပယ်၍ ဗုဒ္ဓ၏ သန္ဒိဌိက ကံကိုသာ ယူပါသည် ဘုရား၊ ထိုကံသည်သာလျှင် ဘဝ၏ အကောင်းအဆိုးကို ဖြစ်စေသည်ဟု လူသေလူဖြစ်တွင် ဆိုပါသည်၊ သို့ဖြစ်ရာ လူသေလူဖြစ်ဒေသနာတွင် လူပင်ဖြစ်သော်လည်း ကာယကံ၊ ဝစီကံ၊ မနောကံ ညံ့ခဲ့သဖြင့် ခြေလက်အင်္ဂါမစုံသူများ၊ ရုပ်ပျက်ဆင်းပျက် ဖြစ်လာသူများ သန္ဓေကစ၍ ချွတ်ယွင်းခဲ့သူများကို တွေ့နေရပါသည် ဘုရား၊ ခြေလက်အင်္ဂါအစုံနှင့် မွေးလာပါလျက် နောင်မှ အကြောင်းတစ်ခုခုကြောင့် ချွတ်ယွင်းသော်လည်း ယခု ပစ္စက္ခဘဝအစ၌ ကြုံလွယ်သော အမိအဖတို့၏ ချွတ်ယွင်းမှုကြောင်းလည်းကောင်း ထိုပုံပျက်ပန်းပျက်များ ဖြစ်ပေါ်လာရသည်ဟူ၍ ဆရာတော်က ဆိုပါသည်။
ထို့ကြောင့်ဆရာတော်သည် ပစ္စုပ္ပန်ဘဝကိုသာ အတည်ပြုပါသည် ဘုရား၊ ဤ၌ ပိဋကတ်တော်တွင် ကံနှင့် ပတ်သက်၍ ဤသို့ တွေ့ရပါသည် ဘုရား။ ယခုဘဝ ချမ်းသာ ဆင်းရဲ ခံစားမှု ဟူသမျှသည် ရှေးအတိတ်ကံ ကြောင့်ချည်းဟု ဆိုကြသော သမဏဗြာဟ္မဏတို့သည် ကိုယ်တိုင် သိအပ်သည်ကိုလည်း ကျော်လွန်ကုန်၏၊ အမှန်ဟု သမုတ်အပ်သော ပညာရှိတို့၏ စကားကိုလည်း ကျော်လွန်ကုန်၏၊ ထို့ကြောင့် သမဏဗြာဟ္မဏတို့၏ စကားကို အမှားဟု ငါဆို၏ဟု ဟော၏၊ သဠာယတနသံယုတ် သိဝကသုတ် ၄၂၃ တွင် ပါပါသည် ဘုရား။
လူသည် တစ်ချိန်တစ်ခါတွင် နှလုံးသွေး ရပ်၍ သေဆုံးပါသည်၊ နှလုံးမီး ဥသ္မာတေဇော (ကမ္မတေဇော)ခေါ် နှလုံးအိမ်စောင့်မီး ငြိမ်းသွားသောအခါ သေပြီဟု ခေါ်ပါသည် ဘုရား၊ ထိုသေသူမှ နောက်ဆုံး နှာခေါင်းမှ ထွက်သောလေသည် ၎င်း၏ နှလုံးတွင် စုဝေးသော ဓာတ်တို့၏ အငွေ့နှင့်တကွ အပြင်လောကသို့ပျံ့ လွင့်လာပါသည်၊ ယင်းလေကို မဟာရာဟုလောဝါဒသုတ်အရ ဥပါဒိန္နဓာတ်ဟု ခေါ်လေသည်၊ မဇ္ဈိမပဏ္ဏာသ မဟာရာဟုလောဝါဒသုတ် ၉၁ တွင် ပါပါသည် ဘုရား။
ထို ဥပါဒိန္နဓာတ်သည် လေထုအတွင်းသို့ အခြားဓာတ်များဖြင့် အရောအစပ် မရှိ သီးခြား လွင့်ပါတော့သည်၊ ထိုလွင့်သော ဓာတ်သည် မူလတူရာဓာတ်များနှင့် စပ်ရန် သတ္တဝါတို့၏ နှာခေါင်းတွင်းသို့ ရှုလေနှင့်အတူ ပါဝင်သွားကြပါသည်၊ ဓာတ်တူရာ လူသား လူ၌သာလျှင် ၎င်းတို့၏ သွေးနှင့်ရောစပ်ကာ သွေးမှ သုတ်အဖြစ်သို့ ပြောင်းလိုက်၍ သွားပါသည်၊ ထိုအခါ မဟာတဏှာသင်္ခယသုတ် ပဋိသန္ဓေဗေဒခန်းအရ ဂန္ဓဗ္ဗဓာတ်ဟု ခေါ်ပါသည် ဘုရား။ (၃၄၃)
ဤ၌ အဆင်ပြေပါက ထိုဂန္ဓဗ္ဗဓာတ်သည် ဘဝသစ်ကို တည်ဆောက်ပါသည်၊ အဆင်မပြေလျှင် ထပ်မံ ပျံ့လွင့်ပါသည်။ (သာဓကအားဖြင့် ကမ္ဘာအရပ်ရပ်မှ အသံလွှင့်ရုံနှင့် ရုပ်မြင်သံကြားဓာတ်တို့သည် ၎င်းတို့ကို ထုတ်လွှင့်ရာ မီတာနှင့်တူရာ မီတာတို့၌ ပြန်လည်ထင်ရှားပေါ်သကဲ့သို့ပါဘုရား)၊ အသက်ရှိသော ဝိညာဏ်ကို ကူးလျှင် သဿတဒိဌိ ဖြစ်ပါသည် ဘုရား၊ အသက်မရှိတော့၍ ဘာမျှ မကူးစက်ဘူးဆိုလျှင်လည်း ဥစ္ဆေဒိဌိဖြစ်ပါသည် ဘုရား၊ ယခုဓာတ်၏ သဘောကသာ ကူးစက်ခြင်းဖြစ်သောကြောင့် ဝိညာဏ်လည်းမဟုတ်ပါ၊ ကံချည်းသက်သက်ဟူ၍လည်း မဟုတ်ပါ၊ ဥပါဒိန္နဓာတ်၏ ဓာတ်သဘော သက်သက်သာဖြစ်ပါသည် ဘုရား၊ သာဓကအားဖြင့် သံလိုက်သည် သံကို ကပ်သကဲ့သို့ပါ ဘုရား။
ဤလူသေလူဖြစ်တွင် အောက်ပါ ဘုရားဟောဖြင့် နိဂုံးချုပ်ပါသည် ဘုရား၊ ခန္ဓဝဂ္ဂသံယုတ် ဂဒ္ဒူလဗဒ္ဓသုတ် ၁၁၃ တွင် ဗုဒ္ဓရှင်မြတ် ဤသို့ ဟောတော်မူခဲ့ပါသည်၊ ခန္ဓာငါးပါး၌ အတ္တ ငါဟူ၍ ရှုနေသူတို့သည် ချည်တိုင်၌ ကြိုးနှင့်ချည်နှောင်ထားအပ်သော ခွေးပမာ ယင်းချည်တိုင်ကိုသာ လှည့်ပတ်ပြေးနေရသကဲ့သို့ အတ္တ- ငါစွဲ အတ္တဝါဒုပါဒါန်ကိုသာလျှင် လှည့်ပတ်ပြေးနေကြရကုန်လေသည် ဟူ၍ ဟောတော်မူခဲ့ပါသည် ဘုရား။
ယခုလည်း လူတိုင်းလူတိုင်းသည် ထိုအတ္တတည်းဟူသော ငါ မပြတ်နိုင်ကြသမျှ ကာလပတ်လုံး နေကြသူများ ဖြစ်ကြပါလျှက် လုပ်ကြသမျှ ကုသိုလ် အကုသိုလ် လုပ်ငန်းအားလုံး၏ အကျိုးကိုလည်း ငါခံစား ငါစံစားချင်မှုဖြစ်နေကြခြင်းပင်လျှင် ငါသေငါဖြစ် သဘောလက်ခံပြီးသားဖြစ်နေပါသည် ဘုရား။ ဤငါသေ ငါဖြစ်သည်ပင်လျှင် လူသေလူဖြစ်ကို တိုက်ရိုက်ဖွင့်ဆိုခြင်းဖြစ်ကြောင်း ဆရာတော် ရှင်ဥက္ကဌက မိန့်ကြားမှုကို ကြားနာခဲ့ရပါသည် ဘုရား။
သောဓနာ အမှတ် (၃)
(သခင်မြတ်ဆိုင်၏ ချေပချက်)
(၃၁)ဘုံနှင့် ပတ်သက်၍ စောဒနာ အမှတ် (၃) ပါ အချက်များအား ထေရဝါဒ ပိဋကတ် မြန်မာပြန်များနှင့် ပြန်လည် ရှင်းလင်းတင်ပြပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များဘုရား-
ဗုဒ္ဓမြတ်စွာဘုရားသည် ဘဝနှင့် ပတ်သက်၍ ပယ်ခိုင်းသည့် အထောက်အထားမှာ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ဆက္ကနိပါတ် ဘဝသုတ်၊ ၄၈၈-တွင် ရဟန်းတို့ ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ အဘယ်ဘဝသုံးမျိုးတို့ကိုပယ်အပ်သနည်းဟူမူ ကာမ၊ ရူပ၊ အရူပ - ဤဘဝသုံးပါးတို့ကို ပယ်အပ်ကုန်၏”ဟု ဆိုထားပါသည် ဘုရား၊ ဤကဲ့သို့ အချက်များနှင့် တူညီသောဘဝကို စွဲလမ်း၍ နောင်အနာဂတ်မှာ ဖြစ်ရလိုကြောင်း ဘဝကို တပ်မက်သူသည် ဝဋ်ကို ရှေ့သွားပြုသူသာဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာဘုရားသည် ခန္ဓဝဂ္ဂသံယုတ်၊ ဟာလိဒ္ဓိကာနိသုတ်၊ ၁၀-တွင် သူကြွယ် အနာဂတ်ကာလ၌ ဤသို့သော ရုပ်ဝေဒနာ သညာသင်္ခါရဝိညာဏရှိသူ ဖြစ်ရလို၏၊ ဤကဲ့သို့ အနာဂတ်ဘဝကို ကြံသူသည် ဝဋ်ကိုရှေ့သွားပြုသူမည်၏၊
၎င်းနောက် ထေရဝါဒပိဋကတ် အင်္ဂုတ္တိုရ် မဟာဝဂ္ဂသံယုတ် သစ္စသံယုတ် အဇ္ဈတ္တိကာယတနသုတ် ၃၇၅-တွင် “ဘဝသစ်ကို ဖြစ်စေသော သမုဒယသစ္စာဟူသည် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာတို့တည်း၊ ထိုတဏှာတို့ကို ပယ်အပ်ကုန်၏၊ မဂ်ဖြင့်ပယ်လော့။”
ထို့နောက်တစ်ဖန် ဥဒါန်းလောကသုတ်၊ ၁၀၅တွင် “ဘဝသည် နှိပ်စက်၏၊ ထိုဘဝကိုပင် နှစ်သက်ကြ၏၊ ဘဝဟူသည် ဘေး ဖြစ်၏၊ ဇရာ မရဏသည် ဖြစ်၏၊ ဘဝကို ပယ်ခြင်းငှာ ကျင့်ရ၏၊ ဘဝဖြင့် ဘဝမှမလွတ်၊ ဘဝပြတ်လိုခြင်းဖြင့်လည်း ဘဝမှမလွတ်၊ အလားတူပင် ဘဝကို ဗုဒ္ဓဘုရား လက်မခံကြောင်း သုတ်ပေါင်းများစွာ ရှိနေပါသည် ဘုရား။
၎င်းမှာ ဒီဃနိကာယ် မဟာဝဂ်၊ မဟာနိဒါနသုတ်၊ ၅၄-တွင် “ဥပါဒါန်သည်လျှင် ဖြစ်မှုဘဝ၏ အကြောင်းရင်းဟိတ်ပေတည်း၊ အခြေခံနိဒါန်းပေတည်း။”
၎င်း ဒီဃနိကာယ် ပါထိကဝဂ်၊ သင်္ဂီတိသုတ်၊ ၂၃၇-၂၃၈တွင် “သေဌေးသူကြွယ် နတ်ဗြဟ္မာအဖြစ်ကို တောင့်တ၍ ငါသေလျှင် ထိုဘဝတို့ကို ရောက်ရသော် ကောင်းလေစွဟု ရည်မှန်း၍ လှူ၏၊ ထိုစိတ်ကို ထား၍ ထိုစိတ်ကို ပွား၏၊ ထိုစိတ်သည် ယုတ်ညံ့သော ကာမဂုဏ်တရားသို့ ညွှတ်၏၊ မဂ်ဖိုလ်ကို မပွားစေကုန် စသည်ဖြင့် ဗုဒ္ဓသည်ဘဝကို ပယ်ခဲ့ပါသည် ဘုရား။
၎င်းနောက် ဥဒါန်းဂဏိကာသုတ် ၁၅၁-တွင် ကာမဂုဏ်နောက်ဘဝကျိုး မျှော်ကိုးသူသည် ရာဂမြူမစင်သူ ဖြစ်၏၊
အတ္တကိလမထာနုယောဂနှင့် ကာမသုခလိဒကာနုယောဂစသော အယုတ်တရား၂-ပါးကို ကျင့်ကြံသူ မည်၏၊ ကာမဘဝကို မျှော်ကိုးခြင်းသည် တဏှာအဝိဇ္ဇာကို ပွားစေ၏ဟု ဤသုတ်တွင် ဘဝကို မျှော်ကိုးသူသည် မိစ္ဆာဒိဋ္ဌိဟု ဆိုထားကြောင်း တွေ့ရပါသည် ဘုရား။
ထေရဝါဒပိဋကတ် သုတ္တနိပါတ်၊ ပုဏ္ဏကမာဏဝပုစ္ဆာ ၄၁၃-တွင် ပုဏ္ဏကလုလင်၏ အမေးကို ဖြေကြားတော်မူရာတွင် “လူနတ် ဗြဟ္မာဘဝကို တောင့်တ၍ လှူဒါန်းသူအားလုံးသည် ဘဝကို တပ်စွန်းလျက်တဏှာဖြင့် လှူသောကြောင့်ဇာတိ ဇရာ မရဏ ဝဋ်ဆင်းရဲမှ မလွတ်နိုင်”ဟု မြတ်စွာဘုရားက အထက်ပါအတိုင်း ရှင်းလင်းစွာ ဖြေတော်မူပါသည် ဘုရား။
ဘဝသည်မစင်ကဲ့သို့တည်းဟု ဘုရားဟောကြားပုံမှာ အင်္ဂုတ္တိုရ် ဧကကနိပါတ်၊ ဧက၊ ဒသမတတိယဝဂ် ၄၆-တွင်မကောင်းသော မစင်မှန်က အနည်းငယ်မျှပင်ဖြစ်စေ မကောင်းသော အနံ့အသက် ရှိသကဲ့သို့ ဘဝဟူသည် အနည်းငယ်သော ဘဝကိုပင်လျှင် ငါ မချီးမွမ်း “အယုတ်ဆုံး လက်တစ်ဖျစ်စာ အချိန်၌ပင် ထိုဘဝကို မချီးမွမ်း”ဟု ဟောကြားတော်မူပါသည် ဘုရား။
မဇ္ဈိမပဋိပဒါအကျင့်သာလျှင် ဘဝချုပ်ရာကို သိနိုင်သော အထောက်အထားများမှာ ဣတိဝုတ်၊ ဒိဋ္ဌိဂတသုတ်၂၀၈-တွင် “ဘဝနှစ်သက်သူအားလုံး ဘဝချုပ်ရာဟောလျှင် တွန့်ဆုတ်၏၊ ဘဝမကြိုက်သူကလည်း ဘဝပြတ်ခြင်းကို အလိုရှိ၏၊ သေလျှင် ပြီး၏ဟု ထင်၏၊ စင်စစ်သော်ကား ခန္ဓာ၅ပါး၌ စွဲလမ်းမှု (ဥပါဒါန်)ကင်းအောင် ကျင့်သူသာလျှင် မဇ္ဈိမပဋိပဒါ အကျင့်ဖြင့် ဘဝချုပ်ရာ၏၊ ၎င်းနောက်ဘဝ ကြံစည်သူသည် မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း-
သုတ္တနိပါတ် ဒုဋ္ဌကသုတ် ၃၇၉-တွင် မိစ္ဆာဒိဋ္ဌိအယူကို ပယ်ပြီးသော ရဟန္တာသည် ဘဝကြီးဘဝငယ်တို့၌ ကြံစည်တတ်သော မိစ္ဆာအယူမရှိ၊ ထို့ကြောင့် အဘယ်ဂတိသို့ မျှသွားရန် မရှိပြီ၊ ဘဝတဏှာဟူသည် ပယ်ရန်သာ ဖြစ်ကြောင်းကို -
သုတ္တနိပါတ် ဂုဟဋ္ဌကသုတ် ၃၇၇-တွင် “တဏှာအရင်းခံ တဏှာအကြောင်းရင်းဖြစ်သော ဘဝ၌ သာယာမှုဖြင့် ဘဝတဏှာ အချည်နှောင်ခံရသူ သတ္တဝါတို့သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဘဝတို့၏ ကာမကို လိုလားတောင့်တကုန်လျက် မိမိတို့ကိုယ်တိုင်လည်း မလွတ်လပ်၊ အခြားသူတို့ကိုလည်း မလွတ်မြောက်စေနိုင်ချေ၊ ၎င်းအပြင် နတ်ဘဝကို ကြံစည်မှုကိုလည်း ဗုဒ္ဓဘုရားသည် အားပေးတော်မမူပါ ဘုရား။
မူလပဏ္ဏာသ စေတောခိလသုတ်၊ ၁၅၁-တွင် “ဤအကျင့် ဤသီလဖြင့် နတ်အမျိုးမျိုးသော်လည်းကောင်း၊ နတ်မင်းသော်လည်းကောင်း ဖြစ်ရအံ့တော့မည်ဟူ၍ နှလုံးသွင်းခြင်း, ထိုနတ်ဖြစ်ရတော့အံ့ဟု နတ်စွဲဘုံဘဝစွဲဖြင့် ကျင့်သော် ဤသာသနာတော်သည် စည်ပင်ပြန့်ပြောခြင်းငှာ မဖြစ်ပြီ” ဤသည်မှာ သာသနာတော်မှေးမှိန်မည်ဟု ဆိုလိုပါသည် ဘုရား။
နတ်အဖြစ်ကို သာယာသော် သာသနာအကျိုးပျက်အံ့ဟု ဟောကြားထားသည်မှာ အင်္ဂုတ္တိုရ် သတ္တကနိပါတ်၊ မေထုနသုတ် ၅၅၅-တွင် “နတ်အဖြစ်ကို သာယာခြင်း အလိုရှိခြင်းသည် ဤမြတ်သော သာသနာအကျင့်၌ ကျိုးပေါက်ခြင်းပင်တည်း၊ ဇာတိ ဇရာမရဏမှ မလွတ်၊ ဒုက္ခမှ မလွတ်မြောက်နိုင်”ဟု ဟောထားပါသည် ဘုရား။
“နတ်ဖြစ်ရန်ရှက်လော့၊ စက်ဆုပ်လော့”ဟူ၍ ဟောထားတော်မူကြောင်း အင်္ဂုတ္တိုရ် တိကနိပါတ် ဒေဝလောကသုတ် ၁၃၁-တွင် “တပါးသော အယူရှိကုန်သော ပရိဗိုဇ်က သင်တို့သည် ရဟန်းဂေါတမထံဝယ် နတ်ပြည်၌ ဖြစ်ခြင်းအကျိုးငှာ ဤမြတ်သော အကျင့်ကို ကျင့်သလောဟု မေးကုန်ငြားအံ့၊ ဤအမေးသည် ရှက်နိုးကုန်ရာသည် မဟုတ်လော၊ စက်ဆုပ်ကုန်ရာသည် မဟုတ်လော။”
“ရဟန်းတို့ သင်တို့သည် နတ်ဖြစ်ခြင်း၌ ငြီးငွေ့ကုန်သော် ရှက်နိုးကုန်သော် စက်ဆုပ်ကုန်သော် နတ်၌ဖြစ်သော အဆင်း၊ နတ်၌ဖြစ်သော ချမ်းသာ ငြီးငွေ့ကုန်သော် ရဟန်းတို့ သင်တို့သည် ရှေးဦးကပင်လျှင် ကာယ ဝစီ မနောဒုစရိုက်တို့ကိုပါ ငြီးငွေ့ရာ၏၊ စက်ဆုပ်ရာ၏၊ ရှက်နိုးရာ၏”ဟု ဟောကြားထားပါသည် ဘုရား၊ ဤကဲ့သို့သော သုတ္တန်အထောက်အထားများအရ ဗုဒ္ဓဘုရားရှင်သည်လူနတ်ဗြဟ္မာတည်းဟူသော ဘဝတို့ကို အားမပေးကြောင်း ဝိနည်းဓိုရ် ဆရာတော်မြတ်များအား ရှင်းလင်းတင်ပြအပ်ပါသည် ဘုရား။
သောဓနာအမှတ် (၄)
[သခင်မြတ်ဆိုင်၏ ချေပချက်]
နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အရှင်မြတ်တို့ ဘုရား-
တပည့်တော်တို့သည် စောဒနာအမှတ် (၄)ကံ ကံ၏ အကျိုးတရားနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း တင်ပြအပ်ပါသည် ဘုရား။
ဗုဒ္ဓမြတ်စွာဘုရားသည် သဠာယတန ဝဂ္ဂသံယုတ် ကမ္မနိရောဓသုတ် ၃၄၀-တွင် “ရဟန်းတို့..နိဗ္ဗာန်သည် ကာယကံ ဝစီကံ မနောကံတို့ချုပ်ခြင်းကြောင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်အာရုံ ဖြစ်၏၊ ရဟန်းတို့ ဤနိဗ္ဗာန်ကို ကံချုပ်ရာဟု ဆိုအပ်၏”ဟူ၍ ဟောကြားထားပါသည် ဘုရား။
၎င်းနောက် ကံသည် ပယ်ရန်တရားဖြစ်ကြောင်းကိုလည်းကောင်း ကံပျော်သူသည် ဆင်းရဲမှ မလွတ်နိုင်ကြောင်းကို မဟာဝဂ္ဂသံယုတ် သစ္စသံယုတ် ပပါတသုတ် ၃၉၉-တွင် ရဟန်းတို့ ဇာတိ ဇရာ မရဏ ဒုက္ခတို့မှမလွတ်သော ကံသင်္ခါရတို့၌ပြုလုပ် ပျော်မွေ့နေကြကုန်သော သူတို့သည် ဆင်းရဲအပေါင်းမှ မလွတ်ဟု ငါဆို၏၊ ၎င်းတို့သည် သစ္စာ၄-ပါးကို မသိကြ၍ ကံဖြင့် သင်္ခါရအမှုတို့ကို ပြုလုပ်၍ နေကြသူတို့ ဖြစ်ကြလေရာ ကြီးစွာသော ချောက်ကမ်းပါးအတွင်းသို့ ကျရောက်နေကြသူများကဲ့သို့သာတည်းဟူ၍ ဟောထားပါသည် ဘုရား။
၎င်းနောက် ကံပျော်သူတို့သည် အမှောင်တွင်း ကျနေသူဖြစ်ကြောင်းကို မဟာဝဂ္ဂ သစ္စသံယုတ်။ အန္ဓကာရသုတ် ၄၀၂-တွင် “ထိုကံပျော်သူ သမဏ ဗြဟ္မဏတို့သည် ပဋိသန္ဓေ ဇာတိ ဖြစ်စေတတ်သော ကံသင်္ခါရအမှုတို့ကိုသာ ပြုလုပ်၍၊ ဇာတိ ဇရာ မရဏတည်းဟူသော အမှောင်နယ်ထဲ၌သာ ကျင်လည်ကြလျက် ဆင်းရဲမှ မလွတ်သောသူတို့သာ ဖြစ်ကြကုန်သည်ဟူ၍ ကံအကျိုးတရားကို ရှေးရှုမိပါက သံသရာလည်ရေးကိုသာ အားပေးတတ်ကြောင်းဖြစ်သဖြင့် တပည့်တော်များ တင်ပြရခြင်း ဖြစ်ပါသည် ဘုရား။
၎င်းနောက် ဆက်လက်၍ တင်ပြရန်မှာ အင်္ဂုတ္တိုရ် ဧကနိပါတ်၊ ကောဋ္ဌိကသုတ်၊ ၁၈၈-တွင် “ငါ့ရှင် မျက်မှောက်ကံအကျိုး ခံစားရန်၊ တမလွန်အကျိုး ခံစားရန်၊ ရင့်ကျက်သော ကံအကျိုး၊ မရင့်ကျက်သော ကံအကျိုး၊ အကျိုးများသောကံ၊ အကျိုးနည်းသောကံစသော- များသောကံတို့၏ အကျိုးကို ခံစားရန် ကံအတွက် မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးပါသလောဟု ကောဋ္ဌိကရဟန်းက လျှောက်၏၊ သာရိပုတ္တရာက ထိုကဲ့သို့ ကံတို့ကို ခံစားရန်မဟုတ်ပါ၊ မသိသေးသော သစ္စာ၄-ပါး၌ လည်းကောင်း၊ ထိုသစ္စာ၄-ပါးကို သိပြီး၍ ထိုးထွင်းနားလည် သိရန်လည်းကောင်း “မြတ်စွာဘုရားထံ၌ ကျင့်သုံးပါ၏ဟု ဖြေ၏”ဟူ၍ ဟောကြားထားကြောင်းပါ ဘုရား။
ပညာမဲ့များသာလျှင် ကံကို ယုံ၏ဟု အောက်ပါ သုတ္တနိပါတ် ဒွယတာနုပဿနာသုတ် ၃၇၀-တွင် “လောက၌ များစွာကုန်သော ဆင်းရဲဒုက္ခဟူသမျှသည် ကုသိုလ်ကံ အကုသိုလ်ကံတို့ကြောင့် ဖြစ်ရကုန်၏၊ ပညာနုံ့သူတို့သည် မသိနားမလည်သည်ဖြစ်၍ လောကီ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုရကား ပုထုဇဉ်သည် အဖန်ဖန်ဆင်းရဲခြင်းသို့ ကပ်ရောက်ရ၏၊ ပိုင်းခြားသိသူသည် ထိုဝဋ်ဆင်းရဲဖြစ်ကြောင်း လောကီကုသိုလ် အကုသိုလ်တို့ကို မပြုလုပ်ရာ”ဟု ဟောပါသည် ဘုရား။
ကံပယ်ရေးဆိုင်ရာများကိုလည်း “ဟောထားကြောင်း မဟာဝဂ္ဂ ဗောဇ္ဈင်္ဂသံယုတ် တဏှာက္ခယသုတ် ၁၈၂-တွင် “ဥပေက္ခာသမ္ဗောဇ္ဈင်္ဂကို ပွားများသော် ထိုရဟန်းသည် တပ်မက်မှုတဏှာကို ပယ်၏၊ တပ်မက်မှုတဏှာကို ပယ်ခြင်းကြောင့်ကံကို ပယ်၏၊ ကံကို ပယ်ခြင်းကြောင့်ဝဋ်ဆင်းရဲကို ပယ်၏၊ ဥဒါယီ ဤသို့လျှင် တဏှာကုန်ခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခ ကုန်ဆုံးခြင်းကြောင့်ရောက်၏”ဟု ဟောကြားထားပါသည် ဘုရား။
ကံနှင့် ဆိုင်ရာပညတ်ကို ဗုဒ္ဓဘုရားရှင်သည် မဇ္ဈိမပဏ္ဏာသ ဥပါလိသုတ် ၄၁-တွင် “ငါ့ရှင်ဂေါတမ မကောင်းမှုပြုခြင်း၌ ထိုမကောင်းမှုပြုခြင်းဖြစ်သော ကံကို အဘယ်မျှ ပညတ်ပါသနည်း” ဟု တပဿီနိဂဏ္ဌက မေးလျှောက်၏၊ ဗုဒ္ဓရှင်တော်က “တပဿီ မကောင်းမှု ပြုခြင်း, ကောင်းမှု ပြုခြင်းတို့၌ ကံသုံးပါးကိုသာ ငါဘုရား ပညတ်၏၊ အဘယ်ကံသုံးပါးနည်းဟူမူ ကာယကံ ဝစီကံ မနောကံတို့တည်း”ဟူ၍ မိန့်တော်မူပါသည် ဘုရား။
မကောင်းမှုအကုသိုလ်ပြုသူတိုင်း အပါယ်သို့ ကျသည်ဆိုသော စကားသည် ကံကို လက်ခံကျင့်သုံးသူနှင့်သာ ဆိုင်ကြောင်းကို သဠာယတနသံယုတ် သင်္ခဓမ္မသုတ် ၄၉၉-တွင်- “ဗုဒ္ဓရှင်၏ အလိုကား ထိုမကောင်းမှု ကောင်းမှု ကုသိုလ်ကံတို့ကို မစွဲလမ်း၊ ပြန်လည်မစဉ်းစားသော် ထိုမကောင်းမှု ကံမှ လွတ်၏၊ ကာမတို့မှ မှားမှန်းသိ၍ နောင်မပြုလုပ်တော့ဟု ရှောင်ကြဉ်သော် ပယ်စွန့်သော် မကောင်းမှုဟု သိသဖြင့် ထိုကံမှ လွတ်၏၊ သို့ရာတွင် ငါသည် ထိုမကောင်းမှုကို ပြုခဲ့မိ၏တကားဟု စွဲလမ်း၍ နှလုံးမသာ ဖြစ်နေသော် ထိုမကောင်းမှုကံကို စွဲလမ်းခြင်းဖြင့်ပင် ထိုအကုသိုလ်မကောင်းမှုမှ မလွတ်နိုင်ကြောင်း” ဟောကြားထားပါသည် ဘုရား။
ကံအားလုံးမှ စွန့်သူသည်သာလျှင် ဆင်းရဲအပေါင်းမှ လွတ်ကြောင်းကို သုတ္တနိပါတ်။ တတိယသုတ်၊ ၃၄၀-တွင် “အကြင်ပုဂ္ဂိုလ်သည် ဆင်းရဲမျိုး ဒုက္ခတို့ ဖြစ်စေတတ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်ကံ ဟူသမျှတို့ကို မဂ်ဉာဏ်ဖြင့် လွှင့်မှုတ်ထုတ်ပစ်၍ လှည့်ပတ်မှုမာယာ၊ မောက်မာမှု မာန၊ အမျက်ထွက်မှု ဒေါသတို့ကို ပိုင်းခြားသိလျက် (ဖြစ်ကြောင်းဖြစ်ခြင်း, ချုပ်ခြင်း ချုပ်ကြောင်း)ရုပ်နာမ်တို့၏ အဆုံးကို ပြုအံ့ဟုကျင့်သော ပရိဗ္ဗာဇာကအဖြစ်သို့ ရောက်၏”၊ ပရိဗ္ဗာဇက ဆိုသည်မှာကံကို လွှင့်မှုတ်ပစ်သူ ဖြစ်ကြောင်းတွေ့ရပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
ဖဿကြောင့် ကံမြောက်၏ဟု ဟောကြားထားပုံမှာ အင်္ဂုတ္တိုရ် ဆက္ကနိပါတ် နိဗ္ဗေဓိကသုတ် ၄၅၆-တွင် “ရဟန်းတို့ စေ့ဆော်မှုစေတနာဖြင့် ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ၊ စိတ်ဖြင့် ဖြစ်စေ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုရကား စေတနာကို ကံဟူ၍ ငါဆို၏၊ ရဟန်းတို့ တွေ့ထိမှု ဖဿသည် ကံတို့၏ ဖြစ်ကြောင်းတည်း၊ ဖဿချုပ်ငြိမ်းမှုသည် ကံချုပ်ငြိမ်းမှု မည်၏၊ အင်္ဂါရှစ်ပါးရှိရာ မဂ်သည် ဖဿချုပ်ငြိမ်းရာ အကျင့်တည်းဟု ဟောကြားထားပါသည် ဘုရား။
ကံပြတ်မှ သံသရာပြတ်ကြောင်းကို ဗုဒ္ဓဘုရားသည် သုတ္တနိပါတ် ဒွယတာနုပဿနာသုတ် ၃၇၃-တွင် “ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခ အားလုံးသည် အားထုတ်အပ်သော ကံဟူသော အကြောင်းကြောင့် ဖြစ်ပွားရ၏၊ ဒုက္ခဟူသည် အားထုတ်အပ်သော ကံကြောင့် ဖြစ်ရခြင်းတည်းဟု ဤသို့ သိ၍ ကံအားလုံးကို စွန့်ပယ်ပြီးလျှင် ကံကင်းရာ နိဗ္ဗာန်၌ လွတ်မြောက်သော ဘဝတဏှာပြတ်ပြီးသော၊ ငြိမ်းအေးသော ရဟန္တာအား သံသရာကုန်ပြီ၊ တစ်ဖန် ဘဝသစ်ဖြစ်ရေးမရှိပြီ”ဟူ၍ ဟောကြားထားပါသည် ဘုရား။
ဗုဒ္ဓဘုရားရှင်သည် ကံအားလုံးကို ပယ်စွန့်ကြောင်း ဥဒါန်း၊ အာယု သင်္ခါရော ဿဇ္ဇနသုတ် ၁၃၉-တွင် “မြတ်စွာဘုရားသည် အတုမဲ့နိဗ္ဗာန်နှင့် အဖန်ဖန်ဘဝဖြစ်မှုတို့ကို နှိုင်းချိန်လျက် ဘဝဖြစ်ရန်ကံကို စွန့်ပယ်ခဲ့လေပြီ၊ အဇ္ဈတ္တ၌ ကောင်းစွာစင်ကြယ်သော သတိဖြင့် မွေ့လျော်ကာ ချပ်ဝတ်နှင့် တူသော မိမိသန္တာန်မှ ကိလေသာကို ဖျက်ဆီးပြီးလေပြီ” ဟု ဟောကြားထားပါသည် ဘုရား။
အထက်ပါ သုတ္တန်အထောက်အထားများကြောင့် ကုသိုလ် အကုသိုလ်တို့၏ အကြောင်းအကျိုးကို ဆက်ကာမပြတ် ကျင်လည်တတ်သော ဘဝသံသရာ၏ အထောက်အကူ ကံတရားတို့ကို ပယ်စွန့်တော်မူကြောင်း တင်ပြအပ်ပါသည် ဘုရား။
သောဓနာ အမှတ် (၅)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒနာ အမှတ်(၅) နှင့် ပတ်သတ်သော ပစ္စုပ္ပန်ဆိုင်ရာ ဗုဒ္ဓဒေသနာများကို တင်ပြအပ်ပါသည် ဘုရား၊ မြတ်စွာဘုရား၏ တရားဒေသနာများသည် ပစ္စုပ္ပန် သန္ဒိဌိကဂုဏ်ဖြစ်ကြောင်းကို အောက်ပါသုတ်များတွင် တွေ့ရှိရပါသည် ဘုရား၊ ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ပါသာဒိကသုတ် ၁၁၀ တွင် ... “ငါဘုရားအစစ်၏ တရားမှန်သည် သန္ဒိဋ္ဌိက အကာလိက ဧဟိပဿိက ဩပနေယျိက ပစ္စတ္တံ ဝေဒိတဗ္ဗ -စသော တရားဂုဏ်နှင့် ညီသောတရားဖြစ် ၏၊ ကိလေသာငြိမ်းမှု တရားလည်း ဖြစ်၏၊ မဂ်ဖိုလ် နိဗ္ဗာန်ကိုရှေးရှုသော တရားလည်း ဖြစ်၏၊ ဤအင်္ဂါ ၃ရပ်နှင့် ကိုက်ညီသော် ငါ၏တရား တရားစစ်ဟု မှတ်ကြလော့”ဟု ဟောကြားထားပါသည် ဘုရား။
တရား ဒေသနာများကို လည်း သန္ဒိဋ္ဌိက အစရှိသော တရားဂုဏ်နှင့်အညီ ဟောကြားရန်ကို နိဒါန၊ ကောသလသံယုတ်၊ စန္ဒူပမသုတ် ၃၉၁-တွင်-
“ရဟန်းတို့ မည်သည့်ရဟန်းမဆို သန္ဒိဋ္ဌိက၊ အကာလိက၊ ဧဟိပဿိက စသော တရားဂုဏ်နှင့်ညီသော တရားကိုသာ ဟောကြ၊ မဂ်ဖိုလ် အကျိုးကိုလည်း ဖြစ်ကြစေ၊ တရားမှန်ကို သိ၍ ကျင့်သုံးနိုင်ကြစေဟု ဟောမှ သာလျှင် စင်ကြယ်သောတရား”ဟု ဟောကြားထားပါသည် ဘုရား။
အတိုချုပ်အားဖြင့် ဆိုသော် တရားဂုဏ်တော်သည်ပင်လျှင် သန္ဒိဋ္ဌိကဂုဏ်ဆောင် တရားဖြစ်ကြောင်းကို “ဣတိပိ သော ဘဂဝါ၊ သွာက္ခာတ” စသော မိန့်မြွက်ချက်များဖြင့်ပင် လုံလောက်ပြီ ထင်ပါသည် ဘုရား။
မဇ္ဈိမပဏ္ဏာသ ဝေခနသသုတ် ၂၄၆-တွင် ကစ္စာနအား “ကစ္စာန ဤအတူသာလျှင် ဟန်မဆောင် မလှည့်ပတ် ဖြောင့်မတ်သော သဘောရှိသည့် သိနားလည်သော ယောက်ျားသည် လာပါစေ၊ ငါ ဆုံးမမည်၊ ငါ တရားဟောမည်၊ ငါ ဆုံးမသည့် အတိုင်း ကျင့်သုံးသူသည် မကြာမြင့်မီပင် ဤသို့လျှင် အဝိဇ္ဇာ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ ဟု ကိုယ်တိုင်သာလျှင် သိလိမ့်မည်၊ ကိုယ်တိုင်သာလျှင် မြင်လိမ့်မည်”ဟု ဖြောင့်မတ်သော လူတစ်ဦးအား တရားဂုဏ်နှင့်အညီ ချက်ချင်းလက်ငင်း အကျိုးရှိမည်ဖြစ်ကြောင်း ဟောကြားထားပါသည် ဘုရား။
ဤကဲ့သို့ အထက်ပါ အထောက်အထားများဖြင့် ဗုဒ္ဓရှင်၏ ဒေသနာအစစ်ကား သန္ဒိဋ္ဌိကဂုဏ်ဖြင့်သာ ဆောင်သော တရားများဖြစ်ကြောင်း တင်ပြပါသည် ဘုရား။
သောဓနာ အမှတ်(၆)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
စောဒနာအမှတ် (၆)အား ရှင်းလင်းတင်ပြပါမည် ဘုရား။
“အဘိဓမ္မာ”ဟူသော ဝေါဟာရစကားလုံးနှင့်ပတ်သတ်၍ လျှောက်ကြားပါမည် ဘုရား။
ယင်း အဘိဓမ္မာ စကားလုံးကို ဝေါဟာရအဖြစ်သို့ ရောက်ရှိလာသည်မှာ မူလဗုဒ္ဓ၏ ပါဝစနအသုံးတွင် မတွေ့ရကြောင်းပါ ဘုရား၊ မတွေ့ရကြောင်းကို အောက်ပါသုတ်ဖြင့် ကိုးကားတင်ပြပါသည် ဘုရား။
အင်္ဂုတ္တိုရ် ဧကဒသကနိပါတ်၊ တယောဓမ္မသုတ်၊ ၃၆၈-တွင် - “ဤလောက၌ ဇာတိ ဇရာ မရဏ ဟူသော ဤတရားသုံးမျိုးရှိနေ၍သာလျှင် ငါသည် ဗုဒ္ဓဟူ၍ ပွင့်ပေါ်ခဲ့ရသည်၊ ဤတရားသုံးမျိုးကို လွန်မြောက်ရန်သာလျှင် ငါ၏ ဓမ္မဝိနယတို့ ထွန်းတောက်ခဲ့ရသည်”ဟူ၍ ဟောကြားထားရာတွင် ငါ၏ ဓမ္မဝိနယ ဟူသော အသုံးအနှုန်း သာလျှင် တွေ့ရပါသည် ဘုရား။
အဘိဓမ္မာ ဟူသော ဝေါဟာရစကားလုံးမျိုး မတွေ့ရပါ ဘုရား၊ ၎င်းနောက် ပထမသံဂါယနာတင်ရန် အရှင်မဟာကဿပ၏ အဖွင့်ဩဝါဒတွင်လည်း ဓမ္မနှင့် ဝိနယ ဟူသော ဝေါဟာရမှတပါး အဘိဓမ္မာ ဟူသော စကားလုံး အသုံးမျိုး မတွေ့ရကြောင်း အောက်ပါ ကိုးကားချက်ဖြင့် တင်ပြပါသည် ဘုရား။
စူဠဝဂ်ပါဠိတော် မြန်မာပြန် ပဉ္စသတိကက္ခန္ဓက ၄၈၂-တွင်၊ ရဟန်းများက အာနန္ဒာနှင့် ပတ်သတ်၍ အရှင်မဟာကဿပကို လျှောက်တင်ရာတွင် “အရှင်အာနန္ဒာသည် ဘုရားထံမှ ဓမ္မ နှင့် ဝိနယ များစွာကို သင်ခဲ့ပါ၏”ဟု တွေ့ရပါသည် ဘုရား။
၎င်းစူဠဝဂ် ၄၈၂-တွင်ပင် မထေရ်ကြီးများက “ငါတို့သည် ရာဇြုဂိဟ်၌ ဝါဆိုကုန်လျက် ဓမ္မနှင့် ဝိနယကို သံဂါယနာတင်ရမူ ကောင်း၏”ဟူ၍ ဟောကြားထားရာတွင်လည်း ဓမ္မနှင့် ဝိနယကိုသာ သင်္ဂါယနာတင်မည်ဖြစ်ကြောင်း ခွဲခြား၍ သုံးထားပါသည် ဘုရား။
ဤတွင်လည်း အဘိဓမ္မာဟူသော ဝေါဟာရအသုံးအနှုန်းကို မတွေ့ခဲ့ရပါ ဘုရား၊ ၎င်းပဉ္စသတိကက္ခန္ဓက တစ်ခုလုံးတွင် ဓမ္မနှင့်ဝိနယဟူသော အသုံးအနှုန်းသည် ပထမသံဂါယနာတင် တစ်လျှောက်၌ တွေ့ရပါသည် ဘုရား။
တစ်ဖန် ဒုတိယသံဂါယနာတင်အခန်း ၎င်းစူဠဝဂ်ပါဠိတော် မြန်မာပြန် ၅၀၁တွင် အရှင်ရေဝတနှင့် ပတ်သက်၍ ဖော်ပြရာ၌လည်း “ဓမ္မဝိနယနှင့် မာတိကာကို ဆောင်၏၊ ကျွမ်းကျင်လိမ္မာ၍ နက်နဲသော ဉာဏ်ပညာရှိ၏”ဟူသော အသုံးအနှုန်းကိုသာ တွေ့ရပါသည်။
၎င်းပါဠိတော် ၅၀၁တွင် အရှင်သာဠအား “ဓမ္မနှင့် ဝိနယကို ဆင်ခြင်သော ပုဂ္ဂိုလ်ဖြစ်သည်”ဟူသော အသုံးအနှုန်းမျိုးသာ ပါရှိပါသည် ဘုရား။
ထို့ကြောင့် ပထမနှင့် ဒုတိယ သံဂါယနာတင်ပွဲ နှစ်ရပ်လုံး၌ပင် ဓမ္မနှင့် ဝိနယဟူသော စကားအသုံးအနှုန်းကိုသာ ထပ်တလဲလဲ တွေ့ရပါသည် ဘုရား၊ အဘိဓမ္မာဟူသော ဝေါဟာရအသုံးအနှုန်းမျိုးကို မတွေ့ရပါ၊ သို့ရာတွင် ပထမဝါ၌ မြတ်စွာဘုရားဟောခဲ့သော သာမုက္ကံသိက တရားတော်သုံးသုတ်မှ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည်ကား နောင်တတိယသံဂါယနာတင်ပွဲ ရောက်သောအခါ အတွေးအခေါ်များဖြင့်သာ ဆိုင်သောသုတ် ဖြစ်နေသဖြင့် အဘိဓမ္မာဟူသော ဝေါဟာရ နာမပညတ်အဖြစ်သို့ ရောက်ရှိသွားလိမ့်မည်ဟူ၍ ယူဆရပါသည် ဘုရား။
ထို့နောက် တတိယသံဂါယနာတင်ပွဲတွင်မူ ဓမ္မဝိနယကို သုတ်ဝိနည်းအဘိဓမ္မာဟူ၍ ပိဋကတ်သုံးပုံ ဖြစ်ပေါ်လာကြောင်း တွေ့ရပါသည် ဘုရား။
အထက်ပါအချက်များကြောင့် အဘိဓမ္မာဟူသော ဝေါဟာရစကားလုံးကို မြတ်စွာဘုရား၏ မူလပါဝစနတွင် မတွေ့ရှိကြောင်း လျှောက်ထားအပ်ပါသည် ဆရာတော်အရှင်သူမြတ်တို့ ဘုရား။
သောဓနာအမှတ် (၇)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ် ဆရာတော်အရှင်သူမြတ်တို့ ဘုရား-
စောဒနာအမှတ် (၇)အား ရှင်းလင်းတင်ပြပါသည် ဘုရား။
သဗ္ဗညုတဉာဏ်တော်နှင့် ပတ်သက်၍ ကိုယ်တိုင်ရေးသားခဲ့သော ဆရာစိန်နှင့် ဆွေးနွေးကြည့်ရာတွင် အောက်ပါ သုတ္တန်အကိုးအကားဖြင့် တင်ပြခြင်းကို တပည့်တော်သခင်မြတ်ဆိုင်မှတစ်ဆင့် လျှောက်ကြားခြင်း ဖြစ်ပါသည် ဘုရား။
ဤသဗ္ဗညုတဉာဏ်တော်နှင့် ပတ်သက်၍ ထေရဝါဒပိဋကတ် မဇ္ဈိမပဏ္ဏာသပါဠိတော်(၁၅၇) ပရိဗ္ဗာဇကဝဂ်၊ တေဝိဇ္ဇဝစ္ဆသုတ်တွင် မြတ်စွာဘုရားကိုယ်တော်တိုင် ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်တစ်ဦး၏ မေးမြန်းချက်ကို အောက်ပါအတိုင်း ဟောကြားထားပါသည် ဘုရား “အရှင်ဘုရား ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ဝန်ခံ၏ဟု ကြားဖူးပါသည်၊ ဤကဲ့သို့ ပြောဆိုသူများသည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ” ဖြစ်ပါကုန်၏လောဟု မေးမြန်း လျှောက်ထား၏၊ ဝစ္ဆ ရဟန်းဂေါတမသည် အလုံးစုံသိ၏၊ အလုံးစုံ မြင်၏၊ ငါသွားနေသည် ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံ၏ -ဟူ၍ ပြောဆိုသော သူတို့သည် ငါ၏ စကားအရပြောဆိုသူများ မဟုတ်ကုန်၊ ငါ့ကို မဟုတ်မမှန်သော အားဖြင့်လည်းစွပ်စွဲကြကုန်၏”ဟု ဗုဒ္ဓရှင်ကိုယ်တော်တိုင် ဟောကြားထားသည်ကို တွေ့ရပါသည် ဘုရား။
သို့ရာတွင် ဗုဒ္ဓမှ ဤသို့ ပြန်လည်မိန့်တော်မူပါသည် ဘုရား၊ “ဝစ္ဆ ရဟန်းဂေါတမသည် ဝိဇ္ဇာသုံးပါး ရှိ၏-ဟု ပြောဆိုသော သူသည်အမှန်အားဖြင့် ငါ၏ စကားအရပြောဆိုခြင်း ဖြစ်ရာ၏”ဟူ၍ တွေ့ရပါသည် ဘုရား။
ဤမျှဖြင့် စောဒနာအမှတ် (၇)အား ရှင်းလင်းတင်ပြရပါသည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော်အရှင်မြတ်တို့ ဘုရား-
စောဒနာအမှတ် (၈)သည် သက်ဆိုင်ရာများက ဖြေဆိုရန်သာရှိ၍ တပည့်တော် စောဒနာအမှတ် (၉)ကို ဆက်လက်လျှောက်ထားပါမည် ဖြစ်ကြောင်းပါ ဘုရား။
သောဓနာအမှတ် (၉)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ် ဆရာတော်အရှင်သူမြတ်တို့ ဘုရား-
စောဒနာအမှတ် (၉)ကို စောဒနာပြုပါမည် ဘုရား။
စောဒနာအမှတ် (၉)နှင့် ပတ်သက်၍ စောဒကရဟန်းများ စွပ်စွဲသလို ဆရာတော်ရှင်ဥက္ကဋ္ဌသည် ဝိနည်းတော်ကို ပစ်ပယ်ခြင်း သဘောမျိုးမဟုတ်ကြောင်းပါ ဘုရား။
သင်္ကန်းဝတ်၍ သာသနာ့အရေခြုံကာ မသိနားမလည်သူတို့ကို လိမ်ညာလှည့်ဖြားခြင်းဆိုသည့် အချက်ကိုလည်း တပည့်တော်များ မတွေ့ဖူးကြောင်းပါ ဘုရား၊ သို့ရာတွင် သင်္ကန်းဝတ်အချို့ အကျင့်မမှန်သူ ရဟန်းအသိုင်းအဝိုင်းတို့၌ ဝိနည်းတော်များနှင့် ဆန့်ကျင်နေသော မှားယွင်းချက်များရှိနေသည်ကို အရိပ်နိမိတ်မျှ ထောက်ပြသွားဟန်ရှိပါသည်၊ ဝိနည်းသည် သာသနာ၏ အသက်ဖြစ်သည်ကို တပည့်တော်များလည်း လက်ခံပါသည် ဘုရား။
ထိုများစွာသော အချက်များအနက်မှ အနည်းငယ်ကိုသာ တပည့်တော်များ တင်ပြလိုပါသည် ဘုရား။
၎င်းမှာ သီလက္ခန္ဓဝဂ္ဂပါဠိတော်(၇၂၊၇၃) သာမညဖလသုတ်၊ သုဘသုတ်-၂၁၆တွင် “အချို့သော အရှင်သမဏဗြဟ္မဏတို့သည် လူတို့ယုံကြည်၍ လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသော အသက်မွေးမှု မဂ်ဖိုလ်မှ ဖီလာဖြစ်သော ဤသို့ အသက်မွေးမှုတို့ကို ပြုကြကုန်၏၊ အဘယ်တို့နည်းဟူမူ သတို့သမီး ထိမ်းမြားပေးခြင်း, စေ့စပ်ပေးခြင်း, ကျက်သရေတိုးစေခြင်း, ကျက်သရေယုတ်စေခြင်း, မန္တန်စုပ်ခြင်း, နတ်သွင်းမေးခြင်း, နတ်ကိုးခြင်း, ြုဂိဟ်နတ်ပူဇော်ခြင်း, ဗေဒင်အတိတ်နိမိတ်ဟောအတတ် ဆေးဝါးအတတ်တို့ကို ပြုစီရင်ခြင်း စသည်တို့တည်း” ဟု ဟောကြားထားပါသည် ဘုရား။
ဤအချက်များကို ကျူးလွန်နေသော ရဟန်းအချို့ရှိသည်ကိုလည်း အရှင်ဘုရားများ သိပြီးဖြစ်ပါသည် ဘုရား၊ ထိုကဲ့သို့ ဥပါဒါန်အစွဲအလမ်း သွင်းသူများကိုသာ ရည်ရွယ်၍ ဥပါဒါန်အစွဲရှိသော ရဟန်းအချို့ကိုသာ ဆိုလိုပါသည် ဘုရား။
၎င်းနောက် (ဣတိဝုတ်၊၁၄၁) သတ္တဇဋိလသုတ်တွင် “ရဟန်းဟူသည် မကောင်းမှု အလုံးစုံ၌ လုံ့လမပြုရာ၊ သူတပါး၏ အခစား မဖြစ်ရာ၊ သူတပါး၏ ပင်ပန်းဆင်းရဲမှုကို မှီ၍ အသက်မမွေးရာ၊ လာဘ်အလို့ငှာ ကုန်သွယ်ခြင်း မပြုရာ”ဟု ၎င်းနှင့် ပတ်သက်၍ အချို့သော သူများသည် ပလ္လင်ဆင်းငွေချေ၍ တရားဟောနေသူများကို ဆိုလိုပါသည် ဘုရား။
အချို့နေရာများတွင် ရွှေ၊ ငွေကို အလှူခံသော် ဘုရားသားမဟုတ်ကြောင်း သဠာယတနဝဂ္ဂသံယုတ်၊ မဏိစူဠကသုတ်၊ ၅၀၃-တွင် “ရဟန်းသည် ရွှေ၊ ငွေကို အပ်စပ်၏ဟုဆိုလျှင် ကာမဂုဏ်၅ပါးကိုလည်း အပ်စပ်၏၊ ဆိုရာ မည်ပေရာ၏၊ အဘယ်နည်းနှင့်မျှ ရွှေ၊ ငွေကို သာယာသင့်၏ဟု ငါမဟော၊ ရွှေ၊ ငွေကို အပ်စပ်၏ဟု ခံယူလျှင် ထိုရဟန်းသည်ငါဘုရား၏ သားတပည့်သဘောမရှိပြီ” ဟု ဟောထားပါသည် ဘုရား၊ ဆရာတော်ရှင် ဥက္ကဋ္ဌသည် ထိုအချက်မျိုးနှင့် ပတ်သက်၍ တစ်ခါဖူးမျှ မည်သည့်အကြောင်းနှင့်မျှ အလှူခံဖူးခြင်းမရှိပါ ဘုရား။
တစ်ဖန်နိဒါနသံယုတ်(၄၅၇) နန္ဒသုတ်တွင် ပါသည့် “နန္ဒ လက်လိပ်ထိုးသင်္ကန်းကို ဝတ်ရုံခြင်း, အရောင်ထွက်သော သပိတ်ကိုကိုင်ဆောင်ခြင်း, မျက်ရေးကွင်းခြင်းတို့သည် ရဟန်းအဖို့ မအပ်စပ်ချေ” ဟု ဟောထားပါသည် ဘုရား၊ ထို့ကြောင့် ဆရာတော်သည် သက်တော် ၄၀-မှစ၍ မည်သည့်အခါမျှ သင်္ကန်းရုံခြင်း မပြုပါ၊ လက်ကန်တော့ဖြင့် သင်္ကန်းခြုံရုံသာ ခြုံပါသည် ဘုရား။
၎င်းပြင် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်မြန်မာပြန်၊ သာမညဖလသုတ်၊ မဇ္စျိမသီလ ၆၈-တွင် “ပွဲကြည့်ခြင်း, ကခြင်း, သီခြင်း, တီးမှုတ်ခြင်း, သဘင်ပွဲ၊ စာဟောပွဲစသော သူတော်ကောင်းတရား၏ ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏၊ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း”ဟု ဟောကြားထားပါသည် ဘုရား၊ ယင်းအမှုများနှင့် ပတ်သက်၍ ဆရာတော်ရှင်ဥက္ကဋ္ဌသည် ရေးသားခဲ့ခြင်းဖြစ်ပါသည် ဘုရား။
မူလပဏ္ဏာသ၊ ဓမ္မဒါယာဒသုတ် ၁၈-တွင် “ရဟန်းတို့ ငါဘုရား၏ တရားအမွေခံတို့သာလျှင် ဖြစ်ကြစေလော့၊ ပစ္စည်းအမွေခံတို့ မဖြစ်ကြစေလင့်”ဟူ၍ ဟောကြားထားပါသည် ဘုရား၊ ၎င်းနောက် အလားတူပင် လျှောက်ထားပါသည် ဘုရား၊ ခန္ဓာ ၅-ပါးသည် သင်တို့ ဥစ္စာမဟုတ်၊ သင်တို့ ဥစ္စာမဟုတ်သော တရားတို့ကို ပယ်ကြကုန်လော့၊ ယခုဇေတဝန်ကျောင်း၌ရှိသော ကျောင်းအဆောက်အအုံ၊ မြက်၊ သစ်ခက်စသည်တို့ကို လူတို့ကဆောင်ယူကြသော်လည်းကောင်း မီးရှို့ဖျက်ဆီးကြသော်လည်းကောင်း သင်တို့ ကိုယ်ပိုင်ပစ္စည်း မဟုတ်သဖြင့် မည်သို့မျှ မဖြစ်ကြကုန်လင့်”ဟု မူလပဏ္ဏာသ၊ အလဂဒ္ဒူပမသုတ် ၁၉၉-တွင် ဟောကြားထားပါသည် ဘုရား။
အထက်ပါ သုတ်၂-ခုအရ ဆရာတော်ရှင်ဥက္ကဋ္ဌသည် ကိုယ်ပိုင်သဘောဖြင့် ကျောင်းကန်များ၊ တန်ဆောင်းများကို ရေစက်ချ၍ မည်သည့်အခါမျှ အပိုင်ယူခြင်း မပြုပါ ဘုရား။
သုတ္တနိပါတ်(၃၁၄) သမ္မာပရိဗ္ဗာဇနိယသုတ်တွင် “အကြင်ရဟန်းသည် ငါ့ကို ရှိခိုးကြကုန်၏ ဟူ၍လည်း ဘဝင်မမြင့်ရ၊ စိတ်မတက်ကြွရ၊ ဆဲဆိုသော်လည်း ရန်မဖွဲ့ရ၊ သူတပါးတို့လှူသော ပစ္စည်းဘောဇဉ်ကို ရ၍လည်း မာန်မယဇ်ရာ၊ အကြင်ရဟန်းသည် ဒိဋ္ဌ, သုတစသော မင်္ဂလာတို့ကိုလည်းကောင်း၊ ဥပ္ပါတကျမ်း, အိမ်မက်ကျမ်း, လက္ခဏာကျမ်းတို့၌ ယုံကြည်ခြင်းကို အကြွင်းမဲ့ပယ်ဖျောက်မှ ထိုရဟန်း လောကုတ္တရာရဟန်း မည်၏”ဟူ၍ ဟောကြားထားပါသည် ဘုရား၊ နောက်တစ်သုတ်တွင် “ရဟန်းတို့ ငါသည် သတ္တဝါတို့ကို ဖျောက်ဖျက်သည်မဟုတ်၊ ဆင်းရဲကိုပယ်၍ ဒုက္ခငြိမ်းရာ ချုပ်ရာကိုသာ ညွှန်ပြ၏၊ ပညတ်၏၊ ထိုသို့ ပညတ်သဖြင့် သူတပါးတို့သည် ငါ့အား ဆဲကြစေကာ ရေရွတ်ကြကုန်စေကာ ချုပ်ချယ်ကြကုန်စေကာမူ ညှဉ်းဆဲကြကုန် စေကာမူလည်း ငါဘုရား၌ အမျက်ထွက်ခြင်း စိတ်ဆိုးခြင်း မနှစ်မြို့ခြင်းတို့ မဖြစ်ပေါ်ပေ၊ ပူဇော်ကြစေကာ မြတ်နိုးကြစေကာ ချီးကျူးကြစေကာ အရိုအသေပြုကြစေကာမူလည်း ငါ၌ တက်ကြွခြင်း ဝမ်းမြောက်ခြင်း နှစ်လိုခြင်းဟူ၍ မဖြစ်ပေ၊ ရဟန်းတို့......သင်တို့သည်လည်း ငါကဲ့သို့ပင် နှလုံးသွင်း၍ ကျင့်သုံးကြကုန်လော့”ဟု မူလပဏ္ဏာသ အလဂဒ္ဒူပမသုတ် ၁၉၉-တွင် ဟောကြားထားပါသည် ဘုရား။
အထက်ပါ အထောက်အထားများနှင့်အညီ ဆရာတော် ရှင်ဥက္ကဋ္ဌသည် မည်သို့သော အကြောင်းနှင့်မျှ စိတ်ဆိုးခြင်း, မာန်တက်ခြင်း မတွေ့ခဲ့ဖူးပါ ဘုရား။
အင်္ဂုတ္တိုရ် ဆက္ကနိပါတ်(၄၇၃) ဥတ္တရိမနုဿသုတ်တွင် “မြှောက်ပင့်ခြင်း နှိမ့်ချခြင်း ရှုတ်ချခြင်း ခြောက်ခြင်းပြု၍ ဟောပြောသူသည် မဂ်ဖိုလ်နှင့် မထိုက်တန်ချေ”ဟူ၍ ဟောကြားထားအပ်ပါသည် ဘုရား။
ဆရာတော်ရှင်ဥက္ကဋ္ဌသည် ဤကဲ့သို့ အမြှောက် အခြောက်များနှင့် ပတ်သက်၍ ငရဲနှင့် ခြောက်ခြင်း နတ်နှင့် မြှောက်ခြင်းတို့ကို မပြုလုပ်ကြောင်းပါ ဘုရား။
ဗုဒ္ဓကိုယ်တိုင် ဂိုဏ်းဂဏဝါဒ ဗုဒ္ဓလက်မခံကြောင်း အင်္ဂုတ္တိုရ် ဆက္ကနိပါတ်(၄၆၄) သင်္ဂဏိကာရာမသုတ်တွင် “အပေါင်းအသင်း ဂိုဏ်းဂဏတို့၌ ပျော်မွေ့သောရဟန်း ဝိပဿနာဉာဏ်ဖြင့် သမ္မာဒိဋ္ဌိ အမြင်မှန်ရနိုင်ရန် မဖြစ်နိုင်၊ နိဗ္ဗာန်မျက်မှောက်ပြုခြင်းငှာ မထိုက်”ဟူ၍ ဟောကြားထားပါသည် ဘုရား။
ဆရာတော်ရှင်ဥက္ကဋ္ဌသည် ၎င်းအချက်နှင့်မညီ မည်သည့်ဂိုဏ်းဂဏတွင်မှ ပါဝင်ခြင်းမရှိပါ ဘုရား။
မူလပဏ္ဏာသပါဠိတော်(၁၃၉-၁၄၁) အနုမာနသုတ်တို့တွင် “အပြောခက်အံ့၊ သည်းမခံအံ့၊ မိမိကိုယ်ကို မြှင့်တင်၊ သူတပါးကို ရှုတ်ချအံ့၊ အမျက်ထွက်တတ်အံ့၊ အမျက်စွဲကြီးအံ့၊ ရန်ြုငိးဖွဲ့တတ်အံ့၊ ပြောအဆို မခံအံ့၊ အမျက်ဖြင့် နီးစပ်သော စကားကို ပြောအံ့၊ စောဒကကိုလည်းကောင်း၊ စောဒနာကိုလည်းကောင်း “ခြိမ်းခြောက်အံ့၊ အပြစ်တင်အံ့၊ ကြိမ်းမောင်းအံ့၊ ပြန်လှန်ပြောဆိုအံ့၊ စကားလှီးလွှဲအံ့၊ စိတ်ဆိုးခြင်း, ပြစ်မှားခြင်း ထင်စွာပြုအံ့၊ ပြေလည်အောင် မဖြေဆိုအံ့၊ ဂုဏ်ပြိုင်အံ့၊ ကျေးဇူးချေဖျက်အံ့၊ မနာလိုဝန်တိုအံ့၊ စဉ်းလဲအံ့၊ ခက်ထန်အံ့၊ လှည့်ပတ်အံ့၊ မောက်မာအံ့၊ အယူ၌ စွဲလမ်းအယူသည်းလွန်းအံ့၊ အယူကို စွန့်လွှတ်နိုင်ခဲအံ့၊ ထိုရဟန်းမျိုးကို ဆုံးမခြင်းငှာ မထိုက်၊ အကျွမ်းဝင်ခြင်းငှာ မထိုက်၊ ပေါင်းသင်းခြင်းငှာ မထိုက်” ဟု အတိအလင်း ဟောကြားထားပါသည် ဘုရား။
ဤအထက်ပါ အဆိုအမိန့်များကို ထောက်ရှု၍ ဆရာတော်ရှင်ဥက္ကဋ္ဌသည် ဝိနယဓမ္မကို ပုတ်ခတ်ခြင်း မဟုတ်၊ ဖောက်ဖျက်သောသူ၊ ဥပါဒါန်စွဲစေသူများနှင့် ဒေသနာတော်ကို ဖောက်ဖျက်နေသည့်သူများကိုသာ ဆိုလိုပါကြောင်းတင်ပြပါသည် ဘုရား။
သောဓနာအမှတ် (၁၀)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒနာလွှာအမှတ် (၁၀)တွင် ဝိနည်းသိက္ခာပုဒ်တော်များနှင့်အညီ နေထိုင်ကြသော ရဟန်းကောင်း ရှင်ကောင်းရဟန်းတို့အား စော်ကားမှုပြုခြင်းဟူ၍ စောဒနာတင်ထားပါသည် ဘုရား။
ဤယခုတပည့်တော်များ တင်ပြလျှောက်ထားနေသော ပိဋကတ်တော် အကိုးအကားကောက်နုတ်ချက်များကို ဆရာတော်များထောက်ရှုပါက မည်မျှအထိ တပည့်တော်များသည် ရှေးထေရဝါဒအရင်းခံ အရှင်အာနန္ဒာ အရှင်ဥပါလိစသော ရဟန္တာအရှင်မြတ်တို့၏ ဩဝါဒတရားတော်များကို ဦးထိပ်ပန်ဆင် လေးစားကြည်ညိုကြောင်း ထင်ရှားလျက်ရှိနေပါသည် ဘုရား။
ထို့ကြောင့်ဓမ္မဝိနယနှင့်အညီ ကျင့်သုံးလျက်ရှိတော်မူကြသော သံဃာတော်အရှင်မြတ်များကို ယခုလည်း အဓမ္မသဘော မစွပ်စွဲပါ၊ နောင်အနာဂတ်ကာလတွင်လည်း အဓမ္မသဘော မစွပ်စွဲဝံ့ကြောင်း လေးစားစွာ လျှောက်ထားတင်ပြအပ်ပါသည် ဆရာတော်အရှင်သူမြတ်တို့ ဘုရား။
ဤအချက်ကို ကြည့်ခြင်းဖြင့်လည်း တပည့်တော်များကို စော်ကားသည်ဟူ၍ စောဒနာတွင် တင်သွင်းထားခြင်းကိုပင်လျှင် မတွေးတတ်အောင်ဖြစ်ရပါသည် ဘုရား။
ဤမျှဖြင့် အမှတ် (၁၀)ကို ဖြေဆိုပါသည် ဘုရား။
သောဓနာအမှတ် (၁၁)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒနာ အမှတ် (၁၁) အားရှင်းလင်းတင်ပြပါသည် ဘုရား။
ယခုပရိတ်ရွတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းရန် အောက်ပါသုတ်များကို တင်ပြပါသည် ဘုရား။
အင်္ဂုတ္တိုရ် ပဉ္စကနိပါတ်(၅၂) ဣဋ္ဌသုတ်တွင် မြတ်စွာဘုရားရှင်သည် အနာထပိဏ်သေဌေးအား ဆုံးမရာ၌ ရခဲသော အကျိုး ၅-ပါးတို့တွင် အသက်ရှည်ခြင်း, အဆင်းလှခြင်း, အခြံအရံများခြင်း, ဘဝကောင်းရခြင်း စသည်တို့ အလိုရှိပါက စိတ်ဖြင့် နှစ်သက်ရုံဖြင့်လည်းကောင်း၊ နှုတ်ဖြင့် တောင့်တရုံဖြင့်လည်းကောင်း ထိုအကျိုး ၅-ပါးတို့ကို မရနိုင်၊ အကယ်၍ ရနိုင်ကုန်အံ့၊ ဤလောက၌ မည်သူမျှ ယုတ်လျော့သူဟူ၍ မရှိနိုင်ရာ၊ ဒါယကာ ထိုအလိုရှိရာတို့သည် ကိုယ်တိုင်ကျင့်သုံးသူသာလျှင် ရရာ၏ ဟူ၍ ဟောထားကြောင်းတွေ့ရပါသည် ဘုရား။
ထို့ကြောင့်ပရိတ်မန္တန်စသည်တို့အား ရွတ်ဖတ်သရဇ္ဈယ်ခြင်းအားဖြင့် အကျိုးတစ်စုံတစ်ရာ မရရှိနိုင်ကြောင်း တွေ့ရပါသည် ဘုရား။
၎င်းနောက် သီလက္ခန္ဓဝဂ္ဂပါဠိတော်(၇၂၊၇၃) သာမညဖလသုတ်၊ မဟာသီလခန်းတွင် မဂ်ဖိုလ်မှ ဖီလာဖြစ်သော ကျက်သရေတိုးစေခြင်း, ကျက်သရေ ယုတ်စေခြင်း, မန္တန်စုတ်ခြင်း, နတ်ကိုးခြင်း, ဆုတောင်းပြည့်၌ ြုဂိဟ်နတ်ပူဇော်ခြင်း, ဗေဒင်အတတ်၊ နိမိတ်ဟောအတတ်၊ ဆေးဝါးအတတ်တို့ကို ပြုစီရင်ခြင်းတို့ကို စောင့်စည်းရန် (မပြုလုပ်ရန်) မြတ်စွာဘုရား တားမြစ်တော်မူခဲ့ပါသည် ဘုရား။
သုတ္တနိပါတ်၊ ပရိဗ္ဗာဇနိယသုတ် ၃၁၄-တွင် “အကြင်ရဟန်းသည်ဒိဋ္ဌ, သုတ စသောမင်္ဂလာတို့ကို လည်းကောင်း၊ ဥပ္ပါတကျမ်း, အိပ်မက်ကျမ်း, လက္ခဏာကျမ်း, ဗေဒင်ကျမ်းတို့၌ ယုံကြည်ခြင်းကို အကြွင်းမဲ့ပယ်သတ်မှသာလျှင် လောကုတ္တရာရဟန်း”ဟူ၍ ဆိုထားပါသည် ဘုရား။
ထို့နောက် မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာအား ဤသို့ ဟောကြားထားပါသည် ဘုရား။
ဒီဃနိကာယ် မဟာပရိနိဗ္ဗာနသုတ် ၉၈-တွင် “အာနန္ဒာသင်တို့သည် မိမိမှတပါး အခြား၌ အားထားရာကိုးကွယ်ရာဟု မထားမူ၍ မိမိတို့ ကိုယ်ကိုသာလျှင် ကိုးကွယ်ရာအဖြစ် သိကြပြီး တရားတော်တို့ကို သာလျှင် အားထားကာ နေကြလော့”ဟူ၍ ဟောထားပါသည် ဘုရား။
၎င်းနောက် ခန္ဓဝဂ္ဂ အတ္တဒီပသုတ် ၃၄-တွင် “ရဟန်းတို့ တရားကို ဆောင်၍ ကိုယ့်အားကိုယ်ကိုးခြင်းထက် အခြားကိုးကွယ်ရာဟူသည် ဘယ်မှာရှိတော့အံ့နည်း”ဟူ၍ ဟောထားပါသည် ဘုရား။
ဤကဲ့သို့ ကိုယ့်အားကိုယ်ကိုးရန် ဘုရားဟောခဲ့သော သုတ်ပေါင်းများစွာရှိပါသည် ဘုရား၊ ယင်းသို့သော ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်မြတ်များကို မျက်ကွယ်ပြု၍ “သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ” ဆိုသော စကားလုံးမှစလိုက်ရာ နတ်ကိုးခြင်းကို တားမြစ်ထားသော သာမညဖလသုတ်ပါ အဆိုအမိန့်များကို လည်းကောင်း၊ ကိုယ့်ကိုယ်ကိုအားကိုးရန်ဟူသော အဆိုအမိန့်ဖြစ်သည့် အတ္တဒီပသုတ် ကိုလည်းကောင်း၊ ဣဋ္ဌသုတ်ပါ အချက်များကိုလည်းကောင်း ဆန့်ကျင်၍ ပရိတ်ကြီး (၁၁)သုတ်နီးပါးလုံး သိကြား၊ ဂဠုန်, နဂါး, နတ်မျိုးစုံ, ငှက်မျိုးစုံတို့အား ဘေးမသီ ရန်မခ တောင်းပန်တိုးလျှိုးနေကြသောကြောင့် ဗုဒ္ဓဘုရား၏ တရားတော်အားလည်းကောင်း သားတော်များဖြစ်သည့် ရဟန်းများကိုလည်းကောင်း ကျော်လွန်၍ ကိုးကွယ်ရာများ နောက်ကိုလိုက်ကာ သာသနာယိမ်းယိုင်ခြင်းသို့ ရောက်စေသည်ဖြစ်ပါသောကြောင့် ယင်းပရိတ်တို့ကို ရွတ်ဖတ်ခြင်း မပြုပါ ဘုရား။
ပရိတ်ရွတ်ခြင်းသည် ကောင်းကျိုးဧကန်မှန်ပါက အဘယ့်ကြောင့် ဆေးရုံများ ဆောက်လုပ်နေကြသည်ကို တပည့်တော်များ နားမလည်ပါ ဘုရား။
သောဓနာအမှတ် (၁၂)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒနာလွှာအမှတ် (၁၂)ကို ဖြေရှင်းပါမည် ဘုရား။
ဤစေတီပုထိုး ရုပ်ပွားတော် ဆံတော် ဓာတ်တော်တို့ကို ဖြေရှင်းရန်ပါ ဘုရား။
ဤကိစ္စကို ဖြေရှင်းရာ၌ တပည့်တော်များ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် သုံးစွဲပြောဆိုခြင်းမျိုး မပြုလုပ်လိုပါ ဘုရား၊ အောက်ပါ ဘုရားဟော ဒေသနာတော်များ အရသာလျှင် ကိုးကားရကြောင်းကို ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။
ယင်းနှင့် ပတ်သက်၍ အင်္ဂုတ္တိုရ်ဒသကနိပါတ်၊ ဓောဝနသုတ်၄၂၄-တွင် ဤသို့ ပါပါသည် ဘုရား။
အရိုးကောက်ပွဲသည် ရွာသူတို့အလုပ် ပုထုဇဉ်တို့၏ အလုပ်သာဖြစ်၍ အရိယာတို့အလုပ်မဟုတ်၊ အကျိုးမဲ့ အလုပ်သာ ဖြစ်၏၊ အထူးသိရန် ချုပ်ရန် ငြိမ်းရန် အမှန်သိရန် မဟုတ်၊ တဏှာကုန်ရန် ဖြစ်သော နိဗ္ဗာန်အလို့ငှာ မဟုတ်၊ ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခတို့မှ မလွတ်ကင်းကုန်ဟု ဟောထားပါသည်။ (ဓာတ်တော် မွေတော်သည်သာတည်းဟု သိသာပါပြီ)။
နောက်ဓမ္မပဒ အဂ္ဂိဒတ္တဗြာဟ္မဏသုတ် ၃၉-တွင်
“တော တောင်အရံ ကိုးကွယ်ရာဟူသမျှတို့သည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ မြတ်သော ကိုးကွယ်ခြင်း မဟုတ်၊ ဤသို့ ကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်”ဟု ဟောပါသည် ဘုရား။
နောက်နိဒါနဝဂ္ဂသံယုတ်၊ အဘိနန္ဒသုတ် ၃၇၁-၌ အောက်ပါအတိုင်း ဟောပါသည်။
“ဓာတ်လေးပါးအစုသက်သက်သာဖြစ်သော အရာတို့ကို နှစ်သက်ခြင်းသည် ဒုက္ခကို နှစ်သက်သည်မည်၏၊ ထိုဓာတ် ၄-ပါးကို မနှစ်သက်သူသည် သာလျှင် ဒုက္ခမှလွတ်ငြိမ်းရာ၏”ဟု ဟောပါသည် ဘုရား။
(ဤရုပ်ပစ္စည်းတို့သည် ရုပ်အစုအဝေးသက်သက်တို့ကိုသာ ဖြစ်ကြကုန်ပါသည်ဘုရား)။
နောက်ခန္ဓဝဂ္ဂ၊ ဝက္ကလိသုတ် ၉၃-၌ ဝက္ကလိကို ဘုရားဟောသည်မှာ “ဝက္ကလိငါ၏ ဤအပုပ်ကောင်တည်းဟူသော ကိုယ်ကို ဖူးမြော်ခြင်းသည် မသင့်လျော်၊ တရားကို မြင်သောသူသည်သာ ငါဘုရားကို မြင်သည်မည်၏၊ တရားကို မမြင်သူသည် ငါဘုရားကို မြင်လျက်လည်း မသိမြင်ရာ” ဟု ဟောတော်မူပါသည် ဘုရား။
နောက်တစ်ဖန် သုတ္တနိပါတ်၊ သုဒ္ဓကသုတ် ၃၈၀-၌ ဤသို့ ဟောပါသည် ဘုရား။
မြင်ရုံမျှဖြင့် သတ္တဝါအား စင်ကြယ်၏ဟု ဆိုသော်၊ အဆင်းသဏ္ဌာန်ကို သိရုံမျှဖြင့် ဆင်းရဲကို လွန်မြောက်နိုင်၏ဟု ဆိုသော် ကိလေသာဥပဓိနှင့် တကွသာဖြစ်သော ထိုသူသည်အရိယာမဂ်မှတပါးအခြားသော လမ်းစဉ်ဖြင့် စင်ကြယ်နိုင်၏ဟု ဆိုရာသို့ ရောက်၏၊ ထိုသို့ ပြောဆိုသူကို မိစ္ဆာဒိဋ္ဌိဟု ပြောဆိုရာ၏”ဟု ဟောထားပါသည် ဘုရား။
ထို့ကြောင့် ဤအပိုဒ် ၁၂-ကို အကျယ် တပည့်တော်များ မလျှောက်ထားလိုတော့ပါ၊ ဆရာတော် အရှင်သူမြတ်များသည်သာ ဆုံးဖြတ်တော်မူကြရန် လေးစားစွာ လျှောက်ထားအပ်ပါသည် ဘုရား။
သောနာအမှတ် (၁၃)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခု သောဓနာလွှာ အမှတ် ၁၃-ကို လျှောက်ကြားပါမည် ဘုရား။
ဤအပိုင်းမှာ လူမျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ကိုးကွယ်မှုဆိုင်ရာများ ဖြစ်ပါသည် ဘုရား။
ဤအပိုင်းကို လျှောက်ထားရာ၌လည်း တပည့်တော်အနေနှင့် ရိုးသားစွာလျှောက်ကြားရလျှင် တပည့်တော်ကိုယ်တိုင်ပင် ဤအခန်း၏ စက်ရိပ်မှ မလွတ်ပါ ဘုရား၊ တပည့်တော်၏ အိမ်မှာ ဘုရားစင်လည်း ရှိပါသည်၊ နေ့စဉ်မပြတ်လည်း ရဟန်းတော်များကို ဆွမ်းလောင်းလျက်ရှိပြီး တပည့်တော်၏ သမီးမြေးများကို ပန်း ရေချမ်း ကပ်စေခြင်း, ဘုရားရှိခိုးစေခြင်း စသည်တို့ကို တိုက်တွန်းညွှန်ကြားပေးလျက်ရှိပါသည် ဘုရား။
ထို့ကြောင့် သူ့နေရာ သူ့အရွယ်အစားအလိုက် ဗုဒ္ဓသာသနာတော်နှင့် ဗမာ့ယဉ်ကျေးမှုကို သိမ်းသွင်းနေရသူဖြစ်၍ ဤစက်ရိပ်မှမလွတ်ပါဟု လျှောက်ထားရခြင်းဖြစ်ပါသည် ဘုရား။
သို့သော် အောက်ပါ ပိဋကတ်တော် အဆိုအမိန့်များဖြင့်သာ လျှောက်ထားပါရစေ ဘုရား။
မူလပဏ္ဏာသပါဠိတော်(၁-၁၀)အထိ မူလပရိယာယသုတ်၊ အဆိုအမိန့်များကို ကြည့်လျှင် သာမန်ပုထုဇဉ်မှ ရဟန္တာ ဗုဒ္ဓဘုရားသခင်အထိ ဤသင်္ခါရလောကကြီးကို ရှုမှတ်ဆင်ခြင်တော်မူပုံ အဆင့်ပေါင်း ၇-ဆင့်မျှဖြင့် ဖွင့်ဆိုဟောသည်ကို ဆရာတော်များ သိရှိတော်မူကြပြီးဖြစ်ပါမည်ဟု ယုံကြည်ပြီးဖြစ်ပါသည် ဘုရား၊ ဤသည်ပင်လျှင် အဆုံး၌ ရဟန်းတော်များက ကျေနပ်ခြင်းမရှိကြကြောင်း တွေ့ရပါသည် ဘုရား၊ မြတ်စွာဘုရားသည်ပင်လျှင် မလွယ်သော အခက်အခဲများရှိသည်ဖြစ်ရာ တပည့်တော်အဖို့ မလျှောက်တတ် နိုင်တော့ပါ ဘုရား၊ သို့သော်တတ် စွမ်းသမျှ တင်ပြရပါမည် ဘုရား။
အင်္ဂုတ္တိုရ် စကုတ္ကနိပါတ်၊ ရူပသုတ် ၃၉-တွင် အဆင်းနှင့် အသံကို ထိုးဖောက်မကြည့်နိုင်လျှင် ဓမ္မကို မမြင်နိုင်ဟူ၍ ဤသို့ ဟောပါသည် ဘုရား။
“အကြင်သူတို့သည် အဆင်းနှင့် သဏ္ဌာန်ကိုသာ ပမာဏပြုကြကုန်၏၊ အကြင်သူတို့ကား အသံ၌သာ ပမာဏပြုကြကုန်၏၊ ထိုသူတို့သည် အလိုဆန္ဒ၌လည်းကောင်း၊ တပ်စွဲခြင်းရာဂ၌ လည်းကောင်း ဆန္ဒရာဂအလိုသို့ လိုက်ပါကုန်သည်ဖြစ်၍ ဘုရားတရားသံဃာတို့၏ ဂုဏ်အစစ်အမှန်ကို မသိနိုင်ကြကုန်၊ စင်စစ်ထိုသူတို့သည် ချီးမွမ်းသံ၌သာလျှင် နစ်မျောကြရ၏၊ ဘုရားတရားသံဃာတို့၏ ဂုဏ်အစစ်ကို သိသူတို့သည် နိဗ္ဗာန်ကိုသာ ရှေ့ရှုသည်ဖြစ်၍ ချီးမွမ်းသံ၌ မမျောပါတော့ချေ”ဟု ဟောပါသည် ဘုရား၊ သာသနာယဉ်ကျေးမှုအစပိုင်းတွင် ထိုအဆင်းအသံတို့၏ အရင်းခံဖြစ်သော လူအများစု၏ အလိုဆန္ဒအလျောက်ဆွဲဆောင်ကြရသည်မှာ၊ တစ်နည်းအားဖြင့် အမျိုးသားယဉ်ကျေးမှုဖြစ်ရခြင်းပါ ဘုရား၊ သာသနာ၏ ဆိုလိုရင်းနှင့်ကား တခြားစီသာ ရှိကြောင်းပါ ဘုရား။
၎င်းနောက် သဂါထာဝဂ္ဂသံယုတ်၊ သုန္ဒရိကသုတ် ၁၆၁-တွင် မီးပူဇော်မှုနှင့် ပတ်သက်၍ မြတ်စွာဘုရား အလိုမရှိကြောင်းကို ဤသို့ ဟောပါသည်ဘုရား-
“ပုဏ္ဏား ထင်းကို မီးရှို့သော သင်သည် မီးရှို့ကာမျှဖြင့် စင်ကြယ်၏ဟု မအောက်မေ့လင့်၊ အဘယ့်ကြောင့်နည်း၊ ထိုထင်းကို မီးရှို့ခြင်းသည် အပ၌သာ ဖြစ်သည်၊ ထိုစကားသည် မှန်၏၊ အကြင်သူသည် အပ၌ဖြစ်သော မီးရှို့ခြင်းဖြင့် စင်ကြယ်ခြင်းကို အလိုရှိ၏၊ ထိုသူကို မီးရှို့ခြင်းကြောင့် စင်ကြယ်၏ဟု ပညာရှိတို့ မဆိုကုန်”
ဤတွင် ရှေးခေတ် ထင်းမီးပူဇော်မှုတို့နေရာတွင် ယခုခေတ်ဆီမီး ဖယောင်းတိုင်တို့ဖြင့် အကျုံးဝင်ပါသည် ဘုရား။
နောက်တစ်သုတ် ဒီဃနိကာယ မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ် ၁၃၂-တွင် မြတ်စွာဘုရား၌ အမြတ်ဆုံးပူဇော်မှုဟူသည်နှင့် ပတ်သက်၍ တရားတော်အတိုင်း ကျင့်သုံးခြင်းသည်သာလျှင် “ပူဇော်သက္ကာတို့၏ အထွတ်အထိပ်”ဟူ၍ မြတ်စွာဘုရား မိန့်မြွက်တော်မူပါသည်၊ “ပန်းနံ့သာ အမွှေးအကြိုင်တို့ဖြင့် ပူဇော်ခြင်းကိုလည်းကောင်း၊ တူရိယာဂီတဖြင့် ပူဇော်ခြင်းကိုလည်းကောင်း ထိုပူဇော်ခြင်းများတို့ထက် လောကုတ္တရာတရားအားလျော်စွာ ကျင့်သုံးခြင်းသည်သာလျှင် မြတ်စွာဘုရားကို အမြတ်ဆုံး ပူဇော်သက္ကာမည်ပေသည်” ဟု အရှင်အာနန္ဒာမထေရ်မြတ်ကြီးအား မိန့်တော်မူထားခဲ့ပါသည် ဘုရား။
ထို့ကြောင့် ဆီမီး ပန်း အမွှေးတိုင်တို့ကို ပူဇော်ခြင်းနှင့် ပတ်သက်၍ ပိဋကတ်တော် ဒေသနာများအတိုင်းသာ တင်ပြလိုက်ရကြောင်းပါ ဘုရား။
သောဓနာအမှတ် (၁၄)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခု စောဒနာလွှာအမှတ် (၁၄)နှင့် ပတ်သက်၍ ရှင်းလင်းချပချက်ပါ ဘုရား။
ဗုဒ္ဓမြတ်စွာဘုရား၏ အလိုတော်မှာ သံသရာတွင် ကျင်လည်စေသော ဆုပေးနည်းမျိုးကို မည်သည့်အခါမျှ မပြုလုပ်ကြောင်း အောက်ပါ အထောက်အထားများဖြင့် တင်ပြပါသည် ဘုရား။
ဝိနည်းမဟာဝါ စီဝရခန္ဓကဝဂ် ၃၉၅-တွင် ဗုဒ္ဓရှင်တော်အား ဇီဝကဆရာက အဝတ်ပုဆိုးတို့ကို သင်္ကန်းအဖြစ်သုံးရန် လှူဒါန်းသည်၌ ဇီဝကက ဆုပေးရန် လျှောက်ထားပါသည်၊ ထိုအခါမြတ်စွာဘုရားက “ဇီဝက မြတ်စွာဘုရားတို့မည်သည် ဆုပေးခြင်းမှ လွန်မြောက်ကြပြီး ဖြစ်ရာကုန်၏” (ဆုမပေးဟူ၍ ဆိုလိုသည်။)
ထို့နောက် ဇီဝကသည် အပ်စပ်သည်ဆိုသောအခါမှ ခွင့်ပြုတော်မူ၏၊ နောက်တစ်ဖန် ဝိသာခါကျောင်းအမကြီးကလည်း အင်အားချို့တဲ့နေသော ရဟန်းများနှင့် ပတ်သက်၍ ဆုရှစ်ပါး ခွင့်ပြုပါရန် လျှောက်ထားသည်တွင် အထက်ပါဇီဝက အားမိန့်မှာသည့်အတိုင်းပင် မြတ်စွာဘုရားတို့မည်သည် ဆုပေးခြင်းမှ လွန်မြောက်ပြီး ဖြစ်ကြကုန်၏ဟု မိန့်တော်မူ၏၊
ဝိသာခါက အပ်စပ်သော ဆုဖြစ်ပါသည်ဟု လျှောက်ထားသောအခါမှသာ ခွင့်ပြုတော်မူပါသည် ဘုရား၊ ဤအပ်စပ်သည်ဆိုသော စကား၏ အဓိပ္ပာယ်မှ အတ္တကိလမထနှင့် ကာမသုခလိဒကာနုယောဂ အစွန်းနှစ်ပါးနှင့်သော်လည်းကောင်း၊ အာသဝေါတရားတို့ဖြင့်သော်လည်းကောင်း၊ ဘဝကို ကျင်လည်ရာ တဏှာနယ်မှသော်လည်းကောင်း “ကင်းလွတ်သော ဆုများကိုသာ ခွင့်ပြုတော်မူကြောင်းပါ ဘုရား။
အကြောင်းမှာ ဓမ္မစကြာ၏ အစပိုင်းမှာပင် အတ္တကိလမနှင့် ကာမသုခလိဒကာနုယောဂ အယုတ်တရားအစွန်းနှစ်ပါးကို ပယ်စွန့်ရန် ဟောတော်မူခဲ့ပြီး ဖြစ်ပါတယ် ဘုရား။
ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာစသော တဏှာသုံးမျိုးတို့ကိုလည်း ပယ်စွန့်ရန် ဟောခဲ့ပြီး ဖြစ်ပါသည် ဘုရား၊ အာသဝေါတရားတည်းဟူသော ကာမာသဝ, ဘဝါသဝ, အဝိဇ္ဇာသဝတို့ကိုလည်း ပယ်စွန့်ရန် ဒေသနာအရပ်ရပ်တွင် ဟောဆိုပြီး ဖြစ်ပါသည်၊ ယင်းသို့ မြတ်စွာဘုရား ကိုယ်တော်တိုင်က ဒေသနာတော်အရပ်ရပ်တွင် ပယ်စွန့်ရန် ဟောထားပါလျက် ထိုသို့ပယ်စွန့်ရမည်ဖြစ်သော တရားတို့နှင့် မကင်းလွတ်သော ဆုမျိုးကို မြတ်စွာဘုရားသည် ဆုအဖြစ် မည်သည့်အခါမျှ ခွင့်ပြုလိမ့်မည် မဟုတ်ပါ ဘုရား။
သပိတ်သွတ်ခြင်းနှင့် ပတ်သက်၍ အောက်ပါသုတ္တန်များကို ကိုးကားပါသည် ဘုရား။
သဠာယတနသံယုတ် အသိဗန္ဓကပုတ္တသုတ်မှာပါ ဘုရား၊ ၄၉၃-တွင် မကောင်းမှုတို့အား ပြုသူသော်လည်းကောင်း၊ ကောင်းမှုပြုသော်လည်းကောင်း ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ မကောင်းသူအား ကောင်းသူဖြစ်စေရန်လည်းကောင်း၊ ကောင်းသူအား မကောင်းသူ ဖြစ်စေရန်လည်ကောင်း မည်သို့ပင် ထိုထိုဘဝတို့၌ ဖြစ်ပါစေဟူ၍ တောင်းပန်ကြစေကာမူ ချီးမွမ်းကြစေကာမူ လက်အုပ်ချီကာ အဖန်တလဲလဲ ဆုတောင်းကြစေကာမူ ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ကား ၎င်းတို့ကုသိုလ် အကုသိုလ်အတိုင်းသာ ဖြစ်လိမ့်မည်ဟု အသိဗန္ဓကပုတ္တရွာသူကြီးအား ဟောတော်မူပါသည် ဘုရား။
ဤအချက်မှာ ဆွမ်းသွတ်ခြင်းကို တိုက်ရိုက် ပြောဆိုခြင်း ဖြစ်ပါသည် ဘုရား၊ ဤမျှလောက်ဖြင့် ဤအခန်း ကဏ္ဍအား ပြန်လည်လျှောက်ထားရန် ပြည့်စုံပြီဟု ယူဆကြောင်းပါ ဘုရား။
သောဓနာအမှတ် (၁၅)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒနာလွှာ အမှတ်(၁၅)အား ပြန်လည်ချေပ ရှင်းလင်းလိုပါသည် ဘုရား။
ဥပါဒါန်နှင့် ပတ်သက်၍ အဋ္ဌသာလိနီ အဋ္ဌကထာမှ ဆရာတော်ကြီးများ၏ ရှင်းလင်းချက်ကို မသိပါ၊ ပိဋကတ်တော်တွင်ပါသော မူအားဖြင့် ပြန်ဆိုချက်ကိုသာ သိပါသည်၊ အထောက်အထားပြရသော် ဒီဃနိကာယ် မဟာဝဂ် မဟာ နိဒါနသုတ် ၅၄-တွင် ဥပါဒါန်လေးမျိုးတို့၏ ပြန်ဆိုချက်မှာ ကာမဂုဏ်၌ စွဲလမ်းခြင်း ကာမုပါဒါန်၊ အယူ၌ စွဲလမ်းခြင်း ဒိဋ္ဌုပါဒါန်၊ အလေ့အကျင့်၌ စွဲလမ်းခြင်း သီလဗ္ဗတုပါဒါန် အတ္တဟူသော ဝါဒ၌ စွဲလမ်းခြင်း အတ္တဝါဒုပါဒါန် တို့ပေတည်း။
ဤပိဋကတ်မြန်မာပြန်ကျမ်းများကို ကြည့်သောအခါ သီလဗ္ဗတုပါဒါန်ကို မြန်မာပြန်ဆိုရာတွင် အလေ့အကျင့်စွဲကိုသာ ဆိုလိုကြောင်း တွေ့ရပြီးလျှင် ခွေး, နွားတို့၏ အကျင့်ဟူ၍ မတွေ့ရကြောင်းပါ ဘုရား၊ ကာမုပါဒါန်တွင်လည်း ကာမဂုဏ်ငါးမျိုးတို့၌ စွဲလမ်းခြင်းဟူ၍သာ တွေ့ရပါသည်၊ ဥပါဒါန်တွင် အကုသိုလ်, ကုသိုလ်ဟူ၍ မခွဲခြားကြောင်း တွေ့ရပါသည် ဘုရား။
အစွဲဝင်လာလျှင် ကုသိုလ်ကို စွဲသည်ဖြစ်စေ၊ အကုသိုလ်ကို စွဲသည်ဖြစ်စေ အစွဲမှန်လျှင် ဥပါဒါန်ဟူ၍သာ ပြန်ဆိုထားကြောင်း တွေ့ရပါသည် ဘုရား။
သာဓကအားဖြင့် ဥပရိပဏ္ဏသ အာနဉ္ဇသပ္ပါယသုတ် ၅၅-တွင် ပြုလုပ်ခဲ့သော ကံဟူ၍ မရှိပေ၊ ထိုကံ၏ အကျိုးဖြစ်သော ဤခန္ဓာပဉ္စကကို ပယ်စွန့်သောစိတ်ဖြင့် လျစ်လျူရှုမှု၌ နှစ်သက်၏၊ ကောင်း၏ဟု စွဲ၏၊ ထိုဝိညာဉ်သည် ဝိပဿနာကို မှီ၏၊ သို့သော် စွဲလမ်းမှုပင် မည်၏၊
အာနန္ဒာ... စွဲလမ်းမှု ဥပါဒါန် မကုန်သော ရဟန်းသည် ပရိနိဗ္ဗာန် မပြုနိုင်ဟု ဟော၏၊ ဝိပဿနာကို မှီ၍ စွဲသော ဝိညာဏ်သည် ကောင်းသော ကုသိုလ် ဝိညာဉ်စိတ် ဖြစ်ပါသည်၊ သို့ရာတွင် စွဲလမ်းလျှင် ဥပါဒါန်ဟူ၍ပင် မြတ်စွာဘုရားကိုယ်တော်တိုင် ညီတော်အာနန္ဒာအား ဟောကြားချက်ကို တွေ့ရပါသည် ဘုရား။
ဓမ္မသင်္ဂဏီကျမ်းအရ အကုသိုလ်စွဲလျှင် ဥပါဒါန်၊ ကုသိုလ်စွဲလျှင် ဥပါဒါန် မဟုတ် ဖြစ်ကြောင်း စောဒနာ ဆရာတော်များတင်ပြချက်မှာ တပည့်တော်တွေ့သည့် အောက်ပါသုတ်တို့ဖြင့် ကွာခြားနေပြန်ပါသည် ဘုရား။
အင်္ဂုတ္တိုရ် နဝကနိပါတ်၊ သဥပါဒိသေသသုတ် ၁၈၅-တွင်-
မြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာအား သာရိပုတ္တရာ ဤသာသနာတော်၌ သီလ၌သာ ပြည့်စုံစွာ ကျင့်လျက် သမာဓိကောင်းစွာ မတည်စေဦး၊ ပညာ၌ကောင်းစွာ မတည်စေဦး၊ ထိုသူသည် သံယောဇဉ်သုံးပါး ကုန်သော် စွဲလမ်းမှု ဥပါဒါန် ကျန်စေကာမူ ဒုဂ္ဂတိသို့ မလားပြီ၊ တစ်ဘဝမှ တစ်ဘဝသို့ ဖြစ်ပြီးနောက် ဒုက္ခ၏ အဆုံးကို ပြုလတ္တံ့။
ဤအချက်၌လည်း သောတာပန်ပင်လျှင် စွဲလမ်းမှုကျန်နေလျှင် ဥပါဒါန်ဟူ၍ သုံးနှုန်းထားကြောင်း တွေ့ရပါသည်၊ ထို့နောက်တစ်ဖန် အနာဂါမ်ဆိုက်သော သူတော်ကောင်းသည်ပင်လျှင် ဥပါဒါန်မကုန်ကြောင်း အောက်ပါ အထောက်အထားအရ တွေ့ရပါသည် ဘုရား။
မဇ္ဈိမပဏ္ဏာသ ကိဋာဂီရိသုတ် ၁၅၆-တွင် -ရဟန်းတို့ ဤယုံကြည်၍ ယောက်ျားတို့၏ လုံ့လဝီရိယဖြင့် အရိုးကြေကြေ အရေခန်းခန်း အရဟတ္တဖိုလ်သို့ မရောက်ကမလျှော့ဟု ပြင်းစွာ ကျင့်သုံးသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကိုလည်းကောင်း ဥပါဒါန်ကြွင်းကျန်သော် အနာဂါမ်ဟူ၍လည်းကောင်း ဤအကျိုးနှစ်ပါးတွင် တစ်ပါးပါး ဧကန်ဖြစ်ရမည်ဟု ဟောထားပါသည် ဘုရား။
ဤအချက်၌လည်း ကုသိုလ်တရားရှိနေသူပင်လျှင် ဥပါဒါန် ကျန်နိုင်သည်ကို တွေ့ရပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
စောဒကဆရာတော်များ တင်ပြချက်ဖြစ်သော ကာမုပါဒါန်သည် အကုသိုလ် လောဘမူစိတ်နှင့် တွဲယှဉ် ဖြစ်ပေါ်သည့် လောဘစေတသိက်ဟူ၍ တွေ့ရပါသည် ဘုရား။
အထောက်အထားအဖြစ် ဥပရိပဏ္ဏာသ၊ ပဉ္စတ္တယသုတ် ၂၈-ကို ကိုးကားတင်ပြပါသည် ဘုရား၊ စျာန်တို့အား “ငါသည် ငြိမ်သက်လှ၏၊ ဧငြိမ်းလှ၏၊ စွဲလမ်းမှုကင်း၏ဟု ဤသို့ ထင်မှတ်သော် ဤသို့ ရှုသော် ဥပါဒါန်ပင် မည်၏”ဟု ဟောတော်မူပါသည် ဘုရား။
နောက် ဥပါဒါန်အစွဲအလမ်း ရှိရုံမျှနှင့် အပါယ်မကျနိုင်ဟု ဟောတော်မူပါသည် ဘုရား၊ နောက် ဥပါဒါန်အစွဲအလမ်း ရှိရုံလောက်နှင့် အပါယ်မကျနိုင်ဟု အင်္ဂုတ္တိုရ် ဒသကနိပါတ်၊ သဥပါဒိသေသသုတ် ၁၈၆-၌ ဤသို့ ဟောပါသည် ဘုရား။
အညီအညွတ် စုပေါင်းထိုင်နေကြသော ပရိဗိုဇ်တို့က ရှင်သာရိပုတ္တရာသိုက “ငါ့ရှင် မည်သူမဆို စွဲလမ်းမှု အကြွင်းအကျန်ရှိလျက် သေရသော် ထိုသူအားလုံးသည် ငရဲမှ မလွတ်၊ တိရစ္ဆာန်မှ မလွတ်၊ ပြိတ္တာမှ မလွတ်”ဟု ပြောကြပါသည်၊ မြတ်စွာဘုရားသို့ ထိုအကြောင်း လျှောက်ထားသောအခါ ဘုရားရှင်က ရှင်သာရိပုတ္တရာကို ဤသို့ မိန့်တော်မူပါသည်။
“သာရိပုတ္တရာ အယူတစ်မျိုးရှိသော မိုက်ကုန် မလိမ္မာကုန်သော ပရိဗိုဇ်တို့သည်ကား အဘယ်သူတို့နည်း၊ စွဲလမ်းမှု အကြွင်းအကျန် ရှိ, မရှိကို အသို့လျှင် သိကုန်ကြဘိသနည်း။
သာရိပုတ္တရာ ဤပုဂ္ဂိုလ် ၉-မျိုးတို့သည် စွဲလမ်းမှု အကြွင်းအကျန် ရှိပါလျက် သေလွန်သောအခါ ငရဲမှလည်းကောင်း တိရစ္ဆာန် အဖြစ်မှလည်းကောင်း လွတ်ကြကုန်၏”ဟု ဟောတော်မူပြီးလျှင် ပုဂ္ဂိုလ် ၉-မျိုးကို ထုတ်ဖော် ဟောပြတော်မူပါသည် ဘုရား။
ဤအထဲ၌ သကဒါဂါမ်, အနာဂါမ်, သောတာပန် စသည်တို့ ပါဝင်နေသည်ကို တွေ့ရပါသည် ဘုရား။ သို့ဖြစ်ရာ ဤအခန်း (၁၅)၌ စောဒကဆရာတော်များ၏ နိဂုံးပိုင်းတွင် ဥပါဒါန်ဟူသည် အကုသိုလ်ဖြစ်၍ လောဘနှင့် ဒိဋ္ဌိတရားသာ ဖြစ်သည်၊ အကုသိုလ်သာ ဖြစ်သည်၊ အမြင်မှားမှု ဥပါဒါန်သာ ဖြစ်သည်၊ ကုသိုလ် လိုချင်မှုမှာ ဥပါဒါန် မဟုတ်၊ ရှင်ဥက္ကဋ္ဌတို့သည် ပိဋကတ်တော်၏ အနက်ကိုမျှ မှန်ကန်စွာ မသိ လမ်းပေါ်က လူများ၏တရားဟု ဆိုသောအချက်ကို တိကျသော ဆဋ္ဌမူပိဋကတ်တော်မှ ကောက်နုတ် ရှင်းလင်းအပ်ပါသည် ဘုရား။
သောဓနာအမှတ် (၁၆)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒနာလွှာ အမှတ် (၁၆)နှင့် ပတ်သက်၍ ချေပလွာ လျှောက်ထားချက်ပါ ဘုရား-
တစ်ဘက် စောဒကဆရာတော်များက နိဗ္ဗာန်သည် သတ္တဝါတို့၏ အဇ္ဈတ္တ၌ ရရှိအပ်သော တရားမျိုး မဟုတ်၊ အပ၌သာ ရရှိအပ်သော ဗဟိဒ္ဓတရားမျိုးသာ ဖြစ်ကြောင်းဟူ၍ အထက်ပါအတိုင်း ဝိသေသစောဒနာ ပြုထားပါသည် ဘုရား။
ဤ၌ နိဗ္ဗာန်သည် အတွင်းအဇ္ဈတ္တ၌ ဖြစ်ကြောင်းကို ဗုဒ္ဓရှင်တော်က သုတ္တနိပါတ် မာဂဏ္ဍိယသုတ် ၃၈၆-တွင် အောက်ပါအတိုင်း ဟောထားသည်ကို တွေ့ရပါသည် ဘုရား၊ ဆဋ္ဌမူ ထေရဝါဒပိဋကတ်တော် အမှန်မှ ဖြစ်ပါသည် ဘုရား။
ထိုအခါ၌ “မာဂဏ္ဍိယ ထိုငါဘုရားအား (ခြောက်ဆယ့်နှစ်ပါး) ဒိဋ္ဌိတရားတို့၌ ဆုံးဖြတ်၍ (ဤငါ၏ အယူသာ မှန်၏၊ အခြားသူတို့၏ အယူကား အချည်းနှီးသာတည်းဟု) ဤစကားကို ဆိုမည်ဟု စွဲမြဲယူဆမှု မရှိပေ၊ ခြောက်ဆယ့် နှစ်ပါးသော ဒိဋ္ဌိအယူတို့၌ အပြစ်ကို မြင်သည် ဖြစ်၍ (တစ်စုံတစ်ခုသော ဒိဋ္ဌိအယူကိုမျှ) မယူဘဲ (သစ္စာလေးပါးတို့ကို) ရွေးချယ်စိစစ်လျက် အဇ္ဈတ္တ၌ ဖြစ်သော ကိလေသာတို့ ငြိမ်းရာနိဗ္ဗာန်ကို မြင်ပြီ”ဟူ၍ မြတ်စွာဘုရားသည် အတိအလင်း အတွင်း၌ဟု ဟောကြားထားကြောင်း တွေ့ရပါသည် ဘုရား။
ဤမျှနှင့်မကသေးပါ ဘုရား၊ ၎င်းသုတ္တနိပါတ် မာဂဏ္ဍိယသုတ် ၃၈၇-တွင်လည်း နိဗ္ဗာန်ကို နောက်ထပ် ဖွင့်ဆို ဟောပြတော်မူပြန်ပါသည် ဘုရား။
“လောက၌ ရဟန္တာပုဂ္ဂိုလ်သည် အကြင် မိစ္ဆာဒိဋ္ဌိ စသော အယူတို့မှ ကင်းဆိတ်သည် ဖြစ်၍ ကျင့်၏၊ ထိုအယူတို့ကိုလည်း ယူ၍ မပြောဆို၊ ရေ၌ပေါက်သော အဆူးရှိသော ပဒုမ္မာကြာသည် ရေဖြင့်လည်းကောင်း ညွှန်ဖြင့်လည်းကောင်း မလိမ်းကျံ မကပ်ငြိဘိသကဲ့သို့ ဤအတူ အဇ္ဈတ္တသန္တာန်၌ (ကိလေသာ) ငြိမ်းအေးရာ နိဗ္ဗာန်ကို ပြောဆိုသော ရဟန္တာသည် ကာမ၌လည်းကောင်း လောက၌လည်းကောင်း မတပ်မက် မလိမ်းကျံ မကပ်ငြိတော့ပြီ”ဟူ၍ ဟောကြားထားသည်ကို တွေ့ရပါသည် ဘုရား။
ဤအထက်ပါအတိုင်း အဇ္ဈတ္တသန္တာန်၌ နိဗ္ဗာန်ဖြစ်ကြောင်း ခိုင်လုံသော ပိဋကတ်တော် အကိုးအကားများ ရှိပါလျက် ဗုဒ္ဓဟောကို မျက်ကွယ်ပြုပြီးလျှင် နိဗ္ဗာန်သည် အပြင်၌သာ ရှိလေဟန်ဆိုသော စာပေများကိုသာ ကိုးကားထားသည်ကိုထောက်က ပိဋကတ်တော်၌ အင်အားနည်းပါးနေကြောင်း ထင်ရှားနေပါသည် ဘုရား။
ဤမျှဖြင့် နိဗ္ဗာန်တရားသည် ကိုယ်တွင်း၌သာ ငြိမ်းအေးစွာ ဖြစ်ပေါ်လာသော တရားဖြစ်ကြောင်း အသိလုံ လောက်ပြီ ထင်ပါသည် ဘုရား၊ ဤသို့လျှောက်ထားရာ၌ နိဗ္ဗာန်သည် ကိုယ်တွင်း၌ မူလကတည်းက ရှိပြီးသားတရားဆိုသော ဝါဒမျိုးကိုတော့ တပည့်တော် လက်မခံပါ၊ ဤယခု တည်ဆဲ အစွဲခန္ဓာငါးပါးတွင် စွဲကပ်နေသော ဥပါဒါန်တဏှာ အာသဝတရားတို့ကို လက္ခဏာဉာဏ်တည်းဟူသော အနိစ္စအသိဖြင့် ရှုမှတ်ဆင်ခြင်နိုင်သူများ၌သာ နိဗ္ဗာန်တရားကို မျက်မှောက်ပြု၍ ဤခန္ဓာနှင့်တကွ အပြင်သင်္ခါရလောကကြီး တစ်ခုလုံးပါ အနတ္တအဖြစ်သိမြင် လွှမ်းခြုံအလင်းပေါက် အသိရောက်သွားကာ အာလောကော ဥဒပါဒိဂုဏ်ကို ဆိုက်ရောက်နိုင်သည်ဟုသာ ခံယူထားပါသည် ဘုရား။
ဤမျှဖြင့် ယခု အပိုင်း (၁၆)ကို တင်ပြလျှောက်ထားပါသည် ဘုရား။
သောဓနာ အမှတ်(၁၇)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒနာလွှာအမှတ် (၁၇)ကို ပြန်လည် ရှင်းလင်း တင်လျှောက်ပါသည် ဘုရား။
ဤအပိုင်း၌ စောဒကဆရာတော်များဘက်မှ ဆရာတောရရှင်ဥက္ကဋ္ဌ ဟောပြောခဲ့သော ဓမ္မစကြာဒေသနာကို ဓမ္မစကြာလက်သစ်ဟူ၍လည်းကောင်း၊ ပါဠိကို လူသေလူဖြစ်နှင့် အံဝင်အောင် အဓိပ္ပာယ်တလွဲ ဖွင့်ဆိုသည်ဟုလည်းကောင်း အမည်တပ်ကာ စွပ်စွဲဝေဖန်ခဲ့ပါသည် ဘုရား။
ယင်းနှင့် ပတ်သက်၍ လိုရင်းဖြစ်သော စကားလုံးများကိုသာ ထောက်ပြ ရှင်းလင်းပါတော့မည်၊ ဒိဋ္ဌဓမ္မောကို စောဒကဘက်မှ မြင်အပ်ပြီးသော သစ္စာတရားရှိသည် ဖြစ်၍ဟု ဆရာတော်ဦးဗုဓ် ပြန်ဆိုချက်ကို ကိုးကားခဲ့ပါသည်၊ ထိုပြန်ဆိုချက်ကို မဟုတ်ဟုလည်းကောင်း ဟုတ်၏ဟုလည်းကောင်း တပည့်တော် မချေပလိုပါ၊ ပါဠိတော်အတိုင်း အနက်ကိုသာ ဆရာတော် ရှင်ဥက္ကဋ္ဌ ဖွင့်ဆိုသည့်အတိုင်းသာ တင်ပြလိုပါသည် ဘုရား။
ရှင်ဥက္ကဋ္ဌ “ဒိဋ္ဌဓမ္မော” ဆိုသော စကား၏ ပင်ကိုအဓိပ္ပာယ်မှာ “မျက်မြင်သဘော ဖြစ်လေတော့၏”ဟု ဆိုပါသည် ဘုရား။
လယ်တီဆရာတော်ကြီး၏ ပရမတ္ထဒီပနီအဖွင့်မှာ “မြင်အပ်သော သစ္စာတရား”ဟု တွေ့ရပါသည်၊ “ပြီးသော” ဆိုသော အတိတ်ကာလသဘော မပါ,ပါ ဘုရား၊ တစ်ဖန် အရှင်ကောဏ္ဍည၏ အတ္ထုပ္ပတ္တိကို ဓမ္မစကြာအရ ကြည့်သောအခါ ထိုအချိန်၌ သောတာပန်အဆင့်သို့ ရောက်ရုံသာ ရှိသေးကြောင်း ပြီးသောဟူ၍ မဟုတ်သေးကြောင်း တွေ့ရပါသည်၊ အကယ်၍ ထိုအချိန်က အရှင်ကောဏ္ဍညသည် အရဟတ္တဖိုလ်သို့ တစ်ချက်တည်း တန်းဆိုက်သွားပြီးဆိုပါက “မြင်အပ်ပြီးသော သစ္စာတရား”ဟု ပြောခြင်းငှာ ထိုက်တန်ပါသည် ဘုရား၊ အရဟတ္တဖိုလ်သည်သာလျှင် မြင်အပ်ပြီးဆိုသော စကားနှင့်အညီ ကိစ္စအားလုံး ပြီးမြောက်သူဟု အဓိပ္ပာယ် ဖွင့်ကြပါသည် ဘုရား၊ ထို့ကြောင့် “ဒိဋ္ဌဓမ္မော” ဆိုသော အဓိပ္ပာယ်ကို “မြင်အပ်ပြီးသော သစ္စာတရား”ဟု ဤနေရာတွင် ဖွင့်ဆိုခြင်းငှာ မသင့် “မြင်အပ်သော သစ္စာတရား”ဟုသာ ပြန်ဆိုခြင်းငှာ သင့်ကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။
ထို့ကြောင့် ပတ္တဓမ္မော- ရောက်အပ်ပြီးသော သစ္စာတရား၊ ဝိဒိတဓမ္မော- သိအပ်ပြီးသော သစ္စာတရား၊ ပရိယောဂါဠှဓမ္မော- ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာတရား-စသော စကားလုံးများမှ “ပြီးသော” ဆိုသော စကားလုံးကို မသုံးသင့်၊ အရှင်ကောဏ္ဍညမှာ ဤဒိဋ္ဌဓမ္မောအရ မြင့်ခဲ့, မြင်ဆဲ မြင်နေဦးလတ္တံ့ ဆိုသောကာလသုံးပါး အကျုံးဝင်သည့် လုပ်ငန်းတန်းလန်းဖြစ်ဆဲ အဓိပ္ပာယ် ရပါ၍ “ပြီးသော” အတိတ်စကားကို လက်မခံနိုင်ကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။
ဤဓမ္မစကြာကို ပြန်ဆိုကြရာ၌ မူလပါဠိသက်သက်ကိုသာ စေတနာအလျောက် ကိုယ့်ဘာသာစကားကို ကိုယ်ကျွမ်းကျင်သမျှဖြင့် ပြန်ဆိုကြခြင်းသာဖြစ်၍ အသုံးကွဲပြားနေကြစေကာမူ မူရင်းအဓိပ္ပါယ် ကွာခြားချက် မရှိပါ ဘုရား။
ယခုနေရာတွင်လည်း ဆရာတော် အရှင်ဥက္ကဋ္ဌပြန်ဆိုချက်သည် မူလဒိဋ္ဌဓမ္မော, ဝိဒိတဓမ္မော, ပရိယောဂါဠှဓမ္မော, တိဏ္ဏဝိစိကိစ္ဆော စသော စကားတို့၏ မျက်မြင်သဘောအနက် မူလဓမ္မစကြာပါ အနက်အဓိပ္ပာယ်ကို ပြောင်းလဲစေသည်ဟူ၍ တပည့်တော် မတွေ့ရကြောင်း လျှောက်ထားအပ်ပါသည် ဘုရား၊ ဗုဒ္ဓအရှင်၏ ဟောချက်နှင့် ဆန့်ကျင်သည်ဟု မတွေ့ရကြောင်းပါ ဘုရား၊ ထို့ကြောင့် ဓမ္မစကြာလက်သစ် မဟုတ်ပါ၊ အစဉ်မပြတ် ထွန်းတောက်နေမည့် အမြဲတမ်း ပစ္စုပ္ပန်၌သာ တည့်တည့် ဘာသာပြန်ဆိုချက် ဖြစ်ကြောင်း ပြန်လည်တင်ပြအပ်ပါသည် ဘုရား။
သောဓနာ အမှတ် (၁၈)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒနာလွှာ အမှတ်(၁၈)အား ရှင်းလင်းလျှောက်ထားပါမည် ဘုရား။
ဤအခန်းတွင် ဘုရားတပည့်တော် ရေးခဲ့သော ဗုဒ္ဓဝိပဿနာ (၁)တွင် ဘုရားတပည့်တော်က “လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ”ဟူသော ပုဒ်ကို ရေးခဲ့သည် မှန်ပါသည်၊ ယင်းပါဠိကို နိဒါနဝဂ္ဂသံယုတ် ကစ္စာနဂေါတ္တသုတ် ၂၄၂-မှ တိုက်ရိုက် ကူးယူခဲ့ခြင်း ဖြစ်ပါသည်၊ ယင်းသုတ်တွင် တပည့်တော် ရေးခဲ့သောအတိုင်း ဧကန်ပါနေသော စကားအတိုင်း ထိုပါဠိတော်တွင် ရှာဖွေကြည့်ပါရန် တိုက်တွန်းအပ်ပါသည် ဘုရား၊ စာ၏ အဓိပ္ပာယ် အဆိုမှာ “ပြတ်လျှင် မရှိ၊ မပြတ်လျှင် ရှိ၏”ဟူသော အယူကို တင်ပြခဲ့ခြင်းသာ ဖြစ်ပါသည်။
ယခု စောဒကဘက်မှ ဆရာတော်များက “ယင်းပါဠိတော်သည် မည်သည့်ပါဠိတော်တွင်မှ ရှာဖွေ၍ မတွေ့ရသဖြင့် အတိအလင်း ရဲရဲကြီး လိမ်ညာခြင်း ဖြစ်သည်”ဟု စွပ်စွဲထားပါသည် ဘုရား [ဤစာပိုဒ် အရောက်တွင် လက်ဖြစ်ပါဠိမှား အကြောင်းကို ရုံးတော်မှ အောက်ပါအတိုင်း မေးသည်။ ]
လက်ဖြစ်ပါဠိမှားကို ဘုရားဟောဆို၍ စစ်မေးခြင်း
ရုံးတော်မှ အောက်ပါအတိုင်း မေးသည်
ဦးကုမာရ (ဝိနည်းဓိုရ်) -လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ ဆိုသော ပါဠိသည် နိဒါနဝဂ္ဂသံယုတ် ကစ္စာန ဂေါတ္တသုတ်၊ နှာ-၂၄၂-မှာ တိုက်ရိုက်ပါတယ်ဆိုရင် စုဒိတကဖြစ်တဲ့ ဒကာကြီးက အဲဒီပါဠိကို ရှာပြစေချင်ပါတယ်။
သခင်မြတ်ဆိုင်-နိဒါနဝဂ္ဂသံယုတ်စာအုပ် ရှိပါသလား ဘုရား။
ဦးဉာနိက-ဒီမှာ စာအုပ် ရှိပါတယ်၊ ဦးရွှေအောင် ဒီဘက်လာ ရှာပေးလိုက်ပါ။
ဦးကုမာရ-နှာ၊ ၂၄၂-မှာ ရှိရင် အဲဒီပါဠိကို ရှာပြပါ။
သခင်မြတ်ဆိုင်-တပည့်တော် မြန်မာပြန်က ယူပါတယ် ဘုရား။
ဦးကုမာရ-ဒကာကြီးက ဒီပါဠိဟာ ဒီအတိုင်းပဲ၊ ဒီသုတ်မှာ ပါတယ်လို့ ဆိုတယ် မဟုတ်လား။
သခင်မြတ်ဆိုင်-ပါဠိရဲ့ အဓိပ္ပါယ်ပါ ဘုရား။
ဦးကုမာရ-ပါဠိမှန် အနက်မှန်ကို သူတို့က တင်ပြထားတယ်၊ သံယုတ္တနိကာယ် အာဟာရဝဂ် ကစ္စာနဂေါတ္တ သုတ်မှာ ပါတယ်လို့ စောဒကဆရာတော်တွေက ထောက်ပြထားတယ်။
သခင်မြတ်ဆိုင်-အဲဒီလို ဖြစ်ပါလိမ့်မယ် ဘုရား။
ဦးကုမာရ-စောဒကဆရာတော်များ တင်ပြထားတဲ့ ပါဠိအမှန်က... “လောကသမုဒယံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ နတ္ထိတာ၊ သာန ဟောတိ၊ လောက- နိရောဓံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ အတ္ထိတာ၊ သာန ဟောတိ” လို့သာ ရှိတယ်၊ ဒကာကြီး တင်ပြသလို မရှိဘူး။
သခင်မြတ်ဆိုင်-တိုက်ရိုက် မဟုတ်၊ ဒါဖြင့် ဝန်ခံပါတယ် ဘုရား။
ဦးကုမာရ-ဝန်ခံရင် သူတို့က မရှိဘူးလို့ စွပ်စွဲထားတယ်၊ မရှိတာကို ဒကာကြီးက ရှိပါတယ်လို့ ပြန်ချေပနေ ရင် မဟုတ်တာကို ပြန်ပြီး ချေပရာ ရောက်တယ်၊ မဟုတ်ကြောင်း ဝန်ခံရာ ရောက်တယ်၊ အရှိကို အရှိအတိုင်း၊ မရှိတာကို မရှိတဲ့အတိုင်း ချေပဖို့ ဝန်ခံဖို့ လိုပါတယ်။
သခင်မြတ်ဆိုင်-မှန်ပါ ဘုရား၊ ဆုံးမပါ ဘုရား။
ဦးကုမာရ-ဝန်ခံရင် ပြီးဒါပါပဲ။
သခင်မြတ်ဆိုင်-တပည့်တော် အစကတဲက အရှင်ဘုရားတို့၏ ခြေမှုန့်လောက်မျှ အရည်အချင်း မရှိပါဘူးလို့ ဝန်ခံ ပြီးသားပါ ဘုရား၊ ဆုံးမရာကို နာခံဖို့ အသင့်ပါ ဘုရား။
ဦးကုမာရ-ဒကာကြီးက ရှိတယ်၊ သူတို့က မရှိဘူးလို့ ထောက်ပြတယ်၊ အခု သူတို့ ထောက်ပြတဲ့အတိုင်း ဒီပါဠိ ကစ္စာနဂေါတ္တသုတ်မှာ မရှိတာ မှန်နေတယ် မဟုတ်လား။
သခင်မြတ်ဆိုင်-မှန်နေပါတယ် ဘုရား၊ အဓိပ္ပာယ်တော့ ပါတယ် ထင်ပါတယ် ဘုရား။
ဦးကုမာရ-အဓိပ္ပါယ်လဲ မတူဘဲ ဖြစ်နေလိမ့်မယ်။
သခင်မြတ်ဆိုင်-ဒီအဓိပ္ပါယ်ရသလားလို့ ဘုရား။
ဦးဉာနိက-ပါဠိတော်ရဲ့ အနက်က ဒကာကြီးတင်ပြသလို မဟုတ်ဘူး၊ ဒီမှာ တင်ပြပြီးသား ရှိပါတယ်။
သခင်မြတ်ဆိုင်-ဆုံးမတော်မူပါ ဘုရား၊ တပည့်တော် ဆရာတော်တို့ တပည့်ပဲ၊ ဘယ်လိုလုပ်လုပ် ရပါတယ် ဘုရား။
ဦးကုမာရ-မှားရင် မှားကြောင်း ဝန်ခံလိုက်ပါ။
သခင်မြတ်ဆိုင်-မှားကြောင်း ဝန်ခံပါတယ် ဘုရား။
ဦးကုမာရ-ဒကာကြီး ဝန်ခံရင် ဘုန်းကြီးတို့ အတည်ပြုပြီ။
သဘာပတိ-အမှတ်(၁၈) ချေပလွှာက ဟုတ်မှ မဟုတ်ဘဲ၊ ဒါကို ကျော်လိုက်တော့။
သခင်မြတ်ဆိုင်-မှန်ပါ၊ ကျော်ဖတ်ပါ့မယ် ဘုရား။ [၈၊ ၇၊ ၈၁၊အသံဖမ်းကြိုးခွေမှ]
သောဓနာ အမှတ် (၁၉)
[သခင်မြတ်ဆိုင်၏ ချေပချက်]
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခု တပည့်တော် စောဒကဆရာတော်များ၏ စွပ်စွဲချက် အမှတ်စဉ် ၁၉-ကို ပြန်လည် ရှင်းလင်းပါတော့မည် ဘုရား။
စောဒကဆရာတော်များက လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဗုဒ္ဓမြတ်စွာ ဖြည့်ဆည်းခဲ့သော ပါရမီတော်များကို စော်ကားမော်ကား ပြုသည်ဟူသော စွပ်စွဲချက် ဖြစ်ပါသည်။
ဤဝိနိစ္ဆယခုံရုံးတော်၏ တပည့်တော်တို့အပေါ် ကန့်သတ်ချက် စည်းကမ်းမှာ ထေရဝါဒပိဋကတ်တော်နှင့် အံဝင်ဂွင်ကျ တရားတော်များ၏ ဘောင်အတွင်း၌သာ ဖြေကြားရမည်ဟု တိကျစွာ ကြပ်မတ်ထားသည်ဖြစ်၍ တပည့်တော်များ မည်သည့် ကမ္ဘာ့စာပေကိုမျှ စောင်းငဲ့၍မျှမကြည့်ဘဲ ဖြေကြားနေရပါသည်၊ ထို့ကြောင့် ယခုလည်း ထေရဝါဒဖြစ်သော ဆဋ္ဌမူ မူရင်း ပိဋကတ်တော်အရ ဖြေကြားလျှောက်ထားရသော်-
ဤလေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း စသော စကားမျိုးကို ဗုဒ္ဓရှင်တော် ဟောတော်မူရန် မဆိုထားဘိ တစ်ကမ္ဘာ၏ ကာလသက်တမ်းကိုပင် ဟောတော်မမူကြောင်းကို အောက်ပါ ပိဋကတ်အကိုးအကားဖြင့် လျှောက်ထားပါသည် ဘုရား။
နိဒါနသံယုတ် အနမတဂ္ဂသံယုတ်ပိုင်း ပဗ္ဗတသုတ် ၃၇၇-တွင် ဤသို့ မြတ်စွာဘုရား ဟောတော်မူချက်ကို တွေ့ရပါသည် ဘုရား။
“ရဟန်းတစ်ပါးက ဤကမ္ဘာ၏ အသက်သည် အဘယ်မျှ ရှိပါပြီနည်း”ဟု ဗုဒ္ဓရှင်တော်သို့ လျှောက်ထားသည်တွင် ဗုဒ္ဓရှင်တော်က “ရဟန်း ကမ္ဘာသည် ရှည်လျားလှ၏၊ ကမ္ဘာကို ဤမျှသော နှစ်ပေါင်းတစ်ရာ, နှစ်ပေါင်းတစ်ထောင်, နှစ်ပေါင်းတစ်သိန်း, တစ်သန်း ဟူ၍ ရေတွက်ခြင်းငှာ မလွယ်ချေ၊ ဥပမာအားဖြင့် အလျားအနံ တစ်ယူဇနာစီ ထုထည်ရှိသော မြေစိုင်ခဲကြီးမှ နှစ်တစ်ရာလျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် မုန်ညင်းစေ့ တစ်စေ့စာမျှ ယူသဖြင့် ထိုမြေစိုင်ခဲကြီးသည် ကုန်သော်သာ ကုန်သွားမည်၊ ဤကမ္ဘာ၏ ကုန်ခြင်းသို့ကား မရောက်သေး၊ ရဟန်း ဤကမ္ဘာသည် ဤသို့ရှည်လျားလှ၏၊ ထို့ကြောင့် တစ်ခုသော ကမ္ဘာဟုလည်းကောင်း၊ နှစ်ခုသောကမ္ဘာဟု လည်းကောင်း၊ ကမ္ဘာတစ်ဆယ်ဟူ၍လည်းကောင်း၊ ကမ္ဘာတစ်ရာဟူ၍လည်းကောင်း၊ ကမ္ဘာတစ်ထောင်ဟူ၍ လည်းကောင်း၊ ကမ္ဘာတစ်သိန်းဟူ၍လည်းကောင်း၊ ကမ္ဘာတစ်သန်းဟူ၍လည်းကောင်း မပြောဆိုအပ်၊ ဤသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်း ဤကမ္ဘာ၏လည်းကောင်း၊ ဤသံသရာ၏လည်းကောင်း အစအဆုံးသည် မထင်နိုင်၊ လွတ်မြောက်ခြင်းငှာသာလျှင် သင့်လှပေသတည်း”ဟု မိန့်တော်မူ၏၊
ဤတစ်သုတ်သာ မဟုတ်သေးပါ ဘုရား၊ အလားတူ အဟောအမိန့်များ၌ အောက်ပါအတိုင်း တွေ့ရပါသည် ဘုရား။
နိဒါန အနမတဂ္ဂသံယုတ် ပဗ္ဗတသုတ် ၃၇၇။
နိဒါန အနမတဂ္ဂသံယုတ် သာသပသုတ် ၃၇၇-၃၇၈။
နိဒါန အနမတဂ္ဂသံယုတ် သာဝကသုတ် ၃၇၈။
နိဒါန အနမတဂ္ဂသံယုတ် ဂင်္ဂါသုတ် ၃၇၈-၃၇၉
စသည်တို့၌လည်း တွေ့ရပါသေးသည်၊ သို့ဖြစ်ရာ ယခုအခန်း၌ စောဒကဆရာတော်များ တင်သွင်းသော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း စသော စကားမျိုးကို ဗုဒ္ဓရှင်တော် ဟောတော်မူသောစကား မဟုတ်ကြောင်း တင်ပြ လျှောက်ထားပါသည် ဘုရား၊ ထို့ကြောင့် ဝိဘင်းပါဠိတော်၌ ပါသော နောက်ဆုံး “ဓမ္မဟဒယဝိဘင်း” ၌ ပါသော ဗြဟ္မာတို့၏ အသက်, ကမ္ဘာရှစ်သောင်းလေးထောင်ဆိုသော နေဝသညာနာသညာ ဗြဟ္မာတို့၏ အသက်အရေအတွက် စသည်တို့သည်လည်း ဗုဒ္ဓဟောနှင့် မဆိုင်ပါ ဘုရား။
ပါရမီ ဖြည့်တော်မူရခြင်းကိုမူ တပည့်တော် ငြင်းဆိုခြင်း မပြုပါ၊ ဤမျှဖြင့် ဤအခန်း ၁၉-ကို လျှောက်ထားပါကြောင်းပါ ဘုရား။
သောဓနာ အမှတ် (၂၀-၂၁) မချေပလို
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခု စောဒက ဆရာတော်များဘက်မှ တင်ထားသော အခန်း (၂၀-၂၁)နှင့် ပတ်သက်၍ တပည့်တော် ဖြေကြားရန် ဆန္ဒရှိပါသော်လည်း ဤအခန်းများ၌ပါသော သံဂါယနာတင်သမိုင်းများမှာ မြန်မာလိုရော အနောက်တိုင်းစာပေများမှ စာအုပ်ကျမ်းစာ ဖြစ်နေ၍ ဆဋ္ဌသံဂါယနာတင် ကျမ်းများ၌ မတွေ့ရပါသောကြောင့် တပည့်တော် ဖြေကြားရန် မဝံ့ ဖြစ်နေပါသည် ဘုရား။
ထို့ကြောင့် နောက်ဆုံးအခန်းများကို ဘုရားတပည့်တော်အား ခွင့်လွှတ်တော်မူရန် လေးမြတ်စွာ တောင်းပန်ရပါသည် ဘုရား။
နောက်ဆုံးအနေနှင့် တပည့်တော် လေးစားစွာ လျှောက်ကြားလိုသည်မှာ ယခု တပည့်တော် ဤဝိနိစ္ဆယခုံရုံးတော်သို့ တပည့်တော်အနေနှင့် ဖြေကြားသမျှသည် မူလစေတနာအားဖြင့် သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေး ဟူသော နိုင်ငံတော်၏လုပ်ငန်းကြီးတွင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကူညီရာရောက်လျှင် ကျေနပ်ပြီဟူသော သဘောမျှသာ ဖြစ်ပါသည် ဘုရား။
အနိုင်အရှုံးထားခြင်းသဘော မဟုတ်ကြောင်း စကားဦးလျှောက်ထားချက် အတိုင်းသာ ဖြစ်ပါ၍ ဆုံးဖြတ်ရန်မှာ ဆရာတော်များ၏ အခွင့်အရေးမျှသာ ဖြစ်ပါသောကြောင့် တပည့်တော် မလျှောက်ထားလိုပါ ဘုရား။
နိဂုံးအားဖြင့် ဤဝိနိစ္ဆယခုံရုံးတော်ရှိ ဝိနည်းဓိုရ်ဆရာတော်များအားလည်းကောင်း၊ တင်ပြတော်မူကြသော စောဒကဆရာတော်များအားလည်းကောင်း၊ စီစဉ်တော်မူကြသော သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအား လည်းကောင်း အထူးကျေးဇူးတင် ဝမ်းမြောက်ကြောင်း လေးစားစွာ လျှောက်ထားအပ်ပါသည် ဘုရား။
သခင်မြတ်ဆိုင် ချေပချက် ပြီး၏၊
---------
သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ချုပ်မှ တင်သွင်းသောနိဒါန်း
သို့
သဘာပတိဆရာတော်
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ခုံအဖွဲ့ အမှတ် (၂)
အပရဂေါယာနကျောင်းဆောင်
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။
နိဒါန်းလွှာပါ ဘုရား-
လဇ္ဇီပေသလ သိက္ခာကာမ သီလဝန္တ ပိဋကတ္တယပါရဂူ ဖြစ်တော်မူကြကုန်သော နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ခုံရုံး အမှတ်(၂) သဘာပတိ ဆရာတော်ဘုရားကြီးနှင့် အဖွဲ့ဝင် ဆရာတော် အရှင်သူမြတ်တို့ ဘုရား။
တပည့်တော်များ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ စုဒိတကဒါယကာ အပေါင်းတို့က ဆရာတော်ကြီးများ၏ ခြေတော်စုံကို ဦးခိုက်၍ ရိုသေလေးစားစွာ လျှောက်ထားလွှာ တင်သွင်းအပ်ပါသည် ဘုရား။
ယခု တပည့်တော်တို့ တင်သွင်းလျှောက်ထားသည့် တင်သွင်းလွှာသည် စောဒကရဟန်းတော် အရှင်သူမြတ်များ တင်သွင်းစောဒနာသည့် အချက်အလက်များကို သောဓနာပြုရာ၌ အချီနိဒါန်း ဖြစ်ပါသည်၊ သီးခြားတင်သွင်းလွှာ မဟုတ်ကြောင်း ရှေးဦးစွာ အသိအမှတ် ပြုပါရန် လျှောက်ထားလိုပါသည် ဘုရား၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ဗုဒ္ဓဝါဒီပုဂ္ဂိုလ်များအား တင်ပြဖြန့်ဖြူးသည့် ဗုဒ္ဓဝါဒဓမ္မဒေသနာတော်များအပေါ် ဓမ္မ, အဓမ္မ စိစစ်ရာ၌ အပြည့်အစုံ တင်ပြပါမှ ကြောင်းကျိုးဆက်စပ်မှု ရှိပါလိမ့်မည်၊ ဤကိစ္စသည် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့သမိုင်းတွင် အလွန်အရေးကြီးသော ကိစ္စရပ် ဖြစ်ပါသောကြောင့် သာမန်အားဖြင့် လျှောက်ထား၍ မဖြစ်ပါ၊ ပေါ့ပေါ့တန်တန် သဘောမျိုးဖြင့် တင်ပြ၍ မဖြစ်ပါ၊ အလေးအနက်ထား၍ အရှိကို အရှိအတိုင်း အဖြစ်ကို အဖြစ်အတိုင်း မှန်ကန်စွာ တင်ပြပါမှ ဗုဒ္ဓသာသနာတော်အတွက် ကြီးစွာသော အထောက်အကူ ဖြစ်ပါလိမ့်မည် ဘုရား။
ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာတော်သည် တစ်ဦးတစ်ယောက်ပိုင် မဟုတ်ပါ၊ တစ်သင်းတစ်ဖွဲ့ပိုင် မဟုတ်ပါ၊ တစ်ဂိုဏ်းပိုင် မဟုတ်ပါ၊ ဗုဒ္ဓမြတ်စွာအား ရှင်အာနန္ဒာမထေရ်မြတ်ကြီးက “ရဟန်းသံဃာနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာကိုမျှ မြွက်ကြားတော်မမူရသေးသမျှ ကာလပတ်လုံး ပရိနိဗ္ဗာန် စံဝင်တော်မူလိမ့်မည် မဟုတ်ဟု အောက်မေ့မိသောကြောင့် သက်သာခွင့် ရပါတော့သည် အရှင်ဘုရား”ဟု လျှောက်ထားသည့် အခါတွင် မြတ်စွာဘုရားသခင်က ဤသို့ မိန့်ကြား တော်မူသည်ကို မဟာပရိနိဗ္ဗာနသုတ်တွင် တွေ့ရှိရပါသည် ဘုရား။
“အာနန္ဒာ... ရဟန်းသံဃာသည် ငါ့ထံမှ အဘယ်အရာကိုများ မျှော်လင့်နေသေးသနည်း၊ အာနန္ဒာ ငါသည် အတွင်းအပြင် မထားဘဲ တရားကို ဟောခဲ့ပြီးပြီ၊ အာနန္ဒာ တထာဂတကား တရား၌ ဆရာစား ချန်ထားသော လျှို့ဝှက်ချက် မရှိချေ”
“အာနန္ဒာ... ရဟန်းသံဃာကို ငါသာလျှင် သိမ်းယူထားအံ့ဟူ၍လည်းကောင်း၊ ရဟန်းသံဃာသည် ငါ့ကိုသာလျှင် အားကိုးခြင်း ရှိနေစေဟူ၍လည်းကောင်း လိုလားခြင်းရှိသော သူသည်သာလျှင် ရဟန်းသံဃာနှင့် စပ်လျဉ်း၍ မြွက်ဆိုရာ၏၊ အာနန္ဒာ... တထာဂတမူကား ထိုသို့ မဟုတ်ပေ၊ အာနန္ဒာ ထိုသို့ လိုလားခြင်းမရှိသော တထာဂတသည် ရဟန်းသံဃာနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ မှာထားချက်ကို အဘယ်မှာ မြွက်ကြားတော့အံ့နည်း”
ဤအထောက်အထားအရ ဗုဒ္ဓမြတ်စွာသည် မိမိသာသနာတော်ကို မည်သူအားမျှ မအပ်နှင်းခဲ့ကြောင်း သိရှိရပါသည်၊ ထို့ကြောင့် ဗုဒ္ဓဘာသာ သာသနာတော်သည် တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ တစ်ဂိုဏ်းပိုင် မဟုတ်ဘဲ ဗုဒ္ဓကို ကြည်ညိုလေးစားသူ အားလုံးနှင့် သက်ဆိုင်ကြောင်း ထင်ရှားပါသည် ဘုရား။
ထို့ကြောင့် ယခု တပည့်တော်တို့ ရင်ဆိုင်ရမည့် ကိစ္စသည် ဗုဒ္ဓမြတ်စွာ၏ ဓမ္မရေးရာကိစ္စ ဖြစ်သောကြောင့် အလွန် ဝန်လေးလှပါသည်၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် တပည့်သာဝကများအတွင်း ဂိုဏ်းအမျိုးမျိုး ကွဲပြား၍ အယူအဆရေးရာ ကွဲလွဲလာကြသည်မှာ ယနေ့တိုင် ဖြစ်ပါတော့သည် ဘုရား၊ ဗုဒ္ဓကို ကြည်ညိုသူ အချင်းချင်း ကိုယ့်အမြင်နှင့်ကိုယ် နေခဲ့ကြပါသည်၊ ယခုသော် စောဒကများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့် ဝိနည်းဓိုရ်ခုံရုံးအဖွဲ့ဝင် ဆရာတော်ကြီးများ အပြည့်အစုံ သိသင့်သည်ဟု ယူဆပါသောကြောင့် တပည့်တော်များအား ပြည့်စုံစွာ လျှောက်ထား ခွင့်ပြုတော်မူပါရန် ရိုသေလေးစားစွာ ခွင့်ပန်ကြားအပ်ပါသည် ဘုရား။
နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ဘုရားကြီးများနှင့် တွေ့ဆုံစဉ်ကပင်လျှင် တပည့်တော်များ၏ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့နှင့် ပတ်သက်၍ ဖြစ်ရပ်အမှန်ကို အသေးစိပ် တင်ပြ လျှောက်ထားခဲ့ပြီးပါပြီ၊ ဆရာတော်ဘုရားကြီးများ၏ စိတ်တွင် သံသယကင်းရှင်းသွားစေရန် ရည်သန်၍ လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည်၊ သည့်ထက်ပို၍ ရှင်းစေရန်အတွက်လည်း လက်ရှိ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ အခြေအနေသဘောထား စသည်တို့ကို ဖော်ပြလျက် စာတမ်းလျှောက်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဗဟိုဌာနချုပ်သို့ (၁၆-၃-၈၁) နေ့စွဲဖြင့် တင်သွင်း၍ အောက်ပါအတိုင်း လျှောက်ထားခဲ့ပါသည် ဘုရား။
မှတ်ချက်။ ။ စောဒနာ (၂၁)ချက်နှင့် မပတ်သက်၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့ ပေးပို့သော စာကိုဤရုံးတော်က ဖတ်ကြားခွင့် မပြုပါ။
အထက်ဖော်ပြပါ စာတမ်းတွင် တပည့်တော်များ တင်ပြလျှောက်ထားချက်များမှာ ရိုးသားဖြူစင်စွာ လျှောက်ထားသည့် အချက်များ ဖြစ်ပါသည် ဘုရား၊ တပည့်တော်များ၏ ခံယူချက်နှင့် သဘောထားအစစ်အမှန်များ ဖြစ်ကြပါသည် ဘုရား၊ တပည့်တော်တို့ တရားရှာသည်မှာ ဓမ္မ-အဓမ္မ အငြင်းပွားရန်အတွက် မဟုတ်ပါ ဘုရား၊ ဒုက္ခငြိမ်းအေးရေးအတွက်သာ တရားရှာကြခြင်း ဖြစ်ပါသည်ဟူ၍ လျှောက်ထားခဲ့သည်မှာ ရိုးသားစွာ လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည် ဘုရား၊ “အေးစေလိုလို့ တရားနာ၊ ပူဇာစနှင့်တွေ့”ဟူသော အဖြစ်မျိုးကို တပည့်တော်များ လုံးဝမလိုလားသည်မှာ အမှန်တကယ်ပင် ဖြစ်ပါသည် ဘုရား၊ “တရားမရှာမိလျှင် အကောင်းသား”ဟူသော သဘောထားမျိုးလည်း ဗုဒ္ဓဘာသာဝင်များအတွင်း ပြန့်ပွားမသွားစေလိုပါ ဘုရား၊ ဗုဒ္ဓဘာသာဝင် အချင်းချင်း ဗုဒ္ဓကို ကြည်ညိုသူအချင်းချင်း “လို-ဖြည့်, ပို-ဖြုတ်” သဘောထား ကြီးကြီးထား၍ ညှိနှိုင်းလိုက်လျှင် အေးငြိမ်း ပြီးပြေသွားလိမ့်မည်ဟူ၍လည်းကောင်း တပည့်တော်တို့ ခံယူကျင့်သုံးချက် ဟောပြောချက်များတွင် မဟာနာယက ဆရာတော်ဘုရားကြီးများက မနှစ်သက်သော အချက်အလက်များ ပါရှိပါလျှင် ဆရာတော်ဘုရားကြီးများက မေတ္တာရပ်ခံ ဆိုဆုံးမသည်ကို နာယူခြင်းအားဖြင့် အေးငြိမ်း ပြီးပြေသွားမည်ဟူ၍လည်းကောင်း ရိုးသားစွာပင် ယုံကြည်ခဲ့ပါသည် ဘုရား။
သို့ရာတွင် တပည့်တော်များ ယုံကြည်မျှော်လင့်သည့်အတိုင်း လက်တွေ့တွင်ဖြစ်မလာခဲ့ပါ၊ တပည့်တော်တို့ မမျှော်လင့်သည့် တပည့်တော်များ မလုပ်လိုသည့် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ခုံရုံးသို့ အတင်ခံရပြီး ပြန်လှန်ချေပရမည့် အဆင့်သို့ ရောက်လာခဲ့ရပါသည် ဘုရား။
ထို့ကြောင့်-
ဘုရားလူ့ဘ၊ မုနိန္ဒလျက်၊ မိန်းမယောက်ျား၊ လူ့စကားဖြင့်၊ မကြားစတောင်း၊ မဆိုကောင်းကို၊ အကြောင်းဆောင်သွေး၊ ဆိုတုံသေးရှင့်၊ ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့-
ဟူ၍ အင်းဝခေတ် စာဆိုတော် ရှင်မဟာရဋ္ဌသာရ မိန့်ကြားစပ်ဆိုသကဲ့သို့ပင် ဆိုခွင့်ဆိုရာ ရောက်လာ၍သာ လျှောက်ထားရပါသည် ဘုရား၊ ဆိုသင့်ဆိုရာကို မလျှောက်ထားပြန်လျှင်လည်း တပည့်တော်များတွင် တာဝန်မကျေ ဖြစ်ရပါတော့မည်၊ ဤသို့ တာဝန်မကျေ ဖြစ်မည့်တာကြောင့်သာ လျှောက်ထားရခြင်း ဖြစ်ပါသည် ဘုရား၊ ဆရာတော်ကြီးများအား မရိုမသေ မလေးမစား၍ မဟုတ်ပါ ဘုရား၊ ပင်းယခေတ် စာပေပညာရှင်ကြီးဖြစ်သော အဘိဓာန်ဋီကာကျမ်းပြု ဆရာကြီး စတုရင်္ဂဗလအမတ်ကြီးက ဆူးတွင်းပစ် ဆရာတော်ဘုရားကြီးအား အဘိဓမ္မာရေးရာနှင့် ပတ်သက်၍ ပုစ္ဆာ မေး လျှောက်ရာ၌-
“ရွှေဘဝါးတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့နှင့်၊ ရွံ့ကြောက်လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်စံပယ်လျက်”
ဟူသော ထုံးကို နှလုံးမူ၍ တပည့်တော်တို့မှာ ဆရာတော်ဘုရားကြီးများ၏ ပညာဂုဏ် သီလဂုဏ် သမာဓိဂုဏ်တို့ကို အလွန်လေးစားလှသဖြင့် မလျှောက်ဝံ့ဝံ့ဖြင့် လျှောက်ထားရခြင်း ဖြစ်ပါသည် အရှင်ဘုရား၊ မကြောက်ရွံ့သောစိတ် ယှဉ်ပြိုင်လိုသောစိတ်ဖြင့် လျှောက်ထားခြင်းမျိုး မဟုတ်ကြောင်းကို ရိုးသားစွာ တင်ပြ လျှောက်ထားအပ်ပါသည် ဘုရား။
ရှင်ဥက္ကဋ္ဌဝါဒဆိုသည်နှင့် ပတ်သက်၍
ရှင်ဥက္ကဋ္ဌဝါဒဆိုသည်ကို တကယ်ပင် မကြားဖူးကြသောကြောင့် တပည့်တော်တို့ ရိုးသားစွာ ငြင်းပယ်ခြင်း ဖြစ်ပါသည် ဘုရား၊ အမှန်တကယ်လည်း ဆရာတော်ကြီး ရှင်ဥက္ကဋ္ဌသည် တပည့်တော်တို့အား နိကာယ်များတွင် လာရှိသည့် ဗုဒ္ဓ၏ ဓမ္မဒေသနာများကိုသာ ဟောကြားခဲ့ပါသည်၊ တမင် တီထွင်၍ အသစ်အဆန်း ဘာတရားကိုမျှ မဟောကြားခဲ့ပါ ဘုရား၊ ရှင်ဥက္ကဋ္ဌ ဟောကြားသည့် ဗုဒ္ဓ၏ ဓမ္မဒေသနာများကိုသာ “ရှင်ဥက္ကဋ္ဌဝါဒ”ဟု အမည်တပ်မည်ဆိုလျှင် မြန်မာနိုင်ငံတွင် ဓမ္မကထိကပေါင်းစုံ ဟောသော တရားများနှင့် ဝိပဿနာဂိုဏ်း မျိုးစုံတို့က မိမိတို့၏ အမြင်နှင့် မိမိတို့ဟော ပြောနေသည့် တရားများကိုလည်း ထိုဓမ္မကထိကများ ထိုဝိပဿနာဂိုဏ်းဝင် ရဟန်းတော်များ၏ ဘွဲ့အမည်နှင့် ဂိုဏ်းအမည်များ တွဲဖက်၍ ဦးဇဋိလဝါဒ, ဦးဉာဏိဿရဝါဒ, မဟာစည်ဝါဒ, စွန်းလွန်းဝါဒ, မိုးညှင်းဝါဒ, ဉာဏစာဂီဝါဒ, စသည်အားဖြင့် အမည်တပ်ဆင်ရပါလိမ့်မည် ဘုရား၊ ဤသို့ဆိုလျှင် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာလောကတွင် ဝါဒပေါင်း ရာနှင့်ထောင်နှင့်ချီ၍ ပေါ်ပေါက်နေပြီဟု ဆိုရပါလိမ့်မည်၊ “ရှင်ဥက္ကဋ္ဌဝါဒ” ကို ဓမ္မ-အဓမ္မ စိစစ်လျှင် အခြား ဆရာတော်များ၏ တရားများနှင့် ဝိပဿနာဂိုဏ်းမျိုးစုံတို့၏ တရားများကိုလည်း ဓမ္မ-အဓမ္မဟု စိစစ်ရပါလိမ့်မည်၊ ဤသို့ဆိုလျှင် သာသနာရေး အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါသည် ဘုရား။
သမ္မာဒိဋ္ဌိသုတေသနဝါဒ
ယခုတစ်ဖန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် ဥက္ကဋ္ဌကြီးထံသို့ (၁၉-၅-၈၁) နေ့စွဲဖြင့် ပေးပို့သည့် စာအမှတ် ၂၀၈/၃/သာ-မဟနတွင် “သမ္မာဒိဋ္ဌိသုတေသနဝါဒ”ဟူသော အသုံးအနှုန်းကို တပည့်တော်တို့ အတိအလင်း ငြင်းဆိုပါသည်၊ သီးခြား အသစ်အဆန်း မဟုတ်သောကြောင့် ဖြစ်ပါသည် ဘုရား၊ ဝါဒဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က မိမိဘာသာ တီထွင်၍ အသစ်အဆန်းတစ်ခု ဖြစ်သည့် အယူအဆရေးရာတစ်ခု (ဝါ) တီထွင်ဖန်တီးသည့် အယူအဆသစ်တစ်ရပ်ဟု တပည့်တော်တို့ သဘောပေါက် နားလည်ပါသည် ဘုရား၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့တွင် အယူအဆရေးရာ သဘောထားခံယူချက် (၁၂) ချက် ရှိပါသည် ဘုရား၊ ထိုခံယူချက် (၁၂)ချက်သည်လည်း တပည့်တော်များက အသစ်အဆန်းအဖြစ် တီထွင်ဖန်တီးထားချက်များ မဟုတ်ပါ ဘုရား၊ ဗုဒ္ဓ၏ ဓမ္မဒေသနာ တော်များကို လေ့လားကျင့်သုံး၍ ရရှိသော ဗုဒ္ဓဝါဒအနှစ်သာရများကို ကောက်နုတ်ပြီး တပည့်တော်တို့၏ ခံယူချက်အဖြစ် ပြဌာန်းထားခြင်းသာ ဖြစ်ပါသည် ဘုရား၊ ဝါဒတစ်ခုအဖြစ် ဖန်တီးထားခြင်း မဟုတ်ပါ ဘုရား။
သမ္မာဒိဋ္ဌိသုတေသနဆိုသည်မှာ အမြင်မှန်ရရှိရေးအတွက် လေ့လာရှာဖွေမည်ဟူသော အဓိပ္ပာယ်ကို တပည့်တော်များ ရည်ညွှန်းထားပါသည် ဘုရား၊ မည်သည့်ကိစ္စအတွက် အမြင်မှန် ရစေရန် လိုအပ်ပါသနည်း၊ ဒုက္ခငြိမ်းအေးရေးကို ပို့ဆောင်နိုင်သည့် အကျင့်လမ်းစဉ်အတွက်သာ အမြင်မှန် ရရှိရန် လိုအပ်ပါသည်၊ အမြင်မမှန်လျှင် အကျင့်လမ်းစဉ်လည်း မှန်ကန်နိုင်မည် မဟုတ်ပါ ဘုရား၊ အကျင့်လမ်းစဉ် မမှန်ကန်လျှင် ဗုဒ္ဓအလိုတော်ကျ ဒုက္ခငြိမ်းအေးရေးနှင့် ကင်းဝေး၍ ဘေးသို့သာ ချော်ထွက်သွားပါမည် ဘုရား၊ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထသည် ဥရုဝေလတောတွင် (၆)နှစ်တာပတ်လုံး ဒုက္ကရစရိယာအကျင့်မှားကြီးကို မသေရုံ အခြေအနေထိ မှားယွင်းစွာ ကျင့်သုံးမိခဲ့သည်မှာ မှန်ကန်သော အမြင်ဖြစ်သည့် “အရိယာပညာ” ကို မရရှိခဲ့သောကြောင့် ဖြစ်သည်ဟု မဇ္ဈိမနိကာယ် မြန်မာပြန် မဟာသီဟနာဒသုတ် စာမျက်နှာ (၁၂၂) တွင် တွေ့မြင်ဖတ်ရှုရပါသည် ဘုရား၊ ထို့ကြောင့် အမြင်မှန် ရရှိရေးကို အထောက်အကူပြုသည့် သမ္မာသင်္ကပ္ပ ဖြစ်နိုင်ရန်အတွက် တပည့်တော်တို့ လေ့လာကြရပါမည်၊ ရှာဖွေကြရပါမည်၊ ဆည်းပူးကြရပါမည် ဘုရား၊ ဗုဒ္ဓဝါဒနှင့် ပတ်သက်သော စာပေမျိုးစုံကို ဖတ်ရှုကြရပါမည်၊ မိမိတို့ ရှာဖွေရရှိသမျှ လေ့လာရရှိသမျှ ဖတ်ရှုရရှိသမျှ ဓမ္မမိတ်ဆွေအချင်းချင်း စုဝေး၍ တင်ပြကြရပါမည်၊ ဆွေးနွေးကြရပါမည်၊ ဝေဖန်သုံးသပ်ကြရပါမည်၊ ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူသော ဗုဒ္ဓ၏ လမ်းစဉ်အတိုင်း ဆန်းစစ်သုံးသပ်ကြရပါမည်၊ ရရှိသမျှ ဗုဒ္ဓဝါဒ အနှစ်သာရများကို လက်တွေ့လိုက်နာ ကျင့်သုံးကြရပါမည်၊ ဒုက္ခငြိမ်းအေးရေးမှန်လျှင် လက်ခံကြရန်သာ ဖြစ်ပါသည် ဘုရား၊ ဤသို့ တပည့်တော်တို့ ခံယူဆုံးဖြတ်၍ ကိုယ်တိုင်လည်း လက်တွေ့ လုပ်ကိုင်ကြပါသည် ကျင့်သုံးကြပါသည် ဘုရား။
တပည့်တော်တို့သည် သမ္မာဒိဋ္ဌိအမြင်မှန် ရရှိရေးအတွက်သာ အဓိကအားဖြင့် မြန်မာနိုင်ငံရှိ ကျမ်းပြုဆရာတော် အသီးသီးတို့၏ ကျမ်းစာအမျိုးမျိုးကိုလည်းကောင်း လူပညာရှိများ ရေးသားသည့် ကျမ်းစာအမျိုးမျိုးကို လည်းကောင်း ဖတ်ရှုလေ့လာကြပါသည်၊ ထို့ပြင် အနောက်တိုင်း ပါဠိပညာရှင်များ, အိန္ဒိယ သီဟိုဠ် ပါဠိပညာရှင်များ, ဗုဒ္ဓကျမ်းစာ ပညာရှင်များ ရေးသားပြုစုသည့် ဗုဒ္ဓဝါဒဆိုင်ရာ ကျမ်းစာအမျိုးမျိုး သုတေသနစာတမ်း အမျိုးမျိုးကိုလည်း ဖတ်ရှုလေ့လာ ကြပါသည်၊ ပိဋကတ်မြန်မာပြန်ကျမ်းများကိုလည်း ဖတ်ရှုလေ့လာကြပါသည်၊ ကမ္ဘာ့သမိုင်း, အိန္ဒိယနိုင်ငံသမိုင်း, သာသနာ့သမိုင်းလမ်းကြောင်း, သံဂါယနာတင်ပုံများ, စင်ပြိုင် သင်္ဂါယနာတင်ပွဲများ, အိန္ဒိယဒဿနများနှင့် အိန္ဒိယစာပေသမိုင်း စသည်တို့ကိုလည်း လေ့လာကြပါသည် ဘုရား။
ဤသို့ လေ့လာဆည်းပူးရာ၌ “ကေသမုတ္တိသုတ္တန်” တွင် ပါဝင်သော အချက် (၁၀)ချက်ဖြင့် ဘောင်ခတ်ပြီး ဗုဒ္ဓ မြတ်စွာ၏ အနတ္တ, ပဋိစ္စသမုပ္ပါဒတို့ကို အခြေခံထား၍ လေ့လာကြပါသည် ဘုရား၊ ရရှိသမျှ ဓမ္မသာကစ္ဆာပွဲများ ကျင်းပ၍ တင်ပြပြီး ဝေဖန်ဆွေးနွေးကြပါသည် ဘုရား၊ မရှင်းလင်းသည့် အချက်အလက်များ သံသယဖြစ်သည့် အချက်အလက်များ အယူအဆရေးရာနှင့် ပတ်သက်သည့် သဘောတရားများ စသည်တို့ကို ဆရာတော်ဘုရားကြီး အရှင်ဥက္ကဋ္ဌအား မေးမြန်းလျှောက်ထားကြပါသည် ဘုရား၊ ဆရာတော်ဘုရားကြီး၏ ရှင်းလင်းချက်များ တရားဒေသနာများကိုလည်း နာကြားကြပါသည်၊ ရရှိသမျှ တင်ပြဆွေးနွေး၍ တပည့်တော်တို့၏ ဒုက္ခငြိမ်းအေးရေးအတွက် လက်တွေ့အသုံးချကြပါသည်၊ လိုက်နာကျင့်သုံးကြပါသည် ဘုရား၊ ဗုဒ္ဓမြတ်စွာ၏ ဓမ္မဂုဏ်တော်များနှင့် ညီညွတ်သည့် တရားတော်များကို လက်တွေ့ ကျင့်သုံးကြပါသည် ဘုရား၊ နီးစပ်သည့် ဓမ္မမိတ်ဆွေများကိုလည်း လက်ဆင့်ကမ်းခဲ့ပါသည်၊ အလုံးစုံ ဒုက္ခမငြိမ်းအေးသည့်တိုင်အောင် အေးငြိမ်းနိုင်သမျှ အေးငြိမ်းနိုင်ကြပါစေ... ဟူသော သန့်စင်သည့် စေတနာဖြင့် ဒုက္ခငြိမ်းအေးစေရန် အဓိကထား၍ လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည် ဘုရား။
တပည့်တော်များ ဤသို့ လက်တွေ့ကျင့်သုံးခြင်း လက်ဆင့်ကမ်းခြင်းတို့မှာ ဝါဒသစ်တစ်ရပ်ကို ထူထောင်၍ အသစ်အဆန်း တီထွင်ပြုလုပ်ခြင်း မဟုတ်ပါ၊ ဗုဒ္ဓဝါဒ အနှစ်သာရဘောင်အတွင်းတွင် ပြုလုပ်ခြင်းသာ ဖြစ်ပါသည်၊ ကေသမုတ္တိသုတ္တန်လာ ဗုဒ္ဓမြတ်စွာ၏ ဩဝါဒဒေသနာနှင့် အညီသာ လိုက်နာဆောင်ရွက်ခြင်း ဖြစ်ပါသည် ဘုရား၊ ဗုဒ္ဓဝါဒကို လေ့လာ၍ သဘောပေါက်လေလေ ဗုဒ္ဓမြတ်စွာကို ကြည်ညိုလေလေ ဖြစ်ပါသည် ဘုရား၊ ဗုဒ္ဓသာသနာတော် ပြန့်ပွားစေလိုသည့် စေတနာလမ်း ပေါ်ပေါက်လေလေ ဖြစ်ပါသည် ဘုရား။
ဤစေတနာဖြင့်သာ တပည့်တော်များသည် ဗုဒ္ဓ၏ ဓမ္မဒေသနာတော်များကို ဖြန့်ဖြူးခဲ့ကြပါသည် ဘုရား။
ဤသို့ သမ္မာဒိဋ္ဌိ အမြင်မှန်ရရေးအတွက် ဗုဒ္ဓဝါဒဆိုင်ရာ ကျမ်းစာများကို ဘက်စုံထောင့်စုံဖြင့် လေ့လာရှာမှီးခြင်း သုတေသနပြုခြင်း ဓမ္မသာကစ္ဆာပြုခြင်း ဖြန့်ဖြူးခြင်း စသည်တို့ လုပ်ကိုင်ဆောင်ရွက်သည်ကို “သမ္မာဒိဋ္ဌိသုတေသနဝါဒ”ဟု အမည်တပ်ဆင်၍ စွဲချက်တင်ခြင်းသည် တပည့်တော်တို့ အနေဖြင့် အမျိုးမျိုးတွေးထင်စရာ သံသယဝင်လာစရာများ ဖြစ်လာပါသည် ဘုရား။
မြန်မာနိုင်ငံ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ရဟန်းတော်များတွင် မူလဂိုဏ်းအမျိုးမျိုး ကွဲပြားခဲ့သည့်အပြင် ယခု တူရာစုစည်းလိုက်သည့် အခါတွင်ပင် ဂိုဏ်းကြီး (၉) ဂိုဏ်း ကျန်ရှိနေပါသေးသည်၊ ယခု လက်ရှိ ဝိပဿနာဂိုဏ်းမျိုးစုံနှင့် ဘာသာရေးအဖွဲ့အစည်းမျိုးစုံပါ ထည့်ပေါင်းလိုက်လျှင် ဂိုဏ်းအဖွဲ့အစည်း များစွာ ရှိနေပါသေးသည်၊ ထိုသို့ ရဟန်းဂိုဏ်းများ ဝိပဿနာဂိုဏ်းများနှင့် ဘာသာရေးအဖွဲ့အစည်းများစွာတို့သည် ဗုဒ္ဓမြတ်စွာ၏ ဓမ္မဒေသနာများ အပေါ်တွင် မိမိတို့ ရှုမြင်မိသည့် သဘောပေါက်မိသည့် အမြင်ဖြင့် ကြည့်၍ ဟောပြောဖြန့်ဖြူးနေကြပါသည် ဘုရား၊ အဓိက ရည်ရွယ်ချက်မှာ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်တည်တံ့ ခိုင်မြဲရန်နှင့် ပြန့်ပွားရန်သာ ဖြစ်ပါသည် ဘုရား၊ ထိုသာသနာပြုအဖွဲ့အစည်းများတွင် တပည့်တော်များ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သည်လည်း အဖွဲ့တစ်ဖွဲ့အနေဖြင့် ပါဝင်နေပါသည် ဘုရား။
ဓမ္မအဓမ္မ အငြင်းပွားမှု
ဤကဲ့သို့သော အခြေအနေမျိုးတွင် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သည် မည်သူနှင့်မျှ ဓမ္မ အဓမ္မ အငြင်းမပွားလိုပါ၊ မူလကပင်လျှင် မိမိတို့ ငြိမ်းအေးရေးအတွက်သာ တရားရှာမှီးလေ့လာခဲ့ခြင်း ဖြစ်ပါသည် ဘုရား၊ လူသားဓမ္မမိတ်ဆွေများ စုပေါင်းထားသော အဖွဲ့အစည်းဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော အခွင့်အရေးအရ လွတ်လပ်စွာ လေ့လာရှာမှီးခြင်းသာ ဖြစ်ပါသည် ဘုရား၊ ကေသမုတ္တိသုတ္တန်လာ ဗုဒ္ဓမြတ်စွာ၏ ဒေသနာမိန့်မှာချက်များသည် ဗုဒ္ဓဘာသာဝင်တို့အား အလွန်တရာ တရားမျှတသည့် လွတ်လပ်ခွင့်ကို ပေးထားပါသည် ဘုရား၊ ဤအခွင့်အရေးမျိုးကို အခြားမည်သည့် ဘာသာတွင်မှ ပေးထားသည်ကို မတွေ့ရပါ ဘုရား။
ဗုဒ္ဓ၏ဝါဒသည် ဝိဘဇ္ဇဝါဒ ဖြစ်သည်၊ ဗုဒ္ဓမြတ်စွာသည် ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူသည် ဟူသောအချက်ကို ဝိနည်း ဓိုရ်ဆရာတော် အရှင်မြတ်များလည်း အတည်ပြုလက်ခံပြီး ဖြစ်တော်မူပါသည်၊ ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူသော ဗုဒ္ဓ၏ တပည့်သာဝကများ ဖြစ်ကြသည့် တပည့်တော်တို့သည် သမ္မာဒိဋ္ဌိ အမြင်မှန်ရရှိရေးတွင် အထောက်အကူ ဖြစ်ရန်အတွက်သာ (ဝါ) ဒုက္ခငြိမ်းရေးအတွက်သာ လေ့လာရှာမှီး၍ ဝေဖန်ဆန်းစစ်ပြီး လက်ခံကျင့်သုံးကြသည်မှာ အပြစ်မရှိပေဟူ၍ ရိုးသားစွာပင် ယုံကြည်ကြပါသည် ဘုရား၊ ဗလ့လာရှာမှီးခြင်း, ဝေဖန်ဆန်းစစ်ခြင်းတို့သည် ဗုဒ္ဓမြတ်စွာ၏ ဩဝါဒတော်နှင့် အညီသာ ဖြစ်သည်ဟု ခံယူကြပါသည် ဘုရား။
ဝေဖန်ဆန်းစစ်ခြင်းနှင့် အပြစ်ရှာခြင်းတို့မှာ အလွန်ခြားနားကြောင်းကိုလည်း တပည့်တော်များ နားလည်သဘောပေါက်ကြပါသည် ဘုရား၊ မိမိဘာသာဝင်အချင်းချင်း ဓမ္မသုတေသီ မိတ်ဆွေအချင်းချင်း တင်ပြခြင်း, ဆွေးနွေးခြင်း မေးမြန်းခြင်း, ဖြေကြားခြင်းတို့ကို ဒုက္ခငြိမ်းအေးရေးအတွက် ရိုးသားစွာ လုပ်ဆောင်သင့်သည်ဟု ယူဆပါသည် ဘုရား၊ ဝါဒန္တရ ဘာသာခြားတို့က ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ ဓမ္မဒေသနာများကို ထိပါးလာသည့် အခါမျိုးတွင် ချေပယှဉ်ပြိုင်ခြင်းမှာ တစ်ခန်းတစ်ကဏ္ဍ ဖြစ်ပါသည် ဘုရား။
တပည့်တော်များ သမ္မာဒိဋ္ဌိသုတေသန ဓမ္မမိတ်ဆွေများသည် လူဒါယကာ ဒါယိကာမများသာ ဖြစ်ကြသောကြောင့် လောကဝတ်အရ သားသမီး, မယား ဇနီး စသူတို့၏ စားဝတ်နေရေး ဖူလုံရန်အတွက် သမ္မပ္ပဓာန် တရားလေးပါးနှင့်အညီ စီးပွားဥစ္စာ ရှာဖွေကြရပါသည်၊ သာသနာ့ဝန်ထမ်းများ မဟုတ်ကြသောကြောင့် အချိန်ပြည့် ဓမ္မရေးရာများကို လေ့လာနိုင်ခြင်း မရှိကြပါ၊ “ဆေးတစ်အိုးကျွမ်း-ကွမ်းတစ်ရာညက်” ဆိုသလို ရသလောက် အချိန်တိုကလေးကို အရအမိယူ၍ လေ့လာကြရပါသည် ဘုရား၊ ရဟန်းတော်များကဲ့သို့ စာပေပရိယတ္တိကို အခြေခံမှစ၍ မသင်ယူခဲ့ဖူးသောကြောင့် ရရှိသမျှ အချိန်ကလေးများကို အကျိုးရှိအောင် အသုံးချရပါသည် ဘုရား။
တပည့်တော်တို့မှာ ဆရာတော်ဘုရားကြီးများနှင့် စောဒကအရှင်မြတ်များကဲ့သို့ ပိဋကတ်အတွက် အခြေခံဖြစ်သော သဒ္ဒါကြီး, ရူပသိဒ္ဓိ, ဗာလာဝတာရ, နျာသ, သဒ္ဒါငယ် ဆယ့်လေးစောင်, သဒ္ဒနီတိ (သုတ္တမာလာ၊ ဓာတုမာလာ၊ ပဒမာလာ), အဘိဓာန်, အလင်္ကာ, ဆန်းကျမ်း စသည်တို့ကို မသင်ယူခဲ့ဖူးပါ၊ ပုဒ်စစ်, ရုပ်စစ်, သဒ္ဒါစစ်, ဉာသ်ကောက်, နည်းလေးဆယ်, သံဝဏ္ဏနာ, ဥပစာဆယ်ပါး စသည်တို့ကိုလည်း ဆိုးရိုးနှင့်တကွ မသင်ကြားခဲ့ဖူးပါ၊ နိယံရှစ်ကျမ်းနှင့် စံကျောင်းနိယံ စသည်တို့ကိုလည်း မကျက်မှတ်ခဲ့ဖူးပါ၊ အတက်, အထွက်, စုဒ်, စောဒနာ, နေတ္တိနည်း စသည်တို့ဖြင့် အဋ္ဌကထာ ကျမ်းများကိုလည်း မတက်ယူခဲ့ဖူးပါ၊ သင်္ဂြိုလ်, ဋီကာကျော်, ပရမတ္ထဝိနိစ္ဆယ, နာမရူပပရိစ္ဆေဒ, အဘိဓမ္မာဝတာရ, မဏိသာရမဉ္ဇူသာ ဋီကာကျမ်းများကိုလည်း မကျက်ခဲ့ဖူးပါ၊ ဝီထိလက်ရိုးလည်း မဆိုခဲ့ဖူးပါ၊ ဘုံပုဂ္ဂိုလ် စိတ်ရ ဆိုသည်ကိုလည်း သရုပ်မခွဲခဲ့ဖူးပါ၊ မာတိကာ, ဓာတုကထာ, ညဝါအရကောက်များ, ယမိုက်ဆယ်ကျမ်းအရ ကောက်များကိုလည်း မလိုက်ခဲ့ရဖူးပါ၊ ပဋ္ဌာန်းအရကောက် တောင်မြို့နည်း, စစ်ကိုင်းတောင်ရိုးနည်း, ပဋ္ဌာန်းသိပ္ပံနည်း, မစိုးရိမ်နည်း စသည်တို့ကိုလည်း မလေ့ကျက်ခဲ့ဖူးပါ၊ ဒွေမာတိကာ (ဘိက္ခုနှင့် ဘိက္ခုနီပါတိမောက်)၊ ခုဒ္ဒသိက္ခာ, မူလသိက္ခာဟူသော ဝိနည်းငယ်လေးစောင်ပါဠိ, ကင်္ခါဝိတရဏီအဋ္ဌကထာ၊ ဝဇီရဗုဒ္ဓိဋီကာ စသော ဝိနည်းကျမ်းများကိုလည်း ပါဠိဘာသာဖြင့် မလေ့လာခဲ့ဖူးပါ၊ ကျမ်းကြီးဖောက်နည်းဖြင့် ပါဠိတော် နိကာယ်ကြီးများကိုလည်း မဖောက်ခဲ့ဖူးပါ ဘုရား။
ထို့ကြောင့် တပည့်တော်တို့မှာ သရုပ်သကန် အရကောက်များထက် သဘောပေါက်ရေးကိုသာ အဓိကထား၍ လေ့လာကြရပါသည် ဘုရား၊ ပိဋကတ်မြန်မာပြန်များ၊ မြန်မာဘာသာဖြင့် ရေးသားထားသည့် ကျမ်းစာများနှင့် အင်္ဂလိပ်ဘာသာဖြင့် လေ့လာထားသည့် ကျမ်းစာများကိုသာ အားကိုးအားထားပြု၍ လေ့လာလိုက်စားကြရပါသည် ဘုရား၊ ထို့ကြောင့် တပည့်တော်တို့မှာ စာပေပရိယတ္တိ မတတ်ကျွမ်းကြောင်း ရိုးသားစွာ လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည် ဘုရား၊ အငြင်းပွားရန်အတွက် တရားရှာခြင်း မဟုတ်သောကြောင့် ဓမ္မ-အဓမ္မကိစ္စတွင် စုဒိတက မလုပ်လိုခြင်း ဖြစ်ပါသည် ဘုရား။
သို့ရာတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က (၁၉-၅-၈၁)ရက် နေ့စွဲဖြင့် အမိန့်စာ ထုတ်ဆင့်၍ စုဒိတကလုပ်ရမည်ဟု ညွှန်ကြားလာပါသောကြောင့် တပည့်တော်တို့မှာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ဘုရားကြီးများ၏ အမိန့်တော်ကို အလွန်လေးစား၍ လွန်ဆန်ဝံ့ခြင်းငှာ မတတ်စွမ်းနိုင်ပါသဖြင့် စောဒကတင်လွှာ၏ စောဒနာကို တတ်စွမ်းသမျှသော အသေးအမွှားဉာဏ်ကလေးဖြင့် သောဓနာပြုရပါတော့မည့် အခြေသို့ ရောက်ရှိခဲ့ရပါတော့သည် ဘုရား၊ ဤသို့ သောဓနာပြုရာတွင်-
(၁) နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ခုံရုံးအဖွဲ့ဝင် ဆရာတော်ဘုရားကြီးများ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ သိက္ခာဂုဏ်တို့ကို လေးစားခြင်း,
(၂) ဘုရားမျက်နှာတော်ကိုသာ ထောက်ထားမည်ဟူသော စကားကို အမှန်တကယ် ယုံကြည်ခြင်း,
(၃) အမှုစစ်ပုဂ္ဂိုလ်၏ အင်္ဂါ (၅)ချက်နှင့် ပြည့်စုံသည်ဟု ယုံကြည်ခြင်း,
(၄) ပညာရှိ ဝိနည်းဓိုရ်၏အင်္ဂါ (၅)ပါးနှင့် ပြည့်စုံသည်ဟု ယုံကြည်ခြင်း,
(၅) အဓိကရုဏ်း ငြိမ်းအေးမှု၌ လိုက်နာရန် အင်္ဂါ (၅)တန်နှင့် အမှန်ပြည့်စုံ လိမ့်မည်ဟု စိတ်ချ ယုံကြည်ခြင်း တို့ကြောင့်-
ဘုရားတပည့်တော်တို့သည်လည်း ဗုဒ္ဓမြတ်စွာ၏ တပည့်သားအစစ်ဖြစ်တော်မူသော ကျေးဇူးရှင် ဆရာတော် ဘုရားကြီး ရှင်ဥက္ကဋ္ဌ၏ တပည့်များပီသစွာ-
(၁) ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်တစ်ခုတည်းကိုသာ ထောက်ထား၍-
(၂) အမျက်အာဃာတစိတ် လုံးဝ မဖက်ဘဲ သန့်စင်စွာ-
(၃) အမှန်စကားကိုသာ သဘာဝယုတ္တိ, အာဂမယုတ္တိတို့ဖြင့် ရိုးသားစွာ သောဓနာပြုပါတော့မည် အရှင်သူမြတ်တို့ ဘုရား။
အထူးလျှောက်ထားချက်
ဤသို့ သောဓနာပြုရာ၌ ပုဂ္ဂလဓိဋ္ဌာန် မဖက်ဘဲ ဓမ္မဓိဋ္ဌာန်သက်သက်ဖြင့်သာ သောဓနာပြုရာတွင် ပုတ်ခတ်ထိပါးရန် လုံးဝမရည်ရွယ်ရိုး အမှန်ပါ ဤပွဲကို စကားရည်လုပွဲကဲ့သို့ စကားနိုင် စကားပြိုင်စစ်ပွဲဟုလည်း တပည့်တော်များ မယူဆပါ၊ “သူတပါးကို အောင်နိုင်လိုသော သူသည် မိမိအား သူတပါး အနိုင်ခံရ၏၊ သူတပါးကို ဆဲရေးတတ်သော သူသည်လည်း မိမိအား သူတပါး ဆဲရေးခြင်းကို ခံရ၏၊ သူတပါးကို ချုပ်ချယ်တတ်သော သူသည် မိမိအား သူတပါး၏ ချုပ်ချယ်ခြင်းကို ခံရ၏”ဟူသော သဂါထာဝဂ္ဂသံယုတ်ပါဠိတော်(၅) ကေသလသံယုတ်၊ ဒုတိယ သင်္ဂါမသုတ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော်(၈၁)တွင် ပါရှိသော ဗုဒ္ဓမြတ်စွာ၏ ဩဝါဒကို ယုံကြည်ပါသဖြင့် တပည့်တော်များ အနိုင်ရယူရန်ဟူသော ရည်ရွယ်ချက် လုံးဝမပါရှိပါ ဘုရား၊ ဗုဒ္ဓ၏ ဓမ္မစစ် ဓမ္မမှန် ဖော်ထုတ်ရေး ပွဲသဘင်ဟုသာ ရည်ရွယ်ပါသည် ဘုရား၊ အမှန်ဓမ္မဆိုသည်မှာ အများလက်ခံသည်, အနည်းငယ်မျှသာ လက်ခံသည်နှင့် မသက်ဆိုင်ပါ၊ အမှန်ဓမ္မသည် အမှန်ဓမ္မသာဖြစ်၍ ချေဖျက်၍ ရစကောင်းသော အရာမဟုတ်ဟု တပည့်တော်များ ခံယူပါသည် ဘုရား၊ တပည့်တော်များ၏ ဗုဒ္ဓမြတ်စွာသည် အများနှင့်ဆန့်ကျင်သည့် အမှန်ဓမ္မ အနတ္တကို ဖော်ထုတ်လမ်းညွှန်သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်တော်မူပါသည် ဘုရား၊ ဗုဒ္ဓမြတ်စွာ၏ တပည့်သားမြေးများ ဖြစ်ကြသည့် တပည့်တော်များသည် ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်တစ်ခုတည်းကိုသာ (ဝါ) အမှန်ဓမ္မ တစ်ခုတည်းကိုသာထောက်ထား၍ လျှောက်ထားတင်ပြ လျှောက်ထားမည် ဖြစ်ပါကြောင်းနှင့် သီလဝန္တ သိက္ခာကာမ ပိဋကတ္တယပါရဂူ ဖြစ်တော်မူကြသည့် ဆရာတော် အရှင်သူမြတ်တို့အား အတိဂါရဝ စေတနာအမှန် ရှေ့သွားဖြင့် လျှောက်ထားအပ်ပါသည် သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်အပေါင်းတို့ ဘုရား။
ဆရာတော် အရှင်သူမြတ်အပေါင်းတို့၏ ခြေတော်အစုံကို ဦးခိုက်လျက်-
စောဒနာ ၂၁-ချက်နှင့် မသက်ဆိုင်၍ နိဒါန်းသောဓနာကို ဖတ်ကြားခွင့်မပြု
သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ချုပ်မှ “စောဒက ပုဂ္ဂိုလ်တို့၏ နိဒါန်းကို သောဓနာပြုချက်ပါ ဘုရား”ဟု ခေါင်းစီးတပ်၍ လက်နှိပ်စက်စာမူ ၉-မျက်နှာတိတိပါရှိနေရာ စွဲချက် (၂၁)ချက်နှင့် မည်သို့မျှ မသက်ဆိုင်၍ ရုံးတော်က ဖတ်ကြား တင်သွင်းခွင့် မပြုကြောင်း အောက်ပါအတိုင်း မိန့်ကြားသည်။
သဘာပတိ -ဒီမှာ စောဒကပုဂ္ဂိုလ်တို့၏ နိဒါန်းကို သောဓနာပြုချက်ပါ ဘုရားဆိုပြီး ရှေ့ဖတ်ရမဲ့ ကိစ္စရှိနေတယ်၊ အဲဒီဖတ်ရဖို့ဟာလည်းဘဲ ဆရာတော်တို့ တစ်နေ့က ဒီရုံးတော်ရဲ့ ရပ်တည်ချက်ကို ဖတ်ကြားထားပြီး ဖြစ်တယ်၊ စောဒကဆရာတော်များ တင်ထားတဲ့အတိုင်း ၂၁-ချက်ကိုသာ ပြန်ပြီးသောဓနာပါ (ချေပပါ) လို့ ပြောထားတယ်၊ အခုဒီမှာ စောဒကပုဂ္ဂိုလ်တွေရဲ့ နိဒါန်းကို သောဓနာပြုစရာ မလိုပါဘူး၊ သူတို့ စောဒနာထားတဲ့ ၂၁-ချက်ကိုသာလျှင် သောဓနာခွင့်ရှိပါတယ်၊ သောဓနာဖို့ လိုပါတယ်၊ ဒါကြောင့် စောဒကပုဂ္ဂိုလ်တို့၏ နိဒါန်းကို သောဓနာပြုချက်ပါဆိုတဲ့ စကားတွေအားလုံးကို ဒီမှာတင်သွင်းဖို့ရာ ဆရာတော်တို့ လက်မခံဘူး၊ မဆိုင်တဲ့အတွက် လက်မခံဘူး၊ အကယ်တန္တု ဆိုင်လို့ရှိရင် ဘုန်းကြီးတို့ ခွင့်ပြုမှာပါ၊ ဟိုက စောဒနာထားတာ (၂၁)ချက် စောဒနာထားတယ်၊ နိဒါန်းကို သောဓနာပြုဖို့မလိုဘူး၊ နိဒါန်းက သူတို့ စောဒနာထားတာ မဟုတ်ဘူး။
ဦးမြင့်ဆွေ-မှန်ပါ သဘာပတိဆရာတော်ကြီး မိန့်ကြားတဲ့အတိုင်း ၂၁-ချက်ထဲကပဲ သောဓနာပါမယ် ဘုရား။
သောဓနာ အမှတ်(၁)
[သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ချေပချက်]
အမှတ် (၁)စောဒနာလွှာကို သောဓနာပြုချက်လွှာပါ ဘုရား။
စောဒကရဟန်းတော်များ၏ စောဒနာ အမှတ်(၁)တွင် “ဘာသာသည် ဘိန်းနှင့် တူသည်”ဟူသော စောဒနာကို အောက်ပါအတိုင်း သောဓနာပြုအပ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒကရဟန်းတော်များသည် ဘာသာဟူသော ဝေါဟာရနှင့် သာသနာဟူသော ဝေါဟာရတို့၏ အဓိပ္ပါယ်ကို မကွဲပြားကြသောကြောင့်သာ ဤစကားရပ်အတွက် ဆတ်ဆတ်ခါ နာကျည်းခြင်း ဖြစ်ကြဟန် တူပါသည် ဘုရား၊ အမှန်မှာ မြန်မာဝေါဟာရတွင် ဗုဒ္ဓဝါဒနှင့် ပတ်သက်၍ ယခင်က ဘာသာဟူသော အသုံးအနှုန်း မရှိခဲ့ပါ၊ သာသနာဟူ၍သာ သုံးလေ့သုံးထ ရှိခဲ့ပါသည်။ ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက်တွင် ခရစ်ယာန်သာသနာပြု ဆရာဒေါက်တာဂျပ်ဆင် ရောက်ရှိလာပြီးနောက် (Religion)ကို ဘာသာဟု အဓိပ္ပါယ်ပြန်ရာမှ စတင်၍ ဗုဒ္ဓဟူသော ပုဒ်နှင့် တွဲဖက်ပြီး ဗုဒ္ဓဘာသာဟူသော အသုံးအနှုန်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည် ဘုရား။
ဘာသာဟူသော ဝေါဟာရ၏ မူရင်းအဓိပ္ပါယ်မှာ ပြောဆိုသုံးနှုန်းသော ဘာသာစကား, ဓလေ့ထုံးစံဟူ၍သာ အဓိပ္ပါယ်ရပါသည်၊ ယခုအခါတွင် အယူဝါဒ ကိုးကွယ်မှုဟူသော အဓိပ္ပါယ်တို့ဖြင့် သုံးနှုန်းနေကြပါသည် ဘုရား။
ဤ၌ ဘာသာဟူသည် (Religion) ပင်ဖြစ်ပါသည်၊ ဤစကားကို စောဒက ဆရာတော်များ ဖော်ပြချက်အရ သိရှိရပါသည်၊ ထို (Religion) ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုခဲ့သော် - (Religion means one of the prevalent systems offaith and worship) ဟု အဓိပ္ပာယ် ရပါသည် ဘုရားဟု ယုံကြည်ခြင်း ရှိခိုးကိုးကွယ်ခြင်း ထုံးတမ်းစဉ်လာသည်သာလျှင် ဘာသာဖြစ်ပါသည် ဘုရား။
ဘာသာဟူသော ဝေါဟာရတွင် ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကို ယုံကြည်ခြင်း ထာဝရဘုရား၏ တန်ခိုးပြာဋိကာကို ယုံကြည်ခြင်း ကိုးကွယ်ဝတ်ပြုခြင်းဟူသော အဓိပ္ပာယ်များ ပါဝင်နေပါသည်။ ထို့ပြင် ကမ္ဘာ့ပညာရှင်တို့ကလည်း “ဘာသာ”၏ အဓိပ္ပာယ်ကို ဤသို့ဖွင့်ဆိုကြပါသည်။
(၁) စိန့်သောမတ်စ်အက်ကွီနက်၏ အလို -
ထာဝရဘုရား၏ အလိုဆန္ဒတော်အတိုင်း ၎င်း၏အမှုတော်ကို ကျေပွန်အောင် ထမ်းရွက်ခြင်း (ဝါ) ထာဝရ၏ ဂုဏ်တော် ကျေးဇူးတော်ကို အောက်မေ့ဆင်ခြင်ခြင်းသည် “ဘာသာ”မည်၏၊
(၂) ဆာဂျွန်ဆီလီ၏ အလို -
မျက်မြင်ကမ္ဘာလောကအတွင်း၌ ထင်ရှားရှိ၍ ရှိခိုးထိုက်၊ ရိုသေထိုက် ပူဇော်ထိုက် ဖူးမြော်ကန်တော့ထိုက်သော အရာဟူသမျှကို ရှိခိုးပူဇော်ခြင်း ချီးမွမ်းထိုက် ထောပနာထိုက်သော အရာတို့ကို ချီးမွမ်းထောပနာပြုခြင်းသည် “ဘာသာ”မည်၏၊
(၃) ဖရက်ဒရစ်ဟာရစ်ဆံ၏ အလို -
သဝိညာဏက- အဝိညာဏက (ဝါ) သက်ရှိသက်မဲ့ ကမ္ဘာလောကဓာတ်ကို စီစဉ်ပေးနေသော (ဝါ) လွှမ်းမိုးကြီးစိုး၍ အုပ်ချုပ်နေသော (ဝါ) ကမ္ဘာ၏ ကောင်းမှု ဆိုးမှု တက်မှု ကျမှု ဟူသမျှတို့ကို စီမံနေသော တန်ခိုးပါဝါသည် ရှိခဲ့၏၊ ၎င်းကို ရိုသေကိုင်းရှိုင်းခြင်းသည် “ဘာသာ” မည်၏၊
(၄) ဆီဆီရို၏အလို -
အနန္တတန်ခိုးတော်ရှင် ဤကမ္ဘာလောက၏ ဖန်ဆင်းရှင်ဖြစ်သော ထာဝရဘုရားကို ကြည်ညိုရိုသေလှစွာ ရှိခိုးပူဇော်ခြင်း ခစားဆည်းကမ်းခြင်းသည် သာလျှင် “ဘာသာ”မည်၏၊
(၅) ဂျိမ်းဒ်ကာဒ်၏အလို -
ရှုပ်ထွေးများပြားလှသော လောကမှုတာဝန်ဝတ္တရားတွေ များမြောင်လှစေကာမူ ထာဝရဘုရား၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို မေ့လျော့ခြင်းမရှိဘဲ အမြဲတစေ တ-သ အောက်မေ့လျက် ချီးကျူးထောပနာ ပြုခြင်းသည်သာလျှင် မုချအားဖြင့် “ဘာသာ” မည်ချေ၏၊
(၆) ဆနက်၏ အလို -
ဘာသာဆိုသည်ကား အဝတ်တန်ဆာ၌သော်လည်းကောင်း ဓမ္မသီချင်း ကျူးရင့်သီဆိုခြင်း၌ လည်းကောင်း ဆုတောင်းမေတ္တာပတ္ထနာကို ပြုခြင်း၌သော်လည်းကောင်း၊ အထူးထူးသော မင်္ဂလာ အခမ်းအနားများကို ပြုလုပ်ခြင်း၌ သော်လည်းကောင်း တည်ရှိနိုင်သော အရာမဟုတ်၊ အဟုတ်သော်တမူကား သန့်ရှင်းစင်ကြယ်၍ တည်ငြိမ်သော စိတ်၌သာလျှင် တည်ရှိဖြစ်ပေါ်နိုင်သော အရာဖြစ်သတည်း။
(၇) မသျှူးအာနိုးလ်၏ အလို-
တစ်စုံတစ်ယောက်သော လူသား၏ အတွင်းစိတ်ဓာတ်၌ ထိထိမိမိ လက်တွေ့သိရှိ ထင်မြင်လာသော အချက်ကို ဖော်ပြခြင်း (ဝါ) ဒယာသံယုတ သမ္မာစာရ (ဝါ) ကြင်နာစိတ်နှင့် ယှဉ်သော အကျင့်သည် “ဘာသာ” မည်၏၊(အရှင်ဥက္ကဌ၏ ကပ္ပပြဿနာ ၃-၄)
ဤဗုဒ္ဓသာသနာတော်သည် ဘာသာ အယူဝါဒနှင့် မဆိုင်ပါ၊ ဗုဒ္ဓရှင်တော်မြတ်ကလည်း ဤကဲ့သို့သော ဘာသာအယူဝါဒနှင့် ပတ်သက်၍ အင်္ဂုတ္တရပါဠိတော် မဟာဝဂ် တိတ္ထာယနသုတ် (ဆဋ္ဌမူမြန်မာပြန် စာမျက်နှာ ၁၉၂-ပုဒ်ရေ ၆၂-၌) ရဟန်းတို့ မှားသော အယူတို့သည် ဤသုံးမျိုးတည်း၊ ယင်းအယူတို့ကို ပညာရှိတို့က မေးမြန်းစိစစ် စစ်ဆေးအပ်ကုန်သော် ထို့ထက် လွန်၍ပင်လည်း မပြုခြင်း အကိရိယမျှ၌သာ တည်ကုန်၏၊ အဘယ်သုံးမျိုးတို့ နည်းဟူမူ -
(၁) ရဟန်းတို့ ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်းသုခကို လည်းကောင်း၊ ဆင်းရဲခြင်းဒုက္ခကို လည်းကောင်း၊ ချမ်းသာ ဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ဥပေက္ခာကိုလည်းကောင်း ခံစား၏၊ ထိုခံစားမှု အားလုံးသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာလျှင် ဖြစ်၏ဟု ယူလေ့ရှိသော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏၊
(၂) ရဟန်းတို့ ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်း သုခကိုလည်းကောင်း၊ ဆင်းရဲခြင်း ဒုက္ခကိုလည်းကောင်း၊ ချမ်းသာ ဆင်းရဲမဟုတ်ကုန်သော လျစ်လျူရှုခြင်းသဘော ဥပေက္ခာကို လည်းကောင်း ခံစား၏၊ ထိုခံစားမှုအားလုံးသည် လောကကို အစိုးရသူ ဖန်ဆင်းမှုဟူသော အကြောင်းကြောင့် ဖြစ်၏ဟု ပြောလေ့ ယူလေ့ရှိသော သမဏ ဗြာဟ္မဏအချို့တို့ ရှိကုန်၏၊
(၃) ရဟန်းတို့ ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာခြင်းသုခကိုလည်းကောင်း၊ ဆင်းရဲခြင်းဒုက္ခကိုလည်းကောင်း၊ ချမ်းသာ ဆင်းရဲမဟုတ်သော လျစ်လျူရှုခြင်းသဘော ဥပေက္ခာကိုလည်းကောင်း ခံစား၏၊ ထိုခံစားမှု အားလုံးသည် အကြောင်းမရှိ အထောက်အပံ့မရှိမူ၍ ဖြစ်၏ဟု ပြောလေ့ ယူလေရရှိသော သမဏဗြာဟ္မဏအချို့တို့သည် ရှိကုန်၏၊ ဤသည်တို့ကို ဗုဒ္ဓမြတ်စွာက အမှားလမ်းစဉ် မှားသောအယူဝါဒဟု ဆိုတော်မူ၏၊
ဤသို့သော အမှားလမ်းစဉ် ဘာသာကိုသာ ဘိန်းနှင့်တူသည်ဟု ဆိုလိုရင်း ဖြစ်ဟန်တူပါသည် ဘုရား။
ထိုဘာသာ ကိုးကွယ်မှုမှာလည်း ယုံကြည်ကိုးကွယ်မှု ဖြစ်ပါသည်။ “ကိုးကွယ်”ဟူသော စကားနှစ်လုံးတွင် “ကိုး”ဟူသည်မှာ အားကိုးခြင်းပင် ဖြစ်သည်။ အားကိုးခြင်းသည် လိုချင်မှုကြောင့် ဖြစ်သည်။ လိုချင်မှုဟူသည် အမျှော်လောဘဖြစ်သည်။ အမျှော်လောဘသည် အကုသလဓမ္မ ဖြစ်သည်။
“ကွယ်” ဟူသောစကား၌ ကွယ်ဟူသည် ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်၊ ကာကွယ်စောင့်ရှောက် ခြင်းသည် ကြောက်ရွံ့ထိတ်လန့်ခြင်းကြောင့် ဖြစ်သည်၊ ကြောက်ရွံ့ထိတ်လန့်ခြင်းသည် ဒေါသဖြစ်သည်။ ဒေါသသည် အကုသလဓမ္မ ဖြစ်သည်၊ ထိုသို့ လောဘ ဒေါသ အကုသလဓမ္မ ဖြစ်ခြင်းသည် အခြေအနေ အဖြစ်မှန်ကို ပိတ်ဖုံးမှုမောဟကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ကမ္ဘာ့ဘာသာကြီးများတွင် အကြောက်အမျှော်နှင့် ယှသ်တွဲလျက်ရှိသည်ကို တွေ့ရှိရပါသည် ဘုရား။ ဤသို့သော အကြောက်အမျှော်နှင့် ယှသ်တွဲလျက်ရှိသော ဘာသာကို စွဲစွဲလမ်းလမ်း ယုံကြည်သက်ဝင်ခြင်းသည် ဘိန်းနှင့် တူသည်ဟု ဆိုလိုဟန် တူပါသည် ဘုရား။
သာသနာဆိုသည်မှာ ဘာသာနှင့် လွန်စွာ ကွဲပြားခြားနားပါသည် ဘုရား၊ သာသနာဟူသည် အဆုံးအမသာလျှင် ဖြစ်ပါသည်။ ဗုဒ္ဓသာသနာဟု ဆိုရာ၌ ဗုဒ္ဓ၏အဆုံးအမ ဖြစ်ပါသည်။ ဗုဒ္ဓသည် ဝါတော် (၂၀)၌ ရဟန်းတို့အား အောက်ပါအတိုင်း ဆုံးမခဲ့ပါသည် ဘုရား။
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿူပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။
ဟု - သာသနာဟူသော ပုဒ်၏ အဓိပ္ပာယ်သဘောကို ဖော်ထုတ် ဟောကြား ဆုံးမတော်မူခဲ့ပါသည် ဘုရား။
သဗ္ဗပါပဿ၊ အလုံးစုံသော မကောင်းမှုတို့ကို။ အကရဏံ၊ မပြုလုပ်ရခြင်း။ ကုသလဿ၊ ကုသိုလ်ကောင်းမှုကို။ ဥပသမ္ပဒါ၊ ပြည့်စုံစေခြင်း။ သစိတ္တပရိယောဒပနံ၊ မိမိစိတ်ကို ဖြူစင်စေခြင်း။ ဧတံ၊ ဤသုံးမျိုးသည်။ ဗုဒ္ဓါနံ၊ ဗုဒ္ဓမြတ်စွာတို့၏။ သာသနံ၊ အဆုံးအမ ဖြစ်သည်။
ဤဩဝါဒပါတိမောက်တွင်ပင် သုတ်-ဝိနည်း အဘိဓမ္မာ-ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင် အကျုံးဝင်လျက် ရှိနေသဖြင့် ဤသည်ပင် ဗုဒ္ဓသာသနာ ဖြစ်သည်ဟု တပည့်တော်များ သိရှိမှတ်သားခဲ့ရပါသည် ဘုရား၊ ဘာသာပြန်မှုတွင် တပည့်တော်များ ပါဠိတွင် ကျွမ်းကျင်မှု မရှိပါ၍ ဘာသာပြန်မှားယွင်းခဲ့သော် ပြင်ဆင်၍ ဖတ်ရှုပါရန် လျှောက်ထားအပ်ပါသည် ဘုရား။
ဘာသာယုံကြည်ကိုးကွယ်မှုတွင် ဗုဒ္ဓရှင်တော်မြတ်သည် ယုံကြည်ကိုးကွယ်မှုပြုနေသူ ဝက္ကလိအား နှင်ထုတ်ခဲ့ဖူး၏၊ နှင်ထုတ်သောစကားရပ်တွင် “အလံဝက္ကလိ-ကိရူပေ ရမသေ၊ ဗာလနန္ဒိတေ” ဝက္ကလိ၊ အိုဝက္ကလိ၊ အလံ၊ တော်ပြီ။ ဗာလနန္ဒိတေ၊ လူမိုက်တို့သာ မပစ်ရက်အောင် စွဲမက်၍နေသော။ ရူပေ၊ သဝိညာဏက ရုပ်ကာယ၌။ ကိရမသေ၊ အဘယ်ကြောင့် မွေ့လျော်၍နေဘိသနည်း။ ထိုအခါ ဝက္ကလိသည် ဗုဒ္ဓထံမှ ခွဲသွား၏၊ ဗုဒ္ဓသည် ဝက္ကလိကို ပြန်လည်ခေါ်ယူ၍ ဆုံးမရာတွင် -
ယော ဟိ ပဿတိ သဒ္ဓမ္မံ၊ သော မံ ပဿတိ ပဏ္ဍိတော။
အပ္ပဿမာနော သဒ္ဓမ္ပံ၊ မံ ပဿမ္ပိ န ပဿတိ။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဟိ၊ ဧကန်။ သဒ္ဓမ္ပံ၊ ဟောကြားသော တရားကိုး။ ပဿတိ၊ ရှု၏ မြင်၏ ကြည့်၏၊ သော ပဏ္ဍိတော၊ ထိုပညာရှိသည်။ မံ၊ ငါ့ကို။ ပဿတိ၊ ကြည့်သူ ရှုသူ မြင်သူ မည်၏၊ သဒ္ဓမ္မံ၊ ဟောကြားသည့် တရားကို။ အပ္ပဿမာနော၊ မရှု မမြင် မကြည့်သော သူသည်။ မံ၊ ငါ့ကို။ ပဿမ္ပိ၊ ရှုမြင်ကြည့်၍ နေပါသော်လည်း။ န ပဿတိ၊ ငါ့အား မျက်ဝါးထင်ထင် မတွေ့မြင်ရချေ။ ဤသို့ ဝက္ကလိသုတ္တန်တွင် ယုံကြည်ကိုးကွယ်မှုဘာသာကို လက်ခံမှု မပြုသည်မှာ ထင်ရှားလှပါသည် ဘုရား။
၎င်းပြင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် ဒေါက်တာဝါလ်ပိုလာရာဟုလာ အရှင်သူမြတ် ရေးသားပြုစုသော မြတ်ဗုဒ္ဓဒေသနာ စာအုပ်တွင် စာမျက်နှာ ၁၇-မှစ၍ တွေ့ရှိရသည်မှာ “ဘာသာဝါဒတိုင်းလိုပင် ယုံကြည်မှု (မျက်စိမှိတ်ယုံကြည်မှု)ပေါ်တွင် အခြေတည်ကြလေသည်။ ဗုဒ္ဓဝါဒမှာမူ သက်ဝင်ယုံကြည်မှုပေါ်တွင် အခြေမပြုဘဲ မြင်မှု သိမှု နားလည်မှုပေါ်တွင်သာ အခြေခံလေသည်၊ ဗုဒ္ဓဝါဒစာပေများတွင် တွေ့ရှိသော သဒ္ဓါဟူသော စကားလုံးကို အများအားဖြင့် “သက်ဝင်မှု၊ ယုံကြည်မှု”ဟု ဘာသာပြန်လေ့ရှိကြသည်။ သို့ရာတွင် “သဒ္ဓါ” ဆိုသည်မှာ “ယုံကြည်မှု” မည်ကာမျှ မတ္တမဟုတ်၊ ကိုယ်တိုင် ကျေကျေနပ်နပ် ရှင်းရှင်းလင်လင်းကြီး သိရှိနားလည်၍ ဖြစ်ပေါ်လာသော “စိတ်ချယုံကြည်မှုမျိုး” ဖြစ်ပေသည်။ အများနားလည်သော ဗုဒ္ဓဝါဒနှင့် ကျမ်းစာများတွင် သာမန်ရေးသားသုံးစွဲရာ၌ သဒ္ဓါဆိုသည်မှာ ဘုရား တရား သံဃာတို့အား ကိုးကွယ်ယုံကြည်သည် ဆိုသော အဓိပ္ပာယ်မျိုး ရှိသည်ကိုမူ ဝန်ခံရပေမည်။”
ယင်းစာအုပ် စာမျက်နှာ ၁၈-စာကြောင်းရေ ၁၀ အောက်တွင် “အခြား ဘာသာဝင်တို့ နားလည်ကြသော “သက်ဝင်မှု”၊ သို့မဟုတ် “ယုံကြည်မှု” စသည်တို့သည် ဗုဒ္ဓဝါဒနှင့် ပတ်သက်ခြင်း မရှိပေ၊ ယုံကြည်ခြင်းဟူသော ကိစ္စသည် သိမြင်မှု (အပြည့်အစုံ သိရှိနားလည်းမှု) မရှိမှ ဖြစ်ပေါ်ပေသည်။ သိမြင်နားလည်းသည်နှင့် တစ်ပြိုင်နက် ယုံကြည်ခြင်းဟူသော ပြဿနာသည် မရှိနိုင်တော့ချေ။ လက်ထဲတွင် ကျောက်မျက်ရွဲတစ်လုံးကို ဆုပ်ဝှက်ထားသည်ဟု ပြောပါမူ ကိုယ်တိုင်မျက်စိဖြင့် မမြင်ရ၍ ယုံကြည်ရသော ကိစ္စမျှသာ ဖြစ်ပေသည်။ လက်ဝါးကိုဖြန့်၍ ကျောက်မျက်ရွဲကို ထုတ်ပြပါလျှင် မျက်စိဖြင့် ကိုယ်တိုင်မြင်ရပြီဖြစ်၍ ယုံကြည်ရုံကိစ္စ မဟုတ်တော့ပေ။ ဤသည်ကို ရည်၍ ရှေးကျသော ဗုဒ္ဓကျမ်းစာများတွင် “ကျောက်မျက်ရွဲ သို့မဟုတ် ဖန်ခါးသီးကို လက်ဝါးပြင်တွင် မြင်ရသကဲ့သို့ သဘောပေါက်နားလည်သည်”ဟူသော အသုံးအနှုန်းများကို ဖော်ပြလေ့ရှိပါသည်။
ယင်းစာအုပ် စာမျက်နှာ ၁၉၊ စာကြောင်းရေ (၈) အောက်တွင် “သိခြင်း မြင်ခြင်းသာလျှင် ပဓာနဖြစ်၍ ယုံကြည်ခြင်းမှာ အရာမဟုတ်ပါချေ၊ ဗုဒ္ဓ၏ ဒေသနာတော်များတွင် “ဧဟိ ပဿိက”ဟု ပါရှိရာ “လာ၍ ရှုလှည့်လော့”ဟုသာ ဖိတ်ခေါ်ပေသည်။ “လာ၍ ယုံကြည်” လက်ခံပါဟု မဆိုပေ၊ စာမျက်နှာ (၈၈) တွင်လည်း -
“ဗုဒ္ဓဘာသာထွန်းကားသော တိုင်းပြည်များ၌ ဘာသာရေးနှင့်ပတ်သက်သော အခါကြီးရက်ကြီးများတွင် စိတ်ကြည်နူးဖွယ်ကောင်းသော ရိုးရာဓလေ့ အခမ်းအနားပွဲများ ပြုလုပ်လေ့ ရှိကြသော်လည်း ၎င်းတို့သည် နိဗ္ဗာန်သို့ ပို့ဆောင်သော မဂ်လမ်း အစစ်အမှန်နှင့် မည်သို့မှ မသက်ဆိုင်ပေ။ သို့သော် မရင့်သန်သေးသော ပုဂ္ဂိုလ်တို့၏ ဘာသာတရား၊ ကြည်ညိုစိတ်ကို ဖြည့်စွမ်းထက်သန်စေ၍ မဂ်လမ်းသို့ တဖြည်းဖြည်း ရောက်စေသော အကူအညီ အထောက်အပံ့အဖြစ်ဖြင့်မူ ၎င်းတို့သည် တန်ဖိုးရှိသင့်သလောက် ရှိပေသည်” ဟူ၍ ပါရှိပါသည်။
အထက်ဖော်ပြပါ အချက်များကို ထောက်ရှုခြင်းဖြင့် ဘာသာနှင့် သာသနာ ကွဲပြားကာ ဘာသာသည် ဘိန်းနှင့်တူသည်ဟူ၍ ပြောဆိုဟန်သာ ရှိပါသည် ဘုရား။
မဇ္ဈိမနိကာယ်တွင် ဤသို့ တွေ့ရှိရပါသေးသည် ဘုရား။
ပုဏ္ဏား ဤအတူသာလျှင် နိဗ္ဗာန်သည် တည်ရှိသည်သာတည်း၊ နိဗ္ဗာန်သွားကြောင်း လမ်းခရီးသည် တည်ရှိ၏၊ နိဗ္ဗာန်သို့ ညွှန်ပြနှိုးဆော်သူ ငါသည် တည်ရှိ၏၊ သို့ပါလျက် ငါ၏ တပည့်တို့သည် ငါဤသို့ ပြောဆိုဆုံးမသော် အချို့သော ရဟန်းတို့သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကုန်၏၊ အချို့သော ရဟန်းတို့သည်ကား မပြီးစီးစေနိုင်ကုန်၊ ပုဏ္ဏား ဤအရာ၌ ငါသည် အဘယ်သို့ ပြုနိုင်အံ့နည်း၊ ပုဏ္ဏား မြတ်စွာဘုရားသည် နိဗ္ဗာန်လမ်းခရီးကို ညွှန်ကြားသူသာ ဖြစ်၏ဟု (မိန့်တော်မူ၏) (ဥပရိပဏ္ဏာသပါဠိတော် - ဂဏကမောဂ္ဂလာနသုတ္တ၊ နှာ-၆၀)
ဤသုတ်၏ မိန့်ဆိုချက်အရ ဗုဒ္ဓမြတ်စွာသည် နိဗ္ဗာန်လမ်းခရီးကို ညွှန်ကြားသူသာ ဖြစ်ကြောင်း ထင်ရှားနေပါသည်။ “ငါသည် အဘယ်သို့ ပြုနိုင်အံ့နည်း”ဟူသော ဗုဒ္ဓမိန့်ကြားတော်မူချက်သည် ဖန်ဆင်းရှင်ဘုရား ကယ်တင်ရှင်ဘုရားတို့ကဲ့သို့ ကိုးကွယ်ခံဘုရား မဟုတ်ကြောင်း သဘောပေါက်နိုင်ပါသည်။
ဗုဒ္ဓမြတ်စွာသည် ကိုးကွယ်ပူဇော်မှုထက် ကျင့်ကြံအားထုတ်မှုကိုသာ အဓိကထားကြောင်း အောက်ပါ မိန့်မှာတော်မူချက်များက သက်သေခံနေပါသည် ဘုရား။
“အာနန္ဒာ ... ဤမျှလောက် (ပူဇော်မှု)ဖြင့် မြတ်စွာဘုရားကို အရိုအသေပြုသည် မမည်သေး၊ အလေးပြုသည် မမည်သေး၊ မြတ်နိုးသည် မမည်သေး၊ ပူဇော်သည် မမည်သေး၊ ပသသည် မမည်သေး၊ အာနန္ဒာ အကြင်ရဟန်းဖြစ်စေ၊ ရဟန်းမိန်းမဖြစ်စေ၊ ဥပါသကာ ဖြစ်စေ၊ ဥပါသိကာမ ဖြစ်စေ (လောကုတ္တရာ) တရားနှင့် လျော်သောတရားကို ကျင့်လျက် နေ၏၊ လျော်သောအကျင့်ကို ကျင့်လျက် နေ၏၊ တရားနှင့်လျော်စွာ ကျင့်လျက်နေ၏၊ ထိုသူသည် အမြတ်ဆုံး ပူဇော်ခြင်းဖြင့် မြတ်စွာဘုရားကို အရိုအသေပြုသည်မည်၏၊ အလေးအမြတ်ပြုသည် မည်၏၊ မြတ်နိုးသည် မည်၏၊ ပူဇော်သည် မည်၏၊ ပသသည် မည်၏၊
အာနန္ဒာတို့ကြောင့် ဤ(သာသနာတော်၌) (လောကုတ္တရာ) တရားနှင့် လျော်သောတရားကို ကျင့်လျက် နေကုန်အံ့၊ လျော်သော အကျင့်ကို ကျင့်လျက်နေကုန်အံ့၊ တရားနှင့် လျော်စွာကျင့်လျက် နေကုန်အံ့ဟု ဤသို့ နှလုံးသွင်းလျက် သင်တို့ ကျင့်ကြံအားထုတ်ရမည် အာနန္ဒာ” ဟု မိန့်တော်မူ၏၊ (မဟာဝဂ်ပါဠိတော်။ မြန်မာပြန် ဆဋ္ဌမူ စာမျက်နှာ ၁၃၂ - ၁၃၃)
“အာနန္ဒာ မြတ်စွာဘုရား၏ အလောင်းတော်ကို ပူဇော်မှု၌ သင်တို့ကြောင့်ကြ မစိုက်ကုန်လင့်၊ အာနန္ဒာ ငါတိုက်တွန်း၏၊ မြတ်သော အကျင့်၌သာ အားထုတ်ကြကုန်လော့၊ မြတ်သော အကျင့်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်၍ နေကြကုန်လော့” (မဟာဝဂ်ပါဠိတော် မြန်မာပြန် ဆဋ္ဌမူ၊ စာမျက်နှာ ၁၃၅)
ဗုဒ္ဓသာသနကောင်စီ ကမ္ဘာအေး ရန်ကုန်က ပုံနှိပ်သော နာရဒထေရရေး Buddhism in a Nutshell စာအုပ် စာမျက်နှာ ၁၅-မှာ အောက်ပါအတိုင်း တွေ့ရှိရပါသည်။ (Is it a Religion Chapter 3)
A Buddhist does not seek refuge in the Buddha with the hope that he will be saved by His personal purification. The Buddha gives no such guarantee. It is not within the power of the Buddha to wash away the impurities of others. One could neither purify nor defile another. The Buddha, as teacher, instructs us, but we ourselves are directly responsible for our purification.
ယင်းအပိုဒ်၏ အလိုအရဆိုလျှင် “ဗုဒ္ဓဘာသာတစ်ယောက်သည် မျှော်လင့်ချက်နှင့် ကိုးကွယ်အားကိုးမှု ပြုသည်မဟုတ်၊ မိမိစင်ကြယ်ဖို့အတွက် မိမိဘာသာ အားထုတ်မှ ရမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ဘာအာမခံချက်မျှ မပေးပါ။ ဗုဒ္ဓသည် တပါးသူတို့၏ မစင်ကြယ်မှု အကုသိုလ်မှုတို့ကို ပယ်ဖျောက်သန့်စင်ပေးနိုင်သော တန်ခိုးဣဒ္ဓိပါဒ် ရှိသူလည်း မဟုတ်ပါ။ တစ်ယောက်၏ အကုသိုလ်ကို တစ်ယောက်က သန့်စင်မပေးနိုင်ပါ။ လူသားတို့၏ စင်ကြယ်မှုအတွက် လူသားတို့က မိမိဘာသာ လုပ်ရမည် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် လူသားတို့၏ အာစရိယတထာဂတ ဘုရားရှင်အဖြစ် ညွှန်ပြဆုံးမ ဩဝါဒသာပေးနိုင်သူ ဖြစ်သည်”ဟု ဆိုထားပါသည်။
မျက်မှောက်ခေတ်တွင် ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓ၏ အဓိက အဆုံးအမတော်ဖြစ်သည့် မဂ်ဖိုလ်ဆိုက်ရောက်ရေး သက္ကာယဒိဋ္ဌိပြုတ်ရေး နိဗ္ဗာနအခြေဆိုက်ရောက်ရေး အတ္တကင်းစင်ရေးတို့ထက် ကိုးကွယ်မှုနှင့် အခမ်းအနားတို့ကိုသာ အဓိကထား၍ စွဲစွဲလမ်းလမ်း လုပ်ကိုင်နေကြသည်မှာ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါသည်။ အနှစ်သာရထက် အကာကိုသာ ဦးစားပေးနေကြပါသည်။ အနှစ်မှာ ထိုအကာအခွံ၏ အောက်တွင် နစ်မြုပ်နေပါတော့သည် ဘုရား။
ဘာသာရေးဆိုသည်မှာ ကိုးကွယ်မှု ဝတ်ပြုမှု ဆုတောင်းမှု အခမ်းအနားများကိုသာ အဓိကထားသောအရာ ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်သည် ကိုးကွယ်မှုထက် ကျင့်ကြံအားထုတ်မှုကိုသာ အဓိကထားပါသည် ဘုရား။
သို့ဖြစ်ပါ၍ ဘာသာသည် ဥပါဒါန်အမှောင်ထုထဲတွင် ကျရောက်နေသဖြင့် ဘိန်းနှင့်တူသည်ဟု ပြောဆိုမှုသည် ဗုဒ္ဓမြတ်စွာနှင့် သာသနာတော်ကို မထိခိုက်နိုင်ပါ။ သာသနာဟူသော ဗုဒ္ဓရှင်တော်မြတ်၏ အဆုံးအမ လင်းရောင်ခြည်အောက်တွင် မားမားမတ်မတ် ရပ်တည်ရင်ကော့လျက် စောဒကရဟန်းတော်များ ဆရာစဉ်ဆက် မပျက်ရလေအောင် စောင့်ရှောက်ထိန်းသိမ်း၍ သာသနာပြုနိုင်ရန် သောဓနာ ပြုအပ်ပါသည် အရှင်မြတ်တို့ ဘုရား။
မှတ်ချက်။ ။ အမှတ် (၂) စောဒနာကို သောဓနာခြင်း မပြုပေ။
သောဓနာအမှတ် (၃)
[သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ချေပချက်]
အမှတ် (၃) စောဒနာလွှာကို သောဓနာပြုချက်ပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဤစောဒနာကို သောဓနာပြုရာ၌ တပည့်တော်များ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်အနေဖြင့် တာဝန်ရှိသော (ဆ) အမှတ်ပါ စာပိုဒ်နှင့် ပတ်သက်၍ သောဓနာပြုပါသည် ဘုရား။
ဤစောဒနာအချက်တွင် စောဒကအရှင်မြတ်တို့က ဆရာတော်ဘုရားကြီး ရှင်ဥက္ကဌက (၃၁)ဘုံ လက်မခံကြောင်း တင်ပြလို၍ အထောက်အထားဖြင့် အစွဲပြုတ်တဲကုပ်ရွှေနန်းတော် စာအုပ်မှ မိမိလိုရာ စာပိုဒ်ကို ဆွဲထုတ်ပြီး မှားယွင်းစွာ စောဒနာထားခြင်း ဖြစ်ပါသည် ဘုရား၊ ထို့ကြောင့် စောဒကပုဂ္ဂိုလ်တို့ တင်ပြသော စာပိုဒ်၏ ရှေ့ဆက် နောက်ဆက် စာပိုဒ်များကို တင်ပြခွင့် ပြုတော်မူပါ ဘုရား။ (အစွဲပြုတ် တဲကုပ်ရွှေနန်းတော်၊ စာမျက်နှာ ၅၂)
၁။ အမှန်မှာ ကျွန်ုပ်တို့သည် တကယ်မရှိသော အရာကို (ဝါ) ကျွန်ုပ်တို့ မသိသေးသော အရာကို (ဝါ) ကျွန်ုပ်တို့ရဲ့ အတွေးနှင့် အထင်ကို အဘယ်ကြောင့် ဦးနှိမ်ရိုကျိုး လက်စုံမိုး၍ ရှိခိုးနေရမည်နည်း။ အကယ်တစေ အဲဒီ နတ်ဘုရားများဟာ ထင်ရှားရှိပါသည်ဟု ဆိုလာချေသော် ထိုသည့် နတ်ဘုရားများဟာ အဆိုးအဝါးတွေ မဟုတ်ပါ။ အကောင်းစားတွေ ဖြစ်ပါသည်ဟူ၍ ကံတိုင်ကံမ မည်သူက ပြောနိုင်မည်နည်း၊ ဝန်ခံနိုင်မည်နည်း၊ ထိုထို နတ်ဘုရားတို့သည် တကြော်ကြော်ဟစ်အော်နေကြသော လူသားတို့၏ ဆုတောင်းပတ္ထနာတို့ကို ဂရုပြု နားထောင်ဖူးပါသလော၊ ၎င်းတို့သည် ကောင်းသူကယ်၍ မကောင်းသူကို တွယ်ကြတယ် ဆိုတာကော ဟုတ်စရာ ရှိပါ၏လော။
၂။ ယင်းသို့ လူကောင်းများကို ကယ်မမှုနှင့် လူဆိုးတို့ကို တွယ်ချမှုတို့အတွက် အထောက်အထား သက်သေသာဓက ရှင်းပြနိုင်ပါမည်လော၊ လူတို့သည် ကိုယ်ကိုတိုင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် ကိစ္စတစ်ခုခု အောင်မြင်သွားခဲ့လျှင် ထာဝရဘုရားသခင်ကို ကျေးဇူးတင်ကြကုန်၏၊
အဲဒီလုပ်ထုံး အဆင်ပြေစေလိုလျှင် လူတို့သည် သူတို့ရဲ့ဆုံးရှုံးမှု (ဝါ) မအောင်မြင်မှု အတွက်လည်း ထိုသည့် ဘုရားသခင်ကိုပင် ထောပနာ ပြုသင့်ကြကုန်ရာ၏၊
အဘယ်ကြောင့်နည်း -
သူသည် အကောင်းနှင့်အဆိုး (ဝါ) အောင်မြင်မှုရော ဆုံးရှုံးခြင်းကိုပါ အကျုံးဝင်လျက်ရှိသော ဤကပ္ပါကြီး၏ ဖန်ဆင်းရှင် ဖြစ်သည်ဟု ဆိုသောကြောင့် ပင်တည်း။
၃။ ထို့ကြောင့် လွတ်လပ်ကြီးပွား၍ အဘက်ဘက်၌ ကြီးထွားတိုးတက်နေကြသော လူမျိုးတို့သည် ဘုရားသခင်ကို အမြဲတစေ ချီးကျူးနေကြသလိုပင် မလွတ်မြောက်ဘဲ ကျွန်သဘောက်ဘဝတွင် နင်းပြားဖြစ်၍နေသော လူမျိုးတို့ကလဲ ၎င်းကိုပင် ကျေးဇူးတင်၍ နေရချေမည်။
၄။ စင်စစ်သော်တမူကား ဆိုအပ်ခဲ့ပြီးသော နတ်ဆိုး နတ်ဝါး နတ်မိစ္ဆာများနှင့် သမ္မာဒေဝ နတ်ကောင်းနတ်မွန်များသည် လူသား၏ ပဉ္စာရုံအပြင်ပ၌ တည်ရှိကြကုန်၏၊ လူသား၏ လက်တွေ့နယ်ကို ကျော်လွန်၍နေသဖြင့် လူသား၏ အနုမာနစက်ဝိုင်းအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခြင်းငှာ မစွမ်းနိုင်သူများ ဖြစ်ကြကုန်၏၊
၅။ ထို့ကြောင့် လူသားသည် တွေးတောဆင်ခြင်ရပေမည်။ အပြန်အလှန်စစ်ဆေး ဝေဖန်ရပေမည်၊ စ-သ-ဃ-ဇ-က ဆိုတဲ့ ပသာဒရုပ်ငါးခုကို အမြဲမပြတ် အသုံးပြု၍ နေရပေမည်။ သူမြင်သမျှ ကြားသမျှ နံသမျှ၊ လျက်သမျှ ထိသမျှတို့ကို အမြဲတစေ ဝေဖန်စစ်ဆေး၍ နေရပေမည်၊ ဆင်ခြင်မှု တွေးတောမှုမှ ကင်းသောသူသည် လူစဉ်မမီသူ ဖြစ်ပေလိမ့်မည်၊ ဆွေးနွေး ဝေဖန်ခြင်း မရှိသူသည် မိမိကိုယ်ကို မိမိ သစ္စာဖောက်ခြင်း ဖြစ်ပေ၏၊ ဝေဖန်ဆွေးနွေးရန် စစ်ဆေးတွေးတောရန် ကြောက်ရွံ့နေသူသည် ဥပါဒါန်အစွဲ၏ အိမ်တော်ပါ ကျေးကျွန် ဖြစ်လေတော့ သတည်း။
၆။ အစွဲဆိုတဲ့ ဥပါဒါန်သည် မည်ကဲ့သို့သော အပြစ်ကို ဖြစ်စေတတ်ပါသနည်း။
ဒဏ္ဍာရီနှင့် ရှေးပုံပြင်များကို ယုံကြည်ခြင်းကြောင့် လူသားမှာ မည်သို့သော နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပါသနည်း၊ တိတ်နိမိတ်နှင့် အံ့ဩဖွယ်တို့ကိုလည်းကောင်း၊ ဂါထာမန္တရားနှင့် ပီယသိဒ္ဓိ ကာယသိဒ္ဓိစသော ဆေးဝါးတို့ကိုလည်းကောင်း၊ အင်းအိုင်ခလှဲ့၊ လက်ဖွဲ့နှင့် တန်ခိုးပြာဋိဟာတို့ကို လည်းကောင်း၊ နတ်ဆိုးနတ်ဝါးနှင့် နတ်ကောင်းနတ်မြတ်တို့ကို လည်းကောင်း၊ နတ်ပြည်၊ ဗြဟ္မာပြည်နှင့် ယမမင်း၏ အင်ပိုင်ယာ နိုင်ငံတော်ကြီးများကို လည်းကောင်း ယုံကြည်မှုသည် လူသား၏ ဦးနှောက်ကို ဖောက်ပြန်ချောက်ချားစေ၍ ဤကပ္ပါလောကကြီးကို အရူးထောင်အဖြစ်သို့ ရောက်စေခဲ့သည်။
၇။ ဤယုံကြည်မှုသည် လူသား၏ စိတ်ချမှုနှင့် ကိုယ့်အားကိုယ်ကိုးမှုကို ချေမှုန်း၍ ပစ်ခဲ့သည်။ လူသား၏ လက်တွေ့ကို မာယာအဖြစ်သို့ ရောက်အောင် ပို့ဆောင်ခဲ့သည်။
၈။ အထက်ပါ တင်ပြသည့် စာပိုဒ်အပြည့်အစုံကို ဆက်စပ်ဖတ်ရှုကြည့်လျှင် ဆရာတော်ရှင်ဥက္ကဌ ရေးသားဖော်ပြသော တန်ခိုးပြာဋိဟာနှင့် အထက်အောက် ဘုံတို့သည် ထာဝရဘုရားသခင်၏ တန်ခိုးပြာဋိဟာနှင့် အထက်အောက်ဘုံတို့သာဖြစ်ကြောင်း အကွင်းကွင်း မုန့်တီဟင်းကဲ့သို့ ရှင်းရှင်းလင်းလင်းကြီး ပေါ်လွင်နေပါသည် ဘုရား။
ထို့ကြောင့် မိမိတို့၏ မသန့်စင်မရိုးသားသော စေတနာအကျိုးပေးသည် ထာဝရဘုရားဘက်က ခုခံကာကွယ်ပေးမိနေသော ဗုဒ္ဓမြတ်စွာ၏ သားတော်များဖြစ်ကြသည့် စောဒကရဟန်းတော်တို့၏ စောဒနာမှာ မှားယွင်းနေပါကြောင်း လျှောက်ထား၍ သောဓနာခြင်းဖြစ်ပါသည် အရှင်ဘုရား။
မှတ်ချက်။ ။ အမှတ် (၄) စောဒနာကို သောဓနာခြင်း မပြုပေ။
သောဓနာ အမှတ် (၅)
[သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ချေပချက်]
အမှတ်(၅) စောဒနာလွှာကို သောဓနာပြုပါသည် ဘုရား။
“အတိတ် အနာဂတ် ဘဝတို့ကို လုံးဝပစ်ပယ်ပြီး ဗုဒ္ဓဝါဒကို ပစ္စုပ္ပန်ဝါဒဖြစ်လေဟန် အမျိုးမျိုး လှည့်စားလျက် ရေးသားဟောပြောမှု”ဟူသော စောဒက ဆရာတော်များ၏ စောဒနာချက်ကို သောဓနာပြုအပ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒနာ အမှတ် (၅)တွင် “ဗုဒ္ဓဝါဒသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါးနှင့် ယှဉ်၍ ဟောတော်မူသော ဝါဒဖြစ်ပါသည်”ဟု စောဒကဆရာတော်များက ဝန်ခံထားပါသည် ဘုရား။
၎င်းပြင် “လောကုတ္တရာရေးကို ဟောရာ၌ ပစ္စုပ္ပန်တည့်တည့်ကိုသာ ဝိပဿနာရှုရမည်ဟု ဝိပဿနာကို ရည်ရွယ်၍ ဟောတော်မူချက် သန္ဓာယဘာသိတကို နားမလည်၍”ဟု ဆိုထားရာ စောဒကဆရာတော်များသည် သန္ဓာယဘာသိတကို နားလည်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း ဝန်ခံထားရာ ရောက်နေပါသည် ဘုရား၊ “တပည့်တော်များအား ဤဝိပဿနာစကားတစ်ရပ်ဖြင့် ကျန်သမျှ ဗုဒ္ဓဒေသနာအားလုံးကို ပယ်ရန် ကြိုးစားနေသူများ”ဟူ၍ စွပ်စွဲထားပါသည်။ တပည့်တော်များသည် ဗုဒ္ဓသာသနာဝင်ပုဂ္ဂိုလ်များဖြစ်၍ စစ်မှန်သော ဗုဒ္ဓဒေသနာတော်များကို ကြိုဆိုလျက် ဗြဟ္မဏဒေသနာများနှင့် ရောထွေးနေသော အတုအယောင် ကျမ်းဂန်များကို လက်ခံခြင်းမပြုမိရန် ဂရုစိုက်နေသူများ ဖြစ်ပါသည်။ စောဒကဆရာတော်များ တင်ပြသော “ဝိပဿနာအရာ၌” ဟူသော တင်ပြချက်ကို ဥပရိပဏ္ဏာသ၊ ဘဒ္ဒေကရတ္တသုတ်ကို ရှေ့နောက် ညီညွတ်စွာ တင်ပြထားခြင်းကို မတွေ့ရဘဲ ဒုတိယစာပိုဒ်ကို ပထမနေရာ၌ လည်းကောင်း၊ ပထမစာပိုဒ်ကို ဒုတိယနေရာ၌ လည်းကောင်းတင်ပြပြီး တတိယစာပိုဒ်ကို ချန်လှပ်ထားခြင်းသည် မရိုးသားသော စောဒကဆရာတော်များ၏ စိတ်နေသဘောထားကို ဖော်ပြထားသလို ဖြစ်နေပါသည် ဘုရား။
ထိုသုတ္တန်၏ အစဉ်အတိုင်းမှာ -
(က) အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။
ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ။
(ခ) ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။
အသံဟီရံ အသံကုပ္ပံ၊ တံ ဝိဒွါ မနုဗြူဟယေ။
(ဂ) အဇ္ဇေဝ ကိစ္စံ အာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ၊
န ဟိ နော သင်္ကရံ တေန၊ မဟာသေနေန မစ္စုနာ။
(ဘာသာပြန်ချက်)
ယံ အတီတံ၊ အကြင်အတိတ်ကာလသည်။ ပဟီနံ၊ ပျောက်ပျက်ကုန်ဆုံးခဲ့လေပြီ။ တံ အတီတဉ္စ၊ ထိုပျောက်ပျက်ကုန်ဆုံးပြီးသော အတိတ်ကာလကိုလည်း။ နာနွာဂမေယျ၊ ပြန်လည်အောက်မေ့ သတိရ၍ မနေရာ။ ယံ အနာဂတံ၊ အကြင် အနာဂတ်ကာလသည်။ အပ္ပတ္တံ၊ မရောက်လာသေး။ တံ အနာဂတဉ္စ၊ ထိုမရောက်လာသေးသော အနာဂတ်ကာလကိုလည်း။ နပ္ပဋိကင်္ခေ၊ မျှော်လင့်တောင့်တမနေရာ။
ပစ္စုပ္ပန္နံ၊ ပစ္စုပ္ပန်ဖြစ်သော။ ဓမ္မံ၊ သဘောတရားကို။ တတ္ထ တတ္ထ၊ ထိုထိုဖြစ်ဆဲ ခဏ၌သာလျှင်။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဝိပဿတိ၊ အထူးရှု၏။ အထူးကြည့်၏။ အထူးမြင်၏။ အသံဟီရံ၊ တွန့်တိုခြင်း မရှိသော။ အသံကုပ္ပံ၊ ပျက်စီခြင်းမရှိသော။ တံ၊ ထိုအထူးရှုမှု ကြည့်မှု မြင်မှုကို။ ဝိဒွါ၊ ပညာရှင်သည်။ အနုဗြူဟယေ၊ အဖန်ဖန် ပွားများရာ၏၊
ကော၊ အဘယ်သူသည်။ သုဝေ၊ နက်ဖြန်၌။ မရဏံ၊ သေရမည်ကို။ ဇညာ၊ သိနိုင်အံ့နည်း။ အဇ္ဇေဝ၊ ယနေ့ကပင်လျှင်။ ကိစ္စံ၊ ပြုလုပ်သင့်သော ကိစ္စကို။ အာတပ္ပံ၊ ပြုလုပ်သင့်၏။ နော၊ ငါတို့မှာ။ မဟာသေနေန၊ များသောစစ်သည်ရှိသော။ တေန မစ္စုနာ၊ ထိုသေခြင်း သဘောတရားနှင့်။ သင်္ကရံ၊ ချိန်းချက်ထားမှုသည်။ န ဟိ၊ မရှိသည်သာတည်း။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဤဓမ္မအစဉ်အရ ဝိပဿနာရှုရာ၌ အတိတ် အနာဂတ် မပါဝင်ဘဲ ပစ္စုပ္ပန်တည့်တည့်သာ ရှုမြင်ရမည် ဖြစ်ပြီး အမှုကိစ္စများကို ဆောင်ရွက်ရာ၌လည်း ပုခက်နှင့် အသုဘခေါင်းကြားကာလ၊ သို့မဟုတ် ဖွားသေကာလအတွင်း ပစ္စုပ္ပန်ဖြစ်ကြောင်းကို အဇ္ဇေဝ ကိစ္စံ အာတပ္ပံဟူသော ဂါထာဖြင့် ညွှန်ပြလျက် ရှိနေပါသည် ဘုရား၊ သို့ပါ၍ ဝိပဿနာရှုရာ၌ ဖြစ်စေ၊ အမှုကိစ္စ ပြုလုပ်ရာ၌ဖြစ်စေ၊ ပစ္စုပ္ပန်သည်သာ အရေးကြီးကြောင်း ညွှန်းပြလျက် ရှိပါသည် ဘုရား။
၎င်းပြင် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်၊ ရှစ်ခုမြောက်၊ ဂါမဏိသံယုတ်၊ ၁၁ ခုမြောက်၊ ဘဒြကသုတ်တွင် -
အဟေဉ္စ တေ ဂါမဏိ အတီတမဒ္ဓါနံ အာရဗ္ဘ ဒုက္ခဿ သမုဒယဉ္စအတ္ထင်္ဂ မဉ္စ ဒေသေယျံ “ဧဝံအဟောသိ၊ အတီတမဒ္ဓါ”နန္တိ၊ တတြတေ သိယာ ကင်္ခါ သိယာ ဝိမတိ။ အဟေဉ္စ တေ ဂါမဏိ
အနာဂတမဒ္ဓါနံ အာရဗ္ဘ ဒုက္ခဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ဒေသေယျံ “ဧဝံ ဘဝိဿတိ အနာဂတမဒ္ဓါ”နန္တိ၊ တတြာပိ တေ သိယာ ကင်္ခါသိယာ ဝိမတိ။ အပိ စာဟံ ဂါမဏိ ဣဓေဝ နိသိန္နော ဧတ္ထေဝ တေနိသိန္နဿ ဒုက္ခဿ သမုဒယဉ္စ ဒေသေဿာမိ။
(ဘာသာပြန်ချက်)
ဂါမဏိ၊ ရွာသူကြီး။ အတီတ မဒ္ဓါနံ၊ လွန်လေပြီးသော အတိတ်ကာလကို။ အာရဗ္ဘ၊ အကြောင်းပြု၍။ တေ၊ သင့်အား။ စေ၊ အကယ်၍။ အဟံ၊ ငါသည်။ ဒုက္ခဿ၊ ဒုက္ခဆင်းရဲ၏။ သမုဒယဉ္စ၊ ဖြစ်ခြင်းကိုလည်းကောင်း။ အတ္ထင်္ဂမဉ္စ၊ ချုပ်ခြင်းကိုလည်းကောင်း။ ဒေသေယျံ၊ ဟောခဲ့ငြားအံ့။ အတီတမဒ္ဓါနံ၊ အတိတ်ကာလသည်။ ဧဝံ၊ ဤသို့။ အဟောသိ၊ ဖြစ်လေပြီ။ ဣတိ၊ ဤသို့။ တတ္ထ၊ ထိုအတိတ် ကာလ၌။ တေ၊ သင့်အား။ ကင်္ခါ၊ ယုံမှားသံသယသည်။ သိယာ၊ ဖြစ်ရာ၏။ ဝိမတိ၊ တွေးတောမှုသည်။ သိယာ၊ ဖြစ်ရာ၏၊
ဂါမဏိ၊ ရွာသူကြီး။ အနာဂတမဒ္ဓါနံ၊ လာလတ္တံ့သော အနာဂတ်ကာလကို။ ပ။ ဝိမတိ၊ တွေးတောမှုသည်။ သိယာ၊ ဖြစ်ရာ၏။ ဂါမဏိ၊ ရွာသူကြီး။ အပိ စ၊ စင်စစ်သော်ကား။ ဣဓေဝ၊ ဤနေရာ၌သာလျှင်။ နိသိန္နဿ၊ ထိုင်လျက်ရှိသော။ တေ၊ သင့်အား။ ဒုက္ခဿ၊ ဆင်းရဲ၏။ သမုဒယဉ္စ၊ ဖြစ်ခြင်းကိုလည်းကောင်း။ အတ္ထင်္ဂမဉ္စ၊ ချုပ်ခြင်းကိုလည်းကောင်း။ ဒေသေဿာမိ၊ ဟောကြားပေအံ့။
ဤဘဒြာကသုတ္တန်တွင် အတိတ်ဟူ၍လည်းကောင်း၊ အနာဂတ်ဟူ၍လည်းကောင်း၊ ဝိပဿနာရှုဆဲ ပစ္စုပ္ပန်ဟူ၍ လည်းကောင်း လုံးဝပါဝင်ခြင်း မရှိဘဲ သန္ဒိဋ္ဌိကယ အကာလိကအနေနှင့် မျက်မှောက်ပစ္စက္ခကိုသာ ဟောဖော်ညွှန်ပြထားပါသည် ဘုရား။
စောဒကဆရာတော်များ ကိုးကားထားသော အနတ္တလက္ခဏသုတ်မှာ အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီ ဟောဆိုချက်သည် လည်းကောင်း၊ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလ ၃-ပါး ဒွေးရောယှက်တင် ဟောဆိုထားချက်သည် လည်းကောင်း၊ မမှန်မကန်သော စကားဖြင့် ဗုဒ္ဓရှင်တော်မြတ်ကို ကာလ ၃-ပါးဖြင့် ဆက်စပ်ဟောကြားသော နာဋပုတ္တနိဂဏ္ဌနှင့် တစ်တန်းစားတည်းထားရှိ စွပ်စွဲထားသည်ကို တွေ့ရှိရ၍ လူဒါယကာများအဖို့ မထောင်းသာသော်လည်း စောဒကဆရာတော်များမှာ ရဟန်းတော်များ ဖြစ်နေပါ၍ “ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ၊ ဓမ္မဿ အဝဏ္ဏံ ဘာသတိ” တို့ဖြင့် ငြိစွန်းသွားမည်ကို လွန်စွာ စိုးရိမ်မိသောကြောင့် အချိန်မီ တားမြစ်ဟန့်တားပေးပါရန် လျှောက်ထားအပ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
အနတ္တလက္ခဏသုတ္တန်၏ “တသ္မာတိယ ဘိက္ခဝေ၊ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ၊ ပ။ သဗ္ဗံ ရူပံ။ ပ၊ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ”ဟု ဖော်ပြထားရာ ရုပ်များကို အတိတ် အနာဂတ် ပစ္စုပ္ပန်အဖြစ် တပြေးညီ ဆိုထားခြင်း မဟုတ်ဘဲ အတိတ်ရုပ်ဖြစ်စေ၊ အနာဂတ်ရုပ်ဖြစ်စေ၊ ပစ္စုပ္ပန်ရုပ်ဖြစ်စေ ရုပ်ဟူသမျှ အားလုံးကို မှန်ကန်သော အသိ သမ္မာဒိဋ္ဌိဖြင့် ရှုအပ်၏ဟု ဆိုလိုရင်း ဖြစ်ပါသည်။ ဘုရား၊ ဤနေရာ၌ သဗ္ဗံ ရူပံ ဆိုသည်မှာ အတိတ်ခန္ဓာရူပယ အနာဂတ်ခန္ဓာရူပနှင့် ပစ္စုပ္ပန်ခန္ဓာရူပကို ဆိုလိုသည် မဟုတ်ပါ။ အနတ္တလက္ခဏသုတ်တွင် ဖော်ပြထားသော ၁၁-ချက်သော ရူပကိုသာ ဆိုလိုရင်း ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒကဆရာတော်များ၏ တင်ပြချက်တွင် “အနတ္တလက္ခဏသုတ်၌ ဟောသော အတိတ် အနာဂတ်ကို ပယ်ပြန်၏”ဟူသော စွဲချက်သည် မှားယွင်းစွာ စွပ်စွဲနေခြင်းသာ ဖြစ်ပါသည်။ ထိုသုတ်ပါ အတိတ် အနာဂတ်သည် ပယ်ရန်လည်း မဟုတ်၊ တွယ်ရန်လည်း မဟုတ်ပါ ဘုရား၊ စောဒကဆရာတော်များ၏ အကောက်အယူ မှားယွင်းနေခြင်းသာ ဖြစ်ပါသည် ဘုရား -
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခု စုဒိတကဖြစ်သည့် တပည့်တော်များ အထက်ပါကိစ္စများကို ဖော်ပြနေခြင်းမှာ စောဒက ဆရာတော်များ၏ စွဲချက် ၅-တွင် “အတိတ်မှ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှ အနာဂတ်ဟူသော ကာလ ၃-ပါးကို ဗုဒ္ဓရှင်တော်မြတ်သည် တစ်ပြေးညီ ဟောဆိုထားပါသည်” ဟု ဖော်ပြထားပါသည်။ ဤဖော်ပြချက်သည် ဗုဒ္ဓရှင်တော်မြတ်၏ ဓမ္မဂုဏ်ကို ဖျက်ဆီးရာရောက်နေပါသည် ဘုရား၊ ဗုဒ္ဓမြတ်စွာ၏ ဓမ္မဂုဏ်တွင် အတိတ်ဟူ၍လည်းကောင်း၊ အနာဂတ်ဟူ၍လည်းကောင်း၊ ပစ္စုပ္ပန်ဟူ၍လည်းကောင် ဟောဖော်ညွှန်ပြခြင်း မရှိဘဲ သန္ဒိဋ္ဌိက အကာလိကအနေနှင့်သာလျှင် ညွှန်ပြလေ့ ညွှန်ပြထ ရှိပါသည် ဘုရား။
စောဒကဆရာတော်များ တင်ပြထားသော ထိုမဟာဝဂ္ဂပါဠိတော်၏ မြန်မာပြန်မှာ “အနာဂတ်ကိုသာလျှင် ညွှန်၍ ပြဆိုနေသဖြင့် ဗုဒ္ဓရှင်တော်မြတ်အား အနာဂတ်ညွှန်ကြား ဘုရားအဖြစ်သို့ တွန်းပို့နေသဖြင့် စောဒကဆရာတော်များ၏ မြန်မာပြန်ဆိုမှုသည် အနာဂတ်ညွှန် ဘုရားအဖြစ်သို့ တွန်းပို့နေသော တွန်းအားကြီးတစ်ခု ဖြစ်နေပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒကဆရာတော်များအား ဗုဒ္ဓရှင်တော်မြတ်သည် အတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ကာလ ၃-ပါးသည် သံသယဝိစိကိစ္ဆာနယ်ပယ်တွင် ကျရောက်နေသဖြင့် နှလုံးမသွင်းသင့်သော တရားဟု ဖော်ပြထားသော မူလပဏ္ဏာသပါဠိတော်၊ မူလပရိယာယဝဂ်၊ သဗ္ဗာသဝသုတ်၊ ပုဒ်ရေ (၁၈) (နှာ-၁၀) ကို တင်ပြ လျှောက်ထားပါရစေ ဘုရား။
သော ဧဝံ အယောနိယော မနသိကရောတိ “အဟောသိ နုခေါအဟံ အတိတမဒ္ဓါနံ၊ နနု ခေါ အဟောသိ အတီတမဒ္ဓါနံ၊ ကိ နုခေါ အဟောသိ၊ အတီတမဒ္ဓါနံ၊ ကထံ နုခေါ အဟောသိ အတီတမဒ္ဓါနံ ကိ ဟုတွာ ကိ အဟောသိ နုခေါ အဟံ အတီတမဒ္ဓါနံ။ ဘဝိဿာမိ နုခေါ အဟံ အနာဂတမဒ္ဓါနံ၊ ကထံနု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ ကိ ဟုတွာ ကိ ဘဝိဿာမိ နုခေါ အဟံ အနာဂတမဒ္ဓါ” နန္တိ။ ဧတရဟိ ဝါ ပစ္စုပ္ပန္နမဒ္ဓါနံ အဇ္ဈတ္တံ ကထံကထီဟောတိ “အဟံ နုခေါသ္မိ” နော နုခေါသ္မိ၊ ကိ နုခေါသ္မိ၊ ကထံ နုခေါသ္မိ၊ အယံ နုခေါ သတ္တော ကုတော အာဂတော၊ သော ကုဟိ ဂါမိ ဘဝီဿတိ” တိ။
ဟူသော ပါဠိတော်ကို မဖတ်စဖူး မတွေ့စဖူး မမြင်ဘူး မမှတ်သားဖူး၍ သာလျှင် ဗုဒ္ဓရှင်တော်မြတ်ကို အနာဂတ်လမ်းညွှန်ဘုရားဟူ၍ စွပ်စွဲသမုတ်နေခြင်း ဖြစ်ပါသည်။ စောဒကဆရာတော်အတွက် ပိုမို၍ အခြေအနေ ဆိုးနေမည် ဖြစ်ပါ၍ တပည့်တော်များ မြန်မာမပြန်တော့ပါ။ ဗုဒ္ဓ၏ ဓမ္မဂုဏ်များကို ဆက်လက်၍ လျှောက်ထားပါရစေ ဘုရား၊ ဗုဒ္ဓရှင်တော်မြတ်သည် တပည့်ဝေနေယျတို့အား ဟောကြားရာတွင် လောဘလျော့နည်းရေး၊ ဒေါသလျော့နည်းရေး၊ မောဟလျော့နည်းရေးအတွက်သာလျှင် ဟောကြားဆိုဆုံးမသဖြင့် (သု အက္ခာတ) သွာက္ခာတ ဂုဏ်နှင့် ညီညွတ်နေပါသည် ဘုရား။
ဗုဒ္ဓရှင်တော်မြတ်၏ ဟောကြားသော တရားတော်သည် သန္ဒိဋ္ဌိက (သံ+ဒိသ+ဣက) မျက်မှောက် ကိုယ်တွေ့ကိုယ်ကြုံ မျက်တွေ့မျက်မြင် ဖြစ်ပါသည်။
ဗုဒ္ဓရှင်တော်မြတ်၏ ဟောကြားသော တရားတော်သည် အကာလိက (အ+ကာလ+ဣက) ကာလ၃-ပါး၌ အကျွမ်းမဝင်ဘဲ လက်တွေ့လက်ငင်းသာလျှင် ဖြစ်ပါသည်။
ဗုဒ္ဓရှင်တော်မြတ်၏ ဟောကြားတော်မူသော တရားတော်သည် ဧဟိပဿိက (ဧဟိ+ပဿ+ဣက) လာ၍ ယုံကြည်ပါဟု အဓိပ္ပာယ်မရဘဲ လာ၍ ရှုလော့ဟု အဓိပ္ပာယ် ဖော်ပြနေခြင်း ဖြစ်ပါသည် ဘုရား။
ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသော တရားတော်သည် ဩပနေယျိက (ဥပ+အာနေယျ+ဣက) ဓမ္မသဘာဝတို့သည် အားလုံးပင် အသစ်တို့သာလျှင် ဖြစ်ပါသည် (ဝါ) မိမိ၏ အဇ္ဈတ္တသန္တာန်၌ ဆောင်ယူထားထိုက်၏၊ အဟောင်းမဟုတ်ပါ ဘုရား။
ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသော တရားတော်သည် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ပညာရှိတို့သာ ကိုယ်စီကိုယ်ငှ သိမြင်နိုင်သော တရားဖြစ်ပါသည် ဘုရား။
ဤသို့သာလျှင် ဓမ္မ၏ဂုဏ်သည် စောဒကဆရာတော်များ ဆိုထားသကဲ့သို့ မဟုတ်ဘဲ ဒုက္ခငြိမ်းအေးရေးအတွက်သာလျှင် ဖြစ်ကြောင်း တင်ပြလျှောက်ထား အပ်ပါသည် ဘုရား၊ ဗုဒ္ဓရှင်တော်မြတ်သည် ဝိပဿနာရှုရန် အတွက်သာ ပစ္စုပ္ပန်ကို ဦးစားပေး၍ ဟောနေခြင်း မဟုတ်၊ ကျန်သော ကိစ္စရပ်များ၌လည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ဦးစားမပေးပါ ဘုရား၊ ပုခက်နှင့် အသုဘခေါင်းကြား ကာလ၌သာ ဖြစ်သော ပစ္စက္ခဖြစ်သော မျက်မှောက်ပစ္စုပ္ပန်ကိုသာလျှင် ဓမ္မဂုဏ်များနှင့်အညီ ဟောကြားခဲ့သည့်အတိုင်း တပည့်တော်များလည်း ဤအတိုင်းသာလျှင် ကျင့်သုံးလျက်ရှိပါသည် ဘုရား၊ စောဒက အရှင်များကဲ့သို့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလ ၃-ပါးကို ချဲ့ထွင်၍ တဖွဖွဟောကြားလျက်ရှိသော မဟာဝီရနာဋပုတ္တနိဂဏ္ဌဘုရားကြီး၏ ကျော့ကွင်းမှ အလွတ်ရုံး၍ ဗုဒ္ဓမြတ်စွာသာသနာအတွင်း အမြန်ဆုံး ချဉ်းနင်းဝင်ရောက်ရန် မေတ္တာရပ်ခံအပ်ပါသည် ဘုရား။
သောဓနာ အမှတ် (၆)
[သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ချေပချက်]
အမှတ်(၆) ဗုဒ္ဓအဘိဓမ္မာကို ဘုရားဟောမဟုတ်လေဟန် အကောက်ဉာဏ်အမျိုးမျိုးဖြင့် အလဲထိုးနေခြင်း ... ဟူသော စောဒနာလွှာကို သောဓနာပြုချက်ပါ ဘုရား ...။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ထိုစောဒနာချက် အပိုဒ် (၂)တွင် -
“တီကောင်သည် ဆားကို ကြောက်သကဲ့သို့လည်းကောင်း၊ မျက်ခမ်းစပ်သည် နေကို ကြောက်သကဲ့သို့လည်းကောင်း၊ မဟုတ်မမှန် အကောက်ဉာဏ်ဖြင့် ပြောဆိုရေးသားကြသော ဦးဥက္ကဌနှင့် နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသူတို့သည် အဟုတ်အမှန်ကို ဖော်ပြသည့် အဘိဓမ္မာကို ကြောက်ကြသည်မှာ သဘာဝကျပါသည် ဘုရား၊ အဘိဓမ္မာကို လက်ခံယုံကြည်လျှင် သူတို့၏ လူသေလူဖြစ်ရုပ်ကြမ်းဝါဒ ပြာကျဖို့သာ ရှိပါသည် ဘုရား ...”ဟု စောဒနာထားပါသည်။
တပည့်တော်တို့ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် အဘိဓမ္မာကို မကြောက်ကြပါ။ အဘိဓမ္မာကိုသာ စွဲကိုင်ကြပါသည်။ တပည့်တော်တို့ အဖွဲ့ချုပ်တွင် ကိုင်စွဲသည့် အဘိဓမ္မာမူ ရှိပါသည်၊ တပည့်တော်တို့ လမ်းညွှန်ကျင့်သုံးနည်း၊ ခံယူချက် သဘောထားအတွက် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ခံယူကိုင်စွဲလျက် အဘိဓမ္မာသရုပ်ကို ၁၃၃၃-ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့) ၁၉၇၁-ခုနှစ်၊ မေလတွင် ရန်ကုန်မြို့၌ ကျင်းပသော မြန်မာပြည်လုံးဆိုင်ရာ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့များ၏ မျက်နှာစုံညီ ဓမ္မသဘင်မှ အညီအညွတ် ဤသို့ သတ်မှတ်ပြဌာန်းခဲ့ပါသည်။
[မှတ်ချက်။ ။ သမ္မာဒိဋ္ဌိသုတေသန ခံယူစွဲကိုင်ချက် ၉-ချက်သည် အဘိဓမ္မာကိုပယ်ခြင်းနှင့် စပ်လျဉ်းသော စောဒနာကို သောဓနာခြင်း မဟုတ်မူ၍ ယင်းအချက်များသည် အဖွဲ့၏ ခံယူချက်ကို ဖြန့်ဝေခြင်းမျှသာ ဖြစ်သောကြောင့် ဝိနည်းဓိုရ် ဆရာတော်များ ဖြုတ်ပယ်စေခဲ့သည်။ ]
အပိုဒ် (၃) စောဒနာချက်တွင် “အဘိဓမ္မာကို ဘုရားဟော မဟုတ်လေဟန် လုပ်ကြံပြောဆိုကြပါသည် ဘုရား”ဟူ၍ စောဒကရဟန်းတော်တို့က စောဒနာပြုထားပါသည်။ ဤစောဒနာချက်အတွက် တပည့်တော်တို့ စောဒနာပြုရမည်ကို အလွန်ပင်ဝန်လေး၍ တွန့်ဆုတ်မိပါသော်လည်း အဘိဓမ္မာ (၇)ကျမ်းနှင့် ပတ်သက်၍ တပည့်တော်တို့ လေ့လာခြင်းဖြင့် တွေ့ရှိရသော အချက်အလက်တို့ကို တင်ပြလျှောက်ထားခွင့် ပြုတော်မူကြပါ ဘုရား။
တပည့်တော်တို့ လေ့လာ၍ တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် ဘုရား။
ထေရဝါဒီတို့၏ ခံယူချက်
ပါဠိပိဋကတ်ကို လက်ခံထားကြသည့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့သည် ဤ အဘိဓမ္မာပိဋကတွင် ပါဝင်သော ကျမ်းများကို (ကထာဝတ္ထုမှ လွဲလျှင်) ဗုဒ္ဓသက်တော်ထင်ရှား ရှိတော်မူချိန်တွင် ဗုဒ္ဓကိုယ်တိုင် ထုတ်ဖော်ဟောကြားတော်မူခဲ့သည်ဟု ခံယူကြသည်။ ယုံကြည်ကြသည်၊ ဟောပြောကြသည်၊ ထို့ကြောင့် အဘိဓမ္မာ (၇)ကျမ်းသည် ဗုဒ္ဓဝါဒ ဖြစ်သည်ဟု ယူဆသည်၊ အလွန်လေးစားကြသည်၊ ဤကျမ်းများကို ဗုဒ္ဓကိုယ်တိုင် မည်သို့ ဟောကြားခဲ့သည်၊ မည်သည့်နည်းဖြင့် ပြန့်ပွားဆင်းသက်ခဲ့သည် စသော အကြောင်းနှင့် ပတ်သက်၍ ပါဠိကျမ်းဂန်များ အထူးသဖြင့် အဘိဓမ္မာနွယ်သော ကျမ်းများ၌ အကျယ်တဝင့် တင်ပြထားကြသည်။ တင်ပြချက် (၃)ချက် သုံးမျိုးကို ဤသို့ တွေ့ရ၏၊
၁။ ဗုဒ္ဓသည် ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီးနောက် ဗောဓိပင်အနီးတစ်ဝိုက်တွင် သတ္တသတ္တာဟ (ခုနှစ်ရက်ခုနှစ်လီ) သီတင်းသုံးတော်မူစဉ် စတုတ္ထသတ္တာဟ (ရတနာဃရသတ္တာဟ)တွင် အဘိဓမ္မာ (၇)ကျမ်းကို အစဉ်အတိုင်း သုံးသပ် ဆင်ခြင်တော်မူသောအခါ ကိုယ်တော်မှ အံ့ဩဖွယ် ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးတော်မူသည်။
၂။ ဗုဒ္ဓသည် (၇)ဝါမြောက်တွင် တာဝတိသာနတ်ပြည်တွင် ပင်လယ်ကသစ်ပင်ရင်းရှိ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ စကြာဝဠာတစ်သောင်းမှ စည်းဝေးလာရောက်ကြကုန်သော နတ်အပေါင်းတို့အလယ် သီတင်းသုံးတော်မူနေ၏၊ ထိုစဉ် မယ်တော်မိနတ်သား ကိုယ်တိုင် မျက်မှောက်ပြု၍ ကုသလာ ဓမ္မာ အစချီသော အဘိဓမ္မာပိဋကတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောတော်မူသည်။
၃။ ထိုသုံးလအတွင်း ဆွမ်းခံချိန်တွင် ဗုဒ္ဓသည် ကိုယ်တော်နှင့် တစ်ထပ်တည်းတူညီသော နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းတော်မူ၍ “ဤမျှသော တရားတို့ကို ဟောကြား ရွတ်ဆိုစေသတည်း”ဟု အဓိဋ္ဌာန်ပြုကာ ကိုယ်စားထားတော်မူခဲ့ပြီးမှ အနောတတ္တရေအိုင်သို့ ကြွမြန်းတော်မူသည်။ ထိုတွင် ကိုယ်လက် သန့်စင်တော်မူပြီးမှ ဥတ္တရကုရုကျွန်း (မြောက်ကျွန်း)သို့ ဆွမ်းခံကြွတော်မူသည်။ ထို့နောက် အနောတတ္တရေအိုင်သို့ ပြန်လည်ကြွမြန်းကာ ဆွမ်းဘုဉ်းပေးပြီးလျှင် စန္ဒကူးတော်၌ နေ့သန့်စင်တော်မူသည်။
ဓမ္မသေနာပတိ ရှင်သာရိပုတ္တရာသည် စန္ဒကူးတောသို့ နေ့စဉ်လာလတ်၍ ဗုဒ္ဓကို ဝတ်ကြီးဝတ်ငယ် ပြုတော်မူသည်။ ဗုဒ္ဓသည် ရှင်သာရိပုတ္တရာအား နတ်ပြည်၌ ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာဒေသနာအစဉ်ကို နည်းပေးတော်မူသည်၊ မထေရ်မြတ်လည်း ကောင်းစွာ မှတ်သား၍ ဗုဒ္ဓညွှန်ပြတော်မူသော နည်းအထောင် အသိန်းတို့ဖြင့် တန်ဆာဆင်လျှက် မိမိတပည့် ရဟန်း (၅၀၀)တို့အား ပြန်လည် ဟောကြားတော်မူသည်။ ဤသို့ဖြင့် နတ်တို့အား ဗုဒ္ဓကိုယ်တိုင် ဟောကြားတော်မူသော အဘိဓမ္မာဒေသနာ ပြီးဆုံးချိန်နှင့် ရှင်သာရိပုတ္တရာ ပြန်လည်ဟောကြားတော်မူသော အဘိဓမ္မာဒေသနာ ပြီးဆုံးချိန်နှစ်ရပ်တို့သည် တစ်ပြိုင်နက်တည်း ဖြစ်လေသည်။
ပါဠိကျမ်းဂန်တို့၌ ဖော်ပြအပ်သော အဘိဓမ္မာပိဋက ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းချုပ်မှာ ဤမျှသာ ဖြစ်ပါသည်။
စတင်ထုတ်ဖော်တင်ပြသူ
ဤအဘိဓမ္မာပိုင်းနှင့် ပတ်သက်သော နိဒါန်းအကြောင်းကို အစောဆုံးတင်ပြဖော်ထုတ်သူမှာ ရှင်မဟာဗုဒ္ဓဃောသ ဖြစ်သည်။ ဖော်ထုတ်ချိန်မှာ ခရစ်နှစ် ၄၀၀ -စု အဆုံး၊ ၅၀၀-စုအစ (ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး နှစ် ၉၀၀-ကျော်တွင်) ဖြစ်သည်။ အပြည့်အစုံဆုံးဖော်ပြသောကျမ်းမှာ ထိုမထေရ်စီရင်သော အဋ္ဌသာလိနီအဋ္ဌကထာကျမ်း ဖြစ်သည်။ နှောင်းခေတ်ပေါ် ထေရဝါဒ ကျမ်းပြုပုဂ္ဂိုလ်တို့သည် အရှင်မဟာဗုဒ္ဓဃောသ၏ အဆိုအမိန့်ကိုပင် အတည်ပြုလိုက်နာ၍ စီရင်ကြသဖြင့် အဘိဓမ္မာသမိုင်းကြောင်းနှင့် ပတ်သက်သော နိဒါန်းများသည် ပါဠိစာပေနယ်တွင် တစ်ထပ်တစ်သားတည်း ဖြစ်နေတော့သည်၊ ရှင်မဟာဗုဒ္ဓဃောသသည် ပါဠိတော်များကို အဋ္ဌကထာ ဖွင့်ဆိုရာ၌ နာမည်ရ၍ ဩဇာလွှမ်းမိုးလှသဖြင့် “ဗုဒ္ဓမတညူ”ပုဂ္ဂိုလ်ဟူ၍ပင် အခေါ်ခံရသည်။ ဗုဒ္ဓအလိုတော်အာဘော်ကို သိသူဟု အဓိပ္ပာယ် ရပါသည်။ သင့် မသင့် ဆုံးဖြတ်ကြပါကုန်။
ဗုဒ္ဓ၏ဓမ္မစစ် မှတ်ကျောက်
ဗုဒ္ဓ၏ အဓိကကျသော ဓမ္မသည် အနတ္တဖြစ်သည်၊ အနတ္တ၏ အမှတ်အသားသည် အနိစ္စ ဖြစ်၏၊ အနိစ္စဆိုသည်မှာ နေရာဌာန အချိန်ကာလ ဓမ္မသဘာဝအားဖြင့် တစ်သဘောတည်း မရှိခြင်း ဖြစ်သည်၊ မရပ်မနား လှုပ်ရှားပြောင်းလွှဲနေခြင်းသည် ကြောင်းကျိုးဆက်စပ်၍ ဖြစ်ပျက်နေသော ဖြစ်ပျက်အစဉ်၏ အနှစ်သာရဖြစ်သော အနတ္တပင် ဖြစ်သည်” ဤကား ဗုဒ္ဓ၏ ဓမ္မစစ် ဓမ္မမှန် ဖြစ်သည်၊ ဗုဒ္ဓ၏ ဓမ္မသည် သဘာဝအပြင်ဘက်သို့ ထွက်ခြင်း မရှိပေ၊ ဗုဒ္ဓ၏ဓမ္မသည် ထွင်လုံး မဟုတ်၊ အရှိကို အရှိတိုင်း ဖော်ပြသည်၊ ထို့ကြောင့် ဗုဒ္ဓ၏ ဓမ္မသည် မှတ်ကျောက်တင်ခံနိုင်ခြင်းရှိသည်၊ ဗုဒ္ဓ၏ဓမ္မသည် သံသရာမှ လွတ်မြောက်ရေးအတွက် လုံလောက်ပေသည်။
သို့ပါလျက် -
(၁) ဓမ္မအပြင် အဘိဓမ္မာဟူသော သဘော ထပ်ဆင့် ပေါ်ထွက်လာရခြင်း
(၂) ဓမ္မနှင့် ထိုဓမ္မကို လိုက်နာထိန်းသိမ်းရေးအတွက် ဝိနယများကို ဗုဒ္ဓက ပြဌာန်းခဲ့ပါလျက် ဗုဒ္ဓ၏ ပရိနိဗ္ဗာန် စံဝင်ချိန်မှစ၍ သံဃာချင်းဂိုဏ်းကွဲကာ အယူအဆများ ကွဲပြား၍ ချဲ့ထွင် ပြန့်ပွားလာခြင်း။
(၃) အဘိဓမ္မာ အယူအဆ အချဲ့အထွင် များပြားကျယ်ပြန့်လာသည်နှင့်အမျှ မူရင်းဓမ္မနှင့် ဝိနယတို့အပေါ်တွင် ခံယူကျင့်သုံးချက် အားနည်းလာခြင်းတို့မှာ မျက်မှောက်ခေတ် လူသားတို့အား စဉ်းစားဝေဖန်ရန် တိုက်တွန်းနေပါတော့သည်။
သံသယ သံသရာ
အထူးသဖြင့် ဤအဘိဓမ္မာပိဋက၏ ဖွားရာဇာတိနှင့် ဖွားမြင်လာပုံတို့သည် ကမ္ဘာ့သုတေသီများနှင့်တကွ တိုးတက်သော ပညာရှင်တို့၏ မျက်လုံးတွင် သံသယအရိပ်အယောင်များသန်းလျက် ရှိစေပါသည်၊ ဤအချက်ကို ဖုံးကွယ်ထားလျှင် ရှက်ဖွယ်ရာသာ ရှိချိမ့်မည်။
ယနေ့ ကမ္ဘာ့ပညာရှင်တို့သည် ကမ္ဘာကို ပတ်နိုင်ကြပြီ၊ လဗိမာန်သို့ တက်နိုင်ကြပြီ၊ အင်္ဂါြုဂိလ်သို့ ြုဂိလ်တုကို ပစ်လွှတ်နိုင်ကြပြီ၊ အာကာသတွင် ယာဉ်ချင်းချိတ်ဆက် ရပ်တည်လျက် ရက်လရှည်ကြာစွာ တွေ့နေကြပါလျက် အနောတတ္တအိုင်နှင့် မြင်းမိုရ်တောင်ကို မတွေ့ကြရသောကြောင့် မြင်းမိုရ်တောင်ထပ်ရှိ တာဝတိသာနတ်ပြည်၌ အဘိဓမ္မာဒေသနာတော်ကို ဟောတော်မူသည်ဆိုသောအချက်ကို သံသယဖြစ်ကြသည် ဆိုသည်မှာ ဆန်းသည်ဟု မဆိုနိုင်ပါ။
စဉ်းစားရန်
(၁) ပထမနှင့် ဒုတိယသံဂါယနာတင်ပွဲများတွင် အဘိဓမ္မာပိဋက ပါဝင်သည်ဟူ၍ မဟာဝင်, ဒီပဝင်နှင့် ဝိနည်း စူဠဝါ ပါဠိတော်တို့တွင် မတွေ့ကြရခြင်း။
(၂) ရှင်မဟာဗုဒ္ဓဃောသ ရေးသားသည့် ဒိဃနိကာယ် အဋ္ဌကထာကျမ်းတွင် ပထမသံဂါယနာတင်စဉ်က ဝိနယပိဋကနှင့် နိကာယ်ကြီး ၄-ရပ်တို့ကို အာဂုံဆောင်၍ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ရှင်ဥပါလိ, ရှင်အာနန္ဒာ, ရှင်မဟာကဿပ, ရှင်သာရိပုတ္တရာ, ရှင်အနုရုဒ္ဓါတို့၏ တပည့်များအား ပို့ချပေးရန် တာဝန်လွှဲအပ်ကြကုန်သည်။ အဘိဓမ္မာပိဋက မည်သူ့အား တာဝန်လွှဲအပ်သည် ဆိုသောအချက် လုံးဝ မပါခြင်း။
(၃) အဋ္ဌသာလိနီ အစရှိသော အဋ္ဌကထာကျမ်းများနှင့် အိန္ဒိယနိုင်ငံ ဘာသာရပ်နှင့် ဆန်ချီအရပ်များတွင်ရှိသည့် ရှေးဟောင်းကျောက်စာများတွင်လည်း “ဒီဃဘာဏကယ မဇ္ဈိမဘာဏက” စသော စကားများကို တွေ့ရှိရသော်လည်း “အဘိဓမ္မဘာဏက”ဟူသော ဝေါဟာရကို လုံးဝ မတွေ့ရခြင်း။
(၄) သဗ္ဗတ္ထိဝါဒီဂိုဏ်တွင်လည်း အဘိဓမ္မာ (၇)ကျမ်း ရှိသည်။ ထို(၇)ကျမ်းတွင် ပါဝင်သော တရားများကို ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလ္လာန်တို့ ဟောခဲ့သည်ဟု ဆိုခြင်း။
(၅) သဗ္ဗတ္ထိဝါဒီဂိုဏ်တွင်ရှိသော အဘိဓမ္မာ (၇)ကျမ်းမှာ အရေအတွက်သာတူ၍ ကျမ်းအမည်များနှင့် ပါဝင်သည့် အကြောင်းအရာများမှာ ထေရဝါဒဂိုဏ်းရှိ အဘိဓမ္မာကျမ်းများနှင့်မတူ ကွဲပြားခြားနားခြင်း ဟူသော အချက်များမှာ စဉ်းစားစရာများရှိ၍ အထက်ပါအချက်များကို ထောက်ဆလျှင် အဘိဓမ္မာကျမ်းများသည် ဗုဒ္ဓဝါဒတို့အတွင်း ဂိုဏ်းများ ကွဲပြားပြီးမှ တသီးတခြားစီပေါ်ပေါက်လာကြသည်ဟု ယူဆရန်သာ ရှိပါတော့သည်။
ရှုထောင့်အထွေထွေ
(၁) တတိယသံဂါယနာကို ဆောင်ရွက်တော်မူကြသော ရဟန္တာတစ်ထောင်တို့သည် ဓမ္မကို ဦးစီးခဲ့ကြောင်း ဖော်ပြရာ၌ “တေပိဋက”ဟူသော အသုံးအနှုန်းကို တွေ့ရသည်။ ရှင်မဟာမောဂ္ဂလိတိဿမထေရ်သည် မိမိတို့၏ အယူဝါဒ သန့်ရှင်းစေခြင်းငှာလည်းကောင်း၊ သာသနာတော် အဓွန့်ရှည်စွာ တည်တံ့ခြင်းငှာ လည်းကောင်း၊ “အဘိဓမ္မာ”မည်သော ကထာဝတ္ထုကျမ်းကို စီရင်ခဲ့သည်ဟု မဟာဝံသကျမ်းတွင် ဖော်ပြထား၏၊
(၂) တိဘက်ဘာသာသို့ ပြန်ဆိုထားသော သဗ္ဗတ္ထိဝါဒဝိနယကျမ်း၌ ပါရှိသော ပထမသံဂါယနာတင် မှတ်တမ်းတွင် အဘိဓမ္မာနှင့် ပတ်သက်သော အဆိုသည် ပါဠိဘာသာ မှတ်တမ်းများထက် တိကျလှသည်။
ထို့နောက် ရှင်မဟာကဿပမထေရ်သည် ဤသို့ ဆင်ခြင်တော်မူ၏၊ နောင်အခါ ပညာကို လိုလားကြသော ပုဒ်ပါဌ်တို့ကို ရှိရင်းအတိုင်း လိုက်နာကြသော တရားတော်တို့၏ အဆီအနှစ်ကို မေ့လျော့လိုကြသော သူတို့သည် ရှိကုန်အံ့၊ ထိုသူအပေါင်းတို့မှာ အကျိုးငှာ သုတ္တနှင့် ဝိနယတို့၏ အဓိပ္ပာယ်ကို မူရင်းအတိုင်း ထိန်းသိမ်းရန်အတွက် ငါသည် ကိုယ်တိုင်သာလျှင် မာတိကာအစဉ် (အဘိဓမ္မာ)ကို ဟောကြားစေအံ့၊ ထို့ကြောင့် မထေရ်သည် တရားပလ္လင်ထက်သို့တက်တော်မူ၍ ရဟန်းအပေါင်းတို့အား ဤသို့ ဆို၏ - - အို အရှင်မြတ်တို့ မာတိကာအစဉ်၌ မည်သို့သော တရားများ ပါဝင်သနည်း၊ ဌိုအရှင်တို့ကလည်း ဤသို့ပြောကြ ကုန်၏၊ မာတိကာ (အဘိဓမ္မာ)ဟူသည် သိအပ် သိထိုက်သော တရားတို့၏ ခြားနားသော ဝိသေသတို့ကို ထင်ရှားအောင်ပြတတ်သော တရားတည်း၊ သို့ဖြစ်၍ သတိပဌာန်လေးပါး, စွန့်ကြဲခြင်း ငါးပါး, ဣဒ္ဓိလေးပါး, ဣန္ဒြေငါးပါး, ဗောဇ္ဈင် ၇ ပါး, မဂ္ဂင် ရှစ်ပါး, ပဋိသမ္ဘိဒါ လေးပါး, သီလအကျိုး လေးပါး, ဓမ္မလေးပါး, ကိလေသာကုန်ခန်းခြင်း, အလိုရှိအပ်သော တရားတို့ကို သိခြင်း, ပါရမီ သုညတာ သမာဓိ ပညဝိမုတ္တိ ဉာဏနိဗ္ဗာန် ဒိဗ္ဗစက္ခုနှင့် အလုံးစုံသော တရားအပေါင်းတို့အား မှန်ကန်စွာ စုပေါင်းတတ်ခြင်းတို့သည် မာတိကာအစဉ် (အဘိဓမ္မာ)၌ ပါဝင်ကုန်ကြပြီ။
(၃) ကိဏှိဌဘုရင်လက်ထက် သံဂါယနာတင်ပွဲသည် သဗ္ဗတ္ထိဝါဒီဂိုဏ်၏သမိုင်းတွင် ထင်ရှားသော ဖြစ်ရပ်တစ်ခု ဖြစ်၏၊ ဤသံဂါယနာတင်ပွဲကြီး၏ နောက်တွင် ဂိုဏ်းအတွင်း ကွဲပြားမှုများ စတင်လာသည်။ အဘိဓမ္မာ အဋ္ဌကထာ ဖြစ်သော ဝေဘာသကျမ်းတို့ကို အလေးပေး လက်ခံထားသော အုပ်စုနှင့် ဤအဖွင့်ကျမ်းတို့ကို ပယ်၍ မူလသုတ္တန် အဆိုအမိန့်များကို လက်ခံသော အုပ်စုတို့သည် ဝေဘာသိကဂိုဏ် သုတ္တန္တိဂိုဏ်းဟူ၍ စတင်ကွဲသည်၊ ထို့ကြောင့် မြောက်ပိုင်းဂိုဏ်းများတွင် ဤသံဂါယနာတင်ပွဲအပြီး (ထေရဝါဒတို့ လက်ခံသော သီဟိုဠ် စတုတ္ထသံဂါယနာမတိုင်မီကပင် သုတ္တယ အဘိဓမ္မာယ ဝိနယ မည်သော ပိဋကသုံးပုံ ပေါ်ပေါက်လျက် ရှိသည်ကို တွေ့ရသည်) ဤသို့ဆိုလျှင် အဘိဓမ္မာဟူသော အဆိုအမိန့်နှင့် အယူအဆများ ကျမ်းများသည် ရှင်ဗုဒ္ဓဃောသမတိုင်မီ နှစ်ပေါင်းနှစ်ရာကျော်ကပင် ပေါ်ပေါက်နေပြီဖြစ်ကြောင်း ခိုင်မာစွာ တွေ့ရှိရသည်။
(၄) ပထမနှင့် ဒုတိယသံဂါယနာတွင်တို့၌ ဝိနယနှင့် ဓမ္မမှတပါး အဘိဓမ္မာကျမ်းများသည် ပိဋကအဖြစ် ပါဝင်သည်ဟူ၍ ရှေးအကျဆုံးဖော်ပြသော မှတ်တမ်းများသည် ရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာနိဒါန်းများသာ ဖြစ်သည်။ သူ၏ခေတ်ထက် စောသော ခေတ်ဦးအမှတ်အသားတို့၌ ဤအကြောင်းနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ မတွေ့ရချေ။ သက္ကတကျမ်းများက မာတိကာ (အဘိဓမ္မာ)ကို ဦးစီးခဲ့သည်ဟု ဆိုသည်၊ သို့သော် ဟောကြားသူမှာ ဗုဒ္ဓမဟုတ်၊ ရှင်မဟာကဿပ ဖြစ်သည်။ ထို့ကြောင့် ရှင်မဟာဗုဒ္ဓဃောသ၏ အဆိုသည် ရှေးမှတ်တမ်းများနှင့် အခြားနားကြီး ခြားနားလျက် ရှိသည်၊ ထေရဝါဒဂိုဏ်းသားတို့အနက် ပိဋက ဖြစ်ပေါ်တိုးတက်မှုကို အပြည့်အစုံဆုံး အခိုင်အမာဆုံး တင်ပြသူတို့တွင် ရှင်မဟာဗုဒ္ဓဃောသသည် အစောဆုံးဟု တွေ့ရှိရပြီး ဖြစ်သည်၊ သို့သော် ပထမသံဂါယနာတင်ခေတ်နှင့် ရှင်မဟာဗုဒ္ဓဃောသ ပေါ်ထွန်းသော ခေတ်တို့သည် နှစ်ပေါင်း (၉၀၀)ကျော်မျှ ကွာဟနေသည်၊ ဤမျှ ရှည်လျားသော ကာလအတွင်းတွင် အိန္ဒိယနိုင်ငံ တစ်ဝန်လုံး၌ တစ်ရွေ့ရွေ့ ကွဲပြားပြောင်းလွဲနေသည်၊ ထိုအခြေအနေတွင် သံဃာ့သမိုင်း ဗုဒ္ဓဝါဒီတို့၏ စာပေလှုပ်ရှားမှုများ အရှေ့အနောက် အတွေးအခေါ်တို့ ပေါင်းကူးရောယှက်လာမှုများ ဟိန္ဒူ ဗြာဟ္မဏတို့၏ အတ္တအယူဝါဒဖြင့် ထိုးနှက်ချက်များ အားလုံးကိုလည်း ထည့်သွင်း အကဲဖြတ်သင့်၏၊
(၅) တတိယသံဂါယနာတင် အသောကမင်းလက်ထက် ရေးထိုးခဲ့သော ကျောက်စာများ၌ “ဓမ္မကထိက ပေဋကသုတ္တန္တိက --- ပဉ္စနေကာယိက” စသော ရဟန်း - ရဟန်းမတို့ အပ်နှင်းသော ဘွဲ့ထူးများ ပါဝင်ပေသည်။ ဤအချက်အရ ခရစ်ကြို သုံးရာစုနှစ်များအတွင်းကပင် ထေရဝါဒစာပေတို့၌ ပိဋကသုတ္တန္တပဉ္စနိကာယ ဟူသော ဝေါဟာရများ ထွန်းကားနေသည်ဟု ယူဆရပေသည်။
အဘိဓမ္မာစာပေကို ပိဋကတစ်ဆူအနေဖြင့် သတ်မှတ်သည်ဟု ဆိုရမည်ဖြစ်သော အစောဆုံး အထောက်အထားမှာ သီဟိုဠ်ကျွန်း မဟိန္တလေ ဘုရားကျောင်းကျောက်စာဖြစ်သည်။ ထိုကျောင်းတွင် သီတင်းသုံးသော သံဃာတို့အတွက် လှိုဏ်ဂူများ ခွဲခြားထားရာ၌ သုတ္တန္တပိဋကဆောင် ရဟန်းတို့အတွက် ဂူ (၇)လုံး၊ ဝိနယပိဋကဆောင် ရဟန်းတို့အတွက် ဂူ (၅) လုံး၊ အဘိဓမ္မာပိဋကဆောင် ရဟန်းတို့အတွက် ဂူ (၁၂) လုံး စသည်ဖြင့် အတိအကျ ရေးထိုးထားပေရာ သီဟိုဠ်တွင် စောစောပိုင်းကပင် အဘိဓမ္မာ ထင်ရှားနေပြီ ဖြစ်ကြောင်း သိရသည်။
ဤသို့ဖြင့် ထေရဝါဒီတို့၏ အဘိဓမ္မာစာပေစုသည် ပိဋကတစ်ဆူအဖြစ် စုစည်းတည်နေချိန်မှာ တတိယသံဂါယနာတင်ချိန် ဘီစီ ၂၄၄ ထက် နောက်မကျနိုင်ပါ၊ သို့ပါလျက် တာဝတိသာနတ်ပြည်၌ ဟောသည်ဟု ယူဆလျှင် ယူဆသူတို့၏ အစွဲအလမ်းတစ်ရပ်သာ ဖြစ်ပါလိမ့်မည်။
ဇာတ်လမ်းဘယ်ကရသလဲ
ရှင်မဟာဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ်ကျမ်းဖြစ်ပေါ်လာပုံ ဇာတ်လမ်းသည် မျက်မှောက်ခေတ် သုတေသီတို့အား သံသယပွားစေသည်၊ ရှင်မဟာဗုဒ္ဓဃောသသည် မဇ္ဈိမဒေသမှ သီဟိုဠ်သို့ ရှောက်ရှိသောအခါ ပိဋကတ်တော်ကို လေ့လာခွင့် ကူးယူခွင့်ရရန်အတွက် မဟာဝိဟာရဝါသီ သံဃာတို့ထံတွင် ခွင့်ပန်သည့်အခါ မဟာဝိဟာရဝါသီတို့က ပိဋကတ်ဉာဏ်စွမ်း ကျမ်းပြုခိုင်းသည် ဆို၏၊ ဤတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းကို စီရင်သည်၊ သိကြားမင်းက ယူပြီး ဝှက်ထား၍ ဒုတိယအကြိမ် ပြန်ရေးရပြန်သည်၊ သိကြားမင်းကယူပြီး ဝှက်ပြန်သည် (ပြန်ရေးရပြန်သည်)၊ တတိယအကြိမ် ရေးပြီးသောအခါမှ ပထမ ဒုတိယအကြိမ် ရေးသော ကျမ်းမူနှစ်စောင်ကို ပြန်ရသည် ဆိုသည်၊ ကျမ်းစာမူများ ၃-ခု ကို တိုက်ဆိုင်ကြည့်ရာ မခြားတူညီနေသည်ကို တွေ့ရသည် ဆို၏၊
သို့သော် သုတေသီတို့က ရှာဖွေလေ့လာသောအခါ ဝိသုဒ္ဓိမဂ်ကျမ်းမပေါ်မီ နှစ်ပေါင်း ၂၀၀-ခန့် က မြောက်ပိုင်းဗုဒ္ဓဘာသာဂိုဏ်းများအတွင်း၌ “ဝိမုတ္တိမဂ္ဂ” ဟူသော ကျမ်းတစ်ကျမ်းပေါ်ပေါက်နေပြီ ဖြစ်ကြောင်းကို တွေ့ရှိရသည်၊ ထိုကျမ်းကို သက္ကတဘာသာမှ တရုပ်ဘာသာသို့ ပြန်ဆိုထားသည်။
ဝိမုတ္တိမဂ်ကျမ်းပါ အဆိုအမိန့်များသည် ရှင်မဟာဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ်ကျမ်းပါ အဆိုအမိန့်များနှင့် ဆင်တူယိုးမှားရှိနေသည်ကို တွေ့ကြရသည်၊ အမည်ရော အကြောင်းပါ ဆင်တူယိုးမှား ဖြစ်နေပါသည်။
ဤသို့လျှင် ဝိသုဒ္ဓိမဂ်သည် ဝိမုတ္တိမဂ်ကို မှီငြမ်းပြု နည်းယူရမည်မှာ သေချာလှသည်၊ သိကြားဝှက်ဇာတ်လမ်းသည် ထွင်လုံးသာ ဖြစ်သည်ဆိုလျှင် လွန်နိုင်ကောင်းသလော၊ ဆိုလိုသည်မှာ တာဝတိံသာဇာတ်လမ်းကိုလည်း မှီငြမ်းပြုစရာ တစ်ခုခုမှယူ၍ ထွင်လျှင်ဆင်လျှင် မဖြစ်နိုင်ပါသလော၊ ဤကား သုတေသီတို့၏ သံသယပင် ဖြစ်ပါသည်။
ရှင်မဟာဗုဒ္ဓဃောသ မပေါ်ပေါက်မီ ရာစုတစ်ခုကျော်က မြောက်ပိုင်းမဟာယာနသာသနာတွင် ထင်ရှားကျော်ကြားသော အဘိဓမ္မာပုဂ္ဂိုလ် အရှင်အသင်္ဂသည် တာဝတိံသာနတ်ပြည်မှ အပြန်တွင် “ယောဂါဝစရဘူမိ” ကျမ်းကြီးကို ရေးသားခဲ့သည် ဟုအဆိုရှိသည်၊ ရှင်အသင်္ဂ၏ ဤဇာတ်လမ်းသည် သီဟိုဠ်အဘယဂီရိဂိုဏ်းတွင် ရှင်မဟာဗုဒ္ဓဃောသ မရောက်မီကပင်လျှင် စိမ့်ဝင်ဩဇာယောင်းလျက် ရှိ၏၊ ဤဇာတ်လမ်းသည် ရှင်မဟာဗုဒ္ဓဃောသကို တာဝတိံသာဇာတ်လမ်းအတွက် အထောက်အကူပြုမည်မှာ ယုံမှားဖွယ်ရာ မရှိပါချေ။
တစ်ဖန် ရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌသာလိနီအဋ္ဌကထာတွင် ပါရှိသည့် “ဗုဒ္ဓသည် ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီးနောက် (သတ္တသတ္တာဟ) သီတင်းသုံးနေတော်မူစဉ် စတုတ္ထမြောက် (ရတနာဃရ သတ္တာဟ)၌ အဘိဓမ္မာ(၇)ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူသည်”ဟု ပါရှိသည်။ ဝိနယပိဋကကို မဟာဝဂ္ဂကျမ်း၌ ဗောဓိပင်အနီး ဗုဒ္ဓသီတင်းသုံးတော်မူခဲ့သော သတ္တာဟကို ဖော်ပြရာ၌ (ပဉ္စသတ္တာဟ)ကိုသာ တွေ့ရှိရသည်၊ (၇)ရက် (၇)လီ မဟုတ်ဘဲ (၇)ရက် (၅)လီသာ ဖြစ်နေပါသည်၊ ရတနာဃရသတ္တာဟလည်း မပါဝင်ချေ၊ မဟာဝဂ္ဂကျမ်းသည် ပါဠိတော်ဝင်အဖြစ် သတ်မှတ်ခံရသည့်အပြင် ကျမ်းပေါ်ပေါက်ရာ ခောတ်အနေနှင့်ကြည့်လျှင်လည်း အဋ္ဌသာလိနီ အဋ္ဌကထာထက်လည်းကောင်း၊ အခြားပိဋကတ်စာပေ အများစုထက်လည်းကောင်း များစွာစောနေသည်၊ ဗုဒ္ဓဝင်ခန်းနှင့် ပတ်သက်၍ ဤမဟာဝဂ္ဂရှိ အကြောင်းအရာတို့မှာ အစောဆုံး မှတ်တမ်းများ ဖြစ်ခြင်းကြောင့် ပဉ္စသတ္တာဟ အစဉ်အလာသည် သတ္တသတ္တာဟ အစဉ်အလာထက် ခိုင်မာသည်ဟု ယူဆနိုင်ပါသည်၊ ပါဠိတော်အဆိုနှင့် အဋ္ဌကထာအဆို နှစ်ခုယှဉ်လာလျှင် မည်သည့်အဆိုကို ယူရမည်နည်း၊ ရှင်းနေပါသည်။
ထို့ပြင် ဗုဒ္ဓသည် အဘိဓမ္မာဒေသနာတော်ကို မယ်တော်မိနတ်သား အမှုးရှိ နတ်ပရိတ်တို့အား တာဝတိံသာနတ်ပြည်၌ နှုတ်တော်ဖြင့် ရှေးဦးစွာ ဟောတော်မူ၏ဟု အဋ္ဌသာလိနီအဋ္ဌကထာ ကျမ်းဦးနိဒါန်း၌ ဂါထာဖြင့်လည်းကောင်း၊ စကားပြေဖြင့်လည်းကောင်း ဖော်ပြထားသည်၊ မည်သည့် အကြောင်းကြောင့် မည်သည့်အချိန်တွင် တာဝတိံသာသို့ ကြွရောက် ဟောကြားကြောင်း အဆက်အစပ် မဖော်ပြချေ၊ ဤအကြောင်းအရပ် ဇာတ်လမ်း အပြည့်အစုံကို ဓမ္မပဒအဋ္ဌကထာ ဒေဝေါရောဟဏသတ္ထုတွင်မှ တွေ့ရှိရပါသည်၊ ဇာတ်လမ်းကျဉ်းမှာ ဤသို့ ဖြစ်ပါသည်။
ရာဇဂြိုဟ်ပြည်သား သေဋ္ဌေးတစ်ဦးသည် ဂင်္ဂါမြစ်အတွင်းမှ စန္ဒကူးပန်းကုံးတစ်ခုကို ရရှိသည်၊ ယင်းကို သပိတ်အတွင်း၌ အတောင်ခြောက်ဆယ်ရှိသော တိုင်ထိပ်တွင်ဆွဲထားပြီး လောက၌ ရဟန္တာရှိသည်ဆိုလျှင် ကောင်းကင်ခရီးဖြင့်ကြွ၍ ဤသပိတ်ကို ယူဆောင်လော့ဟု ကြေငြာသည်၊ နိဂဏ္ဍနာဋပုတ္တက ပရိယာယ်ပြု၍ လာရောက် တောင်းသော်လည်း မရချေ၊ (၇)ရက်မြောက်သော နေ့တွင် ဗုဒ္ဓ၏သာဝက ရှင်ပိဏ္ဍောလသည် ရှင်မဟာမောဂ္ဂလ္လာန်၏ တိုက်တွန်းချက်အရ မိမိ၏တန်ခိုး ဣဒ္ဓိပါဒ်ကို ထင်ရှားပြတော်မူ၍ သပိတ်ကို ယူသည်၊ ထိုအကြောင်းကို ဗုဒ္ဓသိတော်မူလျှင် အပြစ်တင်တော်မူ၍ သပိတ်ကို ခွဲပစ်စေသည်၊ တိတ္ထိတို့လည်း ဤအချက်ကို အခွင့်ကောင်းယူ၍ သံဃာ့အဖွဲ့ကို နှိမ့်ချပုတ်ခတ်ကြသည်၊ ဤတွင် ဗိမ္ဗိနသာရမင်းကြီး လျှောက်ထားတောင်းပန်သည် ဖြစ်၍ ဗုဒ္ဓက မိမိကိုယ်တိုင် တန်ခိုးပြာဋိဟာ ပြရန် မိန့်တော်မူသည်။
သာဝတ္ထိပြည် မင်းဥယျဉ်မှုးကဏ္ဍသည် ပျိုးအပ်သော သရက်ဖြူပင်ရင်း၌ ဗုဒ္ဓသည် ဝါဆိုလပြည့်နေ့တွင် ယမိုက်ပြာဋိဟာကို အထူးထူး ပြတော်မူပြီးနောက် တာဝတိံသာနတ်ပြည်သို့ နှစ်လှမ်းသုံးဖဝါးဖြင့် ကြွတော်မူ၍ ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာအထက်တွင် သီတင်းသုံးတော်မူလျက် နတ်အပေါင်းတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည်၊ ဒေသနာတော်အဆုံး၌ မယ်တော်မိနတ်သား သောတာပတ္တိဖိုလ်၌ တည်သည်၊ ကုဋေရှစ်သောင်းမျှသော နတ်တို့အဖို့လည်း ကြီးစွာသော ဓမ္မသဘင် ဖြစ်တော်မူသည်၊ ဝါကျွတ်သည့်နေ့တွင် မြင်းမိုရ်တောင်ထိပ်၌ ရပ်တည်လျက် တန်ခိုးပြာဋိဟာကို ပြတော်မူသည်၊ ထို့နောက်နတ်ဗြဟ္မာအပေါင်း ခြံရံလျက် နတ်တို့ ဖန်ဆင်းသော စောင်းတန်းသုံးသွယ်အနက် ပတ္တမြားစောင်းတန်းဖြင့် သင်္ကဿနဂိုရ်မြို့တံခါးသို့ ဆင်းသက်တော်မူသည်။
ဤဒေဝါရောဟဏဝတ္ထုတွင် ပါရှိသော အဘိဓမ္မာနိဒါန်းသည် အဋ္ဌသာလိနီနိဒါန်းထက် ပို၍ ပြည့်စုံသည်၊ ဗုဒ္ဓ၏ တာဝတိံသာခရီးစဉ်ကို ဖော်ပြသော အဋ္ဌသာလိနီ၊ ဓမ္မပဒအဋ္ဌကထာ ဆရာနှစ်ဦးလုံးသည် ပါဠိ ပိဋကတ်တွင်ပါရှိသော ဂါထာအချို့ကို ထုတ်ဆောင်ကိုးကား၍ ထားကြောင်း တွေ့ရှိရသည်။
ပါဠိ ပိဋကတ်တွင် ပါရှိသော ပေတဝတ္ထု၊ သုတ္တန္တပိဋက၊ ခုဒ္ဒကနိကာယ၊ အင်္ကုရပေတဝတ္ထုတွင် ဤသို့ ပါရှိပါသည်။
တစ်ခါတစ်ရံတွင် ဗုဒ္ဓသည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက် သီတင်းသုံးတော်မူပြီး ဤသို့ မြင်းမိုရ်တောင်ထိပ်၌ သီတင်းသုံးတော်မူသော မြတ်စွာဘုရားကို စကြဝဠာတိုက်တစ်သောင်းမှ နတ်အပေါင်းတို့သည် စည်းဝေးရောက်လာကြ၍ ဆည်းကပ်လုပ်ကျွေးကြကုန်၏၊ တစ်စုံတစ်ယောက်သော နတ်၏ အလင်းရောင်သည် ဗုဒ္ဓ၏ အဆင်းအရောင်ကို ဖုံးလွှမ်းမထွန်းပနိုင်၊ ဗုဒ္ဓ၏ ကိုယ်တော် အဆင်းအရောင်သည် အလုံးစုံသော နတ်တို့၏ အဆင်းအရောင်ထက် သာလွန်ထွန်းပ၏ဟူသော အကြောင်း ပါဝင်သည့် ဂါထာသုံးရပ် ပါဝင်သည်။
ဤဂါထာများသည် ဗုဒ္ဓ၏ တာဝတိံသာခရီးကို ညွှန်ပြသည့် အစောဆုံး ပိဋကတ်စာပေ အထောက်အထားဟု ယူဆနိုင်ပါသည်၊ ဤဇာတ်လမ်းတွင် အင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သားနှစ်ဦးတို့၏ ရှေး၌ ပြုခဲ့ဖူးသော ဒါနမှုနှစ်မျိုး အကျိုးပေးနှစ်ရပ် မတူညီပုံကို ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ဒါနနှင့်စပ်သည့် ဒေသနာမျှကိုသာ တွေ့ရသည်၊ မယ်တော်မိနတ်သား အကြောင်းကိုလည်းကောင်း၊ အဘိဓမ္မာဒေသနာတော် အကြောင်းကိုလည်းကောင်း တစ်စွန်းတစ်စမျှ မတွေ့ရှိရပါ။
ဤသို့ဆိုလျှင် အဘိဓမ္မာနိဒါန်း အကြောင်း၌ ဆက်စပ်ပါဝင်နေသော စာပေအဆင့် သုံးဆင့်တို့ကို ကွင်းဆက်အဖြစ် မြင်နိုင်သည်၊ ဗုဒ္ဓသည် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူ၍ အင်္ကုရပေတဝတ္ထုသည် အစောဆုံးဖြစ်သည်။ ပေတဝတ္ထုနှင့် ဝိမာနသတ္ထုတို့မှာ အသောကခောတ် ရှင်မဟိန္ဒတို့ သီဟိုဠ်သို့ သွားစဉ်က သယ်ဆောင်သွားသော ကျမ်းတို့တွင် အပါအဝင်ကျမ်းများ ဖြစ်ကြသည်၊ ဤတာဝတိံသာ၌ ဗုဒ္ဓသီတင်းသုံးခဲ့သည့် အချိန်ကို ရှင်မဟာဗုဒ္ဓဃောသ အဘိဓမ္မာ တရားဦးဟောသော အချိန်အဖြစ် ဖော်ပြပါ၍ အထက်ပါ သုံးဂါထာတို့ကို ကိုးကားသုံးစွဲ၍ ရှင်းပြခဲ့သည်၊ တစ်ဖန် ဤဂါထာများကိုပင် မူတည်၍ ရှင်မဟာဗုဒ္ဓဃောသ၏ အဆိုနည်းတူ ဓမ္မပဒ အဋ္ဌကထာဆရာက ဒေဝေါရောဟဏဝတ္ထုကို ဇာတ်အိမ်ဖွဲ့၍ ရေးသားပြန်သည်။
ဤသုံးချက်ကို စိစစ်ကြည့်လျှင် အဘိဓမ္မာနိဒါန်း ဖြစ်ပေါ်ရာကို ပိုင်းခြားကြည့်ပါက ပေတဝတ္ထုသည် ပထမ, အဋ္ဌသာလိနီ အဋ္ဌကထာသည် ဒုတိယ, ဓမ္မပဒအဋ္ဌကထာသည် တတိယ ဖြစ်နေသည်ကို စာပေပေါ်ပေါက်ရာခောတ်အရ သိရှိရသည်။
သို့သော် အင်္ကုရပေတသတ္ထုကို ဖွင့်ဆိုခဲ့သူ အဋ္ဌကထာဆရာ ရှင်ဓမ္မပါလ (ခရစ်နှစ် ၁၀-ရာစုခန့်)ကမူ အထက်ပါ သုံးဂါထာတို့သည် ပိဋကတ်အတွင်း၌ပင် ရှိနေခဲ့သော်လည်း ဗုဒ္ဓဟောမဟုတ်ဟု အတိအလင်း မိန့်ကြားခဲ့ပါသည်။
ထို့ကြောင့်ပင်လျှင် ထေရဝါဒဂိုဏ်းခွဲတစ်ခုဖြစ်သော သုတ္ထန္တိကဂိုဏ်းဝင်တို့က ဤအဘိဓမ္မာပိဋကကို စောစောကပင်လျှင် ဗုဒ္ဓဘာသိတအဖြစ် လက်မခံခဲ့ကြပါ၊ စင်စစ် အဘိဓမ္မာကျမ်းများ၏ မူလရည်ရွယ်ချက်သည် သုတ္တန်ကျမ်းက တရားခေါင်းစဉ်များကို အကျယ်ဖွင့်ဆိုရန်မှတပါး အခြား မဖြစ်နိုင်ပါ၊ သုတ္တန်နှင့် အဘိဓမ္မာတို့၏ ဆက်စပ်မှုများကို ရှာဖွေသောအခါ သုတ္တန်တွင် နေရာပေါင်းများစွာတို့၌ တွေ့ရပါသည်။
ဒီဃနိကာယ်၊ မဟာနိဒါနသံယုတ်မှ သုတ်တော်တော်များများသည် အဘိဓမ္မာကျမ်းများ၏ အခြေခံ ဖြစ်နေကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် အင်္ဂုတ္တရနိကာယ်မှ ယောဓာဇီဝသုတ်သည် အဘိဓမ္မာပိဋက ပုဂ္ဂလပညတ်၏ အခြေခံဖြစ်ကြောင်းမှာ ထင်ရှားသည်၊ ယောဓာဇီဝသုတ်ကပင်လျှင် ပုဂ္ဂလပညတ်ထက်ပို၍ အဘိဓမ္မာဆန်နေကြောင်း တွေ့ရှိရပါသည်။
ဒီဃနိကာယ်၏ နောက်ဆုံးသုတ်ဖြစ်သော သင်္ဂီတိသုတ်နှင့် ဒသုတ္တရသုတ်တို့သည် အဘိဓမ္မာ (၇)ကျမ်းအနက် ပထမကျမ်းဖြစ်သော ဓမ္မသင်္ဂဏီကျမ်း၏ မူရင်းအခြေခံများပင် ဖြစ်သည်၊ ဤနှစ်သုတ်ကို ဟောသူမှာ ရှင်သာရိပုတ္တရာ ဖြစ်၏၊ ဤသည်ကို သဲလွန်စယူပြီး ရှင်ဗုဒ္ဓဃောသသည် ယခုလက်ရှိ အဘိဓမ္မာကျမ်းများကို အကျယ်နည်းအားဖြင့် ရှင်သာရိပုတ္တရာကတစ်ဆင့် ဟောကြားခဲ့သည်ဟု မိမိ၏အယူအဆ ဖြည့်သွင်းပြီး တာဝတိံသာဇာတ်လမ်းကို ဖန်တီးခဲ့လေသလောဟု တွေးဖွယ် ဖြစ်ပါသည်။
အဘိဓမ္မာ ဝေါဟာရ
ဓမ္မာတိရေကော ဓမ္မဝိသေသဋ္ဌေန အဘိဓမ္မာဟူ၍ လည်းကောင်း၊ အဘိဝိသိဋ္ဌော ဓမ္မော အဘိဓမ္မာဟူ၍ လည်းကောင်း အဘိဓမ္မ၏ အဓိပ္ပာယ်ဖွင့်ဆိုထားချက်ကို အဋ္ဌသာလိနီအဋ္ဌကထာ စသော ကျမ်းများတွင် သုတ္တဝိနယတို့ထက် ထူးကဲစွာ မြတ်သောတရားဟု ဆိုလိုပါသည်၊ သို့ရာတွင် သုတ္တဝိနယတို့ထက် ထူးကဲလွန်မြတ်သည်ဆိုသော အဘိဓမ္မာကို ခုဒ္ဒကနိကာယ (အတိုအထွာ ထည့်စရာ) (ဝါ) အသေးငယ်ဆုံးသော နိကာယ်တွင် ထည့်သွင်းရသည်မှာ အသည်းနာစရာ ရှက်စရာ ကောင်းလှပါသည်။
အဘိဓမ္မာဟူသော ဝေါဟာရကို ပိဋကတ်တော်အတွင်း၌ အနည်းဆုံး ဝေါဟာရအဖြစ် တွေ့ရှိရသည်၊ မူလပဏ္ဏာသ၊ မဟာဂေါသိင်္ဂသုတ်၌ “မဟာမောဂ္ဂလာနော မံ ဧတဒဝေါစ အာဝုသော သာရိပုတ္တ ဒွေ ဘိက္ခူ အဘိဓမ္မကထံ ကထေန္တိ”ဟု ပါရှိသည်၊ သို့သော် ထိုသုတ်ကို လေ့လာကြည့် သောအခါ သာဝက ဘာသိတ (သာဝကဟော) အပိုင်းက များနေသည်။
(ဧဝံ မေ သုတံ)ဟု ရှင်အာနန္ဒာက ပြောလေဟန်ဖြင့် စဖွင့်ပြီး (အာယသ္မတာ အာနန္ဒေ) စသည်ဖြင့် ရှင်အာနန္ဒာသည် ဗုဒ္ဓ၏ ဥပဋ္ဌာက (လုပ်ကျွေးပြုစုသူ) ဖြစ်၍ ဗဟုသုတကြွယ်ဝကြောင်း ဖော်ပြထားပြန်သည်။
ရဟန်းတို့ ထိုမှတပါး အင်္ဂါ(၅)ပါးနှင့် မပြည့်စုံသော ရဟန်းသည် ပဉ္ဇင်းခံ မပေးရ၊ နိဿရည်း မပေးရ၊ သာမဏေကို မလုပ်ကျွေးစေရ၊ ငါးပါးဟူသည်ကား
(၁) အနီးနေတပည့် အတူနေတပည့်တို့ကို မြင့်မြတ်သော ကျင့်ဝတ်သိက္ခာ၌ ကျင့်စေခြင်းငှာ မစွမ်းနိုင်။
(၂) အကျင့်မြတ်၏ အစဖြစ်သော သိက္ခာ၌ ဆုံးမခြင်းငှာ မစွမ်းနိုင်။
(၃) အဘိဓမ္မာ၌ ဆုံးဖြတ်ခြင်းငှာ မစွမ်းနိုင်။
(၄) အဘိဝိနယ၌ ဆုံးဖြတ်ခြင်းငှာ မစွမ်းနိုင်။
(၅) ဖြစ်ပေါ်လာသော အယူမှားကို တရားသဖြင့် ဖြေချွတ်စေသောငှာ မစွမ်းနိုင်။
ဟူ၍ ဝိနယ မဟာဝဂ္ဂပါဠိ၊ မဟာခန္ဓက၊ ဥပသမ္ပာဒေတဗ္ဗပဉ္စကကထာ၌ ပါရှိပြန်သည်။ ဒီဃနိကာယ်၊ သင်္ဂီတိသုတ်နှင့် အင်္ဂုတ္တရနိကာယ်၊ ဒသကနိပါတ်တွင်လည်း အဘိဓမ္မာဟု တွေ့ရပြန်သည်၊ သို့သော် အဘိဝိနိယ ဟူသောအသုံးနှင့် တွဲ၍သုံးထားကြောင်း သတိပြုရပါမည်၊ ဤ၌ အဘိဓမ္မာဆိုသည်မှာ အဘိဓမ္မာ(၇)ကျမ်းဟု ဆိုလိုရင်း ဟုတ်ဟန်မတူပါ၊ ပါဠိပိဋကတ်အတွင်း၌ အဘိဝိနိယဟူ၍ သီးခြားခေါ်ဆိုထားသော သိက္ခာပုဒ်များ မရှိချေ၊ အဘိဝိနိယကျမ်း မရှိပါဘဲ အဘိဓမ္မာ(၇)ကျမ်းကို ရည်ညွှန်းသည်ဆိုလျှင် ယုတ္တိကင်းမဲ့ရာ ကျပါသည်။
ထို့ပြင် ကိန္တိသုတ္တတွင် ဓမ္မကို အသေးစိတ်ခွဲခြင်းဟူသော အဓိပ္ပာယ်ဖြင့် အဘိဓမ္မဝေါဟာရ သုံးထားသည်ကို တွေ့ရသည်၊ အင်္ဂုတ္ထရနိကာယ်တွင်ရှိသော အဘိဓမ္မကထာဟူသော ဝေါဟာရ၌ ဓမ္မကို ရှင်းလင်းပြတတ်သော စာပေဟု အဓိပ္ပာယ်ရသည်၊ ဤအဓိပ္ပာယ်နှစ်ခုသည် သင့်တန်သော ယုတ္တိကိုဆောင်သည်ဟု ယူဆပါသည်။
အထက်တွင် တင်ပြခဲ့သော အကြောင်းအရာများအရ အဘိဓမ္မာကျမ်းများသည် သုတ္တတွင်ပါဝင်သော ဓမ္မကို နိကာယ်ကြီးတွင် ပါဝင်သော ဗုဒ္ဓမြတ်စွာ၏ ဓမ္မများကို အသေးစိတ် ရှုထောင့်စုံဖြင့် တင်ပြသော ကျမ်းများသာ ဖြစ်သည်၊ ဗုဒ္ဓကိုယ်တော်တိုင် တိုက်ရိုက်ဟောသော ကျမ်းများမဟုတ်ဟု တပည့်တော်တို့ ရိုးသားစွာပင် ယူဆကြပါသည် ဘုရား၊ ဤသို့ ယူဆခြင်းအားဖြင့် ဗုဒ္ဓ၏ ဂုဏ်တော်ကို မြူမှုန်မျှ ထိခိုက်မည် မဟုတ်ပါ၊ ဝိမုတိရသကျိုးကို မုချရရှိနိုင်သည့် ဗုဒ္ဓဟောတော်မူသော တရားတော်များသည် နိကာယ်ကြီး များတွင် အပြည့်အစုံ ပါဝင်ပြီး ဖြစ်နေသည်သာမက ပိုလျှံ၍ပင် နေပါသေးသည် ဘုရား။
ရရှိသောအချိန် တိုတောင်းလွန်းလှသဖြင့် တင်ပြစရာ အချက်အလက်များ အများပင် ကျန်ရစ်ခဲ့သည်ကို ခွင့်ပြုတော်မူကြပါ ဘုရား။
မှတ်ချက်။ ။ စောဒနာ အမှတ်(၇)ကို သောဓနာခြင်း မပြု။
သောဓနာ အမှတ်(၈)
သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ချေပချက်
အမှတ်(၈) စောဒနာလွှာကို သောဓနာပြုချက်ပါ ဘုရား။
ဗုဒ္ဓဘာသာဝင်တို့၏ သမထလမ်းစဉ်နှင့် ဝိပဿနာလမ်းစဉ်တို့ကို ဖျက်ဆီးပြီး သံသရာမှ လွတ်မြောက်ရာ လမ်းကြောင်းကို ပိတ်ပင်ဟန့်တား ဖျက်ဆီးနေကြပါသည်ဟု စောဒနာချက်နှင့် ပတ်သက်၍ သောဓနာ ပြုအပ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်များ ဘုရား-
တပည့်တော်များသည် ပရိယတ်စာပေကို ကျွမ်းကျင်သူများ မဟုတ်ပါကြောင်း ရှေ့ပိုင်းတွင် တင်ပြလျှောက်ထားခဲ့ပြီး ဖြစ်ပါသည် ဘုရား။
၁။ စောဒနာဆရာတော်များ၏ “ဗုဒ္ဓေါ ဟေဿံ သဒေဝကေ၊ သံသာရေဿံ သဒေဝကံ” (သဒေဝကေ၊ နတ်နှင့်တကွသော လောက၌၊ ဗုဒ္ဓေါ၊ ဘုရားသည်၊ ဟေဿံ၊ ငါဖြစ်အံ့၊ သဒေဝကေ၊ နတ်နှင့်တကွသော လောကကို၊ သံသာရေဿံ၊ သံသရာမှ ကယ်တင်ထုတ်ဆောင်အံ့) ဟု ပါဠိနှင့် အနက်ပြန်ထားချက်ကို တွေ့ရှိရရာ ၎င်းပါဠိများ၏ သုတ္တန်အညွှန်းများ အပိုဒ်များ စာမျက်နှာများ မဖော်ပြသဖြင့် လုပ်ကြံထားသော ပါဠိများပင် ဖြစ်လေရော့သထားဟု သံသယဝင်လျက် ရှိနေပါသည် ဘုရား။
[ဤနေရာအရောက်တွင် ရုံးတော်က မေးခွန်းမေးသည်။ ]
စုဒိတကတို့၏ သံသယကြောင့် စောဒကရဟန်းတော်များကို မေးစစ်ခြင်း
ဦးကုမာရ(ဝိနည်းဓိုရ်) -စုဒိတကဒကာများက အမှတ်(၈) ဝိသေသစောဒနာထဲမှာပါသော “ဗုဒ္ဓေါ ဟေဿံ သဒေဝကေသန္တာရေဿံ သဒေဝကံ” ဆိုတဲ့ ပါဠိနှင့် အနက် ပြန်ခြင်းကို သံသယရှိနေ ပါတယ်တဲ့၊ စောဒကရဟန်းတော်များက ဤအချက်ကို ပြေလည်အောင် ဖြေရှင်းပြလိုက်ပါ။
ဦးဝိသုဒ္ဓိ(စောဒက) -စုဒိတကဒကာများက သံသယဖြစ်တာကို ဝိနည်းဓိုရ်ဆရာတော်များ၏ ခွင့်ပြုချက်အရ အတိအကျ ညွှန်ပြပြီး လျှောက်ထားပါမယ် ဘုရား။ “ဗုဒ္ဓေါ ဟေဿံ သဒေဝကေ”ဟူသော ပါဠိသည် ဗုဒ္ဓဝံသပါဠိတော်(၃၀၀)၊ ဂါထာနံပါတ် ၅၅-တွင် ပါရှိပါသည် ဘုရား၊ “သန္တာရေဿံ သဒေဝကံ”ဟူသော ပါဠိသည်လည်း ဗုဒ္ဓဝံသပါဠိတော်(၂၀၀၊ ဂါထာနံပါတ် ၅၆-တွင် အတိအကျ ပါရှိပါသည် ဘုရား။
ဦးကုမာရ -စုဒိတကများ ကျေနပ်ကြပြီလား။
စုဒိတကများ -ကျေနပ်ပါပြီ ဘုရား။
၂။ တပည့်တော်များ နားလည်ထားသည်မှာ သစ္စာလေးပါးကို သိ၍သာလျှင် ဘုရားဖြစ်ပါသည်၊ လောကဟူသော ပုဒ်မှာလည်း စောဒကဆရာတော်များ ဖော်ပြထားသကဲ့သို့ သဒေဝကလောက ဟုတ်မည်မထင်ပါ၊ ဒီဃနိကာယ်ပါဠိတော်(၅၈) သီလက္ခန္ဓဝဂ်၊ သာမညဖလသုတ်၊ အပိုဒ်-၁၉၀၊ ဆဋ္ဌမူတွင်လည်း တထာဂတော လောကေဥပ္ပဇ္ဇတိ-ဟုသာ ပါရှိပြီး သဒေဝကေ ဟူသော ဝိသေသနပုဒ် မပါရှိခဲ့ပါ ဘုရား။
၃။ တပည့်တော်များသည် ဤသို့ လျှောက်ထားရခြင်းမှာလည်း နိဒါနသံယုတ်ပါဠိတော်(၃၀၁) (၅)ခုမြောက် ဂဟပတိဝဂ်၊ လေးခုမြောက် လောကသုတ္တ၊ အပိုဒ် ၄၄-တွင် -
“သာဝတ္ထိယံ ဝိဟရတိ၊ လောကဿ ဘိက္ခဝေ သမုဒယဉ္စအတ္ထင်္ဂမဉ္စ ဒေသေဿာမိ၊ တံ သုဏာထ သာဓုကံ မနသိ ကရောထ၊ ဘာသိဿမီတိ။ ပ။ ကတမော စ ဘိက္ခဝေ လောကဿ သမုဒယောစက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။ ပ။ လောကသမုဒယော”
ဟု အတိအလင်း ပါရှိသဖြင့် ထိုလောကသည် ကာမလောကတစ်ခုလုံးကိုသာ ရည်ညွှန်းချက် ရှိနေကြောင်း သဘောပေါက်နိုင်ပါသည် ဘုရား။
အကယ်၍ နတ်လောက ဗြဟ္မာလောကများ ပါဝင်နေလျှင် သဒေဝကေ သဗြဟ္မကေ ဟူသော ပါဠိများလည်း ပါရှိနေသင့်သည်ဟု တပည့်တော်များ ယူဆမိပါသည် ဘုရား။
၄။ စောဒကဆရာတော်များ၏ စောဒနာချက် အမှတ်(၈) စာမျက်နှာ(၁)တွင်လည်း “ဝိမုတ္တိရသ တည်းဟူသော သံသရာမှ ထွက်မြောက်ရေးလည်း ကျင့်ကြံအားထုတ်မှုရှိမှ ရပါမည်၊ ထိုကျင့်ကြံအားထုတ်မှု အတွက်လည်း လမ်းစဉ် ရှိရပါမည်”ဟု ဖော်ပြထားပါသည် ဘုရား။
တပည့်တော်များမှာလည်း ဝိမုတ္တိရသ ရရှိနိုင်ရေးအတွက် ကျင့်ကြံ အားထုတ်မှုလမ်းစဉ် ရှိပါသည် ဘုရား။ စောဒကဆရာတော်များ တင်ပြသော အထောက်အထား ပါဠိတော်မှာ “ဧကာယနော ဘိက္ခဝေ အယံ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ” အစရှိသဖြင့် ဖော်ပြရာ၌ ပါဠိအထားအသိုမှာ ဆဋ္ဌမူနှင့် လွဲချော်နေပါသည် ဘုရား။
ဆဋ္ဌမူ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသပါဠိတော်(၇၁)၊ မူလပရိယာယဝဂ်၊ (၁၀)ခုမြောက် မဟာသတိပဋ္ဌာနသုတ်၊ ပုဒ်ရေ(၁၀၆)တွင်-
“ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ”
ဟု တွေ့ရှိရပါသည် ဘုရား၊ စောဒကဆရာတော်များ ဖော်ပြထားသော ပါဠိအထားအသိုက မှန်ကန်ပါသည်ဟု ယူဆလျှင် ဆဋ္ဌမူကို ဖျက်ပေးပါရန်၊ သို့မဟုတ် ဆဋ္ဌမူက မှန်ပါသည်ဟု ယူဆလျှင် စောဒကဆရာတော်များ နောင်အခါ ဤပွဲမျိုးနှင့် ကြုံကြိုက်လာပါက ဤကဲ့သို့ ပါဠိအထားအသို လွဲမှားမှုမျိုး မဖြစ်စေရန် သတိထား၍ ဆောင်ရွက်တော်မူနိုင်ကြရန် လျှောက်ထားအပ်ပါသည် ဘုရား။
[ဤနေရာ အရောက်တွင် ရုံးတော်က မေးခွန်းမေးသည်]
ဘိက္ခဝေ အယံနှင့် အယံ ဘိက္ခဝေကို မေးခြင်း
ဦးကုမာရ(ဝိနည်းဓိုရ်) -ဝိသေသစောဒနာအမှတ်(၁)တွင် ပါရှိသော ပါဠိများ လွဲမှားနေတယ်လို့စုဒိတကများက ချေပထားတယ်၊ စောဒကဆရာတော်များက ဒါကိုရော ပြေလည်အောင် ဖြေရှင်းနိုင်လျှင် ဖြေရှင်းပြပါ။
ဦးဝိသုဒ္ဓ(စောဒက) -တပည့်တော် ဝိသုဒ္ဓသည် “ဧကာယနော ဘိက္ခဝေ” အစရှိသော ပါဠိတော်အပါအဝင် ဒီဃနိကာယ်ကြီး တစ်ခုလုံးကို နှုတ်တက်ရွရွ အလွတ် အာဂုံဆောင်ခဲ့သူ ဖြစ်ပါတယ် ဘုရား၊ ဒီလို ဒီဃနိကာယ်ကြီး တစ်ခုလုံးကို နှုတ်တက်ရွရွ အာဂုံဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် ယခု “ဧကာယနော အယံ ဘိက္ခဝေ” စသော ပါဠိကိုပဲ ဒီနေ့ ဒီအချိန်အထိ တပည့်တော်များ နှုတ်တက်ရွရွ အာဂုံရနေဆဲ ရှိပါသေးတယ် ဘုရား၊ ဒါ့ကြောင့် တပည့်တော်များ အချိန်မရတဲ့ အတွက် လက်နှက်စက် မူကြမ်းအမှားကို ကြိုတင်ပြင်ဆင်ပြီး ဝိသေသစောဒနာ တင်သွင်းတဲ့အချိန်မှာ တပည့်တော်ကိုယ်တိုင် ဘုရားဟောပါဠိတော်အတိုင်း အမှားကို ပြင်ဆင်၍ အမှန်အတိုင်း တင်သွင်းခဲ့ပါတယ် ဘုရား၊ တင်သွင်းခဲ့တဲ့ ပုံစံက-
“ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာသောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿနံ အတ္ထင်္ဂမာယ ဉာယဿ အဓိကမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိတံ စတ္တာရော သတိပဋ္ဌာနာ-”
လို့ ဘုရားဟော ဒီဃနိကာယ်၊ သုတ်မဟာဝါ၊ မဟာသတိပဋ္ဌာနသုတ်၊ ဆဋ္ဌမူ အတိုင်း တင်သွင်းခဲ့ပါတယ် ဘုရား၊ အလွတ်ရနေသော ပါဠိဖြစ်၍ လက်နှက်စက် ရိုက်ထားသော စာမူအမှားကိုဖျက်ပြီး အမှန်အတိုင်း တင်သွင်းခဲ့ပုံကို ဝါဆိုလဆန်း(၃)ရက်၊ နံနက်ပိုင်း ဝိသေသစောဒနာ တင်သွင်းခဲ့ချိန်မှာ ဤရုံးတော်မှ အသံဖမ်းယူထားသော ကတ်ဆက်ခွေကို နားထောင်ကြည့်ရင် အမှန်အတိုင်း အတိအကျ တင်သွင်းထားသော ဝိသေသစောဒနာ ဖြစ်ကြောင်း စုဒိတကများ ရှင်းသွားပါလိမ့်မယ် ဘုရား။
ဦးကုမာရ -စုဒိတက ဒကာများ ကျေနပ်ကြပြီလား။
စုဒိတကများ -ကျေနပ်ပါပြီ ဘုရား။
၅။ တပည့်တော်များသည် ဝိမုတ္တိရသ ရရှိရေးအတွက် ကျင့်ကြံအားထုတ်မှု လမ်းစဉ် ရှိပါကြောင်း အထက်တွင် လျှောက်ထားခဲ့ပြီးပါပြီ ဘုရား။ တပည့်တော်များ၏ လမ်းစဉ်မှာ မဟာသိပဋ္ဌာနသုတ်တော်အရ “ဘိက္ခဝေ၊ ရဟန်းတို့။ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ၊ အကြင်သတိပဋ္ဌာန်လေးပါးသည်ကား။ သတ္တာနံ၊ သတ္တဝါတို့၏။ ဝိသုဒ္ဓိယာ၊ စင်ကြယ်ခြင်းငှာ။ သောကပရိဒေဝါနံ၊ သောက ပရိဒေဝတို့ကို။ သမတိက္ကမာယ၊ လွန်မြောက်ခြင်းငှာ။ ဒုက္ခဒေါမနဿာနံ၊ ဒုက္ခဒေါမနဿတို့၏။ အတ္ထင်္ဂမာယ၊ ချုပ်ငြိမ်းခြင်းငှာ။ ဉာယဿ၊ မဂ်ဉာဏ်ကို။ အဓိဂမာယ၊ ရခြင်းငှာ။ နိဗ္ဗာနဿ၊ တဏှာအစေးကင်းကွာမှုကို။ သစ္ဆိကိရိယာယ၊ မျက်မှောက်ပြုခြင်းငှာ။ ဧကာယနော၊ တစ်ခုတည်းသော တည်ရာ မှီရာအားကိုးရာသည်။ မဂ္ဂေါ၊ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတို့ပေတည်း”ဟူသော တရားပင် ဖြစ်ပါသည်၊ ထိုမဂ္ဂင်ရှစ်ပါး တရားတော်တို့၌ ဝိပဿနာသမထ သည်လည်း ဝိဇ္ဇာနှင့် စရဏပင် ဖြစ်ပါသည် ဘုရား။
အဘိဓမ္မာပိဋက၊ သမ္မောဟဝိနောဒနီအဋ္ဌကထာ(၄-သစ္စဝိဘင်္ဂ)၊ ၁-သုတ္တန္တ ဘာဇနီယ၊ ၄-မဂ္ဂသစ္စနိဒ္ဒေသဝဏ္ဏနာ (နှာ-၁၁၄) တွင် “သောခေါ ပနေသ မဂ္ဂေါ သမ္မာဒိဋ္ဌိသင်္ကပ္ပါနံ ဝိဇ္ဇာယ, သေသဓမ္မာနံ စရဏေန သင်္ဂဟိတတ္တာ ဝိဇ္ဇာ စေဝ စရဏဉ္စ။ တထာ တေသံ ဒွိန္နံ ဝိပဿနာယာနေန, ဣတရေသံ သမထယာနေန, သင်္ဂဟိတန္တာ, သမထော စေဝ ဝိပဿနာ စ”ဟူ၍ ပါရှိပါသည်။
ဝိဇ္ဇာ၊ သို့မဟုတ် ဝိပဿနာသည် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ ဖြစ်ပါသည်၊ စရဏ၊ သို့မဟုတ် သမထသည် သမ္မာဝါစာ သမ္မာသမာဓိ ဖြစ်ပါသည် ဘုရား။ မဂ္ဂင်ထိုက်သော ဝိပဿနာကို ကျင့်သုံးခြင်းအားဖြင့် သမထဖြစ်သော(သို့) စရဏဖြစ်သော ငြိမ်းအေးမှု အကျင့်သည်လည်း ပြည့်စုံပြီး ဖြစ်ပါသည် ဘုရား၊ သို့ပါ၍ တပည့်တော်များအတွက် ဝိပဿနာအလုပ်ကို လုပ်ယင်းဖြင့်ပင် သမထအလုပ်များလည်း အလိုအလျောက် ပါဝင်နေပြီး ဖြစ်ပါသည် ဘုရား။
၆။ ဗုဒ္ဓရှင်တော်မြတ်သည် ပညာဓိကဗုဒ္ဓဖြစ်၍ မဂ္ဂင်ရှစ်ပါးတွင်လည်း သမ္မာဒိဋ္ဌိ(ဝါ)ပညာသည်ပင် နံပါတ် ၁-နေရာတွင် ထားရှိ ဟောပြောတော်မူခဲ့ရာ တပည့်တော်များကလည်း ပညာစခန်းဖြစ်သော ဝိပဿနာကိုသာ ရှေ့ဆုံးမှထား၍ ပြောဆိုရေးသားနေရခြင်း ဖြစ်ပါသည် ဘုရား၊ သမ္မာဒိဋ္ဌိ ဟူသည် အမြင်မှန် ဖြစ်ပါသည် ဘုရား၊ ထို “အမြင်မှန်” ကို “အမှန်မြင်” မှ ရရှိပါသည်၊ အမှန်မြင်ဆိုသည်မှာ သက်ရှိသက်မဲ့ ဖြစ်ပါသည်၊ ဤသက်ရှိသက်မဲ့သည် သန္ဒိဋ္ဌိက အကာလိက စသော ဓမ္မဂုဏ်နှင့်လည်း ကိုက်ညီပါသည် ဘုရား၊ သက်ရှိလူသားသည် သက်မဲ့အစာ၊ ရေ, လေတို့ကြောင့် ဖြစ်ရသည်၊ ထို အစာ ရေ လေတို့သည် ဗဟိဒ္ဓလောက၌ ရှိသည်၊ ဗဟိဒ္ဓသည် အဇ္ဈတ္တ ဖြစ်လာသည်၊ ထိုအဇ္ဈတ္တသည် သက်ရှိ ဖြစ်သည်၊ ဌိုသက်ရှိသည်ပင်လျှင် မကြာမြင့်မီ ဗဟိဒ္ဓပြင်ပသို့ ကူးပြောင်းသွားသည်၊ အဘယ်ကြောင့်ဆိုသော် အစာ လေ ရေတို့သည်ပင်လျှင် ရွေ့လျား မတည်ငြိမ် ပုံစံတစ်ခုမှ ပုံစံတစ်ခုသို့ ပြောင်းလဲနေသည်၊ ဥပမာ စပါးမှ ဆန်၊ ဆန်မှ ထမင်း၊ ထမင်းမှ လူ ဖြစ်ပါသည် ဘုရား။
မတည်မြဲသော ရုပ်ဝတ္ထုပစ္စည်းတို့ဖြင့် တည်ဆောက်ထားသော ဤရုပ်ကာယ ဝတ္ထုသည်လည်း မတည်မြဲပေ၊ ထိုသို့သိလာသောအခါ ထိုသက်ရှိရုပ်ကာယပေါ်၌ “အမြင်မှန်” ရရှိလာပါသည်၊ ထိုအမြင်မှန်သည်ပင်လျှင် သမ္မာဒိဋ္ဌိ ဖြစ်ပါသည် ဘုရား၊ ထိုသမ္မာဒိဋ္ဌိသည်ပင်လျှင် ပညာ ဖြစ်ပါသည် ဘုရား၊ ပညာဟူသည် “ပကာရေန ဉာဏော” အရ ခွဲခြားစိတ်ဖြာ၍ သိသော အသိဉာဏ်ပင် ဖြစ်ပါသည် ဘုရား။
[ဤနေရာ အရောက်တွင် ရုံးတော်က မေးခွန်းမေးသည်]
ပကာရေန ဉာဏော ပါဠိအမှားကို မေးခြင်း
ဦးကုမာရ(ဝိနည်းဓိုရ်) -စောဒနာအမှတ်(၈)ကို ဖြေကြားသော သောဓနာ၌ “ပကာရေန ဉာဏော”ဟူသော ပါဠိသည် ကျမ်းတစ်ကျမ်းကယူပြီး ထည့်ထားသော ပါဠိလား၊ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့မှ ဒကာတို့ရဲ့ လက်ဖြစ် ပါဠိလား။
ဖတ်ကြားသူ -ဒါက တပည့်တော်တို့ ဝိသေသစနတ္ထသဘော သက်ရောက်တဲ့ ပါဠိတစ်ခုခုကို တပည့်တော်များ ရှာရင်း ဖွေရင်း ဖတ်ရင်း ဗဟုသုတ ကြားဖူးတဲ့အနေနဲ့ ထည့်ထားတာပါ ဘုရား။
ဦးကုမာရ(ဝိနည်းဓိုရ်) -သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်မှာ တာဝန်ရှိပါတယ် ဦးခင်ဟန်ကို မေးပါ။
ဦးကုမာရ -ဒကာဦးခင်ဟန် ဒီပါဠိ သဒ္ဒါကျမ်းကလား၊ တခြားကျမ်းကလား၊ ဘယ်ကရတယ်ဆိုတာ ဖြေပါ။
ဦးခင်ဟန် -ဘုရားတပည့်တော်များကို ယခုလို မေးစမ်းနေတဲ့အတွက်အချိန်လဲ ကုန်သွားပါပြီ ဘုရား။ တပည့်တော်တို့ရဲ့ ချွတ်ယွင်းမှုတွေကို အရှင်ဘုရားများ ဆုံးဖြတ်တဲ့အခါမှာ ထည့်သွင်းဆုံးဖြတ်ပါ ဘုရား။
ဦးကုမာရ -ဒကာကြီးတို့ လုပ်ပြီးထည့်တာလား၊ ကိုယ်တိုင် ဝိဂြိုဟ်လုပ်ထားတာ ဆိုရင်လဲ ကိုယ်တိုင် လုပ်ထားကြောင်း ဖြေရင် ပြီးဒါပါပဲ။
ဦးခင်ဟန် -တပည့်တော်တို့လဲ ဆရာသမားနဲ့ လုပ်ရတာပါ ဘုရား၊ ကိုယ်တိုင် မသိပါ ဘုရား။
ဦးကုမာရ -ကိုင်း ကိုင်း ကိုယ်တိုင် မသိဘူးတို ထားတော့ ဟုတ်ပြီ ရှင်းနေပြီ။
ဦးခင်ဟန် -တပည့်တော်တို့ဟာ ဒီရှင်တော်ဗုဒ္ဓအဘိဓမ္မာကို သိရေးတတ်ရေးအတွက် ယသ သတို့သားနဲ့ ဘုရားတပည့်တော်တို့ဟာ သိပ်ပြီးတော့ မထူးကြပါဘူး၊ သူမသာ ကိုယ်မသာဖြစ်ကြပါတယ်။
ဦးကုမာရ(ဝိနည်းဓိုရ်) -ဒီ ယသ သတို့သားတွေ ဘာတွေ ဖြေနေစရာ မလိုပါဘူး၊ ပကာရေန ဉာဏော ကိုသာဖြေပါ၊ အပိုတွေ ပြောမနေပါနဲ့။
သမ္မာဒိဋ္ဌိသုတေသန(အဖွဲ့ဝင်တစ်ဦး)-ပကာရေန ဉာဏောဆိုတဲ့ ပါဠိက အားလုံးတပည့်တော်များ တစ်သာသနာလုံး ပထမငယ်တန်းကစပြီးဖြေတဲ့ ဦးပဉ္ဇင်းငယ်များ ရှင်သာမဏေငယ်များ လောက်ကစပြီးတော့ သိကြပါတယ် ဘုရား၊ ဒီပါဠိက ပါဠိတော်တွေထဲမှာ မရှိသော်လည်းဘဲ အဋ္ဌကထာ ဋီကာတွေထဲမှာအများဆုံး တွေ့နိုင်တဲ့ ပါဠိအမျိုးအစား ဖြစ်ကြောင်းပါ ဘုရား။
ဦးဉာနိက -ဒီပါဠိကို ဘုန်းကြီးတို့ မေးရတာက တခြားကြောင့်မဟုတ်ဘူး၊ ပကာရေန ဉာဏော မှာ ဉာဏောဆိုတာလွဲနေတယ် လိင်လွဲနေတယ်၊ ဒကာများ ဘုရားဟောပါဠိကို ဂရုစိုက် မစိုက်၊ ပါဠိသင်ဖူး မသင်ဖူး၊ လက်တွေ့သိရအောင် ဘုန်းကြီးတို့က မေးရခြင်း ဖြစ်တယ်၊ သဒ္ဒါစည်းကမ်းအရ ပြောရလျှင် “ပကာရေန ဉာဏံ”သာဖြစ်စရာ ရှိတယ်၊ “ပကာရေန ဉာဏော” လို့ ဘယ်နည်းနဲ့မှ မနေနိုင်ဘူး၊ ပါဠိစည်းမျဉ်းနဲ့မညီ ပါဠိထုံးတမ်းစဉ်လာ လွဲနေတယ်၊ ဘယ်အဋ္ဌကထာ, ဋီကာမှာမှ မတွေ့နိုင်ဘူး၊ အဲဒါကြောင့် ပါဠိမတတ်ဘဲ တစ်ယောက်ယောက်ကများ ဝင်ပြီး ရေးထားတာလားလို့ မေးတာ၊ ဒါမှမဟုတ် ဦးဥက္ကဋ္ဌလို ထွင်လိုက်တာလားလို့ ဘုန်းကြီးတို့က မေးတာ။
ဦးကုမာရ -ပကာရေန ဇာနာတီတိ ပညာ-ဒီလိုရင် ရှိမှာကိုး၊ ပကာရေန ဉာဏံ-ဆိုရင်လဲ ပရိယာယ်ပုဒ်တော့ ဖြစ်ပါတယ်၊ အခု ဒီအမှတ်(၈)သောဓနာမှာ “ပကာရေန ဉာဏော” လို့ ရေးထားတာ ဒါ ဘယ်လိုသဘောလဲ။
ဦးခင်ဟန် -မှန်ပါ၊ လိင်လွဲနေတဲ့ သဘောပါ ဘုရား။
ဦးကုမာရ -လိင်လွဲခြင်း ဖြစ်တယ်။
ဦးခင်ဟန် -မှန်ပါ၊ လိင်လွဲကြောင်း ဝန်ခံပါတယ် ဘုရား။
ဦးကုမာရ -လွဲကြောင်း ဝန်ခံရင် တော်ပြီ၊ ရှေ့ဆက် ဖတ်ပေတော့။
မမြဲသောရုပ်ကို မမြဲသောရုပ်ဟူ၍ အပိုင်သိခြင်းပင် “အမြင်မှန်” ဖြစ်ပါတယ်။
“အနိစ္စံယေဝ ဘိက္ခဝေ ဘိက္ခု စက္ခု စက္ခုံ အနိစ္စန္တိ ပဿတိ၊ ဉာဿ ဟောတိ သမ္မာဒိဋ္ဌိ” (ခန္ဓဝဂ္ဂ သဠာယတနဝဂ္ဂ သံယုတ္တပါဠိ၊ အဇ္ဈတ္တနန္ဒိက္ခယသုတ္တ၊ စာ-၁၅၇။)
၇။ ထိုသို့ သမ္မာဒိဋ္ဌိဖြစ်ပြီးသော ပုဂ္ဂိုလ်သည် သမ္မာသင်္ကပ္ပ အတွေးအခေါ်မှန် ကြံစည်မှုမှန် ဖြစ်ပါသည်၊ ထိုအတွေးမှန် ကြံစည်မှုမှန်သည် ကာမဂုဏ်ငါးပါးတို့၌ ကြံစည်မှု ညှင်းပန်းနှိပ်စက်မှု ကြံစည်တွေးခေါ်မှု ကြောင့်ကြစိုက်မှု တောင့်တပူပန်မှုတို့၌ မကြံစည်တော့ဘဲ ဤယုတ်ညံ့သော ကြံစည်မှုများမှ ရှောင်ကြဉ်၍ “မမြဲသော ရုပ်တို့မှ လွတ်မြောက်မှုကိုသာ ကြံစည်ခြင်း မညှင်းဆဲတော့ခြင်း ကြောင့်ကြမှု တောင့်တမှုတို့မှ ကင်းဝေးခြင်းများ ဖြစ်လာပါသည်၊ ဤသည်ပင်လျှင် သမ္မာသင်္ကပ္ပ အတွေးအခေါ်မှန် ဖြစ်ပါသည် ဘုရား၊ ဤသမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဟူသော အမြင်မှန် အတွေးမှန်တို့သည်ပင်လျှင် ပညာ ဖြစ်သည်၊ ဝိဇ္ဇာ ဖြစ်သည်၊ ဝိပဿနာ ဖြစ်ပါတော့သည် ဘုရား။
၈။ ထိုအမြင်မှန် အတွေးမှန် ဝိပဿနာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မမှန်သော ပြောမှုကို ရှောင်ကြဉ်၍ အပြောမှန်မှုသို့ အလိုအလျောက် ရောက်ရှိလာပါတော့သည်၊ အဘယ်ကြောင့်ဆိုသော် ဝစီဒုစရိုက် လေးပါးကို အမြင်မှန် အတွေးမှန်ဖြင့် ပယ်လိုက်သောကြောင့် ဖြစ်ပါသည် ဘုရား။
၉။ ဤသို့ စောင့်စည်းခြင်းသီလ ကျင့်ကြံခြင်း စရဏတို့ ဖြစ်လာပါသည်၊ ပညာ(သို့) ဝိဇ္ဇာ(သို့) ဝိပဿနာနှင့် ပြည့်စုံပြီးသော ပုဂ္ဂိုလ်သည် “မမှန်သော အလုပ်” ဖြစ်သော အသက်သတ်ခြင်း ခိုးယူတိုက်ခိုက်ခြင်း ကာမတို့၌ လွန်ကျူးခြင်းတို့ကို ဝေရမဏိ=ရှောင်ကြဉ်ခြင်း, အဝိတိက္ကမ=မလွန်ကျူးခြင်းတို့ဖြင့်လည်း ကျင့်သုံးပါသည် ဘုရား။
သမ္မာဒိဋ္ဌိ သမ္မသင်္ကပ္ပ အမြင်မှန် အတွေးမှန်ရှိသော ပုဂ္ဂိုလ်သည် ညစ်ညူး ပူပန်စေမှုကို ဖြစ်စေတတ်သော အကြောင်းတရားများ ဖြစ်၍ ထိုသုံးပါးကို မကျင့်သုံးဘဲ ပဟာနသီလ အဖြစ်ဖြင့်လည်း ဖယ်ရှားထားပြီး ဖြစ်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် ထို(၃)ပါးသည် မိမိအလုပ် မဟုတ်သောကြောင့် ဖြစ်ပါသည်၊ ထိုပဟာနသည်ပင်လျှင် သမ္မာကမ္မန္တ “အလုပ်မှန်” ဖြစ်ပါသည်၊ ဤအတိုင်းစောင့်စည်းသည်၊ ဤအတိုင်း ကျင့်ပါသည် ဘုရား။
၁၀။ သမ္မာကမ္မန္တမြောက်သော လုပ်ကိုင်ရှာဖွေမှုဖြင့် ရအပ်သောပစ္စည်းတို့ကို သုံးဆောင်၍ မျှတစွာ သက်မွေးဝမ်းကျောင်း ရှိခြင်းဖြင့် သမ္မာအာဇီဝမဂ္ဂင်ကို ကျင့်သုံးသည် မည်ပါသည် ဘုရား။
၁၁။ ဝါယာမဟူသည် လုံ့လဥဿာဟပြုခြင်း ဖြစ်သည်၊ အမှန်လုံ့လဿဟပြုခြင်း ဆိုသည်မှာ မဖြစ်သေးသော အကုသိုလ်များ မဖြစ်အောင် ဖြစ်ပြီးသော အကုသိုလ်များကို ပယ်ရန် အားထုတ်ခြင်း, မဖြစ်ရသေးသော အကုသိုလ်များ ဖြစ်လာအောင် လုံ့လဥဿာဟပြုခြင်းနှင့် ဖြစ်ပြီးသော ကုသိုလ်တရားများကို ပွားများအောင် လုံ့လဥဿာဟပြုခြင်းတို့ ဖြစ်ပါသည်၊ ဤမဂ္ဂင်ကိုလည်း စွမ်းအားရှိသူများ ကျင့်သုံးကြပါသည်။
၁၂။ သတိ=ဂရုစိုက်မှု မှတ်သားမှုဆိုသည်မှာ အမှန်ဂရုစိုက်မှုဖြစ်သည့် ရှေ့သို့ကြည့်ရာ တူရှုကြည့်ရာ တစောင်းကြည့်ရာတို့၌လည်းကောင်း, ကွေးခြင်း ဆန့်ခြင်းတို့၌လည်းကောင်း, ခွက်ယောက်ကိုင်ခြင်း အဝတ်ကိုင်ခြင်းတို့၌ လည်းကောင်း, စားခြင်း သောက်ခြင်း မျိုခြင်း ခဲခြင်းတို့၌လည်းကောင်း, အလေးသွားခြင်း ပေါ့သွားခြင်းတို့၌လည်းကောင်း, သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်း, နိုးကြားခြင်း, ပြောဆိုခြင်း, ဆိတ်ဆိတ်နေခြင်းတို့၌ လည်းကောင်း ဤသည်တို့သည် အမှန်ဂရုစိုက်မှု ဖြစ်ပါသည် ဘုရား။
၁၃။ သမ္မာသမာဓိ=တည်ကြည်မှုမှန် ဆိုသည်မှာ အမြင်မှန်, အတွေးမှန်, အပြောမှန်, အလုပ်မှန်, သက်ထိန်းမှန်, လုံ့လဥဿာဟပြုမှုမှန်, ဂရုစိုက်မှုမှန် ဟူသော သတ္တင်္ဂီကမဂ်ပေါ်၌ တည်ကြည်ခြင်းသည်သာလျှင် သမ္မာသမာဓိ= တည်ကြည်မှုမှန် ဖြစ်ပါသည် ဘုရား၊ ဤအတိုင်းသာလျှင် တည်ကြည်၏၊ ဤအတိုင်းသာလျှင် ကျင့်၏၊
၁၄။ ဤသို့ သန့်ရှင်းစင်ကြယ် မွန်မြတ် လွတ်လပ်သည့် တစ်ခုတည်းသော တည်ရာ မှီရာ လမ်းစဉ်၌ အသိ၏ ပြည့်စုံခြင်း အသိဉာဏ်ရောက်ခြင်း ဖြစ်လျှင် မျက်စိလည် ပျောက်၏၊ အသိဉာဏ် ရောက်၏၊ မျက်စိလည် ပျောက်သည်ဟု ဆိုရာ၌ မမွေးဖွားမီ အတိတ်ကာလနှင့် သေပြီးနောက် အနာဂတ်ကာလတို့အပေါ် မျက်စိမလည်ခြင်း ဖြစ်၍ သန္ဒိဋ္ဌိကဓမ္မအပေါ်၌ အသိဉာဏ်ရောက်နေခြင်း ဖြစ်ပါသည်၊ ထိုအခါ အကြောက်ဟူ၍ လည်းကောင်း၊ အမြှောက်ဟူ၍ လည်းကောင်း ကင်းပကာ ဒုက္ခငြိမ်းရေးကို စိတ်ချရပြီ ဖြစ်ပါသည် ဘုရား။
ဤသို့သာလျှင် ထပ်ဖန်တလဲလဲ ဘာဝနာပွားများခြင်းဖြင့် တဏှာသုံးရပ်ကို အပြီးအပိုင် ဖယ်ရှားနိုင်ရေးအတွက် ကျင့်သုံးလျက် ရှိပါသည် ဘုရား။
၁၅။ တပည့်တော်များသည် ဒိဋ္ဌဓမ္မ, ပတ္တဓမ္မ, ဝိဒိတဒမ္မ, ပရိယောဂါဠှဓမ္မ အပေါ်၌သာလျှင် ကျင့်သုံးလျက် ရှိပါသည်၊ သံသယများ လွန်မြောက်ပြီ သို့လော သို့လော မဖြစ်ပြီ, ပြောရဲ ဆိုရဲပြီ, တပါးသူနှင့် မဆိုင်ပြီဟူသော ဤသို့သောဝိပဿနာမျိုး ဤသို့သော သမထမျိုးကိုသာလျှင် တပည့်တော်များ ကျင့်သုံးမိပါသည် ဘုရား။
၁၆။ စောဒကဆရာတော်များ ဆိုလိုသော ယောဂလမ်းစဉ် သာသနာပ သမဏ ဗြဟ္မဏတို့၏ လမ်းစဉ်မျိုး၌ အကျုံးဝင်သည့် သမထဝိပဿနာမျိုးကို တပည့်တော်များ မကျင့်သုံးကြပါ ဘုရား၊ သာသနာပလမ်းစဉ်မျိုးသည် ဗုဒ္ဓ၏ အနတ္တအဘိဓမ္မာ ဓမ္မဒေသနာစစ်၌ မပါဝင်ဟု တပည့်တော်များ ရိုးသားစွာပင် ယုံကြည်ပါသည် ဘုရား။
၁၇။ စောဒနာချက်(၈)တွင် စောဒကဆရာတော်များက မူလပဏ္ဏာသပါဠိတော်(၂၀၄)၊ ဩပမ္မဝဂ်၊ ရထနဝိနီတသုတ်နှင့် မြန်မာပြန် စာမျက်နှာ-၂၁၀-၂၁၁ တို့တွင် တင်ပြထားသည့် သုတ္တန်မှာ ပြည့်စုံ လုံလောက်ခြင်း မရှိကြောင်း တွေ့ရှိရပါသည် ဘုရား၊ ထိုသုတ္တန်တွင် အရှင်သာရိပုတ္တရာနှင့် မန္တာဏီ၏ သား အရှင်ပုဏ္ဏတို့ တစ်ဦးနှင့်တစ်ဦး ဆွေးနွေး၍ရထားဥပမာ ပုံဆောင်ခြင်း ဖြစ်ပါသည်၊ ဆွေးနွေးချက်မှာ-
“ငါ့ရှင် မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးသလော”ဟု မေး၏၊
“ငါ့ရှင် မှန်ပါ၏”ဟု ဆို၏၊
“ငါ့ရှင် အကျင့်သီလ စင်ကြယ်ခြင်းအကျိုးငှာ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးသလော”ဟု မေး၏၊
“ငါ့ရှင် မဟုတ်ပါ”ဟု ဆို၏၊
“ငါ့ရှင် စိတ်သမာဓိ အထူးစင်ကြယ်ခြင်းအကျိုးငှာ မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးသလော”ဟု မေး၏၊
“ငါ့ရှင် မဟုတ်ပါ”ဟု ဆို၏၊
“ငါ့ရှင် အမြင် အထူးစင်ကြယ်ခြင်းအကျိုးငှာ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးသော”ဟု မေး၏၊
“ငါ့ရှင် မဟုတ်ပါ”ဟု ဆို၏၊
“ငါ့ရှင် ယုံမှားခြင်းကို လွန်မြောက်မှုဉာဏ် အထူးစင်ကြယ်ခြင်းအကျိုးငှာ မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးသလော”ဟု မေး၏၊
“ငါ့ရှင် မဟုတ်ပါ”ဟု ဆို၏၊
“ငါ့ရှင် မဂ်ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင် အထူးစင်ကြယ်ခြင်း အကျိုးငှာ မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးပါသလော”ဟု မေး၏၊
“ငါ့ရှင် မဟုတ်ပါ”ဟု ဆို၏၊
“ငါ့ရှင် အကျင့် အနုလုံဉာဏ်အမြင် အထူးစင်ကြယ်ခြင်းအကျိုးငှာ မြတ်စွာ ဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးပါသလော”ဟု မေး၏၊
“ငါ့ရှင် မဟုတ်ပါ”ဟု ဆို၏၊
“ငါ့ရှင် မဂ်ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းအကျိုးငှာ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးပါသလော”ဟု မေး၏၊
“ငါ့ရှင် မဟုတ်ပါ”ဟု ဆို၏၊
“ငါ့ရှင် အကျင့်သီလ အထူးစင်ကြယ်ခြင်းအကျိုးငှာ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးပါသလော”ဟု မေးသော်-
“ငါ့ရှင် မဟုတ်ပါ”ဟု ဖြေဆို၏၊
“ငါ့ရှင် စိတ်သမာဓိ အထူးစင်ကြယ်ခြင်းအကျိုးငှာ မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးသလော”ဟု မေးသော်-
“ငါ့ရှင် မဟုတ်ပါ”ဟု ဖြေဆို၏၊
“ငါ့ရှင် အမြင်အထူးစင်ကြယ်ခြင်းအကျိုးငှာ။ ပ။ ငါ့ရှင် အမြင် အထူး စင်ကြယ်ခြင်းအကျိုးငှာ မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးသလော”ဟုမေးသော်-
“ငါ့ရှင် မဟုတ်ပါ”ဟု ဖြေဆို၏၊
“ငါ့ရှင် အကယ်၍ ဤအကျိုးငှာ မကျင့်သုံးသော် အဘယ်အကျိုးငှာ မြတ်စွာ ဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေသနည်း”ဟု မေး၏၊
“ငါ့ရှင် စွဲယူမှု မရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်း အကျိုးငှာသာလျှင် မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးပါ၏”ဟု ဆို၏၊
ငါ့ရှင် အကျင့်သီလ အထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်းလော ဟု မေး၏၊ ငါ့ရှင် မဟုတ်ပါ ဟု ဆို၏၊ ပ။ ငါ့ရှင် စိတ်သမာဓိ အထူးစင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်းလောဟု မေးသော် ငါ့ရှင် မဟုတ်ပါ ဟု ဖြေဆို၏၊ ငါ့ရှင် အမြင်ထူး စင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်းလောဟု။ ပ။ ငါ့ရှင် မဂ်ဉာဏ် အမြင်ထူး စင်ကြယ်ခြင်းသည် စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်းလော ဟု မေးသော် ငါ့ရှင် မဖြစ်ပါ ဟု ဖြေဆို၏၊
ငါ့ရှင် ဤတရားတို့ကို ကြဉ်၍ စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်း သည် ဖြစ်သလော ဟု မေးသော် ငါ့ရှင် မဟုတ်ပါ ဟု ဖြေဆို၏၊
ငါ့ရှင် ဤတရားတို့ကိုကြဉ်၍ စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်း သည် ဖြစ်သလော ဟု မေးသော် ငါ့ရှင် မဖြစ်ပါ ဟု ဖြေဆို၏၊
ငါ့ရှင် အဘယ်သို့လျှင် ဤဖြေဆိုသော စကား၏ အနက်ကို မှတ်သင့်သနည်း ဟု မေး၏၊
ငါ့ရှင် အကယ်၍ မြတ်စွာဘုရားသည် အကျင့်သီလ အထူး စင်ကြယ်ခြင်းကို စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်းဟု ပညတ်ငြားအံ့၊ စွဲယူမှုနှင့်တကွ သာလျှင် ဖြစ်သော တရားတို့ကို စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်း ဟု ပညတ်သည် မည်ရာ၏၊ ပ။ ငါ့ရှင် အကယ်၍ မြတ်စွာဘုရားသည် မဂ်ဉာဏ်၏ အမြင် အထူးစင်ကြယ်ခြင်းကို စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်းဟု ပညတ်ငြားအံ့၊ စွဲယူမှုနှင့်တကွသာလျှင် ဖြစ်သော တရားကို စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်းဟု ပညတ်သည် မည်ရာ၏၊
ငါ့ရှင် အကယ်၍ ဤတရားတို့ကို ကြဉ်၍ စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်းသည် ဖြစ်ခဲ့ငြားအံ့ ပုထုဇဉ်သည် ထက်ဝန်းကျင် ငြိမ်းအေးရာ၏၊
ငါ့ရှင် မှန်၏၊ ပုထုဇဉ်သည် ဤတရားတို့ကို ကြဉ်၍ ဖြစ်၏၊ ငါ့ရှင် ဤလောက၌ ဥပမာအားဖြင့် အချို့ကုန်သော ပညာရှိယောကျ်ားတို့သည် ပြောဆိုသော စကား၏ အနက်တို့ကို သိကြကုန်၏၊ ထို့ကြောင့် သင့်အား ဥပမာပြအံ့။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်များ ဘုရား-
ဆဋ္ဌမူ မြန်မာပြန်အတိုင်း ဆက်လက်လျှောက်ထားနေပါက အချိန် မလောက်မည် ဖြစ်ပါ၍ အကျဉ်းချုပ် လျှောက်ထားပါမည် ဘုရား။
၁၈။ ပေဿနဒီကောသလမင်းကြီးသည် သာဝတ္ထိမြို့မှ သာကေတမြို့သို့ သွား၏၊ လမ်းတွင် ရထားခုနှစ်စီး စီစဉ်ထား၏၊ နောက်ဆုံး နံပါတ်ခုနှစ် ရထားဖြင့် သာကေတမြိုသို့ ရောက်သည့် ဥပမာ ဖြစ်ပါသည် ဘုရား။
ဤဥပမာ၌ ပေဿနဒီကောသလမင်းသည် သာကေတမြို့သို့ ရောက်ရှိရေးသည်သာ အဓိက ဖြစ်ပါသည်၊ ဤသုတ္တန်၏ အဓိကရည်ရွယ်ချက်မှာ ရှင်သာရိပုတ္တရာ၏ အမေး အရှင်ပုဏ္ဏ၏ အဖြေတွင် စွဲယူမှုမရှိသော ထက်ဝန်းကျင်ငြိမ်းအေးခြင်း “အနုပါဒကရိနိဗ္ဗာန်” အတွက်သာ ဖြစ်ပါသည်၊ ဝိသုဒ္ဓိ(၇)ခန်းလမ်းစဉ်ဟူ၍ လည်းကောင်း၊ သီလဝိသုဒ္ဓိနှင့် စိတ္တဝိသုဒ္ဓိတို့သည် သမထကျင့်စဉ်ဟူ၍လည်းကောင်း၊ ကျန်ငါးပါးဖြစ်သည့် ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, ဉာဏဒဿနဝိသုဒ္ဓိတို့သည် ဝိပဿနာကျင့်စဉ် ဟူ၍လည်းကောင်း စောဒကဆရာတော်များ၏ စောဒနာ အမှတ် ၈/၁ ဆွင် ဖော်ပြထားသကဲ့သို့ ဖော်ပြထားခြင်း မရှိပါ၊ ထိုသုတ္တန်အတွက် စောဒကဆရာတော်များ၏ အတ္တနောမတိမျှသာလျှင် ဖြစ်ပါသည်၊ သုတ္တန်ဓမ္မများကို လေ့လာရာတွင် အရှိကို အရှိအတိုင်းသာ စောဒနာသင့်ပါသည် ဘုရား၊ ဓမ္မကို အဓမ္မဖြစ်အောင် ဝိနယကို အဝိနယဖြစ်အောင် ကိုယ်လိုရာ ကိုယ်ဆွဲ၍ ရေးသားစောဒနာမှုပြုလျှင် “မယံ အာပဇ္ဇတီတိ အာပတ္တိ”ဟူသော ဝစနတ္ထအရ စောဒကဆရာတော်များတွင် အာပတ်သင့်၍ အပါယ်သို့လားမည်ကို စိုးရိမ်ပူပန်မိကြောင်း လျှောက်ထားအပ်ပါသည် ဘုရား၊ အာပတ်သင့်သော ရဟန်းများကိုလည်း ဘုရားရှင်က မောဃိယပုရိသ “မဂ်ဖိုလ်မှ အချည်းနှီးသော ယောကျ်ား”ဟု ဆိုလေ့ရှိကြောင်းကို ပညာရှင်များ ပြောပြချက်အရ တပည့်တော်များ မှတ်သားထားဖူးပါသည်၊ မှန်သည် မမှန်သည်ကတော့ တပည့်တော်များ မသိပါ ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁၉။ “စွဲယူမှုမရှိသော ထက်ဝန်းကျင် ငြိမ်းအေးခြင်း” “အနုပါဒပရိနိဗ္ဗာန်” အတွက် အလဂဒ္ဒူပမသုတ်၊ ဖောင် ဥပမာ (ကုလ္လူပမ)တွင် “ရဟန်းတို့ သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် မကျိုးငှာသာလျှင် ဖောင်ကို ဖွဲ့၏”ဟူသော ဖောင်ဥပမာရှိသော တရားတော်ကို ဟောကြားခြင်း ဖြစ်ပါသည်။ (မူလပဏ္ဏာသ မြန်မာပြန် စာမျက်နှာ-၁၉၁၊ပုဒ်ရေ-၂၄၀)
ထိုကုလ္လူပမသုတ်၏ ရည်ရွယ်ချက်မှာ တပည့်တော်များ အထက်မှတင်ပြထားသည့် ရထဝိနီတသုတ်နှင့် တစ်ထပ်တည်း တစ်ထေရာတည်း ဖြစ်နေပါသည်၊ ကုလ္လူပမသုတ်၏ အကျဉ်းချုပ်ကို လျှောက်ထားရပါလျှင်-
ရေပြင်ကိုဖြတ်၍ တစ်ဖက်ကမ်းသို့ သွားလိုသောယောကျ်ားသည် သစ်ဝါး မြက်တို့ကို စုရုံးဖောင်ဖွဲ့ကာ လက်ခြေတို့ဖြင့် ကြိုးစားလှော်ခတ်၍ တစ်ဖက်ကမ်းသို့ အရောက်ကူးသွားပြီးနောက် ထိုဖက်ကမ်းသို့ ရောက်သောအခါ ဖောင်သည် ငါ့အတွက် အလွန်ကျေးဇူးများသည်ဆိုကာ ကျောကုန်းဖြင့် ပိုး၍ သယ်မ သိမ်းဆည်းထားဖွယ် မလိုပေ၊ အကယ်၍ ထိုသို့ ကျောပိုးထမ်းရွက်ရန် ကြိုးစားခဲ့သော် မလုပ်သင့်သည်ကို ပြုလုပ်ခြင်းသာ ဖြစ်ပေမည်။
ထို့အတူ ငါဟောကြားသော တရားတော်သည်လည်း သံသရာတည်းဟူသော ရေအပြင်ကို ဖြတ်၍နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ အရောက်ကူးခတ် ရန်သာ ဖြစ်၏၊ စွဲယူသိမ်းပိုက်ထားရန် မဟုတ်ပေ၊ ဤသို့သော အဓိပ္ပာယ်ကို သိမြင်သူတို့သည် ဓမ္မတရားတည်းဟူသော ဖောင်ကိုသော်လည်း စွန့်ပယ်ခဲ့ရမည်၊ တရားနှင့် ဆန့်ကျင်သော သံသရာ နစ်မွန်းကြောင်း ဖြစ်သည့် အဓမ္မမှုတို့ကိုကား ဆိုဖွယ်ရာပင် မရှိတော့ပြီ၊ တစိုးတစိမကျန် အကုန် ပယ်လှန်ပစ်ရမည်ဟု ဟောတော်မူလေသည်။
၂၀။ အထက်ဖော်ပြပါ သုတ္တန် ၂-ခုတွင် ဗုဒ္ဓ၏တရားတော်ကို ကိုးကွယ်စရာ အဖြစ်သာ စွဲယူထားကြ၍ ဓမ္မ အဓမ္မဟူသော အစွဲအားလုံး ကုန်ဆုံးကွာကျအောင် မကြိုးစားကြသူများ၊ လူစည်ရာမှာ ငါသိလုပ်၍ ကြွားလုံးထုတ်ကာ အငြင်းသန်ကြသူများ၊ ကိုယ့်အမှားကိုမမြင်ဘဲ သူတပါးအမှားရှိလျှင် တရားသိလုပ်ကာ နှိမ့်ချတတ်သူများအတွက် အထူးသတိပေးထားသော သုတ္တန်ဖြစ်ကြောင်း စောဒကဆရာတော်များအား အသိပေး လျှောက်ကြားပါရစေပါ ဘုရား။
၂၁။ ဤစောဒနာ၌ ခြုံ၍ လျှောက်ထားရပါလျှင် စောဒကဆရာတော်များသည် သိုဒ္ဓိ ၇-ပါး မဖြစ်သရွေ့ နိဗ္ဗာန်နှင့် မနီးစပ်နိုင်ပုံကို ဖိ၍ ဆိုထားပါသည်၊ ပဋာစာရီကဲ့သို့သော အရူးမ၊ ကိသာဂေါတမီလို အန္ဒ၊ အမ္ဗပါလီလို ပြည့်တန်ဆာမ၊ အင်္ဂုလိမာလကဲ့သို့သော လူဆိုးကြီးများသည် အသိနှင့်အကျင့် ထပ်မိသည့် တစ်ခဏအတွင်း၌ အမှန်တရားကို ထိုးထွင်းသဘောပေါက်နိုင်ခဲ့သော အထောက်အထားများသည် ထိုဝိသုဒ္ဓိ (၇)ပါး အောက်တွင် သေးသိမ် မှေးမှိန်၍ ငုပ်လျှိုးနေရပါတော့သည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်များ ဘုရား-
၂၂။ စောဒကဆရာတော်များ၏ စောဒနာချက် အမှတ်(၈)တွင် “စတုက္ကနိပါတ်၊ အင်္ဂုတ္တရပါဠိ၊ ပဋိပဒါဝဂ်၊ ယုဂန္ဓသုတ် (နှာ-၄၅၇)၌ ဆိုထားချက်ကို ဖော်ပြထား၍ သမထဝိပဿနာပွားရမည့် ဩဝါဒနည်းလမ်းဟု စွဲချက်တင်ထားပါသည် ဘုရား။
ထိုအဆိုမှာလည်း ကိုယ်လိုရာ ကိုယ်ဆွဲ၍ စောဒနာခြင်းသာ ဖြစ်ပါသည် ဘုရား၊ ထိုယုဂနဒ္ဓသုတ်တွင် အရှင်အာနန္ဒာက အပေါင်းအသင်း ရဟန်းတော်များအား ဟောကြားသော သုတ်မျှသာ ဖြစ်ပါသည်၊ ထိုသုတ်ကိုလည်း စောဒကဆရာတော်များက တစ်ဝက်တစ်ပျက် ကိုယ်လိုချင်သည့် အချက်အလက် လောက်ကိုသာ ကောက်ယူထုတ်နုတ် ပြသထားခြင်းမျှသာ ဖြစ်ပါသည် ဘုရား၊ သုတ်တစ်ခုလုံး၏ ဆိုလိုရင်းအဓိပ္ပာယ်ကို စောဒကဆရာတော်များ လေ့လာသုံးသပ်မိပါလျှင် ဤကဲ့သို့ တပည့်တော်များအပေါ် စွဲချက်တင်ဖြစ်မှ တင်မိမည် ထင်ပါသည် ဘုရား၊ ဤသုတ်သည် ဘုရားရှင်ကိုယ်တော်တိုင် ဟောသောသုတ် မဟုတ်ပါ ဘုရား၊ အရှင်အာနန္ဒာက အပေါင်းအသင်း ရဟန်းတော်များအား ဟောကြားသောသုတ် ဖြစ်ပါသည် ဘုရား၊ ဤသုတ်၏ ဆိုလိုရင်းအကျဉ်းချုပ်မှာ သမထနှင့်ဝိပဿနာ ပွားများရမည်ဟု ဆိုလိုရင်း မဟုတ်ပါ၊ သမထရှေ့သွားရှိသော ဝိပဿနာဖြင့် ဖြစ်စေ, ဝိပဿနာ ရှေ့သွားရှိသော သမထဖြင့်ဖြစ်စေ၊ သမထဝိပဿနာ၂ပါးစုံ ရှေ့သွား၍ ဖြစ်စေ ပွားများအားထုတ်ပါက သံယောဇဉ်ပျောက်၍ အနုသယ ကင်းစင်သည်ဟု ဆိုလိုရင်း ဖြစ်ပါသည် ဘုရား။
၂၃။ ၎င်းပြင် “ကတမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ၊ သမထော စ ဝိပဿနာ စ ဣမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ”ဟု ပါထိကဝဂ်ပါဠိတော်(၂၂၂) ကို ညွှန်းထားသဖြင့် တပည့်တော်များ ရှာဖွေကြည့်ရာ ထိုစောဒကဆရာတော်များ ညွှန်းထားသော အထက်ပါ ပါဠိကို မတွေ့ရှိသဖြင့် တပည့်တော်များ စဉ်းစားမိသည်မှာ စောဒကဆရာတော်များက သတ္တမသင်္ဂါယနာအတွက် ကြိုတင်ပြုစုထားသော ပါဠိများပင် ဖြစ်လေသလောဟု စဉ်းစားမိပါသည် ဘုရား။
[ဤနေရာ အရောက်တွင် ရုံးတော်က မေးခွန်းမေးသည်။ ]
(၂)ဂဏန်းနှင့် (၈)ဂဏန်း စက်ရိုက်မှားသည်ကို မေးခြင်း
ဦးကုမာရ(ဝိနည်းဓိုရ်) -စုဒိတကဒကာများက ပါထကဝဂ္ဂ(နှာ၊ ၂၂၂)၌ သမထဝိပဿနာပါဠိ မတွေ့ဘူး ဆိုပါလား၊ စောဒကဆရာတော်များက စုဒိတက ဒကာများ သံသယရှင်းအောင် ဖြေရှင်းပေးလိုက်ပါ။
ဦးဝိသုဒ္ဓ(စောဒက) -ဒီကိစ္စဟာ လက်နှိပ်စက်ရိုက်စဉ်က ပါသွားတဲ့ အမှားပါ ဘုရား၊ (၂၂၂)မှာ မဟုတ်ဘဲ (၂၂၈)မှာ ကြည့်လိုက်မယ်ဆိုရင် ဘုရားဟောပါဠိတော် အမှန်အတိုင်း အတိအကျ တွေ့ရမှာ ဖြစ်ပါတယ် ဘုရား၊
သဘာပတိ -ကဲ ဒကာတို့ စာအုပ်လှန်ပြခိုင်းရဦးမှာလား။
စုဒိတကများ -မလိုတော့ပါ ဘုရား၊ ယုံပါပြီ ဘုရား တပည့်တော်များ စာမျက်နှာ သိရလျှင် တော်ပါပြီ ဘုရား။(၉-၇-၈၁ အသံဖမ်းကြိုးခွေမှ)
၂၄။ စောဒကဆရာတော်များ၏ စောဒနာချက် (၈)တွင်လည်း “ဓမ္မစကြာဒေသနာလာ မဇ္ဈိမပဋိပဒါလမ်းစဉ်သည်လည်း ဝိပဿနာလမ်းစဉ် တရားတို့ ဖြစ်ကြပါသည်၊ အနတ္တလက္ခဏသုတ်၌ ဟောကြားတော်မူအပ်သော တရားတို့သည်လည်း ဝိပဿနာတရားတို့သာ ဖြစ်ကြပါသည် ဘုရား”ဟု ဝိနည်းဓိုရ်ဆရာတော်များအား တင်ပြချက်ကို တွေ့ရှိရရာ တပည့်တော်များသည် အဘိနန္ဒုန္တိ အလွန်အမင်း နှစ်လိုဝမ်းမြောက်မှု ရှိလှပါသဖြင့် သာဓု သာဓု သာဓု ဟု အနုမောဒနာ ပြုမိပါသည် ဘုရား၊ အဘယ်ကြောင့်ဆိုသော် အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် တပည့်တော်များ ကျင့်သုံးလျက်ရှိသော စစ်မှန်သည့် ဝိပဿနာနှင့် တစ်ထပ်တည်း ကျရောက်နေသည့်အတွက် သာဓု ခေါ်ရခြင်း ဖြစ်ပါသည် ဘုရား၊ ဗြာဟ္မဏဝါဒီများ ကျင့်သုံးသည့် သမထဝိပဿနာနှင့် လုံးဝ ကွဲပြားခြားနားနေပါသဖြင့် စောဒကဆရာတော်များ မညွှန်ပြမီ ရှေးယခင်ကတည်းက ဗုဒ္ဓ၏ ဝိပဿနာဖြစ်သည့် ဓမ္မစကြာနှင့် အနတ္တလက္ခဏဒေသနာအတိုင်း တပည့်တော်များသည် ယခင်ကလည်း ကျင့်သုံးခဲ့ပြီး ယခုလည်း ကျင့်သုံးဆဲ ဖြစ်နေသည့်အပြင် နောင်ကိုလည်း ဆက်လက် ကျင့်သုံး နေမည်သာ ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၂၅။ စောဒကဆရာတော်များ၏ စောဒနာချက် အမှတ်၈-၏ အောက်ဆုံး စာကြောင်း ၄-ကြောင်းတွင် တောင်တွင်းကြီး နတ်မှီတောရဆရာတော် အရှင်ဥက္ကဋ္ဌကို လေးစားကြည်ညိုနေကြသည့်ရဟန်းရှင်လူပြည်သူတို့အား ယုံမှားသံသယ ဝင်လာအောင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည် ဘုရား၊ ဤအရေးအသားမျိုးသည် ဝိနည်းတော်၏အောက်တွင် နေထိုင်လျက်ရှိသော အရှင်တို့အတွက် ဝန်လေးလှပါသည် ဘုရား၊ ဆရာတော်ရှင်ဥက္ကဋ္ဌကို ကြည်ညိုလေးစားနေသူတို့အား အကြည်ညိုမဲ့အောင် လုပ်ဆောင်ချက်မျိုး ဖြစ်နေပါ၍ ဗုဒ္ဓရှင်တော်မြတ်၏ အဆိုအမိန့်နှင့် လွဲချော်နေပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၂၆။ စောဒကဆရာတော်များ၏ ဝိသေသစောဒနာ(၈)တွင် “ဤကဲ့သို့ ဗုဒ္ဓပိဋက ထေရဝါဒ၌ သမထဝိပဿနာတို့သည် ဘုရားသခင်ကိုယ်တော်မြတ်၏ ပဓာန ရည်ရွယ်ချက်လမ်းစဉ် သံသရာမှ ကယ်တင်ရေးလမ်းစဉ်များ ဖြစ်ကြပါသည်၊ အလွန်အရေးကြီးသော ပဓာနဖြစ်သော လမ်းစဉ် သမထဝိပဿနာ ကျင့်စဉ်တို့ကို ဗုဒ္ဓဝါဒ၌ မပါဝင်ဟု ပြောင်ပြောင်တင်းတင်း ငြင်းပယ်နေကြခြင်းကြောင့် ထိုသူတို့၏ ဝါဒသည် ဗုဒ္ဓပိဋက ထေရဝါဒနှင့် မညီညွတ်သော အဓမ္မဝါဒီများ ဖြစ်ကြောင်း လျှောက်ထားရခြင်း ဖြစ်ပါသည် ဘုရား”ဟု ဖော်ပြပါရှိရာ စောဒကဆရာတော်များသည် ထေရဝါဒ၌ သမထဝိပဿနာတရားများ ပါဝင်လျက်ရှိသည် ဆိုသည်ကို တပည့်တော်များ အငြင်းမပွားလိုပါ၊ သို့သော် စောဒကဆရာတော်များကိုယ်တိုင်ပင် ဗုဒ္ဓဝါဒ၏ စစ်မှန်သော ဝိပဿနာသည် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ဖြစ်ကြောင်း ရှေ့တွင် အခိုင်အမာ ဆိုထားသဖြင့် တပည့်တော်များပင် သာဓု အနုမောဒနာ ပြုခဲ့သည်ကို ဝိနည်းဓိုရ်ဆရာတော်ကြီးများ အသိပင် ဖြစ်ပါသည် ဘုရား။
ထို့ကြောင့် တပည့်တော်များ လက်ခံကျင့်သုံးနေသော သမထဝိပဿနာသည် ဗုဒ္ဓမြတ်စွာ၏ ဩဝါဒတော်အစစ် ဖြစ်တော်မူသော ဓမ္မစက္ကပဝတ္တနသုတ်, အနတ္တလက္ခဏသုတ်တော်များနှင့်အညီ ညီညွတ်နေပါသောကြောင့် ဓမ္မဝါဒ ဝိပဿနာသာ ဖြစ်ကြောင်း သောဓနာပြုအပ်ပါသည် အရှင်သူမြတ်တို့ ဘုရား။
သောဓနာအမှတ် (၉)
[သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ချေပချက်]
အမှတ်(၉)စောဒနာလွှာကို သောဓနာပြုပါသည် အရှင်ဘုရား။
“ဤတွင် ဝိနည်းကျင့်ဝတ်ကို အလျဉ်းဂရုမစိုက်သော ဦးဥက္ကဋ္ဌ”ဟု သုံးနှုန်းထားသည်ကို တွေ့ရှိရပါသည်၊ မိမိကိုယ်တိုင် ဆရာတော်ဘုရားကြီး ရှင်ဥက္ကဋ္ဌကို မဖူးတွေ့ မဆက်ဆံဖူးပါဘဲနှင့် အသားလွတ် စွပ်စွဲပြောဆိုကြခြင်း ဖြစ်ပါသည် ဘုရား၊ တပည့်တော်များကိုယ်တိုင် အကြိမ်ကြိမ် ဖူးတွေ့ ဆက်ဆံရသော ဆရာတော်ကြီး ရှင်ဥက္ကဋ္ဌမှာ ဝိနယဂရုက ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်၊ တပည့်ရင်း ဒကာရင်းများကိုသော်မှ စတင်ပြီး နှုတ်ဆက်လေ့ မရှိပါ၊ တစ်ကြိမ်တစ်ခါမျှ မတွေ့ကြုံဖူးသူ အချို့သည် ဆရာတော်ကြီးအား အထင်မှားတတ်ကြပါသည်၊ မည်သူ့ထံမှ မည်သည့်ပစ္စည်းကိုမျှ အလှူခံသည်ကို မတွေ့ရဖူးပါ၊ အလှူခံတရားလည်း တစ်ကြိမ်တစ်ခါမျှ မဟောဖူးပါ၊ တစ်ဆင့်ကြားမဟုတ် ကိုယ်တိုင်အသိအမြင်ကို တင်ပြခြင်း ဖြစ်ပါသည် ဘုရား။
(က) ယနေ့ ဘိက္ခုသံဃာဆိုတဲ့ ဂိုဏ်းပေါင်းစုံ ဘုန်းတော်ကြီးတွေ လိုက်နာကျင့်သုံးနေကြတဲ့ ဝိနည်းကို မငဲ့မညှာဘဲ လေ့လာသုံးသပ်ကြည့်လိုက်ရင် ဥပါဒါန် တစ်လုံးတစ်ခဲကြီး ဖြစ်ရှိနေတာကို တွေ့ရပြန်ပါတယ်”ဟူသော စကား၏ အာဘောဂကို သဘောမပေါက်ကြသောကြောင့် “ရက်ရက်စက်စက် အမနာပ ရေးသားထားတာကို တွေ့ရပါတယ် ဘုရား”
ဟု စောဒနာကြခြင်း ဖြစ်ပါသည်။
၁။ စာပေအရေးအသားတစ်ခုကို ဝေဖန်စွပ်စွဲမည်ဆိုလျှင် စာရေးသူ၏ ရည်ရွယ်ရိုးရင်း နှလုံးသွင်း အာဘောဂကို သဘောပေါက်ဖို့ လိုအပ်ပါသည်၊ အာဘော်ကို သဘောပေါက် နားလည်ရန်အတွက် စာတစ်အုပ်လုံးကို ဖတ်ရှုရပါမည်၊ အပြစ်ရှာလိုသော စေတနာဖြင့် ကိုယ်လိုရာဆွဲပြီး ပြောခြင်း စွပ်စွဲခြင်းသည် သူတော်ကောင်းတို့၏အလုပ် မဟုတ်ပါ မနောမမှန်သူတို့၏ လုပ်ရပ်မျိုးသာ ဖြစ်ကြောင်း စောဒကအရှင်မြတ်များ သတိလစ်သွားဟန် တူပါသည် ဘုရား။
၂။ ဤစာပိုဒ်တွင် ဆရာတော်ကြီး၏ ရည်ရွယ်ချက်မှာ ဝိနည်းတစ်ခုတည်းကို အလေးထားလွန်းပြီး ဥပါဒါန်မကပ်မိကြဖို့ ဖြစ်ပါသည်၊ ဝိနည်းကံတစ်ခုတည်းကိုသာ အလေးထားလွန်းလျှင် သံသယစိတ်ပွား၍ ဥပါဒါန် ဖြစ်လျှင် ကျင့်သုံးရမည့် အခြားရဟန်းတရားတွင် လျော့ပါးသွားနိုင်ပါသည်၊ အကျဉ်းအားဖြင့် (၂၂၇)ပါးသော သိက္ခာပုဒ်တို့သည် အကျယ်ပွားပါက ကုဋေခုနှစ်ထောင်ကျော် ရှိသည်ဟူသော အဆိုအမိန့်များသည် သံသယနှင့် ဥပါဒါန်ကို ဖြစ်စေတတ်ပါသည် ဘုရား။
၃။ ဝိနည်းသိက္ခာပုဒ်တို့တွင် ပါလေ့ရှိသော “သေဉ္စတနိကာယ”ဟူသော မိန့်ဆိုချက်သည် အလွန်လျော်ကန်လှပါသည် ဘုရား၊ ကျူးလွန်လိုသည့် စောတနာမရှိလျှင် မည်သည့်ပြစ်ချက်မှ မသက်ရောက်နိုင်ပါ၊ စက္ခုပါလထေရဝတ္ထုတွင် မျက်စိမမြင်သော ရဟန္တာအရှင်မြတ်ကြီး ဖြစ်တော်မူသည့် စက္ခုပါလ မထေရ်ကြီးသည် စင်္ကြံဦး၌ ပိုးရွက်တို့ကို မမြင်သောကြောင့် နင်းမိလေရာ များစွာ သေကြေပျက်စီးသွားပါသည်၊ ဇနပုဒ်ရဟန်းတို့က အထင်မှားပြီး မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက “ရဟန်းတို့ သင်တို့သည် စက္ခုပါလမထေရ် ပိုးရွက်တို့ကို နင်းမိသည်ကို မြင်ကြသလော”ဟု မေးတော်မူပါသည်၊ မမြင်ကြပါ ဘုရားဟု ရဟန်းများက လျှောက်ထားကြသောအခါ စက္ခုပါလမထေရ် ပိုးရွက်တို့ကို နင်းသည်ကို သင်တို့ မမြင်ကြဘိသကဲ့သို့ စက္ခုပါလမထေရ်သည်လည်း စင်္ကြံ၌ ပိုးပုရွက်တို့ ရှိနေသည်ကို မမြင် ဟူသော ဗုဒ္ဓမြတ်စွာ၏ မိန့်ကြားတော်မူချက်သည် စောဒနာပဓာနဖြစ်ကြောင်း ဖော်ပြနေပါသည် ဘုရား။
၄။ သိက္ခာပုဒ်တွေ များခြင်းကြောင့် လူထွက်မည်ဟု ကြံစည်သော ရဟန်းငယ်၏ ဖြစ်ရပ်သည်လည်း ဝိနည်း၌ ဥပါဒါန်ထားလွန်းသောကြောင့် ဖြစ်ပါသည် ဘုရား၊ ဣန္ဒြိယသံဝရသီလ လုံခြုံလျှင် ပါတိမောက္ခသံဝရသီလလည်း လုံခြုံရပါတော့သည်၊ ဆွမ်းခံသွားရင်း လေနာရောဂါထလာ၍ ရောက်ရှိရာ အရပ်တွင် ထိုင်ပြီး သပိတ်အတွင်းမှ ဆွမ်းကို ဘုဉ်းပေးမိသည့် ရဟန္တာမြတ်ကြီးအား အပြစ်ဆိုသည့် ရဟန်းကို ဗုဒ္ဓမြတ်စွာဆုံးမတော်မူသည့် အတ္ထုပ္ပတ္တိသည် ထင်ရှားသော သာဓက ဖြစ်ပါသည် ဘုရား၊ အနုပါဒါန ဖြစ်တော်မူသော ရဟန္တာအရှင်မြတ်ကြီးသည် ဝိနည်းကံကို လေးစားလိုက်နာသော်လည်း ဥပါဒါန် မထားကြောင်း သိမြင်နိုင်ပါသည် ဘုရား။
၅။ “သေးငယ်သော အာပတ်သည်လည်း စျာန်မဂ်ဖိုလ်အန္တရာယ်ကို ပြုနိုင်သည်”ဟူသော မိန့်ဆိုချက်သည် ဥပါဒါန်ကြောင့်သာ ဖြစ်ကြောင်း ထင်ရှားလှပါ သည်၊ သို့မှသာ “ဥပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဝါယာမော”ဟူသော သမ္မပ္ပဓာန်တရားတော်နှင့် ကိုက်ညီပါမည် ဘုရား။
၆။ ဝိနည်းတော်တွင် အရေအတွက် အကြောင်းအရာ အများဆုံး ပါဝင်နေသည့် ခုဒ္ဒါနု၊ ခုဒ္ဒကသိက္ခာပုဒ်များနှင့် ပတ်သက်၍ ဆရာတော်ဘုရားကြီး ရေးသား ဟောပြောခြင်းဖြစ်ကြောင်း တပည့်တော်တို့ကိုယ်တိုင် မေးလျှောက်ဖူး၍ သိရှိရပါသည် ဘုရား။
ထို့ကြောင့် ဆရာတော် ရှင်ဥက္ကဋ္ဌသည် စောဒကအရှင်မြတ်များ စွပ်စွဲသကဲ့သို့ အဝိနိယဝါဒီ မဟုတ်ဘဲ ဝိနယဝိဒီကြီး စစ်စစ်သာ ဖြစ်ကြောင်း သောဓနာပြပါသည် ဘုရား။
၇။ ထို့ပြင် အပိုဒ်(၇)၌ ဆရာတော် ရှင်ဥက္ကဋ္ဌအား ဝတ်ကြောင်လုံချည်ကို ဝတ်ထားကြတဲ့ လူတွေ မဟုတ်ပါ ဘုရား၊ ထမီ(ထမိန်)တို့ ဆာရီတို့ ဂါဝန်တို့ကို ဝတ်ထားကြတဲ့သူတွေ မဟုတ်ပါ ဘုရား၊ ဘုရားအရေတော်သင်္ကန်းကို ဝတ်ထား ကြတဲ့သူတွေပါ ဘုရား၊ သူတို့ကို မသိနားမလည်တဲ့သူတွေက ဆရာတော် အရှင်လို့ လက်ခံနေကြတဲ့ လူတွေပါ ဘုရားဟူ၍ ဆဲရေးပုတ်ခတ် ထားပါသည်၊ “သူတွေပါ ဘုရား”ဟု မသုံးနှုန်းဘဲ “လူတွေပါ ဘုရား”ဟု စွပ်စွဲထားပါသည်၊ ဤစကားတို့ဖြင့် ဆရာတော်ဘုရားကြီးအား ရဟန်းမဟုတ်၊ လူဖြစ်နေပြီဟု စွပ်စွဲထားပါသည်၊ တပည့်တော်တို့သည် ဝိနည်းသိက္ခာပုဒ်တော်များကို အသေးစိတ် နားမလည်သော်လည်း ရဟန်းတော်တစ်ပါးသည် အခြားရဟန်းတော်တစ်ပါးအား ပါရာဇိက(၄)ပါးကို ကျူးလွန်ခြင်းမရှိပါဘဲလျက် “လူ” ဟူ၍ မစွပ်စွဲကောင်းဟု နားလည်ထားပါသည်၊ မိမိကိုယ်တိုင် မသိမမြင် ဆုံးဖြတ်ချက် မရှိပါဘဲ စွပ်စွဲပြောဆိုလျှင် ထိုရဟန်းတွင် အာပတ်သင့်သည်ဟု သိရပါသည် ဘုရား၊ ဟုတ်, မဟုတ် မှန်, မမှန် ထို စောဒက ရဟန်းတော်တို့၏ ပြောဆိုချက်နှင့် ပတ်သက်၍ ဝိနည်းသိက္ခာပုဒ်တော်ကို(ဝါ) အပြစ်ရှိ, မရှိကို ဝိနည်းဓိုရ်ခုံရုံး ဆရာတော်ဘုရားကြီးများကိုယ်တိုင် အဆုံးအဖြတ်ပေးပါရန် လျှောက်ထားအပ်ပါသည် ဘုရား။
၈။ အပိုဒ်(၈)၌လည်း “ဒီစကားမျိုးတွေကို ပြောခြင်းအားဖြင့် သိက္ခာကျပြီး ရဟန်းမဟုတ်တော့ပါ ဘုရား”ဟူ၍ ပြောင်ပြောင်တင်းတင်း အတိအလင်းပင် စွပ်စွဲထားပါသည်၊ ဝိနည်းတရားတော်ကို ကဲ့ရဲ့သောကြောင့် သိက္ခာကျပြီး လူဖြစ်သွားပြီဟု ဆိုထားပါသည် ဘုရား။
၉။ သို့ရာတွင် ထိုအရှင်မြတ်တို့ နောက်ထပ်တင်သွင်းသော ဝိသေသစောဒနာလွှာတွင်- “ဝိနည်းသိက္ခာပုဒ်များကိုမကဲ့ရဲ့ရ၊ ကဲ့ရဲ့ပါသော် ပါစိတ်အာပတ်သင့်စေဟု ပညတ်တော်မူထားကြောင်းကို “သိက္ခာပဒဝိဝဏ္ဏကေ ပါစိတ္တိယံ” ဟု ပါစိတ်ပါဠိတော်၌ လာရှိပါသည်၊ ဝိနည်းအရေးကြီးသောကြောင့် ဝိနည်းကံကိုကဲ့ရဲ့လျှင် ပါစိတ်အာပတ်ပညတ်ထားပါသည်” ဟုတင်ပြထားသည်ကိုတွေ့ရှိရပါသည်၊ ရှေးစကားနှင့် နောက်စကား မညီကြောင်း အလွန်ထင်ရှားပါနေပါသည်။
၁၀။ ထို့ပြင် “ဗုဒ္ဓံ ပစ္စက္ခာမိ၊ သိက္ခံ ပစ္စက္ခာမိ” ဘုရားကိုပယ်ပါ၏၊ သိက္ခာကိုပယ်ပါ၏ ဆိုလျှင်ရဟန်းသိက္ခာကျပြီး လူဖြစ်ပါတယ် ဘုရားဟူ၍ ဝိနည်းဓိုခုံရုံး ဆရာတော်ဘုရားကြီးများကိုပင် အဓိပ္ပာယ်ဖွင့်ပြလိုက်ပါသေးသည်၊ ဤစကားရပ်တွင် “ပစ္စက္ခာမိ” ဟူသော ကြိယာသည် အမှယောဂ ပစ္စုပ္ပန်ဝတ္တမာန် ဧကဝုစ်ဝိဘတ် သက်ထားသော ပုဒ်ဖြစ်ပါသည်၊ အပြည့်အစုံဆိုရလျှင် “အဟံ” (အကျွန်ုပ်သည်) ဟူသော ကတ္တားပုဒ်ကိုထည့်ရပါမည်၊ ကျွန်ုပ်သည် ဘုရားကိုစွန့်ပယ်ပါ၏၊ ကျွန်ုပ်သည်သိက္ခာပုဒ်ကိုစွန့်ပယ်ပါ၏ဟု အဓိပ္ပာယ်ရပါသည် ဘုရား၊ ထိုစကားမျိုးကိုလည်း ကာယကံရှင်ကိုယ်တိုင်ကဆိုပါမှ သိက္ခာကျပါသည်၊ လူဖြစ်ပါသည်၊ ဤသို့ တပည့်တော်များ နားလည်ထားပါသည် ဘုရား။
[ဤနေရာ၌ရုံးတော်ကမေးခွန်းမေးသည်၊]
အမှတ်(၉) သောဓနာနှင့်ပတ်သက်၍ ညွှန်ကြားချက်
ဦးဇဝန(ဝိနည်းဓိုရ်) -ဘုန်းကြီးနဲနဲပြောချင်တယ်၊ ဒီသောဓနာအမှတ် ၉-မှာ ၁၁-နံပါတ် စာပိုဒ်မှစ၍ ၁၈-နံပါတ် စာပိုဒ်အဆုံးထိ ဒကာများသောဓနာပြုထားသော စကားများသည် ဆရာတော်ဦးဥက္ကဋ္ဌကို ဝိနယဂရုကဖြစ်ပုံကို ပြသောစကားများမဟုတ်ပါ၊ ဒါကြောင့် ဒီရုံးတော်ကဒါကိုလက်မခံနိုင်ဘူး၊ ခုအားလုံးဘုန်းကြီးများကိုစွပ်စွဲမယ်၊ အပြစ်ပြောမယ်၊ ဒီအပြစ်မှ ပရူပဝါဒလွတ်စေခြင်းအကျိုးငှာ ဒကာတွေကဆုံးအောင်ဖတ်တာကို ဘုန်းကြီးများမှတ်ထားမယ်၊ နားထောင်မယ်၊ ဒါပေမဲ့ ၁၁-အမှတ် စာပိုဒ်မှစ၍ ၁၈-အမှတ် စာပုဒ်ထိအောင်သောစကားတို့သည် နောင်အခါတရားဝင်အဖြစ် ထည့်သွင်း စဉ်းစားလိမ့်မည်မဟုတ်။
ဦးကျော်တင့် -ဆရာတော်ဘုရားများရဲ့ ဆန္ဒတော်အတိုင်းပါ ဘုရား။
ဦးဇဝန(ဝိနည်းဓိုရ်) -ဖတ်လိုကဖတ်နိုင်သည်၊ မဖတ်လိုကကျော်နိုင်သည်။
ဦးဉာနိက(ဝိနည်းဓိုရ်) -ဒီအမှတ်၉-သောဓနာမှာ စာပိုဒ်အမှတ် ၁၁-မှစပြီး ၁၉ဆုံးသည်အထိ ပါဝင်သော စကားရပ်များသည် သောဓနာအရာမသက်ရောက်ပါဘူး၊ သောဓနာဘောင်က ကျော်လွန်နေပါပြီ၊ အချိန်တွေလည်း အလွန်ကုန်နေပါပြီ၊ ဝိနည်းဓိုရ် ဆရာတော်တွေလည်း ဒီအကြောင်းကိုသိပြီးဖြစ်ကြပါတယ်။ ဒါကြောင့် ဒါတွေကို ကျော်ပြီး စာပိုဒ်အမှတ်၂၀-ကိုသာဆက်ဖတ်ပါတော့။
၂၀။ စာပိုဒ်(၁၀)စောဒနာချက်၌ စောဒကရဟန်းတော်များ ကောက်နုတ်ဖော်ပြထားသော ဆရာဦးကိုကိုလေး၏ သင်တန်းပို့ချချက်တွင် ပါရှိသည့် “ဝိနည်းကိုအဓိကထားခြင်းအားဖြင့် ဘိက္ခုနီသာသနာကို ဆိတ်သုဉ်းစေခဲ့သည်မှာ ပထမသံဂါယနာပွဲမှစတင်ခဲ့လေသည်” ဟူသောစာသားမှာ ပထမသံဂါယနာပွဲအပြီးတွင် မထေရ်တို့က အရှင်အာနန္ဒာအား အပြစ်တင်တော်မူကြရာ၌အမျိုးသမီးတို့အားအခွင့်အရေးပေးသည့်အတွက် အပြစ်တင်တော်မူကြခြင်းကို ရည်ရွယ်၍ ဆရာဦးကိုကိုလေးရေးသားထားခြင်းဖြစ်ပါသည်။
မြတ်စွာဘုရား၏ အလောင်းတော်ကို လာရောက်ဖူးမြော်ကြသည့် အမျိုးသမီးများအိမ်အပြန် မိုးမချုပ်စေရန်အတွက် အရှင်အာနန္ဒာက ပထမဦးစွာ ဖူးမြော်စေသည်၊ အမျိုးသမီးများ၏ ငိုကြွေးမှုကြောင့် မြတ်စွာဘုရား၏ အလောင်းတော်ပေါ်သို့ မျက်ရည်များကျ၍ စိုစွတ်သွားသည်၊ ဤဖြစ်ရပ်အတွက် အရှင်အာနန္ဒာကို အပြစ်တင်ခြင်းဖြစ်သည်။
ထို့ပြင်မြတ်စွာဘုရား၏ ဓမ္မဝိနယသာသနာတော်၌ အမျိုးသမီးများအား ရဟန်းပြုခွင့်ရအောင်(ဝါ) ဘိက္ခုနီသာသနာဖြစ်ပေါ်လာအောင် မိထွေးတော်ဂေါတမီနှင့်ပတ်သက်၍ မြတ်စွာဘုရားကိုလျှောက်ထားပေးသည့် အတွက် မထေရ်ကြီးတို့က အရှင်အာနန္ဒာကိုအပြစ်တင်တော်မူကြသည်။
ဤအချက်နှစ်ချက်ကိုအကြောင်းပြု၍ ဆရာဦးကိုကိုလေးက အထက်တွင်ဖော်ပြခဲ့သော စာပိုဒ်ကို ရေးသားခြင်းဖြစ်တန်ရာပါသည်ဘုရား။
သောဓနာအမှတ်(၁၀)
[သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ချေပချက်]
အမှတ်(၁၀)စောဒနာကို သောဓနာပြုချက်ပါ ဘုရား။
ဝိနည်းသိက္ခာပုဒ်တော်ကို အသက်တမျှ ကျင့်သုံးလိုက်နာ နေထိုင်ကြသော ရဟန်းကောင်း ရှင်ကောင်း သံဃာတော်တို့အား ပက်ပက်စက်စက် စွပ်စွဲ ပုတ်ခတ်ရေးသားပြီး သံဃာတော်ကိုစော်ကားမှုပြုခြင်းနှင့် ပတ်သက်သော စောဒနာချက်ကို သောဓနာပြုအပ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
စောဒကဆရာတော်များ စွပ်စွဲချက်(၁၀-ဆ)နှင့်ပတ်သက်၍ သောဓနာပြုအပ်ပါသည် ဘုရား။
“အစွဲပြုတ်တဲကုပ်ရွှေနန်းတော်” စာအုပ်၏ စာမျက်နှာ(၁၄)ကိုညွှန်းလျက် ဘာသာဝန်ဆောင်ဟူသော စကားသည် ဗုဒ္ဓဘာသာဆိုင်ရာ သမ္မုတိသံဃာတို့ကို ရည်ညွှန်းသည်မဟုတ်ဘဲ ဘာသာဝန်ဆောင်ထားသော ထာဝရနှင့် ဓမ္မဆရာ(ဝါ)တရားလမ်းညွှန်ပုဂ္ဂိုလ်များကို ဆိုလိုရင်းဖြစ်ပါသည် ဘုရား၊ ရှင်သာရိပုတ္တရာနှင့် အရှင်ဥပါလိတို့သည် ဘာသာဝန်ဆောင်များ မဟုတ်ပါ၊ သာသနာ့ဝန်ထမ်းများသာဖြစ်ကြပါသည်။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒကဆရာတော်များအား အကြံပေးလိုသည်မှာ တောင်တွင်းကြီးနတ်မှီတောရဆရာတော် အရှင်ဥက္ကဋ္ဌ ရေးသားသည့်စာအုပ်များရှိ စကားအသုံးအနှုန်းဝေါဟာရများကို လေ့လာလိုက်စားမှတ်သားပြီးမှသာလျှင် စွပ်စွဲသင့်ပါသည် ဘုရား၊ အဘယ့်ကြောင့်ဆိုသော် ဆရာတော် အရှင်ဥက္ကဋ္ဌသည် ဗုဒ္ဓနှင့်ဘုရားကိုလည်းကောင်း၊ ဓမ္မနှင့်တရားကိုလည်းကောင်း၊ သံဃာနှင့်ဘုန်းကြီးကိုလည်းကောင်း၊ ဘာသာဟူသောစကားနှင့် သာသနာဟူသော စကားကိုလည်းကောင်း တိကျပြတ်သားစွာခွဲခြားပြီး နေရာတကျသုံးစွဲတတ်၍ စကားပရိယာယ်ကြွယ်ဝသော ဆရာတော် တစ်ပါးဖြစ်ပါသည် ဘုရား။
ဆရာတော်ရှင်ဥက္ကဋ္ဌ ရေးသားသောကျမ်းဂန်များသည် ဓမ္မအကြောင်းသက်သက်သာဖြစ်၍ တပါးသူများ ထိခိုက်ခြင်းနစ်နာစေခြင်းမရှိခဲ့ပါ၊ ဘုန်းကြီးဟူသော ဝေါဟာရသည် ဗုဒ္ဓဘာသာဝင်တို့၏ တစ်ဦးတည်းသာ ပိုင်ဆိုင်သောပုဂ္ဂလိက အသုံးပစ္စည်းမဟုတ်ပါ၊ ဗုဒ္ဓဘာသာအတွက် ပုဂ္ဂလိကအသုံးပစ္စည်းမှာ ရဟန်းဟူ၍ လည်းကောင်း၊ သံဃာဟူ၍လည်းကောင်း၊ ပဉ္စင်းဟူ၍လည်းကောင်း ဖြစ်ပါသည်၊ ဆရာတော်သည် လူသားထုတစ်ရပ်လုံး၏ အစွဲဥပါဒါန်ကင်းရေးကိုသာလျှင် ရည်ရွယ်လျက် အစွဲပြုတ်တဲကုပ်ရွှေနန်းတော်ဟူသော ကျမ်းကိုပြုစုသဖြင့် ရဟန်းသံဃာအများစုကပင် သာဓုအနုမောဒနာခေါ်ဆိုရန်ထိုက်ပါသည် ဘုရား၊ ဤသို့သော လဇ္ဇီပေသလသိက္ခာကာမနှင့် ပြည့်စုံသောဆရာတော်ကို ဤစွဲချက် (၁၀-ဆ)မှာပင် “သမ္မာဒိဋ္ဌိသုတေသန အဖွဲ့သားများ၏ ဩဝါဒစရိယဖြစ်သော ဦးဥက္ကဋ္ဌနှင့်ဆန္ဒတူဖြစ်ကြကုန်သော အလဇ္ဇီပုဂ္ဂိုလ်များသည် သာသနာ့ ဘောင်မှာနေလျက် သင်္ကန်းအရေခြုံထားသည့်အပြင် ဘုရားသခင်ပညတ်တော်အတိုင်း လိုက်နာကျင့်ကြံ နေထိုင်ကြကုန်သော သာသနာ့ဝန်ထမ်းရှင်ရဟန်းတို့အား ဣဿာအဘိဇ္ဈာကြီးမားစွာဖြင့် ပြောဆို ရေးသားခဲ့ကြပါသည်ဘုရား” ဟု ဖော်ပြပါရှိနေရာ ဝိနည်းဓိုရ်ဆရာတော်များက အချိန်မီဆုံးမပေးပါရန်ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား၊ အဘယ့်ကြောင့်ဆိုသော် ဆရာတော်အရှင်ဥက္ကဋ္ဌသည် ကမ္ဘာကပင် လေးစားမှုခံယူထားသော ဆရာတော်တစ်ပါးဖြစ်၍ မြန်မာပြည်သာမက ကမ္ဘာကပင် ထိုစောဒကတို့အား ကဲ့ရဲ့ပြစ်တင် ရှုတ်ချမည်ကို စိုးရိမ်မိသည်သာမက အရှင်တို့အတွက် နောင်အနာဂတ်တွင် အင်္ဂုတ္တရပါဠိတော်၊ ဒုတိယအုပ်(အံ၊၂၊၂၂၀)၌ “ယော သော ဘိက္ခဝေ ဘိက္ခု အက္ကောသက။ ပ။ ပဉ္စ အာဒီနဝါ ပါဋိကင်္ခါ” ဟူသော ပါဠိတော်အရ အပြစ်ငါးမျိုးတို့ကို မချွတ်ရရှိလိမ့်မည်ဟု တပည့်တော်များက တစ်ထစ်ချ စိုးရိမ်နေမိပါသည်၊ ထိုအပြစ်ငါးမျိုးကား-
(၁) လောကုတ္တရာတရားဖြစ်၍ လောကုတ္တရာတရားမှ ဆုံးရှုံး၏၊
(၂) ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့မူလည်း ရောက်၏၊
(၃) ပြင်းထန်သော ရောဂါသို့မူလည်း ရောက်၏၊
(၄) တွေဝေလျက် သေရ၏၊
(၅) ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည့်မှ နောက်၌ချမ်းသာကင်းသော လား၏ရာ၊ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ရောက်၏၊
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒကဆရာတော်များ၏ စွပ်စွဲချက်(၁၀)ချက်သည် ထိုအရှင်များအတွက် ရင်လေးဖွယ်ရာ ဖြစ်နေပါ၍လည်းကောင်း၊ ဝိနည်းဓိုရ်ဆရာတော်များအနေဖြင့်လည်း သာသနာ အဓွန့်ရှည်ကြာတည်တံ့ရေးကို ရှေးရှုသဖြင့် လည်းကောင်း အချိန်မီ တားမြစ်ပေးပါရန် မေတ္တာရှေ့ထားလေးစားစွာဖြင့် လျှောက်ထားအပ်ပါသည် ဘုရား။
မှတ်ချက်။ ။ စောဒနာအမှတ်(၁၁)နှင့်(၁၂)တို့ကို သောဓနာခြင်း မပြုပေ။
သောဓနာအမှတ် (၁၃)
[သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ချေပချက်]
အမှတ်(၁၃) ဝိသေသစောဒနာလွှာ အပိုဒ်(၇)ကို သောဓနာပြုလွှာပါဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဤစောဒနာလွှာကို အညဝါဒီပုဂ္ဂိုလ်တို့သည် ဦးဥက္ကဋ္ဌ၏ဓာတ်ပုံကိုရင်၌ထိုး၍ အမြတ်တနိုး ပြုနေကြပါလျက် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ကိုးကွယ်ရာ စေတီပုထိုးကျကာမှ အုတ်ခဲကျောက်ခဲများကို အတုလုပ်ထားသည်ဟု စော်စော်ကားကားပြောရက်ခြင်းမှာ လူယဉ်ကျေးတို့၏ အခြေခံတရားကလေးမျှပင်မရှိရာ ရောက်နေကြပါသည်ဟု စောဒနာစွဲချက်တင်ထားပါသည်။
၁။ တပည့်တော်များသည် စေတီပုထိုးများကို အုတ်ခဲကျောက်ခဲများကို အတုလုပ်ထားသည် မဟောခဲ့ကြပါ၊ မရေးသားခဲ့ကြပါ၊ ဦးရွှေပြည့်၏ လူ့အဘိဓမ္မာ မေးခွန်းလွှာစာစောင်ငယ်တွင် ပါရှိသောမေးခွန်းကို ကြည့်၍တပည့်တော်များအား အလွတ်မဲ့စွာ ရမ်းကားစွပ်စွဲခြင်းမျှသာဖြစ်ပါသည် ဘုရား၊ မေးခွန်းသည် မေးခွန်းမျှသာဖြစ်၍ အဖြေမဟုတ်ကြောင်းကို စောဒကရဟန်းတော်များ ကွဲပြားစွာ သိသင့်ပါသည်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်က ဟောပြောကြောင်း ရေးသားကြောင်း မည်သည့်အထောက်အထားမှမပြနိုင်ဘဲလျက် အရမ်းမဲ့စွပ်စွဲခြင်းမျိုးသည်မသင့်တော်ပါ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့်ပတ်သက်၍ ရှေးဟောင်းကမ္ဘာ့သမိုင်းစာမျက်နှာ-၁၅၃၌ ပါရှိသည့်အောက်ပါစာပိုဒ်ကို ဖတ်ရှုစေလိုပါသည် ဘုရား။
ဗုဒ္ဓရုပ်ပွားတော်များကို စတင်ထုလုပ်ရာဒေသမှာ ကူရှန်မင်းဆက်ထွန်းကားခဲ့သော ဂန္ဓာရနှင့် မထုရာဒေသများပင် ဖြစ်ပါသည်၊ အိန္ဒိယပြည်သား သမိုင်းပညာရှင်အများကပင် ဗုဒ္ဓရုပ်ပွားတော်များသည် မထုရာဒေသ၌ စတင်ထွန်းကားခဲ့သည်ဟု ယူဆကြပါသည်၊ အနောက်တိုင်းသား သမိုင်းပညာရှင်များကမူ ထိုရုပ်ပွားတော်များသည် ဂန္ဓာရဒေသ၌စတင်ထွန်းကားခဲ့သည်ဟု ယုံကြည်ကြပါသည်၊ မထုရာလက်ရာပုံများသည် ဘီစီ-တစ်ရာစုအကုန်ကပင် စတင်ထွန်းကားလာခဲ့သည်၊ မထုရာဒေသက ပန်းပုဆရာတို့သည်ဒေသန္တရနယ်မြေထွက် သဲကျောက်များဖြင့် ရာပေါင်းများစွာကြာမျှ ထုလုပ်ခဲ့ကြပါသည်၊ ထို့ကြောင့် မထုရာလက်ရာပုံများသည် ခရီးနီးဝေးပြန့်နှံ့ခဲ့၍ နှောင်းခေတ် ပန်းပုပညာရှင်များတွင်လည်း များစွာလွှမ်းမိုးခဲ့လေသည်၊ မူလကပင် ဂျိန်းအယူဝါဒဆိုင်ရာ ရဟန်းတော်များ ကမ္မဋ္ဌာန်းစီးဖြန်းနေဟန်များကို အများအပြားထုလုပ်ခဲ့ကြသဖြင့် ဗုဒ္ဓဘာသာဝင်များက ထိုပုံများကိုအတုယူကာ ဗုဒ္ဓရုပ်ပွားတော်များကို ထုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
၂။ ဤသမိုင်းအထောက်အထားများအရ ရုပ်ပွားတော်များသည် ဘီစီ-တစ်ရာစု ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း(၅၀၀)ကျော်မှ ပေါ်ပေါက်လာကြောင်း ထင်ရှားနေပါသည်၊ သမိုင်းပညာရှင်များသည် ဘက်စုံဒေါင့်စုံကို လေ့လာ၍ တူးဖော်ရရှိသော သက်သေခံ အထောက်အထားများဖြင့် တင်ပြထားခြင်းဖြစ်၍ ခိုင်လုံပါသည် ဘုရား။
စောဒကပုဂ္ဂိုလ်များ အကိုးအကားပြု သောထေရအပဒါန်ကျမ်းသည် ခုဒ္ဒကနိကာယ်တွင် အလွန်နောက်ကျမှ ပေါ်ပေါက်လာသော ကျမ်းတစ်ကျမ်းသာဖြစ်၍ ခိုင်လုံမှုမရှိပါချေ၊ ယခုတင်ပြချက်မှန်ကန်ကြောင်းကို ဗုဒ္ဓတက္ကသိုလ်ကြီး ပေါ်ပေါက်လာသည့်အခါတွင် အရှင်ဘုရားများသိရပါလိမ့်မည် ဘုရား။
၃။ တပည့်တော်များသည် ဗုဒ္ဓဘာသာဝင်ဗုဒ္ဓဝါဒီများ ဖြစ်ကြသောကြောင့် ဗုဒ္ဓကိုပစ်ပယ်ခြင်း မပြုကြပါ၊ စောဒကရဟန်းတော်များကိုယ်တိုင် ကြွရောက်နိုင်ပါလျှင် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များ၏အိမ်တွင် ဗုဒ္ဓရုပ်ပွားတော်များကို အမှန်တကယ်တွေ့ရပါလိမ့်မည်၊ တပည့်တော်များဒုက္ခငြိမ်းအေးရေးအတွက် တရားဓမ္မများ ဟောကြားတော်မူခဲ့သော ဗုဒ္ဓမြတ်စွာကို ကြည်ညိုလေးစားသည့်နည်းတူ ဗုဒ္ဓကိုယ်စား တပည့်တော်များအား ဒုက္ခငြိမ်းအေးရေးလမ်းကို ဟောဖော်ညွှန်ကြား ဆုံးမတော်မူသော ဆရာတော်ဘုရားကြီး ရှင်ဥက္ကဋ္ဌကိုလည်း တပည့်တော်များ ကြည်ညိုလေးစားကြပါသည်၊ ရှင်ဥက္ကဋ္ဌနှင့်သမ္မာဒိဋ္ဌိကို အရှင်ဘုရားတို့က အပြုတ်နှံပစ်မည် ဟူသော ရည်ရွယ်ချက်ကိုသိရှိရသောကြောင့် တပည့်တော်တို့သည် ရှင်ဥက္ကဋ္ဌ၏တပည့်အစစ် သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များဖြစ်ကြောင်း သိသာရန် ဆရာတော်ဘုရားကြီး၏ပုံတော်ပါသည့် တံဆိပ်ငယ်ကို တပ်ဆင်လာခြင်းဖြစ်ပါသည် ဘုရား၊ ဥပါဒါန်မရှိကြကြောင်းပါ ဘုရား။
သောဓနာအမှတ်(၁၄)
[သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ချေပချက်]
အမှတ်(၁၄)စောဒနာကို သောဓနာပြုချက်ပါ ဘုရား။
ဗုဒ္ဓဘာသာဝင်တို့၏ သီလခံယူခြင်း ဆုပေးဆုယူခြင်း သပိတ်သွတ်ခြင်း စသော ဘာသာမှုကုသိုလ်ရေးဆိုင်ရာ ကိစ္စများကို အပိုသက်သက်အဖြစ်ဖြင့် ဟောပြောရေးသားဖျက်ဆီးခြင်းဆိုင်ရာ စောဒနာချက်ကိုသောဓနာပြုအပ်ပါသည်ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဆုပေးဆုယူကိစ္စတွင် စောဒကဆရာတော်များ ဟောပြထားသော စောဒနာချက် (၁၄)တွင်ဖော်ပြထားသည့် အကိုးအကားမှာ ဆုပေးဆုယူကိစ္စနှင့် မည်သို့မှမသက်ဆိုင်ပါ၊ ဒါနသီလစသောပါရမီ(၁၀)ပါးကိုသာ ဖော်ပြရေတွက်ထားသော ပါဠိဖြစ်ပါသည် ဘုရား၊ ထိုပါဠိနှင့်ဆုပေးဆုယူကိစ္စ မည်သို့မှမသက်ဆိုင်သည်ကို သက်ဆိုင်သယောင်ယောင် ဖော်ပြ၍ တပည့်တော်များ၏ ပါဠိအားနည်းချက်ကို အကွက်ကောင်းဟုထင်ကာ အနိုင်ကျင့်၍ အလဲထိုးပါသော်လည်း စစ်မှန်သောဗုဒ္ဓမြတ်စွာ၏ ဓမ္မမှန်ကတပည့်တော်များဘက်မှ အကာအကွယ် ပေးလျက်ရှိနေပါသည် ဘုရား။
ဗုဒ္ဓရှင်တော်မြတ်သည်ပင်လျှင် ဆုပေးဆုယူကိစ္စနှင့်ပတ်သက်၍ ဆဋ္ဌမူ ဝိနည်းပိဋက မဟာဝါပါဠိတော် မြန်မာပြန် စာမျက်နှာ (၃၉၅) စီဝရက္ခန္ဓကပုဒ်ရေ(၃၃၇) တွင် ဇီဝကသည် မြတ်စွာဘုရားကို “အရှင်ဘုရား အကျွန်ုပ်သည်မြတ်စွာဘုရားအား တစ်ခုတည်းသောဆုကိုတောင်းလိုပါသည်ဟု လျှောက်၏၊ ဇီဝက မြတ်စွာဘုရားတို့သည် ဆုပေးခြင်းနှင့် လွန်မြောက်ကုန်၏ဟု မိန့်တော်မူ၏”
၎င်းအပြင် ယင်းမြန်မာပြန် ဝိသာခါဝတ္ထု စာမျက်နှာ(၄၀၉)စာကြောင်းရေ(၁၄)တွင် “အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအား ရှစ်ပါးသော ဆုတို့ကိုတောင်းဆိုပါ၏ဟု လျှောက်၏၊ ဝိသာခါ မြတ်စွာဘုရားတို့သည် ဆုပေးခြင်းမှ လွန်မြောက်ကုန်၏” ဟုမိန့်တော်မူ၏၊ ဤနေရာ၌ ဇီဝကနှင့် ဝိသာခါတို့ တောင်းဆိုသော ဆုများမှာ တမလွန်အကျိုးမျှော်များဖြစ်သည်ထင်၍ ဆုပေးခြင်းမှလွန်မြောက်၏ဟုဆို၏၊ ဇိဝကနှင့်ဝိသာခါတို့တောင်းသည့်ဆုသည် အပ်လည်းအပ်ပါ၏၊ အပြစ်လည်းမရှိပါဟု လျှောက်ထားမှခွင့်ပြုခဲ့၏၊ ဇီဝကတောင်းသောဆုမှာ သင်္ကန်းလှူခွင့်ပြုရန်ဖြစ်ပြီး ဝိသာခါတောင်းသောဆုမှာ -
(၁) သံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်းကိုလှူလိုခြင်း,
(၂) ဧည့်သည်အာဂန္တုအား ဆွမ်းလှူလိုခြင်း,
(၃) ခရီးသွား ရဟန်းတို့အား ဆွမ်းလှူလိုခြင်း,
(၄) သူနာရဟန်းတို့အား ဆွမ်းလှူလိုခြင်း,
(၅) သူနာပြုရဟန်းတို့အား ဆွမ်းလှူလိုခြင်း,
(၆) သူနာရဟန်းတို့အား ဆေးလှူလိုခြင်း,
(၇) အမြဲယာဂုလှူလိုခြင်း,
(၈) ဘိက္ခုနီသံဃာအား ရေသနုတ်ကို လှူလိုခြင်း,
ဟူသော ရှစ်မျိုးသောဆုပင်ဖြစ်ပါသည်။ တမလွန်အကျိုး မျှော်၍ တောင်းဆိုသော ဆုမျိုးမဟုတ်ပါ၊ ဗုဒ္ဓရှင်တော်မြတ်သည်ပင် တမလွန်အကျိုးမျှော်ဆုမျိုး မပေးလျှင် တပည့်သာဝကများအတွက်မှာ ဆိုဖွယ်ရာမရှိတော့ပါ၊ ဗုဒ္ဓမြတ်စွာ၏ သာသနာသည်လည်း အတ္တသဿတဝါဒလည်းမဟုတ်၊ အတ္တဥစ္ဆေဒဝါဒလည်းမဟုတ်၊ စင်စစ် အနတ္တသာသနာသာ ဖြစ်ပါသည်။ နိဗ္ဗာန်မရမီစပ်ကြား တစ်ဘဝမှ တစ်ဘဝသို့ ကောင်းကျိုး ဆိုးပြစ်အနေနှင့် လှည့်လည်နေသည့် သဘောအယူအဆသည် ဗုဒ္ဓ၏ အနတ္တဒေသနာနှင့် လုံးဝဆန့်ကျင်သော အတ္တသဿတဝါဒ၏ မှားယွင်းသော အယူအဆသာ ဖြစ်ပါသည်။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒကဆရာတော်များသည် မိမိတို့ သဘောကျသော သီလခံယူခြင်း ဆုပေးခြင်း ဆုယူခြင်း သပိတ်သွတ်ခြင်းတို့ကို အတ္တသဿတဝါဒနှင့် ဆက်နွယ်၍ ဗုဒ္ဓမပွင့်မီ သာသနာပကာလ ကျင့်သုံးလျက်ရှိသော ဗြာဟ္မဏဝါဒကို အမြစ်တွယ်နိုင်သည်ထက် တွယ်နိုင်အောင် ကျားကန်ပေးနေခြင်းသာ ဖြစ်ပါသည်။ ဘဂဝဂ္ဂိတာကျမ်းတွင် အတ္တခိုင်မာပုံကို ဖော်ပြထားပါသည်။
ဇာယတေ မိယတေ ဝါ ကုဒါစိပိ၊
နာယံ ဘုတွာ ဘာဝိတာ ဝါန ဘူယော။
အဇော နိစ္စော သဿတော ယံ ပုရာဏော၊
န သညတေ ဟညမာနေ သရီရေ။
အယံ၊ ဤအတ္တသည်။ ကုဒါစိပိ၊ တစ်ရံတဆစ်မျှလည်း။ နဇာယတေ၊ ပဋိသန္ဓေတည်နေဖွားမြင်းခြင်းမရှိ။ (ဝါ) ထိုမှတစ်ပါး။ နမိယတေ၊ သေလည်း မသေ။ (ဝါ) ထို့အပြင်။ အယံ၊ ဤအတ္တသည်။ ဘုတွာ၊ ဖြစ်ပြီး၍။ ဘူယော၊ တစ်ဖန်။ န ဘာဝိတာ၊ ဖြစ်ဦးမည့်အရာ မဟုတ်ချေ။ ကသ္မာ၊ အဘယ်ကြောင့်နည်း။ အယံ၊ ဤအတ္တသည်။ အဇော၊ ပဋိသန္ဓေတည်နေခြင်းဆိုတဲ့ အဖြစ်သဘောမရှိ။ နိစ္စော၊ မြဲ၏။ သဿတော၊ တစ်မျိုးတည်း တည်နေ၏။ ပုရာဏော၊ အမြဲတစေ အဟောင်းကြီး ဖြစ်၍နေ၏။ သရီရေ၊ ကိုယ်ကာယသည်။ ဟညမာနေ၊ သေ၍သွားသော်လည်း။ အယံ၊ ဤအတ္တသည်။ န ဟညတေ၊ မသေ။
ဤသို့သာလျှင် အတ္တ၏ ခိုင်မြဲပုံကို ဖော်ပြပြီးနောက် သေဆုံးသည့်အခါ၌လည်း ထိုအတ္တသည် ကာယကိုစွန့်၍ အခြားဘဝသို့ ကူးပြောင်းသည်ဟု ထိုကျမ်း၌ပင် ဖော်ပြထားပါသည်။
ဝတ္ထနိ ဇိဏ္ဏာနိ ယထာ ဝိဟာရ၊
နဝါနိ ကဏှာတိ နရော ပရာနိ။
တထာ သရီရာနိ ဝိဟာယ ဇိဏ္ဏာနိ၊
အညာနိ သယာနိ နဝါနိ ဒေဟီ။
နရော၊ လူသတ္တဝါသည်။ ဇိဏ္ဏာနိ၊ ဟောင်းနွမ်းကုန်သော။ ဝတ္ထာနိ၊ အဝတ်တန်းဆာတို့ကို။ ဝိဟာယ၊ စွန့်ပစ်၍။ အပရာနိ၊ တစ်ပါးကုန်သော။ နဝါနိ၊ အဝတ်တန်းဆာအသစ်တို့ကို။ ဂဏှာတိယထာ၊ ယူလေဝတ်လေသကဲ့သို့။ တထာ၊ ထိုနည်းတူစွာ။ ဒေဟီ၊ အတ္တသည်။ ဇိဏ္ဏာနိ၊ ဟောင်းနွမ်းကုန်သော။ သရီရာနိ၊ ကိုယ်ကာယတို့ကို။ သယာနိ၊ ရယူလေသတည်း။
ယင်းသို့အားဖြင့် မြဲသော အတ္တ (ဝါ) ယခုဘဝ၌ ပြုသမျှသော ကုသလနှင့် အကုသလဟုဆိုအပ်သည့် ကောင်းမှု ဆိုးမှုတို့၏ အကျိုးအပြစ် အမွေအနှစ်ကို ခံယူကာ ထွက်သွားသော အတ္တကို တကယ်ရှိ အဟုတ်ရှိ အနေအားဖြင့် ယုံကြည်မှု အမြစ်တွယ်၍ ပင်စည်ကြီးမား ထွားကြိုင်း၍ လာခဲ့လေသည်။ ထိုအခါ ထိုသစ်ပင်စည်မှာ-
(၁) ဘုံဘဝဟူသော အယူအဆ (၂) ပိဏ္ဍာပေးခြင်းဆိုသည့် ကိုင်းတက်ကြီး နှစ်ခု ထိုးထွက်၍ လာခဲ့လေသည်။
ဤသို့သာလျှင် ဗုဒ္ဓရှင်တော်မြတ်မပွင့်မီ ရှေးပုရာဏ်ခေတ်မှာပင် ရေပန်းစားလျက်ရှိသော ထိုအတ္တ၏လှည့်လည်ကျက်စားသွားလာရေးအတွက် ဆုပေးခြင်း ဆုယူခြင်း သပိတ်သွတ်ခြင်း စသော ဘာသာမှု ကုသိုလ်ရေးဆိုင်ရာ ကိစ္စများဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ဗုဒ္ဓရှင်တော်မြတ် ပေါ်ပေါက်လာသော ခေတ်တွင် ထိုဟိန္ဒူဗြာဟ္မဏ အတ္တဝါဒကို ဖယ်ရှင်းကာ အနတ္တဟု ကြွေးကြော်ခဲ့သည့် အချိန်မှစ၍ အတ္တဝါဒသည် ခေါင်းမပြူနိုင်ဘဲ ငုပ်လျှိုးနေခဲ့ရပေသည်။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ထိုသို့ဗုဒ္ဓခေတ်တွင် အတ္တဝါဒမှေးမှိန်နေရာမှ ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန်ပြုပြီးသည့်အချိန်မှစ၍ ပြန်လည်အညွန့်ထွက်ခဲ့ရာ ယခုအခါ အကိုင်းအခက်များ ဝေဆာစည်ပင်လျက်ရှိနေပါသည် ဘုရား၊ ဤတွင် ဘာသာရေးခေါင်းဆောင်များ၏ ပြန်လည်ရိုက်သွင်းမှုကို ရိပ်စားလာမိသော တပည့်တော်များသည် အတ္တဝါဒ မထွန်းကားရေးအတွက် စစ်မှန်သော ဗုဒ္ဓ၏သာဝကရဟန်းများနှင့်အတူ တွန်းလှန်နေရခြင်းသာ ဖြစ်ပါသည်၊ အနာရှိသော လက်ပေါ်သို့ဆားတင်မိသည့်အခါ မနေနိုင် မထိုင်နိုင် ဖြစ်သွားသကဲ့သို့ အတ္တ၏ အယူအဆများကို ဖယ်ရှားသောအခါ အတ္တဝါဒကို မြေတောင်မြှောက်ရေလောင်း၍ ရှင်သန်အောင်ကြိုးစားနေသူများအဖို့ မခံမရပ်နိုင်အောင် ဖြစ်ရမည်မှာ ဓမ္မတာပင်ဖြစ်ပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
တပည့်တော်များဆက်လက်၍ လျှောက်တင်ပါရစေ ဘုရား၊ တပည့်တော်များသည် ကေသမုတ္တိသုတ္တန်၊ သာဠသုတ္တန်များတွင် တစ်ပြေးညီ ဖော်ပြထားသော အချက်ဖြစ်သည့် ဗုဒ္ဓ၏ အာဘောဂများကို လွန်စွာ နှစ်သက်မြတ်နိုးသူများဖြစ်ပါသည် ဘုရား၊ ထိုသုတ္တန်များတွင်-
(၁) ပြောသံကြားကာမျှနှင့် ဟုတ်ပြီ မှန်ပြီဟု မယူလင့်ကုန်ဦး၊
(၂) အစဉ်အဆက် စကားများဖြင့်လည်း မယူလင့်ကုန်ဦး၊
(၃) ဤသို့ဖြစ်ဖူးသတတ် စကားမျှဖြင့်လည်း မယူလင့်ကုန်ဦး၊
(၄) ပိဋကတ်စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူလင့်ကုန်ဦး၊
(၅) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူလင့်ကုန်ဦး၊
(၆) မိမိယူခြင်းမျှလည်း မယူလင့်ကုန်ဦး၊
(၇) အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူလင့်ကုန်ဦး၊
(၈) (ငါတို့) ကြံစည်၍ နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊
(၉) ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊
(၁၀) (ငါတို့) လေးစားသော ရဟန်းတို့၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊
ဤသို့ ဖော်ပြထားချက်၏ အနှစ်သာရသည် မျက်ကန်းယုံဝါဒကို ပယ်ရှား၍ စစ်မှန်သော ဒုက္ခငြိမ်းအေးရေးကို မိမိကိုယ်ပိုင်အသိဖြင့် ရှာဖွေယူရမည်ဟု ထိုသုတ်၏ ညွှန်ကြားချက်မှာ အလွန်မှ နှစ်သက်မြတ်နိုးဖွယ်ရာ ဖြစ်သည်ကို တွေ့ရှိရသည်။
ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့ကိုပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သည်ရှိသော် စီးပွားမရှိခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ စွန့်ပယ်ကုန်ရာ၏၊
ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ်ကုန်သော် အကျိုးစီးပွားရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ကုန်၏ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌ ပြည့်စုံစေ၍ နေကုန်ရာ၏၊
ဤသို့ ဆုံးမသွန်သင် ညွှန်ကြားချက်မှာ ဗုဒ္ဓသာသနာ၏ အမိုးအောက်တွင် ရောက်နေသူမှန်သမျှ လိုက်နာသင့်သော အချက်များပင် ဖြစ်ပါသည်၊ ဤသုတ္တန်သည် လူသား၏ ဒုက္ခငြိမ်းအေးရေးအတွက် ကျင့်သုံးရမည့် တရားပင်ဖြစ်သည်ဟု တပည့်တော်များ နားလည်သဘော ပေါက်ခဲ့ပါသည်။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
စောဒကဆရာတော်များ မည်သို့ပင် ကျမ်းကိုးကျမ်းကား အခိုင်အလုံ အပြည့်အစုံတင်ပြသော်လည်း ကေသမုတ္တိသုတ္တန်၊ သာဠသုတ္တန်တို့၏ ညွှန်ကြားချက်ကို နာခံ၍ ဓမ္မသဘာဝဘောင်နှင့် ကိုက်မကိုက်၊ သစ္စာလေးပါးမူနှင့် ညီမညီ အနတ္တနှင့် အံဝင်ဂွင်ကျ ဖြစ်မဖြစ် စိစစ်ပြီးမှ အတိတ် အနာဂတ် အညှီအဟောက် လူသား၏ အကြောက်အမျှော် မပါမှသာလျှင် တပည့်တော်များ လက်ခံကျင့်သုံးပါသည် ယခင်ကလည်း ကျင့်သုံးပါသည်၊ ယခုလည်း ကျင့်သုံးဆဲဖြစ်ပါသည်၊ နောင်တွင်လည်း ဤသို့သာလျှင် ကျင့်သုံးသွားမည် ဖြစ်ပါသည်။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
တပည့်တော်များသည် ဗုဒ္ဓမြတ်စွာသာသနာတော်တွင် ဒါနမှု သီလမှု ဘာဝနာမှုများကို မပြတ် ပြုလုပ်လျက်ရှိသူများ ဖြစ်ပါသည်၊ ဒါနမှုပြုရာ၌ တစ်စုံတစ်ရာသော တန်စိုးလက်ဆောင်ပေး၍ တစ်ဖက်က ဖြားယောင်းသွေးဆောင် မျက်စိမှိတ် ခါးပိုက်နှိုက်မှုကိုမူ မခံရအောင် ဒါနမှု ပြုပါသည်၊ ထိုဒါနသည် သမုဒ္ဒရာထဲ၌ မိုးကောင်းနေမှုကို အားမပေးပါ၊ မိုးခေါင်သည့်နေရာ၌ မိုးစွတ်စိုအောင် စိမ်းလန်းစိုပြေအောင် ထိုဒါနမှုကို ပြုပါသည်၊ ဆုပေးဆုယူဟူသော လေပေးမှု လေယူမှုကို ဝါသနာမပါသော ပုဂ္ဂိုလ်များဖြစ်၍ ဤဝါသနာများကို တပည့်တော်တို့၏ ငြိမ်းချမ်းရေးနှလုံးသားတွင် ဝင်ရောက်ခိုနား အမြစ်တွယ်မည်ကို စိုးရိမ်သူများ ဖြစ်ပါသည်၊ သာဟာယသမဂ္ဂများကိုလည်း ဤသို့သာလျှင် တင်ပြဆွေးနွေးကြပါသည် ဘုရား၊ တပည့်တော်များ၏ ဒါနမှုသည် အစဉ်သဖြင့် တဏှာပေမဖြင့် ကိုက်ညီမှုကို အားမပေးဘဲ ဒုက္ခနိရောဓအရိယသစ္စာ ဘောင်တွင်း၌ပင် မြတ်နိုးတွယ်တာ စုံမက်မှုတဏှာပေမကို စာဂ, ပဋိနိဿဂ္ဂ, မုတ္တိအနာလယဖြင့်သာ သစ္ဆိကာတဗ္ဗမျက်စိအောက်တွင် ရောက်နေသကဲ့သို့ မျက်မှောက်ပြုလျက်ရှိပါသည် ဘုရား။
ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
တပည့်တော်များသည် သီလမှုကို ပြုရာ၌လည်း သမဏဗြဟ္မဏများခြိမ်းခြောက်ထားသည့် အပါယဒုဂ္ဂတိနှင့် မစားရဝခမန်း မြှောက်ထိုးပင့်ကော်ပြုလုပ်ထားသော ဒေဝဂတိ ဗြဟ္မသုဂတိတို့ကို မျှော်လင့်တောင့်တနေကြသူများ မဟုတ်သဖြင့် စစ်မှန်သော မဂ္ဂင်သီလဖြစ်သည့် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့ကို ကျင့်သုံးဆောက်တည်လျက်ရှိပါသည်၊ ထိုစစ်မှန်သော သီလကို ဆောက်တည်ကျင့်သုံး ခြင်းသည်သာ သမဏဗြာဟ္မဏတို့၏မြှောက်ထိုးပင့်ကော်လုပ်မှုကို ကျော်လွှားနိုင်ခဲ့ပါသည်၊ တပည့်တော်များသည် စာပေမနှံ့စပ်၍ သက်သေအထောက်အထား မပြနိုင်သော်လည်း ငယ်စဉ်က လူကြီးသူမများ သင်ပေးလိုက်သော စာပိုဒ်တစ်ခုကို ယခုတိုင် သတိရမှတ်မိနေပါသည် ဘုရား၊ ပါဠိတော်ထဲကဟု ပြောပါသည်၊ မည်သည့် ပါဠိတော်ထဲကဟု မသိရပါ၊ လုပ်ပါဠိတော့ ဟုတ်ဟန်မတူပါ၊ ပိဋကတ်ကျွမ်းကျင်လျှင် တွေ့နိုင်သည့်ပါဠိတော်ဟု ပြောပါသည်၊ ရရှိထားသည့် ပါဠိတော်မှာ-
ဘောန္တော သမဏဗြာဟ္မဏာ ဥဒ္ဓံ သရံ အာသတ္တိယေဝ အဘိဝဒန္တိဣတိပစ္စာ ဘဝိဿာမ ဣတိပစ္စာဘဝိဿာမာတိ၊ သေယျထာပိ နာမဝါဏိဇ္ဇဿ ဝါဏိဇ္ဇာယ ဂစ္ဆတော ဧဝံ ဟောတိ ဣတော မေ ဣဒံဘဝိဿတိ၊ ဣမိနာ ဣဒံ လစ္ဆာမီတိ ဧဝမေဝိဓ ဘောန္တောသမဏဗြဟ္မဏာ ဝါဏိဇ္ဇူပမာ မညေ ပဋိပဇ္ဇတိ။
အနက်။။ ဘောန္တော သမဏဗြဟ္မဏာ၊ အရှင်သမဏဗြဟ္မဏတို့သည်။ ဣတိပစ္စာဘဝိဿာမ ဣတိပစ္စာဘဝိဿာမ၊ နောင်ဘဝ၌ ဖြစ်ရကုန်တော့အံ့။ ဣတိ၊ ဤသို့။ ဥဒ္ဓံသရံ၊ သေသည်မှ နောက်ကာလ အထက်ဘုံ၌ ကျင်လည်ခြင်းကို။ အာသတ္တိယေဝ၊ ကပ်ငြိလျက်သာလျှင်။ အဘိဝဒန္တိ၊ အထူးပြောဆိုကြကုန်၏၊
သေယျထာပိ နာမ၊ ဥပမာပြုရသော်ကား။ ဝါဏိဇ္ဇာယ၊ ကုန်သွယ်ဖို့ရန်။ ဂစ္ဆတော၊ သွားသော။ ဝါဏိဇီဿ၊ ကုန်သည်အား။ ဣတော၊ ဤအရပ်မှ။ မေ၊ ငါ့အား။ ဣဒံ၊ ဤမျှလောက်သော အမြတ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣမိနာ၊ ဤမျှလောက်သော အမြတ်ငွေဖြင့်။ လစ္ဆာမိ၊ ရပေတော့အံ့။ ဣတိဧဝံ၊ ဤသို့သော အကြံသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့တည်း။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဣဓ၊ ဤလောက၌။ ဘောန္တော သမဏဗြာဟ္မဏာ၊ အရှင်သမဏဗြဟ္မဏတို့သည်။ ဝါဏိဇ္ဇူပမာ မညေ၊ ကုန်သည်ပမာ အောက်မေ့ကြကုန်လျက်။ ပဋိပဇ္ဇတိ၊ ကျင့်ကြကုန်၏၊
ဤသို့ အထက်ဘုံများကို အသားပေး၍ ဖော်ပြနေချက်ကို တပည့်တော်များသည် အာသာငမ်းငမ်းမဖြစ်ဘဲ မျှော်မှုကြောက်မှုကို လုံးဝ အလေးမထားခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ရာဇဝတ်မှုမပြုသော ပုဂ္ဂိုလ်သည် ရဲနှင့်တွေ့သည့်အခါ ကြောက်ရွံ့ထိတ်လန့်မှု မဖြစ်သလို ကိုယ့်အားကိုယ်ကိုး၍ သက်ထိန်းလုပ်ငန်းကို လူ့လောကနယ်ပယ်တွင် ရှာဖွေစားသောက်နေထိုင်သဖြင့် လက်မောင်းကြောမတင်းဘဲ အချောင်စားနေရသော ပဒေသာပင် ပေါက်နေသည်ဆိုသည့် ထိုနတ်ဘုံဗြဟ္မာဘုံတို့ကိုလည်း မမျှော်ခဲ့ပါ၊ သို့ဖြစ်၍လည်း တပည့်တော်များ စောင့်ထိန်းကျင့်ကြံသော သီလသည် ဒုက္ခငြိမ်းရေးဖြစ်သည့် သီလဖြစ်သဖြင့် ယခင်ကလည်း ဤသို့ ကျင့်သုံး စောင့်ထိန်းခဲ့၏၊ ယခုလည်း ဤသို့ပင်ကျင့်သုံး စောင့်ထိန်း၏၊ နောင်တွင်လည်း ဤသို့ပင် ကျင့်မည် စောင့်ထိန်းမည်သာ ဖြစ်ပါသည်။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
တပည့်တော်များသည် ဘာဝနာမှုပြုရာတွင်လည်း ဗုဒ္ဓရှင်တော်မြတ် မပွင့်မီ သာသနာပ ဣသိဗြာဟ္မဏများ ကျင့်သုံးသည့် အစာငတ်ခံရခြင်း ခြိုးခြံစွာနေခြင်း, အတ္တစိတ်ကို ချက်တိုင်တစ်ခုတွင် တုတ်နှောင်ချည်ထားခြင်း, မဆုံးနိုင်သည့် ပျက်မှုနောက်လိုက်ခြင်း, ရုပ်တရား နာမ်တရားများ၏ မပြေမလည်ဖြစ်နေမှုကို သည်းခံလျက် ဇိမ်ခံနေခြင်း, မျက်စိမှိတ် နားပိတ်ကာ ကာယအတွင်း၌ မွေးရာပါ ကိလေသာတဏှာ အာသယကို တရကြမ်း မောင်းနှင်ထုတ်နေခြင်း, ဗဟိဒ္ဓရူပများကို စိုးရွံ့ကြောက်လန့်၍ တရကြမ်းရှောင်ရှားနေခြင်းဟူသော ကိလေသာခေါင်းပါးရန် ကာယနှိပ်စက်ရေးလမ်းစဉ်မျိုးကို မကျင့်သုံးကြဘဲ ဗုဒ္ဓရှင်တော်မြတ်၏ ဒုက္ခမဖြစ်ပေါ်ရေးအတွက် ကျင့်သုံးသည့် လမ်းစဉ်ဖြစ်သည်၊ အမြင်မှန် အတွေးမှန် အပြောမှန် အလုပ်မှန် သက်ထိန်းမှန် လုံ့လဥဿဟပြုမှုမှန် ဂရုစိုက်မှုမှန် တည်ငြိမ်မှုမှန်တို့ကိုသာ တိုးပွားသည်ထက် တိုးပွားအောင် ကြိုးစားလျက်ရှိပါသည်။ ဗုဒ္ဓရှင်တော်ဟောဖော်ညွှန်ပြသည့် လမ်းကြောင်းပေါ်၌သာ ယခင်ကလည်း ကျင့်သုံးလျက်ရှိသည်။ နောင်တွင်လည်း ကျင့်သုံးမည်သာဖြစ်ပါသည်။
ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
စောကနာဆရာတော်များ ဝိသေသစောဒနာပြုထားသည့် သီလခံယူခြင်း ဆုပေးဆုယူပြုခြင်း သပိတ်သွတ်ခြင်း စသည့်လုပ်ငန်းများက အတိတ်ကမည်သို့ဖြစ်ခဲ့သည်ဟူသော ဇာတကများနှင့် ပုံဆောင်မှု၊ အနာဂတ်ကာလတွင် မည်သို့သော သေဌေးကြီးဖြစ်လိမ့်မည်ဟူသော မြှောက်လုံးများသည် အတ္တစည်းဝိုင်းအတွင်း၌ ရှိသဖြင့် တပည့်တော်များ လက်ခံခြင်းမပြုသည်မှာ အမှန်ဖြစ်ပါသည်။
သမုဒယတဏှာကို အားပေးသော “ဣစ္ဆိတံ ပတ္ထိတံ တုယှံ ခိပ္ပမေဝ သမိဇ္ဈတု”ဟူသော ဆုပေးမှုမျိုးသည်လည်းကောင်း၊ ဘုရားလောင်း သိဒ္ဓတ္ထဘဝမှ ဗုဒ္ဓရှင်တော်မြတ် ဖြစ်သည်အထိ လေ့လာဆည်းပူးရမည့်အစား ဒီပင်္ကရာ မြတ်စွာဘုရား၏ ခြေတော်ရင်းဝယ် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဘုရားဆုကိုတောင်း၍ ဒီပင်္ကရာမြတ်စွားဘုရားက ဖြစ်စေသတည်းဟု အမိန့်ပေးခြင်းသည် ရှည်ဝေးသော (၉၁) ကမ္ဘာထက်က ကိစ္စဖြစ်၍ လွန်ခဲ့ပြီးသော အတိတ်ကာလ၏ ဖြစ်ရပ်များကို အောက်မေ့တမ်းတနေမှုများသည် လည်းကောင်း၊ ဘုရားလောင်းသည် ခွေးမင်းဖြစ်၍ ခွေးသား (၅၀၀) ကို အုပ်ချုပ်ကာနေစဉ် ဗာရာဏသီပြည့်ရှင်က လူသားများကို အုပ်ချုပ်ရန် ထိုခွေးမင်းအား မင်းအဖြစ်တင်မြှောက်ခြင်းသည်လည်းကောင်း၊ ကုသိုလ်ကောင်းမှုများ အပြည့်အဝရှိပြီး တရားသဖြင့်စီရင်ဆုံးဖြတ်သော သုခမိန်မဟောသဓအမတ်သည် သေပြီးသည်၏အခြားမဲ့၌ အပါယဒုဂ္ဂတိဖြစ်သည့် တိရစ္ဆာန်မျိုးနွယ် ဘူရိဒတ်နဂါးဖြစ်ရခြင်းသည်လည်းကောင်း၊ ဤမှာဘက်ဘဝက ပေးလှူအပ်သော အလှူအကျိုးသည် ထိုမှာဘက်ဘဝ ပေတဂတိရောက်ရှိနေသူအား အကျိုးပေးသည်ဟူ၍ လည်းကောင်း ဤသို့သော ဒဏ္ဍာရီပုံပြင်များသည် အတ္တ၏နယ်ပယ်ကို ကျယ်သည်ထက် ကျယ်အောင် ချဲ့ပြီး ဗုဒ္ဓ၏ အနတ္တဘောင်သည် ကျဉ်းသည်ထက် ကျဉ်းလာစေသဖြင့် ထိုပုံပြင်များ၏ သင်ခန်းစာကို လက်ခံကျင့်သုံးခြင်း မပြုသည့်အတွက် အဓမ္မဝါဒီဟု စွပ်စွဲလျှင်လည်း ကျေနပ်ဝမ်းသာ ဝမ်းမြောက်စွာ ခံယူပါသည် ဘုရား၊ အကယ်၍ အရှင်ဘုရားများသည် အထက်ပါ ဒဏ္ဍာရီပုံပြင်များ ရှိနေသည့် အတ္တနယ်ကျယ်နေသော ထေရဝါဒပိဋကတ်များကို ဗုဒ္ဓရှင်တော်မြတ်၏ စစ်မှန်သောတရားဟု ဆုံးဖြတ်သတ်မှတ်ပါက တပည့်တော်များ လက်ခံကျင့်သုံးနိုင်ရန် ညွှန်ကြားပေးပါမည့်အကြောင်း လျှောက်ထား အသနားခံအပ်ပါသည် ဘုရား။
မှတ်ချက်။ ။ စောဒနာအမှတ် (၁၅) ကို သောဓနာခြင်းမပြုပေ။
သောဓနာအမှတ် (၁၆)
[သမ္မာဒိဌိ သုတေသနအဖွဲ့မှ ချေပချက်]
အမှတ် (၁၆) စောဒနာကို သောဓနာပြုချက်ပါ ဘုရား။
အမှတ် (၁၆) စောဒနာလွှာ အပိုဒ် (၃)၊ စာမျက်နှာ (၅၃) တွင် “သမ္မာဒိဌိတို့၏ ဘိုးတော်ကြီး ဦးဝါသဝကလည်း”ဟူ၍ လည်းကောင်း၊ ယင်းစောဒနာ စာမျက်နှာ (၅၄)၊ ကြောင်းရေ (၇) တွင် “သမ္မာဒိဌိသုတေသနသမားများနှင့် ၎င်းတို့၏ ဘိုးတော်ကြီး ဦးဝါသဝ”ဟူ၍လည်းကောင်း သုံးနှုန်းထားသည်ကို တွေ့ရှိရပါသည်။
၁။ တပည့်တော်တို့ သမ္မာဒိဌိ သုတေသနအဖွဲ့ဝင်များသည် ဆရာတော် ရှင်ဝါသဝ၏ တပည့်များ မဟုတ်ကြပါ၊ ဩဝါဒခံများ မဟုတ်ကြပါ၊ မည်သို့မျှ ဆက်စပ်မှုမရှိကြပါ၊ တစ်ဦးတလေမှလွဲ၍ အများစုမှာ ဆရာတော်ကြီး ရှင်ဝါသဝကို မမြင်ဘူးကြပါ။
၂။ မည်သို့မျှပတ်သက်ဆက်စပ်မှု မရှိသော ဆရာတော်ရှင်ဝါသဝကို တပည့်တော်တို့၏ “ဘိုးတော်ကြီး” အမည်တပ် စွပ်စွဲဖော်ပြသည်မှာ အလွန်မရိုးသား မဖြူစင် မဖြောင့်မတ်သည့် စွပ်စွဲချက်သာဖြစ်ပါသည်။ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များကို ဆော်လို နှက်လို သိက္ခာချလိုသော စောဒကပုဂ္ဂိုလ်တို့၏ စေတနာဆိုး မနောဆိုးမှာ ထင်ရှားပေါ်လွင်လွန်းလှပါသည်၊ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့အကြောင်းကို ၎င်းတို့ ကောင်းစွာမသိကြောင်း ထင်ရှားနေပါသည်၊ ထို့ကြောင့် ဤဝေါဟာရ အသုံးအနှုန်းကို စောဒကရဟန်းတို့က ပြန်လည်ရုပ်သိမ်းပေးပါရန် ဝိနည်းဓိုရ်ခုံရုံး ဆရာတော်ဘုရားကြီးမှတစ်ဆင့် လျှောက်ထားပါသည်။
ထို့ပြင် စာမျက်နှာ (၅၄)၊ ကြောင်းရေ (၁၀) ၌-
“ဗုဒ္ဓအဘိဓမ္မာ” စာမျက်နှာ ၂၅၁-တွင် ရေးသားထားသော ဉာဏ်ကြီးရှင် ရှင်ဥက္ကဋ္ဌ၏ အဆိုအမိန့်ကိုလည်း တင်ပြပါရစေ ဘုရား။
“ဝိသာခါ ကျောင်းအမကြီးသည် လင်ယောက်ျားနှင့်၊ အနာထပိဏ်သူဌေးကြီးသည်မယားကြီးနှင့် နေကြ၏၊ သို့သော် ၎င်းတို့သည် တဏှာနှင့် ဥပါဒါန် မရှိကြတော့ဘဲ လင့်ဝတ်ငါးပါး မယားဝတ်ငါးပါး ပြုကြရုံမှတပါး အနုပါဒါန်တရားနှင့် နေထိုင်ကြသဖြင့် သောတာပန်ဖြစ်၍ သုခတရားကို ရနေကြ၏၊”
စဉ်းစားတော်မူပါ ဘုရား၊ သောတာပန်ဖြစ်၍ တဏှာ ဥပါဒါန် မရှိကြဘူးတဲ့ ဘုရား၊ အတော်လေးနက်တဲ့ ဥက္ကဋ္ဌ အဘိဓမ္မာပါ ဘုရား ဟူ၍ စောဒနာတင်ထားပါသည်။
ဤစောဒနာသည် လူပြိန်းကြိုက် စောဒနာချက်သာ ဖြစ်ပါသည်။
၁။ စောဒကပုဂ္ဂိုလ်သည် ကိုယ်လိုရာ စာပိုဒ်ကလေးတစ်ခုကိုသာ ဆွဲထုတ်၍ အကွက်မိပြီဟူသော စေတနာဆိုးဖြင့် စောဒနာခြင်းသာဖြစ်ပါသည်၊ ရှေ့နောက် ဆက်စပ်၍ အပြည့်အစုံမဖော်ပြဘဲ အပြစ်ဆိုချင်သည့်ဇောဖြင့် ကွက်၍ထုတ်ပြလိုက်သည်မှာ အလွန်မှားနေပါသည်။
ထိုစာပိုဒ်မှာ ဗုဒ္ဓအဘိဓမ္မာစာအုပ်တွင် သစ္စာအခန်း သမုဒယသစ္စာဉာဏ်သုံးပါး ဖော်ပြရာ၌ ဆရာတော်ဘုရားကြီး ရှင်ဥက္ကဋ္ဌ ရေးသားထားခြင်း ဖြစ်ပါသည်၊ ထိုအခန်းကို အပြည့်အစုံဖော်ပြပါမည်။
ပါဠိမူ
တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီနန္တိမေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု။ ပ။ အာလောကော ဥဒပါဒိ။
မြန်မာပြန်ချက်
ချစ်သားတို့ ဤဒုက္ခ၏ အကြောင်းမှန်ကို ငါပယ်၍ ပြီးခဲ့ပြီ၊ ဤသို့အားဖြင့် ရှေးက မကြားစဖူးကုန်သော တရားတို့၌ မျက်စိပွင့်လာ၏၊ ဉာဏ်လင်းလာ၏၊ နားလည်မှုရလာ၏၊ သိမှုရလာ၏၊ အလင်းရောင်ထွန်းလာ၏၊
ဝေဖန်ချက်
ထိုသမုဒယသစ္စာတွင် ၃-ပါး ထားသည်ကား-
ပထမ-သမုဒယသစ္စာ ဒုက္ခ၏ အကြောင်းမှန်သိရမည်၊ (သစ္စဉာဏ်)၊
သမုဒယသစ္စာကို ပယ်ရမည်၊ (ကိစ္စဉာဏ်)၊
သမုဒယသစ္စာကို ငါပယ်ပြီးပြီ၊ (ကတဉာဏ်)
ဟု သုံးမျိုး နားလည်ရမည်။
ဒုက္ခသစ္စာနှင့် သမုဒယသစ္စာမှာ ဒုက္ခသစ္စာကို ကမ္ဘာရှိ ဘာသာတိုင်းကသဘောတူ၏၊ လက်ခံ၏၊ ဒုက္ခ၏အကြောင်းမှန်ဖြစ်သော (၁) သမုဒယသစ္စာကိုမူ သဘောမတူကြချေ။
ဒုက္ခတရားသည် ဘုရာသခင်၏ အလိုတော်ကျ ဖန်ဆင်ထားသည်ဟု ငြင်းနေကြ၏၊ ကံကြောင့်ဖြစ်သည်ဟု ယူဆနေကြကုန်၏၊
အီတလီပြည်၌ အိတနာမီးတောင် ပေါက်ကွဲရာ ၎င်းကို တားဆီးရန်အလို့ငှာ ဘုရားသခင်ကို ရှိခိုး၍ ဆုတောင်းခဲ့ကြကုန်၏၊
ဂေါတမဗုဒ္ဓဘုရားကမူ ဤသို့မဟုတ်၊ မီးတောင်ပေါက်ကွဲတာဟာ သဘာဝအကြောင်းကြောင့် ဖြစ်သည်။
ထို့အတူ ဒုက္ခဖြစ်ကြောင်းတွေကို ရှာတော့လည်း အကြောင်းကို တွေ့ရှိတယ်၊ ဣဿရနိမ္မာန- ဖန်ဆင်းလို့ဖြစ်တာမကောင်း၊ အသင်တို့ ထင်မြင်ယူဆတိုင်း သတ္တဝါတွေကို ဘုရားသခင် ဖန်ဆင်းလျှင် ဒုက္ခကိုသုခဖြစ်အောင် ဖန်ဆင်းပါဟု ပြော၏၊
အမှန်တရားက ဒုက္ခ၏ အကြောင်းမှန်ကို ပယ်ရမည်၊ ၎င်းအကြောင်းမှန်ကို ပယ်မှ ဒုက္ခမှ လွတ်၍ သုခရမည်ဟု ဟော၏၊
သမုဒယ ဥပါဒါန်သည် ထင်ရှားရှိသောတရားမဟုတ်၊ မရှိသော တရားကို ရှိသည်ဟု ဥပါဒါန် စွဲနေကြခြင်းကြောင့် ဒုက္ခ ဖြစ်နေကြ၏၊ မပေါ်သေးသော ပစ္စည်းကို လိုချင်နေကြ၏၊ သိုလှောင်၍ ထားတာများ ရှိပါသလား၊ မရှိချေ။
ကြုံဖူး တွေ့ဖူးသော အရာကိုသာ လိုချင်နေကြ၏၊ မကြုံဖူး မတွေ့ဖူးတာကို လိုချင်ကြမှန်းပင် သိကြပါ၏လော။
ကြုံဖူး တွေ့ဖူးသော တရားတို့ကိုသာ ဥပါဒါန် ဖြစ်နေကြ၏၊ ပယ်တတ်တယ်ဆိုတာ မရှိတာမှ ပယ်လို့ရသည်၊ အရှိတရားကို အပယ်မခိုင်းချေ။
အကြောင်းကြောင့်ပေါ်သော မရှိသော ပဋိစ္စသမုပ္ပန္နတရားကို ဆိုလိုသည်။
ဖြစ်သမျှ ဒုက္ခတွေဟာ အကြောင်းရှိရမည်၊ ဒုက္ခဖြစ်တာ အကြောင်းမကင်းချေ၊ ဒုက္ခဖြစ်တာ အကြောင်းမကင်းချေ၊ ဒုက္ခကို ဒုက္ခမှန်း သိကြလျှင် ပယ်ရမည်။
ဘုရားသခင်သည် အာရုံငါးပါး တောထ၍နေသော မြို့ရွာအတွင်းသို့ ဆွမ်းခံကြွသွား၏၊
သို့ရာတွင် အကြောင်းတရားကို ပယ်ပြီးဖြစ်၍ ၎င်းတို့သည် ဒုက္ခကို အပေးစွမ်းနိုင်ပေ၊ ဝိသာခါကျောင်းအစ်မကြီးသည် လင်ယောက်ျားနှင့်၊ အနာထပိဏ်သူဌေးကြီးသည် မယားနှင့် နေကြ၏၊
သို့သော် ၎င်းတို့သည် တဏှာနှင့် ဥပါဒါန် မပါကြတော့ဘဲ လင့်ဝတ်ငါးပါး မယားဝတ်ငါးပါး ပြုကြရုံမှတပါး အနုပါဒါန်တရားနှင့် နေထိုင်ကြသဖြင့် သောတာပန်ဖြစ်၍ သုခတရားကို ရနေကြ၏၊
ယခု မိမိပိုင်ဆိုင်သော ပစ္စည်းအားလုံးတို့သည် သေသောအခါ ထားပစ်ခဲ့ကြရမည်ဟု သိကြပြီးဖြစ်၍ မခွာနိုင်လောက်သော ဥပါဒါန်များ မဟုတ်ပေ။
ထို့ကြောင့် ဒုက္ခကို ဖြစ်စေတတ်သော သားသမီး ခင်ပွန်းနှင့် ပိုင်ဆိုင်သော ပစ္စည်းပစ္စယ မိမိကိုယ်ကာယပါ တဏှာသမုဒယ မထားကြပဲ အနုပါဒါနတရားနှင့် သုခချမ်းသာ ဖြစ်ကြရန် သမုဒယကို ကြိုးစား၍ပယ်သတ်ကြပါလေကုန်။
ထို့ပြင် ဗုဒ္ဓအဘိဓမ္မာ စာမျက်နှာ ၁၈၃၊ သမုဒယသစ္စာအဖွင့်တွင်-
ဝေဖန်ချက်
“တဏှာ” အိန္ဒိယနိုင်ငံ နွားကျောင်းသားစကား၊ ၎င်းတို့အလွန်ရေဆာလွန်းသောအခါ တရစ်ရှနာ ဟုခေါ်၏၊
၎င်းတရစ်ရှနာ ငန်းငန်းတက်ရေဆာသော အရပ်သုံးစကားကို ဂေါတမဗုဒ္ဓကယူ၍ မှတ်မိလွယ်စိမ့်သောငှာ တရစ်ရှနာလို့ သုံးထား၏၊
ကာလကြာမြင့် ရွေ့လျောခြင်းကြောင့် တဏှာဟု ဖြစ်နေ၏၊ တဏှာရင့်လာလျှင် ဥပါဒါန်ဖြစ်လာ၏...ဟူ၍ရှိပါသည်။
၂။ အထက်တွင် ဖော်ပြခဲ့သော ဆရာတော်ဘုရားကြီး ရှင်ဥက္ကဋ္ဌ၏ရေးသားချက်သည် စောဒကရဟန်းများ စောဒနာသော အဓိပ္ပာယ်မျိုး မဟုတ်ကြောင်း ထင်ရှားနေပါသည်၊ တဏှာ၏အဓိပ္ပာယ်ကို ဆရာတော်ကြီး ရှင်းထားရာ၌ “ငန်းငန်းတက် ဆာသော”ဟူသော ဝေါဟာရကို သတိပြုရပါမည်၊ အောက်စာပိုဒ်တွင် ပါရှိသော “မခွာနိုင်လောက်အောက် ဥပါဒါန်များ မဟုတ်ပေ”ဟူသော စကားကိုလည်း ထည့်သွင်းစဉ်းစားရပါမည်၊ သောတာပန်သည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာမျှသာ ပယ်ရသေး၍ တဏှာနှင့် ဥပါဒါန်ကို အကြွင်းမဲ့မပယ်သတ်ရသေးကြောင်း တဏှာဥပါဒါန်ရှိသေးကြောင်း ဗုဒ္ဓဘာသာစာပေ လိုက်စားသူတိုင်း သိရှိကြပါသည်၊ ပိဋကတ္တယပါရဂူ ဖြစ်တော်မူသော ဆရာတော်ဘုရားကြီး ရှင်ဥက္ကဋ္ဌသည် တပည့်တော်တို့ထက်ပင် ပိုမို၍သိပါသေးသည်၊ ထို့ကြောင့်ပင် “တဏှာနှင့် ဥပါဒါန် မပါကြတော့ဘဲ”ဟူ၍ ဝေါဟာရကို ရွေးချယ်ပြီး သုံးနှုန်းထားပါသည်၊ မူရင်း ပုံနှိပ်စာအုပ်၊ စာမျက်နှာ ၂၅၁-ကြောင်းရေ(၁၂)၌ “တဏှာနှင့် ဥပါဒါန် မပါကြတော့ဘဲ”ဟု အတိအလင်း ရှိနေပါလျက် စောဒကရဟန်းတို့က “တဏှာနှင့် ဥပါဒါန် မပါကြတော့ဘဲ”ဟု အမှားထည့်သွင်းပြီး လုပ်ကြံစွပ်စွဲထားကြသည်မှာ ယင်းတို့၏ စေတနာဆိုးကို ဖော်ပြရာရောက်ပါသည်၊ “မပါ”ဟူသော ဝေါဟာရနှင့် “မရှိ”ဟူသော ဝေါဟာရတို့၏ အနက်အဓိပ္ပါယ် အလွန်ခြားနားပါသည်၊ ပမာဒလေခ-မှားရေးမိသည်ဟု တပည့်တော်တို့ မယူဆနိုင်ပါ၊ “သောတာပန်ဖြစ်၍ ဥပါဒါန် မရှိကြဘူးတဲ့ ဘုရား...”ဟူသော စောဒနာချက်ကိုကြည့်ခြင်းအားဖြင့် တမင်သိလျက်နှင့် ချွတ်ယွင်းချက်စကားကိုဆိုခြင်း, မဟုတ်မမှန် လုပ်ကြံ စွတ်စွဲထားခြင်းဖြစ်ကြောင်း ငြင်း၍မရနိုင်ပါပေ။
ယင်းတို့၏ စောဒနာချက် မှားယွင်းကြောင်း အထောက်အထားအဖြစ် ဗုဒ္ဓအဘိဓမ္မာစာအုပ် နှစ်အုပ်ကို ပူးတွဲတင်ပြပါသည်။
ဝိနည်းဓိုရ်ခုံရုံး ဆရာတော်ဘုရားကြီးများ အမှန်အတိုင်း သိမြင်တော်မူရန်သာ သောဓနာလွှာ တင်ရခြင်းဖြစ်ပါသည် ဘုရား။
သောဓနာအမှတ်(၁၇)
[သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ချေပချက်]
အမှတ် (၁၇) စောဒနာလွှာကို သောဓနာပြုချက်ပါ ဘုရား။
အပိုဒ်(၃)တွင် “ဦးဥက္ကဋ္ဌဟာ ဓမ္မာစကြာတရားကို လက်ခံတယ်၊ လေးစားတယ် ဟူ၍ထင်မှတ်နေကြပါတယ်”ဟူ၍ လည်းကောင်း၊ “ဦးဥက္ကဋ္ဌ ဓမ္မာစကြာသည်ကား ဘုရားဟော ဓမ္မာစကြာမဟုတ်ကြောင်းကို မသိကြပါဘုရား” ဟူ၍လည်းကောင်း စောဒကရဟန်းတော်များက စွပ်စွဲထားကြပါသည် ဘုရား။
လူသေလူဖြစ်ကျမ်းကို ဆော်ချင်နှက်ချင်သည့်ဇောဖြင့် ဆန္ဒလွန်ပြီး စွပ်စွဲထားသည့် စွပ်စွဲချက်သာ ဖြစ်ပါသည် ဘုရား။
၁။ ဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌသည် ဓမ္မစကြာတရားတော်ကို လက်ခံကြောင်း လေးစားကြောင်း မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသည် ဘုရား၊ ဆရာတော်ကြီးသည် ဓမ္မစကြာကို နှစ်ပေါင်း(၄၀)ကျော် ဟောတော်မူခဲ့ပါသည်၊ မြန်မာနိုင်ငံ အရပ်ရပ်မှ ပင့်လျှောက်ကြသည့် တရားပွဲများတွင်လည်း ဓမ္မစကြာတရားတော်ကိုပင် အဓိကထား၍ ဟောကြားတော်မူပါသည်၊ ရန်ကုန်မြို့၊ ရှင်အာဒိစ္စဝံသကျောင်းတိုက် နာယကဆရာတော် ရှင်ပညာဇောတ၏ အန္တိမစျာပနပွဲတွင် ဓမ္မစကြာတရားတော် တစ်ခုတည်းကိုပင် (၇) ညတိုင်တိုင် ဆက်၍ဟောကြားခဲ့ရာ ကျောင်းဝင်းအပြည့် တရားနာပရိသတ် လာရောက်နာကြားသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးပါသည် ဘုရား။
၂။ ဆရာတော် ရှင်ဥက္ကဌ ဖော်ထုတ်ဟောကြားတော်မူသော ဓမ္မစကြာတရားတော်သည် ဘုရားဟော ဓမ္မစကြာသာ ဖြစ်ကြောင်း တပည့်တော်များကိုယ်တိုင် သိရှိနားလည်ကြပါသည် ဘုရား၊ သဘောပေါက်ကြပါသည် ဘုရား၊ ရဟန်းရှင်လူ အများကလည်း လက်ခံအတည်ပြုကြပါသည် ဘုရား။
စောဒကရဟန်းတော် အရှင်မြတ်များကိုယ်တိုင် သိရှိနားလည်သဘောပေါက်ရန်အတွက်လည်းကောင်း၊ အတု နမူနာယူနိုင်ရန်လည်းကောင်း၊ ဒုက္ခအေးလိုသူ ဒါယကာ ဒါယိကာများအား ကိုယ်တိုင်ဟောကြားတတ်စေရန် လည်းကောင်း၊ ရိုးသားသန့်စင်သော စေတနာဖြင့် ဆရာတော်ကြီး ရှင်ဥက္ကှဌ ဟောကြားတော်မူသည့် ဗုဒ္ဓဓမ္မစကြာမူရင်းကို စောဒကရဟန်းတော်များ ဤဝိနည်းဓိုရ်ခုံရုံးတွင် သက်သေခံအဖြစ် တင်ပြထားသော “ရှင်ဥက္ကဌ၏ ဗုဒ္ဓအဘိဓမ္မာ” စာအုပ် စာမျက်နှာ ၁၇၀ မှ ၂၆၀ အထိကို စေ့စပ်သေချာစွာ ဖတ်ရှုလေ့လာတော်မူပါမည့်အကြောင်း လျှောက်ထားအပ်ပါသည် ဘုရား၊ ယင်းသည် ဗုဒ္ဓဟော ဓမ္မစကြာတရားတော် စစ်စစ်သာဖြစ်ကြောင်း မျက်ဝါးထင်ထင်တွေ့မြင်ရပြီး စောဒကရဟန်းတော်များ မိမိတို့အမှားကို သံဝေဂဉာဏ်ပွားများနိုင်စေရန် သောဓနာပြုရပါတော့သည် ဘုရား။
မှတ်ချက်။ ။ စောဒနာအမှတ် (၁၈) ကို သောဓနာခြင်း မပြုပေ။
သောဓနာအမှတ် (၁၉)
[သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့မှ ချေပချက်]
အမှတ် (၁၉) စောဒနာလွှာကို သောဓနာချက်ပါ ဘုရား။
ဆရာတော်ကြီးများ ဘုရား-
၁။ ဤစောဒနာလွှာတွင် “ဗုဒ္ဓဘုရားသခင်အား သာမန်လူသားတစ်ယောက်ထက် ပို၍ အထင်မကြီးကြပါဘုရား”ဟူသော စွပ်စွဲချက်သည် အသားလွတ် စွပ်စွဲချက်သာ ဖြစ်ပါသည်၊ တပည့်တော်တို့က ဗုဒ္ဓမြတ်စွာကို အရှင်ဘုရားတို့ထက် ပို၍ပင် အထင်ကြီးကြပါသည်၊ ကြည်ညိုလေးစားကြပါသည်၊ အတ္တဒိဋ္ဌိ ထူပြောသော ကမ္ဘာလောကကြီးတွင် အနတ္တဟူသော ဆန့်ကျင်ဘက် အသုံးအနှုန်း အတွေးအခေါ်ဖြင့် အတ္တလောကကြီး တုန်လှုပ်သွားအောင် ကြွေးကြော်၍ သစ္စာတံခွန်လွှင့်ပြီး ကမ္ဘာကို အလင်းဓာတ်ကြီး ပေးတော်မူခဲ့သည့် အတုလပုဂ္ဂိုလ်မြတ်ကြီးအဖြစ် အသိအမှတ်ပြု၍ တကယ်ကြည်ညိုလေးစားကြပါသည်၊ အပေါ်ယံဟန်ပြ ကြည်ညိုသူများ မဟုတ်ကြပါ၊ ကြည်ညိုဟန်ပြပြီး စားပေါက်ထွင်သူများ မဟုတ်ကြပါ၊ သန့်သန့်စင်စင်ဖြင့် မိမိကိုယ်တိုင် သဘောပေါက် နားလည်၍ ကြည်ညိုကြသူများသာ ဖြစ်ကြောင်း စောဒကရဟန်းတော်များအား အသိပေးပါသည် ဘုရား။
၂။ ဗုဒ္ဓဝင်ကိစ္စကို တပည့်တော်တို့ သောဓနာ မပြုချင်ကြပါ၊ စိန္တိတံ သတ္တသင်္ချေယျံ၊ ဝါစကံ စသည်ဖြင့် ပိဋကတ်မဝင်ကျမ်းများ၏ အဆိုအမိန့်ကို တပည့်တော်တို့ မဆန်းစစ်သင့်ပေဘူးလား၊ “မာ ပိဋကသမ္ပဒါနေန ဂဏှိတ္တ”ဟူ၍ပင် ဗုဒ္ဓဟောမြွက်တော်မူခဲ့ပါသေးသည်၊ ဗုဒ္ဓဝင်ကျမ်းများတွင် ဗုဒ္ဓ၏ ဂုဏ်တော်ကို ထိခိုက်စေသည့်အကြောင်းအရာ အများအပြား ပါဝင်နေကြောင်း ငြင်းနိုင်လျှင် ငြင်းဆိုတော်မူကြပါ။
၃။ မှတ်ချက်။ ။ “လောကရေး မလိမ်မာ၍သာ ဆင်ဖြူတော်ကို ရှုတ်ချရေးသားခြင်း ဖြစ်သည်”ဟူသော ထိုစောဒကရဟန်းတော်တို့၏ ရေးသားချက်သည် မျက်မှောက်ခေတ်ကို ပြက်ရယ်ပြုသည့် ရှက်စရာပြက်လုံးသာ ဖြစ်ပါသည် ဘုရား။
၄။ စောဒနာတင်သွင်းလွှာ စာမျက်နှာ (၆၈)၊ အပိုဒ် ၃ မှာ စောဒကရဟန်းတစ်ပါးက သမ္မာဒိဌိ သုတေသနအမည်ကို ခံယူကြသော လူတန်းစားတို့သည် ရိုးဖြောင့် မှန်ကန်သော ဗုဒ္ဓဘာသာများ မဟုတ်ကြကြောင်း သူတို့၏ အတင်းဆိုးဖြင့် ရေးသားထားသော စာများက သက်သေခံလျက်ရှိပါသည် ဘုရား၊ သူတို့၏ အတွင်းသား အပြောအဟောများသည် ဇာတ်သိမ်းသွားကြပြီဖြစ်သော ပဲခူးရိုးမပေါ်မှ တောခိုကွန်မြူနစ်များ၏ အပြောအဆိုနှင့် တစ်ထပ်တည်း ချွတ်စွပ်တူနေပါသည် ဘုရား၊ သို့ဖြစ်၍ သမ္မာဒိဋ္ဌိသုတေသနဆရာတို့သည် ဗုဒ္ဓကို ပူးကပ်ခွာကပ်စနစ်ဖြင့် ဖျက်ဆီးနေကြသော အဓမ္မဝါဒီများ ဖြစ်ကြောင်း သေချာပါသည် ဘုရားဟု လျှောက်ထားခဲ့ပါသည်။
၅။ စောဒနာတင်သွင်းလွှာတွင် နိဒါန်းတင်ဆက်သော စောဒနာရဟန်းက နိဒါန်းအပိုဒ် (၁) တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မ မြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုသူ ပြည်ထောင်စုသားတိုင်းသည် မိမိတို့ ကြိုက်နှစ်သက်ရာဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြပါသည်၊ မည်သည့်ဘာသာကိုမျှ မကိုးကွယ်လိုသူတို့လည်း ဘာသာမဲ့အဖြစ် နေထိုင်ခွင့် ရှိကြပါသည်ဟု ဖော်ပြပါသည်။
ဖော်ပြပါ စောဒနာရဟန်းတော်၏ လျှောက်ထားချက်အရ တစ်ဦး၏သဘော ဆိုလိုချက်ကို တစ်ဦးက သဘောပေါက်မှုမရှိဟု သဘောရပါသည်၊ နိဒါန်းတင်သွင်းသော ရဟန်းတော်၏ အယူအဆအရဆိုလျှင် ဘာသာမဲ့တို့၏ ခံစားခွင့်အရ တပည့်တော်တို့သည် မည်သည့်ဘာသာမျှ မကိုးကွယ်လျှင် မည်သူ၏ စောဒနာတင်သွင်းမှု ခံရခြင်းမှ ကင်းလွတ်မည် ဖြစ်ပါသည်၊ ယခု တပည့်တော်တို့မှာ ဗုဒ္ဓဘာသာဝင် သမ္မာဒိဋ္ဌိအဖွဲ့ဝင်များဖြစ်ရာ ဗုဒ္ဓဘာသာကို လွပ်လပ်စွာ ကိုးကွယ်မှုပြုမှ မိစ္ဆာဒိဋ္ဌိများ ဖြစ်လိုဖြစ်၊ အဓမ္မဝါဒီများ ရုပ်ကြမ်းဝါဒီများ ဖြစ်လိုဖြစ်၊ သံယောင်နောက်လိုက်များ ဖြစ်လိုဖြစ်၊ ဇာတ်သိမ်းမကောင်းခဲ့သော ပဲခူးရိုးမပေါ်မှ ကွန်မြူနစ်များနှင့် တစ်ထပ်တည်း ချွတ်စွပ်တူလိုတူဖြင့်ပယ်ပယ်နယ်နယ် အစွပ်အစွဲများ ခံရပါသည်၊ တကယ်ဖြစ်သင့်သည်မှာ ယခု စောဒကရဟန်းများလည်း ဗုဒ္ဓ၏တပည့်သာဝက ဖြစ်၍သာသနာ့ဘောင်အတွင်းရှိ ရဟန်းတော်များ ဖြစ်ပါသည်၊ တပည့်တော်တို့မှာလည်း ဗုဒ္ဓ၏ တပည့်သာဝက လူသားများဖြစ်၍ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။
ဤသို့ ဗုဒ္ဓဘာသာဝင်များသည် အချင်းချင်း အပြန်အလှန် မေတ္တာကရုဏာရှေ့ထား၍ ကွဲလွဲသည် ဖြစ်စေ၊ မကွဲလွဲသည် ဖြစ်စေ ဓမ္မရေးရာများကို အယူသည်း အယူသန်မရှိဘဲ ပထမအဆင့်အနေဖြင့်လည်းကောင်း အကြိမ်ကြိမ်အထပ်ထပ်ဖြင့်လည်းကောင်း၊ ညှိနှိုင်းဆွေးနွေးသင့်ပါသည်၊ ရဟန်းတော်များအနေဖြင့် တပည့်တော်တို့အားမည်သို့လိုက်နာမည်ကို ညွှန်ပြဆုံးမ ဩဝါဒပေးသင့်ပါသည်၊ ယင်းသို့ ညှိနှိုင်းဆွေးနွေးပါလျှင် အချို့ရဟန်းများ သုံးစွဲသော အာဏာစက်ဆိုသော ဝေါဟာရ လုံးဝမပါလာတော့ဘဲ အစဉ်အလာအားဖြင့် ရဟန်းတော်များကို ကြည်ညိုခဲ့သော လူသားများသည် ပြေလည်မှုရကာ အမြင်ချင်းတူကာ ဤသို့သော ဝိနည်းဓိုရ်ခုံရုံးသို့ ရောက်ဖွယ်ရာ မရှိဟု ရိုးသားစွာ မြင်မိပါသည် ဘုရား။
၆။ ဗုဒ္ဓဘာသာကို ဘာသာဝင်အချင်းချင်း မည်သို့မြင်ရမည်၊ မည်သို့သဘောပေါက်ခံယူရမည်၊ မည်သို့မြင်၍ မည်သို့သိလျှင် မည်သို့သဘောပေါက်လျှင် ဗုဒ္ဓဘာသာဖြစ်သည်၊ အသိအမြင်များမှ ကွဲလွဲလျှင် ဗုဒ္ဓဘာသာအယူအဆနှင့် ကွဲလွဲသည်၊ ဗုဒ္ဓဘာသာမဟုတ်ဟု အကျိုးအကြောင်း အချက်အလက်နှင့် ခိုင်ခိုင်မာမာ ပြောရမည့်အစား သမ္မာဒိဋ္ဌိအဖွဲ့ဝင်များသည် မိစ္ဆာဒိဋ္ဌိများဖြစ်သည်၊ တောခိုကွန်မြူနစ်တွေနှင့် ချွတ်စွပ်တူနေပေသည်၊ ၎င်းတို့သည် အဓမ္မဝါဒီများ ဖြစ်သည်ဟု ဇွတ်တရွတ်ပင် အမြင်တစ်ခုမှမရှိသော မျက်ကန်းသဖွယ် လက်ညှိုးတငေါက်ငေါက်ဖြင့် ဒေါသအပြည့်စွပ်စွဲသွားပါသည်။
သဘာပတိနှင့် အဖွဲ့ဝင်ဆရာတော်အရှင်မြတ်တို့ ဘုရား-
တပည့်တော်တို့ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သည် သာသာရေးစစ်စစ်ဘာသာရေးသန့်သန့် ဘာသာရေး သက်သက်သာ ဖွဲ့ထားသော အဖွဲ့ဖြစ်ပါသည်၊ ထိုအကြောင်းကို ရှင်းပြမည် ဖြစ်ပါသည်။
၇။ စောဒကရဟန်းတော် စွပ်စွဲသော ကွန်မြူနစ်များနှင့် ချွတ်စွပ်တူနေပါသည်ဆိုရာ ကွန်မြူနစ်များမှာ ဘာသာရေးအဖွဲ့ မဟုတ်ပါ၊ နိုင်ငံရေးပါတီဖြစ်ပါသည်၊ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေစည်းဝိုင်းအတွင်း၌ မရှိသော ဥပဒေပြင်ပ၌ရှိသော နိုင်ငံတော်ကို ထောင်ထားခြားနားသော ပါတီဖြစ်ပါသည်၊ တပည့်တော်တို့ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သည် ဘာသာရေးအဖွဲ့ဖြစ်၍ ဥပဒေစည်းဝိုင်းအတွင်း၌ရှိသော မိမိတို့ဆန္ဒပြုမဲပေးထားသော အစိုးရမှာ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးသာယာရေးကို ဆောင်ရွက်နေသည့် မိမိတို့ နိုင်ငံတော်အစိုးရပင်ဖြစ်ပါသည်၊ တပည့်တော်တို့အဖွဲ့အနေဖြင့် အကြွင်းမဲ့နိုင်ငံတော်အားသစ္စာခံထားပါသည်၊ တပည့်တော်တို့အဖွဲ့သည် ကွန်မြူနစ်များကို မစဉ်းလည်း မစဉ်းစားပါ၊ နားလည်းမလည်ပါ၊ မည်သို့မျှ ပတ်သက်ခြင်းလည်း မရှိပါ၊ တပည့်တော်တို့ သမ္မာဒိဋ္ဌိအဖွဲ့ဝင်များသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ခေါင်းဆောင်မှုကို ခံယူထားကြပါသည်၊ အဖွဲ့ဝင်များတွင် လမ်းစဉ်ပါတီဝင်များ ပါတီအလံတော်အောက်ရှိ အစည်းအရုံးများတွင် ကျရာတာဝန်များဆောင်ရွက်လျက်ရှိသူများလည်း ပါဝင်ကြပါသည်၊ နိုင်ငံတော်အစိုးရ၏ တာဝန်များကို ထမ်းဆောင်နေသူများ တာဝန်ယူသူများလည်း ရှိနေပါသည်၊ ဤသို့ဖြင့် နိုင်ငံတော်၏ အသိုင်းအဝိုင်းတွင် ရပ်တည်လျက် ရှိပါသည်၊ ထို့ကြောင့်ပင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ဆင်နွှဲနေသော ဆိုရှယ်လစ်စနစ် တည်ဆောက်မှုတွင် အင်တိုက်အားတိုက် ပါဝင်လျက်ရှိပါသည်၊ တပည့်တော်တို့၏ အမျိုသားခေါင်းဆောင်ကြီးမှာ လမ်းစဉ်ပါတီ၏ ဥက္ကဌကြီးသာ ဖြစ်ပါသည်။
၈။ တပည့်တော်တို့သည် ဘာသာရေးအရသာ နိုင်ငံသားတိုင်း၏ မျက်လုံးအိမ်သဖွယ်ဖြစ်သော အားထားရမည် လိုက်နာကျင့်သုံးရမည်ဖြစ်သော ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်စာမျက်နှာ(၂၁၃) အပိုဒ်-၁၅၆(က)မှာ အတိအလင်း ပြဌာန်းထားသည်မှာ-
နိုင်ငံသားတိုင်း လွတ်လပ်စွာ တွေးတောကြံဆခွင့် လွတ်လပ်စွာ ယုံကြည်ခွင့်မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသည်ဟု ပေးထားသော နိုင်ငံသားများအတွက် ရပိုင်ခွင့်ပေးထားသော ဘောင်အတွင်းကသာ ဘာသာရေးကို ဆောင်ရွက်ခြင်းဖြစ်ပါသည်၊ တပည့်တော်တို့သည် ယင်းဘာသာ လွတ်လပ်ခွင့်အရ ဖွင့်ဆိုထားသော နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ယုံကြည်ခွင့် တွေးတောကြံဆခွင့် မည်သည့်ဘာသာကိုမဆို ယုံကြည်ကိုးကွယ်ခွင့်ရှိကြပေသည်၊ သို့ရာတွင် ဤလွတ်လပ်ခွင့်များကို ကျင့်သုံးရာ၌ လုပ်သားပြည်သူတို့၏ အကျိုးစီးပွားကိုလည်းကောင်း၊ စည်းကမ်းသေသပ် တည်ငြိမ်ရေးကိုလည်းကောင်း ဆန့်ကျင်ဖောက်ဖျက်ရာ ရောက်စေမည့် လွတ်လပ်မှုမျိုးမဖြစ်စေသင့်ပေ၊ ဘာသာရေးကို နိုင်ငံရေးအကျိုးကိစ္စ အလို့ငှာလည်းကောင်း ဘာသာရေးကို ဘမ်းပြ၍ မိမိကိုယ်ကျိုးငှာလည်းကောင်း သုံးစွဲခွင့် မရှိပေ။
မြန်မာနိုင်ငံရေးသမိုင်းတွင် နိုင်ငံရေး ရည်မှန်းချက်များအတွက် ဘာသာရေးကို ခုတုံးလုပ်ခဲ့သဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်ခဲ့ပေသည်။
ထို့ကြောင့် နိုင်ငံရေးအကျိုးအလို့ငှာ ဘာသာရေးအဖွဲ့အစည်းများနှင့် ဘာသာရေးကို ခုတုံးလုပ်၍ သုံးစွဲခြင်း မပြုနိုင်စေရန် ဥပဒေပြဌာန်းရမည်ဖြစ်ကြောင်း ဤပုဒ်မတွင် ဖော်ပြထားပါသည်၊ သို့ပါသောကြောင့် သဘာပတိနှင့် ဆရာတော်အရှင်မြတ်များဘုရား ... တပည့်တော်တို့ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များသည် ဖော်ပြပါ ဘာသာလွတ်လပ်ခွင့် ယုံကြည်ခွင့်နှင့် မိမိတို့ လိုက်နာကျင့်သုံးရမည့် စည်းကမ်းများကို ကျကျနန သဘောပေါက်နားလည်ပါ၍ နိုင်ငံတော်၏ နိုင်ငံရေးနယ်ပယ် စည်းကမ်းနှင့် နိုင်ငံသားတို့၏ ဘာသာရေးစည်းကမ်းကို လိုက်နာကျင့်သုံးလျက်ရှိပါကြောင်း လျှောက်ထားပါသည် ဘုရား။
၉။ ယခုစွပ်စွဲသော စောဒကရဟန်း၏ ရှုပ်ထွေးစွာ တပည့်တော်တို့အား ဘာသာရေးဘောင်အတွင်း နယ်အတွင်း၌သာ ပြောဆိုရမည့်အစား နိုင်ငံတော်၏ ဆန့်ကျင်ဘက် ကွန်မြူနစ်တို့နှင့် ရောထွေးကာ လုံးပစ်ကာ အကြောင်းအကျိုး ခိုင်မာမှုမရှိဘဲ တင်ပြလာသည်မှာ တပည့်တော်တို့အား ဒုက္ခရောက်စေလိုသည့် ပါပိစ္ဆစိတ်ဓာတ်များ ထိုရဟန်းတို့တွင် ရှိနေကြောင်း အလွန်ပင်ထင်ရှားနေ၍ အမှောင့်ပယောဂ ကင်းမှကင်းပါရဲ့လားဟု ထင်မြင်လာရပါသည်၊ တပါးသူကို ရန်လိုကာ အာဃာတထားကာ အပြစ်ရစေခြင်းငှာ ဘာသာရေးစည်းဝိုင်းထဲက မဆွေးနွေးဘဲ စောဒနာမလုပ်ဘဲ တစ်ခါတည်းနဲ့ အပြစ်ရသွားအောင် နိုင်ငံရေးပုဒ်မတစ်ခု တပ်ကာ လုပ်လိုက်မည်ဟု အံတခဲခဲ ဒေါသတကြီးကြီးဖြင့် စောဒနာ တင်သွင်းလာသဖြင့် များစွာမှ ထိုရဟန်းအား ကရုဏာသက်မိပြီး စိတ်မကောင်းခြင်း ဖြစ်ရပါသည် ဘုရား။
တစ်ဖန် နိုင်ငံရေးပုဒ်မတပ်ဖို့ အားမရသေးဘဲ ဗုဒ္ဓဘာသာကို ပူးသတ်စနစ်ဖြင့် ဖျက်ဆီးနေကြသော အဓမ္မဝါဒီများ ဖြစ်ကြကြောင်း ထပ်ကွန့်ထားပြန်သေးရာ ဗုဒ္ဓဘာသာကို ဘယ်သူတွေက ပူးသတ်ဖျက်ဆီးနေသည်ကို ယခု လောလောလတ်လတ်ပင် နိုင်ငံ၌ ပေါ်လွင်နေကြပါသည်၊ အကြောင်းတရားတစ်ခုဖြင့် တင်ပြလာရလျှင် တစ်စုံတစ်ခုသော ကိစ္စတစ်ရပ်အတွက် ပျက်စီးသွားရခြင်းသည် အပြင်ကလုပ်လို့မရ အတွင်းစည်းကသာ လုပ်မှရသည် ဆိုသည်ကို စောဒကရဟန်းတော်များ သတိထားစေလိုပါသည်၊ အဖွဲ့ဆိုတာ ရဟန်းသံဃာများ လုံးဝမပါပါ၊ လူသားအချင်းချင်း အမှန်တရား ရှာဖွေသော ငြိမ်းအေးမှုရှာသော ဘာသာရေးယုံကြည်ချက် တူသူများသာပါသော လူသားများဖြစ်ရာ သင်္ကန်းတော်ဝတ် ရဟန်းများအဖြစ် အတွင်းစည်းကနေသော သာသနာ့ ဝန်ထမ်းများ မဟုတ်ဟု ပြောလိုပါသည် ဘုရား၊ သာသနာကို ဖျက်ဖို့ အဓမ္မဝါဒီများ မဖြစ်ဘဲ နိုင်ငံတော်အစိုးရနှင့်လည်းကောင်း၊ သံဃာတော်အရှင်သူမြတ်များနှင့်လည်းကောင်း သာသနာသန့်ရှင်းရေးကို ပါနိုင်ဖွယ်ရာရှိသော တပည့်တော်တို့သည် ဓမ္မဝါဒီစစ်စစ်များသာဖြစ်ပါသည် ဘုရား။
မှတ်ချက်။ ။ စောဒနာအမှတ်(၂၀)နှင့်(၂၁)တို့ကို သောဓနာခြင်းမပြုပေ။
နိဂုံး
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်ခုံရုံး အမှတ်(၂) သဘာပတိဆရာတော်ဘုရားကြီးနှင့် အဖွဲ့ဝင်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခုအခါတွင် တစ်ဖက်သော စောဒနာရဟန်းတော် အရှင်သူမြတ်များ တင်သွင်းသည့်စောဒနာများအတွက် တပည့်တော်တို့ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်က တာဝန်ကျသော အစိတ်အပိုင်းအားလုံးကို တပည့်တော်များ သောဓနာပြုသင့်သမျှ တပည့်တော်တို့ ခြွင်းချက်မထားခဲ့ပါ၊ ယခု နိဂုံးချုပ်အဖြစ် လျှောက်ထားသင့် လျှောက်ထားရာများကို လျှောက်ထားခွင့်ပြုတော်မူပါ ဘုရား။
တပည့်တော်တို့ သောဓနာပြုရာ၌ နိဒါန်းတွင် လျှောက်ထားခဲ့သည့်အတိုင်း ပုဂ္ဂလဒိဋ္ဌာန်မဖက်ဘဲ ဓမ္မဒိဋ္ဌာန်သက်သက်သာ သောဓနာပြုခဲ့ကြောင်း ဆရာတော်ဘုရားကြီးများ ကိုယ်တော်တိုင် အကြားပင် ဖြစ်ပါသည် ဘုရား။
စောဒကရဟန်းတော် အရှင်မြတ်များကိုလည်း တပည့်တော်များ မည်သို့မျှ သဘောမထားပါ၊ အမျက်အာဃာတလည်း လုံးဝ မရှိပါ၊ သူတို့လည်း သူတို့ကိစ္စ သူတို့တာဝန်ကို ရိုးသားစွာထမ်းဆောင်ခြင်းမျှသာ ဖြစ်သည်ဟု သဘောပိုက်မိပါသည် ဘုရား၊ တပည့်တော်များသည်လည်း မိမိ၏ တာဝန်တစ်ခုကို ကျေပွန်အောင် ထမ်းဆောင်လိုက်ခြင်းမျှသာဖြစ်ပါသည် ဘုရား။
ထို့ကြောင့်ပင် တပည့်တော်များအား ဓမ္မဝါဒီများ ဖြစ်သည်ဟူ၍လည်းကောင်း၊ တပည့်တော်များ လက်ခံကျင့်သုံးနေသည့် ဗုဒ္ဓမြတ်စွာ၏ သစ္စာလေးပါး၊ အနတ္တနှင့် ပဋိစ္စသမုပ္ပါဒတို့မှ ဆင့်ပွားဓမ္မရေးရာ တင်ပြချက်များကို ဓမ္မဝါဒဖြစ်သည်ဟူ၍လည်းကောင်း ကြေညာပေးရန် အသိအမှတ်ပြုပေးပါရန် ဆရာတော်ဘုရားများအား တပည့်တော်များ လုံးဝမတောင်းဆိုလိုပါ ဘုရား၊ ဆရာတော်ဘုရားကြီးများ၏ ဆန္ဒတော်အတိုင်းသာလျှင် ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော် တစ်ခုတည်းကိုသာ ထောက်ထား၍ အဆုံးအဖြတ် ပြုတော်မူကြပါ အရှင် ဘုရား။
တပည့်တော်များ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ချုပ်ကတော့ ဗုဒ္ဓမြတ်စွာ၏ တပည့်သားအစစ် ဖြစ်တော်မူခဲ့သော ဆရာတော်အရှင်ဥက္ကဋ္ဌ၏ တပည့်များပီပီ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ခုံရုံး ဆရာတော်ဘုရားကြီးများ၏ ဆုံးဖြတ်ချက်ကို ကြည်သာရွှင်ပြုံး နှလုံးချမ်းမြေ့စွာ ခံယူမည်ဖြစ်ပါကြောင်း ရိုသေလေးစားစွာ လျှောက်ထားအပ်ပါသည် အရှင်သူမြတ်တို့ ဘုရား။
အင်္ဂလိပ်စာအုပ်များ အကြောင်းမေးခြင်း
သဘာပတိ - ကဲ- ဝိနည်းဓိုရ် ဆရာတော်များက မေးစရာ ရှိသေးသလား။
ဦးဉာနိက - အနည်းငယ် မေးစရာရှိပါတယ်။
သဘာပတိ - မေးချင်တာရှိ မေးပါ။
ဦးဉာနိက - ဒကာကြီး ဦးခင်ဟန်နှင့်တကွ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှပုဂ္ဂိုလ်များကို မေးချင်ပါတယ်၊ မေးရမှာကတော့ အခြားမဟုတ်ပါဘူး၊ ဒကာကြီးတို့ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင် ပုဂ္ဂိုလ်များသည် မိမိတို့ အမှန်မြင်ရအောင်လို့ဆိုပြီးတော့ သုတေသနလုပ်နေတယ်ဆိုတာ ဆရာတော်တို့ သိရှိကြရပြီး ဖြစ်ပါတယ်၊ အဲဒီလို သုတေသနပြုရာတွင် ပိဋကတ်တော်ကျမ်းဂန်များကို ကျကျနန ပတ်ပတ်နပ်နပ် လည်လည်ကြီး လေ့လာကြပါရဲ့လားလို့ မေးပါတယ်၊ (ထပြီးတော့ လျှောက်ပါ)
အဖွဲ့ဝင်တစ်ဦး - ဥက္ကဋ္ဌကြီးက နားလေးလို့ မကြားရပါ ဘုရား။
ဦးဉာနိက - ဒါဖြင့် ဦးခင်ဟန်ရဲ့ ကိုယ်စားလှယ်တစ်ယောက် ဖြေပါ။
ကိုယ်စား - အရှင်ဘုရားအမေး ပြန်ပြောပါ။
ဦးဉာနိက - အဓိပ္ပာယ်က ဒီလိုပါ၊ ဒကာကြီးတို့ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ကအမြင်မှန်ကို ရှာနေကြသည့်အားလျော်စွာ ဗုဒ္ဓအဘိဓမ္မာနှင့်တကွ ပိဋကတ်တော်ကျမ်းဂန်များကို လည်လည်ပတ်ပတ် ကျကျနန လေ့လာထားကြပါသလားလို့ ဒီလို မေးတာပါ။
မြင့်ဆွေ - ဘုရားတပည့်တော်တို့ မလေ့လာဖူးပါ ဘုရား၊ တစ်လုံးစ နှစ်လုံးစဘဲဖတ်ဖူးပါတယ် ဘုရား၊ ပြည့်ပြည့်စုံစုံ မရှိပါ ဘုရား။
ဦးဉာဏိက - ဟုတ်ပြီ၊ နောက်တစ်ခါ အရှင်ဥက္ကဋ္ဌမှတစ်ပါး အခြား အခြားသောဆရာတော်များထံ ဒီပိဋကတ်များနှင့်တကွ ပိဋကတ်ရေးရာ အချက်အလက်များကို ဆွေးနွေးလျှောက်ထား မေးမြန်းဖူးကြပါသလား။
မြင့်ဆွေ - မေးဖူးပါတယ် ဘုရား။
ဦးဉာနိက - တော်တော်များများ မေးဖူးပါသလား။
မြင့်ဆွေ - မှန်ပါ၊ တော်တော်များများ မေးဖူးပါတယ် ဘုရား။
ဦးဉာနိက - ဘယ်ဆရာတော်များထံ ချဉ်းကပ်ဖူးပါသလဲ။
မြင့်ဆွေ - ဒီလို နိုင်ငံကျော် ဆရာတော်ကြီးများကိုတော့ တပည့်တော်တို့ မချဉ်းကပ်ဖူးပါ ဘုရား၊ တပည့်တော်တို့ လက်လှမ်းမီသမျှ တွေ့ရှိသမျှဆရာတော် သမားတော်များကိုတော့ တပည့်တော်တို့ မရှင်းတဲ့ အချက်အလက်များကို မေးဖူးပါတယ်၊ လျှောက်ဖူးပါတယ် ဘုရား။
ဦးဉာနိက - ဟုတ်ပြီ၊ ဒကာတို့ အင်္ဂလိပ်လို စာပေဖတ်တတ်တယ်၊ နားလည်တယ်ဆိုတာ ဘုန်းကြီးတို့ ကြားသွားလိုက်ရတယ်။ ဒီတော့ အရေးကြီးတဲ့ယခု P.T.S ပါဠိပိဋကတ်စာပေအသင်းမှ အတွင်းရေးမှူးလုပ်တဲ့မစ္စတာအစ်ဂလေဒင် IGGLEDEN ရဲ့ အဘိဓမ္မတ္တသင်္ဂဟနိဒါန်းနှင့်တကွ ဒီစာစောင်တွေ ဖတ်ဖူးကြပါသလား။
မြင့်ဆွေ - အဲဒီအပိုဒ်လေးကို သဘောကျလို့ ထည့်ထားတာပါ ဘုရား၊ အားလုံးဆုံးအောင်တော့ မဖတ်ဖူးပါ ဘုရား။
ဦးဉာနိက - ဒီက မစ္စတာအစ်ဂလေဒင် ရေးတဲ့ဟာကို ပြောတာနော်၊ တခြားဒီပြင်ဟာ ပြောတာမဟုတ်ဘူး၊ အဘိဓမ္မတ္ထသင်္ဂဟရဲ့ နိဒါန်းနှင့်တကွ အကျယ်တဝင့် ရေးထားတာ၊ အင်မတန်လည်း ပြည့်စုံကောင်းမွန်ပါတယ်၊ အဲဒါ ဖတ်ဖူးပါသလား။
မြင့်ဆွေ - အဲဒါ ဆုံးအောင် မဖတ်ဖူးပါ ဘုရား။
ဦးဉာနိက - အရှင်ဉာဏတိလောက က, ဂျာမန်လိုရေးပြီး၊ အရှင်ဉာဏပေါဏိကက အင်္ဂလိပ်လို ပြန်ဆိုသွားတဲ့ ABHIDHAMMA STUDIES “အဘိဓမ္မာလေ့လာခြင်း” ဆိုတဲ့ စာအုပ်များကောဖတ်ဖူးပါသလား။
မြင့်ဆွေ - ဘုရားတပည့်တော်တို့ အဲဒီစာအုပ် ကြားတောင် မကြားဖူးပါ ဘုရား။
ဦးဉာနိက - အေးဟုတ်ပြီ၊ နောက်တစ်ချက် အိန္ဒိယအမျိုးသား ပညာရှင်များ ဖြစ်ကြသော မစ္စတာ VARMA ဗာရမာနဲ့ မစ္စတာ SHARMA ရှရမာတို့ ရေးကြတဲ့ EARLY HISTORY OF BUDDHISM And ITS ORIGIN “ရှေးဟောင်းဗုဒ္ဓဘာသာနှင့် ၎င်း၏ မူလသမိုင်း” အစရှိသော ဒီလို စာအုပ်မျိုးတွေကော ဖတ်ဖူးကြပါသလား။
မြင့်ဆွေ - ယခုဆရာတော်ဘုရားကြီး အမိန့်ရှိတာတွေကို တပည့်တော်တို့ မလေ့လာဖူးပါ ဘုရား၊ တပည့်တော်တို့ အဓိကထားတာက ဆဋ္ဌမူသာ အဓိကထားပါတယ် ဘုရား။
ဦးဉာနိက - ဟုတ်ပြီ၊ မနေ့တုန်းက သောဓနာပြု ကိုးကားသွားတဲ့ စာတွေထဲမှာ အင်္ဂလိပ်လို ဖတ်တတ်တဲ့အကြောင်း၊ နားလည်တဲ့အကြောင်း သဘောတွေ ပါနေတယ်၊ ဒီတော့ ဘုန်းကြီးက ထောက်ပြစရာ ရှိတယ်၊ ဒီစာပေတွေမှာ တချို့စာပေ ယူဆထားတာက အင်္ဂလိပ်က အတိုင်းပဲ၊ ဗမာလိုပြန်ထားတာပဲ ရှိပါတယ်။ ဘုန်းကြီး အသေအချာ ထောက်ပြနိုင်ပါတယ်၊ ဒါကြောင့် ဒီစာအုပ်တွေ ဖတ်ဖူးပါသလားလို့ မေးရခြင်းဖြစ်ပါတယ်၊ မဖတ်ဖူးပါဆိုလဲ ပြီးတာပါပဲ။
မြင့်ဆွေ - မှန်ပါ၊ မဖတ်ဖူးပါ ဘုရား။
သဘာပတိဆရာတော် နိဂုံးချုပ် မိန့်ခွန်း
စောဒကပုဂ္ဂိုလ်တွေရော စုဒိတကပုဂ္ဂိုလ်တွေပါ စောဒနာလွှာတွေ သောဓနာလွှာတွေ တင်ပြလို့ ပြီးဆုံးသွားကြပါပြီ၊ စောဒကပုဂ္ဂိုလ်တွေကလဲ မိမိတို့ ထင်မြင်သလို စောဒနာအချက်တွေကို ရေးသားတင်ပြပါတယ်၊ စုဒိတကပုဂ္ဂိုလ်များကလည်း မိမိတို့ စိတ်မှာ ထင်မြင်လာတဲ့အတိုင်း ရေးသားတင်ပြ လျှောက်ထားသွားကြပါတယ်၊ အဲဒီလို လျှောက်ထားသွားကြတဲ့အခါမှာ အမျက်ဒေါသ, အာဃာတများစွာ မပါကြဘဲ နဲနဲကျဉ်းကျဉ်းလောက် ထေ့လုံးလေး ကလိလုံးလေးတော့ နဲနဲပါးပါး ပါကြပါတယ်၊ ဒီလို ပါပေမယ်လို့ ဘုန်းကြီးတို့အနေနဲ့ ဒီလောက် ကြီးကျယ်တဲ့ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ ဒီလောက်တော့ ပါမှာပဲလို့ ဘုန်းကြီးတို့က ကလိလုံး ထေ့လုံးလေးတွေ ပါတာကိုတော့ သည်းခံပါတယ်၊ စောဒကပုဂ္ဂိုလ်များကလည်း ကလိထားတယ်၊ စုဒိတကပုဂ္ဂိုလ်များကလည်း ကလိထားကြတယ်၊ အဲဒါတွေကို ဘုန်းကြီးတို့ ဝိနည်းဓိုရ် ခုံအဖွဲ့အနေနဲ့ အားလုံးသည်းခံပြီး နားထောင်ပါတယ်၊ အဲဒါကို မေတ္တာရှေ့ထားပြီး စောဒကပုဂ္ဂိုလ်တွေကရော တာဝန်တစ်ရပ်ကို မိမိတို့ ဆောင်ရွက်ခြင်းပဲလို့ သဘောထားပြီးသကာလ ယခုလို ဝမ်းသာရွှင်ပြုံးပြီး ရွှင်ရွှင်ပျပျနှင့် ဝမ်းသာကြ သောဓနာကြတာကို မြင်ရတဲ့အတွက် ဘုန်းကြီးတို့ ဝိနည်းဓိုရ်အဖွဲ့အနေနဲ့ အများကြီး ဝမ်းမြောက်ပါတယ်၊ ဆရာတော်များအနေနဲ့ ဘက်လိုက်ခြင်း မရှိ၊ အဂတိလိုက်စားခြင်းမရှိ၊ မြတ်စွာဘုရားရဲ့ မျက်နှာတော်ကိုသာလျှင် ထောက်ထားပြီး ထေရဝါဒ ပိဋကတ်တော်လာတဲ့အတိုင်း ဓမ္မဝိနယနှင့် အညီသာလျှင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
နောင်သောအခါ ဆရာတော်တို့ ဝိနိစ္ဆယအဆုံးအဖြတ် ချမှတ်တဲ့အခါမှာ ရက်ချိန်းပေးပါမယ်၊ အဲဒီ ရက်ချိန်းပေးတဲ့အခါမှာ စောဒကပုဂ္ဂိုလ်တွေရော စုဒိတကပုဂ္ဂိုလ်တွေပါ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအားလုံး ဒီရုံးကိုလာပြီး အဆုံးအဖြတ်ကို နာခံကြစေလိုကြောင်း ပြောကြားရင်းနဲ့ အဆုံးသတ်ပါတယ်။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယဝိနိစ္ဆယကဏ္ဍ
၁၃၄၃-ခုနှစ် သီတင်းကျွတ်လဆုတ်(၁၁)ရက်မှ တန်ဆောင်မုန်းလဆန်း (၂)ရက် အထိ ၆-ရက်တိုင်တိုင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ အပရဂေါယာနကျောင်းဆောင်၌ ပြုလုပ်ကျင်းပအပ်သော ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)၏ လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ချမှတ်ရေးနှင့် စပ်လျဉ်း၍-
အခမ်းအနား အစီအစဉ်များ
၁။ မေတ္တသုတ် ပရိတ်တော်ကို ရွတ်ဖတ်၍ အခမ်းအနား စတင်ရန်၊
၂။ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြည်ညွန့်က ချမှတ်အပ်သော ဝိနိစ္ဆယကို အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ သဘောထား ဥပဒေရှင်းလင်းချက်ကို လျှောက်ထားရန်၊
၃။ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) သဘာပတိ ဆရာတော်ဘုရားကြီးက ဩဝါဒအဖွင့်မိန့်ခွန်း မိန့်ကြားရန်၊
၄။ ဝိနည်းဓိုရ်ဆရာတော်များက ဝိနိစ္ဆယ(ဆုံးဖြတ်ချက်) စာမူကို အလှည့်ကျ ဖတ်ကြားရန်၊
၅။ ဝိနိစ္ဆယ ချမှတ်ပြီးနောက် သဘာပတိ ဆရာတော်ကြီးက စုဒိတကတို့အား ဩဝါဒကထာမိန့်ကြားရန်၊
၆။ ဝိနိစ္ဆယ ချမှတ်ပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဦးကြည်ညွန့်က စုဒိတကတို့အား ရှေ့ဆက်လက်၍ မည်သို့ နေထိုင် ကျင့်သုံးလုပ်ဆောင်သွားရမည့်အကြောင်းကို ရှင်းလင်းပြောကြားရန်၊
အခမ်းအနားမှူးအဖြစ် ဦးခင်မောင်ကျော် ဆောင်ရွက်သည်။
နေ့စွဲ။ ၂၄.၁၀.၈၁
ယနေ့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)မှသဘာပတိဆရာတော် ဘုရားကြီးနှင့်တကွ အဖွဲ့ဝင်ဆရာတော်များကို တပည့်တော် ညွှန်ကြားရေးမှူးချုပ် လျှောက်ထားခွင့်ပြုပါ ဘုရား။
တပည့်တော် လျှောက်ထားလိုတဲ့ အကြောင်းကတော့ ၂-ဘက်သော စောဒက စုဒိတကပုဂ္ဂိုလ်များကို ဒီ သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ရုံးကို စတင်ပြီး ဖွင့်လှစ်တဲ့နေ့မှာပဲ တပည့်တော် လျှောက်ထားခဲ့ပြီး ဖြစ်ပါတယ်၊ တပည့်တော် လျှောက်ထားတဲ့ ကိစ္စက ဘာလဲဆိုရင်ဝိဝါဒါဓိကရုဏ်း မှုခင်းများနှင့် ပတ်သက်ပြီးတော့ ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏ အဆုံးအဖြတ်ကို ခံယူတဲ့နေရာမှာ ခံယူရမည့်သဘောထား အရေးကြီးကြောင်း ဖြစ်ပါတယ်၊ ဒီခံယူချက်ကဘာလဲဆိုရင် အမှန်တရားကို ရှာဖွေတဲ့အနေနဲ့ ခံယူပါလို့ တပည့်တော်ကိုယ်တိုင် လျှောက်ထားခဲ့ပါတယ်။
သမ္မာဒိဋ္ဌိသုတေသနအဖွဲ့နှင့် လူသေလူဖြစ်ဂိုဏ်းက လူပုဂ္ဂိုလ်တွေအနေနဲ့ သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) စတင် စစ်ဆေးတဲ့နေ့မှာပဲ ဒီ ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏အဆုံးအဖြတ်ကို ခံယူပါမယ်၊ လိုက်နာပါမယ်ဆိုပြီး ပဋိညာဉ်လက်မှတ်များလည်း ရေးထိုးပြီးဖြစ်ပါတယ်၊ တစ်ချို့အဖွဲ့ဝင် သံဃာတော်များဆိုရင်လည်း ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏အဆုံးအဖြတ်ကို ခံယူပါမယ်၊ မိမိတို့ အယူဝါဒကို စွန့်လွှတ်ပါမယ်လို့ စောစောစီးစီးကပဲလက်မှတ်များ ထိုးပြီးသား ရှိပါတယ်၊ အဲဒီလို ရှိတဲ့အတိုင်း ဆရာတော်များ သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) အနေနဲ့ စတင်စစ်ဆေးခဲ့ပါတယ်၊ စစ်ဆေးတဲ့နေရာမှာ အဆုံးအဖြတ်ကို မှန်မှန်ကန်ကန် ဖြစ်စေရေးအတွက် ဝါတွင်းကာလမှာ မိမိတို့ကျောင်းများကိုတောင် ပြန်မကြွဘဲ ဒီ ကမ္ဘာအေးမှာ ဝါကပ်သီတင်းသုံးပြီး ရက်ရှည်လများ အပင်ပန်းခံလျက် အားလုံးသော ပုဂ္ဂိုလ်တွေ အယူအဆရေးရာ မှန်ကန်အောင် စေတနာထားပြီး ရေးသားပြုစုခဲ့တယ်ဆိုတာ သိရတဲ့အတွက် တပည့်တော်များစိတ်ထဲမှာ အင်မတန် ကြည်ညိုမိပါတယ် ဘုရား။
သို့သော်လည်း ဆုံးဖြတ်ချက်ရေးနေတဲ့ အတောအတွင်းမှာပဲ အမှန်အတိုင်း လျှောက်ထားရမယ်ဆိုရင် စုဒိတကပုဂ္ဂိုလ်များဘက်က မလုပ်သင့်တဲ့ကိစ္စများလုပ်တာကိုလည်း တွေ့ရပါတယ်၊ ဒီကိစ္စကို ဆရာတော်များလည်းပဲ အသိဖြစ်ပါတယ်၊ ဥပမာ တစ်ချို့က စာရွက်စာတမ်းတွေဝေငှလိုဝေငှ၊ ဒီသီးခြားဝိနည်းဓိုရ်ရုံးမှာ မိမိတို့ဘက်က ဘယ်လိုချေပလိုက်တယ် စသည်ဖြင့်တိတ်ခွေတွေ ဖြန့်လိုဖြန့်၊ ဘောင်ကျော် စည်းကျော် ဥပဒေမဲ့ လုပ်တာတွေ တွေ့ရပါတယ်၊ ဝိနိစ္ဆယ ချမည့်ဆဲဆဲ မနေ့တစ်နေ့ကပဲ ဆရာတော်တွေကို ပြန်ပြီးမေးတဲ့ မေးခွန်းတွေရှိပါတယ်၊ ဒီလို လုပ်ဆောင်ချက်တွေက တစ်ချို့လည်း ဝိနိစ္ဆယဥပဒေသဘောကို မသိလို့ လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်၊ သို့သော်လည်း ဥပဒေရဲ့သဘောက ဘာဥပဒေပဲဖြစ်ဖြစ် နိုင်ငံတော်က ပြဋ္ဌာန်းထားလို့ရှိရင် နိုင်ငံသားတိုင်းက လိုက်နာရမယ့် ဝတ္တရား ရှိပါတယ်၊ အခြေခံဥပဒေထဲမှာ နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေများကို နိုင်ငံသားတိုင်းက လိုက်နာရမယ်၊ ကျင့်သုံးရမယ်လို့တာဝန်ဝတ္တရားပိုင်းမှာလည်း ဖော်ပြထားပါတယ်၊ ဥပဒေကို မသိလို့ မလိုက်နာမိပါဘူး ဆိုပြီးဒီလို ခွင့်လွှတ်ချက်နဲ့ခွင့်လွှတ်ဖို့ အကြောင်း လျှောက်ထားလို့ ရှိရင်လည်း ခွင့်လွှတ်နိုင်တဲ့ကိစ္စမျိုး မဟုတ်တဲ့အတွက် သီးခြားဝိနိစ္ဆယဥပဒေနဲ့ ပတ်သက်၍ ယနေ့ ထပ်မံပြီးတော့ လိုလိုမယ်မယ် (သတိဆိုသည် ပိုသည်မရှိ ဆိုသည့်အတိုင်း) ၂-ဘက်သော စောဒက စုဒိတက ပုဂ္ဂိုလ်များကို ဝိနည်းဓိုရ် ဆရာတော်များ ဝိနိစ္ဆယ ဆုံးဖြတ်ချက် မချမီ စေတနာဖြင့် တပည့်တော်က လျှောက်ထားခြင်း ဖြစ်ပါတယ်၊ ဒါကို ဆရာတော်များက ခွင့်ပြုတော်မူပါ။
ဒီမှာ သီးခြာဝိနိစ္ဆယ ဝိနည်းဓိုရ်အဖွဲ့နဲ့ ပတ်သက်ပြီးတော့ ရှင်းပြချင်တာက နိုင်ငံတော်ကနေ သီးခြား ပြည်သူ့လွှတ်တော် ခေါ်ပြီးတော့ ၁၉၈၀-ပြည့်နှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၃) အနေနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ခြင်းဆိုင်ရာ ဥပဒေ ၁၉၈၀-ပြည့်နှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၃)ခေါင်းစဉ်တပ်ပြီး နိဒါန်းမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
“ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့သော သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးပွဲကြီးက ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်၊ ယင်းအတည်ပြု ပြဋ္ဌာန်းချက်များအနက်မှ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်”
လို့ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
အဲဒီ ဥပဒေမှာ ပုဒ်မ(၃) ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်း စစ်ဆေးခြင်းဆိုသည်မှာ-
“ဝိနည်း ဓမ္မကံအဓိကရုဏ်း မူလမှုခင်းကိုဖြစ်စေ အယူခံ စောဒနာ မှုခင်းကိုဖြစ်စေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွဲ့စည်းထားသည့် သံဃဝိနိစ္ဆယအဖွဲ့များနှင့် သီးခြားဝိနည်းဓိုရ် အဖွဲ့များကသာ ဝိနည်းတရားတော်နှင့်အညီစစ်ဆေးဆုံးဖြတ်ရမည်”
ဆိုတဲ့ ဥပဒေ ပုဒ်မ(၃) နှင့် အညီ ဓမ္မ အဓမ္မ အငြင်းပွားတဲ့ ကိစ္စကို ဆရာတော်များက ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်၊ အဲဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ (၁၃) မှာ- ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနကို ပြည်သူ့လွှတ်တော်က အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေ ရှိပါတယ်၊ အဲဒီ ပုဒ်မ(၁၃)မှာ ဘယ်လိုဆိုထားသလဲဆိုရင်-
“ဤဥပဒေပါပြဋ္ဌာန်းချက်များ ထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်တို့ကို ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနဝန်ကြီးအား တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းလိုက်သည်”
လို့ ဆိုထားပါတယ်၊ အဲဒါကြောင့် တပည့်တော်တို့ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဒီဝိနိစ္ဆယဥပဒေမှာ ပါတဲ့ကိစ္စများ အောင်အောင်မြင်မြင် ပြီးမြောက်ဖို့ လုပ်ဖို့ ကိုင်ဖို့တပည့်တော်တို့ဝန်ကြီးမှာ တာဝန်ရှိတဲ့အလျောက် ဒီဆရာတော်များ၏ အဆုံးအဖြတ်နဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်နှင့်အညီ ဖြစ်ဖို့ တပည့်တော်တို့ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်မည်ဖြစ်တဲ့အကြောင်း ဆရာတော်ကြီးများကို လျှောက်ထားရခြင်း ဖြစ်ပါတယ် ဘုရား။
တစ်ဖက် စုဒိတကများက လူပုဂ္ဂိုလ်တွေကို သံဃာတွေက အဆုံးအဖြတ်ပေးတာဟာ မမှန်ကန်ဘူးဆိုတဲ့ အချက်တစ်ချက်လည်း သူတို့ (သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ) တင်ပြတဲ့စာမှာ တွေ့ရပါတယ်၊ ဒီတင်ပြချက်နဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်း အပိုဒ် ၃၆-မှာ
“လူစောဒက လူစုဒိတကနှင့် လူသက်သေတို့အား ၎င်းတို့၏ ထွက်ဆိုချက်ကိုမရေးမှတ်မီ မုသာဝါဒဝိရတီ သိက္ခာပုဒ်ကို ဆောက်တည်စေရမည်၊ သို့ရာတွင်ဘာသာခြားဖြစ်အံ့၊ မိမိတို့ဘာသာအရ မှန်ရာကို ထွက်ဆိုပါမည်ဟူသော ကတိခံယူချက်ကို ပေးစေ၍ စစ်ဆေးနိုင်သည်”
လို့ တိတိလင်းလင်း ဖော်ပြထားပါတယ်၊ ဘာသာတူ ဗုဒ္ဓဘာသာဝင်အချင်းချင်း မဆိုထားဘိ ဘာသာခြားတို့တောင်မှ သီးခြားဝိနည်းဓိုရ်အဖွဲ့က ခေါ်ရင်လာရမယ်၊ ဝန်ခံချက်ပေးပြီး စစ်ဆေးနိုင်တယ်၊ ဒီ သီးခြားဝိနိစ္ဆယအဖွဲ့နဲ့ ပတ်သက်လာရင် ဗုဒ္ဓဘာသာဝင်လူပုဂ္ဂိုလ် မပြောနဲ့ ဘာသာဝင်မဟုတ်တဲ့ အခြားဘာသာဝင်များတောင်မှ အစစ်ဆေးခံရမယ်ဆိုတဲ့ သဘောကိုလုပ်ထုံးလုပ်နည်း (၃၆) မှာ အတိအလင်း ဖော်ပြထားပါတယ်။
လုပ်ထုံးလုပ်နည်း အပိုဒ် (၅၇) မှာလည်း-
“နိုင်ငံတော် သံဃာ့မဟာနယကအဖွဲ့သည် အဓိကရုဏ်းလေးမျိုးတို့အနက်သာသနာတော် တစ်ရပ်လုံးနှင့် သက်ဆိုင်သော ဓမ္မ အဓမ္မ စသော အငြင်းပွားသည့် မှုခင်းကို ဆုံးဖြတ်နိုင်ရန်အလို့ငှာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်များထဲမှ သင့်လျော်သော အရေအတွက်ဖြင့် သီးခြားဝိနည်းဓိုရ်အဖွဲ့ကို တိုက်ရိုက် ဖွဲ့စည်းပေးရမည်”
လို့ ဆိုထားပါတယ်၊ ဒါ နိုင်ငံတော် သံဃမဟာနာယကမှ နေပြီးတော့ လုပ်ထုံးလုပ်နည်း အပိုဒ်(၅၇) အရ ဓမ္မ အဓမ္မ အငြင်းပွားတဲ့ကိစ္စမှာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်များထဲမှ ပရိယတ္တိအရာမှာ ကျွမ်းကျင်လိမ္မာတော်မူတဲ့ ဆရာတော်ကြီးများနဲ့ သေသေချာချာဖွဲ့စည်းပြီး ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် ဒီကိစ္စတွေမှာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းကို တစ်ဘက်သော စုဒိတကပုဂ္ဂိုလ်များ လိုက်နာဖို့ရာ တာဝန်ရှိတယ်လို့ ထပ်မံပြီးတော့ ပြောကြားလိုပါတယ်။
သီးခြားဝိနည်းဓိုရ်အဖွဲ့ရဲ့ အဆုံးအဖြတ်နဲ့ ပတ်သက်ပြီးတော့ အယူခံမရှိပါဘူး ဘုရား၊ တစ်ချို့က အယူခံတက်မယ် ဘာမယ်နဲ့ ပြောသံလဲ ကြားပါတယ်၊ ဒီမှာ အယူခံမရှိတဲ့အကြောင်း နည်းဥပဒေအရ ရှင်းလင်းပြီးတော့ ပြောကြားလိုပါတယ်၊ အယူခံရှိတဲ့ ကိစ္စက ဘယ်လိုလည်းဆိုရင် ပုဒ်မ ၅၂ မှာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့ အယူခံ စောဒနာတင်လွှာ တင်သွင်းနိုင်သော မှုခင်းများ-
(က) ဂိုဏ်းတစ်ဂိုဏ်းနှင့် ဂိုဏ်း ဖြစ်ပွားသော မှုခင်း၊
(ခ) ပြည်နယ် (သို့မဟုတ်) တိုင်းတစ်ပါးနှင့် ပြည်နယ် (သို့မဟုတ်)တိုင်းတစ်ပါးဖြစ်ပွားသော မှုခင်း၊
(ဂ) အန္တိမဝတ္ထုဖြင့် ဆုံးဖြတ်အပ်သော မှုခင်း၊
(ဃ) စေတီပုထိုး ဆင်းတုများ၊ ၎င်းတို့၏ဘဏ္ဍာတော်များနှင့် စပ်လျဉ်း သည့်မှုခင်း-
ဒီ ၄- မျိုးကလွဲလျှင် ကျန်တဲ့ကိစ္စမျိုးသည် အယူခံတက်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး၊ အခုကိစ္စမှာလဲ ဆရာတော်ကြီးများ၏ အဆုံးအဖြတ်ကို ၂-ဘက်သော စောဒက စုဒိတကပုဂ္ဂိုလ်များ လိုက်နာကြဖို့ တာဝန်ရှိတယ်ဆိုတဲ့အကြောင်း ထပ်မံပြီးတော့ ရှင်းလင်းလျှောက်ထား ပြောကြားရခြင်းဖြစ်ပါတယ်။
ခုဆိုလို့ရှိရင် တပည့်တော် တင်ပြသလို ဒီကိစ္စမှာ တစ်ဘက်က သမ္မာဒိဋ္ဌိသုတေသနအဖွဲ့က တင်ပြတဲ့ စာရွက်ထဲမှာလည်း တွေ့ပါတယ်၊ ဘာတွေ့သလဲဆိုရင် ကျွန်တော်တို့တစ်တွေဟာ အစိုးရဝန်ထမ်းတွေဖြစ်ပါတယ်၊ နိုင်ငံသားတွေ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ ဥပဒေကို ရိုသေလေးစားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်ဆိုတဲ့ အချက်တစ်ချက်လည်း ပါပါတယ်၊ သူတို့စိတ်ထဲမှာ ထင်နေတာက ဒီကိစ္စမှာ ရဟန်းတွေက မဲပေးပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်ဆိုတဲ့အချက်တစ်ချက်လဲ ပါပါတယ်၊ သူတို့စိတ်ထဲမှာထင်နေတာက ဒီကိစ္စမှာ ရဟန်းတွေက မဲပေးပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေမဟုတ်တဲ့အတွက် မဲပေးပိုင်ခွင့်ရှိတဲ့ လူပုဂ္ဂိုလ်တွေကို ဆုံးဖြတ်တာဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ညီမညီဆိုတဲ့ ဒီသဘောမျိုး ပါနေပါတယ်။
အမှန်စင်စစ် တကယ်တမ်း ပြောရမယ်ဆိုရင် သာသနာတော်နှင့် စပ်လျဉ်းတဲ့ ဓမ္မ အဓမ္မအငြင်းပွားမှုကိစ္စဆိုတာ သံဃာတွေရဲ့ အဆုံးအဖြတ်သာ ပဓာနပဲ၊ သံဃာတော်တွေရဲ့ အဆုံးအဖြတ်ဆိုတဲ့ နေရာမှာသံဃာတော်များက မဲမပေးတာကတော့ သာသနာရေးကိစ္စအတွက် ဆောင်ရွက်တာမို့ မဲပေးခြင်းဆိုတဲ့ လူမှုရေးကိစ္စမှာ သံဃာတော်တွေ မပါဝင်ခြင်းဖြစ်ပါတယ်၊ အခုဖြစ်တဲ့ ကိစ္စဟာလည်း သာသနာတော်နဲ့ ပတ်သက်တဲ့ ဓမ္မ အဓမ္မ အငြင်းပွားတဲ့ကိစ္စမှာ ဆရာတော်ကြီးများ၏ အဆုံးအဖြတ်ပေးရမဲ့ ကိစ္စသက်သက် ဖြစ်တဲ့အတွက် နိုင်ငံတော်က ပြည်သူ့လွှတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ နိုင်ငံသားအားလုံး ပြည်သူ့လွှတ်တော် ဥပဒေကို လိုက်နာပြီးတော့ စောင့်ထိန်းရမဲ့ ဝတ္တရား ရှိပါတယ်၊ အကယ်၍ မလိုက်နာခဲ့လျှင် ဥပဒေကို ဆန့်ကျင်ရာ ရောက်ပါတယ်၊ နိုင်ငံတော်ကိုလည်း ဆန့်ကျင်ရာ ရောက်ပါတယ်။
ဒါ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေ ဖြစ်တယ်ဆိုတာ တစ်ဘက် စုဒိတကပုဂ္ဂိုလ်များအနေနဲ့ ပညာတတ်ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် သိပြီးဖြစ်ပါလိမ့်မယ်၊ သို့သော် သတိမမူ ဂူမမြင်ဆိုသလို သခင်မြတ်ဆိုင်က နည်းဥပဒေတောင် သူမတွေ့ဖူးသေးပါဆိုတော့ ဒီကိစ္စမှာ အတော်ကလေး စဉ်းစားစရာ ကောင်းပါတယ်၊ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သာသနာရေးဦးစီးဌာနမှ ထုတ်ဝေထားတဲ့ စာအုပ်စာတမ်းတွေ အများကြီး ရှိနေပါတယ်၊
(က) သံဃာအဖွဲ့အစည်း အခြေခံစည်းမျဉ်း၊
(ခ) သံဃာအဖွဲ့အစည်း လုပ်ထုံးလုပ်နည်း၊
(ဂ) ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ၊
(ဃ) အဲဒါကို မူတည်ပြီး နိုင်ငံတော်ကနေပြီး ပြည်သူ့လွှတ်တော် အာဏာစက် အကျိုးသက်ရောက်ဖို့ ပြဋ္ဌာန်းထားတဲ့ ဝိနိစ္ဆယ၊
(င) ဝိနည်းဓိုရ်လက်စွဲ၊
(စ) သံဃာ့နာယကလက်စွဲ-စသည်ဖြင့် တစ်နိုင်ငံလုံးကနေပြီးတော့ ချမှတ်ထားတဲ့စည်းမျဉ်း စည်းကမ်းနဲ့အညီ စာအုပ်စာတမ်းတွေ အများကြီးထုတ်ဝေထားပါတယ်။
အဲဒီလို စနစ်တကျ မူချပြီး ထုတ်ဝေထားတဲ့ ကိစ္စကို ကိုယ့်အဖွဲ့အစည်းအနေနဲ့ မျက်ခြေပြတ်နေပြီး ယနေ့ နိုင်ငံတော်က ချီတက်သွားနေတဲ့ ဥပဒေလမ်းကြောင်းကို ကိုယ်ကမသိဘဲနှင့် အမှတ်တမဲ့ ကိုယ့်အစွဲအလမ်းနဲ့ကိုယ် သွားပြီးတော့ လုပ်မိတဲ့အခါမှာ ရည်ရွယ်ချက် ရှိသော်လည်းကောင်း၊ ရည်ရွယ်ချက် မရှိဘဲနှင့်သော်လည်းကောင်း နိုင်ငံတော်ကို ဆန့်ကျင်ရာ ရောက်တတ်ပါတယ်၊ အဲဒီလို နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ကိစ္စမျိုး မဖြစ်မိအောင်, ဥပဒေနှင့် ဆန့်ကျင်တဲ့ ကိစ္စမျိုး မဖြစ်ရအာင် စေတနာထားပြီး မေတ္တာထားပြီးတော့ ဆရာတော်ကြီးများကို ခွင့်ပန်ပြီး အားလုံးအတွက် ရှင်းလင်းလျှောက်ထားရခြင်း ဖြစ်ပါတယ်။
ဥပမာ ပြီးခဲ့တဲ့ဇူလိုင်လ (၈) ရက်နေ့က စုဒိတကများ ချေပလွှာတင်သွင်းစဉ်က ဆရာတော်ကြီးများ ကြားနာစစ်ဆေးနေတဲ့အခါမှာ စုဒိတကဘက်တော်သားအချို့က အောက်မှနေပြီး မရိုမသေ မလေးမစား လက်ခုပ်တီးကြပါတယ်၊ ဒီကိစ္စဟာ သာသနာတော်နဲ့ ပတ်သက်တဲ့ကိစ္စ, ဓမ္မ အဓမ္မ အဆုံးအဖြတ်ခံတဲ့ကိစ္စဖြစ်၍ အေးအေးချမ်းချမ်း လိုက်နာဖို့ လိုအပ်ပါတယ်၊ လက်ခုပ်တီးတယ်ဆိုတဲ့ ကိစ္စက နိုင်ငံရေးသဘောတွေလည်း ဆောင်တယ်၊ လူမှုရေးသဘောတွေလည်းဆောင်တယ်၊ တကယ်တမ်းပြောရမယ်ဆိုရင် သီးခြားဝိနည်းဓိုရ်အဖွဲ့ဆိုတာ အမြင့်ဆုံး သံဃာ့တရားရုံးတော်ဖြစ်ပါတယ်၊ တရားရုံးကို လေးစားရမဲ့ တာဝန်ဝတ္တရား နိုင်ငံသားတိုင်းမှာ ရှိပါတယ်၊ မလေးမစားလုပ်ရင် တရားရုံးကို ဆန့်ကျင်ရာ ရောက်ပါတယ်။
ဒါတွေအားလုံးကို သေသေချာချာ သဘောပေါက်ထားကြပြီး နိုင်ငံသားတိုင်းရဲ့ အခွင့်အရေး တာဝန်ဝတ္တရားများကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာရမဲ့ ပုဂ္ဂိုလ်ဖြစ်သည်နှင့်အညီ မိမိတို့ကိစ္စလေးတစ်ခုကိုသာ နှလုံးမသွင်းဘဲ တစ်နိုင်ငံလုံးကိစ္စအဖြစ် နှလုံးသွင်းပြီး ဆရာတော်ကြီးများ၏ အဆုံးအဖြတ်ကို အေးအေးချမ်းချမ်း လိုက်နာဆောင်ရွက်ကြပါလို့ ပြည်ထဲရေးနှင့် သာသနာဝန်ကြီးဌာနကိုယ်စား ဥပဒေနှင့် ပတ်သက်သော ရှင်းလင်းချက် သဘောထားကို လျှောက်ထားပြောကြားရခြင်း ဖြစ်ပါတယ်။
ဝိနိစ္ဆယ မချမီ သဘာပတိဆရာတော်ဘုရားကြီး၏ဩဝါဒ အဖွင့်မိန့်ခွန်း
ဒီကနေ့ ၁၃၄၃-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၁)ရက်၊ စနေနေ့ပေါ့၊ ဒီနေ့မနက် အခုချိန်က စပြီးတော့ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ် ဆရာတော်များစုံညီရုံးတော်က လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ စတင်ချမှတ်မှာ ဖြစ်ပါတယ်။
ဝိနိစ္ဆယ မစတင်ခင် နည်းနည်းပြောစရာရှိပါတယ်၊ ဒီ လူသေလူဖြစ် သမ္မာဒိဋ္ဌိသုတေသနရွှေအဘိဓမ္မာဆိုတဲ့ ဝိဝါဒါဓိကရုဏ်းမှုခင်းကို ၁၃၄၃-ခုနှစ်၊ နယုန်လပြည့်ကျော် (၁၃)ရက် (၃၀-၆-၈၁) နေ့ကစပြီး စစ်ဆေးခဲ့ကြပါတယ်၊ အဲဒီလို အစပြုခဲ့တဲ့နေ့က ဝိနည်းဓိုရ်ရုံးတော်ကအမှုတွင်းမှာ စောဒက စုဒိတကနှစ်ဘက်က စာနဲ့ရေးပြီး တင်သွင်းကြတဲ့ စောဒနာ သောဓနာလွှာများကို ပြင်ပသို့ မဖြန့်ဝေရန် စည်းကမ်းသတ်မှတ် ထားခဲ့ပါတယ်၊ စုဒိတကပုဂ္ဂိုလ်တို့က ဝါဆိုလဆန်း (၇)ရက် (၈-၇-၈၁) နေ့မှာ သောဓနာလွှာ တင်သွင်းခဲ့ကြပါတယ်၊ အဲဒီ သောဓနာလွှာမှာ အမှုဖြစ်စောဒနာနဲ့ မပတ်သက်ဘဲ သက်သက်ဝါဒဖြန့်တဲ့ ကိစ္စတွေကို အများအပြားထည့်သွင်း ရေးသားထားကြတဲ့အတွက် ရုံးတော်က အဲဒီ အမှုနဲ့မဆိုင်တာတွေကို ခွင့်မပြုဘဲအမှုနဲ့ သက်ဆိုင်တာလောက်ကိုသာ ဖတ်ကြား လျှောက်ထားခွင့် ပြုခဲ့ပါတယ်။
အဲဒီလို အမှုကို အပြီးသတ် စစ်ဆေးပြီးတဲ့နောက် ဝိနည်းဓိုရ် ဆရာတော်များဟာ ဝါဆိုလဆန်း (၈)ရက်နေ့မှ အခု သီတင်းကျွတ်လဆုတ် (၈) ရက်နေ့လောက်အထိ (၃) လကျော်(၄) လနီးပါး အချိန်ယူပြီး ဝိနိစ္ဆယကို ပြုစုခဲ့ကြပါတယ်၊ အဲဒီလို ဝိနိစ္ဆယ ရေးသားနေတဲ့ အချိန်အတွင်းမှာ ဖြစ်ခဲ့တာတွေကို နည်းနည်းပြောပြလိုပါတယ်။
ဝိနည်းဓိုရ် ဆရာတော်ကြီးများ အချင်းချင်း မသင့်မြတ်ကြဘူး၊ သဘောကွဲလွဲနေကြတယ်၊ သဘာပတိဆရာတော်ကြီး နုတ်ထွက်သွားပြီ၊ ဆရာတော်ကြီးတွေ ဒီအမှုကို ဝိနိစ္ဆယ မချနိုင်ကြဘူး စတဲ့လုပ်ကြံသတင်းတွေကို လွှင့်ခဲ့ကြတယ်၊ ဒီသတင်းတွေကြောင့် စိတ်မချမ်းမသာ ဖြစ်ကြတဲ့ ရဟန်း ရှင်လူတို့က လာလာပြီး မေးလျှောက်ကြတဲ့အတွက် ဖြေရှင်းရတာ အလုပ်ပိုခဲ့တယ်။
နောက်ပြီး စောဒက စုဒိတက တင်လွှာတွေ မဖြန့်ဝေရဆိုတဲ့ သတ်မှတ်ချက်ကို စောဒကဘက်ကတိတိကျကျလိုက်နာတာကို တွေ့ကြရတယ်၊ ဒါပေမဲ့ စုဒိတကဘက်ကတင်တဲ့ သောဓနာလွှာတွေကဖြင့် တစ်နေရာမှာတင် မကဘူး၊ တစ်နိုင်ငံလုံး ပြန့်နှံ့နေတာကို ကြားသိရတယ်၊ ပြန့်နှံ့ပုံမှာလည်း ရုံးတော်မှာ တင်ခွင့်မရတဲ့ အပိုတွေကိုပါ အပြည့်အစုံ ပါဝင်စေပြီး ပြန့်နှံ့နေတာဖြစ်ပါတယ်၊ နောက်တစ်ချက်က အဲဒီသောဓနာချက်ကို အပြင်ကျမှ တစ်စုံတစ်ယောက်က အသံသွင်းပြီး အဲဒီကက်ဆက်ခွေတွေကို တနိုင်ငံလုံး ဖြန့်ခဲ့ကြတယ်၊ ဒီမှာတုန်းက အပြင်ကအသံဖမ်းခွင့် မပြုခဲ့ဘူး၊ ရုံးတော်က အသံဖမ်းထားတဲ့အထဲမှာ ဝိနည်းဓိုရ်များကမေး၍ စုဒိတကတို့ ဖြေကြားခဲ့ရတာ တွေ့ပါတယ်၊ အပြင်မှာအသံသွင်းပြီး ဖြန့်တဲ့ တိတ်ခွေမှာကတော့ ရုံးတော်မှာ တကယ်ဖြစ်ခဲ့တာတွေ မပါဘဲ ရုံးတော်က တားမြစ်ထားတာတွေပါ ထည့်ပြီး ဖြန့်ဝေခဲ့ကြပါတယ်၊ ဒါက တစ်မျိုးပေါ့လေ။
နောက်တစ်မျိုးက အခု တရားခွင်ရှေ့မှာ ထိုင်နေတဲ့ စုဒိတက သခင်မြတ်ဆိုင်က “ဓမ္မမိတ်ဆွေများသို့” လို့ ခေါင်းစဉ်တပ်ပြီး ဒီဝိနိစ္ဆယကိစ္စနဲ့ ပတ်သက်လို့ စာတိုစာရှည်ကမ်းခဲ့တယ်၊ အဲဒီစာထဲမှာ သူက သုတ်ပေါင်း (၁၅၀) ကျော် ကိုးကားချေပလိုက်လို့ ဘုန်းကြီးတွေ မျက်နှာမည်းသွားတာပဲ ဆိုတာမျိုးတွေ မိမိကိုယ်ကိုမြှောက်၊ သူတပါးကို နှိမ့်ချပြီး သူတော်ကောင်းများ မလုပ်တဲ့အလုပ်ကို လုပ်တာတွေ့ရတယ်။
အဲဒီ ဒကာကြီး သခင်မြတ်ဆိုင်ပဲ စာရေးတယ်၊ သူ့စာထဲမှာ ရေးထားတာတွေဟာ သူတော်ကောင်းများ အနေနဲ့ သံဝေဂဖြစ်စရာ အလွန်ကောင်းပါတယ်၊ ဒကာကြီး သခင်မြတ်ဆိုင်က ဘုန်ကြီးတို့ ရဟန်းသံဃာတော်တွေကို ဘာသာရေး အရေခြုံတွေလို့ စွပ်စွဲထားပါတယ်၊ မြှောက်ပင့် ရှုတ်ချ လိမ်ညာကိုယ်ကျိုးရှာ တမလွန်ရေးရာ မသေမချာ မုသား အကြွား အမှားပေါင်း အနန္တဖြင့် ဘဝစည်းစိမ်ကိုထူထောင်နေကြသူ ဘုန်းကြီးလူတန်းစားလို့ ဆိုပြီးဘုန်းကြီးတို့ ရဟန်းသံဃာတော်တွေ လိုက်နာကျင့်သုံးနေတဲ့ ဗုဒ္ဓဝါဒကိုတော့ သွေးစုပ်ဝါဒလို့ဆိုပြီး ဒီ ဗုဒ္ဓဝါဒ သွေးစုပ်ဝါဒကြီးဟာ နှစ်ပေါင်း ၂၀၀၀- ကျော်လာပြီ လို့လည်းဆိုပါတယ်။
နောက်တစ်ခုက ဒကာကြီး သခင်မြတ်ဆိုင်က သူ့အနေနဲ့ ဒီ ဝိနိစ္ဆယရုံးမှာ ချေပသောဓနာခွင့် ကြားရက် (၃) ရက်ပဲရခဲ့တယ်၊ ရက်နည်းလို့ အားမရဘူး၊ တကယ်လို့ (၁၀) ရက်လောက်သာရက်ရလိုက်လို့ရှိရင် လက်ရှိ ဘုန်းကြီးတွေထဲက (၁၀) ပုံ (၁) ပုံတောင် ကျန်မှာမဟုတ်ဘူး၊ ဘုန်းကြီး တစ်သိန်းကျော်နဲ့ နောက်ပါ ကလေးတွေနဲ့ ခွေးတွေကိုပါ လူထုက ကျွေးထားရတဲ့တာဝန် ပေါ့သွားမယ်လို့ ဒကာကြီး သခင်မြတ်ဆိုင်က ဆိုပါတယ်။
ချေပခွင့် (၃) ရက်သာရတယ်ဆိုတာ မဟုတ်ပါဘူး၊ (၃၀.၆.၈၁) နေ့ ပထမစောဒနာပြီးတဲ့ နေ့ကထဲက စာနဲ့ရေးထားတဲ့ စောဒနာလွှာ အပြည့်အစုံကို ပေးလိုက်ပြီးဖြစ်လို့ အဲဒီ (၃၀)ရက်နေ့ကထဲက စပြီး မိမိတို့ ချေပရမဲ့ ကိစ္စကို ပြင်ဆင်နိုင်ပါတယ်၊ ပြင်လည်း ပြင်ဆင်ခဲ့ကြမှာပါပဲ၊ (၄.၇.၈၁) ဒုတိယ ဝိသေသ စောဒနာပြီးတဲ့နေ့က စတွက်မှသာ ကြား(၃) ရက် ဖြစ်ပါတယ်၊ ပထမ စောဒနာ နေ့ကစတွက်ရင်ပြင်ဆင်ချိန် ကြားကလ (၈) ရက်လောက်ရပါတယ်၊ ဒါကြောင့်(၃) ရက်ထဲရတယ်လို့ ပြောတာဟာ အဖျားဆွတ်ပြောခြင်းသာ ဖြစ်ပါတယ်။
နောက်တစ်မျိုးက ဒကာကြီး သခင်မြတ်ဆိုင်က ဒီ ဝိနိစ္ဆယရုံးဟာ ရဟန်းနဲ့ လူ ရောနေလို့ ရဟန်းနဲ့ လူ မငြင်းခုံကောင်းလို့ ဝိနည်းဓိုရ်ရုံး ပြန်ဖွဲ့ပေးပါလို့ ဆိုတဲ့သဘောပါပဲ၊ ဒါကတော့မဟုတ်ပါဘူး၊ စောဒကဆရာတော်များက ဦးဥက္ကဋ္ဌ နှင့် အပေါင်းအပါတို့ ရေးသားဟောပြောဖြန့်ဝေနေကြတဲ့ ဝါဒဟာ ဗုဒ္ဓဝါဒမဟုတ်ဘူး၊ ပိဋကတ်ကျမ်းဂန်နဲ့ မညီညွတ်ဘူး၊ ဒါကြောင့်ဝိနည်းဓိုရ်ဆရာတော်များက ဗုဒ္ဓဝါဒ ဟုတ် မဟုတ်၊ ပိဋကတ်နဲ့ ညီ မညီ အဆုံးအဖြတ် ပေးတော်မူကြပါလို့ ဝိနည်းဓိုရ် ဆရာတော်များထံမှသာ အဆုံးအဖြတ် တောင်းခံကြခြင်း ဖြစ်ပါတယ်၊ ဒါကြောင့် ဘုန်းကြီးနဲ့ လူ ငြင်းခုံနေကြတာ မဟုတ်ပါဘူး။
အမှန်ကတော့ စုဒိတကတို့ဘက်က ရေးသားထုတ်ဝေ ဖြန့်ချိထားကြတဲ့ စာအုပ် စာတမ်းတိတ်ခွေ စသည်တို့ အထင်အရှား ရှိနေကြပြီး ဖြစ်တဲ့အတွက် အဆုံးအဖြတ် တောင်းလာတဲ့အခါမှာ တရားတော်နဲ့ ညီ မညီ တစ်ခါထဲ ဆုံးဖြတ်ပေးလိုက် နိုင်ပါတယ်၊ ဒါပေမယ်လို့ စုဒိတကတို့ဘက်ကို ထပ်မံ အခွင့်အရေးပေးတဲ့ အနေနဲ့ ပြန်လည်ရှင်းလင်း လျှောက်ထားလိုက လျှောက်ထားနိုင်ကြစေရန် အခုလို စုဒိတကပုဂ္ဂိုလ်များအနက် အချို့က လုံးဝရှင်းလင်းလျှောက်ထားခြင်းမပြုဘဲ နေခွင့်ရှိပြီး အချို့ကသာ ရှင်းလင်းလျှောက်ထားကြခြင်း ဖြစ်ပါတယ်။
ဒကာကြီး သခင်မြတ်ဆိုင် ရေးတဲ့စာထဲမှာ တကယ်လို့ ဝန်ချရလို့ရှိယင် သန့်ရှင်းတဲ့သူထံမှာသာ ဝန်ချလိုတယ်၊ွှခုလက်ရှိ နိုင်ငံတော် သံဃမဟာနာယက က မသန့်ရှင်းကြတဲ့အတွက် အဲဒီဆရာတော်များထံမှာ ဝန်မချလိုပဲ သာသနာရေးဌာနက လူပုဂ္ဂိုလ် တစ်ဦးဦးထံမှာသာ ဝန်ချလက်မှတ် ရေးထိုးလိုတယ် လို့လည်း ပါတယ်၊ ဒီကိစ္စက ဆရာတော်တို့ ဝိနည်းဓိုရ်အဖွဲ့နဲ့ မသက်ဆိုင်ပါဘူး၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နဲ့ နိုင်ငံတော် အစိုးရနဲ့သာ သက်ဆိုင်ပါတယ်။
နောက်ပြီး သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ချုပ် ယခု အောက်တိုဘာလ ၂၂-ရက်နေ့စွဲဖြင့် တင်လာတဲ့ စာထဲမှာ ဝိနိစ္ဆယချမှတ်ချက်ကို နာခံကြပါမယ်လို့ လက်မှတ်ထိုးပြီး ကတိပြုထားတဲ့အထဲမှာ နာခံဆိုတာ နားထောင်သည်ဟူ၍ သဘောပေါက်ကြောင်း တရားဟောတာကိုနားထောင်သည့် သဘောမျိုးဖြစ်ကြောင်း ပါရှိတာကို တွေ့ရပါတယ်၊ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ချုပ်က ဆိုလိုတာက ယခုဆရာတော်တို့ ဝိနည်းဓိုရ်ရုံးတော်က ချမှတ်စီရင်ချက်ကို လိုက်နာဖို့မဟုတ်ဘူး၊ လာပြီး နားထောင်ရုံ ထောင်တာပါဆိုတဲ့ သဘောမျိုးကို ဆိုလိုဟန်ရှိပါတယ်။
တကယ်တော့ဟာ ယခု ဆရာတော်တို့ရဲ့ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ကို ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးထားတဲ့ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းပေးထားသော တရားဝင်ရုံးတော်ဖြစ်တယ်လို့ အားလုံးကနားလည်သဘောပေါက်ထားကြပါတယ်၊ အဲဒီလို အစိုးရတရားရုံး တစ်ရုံးက ချမှတ်တဲ့ စီရင်ချက်ကို စုဒိတက(တရားခံ)ပုဂ္ဂိုလ်တို့က လိုက်နာချက်မှ လိုက်နာမယ်၊ လာပြီးတော့ နားထောင်ရုံသာ နားထောင်လို့ ရတယ်မရဘူးဆိုတာကိုတော့ ဘုန်းကြီးတို့ရဲ့ အလုပ်မဟုတ်ပါဘူး၊ သက်ဆိုင်ရာတို့က ဆောင်ရွက်ပေးမဲ့ကိစ္စ ဖြစ်ပါတယ်။
ဆရာတော် အထူးပြောကြားလိုတာကတော့ အခုလို ဝိနိစ္ဆယပြုစုနေတဲ့ အချိန်အတွင်းမှာစုဒိတကတို့ဘက်က တရားမဲ့ ပြုလုပ်ခဲ့ကြတာတွေ၊ တရားလွန် ထိပါးပုတ်ခတ် ပြောကြတာတွေကို အဓိဝါသန ခန္တီတရားနဲ့ ဘုန်းကြီးတို့ သည်းခံခဲ့ကြပါတယ်၊ အဲဒီလို သည်းခံပြီး ဗုဒ္ဓမြတ်စွာဘုရားရဲ့ ရွှေမျက်နှာတော်ကိုသာ ကြည့်လျက် မိမိတို့ ဆောင်ရွက်ကြရမယ့် တာဝန်ကို ကျေကျေပွန်ပွန် ဆောင်ရွက်ခဲ့ကြပါတယ်။
ယခုလို ဆောင်ရွက်ကြတဲ့နေရာမှာလည်း စောဒက စုဒိတကတို့တွင် မည်သည့်ဘက်ကိုမျှနစ်နာစေလိုတဲ့ ဆန္ဒမရှိဘဲ ဓမ္မစစ် ဓမ္မမှန် တရားစစ် တရားမှန်ကို သိရှိ လိုက်နာနိုင်ကြ၍ အားလုံးသော သတ္တဝါတို့ အကျိုးစီးပွားဖြစ်ထွန်းစေရန်ကိုသာ ရည်ရွယ်လျက် မေတ္တာ ကရုဏာရှေ့ထားပြီး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ သာသနာတော်ဟာ နှစ်ပေါင်း ၂၅၀၀-ကျော်လာတော့ အသက်အရွယ်ကြီးတဲ့ လူအို လူမင်းနဲ့ တူလာပါတယ်၊ သာသနာတော်ကို မလိုက်နာတဲ့ မလေးမခန့်လုပ်တဲ့ လူတွေလည်း ပေါများလာခဲ့ပါတယ်၊ အဲဒီသာသနာသမိုင်း တစ်လျှောက်မှာ သာသနာ့အရေးအခင်းတွေလည်း ပေါ်ခဲ့ပါတယ်။
အဲဒီလို ပေါ်တဲ့အခါတိုင်းမှာ ရှေးပညာရှိ သူတော်ကောင်းကြီးများသည် ခန္တီတရား လက်ကိုင်ထား၍ သာသနာအစစ်အမှန်ကို ကျင့်သုံးလိုကြတဲ့ သတ္တဝါများအတွက် ငဲ့ကွက်ပြီးမှန်ကန်သော အဆုံးအဖြတ်များ ပေးခဲ့ကြပါတယ်၊ အခု ဆရာတော်တို့လည်း ရှေးပညာရှိ သူတော်ကောင်းတို့၏ ပဝေဏီလက်သုံး သူတော်ထုံးအရ ဤဝိနိစ္ဆယကို ချမှတ်ကြမှာ ဖြစ်ပါတယ်၊ ဒါပါပဲ။
ပဏာမနှင့် ပဋိညာဉ်
၁။ နယမ္ပိ အညာသိတရမ္ပိ တစ္ဆကံ၊
ဝိတစ္ဆကံ ယော သုဝိဘဇ္ဇ ဒေသယီ။
အနကဝေတစ္ဆ ဝိနာသကံ ဝရံ၊
ဝိဘဇ္ဇဝါဒိံ မဏမာမ သာဒရံ။ (ဝံသဋ္ဌဂါထာ)
၂။ ကာမဉ္စ သံဃော သဇနော ဝိနောဒယီ၊
တံ အန္တရာယံ မနသော ဝိဟညဒံ။
ဂေဟဋ္ဌကာနံ သမဏာနစာပရံ၊
သမ္ဗုဒ္ဓသဒ္ဓမ္မမလီနကာရကံ။ (ဣန္ဒဝံသဂါထာ)
၃။ နာသက္ခိ ဥမ္မူလိတဝေ သ သဗ္ဗသော၊
အာဏံ အလဒ္ဓါန ပသာသကဗ္ဗလံ။
ဒါနိဓ သာမဂ္ဂိမဘူတပုဗ္ဗကံ၊
သံဃဿ ရဋ္ဌဿ ဗလံ လဘာမသေ။ (ဣန္ဒဝံသဂါထာ)
၄။ သဒ္ဓမ္မသုဒ္ဓတ္တဌိတတ္တကာမိနော၊
ဝေပုလ္လပေက္ခာ အနုယုတ္တကာ မယံ။
သံဃေန ရညာ စ ဝိနိစ္ဆယံ ဝရံ၊
တဿံ ယုတံ သုဋ္ဌု သမာရဘာမသေ။ (ဣန္ဒဝံသဂါထာ)
၅။ နာနာပ္ပကာရဗ္ဗိပရီတဒဿန၊
သမ္ဘူတ ဤတိံ ဝိဓုနီယ ဝတ္တတံ။
တံ ဓမ္မစက္ကံ ဇိနဘာဝိတံ စိရံ၊
လောကမှိ သဒ္ဓမ္မဇုတိံ ပဘာသယံ။ (ဣန္ဒဝံသဂါထာ)
၁။ ယော ဇိနော၊ ငါးမာရ်အောင်မြင် အကြင် ဘုရားရှင်သည်။ နယမ္ပိ၊ သတ္တဝါတို့, ကောင်းရာပို့သည်, မချို့ဖြောင့်တန်း, လူ့စည်းကမ်းကိုလည်းကောင်း။ ဣတရမ္ပိ၊ လွဲသွေတိမ်းပါး, ချော်၍ သွားက, ဖောက်ပြားပျက်ကြေ, အခက်ပွေလျက်, သက်သေဆုံးရောက်, လုံးလုံးမှောက်မည့်, ကောက်ကျစ်ရမ်းကား, နည်းလမ်းမှားကိုလည်းကောင်း။ တစ္ဆကမ္ပိ၊ ခေတ်တွေသိန်းသောင်း, ကာလပြောင်းလည်း, မစောင်းမရွေ့, ဟောင်းဓလေ့ဖြင့်, ကောင်း၍မှန်သား, သစ္စာတရား ကိုလည်းကောင်း။ ဝိတစ္ဆကမ္ပိ၊ အဖိုးမဟဲ့, ကျိုမတဲ့၍, တရွဲ့တစောင်း, မကောင်း ဧကန်, ဖြစ်မည့်မှန်သည့်, ဖောက်ပြန်ချောက်ချား, အယူမှား အမြင်မှားကိုလည်းကောင်း။ အညာသိ၊ မသိ သိအောင်, သတိဆောင်၍, အခေါင်အဖျား, အကျင့်များသဖြင့်, ပိုင်းခြားခွဲဝေ, သိလည်းသိတော်မူပေပြီ။ သုဝိဘဇ္ဇ၊ သိသည့်အတိုင်း, ခွဲဝေပိုင်း၍။ ဒေသယိ၊ သတ္တဝါအများ, သောင်းတိုက်သားတို့, တရားအလျော်, မှားမချော်အောင်, ဟောဖော်ညွှန်ပြ, ဆုံးမလည်း, ဆုံးမတော်မူခဲ့လေပြီ။ အနေကဝေတစ္ဆနာသကံ၊ အမှားရာထောင်, မြားမြောင်ယွင်းကွက်, အကျင့်ပျက်ကို, ဖျက်ဆီးတော်မူတတ်သော။ ဝိဘဇ္ဇဝါဒိံ၊ ခွဲဝေကန့်ပိုင်း, ဉာဏ်ကသိုဏ်းဖြင့်, မှန်တိုင်းထုတ်ဖော်, ဝေဖန်၍ ဟောတော်မူတတ်သော။ တံဇိနံ ဝရံ၊ မြင့်မြတ်ထူးခြား, ထိုရန်အောင်မြင် မြတ်ဘုရားကို။ သာဒရံ၊ တုပ်ကွရိုကျိုး, မြတ်နိုးသဒ္ဓါ, ရိုသေစွာသာလျှင်။ မယံ၊ သီးခြားဝိနည်းဓိုရ်, ခေါ်ဆိုအမှတ်နှစ်, ကျစ်လစ်ဖွဲ့ထား တပည့်တော်များသည်။ ပဏာမာမ၊ ဦးနှိမ်ညွှတ်လျိုး, ဂုဏ်ကိုကိုး၍, ရှိခိုးကန်တော့ကြပါကုန်၏ ဘုရား။
၂။ သဇနော၊ ရတနာသုံး, အမြတ်ဆုံးကို, နှလုံးကြည်လင်, ဦးထိပ်တင်၍, ပြည်တစ်ခွင်လုံး, ထက်အောက်ကျုံးသား, အလုံးစုံသော လူတို့ ပါဝင်သော။ သံဃော၊ သာသနပါလက, သက်တစ်မျှပင်, ဘုရာ့ဒေသနာ, ထူးမြတ်စွာကို, ကွယ်ကာထိန်းယ, စောင့်ရှောက်ကြသော, ထေရနွယ်လာ, သံဃာတော်အပေါင်း, ရှေ့ဆောင်ကောင်းသည်။ ဂေဟဋ္ဌကာနဉ္စ၊ တိုင်းပြည်အမျိုး, ဘာသာကျိုးတို့, ပွားတိုးစေကြောင်း, ရည်ရွယ်ချောင်းသား, အပေါင်းများစွာ, လူတကာတို့၏လည်းကောင်း။ အပရံ၊ ထိုမှတပါး။ သမဏာနဉ္စ၊ အိမ်ရာမထောင်, လူ့ဘောင်မခို, ထိုထိုများလှ, သာသနာ့ဝန်ထမ်း, ရှင်ရဟန်းတို့၏လည်းကောင်း။ မနသောဝိဟညဒံ၊ ထိခိုက်ဝမ်းနဲ, နှလုံးကွဲမျှ, အသဲထိတ်စရာ, စိတ်မသာအောင်, လွန်စွာဒုက္ခ, ပေးတတ်လှသော။ သမ္ဗုဒ္ဓသဒ္ဓမ္မမလီနကာရကံ၊ မဟာပရမေ, သုံးလူ့ဆွေ၏, သင်္ချေ ၄-ရပ်, တစ်သိန်းကပ်မှ, စ၍တည်ဆောက်, ပေါ်ထွန်းတောက်သည့်, ၃-ထောက်သာသနာ, ရောင်ဝါမသစ်, နောက်ကျုညစ်အောင်, အပြစ်ဧရာ, ပြုတတ်ပါသော။ တံ အန္တရာယံ၊ လူသေလူဖြစ်, ဆိုးညစ်ယုတ်မာ, မိစ္ဆဝါဒ, ပါပခေါင်ဖျား, ထိုကဲ့သို့သော အန္တရာယ်များကို။ ကာမဉ္စ ဝိနောဒယီ၊ တိုင်းလုံးပြည်ပေါ်, အနှ့ကျော်မျှ, အုတ်အော် သံမြွက်, ကံကြီးစွက်၍, ဖျောက်ဖျက်နှိမ်နင်းကြစေကာမူ-
၃။ သသော သံဃော၊ တိုင်းပြည်အဝှန်း ရဟန်းအပေါင်း ထိုသည့်ရှေ့ဆောင် ကောင်းသည်။ ပသာသကဗ္ဗလံ၊ အုပ်ချုပ်သူ ပသာသက နိုင်ငံတော်အစိုးရ၏ ဗလခွန်အား အမျိုးအစားဖြစ်သော။ အာဏံ၊ ဩဇာတန်ခိုး ဥပဒေအမျိုးမျိုး စိုးမိုးချုပ်ခြာ မင်းအားဏာကို။ အလဒ္ဓါန၊ အမှီသဟဲ အစွဲမိမိ မရရှိလေသောကြောင့်။ သဗ္ဗသော၊ တစ်ခုမကြွင်း မြစ်ရင်းမထား အလုံးစုံသော အခြင်းအရာအားဖြင့်။ တံ၊ ဆိုခဲ့လေပြီး ထိုအန္တရာယ်ကြီးကို။ ဥမ္မူလိတဝေ၊ ဖြိုခွင်းပယ်သတ် ရှင်းရှင်းပြတ်အောင် ချိုးဖြတ်ထိုးနှက် အစွမ်းကုန်ဖျက်ခြင်းငှာ။ နာသက္ခိ၊ စွမ်းအင်လျှမ်းတောက် စခန်းပေါက်အောင် အစွမ်းမမြောက် နိုင်ခဲ့ပါပေ။ ဒါနိ၊ ယခု။ ဣဓ၊ သာသနပင်မ, အစဉ်လှသည့်မြန်မာ့ဘုံထီး ဤပြည်ထောင်စုကြီး၌။ အဘူတပုဗ္ဗတံ၊ ရှေးကမဖြစ် ယခုခေတ်မှ ထူးသစ်လှစွာပေါ်၍လာသော။ သံဃဿ စ၊ ရဟန်းရှေ့ဆောင် အခေါင်အဖျား တစ်သိန်းကျော် သံဃာများ၏လည်းကောင်း။ ရဋ္ဌဿ စ၊ သမ္မတကြီးမှူး ဦးစီးအခေါင် ရှေကဆောင်ရှေ့သွား ပြည်ထောင်စုသားအပေါင်း၏လည်းကောင်း။ သာမဂ္ဂိံဗလံ၊ ညီညွတ်ပေါင်းစု အကြောင်းပြုသည့် ယခုထင်ရှား ညီညွတ်ရေးအင်အားကို။ ယသ္မာ၊ အကြင်ကြောင့်။ လဘာမသေ၊ အခွင့်လည်းကောင်း အခါကောင်း၍ အကြောင်းလျောစွာ ရကြပါကုန်၏၊
၄။ တသ္မာ၊ ထို့ကြောင့်။ သံဃေန စ၊ သိန်းကျော်များပြား သံဃာ့အားဖြင့် ချထားရွေးကောက် ဝန်ဆောင်မြှောက်လျက် ထို့နောက်တသီး မြှောက်ချီးတည်ဖွဲ့ လေးဆယ့်ငါးပါးမဟာနာယကများကလည်းကောင်း။ ရညာစ၊ ပြည်ထောင်စုဖွား လူအများတို့ လိုလားရွေးကောက်ပြည်သစ်ဆောက်ဖို့ ချီးမြှောက်တင်ထား အစိုးရမင်းများကလည်းကောင်း။ အနုယုတ္တာကာ၊ သာသနာ့ရန်စွယ် အမြန်ပယ်ဖို့ သွယ်သွယ်ထုံးမှတ် ယူဆုံးဖြတ်ရန် သတ်မှတ်ပိုင်းခြာ ခန့်ထားလွှဲအပ်ကုန်သော။ မယံ၊ ငါတို့သည်။ သဒ္ဓမ္မသုဒ္ဓတ္တဌိတတ္တကာမိနော၊ သာသနာ့အစဉ် မြတ်သုံးအင်၏ ကြည်လင်သန့်ရှင်း တည်တံ့ခြင်းကို ထန်ပြင်းကြီးမား ဆန္ဒထားကြကုန်သည်ဖြစ်၍။ ဝေပုလ္လပေက္ခာ၊ ကြီးမားခံ့ထယ် အနှံ့လယ်၍ ပြန့်ကျယ်စည်ကား တိုးပွားခြင်းကို အလိုရှိကြကုန်သည်ဖြစ်၍။ တဿံယုတံ၊ မိစ္ဆာဝါဒ ပါပညစ်ကျေး ထိုရန်ဘေးနှင့် စပ်ယှဉ်သော။ ဝိနိစ္ဆယံ ဝရံ၊ မျက်နှာမထောက် အမုန်းရောက်ဖို့ ချစ်ကြောက်မုန်းထား ပယ်သောအားဖြင့် ဖောက်ပြားမယိုင် လွန်ကြံ့ခိုင်သည့် ပိုင်နိုင်ကောင်းမြတ်အဆုံးအဖြတ်ကို။ သုဋ္ဌု၊ ကောင်းမွန်စွာ။ သမာရဘာမသေ၊ ဂန္ထန္တရ အဝဝနှင့် ပိဋကသမုတ် ရွှေနှုတ်တော်ထွက် ဓမ္မစက်ကို လေးနက်ပြတ်သား တံမျဉ်းထားလျက် ထင်ရှားပြည့်စုံ (အားထုတ်) ဆုံးဖြတ်ပေးပါကုန်အံ့သတည်း။
၅။ ဇိနဘာဝိတံ၊ သမ္မာသမ္ဗောဓိ ဉာဏ်ထူးရှိ၍ မိမိရရ ကျနထုတ်ဖော် ဖြစ်စေတော်မူအပ်သော။ တံ ဓမ္မစက္ကံ၊ သာသနာအဆုံးအမ မြတ်ဗုဒ္ဓ၏ သုံးဝခေါင်ဖျား ထိုတရားတည်းဟူသော စက်သည်။ နာနပ္ပကာရဗ္ဗိပရီတဒဿန သမ္ဘူတ ဤတိံ၊ ဖောက်ပြန်ချောက်ချား အမြင်မှားသဖြင့်ရေးသားဟောမှု အစုစုမှ ကြောင်းပြုပေါ်ငြား ချော်၍သွားသည့် အမှားတည်းဟူသော ဘေးရန်ကြီးကို။ ဝိဓုနီယ၊ ဖျက်ဆီးခါတွက် အားကုန်နှက်၍။ လောကမှိ၊ အရှေ့လည်းရောက် အနောက်လည်းဝင် ဝန်းကျင်တလွှား ချန်ထားမရ လောကကြီးအတွင်း၌။ သဒ္ဓမ္မဇုတိံ၊ သူတော်ကောင်းတို့ ထုံငြောင်းပွားများ တရားအရောင် မီးတန်ဆောင်ကို။ ပဘာသယံ၊ ဝင်းတပြောင်ပြောင်အရောင်တရွှန်းရွှန်း ထွန်းစေလင်းစေ ထွန်းလင်းစေလျက်။ စိရံ၊ အနှစ်ငါးထောင် မြားမြောင်လှစွာရှည်မြင့်ကြာအောင်။ ဝတ္တတံ-ဝတ္တတု၊ စိတ်ကောင်းနှလုံးမြတ် လူတိုင်းကပ်၍ လွှမ်းပတ်ဖြန့်ဝေလည်၍နေပါစေသတည်း။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ် (၂)
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ
နိဒါန်း
---------
ဝိမုတ္တိ
၁။ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ဟု ဆိုအပ်သော မြတ်ဗုဒ္ဓ၏ အဆုံးအမ သာသနာတော်သည် ဘဝသံသရာမှ လွတ်မြောက်ရေးတည်းဟူသော တစ်ခုတည်းသော “ဝိမုတ္တိ” ပန်းတိုင်ကို ရည်မှန်းချက် ထားရှိပေသည်၊ ယင်းလွတ်မြောက်ခြင်း “ဝိမုတ္တိ” ကိုပင် သာယာမြတ်နိုးအပ်သော သဘောပြည့်စုံစေရမည့် သဘောအဓိပ္ပါယ်အားဖြင့်ရသ အရသာဟူ၍ မြတ်စွာဘုရား ဟောတော်မူခဲ့ပေသည်၊ ထို့ကြောင့် ဗုဒ္ဓသာသနာတော်၏ တစ်ခုတည်းသော အရသာသည် “ဝိမုတ္တိ ရသ” ပင်ဖြစ်ကြောင်း သိအပ်ပေ၏၊ ဤအကြောင်းကိုဥဒါန်းပါဠိတော် ဥပေါသထသုတ်၌ အောက်ပါအတိုင်း ဟောကြားတော် မူထားပေသည်။
“ဧဝမေဝံ ခေါ ဘိက္ခဝေ အယံ ဓမ္မဝိနယော ဧကရသော ဝိမုတ္တိရသော”
ရဟန်းတို့ ... ဤမဟာသမုဒ္ဒရာနည်းတူပင်လျှင် ဓမ္မဝိနယဟု ဆိုအပ်သော အဆုံးအမ သာသနာတော်မြတ်သည် ဝိမုတ္တိတည်းဟူသော တစ်ခုတည်းသော အရသာရှိပေသည်။
၂။ “ဝိမုတ္တိ”ဟူသော လွတ်မြောက်မှုသည် အကျိုးတရား ဖြစ်၏၊ အကျိုးတရားဟူသည် အကြောင်းကင်းလျက် ဖြစ်ပေါ်လာရိုး မရှိပေ၊ သို့ဖြစ်သောကြောင့် ယင်းဝိမုတ္တိဟူသော အကျိုးတရား၏ အခြေခံဖြစ်သော အကြောင်းတရားတို့ကို ဗုဒ္ဓရှင်တော်ဘုရားက ညွှန်ပြတော်မူခဲ့ပေသည်၊ ယင်း “ဝိမုတ္တိ” ၏ အကြောင်းတရားများကို “ဝိမုတ္တိပရိပါစနိယ”ဟူ၍ ခေါ်ပေသည်၊ လွတ်မြောက်ခြင်းကို ဖြစ်ပေါ်စေတတ်သော ရင့်ကျက်စေတတ်သော၊ တစ်နည်းအားဖြင့် အရဟတ္တဖိုလ်ဉာဏ်ကို ရင့်သန်စေတတ်သော အကြောင်းတရားများဟု ဆိုလိုပေသည်။
“ဝိမုတ္တိပရိပါစနီယ” ခေါ်သော အကြောင်းတရားများ
၃။ “ဝိမုတ္တိ ပရပါစနီယ” ခေါ်သော အကြောင်းတရားများကို ဒီဃနိကာယ် ပါထိကဝဂ်သင်္ဂီတိသုတ် ပါဠိတော် (၂၀၁)၌ သညာခေါင်းစဉ် ငါးရပ်ပိုင်းခြား၍ ဘုရားရှင် ဟောကြားတော်မူထားပေသည်။ ယင်းသညာငါးပါးတို့ကား အောက်ပါတို့ပင် ဖြစ်၏၊
(က) အနိစ္စသညာ - အရာဝတ္တုတိုင်းကို မမြဲဟု အသိအမှတ်ထားခြင်း, နားလည်သဘောပေါက်ခြင်း,
(ခ) အနိစ္စေ ဒုက္ခသညာ - မမြဲသော အရာဝတ္တုတိုင်းကို ဒုက္ခ(ကျေနပ်ဖွယ် မရှိသော သဘော)ဟု အသိအမှတ် ထားခြင်း,
(ဂ) ဒုက္ခေ အနတ္တသညာ - စိတ်ကျေနပ်ဖွယ် မရှိသော အရာဝတ္တုတိုင်း၌ အတ္တမရှိဟု အသိအမှတ်ထားခြင်း,
(ဃ) ပဟာနသညာ - အနိစ္စ ဒုက္ခ အနတ္တဖြစ်သော သဘောတရား အားလုံးကို တွယ်တာမှုမရှိဘဲ ပယ်စွန့်ရမည်ဟု နားလည် သဘောပေါက်ခြင်း,
(င) ဝိရာဂသညာ - ယင်း အနိစ္စ ဒုက္ခ အနတ္တဖြစ်သော သဘောတရား တို့ကို ပယ်စွန့်နိုင်လောက်အောင် တပ်မက်ခြင်း ကင်းစေရမည်ဟု အသိအမှတ်ထားခြင်း, နားလည် သဘောပေါက်ခြင်း တို့ဖြစ်လေသည်။
ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌လည်း “ဝိမုတ္တိပရပါစနီယ” ခေါ် သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ခြင်း အကြောင်းတရားများကို ၁၅-ပါး အရေအတွက်အားဖြင့် ပြည့်စုံကျယ်ဝန်းစွာဖွင့်ပြ ဟောကြားတော်မူပေသည်၊ ယင်း ဝိမုတ္တိအကြောင်းတရား ၁၅-ပါးတို့သည် အောက်ပါတို့ပင် ဖြစ်ကြ၏၊
(၁-၃) သဒ္ဓါတရား မရှိသူကို ရှောင်ကြဉ်ခြင်း, သဒ္ဓါတရားရှိသူနှင့် ပေါင်းသင်းခြင်း, ကြည်ညိုဖွယ်ကောင်းသော သုတ္တန်များကို ရွတ်ဖတ်နာကြား၍ အနက်အဓိပ္ပါယ် စဉ်းစားဆင်ခြင်ခြင်း (သဒ္ဓါ)
(၄-၆) ပျင်းရိသူကို ရှောင်ကြဉ်ခြင်း, လုံ့လဝိရိယရှိသူနှင့် ပေါင်းသင်းခြင်း, သမ္မပ္ပဓာန်တရား လေးပါးကို စဉ်းစားလိုက်နာ အားထုတ်ခြင်း (ဝီရိယ)၊
(၇-၉) သတိကင်းမဲ့သူကို ရှောင်ကြဉ်ခြင်း, သတိကောင်းသူနှင့်ပေါင်းသင်းခြင်း, သတိပဋ္ဌာန်လေးပါးကို စဉ်းစားလိုက်နာအားထုတ်ခြင်း (သတိ)၊
(၁၀-၁၂)သမာဓိနည်းသူရှောင်ကြဉ်ခြင်း, သမာဓိကောင်းသူနှင့် ပေါင်းသင်းခြင်း, သမာဓိ စျာန်ဝိမောက္ခ တရားများကို စဉ်းစားလိုက်နာအားထုတ်ခြင်း (သမာဓိ)
(၁၃-၁၅)ပညာမရှိသူကို ရှောင်ကြဉ်ခြင်း, ပညာရှိသူနှင့် ပေါင်းသင်းခြင်း, နက်နဲသောဉာဏ်ဖြင့် သုံးသပ်ကျက်စားရမည့် သုတ္တန်တို့ကိုရွတ်ဖတ်နာကြား အနက်အဓိပ္ပာယ်တို့ကိုစဉ်းစားခြင်း, ပွားများခြင်း (ပညာ)။
အထက်ပါ ပါတိကဝဂ် သင်္ဂီတိသုတ်နှင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော် သုတ္တန်နှစ်ရပ်တို့ကို အနှစ်ချုပ်၍ကြည့်လျှင် “ဝိမုတ္တိရသ” ရရှိခံစားနိုင်ရေးအတွက် လိုအပ်သော အကြောင်းတရားဖြစ်သည့် “ဝိမုတ္တိပရပါစနီယ” တရားတို့မှာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ နှင့် ယထာဘူတဉာဏ်ဟု ခေါ်သော ဝိပဿနာဉာဏ်တို့ပင်ဖြစ်ကြောင်း တွေ့ရှိရပေသည်။
၄။ အထက်ဖော်ပြပါ “ဝိမုတ္တိရသ” ၏ အကြောင်းဖြစ်သောတရားများကို သုံးသပ်ဆင်ခြင်သည်ရှိသော် ဤသို့တွေ့ရပေသည်။ “သဒ္ဓါ” ယုံကြည်မှု ပြည့်စုံအောင် ထူထောင်ရမည်ဖြစ်သည်၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မှုရရှိရေးအတွက် လေ့လာပွားများရမည့် တရားများမရှိသေးလျှင် ရှိအောင်၊ မပြည့်စုံသေးလျှင် ပြည့်စုံအောင် စူးစိုက်ယုံကြည်မှုဖြင့် အားထုတ်ရမည်ဖြစ်သည်၊ ယင်းသို့မိမိကိုယ်တိုင် သဒ္ဓါတရား ရင့်သန်ပွားများအောင် ပြုလုပ်ရမည်ဖြစ်သောကြောင့် သဒ္ဓါယုံကြည်မှုပြည့်ဝသူမျိုးနှင့်သာ ဆက်ဆံပေါင်းသင်း ဖို့လည်း လိုအပ်ပေသည်၊ သာသနာဓမ္မအပေါ်၌ အယုံအကြည်မရှိသူ သဒ္ဓါတရားခေါင်းပါးသူမျိုးကိုလည်း ဝေးစွာရှောင်ကြဉ်ရမည်ဖြစ်ပေသည်၊ ဤသို့ သဒ္ဓါတရား ကိုထူထောင်ရာ၌ ကြည်ညိုဖွယ်ဖြစ်သော ဘုရားဟော တရားတော်များကို အချိန်အခွင့်ရတိုင်း ရွတ်ဖတ်ခြင်း နာကြားခြင်း အနက်အဓိပ္ပာယ် စဉ်းစားဆင်ခြင်ခြင်းများကို မုချမသွေ ပြုလုပ်ရပေလိမ့်မည်၊ ဤသို့သော သဒ္ဓါဓာတ်ကို ဗောဓိပက္ခိယတရားအနေအားဖြင့် သဒ္ဓိန္ဒြေဟူ၍လည်ကောင်း၊ သဒ္ဓါဗိုလ်ဟူ ၍လည်းကောင်း ခေါ်ဆိုရလေသည်။
၅။ ဗောဓိပက္ခိယတရားဟူသည်ကား ဗောဓိ+ပက္ခ+ဣယဟူသော ရင်းမြစ်အရ “ဗောဓိ”သည် မဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင်သော အသိဉာဏ် ဖြစ်၍ “ပက္ခ”သည် အစိတ်အပိုင်း, အကြောင်းအင်္ဂါ, အဖို့အစု ဟူသော အနက် ရှိ၏၊ “ဣယ”သည်ကား ဖြစ်သည်ဟူသော အနက်ကို ပြပေသည်၊ သို့ဖြစ်သောကြောင့် ဗောဓိပက္ခိယတရားဟူသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ မှန်ကန်သော အသိဉာဏ်ပညာကို ရရာရကြောင်းဖြစ်သော အကြောင်းအင်္ဂါ အဖို့အစု ဖြစ်သော တရားဟု ဆိုလိုပေသည်။
၆။ ဝိမုတ္တိရသ ရရှိခံစားနိုင်ရေးအတွက် လုံ့လဝီရိယ စိုက်ထုတ်ဖို့လည်း လိုပေသည်၊ ဘဝသံသရာမှ လွတ်မြောက်မှု ရရှိရေးအတွက် ထိုင်ပြီး စဉ်းစားနေရုံမျှ တွေးတောကြံစည်နေရုံမျှ ဆင်ခြင်စိတ်ကူးနေရုံမျှဖြင့် ကိစ္စမပြီးနိုင်ချေ၊ သမ္မပ္ပဓာန် နည်းမှန် လမ်းမှန်အတိုင်း တကယ်တမ်း ကျင့်ကြံကြိုးကုတ် အားထုတ်ပါမှ ကိစ္စပြီးမည် ဖြစ်ပေသည်၊ အချို့သူတို့သည်ကား သီလရှိဖို့မလို၊ တရားအားထုတ်ဖို့မလို၊ မိမိစိတ်အတွင်း၌ အသိဉာဏ်ရလျှင် ကိစ္စပြီးသည်ဟု မှတ်ထင်ကြသည်၊ အမှန်ကား ထိုသို့ မဟုတ်ပေ၊ စစ်မှန်သော ဗောဓိဉာဏ်ကို ရရှိရေးအတွက် သမ္မာဝါယာမ လုံ့လဝီရိယသန်သန်ဖြင့် အားထုတ်ဖို့ လိုအပ်ပေသည်၊ ဥပမာအားဖြင့် ဓားသည် သွေးမှ ထက်သည်၊ ထက်မှ ခုတ်လိုရာကို ခုတ်နိုင်သကဲ့သို့ ဖြစ်ပေသည်။
၇။ ဝိမုတ္တိရသ၏ အကြောင်းဖြစ်သော အသိဉာဏ်ဟူသည်ကား လူသာမန်လူပြိန်းတို့၏ အသိဉာဏ်မျိုး မဟုတ်ပေ၊ ရုပ်နာမ်ဓမ္မတို့၏ အတွင်းသဘောကို ထိုးဖောက်၍ သိမြင်ခြင်း, မဂ်ဖိုလ်နှင့် လျော်အောင် သိမြင်ခြင်းဟု ဆိုအပ်သော ပဋိဝေဓဉာဏ် အနုလောမဉာဏ်မျိုးကို ဆိုလိုပေသည်၊ ထိုဉာဏ်မျိုးကို ရရှိအောင် နည်းမှန်လမ်းမှန် ဇွဲသန်သန်ဖြင့် အားထုတ်ဖို့ အမှန်လိုအပ်ပေသည်၊ ယင်းသို့အားထုတ်မှုမျိုးကို သမ္မပ္ပဓာန်လုံ့လဟု ခေါ်ပေသည်။
သမ္မပ္ပဓာန်ဆိုသည်မှာ မဖြစ်သေးသော အကုသိုလ်ကို မဖြစ်ရအောင်, အကုသိုလ်ဖြစ်မိလျှင် အလားတူ အကုသိုလ်မျိုး ထပ်၍မဖြစ်ရအောင် ရှောင်ကြဉ်ပယ်ရှားနိုင်ရန် ကြိုးစားခြင်း, မဖြစ်သေးသော ကုသိုလ်ကို ဖြစ်အောင်, ဖြစ်ပြီးသော ကုသိုလ်ကို အထုံရ၍ တိုးတက်အားရှိလာအောင် ကြိုးစားအားထုတ်ခြင်းမျိုး ဖြစ်ပေသည်၊ ဤသမ္မပ္ပဓာန်လုံ့လကိုဖြစ်ပွားစေလိုသော သူသည် ပျင်းရိပေါ့ပျက်သောသူများနှင့် အလျှင်းပင် မပေါင်းသင်းမိအောင် ဝေးစွာရှောင်ကြဉ်ရမည် ဖြစ်သည်၊ အကယ်၍ လူပျင်းလူညံ့နှင့် ပေါင်းသင်းမိပါလျှင် မိမိသည်လည်း အားထုတ်လိုစိတ်မရှိဘဲ ပျက်စီးသွားတတ်ပေသည်၊ အခြားတစ်ဘက်တွင်မူ ဇွဲလုံ့လဝီရိယ ရှိသူမျိုးနှင့် ပေါင်းသင်းဖို့ရန် လိုအပ်ပေသည်၊ သို့မှသာ မိမိ၌လည်း ကြိုးစားအားထုတ်မှုအရှိန် တိုးတက်လာနိုင်ပေသည်၊ ဤသို့သော သမ္မပ္ပဓာန်လုံ့လဝီရိယမျိုးကို ဝီရိယိန္ဒြေ, ဝီရိယဗိုလ်, ဝီရိယိဒ္ဓိပါဒ်, ဝီရိယသမ္ဗောဇ္ဈင်, သမ္မာဝါယာမမဂ္ဂင် အမည်ဖြင့် ဗောဓိပက္ခိယတရားစုတွင် ဘုရားရှင် ဟောကြားထားတော်မူပေသည်။
၈။ ဝိမုတ္တိရသ ရရှိရေးအတွက် အခြားလိုအပ်သော အကြောင်းတစ်ရပ်မှာ ဆင်းရဲဟူသမျှတို့မှ လွတ်မြောက်ရန် ရှေးရှုသော အလွန်ခိုင်မာသည့် သတိကိုမွေးမြူရန် ဖြစ်ပေသည်၊ သတိမြဲအောင် ထူထောင်ပေးဖို့လိုအပ်ပေသည်၊ သတိကို မိမိကိုယ်၌လည်းကောင်း၊ ခံစားမှုဝေဒနာ၌လည်းကောင်း၊ ဖြစ်ပေါ်နေသောစိတ်၌လည်းကောင်း၊ တွေ့ကြုံနေသော တရားဓမ္မတို့၌လည်းကောင်း တစ်ချက်မျှအလွတ်မပေးဘဲ မပြတ်သတိချပ်၍ ပွားများရမည်ဟု ဘုရားရှင် ဟောတော်မူထားပေသည်၊ ယင်းကဲ့သို့ ကာယ, ဝေဒနာ, စိတ္တ ဓမ္မတို့၌ သတိမြဲအောင်ပွားများအားထုတ်နေစဉ်အခါတွင် သတိကင်းသူ, မေ့လျော့ပေါ့ဆသူများကို မမှီဝဲဘဲ ရှောင်ကြည်ရမည်၊ မိမိကဲ့သို့ သတိရှိသူ သတိမြဲသူမျိုးနှင့်သာ ပေါင်းသင်းဆက်ဆံရန် လိုအပ်ပေသည်၊ ဤသို့သော သတိမျိုးကို သတိန္ဒြေ, သတိဗိုလ်, သတိသမ္ဗောဇ္ဈင်, သမ္မာသတိမဂ္ဂင်အမည်ဖြင့် ဗောဓိပက္ခိယတရားစုတွင် ဟောထားတော်မူပေသည်၊ ယခုအခါ မြန်မာပြည်အရပ်ရပ်၌ သတိပဋ္ဌာန်ရိပ်သာများနှင့် အခြားသော ကမ္မဋ္ဌာန်းတိုက် ဂူချောင်တို့၌ သတိပဋ္ဌာန်လုပ်ငန်းကို အစဉ်တစိုက် အားထုတ်နေကြခြင်းသည် ရုပ်ဝါဒီများအမြင်ဖြင့် အပိုအလုပ် ပြောင်လှောင်ပြက်ချော် သရော်ဖွယ်အလုပ်ဟု ထင်စရာရှိသော်လည်း အမှန်စင်စစ် ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ မဟာသတိပဋ္ဌာနသုတ် စသည်တို့၌ ဟောကြားထားတော်မူသည့် လမ်းစဉ်အတိုင်း ကျင့်ကြံပွားများ အားထုတ်နေကြခြင်းသာ ဖြစ်၍ “ဝိမုတ္တိပရိပါစနီယလမ်းစဉ်” အမှန်ပင် ဖြစ်ပေသည်။
၉။ ဝိမုတ္တိရသအတွက် အခြားလိုအပ်သော အကြောင်းတစ်ရပ်မှာ သမာဓိပင် ဖြစ်ပေသည်၊ သတိပဋ္ဌာန်လုပ်ငန်းကို လုပ်သည်ဖြစ်စေ, ဝိပဿနာ သက်သက်ကိုရှုမှတ်သည်ဖြစ်စေ သမာဓိသည် မပါလျှင် မပြီးသောတရား ဖြစ်ပေသည်၊ စိတ်မတည်ငြိမ်လျှင် ဉာဏ်မကြည်လင်၊ အမှန်သဘောကို မမြင်၊ ထို့ကြောင့် ပညာဉာဏ် စူးရှထက်မြက်ရေးအတွက် သမာဓိတည်ရန် လွန်စွာလိုအပ်လှပေသည်။
ရှေးအခါက ဒေါဏအမည်ရှိသော ဆရာကြီးသည် မိမိ၏တပည့် အဇ္ဇုနအားလေးအတတ်ကို သင်ကြားပေးသောအခါ သစ်ပင်ခွကြား၌ တင်ထားသော ငှက်ရုပ်ကို ချိန်၍ မြားဖြင့်ပစ်စေရာ၌ ဤသို့ ဆိုဖူးလေသည်၊ အခြား အခြားသော တပည့်တို့သည် ငှက်ရုပ်၏ မျက်လုံးကို ထိမှန်အောင် ပစ်မည်ဟု ချိန်ရွယ်သောအခါ နှုတ်သီးကိုရော အခြား အမွေးအတောင်တို့ကိုပါ မြင်နေကြလေသည်၊ ဤလိုမြင်နေသမျှ ငှက်ရုပ်၏ မျက်လုံးကို ထိမှန်အောင် မပစ်နိုင်ကြပေကုန်၊ သို့ဖြစ်၍ သင်သည် ငှက်ရုပ်၏ မျက်လုံးမှတပါး အခြား ဘာကိုမျှ မမြင်ရအောင် စူးစိုက်၍ ကြည့်ပါ၊ ငှက်ရုပ်၏ မျက်လုံးတစ်ခုတည်းကိုသာမြင်အောင် စူးစိုက်၍ ကြည့်ပြီး ပစ်သောအခါ သင်၏မြားသည် ငှက်ရုပ်၏ မျက်လုံးကိုသာ ထွင်းဖောက်၍ သွားလိမ့်မည်ဟု ဆုံးမဖူးလေသည်။(မဟာဘာရတ၊ ရှေးဟောင်းသက္ကတကျမ်း)
ဤဥပမာကဲ့သို့ပင် သမာဓိခိုင်ကျည်အောင် ပွားများအားထုတ်သောအခါ ရုပ်နာမ်ဓမ္မ အာရုံအဖို့အစု တစ်ခုတည်း၌သာ ဧကဂ္ဂတာကျအောင် ရှုမှတ်နိုင်ဖို့ လိုအပ်ပေသည်၊ ဤကဲ့သို့ သမာဓိကို ထူထောင်နေစဉ်တွင် သမာဓိနည်းပါး လျှပ်ပေါ်လော်လည်သည့် လူစားမျိုးကို အထူးရှောင်ကြဉ်ရပေသည်၊ သမာဓိအလွန်ကောင်းသူ လေးနက်တည်ငြိမ်သူများနှင့်သာ ဆက်ဆံပေါင်းသင်းရမည်ဖြစ်သည်၊ ဤသို့သော သမာဓိမျိုးကို သမာဓိန္ဒြေ, သမာဓိဗိုလ်, သမာဓိသမ္ဗောဇ္ဈင်, သမ္မာသမာဓိမဂ္ဂင်ဟု ဗောဓိပက္ခိယတရားစုတွင် ဟောတော်မူထားပေသည်။
၁၀။ ဝိမုတ္တိရသ ရရှိရေးအတွက် အခြားလိုအပ်သော အကြောင်းတစ်ရပ်မှာ ပညာဉာဏ်ပင် ဖြစ်သည်၊ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို ဝိပဿနာတင်၍ ရှုမြင်ပွားများသောသူ၊ ရုပ်နာမ်တို့၏ သဘောသဘာဝကို သိမြင်ရန် လေ့လာလိုက်စားသူ မည်သူမဆို နက်နဲသော ဉာဏ်ပညာရှိရန် လိုအပ်ပေသည်၊ ဤသို့သော ဉာဏ်ပညာမျိုး ရင့်သန်လာစေရေးအတွက် မြတ်စွာဘုရား၏ သုတ္တန် အဘိဓမ္မာ တရားတော်များကို မပြတ် ရွတ်ဖတ်ရမည်၊ နာကြားမှတ်သားရမည်၊ အနက်အဓိပ္ပာယ် ဆင်ခြင်စဉ်းစားရမည် ဖြစ်ပေသည်၊ ဤကဲ့သို့ ဉာဏ်ပညာ ကြီးမြင့်အောင် ကြိုးစားလုံးပမ်းနေသော အခါမျိုး၌ ပညာမဲ့သူ, ရုပ်နာမ်တရားတို့၌ အဝါးမဝ မသိနားမလည်သူမျိုးကို အထူးရှောင်ကြဉ်ကြရမည်၊ ပညာရှိသူ ပရမတ္ထသဘာဝတို့ကို ကွဲပြားခြားနားစွာ ပြောပြသင်ကြားနိုင်သူ, ဝိပဿနာ ကျင့်လမ်း ကြံလမ်းတို့ကို ယထာဘူတကျကျညွှန်ပြတတ်သူမျိုးနှင့်သာ ဆက်ဆံ မှီဝဲရမည် ဖြစ်ပေသည်၊ ဤသို့သော ပညာမျိုးကို ဗောဓိပက္ခိယ တရားစုတွင် ဝီမံသိဒ္ဓိပါဒ်, ပညိန္ဒြေ, ပညာဗိုလ်, ဓမ္မဝိစယသမ္ဗောဇ္ဈင်, သမ္မာဒိဋ္ဌိမဂ္ဂင် ဟူသော အမည်အမျိုးမျိုးဖြင့် ဟောကြားတော်မူထားပေသည်။
၁၁။ အထက်တွင် ဆိုခဲ့သော သမာဓိနှင့် ပညာတည်းဟူသော သဘာဝနှစ်ရပ်သည် ဒွန်တွဲ၍ နေပေသည်၊ သမာဓိနှင့် ပညာကို တွဲစပ်အသုံးပြုမှသာ အချင်းချင်း အကြောင်းပြု၍ စွမ်းရည် ထက်မြက်လာပေမည်၊ သမာဓိရှိလေလေ အမြင်မှန် ရလေလေ ဖြစ်ပေသည်၊ ဤအကြောင်းကို မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပေသည်။
“သီလပရိဘာဝိတော သမာဓိ မဟပ္ဖလော ဟောတိ မဟာနိသံသော၊ သမာဓိပရိဘာဝိတာ ပညာ မဟပ္ဖလာ ဟောတိ မဟာနိသံသာ၊ ပညာပရိဘာဝိတံ စိတ္တံ သမ္မဒေဝ အာသဝေဟိ ဝိမုစ္စတိ” (ဒီ၊၂၊၁၀၂။)
အကျင့်သီလဖြင့် မွှမ်းထုံအပ်သော စိတ်၏ တည်ကြည်မှု သမာဓိသည် လွန်စွာ အကျိုးရင်း အကျိုးဆက် ကြီးမားလှ၏၊ သမာဓိဖြင့် လွှမ်းခြုံစိမ့်ထုံအပ်သော ပညာဉာဏ်သည် အကျိုးရင်း အကျိုးဆက် အလွန်တရာကြီးမြတ်လှ၏၊ ထိုသို့သော ပညာဖြင့် လွှမ်းခြုံစိမ့်ထုံအပ်သော စိတ်သည် အာသဝေါတရားတို့မှ အမှန်စင်စစ် လွတ်မြောက်လေ၏၊
သမထနှင့် ဝိပဿနာ
၁၂။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ကြိုးစားအားထုတ်၍ ထူထောင်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာ သာသနာတော်၌ လူသားတို့အား နိဗ္ဗာန်တည်းဟူသော သံသရာလမ်းဆုံးပန်းတိုင်သို့ အရောက်ပို့ဆောင်နိုင်သော တရားတစ်စုံ ရှိပေသည်၊ ယင်းသည်ကား အခြားမဟုတ်၊ အထက်၌ ဆိုခဲ့သောသမာဓိနှင့် ပညာပင် ဖြစ်သည်၊ ယင်းသမာဓိနှင့် ပညာသည် သမထနှင့် ဝိပဿနာပင်ဖြစ်ပေသည်၊ လောကုတ္တရာစခန်းသို့ တက်လှမ်းကြရာ၌ သမာဓိသည် ပညာကို အခြေခံအနေဖြင့် ကျေးဇူးပြုသကဲ့သို့ ပညာသည်လည်း သမာဓိကိုပြန်လည် ကျေးဇူးပြုပေသည်။
အကယ်၍ ဝိပဿနာသည် ကိလေသာထုထည်ကို ထုနှက်ဖြိုခွဲသည့်လက်နက်ဖြစ်သည်ဆိုလျှင် သမာဓိသည် ထိုလက်နက်ကို ပစ်မလွဲအောင် ထိန်းချုပ်တည့်မတ်ပေးသည့် ကိရိယာတန်ဆာသဖွယ် ဖြစ်ပေသည်၊ ဝိပဿနာ ပညာသည် နီဝရဏအရှုပ်အထွေးတို့ကို ခုတ်ထွင်ပယ်ရှင်းသည့် ဓားလက်နက် ဖြစ်သည်ဆိုလျှင် သမာဓိသည် ထိုဓါးလက်နက်ကို ထက်မြက်အောင် သွေးရမည့် ဓားသွေးကျောက်ပမာ ဖြစ်လေသည်။
၁၃။ သို့ဖြစ်သောကြောင့် ယခုခေတ်အခါ၌ သမာဓိထူထောင်ရန် မလို၊ ဝိပဿနာရှုလျှင် ကိစ္စပြီးသည်ဟု ပြောဆိုတတ်မှုမျိုးသည် အမှားစင်စစ်သာဖြစ်သည်၊ သမာဓိမပါလျှင် ဝိပဿနာအသား မတက်ကြောင်း လက်တွေ့အားထုတ်ဖူးသူတိုင်း သိကြပေသည်၊ ထို့ပြင် သမထနှင့် ဝိပဿနာသည် ဘုရားဟောမဟုတ်၊ မဂ္ဂသစ္စာတွင် ပါဝင်သော သမ္မာသမာဓိနှင့် သမ္မာဒိဋ္ဌိကို ချဲ့ကားဖန်တီးထားခြင်းမျှသာ ဖြစ်သည်ဟူသော အမြင်မျိုးသည်လည်း ဗုဒ္ဓသာသနာတော်ကိုဖျက်ဆီးသည့် အမြင်မျိုးသာ ဖြစ်ပေသည်၊ ဝေနေယျသတ္တဝါတို့၏ ဘဝထွက်မြောက်လမ်းကို ပိတ်ဆီးကာကွယ်သော ဓမ္မအန္တရာယ်တစ်မျိုးပင် ဖြစ်လေသည်။
တစ်ဆင့်ထက် တစ်ဆင့် မြင့်သော ကျင့်စဉ်
၁၄။ မဟာသမုဒ္ဒရာသည် ကမ်းစပ်၌ နက်ရှိုင်းသည် မဟုတ်ပေ၊ ကမ်းစပ်မှအတွင်းပိုင်းသို့ တဖြည်းဖြည်းသာ နက်၍နက်၍ သွားလေသည်၊ ဗုဒ္ဓသာသနာ့ကျင့်စဉ်များသည်လည်း မဟာသမုဒ္ဒရာကဲ့သို့ပင် လွယ်ရာမှ ခက်, တိမ်ရာမှ နက်၍သာ သွားလေသည်။ သို့ဖြစ်သောကြောင့် စ၍ ကျင့်လျှင်ကျင့်ချင်း အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်သို့ ရောက်၍သွားသည် မဟုတ်ပေ၊ ပထမဦးစွာ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဟူသော သီလမဂ္ဂင်တို့ကို အမှန်တကယ်ပြည့်စုံအောင် ပွားများရမည်၊ ထို့နောက် သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဟူသော သမာဓိမဂ္ဂင်တို့ကို သတိပဋ္ဌာန် စသော ကျင့်လမ်း ကြံလမ်းအမှန်တို့ဖြင့် ထူထောင်ရမည်၊ ဤသို့ သီလနှင့် သမာဓိကို ခိုင်ခိုင်ကြီး အခြေခံပြီးမှသမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဟူသော ပညာမဂ္ဂင်ကို ဆွတ်လှမ်းရပေသည်၊ ဤကဲ့သို့ သီလ, သမာဓိ, ပညာကို ပွားများရာတွင် ပုဂ္ဂိုလ်၏ ပါရမီအလိုက် အနှေး အမြန်ရှိလေသည်၊ လက်တွေ့ကျင့်ကြံအားထုတ်၍ တရားထူးရသောအခါ ထိုသိက္ခာသုံးပါးသည် ပြည့်ဝစုံလင်သွားကြောင်း ဥဒါန်းပါဠိတော် ဥပေါသထသုတ်၌ ဟောကြားတော်မူထားပေသည်။
ရတနာစုရာ သာသနာ
၁၅။ ဘုရားရှင်၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးရာ၌ လူတို့၏ အခြေခံပါရမီ အနုအရင့်အလိုက် စရိုက်ဝါသနာနှင့် နီးစပ်သင့်လျော် မှန်ကန်ပါမှ မုချအကျိုးရှိနိုင်ကြောင်း ထိုဥဒါန်းပါဠိတော်၌ပင် ဆက်လက် ဟောထားပေသည်၊ လူသည် ဉာဏ်တိမ်သူ, ဉာဏ်နက်နဲသူ, ဉာဏ်ပညာ အလယ်အလတ်ရှိသူဟူ၍ သုံးမျိုးသုံးစား ရှိနိုင်သည်ဖြစ်ရာ မိမိပညာဉာဏ် အခြေခံပမာဏနှင့်သင့်မြတ် လိုက်ဖက်သော ကျင့်နည်းကြံနည်းတို့ကို ကျင့်သုံးမှသာလျှင် လိုအပ်သောအကျိုး ပြီးစီးနိုင်ပေသည်။
၁၆။ ဤအကြောင်းနှင့် ပတ်သက်၍ မြတ်စွာဘုရား၏ သာသနာတော်မြတ်သည် ရတနာမျိုးစုံ တည်ရှိသော မဟာသမုဒ္ဒရာနှင့် တူညီသည့်အကြောင်းကို ဥဒါန်းပါဠိတော်ကြီး၌ပင် တွေ့ရပေသည်၊ သမုဒ္ဒရာတွင်း၌ ပုလဲ သန္တာ ကြောင်မျက်ရွဲ ခရုသင်း ရွှေ ငွေ ပတ္တမြားနီ ပတ္တမြားပြောက် စသော ရတနာမျိုးစုံ ရှိသကဲ့သို့ သာသနာတော်၌လည်း သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင် ၇-ပါး မဂ္ဂင်ရှစ်ပါးတည်းဟူသော အကျင့်မြတ် ရတနာများ ရှိပေသည်၊ ယင်းကျင့်စဉ်မှန်တို့ကို အထက်တွင် ဆိုခဲ့သည့်အတိုင်း ဗောဓိပက္ခိယတရားဟု ဆိုရပေသည်။
ရတနာဟူသည် တစ်မျိုးတည်း မဟုတ်
၁၇။ လောက၌ ရတနာအမျိုးမျိုး ရှိသည့်အနက် ရွှေကိုသာ ရတနာဟုလက်ခံ၍ စိန် ကြောင် နီလာ စသည်တို့ကို ရတနာမဟုတ်ဟု ငြင်းဆိုပါလျှင် ထိုလူမျိုးကို စိတ်မနှံ့သောသူဟု ဆိုကြလိမ့်မည် ဖြစ်သည်၊ ဤနည်းအတူ မဂ္ဂငရရှစ်ပါးကိုသာ ကျင့်စဉ်တရားဟုဆိုပြီး အခြားသော သတိပဋ္ဌာန် သမ္မပ္ပဓာန် စသော ကျင့်စဉ်တရားတို့ကိုမူ ဘုရားဟောတရား မဟုတ်ဟုဆိုလျှင် ထိုသူမျိုးကို စိတ်မမှန်သောသူ, သို့တည်းမဟုတ် ဗုဒ္ဓသာသနာတော်မြတ်ကို ထိပါး ပုတ်ခတ်သူ ဟူ၍ ဆိုရလိမ့်မည် ဖြစ်ပေသည်၊ အမှန်ကား အထက်၌ ဆိုခဲ့ပြီးသော သဒ္ဓါ ဝီရိယ စသည့် “ဝိမုတ္တိပရိပါစနီယ” တရားများသည်ပင်လျှင် ဣန္ဒြေငါးပါး ဗိုလ်ငါးပါး စသည် ဖြစ်သောကြောင့် ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်လောက်ကိုသာ ကွက်ယူပြီး ကျန်သောတရားတော်တို့ကို ငြင်းပယ်မည်ဆိုလျှင် သာသနာတော်၏ အန္တရာယ်သာ ဖြစ်ပေလိမ့်မည်။
ဟောစဉ်တရားများ (အနုပုဗ္ဗိကထာ)
၁၈။ ဗုဒ္ဓမြတ်စွာဘုရားသည် လူပုဂ္ဂိုလ်တို့၏ ပါရမီအနုအရင့်ကို အကြွင်းမဲ့သိမြင်တော်မူသည့် အားလျော်စွာ အိမ်ရာတည်ထောင် လူ့ဘောင်၌နေသော ပညာနုနယ်သေးသည့် ပရိတ်သတ်များအား တရားဟောရာတွင် ဟောစဉ်တရား (အနုပုဗ္ဗိကထာ)ကို ဟောတော်မူလေ့ရှိပေသည်၊ ဤအကြောင်းနှင့် စပ်လျဉ်း၍ အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် ဥဂ္ဂသုတ်၌ ဥဂ္ဂသူကြွယ်က ရဟန်းတစ်ပါးအား အောက်ပါအတိုင်း လျှောက်ထားဖူးလေသည်။
“အရှင်ဘုရား . . . တပည့်တော်သည် ကြည်ညိုလေးစားသော စိတ်ထားဖြင့် ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ပါသည်၊ ဘုရားရှင်သည် တပည့်တော်အား အလှူဒါနနှင့်စပ်သော တရား, အကျင့်သီလနှင့် စပ်သောတရား, နတ်ပြည်ရောက်ကြောင်း ကောင်းသောတရား, ကာမဂုဏ်အာရုံတို့၏အပေါ်၌ အပြစ်မြင်ဖွယ်တရား, ထိုကာမဂုဏ်အာရုံ ညွှန်ဗွက်မှ လွတ်ထွက်စေရန် ကျင့်ကြံပွားများရမည့်တရား-ဤသို့လျှင် အဆင့်ဆင့်အားဖြင့် တရားကို ဟောတော်မူပါသည် ဘုရား။”
၁၉။ ဤ ဥဂ္ဂသူကြွယ်ဆိုသူသည်ကား ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက တစ်ဦး တစ်ဦးလျှင် ပရိတ်သတ်အခြံအရံငါးရာစီရှိသော ဥပါသကာရှစ်ဦးအနက် တစ်ဦးပါဝင်သူ ဖြစ်ပေသည်၊ ကျန်သော ဥပါသကာခုနှစ်ဦးမှာ ဓမ္မိကဥပါသကာ, ဝိသာခဥပါသကာ, ဓမ္မဒိန္နဥပါသကာ, စိတ္တသူကြွယ်, ဟတ္တကအာဠဝက, စူဠအနာထပိဏ်, မဟာအနာထပိဏ်တို့ ဖြစ်ကြလေသည်။
၂၀။ ထို လူဝတ်ကြောင် ဥပါသကာတို့သည် ဗုဒ္ဓဘာသာဝင်တို့၌ ရှိအပ်သော ဥပါသကာအင်္ဂါ(၇)ပါးတို့နှင့် အမှန်တကယ် ပြည့်စုံကြ၏၊ ဥပါသကာအင်္ဂါ(၇)ပါးဟူသည်တို့မှာ အောက်ပါတို့ပင် ဖြစ်ကြောင်း အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ်၌ ဟောကြားထားပေသည်။
(၁) ရဟန်းတော်များကို မပြတ်မလပ် ဖူးတွေ့ခြင်း၊
(၂) တရားနာရန် သတိမေ့လျော့မှု မရှိခြင်း၊
(၃) မြတ်သော သီလ၌ တည်ခြင်း၊
(၄) ထေရ နဝ မဇ္ဈိမ ဖြစ်သော ရဟန်းတော်တို့၌ ကြည်ညိုမှုများခြင်း,
(၅) ထိပါးလိုသော စိတ်, အပြစ်ရှာလိုသော စိတ် မရှိဘဲ တရားနာခြင်း,
(၆) ဗုဒ္ဓသာသနာတော်မှ တပါး အခြား၌ အလှူခံထိုက်သူ (ကိုးကွယ်ထိုက်သူ)ကို မရှာခြင်း,
(၇) အမြတ်တနိုး ရှေ့တန်းတင်၍ ပြုလုပ်ရမည့်အမှုမျိုးကို ဤသာသနာတော်၌သာ ပြုလုပ်ခြင်း,
ဤ ၇-ပါးတို့ပေတည်း။
ဖော်ပြပါ ဥပါသကာအင်္ဂါ(၇)ရပ်တို့တွင် အမှတ်(၁) (၂) (၃) (၄) (၅) အင်္ဂါရပ်တို့သည် အထူး အရေးကြီးသော အင်္ဂါရပ်များ ဖြစ်ကြပေသည်၊ သာသနာစောင့် သီလဝန္တ ရဟန်းသံဃာတော်များကို လေးစားကြည်ညို ရိုသေစွာ တရားနာယူခြင်း, သာသနဓမ္မနှင့် ပတ်သက်၍ အမေးပုစ္ဆာ ပြဿနာများကို မေးလျှောက်နာယူခြင်းသည် တရားအဆင့်အတန်း အထက်တန်းသို့တက်လှမ်းလိုသော ဗုဒ္ဓဘာသာဝင် ဥပါသကာ ဥပါသိကာမများအဖို့ မရှိမဖြစ် ရှိရမည့် အင်္ဂါရပ်များ ဖြစ်ပေသည်၊ ကြွင်းသော အင်္ဂါနှစ်ရပ်သည်လည်း ဤအထက်ပါ အင်္ဂါတို့၌ပင် အကျုံးဝင်ပြီး ဖြစ်သွားလေသည်။
သမ္မာဒိဋ္ဌိဟူသည် အဘယ်နည်း
၂၁။ “သမ္မာဒိဋ္ဌိ”ဟူသော စကားလုံး၌ “ဒိဋ္ဌိ”ဟူသော စကားလုံးသည် အမြင်, မြင်ခြင်းပင် ဖြစ်သည်၊ သို့သော် ဤအမြင်သည်ကား မျက်စိဖြင့် မြင်နိုင်သည့်အမြင်မျိုး မဟုတ်၊ ပညာဉာဏ်ဖြင့် မြင်သော အမြင်မျိုး ဖြစ်သည်၊ ဒိဋ္ဌိ အမြင်ဟူသော စကားအရ ဘာကိုမြင်သည် ဆိုသည့် အမြင်ခံရမည့်အချက် ရှိရမည်ဖြစ်ကြောင်း သိနိုင်ပေသည်၊ ယင်းကဲ့သို့ မြင်ရမည့်အရာနှင့် မြင်ပုံ မြင်နည်းမှန်ကန်မှုကို “သမ္မာ”ဟူ၍ ဆိုပေသည်၊ မြင်ရမည့်အရာလည်း မမှန်, မြင်ပုံမြင်နည်းလည်းမမှန်ပါလျှင် သမ္မာမဟုတ်ဘဲ ၎င်း၏ဆန့်ကျင်ဘက် မိစ္ဆာ ဖြစ်လေသည်၊ သို့ဖြစ်သောကြောင့် “သမ္မာဒိဋ္ဌိ” နှင့် “မိစ္ဆာဒိဋ္ဌိ” သည် အလွန်မတည့်သောသဘာဝနှစ်ရပ် ဖြစ်လေသည်၊ “သမ္မာဒိဋ္ဌိ သမ္မာဒိဋ္ဌိ”ဟု ဆိုပြီး မြင်ရမည့်အရာနှင့် မြင်ပုံမြင်နည်း မမှန်မကန် ဖြစ်နေပါကလည်း အမှန်တကယ် သမ္မာဒိဋ္ဌိမဟုတ်ဘဲ မိစ္ဆာဒိဋ္ဌိ ဖြစ်နေတတ်ပေသည်၊ ဤသို့မိစ္ဆာအမြင် ဖြစ်နေလျှင် “သမ္မာဒိဋ္ဌိ”ဟူသော ဝေါဟာရသည် အနှစ်သာရ မရှိဘဲ အလွန်ချူချာသည့်ကလေးကို မောင်သံချောင်းဟု ခေါ်ဆိုထားသကဲ့သို့ ရုဠှီ(အထင်စွဲ)စကားသာ ဖြစ်ပေသည်။
၂၂။ ဤကဲ့သို့ သမ္မာဒိဋ္ဌိနှင့် စပ်လျဉ်း၍ မှားယွင်းတိမ်းစောင်း ချွတ်ချော်မရှိစေရန် မြတ်စွာဘုရားသည် အမှန်မြင်ရမည့် အရာများနှင့် အမှန်မြင်ပုံမြင်နည်းတို့ကို အထူးတလည် ဟောကြားတော်မူခဲ့လေသည်၊ မူလပဏ္ဏာသပါဠိတော် သမ္မာဒိဋ္ဌိသုတ်(၁)၌ မြင်ရမည့် အမှန်တရားများနှင့် မြင်ပုံမြင်နည်းတို့ကို အောက်ပါအတိုင်း ဟောကြားထားပေသည်။
သမ္မာဒိဋ္ဌိ-ဟူသည်ကား အကုသိုလ်နှင့်ကုသိုလ်၏ အကြောင်းရင်းမူလ, ကုသိုလ်နှင့် ကုသိုလ်၏ အကြောင်းရင်း မူလတို့ကို မှန်ကန်စွာသိမြင်ခြင်း, အာဟာရ၏ အကြောင်းရင်း, အာဟာရ၏ ချုပ်ငြိမ်းခြင်း, အာဟာရချုပ်ငြိမ်းခြင်းသို့ ရောက်စေတတ်သော အကျင့်မှန်တို့ကို သိမြင်ကျင့်ကြံခြင်း, ဆင်းရဲခြင်း အမှန်တရား=ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း၏အကြောင်း အမှန်တရား=သမုဒယသစ္စာ၊ ဆင်းရဲဒုက္ခချုပ်ငြိမ်းခြင်း အမှန်တရား=နိရောဓသစ္စာ၊ ထိုနိရောဓသစ္စာသို့ ရောက်ရာရောက်ကြောင်းဖြစ်သော အကျင့်တရား=မဂ္ဂသစ္စာတို့ကို သိမြင်ခြင်း, ဤသို့ မသိသေးလျှင် သိအောင်အားထုတ်ခြင်း, အိုခြင်းနှင့်သေခြင်း, ထိုအိုခြင်းနှင့် သေခြင်းအကြောင်းတရား၊ အိုခြင်းနှင့် သေခြင်း၏ ချုပ်ငြိမ်းခြင်းတရား၊ ထိုအိုမှု သေမှု ကင်းမဲ့ရာ ချုပ်ငြိမ်းရာသို့ ရောက်စေတတ်သော အကျင့်တရားတို့ကို သဘောပေါက်နားလည်ခြင်း သိမြင်ခြင်းတို့သည်ကား မှန်သောအမြင် ဖြောင့်သော အမြင်တို့ဖြစ်ပေသည်၊ ထိုသို့သော သမ္မာဒိဋ္ဌိ အမြင်မျိုးရှိသူဖြစ်လျှင် ဗုဒ္ဓတရားတော်များကို ဝေဖန်ပုတ်ခတ်ခြင်း, အထွန့်တက်ခြင်း မရှိ၊ မတုန်မလှုပ် တည်တည်ငြိမ်ငြိမ် သက်ဝင်ယုံကြည်သူ ဖြစ်လာပေသည်၊ ဘုရားရှင် အဆုံးအမကို အပြည့်အဝ ခံယူသူ ဖြစ်လာပေသည်။
၂၃။ တနည်းအားဖြင့် သမ္မာဒိဋ္ဌိသည် ကမ္မဿကတာသမ္မာဒိဋ္ဌိ, ဒသဝတ္ထုကသမ္မာဒိဋ္ဌိ၊ စတုသစ္စသမ္မာဒိဋ္ဌိဟူ၍ (၃)မျိုးရှိလေသည်၊ ထို(၃)မျိုးတို့တွင် သတ္တဝါတို့သည် မိမိတို့ ပြုလုပ်သော ကုသိုလ် အကုသိုလ်ကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ကံသာလျှင် အမိ, ကံသာလျှင်အဖ ဖြစ်ကြကုန်၏၊ ကံ၏ ကောင်းမွေ ဆိုးမွေကိုသာ ခံစံကြရကုန်၏၊ ကံသာလျှင်အကြောင်းအရင်း ရှိ၏၊ ကံသာလျှင် ဆွေမျိုး ဖြစ်၏၊ ကံသာလျှင် ကိုးကွယ်ရာ အားထားရာ ဖြစ်၏၊ မည်သူမဆို မည်သူမပြု မိမိမှုဆိုသည့်အတိုင်း မိမိပြုလုပ်သောကံ၏ ကောင်းမွေ ဆိုးမွေကို မချွတ်ဧကန် ခံရမည်ဟု မြင်သော အမြင်မျိုးသည် သမ္မာဒိဋ္ဌိ(မှန်သော အမြင်) ဖြစ်ပေသည်၊ ဤတွင် သတ္တဝါတို့ပြုလုပ်သော ကံတရားသည် အမြင်ခံရမည့်တရား ဖြစ်၏၊ ထိုကံ၏ အစွမ်းသတ္တိရှိပုံကို မြင်ခြင်းသည် မှန်ကန်သော မြင်ပုံ မြင်နည်း ဖြစ်ပေသည်။
၂၄။ ဒသဝတ္ထုကသမ္မာဒိဋ္ဌိဆိုရာ၌ မှန်မှန်ကန်ကန် မြင်ရမည့် အချက်ဆယ်ရပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ ယင်း အချက်ဆယ်ရပ်အပေါ် မှန်ကန်သောမြင်ပုံ မြင်နည်းနှင့် ဆက်စပ်၍ ဤသို့ သိမှတ်အပ်၏၊ ပေးလှူမှု, အပူဇော်ကြီး ပူဇော်မှု, သာမညပူဇော်မှု, သုစရိုက်ဒုစရိုက် ပြုလုပ်မှု၏ အကျိုးရင်းအကျိုးဆက်, မိဘကို ပြုစုလုပ်ကျွေးမှု၏ အကျိုး, ငရဲ ပြိတ္တာ နတ်သိကြား ဗြဟ္မာ စသော ဥပပတ်သတ္တဝါများ, ပစ္စုပ္ပန်ဘဝ, တမလွန်ဘဝ, ဤဘဝ, နောက်ဘဝတို့ကို ထူးသောဉာဏ်ဖြင့်သိ၍ ဟောကြားနိုင်သော သူတော်ကောင်း ရဟန်းပုဏ္ဏားများ ရှိမှု၊ ဤဆယ်ချက်သည် ဉာဏ်ဖြင့် မြင်ရမည့် မြင်ကွင်းမြင်ကွက်ဆယ်ချက် ဖြစ်လေသည်၊ ဤမြင်ကွင်း မြင်ကွက်များအပေါ်၌ အကျိုးရှိသည်, ဧကန်ရှိသည်ဟု မြင်လျှင် ထိုအမြင်သည် သမ္မာဒိဋ္ဌိ=မှန်သောအမြင် ဖြစ်သည်၊ ဆိုလိုသည်မှာ အလှူ လှူခြင်း၏ အကျိုးရှိသည်, ကုသိုလ် အကုသိုလ်ကံ၏အကျိုးရင်း အကျိုးဆက် ရှိသည် စသည်ဖြင့် မြင်ခြင်းမျိုးကို ဆိုလိုသည်။
၂၅။ ဆိုခဲ့ပြီး ဒသဝတ္ထုက မြင်ကွင်းမြင်ကွက် ဆယ်မျိုးသည် ဉာဏ်ပညာဖြင့်သာမြင်နိုင်သော အချက်များ ဖြစ်သည်၊ ပကတိမျက်စိဖြင့် မြင်နိုင်သောအချက်မျိုး မဟုတ်ပေ၊ သို့ဖြစ်၍ ပကတိမျက်စိဖြင့် မမြင်ရသည့်အတွက် အကျိုးမရှိ, မုချမရှိဟု ယူဆလျှင် မိစ္ဆာဒိဋ္ဌိ=မှားသောအမြင် ဖြစ်ပေသည်၊ မြင်စရာကားအတူတူပင် ဖြစ်သည်၊ မြင်ပုံမြင်နည်းကို လိုက်၍ သမ္မာနှင့်မိစ္ဆာ ကွဲပြားသွားခြင်းဖြစ်ကြောင်း အထူးသတိချပ်အပ်ပေသည်၊ အလှူ၏အကျိုး ရှိ၏ စသည်ဖြင့် မြင်ခြင်းသည် အဘယ့်ကြောင့် သမ္မာဒိဋ္ဌိ ဖြစ်ရသနည်းဆိုသော် သဘာဝကျသောကြောင့် ဖြစ်သည်၊ သဘာဝအားဖြင့် အကျိုးရှိနေသောကြောင့်ဖြစ်သည်၊ အလှူ၏အကျိုး မရှိ စသည်ဖြင့် မြင်ခြင်းသည် အဘယ့်ကြောင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ရသနည်းဆိုသော် သဘာဝမကျသောကြောင့်, သဘာဝနှင့် လွဲချော်နေသောကြောင့် ဖြစ်သည်၊ ရှိပါလျက် မရှိဟု ထင်ခြင်းသည်သာ အမှားစင်စစ်ဖြစ်ပေသည်။
၂၆။ စတုသစ္စသမ္မာဒိဋ္ဌိဆိုရာ၌ ရုပ်နာမ်ဓမ္မဟူသော ဥပါဒါနက္ခန္ဓာငါးပါး, တဏှာ လောဘ ရုပ်နာမ်ဓမ္မတို့၏ ချုပ်ငြိမ်းမှု, ထိုချုပ်ငြိမ်းမှုကို ရရှိရန် ကျင့်လမ်းကြံလမ်း၊ ဤအချက်လေးရပ်သည် မြင်ရမည့် အချက်လေးရပ် ဖြစ်သည်၊ သို့ဖြစ်၍ မြင်ပုံမြင်နည်းနှင့် စပ်လျဉ်း၍ကား ဥပါဒါနက္ခန္ဓာငါးပါးသည် အမှန်စင်စစ် ဒုက္ခတရားဖြစ်၍ ဒုက္ခဟု မြင်မှသာ သမ္မာဒိဋ္ဌိ(အမြင်မှန်) ဖြစ်ပေသည်၊ ဒုက္ခဟု မမြင်, သုခဟု မြင်လျှင် သဘာဝမကျသည့်အတွက် မိစ္ဆာဒိဋ္ဌိ=မှားသောအမြင် ဖြစ်ပေသည်၊ ထိုနည်းတူ တဏှာသည် ဒုက္ခကို ဖြစ်စေတတ်သော အကြောင်းမှန် ဖြစ်၍ အကြောင်းမှန် ဖြစ်ကြောင်း မြင်လျှင် သမုဒယသစ္စာဖြစ်၍ မှန်သောအမြင် ဖြစ်ပေသည်၊ ထိုနည်းအတူ နိရောဓသစ္စာနှင့် မဂ္ဂသစ္စတို့ကိုလည်း သိအပ်ပေသည်။
၂၇။ တစ်နည်းအားဖြင့် သမ္မာဒိဋ္ဌိကို လောကီသမ္မာဒိဋ္ဌိ, ဗောဓိပက္ခိယသမ္မာဒိဋ္ဌိဟုနှစ်မျိုး ခွဲခြားအပ်၏၊ မိမိပြုသော ကုသိုလ်ကံ အကုသိုလ်ကံသည်သာ ဘဝသံသရာ၌ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာ မှန်ချေသည်ဟု မြင်သောအမြင်မှန်သည် လောကီသမ္မာဒိဋ္ဌိ ဖြစ်ပေသည်၊ ပဋိစ္စသမုပ္ပါဒ်နှင့်တကွ ခန္ဓာ, အာယတန, အနတ္တသဘာဝတို့ကိုမြင်သော အမြင်သည် ဗောဓိပက္ခိယသမ္မာဒိဋ္ဌိ မည်ပေသည်။
သမ္မာဒိဋ္ဌိ အမြင်မှန်အယူမှန်ဖြစ်အောင်လုပ်နည်း
၂၈။ သမ္မာဒိဋ္ဌိ အမြင်မှန်ကို ရရှိအောင် မည်ကဲ့သို့ ရှာဖွေရပုံကို မူလပဏ္ဏာသပါဠိတော်၊ မဟာဝေဒလ္လသုတ်၌ မြတ်စွာဘုရား နည်းပေးတော်မူထားပေသည်။
သမ္မာဒိဋ္ဌိအမြင်မှန်ကို ရလိုသူသည်-
(၁) သဘာဝဓမ္မတို့ကို သိကြားနားလည်သူ, အမြင်မှန်ရှိသူ, အသိစုံသူတို့ထံ ကောင်းစွာ ချဉ်းကပ်၍ နာခံ မှတ်သားခြင်း, (ဤသို့နာခံမှတ်သားသည်ကို “ပရတော ဃောသ”ဟူ၍ ခေါ်ပေသည်။)
(၂) ကောင်းမွန်စွာ နာခံ မှတ်သားပြီးသော တရားဓမ္မတို့ကို အသင့်အလျော်အားဖြင့် နှလုံးသွင်းတတ်ခြင်း, (ဤသည်ကို “ယောနိသော မနသိကာရ”ဟူ၍ ခေါ်သည်။)
ဤ ပရတောဃောသနှင့် ယောနိသောမနသိကာရဟူသော အကြောင်းနှစ်ပါးသည် သမ္မာဒိဋ္ဌိ ထူထောင်ရန်အတွက် အခြေခံအကြောင်း ဖြစ်ကြောင်းသိရပေသည်။
အဆိုပါ အကြောင်းနှစ်ရပ် မရှိလျှင်၊ ဝါ-ချို့တဲ့လျှင် သမ္မာဒိဋ္ဌိ (အမြင်မှန် အယူမှန်) မဖြစ်နိုင်ဟု ဧကန် သိအပ်ပေသည်။
သမ္မာဒိဋ္ဌိကို သုတေသနလုပ်၍ ရကောင်းသလော
၂၉။ ယင်း သမ္မာဒိဋ္ဌိကို အသင့်အတင့်ခံယူခြင်း, ပြင်ဆင်မွမ်းမံခြင်း, လေ့လာအားထုတ်ခြင်းပြုလျှင် စေတာဝိမုတ္တိဟုခေါ်သော ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သော သမာဓိကိုလည်းကောင်း၊ ပညာဝိမုတ္တိဟု ခေါ်သော ကိလေသာတို့မှလွတ်ပြီးသော အရဟတ္တဖိုလ်တည်းဟူသော အကျိုးအာနိသင်ကို လည်းကောင်း မုချ ရရှိစေနိုင်ပေသည်။
သမ္မာဒိဋ္ဌိ အမြင်မှန်ကို ရရှိရေးအတွက် ပြင်ဆင်မွမ်းမံ ပြုရာ၌ အင်္ဂါ(၅)ရပ်ရှိပေသည်၊ ၎င်းတို့မှာ-
(၁) သီလဖြင့် မွမ်းမံခြင်း,
(၂) သုတဖြင့် မွမ်းမံခြင်း,
(၃) ဆွေးနွေးခြင်း သာကစ္ဆာဖြင့် မွမ်းမံခြင်း,
(၄) တည်ကြည်သော သမထဖြင့် မွမ်းမံခြင်း,
(၅) ဝိပဿနာဖြင့် မွမ်းမံခြင်းတို့ ဖြစ်ပေသည်။
ဤ သမ္မာဒိဋ္ဌိ ဖြစ်ပွားကြောင်း အင်္ဂါ(၅)ရပ်တို့ကို မူလပဏ္ဏာသပါဠိတော် မဟာဝေဒလ္လသုတ်၌ပင် ဆက်လက် ဟောကြားထားတော်မူလေသည်။
အထက်ပါ မဟာဝေဒလ္လသုတ်တော်အရ ဘုရားရှင်၏ အဆုံးအမတော်ကို စေ့ငုသေချာစွာ ချင့်ချိန်ကြည့်မည်ဆိုလျှင် သမ္မာဒိဋ္ဌိကို သုတေသနလုပ်၍ မရကြောင်း ပြတ်ပြတ်သားသား သိမြင်ရမည် ဖြစ်သည်။
ဗုဒ္ဓသာသနာတော်၌ ပါဝင်သော စစ်မှန်သော သမ္မာဒိဋ္ဌိကို ရလိုပါမူကား ရိုသေလေးမြတ်စွာ တရားနာယူခြင်း, အသင့်အလျော်အားဖြင့် နှလုံးသွင်းတတ်ခြင်းဖြင့် ရယူရန် ဖြစ်ပေသည်၊ သမ္မာဒိဋ္ဌိဖြစ်ရေးအတွက် တရားနာကြားမှု ဟူသော ပရတောဃောသ, ယထာဘူတကျကျ နှလုံးသွင်း ဆင်ခြင်တတ်မှုဟူသော ယောနိသောမနသိကာရ ဤအချက်နှစ်ရပ်နှင့် ပြည့်စုံရန် လိုအပ်ကြောင်းသိရပေသည်၊ ဤတွင် အရေးကြီးသော အချက်တစ်ရပ်ကို သတိပြုရပေမည်၊ ယင်းကား ဆရာကောင်းဆရာမှန် ရရှိရေးပင် ဖြစ်သည်။
ဆရာကောင်းဆရာမှန်ထံမှ တရားမှန်ကို မကြားမနာရလျှင် အနက် အဓိပ္ပာယ် လွဲချော်မှတ်သားမိနိုင်သည်၊ အနက်အဓိပ္ပာယ် ချွတ်ချော်တိမ်းယိမ်းနေပါလျှင် အသင့်အလျော်အားဖြင့် စဉ်းစားနှိုင်းချိန်နိုင်တော့မည် မဟုတ်ပေ၊ ထို့ကြောင့် ဤသုတ်တော်၌ ဟောတော်မူအပ်သော သမ္မာဒိဋ္ဌိဖြစ်ကြောင်း အင်္ဂါနှစ်ရပ်တွင် ပရတာဃောသ (ဆရာကောင်းဆရာမှန်ထံမှ တရားနာခွင့် ရရှိရေး) သည် အလွန်တစ်ရာ အရေးကြီးလှကြောင်း ထင်ရှားပေသည်၊ ဆရာမမှန်လျှင် သမ္မာဒိဋ္ဌိအသံပေး၍ မိစ္ဆာဒိဋ္ဌိတရားများကိုသာ ဟောနေမည် ဖြစ်ပေသည်၊ ထိုအခါ ထိုသို့သော ဆရာမျိုးကို ကံမကောင်း အကြောင်းမလှသဖြင့် ဆည်းကပ်မိသူများအတွက် “အမှီမကောင်း၊ ယှဉ်မိပေါင်းက၊ အလောင်းတို့လျက်၊ ကျင့်ကောင်းပျက်၏”ဟူသော စကားကဲ့သို့ ဆုံးရှုံးနစ်နာမှုကြီးစွာ ဖြစ်ကြရရှာပေလိမ့်မည်။
မိစ္ဆာဒိဋ္ဌိသုတေသန
၃၀။ ဤကဲ့သို့ သမ္မာဒိဋ္ဌိဆိုနေရင်းက အနှစ်သာရ အထည်ကိုယ်အားဖြင့် သမ္မာဒိဋ္ဌိ မဟုတ်ဘဲ မိစ္ဆာဒိဋ္ဌိ ဖြစ်နေပုံနှင့် ပတ်သက်၍ ဖြစ်တေတ်သော မိစ္ဆာဒိဋ္ဌိများအကြောင်းကို ဓမ္မအမွေဘဏ္ဍာတိုက်ထဲမှ အနည်းငယ် ထုတ်၍ ပြပေဦးအံ့။
မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် သမ္မာဒိဋ္ဌိ ဖြစ်ပုံဖြစ်နည်းသာမက မိစ္ဆာဒိဋ္ဌိဖြစ်ပုံဖြစ်နည်းများကိုလည်း ပြည့်ပြည့်စုံစုံ ထုတ်ဖော် ဟောကြားတော်မူခဲ့ပေသည်၊ သမ္မာဒိဋ္ဌိဘက်၌ အကြွင်းအကျန် မရှိ၊ အမှန်တရားအားလုံးကို ဖော်ထုတ် ပေးတော်မူထားသကဲ့သို့ မိစ္ဆာဒိဋ္ဌိဘက်၌လည်း အမှားဟူသမျှ တစ်ခုမျှ မကျန်ရအောင် အကုန် ဖွင့်ပြထားတော်မူခဲ့သည်၊ ဗုဒ္ဓပိဋကတ်တော်၌ မိစ္ဆာဒိဋ္ဌိအားလုံးကိုဖွင့်ပြထားသော တရားဒေသနာတော်သည်ကား ဒီဃနိကာယ် သီလက္ခန္ဓဝဂ်လာ ဗြဟ္မဇာလသုတ်တော်ပင် ဖြစ်လေသည်၊ ဗြဟ္မဇာလသုတ်၌ မိစ္ဆာဒိဋ္ဌိပေါင်း ၆၂-မျိုးကို ထုတ်ပြတော်မူထား၏၊ ယင်းမိစ္ဆာဒိဋ္ဌိ ၆၂-မျိုးတို့ကား- သဿတဝါဒ (၄)မျိုး၊ ဧကစ္စသဿတဝါဒ (၄)မျိုး၊ အန္တာနန္တဝါဒ (၄)မျိုး၊ အမရာဝိက္ခေပဝါဒ (၄)မျိုး၊ အဓိစ္စသမုပ္ပန္နဝါဒ (၂)မျိုး၊ သညီဝါဒ (၁၆)မျိုး၊ အသညီဝါဒ (၈)မျိုး၊ နေဝသညီ နာသညီဝါဒ (၈)မျိုး၊ ဥစ္ဆေဒဝါဒ (၇)မျိုးနှင့် ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ (၅)မျိုး၊ စုစုပေါင်း (၆၂)မျိုး ဖြစ်လေသည်။
မြတ်စွာဘုရားသည် ကမ္ဘာလောကတွင် ရှိရှိသမျှ မိစ္ဆာဒိဋ္ဌိအားလုံး ဤဗြဟ္မဇာလသုတ်၌ ပါဝင်ပုံကို ဥပမာဆောင်၍ ဖော်ပြတော်မူခဲ့သည်၊ ကျွမ်းကျင်သော ကွန်ပစ်သမားသည် ရေကန်ငယ်တစ်ကန်လုံး လွှမ်းခြုံမိအောင် ကွန်ကို ပစ်လိုက်သောအခါ ရေကန်တွင်းရှိသမျှ ငါးတို့သည် ကွန်အုပ်မိခြင်းကို ခံနေကြရ၍ ကူးလျှင်လည်း ဤကွန်ထဲမှာပင် ကူးကြရသည်၊ ငုပ်လျှင် ပေါ်လျှင်လည်း ဤကွန်ထဲမှာသာ ငုပ်ရပေါ်ရသည်၊ ကွန်မှ မလွတ်နိုင်ကြချေ၊ ဤဥပမာကဲ့သို့ပင် ကမ္ဘာလောကအတွင်းရှိ မိစ္ဆာအယူ မှန်သမျှသည် ဤဗြဟ္မဇာလသုတ် တရားတော်ထဲ၌ အကျုံးဝင်သည်သာ ဖြစ်သည်၊ ဗြဟ္မဇာလသုတ်လာ မိစ္ဆာအယူမှ လွတ်သော မိစ္ဆာဒိဋ္ဌိဟူ၍ မရှိကြောင်း တိကျပြတ်သားစွာ ဟောတော်မူခဲ့ပေသည်။
ဤဗြဟ္မဇာလသုတ်လာ မိစ္ဆာအယူတို့ကို အနည်းငယ်ဖော်ပြရသော်-
သဿတဒိဋ္ဌိ လေးမျိုးအနက် ကြံစည်စူးစမ်းမှုမျှဖြင့် အတ္တနှင့် လောကသည် မြဲ၏၊ နိစ္စတရားဟု ယူသော သဿတဒိဋ္ဌိတစ်မျိုး ပါရှိ၏၊ ဧကစ္စသဿတ လေးဝါဒတွင် ကြံစည်စူးစမ်းမှုဖြင့် ရုပ်မမြဲ နာမ်မမြဲ (အချို့မြဲ အချို့မမြဲ)ဟု ယူသော ဧကစ္စသဿတဒိဋ္ဌိတစ်မျိုး ပါရှိ၏၊ အဓိစ္စသမုပ္ပန္နခေါ် အကြောင်းမရှိ နှစ်ဝါဒတွင် ကြံစည်စူးစမ်းမှုဖြင့် အတ္တနှင့်လောကသည် ဘာအကြောင်းမျှ မရှိ၊ (အတိတ်ဘဝ စသည် မရှိ) သူ့ဟာသူ ဖြစ်လာသည်ဟု ယူသောအယူ ပါရှိ၏၊
ဒီဝါဒ (၁၆)မျိုးတွင် ရုပ်သည် သေပြီးသည့်နောက် မပျက်စီးဟု ယူသော အယူဝါဒတစ်မျိုး ပါရှိ၏၊ ဥစ္ဆေဒဒိဋ္ဌိ(၇)မျိုးတွင် မဟာဘုတ်ရုပ်လေးပါး အစုအဝေးသည် သေပြီး ပြတ်၏၊ (နောက်ဘဝ မရှိ) ဟူသော အယူ ပါရှိ၏၊ ဒိဋ္ဌဓမ္မဝါဒ (၅)မျိုးတွင် လက်ရှိဘဝ၌ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ခံစားနိုင်သမျှ ခံစားမှုသည်သာ မှန်၏ဟု ယူသော အယူနှစ်မျိုး ပါရှိ၏၊
ထိုမိစ္ဆာဒိဋ္ဌိတို့နှင့် ပတ်သက်၍ အကျိုးအပြစ်ကို စိစစ်ဝေဖန်ပြရာတွင် ထိုမိစ္ဆာဝါဒရှင်တို့သည် မိမိတို့အယူကို နှစ်ခြိုက်ဝမ်းသာသည့် ဝေဒနာကို ခံစားကြ၏၊ အမှန်ကို မသိကြသည့်အတွက် အဝိဇ္ဇာနှင့်တဏှာသည် သူတို့ကို ပူးသတ်နေကြ၏၊ သူတို့၏ ဝေဒနာသည် မိစ္ဆာအာရုံကို တွေ့ထိမှုဖဿကြောင့် ဖြစ်ရ၏၊ ထိုသူတို့သည် ဖဿကြောင့် ဒွါရ(၆)ပါးတို့တွင် တွေ့ထိ ခံစားကြကုန်၏၊ ထို့ကြောင့် ထိုမိစ္ဆာဝါဒရှင်တို့သည် ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ, ဗျာဓိ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဟူသော သံသာရဒုက္ခတို့ကို အတောမသတ် ခံစားသွားကြရရှာလေသည်၊ သူတို့သည်ကား သံသရာဝဋ်အတွင်းတစ်လျှောက်မှာ ကရွတ်ကင်းလျှောက် ထာဝရ ကျင်လည်နေကြရတော့သည်၊ ဤကဲ့သို့ ဗုဒ္ဓမြတ်စွာ ဝေဖန်ပြတော်မူသည်။
ထို ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိတို့၏ ဘောင်အတွင်းမှာ ပေါ်ပေါက်သော မိစ္ဆာအယူများလည်း ရှိသေး၏၊ ၎င်းတို့သည်ကား ကံတည်းဟူသော အကြောင်းတရားကိုပယ်သော အကိရိယဒိဋ္ဌိ၊ ကုသိုလ်ကံ, အကုသိုလ်ကံ၏ အကျိုးတရားမရှိဟု အကျိုးကို ပယ်သော နတ္ထိကဒိဋ္ဌိ၊ ကံ-ကံ၏ အကျိုးနှစ်ပါးစုံကို ပယ်သသော အဟေတုကဒိဋ္ဌိတို့ ဖြစ်ပေသည်၊ ဤဒိဋ္ဌိတို့သည် အထက်၌ ဖော်ပြခဲ့သော ဒသဝတ္ထုက သမ္မာဒိဋ္ဌိဆိုင်ရာ အချက်(၁၀)ချက်ပေါ်၌ မှောက်မှောက်မှားမှား မြင်သောအားဖြင့် ဖြစ်ပေါ်လာသော မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပေသည်။
မိစ္ဆာဒိဋ္ဌိနှင့် ပတ်သက်၍ မြတ်စွာဘုရား မှတ်ချက်ချ ဟောကြားထားသော စကားတော်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဧကင်္ဂုတ္တရအပိုင်း၌ ထင်ရှားစွာ ပါရှိလေသည်၊ မြတ်စွာဘုရားစကားတော်ကား ဤသို့တည်း-
နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ မဟာသာဝဇ္ဇံ၊ ယထယိဒံ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိပရမာနိ ဘိက္ခဝေ မဟာသာဝဇ္ဇာနိ၊
ရဟန်းတို့ . . . မိစ္ဆာဒိဋ္ဌိလောက် အပြစ်ကြီးလေးလှသော တခြားသော တရားတစ်စုံတစ်ရာကိုမျှ ငါဘုရား မြင်တော်မမူ၊ ချစ်သားတို့ . . . မိစ္ဆာဒိဋ္ဌိသည် အတိုင်းထက်အလွန် အပြစ်များပြားလှပေသည်။
ထို့ပြင် မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်တစ်ယောက် ပေါ်ပေါက်လာလျှင် ထိုမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်သည် လူအပေါင်းတို့ကို သူတော်ကောင်းတရားမှ ပယ်ရှားပြီး သူယုတ်မာတရား၌တည်စေပုံ စသည်ကိုလည်း ဟောကြားတော်မူပေသည်။
ဤဘုရားရှင်၏ မိန့်တော်သံကို သိမြင်သော ပညာရှိတို့သည် မိစ္ဆာဒိဋ္ဌိ (အမြင်မှားမှု)ကို အထူးရှောင်ကြဉ်ကြလေသည်။
ဝိနစ္ဆယဆရာတော်တို့၏ ဆောင်ရွက်ချက်
၃၁။ ဤ ဝိနစ္ဆယကို ပြုစုကြသော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ဆရာတော်များသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ တစ်သိန်းကျော် သံဃာတော်တို့၏ ကိုယ်စား မိမိတို့အပေါ် ကျရောက်နေသော သာသနာပြု တာဝန်ဝတ္တရားကို ထမ်းဆောင်ကြရသူများ ဖြစ်ပေသည်၊ ဝိဝါဒါဓိကရုဏ်းများ ငြိမ်းအေးသွားစေရန် ဆုံးဖြတ်ပေးရမည့် ကိစ္စ၌ ဆန္ဒ ဒေါသ ဘယ မောဟဟူသော အဂတိတရားလေးပါး ကင်းစင်ရေးကို အထူး သတိချပ်ခဲ့ကြပေသည်။
ချစ်သဖြင့် လိုလားသဖြင့် အဂတိလိုက်ခြင်း, မုန်းတီးသဖြင့် အဂတိလိုက်ခြင်း, ကြောက်ရွံ့ စိုးရိမ်သဖြင့် အဂတိလိုက်ခြင်း, အမှန်ကို မသိသဖြင့် အဂတိလိုက်ခြင်း ဟူသော အမှားတို့ကို ရှောင်ရှားရာ၌ ဗုဒ္ဓသာသနာတော်မြတ်အတွက် သေရေးရှင်ရေးတမျှ အလွန့်အလွန် အရေးကြီးလှသော ကိစ္စတစ်ရပ်ဖြစ်၍ မည်သူကိုမျှ မလိုလား, မည်သူ့ကိုမျှ မေတ္တာမပျက်, မည်သူကိုမျှ မကြောက်ဘဲ မောဟာဂတိတည်းဟူသော မသိမှုအစွန်း လွတ်အောင်သာ အထူးသတိထား ဆောင်ရွက်ကြပေသည်။
ဤကဲ့သို့ ကြီးလေးလှသော သာသနာ့တာဝန်ကို ထမ်းဆောင်ရာ၌ မြတ်စွာဘုရား၏ ရွှေမျက်နှာတော် တစ်ခုတည်းကိုသာကြည့်၍ ဆုံးဖြတ်ချမှတ်ရမည်ကို ကောင်းစွာ နှလုံးပိုက်မိကြသည်၊ ထို့ပြင် မူးယစ်သော သူများသည် အမူးအယစ် ပြေပျောက်သောအခါ ချမ်းသာခြင်းသို့ ရောက်သကဲ့သို့ အမြင်မှား အယူမှား နေသောသူတို့သည် အမြင်မှန်ရောက်၍ ချမ်းသာကြပါစေ ဟူသော မေတ္တာ စေတနာကိုလည်း ထားရှိကြပေသည်။
ယခု ဤရုံးတော်၌ စွဲဆိုထားသော လူသေလူဖြစ်မှုနှင့် ယင်း၏ သက်ဆိုင်ရာဝါဒတို့နှင့် စပ်လျဉ်း၍ စောဒကဆရာတော်တို့က စောဒနာ(၂၁)ချက်ကို စေဒနာကြသည်ဆိုသော်လည်း အမှန်စင်စစ် ၂၁-ချက် မကပေ၊ လိမ္မော်သီးတစ်လုံးတွင် အမွှာများစွာ ပါဝင်သကဲ့သို့ စောဒနာတစ်ခုတွင် အချက်အလက်ပေါင်း မြောက်များစွာ ပါဝင်နေသည်ကို တွေ့ရပေသည်၊ အကြမ်းဖျင်းအားဖြင့်ပါဝင်သော စောဒနာချက်ပေါင်း (၂၄၀)ကျော် ရှိပေသည်။
ဤမျှ ကျယ်ပြန့် များပြားလှသော စွဲချက်တို့ကို မကြွင်းမကျန် ပါဝင်နိုင်ရေး, ဘုရားရှင်၏ အလိုတော်ကျ တည့်မတ် မှန်ကန်စွာ ဆုံးဖြတ် ချမှတ်ပေးနိုင်ရေးတို့အတွက် ဝိနည်းဓိုရ်ဆရာတော်တို့သည် ဤ ကမ္ဘာအေး၌ ဝါဆိုပြီး (၄)လမျှအချိန်ယူလျက် ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ သုံးသပ်ရှုမြင်ခဲ့ကြရပေသည်။
နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကို အဋ္ဌကထာ ဋီကာနှင့်တကွ အပြန်ပြန်အလှန်လှန် သုံးသပ်ဆင်ခြင်ခြင်း, ဆရာစဉ်ဆက် ဆုံးဖြတ်ချက်များကို သုံးသပ်ခြင်း စသည်ဖြင့် လစ်ဟင်းမှု မရှိအောင် နေ့မအား ညမအား ကြိုးစားစိစစ်ခဲ့ကြပေသည်၊ ထိုသို့ စိစစ်ရာ၌ စောဒနာ သောဓနာနှင့် ပတ်သက်၍ ကျမ်းပေါင်း ၂၀၀-ကျော် သုတ်ပေါင်း ၅၀၀-ကျော်ကို အသုံးပြုကာ ညှိနှိုင်းတိုက်ဆိုင် စိစစ်ခဲ့ကြပေသည်။
ထို့ပြင် အချို့အရာ၌ အများ သံသယကင်းရှင်းစေရန် မြောက်ပိုင်းဗုဒ္ဓဘာသာကျမ်းများနှင့် အခြား လောကီကျမ်း အဆိုအမိန့်များကိုလည်း အနည်းငယ်ယူ၍ ဖြေရှင်း စိစစ်ထားပေသည်၊ သို့ရာတွင် ဝိနစ္ဆယ ချမှတ်သောအခါတွင်ကား ထေရဝါဒပိဋကတ် ကျမ်းစာများအရသာ ဆုံးဖြတ်ချက် ချမည်ဖြစ်ပေသည်။
ဤကဲ့သို့ အမှုကို ကိုင်တွယ်ရာတွင် အဓိကရုဏ်းဖြစ်ရာ ဝါဒရေးရာကိုသာ အဓိကထားပြီး စောဒကဘက် စုဒိတကဘက် နှစ်ဘက်လုံးကို မျှမျှတတ ကြည့်ရှုသုံးသပ်ခဲ့ပေသည်၊ စုဒိတကတို့ဘက်မှ အယူအဆရေးရာနှင့် ပတ်သက်၍လည်းကောင်း၊ ချေပသော သောဓနာချက်များနှင့် ပတ်သက်၍လည်းကောင်း မှန်လျှင် မှန်သည့်အလျှောက် လက်ခံရန် အသင့်ရှိခဲ့ကြပေသည်၊ မမှန်လျှင်လည်း မည်သည့်ဘက်က မမှန်သည် ဖြစ်စေ ဘုရားရှင်၏ မျက်နှာတော်ကိုသာ ကြည့်၍ မမှန်ကြောင်း ဆုံးဖြတ်ရန် တိကျပြတ်သားသော အဓိဋ္ဌာန် ရှိပေသည်။
ဤကဲ့သို့ ဝိနည်းဓိုရ်ဆရာတော်များသည် တည်ကြည်ဖြောင့်မတ်သော စိတ်ကို ထားရှိပြီး ပိဋကတ်ကျမ်းဂန်အရ အချိန် လုံလုံလောက်လောက်ယူ၍ စောဒနာ သောဓနာတို့ကို စိစစ်ခြင်းအားဖြင့် ပါသင့်ပါထိုက်သော အချက်အလက်အခြေအနေများ စုံလင်စွာ ပါရှိစေလျက် ဤလူသေလူဖြစ် ဝါဒါနုဝါဒဝိနစ္ဆယကို ချမှတ်တော်မူကြမည် ဖြစ်သည်။
ပုထုဇဉ်တို့ သဘောသည်ကား သန္ဒိဋ္ဌိပရာမာသိတာ-မိမိအမြင်ကို လွဲမှားစွာ သုံးသပ်ခြင်း, အာဓာနဂ္ဂါဟိတာ-မိမိအယူမှ မှန်သည်ဟု စွဲမြဲစွာ ယူခြင်း, ဒုပ္ပဋိနိဿဂ္ဂိတာ-မစွန့်လွှတ်နိုင်လောက်အောင် ဆုပ်ကိုင်ထားခြင်းများ ရှိတတ်ပေသည်။
သို့ရာတွင် ဘယ်သူမပြု မိမိမှု ဟူသော စကားရပ်ကဲ့သို့ ကောင်းမှုကို ပြုလျှင် ကောင်းကျိုး ရရှိခြင်း မကောင်းမှုကို ပြုလျှင် မကောင်းကျိုးကို ရရှိခြင်းသည် ကြားလူ မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်၊ မိမိအမှု မိမိသာလျှင် စီရင်ခြင်းဖြစ်ကြောင်း အသင့်အတင့် နှလုံးသွင်းနိုင်လျှင် သူတော်ကောင်းသဘောသို့ သက်ရောက်ပေလိမ့်မည်။
ဤဝိနစ္ဆယသည်ကား ဝိဝါဒါဓိကရုဏ်း ပြေငြိမ်းစေရေးအတွက် ဓမ္မဝိနယနှင့်အညီ ဝါဒမှန် ပေါ်ထွက်ရေးကိုသာ စူးစိုက်ဆောင်ရွက်ထားခြင်း ဖြစ်ပေသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)စောဒနာအမှတ်(၁)ဘာသာမဲ့ ရုပ်ဝါဒီနှင့်စပ်သော ဝိနိစ္ဆယဘာသာမဲ့ ရုပ်ဝါဒီနှင့်စပ်သော စောဒနာ သောဓနာ ၂-ရပ်ကို ဝိနည်းဓိုရ် ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်။
၁။ စောဒကပုဂ္ဂိုလ်တို့သည် လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ ဘာသာမဲ့ ရုပ်ဝါဒီတို့ ဖြစ်ပုံကို အောက်ပါ အထောက်အထားများ တင်ပြ၍ စောဒနာကြသည်။
(က) “ဒီနေ့ ဗုဒ္ဓဘာသာဆိုတဲ့ လူစားတွေမှာ ဘိန်းနဲ့ ဘိန်းစားလို ဖြစ်နေကြပြီကိုး၊ ဘိန်းဆိုတာ မစားခင်တုံးကတော့ အလကားပေါ့၊ မစွဲပါဘူး၊ ဘိန်းမရှု မစားရလို့ ဘာမျှ မဖြစ်သေးပါဘူး၊ အဲ ဘိန်းကလေး နည်းနည်းဝင်ပြီး စွဲလာပြီဆိုတော့ ဒီဘိန်းကလွဲလို့ တခြားဘာမှလဲ မလိုချင်ဘူး, မကြားလဲ မကြားချင်ဘူး၊ ဘိန်းဆိုတဲ့ ဘိန်းပဲ စွဲတော့တာပဲ၊ သားမယားတောင် ဘိန်းလောက် မမက်တော့ဘူး၊ အခုလည်း ဒို့တစ်တွေမှာ ဘိန်းစွဲနေတဲ့ ဘိန်းစားတွေ ဘိန်းဖြတ်ခိုင်းသလို ဖြစ်နေပြီ၊ ဟို ကွန်မြူနစ်များက ဘာသာဟာ ဘိန်းပဲလို့ ပြောတာ သေသေချာချာ တွေးတော့ တကယ်မှန်တာကိုး ဒကာကြီးရဲ့” (အတွဲ-၁၊အမှတ်-၈၊ သစ္စာဓမ္မရေးရာစာစောင်၊ ဦးဥက္ကဋ္ဌဟောသော ဓမ္မစကြာမှ)
(ခ) “အမှန်မှာ ပြုလုပ်သူ(ကာရက)သည် ရုပ်တုံး ရုပ်ခဲ အစစ် မုချ ဖြစ်၏၊ သို့ဖြစ်လျှင် ခံစားသူ(ဝေဒက)ကော ဘာသဘော ဖြစ်ရမည်နည်း၊ ၎င်းလည်း ရုပ်သဘာဝပင် ဧကန္တ ဖြစ်ရပေမည် (လူသေလူဖြစ်စာအုပ်၊ စာမျက်နှာ-၅၆ မှ)
(ဂ) “ရုပ်သည် အခြေခံဖြစ်၍ ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်တို့သည် ရုပ်ကို မှီရာ တည်ရာထား၍ ဖြစ်ပေါ်လာသော အကျိုးတရား ဝါ-အခိုးသတ္တိ (ဝါ) ရုပ်၏ အဟုန်မျှသာ ဖြစ်ပေသည်”။ (ဦးကိုကိုလေးရေး သုံးဆယ့်တစ်ဘုံဝါဒ ဗုဒ္ဓလက်မခံစာအုပ်၊ နှာ-၂၀၂ မှ)
(ဃ) “အချို့က အရှင်ဘုရားဟာ ရုပ်ကိုသာ ဟောနေတယ်၊ စိတ်ကလေးကို လုပ်အုံးမှပေါ့နဲ့ ပြောနေတယ်၊ ကျုပ်တို့ ဒကာမကြီးတွေက ကောင်းပါပြီ စိတ်ကလေးကို လုပ်ရအောင် ဘယ်မလဲတော့လို့ ပြန်မေးလိုက်ကြရမယ်၊ အလုပ်လုပ်ဆိုတာ တကယ်ရှိတဲ့ ရုပ်ကို ကောင်းအောင် အလုပ်လုပ်ကြရမှာပဲ၊ စိတ်ကို ကောင်းအောင်လုပ်လို့ မရပါဘူး” (ဦးဥက္ကဋ္ဌ၏ အိုယောဂီ သင်ဘယ်ဆီသွားမလဲ၊ နှာ-၈၀၊ ၈၁ မှ)
(င) “နာမ်သည် ဘာလဲဆိုဦး၊ ဤ ဘူတဓာတ်တို့၏ သတ္တိပင် ဖြစ်နေပြန်သည်၊ အကြောင်းမူကား လေနှင့် တေဇော တွေ့လျှင် “အားအသက်”ဟူ၍ဖြစ်သောသတ္တိသည် ရုပ်သဘာဝ၏ ပင်ကိုလက္ခဏာကြောင့်ပင် ဖြစ်သည်၊ ထို ဝါယောနှင့် တေဇောတို့သည် မည်သည့်ဓာတ်စင် ပရမာအနုမြူတွင်မှ သီးခြား ကင်းလွတ်စွာ မရှိ၊ ပ အာ ဝါ တေ တို့မှာ အစဉ်တွဲစပ်နေသောကြောင့် ဖြစ်သည်၊ သို့ဖြစ်ရာ ဘူတဒြဗ်စင် မူလပရမာဏုမြူ သဘာဝအထိ အဆင့်ဆင့် အကဲခတ်လေ့လာသောအခါ ဤဘူတရုပ်တို့ပင် ရုပ်ဟုလည်းကောင်း နာမ်ဟုလည်းကောင်း စသည်ဖြင့် ဖြစ်နေသောကြောင့် အားလုံး ရုပ်သဘာဝ အခြေခံချည်း ဖြစ်နေသည်ကို တွေ့ရပေသည်။” (သခင်မြတ်ဆိုင်၏ ဗုဒ္ဓဝိပဿနာ ပထမတွဲ၊ နှာ-၈၄၊ ၈၅ မှ)
(စ) “ရုပ်နာမ် ၂-ခုမှာ တစ်ခုနှင့်တစ်ခု မကွဲပေ၊ ပရမတ်ပထဝီ, ပရမတ်အာပေါ, ပရမတ်ဝါယော, ပရမတ်တေဇောတို့မှာ အမြဲအတူ အပြေးတညီတည်း ရုပ်လည်း နာမ်, နာမ်သည်ပင် ရုပ်အဖြစ် ဒွန်တွဲကာ အစဉ်အတူ ဖြစ်ပျက်နေသည်ကို တွေ့မြင်မှသာ ချက်ချင်း ဖြစ်သည်ကို ဖြစ်မှန်းသိသည်။ (သခင်မြတ်ဆိုင်၏ ဗုဒ္ဓဝိပဿနာ ပထမတွဲ၊ နှာ-၁၀၃ မှ)
စေဒကပုဂ္ဂိုလ်တို့သည် ဤကောက်နှုတ်ချက်များကို ဖော်ပြ၍ ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် မြတ်ဗုဒ္ဓ မှန်ကန်စွာ ဟောကြားထားသော နာမ်တရားမျိုးကို အသိအမှတ် မပြုကြဘဲ သူတို့၏ ရုပ်ကြမ်းဝါဒီ ဆရာ့ဆရာကြီးများ၏နောက်သို့ ကောက်ကောက်ပါအောင်လိုက်ကာ ဗုဒ္ဓအဘိဓမ္မာသာသနာကို ကျောခိုင်းသူများ ဖြစ်ကြောင်း တင်ပြကြသည်။
၂။ တစ်ဖန် ဝိသေသစောဒနာ၌ “ကမ္မဿ ကာရကော နတ္ထိ, ဝိပါကဿစ ဝေဒကော” စသောဂါထာကို မိမိတို့၏ ရုပ်ဝါဒနှင့် ကိုက်ညီအောင် လိုရာဆွဲ၍ ပြုလုပ်သူ ကာရက, ခံစားသူ ဝေဒကတို့သည် ရုပ်တုံး ရုပ်ခဲ ဖြစ်၏ ဟု ဆိုထားပုံ, ယင်းအယူသည် သက္ကာယဒိဋ္ဌိသာ ဖြစ်၍ အဓမ္မဝါဒ ဖြစ်ကြောင်း၊ ရုပ်လည်း နာမ်, နာမ်လည်း ရုပ်ဟူသော အချက်, နာမ်သည် ရုပ်၏ အခိုးသတ္တိ, ရုပ်၏ အဟုန်ဟူသော စကားသည် ပိဋကတ်ကျမ်းဂန်နှင့် မညီသော စကားသာဖြစ်ကြောင်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကို ကိုးကား၍ တင်ပြသွားကြသည်။
၃။ ထို့ပြင် ဘာသာသည် ဘိန်းနှင့် မတူပုံ၊ ရတနာသုံးပါးအပေါ်၌ သက်ဝင်မှုသည် သဒ္ဓါတရားသာ ဖြစ်၍ ယုံကြည်မှု အစွဲ မဟုတ်ပုံ၊ ထက်သန်သော ယုံကြည်မှု, သန့်ရှင်းသော သဒ္ဓါတရားသာ ဖြစ်ကြောင်း အဂ္ဂပသာဒသုတ်ကို ကိုးကား၍လည်းကောင်း၊ ဘိန်းသည် စွဲလာသောအခါ အကျိုးမဲ့ကို ဖြစ်စေတတ်သော်လည်း ရတနာသုံးပါး ယုံကြည်ကိုးကွယ်မှုမှာကား ချမ်းသာသုခကိုသာ ပေးတတ်ကြောင်း မဟာနာမသုတ်ကို ကိုးကား၍လည်းကောင်း တင်ပြကြပြီး ဗုဒ္ဓဘာသာကို ဘိန်းနှင့်တူသည်ဟု ဆိုခြင်းသည် သာသနာတော်ကို ပြစ်မှားလိုသော ပဒုဋ္ဌစိတ်ဖြင့် စွပ်စွဲခြင်း ဖြစ်၍ အဓမ္မဝါဒသာ ဖြစ်ကြောင်း စောဒနာကြသည်။
စုဒိတကတို့၏ ချေပချက်
၄။ စုဒိတကတို့တွင် သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့ကသာ ချေပဖြေဆို၍ ရွှေအဘိဓမ္မာ ဦးရွှေပြည်နှင့် ဦးဆန္ဒာဓိက ၂-ဦးတို့က မချေပကြချေ၊ ဗရှးဦးစွာ သခင်မြတ်ဆိုင်က ဘာသာနှင့် သာသနာ စကား ၂-ရပ်တွင် ဘာသာကိုပယ်၍ သာသနာကို လက်ခံကြောင်း အောက်ပါအတိုင်း ချေဆိုသွားသည်။
“ဘာသာဆိုသော စကားမှာ ထာဝရဘုရားအယူမှ ဆင်းသက်လာသော အတ္တဝါဒအခြေခံဖြစ်၍ သာသနာဝင်အနေဖြင့် လက်မခံပါ ဘုရား၊ ယခုလက်ရှိ ဘာသာဆိုသည်မှာကာ ဗုဒ္ဓဟော, ဗြာဟ္မဏဟော, ဝေဒဟော အဟော ၃-မျိုး စုပေါင်းကာ အားလုံး ပိဋကတ်တွင် ပါဝင်နေသော အဆိုအမိန့်များ ဖြစ်ကြပါသည်၊ သံသရာလည်စေတတ်သော တရားများဖြင့် ရှုပ်ထွေးနေပါသည် ဘုရား၊ ထို့ကြောင့် ဘာသာဟူသော အယူကို လက်မခံပါ။ သာသနာတည်းဟူသော သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ရာ, ဒုက္ခငြိမ်းရာ, ကိလေသာကုန်ခန်းရာ တရားများကိုသာ လက်ခံပါသည် ဘုရား”ဟု ဆိုကာ အင်္ဂုတ္တိုရ် တယောဓမ္မသုတ်ကို ကိုးကားတင်ပြ ချေပသွားခဲ့ပေသည်။
၅။ သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့က “စောဒကဆရာတော်တို့သည် ဘာသာနှင့် သာသနာ မကွဲသောကြောင့် ဆတ်ဆတ်ခါ နာကျည်းကာ မှားယွင်းစွာ စောဒနာတင်မိကြပါသည်၊ ဘာသာဟူသည်မှာ (Religious) ဟူသော စကားလုံးမှ ဖြစ်ပေါ်လာပါသည်”ဟု ဆိုကာ ယင်းစကားလုံး၏ အနက်အဓိပ္ပာယ်ကို အင်္ဂလိပ်အဘိဓာန်ကျမ်းလာ-တိုက်ရိုက်အဖွင့်နှင့် အခြားအဆို ၈-မျိုးကို ဦးဥက္ကဋ္ဌ၏ ကပ္ပပြဿနာမှ ထုတ်၍ တင်ပြသွားကြသည်။
၆။ အထက်ပါ စောဒနာ သောဓနာတို့နှင့် စပ်လျဉ်း၍---
(က) ဦးဥက္ကဋ္ဌနှင့်တကွ စုဒိတက သခင်မြတ်ဆိုင်, သမ္မာဒိဋ္ဌိသုတေသနသုတေသီ ဆိုသူတို့၏ ဝါဒသည် ရုပ်ဝါဒ ဟုတ် မဟုတ်၊
(ခ) ဗုဒ္ဓဘာသာသည် ဘိန်းနှင့် တူသည်ဆိုသော ရီလီဂျင်းခေါ်သော ဘာသာရေးမျိုး ဟုတ် မဟုတ်နှင့် ဦးဥက္ကဋ္ဌသည် ဗုဒ္ဓဘာသာကို ပုတ်ခတ်ခြင်း ဟုတ် မဟုတ်၊
(ဂ) အမျှော် အကြောက်, ငရဲဘုံ နတ်ဘုံ စသည်နှင့် ပတ်သက်၍ ပိဋကတ်စာပေအရလည်းကောင်း, လောကီပညာများအရလည်းကောင်း သိရမည့် အချက်များနှင့်၊
(ဃ) ဘာသာနှင့် ပတ်သက်၍ သခင်မြတ်ဆိုင်၏ ချေပလွှာ သောဓနာချက်သည် မှန် မမှန်၊
(င) ရုပ်ဝါဒီများသည် ဗုဒ္ဓဘာသာ ဟုတ် မဟုတ်၊ ရုပ်ဝါဒအမြင်ဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓဓမ္မ ဗုဒ္ဓပိဋကတ်တော်များကို ဝေဖန်ခြင်းသည် တရား မတရား၊
ဤအချက်တို့ကို အလေးထား၍ သီးခြားဝိနည်းဓိုရ် ဆရာတော်များက သုံးသပ်ဆုံးဖြတ်ကြမည် ဖြစ်ပေသည်။
ဘာသာဟူသော စကားလုံးနှင့်စပ်၍ စိစစ်ချက်
၇။ စုဒိတက သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့ ထုတ်ပြသွားသော (ရီလီဂျင်း) ဘာသာဟူသော စကားလုံး၏ အနက်အဓိပ္ပာယ်များမှာ ၂၀-ရာစုနှစ် အစပိုင်း လောက်က ပြောခဲ့ကြ ဖွင့်ဆိုခဲ့ကြသော အနက်များ ဖြစ်၍ ယနေ့ ၂၀-ရာစုကုန်ခါနီးကာလ၌ ခေတ်မမီတော့ပေ၊ ၎င်းပြင် စကားတစ်လုံး၏ အနက်ကို ဖွင့်ရာ၌ Literal Meaning = စကားလုံး၏ တိုက်ရိုက် အနက်နှင့် Derivative Meaning = ဆင့်ပွားအနက် ၂-မျိုးလုံးကို ဖွင့်ပြမှ ပြည့်စုံနိုင်သည်၊ တစ်ခုခုကိုသာ ဆုပ်ကိုင်၍ ဆိုချေသော် အမှားသို့ ရောက်တတ်ပေသည်၊ ယခု စုဒိတကတို့ ဆိုခဲ့သော အနက်များမှာ မူလအနက်များ ဖြစ်၍ ခေတ်အလျောက် ဆင့်ပွားပြောင်းလဲလာသော အနက်များ မပါဘဲ ကြွင်းကျန်နေပေသည်၊ ထို့ကြောင့် မပြည့်စုံပေ။
၈။ ဤနေရာ၌ လန်ဒန်သား ဗုဒ္ဓဝါဒီ စစ်စစ်ကြီး ဖြစ်သော ပါဠိစာပေအသင်းကြီး၏ အတွင်းရေးမှုးဖြစ်သော ကွယ်လွန်သူ Mr.Iggleden ဆိုသူ ပညာရှင်ကြီး၏ အဘိဓမ္မတ္ထသင်္ဂဟကျမ်း အဖွင့်နိဒါန်း ရေးသားချက်မှ Religious ”ဟူသော စကားလုံး၏ ခေတ်မီသော ဝြိုဂိဟ် (ဝါ) ပရိဘာသာကို ထုတ်ပြပေအံ့-
(A) The world Religion is derived from Latin Religionem and Relegere. The first is quite clear it means; reverance to the gods, fear of god, conciousness of wrong, religious scruple. The second though quite different, is equality clear, it means to gather together, to collect, to ponder over to give heed, to observe, care for.
(က) Religious ဟူသော စကားလုံးသည် လာတင်ဘာသာ Roligionem ဟူသော ပုဒ်, Relegere ဟူသော ပုဒ်များမှ ဆင်းသက်လာသည်၊ ပထမစကားလုံးသည် အဓိပ္ပာယ်ရှင်းသည်၊ ဆိုလိုသည်မှာ နတ်များကို ရိုသေခြင်း, နတ်ဘုရားကို ကြောက်ရွံ့ခြင်း, မှားယွင်းသော ကိုးကွယ်မှုနှင့် စပ်သည့် ကြောက်ရွံ့ထိတ်လန့်စိတ် ဟူ၍ ဖြစ်ပေသည်၊ ဒုတိယစကားလုံးသည် အဓိပ္ပာယ် အတော်ကွဲပြားသွားသော်လည်း ရှင်းပေသည်၊ ဒုတိယစကားလုံး၏ အနက်မှာ အတူတကွ စုပေါင်းခြင်း, ရွေးကောက်ခြင်း, တွေးတောစဉ်းစားခြင်း, ဂရုထားခြင်း, ကြည့်ရှုသုံးသပ်ခြင်း, သတိပြုခြင်း ဟူ၍ ဖြစ်ပေသည်။
(B) With two equally valid, yet so very different way of defining religion it is without doubt a prectical thing to do to look at the Buddhist teaching on a comparative basis to see in accordance with which definition it should be understood and as the outcome of that how its study should be approached. What then can be said to define the characteristics of Buddhism as a religion?
(ခ) တန်းတူညီတူ ခိုင်လုံသလောက် အဓိပ္ပာယ်ခြားနားလှသော ရီလီဂျင်း ဝြိုဂိဟ် ၂-ခုနဲ့ စပ်ပြီး နှိုင်းယှဉ်လေ့လာတဲ့ အခြေခံမူအရ မည်သည့်ဝြိုဂိဟ်ဖြင့် ဗုဒ္ဓဓမ္မကို နားလည်ရမည်၊ ယင်း၏ အကျိုးဆက်အဖြစ် ထိုဗုဒ္ဓဓမ္မကို ဘယ်ပုံဘယ်နည်း လေ့လာရမည်ဆိုတာကို ရှုမြင်သုံးသပ်ခြင်းဟာ ပထမဆုံးလက်တွေ့ လုပ်ရမည့်အချက် ဖြစ်တယ်ဆိုတာ သံသယရှိဖွယ် မလိုပါ၊ ယင်းသို့ဖြစ်လျှင် ဗုဒ္ဓဓမ္မ၏ လက္ခဏာတို့ကို ရီလီဂျင်းအဖြစ် ဝြိုဂိဟ်ပြုရန် မည်သို့ ဆိုနိုင်ပါသနည်း။
(C) Buddhism is a religious system which is no way seeks to discuss a relationship existing between mankind and a deity; rather it sets out to view the conditions existing both within oneself and without examining the relationships between them seeking to observe and comprehend in results the nature of the causes governing them and pointing to the way by which the Tangle caused by ignorance may be unravelled and a stable atate attained, void of conditioning influences. It seeks then to view clearly and with acute penetration all that is of the mind and all that is of material qualities, and unclouded by ignorance, to see them as they are in realith.
(ဂ) ဗုဒ္ဓဓမ္မသည် လူသားနှင့် နတ်ဗြဟ္မာတို့အကြား၌ ရှိနေသော အဆက်အသွယ်ကို မည်သည့်နည်းနှင့်မျှ မဆွေးနွေးသော ဘာသာရေး သဘောတရားတစ်ခု ဖြစ်သည်၊ စင်စစ်မှ သတ္တဝါတစ်ဦးတစ်ယောက်၏ အတွင်းအပြင်၌ ရှိနေသော အခြေအနေများကို ရှုမြင်သုံးသပ်သော ယင်းအတွင်းအပြင်နှစ်ခု၌ ရှိနေသော အဆက်အသွယ်ကို စုံစမ်းစစ်ဆေးသော, ယင်းတို့ကို အုပ်စိုးခြယ်လှယ်နေသည့် အကြောင်းတရားတို့၏ သဘောသွားကို အကျိုးမှနေ၍ ရှုမြင်သုံးသပ်သော, အဝိဇ္ဇာ (မသိနားမလည်မှု)က ဖန်တီးပေးလိုက်သည့် အရှုပ်အထွေးကို ဖြေရှင်းပုံ နည်းလမ်းညွှန်ပြသော, တည်ငြိမ်သောအခြေအနေကို ရပုံရနည်း ဖော်ပြသော, (အပြင်အပမှ)အကြောင်းပြုဖန်တီးသော (ဗြဟ္မာ, ဗိဿနိုး, တန်ခိုးရှင်, ထာဝရ, ခိုဒါ စသည်တို့၏) ဩဇာအာဏာ မရှိပုံကို ဖော်ပြသော ဘာသာရေး သဘောတရား ဖြစ်သည်။
(D) The Buddha’s teaching is therefore a process which by a proper practice in gaining understanding of the true nature all there is , Leads to the stable state. It, as this statement makes clear, the Buddha’s teaching is shown to be the gaining of understanding of the True nature of all there is of mind and material qualities, then clearly it is the second definition of religion that is most nearly applicable to it, i.e; to gather together, collect, ponder over, to give heed to, observe, and care for.
(ဃ) ထို့ကြောင့် ဗုဒ္ဓဓမ္မသည် သင့်တော်သော အလေ့အကျင့်အားဖြင့် အရာအားလုံး၏ သဘာဝမှန်ကို နားလည်မှု ရရာရကြောင်း ဖြစ်ပြီး တည်ငြိမ်သော အခြေအနေကို ဖော်ဆောင်သော ကျင့်စဉ်တစ်ခုဖြစ်သည်၊ ဤအဆိုအရ ဗုဒ္ဓဝါဒသည် ရုပ်နှင့်နာမ်ရှိသမျှ အားလုံး၏သဘာဝမှန်ကို နားလည်မှု ရစေတတ်သောဝါဒ ဖြစ်ကြောင်း ဖော်ပြနိုင်ပါလျှင် ဒုတိယဝြိုဂိဟ်သည် ဗုဒ္ဓဓမ္မနှင့် အတော်ကိုက်ညီသော ရီလီဂျင်း၏ ဝြိုဂိဟ် ဖြစ်သည်၊ ယင်းသည်ကား အဆက်မပြတ် စုဆောင်းခြင်း, တွေးခေါ်စဉ်းစားခြင်း, ဂရုဓမ္မပြုခြင်း, စေ့စပ်စွာလေ့လာခြင်း, သတိရှိခြင်းပင် ဖြစ်သည်။
၁၂။ ယင်းသို့ဆိုလျှင် ဤဒုတိယဝြိုဂိဟ်အရ ဗုဒ္ဓဝါဒကို (ရီလီဂျင်း) ဘာသာတရားဟု ရဲရဲဆိုနိုင်တော့သည်၊ ဤသို့ ဗုဒ္ဓဝါဒကို ရီလီဂျင်း (ဘာသာတရား)ဟု ဆိုလိုက်သဖြင့် ထာဝရဝါဒီတို့၏ နတ်ဘုရားများကို ယုံကြည်ခြင်း, ကြောက်လန့်ခြင်း, ဆုတောင်းခြင်း, ကိုးကွယ်ဝတ်ပြုခြင်း ဟူသော Rite and Rituaနှင့် လုံးလုံး မဆက်စပ်သော ဗုဒ္ဓတရားတော်ကို မိမိရရ ကျနပိုင်ပိုင် ဆိုနိုင်လေတော့၏၊
၁၃။ တစ်ကြောင်းမှာလည်း ဘာသာဟူသော စကားလုံးသည် ပါဠိစကားမှ ဆင်းသက်လာသည်၊ ဘာသီယတေ ကထီယတေတိ ဘာသာ၊ ဗုဒ္ဓဿ ဘာသာ ဗုဒ္ဓဘာသာ-ဗုဒ္ဓရှင်တော်မြတ် ဟောပြောတော်မူအပ်သောကြောင့် ဗုဒ္ဓ၏ အဆုံးအမဟူသမျှ, စကားတော်ဟူသမျှသည် ဗုဒ္ဓဘာသာ မည်၏၊ ယင်းကို အင်္ဂလိပ် ဘာသာအားဖြင့် Buddhism or Buddha’s teaching ဟု ခေါ်ဆိုရသည်၊ ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားတို့၏ အလယ်တွင် ဗုဒ္ဓဘာသာ ဟု ဆိုလိုက်သည်နှင့်တစ်ပြိုင်နက် ဗုဒ္ဓရှင်တော်မြတ်၏ အဆိုအဆုံးအမ တရားစကား ဗုဒ္ဓသာသနာ ဟူသော အနက်အဓိပ္ပာယ်ကို ယခုအခါ၌ တစ်ချက်တည်း နားလည်သွား၏၊ ထိုမှတဆင့် ရတနာသုံးပါးကို ယုံကြည်အားထား ပွားများဆည်းကပ်ခြင်းကို သဘောပေါက်သွားတော့၏၊ ရီလီဂျင်းမှ လာသော ဘာသာအယူဟူသော အနက်အဓိပ္ပာယ်မှာ စပ်ဟပ်ဖာထေး ဆွဲယူ၍ ပြောမှ နားလည်ရသော အနက်အဓိပ္ပာယ်မျိုးသာ ဖြစ်လေတော့သည်။
၁၄။ ဥပမာ ရူပါဒီသု သဉ္ဇန္တိ သတ္တာ=ရူပါရုံ စသည်တို့၌ စွဲလမ်းကပ်ငြိတတ်သောကြောင့် အလုံးစုံသော လူနတ် စသည်တို့သည် သတ္တ (သတ္တဝါ)မည်ကုန်၏၊ ဤဝစနတ္ထအရ မူလအနက်အားဖြင့် ရူပါရုံ အစရှိသော အာရုံငါးပါး ကာမဂုဏ်တရားတို့၌ စွဲလမ်းကပ်ငြိတတ်သော သတ္တဝါတို့ကိုမှ သတ္တဟုခေါ်ဆိုရသော်လည်း (နိစ္ဆန္ဒရာဂ) ရူပါရုံ စသည်တို့၌ စွဲလမ်း ကပ်ငြိခြင်း မရှိသောရဟန္တာတို့ကိုလည်း အတွင်ရုဠှီအားဖြင့် သတ္တ ဟု ခေါ်ဆိုရသကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် “သကတ္ထကြောင့် ရသည့်ပညတ်၊ သကတ်ပျောက်လျက်၊ မည်မပျက်၊ သက်သက်အတွင် ရုဠှီတည်း”ဟု ရှေးဆရာတော်များ နိယာမ်လင်္ကာ မိန့်မှာမြွက်ကြားတော်မူခဲ့ကြသည်၊ ဆိုလိုသည်မှာ-ကိုးကွယ်ဝတ်ပြုခြင်း, ဆုတောင်းခြင်းအနက်ထွက်သော ရီလီဂျင်း ဟူသော စကားလုံးမှာ ဖလှယ်ထားသည်ဆိုသော်လည်း ဗုဒ္ဓဘာသာဟူသော စကားကို ဆိုလိုက်သည်ရှိသော် ယခုအခါ ထိုမူလအနက် ပျောက်ပျက်၍ ရတနာသုံးပါး ကိုးကွယ် ဆည်းကပ်ခြင်း, ဗုဒ္ဓအဆုံးအမကို လိုက်နာကျင့်သုံးခြင်းဟူသော အနက်, ယင်းဗုဒ္ဓဘာသာကိုခံယူသော ဘာသာဝင်ဟူသော အနက်တို့မှာ အများတကာတို့တွင် တွင်ကျယ်နေသော အမည်ပညတ်တစ်ခု ဖြစ်တော့သည်၊ ဘာမျှ ပင်မရေသောက်မြစ်အနက်ကို ထုတ်ဖော်နေဖွယ် မလိုဟု ဆိုလိုပေသည်။
၁၅။ ထို့ကြောင့် ဗုဒ္ဓတရားတော်ကို ရည်ညွှန်း၍ ဦးဥက္ကဋ္ဌကိုယ်တိုင်-
“ဒီနေ့ ဗုဒ္ဓဘာသာဆိုတဲ့ လူစားတွေမှာ ဘိန်းနှင့် ဘိန်းစားတွေလိုဖြစ်နေပြီကိုး၊ . . . အခုလည်း ဒို့ လူတွေမှာ ဘိန်းစွဲနေတဲ့ ဘိန်းစားတွေ ဘိန်းဖြတ်ခိုင်းသလို ဖြစ်နေပြီ၊ ဟို ကွန်မြူနစ်များက ဘာသာဟာ ဘိန်းပဲလို့ ပြောတာ သေသေချာချာ တွေးတော့ ဒီနေရာမှာ တကယ်မှန်တာကိုး ဒကာကြီးရဲ့”
ဟု သစ္စာဓမ္မရေးရာစာစောင်တွင် ပါသည့်အတိုင်း ပြောဟောခဲ့ခြင်း ဖြစ်သည်၊ မှန်လှ၏-စုဒိတကတို့က “ဘာသာဟူသော စကားကို ထာဝရဝါဒီတို့ကို ရည်ရွယ်၍ဆိုသော စကားပါ”ဟု ဆင်ခြေပေးသော်လည်း အထက်ပါ ဦးဥက္ကဋ္ဌ၏စကား၌ “ဒီနေ့ ဗုဒ္ဓဘာသာဆိုတဲ့ လူစား”ဟု တိုက်ရိုက်ပင် ဆိုလိုက်သဖြင့် မည်သို့မှ မငြင်းသာတော့ပေ၊ မြတ်စွာဘုရား၏ တရားတော်ကို ရိုသေလေးစား၍ စစ်မှန်သော သဒ္ဓါတရား အပြည့်အဝဖြင့် ခိုင်ခိုင်မာမာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေခြင်းကို ဦးဥက္ကဋ္ဌက အစွဲဥပါဒါန်ဟူ၍လည်းကောင်း သရဏဂုံသုံးပါးကို ဆည်းကပ်ကိုးကွယ်နေသော ဗုဒ္ဓဘာသာဝင်တို့အား ဘိန်းစားများနှင့် နှိုင်းကာ ဘိန်းစွဲသလို စွဲနေကြသည်ဟူ၍ လည်းကောင်း ရက်ရက်စက်စက် ဖိနှိပ်၍ ဆိုလိုက်ခြင်းသာ ဖြစ်သည်။
၁၆။ ဘာသာတရားသည် ဘိန်းနှင့် တူသည်ဆိုသော စကားသည် ကွန်မြူနစ်တို့က ဆိုလာသောအခါ ယုံကြည်မှုသက်သက်ကို အခြေခံ၍ဖြစ်သော ဘာသာတရား (ဥပမာ-ထာဝရဝါဒီ, ဣဿရဝါဒီ, ခိုဒါဝါဒီ) တို့ကို ရည်ညွှန်း၍ သူတို့၏ရှုထောင့်မှ ဆိုသောစကား ဖြစ်သောကြောင့် အလွန် ခိုင်လုံသော မှန်ကန်တိကျသည့် စကား ဖြစ်သည်၊ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာဟူသည်ကား ရတနာသုံးပါး၏ ဂုဏ်ကျေးဇူး, ဘုရားရှင်၏ လေးနက်မှန်ကန် တိကျသောတရားတော်ကို သက်ဝင်ယုံကြည်၍ ဖြစ်ပေါ်လာသော သဒ္ဓါတရားနှင့် ကျင့်ကြံအားထုတ်မှု-ဝီရိယ, စွဲမြဲမှု-သတိ, တည်ကြည်မှု-သမာဓိ, ဆင်ခြင်မှု-ပညာ ဟူသော ဗိုလ်၅-ပါးကို အခြေခံသောကြောင့် ဘိန်းစား ဘိန်းကို စွဲခြင်းနှင့် မည်သည့်နည်းနှင့်မျှ မတူညီပေ၊ ဘိန်းသည် ဘိန်းစား၏ စိတ်နှလုံးကို ယစ်မူး မိန်းမောစေ၍ အမှန်တရားကို လွှမ်းမိုး ဖုံးအုပ်ပစ်နိုင်သော သတ္တိ ရှိသည်၊ ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရားမှာကား ဤသို့ တွေဝေမိန်းမောစေခြင်း မရှိ၊ အမှန်တရားကို ဖုံးကွယ်ခြင်း မပြု၊ ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်းနှင့် အမှန်တရားသို့ ဦးတည်ညွှန်ပြသော သတ္တိသာ ရှိပေသည်၊ ထို့ကြောင့် “ဥဒကပ္ပသာဒကော မဏိဝိယ”ဟု ရေနောက်ကို ကြည်လင်စေတတ်သော ပတ္တမြားကျောက်နှင့် သဒ္ဓါတရားကို ဥပမာပြု၍ အဋ္ဌကထာဆရာများ မိန့်ဆိုတော်မူကြသည်၊ လက်တွေ့အားဖြင့်လည်း ဗုဒ္ဓဘာသာ သာသနာတော်ကို သက်ဝင်ယုံကြည် ဆည်းကပ် ကိုးကွယ်သူတို့သည် စိတ်၏ ငြိမ်းချမ်းခြင်း, ကာယကံမှု ဝစီကံမှု အထက်တန်းကျခြင်း, ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားခြင်း ရှိနေကြပေသည်။
ဤသို့သော အကြောင်းများကြောင်း ဗုဒ္ဓဘာသာကို ထာဝရဝါဒ ဣဿရနိမ္မာနဝါဒများနှင့် တစ်တန်းတစ်စားတည်းထားကာ ထာဝရဝါဒ ဣဿရနိမ္မာနဝါဒတို့ကို ရည်ညွှန်း၍ ကွန်မြူနစ်များက ပြောထားသော ဘာသာရေးသည် ဘိန်းနှင့်တူသည်ဟူသော စကားများကို ဦးဥက္ကဋ္ဌက ကွန်မြူနစ်များထံမှ ယူပြီး ဗုဒ္ဓဘာသာ(ဗုဒ္ဓစကား) များအပေါ် စွပ်စွဲပြောဆိုခြင်းသည် မဟုတ် မတရားပြောဆိုခြင်းသာ ဖြစ်ကြောင်း ပေါ်လွင်ပေသည်။
၁၇။ စောဒကဆရာတော်များ၏ ဝိသေသစောဒနာ၌ တင်ပြသောအကြောင်းအချက်များမှာ အင်္ဂုတ္တရနိကာယ်, ဆက္ကနိပါတ် အာဟုနေယျဝဂ် မဟာနာမသုတ်ကို ကိုးကား၍ တင်ပြသဖြင့် အလွန်လည်း ခိုင်လုံလှပေသည်၊ မှန်လှ၏-ရတနာသုံးပါးကို ယုံကြည်သဒ္ဓါ ကြည်ညိုစွာဖြင့် အောက်မေ့နှလုံးသွင်းသောပုဂ္ဂိုလ်မှာ ရာဂ-ဒေါသ-မောဟမလွှမ်း ဖြောင့်တန်းစွာ ရတနာသုံးပါးသို့ထိရောက်၏၊ ဖြောင့်မတ်သော စိတ်ဖြင့် အနက်ကိုလည်းကောင်း, သဒ္ဓါကိုလည်းကောင်း ထိထိမိမိ သိရှိနားလည်၍ ဓမ္မနှင့်စပ်သော ပီတိပါမောဇ္ဇ ဖြစ်သည်၊ စိတ်ချမ်းသာခြင်း, ကိုယ်ချမ်းသာခြင်း, စိတ်တည်ကြည်ခြင်းကို ရရှိပေသည်။
၁၈။ ယင်း အင်္ဂုတ္တိုရ်ပါဠိတော် မဟာနာမသုတ်ကို သေချာစွာ လေ့လာဆင်ခြင်သောအခါ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဗုဒ္ဓဘာသာဝင်အဖို့ တဏှာပေမနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကြည်လင်သော သဒ္ဓါတရားကိုရရှိခြင်း, အကျိုးမဲ့တရားများ ကင်းပျောက်၍ အကျိုးစီးပွားများ ရောက်လာခြင်းတည်းဟူသော ဆုလာဘ်များကို မတောင်းဘဲနှင့် အလိုလို ရရှိနိုင်ကြောင်း သိရပေသည်၊ အမျှော်နှင့်အကြောက် ရှိသည် ဖြစ်စေ, မရှိသည် ဖြစ်စေယင်း ဗုဒ္ဓဘာသာဝင်၏ ပစ္စုပ္ပန်, တမလွန်, အကျိုးနှစ်ပါး ပြီးမြောက်သည်သာဖြစ်သည်။
အမျှော်နှင့် အကြောက်
ကလေးသူငယ်တို့ကို ဆုံးမသွန်သင်သော မိဘတို့သည် ပူလောင်ခြင်းဘေးရန်ကို ပြောပြ၍(ဝါ) ခြောက်လှန့်၍ မီးမကိုင်ရအောင် တားမြစ်ကြသည်၊ စာမေးပွဲအောင်လျှင် ဘွဲ့ထူး ဂုဏ်ထူး ရမည်၊ ပရိတ်သတ်အလယ် တွင်ကျယ်ပွင့်လင်းမည်၊ ကိုယ်အား နှုတ်အားဖြင့် ပင်ပန်းကြီးစွာ မလုပ်မကိုင်ရဘဲ ငြိမ်းချမ်းသက်သာစွာ အသက်မွေးနိုင်မည်၊ လူချစ်လူခင် ပေါများမည်၊ ထင်ပေါ်ကျော်စေမည် စသည်ဖြင့် အကျိုးတရားကို ဖော်ပြ၍ ဆုံးမသွန်သင်ကြသည်၊ ယင်းသို့ ဆုံးမသွန်သင်သည့်အတိုင်း ပူမည်စိုး၍ မီးကို မကိုင်သောကြောင့် ထိုကလေးသည် ပူလောင်ခြင်း, မီးပူကြောင့် သေဘေးအထိ ဒုက္ခရောက်ခြင်းမှ ကင်းလွတ်ခြင်းအကျိုး ခံစားရပေသည်၊ ကြိုးစား၍ စာသင်သောအခါ ထိုသူငယ်သည် စာမေးပွဲအောင်ခြင်း စသော အကျိုးကျေးဇူးကို ခံစားရသည်၊ ထို့ကြောင့် ခြောက်လှန့်၍ဆုံးမခြင်း, အကျိုးပြ၍ ဆုံးမခြင်းသည် မည်သို့သောအပြစ် ရှိနိုင်ပါသနည်း၊ ဘုရားရှင်၏ အဆုံးအမတော်တွင်ကား အကျိုးကိုပြ၍ လည်းကောင်း, အပြစ်ကိုပြ၍လည်းကောင်း, ဆုံးမတော်မူသော ဒေသနာတော်များမှာ မရေမတွက်နိုင်အောင် ရှိ၏၊ ဤသို့ အကျိုးကို ပြခြင်းသည် ကြောက်အောင် ခြောက်လှန့်သည်ဟူ၍ လည်းကောင်း၊ အမျှော်ခိုင်းသည် ဟူ၍လည်းကောင်း မဆိုနိုင်။
၁၉။ ဤနေရာ၌ ဗုဒ္ဓမြတ်စွာဘုရားအနေဖြင့် အကြောင်းအကျိုးကိုသာပြ၍ ဆုံးမတော်မူပုံကို အမြွက်မျှ ပြအံ့။
(က) မကောင်းမှုကို ပြုသောသူသည် ယခုဘဝ၌လည်းကောင်း၊ နောင်ဘဝ၌လည်းကောင်း၊ ပစ္စုပ္ပန် တမလွန် ၂-တန်သော ဘဝ၌လည်းကောင်း ပူပန်ဆင်းရဲရ၏၊ ငါသည် မကောင်းမှုကို ပြုမိပြီ ဟု တွေးတောပူပန်၏၊ ဒုဂ္ဂတိဘုံသို့ ရောက်သော် ပို၍ပင် ပူပန်ဆင်းရဲရ၏၊ (ဓမ္မပဒ၊ ယမကဝဂ် ဂါထာ ၁၇)
“ ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ပါပံ မေ ကတန္တိ တပ္ပတိ၊ ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။ (ခု၊၁၊၁၅)
(ခ) ကောင်းမှုပြုသော သူသည် ယခုဘဝ၌လည်းကောင်း၊ နောင်ဘဝ၌လည်းကောင်း၊ ပစ္စုပ္ပန် တမလွန် ၂-တန်သော ဘဝ၌လည်းကောင်း ဝမ်းမြောက်ကြည်နူးရ၏၊ မိမိ၏လုပ်ငန်း စင်ကြယ် ကောင်းမြတ်မှုကိုကြည့်၍ သူသည် အဖန်တလဲလဲ ဝမ်းမြောက်ကြည်နူးရပေ၏၊ (ဓမ္မပဒ၊ ယမကဝဂ် ဂါထာ ၁၆)
“ ဣဓ မောဒတိ ပေစ္စ မောဒတိ၊ ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊ ဒိသွာ ကမ္မဝိသုဒ္ဓိမတ္ထနော။ (ခု၊၁၊၁၅)
(ဂ) သတ္တဝါတစ်ဦးတစ်ယောက်သည် မကောင်းမှုကို ပြုမိလျှင် ထိုမကောင်းမှုကို ထပ်တလဲလဲ မပြုမိစေသင့်၊ မကောင်းမှု၌တောင့်တခြင်း ဆန္ဒကို မပြုရာ၊ မကောင်းမှု များလျှင် ဆင်းရဲသောအကျိုး ရှိ၏၊ (ဓမ္မပဒ၊ ပါပဝဂ် ဂါထာ ၂)
ပါပံ စေ ပုရိသော ကယိရာ၊ န နံ ကယိရာ ပုနပ္ပုနံ။
န တမှိ ဆန္ဒံ ကယိရာထ၊ ဒုက္ခော ပါပဿ ဥစ္စယော။ (ခု၊၁၊၃၀)
(ဃ) သတ္တဝါတစ်ဦးတစ်ယောက်သည် ကုသိုလ်ကို ပြုမိလျှင် ထိုကုသိုလ်ကို ထပ်ကာတလဲလဲ ပြုရာ၏၊ ကောင်းမှု၌ တောင့်တခြင်း ဆန္ဒကိုပြုရာ၏၊ ကောင်းမှု များပြားလျှင် ချမ်းသာသော အကျိုး ရှိ၏၊ (ဓမ္မပဒ၊ ပါပဝဂ် ဂါထာ ၃)
ပုညေဉ္စ ပုရိသော ကယိရာ၊ ကယိရာနံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊ သုခေါ ပုညဿ ဥစ္စယော။ (ခု၊၁၊၃၀)
ဤအဆုံးအမများတွင် “မကောင်းမှု များပြားလျှင် ဆင်းရဲသော အကျိုး ရှိ၏၊ ကောင်းမှု များပြားလျှင် ချမ်းသာသော အကျိုး ရှိ၏”ဟူသော အဆုံးအမသည် အပြစ်နှင့်အကျိုးကို ရိုးရိုးကလေး ပြကာ ဆုံးမတော်မူခြင်း ဖြစ်သည်။
၂၀။ ရှင်ဖြစ်ခါစ(၇)နှစ်သားသာသာမျှ ရှိသေးသော သားတော် ရာဟုလာကို ဆုံးမတော်မူပုံကား ဤသို့တည်း။
မြန်မာပြန်
“ရာဟုလာ . . . ငါ မေးမည့် စကားကို သင် ဘယ်လို သဘောရသနည်း၊ ကြေးမုံမှန်ပြင်သည် အဘယ်အကျိုး ရှိပါသနည်း ရာဟုလာ၊ အပြစ်ကိုဆင်ခြင်ခြင်း အကျိုး ရှိပါသည် ဘုရား၊ ရာဟုလာ . . . ဤနည်းအတိုင်းပင် စဉ်းစားဆင်ခြင်ကာ ကိုယ်ဖြင့် အလုပ်လုပ်ရမည်, နှုတ်ဖြင့် အလုပ်လုပ်ရမည်, စိတ်ဖြင့် အလုပ်လုပ်ရမည်၊ ရာဟုလာ . . . ကိုယ်ဖြင့် အလုပ်လုပ်မည်ရှိသောအခါ ငါ၏ ဤကာယကံမှုသည် မိမိအတွက်လည်း ဆင်းရဲပင်ပန်း, သူတပါးအတွက်လည်း ဆင်းရဲပင်ပန်း, မိမိ သူတပါး နှစ်ဦးသားအတွက်လည်း ဆင်းရဲပင်ပန်းဖို့ ဖြစ်လေမည်လားဟု ဆင်ခြင်ရမည်၊ ငါ၏ ဤကာယကံမှုသည် ဆင်းရဲကို ဖြစ်စေ၍ ဆင်းရဲသောအကျိုး ရှိသော ကံများဖြစ်လေမလားဟု ဆင်ခြင်ရာ၏၊ ရာဟုလာ . . . အကယ်၍ သင် ဆင်ခြင်သောအခါ မိမိလည်း ဆင်းရဲ၊ သူတပါးလည်း ဆင်းရဲဖို့ ဖြစ်သည်၊ ဒုက္ခကိုဖြစ်စေ၍ ဆင်းရဲသော အကျိုးရှိသည်ဟု သင် ထင်မြင်လျှင် ဤသို့သောကာယကံကို သင် မည်သည့်နည်းနှင့်မျှ မပြုသင့်၊ ရာဟုလာ အကယ်၍ သင် ဆင်ခြင်သောအခါ မိမိလည်း ဆင်းရဲ, သူတပါးလည်း ဆင်းရဲဖို့ မဖြစ်၊ ချမ်းသာခြင်းကို ဖြစ်စေ၍ ချမ်းသာသောအကျိုး ရှိသည်ဟု သင် ထင်မြင်လျှင် ဤသို့သော ကာယကံကို သင် မချွတ်ပြုရမည်။” (ဝစီကံ, မနောကံ အလားတူ)။ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်)
၂၁။ အကျိုးကိုပြကာ ဆုံးမတော်မူလျက် တစ်ထပ်တည်းသာ စားခြင်း၏အကျိုးကို ဟောတော်မူပုံကား ဤသို့တည်း။
မြန်မာပြန်အကျဉ်း
“ရဟန်းတို့ . . . ငါသည်(ညစာမစားဘဲ)တစ်ထပ်ဆွမ်းကို ဘုဉ်းပေးတော်မူ၏၊ ရဟန်းတို့ . . . တစ်ထပ်ဆွမ်းကို ဘုဉ်းပေးတော်မူသောအခါ အနာရောဂါကင်းခြင်း, အားအင်နှင့်ပြည့်စုံခြင်း, ချမ်းသာစွာနေနိုင်ခြင်းကို ငါဘုရား သတိပြုမိတော်မူ၏၊ ရဟန်းတို့ . . . လာကြကုန်၊ သင်တို့လည်း(ညစာမစားဘဲ) တစ်ထပ်ဆွမ်းကို စားကြကုန်လော့၊ သင်တို့လည်း တစ်ထပ်ဆွမ်းကို စားလျှင် အနာရောဂါကင်းခြင်း, အားအင်နှင့် ပြည့်စုံခြင်း, ချမ်းသာစွာ နေနိုင်ခြင်းကို (သင်တို့ကိုယ်တိုင်) ကောင်းစွာ သိကြပေလိမ့်မည်”
မှတ်ချက်။ ။ ဤ၌ အဋ္ဌကထာဆရာ၏ မှတ်ချက်ကို သတိပြုဖွယ် ကောင်းလှပေသည်။
ယသ္မာ ဗုဒ္ဓါ န ဘယံ ဒေဿတွာ တဇ္ဇေတွာ ပဇဟာပေန္တိ၊ အာနိသံသံပန ဒေဿတွာ ပဇဟာပေန္တိ၊ ဧဝံ ဟိ သတ္တာ သုခေန ပဇဟန္တိ။
မြန်မာပြန်
“ဘုရားရှင်တို့သည် ဘေးကိုပြကာ ခြိမ်းခြောက်၍ ပယ်စွန့်စေတော်မမူကြချေ၊ အကျိုးကို ပြ၍သာ ပယ်စွန့်စေတော်မူကြမြဲ ဖြစ်သည်၊ ဤသို့ အကျိုးပြုပယ်စွန့်စေလိုက်သော် သတ္တဝါတို့သည် လွယ်ကူစွာ ပယ်စွန့်ကြလေသည်”
၂၂။ အထက်ပါ သဘာဝယုတ္တိ အာဂမယုတ္တိတို့ကိုထောက်၍ ဗုဒ္ဓဝါဒသည် အမျှော် အကြောက်၊ တစ်နည်း (Reward and Punishment) ဆုလာဘ်နှင့် အပြစ်ဒဏ်ကိုပြကာ ခြောက်ချည်တစ်လှည့် မြှောက်ချည်တစ်ခါ ပြုလုပ်တတ်သော ဖန်ဆင်းရှင် ထာဝရဝါဒီတို့၏ ဘာသာမျိုး မဟုတ်၊ အကျိုးအကြောင်းကို ပြ၍ဆုံးမတတ်သော ဘာသာ သာဖြစ်သည်၊ နတ်ပြည်နှင့် ငရဲပြည်ကို ပြခြင်းမှာလည်း မြှောက်လို ခြောက်လို၍ မဟုတ်ဘဲ အရှိသဘောဖြစ်၍ ရှိကြောင်းကို ပြခြင်းသာဖြစ်သည်၊ ဤလမ်းသွားလျှင် ဤအရပ်သို့ ရောက်၍ ထိုလမ်းလျှောက်လျှင် ထိုအရပ်သို့ ရောက်ကြောင်း ပြတော်မူခြင်းသာ ဖြစ်သည်။
၂၃။ အကယ်ပင် အကျိုးကို လိုလားသော မိဘဆရာသမားတို့က ချုပ်ချယ်၍ အတင်းအကျပ် တရားအကျင့်ကို ကျင့်ကြံခိုင်းစေကာမူ(ဝါ)သာသနာတော်၏ အဆုံးအမကို မကျင့်လိုဘဲ ကျင့်ရစေကာမူ သာသနာတော်၏ ကျင့်စဉ်ကား ကျင့်သူကို လမ်းဆုံးပန်းတိုင်ဖြစ်သော အနုပါဒါပရိနိဗ္ဗာန်တိုင်အောင် အကျိုးပြုသည်သာ ဖြစ်၏၊
ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္က အနုသောတသုတ်၌-
တသ္မာ ဟိ ဓိရော ဣဓူပဋ္ဌိတဿတီ၊
ကာမေ စ ပါပေ စ အသေသမာနော။
သဟာပိ ဒုက္ခေန ဇဟေယျ ကာမေ၊
ပဋိသောတဂါမီတိ တမာဟု ပုဂ္ဂလံ။
ဟု မြတ်စွာဘုရား ဟောမိန့်တော်မူသည်။
မြန်မာ အကျဉ်း
ထို့ကြောင့် ဤလောက၌ သတိရှိသော ပညာရှင်သည် ကာမဂုဏ်နှင့် အကုသိုလ်တရားများကို မမှီဝဲ မပြုကျင့်ဘဲ မျက်ရည်လည်ရွဲ ငိုပွဲဆင်ကာ ဆင်းရဲစွာဖြင့် ဝတ္ထုအာရုံကို စွန့်ပယ်ကာ (တရားကျင့်)မှု ထိုပုဂ္ဂိုလ်မျိုးကို (ဝဋ်သံသရာရေကြောင်း၏ အဆန်) နိဗ္ဗာန်ကို သွားသူဟူ၍ ပညာရှိတို့ ဆိုကုန်၏၊
၂၄။ ထို့ကြောင့် သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့၏ “ကိုးကွယ်”ဟူသော စကားနှစ်လုံးကို ပုဒ်ခွဲကာ ကိုး=အားကိုးသည်၊ အားကိုးခြင်းသည် လိုချင်ခြင်း ဖြစ်၍ လောဘ=အမျှော် ဖြစ်သည်၊ ကွယ်=ကာကွယ်သည်၊ ကာကွယ်စောင့်ရှောက်ခြင်းသည် ကြောက်ရွံ့ထိတ်လန့်ခြင်း=ဒေါသ အကြောက် ဖြစ်သည်၊ လောဘ ဒေါသသည် မောဟကြောင့် ဖြစ်သည်ဟု ကြံကြံဖန်ဖန် သမ္ဘာရပရိစ္ဆေဒ ပြုကြခြင်းသည် စိတ်မမှန်သော သူတို့၏ စကားသာ ဖြစ်သည်ဟု အမှတ်(၂) သီးခြားဝိနည်းဓိုရ် ဆရာတော်များက သုံးသပ်တော်မူကြသည်။
ဦးဥက္ကဋ္ဌနှင့် ရုပ်ဝါဒ
၂၅။ ရုပ်ဝါဒနှင့် ပတ်သက်၍ စိစစ်သုံးသပ်ပေအံ့၊ “ပြုလုပ်သူ ကာရကသည် ရုပ်တုံး ရုပ်ခဲ၊ ခံစားသူဝေဒကလည်း ရုပ်သဘာဝပင်”ဟူသော ဦးဥက္ကဋ္ဌ၏အဆိုကို စိစစ်သုံးသပ်ရသော် စောဒကဆရာတော်များက ရုပ်ဝါဒီများ ဖြစ်ပုံကိုဆက်လက်၍ လျှေက်ထားပါရစေ ဘုရားဟု လျှောက်ထားပြီး အောက်ပါအတိုင်း စွဲချက်တင်ထားကြသည်။
ကာရကဝေဒကသည် ရုပ် ဖြစ်သည်ဟူသော အယူအဆမှာ-
ကမ္ပဿ ကာရကော နတ္ထိ၊ ဝိပါကဿ စ ဝေဒကော။
သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝေတံ သမ္မဒဿနံ။
ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာလာ ဂါထာကို ရုပ်ဝါဒနှင့် ညီအောင် လိုသလိုဆွဲယူထားခြင်းသာ ဖြစ်ပါသည် ဘုရား၊ ထိုဂါထာ၏ လိုရင်းအချက်မှာ-
“ကံကို ပြုလုပ်သူ အတ္တ မရှိ၊ အကျိုးကို ခံစားသူ အတ္တလည်း မရှိ၊ အမှန်မှာ ရုပ်နာမ်ဓမ္မ ပရမတ္တတရားတို့ သက်သက်သာ (ကြောင်းကျိုးဆက်ကာ) ဖြစ်ကြကုန်၏၊ ဤသို့ရှုမြင်မှုသည် မှန်ကန်သော အမြင် ဖြစ်၏”ဟူ၍သာ ဆိုလိုရင်း ဖြစ်ပါသည်၊ ပြုလုပ်သူ ကာရက, ခံစားသူ ဝေဒကသည် ရုပ်တုံး ရုပ်ခဲ ဖြစ်၏ဟု ယူလျှင် ရုပ်တရားကို အတ္တဟုယူရာရောက်၍ ရူပံ အတ္တတော သမနုပဿတိ=ရုပ်ကို အတ္တဟု ရှုမြင်၏ ဟူသော အတ္တဒိဋ္ဌိသာ ဖြစ်ရကား အဓမ္မဝါဒသာ ဖြစ်ပါသည် ဘုရား”
ဟု ဝိသေသစေဒနာလွှာ၌ စောဒနာတင်ထားကြသည်။
၂၆။ ယင်း စောဒနာတင်ချက်သည် သဘာဝဓမ္မနှင့် ကိုက်ညီသော ယုတ္တိရှိသည့် စောဒနာ ဖြစ်ပေသည်၊ ဌင်ရှားစေအံ့-နာမ်သဘောတရားနှင့် ကင်း၍ရုပ်ချည်းသက်သက်ဖြင့် ပြုလုပ်ခြင်း ခံစားခြင်း မြင်ခြင်း ကြားခြင်း စသည်မည်သည့်အခါမျှ မဖြစ်နိုင်ချေ၊ ပရမတ္ထအလိုအားဖြင့် နာမ်တရား၏ သတ္တိကိုရည်ညွှန်း၍ ပြုခြင်း ခံစားခြင်း စသည်ဖြင့် ခေါ်ဝေါ်ပြောဆိုမှ အမှန်ဖြစ်သည်၊ ယင်း ပရမတ္ထဖြစ်သော နာမ်တရားကို မပြုတတ်သော်လည်း ပြုတတ်ဘိသကဲ့သို့ ကတ္တုသဘောအားဖြင့် တင်စား၍ ပြုတတ်သူ စသည်ဖြင့် ဆိုလျှင် လောကဝေါဟာရ သမုတိသစ္စာအားလျော်စွာ ပြောဆိုခြင်းမျှသာ ဖြစ်သည်ဟုသိအပ်၏၊
၂၇။ စင်စစ်မှာ ဗုဒ္ဓဒေသနာတော်က ညွှန်ပြသည့်အတိုင်း ဆိုလျှင် ရုပ်တရားသည် အကန်းနှင့်တူ၍ နာမ်တရားသည် အကျိုးနှင့် တူသည်၊ အကန်းသည် အကျိုးကို ထမ်းပိုး၍ လမ်းသွားသောအခါ လမ်းကောင်း လမ်းဆိုး အနိမ့် အမြင့် စသည်ကို အကျိုးက မြင်၍ အကျိုး၏ လမ်းညွှန်ချက်အတိုင်း အကန်းက လိုရာခရီးသို့ ရောက်အောင် သွားရဘိသကဲ့သို့ ရုပ်တရားသည် သူ့ချည်းသက်သက် ပြုခြင်း ခံစားခြင်း စသည် မပြုတတ်မူ၍ နာမ်တရား၏ စေစားချက်အရသာ ပြုခြင်း ခံစားခြင်း စသော ကိစ္စကို ပြီးစေရသည်၊ ထို့အတူပင် နာမ်တရားချည်း သက်သက်လည်း မြင်ခြင်း ကြားခြင်း သွားလာလှုပ်ရှားခြင်းကို မပြုတတ်ဘဲ ရုပ်တရားကို မှီရမှသာ ယင်း ကိစ္စကို ဆောင်ရွက်နိုင်သည်။
၂၈။ ယင်းသို့ ရုပ်နှင့် နာမ်တို့ အကြောင်းအားလျော်စွာ သူ့သဘောသူဆောင်လျက် ဖြစ်ပေါ်လာကြရာတွင် အပြင်အပမှ တိုက်တွန်းနှိုးဆော်တတ်, စေခိုင်းတတ်သော အတ္တဝိညာဉ်လည်း မရှိ၊ အတွင်းသို့ ဝင်၍ ခံစားခြင်း ပြုလုပ်ခြင်း စသော ကိစ္စကို ဆောင်ရွက်တတ်သော မည်သည့်အတ္တဝိညာဉ်မျှလည်း မရှိပေ၊ ရုပ်တရား နာမ်တရား ပရမတ်အသား စင်စစ်သည်သာလျှင် မိမိ မိမိ၏ ကိစ္စကို ဆောင်ရွက်လျက် ဖြစ်ပေါ်လာစေသည်၊ ဤသို့ ဆိုလို၍ “သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝေတံ သမ္မဒဿနံ”ဟု ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာ မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်၊ “ပြုလုပ်သူ=ကာရက၊ ခံစားသူ=ဝေဒကသည် ရုပ်တရားသာ ဖြစ်၏”ဟု ဆိုသော လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏စကားသည် ဗုဒ္ဓဝါဒကို ရုပ်ဝါဒဖြစ်အောင် ကိုယ်လိုရာ ကိုယ်ဆွဲ ပြောချက်သာ ဖြစ်၍ ကျမ်းဂန်ဓမ္မနှင့် မညီသည်မှာ ထင်ရှားလှပေသည်။
ထို့ပြင် ကမ္မဿ ကာရကော နတ္ထိ-ဟူသော ပါဠိကို ဦးဥက္ကဋ္ဌ ယူဆသည့်အတိုင်း သဒ္ဒါနည်းကျကျ၊ အနက်ပေးရသည်ရှိသော် ကမ္မဿ ကာရကော=ကံကို ပြုတတ်သော ကာရက ရုပ်တုံးရုပ်ခဲသည်၊ နတ္ထိ=မရှိ ဟူ၍ ဖြစ်ပေသည်၊ ထို့ကြောင့် ဦးဥက္ကဋ္ဌလုပ်ပုံသည် သဒ္ဒါနည်း အနက်နည်းတို့ဖြင့် ကျကျနန စစ်ဆေးလိုက်သည့်အခါတွင် အနှစ်သာရရှာမရ၊ ပိဏ္ဍတ္ထကောက်၍ မရသောသူရူး၏ စကားကဲ့သို့ ဖြစ်ကြောင်း တွေ့ရပေသည်။
ရုပ်လည်းနာမ်၊ နာမ်လည်း ရုပ်ဟုဆိုရာ၌ စိစစ်သုံးသပ်ချက်
၂၉။ “ရုပ်သည် အခြေခံဖြစ်၍ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် ရုပ်ကို တည်ရာမှီရာထား၍ ဖြစ်ပေါ်လာသော အကျိုးတရား(ဝါ)အခိုးသတ္တိ(ဝါ)ရုပ်၏ အဟုန်မျှသာ ဖြစ်ပေသည်”ဟူသော ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံစာအုပ် ရေးသားသူ ဦးကိုကိုလေး၏ အဆိုသည်လည်းကောင်း၊
“အလုပ်လုပ် ဆိုတာ တကယ်ရှိတဲ့ ရုပ်ကို ကောင်းအောင် အလုပ်လုပ်ကြရမှာ၊ စိတ်ကို ကောင်းအောင် လုပ်လို့ မရဘူး”
ဟူသော ဦးဥက္ကဋ္ဌ၏ အဆိုသည်လည်းကောင်း၊
“အဆင့်ဆင့် အကဲခတ် လေ့လာသောအခါ ဤဘူတရုပ်တို့တွင် ရုပ်ဟုလည်းကောင်း၊ နာမ်ဟုလည်းကောင်း စသည်ဖြင့် ဖြစ်နေသောကြောင့် အားလုံး ရုပ်သဘာဝ အခြေခံချည်း ဖြစ်နေသည်ကို တွေ့ရပေသည်”
ဟူသော ဗုဒ္ဓဝိပဿနာ ပထမတွဲ၊ နှာ-၈၄၊ ၈၅ ၌ ရေးသားထားသော သခင်မြတ်ဆိုင်၏ အဆိုသည်လည်းကောင်း၊ ယင်းစာအုပ် နှာ-၁၃၀ ၌ ထပ်မံဖော်ပြသော-
“ရုပ်နှင့်နာမ် ၂-ခုမှာ တစ်ခုနှင့်တစ်ခု မကွဲပေ၊ ရုပ်လည်း နာမ်၊ နာမ်သည်ပင် ရုပ်အဖြစ် ဒွန်တွဲကာ အစဉ် အတူ ဖြစ်ပျက်နေသည်ကို တွေ့မြင်မှသာ ချက်ချင်း ဖြစ်သည်ကို ဖြစ်မှန် သိသည်”
ဟူသော သခင်မြတ်ဆိုင်၏ ဒုတိယအဆိုသည်လည်းကောင်း ရုပ်ဝါဒကိုအခြေခံ၍ ဗုဒ္ဓဓမ္မကို ကပြက်ကချော် ရေးသားပြောဟောခြင်းမျှသာ ဖြစ်သည်၊ ဤအနက်သဘောမျိုးကို မည်သည့်အခါမှ ဗုဒ္ဓမြတ်စွာ မဟောပေ၊ ဗုဒ္ဓဝါဒ အတွင်းသို့ ထိုသူတို့၏ ရုပ်ဝါဒ သွတ်သွင်းလာခြင်းသာ ဖြစ်သည်၊ တစ်နည်းဆိုသော် ဗုဒ္ဓဝါဒ မျက်နှာဖုံးတပ်၍ ရုပ်ဝါဒကို ဖြန့်ဖြူးနေခြင်းဖြင့် ဗုဒ္ဓသာသနာကိုပျက်စီးအောင် အားထုတ်နေခြင်းသာ ဖြစ်သည်။
၃၀။ ဤ ၂၀-ရာစုခေတ်၌ အသစ်အဆန်းလုပ်၍ ရှေ့တန်းတင် ပြောဆိုရေးသားနေသော ဦးဥက္ကဋ္ဌ၏ အဆိုကို ဗုဒ္ဓမြတ်စွာဘုရား မပွင့်မပေါ်မီ နှစ်ပေါင်းများစွာကပင် ပေါ်ထွန်းနေသော ဗြာဟ္မဏလူမျိုး ကျာရ်ဗာက စသော ဆရာကြီးတို့၏ ရုပ်ဝါဒနှင့် တစ်ထပ်တည်း တူညီနေပုံကို အောက်ပါအတိုင်း တွေ့ရှိရသည်။
ကျာရ်ဗာက ရုပ်ကြမ်းဝါဒ
A - पृथिव्यापस्तेजो वायुरिति तत्वानि
က- မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးသည် အမှန်သဘောတွေ ဖြစ်သည်။
B - उत्पमुदाये शरीरेन्द्रियविषयसंज्ञा
ခ- ဤဓာတ်ကြီးလေးပါးတို့၏ အစုအပေါင်းကို ကိုယ်ခန္ဓာ၊ အာရုံစိတ်၊ အာရုံ ဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။
C—तेभ्यर्थं तन्यम्
ဂ- ယင်း ဓာတ်ကြီးလေးပါးမှ စိတ်ဟူသော အသိသဘော ပေါ်လာသည်။
D- किवादिभ्यो यदशक्तिवत् विज्ञानम्। भृतान्येव चेतयन्ते
ဃ- တဆေးစသည်မှ မူးယစ်စေတတ်သော သတ္တိ ပေါ်လာသကဲ့သို ယင်း ဓာတ်ကြီးလေးပါးမှ ဝိညာဉ်ပေါ်လာသည်၊ ဓာတ်ကြီး လေးပါးတို့ကသာလျှင် စဉ်းစားတွေးတောကုန်၏၊
E -चैतन्यविशिष्ठः कायः पुरुषः
င- စိတ် ဝိညာဉ်ဖြင့် အထူးပြုအပ်သော ရုပ်ကြမ်းကြီးပင် အတ္တ(ဝါ)သတ္တဝါဖြစ်သည်။
F - जलबुद्बुद्वीवाः
စ- ရေပွက်သည် ရေ၏ အပေါ်၌ ရုတ်ချည်းမြင် ရုတ်ချည်းပျောက်သွားသကဲ့သို့ ဇီဝသည်လည်း ရုတ်ချည်းမြင် ရုတ်ချည်းပျောက်သွားလေသည်။
G - मरणमेत्रापवर्गः
ဆ- နိဗ္ဗာန်(ဝါ)လွတ်မြောက်ခြင်းဟူသည် သေဆုံးကွယ်လွန်ခြင်းပင်တည်း။
H-अर्थकामौ पुरुषार्थीः
ဇ- စီးပွား ဥစ္စာနှင့် ကာမချမ်းသာသည်သာ သတ္တဝါတို့၏ လိုရင်အကျိုးဖြစ်သည်။ (တရားကျင့်ခြင်း, လွတ်မြောက်ခြင်း ဟူသည် စင်စစ်အနက်အဓိပ္ပာယ်မရှိပေ။)
I - लोकिको माग नुसर्तव्यः
စျ- လောကသားတို့၏ လမ်းစဉ်ကိုသာ လိုက်ရမည်။ (လောကုတ္တရာလမ်းကြောင်းဟူ၍ မရှိ။)
J- पताकिनी भावात परलोकाभावः
ည- တမလွန်ဘဝ၌ ရှိသော သတ္တဝါဟူ၍ မရှိသောကြောင့် တမလွန်လောကဟူသည်လည်း မရှိပေ။
K - प्रत्यक्षमेव प्रमाणम्
ဋ- မျက်စိ, နား, နှာ, လျှာ, ကိုယ်တို့ဖြင့် ထိတွေ့ခံစားအပ်သော မျက်တွေ့ လက်တွေ့သည်သာ ခိုင်လုံသော ပမာဏဖြစ်သည် (မျက်တွေ့, လက်တွေ့ မဟုတ်သော အရာသည် မခိုင်လုံ၊ ပမာဏ မမည်။) (လောကာယတသုတ် अनशितं ခေါ် (ဗြိဟတ်ဆပတိ) ရေးသောသုတ်)
၃၁။ အထက်ပါသုတ်တွင်(ခ) အမှတ်စကားအရ ပ, အာ, ဝါ, တေ ဓာတ် ၄-ပါးကိုပင် ခန္ဓာကိုယ်ဟူ၍လည်းကောင်း၊ စ, သ, ဃ, ဇ, က ခေါ် ပသာဒ ၅-ပါး၊ ဆင်း, သံ, နံ, စား, တွေ့ အာရုံ ၅-ပါးဟူ၍လည်းကောင်း ခေါ်သည်ဟုဆိုထားရာ ရုပ်သည် နာမ်၊ နာမ်သည် ရုပ်ဟု ဆိုသော လူသေလူဖြစ် ဆရာတပည့်တို့၏ ဝါဒနှင့် တစ်ထပ်တည်းကျနေ၏၊
၃၂။ ဦးဥက္ကဋ္ဌနှင့် သခင်မြတ်ဆိုင်တို့သည် လေနှင့် တေဇော တွေ့လျှင် အား/အသက်ဟူ၍ ပေါ်လာ၏ဟု ဆိုကြ၏၊ ဦးကိုကိုလေးက နာမ်သည် ရုပ်၏အခိုးဟု ဆို၏၊ (ဃ)အမှတ်ပြ အထက်ပါသုတ်လာ အရက်မျိုးစေ့မှ မူးယစ်စေတတ်သော သတ္တိ ပေါ်လာသကဲ့သို့ ဓာတ်၄-ပါးမှ ဝိညာဉ်ပေါ်လာသည်ဟူသောစကားနှင့် တစ်သားတည်း ကျလေတော့၏၊
၃၃။ (ည)အမှတ်ပြ စကားအရ တမလွန်ဘဝ၌ရှိသော သတ္တဝါဟူ၍ မရှိသောကြောင့် တမလွန်လောကဟူသည်လည်း မရှိပေဟူသော လောကာယတသုတ်အဆိုသည် စုဒိတကတို့၏ ပခက်နှင့် ခေါင်းအကြားသာ စဉ်းစား၍ အခြားဘာကိုမျှ မစဉ်းစားဟူသော အဆိုနှင့် နှစ်ပေါင်း ၃၀၀၀-ခန့် ခြားသော်လည်း မပြားမကွဲ တစ်သားတည်း ဖြစ်၍နေသည်ကို တွေ့ကြရ၏၊
၃၄။ (ဋ)အမှတ်ပြ မျက်တွေ့လက်တွေ့သာ ခိုင်လုံသော ပမာဏ ဖြစ်သည်ဟူသော အဆိုနှင့် လူသေလူဖြစ် ဦးဥက္ကဋ္ဌ၊ သူ၏တပည့် သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများ၏ လက်တွေ့မျက်တွေ့ဝါဒသည် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေကဲ့သို့ တစ်သားတည်း ရောနှောညီညွတ် လေတော့၏၊
၃၅။ ထို့ပြင် ဗုဒ္ဓမြတ်စွာမပေါ်မီ နှစ်ပေါင်း ၅၀၀-လောက် စော၍ ပေါ်ထွန်းခဲ့သော အမည်မထင်ရှားသူ ရေးသည့် ဆန္ဒောဂျဥပနိသျှဒ်၌ ဤသို့ ဆို၏၊
धावित्रीने तस्य यः स्थविष्ठधातुस्त त्पुरीषं भवति । यो मध्यमस्तन्यासं । यो ऽणिष्टस्तंमृनः
စားလိုက်သော အစာသည် သုံးမျိုးကွဲ၍ ထွက်သည်၊ အကြမ်းစားဓာတ်တစ်စုသည် ကျင်ကြီး ဖြစ်သည်၊ အလတ်စား ဓာတ်တစ်စုသည် အသားဖြစ်သည်၊ အနုဆုံးဖြစ်သော ဓာတ်တစ်စုသည်ကား စိတ်ဝိညာဉ် ဖြစ်ပေါ်လာသည်။ (အဓျာယ ၆၊ ကဏ္ဍ ၅၊ အပိုဒ် ၁)
आपः पीतास्त्रेधा विधीयते । तासं यः स्थविष्ठो धातु तसूत्रं भूषति । यो मध्यमस्तल्लोहितं । योऽणिष्टः स प्राणः
သောက်လိုက်သော ရေသည် ၃-မျိုးကွဲ၍ ထွက်သည်၊ အကြမ်းစားဓာတ်တစ်စုသည် ကျင်ငယ် ဖြစ်သည်၊ အလတ်စား ဓာတ်စုသည် သွေး ဖြစ်သည်၊ အနုဆုံးဖြစ်သော ဓာတ်တစ်စုသည်ကား အသက် ဖြစ်ပေါ်လာသည်။ (အဓျာယ ၆၊ ကဏ္ဍ ၅၊ အပိုဒ် ၂)
၃၆။ ထိုမှတပါး ရုပ်နှင့်နာမ်ကို ထပ်တူ ယူဆသော Vulgar materialism ရုပ်ကြမ်းဝါဒ၏ သဘောကို ရှင်းပြဦးမည်။
ဤဝါဒသည် ဆယ့်ကိုးရာစု ဝန်းကျင်တွင် ဂျာမနီပြည်၌ စတင် ခေတ်စားလာသောဝါဒ ဖြစ်သည်၊ လူဗစ်ဗျူးခနဲ (Kari Vogt lud B chner) အမည်ရှိ ဂျာမန်အမျိုးသားနှင့် ဂျက်ကော့မောလေးရှော့ (Jacou Molescholt) ဆိုသူ ဒတ်ချ်အမျိုးသားတို့သည် ရုပ်ကြမ်းဝါဒီများ ဖြစ်ကြသည်၊ သူတို့ အဆိုကား တံတွေးအကျိတ်များမှ တံတွေးယိုထွက်သလို အသည်းမှ သည်းခြေယိုထွက်သလို ဦးနှောက်မှ စိတ်ခေါ်သော ရုပ်တစ်မျိုး စိမ့်ထွက်နေသည်ဟု ဆိုကြ၏၊ စိတ်အစဉ်သည် ဦးနှောက်တွင် ထင်ဟပ်သော ရုပ်၏ အရိပ်အသွင် ဖြစ်သော်လည်း မြင်ကောင်းသော အရိပ် မဟုတ်၊ ထိတွေ့ရကောင်းသော အရိပ်အသွင်မဟုတ်၊ ဓာတ်ပုံရိုက်ယူ၍ မရကောင်းပေ။
Brain is instrument of thinking or organ of thought, but it is mind or thinking itself.
“ဦးနှောက်သည် တွေးခေါ်စဉ်းစားရန် လက်နက်ကိရိယာ၊ တစ်နည်း- စဉ်းစားတွေးတောသည့် အင်္ဂါရပ်ဖြစ်သည်၊ သို့သော် ယင်းဦးနှောက်သည်ပင် စိတ်(ဝါ)အတွေးအခေါ် ဖြစ်သည်”ဟူ၍ ဆိုလေသည်။ (မြန်မာလုပ်သားနေ့စဉ်၊ ၁၅-၃-၆၈၊ မောင်ချစ်လှိုင်)
၃၇။ အထက်ပါ စိစစ်ချက်များအရ ရုပ်လည်း နာမ်၊ နာမ်လည်း ရုပ် အတူတူပင် ဖြစ်သည်ဟူသော ဦးကိုကိုလေး၊ ဦးဥက္ကဋ္ဌ၊ သခင်မြတ်ဆိုင်တို့နှင့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့၏ ဝါဒသည် လောကာယတသုတ်၌ ဗြိဟတ်ဆပတိဆရာ ရေးသားထားသော ဗုဒ္ဓမပွင့်ပေါ်မီက ပေါ်ခဲ့သော ရှေးဟောင်းဗြာဟ္မဏလူမျိုး ကျာရ်ဗာကဝါဒနှင့် တစ်ထပ်တည်း တူညီနေသည်ကို တွေ့ရ၏၊ ထို့ပြင်ရှေးဟောင်းဆန္ဒောဂျ ဥပနိသျှာဒ်ကျမ်း အဆိုနှင့်လည်းကောင်း၊ လူဒ်ဗစ်ဗျူးခနဲနှင့် ဂျက်ကော့မောလေးရှော့တို့၏ ရုပ်ကြမ်းဝါဒနှင့်လည်းကောင်း ချွတ်စွပ်တူနေသည်ကို တွေ့ကြရပေသည်။
၃၈။ သို့ဖြစ်၍ ယနေ့ တောင်တွင်းကြီး ဦးဥက္ကဋ္ဌတို့ ရေးသားပြောဟောနေသော ဝါဒသည် ရှေးဟောင်း ရုပ်ကြမ်းဝါဒကို ပြန်လည်ဆန်းသစ်ထားခြင်းမျှသာ ဖြစ်ကြောင်း လယ်ပြင်ဆင်သွားသကဲ့သို့ ထင်ရှားလှပေသည်၊ ထို့ကြောင့် တောင်တွင်းကြီး ဦးဥက္ကဋ္ဌ၏ ဝါဒသည် ရုပ်ဝါဒ၊ ဦးဥက္ကဋ္ဌ၏သည် ရုပ်ကြမ်းဝါဒီ၊ ဦးကိုကိုလေး၏ ဝါဒသည် ရုပ်ဝါဒ၊ ဦးကိုကိုလေးသည် ရုပ်ကြမ်းဝါဒီတစ်ဦး၊ သခင်မြတ်ဆိုင်၏ ဝါဒသည် ရုပ်ဝါဒ၊ သခင်မြတ်ဆိုင်သည် ရုပ်ကြမ်းဝါဒီတစ်ဦး၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ ဝါဒသည် ရုပ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသီ ဆိုသူတို့သည် ရုပ်ဝါဒီများသာ ဖြစ်ကြောင်းကို ခပ်ရှင်းရှင်း သိရှိမှတ်သားနိုင်ကြပေသည်၊ ဗုဒ္ဓဟူသော စကားလုံး, သမ္မာဒိဋ္ဌိဟူသော စကားလုံးများကို အကာအကွယ်ယူပြီး ရုပ်ဝါဒလက်နက်ဖြင့် ဗုဒ္ဓသာသနာကို အတွင်းကနေ ပျက်စီးအောင် ဖျက်ဆီးနေကြသော ပုဂ္ဂိုလ်များ၏ ဇာတ်ရုပ်ကို ပေါ်လွင်အောင် သာသနာတော်ကြီး၏ နောင်ရေးကို မျှော်တွေးရှုငဲ့ပြီး ဖော်ထုတ်စိစစ်လိုက်ရပေသည်။
၃၉။ ဦးဥက္ကဋ္ဌသည် ရုပ်ဝါဒီတစ်ဦးပီပီ ဘုရားတရားပါဠိများကို အနက်ပေးရာ၌ ရုပ်ဝါဒဘက်သို့ လုပြီး အနက်ပေးလေ့သည်၊ အို ယောဂီ သင် ဘယ်ဆီသွားမလဲ နှာ-၈၇ ၌ ဦးဥက္ကဋ္ဌက “နာမံ၊ နာမ်သည်။ ရူပံ၊ ရုပ်ကို။ ပဋိစ္စ၊ စွဲ၍။ ပဝတ္တတိ၊ ဖြစ်ပေါ်လာ၏၊ ဆိုလိုရင်းမှာ နာမ်သည် ရုပ်က ဖြစ်သည်၊ ရုပ်သည် အာဟာရက ဖြစ်သည်”ဟု ဆိုထားရာ ယင်းအဆို ဘယ်ကရသလဲမေးလျှင် အထက်ပါ ဥပနိသျှာဒ်ကို အမှီပြုသော ရုပ်ဝါဒက ရသည်ဟု ဖြေရပေမည်၊ အမှန်မှာ ဦးဥက္ကဋ္ဌ ကိုးကားသော ပါဠိသည် စောဒကဆရာတော်များ တင်ပြသည့်အတိုင်း ဝိသုဒ္ဓိမဂ် ဒု-နှာ-၂၃၀ လာ အဋ္ဌကထာဆရာရှင်၏ ပါဠိဖြစ်သည်၊ အဋ္ဌကထာစကားကို တစ်ပိုင်းတစ်စ အဖျားဆွတ်၍ယူပြီး ဦးဥက္ကဋ္ဌ ဆိုထားခြင်းဖြစ်သည်။ ဦးဥက္ကဋ္ဌသည် အဋ္ဌကထာကို ပယ်ချင်သောအခါ ပယ်၍ ယူချင်သောအခါ ယူပြန်၏၊ အမှန်စင်စစ် မူမရှိသူဟု ဆိုရန် ရှိ၏၊
အဋ္ဌကထာစကား အပြည့်အစုံမှာ ဤသို့ဖြစ်သည်-
“ယထာ စ ဒဏ္ဍာဘိဟဋံ ဘေရိံ နိဿာယ သဒ္ဒေ ပဝတ္တမာနေ အညာဘေရီ၊ အညော သဒ္ဒေါ၊ ဘေရိသဒ္ဒါ အသမ္မိဿာ၊ ဘေရီသဒ္ဒေန သုညာ၊ သဒ္ဒေါ ဘေရိယာ သုညော၊ ဧဝမေဝံ ဝတ္ထုဒွါရာရမ္မ သင်္ခါတံ ရူပံ နိဿာယ နာမေ ပဝတ္တမာနေ အညံ ရူပံ၊ အညံ နာမံ၊ နာမရူပါ အသမ္မိဿာ၊ နာမံ ရူပေန သုညံ၊ ရူပံ နာမေန သုညံ၊ အပိ စ ခေါ ဘေရိံ ပဋိစ္စ သဒ္ဒေါဝိယ ရူပံ ပဋိစ္စ နာမံ ပဝတ္တတိ။” (အဘိဓမ္မသမုစ္စယ၊ ၂၈)
မြန်မာအကျဉ်း
တုတ်ဖြင့် စည်ကို ခေါက်လိုက်သော် စည်ကို မှီ၍ အသံဖြစ်ပေါ်လာ၏၊ သို့ဖြစ်ပေါ်လာရာမှ စည်က တခြား၊ အသံက တခြား၊ စည်နှင့်အသံတို့ သဘာဝချင်း မရောယှက်သကဲ့သို့ စည်သည် အသံမှ ကင်း၍ အသံသည် စည်မှ ကင်းသကဲ့သို့ ထိုနည်းအတူ ဝတ္ထု-ဒွါရ-အာရုံရုပ်ကို မှီ၍ နာမ်ဖြစ်ပေါ်လာရာ ရုပ်က တခြား နာမ်က တခြား၊ ရုပ်နှင့်နာမ် သဘာဝချင်း မရောယှက်ကြ၊ နာမ်သည် ရုပ်မှ ကင်း၍ ရုပ်သည် နာမ်မှ ကင်းသည်၊ စင်စစ်ကား စည်ကို စွဲ၍အသံဖြစ်သကဲ့သို့ ရုပ်ကို စွဲ၍ နာမ်ဖြစ်ပေါ်လာသည် ဟူလို။
အဓိပ္ပာယ်ရှင်းလင်းချက်
၄၀။ ဗုဒ္ဓမြတ်စွာသည် ပဋ္ဌာန်းပါဠိတော်၌ ပဋိစ္စဝါရကို သဟဇာတဝါရနှင့်လဲလှယ်၍ ဟောတော်မူရာ စွဲ၍ ဖြစ်၏ဟူသည်ကို အတူအကွ ဖြစ်၏ဟူသည်နှင့် လဲလှယ်၍ ကြည့်တော်မူစေလို၏၊ ရုပ်ကို စွဲ၍ နာမ် ဖြစ်သည်၊ ရုပ်နှင့်အတူတကွ နာမ် ဖြစ်သည်၊ အတူတကွဟု ဆိုလိုက်ခြင်းဖြင့် သဟကာရီကရဏခေါ်သော တွဲဖက်အကြောင်းတွေလည်း ရှိသေးသည်ဟု ဗုဒ္ဓမြတ်စွာ ညွှန်တော်မူသည်၊ ယင်း တွဲဖက်အကြောင်းတွေကား စည်ကို ခေါက်မည်ပြုသောအခါ ခေါက်ကြောင်းဖြစ်သော တုတ်, တုတ်ကို ကိုင်သော လက်, တီးခတ်အံ့ဟူ၍ဖြစ်သော စိတ်, တီးခတ်သူ၏ လုံ့လပယောဂ စသောအကြောင်းများ ဖြစ်သည်၊ ယင်းကို ရည်ရွယ်၍ ဆရာအသင်္ဂရေးသော အဘိဓမ္မသမုစ္စကျမ်း၌လည်း ဤသို့ဆိုသည်။
सहकारिकारणं प्रत्ययसामग्री । तद्यथा विज्ञानस्येन्द्रियमपरिभग्नं, विश्व आभास गतः तज्जथ मभस्करः प्रत्युपस्थितः
“အကြောင်းတို့၏ ညီညွတ်ခြင်းသည် တွဲဖက်အကြောင်း မည်၏၊ ဝိညာဉ်ဖြစ်ဖို့ရန် ဣန္ဒြေသည် မပျက်စီးရှိရာ၏၊ အာရုံသည်လည်း ထင်ခြင်းသို့ ရောက်ရာ၏၊ ထိုအားလျော်သော နှလုံးသွင်းခြင်းသည် ရှေးရှုတည်ရာ၏” စသည်ဖြင့် မိန့်ဆိုထားလေသည်။
၄၁။ စည်ကို တီးခတ်၍ ဖြစ်ပေါ်လာသော အသံကိုကြားရာ၌ကား “သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖေဿာ” (သံ၊၁၊၃၀၁) စသော နိဒါနဝဂ်သံယုတ် ဒုက္ခသုတ် ပါဠိတော်နှင့် နှိုင်းယှဉ်ရာ၏၊ ပါဠိတော်၌လည်း ပဋိစ္စ၏ အနက်အဓိပ္ပာယ်ကို ဤသို့ ကောက်ယူရမည်ဟု အဋ္ဌသာလိနီ အဋ္ဌကထာဆရာ မိန့်မှာတော်မူ၏၊ “အသံဘိန္နတ္တာ သောတဿ အာပါထဂတတ္တာ သဒ္ဒါနံ အာကာသသန္နိဿိတံ မနသိကာရဟေတုကံ စတူဟိ ပစ္စယေတိ ဥပ္ပဇ္ဇတိ သောတဝိညာဏံ သဒ္ဓိံ သမ္ပယုတ္တေဟိ” (အဘိ၊ဋ္ဌ၊၁၊၃၂၁) (အဋ္ဌသာလိနီ အဋ္ဌကထာ) သောတပသာဒနှင့် သဒ္ဒါရုံကို အစွဲပြု၍ သောတဝိညာဏ် ဖြစ်၏ ဟူရာ၌ သောတပသာဒလည်း မပျက်စီးပါမှ သဒ္ဒါရုံလည်း ထင်ခြင်းသို့ ရောက်ပါမှ ဟင်းလင်းပြင်လည်းရှိပါမှ နှလုံးသွင်းခြင်းလည်း ရှိပါမှ ယင်းသို့ အကြောင်းလေးချက် ညီမှသာလျှင် သောတဝိညာဏ် ကြားသိစိတ် ဖြစ်သည်၊ ဖြစ်သော် တစ်ခုခုချင်း ဖြစ်သည်မဟုတ်။ သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်သည်၊ ဤသို့ ကောက်ယူရမည်ဟု ပြညွှန်တော်မူ၏၊
၄၂။ ဤသို့ဆိုသော် ဦးဥက္ကဋ္ဌ အလိုရှိသော ရုပ်မှ နာမ်ဖြစ်သည်ဟူသောအနက်သည် အကွက်မလည် ပျက်ပြယ်လေတော့၏၊ မှန်၏-စည်ကို အသံဖြစ်အောင် တီးရာ၌ တီးခတ်သူ၏ တီးမည်ဟူသော စိတ်, တီးဆဲခဏ၌ ဖြစ်သော မနသိကာရ နာမ်တရားများ မပါဘဲ အသို့လျှင် အသံဖြစ်ပေါ်လာမည်နည်း။ ထို့ကြောင့် ဦးဥက္ကဋ္ဌနှင့် တပည့်အသိုင်းအဝိုင်းတို့၏ ရုပ်ဝါဒအမြင်ဖြင့် လုပ်သမျှသည် ပရမတ္ထ အဘိဓမ္မာသဘောတရားနှင့် မညီညွတ်ရကား အဓမ္မဝါဒသာဖြစ်သည်ဟု အမှတ်(၂) သီးခြားဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
ဗြာဟ္မဏကမ္မဝါဒနှင့် ဗုဒ္ခကမ္မဝါဒ ခြားနားချက်
၄၃။ စုဒိတက သခင်မြတ်ဆိုင်က “ယခုလက်ရှိ ဘာသာဆိုသည်မှာကား ဗုဒ္ဓဟော ဗြာဟ္မဏဟော ဝေဒဟော အဟောသုံးမျိုး စုပေါင်းကာ အားလုံး ပိဋကတ်တွင် ပါဝင်နေသော အဆိုအမိန့်များ ဖြစ်ပါသည်၊ သံသရာလည်စေတတ်သော တရားများဖြင့် ရှုပ်ထွေးနေပါသည် ဘုရား၊ ထို့ကြောင့် ဘာသာဟူသော အယူကို လက်မခံပါ”ဟူ၍ ချေပဖြေရှင်းထားသည်၊ ဗြာဟ္မဏဟော ဝေဒဟောဟု စကား၂-လုံး ထပ်၍ ဆိုသဖြင့် သခင်မြတ်ဆိုင်သည် ဗြာဟ္မဏတို့၏ (Vedic System) ဝေဒကျမ်းဂန်လာ သဘောတရား အစီအစဉ်ကို နားမလည်ကြောင်း ထင်ရှားသည်။ ယင်း ဝေဒကျမ်းဂန် အစီအစဉ်ဟူသည်မှာ-
(၁) ဝေဒသုံးပုံ၊ တစ်နည်း လေးပုံ၊
(၂) ဗြာဟ္မဏကျမ်း၊
(၃) အာရဏျကကျမ်း၊
(၄) ဥပနိသျှာဒ်ကျမ်း -
ဟူ၍ အကြမ်းစားအားဖြင့် လေးမျိုးရှိသည်။
၄၄။ ဝေဒသုံးပုံဆိုသည်မှာ-
(၁) ရိဂ်ဝေဒ၊
(၂) ဆာမာန်ဝေဒ၊
(၃) ယဂျုရ်ဝေဒ-
ဟူ၍ ဖြစ်သည်၊ ထိုတွင် ရိဂ်ဝေဒသာ ပဓာနအကျဆုံး ဖြစ်သည်၊ ယင်းရိဂ်ဝေဒတွင် မီး, နေ, ဣန္ဒ, သောမ, ဝရုဏ, ပူရှန် စသော နတ်ဘုရားများ၏ တန်ခိုးအရှိန်အဝါကို ဖော်ပြချီးကျူးခြင်း ဆုတောင်းခြင်းမျှသာ ပါရှိသည်၊ ဆာမာန်ဝေဒ ဟူသည် ထိုရိဂ်ဝေဒထဲမှ ကောက်နုတ်ရွေးထုတ်၍ မီးပူဇော်ရာအခါ၌ ရွတ်ဆိုရမည့် ဂါထာ မန္တန်များ ပေါင်းထည့် စီစဉ်ထားသောကျမ်း ဖြစ်သည်၊ ယဂျုရ်ဝေဒ ဟူသည်မှာ ယဇ်ပူဇော်မှုနှင့် စပ်သော အစီအစဉ်, ယဇ်ပူဇော်ရမည့် ယဇ်ပုရောဟိတ်၏ ဂုဏ်အင်္ဂါ လက္ခဏာ စသည်များကို အထူးဖော်ပြသောကျမ်း ဖြစ်သည်၊ နောက်တိုးဖြစ်သော အာထရ်ဗဝေဒဟူသည်မှာ ရောဂါဝေဒနာလက္ခဏာများ ဖော်ပြခြင်း, ဆေးဝါးကုသခြင်း, အဆောင်အဖွဲ့များ စီရင်ခြင်းစသော အတတ်ပညာများ ထပ်မံဖြည့်စွက်လျက် အထက်ပါ ဝေဒသုံးပုံမှ ထိုက်သည့်အလျောက် ယူငင်သုံးစွဲလျက် စုစည်းစီစဉ်ထားသော ကျမ်းမျှသာ ဖြစ်သည်၊ ထို့ကြောင့် ထိုဝေဒသုံးပုံ(ဝါ)လေးပုံမှာ ဗုဒ္ဓဝါဒထဲသို့ အနည်းငယ်မျှပင် ပါဝင်လာစရာ မရှိပေ၊ အကြောင်းမူကား ဗုဒ္ဓရှင်တော်မြတ်သည် ဝေဒကို အလျဉ်းသင့်တိုင်း အနှစ်သာရမရှိကြောင်း အကြိမ်ကြိမ် ဟောတော်မူခဲ့သောကြောင့်တည်း။
၄၅။ ဗြာဟ္မဏကျမ်းဟူသည်မှာ ဗြဟ္မာကြီးကို အသက်သွင်း၍ ပဇာပတိ (=သတ္တဝါတို့၏သခင်), ဟိရညဂဗ္ဘ(=ရွှေဥကြီးထဲ၌ သန္ဓေတည်လာသော တန်ခိုးရှင်), ဣဿရ(=အစိုးရသူ), ဝိနာယက(=သတ္တဝါတို့၏ အရှင်သခင် ဦးဆောင်ရှေ့သွား) စသော စကားလုံးတို့ဖြင့် တွေးတောကြံဆ၍ ရနိုင်ကောင်းသော ဂုဏ်ပုဒ်များဖြင့် တန်ဆာဆင်လျက် ကမ္ဘာကြီးကို ဖန်ဆင်းသူအနေဖြင့် ရေးသား စီစဉ် တီထွင်လာကြသော ကျမ်း ဖြစ်သည်၊ ဝေဒခေတ်တွင် ကမ္ဘာလောကကို ဖန်ဆင်းသူဟူသော တန်ခိုးရှင် မပေါ်သေး၊ ယခု ဗြာဟ္မဏကျမ်းကို စီရင်သော ခေတ်ကျမှ ဖန်ဆင်းသူ တန်ခိုးရှင်ဟူသော ဣဿရနိမ္မာနပေါ်လာသည်၊ ဝေဒန္တကျမ်း၌ တွေ့ရသော ဗြဟ္မန်ဟူသော Supreme Reality ခေါ် ပရမတတွ သဘောကို ဤဗြာဟ္မဏကျမ်း၌ နတ်ဘုရားအဖြစ် တွေ့ရသည်၊ ဤဗြာဟ္မဏခေတ်တွင်လည်း ဗုဒ္ဓဓမ္မတွင် အကျုံးဝင်နိုင်လောက်စရာ မည်သည့်အချက်မျှ မပါရှိပေ၊ အကြောင်းမူကား ဗုဒ္ဓရှင်တော်မြတ်သည် တိတ္ထာယတနသုတ် (အံ၊၁၊၁၇၄)စသော သုတ်တို့၌ ဖန်ဆင်းရှင်ဝါဒကို မိစ္ဆာအယူဟု ရှုတ်ချတော်မူခဲ့သောကြောင့်တည်း။
၄၆။ အာရဏျကကျမ်း ဟူသည်ကား ဥပနိသျှာဒ်ကျမ်းများ မပေါ်မီ တော၌နေ၍ မီးပူဇော်သော ရသေ့တို့၏ အတွေးအခေါ်မှ ဖြစ်ပေါ်လာသော ဖီလော်ဆော်ဖီ သဘောတရားရေးရာများ စတင်ထုတ်ဖော်လာသော ကျမ်း ဖြစ်သည်၊ ပထဝီ စသော ထူလသဘာဝ ရုပ်ကြမ်းတရားများ, စိတ်-မန စသော သိမ်မွေ့သော သဘာဝတရားများ, ဩောင်းဟုခေါ်သော ပြဏဝ သဘောတရားများ ၃-မျိုး ထုတ်ဖော်လာသည်၊ ထိုကျမ်းကို တော၌နေသော ရသေ့တို့၏ လက်ရာဖြစ်သောကြောင့် အာရဏျကကျမ်းဟု ခေါ်သည်၊ ထိုကျမ်းပါ အတွေးအခေါ်များ၌ သိမ်မွေ့နက်နဲ ခက်ခဲသော အသိပညာများ မပါလှသေး၊ ဥပနိသျှာဒ်ကျမ်းများ၏ အခြေခံ အစပျိုးလောက်နှင့် ဇာတိဝါဒ ကမ္မဝါဒ စသော အချက်အလက်မျှသာ ပါဝင်သည်၊ သို့သော် နောက်ပေါ် ဥပနိသျှာဒ်ကျမ်းများကို ऐतरेय ब्राह्मणू, ऐतरेय आरण्यक စသည်ဖြင့် အထက်ပါ ဗြာဟ္မဏကျမ်း အာရဏျကကျမ်းတို့မှ လမ်းစကို ယူ၍ ချဲ့ထွင်ပြုပြင်ထားကြောင်း တွေ့ရသည်၊ ထို့ကြောင့် ထိုအာရဏျကကျမ်းလာ သဘောတရားများနှင့် ဗုဒ္ဓဝါဒသဘောတရားများကား ထန်းလျက်ခဲနှင့် ငရုပ်သီးကဲ့သို့ မနှိုင်းယှဉ်နိုင်လောက်အောင် အရသာကွာခြား၍ နေပေသည်၊ ယင်းသို့ ဖြစ်သောကြောင့် ဗုဒ္ဓဓမ္မ၌ ထိုကျမ်းလာ အဆိုအမိန့်များ ပါဝင်လိမ့်မည်လောဟု တွေးတောယုံမှားဖွယ်ပင် မရှိချေ။
၄၇။ ဥပနိသျှာဒ်ကျမ်းဟူသည်ကား ယင်း Vedic System လေးမျိုးတွင် နောက်ပိုင်းအကျဆုံး ဖြစ်၍ အတွေးအခေါ်များလည်း အတော်အထက်တန်းကျ၍ နက်နဲလာပေသည်၊ ဆရာအနီးသို့ နီးကပ်စွာ ချဉ်းကပ်ထိုင်နေ၍ ယုံယုံကြည်ကြည် ရင်းရင်းနှီးနှီး ဆွေးနွေးသင်ကြားရာမှ ဖြစ်ပေါ်လာသော ဆွေးနွေးချက်များဟူသော အဓိပ္ပာယ်အားဖြင့် ဥပနိသာဒ(ဝါ)ဥပနိသျှာဒ်ဟု ခေါ်သည်။
၄၈။ သျှံကရာကျာရယ၏ အဆိုအားဖြင့်
उपनिशादयति सवनिर्यकरसंखारं विनाशयति संखारकारणभूता मविद्याञ्च शिथिलयति ब्राह्मणं च गमयति इति उपनिषाद्
“အလုံးစုံသော အကျိုးမဲ့ကို ပြုတတ်သော သံသရာကို ဖျက်ဆီးတတ် သံသရာ၏ အကြောင်းဖြစ်သော အဝိဇ္ဇာကို လျော့ရဲစေတတ် ဗြဟ္မာ့ထံသို့ ရောက်စေတတ်သောကြောင့် ဥပနိသာဒ မည်သတတ်”၊ ယင်း ဥပနိသျှာဒ်ကျမ်းများကို ယခုခေတ်ပညာရှင်များ အသိအမှတ်ပြုချက်အရ ကျမ်းပေါင်း ၁၅၀-ခန့်ရှိသည်ဟု သိရသည်၊ ယင်းတို့တွင် အချက်အလက်တင်ပြပုံ ရှင်းလင်းခြင်း ရှေးကျခြင်းဟူသော ရှုထောင့်ဖြင့် ဆယ့်နှစ်ကျမ်း ဆယ့်သုံးကျမ်းခန့်သာ ပညာရှင်များ၏ လေးစားခြင်းကို ခံရသည်၊ အနှစ်သာရအားဖြင့် သဘာဝတ္ထပညာ ဒဿနဟူသမျှတို့၏ ရေသောက်မြစ်သဖွယ် အထည်ကိုယ်အနေအားဖြင့် တည်ရှိ၍ အတွင်းစိတ်နှင့် ပတ်သက်သော တွေးခေါ်မှုသမိုင်းတွင် အိန္ဒိယသားတို့၏ လွန်စွာ အရေးပေးခြင်း ကမ္ဘာ့ပညာရှိများ လေ့လာမှတ်သားခြင်း အသိအမှတ်ပြုခြင်းကို ခံနိုင်လောက်အောင် အတော်အသင့် အဆင့်အတန်း မြင့်မားလာပေသည်၊ သို့ရာတွင် ဗုဒ္ဓဓမ္မနှင့် နှိုင်းစာလျှင် တောင်ပို့ငယ်နှင့် ဟိမဝန္တာပမာ အကွာကြီးကွာ၍ နေသည်၊ ဗုဒ္ဓဓမ္မကျမ်းဂန်များထဲသို့ ပါဝင်နေသည်ဟု အရမ်းမဲ့စွပ်စွဲကြသော အနောက်နိုင်ငံ သမိုင်းပညာရှင်တို့နှင့်တကွ ယင်းတို့၏နောက်လိုက် ဦးဥက္ကဋ္ဌ ဆရာတပည့်တို့သည် မည်သည့်အချက်သည် ဗြာဟ္မဏဝါဒ, မည်သည့်အချက်သည် ဗုဒ္ဓဝါဒဟူ၍ ခွဲဝေပိုင်းခြားတတ်သော အသိဉာဏ်နည်းကြသဖြင့် မိမိတို့ ဉာဏ်မမှီသော အချက်, မယုံကြည်နိုင်သော အချက်တို့ကို ဗြာဟ္မဏဝါဒဟု လက်ညှိုးထိုးကာ ပိဋကတ်တော်မှ ဖြုတ်ပယ်လိုကြ၏၊ ဥပမာ-ကမ္မဿကတာနှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိတို့ကို သရုပ်မကွဲခြင်း, အနတ္တကိုအခြေခံသော ဗုဒ္ဓ၏ ကမ္မဝါဒနှင့် အတ္တကိုအခြေခံသော ဗြာဟ္မဏတို့၏ ကမ္မဝါဒလုံးထွေးရောယှက်လျက်နေခြင်း, နတ်ပြည် ငရဲပြည် အသံချင်း အမည်ချင်းတူရုံမျှဖြင့် အနက်သဘော အနှစ်သာရ မည်သို့ ကွဲပြားသည်ကို နှိုက်နဲခြင်းမရှိဘဲ ၂-ခုလုံးကို တန်းတူညီတူထားကာ ဗုဒ္ဓဓမ္မထဲမှ အတော်များများကို ဘုရားဟော မဟုတ်ဟု ဆိုနေကြပေသည်၊ ထို့ကြောင့် စောဒနာတင်လွှာ ၂၁-ချက်တို့တွင် အကျုံးဝင်၍ ပါလာသမျှသော ထိုအဆိုများကို ဝိနစ္ဆယဆရာတော်များက ဆိုင်ရာဆိုင်ရာ ဖြေရှင်းလျက် ဆုံးဖြတ်ချက် ချပေးတော်မူကြသည်။
၄၉။ ဝေဒကျမ်းလာ ကမ္မဝါဒကို အနည်းငယ် ထုတ်ပြဦးအံ့၊ ဝေဒရှေ့ပိုင်း၌ နတ်တို့ကို शुभस्पति ကောင်းသောကံကို စောင့်ရှောက်တတ်သော သူ၊ विचर्षणिः, विश्वचर्षणिः ကောင်းကံ-မကောင်းကံကို မြင်တတ်သူ၊ कमणोधर्ता ကမ္ဘာလောကကြီး၏ လုပ်ငန်းကိစ္စဟူသမျှ၏ တည်ရာ၊ विश्वस्य အမှန်တရား၏ လဲလျောင်းရာ၊ सत्यपुरावा ပြင်းထန်သော အကျင့်ကို ဆောင်ခဲ့သူ စသည်ဖြင့် နတ်တို့ကို ချီးကျုးခဲ့ပြီး နောက်ပိုင်း၌ धृवत्रत နှင့် पाप (ကောင်းမှု မကောင်းမှု) တို့ကို ခွဲခြား စဉ်းစားလာခဲ့ကြသည်၊ ယခုဘဝမတိုင်မီ ရှေးကာလ၌ ကောင်းမှု မကောင်းမှုကို ပြုခဲ့ခြင်း, ယင်းကြောင့် ယခုဘဝ၌ အခြေအနေအမျိုးမျိုး ဖြစ်ပေါ်လာရခြင်း, သေလွန်ပြီးနောက် ရောက်ရာဘဝသစ်၌ ကံ၏အကျိုး ဖလကို ခံစားရခြင်း, သတ္တဝါတို့ကို ကံကသာ ဖန်တီးခြင်း၊ देवयान နတ်ပြည် ရောက်ကြောင်းလမ်း၊ पित्यान ဘိုးဘွားနှင့် အတူတကွသွားရောက်နေထိုင်ရေးလမ်းကြောင်း စသည်များကို ဖန်တီးခြင်း, ယဇ်ပူဇော်မှုအမျိုးမျိုး, အစီအမံ အမျိုးမျိုးဖြင့် पुण्यकर्म ကောင်းမှုကို ကြိုးပမ်း အားထုတ်ခြင်း, ကမ္ဘာလောကကြီး၌ ရှိရှိသမျှ အရာများကို သတ္တဝါတို့ကံက စီမံခြင်း, သတ္တဝါတို့ ခံရစံရသမျှသည် ရှေးကံကြောင့်သာ ဖြစ်ရခြင်းဟူသော အချက်များသည် ဟိုမှာ သည်မှာ ကျဲပြန့်နေသော ဝေဒိက ကမ္မဝါဒ အဆိုအမိန့်များ ဖြစ်ကြသည်။
၅၀။ ဤသဘောတရားများကို စဉ်းစားသော် ကမ္မဿကတာနှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိနှစ်မျိုးလုံးပင် ဤဝေဒိကကမ္မ၌ ပါဝင်နေသည်ကို တွေ့ရမည်၊ ကောင်းကံကြောင့် ကောင်းကျိုးရခြင်း မကောင်းကံကြောင့် မကောင်းကျိုးရခြင်းသည် ဝေဒနှင့် ဗုဒ္ဓဝါဒတူညီသော အခြေခံ ဖြစ်၏၊ သို့သော် ဝေဒသည် ကောင်းမှုအစီအမံကို ယဇ်ပူဇော်မှု ဦးစားပေး၍ ဆိုသည်၊ ယင်းကို कर्मकाण्डဟုခေါ်သည် ဗုဒ္ဓဝါဒသည် စိတ်ဖြူစင်မှု စိတ်ညစ်ညူးမှုကို ပဓာနပြု၍ ဖြူစင်ကြည်လင်သော စိတ်ဖြင့် ပြုလုပ်ခြင်း, ပြောဆိုခြင်း, ကြံစည်တွေးတောခြင်းတို့ကို ကုသိုလ်ကံဟုခေါ်၍ လောဘ ဒေါသတို့ဖြင့် ညစ်နွမ်းသော စိတ်ဖြင့် ပြုလုပ်ခြင်း, ပြောဆိုခြင်း, ကြံစည် တွေးတောခြင်းတို့ကို အကုသိုလ်ကံဟု ဆိုသည်၊ ဝေဒိကကမ္မဝါဒအလို သတ္တဝါနှင့် လောကကို တန်ခိုးရှင် ဖန်ဆင်းရှင်တို့က သတ္တဝါတို့ကံအလျောက် ဖန်တီးသည်ဟု ဆိုသည်၊ ဗုဒ္ဓဝါဒက ဗဟိဒ္ဓလောကကြီးကို သတ္တဝါတို့၏ ကံနှင့်တကွ ဥတုနိယာမ, ဗီဇနိယာမ, ဓမ္မနိယာမအကြောင်းတို့က ဖန်တီးသည်ဟု ညွှန်ပြသည်၊ ဝေဒိကကမ္မဝါဒအရ သတ္တဝါတို့ ခံစံရသမျှ ရှေးကံကြောင့်သာ ဖြစ်သည်ဟု ယူသည်၊ (ပုဗ္ဗေကတဟေတုဒိဋ္ဌိပင် ဖြစ်၏) ဗုဒ္ဓဝါဒကံအရ သတ္တဝါတို့ကို ရှေးကံကလည်းကောင်း၊ ရှေးကံချည်းသာ မဟုတ်မူ၍ ယခု ပစ္စက္ခ၌ မိမိလုပ်ဆောင်မှု ပစ္စုပ္ပန်ကံကလည်းကောင်း၊ ကမ္မနိယာမ စိတ္တနိယာမ ဓမ္မနိယာမတို့ကလည်းကောင်း ဖန်တီးသည်ဟု ယူသည်။
ယင်းသို့ ဝေဒိကကမ္မဝါဒနှင့် ဗုဒ္ဓ၏ကမ္မဝါဒတို့၌ တူညီကြသည့်အချက်က ဘယ်ဟာ, ကွဲပြားသည့်အချက်က ဘယ်သင်းဟူ၍ ကွဲကွဲပြားပြား နားလည်မှု မရှိကြသောကြောင့် ဦးဥက္ကဋ္ဌနှင့် လက်ကျန်တပည့်ကျော်တို့က ဟိန္ဒူဗြာဟ္မဏဝါဒတွေ ပိဋကတ်စာပေထဲ ဝင်နေသည်ဟု လှန့်ကာ ပိဋကတ်တော်ကို အခါများစွာ ပယ်မှားခဲ့ကြလေသည်၊ ဗုဒ္ဓရှင်တော်မြတ်သည် မီးလုပ်ကျွေးသော ဆံကျစ်ရသေ့, ကမ္မဝါဒီ ပရဗိုဇ်တို့ကို ရဟန်းပြုခွင့် ပေးတော်မူခဲ့သည်မှာ အကြောင်းအကျိုးကို ပယ်သော Annihilationist ခေါ်သော အဟေတုက, အကိရိယ, နတ္ထိကဝါဒီများ မဟုတ်သောကြောင့် ဖြစ်လေသည်၊ အချုပ်မှာ ဗုဒ္ဓသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိကို ပယ်တော်မူ၍ ယဇ်ပူဇော်မှု မပါသော ကမ္မဝါဒကို လက်ခံတော်မူသည်၊ ဝေဒိကကမ္မဝါဒ၌ ဖန်ဆင်းမှု ပါသည်၊ ယဇ်ပူဇော်မှုကို ဦးစားပေးသည်၊ ပုဗ္ဗေကတဟေတုဒိဋ္ဌိ ပါသည်၊ ဤသို့သော ခြားနားချက်ကို သခင်မြတ်ဆိုင်တို့ မသိနိုင်ရှာကြပေ။
နတ်နှင့် ငရဲဆိုင်ရာ ဟိန္ဒူဝါဒနှင့် ဗုဒ္ဓဝါဒ
နှိုင်းယှဉ်လေ့လာသုံးသပ်ချက်
၅၁။ ဗိသျှနုပုရာဏ်အလို အတလ၊ ဝိတလ၊ နိတလ၊ ဂဘတ္ထိမာ၊ မဟာတလ(နဂါးမင်းကြီးများ နေရာဘုံ) သုတလ၊ ပါတာလဟူ အောက်ဘုံ ၇-ဘုံ ရှိသည်၊ တစ်ဖန် ပဒ်မပူရာဏ်အလို-
၁။ အတလ (မဟာမာယ နတ်မင်းကြီး၏ ကျေးကျွန်များနေရာ)
၂။ ဝိတလ (ဟာတကေရွှေရ ခေါ်သော သိဝ၏ ပုံသဏ္ဍာန်က အုပ်ချုပ်သောနေရာ)
၃။ သုတလ (ဗလိနတ် အုပ်ချုပ်သောနေရာ)
၄။ တလာတလ (မာယနတ်မင်းကြီး အုပ်ချုပ်သောနေရာ)
၅။ မဟာတလ (နဂါးမင်းကြီးများ နေရာဘုံ)
၆။ ရသာတလ (ဒေစ္စနှင့် ဒါနဝတို့ နေရာဘုံ)
၇။ ပါတာလ (ဝါသုကီနဂါးမင်း အုပ်ချုပ်ရာဘုံ)
ဟူ၍ အောက်ဘုံ ခုနှစ်ဘုံ ရှိသည်။
၅၂။ ရှိဝ ပုရာဏ်အလိုကား ပါတာလ, တလ, အတလ, တာလ, ဝိဓိပါတာလ, ရှရ်ကရာဘူမိ, ဝိဇလဘုံဟူ၍ အမည်အမျိုး ကွဲသည့်အပြင် သင်္ချာမှာလည်း ၈-ဘုံ ဖြစ်နေသည်၊ ဤမျှကား ပုရာဏ်ကျမ်းအလို အောက်ဘုံခေါ် ဒုဂ္ဂတိဘုံများဖြစ်သည်။
အထက်ဘုံ ခုနှစ်ဘုံ
၁။ ဘူလောက (အဝီစိငရဲမှ မြင်းမိုရ်တောင်ထိပ်အထိ မြေလောက)
၂။ ဘူဝ (မြင်းမိုရ်တောင်ထိပ်မှ ဓူဝံကြယ်အထိ နေရာ) (The world of intermediate space)
၃။ ဆွရ်လောက ၅-ဘုံ
(၁) မဟေန္ဒရဘုံ
(၂) မဟရ်း (ဗြဟ္မာကြီး၏ သားသမီးများနေရာ)
(၃) ဇနလောက (ဆနတ်၊ ဆာနန္ဒ၊ ဆနတ်ကုမာရတို့ နေရာ)
(၄) တပရ်လောက (ဝေရာဂီနတ်များ၏ နေရာ)
(၅) ဆတျလောက (ဝါ) ဗြဟ္မလောက (ဗြဟ္မာကြီး၏ နေရာ)
ဤဘုံရောက်လျှင် ဘဝကုန်ပြီဟု ဆိုလိုသည်။
ဝေဒန္တနှင့် သင်္ချာဝါဒအလို လောက ၈-မျိုး (ဝါ) ဘုံ ၈-ဘုံ၊ (အထက်အောက်ရောလျက်)-
(၁) ဗြဟ္မလောက (အထက်တန်း နတ်တို့၏ နေရာဘုံ)
(၂) ပိတရိလောက (ဘိုးဘွားများ၊ ရသေ့များ၊ ပဇာပတိများနေရာ)
(၃) သောမလောက (လနှင့် အခြားြုဂိဟ်များနေရာ)
(၄) ဣန္ဒြေလောက (အောက်တန်း နတ်တို့နေရာ)
(၅) ဂန္ဓဗ္ဗလောက (လေဟာပြင်ရှိ ဝိညာဉ်တို့နေရာ) (Place of Heavenly Spirits)
(၆) ရက္ခသလောက (ရက္ခိုသ်တို့ နေရာ)
(၇) ယက္ခလောက (ဘီလူးတို့ နေရာ)
(၈) ပိသာစလောက (တစ္ဆေ မင်စာတို့ နေရာ)
၅၃။ ခရစ်နှစ်မပေါ်မီ နှစ် ၁၅၀-ခန့် (ဗုဒ္ဓပွင့်တော်မူပြီးနောက် နှစ်ပေါင်း၅၀၀-ခန့်) က ပေါ်ထွန်းသော ပတဉ္ဇလိမုနိ ရေးသည်ဟု ဆိုသော ယောဂသုတ္တ၌ အဝီစိငရဲကြီး၏ အထက်ဘက်တွင် ပါတာလငရဲ ခုနှစ်ဘုံ ဖော်ပြထားသည်။ အဝီစိ ငရဲမှ အထက် ငရဲခြောက်ဘုံကား-
(၁) မဟာကာလ ငရဲ (တစ်ခဲနက် မာကျောသော ရုပ်ဝတ္ထုများ ဝိုင်းရံလျက် ရှိသည်)
(၂) အမ္ဗရီသ ငရဲ (ရေထုကြီး ဝိုင်းရံလျက် ရှိသည်)
(၃) ရောက်ရဝ (ရောရုဝ မဟုတ်) (မီးဖြင့် ဝိုင်းရံလျက် ရှိသည်
(၄) မဟာ ရောက်ရဝ (ရေထုကြီး ဝိုင်းရံလျက် ရှိသည်)
(၅) ကာလသုတ္တ (လေအယဉ်လေလှိုင်းများ ဝိုင်းရံလျက် ရှိသည်)
(၆) သန္ဓတာမိရှရ (အမှောင်ထုကြီး ဝိုင်းရံလျက် ရှိသည်)
အဝီစိ ငရဲကြီးအောက် ပါတာလ ငရဲခုနှစ်ဘုံ ဟူသည်ကား-
(၁) မဟာတလ
(၂) ရသာတလ
(၃) အတလ
(၄) သုတလ
(၅) ဝိတလ
(၆) တလာတလ
(၇) ပါတာလ ဟူ၍ ဖြစ်သည်။
၅၄။ မနုသံဟိတာခေါ် မနုသတိ၌ အခန်း ၁၁၊ဂါထာ ၂၄-မှ ၂၈-အထိ ငရဲပေါင်း ၂၁-ခု တွေ့ရသည်၊ ယင်းတို့ကား တာမြိသျှ, အန္ဓတာမြိသျှ, မဟာရောက်ရဝ, ရောက်ရဝ, နရက, ကာလဆူတရ, မဟာနရက, ဆန်ဂျီဝန, မဟာဝီကျိ, တပန, ဆမ်ပြတာပန, ဆံယာတန, စကာလိုက, ကုဒ်မလ, ပုတိမြိတ္တိက, လောဟသျှံကု, ရိဂျီသျှ, ပန္ထာန, ဆာလ်မလိ, အဆိပတြဝန, လိုဟဒါရက ဟူ၍ ဖြစ်သည်။
၅၅။ ဝိသျှဏုပူရာဏ်၌ အခန်း ၂/၂၁၄-မှ အရေအတွက်သင်္ချာနှင့် အမည်နာမကွဲပြားသော ငရဲများလည်း ရှိသေးသည်၊ ပူရာဏ်ကျမ်းတို့၏ ဖြစ်ပေါ်ရာကာလသက်တမ်းကို ပညာရှင်များက ခရစ်နှစ်မပေါ်မီ နှစ်ပေါင်း ၆၀၀-မှ ခရစ်ပေါ်ပြီးနောက် နှစ် ၄၀၀-အတွင်း အနှစ်တစ်ထောင်ခန့်တွင် ခေတ်အသီးသီးဟု ခန့်မှန်းကြသည်၊ ယင်း ပုရာဏ်ကျမ်းတို့တွင်သာ အများအားဖြင့် ငရဲဘုံနှင့် အထက်ဘုံများ တွေ့ရသည်။
၅၆။ ဗုဒ္ဓဘုရားရှင်သည် (ဘီစီ ၆-ရာစု၌) ပွင့်တော်မူခဲ့သည်၊ ထို့ကြောင့် ငရဲဘုံအမျိုးမျိုး နတ်ဘုံအမျိုးမျိုးကို ဖော်ပြထားသော ပုရာဏ်ကျမ်းများသည် ဗုဒ္ဓခေတ်နောက်ပိုင်းမှ ပေါ်လာကြသော ကျမ်းများ ဖြစ်၍ ယူစရာရှိလျှင် ဗုဒ္ဓကျမ်းများမှ ယူ၍ ဆိုကြမည်သာ ဖြစ်ပေသည်၊ အောက်ဘုံများဟု ဆိုရာ၌ အတော်အတန် တူညီမှု တွေ့ရသော်လည်း အထက်နတ်ဘုံ, ဗြဟ္မာဘုံများအကြောင်းကား အမည်ရောအရေအတွက်ပါ တစ်စိတ်တစ်ဒေသမျှ တူညီသည်ကို မတွေ့ရချေ၊ ဗုဒ္ဓစာပေများ၌ကား နတ်ပြည်ခြောက်ထပ် ဗြဟ္မာနှစ်ဆယ် အတိအကျ သက်တမ်းနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရ၏၊ ထိုနတ်ပြည်, ဗြဟ္မာပြည်သို့ရောက်ကြောင်း ကျင့်ဝတ် ကျင့်စဉ်များလည်း လျှို့ဝှက်ဖုံးကွယ်ခြင်း မရှိဘဲ အတိအကျ ဖော်ပြထားသည်၊ ထို အထက်တန်း လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တို့ကို မသွားရောက်လိုတော့ဘဲ ယခုဘဝ၌ပင် ၃၁-ဘုံမှ လွတ်လိုပါလျှင်လည်း လွတ်ရာလွတ်ကြောင်း ဝိပဿနာလမ်းစဉ် အတိအကျ အပြည့်အဝ ရှိပေသည်၊ မည်သူမဆို လက်တွေ့ ကျင့်သုံးကြည့်ပါက ဧဟိပဿိကဂုဏ်နှင့် ညီညွတ်စွာ အစမ်းအသပ်ခံနိုင်သော ကျင့်စဉ်များဖြစ်ကြောင်း တွေ့ရမည်။
၅၇။ မြန်မာပြည် တရားဌာနတစ်ခု၌ ဝိပဿနာအလုပ်ကို စွမ်းစွမ်းတမံ အားထုတ်သွားသော အနောက်နိုင်ငံသား ယောဂီတစ်ဦးက သူ့ကိုယ်တွေ့ကိုဖော်ထုတ်သွားဖူး၏၊ ဧဟိပဿိကဂုဏ်ကို ယုံကြည်စွာ ဒေါက်တာ အယ်လီဇဘက်တေနော့တင်ဂန်က ဤသို့ ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
It is a challenging experience for a Westerner to undergo a course in meditation at the International Center. He not only may explore new realms of consciousness, but he can scarcely avoid the atempt to re-phrase his experiences. Where possibe, in terms of his traditional religious beliefs. Furthermore, certain incidents, certain expressions in both the Old and New Testaments spring to life, so to say, and take on new and vivid meaning. For instance, the Biblical verse "If the eye be single the whole body will be full of light" may be expertiences subjectively as almost literl truth by one who in practising Samadhi is able to approach one-pointedness in his concentration. Indeed, many biblical phrases that to a Westerner may have seemed vague or merely allegorical take on specific meaning thus recalling the fact that Judio-Christianity is a faith of eastern rather than Western origion.
International Buddhist New Forum November
1961.Vol.1.No.11.
“အနောက်နိုင်ငံသားတစ်ယောက်အဖို့ ဤ အပြည်ပြည်ဆိုင်ရာ ကမ္မဋ္ဌာန်းဌာန၌ သမာဓိလေ့ကျင့်ခန်း ယူခြင်းသည် စိမ်ခေါ်သော လေ့ကျင့်မှုတစ်ရပ်ဖြစ်သည်၊ သူ၏ မနောဝိညာဉ်ဟူသော စိတ်ဓာတ်၏ အခန်းသစ်ကို သိနိုင်ရုံမျှမက မိရိုးဖလာ ဘာသာရေးယုံကြည်ချက်အနေအားဖြင့် တွေ့နေကျဖြစ်သော သူ၏ အတွေ့အကြုံများကို အသစ်ပြင်ဆင်ရန် မကြိုးစားဘဲ နေနိုင်တော့မည်မဟုတ်ပေ၊ သည်သာမက ဓမ္မသစ် ဓမ္မဟောင်း သမ္မာကျမ်းစာ၌ လာရှိသော အဖြစ်အပျက် အတွေ့အကြုံများသည် ပုံသဏ္ဍာန်အသစ် အဓိပ္ပာယ်အသစ်ဆောင်လိမ့်မည်ဟု ဆိုလိုက်ပါရစေတော့၊ ဥပမာအားဖြင့်-သင်၏ မျက်လုံးသည် သင်၏ ခန္ဓာကိုယ်အတွင်းဝယ် တစ်သန်တည်း စူးစိုက်၍ နေခဲ့လျှင် သင်၏ တစ်ကိုယ်လုံးသည် အလင်းရောင်ဖြင့် ပြည့်နှက်၍ နေလိမ့်မည်”ဟူ၍ လာသော ဤဓမ္မကျမ်းစာအဆိုကို သူ၏ သမာဓိလုပ်ငန်း၌ ဧကဂ္ဂတာကျအောင် လက်တွေ့ကျင့်သုံးသော ထိုသူအဖို့ အတိအကျ အနက်မှန် အဓိပ္ပာယ်မှန်အားဖြင့် အတွင်းကျကျ တွေ့ကြုံခံစားရပါလိမ့်မည်၊ အနောက်နိုင်ငံသားတစ်ယောက်အဖို့ မှေးမှိန်၍ နေဟန်ရှိသော (ဝါ) ပဟေဠိဆန်၍ နေဟန်ရှိသော သမ္မာကျမ်းစာအဆိုအမိန့် အမြောက်အများသည်ကား အဓိပ္ပာယ်အသစ် ဆောင်ပါလိမ့်မည်၊ ခရစ်ယာန်ဘာသာတရားသည် အနောက်နိုင်ငံမှ မဟုတ်၊ အရှေ့နိုင်ငံမှ အစပြုခဲ့သည်ဟူသော အချက်ကို သတိရစေပါလိမ့်မည်။
၅၈။ “ဤမျှလောက် လေယာဉ်ပျံအဖုံဖုံ ြုဂိဟ်တုအထွေထွေနှင့် အာကာသယာဉ်များဖြင့် ကောင်းကင်တစ်ခုလုံး ပြည့်မတတ် သွားလာလှုပ်ရှား၍နေသည့် ခေတ်တွင် နတ်ပြည်ဟူ၍လည်းကောင်း၊ ငရဲပြည်ဟူ၍လည်းကောင်း မတွေ့ရပါ”ဟု ရုပ်ဝါဒီများ၏ ဆိုခြင်းသည်ကား မျက်မွေးတစ်ဆုံး အမြင်ကလေးဖြင့်ဆိုခြင်းသာ ဖြစ်သည်၊ သမုဒ္ဒရာကို ယုန်သူငယ် ထောက်မမီသကဲ့သို့ ကျယ်ပြန့်သော လောကဓာတ်အတွင်း သူတို့ မျက်လုံးမြင်အား သေးနေပုံကို ဖွင့်ဟဝန်ခံချက်သာ ဖြစ်သည်၊ သို့ရာတွင် ဤကမ္ဘာမြေကြီးအတွင်း ငရဲပြည်ရှိနိုင်ကြောင်းကိုမူ သိပ္ပံပညာက ထောက်ခံသကဲ့သို့ ရှိနေချေပြီ။
၅၉။ ဤကမ္ဘာမြေသည် အချင်းအားဖြင့် အီကွေတာတွင် ၇၉၁၇-မိုင်၊ ပတ်လည်အနား ၃၄၉၀၂-မိုင်၊ ထုအားဖြင့် သန်း ၂၆၀-ကုဗမိုင် ရှိသည်၊ အတွင်းတွင် အရည်ပျော် လှုပ်ရှားနေသော သံ, နီကာယ် ကိုဖော့သတ္တုများ ရှိသည်၊ အတွင်းပိုင်းဗဟိုချက်မတွင် အပူရှိန်သည် ပေ ၆၀ ဆင်းတိုင်း ဆင်းတိုင်း ၁-ဒီဂရီ ဖာရင်ဟိုက် ပူနှုန်းနှင့် တွက်ချက်ပါက ၃၅၀၀၀-ဒီဂရီ ရှိမည်ဖြစ်ရာ နေထက် ၃၅-ဆမျှ ပို၍ ပူမည်၊ ထိုသို့ အရည်ပျော် ပူလောင်နေသော သတ္တုပေါင်းစုံကို ၃-မိုင်မျှ ထုထည်ရှိသော ကျောက်သားပြင်ကြီးဖြင့် ပတ်လည် အုပ်ဆိုင်းထားသည်၊ ထိုအပေါ်ကမှ ကျောက်သားတစ်လွှာ ထပ်နေသည်၊ ထိုကျောက်သားလွှာသည် ကမ္ဘာ့တိုက်ကြီးများအောက်တွင် မိုင်ပေါင်း ၄၀-ခန့်မျှ ထူသော ထုထယ်ဖြင့် တည်ရှိသည်။ ဤကား ယနေ့ သိပ္ပံဆရာတို့၏ ယူဆချက် ဖြစ်၏၊
၆၀။ (Where there is liquid There is life) အရည်ဓာတ်ရှိကောင်းသောနေရာ၌ အသက်ရှိကောင်းသည်ဟူသော သိပ္ပံနိယာမအတိုင်း အလွန်ပူ၍ အရည်ပျော်နေသော အထက်အဆိုပါ သတ္တုရည်ရှိရာ ဒေသသည် ငရဲမဟုတ်ဟု မည်သူ ဆိုနိုင်အံ့နည်း၊ ဤကား ငရဲရှိနိုင်ပုံ သိပ္ပံပညာက ထောက်ခံသောသက်သေတည်း၊ (နတ်ပြည်-ဗြဟ္မာ့ပြည် အကြောင်းကို စောဒနာ အမှတ်-၁၅ ဝိနိစ္ဆယ၌ စိစစ်ကြကုန်အံ့။)
သခင်မြတ်ဆိုင်၏ ဘာသာအယူနှင့် ပတ်သက်၍ဖြေရှင်းချေပချက်ကို စိစစ်သုံးသပ်ချက်
၆၁။ သခင်မြတ်ဆိုင်က မူလပဏ္ဏာသ မဟာသာရောပမသုတ် (မ၊မြန်၊၁၊၂၅၉)၌ “ရဟန်းတို့ . . . ဤသာသနာတော်ကြီးသည် လာဘ်သပ္ပကာ အကျော်အစော ရှိမှုအတွက်မဟုတ်၊ သီလဟူသော အကျိုးရှိမှုအတွက် မဟုတ်၊ ဤသာသနာတော်သည် ဒုက္ခမှ လွတ်မြောက်မှု အတွက်သာလျှင် ဖြစ်သည်၊ ဤသည်လျှင် အနှစ်အသားတည်း၊ ဤသည်ပင် အဆုံးပန်းတိုင်တည်း”ဟု ဟောထားကြောင်း ကိုးကား၍ တပည့်တော်များသည် သံသရာတစ်ခွင် လည်စေတတ်သော ဘာသာကိုပယ်၍ သံသရာမှ လွတ်မြောက်ရာဖြစ်သော သာသနာကို လက်ခံပါသည် ဘုရား၊ ဘာသာကို အယူသဘောဖြင့်သာ တပည့်တော်တို့ သတ်မှတ်ပါသည် ဘုရားဟုလျှောက်၏၊ အယူကို ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ပယ်ခဲ့ကြောင်း အောက်ပါသုတ်များအရ ကောက်နုတ်တင်ပြပါသည် ဘုရား ဟု ဆို၍ မဇ္ဈိမပဏ္ဏာသပါဠိတော် အဂ္ဂိဝစ္ဆသုတ် (မ၊မြန်၊၂၊၁၆၃)တွင် “ငါသည် အယူဟူသော စကားကို ပယ်ပြီးပြီ၊ ခန္ဓာငါးပါး၏ ချုပ်ခြင်း ချုပ်ကြောင်းကို သိပြီးပြီ ငါဟူ၍ ထင်မှတ်စွဲလမ်းခြင်းမရှိ၊ တရားအားလုံးကို လွတ်ပြီးပြီ”ဟု ဟောထားတော်မူ၏ဟု ဆိုသည်။
၆၂။ သခင်မြတ်ဆိုင် ဖော်ပြသော အထက်ပါသုတ်ကို စိစစ်သောအခါ ပါဠိတော်၌ “ဣဒံ ခေါ အဟံ ဝစ္ဆ အာဒီနဝံ သမ္ပဿမာနော ဧဝံ ဣမာနိ သဗ္ဗသော ဒိဋ္ဌိဂတာနိ အနုပဂတော” (မ၊၂၊၁၅၃) ဟူ၍ လာရှိသည်ကို တွေ့ရသည်။ ပါဠိတော် မြန်မာပြန်၌ “ဝစ္ဆ-ငါသည် ဤအပြစ်ကို ကောင်းစွာ မြင်နိုင်သည်ဖြစ်၍သာလျှင် ဤသို့အခါခပ်သိမ်း ဒိဋ္ဌိအယူတို့သို့ မကပ်ရောက်ဟု မိန့်တော်မူ၏” (မ၊မြန်၊၂၊၁၆၂) ဤသို့ ပြန်ဆိုထားသည်။
၆၃။ ဤတွင် အရေးကြီးသော အချက်မှာ ရီလီဂျင်းမှ လာသော ဘာသာဟူသောစကားလုံးနှင့် ဒိဋ္ဌိဂတပုဒ်မှ လာသည့် မိစ္ဆာအယူတို့၏ ခြားနားချက်ကိုမမြင်ဘဲ အတူထား၍ သခင်မြတ်ဆိုင် ဆိုမိချေသည်၊ စောဒကဆရာတော်တို့ တင်ပြသော ဘာသာမဲ့ ဟူသည်မှာ-ဘာသာတရား ဟူသမျှတို့ကို သိမ်းကျုံးပုတ်ခတ် အပြစ်ဆိုပြီး စွန့်ပယ်ထားသည့်အတွက် ဤသူများသည် ဘာသာမဲ့သူများဖြစ်သည်ဟု ဆိုလို၏၊ ဘာသာဟူသော စကားဖြင့် မိစ္ဆာအယူကိုဆိုလိုသည်မဟုတ်ပေ၊ သက်ဆိုင်ရာ ဘုရားဟောစကားတော် အဆုံးအမတော်ကို ဘာသာဟု ဆိုလိုခြင်း ဖြစ်၏၊ သို့ဖြစ်၍ သခင်မြတ်ဆိုင်၏ ဖြေကြားချက်သည် စောဒနာနှင့် အနည်းငယ်မျှ စပ်ဟပ်ကိုက်ညီခြင်း မရှိသော ဖြေဆိုချက် ဖြစ်သည်။
၆၄။ တစ်ဖန် မူလပဏ္ဏသ သလ္လေခသုတ်တွင် “အယူမှန်က မိမိအယူကိုပါ တစ်ဖန်ပြန်လည်၍ စွန့်လွှတ်လော့၊ ဤကား အေးငြိမ်းရန် ဖြစ်၏”ဟု ဤသုတ်တွင် ၁၆-ကြိမ်မျှ ပါရှိပါသည် ဘုရား ဟု သခင်မြတ်ဆိုင်က ကိုးကား၍ ဆိုထား၏၊ ပါဠိတော်၌ အမှန်ရှိသည်ကား “မိမိ အယူကို လွန်စွာ စွဲလမ်းကာ မြဲမြံစွာ ယူလျက် ပြန်လည် မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ်အား မိမိအယူကို လွန်စွာ မစွဲလမ်းဘဲ မြဲမြံစွာ မယူဘဲ စွန့်လွှတ်နိုင်ခြင်းသည် အေးငြိမ်းရန် ဖြစ်၏” (မ၊မြန်၊၁၊၆၀။) ဟု ပါရှိ၏၊ ဤသလ္လေခသုတ်၏ ဆိုလိုရင်းကား သူ့အသက်ကို သတ်လေ့ရှိသော သူအား ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်းသည် အေးငြိမ်းရန် ဖြစ်၏၊ ပ။ မိစ္ဆာအယူရှိသော ပုဂ္ဂိုလ်အား သမ္မာအယူ, ယူခြင်းသည် အေးငြိမ်းရန် ဖြစ်၏၊ မိမိအယူကို ပြန်လည် မစွန့်လွှတ်နိုင်လောက်အောင် လွန်စွာ စွဲလမ်း မြဲမြံစွာ ယူသောသူအား ဤသို့ လွန်စွာ မစွဲလမ်းဘဲ မြဲမြံစွာ မယူဘဲ စွန့်လွှတ်နိုင်ခြင်းသည် အေးငြိမ်းရန် ဖြစ်၏၊ ဤသို့ လာရှိ၏၊ သခင်မြတ်ဆိုင် ဆိုသကဲ့သို့ အယူမှန်က မိမိအယူကိုပါ တစ်ဖန် ပြန်လည်၍ စွန့်လွှတ်လော့ ဟူသော အနက်အဓိပ္ပာယ်မျိုး မလာမရှိချေ၊ ဤလည်း ဘာသာအယူဝါဒနှင့် မိစ္ဆာအယူ ဤနှစ်မျိုးသည် အနည်းငယ်မျှ ဆက်စပ် တူညီခြင်း မရှိ၊ အယူဟူသော စကားလုံး တူကာမျှဖြင့် မိမိလိုရာဆွဲပြီး သခင်မြတ်ဆိုင် ကိုးကားနေခြင်းသာ ဖြစ်သည်။
၆၅။ မဇ္ဈိမပဏ္ဏာသ၊ ဒီဃနခသုတ် ၁၅၆-တွင် “အယူအားလုံးကို ငါ မနှစ်သက်ဟု ဆိုလေ့ရှိသူ, အယူအားလုံးကို နှစ်သက်သူ, အယူအချို့ကို နှစ်သက်အချို့ကို မနှစ်သက်သူ ဟူ၍ သုံးမျိုး ရှိ၏၊ ဤအထဲ၌ အယူအားလုံးကို မနှစ်သက်သော သူသာလျှင် သံယောဇဉ်ကုန်ရာ တဏှာကုန်ရာ ကိလေသာ ငြိမ်းရာ နီးစပ်ရာ နီးစပ်၏ဟု ဟောသည် (ဆိုလိုရင်းကို အတိုချုပ်ဖော်ပြခြင်း ဖြစ်ပါသည် ဘုရား၊ အကျယ်ကို မူလသုတ်တွင် ကြည့်ရှုတော်မူပါ ဘုရား) ဟု သခင်မြတ်ဆိုင် ဆို၏၊ ထိုဒီဃနခသုတ် ပါဠိတော်ကို ကြည့်ရှုသုံးသပ်ရာတွင် ဤသို့ တွေ့ရ၏၊
တတြဂ္ဂိဝေဿန ယေ တေ သမဏဗြာဟ္မဏာ ဧဝံ ဝါဒိနော ဧဝံ ဒိဋ္ဌိနော သဗ္ဗံ မေ နက္ခမတီတိ၊ တေ သမယံ ဒိဋ္ဌိ အသရာဂါယ သန္တိကေ အသညာဝါယ သန္တိကေ အနဘိနန္ဒနာယ သန္တိကေ အနဇ္ဈောသာနယ သန္တိကေ အနုပါဒါနာယ သန္တိကေတိ။ (မ၊၂။ ၁၆၆။)
ဟုတွေ့ရသည်၊ ဤ ပါဠိတော် မြန်မာပြန် မူရင်း၌ “အဂ္ဂိဝေဿန. . . ထိုသုံးမျိုးသော ပုဂ္ဂိုလ်တို့တွင် အယူအားလုံးကို ငါ မနှစ်သက်ဟု ဤသို့ ဆိုလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သော သူတို့၏ အယူဝါဒသည် ပြင်းစွာ မတပ်ခြင်းငှာ နီးစပ်၏၊ သံယောဇဉ် မဖြစ်ခြင်းငှာ နီးစပ်၏၊ အလွန်မနှစ်သက်ခြင်းငှာ နီးစပ်၏၊ မလွှမ်းမိုး မဖိစီးခြင်းငှာ နီးစပ်၏၊ ပြင်းစွာ မစွဲလမ်းခြင်းငှာ နီးစပ်၏ဟု မိန့်တော်မူ၏” (မ၊မြန်၊၂၊၁၇၆။)၊ ဤသို့ ပြန်ဆိုထားသည်ကို တွေ့ရသည်၊ သခင်မြတ်ဆိုင်သည် မြန်မာပြန်ကို အကျဉ်းချုံး၍ ဆိုရာတွင် လိုရင်းအမှန်ကို ထိမိအောင်မဆိုဘဲ ချန်ထား၍လည်းကောင်း၊ အပိုထည့်စွက်၍လည်းကောင်း ဆိုထားသည်ကို တွေ့ရ၏၊ ဘာသာအယူဝါဒနှင့် မိစ္ဆာအယူ ဤနှစ်မျိုးကို တူညီလေဟန် ရောနှော၍ ဆိုထားသောကြောင့် ဘာသာမဲ့ စောဒနာကို ဖြေဆိုရာ မရောက်ပေ။
၆၇။ ၎င်းနောက် ဥပရိပဏ္ဏာသ၊ သာမဂါမသုတ် ၃၆-တွင် “အာနန္ဒာ. . . အကြင် ရဟန်းသည် ကျေးဇူးကို ချေဖျက်လေ့ရှိ၏၊ ဂုဏ်ပြိုင်လေ့ရှိ၏၊ ဝန်တိုလေ့ရှိ၏၊ ဟန်ဆောင်တတ်၏၊ လှည့်ပတ်တတ်၏၊ ယုတ်ညံ့သော အလိုဆိုးရှိ၏၊ မိမိအယူသာ မှန်၏ဟု စွဲမြဲစွာ ယူလေ့ရှိ၏၊ ထိုအယူကို စွန့်နိုင်ခဲ၏၊ ထိုရဟန်းသည် သိက္ခာသုံးပါးကို မကျင့်သော ရဟန်းတည်း” ထို့ကြောင့် တပည့်တော်များသည် ဘာသာကိုလည်း စွန့်သည်၊ အယူကိုလည်း စွန့်ပါသည် ဘုရားဟု ဆိုပြန်သည်၊ ဤသုတ်ကို ကိုးရာတွင်လည်း ရှေ့နည်းအတူပင် ဘာသာအယူဝါဒနှင့် မိစ္ဆာအယူကို တစ်တန်းတစ်စားတည်း ထား၍ ကိုးကားပြီးနောက် ဘာသာကိုလည်း စွန့်သည်၊ အယူကိုလည်း စွန့်သည်ဟု ဘာသာနှင့် အယူခွဲခြား၍ ဆိုပြန်သည်၊ ရှေ့နောက် အမြီးအမောက်မတဲ့သော အဆိုသာ ဖြစ်ကြောင်းထင်ရှားလေသည်၊ သခင်မြတ်ဆိုင်သည် ဘာသာနှင့် ဒိဋ္ဌိဂတ-အယူ (မိစ္ဆာအယူ) ဟူသော စကားနှစ်လုံးကို ထပ်တူပြု၍ သောဓနာတင်သွင်းရာ၌ သူ၏ လိုရင်းမှာ ဘာသာဆိုတာ မိစ္ဆာဒိဋ္ဌိ ဖြစ်ပါတယ်၊ ဒါကြောင့် ဘာသာကို ပစ်ပယ်ပါတယ် ဟု ဆိုလိုရင်း ဖြစ်၏၊ သူ၏ ဆိုလိုချက်ကို ခိုင်မာအောင် ဘုရားဟော ပါဠိတော်များထဲမှ (ဒိဋ္ဌိဂတ)ဟူသော စကားလုံးပါသည့် သုတ်မြန်မာပြန်များကို ရှာဖွေပြီး ကိုးကားယူခြင်းဖြစ်ပေသည်၊ သို့ရာတွင် ဘာသာ, ဘာသာရေး ဗုဒ္ဓဘာသာ စသည်တို့၌ ပါရှိသော ဘာသာဟူသော ဝေါဟာရသည် မိစ္ဆာဒိဋ္ဌိဟူသော အနက်ကို မဟောသဖြင့် သခင်မြတ်ဆိုင်၏ ကြိုးစားချက်သည် အချည်းနှီးဖြစ်လေသည်။
၆၈။ သခင်မြတ်ဆိုင်က နောက်ဆုံးအနေဖြင့် “တစ်နည်းဆိုသော် စောဒက ဆရာတော်များ တင်ပြသော ဘာသာမဲ့ ဆိုသည်မှာလည်း ဟုတ်ပါသည် ဘုရား၊ ရုပ်ဝါဒီသမားများ ဆိုသည်မှာလည်း မှန်ပါသည် ဘုရား” ဟု ဝန်ခံလျှောက်ထား၏၊ ဤသို့ လျှောက်ထားရာတွင် ဒီဃနိကာယ် ပါထိကဝဂ် သင်္ဂီတိသုတ် ၂၀၂- ၌ မြင်ရ-ထိတွေ့ရသော ရုပ်, မမြင်ရ ထိတွေ့ရသော ရုပ်, မမြင်ရ-ထိတွေ့၍ မရသော ရုပ် ဤသုံးမျိုးကို ဟောပါသည်ဟု ဆိုပြန်သည်၊ ထိုသခင်မြတ်ဆိုင် ကိုးကားသော သုတ်၌ လာသော ရုပ်သုံးမျိုးဟူသည်မှာ သနိဒဿန သပ္ပဋိဃရုပ် (ရူပါရုံ), အနိဒဿန သပ္ပဋိဃရုပ် (ရူပါရူံမှ တပါး ဩဠာရိကရုပ် ၁၁), အနိဒဿန အပ္ပဋိဃရုပ် (သုခုမရုပ်-၁၆) ဟူ၍ သုံးမျိုးတည်း။
၆၉။ တစ်ဖန် ကာယဂတာသတိသုတ်ကို ကိုးကား၍ ဆံ အစရှိသော ရုပ်တို့ကို ထုတ်ပြ၏၊ ယင်းသို့ အထက်ရုပ်သုံးမျိုးနှင့် ဆံ အစရှိသော ရုပ်တို့ကို မှီ၍ တပည့်တော်တို့သည် ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော ရုပ်တရားနှင့်အညီ ဆဋ္ဌမူ မြန်မာပြန် ပိဋကတ်တော်အရသာ ကိုးကွယ်သူများ ဖြစ်ပါသည် ဟု ဆိုသောကြောင့် စုဒိတကတို့သည် ရုပ်ဝါဒီများ ဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော်များ အထူးသုံးသပ်နေဖွယ်ပင် မလိုပေ။
၇၀။ ဤကဲ့သို့ သက်သေခံ စာအုပ်စာတမ်း တိတ်ခွေတို့နှင့်တကွ ဝိနိစ္ဆယရုံးတော်၌ ထွက်ဆိုချက်များအရ စုဒိတကတို့သည် ဘာသာမဲ့ရုပ်ဝါဒီများဖြစ်ကြောင်း အလွန်ထင်ရှားသည်၊ ထိုဘာသာမဲ့ရုပ်ဝါဒကို အခြေခံပြီး စုဒိတကတို့ ပြောသမျှ ဟောသမျှ ရေးသမျှ အားလုံးသည်လည်း ထေရဝါဒ ပိဋကတ်တော်နှင့် ဆန့်ကျင်သောကြောင့် ဓမ္မဝိနယနှင့် မလျော်သော အဓမ္မဝါဒများဖြစ်သည်ဟု နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂) ဆရာတော်များက တညီတညွတ်တည်း ဝိနိစ္ဆယချမှတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)စောဒနာ အမှတ် (၂)လူသေလူဖြစ် ဝိနိစ္ဆယ
၁။ ဤ လူသေလူဖြစ်ဝါဒနှင့် ပတ်သက်၍ စောဒကဆရာတော်တို့က “လူသေလူဖြစ်ဟူ၍ စိတ်ကူးပေါက်ရာ လိုက်လံဟောပြော ရေးသားမှုနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား”ဟု ခေါင်းစဉ်တပ်ကာ-
တောင်တွင်းကြီး ဦးဥက္ကဌ၏ လူသေလူဖြစ် အစရှိသော စာအုပ်စာတမ်းများ ရေးသားထုတ်ဝေခြင်း သင်တန်းပေးခြင်း ဟောပြော စည်းရုံးခြင်း စသော လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်ရုံသာမက ဗုဒ္ဓပိဋကတ်တော်လာ ဘုရားဟောတရားများကိုပင် မဟုတ်မမှန် အသုံးချထားလျက် ရှိကြောင်း သက်သေ အထောက်အထားများကို ထုတ်နုတ်တင်ပြ လျှောက်ထားသွားကြသည်။
(က) လူသားဆိုတဲ့ သတ္တဝါ သေဆုံးသွားပြီးနောက် အကယ်စင်စစ် ဖြစ်ခွင့်ဖြစ်စရာ ဖြစ်ဖို့ အလားအလာများရှိခဲ့သေးလျှင် လူမှတစ်ပါး အခြားဘာမျှဖြစ်စရာမရှိ။ (လူသေလူဖြစ် စာအုပ်-ဒု-အကြိမ်ရိုက် ၄)
(ခ) လက်ရှိ ကမ္ဘာလောကတွင် အထွတ်အထိပ်ဖြစ်သော အန္တိမအခြေအနေသို့ ရောက်၍နေသော လူသားသည် နောက်သို့ ပြန်ဆုတ်၍ ဖုတ်နှင့် ပြိတ္တာ, တစ္ဆေနှင့်မင်စာ, ငရဲကောင်နှင့် တိရစ္ဆာန်သတ္တဝါများ ဖြစ်ရန်အကြောင်း လုံးဝ မရှိတော့ချေ။ (ယင်းလူသေလူဖြစ်၃၃၁)
(ဂ) သံယောဂသုတ်၌ ဘုရားပင် လူသေလူဖြစ်ဝါဒ ဟောလေဟန် လုပ်ကြံစွပ်စွဲသောအားဖြင့် “ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီး ဦးထိပ်ထားပြီး ဥပါဒါန် မပြတ်သေးတဲ့လူ သေလျှင် လူပဲဖြစ်မယ်ဆိုတာ ကျုပ်ကချည်းဟောတာ မဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တိုင် သံယောဂသုတ်ကြီးနဲ့ ဖွင့်ပြီးဟောထားတာ အထင်အရှား ပါဠိတော်မှာ ပါရှိတယ်။ (သစ္စာဓမ္မစာစောင်၊ အတွဲ၊၁၊အမှတ် ၁)
၂။ (က) ဦးဥက္ကဌ၏ သာဝကကြီး သခင်မြတ်ဆိုင်သည် လူသေလူဖြစ် ပြဿနာ ၁၆၂-၁၆၃ ၌ မှတ်တမ်းတင်ခဲ့သည်မှာ-
ဒီလိုကွ. . . ကိုယ့်ရုပ်ကိုယ့်နာမ်အပေါ်မှာ တကယ်စွဲတဲ့ ရုပ်နာမ်သဏ္ဍာန် အရှိကို စွဲတဲ့ အတ္တဝါဒုပါဒါန် အတိုင်း လူဟာလူပဲဖြစ်တယ်။ ကုသိုလ်, အကုသိုလ်ကိစ္စက သူနဲ့ မဆိုင်သေးဘူး၊ ဒါပေမဲ့ ကာယကံ, ဝစီကံ, မနောကံ စတဲ့ ကိုယ်နှုတ်နှလုံး မကောင်းတဲ့ ရုပ်ပျက်က ပြန်ပေါ်လာတဲ့ ဘူတရုပ် ဆိုတော့ ရုပ်ဆိုး ဖြစ်လာမယ်၊ ဆိုပါတော့ကွာ ခြေတိုချင် တိုမယ်၊ လက်မပါချင် မပါဘူး၊ မနောကံ ကြပ်ကြပ်ဆိုးတဲ့ ရုပ်ကျတော့ တော်တော်အကျည်းတန်တဲ့ ရုပ်ဆိုး ရုပ်ဝါးမျိုးပေါ့ကွာ၊ ဒီဆိုးလာတဲ့ ရုပ်ပျက်က ပြန်ပေါင်းစပ်တဲ့ ရုပ်သစ်မှန်ရင် မျက်စိယင်လည်း ချို့ယွင်းမယ်၊ ပါးစပ်ပြဲ မျက်ပြူးယင်လည်းဖြစ်မယ်၊ ခေါင်းယင် ကြီးမယ်၊ ဒါမှမဟုတ် ကိုယ်တွင်းက အသဲတို့ နှလုံးတို့ပါ ညံ့ဖျင်းလာယင် အသက်ပါတိုမယ်
(ခ) အေး. . . ဘာသာရေးဆရာတွေ ပြောသလို လူ့အဖြစ် လူ့ဘဝ ရင်းစားပြန်ရဖို့တောင် ဘယ်လောက် ခဲယဉ်းသလေး၊ ဘယ်အကျင့်ရှိမှလေး၊ ဘယ် ဒါနပါမှ ဆိုတာမျိုးတွေ မင်းက ယုံချင်သေးသလားကွ၊ ဒါတွေက စားလမ်းပဲ။ (ယင်းနှာ-၁၉၁)
ဤသို့ စသည် သက်သေသာဓကများ ထုတ်၍ စောဒနာခဲ့ကြသည်။
၃။ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ရုံးတော်သို့ တောင်တွင်းကြီး ဦးဥက္ကဌနှင့်တကွ ၎င်း၏ နောက်လိုက်နောက်ပါ ပုဂ္ဂိုလ်များ ရေးသား ပြောဟောချက်များနှင့် ပတ်သက်၍ ဗုဒ္ဓဝါဒနှင့် လုံးဝဆန့်ကျင်သော အဓမ္မဝါဒများသာ ဖြစ်ကြောင်း စောဒနာ ၂၁-ချက်ကို စောဒကဆရာတော်များက တင်သွင်းခဲ့ကြသည်၊ ထိုစောဒနာ ၂၁-ချက်တို့တွင် ဦးဥက္ကဋ္ဌနှင့်တကွ ၎င်း၏ တပည့်လက်သားတို့သည် ဘာသာမဲ့ သာသနာမဲ့ ဘာသာရေး သာသနာရေး အရေခြုံ ရုပ်ဝါဒီများသာ ဖြစ်ကြောင်း ပထမစောဒနာချက်နှင့် ယခု ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒသည် စိတ်ကူးယဉ် အဓမ္မဝါဒများသာ ဖြစ်ကြောင်း စောဒနာအမှတ် (၂) ဤစောဒနာ ၂-ရပ်သည် ကျန်စောဒနာအားလုံး၏ အခြေခံ ရေသောက်မြစ် ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ရုပ်ဝါဒီများဖြစ်၍ ဘုရားတရားတော်မှ လမ်းပြောင်းကာ လူသေလူဖြစ်ဝါဒကို စိတ်ကူးဖြင့် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ ရုပ်ဝါဒအခြေခံနှင့် တည်ဆောက်သော လူသေလူဖြစ်ဝါဒကို ယုတ္တိတန်စေရန် အတွက် ၃၁-ဘုံ ပယ်ခြင်း, ကံ, ကံ၏အကျိုးပယ်ခြင်း, အတိတ်အနာဂတ် ပယ်ခြင်း, အဘိဓမ္မာကို ပုတ်ခတ်ခြင်း, သဗ္ဗညုတဉာဏ်တော်ကို စော်ကားခြင်း, သမထ ဝိပဿနာလမ်းစဉ်ကို ဖျက်ဆီးခြင်း, ဝိနည်းကျင့်ဝတ်ကို ကျော်နင်းခြင်း, ရဟန်းကောင်း ရှင်ကောင်းများကို တိုက်ခိုက်ခြင်း, ပရိတ်ရွတ်မှု, ဓာတ်တော်ဆံတော် ကိုးကွယ်မှု, သီလဆောက်တည်မှု စသော ဗုဒ္ဓဘာသာ ဓလေ့ထုံးစံတို့ကို ပြက်ရယ်ပြုခြင်း, နေရာတကာ၌ ဥပါဒါန်လက်နက်ကို အသုံးပြုခြင်း, နိဗ္ဗာန်နှင့် ဓမ္မစကြာအမှန်ကို လုပ်ကြံခြင်း, ပါဠိတော်အတုများ ပြုလုပ်၍ ဝါဒဖြန့်ခြင်း, ဗုဒ္ဓဝင်ကို ရှုတ်ချခြင်း, သံဂါယနာ ၆-တန်ကို ပေါ့ပျက်စေရန် အားထုတ်ခြင်း, ပါဠိတော်အစစ်များကို ဗြာဟ္မဏဝါဒဟု စွပ်စွဲပြီး ဖြုတ်ထုတ်သတ်ဖြတ်ခြင်း အလုပ်တို့ကို ပြုလုပ်ကြခြင်း ဖြစ်ပေသည်၊ သို့ဖြစ်သောကြောင့် ယခုရုံးတော်သို့ စွဲချက်တင်ထားသော အချက် ၂၁-ချက်တို့တွင် ယခုလူသေလူဖြစ် စောဒနာသည် ဒုတိယ ရေသောက်မြစ် ဖြစ်သော အခြေခံစောဒနာ ဖြစ်ပေသည်။
၄။ ဤစောဒနာချက်နှင့် ပတ်သက်၍ စောဒကဆရာတော်တို့သည် တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့် ၎င်း၏ တပည့်သာဝကများ ရေးသားထုတ်ဝေဖြန့်ချိထားသည့် လူသေလူဖြစ်စာအုပ်, လူသေလူဖြစ် ပြဿနာစာအုပ်, သစ္စာဓမ္မာစာစောင် စသည်တို့ကို သက်သေခံ ပစ္စည်းအဖြစ် တင်ပြထားကြပြီး ထိုသက်သေခံပစ္စည်းများမှ စာပိုဒ် (၆)ပိုဒ်တို့ကို ထုတ်ပြ၍ စုဒိတကပုဂ္ဂိုလ်တို့အနေဖြင့် လူသေလူဖြစ်ဝါဒကို အမှန်ရေးသားထုတ်ဝေ ဟောပြောလျက် ရှိကြောင်း သက်သေထူခဲ့ကြသည်။
စောဒကဆရာတော်များသည် ထိုလူသေလူဖြစ်ဝါဒ၏ ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်လှပုံတို့ကို မဟာဝဂ္ဂသံယုတ်ပါဠိတော် မနုဿစုတိနိရယသုတ်၊ မူလပဏ္ဏာသပါဠိတော် မဟာတဏှာသင်္ခယသုတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် သံယောဂသုတ်၊ ပါဠိတော်၊ အဋ္ဌကထာ၊ သီဟသုတ် စသည်တို့ကို ကိုးကား၍ လျှောက်ထားကြပြီး သို့စဉ်ကလောက် ဘုရားတရားနှင့် ဆန့်ကျင်ပြီး ဗုဒ္ဓသာသနာတော်အတွင်း ဝင်၍ ဖျက်ဆီးနေသော လူသေလူဖြစ်ဝါဒကို အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်ပေးရန် စောဒကဆရာတော်များက (၃၀.၆.၈၁)နေ့က တစ်ကြိမ်၊ (၄.၇.၈၁)နေ့က တစ်ကြိမ် ၂-ကြိမ်တင်ပြ လျှောက်ထားသွားခဲ့လေသည်။
၅။ ယင်းလူသေလူဖြစ် အဓမ္မဝါဒ စောဒနာနှင့် ပတ်သက်၍ စုဒိတကများ ဖြစ်ကြသော ဦးဥဇ္ဇောတိက (ဒေးဒရဲ)၊ ဦးဇဝန (နေရှင်နယ်) တောင်တွင်းကြီး၊ ဦးဇဝန (ငါးဆင့်) တောင်တွင်းကြီးတို့က လုံးဝ ချေပခြင်း မပြုဘဲ အဓမ္မဝါဒဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်၊ ဦးဆန္ဒဓိက (နတ်မှီ) ကလည်း “လူသေလူဖြစ်ဆိုသည်မှာ ဒုက္ခသစ္စာ နယ်အတွင်းမှ မလွတ်ကင်းနိုင်သော သဘောတရားမျိုး” ဖြစ်၍ လက်သင့်မခံကြောင်း လျှောက်ထားခဲ့သည်၊ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ချုပ်မှလည်း ဤလူသေလူဖြစ် စောဒနာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ချေပလျှောက်ထားခြင်း မပြုခဲ့ကြပေ။
စောဒကဆရာတော်များ စွဲချက်တင်သည့် စောဒနာ ၂၁-ချက်ထဲမှ အားလုံးကို ဖြစ်စေ, အချို့ကိုဖြစ်စေ, မည်သည့်စုဒိတကကိုမဆို ချေပနိုင်သည့် အခွင့်အရေးကို ရုံးတော်က ပေးခဲ့သည်၊ ဦးဥက္ကဋ္ဌဝါဒရေးရာနှင့် ပတ်သက်၍ အခြေခံကျပြီး အလွန်တရာ အရေးကြီးလှသည့် ဤလူသေလူဖြစ် စောဒနာချက်ကို ဦးဥက္ကဋ္ဌ၏ တပည့်အသိုင်းအဝိုင်း နောက်လိုက်ဖြစ်ကြသော မည်သည့်စုဒိတကပုဂ္ဂိုလ်ကမျှ မိမိတို့နှင့် လုံးဝ မသက်ဆိုင်ဟု ရှောင်ကြဉ်ထွက်ပြေးရန် မဖြစ်နိုင်ပေ၊ သို့ဖြစ်၍ ဝါဒသဘောတရားရေးရာအားဖြင့် ကွင်းဆက်ဖြစ်နေသော ဤ လူသေလူဖြစ်ပြဿနာကို သောဓနာမှု မပြုခြင်းသည် စောဒကဆရာတော်များ စွဲဆိုသည့် အတိုင်း အဓမ္မဝါဒအဖြစ် ဝန်ခံရာ ရောက်သည်၊ သို့တည်းမဟုတ် မိမိတို့ အနေဖြင့် မည်သို့မျှ ဖြေရှင်းနိုင်စွမ်း မရှိပါ၊ ရုံးတော်၏ အဆုံးအဖြတ်အတိုင်းသာ ဖြစ်ပါသည်ဟု ဝန်ခံရာ ရောက်ပေသည်။
၆။ ဤ လူသေလူဖြစ် စောဒနာနှင့် ပတ်သက်၍ စုဒိတက သခင်မြတ်ဆိုင် တစ်ဦးသာလျှင် မြန်မာပြန်သုတ်ပေါင်း ၂၂-သုတ်ခန့် ကိုးကား၍ ဖြေဆိုလျှောက်ထားသည်ကို တွေ့ရသည်၊ သို့သော် သခင်မြတ်ဆိုင် ကိုးကားတင်ပြသော သုတ္တန်မြန်မာပြန်များကို ကြည့်ရှုသုံးသပ်ရာတွင် အလွန် စိတ်ပျက်ဖွယ်ကောင်းသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထို ကိုးကားချက်များမှာ အများအားဖြင့် အမှုဖြစ်စောဒနာနှင့် မသက်ဆိုင်ခြင်း, ကိုးကားတင်ပြချက်များ မမှန်ကန်ခြင်း, အဓိပ္ပာယ်ကောက်ယူချက်များ အလွဲလွဲ အမှားမှား ဖြစ်နေခြင်းတို့ကြောင့် ဖြစ်ပေသည်။
သို့ရာတွင် ဝိနည်းဓိုရ်ဆရာတော်တို့သည် တာဝန်ဝတ္တရားရှိသည့်အတိုင်း စောဒနာချက်များကို စိစစ်သုံးသပ်ခြင်း, သောဓနာချက်များကို စိစစ်သုံးသပ်ခြင်းနှင့် မိမိတို့ ဝိနိစ္ဆယချမှတ်ရမည့် အထည်ကိုယ် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် စိစစ်သုံးသပ်ခြင်းတို့ကို ပြုလုပ်ရမည်သာ ဖြစ်ပေသည်။
ယင်းသို့ ပြုလုပ်ရာတွင် စောဒကဆရာတော်များ တင်ပြသော စာအုပ်စာတမ်း တိတ်ခွေအထောက်အထားတို့မှာ တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့်တကွ ၎င်း၏ တပည့်လက်သား လူတစ်စုတို့၏ လက်ရာအမှန် ဖြစ်ကြောင်း သက်သေခံ အထောက်အထား ခိုင်လုံသည်ကို တွေ့ရပေသည်။ ထို့ပြင် စောဒကဆရာတော်များ၏ ထို သက်သေခံစာအုပ်စာတမ်းတို့မှ ကောက်နုတ်ဖော်ပြသော အချက်တို့အရ စုဒိတကတို့သည် မိမိတို့ဘာသာ မည်သူ့ကိုမျှ မထိခိုက်စေဘဲ လွတ်လပ်စွာ ယုံကြည်မှုမျိုးမဟုတ်ဘဲ ဘုရားဟော ပါဠိတော်များကို မေးတင်၍ ဆန့်ကျင်ကာ ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့၏ ကိုးကွယ်ယုံကြည်မှုကို ထိပါးစေလျက် ရှိသည့် အချက်ကိုလည်း တွေ့ရပေသည်။
ထို့ပြင် လူသေလူဖြစ်ဝါဒသည် ဘုရားတရားတော်နှင့် မည်သို့မည်ပုံ ဆန့်ကျင်သည်ဟု စောဒကဆရာတော်များက ကိုးကားလျှောက်ထားသော ပါဠိတော် အဋ္ဌကထာ စကားရပ်များသည်လည်း သူ့အရှိအတိုင်းပင် ဖြစ်၍ သာဓကမြောက်ကြောင်း တွေ့ရပေသည်။ စုဒိတက သခင်မြတ်ဆိုင် ချေပလျှောက်ထားသော အချက်များနှင့် စပ်လျဉ်း၍ကား မည်သို့မည်ပုံ စောဒနာနှင့် မသက်ဆိုင်ကြောင်း၊ ကိုးကားတင်ပြချက်များ မမှန်ကန်ကြောင်း၊ အဓိပ္ပာယ်ကောက်ယူချက် လွဲမှားကြောင်းတို့ကို သိသာရုံမျှ ဆက်လက်၍ စိစစ်ဖော်ပြထားသည်ကိုလည်းတွေ့ရပေသည်။
စုဒိတက သခင်မြတ်ဆိုင်၏ သောဓနာချက်ကို စိစစ်ချက်
၇။ သခင်မြတ်ဆိုင်သည် သောဓနာတင်လွှာ၌ လူသေလူဖြစ်ဝါဒ ခိုင်လုံကြောင်း သူ၏ဆရာ ဦးဥက္ကဋ္ဌ၏ဘက်မှ ရှေ့နေလိုက်သောအားဖြင့် သံယောဂသုတ်အပြင် သုတ်ပေါင်း ၂၂-သုတ်ခန့် ဖော်ပြ ဖြေရှင်းခဲ့သည်၊ ဗဖြရှင်းရာ၌ အဘိဓမ္မာသဘောအားဖြင့် စဉ်းစားခြင်း မပြုပါဟု ဆိုပြီး အဘိဓမ္မာသဘောနှင့် မလွတ်ကင်းသော၊ တစ်နည်းဆိုသော် အဘိဓမ္မာသဘောကို အခြေခံသော သုတ်တို့ကို ဖော်ပြသွားလေသည်၊ ဤသည်မှာ အဘိဓမ္မာဟုတ်, မဟုတ် ခွဲဝေတတ်သော ပညာ မရှိ၍ ဆိုမိဆိုရာ ဆိုမိခြင်း ဖြစ်၏၊ သုတ်များများ ဖော်ပြနိုင်လျှင် ဂုဏ်ရှိသည်၊ လူအထင်ကြီးမည်ဟု နှလုံးသွင်းဖြင့် ဤမျှ သုတ်တွေ များများထုတ်၍ ပြသွားခြင်း ဖြစ်ဟန်တူသည်၊ အချို့သုတ်များသည် မိမိထင်သလို မိမိဘက်က မရပ်တည်ဘဲ မိမိချေပချက်ကို ပြန်လည် ချေဖျက်နေသည်ကို သတိပြုမိဟန် မရှိပေ၊ သခင်မြတ်ဆိုင်ဖော်ပြသော အချို့သုတ်များကား လူသေလူဖြစ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိ၊ ခုတ်ရာတပါး ရှရာတခြားပေတည်။
၈။ သခင်မြတ်ဆိုင်သည် ဓမ္မစကြာသုတ်ကို ကိုးကားရာ၌ “ယာယံ တဏှာပေါနောဗ္ဘဝိကာ” စသော အပိုဒ်ကလေးကိုမျှသာ ကွက်ယူပြီးလျှင် အဓိပ္ပာယ်ကိုလည်း “အကြင်တဏှာသည် ဘဝကို ဖြစ်စေတတ်သော နှစ်သက်စွဲကပ်မှုနှင့် တကွ ထိုထိုဘဝကို နှစ်သက်တတ်၏၊ အဘယ်သို့နည်း ကာမကို ဆာလောင်ခြင်း, ဘဝကို ဆာလောင်ခြင်း, မရှိသော ဘဝကို ဆာလောင်ခြင်း, ဤသို့ ဆာလောင်ခြင်း ဖြစ်နေရာမှ အစွဲဥပါဒါန်အဆင့်သို့ ရောက်ရပြန်၏”ဟု ဖော်ပြ လျှောက်ထားခဲ့၏၊
“တဏှာ” ကို ဘာသာပြန်ရာ၌လည်း သူတို့ဆရာ ညွှန်ပြထားသည့်အတိုင်း “ဆာလောင်မှု”ဟူ၍သာလျှင် ဘာသာပြန်သည်၊ ဘုရားဟော ဓမ္မသင်္ဂဏီပါဠိတော် နိက္ခေပကဏ္ဍပါဠိတော်၌ တဏှာကို ပိပါသာ=ရေငတ်သလို ငတ်သော တရား၊ ဧဇာ=တုန်လှုပ်တတ်သော တရား၊ ဇာလိနီ=ပိုက်ကွန်နှင့်တူသော တရား၊ သုတ္တံ=ကြိုးကဲ့သို့ ချည်နှောင်တတ်သော တရား။ သိနေဟော=အစေးကဲ့သို့ စေးကပ်တတ်သော တရား။ လတာ=နွယ်ကဲ့သို့ ဖက်တွယ် ဖျက်ဆီးတတ်သော တရား စသည်ဖြင့် တဏှာ၏ သရုပ်သဘောများကို များစွာ ဆိုထားပါလျက်မှ တဏှာဟူသော စကားလုံးဖလှယ်မှုဖြင့် ထွက်လာသော အနက် တစ်ချက်တည်းကိုသာ ကောက်ယူ ဘာသာပြန်နေကြသည်။
ဝိဘဝတဏှာကိုလည်း “မရှိသော ဘဝကို ဆာလောင်ခြင်း”ဟု အလွန်လွဲမှားစွာ ဘာသာပြန်ထား၏၊ မရှိသော ဘဝကိုမည်သည့်နည်းနှင့်မျှ ဆာလောင်၍ မဖြစ်နိုင်၊ အမှန်စင်စစ် ဝိဘဝတဏှာဟူသည်ကား သေပြီး နောက်ဘဝ မရှိ၊ ဘဝပြတ်၏ ဟူသော ဥစ္ဆေဒဒိဋ္ဌိအယူကို သာယာသော တဏှာ ဖြစ်ပေသည်၊ ဤ အနက်မှန်ကို ဖော်ပြခဲ့သည်ရှိသော် သခင်မြတ်ဆိုင်သည် မိမိ ဥစ္ဆေဒဒိဋ္ဌိ အယူ ရှိနေကြောင်း ပေါ်လွင်သွားမည်စိုး၍ လှီးလွဲပြီး ယခုလို “မရှိသော ဘဝကို ဆာလောင်ခြင်း”ဟု သူ့ဆရာ၏ အာဘော်အတိုင်း မြန်မာပြန်လိုက်ခြင်း ဖြစ်ဟန်တူပေသည်၊ ဤသို့လျှင် ဓမ္မစကြာသုတ်ကို ကိုးကားသော်လည်း လိုရာကွက်၍ ယူကာ အဓိပ္ပာယ်ကို ဖျက်လျက် လွဲမှားစွာ ဆိုခဲ့သည်။
ပဋိစ္စသမုပ္ပါဒ်ကို ကိုးကားပြန်သောအခါ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ ဤနှစ်ပုဒ်မျှကို ယူ၍ စွဲလမ်းမှုဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ၊ ဘဝကြောင့် ဇာတိဖြစ်ပုံ ဤနှစ်ကွင်း ဤနှစ်ဆက်ကိုသာ ကွက်၍ ဆို၏၊
ဓမ္မစကြာနှင့် ပဋိစ္စသမုပ္ပါဒ်သည် ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ကို မည်သို့မျှ ထောက်ခံချက် မပေးပေ၊ ဓမ္မစကြာသုတ်တော်က တဏှာသုံးမျိုးသည် ဒုက္ဓသစ္စာ ဆင်းရဲအမှန်ကို ဖြစ်စေခြင်းကိုသာ ပြသည်၊ လူသေလျှင် လူပဲ ပြန်ဖြစ်သည်ဟူသော အနက်ကို မပြချေ၊ ပဋိစ္စသမုပ္ပါဒ်ပါဠိတော်ကလည်း ဥပါဒါန်လေးပါးတွင် တစ်ပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေ၊ သုံးပါး ဖြစ်စေ ရှိနေသေး၍ စွဲလမ်းမှု မကုန်သော မည်သူမဆို သတ္တဝါတစ်ဦးဦးသည် သုံးဆယ့်တစ်ဘုံတွင် မိမိကံအားလျော်စွာ တစ်ခုခုသောဘုံ၌ ဖြစ်ရဦးမည်၊ ဖြစ်တတ်သည်ဟူ၍ ပြသည်၊ ကမ္မဘဝတည်းဟူသော ကုသိုလ်ကံ အကုသိုလ်ကံကို ပြုလုပ်မိနေပါက ထိုကံလည်း ကိလေသာဥပါဒါန်တို့ ခြံရံနေပါက ပဋိသန္ဓေနေရဦးမည်၊ ပဋိသန္ဓေ နေရတတ်သည်ဟူသော အနက်ကိုသာ ပြသည်၊ လူသေလူဖြစ်နှင့် မည်သို့မျှ မသက်ဆိုင်၊ သခင်မြတ်ဆိုင်သည် မယောင်ရာ ဆီမန်းလိမ်းခြင်းသာ ဖြစ်သည်။
၉။ ဗဟုဓာတုကသုတ်, ဟီနာဓိမုတ္တိကသုတ်, အသဒ္ဓသံသန္ဒနသုတ်, ဣတိဝုတ် ဓာတုသော သံသန္ဒနသုတ်တို့ဖြင့် သခင်မြတ်ဆိုင်နှင့် သူ၏ဆရာ ဦးဥက္ကဋ္ဌတို့ ဆိုလိုသော အနက်အဓိပ္ပါယ်မှာ လူသည် လူချင်းသာလျှင် နှီးနှောသည်၊ ဆက်စပ်သည်၊ စွဲလမ်းစရာရှိလျှင် လူ့အဖြစ်ကိုသာ စွဲလမ်းမည်၊ အိပ်မက် မက်လျှင်သော်မှ လူ့အဖြစ် လူ့အသုံးအဆောင် လူ့အတွေ့အကြုံကိုသာ မက်သည်၊ ယင်းသို့ လူ့အဖြစ်ကို စွဲလမ်း၍ သေလျှင် လူသာ ပြန်ဖြစ်ရမည် ဟူ၍ ဖြစ်သည်၊ သို့သော် ဤသုတ်တော်တို့က သခင်မြတ်ဆိုင်တို့ဆွဲယူသော ဤအနက်အဓိပ္ပာယ်ကို လုံးဝမပြချေ။
ယုတ်ညံ့သော နှလုံးသွင်းရှိသူသည် ယုတ်ညံ့သော နှလုံးသွင်းရှိသူနှင့် သဘောချင်းတူသည်၊ စိတ်ချင်း ဆက်စပ်သည်၊ သွားအတူ, လာအတူနေသည်၊ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဟူသော မြန်မာစကားပုံကဲ့သို့ အကျင့်ချင်း စိတ်နေသဘောထားချင်း အမူအရာချင်း တူရာတူရာ ပေါင်းဆုံမိတတ်သည် ဟူသော အနက်ကိုသာ ပြသည်။
အခြား ပါဠိတော် အဋ္ဌကထာများ၌ လာသော “အဿဒ္ဓဿ သဒ္ဓကထာ ဒုက္ကထာ၊ ဒုဿီလဿ သီလကထာ ဒုက္ကထာ” (အံ၊၂၊၁၅၉။) သဒ္ဓါတရားမရှိသော သူအား သဒ္ဓါတရား အကြောင်းနှင့် စပ်၍ ပြောလျှင် မကောင်းသော စကား၊ ရန်စသော စကား ဖြစ်သွားသည်၊ အကျင့်ပျက်သော သူအား အကျင့်သီလနှင့် ပတ်သက်၍ ဂုဏ်ကျေးဇူး စသည်များကို ပြောဆိုလျှင် ထိုစကားသည် ထိုသူအဖို့ နားခါးစရာ ဖြစ်သည်၊ ဤအဓိပ္ပာယ်မျိုးကိုသာ ရည်ရွယ်၍ “အဿဒ္ဓေါ အဿဒ္ဓေဟိ သဒ္ဓိံ သံသန္ဒေန္တိ သမေန္တိ” စသည်ဖြင့် သဒ္ဓါတရား မရှိသူသည် သဒ္ဓါတရား မရှိသူနှင့် သဘောချင်း နှီးနွယ်စပ်ဟပ်သည်၊ အရှက်အကြောက် မရှိသော သူသည် အရှက်အကြောက် မရှိသော သူနှင့် သဘောချင်း နှီးနွယ်စပ်ဟပ်သည်၊ ပြောင်းပြန်အားဖြင့် ပညာရှိနှင့် ပညာမဲ့သောသူ စပ်ဟပ်၍ မရ၊ ပျင်းရိသော သူသည် ဇွဲကောင်းသော လုံ့လရှိသော သူနှင့် မတဲ့ ဟူသော အနက်အဓိပ္ပာယ်မျိုးကို အသဒ္ဓသံ သန္ဒနသုတ် စသည်တို့က ပြဆိုပေသည်။
၁၀။ သခင်မြတ်ဆိုင်သည် ဤသုတ်တို့ကို ဖော်ပြ၍ ဓာတ်နည်းအားဖြင့် လူသေလူဖြစ်ကို ရှင်းလင်းပြမည်ဟု ခန့်ခန့်ကြီးဆို၏၊ သို့သော် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း သုတ်တော်တို့၏ အနက်သွားကား တခြား၊ သခင်မြတ်ဆိုင်တို့ ရည်ညွှန်းသော အနက်ကား တခြား ဖြစ်၍ နေသည်ကိုသာ တွေ့ရပေသည်။
အာယတနနည်းဖြင့် ရှင်းလင်းမည် ဟူ၍ သဠာယတနဝဂ္ဂသံယုတ် ပါဠိတော်၊ ဥပရိပဏ္ဏာသ မဟာသဠာယတနသုတ်, ကုလ္လူပမသုတ် စသည်တို့ကို ကိုးကားပြန်၏၊ သို့ရာတွင် မဟာသဠာယတနသုတ်တော်က အာယတနခြောက်ပါးကို သေချာစွာ နားမလည်လျှင် သတ္တဝါသည် စွဲလမ်းတပ်မက်တတ်၏၊ စွဲလမ်းတပ်မက်သော သူအား ဥပါဒါနက္ခန္ဓာတို့သည် ပွားစီးခြင်းသို့ ရောက်ကုန်၏၊ ကိုယ်စိတ်တို့၏ ပူပန်ခြင်း, အတွင်းက ပူလောင်ခြင်း, ကိလေသာ ပူအိုက်ခြင်းတို့သည် တိုးပွားကုန်၏၊ ထိုသတ္တဝါသည် ဒုက္ခဝေဒနာကို ခံစားရ၏၊ ဤအနက်အဓိပ္ပာယ်မျိုးကိုသာ ဟောထားပေသည်။
သုံးဆယ့်တစ်ဘုံတွင် မည်သည့် သတ္တဝါမဆို အာယတနခြောက်ပါးကို သေချာစွာ သဘောမပေါက်သေးပါက ဥပါဒါနက္ခန္ဓာငါးပါး ပွားစီးနေမည်သာ၊ ပူပန်ခြင်း စသည်တို့ တိုးပွားနေမည်သာ၊ ဒုက္ခဝေဒနာကို ခံစားရမည်သာ ဖြစ်သည်ဟု ဆိုလိုသည်၊ ထို့ကြောင့် စဉ်းစားတတ်သော သူအဖို့ သုတ်၏ အဓိပ္ပာယ်ကို အနည်းငယ် သုံးသပ်ရုံမျှဖြင့် လူသေလူဖြစ်နှင့် မသက်ဆိုင်ကြောင်း တွေ့ရမည် ဖြစ်၏၊
ရာဂရှိနေသော သူသည် ရာဂကို အကြောင်းပြု၍ အကြောင်းအားလျော်စွာ ကုသိုလ် အကုသိုလ် လုပ်နေပေမည်၊ အကုသိုလ် လုပ်လျှင် ကမ္မနိယာမသဘောအတိုင်း အကုသိုလ်ကံ၏ အကျိုးကို ခံစားရာ အပါယ်လေးဘုံသို့ ရောက်မည်၊ ဤအနက်အဓိပ္ပာယ်မျိုးကိုသာ ထွက်သည်၊ ကုသိုလ် ပြုမိလျှင်လည်း အလားတူပင် သုဂတိဘုံသို့ ရောက်မည်။
၁၁။ တစ်ဖန် နိဒါနဝဂ္ဂသံယုတ် အတ္ထိရာဂသုတ်ကို ကိုးကား ဖော်ပြပြန်၏၊ ထိုသုတ်၏ မူရင်း အဓိပ္ပာယ်မှန်ကို စိစစ်ကြည့်ပြန်သောအခါ ဤသို့ တွေ့ရပေ၏၊ “ရဟန်းတို့ ကဗဠီကာရ အာဟာရဟု ဆိုစပ်သော စားဖွယ်သောက်ဖွယ်၌ နှစ်သက်တတ်, ခုံမင်တတ်, စွဲလမ်းတတ်သော တဏှာရှိလျှင် ထိုတေဘူမကဝဋ်၌ ဝိညာဏ်သည် တည်တံ့ကြီးပွားလာတတ်သည်၊ ဝိညာဏ် တည်တံ့ကြီးပွားရာ တေဘူမကဝဋ်၌ နာမ် ရုပ် သက်ရောက်လေတော့သည်၊ နာမ်, ရုပ် သက်ရောက်ရာ တေဘူမကဝဋ်၌ သင်္ခါရတရားတို့ ပွားစီးကြသည်၊ သင်္ခါရတရားတို့ ပွားစီးရာ တေဘူမကဝဋ်၌ တစ်ဖန်ဘဝသစ် ဖြစ်ရတတ်သည်၊ တစ်ဖန် ဘဝသစ်ဖြစ်ပေါ်လာသည်ရှိသော် ပဋိသန္ဓနေခြင်း, အိုခြင်း သေခြင်းသည် ဖြစ်လေတော့၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းရှိသော သဘောတရားကို စိုးရိမ်ခြင်း ပူလောင်ခြင်း ပြင်းစွာ ပင်ပန်းခြင်းနှင့်တကွ ဖြစ်၏ဟု ငါ ဆို၏၊ ရဟန်းတို့. . .ဥပမာအားဖြင့် ပန်းဆိုးသမားတစ်ယောက် ပန်းချီဆရာတစ်ယောက်သည် အဝတ်ဆိုးစရာ ဆေးရေးခြယ်စရာ ရှိခဲ့သော် အနီရောင်, အဝါရောင်, အညိုရောင်, မောင်းသောအရောင်ဖြင့် ပျဉ်ပြားပေါ်၌ ဖြစ်စေ နံရံ၌ ဖြစ်စေ ပိတ်ပေါ်၌ ဖြစ်စေ အင်္ဂါကြီးငယ် အပြည့်အစုံပါသော မိန်းမရုပ် ယောကျ်ားရုပ်ကို ဖန်တီးရာသကဲ့သို့ ထိုနည်းအတူ တဏှာ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သင်္ခါရ၊ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း, အနာဂတ်၌ ပဋိသန္ဓ နေခြင်း, အိုခြင်း, နာခြင်း ရှိခဲ့သော် (ဧကန်ပင်) စိုးရိမ်ခြင်း, ပူပန်ခြင်း, ပြင်းစွာပင်ပန်းခြင်းကို ဖြစ်စေလိမ့်မည်ဟု ငါဘုရား ဟောတော်မူ၏ ဤသို့ တွေ့ရ၏၊ ဤအတ္ထိရာဂသုတ်တော်သည် လူသေလျှင် လူ ဖြစ်၏ ဟူသော အနက်အဓိပ္ပာယ်ကို မည်သို့ ပြပါသနည်း၊ မည်သို့မျှ မပြ၊ မည်သို့မျှ မသက်ဆိုင်ပါဘဲ ပါဠိတော်အသံပေးလို၍ သခင်မြတ်ဆိုင်က ဆွဲထည့်ထားခြင်း ဖြစ်ပေသည်။
၁၂။ အာဟာရလေးပါးတွင် တစ်မျိုးမျိုး၌ တပ်မက်မှု ရှိနေသမျှ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဥပါဒါန် ဘဝ ဇာတိ ဇရာ မရဏဟူသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး လည်၍ နေလိမ့်မည်၊ ဤသို့ စက်ရဟတ်လည်နေသမျှ စိုးရိမ်ခြင်း ပူပန်ခြင်း ပြင်းစွာ ပင်ပန်းခြင်းကို ဖြစ်စေလိမ့်မည်ဟူ၍သာ ဤအတ္ထိရာဂသုတ်က ဆိုလိုပေသည်။
လူဖြစ်စေ နတ်ဖြစ်စေ တိရစ္ဆာန်ဖြစ်စေ ကဗဠီကာရ အာဟာရဟူသော စားဖွယ်သောက်ဖွယ်ကို လွန်စွာ တပ်မက်၏၊ အငန်းမရ လိုလား၏၊ ဘဝပေးအသိဖြင့် အစာမရလျှင် မနေတတ်၊ အစာမရရအောင် ရှာ၏၊ ရပြန်သောအခါ ထိုအစာကို လွန်စွာ ခုံမင်၏၊ ဘုရားရှင်၏ အဆိုဆုံးမ ဩဝါဒကို ရရှိ၍ အသင့်အားဖြင့် နှလုံးသွင်းတတ်သော ဗုဒ္ဓသာဝကများမှတပါး အခြားသော ပုဂ္ဂိုလ်များအဖို့ အာဟာရသည် သံသရာ၌ လည်ရာလည်ကြောင်း ကြီးမားသော အကြောင်း ဖြစ်၏၊
“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ-အလုံးစုံသော သတ္တဝါတို့သည် အာဟာရ ဟူသော တည်ကြောင်း ရှိကုန်၏” ဤသို့ စသည်ဖြင့် ဟောတော်မူသည်နှင့် အညီ အာဟာရ အကြောင်းကြောင့်သာလျှင် အသက်ဇီဝ တည်လျက် ရှိကြသည်၊ အသက် တည်မြဲရေးအတွက် သင့်,မသင့် မစဉ်းစား၊ တရားသည်, မတရားသည် နားမလည်၊ ကြီးနိုင် ငယ်ညှင်း, အားရှိသူက အားမဲ့သူကို ညှဉ်းပန်းနှိပ်စက်၍ မိမိအစာကို ရအောင် ယူ၏၊ ဤသို့ဆိုလျှင် ဤသတ္တဝါတို့မှာ အာဟာရကြောင့် ဖြစ်သော တဏှာလွန်ကဲမှုကြောင့် “ဒုစ္စရိတ ဒုရာဇီဝ” မကောင်းသော အကျင့်၊ မကောင်းသော အသက်မွေးခြင်း, မကောင်းသော ကာယကံ ဝစီကံ မနောကံတို့သည် ပြွမ်းပြွမ်းထ၍ နေလိမ့်မည်၊ ထိုသတ္တဝါတို့အဖို့ မိမိရောက်ရာ နေထိုင်ရာ ပေါင်းသင်းရာ အိုးအိမ်စည်းစိမ် ချစ်သူ ခင်သူ စသည်တို့အပေါ်၌ မည်မျှပင် စွဲလမ်းမှု ရှိသော်လည်း ကံက ခေါ်ဆောင်၍ သွားသဖြင့် ကံအားလျော်စွာ ကျရာ ဘုံဌာနသို့ ရောက်ကြမည် ဧကန်တည်း၊ ဤကား အတ္ထိရာဂသုတ်နှင့် ပတ်သက်၍ သိမှတ်စရာ တရားအချက်တည်း၊ လူသေလူဖြစ်နှင့်ကား ပြဒါးတစ်လမ်း သံတစ်လမ်းပေတည်း။
၁၃။ သခင်မြတ်ဆိုင်သည် လူသေလူဖြစ်စွဲချက်၌ စောဒကပုဂ္ဂိုလ်တို့၏ စောဒနာကို ဆက်လက်၍ ဤသို့ ချေပပြောဆိုသည်။ “သတ္တဝါတစ်ဦး၌ စွဲကပ်နေသော တဏှာ, ဥပါဒါန်သည် သတ္တဝါသေပြီးနောက် ရှိမြဲ ရှိလျက် ရှိသည် ဟူ၍ ဗုဒ္ဓဘုရားရှင်က ဟောပါသည် ဘုရား၊ ၎င်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်၊ “ဝစ္ဆ. . .သတ္တဝါသည် ဤကိုယ်ကို ပစ်ချပြီးနောက် တပါးကိုယ်ကို မကပ်ရောက်ရသေးစေကာမူ ထိုအခါ၌လည်း သတ္တဝါ၏ တဏှာ, ဥပါဒါန်သည် ရှိမြဲ ရှိ၏ဟု ငါဆို၏၊ ဥပမာ မီးသည် လောင်စာမရှိသော် လေကို ပင့်စွဲလျက် တည်သကဲ့သို့ တဏှာသည် လေကိုပင် မှီလျက် ဖြစ်၏ ဟု မိန့်တော်မူ၏၊ (သဠာယတနသံယုတ်-ကုတူဟလသာလာသုတ် ၅၅၄)ပါ ဘုရား”ဟု သခင်မြတ်ဆိုင်က ဆိုလေသည်။
ဆရာတော်တို့သည် ငယ်စဉ်တောင်ကျေး ကလေးဘဝမှ စ၍ ယနေ့ အသက် (၆၀) ကျော်ကာလအထိ ဗုဒ္ဓပိဋကတ်စာပေကို မပြတ် သင်အံ ပို့ချ ဟောပြောရေးသားလာခဲ့ကြ၏၊ အဘိဓဇ, အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးများထံ၌လည်း စာပေပရိယတ် ဆည်းပူးခဲ့ကြ၏၊ သို့စဉ်လောက် နှစ်ပေါင်း မြောက်မြားစွာ ပိဋကတ်ကျမ်းစာများကို သင်အံလေ့ကျက် ချပို့ကျင့်ကြံလာကြပါသော်လည်း တစ်ခါဖူးမျှ “တဏှာသည် လေကို မှီသည်”ဟု မတွေ့ဖူး မကြားဖူးခဲ့ပေ၊ ဆရာတော်တို့ကိုယ်တိုင် သံယုတ်ပါဠိတော်လာ ကုတူဟလသာလာသုတ်ကို အကြိမ်ကြိမ် ကြည့်ရှုသုံးသပ်ကြသောအခါမှာလည်း တဏှာသည် လေကို မှီသည်ဟု မတွေ့ကြရချေ။
သို့ဖြစ်၍ ထိုသို့ ဆဋ္ဌမူပါဠိတော်ကိုသာမက ဘာသာပြန်ကိုပါ ပြန်လည် ဖတ်ရှုသုံးသပ်သောအခါ ထိုသုတ်၌ အမှန်ပါသော စကားများကို ဤသို့တွေ့ရပေ၏၊
“ဝစ္ဆ . . . ဤကိုယ်ကို ပစ်ချ၍ သတ္တဝါသည် တပါးသော ကိုယ်သို့လည်း မကပ်ရောက်သောအခါ၌ ထိုသတ္တဝါသည် တဏှာဟူသော စွဲလမ်းမှု ရှိ၏ဟု ငါဆို၏၊ ဝစ္ဆ. . .မှန်၏၊ ထိုအခါ၌ တဏှာသည် ထိုသတ္တဝါ၏ စွဲလမ်းမှု ဖြစ်၏ဟု မိန့်တော်မူ၏” ဤသို့သာ ပါရှိပေသည်။
သခင်မြတ်ဆိုင်သည် ဘုရား မဟောသည်ကို အဟောလုပ်၍ ပြဝံ့ပါပေ၏၊ ကံ ကံ၏အကျိုး မရှိဟု ပယ်ထားသော သူမျိုးသည် မည်သည့်အကုသိုလ်ကိုမျှ ကြောက်မည် မဟုတ်ပေတကား။
၁၄။ တစ်ဖန် ဥပါဒါန်ကို ကံနှင့် တွဲ၍ ဖြစ်ကြောင်း ဥပါဒိန္နကံတရားနှင့် ဤသို့ဟောပါသည် ဘုရားဟု ဆိုကာ မဟာရာဟုလောဝါဒသုတ်ကို ကိုး၍ ချေပပြန်သည်။
“ရာဟုလာ. . . အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ကြမ်းတမ်းသော ကြမ်းတမ်းခြင်းသို့ ရောက်သော အကြင် အလုံးစုံသော ဥပါဒိန္န ကံတရားသည် ဥပါဒိန္န ရုပ်တရားကို အကျိုးပြု၏” ဤသို့ ဆိုထား၏၊
ဤနေရာ၌လည်း သခင်မြတ်ဆိုင် ဆိုသလို မဟုတ်ပေ၊ ထိုသုတ်၏ ဆဋ္ဌမူ မြန်မာပြန်ကို ကြည့်ရှုသော် “ရာဟုလာ. . .အဇ္ဈတ္တသန္တာန်၌ ဖြစ်သော, ကိုယ်ကို စွဲ၍ ဖြစ်သော, ကြမ်းတမ်းသော, ကြမ်းတမ်းခြင်းသို့ရောက်သော အကြင် အလုံးစုံသော ဥပါဒိန္နမည်သော ကံတရားသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော ရုပ်တရားသည် ရှိ၏၊ ဤဥပါဒိန္န ရုပ်တရားသည် အဘယ်နည်း၊ ဆံပင်, မွေးညင်း စသည်တည်း၊ ဤသို့ တွေ့ရ၏၊
ဤသုတ် ဘာသာပြန်နှစ်မျိုးကို နှိုင်းယှဉ်ကြည့်သောအခါ သခင်မြတ်ဆိုင်၏ ဘာသာပြန်၌ ဥပါဒိန္နကံတရားသည် ဥပါဒိန္နရုပ်တရားကို အကျိုးပြု၏ဟု အကျဉ်းအဓိပ္ပာယ် ထွက်၏၊ ဆဋ္ဌမူ မြန်မာပြန်၌ အဇ္ဈတ္တကိုယ်ကို စွဲ၍ဖြစ်သော ဥပါဒိန္နကံ၏ အကျိုးဖြစ်သော ရုပ်တရား (ဝါ) ကမ္မဇရုပ်တရားဟု အဓိပ္ပာယ်ထွက်သည်၊ သခင်မြတ်ဆိုင်ကား ပဓာနအားဖြင့် ကံကို အရကောက်၏၊ ဆဋ္ဌဘာသာပြန်က ကမ္မဇရုပ်ကို ပြော၍ နေ၏၊ မည်မျှ ကွာခြားနေသည်ကို သတိပြုကြရာ၏၊ ဤသုတ် နှစ်သုတ်ဖြင့် သခင်မြတ်ဆိုင် ဆိုလိုသည်မှာ ဥပါဒါန်နှင့် ကံတရားသည် တွဲ၍ဖြစ်နေသည်၊ ဤမျှသာ ဆိုလို၏၊
၁၅။ တစ်ဖန် ဆက်လက်၍ လူသည် တစ်ချိန်တစ်ခါတွင် နှလုံးသွေးရပ်၍ သေဆုံးပါသည်၊ နှလုံးမီး ဥသ္မာတေဇော (ကမ္မဇတေဇော ခေါ်) နှလုံးအိမ်စောင့် မီးငြိမ်းသွားသောအခါ သေသည်ဟု ခေါ်ရပါသည် ဘုရား၊ ထိုသေသူမှ နောက်ဆုံးနှာခေါင်းမှ ထွက်သော လေသည် ၎င်း၏ နှလုံးတွင် စုဝေးသော ဓာတ်တို့၏ အပြင်လောကသို့ ပျံ့လွင့်လာပါသည်၊ ယင်းလေကို မဟာရာဟုလောဝါဒသုတ်အရ ဥပါဒိန္နဓာတ်ဟု ခေါ်ပါသည်၊ ဤသို့ ဆိုထားလေသည်။
ဤသောဓနာ၌ “လူသေခါနီး နှာခေါင်းမှ ထွက်သော လေသည် အပြင်လောကသို့ ပျံ့လွင့်သွား၏”ဟူသော စကားရပ်သည် လူသေလူဖြစ်ဝါဒ၏ မျိုးစေ့ဖြစ်သော ဂန္ဓဗ္ဗဓာတ်ဆိုသည်ကို ချိန်၍ ပြောသော စကား ဖြစ်၏၊ သို့သော် ယင်းလေကို မဟာရာဟုလောဝါဒသုတ်အရ ဥပါဒိန္နဓာတ်ဟု ခေါ်ပါသည်ဟု သခင်မြတ်ဆိုင်က “တို့” လိုက်ပြီး စကားသတ်ထားပုံမှာ ပညာသား ပါလှပေသည်၊ မဟာရာဟုလောဝါဒသုတ်မူရင်းကို မကြည့်နိုင်သူများအနေဖြင့် သခင်မြတ်ဆိုင်၏ ချေပချက်ကို ဖတ်လိုက်သောအခါ သေခါနီး နှာခေါင်းမှ ထွက်သောလေကို ဥပါဒိန္နဓာတ်ဟု သတ်မှတ်ပြီး ဘုရားရှင်ကပင် လက်ခံထားသလို နားလည်သွားနိုင်သည်၊ သို့မဟုတ် သေခါနီးထွက်သော ဂန္ဓဗ္ဗဓာတ်ဆိုတာ ဘုရားဟော တရားနှင့် အညီပါတကားဟု မှောက်မှားစွာ နားလည်သွားနိုင်သည်၊ သို့ဖြစ်၍ စုဒိတက သခင်မြတ်ဆိုင်၏ တင်ပြချက်သည် ပညာသား ပါလှသည်ဟု ဆိုခြင်း ဖြစ်ပေသည်။
သို့ရာတွင် ယခုအခါ ပါဠိတော် အဋ္ဌကထာ ဋိကာ မြန်မာပြန်ကျမ်းဂန် အပြည့်အစုံ ရှိနေပြီး ထိုကျမ်းတို့ကို ဖတ်တတ်သူ နားလည်သူ သင်အံပို့ချ နေကြသူ သာသနာစောင့်ပုဂ္ဂိုလ်များ ရှိနေကြသည်ဖြစ်၍ သခင်မြတ်ဆိုင်၏ “ပြုစားချက်”ကို ကုစားနိုင်ကြပေသည်။
အမှန်စင်စစ် သေခါနီး (နှာခေါင်းမှ ဖြစ်စေ၊ အောက်ဒွါရမှ ဖြစ်စေ) ထွက်သော လေနှင့် ပတ်သက်၍ သခင်မြတ်ဆိုင် တွန်းပို့ချင်သော အချက်နှင့် မဟာရာဟု လောဝါဒသုတ်၌ မြတ်စွာဘုရား ဟောသော ဥပါဒိန္နဓာတ်လေသဘောကား လုံးဝမတူချေ၊ ကြွက်နှင့် ဆင်ကဲ့သို့ အရာရာတွင် ကွဲပြားခြားနားပေသည်၊ ဤအချက်ကို ပို၍ ထင်ရှားစေရန် ဘုရားဟော မဟာရာဟုလောဝါဒသုတ် မြန်မာပြန် ကောက်နုတ်ချက်ကို ဖော်ပြအပ်ပေသည်။
“ရာဟုလာ. . .ဝါယောဓာတ်ဟူသည် အဘယ်နည်း၊ ဝါယောဓာတ်သည် အချို့ကား အဇ္ဈတ္တသန္တာန်၌ ဖြစ်၏၊ အချို့ကား ဗဟိဒ္ဓသန္တာန်၌ ဖြစ်၏၊ ရာဟုလာ. . .အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ဝါယောဓာတ်ဟူသည် အဘယ်နည်း၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ထောက်ပံ့ခိုင်မာသော ထောက်ပံ့ခိုင်မာခြင်းသို့ရောက်သော အကြင် ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ဤဥပါဒိန္နဓာတ်သဘောသည် အဘယ်နည်း ဟူမူ-အထက်သို့ ဆန်တက်သော လေ, အောက်သို့ စုန် ဆင်းသောလေ, ဝမ်း၌ တည်သောလေ, အူအတွင်း၌ တည်သောလေ၊ အင်္ဂါကြီးငယ်သို့ အစဉ်လျှောက် တတ်သောလေ, ထွက်သက် ဝင်သက်လေ, ထို့အပြင်အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ထောက်ပံ့ခိုင်မာသော ထောက်ပံ့ခိုင်မာခြင်းသို့ရောက်သော အခြားအလုံးစုံသော ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ရာဟုလာ. . .ဤအလုံးစုံသော ဓာတ်သဘောကို အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ဝါယောဓာတ်ဟူ၍ ဆိုအပ်၏၊
အမှန်အားဖြင့် အကြင် အဇ္ဈတ္တသန္တာန်၌ဖြစ်သော ဝါယောဓာတ်သည် လည်းကောင်း၊ အကြင် ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ဝါယောဓာတ်သည် လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသော ဝါယောဓာတ်သည် ဝါယောဓာတ်ချင်း တူသည်သာတည်း၊ အလုံးစုံသော ဝါယောဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုဝါယောဓာတ်သည် ငါမဟုတ်၊ ထိုဝါယောဓာတ်သည် မိမိကိုယ် အတ္တမဟုတ်ဟူ၍ ဤသို့ ထိုဝါယောဓာတ်သဘောကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာ ဉာဏ်ပညာဖြင့်ရှုအပ်၏၊ ဤသို့ ထိုဝါယောဓာတ်ကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ပညာဖြင့်ရှုပြီး၍ ဝါယောဓာတ်၌ ငြီးငွေ့၏၊ ဝါယောဓာတ်၌ စိတ်သည် တပ်ခြင်း ကင်း၏၊ (မ၊မြန်၊၂၊၉၂ ၉၃။) (မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန်)
ဤ ဘုရားဟောပါဠိတော် အထင်အရှား ဖော်ပြချက်မှာ ထိုဝါယောဓာတ်ကို ဝိပဿနာရှုရန် ဆုံးမခြင်းသာ ဖြစ်၏၊ ဝါယောဓာတ်ကို ငြီးငွေ့ပြီး ဝါယောဓာတ်၌ စိတ်တပ်ငြိခြင်း ကင်းစေရန် ဖြစ်၏၊ လူသေလူဖြစ် ဆရာတပည့်တို့ ဆွဲယူချင်သလို “သေခါနီး ထွက်သော ဝါယောဓာတ်က အာကာသထဲ ပျံ့လွင့်နေပြီး အချိန်အတန်ကြာသောအခါ လူတစ်ဦးဦး၏ နှာခေါင်းထဲ ပြန်ဝင်၍ သုက်တွေဖြစ်ပွားစေလျက် လူမျိုးစေ့ ကျပြန်ရာ” ဆိုသည့် လုံးဝ မဖြစ်နိုင်သော စိတ်ကူးအိပ်မက်ကို အထောက်အကူ မပြုချေ။
တစ်ဖန် သဂါထာဝဂ္ဂသံယုတ် မလ္လိကာသုတ် ၇၅-ကို အထောက်အထား ပြု၍ “ဤ၌ မြတ်စွာဘုရားက ဤသို့ ဟောပါသည် ဘုရား၊ အစွဲဆုံး အချစ်ဆုံးသည် မိမိကိုယ်ကိုသာတည်း၊ အဘယ်အရပ်သို့ လှည့်လည် ရှာဖွေစေကာမူ ဘယ်အရပ်တွင်မှ မိမိကိုယ်ထက် ပို၍ ချစ်အပ် နှစ်သက်အပ်သော သူကို မတွေ့နိုင်၊ ဤအတိုင်း သာတည်း၊ ဤသို့လျှင် အတ္တဝါဒုပါဒါန်သည် ရှေ့ဆောင်ဥပါဒါန် ဖြစ်နေသည်ဟု ဆရာတော် အရှင်ဥက္ကဋ္ဌ မိန့်ဆိုပါသည် ဘုရား၊ ဤဘုရားဟော တရားကို ကျော်ပြီး တိရစ္ဆာန်နှင့် မိုးပေါ်က နတ်ဗြဟ္မာ ဖြစ်နိုင်သည်ဆိုသော အယူကို ဆရာတော် အရှင်ဥက္ကဋ္ဌက စဉ်းစားခြင်း မပြုတော့ပါ ဘုရား”ဟု သခင်မြတ်ဆိုင်က သောဓနာတင်လွှာ၌ ဆို၏၊
၁၆။ ထို့ပြင် လူသေလူဖြစ်ပြဿနာ ၁၁၃-၌ သူတို့ဆရာတပည့်နှစ်ယောက် ဆွေးနွေးပုံကိုလည်း ဤသို့ ရေးသားထား၏၊
“ဆရာတော် ဆိုလိုတာက အတ္တဝါဒုပါဒါန်က လွဲရင် ကျန်တဲ့ ဥပါဒါန်တရား အကြောက်အကန် ကိုယ်ရေးကိစ္စ အကြီးအကျယ် အသက်နဲ့ ထိလာရင် ပြုတ်လို့ ရတယ်၊ ပြုတ်အောင် ပြတ်အောင် ဖြစ်နိုင်ကြတယ်၊ ဒီလို မဟုတ်လား-ဆရာတော်” “အေးလေ- ဒီ အတ္တဝါဒုပါဒါန်ဆိုတာက အသ္မိမာန တရားကြီးပဲကွ၊ အသ္မိမာနဆိုတာက ဒို့ ဥဒါန်းပါဠိတော်အရ စာစကားနဲ့ ပြောရရင် အရဟတ္တမဂ် အရိယာအဆင့် ရောက်မှ “ပြုတ်တဲ့ တရားကြီးပဲ၊ အလွန်ခိုင်တဲ့ အစွဲကြီးပဲကွ”
တစ်ဖန် စာမျက်နှာ ၁၁၈-၌ ..
“ကိုင်း ဒါဖြင့် ဒီ အတ္တဝါဒုပါဒါန်ကို ပုထုဇဉ်ကအစ အနာဂါမ်အထိ စွဲတဲ့ အစွဲအားလုံးရဲ့ အစွဲဘုရင် ထိပ်ခေါင်တင်ဆိုတာ ဒို့ အတည်ပြုယင် ကန့်ကွက်စရာ ရှိသေးသလား”ဟု ဆိုပုံကို ရေးသားထားသည်။
၁၇။ အထက်ပါ အဆိုသုံးရပ်တွင် ဦးဥက္ကဋ္ဌမှ အစ သူ၏တပည့် အဆက်ဆက်တို့သည် အတ္တဝါဒုပါဒါန်နှင့် ကာမုပါဒါန်ကို ရောထွေးထက်အောက် ဇောက်ထိုးပြောင်းပြန် ယူဆလျက် ရှိကြောင်း တွေ့ရ၏၊ အမှန်မှာ အတ္တဝါဒုပါဒါန်သည် အနာဂါမ်အထိ ခိုင်ခိုင်မြဲမြဲ မပြုတ်သေးဘဲ ရှိ၏၊ ဤသို့ အတ္တဝါဒုပါဒါန်နှင့် ကာမုပါဒါန်တို့သည် သရုပ်သဘောအားဖြင့် ကွဲပြားလျက် ရှိကြသည်။
တစ်ဖန် ကွဲပြားနေသော အတ္တဝါဒုပါဒါန်နှင့် အသ္မိမာနကို “ဒီအတ္တဝါဒုပါဒါန်ဆိုတာက အသ္မိမာနတရားကြီးပဲကွ”ဟု အတူထား၍ ဦးဥက္ကဋ္ဌ ဆို၏၊ အမှန်ကား မူလပဏ္ဏာသ သမ္မာဒိဋ္ဌိသုတ် စသည်၌ အသ္မိမာနနှင့် အသ္မိဒိဋ္ဌိ နှစ်မျိုးရှိကြောင်း၊ အသ္မိဒိဋ္ဌိခေါ် ဒိဋ္ဌုပါဒါန်သည် သောတာပန်ဘဝ၌ပင် ကင်းပြတ်ပြီး ဖြစ်သော်လည်း အသ္မိမာနကား အနာဂါမ်ပုဂ္ဂိုလ်အထိ ရှိနေသေးကြောင်း လာသည်ကို သတိမပြုမိခြင်းကြောင့် ဆိုမိခြင်း ဖြစ်၏၊ ထင်ရှားစေအံ့။
“ယတော ခေါ။ ပဋိယာနုသယံ ပဋိဝိနောဒေတွာ အသ္မိတိ ဒိဋ္ဌိမာနာ နုသယံ သမူဟနိတွာ အဝိဇ္ဇံ ပဟာယ ဝိဇ္ဇံ ဥပ္ပါဒေတွာ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခ ဿန္တကရော ဟောတိ” (မ၊၁၊၅၀၀။)
အကြင်အခါ၌။ ပ။ ထိုရဟန်းသည် ပဋိဃာနုသယကို ပယ်ခွာ၍ ငါဟူ၍ ဖြစ်သော ဒိဋ္ဌိနှင့်တူသော မာနာနုသယကို နုတ်ပယ်၍ အဝိဇ္ဇာကို ပယ်၍ ဝိဇ္ဇာဉာဏ်ကို ဖြစ်စေ၍ မျက်မှောက်ဘဝ၌ ဒုက္ခ၏ အဆုံးကို ပြု၏၊
ဤပါဠိတော်၌ ဒိဋ္ဌိ မာနာနုသယံ ဟူသော စကားတွင် အသ္မိဒိဋ္ဌိနှင့် အသ္မိမာနနှစ်မျိုး ပါဝင်နိုင်သောကြောင့် ဤ၌ အရဟတ္တမဂ်,ဖိုလ်ကို ဆိုလိုရကား အသ္မိမာနကိုသာ ယူစေလိုသည်ဖြစ်၍ အဋ္ဌကထာဆရာက. . .အသ္မိတိ ဒိဋ္ဌိမာနနုသ ယန္တိ ဒိဋ္ဌိသဒိသံ မာနာနုသယန္တိ ဝုတ္တံ ဟောတိ. . .ဟု ယင်းအဋ္ဌကထာ ၂၀၉-၌ အမှာအထား မိန့်ကြားတော်မူသည်၊ အဓိပ္ပာယ်ကား အတ္တဝါဒုပါဒါန်ခေါ် ဒိဋ္ဌာနုသယကို သောတာပတ္တိမဂ်ဖြင့် ပယ်ပြီးဖြစ်၍ ဤအရဟတ္တမဂ်အရာတွင် မာနာနုသယကိုသာ ယူရမည်ဟု ဆိုလိုပေသည်။
ဤအနက်အဓိပ္ပာယ်ကို မသိ၍ဖြစ်စေ သိလျက်အမှန်ကို မျက်ကွယ်ပြုလို၍ဖြစ်စေ အတ္တဝါဒုပါဒါန်ကို “အရဟတ္တမဂ် အရိယာအဆင့်ရောက်မှ ပြုတ်တဲ့ တရားကြီးပဲ၊ အလွန်ခိုင်တဲ့ အစွဲကြီးပဲ”ဟူ၍ လည်းကောင်း “အားလုံးရဲ့ အစွဲဘုရင် ထိပ်ခေါင်တင်”ဟူ၍လည်းကောင်း ဦးဥက္ကဋ္ဌသည် တစ်တစ်ခွခွ မှားမှားယွင်းယွင်း ဆိုထားပေသည်။
တပည့်ကြီး သခင်မြတ်ဆိုင်က “အတ္တဝါဒုပါဒါန်က လွဲရင် ကျန်တဲ့ဥပါဒါန်တွေဟာ ပြုတ်အောင် ပြတ်အောင် ဖြစ်နိုင်ကြတယ်၊ ဒီလိုမဟုတ်လား ဆရာတော်”ဟု သူကိုယ်တိုင်က နားမလည်သည့်အတိုင်း မေးရာ “အေးလေ”ဟု ဆရာကလည်း ရော၍ လိုက်၏၊ ဤသို့လျှင် ဆရာတပည့် နှစ်ဦးသားတို့၏ အမှားဒေသနာသည် ဤသောဓနာအဖြေလွှာ၌ လာ၍ ထင်ဟပ်လျက် ရှိနေပေသည်။
ထို့ပြင် မလ္လိကာသုတ်ကို ကိုးကား၍ အတ္တဝါဒုပါဒါန်က ရှေ့ဆောင်ဥပါဒါန် ဖြစ်နေသည်ဟု ဆရာတော် အရှင်ဥက္ကဋ္ဌက မိန့်ဆိုပါသည် ဟူသော စကားနှင့် စပ်၍ စိစစ်ရာတွင် ဤသို့တွေ့ရ၏၊ မလ္လိကာမိဖုရားက “အရှင်မင်းမြတ်. . . အကျွန်ုပ်အဖို့ မိမိထက်ပို၍ ချစ်ရမည့်သူ တစ်စုံတစ်ယောက်မျှ မရှိပါ”ဟူ၍ ဖြေဆိုပြီးနောက် ကောသမင်းကြီးအား “အရှင်မင်းကြီးမှာကော မိမိထက် ပို၍ ချစ်ရမည့်သူ တစ်စုံတစ်ယောက် ရှိပါသလား”ဟု မေးရာ “မယှမ္ပိ ခေါ မလ္လိကေ နတ္ထညော ကောစိ အတ္တနာ ပိယတရော=အဘယ်မလ္လိကာ. . . ငါ့မှာလည်း မိမိထက်ပို၍ ချစ်ရမည့်သူ မရှိ”ဟု ပြန်ပြောပြီး ကောသလမင်းကြီးသည် ဤအကြောင်းကို မြတ်စွာဘုရားထံ သွားရောက်၍ လျှောက်ထားသောအခါ မြတ်စွာဘုရားက သဂါထာဝဂ္ဂသံယုတ် ပထမ မလ္လိကာသုတ် ၇၅-၌ အောက်ပါအတိုင်း ဟောတော်မူခဲ့သည်။
“မိမိထက်ပို၍ ချစ်ရမည့်သူကို အလုံးစုံသော အရပ်ရှစ်မျက်နှာတို့၌ စိတ်ဖြင့် (ဝါ-စေ့စေ့ စပ်စပ်) လှည့်လှည်၍ ရှာသော်လည်း မည်သည့်နေရာမှ မတွေ့နိုင်၊ ဤနည်းအတိုင်း အခြားသော သတ္တဝါတို့သည်လည်း မိမိကိုယ်ကို အသီးအသီး ချစ်မြတ်နိုးကြသည်သာ ဖြစ်၏၊ ထို့ကြောင့် ကိုယ်ကျိုးကိုယ်စီးပွားကို အလိုရှိသော သူသည် သူတစ်ပါးကို မညှဉ်းပန်း မနှိပ်စက်ရာ” (မညှဉ်းပန်း မနှိပ်စက်ပါလေနှင့်)။
သဗ္ဗာ ဒိသာ အနုပရိဂမ္မ စေတသော၊ နေဝဇ္ဈဝါ ပိယတရမတ္တနာ ကွစိ။
ဧဝံ ပိယော ပုထု အတ္တာ ပရေသံ၊ တသ္မာ န ဟိံ သေ ပရမတ္တကာမေ။ (သံ၊၁။ ၇၅။)
၁၈။ ဤနေရာ၌ ပေဿနဒီကောသလမင်း, မလ္လိကာမိဖုရားတို့ ပြောသောစကား, ဘုရားရှင် ဟောတော်မူသော တရားစကားတော်တို့၌ မိမိ-မိမိဟူသော အသုံးအနှုန်းသည် “အတ္တ” ကို ဆိုလိုသော မိမိ မဟုတ်၊ အတ္တဝါဒနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိချေ။ အမှန်ကား သမုတိသစ္စာ (Conventional Truth) ဟု ခေါ်ဆိုကြသော လောကဝေါဟာရ အသုံးအနှုန်းသာ ဖြစ်၏၊ မိမိကိုယ်ကို ညွှန်ပြသော စကားသာ ဖြစ်ပေသည်။
သဗ္ဗညုဘုရားရှင်တို့သည် ကိုယ်တိုင် ထိုးထွင်းသိမြင်တော်မူထားသော တရားဓမ္မများကို ပြန်လည် ဟောကြားသောအခါ သမုတိသစ္စာဖြစ်သော လောကဝေါဟာရများကို အသုံးပြု၍ ဟောကြားရပေသည်၊ ယင်းသို့ ဟောကြားရာ၌ မိစ္ဆာဉာဏ်ရှိသူတို့အနေဖြင့် မိမိလိုရာ ဆွဲ၍ အနက်ကောက်မယူနိုင်ရန် ပရိယာယ် စကားလုံးများစွာ ကူ၍ ပေးခဲ့သည်၊ သို့ရာတွင် စုဏ္ဏိယစကားပြေ မဟုတ်ဘဲ ပါဠိဂါထာများ၌မူ ပရိယာယ်တူ ကူ၍ မပေးနိုင်ပေ၊ မိစ္ဆာဉာဏ်ရှိသူတို့သည် ဤအချက်ကို အကွက်ကောင်းယူ၍ ပါဠိဝေါဟာရ၏ အနက်ကို မိမိလိုရာ ဆွဲယူဖော်ပြလေသည်။ အထူးသဖြင့် အနတ္တဝါဒက နှိမ်ထားခြင်း ခံနေရသော အတ္တဝါဒီတို့သည် အမြွက်ထောင်ရန် အကွက်ချောင်းနေသည့်အားလျော်စွာ ဆင်တူယိုမှား လုပ်၍ရမည့် နေရာမျိုး၌ ဝင်ပူးကြလေသည်၊ အထက်ပါ ပါဠိဂါထာ၌ ပါရှိသော အတ္တနာ, အတ္တာ, အတ္တနောဟူသော ပါဠိဝေါဟာရများ၏ “မိမိကိုယ်”ဟူသော အနက်မှန်ကို ဖယ်ပြီး ငါ ငါ ငါ ဟူသော အတ္တအနက်ကို သွတ်သွင်းယူကြလေသည်။
၁၉။ မစ္စစ် ရိုက်ဒေးဗစ်နှင့် သူမ၏နေရာကို ဆက်ခံသော မစ္စစ် အိုင်ဘီဟော်နာတို့က ဤသို့သော လောကဝေါဟာရ သမုတိသစ္စာအသုံးကို အမြွက်ထောင်ကာ ဓမ္မစကြာနှင့် တစ်ဆက်တည်း ဟောထားသော အနတ္တလက္ခဏသုတ်တော်ကြီးကို မသိဟန်ဆောင်၍ ဗုဒ္ဓသည် အတ္တကို မပယ်၊ အနတ္တဝါဒဆိုသည်မှာ ဗုဒ္ဓ၏ တပည့်သားမြေးတို့က နောက်မှထွင်သော ဝါဒဟု ဆိုကြသည်၊ ယင်းသို့ အနောက်နိုင်ငံက နာမည်ကြီးသော ပါဠိပညာရှင်ကြီးများ၏ အမှားကို မြန်မာပြန် မန္တလေးမြို့ ဗုဒ္ဓဘာသာအသင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဆိုနီက ၁၉၅၃ ခုနှစ်၊ မေလထုတ် အလယ်လမ်းမဂ္ဂဇင်း (The Middle Way) နှာ (၄၀)၌ ဤသို့ ချေပရေးသားခဲ့လေသည်။
I have read with great concern the article by Miss I.B.Homer on the above subject in your Journal of November 1952. She seems to be entertaining the impression that "early Buddhism of the Vinaya and the Suttapitaka does not exactly Teach not-self". In support of this view she has marshalled a number of extracts from the scriptures, but without any convincing results. Commenting on these quotations she strangely adds that some of these passages "have been too much overlooked" and that these mentin "the logical opposite of Anatta".
I was certainly suprised to see that a Pāli scholar of the eminence as Miss Horner understood the passages in the way she did. My shock is, however tempeered by the feeling that perhaps she is following in the footsteps of illustrous Pali scholar, the late Mrs.Rhys Davids, who towards the end of her days began to suggest similar ideas.
I humbly and respectfully suggest that most of the passages quoted by Miss Horner would be clearer in the meaining if understood in terms of the conventional of the word "self".
၁၉၅၂-ခုနှစ်၊ နိုဝင်ဘာလထုတ် မဂ္ဂဇင်းပါ မစ္စစ် အိုင် ဘီ ဟော်နာ ရေးသောဆောင်းပါးကို ဖတ်မိ၍ အတော် စိတ်မကောင်း ဖြစ်ခဲ့ပါသည်၊ ဝိနည်းပိဋကနှင့် သုတ္တန်ပိဋကပါဝင်သော ရှေးကျသော ဗုဒ္ဓဓမ္မသည် အနတ္တဝါဒကို တိကျစွာ မသင်ကြားဟူသော အမြင်ကို သူမ လက်ခံခဲ့ဟန် ရှိသည်။ မိမိ၏ အမြင်ကို ခိုင်မြဲစေရန် ပါဠိတော်များမှ ကောက်နုတ်ချက်များကို သူမထုတ်၍ ပြခဲ့လေသည်၊ သို့ရာတွင် သိသာသော အကျိုး တစ်စုံတစ်ရာမရှိ ဖြစ်ခဲ့လေသည်၊ သူမ၏ ကောက်နုတ်ချက်များကို ရှင်းလင်းရာ၌ ဤစာပိုဒ်များကို လူအများတို့က မျက်စိလျှံခဲ့သည်ဟူ၍ လည်းကောင်း၊ ဤစာပိုဒ်များက အနတ္တဝါဒကို ဆန့်ကျင်နေကြောင်း ဖော်ပြသည်ဟူ၍ လည်းကောင်း သူမက ထူးဆန်းစွာ ဆိုသည်၊ မစ္စစ်ဟောနာ ကဲ့သို့သော ထင်ရှားသည့် ပါဠိစကောလား တစ်ယောက်က ဤစာပိုဒ်များကို ဤနည်းအတိုင်း နားလည်ထားသည်ကို တွေ့ရ၍ အမှန်ပင် အံ့ဩမိပါသည်။ သို့ရာတွင် နာမည်ကျော် ပါဠိပညာရှင် ကွယ်လွန်သူ မစ္စစ်ရိုက်စ်ဒေးဗစ်သည် သူမကွယ်လွန်ခါနီးအခါ၌ အလားတူ အယူအဆများ ယူဆသွားခဲ့ရာ သူမ၏ ခြေရာကို မစ္စစ်ဟော်နာ လိုက်နေခြင်း ဖြစ်မည်ဟု တွေးမိ၍ စိတ်သက်သာရာ ရပါသည်။ မစ္စစ်ဟောနာ ကိုးကားထားသော (အတ္တဝေါဟာရ ပါသော) စာပိုဒ်အများမှာ လောကဝေါဟာရ အားလျော်စွာ “မိမိ”ဟူသော စကားလုံး၏ အနက်ကို နားလည်လိုက်ပါက အဓိပ္ပာယ် ရှင်းလင်းသွားမည်ဟု လေးစားစွာ အကြံပြုပါသည်။ သင်၏-အာရ် အယ်လ ဆိုနီ ဗမာပြည်။
၂၀။ ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တပည့်တို့သည် ငါ, ငါဟာ, ငါ့အိမ်, ငါ့ယာ, ငါနှင့်စပ်သောသူ စသော လောကဝေါဟာရ အသုံးအနှုန်း ဟူသမျှတို့ကို အတ္တဝါဒုပါဒါန် ဟု ထင်မှတ်၍ ယင်းကို လူသေလူဖြစ်ဝါဒ၏ အခြေခံပြုထားခြင်းသည်လည်း မှားယွင်းလှသည်။
သေဆုံးသူ လူတစ်ယောက်၏ ဥပါဒိန္နဓာတ်သည် လေထုတွင်းသို့ အခြားဓာတ်များနှင့် အရောအစပ် မရှိ သီးခြား လွင့်ပါးသွားပုံ, ထိုလွင့်သော ဓာတ်သည် မူလတူရာ ဓာတ်များနှင့် စပ်ရန် သတ္တဝါတို့၏ နှာခေါင်းအတွင်းသို့ ရှုလေနှင့်အတူ ပါသွားကြပုံ, ဓာတ်တူရာ လူ၌သာလျှင် ၎င်းတို့၏ သွေးနှင့် ရောစပ်ကာ သွေးမှ သုက်အဖြစ်သို့ ပြောင်း၍ လိုက်ပါသွားပုံကိုလည်း ဦးဥက္ကဋ္ဌက မည်သည့် ပါဠိတော် အဋ္ဌကထာ ဋီကာမှာမှ အဆိုအလာ မရှိဘဲ မိမိထင်ရာမြင်ရာ အကြောင်းယုတ္တိပြု၍ ဆိုခဲ့သည်။
မဟာတဏှာသင်္ခယသုတ် ပဋိသန္ဓေနေခန်း၌ ဂန္ဓဗ္ဗဟူသော ပဋိသန္ဓေနေမည့် သတ္တဝါကိုလည်း ဂန္ဓဗ္ဗဓာတ်ဟု ရှာရှာဖွေဖွေ ထုတ်လုပ်တီထွင်ခဲ့သည်၊ ဤအဆို ဤယုတ္တိတို့ကား အတ္တဝါဒုပါဒါန်ဟူသော ကွင်းဆက်သည် ကျိုး, ဥပါဒိန္နဓာတ်ဟူသော ကွင်းဆက်လည်းပြတ်, ဂန္ဓဗ္ဗဓာတ်ဟူသော ကွင်းဆက်လည်း ပဲ့၍နေသဖြင့် လူသေလူဖြစ်တည်းဟူသော လိုအပ်သော အကျိုးကို ဆက်စပ်၍ မပေးနိုင်အောင် ရှိတော့၏၊ ထင်ရာ မြင်ရာ စပ်ဟပ်ဖာထေးထားသော ကွင်းဆက်များဖြစ်၍ လူသေလူဖြစ်ဝါဒအဖြစ်ဖြင့် ဆက်စပ်၍လည်း မရနိုင်ဘဲ ရှိလေတော့သည်။ (နောက်၌ အကျယ်ရှင်းဦးအံ့)
၂၁။ ဤတွင် သခင်မြတ်ဆိုင် ညွှန်ပြထားသော အကြောင်းယုတ္တိများအနက် လူနှင့် တိရစ္ဆာန်တို့သည် တစ်ဦးနှင့် တစ်ဦး အကြိုက်ချင်းလည်းမတူ, အသိချင်းလည်းမတူကြ၊ လူကပန်းကို လှမှန်း သိ၍ တိရစ္ဆာန်က စားဖွယ်ဟု ထင်သည် ဟူသော ယုတ္တိကို ပြ၏၊ ဤယုတ္တိသည် ခိုင်လုံခြင်း မရှိပေ၊ တိရစ္ဆာန်မှာလည်း အသိ ရှိသည်သာ ဖြစ်၏၊ သူတို့လည်း အလှအပ ကြိုက်သည်ပင်၊ တိရစ္ဆာန်တို့လည်း လူကဲ့သို့ပင် သာယာသောအသံကို ကြိုက်သည်၊ ပုလွေသံချိုချို တူရိယာသံ သာသာကို ကျွဲ, နွား, မြင်း, ကျေးငှက် အစရှိသော သတ္တဝါတို့သည် စိုက်၍ နားထောင်တတ်ကြသည်၊ လူသည် အချို, အဖန်, အငန်, အခါး ကြိုက်သလို သားကောင် ငှက်ကောင်တို့လည်း ကြိုက်သည်ပင်။
၂၂။ သခင်မြတ်ဆိုင်က သွေးသွင်းရာတွင် လူ-လူချင်းမှ သွေးသွင်း၍ ရသည်၊ တိရစ္ဆာန်သွေးကို သွင်းမရဟု ယုတ္တိတစ်ခု ပြ၏၊ ဤအကြောင်းပြချက်သည် လက်တွေ့ကျကျ မှားလေသည်၊ လူ-လူချင်းပင် ဖြစ်သော်လည်း တစ်မိပေါက်တည်းပင် သွေးချင်း တူပါသလော၊ သွေးအမျိုးအစား မတူလျှင် လူလူချင်းပင် သွေးသွင်း၍ မရပေ၊ တစ်ဖန်လည်း တိရစ္ဆာန်တို့၏ အသွေးအသားကို အမြဲမပြတ် စားသောက်မှီဝဲနေသော လူတို့၏ သွေးနှင့် မတည့်ခဲ့ပါလျှင် ထိုတိရစ္ဆာန်တို့၏ အသွေးအသားသည် အဆိပ်တောက်ဖြစ်လေရာ၏၊ ရောဂါ စွဲကပ်နေသော အချို့သူများသည် မျောက်သွေးနှင့် အရက်ကို သောက်ရမှ ရောဂါပျောက်၍ နာလံထူ၍ လာကြ၏၊ ကျန်းမာဝဖြိုး၍ လာကြ၏၊ ဤအချက်ကိုထောက်လျှင် လူ့သွေးနှင့် တိရစ္ဆာန်သွေးသည် ရောစပ်၍ မရလောက်အောင် မတည့်ဟု ဆိုနိုင်ဖွယ် မရှိကြောင်း သိသာလှပေသည်။
၂၃။ အိပ်မက် မက်ရာတွင် လူသည် လူ့အကြောင်းကိုသာ မက်သည်၊ တိရစ္ဆာန်အကြောင်းကို မမက်၊ နတ်ဗြဟ္မာအကြောင်းကို မမက်၊ ထို့ကြောင့် အောက်သို့လည်း မဆင်း၊ အထက်သို့လည်း မတက်ဟု ယုတ္တိပြပြန်၏၊ အိပ်မက်မက်ရာတွင်လည်း အကြောင်းအမျိုးမျိုးရှိရာ ဓာတ်ချောက်ချား၍ မက်ခြင်း, တစ်စုံတစ်ရာ ဖြစ်ပျက်ရန် နိမိတ်အဖြစ် အိပ်မက် မက်ခြင်း, တွေ့ကြုံခံစားဖူးသည်ကို စွဲ၍ မက်ခြင်း စသည်အကြောင်းများအနက် မိမိအတွေ့အကြုံကိုသာ အများအားဖြင့် မက်တတ်သည်မှာလည်း ဓမ္မတာလိုပင် ဖြစ်၏၊ သို့သော် တိရစ္ဆာန်အကြောင်း မမက်ဟု မည်သူ ဆိုနိုင်ပါသနည်း။
ထို့ကြောင့် ဤယုတ္တိလည်း ဖွဲစုပေါ်၌ တိုင်စိုက်ခြင်းကဲ့သို့ ခိုင်မြဲခြင်း မရှိ ဖြစ်ပေသည်၊ ဃောသကသူဌေးအလောင်းသည် ခွေးမကြီးအကြောင်းကို စဉ်းစားယင်း ကွယ်လွန်၍ ခွေးဖြစ်သွားကြောင်း၊ နွားသတ်သမား, ဝက်သတ်မားတို့သည် သေခါနီးသောအခါ နွားလိုအော် ဝက်လိုအော်သည်ကို ကြားသိနေကြ ရကြောင်း ဓမ္မပဒအဋ္ဌကထာ၌လာသည်၊ အိမ်၌ မွေးထားသော ခွေးကလေး ကြောင်ကလေး စသည်တို့ကို စိတ်မချနိုင်၍ အရပ်တပါး ခရီးသွားယင်း အိပ်မက်ထွေရာ မက်ကြသည်မှာလည်း မငြင်းသာသော အချက်ဖြစ်သည်။
၂၄။ အသံလွှင့်ရာတွင် မီတာချင်း တူမှ ဖမ်း၍ ရသည်ဟု ယုတ္တိတစ်ခု ဆို၏၊ သို့သော် ထိုယုတ္တိလည်း လူသေလူဖြစ်အတွက် ကျားကန်ပေးနိုင်ခြင်း မရှိပေ။၊ အဘိဓမ္မာ သဘောတရားအရ မဟာဘုတ် ဓာတ်ရုပ်တို့သည် ဘုတ်အဆက်ဆက်အားဖြင့် အရပ်ရပ်တွင် ပျံ့လွင့်နေရာ သတ္တဝါတစ်ဦးတစ်ယောက်သည် အာကာသဓာတ်, မနသိကာရ, သောတပသာဒ ဤသုံးမျိုးတို့တွင် တစ်မျိုးမျိုး ချို့တဲ့နေလျှင် ထိုဘုတ်အဆက်ဆက်မှလာသော အသံကို မကြားနိုင်ဟု ဆိုထားသည် မဟုတ်လော၊ အကြောင်းမစုံလင်လျှင် အနီးအနား၌ ကပ်လျက်ရှိသော အသံကိုပင် မကြားနိုင်၊ ဥပမာ-နားပင် ရှိသော်လည်း သောတပသာဒ အလွန်အားနည်းလျှင် မကြားနိုင်၊ အထူးပြုပြင်ထားသော ကိရိယာသော်လည်းကောင်း ဒိဗ္ဗသောတ အဘိညာဉ် စသော နာမ်ဓာတ် အထူးကိရိယာသော်လည်းကောင်း, မရှိခဲ့ပါလျှင် ဝေးကွာသော အရပ်မှ အသံ, သိမ်မွေ့သေးငယ်သော အသံများကို မကြားနိုင်ပေ။
ထိုနည်းအတိုင်း အဆင်း အရောင်အမျိုးမျိုး အနီးအနား၌ပင် ရှိသော်လည်း စက္ခုပသာဒ အလွန် အားနည်းနေလျှင် မမြင်နိုင်၊ အာရုံက အလွန် မှုန်မွှား သေးငယ်နေလျှင်လည်း စက္ခုပသာဒ အားကောင်းစေကာမူ မမြင်နိုင်၊ ထို့ကြောင့် သဘောစမှ ပိုမိုကဲလွန်သော အကူအညီဖြစ်သည့် မျက်မှန်မှ စ၍ မှန်ပြောင်းအထိ ရုပ်အကူအညီ ဒိဗ္ဗုစက္ခု စသော နာမ်အကူအညီ မပါလျှင် ထိုရူပါရုံကို ရှိပင် ရှိသော်လည်း မမြင်နိုင်သည်ကား လူတိုင်း လက်ခံထားသော သဘာဝဓမ္မပင် မဟုတ်လော၊ ထို့ကြောင့် ဤယုတ္တိလည်း မခိုင်လုံပေ။
၂၅။ ဤဆိုခဲ့ပြီးသော အကြောင်းအချက် သက်သေသာဓက မြောက်မြားစွာတို့ဖြင့် စိစစ်ချက်အရ ရုပ်ဝါဒကို အခြေခံ၍ ဟိုဟာပြင် သည်ဟာစွက်, ဖျက်လိုဖျက်, ဖြည့်လိုဖြည့်, အကြောင်းမတန် မခိုင်လုံသော ယုတ္တိတို့ကို ပြလိုပြ ဦးဥက္ကဋ္ဌ ဖန်တီးခဲ့သော လူသေလူဖြစ်ဝါဒဘက်က ရှေ့နေလိုက်သော သခင်မြတ်ဆိုင်၏ ချေပသောဓနာချက်သည် လောကီလောကုတ္တရာ နိယာမ ဓမ္မနှင့် မညီညွတ်သည်ဖြစ်၍ တရားမဝင်သည့်အပြင် အဓမ္မ လျှောက်လဲချက်များသာ ဖြစ်ကြောင်း အမှတ်(၂) သီးခြားဝိနည်းဓိုရ်ဆရာတော်များ စိစစ်သုံးသပ်၍ ဆုံးဖြတ်တော်မူကြသည်။
သံယောဂသုတ်နှင့် လူသေလူဖြစ်
၂၆။ စောဒကဆရာတော်များက သမ္မာဒိဋ္ဌိသုတသနအဖွဲ့ချုပ်၏ သစ္စာဓမ္မစာစောင် အတွဲ၁၊အမှတ် (၁)၌ တောင်တွင်းကြီး ဦးဥက္ကဋ္ဌက ဥပါဒါန် မပြတ်သေးတဲ့လူ သေလျှင် လူပဲဖြစ်မယ်လို့ သံယောဂသုတ်၌ ဘုရားဟောကြောင်း ဖော်ပြထားချက်သည် အမှန်တကယ် ရှိနေသော ဘုရားဟောပါဠိတော် သံယောဂသုတ်နှင့်လည်းကောင်း အခြား ဘုရားတရားတော်များနှင့်လည်းကောင်း ဆန့်ကျင်လျက်ရှိကြောင်း စောဒနာတင်ခဲ့ကြ၏၊ ယင်း စောဒနာကို စုဒိတက သခင်မြတ်ဆိုင်က ပြန်လည်ချေပရာတွင် ဦးဥက္ကဋ္ဌ၏ အာဘော်အတိုင်းပင် ယောကျ်ား မိန်းမတို့သည် ဥပါဒါန်ကြောင့် သေသောအခါ မူလ လူ့ဘဝ၌ပင် ပြန်ဖြစ်ကြောင်း ချေပ လျှောက်ထားခဲ့ပေသည်။
လူသေ လူဖြစ် မဖြစ်(ဝါ) လူသေလျှင် လူသာဖြစ် မဖြစ်ဟူသော အချက်နှင့် ပတ်သက်၍ စောဒက စုဒိတကနှစ်ဘက် လု၍ ပြောနေကြသော အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် သံယောဂသုတ်ကို ကြည့်ရာတွင် ဤသို့တွေ့ရပေသည်။
ဣတ္ထိ ဘိက္ခဝေ အဇ္ဈတ္တံ ဣတိန္ဒြိယံ မနသိကရောတိ ဣတ္ထိကုတ္တံ ဣတ္ထာကပ္ပံ။ ပ။ ဧဝံ ခေါ ဘိက္ခဝေ ဣတ္ထိ ဣတ္ထတ္တံ နာတိဝတ္တတိ၊ (အံ၊၂၊၄၄၀။) (အံ-သတ္တကနိပါတ် သံယောဂသုတ်)
မြန်မာပြန်
ရဟန်းတို့. . .အမသတ္တဝါသည် မိမိသန္တာန်၌ ဖြစ်သော အမသတ္တဝါတို့၏ ဣန္ဒြေ, အပြုအမူ။ ပ။ အသွင်အပြင်, အမသတ္တဝါတို့၏ မာန်, အလို, အသံ, အဆင်တန်ဆာကို နှလုံးသွင်း၏၊ သူမသည် ထိုခုနှစ်မျိုးတို့၌ တပ်မက်၏၊ အလွန်မွေ့လျော်၏၊ ထိုသူမသည် ထိုခုနှစ်မျိုးတို့၌ တပ်မက်သည် ဖြစ်၍ မွေ့လျော်သည် ဖြစ်၍ ထိုသူမသည် အပြင်ပ၌ ဖိုသတ္တဝါ၏ ဣန္ဒြေ။ ပ။ အဆင်တန်ဆာကို နှလုံးသွင်း၏၊ ထိုခုနှစ်မျိုးသော ဖိုသတ္တဝါ၏ ဣန္ဒြေစသည်တို့၌ တပ်မက်၏၊ အလွန်မွေ့လျော်၏၊ ထိုသူမသည် ထိုခုနှစ်မျိုးသော ပုရိသိန္ဒြေ စသည်တို့၌ တပ်မက်သည်ဖြစ်၍ အလွန် မွေ့လျော်သည်ဖြစ်၍ အပြင်အပ၌ ပေါင်းဖော်ယှဉ်တွဲခြင်းကို အလိုရှိ၏၊ ပေါင်းဖော် ယှဉ်တွဲခြင်းဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော သုခဝေဒနာ သောမနဿဝေဒနာတို့ကိုလည်း အလိုရှိ၏၊
ရဟန်းတို့. . . အမသတ္တဝါ၏ အဖြစ်၌ အလွန် မွေ့လျော်သော သတ္တဝါသည် အဖိုသတ္တဝါတို့၌ ပေါင်းဖော်ယှဉ်တွဲခြင်းသို့ ရောက်၏၊ ရဟန်းတို့ ဤသို့လျှင် အမသတ္တဝါသည် အမသတ္တဝါ၏ အဖြစ်ကို မလွန်မြောက်နိုင်။
ဖိုသတ္တဝါအတွက်လည်း ဤအတူပင် ဟောတော်မူပါသည်၊ ထို့ပြင် အမသတ္တဝါသည် အမသတ္တဝါအဆင့်မှ လွန်မြောက်၍ အဖိုဖြစ်လာပုံ အဖိုသတ္တဝါသည် အဖိုသတ္တဝါအဖြစ်မှ လွန်မြောက်၍ အမ ဖြစ်လာပုံကိုလည်း ပြောင်းပြန်အားဖြင့် ဟောကြားတော်မူပါသည်။
ဤသုတ်၌ သက္ကာယဒိဋ္ဌိနှင့် ဘဝတဏှာကို အခြေခံပြီး အဖိုအမ ဖြစ်တတ်ပုံ အကြမ်းစားကို ဒေသနာအစဉ် ရောက်သည်အားလျော်စွာ ဟောတော်မူခြင်း ဖြစ်သည်။
၂၇။ ဤသံယောဂသုတ်ကို အကျဉ်းချုပ်သော် ဤသို့ ရပေ၏၊
(၁) မိန်းမသည် မိမိဘဝကို သာယာ၏၊ မိမိဘဝကို သာယာယင်း ယောက်ျားတို့၏ သွင်ပြင်ဟန်ပန်ကို သဘောကျ၏၊ ယောက်ျားနှင့် တွဲယှဉ်ခြင်းကို မျှော်လင့်တောင့်တ၏၊ တွဲယှဉ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကြည်နူးမှုကို မျှော်လင့်တောင့်တ၏၊ မျှော်လင့်တောင့်တသည့်အတိုင်း တွဲယှဉ်ခြင်းသို့ ရောက်၏၊ ဤသို့ပြုလျှင် မိန်းမသည် မိန်းမဘဝကို မလွန်မြောက်နိုင်။
(၂) ယောကျ်ားသည် မိမိဘဝကို သာယာ၏၊ မိမိဘဝကို သာယာယင်း မိန်းမတို့၏ သွင်ပြင်ဟန်ပန်ကို သဘောကျ၏၊ မိန်းမနှင့် တွဲယှဉ်ခြင်းကို မျှော်လင့် တောင့်တ၏၊ တွဲယှဉ်မှုကြောင့် ဖြစ်ပေါ်လာမည့် ကြည်နူးမှုကို မျှော်လင့် တောင့်တ၏၊ မျှော်လင့်တောင့်တသည့်အတိုင်း တွဲယှဉ်ခြင်းသို့ ရောက်၏၊ ဤသို့ပြုလျှင် ဤယောကျ်ားသည် ယောကျ်ားဘဝကို မလွန်မြောက်နိုင်။
(၃) အထက်ပါ အချက်နှစ်ရပ်ကို ပြောင်းပြန် လှန်သောအားဖြင့် မိမိ မိန်းမဘဝကို မသာယာ၊ မိန်းမအသွင်အပြင်ကို သဘောမကျ၊ ဖိုနှင့်တွဲရန် မမျှော်လင့်၊ ယှဉ်တွဲကြည်နူးမှုကို မလိုလား၊ ဖိုနှင့် မယှဉ်တွဲသော မိန်းမသည် မိန်းမဘဝကို လွတ်မြောက်နိုင်သည်။
(၄) ထိုနည်းအတူ ယောကျ်ားဘဝကို မသာယာသူ, ယောကျ်ားသွင်ပြင်ကို သဘောမကျသူ, မနှင့်တွဲရန် မမျှော်လင့်သူ, ယှဉ်တွဲ ကြည်နူးမှုကို မမျှော်လင့်သူ, မနှင့် မယှဉ်တွဲသူ ယောကျ်ားသည် ယောကျ်ားဘဝကို လွန်မြောက်နိုင်သည်။
အထက်ပါ အချက်လေးချက်ကို ဤသံယောဂသုတ်က ဖော်ပြပေသည်။ ဤသံယောဂသုတ်၏ အဆိုအမိန့်သည် သက္ကာယဒိဋ္ဌိနှင့် ဘဝတဏှာအရ ဖိုမဖြစ်တတ်ပုံကို ယေဘုယျနည်းအားဖြင့် ဟောကြားသောသုတ် ဖြစ်ပေသည်၊ သတ္တဝါတို့၏ စိတ်ဆန္ဒအလိုက် ဖို မ ဖြစ်တတ်ပုံကိုသာ ဖော်ပြ၏၊ ယောကျ်ားသေ ယောက်ျားဖြစ် မိန်းမသေ မိန်းမဖြစ်ဟု မူသေ မရှိကြောင်းလည်း ဤသုတ်ကပင် ဖော်ပြ၏၊ ထိုနှင့် တစ်ဆက်တည်းပင် လူသေလျှင် လူဖြစ်ရမည်ဟူသော သတ်မှတ်ချက်မျိုး (ဝါ) သဿတဒိဋ္ဌိအယူမျိုးကိုလည်း ဤသုတ်က လုံးဝ မပြချေ။
ထို့ပြင် ဤသံယောဂသုတ်လာ အတိဝတ္တတိ လွန်မြောက်၏ ဟူသော စကားကို “အတိဝတ္တတီတိ အနဘိရတာတိ ဧဝံ ဝုတ္တာယ ဗလဝဝိပဿနာယ အရိယမဂ္ဂံ ပတွာ အတိဝတ္တဝိ”ဟု အဋ္ဌကထာဆရာတော် အနက်ဖွင့်ထား၏၊ မြန်မာလိုသော်ကား “လွန်မြောက်၏”ဟု ဆိုရာတွင် ရှေ့နားက “မမွေ့မလျော်”ဟူသော စကားနှင့်အညီ ခွန်အားရှိသော ဝိပဿနာဉာဏ်အမြင်ဖြင့် အရိယမဂ်ကို ရရောက်ခြင်းအားဖြင့် လွန်မြောက်ခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။
ယောကျ်ားဘဝ၌ မပျော်သောယောက်ျားသည် ယောက်ျားဘဝကို လွန်သည်၊ မိန်းမဘဝကို မတွယ်တာသော မိန်းမသည် မိန်းမဘဝကို လွန်သည်ဆိုရာ၌ လွန်ပုံလွန်နည်းကား အရေးကြီး၏၊ ယောကျ်ားဘဝကို မတွယ်တာ မစွဲလမ်းသူအနေဖြင့် ယောကျ်ားဘဝကို လွန်၏ ဆိုသည်ကား မိန်းမဖြစ်သွားသည်ဟု ဆိုလိုသည် မဟုတ်ပေ၊ သို့ဖြစ်လျှင် မည်သို့ လွန်သနည်း၊ အဓိပ္ပာယ်အတွင်းငုပ်နေ၏၊ ထို့ကြောင့် အဋ္ဌကထာဆရာမြတ်က လွန်သည်ဆိုသည်မှာ အရိယာမဂ်ကို ရသွားခြင်း ဖြစ်သည်ဟု အနက်မှန်ကို ဝင်ပြီး ဖော်ပေးခြင်း ဖြစ်ပေသည်။
စင်စစ် ဤသံယောဂသုတ်သည် သံသရာဝဋ်အတွင်း၌ လည်တတ်ပုံနှင့် သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်ပုံကို ဖော်ပြသော သုတ်ပေတည်း၊ ဦးဥက္ကဋ္ဌတို့လူစု ဆိုလိုသကဲ့သို့ လူသေလူဖြစ် သဿတဒိဋ္ဌိအယူကို ဖော်ပြသောသုတ် မဟုတ်ချေ။ ဦးဥက္ကဋ္ဌတို့သည် မိမိတို့ လူသေလူဖြစ်အတွက် ပါဠိတော်များကို အသုံးချရန် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုပင် သဿတဒိဋ္ဌိအယူရှိသူ မိစ္ဆာဒိဋ္ဌိကြီးတစ်ဦး ဖြစ်အောင် စွပ်စွဲစော်ကားကြလေပြီ၊ သံသရာဝန်ကား လေးစွ။
၂၈။ ထို့ပြင် ဘုရားဟောပါဠိတော်ဟူသည် ဤသံယောဂသုတ် တစ်သုတ်တည်းသာ ရှိသည် မဟုတ်ပေ၊ အခြားသော ထောက်ထားဖွယ်ရာ သုတ်ပါဠိတော်များ ဝိနည်းတရားတော်များ အဘိဓမ္မာတရားများလည်း များစွာ ရှိပေသည်၊ ထိုထို ပါဠိတော် အဆိုအမိန့်များနှင့် ညှိနှိုင်းချိန်ဆတတ်ရန် လိုပေသည်၊ လူသေပြီးနောက် နတ်ဖြစ်ပုံ, လူသေပြီးနောက် ငရဲကျပုံ, လူသေပြီးနောက် ခွေးဖြစ်ပုံ, လူသေပြီးနောက် ပြိတ္တာဖြစ်ပုံ, လူသေပြီးနောက် အသူရကာယ်ဖြစ်ပုံ, လူသေပြီးနောက် နိဗ္ဗာန်ဝင်စံပုံ စသည်ဖြင့် ဟောကြားသော သုတ်ပေါင်းများစွာ ရှိလေသည်။
မဟာဝဂ္ဂပါဠိတော် ဇနဝသဘသုတ်၌ လူသေပြီးနောက် နတ်ဖြစ်ပုံကို ဤသို့ ဖော်ပြထား၏၊ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို ရှေးဦးစွာ အမ္ဗလဋ္ဌိဝနဥယျာဉ်၌ နာကြားရသည့် အချိန်မှ စ၍ သောတာပန်အရိယာဖြစ်ခဲ့သည်၊ မင်းကြီးသည် လူ့ဘဝမှ စုတေသောအခါ မိမိ အကြိမ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော စာတုမဟာရာဇ်နတ်ဘုံ၌ တွယ်တာမှုကြောင့် ထိုဘုံ၌ နတ်သား သွား၍ ဖြစ်လေသည်၊ ဇနဝသဘ နတ်သားဟု အမည်တွင်၏၊
နတ်သားသည် မြတ်စွာဘုရားထံမှောက် ရောက်သောအခါ ဤသို့ လျှောက်ထားလေသည်၊ ရှင်တော်မြတ်ဘုရား. . .ဘုရားတပည့်တော်သည် ရှေးအခါက တပည့်တော် နေခဲ့ဖူးသော ဘုံ၌ ဤနတ်ဘဝမှ လူ့ဘဝကို ခုနှစ်ကြိမ်၊ ထိုလူ့ဘဝမှ ဤနတ်ဘဝသို့ ခုနှစ်ကြိမ်၊ ပေါင်း ၁၄-ကြိမ်တိုင်တိုင် (နတ်အဖြစ်၊ လူအဖြစ်) ဖြစ်ခဲ့ရသည်ကို မှတ်မိပါသည်ဘုရား-ဟု လျှောက်ထားလေသည် (ဒီ၊၃၊၁၆၇။) (ဒီဃနိကာယ် မဟာဝဂ် ဇနဝသဘသုတ်)
အကယ်၍ လူ့ဘုံ လူ့ဘဝ လူမင်းစည်းစိမ်ကို တွယ်တာ၍ ဥပါဒါန်အစွဲအလမ်းကြောင့် ဖြစ်စတမ်းဆိုလျှင် ဗိမ္ဗိသာရမင်းသည် သေပြီးနောက် လူသာ ပြန်၍ ဖြစ်ရန်ရှိသည်၊ ယခုမူကား စာတုမဟာရာဇ်ဘုံ၌ ဇနဝသဘနတ်သားဟူ၍ အထင်အရှားဖြစ်လေသည်၊ ဤအချက်ကို ထောက်ရှုခြင်းဖြင့် သံယောဂသုတ်၌ ဟောကြားချက်သည် မုချဒေသနာ မဟုတ်၊ ဖြစ်တတ်သော သဘောမျှကိုသာ ယေဘုယျအားဖြင့် ဟောခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
၂၉။ လူမိန်းမဘဝမှ နတ်သား သွားဖြစ်သော သာဓကတစ်ခုကိုလည်း မဟာဝဂ္ဂပါဠိတော် သက္ကပဥှသုတ်၌ ဤသို့ ဖော်ပြထား၏၊ မြတ်စွာဘုရားလက်ထက်တော်အခါက ကပိလဝတ်မြို့၌ ဂေါပိကာမည်သော သကျသာကီဝင် အမျိုးသမီးတစ်ယောက် ရှိ၏၊ သူမသည် ရတနာသုံးပါး၌ ကြည်ညို၍ အကျင့်သီလနှင့် ပြည့်စုံသူ ဖြစ်၏၊ မိန်းမဘဝကို ရွံရှာစက်ဆုပ်၍ ယောကျ်ားဖြစ်ရာဖြစ်ကြောင်း တရားများကို ပွားများအားထုတ်၏၊ ထို့ကြောင့် သူမ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဂေါယကနတ်သားဟူသော အမည်ဖြင့် အထင်အရှား ဖြစ်လေသည်။
ဂေါပကနတ်သားက သူ၏ အတိတ် လူ့ဘဝအကြောင်းကို ဤသို့ ပြန်ပြောခဲ့၏၊ အကျွန်ုပ်သည် ထိုစဉ်အခါက မိန်းမသားဖြစ်လျက် ရတနာသုံးပါး၌ ကြည်ညို၍ သီလဖြည့်ကျင့်ပြီးလျှင် မိန်းမဘဝကို စက်ဆုပ်၍ ယောကျ်ားဘဝကို တောင့်တခဲ့သောကြောင့် သိကြားမင်း၏ သားအဖြစ်သို့ ရောက်ခဲ့ရပါသည်။ (ဒီ၊၂၊၂၁၆။)
အထက်ပါ ဂေါပိကာအမျိုးသမီး အကြောင်းအရာကို ထောက်၍ မိန်းမသေ မိန်းမဖြစ်ဟူ၍ အမြဲမရှိနိုင်ကြောင်း၊ လူသေလူဖြစ်ဟူ၍လည်း “မူ” မရှိကြောင်း သိသာထင်ရှားလေသည်၊ သံယောဂသုတ်သည်ကား ကိုင်းညွှတ်မှု အထူးရှိသူ အနည်းစုအတွက် ဖြစ်တတ်သော အခြေအနေမျှကိုသာ ဖော်ပြခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။
၃၀။ ထိုမှတစ်ပါး လူသေပြီးနောက် ငရဲကျရောက်ရပုံသည်လည်း မြတ်စွာဘုရားပါဠိတော်တို့၌ များစွာ ပါရှိ၏၊ အထင်ရှားဆုံး သာဓကမှာ ဒေဝဒတ်ပင် ဖြစ်၏၊ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုပြီး သံဃာသင်းခွဲသော ပဉ္စနန္တရိယကံကြောင့် သေပြီးသည့်နောက် အဝီစိငရဲသို့ ကျရောက်ရကြောင်း အခိုင်အမာ ဟောကြားထားချက် ရှိချေသည်၊ ဒေဝဒတ်သည် ယောက်ျားဖြစ်၍ လူယောကျ်ားပြန်ဖြစ်ဖို့ ဝေးစွ၊ အဝီစိငရဲသားတစ်ဦး သွား၍ ဖြစ်ရလေသည်၊ ဤသာဓကသည်လည်း သံယောဂသုတ်သည် ဦးဥက္ကဋ္ဌတို့ ဆိုလိုသကဲ့သို့ လူသေလူဖြစ် သာဓက မဟုတ်ကြောင်း သိနိုင်သည်။
၃၁။ ထို့ပြင် လူသေပြီး တိရစ္ဆာန် ဖြစ်ရပုံတို့သည် ပါဠိအဋ္ဌကထာတို့၌ အထင်အရှားပါရှိ၏၊ သီလက္ခန်ပါဠိတော် သုဘသုတ် အဖွင့်၌ သုဘဒါယကာ၏ ဖခင် တောဒေယျ ပုဏ္ဏားသည် သူ့သားအိမ်၌ ခွေး ပြန်ဖြစ်ကြောင်း အတိအလင်း ပါရှိသည်။ တောဒေယျပုဏ္ဏားသည် ဥစ္စာရမ္မက်ကြီး၍ ပစ္စည်းနှမြော၏၊ ဘုရားရှင်နှင့် အရိယာသံဃာများအား လှူဒါန်းလေ့ မရှိ၊ သေသောအခါ သားအိမ်၌ ခွေးကြီးဖြစ်နေပြီး ဘုရားရှင်ကို တွေ့မြင်သောအခါ ဝုတ်ဝုတ်ဟု ဟောင်၏၊ ထိုအခါ မြတ်စွာဘုရားက “တောဒေယျ. . . သင်သည် ယခင် လူဘဝတုန်းကလည်း ပစ္စည်းရမ္မက် လောဘတက်၍ သူတော်ကောင်းတို့ကို မပေးမလှူခဲ့၊ ယခုလည်း ငါဘုရားကို အဘယ်ကြောင့် ဟောင်ရဘိသနည်း”ဟု မိန့်ကြားလိုက်သောအခါ တောဒေယျမှ ဖြစ်လာသော ခွေးသည် စိတ်မချမ်းသာလှ၍ ပြာပုံ၌ ဝပ်၏၊
သုဘဒါယကာ သိ၍ သူ့ဖခင်အား ခွေး ဖြစ်နေသည်ဟု ပြောရပါမည်လားဟု မကျေမနပ်ဖြစ်ကာ မြတ်စွာဘုရားအား လျှောက်၏၊ ထိုအခါ မြတ်စွာဘုရားက ဤ ခွေး တိရစ္ဆာန်သည် သင့်ဖခင် လူဘဝ တောဒေယျမှ ဖြစ်လာပုံ၊ မှန်ကန်ကြောင်း လက်တွေ့သိလိုလျှင် မြှုပ်ထားသော ပစ္စည်းတို့ကို ဤခွေးအား အပြခိုင်းလော့ဟု မိန့်ကြား၏၊ ခွေးက သူ လူ့ဘဝတုန်းက လျှို့ဝှက်စွာ မြေ၌ မြှုပ်ထားသော ပစ္စည်းဥစ္စာတို့ကို သူ့သားအား ပြပေးသဖြင့် သုဘဒါယကာသည် ပစ္စည်းဥစ္စာ များစွာရမှ မြတ်စွာဘုရား မိန့်တော်မူသည့်အတိုင်း ဤခွေးကြီးသည် သူ့ဖခင် လူမှ ဖြစ်လာသော တိရစ္ဆာန်ပါတကားဟု လုံးဝ ယုံကြည်လက်ခံလေသည်။ (ဒီ၊ဋ္ဌ၊၁၊၃၁၇။)
ဤသို့သော ဖြစ်ရပ်နှင့် သာဓကတို့ကို ဘုရားဟောကျမ်းဂန်များ၌ အထင်အရှားတွေ့ရသောကြောင့် လူသေလူဖြစ်ကို ငါသာ ဟောတာ မဟုတ်၊ ဘုရားကပါ ဟောပါတယ်ဟု ဘုရားရှင်အား ဆွဲထည့်၍ မရနိုင်ကြောင်း ထင်ရှားပေသည်။
၃၂။ တစ်ဖန် လူသေပြီး ပြိတ္တာ ဖြစ်သော သူတို့ကား အနန္တပင်၊ ဝိနည်းပါဠိတော်တို့၌ လူသေပြီးနောက်ဖြစ်သော ပြိတ္တာတို့ကို မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်များစွာ ဖော်ပြပါရှိ၏၊ ရာဇြုဂိဟ်ပြည် ဝိဇ္ဈကုဋ်တောင်၌ အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်ကြီး သီတင်းသုံးစဉ် အရိုးစုပြိတ္တာကြီးကို (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၍ မြတ်စွာဘုရားထံ လျှောက်ထားရာ ငါဘုရားလည်း ထိုပြိတ္တာကြီးကို မြင်ခဲ့၏၊ ထုတ်ပြောသော် မယုံကြပါက အပြစ်ဖြစ်မည်စိုး၍ မပြောခဲ့ပေ၊ အမှန်စင်စစ် ထိုပြိတ္တာသည် ရာဇြုဂိဟ်မြို့တွင်းမှ နွားသတ်သမား တစ်ယောက်သေပြီး ဖြစ်နေသော ပြိတ္တာတည်းဟု မိန့်ကြားတော်မူလေသည်။ (ဝိ၊၁၊၁၄၄။)
ဤစကားသည် ပါရာဇိကဏ်ပါဠိတော် စတုတ္ထပါရာဇိက ဝိနီတဝတ္ထုပိုင်း၌ ဗုဒ္ဓမြတ်စွာဘုရား၏ ဟောကြားချက်ပင် ဖြစ်၏၊ ထိုနွားသတ်ယောကျ်ားသည် သူ၏ ယောကျ်ားဘဝကို ဥပါဒါန်မည်မျှ ကပ်သည် ဖြစ်စေ သူပြုသော အကုသိုလ်ကံက ကြီးလွန်းနေသဖြင့် သူသေပြီးနောက် လူဖြစ်ခွင့် မပေးဘဲ ပြိတ္တာကြီးဖြစ်လျက် ရှိပေသည်။
၃၃။ လူသေပြီး အသုရကာယ်ဖြစ်သော သာဓကလည်း ရှိပေ၏၊ သုတ်ပါထေယျပါဠိတော် ပါထိကသုတ်၌ ဤသို့ ပါရှိ၏၊ မြတ်စွာဘုရားနောက်က သပိတ်ထမ်းလိုက်သော သုနက္ခတ္တသည် စိတ်ဖောက်ပြန်ပြီး ဝတ်လစ်စလစ်နေ၍ ခွေးကဲ့သို့ လေးဘက်တွား သွားသော ကောရခတ္တိယကို ကြည်ညိုသွား၏၊ မြတ်စွာဘုရားကသိ၍ ကောရခတ္တိယတကတ္ကတွန်းကို သင်မကြည်ညိုနှင့်ဟု သုနက္ခတ္တအား တားမြစ်၏၊ မရပေ၊ ထို့ကြောင့် သင် ကြည်ညိုသော ကောရခတ္တိယသည် ယနေ့မှ ခုနှစ်ရက်မြောက်သောနေ့၌ စားပိုးနင့်၍ သေလိမ့်မည်၊ သေပြီးနောက် အယုတ်ညံ့ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာ ဖြစ်လိမ့်မည်၊ သူ့အလောင်းကို ပြိတ်မြက်တောရှိသော သင်္ချီုင်း၌ စွန့်ပစ်ကြလိမ့်မည်၊ သုနက္ခတ္တ. . . အကယ်၍ သင် မကျေနပ်သေးလျှင် အလောင်းကောင်ကို လက်ဖြင့်ပုတ်ပြီး ငါ့ရှင် ကောရခတ္တိယ. . .သင့် လားရာဘဝကို သိသလောဟု မေးလျှင် ကာလကဉ္စိကအသုရာ ဖြစ်နေကြောင်း ပြောလိမ့်မည်ဟု မြတ်စွာဘုရားက ဂနသေချာစွာ မိန့်တော်မူလိုက်၏၊ မြတ်စွာဘုရား မိန့်ကြားသည့်အတိုင်းပင် အားလုံး ဖြစ်လေသည်။ (ဒီ၊၃၊၄။)
ဤဘုရားလက်ထက်တော်ကြီးက ဖြစ်ခဲ့သော တစ်ကယ့်ဖြစ်ရပ်မှန် မှုခင်းကိစ္စကို လေ့လာကြည့်လျှင် လူသေပြီးနောက် လူပြန်ဖြစ်ရုံမျှမက အပါယ်လေးပါး အဝင်အပါ အသုရာ ဖြစ်ကြောင်း အထင်အရှား သိရပေသည်။
ဤသို့ လူသေပြီးနောက် နတ်, ငရဲ, တိရစ္ဆာန်, ပြိတ္တာ ဖြစ်သည့်ပြင် ကုသိုလ်ကံအလိုက် လူလည်း ပြန်ဖြစ်သူ ရှိ၏၊ ဤသည်ကား ဂတိငါးပါး လားရာငါးထွေ ဟူသော ဗုဒ္ဓဝါဒအတိုင်း ဖြစ်မှုပေတည်း။
ထို့ပြင် လူသေပြီးနောက် ဂတိ ၅-ပါး မလားဘဲ ဘဝဇာတ် ချုပ်ငြိမ်းတော်မူကြသော သက်သေသာဓကတို့သည် ဘုရားဟောပါဠိတော်တို့၌ များစွာ ပါရှိ၏၊ စိတ်ဝင်စားဖွယ်တစ်ရပ်ကို ပြဆိုရသော် ဘုရားရှင်လက်ထက်တော်ကြီးက ဂေါဓိက အမည်ရှိသော ရဟန်းတစ်ပါးသည် တရားကို ကြိုးစား အားထုတ်တော်မူစဉ် ခြောက်ကြိမ်တိုင်တိုင် စျာန်လျှောရရှာ၏၊ ထို့ကြောင့် ခုနှစ်ကြိမ်မြောက် စျာန်ပြန်ရသောအခါ လည်ပင်းကို သင်တုန်းဓားဖြင့် လှီးရန် ညောင်စောင်းငယ်ပေါ်၌ လှဲလိုက်၏၊
ထိုခဏလေးတွင် မာရ်နတ်က သိပြီး ဤရဟန်းသည် မိမိကိုယ်မိမိ သေကြောင်းကြံပြီး ထိုဝေဒနာကို ဝိပဿနာတင်လိုက်ပါက ရဟန္တာ ဖြစ်သွားလိမ့်မည်၊ ရဟန္တာ မဖြစ်အောင် ငါတားမှပဲဟု ကြံပြီး ချက်ချင်း မြတ်စွာဘုရားထံ ဝင်၍ ဂေါဓိကရဟန်း သူ့ကိုယ်သူ သတ်သေတော့မည်၊ တားမြစ်တော်မူပါ ဘုရားဟု လျှောက်လေ၏၊ ထိုခဏမှာပင် မထေရ်သည် မိမိလည်ပင်းကို ဓားဖြင့် လှီး၍ ထိုဝေဒနာကို ဝိပဿနာရှုကာ မသေခင်ကလေး အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရပြီး ပရိနိဗ္ဗာန်စံတော်မူသည်။
မာရ်နတ်သည် ဂေါဓိကမထရ် သေပြီး ဘယ်ဘဝသွား၍ ဖြစ်သလဲဟု သူ၏ နတ်မျက်စိဖြင့် ရှာဖွေရာ ဘယ်ဘဝမှာမှ ရှာမတွေ့၍ ဂေါဓိကမထေရ် ရုပ်အလောင်းကို ဩုင်္ဂီလ်ရန် ရောက်လာသည့် မြတ်စွာဘုရားအား မေးလျှောက်၏၊ မြတ်စွာဘုရားက မာရ်နတ်. . .သင်လိုပုဂ္ဂိုလ်သည် ပရိနိဗ္ဗာန်စံသော ရဟန္တာ၏ ဝိညာဏ်ကို မမြင်နိုင်ဟု မိန့်ကြားတော်မူခဲ့လေသည်။
ဤဖြစ်ရပ်ကို ထောက်ရှုပါကလည်း လူသေပြီးနောက် လူပြန်ဖြစ်၍လည်း မဖြစ်၊ မည့်သည့်ဘုံဘဝ၌မျှ မဖြစ်တော့ဘဲ ပရိနိဗ္ဗာန် စံယူတော်မူသော အရိယာရဟန္တာ ပုဂ္ဂိုလ်မြတ်များလည်း ရှိကြောင်း သိရပေသည်။
၃၅။ ဤသို့လျှင် သံယောဂသုတ်တော်၏ အဓိပ္ပာယ်မှန်ကို ချေချေငံငံ တတ်သိနားလည်သူတို့သည် လည်းကောင်း၊ ဤကဲ့သို့ ပါဠိအဋ္ဌကထာတို့ကို မွှေနှောက်ချောက်ချား၍ လူသေပြီးနောက် ဂတိ ၅-ပါး လားရာ ၅-ထွေသို့ သွားရောက်ဖြစ်နိုင်ပုံ သာဓကတို့ကို ရှာဖွေ ကြည့်ရှုနိုင်သူတို့သည်လည်းကောင်း၊ လူသေပြီးနောက် မည်သည့်ဂတိ မည့်သည့်ဘဝတွင်မျှ မဖြစ်တော့သော နိဗ္ဗူစံအရိယာတို့၏ အကြောင်းကို ယုံကြည့်သူတို့သည် လည်းကောင်း သံယောဂသုတ်၌ မြတ်စွာဘုရားက လူသေလူဖြစ်တရားကို ဟောခဲ့သည်ဟု ရေးကြပြောကြမည် မဟုတ်ပေ။
အမှန်စင်စစ် သံယောဂသုတ်က ဝဋ်နှင့် ဝဋ်ကင်းရာကို ပြသည့် အနှစ်သာရကိုလည်း မဆုပ်မိ၊ ပိဋကတ်စာပေတို့ကို စုံလင်အောင် မကြည့်တတ်၊ မိမိတို့ ထူထောင်လိုသည့် လူသေလူဖြစ်ဝါဒအတွက် မဟုတ်မမှန် လုပ်ကြံဆွဲယူ၍ ရမည့်သုတ်မျိုးကိုသာ ရှာပြီး အကိုးပြချင်သည့် မမှန်ကန်သော သဘောထားကြောင့် လူသေလူဖြစ်ကို ငါသာ ပြောသည် မဟုတ် သံယောဂသုတ်မှာ ဘုရားကပါ ဟောထားသည်ဟု ဘုရား မဟောသည်ကို အဟောလုပ်ကာ ဝိဝါဒါဓိကရုဏ်းဖြစ်အောင် ဖန်တီးခြင်းမျှသာ ဖြစ်လေသည်။
ဤကား သံယောဂသုတ်နှင့် စပ်လျဉ်း၍ မူလဝတ္ထုသည်ဖြစ်သော ဦးဥက္ကဋ္ဌ၏ ပြောစကား, ဝေစုဆက်ခံသော စုဒိတက သခင်မြတ်ဆိုင်၏ ချေပစကားတို့ကို ပိဋကတ်မျဉ်းသား၍ အမှားကြီး မှားသည့်အကြောင်း စီစစ်ဖော်ပြချက် ဖြစ်၏၊ အမှန်စင်စစ် လူသေလူဖြစ်မှုကို ခိုင်မြဲစေရန် သံယောဂသုတ်ဖြင့် ကျားကန်လိုက်ခြင်းသည် အကန်မှားသည့်အတွက် မတရားလုပ်ဆောင်ချက် အဓမ္မဝါဒသက်သက်သာ ဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော် အားလုံးက သုံးသပ်တော်မူကြပေသည်။
လူသေလူဖြစ် ကွင်းဆက်များ
၃၆။ ယခုအခါတွင် စောဒနာ၏ အထည်ကိုယ်ဖြစ်သော လူသေလူဖြစ်ဝါဒကို တည်ဆောက်ရာ၌ ဦးဥက္ကဋ္ဌ အသုံးပြုသွားသော အုတ်ချပ်များကို စာရင်းတင်လိုက်သော် ရုပ်ဝါဒကို အုတ်မြစ်ခံ၍-
(၁) ကံကို ပယ်ခြင်း,
(၂) ၃၁-ဘုံတည်းဟူသော အကျိုးတရား ခံ.စံရာဌာနကို ပစ်ပယ်ခြင်း,
(၃) ဘာသာ သာသနာကို ပယ်ခြင်း,
(၄) အတိတ်အနာဂတ်ကို ပယ်ခြင်း, (ပစ္စုပ္ပန်တစ်ဘဝ သန္ဒိဋ္ဌိကဟုဆိုခြင်း)
(၅) ရုပ်ဝါဒတို့ပင် အရိယာလမ်းစဉ်ပြုလုပ်ခြင်း,
(၆) စိတ်ပြုပြင်မှုကို ပယ်ခြင်း,
(၇) ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓယဉ်ကျေးမှု အားလုံးကို ပယ်ခြင်း,
(၈) ရုပ်သာ အရှိ နာမ်ကို အဖြစ်မျှသာ ထားခြင်း, (ဧကစ္စသဿတမိစ္ဆာဝါဒ)
(၉) အဘိဓမ္မာပိဋကကို လိုသလို ဖျက်ခြင်း, စွက်ခြင်း, အခြားဝိနည်း သုတ္တန်ပိဋကကိုဖျက်ဆီးခြင်း,
(၁၀) ပဋိသန္ဓေနေခန်းကို မိမိစိတ်ကူးဖြင့် ထင်သလို ပြင်ဆင်ခြင်း စသော
အုတ်ချပ်တို့ကို အသုံးပြုထားကြောင်း တွေ့ရပေသည်။
ထိုလူသေလူဖြစ် ယဇ်ပလ္လင်၏ အုတ်ချပ်များသဖွယ်ဖြစ်သော ကံကံ၏အကျိုးကို ပယ်ခြင်းစသော အချက်တို့ကို ရှေ့လာမည့် စောဒနာရပ်တို့၌ မကျဉ်းမကျယ် ဝေဖန်စိစစ်ပြသွားမည် ဖြစ်ပေသည်၊ ယခုစောဒနာ၌မူ ခိုင်မြဲမခိုင်မြဲ သိသာစေရန် လူသေလူဖြစ် ပလ္လင်အုတ်ချပ်များကို အနည်းငယ်စီ စိစစ် သုံးသပ်အပ်ပေသည်။
ကံပယ်မှု
အထက်ပါ အုတ်ချပ်များကို တစ်ခုစီ စိစစ်ကြည့်လိုက်သောအခါ သတ္တဝါတို့သည် ကံအားလျော်စွာ ၃၁-ဘုံ လျော်ရာဘဝ၌ ဖြစ်ကြရ၍ ကံကို မပယ်လျှင် လူသေလူဖြစ်ကို တည်ဆောက်၍ မရနိုင်၊ ထို့ကြောင့် ဦးဥက္ကဋ္ဌသည် ကံကို ပစ်ပယ်လိုက်သည်၊ တစ်ဖန် ကံ၏ အကျိုးဆက်အဖြစ်ဖြင့် သွားရောက် ခံ-စံရမည့် ဘုံဌာနများကို ယုံကြည်မှု ရှိနေသေးလျှင်လည်း လူသေပြီးနောက် လူပြန်ဖြစ်ခြင်းကို ယုံကြည်ဖို့ရန် မဖြစ်နိုင်ပေ၊ ထို့ကြောင့် ၃၁-ဘုံတည်းဟူသော ကံ၏ အကျိုးဖြစ်ရာဌာနကိုလည်း ဦးဥက္ကဋ္ဌ ပယ်လိုက်ပြန်သည်၊ ယင်းနောက် ဘာသာသာသနာတရားဟူသမျှသည် ကျင့်ဝတ်တရားကို အဦးထားကာ ယဉ်ကျေးမှု အဖုံဖုံပြ၍ ဆုံးမကြရာ ဘာသာ သာသနာရှိနေလျှင် ပထမအုတ်ချပ်ဖြစ်သော ကံကို ပယ်ခြင်းကိစ္စ မပြီးမြောက်နိုင်ရာ၊ ထို့ကြောင့် ဘာသာ သာသနာကိုလည်း ပယ်လိုက်ပြန်သည်၊ ကံကို ပယ်ခဲ့သည် ဖြစ်၍ ကံကို ဝေပုံချထားရာ အချိန်အပိုင်းအခြား တည်းဟူသော အတိတ်-အနာဂတ်ကိုလည်း ပယ်ရမည်ဖြစ်၍ ပယ်ပြန်သည်၊ ဦးဥက္ကဋ္ဌသည် ဗုဒ္ဓတရားတော်ကို လက်မလွတ်သေးသည့်အနေဖြင့် သင်္ကန်းအရေခြုံထားသည် ဖြစ်၍ ဗုဒ္ဓလမ်းစဉ်ဖြစ်သော အရိယာလမ်းစဉ်ကို မျက်ကွယ်မပြုသာသောကြောင့် ရုပ်ဝါဒကို အရိယာလမ်းစဉ်အဖြစ် ပြုလုပ်ပြန်သည်။
၃၇။ ဗုဒ္ဓဓမ္မတွင် “စိတ်သာရှင်စော ဘုရားဟော”ဟူသည်နှင့်အညီ စိတ်ကို ရှေးဦးစွာ ထိန်းကျောင်းပြုပြင်ရမည်ဖြစ်ရာ စိတ်ကို ပြုပြင်နေပါက ကံကိုပယ်၍ မရနိုင်၊ မနောကံသည် ဗုဒ္ဓမြတ်စွာဘုရား အလိုအားဖြင့် အရေးအကြီးဆုံးဖြစ်နေပေသည်၊ ထို့ကြောင့် စိတ်ကို တွန်းဖယ်၍ ထုတ်ပစ်လိုသဖြင့် နိဗ္ဗာန်ကို သွားရာတွင် စိတ်မလို၊ သတိသာ လိုသည်၊ စိတ်ကား ပဟာတဗ္ဗပယ်ရမည့် တရားသာတည်းဟု ခြောက်ခုမြောက် အုတ်ချပ်တစ်ချပ်ကို ဦးဥက္ကဋ္ဌဖန်တီးရပြန်သည်၊ ပဉ္စမအုတ်ချပ် အဖြစ်ဖြင့် ရုပ်ဝါဒကို အရိယာလမ်းစဉ် ပြုလုပ်ခဲ့ပြီး ဖြစ်၍ ရုပ်ဝါဒနှင့်ဆန့်ကျင်သော ဗုဒ္ဓဓမ္မ ဗုဒ္ဓယဉ်ကျေးမှုအားလုံးကို ပယ်ဖို့လိုသည်၊ ထို့ကြောင့် ဗုဒ္ဓယဉ်ကျေးမှုကို ပယ်ခြင်းဟူသော သတ္တမမြောက်အုတ်ချပ်ကို ဖန်တီးပြန်သည်၊ ဦးဥက္ကဋ္ဌသည် လူသေလူဖြစ်တည်ဆောက်ရာ၌ ရုပ်ဝါဒကို အုတ်မြစ်ချ ရုပ်ဝါဒကိုပင် အုတ်ချပ်ပြုလုပ်ခဲ့သည့် အားလျော်စွာ နာမ်၏ အရေးပါ အရာရောက်ပုံကို အနည်းငယ်မျှ အသိအမှတ်မပြုဘဲ ရုပ်သာပရမတ်အရှိတရား၊ နာမ်ကား အရိပ်အရောင်ဖြစ်သည်ဆိုရုံမျှ ဖြစ်ပေါ်လာသော ဖြစ်ကာမတ္တ အဖြစ်တရားဟု အဋ္ဌမမြောက် အုတ်ချပ်ကို ဖန်တီးပြန်သည်၊ လူသေလူဖြစ်ဟု ဆိုသော်လည်း အမှန်စင်စစ်မှာ ပုခက်နှင့် ခေါင်းကြားကိုသာ ဘဝဟု နားလည်ထားသော ပစ္စုပ္ပန်ကိုသာ အခိုင်အမာ ပြုထားသောကြောင့် ဗုဒ္ဓအဘိဓမ္မာကို ဖျက်ဆီးပစ်မှဖြစ်တော့မည်ဖြစ်၍ အဘိဓမ္မာနှင့်တကွ အခြားပိဋကတ်များကို မိမိလိုသလိုဖျက်ခြင်း ဖြည့်စွက်ခြင်းတည်းဟူသော အုတ်ချပ်တစ်လွှာကို စီမံလေသည်၊ ရုပ်ဝါဒအရ ပဋိသန္ဓေနေခြင်းကိစ္စကို မိမိ၏ အတ္တနောမတိဖြင့် ထင်ရာမြင်ရာစီရင်၍လည်း မဖြစ်ကောင်းသောကြောင့် ဗုဒ္ဓဟော ပဋိသန္ဓေနေခန်းကို ထင်သလို ပြင်ဆင်ဖြည့်စွက်လျက် ဒသမအုတ်ချပ်တစ်လွှာ စီမံထုတ်လုပ်ပြန်လေသည်၊ ဤသည်ကား လူသေလူဖြစ် အဆောက်အအုံကို တည်ဆောက်ရာ၌ ဦးဥက္ကဋ္ဌ စီမံထုတ်လုပ်သော အဓမ္မအုတ်ချပ်များပေတည်း။
၃၈။ စောဒကဆရာတော်တို့ ဆောင်ပြသော သက်သေသာဓက-
(က) “လူသားဆိုတဲ့ သတ္တဝါ သေဆုံးပြီးတဲ့နောက် အကယ်၍ ဖြစ်အုံးမည်ဆိုလျှင် လူမှတစ်ပါး အခြားဘာကောင်မှ ဖြစ်စရာ မရှိ”ဟူသော အချက်ပါရှိ၏၊ ထိုအချက်နှင့် ပတ်သက်၍ အောက်ပါ ဦးဥက္ကဋ္ဌ၏ စကားရပ်တို့ကိုလည်း ဆက်စပ်သုံးသပ်နေရမည် ဖြစ်၏၊
(ခ) လောကဓမ္မသည် တမလွန်လောက လုပ်တိုင်းကုန်း၏ ဟိုမှာဘက်မှာရှိသော ဘဝနှင့်လည်း ဆက်စပ်ခြင်းမရှိဘဲ ယခု ပစ္စက္ခသန္ဒိဋ္ဌိက မျက်မှောက်ဖြစ်သော ဤဘဝနှင့်သာ လုံးဝသက်ဆိုင်သည် ဟူ၍ ပြတ်ပြတ်သားသား နားလည်ကြကုန်ရာ၏၊ (လူသေလူဖြစ်စာအုပ် စာမျက်နှာ ၁၅၁)
(ဂ) သေပြီးသည့်နောက်ကာလ (ဝါ) လုပ်တိုင်းကုန်း၏၊ ဟိုမှာဘက်ကို လက်ညှိုးညွှန်သော အယူကား ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်းနှစ်ရာကျော်မှ ဗုဒ္ဓဝါဒနယ်ပယ်အတွင်းသို့ ဝင်ရောက်လာသော ဧည့်သည်ဝါဒဖြစ်ခဲ့လေသည်။ (ဗုဒ္ဓစာချွန်တော် ၂၂-၂၃)
(ဃ) “အယံ ဓမ္မော သန္ဒိဋ္ဌိကော- ငါ ဟောသော ဤတရားသည် ယခုပစ္စက္ခမျက်မှောက်ဘဝနှင့်သာ ဆိုင်၏”ဟူ၍ အကြိမ်ကြိမ် အထပ်ထပ် မပြတ်မမော ဒလစပ်ဟောခဲ့သော ဒေသနာကို ထောက်ခြင်းအားဖြင့် ဗုဒ္ဓ၏ ကမ္မဝါဒသည် ပုခက်နှင့်ခေါင်းအကြား တွင်သာ ကျက်စားကြောင်းကို အပြတ်အသတ် မှတ်ယူအပ်လေသည်၊ လုပ်တိုင်းကုန်း၏ ဟိုမှာဘက်၌ ရှိသည်ဟူ၍ လက်ညှိုးထိုးကာ ညွှန်ပြအပ်သော မနောဒွါရ တိုက်ထွက် အနုမာနများကို ပက်ပက်စပ်စပ် တိုက်ဖျက်ပစ်ရန် မုချလိုလားအပ်လေသည်။ (လူသေလူဖြစ်-၅၁)
(င) ကောင်းမှု ကောင်းတာကို နေ့မကွာ ညမလပ် ဒလစပ် အားထုတ်၍ ပြုလုပ်ကြိုးပမ်းသူ လူသားအတွက် အဖိုးတန် အမျိုးမှန် ဆုလာဘ်များနှင့် ဘုံခန်းများကို တခမ်းတနားစီမံ၍ ထားခဲ့ကြကုန်၏၊ ဖန်တီး၍ ထားခဲ့ကြကုန်၏၊ သို့ရာတွင် မကောင်းမှုဟု ဆိုအပ်သော ဒုစရိုက်အယုတ်တရားများကို လိုက်မှား ကျုးလွန်သော လူသားအတွက်လည်း စူးရှထက်မြက် တကယ်အခံရခက်သည့် ပက်ပက်စက်စက် အပြစ်ဒဏ်များကို အပြင်းအထန် ချမှတ်၍ ထားခဲ့ကြကုန်၏၊ ရက်ရက်စက်စက် အပြစ်ဒဏ်ခတ်ခဲ့ကြကုန်၏၊ စင်စင်လိုရင်းမှာ စိတ်ကူးသက်သက်ဖြင့် လူသား၏ စိတ်ဓာတ်ကို ဖြားယောင်း သွေးဆောင်ခဲ့ကြကုန်၏၊ ခြောက်လှန့်ခဲ့ကြ၏၊ (လူသေလူဖြစ်-၁၄)
အထက်ပါဖော်ပြပါ (က) အမှတ်မှ (င) အမှတ်အထိ ဦးဥက္ကဋ္ဌ၏ စကားရပ်များကို သေသေချာချာစိစစ် ကြည့်သောအခါ ဤသို့ အဓိပ္ပာယ်ရပေသည်။
လူသေပြီးနောက် အကယ်၍ ဖြစ်အုံးမည်ဆိုလျှင် လူပဲပြန်ဖြစ်မည်။
အကယ်၍ မဖြစ်တော့ဘူးဆိုလျှင် ဘာမှမဖြစ်တော့ပေ။
“အကယ်၍”ဟူသော သံသယနစကားသည် အဓိပ္ပာယ်နှစ်ချက်ထွက်သည်၊ အကယ်၍ ဖြစ်အုံးမည်ဆိုလျှင်၊ အကယ်၍ မဖြစ်တော့ဘူးဆိုလျှင် ဤသို့ နှစ်ချက်ထွက်ပေသည်။
အထက်ပါ(က) အမှတ်ပြစကားထဲက အကယ်၍ မဖြစ်တော့ဘူးဆိုလျှင် ဟူသော ဒုတိယအဓိပ္ပာယ်ချက်ကို (ခ) (ဂ) (ဃ) (င) အမှတ်ပြစကားတို့ဖြင့် ထောက်ခံချက်ပေးထား၏၊ မှန်၏-
(ခ) က-လောကဓမ္မသည် ဤဘဝနှင့်သာ လုံးဝဆိုင်သည်၊ (နောက်ဘဝနှင့်မဆိုင်ဟူလို)။
(ဂ) က-သေပြီး ဟိုဘက် လက်ညှိုးညွှန်သော အယူကား၊ ဘုရားအယူ မဟုတ်၊ နောက်မှပေါ်သော အယူ၊ (နောက်ဘဝမရှိ ဟူလို)
(ဃ) က-လုပ်တိုင်းကုန်း (သချုႌင်း)၏ ဟိုမှာဘက်မှာ ဘဝမရှိ၊ (နောက်ဘဝ မရှိဟူလို)၊
(င) က-ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးပေးရာ ဘုံနန်းဆိုသည်တို့မှာ စိတ်ကူးယဉ်မျှသာ၊ (နောက်ဘဝ နောက်ဘုံဘဝ မရှိဟူလို)၊
၃၉။ အထက်ပါ ဦးဥက္ကဋ္ဌ စကားများထဲ၌ “ဗုဒ္ဓ”ဟူသော စကား “သန္ဒိဋ္ဌိက”ဟူသော စကားနှစ်လုံးကို နုတ်လိုက်လျှင် ဦးဥက္ကဋ္ဌ ဝါဒစစ်စစ် တွေ့ရ၏၊ “ဗုဒ္ဓ” “သန္ဒိဋ္ဌိက”ဟူသော စကားလုံးတို့ကို ထည့်ထားခြင်းကား လုပ်ကြံဖန်တီးရန် ခုတုံးလုပ်ခြင်းမျှသာ ဖြစ်ပေသည်၊ ထို့ကြောင့် ဦးဥက္ကဋ္ဌ၏ ဝါဒစစ်စစ်ကား “နောက်ဘဝ” မရှိဟူသတည်း။
မှန်လှ၏၊ ဦးဥက္ကဋ္ဌသည် နေရာများစွာ၌ အကြိမ်ကြိမ် ကြွေးကြော်ထားသည့်အတိုင်း စ-သ-ဃ-ဇ-က (ပဉ္စပသာဒရုပ်) ငါးပါးကိုသာ ဆုပ်ကိုင်ထားသော ရုပ်ဝါဒီစစ်စစ်ကြီး ဖြစ်ပေရာ နောက်ဘဝဆိုသော အချက်သည် မျက်စိဖြင့် မြင်၍မရသော နားထောင်၍ မကြားနိုင်သော ကိုယ်ဖြင့်ထိတွေ့၍ မရသာသော ရုပ်လွန်သဘာဝ ဖြစ်နေသဖြင့် မည့်သည့်နည်းနှင့်မျှ လက်ခံ၍ မရချေ၊ ထို့ကြောင့် ဦးဥက္ကဋ္ဌသည် ပုခက်နှင့် ခေါင်းကြားဟူသော ပစ္စုပ္ပုန်တစ်ဘဝကိုသာ တဖွဖွ ကြွေးကြော်နေခြင်းဖြစ်ပေသည်။
သို့သော် ဦးဥက္ကဋ္ဌသည် နောက်ဘဝမရှိဟူသော ရုပ်ဝါဒအမြင်ကိုလည်းပိုင်ပိုင်ကြီး မကိုင်ဝံ့သူ ဖြစ်သောကြောင့် “အကယ်၍”ဟူသော စကားကို သုံး၍ “သေပြီးနောက်” အကယ်၍ ဖြစ်ဦးမည် ဆိုလျှင်”ဟူသော စကားဝါကျကို တက်လေသည်၊ လုပ်တိုင်းကုန်း၏နောက် ဟိုဘက်မှာ ဘာမျှမရှိ၊ ပုခက်နှင့် ခေါင်းကြားပါဟု ဆိုပါလျက် အကယ်၍ ဖြစ်ဦးမည်ဆိုလျှင်”ဟု လာပြန်ချေသေးသည့်အတွက် အော်. . ဦးဥက္ကဋ္ဌနှယ် ကိုယ့်ကိုယ်ကို သစ္စာပြန်ဖောက် နေချေသည်တကားဟု သတိထားမိလိုက်ကြသည်။
ကောင်းပါပြီ၊ “သေပြီးတဲ့နောက် အကယ်၍ ဖြစ်ဦးမည်ဆိုလျှင် လူမှတစ်ပါး အခြားဘာမှဖြစ်စရာမရှိ၊ လူပဲဖြစ်ရမည်” ဆိုသော စကားအရ “လူသေလူဖြစ် လူဖြစ်လူသေ” သံသရာ လည်ရပေမည်၊ သူ၏ စာအုပ် တစ်နေရာ၌လည်း ဤအတိုင်း ရေးထားလေသည်။
အထက်ပါ အချက်တို့ကို ပိဋကတ် ကျမ်းဂန်နှင့် ညှိ၍ ကောက်ချက်ချသည် ရှိသော် နောက်ဘဝမရှိဟု ယူသောအယူသည် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်၏၊ ဝိဘဝတဏှာ၏ စားကျက် ဖြစ်၏၊ လူသေလူဖြစ် မြဲသည်ဟူသော အယူသည် သဿတဒိဋ္ဌိ ဖြစ်၏၊ ဘဝတဏှာ၏ စားကျက် ဖြစ်၏၊ သို့ဖြစ်သောကြောင့် တောင်တွင်းကြီး ဦးဥက္ကဋ္ဌသည် ဥစ္ဆေဒဒိဋ္ဌိကိုရော သဿတဒိဋ္ဌိကိုပါ ဘယ်ညာနှစ်ဖက်လုံး ဆုပ်ကိုင်ထားသော ထူးခြားသော မိစ္ဆာဝါဒရှင် ဖြစ်ကြောင်းတွေ့ရပေသည်၊ ဗုဒ္ဓသာသနာ့သမိုင်းနှင့် ယှဉ်၍ သိရသော မိစ္ဆာဒိဋ္ဌိသမိုင်းတွင် ဦးဥက္ကဋ္ဌလို တစ်ပြိုင်နက်ထဲ ဥစ္ဆေဒဒိဋ္ဌိကိုရော သဿတဒိဋ္ဌိကိုပါယူသူ အတော်ကလေး ရှားပေသည်၊ ထို့ကြောင့် ထူးခြားသော မိစ္ဆာဝါဒရှင်ဖြစ်ကြောင်း သူ့စကား သူ့ဝါဒအရ သိရပေသည်။
သန္ဒိဋ္ဌိက စိစစ်ချက်
၄၀။ ယခုဆက်လက်၍ သန္ဒိဋ္ဌိကနှင့် စပ်လျဉ်းသော ဦးဥက္ကဋ္ဌ၏ စကားတို့ကို စဉ်းစားကြကုန်အံ့ “အယံ ဓမ္မော သန္ဒိဋ္ဌိကော-ငါ ဟောသော ဤတရားသည် ယခုပစ္စက္ခ မျက်မှောက်ဘဝနှင့်သာ ဆိုင်၏ဟူ၍ အကြိမ်ကြိမ်ဟောခဲ့သော ဒေသနာကို ထောက်ထားခြင်အားဖြင့် ဗုဒ္ဓ၏ ကမ္မဝါဒသည် ပုခက်နှင့် ခေါင်းအကြားတွင်သာ ကျက်စားကြောင်းကို အပြတ်အသတ် မှတ်ယူအပ်၏၊ လုပ်တိုင်းကုန်း၏ ဟိုမှာဘက်၌ ရှိသည်ဟု လက်ညှိုးထိုးကာ ညွှန်ပြအပ်သော မနောဒွါရတိုက်ထွက် အနုမာနများကို တိုက်ဖျက် ပစ်ရန် လိုအပ်သည်”ဟု ဦးဥက္ကဋ္ဌက ဆိုခဲ့၏၊ ဤစကားရပ်တွင် “အယံ ဓမ္မော သန္ဒိဋ္ဌိကော- ငါ ဟောအပ်သော ဤတရားသည် ယခုပစ္စက္ခမျက်မှောက် ဘဝနှင့်သာ ဆိုင်၏”ဟု အနက် အဓိပ္ပာယ်ထွက်သော စကားမျိုးကို ပိဋကတ်တော်၏ မည်သည့်အစိတ်အပိုင်းမှာမှ မတွေ့ရ၊ ဗုဒ္ဓမြတ်စွာက ဤကဲ့သို့ မည်သည့်အခါမှ မဟော၊ မြတ်စွာဘုရားမဟောသည်ကို အဟောလုပ်၍ ရေးခြင်းဖြင့် မြတ်စွာဘုရားအား စွပ်စွဲခြင်းသာ ဖြစ်ပေသည်၊ ဘုရားဟော သန္ဒိဋ္ဌိက အမှန်ကို သိသာစေရန် “သန္ဒိဋ္ဌိကော”ဟူ၍ ဟောတော်မူသည့် နေရာများစွာ အနက်မှ ပါဠိတော်အချို့ကို ထုတ်ပြရှင်းလင်းဦးအံ့။
၄၁။ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ သန္ဒိဋ္ဌိကသုတ်ပါဠိတော် ၃၁၃-၌ မောဠိယသိဝက ပရိဗိုဇ်အား မိမိ၏ အတွင်းသန္တာန်၌ လောဘဖြစ်လျှင် လောဘဖြစ်ကြောင်း သိသလောဟု မြတ်စွာဘုရားက မေးတော်မူသောအခါ၊ သိပါသည်ဟု ဖြေဆိုလျှောက်ထားသည်၊ ထို့အတူ ဒေါသ မောဟ မိမိအတွင်း သန္တာန်၌ ဖြစ်ပေါ်လာလျှင် ဒေါသ, မောဟ ဖြစ်ကြောင်း သိသလောဟု မေးတော်မူသောအခါလည်း မောဠိယသိဝကပရိဗိုဇ်က သိပါသည်ဟု ဖြေဆိုရာ ဤသို့ သိခဲ့လျှင် သန္ဒိဋ္ဌိကဓမ္မဖြစ်တော့သည်ဟု မိန့်တော်မူ၏၊
ဒုတိယသန္ဒိဋ္ဌိကသုတ်၌လည်း ပုဏ္ဏားတစ်ယောက်က သန္ဒိဋ္ဌိက ကိုယ်တိုင် မြင်အပ်သော သဘော၊ အကာလိက-တစ်ပါးအချိန်၌ မဟုတ်မူ၍ ယခုချက်ခြင်း သိနိုင်သော သဘော၊ ဧဟိပဿိက လာစမ်းပါ ကြည့်စမ်းပါဟု ဖိတ်ခေါ်ပြနိုင်လောက်သော သဘော၊ ဩပနေယျိက မိမိစိတ်၌ ကပ်၍ ဆောင်ထိုက်, အစွမ်းကုန်စိတ်၌ သွင်းထားထိုက်သော သဘော၊ ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ ပညာရှိတို့ ကိုယ်တိုင်သိနိုင် ခံစားနိုင်သော သဘောဟူသည် အဘယ်နည်းဟု မေးလာ၏၊ ဗုဒ္ဓမြတ်စွာက မိမိသန္တာန်၌ ရာဂ, ဒေါသ, မောဟ, ကိုယ်, နှုတ်, စိတ်ကို ဖျက်ဆီးတတ်သော အပြစ်တစ်စုံတစ်ရာဖြစ်နေလျှင် ဖြစ်မှန်းသိသလောဟု မေးတော်မူရာ ပုဏ္ဏားက သိပါသည်ဟု ဖြေဆို၏၊ ဤသို့ သိလျှင် သန္ဒိဋ္ဌိက စသည်ဖြစ်တော့၏ဟု ဗုဒ္ဓမြတ်စွာ မိန့်တော်မူ၏၊
၄၂။ ဤသုတ်တော်တို့၏ အနက်အဓိပ္ပာယ်ကို စဉ်းစားကြည့်လျှင် ဦးဥက္ကဋ္ဌနှင့်တကွ တပည့်နောက်လိုက်တို့ အားကိုးတကြီး သုံးစွဲနေကျဖြစ်သော အနက်အဓိပ္ပာယ်မျိုး မဟုတ်ကြောင်း အတတ်သိနိုင်ပေသည်။ သာမာန်လူတစ်ယောက်သည် မိမိသန္တာန်၌ လောဘဖြစ်နေသည်ကို ဖြစ်မှန်းမသိ ဒေါသဖြစ်နေသည်ကို ဖြစ်မှန်းမသိပေ၊ မြတ်ဗုဒ္ဓအဆုံးအမကိုရ၍ စိတ္တာနုပဿနာ, ဓမ္မာနုပဿနာကို ရှုမှတ် ပွားများသော သူသည်သာလျှင် မိမိသန္တာန်၌ ဘာဖြစ်၍ နေသည်ကို သိနိုင်ပေသည်။ ရှေ့စိတ်အစဉ်၌ ပါဝင်ဖြစ်ပျက်နေသော သဘောတစ်ခုခုကို နောက်စိတ် အစဉ်ဖြင့် သိအောင် လေ့ကျင့်ပွားများနိုင်ခြင်းသည် ဗုဒ္ဓဓမ္မအလိုကျ ပစ္စဝေက္ခဏာဉာဏ်၏ စွမ်းရည်သည်သော်လည်းကောင်း၊ ဝိပဿနာဉာဏ်၏ စွမ်းရည် သည်သော်လည်းကောင်း ဖြစ်ပေသည်၊ ထို့ကြောင့် ဤသုတ်တို့၏ အဖွင့် အဋ္ဌကထာဆရာက ပစ္စဝေက္ခဏာဉာဏ်ကို ရည်ရွယ်၍ ဘုရားရှင်ဟောတော်မူသည်ဟု မှတ်ချက်ချ ပေးတော်မူထားပေသည်။
၄၃။ ဤသန္ဒိဋ္ဌိကသုတ် နှစ်သုတ်၌ ဗုဒ္ဓမြတ်စွာသည် ကိုယ်တိုင်သိနိုင်သော ပစ္စုပ္ပန်ဖြစ်သည့် တရားတော်ကို ဟောတော်မူသည်၊ သို့ရာတွင်-
၁။ ခဏပစ္စုပ္ပန်=ပရမတ္ထစစ်စစ် ဥပါဒ်ဆဲဖြစ်သော ခဏ၊
၂။ သန္တတိပစ္စုပ္ပန်=ဇောဝါရ လေးငါးကြိမ်မျှ ဆက်၍ ဖြစ်ဆဲခဏ၊
၃။ အဒ္ဓါပစ္စုပ္ပန်=ပဋိသန္ဓေစုတိဖြင့် ပိုင်းခြားအပ်သော တစ်ဘဝတည်း ဟူသော ပစ္စုပ္ပန်၊
၄။ သမယပစ္စုပ္ပန်=နံနက်ပိုင်း ညနေပိုင်း တစ်နေ့တာစသည် လောကဝေါဟာရအလိုက်ပိုင်းခြားသတ်မှတ် ခေါ်ဝေါ်အပ်သော ဖြစ်ဆဲခဏ
ဟူ၍ ပစ္စုပ္ပန် ၄-မျိုးရှိရာတွင် သန္တတိပစ္စုပ္ပန်ကိုသာ ရည်ရွယ်၍ ဤသုတ်၌ ဟောတော်မူခြင်း ဖြစ်သည်၊ ထို့ကြောင့် ပုခက်နှင့် ခေါင်းကြားဟူသော ယခု ပစ္စက္ခ မျက်မှောက်ဘဝနှင့်သာ ဆိုင်သည်ဟူသော အနက် ဤသုတ်တို့မှ မထွက်ပေ၊ “သန္ဒိဋ္ဌိက”ဟူသော စကားနှင့် ပတ်သက်၍ အဋ္ဌကထာပါဠိ အောက်ထက်ညှိ၍ သိသာရုံဖော်ပြဦးအံ့၊ “သန္ဒိဋ္ဌိက” ပုဒ်ကို ဤသို့ဖွင့်ဆိုပေ၏၊
အင်္ဂုတ္တိုရ် ပါဠိတော်၊ တိကနိပါတ်၊ အညတရဗြဟ္မဏသုတ်အဋ္ဌကထာ၌ ဤသို့ ဖွင့်ပြ၏-
(က) သန္ဒိဋ္ဌိကော ဓမ္မော ဟောတီတိ သာမံ ပဿိတဗ္ဗော ဟောတိ။ သန္ဒိဋ္ဌိကော ဟောတိ၊ ကိုယ်တိုင်မြင်ထိုက်သော သဘော ဖြစ်၏ ဟူလို။ အင်္ဂုတ္တိုရ်၊ တိကနိပါတ်အဋ္ဌကထာ(၁၄၁)၊ အညတရဗြာဟ္မဏသုတ်၊
(ခ) သန္ဒိဋ္ဌိကော အယံ ဓမ္မောတိ အယံ လောကုတ္တရဓမ္မော ယေန ယေန အဓိဂတော ဟောတိ၊ တေန တေန ပရသဒ္ဓါယ ဂန္တဗ္ဗတံ ဟိတွာ ပစ္စဝေက္ခဏဉာဏေန သယံ ဒဋ္ဌဗ္ဗောတိသန္ဒိဋ္ဌိကော။
“သန္ဒိဋ္ဌိကော အယံ ဓမ္မော”ဟူသည်ကား ဤလောကုတ္တရာတရားသည် ကိုယ်ပိုင်လက်ကိုင်ရသည့် မည်သူမဆို သူတစ်ပါးအပေါ် ယုံကြည်ခြင်းဖြင့် ချည်းကပ်ခြင်းကိုစွန့်ပယ်၍ ကိုယ်တိုင် သိမြင်အပ်သောကြောင့် သန္ဒိဋ္ဌိကမည်ပေသည် ဟူလို။ သဂါထာဝဂ္ဂအဋ္ဌကထာ(၄၁-၄၂)၊ ဒေဝတာသံယုတ် သမိဒ္ဓသုတ်၊
(ဂ) အရိယမဂ္ဂေါ တာဝ အတ္တနော သန္တာနေ ရာဂါဒီနံ အဘာဝံ ကရောန္တေန အရိယပုဂ္ဂလေနသာမံ ဒဋ္ဌဗ္ဗောတိ သန္ဒိဋ္ဌိကော။
ရှေးဦးစွာ အရိယာမဂ်သည် မိမိသန္တာန်၌ ရာဂစသည်တို့၏ မရှိခြင်းကို ပြုတတ်သော အရိယပုဂ္ဂိုလ်က ကိုယ်တိုင် မြင်ထိုက်သောကြောင့် သန္ဒိဋ္ဌိက မည်၏ ဟူလို။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ပ-၂၀၉)
(ဃ) အပိ စ နဝဝိဓော ပိ လောကုတ္တရဓမ္မော ယေန ယေန ဟိ အဓိဂတော ဟောတိ၊ ဗတနတေန ပရသဒ္ဓါယ ဂန္တဗ္ဗတံ ဟိတွာ ပစ္စဝေက္ခဏဉာဏေန သယံ ဒဋ္ဌဗ္ဗောတိ သန္ဒိဋ္ဌိကော။
တစ်နည်းမှာ လောကုတ္တရာတရား ကိုးပါးလုံးပင် ကိုယ်ပိုင်ရရှိထားသူ မည်သူမဆို သူတစ်ပါးအပေါ် ယုံကြည်ခြင်းဖြင့် ချဉ်းကပ်ခြင်းကို စွန့်ပယ်၍ ပစ္စဝေက္ခဏာဉာဏ်ဖြင့်ကိုယ်တိုင် မြင်ထိုက်သောကြောင့် သန္ဒိဋ္ဌိက မည်၏၊ (ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ပ-၂၀၉)
(i) ဒိဋ္ဌန္တိ ဒဿနံ ဝုစ္စတိ၊ ဒိဋ္ဌမေဝ သန္ဒိဋ္ဌံ။ ပ။ အရဟတီတိ သန္ဒိဋ္ဌိကော။ လောကုတ္တရာဓမ္မောဟိ ဘာဝနာဘိသမယဝသေန သစ္ဆိကိရိယာဘိသမယဝသေနစ ဒိဿမာနောယေဝ ဝဋ္ဋဘယံနိဝတ္တေတိ။ မြင်ခြင်းကို ဒိဋ္ဌဟု ဆိုအပ်၏၊ ဒိဋ္ဌနှင့် သန္ဒိဋ္ဌိကအတူတူပင်၊ မြင်ခြင်းကို ထိုက်သောကြောင့်သန္ဒိဋ္ဌိက မည်၏၊ ထင်စွာပြအံ့-လောကုတ္တရာတရားသည် ဘာဝနာဘိသမယ (ပွားစေသောအားဖြင့် သိတတ်သော အသိဉာဏ်) သစ္ဆိကိရိယာဘိသမယ (မျက်မှောက်ပြုသောအားဖြင့် သိတတ်သော အသိဉာဏ်) အစွမ်းအားဖြင့် မြင်မှသာလျှင်သံသရာ ဝဋ်ဘေးကို ကင်းစေတတ် ဆုတ်နစ်စေတတ်၏၊ (ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ပ-၂၀၉)
အလွန်ခိုင်မာလှသော ဤအထောက်အထားများအရ ကိုယ်တိုင် မြင်အပ်သောသဘောကို သန္ဒိဋ္ဌိကခေါ်သည်၊ လက်တွေ့ မျက်တွေ့တရားဟု ခေါ်လိုက ခေါ်နိုင်သည်၊ တရားကိုယ်အားဖြင့် လောကုတ္တရာတရားကိုးပါးကို သော်လည်းကောင်း၊ ပစ္စဝေက္ခဏာ ဉာဏ်ကိုသော်လည်းကောင်း သန္ဒိဋ္ဌိက၏ အရကောက်ရသည်ဟု မုချဆတ်ဆတ် မှတ်အပ်၏၊ ဤစကားအရ သန္ဒိဋ္ဌိကကို ပုခက်နှင့် ခေါင်းကြားဟူ၍ သတ်မှတ်ခြင်းသည် ဆန့်ကျင်ဘက် အယူသာဖြစ်ကြောင်း ထင်ရှားပေသည်။
၄၄။ ထို့ပြင် “သန္ဒိဋ္ဌိကဓမ္မ” တစ်မျိုးကို ပြဦးအံ့၊ အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊ အညတရဗြဟ္ဓဏသုတ်၌ ဤသို့ လာရှိ၏၊ ဗြဟ္ဓဏတစ်ဦးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ “သန္ဒိဋ္ဌိက ကိုယ်တွေ့တရားဟု ပြောနေကြပါသည်၊ ဘယ်အကြောင်း ဘယ်အချက်ဖြင့် ကိုယ်တွေ့တရား, အခါမဲ့တရား, လက်တွေ့စမ်းသပ်နိုင်သောတရား, စိတ်ပါလက်ပါ ဝင်စားထိုက်သောတရား, အသိကြွယ်သူတို့ ကိုယ်တိုင် ခံစားထိုက်သောတရား မည်ပါသနည်း”ဟု မေးလျှောက်သည်။
မြတ်စွာဘုရားသည် ရှင်းရှင်းကလေး ဝေဖန်ပြတော် မူသည်မှာ- “ဗြာဟ္မဏ. . . ရာဂ အထိုးအကျင့်, အနှိပ်စက်ခံရ၍ တပ်တတ်သော ယောကျ်ားသည် မိမိ, သူတစ်ပါးပျက်စီးအောင် အားထုတ်တတ်သည်၊ စိတ်ဆင်းရဲခြင်းကို ခံစားရတတ်သည်၊ ယင်း ရာဂ ကင်းပျောက်သွားသောအခါ မိမိသူတစ်ပါးကို နှိပ်စက်ခြင်းငှာ အားမထုတ်တော့၊ စိတ်ဆင်းရဲခြင်းကို မခံစားရတော့ချေ၊ ထိုနည်းအတိုင်း တပ်တတ်သော ယောကျ်ားသည် ကိုယ်နှုတ် စိတ်တို့ဖြင့် မကောင်းမှု ပြုမိတတ်၏၊ မိမိအကျိုး သူတစ်ပါးအကျိုးကိုလည်း သိတတ်သော ဉာဏ်မပေါ်၊ ယင်း ရာဂ ကင်းသွားသော်ကား ကိုယ်, နှုတ်, စိတ်တို့ဖြင့် မကောင်းမှုကို မပြုဖြစ်၊ မိမိအကျိုး သူတစ်ပါးအကျိုးကို သိနိုင်သော ဉာဏ်ပေါ်လာတတ်၏၊ ဗြဟ္မာဏ. . .ဤသို့သော အကြောင်းကြောင့် ကိုယ်တွေ့တရား (သန္ဒိဋ္ဌိက) ဖြစ်သည်ဟု ဆိုနိုင်လေတော့၏၊ (ဒေါသအနှိပ်စက်ခံရသူ၊ မောဟအနှိပ်စက်ခံရသူ အထက်နည်းအတိုင်းပင်)။ (တိက-အံ၊ အညတရ ဗြဟ္မဏသုတ်၊ ၁၅၆) (ချုံး၍ မြန်မာပြန်ဆိုချက် ဖြစ်သည်)၊ ယင်း တိက-အံ-ပရိဗ္ဗာဇာကသုတ် ၁၅၇-၁၅၈ ၌လည်း အလားတူ ဟောတော်မူသည်။
၄၅။ ဤဗြဟ္မဏသုတ်နှင့် ပရိဗ္ဗာဇာကသုတ်နှစ်သုတ်၌ လောကီလောကုတ္တရာ လက်တွေ့မျက်တွေ့ တရားကို ဗုဒ္ဓမြတ်စွာ ဟောတော်မူသည်၊ လောကီလက်တွေ့မျက်တွေ့တရားကား အရိယမဂ်လမ်းကြောင်း ပေါ်သို့ လျှောက်၍နေသော ဗုဒ္ဓသာဝက အရိယမဂ်အယဉ်သို့ ဝင်ဆဲ ဝင်ပြီးဖြစ်သော ပုဂ္ဂိုလ်တို့ကို ရည်ရွယ်၍ ဟောသော တရားတည်း၊ ဤ၌လည်း၊ “သန္ဒိဋ္ဌိကဓမ္မ” ကို “သာမံ ပဿိတဗ္ဗော” ကိုယ်တိုင်မြင်အပ်သော တရားဟူ၍သာလျှင် အဋ္ဌကထာဆရာရှင်နှင့်တကွ သာသနာ့အစဉ်အလာက အနက်အဓိပ္ပာယ် ကောက်ယူလေ့ ရှိကြသည်၊ ဦးဥက္ကဋ္ဌဆိုသကဲ့သို့ သန္ဒိဋ္ဌိကသည် ယခုပစ္စက္ခ မျက်မှောက်ဘဝနှင့်သာ ဆိုင်၏ ဟူသောအနက် အဓိပ္ပာယ်မထွက်ပေ။
နောက်အင်္ဂုတ္တိုရ်ပါဠိတော်၊ သန္ဒိဋ္ဌိကဓမ္မသုတ်၊ တစ်သုတ်၌လည်း ဤသို့ တွေ့ရ၏၊ အရှင်အာနန္ဒာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ရှိစဉ် အရှင်ဥဒါယီနှင့် တရားစကားဆွေးနွေးကြသောအခါ အဘယ်မျှလောက်သော အကြောင်းဖြင့် လက်တွေ့မျက်တွေ့တရားကို ဘုရားရှင် ဟောတော်မူပါသနည်းဟု အမေးရှိလာ၍ ဖြေဆိုသည်မှာ- ငါ့ရှင်. . . ပဌမစျာန်ဝင်စား၍ နေခြင်းဖြင့်လည်း ဗုဒ္ဓမြတ်စွာက ပရိယာယ်အားဖြင့် လက်တွေ့ မျက်တွေ့တရား (သန္ဒိဋ္ဌိက)ဟု ဟောတော်မူပါသည်၊ ထို့အတူ ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်, အာကာသာနဉ္စယတနစျာန်, ဝိညာဏဉ္စာယတနစျာန်, အာကိဉ္စညာယတနစျာန် နေဝသညာနသညာယတနစျာန်ကို ဝင်စား၍ နေခြင်းအားဖြင့်လည်း ဗုဒ္ဓမြတ်စွာက ပရိယာယ်အားဖြင့် လက်တွေ့မျက်တွေ့တရားဟု ဟောတော်မူပါသည်၊ မုချစင်စစ်အားဖြင့်မူကား နေဝသညာနသညာယတနစျာန်ကို ကျော်လွန်၍ နိရောဓသမာပတ်ကို ဝင်စားလျက် ကိလေသာ အာသဝေါတို့ကို ကုန်စေလျက် နေခြင်းဖြင့် သန္ဒိဋ္ဌိကဓမ္မ လက်တွေ့မျက်တွေ့တရားကို ဗုဒ္ဓမြတ်စွာ ဟောတော်မူပါသည်ဟု ဖြေဆိုလေသည်။ (နဝက-အံ၊ သန္ဒိဋ္ဌိကဓမ္မသုတ် ၂၄၅-၂၄၆)
အထက်ပါ သုတ်တော်၌ “ပရိယာယ်” ဟူသောစကား မုချဟူသောစကားနှစ်ရပ်ကို ကွဲကွဲပြားပြား မှတ်ယူရမည်၊ မုချအနက်ဟူသည်မှာ နှစ်နည်းနှစ်လမ်း မရှိ၊ တစ်ထစ်ချနည်းလမ်း တစ်လမ်းအားဖြင့်သာ ဖြစ်နိုင်သော အနက်အဓိပ္ပာယ်မျိုး ဖြစ်သည်၊ ပရိယာယ်ဟူသည်ကား တစ်နည်းတစ်ဖုံအားဖြင့် ထိုသဘောရှိ၍ တစ်နည်းတစ်ဖုံအားဖြင့် ထိုသဘောလည်းမရှိသော အနက်အဓိပ္ပာယ် (Relatively Senseful-Thing) ဖြစ်သည်။
ဤသန္ဒိဋ္ဌိကသုတ်တော်ကို ထောက်ဆလျှင် လက်တွေ့ မျက်တွေ့ဟူသော သန္ဒိဋ္ဌိကဓမ္မသည် ဗုဒ္ဓသာသနာတော်၌ နေ့စဉ်တွေ့ကြုံနေကျ စာခြင်း-သောက်ခြင်း-အိပ်ခြင်း-မြင်-ကြား-နံ-လျက်-ထိတွေ့ခြင်းကို ဆိုလိုသည်မဟုတ်၊ ပုခက်နှင့် ခေါင်းကြားကို ဆိုလိုသည် မဟုတ်၊ သမာဓိ ပညာတို့ဖြင့် အတော်အထက်တန်း ကျနေသော တရားများကို ပွားများရယူထားခြင်းသာ ဖြစ်သည်ဟု သိနိုင်ပေသည်။
သို့ရာတွင် အရှင်သမိဒ္ဓိထေရ် တောအုပ်အတွင်း၌ ရေချိုးပြီးစ ကိုယ်သန့်စင်နေစဉ်တွင် နတ်သမီးတစ်ဦးက အရှင်သမိဒ္ဓိထေရ်၏ ရူပကာယ ပြည့်ဝတင့်တယ်မှုကို ကြည့်ရှုကာ “အရှင်ရဟန်း. . . သင်သည် ငယ်ရွယ်နုပျို၍ နက်သောဆံပင်ဖြင့် ပဌမအရွယ်၌ အရွယ်ကောင်းခြင်းနှင့် ပြည့်စုံနေစဉ် လူ့ကာမဂုဏ်တို့ကို ခံစားပါဦးလား၊ (မာ သန္ဒိဋ္ဌိကံ ဟိတွာ ကာလိကံ အနုဓာဝီ)- ကိုယ်တွေ့ ကာမဂုဏ်ကို ပယ်ခွာ၍ ကိုယ်တွေ့မဟုတ်သော နောင်အခါမှ ရမည့် ကာမဂုဏ်နောက်သို့ မလိုက်ပါလင့်”ဟူ၍ ဆိုလေသည်၊ ဤစကားရပ်၌ နတ်သမီး၏ အလိုမှာ ယခုလက်ငင်း ခံစားနိုင်သော ကာမဂုဏ်သည် သန္ဒိဋ္ဌိက၊ နောက်ဘဝ နတ်ပြည်ကျမှ ခံစားရမည့် ကာမဂုဏ်သည် ကာလိက၊ ဤသို့သော ထင်မြင်ချက်ဖြင့် ဤစကားကို ဆိုခြင်း ဖြစ်သည်၊ ထိုစဉ်အခါက လူရောနတ်ပါ အရည်အချင်းညံ့သော သတ္တဝါတို့သည် ရဟန်းတရားအားထုတ်ခြင်းကို နတ်ပြည်စည်းစိမ် ခံစားရန်, တမလွန်ကာလ၌ ချမ်းသာရရန်, အမျိုးကောင်းသားတို့ ပြုလုပ်ကြသည်ဟု အမြင်မှားလျက် ရှိကြသည်။
ထိုနတ်သမီး၏ စကားကို သမိဒ္ဓိထေရ်က ပြန်ကြားရာ၌ အိုနတ်သမီး. . . ငါသည် တမလွန်လောက ချမ်းသာနောက်သို့ လိုက်နေသည်မဟုတ်၊ တမလွန်လောကချမ်းသာကို ပယ်စွန့်ကာ သန္ဒိဋ္ဌိက မျက်မှောက်ချမ်းသာကို လိုက်စား ရှာဖွေနေ၏၊ တမလွန်လောက၌ ရရှိမည့် ကာမဂုဏ်တို့ကို ဆင်းရဲပင်ပန်းခြင်းများလှ၏ဟု ဘုရားရှင် ဟောတော်မူသည်၊ မနှစ်သက်ဖွယ် အပြစ်တို့လည်း လွန်စွာ များ၏ဟု ဟောတော်မူသည်၊ ယခု ငါလိုက်စားကျင့်ကြံနေသော တရားကား သန္ဒိဋ္ဌိက ကိုယ်တိုင်မြင်နိုင်သော တရား၊ အကာလိက-အချိန်မလင့် အကျိုးရသော တရား၊ ဧဟိပဿိက-လက်ကိုကိုင်ဆွဲ ရဲရဲကြီး စမ်းကြည့်စမ်းပါဟု ဖိတ်ခေါ်နိုင်သော တရား၊ ဩပနေယျိက-နိဗ္ဗာန်ကို ပို့ဆောင်တတ်သော အရိယမဂ်တည်း ဟူသောတရား၊ မျက်မှောက်ပြုထိုက်သည့် အဖြစ်သို့ ကပ်ဆောင်ရမည့် အရိယာဖိုလ်နှင့် နိဗ္ဗာန်တရား၊ ဝိညူဟိ ပစ္စတ္တံ ဝေဒိတဗ္ဗ ပညာရှိတို့ ကိုယ်တိုင်ကိုယ်ကျ သိရှိခံစားထိုက်သောတရား ဖြစ်သည်ဟု မိန့်ဆိုလေသည်။
နတ်သမီး၏ သန္ဒိဋ္ဌိကဓမ္မနှင့် အရှင်သမဒ္ဓိထေရ်၏ သန္ဒိဋ္ဌိကဓမ္မတို့သည် ဤသဂါထာဝဂ္ဂ၊ ဒေဝတာသံယုတ်၊ သမိဒ္ဓိသုတ် ၉-တွင် သိသိသာသာ ထူးခြားကွဲလွဲ၍ နေပေသည်၊ ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တပည့် သားမြေးတို့၏ သန္ဒိဋ္ဌိကဓမ္မကား ဤသုတ်၌ နတ်သမီးပြောဆိုသော သန္ဒိဋ္ဌိကမျိုးဖြစ်သည်၊ သာသနာတော်၏ အနှစ်သာရဖြစ်သော သန္ဒိဋ္ဌိကဓမ္မကား အရှင်သမိဒ္ဓိထေရ် ရည်ညွှန်းပြောဆိုအပ်သော အရိယာမဂ်ဖိုလ် နိဗ္ဗာန်တရားမျိုး ဖြစ်ပေသည်။ သို့ဖြစ်သောကြောင့် ဘုရားဟောသော “သန္ဒိဋ္ဌိက”သည်ကား သမာဓိ ပညာ, မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်တို့၏ အရသာဖြစ်ပေသည်၊ “သန္ဒိဋ္ဌိက”သည် ပုခက်နှင့် ခေါင်းကြား တစ်ဘဝအတွင်း ဟူသည်ကား ဘုရားအလို မဟုတ်ပေ။ ဘုရားနှင့် မည်သို့မျှ မသက်ဆိုင် ဖြစ်ပေသည်။
“အနုမာန” သုံးသပ်ချက်
၄၆။ ယခုအခါ ဦးဥက္ကဋ္ဌ၏ “မနောဒွါရတိုက်ထွက် အနုမာနများကို ပက်ပက်စက်စက် တိုက်ဖျက်ပစ်ရမည်”ဟူသောစကားကို စိစစ်ဦးအံ့၊ ဦးဥက္ကဋ္ဌအနေဖြင့် အနုမာနကို လက်မခံခြင်းမှာ “ပစ္စက္ခမေဝ ပမာဏံ”ဟူသော ရုပ်ဝါဒီတို့၏ အဆိုအမိန့်အရ လက်တွေ့ မျက်တွေ့ ပစ္စက္ခတစ်ခုတည်းကိုသာ ဦးဥက္ကဋ္ဌ လက်ခံခြင်းကြောင့် ဖြစ်ပေသည်၊ အနုမာနကို ဦးဥက္ကဋ္ဌက ပယ်စွန့်သည်ဆိုသော်လည်း “လူသေလူဖြစ်” သည် သူ၏မျက်တွေ့ လက်တွေ့မဟုတ်၊ သူ့တပည့် တစ်ဦးဦး၏ လက်တွေ့လည်း မဟုတ်၊ အနုမာန မျက်ရမ်းဆမျှသာဖြစ်ကြောင်း သတိပြုမိဟန် မရှိချေ၊
ပါဠိတော် အဋ္ဌကထာ ဋီကာကြီးတို့၌ ပစ္စက္ခသိဒ္ဓိ၊ အနုမာနသိဒ္ဓိ၊ ဥပမာနသိဒ္ဓိ၊ သဒ္ဓေယျသိဒ္ဓိဟူ၍ ပြီးမြောက်စေမှု သိဒ္ဓိ ၄-မျိုးကို လက်ခံ အသုံးပြုပေသည်၊ အိန္ဒိယ ဒဿနဗေဒ၌ ရှေ့သွားတစ်ဦးဖြစ်ဟန်ရှိသော ဂေါတမက ရသေ့သည်လည်း အနက်အဓိပ္ပာယ်ကို သိရှိပုံနည်းလမ်း လေးမျိုးရှိကြောင်း ဤသို့ ဖော်ပြထားသည်-
၁။ ပစ္စက္ခ = မျက်မြင်အားဖြင့် တွေ့ကြုံခံစား၍ သိရှိနားလည်ခြင်း, (Perception)
၂။ အနုမာန = ခန့်မှန်းစဉ်းစား၍ အနက်အဓိပ္ပာယ်ကို သိရှိနားလည်ခြင်း, (Inference)
၃။ ဥပမာန = နှိုင်းယှဉ်ချိန်ထိုး၍ သိရှိနားလည်ခြင်း, (Comparism)
၄။ သဒ္ဓေယျ = ယုံကြည်ထိုက်သော သူ၏စကားကို အထောက်အထားပြု၍ အနက်အဓိပ္ပာယ်ကို သိရှိနားလည်ခြင်း, (Understanding through the statement of trustworthy person)
ဤကိုရည်၍ ဂေါတမကဉာယသုတ်၌ ဤသို့ဆို၏၊ प्रत्यक्षानुमानोपमानशब्दाः प्रमाणानि =(မြန်မာ)မျက်မြင်အားဖြင့် သိခြင်း, ခန့်မှန်းသော အားဖြင့်သိခြင်း, နှိုင်းယှဉ်၍ သိခြင်း, ယုံကြည်ထိုက်သော သူ၏ စကားအရ သိခြင်း-ဟူ၍ သိခြင်း ၄-မျိုးတို့ ရှိကုန်၏ (တက္ကဘာသာ နှာ-၃၂ ဂေါတမ ကဉာယသုတ် ၁၁၃)
အမှတ် ၁-ပစ္စက္ခသိဒ္ဓိမှာ ဦးဥက္ကဋ္ဌနှင့်တကွ လောကာယတဝါဒီ (ဝါ) ရုပ်ဝါဒီတို့၏ လက်တွေ့မျက်တွေ့ ဟူသော ဝါဒပင် ဖြစ်သည်၊ စပျစ်သီးကို ချိုသည်ဟူသော သူတစ်ပါးပြောသော စကားကို ကိုယ်တိုင်မြည်းစမ်း၍ မကြည့်ရသမျှ မယုံကြည်ခြင်း, ကရိဝိက်ငှက်၏ အလွန်သာယာ ချိုမြိန်သော အသံဟူသည်ကို ကိုယ်တိုင်မကြားဘူး၍ မယုံကြည်ခြင်းမျိုးပေတည်း (Seeing is beliveing)ဟု ယခုခေတ်၌ ပြောဆိုသုံးနှုန်း နေကြသော စကားကဲ့သို့ ကိုယ်တွေ့မဟုတ်လျှင် မယုံကြည်ခြင်းမျိုးတည်း။
အမှတ် ၂-အနုမာနသိဒ္ဓိဟူသည်မှာ တစ်နှင့်တစ်ခု ချိန်ထိုး၍ ခန့်မှန်းလျက် သိခြင်း ဖြစ်သည်၊ လွန်ခဲ့သော ညက ပင်လယ်ရေတက်လာသည်ကို မျက်စိဖြင့် ကိုယ်တိုင်မတွေ့လိုက်ရ၊ သို့သော် နံနက်မိုးလင်းသောအခါ အောက်ထပ်အိမ်တိုင်များ၌ ရေတက်လာစဉ်က ရေရောက်ခဲ့သည့်အထိမ်းအမှတ် ရေစိုနေသည့်နေရာကို ကြည့်၍လည်းကောင်း ငြိတင်ကျန်ရစ်ခဲ့သော ဒိုက်သရော မြက်သစ်ရွက်တို့ကို မြင်ရ၍လည်းကောင်း လွန်ခဲ့သော ညက ပင်လယ်ရေတက်ခဲ့ကြောင်းကို သိရ၏၊ ဤနည်းအတိုင်း မီးခိုးတွေ့လျှင် မီးကို မမြင်ရသော်လည်း မီးရှိကြောင်း သိရ၏၊ အစေ့မှ အပင်ပေါက်ကြောင်း နိယာမကို ထောက်ထား၍ အစေ့ကို ကိုယ်တွေ့ပင် မမြင်ရသော်လည်း သရက်ပင်ကြီး မန်ကျည်းပင်ကြီးများကို မြင်သောအခါ အစေ့မှ ပေါက်လာသော အပင်ကြီးများဖြစ်ကြောင်း သိရသည်၊ ဤသို့မှန်းဆ၍ သိခြင်းမျိုးကို အနုမာနသိဒ္ဓိ ခေါ်သည်၊ लिङ्गपरामशो ऽ नुमानम् အမှတ်အသားတစ်ခုခုကို သုံးသပ်နားလည်ခြင်းသည် အနုမာနမည်၏ဟု အိန္ဒိယ ဒဿနဂေါတမက ရသေ့က ဆိုသည်။
အမှတ် ၃-ဥပမာသိဒ္ဓိဟူသည်မှာ နှိုင်းယှဉ်ချိန်ထိုး၍ သိခြင်း, အဆင်တူအသွင်တူကို မြင်၍ သိခြင်းမျိုးတည်း၊ နွားနောက်သတ္တဝါကို မမြင်ဖူးသော လူတစ်ယောက်သည် နွားနောက်ဆိုသည်မှာ နွားနှင့်သဏ္ဍန်တူသော သတ္တဝါတစ်ကောင်ဖြစ်ကြောင်း ကြားနာ မှတ်သားဖူး၍ တောသို့ ရောက်သောအခါ နွားနောက်ကို တွေ့မြင်လျှင် ဤသတ္တဝါကား နွားနှင့်တူသည်၊ နွားနောက် ဧကန်ဖြစ်ရမည်ဟု သိသည်၊ ယင်းကို ရည်ရွယ်၍ गौसादृश्य विशिष्ठ पिण्डज्ञानमुपमानम् अतिदेशवाक्यार्थस्मरण सहकृतंဂေါတမကသုတ်၌ ဆိုသည်၊ အဓိပ္ပာယ်မှာ တစ်စုံတစ်ယောက် ညွှန်ကြားပြောဆိုလိုက်သော စကား၏အနက်ကို အမှတ်ရခြင်းနှင့်တကွ ဖြစ်စေအပ်သော နွားနှင့်တူညီမှုသည် အထူးပြုအပ်သော အထည်ဒြဗ်ကို သိခြင်းကို ဥပမာနဟု ခေါ်သည်။
အမှတ် ၄-သဒ္ဓေယျသိဒ္ဓိဟူသည်မှာ आप्तवाक्यं शब्दः ဟူသည်နှင့် အညီ ဗြဟ္မာကြီး၏ စကားဟု အသိအမှတ်ပြုကြသော ဝေဒဆိုင်ရာ ကျမ်းစာများ, ခရစ်တော်၏ မုခပါဌ်တော်များ, အလ္လာဘုရားသခင်၏ မုခပါဌ်တော်ဖြစ်သော ကိုရ်အန်ကျမ်းစာများကို ယုံကြည်ခြင်းမျိုးတည်း၊ အကျယ်ဖြန့်၍ အနက်ကောက်သော် ဗုဒ္ဓဘာသာဝင်တို့၏ မြတ်စွာဘုရားအပေါ်၌ စွဲမြဲထက်သန်စွာ ယုံကြည်မှုကို အကြောင်းပြု၍ ဘုရားဟော ဒေသနာတော်များကို အမှန်ဟု ယုံကြည်ခြင်း, ဓာတ်ခွဲခန်း၌ အထက်တန်းကျသော ဓာတ်ခွဲကြိယာများ အသေးကြည့် အဝေးကြည့် မှန်ပြောင်းစသည်တို့ဖြင့် ကြည့်ရှုသုံးသပ်၍ ပြောဆိုအပ်သော သိပ္ပံပညာရှင်တို့၏ သိပ္ပံပညာနှင့်စပ်သော စကားများကို သိပ္ပံပညာနားမလည်သော သာမာန်လူတန်းစားတို့က အမှန်ဟု ယုံကြည်ခြင်းမျိုး ပါဝင်သည်၊ ဥပမာ-သိပ္ပံ ပညာရှင်တို့၏ စကားကို ယုံ၍ လကမ္ဘာသို့ လူရောက်သည်ကို ယုံကြည်ခြင်း, ရေတစ်စက်-ဖုံတစ်မှုန့်လျှင် ပိုးမွှားငယ်ကလေးများ မြောက်မြောက်မြားမြား ပါဝင်ခြင်းကို ယုံကြည်ခြင်းမျိုးတည်း။
၄၇။ အနုမာနကို လက်မခံဆိုသော ဦးဥက္ကဋ္ဌသည် ဥပမာန နှိုင်းယှဉ်ခြင်း, သဒ္ဓ=ယုံကြည်ထိုက်သော သူတို့၏ စကားကို အထောက်အထားပြု၍ ယုံကြည်ခြင်းတို့ကို လက်မခံဟု တွေးထင်စရာရှိသည်။ သို့ရာတွင် ဤသို့ကား မဟုတ်ချေ၊ သိပ္ပံပညာရှင်တို့၏ စကားကိုမူ ဘုရားဟောထက် အလေးပို၍ထားသဖြင့် ဒါဝင်၏ ဝါဒနှင့် အခြားရုပ်ဝါဒတို့ကို ဦးဥက္ကဋ္ဌ လက်ခံယုံကြည်လှပေသည်။
ထို့ပြင် ယနေ့ ဆိုင်ကော်လော်ဂျီက လက်ခံထားသော-
၁။ ရိုးရိုး မြင်သိ ကြားသိ စသော ပဉ္စဝိဉာဏ်သိ (Perception)
၂။ အကြားအမြင် မပါ၊ တွေးတော ကြံဆသိ(Bare sensation or imagination)
၃။ တွေးကြံယင်း အဆင့်ဆင့်သိသော အသိ (ဝိပဿနာအသိ အပါအဝင်) (Speculation)
၄။ ပြန်လည်တွေးကြံသိ (Rememberance) များ ပါဝင်သည်။
ထိုတွင် ၁-မှာ အာရုံ Hk (Sense-object) နှင့် မနသိကာရ (Attention) ကို အခြေခံသည်၊ ၂-မှာ မနောဒွါရ သက်သက်သာဖြစ်သည်၊ အာရုံ (Object) နှင့် သတိကပ်မှု (Impression) များ မပါဝင်ပေ၊ ဤနှစ်မျိုးတွင် ဦးဥက္ကဋ္ဌသည် ၁-ကိုသာ လက်ခံ၍ ၂-ကို လက်မခံလိုပေ၊ (ဝါ) ပဉ္စဝိညာဏ်သိ ရုပ်သိကိုသာ လက်ခံ၍ မနောဝိညာဏ်သိ နာမ်သိ စိတ်သိကို လက်သင့်မခံပေ၊ ဤကား ရုပ်ဝါဒီတိုင်း ထားရှိသော သဘောထားတည်း။ သို့သော် ဦးဥက္ကဋ္ဌသည် ငယ်ငယ်က စာကျက်၍ ပညာသင်ခဲ့ဖူး၏၊ အမြင် အကြားမပါသည့်အသိ (Bare sensation) ကို နားမလည်၍ လက်မခံခြင်းသာ ဖြစ်ရမည်၊ ဦးဥက္ကဋ္ဌသန္တာန်၌ ထိုအသိမျိုးပေါင်း အဆများစွာ ရှိခဲ့ဖူး ဖြစ်ခဲ့ဖူးသည်မှာကား အမှန်ပင်တည်း။
၄၈။ တစ်ဖန်တုံ နယာယဒဿနက
၁။ लौकिकज्ञान အာရုံနှင့်ဆက်စပ်၍ သိရသော အသိ၊
၂။ अलौकिकज्ञाम အာရုံထင်လာခြင်း မရှိ၊ တစ်စုံတစ်ရာ ထူးခြားသော အကြောင်းတစ်ခုခုက အာရုံနှင့် အာရမ္မဏိကကို ဆက်စပ်ပေးသော အသိ၊ ယင်းကို Extra - sensory - per - ception. ဟု ခေါ်ကြသည်၊ ဤသို့ အသိနှစ်မျိုးခွဲခြားဖော်ပြ၏၊ ယင်းနှစ်မျိုးတွင် ၁-ကိုသာ ဦးဥက္ကဋ္ဌက လက်ခံ၍ ၂-ကို လက်မခံလိုပေ။ ထို့ကြောင့် ဗုဒ္ဓတရားတော်က ပြညွှန်သော စျာန်ဝိမောက္ခ မဂ်ဖိုလ် နိဗ္ဗာန်တို့ကို ဦးဥက္ကဋ္ဌ မယုံကြည်ပေ၊ ရုပ်ဝါဒီဖြစ်နေ၍ လက်မခံ-မယုံကြည်သည်မှာလည်း ဆန်းတော့ မဆန်းပေ။
၄၉။ ဤနေရာ၌ တက္ကဗေဒSylogismခေါ် အနုမာနတစ်ခု ထုတ်ကြည့်လျှင် ဤသို့ တွေ့ရမည်-
ဦးဥက္ကဋ္ဌ အလို
(က) ဗုဒ္ဓဟောသော တရားများသည် ယခုဘဝ ပစ္စက္ခနှင့်သာ ဆိုင်သည်။
(ခ) ကမ္မဝါဒသည် ဘုရားဟော ဖြစ်သည်။
(ဂ) ထို့ကြောင့် ဗုဒ္ဓ၏ ကမ္မဝါဒသည် ယခုဘဝ ပစ္စက္ခနှင့်သာ ဆိုင်သည်။
အဋ္ဌကထာ ဋီကာ ဆရာများနှင့်တကွ ဗုဒ္ဓဝါဒီတို့၏အလို
(က) ဗုဒ္ဓဟောသော တရားများသည် ယခုဘဝ ပစ္စက္ခနှင့်သာ ဆိုင်သည် မဟုတ်၊ အတိတ် အနာဂတ်နှင့်လည်း ဆိုင်သည်။
(ခ) ကမ္မဝါဒသည် ဘုရားဟောဖြစ်သည်။
(ဂ) ထို့ကြောင့် ဗုဒ္ဓ၏ကမ္မဝါဒသည် ယခုဘဝ ပစ္စက္ခနှင့်သာ ဆိုင်သည် မဟုတ်၊ အတိတ် အနာဂတ်နှင့်လည်း ဆိုင်သည်။
ဤတက္ကဗေဒစနစ်အရ ဦးဥက္ကဋ္ဌ၏ အနုမာနသည် အခြေခံမှစ၍ လွဲမှားနေသည်၊ ထို့ကြောင့် အကြောင်းပြချက်နှင့် နိဂုံးသည်လည်း အမှားစင်စစ်ဖြစ်တော့သည်။ ဗုဒ္ဓဝါဒီတို့၏ အဆိုသည်သာလျှင် ဗုဒ္ဓဘာသိတ စကားတော်တို့နှင့် ညီညွတ်၍ ယုတ္တိနှင့်လည်း ပြည့်စုံသောကြောင့် အခြေခံ မှန်လျက် ရှိသည်၊ ထို့ကြောင့် အကြောင်းပြနှင့် ဆုံးဖြတ်ချက်တို့သည်လည်း ပရဝါဒီတို့ လှုပ်ရှားမယိုင် မြဲခိုင်သော အနုမာန ဖြစ်ပေသည်။
ဦးဥက္ကဋ္ဌသည် အနုမာကိုပယ်၍ မျက်တွေ့ လက်တွေ့ ဝါဒီလိုလို ထင်စရာရှိသော်လည်း အကယ်စင်စစ်ကား ဤသို့ မဟုတ်ပေ။ အနုမာနကို လက်ခံလိုသည့်အခါ လက်ခံ၍ ပယ်လိုသည့်အခါ ပယ်သည်၊ မျောက်က လူဖြစ်လာသည်ဆိုသော ဒါဝင်ဝါဒကဲ့သို့ အနုမာနမျက်ရမ်းဆသည်ကိုကား ဦးဥက္ကဋ္ဌ လက်ခံထားပေသည်၊ “အီဗော်လူရှင်းစနစ်” ဆိုသည်မှာ အနုမာနပင် ဖြစ်၏၊ ဤရုပ်ဝါဒ အနုမာနကို ဦးဥက္ကဋ္ဌ ကိုးကွယ်ပြန်သည်။ ပါဠိတော် အဋ္ဌကထာ ဋီကာလာ အနုမာနကိုမူ ပယ်ရှားပစ်လေသည်။
ဆိုအပ်ခဲ့ပြီးသော စကားစဉ်အရ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ် အကြောင်းပြတစ်ချက်ဖြစ်သော ဗုဒ္ဓ၏ ကမ္မဝါဒသည် ပုခက်နှင့် ခေါင်းအကြားတွင် ကျက်စားကြောင်းကို အပြတ်အသတ် မှတ်ယူအပ်၏ဟု ဆိုသောစကား, ဘုံခန်း ငရဲခန်းသည် မနောဒွါရတိုက်ထွက် အနုမာနဟူသော စကားတို့သည် ဓမ္မနှင့် မညီညွတ်သောကြောင့် အဓမ္မဝါဒသာ ဖြစ်ကြောင်း အမှတ်(၂) ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
နခသီခသုတ်နှင့် လူသေလူဖြစ်ကို စိစစ်ချက်
၅၀။ လူသေလျှင် လူသာဖြစ်သည် ဟူသော ဝါဒသည် အောက်ပါ နခသီခသုတ် ပါဠိတော်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည် ဘုရား ဟု နိဒါန်းပျိုး၍ အောက်ပါ နခသီခသုတ်ကို စောဒကဆရာတော်များ တင်ပြကြသည်။
ထိုအခါ၌ ဘုရားရှင်သည် အနည်းငယ်သော မြေမှုန့်ကို လက်သည်းပေါ်၌ တင်တော်မူပြီးလျှင် “ရဟန်းတို့. . .ဒါကို ဘယ်လိုထင်ကြသလဲ။ လက်သည်းပေါ်၌ ငါ တင်ထားသော မြေမှုန့်နှင့် ဤမြေကြီးသည် အဘယ်က သာလွန်၍ များသနည်း”ဟု မေးတော်မူသည်။
ရှင်တော်မြတ်ဘုရား. . .ဤမြေကြီးကသာ ပို၍ များပါသည်၊ လက်သည်းပေါ်၌ ရှင်တော်မြတ်ဘုရား တင်ထားသော ဤမြေမှုန့်သည်ကား မပြောလောက်ဖွယ် အနည်းငယ်မျှသာ ရှိပါသည် ဘုရား၊ ဤမြေကြီးကို ထောက်ဆလျှင် လက်သည်းပေါ်၌ ရှင်တော်ဘုရား တင်ထားသော မြေမှုန့်သည် ရေတွက်ခြင်းသို့ မရောက်နိုင်ပါ၊ ထောက်ဆခြင်းသို့လည်း မရောက်နိုင်ပါ၊ အစိတ်အဖို့သို့လည်း မရောက်နိုင်ပါဟု လျှောက်ထားကြပါသည်။
ရဟန်းတို့. . .ဤအတူပင် လူ့ပြည်မှ စုတေကြ၍ လူ့ပြည်၌ဖြစ်သော သတ္တဝါတို့ကား နည်းပါးလှကုန်၏၊ စင်စစ်မှာမူ လူ့ပြည်မှာစုတေကြ၍ ငရဲ၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏၊ ပ။ တိရစ္ဆာန်မျိုး၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏၊ ပ။ ပြိတ္တာဘုံတို့၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏၊ ပ။ နတ်ပြည်၌ဖြစ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ ငရဲ၌ ဖြစ်ကြကုန် တိရစ္ဆာန်၌ ဖြစ်ကြကုန် ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ သာလွန်၍ များလှကုန်၏ဟု ဗုဒ္ဓမြတ်စွာဘုရားက မိန့်တော်မူသည်။
ဤနည်းအတူ နတ်ဘုံ, ငရဲဘုံ, ပြိတ္တာဘုံတို့မှ စုတေ၍ လူ့ဘုံ၌ လူလာဖြစ်သူနည်းပါး၍ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံတို့၌ ဖြစ်ကြသူတို့သာ များလှပုံကိုလည်း မဟာဝဂ္ဂသံယုတ်ပါဠိတော်(၄၁၂-၄၁၄)၊ ပဉ္စဂတိပေယျာလဝဂ်၊ တို့၌ ရှင်တော်မြတ်ဘုရား ကိုယ်တော်တိုင် ဟောကြားတော်မူထားပါသည်ဟု ထိုထိုသုတ္တန်များကို ထောက်၍ စောဒနာတင်ကြသည်။
၅၁။ ဤစောဒနာ စကားရပ်ဖြင့် အလွန်ခိုင်မာတိကျသော နခသီခသုတ်တည်းဟူသော မှတ်ကျောက်ပေါ်၌ တင်လိုက်သောအခါ လူသေလူဖြစ်ဝါဒတည်းဟူသော ရွှေရည်စိမ် မိုးကြိုးသည် ရွှေအစစ်မဟုတ်ဘဲ အတုဖြစ်နေကြောင်း ဘွားဘွားကြီး ပေါ်လာပေသည်။
ပါပသ္မိံ ရမတေ မနော ဘုရားဟော ဒေသနာတော်အရ သတ္တဝါတို့၏ စိတ်ဓာတ်သည် မကောင်းမှု၌ အစဉ်ညွတ်ယိမ်းလျက် ရှိသောကြောင့် ကိုယ် နှုတ် စိတ်တို့ဖြင့် ပြုသမျှ ပြောသမျှ တွေးကြံသမျှတို့သည် ဣဿာ မစ္ဆရိယ ဒေါသ မာန ငါစွဲ ဆရာစွဲ လူမျိုးစွဲ အစရှိသော တဏှာဒိဋ္ဌိအစွဲတို့ဖြင့် အမြဲဖုံးလွှမ်းအုပ်စိုးခြင်းကို ခံနေရသည်ဖြစ်၍ ယင်းတို့၏ ကာယကံ ဝစီကံ မနောကံသည် အကောင်းဖြစ်ဖို့ထက် အဆိုးဖြစ်ဖို့သာ များနေပေသည်၊ သုစရိုက်ဖြစ်ဖို့ထက် ဒုစရိုက် ဖြစ်ဖို့က များ၍ နေပေသည်။
ဦးဥက္ကဋ္ဌနှင့်တကွ နောက်လိုက် တပည့်တပန်းတို့သည် ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်သော်လည်း ကာယကံ ဝစီကံ မနောကံတို့ကို လက်ခံကြောင်း ဤနေရာ၌ သတိပြုရပေမည်၊ ထို့ကြောင့် မိုးကျရွှေကိုယ်ဟု ဦးဥက္ကဋ္ဌတို့ သမုတ်ထားသော အတိတ်ကံကို ချန်လိုက ချန်ထားစေဦးစေတော့ ယခု လောလောဆယ် ပစ္စုပ္ပန်၌ ပြုလုပ်ပြောဆိုတွေးကြံနေသော ကာယကံ ဝစီကံ မနောကံတို့ကား မိုးပေါ်ကျ ကံမဟုတ်မူ၍ လက်တွေ့ မျက်တွေ့ ကိုယ်တိုင်ပြုလုပ်အပ်သော ကံဖြစ်ပေသည်။
ထိုကံသည် “အက်ရှင်းနှင့် ရီအက်ရှင်း (Action and Reaction) အကြောင်းနှင့် အကျိုးတရား” သဘောတရားအရ နံရံဘက်သို့ ကန်လွှတ်လိုက်သော ဘောလုံးသည် နံရံကို ထိမှန်၍ ကန်သောလူထံသို့ ပြန်လာသည့်ပမာ၊ ရေထဲသို့ကျသွားသော ခဲလုံးကလေးသည် ကမ်းနားသို့အရောက် လှိုင်းအဆက်ဆက် ထစေသည့်ပမာ အကျိုးမပြုဘဲ မနေ၊ အကျိုးမဖြစ်စေဘဲ ပျောက်၍ မသွားပေ၊ ဤကား လောကနိယာမ ဓမ္မနိယာမ (The Universal Law, The Order of Norm) သာ ဖြစ်သည်၊ မျက်မှောက်ခေတ် ရူပဗေဒပညာတို့က လက်တွေ့စမ်းသပ် ထောက်ခံထားသော သဘာဝ ဖြစ်ပေသည်။
ယင်းသို့ဖြစ်လျှင် ထိုကံသည် ယခုဘဝ၌သာ အကျိုးပေးသည် မဟုတ်၊ ဘဝများစွာ၌လည်း အကြောင်းညီညွတ်လျှင် သင့်လျော်သော အလှည့်အကြိမ် အခါအခွင့်တစ်ခုခု၌ အကျိုးပြုသည်ဟု နားလည်နိုင်ပေတော့သည်၊ ထုံးအိုးထဲတွင် လက်ကိုနှိုက်၍ ဖြူလာသော လက်ကိုလည်းကောင်း၊ ကတ္တရာအိုးထဲသို့ လက်ကိုနှိုက်၍ နက်လာသော လက်ကိုလည်းကောင်း ကြည့်ကာ ယခုလုပ် ယခုအကျိုးပေးသည်၊ နောင်ဘဝ စောင့်ရန်မလို ဟူသော စကားမျိုးကို ပြောဆိုခြင်းသည် သဘာဝဥပဒေကို မပျံ့ မနှံ့ မခြုံမငုံမိသော အဆိုဖြစ်သည်။
မီးခဲကို ကိုင်မိ၍ ယခုချက်ချင်း ပူသည်မှန်သော်လည်း ယင်းအပူသည် ချက်ချင်းပျောက်၍ မသွား၊ မိမိရရ ကျကျနန ကိုင်မိခဲ့ပါက ညဘက်၌ဖြစ်စေ နောက်ရက်များ၌ဖြစ်စေ ဖူးယောင်ပေါက်ကွဲ ကိုက်ခဲနာကျင်၍ အကျိုးဆက် ဒုက္ခလှလှကြီး ပေးနေတတ်သည်ကို လူတိုင်းအသိပင် ဖြစ်သည်၊ နက်ရှိုင်းစွာ ဆူးစူးခံရသော သတ္တဝါတစ်ယောက်သည် ယင်း ဆူး၏ အဆိပ်ဒဏ်ကို ချက်ချင်း မခံရစေကာမူ ရက်ညောင်းသောအခါ အတွင်းဆွေး ဆွေးပုပ်၍ အရိုးခိုက်အောင် အနာဖြစ်လျက် ဒုက္ခပေးတတ်သည်မှာလည်း မျက်မြင်ထင်ရှားသော သက်သေတစ်ခုပင် ဖြစ်သည်၊ ငရုပ်သီးသည် ယခုစားလျှင် ယခုစပ်သည်ဟု ဆို၏၊ သို့သော် ယခု ချက်ချင်းစပ်ခြင်းထက် ကာလကြာမှ ဆီးပူရောဂါဖြစ်စေတတ်၊ မျက်စိမှုန်မွဲ ရင်ထဲပူလောင်စေတတ်သော ငရုပ်သတ္တိရှိသည်ကို မျက်ကွယ်ပြု၍ မရကောင်းပေ၊ ဝမ်းနှုတ်ဆေးစားလျှင် ချက်ချင်းဝမ်းနာ၍ ဓာတ်မသွားသော်လည်း အချိန်ကျလာသောအခါ ဝမ်းနာ၍ ဝမ်းသွားရသည်၊ ထိုနည်းအတိုင်းပင် မကျန်းမမာသော သူတစ်ယောက် သင့်လျော်သော ဆေးဝါးဓာတ်စာကို မှီဝဲနေရာ ယခု ချက်ချင်း ထိုဆေးသည် အစွမ်းမပြသော်လည်း ကာလကြာသောအခါ ရောဂါပျောက်ကင်းစေ၍ အသားအရေ စိုပြေဝဖြိုးခြင်း အသက်ရှည်ခြင်းအစရှိသော အကျိုးတရားကို ဖြစ်စေသည်မှာ လူတိုင်းပင် တွေ့ကြုံဖူးသော ခံစားချက်အတွေ့အကြုံဖြစ်သည်၊ ဤနည်းအတိုင်း အက်ရှင်းတစ်ခုသည် ရီအက်ရှင်းတစ်ခုကို ဖြစ်စေရာ၌ ယခုချက်ချင်းလက်ငင်းကိုသာ ကွက်၍ ကြည့်ကာ မဆုံးဖြတ်ရာ၊ ယခုချက်ချင်း လက်ငင်းကိုသာ ကြည့်၍ ဆုံးဖြတ်တတ်သည်ကား လူညံ့တို့၏ အရာမျိုးသာ ဖြစ်ပေသည်၊ ကံ၏ အကျိုးဆက်သည်ကား ယခုဘဝ၌သော်လည်းကောင်း၊ ဘဝသံသရာ တစ်ကွေ့၌သော် လည်းကောင်း ဖြစ်စေလိမ့်မည်ဟူသည်ကို သန္နိဋ္ဌာန်ကျ မှတ်သားကြရာသည်။
၅၂။ ယင်းသို့ဆိုလျှင် ထိုသတ္တဝါ၏ ထိုမကောင်းကံသည် ရာဇဝတ်မှု ကျူးလွန်သော သူကို ထိုသူ၏ ပြစ်မှုက အချုပ်ထောင်သို့ ပို့၍ ထောင်နန်းစံစေသကဲ့သို့ ငရဲစသော ဒုဂ္ဂတိတို့၌ ဒုက္ခလှလှခံစေမည် မချွတ်တည်း၊ ထိုငရဲစသော ဘုံကို ထာဝရစသော ဘုရားရှင်တို့က ဖန်တီးထားသည် မဟုတ်၊ သဘာဝကသာ ဖန်တီးသည်၊ သဘာဝဟူသည်မှာ နောက်ကဆိုခဲ့သော (The Universal Law.The Order of Norms) လောကနိယာမ ဓမ္မနိယာမ ပင်ဖြစ်သည်၊ ထိုငရဲစသော ဘုံသို့ မည်သူကမျှ ပို့သည်မဟုတ်၊ (The Law of Action And Reaction) ကမ္မနိယာမက ပို့သည်။ ထိုအခါမှာ လူသားသည် လူ့ဘဝကို သာယာလှပါသည်၊ တွယ်တာလှပါသည်၊ ဤသား ဤမယား ဤစည်းစိမ်နှင့် မခွဲနိုင်မခွာရက်ပါဟု ဥပါဒါန် အထောင်အသောင်း ရှိနေသော်လည်း ယင်းဥပါဒါန်ထက် အားရှိသော ဗလဝ အကုသိုလ်ကံက ရေများ ရေနိုင် မီးများ မီးနိုင်ပမာ ထိုလူသားကို အပါယ်သို့ ဆွဲခေါ်သွားမည် မချွတ်တည်း၊ လူသေလူမဖြစ်သည့်ပြင် ကြောင်ကလေး ခွေးကလေးသော်မှ မဖြစ်မူ၍ ငရဲကောင် ပြိတ္တာကောင် အဖြစ်သို့ ရောက်သွားမည် ဧကန်တည်း။
၅၃။ ထိုသို့မဟုတ် လူသားသည် မိတ်ဆွေကောင်း ဆရာကောင်းကို မှီရ၍ စိတ်ကောင်းဝင်ကာ ကောင်းမှုကောင်းရာ ပြုလုပ်ပြောဆိုတွေးကြံမိလျှင် လူ့ဘုံမှာ လူလည်းပြန်၍ ဖြစ်နိုင်သည်၊ လူ့ထက်အဆင့်မြင့်သော နတ်ဗြဟ္မာအဖြစ်ဖြင့်လည်း ဖြစ်လာနိုင်သည်၊ ယင်းကိုရည်ရွယ်၍ “
မိတ္တသမ္ပဒမာဂမ္မ၊ ယောနိသော စ ပယုဉ္ဇတော။
ဝိဇ္ဇာဝိမုတ္တိ ဝသီဘာဝေါ၊ သဗ္ဗမေတေန လဗ္ဘတိ။
မာနုဿိကာ စ သမ္ပတ္တိ၊ ဒေဝလောကေ စ ယာ ရတိ။
ယာ စ နိဗ္ဗာနသမ္ပတ္တိ၊ သဗ္ဗမေတေန လဗ္ဘတိ။ (ခု၊၁၊၁၀။)
မြန်မာအကျဉ်း
မိတ်ဆွေကောင်းနှင့် ပြည့်စုံမှုကို အကြောင်းပြု၍ နည်းမှန်လမ်းမှန်အားထုတ်မိသော သတ္တဝါသည် ဝိဇ္ဇာဉာဏ် အရဟတ္တဖိုလ် အဘိညာဉ် ဤတရားအားလုံးကို ရနိုင်ပေသည်။
လူ့ဘုံ လူ့ဘဝ၌ ပြည့်စုံသော စည်းစိမ်ဥစ္စာမျိုးကိုလည်းကောင်း၊ နတ်ပြည်၌ရှိသော ပြည့်စုံမှု ပျော်ရွှင်ချမ်းမြေ့မှု အမျိုးမျိုးကိုလည်းကောင်း၊ နိဗ္ဗာန်ချမ်းသာကိုလည်းကောင်း၊ ထိုသတ္တဝါသည် ဤအကျိုးအားလုံးကို ရရှိနိုင်ပေသည်ဟု ခုဒ္ဒကပါဌ၊ နိဓိကဏ္ဍသုတ်၌ ဗုဒ္ဓမြတ်စွာ ဟောတော်မူသည်။
လူသေပြီး လူဖြစ်သည်ကား အလွန်နည်း၍ လူ့ထက်အဆင့်နိမ့် သတ္တဝါသာ အဖြစ်များကြောင်း အမှားကို ညွှန်ပြတတ်သော မမှန်သည်ကိုပြု၍ အားပေးတိုက်တွန်းတတ်သော မိတ်ဆွေတုကို မှီခို ဆရာတုနှင့်ပေါင်းမိ နည်းမှားလမ်းမှားကို ပြုလုပ်မိသော သူများအဖို့ မိမိစိတ်ထင်တိုင်း ဖြစ်လိုသည့်ဘဝ ဖြစ်ချင်သည့်အဖြစ် အနေမျိုးမဖြစ်မူ၍ ဖရိုဖရဲပြိုကွဲပျက်စီးလျက် ကျခြင်းကို အခြားပါဠိတော်များစွာ၌ ဒုဂ္ဂတိံ ဝိနိပါတံဟု ဗုဒ္ဓမြတ်စွာ အထပ်ထပ် ဟောညွှန်တော်မူခဲ့သည်။
ယင်းသို့ အဆင့်နိမ့် ဘုံဘဝတို့၌ မည်ရွေ့မည်မျှ များစွာဖြစ်ပုံကို စံထိုးပြတော်မူလိုသဖြင့် မြေမှုန့်ကို လက်သည်းပေါ် တင်တော်မူကာ ကမ္ဘာမြေကြီးသည် ဤလက်သည်းပေါ်က မြေမှုန့်ထက် အဆပေါင်း မရေမတွက်နိုင်အောင် ကြီးမားဘိ သကဲ့သို့ ထိုအဆင့်နိမ့် ဘုံဘဝတို့၌ ဖြစ်ခြင်းသည် လူ့ဘုံဝယ် လူပြန်ဖြစ်ရခြင်းထက် အဆပေါင်းများစွာ ပိုမိုများပြားသည်ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူလေသည်။
အထက်ပါ သုံးသပ်ချက်မှာ လူတို့၏စိတ်, လူတို့၏ ကာယကံ ဝစီကံ မနောကံ တို့ကို အခြေခံ၍ ကမ္မနိယာမ ဓမ္မနိယာမ သဘာဝကျကျ နခသီခသုတ်တရားတော်ကို ဝေဖန်ဖော်ပြလိုက်ခြင်း ဖြစ်၏၊ ဤဘုရားဟော ပါဠိတော် နခသီခသုတ် ဒေသနာတော်နှင့် ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ကို ယှဉ်ကြည့်လိုက်သောအခါ “မိုးနှင့်မြေကြီး လင်းကွင်းတီး၍ မနီးသည့်နှယ်”ဟူသောစကားကဲ့သို့ ဘုရားစကားနှင့် ဦးဥက္ကဋ္ဌစကားသည် အကွာကြီး ကွာနေကြောင်း တွေ့ရပေသည်။ သို့ဖြစ်သောကြောင့် ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒသည် ဓမ္မမစစ် အဓမ္မသာဖြစ်ကြောင်း အမှတ်(၂) သီးခြား ဝိနည်းဓိုရ်ဆရာတော်တို့က သုံးသပ်တော်မူကြသည်။
အတ္တဝါဒုပါဒါန်နှင့် လူသေလူဖြစ်ဝါဒ စိစစ် သုံးသပ်ချက်
၅၄။ သခင်မြတ်ဆိုင်၏ လူသေလူဖြစ်ပြဿနာစာအုပ်၊ နှာ-၁၆၂၊ ၁၆၃ ၌
“ဒီလိုကွ ကိုယ့်ရုပ် ကိုယ့်နာမ်အပေါ်မှာ တကယ်စွဲတဲ့ ရုပ်နာမ်သဏ္ဌာန် အရှိကို စွဲတဲ့ အတ္တဝါဒုပါဒါန်အတိုင်း လူဟာ လူပဲဖြစ်တယ်၊ ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတာက လူနဲ့မဆိုင်သေးဘူး၊ “ဒါပေမယ့် ကာယကံ ဝစီကံ မနောကံစတဲ့ ကိုယ် နှုတ် နှလုံး မကောင်းတဲ့ ရုပ်ပျက်ကပြန်ပေါ်လာတဲ့ ဘူတရုပ်ဆိုတော့ ရုပ်ဆိုးဖြစ်လာမယ်”
ဟူ၍ ဦးဥက္ကဋ္ဌ ပြောပြချက်ကို မှတ်တမ်းတင်ခဲ့သည်၊ ဤစကားရပ်ကို စိစစ် သုံးသပ်ဦးအံ့။
ကိုယ့်ရုမ် ကိုယ့်နာမ်အပေါ်မှာ တကယ်စွဲတဲ့ အတ္တဝါဒုပါဒါန်, ရုပ်နာမ်သဏ္ဌာန်အရှိကို စွဲတဲ့ အတ္တဝါဒုပါဒါန် ဟူသည်, ဤဌပနာ စကားရပ်၌ အတ္တဝါဒုပါဒါန် ဟူသည် အဘယ်နည်း၊ ပါဠိတော်လာသည့်အတိုင်း ဆိုရလျှင် မိမိသဏ္ဌာန်၌ရှိသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို (ပန်းပွင့်၏ အရောင်အဆင်းနှင့် မွှေးကြိုင်သော အနံ့ကို တခြားစီယူ၍ ပန်းသည် အမွှေးနံ့နှင့် ပြည့်စုံသည်၊ ပန်းသည် လှသော အဆင်းနှင့် ပြည့်စုံသည်ဟု ပြောရာ၌ကဲ့သို့) အတ္တဟူ၍ လည်းကောင်း၊ အတ္တကို ရုပ်-ဝေ-သဉ်-သင်-ဝိ ရှိသည်ဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်-ဝေ-သဉ်-သင်-ဝိ ရှိသည်ဟူ၍လည်းကေားင်း၊ ရုပ်-ဝေ-သဉ်-သင်-ဝိ၌ အတ္တရှိသည်ဟူ၍လည်းကောင်း မြင်ခြင်း သုံးသပ်ခြင်း စွဲလမ်းခြင်းကို အတ္တဝါဒုပါဒါန်ဟု ဆိုရသည်။
ထိုတွင် မိမိရုပ်ကိုလည်းကောင်း၊ ဝေ-သဉ်-သင်-ဝိ ဟူသော မိမိနာမ်ကိုလည်းကောင်း အတ္တဟူ၍ စွဲယူခြင်းမှာ ဗုဒ္ဓဘုရားရှင်၏ တပည့်သားများဖြစ်ကြသော ဘုရား၏အဆိုအဆုံးမကို ရရှိသဖြင့် ရုပ်-နာမ် အပိုင်းအခြားကို ကွဲကွဲပြားပြား နားလည်နေကြသော သုတဝန္တ အရိယသာဝကများအဖို့ ယင်းသို့ အတ္တဝါဒုပါဒါန် ဟု ခေါ်ဆိုနိုင်လောက်အောင် စွဲယူခြင်း မရှိတတ်ပေ။ အကြောင်းမူကား အညတိတ္ထိယ ဟိန္ဒူဗြာဟ္မဏ စသူတို့ ယူဆသော အတ္တစွဲဟူသည် ထိုရုပ်၊ ထိုနာမ်တို့ကိစ္စကို ရုပ်ကိစ္စ နာမ်ကိစ္စ ရုပ်သဘော နာမ်သဘောဟု မထင်မြင်ဘဲ အတ္တ၏ကိစ္စ, အတ္တ၏ သဘော, အတ္တ၏လက္ဓဏာ, အတ္တ၏ အလုပ်ဟု ထင်မြင်ယူဆနေခြင်း ဖြစ်သောကြောင့်ပေတည်း။
ယင်းအတ္တကား ထိုဟိန္ဒူဗြာဟ္မဏ စသူတို့အလိုအရ ပျက်စီးခြင်း မရှိ၊ အမြဲတည်သည်၊ ပုတီးကုန်း၏ အတွင်း၌ ကြိုး၏သဏ္ဌာန်ကဲ့သို့ ဖြစ်၏၊ ပုတီးလုံးများ ရွေ့လျှားနေသော်လည်း ကြိုးသည်မရွေ့မလျား အတွင်းသားအနေဖြင့် တည်ရှိသကဲ့သို့ ခန္ဓာကိုယ် ပျက်စီးဖောက်ပြန် ရွေ့လျားနေသော်လည်း အတ္တသည် ဖောက်ပြန်ရွေ့လျားခြင်း မရှိဘဲ အမြဲတည်နေသည်ဟု ဆိုကြ၏၊ ထိုအတ္တ၏ဆိုခဲ့ပြီးသော သရုပ် သဘော လက္ခဏာကို အမှန်ဟု စွဲစွဲမြဲမြဲယူဆ၍ သွားတာ လာတာ အတ္တ၊ သိတာ မြင်တာ အတ္တ၊ စားတာ သောက်တာ အတ္တ စသည်ဖြင့် ရုပ်နာမ်ပရမတ်တရားတို့၏ ကိစ္စအမှန်ကို အတ္တကိစ္စတည်းဟု ထင်မြင်ယူဆ စွဲလမ်းခြင်းသည်သာလျင် အတ္တဝါဒုပါဒါန် ဖြစ်သည်။
၅၅။ ရုပ်နာမ် အရှိကို စွဲတိုင်း အတ္တဝါဒုပါဒါန် မဟုတ်ပေ၊ ရုပ်နာမ်အရှိကို အတ္တဟု စွဲလျှင်ဖြစ်စေ ရုပ်နာမ်တို့၏ကိစ္စကို အတ္တ၏ ကိစ္စဟု စွဲလျှင်ဖြစ်စေ အတ္တဝါဒုပါဒါန် ဖြစ်သည်။ ရုပ်နာမ်အရှိကိုပင် သာယာဖွယ်ဟု စွဲက ကာမုပါဒါန် ဖြစ်ပေသည်။
ဗုဒ္ဓဓမ္မ ဗုဒ္ဓအဆုံးအမကို မကြားနာ မမှတ်သားဖူး, မသင်ယူ မလေ့လာဖူးသော ဗာလတို့အဖို့ လူမှန်းသိသည့် အချိန်အခါမှစ၍ ထိုအတ္တစွဲ ရှိနေတတ်သည်။ ထို့ကြောင့် ပါဠိတော်၌ “သုတဝါ အရိယသာဝကော”ဟူ၍လည်းကောင်း၊ “အသုတဝါ ပုထုဇ္ဇနော”ဟူ၍လည်းကောင်း နှစ်ပိုင်းနှစ်ကဏ္ဍ ခွဲ၍ ဟောတော်မူသည်။
ယင်းသို့ ပုဂ္ဂိုလ်နှစ်မျိုးနှစ်စား ရှိရာတွင် ပထမအမျိုးအစား ဖြစ်သော သုတဝန္တအရိယသာဝကတို့၏ သန္တာန်၌ အတ္တဝါနုပါဒါန်ဟူ၍ မရှိ၊ အရိယမဂ်ကို မရသေးသမျှ ကာမုပါဒါန်ကား အနည်းအများရှိသည်။ ထိုကာမုပါဒါန်ဟူသည်ကား ငါးပါးအာရုံ ကာမဂုဏ်နှင့်တကွ မိမိ၏ ကိုယ်ခန္ဓာ မိမိ၏ သားမယား စည်းစိမ်ဥစ္စာ အခြွေအရံ ဘုံဗိမာန် အိုးအိမ်စသည်တို့၌ ငြိတွယ်တပ်မက် စွဲလမ်းလျက်ရှိသော ဆွဲတိုင်းရသည့် သရေကြိုးပမာ ဟိုဘုံ သည်ဘုံ ဟိုဘဝ သည်ဘဝ မိမိဖြစ်ရာဌာန မိမိဆိုင်ရာပိုင်ရာတို့၌ ငြိတွယ် တုပ်နှောင် ဆွဲချိတ်လျက်နေခြင်းတည်း။
ယင်း ကာမုပါဒါန်သည် ရဟန္တာ မဖြစ်သေးသမျှ အနာဂါမ် တိုင်အောင် လက်လှမ်းမီလျက် ရှိသည်။ အနာဂါမ်ပုဂ္ဂိုလ်များ၌ ကာမရာဂဟူ၍ မရှိသော်လည်း ဘဝရာဂ ရူပရာဂ အရူပရာဂ အမည်တွင်သော ကာမုပါဒါန်ကား ရှိနေသေးသည်။ ယင်းကာမုပါဒါန် ရှိနေသေးသမျှ ဘဝအနှောင် အဖွဲ့မှ မလွတ်သေး၊ သေပြီးနောက် လူ့ဘုံ လူ့ဘဝ၌ မည်သည့်အခါမျှ ပြန်၍ မဖြစ်တော့ချေ၊ ဗြဟ္မာ့ပြည်၌ ပဋိသန္ဓေနေမည် စင်းစင်းတည်း။
သာဓကကား -
ကတမော စ ပုဂ္ဂလော အနာဂါမီ၊ ဣဓေကစ္စော ပုဂ္ဂလော ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္ထိဓမ္မော တသ္မာ လောကာ၊ အယံ ဝုစ္စတိ ပုဂ္ဂလော အနာဂါမီ။ (အဘိ၊၄၊၁၁၉။)
မြန်မာအကျဉ်း
အနာဂါမ် ပုဂ္ဂိုလ်ဟူသည် အဘယ်သို့ သဘောရှိသော ပုဂ္ဂိုလ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဩရမ္ဘာဂိယသံရောဇဉ်ငါးပါး ကုန်ခြင်းကြောင့် ဗြဟ္မာ့ပြည်၌ ဥပပတ်ပဋိသန္ဓေနေကာ ထိုဗြဟ္မာ့ပြည်မှ မပြန်လည်တော့ဘဲ ပရိနိဗ္ဗာန် စံတော့မည့်သူတည်း၊ ဤပုဂ္ဂိုလ်မျိုးကို အနာဂါမ်ဟု ခေါ်ဆိုအပ်၏၊ ပုဂ္ဂလပညတ်ပါဠိတော်(၁၁၉-စသည်)
ရှင်းလင်းချက်
ဩရမ္ဘာဂိယသံယောဇဉ် ငါးပါးတွင် အပါအဝင်ဖြစ်သော ကာမရာဂ သံယောဇဉ်ကို ပယ်ပြီးသောကြောင့် ထိုပုဂ္ဂိုလ်သည် လူ့ပြည်၌ ပဋိသန္ဓေနောက်ထပ်မနေဘဲ ဗြဟ္မာ့ပြည်သို့ကပ်ရောက်၍ ပဋိသန္ဓေနေသည်။ ထို့ကြောင့် ကိုယ့်ရုပ် ကိုယ့်နာမ်အပေါ်မှာ တကယ်စွဲတဲ့ အတ္တဝါဒုပါဒါန်, ရုပ် နာမ်အရှိကို စွဲတဲ့ အတ္တဝါဒုပါဒါန်ဟူသော ဦးဥက္ကဋ္ဌ၏ စကားသည် ကာမုဒပါဒါန်၏ သဘောသရုပ်ကိုပါ အတ္တဝါဒုပါဒါန်ဟု ဆိုမိချေသောကြောင့် ပရမတ္ထ ခွင်မကျ၊ အနက်ဓိပ္ပာယ် မပြတ်သား၊ မှားယွင်းချွတ်ချော်လျက် ရှိသည်။
၅၆။ တစ်ဆင့်တက်၍ လူဟာလူပဲဖြစ်တယ်ဆိုသော စကားကို ဆိုပြန်၏၊ ဤအဆို၏ အမှားကို ရှေ့နားက ဆိုခဲ့ပြီးသော နခသီခသုတ်ဖြင့်ပင် ရှင်းလင်းပယ်ရှားပြီးဖြစ်သည်။ လူသေတိုင်းလူမဖြစ်၊ အလွန်ရှားရှားပါးပါး အကြောင်းညီနိုင်မှ လူ့ဘုံသို့ ပြန်၍ ဖြစ်သည်။ သို့ပါလျက် လူသေလူဖြစ်ဟု ဆိုခြင်းသည် ဗုဒ္ဓဒေသနာတော် အရပ်ရပ်နှင့် ဆန့်ကျင်သော အလွန်လွဲမှားသော အဆိုဖြစ်သည်ဟု နိုင်ငံတော်အမှတ်(၂) သီးခြား ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
ကံနှင့်လူမဆိုင် ရုပ်ပျက်နှင့်ဆိုင်သော လူသေလူဖြစ် စိစစ်ချက်
၅၇။ “ကုသိုလ် အကုသိုလ် ကိစ္စက သူနဲ့မဆိုင်သေးဘူး၊ ဒါပေမဲ့ ကာယကံ ဝစီကံ မနောကံစတဲ့ ကိုယ်နှုတ်နှလုံး၊ မကောင်းတဲ့ ရုပ်ပျက်က ပြန်ပေါ်လာတဲ့ ဘူတရုပ်ဆိုတော့ ရုပ်ဆိုးဖြစ်လာမယ်” ဤစကားရပ်၌ ရှေ့နှင့်နောက် အထက်နှင့်အောက် ဝိရောဓိဖြစ်သော စကားလုံးများ ပါဝင်လျက် ရှိသည်။
အထက်ပါ ဦးဥက္ကဋ္ဌစကား၌ ကုသိုလ် အကုသိုလ်ကံ ဆိုသည်မှာ စေတနာဖြစ်သော နာမ်သဘောဖြစ်၍ နာမ်ကြောက်သော ဦးဥက္ကဋ္ဌက ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်ခြင်းဖြစ်သည်။ ကာယကံ ဝစီကံ မနောကံဟု ဦးဥက္ကဋ္ဌက ဆိုရာ၌ “မနောကံ”ဟူသောစကားသည် ဗုဒ္ဓဝါဒအရ အများနားလည်သော မနောကံ မဟုတ်၊ သူက “မနော”ကို ဟဒယဝတ္ထုရုပ်ဟု ယူထားသူဖြစ်၍ ကိုယ်အမှု နှုတ်အမှု နှလုံးသားအမှုကို ဦးဥက္ကဋ္ဌက ကာယကံ ဝစီကံ မနောကံဟု ဆိုနေခြင်း ဖြစ်၏၊ ထို့ကြောင့် “ကာယကံ ဝစီကံ မနောကံစတဲ့ ကိုယ်နှုတ်နှလုံး မကောင်းတဲ့ ရုပ်ပျက်”ဟူသော စကားကို သူသုံးထားခြင်းဖြစ်ကြောင်း တွေ့ပေသည်။
မှန်ကန်သော ဗုဒ္ဓဝါဒအားဖြင့်မူ ကုသိုလ် အကုသိုလ်နှင့် ကာယကံ ဝစီကံ မနောကံ ဟူသည်မှာ ဘာမျှ ထူခြားသည် မဟုတ်၊ အမည်ကွဲသော်လည်း သဘောချင်းအတူတူပင်။ ကုသိုလ်မှာ ကာယကံ ဝစီကံ မနောကံသုံးပါး အကုသိုလ်မှာလည်း ယင်း သုံးပါးပင်။ သို့ဖြစ်လျက် နာမ်ကြောက်သော ဦးဥက္ကဋ္ဌသည် ကုသိုလ်ကံ အကုသိုလ်ကံကိုကား ကံဟုမမြင် မိုးပေါ်ကျကံဟုဆိုကာ ဗြာဟ္မဏဝါဒကံဟု တံဆိပ်တပ်လျက် ပယ်ထားခဲ့သည်။ ကာယကံ ဝစီကံ မနောကံ ကိုသာ ကံဟုမြင်၍ လက်ခံသည်။
သည်မျှမကသေး ဇနက, ဥပတ္ထမ္ဘက, ဥပပီဠက, ဥပဃာတက ဟူသော ကံလေးမျိုး၊ ဒိဋ္ဌဓမ္မဝေဒနိယ, ဥပပဇ္ဇဝေဒနိယ, အပရာပရိယဝေဒနိယ, အဟောသိကံ ဟူသော ကံလေးမျိုး၊ ဤကံတို့ကိုလည်း ဘုရားဟောမဟုတ်၊ ဗြာဟ္မဏတွေ ထည့်သွင်းထားသည့်ကံဟု သင်္ဂြိုလ်ဆရာ အရှင်အနုရုဒ္ဓါကို လက်ညှိုးငေါက်ငေါက်ထိုးလျက် သင်္ဂြိုလ်က ဗြာဟ္မဏဝါဒကို ဗုဒ္ဓဝါဒထဲသို့ ထည့်သွင်း လက်ခံထားသယောင်ဆိုကာ လက်မခံဘဲ ပယ်သည်၊ ကာယကံ ဝစီကံ မနောကံ သုံးမျိုးကိုသာ ဗုဒ္ဓဝါဒကံဟူ၍ ဆိုသည်။ အကြောင်းကား အထက်၌ ဖော်ပြခဲ့သည့်အတိုင်း ဇနကကံ, ဒိဋ္ဌဓမ္မဝေဒနိယကံ စသည်တို့မှာ နာမ်သဘာဝများဖြစ်၍ ဦးဥက္ကဋ္ဌက နာမ်ကြောက်သောကြောင့် ဇွတ်အတင်း ငြင်းကွယ်ခြင်းပြုသည်။ ကာယကံ ဝစီကံ မနောကံ၌မူ “မနော” ကို ဟဒယဝတ္ထုရုပ်ဟု ယူလျက် သုံးမျိုးလုံးကို ရုပ်ကံလုပ်ကာ လက်ခံခြင်း ဖြစ်လေသည်။ မှားယွင်းလှပေစွ။
ပထမစောဒနာ၌ ပြဆိုခဲ့သည့်အတိုင်း ဦးဥက္ကဋ္ဌသည် ရုပ်ဝါဒီစစ်စစ်တစ်ဦးဖြစ်၍ ဗုဒ္ဓဓမ္မ ဗုဒ္ဓဒေသနာတော်ထဲ၌ပါသော နာမ်ပိုင်းဆိုင်ရာကို အကြောင်းအမျိုးမျိုးပြပြီးပယ်သည်။ ရုပ်ဘက်ပါအောင် ဆွဲ၍ရသော အချက်ကို ရုပ်ဘက်ဆွဲ၍ လက်ခံသည်။ ထို့ကြောင့် ဗုဒ္ဓဝါဒကို ဦးဥက္ကဋ္ဌက ရုပ်ဝါဒဖြစ်အောင် လုပ်နေခြင်းသာ ဖြစ်ကြောင်း အထူးသတိထား၍ ကြည့်မြင်တတ်ရန် လိုအပ်လှပေသည်။
၅၈။ ဤနေရာ၌ ဇနက စသော ကံတို့ကို ရှင်း၍ ပြဦးအံ့၊ ထိုကံတို့သည် ဦးဥက္ကဋ္ဌ စွပ်စွဲသည့်အတိုင်း အရှင်အနုရုဒ္ဓါ၏ လက်ရာမဟုတ်၊ ဘုရားဟော ကံများပင်ဖြစ်ကြောင်း အမှန်အတိုင်း သိရှိကြစေရန် ဖြစ်ပေသည်။
ပဋ္ဌာန်းပါဠိတော်၊ ပဥှာဝါရ၊ အနုလုံ၊ ကမ္ပပစ္စယ၌ “နာနာက္ခဏိကာ ကုသလာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော”ဟူ၍ လည်းကောင်း၊ “နာနာက္ခဏိကာ အကုသလာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော”ဟူ၍ လည်းကောင်း ဟောတော်မူသည်။ အဓိပ္ပါယ်ကား ခဏ အသီးသီး၌ဖြစ်သော ကုသိုလ် စေတနာသည် ဝိပါက် နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့အား ကမ္မသတ္တိဖြင့် ကျေးဇူးပြုသည်။ ထို့အတူ ခဏ အသီးသီး၌ဖြစ်သော အကုသိုလ် စေတနာသည် ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့အား ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်။
ဤကံကား ဤပဋ္ဌာန်းပါဠိတော်၌ ဖော်ပြသော ဇနကကံပေတည်း။ ဇနကကံဟူသည်မှာ အပင် အသီး အရွက်ကို ဖြစ်စေတတ်သော မျိုးစေ့ကဲ့သို့ ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်ကို ဖြစ်စေတတ်သော စေတနာပင်တည်း။ ထိုစေတနာဖြင့် ကိုယ်ထိလက်ရောက် ကောင်းသည့်အမှုကိုပြုလျှင် သူ၏သန္တာန်၌ ကုသိုလ် ကာယကံ ဖြစ်သည်။ မကောင်းသော စကားကို ရှောင်ကြဉ်၍ စာပေပရိယတ် သင်အံလေ့ကျက်ခြင်း, ချပို့ခြင်း, တရားဟောခြင်း အကျိုးရှိသော အနက်အဓိပ္ပါယ်တို့ကို ဆုံးမသွန်သင်ခြင်း စသည်ဖြင့် ကောင်းသော စကားကို ပြောဆိုလျှင် သူ၏သန္တာန်၌ ကုသိုလ်ဝစီကံ ဖြစ်သည်။ ကိုယ်နှုတ်တို့ဖြင့် ပြုလုပ်ပြောဆိုခြင်း မရှိဘဲ စိတ်အတွင်းမှာပင် ကောင်းမှု ကောင်းရာတွေကို တွေးကြံစဉ်းစား ပွားများနေသောသူအား ကုသိုလ်မနောကံ ဖြစ်သည်။
ယင်းကာယကံ ဝစီကံ မနောကံ ကုသိုလ်သည် ကောင်းသော ဘုံဌာန၌ ကြည်လင်သော စိတ် စေတသိတ် နာမက္ခန္ဓာ, ကြည်လင်သော ရုပ်တည်းဟူသော အကျိုးတရားတို့ကို နာနာက္ခဏိကကမ္မသတ္တိဖြင့် ကျေးဇူးပြုလိုက်သည်။ ထိုနည်းအတိုင်း မကောင်းသော စေတနာဖြင့် ကိုယ်မှု နှုတ်မှု စိတ်မှုကို ပြုသောသူအား မကောင်းသော ကာယကံ ဝစီကံ မနောကံ ဖြစ်သည်။ ယင်းကံသည် အကုသိုလ်ကံပင်တည်း။ ယင်းအကုသိုလ်က မကောင်းသောဖြစ်ရာ ဘုံဌာန မကောင်းသော အခြေအနေ၌ မကြည်လင် မသန့်ရှင်းသော စိတ် စေတသိတ် နာမ်ခန္ဓာများနှင့် မကောင်းသော ရုပ်ခန္ဓာများကို နာနာက္ခဏိကကမ္မသတ္တိဖြင့် ကျေးဇူးပြုသည်။ ဤကား ပဋ္ဌာန်းဒေသနာ၏ အဓိပ္ပါယ်ပေတည်း။
ဤသို့လျှင် ကာယကံ ဝစီကံ မနောကံနှင့် ကုသိုလ် အကုသိုလ်ကံတို့သည် ဘုရားဟော ကံများဖြစ်ပြီး မကွဲမပြား တစ်သားတည်းဖြစ်ပါလျက် ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ဗြာဟ္မဏတို့၏ မိုးပေါ်ကျကံဟု သမုတ်၍ ကာယကံ ဝစီကံ မနောကံကိုသာ လက်ခံအသိအမှတ်ပြုခြင်းသည် ထူးထွေသည်ဟူ၍ ဆိုဖွယ်မလိုချေ၊ ရုပ်ဝါဒသမားပီပီ ရုပ်ကိုသာ အရေးပေးခြင်း ဖြစ်ပေသည်။
၅၉။ ဥပတ္ထမ္ဘကကံ ဥပပီဠကကံကို ရှင်းဦးအံ့၊ ဤကံနှစ်မျိုးနှင့် ပတ်သက်၍ အဘိဓမ္မာဝိဘင်း ပါဠိတော်ကြီး၌ ဤသို့ဟောတော်မူထား၏၊
(က) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဝတိသမ္ပတ္တိ ပတိဗာဠာနိ န ဝိပစ္စန္တိ၊
(ခ) . . . . . . . ဥပတိသမ္ပတ္တိ ပတိဗာဠာနိ . . . . . . . .
(ဂ) . . . . . . .ကာလသမ္ပတ္တိ ပတိဗာဠာနိ . . . . . . . .
(ဃ) . . . . . . ပယောဂသမ္ပတ္တိ ပတိဗာဠာနိ န ဝိပစ္စန္တိ။ (အဘိ၊၂၊၃၈၀။) (အဘိဓမ္မာဝိဘင်း ပါဠိတော်)
မြန်မာပြန်
(က) ကောင်းသော ဘဝဟူသော ဂတိသမ္ပတ္တိ၏ အကာအကွယ်ပေးခြင်းခံရလျှင် မကောင်းမှုဟူသော အကုသိုလ်ကံတို့သည် မကောင်းကျိုး မပေးနိုင်ကုန်။
(ခ) ချောမော လှပတင့်တယ်ခြင်း, ရုပ်ဆင်းကြန်အင် လက္ခဏာပြည့်စုံ တင့်တယ်ခြင်း ဟူသော ဥပတိသမ္ပတ္တိ၏ အကာအကွယ်ပေးခြင်းခံရလျှင် . . . . .
(ဂ) ခေတ်ကောင်း အခါကောင်းဟူသော ကာလသမ္ပတ္တိ၏ အကာအကွယ်ပေးခြင်း ခံရလျှင် . . . .
(ဃ) ပစ္စက္ခဘဝ၌ လောလောဆယ်အားဖြင့် ကောင်းရာလုပ်, ကောင်းရာပြော, ကောင်းရာတွေးခြင်း ဟူသော ပယောဂသမ္ပတ္တိ၏ အကာအကွယ် ပေးခြင်းခံရလျှင် မကောင်းမှု အကုသိုလ်ကံတို့သည် မကောင်းကျိုး မပေးနိုင်ကုန်။
ထိုနည်းအတိုင်း -
ဂတိဝိပတ္တိံ အာဂမ္မ, ဥပဓိဝိပတ္တိံ အာဂမ္မ, ကာလဝိပတ္တိံ အာဂမ္မ, ပယောဂဝိပတ္တိံ အာဂမ္မ မကောင်းသော ဖြစ်ရာဘုံဌာန ဘဝတို့နှင့် တွေ့ကြုံလျှင် အရုပ်ဆိုး အကျည်းတန် အင်္ဂါခြေလက်မစုံ ခေါင်းသေးကိုယ်ကြီး ကိုယ်သေးခေါင်းကြီး ပုလွန်း ရှည်လွန်း စသည်ဖြင့် ညံ့ဖျင်းလွန်းလျှင်။ ပ။ မိုးမမှန် လေမမှန် ရာသီပျက် ဥတုပျက် ခေတ်ဆိုး ခေတ်ပျက်စသော ကာလဝိပတ္တိနှင့် တွေ့ကြုံနေရလျှင်။ ပ။ အပြုမှား အပြောမှား ညံ့ဖျင်းသော စိတ်နေစိတ်ထား မှားယွင်းသော မနောကံစသော ပယောကဝိပတ္တိနှင့် တွေ့ကြုံနေရလျှင် အကုသိုလ်ကံတို့သည် ထိထိခိုက်ခိုက် အကျိုးပေးကုန်၏ ဟူ၍ ပါဠိတော်၌ ဆက်လက်၍ ဟောတော်မူသည်။
၆၀။ ဤပါဠိတော် နှစ်ရပ်ကို ကောက်ချက်ချ ဆင်ခြင်လျှင် အကုသိုလ်ကံသည် လျော်သော အခြံအရံ အကြောင်းကိုရသောအခါ မကောင်းကျိုးပေး၏၊ ဆန့်ကျင်ဘက် အကြောင်းနှင့်တွေ့သောအခါ အကျိုးမပေးပေ၊ အကုသိုလ်ကံအား အကျိုးပေးဖို့ရန် လျော်ကန် သင့်မြတ်စွာ ကူညီထောက်ပံ့တတ်သော ယင်းအခြံအရံအကြောင်းသည် ဥပတ္ထမ္ဘကကံရှိကြောင်း သက်သေသာဓကပင် ဖြစ်၏၊ အကုသိုလ် အကျိုးမပေးနိုင်အောင် ဆန့်ကျင်နှိပ်စက်သော ကံသည် ဥပပီဠကကံ မည်၏၊
ကုသိုလ်ကံ ဘက်၌လည်း ထိုနည်းအတိုင်း ထိုဝိဘင်းပါဠိတော်၌ပင် ပြည့်စုံစွာ ဟောထားတော်မူသည်။ အဓိပ္ပါယ်မှာ ကောင်းသော ကုသိုလ်ကံသည် ကာလသမ္ပတ္တိ ဂတိသမ္ပတ္တိ ပယောဂသမ္ပတ္တိ ဥပဓိသမ္ပတ္တိဟူသော သင့်လျော်ကောင်းမြတ်သော အခြံအရံအကြောင်းကိုရလျှင် အကျိုးပေး၍ ထိုကဲ့သို့သင့်လျော် ကောင်းမြတ်သော အခြံအရံအကြောင်းမျိုးကို မရခဲ့လျှင် ကောင်းကျိုးမပေးပေ။ ဤပါဠိတော်၌လာသော ကုသိုလ်ကံအား အကျိုးပေးဖို့ရန် အထောက်အကူပြုတတ်သော သင့်လျော်ကောင်းမြတ်သော အခြံအရံအကြောင်းကြောင်းသည် ဥပတ္ထမ္ဘကကံမည်၏၊ အနှောက်အယှက် ဆန့်ကျင်ဘက် ပြုတတ်သော အကြောင်းကို ဥပပီဠကကံဟု ခေါ်၏၊
၆၁။ ဥပဃာတကကံ ဟူသည်ကား သတ္တဝါတစ်ဦးတစ်ယောက် အားထုတ်ပြုလုပ်ခဲ့ပြီးသော ကုသိုလ်ကံကိုဖြစ်စေ, အကုသိုလ်ကံကိုဖြစ်စေ အကျိုးမပေးနိုင်လောက်အောင် အစွမ်းကုန်လက်စသတ် ကပ်၍ဖြတ်တတ်သော ကံမျိုးတည်း။ အင်္ဂုလိမာလ မထေရ်အလောင်းသည် မြတ်စွာဘုရားနှင့် မတွေ့ရမီ တောပုန်းခိုးသူကြီးအဖြစ်ဖြင့် အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ထိုပါဏာတိပါတကံသည် လက်ရှိဘဝ၌လည်း အကျိုးပေးနိုင်သည်။ ယခုဘဝ၌ အကျိုးပေးခွင့်မရခဲ့သော် ဒုတိယဘဝ၌သော်လည်းကောင်း၊ တတိယဘဝမှ စ၍ သင့်လျော်သောဘဝတစ်ကွေ့တွင်သော် လည်းကောင်း အကျိုးပေးနိုင်သည့်သတ္တိ ဧကန်ရှိသည်။ သို့ရာတွင် မြတ်စွာဘုရားနှင့်တွေ့၍ တရားနာပြီးသည်၏အဆုံး၌ သီလကိုဆောက်တည်၍ ဘုရားရှင် ပေးသနားတော်မူသောနည်းအရ ဝိပဿနာဉာဏ်ဖြင့် အားထုတ်လိုက်သောအခါ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်သော အဆင့်သို့ ရောက်သွားလေသည်။ ထိုအခါ သူပြုခဲ့သော အကုသိုလ်ကံတို့၏ သတ္တိသည် ယင်းထက် အလွန်အားကြီးသော အရဟတ္တမဂ်ကံ၏ သတ္တိက ကပ်၍ ဖြတ်လိုက်သဖြင့် နောက်ဘဝ၌ အကျိုးပေးနိုင်သော အခွင့်အရေးမရရှိတော့ပေ။ ရဟန္တာဖြစ်ခြင်းကြောင့် နောက်ဘဝဟူ၍ပင် မဖြစ်တော့ပေ။ ထို့ကြောင့် နောက်နောက်ဘဝ၌ အကျိုးမပေးနိုင်တော့ခြင်း ဖြစ်ပေသည်။
သို့ရာတွင် ပဋိသန္ဓေကျိုး မပေးစေကာမူ ပဝတ္တိကျိုးပေးသောအားဖြင့် အင်္ဂုလိမာလထေရ် ရွာတွင်းသို့ ဆွမ်းခံဝင်သောအခါ တုတ် လှင်တန် ခဲကျောက် အစရှိသော လက်နက်မျိုးစုံတို့သည် အခြားအရာဝတ္ထုကို ရည်ရွယ်၍ ပစ်လွှင့်အပ်သော်လည်း အရှင်အင်္ဂုလိမာလထေရ်၏ ကိုယ်ပေါ်သို့သာ ကျရောက်လျက် ရှိကုန်၏၊ လက်ရုံး လက်မောင်း ခြေ အစရှိသော အင်္ဂါကြီးငယ်တို့နှင့် ဦးခေါင်းပါမကျန် ဒဏ်ရာရရှိလျက် ယိုစီးသော သွေးဖြင့် ဆွမ်းခံပြန်ရောက်လာ၍ ဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူရာ မြတ်စွာဘုရားက -
“အဓိဝါသေဟိ တွံ ဗြာဟ္မဏ၊ ယဿ ခေါ တွံ ဗြာဟ္မဏ ကမ္မဿ ဝိပါကေန ဗဟူနိ ဝဿာနိ ဗဟူနိ ဝဿသတာနိ ဗဟူနိ ဝဿသဟဿာနိ ဗဟူနိ ဝဿသတသဟဿာနိ နိရယေ ပစ္စေယျာသိ။ တဿ တွံ ဗြာဟ္မဏ ကမ္မဿ ဝိပါကံ ဒိဋ္ဌေဝဓမ္မေ ပဋိသံဝေဒေသိ” (မ၊၂၊၂၀၇။)
အင်္ဂုလိမာလ. . . သည်းခံလော့၊ သင်သည် အကြင်ကံ၏ အကျိုးဆက်အားဖြင့် နှစ်ပေါင်းများစွာ, နှစ်ရာပေါင်းများစွာ, နှစ်ထောင်ပေါင်းများစွာ, နှစ်သိန်းပေါင်းများစွာ ငရဲ၌ ခံရရာ၏၊ ထိုကံ၏ အကျိုးကို သင်သည် ယခုမျက်မှောက်ဘဝ၌ပင် ခံစား၍ နေရချေပြီဟု မိန့်တော်မူ၏၊ (မဇ္ဈိမပဏ္ဏာသ၊ အင်္ဂုလိမာလသုတ်)
၆၂။ ဤပါဠိတော်၌ နှစ်သိန်းပေါင်း မြောက်များစွာတိုင်အောင် ငရဲ၌ ကျခံစေမည့် ကံ၏ အကျိုးကို ဤဘဝ၌ မျက်မှောက်ပြုအပ်သော အရဟတ္တမဂ် ကမ္မသတ္တိက ပယ်ရှားတားမြစ်လိုက်သဖြင့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့စဉ်က ဖြစ်ခဲ့သော ပါဏာတိပါတ စေတနာကံသည် အကျိုးပေးစေတတ်သော သတ္တိကင်းပြတ်လျက် သွားတော့သည်။ ဤ၌ မဂ်စေတနာသည် ဥပဃာတကကံ မည်၏၊
ထိုနည်းအတိုင်းပင် ရှင်ဒေဝဒတ်သည် ယခုဘဝ၌ မြတ်သောရဟန်းအဖြစ်ကို ရ၍ မြတ်စွာဘုရားကို မဖြစ်မှားမီ သီလက္ခန္ဓနှင့် ပြည့်စုံခြင်း, တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံသည်အထိ သမာဓိက္ခန္ဓကို ရရှိခြင်းဟူသော ဤစေတနာကံတို့သည် မြတ်စွာဘုရား၏ ခြေမတော်၌ သွေးစိမ်းရှင်ရှင် တည်စေလောက်အောင် လောဟိတုပ္ပါဒကကံကို ပြုမိလိုက်သည့်အခါမှစ၍ အကျိုးပေးနိုင်သောသတ္တိ ကင်းပြတ်၍ သွားလေတော့၏၊ ဤနေရာ၌ လောဟိတုပ္ပါဒကကံသည် သီလက္ခန္ဓ သမာဓိက္ခန္ဓဖြည့်ကျင့်ခဲ့သော စေတနာကံကို ကပ်၍ ဖြတ်လိုက်သောကြောင့် ဥပဃာတကကံမည်၏၊ ဤကား ပါဠိတော်တို့၌လာသော ဗုဒ္ဓဘာသိတ ဘုရားဟော ကံလေးမျိုးပေတည်း။
ထိုကံလေးမျိုး၏ အကျဉ်းချုပ်အဓိပ္ပါယ်မှာ ဇနကကံသည် မျိုးစေ့နှင့်တူသည်၊ ဥပထမ္ဘကကံသည် ရေလောင်းခြင်း, ပေါင်းသင်ခြင်း, မြေဩဇာကျွေးခြင်းနှင့် တူသည်၊ ဥပပီဠကကံသည် ပိုထိုးခြင်း, ဖလံဖြူနာ ကျရောက်ခြင်းနှင့် တူသည်၊ ဥပဃာတကကံကား ထိုမျိုးစေ့ကို အပင်မပေါက်နိုင်လောက်အောင် ကြိတ်ချေပစ်ခြင်းနှင့်တူသည်ဟု မှတ်ယူရာ၏၊ ဦးဥက္ကဋ္ဌသည် ဘုရားဟောပါဠိတော်များကို မတွေ့မမြင်၍ သော်လည်းကောင်း, တွေ့မြင်လျက် ရုပ်ဝါဒ လွှမ်းမိုးခံရမှုကြောင့်သော်လည်းကောင်း မျက်ကွယ်ပြုကာ ထိုကံအားလုံးကို ဗြာဟ္မဏဝါဒဟု အကြောင်းမဲ့စွပ်စွဲပြီး ပယ်မိလေသည်။ အမှန်စင်စစ် လူသေလူဖြစ်ကို အဟုတ်ထင်ကြလေအောင် ကံတံတိုင်းကြီးကို ချိုးဖျက်ရန် ကြိုးစားခြင်းမျှသာ ဖြစ်ပေသည်။
၆၃။ “ဒါပေမယ့် ကာယကံ, ဝစီကံ, မနောကံစသော ကိုယ်နှုတ်နှလုံး မကောင်းတဲ့ ရုပ်ပျက်က ပြန်ပေါ်လာတဲ့ ဘူတရုပ်ဆိုတော့ ရုပ်ဆိုးဖြစ်လာမယ်၊ ဆိုပါတော့ကွာ-ခြေတိုချင် တိုမယ်၊ လက်မပါချင် မပါဘူး၊ မနောကံ ကြပ်ကြပ်ဆိုးတဲ့ ရုပ်ကျတော့ အကျည်းတန်တဲ့ ရုပ်ဆိုး ရုပ်ဝါးမျိုးပေါ့ကွာ၊ ဒီ ဆိုးလာတဲ့ ရုပ်ပျက်က ပြန်ပေါင်းစပ်တဲ့ ရုပ်သစ်မှန်ရင် မျက်စိလည်း ချွတ်ယွင်းမယ်၊ ပါးစပ်ပြဲ မျက်ပြူးရင် ဖြစ်မယ်၊ ခေါင်းရင်ကြီးမယ်၊ ကိုယ်တွင်းက အသဲတို့ နှလုံးတို့ပါ ညံ့ဖျင်းလာရင် အသက်ပါတိုမယ်” ဤဦးဥက္ကဋ္ဌ၏ စကားများကို သုံးသပ်သော် ကာယကံ, ဝစီကံ, မနောကံစသော ကိုယ်နှုတ်နှလုံး မကောင်းတဲ့ရုပ်ပျက်က ပြန်ပေါ်လာတဲ့ ဘူတရုပ်ဟူသော စကားသည် အခြေခံမှစ၍ လွဲမှားနေသည်။ ဤဘဝ၌ ကာယကံ, ဝစီကံ, မနောကံကြောင့် ဖြစ်ပေါ်သည့်ရုပ်သည် ဤဘဝမှာပင် လက်စတုံး ကုန်ဆုံးပျောက်ပျက်ပြီး ဖြစ်သည်။ ဘယ်ဘဝသို့မျှ မပြောင်း၊ ဘယ်ဘဝမှာမျှ ပြန်မခေါ်ချေ။ ရုပ်ပျက်က ဖြစ်ပေါ်လာတဲ့ ဘူတရုပ်ဟူ၍ ရုပ်မှ ရုပ်သို့ ပြောင်းလဲ ဖြစ်ပေါ်လာခြင်းကိုသာ ဆို၍ တကယ့်အကြောင်းအရင်းဖြစ်သော အတိတ်ကံကို တမင်သက်သက် သိုဝှက်၍ထားသည်။ ရုပ်ပျက်က ပြန်ပေါင်းစပ်တဲ့ ရုပ်သစ်မှန်ရင်ဟူသော စကားကို သတိထားရမည်။ ဦးဥက္ကဋ္ဌသည် ရုပ်ကို အရှိတရား နိစ္စထာဝရဟု ယူဆထားသူဖြစ်၍ မကောင်းသော ရုပ်ပျက်ရုပ်ညံ့တွေက သေပြီးနောက်ဘဝ၌ ပြန်ပေါင်းမိသောအခါ လူ၏ကိုယ်မှာ မျက်စိပျက်ခြင်း စသည်ဖြင့် မလှမပဖြစ်သည်ဟု ဆိုလိုပေသည်။ ဦးဥက္ကဋ္ဌဝါဒတွင် ကမ္မံ သတ္တေ ဝိဘဇ္ဇတိ- သတ္တဝါတွေကို ကံကဝေဖန်သည်ဟု မရှိပေ၊ သတ္တဝါတို့ကို ရုပ်ကသာ ဝေဖန်သည်ဟု ဆိုလိုသည်။
၆၄။ မွေးကတည်းက ကျိုးလာ, ကန်းလာသောသူ၊ ခြေတို၊ လက်တို၊ မျက်ပြဲ, ပါးစပ်ပြဲစသည် ရုပ်ပျက်ဆင်းပျက် မွေးဖွားလာသူ သတ္တဝါ၏ ကမ္မဇရုပ်အား မည်သည့် ရုပ်ပျက်ကမျှ အကြောင်းပြုသည် မဟုတ်၊ စင်စစ်မှာ အတိတ်ဘဝက ထိုထိုအချိန်ကာလတို့တွင် ကိုယ်တိုင်ပြုလုပ်ခဲ့ပြီးသော အကုသိုလ်ကံကသာ အကျိုးပေးသည်။
ထို့ကြောင့် ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ကမ္မပစ္စည်း၌ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော”ဟူ၍ လည်းကောင်း (နှာ-၇)။ ပဥှာဝါရ ကုသလတ္ထိက ဓမ္မာနုလောမ ပါဠိတော်၌ အကုသလေန အဗျာကတဝါရတွင် “နာနာက္ခဏိကာ အကုသလာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော”ဟူ၍လည်းကောင်း ဟောတော်မူသည်။ (နှာ-၁၅၄)
မြန်မာပြန်
အတိတ်ဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံသည် ကုသလဝိပါက်၊ အကုသလဝိပါက် ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့အား နာနာက္ခဏိက ကမ္မသတ္တိဖြင့် အကြောင်းပြုသည်။ အထူးထူးသော ခဏ၌ဖြစ်သော အကုသိုလ်စေတနာသည် အကုသလဝိပါက် နာမက္ခန္ဓာအားလည်းကောင်း (ဆိုးဝါးရုပ်ညံ့သော, ဖောက်ပြန် ချွတ်ယွင်းသော, ရုပ်ဆိုး ရုပ်ပျက်ဖြစ်သော) ကမ္မဇရုပ်တို့အားလည်းကောင်း နာနာက္ခဏိက ကမ္မသတ္တိဖြင့် အကြောင်းပြုပေသည်။
ဤကား မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည် သဗ္ဗညုတဉာဏ်တော်ဖြင့် အတိအကျပိုင်းခြား၍ ဟောတော်မူအပ်သော ဒေသနာ သာဓကပေတည်း။
၆၅။ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိတော်(၂၄၄၊၂၄၅) စူဠကမ္မဝိဘင်္ဂသုတ်၌လည်း ဒေါသဗျာပါဒကြီးသောသူ, အနည်းငယ်မျှ ပြောဆိုရုံဖြင့် ဒေါသခက်ထန် အမျက်မာန်ကြီး၍ ကိုယ်နှုတ်တို့ဖြင့် ထိပါးပုတ်ခတ် သတ်ဖြတ်မှုကို ပြုလုပ်တတ်သောသူသည် သေပြီးနောက် အပါယ်ငရဲသို့ ကျရောက်တတ်သည်။ အကယ်၍ လူ့ဘဝရောက်လာခဲ့လျှင် ဖြစ်ရာဘဝ၌ အရုပ်ဆိုးသည်၊ အသက်တိုသည် စသည်ဖြင့် ဟောတော်မူသည်။
အမျက်ထွက်လေ့ရှိခြင်း, ပင်ပန်းမှုများခြင်း, မနှစ်သက်ဖွယ် အနည်းငယ်မျှ ပြောလာသည်ရှိသော် အလွန်ကပ်ငြိခြင်း, ဖောက်ပြန်ခြင်း, ရှေးရှုတည်ခြင်း, ဒေါသအမျက် မနှစ်သက်ခြင်းကို ထင်စွာပြခြင်းသည် အရုပ်ဆိုးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ သူ့အသက်ကို သတ်လေ့ရှိခြင်း, ကြမ်းကြုတ်ရက်စက်ခြင်း, သွေးစွန်းသောလက်ရှိခြင်း, ညှဉ်းဆဲသတ်ဖြတ်မှု၌ သက်ဝင်ခြင်း, သတ္တဝါတို့အပေါ်၌ သနားခြင်းသို့ မရောက်ခြင်းသည် အသက်တိုစေတတ်သော အကျင့်တည်း။ (အကျဉ်းချုံး၍ မြန်မာပြန်ဆိုချက်)
အထက်ပါ ပါဠိတော်များက အသက်တိုခြင်း အစရှိသော အကျိုးတရားများသည် ရုပ်ဆိုးရုပ်ပျက်က ဖြစ်စေအပ်သော အကျိုးတရားများမဟုတ်၊ အတိတ်ဘဝ ပစ္စုပ္ပန်ဘဝတို့၌ မှားယွင်းဖောက်ပြန် မမှန်သော ပြုမူလုပ်ဆောင်ချက် တည်းဟူသော ကံကြောင့်ဖြစ်သော အကျိုးတရားများသာ မုချစင်စစ်ဖြစ်ကြောင်း ဖော်ပြလေသည်။
၆၆။ ထို့ပြင် ဦးဥက္ကဋ္ဌနှင့်တကွ နောက်လိုက် တပည့်သားတို့က ဘုရားဟောမဟုတ်၊ နောက်မှ လုပ်ကြံဖန်တီးထားသော ကံများဖြစ်သည်ဟုဆိုသော ဒိဋ္ဌဓမ္မဝေဒနိကကံ အစရှိသော ကံလေးပါးတို့ကို ဘုရားဟောဖြစ်ကြောင်း အနည်းငယ်မျှ ထုတ်ပြပေဦးအံ့။
“ယံ ဘိက္ခဝေ လောကပကကံ ကမ္မံ လောဘဇံ လောဘနိဒါနံ လောဘသမုဒယံ၊ ယတ္ထဿ အတ္တဘာဝေါ နိဗ္ဗတ္တတိ၊ တတ္ထ တံ ကမ္မံ ဝိပစ္စတိ၊ ယတ္ထ တံ ကမ္မံ ဝိပစ္စတိ၊ တတ္ထ တဿ ကမ္မဿ ဝိပါကံ ပဋိသံဝေဒေတိ ဒိဋ္ဌေ ဝါ ဓမ္မေ ဥပပဇ္ဇ ဝါ အပရေ ဝါ ပရိယာယေ” (အံ၊၁၊၁၃၄။ ၂) စသည်- (တိက အင်္ဂုတ္တိုရ်ပါဠိတော်၊ နိဒါနသုတ်)
မြန်မာပြန်
ရဟန်းတို့ . . . လောဘဖြင့် ပြုအပ်သော, လောဘသည် ဖြစ်စေအပ်သော, လောဘလျှင် အကြောင်းရှိသော ကံသည် အတ္တဘောဖြစ်ရာဘုံဌာန၌ အကျိုးကို ရင့်ကျက်စေ၏၊ အကျိုးကို ရင့်ကျက်စေရာ ထိုဘုံဌာန၌ ယခုဘဝအတွင်းပင် ဖြစ်စေ, တမလွန်ဘဝသို့ ကပ်ရောက်၍ ဖြစ်စေ, တတိယဘဝမှစ၍ တစ်စုံတစ်ခုသော အလှည့်အကြိမ်၌ဖြစ်စေ ထိုကံပြုသော သတ္တဝါသည် ကံ၏အကျိုးကို ခံစားရပေသည်။
ဥပရိပဏ္ဏာသ ပါဠိတော်၊ မဟာကမ္မဝိဘင်္ဂသုတ်၌လည်း-
“ပုဗ္ဗေ ဝါဿ တံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခဝေဒနိယ ပစ္ဆာ ဝါဿ တံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခဝေဒနိယံ၊ မရဏကာလေ ဝါဿ ဟောတိ မိစ္ဆာဒိဋ္ဌိသမတ္တာ သမာဒိန္န၊ တေန သော ကာယဿ ဘေဒါ ပရမ္မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ ယဉ္စ သော ဣဓ ပါဏာတိပါတီ ဟောတိ။ ပ။ မိစ္ဆာဒိဋ္ဌိ ဟောတိ။ တဿ ဒိဋ္ဌေဝ ဓမ္မေ ဝိပါကံ ပဋိသံဝေဒေတိ ဥပပဇ္ဇ ဝါ အပရေဝါ ပရိယာယေ” (မ၊၁၊၂၅၇) -
စသည်ဖြင့် ဟောတော်မူသည်။
မြန်မာပြန်
ထိုသတ္တဝါသည် ရှေ့အဖို့၌သော်လည်းကောင်း၊ နောက်အဖို့၌သော်လည်းကောင်း ဆင်းရဲစွာ အကျိုးခံစားစေရမည့် အကုသိုလ်ကံကို ပြုခဲ့သည်။ သို့တည်းမဟုတ် ထိုသတ္တဝါသည် သေခါနီးကာလ၌သော်လည်း မိစ္ဆာအယူကို ပြည့်စုံစွာ ယူခဲ့သည်။ ထို့ကြောင့် ထိုသတ္တဝါသည် သေလွန်သောအခါ ငရဲသို့ကျရောက်သည်။ ဤလောက၌ ထိုသတ္တဝါသည် သူ့အသက်ကိုသတ်ခြင်း, သူ့ဥစ္စာကို ခိုးခြင်း။ ပ။ မိစ္ဆာအယူရှိခြင်းဟူသော ဒုစ္စရိတကံ၏ အကျိုးကို ယခုဘဝ၌ ဖြစ်စေ၊ တမလွန်ဘဝသို့ ကပ်ရောက်၍ဖြစ်စေ၊ တတိယဘဝမှ စ၍ တစ်စုံတစ်ခုသော အလှည့်အကြိမ်၌ဖြစ်စေ ခံစားရပေသည်။
၆၇။ ဤပါဠိတော်များကို ထောက်ထား၍ ဦးဥက္ကဋ္ဌက သူ၏လူသေလူဖြစ် စာအုပ် စာမျက်နှာ ၅၂-၌ “ဗုဒ္ဓ၏ ကမ္မဝါဒအလိုအားဖြင့် ဆိုရသော် ယခုစားလိုက်သော ငရုတ်သီးသည် ယခုပင်စပ်ရမည်၊ အိမ်ရောက်မှ စပ်မည်ဟူ၍ ငံ့၍ လင့်၍ နေရိုးမရှိ”ဟု ဆိုသော စကားသည်လည်းကောင်း သခင်မြတ်ဆိုင်၏ လူသေလူဖြစ်ပြဿနာ နှာ-၁၅၈-၉-၌ “အနို့-ဒီဘဝ ကောင်းစားချမ်းသာနေတာတွေဟာ ရှေးဘဝက ပရံပရဘဝါဘဝက ကုသိုလ်မဟုတ်ရဘူးပေါ့၊ ဟ-ဒါက ဘယ်ရှေးက ကံမှ မဟုတ်ဘူး၊ ခုဘဝ လိမ်လည်သွေးစုတ် အမြတ်ထုတ်လို့ရင်လည်း ဖြစ်ရမယ်၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးက သူ့အခြေအနေနဲ့ အဆင်ပြေအောင် ကောင်းအောင် မှန်အောင် လုပ်နိုင်လို့ရင်လည်း ဖြစ်ရမယ်။ ဒီပစ္စက္ခ အလုပ်ရဲ့ ကျေးဇူးသက်သက်ပဲ။ ယခုဘဝ ချမ်းသာတာ ဟိုးရှေးရှေးကုသိုလ်ကံကြောင့်လို့များ ယုံလိုက်ရင် အဲဒါကို ဘုရားက ပုဗ္ဗေကတဟေတုဒိဋ္ဌိလို့ ဆိုထားတာရှိတယ်။ ဘုရားအလိုတော့ အဓမ္မတဲ့၊ တရားမဟုတ်လို့ ဆိုတာပဲ”ဟု ဆိုသောစကားသည်လည်းကောင်း၊ ၎င်းစာအုပ် နှာ-၁၉၁-၂-၌ “အေး-ဘာသာရေးဆရာတွေ ပြောသလို လူ့အဖြစ် လူ့ဘဝရင်းစား ပြန်ရဖို့တောင် ဘယ်လောက်ခဲယဉ်းသလဲ, ဘယ်အကျင့်သီလ ရှိမှလေး, ဘယ်ဒါနပါမှ ဆိုတာမျိုးတွေ မင်းကယုံချင်သေးသလားကွ၊ ဒါတွေက စားလမ်းပဲ”ဟု ဆိုသောစကားသည်လည်းကောင်း၊ ဗုဒ္ဓ၏ ကမ္မဝါဒ လုံးဝမဟုတ်။ ဘုရားအလို အနည်းငယ်မျှမပါ။ ဦးဥက္ကဋ္ဌ၏ ကမ္မဝါဒ ဦးဥက္ကဋ္ဌ၏ အလိုသာဖြစ်ကြောင်း ထင်ရှားသိသာနိုင်ပေပြီ။ အမှန်စင်စစ် ရုပ်ဝါဒကိုမှီ၍ ဖော်ပြပါ ဗုဒ္ဓပါဠိတော်များကို တော်လှန်သော၊ ဗုဒ္ဓဝါဒနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်သော မိစ္ဆာဝါဒ အဓမ္မသာဖြစ်ကြောင်း ဝိနည်းဓိုရ် ဆရာတော်များ သုံးသပ်တော်မူကြသည်။
ဦးဥက္ကဋ္ဌသည် မိမိ၏ ဝါဒကို သတ္တိရှိရှိ ပြောင်ပြောင်ရှင်းရှင်း မရေးမပြောဘဲ “ဗုဒ္ဓ”ကို အကွယ်အကာ ယူလျက် ဘုရားကို ရှေ့တန်းတင်၍ ဘုရားတရားကိုပင် ပြန်လည်ဖျက်ဆီးနေသူ ဖြစ်သောကြောင့် ယခုလို ဝိဝါဒါဓိကရုဏ်းများ ပေါ်ပေါက်ပြီး သာသနာတော်အတွင်း၌ ရှုပ်ရှုပ်ထွေးထွေး ကြုံနေရခြင်း ဖြစ်ပေသည်။
မှတ်ချက်။ ။ ပုဗ္ဗေကတဟေတုဒိဋ္ဌိနှင့် ပတ်သက်၍ စောဒနာလွှာ အမှတ် (၄)၌ အကျယ်သုံးသပ်၍ ဆုံးဖြတ်ကြကုန်အံ့။
ဂန္ဓဗ္ဗအကြောင်း သုံးသပ်ချက်
၆၈။ ပဋိသန္ဓေနေခြင်းနှင့် ပတ်သက်၍ မူလပဏ္ဏာသပါဠိတော်၊ မဟာတဏှာသင်္ခယသုတ်၌ ပဋိသန္ဓေတည်နေခြင်း၏ အကြောင်းသုံးပါးကို ပြရာတွင်-
၁။ မိဘလောင်းနှစ်ဦး ဆုံဆည်းခြင်း,
၂။ မိခင်လောင်း ဥတုလာပြီးစ ဖြစ်ခြင်း,
၃။ ပဋိသန္ဓေနေမည့် သတ္တဝါက ရှေးရှုတည်ခိုက်ကြုံခြင်း ဟူသော
အကြောင်း ၃-ချက်တို့တွင် နံပါတ် ၃-အကြောင်းတွင် ဂန္ဓဗ္ဗသဒ္ဒါဖြင့် ဟောတော်မူထားသည်။ ဂန္ဓဗ္ဗောတိ တြုတပဂသတ္တော ဟူသော အဋ္ဌကထာနှင့် အညီ အမိဝမ်းတိုက်သို့ ကပ်ရောက်ထိုက်သော စုတေကာနီး သတ္တဝါကိုသာ ဂန္ဓဗ္ဗအရ ယူမည်ဖြစ်ကြောင်း စောဒကတို့က တင်ပြကြသည်။
ဦးဥက္ကဋ္ဌကမူ လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် ကြံဆောင်လျက် “ဂန္ဓဗ္ဗ”ကို လူသေခါနီး နှာခေါင်းမှထွက်လာသော ဥသ္မာဓာတ်ပျက် ဝါယောဓာတ်ဖြစ်ကြောင်း ကောက်ယူပြီး ထိုဂန္ဓဗ္ဗဓာတ်သည် လေထဲ၌ပျံ့လွင့်နေပြီး သန္ဓေယူမည့် လူသား၏နှာခေါင်းထဲဝင်ကာ သုတ်သွေးတွေဖြစ်ပြီး လူသားသန္ဓေရသည်ဟု တော်တော်လေး ကြံကြံဖန်ဖန် အကွက်ဆင်ထားပေသည်။
ထိုဂန္ဓဗ္ဗနှင့်ပတ်သက်၍ စိစစ်သုံးသပ်ကြကုန်အံ့၊ “ဂန္ဓဗ္ဗော”ဟူသောပုဒ်ကို သဒ္ဒါနည်းအားဖြင့် (ဓာတုပစ္စယဝိဘာဂ) ဓာတ်ပစ္စည်းခွဲဝေခြင်းကို ရှေးဦးစွာ ပြုရသော် ဂန္ဓဗ္ဗော၌ ဂမုဓာတ်+တဗ္ဗပစ္စည်း ဖြစ်၏၊ ဂမု-သပ္ပ စ ဂတိမှိဟူသော ဓာတ်ကျမ်းများအရ ဂမုဓာတ်သည် သွားခြင်း ကပ်ရောက်ခြင်းအနက်ကို ဟောသည်။ တဗ္ဗပစ္စည်းသည် ယေဘုယျအားဖြင့် ဘောကံ အနက်တို့၌ ဟောရိုးရှိသော်လည်း အပ္ပကအားဖြင့် ကတ္တားအနက်ကိုလည်း ဟော၏၊ “ကိစ္စလျူဋာဗဟုလံ”ဟူသော ပါဏီနိသဒ္ဒါသုတ် ၃-၃-၁၁၃ ကို ရည်ညွှန်း၍ “ဤဒိသာနံ ဟိ ပဒါနံ ဗဟုလာ ကတ္တုသာဓနံ သဒ္ဒဝိဒူ မညန္တိ”ဟု မူလပဏ္ဏာသ သဗ္ဗာသဝသုတ် ဋီကာ၌ ဆို၏၊ ဗဟုလသဒ္ဒါကြောင့် ဤသို့သောပုဒ်များ၏ ကတ္တားအနက်၌ ပြီးစီးခြင်းကို သဒ္ဒါဆရာများ အလိုရှိကြသည်ဟု ဆိုခြင်း ဖြစ်၏၊ ဤ၌ တဗ္ဗပစ္စည်းသည် ကတ္တားဟောဖြစ်သည်။ ထို့ကြောင့် ဂစ္ဆတီတိ ဂန္ဓဗ္ဗောဟု ဝြိုဂိလ်ပြုရမည်။ ဂစ္ဆတိ-အမိဝမ်းတိုက်သို့ သွားရောက်ဆဲ (ဝါ) သွားရောက်ထိုက်သည် ယခုပင်သွားရောက်တော့မည်၊ ဣတိ တသ္မာ၊ ထို့ကြောင့်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗမည်၏၊ ဒေါဓဿစသုတ်အရ တဗ္ဗပစ္စည်း၏ တကို ဓပြုထားသည်။ ထို့ကြောင့် အဋ္ဌကထာဆရာ ဖွင့်ထားသည့်အတိုင်း အမိဝမ်းတိုက်သို့ ကပ်ရောက်တတ်သော (ဝါ) ကပ်ရောက်မည့်ဆဲဆဲဖြစ်သော သတ္တဝါကို “ဂန္ဓဗ္ဗ” အရ ကောက်ယူရမည်။
ယင်းသို့ဆိုလျှင် မိဘလောင်းနှစ်ဦး ဆုံဆည်းခြင်း, မိခင်လောင်း ဥတုလာပြီးစဖြစ်ခြင်း, ပဋိသန္ဓေနေမည့် သတ္တဝါက ရှေးရှုတည်လာခြင်း ဟူသော အင်္ဂါသုံးရပ်သည် မဟာတဏှာသင်္ခယသုတ်ပါဠိတော်၊ အဋ္ဌကထာ ဋီကာ အစဉ်အလာယူနည်းအရ အလွန်ယုတ္တိရှိသော အနက်အဓိပ္ပါယ် ဖြစ်ပေသည်။
၆၉။ ထိုဂန္ဓဗ္ဗ ဟူသော ပုဒ်နှင့် စပ်လျဉ်း၍ မြောက်ပိုင်း ဗုဒ္ဓဘာသာကျမ်းများက မည်သို့ဆိုသနည်းဟု ကြည့်ရှုသုံးသပ်သော် ဆရာအသင်္ဂရေးသည့် အဘိဓမ္မသမုစ္စယမည်သော အဘိဓမ္မာကျမ်း၊ သစ္စပရိစ္ဆေဒအခန်း၌ လည်းကောင်း၊ ဆရာအသင်္ဂ၏ ညီတော်ဖြစ်သူ ဆရာဝသုဗန္ဓု ရေးပြုသော အဘိဓမ္မကောသ မည်သော အဘိဓမ္မာကျမ်း အခန်း-၃၊ ဂါထာနံပါတ် ၁၄-၌ လည်းကောင်း အောက်ပါအတိုင်း ဆိုထားသည်။
अन्तराभवः कामधातौ रूपधातौ चोपपद्यमानस्य अरूपधः तोरच्य- वमानस्य । परं सप्ताहं तिष्ठत्यन्तरेण व्यवते
ကာမဘုံ၌လည်းကောင်း၊ ရူပဘုံ၌လည်းကောင်း ပဋိသန္ဓေ နေမည့်ဆဲဆဲဖြစ်သော သတ္တဝါ၊ အရူပဘုံမှ စုတေဆဲဖြစ်သော သတ္တဝါများအား ဘဝနှစ်ခုကြား သီးသန့်ဘဝတစ်ခုရှိသည်။ ထိုဘဝ၌တည်သော သတ္တဝါများသည် ကြားကာလ၌ ခုနှစ်ရက်တိုင်တိုင် တည်နေ၍ ရွေ့လျောသည်။ स च मनोयो गन्धर्व इत्यपि ထိုသတ္တဝါသည် ရုပ်ခန္ဓာမပါ၊ စိတ်ချည်းသက်သက် ဖြစ်သည်၊ အနံ့ကိုစားလျက်နေသည်။ (အဘိဓမ္မသမုစ္စယ၊ သစ္စပရိစ္ဆေဒ)
सजातिशद्रदिव्याक्षि णः कर्मेद्रिवेगवान्। सकला प्रतिधवान् अनिर्वत्यः स गन्धभुक
မြန်မာပြန်
ထိုကြားဘဝ၌ တည်သော သတ္တဝါသည် ဇာတ်တူဖြစ်သော သတ္တဝါတို့၏ သန့်ရှင်းသော နတ်မျက်စိဖြင့်သာ မြင်နိုင်သည်၊ ကမ္မဇိဒ္ဓိတန်ခိုးအဟုန် ရှိသည်။ မျက်စိ-နား-နှာ-လျှာ-ကိုယ် ဟူသော ပသာဒ အစုံရှိသည်။ အပိတ်အပင် အတားအဆီး မရှိ၊ မည်သူကမျှ မတားဆီးနိုင်၊ အနံ့(ဝါ) လေကိုသာ စားသည်။ (အဘိဓမ္မကောသ) ဤမြောက်ပိုင်းကျမ်းအလို ဂန္ဓဗ္ဗဟူသော ပုဒ်ကို “ဂန္ဓံအရ် ဝတိ ခါဒတီတိ ဂန္ဓဗ္ဗော”ဟု အဘိဓမ္မကောသ၏ အဖွင့်ဗျာချာဖြစ်သော ဆ္ဖုဋာရ်ထ၌ ဆို၏၊ ဂန္ဓံ၊ အနံ့ကို။ (ဝါ) လေကို။ အရ်ဝတီ ခါဒတိ၊ စားတတ်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ သော၊ ထိုသတ္တဝါသည်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗမည်၏၊ ထိုမြောက်ပိုင်းကျမ်းဆရာ အသင်္ဂ စသူတို့၏ အလိုအားဖြင့် ဂန္ဓဗ္ဗသည် ကြားခံဘဝဖြစ်သော စိတ်ချည်းသက်သက်ရှိသော သတ္တဝါဟု သိအပ်ပေသည်။
၇၀။ ဦးဥက္ကဋ္ဌသည် ဂန္ဓဗ္ဗကို လူသေခါနီး နှာခေါင်းမှထွက်သော ဥသ္မာဓာတ်ပျက် ဝါယောဓာတ်ဟု ယူဆပြီး ထိုဂန္ဓဗ္ဗဓာတ်သည် နောက်ပဋိသန္ဓေနေဖို့ လူတစ်ဦးဦး၏ နှာခေါင်းထဲ ပြန်ဝင်ပြီး သုတ်သွေးသန္ဓေမဖြစ်ခင် လေထဲ၌ ပျံ့လွင့်နေသည်ဟု ယူဆသဖြင့် ကြားခံဘဝ (အန္တရာဘဝ) ထားရှိကြောင်း သိရသည်။ သို့ရာတွင် မြောက်ပိုင်းဆရာများက စိတ်ကို ဂန္ဓဗ္ဗဟု ဆိုသည်၊ ဦးဥက္ကဋ္ဌက ရုပ်ကိုဂန္ဓဗ္ဗဟု ဆိုသည်။ ထို့ကြောင့် ကြားခံဘဝ ထားကြခြင်း တူသော်လည်း ကောက်ယူပုံခြင်း ကွဲသည်။ မြောက်ပိုင်းဆရာတို့က နာမ်ဝါဒီများဖြစ်ပြီး ဦးဥက္ကဋ္ဌက ရုပ်ဝါဒီဖြစ်ကြောင်းသိရပေသည်။
သို့ရာတွင် မြောက်ပိုင်းဆရာတို့ထက် ဦးဥက္ကဋ္ဌ၏ ထူခြားသော ပြုမူချက်မှာ ထေရဝါဒ ဗုဒ္ဓပိဋကတ်တော်များကို ဖျက်ဆီးပြီး သူ၏ ရုပ်ဝါဒဘောင်ထဲဝင်အောင် သွတ်သွင်းခြင်းပင် ဖြစ်သည်။ ထိုအချက်ကို ထင်ရှားစေရန် ဖော်ပြအံ့။
“ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ” (မ၊၁၊၃၂၆။) ဟူသော မူလပဏ္ဏာသပါဠိတော်၊ မဟာတဏှာသင်္ခယသုတ် နှာ ၃၂၆-၌ လာသော ပါဠိတော်ကို ဖောက်လွဲဖောက်ပြန် အနက်သမ္ဗာန်၍ ပါဠိအဘိဓမ္မာ သမိုင်းတွင် ဘယ်တုန်းကမျှ မည်သည့်အဋ္ဌကထာ-ဋီကာဆရာကမျှ မဖွင့်ဘူးသော အနက်ကို ဤသို့ဖွင့်ဆိုလေသည်။
ကာယဉ္စ၊ ပုရိသဗီဇရုပ် အဖို၏ သုတ်သွေး၌ ပါရှိသော ကာယပသာဒရုပ်ကို လည်းကောင်း။ ဖောဋ္ဌဗ္ဗေ စ၊ ဣတ္ထိဗီဇရုပ် အမ၏သုတ်သွေး၌ ပါရှိသော ဖောဋ္ဌဗ္ဗရုပ်တို့ကိုလည်းကောင်း။ ပဋိစ္စ၊ အမှီသဟဲ အစွဲပြု၍။ ကာယဝိညာဏံ၊ ပဋိသန္ဓေဝိညာဏ် နာမ်၏ မျိုးစေ့သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဤပါဠိတော်အရ ပဋိသန္ဓေဝိညာဏ် ဆိုသည်ကား အခြားမဟုတ်၊ ကာယဝိညာဏ်သာ ဖြစ်၏ဟု သံသယကင်းစွာ မှတ်ယူကုန်ရာ၏ ဟူ၍ ဦးဥက္ကဋ္ဌသည် သူ၏ ဗုဒ္ဓအဘိဓမ္မာစာအုပ် ၁၃၄-၁၃၅ ၌ ပြောင်ပြောင်တင်းတင်း ရေးသားခဲ့သည်။
ဆက်လက်၍ “ထိုမှတစ်ပါး ပဋိသန္ဓေခဏ၌ ကာယ-ဘာဝ-ဝတ္ထုဟူသော ရုပ်ကလာပ် သုံးစည်းသာ ဖြစ်သည် ဟူသော အဘိဓမ္မာကျမ်းဂန်များ၏ အဆိုကို ထောက်၍လည်း အခြားသော ဝိညာဏဓာတ်များ ဖြစ်ထွန်းပေါ်ပေါက်ရန်အကြောင်း မလုံလောက်သေးကြောင်း ပိုမိုထင်ရှားချေသည်”ဟု ကွန့်လိုက်သေး၏၊ သူဆိုလိုသည်မှာ ပဋိသန္ဓေအခါမှာ ကာယဝိညာဏ်သာ ဖြစ်သည်ဟူလို။
ထေရဝါဒ ဗုဒ္ဓအဘိဓမ္မာသမိုင်း၌ ပဋိသန္ဓေအခါတွင် ပဋိသန္ဓေစိတ် ၁၉-ခု မှတစ်ပါး မည်သည့်ပဉ္စဝိညာဏ်ဝိပါက်စိတ်များမှ ဖြစ်သည်ဟု မရှိဘူးချေ။ ပဋ္ဌာန်းပါဠိတော်နှင့်တကွ သံဂါယနာ ခြောက်တန်တင်သည့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌မျှ ပဋိသန္ဓေနေသော စိတ်သည် ကာယဝိညာဏ်စိတ်ဟူ၍ ဟောကြားဖွင့်ဆိုချက် မရှိချေ၊ မရှိသော အရာဖြစ်၍ မဟောခြင်း, မဖွင့်ခြင်း ဖြစ်ပေသည်။ လက်ရှိထေရဝါဒ ပိဋကတ်ကျမ်းစာများအပြင် အဘိဓမ္မ, ကောသ, အဘိဓမ္မသမုစ္စယပညတ္တိ မတ္တတာသိဒ္ဓိစရှိသော မြောက်ပိုင်းအဘိဓမ္မာကျမ်းများ၌လည်း ကာယဝိဉာဏ်စိတ်ဖြင့် ပဋိသန္ဓေနေသည်ဟု မည်သည့်အခါမျှ ဟောပြောရေးသား ဖွင့်ဆိုခြင်း မရှိဘူးချေ။ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ် အခြေခံအကြောင်းတစ်ချက်ဖြစ်သော ဂန္ဓဗ္ဗအယူဝါဒသည် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သော အဓမ္မဝါဒသာဖြစ်ကြောင်း အမှတ်(၂) သီးခြားဝိနည်းဓိုရ် ဆရာတော်များ သုံးသပ်တော်မူသည်။
အထည်ကိုယ် လူသေလူဖြစ်ဝါဒ စိစစ်ဆုံးဖြတ်ချက်
၇၁။ ရှေ့တွင် ဖော်ပြခဲ့ပြီးသော စိစစ်ချက်များဖြင့် လူသေလူဖြစ်ကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ပေးရန် စောဒနာချက်ကို ချေပသောဓနာသော သခင်မြတ်ဆိုင်၏ အကိုးအထောက်များ မှားယွင်းဖောက်ပြန် မမှန်သည့် အကြောင်းကို ဖော်ပြခဲ့ပြီး ဖြစ်၏၊ ထို့ပြင် လူသေလူဖြစ်ကို နန်းတင်ရန် ပလ္လင်ခံသော အချက်များထံမှ “သန္ဒိဋ္ဌိက” ကိစ္စ, အနုမာနကိစ္စ, အတ္တဝါဒုပါဒါန်ကိစ္စ ကံပယ်သည့်ကိစ္စ စသည်တို့ကိုလည်း မည်သို့မှားယွင်းနေကြောင်း စိစစ်ဝေဖန်ပြခဲ့ပေပြီ။ လူသေလူဖြစ်ဝါဒကို တည်ဆောက်ရာ၌ ၃၁-ဘုံကိစ္စ ဘာသာ သာသနာပယ်ကိစ္စ, အတိတ် အနာဂတ်ပယ်ကိစ္စ အဘိဓမ္မာပယ်ကိစ္စ, စသည်တို့နှင့် ဘုရားဟောပါဠိတော်များကို အမျိုးမျိုးအဖုံဖုံ မညှာမတာ ဖျက်ဆီးသည့်ကိစ္စများကို ရှေ့လာမည့် ဝိနိစ္ဆယများတွင် ဆက်လက်စိစစ်ဝေဖန်သွားမည် ဖြစ်၏၊ ယခုအခါတွင်မူ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ အထည်ကိုယ်ကို ဝေဖန်စိစစ် ဆုံးဖြတ်ပေးအံ့။
ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒအထည်ကိုယ် တည်ဆောက်ချက်ကား ဘာမျှ ဟုတ္တိပတ္တိ မရှိချေ၊ “လူသေရင် လူဖြစ်မြဲသကွာ”ဟု အရပ်ထဲမှာ ပြောသော စကားလုံးထက် အနည်းငယ်မျှသာ အပိုအမိုပါသည်။ ဦးဥက္ကဋ္ဌတို့လူစူ အင်တိုက်အားတိုက် နှစ်ရှည်လများ ကြိုးစားနေကြရသည့် အချက်သည်ကား အခြားမဟုတ်၊ ဗုဒ္ဓဝါဒ ဖျက်ဆီးရေးပင် ဖြစ်၏၊ မှန်၏၊ ဗုဒ္ဓဝါဒ ကြံကြံခံရပ်တည်နေသမျှ လူသေလူဖြစ်ဝါဒ မရပ်တည်နိုင်သောကြောင့် ဖြစ်၏၊ ဤသို့ ဗုဒ္ဓဝါဒပျက်စီးအောင် ပြုလုပ်ရာ၌ ဦးဥက္ကဋ္ဌတို့ ဦးတည်တိုက်ရမည့် အရာနှစ်မျိုးမှာကား ပိဋကတ်စာပေနှင့် ထိုပိဋကတ်စာပေကို ထိန်းသိမ်းကာကွယ်နေကြသော ရဟန်း သံဃာများ (ဝါ) ဘုန်းကြီးများပင် ဖြစ်ပေသည်။ ထို့ကြောင့်ပင် ပိဋကတ်စာပေကို နည်းမျိုးစုံဖြင့် မွှေနှောက်ဖျက်ဆီးခြင်း, ရဟန်းသံဃာများနှင့် ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများ အဆက်အသွယ်ပြတ်သွားအောင် ကြိုးစားခြင်းတို့ကို ပြုလုပ်ကြခြင်း ဖြစ်ပေသည်။
၇၂။ သို့သော် ဦးဥက္ကဋ္ဌသည် “လူသေလူဖြစ်ဝါဒ” ကို သဲသဲမဲမဲ တည်ထောင်လှလိုသူဟုလည်း မဆိုသာချေ။ သူ၏ရေးသားချက်များအရ လူသေလူဖြစ်သည် ဒုတိယအဆင့်၌သာ ရှိနေသည်။ သူ၏ ပထမဦးစားပေး ဝါဒမှာ ပုခက်နှင့်ခေါင်းကြားဟူသော ပစ္စုပ္ပန်တစ်ဘဝဝါဒသာ ဖြစ်ပေသည်။ ထို့ကြောင့် သေပြီး လုပ်တိုင်းကုန်း၏ နောက်မှာ မရေရာသည့်အကြောင်း တဖွဖွပြောခြင်း တပည့်များအား အပြောခိုင်းခြင်း ဖြစ်ပေသည်။ ဤကဲ့သို့ တစ်ဘဝဝါဒ ထူထောင်ခြင်းကား အခြားကြောင့်မဟုတ်၊ ရုပ်ဝါဒကို အသည်းခိုက်အောင် စွဲမြဲယုံကြည်ထားသောကြောင့် ဖြစ်ပေသည်။ သူသည် စ-သ-ဃ-ဇ-က ဟူသော ပသာဒရုပ်ငါးပါး၏ အမြင်တွေ့ကိုသာ ကိုယ်တိုင်လက်ခံပြီး သူတစ်ပါးတို့လည်း လက်ခံကြရန် အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သူဖြစ်ကြောင်း တွေ့နိုင်ပေသည်။
သို့ဖြစ်သောကြောင့် တောင်တွင်းကြီး ဦးဥက္ကဋ္ဌ၏ အဓိကဝါဒမှာ ရုပ်ဝါဒကို အခြေခံသော နောင်ဘဝမရှိ၊ ဥစ္ဆေဒဝါဒသာ ဖြစ်၏၊ “အကယ်၍ ဖြစ်အုံးမည်ဆိုလျှင်”ဟူသော သူ၏ စကားအရ ရုပ်ဝါဒကို အခြေခံသော လူသေလူဖြစ် မြဲသည်ဆိုသည့် သဿတဝါဒသည် ဦးဥက္ကဋ္ဌ၏ သာမညဝါဒဖြစ်ကြောင်း တွေ့ကြရပေသည်။ ထိုကဲ့သို့ ရုပ်ဝါဒကိုအခြေခံသော နောင်ဘဝမရှိ ဥစ္ဆေဒအယူ၊ လူသေလူဖြစ် မြဲသည်ဟူသော သဿတအယူတည်းဟူသော လက်နက်မျိုးစုံတို့ဖြင့် ဗုဒ္ဓသာသနာတော် တစ်ရပ်လုံးကို ပစ်ခွင်း ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ယခု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)၏ ရှေ့မှောက်၌ ပြည်သူများ ရှင်းရှင်းလင်းလင်း သိခွင့်ရကြပြီး ဖြစ်ပေသည်။
၇၃။ ဦးဥက္ကဋ္ဌ၏ သာမညဖြစ်သော လူသေလူဖြစ်ဝါဒနှင့် စပ်လျဉ်း၌ သူ၏လူသေလူဖြစ်စာအုပ်နှင့် သခင်မြတ်ဆိုင်၏ လူသေလူဖြစ်ပြဿနာ စသော ဆိုင်ရာ စာအုပ်တို့ကို အသေးစိတ် သုံးသပ်ကြည့်ရာတွင် “လူသေလူဖြစ်”ကို တိုက်ရိုက်ဖော်ထုတ်သော ဘဘောတရားပိုင်းဆိုင်ရာ အချက်အလက်က များစွာမရှိဘဲ ဗုဒ္ဓသာသနာ တစ်သာသနာလုံးကို တိုက်ခိုက်ဖျက်ဆီးနေသည့်အချက် များစွာကိုသာ တွေ့ရပေသည်။
လူသေလူဖြစ်စာအုပ် ထက်ဝက်ကျော်လောက်သည် ဘာသာ သာသနာ ရဟန်း သံဃာ ဘုန်းကြီး စေတီပုထိုး ဓာတ်တော် ဆံတော် ကမ္မဝါဒစသည်တို့ကို ဝေဖန်တိုက်ဖျက်ချက်သာ ဖြစ်သည်ကို တွေ့ရသည်။ ကျန်ထက်ဝက်ခန့်သည် မျောက်မှ လူဖြစ်လာသည်ဆိုသော ဒါဝင်ဝါဒကို မျောက်ရုပ်ပုံကြီးများဖြင့် တစ်ခမ်းတစ်နား ပြထားချက်သာ ဖြစ်သည်။ လူသေလူဖြစ်ကို တိုက်ရိုက်ဖော်ပြသော စာမျက်နှာကား လုံး၍ဆုပ်လျှင် လက်တစ်ဆုပ်စာမျှ မရှိချေ။
၇၄။ လူသေလူဖြစ်ဝါဒကို ပြောရာ၌ အဓိကအားပြုသော အချက်မှာ ဒါဝင်ဝါဒပင်ဖြစ်သည်။ ဒါဝင်ဝါဒအရ လူသည် နောက်ဆုံးအဆင့်ရောက်နေသော သတ္တဝါမျိုးဖြစ်သည် ဆို၏၊ လူထက် နောက်တစ်ဆင့် တိုးတက်ဖြစ်စရာ မရှိတော့ဟု ဆို၏၊ လူအဆင့်မှ ပြန်ပြီး လျှောကျရန်လည်း မဖြစ်နိုင်တော့ဟု ဆို၏၊ ထိုအချက်ကို အခြေခံပြီး ဦးဥက္ကဋ္ဌက အကယ်၍ လူသေပြီးနောက် ဖြစ်အုံးမည်ဆိုလျှင် လူပင်ပြန်ဖြစ်ရမည်ဟု ဆိုပေသည်။ အကယ်၍ ဆိုသဖြင့် လူသေပြီးနောက် ဘာမှမဖြစ်ဘဲလည်း နေချင်နေမည်ဟု ဆိုရာရောက်ပေသည်။
ဤသို့ ဒါဝင်ဝါဒကို မူတည်ပြီး ဤအတိုင်းဖြစ်ပုံကို ဦးဥက္ကဋ္ဌက သူလက်လှမ်းမှီသမျှ ယုတ္တိပြ၏၊ ရွှေသည် အန္တိမဓာတ်ဖြစ်နေ၍ ရွှေပျက်လျှင် ရွှေသာပြန်ဖြစ်သည် ဆို၏၊ ထို့ကြောင့် သတ္တဝါလောကတွင် အန္တိမ နောက်ဆုံးအဆင့် ရောက်နေသော လူသည်လည်း အခြားပြောင်းလဲ ဖြစ်စရာမလိုဘဲ လူသာပြန်ဖြစ်ရမည် ဆို၏၊
၇၅။ တစ်ဖန် မန်ကျည်းပင်မျိုးမှ တမာပင်ပေါက်ရိုး မရှိ၊ မန်းကျည်းပင်သာ ပေါက်ရသည်၊ ထိုနည်းတူ လူမျိုးမှ လူပဲ ပြန်ဖြစ်ရမည်ဟု ကျားကန်ထားသည်ကို တွေ့ရသည်။ ရွှေနှင့် မန်ကျည်းပင်တည်းဟူသော သက်မဲ့ရုပ်ဝတ္ထုပစ္စည်းတို့ကို သက်ရှိသတ္တဝါနှင့် ထပ်တူပြု၍ ဖော်ပြထားသည်ကို တွေ့ရပေသည်။
ဤတွင် ဒါဝင်ဝါဒ၏ စိတ်ကူယဉ်ဆန်လှပုံကိုလည်းကောင်း၊ ရွှေသည် အန္တိမဓာတ် မဟုတ်ပုံကိုလည်းကောင်း၊ လူနှင့်မတူသော ရွှေ သစ်ပင်တို့ကို နှိုင်းယှဉ်မှုမှားယွင်းနေသည်ကိုလည်းကောင်း ဤသို့သော အချက်တို့ကို ပညာရှင်တို့က စိစစ်ဝေဖန်ခဲ့ကြပြီးဖြစ်၍ လူသေလူဖြစ်သည် ဦးဥက္ကဋ္ဌ၏ တပည့်သာဝကများ၏ စွန့်ပစ်ခြင်းကိုပင် ခံနေရပြီ ဖြစ်သည်။ ယခုအခါ၌ နောင်ဘဝတွင် အပါယ်လေးပါး ကျရောက်ရန် အတော်ကလေး ကျိန်းသေနေသော ဒုစရိုက်သမား အနည်းငယ်မျှလောက်သာ လူသေလူဖြစ်ကို ယောင်ယမ်းမြည်တမ်းမိသော အဆင့်တွင်ရှိချေသည်။
၇၆။ သို့ရာတွင် ဝိနည်းဓိုရ် ဆရာတော်များအနေဖြင့် တာဝန်အရ အဆုံးအဖြတ်ပေးရမည် ဖြစ်ပေသည်။ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒသည် ဘုရားဟောပါဠိတော် အဋ္ဌကထာ ဋီကာအားလုံးနှင့်ပင် ဆန့်ကျင်သည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် လူသေလူဖြစ်တွင် ကြားခံဝါဒ (အန္တရာ ဘဝဝါဒ) ရုပ်တရားသာ မြဲပြီး နာမ်တရား မမြဲဟုယူသောဧကစ္စသဿတဝါဒ လူသေပြီး လူပြန်အဖြစ် မြဲသည်၊ ဤလူပင် နောက် လူပြန်ဖြစ်သည်။ ဤဘဝ ရုပ်သည်ပင် နောင်ဘဝသို့ လိုက်ပါပြီးပြန်ဖြစ်သည်ဟူသော သဿတဒိဋ္ဌိအယူတို့ ပါဝင်နေသောကြောင့် ဖြစ်ပေသည်။ မည်သည့် ဘုရားဟောပါဠိတော် အဋ္ဌကထာ ဋီကာတို့၌မျှ အန္တရာဘဝဝါဒ, ဧကစ္စသဿတဝါဒ, သဿတဒိဋ္ဌိ အယူတို့ကို လက်သင့်မခံသောကြောင့် ဖြစ်ပေသည်။
ဤတွင် လူသေလူဖြစ်မြဲသည်ဟူသော ဝါဒမှားယွင်းပုံကို သိသာရုံမျှ ဒိဗ္ဗစက္ခု ဉာဏကထာဖြင့် မီးမောင်းထိုး၍ ဖော်ပြအပ်ပေသည်။ မြတ်စွာဘုရား ရရှိသော ဝိဇ္ဇာသုံးပါးတို့တွင် ဒိဗ္ဗစက္ခုဉာဏ် ပါရှိသည်။ မြတ်စွာဘုရားသည် ထိုဒိဗ္ဗစက္ခုဉာဏ်ဖြင့် လောကကိုကြည့်သောအခါ ဤသို့တွေ့မြင်ရကြောင်း အထင်အရှား ဟောကြားထားတော်မူလေသည်။
ငါဘုရားသည် အလွန်သန့်စင်သော လူတို့၏ မျက်စိအမြင်ထက်ပို၍ မြင်နိုင်စွမ်းသော နတ်မျက်စိ အမြင်ဖြင့် သတ္တဝါတို့ကို ကြည့်ရာတွင် သေဆဲ၊ မွေးဆဲ သတ္တဝါတို့ကိုလည်း မြင်၏၊ ယုတ်, မြတ်, လှ, ဆိုး, သတ္တဝါ အမျိုးမျိုးကိုလည်း မြင်၏၊ ကံအားလျော်စွာ သုဂတိ ဒုဂ္ဂတိဖြစ်ကြသော သတ္တဝါတို့ကိုလည်း မြင်၏၊ ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်တို့ကို ပြုလုပ်ပြည့်စုံနေသူ၊ အရိယာသူတော်ကောင်းတို့ကို ပက်ပက်စက်စက် ဝေဖန်ပုတ်ခတ်သူ၊ အယူမှား အမြင်မှားနေသူ၊ တပည့်နောက်လိုက်တို့အား အယူမှားကို သွင်းပေးသူ၊ ဤသို့သောသူမျိုးသည် သေပြီးနောက် ချမ်းသာကင်းသော မကောင်းသောလားရာဖြစ်သော ဖောက်ပြန်ပျက်စီး၍ ကျရာဖြစ်သော ငရဲသို့ကျရောက်ကြရ၏၊ ထိုသို့မဟုတ်မူ၍ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တို့ကို ပြုလုပ်ပြည့်စုံနေသူ၊ အရိယာသူတော်ကောင်းတို့ကို မစော်ကား မပြစ်မှားသူ၊ အယူမှန် ယူသူ၊ မိမိအယူမှန်ကို သူတပါးတို့အား တည်ဆောက်စေသူ၊ ဤသို့သောသူတို့သည် သေပြီးနောက် ကောင်းသောလားရာဖြစ်သော တင့်တယ်သော လူ့ပြည်၊ နတ်ပြည်သို့ ရောက်ကြကုန်၏၊ ဤသို့လျှင် ကံအားလျော်စွာ ထိုထိုဘုံဘဝတို့သို့ ကပ်ရောက်ကြရသော သတ္တဝါတို့ကို ငါဘုရားမြင်တော်မူသည်။ (ဝိနည်းပါရာဇိကဏ်ပါဠိတော် စသည်)။
ဤဘုရားအမြင်နှင့် ဦးဥက္ကဋ္ဌ၏ စိတ်ကူးယဉ် အဘယ်မျှ ကွာခြားနေသည်ကို အထင်အရှား သိသာနိုင်ကြပေသည်။ တနည်းဆိုရသော် ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်သည် ဘုရားဟော ဓမ္မဝိနယနှင့် လုံးဝဆန့်ကျင်နေကြောင်း သိသာထင်ရှားပေသည်။ အမှန်စင်စစ် ဦးဥက္ကဋ္ဌ ကံမကောင်းသည့်အချက်မှာ လူသေလူဖြစ်သည် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ရုံမျှမက သူ့ကိုသူပင် ပြန်ဆန့်ကျင်နေသော အချက် ဖြစ်၏၊ သူသည် စ သ ဃ ဇ က ဟူသော ပသာဒရုပ်ငါးပါးကိုသာ အခိုင်အမာကိုင်သူ ဖြစ်ပါလျက် မျက်မြင် ကြားနာ ကိုယ်တွေ့မဟုတ်သော လူသေလူဖြစ်ဝါဒကိုမှ တည်ထောင်မိရက်သား ဖြစ်ရှာသောကြောင့်ပေတည်း။ ဘုရားကိုလည်း ဆန့်ကျင် ကိုယ့်ကိုယ်ကိုလည်း ဆန့်ကျင်သော ဦးဥက္ကဋ္ဌဖြစ်ကြောင်း တွေ့ရပေသည်။
၇၇။ [ဦးဥက္ကဋ္ဌနှင့် တပည့်နောက်လိုက်တို့အနေဖြင့် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သော ရုပ်ဝါဒကို ယုံကြည်ချင် ယုံကြည်၊ လူသေလူဖြစ်ကို ယုံကြည်ချင်ယုံကြည်၊ ထိုသို့ ယုံကြည်ရုံမျှဖြင့် သီးခြားဝိနိစ္ဆယရုံးတော်သို့ စုဒိတကအဖြစ် ရောက်လာမည်မဟုတ်၊ မှန်ပေ၏- အခြားသောရုပ်ဝါဒီများ ဘာသာခြားများ ဤရုံးတော်သို့ မရောက်ကြသည်မှာ ထင်ရှားသော အချက်တည်း။ ]
ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့်တကွ လက်ကြွင်းလက်ကျန် တပည့်လက်သားများ ဤရုံးတော်သို့ ရောက်လာပြီး စုဒိတကဖြစ်ကြသည်မှာ အခြားကြောင့်မဟုတ်၊ မိမိတို့ ယုံကြည်ထားသော ရုပ်ဝါဒ လူသေလူဖြစ်ဝါဒအတွက် လမ်းရှင်းပေးလိုသည့်အနေဖြင့် နှစ်ပေါင်း ၂၅၀၀-ကျော် ကာလတိုင်တိုင် အများပြည်သူ ရဟန်း ရှင်လူ သန်းပေါင်းများစွာတို့၏ ယုံကြည်ကိုကွယ်ရာဖြစ်သော ပိဋကတ်ကျမ်းဂန်များ၊ ပိဋကတ်ဆောင် ရဟန်းသံဃာများကို ဖျက်ဆီးရန် ကြိုးစားကြသည့်အတွက် ဖြစ်ပေသည်။ တနည်းဆိုရသော် သူတပါး၏ ယုံကြည်ချက်ကို ထိပါးစော်ကားကြသည့်အတွက် ဖြစ်ပေသည်။ ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့သည် သည်းခံမှုတရား ကြီးမားသောသူများ ဖြစ်ကြ၍သာ ဦးဥက္ကဋ္ဌတို့ လူစုအနေဖြင့် ယခုလောက် အတင့်ရဲခွင့် ရကြခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာနေရာ၌ အခြားသာသာ ပိဋကတ်တော်နေရာ၌ ဟိုဒီကျမ်းစာများကို အစားထိုးကြည့်ပါလျှင် ဦးဥက္ကဋ္ဌတို့လူစု ယခုလောက် အချိန်ကြာကြာ တိုက်ခိုက်ဖျက်ဆီးချိန် ရကြမည် မဟုတ်ပေ။
၇၈။ ဤသို့သော အကြောင်းများကြောင့် ဗုဒ္ဓသာသနာတော်တွင်း၌ မြွေပွေး ခါးပိုက်ပိုက် ဆိုဘိသကဲ့သို့ နှစ်ရှည်လများ ခံစားလာခဲ့ရသော လူသေလူဖြစ်ဆိုင်ရာ ဝိဝါဒါဓိကရုဏ်း ရောဂါဆိုးကြီး ကင်းငြိမ်းပျောက်ကွယ်စေရန် အလို့ငှာ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့် ၎င်းကို ပံ့ပိုးထားသော အချက်အလက် ဟူသမျှသည် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ထေရဝါဒ ဗုဒ္ဓဝါဒနှင့် လုံးဝဆန့်ကျင်သော အဓမ္မဝါဒ စစ်စစ်ဖြစ်ကြောင်း နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အဖွဲ့အမှတ်(၂) ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော် မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့၊ အမှတ်-၂စောဒနာ အမှတ်(၃)၃၁-ဘုံပယ်ဝါဒ ဝိနိစ္ဆယ၃၁-ဘုံပယ်ထားခြင်းနှင့် ပတ်သက်၍ ဝိနည်းဓိုရ်ဆရာတော်များ၏ဝေဖန်သုံးသပ်ချက်။
၁။ စောဒကဆရာတော်များက အမှတ်(၃) စောဒနာအဖြစ်ဖြင့် လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် (၃၁)ဘုံကို ဘုရားဟောခဲ့ပါလျက် မဟောလေဟန် လုပ်ကြံစွပ်စွဲမှု အမျိုးမျိုး ပြုလုပ်ခဲ့ကြပါသည်ဟု စောဒနာတင်သွင်း ထားကြသည်။ ထိုစောဒနာ၌ စုဒိတကတို့၏ အမှားများကို ထောက်ပြလျက် သက်သေခံ အဖြစ်-
(က) လူသေလူဖြစ် စာအုပ်၊ နှာ-၇-ပါ စာပိုဒ်
(ခ) လူသေလူဖြစ် စာအုပ်၊ နှာ-၁၁-ပါ စာပိုဒ်
(ဂ) လူသေလူဖြစ် စာအုပ်၊ နှာ-၉၉-၁၀၀-ပါ စာပိုဒ်
(ဃ) လူသေလူဖြစ် စာအုပ်၊ နှာ-၁၅၅-ပါ စာပိုဒ်
(င) ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ်၊ နှာ-၁၄၇-ပါ စာပိုဒ်
(စ) ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ်၊ နှာ-၂၁၀-၂၁၁-ပါ စာပိုဒ်
(ဆ) အစွဲပြုတ်တဲကုတ် ရွှေနန်းတော် စာအုပ်၊ နှာ-၅၄-ပါ စာပိုဒ်
(ဇ) နတ်နှင့်ငရဲ ဘယ်မှာလဲ စာအုပ်၊ နှာ-၁၀-ပါ စာပိုဒ်
ပါ စာများကို ထုတ်ဆောင်တင်ပြရုံသာမက ထိုစာအုပ် အားလုံးကိုလည်း ဤရုံးတော်သို့ သက်သေခံအဖြစ် တင်ပြကြလေသည်။
၂။ ဤအချက် ၉-ချက်အပြင် “ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ၃၁-ဘုံသည် တကယ်မရှိ စိတ်ကူးယဉ် ဥပါဒါန်အစွဲမျှသာ ဖြစ်သည်ဟု ဆိုသည့်အပြင် ဘုရားမဟောသော (လောကသမုဒယဉ္စ အတ္ထိ၊ လောက နိရောဓဉ္စ နတ္ထိ)ဟူသော လက်ဖြစ်ပါဠိမှား၊ လက်ဖြစ်အဓိပ္ပါယ် အယူအဆမှားတို့ကို ဘုရားဟော ဖြစ်လေဟန်ပင် လိမ်ညာ၍ ဆိုထားကြပါသည်ဘုရား”ဟူသော စွဲချက်ကိုလည်း တင်သွင်းကြလေသည်။
၃။ ထို့နောက် ထပ်ဆင့်တင်သွင်းအပ်သော ဝိသေသစောဒနာ၌ ဆဋ္ဌမူ ဧကနိပါတ်၊ အင်္ဂုတ္တရပါဠိ၊ နှာ-၃၉-နှင့် ယင်းပါဠိ၏ မြန်မာပြန်ကိုလည်းကောင်း၊ ဝိဘင်းပါဠိတော် နှာ-၄၂၇-၄၃၇-နှင့် ယင်းပါဠိ၏ မြန်မာပြန်ကို လည်းကောင်း၊ သဋ္ဌိနိပါတ်၊ သံကိစ္စဇာတ်၊ နှာ-၆၀ ကို လည်းကောင်း ထုတ်ဆောင်ကိုးကား၍ ၃၁-ဘုံ ရှိကြောင်း သက်သေထူသွားလေသည်။
၄။ သို့ဖြစ်၍ ၃၁-ဘုံကို လက်မခံသော စုဒိတကတို့၏ ဝါဒမှာ ဘုရားဟော ဒေသနာများနှင့် ဆန့်ကျင်သောကြာင့် စင်စစ် အဓမ္မဝါဒသာဖြစ်ကြောင်း စွဲချက်တင်ထားကြပေသည်။
၅။ အဓမ္မဝါဒီအဖြစ် စွဲဆိုခြင်းခံရသော စုဒိတက(တရားခံ) ၇-ဦးအနက် ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်မှ ဦးဥဇ္ဇောတိက၊ တောင်တွင်းကြီးမြို့၊ နေရှင်နယ်ကျောင်းမှ ဦးဇဝန၊ တောင်တွင်းကြီးမြို့၊ ငါးဆင့်ကျောင်းမှ ဦးဇဝနနှင့် တောင်တွင်းကြီးမြို့၊ နတ်မှီကျောင်းမှ ဦးဆန္ဒာဓိက လေးဦးသားတို့က ဤ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော စောဒနာကို သောဓနာခြင်း (ခုခံခြေပခြင်း) လုံးဝမပြုခဲ့ကြချေ၊ ဤသို့ချေပမှုမပြုခြင်းအားဖြင့် ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူ၍ ဦးဥက္ကဋ္ဌဝါဒီအချို့ ဟောပြောရေးသားချက်သည် မှားယွင်းကြောင်း ဝန်ခံပြီးဖြစ်သည်။ ထို့ပြင် စောဒကဆရာတော်များ တင်သွင်းသည့်အတိုင်း ၃၁-ဘုံကို ဘုရားဟောခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံပြီးလည်း ဖြစ်ပေသည်။
၆။ ဤကဲ့သို့ စာပေပရိယတ်ကို သင်ကြားဖူးကြသော ဆရာတော်များက (အမှားကို အမှား၊ အမှန်ကို အမှန်) ဝန်ခံကြသော်လည်း ဗုဒ္ဓစာပေ ပရိယတ်ကို အခြေခံမှစ၍ ဆရာကောင်းထံ ချဉ်းကပ်၍ ဖြစ်ဖြစ်မြောက်မြောက် မသင်ဖူးကြသော သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ လူဝတ်ကြောင်များကသာ ဤစောဒနာချက်ကို ချေပကြပေသည်။
၇။ ယင်းသို့ချေပရာတွင်လည်း သခင်မြတ်ဆိုင်နှင့် သုတေသနအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးခင်ဟန်တို့သည် အချင်းချင်း မညီညွတ်မူ၍ တသီးတခြားစီ ချေပလျှောက်ထားခဲ့ကြသည်။
သခင်မြတ်ဆိုင် ချေပလွှာကို စိစစ်သုံးသပ်ခြင်း
၈။ ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော ကိစ္စနှင့်ပတ်သက်၍ သခင်မြတ်ဆိုင်က အင်္ဂုတ္တိုရ် ဆက္ကနိပါတ်၊ ဘဝသုတ် စသည်များကို ကိုးကားတင်ပြ၍ ချေပခဲ့လေသည်။ သခင်မြတ်ဆိုင်၏ ချေပချက်များကို ဝိနည်းဓိုရ်ဆရာတော်များက စိစစ်သုံးသပ်၍ ကောက်ချက်ချကြည့်ရာတွင် “မြတ်စွာဘုရားသည် ဘဝကို အားမပေးကြောင်း”ဟူသော အချက်တစ်ခုကိုသာ တွေ့ရပေသည်။
၉။ သခင်မြတ်ဆိုင်၏ စကားအရဆိုသော် “ဤကဲ့သို့သော သုတ္တန်အထောက်အထားများအရ ဗုဒ္ဓဘုရားရှင်သည် လူနတ်ဗြဟ္မာ တည်းဟူသော ဘဝကို အားမပေးကြောင်း”ဟူ၍ပင်ဖြစ်သည်။
၁၀။ သခင်မြတ်ဆိုင်၏ ချေပချက်ဖြစ်သော အထက်ပါ လိုရင်းစကားရပ်ကို သေချာစွာ စိစစ်၍ ကောက်ချက်ချကြည့်သောအခါ ၃၁-ဘုံ၊ ၃၁-ဘဝသည် ရှိကြောင်း၊ သို့သော်လည်း ဗုဒ္ဓဘုရားရှင်က ထိုဘဝတို့ကို အားပေးခြင်းမရှိကြောင်း အဖြေထွက်လျက် ရှိပေသည်။ တစ်ဆက်တည်းပင် ၃၁-ဘုံဝါဒကို ဗုဒ္ဓလက်မခံဟူသော အယူဝါဒ (သို့တည်းမဟုတ်) နတ်ဘုံ၊ ငရဲဘုံမရှိဟူသော အယူဝါဒသည်လည်း မှားယွင်းသော အယူဝါဒပင်ဖြစ်ကြောင်း ဆိုရာရောက်ပေသည်။
၁၁။ သခင်မြတ်ဆိုင် ကိုးကားတင်ပြသော ဘာသာပြန်စကားရပ်များကို သုံးသပ်ရာတွင် အချက် ၂-ချက်ကို ထင်ရှားစွာ တွေ့ရပြန်သည်။ ပထမအချက်မှာ သခင်မြတ်ဆိုင်သည် ပါဠိတော်မြန်မာပြန်စာအုပ်များမှ ရေးကူးရာ၌ပင် မှန်ကန်စွာ မရေးကူးနိုင်ခဲ့သည်ကို တွေ့ရသည်။ ပါဠိမြန်မာပြန် မူရင်းနှင့် ချွတ်ယွင်းနေသည်ကို တွေ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ အမှုစစ်ဆေးရာ၌ ၎င်းကိုယ်တိုင် အကြိမ်ကြိမ် ဝန်ခံခဲ့သည့်အတိုင်း ပိဋကတ် မကျွမ်းကျင်ရှာ၍ ဖြစ်ရသည်ဟု ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
၁၂။ ဒုတိယအချက်မှာ ဘဝနှင့်တဏှာ သရုပ်မကွဲသည့် အချက်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သခင်မြတ်ဆိုင် အကိုးအကားပြု၍ တင်ပြသော သုတ်တော်များ၏ ဟောကြားချက်များသည် ဘဝကိုတွယ်တာမှုနှင့် ပတ်သက်၍ ဝေဖန်ဟောကြားသော သုတ်များသာ ဖြစ်ပေသည်။ ဘဝမရှိ (ဘုံမရှိ) ဟူ၍ ဟောကြားသော သုတ်များ မဟုတ်ချေ။ နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ်တို့တွင် ၃၁-ဘုံ မရှိဟု ဟောကြားချက် လုံးဝမရှိချေ။
၁၃။ ဘဝနှင့်တဏှာ သီးသန့် ကြားကန့်၍ သဘောပေါက်နားလည်နိုင်မှုသည်လည်း လွယ်ကူသော အရာမဟုတ်ပေ၊ သဘောရိုးဖြင့် ဆရာကောင်း သမားကောင်းထံ ချဉ်းကပ်၍ သင်ယူကြားနာလေ့လာဆည်းပူးမှသာ သိနိုင်စကောင်းသော အရာဖြစ်သည်။ သခင်မြတ်ဆိုင်မှာမူ (ထွက်ဆိုချက်အရ) ဦးဥက္ကဋ္ဌမှတစ်ပါး အခြားသော ဆရာကောင်း သမားကောင်းများထံ ဖြစ်ဖြစ်မြောက်မြောက် ဆည်းကပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့ကြောင့်ပင် ဘဝတဏှာ ကင်းပြတ်ရေးအတွက် ဟောသော တရားတော်များကို ဘဝမရှိဟု ဟောသော တရားတော်များဟု အထင်ရောက်ကာ ယခုလို ကိုးကားချေပမိခြင်း ဖြစ်ပေသည်။
၁၄။ အထောက်အထား တင်ပြသော သုတ်တရားတော်များအရ မြတ်စွာဘုရားသည် ဘဝဟူက လူ့ဘဝအပါအဝင် မည်သည့်ဘဝကိုမျှ ချီးမွမ်းခြင်း မပြုကြောင်း ထင်ရှားပေသည်။ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ရှင်ဖြစ်၍ ဘဝတဏှာမှ ကင်းလွတ်ရေးတရားကို ဟောရာ၌ ဘဝအားလုံးကို ရှုတ်ချရမည်မှာ သဘာဝကျပေသည်။ ဤကဲ့သို့ တဏှာပယ်သတ်ရေး တရားတော်များကို နတ်ဘုံ ငရဲဘုံများကို သုတ်သင်ရှင်းလင်းရေး လက်နက်အဖြစ် အသုံးချမိခြင်းသည် မှားခြင်းကြီးတစ်ရပ်ပင် ဖြစ်ပေသည်။
ဘဝသုတ်ကို သုံးသပ်ချက်
၁၅။ ယခုအခါ သခင်မြတ်ဆိုင် အကိုးအကားတင်ပြသော သုတ္တန်ပါဠိတော် မြန်မာပြန်များနှင့် စပ်လျဉ်း၍ တစ်သုတ်စီ တစ်သုတ်စီ သုံးသပ်ဖော်ပြသွားမည် ဖြစ်ပေသည်။
၁၆။ ရှေးဦးစွာ သခင်မြတ်ဆိုင်က အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဆက္ကနိပါတ်၊ ဘဝသုတ်ကို “ရဟန်းတို့ ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ အဘယ်ဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန် သနည်းဟူမူ ကာမ၊ ရူပ၊ အရူပ ဤဘဝ သုံးပါးတို့ကို ပယ်အပ်ကုန်၏”ဟု ဤသို့ တင်ပြကိုးကား ထားလေသည်။
၁၇။ ထိုဆက္ကနိပါတ်၊ ဘဝသုတ်ပါဠိတော်၏ ဆဋ္ဌမူမြန်မာပြန် အပြည့်အစုံမှာ ဤသို့ဖြစ်ပေသည်။
ရဟန်းတို့ ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ သိက္ခာသုံးမျိုးတို့၌လည်း ကျင့်အပ်၏၊ အဘယ်ဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်သနည်းဟူမူ . . . ကာမဘဝကိုလည်းကောင်း၊ ရူပဘဝကိုလည်းကောင်း၊ အရူပဘဝကိုလည်းကောင်း ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊
အဘယ်သိက္ခာသုံးမျိုးတို့၌ ကျင့်အပ်သနည်း၊ အဓိသီလသိက္ခာ၌ လည်းကောင်း၊ အဓိစိတ္တသိက္ခာ၌ လည်းကောင်း၊ အဓိပညာသိက္ခာ၌လည်းကောင်း ဤသိက္ခာသုံးမျိုးတို့၌ ကျင့်အပ်၏၊
ရဟန်းတို့ အကျင်အခါ၌ ရဟန်းသည် ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ ဤသိက္ခာသုံးမျိုးတို့၌လည်း ကျင့်အပ်သောအကျင့်ရှိ၏၊ ရဟန်းတို့ ထိုအခါ ဤရဟန်းကို တဏှာဖြတ်ပြီးသူ၊ သံယောဇဉ်ကို လွန်မြောက်ပြီးသူ၊ ကောင်းစွာ မာနကိုပယ်ခြင်းကြောင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသူ ဟူ၍ ဆိုအပ်၏၊ (အင်မြန်၊၂၊၄၈၈။)
၁၈။ ဤဘဝသုတ်တော်၌ ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝဟူသော စကားရပ်သည် ဥပစာအားဖြင့် ဟောသော စကား ဖြစ်၏၊ မုချအားဖြင့်မူကား ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံတို့၌ တပ်မက်သော တဏှာကိုသာ ဟောတော်မူသော စကားဖြစ်သည်။
၁၉။ ဤသုတ်တော်လာ “ပယ်အပ်ကုန်၏”ဟူသော စကားအရ ပယ်စရာ ရှိနေကြောင်း သိနိုင်၏၊ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံတို့သည် ရှိကုန်၏၊ ထိုဘုံတို့၌ စွဲလမ်းသော ကာမတဏှာ ရူပတဏှာ အရူပတဏှာတို့သည်လည်း ရှိကုန်၏၊ ထိုတဏှာတို့ကို ပယ်အပ်ကုန်၏ ဟူ၍ ဟောတော်မူခြင်း ဖြစ်သည်။
၂၀။ အမှန်အားဖြင့် တဏှာစသော အကုသိုလ်တရားတို့သည် ပယ်အပ်သော (ပဟာတဗ္ဗ) တရားတို့ဖြစ်ကုန်၏၊ ဘဝတို့၌ တပ်မက်သော တဏှာစသော အကုသိုလ်တရားတို့ကို ပယ်ရန်အတွက်သာ မြတ်စွာဘုရား ဟောတော်မူခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ဘဝသုတ်၏ နိဂုံးစကားရပ်၌ “ရဟန်းတို့ ထိုအခါ ဤရဟန်းကို တဏှာဖြတ်ပြီးသူ၊ သံယောဇဉ်ကို လွန်မြောက်ပြီးသူ၊ ကောင်းစွာ မာနကိုပယ်ခြင်းကြောင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသူ ဟူ၍ ဆိုအပ်၏”ဟု တဏှာပယ်ခြင်းကို ထင်ရှားစွာ ဟောတော်မူခဲ့ခြင်း ဖြစ်ပေသည်။
၂၁။ အကယ်၍ သခင်မြတ်ဆိုင် တင်သည့်အတိုင်း ကာမဘဝ ရူပဘဝ အရူပဘဝတို့ကို ပယ်ရမည်ဟု မုချအနက်ယူလျှင်လည်း ကာမဘဝ ရူပဘဝ အရူပဘဝ ရှိနေသည်ဟု အဓိပ္ပါယ် သက်ရောက်သည်ပင် ဖြစ်၏၊ အဘယ့်ကြောင့်ဆိုသော် ရှိနေသောအရာကိုသာလျှင် အပယ်ခိုင်းရန် လိုအပ်၏၊ မရှိသော အရာကိုမူ အပယ်ခိုင်းရန် မလိုအပ်သောကြောင့်ပေတည်း။
၂၂။ ထို့ကြောင့် သခင်မြတ်ဆိုင်တင်ပြသော ဤဘဝသုတ်သည် ၃၁-ဘုံကို ပယ်သောသုတ် မဟုတ်၊ ၃၁-ဘုံဝါဒကို လက်မခံဟူ၍ ဟောကြားသော သုတ်လည်းမဟုတ်၊ အမှန်စင်စစ် ၃၁-ဘုံရှိကြောင်းကိုပင် အတ္ထာပန္န စကားကျနည်းအားဖြင့် ညွှန်ပြသော သုတ်ဖြစ်နေပေသည်။
ဟာလိဒ္ဒိကာနိသုတ် သုံးသပ်ချက်
၂၃။ သခင်မြတ်ဆိုင်က ဒုတိယချေပချက်အဖြစ် ဟာလိဒ္ဒိကာနိသုတ်ကို ထုတ်ဆောင်၍ “သူကြွယ် အနာဂတ်ကာလ၌ ဤသို့သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏရှိသူ ဖြစ်ရလို၏၊ ဤကဲ့သို့ အနာဂတ်ဘဝကို ကြံသူသည် ဝဋ်ကို ရှေ့သွားပြုသူ မည်၏”ဟု တင်ပြထားလေသည်။
၂၄။ ဤသုတ်၌ပါသော အနာဂတမဒ္ဓါနံ ပုရက္ခာရော-အနာဂတ်ဘဝကို ကြံသူသည် ဝဋ်ကို ရှေ့သွားပြုသူ မည်၏ ဟူသော စကားကိုထောက်၍ အနာဂတ်ကာလ (အနာဂတ်ဘဝ) ရှိကြောင်းမှာ ထင်ရှားလေသည်။ သခင်မြတ်ဆိုင် ယူဆသကဲ့သို့ ၃၁-ဘုံ မရှိသည်မဟုတ်၊ ၃၁-ဘုံရှိသည်ဟူသော အဓိပ္ပါယ်ပင် သက်ရောက်၍နေပေသည်။
အဇ္ဈတ္တိကာယတနသုတ် သုံးသပ်ချက်
၂၅။ သခင်မြတ်ဆိုင်က တတိယချေပချက်အနေဖြင့် “ထေရဝါဒ ပိဋကတ် အင်္ဂုတ္တိုရ်၊ မဟာဝဂ္ဂသံယုတ်၊ သစ္စသံယုတ်၊ အဇ္ဈတ္တိကာယတနသုတ်တွင် . . .
“ဘဝသစ်ကို ဖြစ်စေသော သမုဒယသစ္စာဟူသည် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာတို့တည်း၊ ထိုတဏှာတို့ကို ပယ်အပ်ကုန်၏၊ မဂ်ဖြင့်ပယ်လော”ဟု ချေပထားလေသည်။ ဆဋ္ဌမူ မြန်မာပြန်နှင့် ကိုက်ညီမှု မရှိချေ။
၂၆။ ဤ၌ အဇ္ဈတ္တိကာယတနသုတ်ကို သခင်မြတ်ဆိုင်က ထေရဝါဒပိဋကတ် အင်္ဂုတ္တိုရ် ဟူ၍လည်းကောင်း၊ မဟာဝဂ္ဂသံယုတ်-ဟူ၍လည်းကောင်း လုံးထွေးရောနှောပြီး ဖော်ပြထားလေသည်။ ဤအဇ္ဈတ္တိကာယတနသုတ်သည် သခင်မြတ်ဆိုင် ညွှန်ပြသကဲ့သို့ ထေရဝါဒပိဋကတ် အင်္ဂုတ္တိုရ်တွင် မပါရှိချေ။ မဟာဝဂ္ဂသံယုတ်တွင်မူ အမှန်ပင် ပါရှိပေသည်။ ထိုသုတ်၏ အဓိပ္ပါယ် အပြည့်အစုံမှာ-
“ရဟန်းတို့ ဆင်းရဲဖြစ်ပေါ်ကြောင်း ဖြစ်သော အရိယာတို့၏ အမှန်တရားဟူသည် အဘယ်နည်း၊ ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း, တပ်မက်ခြင်းနှင့်တကွဖြစ်သော ထိုထိုအာရုံ၌ လွန်စွာနှစ်သက်တတ်သော တပ်မက်မှုတဏှာပင်တည်း။ ဤသည်ကား အဘယ်နည်း၊ ကာမတို့၌တပ်မက်မှု ကာမတဏှာ၊ သဿတဒိဋ္ဌိနှင့်တကွဖြစ်သော ဘဝတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော ဝိဘဝတဏှာတို့တည်း။ ရဟန်းတို့ ဤတရားကို ဆင်းရဲဖြစ်ပေါ်ကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားဟု ဆိုအပ်၏” (သံမြန်၊၃၊၃၇၉၊၃၈၀။)
၂၇။ ဤအထက်ပါ မြန်မာပြန်စကားရပ်သည် သမုဒယသစ္စာအကြောင်းကို ပြဆိုသော ဒေသနာဖြစ်သည်။ ဤဒေသနာ မူရင်း ပါဠိတော်၌-
“ပေါနောဗ္ဘဝိကာ=ဘဝသစ်၌ ဖြစ်စေတတ်သော”
ဟူသော စကားရပ်ပါရှိသည်ကို သတိပြုသင့်၏၊ ထိုစကားဖြင့် တဏှာမကင်းသမျှ (မပယ်ရသေးသမျှ) ဘဝသစ်၌ ဖြစ်ရပေဦးမည်ဟုသော အဓိပ္ပါယ်မှာ ရှင်းလျက်နေသည်။ ဘဝသစ်ဟူသော စကားကိုထောက်၍ ဘဝဟောင်းဟူသော အတိတ်ဘဝ ရှိနေမှုသည်လည်း ပေါ်လွင်လာပြန်၏၊ ဤသို့အားဖြင့် ဤသုတ်လာစကားရပ်သည် သခင်မြတ်ဆိုင် ယူဆသကဲ့သို့ ဘဝမရှိပုံကို မပြ၊ ဘဝရှိပုံကိုသာ ပြဆိုလျက်ရှိသောကြောင့် ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော စုတိဒကတို့၏ သဘောထားသည် လုံးဝမှားယွင်းကြောင်း ထင်ရှားနေပေသည်။
လောကသုတ် သုံးသပ်ချက်
၂၈။ သခင်မြတ်ဆိုင်က စတုတ္ထသာဓကအဖြစ် ဥဒါန်းလာ လောကသုတ်ကို ထုတ်၍ “ဘဝသည် နှိပ်စက်၏၊ ထိုဘဝကိုပင် နှစ်သက်ကြ၏၊ ဘဝဟူသည် ဘေး ဖြစ်၏၊ ဇရာ မရဏသည် ဖြစ်၏၊ ဘဝကို ပယ်ခြင်းငှာ ကျင့်ရ၏၊ ဘဝဖြင့်ဘဝမှ မလွတ်၊ ဘဝပြတ်လိုခြင်းဖြင့်လည်း ဘဝမှ မလွတ်”ဟု ချေဆိုကိုးကားလေသည်။ သူ၏တင်ပြချက်သည် ဆဋ္ဌမူမြန်မာပြန်နှင့် ကိုက်ညီခြင်းမရှိချေ၊ ဆဋ္ဌမူ မြန်မာပြန် အပြည့်အစုံမှာ-
“ဘဝ၌ကပ်ငြိသော လောကသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လေ့ရှိကာ ဘဝဖြင့် နှိပ်စက်အပ်သည်ဖြစ်လျက် ဘဝကိုပင် နှစ်သက်၏၊ အကြင်ဘဝကို နှစ်သက်၏၊ ထိုဘဝသည် ဘေး ဖြစ်၏၊ အကြင်ဇရာစသည်မှ ကြောက်၏၊ ထိုဇရာသည်လည်း ဆင်းရဲမည်၏၊ ဘဝကိုပယ်ခြင်းငှာသာလျင် ဤဗြဟ္မစရိယကို ကျင့်သုံး၏၊ ဘဝဖြင့် ဘဝမှ လွတ်ခြင်းကို ဆိုကြသူ သမဏဗြာဟ္မဏ အချို့တို့သည် ဘဝမှ မလွတ်မြောက်ကုန်ဟု (ငါဘုရား)ဆို၏၊ ဘဝကင်းပြတ်မှုဖြင့် ဘဝမှထွက်မြောက်ခြင်းကို ဆိုကြသူ သမဏ ဗြာဟ္မဏ အချို့တို့သည် ဘဝမှ မထွက်မြောက်ကုန်ဟု (ငါဘုရား)ဆို၏” (ခုမြန်၊၁၊၁၀၅။) (ဥဒါန်းပါဠိ၊ လောကသုတ် ဆဋ္ဌမူ မြန်မာပြန်)
၂၉။ ဤလောကသုတ်၌လည်း ဘဝတဏှာကို ပယ်သတ်ရန် ပဓာနထား၍ ဟောကြားခြင်းပင် ဖြစ်သည်။ ဘဝမရှိဟု မပြဆို၊ ဘဝအမှန်ပင်ရှိနေသောကြောင့် ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော စုတိဒကတို့၏ သဘောထားသည် ပိဋကတ်နှင့်မညီဟု သုံးသတ်တော်မူကြသည်။
မဟာနိဒါနသုတ် သုံးသပ်ချက်
၃၁။ သခင်မြတ်ဆိုင်က “အလားတူပင် ဘဝကို ဗုဒ္ဓလက်မခံကြောင်း သုတ်ပေါင်းများစွာ ရှိနေပါသေးသည်ဘုရား”ဟု လျှောက်ထားပြီး ပဉ္စမမြောက် ချေပချက်အဖြစ် ဒီဃနိကာယ်၊ မဟာဝဂ်၊ မဟာနိဒါနသုတ် “ဥပါဒါန်သည်လျှင် ဖြစ်မှုဘဝ၏ အကြောင်းရင်းဟိတ်ပေတည်း၊ အခြေခံနိဒါန်းပေတည်း”ဟု တင်ပြလျှောက်ထားလေသည်။
၃၁။ ဤဒေသနာပါ စကားရပ်သည် “ဥပါဒါနပစ္စယာ ဘဝေါ”ဟူသော ပဋိစ္စသမုပ္ပါဒ် တရားတော် ဖြစ်ပေသည်။ ထိုပဋိစ္စသမုပ္ပါဒ်ပါဠိ၏ အဓိပ္ပါယ်မှာ “ဥပါဒါန်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်၏”ဟု အဓိပ္ပါယ် ထွက်ရှိသည်။ ဘဝမရှိဟု အဓိပ္ပါယ်မထွက်၊ ဘဝရှိဟုသာ အဓိပ္ပါယ်ထွက်သောကြောင့် ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော စကားမှာ ပိဋကတ်စာပေနှင့် ဆန့်ကျင်ကြောင်း ထင်ရှား၍ နေပေသည်။
သင်္ဂီတိသုတ် သုံးသတ်ချက်
၃၂။ ဆဋ္ဌမမြောက် ချေပချက်အနေဖြင့် သခင်မြတ်ဆိုင်က သင်္ဂီတိသုတ်ကို ကိုးကား၍ “သူဌေး သူကြွယ် နတ်ဗြဟ္မာအဖြစ်ကို တောင့်တ၍ ငါသေလျှင် ထိုဘဝတို့ကို ရောက်ရသော်ကောင်းလေစွဟု ရည်မှန်း၍ လှူ၏၊ ထိုစိတ်ကိုထား၍ ထိုစိတ်ကို ပွား၏၊ ထိုစိတ်သည် ယုတ်ညံ့သော ကာမဂုဏ်တရားသို့ ညွတ်၏၊ မဂ်ဖိုလ်ကို မပွားစေကုန်” စသည်ဖြင့် ဗုဒ္ဓသည် ဘဝကို ပယ်ခဲ့ပါသည် ဘုရားဟု တင်ပြထားလေသည်။
၃၃။ သခင်မြတ်ဆိုင် တင်ပြသော စကားရပ်သည် ဘုရားဟော ပါဠိမူရင်းနှင့် ဆန့်ကျင်မှားယွင်းလျက် ရှိပေသည်။ သင်္ဂီတိသုတ်မြန်မာပြန် ကျမ်းရင်းအဓိပ္ပါယ် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
“ထိုသူသည် အကြင်ဝတ္ထုကို ပေးလှူ၏၊ ထိုဝတ္ထုကို တောင့်တ၏၊။ ပ။ ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ မင်း, ဗြာဟ္မဏ, သူကြွယ် သူဌေးမျိုး, စတုမဟာရာဇ် တာဝတိံသာ, ယာမာ, တုသိတာ, နိမ္မာနရတိ, ပရနိမ္မိတ, ဝသဝတ္တိ ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွဟု စိတ် ဖြစ်၏၊ ထိုသူသည် ထိုစိတ်ကိုထား၏၊ ထိုစိတ်ကို အဓိဋ္ဌာန်၏၊ ထိုစိတ်ကို ပွားများ၏၊ ထိုသူ၏ ထိုစိတ်သည် ယုတ်မာသော ကာမဂုဏ်တရား၌ ညွတ်၏၊ လွန်မြောက်သော မဂ်ဖိုလ် အလို့ငှာ မပွားစေအပ်၊ ထိုမင်း။ ပ။ ဗြဟ္မာပြည်၌ ရောက်ခြင်းငှာ ဖြစ်၏၊ ထိုစကားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အား ဆို၏၊ သီလမရှိသော ပုဂ္ဂိုလ်အား ငါမဆို၊ ငါ့ရှင်တို့ သီလရှိသော ပုဂ္ဂိုလ်၏ စိတ်တောင့်တခြင်းသည် ဖြူစင်သောကြာင့် ပြည့်စုံ၏” (ဒီ၊မြန်၊၃၊၂၃၇၊၂၃၈။) (ဒီဃနိကာယ်၊ ပါထိကဝဂ်၊ သင်္ဂီတိသုတ် မြန်မာပြန်)
၃၄။ ဤသင်္ဂီတိသုတ်သည်လည်း သခင်မြတ်ဆိုင်ဆိုလိုသည့် ၃၁-ဘုံ မရှိကြောင်းကို မဖော်ပြ၊ မဖော်ပြရုံမျှမက ၃၁-ဘုံ ရှိခြင်းကိုပင် ပြနေသည်။ အကြောင်းမူကား ထိုသုတ်၌ ပေးလှူမှုကြောင့် လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံသို့ ရောက်ကြောင်းပြဆိုထားသည်ဖြစ်ရာ ထိုထိုဘုံများ ထင်ရှားရှိနေပုံကို (ဤသုတ်ကို ကိုးခြင်းအားဖြင့်) သခင်မြတ်ဆိုင်ကိုယ်တိုင် ဝန်ခံပြီးဖြစ်ချေသည်။
ဂဏိကာသုတ် သုံးသပ်ချက်
၃၅။ သတ္တမချေပချက်အနေဖြင့် သခင်မြတ်ဆိုင်က “ကာမဂုဏ်နှောင်ဘဝကို မျှော်ကိုးသူသည် ရာဂမြူမစင်သူ ဖြစ်၏၊ အတ္တကိလမထာနုယောဂနှင့် ကာမသုခလ္လိကာနုယောဂစသော အယုတ်တရားနှစ်ပါးကို ကျင့်ကြံသူ မည်၏၊ ကာမဘဝကို မျှော်ကိုးခြင်းသည် တဏှာအဝိဇ္ဇာကို ပွားစေ၏”ဟု ဤသုတ်တွင် ဘဝကိုမျှော်ကိုးသူသည် မိစ္ဆာဒိဋ္ဌိဟု ဆိုထားကြောင်း တွေ့ရပါသည်ဘုရားဟု တင်ပြလျှောက်ထားလေသည်။
၃၆။ ဤစကားရပ်သည်လည်း မူရင်းပါဠိတော်၏ အာဘော်နှင့်လွဲချော်နေကြောင်း တွေ့ရပေသည်။ ထိုဂဏိကာသုတ်၏ မူရင်းအဆိုမှာ ဤသို့ ဖြစ်၏၊
“ရအပ်ခံစားအပ်သော ကာမဂုဏ်နှင့် ရထိုက်ခံစားထိုက်သော ကာမဂုဏ်ဟူသော ဤနှစ်ပါးစုံသည် ကိလေသာနှိပ်စက်ခံရသူ နောက်နောင်အကျိုး မျှော်ကိုး ကျင့်ကြံသူ၏ (သန္တာန်၌) ရာဂစသောမြူတို့ဖြင့် ရောပြွမ်း၏၊ အကြင်သူတို့သည် သီလဗ္ဗတစသောအကျင့်ကို ကိလေသာစင်ကြယ်၏ဟု” ယူဆပြောဆိုကြကုန်၏၊ အကြင်သူတို့အား ရှောင်ကြဉ်မှု (သီလ) ဆင်းရဲ ြုငိငြင်စွာပြုကျင့်မှု (ဝတ) ဟင်းရွက်စားခြင်း စသည်ဖြင့် အသက်မွေးမှု (ဇိဝိတ) မေထုန်မှ ရှောင်ကြဉ်မှု (ဗြဟ္မစရိယ) ဗိဿနိုးနတ် စသည်တို့အား လုပ်ကျွေးမှု (ဥပဋ္ဌာန) စသည်တို့ဖြင့် သံသရာမှ စင်ကြယ်၏ဟု ယူဆပြောဆို ကုန်၏၊ ထိုသူတို့၏ သီလဗ္ဗတစသည်တို့၏ အစွမ်းဖြင့် ဖြစ်သော အတ္တကိလမထာနုယောဂဟူသော အကျင့်သည် အယုတ်တရား တစ်ပါးတည်း။
အကြင်သူတို့ကား ကာမဂုဏ်တို့၌ အပြစ်မရှိဟု ဆိုကြကုန်၏၊ ထိုသူတို့၏ ကာမဂုဏ်တို့၌ အပြစ်မရှိဟု ပြောဆိုကျင့်ကြံမှုဟူသော ကာမသုခလ္လိကာနုယောဂ အကျင့်သည် ဒုတိယမြောက်ဖြစ်သော အယုတ်တရားတည်း။ ဤသို့ အယုတ်တရားနှစ်ပါးတို့သည် (ကဋသိ)မည်သော တဏှာ အဝိဇ္ဇာတို့ကို ပွားစေတတ်ကုန်၏၊ ဤအယုတ်တရားနှစ်ပါးတို့ကို မသိခြင်းကြောင့် အချို့သောသူတို့သည် “ ဆုတ်နစ်ကုန်၏၊ အချို့သောသူတို့သည် လွန်၍ ပြေးကုန်၏၊ အကြင်သူတို့ကား ထိုအယုတ်တရားနှစ်ပါးတို့ကို သိသောကြောင့် ထိုအယုတ်တရား၌ မကျရောက်ကြကုန်၊ ထိုသို့ အယုတ်တရားနှစ်ပါး၌ မကျရောက်ခြင်းကြောင့် တဏှာ မာန ဒိဋ္ဌိတို့ဖြင့် (မိမိကိုယ်ကို) အထင်မမှားကြကုန်၊ ထိုပုဂ္ဂိုလ်တို့အား (လူနတ်စသည်) ပညတ်ရန် ဝဋ်မရှိတော့ပြီ” (ခု၊မြန်၊၁၊၁၅၁။) (ဥဒါန်းပါဠိ၊ ဂဏီကာသုတ် မြန်မာပြန်)
၃၇။ ဤသုတ်သည် အစွန်းနှစ်ပါး ရှောင်ကြဉ်ရန် ဟောသောသုတ် ဖြစ်သည်။ ၃၁-ဘုံ မရှိ၊ ၃၁-ဘုံကို ပယ်ကြောင်း ပြဆိုထားခြင်း မရှိပေ။
ပုဏ္ဏက မာဏဝပုစ္ဆာ
၃၈။ အဋ္ဌမချေပချက်အနေဖြင့် သခင်မြတ်ဆိုင်က ပုဏ္ဏကမာဏဝပုစ္ဆာကို ညွှန်၍ “လူနတ်ဗြဟ္မာ ဘဝကို တောင့်တ၍ လှူသူအားလုံးသည် ဘဝကို တပ်စွန်းလျက် တဏှာဖြင့် လှူသောကြောင့် ဇာတိ ဇရာ မရဏ ဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်”ဟု တင်ပြလျှောက်ထားပြန်သည်။ သခင်မြတ်ဆိုင်၏ တင်ပြချက်သည် မူရင်းပါဠိတော်အတိုင်း မဟုတ်ပေ၊ မူရင်းပါဠိတော်၏ မြန်မာပြန် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်၏၊
“ပုဏ္ဏက အကြင်သူတို့သည် လူနတ်ဗြဟ္မာ အဖြစ်ကို တောင့်တကုန်၏၊ လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် အလှူ၏ အကျိုးအာနိသင်ကို ချီးမွမ်းကုန်၏၊ မြွက်ဆို တမ်းတကုန်၏၊ ပူဇော်ပသကြကုန်၏၊ လူနတ်ဗြဟ္မာအဖြစ် ရမှုကိုစွဲ၍ ကာမတို့ကို တမ်းတကုန်၏၊ ထိုသူတို့သည် ပူဇော်မှုကို အားထုတ်ကြကုန်သော်လည်း ဘဝကို တပ်စွန်းမှု “တဏှာဖြင့်” တပ်မက်ကုန်သောကြောင့် ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို မလွန်မြောက်နိုင်ကုန်ဟု ငါဆို၏”။ (ခု၊မြန်၊၁၊၄၁၃။) (သုတ္တနိပါတ် မြန်မာပြန်)
၃၉။ ဤသုတ်သည်လည်း ဘဝတဏှာကြောင့် ဝဋ်ဆင်းရဲကို မလွန်မြောက်နိုင်ကြောင်း ဟောကြားတော်မူသော သုတ်ဖြစ်ပေသည်။ ၃၁-ဘုံ မရှိကြောင်း ဤသုတ်၌ ဆိုထားခြင်း မရှိရုံမျှမက ၃၁-ဘုံရှိကြောင်းကိုပင် ပြဆိုနေပေသည်။ လူနတ်ဗြဟ္မာအဖြစ်ရလိုမှုကို တမ်းတမြွက်ဆို၍ ပူဇော်အားထုတ်ခြင်း ဘဝတဏှာကြောင့် ဝဋ်ဆင်းရဲကို မလွတ်မြောက်နိုင်ဟု ဟောထားခြင်းဖြစ်ရာ ၃၁-ဘုံ ဘုရားဟောမရှိဟု ချေပလိုသော သခင်မြတ်ဆိုင်သည် ၃၁-ဘုံ ဘုရားဟောရှိနေကြောင်း သာဓကသုတ်များကို ထုတ်ဖော်ပြသလျက် ရှိနေပေသည်။
အင်္ဂုတ္တိုရ်၊ ဧကနိပါတ်၊ ဧကဓမ္မ၊ တတိယဝဂ်
၄၁။ နဝမမြောက် ချေပချက်အနေဖြင့် သခင်မြတ်ဆိုင်က အင်္ဂုတ္တိုရ်၊ ဧကနိပါတ်၊ ဧကာဒသမ၊ တတိယဝဂ် နှာ-၄၆ တွင် ပါသော-
“မကောင်းသော မစင်မှန်က အနည်းငယ်မျှပင်ဖြစ်စေ မကောင်းသော အနံ့အသက် ရှိသကဲ့သို့ ဘဝဟူသည် အနည်းငယ်သော ဘဝကိုပင် ငါမချီးမွမ်း၊ အယုတ်ဆုံး လက်တစ်ဖျစ်စာ အချိန်၌ပင် ထိုဘဝကို ငါမချီးမွမ်း” (အင်မြန်၊၁၊၄၆။)
ဟူသော စကားကို ကိုးကား၍ ဘဝသည် မစင်ကဲ့သို့တည်းဟူ တင်ပြထားလေသည်။
၄၁။ ဘဝသည် မစင်ကဲ့သို့ ရွံဖွယ်ကောင်းသည်မှာ မှန်လှပေ၏၊ ဤသို့မှန်သောကြောင့် ဘဝရှိသည်မှာ ထင်ရှားလှပေသည်။ စုဒိတကသည် ဤသုတ်ကို သာဓကပြုခြင်းအားဖြင့် ၃၁-ဘုံရှိကြောင်းကို ထုတ်ပြသကဲ့သို့ ဖြစ်နေပေသည်။
ဒိဋ္ဌိဂတသုတ် သုံးသပ်ချက်
၄၂။ ဒသမမြောက်ချေပချက် အနေဖြင့် သခင်မြတ်ဆိုင်က ဣတိဝုတ်၊ ဒိဋ္ဌိဂတသုတ်တွင် ပါရှိသော “ဘဝနှစ်သက်သူအားလုံး ဘဝချုပ်ရာဟောလျှင် တွန့်ဆုတ်၏၊ ဘဝမကြိုက်သူကလည်း ဘဝပြတ်ခြင်းကို အလိုရှိ၏၊ သေလျှင်ပြီး၏ဟု ထင်၏၊ စင်စစ်သော်ကား ခန္ဓာငါးပါး၌ စွဲလမ်းမှု (ဥပါဒါန်) ကင်းအောင် ကျင့်သူအား မဇ္ဈိမပဋိပဒါအကျင့်ဖြင့် ဘဝချုပ်ရာ၏”ဟူသော သာဓကကို ထုတ်၍ ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဘက်မှ ခုခံကာကွယ်ပြန်လေသည်။
၄၃။ စုဒိတက ကိုးကားတင်ပြသော သုတ်သည်လည်း ဘဝမရှိပုံကို မပြဆို၊ ဘဝရှိနေပုံကိုသာ ပြဆိုခြင်းဖြစ်သည်။ ၎င်း၏ တင်ပြချက်သည် မူရင်းပါဠိတော်နှင် မညီရုံမျှမက အဓိပ္ပါယ်လည်း ပြည့်စုံမှု မရှိချေ၊ မူရင်းပါဠိတော် မြန်မာပြန် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်၏၊
“ရဟန်းတို့ နှစ်ပါးသော ဒိဋ္ဌိအယူတို့ဖြင့် နှိပ်စက်ခံရသော နတ်လူ အချို့တို့သည် တွန့်တိုဆုတ်နစ်ကုန်၏၊ အချို့တို့သည်ကား လွန်၍ပြေးသွားကုန်၏၊ စက္ခုအမြင်ရှိသူတို့သည်ကား မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုနိုင်ကုန်၏၊
ရဟန်းတို့ အဘယ်သို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်သနည်း။ ရဟန်းတို့ နတ်လူတို့သည် ဘဝလျှင် မွေ့လျော်ရာရှိကုန်၏၊ ဘဝ၌ မွေ့လျော်တတ်ကုန်၏၊ ဘဝ၌ နှစ်သက်တတ်ကုန်၏၊ ထိုသူတို့အား ဘဝချုပ်ရန်အတွက် တရားဟောပြောသည်ရှိသော် စိတ်သည် မသက်ဝင်၊ မကြည်လင်၊ ကောင်းစွာမတည်၊ နှလုံးမသွင်း၊ ရဟန်းတို့ ဤသို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်၏၊
ရဟန်းတို့ အဘယ်သို့လျှင် အချို့သူတို့သည် လွန်၍ ပြေးသွားကုန်သနည်း။ အချို့သူတို့သည် ဘဝဖြင့်ပင်ငြီးငွေ့ကုန် ဘဝမှ ရှက်နိုးကုန် ဘဝ၌စက်ဆုပ်ကုန်သည်ဖြစ်၍ ဘဝကင်းပြတ်ခြင်းကို နှစ်သက်ကုန်၏၊ အချင်းတို့ အကျင့်ကြောင့် ဤအတ္တသည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ပြတ်၏၊ ပျက်စီး၏၊ သေသည်မှနောက် မဖြစ်တော့၊ ဤတရားသည် ငြိမ်း၏၊ ဤတရားသည် ပြတ်၏၊ ဤတရားသည် မဖောက်မပြန် မှန်ကန်သော သဘော ရှိ၏၊ ရဟန်းတို့ ဤသို့လျှင် အချို့သူတို့သည် လွန်၍ပြေးကုန်၏၊
ရဟန်းတို့ အဘယ်သို့လျှင် စက္ခုအမြင်ရှိသော သူတို့သည် မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုနိုင်ကုန်သနည်း။ ဤသာသနာတော်၌ ရဟန်းသည် ဟုတ်မှန်သော ခန္ဓာငါးပါးကို ဟုတ်မှန်သောအားဖြင့် မြင်၏၊ ဟုတ်မှန်သော ခန္ဓာငါးပါးကို ဟုတ်မှန်သောအားဖြင့် မြင်ခြင်းကြောင့် ဟုတ်မှန်သော ခန္ဓာငါးပါးကို ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန်ကျင့်၏၊ ရဟန်းတို့ ဤသို့လျှင် စက္ခုအမြင်ရှိသော သူတို့သည် ပဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏”။ (ခု၊မြန်၊၁၊၂၀၈။) (ဣတိဝုတ်၊ ဒိဋ္ဌိဂတသုတ် မြန်မာပြန်)
၄၄။ ဤဒိဋ္ဌိဂတသုတ် ဒေသနာတော်သည် မဇ္ဈိမပဋိပဒါဖြင့် ဘဝမှ လွန်မြောက်ပုံကို ပြဆိုသော ဒေသနာဖြစ်သည်။ ၃၁-ဘုံမရှိဟု ဟောတော်မူခြင်း မဟုတ်၊ ဘဝလျှင်မွေ့လျော်ရာ ရှိကုန်၏၊ ဘဝ၌ မွေ့လျော်တတ်ကုန်၏၊ ဘဝ၌ နှစ်သက်တတ်ကုန်၏၊ ဟူသော စကားရပ်များသည် ဘဝရှိနေပုံကို ထပ်တလဲလဲပြဆိုသော စကားရပ်များ ဖြစ်၏၊ ထို့ကြောင့် ဘုရားဟော ဒေသနာတွင် ၃၁-ဘုံ အမှန်ပါရှိနေသည်မှာ ယုံမှားသံသယ မရှိအပ်ပေ။
ဒုဋ္ဌဋ္ဌကသုတ် သုံးသပ်ချက်
၄၅။ ဧကာဒသမ သာဓကအဖြစ် သုတ္တနိပါတ်၊ ဒုဋ္ဌဋ္ဌကသုတ်တွင် လာရှိသော “မိစ္ဆာဒိဋ္ဌိအယူကို ပယ်ပြီးသော ရဟန္တာသည် ဘဝကြီး ဘဝငယ်တို့၌ ကြံစည်တတ်သော မိစ္ဆာဒိဋ္ဌိအယူမရှိ၊ ထို့ကြောင့် အဘယ်ဂတိသို့မျှ သွားရန်မရှိပြီ”ဟူသော စကားရပ်ကို သခင်မြတ်ဆိုင်က ထုတ်ဆောင်တင်ပြလာပြန်သည်။
ထိုသုတ်၏ မူရင်းမြန်မာပြန် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်၏၊
“တစ်စုံတစ်ခုသော လောက၌ မိစ္ဆာဒိဋ္ဌိအယူအားလုံးကို ခါတွက်ပစ်လွှင့်သော ရဟန္တာပုဂ္ဂိုလ်အား ဘဝကြီးငယ်တို့၌ အမျိုးမျိုးကြံစည်အပ်သော မိစ္ဆာအယူသည်မရှိ၊ တဏှာဒိဋ္ဌိကို မမှီသော ထိုမိစ္ဆာအယူအားလုံးကို ခါတွက်ပစ်လွှင့်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် လှည့်ပတ်မှု “မာယာ” ကိုလည်းကောင်း၊ ထောင်လွှားမှု “မာန”ကိုလည်းကောင်း ပယ်စွန့်ပြီး၍ အဘယ်လားရာဂတိဖြင့် သွားရာအံ့နည်း။” (ခု၊မြန်၊၁၊၃၉၇။) (သုတ္တနိပါတ်၊ ဒုဋ္ဌဋ္ဌကသုတ် မြန်မာပြန်)
၄၆။ ဤဒုဋ္ဌဋ္ဌကသုတ်၏ ဆိုလိုရင်းမှာ ရဟန္တာပုဂ္ဂိုလ်အား လားရာဂတိမရှိဟုပင် ဖြစ်ပေသည်။ ဗျတိရိတ် (အပြန်အလှန်) အားဖြင့် ရဟန္တာမဟုတ်သေးသော ပုထုဇဉ် အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့အား လားရာဂတိရှိသေးသည်ဟု ပြဆို၏၊ ၃၁-ဘုံမရှိဟု မပြဆိုပေ။
ဂုဟဋ္ဌကသုတ် သုံးသပ်ချက်
၄၇။ ဒွါဒသမ သာဓကအဖြစ် သခင်မြတ်ဆိုင်က သုတ္တနိပါတ်၊ ဂုဟဋ္ဌကသုတ်တော်လာ “တဏှာအရင်းခံ တဏှာအကြောင်းအရင်းဖြစ်သော ဘဝ၌ သာယာမှုဖြင့် ဘဝတဏှာ အချည်အနှောင်ခံရသူ သတ္တဝါတို့သည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဘဝတို့၏ ကာမကို လိုလားတောင့်တကုန်လျက် မိမိတို့ကိုယ်တိုင်လည်း မလွတ်လပ်၊ အခြားသူတို့ကိုလည်း မလွတ်မြောက်စေနိုင်ချေ”ဟူသော စကားကို ထုတ်ဆောင် လျှောက်ထားလေသည်။
၄၈။ ဤသုတ်၏ ဆိုလိုရင်းမှာ ဘဝတဏှာကြောင့် ဘဝမှ မလွတ်မြောက်နိုင်ပုံကို ဟောတော်မူသော ဒေသနာဖြစ်ပေသည်။ ၃၁-ဘုံမရှိဟု ငြင်းကွယ်ရန် သာဓကမမြောက်ပေ၊ ၃၁-ဘုံရှိနေသည်ဟု ထောက်ခံသော သာဓကသာ ဖြစ်နေပေသည်။
စေတောခိလသုတ် သုံးသပ်ချက်
၄၉။ တေရသမ သာဓကအဖြစ် သခင်မြတ်ဆိုင်က စေတောခိလသုတ်ကို အကိုးပြု၍တင်ပြထားသည်။ “ဤအကျင့် ဤသီလဖြင့် နတ်အမျိုးမျိုးသော်လည်းကောင်း၊ နတ်မင်းသော်လည်းကောင်း ဖြစ်ရတော့အံ့မည် ဟူ၍ နှလုံးသွင်းခြင်း ထိုနတ်ဖြစ်ရတော့အံ့ဟု နတ်စွဲဘုံဘဝဖြင့် ကျင့်သော် ဤသာသနာတော်သည် စည်ပင်ပြန့်ပြောခြင်းငှာ မဖြစ်ပြီ”ဟု တင်ပြပြီး ဤသည်မှာ သာသနာတော် မှေးမှိန်မည်ဟု ဆိုလိုပါသည်ဘုရားဟု လျှောက်ထားသွားလေသည်။
၅၀။ စေတောခိလသုတ်၏ မူရင်းမြန်မာပြန်မှာ သခင်မြတ်ဆိုင်တင်ပြ သကဲ့သို့ မဟုတ်ပေ၊ ထို့ကြောင့် အပြည့်အစုံကို ဖော်ပြအပ်ပေသည်။
“ရဟန်းတို့ ဤအကျင့်သီလဖြင့်သော်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်သော်လည်းကောင်း၊ ဤအားထုတ်မှုဖြင့်သော်လည်းကောင်း၊ ဤမေထုန်မှ ရှောင်ကြဉ်မှုဖြင့်သော်လည်းကောင်း ငါသည် နတ်သော်လည်း ဖြစ်ရအံ့, နတ်မျိုးတွင် အပါအဝင်သော်လည်း ဖြစ်ရအံ့ဟု နတ်အမျိုးအစား တစ်ပါးပါးကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်သောရဟန်း၏ စိတ်သည် စ၍ အားထုတ်ခြင်း အကြိမ်ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာအားထုတ်ခြင်းငှာ မညွတ်ပေ၊ ဤသို့ဖြစ်ခြင်းသည် “ထိုရဟန်းမဖြတ်ရသေးသော ငါးခုမြောက်သော စိတ်၏အနှောင်အဖွဲ့ ဖြစ်၏” (မ၊မြန်၊၁၊၁၅၁။) (မူလပဏ္ဏာသ၊ စေတောခိလသုတ် မြန်မာပြန်)
၅၁။ ဤစေတောခိလသုတ်သည် နတ်အမျိုးကို တောင့်တ၍ ကျင့်သော ရဟန်း၏ စိတ်အနှောင်အဖွဲ့ဖြစ်နေပုံ ပြဆိုသောသုတ်ဖြစ်သည်။ ၃၁-ဘုံ ဘုရားပယ်ကြောင်း လုံးဝမပါပေ၊ နတ်အမျိုးအစား တစ်ပါးပါးကို ဖော်ပြပါရှိသော သုတ်တော်ကို အကိုးအကားသာဓက ပြုမိသောအားဖြင့် ၃၁-ဘုံ ဘုရားမပယ်ကြောင်း ၃၁-ဘုံ ရှိကြောင်းကိုပင် စုဒိတကတို့အဖို့ သွယ်ဝိုက်၍ ဝန်ခံရာ ရောက်နေပေသည်။
မေထုနသုတ် သုံးသပ်ချက်
၅၂။ စုဒ္ဒသမ သာဓကအဖြစ် သခင်မြတ်ဆိုင်က သတ္တကနိပါတ်၊ မေထုနသုတ်ကို ထုတ်ဆောင်၍ “နတ်အဖြစ်ကို သာယာခြင်း အလိုရှိခြင်းသည် ဤမြတ်သော သာသနာ၏ အကျင့်၌ ကျိုးပေါက်ခြင်းပင်တည်း။ ဇာတိ ဇရာ မရဏမှ မလွတ်၊ ဒုက္ခမှ မလွတ်မြောက်နိုင်”ဟု တင်ပြလျက် ၃၁-ဘုံ မရှိကြောင်း ကာကွယ်ထားလေသည်၊ မူရင်းမြန်မာပြန်နှင့်လည်း ကိုက်ညီမှု မရှိချေ။
၅၃။ မေထုနသုတ်၏ မူရင်းမြန်မာပြန် အဓိပ္ပါယ် အပြည့်အစုံမှာ ဤသို့ဖြစ်သည်။
“ထိုသမဏဗြဟ္မဏသည် ထိုနတ်၏အဖြစ်ကို သာယာ၏၊ ထိုနတ်၏ အဖြစ်ကို အလိုရှိ၏၊ ထိုနတ်၏ အဖြစ်၌သာလျှင် နှစ်သက်ခြင်းသို့ ရောက်၏၊ ပုဏ္ဏား ဤသို့သာယာမှုသည်လည်း မြတ်သောအကျင့်၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုပင်မည်၏၊ ပုဏ္ဏား ဤသမဏဗြဟ္မဏမျိုးကို မေထုန်စပ်ယှဉ်မှု၌ ယှဉ်သည်ဖြစ်၍ မစင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သူဟု ဆိုအပ်၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်သူ ဆင်းရဲမှ မလွတ်ဟူ၍ ငါဆို၏”။ (အင် မြန်၊၂။ ၅၅၅။) (အင်္ဂုတ္တိုရ်၊ သတ္တကနိပါတ်၊ မေထုနသုတ် မြန်မာပြန်)
၅၄။ ဤမေထုနသုတ်၏ ဆိုလိုရင်းသည် နတ်အဖြစ်ကို သာယာသော် မြတ်သောအကျင့် ကျိုးပေါက်ပြောက်ကျားပုံကို ပြဆို၍ ဝဋ်ဒုက္ခမှ မလွတ်ကင်းနိုင်ပုံကို ဟောကြားသော ဒေသနာဖြစ်သည်။ နတ်အဖြစ်ဟု ဆိုသောကြောင့် ၃၁-ဘုံရှိနေကြောင်းမှာ ထင်ရှားပြန်ပေသည်။
ဒေဝလောကသုတ် သုံးသပ်ချက်
၅၅။ ပန္နရသမမြောက် နောက်ဆုံးသာဓကအဖြစ် သခင်မြတ်ဆိုင်က အင်္ဂုတ္တိုရ်တိကနိပါတ်၊ ဒေဝလောကသုတ် နှာ ၁၃၁-တွင်လာသော မြန်မာပြန်ကို ကိုးကားတင်ပြသွားလေသည်။
“တစ်ပါးရှိသော အယူရှိကုန်သော ပရိဗိုဇ်က သင်တို့သည် ရဟန်းဂေါတမထံဝယ် နတ်ပြည်၌ဖြစ်ခြင်း အကျိုးငှာ ဤမြတ်သောအကျင့်ကို ကျင့်သလောဟု မေးကုန်ငြားအံ့၊ ဤအမေးသည် ရှက်နိုးကုန်ရာသည် မဟုတ်လော၊ စက်ဆုပ်ကုန်ရာသည် မဟုတ်လော၊ ရဟန်းတို့ သင်တို့သည် နတ်ဖြစ်ခြင်း၌ ငြီးငွေ့ကုန်သော် ရှက်နိုးကုန်သော် စက်ဆုပ်ကုန်သော် နတ်၌ဖြစ်သော အဆင်း နတ်၌ဖြစ်သော ချမ်းသာ၌ ငြီးငွေ့ကုန်သော် ရဟန်းတို့ သင်တို့သည် ရှေးဦးကပင်လျှင် ကာယ ဝစီ မနော ဒုစရိုက်တို့ကိုပါ ငြီးငွေ့ရာ၏၊ စက်ဆုပ်ရာ၏၊ ရှက်နိုးရာ၏” (အင် မြန်၊၁၊၁၃၁။)
၅၆။ ဤအကိုးသာဓက ဒေဝလောကသုတ်၌ အဓိပ္ပါယ်သည်လည်း စုဒိတက အလိုရှိအပ်သော ၃၁-ဘုံကို ဗုဒ္ဓလက်မခံဟု ထွက်မလာပေ။ နတ်ဘဝ၌ တောင့်တခြင်း တပ်မက်ခြင်း မရှိသင့်ပုံကို ဟောပြတော်မူသောကြောင့် စုတိဒက၏ အလိုနှင့် ဆန့်ကျင်ဘက်ဖြစ်သော နတ်ဘဝရှိသည် (နတ်ဘဝအပါအဝင် ၃၁-ဘုံ ရှိသည်) ဟူသော အဓိပ္ပါယ်သို့သာ သက်ရောက်နေခြင်း ဖြစ်ပေသည်။
၅၇။ ဤအမှတ်-၃ စောဒနာ၌ စောဒကပုဂ္ဂိုလ်တို့က “ဦးဥက္ကဋ္ဌနှင့်နောက်လိုက်တို့သည် ၃၁-ဘုံကို ဘုရားဟောပါလျက် မဟောလေဟန် လုပ်ကြံစွပ်စွဲနေပါသည်”ဟု စွဲဆို တင်ပြခြင်း ဖြစ်သည်။ ထိုစွဲဆိုချက်ကို ချေပရာတွင် စုဒိတက သခင်မြတ်ဆိုင်သည် “ဗုဒ္ဓသည် ဘဝကို အားမပေး၊ ဘဝကို ပယ်သည်”ဟူသော ချေပချက်ကို လက်ကိုင်ပြု၍ ၁၅-ကြိမ်တိတိ ခုခံကာကွယ်သွားလေသည်။ ဤကဲ့သို့ သုတ်ပေါင်း အရာအထောင် ကိုးကားသော်လည်း သုတ်၏ဆိုလိုရင်း အဓိပ္ပါယ်ကို မသိဘဲ ကိုးမိမှားသောကြောင့် ကိုယ့်တွင်းကို တူးရာသာ ရောက်နေတော့၏၊
၅၈။ သခင်မြတ်ဆိုင် ကိုးကားတင်ပြသော သုတ်တော်များသည် ၃၁-ဘုံကို ဗုဒ္ဓလက်မခံဟု အဓိပ္ပါယ် မရရှိဘဲ ၃၁-ဘုံကို တွယ်တာ တပ်မက်နေလျှင် ဘဝမှ မလွတ်မြောက်နိုင်ဟူသော အဓိပ္ပါယ်မျိုးသာ ရရှိ၍ ၃၁-ဘုံ ထင်ရှားရှိနေကြောင်း ဘုရားဟောပါဠိတော်တွင် ၃၁-ဘုံ အမှန်ပင် ရှိနေကြောင်း အဖြေထွက်လေသည်။ ထို့ကြောင့် သခင်မြတ်ဆိုင်သည် စောဒကပုဂ္ဂိုလ်တို့၏ စွဲဆိုချက်ကို ပြေလည်အောင် ဖြေရှင်းချေပခြင်း မပြုနိုင်သည်ကို တွေ့ရပေသည်။
ဦးခင်ဟန်၏ ချေပလွှာကို သုံးသပ်ချက်
၅၉။ ယခုတစ်ဖန် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ ချေပချက်ကိုလည်း ကောက်နုတ်ဖော်ပြ၍ စိစစ်သုံးသပ်ရပေမည်။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ စုဒိတက ဦးခင်ဟန်က စောဒကပုဂ္ဂိုလ်များ မူလစွဲဆိုချက် အပိုဒ်ပေါင်း ရှစ်ခုရှိသည့်အနက် (က) (ခ) (ဂ) (ဃ) (င) (စ) နှင့် (ဇ) အမှတ်ပြ စာပိုဒ်များကို လုံးဝဖြေဆိုခြင်းမပြုဘဲ (ဆ)အမှတ်ပါ အချက်ကိုသာ ချေပ ရှင်းလင်းလေသည်။
၆၀။ ရှင်းလင်းပုံမှာ စောဒကအရှင်မြတ်တို့သည် အစွဲပြုတ်တဲကုပ်ရွှေနန်းတော်စာအုပ်မှ မိမိလိုရာ စာပိုဒ်ကို ဆွဲထုတ်ပြီး မှားယွင်းစွာ စောဒနာထားကြောင်း အညွန့်တက်ကာ အစွဲပြုတ်တဲကုပ်ရွှေနန်းတော်စာအုပ် စာမျက်နှာ-၅၂တွင် ရေးသားထားသော ဦးဥက္ကဋ္ဌ၏ စာအုပ်ကို ဖော်ပြလျှောက်ထားလေသည်။
(ဆ) တန်ခိုးပြာဋိဟာတို့ကိုလည်းကောင်း နတ်ဆိုးနတ်ဝါးနှင့် နတ်ကောင်း၊ နတ်မြတ်တို့ကို လည်းကောင်း၊ နတ်ပြည် ဗြဟ္မာပြည်နှင့် ယမမင်း၏ အင်ပိုင်ယာနိုင်ငံတော်ကြီးများကို လည်းကောင်း ယုံကြည်မှုသည် လူသား၏ ဦးနှောက်ကို ဖောက်ပြန် ချောက်ချားစေ၍ ဤကပ္ပာလောကကြီးကို အရူးထောင်အဖြစ်သို့ ရောက်စေခဲ့သည်။ (အစွဲပြုတ်တဲကုပ် ရွှေနန်းတော်စာအုပ် နှာ-၅၄)
ဤကား မူလစွဲချက် ဖြစ်လေသည်။
၆၂။ ယင်းစွဲချက်တွင်ပါသော တန်ခိုးပြာဋိဟာနှင့် ပတ်သက်၍ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့က-
“ဆရာတော် အရှင်ဥက္ကဋ္ဌ ရေးသားဖော်ပြသော တန်ခိုးပြာဋိဟာနှင့် အထက်အောက်ဘုံတို့သည် ထာဝရဘုရားသခင်၏ တန်ခိုးပြာဋိဟာနှင့် အထက်အောက်ဘုံတို့သာဖြစ်ကြောင်း အကွင်းအကွင်း မုန့်တီဟင်းကဲ့သို့ ရှင်းရှင်းလင်းလင်းကြီး ပေါ်လွင်နေပါသည် ဘုရား”
ဟူ၍ ဆင်ခြေပေးကြရုံမျှမက စောဒကပုဂ္ဂိုလ်များကိုပင် ထာဝရဘုရားဘက်က ရှေ့နေလိုက်သူများအဖြစ် ပြက်ရယ်ပြုသွားကြလေသည်။
၆၂။ ဤတွင် ဝိနည်းဓိုရ်ဆရာတော်များသည် စောဒကနှင့် စုဒိတကများ နှစ်ဖက် အကိုးအကားပြု၍ တင်ပြကြသော ဦးဥက္ကဋ္ဌ၏ “အစွဲပြုတ် တဲကုပ် ရွှေနန်းတော်”စာအုပ်ကို သေချာစွာ လေ့လာကြည့်ရှုရာတွင် အောက်ပါစာပိုဒ်ကို ထင်ရှားစွာ တွေ့ကြရလေသည်။
“ထိုမျှမက ထိုဘာသာကြီးလေးရပ်တို့သည် နှစ်သက်ဖွယ်ကောင်းလှသော ကောင်းကင်ဘုံနှင့် ကြောက်မက်ဖွယ်ကောင်းလှသော ငရဲတို့ကို ဖန်ဆင်းခဲ့ကြကုန်၏” (အစွဲပြုတ်တဲကုပ် ရွှေနန်းတော် ၆၂)
၆၃။ ဤအစွဲပြုတ်တဲကုပ်ရွှေနန်းတော်စာအုပ် စာမျက်နှာ ၆၂-ပါ ဤဘာသာကြီးလေးရပ်ဟူသော စကားကိုထောက်၍ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့က ဆင်ခြေပေးသကဲ့သို့ ထာဝရဘုရားသခင်၏ တန်ခိုးပြာဋိဟာတစ်ခုကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ယူဆနိုင်ဖွယ်မရှိချေ။ ဟိန္ဒူ, ခရစ်ယာန်, အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဟူသော ဘာသာကြီး လေးမျိုးလုံးကိုပင် ဦးဥက္ကဋ္ဌက မကျေမနပ်ဖြစ်ပြီး အမနာပရေးထားကြောင်းမှာ ထင်ရှားပေသည်။ ထို့ကြောင့် အစွဲပြုတ်တဲကုပ် ရွှေနန်းတော်စာအုပ်မှ ကောက်နုတ်ဖော်ပြသော စောဒကဆရာတော်တို့၏ စွဲဆိုချက်သည် မှန်ကန်တိကျသော စွဲချက်ဖြစ်ကြောင်း ထင်ရှားလှပေသည်။
လက်ဖြစ်ပါဠိအမှား
၆၄။ စောဒကပုဂ္ဂိုလ်များက “တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ၃၁-ဘုံသည် တကယ်မရှိ စိတ်ကူးယဉ် ဥပါဒါန်အစွဲမျှသာ ဖြစ်သည်ဟု ဆိုသည့်အပြင် ဘုရားဟောမဟုတ်သော (လောကသမုဒယဉ္စအတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ) ဟူသော လက်ဖြစ်ပါဠိမှာ လက်ဖြစ်အဓိပ္ပါယ် အယူအဆအမှားတို့ကို ဘုရားဟော ဖြစ်လေဟန်ပင် လိမ်ညာ၍ ဆိုထားကြပါသည် ဘုရား”ဟူ၍ စွဲချက်တင်ထားကြလေသည်။ ထိုစွဲချက်ကို ဤကဏ္ဍ၌ စုဒိတကတို့ဘက်မှ တစ်စုံတစ်ရာပြန်လည် ချေပခြင်း မပြုကြပေ။
၆၅။ ယင်းပါဠိကို ဤရုံးတော်သို့ တင်ပြထားသော သက်သေခံစာအုပ်များတွင် ရှာဖွေကြည့်ရှုရာ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးကိုကိုလေး ပြုစုသော “၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ” အမည်ရှိ စာအုပ်အတွင်းမျက်နှာဖုံးတွင် ရှေ့တန်းတင်၍ အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရပေသည်။
ကစ္စာယန . . .
လောကသမုဒယဉ္စ အတ္ထိ၊
လောကနိရောဓဉ္စ နတ္ထိ။ (ဗုဒ္ဓဂေါတမ)
၆၆။ ဤ ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံစာအုပ်ကို သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ သဘောတရားရေးတာဝန်ခံ နာယကကြီး (အဘိဓမ္မာ ဆရာစိန် တည်းဖြတ်သည်)ဟု ဖော်ပြထားပြီး ဗဟိုသဘာပတိအဖွဲ့ ဥက္ကဋ္ဌကြီး ဦးတင်က အမှာစာ နိဒါန်းရေးသားထားသည်ကို တွေ့ရပေသည်။ ဤပါဠိအမှားကို အဘိဓမ္မာ ဆရာစိန် ပြုစုသော “သမ္မာဒိဋ္ဌိသုတေသနနှင့် ရေနံချောင်း အရေးတော်ပုံ” စာအုပ်၊ နှာ ၆၂-တွင်လည်း ဘုရားဟောပါဠိ ဖြစ်လေဟန် မှားယွင်းစွာ ဖော်ပြထားပေသည်။
ထိုပါဠိကို အနက်မြန်မာ ပြန်ဆိုရပါလျှင်-
“အို ကစ္စာယန လောက၏ဖြစ်ကြောင်း တဏှာသည်လည်း ရှိ၏၊ လောက၏ ချုပ်ရာ နိဗ္ဗာန်သည်ကား မရှိ”
ဤသို့ အဓိပ္ပါယ်ဖြစ်နေ၍ ဆရာတော်တို့ အလွန်တုန်လှုပ်ချောက်ချားမိပေသည်၊ နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ် သံဂါယနာ ၆-တန်တင် ကျမ်းစာတို့၌ ပိုက်စိတ်တိုက်၍ ရှာဖွေကြည့်ရှုပါသော်လည်း မည်သည့်ကျမ်းဂန်တွင်မှ မတွေ့ရှိရ။ သို့ပါလျက် ထိုစုဒိတကတို့၏ လက်ဖြစ်ပုံမှားရိုက်ပါဠိ၏ အောက်မှ (ဗုဒ္ဓဂေါတမ)ဟု ထင်ထင်ရှားရှားကြီး ရေးပြထားသည်မှာလည်း ဘာသာရေးကို ရိုးရိုးသားသား လေ့လာသူများအဖို့ ကြီမားသော အန္တရာယ်ကြီးတစ်ခုပင် ဖြစ်နေပေသည်။
မှတ်ချက်။ ။ ဤအကြောင်းကို စောဒနာအမှတ် (၁၈)ကို သုံးသပ်သည့်အခါ အကျယ်ဝေဖန်၍ ရှင်းလင်းပြဆိုမည် ဖြစ်သည်။
ဝိသေသစောဒနာ စိစစ်သုံးသပ်ချက်
၆၇။ ယခုတဖန် စောဒကပုဂ္ဂိုလ်တို့၏ ဝိသေသစောဒနာကို စီစစ်သုံးသပ် ပြရပေဦးမည်။ ဝိနည်းဓိုရ်ဆရာတော်များသည် ဤအမှတ်(၃) စောဒနာနှင့် ပတ်သက်၍ ၃၁-ဘုံရှိကြောင်း ခိုင်လုံသော အကိုးသာဓကများကို ထုတ်ဆောင်ပေးရန် တောင်းဆိုခဲ့ရာ စောဒကဆရာတော်များက ဝိသေသစောဒနာအဖြစ် ဘုရားဟောကျမ်းဂန်များကို အခိုင်အမာ တင်သွင်းပြဆိုသွားပေသည်။
ယင်းသို့တင်သွင်းရာ၌ အင်္ဂုတ္တိုရ်ဧကနိပါတ်(၃၉) ဧကဓမ္မပါဠိ၊နှင့် ယင်း၏ မြန်မာပြန် နှာ ၄၈-ကို ထောက်၍-
(က) လူသေနတ်ဖြစ်နည်းပါး၍ အပါယ်ဘုံ၌ အဖြစ်များပုံကိုလည်းကောင်း၊
(ခ) လူသေလူဖြစ် နည်းပါး၍ အပါယ်ဘုံ၌ အဖြစ်များပုံကိုလည်းကောင်း၊
ဓမ္မဟဒယဝိဘင်းပါဠိ ဆဋ္ဌမူ, နှာ ၄၂၇-နှင့် ၄၃၆-ကို ထောက်၍-
(ဂ) ကာမ ၁၁-ဘုံ ရှိကြောင်းကိုလည်းကောင်း၊
(ဃ) ရူပ ၁၆-ဘုံ ရှိကြောင်းကိုလည်းကောင်း၊
(င) အရူပ ၄-ဘုံ ရှိကြောင်းကိုလည်းကောင်း၊
ဓမ္မဟဒယဝိဘင်းပါဠိ ဆဋ္ဌမူ, နှာ ၄၃၇-ကို ထောက်၍-
(စ) ဒါန သီလ ဥပေါသထကြောင့် နတ်ပြည်ခြောက်ထပ် ရောက်နိုင်ပုံကို လည်းကောင်း၊
သဋ္ဌိနိပါတ်၊ သံကိစ္စဇာတ် နှာ ၆၀-ကို ထောက်၍-
(ဆ) ငရဲရှိကြောင်းကို လည်းကောင်း
အသီးသီး သက်သေသာဓက တင်ပြခဲ့ပေသည်။ ထိုစောဒက ဆရာတော်တို့ တင်ပြကိုးကားသော သာဓကတို့သည် ၃၁-ဘုံနှင့်ပတ်သက်၍ အလွန်ခိုင်မာသော သာဓကများ ဖြစ်ကြပေသည်။
၃၁-ဘုံဝါဒဟူသော စကားကို စိစစ်ချက်
၆၈။ ပြီးခဲ့သော စကားရပ်တို့ဖြင့် ၃၁-ဘုံဆိုင်ရာ ဤအမှတ် (၃)စောဒနာနှင့် စပ်လျဉ်း၍ စောဒကပုဂ္ဂိုလ်တို့၏ စွဲဆိုတင်ပြချက်ကို ချေပသော စုဒိတကပုဂ္ဂိုလ်တို့၏ ချေပချက်ကို ဝေဖန်စိစစ်ပြခြင်း, စောဒနာပုဂ္ဂိုလ်တို့၏ ဝိသေသစောဒနာကို ဝေဖန်စိစစ်ပြခြင်း ဤကိစ္စနှစ်ရပ် ပြီးပြတ်ခဲ့ပေပြီ။ ယခုတစ်ဖန် ဆက်လက်၍ ၃၁-ဘုံပြဿနာနှင့် စပ်လျဉ်းပြီး ဝိနည်းဓိုရ်ဆရာတော်များ၏ သီးခြားသုံးသပ်ချက်ကို ဖော်ပြပေအံ့။ “၃၁-ဘုံဝါဒ”ဟူသော စကားရပ်၌ ၃၁-ဘုံနှင့် ဝါဒဟူသော စကားနှစ်ရပ် ပါရှိသည်။ ၃၁-ဘုံအကြောင်းကို ရှေ့တွင်ဖော်ပြမည် ဖြစ်သည်။ ယခု ဝါဒဟူသော စကားကို ရှင်းလင်းပေအံ့။
၆၉။ ဝါဒဆိုသည်မှာ ယခုခေတ်၌ မြန်မာဝေါဟာရ စကားလုံးအဖြစ် တွင်ကျယ်နေသော်လည်း မူရင်းဘာသာအားဖြင့် ပါဠိစကားလုံး ဖြစ်သည်။ [ဝဒဓာတ်+ဏပစ္စည်းဖြင့် ပြီးသောပုဒ်တည်း]
ယင်းဝါဒဟူသော ပါဠိစကား၏ အနက်မှာ အရာဌာနသို့လိုက်၍ အနက် (၇)မျိုး ထွက်ရှိပေသည်၊ ယင်း အနက်(၇)မျိုးတို့ကား-
(က) စကားဟူသောအနက်၊
(ခ) ပြောဆိုခြင်းဟူသောအနက်၊
(ဂ) အပြစ်ဒေါသဟူသောအနက်၊
(ဃ) အယူဟူသောအနက်၊
(င) မိစ္ဆာဉာဏ်ဟူသောအနက်၊
(စ) ပြောဆိုသည့် အရင်းခံစေတနာ ဟူသောအနက်၊
(ဆ) အငြင်းအခုံစကားဟူသော အနက်တို့ ဖြစ်ပေသည်။
၇၀။ အင်္ဂလိပ်ဘာသာ အစ်ဇင် (ISM) ဟူသော စကားလုံးကို မြန်မာပြန်ဆိုသောအခါ ဝါဒဟူ၍ ပြန်ဆိုကြသည်၊ သာဓကအားဖြင့် (ဆိုရှယ်လစ်ဇင်း=ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဇင်း=ကွန်မြူနစ်ဝါဒ) စသည်တို့ ဖြစ်ပေသည်။ ယင်း အစ်ဇင်ဟူသော စကားကို ဖွင့်ဆိုကြရာ၌ လက်တွေ့ဆောင်ရွက်မှု စသည်တို့ဖြစ်သည်။
အထက်ပါ အဓိပ္ပါယ် ဖွင့်ဆိုချက်များအရ အသင့်လျော်ဆုံးကို ယူသည်ရှိသော် ဤ၌ ဝါဒဟူသောစကားလုံး၏ အနက်မှာ “စကား” သို့မဟုတ် “အယူ” ဟူ၍ ဖြစ်ပါသည်။ ထို့ကြောင့် ၃၁-ဘုံ ဝါဒဟူရာ၌ “၃၁-ဘုံဆိုင်ရာစကား” သို့မဟုတ် “၃၁-ဘုံဆိုင်ရာအယူ”ဟူ၍ ဖြစ်ပေသည်။
ဤအဓိပ္ပါယ်အရ ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော ရေးသားချက်၏ အနက်ကို ဖွင့်ဆိုသည်ရှိသော် ၃၁-ဘုံနှင့် စပ်သောစကား, အယူဟု ဆိုရာရောက်ပေသည်။ ဤသည်ကား ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော ဝေါဟာရနှင့် ပတ်သက်၍ ရှင်းလင်းချက်ပေတည်း။
၃၁-ဘုံစာရင်း
၇၁။ အထက်တွင် စောဒကဆရာတော်များ တင်ပြသည့် အကိုးသာဓကများကို သေချာစွာဖတ်ရှုပါလျှင် ၃၁-ဘုံကို ဗုဒ္ဓမြတ်စွာဘုရား လက်ခံသည့်အကြောင်း (ဘုရားဟောဒေသနာတွင် ၃၁-ဘုံ ထင်ရှားရှိကြောင်း)ကို သိသာနိုင်ပေပြီ၊ ပိုမို၍သိသာထင်ရှားစေရန် အနည်းငယ်စိစစ်၍ ဖော်ပြပေအံ့၊ ၃၁-ဘုံ ဆိုသည်မှာ အောက်ပါတို့ပင် ဖြစ်ကြပေသည်။
(၁) ငရဲဘုံ၊
(၂) တိရစ္ဆာန်ဘုံ၊
(၃) ပြိတ္တာဘုံ၊
(၄) အသုရကာယ်ဘုံ၊
(၅) လူ့ဘုံ၊
(၆) စာတုမဟာရာဇ် နတ်ဘုံ၊
(၇) တာဝတိံသာ နတ်ဘုံ၊
(၈) ယာမာ နတ်ဘုံ၊
(၉) တုသိတာ နတ်ဘုံ၊
(၁၀) နိမ္မာနရတိ နတ်ဘုံ၊
(၁၁) ပရနိမ္မိတဝသဝတ္တိ နတ်ဘုံ၊
(၁၂) ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မာဘုံ၊
(၁၃) ဗြဟ္မပုရောဟိတာ ဗြဟ္မာဘုံ၊
(၁၄) မဟာဗြဟ္မာ ဗြဟ္မာဘုံ၊
(၁၅) ပရိတ္တာဘာ ဗြဟ္မာဘုံ၊
(၁၆) အပ္ပမာဏာ ဗြဟ္မာဘုံ၊
(၁၇) အာဘဿရာ ဗြဟ္မာဘုံ၊
(၁၈) ပရိတ္တသုဘာ ဗြဟ္မာဘုံ၊
(၁၉) အပ္ပမာဏသုဘာ ဗြဟ္မာဘုံ၊
(၂၀) သုဘကိဏှာ ဗြဟ္မာဘုံ၊
(၂၁) ဝေဟပ္ဖိုလ် ဗြဟ္မာဘုံ၊
(၂၂) အသညသတ် ဗြဟ္မာဘုံ၊
(၂၃) အဝိဟာ ဗြဟ္မာဘုံ၊
(၂၄) အတပ္ပာ ဗြဟ္မာဘုံ၊
(၂၅) သုဒဿာ ဗြဟ္မာဘုံ၊
(၂၆) သုဒဿီ ဗြဟ္မာဘုံ၊
(၂၇) အကနိဋ္ဌ ဗြဟ္မာဘုံ၊
(၂၈) အကာသာနဉ္စာယတန ဗြဟ္မာဘုံ၊
(၂၉) ဝိညာဏဉ္စာယတန ဗြဟ္မာဘုံ၊
(၃၀) အာကိဉ္စညာယတန ဗြဟ္မာဘုံ၊
(၃၁) နေဝသညာနာသညာယတန ဗြဟ္မာဘုံ။
၇၂။ ဤ ၃၁-ဘုံစာရင်းမှာ မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော ပါဠိတော်မှ ကောက်နုတ်ဖော်ပြထားသော စာရင်းဖြစ်ပေသည်။ ယင်းပါဠိတော်ကြီးများကို မမီမကမ်း မကြည့်မရှုနိုင်သူများက-
“၎င်း ၃၁-ဘုံသည် ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန် စံလွန်တော်မူပြီး နှစ်ပေါင်း ၉၅၆-နှစ် အကြားတွင်မှ သီဟိုဠ် အရှင်အနုရုဒ္ဓါပြုစုရေးသားသော အဘိဓမ္မတ္ထသင်္ဂဟကျမ်း (ဝါ) သင်္ဂြိုလ်ကျမ်း၌သာ လာသည်”
ဟု မှတ်ချက်ပြု၍ တာဝန်မဲ့ ပြောဆိုရေးသားကြလေသည်။
၃၁-ဘုံနှင့် ပတ်သက်၍ အချက်သုံးချက်
၇၃။ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို ခြုံ၍လေ့လာကြည့်လျှင် ၃၁-ဘုံနှင့်ပတ်သက်၍ အချက်သုံးချက်ကို တွေ့ရသည်။
(က) ပထမအချက် ၃၁-ဘုံ ၃၁-ဘဝ ဧကန်မုချရှိသည့် အကြောင်းကို ဟောကြားခြင်း ဖြစ်သည်။
(ခ) ဒုတိယအချက် ၃၁-ဘုံသားတို့အဖို့ အထိုက်အလျောက် ကြီးပွားချမ်းသာရေး နည်းလမ်းများကို ဟောကြားခြင်းဖြစ်သည်။
(ဂ) တတိယအချက် ၃၁-ဘုံ၊ ၃၁-ဘဝတို့ကို မတွယ်တာစေဘဲ လွတ်မြောက်မှု နည်းလမ်းကို ဟောကြားတော်မူခြင်း ဖြစ်သည်။
၇၄။ ရှင်းဦးအံ့၊ ၃၁-ဘုံ၊ ၃၁-ဘဝရှိကြောင်း ဟောကြားခြင်းသည်ကား ဗုဒ္ဓမြတ်စွာသည် လောကဝိဒူဂုဏ်တော်နှင့်အညီ အရှိကိုအရှိအတိုင်း ဟောတော်မူခြင်းပင် ဖြစ်သည်။ ထို ၃၁-ဘုံ၊ ၃၁-ဘဝသည် ဤကမ္ဘာ၌သာမက ယခင့်ယခင် ကမ္ဘာ့ကမ္ဘာတို့၌လည်း ရှိခဲ့ဖူးပြီး ဖြစ်သည်။ ယခုလက်ရှိ ကမ္ဘာ၌လည်း ရှိနေသည်ပင် ဖြစ်သည်။ နောင် အတောမသတ် လာလတ္တံ့သော ကမ္ဘာ့ကမ္ဘာတို့၌လည်း ရှိနေလိမ့်မည်သာ ဖြစ်သည်။ သာဓကအားဖြင့် လောကအတွင်း၌ မြေသည်လည်းကောင်း, ရေသည်လည်းကောင်း, လေသည်လည်းကောင်း, မီးသည်လည်းကောင်း ရှိပြီး ရှိဆဲ ရှိလတ္တံ့ ဖြစ်သကဲ့သို့ပေတည်း။ တစ်နည်းအားဖြင့်ဆိုသော် ၃၁-ဘုံသည် ဩကာသလောကကြီး ဖြစ်သောကြောင့်ပေတည်း။
၇၅။ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူလာသောအခါ လောကနှင့် ဘဝမှ ထွက်မြောက်ရေးအတွက် အဓိကဦးတည်ချက် ထားသော်လည်း ရှိနှင့်နေသော လောကနှင့် ဘဝကို အကြောင်းတိုက်ဆိုင်သလို ထုတ်ဖော်ဟောကြားရသည်မှာ သဘာဝကျသော အချက်ပင် ဖြစ်သည်။ အထူးသဖြင့် ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်ပြုပြင်ပြောင်းလဲနေသော ကြောင်းကျိုးဆက် သဘာဝဓမ္မ (အဘိဓမ္မာ)ပညာကို ဖော်ထုတ်ရာ၌ ၃၁-ဘုံ၊ ၃၁-ဘဝတို့သည် ပညာရပ်၏ အသုံးခံပစ္စည်းများ ဖြစ်လာပေသည်။
၇၆။ ၃၁-ဘုံသားတို့ အနေဖြင့် ပါရမီ အနုအရင့်လိုက်၍ ဘဝမှ လုံးဝမထွက်မြောက်နိုင်သေးသည့် ကြားကာလတွင် အထိုက်အလျောက် ကြီးပွားချမ်းသာရေး နည်းလမ်းများကိုလည်း ဗုဒ္ဓက ဟောကြားထုတ်ဖော်တော် မူခဲ့ရပေသည်။ ဥပမာ- သမ္ပဒါတရား, မင်္ဂလာတရား, သိင်္ဂါလောဝါဒသုတ်စသော တရားမျိုးကို ဟောကြားတော်မူခြင်းပင် ဖြစ်သည်။ ထိုတရားများကို လိုက်နာကျင့်သုံးသူတိုင်း အထိုက်အလျောက် အမှန်ပင် ကြီးပွားချမ်းသာမှုကို ရရှိကြပေသည်။ မည်သည့်ကျမ်းဂန်ပိဋကတ်တွင်မှ “ဘုရားဟူက ဝိမုတ္တိကိုသာ ဟောသည်”ဟု အဆိုမရှိချေ။
၇၇။ ဤတွင် အလျဉ်းသင့်၍ ဆိုရပေဦးမည်၊ ဗုဒ္ဓမြတ်စွာကို သစ္စာလေးပါးတရား, အနတ္တတရား, ပဋိစ္စသမုပ္ပါဒ်တရား ဤတရားသုံးမျိုးလောက်ကိုသာ ဟောကြားခဲ့သော ဘုရားအဖြစ် ပြောဟောရေးသား ဝါဒဖြန့်၍ နေသူများသည် ကျွန်ုပ်တို့၏ မြတ်စွာဘုရားကို-
(က) မပြည့်စုံသော ဘုရားအဖြစ်သို့လည်းကောင်း၊
(ခ) တစ်ယူသန် ဘုရားအဖြစ်သို့လည်းကောင်း၊
(ဂ) လောကသားအားလုံးတို့၏ ကျေးဇူးရှင်မဟုတ်၊ နိဗ္ဗာန်ရရာရကြောင်း တစ်ခုတည်းကိုသာ အားထုတ်သူ (လူနည်းစု) တို့၏ ကျေးဇူးရှင် ဘုရားအဖြစ်သို့လည်းကောင်း၊
တွန်းပို့လျက် ရှိပေသည်။
ဤသို့ပြုလုပ်ခြင်းသည် မြတ်စွာဘုရားကိုလည်း အကြီးအကျယ် ပြစ်မှားရာရောက်သည်၊ ပိဋကတ်ကျမ်းဂန်များကိုလည်း ဖျက်ဆီးရာရောက်ပေသည်။
၇၈။ စိရံ တိဋ္ဌတု သဒ္ဓမ္မော ဟူ၍ ဗုဒ္ဓဘာသာဝင်အားလုံး တောင့်တလျက်ရှိသော သဒ္ဓမ္မ (သူတော်ကောင်းတရား)သည်-
(က) လောကိယသဒ္ဓမ္မ=လောကီဆိုင်ရာ သူတော်ကောင်းတရား၊
(ခ) လောကုတ္တရာသဒ္ဓမ္မ=လောကမှ လွတ်မြောက်ရေးဆိုင်ရာ သူတော်ကောင်းတရား
ဟူ၍ ၂-မျိုး ရှိပေသည်။
လောကိယသဒ္ဓမ္မဆိုသည်မှာ ဒါန သီလတရားများ, ဗြဟ္မစိုရ်တရားများ, မင်္ဂလာ သိင်္ဂါလောဝါဒ စသည်တို့ ပါဝင်ပေသည်။ လောကမှ လွတ်မြောက်ရေးနှင့် စပ်လျဉ်း၍ ဟောကြားတော်မူသော လောကုတ္တရာသဒ္ဓမ္မ တရားတော်များသည်လည်း ထိုထိုဘုရားဟော ပါဠိတော်များ၌ အမြောက်အများ ပါရှိပေသည်။ အထူးသဖြင့် မဟာသတိပဋ္ဌာနသုတ်တော်သည် ဘဝမှ လွတ်မြောက်ရေးအတွက် လက်တွေ့လမ်းညွှန်ပြသော ကျင့်လမ်း ကြံလမ်းတရားတော်ပင် ဖြစ်ပေသည်။ သတိပဋ္ဌာန်တရားကို ဘုရားရှင်အလိုတော်အတိုင်း ပွားများအားထုတ်သူသည် မဂ္ဂသစ္စာလမ်းစဉ်ပေါ်သို့ အမှန်ပင် ရောက်ရှိနိုင်ပေသည်။ ဤကား ၃၁-ဘုံနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာ အချက်သုံးချက်ပေတည်း။
၃၁-ဘုံရှိကြောင်း သာဓကများ
၇၉။ နိကာယ်ငါးရပ်, ပိဋကတ်သုံးပုံတွင် ၃၁-ဘုံ, ၃၁-ဘဝ ရှိကြောင်း ဟောထားသော ပါဠိတော် အမြောက်အများကို ပိဋကတ်ကျမ်းဂန် သင်ကြားဖူးသူတိုင်း တွေ့ရှိမှတ်သား နိုင်ကြပေသည်။ သိသာရုံ ကောက်နုတ်ဖော်ပြရသော်-
ဣတိဝုတ် ပါဠိတော်တွင်-
တေ ဝဋ္ဋုယန္တိ နိရယံ၊ တိရစ္ဆာနဉ္စ ယောနိယော၊
အသုရံ ပေတ္တိဝိသယံ၊ အမုတ္တာ မာရဗန္ဓနာ။ (ခု၊၁၊၂၅၇။)
ဟူ၍လည်းကောင်း
နေတ္တိပါဠိတော်တွင်-
နိရယဂါမီ မဂ္ဂေါ တိရစ္ဆာနယောနိဂါမီ မဂ္ဂေါ ပေတ္တိဝိသယဂါမီ မဂ္ဂေါ အသုရယောနိယော မဂ္ဂေါ သဂ္ဂဂါမိယော မဂ္ဂေါ မနုဿဂါမီ မဂ္ဂေါ။ (ခု၊၁၀၊ ၆၂။)
ဟူ၍လည်းကောင်း
ဟောထားသည်ကို တွေ့ရပေသည်၊ ဤ ဣတိဝုတ် ပါဠိတော်နှင့် နေတ္တိပါဠိတော်လာ ဒေသနာတော်များအရ အပါယ်လေးဘုံ နတ်ပြည် ၆-ထပ် လူ့ဘုံအားဖြင့်-ကာမ ၁၁-ဘုံ အထင်အရှားရှိကြောင်း သိနိုင်ပေသည်။
တစ်ဖန် အင်္ဂုတ္တရပါဠိ၊ တိကနိပါတ်(၂၁၃၊၂၁၄၊၂၁၅ တွင်လည်းကောင်း၊ ဝိဘင်းပါဠိတော်(၄၃၇၊ ၄၃၈၊ ၄၃၉ တွင်လည်းကောင်း နတ်ပြည် ၆-ထပ်ကို အမည်နှင့်တကွ သက်တမ်းကိုပါ ယှဉ်တွဲ၍ ဟောကြားထားသည်ကို တွေ့ရှိနိုင်ပေသည်။
ဝိဘင်းပါဠိတော်(၄၃၉၊ ၄၄၀၊ ၄၄၁ တွင် ဗြဟ္မာ ၂၀-တို့၏ အမည်ကို သက်တမ်းနှင့်တကွ ဟောကြားထားသည်ကို တွေ့ရှိနိုင်ပေသည်။ ဤပါဠိတော်အရ ၃၁-ဘုံ အမှန်ပင်ရှိနေသည် ဆိုသောအချက်ကို သံသယကင်းစွာ လက်ခံယုံကြည်ထိုက်ပေသည်။
ယမိုက်ပါဠိတော်လာ ၃၁-ဘုံများ
၈၀။ အထက်ဖော်ပြပါ ပါဠိတော်များအပြင် ယမိုက်ပါဠိတော်၊ ဩကာသဝါရ၊ ပုဂ္ဂလောကာသ ဝါရများ၌လည်း ၃၁-ဘုံတို့၏အမည်ကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ ဟောထားသည်ကို တွေ့ရှိနိုင်ပေသည်။ အနည်းငယ် ထုတ်ဖော်၍ ပြရပါလျှင်-
(က) ခန္ဓယမိုက်ပါဠိတော်(ပ-၃၁၊၃၂) တွင် (အသညသတ္တေ) (ပဉ္စဝေါကာရေ) (အရူပေ) ဟူသော အမည်နာမတို့ကို တပ်၍ ဟောထားသောကြောင့် အသညသတ်ဘုံ၊ ပဉ္စဝေါကာရဘုံ၊ အရူပဘုံတို့ ရှိကြောင်းကို သိနိုင်ပေသည်။
(ခ) အာယတနယမိုက်ပါဠိတော်(ပ-၄၈-တွင် (ရူပါဝစရေ) (ကာမာဝစရေ) (အသညသတ္တေ) ဟူသော အမည်နာမတို့ကိုတပ်၍ ဟောထားသောကြောင့် ရူပဗြဟ္မာဘုံ၊ ကာမဝစရဘုံ၊ အသညသတ် ဗြဟ္မာဘုံတို့ ရှိနေကြောင်းကိုလည်း အာယတနယမိုက်ကို ထောက်၍ သိနိုင်ပေသည်။
(ဂ) သစ္စယမိုက်ပါဠိတော်(ပ-၂၁၃၊၂၁၅-တွင် (အသညသတ္တေ) (စတုဝေါကာရေ) (ပဉ္စဝေါကာရေ) (အပါယေ) ဟူသော အမည်နာမများကို တပ်၍ ဟောထားသောကြောင့် အသညသတ် ဗြဟ္မာဘုံ၊ ခန္ဓာလေးပါး ရှိသောဘုံ၊ ခန္ဓာငါးပါးရှိသောဘုံ၊ အပါယ်ဘုံတို့ ရှိနေကြောင်းကိုလည်း သစ္စယမိုက်ကိုထောက်၍ သိနိုင်ပေသည်။
(ဃ) သင်္ခါရယမိုက်ပါဠိတော်(ဒု-၇-တွင် (ပဌမဇ္ဈာနေ) (ရူပါဝစရေ) (အရူပါဝစရေ) ဟူသော အမည်နာမတို့ကို တပ်၍ဟောထားသောကြောင့် ရူပါဝစရဘုံ၊ အရူပါဝစရဘုံများ ရှိနေသည်ဆိုသော အချက်ကို သင်္ခါရယမိုက်ကို ထောက်ဆ၍ သိနိုင်ပေသည်။
(င) ဓမ္မယမိုက်ပါဠိတော်(တ-၉-တွင် (အသညသတ္တေ) (စတုဝေါကာရေ) (ပဉ္စဝေါကာရေ) ဟူသော အမည်နာမတို့ကို တိုက်ရိုက် ဟောထားသောကြောင့် အသညသတ် ဗြဟ္မာဘုံ၊ ခန္ဓာငါးပါးရှိသောဘုံ ခန္ဓာ လေးပါး ရှိသောဘုံများကိုလည်း ဓမ္မယမိုက်ကို ထောက်စ၍ သိနိုင်ပေသည်။
(စ) ဣန္ဒြိယယမိုက်ပါဠိတော်(တ-၁၂၄-တွင် (အသညသတ္တေ) (အရူပေ) (ပဉ္စဝေါကာရေ) ဟူသော အမည်တို့ကို တိုက်ရိုက် ဟောထားသောကြောင့် ခန္ဓာတစ်ပါးရှိသော အသညသတ်ဘုံ၊ ခန္ဓာလေးပါးရှိသော အရူပဘုံ၊ ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘုံတို့ ရှိနေကြောင်းကိုလည်း ဣန္ဒြိယ ယမိုက်ကို ထောက်ဆ၍ သိနိုင်ပြန်ပေသည်။
(ဆ) အနုသယယမိုက်ပါဠိတော်(တ-၆၁-တွင် (ရူပဓာတုယာ) (အရူပဓာတုယာ) (ကာမဓာတုယာ) ဟူသော အမည်ကို သုံးသပ်၍ ဟောထားသောကြောင့် ရူပ ၁၆-ဘုံ၊ အရူပ ၄-ဘုံ၊ ကာမ ၁၁-ဘုံ အားဖြင့် ၃၁-ဘုံ အမှန်ပင် ရှိကြောင်းကို အနုသယယမိုက်ကို ထောက်ဆ၍ သိနိုင်ပေသည်။
ဤကား ၃၁-ဘုံ ရှိကြောင်း အမြွက်မျှဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။ ယမိုက် ပါဠိတော် တစ်ကျမ်းလုံးတွင် ၃၁-ဘုံ အမည်များကို အကြိမ်များစွာ ဟောထားခဲ့ပေသည်၊ အထူးသဖြင့် မူလပဏ္ဏာသ ပါဠိတော်၊ သာလေယျကသုတ်တွင် ၃၁-ဘုံတို့၏ အမည်များနှင့် ရောက်ကြောင်းတရားများကို အတိအလင်း ဟောကြားထားခဲ့ပေသည်။
၃၁-ဘုံရောက်ကြောင်းတရားများ
၈၁။ ၃၁-ဘုံရှိကြောင်းကို ပြဆိုပြီးနောက် ယခုတဖန် ၃၁-ဘုံရောက်ကြောင်း တရားများကိုလည်း ပြဆိုရပေဦးမည်။ ၃၁-ဘုံကို အမျိုးအစား ခွဲခြားကြည့်လျှင် ဒုဂ္ဂတိဘုံ၊ သုဂတိဘုံဟူ၍ ၂-မျိုး ၂-စား ကွဲပြားသည်ကို တွေ့ရပေသည်။ အပါယ်လေးဘုံကို ဒုဂ္ဂတိဘုံဟု ခေါ်၍၊ ကျန်ဘုံများကို သုဂတိဘုံဟု ခေါ်ဆိုသည်။
(က) အဓမ္မစရိယာ=မတရားကျင့်ခြင်း (အကုသိုလ်စေတနာ)
(ခ) ဝိသမစရိယာ=မညီမမျှကျင့်ခြင်း (အကုသိုလ်စေတနာ)
တို့ကြောင့် အပါယ်ဘုံသို့ ကျရောက်နိုင်ကြောင်း မူလပဏ္ဏာသပါဠိတော်၊ သာလေယျကသုတ်တွင် အောက်ပါအတိုင်း ဟောထားခဲ့ပေသည်။
“အဓမ္မစရိယာဝိသမစရိယာဟေတု ခေါ ဂဟပတယော ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ” (မ၊၁၊၃၅၄။)
မြန်မာပြန်
“သူကြွယ်တို့ မတရားမှု၊ မမျှတမှုကို ပြုလုပ်ခြင်း အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ချမ်းသာကင်းသော၊ မကောင်းသော လားရာ ပျက်စီး၍ ကျရာငရဲသို့ ရောက်ကြရကုန်၏”။ (မမြန်၊၁၊၄၆၇။)
၈၂။ သုဂတိဘုံဘဝသို့ ရောက်နိုင်ခြင်း၏ အကြောင်းမှာလည်း-
(က) ဓမ္မစရိယာ=တရားသဖြင့် ကျင့်ခြင်း (ကုသိုလ်စေတနာ)
(ခ) သမစရိယာ=ညီမျှစွာ ကျင့်ခြင်း (ကုသိုလ်စေတနာ)
တို့ကြောင့် ဖြစ်ကြောင်း မူလပဏ္ဏာသပါဠိတော်တွင် အောက်ပါအတိုင်း ဟောထားခဲ့ပေသည်။
“ဓမ္မစရိယာသမစရိယာဟေတု ခေါ ဂဟပတယော ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ” (မ၊၁၊၃၅၅။)
မြန်မာပြန်
“သူကြွယ်တို့ တရားမှု၊ မျှတမှုကို ပြုလုပ်ခြင်း အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ကောင်းသောသူတို့၏ လားရာ နတ်ပြည်သို့ ရောက်ကြကုန်၏”။ (မမြန်၊၁၊၃၆၆-၇။)
မှတ်ချက်။ ။ ဤမူလပဏ္ဏာသ ပါဠိတော်၊ သာလေယျကသုတ်တွင် အပါယ်ဘုံ၊ နတ်ပြည် ၆-ထပ်၊ ဗြဟ္မာဘုံ ၂၀-တို့၏ အမည်နှင့်တကွ ရောက်ကြောင်း တရားများကိုပါ အတိအလင်း ဟောကြားထားပေသည်။
၃၁-ဘုံပယ် ဝါဒကို စိစစ်ခြင်း
ဤ ၃၁-ဘုံပယ်ဝါဒသည် လူသေလူဖြစ်ဝါဒီ ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက် တပည့်အချို့၏ ဝါဒဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့သည် ၃၁-ဘုံဝါဒ၊ ဗုဒ္ဓလက်မခံသော စာအုပ်စာတမ်းများကို ရေးသားဖြန့်ဝေခြင်း, ဟောပြောခြင်းများ ပြုလုပ်နေကြသော်လည်း စင်စစ်မူ ဗုဒ္ဓပိဋကတ်တော်များကို အခြေခံကျကျ လေ့လာသင်ကြားဖူးကြသော သူများကား မဟုတ်ကြပေ။ မြန်မာပြန် ပိဋကတ်နှင့် အင်္ဂလိပ်ဘာသာပြန် အနည်းငယ်မျှကိုသာ လေ့လာခဲ့ကြသူတို့ ဖြစ်သည်။ (ဤအကြောင်းကို နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်ဆရာတော်များ မေးမြန်းစိစစ်စဉ်က စုဒိတကတို့ကိုယ်တိုင် ရဟန်း၊ ရှင်၊ လူ ပရိတ်သတ်များ၏ရှေ့ ဤရုံးတော်တွင် ဝန်ခံခဲ့ကြပြီး ဖြစ်သည်။)
၃၁-ဘုံကို အဘယ့်ကြောင့် ပယ်ကြသနည်း
၈၄။ စုဒိတကပုဂ္ဂိုလ်များသည် အဘယ့်ကြောင့် ၃၁-ဘုံကို သဲသဲမဲမဲ ပယ်နေကြသနည်း။ ဤအချက်ကို စူးစမ်းရှာဖွေသောအခါ အောက်ပါ ဦးဥက္ကဋ္ဌ၏ သဘောတရား ခံယူချက်ကို တွေ့ရပေသည်။
“ထို့ကြောင့် လူသားသည် တွေးတောဆင်ခြင်ရပေမည်၊ အပြန်အလှန် စစ်ဆေးဝေဖန်ရပေမည် (စ-သ-ဃ-ဇ-က) ဆိုတဲ့ သူ၏ ပသာဒရုပ်ငါးခုကို အမြဲမပြတ် အသုံးပြု၍ နေရပေမည်။” (အစွဲပြုတ် တဲကုပ်ရွှေနန်းတော်၊ နှာ-၅၂-၅၃-မှ)
အထက်ပါ စကားရပ်သည် ဦးဥက္ကဋ္ဌစွဲကိုင်သော အခြေခံ သဘောတရားကို ဖော်ပြလျက် ရှိပေသည်။ ပသာဒရုပ်ငါးခုကို စဉ်းစား ဝေဖန်မှုအားလုံး၏ အခြေခံအဖြစ် ဆုပ်ကိုင်ထားသည်ကို တွေ့ရသည်။ “ပသာဒရုပ် ငါးခုကို အမြဲမပြတ် အသုံးပြု၍နေရပေမည်။” ဟူသော ဦးဥက္ကဋ္ဌ၏ ညွှန်ကြားချက်သည် လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒီ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့၏ မဏ္ဍိုင်သဘောထားပင် ဖြစ်ပေသည်။
ဤကဲ့သို့ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်)ဟူသော လက်ရှိလူတို့၏ ပသာဒရုပ် ငါးခုကိုသာ အသုံးချ၍ ယင်းပသာဒရုပ် ငါးခုတို့ဖြင့် နေရာတကာ တိုင်းတာကြည့်နေကြပါက အဘယ်သို့လျှင် အမြင်မှန်ရနိုင်အံ့နည်း။ ဦးဥက္ကဋ္ဌ၏ အတွေးအခေါ်တွင် မနောဝိညာဏ်၏ အခန်းကဏ္ဍကား လုံးဝ ပျောက်ကွယ်လျက် ရှိပေသည်။
ဗုဒ္ဓတရားတော်၌ ပါရှိသော နတ်ဘုံ၊ ငရဲဘုံ၊ ၃၁-ဘုံနှင့် တန်ခိုးအဘိညာဉ် စသည်တို့မှာ မြတ်စွာဘုရားက ထူးသော မနောဝိညာဏ်ဖြင့် သိမြင်ရရှိ၍ ဟောကြားခဲ့သော အရာများသာ ဖြစ်သည်။ ထိုအရာများနှင့် ပတ်သက်၍ လက်ခံ ယုံကြည်ရေးသည်လည်း မနောဝိညာဏ်ကို အသုံးချမှသာလျှင် ဖြစ်နိုင်ပေသည်။
၈၅။ ယခု ဦးဥက္ကဋ္ဌနှင့် တပည့်တို့သည် ၎င်းတို့၏ (စ-သ-ဃ-ဇ-က)ဟူသော ပသာဒရုပ် ငါးပါးကိုသာ အမှန်တရား၏ တိုင်းတာမှု ပေတံတစ်ရပ်အဖြစ် အသုံးချပြီး ဖော်ပြပါ ဘုရားဟော တရားများကို တိုင်းတာ ကြည့်ကြခြင်း ဖြစ်သည်ကို တွေ့ရပေသည်။ နတ်ဘုံ၊ ငရဲဘုံ၊ ၃၁-ဘုံနှင့် တန်ခိုးအဘိညာဏ် စသည်တို့ကို မိမိတို့၏ လက်ရှိမျက်စိဖြင့် မမြင်ကြရသောကြောင့် လည်းကောင်း၊ နတ်သံ၊ ငရဲသံနှင့် တန်ခိုးအဘိညာဏ်သံတို့ကို မိမိတို့၏ ပကတိနားဖြင့် မကြားရသောကြောင့် လည်းကောင်း၊ နတ်ရနံ့၊ ငရဲရနံ့နှင့် တန်ခိုးအဘိညာဏ်ရနံ့တို့ကို မိမိတို့၏ မွေးရာပါ နှာခေါင်းဖြင့် အနံ့ခံ၍ မရသောကြောင့် လည်းကောင်း၊ နတ်အရသာ၊ ငရဲအရသာ၊ တန်ခိုးအဘိညာဏ် အရသာတို့ကို မိမိတို့၏ ပင်ကိုလျှာဖြင့် လျက်၍ မရသောကြောင့်လည်းကောင်း၊ နတ်အတွေ့၊ ငရဲအတွေ့၊ တန်ခိုး အဘိညာဏ်အတွေ့တို့ကို မိမိတို့၏ မိမွေးတိုင်း၊ ဖမွေးတိုင်းလက်များဖြင့် ကိုင်တွယ်စမ်းသပ်၍ မရကြသောကြောင့် လည်းကောင်း၊ ထို့ပြင် ပသာဒငါးပါးတို့၏ အကူဖြစ်သော မှန်ပြောင်းစသည်တို့ဖြင့် ကြည့်ရှု၍ မမြင်ကြသောကြောင့်လည်းကောင်း၊ နတ်ဘုံ၊ ငရဲဘုံမရှိ၊ ၃၁-ဘုံမရှိ၊ တန်ခိုးအဘိညာဏ်မရှိ စသည်ဖြင့် ရေးသား ဟောပြော နေကြခြင်းဖြစ်ကြောင်း တွေ့ရှိရပေသည်။
၈၆။ ဦးဥက္ကဋ္ဌနှင့် တပည့်တို့သည် ဤကဲ့သို့သော ပသာဒရုပ်ဝါဒီများဖြစ်ကြလေရာ သူတို့၏ဝါဒကို ထူထောင် ဖြန့်ဖြူးရာ၌ ကျားကန်ပေးရန်အလို့ငှာ ပိဋကတ်သုံးပုံထဲမှ သုတ်တရားအချို့ကို လွဲမှားစွာ ထုတ်ဆောင် ကိုးကားကြ၍လည်းကောင်း၊ မိမိတို့၏ လက်ဖြစ်ပါဠိများကို ဘုရားဟောပါဠိများအဖြစ် ဖန်တီးကြ၍လည်းကောင်း၊ ထိုထိုစာအုပ်များကို ထိုထိုနေရာများတွင် ဖော်ပြနေကြခြင်းဖြစ်ကြောင်း အတိအလင်းတွေ့ကြရပေသည်။ အမှန်စင်စစ် မျက်စိစသည်ဖြင့် မြင်တွေ့ရမှ (ဝါ) ပသာဒငါးပါးဖြင့် စမ်းသပ်၍ရမှ မှန်ကန်သည်ဟု ဘုရားဟောစာပေ လုံးဝ မရှိပေ။ ပသာဒငါးပါး ရုပ်တရားကိုသာ ဆုပ်ကိုင်ထားသောဝါဒသည် ဗုဒ္ဓဝါဒမဟုတ်ပေ။
၈၇။ လူသေလူဖြစ်ဝါဒကို တီထွင်သူ ဦးဥက္ကဋ္ဌကိုယ်တိုင် အယူဝါဒရေးရာ၌ ပြတ်သားမှု မရှိသည်ကို တွေ့ရပေသည်။ ၃၁-ဘုံပယ်ဝါဒနှင့် လူသေလူဖြစ်ဝါဒ နှစ်ခုအကြား၌ လှုပ်ရှား ယိမ်းယိုင်နေသည်ကို တွေ့ရပေသည်။ သာဓကကို ပြရပါမူ-
“ဗုဒ္ဓ၏ ကမ္မဝါဒသည် ပုခက်နှင့်ခေါင်းကြားတွင်သာ ကျက်စားကြောင်းကို အပြတ်အသတ် မှတ်ယူအပ်လေသည်။ လုပ်တိုင်းကုန်း၏ ဟိုမှာဘက်၌ ရှိသည်ဟူ၍ လက်ညှိုးထိုးကာ ညွှန်ပြအပ်သော မနောဒွါရတိုက်ထွက် အနုမာနများကို ပက်ပက်စက်စက် တိုက်ဖျက်ပစ်ရန် မုချ လိုလားအပ်လေသည်။”
လူသေလူဖြစ်စာအုပ်၊ ဒုတိယအကြိမ်ရိုက်၊ နှာ-၅၁-ဟူသော ရေးသားချက်သည် သေလျှင်ပြတ်၏ (နောက်ဘဝမရှိ) ဟူသော ဥစ္ဆေဒဝါဒကို လက်ခံကြောင်း သိသာပေသည်။
တဖန်-
“လူသားသည် သေပြီးနောက်၌ ဆက်လက်၍ ဖြစ်နေရဦးမည်ဆိုလျှင် လူမှတပါး အခြားသောသတ္တဝါအဖြစ်သို့ မရောက်နိုင်။” (လူသေလူဖြစ်စာအုပ်၊ နှာ-၃၀၆)
ဟုရေးသားထားပြန်ရာ ဤရေးသားချက်သည် သဿတသဘောကို လက်ခံကြောင်း ကြေငြာသည့်သဘော သက်ရောက် နေပြန်သည်။
၈၈။ ဦးဥက္ကဋ္ဌသည် လူသေလူဖြစ်စာအုပ်၊ စာမျက်နှာ ၅၁-၌ သေပြီးသည်မှနောက်၌ ပြတ်၏ဟူသော အယူအဆကို ရေးသားပြီး ဖြစ်ပါလျက်၊ ယင်းစာအုပ် စာမျက်နှာ ၃၀၆-တွင်မူ လူသေပြီးနောက် လူပင်ဆက်၍ ဖြစ်ရမည်ဟူသော သဿတသဘောကို ဆိုပြန်လေသည်။ သူ၏ရေးသားချက်အရ ဦးဥက္ကဋ္ဌသည် ၃၁-ဘုံပယ်ဝါဒနှင့် လူသေလူဖြစ်ဝါဒ ၂-ခုအကြား၌ စိတ်ထား မတည်မငြိမ် ရှိနေသည်ကို တွေ့ရပေသည်။ တနည်းဆိုသော် ဦးဥက္ကဋ္ဌသည် သဿတဝါဒလည်းရှိ၊ ဥစ္ဆေဒဝါဒလည်း ရှိနေပေသည်။ အယူဝါဒရေးရာ၌ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ပြတ်သားရမည်ဖြစ်သည်။ ဦးဥက္ကဋ္ဌမှာမူ သဘောတရားရေးရာ၌ မပိုင်သောကြောင့် ယခုကဲ့သို့ ယောင်ဝါးဝါး ယူဆရေးသားခြင်းဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်မိပေသည်။ ဤကဲ့သို့ ဆရာ မပြတ်သားမှုကြောင့် ဘဝပြတ်ခြင်းနှင့် လူပြန်ဖြစ်ခြင်းဟူသော ဝါဒ ၂-ခုကို တစ်ပြိုင်နက် ကိုင်စွဲထားသော ဆရာကြီး၏ နောက်လိုက်တပည့်တို့လည်း ထိုထိုဤဤ အလီလီကွဲပြား၍ ယောင်ယောင်မှားမှား ဖြစ်နေကြသည်မှာ မထူးဆန်းလှပေ။
၈၉။ ၃၁-ဘုံပယ်ဝါဒီတို့အနက် အချို့တို့သည် လူသေလူဖြစ်ဝါဒကို လက်ခံကြ၍ အချို့တို့က လူသေလူဖြစ် ဝါဒကို လက်မခံကြချေ။ လူသေလူဖြစ်ဝါဒကို လက်မခံကြသူတို့သည် သေလျှင်ပြတ်၏ဟူသော အယူစွဲရှိ၍ ဥစ္ဆေဒဒိဋ္ဌိတို့ ဖြစ်ကြသည်။ လူသေလူဖြစ်ဝါဒကို လက်ခံကြကုန်သော သူတို့သည် ဘဝမပြတ် (ဘဝ တစ်ဆက်တည်း)ဟူသော သဿတဒိဋ္ဌိသို့ ယိမ်းသောသူများ ဖြစ်ကြကုန်သည်။ ဤသို့ ကွဲပြားကြသောကြောင့် စောဒကဆရာတော်များ၏ စွဲဆိုချက် ၂၁-ချက်တို့တွင် (လူသေလူဖြစ်ဝါဒ)စွဲချက်ကို အချို့ကသာ ဖြေရှင်း၍ အချို့က ပြန်လည်ဖြေရှင်းခြင်း မပြုကြချေ။ ဖြေရှင်းခြင်းမပြုကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် မိမိတို့ ဆရာကြီး၏ ဝါဒကို(မနှစ်သက်သည့်တိုင်အောင်) ပစ်ပယ်ရန် ဝန်လေးနေကြကုန်ဟန်တူ၏၊ သို့ရာတွင် ယင်းသို့ ဖြေရှင်းခြင်း မပြုကြသောသူတို့သည် “ဆိတ်ဆိတ်နေ သဘောတူ”ထုံးဖြင့် စောဒကဆရာတော်တို့ စွဲဆိုသည့်အတိုင်း ဟုတ်မှန်၏ဟု ဝန်ခံသောသဘောသို့ သက်ရောက်နေပေသည်။
ဝိနည်းဓိုရ်ဆရာတော်များ၏ဆုံးဖြတ်ချက်
၉၀။ ဤ ၃၁-ဘုံနှင့်ပတ်သက်၍ ကုသိုလ်ကံ၊ အကုသိုလ်ကံတရားများကို ထည့်သွင်း စဉ်းစားရပေမည်။ ကုသိုလ်ကံ (သုစရိုက်တရား)ကြောင့် သုဂတိဘဝသို့ရောက်ရခြင်း, အကုသိုလ်ကံ (ဒုစရိုက်တရား)ကြောင့် ဒုဂ္ဂတိဘဝသို့ကျရောက်ရခြင်း ဟူသောအသိတရား မထားရှိသူ မှန်သမျှ ၃၁-ဘုံကို လက်မခံလိုဘဲ မကောင်းသောအကြံ၊ မကောင်းသောအပြော၊ မကောင်းသောအပြုအမူများ ပြုလုပ်ရန် ဝန်လေးကြမည်မဟုတ်ပေ။ သတ္တဝါတို့၏ စိတ်သည် “ပါပသ္မိံ ရမတိ မနော”ဟူသော ဗုဒ္ဓဒေသနာအရ အကုသိုလ်ဘက်၌သာ မွေ့လျော်တတ်သော သဘောရှိရကား မိစ္ဆာသင်္ကပ္ပရှိသူတို့အနေဖြင့် ကံပယ်၊ ဘုံပယ်ဝါဒများ ထွန်းကားခဲ့သော် ကုသိုလ်ကို ပစ်ပယ်ခြင်း, အကုသိုလ်ကို လက်ခံခြင်းစသော မလိုလားအပ်သော ဖြစ်ရပ်တို့သည် ပေါ်ပေါက်လာကုန်ရာ၏၊ ဤကဲ့သို့ ကံပယ်၊ ဘုံပယ်ဝါဒများ မထွန်းကား၊ မပြန့်ပွားစေရန်၊ ဗုဒ္ဓ၏ပိဋကတ်တော်များကို သဒ္ဓါတရား ခိုင်ခိုင်ထား၍ လေ့လာ အားထုတ်ရန် အလွန်အရေးကြီးပေသည်။
ဤအမှတ်(၃) စွဲဆိုချက်နှင့် ဖြေရှင်းချက်တို့ကို ခြုံငုံ၍ သုံးသပ်ကြည့်ရာတွင် စောဒကဆရာတော်များ၏ စွဲချက်ကို စုဒိတကတို့ဘက်မှ ပြေလည်အောင် မဖြေရှင်းနိုင်ကြောင်း တွေ့ရပေသည်။ ထို့ကြောင့် ၃၁-ဘုံကို ပယ်သောဝါဒသည် သံဂါယနာ ၆-တန်တင် ထေရဝါဒ ပိဋကတ်ဒေသနာတော်နှင့် ဆန့်ကျင်ရုံမျှမက လောက လူသားအပေါင်းတို့အားလည်း မကောင်းမှု ထွန်းကားရေးကို တွန်းအားပေးသော ဝါဒဖြစ်သောကြောင့် အဓမ္မဝါဒ စစ်စစ်ဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော်များ ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)စောဒနာအမှတ်(၄)ကံ-ကံ၏ အကျိုးကိုပယ်ခြင်းနှင့် စပ်သောဝိနိစ္ဆယဗုဒ္ဓဘာသာ၏ အခြေခံဖြစ်သော ကံ-ကံ၏အကျိုးတရား၌သက်ဝင်ယုံကြည်မှု ပျက်စီးအောင် ဖျက်ဆီး နေကြခြင်းနှင့် ပတ်သက်၍စောဒနာ သောဓနာ ၂-ရပ်ကို ဝေဖန်သုံးသပ်ချက်
၁။ စောဒကဆရာတော်များက-
(က) ကောင်းမှု ကောင်းတာကို နေ့မကွာ ညမလပ် ဒလစပ်အားထုတ်၍ ပြုလုပ်ကြိုးပမ်းသူ လူသားအတွက် အနင်္ဂီအဖိုးတန် အမျိုးမှန် ဆုလာဘ်များနှင့် ဘုံနန်းများကို တစ်ခမ်းတနား စီမံ၍ ထားခဲ့ကြကုန်၏၊ ပ။ စင်စစ် လိုရင်းမှာ စိတ်ကူးသက်သက်ဖြင့် လူသားစိတ်ကို ဖြားယောင်းသွေးဆောင် ခံကြကုန်၏၊ ခြောက်လှန့်ခဲ့ကြကုန်၏၊ (လူသေလူဖြစ်စာအုပ်၊ ဒုတိယနှိပ်၊ နှာ-၁၄)
(ခ) “အနို့အခု ဒီဘဝ ကောင်းစားချမ်းသာ နေတာတွေဟာ ရှေးဘဝက ပရံပရ ဘဝဘဝက ကုသိုလ် မဟုတ်ရဘူးပေါ့” “ဟ-ဒါက ဘယ်ရှေးရှေးက ကံမှမဟုတ်ဘူး။ ပ။ ဘုရားအလိုတော့ အဓမ္မတဲ့ တရားမဟုတ် လို့ ဆိုတာပဲ”။ (လူသေလူဖြစ် ပြဿနာ နှာ-၁၅၈-၁၅၉)
(ဂ) ကုသိုလ် အကုသိုလ် အကျိုးတရားဟူသည်ကား အကြောင်းကြောင့် အကျိုး မပြတ်ဆက်သည်ဟု ကမ္မဿကတလမ်းဂိုဏ်းမှ ယုံကြည်သော တရား ဖြစ်၏၊ ထိုတရားသည် ဗြာဟ္မဏဝေဒ ဒေသနာမှ မြစ်ဖျားခံ စီးဆင်းလာသော တရားဖြစ်လေရာ သံသရာလည်နေရေးကိုသာ အားပေးနေသော တရားဖြစ်သည်။ (ဗုဒ္ဓဝိပဿနာ ၁-နှာ-၁၄၆)
(ဃ) ဗုဒ္ဓ၏ မူရင်းဒေသနာများ၌ အတိတ်ကံကို အစွဲပြုသော ပရံပရ ကမ္မာဝစရကုသိုလ် အကုသိုလ်မျိုးအား စွဲသူလက်ခံ ယုံကြည်ရန် မပါမရှိပေ။ (ဗုဒ္ဓ၏ မိဂဒါဝုန်တရား နှာ-၅၇)
(င) အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ သင်္ခါရ ဟူသော အတိတ်ဘဝ အကြောင်းကံကြောင့် ယခု ပစ္စက္ခဘဝမှာ ဝိဉာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာဟူသော အကျိုးတရားများ ဖြစ်လာရသည် စသည်ဖြင့် အတိတ်ဘဝ အကြောင်းကြောင့် ယခုဘဝ အကျိုးတရား လာ၍ဖြစ်ရသည် ဟူသောအယူအဆမှာ အတ္တလမ်းစဉ် ဝိဉာဉ်စွဲ အမှားတရားများသာ ဖြစ်သည်။ (ဝိမုတ္တရသအရကောက်ကျမ်း နှာ-၂၂-၂၃)
ဤသို့သော စုဒိတကတို့၏ ရေးသားချက်များကို ထုတ်ပြ၍ ဦးဥက္ကဋ္ဌနှင့်နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသူတို့သည် ဗုဒ္ဓသာသနာတော်၏ အခြေခံမူလဖြစ်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိကိုပင် ပုဗ္ဗေကတဟေတုဒိဋ္ဌိနှင့် ရောထွေးကာ လွဲမှားစွာ ပြောဆို ယူဆကြကြောင်း၊ ကံနှင့်ကံ၏အကျိုးကို ပယ်လိုက်လျှင် လူသေလူဖြစ်ဝါဒနှင့် အံဝင်ဂွင်ကျ ဖြစ်မည်ဟုတွက်ဆ၍ ကံနှင့်ကံ၏အကျိုးတို့ကို ပယ်ရှားသော စကားတို့ကို ပြောမှား ရေးမှားကြကြောင်းဟု သာမညစောဒနာ တင်သွင်းကြသည်။
၂။ တဖန်၊ ဥပရိပဏ္ဏာသပါဠိ၊ စူဠကမ္မဝိဘင်္ဂသုတ် နှာ-၂၄၄-၌လာသော “ကမ္မဿကာ မဏဝ သတ္တာ” လုလင် သတ္တဝါတို့သည် မိမိတို့ ပြုလုပ်သော ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏စသော သာဓက၊ ဣတိဝုတ္တကပါဠိ၊ တပနိယသုတ် နှာ-၂၁၂-၌လာသော “မနောဒုစ္စရိတံ ကတွာ” စသော သာဓက၊ ယင်းပါဠိတော် အတပနိယသုတ် နှာ-၂၁၃-၌လာသော “ကာယဒုစ္စရိတံ ဟိတွာ” စသော သာဓကတို့ကို ထုတ်ပြ၍-
ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် သတ္တဝါတို့ အယုတ်အမြတ် ကွဲပြားရပုံ၊ သုဂတိဒုဂ္ဂတိလားရပုံ စသည်တို့ကို မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတော်မူခဲ့ကြောင်း။
အင်္ဂုတ္တရပါဠိ၊ တိကနိပါတ် နှာ-၁၃၃-၌ “ယံ ဘိက္ခဝေ လောဘပကတံ ကမ္မံ” စသော သာဓကကို ထုတ်ပြ၍ မျက်မှောက်ဘဝ၌ အကျိုးပေးသောကံ၊ ဒုတိယဘဝ၌ အကျိုးပေးသောကံ၊ တတိယဘဝမှစ၍ တစ်ချိန်ချိန်၌ အကျိုးပေးသောကံဟူ၍ မြတ်စွာဘုရား ဟောတော်မူပါလျက် လူသေလူဖြစ် ဦးဥက္ကဋ္ဌတို့က ထုံးအိုးထဲ နှိုက်သောလက်သည် ချက်ချင်းဖြူသလို၊ ကတ္တရာစေးပုန်းထဲ နှိုက်သောလက်သည် ချက်ချင်းနက်သလို၊ ငရုပ်သီးကိုစားလျှင် ချက်ချင်းစပ်သလို၊ ဗုဒ္ဓ၏ကမ္မဝါဒသည် ပုခက်နှင့်ခေါင်းကြားသာ ဖြစ်လေဟန် လုပ်ကြံ ရေးသားကြကြောင်း။
သီလက္ခန္ဓဝဂ္ဂပါဠိ၊ နှာ-၅၆၊ ၅၉တို့၌ လာသော “ဒါနေန ဒမေန သံယမေန” စသောသာဓကနှင့် “နတ္ထိ မဟာရာဇ ဒိန္နံ” စသော သာဓက၊ ယင်း၏ အဋ္ဌကထာ နှာ-၁၅၀ ၌လာသော “တတ္တ ကမ္မံ ပဋိဗာဟန္တေနာပိ ဝိပါကော ပဋိဗာဟိတော ဟောတိ” စသော သာဓကတို့ကို ထုတ်ပြ၍ ဦးဥက္ကဋ္ဌနှင့် နောက်လိုက် ပုဂ္ဂိုလ်တို့၏ ဝါဒသည် ယခုခေတ်မှ ပေါ်လာသည့် အသစ်အဆန်းမဟုတ်ဘဲ၊ ဘုရားရှင်လက်ထက်ကပင် ပေါ်နေပြီးဖြစ်သော ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလခေါ် ကမ္ဘာကျော် တိတ္ထိဆရာကြီးတို့၏ ဝါဒသာဖြစ်၍ အဓမ္မဝါဒသာဖြစ်ကြောင်းဟူ၍ ဝိသေသစောဒနာတင်သွင်းကြသည်။
၃။ ထိုစောဒနာကို စုဒိတက သခင်မြတ်ဆိုင်ကချေပရာ၌-
(က) သဠာယတနဝဂ္ဂသံယုတ်၊ ကမ္မနိရောဓသုတ် ၃၄၀-တွင် နိဗ္ဗာန်ကို ကံချုပ်ရာဟု ဆိုအပ်၏ဟူ၍ ဟောကြားကြောင်း၊
(ခ) မဟာဝဂ္ဂသံယုတ်၊ ပပါတသုတ်-၃၉၉ တွင် ကံသည် ပယ်ရန်တရားဖြစ်ကြောင်း၊ ကံပျော်သူသည် ဆင်းရဲမှ မလွတ်နိုင်ကြောင်းကို ဟောထားပါကြောင်း၊
(ဂ) မဟာဝဂ္ဂသံယုတ်၊ အန္ဓကာရသုတ် ၄၀၂-တွင် ကံပျော်သူတို့သည် အမှောင်တွင်းကျနေသူသာ ဖြစ်ကြောင်းကို ဟောတော်မူကြောင်း၊
(ဃ) အင်္ဂုတ္တိုရ်၊ ဧကနိပါတ်၊ ကောဋ္ဌိကသုတ် ၁၈၈-တွင် “ရှင်သာရိပုတ္တရာက ထိုကဲ့သို့ ကံတို့ကို ခံစားရန် မဟုတ်၊ မသိရသေးသော သစ္စာလေးပါး၌လည်းကောင်း၊ ထိုသစ္စာလေးပါးကို သိပြီး၍ ထိုးထွင်းနားလည် သိရန်လည်းကောင်း၊ မြတ်စွာဘုရားထံ၌ ကျင့်သုံးပါ၏ဟု ဖြေ၏”ဟူ၍ ဟောကြားထားကြောင်း၊
(င) ပညာမဲ့များသာလျှင် ကံကိုယုံ၏ဟု သုတ္တနိပါတ်၊ ဒွဟတာနုပဿနာသုတ် ၃၈၀-တွင် ကံပယ်ရေးဆိုင်ရာ များကိုလည်း ဟောထားကြောင်း၊
(စ) မဟာဝဂ္ဂ ဗောဇ္ဈင်္ဂသံယုတ်၊ တဏှာက္ခယသုတ် ၁၂၈-တွင် “တဏှာကုန်ခြင်းကြောင့် ကံကုန်၏၊ သူ့ကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခ ကုန်ဆုံးခြင်းသို့ ရောက်၏”ဟု ဟောကြားထားကြောင်း၊
(ဆ) မဇ္ဈိမပဏ္ဏာသ၊ ဥပါလိသုတ် ၄၁-တွင် “ဗုဒ္ဓရှင်တော်က တပသီ မကောင်းမှုပြုခြင်း, ကောင်းမှုပြုခြင်းတို့၌ ကံသုံးပါးကိုသာ ငါဘုရား ပညတ်၏၊ အဘယ် ကံသုံးပါးနည်းဟူမူ ကာယကံ၊ ဝစီကံ၊ မနောကံတို့တည်း”ဟူ၍ မိန့်တော်မူကြောင်း၊
(ဇ) မကောင်းမှု အကုသိုလ်ပြုသူတိုင်း အပါယ်သို့ကျ၏ဆိုသော စကားသည် ကံကို လက်ခံကျင့်သုံးသူနှင့်သာ ဆိုင်ကြောင်းကို သဠာယတနသံယုတ်၊ သင်္ခဓမ္မသုတ် ၄၉၉-တွင် ဟောကြားထားကြောင်း၊
(စျ) ကံအားလုံးမှ စွန့်သူသည်သာလျှင် ဆင်းရဲအပေါင်းမှ လွတ်ကြောင်းကို သုတ္တနိပါတ်၊ သဘိယသုတ် ၃၄၀-တွင် တွေ့ရကြောင်း၊
(ည) ဖဿကြောင့် ကံမြောက်၏ဟု အင်္ဂုတ္တိုရ် သတ္တကနိပါတ်၊ နိဗ္ဗေဓိကသုတ် ၄၅၆-တွင် ဟောထားကြောင်း၊
(ဋ) သုတ္တနိပါတ်၊ ဒွယတာနုပဿနာသုတ် ၃၇၃-တွင် ကံပြတ်မှ သံသရာပြတ်ကြောင်းကို ဗုဒ္ဓဘုရား ဟောကြားထားကြောင်း၊
(ဌ) ဥဒါန်း အာယုသင်္ခါရောဿဇ္ဇနသုတ် ၁၃၉-တွင် ဗုဒ္ဓဘုရားရှင်သည် ကံအားလုံးကို ပယ်စွန့်ပုံကို ဟောကြားထားကြောင်း၊
အထက်ပါသုတ္တန် အထောက်အထားများကြောင့် ကုသိုလ် အကုသိုလ်တို့၏ အကြောင်းအကျိုးကို ဆက်ခါမပြတ် ကျင်လည်တတ်သော ဘဝသံသရာ၏ အထောက်အကူ ကံတရားတို့ကို စွန့်ပယ်တော်မူကြောင်း တင်ပြ အပ်ပါသည်ဘုရားဟု ချေပလေသည်။
စုဒိတကတို့၏ သောဓနာကို သုံးသပ်ချက်
(က) ပဌမသောဓနာကို သုံးသပ်ချက်
၄။ စုဒိတကသခင်မြတ်ဆိုင်က “သဠာယတနဝဂ္ဂသံယုတ်၊ ကမ္မနိရောဓသုတ် ၃၄၀-တွင် “ရဟန်းတို့ နိဗ္ဗာန်သည် ကာယကံ၊ ဝစီကံ၊ မနောကံတို့၏ ချုပ်ခြင်းကြောင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်အာရုံ ဖြစ်၏၊ ရဟန်းတို့ ဤနိဗ္ဗာန်ကို ကံချုပ်ရာဟု ဆိုအပ်၏”ဟူ၍ ဟောကြားထားပါသည် ဘုရား”ဟု သောဓနာလေသည်။
ဤ သာဓက စကားရပ်၌ “အရဟတ္တဖိုလ် အာရုံ ဖြစ်၏”ဟူသော စကားသည် မှားယွင်း နေသည်၊ “အရဟတ္တ ဖိုလ်သို့ အာရုံ၏အဖြစ်ဖြင့် ရောက်၏”ဟုသာ မြတ်စွာဘုရား ဟောတော်မူသည်။ ဤသုတ်၌ “နိဗ္ဗာန်ကို ကံချုပ်ရာ”ဟု ဟောတော်မူသည်ကား မှန်၏၊ နိဗ္ဗာန်သည် ကံသာမက ရုပ်ခန္ဓာအားလုံး ချုပ်ငြိမ်းသည့် အသင်္ခတဓာတ်သာ ဖြစ်၏၊ သို့သော် ရှေးအတိတ်ကံ မရှိ ဟူ၍ကား ဟောတော် မမူပေ။ ရှေးအတိတ်ကံ ရှိကြောင်းကို ဤသုတ်၏ အစ၌ပင်-
“ရဟန်းတို့ အသစ်အဟောင်း ဖြစ်သောကံတို့ကို လည်းကောင်း၊ ကံ၏ချုပ်ရာကို လည်းကောင်း၊ ကံချုပ်ရာသို့ ရောက်သောအကျင့်ကို လည်းကောင်း ဟောပေအံ့”ဟု ဝန်ခံတော်မူပြီးလျှင် “ရဟန်းတို့ မျက်စိသည် ကံဟောင်းမည်၏(အကြောင်းအရာတို့က) ပြုပြင်အပ်၏၊ (စေတနာ ဟူသော အတိတ်ကံက) စီမံအပ်၏၊ ခံစားမှု ဝေဒနာ၏ အကြောင်းဟု ရှုရမည်”ဟုဟောတော်မူသည်။ (သဠာယတနသံယုတ္တပါဠိ-၃၄၆၊ အဋ္ဌကထာ-၄၆၊ မြန်မာပြန်-၃၄၀)
ဤသုတ်၌ “မျက်စိသည် ကံဟောင်းမည်၏”ဟူသော စကားရပ်ဝယ် မျက်စိသည် အဟောင်းမဟုတ်၊ ကံသာလျှင် အဟောင်းဖြစ်သည်။ ကံဟောင်းကြောင့် ဖြစ်ရသည့်အတွက် အကြောင်းကံ၏အမည်ကို အကျိုးမျက်စိ၌ တင်စား၍ ဥပစာရအားဖြင့် “မျက်စိသည် ကံဟောင်းမည်၏”ဟုဟောတော်မူသည်။ (ယင်း အဋ္ဌကထာ-၄၆)
ဤသုတ်ဖြင့် စုဒိတကပုဂ္ဂိုလ်ဆိုလိုသော “ကံ ကံ၏အကျိုးမရှိ”ဟူသော အနက်ကို မပြနိုင်၊ စောဒက ဆရာတော်များ ဆိုလိုသော “ကံ ကံ၏အကျိုး ရှိ၏”ဟူသော အနက်ကိုသာ ပြသောကြောင့် စုဒိတကပုဂ္ဂိုလ်အတွက် သာဓက မမြောက်ရုံမျှမက၊ စောဒကဆရာတော်များ၏ အဆိုကိုပါ ထောက်ခံရာ ရောက်ပေသည်။ စုဒိတကသခင်မြတ်ဆိုင်သည် ဤကမ္မနိရောဓသုတ်၏ လေးနက်သော ဓမ္မရေးရာကို မသိရ၍သာ အားကိုးခုခံ မိခြင်းဖြစ်ပေသည်။
(ခ) (ဂ) ဒုတိယ၊ တတိယသောဓနာတို့ကို သုံးသပ်ချက်
၅။ ၎င်းနောက် ကံသည် ပယ်ရန်တရား ဖြစ်ကြောင်းကို လည်းကောင်း၊ ကံပျော်သူသည် ဆင်းရဲမှ မလွတ်နိုင်ကြောင်းကို လည်းကောင်း၊ ၎င်းနောက် ကံပျော်သူတို့သည် အမှောင်တွင်း ကျနေသူသာ ဖြစ်ကြောင်းကို လည်းကောင်း ဒုတိယ၊ တတိယ ချေပချက်များအဖြစ် လျှောက်ထားလေသည်။
၆။ စုဒိတကတင်ပြသော ဤပပါတသုတ်၊ အန္ဓကာရသုတ်တို့၌ ဘုရားရှင်၏ ဟောတော်မူလိုရင်း အဓိပ္ပါယ် အကျဉ်းချုပ်မှာ “သစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာမသိကြသူ သမဏဗြာဟ္မဏတို့သည် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဝေဒ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတို့ကို ဖြစ်စေတတ်သော ကံသင်္ခါရတို့ကို ပြုကြကုန်၏၊ ထိုသို့ ပြုကြသောကြောင့် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဝေဒ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတည်းဟူသော ချောက်ကမ်းပါး အမှောင်ထု၌ ကျရောက်ကြရကုန်၏၊ ထိုသူတို့သည် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဝေဒ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဟူသောဆင်းရဲမှ မလွတ်ကုန်”ဟူ၍ဖြစ်ပေသည်။
၇။ ရှင်းလင်းချက်- ဤသုတ်တို့၌ “ဤကား ဆင်းရဲတည်းဟု မသိကြကုန်” စသော စကားတော်ဖြင့် သစ္စာလေးပါးတို့ကို မသိအောင်ဖုံးလွှမ်းတတ်သော အဝိဇ္ဇာကိုပြတော်မူသည်။ “ကံ သင်္ခါရတို့၌ မွေ့လျော် ကုန်၏”ဟူသော စကားတော်ဖြင့် တဏှာနုသယကို ပြတော်မူသည်။ ဤ အချက်နှစ်ရပ်သည် အရေးကြီးလှသော သော့ချက် စကားတို့ပေတည်း။ အဝိဇ္ဇာနှင့် တဏှာနုသယ မကင်းကြသေးသော ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့သည် ကုသိုလ်ကံ၊ အကုသိုလ်ကံတည်းဟူသော သင်္ခါရတို့ကိုပြုကြ၍ ဇာတိစသည်ဖြစ်ကာ ဒုက္ခမှ မလွတ်ကြကုန်၏ဟုဆိုလိုသည်။
ဤဒေသနာတော်ဖြင့် စုဒိတကတို့ ဆိုသကဲ့သို့ “ယခုဘဝ အကျိုးတရားသည် ရှေးကံ အကြောင်းကြောင့် မဟုတ်”ဟူသောအနက်ကို မပြ၊ “ကံ ကံ၏အကျိုးမရှိ”ဟူသော အနက်ကိုလည်း မပြချေ။ ပါဠိတော်၏ ဆိုလိုရင်းကား တခြား၊ သခင်မြတ်ဆိုင် ဆွဲယူသော အဓိပ္ပါယ်ကား တခြားပေတည်း။ အမှန်စင်စစ် ကံ-ကံ၏ အကျိုး ရှိ၏၊ ကံသင်္ခါရကြောင့် ဇာတိစသော အကျိုးဖြစ်ရ၏ ဟူသော အနက်ကိုသာ ပြပေသည်။ ထို့ကြောင့် ဤသာဓကဖြင့် စောဒကဆရာတော်များ၏ စွဲဆိုလိုရင်း အချက်ကို မပယ်ဖျက် မချေပနိုင်ချေ။ အကိုးမှားခြင်းသာ ဖြစ်ပေသည်။
ဗုဒ္ဓဝိပဿနာ (၁)နှာ-၁၄၆၌လာသော “သံသရာလည်နေရေးကိုသာ အားပေးနေသောတရား ဖြစ်သည်”ဟူသော ရေးသားချက်အတွက် ဖြေရှင်းချေပသည့် သာဓကဖြစ်ပါသည်ဟုဆိုလျှင်လည်း သာသနာပ တိတ္ထိတို့၏ကမ္မဝါဒသည် သံသရာလည်ရေး အားပေးနေသောတရား ဟုတ်ပေလိမ့်မည်။ သာသနိကဗုဒ္ဓဘာသာဝင် တို့သည်ကား မဂ်ဉာဏ်၏အကြောင်း အထောက်အပံ့ ဖြစ်ရန်ရည်သန်၍ ကုသိုလ်ကံကို ပြုကြသောကြောင့် မဂ်ဉာဏ်၏ ပကတူပနိဿယ ပစ္စည်းသာဖြစ်၍ သံသရာလည်ရေး အားမပေးကြောင်းကို ရှင်းပြခဲ့ပြီး ဖြစ်သည်။ တိတ္ထိဝါဒနှင့် ဗုဒ္ဓဝါဒကို ကွဲပြား ခြားနားစွာ နားမလည်၍သော် လည်းကောင်း၊ ဗုဒ္ဓဝါဒကို တိတ္ထိဝါဒဖြစ်အောင် ဖျက်ဆီးလို၍သော် လည်းကောင်း ဤသို့ မမှန်မကန် ရေးသားပြောဆိုနေခြင်း ဖြစ်ဟန်ရှိလေသည်။
(ဃ) စတုတ္ထသောဓနာကို သုံးသပ်ချက်
၈။ ထို့ပြင် အင်္ဂုတ္တိုရ်-ဧကနိပါတ်-ကောဋ္ဌိက သုတ်အရ ကောဋ္ဌိကရဟန်းက လျှောက်၍ “သာရိပုတ္တရာက ထိုကဲ့သို့ ကံတို့ကို ခံစားရန် မဟုတ်ပါ၊ မသိရသေးသော သစ္စာလေးပါး၌လည်းကောင်း၊ ထိုသစ္စာလေးပါးတို့သိပြီး၍ ထိုးထွင်းနားလည်သိရန် လည်းကောင်း၊ မြတ်စွာဘုရားထံ၌ ကျင့်သုံးပါ၏ဟု ဖြေ၏”ဟူ၍ ဟောကြားထား ကြောင်းပါဘုရားဟု စတုတ္ထသောဓနာကို လျှောက်ထားလေသည်။
ဤကောဋ္ဌိကသုတ်သည် ဧကနိပါတ်၌ မလာ၊ နဝကနိပါတ်(၁၈၈)၌သာ လာသည်။ ကောဋ္ဌိကသုတ်ကို ချုံး၍ဆိုသော်လည်း စုဒိတကသခင်မြတ်ဆိုင်သည် မချုံးတတ်သောကြောင့် အဓိပ္ပါယ် ပျက်ယွင်းနေသည်။ “အမှန်မှာ မျက်မှောက်ဘဝ၌ ခံစားရမည့် အကျိုးရှိသော ကံသည် တမလွန်ဘဝ၌ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ တမလွန်ဘဝ၌ ခံစားရမည့် အကျိုးရှိသော ကံသည် မျက်မှောက်ဘဝ၌ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ ချမ်းချမ်းသာသာ ခံစားရမည့် အကျိုးရှိသော ကံသည် ဆင်းဆင်းရဲရဲ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ ဆင်းဆင်းရဲရဲ ခံစားရမည့် အကျိုးရှိသောကံသည် ချမ်းချမ်းသာသာ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ ရင့်ကျက်မှ ခံစားရမည့် အကျိုးရှိသောကံသည် မရင့်ကျက်မီ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ မရင့်ကျက်မီ ခံစားရမည့် အကျိုးရှိသောကံသည် ရင့်ကျက်မှ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ များစွာ ခံစားရမည့် အကျိုးရှိသောကံသည် အနည်းငယ် ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ အနည်းငယ် ခံစားရမည့် အကျိုးရှိသောကံသည် များစွာ ခံစားရမည့် အကျိုးရှိသောကံ ဖြစ်ပါစေ၊ ခံစားရမည့် အကျိုးရှိသောကံသည် ခံစားရမည့် အကျိုးမရှိသောကံ ဖြစ်ပါစေ ဟူသော အကျိုးငှာ မြတ်စွာဘုရားထံတော်၌ အကျင့်မြတ်ကို ကျင့်သုံး နေပါသလော”ဟု အသျှင်မဟာကောဋ္ဌိက က မေးမြန်းလေရာ အရှင်သာရိပုတ္တရာက “ဤသို့မဟုတ်ပါ၊ မသိရ သေးသော သစ္စာလေးပါးကို သိရန် မြတ်စွာဘုရားထံတော်၌ အကျင့်မြတ်ကို ကျင့်သုံးနေပါသည်”ဟု ဖြေကြားသော သုတ်ဖြစ်သည်။
ဤသုတ်၌လည်း စုဒိတကတို့ ဆိုသကဲ့သို့ “ယခုဘဝ ကောင်းကျိုး မကောင်းကျိုးသည် ရှေးရှေးကံကြောင့် မဟုတ်”ဟူသော အနက်အဓိပ္ပါယ် မပါချေ။ စောဒကတို့၏ စွဲချက်ကိုချေပရန် သာဓကမဟုတ်၊ ပါဠိတော် များလျှင်ပြီးရောဟူသော သဘောမျိုးဖြင့် မဆီမဆိုင် သုတ်တရားတော်များကို ဆွဲထည့်ခြင်းသာ ဖြစ်ပေသည်။
(င) ပဉ္စမသောဓနာကို သုံးသပ်ချက်
၉။ “ပညာမဲ့များ သာလျှင် ကံကို ယုံ၏ဟု အောက်ပါ သုတ္တနိပါတ်၊ ဒွယတာနုပဿနာသုတ်-၃၇၀ တွင် လောက၌ များစွာကုန်သော ဆင်းရဲဒုက္ခ ဟူသမျှသည် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကြောင့် ဖြစ်ရကုန်၏၊ ပညာနုံ့သူတို့သည် မသိနားမလည်သည်ဖြစ်၍ လောကီကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကို ပြုရကား ပုထုဇဉ်သည် အဖန်ဖန် ဆင်းရဲခြင်းသို့ ကပ်ရောက်ရ၏၊ ပိုင်းခြားသိသူသည် ထိုဝဋ်ဆင်းရဲဖြစ်ကြောင်း လောကီကုသိုလ် အကုသိုလ်ကံကို မပြုလုပ်ရာဟု ဟောပါသည်ဘုရား”ဟု ပဉ္စမသောဓနာကို လျှောက်ထားလေသည်။
ဤသုတ်ဖြင့် မြတ်စွာဘုရားသည် ကံ-ကံ၏ အကျိုးမရှိဟု ပယ်တော်မူသည် မဟုတ်ဘဲ၊ နှစ်မျိုးသော အစိတ်အပိုင်းရှိသော တရားကို ကောင်းစွာ ရှုမှတ်မှု “ဒွယတာနုပဿနာ” ၁၆-မျိုးတို့ကိုသာ ဟောတော်မူ၏၊ ထို ၁၆-မျိုး တို့တွင် စုဒိတကပုဂ္ဂိုလ် ထုတ်ပြသော သာဓကစကားရပ်ကား ဒုတိယဝါရ၌ လာသောစကားရပ်ဖြစ်သည်။ သိသာထင်ရှားအောင် ထိုဒုတိယဝါရကို အပြည့်အစုံ ထုတ်ပြဦးမည်။
(က) ရဟန်းတို့ အခြားတပါးသော အကြောင်းဖြင့်လည်း နှစ်မျိုးသော အစိတ်အပိုင်းရှိသော တရားကို ကောင်းစွာ ရှုမှတ်မှုသည် ဖြစ်ရာအံ့လောဟု ဤသို့မေးသူတို့ ရှိကြကုန်မူ ဖြစ်ရာ၏ဟု ဖြေဆိုထိုက် ကုန်၏၊ အဘယ်သို့ ဖြစ်ရာသနည်း ဟူမူ ဖြစ်ပေါ်လာသမျှ ဆင်းရဲဟူသမျှ အားလုံးသည် ဘဝဆင်းရဲ၏ တည်ရာအကြောင်းဖြစ်သော လောကီကုသိုလ် အကုသိုလ်ကံဟူသော (ဥပဓိ) အကြောင်းကြောင့် ဖြစ်၏၊ ဤကား တစ်မျိုးသော ရှုမှတ်မှုတည်း။ ဘဝဆင်းရဲ၏ တည်ရာအကြောင်းဖြစ်သော လောကီကုသိုလ် အကုသိုလ် ကံတို့၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ဆင်းရဲဖြစ်ခြင်းမရှိ၊ ဤကား ဒုတိယ ရှုမှတ်မှုတည်း။ ရဟန်းတို့ ဤသို့ နှစ်မျိုးသော အစိတ်အပိုင်းရှိသော တရားကို ကောင်းစွာ ရှုမှတ်သည်ဖြစ်၍ မမေ့မလျော့ အပြင်းအထန် အားထုတ်လျက် နိဗ္ဗာန်သို့ စိတ်ကို စေလွှတ်နေသော ရဟန်းအား ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်သို့ ဖြစ်စေ၊ ဥပါဒါနက္ခန္ဓာ ကြွင်းကျန်သေးလျှင် အနာဂါမိဖိုလ်သို့ ဖြစ်စေ၊ ထိုနှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော ဖိုလ်ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်နိုင်၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ ပြီးနောက် ဤဂါထာကို ဟောတော်မူ၏၊
(ခ) လောက၌ များသောသဘောရှိကုန်သော ဆင်းရဲဒုက္ခ ဟူသမျှတို့သည် ဘဝဆင်းရဲ၏ တည်ရာအကြောင်း ဖြစ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသော (ဥပဓိ)အကြောင်းကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိသော အကြင် ပုထုဇဉ်သည် စင်စစ် ဘဝဆင်းရဲ၏ တည်ရာ အကြောင်းဖြစ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသော (ဥပဓိ)ကို ပြု၏၊ ပညာနုံ့သော ပုထုဇဉ်သည် အဖန်တလဲလဲ ဆင်းရဲသို့ ကပ်ရောက်ရ၏၊ ထို့ကြောင့် ပိုင်းခြား၍ သိတတ်သူသည် ဝဋ်ဆင်းရဲ၏ ဇာတိဟူသော အမွန်အစကို ရှုမှတ်ဆင်ခြင်လျက် ဘဝဆင်းရဲ၏ တည်ရာ အကြောင်းဖြစ်သော လောကီကုသိုလ်၊ အကုသိုလ် ဟူသော(ဥပဓိ)ကို မပြုရာဟု ဟောတော်မူ၏၊ (ခု၊မြန်၊၁၊၃၉၁-၂။) (သုတ္တနိပါတပါဠိ၊ ဒွယတာနုပဿနာသုတ်)
ဤစကား နှစ်ရပ်တွင် (က)သည် အကျယ်စုဏ္ဏိယ ပဓာန စကားရပ် ဖြစ်၏၊ (ခ)သည် အကျဉ်းဆောင်ပုဒ် ဂါထာ ဖြစ်၏၊ ဤဝါဒသည်လည်း ပထမဝါရကဲ့သို့ပင် သစ္စာလေးပါးကိုပြလျက် အရဟတ္တဖိုလ် အထွတ်တပ်ကာ ဟောအပ်သော ဝါရဖြစ်သည်။ ကျန်ဝါရအားလုံးသည် အလားတူချည်းဖြစ်သည်။ (ယင်း အဋ္ဌကထာ-၂၂၂)
ဤသုတ်သည် ဒုက္ခနှင့်သမုဒယ နှစ်ပါးကို ရှုမှတ်၍ နိရောဓနှင့်မဂ္ဂ နှစ်ပါးကို ထိုးထွင်းသိမြင်ပြီးလျှင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ဘဝဒုက္ခ၏ အကြောင်းဖြစ်သော လောကီကုသိုလ်ကံ၊ အကုသိုလ်ကံကို ပယ်စွန့်ပုံကိုသာ ဟောတော်မူသော သုတ်ဖြစ်သည်။ ပယ်စွန့်ရန် ဟောခြင်းသည် ရှိခြင်းကို ထင်ရှားစေသည်။ ထို့ကြောင့် စုဒိတကပုဂ္ဂိုလ်တို့ ဆိုသကဲ့သို့ ကံ-ကံ၏ အကျိုး မရှိဟု ဟောတော်မူသောသုတ် မဟုတ်ပေ။
၁၀။ “ဥပဓိ န ကယိရာ” ဘဝဆင်းရဲ၏ တည်ရာဖြစ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံကို မပြုရာဟူသော စကားရပ်လည်း ဘဝဆင်းရဲ၊ ဝဋ်ဆင်းရဲ၏ အကြောင်းဖြစ်သော ဝဋ္ဋနိဿိတ(ဝဋ်ကိုမှီသော) ကုသိုလ်နှင့် အကုသိုလ်ကံကိုသာ မပြုရာဟု ဆိုသည်။ ဝိဝဋ္ဋနိဿိတ (ဝဋ်ကို မမှီ၊ နိဗ္ဗာန်ကို ရည်သော) ကုသိုလ်ကံကိုကား မပြုရာဟု မဆိုချေ။ ဝိဝဋ္ဋနိဿိတ ကုသိုလ်ကံကိုလည်း မပြုရာဟု ဆိုလျှင် မဂ်ဖိုလ်၏ နီးကပ်သောအကြောင်း ပဒဋ္ဌာန်ဖြစ်သည့် (ဝါ) မဂ်ဖိုလ်ရအောင် လုပ်ရသည့် ဝိပဿနာကုသိုလ်ကိုပင် မပြုရာဟု ဆိုရာရောက်ချိမ့်မည်။ ဝိဝဋ္ဋနိဿိတ ကုသိုလ်ကို မပြုလုပ်လျှင်လည်း မည်သည့်အခါမျှ မဂ်ဖိုလ်ကို မရနိုင်တော့ဘဲ ဝဋ္ဋခါဏုက သံသရာဝဋ် သစ်ငုတ်သာဖြစ်၍ နေတော့မည်။ ထို့ကြောင့် မဂ်ဉာဏ်ကို ရအောင်လုပ်၍ မဂ်ကုသိုလ်ဖြင့် လောကီကုသိုလ်ကံ၊ အကုသိုလ်ကံကို ပယ်စွန့်ရန်ကိုသာ ဟောတော်မူသည်ဟု မှတ်ရာ၏၊ ဤအဓိပ္ပါယ်ကို သိနားလည် နိုင်ကြစေရန် မဇ္ဈိမပဏ္ဏာသပါဠိတော်(၅၂-၅၃) ကုက္ကုရဝတိကသုတ်၌လာသော ကံလေးမျိုးတို့ကို အကျဉ်းချုံး၍ ပြဦးအံ့။
ကံသည်-
(၁) မည်းညစ်၍ မည်းညစ်သောအကျိုးရှိသည့် “ကဏှကဏှဝိပါက” ကံ၊
(၂) ဖြူစင်၍ ဖြူစင်သောအကျိုးရှိသည့် “သုက္ကသုက္ကဝိပါက” ကံ၊
(၃) မည်းညစ်ဖြူစင်၍ မည်းညစ်ဖြူစင်သောအကျိုးရှိသည့် “ကဏှသုက္က ကဏှသုက္ကဝိပါက” ကံ၊
(၄) မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သောအကျိုးရှိသည့် အခြားကံကိုကုန်စေတတ်သော “အကဏှအသုက္က အကဏှအသုက္က ဝိပါက ကမ္မက္ခယ” ကံဟူ၍လေးမျိုး ရှိ၏၊
ထိုလေးမျိုးတို့တွင်-
(၁) မည်းညစ်၍ မည်းညစ်သော အကျိုးရှိသော ကံဟူသည် အပြစ်ရှိသော ကာယကံ၊ ဝစီကံ၊ မနောကံဟု ဆိုအပ်သော အကုသိုလ်ကံဖြစ်သည်။
(၂) ဖြူစင်၍ ဖြူစင်သော အကျိုးရှိသောကံဟူသည် အပြစ်မရှိသော ကာယကံ၊ ဝစီကံ၊ မနောကံဟုဆိုအပ်သော လောကီကုသိုလ်ကံဖြစ်သည်။
(၃) မည်းညစ်ဖြူစင်၍ မည်းညစ်ဖြူစင်သော အကျိုးရှိသော ကံဟူသည် အပြစ်ရှိ မရှိ ရောနှောသော လောကီ ကုသိုလ် အကုသိုလ်ကံဖြစ်သည်။
(၄) မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် အခြားကံကို ကုန်စေတတ်သော ကံဟူသည် လောကုတ္တရာကုသိုလ်ဟု ဆိုအပ်သော မဂ်စေတနာဖြစ်သည်။
ထိုပြဆိုအပ်ပြီးသော ကံလေးမျိုးတို့တွင် စတုတ္ထဖြစ်သော မဂ်လေးပါး စေတနာတည်းဟူသော လောကုတ္တရာကံ ဖြစ်ပေါ်အောင် ပွားများအားထုတ်၍ ရှေးကံသုံးမျိုးတို့ကို ကုန်ဆုံးစေရန် ရည်ရွယ်တော်မူကာ ဤသုတ်ကို မြတ်စွာဘုရား ဟောတော်မူသည်။ ဤအဓိပ္ပါယ်ကို အင်္ဂုတ္တရပါဠိ၊ စတုက္ကနိပါတ် နှာ-၅၅၃ မှ ၅၅၉၊ သံခိတ္တသုတ်၊ ဝိတ္တာရသုတ်၊ သောဏကာယနသုတ်၊ ပဌမသိက္ခာပဒသုတ်၊ ဒုတိယသိက္ခာပဒသုတ်၊ အရိယမဂ္ဂသုတ် တို့၌လည်း ဟောတော်မူ၏၊
၁၁။ ယင်းစကားရပ်၏ အဆက်၌ သခင်မြတ်ဆိုင်က “ဗုဒ္ဓဝါဒီ အနေနှင့်ယူသော ကုသိုလ်ကား ဒုစရိုက်ကို ရှောင်ရန်သာဖြစ်သည်”ဟုဆိုပြန်၏၊ ဒုစရိုက်ကို ရှောင်ကြဉ်မှုသည် ဝိရတီသီလကုသိုလ်ကံ ဖြစ်၏၊ ထိုဝိရတီသီလ ကုသိုလ်ကိုသာယူသဖြင့် ဒါနကုသိုလ်ကံ၊ သမထဘာဝနာကုသိုလ်ကံ၊ ဝိပဿနာဘာဝနာကုသိုလ် ကံတို့ကို ပယ်ရှားရာ ရောက်၏၊ “ကာမာဝစရ ကုသိုလ် အကုသိုလ်မှာ ဗုဒ္ဓနှင့်မဆိုင်သည်ကို အထူးဂရုပြုရန်လို၏”ဟူသော သူ၏ နောက်စကားဖြင့် မူကား ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ကုသိုလ်ကံ အားလုံးကိုပင် သခင်မြတ်ဆိုင် ပယ်ပြန်၏၊ မှန်လှ၏- ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ကုသိုလ်ကံဟူသည် ကာမာဝစရကုသိုလ်စိတ် ၈-ပါးတို့၌ ယှဉ်သော ကာမာဝစရ ကုသိုလ်ကံချည်း ဖြစ်လေသည်။ ထိုကာမာဝစရ ကုသိုလ်ကံကို ပယ်လိုက်ခြင်းဖြင့် မြတ်စွာဘုရား ဟောတော်မူသော ဒါန၊ သီလ၊ သမထ၊ ဝိပဿနာစသော ကုသိုလ်ကံတို့ကို ပယ်ရာရောက် သည့်အပြင် မိမိ၏ ရှေ့စကားကိုလည်း ပယ်ရှားပြီး ဖြစ်နေပေသည်။ ကိုယ့်စကားချင်းပင် မညီပေ၊ ထို့ကြောင့် စုဒိတကတို့သည် စောဒကဆရာတော်များ စွဲဆိုသည့်အတိုင်း ပူရဏကဿပစသော တိတ္ထိများကဲ့သို့ ကံ-ကံ၏ အကျိုးတရားကို ပယ်ရှားကြသည်မှာ လွန်စွာ ထင်ရှားလေသည်။
(စ) ဆဋ္ဌသောဓနာကို သုံးသပ်ချက်
၁၂။ ကံပယ်ရေးဆိုင်ရာများကိုလည်း ဟောထားကြောင်း မဟာဝဂ္ဂ ဗောဇ္ဈင်္ဂသံယုတ်၊ တဏှက္ခယသုတ် ၁၈၂-တွင် “ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွားများသော ထိုရဟန်းသည် တပ်မက်မှု တဏှာကို ပယ်၏၊ တပ်မက်မှု တဏှာကို ပယ်ခြင်းကြောင့် ကံကိုပယ်၏၊ ကံကိုပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲကို ပယ်၏၊ ဥဒါယီ ဤသို့လျှင် တဏှာကုန်ခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခ ကုန်ဆုံးခြင်းသို့ ရောက်၏ဟု ဟောကြား ထားပါသည်ဘုရား”ဟူ၍ ဆဋ္ဌသောဓနာကို လျှောက်ထားလေသည်။ နှာ-၁၈၂ ၌ ဤသုတ်မပါ၊ ၈၂-၌သာပါသည်။
သို့သော် ဤသုတ်ဖြင့် ကံမရှိဟု ကံကိုပယ်ခြင်းမဟုတ်၊ ဤသုတ်ဖြင့် ဗောဇ္ဈင် ခုနှစ်ပါးကို ပွားများအားထုတ်၍ လောကုတ္တရာ မဂ်လေးပါးတို့ကို ဖြစ်ပေါ်စေခြင်းဖြင့် တဏှာကုန်ရန်၊ ကံကုန်ရန်၊ ဝဋ်ဆင်းရဲကုန်ရန်ကိုသာ ဟောတော်မူသည်။ ဤအဓိပ္ပါယ်ကိုလည်း အင်္ဂုတ္တရပါဠိ၊ စတုက္ကနိပါတ် နှာ ၅၅၉-၌လာသော ဗောဇ္ဈင်သုတ်ဖြင့် သိနိုင်ပေသည်။
ထိုဗောဇ္ဈင်သုတ်ဝယ် ပဉ္စမသောဓနာကို သုံးသပ်ချက်၌ ပြခဲ့သည့်နည်းတူ ကဏှကဏှဝိပါက စသော ကံလေးမျိုးကို ဟောတော်မူ၍ စတုတ္ထကံ၏ အရ ဗောဇ္ဈင်ခုနှစ်ပါးကို ဖော်ပြတော်မူလေသည်။
ဤသုတ်သည် စုဒိတကပုဂ္ဂိုလ် ဆိုလိုသကဲ့သို့ ကံ-ကံ၏ အကျိုးတရားမရှိဟူသော အနက်ကို မပြ၊ ကံ-ကံ၏ အကျိုး ရှိ၏၊ ထိုကံကုန်ဆုံး၍ ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ဗောဇ္ဈင်ခုနှစ်ပါးတို့ကို ပွားများရမည် ဟူသော အနက်ကိုသာ ပြသောသုတ် ဖြစ်ရကား စုဒိတက၏စကားကို အထောက်အကူ မပြုဘဲ၊ စောဒကဆရာတော်တို့၏ စကားကိုသာ အထောက်အကူပြုပေသည်။
(ဆ) သတ္တမသောဓနာကို သုံးသပ်ချက်
၁၃။ “ကံနှင့်ဆိုင်ရာ ပညတ်ကို ဗုဒ္ဓဘုရားရှင်သည် မဇ္ဈိမပဏ္ဏာသ၊ ဥပါလိသုတ် ၄၁-တွင် “ငါ့ရှင်ဂေါတမ မကောင်းမှုပြုခြင်း၌ ထိုမကောင်းမှု ပြုခြင်းဖြစ်သော ကံကို အဘယ်မျှ ပညတ်ပါသနည်း”ဟု တပဿီနိဂဏ္ဌက မေးလျှောက်၏၊ ဗုဒ္ဓရှင်တော်က “တပဿီ မကောင်းမှုပြုခြင်း, ကောင်းမှုပြုခြင်းတို့၌ ကံသုံးပါးကိုသာ ငါဘုရား ပညတ်၏၊ အဘယ် ကံသုံးပါးနည်းဟူမူ ကာယကံ၊ ဝစီကံ၊ မနောကံတို့တည်း”ဟူ၍ မိန့်တော်မူပါသည်ဘုရား”ဟု သတ္တမသောဓနာကို လျှောက်ထားလေသည်။
ဤသောဓနာလာ သာဓကသည်ကား စောဒနာစကားရပ်နှင့် မည်သို့မျှ မသက်ဆိုင်ချေ။ ကာမာဝစရ ကုသိုလ်ကံ၊ အကုသိုလ်ကံဟူသည် ဤကံသုံးပါးတို့ပင် ဖြစ်သည်။ ရူပါဝစရ အရူပါဝစရကုသိုလ်ကံ ဟူသည် မနောကံပင်ဖြစ်သည်။ ဗုဒ္ဓသာသနာ့နွယ်ဝင် သူတော်စင်အားလုံးတို့ လက်ခံယုံကြည်သော ကံဟူသည် ဤကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးတို့ပင် ဖြစ်သည်။ စုဒိတကတို့ မရှိပါဟု ပယ်နေသော ကံသည်လည်း ဤကံသုံးပါးတို့ပင် ဖြစ်သည်။ ဤကံသုံးပါးတို့မှ တစ်ပါး အခြားလက်ခံယုံကြည်ရန် သို့မဟုတ် ပယ်ရန် ကံမရှိတော့ချေ။
သခင်မြတ်ဆိုင်သည် သုတ္တန်ဒေသနာတော်၏ အနက်အဓိပ္ပါယ်ကို ဆင်ခြင်နိုင်သောဉာဏ် လုံးဝကင်းမဲ့သောသူ ဖြစ်ရကား မိမိချေပမည့်စကားနှင့် သက်ဆိုင်သည် မသက်ဆိုင်သည်ကို မဆင်ခြင်မိဘဲ “ကံ”ဟူသော စကားလုံး ပါရှိရုံမျှဖြင့် သာဓကအဖြစ် ထုတ်ဆောင် တင်ပြထားခြင်းသာ ဖြစ်ကြောင်း တွေ့ရပေသည်။
(ဇ) အဋ္ဌမသောဓနာကို သုံးသပ်ချက်
၁၄။ မကောင်းမှု အကုသိုလ်ပြုသူတိုင်း အပါယ်သို့ကျ၏ ဆိုသောစကားသည် ကံကို လက်ခံကျင့်သုံးသူနှင့်သာ ဆိုင်ကြောင်းကို သဠာယတနသံယုတ်၊ သင်္ခဓမသုတ် ၄၉၉-တွင် “ဗုဒ္ဓရှင်၏ အလိုကား ထိုမကောင်းမှု ကောင်းမှု ကုသိုလ်ကံတို့ကို မစွဲလမ်း၊ ပြန်လည်မစဉ်းစားသော် ထိုမကောင်းမှုမှ လွတ်၏၊ ကာမတို့မှ မှားမှန်းသိ၍ နောင်မပြုလုပ်တော့ပါဟု ရှောင်ကြဉ်သော်၊ ပယ်စွန့်သော် မကောင်းမှုဟု သိသဖြင့် ထိုကံမှလွတ်၏၊ သို့ရာတွင် ငါသည် မကောင်းမှုကို ပြုခဲ့မိ၏တကားဟု စွဲလမ်း၍ နှလုံးမသာဖြစ်နေသော် ထိုမကောင်းမှုကံကို စွဲလမ်းခြင်းဖြင့်ပင် ထိုအကုသိုလ် မကောင်းမှုမှ မလွတ်နိုင်ကြောင်း ဟောကြားထားပါသည်ဘုရား”ဟု အဋ္ဌမသောဓနာကို လျှောက်ထား ပြန်လေသည်။
စောဒကဆရာတော်များက “မကောင်းမှု အကုသိုလ် ပြုသူတိုင်း အပါယ်ကျ၏”ဟု မဆိုသောကြောင့် ဤသောဓနာသည် စောဒနာနှင့် မသက်ဆိုင်ချေ။ “ကံကို လက်ခံကျင့်သုံးသူနှင့်သာ ဆိုင်ကြောင်း” ကိုလည်း ထိုသုတ်၌ မပြဆိုချေ။ ထိုသုတ်၏ ဆိုလိုရင်း အကျဉ်းချုပ် အဓိပ္ပါယ် ဤသို့ဖြစ်သည်။
နိဂဏ္ဌနာဋပုတ္တခေါ် ဂျိန်းဆရာကြီး၏ တပည့်ဖြစ်သူ အသိဗန္ဓက၏သား ရွာသူကြီးအား မြတ်စွာဘုရားက “နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား အဘယ်သို့ တရားဟောသနည်း”ဟုမေးတော်မူလေရာ “အသက်သတ်သူ ဟူသမျှ၊ မပေးသည်ကို ခိုးယူသူ ဟူသမျှ၊ ကာမတို့၌ မှားယွင်းစွာကျင့်သူ ဟူသမျှ၊ မဟုတ်မမှန် ပြောသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏၊ များသော ထိုထိုကံက ဆောင်သွား၏ ဟူ၍ တရားဟောပါသည်”ဟု ရွာသူကြီးက ဖြေဆိုလေသည်။
ထိုအခါ မြတ်စွာဘုရားက “အသက်သတ်သူသည် သတ်သောအချိန်နှင့် မသတ်သောအချိန်တို့တွင် ဘယ်အချိန်က များသနည်း၊ မပေးသည်ကို ခိုးယူသူသည် ခိုးယူသောအချိန်နှင့် မခိုးယူသော အချိန်တို့တွင် ဘယ်အချိန်က များသနည်း၊ ကာမတို့၌ မှားယွင်းစွာကျင့်သူသည် မှားယွင်းစွာကျင့်သောအချိန်နှင့် မကျင့်သော အချိန်တို့တွင် ဘယ်အချိန်က များသနည်း၊ မဟုတ်မမှန် ပြောသူသည် မဟုတ်မမှန် ပြောသောအချိန်နှင့် မပြောသော အချိန်တို့တွင် ဘယ်အချိန်က များသနည်း”ဟု မေးတော်မူပြန်ရာ “အသက်မသတ်သောအချိန်၊ မခိုးယူသောအချိန်၊ ကာမတို့၌ မှားယွင်းစွာ မကျင့်သောအချိန်၊ မဟုတ်မမှန် မပြောသောအချိန်က များပါသည်”ဟု ရွာသူကြီးက ဖြေဆို လေသည်။ “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့လျှင် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ၊ ငရဲကျသူဟူ၍ ဖြစ်နိုင်တော့မည် မဟုတ်”ဟုနိဂဏ္ဌ၏ အယူဝါဒကို ပယ်တော်မူပြီးလျှင် အသက်သတ်မှု စသောအကုသိုလ်ကံကြောင့် အပါယ်ငရဲကျရပုံကို ဤသို့ ပြတော်မူလေသည်။
အသက်သတ်သူ ဟူသမျှ၊ မပေးသည်ကို ခိုးယူသူ ဟူသမျှ၊ ကာမတို့၌ မှားယွင်းစွာကျင့်သူ ဟူသမျှ၊ မဟုတ်မမှန် ပြောသူဟူသမျှသည် အပါယ်ကျ၏ဟု ဟောလေ့ယူလေ့ရှိသောဆရာ၏ တပည့်အား “အသက်သတ်သူ ဟူသမျှသည် အပါယ်ငရဲကျ၏ဟု ငါ့ဆရာသည် ဟောလေ့ယူလေ့ ရှိ၏၊ ငါသည် အသက်သတ်မိ၏၊ ငါသည်လည်း အပါယ်ငရဲကျသူ ဖြစ်၏”ဟု အယူမှားကိုရ၏၊ “ထိုစကား၊ ထိုစိတ်၊ ထိုအယူကို မစွန့်လျှင် ငရဲကျရ၏”ဟု ဟောတော်မူ၏၊ အဒိန္နဒါန စသော အကုသိုလ်ကံတို့ကိုလည်း ဤနည်းအတူပင် ဟောတော်မူ၏၊
ထို့နောက် အကုသိုလ်ကံကို ပယ်စွန့်နိုင်ရန် အယူမှန်ကိုလည်း ဤသို့ဟောတော်မူပြန်သည်။ “ရွာသူကြီး မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် ပါဏာတိပါတာ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ အကုသိုလ်ကို ကဲ့ရဲ့တော်မူ၏၊ ရှောင်ကြဉ်ရန်လည်း ဟောတော်မူ၏၊ ထိုမြတ်စွာဘုရား၏ တပည့်သည် မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အသက်သတ်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ ရှောင်ကြဉ်ရန်လည်း ဟောတော်မူ၏၊ သူ့အသက်ကို ဤရွေ့ ဤမျှ ငါသတ်မိ၏၊ သူ့အသက်ကို ဤရွေ့ ဤမျှသတ်မိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည် ထိုအသက်သတ်မိခြင်း အကြောင်းကြောင့် နှလုံးမသာဖြစ်နေလျှင် ထိုပြုပြီးသော မကောင်းမှုသည် မပြုရာလည်း ရောက်မည်မဟုတ်ဟု ဆင်ခြင်ကာ ထိုအသက်သတ်မှုတို့ကို စွန့်၍ နောင်အခါ၌ လည်း အသက်သတ်ခြင်းမှ ရှောင်ကြဉ်လျက် မကောင်းမှုကို စွန့်၏၊ မကောင်းမှုမှ လွန်မြောက်၏” (သံမြန်၊၂။ ၄၉၈။) ဟု ပါဏာတိပါတကို ပယ်စွန့်ပုံကို လည်းကောင်း၊ ထို့အတူ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒတို့ကို ပယ်စွန့်ပုံကို လည်းကောင်း ဟောပြတော်မူပြီးလျှင် သုစရိုက်ဆယ်ပါးနှင့် ပြည့်စုံစေကာ ဗြဟ္မဝိဟာရလေးပါးတို့ကို ပွားများ၍ ရူပါဝစရအပ္ပနာစျာန် မဟဂ္ဂုတ်ကံဖြစ်ပုံကိုလည်းကောင်း၊ ထိုမဟဂ္ဂုတ်ဂရုကကံက အသက်သတ်ခြင်း ပါဏာတိပါတကံစသော ကာမာဝစရကံကို လွှမ်းမိုးသွား၍ ကာမာဝစရကံ အကျိုးမပေးနိုင်တော့ပုံကိုလည်းကောင်း ဟောပြတော်မူသည်။
ဤသုတ်သည် ပြုမိသော အကုသိုလ်ကံကို အာရုံပြု၍ နောင်တတစ်ဖန် ပူပန်မှုကို မဖြစ်စေဘဲ ထိုအကုသိုလ်ကို နောင်တစ်ဖန် မပြုမိအောင် ရှောင်ကြဉ်ရန်နှင့် အကုသိုလ်ကို ပယ်နိုင်သော ဂရုကကံကို အားထုတ်ရန်ကိုသာ ဟောပြသော သုတ်ဖြစ်သည်။ သခင်မြတ်ဆိုင် ပြောသကဲ့သို့ မကောင်းမှု အကုသိုလ်ပြုသူတိုင်း အပါယ်ကျ၏ ဟူသော စကားသည် ကံကို လက်ခံကျင့်သုံးသူနှင့်သာ ဆိုင်ကြောင်းကိုလည်း မြတ်စွာဘုရား ဟောတော်မမူ၊ စောဒကဆရာတော်များကလည်း ဤသို့ စောဒနာမှု မပြုကြပေ။ ဗုဒ္ဓရှင်တော်၏ အလိုကား ထိုမကောင်းမှု အကုသိုလ်တို့ကို မစွဲလမ်း၊ ပြန်လည်မစဉ်းစားသော် ထိုအကုသိုလ်မှလွတ်၏ ဟူသောစကားသည် ဗုဒ္ဓရှင်တော်၏ အလိုမဟုတ်၊ သခင်မြတ်ဆိုင်၏ အလိုသာဖြစ်သည်။ မိမိအလိုကို ဗုဒ္ဓဘုရားအလိုဖြစ်အောင် လုပ်ခြင်းသာဖြစ်သည်။ သခင်မြတ်ဆိုင် အလိုအားဖြင့်ကား အကုသိုလ်ကို လုပ်ချင်သလောက်လုပ် မစွဲလမ်းလျှင် ပြီးရော၊ မစွဲလမ်းလျှင် ထိုကံမှလွတ်၏ဟု ဆိုလို၏၊ ဤအယူသည်ကား “နတ္တိ သုကတဒုက္ကတာနံ ကမ္မာနံ ဖလံ ဝိပါကော”စသော ကံ-ကံ၏ အကျိုးကို ပယ်သော တိတ္ထိတို့၏ အလိုနှင့် ကိုက်ညီပေသည်။ ထို့ကြောင့် ဤသုတ်သည် စုဒိတက၏ အထောက်အကူ မဖြစ်နိုင်ချေ။
(စျ) နဝမသောဓနာကို သုံးသပ်ချက်
၁၅။ ကံအားလုံးမှ စွန့်သူသည်သာလျှင် ဆင်းရဲအပေါင်းမှ လွတ်ကြောင်းကို သုတ္တနိပါတ်၊ သဘိယသုတ် ၃၄၀-တွင် “အကြင်ပုဂ္ဂိုလ်သည် ဆင်းရဲကျိုးဒုက္ခကို ဖြစ်စေတတ်သော အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပုန်ကံဟူသမျှတို့ကို မဂ်ဉာဏ်ဖြင့် လွှင့်မှုတ်ထုတ်ပစ်၍ လှည့်ပတ်မှု မာယာ၊ မောက်မာမှု မာန၊ အမျက်ထွက်မှု ဒေါသတို့ကို ပိုင်းခြား သိလျက် (ဖြစ်ကြောင်း၊ ဖြစ်ခြင်း, ချုပ်ခြင်း, ချုပ်ကြောင်း) ရုပ်နမ်တို့၏ အဆုံးကို ပြုအံ့ဟု ကျင့်သော ပရိဗ္ဗာဇက အဖြစ်သို့ ရောက်၏၊ ပရိဗ္ဗာဇက ဆိုသည်မှာ ကံကို လွှင့်မှုတ် ထုတ်ပစ်သူဖြစ်ကြောင်း တွေ့ရပါသည်ဘုရား”ဟု နဝမသောဓနာကို လျှောက်ထားလေသည်။
ဤသောဓနာလာ သာဓကစကားရပ်သည် သုတ္တနိပါတ်၌လာသော-
ဒုက္ခဝေပက္ကံ ယဒတ္ထိ ကမ္မံ၊
ဥဒ္ဓမဓော တိရိယံ ဝါပိ မဇ္ဈေ။
ပရိဗ္ဗာဇယိတွာ ပရိညာစာရီ၊
မာယံ မာနမထောပိ လောဘကောဓံ။
ပရိယန္တမကာသိ နာမရူပံ၊
တံ ပရိဗ္ဗာဇကမာဟု ပတ္တိပတ္တံ။ (ခု၊၁၊၃၆၁။)
ဟူသော ဂါထာ၏ မြန်မာပြန် ဖြစ်သော်လည်း သခင်မြတ်ဆိုင် တင်ပြသည့် အဓိပ္ပါယ်သည် လွဲမှားနေသည်။ အမှန်မှာ “အကြင်ပုဂ္ဂိုလ်သည် ဆင်းရဲကျိုးကို ဖြစ်စေတတ်သော အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပုန်ကံကို မဂ်ဉာဏ်ဖြင့် ပယ်ထုတ်လွှင့်မှုတ်၍ လှည့်ပတ်မှု မာယာကိုလည်းကောင်း၊ ထောင်လွှားမှု မာနတို့ကိုလည်းကောင်း၊ လောဘဒေါသ တို့ကိုလည်းကောင်း ပိုင်းခြားသိလျက် ကျင့်သုံးပြီးလျှင် နမ်ရုပ်တို့၏ အဆုံးကို ပြုခဲ့ပြီး အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ပရိဗ္ဗာဇကဟု ဆိုကြကုန်၏” (ခုမြန်၊၁၊၃၄၀။) ဟူ၍သာဖြစ်သည်။
ဤသုတ်သည်လည်း ကုသိုလ်ကံ အကုသိုလ်ကံမရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံ၏ အကျိုးမရှိဟု ပယ်သော သုတ်မဟုတ်၊ စုဒိတကတို့ ဆိုသကဲ့သို့ ယခုဘဝ ကောင်းစားချမ်းသာခြင်းသည် ရှေးအတိတ်ကံကြောင့် မဟုတ်ဟုလည်း မပြချေ။ ပဉ္စမသောဓနာကို သုံးသပ်ရာ၌ ပြခဲ့သော ကံလေးမျိုးတို့တွင် မဂ်ဉာဏ်ဖြင့် (ဝါ မဂ်ဉာဏ်နှင့် ယှဉ်သော စတုတ္ထကံဖြင့်) ရှေးကံသုံးပါးတို့ကို ပယ်ထုတ် လွှင့်မှုတ်၍ မာယာ၊ မာန၊ လောဘ၊ ဒေါသတို့ကို ပဟာနပရိညာဖြင့် ပိုင်းခြားသိလျက် ကျင့်သုံးသော နာမ်ရုပ်၏အဆုံးကို ပြုပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်သူသည် ပရိဗ္ဗာဇက မည်၏ဟုသာ ပြသောသုတ်ဖြစ်သည်။ ထို့ကြောင့် စုဒိတက၏စကားကို အထောက်အကူ မပြုနိုင်ချေ။
(ည) ဒသမသောဓနာကို သုံးသပ်ချက်
ဖဿကြောင့် ကံမြောက်ကြောင်းကို ဟောတော်မူပုံမှာ-
၁၆။ အင်္ဂုတ္တိုရ်၊ သတ္တကနိပါတ်၊ နိဗ္ဗေဓိကသုတ် ၄၅၆-တွင် “ရဟန်းတို့ စေ့ဆော်မှု စေတနာဖြင့် ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ကုသိုလ်ကံ အကုသိုလ်ကံတို့ကိုပြုရကား စေတနာကို ကံဟူ၍ ငါဆို၏၊ ရဟန်းတို့ တွေ့ထိမှု ဖဿသည် ကံတို့၏ ဖြစ်ကြောင်းတည်း။ ဖဿချုပ်ငြိမ်းမှုသည် ကံချုပ်ငြိမ်းမှုမည်၏၊ အင်္ဂါရှစ်ပါးရှိရာ မဂ်သည် ဖဿချုပ်ငြိမ်းရာ အကျင့်တည်းဟု ဟောကြား ထားပါသည်ဘုရား”ဟု ဒသမသောဓနာကို လျှောက်ထားပြန်လေသည်။
ဤသောဓနာလာ သာဓကစကားရပ်သည် မှန်ကန်မှု မရှိချေ။ အပြည့်အစုံ ဖော်ပြဦးအံ့။
“ရဟန်းတို့ ကံကို သိရမည်၊ ကံဖြစ်ကြောင်းကို သိရမည်၊ ကံတို့၏ ထူးသည့်အဖြစ်ကို သိရမည်၊ ကံတို့၏ အကျိုးကို သိရမည်၊ ကံချုပ်ငြိမ်းမှုကို သိရမည်၊ ကံချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို သိရမည်”ဟူ၍ ငါဟောကြားအပ်သော ထိုစကားသည် အဘယ်ကိုစွဲ၍ ဟောကြားအပ်သော စကားဖြစ်သနည်း။ ရဟန်းတို့ စေ့ဆော် တိုက်တွန်း၍ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ (ကုသိုလ် အကုသိုလ်) ကံကိုပြုရကား စေတနာကို ကံဟူ၍ ငါဆို၏၊
ရဟန်းတို့ ကံဖြစ်ကြောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ တွေ့ထိမှု ဖဿသည် ကံဖြစ်ကြောင်းတည်း။ ရဟန်းတို့ ကံတို့၏ ထူးသည့်အဖြစ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ငရဲ၌ ခံစားအပ်သော အကျိုးရှိသောကံသည် ရှိ၏၊ တိရစ္ဆာန်ဘုံ၌ ခံစားအပ်သော အကျိုးရှိသောကံသည် ရှိ၏၊ ပြိတ္တာဘုံ၌ ခံစားအပ်သော အကျိုးရှိသောကံသည် ရှိ၏၊ လူ့ဘုံလောက၌ ခံစားအပ်သော အကျိုးရှိသောကံသည် ရှိ၏၊ နတ်ဘုံလောက၌ ခံစားအပ်သော အကျိုးရှိသော ကံသည် ရှိ၏၊ ရဟန်းတို့ ဤသည်ကို ကံတို့၏ထူးသည့်အဖြစ်ဟူ၍ ဆိုအပ်၏၊
ရဟန်းတို့ ကံတို့၏ အကျိုးဟူသည် အဘယ်နည်း။ ရဟန်းတို့ ယခုဘဝ၌ဖြစ်စေ၊ ဒုတိယဘဝ၌ဖြစ်စေ၊ အခြား အလှည့်ကြုံရာဘဝ၌ဖြစ်စေ ခံစားအပ်သော ကံတို့၏အကျိုးကို သုံးမျိုး ရှိ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤသည်ကို ကံတို့၏ အကျိုးဟူ၍ဆိုအပ်၏၊
ရဟန်းတို့ ကံချုပ်ငြိမ်းမှု ဟူသည် အဘယ်နည်း။ ရဟန်းတို့ တွေ့ထိမှုဖဿ ချုပ်ငြိမ်းမှုသည် ကံချုပ်ငြိမ်းမှု ဖြစ်၏၊
မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ္ဂင်သည် သာလျှင် ကံချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့် ဖြစ်၏၊ ဤကား အဘယ်နည်း။ မှန်ကန်စွာ သိမြင်မှု။ ပ။ မှန်ကန်စွာ တည်ကြည်မှုတည်း။
ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ ကံကိုသိ၏၊ ပ။ ဤသို့ ကံချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိ၏၊ ထိုအခါ၌ ထိုအရိယာတပည့်သည် ကံတို့ကို ချုပ်ငြိမ်းစေတတ်သော ကိလေသာ ကို ဖောက်ခွဲနိုင်သည့် ဤမြတ်သောအကျင့်ကို သိ၏၊
“ရဟန်းတို့ ကံကိုသိရမည်။ ပ။ ကံချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို သိရမည်”ဟူ၍ ငါဟောကြား အပ်သော ထိုစကားသည် ဤသည်ကို စွဲ၍ ဟောကြားအပ်သော စကား ဖြစ်၏ (အင် မြန်၊၂၊၄၅၆-၇။)။ (ဤကားအပြည့်အစုံဖြစ်သည်)
သခင်မြတ်ဆိုင်သည် မိမိတို့၏ ရုပ်ဝါဒနှင့် မကိုက်ညီသော စကားရပ်များကို ချန်လှပ်၍ မပြည့်မစုံ ဖော်ပြ ကိုးကားထားလေသည်။ ဤသုတ်သည် စုဒိတကပုဂ္ဂိုလ်တို့၏ နတ်နှင့်ငရဲ၊ ပြိတ္တာမရှိဟူသော ဝါဒကိုလည်းကောင်း၊ အကြောင်းကံကြောင့် အကျိုးဆက်ဖြစ်သည် မဟုတ်ဟူသော ဝါဒကိုလည်းကောင်း၊ ထုံးအိုးထဲ နှိုက်သောလက်သည် ချက်ချင်းဖြူသလို ဒိဋ္ဌလက်တွေ့ မျက်တွေ့ ကမ္မဝါဒကိုလည်းကောင်း၊ အတိအလင်း ပယ်ရှားလျက် မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူသောသုတ် ဖြစ်သည်။ ထို့ကြောင့် ဤသုတ်သည် စုဒိတကတို့၏ ဝါဒကို ပယ်ရှားလျက် စောဒကဆရာတော်များ၏ စကားကိုသာ လေးလေးနက်နက် ထောက်ခံသော သုတ်ဖြစ်ပေသည်။
(ဋ) ဧကာဒသမသေဓနာကို သုံးသပ်ချက်
၁၇။ ကံပြတ်မှ သံသရာပြတ်ကြောင်းကို ဗုဒ္ဓဘုရားသည် သုတ္တနိပါတ်၊ ဒွယတာနုပဿနာသုတ် ၃၇၃-တွင် “ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခအားလုံးဟူသည် အားထုတ်အပ်သော ကံဟူသော အကြောင်းကြောင့် ဖြစ်ပွားရ၏၊ ဒုက္ခသည် အားထုတ်အပ်သော ကံကြောင့် ဖြစ်ရခြင်းတည်းဟု ဤသို့သိ၍ ကံအားလုံးကို စွန့်ပယ်ပြီးလျှင် ကံကင်းရာ နိဗ္ဗာန်၌ လွတ်မြောက်သော၊ ဘဝတဏှာ ပြတ်ပြီးသော ငြိမ်းအေးသော ရဟန္တာအား သံသရာကုန်ပြီ၊ တစ်ဖန် ဘဝသစ်ဖြစ်ရေး မရှိပြီဟူ၍ ဟောကြားထားပါသည်ဘုရား”ဟု ဧကာဒသမသောဓနာကို လျှောက်ထားလေသည်။
ဤသောဓနာလာ သာဓကသည် သုတ္တနိပါတ်၊ ဒွယတာနုပဿနာသုတ်၌လာသော-
ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ၊ သဗ္ဗံ အာရမ္တ ပစ္စယော။
အာရမ္တာနံ နိရောဓေန နတ္ထိ၊ ဒုက္ခဿ သမ္ဘဝေါဓ။
ဧတမာဒီနဝံ ဉတွာ၊ ဒုက္ခံ အာရမ္တပစ္စယာ။
သဗ္ဗာရမ္တံ ပဋိနိဿဇ္ဇ၊ အနာရမ္ဘေ ဝိမုတ္တိနော။
ဥစ္ဆိန္နဘဝတဏှဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
ဝိက္ခီဏော ဇာတိသံသာရော၊ နတ္ထိ တဿ ပုနဗ္ဘဝေါ။ (ခု၊၁၊၃၉၄။)
ဟူသော ဂါထာတို့၏ မြန်မာပြန် ဖြစ်သည်။ သို့သော် သခင်မြတ်ဆိုင် လျှောက်ထားချက်သည် မှန်ကန်ခြင်း မရှိသောကြောင့် အပြည့်အစုံ ဖော်ပြဦးအံ့။
“ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှ အားလုံးသည် အားထုတ်အပ်သော၊ ကံနှင့်ယှဉ်သော ဝီရိယဟူသော အကြောင်းကြောင့် ဖြစ်၏၊ အားထုတ်အပ်သော၊ ကံနှင့်ယှဉ်သော ဝီရိယတို့၏ ချုပ်ခြင်းကြောင့် ဆင်းရဲခြင်း မရှိ တော့ပေ။
ဆင်းရဲသည် အားထုတ်အပ်သော၊ ကံနှင့်ယှဉ်သော ဝီရိယကြောင့် ဖြစ်၏ဟု ဤသို့သော အပြစ်ကို သိ၍ အားထုတ်အပ်သော၊ ကံနှင့်ယှဉ်သော ဝီရိယအားလုံးကို စွန့်ပြီးလျှင် အားထုတ်မှုကင်းသော နိဗ္ဗာန်၌ လွတ်မြောက်မှု ရှိသော၊ ဘဝတဏှာပြတ်ပြီးသော၊ ငြိမ်းအေးသည့် စိတ်ရှိသော ရဟန်းအား ဇာတိဟူသော သံသရာကုန်ပြီ၊ တစ်ဖန် ဘဝသစ်မရှိတော့ပြီ (ခု၊မြန်၊၁၊၃၇၃။)။” (ဤကားမြန်မာပြန် အပြည့်အစုံတည်း)
“ဒသနဝါရေ အာရမ္တပစ္စယာတိ ကမ္မသမ္ပယုတ္တဝီရိယပစ္စယာ”ဟူသော အဋ္ဌကထာ ၂၂၄-နှင့်အညီ “အာရမ္ဘ” အရ အားထုတ်အပ်သော၊ ကံနှင့်ယှဉ်သော ဝီရိယကို ယူရသည်။
ဤသောဓနာသည် ပဉ္စမသောဓနာနှင့် အလားတူဖြစ်၍ ပဉ္စမသောဓနာကို သုံးသပ်ရာ၌ အကျယ်ပြပြီး ဖြစ်ရကား ထပ်မံသုံးသပ်ဖွယ် မလိုပြီ။
(ဌ) ဒွါဒသမသောဓနာကို သုံးသပ်ချက်
၁၈။ ဗုဒ္ဓဘုရားရှင်သည် ကံအားလုံးကို ပယ်စွန့်ကြောင်း ဥဒါန်း အာယုသင်္ခါရောဿဇ္ဇနသုတ်-၁၃၉-တွင် “မြတ်စွာဘုရားသည် အတုမဲ့နိဗ္ဗာန်နှင့် အဖန်ဖန် ဘဝဖြစ်မှုတို့ကို နှိုင်းချိန်လျက် ဘဝဖြစ်ရန်ကံကို စွန့်ပယ်ခဲ့လေပြီ၊ အဇ္ဈတ္တ၌ ကောင်းစွာ စင်ကြယ်သော သတိဖြင့် မွေ့လျော်ကာ ချပ်ဝတ်နှင့်တူသော မိမိသန္တာန်မှ ကိလေသာကို ဖျက်ဆီးပြီးလေပြီဟု ဟောကြားထားပါသည်ဘုရား”ဟု ဒွါဒသမသောဓနာကို လျှောက်ထား ပြန်လေသည်။
ဤသောဓနာလာ သာဓကသည် ဥဒါနပါဠိ၊ အာယုသင်္ခါရောဿဇ္ဇနသုတ်၌လာသော-
တုလမတုလဉ္စ သမ္ဘဝံ၊ ဘဝသင်္ခါရမဝဿဇိ မုနိ။
အဇ္ဈတ္တရတော သမာဟိတော၊ အဘိန္ဒိ ကဝစမိဝတ္တသမ္ဘဝံ။ (ခု၊၁၊၁၅၅။)
ဟူသော ဂါထာ၏ မြန်မာပြန်ဖြစ်သည်။ သို့သော် မှန်ကန်မှုမရှိ၊ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
မြတ်စွာဘုရားသည် အတုမဲ့နိဗ္ဗာန်နှင့် အဖန်ဖန်ဖြစ်မှုဘဝကို နှိုင်းချိန်လျက် ဘဝကိုဖြစ်ရန် ပြုပြင်တတ်သော ကံကို စွန့်ပယ်ခဲ့လေပြီ။ အဇ္ဈတ္တတရား၌ မွေ့လျော်ကာ ကောင်းစွာ တည်ကြည်သောစိတ် ရှိသည်ဖြစ်၍ ချပ်ဝတ်နှင့် တူသော မိမိသန္တာန်ရှိ ကိလေသာကွန်ရက်ကို ဖျက်ဆီးခဲ့လေပြီ (ခု၊မြန်၊၁၊၁၃၉)။ (ဤကား ပြည့်စုံမှန်ကန်သော မြန်မာပြန် အဓိပ္ပါယ်တည်း။)
ဤဥဒါန်း ဂါထာသည်လည်း ပဉ္စမသောဓနာကို သုံးသပ်ရာ၌ ပြခဲ့သည့်အတိုင်း အရိယာမဂ်ဖြင့် ကိလေသာကို ပယ်စွန့်ခြင်းအားဖြင့် ဘဝကိုစီမံတတ်သော လောကီကံကို ဘုရားရှင် စွန့်ပယ်ပြီး ဖြစ်ပုံကို ပြသောဂါထာဖြစ်သည်။ ထို့ကြောင့် -
“အဝဿဇိ မုနီတိ။ ပ။ ကမ္မက္ခယကရေန အရိယမဂ္ဂေန အဝဿဇိ (ဥဒါန၊ဋ္ဌ၊၂၉၉။)”ဟူ၍ အဋ္ဌကထာ ဆရာတော် ဖွင့်ပြတော်မူသည်။
အဓိပ္ပါယ်-မြတ်စွာဘုရားသည် စွန့်ပယ်ခဲ့လေပြီဟူသည်မှာ ခန္ဓာငါးပါးတို့သည် အမြဲမရှိကုန်၊ ခန္ဓာငါးပါးတို့၏ ချုပ်ရာ နိဗ္ဗာန်သည် မြဲ၏စသောနည်းဖြင့် နှိုင်းချိန်လျက် မြတ်စွာဘုရားသည် ဘဝ၌ အပြစ်၊ နိဗ္ဗာန်၌ အကျိုးကို ရှုမြင်၍ ထိုခန္ဓာတို့၏ မူလဖြစ်သော ဘဝကိုစီမံတတ်သည့် ကံကို (ကံကုန်ခြင်းငှာ ဖြစ်၏ဟု ကုက္ကုရဝတိကသုတ်၌ ဟောတော်မူခဲ့သော) ကံကုန်ခြင်းကို ပြုတတ်သည့် အရိယမဂ်ဖြင့် စွန့်ပယ်ခဲ့လေပြီ။
၁၉။ ဤသို့ အရိယမဂ်ဖြင့် ကံကိလေသာတို့ကို ပယ်စွန့်ခြင်းသည်လည်း ပုဗ္ဗဘာဂပဋိပဒါခေါ်သော သမထ ဝိပဿနာတည်းဟူသော ကာမာဝစရကံနှင့် ကင်း၍ အလျှင်းပင် မဖြစ်နိုင်ချေ။ သမထဝိပဿနာတည်း ဟူသော ကာမာဝစရကံဖြင့် အဆင့်ဆင့်တတ်ကာ အရိယမဂ်ကို ရရှိလျက် ထိုအရိယမဂ်ဖြင့် ကိလေသာတို့ကို ပယ်စွန့်တော်မူသည်။ ဤအဓိပ္ပါယ်ကို ထိုဂါထာ၌ “အဇ္ဈတ္တရတော သမာဟိတော”ဟူသောပါဠိဖြင့် ပြတော်မူသည်။ အဋ္ဌကထာ၌လည်း-
“သော ဟိ ဝိပဿန ဝသေန အဇ္ဈတ္တရတော၊ သမထဝသေန သမာဟိတောတိ ဧဝံ ပုဗ္ဗဘာဂတော ပဋ္ဌာယ။ ပ။ ဧဝံ ကိလေသပ္ပဟာနေန ကမ္မံ ပဇဟိ” (ဥဒါန၊ဋ္ဌ၊၂၉၉-၃၀၀။)
ဟု ဖွင့်ပြတော်မူသည်။
အဓိပ္ပါယ်ချဲ့၍ ပြအံ့။ ထိုမြတ်စွာဘုရားသည် ဝိပဿနာဖြင့် အဇ္ဈတ္တ၌ မွေ့လျော်ကာ သမထဖြင့် တည်ကြည်သော စိတ်ရှိလျက် ဤသို့ဤပုံ ရှေ့အဖို့မှစ၍ သမထဝိပဿနာ အစွမ်းဖြင့် ချပ်ဝတ်ကဲ့သို့ အတ္တဘောကို ဖွဲ့ယှက်၍ တည်သော မိမိ၌ဖြစ်သည့်အတွက် “အတ္တသမ္ဘဝ”ဟု အမည်ရသော ကိလေသာအားလုံးကို ဖျက်ဆီးတော် မူလေပြီ။ ကိလေသာ မရှိခြင်းကြောင့်ပင် ကံသည် ပဋိသန္ဓေကို မဖြစ်စေနိုင်တော့ရကား ပယ်စွန့်ပြီး မည်တော့၏၊ ဤသို့ဤပုံ ကိလေသာကို ပယ်စွန့်ခြင်းဖြင့် ကံကို ပယ်စွန့်ပြီ။ ဤကား မြတ်စွာဘုရား၏ ကံကို ပယ်စွန့်တော်မူပုံ ဖြစ်သည်။
သခင်မြတ်ဆိုင်သည် ပိဋက မြန်မာပြန်များကို ဖတ်တတ်ကာမျှဖြင့် အဓိပ္ပါယတ္ထကို ကျနသေချာ မသိပါ ဘဲလျက် “ကံကိုပယ်စွန့်ပြီ”ဟူသော စကားလုံးမျှကို ယူ၍ အမြွက်ထောင်ကာ အကိရိယဝါဒ တိတ္ထိယတံခွန်အလံကို လွှင့်ထူသူသာ ဖြစ်ပေသည်။
(ဍ) သောဓနာနိဂုံးကို သုံးသပ်ချက်
၂၀။ “အထက်ပါ သုတ္တန် အထောက်အထားများကြောင့် ကုသိုလ်၊ အကုသိုလ်တို့၏ အကြောင်းအကျိုးကို ဆက်ကာမပြတ် ကျင်လည်တတ်သော ဘဝသံသရာ၏ အထောက်အကူ ကံတရားတို့ကို ပယ်စွန့်တော်မူကြောင်း တင်ပြအပ်ပါသည်ဘုရား”ဟု နိဂုံးစကားကို သခင်မြတ်ဆိုင်က လျှောက်ထားလေသည်။
ဘဝသံသရာ၏ အထောက်အကူ ကံတရားတို့ကို မြတ်စွာဘုရား ပယ်စွန့်တော်မူသည်ကား မှန်၏၊ ဗုဒ္ဓသာသနာနွယ်ဝင် သူတော်စင် ဟူသမျှတို့သည်လည်း ဘုရားရဟန္တာအရှင်မြတ်တို့ ကံပယ်ပြီးဖြစ်သည်ကို သိကြကုန်၏၊ “ကုသလံ ကုသလံ ဇဟံ”ဟူသော နမက္ကာရသင်ဦးစ ကျောင်သားသူငယ်ကလေးများပင် သိမြင်ကြ ကုန်၏၊ ကံပယ်ရန် နည်းမှန်လမ်းမှန်ကိုလည်း ဆရာစဉ်ဆက် ဟောမြွက်ပြသ ဩဝါဒဖြင့် သိကြရကား အရိယ မဂ်ဉာဏ်ဖြင့် ကံကိုပယ်နိုင်ရန် ရည်သန်လျက် သဒ္ဓါ ဆန္ဒ ဝီရိယအလျောက် မကောက်မကွေ့ ချမ်းမြေ့ ဖြောင့်တန်းသည့် လမ်းရိုးလမ်းဟောင်းသို့ မစောင်းမသွေ လျောက်၍ နေကြကုန်၏၊
သခင်မြတ်ဆိုင်တို့သည် ကံမရှိ၊ ကံ၏အကျိုးမရှိဟူ၍ ကံ-ကံ၏အကျိုးကို ပယ်ကာ တိတ္ထိဝါဒနှင့် ကံ-ကံ၏ အကျိုးပေးကို ပယ်စွန့်သော ဗုဒ္ဓဝါဒကို ကွဲပြားစွာ နားမလည်ချေ။ ဗုဒ္ဓဝါဒသည်ကား ကံ ရှိ၏၊ ကံ၏အကျိုး ရှိ၏၊ သို့သော် အရဟတ္တမဂ်ဉာဏ်ကိုရ၍ ရဟန္တာဖြစ်သောအခါ ထိုကံ-ကံ၏အကျိုးကို ပယ်စွန့်သည်ဟု ဆိုလိုသည်။
ဝိနည်းဓိုရ်ဆရာတော်တို့၏ သုံးသပ်ချက်
၂၁။ စောဒက၊ စုဒိတကတို့၏ အဆိုနှစ်ရပ်ကို ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြရာ စုဒိတကတို့၏ ရေးသားချက်များ၌-
(က) ကောင်းမှုပြုသူအတွက် ကောင်းကျိုးတရားနှင့် ဘုံနန်းများ၊ မကောင်းမှုပြုသူအတွက် အပြစ်ဒဏ်များသည် စိတ်ကူးသက်သက်ဖြင့် လူသား၏စိတ်ကို ဖြားယောင်းသွေးဆောင်ခြင်း, ခြောက်လှန့်ခြင်းသာ ဖြစ်သည်။ (အမှန်စင်စစ် မရှိဟုဆိုလိုသည်။)
(ခ) ယခုဘဝ၌ ကောင်းစားချမ်းသာနေခြင်းသည် ရှေးရှေးဘဝက ကုသိုလ်ကံကြောင့် မဟုတ်၊ ယခုဘဝအလုပ်၏ ကျေးဇူးသက်သက်သာ ဖြစ်သည်။ ယခုဘဝ၌ ချမ်းသာခြင်းကို ရှေးရှေးဘဝက ကုသိုလ်ကံကြောင့်ဟု ယုံကြည်လျှင် ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်သည်၊ အဓမ္မဖြစ်သည်။
(ဂ) ကုသိုလ်၊ အကုသိုလ် အကြောင်းကြောင့် အကျိုးဆက်ဖြစ်သည်ဟူသော ကမ္မဿကတ လမ်းစဉ်သည် ဗြာဟ္မဏဝေဒမှ မြစ်ဖျားခံလာသည်။ သံသရာလည်နေရေးကိုသာ အားပေးသော တရားဖြစ်သည်။
(ဃ) ဗုဒ္ဓ၏ မူရင်းဒေသနာ၌ အတိတ်ကံကို အစွဲပြုသော ပရမ္ပရ ကာမာဝစရကုသိုလ်၊ အကုသိုလ်မျိုးကို စွဲယူလက်ခံ ယုံကြည်ရန် မပါမရှိ။
(င) ပဋိစ္စသမုပ္ပါဒ်ဒေသနာအရ အတိတ်ဘဝအကြောင်းကြောင့် ယခုဘဝ၌ အကျိုးတရားဖြစ်လာရသည် ဟူသော အယူအဆသည် အတ္တလမ်းစဉ် ဝိညာဏ်စွဲ အမှားတရားများ ဖြစ်သည်ဟူသော ကောက်နုတ်ချက်တို့ကို တွေ့ရသည်။
(က)အမှတ်သောဓနာကို သုံးသပ်ချက်
၂၂။ (က) ဤကောက်နုတ်ချက်များကို ခြုံငုံသုံးသပ်သော် စုဒိတကပုဂ္ဂိုလ်တို့သည် ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့် ထိုကံ၏ အကျိုးတရားကို ပယ်ရှားကြသူများ ဖြစ်သည်ကို တွေ့ရသည်။ ထိုစုဒိတကတို့၏ ကံ-ကံ၏အကျိုးကို ပယ်သော အယူဝါဒသည် စောဒကဆရာတော်များ တင်ပြသော စူဠကမ္မဝိဘင်္ဂသုတ်၊ တပနီယသုတ်၊ အတပနီယသုတ်စသော ဘုရားဟောဒေသနာတော်များနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်လေသည်။ တိတ္ထိတို့၏ အယူဝါဒသာ ဖြစ်လေသည်။ ကံ၏အကျိုး၊ ဘုံနန်းနှင့် အပြစ်ဒဏ်တို့ကို စိတ်ကူးသက်သက် ဖြားယောင်းချက်ဟု စွပ်စွဲချက်သည် အောက်ပါ ဘုရားဟောပါဠိတော်များနှင့် လုံဝဆန့်ကျင်ပေသည်။
အခါတစ်ပါး၌ သုဘလုလင်သည် မြတ်စွာဘုရားထံမှောက်သို့ လာရောက်၍ “အရှင်ဂေါတမ လူဖြစ်ကြသူတို့မှာ လူအချင်းချင်းတူပါလျက် အယုတ်၊ အမြတ်ကွဲပြားနေကြရသည်ကို တွေ့မြင်နေရပါသည်။ အချို့က အသက်တို၍ အချို့က အသက်ရှည်ကြပါသည်။ အချို့က အနာရောဂါများ၍ အချို့က အနာရောဂါ ကင်းကြပါသည်။ အချို့က အရုပ်ဆိုး အကျည်းတန်၍ အချို့က အဆင်းလှ ကြပါသည်။ အချို့က အခြံအရံမဲ့၍ အချို့က အခြံအရံများ ကြပါသည်။ အချို့က စည်းစိမ်ဥစ္စာ နည်းပါး၍ အချို့က စည်းစိမ်ဥစ္စာ ပေါများကြပါသည်။ အချို့က အမျိုးယုတ်၍ အချို့က အမျိုးမြတ်ကြပါသည်။ အချို့က ပညာမဲ့၍ အချို့က ပညာရှိကြပါသည်။ ဤသို့ကွဲပြားရခြင်း၏အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း”ဟုလျှောက်ထားရာ မြတ်စွာဘုရားရှင်က “လုလင် သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏၊ ကံ၏အမွေခံတို့သာ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် ကိုးစားထောက်တည်ရာ ရှိကုန်၏၊ ကံသာလျှင် သတ္တဝါတို့ကို အယုတ်အမြတ် ဖြစ်အောင် ဝေဖန်၏”ဟု မိန့်တော်မူလေသည်။
“အရှင်ဂေါတမ ဤအကျဉ်းဟောထားသော တရားစကား၏ အနက်သဘောကို မသိနားမလည်ပါ၊ အကျယ် ဝေဖန်၍ ဟောတော်မူပါ”ဟု သုဘလုလင်က တောင်းပန်ခြင်းကြောင့် မြတ်စွာဘုရားသည် အကျယ်ဝေဖန်၍ ဟောတော်မူသည်။ ထိုဝေဖန်ချက်ကို အနည်းငယ်ချုံး၍ ပြလိုပေသည်။
ဤလောက၌ သူတစ်ပါးအသက်ကို သတ်လေ့ရှိသူသည် သေသည်မှ နောက်၌ ငရဲသို့ ရောက်ရတတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် အသက်တိုရ၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်လေ့ ရှိသူသည် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏၊ အကယ်၍ နတ်ပြည်သို့ မရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် အသက်ရှည်ရ၏၊
ဤလောက၌ သတ္တဝါကို ညှဉ်းဆဲလေ့ရှိသူသည် သေသည်မှနောက်၌ ငရဲသို့ ရောက်ရတတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အနာရောဂါများ၏၊ သတ္တဝါကို ညှဉ်းဆဲလေ့မရှိဘဲ သနား ကြင်နာလေ့ရှိသူသည် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်ရတတ်၏၊ အကယ်၍ နတ်ပြည်သို့ မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အနာရောဂါကင်းရှင်း၍ ကျန်းမာရေးကောင်းတတ်၏၊
ဤလောက၌ အမျက်ဒေါသ ကြီးသောသူသည် သေသည်မှနောက်၌ ငရဲသို့ ရောက်တတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အရုပ်ဆိုး အကျည်းတန်တတ်၏၊ ဒေါသမကြီးသူသည် သေသည်မှ နောက်၌ နတ်ပြည်သို့ ရောက်တတ်၏၊ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အဆင်းလှပ၏၊
ဤလောက၌ သူတစ်ပါးကောင်းစားသည်ကို မနာလိုငြူစူခြင်း “ဣဿာ”တရား အားကြီးသူသည် သေသည်မှ နောက်၌ ငရဲသို့ ရောက်တတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အခြံအရံနည်းပါးရ၏၊ သူတစ်ပါးတို့ကောင်းစားသည်ကို မနာလိုငြူစူခြင်း ကင်းသူသည် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်တတ်၏၊ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့သော် အခြံအရံပေါများ၏၊
ဤလောက၌ ဒါနမပြုဘဲ မစ္ဆရိယအားကြီးသူသည် သေသည်မှနောက်၌ ငရဲသို့ရောက်တတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် စည်းစိမ်ဥစ္စာနည်းပါး၏၊ ဒါနပြုလေ့ရှိသူသည် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်တတ်၏၊ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် စည်းစိမ်ဥစ္စာ ပေါများ ကြွယ်ဝ၏၊
ဤလောက၌ ခက်ထန်ထောင်လွှား မာနတရားအားကြီးသူသည် သေသည်မှနောက်၌ ငရဲသို့ ရောက်တတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အမျိုးယုတ်ညံ့၏၊ မခက်ထန် မထောင်လွှားဘဲ နိဝါတ တရားရှိသူသည် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်တတ်၏၊ အကယ်၍ နတ်ပြည်သို့ မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် အမျိုးမြတ်သူဖြစ်ရ၏၊
ဤလောက၌ “အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း” စသည်ဖြင့် သမဏ ဗြာဟ္မဏတို့ထံ မမေးမမြန်းသူသည် ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကို ပြုမိခြင်းကြောင့် သေသည်မှ နောက်၌ ငရဲသို့ရောက်တတ်၏၊ အကယ်၍ ငရဲသို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့သော် ပညာမဲ့သူဖြစ်ရ၏၊ ကုသိုလ်၊ အကုသိုလ် စသည်တို့ကို မေးမြန်းလေ့ရှိသူသည် မပြုသင့်သည်ကို ရှောင်ကြဉ်၍၊ ပြုသင့်သည်ကို ပြုခြင်းကြောင့် သေသည်မှနောက်၌ နတ်ပြည်သို့ ရောက်တတ်၏၊ အကယ်၍ နတ်ပြည်သို့မရောက်ဘဲ လူ့အဖြစ်သို့ ရောက်ခဲ့လျှင် ပညာကြီးသူဖြစ်ရ၏ဟု အကျယ်ဝေဖန်၍ ဟောကြားတော်မူလေသည်။
ဥပရိပဏ္ဏာသပါဠိတော်(၂၄၃-မှ-၂၄၉၊ မြန်မာ ၂၄၆-မှ-၂၅၂၊ ယင်းအဋ္ဌကထာ ၁၇၅-၁၈၀)
၂၃။ ဣတိဝုတ္တကပါဠိတော်(၂၁၂)၊ တပနိယသုတ်၌ ကုသိုလ်ကံကို မပြုဘဲ အကုသိုလ်ကံကို များစွာ ပြုခြင်းကြောင့် ငရဲသို့ ရောက်ရပုံကိုလည်းကောင်း၊ ယင်းပါဠိ အတပနိယသုတ်၊ နှာ ၂၁၃-၌လည်း အကုသိုလ်ကံကို မပြုဘဲ ကုသိုလ်ကံကို များစွာပြုခြင်းကြောင့် နတ်ပြည်သို့ ရောက်ရပုံကိုလည်းကောင်း၊ မြတ်စွာဘုရား ဟောတော်မူသည်။ စောဒနာလွှာ၌ အကျယ်ပါပြီးဖြစ်၍ မချဲ့တော့ပြီ။
၂၄။ ထို့ပြင်လည်း အသက်သတ်မှု “ပါဏာတိပါတ”၊ မပေးသည်ကိုခိုးယူမှု “အဒိန္နဒါန”၊ ကာမတို့၌ မှားယွင်းစွာကျင့်မှု “ကာမေသုမိစ္ဆာစာရ”၊ မဟုတ်မမှန်ပြောဆိုမှု “မုသာဝါဒ”၊ ကုန်းတိုက်မှု “ပိသုဏဝါစာ”၊ ရုန့်ရင်း ကြမ်းတမ်းသော စကားကိုပြောမှု “ဖရုသဝါစာ”၊ ပြိန်ဖျင်းသောစကားကိုပြောမှု “သမ္ဖပ္ပလာပ”၊ သူတစ်ပါး စည်းစိမ် ကို မိမိစည်းစိမ်ဖြစ်လျှင် ကောင်းလေစွဟု မတရားလိုချင်မှု “အဘိဇ္ဈာ”၊ သူတစ်ပါး သေကြေပျက်စီးစေလိုမှု “ဗျာပါဒ”၊ လှူရကျိုးမရှိ၊ ပူဇော်ရကျိုးမရှိ၊ ဧည့်ဝတ်ပြုရကျိုးမရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဝိပါက်မရှိ၊ ဤလောကမရှိ၊ တစ်ပါးသောလောကမရှိ စသည်ဖြင့် ဖောက်ပြန်စွာ သိမြင်ယူဆမှု “မိစ္ဆာဒိဋ္ဌိ”၊ ဤအကုသလ ကမ္မပထတရား ဆယ်ပါးတို့ကို အသာဓု=မကောင်းသောတရား၊ ဒုက္ခဝိပါက=ဆင်းရဲကျိုးရှိသောတရားစသော ၂၁-ပါးသောအမည်တို့ဖြင့် ဟောတော်မူသည်။ ထိုမှအပြန်ဖြစ်သော အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုစသော ကုသလ ကမ္မပထတရားဆယ်ပါးတို့ကို သာဓု=ကောင်းသောတရား၊ သုခဝိပါက=ချမ်းသာကျိုးရှိသောတရားစသော ၂၁-ပါး သောအမည်တို့ဖြင့် ဟောတော်မူသည်။ (အင်္ဂုတ္တိုရ်၊ ဒသကနိပါတ် ၄၁၂-မှ ၄၈၈) ဤသုတ်ပေါင်း ၂၁-သုတ်တို့ဖြင့် အကုသိုလ်ကံနှင့် ကုသိုလ်ကံတို့ကို ဘုရားရှင်ဟောကြား ညွှန်ပြတော်မူသည်။
၂၅။ ယင်းပါဠိတော် ၄၉၀-မှ-၄၉၇၊ ပဌမနိရယသဂ္ဂသုတ်၊ ဒုတိယနိရယသဂ္ဂသုတ်၊ မာတုဂါမသုတ်၊ ဥပါသိကာသုတ်၊ သံသပ္ပနီယသုတ်တို့၌-
“ဒသဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော ယထာဘတံ နိက္ခိတ္တော ဧဝံ နိရယေ” စသည်ဖြင့် ပါဏာတိပါတစသော အကုသလကမ္မပထတရားဆယ်ပါးနှင့် ပြည့်စုံသူသည် ငရဲ၌ ဖြစ်ရ၏ ဟူ၍လည်းကောင်း၊
“ဒသဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော ယထာဘတံ နိက္ခိတ္တော ဧဝံ သဂ္ဂေ” စသည်ဖြင့် ပါဏာတိပါတ ဝိရတီစသော ကုသလကမ္မပထတရားဆယ်ပါးနှင့် ပြည့်စုံသူသည် နတ်ပြည်၌ ဖြစ်ရ၏ ဟူ၍လည်းကောင်း၊
ကံ-ကံ၏ အကျိုးများကို ဟောကြားတော်မူသည်။
၂၆။ အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ်(၇၀-၇၂၊ ဒါနူပပတ္တိသုတ်၌ သမဏ ဗြာဟ္မဏအား ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးအလှူကို ပေးလှူခြင်းကြောင့် စိတ်တောင့်တသည့်အတိုင်း လူ့ပြည်နတ်ပြည်တို့၌ ဖြစ်ရ၏၊ စျာန်ရလျှင် ဗြဟ္မာ့ပြည်၌ ဖြစ်ရ၏ဟု ဟောတော် မူသည်။
၂၇။ ယင်းပါဠိတော် ၇၂-၇၄၊ ပုညကိရိယဝတ္ထုသုတ်၌ ဒါန, သီလကို အနည်းငယ်မျှပြု၍ ဘာဝနာကို မပြီးစေသူသည် ဘုန်းကံနည်းသော အောက်တန်းစားလူ ဖြစ်ရ၏၊ ဒါန, သီလကို အတိုင်းအရှည်အားဖြင့်ပြု၍ ဘာဝနာကို မပြီးစေသူသည် ဘုန်းကံကြီးမားသည့် အထက်တန်းစားလူ ဖြစ်ရ၏၊ ဒါန, သီလကို အလွန်အကဲပြု၍ ဘာဝနာကို မပြီးစေသူသည် နတ်ပြည်ခြောက်ထပ်၌ဖြစ်၍ အသက်ရှည်ခြင်းစသော ဆယ်မျိုးသောအကြောင်းတို့ဖြင့် အခြားနတ်တို့ထက် သာလွန်နိုင်၏ဟု ဟောတော်မူသည်။
၂၈။ ယင်းပါဠိတော် ၇၆-၇၇ အဘိသန္ဒသုတ်၌ ချမ်းသာကို ဆောင်တတ်သော၊ နတ်ပြည် အကျိုးငှာဖြစ်သော၊ ချမ်းသာသောအကျိုးကို ပေးတတ်သော နတ်ပြည်၌ ပဋိသန္ဓေကိုဖြစ်စေတတ်သော (သရဏဂုံသုံးပါးနှင့် ငါးပါးသီလ ဆောက်တည်ခြင်းဟူသော) ကောင်းမှုအထု ကုသိုလ်အလျဉ်ရှစ်မျိုးတို့သည် အလိုရှိခြင်း, နှစ်သက်ခြင်း, စိတ်နှလုံးကို ပွားစေခြင်း, အကျိုးစီးပွားဖြစ်ခြင်း, ချမ်းသာခြင်းအကျိုးငှာ ဖြစ်ကုန်၏ဟု ဟောတော်မူသည်။
၂၉။ ယင်းပါဠိတော် ၇၇-၇၈ ဒုစ္စရိတဝိပါကသုတ်၌ ကာယဒုစရိုက်သုံးပါး၊ ဝစီဒုစရိုက်လေးပါးနှင့် သုရာမေရယပါန ဒုစရိုက်တို့ကို မှီဝဲပွားများ အကြိမ်များစွာ ပြုအပ်သော် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံ၌ ဖြစ်ရ၏၊ ပါဏာတိပါတ၏ အပေါ့ဆုံးအကျိုးကား အသက်တိုတတ်၏၊ အဒိန္နာဒါန၏ အပေါ့ဆုံးအကျိုးကား စည်းစိမ်ဥစ္စာ ပျက်စီးတတ်၏၊ ကာမေသုမိစ္ဆာစာရ၏ အပေါ့ဆုံးအကျိုးကား ရန်သူများ၏၊ မုသာဝါဒ၏ အပေါ့ဆုံးအကျိုးကား မဟုတ်မမှန် စွပ်စွဲခံရတတ်၏၊ ပိသုဏဝါစာ၏ အပေါ့ဆုံးအကျိုးကား အဆွေခင်ပွန်းတို့နှင့် ကွဲပြားတတ်၏၊ ဖရုသဝါစာ၏ အပေါ့ဆုံးအကျိုးကား မနှစ်သက်ဖွယ်သောအသံကို ဖြစ်စေတတ်၏ (အသံမကောင်းသူဖြစ်တတ်၏)။ သမ္ဖပ္ပလာပ၏ အပေါ့ဆုံးအကျိုးကား မနာယူအပ်သောစကားရှိသူ ဖြစ်တတ်၏ (မိမိစကားကို သူတစ်ပါးတို့က မနာယူ၊ မလေးစား၊ မယုံမကြည်ဖြစ်တတ်၏)။ သေရည်သေရက်သောက်ခြင်း၏ အပေါ့ဆုံးအကျိုးကား အရူးအနှမ်းဖြစ်တတ်၏ဟု ဟောတော်မူသည်။
၃၀။ အင်္ဂုတ္တိရ်၊ ပဉ္စကနိပါတ်(၂၇-၂၈ သုမနာသုတ်၌ သဒ္ဓါ၊ သီလ၊ ပညာတို့ တူမျှကြစေကာမူ ဒါနရှင်ဖြစ်သော နတ်လူတို့က ဒါနရှင်မဟုတ်သော နတ်လူတို့ကို အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာခြင်း, အခြံအရံများခြင်း, အကြီးအကဲဖြစ်ရခြင်းဟူသော ငါးမျိုးသော အကြောင်းတို့ဖြင့် သာလွန်၏၊ ရဟန်းချင်းသော်မှ မတူကြပဲ ဒါနရှင်ရဟန်းက ဒါနရှင်မဟုတ်သောရဟန်းကို သင်္ကန်း, ဆွမ်း, ကျောင်း, ဆေးပစ္စည်းလေးပါးနှင့် သီတင်းသုံးဖော်တို့က နှစ်ခြိုက်ဖွယ် ကိုယ်နှုတ်စိတ်တို့ဖြင့် ဆက်ဆံ၍ နှစ်ခြိုက်ဖွယ် အပူဇော်ခံရခြင်းဟူသော ငါးမျိုးသော အကြောင်းတို့ဖြင့် သာလွန်၏ဟု ဟောတော်မူသည်။
၃၁။ ထိုမှတစ်ပါး နိဂဏ္ဌနာဋပုတ္တ၏တပည့်၊ အသိဗန္ဓက၏သား ရွာသူကြီးအား ယခုဘဝ၌ ကြီးပွားချမ်းသာ နေခြင်းသည် ကုသိုလ်ကံ အကြောင်းကြောင့်ဖြစ်သည်ဟု ဟောတော်မူပုံကို သဠာယတနဝဂ္ဂသံယုတ်၌ အောက်ပါအတိုင်း တွေ့နိုင်ပေသည်။
“ရွာသူကြီး ဤကမ္ဘာမှ (နောက်)ကိုးဆယ့်တစ်ကမ္ဘာတို့တိုင်အောင် ငါအောက်မေ့သည်ရှိသော် ချက်ပြီးဆွမ်းကို လောင်းလှူရုံမျှဖြင့် ပျက်စီးဖူးသော အမျိုးသား တစ်ဦးတစ်ယောက်ကိုမျှ ငါမသိ၊ စင်စစ်သော်ကား ကြွယ်ဝကုန်၊ များသောဥစ္စာရှိကုန်၊ များသောရွှေငွေရှိကုန်၊ များသောအသုံးအဆောင်ရှိကုန်၊ များသော ဥစ္စာစပါးရှိကုန်သော အမျိုးကောင်းသား အားလုံးတို့သည် ပေးလှူခြင်းကြောင့်လည်း ကြီးပွားကုန်၏၊ မှန်ကန်မှု သစ္စာကြောင့်လည်း ကြီးပွားကုန်၏၊ အကျင့်သီလကြောင့်လည်း ကြီးပွားကုန်၏၊ (သံ မြန် ၂။ ၅၀၁။)”
ဤသို့ ကံ-ကံ၏အကျိုးတရားကို ဟောကြားရာ ဒေသနာတော်တို့ကား ဘုရားဟောဖော် ပိဋကတ်တော်၌ ရာပေါင်းများစွာ ရှိပေသည်။
၃၂။ ဤလောက၌လည်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ ပြည့်စုံအောင် ကြိုးစား အားထုတ်နေကြသူချင်း တူပါလျက် ကံတည်းဟူသော အကြောင်းကြောင့် အကျိုးပေးကွာခြားလျက် အဆင့်အတန်း ကွဲပြားနေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရပေသည်။
ထို့ကြောင့် ကံ-ကံ၏ အကျိုးတရားတို့သည် စိတ်ကူးသက်သက် မဟုတ်၊ လူသား၏စိတ်ကို ဖြားယောင်း သွေးဆောင်ခြင်း, ခြောက်လှန့်ခြင်းလည်းမဟုတ်ဘဲ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားခဲ့သော သဘာဝ အမှန်တရားများသာ ဖြစ်ကြပေသည်။
၃၃။ “ယခုဘဝ၌ ကောင်းစားချမ်းသာနေခြင်းသည် ရှေးရှေးဘဝက ကုသိုလ်ကံကြောင့် မဟုတ်၊ ယခုဘဝ အလုပ်၏ ကျေးဇူးသက်သက်သာဖြစ်သည်”ဟူသော ရေးသားချက်သည် မပြည့်စုံသော အမြင်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် ပစ္စုပ္ပန်တစ်ဘဝကိုသာ ကျဉ်းမြောင်းစွာမြင်သော ရုပ်ဝါဒအမြင်သာ ဖြစ်သည်။ စောဒကဆရာတော်များ တင်ပြသည့် နိဒါနသုတ်နှင့် လည်းကောင်း၊ သေဉ္စတနိကသုတ် စသည်တို့နှင့် လည်းကောင်း ဆန့်ကျင်၏၊
အနည်းငယ်ရှင်းပြဦးအံ့ “ယခုဘဝ၌ ကောင်းစားချမ်းသာနေခြင်းသည် ရှေးရှေးဘဝက ကုသိုလ်ကံကြောင့် မဟုတ်” စသောစကားသည် ကုသိုလ်ကံအတွက် ရေးသားချက်ဖြစ်သည်။ “ထုံးအိုးထဲ နှိုက်သောလက်သည် ချက်ချင်းဖြူသလို၊ ကတ္တရာစေးပုန်းထဲ နှိုက်သောလက်သည် ချက်ချင်းနက်သလို၊ ငရုတ်သီးကို စားလျှင် ချက်ချင်း စပ်သလို၊ ဗုဒ္ဓ၏ကမ္မဝါဒသည် ပုခက်နှင့် ခေါင်းကြားသာ ဖြစ်သည်”ဟူသော ရေးသားချက်ဖြစ်သည်၊ ကုသိုလ်ကံ၊ အကုသိုလ်ကံ နှစ်မျိုးလုံးအတွက် ရေးသားချက်ဖြစ်သည်။ ထိုရေးသားချက်ဖြင့် ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်များသည် ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ ပုခက်နှင့်ခေါင်းကြား မျက်မှောက်ဘဝ၌သာ အကျိုးပေးသည်ဟု အယူရှိသူများ ဖြစ်ကြသည်။ ထိုသူတို့၏အယူသည် ဗုဒ္ဓ၏ကမ္မဝါဒလုံးဝမဟုတ်၊ ဗုဒ္ဓမဟောဘဲ ဗုဒ္ဓအဟောလုပ်၍ မိမိတို့ဝါဒကိုသာ ရေးသားခြင်းဖြစ်သည်။ ကံ၏အကျိုးပေးပုံကို ငရုတ်သီးစပ်သလို ချက်ချင်းဟူ၍ ရေးသားချက်သည်လည်း သဘာဝလုံးဝမကျ။ ကံ၏ အကျိုးပေးရာကာလကိုလည်း ပုခက်နှင့်ခေါင်းကြားဟု ထင်မှတ်ခြင်းသည်လည်း အနာဂတ်ဘဝမရှိသည့် ဥစ္ဆေဒဝါဒဖြစ်သော ရုပ်ဝါဒအမြင်အရ ဘောင်ခတ်ခြင်း ဖြစ်ကြောင်း အလွန်ထင်ရှားလေသည်။
အစိန္တေယျတရား ၄-ပါးရှိရာတွင် ကမ္မဝိပါကော အစိန္တေယျော=ကံ-ကံ၏အကျိုးပေးပုံကို စိတ်ကူးဖြင့် ကြံဆ၍ အမှန်မရကြောင်း သိနိုင်ပေသည်။ ကံအရာသည် လူသာမန်တို့ တွေးခေါ် မြော်မြင်နိုင်သောအရာ မဟုတ်ချေ။ ဤအချက်ကို အလေးအနက်မထားဘဲ မိမိကိုယ်မိမိ ပညာရှိကြီး ထင်မှတ်ပြီး ကံအကျိုးပေးပုံသည် ငရုတ်သီး စပ်သလိုပဲဟု ယူဆလျက် ဗုဒ္ဓ၏ကမ္မဝါဒပါဟု ဗမာပြည်လူထုအား တင်ပြခြင်းသည် မျက်လှည့်ပြခြင်းသာ ဖြစ်ကြောင်း သိနိုင်ကြပေသည်။
စင်စစ် ကံ-ကံ၏ အကျိုးပေးပုံနှင့် စပ်လျဉ်း၍ ပစ္စတိ=ရင့်ကျက်၏ဟူသော ပါဠိတော်သည် အချုပ် ဖြစ်၏၊ ကံသည် ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ ရင့်ကျက်မှ(ဝါ) အချိန်ကျမှ အကျိုးပေးသည်။ မရင့်ကျက်သေး လျှင် အကျိုးမပေးချေ။ ဥပမာ-သရက်သီးတစ်လုံးသည် ရင့်ကျက်မှ(ဝါ) အချိန်ကျမှ မှည့်မှ ချိုသည်။ မမှည့်ခင် မချိုပေ။ ဤဥပမာကဲ့သို့ပင် ရင့်ကျက်မှ ကံသည် အကျိုးပေးသည်။ ကံ၏အကျိုးပေးပုံသည် ငရုတ်သီးနှင့်မတူ၊ သရက်သီးနှင့်သာ တူသည်။
ထို့ကြောင့် အခုကုသိုလ်ပြု အခုမချမ်းသာကြ၊ အခုအကုသိုလ်ပြု အခုမဆင်းရဲကြ။ ဤလိုဖြစ်နေမှုနှင့် ပတ်သက်၍ မကျေနပ်သူတို့က မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက ဓမ္မပဒပါဠိတော်တွင် အောက်ပါအတိုင်းဖြေရှင်းချက် ထုတ်ပြန်ခဲ့လေသည်-
(က) မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏၊ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးကိုသာ တွေ့မြင်ရတော့၏၊
(ခ) ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းမှုအကျိုးမပေးသရွေ့ ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေး၏၊ ကောင်းမှု အကျိုးပေးသောအခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏၊ (ခု၊မြန်၊၁၊၃၀။)
ဤကဲ့သို့ အလွန်ခိုင်မာလှသော ဘုရားဟော ဒေသနာအရ ကံသည် ရင့်ကျက်မှ အကျိုးပေးသည်ဟူသော ဝါဒသည်သာ ဗုဒ္ဓ၏ကမ္မဝါဒ ဖြစ်၏၊ ငရုတ်သီးစပ်သလိုဆိုသည်မှာ ဗုဒ္ဓ၏ကမ္မဝါဒမဟုတ်၊ တစ်နည်းအားဖြင့် အထက်ပါဘုရားဟောပါဠိ အထင်အရှားရှိနေ၍ ငရုတ်သီးကမ္မဝါဒကို ဗုဒ္ဓ၏ကမ္မဝါဒဖြစ်အောင်လှည့်စားသော်လည်း အောင်မြင်မည်မဟုတ်ပေ။
အကာလိကော-ဟူသော တရားဂုဏ်တော်အရ ချက်ချင်း အကျိုးပေးသည် ဆိုသည်ကား ဒါန၊ သီလစသော ကုသိုလ်ကံမျိုး၊ ပါဏာတိပါတ, အဒိန္နာဒါနစသော အကုသိုလ်ကံမျိုးနှင့် လုံးဝမသက်ဆိုင်၊ လောကုတ္တရာခန်း ဖွင့်သောအခါ မဂ်ကုသိုလ်ဖြစ်ပြီး ချက်ချင်း ဖိုလ်အကျိုးပေးသည်ကိုသာ ဆိုခြင်းဖြစ်သည်။ မဂ်ပြီး ဖိုလ်လာသည်ကိုသာ အကာလိက ကိန်းသေ အခါမလင့်ဖြစ်ပေ၏၊
လောကီကုသိုလ် အကုသိုလ်ခန်း၌ကား အခါမလင့်မဟုတ်၊ အခါလင့်သည်သာဖြစ်သည်။ ရင့်ကျက်မှသာ အကျိုးပေါ်သည်။ ဤကား ဗုဒ္ဓ၏ကမ္မဝါဒ စစ်စစ်ပေတည်း။
ဦးဥက္ကဋ္ဌ၏ကံအယူအဆသည် အောက်ပါ ဘုရားဟောပါဠိတော်များနှင့် အဘယ်မျှလောက် ဆန့်ကျင်ပုံကို ဆက်လက်ပြီးဆိုဦးအံ့။
အကျိုးပေးရာကာလကို ပုခက်နှင့်ခေါင်းကြားဟု သတ်မှတ်ခြင်းသည် အကျိုးပေးရာ ကာလအားဖြင့် အကုသိုလ် ကံသုံးပါးကို ဝေဖန်ဟောပြသော နိဒါနသုတ်ဒေသနာတော်နှင့် ဆန့်ကျင်နေသည်။ စုဒိတကတို့၏ ရေးသားချက်များသည် စောဒကဆရာတော်များ တင်ပြစွဲဆိုသည့်အတိုင်း ဘုရားဟောဒေသနာတော်နှင့် ဆန့်ကျင်သည်မှာ မငြင်းသာပေ။
၃၄။ ပိုမိုထင်ရှားစေရန် အင်္ဂုတ္တရပါဠိ၊ ဒသကနိပါတ်၌လာသော သေဉ္စတနိကသုတ်နှင့် ကရဇကာယသုတ်တို့ကို အကျဉ်းချုံး၍ပြလိုပေသည်။ ထိုသုတ်တို့၌-
“နာဟံ ဘိက္ခဝေ သေဉ္စတနိကာနံ ကမ္မာနံ ကတာနံ ဥပစိတာနံ အပ္ပဋိသံဝေဒိတွာ ဗျန္တီဘာဝံ ဝဒါမိ၊ တဉ္စ ခေါ ဒိဋ္ဌေဝ ဓမ္မော ဥပပဇ္ဇေဝါ အပရေ ဝါ ပရိယာယေ” (အံ၊၃၊၄၉၇၊ ၅၀၃။)
စသည်ဖြင့် ဟောတော်မူသည်။
အဓိပ္ပါယ်မှာ “ရဟန်းတို့ စေ့ဆော်၊ အားထုတ်၊ ပြုလုပ်၊ ဆည်းပူးအပ်ကုန်သော ကံတို့၏အကျိုးကို မခံစားရဘဲ ကင်းပျောက်ခြင်းကို ငါမဆို၊ ထိုအကျိုးကိုလည်း မျက်မှောက်ဘဝ၌ဖြစ်စေ၊ အခြားမဲ့(ဒုတိယ) ဘဝ၌ဖြစ်စေ၊ နောက်ဘဝ အဆက်ဆက်၌ဖြစ်စေ ခံစားရ၏ (အင် မြန်၊၃၊၄၈၇၊၄၉၃။ ဟုစကားချီတော်မူပြီးလျှင် အသတ်သက်ခြင်းစသော ကာယကံ ပျက်စီးမှုသုံးမျိုး၊ မဟုတ်မမှန်ပြောခြင်းစသော ဝစီကံ ပျက်စီးမှုလေးမျိုး၊ သူတစ်ပါးစည်းစိမ်ကို မတရားလိုချင်မှု အဘိဇ္ဈာစသော မနောကံပျက်စီးမှုသုံးမျိုး၊ ဤအကုသိုလ်ကံ ဆယ်မျိုးကို စေ့ဆော်အားထုတ်မှု ဟူသောအကြောင်းကြောင့် သတ္တဝါတို့သည် သေသည်မှနောက်၌ ငရဲသို့ ရောက်ရကုန်၏၊
သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းစသော ကာယကံပြည့်စုံမှုသုံးမျိုး၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်းစသော ဝစီကံပြည့်စုံမှုလေးမျိုး၊ အဘိဇ္ဈာမရှိခြင်းစသော မနောကံပြည့်စုံမှုသုံးမျိုး၊ ဤကုသိုလ်ကံဆယ်မျိုးကို စေ့ဆော်အားထုတ်မှု ဟူသောအကြောင်းကြောင့် သတ္တဝါတို့သည် သေသည်မှနောက်၌ နတ်ပြည်သို့ရောက်ရကုန်၏ ဟုဟောတော်မူသည်။
ဤဒေသနာတော်တို့ဖြင့် မျက်မှောက်ဘဝ၌ အကျိုးပေးသော ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဒုတိယဘဝ၌ အကျိုးပေးသော ဥပပဇ္ဇဝေဒနီယကံ၊ တတိယဘဝမှစ၍ အဆက်ဆက်သောဘဝတို့၌ အကျိုးပေးသော အပရာပရိယဝေဒနီယကံ ဟူ၍ ဤကံသုံးမျိုးတို့ကို တိုက်ရိုက်ဝေဖန်၍ ပြတော်မူသည်။ ထို့ကြောင့် ပုခက်နှင့်ခေါင်းကြားမှာ အကျိုးပေးသည် ဟူသောအယူသည် ဗုဒ္ဓ၏ကမ္မဝါဒမဟုတ်ကြောင်း သိသာပေသည်။
၃၅။ အရှင်သာရိပုတ္တရာမဟာထေရ်မြတ်သည်လည်း-
(၁) အဟောသိ ကမ္မံ အဟောသိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ ဖြစ်ပြီး၍ အတိတ်ဘဝ၌ အကျိုးပေးပြီးသောကံ၊
(၂) အဟောသိ ကမ္မံ နဟောသိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ ဖြစ်ပြီး၍ အတိတ်ဘဝ၌ အကျိုးပေးပြီးမဟုတ်သောကံ၊
(၃) အဟောသိ ကမ္မံ အတ္ထိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ဖြစ်ပြီး၍ ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံ၊
(၄) အဟောသိ ကမ္မံ နတ္ထိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ ဖြစ်ပြီး၍ ပစ္စုပ္ပန်ဘဝ၌ အကျိုးမပေးသောကံ၊
(၅) အဟောသိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ ဖြစ်ပြီး၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့သောကံ။
(၆) အဟောသိ ကမ္မံ နဘဝိဿတိ ကမ္မဝိပါကော။
အတိတ်ဘဝ၌ဖြစ်ပြီး၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ မဟုတ်သောကံဟူ၍ အတိတ်ကံ ၆-မျိုး။
(၇) အတ္ထိ ကမ္မံ အတ္ထိ ကမ္မဝိပါကော။
ပစ္စုပ္ပန်ဘဝ၌ဖြစ်၍ ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံ၊
(၈) အတ္ထိ ကမ္မံ နတ္ထိ ကမ္မဝိပါကော။
ပစ္စုပ္ပန်ဘဝ၌ဖြစ်၍ ပစ္စုပ္ပန်ဘဝ၌ အကျိုးမပေးသောကံ၊
(၉) အတ္ထိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော။
ပစ္စုပ္ပန်ဘဝ၌ဖြစ်၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့သောကံ၊
(၁၀) အတ္ထိ ကမ္မံ နဘဝိဿတိ ကမ္မဝိပါကော။
ပစ္စုပ္ပန်ဘဝ၌ဖြစ်၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့မဟုတ်သောကံဟူ၍ ပစ္စုပ္ပန်ကံ ၄-မျိုး။
(၁၁) ဘဝိဿတိ ကမ္မံ ဘဝိဿတိ ကမ္မဝိပါကော။
အနာဂတ်ဘဝ၌ ဖြစ်လတ္တံ့ဖြစ်၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့သောကံ၊
(၁၂) ဘဝိဿတိ ကမ္မံ နဘဝိဿတိ ကမ္မဝိပါကော။
အနာဂတ်ဘဝ၌ ဖြစ်လတ္တံ့ဖြစ်၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့ မဟုတ်သော ကံဟူ၍ အနာဂတ်ကံ ၂-မျိုး တို့ကို ဝေဖန်ပိုင်းခြား၍ ဟောကြားတော်မူခဲ့ပေသည်။ (ခု၊၉၊ ၂၇၁။) (ပဋိသမ္ဘိဒါမဂ် ပါဠိတော်။)
ဤပဋိသမ္ဘိဒါမဂ် ပါဠိတော်ကလည်း ငရုတ်သီးကမ္မဝါဒ၊ ပုခက်နှင့် ခေါင်းကြားကမ္မဝါဒသည် ဗုဒ္ဓ၏ကမ္မဝါဒ မဟုတ် ပယ်ချလျက် ရှိပေသည်။
၃၆။ ဤအရာ၌ မြတ်စွာဘုရားဝေဖန်ဟောကြားသည့် ဥပရိပဏ္ဏာသပါဠိတော်၊ မဟာကမ္မဝိဘင်္ဂ ဒေသနာတော်ကို အကျဉ်းမျှဖော်ပြလိုပေသေးသည်။
ပေါတလိပုတ္တပရိဗိုဇ်၏ အမေးကို အရှင်သမိဒ္ဓိသည် ခွဲခြားဝေဖန်၍ ဖြေဆိုသင့်လျက် တစ်ဖက်သတ် ဖြေဆိုမိခြင်းနှင့် စပ်လျဉ်း၍ ကံအမျိုးမျိုးကို ဝေဖန် ဟောကြားတော်မူလိုသော မြတ်စွာဘုရားသည်-
(၁) ဤမျက်မှောက်ဘဝ၌ အသက်သတ်မှုစသော ဒုစရိုက်ဆယ်ပါးတို့ကိုပြု၍ သေသည်မှနောက်၌ ငရဲသို့ရောက်ရသောပုဂ္ဂိုလ်၊
(၂) ဤမျက်မှောက်ဘဝ၌ အသက်သတ်မှုစသော ဒုစရိုက်ဆယ်ပါးတို့ကိုပြု၍ သေသည်မှနောက်၌ နတ်ပြည်သို့ရောက်ရသောပုဂ္ဂိုလ်၊
(၃) ဤမျက်မှောက်ဘဝ၌ အသက်သတ်မှုမှရှောင်ကြဉ်ခြင်းစသော သုစရိုက်ဆယ်ပါးတို့ကိုပြု၍ သေသည်မှနောက်၌ နတ်ပြည်သို့ရောက်ရသောပုဂ္ဂိုလ်၊
(၄) ဤမျက်မှောက်ဘဝ၌ အသက်သတ်မှုမှရှောင်ကြဉ်ခြင်းစသော သုစရိုက်ဆယ်ပါးတို့ကိုပြု၍ သေသည်မှနောက်၌ ငရဲသို့ရောက်ရသောပုဂ္ဂိုလ်၊
ဤလေးမျိုးတို့ကို မာတိကာ(ခေါင်းစဉ်)ထား၍ တစ်ပါးသော သမဏ ဗြာဟ္မဏတို့၏ အယူတို့တွင် ခွင့်ပြုနိုင်သောအယူ၊ ခွင့်မပြုနိုင်သောအယူတို့ကို ဝေဖန်တော်မူပြီးလျှင် အချုပ်အားဖြင့် ဤသို့ဟောတော်မူသည်။
(၁) ပဌမပုဂ္ဂိုလ်သည် ထိုဒုစရိုက်ကံ၏ ရှေ့အဖို့၊ နောက်အဖို့၌ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ယုတ်မာသောကံကို ပြု၏၊ သေခါနီး ကာလ၌လည်း မိစ္ဆာအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုယုတ်မာသော ကံကြောင့် ငရဲသို့ ရောက်ရသည်။ လူ့ဘဝ၌ ပြုခဲ့သည့် အသက်သတ်မှုစသော ကံ၏အကျိုးကို မျက်မှောက်ဘဝ၌ ဖြစ်စေ၊ ဒုတိယဘဝ၌ဖြစ်စေ၊ တစ်ပါးသော ထိုထိုဘဝ၌ဖြစ်စေ ခံစားရ၏၊
(၂) ဒုတိယပုဂ္ဂိုလ်သည် ထိုဒုစရိုက်ကံ၏ ရှေ့အဖို့၊ နောက်အဖို့၌ သုခဝေဒနာ၏ အကြောင်းဖြစ်သော ကောင်းသောကံကို ပြု၏၊ သေခါနီး ကာလ၌လည်း သမ္မာအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုကောင်းသော ကံကြောင့် နတ်ပြည်သို့ ရောက်ရ၏၊ လူ့ဘဝ၌ ပြုခဲ့သည့် အသက်သတ်မှုစသော ကံ၏အကျိုးကို မျက်မှောက်ဘဝ၌ ဖြစ်စေ၊ ဒုတိယဘဝ၌ဖြစ်စေ၊ တစ်ပါးသော ထိုထိုဘဝ၌ဖြစ်စေ ခံစားရ၏၊
(၃) တတိယပုဂ္ဂိုလ်သည် ထိုသုစရိုက်ကံ၏ ရှေ့အဖို့၊ နောက်အဖို့၌ သုခဝေဒနာ၏ အကြောင်းဖြစ်သော ကောင်းသောကံကြောင့် နတ်ပြည်သို့ ရောက်ရသည်။ လူ့ဘဝ၌ ပြုခဲ့သည့် အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်းစသော ကံ၏အကျိုးကို မျက်မှောက်ဘဝ၌ဖြစ်စေ၊ ဒုတိယဘဝ၌ဖြစ်စေ၊ တစ်ပါးသော ထိုထိုဘဝ၌ဖြစ်စေ ခံစားရ၏၊
(၄) စတုတ္ထပုဂ္ဂိုလ်သည် ထိုသုစရိုက်ကံ၏ ရှေ့အဖို့၊ နောက်အဖို့၌ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ယုတ်မာသောကံကို ပြု၏၊ သေခါနီး ကာလ၌လည်း မိစ္ဆာအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုယုတ်မာသော ကံကြောင့် ငရဲသို့ ရောက်ရသည်။ လူ့ဘဝ၌ ပြုခဲ့သည့် အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်းစသော ကံ၏အကျိုးကို မျက်မှောက်ဘဝ၌ဖြစ်စေ၊ ဒုတိယဘဝ၌ဖြစ်စေ၊ တစ်ပါးသော ထိုထိုဘဝ၌ဖြစ်စေ ခံစားရ၏၊ (မ၊မြန်၊၃၊၂၅-မှ-၂၆၀။)
ဤဥပရိပဏ္ဏာသပါဠိတော်၊ မဟာကမ္မဝိဘင်္ဂသုတ်အရလည်း ငရုတ်သီးကမ္မဝါဒနှင့် ပုခက်နှင့်ခေါင်းကြား ကမ္မဝါဒသည် ဘုရားတရားနှင့် မသက်ဆိုင်သော ဦးဥက္ကဋ္ဌ၏ သာသနာပြင်ပဝါဒသာဖြစ်ကြောင်း သိသာပေသည်။
၃၇။ ထို့ပြင်-
(၁) ဂတိသမ္ပတ္တိ = လူနတ်ဗြဟ္မာဟူသော ကောင်းသောဘဝ၊
(၂) ဥပဓိသမ္ပတ္တိ = လှပပြည့်စုံသော ရုပ်ဆင်းအင်္ဂါ၊
(၃) ကာလသမ္ပတ္တိ = မင်းကောင်း၊ လူကောင်းတို့ဖြစ်ရာ ခေတ်ကာလကောင်း၊
(၄) ပယောဂသမ္ပတ္တိ = ကောင်းသောလုံ့လပယောဂ အသိအလိမ္မာ၊
ဤလေးပါးတို့သည် ကုသိုလ်ကံအကျိုးပေးခွင့်ရရန် အကြောင်းများဖြစ်ကုန်၏၊
(၁) ဂတိဝိပတ္တိ = အပါယ်လေးပါးဟူသော မကောင်းသောဘဝ၊
(၂) ဥပဓိဝိပတ္တိ = မလှပ၊ မပြည့်စုံသော ရုပ်ဆင်းအင်္ဂါ၊
(၃) ကာလဝိပတ္တိ = မင်းဆိုး၊ လူဆိုးတို့ဖြစ်ရာ ခေတ်ဆိုးခေတ်ပျက်၊
(၄) ပယောဂဝိပတ္တိ = မှားယွင်းသောလုံ့လပယောဂနှင့် အသိအလိမ္မာမရှိခြင်း,
ဤလေးပါးတို့သည် အကုသိုလ်ကံအကျိုးပေးခွင့်ရရန်အကြောင်းများဖြစ်ကုန်၏၊
အချို့ အကုသိုလ်တို့သည် သမ္ပတ္တိနှင့် ကြုံကြိုက်သည့်အခါ အကျိုးပေးခွင့် မရကြဘဲ၊ ဝိပတ္တိနှင့် ကြုံကြိုက် သည့်အခါ အကျိုးပေးကြကုန်၏၊ အချို့ ကုသိုလ်ကံတို့သည် ဝိပတ္တိနှင့် ကြုံကြိုက်သည့်အခါ အကျိုးပေးခွင့် မရကြဘဲ၊ သမ္ပတ္တိနှင့် ကြုံကြိုက်သည့်အခါ အကျိုးပေးကြကုန်၏ ဟူ၍လည်း ကံတို့၏ အကျိုးပေးဟန်၊ မပေးဟန်တို့ကို ဝိဘင်းပါဠိတော်ကြီး၌ အကျယ်ဝေဖန် ဟောကြားတော်မူသည် (အဘိ၊၂၊၃၅၁။)။ ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်သည် -
တဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သည့် ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အကြောင်း ဖြစ်စေတတ်သော အကြောင်းအားဖြင့် ဟုတ်မှန်စွာ သိတော်မူ၏၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သည့် ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အကြောင်း ဖြစ်စေတတ်သော အကြောင်းအားဖြင့် ဟုတ်မှန်စွာ သိကြောင်းဖြစ်သော ဤဉာဏ်တော်သည် ဘုရားရှင်၏ ဉာဏ်တော်အားပေတည်း။ ယင်း အားတော်သို့ရောက်၍ (ယင်း အားတော်ကို အကြောင်းပြု၍) ဘုရားရှင်သည် မြတ်သော သဗ္ဗညုတဉာဏ်အရာကို ဝန်ခံတော်မူ၏၊ ပရိတ်သတ်တို့၌ မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက် မိန့်မြွက်တော်မူ၏၊ မြတ်သောဓမ္မစက်ကို လည်စေတော်မူ၏”ဟု ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက် ကြုံးဝါးတော်မူခဲ့လေသည်။ (ဝိဘင်းပါဠိတော်-၃၂၉)
၃၈။ ဤသို့ မြတ်စွာဘုရား ကိုယ်တော်တိုင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကံနှင့် ထိုကံတို့၏ အကျိုးတရားတို့ကို ခွဲခြားပိုင်ပိုင် သိမြင်နိုင်သည့် သဗ္ဗညုတဉာဏ်တည်းဟူသော တထာဂတ၏ အားတော်မြတ်ကို ပုတ်ခတ်စော်ကား၊ ပယ်ရှားတားမြစ်လျက် “ကုသိုလ်၊ အကုသိုလ်ကံတို့၏ အကျိုးတရားနှင့် နတ်ဘုံ၊ ငရဲဘုံများသည် စိတ်ကူး သက်သက်ဖြင့် လူသား၏စိတ်ကို ဖြားယောင်းသွေးဆောင်ခြင်း, ခြောက်လှန့်ခြင်းသာဖြစ်သည်”ဟူ၍လည်းကောင်း၊ “ယခုဘဝ ကောင်းစားချမ်းသာနေခြင်းသည် ရှေးရှေးဘဝက ကုသိုလ်ကံကြောင့်မဟုတ်၊ ယခုဘဝအလုပ်၏ ကျေးဇူးသက်သက်ဖြစ်သည်”ဟူ၍လည်းကောင်း၊ ဗုဒ္ဓ၏ ကမ္မဝါဒကား ပုခက်နှင့်ခေါင်းကြားသာ ဖြစ်သည်”ဟူ၍ လည်းကောင်း၊ “ကမ္မဿကတလမ်းစဉ်သည် ဗြာဟ္မဏဝေဒမှ မြစ်ဖျားခံလာသည်” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓ၏ မူရင်းဒေသနာ၌ အတိတ်ကံကို အစွဲပြုသော ပရမ္ပရကာမာဝစရကုသိုလ်၊ အကုသိုလ်ကျိုးကို လက်ခံယုံကြည်ရန် မပါမရှိ”ဟူ၍လည်းကောင်း ရေးသား ဟောပြောနေကြသော ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်တစ်စုတို့၏ အယူသည် ကံ-ကံ၏ အကျိုးကိုပယ်ရှားသော မက္ခလိဂေါသာလ တိတ္ထိဆရာကြီး၏ မိစ္ဆာအယူမျိုးသာ ဖြစ်သည်မှာ ယုံမှားဖွယ် မရှိချေ။
၃၉။ ထိုကံ-ကံ၏အကျိုးကို ပယ်သောတိတ္ထိအယူဝါဒကို အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊ ကေသကမ္ဗလ သုတ်၌ ဤသို့ မြတ်စွာဘုရား ရှုတ်ချတော်မူ၏၊
ရဟန်းတို့ ချည်မျှင်ဖြင့် ရက်အပ်သော အဝတ်ဟူသမျှတို့တွင် လူဆံချည်မျှင်ဖြင့် ရက်ထားအပ်သော ကမ္ဗလာကို အယုတ်ညံ့ဆုံးအဝတ်ဟု ဆိုထိုက်၏၊ ရဟန်းတို့ လူဆံချည်မျှင်ဖြင့် ရက်အပ်သော ကမ္ဗလာသည် အေးသောရာသီ၌ အလွန်အေး၏၊ ပူအိုက်သောရာသီ၌ အလွန်ပူအိုက်၏၊ အဆင်းလည်းမလှ၊ အနံ့လည်းမကောင်း၊ ကြမ်းတမ်းသောအတွေ့လည်း ရှိ၏၊ ရဟန်းတို့ ဤတူသာလျှင် များစွာကုန်သော သမဏ ဗြာဟ္မဏတို့၏ အယူဝါဒဟူသမျှတို့တွင် မက္ခလိဂေါသာလ၏ အယူဝါဒကို အယုတ်ညံ့ဆုံးဟု ဆိုထိုက်၏၊
ရဟန်းတို့ မဂ်ဖိုလ်မှ အချည်းနှီးယောက်ျားဖြစ်သည့် မက္ခလိဂေါသာလသည် ကုသိုလ်ကံ၊ အကုသိုလ်ကံမရှိ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှုမရှိ၊ အားထုတ်အပ်သော ဝီရိယမရှိဟု ပြောဆိုလေ့ ရှိ၏၊ ဤသို့ယူလေ့ ရှိ၏၊ ရဟန်းတို့ ရှေးလွန်လေပြီးသော ကာလ၌ ပွင့်တော်မူကုန်ပြီးသော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ တရားအားလုံးကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားရှင်တို့သည်လည်း ကုသိုလ်ကံ၊ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှု ရှိ၏၊ အားထုတ်အပ်သောဝီရိယ ရှိ၏”ဟု ဟောတော်မူကုန်ပြီ။ ရဟန်းတို့ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား မက္ခလိဂေါသာလသည် ထိုပွင့်တော်မူကုန်ပြီးသော ဘုရားရှင်တို့ကိုလည်း ကုသိုလ်ကံ၊ အကုသိုလ်ကံမရှိ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှုမရှိ၊ အားထုတ်အပ်သောဝီရိယ မရှိဟု တားမြစ်၏၊
ရဟန်းတို့ နောင်အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့သော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ တရား အလုံးစုံကို ကိုယ်တိုင်မှန်စွာ သိတော်မူသောဘုရားရှင်တို့သည်လည်း “ကုသိုလ်ကံ၊ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှု ရှိ၏၊ အားထုတ်အပ်သောဝီရိယ ရှိ၏”ဟု ဟောတော်မူကုန်လတ္တံ့။ ရဟန်းတို့ ယခုအခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ တရားအလုံးစုံကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ငါဘုရားသည်လည်း “ကုသိုလ်ကံ၊ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှု ရှိ၏၊ အားထုတ်အပ်သောဝီရိယ ရှိ၏”ဟု ဟောတော်မူ၏၊
ရဟန်းတို့ မဂ်ဖိုလ်မှ အချည်းနှီးယောက်ျားဖြစ်သည့် မက္ခလိဂေါသာလသည် ပွင့်တော်မူပြီး၊ ပွင့်တော်မူလတ္တံ့ ဘုရားရှင်တို့ကိုလည်းကောင်း၊ ငါဘုရားကိုလည်းကောင်း “ကုသိုလ်ကံ၊ အကုသိုလ်ကံမရှိ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှုမရှိ၊ အားထုတ်အပ်သောဝီရိယ မရှိ”ဟု တားမြစ်ဘိ၏၊
ရဟန်းတို့ ယခုအခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ငါဘုရားသည်လည်း ကုသိုလ်ကံ၊ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှု ရှိ၏၊ အားထုတ်အပ်သောဝီရိယ ရှိ၏ဟု ဟောတော်မူ၏၊ ရဟန်းတို့ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား မက္ခလိဂေါသာလသည် ငါ့ကိုလည်း ကုသိုလ်ကံ၊ အကုသိုလ်ကံသည်မရှိ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုလုပ်မှုမရှိ၊ အားထုတ်အပ်သောဝီရိယ မရှိဟု တားမြစ်၏၊
ရဟန်းတို့ မြစ်ဆုံမြစ်ဝ၌ ထောင်ထားအပ်သောမြှုံးသည် များစွာကုန်သော ငါးတို့၏ အစီးအပွားမဲ့ရန်၊ ဆင်းရဲရန်၊ အကျိုးမဲ့ပျက်စီးရန်ဖြစ်သကဲ့သို့၊ ဤအတူသာလျှင် လူထောင်မြှုံးပမာ လောက၌ ဖြစ်ပေါ်လာသော အချည်းနှီးယောက်ျား မက္ခလိဂေါသာလသည် များစွာသောသတ္တဝါတို့ အစီးအပွားမဲ့ရန်၊ ဆင်းရဲရန်၊ အကျိုးမဲ့ ပျက်စီးရန်ဖြစ်ပေသည်”ဟု မိန့်တော်မူလေသည်။ (အင် မြန်၊၁၊၃၀၇-၃၀၈။)
ဤဘုရားရှင်၏ မိန့်ခွန်းတော်နှင့်အညီ ဦးဥက္ကဋ္ဌသည်လည်း တိတ္ထိကြီးမက္ခလိဂေါသာလပမာ ဖြစ်၏၊ စုဒိတကတပည့်ကြီး သခင်မြတ်ဆိုင်မှအစ သမ္မာဒိဋ္ဌိသုတေသနသမားများ အစရှိသော သတ္တဝါအများ အစီးအပွားမဲ့ရန်၊ ဆင်းရဲရန်၊ အကျိုးမဲ့ပျက်စီးရန် ဖြစ်ပေါ်လာသော လူထောင်မြှုံးကြီးဖြစ်သည်ဟုသာ ဆိုသင့်ပေတော့သည်။ ဂေါတမ ဘုရားတစ်ဆူကိုသာမက၊ ဘုရားအဆူဆူကို ဆန့်ကျင်သူ၊ တားမြစ်သူ ဖြစ်ပေသည်။
(ခ)အမှတ်သောဓနာကို သုံးသပ်ချက်
၄၀။ (ခ) “ယခုဘဝ၌ ချမ်းသာခြင်းကို ရှေးရှေးဘဝက ကုသိုလ်ကံကြောင့်ဟု ယုံကြည်လျှင် ပုဗ္ဗေကတ ဟေတုဒိဋ္ဌိ ဖြစ်သည်။ အဓမ္မဖြစ်သည်။”ဟူသောစကားရပ်ကိုလည်း ကမ္မဿကတဉာဏ်နှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိကို ကွဲပြားစွာ မသိနားမလည်ခြင်းကြောင့် ဆိုမိခြင်းဖြစ်ပေသည်။ ကမ္မဿကတဉာဏ်နှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိတို့ကား အနည်းငယ်မျှမတူပေ။
ကံ-ကံ၏အကျိုးသည် ရှိ၏၊ ကုသိုလ်ကံကြောင့် ကောင်းသောအကျိုး ဖြစ်သည်။ အကုသိုလ်ကံကြောင့် မကောင်းသောအကျိုး ဖြစ်သည်ဟု သိသောဉာဏ်သည် ကမ္မဿကတဉာဏ် မည်၏၊ အလှူ၏အကျိုးသည် ရှိ၏စသည်ဖြင့် ဖြစ်သောဉာဏ်၊ သစ္စာနုလောမိကခေါ် ဝိပဿနာဉာဏ်ကိုထား၍ အားလုံးသော လောကီ ကုသိုလ်ဉာဏ်သည် ကမ္မဿကတဉာဏ်မည်၏ဟု ဝိဘင်းပါဠိတော် ၃၄၁-၌လာသည်။
ချမ်းသာခံစားရခြင်း အားလုံးသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်သည်။ ဆင်းရဲခံစားရခြင်း အားလုံးသည်လည်း ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်သည်။ မဆင်းရဲ၊ မချမ်းသာ ဥပေက္ခာခံစားရခြင်း အားလုံးသည်လည်း ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်သည်။ သူ့အသက်သတ်ခြင်း, သူ့ဥစ္စာခိုးခြင်း တို့သည်လည်း ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြသည်။ မည်သည့်အရာမဆို ဖြစ်ဖြစ်သမျှသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြသည်ဟု ရှေးကပြုခဲ့ဖူးသော အကြောင်းကိုချည်း အမြတ်တနိုး ယုံကြည်စွဲလမ်းမှုသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သည်။ ပုဗ္ဗေကတဟေတုဒိဋ္ဌိကို သိနားလည်ကြစေရန် မြတ်စွာဘုရား ဟောတော်မူသည့်စကားရပ်မှ အဓိပ္ပါယ်မပျက် အကျဉ်းချုံး၍ ပြလိုပေသည်။
“ရဟန်းတို့ ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာမှုသုခကို လည်းကောင်း၊ ဆင်းရဲမှုဒုက္ခကို လည်းကောင်း၊ မဆင်းရဲ၊ မချမ်းသာ(လျစ်လျူရှုမှု) ဥပေက္ခာကို လည်းကောင်း ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ခံစားရ၏”ဟု ပြောလေ့ယူလေရရှိသော သမဏဗြာဟ္မဏအချို့တို့ ရှိကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သို့ ချဉ်းကပ်၍ အရှင်တို့ ဤသတ္တဝါသည် အလုံးစုံသော သုခ၊ ဒုက္ခ၊ ဥပေက္ခာကို ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ခံစားရ၏ဟု သင်တို့ ပြောလေ့ယူလေ့ရှိကြ၏ဟူသည် မှန်သလောဟု ငါမေး၏၊ မှန်၏ဟု ထိုသူတို့ကလည်း ဝန်ခံကြ၏၊ အရှင်တို့ သို့ဖြစ်လျှင် သူ့အသက်ကို သတ်လေ့ရှိသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်။ မမြတ်သောအကျင့်ကို ကျင့်သူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်။ မုသားပြောသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ရလိမ့်မည်။ ကုန်းတိုက်စကား၊ ကြမ်းတမ်း သောစကား၊ ပြိန်ဖျင်ေးသာစကားကို ပြောသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်။ သူတစ်ပါးစည်းစိမ်ကို မက်မောလေရရှိသူ၊ ပျက်စီးစေလိုစိတ်ရှိသူ၊ မှားသောအယူရှိသူတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်ဟု ငါဆို၏၊
ရဟန်းတို့ ရှေးကပြုခဲ့ဖူးသော အကြောင်းကိုသာလျှင် အမြတ်တနိုး ယုံကြည်စွဲလမ်းကြသူတို့အား ဤအမှုကိစ္စကို ပြုရန်၊ မပြုရန် အလိုဆန္ဒ၊ အားထုတ်မှု ဝီရိယသည် မဖြစ်နိုင်တော့ချေ။ ဤသို့ ပြုသင့်သည်၊ မပြုသင့်သည်ကို အမှန်အကန်၊ အခိုင်အမြဲမရခဲ့သော် သတိလွတ်ကင်း စောင့်စည်းခြင်းမရှိဘဲ နေသူတို့အတွက် အသီးအခြား အကြောင်းနှင့်တကွဖြစ်သော သမဏဝါဒ မရှိနိုင်တော့ချေ။ ရဟန်းတို့ ဤသည်ကား ဤသို့ပြောလေ့ယူလေရရှိသော သမဏဗြာဟ္မဏတို့၌ အကြောင်းနှင့်တကွ ငါ၏ပဌမနှိပ်ခြင်းတည်း” (အင် မြန်၊၁၊၁၉၂၊၁၉၃။)
ဤတိတ္ထယတနသုတ်လာ ဘုရားဟောတရားကို နားလည်သူမှန်သမျှသည် ယခုဘဝ၌ ချမ်းသာခြင်းသည် ရှေးကုသိုလ်ကံကြောင့်ဟု ယူဆချက်ကို အဓမ္မဟုမဆိုခဲ့ကြပေ။
၄၁။ ကမ္မဿကတဉာဏ်နှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိတို့၏ ထူးခြားပုံကို နားလည်ခဲ့ကြသည့်အတွက် အဋ္ဌကထာဆရာကြီးက ဤသို့ ဆက်လက်ရှင်းပြထား၏၊ ခံစားမှု ဝေဒနာသည် ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့်ယှဉ်သော ကမ္မဝေဒနာ၊ ကိရိယာစိတ်၌ယှဉ်သော ကိရိယဝေဒနာ၊ ဝိပါက်စိတ်၌ယှဉ်သော ဝိပါကဝေဒနာဟူ၍ သုံးမျိုး ရှိ၏၊ ထိုသုံးမျိုးတို့တွင် ကမ္မဝေဒနာ၊ ကိရိယဝေဒနာတို့သည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်ဖြစ်သည် မဟုတ်၊ လက်ရှိတွေ့ကြုံလာသော အကြောင်းအမျိုးမျိုးကြောင့် ဖြစ်သည်။ ဝိပါကဝေဒနာသည်သာလျှင် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်ဖြစ်သည်ဟု သိမြင်ယူဆခြင်းသည် ကမ္မဿကတသမ္မာဒိဋ္ဌိဖြစ်သည်။ ကမ္မဝေဒနာ၊ ကိရိယဝေဒနာ၊ ဝိပါကဝေဒနာသုံးမျိုးလုံးသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်၏ဟု လက်ခံယုံကြည်ခြင်းသည်သာ ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်သည်။
အနာရောဂါတို့သည် သည်းခြေကြောင့်ဖြစ်သော အနာရောဂါ၊ သလိပ်ကြောင့်ဖြစ်သော အနာရောဂါ၊ လေကြောင့်ဖြစ်သော အနာရောဂါ၊ ထိုသုံးမျိုးပေါင်းဆုံ ကျရောက်မှု သန္နိပါတ်ကြောင့်ဖြစ်သော အနာရောဂါ၊ ဥတုဖောက်ပြန်မှုကြောင့်ဖြစ်သော အနာရောဂါ၊ ခန္ဓာကိုယ်ကို မညီမညွတ်၊ မမျှမတ ဆောင်ရွက်ခြင်းကြောင့် ဖြစ်သော အနာရောဂါ၊ လုံလအားထုတ် ပြုလုပ်ခြင်းကြောင့်ဖြစ်သော အနာရောဂါ၊ ကံ၏အကျိုးကြောင့်ဖြစ်သော အနာရောဂါဟူ၍ ရှစ်မျိုးရှိကြ၏၊
ထိုရောဂါ ရှစ်မျိုးတို့ကို သက်ဆိုင်ရာ အကြောင်းတရားတို့ကြောင့် ဖြစ်သည်ဟု သိမြင်ခြင်းသည် ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်၏၊ “အနာရောဂါ မှန်သမျှ ရှေးကံကြောင့်သာ ဖြစ်သည်ဟု ယူဆခြင်းသည်” ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်၏၊
မျက်မှောက်ဘဝ၌ ခံစားအပ်သော အကျိုးရှိသော (မျက်မှောက်ဘဝ၌ အကျိုးပေးသော) ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဒုတိယဘဝ၌ ကပ်ရောက်၍ ခံစားအပ်သော အကျိုးရှိသော (ဒုတိယဘဝ၌ အကျိုးပေးသော) ဥပပဇ္ဇဝေဒနီယကံ၊ အဆက်ဆက်သော ဘဝ၌ ခံစားအပ်သော အကျိုးရှိသော (အဆက်ဆက်သောဘဝ၌ အကျိုးပေးသော) အပရာပရိယဝေဒနီယကံဟူ၍ ကံသုံးမျိုးတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည်။ ထိုကံသုံးမျိုးလုံးကို သိမြင် ယုံကြည်ခြင်းသည် ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်၏၊ ရှေ့နှစ်မျိုးတို့ကို ပယ်၍ အပရာပရိယဝေဒနီယကံ တစ်မျိုးကိုသာ လက်ခံ ယုံကြည်ခြင်းသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်သည်။
မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ ဒုတိယဘဝ၌ ခံစားရသောအကျိုး၊ အဆက်ဆက်ဘဝ၌ ခံစားရသော အကျိုးဟူ၍ ကံ၏အကျိုးသုံးမျိုးတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည်။ ထိုသုံးမျိုးတို့ကို သိမြင် ယုံကြည်ခြင်းသည် ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်၏၊ ရှေ့နှစ်မျိုးတို့ကို ပယ်၍ အပရာပရိယ အဆက်ဆက်အကျိုး တစ်မျိုးကိုသာ လက်ခံ ယုံကြည်ခြင်းသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်သည်။
ကုသိုလ်စေတနာ၊ အကုသိုလ်စေတနာ၊ ဝိပါကစေတနာ၊ ကိရိယစေတနာ လေးမျိုးတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည်။ ထိုလေးမျိုးလုံးကို သိမြင်ယုံကြည်ခြင်းသည် ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်၏၊ ဝိပါက စေတနာမှ တစ်ပါးသော စေတနာသုံးမျိုးတို့ကို ပယ်၍ ဝိပါကစေတနာ တစ်မျိုးကိုသာ လက်ခံယုံကြည်ခြင်းသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်၏၊ (အံ၊ဋ္ဌ၊၂၊၁၅၆။)
၄၂။ ဤသို့လျှင် ကမ္မဿကတသမ္မာဒိဋ္ဌိနှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိသည် တွင်းထွက်စိန်နှင့် ချက်ကျောက်ပမာ လွန်စွာ ကွဲပြားခြားနားလှပေသည်။ ယင်းသို့ လွန်စွာကွဲပြားခြားနားသည်၏ အဖြစ်ကိုလည်း အဋ္ဌကထာအဆိုကို မကြည့်ရှုမိစေကာမူ မြတ်စွာဘုရား၏ ဒုတိယဝါကျစကားတော်ဖြင့်ပင် ပေါ်လွင်ထင်ရှားစွာ သိနိုင်ပေသည်။ ယင်းသို့ သိနိုင်ပါလျက် နောက်ဝါကျ စကားရပ်ကို ချန်လှပ်ဝှက်ထား၍ တစ်ပါးသူများ ယုံမှားသံသယ ဖြစ်လေအောင် ကြံဆောင်လျက် “ယခုဘဝ ချမ်းသာကြွယ်ဝခြင်းသည် ရှေးကံကြောင့်ဖြစ်သည်ဟု ယုံကြည်လျှင် ပုဗ္ဗေကတ ဟေတုဒိဋ္ဌိ ဖြစ်သည်။ ဘုရားက အဓမ္မဟုဟောသည်”ဟုရေးသား ဟောပြောခြင်းသည် ဦးဥက္ကဋ္ဌအနေဖြင့် ကမ္မဿကတဉာဏ်နှင့် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ခြားနားချက်ကို အမှန်တကယ် မသိ၍ ရေးသားဟောပြောမိခြင်းလောဟု ထင်မှတ်ဖွယ်မရှိ၊ သာသနာတော်ကို အခြေအမြစ်မှလှန်၍ တူးဖြိုဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသား ဟောပြောခြင်းသာ ဖြစ်သည်။
အမှန်စင်စစ် ဦးဥက္ကဋ္ဌသည် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဟူသော ပသာဒရုပ် ငါးပါးကိုသာ အသုံးချသည့် ရုပ်ဝါဒီတစ်ဦးဖြစ်ကြောင်း နေရာများစွာ၌ ရေးသားဟောပြော ဆုံးမနေသည်ကို တွေ့ကြရသည်ဖြစ်၍ ဗုဒ္ဓဝါဒကို ရုပ်ဝါဒအမြင်ဖြင့် ကြည့်ပြီး ရေးသားနေခြင်းသာ ဖြစ်သည်။ သို့တည်းမဟုတ် သူ၏ရုပ်ဝါဒကို ဗုဒ္ဓဓမ္မ အကူအညီယူပြီး ထူထောင်ခြင်းဖြစ်သည်။ သို့တည်းမဟုတ် ဗုဒ္ဓဓမ္မများကို ရုပ်ဝါဒများဖြစ်အောင် ပက်ပက်စက်စက် သာသနာထဲဝင်ပြီး ဖျက်ဆီးခြင်းဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ် ယူဆတော်မူကြသည်။
(ဂ) အမှတ်ပြသောဓနာကို သုံးသပ်ချက်
၄၃။ (ဂ) “ကုသိုလ်၊ အကုသိုလ်အကြောင်းကြောင့် အကျိုးဆက်ဖြစ်သည်ဟူသော ကမ္မဿကတာလမ်းစဉ်သည် ဗြာဟ္မဏဝေဒမှ မြစ်ဖျားခံလာသည်။ သံသရာ လည်နေရေးကိုသာ အားပေးသောတရား ဖြစ်သည်”ဟူသော ရေးသားချက်လည်း မြတ်စွာဘုရားဒေသနာနှင့် ဖီလာဖြစ်သော ရေးသားချက်ဖြစ်သည်။ ဗုဒ္ဓဓမ္မ အစစ်များကို ဗြာဟ္မဏဝါဒဟုသမုတ်ပြီး ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခြင်းသာ ဖြစ်လေသည်။ ကမ္မဿကတာသမ္မာဒိဋ္ဌိသည် ကုသိုလ်တရား အားလုံးတို့၏ အခြေခံအရင်းအမြစ်ဖြစ်သည်။ ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိမှသာလျှင် အကုသိုလ်ကိုလည်း ရှောင်ကြဉ်နိုင်သည်။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားတို့ကိုလည်း ဖြစ်ပွား စေနိုင်သည်။ ထို့ကြောင့် ဤကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် သီလကို ကုသိုလ်တရားတို့၏ အစဟူ၍ မြတ်စွာဘုရား ဤသို့ ဟောတော်မူသည်။
တသ္မာတိဟ တွံ ဘိက္ခု အာဒိမေဝ ဝိသောဓေဟိ ကုသလေသု ဓမ္မေသု။ ကော စာဒိ ကုသလာနံ ဓမ္မာနံ၊ သီလဉ္စ သု ဝိသုဒ္ဓံ ဒိဋ္ဌိ စ ဥဇုကာ။ (သံ၊၃၊၁၂၄။)
မြန်မာပြန်
ရဟန်း သင် တရားတောင်းပန်ခြင်း အကြောင်းကြောင့် သင်သည် ကုသိုလ်တရားတို့၌ အစပိုင်းကိုသာ သုတ်သင် စင်ကြယ်စေဦးလော့။ ကုသိုလ်တရားတို့၏ အစပိုင်းဟူသည် အဘယ်နည်း၊ စင်ကြယ်သောသီလနှင့် ဖြောင့်မတ်သောအယူပင်တည်း။
ရဟန်း သို့ဖြစ်လျှင် သင်သည် ကုသိုလ်တရားတို့၌ အစကိုပင် သုတ်သင်လော့။ ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း။ ကောင်းစွာ စင်ကြယ်သောသီလနှင့် ဖြောင့်မတ်သောအယူပင်တည်း။ (သံ၊မြန်၊၃၊၁၂၉။)
၄၄။ ဤကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသော သူသည်သာလျှင် အယူမှန်ရှိသူ၊ ဖြောင့်မတ်သောအယူရှိသူ၊ တရားတော်၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုသူဖြစ်၍ သူတော်ကောင်းတရားဟူသော သာသနာတော်သို့ ရောက်လာသူ (သာသနာ့နွယ်ဝင်) ဖြစ်ကြောင်းကို သမ္မာဒိဋ္ဌိသုတ်၌ ဤသို့ ဟောတော်မူသည်။
ငါ့ရှင်...အရိယာတပည့်သည် အကုသိုလ် အကုသိုလ်၏ အကြောင်းရင်း၊ ကုသိုလ် ကုသိုလ်၏ အကြောင်းရင်းကို ခွဲခြား၍ သိ၏၊ ငါ့ရှင်တို့ ဤမျှဖြင့်လည်း အရိယာတပည့်သည် အယူမှန်ရှိသူ ဖြစ်၏၊ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ တရားတော်၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုမှုနှင့် ပြည့်စုံလျက် သူတော်ကောင်းတရားတည်းဟူသော သာသနာတော်သို့ ရောက်လာသူ ဖြစ်၏၊ (မူလပဏ္ဏာသပါဠိ-၅၇)
၄၅။ ဤတရားဒေသနာတော်များကို ထောက်ထား၍ ကမ္မဿကတဉာဏ် (ကမ္မဿကတသမ္မာဒိဋ္ဌိ)သည် ဗြာဟ္မဏဝေဒမှ သွင်းယူထားသော တရားမဟုတ်၊ ဘုရားရှင် ကိုယ်တော်တိုင် ဟောတော်မူထားသော တရား ဖြစ်သည်ကို သံသယ ကင်းကင်းရှင်းရှင်း မှတ်ယူရာ၏၊
“လောကသည် ကံကြောင့် ဖြစ်၏၊ သတ္တဝါအပေါင်းသည် ကံကြောင့် ဖြစ်၏၊ သွားနေသော ရထား၏ နားပန်းစွန်းကဲ့သို့ သတ္တဝါတို့ကို ကံက ဖွဲ့စပ်ထား၏၊” (မ၊မြန်၊၂၊၄၁၈။)
(သတ္တဝါသည်) ကံကြောင့် ကျော်စောခြင်းကိုလည်းကောင်း၊ ချီးမွမ်းခြင်းကိုလည်းကောင်း ရ၏၊ ကံကြောင့် ဆုံးရှုံးခြင်းကိုလည်းကောင်း၊ သတ်ဖြတ်ခြင်းကိုလည်းကောင်း၊ နှောင်ဖွဲ့ခြင်းကိုလည်းကောင်း ရ၏၊ အထူးထူးပြုတတ်သော ထိုကံကို သိလတ်သော် လောက၌ ကံသည် မရှိဟူ၍ အဘယ့်ကြောင့် ပြောဆိုရာအံ့နည်း” (အဘိ၊မြန် ၄-ဒု။ ၂၉၂။) (ကထာဝတ္ထုပါဠိတော် မြန်မာပြန်)
(ဃ)အမှတ်ပြသောဓနာကို သုံးသပ်ချက်
၄၆။ (ဃ) ကမ္မဿကတာလမ်းစဉ်ကို သံသရာလည်ရေးလမ်းစဉ်ဟု ဦးဥက္ကဋ္ဌက စွပ်စွဲပြန်သည်။ ကမ္မဿကတဉာဏ်ဟု ဆိုအပ်သော ဒိဋ္ဌိဇုကမ္မပုညကိရိယဝတ္ထုသည် သံသရာလည်ရေးကို အားပေးသောတရား ဟုတ်-မဟုတ်ကို စိစစ်ကြကုန်အံ့။
ကမ္မဿကတဉာဏ်ဟူသည် “ဒုစရိုက်ဆယ်ပါးသည် အကျိုးစီးပွားတို့ကို ဖျက်ဆီးတတ်၊ အကျိုးမဲ့ကို ဖြစ်စေတတ်သောကြောင့် ကိုယ်ပိုင်ဥစ္စာဖြစ်သော ကံမဟုတ်၊ သုစရိုက်သည် အကျိုးမဲ့တို့ကို ဖျက်ဆီးတတ်၊ အကျိုးစီးပွားတို့ကို ဖြစ်စေတတ်သောကြောင့် ကိုယ်ပိုင်ဥစ္စာဖြစ်သော ကံမည်၏”ဟု သိတတ်သောဉာဏ်ပင်တည်း။ ထိုဉာဏ်၌ တည်၍ ဒါန၊ သီလ၊ ဥပေါသထစသော ကောင်းမှုတို့ကိုပြုလျက် ချမ်းသာစည်းစိမ် အဆင့်ဆင့် ခံစားပြီးလျှင် နိဗ္ဗာန်သို့ ရောက်ကြသူတို့မှာ ဂဏန်းချ၍ မပြနိုင်အောင် များပြားလှသည်ကို သမ္မောဟဝိနောဒနီအဋ္ဌကထာ(၃၉၇)- ၌ ဤသို့ ပြဆိုထားပေသည်။
“ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝသော ယောက်ျားသည် လှည်းပေါင်းငါးရာတို့၌ ထောပတ်၊ ပျားရည်၊ တင်လဲ၊ ဆား၊ နှမ်း၊ ဆန်စသော ရိက္ခာများကိုတင်၍ ကန္တာရခရီးခဲကို သွားသည်ရှိသော် တစ်စုံတစ်ခု ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာပါက အသုံးအဆောင်အားလုံး ယူခဲ့ပြီးဖြစ်သောကြောင့် တောင်တောင်ဤဤ ကြံစည်ထိတ်လန့်မှု မရှိဘဲ ဘေးမရှိရာ အရပ်သို့ ရောက်နိုင်သကဲ့သို့၊ ဤအတူ(ဒုစရိုက်ဆယ်ပါးသည် ကိုယ်ပိုင်ဥစ္စာမဟုတ်၊ သုစရိုက်ဆယ်ပါးသည် ကိုယ်ပိုင်ဥစ္စာဖြစ်သည်ဟု သိစွမ်းနိုင်သော) ကမ္မဿကတဉာဏ်၌ တည်လျက် များစွာသောအလှူကို ပေးလှူ၊ သီလကိုဖြည့်ကျင့်၊ ဥပုသ်ကို ဆောက်တည်၍ ချမ်းသာအဆင့်ဆင့်၊ စည်းစိမ်အဆင့်ဆင့် ခံစားပြီးလျှင် နိဗ္ဗာန်သို့ ရောက်ကုန်သော သူတော်ကောင်းတို့၏ အရေအတွက်ကား အပိုင်းအခြားမရှိနိုင်၊ ဂဏန်းမပြနိုင်”။ (အဘိ၊ဋ္ဌ၊၂၊၄၉၇။)
၄၇။ အခါတစ်ပါး ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်ကို မိမိအိမ်သို့ပင့်ဖိတ်၍ နှစ်ခြိုက်ဖွယ်ဖြစ်သော လှူဖွယ်ဝတ္ထုတို့ကို စီမံပြီးလျှင် “အရှင်ဘုရား နှစ်ခြိုက်ဖွယ်ပစ္စည်း ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်အကျိုးကို ရ၏”ဟု မြတ်စွာဘုရား မျက်မှောက်တော်မှ တပည့်တော် ကြားနာရဖူးပါသည်။ တပည့်တော်၏ ဤအင်ကြင်းပွင့်နှင့်တူသော ခဲဖွယ်စသည်များသည် နှစ်ခြိုက်ဖွယ်ရှိပါသည်။ မြတ်စွာဘုရားသည် တပည့်တော်အား သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ထိုလှူဖွယ်ဝတ္ထုတို့ကို အလှူခံ တော်မူပါ”ဟု လျှောက်ထား၍ လှူဒါန်းလေသည်။ မြတ်စွာဘုရားသည် အလှူခံတော်မူပြီး “မနာပဒါယီ လဘတေ မနာပံ”စသော နှစ်ဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူသည်။
အဓိပ္ပါယ်မှာ- “နှစ်ခြိုက်ဖွယ်ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်အကျိုးကို ရနိုင်၏၊ အကြင်သူသည် ဖြောင့်မတ်သော အလှူခံပုဂ္ဂိုလ်တို့၌ လိုလိုချင်ချင် အဝတ်သင်္ကန်း၊ အိပ်ရာနေရာ၊ ဆွမ်းဘောဇဉ်၊ အဖျော်ယမကာနှင့် အမျိုးမျိုးသော လှူဖွယ်ပစ္စည်းတို့ကို ပေးလှူ၏၊
လယ်ယာမြေကောင်းနှင့်တူသော ရဟန္တာတို့ကိုသိ၍ စွန့်လွှတ်ချီးမြှောက်အပ်၏၊ နှစ်ခြိုက်ဖွယ်ကို ပေးလှူသော ထိုသူတော်ကောင်းသည် စွန့်နိုင်ခဲသည်ကို စွန့်၍ နှစ်ခြိုက်ဖွယ်အကျိုးကို ရ၏၊
နောင်အခါ ဥဂ္ဂသူကြွယ်သည် စုတေပြီးလျှင် သုဒ္ဓါဝါသဗြဟ္မဘုံ၌ဖြစ်၍ အရဟတ္တဖိုလ်သို့ ရောက်ကာ မြတ်စွာဘုရားထံတော်သို့ အဖူးအမြော် လာရောက်လေသည်။ ထိုအခါ မြတ်စွာဘုရားက “ဥဂ္ဂ...အသို့နည်း (ဘယ့်နှယ်လဲ) သင့်အား အလိုအတိုင်း ပြည့်စုံ၏လော”ဟု မေးတော်မူလေရာ “အရှင်ဘုရား တပည့်တော်အား အလိုအတိုင်း စင်စစ် ပြည့်စုံပါ၏”ဟု လျှောက်လေသည်။ ဥဂ္ဂသူကြွယ် အလိုရှိသော အကျိုးကား အရဟတ္တဖိုလ် ဖြစ်သည်။ ထိုအရဟတ္တဖိုလ်ကိုရ၍ အလိုအတိုင်း ပြည့်စုံပါ၏ဟု လျှောက်လေသည်။ (အင်္ဂုတ္တရပါဠိတော် ပဉ္စကနိပါတ်(၄၂-၄၅၊ ယင်းအဋ္ဌကထာ ၂၃ မှ ၂၅)
ဦးဥက္ကဋ္ဌ၏ စွပ်စွဲချက်အတိုင်း ကံပြုလျှင် သံသရာလည်သည်ဆိုပါက ဥဂ္ဂသူကြွယ် ရဟန္တာဖြစ်မည် မဟုတ်။ ယခုမူ ကုသိုလ်ကံကို ပြုလုပ်သော ဥဂ္ဂသူကြွယ် ရဟန္တာဖြစ်၍ သံသရာပြတ်လေပြီ။ ဤတရားတော် ဖြစ်ရပ်မှန်ကို ထောက်၍ ဦးဥက္ကဋ္ဌသည် စည်းလွတ်ဝါးလွတ် တာဝန်မဲ့ ရေးသားဟောပြောသော၊ သာသနာကို ဖျက်ဆီးသူသာ ဖြစ်ကြောင်း ထင်ရှားပေသည်။
၄၈။ ထို့ပြင် ကမ္မဿကတာလမ်းစဉ်နှင့် စပ်လျဉ်း၍ ဟောကြားချက်များစွာ ရှိပေသေး၏၊ အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၌ ဤသို့ဟောတော်မူ၏၊
“အကြင်သူတို့သည်ကား ပညာရှိတို့ ချီးမွမ်းအပ်သော ပညာရှိ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ကုန်၏၊ ထိုသူတို့၏ သဒ္ဓါတရားသည်ကား မြတ်စွာဘုရား၌ အမြစ်သဖွယ် ဖြစ်၍ တည်၏၊ ထိုပညာရှိတို့သည် နတ်ပြည်သို့လည်း လားရောက်ရကုန်၏၊ ဤလူ့ပြည်ဝယ် မြတ်သောအမျိုး၌လည်း ဖြစ်ရကုန်၏၊ အစဉ်သဖြင့် နိဗ္ဗာန်သို့ ရောက်ရကုန်၏” (အင် မြန်၊၁၊၁၀၈။)
၄၉။ ခုဒ္ဒကပါဌပါဠိတော်၊ နိဓိကဏ္ဍသုတ်၌လည်း ဤသို့ဟောကြား၏၊ “လူ့ပြည်ရှိ စည်းစိမ်ဥစ္စာကို လည်းကောင်း နတ်ပြည်၌ မွေ့လျော်ဖွယ်ကိုလည်းကောင်း နိဗ္ဗာန်ချမ်းသာကိုလည်းကောင်း အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏” (ခု၊မြန်၊၁၊၉။)
၅၀။ ပဋ္ဌာန်းပါဠိတော်ကြီး၌ ကမ္မဿကတဉာဏ် ကုသိုလ်ကံကို အခြေပြု၍ သံသရာပြတ်ပြီး နိဗ္ဗာန်ရပ်အထိ ရောက်ပုံကို ဤသို့ ဟောကြားထား၏၊
သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ စျာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိ ဥပ္ပါဒေတိ။
ရတနာသုံးပါး ကံ-ကံ၏ အကျိုးတရားအပေါ် သက်ဝင်ယုံကြည်မှုကို အမှီပြု၍ (အကြောင်းပြု၍) အလှူပေးလှူ၏၊ သီလ ဆောက်တည်၏၊ ဥပုသ်စောင့်၏၊ စျာန်ရအောင် အားထုတ်၍ စျာန်ရ၏၊ ဝိပဿနာ ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်၏၊ သောတာပတ္တိမဂ်စသော မဂ်ဉာဏ်လေးပါးကို ဖြစ်ပေါ်ရရှိစေ၏၊ အဘိညာဉ်ကို ဖြစ်ပေါ်ရရှိစေ၏၊ သမာပတ်ကို ဖြစ်ပေါ်ရရှိစေ၏၊ (ဤကောင်းကျိုး အဆက်ဆက်ကား ကံ-ကံ၏ အကျိုးအပေါ် သက်ဝင်ယုံကြည်မှုမှ မြစ်ဖျားခံခဲ့၏၊ ကံ-ကံ၏ အကျိုးကို မယုံကြည်လျှင် သဒ္ဓါမဲ့လျှင် ဤသို့သော အကျိုးထူး မရနိုင် မရပေ)။
ဤသုတ္တန်အဘိဓမ္မာ ဒေသနာတော်တို့ကို ထောက်၍ ကာမာဝစရ ကုသိုလ်ကံသည် မဂ်ဖိုလ်တို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုကာ သံသရာဝဋ်မှ ကျွတ်လွတ်ထွက်မြောက် စေနိုင်သော တရားဖြစ်သည်။ သံသရာ၌ လည်စေတတ်သော တရားမဟုတ်ဟု သိသာပေသည်။
သံသရာ၌ လည်စေတတ်သော တရားကား ကမ္မဿကတာလမ်းစဉ် မဟုတ်၊ အဝိဇ္ဇာနှင့် တဏှာသာ ဖြစ်သည်ကို အနမတဂ္ဂသံယုတ် ပါဠိတော်၌ ဤသို့ ဟောတော်မူလေသည်။
အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝိတံ သံသရိတံ။ (သံ၊၁၊၃၈၇။)
အဓိပ္ပာယ်မှာ - “ရဟန်းတို့ ဤ သံသရာ၏ အစကို မသိနိုင်၊ မသိမှုအဝိဇ္ဇာဖြင့် ပိတ်ဖုံးအပ်ကုန်သည်။ တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ၊ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည် ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်”။ (သံ၊မြန်၊၁၊၃၇၅။)
ထို့ကြောင့် ဗုဒ္ဓဝိပဿနာ (၁)၌ ရေးသားထားသော ကမ္မဿကတာလမ်းစဉ်သည် ဖော်ပြပါ ဘုရားဟောဒေသနာတို့နှင့် လုံးဝဆန့်ကျင်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
(င) အမှတ်ပြ သောဓနာကို သုံးသပ်ချက်
၅၁။ (၁) “အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ သင်္ခါရဟူသော အတိတ်ဘဝအကြောင်းကံကြောင့် ယခုပစ္စက္ခဘဝမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ဝေဒနာဟူသော အကျိုးတရားများလာ၍ ဖြစ်ရသည် စသည်ဖြင့် အတိတ်ဘဝက အကြောင်းကြောင့် ယခုဘဝတွင် အကျိုးတရားများလာ၍ ဖြစ်ရသူဟူသော အယူအဆများမှာ အတ္တလမ်းစဉ် ဝိညာဉ်စွဲ အမှားတရားများသာ ဖြစ်သည်”ဟူသော ဝိမုတ္တိရသအရကောက်ကျမ်း နှာ-၂၂၊ ၂၃ တို့၌ပါသော ရေးသားချက်သည် မြတ်စွာဘုရား၏ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို အတ္တလမ်းစဉ်ဝိညာဉ်စွဲ အမှားတရားဟု စွပ်စွဲထားသော ရေးသားချက်သာ ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်တရားကို လက်ခံသယောင်ယောက် တစ်နေရာ၌ ဟန်ပြထား၍ ဤနေရာ၌ ပက်ပက်စက်စက် ဖျက်ဆီးထားခြင်းသာ ဖြစ်ပေသည်။
မြတ်စွာဘုရား၏ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နှင့် သာသနပတိတ္ထိတို့၏ အတ္တဝါဒတို့ မတူကွဲပြား ခြားနားပုံကို အမှန်အတိုင်း သဘောပေါက် နားလည်းနိုင်ရန် အတ္တဝါဒကို ရှေးဦးစွာ ပြဆိုကြကုန်အံ့၊ သာသနာပတိတ္ထိတို့ စွဲလမ်းထင်မှားသော အတ္တသည် ပရမတ္တ (ပရ + အတ္တ)၊ ဇီဝအတ္တဟူ၍ ၂ မျိုး ရှိ၏၊
ကမ္ဘာလောကကြီးနှင့် သတ္တဝါတွေကို စီမံဖန်ဆင်းနိုင်သူ မဟာဗြဟ္မာရှိသည် ထာဝရဘုရားရှိသည်ဟု စွဲလမ်းထင်မှားမှုသည် ပရမတ္တစွဲဖြစ်သည်။ ထိုပရမတ္တစွဲလမ်းပုံကို သီလက္ခန် ပါဠိတော် နှာ- ၁၉-၂၀ ၌ ပြဆိုထားပေသည်။ သတ္တဝါတစ်ယောက်တစ်ယောက်၏ အသက်ကောင် လိပ်ပြာကောင် ဝိညာဉ်ကောင် ရှိသည်ဟု စွဲလမ်းထင်မှားမှုသည် ဇီဝအတ္တစွဲဖြစ်သည်။
၅၂။ ဇီဝအတ္တစွဲလမ်းပုံကား သတ္တဝါတို့၏ ခန္ဓာကိုယ်အတွင်း၌ အသက်ကောင်၊ လိပ်ပြာကောင်၊ ဝိညာဉ်ကောင်ဟု ဆိုရသော အတ္တရှိသည်။ ထိုအတ္တသည် လွန်စွာ အစွမ်းထက်မြက်သည်။
ကာရက - ပြုလုပ်ဖွယ်ဟူသမျှကို အတ္တကပြုလုပ်သည်။ ကောင်းမှု မကောင်းမှုဟူသမျှကို အတ္တ၏ သတ္တိကြောင့် ပြုမိကြသည်၊ သွားလာလုပ်ကိုင်မှု ဟူသမျှ အတ္တ၏ သတ္တိကြောင့်သာ ဖြစ်ရသည်။
ဝေဒက - ကောင်းမှု မကောင်းမှု၏ အကျိုးကိုလည်း အတ္တက ခံစားသည်။ ချမ်းသာမှု ဆင်းရဲမှု စသော ခံစားဖွယ်ဟူသမျှကို အတ္တကချည်း ခံစားသည်၊ ယခုလို ဘဝက ကောင်းမှု မကောင်းမှုတို့ကို ပြုခဲ့လျှင် နောင်အခါ မိမိပြုခဲ့သော ကောင်းမှု မကောင်းမှု၏ ကောင်းကျိုးဆိုးပြစ်တို့ကို အတ္တကပင် ခံစားရလိမ့်မည်။
သာမိ - ခန္ဓာအိမ်ဆိုင်ရာဝယ် ပိုင်သအုပ်စိုးနိုင်သော အတ္တသည် ခန္ဓာအိမ်၏ အရှင်သခင်ဖြစ်သည်။
နိဝါသီ - ခန္ဓာအိမ်ဟောင်း ပျက်စီးသောအခါ ခန္ဓာအိမ်သစ်ကို စီမံဖန်တီးလျက် ခန္ဓာအိမ်သစ်သို့ ရွေ့ပြောင်း နေထိုင်သည်၊ ခန္ဓာအိမ်သာ ပျက်စီးသည်၊ အတ္တကောင်ကား ဘယ်အခါမျှ မပျက်မစီးဘဲ အမြဲတည်သည်။
သယံဝသီ - ခန္ဓာကိုယ်နှင့် ဆိုင်ရာဝယ် မိမိအလိုသို့ လိုက်ပါစေနိုင်သည်။
ဤကာရက၊ ဝေဒက၊ သာမိ၊ နိဝါသီ၊ သယံဝသီဟူသော အခြင်းအရာ ငါးမျိုးဖြင့် အတ္တရှိကြောင်း စွဲလမ်းထင်ရှားနေမှုသည် အတ္တဝါဒကို ဖြစ်စေသည် (ဝါ) ဇီဝအတ္တစွဲ ဖြစ်ပေသည်။ ခန္ဓာကိုယ်ထဲမှာ အတ္တသက်သက်ရှိသည်ဟူသော မိစ္ဆာအမြင်ပေတည်း။
အချို့ကမူ ခန္ဓာ ၅-ပါးထဲက ခန္ဓာတစ်ပါးပါးကို အတ္တဟု စွဲကြ၏၊ ခန္ဓာငါးပါးတို့တွင် အချို့က ရူပက္ခန္ဓာကို အတ္တဟု စွဲလမ်းကြသည်။ အချို့က ဝိညာဏက္ခန္ဓာ (စိတ်)ကို အတ္တဟုစွဲလမ်းကြသည်။ အချို့က ဝေဒနာက္ခန္ဓာကို အချို့က သညာက္ခန္ဓာကို အချို့က သင်္ခါရက္ခန္ဓာကို အတ္တဟု စွဲလမ်းကြသည်။
မှတ်ချက်။ ။ သေသောသူ၏ ဥသ္မာဓာတ်ပျက် ဂန္ဓဗ္ဗဓာတ်သည် နှလုံးအိမ်မှ နောက်ဆုံးပျက်ပြီး နှာခေါင်းက ထွက်လာတဲ့လေထဲမှာ ပါလာပြီးလျှင် ဗဟိဒ္ဓလေထုထဲမှာ ပျံ့နှံ့သွားလျက် ထိုလေကို ရှုမိသော မိဘလောင်းတို့၏ ကိုယ်ခန္ဓာအတွင်းသို့ ရောက်ကာ သွေးထဲမှာ ရောစပ်သွားပြီးနောက် ထိုဂန္ဓဗ္ဗဓာတ်မှ လူပြန်ဖြစ်လာသည်ဟူသော ဦးဥက္ကဌ သခင်မြတ်ဆိုင်နှင့် သူ၏နောက်လိုက် နောက်ပါတို့၏ အယူသည် ရုပ်ကို အတ္တစွဲလမ်းသော အတ္တဝါဒသာ ဖြစ်ပေသည်၊ မိစ္ဆာဝါဒစစ်စစ်သာ ဖြစ်တော့သည်။ ဗုဒ္ဓဝါဒ လုံးဝမဟုတ်ပေ။
၅၃။ ရှေးဘဝက ရုပ်ဖြစ်စေ၊ နာမ်ဖြစ်စေ တစ်ခုခုသည် သို့မဟုတ် ရုပ်နာမ်နှစ်မျိုးလုံးသည် ဘဝသစ်၌ ပါလာသည်ဟုယူလျှင် သဿတဒိဋ္ဌိဖြစ်သည်။ ရှေးဘဝက ရုပ်နာမ်ဟူသမျှနှင့် လုံးဝအဆက်အသွယ်မရှိ နောက်ဘဝ၌ နောက်ရုပ် နောက်နာမ် အသစ်ဖြစ်သည်ဟု ယူလျှင် ဥစ္ဆေဒဒိဋ္ဌိဖြစ်သည်။
မြတ်စွာဘုရား၏ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကား မည်သည့်အတ္တ မည်သည့်ရုပ်နာမ်မျှ တိုက်ရိုက် ကူးပြောင်းလာခြင်း မရှိဘဲ အကြောင်းကြောင့် အကျိုးဖြစ်ပုံမျှကိုသာ ပြသောကြောင့် ဆိုခဲ့ပါ အတ္တဝါဒနှင့် လားလားမျှ မသက်ဆိုင်၊ ထိုသဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်၍ အနတ္တအဖြစ်ကို ထင်ရှားစွာ ဖော်ပြသော ဒေသနာတော်သာ ဖြစ်သည်။
ရုပ်နာမ်တရားတို့သည် ဤပစ္စက္ခဘဝ ပကတိကာလ၌ပင် တစ်နေရာမှ တစ်နေရာသို့လည်းကောင်း၊ တစ်ခဏမှ တစ်ခဏသို့လည်းကောင်း မပြောင်းမရွေ့ နိုင်ကြကုန်၊ ဥပါဒ် ဌီ ဘင်=ဖြစ် တည် ပျက်စနစ်ဖြင့်သာ ဖြစ်ရှိနေကြပေသည်။ ထို့ကြောင့် ဘဝဟောင်းမှ စုတေ၍ ဘဝသစ်ဝယ် ဖြစ်ရာအခါ၌ “ဘဝဟောင်းမှ ရုပ်နာမ်များ ပြောင်းရွေ့ပါလေသလား”ဟု အဘယ်မှာလျှင် ယုံမှားဖွယ် ရှိချိမ့်မည်နည်း။
ဘဝအသစ် ပဋိသန္ဓေ ရုပ်နာမ်ခန္ဓာသည် ဘဝဟောင်းမှ ရုပ်နာမ်ခန္ဓာများ ပြောင်းရွေ့လာခြင်း မဟုတ်၊ သို့သော် အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရတို့က ဝိုင်းဝန်းစီမံလိုကြသဖြင့်သာ ဘဝသစ် ပဋိသန္ဓေ ရုပ်နာမ် ခန္ဓာ ဖြစ်ပေါ်လာရခြင်းကြောင့် ဘဝဟောင်းမှ အကြောင်းများနှင့်လည်း မကင်းချေ။ ဤသို့သာ ကြောင်းကျိုးကွင်းဆက် ရှုမြင်ခြင်းသည် ပဋိစ္စသမုပ္ပါဒ် သဘောဖြစ်ပေသည်။
၅၄။ ထင်ရှားအောင် ပြဦးအံ့၊ အတိတ်ဘဝ၌ သေခါနီး သတ္တဝါ၏ သန္တာန်ဝယ် နောက်ဘဝ၌ ပဋိသန္ဓေကျိုးကို ပေးမည့်ကံ အာရုံဖြစ်စေ၊ ထိုကံကိုပြုစဉ် တွေ့ကြုံခဲ့ရသော အခြေအနေ (ကမ္မနိမိတ်) အာရုံဖြစ်စေ ဖြစ်ရမည့်ဘဝ၌ အခြေအနေ (ဂတိနိမိတ်) အာရုံဖြစ်စေ၊ တစ်မျိုးမျိုး ထင်လာမြဲ ဖြစ်သည်။ ထိုသေခါနီး သတ္တဝါသည် အဝိဇ္ဇာနုသယ မကင်းသေးသောကြောင့် ထိုအာရုံ၌ အပြစ်ကို မမြင်နိုင် တဏှာနုသယ မကင်းသေးသောကြောင့် ထိုအာရုံကို စွဲလမ်းညွတ်ကိုင်းနေလေသည်။ ညနေချမ်းအခါ၌ တောင်ရိပ်ကြီးများသည် မြေပြင်ပေါ်၌ အရိပ်ထိုး၍ ဖုံးလွှမ်းလာသကဲ့သို့ ထိုကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံတစ်ခုခုသည် စိတ်အစဉ်၌ လွှမ်းမိုး၍ ထင်နေလေသည်။ ထိုထင်ပေါ်နေသော အာရုံကို မရဏာသန္နဇော ဝိညာဏ်က ဆုပ်ကိုင်ထားသကဲ့သို့ အာရုံပြုလေသည်။ ထိုအခါဘဝ၏ နောက်ဆုံးဖြစ်သော မရဏာသန္နဇောဝိညာဏ် အာရုံပြုခဲ့သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်၊ အာရုံတစ်ခုခုကိုပင် အာရုံပြုလျက် ဘဝသစ်ဝယ် ပဋိသန္ဓေစိတ် ဖြစ်ပေါ်လေသည်။ ပဋိသန္ဓေနှင့်အတူ စိတ် စေတသိတ် နာမ်တရားနှင့်တကွ ကမ္မဇရုပ်များလည်း ဖြစ်လေသည်။ အရူပဘုံ၌မူကား ရုပ်တရားမပါဘဲ နာမ်တရားသက်သက်သာ ဖြစ်လေသည်။
ယင်းသို့ ဘဝအသစ်ဖြစ်ရာ၌ ဘဝဟောင်းက အဝိဇ္ဇာ တဏှာနုသယနှင့် ကံ သင်္ခါရဟူသော အကြောင်းကြောင့် ဘဝသစ်၌ ရုပ်နာမ်မျှသာ ဖြစ်လာရသည်။ သတ္တဝါကောင်၊ အသက်ကောင်၊ အတ္တကောင်ဖြစ်လာသည် မဟုတ်၊ ထိုရုပ်နာမ်တရားသည်လည်း ဘဝဟောင်းမှ ပြောင်းရွေ့လာသည် မဟုတ်၊ ဘဝဟောင်းက အဝိဇ္ဇာ၊ တဏှာနုသယ ကံ သင်္ခါရဟူသော အကြောင်းနှင့်ကင်း၍လည်း ဖြစ်လာသည် မဟုတ်၊ ဥပမာ တောင်၏အနီး၌ ဟစ်အောင်လိုက်သော အသံသည် တောင်နံရံကို ရိုက်၍ ပဲ့တင်သံခေါ်သော အသံတစ်မျိုး ပေါ်ထွက်လာ၏၊ ထိုပဲ့တင်သံသည် မူလအော်သံ မဟုတ်၊ မူလအော်သံနှင့် ကင်းလျက် အလွတ်သက်သက်လည်း မဖြစ်နိုင်သကဲ့သို့လည်းကောင်၊ ဆီမီးတစ်ခုမှ မီးကူးရာ၌ ဒုတိယမီးသည် ပထမမီးလည်း မဟုတ်၊ ပထမမီးနှင့်ကင်း၍ အလွတ်သက်သက်လည်း မဖြစ်နိုင်သကဲ့သို့လည်းကောင်း၊ တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်လည်းမဟုတ်၊ မူလတံဆိပ်နှင့်လည်း ကင်း၍လည်း မဖြစ်သကဲ့သို့လည်းကောင်း၊ မှန်ကြည့်ရာ၌ မှန်ထဲက အရိပ်သည် ပကတိလူလည်းမဟုတ်၊ ပကတိလူနှင့်ကင်း၍ အလွတ်သက်သက်လည်း မဖြစ်သကဲ့သို့လည်းကောင်း၊ ပဋိသန္ဓေ ရုပ်နာမ်ခန္ဓာသည် ဘဝဟောင်းက ရုပ်နာမ်လည်း မဟုတ်၊ ဘဝဟောင်းက အဝိဇ္ဇာ တဏှာ ကံ သင်္ခါရအကြောင်းတို့နှင့်လည်း မကင်းနိုင်ချေ။
၅၅။ ရှေးရှေးဘဝက အဝိဇ္ဇာ တဏှာ ကံ သင်္ခါရအကြောင်းကြောင့် ဘဝသစ်၌ ရုပ်နာမ် ဖြစ်၏ဟု ယူခြင်းကြောင့် ဥစ္ဆေဒဒိဋ္ဌိမှ လွတ်၏၊ ရှေးရှေးဘဝမှ ရုပ်နာမ်များ ပြောင်းရွေ့လာသည် မဟုတ်ဟု ယူခြင်းကြောင့် သဿတဒိဋ္ဌိမှလည်း လွတ်၏၊ ရှေးရှေးဘဝက အကြောင်းနှင့် မကင်းဟုယူခြင်းကြောင့် (ထာဝရဘုရား စသူက ဖန်ဆင်းမှုကြောင့် သတ္တဝါအသစ် ဖြစ်လာ၏)ဟူသော နဝသတ္တပါတုဘာဝဒိဋ္ဌိမှလည်း လွတ်၏၊ ဤကား အတိတ်ဘဝအကြောင်းကြောင့် ပစ္စုပ္ပန်ဘဝ၌ အကျိုးဖြစ်ပုံ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တည်း။
အကယ်၍ အဝိဇ္ဇာ တဏှာကင်းပြီးပါလျှင် သေသောအခါ နောက်ဘဝမဖြစ်နိုင်တော့ပေ၊ ဤဘဝကူးပုံအတိုင်း ပဋိစ္စသမုပ္ပါဒ် ဒေသနာခန်းသည် လွန်စွာ နက်နဲလှ၏၊ စာပေကျမ်းဂန် သင်အံလေ့ကျင်ဖူးသူများသော်လည်း နားလည်ရန်ခက်၏၊ ထို့ကြောင့် ဘုရားသာသနာတော်အပေါ် ကြည်ညိုသော စိတ်ဖြင့် ကြိုးစားဖတ်ရှု လေ့လာရန်ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၅၄-၁၅၅၊ (ဝိသုဒ္ဓိ၊၂၊၁၈၆-၁၈၇)
လူသေလူဖြစ် ပြဿနာ ၁၄၆ -၌ “အေး အဲဒါပေါ့ကွ၊ ဒို့လူတွေက အဲဒီ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဆိုတဲ့ အဲဒီသင်္ဂြိုလ် ဘုံပိုင်းကဟာနဲ့ အလှည့်အပတ် အလိမ်ခံနေရတာ ကြာပကောကွာ”ဟူသော ရေးသားချက်ကို တွေ့ရ၏၊ ဦးဥက္ကဌဆိုလိုတာက ကံနိမိတ် ကမ္မနိမိတ် ဂတိနိမိတ်ဆိုတာတွေဟာ သင်္ဂြိုလ်ကျမ်းကလာတဲ့ စကား အရှင်အနုရုဒ္ဓါ၏လှည့်ကွက် ဤသို့ ဆိုလိုပေသည်။ ဤစကားအရ ဦးဥက္ကဌသည် သင်္ဂြိုလ်ကျမ်းကို ဘယ်လိုပြုထားသည်ဟု ကိုရင်ကလေးများလောက်ပင် မသိရာရောက်နေသည်။ သင်္ဂြိုလ်ကျမ်းသည် အဘိဓမ္မာ ခုနှစ်ကျမ်း ဘုရားဟောပါဠိတော်များ၏ အကျဉ်းချုပ်မျှသာ ဖြစ်သည်ဆိုသော အချက်ကို သဘောမပေါက်ကြောင်း ပေါ်လွင်သည်။ သင်္ဂြိုလ်ကျမ်း၏ အခြေခံဖြစ်သော ဘုရားဟောပါဠိတော်များကို မကြည့်တတ်ရာ ရောက်သည်။ ကြည့်ဖူးသော်လည်း ထိုဘုရားဟော ပါဠိတော်များကို အလကားဟာတွေဟု ပစ်ပယ်ထားကြောင်း ထင်ရှားနေပေသည်။
သင်္ဂြိုလ်ကျမ်းဆရာသည် ထိုထိုကံနိမိတ် ကမ္မနိမိတ် ဂတိနိမိတ်စသည့်တို့ကို ဥပရိပဏ္ဏာသပါဠိတော်(၂၀၃)၌ လာသော ဘုရားဟော ပါဠိတော်မှ ယူ၍ ပြဆိုခြင်း ဖြစ်ပေသည်။
“ရဟန်းတို့ နောက်တစ်မျိုးကား သေရာ အင်းပျဉ်၌ တင်ထားအပ်သည်လည်းဖြစ်သော သေရာညောင်စောင်း၌ တင်ထားအပ်သည်လည်းဖြစ်သော သေရာမြေအရပ်၌ မထဘဲ လျောင်းအိပ်သည်လည်း ဖြစ်သော ထိုလူမိုက်၏ ရှေးကပြုခဲ့သော ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်ဟူကုန်သော ယုတ်မာသော အပြုအမူတို့သည် သေခါနီးအခါ၌ ထင်ကုန်၏၊ ပေါ်ကုန်၏၊ လွှမ်းကုန်လာကုန်၏၊ ရဟန်းတို့ ဥပမာအားဖြင့် ကြီးစွာသော တောင်ထွတ်တို့၏ အရိပ်တို့သည် ညနေချမ်းအခါ မြေပြင်၌ ထင်ကုန် ပေါ်ကုန် လွှမ်းမိုးလာကုန်သကဲ့သို့ ရဟန်းတို့ ဤအတူ သေရာအင်းပျဉ်၌။ ပ။ လွှမ်းမိုးလာကုန်၏၊” (မ၊၃၊၂၀၈။)
အထက်တွင် ဆိုခဲ့ပြီးသော ဘုရားဟောပါဠိ အဋ္ဌကထာတို့အရ “အတိတ် ဘဝအကြောင်းကြောင်းကြောင့် ပစ္စုပ္ပန်ဘဝအကျိုး ဖြစ်သည်”ဟူသော အယူသည် မြတ်စွာဘုရား၏ အလိုတော်ကျ အနတ္တလမ်းစဉ် အမှန်ဖြစ်သည်။ ဝိမုတ္တိရသအရကောက် ကျမ်းလာ ပဋိစ္စသမုပ္ပါဒ်ကို ပုတ်ခတ်ရေးသားချက်သည် မြတ်စွာဘုရား၏ ဒေသနာတော်ကို ဖျက်ဆီးသော စကားဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
ဝိနည်းဓိုရ်ဆရာတော်များသည် ကံ-ကံ၏အကျိုးရှိပုံနှင့် အရဟတ္တမဂ်ဉာဏ်ဖြင့် ကံပယ်စွန့်ပုံစသော မှန်ကန်သော နည်းလမ်းများကို ဘုရားဟော ဒေသနာတော်အရ ရှင်းလင်းသုံးသပ်၍ ပြတော်မူခဲ့ကြပြီ၊ ဤသို့ ပြခဲ့ပြီးသော ကံကို ပယ်ရန် (ဝါ) ကမ္မဝဋ် ကိလေသဝဋ်ကင်းရန် နည်းလမ်းမှန်ကို ဦးဥက္ကဌနှင့်တကွ သူ၏နောက်လိုက်ဟူသမျှတို့သည် ကျနစွာ မသိကြ၍သော်လည်းကောင်း၊ အချို့သိကြစေကာမူ သာသနာကို အမြစ်ပါမကျန် ပယ်လှန်ဖျက်ဆီးလို၍လည်းကောင်း၊ ကံ၏အကျိုးများကို စိတ်ကူးသက်သက်ဟူ၍လည်းကောင်၊ ယခုဘဝချမ်းသာမှုသည် ရှေးကံကြောင့် မဟုတ် လိမ်လည်သွေးစုတ် အမြတ်ထုတ်ဖို့ သို့မဟုတ် ကောင်းအောင် မှန်အောင်လုပ်ဖို့ဟူ၍လည်းကောင်း၊ ကမ္မဿကတာလမ်းစဉ်သည် ဗြာဟ္မဏဝါဒဟူ၍လည်းကောင်း၊ အတိတ်ဘဝ အကြောင်းကြောင့် ပစ္စုပ္ပန်ဘဝအကျိုး ဖြစ်သူဟူသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကိုပင် အတ္တလမ်းစဉ်ဟူ၍ လည်းကောင်း၊ တွင်တွင်ကြီး ပုတ်ခတ်ကြ၍ ကုသိုလ်ဟူသမျှတို့၏ မူလအုတ်မြစ် အခြေခံဖြစ်သော ကမ္မဿကတာသမ္မာဒိဋ္ဌိကို ဖျက်ဆီးလျက် သာသနာတော်ကြီး ကွယ်ပအောင် ကြံဆောင်ကြိုးကုတ် အားထုတ်နေကြသည့် “အကိရိယတိတ္ထိယဝါဒီ” များသာ ဖြစ်ကြ၏၊
အထူးအားဖြင့် ယုတ်မာဆိုးဝါးသော အချက်မှာ မိမိတို့ပြောချင်သည့် အချက်ကို “ဗုဒ္ဓရှင်တော်၏ အလိုကား” “ဗုဒ္ဓနှင့်မဆိုင်” “ဗုဒ္ဓ၏ ဝါဒမဟုတ်” စသည်ဖြင့် ဗုဒ္ဓကို မတရား အသုံးချ၍ ရေးသားပြောဟောကြခြင်း ဖြစ်ပေသည်။ ဤသို့ “ဗုဒ္ဓသံ” လှိုင်လှိုင်ပေးပြီး စည်းရုံးကြသဖြင့် ရိုးရိုးမကဘဲ အဆန်းထွင်၍ က,ချင်ကြသော ဗုဒ္ဓဘာသာဝင်တို့သည် နဝေတိမ်တောင် ယောင်ယောင်မှားမှားဖြစ်ပြီး သူတို့လှည့်စားမှုအောက်မှာ ကျဆုံးရှာကြပြီ၊ အိမ်ဦးက ဘုရားစင်ကို ဖြုတ်ချသူ ဖြုတ်ချကြလေပြီ၊ ဆုံးရှုံးကြလေစွတကား။
အမှန်စင်စစ် ကံမရှိ၊ ကံ၏ အကျိုးအပြစ်မရှိစသော နတ္ထိကဝါဒကို ရှေးခေတ်ကမ္ဘာ့လူသားတို့ ယောင်ယောင်မှားမှား ကျင့်သုံးခဲ့ကြလေပြီ၊ ဗုဒ္ဓဘုရားမပွင့်ခင် ခေတ်အခါက အဆိုပါ နတ္ထိကဝါဒစသည်ဖြင့် လူပေါ်လူဇော်လုပ်ပြီး ထားခဲ့ကြ၏၊ တပည့်မွေးခဲ့ကြ၏၊
သို့ရာတွင် ဂေါတမဗုဒ္ဓပွင့်ပေါ်တော်မူလာသောအခါ ရှေးဟောင်းကမ္မဝါဒထဲမှ အတ္တကို ပယ်နုတ်ပြီး အတ္ထိကဝါဒကို အားပေးခဲ့သည်။ အတ္ထိကဝါဒကို ဘဝသံသရာမှ လွတ်မြောက်မှုအဆင့်အတွက် အခြေခံအဖြစ် သတ်မှတ်တော်မူခဲ့၏၊ နတ္ထိကဝါဒကို လုံးဝမှားယွင်းကြောင်း ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သည်။
သို့ဖြစ်လေသောကြောင့် ဂေါတမဗုဒ္ဓဘုရား ပွင့်ပေါ်တော်မူချိန်မှစ၍ ကမ္ဘာ့လူသား ခပ်များများသည် နတ္ထိကဝါဒ မှားမှန်းသိ၍ စွန့်ပစ်ခဲ့ကြ၏၊ အတ္ထိကဝါဒမှန်ကို လက်ခံကျင့်သုံး လာကြ၏၊ ထို့ကြောင့်ပင် တရားမှန်ကို ကျင့်ကြံအားထုတ် ကြပြီး တရားထူးရခဲ့ကြလေပြီ။
ဤသို့ ဗုဒ္ဓသာသနာ့ရောင်ခြင် ပေါ်လာသည့်အတွက် ရှေးလူတို့ စွန့်ပစ်ခဲ့သည် နတ္ထိကဝါဒ အဆွေးအဟောင်းကြီးကို တောင်တွင်းကြီးမှ ဦးဥက္ကဌက ပြန်လည် အသက်သွင်းပြီး ပွဲထုတ်ခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့် နတ္ထိကဝါဒကို ဦးဥက္ကဌ ပြန်ကောက်သနည်းဆိုသော နတ္ထိကဝါဒ (ကံမရှိ၊ ကံ၏ အကျိုးမရှိဝါဒ)သည် ဦးဥက္ကဌကိုင်စွဲထားသော ရုပ်ဝါဒ (စ သ ဃ ဇ က ပဉ္စပသာဝါဒ)နှင့် ကိုက်ညီနေသောကြောင့် ဖြစ်ပေသည်။ မှန်၏- နတ္ထိကဝါဒသည် တစ်ဘဝစာမျှသာ ဖြစ်၏၊ ဦးဥက္ကဌ၏ ရုပ်ဝါဒသည်လည်း တစ်ဘဝစာမျှသာ ဖြစ်၏၊ ဤသို့ ဝါဒချင်း နှီးနှောမိ၍ ဦးဥက္ကဌ၏ ခေတ်ဟောင်းဝါဒကို ပြန်လည်ဆန်းသစ်ခြင်း ဖြစ်၏၊
ရှေးခေတ် တိတ္ထိကြီးများနှင့် ယခုခေတ် ဦးဥက္ကဌ ထူးသောအချက်မှာ ရှေးခေတ်တိတ္ထိတို့က ထိုနတ္ထိကဝါဒကို မိမိတို့ဝါဒအဖြစ် ပြောင်ပြောင်ရှင်းရှင်းဝန်ခံဟောကြား၏၊ ဦးဥက္ကဌကမူ ဗုဒ္ဓပိဋကတ်ထဲ ဝင်ရှုပ်ပြီး ဗုဒ္ဓတရားတော်များသည်ပင် ကံ-ကံ၏ အကျိုးကို ပယ်သယောင်ဆောင်လှည့်ပြီး ဗုဒ္ဓ၏ မျက်နှာဖုံးကိုစွပ်ကာ သူ့ဝါဒကို ဖြန့်၏၊ ဤသို့ထူးပေသည်။ ထို့ကြောင့် ဘာသာရေးမှာ ရိုးရိုးကျင့် မြင့်မြင့်ကြံမဟုတ်ဘဲ အဆန်းလိုက်ချင်သူတို့ အနေဖြင့် ဦးဥက္ကဌ၏ စက်ကွင်းမိကာ ငရဲဆေးဖော်၍ မှီဝဲနေကြခြင်း ဖြစ်လေသည်။
ဦးဥက္ကဋ္ဌ၏ လုပ်ရပ်ကို သရုပ်ပေါ်အောင် ဥပမာဆောင်ရသော် ရှေးလူတို့ဝတ်ပြီး စွန့်ပစ်ထားသည့် ပုဆိုးစုတ်ကို ပြန်ကောက်၍ ပြုပြင်ပြီး ဗုဒ္ဓတံဆိပ်ကပ်ကာ ပြန်လည်ဝတ်ဆင်ခြင်း ဝတ်ဆင်စေခြင်းသာ ဖြစ်လေသည်။
ဤသို့ သုံးသပ်ပြဆိုအပ်ပြီးသော အကြောင်းအရပ်ရပ်ကြောင့် ဦးဥက္ကဌနှင့်တကွ သူ၏နောက်လိုက် ဟူသမျှတို့၏ ကံ-ကံ၏အကျိုးကို ပယ်သောဝါဒသည် ဗုဒ္ဓမြတ်စွာဒေသနာနှင့် ဖီလာကန့်လန့်ဖြစ်၍ အဓမ္မဝါဒသာ ဖြစ်သည်။ ဘုရားရှင်လက်ထက်ကလည်း ပူရာဏကဿပ၊ မက္ခလိဂေါသာလ စသော တိတ္ထိဆရာကြီးများ၏ ဝါဒကို ပြန်လည်အသက်သွင်းထားသော မိစ္ဆာဝါဒများမျိုးသာ ဖြစ်သည်ဟု အမှတ်(၂) နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အဖွဲ့ဝင် ဆရာတော်တို့ တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် (၂)စောဒနာအမှတ် (၅)အတိတ် အနာဂတ်ဘဝတို့ကို ပယ်ခြင်းနှင့် စပ်လျဉ်းသည့် ဝိနိစ္ဆယ
၁။ စောဒကဆရာတော်များက ဦးဥက္ကဌနှင့် သူ၏နောက်လိုက် တပည့်တို့ရေးသားထုတ်ဝေသော စာအုပ်စာတမ်းများမှ -
(က) ကပ္ပာ့လူသား၏ တစ်ခုတည်းသော (ဝါ) နှစ်ခုမဖြစ်နိုင်သော အဓိကအလိုဆန္ဒကား ပုခက်နှင့်ခေါင်းကြားရှိ ပစ္စုပ္ပန်တိတိဖြစ်သော ပစ္စက္ခနယ်အတွင်း၌ ကိုယ်ရောစိတ်ပါ ဧကန် ချမ်းသာမှုရရေးပင် ဖြစ်သည်။ (အနတ္တရောင်ခြည်၊ နှာ-၁၈၆)
(ခ) သမ္မာဒိဋ္ဌိသုတေသီတို့သည် ကောင်းမှု မကောင်းမှု အကြောင်းအကျိုးတို့ကို ပစ္စုပ္ပန်ကျ လက်ခံယုံကြည်သည်။ (သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် အယူဝါဒရေးဆိုင်ရာ ခံယူချက် သဘောထား အပိုဒ် - ဂ)
(ဂ) ဗုဒ္ဓသည် သူသည် ပုခက်နှင့်ခေါင်းအကြား လက်ငင်းဒိဋ္ဌ တွေ့ကြုံနေရသော ပစ္စုပ္ပန်ဘဝကိုသာ တိကျပြတ်သားစွာ ဖော်ထုတ်ခဲ့သဖြင့် ပြောသလိုလုပ်၍ လုပ်သလိုပြောခဲ့သော လက်တွေ့သမားဖြစ်ခဲ့သည်။
(ဗုဒ္ဓဝါဒ အခြေခံသင်တန်၊ သင်တန်း အမှတ်စဉ်-၁၊သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ချုပ်၊ နှာ-၃၉)
(ဃ) ဗုဒ္ဓရဲ့ လမ်းညွှန်ချက်က။ ပ။ တမလွန်ကိစ္စကျတော့ စဉ်းကို မစဉ်းစားကြနဲ့တဲ့၊ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး၊ အဲဒါတွေ သွားစဉ်းစားနေရင် ဒုက္ခပွားစည်းရေးမှတစ်ပါး ဘာအကျိုးမှ မရှိပါဘူးတဲ့။ (သစ္စာဗိမာန် အတွဲ ၁။ အမှတ် ၆၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်)
ဤစာပိုဒ်တို့ကို ထုတ်ပြကြ၍ ဦးဥက္ကဌနှင့် သူ၏နောက်လိုက်များသည် -
(၁) အတိတ်ဘဝ အနာဂတ်ဘဝတို့ကို လက်ခံယုံကြည်မှု မရှိကြဘဲ ပစ္စုပ္ပန်တစ်ဘဝကိုသာ လက်ခံယုံကြည်ကြသူများ ဖြစ်ကြောင်း၊
(၂) အနာဂတ်ဘဝ တစ်ပိုင်းတစ်စကို လက်ခံယုံကြည်ကြသူများကလည်း “လူသေလျှင် လူဖြစ်သည်” ဟူသော ဘောင်အတွင်း၌သာ လက်ခံကြကြောင်း၊
(၃) “အတီတံ နာနု သောစာမိ” စသော ဘုရားဟော တေမိဇတ်လာစကားကို ကိုးလျက် ဗုဒ္ဓကို ပစ္စုပ္ပန်သမားဖြစ်လေဟန် လိမ်ညာ၍ ဝါဒဖြန့်ကြောင်း သဗ္ဗညုဘုရားရှင်ကို သူတို့လိုပင် မျက်စေ့တစ်ဆုံးသာ ကြည့်နိုင်သည့် သူလိုငါလို သာမညလူစား ပစ္စုပ္ပန်တစ်ဘဝသမားဖြစ်အောင် ပုံသွင်းနေကြကြောင်း၊
(၄) ယင်းသို့ ပုံသွင်းနေကြခြင်းသည် အတိတ်ဘဝနှင့် အနာဂတ်ဘဝအကြောင်းအရာ သိဖွယ်ရာမှန်သမျှကို လုံးဝဥဿုံ အကုန်အစင် သိမြင်နိုင်သော ပုဗ္ဗေနိဝါသနုဿတိ၊ အနာဂတံသဉာဏ်တော်များ အပါအဝင်ဖြစ်သည့် ဉာဏ်တော်ကြီးများ မြတ်စွာဘုရား၌ မရှိကြပါဟု ပြောနိုင်အောင် ကြိုးစားနေကြခြင်းဖြစ်ကြောင်း ရှေးဦးစွာ စောဒနာကြသည်။
၂။ တစ်ဖန် စောဒကဆရာတော်များက -
(က) စုဒိတကတို့သည် ဝိပဿနာရှုရန် ရည်ရွယ်၍ ဟောတော်မူသော ဘဒ္ဒေကရတ္တသုတ်လာ ဂါထာစကားရပ်ဖြင့် ကျန်သမျှ ဗုဒ္ဓဒေသနာအားလုံးကို ပယ်ရှားရန် ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း၊ ယင်း ဘဒ္ဒေကရတ္တသုတ်လာဂါထာများသည် ဝိပဿနာရှုသည့်အခါ ပစ္စုပ္ပန်ကိုသာ ရှုရမည်ဟု ဆိုလို၍ အတိတ် အနာဂါတ် မရှိဟူသော အနက်အဓိပ္ပာယ် လုံးဝမထွက်ကြောင်း၊
(ခ) “တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိရူပံ အတီတာနာဂတပစ္စုပ္ပန္နံ” စသော အနတ္တလက္ခဏသုတ် ပါဠိတော်၌ အတိတ်နှင့် အနာဂါတ်ကို ပစ္စုပ္ပန်နှင့် တပြေးညီ ဟောဆိုထားကြောင်း၊ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါး သေချာစွာ ဟောထားကြောင်း၊ အနတ္တလက္ခဏသုတ်၌ ဟောသော အတိတ် အနာဂါတ်ကို ပယ်ပြန်ကြောင်း၊
(ဂ) ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ်၌ ငါးပါးသီလ၏ အကျိုးအပြစ်ပြတော်မူရာမှာပင် ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးအပြစ်တို့ကို ပူးတွဲ၍ ပြတော်မူခဲ့ကြောင်း ဟူ၍ ဝိသေသအားဖြင့် စောဒနာကြလေသည်။
၃။ ထိုစောဒနာကို စုဒိတကများဖြစ်ကြသော တောင်တွင်းကြီးမြို့၊ နေရှင်နယ်ကျောင်းဆရာတော် ဦးဇဝန၊ တောင်တွင်းကြီးမြို့ ငါးဆင့်ကျောင်းဆရာတော် ဦးဇဝန၊ ဒေးဒရဲမြို့ ကွင်းကျောင်းဆရာတော် ဦးဥဇ္ဇောတိကတို့က ပြန်လည်ချေပခြင်း မပြုကြဘဲ စောဒကဆရာတော်များ စောဒနာအတိုင်း အဓမ္မဝါဒဖြစ်သည်ဆိုသည်မှာ မှန်ကန်၍ စွန့်လွှတ်ပါကြောင်း ဝန်ခံသွားကြသည်။
ကျန်စုဒိတကများဖြစ်ကြသော တောင်တွင်းကြီးမြို့၊ နတ်မှီတောရကျောင်းနေ ဦးဆန္ဒာဓိက၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်ဥက္ကဌ ဦးခင်ဟန်နှင့် သခင်မြတ်ဆိုင်တို့ကသာ အသီးသီး ချေပ သောဓနာကြသည်။
ထိုစောဒနာ သောဓနာများသည် အတိတ်ဘဝ အနာဂတ်ဘဝ ရှိ-မရှိဟူသော အယူ၊ အတိတ်ဘဝ အနာဂတ်ဘဝ မြတ်စွာဘုရား ဟော-မဟောဟူသော အယူနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာရကား ထိုအခြေခံအကြောင်းနှင့် သက်ဆိုင်သော စကားမျှကိုသာ ထုတ်နုတ်သုံးသပ်၍ ဆုံးဖြတ်ကြကုန်အံ့၊ ယင်းစောဒနာ သောဓနာ နှစ်ရပ်တွင် သောဓနာကို မသုံးသပ်မီ စောဒနာစကားရပ်၏ ယထာဘူတကျ-မကျကို ရှေးဦးစွာ သုံးသပ်တော်မူကြရာ၌ စောဒကဆရာတော်များ ကောက်နုတ်တင်ပြထားသော (က) (ခ) (ဂ) (ဃ) အမှတ်ပြ စုဒိတကတို့၏ ရေးသားချက်များဝယ် စုဒိတကတို့၏ အလိုကို တိကျမှန်ကန်စွာ သိနိုင်ရန် သက်သေခံ စာအုပ်စာတမ်းများမှ အောက်ဖော်ပြပါ ရေးသားချက်များကိုပါ ထုတ်နုတ်၍ နှီးနှော တိုက်ဆိုင်လျက် သုံးသပ်တော်မူကြသည်။
(1) ဘဝကူးဝါဒသည် ဗုဒ္ဓမပေါ်မီ ရှေးခေတ်ကတည်းကပင် ပေါ်ပေါက်ခဲ့သော ဝါဒဖြစ်သည်၊ ယင်းဝါဒသည် ကမ္မဝါဒအဖြစ် အသွင်ပြောင်းကာ ဗုဒ္ဓပွင့်တော်မူသော ခေတ်အထိ တွင်ကျယ်ခဲ့သည်၊ ကမ္မဝါဒမှာ ဗြဟ္မဏဝေဒ၏ အတ္တကို အခြေခံသည်၊ အတ္တအခြေခံသော ဝါဒဖြစ်သည့်အတိုင်း ယခင်ကလည်းဖြစ်ခဲ့ပြီ၊ ယခုလည်းဖြစ်ဆဲ နောင်လည်း ဖြစ်လိမ့်ဦးမည်ဟူ၍ ကာလသုံးပါး အစဉ်ဆက်၏၊ မည်သည့်အခါမှ ကာလဝိမုတ် မဖြစ်။ ယင်းဝါဒကို ဗုဒ္ဓက ကာလဝိမုတ်ဖြင့် တော်လှန်ပယ်စွန့်စေ၏၊ (နိကာယ်၏ နိကာယ် နှာ-၆)
(2) ဤအချက်သည် ပထမသံဂါယနာတင်ပွဲကို ရဟန်းတော်အချို့ အာရုံပြုတော်မမူကြောင်း ထင်ရှားသည်၊ အဘယ်ကြောင့်နည်း အတိတ် အနာဂတ်တရားစုများ၊ အတ္တအတ္တနိယစသော ဝိညာဏဝါဒများ ပြန်ပါလာသောကြောင့် - (နိကာယ်၏ နိကာယ် နှာ-၆)
(3) ဤသုတ်၌ ဒုဂ္ဂတိ=မကောင်းသော လားရာဟူသည် သေပြီးနောက်မှ ငရဲဘုံစသည်ကို ရောက်ရမည်ဟု အဓိပ္ပာယ် အကောက်သင့်ပေ၊ ယခုပစ္စက္ခမျက်မှောက်၌ပင် သေရာ ညောင်စောင်း မလဲလျောင်းမီမှာပင် အရိယာတပည့်သားတိုင်း ဦးတည်ချီတက်ရမည့် ဝိမုတ္တိပန်းတိုင်နှင့် လွဲချော်၍ ဒုက္ခအားလုံးတို့၏ လက်သည်ဖြစ်သော တွယ်တာမှု သံယောဇဉ်များ တိုးပွားကာ မလိုလားအပ်သော ဒုက္ခများနှင့်သာ တွေ့ကြုံနေရမည်ဟု အဓိပ္ပာယ်ကောက်ယူ သင့်လှပေသည်။ သို့မှသာ သန္ဒိဋ္ဌိဂုဏ်မြောက်၍ ဗုဒ္ဓ၏ ဓမ္မသဘောကို နားလည်သူဖြစ်လိမ့်မည် ဖြစ်သတည်း။ (နိကာယ်၏ နိကာယ် နှာ-၁၂၈)
မှတ်ချက်။ ။ ဤသုတ်ဟူသည် မဇ္ဈိမနိကာယ်၊ ပေါတလိယသုတ်ကို ဆိုလိုသည်။
(4) သို့ရာတွင် ဤပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကြီးကို လွန်ပြီးဘဝ ရောက်ဆဲဘဝ၊ လာလတ္တံ့သောဘဝ (ဝါ) မမွေးမီ ဟိုဘက်အခြေအနေ ဖြစ်ဆဲ၊ ယခုဘဝအခြေအနေနှင့် သေပြီးနောက် ရောက်ရမည့် အခြေအနေ သုံးရပ်ပေါ်တွင် ဖြန့်ခင်း၍ ပြတတ်ကြ၏၊ ဤအယူအဆသည် အဗျာကတသံယုတ် စသည်တို့တွင် ဗုဒ္ဓကိုယ်တိုင်က မဟောအပ်ဟူသော ကိစ္စရပ်ကို ပရိယာယ်ဖြင့် ဟောတော်မူစေရာ ရောက်ပေသည်။ (နိကာယ်၏ နိကာယ် နှာ-၁၆၁၊၁၆၂)
(5) သန္ဒိဋ္ဌိကော-ပစ္စုပ္ပန်ကာလ ယခုဘဝဟု ဆိုအပ်သော (ပုခက်နှင့် ခေါင်းအကြား၌) လက်ငင်းဒိဋ္ဌ စောင့်မနေရဘဲ အောင့်မနေရဘဲ ကြောင့်ကြ၍ မနေရဘဲ အကျိုးရတဲ့ လက္ခဏာ။ (သစ္စာဓမ္မ အတွဲ၊၃၊အမှတ် ၈၊ နှာ -၂)
(6) သမ္မာဒိဋ္ဌိအဖွဲ့၏ လက်သုံးဝါဒမှာ သန္ဒိဋ္ဌိက ပစ္စုပ္ပန်ဝါဒဖြစ်ကြောင်း ပြည်လုံးကျွတ် ဓမ္မသဘင်က ဆုံးဖြတ် သတ်မှတ်ထားခြင်း ဖြစ်သည်။ (သစ္စာဓမ္မ အတွဲ -၂၊ အမှတ်-၇၊ နှာ-၁၂)
ဤရေးသားချက်များနှင့် ယခင် (က) (ခ) (ဂ) (ဃ) ရေးသားချက်များကို စပ်ဟပ်၍ အထပ်ထပ် သုံးသပ်သည့်အခါ စောဒကဆရာတော်များ စွဲဆိုသော (၁) (၃) အမှတ်၊ စွဲဆိုချက်အတိုင်း ဦးဥက္ကဌနှင့် သူ၏နောက်လိုက်များသည် အတိတ်ဘဝ အနာဂတ်ဘဝ မရှိ၊ ပစ္စုပ္ပန်တစ်ဘဝသာ ရှိသည်ဟု ဥစ္ဆေဒအယူကို လက်ခံယုံကြည်သူများ ဖြစ်သည်ကိုလည်းကောင်း၊ မြတ်စွာဘုရားကိုလည်း ပစ္စုပ္ပန်တစ်ဘဝသမားဖြစ်အောင် လိမ်ညာ၍ ဝါဒဖြန့် ပုံသွင်းနေကြကြောင်းကိုလည်းကောင်း ထင်ရှားစွာ တွေ့ကြရပေသည်။
ဦးဥက္က၏ လူသေလူဖြစ်စာအုပ်၊ သခင်မြတ်ဆိုင်၏ လူသေလူဖြစ်ပြဿနာစာအုပ်နှင့် လူသေလူဖြစ်စာတမ်းများကို ကြည့်ရှုသုံးသပ်သည့်အခါ စောဒကဆရာတော်များ စွဲဆိုသော (၂)အမှတ် စွဲဆိုချက်အတိုင်း အချို့က အနာဂတ်ဘဝ တစ်ပိုင်းတစ်စကို “လူသေလူဖြစ်” ဘောင်အတွင်း၌သာ လက်ခံကြောင်းကိုလည်း တွေ့ကြရပေသည်။
အမှန်တရားသုတေသန အမှတ်(၁) စာစောင်၌ အဘိဓမ္မာ ဆရာစိန်ဆိုသူက ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို အချက်ပေါင်းများစွာ စော်ကားပုတ်ခတ်ထားသည်ကို တွေ့ရသဖြင့် စောဒကဆရာတော်များ စွဲဆိုသော (၄) အမှတ်ပြ၊ စွဲဆိုချက်အတိုင်း စုဒိကတတို့သည် ဘုရားရှင်၌ ဉာဏ်တော်ထူးကြီးများ မရှိပါဟု ပြောနိုင်အောင် ကြိုးစားနေကြသူများ ဖြစ်သည်ကိုလည်း တွေ့ကြရပေသည်။
(ဤအချက်ကိုကား စောဒနာအမှတ်စဉ် (၇) ၌ သုံးသပ်ကြကုန်အံ့)
ဤသုံးသက်ချက်ဖြင့်ပင် စောဒကဆရာတော်များ၏ မူလစွဲဆိုချက် ၄-ချက်လုံးသည် ယထာဘူတကျ၍ မှန်ကန်သော စွဲဆိုချက်များ ဖြစ်ပေသည်။
(က) အမှတ်ပြ ဝိသေသစောဒနာကို သုံးသပ်ချက်
၄။ စောဒကဆရာတော်များက စုဒိတကတို့သည် ဝိပဿနာရှုရန် ရည်ရွယ်၍ ဟောတော်မူသော ဘဒ္ဒေကရတ္တသုတ်လာ ဂါထာစကားရပ်ဖြင့် ကျန်သမျှ ဗုဒ္ဓဒေသာနာအားလုံးကို ပယ်ရန် ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း ယင်း ဘဒ္ဒေကရတ္တသုတ်လာ ဂါထာများသည် ဝိပဿနာရှုသည့်အခါ ပစ္စုပ္ပန်ကိုသာ ရှုရမည်ဟု ဆိုလို၍ အတိတ် အနာဂတ် မရှိဟူသော အနက်အဓိပ္ပာယ် လုံးဝမထွက်ပါ ဘုရားဟု စောဒနာကြလေရာ ယင်း စောဒနာကို ပါဠိတော်မှ ထုတ်နုတ်၍ စိစစ်သုံးသပ်ရသော် -
အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။
ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ။
ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။
အသံဟီရံ အသံကုပ္ပ၊ တံ ဝိဒွါ မနုဗြူဟယေ။ (မ၊၃၊၂၂၆။)
မြန်မာအကျဉ်း
အတိတ် ခန္ဓာငါးပါးသည် ချုပ်ပျောက်ပြီး ဖြစ်သောကြောင့် အတိတ်ခန္ဓာငါးပါးသို့ (တဏှာဒိဋ္ဌိတို့ဖြင့်) အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာငါးပါးသည် မရောက်သေးသောကြောင့် အနာဂတ်ခန္ဓာငါးပါးကိုလည်း မတောင့်တရာ၊ ပညာရှိသည် ပစ္စုပ္ပန် ခန္ဓာငါးပါး တရားကိုသာ ထိုထိုဖြစ်ဆဲခဏ၌ ဝိပဿနာရှုလျက် (တဏှာဒိဋ္ဌိတို့က) မဆွဲငင်နိုင်အောင် (တဏှာဒိဋ္ဌိတို့ကြောင့်) မပျက်မစီးအောင် ဝိပဿနာဉာဏ်ကို ပွားများအားထုတ်ရာ၏၊
ထိုဂါထာတို့ကို အကျယ်ဝေဖန်ရာ ပါဠိတော်မှ “အတိတ်ကာလ၌ ဤသို့သော ရုပ်အဆင်းရှိသူ ဖြစ်ခဲ့ဖူးပြီ” စသည်ဖြင့် အတိတ်ခန္ဓာငါးပါး၌ တပ်မက် နှစ်သက်နေလျှင် အတိတ်ခန္ဓာငါးပါးသို့ အစဉ်လိုက်သည် မည်ပုံနှင့် ထိုသို့တပ်မက်နှစ်သက်မှု မဖြစ်လျှင် အတိတ်ခန္ဓာငါးပါးသို့ အစဉ်မလိုက်သည် မည်ပုံကိုလည်းကောင်း၊ “အနာဂတ်ကာလ၌ ဤသို့သော ရုပ်အဆင်းရှိသူ ဖြစ်ရလို၏” စသည်ဖြင့် အနာဂတ်ခန္ဓာငါးပါး၌ တပ်မက် နှစ်သက်နေလျှင် အနာဂတ်ခန္ဓာငါးပါးကို မျှော်လင့်တောင့်တနေသည် မည်ပုံနှင့် ထိုသို့ တပ်မက်နှစ်သက်မှု မဖြစ်လျှင် အနာဂတ်ခန္ဓာငါးပါးကို မမျှော်လင့် မတောင့်တသည် မည်ပုံကိုလည်းကောင်း ပစ္စုပ္ပန်ခန္ဓာငါးပါးကို အတ္တစသည်ဖြင့် ရှုနေလျှင် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၌ (တဏှာဒိဋ္ဌိတို့က) ဆွဲငင်အပ်သည် မည်ပုံနှင့် အတ္တ စသည်ဖြင့် မရှုလျှင် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၌ (တဏှာဒိဋ္ဌိတို့က) မဆွဲငင်အပ်သည် မည်ပုံကိုလည်းကောင်း မြတ်စွာဘုရား ဟောကြား ဝေဖန်တော်မူသည်၊ ဤသို့ ဝေဖန်ရာ၌ “န ရူပံ အတ္တတော သမနုပဿတိ” စသည်ဖြင့် ဝိပဿနာရှုပုံကို ထင်စွာပြလျက် ဝေဖန်တော်မူသည်။ (မ၊၃။ ၂၂၆-၂၂၇။)
ယင်းအဋ္ဌကထာ၌လည်း -
တတ္ထ တတ္ထာတိ ပစ္စုပ္ပန္နမ္ပိ ဓမ္မံ ယတ္ထ ယတ္ထေဝ ဥပ္ပန္နော၊ တတ္ထ တတ္ထေဝ စ နံ အနိစ္စာနုပဿနာဒီဟိ သတ္တဟိ အနုပဿနာဟိ ယော ဝိပဿတိ၊ အရညာဒီသု ဝါ တတ္ထ တတ္ထေဝ ဝိပဿတိ (မ၊ဋ္ဌ၊၄၊၁၇၀။)
တတ္ထ တတ္ထ ဟူသည် အကြင် ပစ္စုပ္ပန်တရားသည် အကြင် အကြင်ခဏ၌သာ ဖြစ်၏၊ ထိုပစ္စုပ္ပန်တရားတို့ကိုလည်း ထိုထိုဖြစ်ဆဲခဏ၌သာလျှင် အနိစ္စာနုပဿနာ အစရှိကုန်သော ခုနှစ်ပါးသော အနုပဿနာတို့ဖြင့် အကြင် ပညာရှိသည်။ ဝိပဿနာရှု၏၊ တနည်း -တောအရပ် စသည်တို့တွင် ထိုထို အရပ်၌သာ ဝိပဿနာရှု၏ ဟူ၍ လည်းကောင်း၊
အသံဟီရံ အသံကုပ္ပန္တိ ဣဒံ ဝိပဿနာ ပဋိဝိပဿနာ ဒဿနတ္ထံ ဝုတ္တတံ။ (မ၊ဋ္ဌ၊၄၊၁၇၀။)
ဝိပဿနာရှုခြင်း တစ်ဖန်ဝိပဿနာရှုခြင်းအကျိုးငှာ “အသံဟီရံ အသံကုပ္ပံ”ဟူသော ဤစကားကို ဟောတော်မူအပ်၏ ဟူ၍လည်းကောင်း ဝိပဿနာရှုပုံကိုပင် ဖွင့်ပြတော်မူသည်။
ထို့ကြောင့် ဤ ၂-ဂါထာသည် ဝိပဿနာရှုပုံကို ဟောပြသော ဂါထာများ ဖြစ်ရကား စောဒကဆရာတော်တို့၏ စကားသည် ပါဠိတော်အဋ္ဌကထာတို့နှင့် ညီညွတ်သော စကားသာ ဖြစ်ပေသည်။
(ခ) အမှတ်ပြ ဝိသေသစောဒနာကို သုံးသပ်ချက်
၅။ တစ်ဖန် စောဒကဆရာတော်များက “တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိရူပံ အတီတာနာဂတပစ္စုပ္ပန္နံ” စသော အနတ္တလက္ခဏသုတ်၌ အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါးသေချာစွာ ဟောထားပါသည် ဘုရားဟု စောဒနာကြလေသည်။
ဤစောဒနာလာ သာဓကဖြစ်သော အနတ္တလက္ခဏသုတ်တော်ကို အဖွင့်သံဝဏ္ဏနာတို့နှင့် တိုက်ဆိုင်သုံးသပ်တော်မူကြရာ “အတီတာနာဂတပစ္စုပ္ပန္နံ” ပုဒ်သည် “ရူပံ” ပုဒ်၏ ဝိသေသနဖြစ်ရကား အတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ်ဟု ကာလသုံးပါးဖြင့် ပိုင်းခြားဟောပြတော်မူသည်မှာ ပါဠိတော်ဖြင့်ပင် ပေါ်လွင် ထင်ရှားလှပေသည်။
ထို့ကြောင့် သာရတ္ထဒီပနီဋီကာ၌ -
အထဿ အတီတာဒိဝိဘာဂံ အာရဘတိ အတီတာနာဂတပစ္စပ္ပန္နန္တိ အာဒိနာ၊ (သာရတ္တ၊၃၊၁၈၅။)
ဟု ဖွင့်ပြတော်မူသည်။
အဓိပ္ပာယ်မှာ “ထို့နောင် ထိုရုပ်၏ အတိတ်စသော အပြားကို (ဝါ) အတိတ်၊ အနာဂတ် ပစ္စုပ္ပန်အပြားကို “အတီတာနာဂတပစ္စုပ္ပန္နံ”ဟူသော ပါဌ်ဖြင့် မြတ်စွာဘုရား အားထုတ်ဟောကြားတော်မူသည်”ဟု ဆိုလိုသည်။
ထို့ကြောင့် “အနတ္တလက္ခဏသုတ်၌ အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီ ဟောဆိုထားကြောင်း၊ အတိတ်ခန္ဓာ၊ အနာဂတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါး သေချာစွာ ဟောထားကြောင်း ဟူသော စောဒကဆရာတော်များ၏ စောဒနာသည် ပါဠိတော်နှင့်လည်းကောင်း အဖွင့်ဋီကာနှင့်လည်းကောင်း ညီညွတ်နှီးနှောမိပေသည်။
(ဂ) အမှတ်ပြ တတိယ ဝိသေသစောဒနာကို သုံးသပ်ချက်
၆။ စောဒကဆရာတော်များက ငါးပါးသီလ၏ အကျိုးအပြစ်ကို ပြတော်မူရာမှာပင် ပစ္စုပ္ပန်နှင့် အနာဂတ်အကျိုးအပြစ်တို့ကို ပူးတွဲ၍ ပြတော်မူခဲ့ပါသည်ဟု စောဒနာကြပြီးလျှင် ဒီဃနိကာယ် မဟာဝဂ္ဂ မဟာပရိနိဗ္ဗာန်သုတ်၌ လာသော -
ဣဓ ဂဟပတယော။ ပ။ သီလဝိပတ္တိယာ (ဒီ၊၂၊၇၂-၇၃။)
ဟူသော ပါဠိတော်ကို သာဓကအဖြစ် ထုတ်ဆောင်တင်ပြကြသည်။
ယင်းပါဠိတော်ကို ကြည့်ရှုတော်မူကြရာ ပစ္စုပ္ပန်ဘဝ၌ တွေ့ကြုံရမည့် အပြစ်လေးပါးနှင့် အနာဂတ်ဘဝ၌ တွေ့ကြုံရမည့် အပြစ်တစ်ပါး၊ ဤအပြစ်ငါးပါးတို့ကို မြတ်စွာဘုရား ဟောပြထားသည်ကိုလည်းကောင်း၊ အနာဂတ်၌ အပြန်အားဖြင့် အကျိုးငါးပါးတို့ကို ဟောပြထားသည်ကိုလည်းကောင်း တွေ့ကြရသည်။
ထို့ကြောင့် စောဒကဆရာတော်များ၏ ဝိသေသစောဒနာသည်လည်း ပါဠိတော်နှင့်လည်းကောင်း၊ အဋ္ဌကထာဋီကာတို့နှင့်လည်းကောင်း ညီညွတ်နှီးနှောမိသော စောဒနာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
ဦးဆန္ဒာဓိက၏ သောဓနာကို သုံးသပ်ချက်
၇။ တောင်တွင်းကြီးမြို့ နတ်မှီတောရကျောင်းနေ ဦးဆန္ဒာဓိက၏ သောဓနာကို ခြုံငုံသုံးသပ်သည့်အခါ ဦးဆန္ဒာဓိကသည် တမလွန်ဘဝ ရှိ-မရှိ အတိတ်ဘဝ၊ အနာဂတ်ဘဝ ရှိ-မရှိ ဟူသော အယူနှင့် ပတ်သက်၍ ဘုရားရှင်၏ မျက်နှာတော်ကိုသာ ထောက်ကာ မိမိ၏အယူကို ပြတ်ပြတ်သားသား ဖြေဆိုသင့်လျက် မဖြေဆိုဘဲ မိမိဆရာ ဦးဥက္ကဌ၏မျက်နှာနှင့် ဆရာတူ တပည့်များဖြစ်ကြသည့် သမ္မာဒိဋ္ဌိသုတေသနဝါဒီ ဒါယကာတို့၏ မျက်နှာကိုသာထောက်၍ မပြတ်မသား ဖြေဆိုထားသည်ကိုသာ တွေ့ရ၏၊
မှန်၏ “အတိတ်ဘဝ အနာဂတ်ဘဝ ရှိသည်ဟူသော အယူကို ယူလျှင် မည်သို့သောအကျိုး ဖြစ်ထွန်းမည်ကို သိလိုပါသည်။ အတိတ်အနာဂတ်သည် တပည့်တော်အား သံသယကို ပွားစေပါသည်။ အတိတ်ဘဝ အနာဂတ်ဘဝဆိုသည်မှာ လုံးဝအရေးမကြီးဟုဆိုရန် မဖြစ်နိုင်ရုံသာ ဖြစ်ကြောင်း တွေ့ရပါသည်”ဟူသော စကားရပ်တို့မှာ ဆရာ့မျက်နှာနှင့် ဒါယကာမျက်နှာကို ထောက်၍ အတိတ်ဘဝ၊ အနာဂတ်ဘဝကို ပယ်သယောင်ယောင်ဆိုသော စကားရပ်များ ဖြစ်သည်။
အတိတ်ဘဝ၊ အနာဂတ်ဘဝနှင့် စပ်သည့် အကြောင်းအရာတို့ကို ပြဆိုရာဖြစ်သော ဘုရားဟောဒေသနာများစွာ ရှိနေသဖြင့် လုံးဝလည်း မပယ်ဝံ့ရကား “တပည့်တော်သည် အတိတ် အနာဂတ်ကို အကြောင်းမတန် ငြင်းဆန်နေသည် မဟုတ်ပါ။ သူ့ကာလနှင့် သူ့အင်အားအလိုက် လက်ခံပါသည်၊ ဖြစ်ရပ်ပေါင်းများစွာတို့သည် ဖြစ်ခဲ့ကြ၍ ဖြစ်ရပ်ပေါင်းများစွာတို့သည် ဖြစ်ကြလိမ့်မည်ဆိုသော ဖြစ်ပျက်စဉ်ကြီးကို မည်သူမျှ မငြင်းနိုင်ပါ”ဟူသော စကားရပ်တို့ဖြင့် အတိတ်ဘဝ အနာဂတ်ဘဝ ရှိသည်ဟူသော အယူကို လက်ခံယုံကြည်ကြောင်း ဝန်ခံထားလေသည်။
၈။ ဦးဆန္ဒာဓိက ထုတ်ဆောင်ကိုးကားထားသော သုတ်တို့သည်လည်း အတိတ်ဘဝ၊ အနာဂတ်ဘဝ မရှိ၊ ပစ္စုပ္ပန်တစ်ဘဝသာ ရှိသည်ဟူသော အဓိပ္ပာယ်ကို လုံးဝမပြချေ။ အနည်းငယ် ရှင်းပြဦးအံ့ - ဦးဆန္ဒာဓိက ပထမတင်ပြသည့် ဟေမကလုလင် လျှောက်တင်သော ဂါထာသည် အတိတ်ဘဝ၊ အနာဂတ်ဘဝ မရှိဟူသော အဓိပ္ပာယ်ကို ပြသော ဂါထာမဟုတ်၊ မြတ်စွာဘုရားသာသနာတော် မပေါ်မီ ရှေးအခါက ဗာဝရီစသော ဆရာကြီးများ ဟောပြခဲ့သော ဤသို့ဖြစ်ခဲ့ပြီ၊ ဤသို့ ဖြစ်လိမ့်မည်ဟူသော အယူသည် တစ်ဆင့်ကြားမျှဖြစ်၍ ကာမဝိတက်စသည်ကို တိုးပွားစေတတ်ရကား ထိုအယူအားလုံး၌ (မနှစ်သက်) မမွေ့လျော်ကြောင်းကိုသာ လျှောက်ထားသော ဂါထာဖြစ်သည်။
၉။ ဦးဆန္ဒာဓိက ဒုတိယတင်ပြသည့် ဘဒြကသုတ်သည်လည်း အတိတ်ဘဝ၊ အနာဂတ်ဘဝ မရှိဟူသော အဓိပ္ပာယ်ကို ပြသောသုတ် မဟုတ်၊ ထင်ရှားသော တရားတစ်မျိုးကို သိနားလည်အောင် ဟောပြပြီးနောက် ထိုထင်ရှားသော တရားဖြင့် မထင်ရှားသည့် ကျန်တရားများကို ညွှန်ပြခြင်းသည် သိလွယ်၊ ထင်လွယ် မြင်လွယ်ရကား တရားဆင်နည်း၌ သူမတူအောင် ကျွမ်းကျင်တော်မူသော မြတ်စွာဘုရားသည် ထင်ရှားသည့် ပစ္စုပ္ပန်ကာလ၌ ဆင်းရဲဖြစ်ခြင်း အကြောင်းရင်းကို ဟောပြတော်မူပြီးနောက် မထင်ရှားသည့် အတိတ် အနာဂတ်၌ ဆင်းရဲဖြစ်ခြင်း အကြောင်းရင်းကို ညွှန်ပြ ဟောကြားတော်မူလိုသောကြောင့်သာ အခြေခံစကားကို မိန့်ကြားတော်မူလေသည်။
ထိုသုတ်၌ ဆက်လက် ဟောကြားတော်မူသော အဓိပ္ပာယ်အကျဉ်းချုပ်မှာ “
“ရွာသူကြီး ဥရုဝေဠကပ္ပနိဂုံး၌ သင်နှင့်မစပ်ဆိုင်သူတို့ အသတ်ခံရခြင်း စသည်ကြောင့် သင့်မှာ ပူဆွေးမှု စသည် မဖြစ်ခြင်း, သင်နှင့် သက်ဆိုင်သူတို့ အသတ်ခံရခြင်း စသည်ကြောင့် သင့်မှာ ပူဆွေးမှု စသည် ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း”ဟု မြတ်စွာဘုရားက မေးတော်မူရာ “မစပ်ဆိုင်သူတို့၌ ဆန္ဒရာဂ မရှိခြင်း, စပ်ဆိုင်သူတို့မှာ ဆန္ဒရာဂ ရှိခြင်းကြောင့် ဖြစ်ပါသည်”ဟု ရွာသူကြီးက လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားက “ရွာသူကြီး သင် မြင်ရ သိရ ကာလမခြားဘဲ ရောက်ရ ဉာဏ်ဖြင့် သက်ဝင်ရသော ဤသဘောဖြင့် အတိတ် အနာဂတ်၌ နည်းကို ဆောင်လော့ (အတိတ် အနာဂတ်၌ နည်းမှီး၍ သိလော့) အတိတ်ကာလ၌ ဖြစ်ခဲ့သည့် ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု “ဆန္ဒ” လျှင် အရင်းခံ ရှိ၏၊ လိုချင်မှု “ဆန္ဒ” လျှင် အကြောင်းရင်း ရှိ၏၊ မှန်၏၊ လိုချင်မှု “ဆန္ဒ” သည် ဆင်းရဲ၏၊ အရင်းခံတည်း အနာဂတ်ကာလ၌ ဖြစ်မည့် ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု “ဆန္ဒ” လျှင် အရင်းခံ ရှိ၏၊ လိုချင်မှု “ဆန္ဒ” လျှင် အကြောင်းရင် ရှိ၏၊ မှန်၏၊ လိုချင်မှု ဆန္ဒသည် ဆင်းရဲခြင်း၏ အရင်းခံတည်း”ဟူ၍ ဖြစ်သည်။
ဦးဆန္ဒာဓိက တင်ပြသည့် ဤဘဒြကသုတ်၌ပင် ဘုရားရှင်ကိုယ်တော်တိုင် အတိတ်၊ အနာဂတ်ဘဝတို့၌ ဒုက္ခဖြစ်ခြင်း အကြောင်းရင်းကို ဟောပြထားရကား ဤသုတ်သည် စုဒိတကတို့၏ စကားကို ပယ်ရှား၍ စောဒကဆရာတော်တို့၏ စကားကို ထောက်ခံသော သုတ်သာ ဖြစ်ပေသည်။
၁၀။ ဦးဆန္ဒာဓိက တတိယတင်ပြသည့် သဂါထာဝဂ္ဂသံယုတ် အရညသုတ်လာ “အတီတံ နာနုသောစန္တိ”စသော ဂါထာသည်လည်း အတိတ်လာဘ်ကို မစိုးရိမ်၊ အနာဂတ်လာဘ်ကို မတောင့်တ ပစ္စုပ္ပန်ရသမျှဖြင့် မျှတနေထိုင်သော ရဟန်း၏ သမဏသုခကိုသာပြသော ဂါထာဖြစ်သည်။ အတိတ် အနာဂတ်ဘဝရှိ မရှိ အယူနှင့် မည်သို့မျှ မသက်ဆိုင်ချေ။
၁၁။ ဦးဆန္ဒာဓိက စတုတ္ထတင်ပြသည့် ကောသမုတ္တိသုတ်လာ အဿာသတရား လေးပါးသည်လည်း အတိတ် အနာဂတ်ဘဝ မရှိဟူသော အဓိပ္ပာယ်ပြသော စကားမဟုတ်၊ ထိုစကားရပ်၏ ရှေ့၌ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း လေးပါးတို့ကို ဟောပြတော်မူပြီးလျှင် ထိုကမ္မဋ္ဌာန်းကို ပွားများနေသူသည် ရန်ကင်းသောစိတ်ရှိသူ ကြောင့်ကြကင်းသောစိတ်ရှိသူ၊ မညစ်ညူးသောစိတ် ရှိသူ၊ စင်ကြယ်သောစိတ် ရှိသူ၊ အရိယာတပည့် မည်၏၊ ထိုအရိယာတပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာလေးမျိုးကို ရနိုင်ပုံကိုသာ ဟောပြသော စကားရပ် ဖြစ်သည်။
၁၂။ ထို့နောက် ဦးဆန္ဒာဓိက,က “အတီတံ နာနွာဂမေယျ”စသော ဂါထာနှင့် စပ်၍ စောဒကဆရာတော်များ၏ စကားကို ချေပထားသော်လည်း ဆိုလိုရင်းကို ထိမိအောင် မချေပနိုင်သဖြင့် ထိုစကားကို သီးခြားမသုံးသပ်တော့ဘဲ နောက်လာမည့် သောဓနာနှင့် ပေါင်း၍ သုံးသပ်ကြပေအံ့။
သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ သောဓနာကို သုံးသပ်ချက်
၁၃။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် ဥက္ကဌ ဦးခင်ဟန်က သောဓနာရာ၌ “ဗုဒ္ဓဝါဒသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃-ပါးနှင့် ယှဉ်၍ ဟောတော်မူသော ဝါဒဖြစ်ပါသည်”ဟု စောဒကဆရာတော်များက ဝန်ခံထားပါသည် ဘုရားဟု သောဓနာလေသည်။
ဤသောဓနာကို ဘုရားဟောပိဋက၌ သွင်းချစိစစ်သည့်အခါ စုဒိတကတို့ကိုးကားသော ဘဒြကသုတ်၌ပင် ပစ္စုပ္ပန်ကာလ၌ ဒုက္ခဖြစ်ခြင်း အကြောင်းရင်းကို ဟောကြားတော်မူပြီးနောက် အတိတ်အနာဂတ်ကာလတို့၌ ဒုက္ခဖြစ်ခြင်း အကြောင်းအရင်းကိုလည်း ရှင်းလင်း ဟောပြထားသည်ကို တွေ့ရ၏၊ ဤသုတ် အဆိုကို ရှေ့၌ ရှင်းပြခဲ့ပြီး ဖြစ်၏၊
၁၄။ အနတ္တလက္ခဏသုတ်၌ လာသော “ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ” စသော စကားဖြင့်လည်း အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃-ပါးနှင့် ယှဉ်၍ ဟောထားသည်ကို တွေ့ရ၏၊ ဘဒ္ဒေကရတ္တသုတ်လာ ၂-ဂါထာ၌လည်း ကာလ ၃-ပါးလုံးကိုပင် ဟောပြထားသည်ကို တွေ့ရ၏၊
ထို့ပြင် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ဉာဏဝတ္ထုသုတ် နှာ-၂၈၉ ၌ “အတိတ်ကာလ၌ ဇရာမရဏကို သိကုန်၊ ဇရာမရဏဖြစ်ကြောင်းကို သိကုန်၊ ဇရာမရဏချုပ်ရာကို သိကုန်၊ ဇရာမရဏချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို သိကုန်ပြီးသော သမဏဗြဟ္မဏတို့သည် ယခုအခါ၌ ငါသိသကဲ့သို့ ဤအတူသာ သိခဲ့ကြပြီ၊ အနာဂတ်ကာလ၌ ဇရာမရကို။ ပ။ ဇရာမရဏချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို သိကုန်လတ္တံ့” စသည်ဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်အားဖြင့် ဝေဖန်ပုံကိုလည်းကောင်း၊
ဒုတိယဉာဏဝတ္ထုသုတ် နှာ -၂၉၁၊ဉာဏဝတ္ထု (၇၇)ပါးကို ဝေဖန်ရာ၌ ဇာတိဟူသော အကြောင်းကြောင့် ဇရာမရဏ ဖြစ်၏ဟု သိသောဉာဏ်၊ ဇာတိမရှိခဲ့သော ဇရာမရဏ မရှိဟု သိသောဉာဏ်ဟု ပစ္စုပ္ပန်ဉာဏ် ၂-ပါး၊ ထို့အတူ အတိတ်ဉာဏ် ၂-ပါး၊ အနာဂတ်ဉာဏ် ၂-ပါး၊ ထိုပုဂ္ဂိုလ်၏ ဓမ္မဒိဋ္ဌိဉာဏ်သည်လည်း ကုန်ခြင်း, ပျက်ခြင်း, ကင်းပြတ်ခြင်း, ချုပ်ခြင်းသဘော ရှိ၏ဟု သိသောဉာဏ် ၁-ပါး အားဖြင့် “ဇာတိပစ္စယာ ဇရာမရဏံ”၌ ဉာဏ် ၇-ပါး၊ ဝေဖန်တော်မူ၍ ကြွင်းသော “ဘဝပစ္စယာ ဇာတိ” စသော ၁၀-ပုဒ်တို့၌လည်း ဤအတူ ဉာဏ် ၇-ပါးစီ ဝေဖန်တော်မူပုံကိုလည်းကောင်း တွေ့ရ၏၊
ထို့ပြင် နိဒါနဝဂ္ဂသံယုတ် သမ္မသသုတ် ၃၃၁-၃၃၂-၃၃၃ ၌ “အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလ၌ ချစ်အပ်၊ သာယာအပ်သော စက္ခုစသော အဇ္ဈတ္တိကာယတနတို့ကို အနိစ္စစသောအားဖြင့် ရှုပြီး ရှုလတ္တံ၊ ရှုဆဲသော သမဏဗြဟ္မဏတို့သည် တဏှာဥပဓိ ဒုက္ခတို့ကို ပွားစေပြီး၊ ပွားစေလတ္တံ့၊ ပွားစေဆဲဖြစ်၍ ဇာတိစသော ဆင်းရဲမှ မလွတ်ကင်းနိုင်ကြသူများဟု ငါဟော၏” စသည်ဖြင့် ကာလ ၃-ပါး ဝေဖန်ဟောကြားပုံကို တွေ့ရ၏၊
ဤအတူ အတိတ်အနာဂတ် ပစ္စုပ္ပန် ကာလ-၃ပါးနှင့် ယှဉ်၍ ဟောတော်မူသော ဒေသနာတော်တို့ကား နိကာယ်ငါးရပ်၌ များစွာရှိပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုက်သည့်အားလျော်စွာ ကာလ-၃ပါး ဝေဖန်ဟောကြားတော်မူသည်မှာ ထင်ရှားလှပေသည်။
၁၅။ တစ်ဖန် “တပည့်တော်များအား ဤ ဝိပဿနာ စကားရပ်ဖြင့် ကျန်သမျှ ဗုဒ္ဓဒေသနာအားလုံးကို ပယ်ရန် ကြိုးစားနေသူများ ဟူ၍ စွပ်စွဲထားပါသည်။ တပည့်တော်များသည် ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်များဖြစ်၍ စစ်မှန်သော ဗုဒ္ဓဒေသနာတော်များကို ကြိုဆိုလျက် ဗြဟ္မဏဒေသနာများနှင့် ရောထွေးနေသော အတုအယောင် ကျမ်းဂန်များကို လက်ခံခြင်း မပြုမိရန် ဂရုစိုက်နေသူများ ဖြစ်ပါသည်။” ဟူသော သောဓနာကို သုံးသပ်ရာ၌ ဤသောဓနာလွှာ နောက်ပိုင်း၌ပင် ဘဒြကသုတ်ဝယ် ပစ္စုပ္ပန်အတိတ် အနာဂတ် ကာလသုံးပါးစုံလင်စွာ ဟောထားပါလျက် အတိတ်ဟူ၍လည်းကောင်း၊ အနာဂတ်ဟူ၍လည်းကောင်း။ ပ။ လုံးဝပါဝင်ခြင်း မရှိဘဲ သန္ဒိဋ္ဌိက အကာလိက အနေနှင့် မျက်မှောက် ပစ္စက္ခကိုသာ ဟောဖော်ညွှန်ပြထားပါသည် ဘုရားဟု ဘဒြကသုတ်လာ အတိတ် အနာဂတ်ဆိုင်ရာ တရားများကို ပယ်ရှားထားသည်ကို တွေ့မြင်ရခြင်းကြောင်း စုဒိတကတို့သည် စောဒကဆရာတော်များ စွဲဆိုသည့်အတိုင်း မိမိတို့ဝါဒနှင့် မကိုက်ညီသည့် ဘုရားဟောဒေသနာတော်များကို ဖယ်ရှားရန် ကြိုးစားနေသူများ ဖြစ်ကြသည်မှာ လွန်စွာ ထင်ရှားပေသည်။
“ဗြဟ္မဏဒေသနာများနှင့် ရောထွေးနေသော အတုအယောင် ကျမ်းဂန်များကို လက်မခံမိရန် ဂရုစိုက်နေသူများဖြစ်ပါသည်”ဟူသော စကားသည်လည်း ထေရဝါဒပိဋကတ်တော်များကို ဗုဒ္ဓဘာသာဝင်တို့ ယုံမှားသံသယဖြစ်အောင် ကြံဆောင်တင်ပြသော စကားသာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ ယူဆတော်မူကြသည်။ အကြောင်းမှာ စောဒနာ အမှတ် ၆ နှင့် အမှတ် ၂၁ ကိုစိစစ်ရာ၌ ဖော်ပြလတ္တံအတိုင်း ထေရဝါဒပိဋကတ်တော်သည် စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော ပိဋကတ်တော်များသာ ဖြစ်၍ အတုအယောင်ကျမ်းများ ပါဝင်ခြင်းမရှိသောကြောင့် ဖြစ်သည်သာမက ပိဋကတ်စာပေကို မတတ်ပါဟု တစာစာ ဝန်ခံထားပြီး ဘာသာ သာသနာရေးကိုလည်း ဆေးတစ်အိုးကျွမ်း ကွမ်းတစ်ယာညက်မျှသာ လေ့လာချိန် ရပါသည်ဟု မိမိတို့အပြစ်ကို ဝန်ခံထားသော သမ္မာဒိဋ္ဌိသုတေသီဆိုသူများက လေးနက်သိမ်မွေ့လှသော ပါဠိတော်များကို ဘယ်ဟာက ဗုဒ္ဓဝါဒစစ်စစ်၊ ဘယ်ဟာက ဗြဟ္မဏဝါဒဟု စိစစ်နေပါသည်ဟု ပြောသောစကားသည် အမြီးအမောက်မတဲ့၊ ရှေ့စကား နောက်စကား မညီညွတ်၊ ဟန်ဆောင်ဝါကြွား လှည့်စားနေရင်း ရှေ့ကဖုံး နောက်ကပေါ်ဆိုဘိသကဲ့သို့ ရှိချေသည်။
၁၆။ ထို့ပြင် စုဒိတက ဦးခင်ဟန်က “ဘဒ္ဒေကရတ္တသုတ်ကို ရှေ့နောက်ညီညွတ်စွာ တင်ပြထားခြင်းကို မတွေ့ရဘဲ ဒုတိယစာပိုဒ်ကို ပထမ၊ ပထမစာပိုဒ်ကို ဒုတိယ တင်ပြပြီး၊ တတိယစာပိုဒ်ကို ချန်လှပ်ထားခြင်းသည် မရိုးသားသော စောဒကဆရာတော်များ၏ စိတ်နေသဘောထားကို ဖော်ပြထားသလို ဖြစ်နေပါသည် ဘုရား”ဟု ချေပ သောဓနာပြန်သည်။
ဤသောဓနာကို စောဒနာစကားနှင့် စပ်၍ သုံးသပ်စိစစ်သည့်အခါ စောဒကဆရာတော်များသည် “ဝိပဿနာရှုရာ၌ ပစ္စုပ္ပန်ခန္နာကိုသာ ရှုရမည်”ဟူသော မိမိတို့ တင်ပြလိုသည့် ပဓာနစကားကို ရှေ့ထား၍ အပဓာနစကားကို နောက်ထားတင်ပြခြင်း ဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် ရှေ့နောက်ပြန်၍ ဖော်ပြခြင်းကို အပြစ်မဆိုသာချေ။
စောဒကဆရာတော်များ၏ စောဒနာကို တတိယဂါထာကို မဖော်ပြဘဲ ပထမ၊ ဒုတိယ နှစ်ဂါထာကိုသာ ဖော်ပြစောဒနာခြင်း၏ အကြောင်းရင်းကို ရှာဖွေ စိစစ်တော်မူကြရာ ဦးဥက္ကဌ၏ ဗုဒ္ဓလမ်းစဉ် စာအုပ် နှာ-၂၅ ၌ “တစ်ဖန် ဗုဒ္ဓသည် အနာဂတ်သမား မဟုတ်၊ စင်စစ် ပစ္စုပ္ပန်သမားဖြစ်သော အချက်မှာ ဥပရိပဏ္ဏာသပါဠိတော် ဘဒ္ဒေကရတ္တသုတ် ပါဠိတော်အရ ငြင်းချက် မထွက်နိုင်အောင် ထင်ရှားလှချေသည်”ဟူသော စာပိုဒ်ကို ရေးသား၍ “အတီတံ နာနွာဂမေယျ” စသော ၂-ဂါထာကို ကိုးကားဖော်ပြထားသည်ကို တွေ့ရ၏၊ စောဒနာခြင်း ဖြစ်သောကြောင့် ဌပနာ၌ပါသည့် နှစ်ဂါထာကိုသာ ဖော်ပြ စောဒနာကြခြင်း ဖြစ်ရကား ဌပနာနှင့် မပတ်သက်သော တတိယဂါထာကို ချန်ထားသည်ကို အပြစ်ဆိုရန် မရှိချေ။ တတိယဂါထာသည် စောဒနာရမည့် ဌပနာ၌ မပါခြင်းကြောင့် ယင်းနှင့်ပတ်သက်၍ ချေပသည့် “အမှုကိစ္စကို ဆောင်ရွက်ရာ၌လည်း ပုခက်နှင့် အသုဘခေါင်းကြား ကာလ” စသော သောဓနာစကားရပ်လည်း စောဒနာနှင့် မပတ်သက်၍ ယင်းကို စိစစ်ရန် မလိုတော့ချေ။
၁၇။ တစ်ဖန် စုဒိတက ဦးခင်ဟန်က သဠာယတနဝဂ္ဂသံယုတ် ဘဒြကသုတ်၌ လာသော “အဟေဉ္စတေ ဂါမဏိ” စသော စကားကို သာဓကအဖြစ် ထုတ်ဆောင်၍ ဤဘဒြကသုတ်တွင် အတိတ်ဟူ၍လည်းကောင်း၊ အနာဂတ်ဟူ၍လည်းကောင်း၊ ဝိပဿနာရှုဆဲ ပစ္စုပ္ပန်ဟူ၍လည်းကောင်း လုံးဝပါဝင်ခြင်းမရှိဘဲ သန္ဒိဋ္ဌိက အကာလိကအနေနှင့် မျက်မှောက်ပစ္စက္ခကိုသာ ဟောဖော်ညွှန်ပြထားပါသည် ဘုရားဟု သောဓနာပြန်လေသည်။
ဤသောဓနာ၌ စုဒိတကတို့ သာဓကအဖြစ် ထုတ်ဆောင်တင်ပြသော စကားရပ်သည် ထိုသုတ်၏ ပဋိညာဉ် ပလ္လင်ခံစကားမျှသာ ဖြစ်သည်။ ပဓာနတရားကို ဟောကြားရာ၌ ကာလသုံးပါး စုံလင်စွာ ဟောပြထားပုံကို ဦးဆန္ဒာဓိက၏ သောဓနာကို စိစစ်ရာ၌ ဖော်ပြပြီး ဖြစ်၏၊
ဤသို့ ဘဒြကသုတ်၌ မြတ်စွာဘုရားသည် ပစ္စုပ္ပန်အတိတ်အနာဂတ် ကာလသုံးပါး၌ ဒုက္ခဖြစ်ခြင်း အကြောင်းရင်းကို စုံလင်စွာ ဟောပြထားပါလျက် ထင်ရှားသည့် ပစ္စုပ္ပန်ဖြင့် ကြွင်းကျန်သည့် ကာလကို ညွှန်ပြ၍ လွယ်ကူအောင် ဝန်ခံသော ပဋိညာဉ်စကားများကို ဖော်ပြလျက် လိုရင်းအချက်ကို ကွယ်ဝှက်ဖုံးဖိကာ “အတိတ် အနာဂတ်ဟူ၍ လုံးဝပါဝင်ခြင်း မရှိဘဲ သန္ဒိဋ္ဌိက အကာလိကအနေနှင့် မျက်မှောက်ပစ္စက္ခကိုသာ ဟောဖော်ညွှန်ပြထားပါသည် ဘုရား”ဟု မဟုတ်မမှန် တင်ပြခြင်းဖြင့်ပင် ဦးဥက္ကဌနှင့် သူ၏နောက်လိုက်တို့သည် ဘုရားဟောသုတ္တန် တစ်စိတ်တစ်ဒေသကိုသာ ဖော်ပြလျက် ကျန်သမျှ ပိဋကတ်တော်များကို ပယ်ရှားဖျက်ဆီးရန် ကြိုးစားနေကြသည်မှာ လွန်စွာထင်ရှားနေပေသည်။
“ဝိပဿနာရှုဆဲ”ဟု မပါသည်မှာကား ဤဘဒြကသုတ်သည် ဝိပဿနာရှုပုံကို ပြသောသုတ် မဟုတ်ခြင်းကြောင့် မပါခြင်း ဖြစ်သည်။
(ခ) ဒုတိယ ဝိသေသစောဒနာနှင့် သောဓနာကို သုံးသပ်ချက်
၁၈။ စောဒကဆရာတော်များက “တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ” စသော အနတ္တလက္ခဏသုတ်၌ အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီ ဟောဆိုထားပါသည် ဘုရား၊ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါး သေချာစွာ ဟောထားပါသည် ဘုရားဟု စောဒနာကြသည်။
ဤစောဒနာကို ဦးခင်ဟန်က ချေပရာ၌ “စောဒကဆရာတော်များ ကိုးကားသော အနတ္တလက္ခဏသုတ်မှာ အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီဟောဆိုထားချက်သည် လည်းကောင်း၊ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါး ဒွေးရောယှက်တင် ဟောဆိုထားချက်သည်လည်းကောင်း မမှန်ကန်သော စကားဖြင့် ဗုဒ္ဓရှင်တော်မြတ်ကို ကာလသုံးပါးဖြင့် ဆက်စပ်ဟောကြားသော နာဋပုတ္တနိဂဏ္ဌနှင့် တစ်တန်းစားတည်းထားရှိ စွပ်စွဲထားကြောင်း၊ အနတ္တလက္ခဏသုတ်၌ ရုပ်များကို အတိတ် အနာဂတ်၊ ပစ္စုပ္ပန်အဖြစ် တစ်ပြေးညီ ဟောဆိုထားခြင်း မဟုတ်ဘဲ အတိတ်ရုပ်ဖြစ်စေ၊ အနာဂတ်ရုပ်ဖြစ်စေ၊ ပစ္စုပ္ပန်ရုပ်ဖြစ်စေ ရုပ်ဟူသမျှအားလုံးကို မှန်ကန်သော အသိ သမ္မာဒိဋ္ဌိဖြင့် ရှုအပ်၏ဟု ဆိုလိုရင်း ဖြစ်ကြောင်း “သဗ္ဗံ ရူပံ” ဆိုသည်မှာ အတိတ်ခန္ဓာရူပ အနာဂတ်ခန္ဓာရူပနှင့် ပစ္စုပ္ပန်ခန္ဓာရူပကို ဆိုလိုသည် မဟုတ်ပါ။ အနတ္တလက္ခဏသုတ်တွင် ဖော်ပြထားသော ၁၁-ချက်သော ရူပကိုသာ ဆိုလိုကြောင်း ချေပသောဓနာလေသည်။
ဤစောဒနာ သောဓနာ ၂-ရပ်၌ တင်ပြထားသော အနတ္တလက္ခဏသုတ်တော်ကို သေချာစေ့စပ် သုံးသပ် ဆင်ခြင်တော်မူကြရာ “အတီတာနာဂတပစ္စုပ္ပန္နံ”ဟူသော ပုဒ်သည် “ရူပံ”ဟူသော ပုဒ်၏ ဝိသေသန ဖြစ်ရကား “အတိတ်ရုပ် အနာဂတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်”ဟု အနက်အဓိပ္ပာယ် ထွက်လေသည်။ ထို့ကြောင့် “အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီ ဟောဆိုထားပါသည်”ဟူသော စောဒကဆရာတော်တို့၏ စောဒနာသည် ပါဠိတော်နှင့် ညီညွတ်နှီးနှောမိသည်ကို တွေ့ရသည်။
ပါဠိတော်၌ပင် ဘုရားရှင်ကိုယ်တော်တိုင် “အတိတ်ရုပ် အနာဂတ်ရုပ် ပစ္စပ္ပန်ရုပ်”ဟု တိုက်ရိုက် ထင်ရှား ဟောကြားထားပါလျက် ယင်းအချက်သည် မမှန်သော စကားဖြင့် ဘုရားရှင်ကို နိဂဏ္ဌနှင့် တစ်တန်းတစ်စားတည်း ထားရှိ စွပ်စွဲရာရောက်သည်ဟု တင်လိုက်သော အပြစ်သည် စောဒကဆရာတော်များအပေါ်သို့ မရောက်ဘဲ စုဒိတကဖြစ်သော ဦးခင်ဟန် စသူတို့ အပေါ်သို့သာ ပြန်ရောက်ချေသည်။
“အတိတ်ရုပ်ဖြစ်စေ၊ အနာဂတ်ရုပ်ဖြစ်စေ၊ ပစ္စုပ္ပန်ရုပ်ဖြစ်စေ၊ ရုပ်ဟူသမျှအားလုံးကို မှန်ကန်သောအသိ သမ္မာဒိဋ္ဌိဖြင့် ရှုအပ်၏ဟု ဆိုလိုရင်း ဖြစ်ပါသည်”ဟူသော မိမိ (စုဒိတက)တို့၏ စကားရပ်ဖြင့်ပင် “ရုပ်များကို အတိတ် အနာဂတ် ပစ္စုပ္ပန်အဖြစ် တစ်ပြေးညီ ဟောဆိုထားခြင်း မဟုတ်”ဟူသော ရှေ့စကားနှင့် “သဗ္ဗံ ရူပံဆိုသည်မှာ အတိတ်ခန္ဓာရူပ၊ အနာဂတ်ခန္ဓာရူပနှင့် ပစ္စုပ္ပန်ခန္ဓာရူပကို ဆိုလိုသည် မဟုတ်ပါ”ဟူသော နောက်စကားများကို ပယ်ရှားလျက် စောဒကဆရာတော်များ၏ စကားကို ဝန်ခံပြီး ဖြစ်ချေသည်ကို မိမိစကားကိုပင် လက်နှင့်ရေး ခြေနှင့်ဖျက် ဆိုဘိသကဲ့သို့ ဖြစ်နေပေသည်။
“သဗ္ဗံ ရူပံ” ဆိုသည်မှာ အတိတ်ခန္ဓာရူပ၊ အနာဂတ်ခန္ဓာရူပနှင့် ပစ္စုပ္ပန်ခန္ဓာရူပကို ဆိုလိုသည် မဟုတ်ပါ၊ အနတ္တလက္ခဏသုတ်တွင် ဖော်ပြထားသော ၁၁-ချက်သော ရူပကိုသာ ဆိုလိုရင်း ဖြစ်ပါသည် ဘုရား”ဟူသော ချေပချက်သည်လည်း သုတ္တန်၏ အဓိပ္ပာယ်ကို မသိ၍ ဆိုမိသော ချေပချက်သာ ဖြစ်သည်။ ရှင်းပြဦးအံ့။
“တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ” စသော ဝါကျ၏ ဆိုလိုရင်း အဓိပ္ပာယ် မှာ ရုပ်သည် ကာလအားဖြင့် အတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ် ဟူ၍ သုံးမျိုးပြား၏၊ ထိုကာလသုံးပါးဖြင့် သိမ်းယူလိုက်လျှင် ရုပ်ဟူသမျှ အကုန်ပါဝင်သွားတော့သည်၊ ထိုရုပ်သုံးမျိုးမှ တပါး ရုပ်မရှိတော့ချေ။ ထိုအတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ် သုံးမျိုးကိုပင် “သဗ္ဗံ ရူပံ” အားလုံးသော ရုပ်ဟု ဆိုသည်၊ ထိုအတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ် “ဤရုပ်သည် ငါ့ဥစ္စာမဟုတ် ဤရုပ်သည် ငါမဟုတ် ငါ၏ အတ္တမဟုတ်”ဟူ၍ ဟုတ်မှန်သည့် အတိုင်း မှန်ကန်သော ဝိပဿနာ ပညာ မဂ်ပညာဖြင့် ရှုရမည်။
သန္တာန်အားဖြင့် အတွင်းရုပ် အပြင်ရုပ်ဟူ၍ နှစ်မျိုးပြား၏၊ ထို သန္တာန်နှစ်ပါးဖြင့် သိမ်းယူလိုက်လျှင် ရုပ်ဟူသမျှအကုန် ပါဝင်သွားတော့၏၊ ထိုရုပ်နှစ်မျိုးမှတပါး ရုပ် မရှိတော့ချေ၊ ထိုအတွင်းရုပ် အပြင်ရုပ် နှစ်မျိုးကိုပင် “သဗ္ဗံ ရူပံ” အားလုံးသော ရုပ်ဟု ဆိုသည်၊ ထိုအတွင်းရုပ် အပြင်ရုပ်အားလုံးကို “ဤရုပ်သည် ငါ့ဥစ္စာမဟုတ် စသည်ဖြင့် ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုရမည်၊ ထို့အတူ ရုပ်ကြမ်း ရုပ်နု အားဖြင့် နှစ်မျိုး ရုပ်ညံ့ ရုပ်ကောင်းအားဖြင့် နှစ်မျိုး၊ အဝေးရုပ် အနီးရုပ်အားဖြင့် နှစ်မျိုးစီ ပြား၏၊ ထို အကြမ်း အနု စသည်သိမ်းယူလိုက်လျှင် ရုပ်ဟူသမျှ အကုန်ပါဝင်သွားတော့၏၊ ထိုနှစ်မျိုးမှ တပါး ရုပ်မရှိတော့ချေ၊ ထိုရုပ်ကြမ်း ရုပ်နုနှစ်မျိုး၊ ရုပ်ညံ့ ရုပ်ကောင်းနှစ်မျိုး၊ အဝေးရုပ် အနီးရုပ်နှစ်မျိုးစီကိုပင် “သဗ္ဗံ ရူပံ” အားလုံးသော ရုပ်ဟု ဆိုသည်။ ထိုရုပ်ကြမ်း ရုပ်နုအားလုံး၊ ရုပ်ညံ့ရုပ်ကောင်းအားလုံး၊ အဝေးရုပ် အနီးရုပ်အားလုံးကို “ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်” စသည်ဖြင့်။ ပ။ ရှုရမည်၊ ဤသို့ ဆိုလိုရင်း ဖြစ်သည်။
ထို့ကြောင့် “သဗ္ဗံ ရူပံ” ဆိုသည်မှာ အတိတ်ခန္ဓာ ရူပ။ ပ။ ပစ္စုပ္ပန် ခန္ဓာရူပကို ဆိုလိုသည် မဟုတ်ပါ စသည်ဖြင့် စုဒိတကတို့က ချေပခြင်းသည် စကားဖြစ်ရုံမျှသာ ရှိသည်၊ စောဒကဆရာတော်တို့၏ စကားကို လှုပ်ချောက်ချားခြင်းငှာ မတတ်နိုင်ချေ။
တစ်ဖန် စုဒိတက ဦးခင်ဟန်တို့ က “စောဒကဆရာတော်များ၏ တင်ပြချက်တွင် “အနတ္တလက္ခဏသုတ်၌ ဟောသော အတိတ် အနာဂတ်ကိုပယ်ပြန်၏ ”ဟူသော စွဲချက်သည် မှားယွင်းစွာ စွပ်စွဲခြင်းသာ ဖြစ်ပါသည်” စသည်ဖြင့် ချေပသောဓနာပြန်သည်။
ဤစောဒနာစကားရပ်သည်ကား သာမညစောဒနာလွှာအစ၌ ဖော်ပြထားသော (က) (ခ) (ဂ) (ဃ) အမှတ်ပြ စုဒိတကတို့၏ အတိတ် အနာဂတ် ပယ်ရှားသည့် စကားများကို ရည်ညွှန်းသည့် စောဒနာ ဖြစ်ရကား မှားယွင်းစွာ စွပ်စွဲခြင်း မဖြစ်နိုင်ချေ။ ထို (က) (ခ) (ဂ) (ဃ) အမှတ်ပြစကားရပ်တို့ကို ကြည့်ရှုရုံမျှဖြင့်ပင် စောဒကဆရာတော်များ၏ စွဲချက် မှန်ကန်သည်ကို သိနိုင်ပေသည်။
(ဂ) တတိယ ဝိသေသစောဒနာနှင့် သောဓနာကို သုံးသပ်ချက်
၁၉။ တစ်ဖန် စောဒကဆရာတော်များက ငါးပါးသီလ၏ အကျိုးအပြစ်ကို ပြတော်မူရာမှာပင် ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးအပြစ်တို့ကို ပူးတွဲ၍ ပြတော်မူခဲ့ပါသည်ဟု စောဒနာကြပြီးလျှင် ဒီဃနိကာယ် မဟာဝဂ္ဂ မဟာပရိနိဗ္ဗာနသုတ် ၇၂-၇၃-၌ လာသော “ဣဓ ဂဟပတယော ဒုဿီလော သီလော သီလဝိပန္နော” စသော ပါဠိတော်နှင့် မြန်မာပြန်ကို သာဓကအဖြစ် ထုတ်ဆောင် တင်ပြကြသည်။
ဤစောဒနာကို စုဒိတက ဦးခင်ဟန်တို့ကချေပရာ၌-
(က) စောဒကဆရာတော်များ၏ စွဲချက်တွင် အတိတ်မှပစ္စုပ္ပန် ပစ္စုပ္ပန်မှအနာဂတ်ဟူသော ကာလသုံးပါးကို ဗုဒ္ဓရှင်တော်မြတ်သည် တစ်ပြေးညီ ဟောဆိုထားပါသည်ဟု ဖော်ပြထားပါသည်၊ ဤဖော်ပြချက်သည် ဗုဒ္ဓရှင်တော်မြတ်၏ ဓမ္မဂုဏ်ကို ဖျက်ဆီးရာ ရောက်နေကြောင်း ဗုဒ္ဓမြတ်စွာ၏ ဓမ္မဂုဏ်တွင် အတိတ် အနာဂတ် ပစ္စုပ္ပန် ဟုဟောဖော် ညွှန်ပြခြင်း မရှိဘဲ သန္ဒိဋ္ဌိက အကာလိက အနေနှင့်သာလျှင်ညွှန်ပြလေ့ ညွှန်ပြထားရှိကြောင်း။
(ခ) စောဒကဆရာတော်များ တင်ပြထားသော ထိုမဟာဝဂ္ဂပါဠိတော် မြန်မာပြန်မှာ အနာဂတ်ကိုသာ ညွှန်း၍ ပြဆိုနေသဖြင့် ဗုဒ္ဓရှင်တော်မြတ်အား အနာဂတ်ညွှန်ကြား ဘုရားအဖြစ်သို့ တွန်းပို့နေသဖြင့် စောဒကဆရာတော်များ၏ မြန်မာပြန်ဆိုမှုသည် အနာဂတ်ညွှန် ဘုရားအဖြစ်သို့ တွန်းပို့နေသော တွန်းအားကြီးတစ်ခု ဖြစ်နေကြောင်း
ဟု ချေပသောဓနာကြသည်။
၂၀။ ဤစောဒနာ၌ ဖော်ပြထားသော မဟာပရိနိဗ္ဗာနသုတ်ပါဠိတော်၌ ငါးပါးသီလ၏ အကျိုးအပြစ်ဟု တိုက်ရိုက် ဖော်ပြထားခြင်းမရှိပေ။
ဥပါသကာတို့ သီလမရှိသူ၏ သီလပျက်ခြင်း၌ ဤငါးပါးသော အပြစ်တို့သည် ရှိကုန်၏၊
ဥပါသကာတို့ သီလရှိသူ၏ သီလပြည့်စုံခြင်း၌ ဤငါးပါးသော အကျိုးအာနိသင်တို့သည် ရှိကုန်၏၊
ဟု သီလပျက်စီးခြင်း၌ အပြစ်နှင့် သီလပြည့်စုံခြင်း၌ အကျိုးကို သာမညအားဖြင့်သာ ဟောတော်မူသည်၊ ဤသုတ်၌ “သီလဟူသည် မည်သူ၏ မည်သည့်သီလကို ဆိုလိုသနည်းဟူမူ “ဂဟပတယော-ဥပါသကာတို့” ဟူသော အာလုပ် ပုဒ်ကိုထောက်၍ ဂဟပတိခေါ် လူဥပါသကာတို့၏ သီလကိုဆိုလိုကြောင်း သိသာပေသည်၊ ထို လူဥပါသကာတို့၏ သီလဟူသည်လည်း အင်္ဂုတ္တရ ပဉ္စကနိပါတပါဠိ ဝေရသုတ် နှာ-၁၈၀၊ အင်္ဂုတ္တရ အဋ္ဌကနိပါတပါဠိ မဟာနာမသုတ် နှာ-၅၆၊ ဇီဝကသုတ် နှာ-၅၇၊ မဟာဝဂ္ဂသံယုတ် နှာ-၃၄၅တို့၌ မြတ်စွာဘုရား ဟောတော်မူသော ငါးပါးသီလပင် ဖြစ်ပေသည်၊ ထို့ကြောင့် ဒီဃနိကာယ်အဋ္ဌကထာ(၁၂၈) မဟာပရိနိဗ္ဗာနသုတ်၌-
ဣဒဉ္စ သုတ္တံ ဂဟဋ္ဌာနံ ဝသေနံ အာဂတံ-
ဤသုတ်သည်ကား အိမ်၌တည်သူ လူဝတ်ကြောင်တို့၏ အစွမ်းဖြင့် လာသည်ဟု ဖွင့်ပြတော်မူသည်။
ဤသို့ဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာတို့ကိုထောက်၍ စောဒကဆရာတော်များက ငါးပါးသီလ၏ အကျိုးအပြစ်ဟု ပြဆိုခြင်း ဖြစ်သောကြောင့် စောဒကဆရာတော်များ စကားသည် ပါဠိတော်အဋ္ဌကထာများနှင့် ညီညွတ်နှီးနှောမိ၍ မှန်ကန်သောစကားသာ ဖြစ်ပေသည်။
ဤသို့ လူဥပါသကာတို့အတွက် တိုက်ရိုက်ဟောပြသော ဒေသနာဖြစ်သော်လည်း ရဟန်းတော်များ အတွက်ပါ ထည့်သွင်းယူနိုင်ကြောင်းကိုလည်း ယင်းအဋ္ဌကထာ၌ “ပဗ္ဗဇိတာနမ္ပိပနလဗ္ဘ တေဝ”ဟူ၍ ဆက်လက်ဖွင့်ပြတော်မူလေသည်။
(က) အမှတ်ပြ သောဓနာသည် စောဒနာနှင့် လုံးဝ မသက်ဆိုင်ချေ၊ မြတ်စွာဘုရား ၄၅-ဝါ ကာလပတ်လုံး ဟောကြားတော်မူသော တရားတော်များသည် အတိတ် အနာဂတ် ပစ္စုပ္ပန်နှင့် ဆက်ဆံသော တရားတော်များကိုသာ ဆက်ဆံသည့် အားလျော်စွာ ကာလကို သုံးသပ်၍ ဟောပြတော်မူသည်၊ ကာလကို သုံးသပ်ဖွယ် မလိုရာ၌ အဘယ်မှာ သုံးသပ်၍ ဟောကြားမည်နည်း၊ ၄၅-ဝါ ပတ်လုံး ဟောကြားသည့် တရားဟူသမျှ၌ ကာလသုံးပါး ပါရှိရမည်ဟု ဆိုလျှင် သူရူး၏စကားသာ ဖြစ်ပေလိမ့်မည်၊ သန္ဒိဋ္ဌိက အကာလိကဟူသော စကားလုံးသည်ကား ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်တို့၏ လက်သုံးစကား ဖြစ်သည်။ သို့သော် ဘုရားဟောအဓိပ္ပာယ်အရ သုံးနေကြသည် မဟုတ်၊ ဝေါဟာရမျှကိုသာယူပြီး အသံပေး၍ မိမိတို့လိုရာ ဆွဲပြီး ပရိဘာသာ ခတ်နေကြခြင်းသာ ဖြစ်ပေသည်။
ထိုသန္ဒိဋ္ဌိက၏ အဓိပ္ပာယ်ကို စောဒနာ အမှတ်(၈)ကို သုံးသပ်ပြရာ၌ ပြဆိုထားသည်၊ ဤအရာနှင့် မသက်ဆိုင်ချေ။
(ခ) အမှတ်ပြ သောဓနာ၌ “စောဒကဆရာတော်များ၏ မြန်မာပြန်ဆိုမှုသည် အနာဂတ်ညွှန် ဘုရားအဖြစ်သို့ တွန်းပို့နေသော တွန်းအားကြီးတစ်ခု ဖြစ်သည်” ဆိုသော စကားသည်လည်း မဟုတ်မမှန်ပေ၊ စောဒက ဆရာတော်များသည် စကားကျဉ်းစိမ့်သောငှာ သီလပျက်စီးခြင်း၌ ပထမအပြစ်နှင့် ပဉ္စမအပြစ်ကို ဖော်ပြလျက် အလယ်အပြစ်များကို ပေယျာလထိုး၍ ပါဠိတော်မြန်မာပြန် အစုံအလင် တင်ပြထားပေသည်။
ထိုပါဠိတော်တို့ကို ဝိနည်းဓိုရ်ဆရာတော်တို့ကြည့်ရှုသုံးသပ်ကြရာ၌ သီလပျက်စီးသည့်အတွက်-
(၁) စည်းစိမ် ဆုံးရှုံးခြင်း,
(၂) ယုတ်မာသည့် ကျော်စောသတင်း ပြန့်နှံ့ခြင်း,
(၃) မဝံ့မရဲ မျက်နှာမသာဘဲ ပရိသတ်သို့ ဝင်ရခြင်း,
(၄) တွေတွေဝေဝေ သေရခြင်းဟူသော ပစ္စုပ္ပန်ဘဝ၌ တွေ့ကြုံရသည့် အပြစ်လေးပါးနှင့်
(၅) သေပြီးသည့်နောက် ငရဲသို့ကျရောက်ရခြင်းဟူသော အနာဂတ်ဘဝ၌ တွေ့ကြုံရမည့် အပြစ် တစ်ပါး၊
ဤအပြစ်ငါးပါးကို မြတ်စွာဘုရား ဟောတော်မူထားသည်ကို တွေ့ကြရသည်၊ ဤပါဠိတော်၌ ပစ္စုပ္ပန်ဘဝ အပြစ်နှင့် အနာဂတ် (တမလွန်) ဘဝ အပြစ်တို့ကို ဟောတော်မူသည်မှာ စောဒကဆရာတော်များ လျှောက်ထားသည့်အတိုင်း မှန်ကန်ပေသည်။
ထို့ကြောင့် ဤ(ခ)အမှတ်ပြ သောဓနာစကားရပ်သည်-
“ပုန စ ပရံ ဂဟပတယော ဒုဿီလော သီလဝိပန္နော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇေတိ”
ဟူသော မြတ်စွာဘုရားစကားတော်ကိုပင် ပုတ်ခတ်ရာ ရောက်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
၂၁။ ထို့ပြင် စုဒိတက ဦးခင်ဟန်တို့က “အတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ကာလသုံးပါးသည် သံသယ ဝိစိကိစ္ဆာ နယ်ပယ်တွင် ကျရောက်နေသဖြင့် နှလုံးမသွင်းသင့်သော တရားဟု မြတ်စွာဘုရား ဖော်ပြထားကြောင်း” ကို သောဓနာကြ၍ မူလပဏ္ဏာသ ပရိယာယဝဂ် သဗ္ဗာသဝသုတ်ကို တင်ပြကြသည်။
ထိုသဗ္ဗာသဝသုတ်အဆိုကို စိစစ်သုံးသပ်တော်မူကြရာ “သော ဧဝံ အယောနိသော မနသိကာရောတိ အဟောသိံ နု ခေါ အဟံ အတီတမဒ္ဓါနံ” စသော ပါဠိတော်သည် စောဒနာနှင့် ပတ်သက်သော အတိတ်ဘဝ အနာဂတ်ဘဝ ရှိ မရှိကို ပြသော ပါဠိတော် မဟုတ်၊ မသင့်သော အကြောင်းဖြင့် နှလုံးသွင်းသူအား အတိတ်ကာလ၌ ဝိစိကိစ္ဆာငါးပါး၊ အနာဂတ်ကာလ၌ ဝိစိကိစ္ဆာငါးပါး၊ ပစ္စုပ္ပန်ကာလ၌ ဝိစိကိစ္ဆာ ၆-ပါးအားဖြင့် ၁၆-ပါးသော ဝိစိကိစ္ဆာ ဖြစ်ပုံကိုသာပြသော ပါဠိတော် ဖြစ်သည်။ ဤပါဠိတော်၌ “အယောနိသော”ဟူသော စကားသည် အလွန်အရေးကြီးသောစကား ဖြစ်သည်၊ မသင့်မတင့် နှလုံးသွင်းသူအားသာလျှင် အတိတ် ဘဝ၌ ငါဖြစ်ခဲ့၏လော မဖြစ်ခဲ့၏လော စသည်ဖြင့် ဝိစိကိစ္ဆာ (၁၆)မျိုး ဖြစ်သည်ဟု ဆိုလိုချက် ထင်ရှားလှသည်။ စကားအပြန် ဗျတိရိက်အားဖြင့်မူကား “ယောနိသော (အသင့်အတင့် မှန်မှန်ကန်ကန်) နှလုံးသွင်းတတ်သူအားမူကား ငါ အတိတ်၌ ဖြစ်ခဲ့ဖူးသလော စသည်ဖြင့် ဝိစိကိစ္ဆာ (၁၆)မျိုး မဖြစ်ဟုနားလည်နိုင်သည်၊ ဤသို့ အတိတ်ကာလ အတိတ်ဘဝ၌ ငါဖြစ်ခဲ့သလောဟု ယုံမှားမှု မရှိ သံသယမဖြစ်ဘဲ ယုံကြည်မှု ရှိခြင်းဖြင့် “အတ္ထိ ပရော လောကော” ပစ္စုပ္ပန် လောကမှတပါး အခြားသော လောကရှိ၏ဟု အမြင်မှန် သမ္မာဒိဋ္ဌိ ဖြစ်သည်၊ ထိုမျှမက အတိတ် အနာဂတ်အပေါ် လုံးဝ သံသယကင်း ဝိစိကိစ္ဆာရှင်းပြီးသွားလျှင် သောတာပန်ပင် ဖြစ်သည်၊ ထို့ကြောင့် ဤပါဠိတော်သည် အတိတ်ဘဝ အနာဂတ်ဘဝ ရှိ မရှိ ဟူသော အယူနှင့်စပ်သည့် စောဒနာ သောဓနာ၌ သာဓကမမြောက်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
ထို့နောက် စုဒိတက ဦးခင်ဟန်တို့က ဓမ္မဂုဏ် ၆-ပါးတို့ကို ဖော်ပြ၍ ဓမ္မ၏ဂုဏ်ရည်သည် စောဒကဆရာတော်များ ဆိုထားသကဲ့သို့ မဟုတ်ဘဲ ဒုက္ခငြိမ်းအေးရေး အတွက်သာ ဖြစ်ကြောင်း တင်ပြလျှောက်ထားကြသည်၊ (ကြွင်းသော စကားရပ်များကား စိစစ်ပြီးတွင် ပါဝင်ပြီး ဖြစ်ကြသည်၊) စောဒကဆရာတော်များက ဓမ္မဂုဏ်ရည်သည် ဒုက္ခငြိမ်းရေး မဟုတ်ဟု စောဒနာခြင်း မရှိသောကြောင့် ဤသောဓနာသည်လည်း စောဒနာနှင့် မသက်ဆိုင်ချေ။
စောဒကဆရာတော်များက အတိတ်ဘဝ အနာဂတ်ဘဝ တမလွန်ဘဝ ရှိသည်ဟု မြတ်စွာဘုရား ဟောတော်မူပါလျက် စုဒိတကတို့က အတိတ်ဘဝ အနာဂတ်(တမလွန်)ဘဝ မရှိ၊ မြတ်စွာဘုရား ဟောတော်မမူ၊ ပစ္စုပ္ပန်ဘဝကိုသာ ဟောသည်ဟု ရေးသားဟောပြောနေကြကြောင်းကိုသာ စောဒနာကြသည်၊ ထို့ကြောင့် အတိတ်ဘဝ အနာဂတ်(တမလွန်) ဘဝ ရှိ မရှိ၊ မြတ်စွာဘုရား ဟော မဟောကိုသာ တိတိကျကျ ချေပသင့်လျက် ယင်းသို့ မချေပဘဲ မသက်ဆိုင်သော စကားများကိုသာ အထပ်ထပ် ဖော်ပြနေကြရုံမျှသာ ဖြစ်၍ စောဒကဆရာတော်များ၏ စွဲဆိုချက်ကို ပယ်ဖျက်နိုင်စွမ်း မရှိချေ။
သခင်မြတ်ဆိုင်၏ သောဓနာကို သုံးသပ်ချက်
၂၂။ စုဒိတက သခင်မြတ်ဆိုင်က “မြတ်စွာဘုရား၏ တရားဒေသနာတော်များသည် ပစ္စုပ္ပန်သန္ဒိဋ္ဌိကဂုဏ် ဖြစ်ကြောင်းကို အောက်ပါသုတ်များတွင် တွေ့ရပါသည် ဘုရား”ဟု စကားချီးပြီးလျှင်-
(ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ပါသာဒိကသုတ် ၁၁၀ တွင်) “ငါဘုရားအစစ်၏ တရားမှန်သည် သန္ဒိဋ္ဌိက အကာလိက ဧဟိပဿိက ဩပါနေယျိက ပစ္စတ္တံဝေဒိတဗ္ဗ စသောဂုဏ်နှင့်ညီသော တရား ဖြစ်၏၊ ကိလေသာငြိမ်းမှု တရားလည်း ဖြစ်၏၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ရှေးရှုသော တရားလည်း ဖြစ်၏၊ ဤအင်္ဂါ ၃-ရပ်နှင့် ကိုက်ညီသော ငါ၏ တရား၊ တရားစစ်မှတ်ကြလော့”ဟု ဟောကြားထားပါသည် ဘုရားဟု လျှောက်ထား သောဓနာသည်။
ဤသောဓနာ၌ သာဓကအဖြစ် ထုတ်ဆောင် တင်ပြသော ပါသာဒိကသုတ် မြန်မာပြန်သည် ဘုရားဟော ပါဠိတော်အတိုင်း မဟုတ်ဘဲ ကိုယ်လိုရာ ကိုယ်ရေးထားသည့်အတွက် အဓိပ္ပာယ် ပျက်ယွင်းနေသည်၊ ဘုရားဟောတော်မူသော မူအတိုင်း မြန်မာပြန် အဓိပ္ပာယ်မှာ-
“စုန္ဒ ဤသာသနာ၌ကား ဆရာသည်လည်း (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသူ ဖြစ်၏၊ တရားသည်လည်း ကောင်းစွာ ဟောအပ်သော တရား ဖြစ်၏၊ ကောင်းစွာ သိအပ်သော တရား ဖြစ်၏၊ မဂ်ဖိုလ်ဆိုက်ရောက်ကြောင်း တရား ဖြစ်၏၊ ကိလေသာ ငြိမ်းမှုကို ဖြစ်စေတတ်သော တရား ဖြစ်၏၊ ဘုရားစင်စစ် ဟောအပ်သော တရား ဖြစ်၏”။
ဤသို့သာ ဖြစ်သည်၊ သခင်မြတ်ဆိုင် တင်ပြသော အဓိပ္ပာယ်နှင့် များစွာ ကွာခြားနေပေသည်။
မည်သို့ပင် ဖြစ်စေကာမူ ဤဒေသနာတော်သည် “ဆရာသည်လည်း ဘုရားစစ် ဘုရားမှန်ဖြစ်၍ ချီးမွမ်း အပ်သောဆရာ ဖြစ်သည်၊ တရားသည်လည်း တရားစစ် တရားမှန် ဖြစ်၍ ချီးမွမ်းအပ်သော တရားဖြစ်သည်”ဟူသော အဓိပ္ပာယ်ကိုသာ ပြသော ဒေသနာတော် ဖြစ်သည်၊ အတိတ်ဘဝ အနာဂတ်ဘဝ မရှိဟူသော အဓိပ္ပာယ်ကိုပြသော ဒေသနာတော် မဟုတ်ချေ။
၂၃။ တစ်ဖန် သခင်မြတ်ဆိုင်က “တရားဒေသနာများကိုလည်း သန္ဒိဋ္ဌိက အစရှိသော တရားဂုဏ်နှင့်အညီ ဟောကြားရန်ကို နိဒါနသံယုတ်(၃၉၁) ကဿပသံယုတ် စန္ဒူပမသုတ်၊ ၃၉၁ တွင်ရဟန်းတို့ မည်သည့် ရဟန်းမဆို သန္ဒိဋ္ဌိက အကာလိက ဧဟိပဿိကစသော တရားဂုဏ်နှင့်ညီသော တရားကိုသာ ဟောကြ၊ မဂ်ဖိုလ်အကျိုးကိုလည်းဖြစ်ကြစေ၊ တရားမှန်ကို သိ၍ ကျင့်သုံးနိုင်ကြစေဟု ဟောမှသာလျှင် စင်ကြယ်သော တရား”ဟု ဟောကြားထားပါသည် ဘုရားဟု လျှောက်ထား သောဓနာပြန်သည်။
သခင်မြတ်ဆိုင် တင်ပြသော စန္ဒူပမသုတ်သည်လည်း “တရားဂုဏ်တော် ၆-ပါးကို နှလုံးသွင်း၍ ငါ့တရားကို နာကြားကြမူ၊ နာပြီး၍ သိကြမူ၊ သိပြီး၍ အရဟတ္တဖိုလ်အကျိုးငှာ ကျင့်ကြမူ ကောင်းလေစွဟု စိတ်ထားလျက် တရားတော်၏ ကောင်းသော တရား၏အဖြစ်ကို စွဲ၍ သနားကြင်နာခြင်းဖြင့် သူတပါးအား တရားဟောသော ရဟန်း၏ တရားဟောခြင်းသည် စင်ကြယ်၏”ဟု စင်ကြယ်သော တရားဟောပုံကို ပြသောသုတ်ဖြစ်သည်၊ အတိတ်ဘဝ အနာဂတ်ဘဝ မရှိ ဟူသောအနက်ကို ပြသောသုတ် မဟုတ်ချေ။
၂၄။ တစ်ဖန် သခင်မြတ်ဆိုင်က မဇ္ဈိမပဏ္ဏာသ ဝေခနသုတ် ၂၄၆ တွင် ကစ္စာနအား “ကစ္စာန ဤအတူသာလျှင် ဟန်မဆောင် မလှည့်ပတ် ဖြောင့်မတ်သော သဘောရှိသည့် သိနားလည်သော ယောက်ျားသည် လာပါစေ၊ ငါဆုံးမမည်၊ ငါတရားဟောမည်၊ ငါဆုံးမသည့်အတိုင်း ကျင့်သုံးသူသည် မကြာမြင့်မီပင် ဤသို့လျှင် အဝိဇ္ဇာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီဟု ကိုယ်တိုင်သာလျှင် သိလိမ့်မည်၊ ကိုယ်တိုင်သာလျှင် မြင်လိမ့်မည်ဟု ဖြောင့်မတ်သော လူတစ်ဦးအား တရားဂုဏ်နှင့်အညီ ချက်ချင်းလက်ငင်း အကျိုးရှိမည် ဖြစ်ကြောင်း ဟောကြားထားပါသည် ဘုရား”ဟု လျှောက်ထား သောဓနာပြန်သည်။
ဤ၌ သခင်မြတ်ဆိုင် တင်ပြသော ဝေခနသသုတ်သည်လည်း အတိတ်ဘဝ အနာဂတ်ဘဝ မရှိ ပစ္စုပ္ပန်ဘဝသာ ရှိသည်ဟူသော အဓိပ္ပာယ်ကို မပြချေ။ ထို့ကြောင့် သခင်မြတ်ဆိုင်၏ ချေပချက်သည် စောဒကဆရာတော်များ၏ စကားကို ပယ်ရှားနိုင်စွမ်း မရှိချေ၊ အမှန်စင်စစ် သခင်မြတ်ဆိုင်သည် မိမိချေပရာ၌ ပါဠိတော်ပေါင်း မည်မျှ ကိုးကားလိုက်သည်ဟု ပလွှားဝါကြွားလို၍သာ ယခုကဲ့သို့ မဆီမဆိုင် အကိုးအကားများကို တင်ပြခြင်းဖြစ်ဟန် တူပေသည်။
အတိတ်ဘဝနှင့် အနာဂတ်(တမလွန်)ဘဝကို မြတ်စွာဘုရား ဟောကြောင်းနှင့် အကျိုးအပြစ်ကို စိစစ်သုံးသပ်ချက်
၂၅။ စောဒကဆရာတော်များက မြတ်စွာဘုရားသည် ပစ္စပ္ပုန်ကိုသာမက အတိတ်ဘဝနှင့် အနာဂတ်(တမလွန်)ဘဝ တို့ကိုလည်း ဟောတော်မူပါသည်ဟု အဆိုတင်ကြ၏၊ စုဒိတကတို့ကမူ အတိတ်ဘဝ အနာဂတ်(တမလွန်) ဘဝကိုမဟော၊ မြတ်စွာဘုရားသည် ပစ္စုပ္ပန်သမားသက်သက်သာဖြစ်သည်၊ ကာလသုံးပါးကိုဟောသော ဝါဒသည် နိဂဏ္ဌနာဋပုတ္တ၏ ဝါဒသာဖြစ်သည်ဟု ချေပကြ၏၊ ထို အဆို အချေနှစ်ရပ်တို့တွင် မည်သူ၏စကားသည် ဘုရားဟော ပါဠိတော်နှင့် ညီညွတ် နှီးနှောမိသည် သို့မဟုတ် ဆန့်ကျင်သည်တို့ကို သိနိုင်ရန် ဘုရားဟော ပါဠိတော်များကို ကြည့်ရှုကြရာ အောက်ပါ ပါဠိတော်များကို တွေ့ရပေသည်။
“ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ အဝိဇ္ဇာဖုံးကွယ်အပ်ကုန် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည်ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရသည့် သတ္တဝါတို့၏ ရှေးအစွန်းသည် မထင်နိုင်(မသိနိုင်)၊ ရဟန်းတို့ ဥပမာသော်ကား ယောက်ျားသည် ဤဇမ္ဗူဒိပ်ကျွန်း၌ ရှိသမျှ ထင်းမြက် သစ်ခက် သစ်ရွက်ကို ဖြတ်၍ ဤကား ငါ့ အမိ၊ ဤကား ငါ၏ အမိ၏ အမိ စသည်ဖြင့် ချ၍ ရေတွက်သော် ဤဇမ္ဗူဒိပ်ကျွန်း၌ ရှိသမျှ မြက် ထင်း သစ်ခက် သစ်ရွက်သာ ကုန်ရာ၏၊ ထိုယောက်ျား၏ အမိ အဆက်ဆက်တို့ကား မကုန်နိုင်ကြရာပေ။ ရဟန်းတို့ သို့ကလောက် ရှည်လျား ကြာမြင့်သည့် နေ့ညဉ့်တို့ပတ်လုံး ဆင်းရဲကိုခံစား ရဖူးလှလေပြီ။ ထက်မြက်ပြင်းပြသည့် ဆင်းရဲကိုခံစားခဲ့ဖူးလှလေပြီ။ ပျက်စီးခြင်းအမျိုးမျိုးကို ခံစားခဲ့ရဖူးလှလေပြီ၊ သင်္ချိုင်းမြေပုံကို တိုးပွားစေခဲ့လှလေပြီ၊ ရဟန်းတို့ ဤအလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှာ တပ်မက်မှုကင်းခြင်းငှာ လွတ်မြောက်ခြင်းငှာ သင့်လှသည်သာတည်း”ဟု မြတ်စွာဘုရားသည် အတိတ်ဘဝတို့ကို ပြလျက် သံဝေဂဉာဏ် ဖြစ်စေတော်မူသည်။ (သံ၊၁၊၃၈၇) (အနမတဂ္ဂသံယုတ်၊ တိဏကဋ္ဌသုတ်)
ထို့အတူ ဤမြေကြီးကို ဆီးစေ့လောက် ဆီးစေ့လောက် အလုံးငယ်များ ပြု၍ ဤကား ငါ၏အဖ၊ ဤကား ငါ့အဖ၏ အဖ စသည်ဖြင့် ချ၍ ရေတွက်သော် ဤမြေကြီး ကုန်သော်လည်း ထိုယောက်ျား၏ အဖအဆက်ဆက် မကုန်နိုင်ပုံ ဥပမာဖြင့်လည်းကောင်း၊ သံသရာ၌ ကျင်လည်စဉ် ငိုကြွေးခဲ့ရသော သတ္တဝါတို့၏ မျက်ရည် သောက်စို့ခဲ့ရသော နို့ရည်တို့ သမုဒ္ဒရာ လေးစင်းရေမျှမက များခဲ့ပုံ ဥပမာတို့ဖြင့်လည်းကောင်း၊ ကျောက်တောင်ဥပမာ၊ မုန်ညင်းစေ့ဥပမာ တို့ဖြင့်လည်းကောင်း သံသရာ၌ ကျင်လည်ခဲ့ရပုံကိုပြလျက် သံဝေဂဉာဏ် ဖြစ်စေတော်မူသည်။ (သံ၊၁၊၃၈၇၊ ၃၉၀။) (အနမတဂ္ဂသံယုတ် ပထဝီသုတ်၊ အဿုသုတ်၊ ခီရသုတ်၊ ပဗ္ဗတသုတ်၊ သာသပသုတ်)
ယင်းသံယုတ်ပါဠိတော် ဒဏ္ဍသုတ် ၃၉၂ ၌ကား ကောင်းကင်သို့ပစ်လိုက်သော တုတ်သည် အရင်းဖြင့်လည်း ကျတတ်၊ အလယ်ဖြင့်လည်း ကျတတ်၊ အဖျားဖြင့်လည်း ကျတတ်သကဲ့သို့ ဤအတူ သံသရာ၌ ပြေးလွှားကျင်လည်ရသော သတ္တဝါသည် ဤလောကမှ တပါးသော လောကသို့ သွားရ၏၊ တပါးသော လောကမှ ဤလောကသို့လာရ၏၊ ဤသို့ ဖြစ်ရခြင်းသည် အစ မသိနိုင်အောင်သံသရာ ရှည်လျားသောကြောင့် ဖြစ်သည် စသည်ဖြင့် ဟောပြလျက် သံဝေဂဉာဏ် ဖြစ်ပွားစေတော်မူသည်။
ယင်းသံယုတ် တိံသမတ္တသုတ် ၃၉၄၊ ၃၉၅-၌ကား သုံးကျိပ်သော ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီ ညီနောင်ရဟန်းတို့အား ရှည်လျားလှသော သံသရာ၌ နွား ကျွဲ သိုး ဆိတ် သမင် ကြက် ဝက် ရွာဖျက်ဒမြ လမ်းဒမြ သူ့သားမယားကျူးလွန်သူ ဖြစ်စဉ် ဦးခေါင်းဖြတ်ခံရ၍ ထွက်ကျသော သွေးရည်ကြည်တို့ သမုဒ္ဒရာလေးစင်းရေမျှမက များလှပြီဟု သံသရာ ကျင်လည်ခဲ့ရပုံကို ဟောတော်မူရာ ရဟန်းတော် သုံးကျိပ်တို့ အာသဝေါ ကုန်ခမ်း၍ ရဟန္တာ ဖြစ်ကြလေသည်။
၂၆။ မဇ္ဈိမပဏ္ဏာသပါဠိတော်(၆၂-၇၆) အပဏ္ဏကသုတ်၌ တမလွန်ဘဝမရှိ ဟူသော အယူနှင့် ပတ်သက်၍ မြတ်စွာဘုရားကိုယ်တော်တိုင် ဆုံးဖြတ်ချက်ချတော်မူခဲ့ပုံကို ဤသို့ တွေ့ရ၏၊
အခါတပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော သာလာမည်သော ပုဏ္ဏားရွာသို့ ရောက်တော်မူသည်၊ ထိုအခါ သာလရွာသား ပုဏ္ဏားသူကြွယ်တို့ကို မြတ်စွာဘုရားက “သူကြွယ်တို့ သင်တို့မှာ အကြောင်းခိုင်လုံ ယုံကြည် နှစ်သက်လောက်သည့် တစ်စုံတစ်ယောက်သော ဆရာသမား ရှိကြသလော”ဟု မေးတော်မူရာ “မရှိသေးပါ”ဟုလျှောက်ကြသဖြင့် “သူကြွယ်တို့ သင်တို့သည် နှစ်သက်လောက်သော ဆရာသမားကို မရကြသေးလျှင် ဤမလွဲနိုင်သော အကျင့်တရားကို ကောင်းစွာဆောက်တည်၍ ကျင့်ထိုက်၏၊ မလွဲနိုင်သည့် အကျင့်တရားကို ပြည့်ပြည့်စုံစုံ ကောင်းစွာ ဆောက်တည်ထားလျှင် သင်တို့အတွက် နေ့ညဉ့် ရှည်ကြာ စီးပွားချမ်းသာ ဖြစ်လိမ့်မည်”ဟု မိန့်တော်မူပြီးလျှင် မလွဲနိုင်သည့် အကျင့်တရားကို ဤသို့ ဟောကြားတော်မူသည်။
သူကြွယ်တို့၊ (က)ပေးလှူကျိုးမရှိ၊ အလှူကြီး ပူဇော်ရကျိုး မရှိ၊ လက်ဆောင် ပဏ္ဏာပေးခြင်း စသော အလှူငယ် ပူဇော်ရကျိုးမရှိ၊ ကောင်းမှု မကောင်းမှု၏ အကျိုးဝိပါက် မရှိ၊ ဤလောကမရှိ၊ တစ်ပါးသော (တမလွန်) လောကမရှိ၊ အမိကျေးဇူးမရှိ၊ အဖကျေးဇူးမရှိ သေ၍ တဖန်ဖြစ်သော သတ္တဝါတို့မရှိကုန်၊ ဤလောကနှင့် တပါးသော (တမလွန်) လောကကို ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်သည့် မှန်စွာသိ မှန်စွာ ကျင့်ကုန်သော သမဏ ဗြဟ္မဏတို့ မရှိကုန်ဟု ပြောဆိုယူဆကြသော သမဏ ဗြဟ္မဏတို့နှင့် (ခ)ပေးလှူကျိုး ရှိ၏၊ တစ်ပါးသော (တမလွန်) လောက ရှိ၏၊ မှန်စွာသိ မှန်စွာ ကျင့်ကုန်သော သမဏ ဗြဟ္မဏတို့ရှိကုန်၏ ဟုပြောဆိုယူဆကြသော သမဏ ဗြဟ္မဏတို့၏ အချင်းချင်း ဖြောင့်ဖြောင့် ဆန့်ကျင်သော ဝါဒ ရှိကြသည့် အဖြစ်ကို မေးဖြေဟောပြပြီးလျှင် ထို နှစ်ဝါဒတို့တွင် ပယ်ရ ယူရမည့် ဝါဒကို ဤသို့ပြတော်မူသည်။
ပေးလှူကျိုးမရှိ၊ တမလွန်လောက မရှိ စသည်ဖြင့် ယူလေ့ရှိသော နတ္ထိကဝါဒီသမားတို့သည် ကုသိုလ် အကုသိုလ်တို့၏ အကျိုးအပြစ်ကို မမြင်ကြသောကြောင့် သုစရိုက်ကို ဖျက်ဆီး၍ ဒုစရိုက်ကို ကျင့်ကြလိမ့်မည်ဟူသော အပြစ်သာ ဧကန်ရမည်၊ တမလွန်လောက ထင်ရှားရှိပါလျက် တမလွန်လောက မရှိဟု ယူသောသူ၏ အယူသည် မှားသောအယူ ဖြစ်၏၊ တမလွန်လောက ထင်ရှားရှိပါလျက် တမလွန်လောက မရှိဟု ကြံသောသူ၏ အကြံသည် မှားသောအကြံ ဖြစ်၏၊ တမလွန်လောက ထင်ရှားရှိပါလျက် တမလွန်လောကမရှိဟု ပြောသောသူ၏ စကားသည် မှားသောစကား ဖြစ်၏၊ တမလွန်လောက ထင်ရှားရှိပါလျက် တမလွန်လောက မရှိဟုပြောသောသူသည် တမလွန်လောကကို သိကြသော ရဟန္တာအရှင်မြတ်တို့အား ဆန့်ကျင်ဘက်ပြုသူ ဖြစ်၏၊ တမလွန်လောက ထင်ရှားရှိပါလျက် တမလွန်လောက မရှိဟု သိစေခြင်းသည် မသူတော်တရားကို သိစေခြင်း ဖြစ်၏၊ ထိုမသူတော်တရားကို သိစေခြင့်ဖြင့်လည်း မိမိကိုယ်ကို ချီးမြှောက်၏၊ သူတပါးကို ရှုတ်ချ၏၊ ဤသို့လျှင် ထိုသူ့မှာ ရှေးမဆွကပင် ကောင်းသော အကျင့်သည် ပယ်ထားပြီး ဖြစ်၏၊ မကောင်းသော အကျင့်သည် ရှေးရှုတည်နေ၏၊ ဤမှားသောအယူ မှားသောအကြံ မှားသောစကား အရိယာတို့နှင့် ဆန့်ကျင်ခြင်းဟူသော ယုတ်မာသည့် အကုသိုလ်တရား များစွာတို့သည် မှားသောအယူ ဟူသော အကြောင်းကြောင့် ထိုသူ့မှာ ဖြစ်ပေါ်လာကြကုန်၏၊
သူကြွယ်တို့ ပညာရှိသူသည် ဤသို့ဆင်ခြင်၏၊ တမလွန်လောက မရှိစသည် ယူဆသော နတ္ထိကဝါဒသမားတို့၏ အလိုအတိုင်း အကယ်၍ တမလွန်လောက မရှိလျှင်တော်ပေသေး၏၊ သို့ရာတွင် ကိုယ်ကျင့်စာရိတ္တ ပျက်စီးသူ စသည်ဖြင့် ပညာရှိတို့၏ အကဲ့အရဲ့ကိုကား လက်ငင်း ခံရပေမည်၊ တမလွန်လောက အမှန်ရှိနေလျှင်ကား မျက်မှောက်၌ ပညာရှိတို့၏ အကဲ့ရဲ့ခံရရုံသာမက သေသည့်အခြားမဲ့၌လည်း ငရဲသို့ ကျရောက်ရမည် ဖြစ်ရာ ပစ္စုပ္ပန်ရော သံသရာပါ နှစ်ဘက်လုံး အရှုံးထွက်သည် ဟုဆင်ခြင်၏၊
သူကြွယ်တို့ ပေးလှူကျိုး ရှိ၏၊ တမလွန်လောက ရှိ၏ စသည်ဖြင့် ယူလေ့ရှိသော အတ္ထိကဝါဒီပုဂ္ဂိုလ်တို့သည်ကား ကုသိုလ် အကုသိုလ်၏ အကျိုးအပြစ်ကို မြင်သောကြောင့် ဒုစရိုက်ကို ဖောက်ခွဲဖျက်ဆီး၍ သုစရိုက်ကို ပြုကျင့်ကြလိမ့်မည်ဟူသော အကျိုးကိုသာ ဧကန်ရမည်၊ ထင်ရှားရှိသည့် တမလွန်လောကကို “တမလွန်လောက ထင်ရှား ရှိ၏”ဟု ယူဆကြံစည် ပြောဆိုသူ၏ အယူ အကြံ အပြောသည် မှန်သော အယူ မှန်သော အကြံ မှန်သော အပြော ဖြစ်၏၊ တမလွန် လောက ရှိ၏ဟု ပြောဆိုသူသည် တမလွန်လောကကို သိတော်မူကြသည့် ရဟန္တာအရှင်မြတ်တို့ကို ဆန့်ကျင်ဘက် မပြုလုပ်၊ တမလွန်လောက ရှိ၏ဟု သိစေခြင်းသည် သူတော်ကောင်းတရားကို သိစေခြင်း ဖြစ်၏၊ ထိုသူတော်ကောင်းတရားကို သိစေခြင်းဖြင့် မိမိကိုယ်ကို မချီးမြှောက်၊ သူတပါးကို မရှုတ်ချ၊ ဤသို့လျှင် ထိုသူမှာ ရှေးမဆွကပင် မကောင်းသော အကျင့်သည် ပယ်ထားပြီး ဖြစ်၏၊ ကောင်းသော အကျင့်သည် ရှေးရှုတည်နေ၏၊ ဤမှန်သော အယူ မှန်သော အကြံ မှန်သော စကား အရိယာတို့နှင့် မဆန့်ကျင်ခြင်း သူတော်ကောင်းတရားကို သိစေခြင်း မိမိကိုယ်ကို မချီးမြှောက်ခြင်း သူတပါးကို မရှုတ်ချခြင်း ဟူသော များစွာသော ကုသိုလ်တရားတို့သည် မှန်သောအယူဟူသော အကြောင်းကြောင့် ထိုသူမှာ ဖြစ်ပေါ်လာကြကုန်၏၊
သူကြွယ်တို့ ပညာရှိသည် ဤသို့ဆင်ခြင်၏၊ အတ္ထိကဝါဒီအတွက် အကယ်၍ တမလွန်လောက ရှိလျှင် သေသည့်နောက်၌ နတ်ပြည်သို့ရောက်ရမည်၊ နတ္ထိကဝါဒီတို့ ဆိုသကဲ့သို့ တမလွန်လောက (အကယ်၍) မရှိစေဦးတော့၊ မျက်မှောက်ဘဝ၌ပင် သီလရှိသူ မှန်သောအယူရှိသူ ကံ ကံ၏အကျိုးကို ယုံကြည်သော ဝါဒရှိသူဟု ပညာရှိတို့ အချီးအမွမ်းခံရမည်ဖြစ်ရာ ပစ္စုပ္ပန်ရော သံသရာပါ နှစ်ဘက်လုံး အောင်နိုင်သူ နှစ်ဘက်လုံး အမြတ်ထွက်သူ ဖြစ်သည်ဟု ဆင်ခြင်၏၊ ဤသို့ ထိုသူ၏ ကောင်းစွာ စွဲယူ ဆောက်တည်ထားသည့် မလွဲမှားနိုင်သော အကျင့်တရားသည် နှစ်ပါးသော အဖို့ကို ပျံ့နှံ့၍ တည်၏၊ အကုသိုလ်ဖြစ်ကြောင်း မကောင်းမှုကို ပယ်၏ဟု မြတ်စွာဘုရား ဟောတော်မူသည်။
၂၇။ ဤဒေသနာတော်တို့ကို ထောက်၍ မြတ်စွာဘုရားသည် ပုဂ္ဂိုလ်၏ အလို အဇ္ဈာသယအလိုက် ထိုက်သည် အားလျော်စွာ ပစ္စုပ္ပန် တစ်ဘဝကိုသာမက အတိတ်ဘဝ အနာဂတ်ဘဝတို့ကိုလည်း ဟောပြတော်မူသည်မှာ လွန်စွာ ထင်ရှားလှပေသည်။
ထို့ကြောင့် အတိတ်ဘဝ အနာဂတ်ဘဝ မရှိ ပစ္စုပ္ပန် တစ်ဘဝသာ ရှိသည်ဟူသော အယူသည် မြတ်စွာဘုရား၏ အယူ မဟုတ်၊ ထိုအယူကို မြတ်စွာဘုရား၏အယူဟု ရေးသားဟောပြော ဝါဒဖြန့်နေကြသော ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်တို့၏ အယူသည် ဥစ္ဆေဒဝါဒ အဓမ္မဝါဒသာ ဖြစ်သည်၊ မြတ်စွာဘုရားကိုပါ သူတို့ကဲ့သို့ ရုပ်ဝါဒီဖြစ်အောင် (ပုခက် နှင့် ခေါင်းအကြား) တစ်ဘဝသမား ဖြစ်အောင် လုပ်ကြံ လည်ဆယ် စွပ်စွဲနေကြခြင်းသာ ဖြစ်သည်ဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)အဖွဲ့ဝင် ဆရာတော်တို့ တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု ဆိုခြင်းနှင့်စပ်သော ဝိနိစ္ဆယ၊လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)စောဒနာ အမှတ် (၆) (၂၀)အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု ဆိုခြင်းနှင့်စပ်သော ဝိနိစ္ဆယ၊သံဂါယနာ ၆ တန်ကို ပေါ့ပျက်သေးသိမ်အောင်ဟောပြောခြင်းနှင့် စပ်သော ဝိနိစ္ဆယ
အမှတ်(၆) စောဒနာတင်လွှာ (အဘိဓမ္မာကို ဘုရားမဟော မဟုတ်ဟု ဆိုခြင်း)၊
အမှတ်(၂၀) စောဒနာတင်လွှာ (သင်္ဂါယနာ ၆ တန်ကို ပေါ့ပျက်သေးသိမ်အောင် ဟောပြောခြင်း)။
စောဒကဆရာတော်များက အဘိဓမ္မာကို ဘုရားဟော မဟုတ်ဟု စုဒိတကတို့က ဝေဖန်ပုတ်ခတ်ကြကြောင်း၊ ထိုစွပ်စွဲချက်သည် ထေရဝါဒ ပိဋကတ်ကျမ်းဂန်များနှင့် မညီညွတ်သဖြင့် အဓမ္မဝါဒ ဖြစ်ကြောင်း၊ ထို့ပြင် သင်္ဂါယနာ(၆)တန်တင် ထေရဝါဒ ပိဋကတ်တော်များကို ပေါ့ပျက်အောင် ထိုးနှက်ဝေဖန်ခြင်းများသည်လည်း ဘုရားဟောကို ဘုရားမဟောဟု လုပ်ရန် ကြိုးစားချက်ဖြစ်၍ အဓမ္မဝါဒသာ ဖြစ်ကြောင်း ဤရုံးတော်သို့ သက်သေအထောက်အထား စုံလင်စွာဖြင့် တင်ပြလျှောက်ထားကြသည်၊ ဤစောဒနာချက်ကို ဦးဆန္ဒာဓိက၊ သခင်မြတ်ဆိုင် နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့တို့က သောဓနာခဲ့ကြသည်၊ ဤစောဒနာတင်လွှာ နှစ်ရပ်တို့ အချင်းချင်း ကွင်းဆက် ဖြစ်နေသောကြောင့် ၎င်းတို့ကို တစ်ပေါင်းတည်း စိစစ်သုံးသပ် ဆုံးဖြတ်တော်မူကြသည်။
စိစစ်သုံးသပ်ရာ၌ ကြောင်းကျိုးအဆက်အစပ် မှန်ကန်ခြင်း, ရှေ့နောက်အစဉ်ကျခြင်းကို ဦးစားပေး၍ စဉ်းစားမည် ဖြစ်ခြင်းကြောင့် စုဒိတကပုဂ္ဂိုလ်တို့ သောဓနာပြုချက် အစဉ်ကျမည် မဟုတ်ပေ။
၁။ စုဒိတကတို့က အဘိဓမ္မာ ဘုရားဟော မဟုတ်ကြောင်းကို-
(က) မဟာဝင် ဒီပဝင် စူဠဝါ (၄ ကျမ်းမြောက်) ဝိနည်းပါဠိတော် မှတ်တမ်းများတွင် ပထမသင်္ဂါယနာ ဒုတိယသင်္ဂါယနာ နှစ်ရပ်လုံး၌ အဘိဓမ္မာပိဋကတ်ဟူ၍ မပါခြင်း,
(ခ) ဘာဏကစာရင်းတွင် အဘိဓမ္မာ မပါခြင်း,
(ဂ) အဋ္ဌကထာများနှင့် ရှေးဟောင်းကျောက်စာများတွင် အဘိဓမ္မာဘာဏက ဟူ၍ မတွေ့ရခြင်း, ဤအချက် သုံးချက်ဖြင့် ရှေးဦးစွာ တင်ပြကြသည်။
အထက်ပါ (က) (ခ) (ဂ) အချက်တို့ကို ကြည့်လျှင် အဘိဓမ္မာ ဘုရားဟော မဟုတ်ကြောင်းကို “စာ”နှင့် စကားပြောကြခြင်း ဖြစ်၏၊ များသောအားဖြင့် ဦးဥက္ကဋ္ဌဂိုဏ်းသားတို့သည် “စာ”ရှောင်ကြ၏၊ သူတို့၏ ဝါဒမှားပုံကို စာတတ်သူများက စာပေဖြင့် ပြောကြလေသောအခါ အလကား စာသမားကြီးတွေ တယူသန်ကြီးတွေဟု ပြောပြီး ပစ်မှတ်ကို ရှောင်ကြသည်၊ သို့သော် ယခု စုဒိတကတို့၏ စကားသည် “စာ”ဖြင့် ပြလာသဖြင့် ဝိနည်းဓိုရ်ဆရာတော်များ အနေဖြင့် စာဖြင့်ပင် ရှင်းလင်းသုံးသပ်ရပေမည်။
ဗုဒ္ဓအဘိဓမ္မာနှင့် ပတ်သက်၍ ကျမ်းဂန်ပိုင်း အဘိဓမ္မာဘာသာရပ်၏ သဘောတရားပိုင်း နှင့် သမိုင်းပိုင်း ဟူ၍ အဓိက အပိုင်းကြီး (၃)ပိုင်း ရှိသည်၊ ဘာသာခြား လူမျိုးဖြစ်သော အနောက်တိုင်း သုတေသီတို့နှင့်တကွ ၎င်းတို့၏ နောက်လိုက်စုဒိတက ဦးဥက္ကဋ္ဌ သခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိသုတေသန ဆိုသူတို့သည် သမိုင်းပိုင်းမှသာလျှင် အဘိဓမ္မာ ဘုရားဟော မဟုတ်ဟု ဝေဖန်ကြခြင်း ဖြစ်သည်၊ အဘိဓမ္မာ ခုနှစ်ကျမ်း၏ သဘောတရားပိုင်းအမြင်ဖြင့် ဘုရားဟော မဟုတ်ဟု ဝေဖန်နိုင်ကြသူများ မဟုတ်ပေ၊ ဤအချက်ကို လေးလေးနက်နက်ကြီး ကြိုတင်မှတ်သားကြရပေမည်။
အဘိဓမ္မာကို သဘောတရားပိုင်းမှ ဦးဥက္ကဋ္ဌတို့၏ ဆရာသမားများဖြစ်သော အနောက်တိုင်း သုတေသီတို့သည်လည်း မဝေဖန်နိုင်၊ ဦးဥက္ကဋ္ဌတို့လည်း မဝေဖန်နိုင်ချေ။
၂။ မဟာဝင်နှင့် ဒီပဝင်တို့သည် ပထမသင်္ဂါယနာ ဒုတိယသင်္ဂါယနာနှင့်စပ်၍ စူဠဝါပါဠိတော်ကိုပင် ယူ၍ ရေးသားကြရာ စူဠဝါပါဠိတော်ကို သုံးသပ်လျှင် ကိစ္စပြီးတော့သည်သာ။
စူဠဝါပါဠိတော် ပဉ္စသတိကသဂတိက္ခန္ဓက၌ အရှင်မဟာကဿပထေရ်သည် ပထမသင်္ဂါယနာတင်ရန် အကြံဖြစ်၍ ရဟန်းတော်များအား-
“ဟန္ဒ မယံ အာဝုသော ဓမ္မဉ္စ ဝိနယဉ္စ သင်္ဂါယာမ ပုရေ အဓမ္မော ဒိဗ္ဗတိ၊ ဓမ္မော ပဋိဗာဟိယျတိ (ဝိ၊၄၊၄၈၁။)” “ငါ့ရှင်တို့ အဓမ္မမထွန်းပမီ ဓမ္မပစ်ပယ်ခြင်း မခံရမီ ဓမ္မနှင့်ဝိနယကို ပေါင်းစုရွတ်ကာ သံဂါယနာတင်ကြကုန်အံ့-”
ဟူ၍ ရှေးဦးစွာ မိန့်တော်မူသည်။
၎င်းနောက် ဝိနယနှင့်စပ်၍ ပထမပါရာဇိကသိက္ခာပုဒ်ကို အစပြုလျက် သိက္ခာပုဒ်ကို ပညတ်ရခြင်းအကြောင်း မည်သူ့ကို အကြောင်းပြု၍ ပညတ်ရကြောင်း ပညတ်ရာ ဌာန စသည်တို့ကို အရှင်ဥပါလိအား မေးမြန်းသောအခါ ဝိဿဇ္ဇကဖြစ်သူ အရှင်ဥပါလိကလည်း မေးမြန်းသမျှကို ဖြေတော်မူသည်၊ အမေးအဖြေ ပြီးသောအခါ ၅၀၀ သော သံဃာတော်တို့ စုပေါင်း ရွတ်ဆိုတော်မူကြသည်၊ ဤအစဉ်မျှလောက်သာ ထင်ရှားစေ၍ သင်္ဂါယနာတင်ကြပုံကို အမြွက်မျှ ပြတော်မူသည်၊ ထိုနည်းအတိုင်း ဓမ္မနှင့် စပ်ဆိုင်ရာ၌လည်း အရှင်မဟာကဿပထေရ်က အရှင်အာနန္ဒာအား ဗြဟ္မဇာလသုတ်ကို အဘယ်အရပ်၌ အဘယ်သူကို အကြောင်းပြု၍ အဘယ်သို့သော အကြောင်းအချက်ကြောင့် ဗုဒ္ဓမြတ်စွာ ဟောတော်မူသည်ကို မေးတော်မူပုံ၊ အရှင်အာနန္ဒာကဖြေတော်မူပုံ၊ အမေးဖြေ ပြီးသောအခါ သံဃာတော်များ စုပေါင်းရွတ်ဆိုတော်မူကြပုံကို အမြွက်မျှ ပြတော်မူသည်။
၃။ သတ္တသတိကသင်္ဂီတိက္ခန္ဓက ဒုတိယ သင်္ဂါယနာတင်ခန်း၌လည်း ပုစ္ဆကဖြစ်တော်မူသော အရှင်ရေဝတထေရ်က ဝိဿဇ္ဇက ဖြစ်သော အရှင်သဗ္ဗကာမိထေရ်အား “သိင်္ဂီလောဏ-အပ်ပါသလော၊ မအပ်လျှင် အဘယ်အရပ်၌ အဘယ်ပါဠိတော်တွင် ဗုဒ္ဓမြတ်စွာ ပယ်တော်မူခဲ့ပါသနည်း၊ ယင်း သိင်္ဂီလောဏကို အသုံးပြုလျှင် အဘယ် အာပတ်သင့်ပါသနည်း” စသည်ဖြင့် ဝိနယဝတ္ထု ၁၀ ချက်ကို အသေးစိတ် မေးတော်မူပုံ၊ အရှင်သဗ္ဗကာမိထေရ်က အသီးသီး ဖြေတော်မူပုံကို အမြွက်မျှ ပြတော်မူသည်၊ ဤသို့ စူဠဝါ နောက်ဆုံးခန္ဓက နှစ်ရပ်တွင် အဘိဓမ္မဟူသော စကားလုံး မပါသောကြောင့် အဘိဓမ္မာ ဘုရားဟောမဟုတ်ဟုဆိုပါလျှင် သံဂါယနာ အမေးအဖြေတွင် မပါဝင်ဘဲ ကြွင်းကျန်သော သိက္ခာပုဒ် ကြွင်းကျန်သော သုတ်တို့ကို ဤခန္ဓက နှစ်ရပ်၌ တိုက်ရိုက် မပါသောကြောင့် ဘုရားဟောမဟုတ်ဟု ဆိုနိုင်ကောင်းအံ့လော၊ အမှန်အားဖြင့် မဆိုနိုင်ပေ။
၄။ သုတ္တန်ဓမ္မဆိုင်ရာ၌လည်း သုတ်တစ်သုတ်မျှ နမူနာအဖြစ် မေးဖြေပုံကို ပြလျှင် ကြွင်းသုတ်တို့ကိုလည်း ဟောတော်မူကြောင်း သိရသကဲ့သို့ ဓမ္မဟူသော စကားလုံး၌ အဘိဓမ္မာ အကျုံးဝင်လျက် ပါရှိသော အဘိဓမ္မာနှင့် စပ်၍လည်း မေးကာ ဖြေကာ သံဂါယနာတင်သွားတော်မူကြသည်ဟု သိအပ် သိနိုင်ပေတော့သည်၊ တစ်ဖန် ဒုတိယသင်္ဂါယနာခန်း၌လည်း ဝိနယဝတ္ထု ၁၀-ချက် အမေးအဖြေမျှကိုသာ စူဠဝါပါဠိတော်က ပြထားသောကြောင့် ဝိနည်းပါဠိတော် သုတ္တန်ပါဠိတော် အဘိဓမ္မာပါဠိတော်တို့ကို သင်္ဂါယနာမတင်ဟု ဆိုနိုင်ကောင်းမည်မဟုတ်၊ အမှန်စင်စစ်သော်ကား-
“ဣမာယ ခေါ ပန ဝိနယသင်္ဂီတိယာ သတ္တဘိက္ခုသတာနိ အနူနာနိ အနာဓိကာနိ အဟေသုံ၊ တသ္မာယံ ဝိနယသင်္ဂီတိ သတ္တသတိကာတိ ဝုစ္စတိ”။ (ဝိ၊၄၊၅၀၈။) (စူဠဝါပါဠိတော်)
ဤ ဝိနယသင်္ဂီတိ၌ ရဟန္တာ ၇၀၀ မယုတ်မပို ပါရှိကြသောကြောင့် ဤ ဝိနယသင်္ဂီတိကို သတ္တသတိကာ ဝိနိယသင်္ဂီတိဟု ခေါ်ဆိုရလေသည်။
ဤ စကားအရ ဝိနည်းကို ပေါင်းစုရွတ်ခြင်း (ဝိနယသင်္ဂီတိ)ဟု ဆိုသော်လည်း သုတ် ဝိနည်း အဘိဓမ္မာ ၃-ပါးလုံးကို ပေါင်းစုရွတ်ဆိုခြင်းဟု နားလည်ကြ၍ ကောက်ယူကြရသည်သာ ဖြစ်ပေသည်၊ ဝိနယသင်္ဂီတိဟု တိုက်ရိုက်ဆိုထား၍ ဒုတိယသင်္ဂါယနာပွဲ၌ သုတ္တန်နှင့် အဘိဓမ္မာကို သင်္ဂါယနာမတင်ဟု ကပ်ကိုး၍မရပေ။
၅။ ဤ၌ ဓမ္မဝိနယသဒ္ဒါ (ပုဒ်စု သမာသ်ပုဒ်အဖြစ်ဖြင့်) သာသနာတစ်ခုလုံးကို ဟောပုံကိုလည်းကောင်း၊ ဓမ္မသဒ္ဒါတစ်ခုတည်း ဝိနယသဒ္ဒါတစ်ခုတည်းက ပိဋက ၃-ပုံကို ဟောပုံကို လည်းကောင်း၊ “ဓမ္မံ ဝိနယံ စ ဓမ္မော စ ဝိနယော စ”ဟု ဝါကျဒွန် အနေဖြင့် ဟောလျှင် ဓမ္မသဒ္ဒါဖြင့် သုတ္တန်နှင့် အဘိဓမ္မာကို ကောက်ယူရ၍ ဝိနယသဒ္ဒါဖြင့် ဝိနည်းပိဋကကို ကောက်ယူရပုံကိုလည်းကောင်း၊ ဓမ္မ အဘိဓမ္မ၊ ဝိနယ အဘိဝိနယ အစိတ်စိတ် ခွဲ၍ ဟောလျှင် ဓမ္မနှင့်အဘိဓမ္မ၊ ဝိနယနှင့်အဘိဝိနယ အသီးသီး ခွဲ၍ ကောက်ယူရပုံကို လည်းကောင်း ရှင်းလင်းစိစစ်၍ ပြဦးအံ့။
(က) သမာသ်ပုဒ် ဓမ္မဝိနယသဒ္ဒါက သာသနာကို ဟောပုံ
ယေ တေ ဘိက္ခဝေ ဘိက္ခု နဝါ အစိရပဗ္ဗဇိတာ အဓုနာဂတာ ဣမံ ဓမ္မဝိနယံ တေ ဝေါ ဘိက္ခဝေ ဘိက္ခူ စတုန္နံ သတိပဋ္ဌာနာနံ ဘာဝနာယ သမာဒပေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ။ (သံ၊၃၊၁၂၅။) (မဟာဝဂ္ဂသံယုတ်)
မြန်မာအကျဉ်း
ရဟန်းတို့ အသစ်ဖြစ်၍ မကြာမီက ရဟန်းပြုလာကြသော ဤသာသနာတော်သို့ ယခုမှ ရောက်လာကြသော ရဟန်းတို့ကို သတိပဋ္ဌာန်လေးပါး ပွားစေဖို့ရန် ဆောက်တည်စေရ တည်နေစေရ ချထားကြရမည်။
ဣမံ ခေါ တံ ဘိက္ခဝေ သောဘေထ ယံ တုမှေ ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ပဗ္ဗဇိတာ သမာနာ အာစရိယေသု အာစရိယမေတ္တေသု ဥပဇ္ဈာယေသု ဥပဇ္ဈာယမတ္တေသု အဂါရဝါ အပ္ပဋိဿာ အသဘာဂဝုတ္တိကာ ဝိဟရေယျာတိ။ (ဝိ၊၃၊၂၇၅။) (ဝိနည်းမဟာဝါပါဠိ)
မြန်မာအကျဉ်း
ရဟန်းတို့ သင်တို့၏ ဆရာ ဆရာလောက် လေးစားထိုက်သူ ဥပဇ္ဈာယ်ဆရာ ဥပဇ္ဈာယ်ဆရာလောက် လေးစားထိုက်သူ ပုဂ္ဂိုလ်များအပေါ် မရိုမသေ မတုပ်မပျပ် အသက်မွေးမှု မတူညီဘဲ သင်တို့ နေကြမည်ဆိုလျှင် ဤသို့ ငါဘုရား ကောင်းစွာ ဟောထား (ကောင်းစွာ စီမံထား) အပ်သော သာသနာတော်၌ ရဟန်းပြုသူများ ဖြစ်ကြပါလျက် ထိုသာသနာကို သင်တို့ တင့်တယ်စေနိုင်ကုန်မည်လော၊ တင့်တယ်စေသည် မည်ကြကုန်မည်လော။
ဤ ပါဠိတော်နှစ်ရပ်၌ ဟောတော်မူအပ်သော ဓမ္မဝိနယသဒ္ဒါဖြင့် သာသနာတော်ကို ဆိုလိုသည်၊ ဓမ္မဝိနယသဒ္ဒါက “သာသနာ”ဟူသော အနက်အဓိပ္ပာယ်ကိုဖော်ပြသည်၊ ဤသို့ “သာသနာ”ဟူသော အနက်ကို ယူခြင်းသည် ပါဠိတော်၏ အနက်အဓိပ္ပာယ် ကောက်ယူပုံ ထုံးနည်းပြသော အောက်ပါ မဟာနိဒ္ဒေသ အဋ္ဌကထာစကားအရ ပါဠိတတ် ပညာရှင်တိုင်း နားလည်ပြီးသား ဖြစ်ကြပါသည်။
(၁) အပိ စေတံ သိက္ခတ္တယသင်္ခါတံ သကလံ သာသနံ၊ အတ္တနော ကာရကံ အပါယေသု အပတမာနံ ကတွာ ဓာရေတီတိ ဓမ္မော၊ သောဝ သံကိလေသပက္ခံ ဝိနေတီတိ ဝိနယော၊ ဓမ္မော စ သော ဝိနယော စာတိ ဓမ္မဝိနယော။ (မဟာနိဒ္ဒေသ၊ဋ္ဌ၊၁၂၆)
တစ်နည်းမှာ သိက္ခာသုံးပါးဖြင့် ရေတွက်အပ်သော သာသနာတစ်ခုလုံးသည် လိုက်နာကျင့်ကြံသူကို အပါယ်မကျစေဘဲ ဆောင်ထားတတ်သောကြောင့် ဓမ္မ၊ ညစ်ညူးသော အပိုင်းကို ပယ်တတ်သောကြောင့် ဝိနယ မည်၏၊ ဓမ္မဝိနယ ဟူသော ပါဠိဖြင့် ဘုရားသာသနာတစ်ရပ်လုံး ကောက်ယူရပုံကို အောက်ပါအတိုင်း သိနိုင်ပေသေး၏၊
(၂) ကုလဓမ္မေဟိ ဝါ အကုသလာ ဓမ္မာနံ ဧသ ဝိနယောတိ ဓမ္မဝိနယော။ (မဟာနိဒ္ဒေသ၊ဋ္ဌ၊၁၂၆)
ကုသိုလ်ဓမ္မတို့ဖြင့် အကုသိုလ်ဓမ္မတို့ကို ပယ်ဖျောက်တတ်သောကြောင့် (သီလတ္တယသင်္ဂီတိက) သာသနာသည် ဓမ္မဝိနယ မည်၏၊
(၃) ဓမ္မေန ဝါ ဝိနယော န ဒဏ္ဍာဒီဟီတိ ဓမ္မဝိနယော။ (မ၊၁၊၁၂၇။)
တုတ်လျှင်ကန် စသည်ဖြင့် မဟုတ်ဘဲ တရားသဖြင့် ဆုံးမရာ ဖြစ်သောကြောင့် သာသနာသည် ဓမ္မဝိနယ မည်၏၊
(၄) ဓမ္မာယ ဝါ ဝိနယော ဓမ္မဝိနယော၊ အနဝဇ္ဇဓမ္မတ္တေဥှှသ ဝိနယော၊ န ဘဝဘောဂါမိသတ္ထံ။ (မဟာနိဒ္ဒေသ၊ဋ္ဌ၊၁၂၇)
ဘဝစည်းစိမ် အကျိုးငှာ မဟုတ်ဘဲ အပြစ်ကင်းသော တရားအကျိုးငှာ ဆုံးမရာဖြစ်သောကြောင့် သာသနာသည် ဓမ္မဝိနယ မည်၏၊
(၅) ဝိသိဋ္ဌံ ဝါ နယတီတိ ဝိနယော၊ ဓမ္မတော ဝိနယော ဓမ္မဝိနယော၊ သံသာရဓမ္မတော ဟိ သောကာဒိဓမ္မတော ဝါ ဧသ ဝိသိဋ္ဌံ နိဗ္ဗာနံ နယတိ။ (မဟာနိဒ္ဒေသ၊ဋ္ဌ၊၁၂၇)
သံသရာသဘော သောက စသော သဘောမှ ထူးသော နိဗ္ဗာန်သို့ ဆောင်တတ်သောကြောင့် သာသနာသည် ဓမ္မဝိနယ မည်၏၊
(၆) ဓမ္မဿ ဝါ ဝိနယော န တိတ္ထကရာနန္တိ ဓမ္မဝိနယော၊ ဓမ္မဘူတော ဟိ ဘဂဝါ၊ တေဿဝ ဝိနယော။ (မဟာနိဒ္ဒေသ၊ဋ္ဌ၊၁၂၇)
တရားတုံး တရားခဲကြီး ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဆုံးမရာဖြစ်သောကြောင့် သာသနာတော်သည် ဓမ္မဝိနယ မည်၏၊
(၇) ယသ္မာ ဝါ ဓမ္မာ ဧဝ အဘိညေယျာ ပရိညေယျာ ပဟာတဗ္ဗာ ဘာဝေတဗ္ဗာ သစ္ဆိကာတဗ္ဗာ စ၊ တသ္မာ ဧသ ဓမ္မေသု ဝိနယော န သတ္တေသု နဇီဝေသု စာတိ ဓမ္မဝိနယော။ (မဟာနိဒ္ဒေသ၊ဋ္ဌ၊၁၂၇)
အဘိညေယျ ပရိညေယျ ပဟာတဗ္ဗ ဘာဝေတဗ္ဗ သစ္ဆိကာတဗ္ဗ ဖြစ်သော တရားတို့၌ ဆုံးမရာဖြစ်သောကြောင့် သာသနာသည် ဓမ္မဝိနယ မည်၏၊
(ခ) ဓမ္မသဒ္ဒါသက်သက် ပိဋက သုံးပုံလုံးကို ဟောပုံ
ဣဓ ပန ဘိက္ခေဝေ ဧကစ္စ ကုလပုတ္တာ ဓမ္မံ ပရိယာပုဏန္တိ သုတ္တံ ဂေယျံ ဝေယျာကရဏံ ဂါထံ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗ္ဘုတဓမ္မံ ဝေဒလံဒ၊ တေ တံ ဓမ္မံ ပရိယာပုဏိတွာ တေသံ ဓမ္မာနံ ပညာယ အတ္ထံ န ဥပပရိက္ခန္တိ။ (မ၊၁၊၁၈၇။)
မြန်မာအကျဉ်း
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော အနှစ်မဲ့သော ယောက်ျားတို့သည် သုတ္တ၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ အဗ္ဘုတဓမ္မေ၊ ဝေဒလ္လ ဟုဆိုအပ်သော ဓမ္မ (ပိဋက သုံးပုံ) ကို သင်ယူကြကုန်၏၊ သင်ယူပြီးသော် ထိုသူတို့သည် ထိုပါဠိဓမ္မတို့၏ အနက်အဓိပ္ပာယ်ကို ပညာဖြင့် ကောင်းစွာ မဆင်ခြင်ကြကုန် (စသည်)။ (မူလပဏ္ဏာသ အလဂဒ္ဒူပမသုတ်။)
မှတ်ချက်။ ။ ဤ ပါဠိတော်သည် သုတ္တသဒ္ဒါဖြင့် ဝိနည်းပါဠိတော်များနှင့် နိဒ္ဒေသ သုတ္တနိပါတ် စသည်တို့ကို ကောက်ယူရမည်ဟူ၍လည်းကောင်း၊ ဝေယျာကရဏသဒ္ဒါဖြင့် အဘိဓမ္မပိဋကတစ်ခုလုံးနှင့် ဂါထာမပါသော သုတ်များကို ကောက်ယူရမည်ဟူ၍လည်းကောင်း ဤသုတ်အဖွင့် အဋ္ဌကထာ နှာ-၉ ၌ အဋ္ဌကထာဆရာ ဖွင့်ဆိုထားသည်။
(ဂ) ဝိနယသဒ္ဒါသက်သက်က ပိဋကသုံးပုံလုံးကို ဟောပုံ
ကတမော စ ဘိက္ခဝေ သုဂတဝိနယော၊ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ၊ အယံ ဘိက္ခဝေ သုဂတဝိနယော။ (အံ၊၁၊၄၆၅။) (သုဂတဝိနယသုတ်)
မြန်မာအကျဉ်း
ရဟန်းတို့ ငါဘုရား၏ အဆုံးအမဟူသည် အဘယ်နည်း၊ ထိုငါဘုရားသည် အစ အလယ် အဆုံး သုံးပါးလုံး ကောင်း၍ အနက်သဒ္ဒါနှင့် ပြည့်စုံသော၊ အဘက်ဘက်မှ စုံလင်၍ စင်ကြယ်သော ဓမ္မ (ပိဋကတော်)ကို ဟောတော်မူသည်။ မြတ်သောအကျင့်ကို ထင်စွာပြတော်မူသည်။ ရဟန်းတို့ ဤသည်ကား ငါဘုရား၏ အဆုံးအမတော်ပေတည်း။
မှတ်ချက်။ ။ ရှေ့သုတ်၌ ဓမ္မသဒ္ဒါသည် ပိဋက ၃-ပုံကို ဟောသကဲ့သို့ ဤသုတ်၌ ဝိနယသဒ္ဒါသည်လည်း ပိဋက ၃-ပုံကို ဟောသည်။
(ဃ)သုတ္တသဒ္ဒါ ပိဋကသုံးပုံ ဟောပုံ
ဓမ္မသဒ္ဒါ ဝိနယသဒ္ဒါတို့သည် ပိဋက ၃-ပုံကို ဟောသကဲ့သို့ သုတ္တ(သုတ္တန္တ)သဒ္ဒါသည်လည်း ပိဋက ၃-ပုံကို ဟောသေးသည်၊ အင်္ဂုတ္တရနိကာယ် စတုတ္ထမဟာပဒေသသုတ်၌-
ဣဒ ပန ဘိက္ခဝေ ဘိက္ခု ဧဝံ ဝဒေယျ၊ သမ္မုခါပေတံ အာဝုသော ဘဂဝတော သုတံ သမ္မုခါ ပဋိဂ္ဂဟိတံ အယံ ဓမ္မော အယံ ဝိနယော သတ္ထုသာသနံ။ (အံ၊၁၊၄၈၉။)
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတစ်ပါးသည် ဤသို့ဆိုရာ၏၊ ငါ့ရှင်တို့ ငါသည် မြတ်စွာဘုရား မျက်မှောက်၌ ဤကား ဓမ္မ၊ ဤကား ဝိနယ၊ ဤကား သတ္ထုသာသန ဟူ၍ နာကြားသင်ယူခဲ့သည်ဟုဆိုရာ၏၊ ရဟန်းတို့ ထိုရဟန်း၏ စကားကို လက်မခံနှင့်ဦး၊ ပယ်လည်း မပယ်နှင့်ဦး၊ သူဆိုသောပုဒ် ပါဠိအက္ခရာတို့ကို ကောင်းစွာ လေ့လာ၍ သုတ္တ(ပိဋက ၃-ပုံ)၌ချသွင်းကာ ရာဂကင်းကြောင်းတရား၌ ထင်စေကာ ပိဋကသို့ ဝင်လျှင်၊ ရာဂကင်းကြောင်းတရား၌ ထင်လျှင် ဤကား ငါဘုရား၏ စကားတည်း၊ ဤရဟန်းသည် ကောင်းစွာ သင်ယူ လေ့လာနိုင်ပေသည်ဟု ဆုံးဖြတ်လော့ စသည်ဖြင့် ဟောတော်မူသည်။
မှတ်ချက်။ ။ ဤသုတ်၌ သုဒိန္နထေရ်သည် သုတ္တဟူသော စကားလုံးဖြင့် မသိမ်းခြုံနိုင် မငုံမိနိုင်သော ဘုရားစကားတော်မရှိ၊ အသုတ္တ နာမကံ ဗုဒ္ဓဝစနံ နတ္ထိ ဟုဆို၍ ဤ မဟာပဒေသသုတ်၌ ပိဋက ၃-ပုံသည် သုတ္တ ရာဂ စသည် ကင်းခြင်း၏ အကြောင်းသည် ဝိနယ မည်၏ဟု မိန့်ဆိုခဲ့ဖူးလေသည်၊ ဤသို့ ထေရဝါဒကို ပြဆိုကာ အဋ္ဌကထာဆရာက ဆက်၍- ထို့ကြောင့် သုတ္တေ တေပိဋကေ ဗုဒ္ဓဝစနေ ဩတာရေတဗ္ဗာနိ (ပိဋက ၃-ပုံ ဗုဒ္ဗဝစန ဟူသော သုတ်၌ ချသွင်းရမည်)၊ ဝိနယေ ဧတသ္မိံ္မ ရာဂါဒိဝိနယကာရဏေ သံသန္ဒေတဗ္ဗာနိ (အံ၊ဋ္ဌ၊၂၊၃၅၇။ ဒီ၊ဋ္ဌ၊၂၊၁၅၆။) (ရာဂ စသည် ကင်းခြင်း၏ အကြောင်းဖြစ်သော ဝိနယ၌ ထင်စေရမည်)ဟု ဤနေရာ၌ အနက်ကောက်ယူပါဟု ဖွင့်ဆိုထားလေသည်။ (မဟာပဒေသသုတ် ဋ္ဌ-နှင့် မဟာဝဂ္ဂ မဟာပရိနိဗ္ဗာနသုတ်-၁၅၇)။
(င) ဓမ္မသဒ္ဒါ လောကုတ္တတရား ၉-ပါးကို ဟောပုံ
ဓမ္မာနုဓမ္မပဋိပဒါယာတိ ဓမ္မော နာမ နဝ လောကုတ္တရဓမ္မော၊ အနုဓမ္မော နာမ ဝိပဿနာဒိ တဿဓမ္မဿ အနုရူပါ ဓမ္မပဋိပဒါ ဓမ္မာနုဓမ္မာပဋိပဒါ။ (မဟာနိဒ္ဒေသ၊ဋ္ဌ၊၅၅။)
မြန်မာပြန်
ဓမ္မာနုဓမ္မပဋိပဒါ ဟူသော စကားရပ်၌ ဓမ္မဟူသည် လောကုတ္တရာတရား ၉-ပါးတည်း၊ လျော်သောအကျင့်ဟူသည် ဝိပဿနာစသည်တည်း၊ ထိုလောကုတ္တရာ တရား ၉-ပါးအား လျော်သော ဝိပဿနာ စသော အကျင့်သည် ဓမ္မာနုဓမ္မပဋိပဒါ မည်၏၊ (မဟာနိဒ္ဒေသ အဋ္ဌကထာ)
(စ) ဓမ္မသဒ္ဒါ အဘိဓမ္မာကို ဟောပုံ
သုတ္တန္တိကောတိ သုတ္တန္တေ နိယုတ္တော၊ ဝိနယဓရောတိ ဝိနယပိဋကဓရော၊ ဓမ္မကထိကောတိ အာဘိဓမ္မိကော။ (မဟာနိဒ္ဒေသ၊ဋ္ဌ၊၁၇၂။) (မဟာနိဒ္ဒေသ အဋ္ဌကဝဂ္ဂ ဒုဋ္ဌဋ္ဌကသုတ်)
မြန်မာပြန်
သုတ္တန်ပါဠိတော်၌ တာဝန်ချထားခြင်းခံရသော သူသည် သုတ္တန္တိက မည်၏၊ ဝိနည်းပိဋကကို ဆောင်သော သူသည် ဝိနယဓရ မည်၏၊ ဓမ္မကို ဟောပြောသူဟူသည်ကား အဘိဓမ္မာကို (တာဝန်ယူ၍) ဆောင်သော သူတည်း။
၆။ ဤသို့ “ဓမ္မဝိနယ”ဟူ၍ ဓမ္မနှင့်ဝိနယ တွဲလျက်ပုဒ်၊ “ဓမ္မ”သက်သက်၊ “ဝိနယ”သက်သက်ပုဒ်၊ ယင်းနှင့် အလားတူသော “သုတ္တသဒ္ဒါ”၊ ၎င်းတို့၏ ဟောလေ့ရှိသော ပိဋကကျမ်းဂန်၌ သုံးစွဲလေ့ရှိသော အနက်တို့ကို ယခုကဲ့သို့ ထုတ်ပြခြင်းမှာ “ဓမ္မံ စ ဝိနယံ စ” စသော ပုဒ်ကို လက်ကိုင်ပြု၍ အနက်အရကောက် ထုတ်ကြသော ဘာသာခြား လူမျိုးခြား အနောက်တိုင်း သမိုင်းသုတေသီတို့နှင့် ယင်းတို့၏ နောက်လိုက် မြန်မာ(သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်)တို့၏ အဆိုကို စိစစ်ရန် ဖြစ်သည်၊ ဓမ္မံ စ ဝိနယံ ဟူသော ပါဠိဝေါဟာရတို့၏ သဒ္ဒါနက် ရင်းမြစ်အနက်ကလေးလောက်ကိုသာ ကျဉ်းမြောင်းစွာ ဆုပ်ကိုင်၍လည်းကောင်း၊ ဘုရားဟောပါဠိ ဝေါဟာရတို့၏ ယထာဘူတ အနက်မှန်ရအောင် ဖွင့်ပြသော အဋ္ဌကထာဆရာကြီးတို့၏ ညွှန်ပြချက်တို့ကို ပစ်ပယ်၍လည်းကောင်း၊ ကိုယ်လိုရာကို စွဲ၍ ရေးသားပြောခြင်းသည် ပိဋကတ်တော်နှင့် ဆန့်ကျင်ရုံမျှမက လောကအစဉ်အလာအားဖြင့်လည်း လုံးဝ ဆန့်ကျင်ပေသည်။ သာဓက ပြရသော် နိုင်ငံတကာ၌ အခြေခံဥပဒေပါ စကားလုံးတို့ကို ဥပဒေပြဋ္ဌာန်းသူ အစိုးရတို့က မည်သည့်စကားကို မည်သို့ ဆိုလိုသည်ဟု အနက်ဖွင့်ဆိုချက် သတ်မှတ်ပေးစမြဲဖြစ်သည်၊ သတ်မှတ်ပေးသည့် အနက်အတိုင်း ပြည်သူတို့က လိုက်နာရသည်၊ ကြားလူ တစ်ဦးတစ်ယောက်က အခြေခံဥပဒေ၌ပါသော ဝေါဟာရကို အဘိဓာန်လှန်ကြည့်ပြီး မိမိလိုချင်သလို အဓိပ္ပာယ် ဖော်ယူ၍ မရပေ၊ ဤနည်းအတူ ဘုရားဟောပါဠိတော်၌ ပါသော ဝေါဟာရတို့၏ အနက်ကိုလည်း အဋ္ဌကထာဆရာများ ဖွင့်ပြသည့်အတိုင်းသာ အနက်ယူရပေသည်၊ ဤကား သဘာဝနည်းလမ်းပေတည်း။
၇။ “ဓမ္မ”နှင့် “အဘိဓမ္မ”၊ “ဝိနယ”နှင့် “အဘိဝိနယ” တွဲစပ်၍ ဟောလျှင် ယူရမည့် အနက်များကို ဆက်လက်ပြဆိုဦးအံ့။
(က) “ပုန စပရံ ဘိက္ခေဝေ ဘိက္ခု ဓမ္မကာမော ဟောတိ ပိယသမုဒါဟာရော အဘိဓမ္မ အဘိဝိနယေ ဥဠာရပါမောဇ္ဇာ” (အံ၊၃၊၂၇၅။) (ဒီ၊၃၊၂၅၇) စသည် (ဒသက၊ အံ၊ ပထမ နာထသုတ်နှင့် ဒီ-၃၊ သဂတိသုတ်)
မြန်မာပြန်
ရဟန်းတို့ ရဟန်းတစ်ပါးသည် (ပိဋက ၃-ပုံဟု ဆိုအပ်သော) တရားကို လိုလားသည် ချစ်ဖွယ် နာလိုဖွယ်သော စကားကိုပြောဆိုတတ်သည်၊ အဘိဓမ္မာ (သို့မဟုတ် -မဂ်ဖိုလ်)၌လည်းကောင်း၊ ခန္ဓက၊ ပရိဝါရ ဟူသော မြတ်သော (ကျယ်ဝန်းများပြားသော) ဝိနည်း (သို့မဟုတ်-ကိလေသာ ငြိမ်းအေးကြောင်းတရား ဟူသော အဘိဝိနယ)၌လည်းကောင်း (သင်ယူလေ့လာခြင်း, ကျင့်သုံးခြင်းအားဖြင့်) ထူးခြားမြင့်မားသော ဝမ်းမြောက်ခြင်း ရှိသည်။
(ခ) ဝိနည်းမဟာဝါပါဠိတော် ဥပသမ္ပာဒေတဗ္ဗ ပဉ္စက၌ နိဿရည်းပေးနိုင်၊ ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးနိုင်သော ရဟန်း၏အင်္ဂါ (အရည်အချင်း) ၅-ပါး အနက်-
“ပဋိဗလော ဟောတိ အန္တေဝါသိံ ဝါ အဘိဓမ္မ ဝိနေတုံ အဘိဝိနယေ ဝိနေတုံ” (ဝိ၊၃၊၉၃။)
မိမိ၏ အတွင်းနေတပည့်ကို ဖြစ်စေ အတူနေတပည့်ကို ဖြစ်စေ ရုပ်နာမ်ခန္ဓာနှင့် စပ်သော အဘိဓမ္မာ၌ သွန်သင်ဆုံးမခြင်းငှာ စွမ်းနိုင်ရမည်၊ ပါတိမောက် ဥဘတောဝိဘင်းနှင့်တကွ စူဠဝါခန္ဓက မဟာဝါခန္ဓက သောဠသပရိဝါရ ဟူသော အထက်တန်းကျသော အဘိဝိနယ၌ ပို့ချသွန်သင် ပြုပြင်ဆုံးမခြင်းငှာ စွမ်းနိုင်သူ ဖြစ်ရမည်ဟူသော အင်္ဂါ ၂-ရပ် လာရှိပေသည်။
ယခု ဆောင်ပြထားသော သုတ် နှစ်သုတ်တွင် ပထမသုတ်၌ ဓမ္မကာမောဟူသော ပါဠိဖြင့် ဓမ္မကိုလည်းကောင်း အဘိဓမ္မဟူသော ပါဠိဖြင့် အဘိဓမ္မာကိုလည်းကောင်း နှစ်မျိုး ဟောထားရာ ယင်း နာထသုတ် အဋ္ဌကထာ (အံ၊ဋ္ဌ၊၃၊၂၉၁။) ဓမ္မအရ အဘိဓမ္မာနှင့်တကွ ပိဋကသုံးပုံကိုလည်းကောင်း အဘိဓမ္မာအရ မဂ်ဖိုလ်ကိုလည်းကောင်း ကောက်ပြထားပေသည်၊ တစ်နည်း ကောက်ယူလျှင် ဓမ္မအရ သုတ္တန္တပိဋကကိုယူ၍ အဘိဓမ္မာအရ အဘိဓမ္မာပိဋကကို ယူရမည်ဟုဖွင့်ပြထားသည်၊ ဒုတိယသုတ်၌ အဘိသမာစာရိကာယ သိက္ခာယာတိ ခန္ဓကဝတ္တေဟုဖွင့်ဆိုလျက် သေခိယသိက္ခာပုဒ် အသီတိက္ခန္ဓက ကျင့်ဝတ်များနှင့်တကွ ဥဘတောဝိဘင်းကို ဝိနယဟု ကောက်ရမည်ကိုလည်းကောင်း၊ အဘိဝိနယ ဟူသည်ကို စူဠဝါခန္ဓက မဟာဝါခန္ဓက သောဠသပရိဝါရ ကောက်ယူရမည်ကိုလည်းကောင်း ညွှန်ပြတော်မူသည်၊ တစ်နည်းကောက်ယူလျှင် ဝိနည်းပိဋက တစ်ခုလုံးကို ဝိနယ၊ ကိလေသာ ငြိမ်းအေးခြင်းအကြောင်းကို အဘိဝိနယဟု ကောက်ယူပြထားပေသည်။
အထက်တွင် ဖော်ပြခဲ့ပြီးသော ပါဠိတော်အဋ္ဌကထာ စကားရပ်တို့ကို အကျဉ်းချုပ်၍ ဖော်ပြရသော် ဤသို့ သိအပ်၏၊
(က) စူဠဝါပါဠိတော် သင်္ဂါယနာခန်း၌ အဘိဓမ္မာပိဋက မပါခြင်းမှာ အဘိဓမ္မာကို ဘုရားဟော မဟုတ်၍ မပါခြင်း မဟုတ်၊ စူဠဝါပါဠိတော်၌ သင်္ဂါယနာတင်ပုံ သိသာရုံ အမြွက်မျှပါခြင်း ဖြစ်၍ မပါခြင်းသာ ဖြစ်သည်၊ အဘိဓမ္မာသာမက အခြားသော သုတ် ဝိနည်းများစွာလည်း အပြည့်အစုံမပါချေ၊ စူဠဝါမှာ မပါ၍ ဘုရားဟောမဟုတ်ရစတမ်းဆိုလျှင် အဘိဓမ္မာသာမက ကျန်သော ပါဠိတော်(၉၀)ရာခိုင်နှုန်းသည်လည်း ဘုရားဟော မဟုတ်ဟု ဆိုရန်ရှိသည်။ သို့သော် ဤသို့မဟုတ်၊ သင်္ဂါယနာ ဆရာမြတ်တို့သည် အဘိဓမ္မာနှင့်တကွ ပြည့်ပြည့်စုံစုံ သင်္ဂါယနာတင်ပြီး တာဝန်ခွဲဝေ သင်ယူခဲ့ကြ၏၊ ခက်ခဲနက်နဲသော ဗုဒ္ဓအဘိဓမ္မာတရားတော် ယနေ့အထိ မပျောက်မပျက် တည်တံ့လာခြင်းသည် သင်သူ ဆောင်သူ ရှိခဲ့၍သာ ဖြစ်ကြောင်း အလွန်ထင်ရှားပေသည်။
(ခ) ဓမ္မဝိနယသဒ္ဒါသည် သာသနာတော် တစ်ရပ်လုံးကို ဟောသည်၊ ဓမ္မသဒ္ဒါတစ်ခုတည်း ပိဋက ၃-ပုံကို ဟောသည်၊ ဝိနယသဒ္ဒါတစ်ခုတည်း ပိဋက ၃-ပုံကိုဟောသည်၊ သုတ္တသဒ္ဒါ (သုတ္တန္တသဒ္ဒါ) လည်း ပိဋက ၃-ပုံကို ဟောသည်၊ သူ့နေရာနှင့်သူ ပါဠိဝေါဟာရများသည် အနက်များ အမျိုးမျိုးရှိသည်။
(ဂ) ဘုရားရှင်လက်ထက်တော်၌ပင် အဘိဓမ္မာတရား ရှိနေကြောင်း ဝိနည်းမဟာဝါပါဠိတော်၌ “အဘိဓမ္မေ ဝိနေတုံ” အဘိဓမ္မာတရား၌ ဆုံးမစိမ့်သောငှာဟု တိုက်ရိုက် အထင်အရှား ပါရှိသည်။
သို့ဖြစ်သောကြောင့် စူဠဝါပါဠိတော် သင်္ဂါယနာခန်း၌ အဘိဓမ္မာဟူသော ဝေါဟာရ အဘိဓမ္မာဘာဏက မပါ၍ အဘိဓမ္မာ ဘုရားဟော မဟုတ်ဟု စုဒိတကတို့ ကောက်ချက်ချခြင်းသည် စူဠဝါပါဠိတော်မှတပါး အခြားသော ပါဠိတော် အဋ္ဌကထာတို့ကို ကျယ်ကျယ်ပြန့်ပြန့် မကြည့်တတ်၍သာ ယခုလို အမှားကိုပြောမိကြခြင်း ဖြစ်ပေသည်။
၉။ ယင်းသို့ သာသနာတော်၏ ထုံးနည်းဥပဒေ ပါဠိဂတိ (ပါဠိတော်၏ အနေအထား)ကို ရှေ့နောက် ထောက်ဆ ဒေသကဖြစ်သော ရှင်တော်မြတ်ဘုရား၏ ဗျင်္ဂျတ္ထ (ဆိုလိုသော အနက်အဓိပ္ပာယ်) ကို မဝှက်မကွယ် လည်လည်ပတ်ပတ် သိသောဉာဏ် မရရှိပါဘဲလျက် တစ်နည်းတွေ့ဖြင့် လွေ့လွေ့ရမ်းရမ်း ကလောင်သရမ်း လျှာရမ်းကြကာ ဗုဒ္ဓဘာသိတ (ဘုရားဟော) ဖြစ်ပါလျက် အဗုဒ္ဓဘာသိတ (ဘုရားဟော မဟုတ်)ဟု ဆိုမိကြလျှင် အလွန် ကြောက်ဖွယ်ကောင်းသော အမှားကို လွန်ကျူးရာ ရောက်၍ သံသရာဝန် ကြီးလေးလှပေသည်။
၁၀။ ယခုအခါ “အဘိဓမ္မာကို ဗုဒ္ဓမြတ်စွာ မဟောခဲ့”ဟုဆိုကြသော သူတို့၏ လက်သုံး အကိုးသာဓကပြုသော စကားများကို စိစစ်ပြဦးအံ့။
ယော ခေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝါ မမစ္စယေန သတ္ထာ - (ဒီ၊၂၊၁၂၆-၇။)
အာနန္ဒာ ဓမ္မနှင့် ဝိနယကို ငါဘုရားသည် ဟောကြားခဲ့ ကောင်းစွာ နားလည်အောင် ရှင်းလင်းခဲ့ပြီ၊ ငါဘုရားလွန်တော်မူသောအခါ ထိုဓမ္မနှင့် ဝိနယသည် (သင်တို့ကို အမြဲမပြတ် သွန်သင်မြွက်ဟ နည်းလမ်းပြသော) ဆရာဖြစ်သည်၊ (ဆရာအဖြစ် သွန်သင်ဆုံးမ နည်းလမ်းပြပေလိမ့်မည်။)
ဤစကားသည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ဝင်စံတော်မူခါနီး အရေးတကြီး ခိုင်ခိုင်လုံလုံ ခုံတင်လောက်အောင် မိန့်ဆိုခဲ့သော စကားတော်ဖြစ်သည်၊ ဤစကား၌ ဓမ္မနှင့် ဝိနယကိုသာ တွေ့ရ၍ အဘိဓမ္မ ဟူသော စကားလုံးကို မတွေ့ရ၊ ထို့ကြောင့် ဗုဒ္ဓသည် အဘိဓမ္မာကို မဟောခဲ့ပေ၊ ဤသို့ ဘာသာခြား လူမျိုးခြား အနောက်သုတေသီတို့ ထင်မြင်ကြ ခံယူကြသည်။
၁၁။ ဤမျှမက သင်္ဂါယနာတင်ရာအခါ သံဃာ့ခေါင်းဆောင် သဘာပတိ ဖြစ်တော်မူသော အရှင်မဟာကဿပသည် ၅၀၀-သော သံဃာ့အလယ်တွင် ဤသို့ မိန့်တော်မူ၏-
သုဏာတု မေ အာဝုသော သံဃော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဣမာနိ ပဉ္စဘိက္ခုသတာနိ သမ္ပန္နေယျ ရာဇဂဟေ ဝဿံ ဝသန္တာနိ ဓမ္မဉ္စဝိနယဉ္စ သင်္ဂါတုံ၊ န အညေဟိ ဘိက္ခူဟိ ရာဇဂဟေ ဝဿံ ဝသိတဗ္ဗန္တိ၊ ဧသာ ဉတ္တိ။ (သံ၊၁၊၃၁။)
မြန်မာပြန်
“ငါ့ရှင်တို့ သံဃာတော်သည် ငါ၏စကားကို နားထောင်စေချင်၏၊ သံဃာတော်အား အကြောင်းအခွင့် သင့်တင့်ညီညွတ်လျှင် ရဟန်းငါးရာတို့သည် ရာဇဂြိုဟ်မြို့၌ ဝါဆိုလျက် ဓမ္မနှင့်ဝိနယကို ပေါင်းစုရွတ်ကာ သင်္ဂါယနာတင်ရန် သံဃာတော်များက သမ္မုတိပေးစေချင်ပါ၏၊ အခြားရဟန်းများသည် ရာဇြုဂိဟ်မြို့၌ ဝါမကပ်ရဟု သံဃာတော်များက သမ္မုတိပေးစေချင်ပါ၏၊ ဤကား (ငါ၏) အဆိုပြုချက် သိစေချက်တည်း” (စူဠဝါပဉ္စသတိကခန္ဓက)
ဤစကားရပ်၌လည်း ဓမ္မနှင့်ဝိနယသာ ပါသည်၊ အဘိဓမ္မ မပါ၊ အဘိဓမ္မာဟူသည် သာဝကရဟန်းတို့၏ နောက်မှထွင်သော နောက်တိုးလက်ရဖြစ်သည်။ ပထမသင်္ဂါယနာတင်ရာ၌လည်း မပါ၊ ဒုတိယသင်္ဂါယနာ တင်ရာ၌လည်း မပါဟု ဗုဒ္ဓဝါဒီမဟုတ်သော အနောက်တိုင်း သမိုင်းသုတေသီတို့က ဆိုကြသည်၊ ထိုဘာသာခြား လူမျိုးခြား စာရေးဆရာတို့၏ စကားကျ ကောက်နည်းအတိုင်း ထိုပါဠိတော်၌ “ဓမ္မော စ ဝိနယော စ၊ ဓမ္မဉ္စ ဝိနယဉ္စ”သာ ပါသည်၊ သုတ္တဉ္စ (ဝါ) သုတ္တန္တဉ္စဟူ၍ မပါပေ၊ ထို့ကြောင့် သုတ္တန်ကိုလည်း ဘုရားဟော မဟုတ်ဟု ဆိုရမလို ရှိပေသည်၊ အဘိဓမ္မဟူသော စကားလုံးမပါ၍ ဘုရားဟော မဟုတ်ဟုဆိုသော စကား အသွားအလာအရ သုတ္တဟူသော စကားလုံးမပါ၍ သုတ္တ(သုတ္တန်)ပါဠိတော်များသည်လည်း ဘုရားဟောမဟုတ်ဟု ဆက်ဆိုရန်ပင် ရှိပေသည်၊ “ဓမ္မ”ကို သုတ္တန်ဟု အဘယ့်ကြောင့် ကောက်ရမည်နည်း၊ “ဓမ္မ”ကို သုတ္တန်ဟုကောက်လျှင် ဓမ္မနှင့် အလွန်နီးစပ်သော အဘိဓမ္မာကိုရော အဘယ့်ကြောင့် မကောက်ယူနိုင် မထည့်သွင်းနိုင်ဘဲ နေရပါမည်နည်း၊ ဤကား သူ့စကားနှင့်သူ ပြန်၍ သုံးသပ်ပြချက်ပေတည်း။
၁၂။ အမှန်ကား ရှေ့စာမျက်နှာများ၌ ဆိုခဲ့သည့်အတိုင်း ဓမ္မသဒ္ဒါသည် ဘုရားစကားတော် ဟူသမျှ (ပိဋက ၃-ပုံလုံး)ကိုဟော၏၊ ဤ၌ ယင်းနှင့် တွဲဖက်ဖြစ်သော ဝိနယသဒ္ဒါ၏ ဝိနည်းပိဋကဟူသော အနက်ကို ချန်လှပ်၍ ကြွင်းသော ပိဋက ၂-ပုံဟူသော အနက်ကို ဟောသည်။ (အနက်တု) စကား ၂-လုံး ၃-လုံးတွဲ၍ သုံးလျှင် နောက်စကားလုံး၏ အနက်ကို ချန်လှပ်၍ ရှေ့စကားလုံး၏ အနက်ကို ဖော်ထုတ်ရမြဲ ဖြစ်သည်။ ဥပမာ-သဒေဝတံ သမာရကံ ဟူသော ပါဠိတော်၌ ဒေဝသဒ္ဒါသည် နတ်ပြည် ၆-ထပ်လုံးရှိ နတ်အများကို ဟောနိုင်သော်လည်း နောက်၌ တွဲယှဉ်လျက်ရှိသော မာရသဒ္ဒါ၏ အနက်ဖြစ်သည့် ဝသဝတ္တီနတ်ပြည်ရှိ နတ်တို့ကို ချန်လှပ်၍ ကြွင်း နတ်ပြည် ၅-ထပ်ရှိ နတ်တို့ကိုသာ ဒေဝသဒ္ဒါအရ ကောက်ယူရတော့သကဲ့သို့လည်းကောင်း၊ ဓမ္မာယတန ဓမ္မဓာတု ဟူသော စကားလုံးများ၌ ဓမ္မသဒ္ဒါသည် နိဗ္ဗာန်နှင့်တကွ ပရမတ္ထတရားအားလုံးကို ဟောနိုင်သော်လည်း စက္ခာယတန စသော အာယတန ၁၁၊စက္ခုဓာတ်စသော ဓာတ် ၁၇-ပါးတို့ဖြင့် စိတ်-၈၉၊ ဩဠာရိကရုပ် ၁၂-ပါးကို ကောက်ယူပြီး ဖြစ်၍ ယင်းတို့ကို ချန်လှပ်ကာ စေတသိက် ၅၂၊ သုခုမရုပ် ၁၆၊ နိဗ္ဗာန်တို့ကိုသာ ဓမ္မသဒ္ဒါအရ ကောက်ယူရတော့သကဲ့သို့လည်းကောင်း ဖြစ်ပေသည်။
နောက် ဥပမာတစ်ခု ရှုလေဦး-
ကမ္မံ ဝိဇ္ဇာ စ ဓမ္မော စ၊ သီလံ ဇီဝိတမုတ္တမံ။
ဧတေန မစ္စာ သုဇ္ဈန္တိ၊ န ဂေါတ္တေန ဓနေန ဝါ။ (သံ၊၁၊၁၃။)
၁၃။ ဤ သဂါထာဝဂ္ဂ ဒေဝတာသံယုတ် ဇေတဝနသုတ် ပါဠိတော်၌ ဓမ္မော ဟူသော ပါဌ်ဖြင့် လောကုတ္တရာမဂ္ဂင် ၈-ပါးလုံး ဟောနိုင်သော်လည်း ဝိဇ္ဇာဟူသော ပါဌ်ဖြင့် သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပမဂ္ဂင်ဟူသော ပညာမဂ္ဂင် ၂-ပါးကို ကောက်ယူရန် ရှိသောကြောင့်လည်းကောင်း၊ သီလံ-ဟူသော ပါဌ်ဖြင့် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဟူသော သီလမဂ္ဂင် ၃-ပါးကိုသာ ကောက်ယူရတော့သည်။
၁၄။ ယခုဆိုခဲ့ပြီးသော ကောက်ယူနည်းကို ဂေါဗလိဗဒ္ဓနည်းဟူ၍လည်းကောင်း၊ ပုညဉာဏသမ္ဘာရနည်း ဟူ၍လည်းကောင်း ခေါ်ဆိုရသည်၊ အနည်းငယ်ရှင်း ဦးအံ့၊ “ဂါဝေါစ ဗလိဗဒ္ဓေ စ ဂဏယန္တော အာနေဟိ= ဝန်ဆောင်နွား လားနှင့် အခြားနွားတို့ကို ရေတွက်ကာ ခေါ်ယူခဲ့ပါ (လောကီပုံစံ)ဟု ဆိုရာ၌ ဂါဝေါ=ဟူသော စကားလုံးဖြင့် နွားအို, နွားပျို, နွားပိုက်, နွားပေါက်စ အထီးအမ အားလုံးကို သိမ်းချုံ၍ ဟောနိုင်သော်လည်း ဗလိဗဒ္ဓဟူသော နောက်ပုဒ်ဖြင့် ဝန်ဆောင်နွားလားကို ချန်ကာ ကြွင်းသော နွားများကိုသာ ဂေါသဒ္ဒါအရ ကောက်ယူရသည်။
၁၅။ ဤနည်းအတိုင်း မြတ်စွာဘုရား၏ မုခပါဌ် နှုတ်ထွက်စကားတော် ဟူသမျှကို ရည်ညွှန်း၍ ဓမ္မော စ ဝိနယော စ ဓမ္မဉ္စ ဝိနယဉ္စပုဒ် ၂-ပုဒ်ကို တွေ့လေသမျှ ဝိနယဖြင့် ဝိနည်းပိဋကကို ကောက်ယူရကြောင်း သိမှတ်ရပေမည်။
ထို့ကြောင့်-
ဣမံ ဓမ္မဝိနယန္တိ ဣမံ ဓမ္မဉ္စဝိနယဉ္စ၊ ဥဘယမ္ပေတံ သာသနေဿဝ နာမံ၊ ဓမ္မေန ဟေတ္ထ ဒွေ ပိဋကာနိ ဝုတ္တာနိ၊ ဝိနယေန ဝိနယပိဋကံ၊ ဣတိ တီဟိ ပိဋကေဟိ ပကာသိတံ ပဋိပတ္တိံ အဓုနာ အာဂတောမှီတိ ဝဒတိ - (သံ၊ဋ္ဌ၊၁၊၄၂။)
ဟူ၍ လည်းကောင်း၊
ဣမံ ဓမ္မဝိနယံဟူသည်ကား ဤသုတ်အဘိဓမ္မာသို့လည်းကောင်း၊ ဤဝိနယသို့လည်းကောင်း ယခုမှ ရောက်လာသူ ဖြစ်သည်၊ ဤ ၂-ပုဒ်လုံးသည် သာသနာတော်၏ အမည် ဖြစ်၏၊ မှန်၏- ဤတစ်ပုဒ်တွင် ဓမ္မဖြင့် ပိဋက ၂-ပုံကို ဝိနယဖြင့် ဝိနည်းပိဋကကို ဆိုအပ်သည်၊ ဤသို့ ပိဋက ၃-ပုံဖြင့် ပြအပ်သော အကျင့်သို့ ယခုမှ ငါ ရောက်လာသည်ဟု ရဟန်းက ဆို၏၊
ဓမ္မောတိ သုတ္တာဘိဓမ္မေ သင်္ဂဏှာတိ၊ ဝိနယောတိ သကလံ ဝိနယပိဋကံ။ ပ။ သကလဥှိ ဗုဒ္ဓဝစနံ ဓမ္မဝိနယဝသေန “ဒုဝိဓံ ဟောတိ၊ (သာရတ္ထ၊ဋီ၊၁၊၂၁။)
ဟူ၍ လည်းကောင်း၊
ဓမ္မော ဟူသော ပါဌ်ဖြင့် သုတ်အဘိဓမ္မာတို့ကို သိမ်းယူ၏၊ ဝိနယော ဟူသော ပါဌ်ဖြင့် ဝိနယပိဋက အလုံးစုံးကို သိမ်းယူ၏၊ မှန်၏- အလုံးစုံသော ဘုရားစကားတော်သည် ဓမ္မဝိနယ၏ အစွမ်းဖြင့် နှစ်ပါး ရှိ၏၊ အဋ္ဌကထာ ဋီကာဆရာတို့ သာသနာ အစဉ်အလာအတိုင်း ဖွင့်ဆိုခြင်း ပြုကြပေသည်။
၁၆။ ယခုအခါ အဘိဓမ္မာကို ဘုရားဟောကြောင်း ပါဠိတော်များ၌ တိုက်ရိုက်လာသော သာဓကစကားရပ်တို့ကို ထုတ်နုတ်၍ ပြဦးအံ့-
(၁) ကုသလာဟံ ဝိသုဒ္ဓီသု၊ ကထာဝတ္ထုဝိသာရဒ။
အဘိဓမ္မနယညူ စ၊ ဝသိပ္ပတ္တမှိ သာသနေ။ (ခု၊၄၊၂၂၈။)
မြန်မာပြန်
တပည့်တော်မ ခေမာသည် ဝိသုဒ္ဓိတရားတို့၌ လိမ္မာ ကျွမ်းကျင်ပါသည်၊ ၁၀-ပါးသော ကထာဝတ္ထုတို့၌ (အကျိုးအပြစ်ကို သိသောအားဖြင့်) ရဲရင့်ပါသည်၊ အဘိဓမ္မာနည်း (ဖြစ်သော ဘူမန္တရ စသည်) တို့ကို နားလည် သဘောပေါက်ပါသည်၊ သို့ဖြစ်၍ ဘုရားရှင်သာသနာတော်၌ အစွမ်းထက်သူ အဖြစ်သို့ ရောက်ခဲ့ပါသည်။
မှတ်ချက်။ ။ အထက်ပါ ကထာဝတ္ထုဝိသာရဒါ-ဟူသော ခေမာထေရီအပဒါန်လာ စကားရပ်၌ “ကထာဝတ္ထု” ကို အဘိဓမ္မာ ၇-ကျမ်းမှ ၅-ခုမြောက် ကထာဝတ္ထုကျမ်းကို မယူရ၊ ကထာဝတ္ထု ၁၀-ပါး (ကထာ=စကား၊ ဝတ္ထု=တည်ရာ၊ စကားတည်ရာ၊ စကားဖြစ်ကြောင်း) ကိုသာ ယူရမည်၊ အနောက်တိုင်း သမိုင်းသုတေသီတို့ကား ဤသို့သော အနက်မျှကို မသိရှာကြ၍ ကထာဝတ္ထုဟု အသံကြားကာမျှဖြင့် အဘိဓမ္မာ ၇-ကျမ်းမှ ကထာဝတ္ထုကျမ်းပဲဟု ယူ၍ ထိုအပဒါန်ပါဠိတော်ကိုပင် တတိယသံဂါယနာ နောက်ပိုင်းကျမှ ရေးသားသောကျမ်း ဖြစ်သည်ဟု မှားယွင်းစွာ စွပ်စွဲ ပြောဆိုကြသည်။
(၂) သုတ္တန္တံ အဘိဓမ္မဉ္စ၊ ဝိနယဉ္စပိ ကေဝလံ။
နဝင်္ဂံ ဗုဒ္ဓဝစနံ၊ ဧသာ ဓမ္မသဘာ တဝ။ (ခု၊၃၊၄၈။)
သုတ္တန်, အဘိဓမ္မာနှင့် ဝိနယပိဋကတစ်ခုလုံးသည်လည်းကောင်း၊ အင်္ဂါ ၉-ပါးရှိသော ဗုဒ္ဓအဆုံးအမသည် လည်းကောင်း ဤအလုံးစုံသည် သင်၏ ဓမ္မသဘင် ဖြစ်သည်။
ဤစကားကား ဗုဒ္ဓကိုယ်တော်တိုင်က ဥပါလိထေရ်အား မိန့်တော်မူသော စကားဖြစ်သည်၊ ဤဂါထာ၌ ပိဋက ၃-ပုံကို တိုက်ရိုက် မြွက်ဆိုထားတွေ့ရမည် ဖြစ်သည်။
(၃) ဣဓာဝုသော သာရိပုတ္တ ဒွေ ဘိက္ခူ အဘိဓမ္မကထံ ကထေန္တိ၊ တေ အညမညံ ပဥှိ ပုစ္ဆန္တိ၊ အညမညဿ ပဥှိ ပုဋ္ဌာ ဝိဿဇ္ဇေန္တိ၊ နော စ သံသာဒေန္တိ၊ ဓမ္မီ စ နေသံ ကထာ ပဝတ္တိနီ ဟောတိ၊ ဧဝရူပေန ခေါ အာဝုသော သာရိပုတ္တ ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျ။ (မ၊၁၊၂၇၅။)
ငါ့ရှင် သာရိပုတ္တရာ ဤသာသနာတော်၌ ရဟန်း ၂-ပါးသည် အဘိဓမ္မာနှင့် စပ်သော တရားစကားကို ပြောဟောနေကြကုန်၏၊ သူတို့သည် အချင်းချင်း ပြဿနာ မေးကြကုန်၏၊ ပြဿနာ ဖြေကြကုန်၏၊ မေးဖြေရာ၌ အချင်းချင်းကို မဆုတ်နစ်စေကြကုန်၊ သူတို့၏ တရားဆွေးနွေးခြင်းသည် (ကြောင်းကျိုးယုတ္တိ အပြည့်ရှိ၍) တရားနှင့်ညီစွာ အလျဉ်မပြတ် ဖြစ်၏၊ှုါ့ရှင် သာရိပုတ္တရာ ဤသို့သော ရဟန်းမျိုးဖြင့် ဂေါသိင်္ဂ အင်ကြင်းတောကြီးသည် သာယာတင့်တယ် ပေရာ၏၊ (မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ်၊ အရှင်မောဂ္ဂလ္လာန်၏ လျှောက်ထားချက်၊)
(၄) ပုန စပရံ ဘိက္ခဝေ ဘဝိဿန္တိ ဘိက္ခူ အနာဂတမဒ္ဓါနံ အဘာဝတိကာယာ အဘာဝိတသီလာ အဘာဝိတ- စိတ္တာ အဘာဝိတပညာ၊ တေ အဘာဝိတကာယာ သမာနာ အဘာဝိတသီလာ အဘာဝိတစိတ္တာ အဘာဝိတပညာ အဘိဓမ္မကထံ ဝေဒလ္လကထံ ကထေန္တာ ကဏှဓမ္မံ ဩက္ကမမာနာ န ဗုဇ္ဈိဿန္တိ။ (အံ၊၂၊၉၄။)
ရဟန်းတို့ တစ်ဖန်နောက်ထပ် ဆိုအံ့၊ အနာဂတ်ကာလ၌ ကိုယ်ကို တစ်နည်း (ကာယဂတာသတိ) ကိုလည်း မပွားစေ, သီလကိုလည်း မဖြည့်ကျင့်, သမာဓိနှင့် ပညာကိုလည်း မတိုးပွားစေဘဲ နေကြသော ရဟန်းတို့ ရှိကြလိမ့်မည်၊ ထိုရဟန်းတို့သည် ကာယဂတာသတိလည်း မရှိ, သီလ သမာဓိ ပညာ တိုးပွားအောင်လည်း အားမထုတ်ကြမူ၍ အဘိဓမ္မာ စပ်သော စကား ဝေဒလ္လနှင့် စပ်သောစကားကို ပြောဆိုကြသည်ရှိသော် မည်းနက်သော အကုသိုလ်သဘောသို့ သက်ရောက်ကြကာ အနက်အဓိပ္ပာယ် မသိဘဲ ရှိကြလိမ့်မည်။
(အင်္ဂုတ္တရမဉ္စက နိပါတ် တတိယ အနာဂတဘယသုတ်။)
(၅) တေန ခေါ ပန သမယေန သမ္ဗဟုလာ ထေရာ ဘိက္ခူ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တာ မဏ္ဍလမာဠေ သန္နိသိန္နာ သန္နိပတိတာ အဘိဓမ္မကထံ ကထေန္တိ၊ တတြ သုဒံ အာယသ္မာ စိတ္တော ဟတ္ထိသာရိပုတ္တော ထေရာနံ ဘိက္ခူနံ အဘိဓမ္မကထံ ကထေန္တာနံ အန္တရန္တရာ ကထံ ဩပါတေတိ။ (အံ၊၂၊၃၄၄)
ထိုအခါ များစွာသော ထေရ်တို့သည် ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခွာကြပြီး တန်ဆောင်းဝန်း၌ ထိုင်ကာ စည်းဝေးကြလျှက် အဘိဓမ္မာစကား ပြောဟောနေကြလေသည်၊ ထိုအစည်းအဝေး၌ ဟတ္ထိသာရိပုတ္တ ဟူ၍လည်းခေါ်ကြသော အရှင်စိတ္တသည် ထေရ်ကြီးများ အဘိဓမ္မာစကား ပြောဟောကြစဉ် အကြားအကြား၌ စကားဝင်ရောက် နှောက်ယှက်လေသည်။ (အင်္ဂုတ္တရပဉ္စကနိပါတ် ဟတ္ထိသာရိပုတ္တသုတ် ပါဠိတော်။)
အထက်ဖော်ပြပါ အပဒါန်ပါဠိတော် ခေမာထေရီ ဥဒါန်းစကား၌လည်းကောင်း၊ မူလပဏ္ဏာသပါဠိတော် မဟာဂေါသိင်္ဂသုတ်၌လည်းကောင်း၊ ဥပါလိထေရာပဒါန်၌လည်းကောင်း၊ အင်္ဂုတ္တိုရ်ပါဠိတော် တတိယ အနာဂတဘယ သုတ်၌လည်းကောင်း၊ ၎င်းအင်္ဂုတ္တိုရ် ပါဠိတော် ဟတ္ထိသာရိပုတ္တသုတ်၌လည်းကောင်း အဘိဓမ္မာနယ, အဘိဓမ္မကထံ စသည်ဖြင့် အဘိဓမ္မာသံများ အလွန်ညံနေသည်ကို တွေ့နိုင်ပေသည်။ ဤသုတ်တော်များလာ အဘိဓမ္မဟူသော စကားရပ် တို့သည် ပိဋကသုံးပုံထဲမှ အဘိဓမ္မာပိဋက (အဘိဓမ္မာ တရားခြင်းတောင်း) ကိုပင် အထင်အရှား ညွှန်ပြနေပေသည်၊ ဤကား သုတ္တန်ပါဠိတော်များ၌ လာသော အဘိဓမ္မာ၏ သာဓကများပေတည်း။
ထို့ပြင် ဝိနယပိဋကပါဠိတော်များ၌ လာသော အဘိဓမ္မသဒ္ဒါ သက်သက်ကို ပြဆိုဦးမည်။
(၁) အနာပတ္တိ န ဝိဝဏ္ဏေတုကာမော “ဣင်္ဃ တွံ သုတ္တန္တေ ဝါ ဂါထာယော ဝါ အဘိဓမ္မံ ဝါ ပရိယာပုဏဿု၊ ပစ္ဆာ ဝိနယံ ပရိယာပုဏိဿသီတိ ဘဏတိ၊ ဥမ္မတ္တကဿ အာဒိကမ္မိကဿာတိ။ (ဝိ၊၂၊၁၈၉။)
မြန်မာပြန်
ဝိနည်းကို ကဲ့ရဲ့လိုသော စိတ်မရှိဘဲ “သင်သည် ရှေးဦးစွာ သုတ္တန်ပါဠိတော်များ, ဂါထာများကို ဖြစ်စေ၊ အဘိဓမ္မာကို ဖြစ်စေ သင်နှင့်ပါ၊ နောက်အခါ ဝိနည်းကို သင်ရပါလိမ့်မည်၊ ဤသို့ပြောလျှင် အာပတ်မသင့်၊ ရူးသွပ်၍ ပြောမိပြောရာ ပြောသော ရဟန်း, လက်ဦး လွန်ကျူး ပြောမိသော ရဟန်းအား အာပတ်မသင့်။ (ဝိလေခနသိက္ခာပုဒ်)။
(၂) ပဥှံ ပုစ္ဆေယျာတိ သုတ္တန္တေ ဩကာသံ ကာရာပေတွာ ဝိနယံ ဝါ အဘိဓမ္မံ ဝါ ပုစ္ဆတိ၊ အာပတ္တိ ပါစိတ္တိယဿ၊ ဝိနယေ ဩကာသံ ကာရာပေတွာ သုတ္တန္တံ ဝါ အဘိဓမ္မံ ဝါ ပုစ္ဆတိ၊ အာပတ္တိ ပါစိတ္ထိယဿ၊ အဘိဓမ္မေ ဩကာသံ ကာရာပေတွာ သုတ္တန္တံ ဝါ ဝိနယံ ဝါ ပုစ္ဆတိ၊ အာပတ္တိ ပါစိတ္တိယဿ။ (ဝိ၊၂၊၄၆၀။)
မြန်မာပြန်
ပဥှံ ပုစ္ဆေယျ= ဟူသည်ကား သုတ္တန်၌ အခွင့်တောင်းပြီး ဝိနည်းကို ဖြစ်စေ အဘိဓမ္မာကိုဖြစ်စေ မေးလျှင် ပါစိတ်အာပတ် သင့်၏၊ ဝိနည်း၌ အခွင့်တောင်းပြီး သုတ္တန်ကိုဖြစ်စေ အဘိဓမ္မာကို ဖြစ်စေ မေးလျှင် ပါစိတ်အာပတ် သင့်၏၊ အဘိဓမ္မာ၌ ခွင့်တောင်းပြီး သုတ္တန်ကို ဖြစ်စေ ဝိနည်းကို ဖြစ်စေ မေးလျှင် ပါစိတ်အာပတ် သင့်၏၊ (ဘိက္ခူနီပဥှာပုစ္ဆန သိက္ခာပုဒ်)
အထက်ပါ ဝိနည်းပါဠိတော် ကောက်နုတ်ချက်များကို ကြည့်လျှင် ဝိနယံ ဝါ အဘိဓမ္မံ ဝါ ဟူ၍ ထင်သာမြင်သာ စွာတွေ့ကြရပေသည်၊ ဝိနည်းကို မည်သူပညတ်သနည်း၊ ဂေါတမဘုရား ပညတ်သည်၊ မည်သူမျှ မငြင်းနိုင်၊ သို့ဖြစ်လျှင် ထိုဝိနည်းနှင့် ကပ်နေသော အဘိဓမ္မာကို မည်သူဟောသနည်း၊ ဂေါတမဘုရားဟောပင် ဖြစ်ရပေမည်၊ မှန်၏- ဝိနည်းကတော့ ဂေါတမဘုရား ပညတ်တဲ့ ဝိနည်းပဲ၊ အဘိဓမ္မာကတော့ ဥပနိသျှဒ်ကျမ်းက လာတဲ့ အတ္တဝါဒ အဘိဓမ္မာပါဟု စိတ်မှန်သောသူ မည်သူကမျှ ပြောလိမ့်မည် မဟုတ်ချေ။
ဤကဲ့သို့ ရိုးရိုးနှင့် ရှင်းရှင်း တွေးကြည့်တက်ရုံမျှဖြင့် အဘိဓမ္မာသည် ဂေါတမဘုရားဟော မုချဧကန် သိနိုင် မှတ်နိုင်ကြပေသည်။
သတိပြုရန်ကား ကမ္ဘာ့ဘာသာကြီး ၄-ရပ်၌ ဗုဒ္ဓဘာသာသည် ဤ အဘိဓမ္မာကြောင့် အလွန် ခိုင်မာနေသည်၊ အလွန် မျက်နှာပန်းပွင့်နေသည်၊ သိပ္ပံပညာကပင် လိုက်၍ မမီသေး၊ ထို့ကြောင့် ဘာသာခြားများ ဗုဒ္ဓဘာသာ ဆန့်ကျင်ရေးသမားတို့က ဗုဒ္ဓအဘိဓမ္မာကို သိက္ခာချဖို့ နှစ်ပေါင်းများစွာကတည်းက ကြိုးစားလာခဲ့ကြပေပြီ။
၁၇။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့်တကွ သူ၏ နောက်လိုက်တို့သည် ကိုယ့်ဉာဏ်စွမ်း ကိုယ့်ဉာဏ်စဖြင့် ဗုဒ္ဓတရားတော်များကို ဆန့်ကျင် ပုတ်ခတ်ကြသည်မဟုတ်၊ ဗုဒ္ဓဘာသာမဟုတ်သော ဘာသာခြား လူမျိုးခြား စာရေးဆရာတို့၏ နှာခေါင်းဖြင့် အသက်ရူသူများ ဖြစ်ကြ၏၊ ယခုအခါ စုဒိတကတို့၏ အားကိုးရာ အနောက်တိုင်း သမိုင်းသုတေသီတို့၏ အဆိုအချို့ကို ထုတ်ပြစိစစ် ဦးအံ့။
(A) The omission of the Abhidhamma only proves that it was not yet known as a separate Pitaka. At the same time it is unnecessary to suppose that anything like the Abhidhamma was in existence at the first recital of the Dhamma.
ပထမသံဂါယနာ၌ အဘိဓမ္မာ မပါခြင်းသည် ထိုစဉ်က အဘိဓမ္မာပိဋကအနေဖြင့် သီးခြား မရှိခြင်းကိုသာ ဖော်ရုံသာမကဘဲ ယင်း ပထမသံဂါယနာ၌ (အဘိဓမ္မာအမည်နှင့်ပင် မဟုတ်စေကာမူ) အဘိဓမ္မာနှင့် တူသော (အဘိဓမ္မာ သဘောကိုဆောင်သော) တစ်စုံတစ်ရာ ရှိသည်ဟူ၍ပင် တွေးထင်ဖွယ် မလိုပေ။ (E.J.Thomas P.167)
(B) The date of the Pali Abhidhamma is very doubtful and I don’t reject the hypothsris that it was composed in Ceylon, for the Sinhalese seen to have a special taste for such literature. But there is no proof of this Sinhalese origin.
မြန်မာ
ပါဠိအဘိဓမ္မာ၏ခေတ်သည် အလွန် မသေမချာရှိသည်၊ ယင်းအဘိဓမ္မာကို သီဟိုဠ်၌ ရေးသားခဲ့သည်ဆိုသော တင်ပြချက်ကို ကျွန်ုပ် မငြင်းပယ်၊ ယင်းသို့ မပယ်နိုင်သည်မှာ သီဟိုဠ်သားများ ဤသို့ ခက်ခဲနက်နဲသည့် စာပေများ၌ လေးစားမြတ်နိုးမှု အထူးရှိပုံရသောကြောင့် ဖြစ်သည်။ သို့သော် သီဟိုဠ်က စသည်ဟူသော အချက်ကို သက်သေပြစရာ မရှိဖြစ်သည်။ (Hindusim and Buddhism Vol.1 G.Eliot P,292)
(C) Thus neither the Khuddaka Nikaya nor the Abhidhamma receives mention is the earliest tradition of the first Council and both consequently may be deemed as later and less suthotitative additions, however ancient.
မြန်မာ
ပထမသံဂါယနာ ရှေးဦးဆုံး အစဉ်အလာ၌ ခုဒ္ဒကနိကာယ်ရော အဘိဓမ္မာပါမြွက်ဆိုခြင်းမခံရ၊ ထို့ကြောင့် ယင်း ခုဒ္ဒကနိကာယ်နှင့် အဘိဓမ္မာ ၂-မျိုးလုံးသည် ရှေးပင်ကျစေကာမူ နောက်ပိုင်းခေတ်နှင့် ဆိုင်၍ ခိုင်လုံမှု မရှိလှသော ကျမ်းများဟု အသိအမှတ်ပြု ခံရပေမည်။ (J.G.Jenning’s Vedantic Buddhism. Introduction Notes P.L VII)
(D) No Abhidhamma is mentioned. It is possible that when the account was composed there was on Abhidhamma not separated as a third Pitaka, but we can be sure that whatever it was it did not consist of the works now known by that name. However, other schools hold that the Abhidhamma was recited, and that this was done by Kassapa himself.
မြန်မာ
(ပထမသံဂါယနာ၌) အဘိဓမ္မာကို မဆိုပေ၊ ပထမသံဂါယနာ အကြောင်းအရာကို ရေးသားစီစဉ်စဉ်အခါ အဘိဓမ္မပိဋကအဖြစ် ခွဲမထုတ်ရသေးသော အဘိဓမ္မာကား ရှိနိုင်သည်၊ သို့သော် ထိုအဘိဓမ္မာဟူသော အမည်ဖြင့် ယခုသိနေကြသော ကျမ်းစာများကို ပထမသံဂါယနာ၌ မပါ-ဟု ကျွန်ုပ်တို့ အခိုင်အမာ ဆိုနိုင်သည်၊ သို့ရာတွင် အခြားဂိုဏ်းများကလည်း ထိုပထမသံဂါယနာတွင် အဘိဓမ္မာကို သံဂါယနာတင်သည်၊ ယင်းကို အရှင်မဟာကဿပ ကိုယ်တိုင် ရွတ်ဆိုသည်ဟု ယူဆကြလေသည်။ (The History of Buddhist thought by E.J. Thomas . P.28)
(င) မစ်စ်ရိုက်စ်ဒေးဗစ်ကား သူမ၏ ဓမ္မသင်္ဂဏီဘာသာပြန် နိဒါန်း၌ အတိအလင်း အတိအကျ ဆိုထားသည်မှာ-
Abhidhamma is not the message of the founder. It is the work of the monkish world that grew up after him.
အဘိဓမ္မာဆိုတာ ဗုဒ္ဓဝါဒကို စတင်တည်ထောင်သူ ဗုဒ္ဓ၏စကား မဟုတ်၊ သူ(ဗုဒ္ဓ)၏ နောက်မှ တိုးတက်ပြန့်ကားလာသော သာဝကရဟန်းများ၏ လက်ရာ ဖြစ်သည်။ (Preface to “A Buddhist manual of Psycho-Logical Ethice”)
၁၈။ ဤအဆိုများတွင် အနည်းငယ် ကွဲလွဲမှု ရှိစေကာမူ ပထမသံဂါယနာ၌ အဘိဓမ္မာပိဋက မရှိသေး-ဟူသော အဆိုကား တူညီ၏၊ ထူးခြားသည်ကား သဗ္ဗတ္ထိဝါဒီဂိုဏ်း အဆို အဘိဓမ္မာကို ပထမသံဂါယနာ၌ တင်၍ အရှင်မဟာကဿပ ကိုယ်တိုင် ရွတ်ဆိုသည်ဟူသော အချက်ဖြစ်သည်၊ (ခ) အမှတ်ပြ ဂျောဂျ်အီလီယော့တ်၏ အဆိုကား ဝေးကွာလွန်းလှ၏၊ သီဟိုဠ်ကျွန်းကျမှ ရေးသည်ဟုဆိုလျှင် မိလိန္ဒပဥှာကိုပင် အသိအမှတ်ပြုရာ ရောက်၏၊ ရယ်ဖွယ် ကောင်းသော အဆိုသာဖြစ်ပေသည်။ (နောက်၌ ရှင်းဦးအံ့)
အထက်ပါ ဘာသာခြား လူမျိုးခြားတို့၏ သုံးသပ်ချက်ကို ကြည့်လျှင် သူတို့၏ထင်မြင်ချက်(ဝါ) အတ္တနောမတိကိုသာ ပြောနေကြခြင်းဖြစ်ကြောင်း သိသာလှသည်၊ သူတို့သည် စူဠဝါပါဠိတော် ပထမသံဂါယနာ မှတ်တမ်း၌ အဘိဓမ္မာ ပိဋက အဘိဓမ္မဘာဏက ဟူ၍ တိုက်ရိုက် မပါရှိသည့် အချက်ကိုကိုင်ပြီး ပထမသံဂါယနာ၌ အဘိဓမ္မာ မပါဟု သဲသဲမဲမဲ ကိုင်ပြီး ပြောနေကြခြင်း ဖြစ်၏၊
ထိုသူတို့၏ ကောက်ချက်ကား စူဠဝါပါဠိတော် သံဂါယနာခန်း၌ အဘိဓမ္မာကိုမပြ၍ အဘိဓမ္မာ ဘုရားဟော မဟုတ်ဟု ကောက်ချက်ချလိုက်ကြခြင်း ဖြစ်သည်။ ဤကောက်ချက်အပေါ် ထပ်ဆင့်ကဲပြီး ရိုက်စ်ဒေးဗစ်က ဘုရားမရှိမှ သူ၏တပည့်တွေက ရေးထည့်ခြင်း ဖြစ်၏ဟု ကွန့်လိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် အနောက်နိုင်ငံက ဗုဒ္ဓဘာသာကို ရေးသော သူများသည် အဘိဓမ္မာ၏ လေးနက် ကျယ်ပြန့်ပုံကို ရိပ်မိဖို့ မဆိုထားဘိ၊ ဝိနည်း သုတ္တန်ကိုပင် ကျကျနန သိရှိသူများ မဟုတ်ကြပေ၊ အဘိဓမ္မာနှင့် ပတ်သတ်၍ သူတို့ချထားသော မှတ်ချက်ကို ကြည့်ပါဦး၊ “Valley of dry bones” (ရိုးချောက် ဂနိုင်) ကြီးပါတဲ့၊ အဘိဓမ္မာပညာဟာ ဘာမှလည်း နားမလည်၊ သိပ်ပျင်းစရာကောင်းတဲ့အတွက် ဥပမာအားဖြင့် အရိုးတွေ တောင်လိုပုံနေတဲ့ တောဂနိုင်ကြီးနှင့် တူပါသည်ဟု ဆိုလိုပေသည်။
ဆရာနှင့်တပည့် နှစ်ပိုင်းရှိသည်၊ ဗုဒ္ဓမြတ်စွာဘုရားက ဆရာ၊ နောက်ခေတ်ပေါ်ရဟန်းတို့က တပည့်တည်း၊ ဆရာသည် များသောအားဖြင့် တပည့်ထက်တော်မြဲတည်း၊ ထိုအနောက်နိုင်ငံက သောမတ်တို့ အီလီယော့တ်တို့ ဂျင်းနင်းတို့ ဒေးဗစ်တို့ ဆိုသော စာရေးဆရာတို့သည် အဘိဓမ္မာယမိုက်ကျမ်းနှင့် ပဋ္ဌာန်းကျမ်းကို ယခုခေတ် တိပိဋက စာမေးပွဲဝင် အရှင်မြတ်များလောက် စနစ်တကျ သင်ယူမိပါလျှင် ဤသို့ ထင်မြင်ကြမည် မဟုတ်ပေ။
ပထမသံဂါယာ၌ အဘိဓမ္မာ မပါဟူသော အမြင်ကို သူတို့မြင်ကြသည်မှာ အစ၌ ဆိုခဲ့သလို ဓမ္မဝိနယအသုံးကို နားမလည်သောကြောင့် ဖြစ်၏၊ ယင်းသို့ နားမလည်ခြင်းမှာလည်း အဋ္ဌကထာဆရာများ၏ အဖွင့်ကို သေချာစွာ မကြည့်ရှု မသုံးသပ်တတ်ကြောင့် ဖြစ်၏၊ မကြည့်ခြင်းသည် အဋ္ဌကထာဆရာများကို မလိုလား၍ ဖြစ်၏၊ အထင်မကြီး၍လည်း ဖြစ်၏၊
အဋ္ဌကထာဆရာများအပေါ် အနောက်နိုင်ငံသားတို့ အထင်မကြီးပုံကို ရှုပါ၊ K.E.Neumann ကေ-အီး နျူမန် ဆိုသူက အဋ္ဌကထာဆရာများကို ဗုဒ္ဓ၏ ဆိုလိုရင်း မသိနားမလည်ကြသော idiotic nitwits နလဗိန်းတုံးများ ဖြစ်ကြသည်ဟု တစ်ခါက ဆိုဖူးလေသည်၊ (Buddhist thought in India by Edward Conze p.32) အဋ္ဌကထာဆရာကြီးများကို ဗုဒ္ဓ၏ ဆိုလိုရင်းကို မသိဟု သူကဆိုသဖြင့် သူကမှ ဗုဒ္ဓ၏ ဆိုလိုရင်းကို သိသည်ဟု မရှက်မကြောက် ပြောရာရောက်ပေသည်။
သောမတ် ဝီလီယံ ရိုက်စ်ဒေးဗစ်ကလည်း ဗုဒ္ဓဟောသော သစ္စာလေးပါးကိုပင် So-called Four Aryan Truth “အရိယသစ္စာ ၄-ပါးဟုဆိုသော” ဟု (ဒီ၊၃၊၁၉၈ သဂတိသုတ် ဘာသာပြန် နိဒါန်း နှာ-၁၉၈)၌ မလေးမခန့် ရေးခဲ့ဖူးသည့်ပြင် အဋ္ဌကထာဆရာများ၏ အစဉ်အလာ မှတ်တမ်းများ, အဆိုအမိန့်များကို အောက်ပါအတိုင်း ပြောပြထား၏၊
The root of that BIRNA which growing up along with the rest of Buddhism went on sperding so luxuriantly that radually covered up much that was volue in the earlier teaching and fiually to the downfall in its home in India of the aneient faith.
မြန်မာ
ဗုဒ္ဓဓမ္မ၏ အကြွင်းအကျန်များနှင့် တွဲယှဉ်၍ ကြီးပွားလာခဲ့သော ဗိရဏပေါင်းမြတ်၏ အမြစ်များသည် လွတ်လပ်ထူပိန်းစွာ ပြန့်နှံ့လာခဲ့ရကား ရှေးဟောင်းဗုဒ္ဓအဆုံးမများတွင် တန်ခိုးကြီးသော အချက်အလက် အများအပြားကို တစ်ဖြည်းဖြည်း ဖုံးအုပ်လာကာ နောက်ဆုံး၌ အိန္ဒိယပြည်တွင် ရှေးဟောင်းယုံကြည်မှု၏ ကျဆုံးပျောက်ကွယ်ခြင်းသို့ပင် ပို့ဆောင်ခဲ့ပေသည်” ဟု ဆိုခဲ့လေသည်၊ (ဒီ-၂ မဟာပဒါနသုတ် ဘာသာပြန်နိဒါန်း နှာ-၆) သစ္စာ ၄-ပါးကိုပင် ပေါ့ပျက်ပျက် ရေးသားဖော်ပြသော သောမတ်စ် ဒေးဗစ်၏ ပါဠိဘာသာသင်ယူခြင်းသည် ဗုဒ္ဓဘာသာကို ချဖို့ အမြစ်က နုတ်ပစ်ဖို့သာ သင်ယူလေ့လာကြခြင်းပေလေ့ဟု စဉ်းစားဖွယ် ဖြစ်ပေသည်၊ သစ္စာလေးပါးကိုမှ ဟာသလုပ်နေကတည်းက ဗုဒ္ဓဓမ္မဘက်က ခုခံရေးနေသော အဋ္ဌကထာဆရာကြီးများကို ပုတ်ခတ်သည်မှာ မဆန်းတော့ပေ။
၁၉။ သူတို့၏ အယူအဆ ပြောင်းလဲခဲ့ပုံကိုလဲ ရှုပါ၊ ရှေးဟောင်း အိန္ဒိယသမိုင်းကို ရေးသူ V.A.Smith သည် သူ၏ “အသောက” ဟူသော စာအုပ်တွင် ဒီပဝံသနှင့် မဟာဝံသအဆိုကို ကဲ့ရဲ့ပြစ်တင်၍ ဗုဒ္ဓနှင့် ဂျိန်းခေါင်းဆောင် မဟာဝီရတို့၏ ကွယ်လွန်သည့်နှစ်ကို B.C.-487-486 ဟု အခိုင်အမာဆိုခဲ့ပြီး နောက်မှ “ခါရဝေ” ကျောက်စာကို တွေ့မြင်ရသောအခါ ဒီပဝံသနှင့်မဟာဝံသတို့၏ အဆိုကို ပြန်လည်ထောက်ခံကာ ဗုဒ္ဓပရိနိဗ္ဗာန် ဝင်စံသည့်နှစ်ကို ဘီစီ-၅၄၃-ဟု ပြင်ဆင်ခဲ့ရလေသည်၊ ဤအချက်ကို ထောက်ရှု၍ အနောက်နိုင်ငံ စာရေးဆရာတို့သည် အလွန်အရေးရမ်းကြသည်ဟု ကောက်ချက်ရ၏၊ ထို့ပြင် သူတို့အသိဉာဏ် မကျယ်ပြန့်ပုံ မနှံ့စပ်ပုံကိုလည်း သိနိုင်ပေသေးသည်။ (The Early History of India p.50)
Senart ဆေနတ်ဆိုသော ပညာရှင်ကြီးကလည်း အသောကကျောက်စာကို အထောက်အထားပြု၍ ဗုဒ္ဓဝါဒ၌ သီလမျှသာ ပါဝင်ကြောင်း အသောကခေတ်မျှမက သီဟိုဠ်၌ သာသနာမပြန့်ပွားမီနှစ် ၁၀၀-ကျော်အတွင်း၌လည်း သီလမျှထက် မပိုကြောင်း Path ခေါ် မဂ္ဂင် ၈-ပါး ဟူသည်မှာ သာဝကရဟန်းတို့၏ ထွင်လုံးများသာ ဖြစ်ကြောင်း၊ နိဗ္ဗာန်ဆိုတာကိုလည်း ဗုဒ္ဓ မဟောကြောင်း (Indian Antiquary 2892.P.364-5) ၌ ဆိုထားလေသည်။ (Early Buddhism and its origins by Varma p.428)
၂၀။ သူတို့သည် လူမျိုးခြား ဘာသာခြားများပီပီ ဗုဒ္ဓကို လက်ခံယုံကြည်သောသူများ မဟုတ်၊ ဗုဒ္ဓ၏ သဗ္ဗုညုတဉာဏ်တော်ကို မယုံကြည်ကြ၊ သဗ္ဗုညုတဉာဏ်တော်ကို ရရာရကြောင်း ပါရမီတရားတို့ကို မယုံကြည်ကြ၊ စျာန် ဝိမောက္ခမဂ် ဆိုသည်ကိုလည်း မယုံကြည်ကြ၊ ဂေါတမဗုဒ္ဓသည် လူသားသာဖြစ်၍ လူလိုနေ၍ လူလိုပြောသည်၊ သူတော်စင်ကြီးတစ်ယောက် ပညာရှင်ကြီးတစ်ယောက် အဖြစ်မျှသာ သူတကာထက် ထူးခြားသည်ဟု ယုံကြည်လိုကြသည်၊ သဗ္ဗညုတဉာဏ်ဖြင့် သိမြင်၍ ဟောထားသော ယခုလောက, တမလွန်လောက, နတ်ပြည်, ဗြဟ္မာပြည်, ငရဲ, ပြိတ္တာဆိုသည်များကိုလည်း မယုံကြ၊ နတ်ပြည် ငရဲပြည် စသည်ပါသော အဘိဓမ္မာကို မယုံကြည်ကြ၊ သူတို့ ယုံကြည်သည်ကား ဖန်ဆင်းခံရပြီး လူဖြစ်လာမှုကိုသာ ယုံကြည်သည်။ ထို့ကြောင့် အတိတ်ဘဝကို မယုံကြည်၊ သေပြီး ဝိညာဉ်ဘဝဖြင့် ကမ္ဘာပျက်အောင် စောင့်ရမည်ကို ယုံကြည်သည်၊ ထို့ကြောင့် နောင်ဘဝအဆက်ဆက်ကို မယုံကြည်ကြ၊ ဗုဒ္ဓဘာသာတရားသည် သူတို့အဖို့ အလွန်ဆန်းနေသည်၊ ထို့ကြောင့် သမိုင်းကြောင်းအရ သက်သေထူနိုင်သော ရှေးဟောင်း ကျောက်စာ စသည်၌ ပါရှိသလောက်သာ (Historical fact) အမှန်တရားဟု ယူဆကြသည်။
သူတို့မတွေ့သေးသော မတွေ့နိုင်သော ကျောက်စာတို့၌ပါသော တရားတို့ကိုမူ သူတို့မသိကြတော့ချေ၊ မြန်မာ ဗုဒ္ဓဝါဒီ အမည်ခံသော စင်စစ် ရုပ်ဝါဒီ ဦးဥက္ကဋ္ဌနှင့် စုဒိတက သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင် ပုဂ္ဂိုလ်တို့သည် ဗုဒ္ဓကျမ်းစာများ အထူးအားဖြင့် ဗုဒ္ဓအဘိဓမ္မာကို စနစ်တကျ လုံလုံလောက်လောက် လေ့လာမှု အလျဉ်းမရှိဘဲ အနောက်စာပေများကိုသာ အချိန်ရှိသရွေ့ လေ့လာအထင်ကြီးလွန်းကြပြီး ထိုဘာသာခြားလူမျိုးတို့၏ သံယောင်လိုက်ကာ အဓမ္မဝါဒတွေကိုသာ ရေးသားဖြန့်ဝေကြ ဟောပြောကြ၊ သာသနာ့ဝန်ထမ်း ရဟန်းတော်ကောင်းတွေကိုပါ သိမ်းကျုံး ပုတ်ခတ်နေကြပေသည်၊ ယင်းတို့အားလည်း အမှန်တရား အလင်းရောင်ကိုပေးရန် အခြားမသိနားမလည်သော သူများအားလည်း လူသေလူဖြစ် ဝါဒဘေးအန္တရာယ်မှ ကယ်တင်ရန် ဝိနည်းဓိုရ်ဆရာတော်များသည် ကျမ်းအစောင်စောင်မှ ထုတ်နုတ်တင်ပြ ဆုံးဖြတ်ချမှတ်ခြင်း ပြုရပေသည်။
၂၁။ ထို့ပြင် ဗုဒ္ဓဓမ္မကို နက်နဲစွာ သင်ယူလေ့လာ၍ အဘိဓမ္မာကို အလေးအနက် ခံယူထားသော အနောက်နိုင်ငံသား အခြားပညာရှင်များကမူ ဗုဒ္ဓအဘိဓမ္မာနှင့် စပ်၍ ဘယ်လိုရေးသားခဲ့သည်ကို ဆက်လက်၍ ဖော်ပြဦးအံ့၊ ဓမ္မသင်္ဂဏီ အဘိဓမ္မပါဠိတော်ကြီးကို ဂျာမနီလူမျိုး ဘိက္ခုဉာဏတိလောကသည် ဂျာမန်ဘာသာပြန်ဆိုခဲ့ရာ နိဒါန်းကို အတော်ပြည့်စုံစွာ သုတေသနသဘောတရားများ ညှပ်၍ရေးသားခဲ့သည်၊ ယင်းနိဒါန်းကို တပည့်ဖြစ်သူ ဉာဏပေါဏိက က အင်္ဂလိပ် ဘာသာဖြင့် ပြန်ဆိုကာ Abhidhamma Studies (အဘိဓမ္မာလေ့လာချက်များ) ဟူသော စာအုပ်ကို ရေးခဲ့သည်၊ ထိုစာအုပ် ဖဿပဉ္စမက (The Pentad of Sense Inperssion) ဟူသော အခန်း၌ အဘိဓမ္မာသည် ဗုဒ္ဓညွှန်ပြသော လမ်းစ (မာတိကာ) ဖြင့် ထိုထို သုတ္တန် (ဥပမာ-မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ အနုပဒသုတ် စသည်) ၌ ဟောတော်မူသော ဓမ္မအစုတို့ကို အစီအစဉ်ကျအောင် စနစ်တကျစီစဉ်၍ အရှင်သာရိပုတ္တရာ သင်ပြထားသော ချပို့စဉ် ဖြစ်သည်ဟူ၍ ရေးသားပေသည်။
ဆက်လက်၍ ဉာဏပေါဏိက က သူ၏ အဘိဓမ္မာလေ့လာချက်များ စာအုပ် နှာ-၂၅-၌ ဤသို့ ရေးသားထား၏၊
“The Anupada Sutta showe that an elaboration of thdoctrine in the manner of the Abhidhamma was under taken at the Master’s Life time, by analytically and Philosophically gifted disciples. This development was experessly encouraged by the Buddha when, in that Discourse he mentioned and highly praised Sariputta’s fourtnight of analytical onguiry 2.”
မြန်မာ
ပဒဝိဘာဂ (အက္ခရာ ပုဒ်ဗျည်းတို့ကို ခွဲစိတ်ဝေဖန် ပိုင်းခြားခြင်း) အတ္ထဝိဘာဂ (အနက်အဓိပ္ပါယ်ကို အစီအစဉ်တကျ ဝေဖန်ကန့်သတ်ပိုင်းခြားခြင်း) အရာ၌ အလွန်တော်ကြသော တပည့်များသည် ဗုဒ္ဓလက်ထက်တော်ကပင် အဘိဓမ္မာ ပုံသဏ္ဌာန်အသွင်ဖြင့် “ဓမ္မ” များကို အသေးစိတ် စီစဉ်ခဲ့ကြသည် ဆိုသည်ကို အနုပဒသုတ်က ဖော်ပြနေပေသည်၊ ဤအနုပဒသုတ်၌ အရှင်သာရိပုတ္တရာ၏ ၂-ပက္ခအတွင်း အနုပဒဝိပဿနာ (အစိတ်အစိတ် ခွဲခြားသုံးသပ်နိုင်ခြင်း)ကို အထူးမြွက်ဆို ချီးကျူးတော်မူစဉ် ဗုဒ္ဓသည် ဤသို့ အဘိဓမ္မာအသွင် မြင့်မားတိုးတက်ခြင်းကို သိသာစွာ အားပေး တော်မူလေသည်။ (Abhidhamma Studies by Nyanaponika p.25)
အဘိဓမ္မာကို သာမန်လူတို့အား ဗုဒ္ဓသည် ဟောမြွက်ခြင်း မပြုပေ၊ ခက်ခဲနက်နဲသော အဓိပ္ပာယ်များကို ဟောပြောနေခြင်းဖြင့် အချိန်မကုန်စေဘဲ သုဏန္တပုဂ္ဂိုလ် (တရားနာပုဂ္ဂိုလ်)တို့အား ယင်းတို့၏ လွတ်မြောက်ရေးအတွက် အခြေခံကျသော လက်တွေ့ကျင့်သုံးဖွယ် တရားများကို ဟောတော်မူသည်၊ ယင်းဓမ္မတို့ကို မဟာဝဂ္ဂသံယုတ်၌လာသော သောတာပတ္တိသံယုတ် သစ္စသံယုတ် စသော သုတ္တန်တို့၌ ဗုဒ္ဓမြတ်စွာ အထပ်ထပ် ဟောကြားတော်မူခဲ့ပေသည်၊ အိမ်နေသူလူသားတို့အား မဆိုထားဘိ၊ သာသနာတော်တွင်းသို့ဝင်၍ တစ်ကိုယ်တည်း ကျင့်လိုကြသော ရဟန်းတော်များအားပင် အဘိဓမ္မာတရားတော်ကြီးကို ဟောကြားတော်မမူဘဲ ယင်းတို့နှင့် သင့်တော်သော ကမ္မဋ္ဌာန်းအလုပ်တရားများကိုသာ ဟောကြားတော်မူသည်။
လူနည်းစုသာ လက်ခံသိမ်းပိုက်နိုင် နားလည်သဘောပေါက်နိုင်သော အဘိဓမ္မာကို ထက်မြက်စူးရှသော ဉာဏ်ရှိသော ရှင်သာရိပုတ္တရာ ရှင်မဟာကောဋ္ဌိက ရှင်မဟာကစ္စာန စသော ထေရ်ကြီးများအား အကျယ်ရှင်းလင်း ဝေဖန်စေရန် တာဝန်ပေးသောအားဖြင့် ရဟန်းပရိသတ်အလယ်တွင် အကျဉ်းအမြွက်မျှသာ ဟော၍ နေရာမှထကာ ကြွသွားတေ်မူလေသည်၊ တရားနာ ရဟန်းပရိသတ်တို့သည် ဘုရားရှင်၏ အကျဉ်းသင်္ခေပကထာကို နားမလည်ကြ၍ ရှင်သာရိပုတ္တရာထံ ချဉ်းကပ်မှတ်သား အကျယ်အားဖြင့် နားလည်ကြရပေသည်၊ ထို့ကြောင့် ရဟန်းများ အားကိုးယုံကြည်စွာ ရှင်သာရိပုတ္တရာထံ ချဉ်းကပ်နာယူနိုင်ကြစေရန်-
သာရိပုတ္တော ဘိက္ခဝေ တထာဂတေန အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ သမ္မဒေဝ အနုပဝတ္တေတိ (မ၊၃၊၇၉။)
ရဟန်းတို့ ငါဘုရား လည်စေတော်မူသော (ဟောတော်မူခဲ့သော) အမြတ်ဆုံးတရားစက်ကို သာရိပုတ္တရာသည် ငါဘုရားနည်းတူ လည်စေခြင်း (ဟောပြောခြင်း) ငှာ စွမ်းနိုင်ပေသည် ဟူ၍လည်းကောင်း။
“ရဟန်းတို့ ဖြူစင်မြင့်မြတ်သော သီလ, သမာဓိ, ပညာနှင့် ဝိမုတ္တိအရာ၌ ထိပ်တန်းရောက် စွမ်းဆောင်နိုင်သူဟု ဆိုလျှင် သာရိပုတ္တရာကို ရည်ရွယ်၍ ပြောမှ မှန်မည်” ဟူ၍လည်းကောင်း။
“ငါဘုရား၏ အတွင်းနှလုံးဓာတ်ကို နားလည်သောကြောင့် ရင်မှပေါက်ဖွားသူ, နှုတ်ထွက်စကားတော်ကို နားလည်သောကြောင့် နှုတ်တော်မှ ပေါက်ဖွားသူ, ဓမ္မကြောင့်ဖြစ်၍ ဓမ္မက ဖန်တီးအပ်သောသူ, ဓမ္မအမွေကိုသာ ခံယူ၍ အာမိသအမွေကို မခံယူသောသူ-ဟူ၍ဆိုလျှင် သာရိပုတ္တရာကို ရည်ရွယ်၍ပြောမှ မှန်မည်” ဟူ၍လည်ကောင်း ဗုဒ္ဓမြတ်စွာသည် ခံတွင်းမဆန့် ချီးကျူးတော်မူခဲ့လေသည်။ (မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ အနုပဒသုတ်)
ထိုပြင် ဉာဏပေါဏိက က ဆက်လက်၍ ဆိုပြန်သည်မှာ-
It is therefore quite probable that the Buddha transmitted the gist of his Abhidhammic knowledge to such individual monks whom he knew to be capable of elaborating and applying the briefly indicated by their own penetrative intellect e.g in the case of Sariputta.
မြန်မာ
ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာဆိုင်ရာ အသိဉာဏ်နှင့်စပ်၍ အကျဉ်းအမြွက်မျှကလေးကို ရှင်သာရိပုတ္တရာကဲ့သို့ အကျယ်ခွဲဝေ ဟောပြောနိုင်မည့်သူ, ခြုံ၍ ပြလိုက်သော နည်းကို မိမိတို့ ဂမ္ဘီရဉာဏ်ဖြင့် အသုံးပြုနိုင်မည့်သူဟု ယုံကြည်ခဲ့သူတို့အား လွှဲပြောင်း လက်ကမ်းတော်မူခဲ့သည်၊ ဤအချက်သည် အလွန်ဖြစ်နိုင်သည့် အချက် ဖြစ်သည်။ (Abhidhamma Studies by Nyanaponika p.24-25)
အထက်ပါ ဂျာမန်လူမျိုး ဘိက္ခုဉာဏတိလောက၊ ဉာဏပေါဏိက တို့၏ ရေးသားချက်များကို ချင့်ချိန် ဖတ်ရှုကြည့်လျှင် အဘယ်မျှ ပညာသားပါပါ သုံးသပ်ရေးထားသည်ကို တွေ့နိုင်ပေသည်၊ စာဖတ်သက်တမ်း ရင့်သူမှန်သမျှ ချင့်တွက်၍ရသည်၊ သောမတ်စ်ဒေးဗစ်ကဲ့သို့ ကိုယ်လိုရာ ဆွဲ၍ သုံးသပ်ထားချက်မျိုး မဟုတ်၊ ကျောက်စာတစ်ချပ် ကြည့်ပြီး ဗုဒ္ဓဘာသာတစ်ရပ်လုံးကို ဆုံးဖြတ်ထားချက်မျိုးမဟုတ်၊ ပိဋကသုံးပုံကို ကျကျနန သင်ယူလေ့လာပြီးမှ တာဝန်ရှိရှိ ရေးထားခြင်းဖြစ်ကြောင်း သိနိုင်ပေသည်၊ ကမ္ဘာပညာကျော်တို့၏ အဆိုကား အဘိဓမ္မာကို ဘုရားဟောသည်ဟူသော အမှန်တရား ဖြစ်ပေသတည်း။
၂၂။ P.T.S ပါဠိအသင်း (လန်ဒန်) အတွင်းရေးမှူး ဖြစ်ခဲ့သော ကွယ်လွန်သူ Mr.Lggleden မစ္စတာအစ်ဂလ္လေင်ဆိုသူ အဘိဓမ္မာစကောလားက သူ၏ Introductory Notes on the Abhidhammatthasangaha ၌ အောက်ပါအတိုင်း ရေးထား၏၊
အနောက်သုတေသီတို့သည် ရှေးအခါက ပြောခဲ့ရေးခဲ့ကြသလို အဘိဓမ္မာသည် အခြားပိဋကများထက် နောက်ကျမှ ပေါ်လာသည်၊ ဗုဒ္ဓပရိနိဗ္ဗာန်ဝင်စံပြီးနောက် ရာစုနှစ်များ လွန်ပြီးမှ သာဝကရဟန်းများ၏ ထွင်မှုဖြင့် တိုးတက်လာသည်၊ ခန့်မှန်းခြေအားဖြင့် အသောကမင်းလက်ထက် ဘီစီ-၂၅၀-ခန့်တွင် အတော်ပြည့်စုံပြီး ဖြစ်ပုံရသော ဗုဒ္ဓ၏ ဓမ္မသင်္ဂဏီ မာတိကာပေါ်တွင် တည်ဆောက်ထားသော ကျမ်းစာများဟု ယူဆထားကြသည်၊ သို့ရာတွင် သံဃာ့လောကတွင် တည်ရှိနေသော ရှေးအစဉ်အလာ အမြင်အရ ဗုဒ္ဓအဖြစ် ရောက်တော်မူပြီး စတုတ္ထသတ္တာဟတွင် နာမ်နှင့်ရုပ် ပရမတ်အထပ်အလွှာ တစ်ခုလုံးကို ဖြစ်နိုင်သမျှ အသေးစိတ်၍ ရှုမြင်သုံးသပ်တော်မူရာမှ အဘိဓမ္မာဟူသည် ပေါ်ပေါက်လာခဲ့သည်၊ ယင်းကို မနသာဝဝတ္ထာပိတဒေသနာ The initial Conecption in the Master’s mind ဟု ခေါ်သည်၊ ယင်းနောက် အဘိဓမ္မာ သင်အံလေ့ကျက် ဆောင်ရွက်သော သူကို တရားမဟောစေကာမူ ဓမ္မကထိက ခေါ်ဝေါ်ခဲ့ကြသည်၊ ဤမျှ ကြီးကျယ်များပြား၍ ရှေ့နောက်(ဆန့်ကျင်ခြင်း မရှိ) အစဉ်ပြေပြစ်သော ကျမ်းစာသည် ဗုဒ္ဓ၏ ဉာဏ်တော်မှတပါး အခြားသူတို့၏အရာ မဟုတ်နိုင် “Abhidhamma is the domain Proper of the Buddha”.
အစ်ဂလ္လေင်သည် မစ္စစ်ရိုက်ဒေးဗစ်တို့ မရှိသောအခါမှ လန်ဒန် ပါဠိအသင်းကြီး၏ အတွင်းရေးမှူး ဖြစ်လာသူပေတည်း၊ ယခင်ဥက္ကဋ္ဌ ဒေးဗစ်က အဘိဓမ္မာ ဘုရားဟော မဟုတ်၊ နောက်ပေါ်ဟု ဆိုသွား၏၊ အခု အတွင်းရေးမှူး အစ်ဂလ္လေင်က ဒီလောက်ကြီးကျယ်များပြားပြီး ရှေ့နောက်အဆင်ပြေလှသော ကျမ်းကြီးသည် ဘုရားဉာဏ်မှတပါး အခြားသူ၏လက်ရာ မဖြစ်နိုင်ပုံကို ပိုင်ပိုင်ကြီး ဆိုထား၏၊ (ဝါ) အဘိဓမ္မာသည် ဘုရားဟော အစစ်ပါဟု ဆို၏၊
ဒေးဗစ်က စူဠဝါပါဠိ သံဂါယနာအခန်း၌ အဘိဓမ္မာဟုသီးခြားအမည်တပ်၍ သံဂါယနာ မတင်သည်ကို ကပ်ပြီး ဘုရားဟော မဟုတ်၊ နောက်ပေါ်ဟု ပြော၏၊ အစ်ဂလ္လေင်က “ဒီလောက် ကြီးမားကျယ်ပြန့် အဆင်ပြေ” ဟူသော ဝိသေသနကြီးများဖြင့် ဂုဏ်ပြုကာ ဘုရားဟောအစစ်ဟု ဆုံးဖြတ်၏၊ ဤနှစ်ဦးသား စကားတွင် ဒေးဗစ်သည် အဘိဓမ္မာ ကျမ်းသားကို မနှိုက်ကြည့်ဘဲ အတိမ်အနက် မသိဘဲ အပြင်က ကြည့်ပြီး ပြောခြင်းဖြစ်ကြောင်း ထင်ရှားနေ၏၊ အစ်ဂလ္လေင်မှာမူ အဘိဓမ္မာကို လေ့လာကြည့်ပြီးမှ ကြီးကျယ်လှချည့်လား၊ များပြားလှချည့်လား၊ ဒီလောက်ကြီးကျယ်များပြားပေမဲ့ ရှေ့နောက် ညီညွတ်အဆင်ပြေလှချည့်လားဟု အတွင်းသားသို့ ဝင်ကြည့်ပြီးမှ အဘိဓမ္မာကို ဘုရားမှတပါး အခြားမည်သူမျှ မဟောနိုင်ဟု သဘာဝကို ကိုင်ပြီး မှတ်ချက်ချခြင်း ဖြစ်ပေသည်။
ဦးဥက္ကဋ္ဌတို့ လူစုကား ဗုဒ္ဓဘာသာကို ဖျက်ဆီးရအောင် ကြိုးစားနေသော ရုပ်ဝါဒီများ ဖြစ်ကြ၍ ဒေးဗစ်တို့ နောက်သို့ လိုက်ကြ၏၊ ဉာဏတိလောကတို့ အစ်ဂလ္လေင်တို့နှင့်ကား မတဲ့ကြချေ။
၂၃။ ယခုအခါ စုဒိတကတို့၏ အကြောင်းပြချက်များဖြစ်သော ဘာဏက စာရင်းတွင် မတွေ့ရခြင်း, အဋ္ဌကထာများနှင့် ရှေးဟောင်းကျောက်စာများတွင် အဘိဓမ္မဘာဏကဟူ၍ မတွေ့ရခြင်းကြောင့် အဘိဓမ္မာ ဘုရားဟောမဟုတ် ဆိုသည်ကို စိစစ်ပြဦးအံ့-
သုမင်္ဂလဝိလာသိနီမည်သော ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ(၁၅၊ ၁၆-တို့၌ ပထမသံဂါယနာအပြီး အရှင်မဟာကဿပထေရ်က အရှင်အာနန္ဒာအား ဒီဃနိကာယ်ကို၊ အရှင်သာရိပုတ္တရာ၏ တပည့်များအား မဇ္ဈိမနိကာယ်ကို၊ အရှင်မဟာကဿပအား သံယုတ္တနိကာယ်ကို၊ အရှင်အနုရုဒ္ဓါထေရ်အား အင်္ဂုတ္တရနိကာယ်ကို ပို့ချစောင့်ရှောက်ရန် လွှဲအပ်ကြောင်း ဆိုသည်။
ဝိနည်းပိဋကကို အရှင်ဥပါလိအား လွဲအပ်ကြောင်းဆို၍ အဘိဓမ္မာပိဋကကို ဇာတ်, နိဒ္ဒေသ, ပဋိသမ္ဘိဒါမဂ်, အပဒါန်, သုတ္တနိပါတ်, ခုဒ္ဒကပါဌ, ဓမ္မပဒ, ဥဒါန်း, ဣတိဝုတ်, ဝိမာနဝတ္ထု, ပေတဝတ္ထု, ထေရဂါထာ, ထေရီဂါထာ ဟူသော ဤကျမ်းငယ် ၁၃-ကျမ်းနှင့်အတူ ခုဒ္ဒကဂန္ထအမည်ပေး၍ သံဂါယနာတင်ကြောင်းကိုဆိုသည်၊ ဤကား ဒီဃဘာဏကထေရ်တို့၏ အစဉ်အလာ မှတ်သားချက်အရ ဖြစ်သည်၊ မဇ္ဈိမဘာဏကတို့၏ အမှတ်အသားအရကား စရိယာပိဋက ဗုဒ္ဓဝံသပါ ထည့်သွင်း၍ ပေါင်း ၁၅-ကျမ်းကို ခုဒ္ဒကဂန္ထအမည်ဖြင့် သုတ္တန္တပိဋကအဖြစ် သံဂါယနာတင်ခဲ့ ကြသည်ဟု ဆိုသည်၊ ဤမှတ်သားချက်အရ အဘိဓမ္မာပိဋက က တခြား ကျန်ကျမ်းငယ် ၁၅-ကျမ်းက တခြား ဖြစ်သည်ဟု ဆိုလိုသည်၊ (စုဒိတက ဦးဆန္ဒဓိက ဆိုသကဲ့သို့ အဘိဓမ္မာ ၂၀-ကျမ်း ဖြစ်သည်ဟု ဆိုလိုသည် မဟုတ်ပေ) သို့ရာတွင် ဤ ခုဒ္ဒကဂန္ထ ၁၅-ကျမ်းကိုလည်းကောင် အဘိဓမ္မာပိဋကကိုလည်းကောင်း မည်သူ့အား စဉ်ဆက်မပြတ် ချပို့ဆောင်ရွက်ရန် တာဝန်ပေးသည်ဟု ဤသုမင်္ဂလဝိလာသိနီအဋ္ဌကထာက မဆိုချေ။
ဤသို့ မဆိုသောကြောင့် ခုဒ္ဒကနိကာယ်ဟူ၍ ပထမသံဂါယနာ၌ မရှိ၊ အဘိဓမ္မာ ပိဋကဟူ၍လည်း မရှိသေးဟု အနောက်တိုင်း သုတေသီတို့က ဆိုကြ၏၊ နောက်လိုက်ဖြစ်သော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင်တို့ကလည်း သံယောင်လိုက်၍ ဆိုကြ၏၊
၂၄။ ထိုအဆိုကို စိစစ်ကြည့်ဦးအံ့၊ သုမင်္ဂလဝိလာသိနီ မည်သော ဒီဃနိကာယ် အဋ္ဌကထာ ဗြဟ္မဇာလသုတ်အဖွင့် နိဒါန်း၌ မဆိုရုံမျှဖြင့် အဘိဓမ္မာဘုရားဟော မဟုတ်ဟု ဆိုရအံ့လော၊ အခြားနေရာ အခြားသုတ်တို့၌ ဖွင့်ဆိုထားသည်ကို အဘယ့်ကြောင့် လျစ်လျူရှုကြသနည်း၊ အင်္ဂုတ္တရနိကာယ် တိက ဒုတိယ ပါပဏိကသုတ်၌ ဤသို့ ဟောတော် မူထား၏၊
“ဣဓ ဘိက္ခဝေ ဘိက္ခု ယေ တေ ဘိက္ခူ ဗဟုဿုတာ အာဂတာ ဂမာ ဓမ္မဓရာ ဝိနယဓရာ မာတိကာဓရာ၊ တေ ကာလေန ကာလံ ဥပသင်္ကမိတွာ ပရိပုစ္ဆတိ ပရိပဥှတိ” (အံ၊၁၊၁၅၅။)
ရဟန်းတို့ ပိဋက ၃-ပုံကို များစွာ ကြားနာမှတ်သားပြီးသော, နိကာယ်ကိုဆောင်ကုန်, ပိဋက ၃-ပုံကို ဆောင်ကုန်, ဝိနည်းကို ဆောင်ကုန်, မာတိကာကို ဆောင်ကုန်သော ရဟန်းတို့သည် ရှိကုန်၏၊ ဤရဟန်းသည် ရံခါရံခါ ထိုဗဟုသုတ ရဟန်းတို့သို့ ချဉ်းကပ်၍ မေးမြန်းစုံစမ်း၏၊
ဤအင်္ဂုတ္တိုရ်ပါဠိတော်၌ အာဂတာဂမာ ဟူသော ပါဌ်ဖြင့် နိကာယ် ၅-မျိုးတွင် တစ်မျိုးမျိုးကိုသော် လည်းကောင်း နှစ်မျိုး သုံးမျိုးကိုလည်းကောင်း ငါးမျိုးလုံးကိုလည်းကောင်း ဆောင်သူတို့ကို အသေအချာ ဖော်ပြထား၏၊ ဤအချက်ကို ဘုရားရှင်၏ အလိုကို သိသော အဋ္ဌကထာဆရာကြီးက ဤသို့ ဖွင့်ပြထား၏၊
အာဂတာဂမာတိ ဧကော နိကာယော ဧကော အာဂမော နာမ၊ ဒွေ နိကာယာ ဒွေ အာဂမာ နာမ၊ ပဉ္စ နိကာယာ ပဉ္စ အာဂမာ နာမ၊ ဧတေသု အာဂမေသု ယေသံ ဧကောပိ အာဂမော အာဂတော ပဂုဏော ပဝတ္တိတော၊ ဗတ အာဂတာဂမာ နာမ။ (အံ၊ဋ္ဌ၊၁၊၈၇။)
မြန်မာပြန်
အာဂတာဂမာ ဟူသည်ကား နိကာယ်တစ်ကျမ်းသည် အာဂမတစ်ခု မည်၏၊ နိကာယ် ၂-ကျမ်းသည် အာဂမ ၂-ခု မည်၏၊ နိကာယ် ၅-ကျမ်းသည် အာဂမာ ၅-ခု မည်၏၊ ဤအာဂမထဲမှ အာဂမတစ်ခုခုကို နှုတ်တက်ရွရွ ဆောင်ထားသောသူသည် အာဂတာဂမ မည်၏၊
မှတ်ချက်။ ။ အာဂမဟူသော စကားလုံးကို မြောက်ပိုင်း ဗုဒ္ဓဝါဒီတို့က သက္ကတဘာသာဖြင့် ရေးသားရာ၌ သုံးစွဲကြသည်၊ ထေရဝါဒ ပါဠိကျမ်းဂန်များ၌ကား နိကာယ, အာဂမ-ဟူသော စကား ၂-မျိုးလုံးကိုပင် နိကာယ်အဖြစ် အသုံးပြုကြသည်၊ ဓမ္မဓရာ ဟူရာ၌ ဓမ္မအရ ပိဋက ၃-ပုံကို ကောက်ယူရမည်ဟု ဒီဃနိကာယ်၊ မဟာဝဂ္ဂအဋ္ဌကထာ(၁၄၆) ၌ ဆို၏၊ တစ်ဖန် သုတ္တန္တပိဋကကို ကောက်ယူရမည်ဟု အင်္ဂုတ္တရနိကာယ် တိက-ဒု ပါပဏိကသုတ် အဋ္ဌကထာ (နှာ-၈၉) ၌ ဆို၏၊ ဝိသုဒ္ဓိမဂ် မဟာဋီကာဆရာ အရှင်ဓမ္မပါလက သုတ္တာဘိသင်္ခါတဿ ဓမ္မဿ ဓာရဏေန ဓမ္မဓရာ- ဟု နိကာယ်ကြီး ၄-မျိုးမှ ကြွင်းသော, ခုဒ္ဒကနိကာယ်၌ အကျုံးဝင်သော သုတ်နှင့် အဘိဓမ္မာကို ဓမ္မအရ ကောက်ယူရမည်ဟု ဆို၏၊ (ပထဝီ ကသိဏအဖွင့် နှာ-၁၄၁)
ဤအဋ္ဌအထာ ဋီကာများအဆိုကို ခြုံ၍ယူသော် နိကာယ်ဆောင်များကို ဒီဃဘာဏက, မဇ္ဈိမဘာဏက, သံယုတ္တဘာဏက, အင်္ဂုတ္တရဘာဏကဟူ၍ အသီးအသီး တစ်စုတစ်ဖွဲ့စီ မဆိုဘဲ အားလုံး ပါအောင် အာဂတာဂမာ ဟူ၍ ဘုရားရှင်ကိုယ်တိုင် ဟောတော်မူ၏၊ ဓမ္မဓရာဟူသော ပါဌ်ဖြင့် ကြွင်းသော ခုဒ္ဒကနိကာယ်ဆောင်, အဘိဓမ္မာဆောင် (အာဘိဓမ္မိက) ပုဂ္ဂိုလ်တို့ကို ဟောတော်မူ၏၊ မာတိကာဓရာ-ဟူသော ပါဌ်ဖြင့် ဝိနယအကျဉ်း ပါတိမောက်ကို ဆောင်သူ အဘိဓမ္မာအကျဉ်း မာတိကာကို ဆောင်သူတို့ကို ဟောတော်မူ၏၊ ဤသို့လျှင် ဤပါပဏိကသုတ်တော်၌ ပိဋကသုံးပုံဆောင် နိကာယ်ဆောင် ခုဒ္ဒကနိကာယ်ဆောင် အဘိဓမ္မာဆောင်တို့ကို ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် ရည်ညွှန်း မိန့်ဟတော်မူခဲ့ပုံကို အသေအချာ မှတ်ယူရပေသည်၊ အနောက်တိုင်း သုတေသီဆိုသော ဘာသာခြား လူမျိုးခြား ဆရာတို့သည်ကား လိုရာယူ မလိုရာချန်၍ ဝေဖန်ကြခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
၂၅။ တစ်ဖန် စာပေသမိုင်း ရှုထောင့်ဖြင့် သုံးသပ်ရသော် ဘီစီ ၁၂၅- မှ ၉၅ အထိ အိန္ဒိယပြည် အင်ဒပ်စ် (Indus) နယ်ခြားတစ်လျှောက် အုပ်စိုးသွားသော ဂရိတ်ဘုရင် မေနန္ဒရ်ခေါ် မိလိန္ဒမင်းကြီးသည် သာသနာတော်ကို ကြည်ညိုလေးစား၍ မရှင်းမလင်းသော ဗုဒ္ဓဓမ္မရေးရာ မေးခွန်းအမြောက်အမြားကို မေးလျှောက်ခဲ့ဖူးသည်၊ ထိုအခါ ပိဋကတ်အရာ ကျွမ်းကျင်၍ နှုတ်ရေးကြွယ်ကြွယ် ဉာဏ်ကြီးကျယ်သော အရှင်နာဂသိန်သည် အမေးဟူသမျှ သဘောကျအောင် ဖြေဆိုခဲ့သည်၊ ထို အကြောင်းအရာ အားလုံးကို မှတ်တမ်းတင်ခဲ့သော ကျမ်းစာကို မိလိန္ဒပဥှာဟု ခေါ်သည်၊ အရှင်ဗုဒ္ဓဃောသကဲ့သို့သော ထေရဝါဒီ အဋ္ဌကထာဋီကာဆရာတို့သည် အခွင့်ကြုံတိုင်း မိလိန္ဒပဥှာလာ စကားများကို လေးလေးစားစား ကိုးကား၍ ဖွင့်ဆိုသွားကြသည်။ ယင်း မိလိန္ဒပဥှာ၌-
(က) တေန ခေါ ပန သမယေန အာယသ္မာ နာဂသေနော သမဏဂဏ ပရိဝုတော ဝိနီတော ဝိသာရဒေါ တေ ပိဋကော ဝေဒဂူ။ ပ။ သာဝလနဂရံ အနုပ္ပတ္တော ဟောတိ။
(ခု၊၁၁၊၁၉။)
ထိုအခါ ရဟန်းအပေါင်း ခြံရံလျက် သိမ်မွေ့ယဉ်ကျေး၍ ရဲရင့်တော်မူပြီး ပိဋက ၃-ပုံဆောင် စတုသစ္စဉာဏ်ဖြင့် လမ်းဆုံးရောက် ပေါက်မြောက်ပြီးသူ အရှင်နာဂသေနသည် သာဂလမြို့သို့ ရောက်လာလေသည်ဟူ၍ လည်းကောင်း-
(ခ) တေ စ တေပိဋကာ ဘိက္ခူ၊ ပဉ္စ နေကာယိကာပိ စ။
စတု နေကာယိကာ စေဝ၊ နာဂသေနံ ပုရေက္ခရုံ။ (ခု၊၁၁၊၂၀။) (ယင်း မိလိန္ဒပဥှာ)
ပိဋက ၃-ပုံဆောင် ရဟန်းတော်များ, နိကာယ် ၅-ပုံဆောင် ရဟန်းတော်များ, နိကာယ် ၄-ပုံဆောင် ရဟန်းတော်များသည် နာဂသေနထေရ်ကို ရှေ့သွားပြုတော်မူကြကုန်၏ ဟူ၍လည်းကောင်း၊ ပိဋက ၃-ပုံဆောင်, နိကာယ် ၅-ရပ်ဆောင်, နိကာယ် ၄-ရပ်ဆောင် ဟူသော စကားလုံးများ အထင်အရှား တွေ့ရ၏၊
၂၆။ ဤမျှမက မိလိန္ဒပဥှာ၌ ဤသို့ ဆိုထား၏၊
“ဘဂဝတော ခေါ မဟာရာဇ ဓမ္မနဂရေ ဧဝရူပါ ဇနာ ပဋိဝသန္တိ သုတ္တန္တိကာ ဝေနယိကာ အာဘိဓမ္မိကာ ဓမ္မကထိကာ ဇာတကဘာဏကာ ဒီဃဘာဏတာ မဇ္ဈိမဘာဏကာ သံယုတ္တဘာဏကာ အင်္ဂုတ္တရဘာဏကာ ခုဒ္ဒကဘာဏကာ” (ခု၊၁၁၊၃၂၄။) စသည်-
မြန်မာပြန်
မင်းမြတ် ဗုဒ္ဓမြတ်စွာ၏ တရားမြို့တော်၌ သုတ္တန်ဆောင်, ဝိနည်းဆောင်, အဘိဓမ္မာဆောင်, အဘိဓမ္မာတရားကို ဟောပြောသူ, ဇာတကကို ဆောင်သူ ဒီဃဘာဏက(ဒီဃနိကာယ်ဆောင်), မဇ္ဈိမဘာဏက, သံယုတ္တဘာဏက, အင်္ဂုတ္တရဘာဏက, ခုဒ္ဒကဘာဏက(ခုဒ္ဒကနိကာယ်ဆောင်)၊ ဤသို့ သဘောရှိသော မြို့တော်သူ မြို့တော်သားတို့ နေကြပါကုန်၏၊
ဤပါဠိတော်၌ ခုဒ္ဒကဆောင်, အဘိဓမ္မာဆောင်ဟူသော စကားလုံးများ အတိအလင်း ဆိုထား၍ ပထမသံဂါယနာတင်ပြီးချိန်မှ အဆက်မပြတ် ဆောင်လာကြသော အစဉ်အလာ မုချရှိခဲ့ပေသည်၊ ခရစ်မပေါ်မီနှင့် ပေါ်ပြီးစ ရာစုနှစ်ဦး (ဘုရှားရှင် ပရိနိဗ္ဗာန်စံပြီး နှစ် ၅၀၀-ခန့်) ၌ ထင်ရှားခဲ့သော မိလိန္ဒပဥှာ၌ အာဘိဓမ္မိက ဟူ၍လည်းကောင်း, ခုဒ္ဒကဘာဏကဟူ၍လည်းကောင်း ပါရှိခဲ့လျက် အေဒီ ၅၀၀-ရာစု (မိလိန္ဒပဥှာနောက် နှစ်ငါးရာခန့်)၌ ရေးသားစီရင်သော အရှင်ဗုဒ္ဓဃောသ၏ သုမင်္ဂလဝိလာသိနီအဋ္ဌအထာ၌ မပါသည်မှာ အကြောင်းရှိရမည်၊ အကြောင်းကား ရှည်ရှည်ဝေးဝေး ရှာနေဖွယ် မလို၊ ဗုဒ္ဓလက်ထက်တော်မှစ၍ အရှင်သာရိပုတ္တရာ၏ တပည့်များသည် အဘိဓမ္မာကို အမြဲလေ့လာ ချပို့နေသဖြင့် လွန်စွာထင်ရှား အသိများနေသောကြောင့် ဖြစ်ရပေမည်၊ ထို့ကြောင့် အထူးတလည် အဘိဓမ္မာကို တာဝန်လွှဲနေစရာ မလို။
နောက်တစ်ကြောင်းမှာလည်း “ဇာတကဘာဏကာ” ဟူ၍ မိလိန္ဒပဥှာ၌ အမြွက်ဖော်ပြထားသကဲ့သို့ ဓမ္မပဒဘာဏက, ဥဒါနဘာဏက, ဣတိဝုတ္တဘာဏက စသည်တို့လည်း ဧကန် ရှိရမည်၊ ဆိုလိုသည်မှာ ခုဒ္ဒကနိကာယ်၌ ပါဝင်သော ကျမ်းစာများသည် ရှည်လျား များပြားလှသည် မဟုတ်၊ တစ်ပါးစီ တစ်ဦးစီခွဲ၍ ဆောင်ကြလျှင် ဂါထာ ၃၀၀၊ ၄၀၀ မျှလောက်သာ ရှိသောကြောင့် စကားလုပ်၍ ပြောစရာပင် မရှိချေ၊ တိုတောင်း၍ ဆောင်လွယ် မှတ်လွယ်သောကြောင့် ဆောင်သူလည်း ပေါများခဲ့ပေလိမ့်မည်၊ ထို့ကြောင့် ခုဒ္ဒကနိကာယ်ကို ဘယ်သူ့အား တာဝန်ပေးခဲ့သည်ဟု ဆိုဖွယ် မလိုတော့၍ ရှင်ဗုဒ္ဓဃောသသည် သုမင်္ဂလဝိလာသိနီ၌ ခုဒ္ဒကဘာဏက- ဟူ၍ မဆိုဘဲ ချန်ခဲ့ဟန် ရှိပေသည်။
သုမင်္ဂလဝိလာသိနီအဋ္ဌကထာစကားကို အသေကိုင်လျက် အဘိဓမ္မာသာမက ကျန်ခုဒ္ဒကနိကာယ်တစ်ခုလုံး ဘုရားဟော မဟုတ်ဟု ဆိုရန်ရှိသည်၊ သို့သော် ခုဒ္ဒကနိကာယ်တစ်ခုလုံး ဘုရားဟော မဟုတ်ဟု ဆိုလျှင် ရယ်ဖွယ်သာ ဖြစ်မည်၊ ထို့ကြောင့် အဘိဓမ္မာတစ်ခုတည်းကို ကွက်ပြီး ထိုးနှက်ချက်သည် လုံးဝ သဘာဝ မကျပေ။
၂၇။(က) ဤ၌ ဆိုဖွယ် ရှိသေး၏၊ E.J Thomas ဆိုသူက သူ၏ The History of Buddhist Thought “ဗုဒ္ဓဓမ္မသမိုင်း” ဟူသော စာအုပ်၌ အရှင်သာရိပုတ္တရာသည် သူ၏ တပည့် ၅၀၀-တို့အား အဘိဓမ္မာကို ပို့ချခဲ့သည်ဟူသော အရှင်ဗုဒ္ဓဃောသ၏ အဆိုကို ပြက်ရယ်ပြုသည့်ပမာ မဇ္ဈိမနိကာယ်ကို အရှင်သာရိပုတ္တရာ၏ တပည့်များအား တာဝန်လွှဲခဲ့သည်ဟူသော စကားကို အလေးအနက်ထား အမှန်အားဖြင့် မှတ်ယူပါလျှင် အဘိဓမ္မာကို သူတို့ လေ့လာ ဆောင်ရွက်သည်ဟူသော စကားသည် အခြေအမြစ် မရှိဟု ဆိုလိုဟန်ဖြင့် သံသယကို မသိမသာ သွင်းခဲ့လေသည်။
(ခ) သည်သာမက ဓမ္မဘဏ္ဍာဂါရိက (တရားဘဏ္ဍာစိုးကြီး) ဟု ဂုဏ်ပြုချီးကျူးခြင်းခံရလောက်အောင် ဗုဒ္ဓပါဝစနများကို အလုံးစုံရရှိ ဆောင်ရွက်သူ အရှင်အာနန္ဒာအား ဒီဃနိကာယ်ကို တာဝန်လွှဲသည် ဟူသည်မှာလည်း သံသယရှိဖွယ် ကောင်းသည်ဟု သံသယသံနှင့် သူ၏ ထင်မြင်ချက်ကို ရေးသားထားသည်ကို တွေ့ရ၏၊
(ဂ) သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ ချေပချက်၌လည်း သို့ကလောက်ကြီးကျယ် ထင်ရှားသည့် အဘိဓမ္မာကြီးကို သေးငယ်သော ခုဒ္ဒကနိကာယ်၌ ထည့်သွင်းထားသည်မှာ အလွန် ရင်နာဖွယ်ရာ ကောင်းလှသည်ဟု ဆိုထား၏၊
ဤအဆို ဤသံသယတို့ကား ထေရဝါဒ အစဉ်အလာကို လုံးစုံစေ့ငှ မသိကြ၍လည်းကောင်း Bius or Prejudice ခေါ်သော သမိုင်းဆရာတို့၏ ဘက်လိုက်မှုကြောင့်သော်လည်းကောင်း ဖြစ်တန်ရာ၏၊ ငါတို့၏ မြန်မာရာဇဝင်ကို ပုံပျက်ပန်းပျက်ဖြစ်အောင် ရေးသားသွားကြသော အင်္ဂလိပ်သမိုင်းဆရာများ, အိန္ဒိယရာဇဝင်နှင့် စာပေသမိုင်းကို အပေါ်စီးဖြင့် အနိုင်ကျင့် ရေးသားသွားကြသော ကိုလိုနီခေတ် ဗိုလ်သခင် သမိုင်းဆရာများ၏ အကြံပက်စက် အမှားအနက်များကို နောက်ပေါ်တိုင်းရင်းသား ဒေသခံ ပညာရှင်တို့က ထုတ်ဖော်တင်ပြပြီး အမှန်သို့ပြန်ရောက်အောင် မနည်းကြီး ကြိုးစားနေကြရသည် မဟုတ်ပါလော၊ သို့ဖြစ်၍ အဘိဓမ္မာနှင့် ပတ်သတ်၍ သူတို့သွင်းခဲ့သော သံသယအပင်းလုံးကို ချနိုင်ရန် အမှန်ကို ဤသို့ နားလည်ကြစေလိုသည်၊ တစ်ချက်စီ ရှင်းပြအံ့။
(က) အရှင်သာရိပုတ္တရာ၏ တပည့်များသည် ထက်မြက်စူးရှသော ဉာဏ်ပဋိဘာန်ရှိသည့် ပါရမီ သမ္ဘာရရှင်များ ဖြစ်ကြ၍ အဘိဓမ္မာကို ထက်အောက်ပြန်လှန် အဖန်ဖန်ပို့ချ နှုတ်လွတ်ရကြသည်၊ ဗုဒ္ဓအဘိဓမ္မာ ဟောပြီးသည့် ခုနှစ်ဝါမြောက် ဂ-ဝါ အရောက်လောက်မှ စ၍ အဘိဓမ္မာ တတ်မြောက်ခဲ့ကြသည်၊ ဗုဒ္ဓပရိနိဗ္ဗာန်မစံမီ ၃၇-နှစ်နီးပါးလောက် အဘိဓမ္မာကို ဆောင်ခဲ့ကြသည်၊ ထိုပုဂ္ဂိုလ်တို့သည် မဇ္ဈိမနိကာယ်ကို တာဝန်ပေးလျှင်လည်း ဝန်မလေးကြဘဲ အလွယ်ကလေး ဆောင်ထားနိုင်သော ဉာဏဗလ ရှိကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် အရှင်မဟာကဿပ အမှူးရှိသော ပထမ သံဂါယနာတင် ထေရ်အရှင်များက ထိုအရှင်သာရိပုတ္တရာ၏ တပည့်များအား အဘိဓမ္မာဆန်လှသော မဇ္ဈိမနိကာယ်ကို တာဝန်ပေးကြသည်၊ ဤ Buddhist Tradition အစဉ်အလာကြီးမှာ အလွန် ခိုင်လုံသော မှတ်တမ်းကြီးတစ်ဆူသဖွယ် ဖြစ်သည်၊ ဘာမျှ တွေးတောယုံမှားနေဖွယ် သံသယဖြစ်ဖွယ် မရှိပေ။
(ခ) ဓမ္မဘဏ္ဍာဂါရိက တရားဘဏ္ဍာစိုးကြီး အရှင်အာနန္ဒာအား ဒီဃနိကာယ်ကို တာဝန်ပေးတော်မူသည်မှာလည်း ဘာများ ဆန့်ကျင်ပါသနည်း၊ အရှင်အာနန္ဒာ ပိဋက ၃-ပုံ ဆောင်နိုင်စေကာ, တစ်နည်းဆိုရလျှင် အရှင်အာနန္ဒာသည် ပိဋက တောအုပ်တွင် အရှုပ်အထွေး ယှက်မြှေးမတွယ် အလွယ်ကျက်စား ခြင်္သေ့မင်းကြီးသဖွယ် ဖြစ်ငြားလည်း တပည့်တို့အား ပို့ချရာ၌ ဘောင်ခက်၍ ထားလျှင်ကြာရှည် လေးမြင့် အသင့်လွယ်ကူ တံခွန်ထူဆောက် ပေါက်မြောက် ကြီးပွားလွန်စွာ ထွန်းကားနိုင်သည် မဟုတ်ပါလော၊ သီဟိုဠ်ကျွန်း၌ ဒီဃဘာဏက တိပိဋက မဟာသီဝထေရ် ဟူသည် ကို ဒီဃနိကာယ် မဟာဝဂ္ဂအဋ္ဌကထာ နှာ ၁၃၃-၌လည်းကောင်း၊ ယင်းဒီဃနိကာယ် ပါထိကဝဂ္ဂအဋ္ဌကထာ နှာ-၆၆-၌ လည်းကောင်း အရှင်ဗုဒ္ဓဃောသ မှတ်တမ်းတင်ထားသည်ကို ရှုပါ၊ ယင်း မဟာသီဝထေရ်သည် တိပိဋက (ပိဋက ၃-ပုံ ဆောင်ထားသည့်) အပြင် ဒီဃဘာဏက ဟူသော ဘွဲ့ကိုလည်း ခံယူထားပေသေးသည်၊ ထို့ကြောင့် အဓိကာရမ် မည်သော သီဟိုဠ်သားပညာရှင် ရေးသားသည့် “သီဟိုဠ်ကျွန်း ရှေ့ပိုင်းသာသနာရေး သမိုင်း” စာအုပ် နှာ-၂၅၌ ဤသို့ မှတ်ချက် ချထားလေသည်။
“It is necessary to note here that being a Bhanaka of a particular section of canon meant only that the person in question made a special study of that portion and did not in any way imply an ignorance or neglect of ther other sections of pitakas.”
နိကာယ်တစ်ခုခုကို ဆောင်ထားသူ ဘာဏကဆိုသည်မှာ ထိုနိကာယ်ကို အထူးတလည် လေ့လာကျက်မှတ်သူ ဟူ၍သာ ဆိုလို၍ အခြားနိကာယ် အခြား ပိဋကကို လျစ်လျူရှုသူ မလေ့လာသူဟူ၍ မဆိုလိုကြောင်း မှတ်သားဖို့ လိုအပ် သည် (Early History of Buddhism in Ceylon p.25 by Adikaram) (၈) ၁ /ဝိနယဓရ (ဝါ) ဝေနယိက ဟူသော စကားလုံးဖြင့် ဝိနည်းကို ဆောင်သူ, အာဘိဓမ္မိက ဟူသော စကားလုံးဖြင့် အဘိဓမ္မာကို ဆောင်သူများ ရှိခဲ့ကြောင်း အထောက်အထားများ ပြခဲ့ပြီဖြစ်သည်၊ ဗုဒ္ဓစကားတော်များကို ၅-စုခွဲ၍ နိကာယဟူသော စကားဖြင့် သုံးနှုန်းခေါ်ဝေါ်သောအခါ ဝိနည်းရော အဘိဓမ္မာပါ ခုဒ္ဒက၌ထည့်သွင်း၍ သံဂါယနာ တင်ကြသည့်အလျောက် ခုဒ္ဒကနိကာယ် ဟူ၍ပင် ခေါ်ဝေါ်သုံးနှုန်းကြပေသည်၊ ခုဒ္ဒကဟူသည်မှာ ဒီဃ အရှည်, မဇ္ဈိမ အလယ်အလတ်နှင့် နှိုင်းယှဉ်၍ ခုဒ္ဒက အတိုဟော အဓိပ္ပာယ်ကို ကောက်ယူရသည်၊ အသေးအဖွဲ တန်ဖိုးနည်းသော သုတ်များ ပါဠိတော်များဟု အလွဲမကောက်ရာ၊ ထို့ကြောင့် ဝိနည်းကို ဆောင်သူများကို ဝိနယဓရ-ဟု ခေါ်ဆိုသကဲ့သို့ ဝိဘင်္ဂဓရာ, မာတိကာဓရာဟူ၍ ခေါ်ဆိုထား သည်ကိုလည်း ပါဠိတော်များ၌ အများအပြားတွေ့ရပေရာ ဝိနည်းငါးကျမ်းလုံးကို ဆောင်သူရှိသလို ဥဘတောဝိဘင်းမျှ ဆောင်သူ, မာတိကာခေါ် ပါတိမောက်မျှ ဆောင်သူ, ခန္ဓကမျှ ဆောင်သူများ ရှိသောကြောင့် ထိုနိကာယ်ကြီးများနှင့် နှိုင်းစာလျှင် တိုတောင်းသည်ဟု ဆိုနိုင်ပေသည်။
(ဂ) ၂ /တစ်ဖန် အဘိဓမ္မာကို ဆောင်ရာ၌လည်း မာတိကာဓရာ-ဟူသော ပါဠိတော်စကားကို ထောက်၍ တိကမာတိကာ ဒုကမာတိကာမျှကို ဆောင်သူ, နိဒ္ဒေသပဒဘာဇနီများနှင့်တကွ ဓမ္မသင်္ဂဏီကို ဆောင်သူ, ဝိဘင်းမျှကို ဆောင်သူ, ပဋ္ဌာန်းသက်သက်ကိုသာ ဆောင်သူ, ဓာတုကထာ ပုဂ္ဂလပညတ်မျှဆောင်သူ, ယမိုက်မျှဆောင်သူ ဟူ၍လည်း ရှိသည်၊ အဘိဓမ္မာ ၇-ကျမ်းဟု ခွဲထားသည်မှာလည်း ကဏ္ဍအလိုက် ခွဲခြားခြင်းမျိုး မဟုတ်၊ သဘာဝဓမ္မသို့ ချဉ်းကပ် နည်းအားဖြင့် ခွဲထားခြင်း ဖြစ်ပေသည်၊ ထို့ကြောင့် မိမိသန်ရာ ဆန္ဒရှိရာ ဆောင်ထားခဲ့ကြသည်၊ ဥပမာအားဖြင့် အလွန် ခက်လှပါသည် (ကျယ်လှပါသည်) ဆိုသော ပဋ္ဌာန်းကျမ်းကြီးကို ဤ ၂၀-ရာစုနှစ်၌ အဘိဓဇမဟာရဋ္ဌဂုရု မန္တလေး မစိုးရိမ်ဆရာတော်ကြီး အထူးသီးသန့် ပြင်ဆင်ကာ နည်းသစ် စနစ်သစ်များဖြင့် ထပ်တလဲလဲ ပို့ချဆောင်ရွက်သကဲ့သို့ ဖြစ်သည်၊ ဤဆိုခဲ့ပြီးသော အစဉ်ဖြင့် ချပို့ဆောင်ရွက်ခြင်းသည် တာဝန်ခွဲဝေခြင်း Divison of Labour စနစ်အရ ကြာရှည်တည်တံ့စေကြောင်း ကောင်းမြတ်သော အစဉ်အလာ ဖြစ်ပေသည်၊ ဤသို့ဆိုသော ခုဒ္ဒက(တိုသော သုတ်များ) ဟု ခေါ်ဆိုသည့်အတွက် ဘာမျှ သိမ်ငယ်စရာ မလိုပါ၊ ခုဒ္ဒကနိကာယ်၌ ထည့်သွင်းရေတွက်သောကြောင့် အတိုအထွာ အသေးအဖွဲကလေးများဟု ဘယ်အခါမျှ အဓိပ္ပာယ်မထွက်ပေ၊ ထို့ကြောင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ ဘာမျှ ရင်နာဖွယ် မလိုပေ။
(ဃ) ၃ /အပိုင်းခွဲဝေရာ၌ ရံခါ မလိုအပ်သော အနက်အဓိပ္ပာယ် ဆန့်ကျင်သလိုရှိသော တရားများကို ထည့်သွင်း ရေတွက်ရသည်လည်း ရှိတက်သည်၊ ဝေဒနာ ၃-မျိုး (ချမ်းသာ, ဆင်းရဲ, အသင့်အတင့် အလယ်အလတ် ခံစားမှု)ကို သုခနှင့် ဒုက္ခ ၂-မျိုးသာ ခွဲဝေသောအခါ ဥပေက္ခာဟူသော အလယ်အလတ် ခံစားမှုကို တည်ငြိမ်သော သဘောရှိသောကြောင့် သုခ၌ ထည့်သွင်း ရေတွက်ရ၏၊
ဥပေက္ခာ ပန သန္တတ္တာ သုခမိစ္စေဝ ဘာသိတာ။ (အဘိ၊ဋ္ဌ၊၂၊၁၇၀) (သမ္မောဟဝိနောဒနီအဋ္ဌကထာ)
ထို့အတူ ဘုရားရဟန္တာတို့၏ သန္တာန်၌ဖြစ်သော ဟသိတုပ္ပါဒ်စိတ်ကို သောဘန(ကောင်း) အသောဘန (မကောင်း) ဟု နှစ်ပိုင်း ခွဲဝေသောအခါ အသောဘနဘက်သို့ ထည့်သွင်းကြရသည်၊ ဟသိတုပ္ပါဒ်စိတ်ကိုယ်တိုင်က မကောင်းသောကြောင့် အသောဘန ခေါ်ရသည် မဟုတ်၊ သောဘန အမည်ရနေကျ ဖြစ်သော ကုသိုလ်မူလများ မရှိသောကြောင့် မူအရ အသောဘနဟု ခေါ်ဆိုရခြင်း ဖြစ်လေသည်၊ ထို့ကြောင့် အပိုင်းခွဲဝေသောအခါ စကားလုံး၏ Literary Meaning (စကားလုံး၏ တိုက်ရိုက်အဓိပ္ပာယ်)ထက် Derivative Meaning (ဆင့်ပွား အဓိပ္ပာယ်)ကို ပို၍ သတိပြုရပေမည်၊ ဤသို့သော စာပေပညာ၏ သိမ်မွေ့သော သဘောသဘာဝကို ကျယ်ကျယ်ဝန်းဝန်း မလေ့လာဘဲ အတွေးအခေါ် ဖီလိုဆိုဖီ ဆရာများကဲ့သို့ ထင်ရာစွပ်ရေးခဲ့ကြလေရာ ထိုအနောက်တိုင်း သုတေသီတို့၏ အမှားများကို နောက်လူတို့က လိုက်ပြင်၍မဆုံး ရှိနေပေသည်။
၂၈။ ဦးဥက္ကဋ္ဌအမှူးပြု၍ ဒေးဒရဲမြို့ ပဉ္စနိကာယ ဓမ္မသာကစ္ဆာအဖွဲ့မှ ရေးထိုးစိုက်ထူထားအပ်သော ကျောက်စာနှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ထုတ်ဝေသော ဗုဒ္ဓသာသနာ့သမိုင်း နှာ-၁၀-၌ ပထမသံဂါယနာတွင် သံဃာ (၁၀၀၀) ကျော်တို့က သတ္တပဏ္ဏိလိုဏ်ဂူ (ထေရ်ကြီးတို့ သံဂါယနာတင်ရာဌာန)၏ အနောက် တစ်ယူဇနာအကွာ ပဏ္ဍဝလိုဏ်ဂူတွင် ပထမသံဂါယနာ အပြိုင်တင်ကြသည် ဟူသော အဆိုသည် ထေရဝါဒမှတ်တမ်းများ၌ မလာသော ခိုင်လုံမှုမရှိသော အဆို ဖြစ်သည်၊ ယင်းတို့ကို မဟာသင်္ဂီတိဟု ခေါ်ဆိုကြောင်း ထပ်ဆင့်၍ ဆိုပြန်သေး၏၊ ဒုတိယ သံဂါယနာနှင့် အပြိုင်တင် ကြသော မဟာသံဃိက (ဝါ) မဟာသင်္ဂီတိနှင့် ရောထွေးနေခြင်းသာ ဖြစ်သည်၊ ပထမသံဂါယနာ၌ စင်ပြိုင်သံဂါယနာ မရှိချေ။
အောက်ပါ J.J.Jones ရေးသားသော မဟာဝတ္ထု အင်္ဂလိပ်ဘာသာပြန် အတွဲ-၃၊ နိဒါန်း Introduction ၌-
Mahasanghikas were a Buddhist sect formed at the time of the second Council at Vesali 338. B.C. They subsequently split up into sevetal schools among which, the Lokuttaravadins seem to approximate closest to the original Sect.
(မြန်မာ) မဟာသံဃိကသည် ဘီစီ ၃၃၈-ခုနှစ် ဝေသာလီ၌ ကျင်းပသော ဒုတိယသံဂါယနာတင်ချိန်၌ ပေါ်လာသော ဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခု ဖြစ်သည်၊ ၎င်းတို့သည် နောက်ထပ်၍ ဂိုဏ်းအမျိုးမျိုး ကွဲပြားကြသေးရာ လောကုတ္တရ ဝါဒီဂိုဏ်းကွဲတစ်ခုသည် မူလထေရဝါဒနှင့် အတော်နီးစပ်ပုံရသည်ဟူသော စကားဖြင့် ဒုတိယသံဂါယနာတင်ချိန်၌ သီးသန့်ခွဲ၍ သံဂါယနာတင်ကြသောဂိုဏ်းကို မဟာသံဃိကဟူ၍လည်းကောင်း, မဟာသင်္ဂီတိဟူ၍လည်းကောင်း ခေါ်ဆို ကြခြင်းဖြစ်ကြောင်း သိရပေသည်။
၂၉။ ဤ၌ မဟာဝတ္ထုဟူသည် မဟာသံဃိကဂိုဏ်း၏ ဝိနယဝတ္ထု ဖြစ်သည် ယင်း၏ နိဒါန်း၌ “आर्यमहासंधिकानां लोकुत्तरवादिनां मध्यदेशिकानां पाठेन विनयपिटकस्य महावस्तुये आदिः =မဇ္ဈိမ ဒေသ လောကုတ္တရဝါဒီဖြစ်သော မဟာသံဃိကဂိုဏ်းကြီး၏ ပါဠိတော်မူအရ ဝတ္ထုများစွာ ပါဝင်သော ဝိနယပိဋက အစကား” ဟူ၍ အစပျိုးထားပေသည်၊ သို့ရာတွင် ဝိနယပိဋကဟု အမည်ပေးထားသော်လည်း ထိုမဟာဝတ္ထုကျမ်းကို လေ့လာကြည့်ရာတွင် ဝိနည်းပညတ်တော်များ ဘာမျှမတွေ့ရ၊ ထေရဝါဒပိဋကမှ ဟိုမှသည်မှ ထုတ်နုတ်ရေးသားသော ဝတ္ထုအကြောင်းအရာများသာ ဖြစ်သည်။
၃၀။ တိဗက်စာရေးဆရာ တာရာနာထ ရေးသား၍ ရှိဖနား Schiefner ဆိုသူက အင်္ဂလိပ်ဘာသာပြန်ဆိုသော တိဘက်ဝိ နယမှတ်တမ်းများ, အေဒီ ၆၂၉-ခု တရုတ်ခရီးသည် ဟွင်ဆိုင်၏ S.Beal (ဆဲမြူဝဲလ်ဘိလ်) အင်္ဂလိပ်ဘာ သာပြန်ဆိုသော မှတ်တမ်းများ, J.Takakusu တကာကူဆူမည်သော ဂျပန်ပညာရှင် ရေးသားသည့် “သဗ္ဗတ္ထိဝါဒီဂိုဏ်းမှ အဘိဓမ္မာစာပေများ”ဟူသော စာတမ်းများကို ခြုံ၍ကြည့်လိုက်သော် ပထမသံဂါယနာတင်ချိန်၌ နှစ်မျိုးတွေ့ရသည်၊ အဘိဓမ္မာပါရှိသည် ဟူ၍လည်းကောင်း မပါဟူ၍လည်းကောင်း အဆိုနှစ်မျိုးကို တွေ့ရသည်၊ အဘိဓမ္မာပိဋက ပါသည် ဟူသော တရုတ်မဟာဝတ္ထု ကျမ်းအဆိုမှာ ပါဠိစာပေနှင့် ဆိုပုံ တူသည်ကို တွေ့ရ၍ Dulva ဒုလ်ဗ-ခေါ်သော တိဗက်ဝိနယကျမ်း ဒုတိယတွဲ အဆိုအရ ဝိနယကို ဥပါလိထေရ်ကလည်းကောင်း, ဓမ္မကို အာနန္ဒာထေရ်ကလည်းကောင်း အဘိဓမ္မာကို မဟာကဿပထေရ်က လည်းကောင်း ဦးဆောင်၍ သံဂါယနာတင်သည်ဟု ဆိုသည်၊ တာရာနာထအဆို အရ သဗ္ဗတ္ထိဝါဒဂိုဏ်း (နောင်အခါ ဝိဘာသာ မည်သော အဋ္ဌကထာကို ရေးသား၍ ထိုအယူကို လက်ခံသောကြောင့် ဝေဘာသိကတွင်သည်) က အဘိဓမ္မာ ၇-ကျမ်းကို ဘုရားဟောဟု ယူ၍ သုတ္တန္တိကဂိုဏ်းကမူ ဘုရားဟောဟု မယူဆဘဲ ဆရာအသီးသီးက ရေးသားသည်ဟု ယူဆကြကြောင်း သိရသည်။
၃၁။ မည်သို့ဆိုစေ ဗုဒ္ဓမြတ်စွာ အဘိဓမ္မာကို ဟောတော်မူခဲ့သည်ဟူသော မှန်ကန်မှုကို တောင်ပိုင်း မြောက်ပိုင်း နှစ်ပိုင်းလုံးက လက်ခံကြသည်ဟု ကောက်ချက်ချနိုင်သည်၊ ဂိုဏ်းအသီးသီး ကွဲသွားခြင်းမှာလည်း ဝိနယအယူအဆနှင့် လိုက်နာကျင့်ကြံရေးတို့တွင် အလျော့အတင်း အတိမ်အနက် ကွဲပြားရာမှ စခဲ့သည်၊ ကွဲပြားသွားပြီးသောအခါ ဗုဒ္ဓဟောတော်မူသော တရားဓမ္မနှင့် စပ်၍ အယူအဆရေးရာတွင်လည်း အမှန်မှ သွေဖယ်တိမ်းစောင်း သွားကြပေသည်၊ ထို့ကြောင့် ဒီပဝံသ ပဉ္စမကဏ္ဍ၌ ဤသို့ဆို၏၊
နိဂြောဓောဝ မဟာရုက္ခော၊ ထေရဝါဒါနမုတ္တမော။
အနူနံ အနဓိကံ စေဝ၊ ကေဝလံ ဇိနသာသနံ။
ကဏ္ဍကာ ဝိယ ရုက္ခမှိ၊ နိဗ္ဗတ္တာ ဝါဒသေသကာ။ (ဂါထာ-၅၂။)
မြန်မာပြန်
ဝါဒတို့တွင် အမြတ်ဆုံးဖြစ်သော ထေရ်ကြီးတို့ဝါဒသည် ပညောင်ပင်ကြီးနှင့်တူသည်၊ မြတ်ဗုဒ္ဓသာသနာတော်သည် မယုတ်မပို အလုံးစုံ ပြည့်ဝပေသည်၊ ကြွင်းသော ဂိုဏ်းဝါဒတို့ကား သစ်ပင်မှာပေါက်သော ဆူးတို့နှင့် အလားတူ ကုန်သည်။
ပထမေ ဝဿသတေ နတ္ထိ၊ ဒုတိယေ ဒသသတန္တရေ။
ဘိန္နာ သတ္တရသ ဝါဒါ၊ ဥပ္ပန္နာ ဇိနသာသနေ။ (ဂါထာ-၅၃။)
မြန်မာပြန်
ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် အနှစ်တစ်ရာအတွင်း အကွဲအပြား မရှိသေး၊ ဒုတိယရာစုတွင်ကား သာသနာတော်တွင် ဂိုဏ်းကြီး ၁၇-ဂိုဏ်း ကွဲပြားစွာ ပေါ်လာကြတော့သည်။
မဟာသင်္ဂီတိကာ ဘိက္ခူ၊ ဝိလောမံ အကံသု သာသနံ။
ဘိန္ဒိတွာ မူလသင်္ဂဟံ၊ အညံ အကံသု သင်္ဂဟံ။ (ဂါထာ-၃၂။)
မြန်မာပြန်
မဟာသင်္ဂီတိကဂိုဏ်းသား ရဟန်းတို့သည် သာသနာတော်ကို တိမ်းစောင်းအောင် ပြုကြလျက် မူလသံဂါယနာကို ဖျက်၍ သံဂါယနာအသစ် ပြုကြသည်။
အညတ္ထ သင်္ဂဟိတံ သုတ္တံ၊ အညတ္ထ အကရိံသု တေ။
အတ္ထံ ဓမ္မဉ္စ ဘိန္ဒိံသု၊ ယေ နိကာယေသု ပဉ္စသု။ (ဂါထာ-၃၃)
မြန်မာပြန်
သူတို့သည် အခြားပိဋက၌ စုစည်းပြီးသော သုတ်ကို သည့်ပြင်တပါး အခြားပိဋက၌ ထည့်သွင်းကြ၍ နိကာယ် ၅-ရပ်တွင် အနက်ရော ပါဠိကိုပါ ဖျက်ဆီးကြသည်။
ပရိယာယ ဒေသိတံ စာပိ၊ အထော နိပ္ပရိယာယ ဒေသိတံ။
နီတတ္ထံ စေဝ နေယျတ္ထံ၊ အဇာနိတွာန ဘိက္ခဝေါ။ (ဂါထာ-၃၄)
မြန်မာပြန်
ထိုရဟန်းတို့သည် ပရိယာယ်ဖြင့်ဟောသည့် ဒေသနာကို မုချနည်း ကောက်ယူကြသည်၊ နီတတ္တ= တိုက်ရိုက်အနက် နေယျတ္ထ= သွယ်ဝိုက်သော အနက်ကို မသိရှာကြ၍-
အညံ သန္ဓာယ ဘဏိတံ၊ အညတ္ထံ ဌပယိံသု တေ။
ဗျဉ္စနစ္ဆာယာယ တေ ဘိက္ခု၊ ဗဟုံ အတ္ထံ ဝိနာသယုံ။ (ဂါထာ-၃၅)
မြန်မာပြန်
ထိုရဟန်းတို့သည် အနက်တစ်မျိုးကို ရည်ရွယ်၍ ဟောတော်မူအပ်သော သုတ်ကို အနက်တစ်မျိုး ဖော်ထုတ်ကြသည်၊ စကားလုံး ထပ်တိုး၍ အနက်မှန် အမြောက်အမြားကို ဖျက်ဆီးကြသည်။
ဆဋ္ဋေတွာ ဧကဒေသံ စ၊ သုတ္တံ ဝိနယဉ္စ ဂမ္ဘိရံ။
ပတိရူပံ သုတ္တဝိနယံ၊ တဉ္စ အညံ ကရိံသု တော။ (ဂါထာ-၃၆)
ပရိဝါရံ အတ္ထုဒ္ဓါရံ၊ အဘိဓမ္မပကရဏံ။
ပဋိသမ္ဘိဒံ စ နိဒ္ဒေသံ၊ ဧကဒေသံ စ ဇာတကံ။
ဧတ္တကံ နိဿဇ္ဇိတွာန၊ အညာနိ အကရိံသု တေ။ (ဂါထာ-၃၇။)
မြန်မာပြန်
နက်နဲခက်ခဲသော သုတ်အချို့ ဝိနည်းအချို့ကို ပယ်စွန့်၍ ထိုသူတို့သည် အခြား သင့်တော်သော သုတ် ဝိနည်းကို ပြုလုပ်ကြသည်၊ သောဠသပရိဝါရ နှင့် အဋ္ဌကထာကဏ္ဍ အဘိဓမ္မာ၊ တစ်နည်း အဋ္ဌကထာကဏ္ဍ ထိုမှကြွင်းသော အဘိဓမ္မာကို ပယ်ကြသည်၊ ပဋိသမ္ဘိဒါ စူဠနှင့် မဟာနိဒ္ဒေသ ဇာတကအချို့ကို ပယ်စွန့်ကြသည်၊ ဤမျှလောက် ပယ်စွန့်၍ သူတို၏့သည် အခြားအသစ်ဖြစ်သော ကျမ်းများကို ရေးကြသည်။
ဤမျှ ဆိုပြီးသော စကားစဉ်ဖြင့် ထေရဝါဒမှ ခွဲထွက်သွားကြသော ဂိုဏ်းကွဲတို့ မူလသဘောထားနှင့် အခြေအနေကို သိနိုင်လောက်ပြီ၊ ထို့ကြောင့် ထေရဝါဒ ဆရာစဉ်ဆက်သည် ယင်းတို့ကို ထည့်၍ မစဉ်းစားကြပေ။
၃၂။ ယခုအခါ ပထမသံဂါယနာကို အယုံအကြည် မရှိကြသော သံဃာတော်များ ရှိကြကြောင့်နှင့် ထိုသံဃာတို့၏ ရှေ့ပြေးအဖြစ် ဒက္ခိဏဂိရိမှ အရှင်ပူရဏကို ပုံစံထုတ်လာကြသော စုဒိတကတို့၏ အဆိုကို စိစစ်ပြအံ့။
အကြောင်းအရာကား ဒက္ခိဏဂိရိဇနပုဒ်၌ ရဟန်းပရိသတ် အမြောက်အမြားနှင့် ဒေသစာရီ လှည့်လည်နေသော အရှင်ပူရဏသည် ရာဇြုဂိဟ်သို့ ရောက်လာသောအခါ သီတင်းဝါလ ကျွတ်နေပေပြီ၊ အဘယ်ကို ထောက်၍ ဝါကျွတ်မှ ရောက်လာကြောင်း သိရသနည်း- ဟူငြားအံ့၊ ဝါမဆိုမီကပင် ရှင်မဟာကဿပထေရ်က သံဃာ့အလယ်တွင် ရွေးကောက် ထားသော သံဃာ ၅၀၀- မှတပါး အခြား ရဟန်းများ ရာဇြုဂိဟ်၌ ဝါမကပ်ကြရ-ဟု သံဂါယနာဉတ်ဖြင့် ကြေညာထား ပြီးဖြစ်သောကြောင့် ဝါတွင်းမဟုတ်မူ၍ ဝါပအခါဖြစ်ကြောင်း သိနိုင်ပေသည်၊ ရာဇြုဂိဟ် ဝေဠုဝန်ကျောင်းသို့ ရောက်လာသောအခါ အရှင်ပူရဏသည် သံဂါယနာတင် ထေရ်ကြီးများနှင့် ဝမ်းမြောက်ဝမ်းသာ နှီးနှောပြောဟောသည်၊ (ထေရေ ဟိ ဘိက္ခူဟိ သဒ္ဓိံ ပဋိသမ္မောဒိတွာ ဧကမန္တံ နိသီဒိ-စူဠဝါပါဠိတော်) အရှင်ပူရဏ ကြွလာသောအခါ သံဂါယနာကိစ္စလည်း ပြီးစီးနေပြီး ဖြစ်သည်၊ (ထေရေဟိ ဘိက္ခူဟိ ဓမ္မေ စ ဝိနယေ စ သင်္ဂီတေ) စူဠဝါပါဠိတော်(၄၈၆) ထေရ်ကြီးများက “ထေရေဟိ, အာဝုသော ပုရာဏ, ဓမ္မော စ ဝိနယော စ သင်္ဂီတော။ ဥပေဟိ တံ သင်္ဂီတိံ” ငါ့ရှင်ပူရဏ ထေရ်ကြီးတို့သည် ဓမ္မဝိနယကို သံဂါယနာ တင်ပြီးပါပြီ၊ ထိုသံဂါယနာ (တင်ပြီးသော ဓမ္မဝိနယ) သို့ ချဉ်းကပ်ပါ (ချဉ်းကပ်၍ ဓမ္မဝိနယ တို့ကို လေ့လာပါ) ဟု ပြောဆိုကြသည်။
မှတ်ချက်။ ။ သံဂါယနာသို့ ချဉ်းကပ်ပါဟူသည်ကို သံဂါယနာတင်ရာ ပါဝင်ပါဟု အဓိပ္ပာယ် မယူရ၊ အကြောင်းမှာ မူလကပင် အခြား သံဃာများကို တားမြစ်ပြီး ဖြစ်၍ တစ်ကြောင်း, ယခုအခါ သံဂါယနာတင်ပြီး ဖြစ်နေ၍ တစ်ကြောင်း ဖြစ်သည်။
ထိုအခါ အရှင်ပူရဏက “ထေရ်ကြီးများ ဓမ္မဝိနယကို သံဂါယနာတင်ကြသည်မှာ အလွန် ကောင်းမွန်ပါသည်၊ (သုသင်္ဂီတာဝုသော ထေရေဟိ ဓမ္မော စ ဝိနယော စ) သို့သော် တပည့်တော်ကတော့ အသက်လည်းကြီးလှပြီဖြစ်၍ ဓမ္မဝိနယတွေ အားလုံး မလေ့လာနိုင် မဆောင်ထားနိုင်ပါ၊ ဘုရားရှင် မျက်မှောက်တော်တွင် ကြားနာ မှတ်သားခဲ့တဲ့အတိုင်းပဲ ဆောင်ထားပါမည်၊ ရတာလောက်ပဲ ဆောင်ထားပါမည် (ယထေဝ မယာ ဘဂဝတော သမ္မုခါ သုတံ သမ္မုခါ ပဋိဂ္ဂဟိတံ တထေဝါဟံ ဓာရဿောမိ)” ဟု လျှောက်ထားသည်။
မှတ်ချက်။ ။ ဤပါဠိတော်လာ အရှင်ပူရဏ၏ လျှောက်ထားချက်၌ စုဒိတကတို့ ယူဆသကဲ့သို့ အချို့ မထေရ်များ သဘောမတူကြောင်း ဟူသော အနက်အဓိပ္ပာယ် အနည်းငယ်မျှ မထွက်ပေ။
၃၃။ ယခုအခါ သဗ္ဗတ္ထိဝါဒီဂိုဏ်းမှ အဘိဓမ္မာ ၇-ကျမ်းကို စိစစ်ကြအံ့၊ ဗုဒ္ဓမြတ်စွာ လက်ထက်တော်မှစ၍ အဘိဓမ္မာကို သင်ယူလေ့လာကြသော ရဟန်းများအလယ်တွင် တာဝန်ခွဲဝေ ဆောင်ထားကြရန် အပိုင်းကဏ္ဍ ခွဲကြရာ ၇-ကျမ်း ၇-စုဟူသော စကားသည် အဘိဓမ္မာဆောင် မဟုတ်သော အခြား သာဝကရဟန်းများထံသို့လည်း ပျံနှံ့ထင်ရှား အသိများသော စကားဖြစ်ခဲ့သည်မှာ ဧကန်ဖြစ်သည်၊ ထို့ကြောင့် အဘိဓမ္မာ၏ (၇) သင်္ချာနှင့် ပတ်သက်၍ အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဝိတဏ္ဍဝါဒီ (ဆန့်ကျင်ဘက် ပြောတတ်သော) ပုဂ္ဂိုလ်များက ၇-ကျမ်းပြည့်ရန် မဟာဓမ္မဟဒယမည်သော ကျမ်းကိုလည်းကောင်း, မဟာဓာတုကထာ ကျမ်းကိုလည်းကောင်း ထုတ်ဆောင်လာကြသည်ကို ဖော်ပြထားပေသည်၊ ဤတွင် သမာနဝါဒီပုဂ္ဂိုလ်များက သင်တို့တင်ပြလာသော မဟာဓမ္မဟဒယကျမ်း ဆိုသည်မှာ မူလဓမ္မဟဒယဝိဘင်းမှာ ပါပြီးသား တရားတွေချည်း များပါသည်၊ အသစ်ဟူ၍ များစွာ မပါ၊ မေးခွန်းတွေ ထုတ်ထားသော ပဥှာဝါရမျှပဲ မပါ ကြွင်းကျန် ရှိနေပါသည်ဟူ၍လည်းကောင်း, မဟာဓာတုကထာကျမ်း ဆိုသည်မှာလည်း အထက်နည်းအတိုင်းပင် မူလဓာတုကထာကျမ်းရင်းထက် အပိုဟူ၍ များများမရှိ၊ နောက်ဖြည့်ပါဠိတော် အနည်းငယ်မျှ ပါသည်ဟူ၍လည်းကောင်း ဖြေရှင်းကာ ဝိတဏ္ဍဝါဒီတို့၏ အဆိုကို ချေဖျက်ခဲ့ကြသည်။
၃၄။ ဤနေရာ၌ တောင်တွင်းကြီး နတ်မှီတောရ ဦးဆန္ဒာဓိက၏ သောဓနာ၌ “မဟာဓမ္မဟဒယနှင့် မဟာဓာတု-ကထာကျမ်းကြီးများမှ တစ်ကျမ်းကျမ်းသာ အပြည့်အစုံ ရှိခဲ့ပါလျှင် ကထာဝတ္ထုကျမ်း၏ အခြေအနေသည် တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်ကြောင်း ဆွေးနွေးရပါသည် ဘုရား” ဟု သောဓနာပြုသွားသည်၊ ပါဠိအဆိုနှင့် ပါဠိ၏သဘောသွားကို မပိုင်နိုင်သောကြောင့် ဦးဆန္ဒာဓိက အဓိပ္ပာယ် အယူအဆ မှားသွားခြင်းသာ ဖြစ်၏၊ သူ၏ အလိုအားဖြင့် အပုဗ္ဗံ နတ္ထိ၊ ကတိပယာဝ ပဥှာဝါရာ အဝသေသာ ဟူသော ပါဌ်၏အဓိပ္ပာယ်မှာ အထက်၌ ဆိုခဲ့သလို အသစ်အဆန်း ဘာမျှမပါဟူ၍ မဟုတ်တော့ဘဲ ပဥှာဝါရနည်းနည်းပဲ ကျန်တော့သည်၊ အခြားဟာတွေ ပျောက်ကုန်ပြီးဟူ၍ အဓိပ္ပာယ် ထွတ်နေတော့သည်။ စုဒိတက ဦးဆန္ဒာဓိက ပြဿနာအကိုင်မတက်မှု ဖြစ်ပေသည်၊ မပြေလည်သည့်အပြင် အမှားတစ်ခု ထပ်မံ၍ ပြုမိလျက်သား ဖြစ်ပေတော့သည်၊ ဦးဆန္ဒာဓိက ဆိုသကဲ့သို့ သဗ္ဗတ္ထိဝါဒ အဘိဓမ္မာ ၇-ကျမ်းကို အားကျခြင်း မဟုတ်၊ သဗ္ဗတ္ထိဝါဒီတို့ကသာ ထေရဝါဒ အဘိဓမ္မာကို သံယောင်လိုက်၍ အဘိဓမ္မာ ၇-ကျမ်း စီစဉ်ထားခြင်း ဖြစ်ပေသည်၊ မည်သူက မည်သူ့ထံမှ အတုယူသည် ဆိုသည်ကို အောက်ပါမှတ်တမ်းကို ရှု၍ ဆုံးဖြတ်နိုင်၏၊
၃၅။ ကျောက်စာဝန် ဆာဂျွန်မာရှယ်နှင့် ပရော်ဖက်ဆာ ရက်ပဆင်တို့၏ ဆုံးဖြတ်ချက်အရ ကနိသျှကမင်း နန်းတက်သော အချိန်အခါသည် ခရစ်နှစ် ၇၇-၇၈ ဖြစ်ရာ ထိုမင်း၏ လက်ထက် သဗ္ဗတ္ထိဝါဒီဂိုဏ်းမှ တတိယသံဂါယနာ တင်ခြင်းသည် အေဒီ နှစ် ၁၀၀-ခန့်လောက်တွင် ဖြစ်ဖွယ်ရှိသည်ဟု ဆိုကြသည်၊ အေဒီ တစ်ရာသည် ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်ပြီး နှစ်ပေါင်း (၇၀၀) ခန့်ဖြစ်လေသည်၊ ကနိသျှကမင်းကိုလည်း ဒုတိယအသောကမင်းဟု အသိအမှတ် ပြုကြသည်၊ ယင်း တတိယသံဂါယနာ အကြောင်းကို အေဒီ ၆-ရာစုနှစ်တွင် မှတ်တမ်းတင်ခဲ့သော တရုတ်ခရီးသည် Hiuen Tsiang (ဟွင်ဆိုင်)၏ မှတ်တမ်းမှ ကျွန်ုပ်တို့ သိရသည်။
၃၆။ သံဂါယနာတင်ရန် ရဟန်းတော်များကို ရွေးကောက်ရာ၌ ပထမသံဂါယနာတွင် အရှင်အာနန္ဒာကို ချန်လှပ်၍ ၄၉၉-ပါး ရွေးကောက်သကဲ့သို့ ဤ၌လည်း အရှင်ဝသုမိတ္တကို ချန်လှပ်၍ သံဃာအမြောက်အမြားထဲမှ ရဟန်းတော် ၄၉၉-ပါးကို ရွေးကောက်လေသည်၊ အရှင်အာနန္ဒာသည် ပထမသံဂါယနာတွင် မပါလျှင် မပြီးနိုင်သော အလွန် အရည်အချင်းပြည့်ဝသူ ဖြစ်သော်လည်း ရဟန္တာမဖြစ်သေး၍ ၅၀၀-တွင် စာရင်းမထည့်နိုင်သေးသကဲ့သို့ ဤသံဂါယနာ၌လည်း အရှင်ဝသုမိတ္တသည် ပရိယတ္တိဂုဏ် ပြည့်စုံသော်လည်း ရဟန္တာ မဖြစ်သေးသောကြောင့် ၅၀၀-တွင် တစ်ပါးချန်၍ ရွေးကောက်ခဲ့ခြင်း ဖြစ်သည်၊ နောင်အခါမှ ရဟန္တာဖြစ်၍ ၅၀၀- အရေအတွက် ပြည့်ဝလေတော့သည်ဟု ဆို၏၊
၃၇။ အရှင်ဝသုမိတ္တကို ခေါင်းဆောင်အဖြစ်ထား၍ သုတ္တန်ပိဋကအတွက် ဥပဒေသသတ္ထ ဝိနည်းပိဋကအတွက် ဝိနယဝိဘာသာသတ္ထ အဘိဓမ္မာပိဋကအတွက် အဘိဓမ္မဝိဘာသာသတ္ထဟူ၍ ဋီကာကြီး ၃-စောင် ရေးသား စီကုံးကြသည်၊ ကနိသျှကဘုရင်သည် ယင်းတို့ကို ကြေးပြားပေါ်တွင် ရေးတင်စေ၍ စေတီတည်ကာ ဌာပနာထည့်သွင်း ပူဇော်သည်ဟု ဆိုသည်။
၃၈။ ဤသဗ္ဗတ္ထိဝါဒီဂုဏ်းမှ အဘိဓမ္မာ ၇-ကျမ်းများတွင် ကာတျာယနိပူတြ ရေးသားစီရင်သော ဉာဏပဋ္ဌာန်းသည် “လိုရင်းဖြစ်သည်၊ ယင်းသည် ထေရဝါဒ ပဋ္ဌာန်းကျမ်းကြီးကို အတုယူ၍ အမည်နာမပေးထားသောကျမ်း ဖြစ်သော်လည်း ပါဝင်သော တရားတွေမှာ ပဋ္ဌာန်းပစ္စည်းများ မပါဝင်၊ ဗန္ဓန, ကမ္မ, ရူပဓာတု, ဗောဓိအင်္ဂ, သမာဓိနှင့် ဒိဋ္ဌိ စသော ဉာဏ်ဖြစ်ကြောင်းတရားများသာ ပါ၏၊ ကျန် ၆-ကျမ်းမှာ အခြံအရံ၊ တစ်နည်း အခြေခံကျမ်းများ ဖြစ်ကြသည်၊ ယင်းတို့ကို ကျမ်းအမည်၏ နောက်၌ တွဲ၍ ပါဒသဒ္ဒါဖြင့် ခေါ်ဝေါ်ကြရသည်၊ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) သင်္ဂီတိပရိယာယပါဒ- မဟာကောဋ္ဌိလ၊ သို့မဟုတ် သာရိပုတ္တရေး၊ အဘိဓမ္မာ (ထေရဝါဒ) ပုဂ္ဂလပညတ်နှင့် တူသည်ဟု ဆို၏၊
(၂) ပြကရဏပါဒ - ဝသုမိတ္တရေး၊ ဝိဘင်းကျမ်းနှင့် တူသည်ဟု ဆိုကြ၏၊
(၃) ဝိညာဏကာယပါဒ- ဒေဝသမ္မရေး၊ ဝိညာဏ ၆-ပါးနှင့် ဆိုင်သည်။
(၄) ဓါတုကာယပါဒ - ပူရဏ၊ သို့မဟုတ် ဝသုမိတ္တရေး၊ ဓာတ် ၁၈-နှင့်ဆိုင်သည်၊ တစ်နည်း ဓါတုသံယုတ်နှင့် အလားတူသည်ဟု ဆိုကြ၏၊
(၅) ဓမ္မက္ခန္ဓပါဒ - သာရိပုတ္တ၊ သို့မဟုတ် မောဂ္ဂလာန ရေး၊ ယသမိတ္တအလို မဟာကောဋ္ဌိလရေး၊ အရေးကြီးသော အဘိဓမ္မာ သဘောတရားများ ပါဝင်သည်ဟု ဆိုသည်။
(၆) ပညတ္တိပါဒ - ပါထိကမှ လက္ခဏသုတ်နှင့် တူသည်၊ ရှင်မောဂ္ဂလာန်ရေးဟု ဆိုကြ၏၊
၃၉။ အထက်ပါ သဗ္ဗတ္ထိဝါဒီဂိုဏ်းမှ အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ်သော် တောင်ပိုင်းထေရဝါဒ အဘိဓမ္မာနှင့် အကွာကြီး ကွာနေပေသည်၊ ထေရဝါဒအဘိဓမ္မာကို အတုယူ၍ တီထွင်ပုံရကြောင်းမှာ အပေါ်ရံ နှိုင်းယှဉ်စဉ်းစားရုံမျှဖြင့် သိသာပေသည်၊ ပဓာနဖြစ်သော ဉာဏပဋ္ဌာနကျမ်းသည် အမည်မျှ ဆင်တူရိုးမှား တူသော်လည်း ထေရဝါဒ ပဋ္ဌာန်းကျမ်းကဲ့သို့ အခက်ခဲဆုံး အနက်နဲဆုံး အကျယ်ပြန့်ဆုံးဖြစ်သော ကြောင်းကျိုး ပစ္စည်းဆက်များ ၂၄-ပစ္စည်း မတွေ့ရဘဲ ထေရဝါဒ ဒုတိယအဘိဓမ္မာကျမ်း ဝိဘင်းပါဠိတော်မှ ဉာဏဝိဘင်းဆန်ဆန် စီစဉ်ထားသည့် ကျမ်းတစ်စောင် ဖြစ်ကြောင်း သိရပေသည်၊ ထေရဝါဒ အဘိဓမ္မာကို ရှင်သာရိပုတ္တရာက စီစဉ်သည်၊ သင်ပြသည်၊ သင်္ချာနည်းအရ ဆောင်လွယ်မှတ် လွယ်အောင် သင်္ချာဝါရဟူ၍ အထောက်အကူပြု ကဏ္ဍတစ်ခု ဖြည့်စွက်ပေးသည်၊ မာတိကာတွင်လည်း ဗုဒ္ဓကိုယ်တော်တိုင် သင်ပြသည့် တိကမာတိကာ ဒုကမာတိကာအပြင် ထိုထိုသုတ္တန်မှ ဆောင်ယူ စီစဉ်ကာ သုတ္တန္တမာတိကာဟူ၍ ဒုက မာတိကာတစ်မျိုး ဖြည့်စွက်ပေသည်၊ ဤကား ထေရဝါဒ အဘိဓမ္မာတွင် အများသိ, အများလက်ခံထားကြသော ဆရာစဉ် ဆက်မှ ဆင်းသက်လာသော အစဉ်အလာကြီး တစ်ရပ်ဖြစ်သည်၊ ယင်း အစဉ်အလာကို ရှင်ဗုဒ္ဓဃောသသည် မဖုံးမကွယ် တိတိပပ အသိပေး ရှင်းလင်းခဲ့ပေသည်၊ ယင်းကို အတုယူ၍ ဗုဒ္ဓတပည့်ကြီးများ၏ အမည်ကို သုံးကာ အရှင်မဟာကဿပ ပြုသည်ဟုလည်းကောင်း အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်, အရှင်မဟာကောဋ္ဌိလ ပြုသည်ဟူ၍ လည်းကောင်း ထေရဝါဒ၌ အဆန်းအသစ်ဖြစ်သော ဒေဝရှရ်မာ, ကတျာယနီပူတြ, ပူရဏဝသုမိတ္တဟူသော ကျမ်းပြုအမည်များကို ဖြည့်စွက်၍လည်းကောင်း သဗ္ဗတ္ထိဝါဒီ အဘိဓမ္မာကို ဆိုခြင်း ဖြစ်ပေရာ၏၊
ဤအချက်ကို ရည်ရွယ်၍ ဒီပဝံသအခန်း-၅၊ ဂါထာနံပါတ် ၃၉-၌
ပုဗ္ဗင်္ဂမာ ဘိန္နဝါဒါ၊ မဟာသင်္ဂီတိ ကာရကာ၊
တေသံ စ အနုကာရေန၊ ဘိန္နဝါဒါ ဗဟူ အဟုံ။
မြန်မာပြန်
အယူအဆ ကွဲပြားသော မဟာသင်္ဂီတိ ဂိုဏ်းသားတို့သည် (အနက်အဓိပ္ပာယ် အယူအဆ ကွဲပြားရာ၌) ရှေ့သွား ဖြစ်ကြကုန်၏၊ အခြား များစွာသော ဂိုဏ်းကွဲတို့သည်လည်း ထို မဟာသင်္ဂီတိ ဂိုဏ်းသားတို့ကို အတုလိုက်သောအားဖြင့် အယူကွဲပြား ခြားနားစွာ ဖြစ်ပေါ်လာကြလေကုန်ပြီဟူ၍ ဆိုထားလေသည်။
ထို့ကြောင့် အဆိုပါ သဗ္ဗတ္ထိဝါဒီဂိုဏ်း အဘိဓမ္မာကို ဗုဒ္ဓမဟောသလို ထေရဝါဒ အဘိဓမ္မာကိုလည်း ဘုရားဟော မဟုတ်ဟု ဆိုခြင်းသည် မှားယွင်းဖောက်ပြန်သော အဆိုသာ ဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော် မူကြသည်။
ရတနာယရ (စတုတ္ထ) သတ္တာဟနှင့်စပ်၍ စိစစ်ချက်
၄၀။ စုဒိတက သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များ၏ သောဓနာချက် အချုပ်မှာ-
(၁) မဟာဝဂ္ဂဝိနည်းပါဠိတော်၌ သတ္တာဟ ၅-ခုသာ ပါပါလျက် အဘိဓမ္မာကို ဘုရားဟော လုပ်ချင်သောကြောင့် စတုတ္ထ(ရတနာယရ) သတ္တာဟနှင့်တကွ သတ္တာဟ ၇-ခုကို ဗုဒ္ဓဃောသ ချဲ့ထွင် ရေးသားသည်၊ ပါဠိနှင့် အဋ္ဌကထာ ၂-ရပ်တွင် ဘယ်သင်းကို အလေးအနက် ထားထိုက်ပါသလဲ-
(၂) ဗုဒ္ဓသည် (က) ရေမီးအစုံ တန်ခိုးပြတော်မူပြီးနောက် (ခ) ၂-လှမ်း ၃-ဖဝါးဖြင့် (ဂ) မြင်းမိုရ်တောင်ထိပ်ရှိ (ဃ) တာဝတိံသာနတ်ပြည်သို့ အဘိဓမ္မာတရား ဟောတော်မူရန် ကြွတော်မူခြင်း (င) နိမ္မိတရုပ်ကို ဖန်ဆင်းခြင်း (စ) မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူခြင်း (ဆ) အနဝတတ်အိုင်၌ နေ့သန့်တော်မူခြင်း ဤအချက်များသည် ဒဏ္ဍာရီ ပုံပြင် ဆန်နေသည်။
(၃) ရှင်ဗုဒ္ဓဃောသသည် အသင်္ဂ တာဝတိံသာနတ်ပြည်သို့ သွား၍ ပြဿနာမေးမြန်းခြင်း ဇာတ်လမ်းကို ယူ၍ အဘိဓမ္မာကို ဘုရားဟော လုပ်ရန် ဇာတ်လမ်းအသစ် ထွင်သည်ဟု ဖြစ်လေသည်။
သမ္မာဒိဋ္ဌိသုတေသနဆိုသူတို့၏ စကား၌ ဝိနည်းပါဠိ၌ သတ္တာဟ ၅-ခုသာ ပါသည်ဟု ဆိုသည်၊ အမှန်က ပါဠိတော်၌ ၄-ခုသာ ရှိသည်၊ အသင်္ဂ တာဝတိံသာသို့ သွားသည် ဆိုရာ၌ တာဝတိံသာမဟုတ်၊ တုသိတာ ဖြစ်သည်၊ စုဒိတက ပုဂ္ဂိုလ်တို့သည် ဘုရားသာသနာတော်ကို ဖျက်လိုဇောမွှန်နေကြပြီး မိမိတို့၏ စကားကိုပင် မှန်အောင် မဆိုနိုင်ဘဲ ဖြစ်နေကြောင်း တွေ့ရပေသည်။
၄၁။ ရှေးဦးစွာ အရှင်ဗုဒ္ဓဃောသအပေါ် စုဒိတကတို့ အပြစ်ပုံ၍ ချခြင်းကို ရှင်းလင်းလိုပေသည်၊ မြတ်စွာဘုရား လက်ထက်တော် ကာလကပင် ဘုရားစကားတော်ကို ဖွင့်ဆိုသည့် ပါဠိတော်အဖွင့် (ဝါ) အဋ္ဌကထာများ ရှိခဲ့သည်၊ ရှင်မဟာဗုဒ္ဓဃောသသည် သာသနာနှစ် ၉၀၀-မှ ၁၀၀၀-အတွင်း၌သာ ပေါ်ထွန်းလာသူဖြစ်သည်၊ ထိုရှင်မဟာဗုဒ္ဓဃောသ မပေါ်ခင်က ဘာအဋ္ဌကထာမျှ မရှိသည်မဟုတ်၊ အဋ္ဌကထာကျမ်းကြီးတွေ ရှိခဲ့သည်၊ ဘုရားပရိနိဗ္ဗာန် စံလွန်ပြီးချိန်မှ စ၍ ရှင်မဟာဗုဒ္ဓဃောသ ပေါ်ချိန်အထိ ကြားကာလ နှစ်ပေါင်း ၁၀၀၀-ခရီး အတွင်းမှာ ရှိခဲ့သော အဋ္ဌကထာကြီးတို့ကား မဟာအဋ္ဌကထာ (မူလအဋ္ဌကထာ), မဟာပစ္စရီအဋ္ဌကထာ, ကုရုန္ဒီအဋ္ဌကထာ, အန္ဓကအဋ္ဌကထာ, သင်္ခေပအဋ္ဌကထာ, သီဟဠအဋ္ဌကထာ (ပေါရာဏအဋ္ဌကထာ) တို့ ဖြစ်ကြသည်။
ထိုအဋ္ဌကထာကြီးတို့သည် ဗုဒ္ဓမျက်မှောက် သာဝကကြီးများ ဖြစ်သော ရှင်မဟာကဿပ ရှင်အာနန္ဒာ စသော မထေရ်အဆက်ဆက် ဆရာစဉ်ဆက် အမြတ်တနိုး သိမ်းပိုက်လာခဲ့သော အနက်အဓိပ္ပာယ် သဘောသဘာဝ အဆုံးအဖြတ် ဖြစ်ရပ်မှတ်တမ်းများကို သိုမှီးသိမ်းဆည်းလာခဲ့သော ရွှေတံတင်းကြီးများပမာ ဖြစ်ကြသည်၊ သဒ္ဓမ္မသမ္မေသသုတ်လာ ဒေသနာတော်အရ “အက္ခရာတစ်လုံး ဘုရားတစ်ဆူ” အနေဖြင့် အလေးဂရုပြုကာ တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းလာကြသော ကျမ်းမဟာကြီးများ ဖြစ်ကြသည်၊ သို့ဖြစ်၍ ခက်၏၊ ကျယ်ဝန်း၏၊
ထို့ကြောင့် ကျမ်းပြုအာဇာနည်ဖြစ်သော ရှင်မဟာဗုဒ္ဓဃောသ ပေါ်လာသောအခါ ဘုရားရှင် လွန်တော်မူပြီး နောက် အနှစ်တစ်ထောင်ခန့် ကွာလှမ်းနေပြီးသော ရဟန်းရှင်လူတို့၏ ပညာ သတိ သမာဓိတို့နှင့် သင့်လျော်အောင် ရှေး အဋ္ဌကထာကြီးများကို ပေါင်းရုံး၍ ထိုအဋ္ဌကထာကြီးများ၏ အဆိုအမိန့်ကို မတိမ်းမယိမ်းစေဘဲ အကျဉ်းချုံး၍ အဋ္ဌကထာသစ်များကို ပြုစုသူသာ ဖြစ်သည်၊ သင်္ဂဟကာရက (အတိုချုပ်သူ) သာဖြစ်သည်၊ ထိုသို့ ရေးသားရာ၌ ဗုဒ္ဓဘာသိတ ဘုရားဟောဖြစ်သော ပါဠိဘာသာဖြင့် ရေးသားသဖြင့် သူ၏အဋ္ဌကထာများသည် ပို၍ ခေတ်စားလာပြီး အများသုံး ဖြစ်လာခဲ့သည်။
ရှင်မဟာဗုဒ္ဓဃောသသည် အဋ္ဌကထာသစ်များ၌ သူ့သဘော သူ့ထင်မြင်ချက်ကို ရေးလိုသောအခါ အတိအလင်းပင် ရိုးသားစွာ ဝန်ခံ၍ ရေးတတ်သော ပုဂ္ဂိုလ်ဖြစ်သည်၊ မလိမ့်တပတ်ဖြင့် ဟိုကသည်က ပုံတူကူးချတတ်သောသူမျိုး မဟုတ်ကြောင်းကို ပါဠိစာပေနှင့် ရင်းနှီး၍ ပါဠိအဋ္ဌကထာကို မပြတ်လေ့လာ ကြည့်ရှုသုံးသပ် ချပို့နေကြသော ပုဂ္ဂိုလ်များ, ဘက်မလိုက် သုတေသီများ အသိပင် ဖြစ်ပေသည်။
အကယ်၍ သူ့သဘောနှင့်သူ မဟုတ်မမှန် လုပ်ကြံရေးသာပါမူ ထိုစဉ်အခါက သာသနာတော်စောင့် ဖြစ်တော်မူကြသော ထေရဝံသ ပဒီပဆရာထေရ်မြတ်ကြီးတို့သည် လက်ပိုက်ကြည့်နေတော်မူကြမည် မဟုတ်ပေ၊ မုချစင်စစ် ဖျက်ပယ်ရုပ်သိမ်းခဲ့မည်မှာ ဧကန်ဖြစ်သည်၊ ယခုခေတ်လို ပိဋကစာရင်းဝင် ကျမ်းကြီး ကျမ်းခိုင်များကို ပြက်တိပြက်ချော် ကရော်ကမည် လိမ်လည်လှည့်စား ရေးသားဝံ့မည့်ခေတ်အခါလည်း မဟုတ်၊ သဒ္ဓါ, ပညာ အပြည့်အဝရှိသော ခေတ်အခါ ဖြစ်၍ ယုတ်ညံ့သော စိတ်နေစိတ်ထား ရှိသူများ ခိုနားကျက်စားနိုင်ဖွယ် မရှိပေ၊ ထို့ကြောင့် ဦးဥက္ကဋ္ဌနှင့်တကွ နောက်လိုက်သာဝကတို့သည် ခဲပစ်သော သူကိုသာရှေးရှုအာရုံစိုက်၍ ရောက်လာသော ခဲကို အမှုမထားသော ခြင်္သေ့ကဲ့သို့ မကျင့်မူ၍ မိမိထံမှောက် ရောက်လာသော ခဲကိုသာ မာန်ဖီကိုက်ခဲ မဲ၍နေသော ကောလေယျကကဲ့သို့ ကျင့်နေကြပေသည်။
၄၂။ (၁) ဝိနည်းမဟာဝဂ္ဂပါဠိတော် ဥဒါန်းပါဠိတော်တို့၌ (၅-မဟုတ်) သတ္တာဟ ၄-ခုသာ လာသည်၊ သို့သော် အစဉ်အလာ ထေရဝါဒမှတ်သားချက် အရမှာ ၄-သတ္တာဟ မကဘဲ ၇-သတ္တာဟ ဖြစ်နေပေသည်၊ အမှန်စင်စစ် ၇-သတ္တာဟဖြစ်လျက် ပါဠိတော်၌ အဘယ့်ကြောင့် အဘယ်သို့ အဘယ်ပုံ ၃-သတ္တာဟ ပျောက်၍ နေဘိသနည်း၊ ဤကား မေးစရာ, မေးသင့်မေးထိုက်သော မေးခွန်ပင် ဖြစ်သည်၊ ထိုမေးခွန်း၏ အဖြေကား-
“အထ ခေါ ဘဂဝါ သတ္တာဟဿ အစ္စယေန တမှာ သာမာဓိမှာ ဝုဋ္ဌဟိတွာ” ထိုစဉ်အခါ ဗုဒ္ဓမြတ်စွာသည် ၇-ရက်လွန်လတ်သော် ထိုအရဟတ္တဖိုလ်သမာဓိမှ ထတော်မူပြီး၍-
“ဗောဓိရုက္ခမူလာ ယေန အဇပါလနိဂြောဓော၊ တေနုပသင်္ကမိ” ဗောဓိပင် အနီးမှ ထွက်ကြွတော်မူ၍ အဇပါလ ညောင်ပင်သို့ ချဉ်းကပ်တော်မူလေသည်။
ဤစကားရပ်၌ ဝုဋ္ဌဟိတွာ ဥပသင်္ကမိ-ထပြီး ချဉ်းကပ်တော်မူ ဟူသောစကားကို စဉ်းစားသော် “ဘုတွာ သယတိ၊ စားပြီး အိပ်တာပဲ” ဟု လောက ဆိုရိုးစကားတွင် စားပြီးပြီးချင်း တစ်ဆက်တည်း အိပ်သည်ဟု မဆိုလို စား ပြီးလျှင် ပါးစပ်, လက်, ပုဂံ ခွက်ယောက် ဆေးသေးသည်၊ ကိုယ်လက်သုတ်သင် ရေအိမ်ဝင်သေးသည်၊ ကွမ်းဆေးစားသုံး မှီဝဲသေးသည်၊ ပြီးနောက် (အမြားကိစ္စ မဆောင်ရွက်တော့ဘဲ) အိပ်ယာသို့ တန်းဝင်တော့သည်ဟု အဓိပ္ပာယ်ထွက်သည်၊ ဤ၌လည်း ထိုသတ္တာဟ လွန်လတ်သော (အခြား ဘယ်အရပ်သို့မှ မကြွမူ၍ အဇပါလ ညောင်ပင်သို့ ချဉ်းကပ်တော်မူပေသည် အဇပါလညောင်ပင်သို့ မကြွမီ ဗောဓိပင်အနီး၌ နောက်ထပ် ၃-သတ္တာဟ ဆက်၍ နေတော်မူသည်) ဤလက်သဲကွင်းအတွင်း၌ရှိသော စကား ၂-ရပ်သည် ပါဠိတော်၌ တိုက်ရိုက်မပါသော်လည်း ရနိုင်-ရကောင်းသော အနက်အဓိပ္ပာယ် (ပဋိက္ခေပတ္ထ, အနုညာတတ္ထ) ဖြစ်သည်၊ ပါဠိဝေါဟာရတွင် တားဖြစ်အပ်သော ပဋိက္ခေပတ္ထ, ရသင့်သဖြင့် ယူနိုင်သော အနုညာတတ္ထ ၂-မျိုးရှိရာ ဤနေရာတွင် ဗောဓိပင်မှ အခြားအရပ်သို့ သွားခြင်းသည် ပဋိက္ခေပတ္ထ, ဤဗောဓိပင် အောက်မှပင် နောက် ရက်ပေါင်း ၂၁-ရက် ဆက်၍ နေခြင်းသည် အနုညာတတ္ထ ဖြစ်သည်။
ထို့ကြောင့်-
(၁) မမှိတ်သော မျက်လုံးတို့ဖြင့် သဗ္ဗညုတဉာဏ်ကို ရတော်မူရာ မာရ် ၅-ပါးကို အောင်တော်မူရာ ပလ္လင်(နေရာ)ကို စူးစိုက်စွာ ကြည့်လျက် ရက်သတ္တတစ်ပတ်ကြာမျှ နေတော်မူသည်။
(၂) ပလ္လင်နှင့် ရပ်နေရာ ၂-ခုအကြား ဖလသမာပတ်အကြား ပစ္စဝေက္ခဏာ ဉာဏ်စေစားရင်း စင်္ကြံကြွလျက် ရက်သတ္တတစ်ပတ်ကြာမျှ နေတော်မူသည်။
(၃) နတ်တို့ ဖန်ဆင်းအပ်သော ရတနာရွှေအိမ် (တစ်နည်း) အဘိဓမ္မာ အဋ္ဌကထာအလို တရားရတနာများ သုံးသပ်ရာဖြစ်သော နေရာ၌ အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်သုံးသပ်ရင်း ရက်သတ္တတစ်ပတ်ကြာ နေတော်မူသည် ဤသို့ ၃-သတ္တဟကို နောက်ထပ်ဆက်၍ ကုန်စေတော်မူပြန်သည်။
ဤတွင် ၁-ကို အနိမိသသတ္တာဟ, ၂-ကို စင်္ကမသတ္တဟ, ၃-ကို ရတနာဃရသတ္တာဟဟု ခေါ်သည်၊ ယင်း သတ္တာဟအသီးသီး ကုန်လွန်စေရာဌာနတို့၌ စေတီအသီးသီး တည်ခဲ့ကြသည်၊ (ဤ နေရာအသီးသီးသည် အဋ္ဌကထာဆရာများ လက်ထက်က အမှန်တကယ်ရှိခဲ့သော စေတီများ ဖြစ်ဖွယ်ရှိသည်ဟု အီးဂျေသောမတ်စ် ရေးသားသော The life of Buddha ခေါ် စာအုပ်နှာ ၈၅-၌ ဖော်ပြထားသည်။)
ယင်းသို့ဆိုလျှင် ပါဠိတော်နှင့် အဋ္ဌကထာ ဆန့်ကျင်ခြင်း မရှိ၊ မရှိသောကြောင့် ပါဠိနှင့် အဋ္ဌကထာ ဘယ်သင်းက ပမာဏပြုလောက်သည် ဟူသော ပြဿနာ မပေါ်တော့ချေ။
၄၃။ (၂) က/ရေမီးအစုံ တန်ခိုးပြခြင်း,
င/နိမ္မိတရုပ်ကို ဖန်ဆင်းခြင်း,
စ/မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူခြင်း-
ဤအချက် ၃-ချက်မှာ သာသနာတော်၏ အပြင်ဘက်၌ပင် ရှိနိုင်သော လောကီအဘိညာဉ်၏ ကိစ္စများ ဖြစ်သည်၊ ဗုဒ္ဓလောင်းလျာ မဖွားမီနှင့် ဖွားပြီး သူငယ်ဘဝ၌ နန်းတော်တွင်းသို့ ရံခါဖန်ခါ ကြွလာလေ့ရှိသော ကာဠဒေဝီလ ရသေ့ကြီးသည် နတ်ပြည်၌ နေ့သန့်နေစဉ် နတ်တို့ ရွှင်မြူးသော အခြင်းအရာကိုကြည့်၍ စဉ်းစားရာမှ လူ့ပြည်တွင် သုဒ္ဓေါဒနဘုရင်၏ နန်းတော်၌ ဘုရားအလောင်း ဖွားမြင်တော်မူသည်ကို သိမြင်ရ၍ ကြွလာကြောင်း ကျမ်းဂန်စာဆို ရှိသည်၊ သာသနာတော်တွင်း၌ကား လောကုတ္တရာ မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် တွဲယှဉ်လျက် ရှိသဖြင့် ဣဒ္ဓိဝိဓအဘိဉာဏ် (တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော သတ္တိ)သည် လွန်စွာ မြင့်မား အစွမ်းသတ္တိများမည် ဧကန် ဖြစ်သည်၊ ဗုဒ္ဓမြတ်စွာ အဖို့ကား အလွန်လျင်မြန်စွာ စျာန်ဝင်စားနိုင်ခြင်း, စျာန်မှထမြောက်တော် မူနိုင်ခြင်းတည်းဟူသော ခိပ္ပနိသန္တိဂုဏ်တော်နှင့် ပြည့်စုံတော်မူသောကြောင့် သာလွန်၍ စွမ်းဆောင်တော် မူနိုင်မည်မှာ ဆိုဖွယ်မရှိ ဖြစ်၏၊ သို့သော် သာသနာတော်ကို မယုံကြည် မကြည်ညိုသော သူအဖို့ ပြော၍ ယုံနိုင်မည် မဟုတ်ရကား ဤ၌ အကျယ်ဆိုဖွယ် မလိုတော့ပြီ။
၄၄။ (၂) ခ/ ၂-လှမ်း ၃-ဘဝါးဟူသော စကားမှာ အကယ်တိတိ လူတို့ခြေဖြင့် လှမ်းကြွသွားသကဲ့သို့ တစ်လှမ်းစီ ကြွသွားတော်မူခြင်းကို ဆိုလိုသည် မဟုတ်၊ လူ့ပြည်သာဝတ္ထိမြို့မှ ကြွသွားတော်မူပြီးနောက် မြင်းမိုရ်တောင်အလယ် စတုမဟာရာဇ်နတ်ပြည်တွင် တစ်ထောက်နားဟန် ပြတော်မူကာ တာဝတိံသာနတ်ပြည်၌ ထင်ရှားစွာ ပေါ်တော်မူလာခြင်းကို ဆိုလိုပေသည်၊ လူတို့ခြေဖြင့် သွားခြင်းကဲ့သို့ စကားတန်ဆာ ဥပစာသဘော ပြောဆိုခြင်းသာ ဖြစ်ပေသည်၊ ဥပစာ စကားကို မုချစကားမှတ်ခြင်းသည် ဗုဒ္ဓစာပေလေ့လာရန် မထိုက်သော ဉာဏ်မွဲမျိုး ဖြစ်ကြောင်း သိနိုင်သည်။
ဦးဥက္ကဋ္ဌဂိုဏ်းသားတို့သည် သူတို့ ကြေညာထားသည့်အတိုင်း စ-သ-ဃ-ဇ-က ဟူသော ပသာဒရုပ်ငါးပါးကိုသာ အရှိတရား အခြေခံတရားအဖြစ် တရားသေကိုင်ထားကြသော ရုပ်ဝါဒီများ ဖြစ်ကြ၍ ရိုးရိုးလူတို့ မလုပ်နိုင်သော တန်ခိုးအဘိညာဉ်အရာမှန်သမျှ မယုံနိုင်ကြ၍ တာဝတိံသာ အဘိဓမ္မာတို့ကို ဒဏ္ဍာရီဟု စွပ်စွဲကြခြင်း ဖြစ်ပေသည်၊ စပျစ်သီး ချဉ်သည်ဟူသော အပြောမျိုးပင် ဖြစ်လေသည်။
၄၅။ (၂) ဂ/ ဃ မြင်းမိုရ်တောင်ကို လူတို့မျက်စိဖြင့် မြင်ကောင်းသည် မဟုတ်, မှန်ပြောင်းဖြင့်ပင် မြင်နိုင် ကောင်းသောအရာ မဟုတ်ပေ၊ ြုဂိလ်တု ဒုန်းပျံ၊ ကမ္ဘာပတ်ယာဉ်တို့ ကောင်းကင်အနှံ့ သွားနေသည်ဟု ဆိုသော်လည်း မြင်းမိုရ်တောင်၏ ခါးလယ်လောက်မျှ ရောက်နိုင်ဖွယ် မရှိပေ၊ လဗိမာန်သို့ လူသားများ သွားရောက်ခြေချနိုင်ပြီးဟု ဆိုခြင်းသည် ဗုဒ္ဓစာပေအမြင်အရ မဆန်းပေ၊ စျာန်အဘိညာဉ် တန်ခိုးရရှိသော သူများသည် လ-နေများကို လက်ဖြင့် ကိုင်တွယ်သုံးသပ်နိုင်သည်ဟု ထေရဝါဒကျမ်းစာများက ဆိုသည်မှာ နှစ်ပေါင်း ၂၅၀၀-ကျော်ခဲ့ပြီ ဖြစ်သည်၊ မန္ဓာတုမင်းကြီးသည် တာဝတိံသာနတ်ပြည်၌ သိကြားမင်း ၃၂-ဆက် လဲသည့်တိုင်အောင် နတ်စည်းစိမ်ကို ခံစားခဲ့သည်ဟု ဆို၏၊ မဖြစ်နိုင်သည် မဟုတ်၊ နတ်ပြည် ၆-ထပ်တွင် စတုမဟာရာဇ်နှင့် တာဝတိံသာနတ်ပြည် ၂-ထပ်သည် မြေကို မှီ၍ တည်နေသော ဘုမ္မဋ္ဌကနတ်ပြည် ဖြစ်သည်၊ ကြွင်းနတ်ပြည် ၄-ထပ်သည် ဟာလာဟင်းလင်း ကောင်းကင်ပြင်တွင် တည်နေသော အာကာသဋ္ဌက နတ်ပြည်ဖြစ်သည်ဟု ထေရဝါဒကျမ်းစာများက ဆို၏၊ အကန်းကို မြင်အောင် မပြနိုင်သကဲ့သို့ စျာန်ကို မယုံသော သူမျိုးအား ယုံအောင် မပြောနိုင်၊ လက်တွေ့လည်း မပြနိုင်၊ မပြနိုင်သောကြောင့် မယုံစတမ်းဆိုလျှင် သတ္တဝါအသီးသီး၌ အထင်အရှား ရှိကြသော Spinit, Cognizance, Consciousness စသည်ဖြင့် ခေါ်နေကြသော စိတ် Intellisence, Insight စသော ပညာဉာဏ်၏ အဆင့်အတန်း အရည်အချင်းများကို ဓာတ်ပုံရိုက်၍ မပြနိုင်၊ မျက်စိ, နား, နှာ, လျှာ, ကိုယ်တို့ဖြင့်လည်း စမ်းသပ်မတွေ့နိုင်သောကြောင့် မယုံနိုင်ဟု ဆိုကြမည်လေ၊ မြင်းမိုရ်တောင် နှင့်စပ်၍ ပါဠိကျမ်းဂန်များ၌ အမြင့်ယူဇနာ မည်မျှ, မြေအောက်တွင် မြုပ်နေသော အတိုင်းအဆ မည်မျှဟု အတိအကျ ဆိုသော်လည်း ပြောင်းလဲတတ်သော သဘာဝအရ ထိုအတိုင်းအတာများသည် ထိုအတိုင်း အမြဲတည်ရှိကြမည်မဟုတ်၊ မြင်းမိုရ်တောင်ကြီး၏ ပတ်ဝန်းကျင်တွင် ယုဂန္ဓရ စသော တောင်ကြီး ၇-လုံးနှင့် တောင်တို့၏ အကြားအကြားတွင် အလွန်အေးမြသော သီဒန္တရသမုဒ္ဒရာများ ရှိကြောင်း ဆိုသည်၊ ဤကိစ္စမျိုး၌ စာဆိုနှင့် လက်တွေ့သည် အခါခပ်သိမ်း ကိုက်ညီသည် မဟုတ်၊ မြင်းမိုရ်တောင်သည် မြောက်ဝင်ရိုးစွန်းတည်ရာအရပ် မဖြစ်နိုင်ပါသလော၊ ဒုတိယကမ္ဘာစစ်ကြီး ပြီးစအခါက ရုရှား သိပ္ပံဆရာတို့သည် အာတိတ်ဒေသ ရေခဲလွင်ပြင်ကြီးများ အောက်တွင် ရေခဲတောင်တန်းကြီး တစ်ခု ကိုတွေ့ခဲ့၏၊ မိုလိုတော့စ်တောင်တန်းဟု အမည်ပေးခဲ့သည် ဆို၏၊ ယင်း ရေခဲတောင်တန်းသည် မိုင် ၁-ထောင်ခန့် ရှည်လျား၍ အချို့တောင်ထွတ်များသည် ပေ ၁-သောင်းကျော် မြင့်သည်၊ တောင်အမေရိကတိုက်ရှိ အင်ဒီးတောင်တန်းကြီးမျှ ရှိမည်ဟု ခန့်မှန်းခဲ့ကြ၏၊ လက်ရှိကမ္ဘာ၌ပင် ယနေ့လူသားတို့ မတွေ့သေး မသိသေးသော အချက်ပေါင်းများစွာ ရှိနေသည်၊ ယနေ့သိသမျှသည် အကုန်ပဲဟု မည်သည့်သိပ္ပံရှင်ကမျှ မပြောရဲကြသည်ကို သတိချပ်အပ်သည်။
Surface at the pole! By Commander James Calvert U.S.N.
၄၆။ ထိုကဲ့သို့ လူတို့လက်လှမ်း မမီနိုင်လောက်အောင် ဉာဏ်ရိုးရိုးဖြင့်လည်း တွေးခေါ်၍ မရလောက်အောင် ဦးဥက္ကဋ္ဌတို့၏ မျက်လုံးပေါင်း ၄-၅ ဆယ်လောက်ဖြင့် ဝိုင်းကြည့်သော်လည်း မမြင်နိုင်အောင် ဆန်းကြယ်လှသော စကြဝဠာ ကမ္ဘာ့အစိတ်အပိုင်းများမှာ အလွန်များပြားကြောင်း သိပ္ပံပညာရှင်တို့ ဝန်ခံပြီးဖြစ်သည်၊ စကြဝဠာအနန္တဟူသော စကားကို ဗုဒ္ဓဝါဒီများက စ၍ သုံးကြ၏၊ ဗုဒ္ဓကိုယ်တော်တိုင် စ၍ ဟောတော်မူခဲ့၏၊ ယခုအခါ သိပ္ပံပညာက ထိုအနန္တ စကြဝဠာကို တွေ့ရှိကြပြီး Galaxy ခေါ် နဂါးငွေ့တန်းသည် အလင်းနှစ် ၁၅၀,ဝဝဝ ကျယ် ရှိ၍ အလင်းနှစ် ၂၅,ဝဝဝ မှ ၄၀,ဝဝဝ အထိ ထုထည်ရှိကြောင်း Aposaltic Nabula ခေါ် နက်ဗျူလာကြီးသည် အာကာသ ဟင်းလင်းပြင်ကြီးမှ အလင်းနှစ် သန်းပေါင်း ၂၂၅-သန်းတိတိ နေပတ်၍ တစ်ပတ်ပြည့်သည့် အချိန်လောက်ကျမှ တစ်ပတ်ပြည့်နိုင်လောက်သည့် Milkyway မစ်လကီ ဝေး အမြောက်အမြားကို ခေါ်သည်ဟု ဆိုသည်၊ ဆိုခဲ့သည် jabila မျိုးပေါင်း သန်း ၃၀-ခန့်ပင် တွေ့မြင်ပြီးပြီဟု ဆို၏၊ အဆိုပါ နက်ဗျူလာတစ်ခုနှင့် တစ်ခု အကွာအဝေးမှာလည်း အလင်းနှစ်ပေါင်း ၂-သန်းခန့်စီ ကွာဝေးသည်ဟု အဆိုရှိသည်။
၄၇။ ယင်းသို့ အကြမ်းစားရုပ်ဝတ္ထုကို တွေ့မြင်နိုင်သော်လည်း နူးညံ့ သိမ်မွေ့လှသည့် ရုပ်နုတို့ဖြင့် ဖွဲ့စည်းထားသော နတ်ဗြဟ္မာတို့ကိုကား မှန်ပြောင်းဖြင့်သော်မှ မမြင်နိုင်၊ ပကတိမျက်စိဖြင့်ကား ဆိုဖွယ် မရှိပြီ၊ နတ်ဗြဟ္မာတို့ကိုထား တစ္ဆေ ပြိတ္တာ မြေဘုတ်ဘီလူး စသော သတ္တဝါတို့ကိုလည်း ပကတိလူတို့၏ မျက်စိဖြင့် မမြင်ကောင်းပေ၊ အခါတပါး သီဟိုဠ်ကျွန်း ထူပါရုံစေတီတံခါး အနီး၌ မြေဘုတ်ဘီလူးကလေး ၂-ကောင်သည် အစာဆာလွန်းလှ၍ ဆွမ်းခံကြွနေသော ရဟန်း ၁-ပါးကို “တပည့်တော်တို့ မိခင်ကို မြန်မြန် ပြန်ခဲ့ပါရန် သားကလေး ၂-ဦး အလွန် ဆာလောင်လှပြီ ဖြစ်ကြောင်း ပြောပေးပါ ဘုရား” ဟု လျှောက်ရာ သင်တို့မိခင်ကို ငါ ဘယ်လို မြင်ရမှာလဲဟု ရဟန်းက မေးသောအခါ ဆေးမြစ်ကလေးတစ်ခုကို ပေး၍ ဤဆေးမြစ်ဖြင့် မိခင်ကို မြင်နိုင်ပါကြောင်း လျှောက်ကြသည်၊ ရဟန်းသည် ဆေးမြစ်၏ အစွမ်းဖြင့် မြေဘုတ်ဘီလူးမကြီးကို မြင်တွေ့ရ၍ အကျိုးအကြောင်း ပြောသောအခါ ဘီလူးမကြီးက ဆေးမြစ်ကို လုယူ၍ ကွယ်ပျောက်သွားသတတ်၊ ဤသို့သော အဖြစ်အပျက်များကား ဒဏ္ဍာရီ မဟုတ်၊ အဟုတ်ရှိ တစ်ကယ်ရှိသော ဘဘောတရားများ ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၂၊၁၈၇။) (မဇ္ဈိမပဏ္ဏာသ စူဠသကုလုဒါယိသုတ်အဖွင့် အဋ္ဌကထာ)
အာကသဟင်းလင်းပြင်၌ သက်ရှိသတ္တဝါများ ရှိနိုင်သော
အထောက်အထား
၄၈။ ဗာဂျီနီယားတက္ကသိုလ်နှင့် နေရှင်နယ် နက္ခတ်တာရာလေ့လာရေးစခန်းမှ ပညာရှင်များက သက်ရှိသတ္တဝါများတွင် တွေ့ရသော မောလီကျုအတော်မစ်အဲလိမင့် Atomic Element ကို အာကာသဟင်းလင်းပြင်၌ တွေ့ရှိရကြောင်း ချားလော့ဟတ်စဗီလ် ဇွန်လ ၁၅/၇၀ သတင်းတိုကလေး တွေ့ရှိလိုက်ရ၏၊ တစ်ဖန် ဘွမ်းမြို့ ဇန္နဝါရီလ ၂၀/၇၇ သတင်း အဆိုအရ အနောက်နိုင်ငံ နက္ခတ္တဗေဒ ပညာရှင်အဖွဲ့က ကျွန်ုပ်တို့၏ ဂဲလက်ဇီ Galaxy အပြင်ဘက်၌ ရေရှိကြောင်း ရှေးဦးဆုံး တွေ့ရှိခဲ့သည်၊ ယင်းသို့ တွေ့လိုက်ခြင်းသည် အခြား ဂဲလက်ဇီများတွင် အသက် ဇီဝ(ဝါ) သတ္တဝါ တည်ရှိနိုင်ကြောင်း ဖော်ပြသည်ဟူလည်း သတင်းအဖြစ် တွေ့လိုက်ရ၏၊ ထို့ကြောင့် “မြင်းမိုရ်တောင်” ဆိုသည်မှာ ယနေ့ မတွေ့ရသေးသော်လည်း တစ်နေ့တွင် တွေ့လာနိုင်စရာအကြောင်း ရှိသည်၊ ထေရဝါဒကျမ်းစာ များဖြင့် ယုံကြည်ကြမည် မဟုတ်၍ ခေတ်ပေါ်ပညာ အထောက်အထား အနည်းငယ်ကို ဖော်ပြလိုက်ရပေသည်။
၄၉။ (၂) ဆ/ အနဝတတ်အိုင် ဆိုသည်မှာကား ယခုအခါ (မာန်ဆရိုဝရ်) အမည်ဖြင့် တွေ့ရှိ နားလည်နေကြပေပြီ၊ ရှေးအခါက အဋ္ဌကထာဋီကာ ကျမ်းဟောင်းများ အဆိုနှင့် အလုံးစုံ မတူညီစေကာမူ ရာပတိ, ဃာဃရာ, ဂဏ္ဍတ် ဂျမနာ, မဟီမြစ်များ၏ မြစ်ဖျား (Sourse အနေဖြင့်လည်းကောင်း အနောက်မြောက်ဖက်ရှိ (Indus Bias) အင်ဒတ်စ် ဗျာဆ စသော မြစ်ဖျားခံရာဌာနအဖြစ်လည်းကောင်း ထင်ထင်ရှားရှား လူသိများနေကြလေပြီ၊ ဘယ်ပညာရှင်ကမျှ အနဝတတ်အိုင် မဟုတ်ပါဟု မဆိုနိုင်သော ရှေးဟောင်းအမှတ်အသား များလည်း ရှိပြီး ဖြစ်လေသည်။
တာဝတိံသာဇာတ်လမ်း ဟူသည်နှင့် စပ်၍ စိစစ်ချက်
၅၀။ စုဒိတကတို့၏ အတွေးအခေါ် အယူအဆတို့သည် အများအားဖြင့် ပြောင်းပြန်လန်နေသည်ကို တွေ့ရ၍ ဝိနည်းဓိုရ်ဆရာတော်များက သနားကရုဏာ သက်ရတော့သည်၊ တာဝတိံသာဇာတ်လမ်းကို သဗ္ဗတ္ထိဝါဒီဂုဏ်းမှတဆင့် ကူးပြောင်းသွားသော မဟာယာနပညာရှင် အသင်္ဂ တာဝတိံသာမှအပြန် ယောဂါစာရဘူမိကျမ်းကို ရေးသည်ဟူသော အယူအဆသည် သီဟိုဠ်ကျွန်းတိုင်အောင် ပြန့်နှံ့နေ၍ ယင်းကို အတုယူကာ ရှင်ဗုဒ္ဓဃောသသည် အဘိဓမ္မာ ဘုရားဟော လုပ်ရန် တာဝတိံသာဇာတ်လမ်းကို ဖန်တီးသည်ဟု စုဒိတကသမ္မာဒိဋ္ဌိသုတေသနဝါဒီတို့က ဆိုလိုဟန် ရှိ၏၊ ဤစွပ်စွဲချက်နှင့် ပတ်သက်၍ အရင်းဇာစ်မြစ်ကို အနည်းငယ် လှန်ပြလို၏၊
ကသ္မိရတိုင်း ပက်သျှဝါမြို့၌ ခရစ်နှစ် ၅-ရာစု နှစ်ဝက်လောက်တွင် ဝသုဗန္ဓု အမည်ဖြင့် ညီအစ်ကို ၃-ယောက် ရှိခဲ့သည်၊ အကြီးနှင့် အလတ် ဝသုဗန္ဓု ၁-နှင့်၂-တို့သည် သဗ္ဗတ္ထိဝါဒီဂိုဏ်းဝင် ရဟန်းများ ဖြစ်လာကြသည်၊ နံပါတ် ၁- ဝသုဗန္ဓုသည် သုညဝါဒ (The Docrine of voic) ကို လေ့လာရာ သဘောမပေါက်နိုင် ဖြစ်နေလေသည်၊ စိတ်ညစ်၍ သူ့ကိုယ်သူ “ဒီမျှ ဖျင်းညံ့ရမည်လား” ဟု အပြစ်တင်ကာ သတ်သေဖို့ပင် ကြိုးစားမိသည်၊ ထိုအခါ ပုဗ္ဗဝိဒေဟ၊ ဝါ- အရှေ့ကျွန်းမှ အရှင်ပိဏ္ဍောလ ကြွလာ၍ ထေရဝါဒတရားတော်များကို ဟောပြောသည်၊ သူသည် ဤမျှဖြင့် ကျေနပ်မှု မရနိုင်သေးပေ၊ အလောင်းတော် မေတ္တေယျရှိရာ သုသိတာနတ်ပြည်သို့ အဘိညာဉ်တန်ခိုးဖြင့် သွားရောက်ကာ အလောင်းတော် မေတ္တေယျထံမှ သုညဝါဒတရားကို နာခံမှတ်သားလေသည်၊ ထိုအခါ တပ်မက်မှု စွဲလမ်းမှု (သင်္ဂ) ကွေကွင်းကွာ သွားတော့သဖြင့် ထိုအခါမှစ၍ ဝသုဗန္ဓု ၁-မှ အသင်္ဂအဖြစ် အမည်ပြောင်းလဲ ခေါ်တွင်လာတော့သည်၊ တစ်ဖန် အသင်္ဂသည် လူတို့အား သုညဝါဒကို သဘောပေါက်အောင် ဟောပြော၍ မရနိုင်သဖြင့် အလောင်းတော် မေတ္တေယျကို တောင်းပန်ရာ လူ့ပြည်သို့ကြွလာပြီး လေးလတိုင် ယောဂါဝစရဘူမိကို ရွတ်ဖတ်သင်ကြားပေးခဲ့သတတ်၊ ယင်းကို အသင်္ဂဋီကာ ရေး၍ ယောဂါစာရဘူမိကျမ်းဟူ၍ ဖြစ်ပေါ်လာခဲ့သတတ်။
မှတ်ချက်။ ။ ပရောဖက်ဆာ H.Ul က နတ်ပြည်မှ အလောင်းတော်မ၏မေတ္တေယျ၊ မဟုတ် လူသား ဆရာမေတ္တေယျ ဟုဆိုသည်။
ဤဇာတ်လမ်းကို သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့ ထင်မြင်စွပ်စွဲသကဲ့သို့ ရှင်ဗုဒ္ဓဃောသက လုံးဝ အတုမခိုးသည်မှာ ထင်ရှားသည်၊ မှန်လှ၏- ဝသုဗန္ဓုညီနောင်တို့နှင့် ရှင်ဗုဒ္ဓဃောသ ခေတ်ပြိုင် ဖြစ်သည်၊ မြောက်ပိုင်းနှင့် တောင်ပိုင်း အလှမ်းကွာလှသည်၊ ဗုဒ္ဓတပည့်သား အားလုံးအတွင်း တာဝတိံသာတွင် အဘိဓမ္မာကို ဗုဒ္မမြတ်စွာ ဟောတော်မူကြောင်း ပြန့်နှံ့ထင်ရှားခဲ့မည်မှာ ဧကန်ဖြစ်သည်၊ အတုခိုးသည်ဟု ပြောဆိုလျှင် နောက်မှပေါ်သော မြောက်ပိုင်းက တောင်ပိုင်းအဆိုကို ခိုးသည်ဟုသာ ဆိုနိုင်သည်၊ အကြောင်းမှာ ဗုဒ္ဓဝါဒ ဂိုဏ်းကွဲတိုင်းတွင် (အဘိဓမ္မာ ဗုဒ္ဓဟော-မဟော) အမြင်မတူကြသော်လည်း အဘိဓမ္မာဟူသော အမည်ဖြင့် သဘောတရား တစ်မျိုးကို သူ့နည်း သူ့ဟန် ကိုယ်နည်း ကိုယ့်ဟန်ဖြင့် အသီးသီး ထုတ်ဖော်နေကြခြင်းသည်ပင် တူညီသော ဓမ္မအမွေအနှစ် တစ်ခုကို အားလုံး ပိုင်ဆိုင်ကြကြောင်း ထင်ရှားစေသော သက်သေတစ်ခုဖြစ်ပေသည်၊ အချင်းချင်း တသီးတခြား မကွဲမပြား ဘမိများ ပိုင်ဆိုင်ခဲ့သော ယင်းအမွေအနှစ်ကို ကျစ်လစ်သိပ်သည်း မပျက်မကွဲရအောင် အစွမ်းနိုင်ဆုံး ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်မှာ မူလပင်မ ဂိုဏ်းကြီးဖြစ်သော ထေရဝါဒ ဂိုဏ်းကြီးသာလျှင် ဖြစ်ပေသည်၊ ထိုဂိုဏ်းကြီးသည် အိန္ဒိယမြောက်ပိုင်းမှ တောင်ပိုင်း တောင်ပိုင်းမှ သီဟိုဠ်သို့ တစ်ရွေ့ရွေ့ ပြောင်းရွေ့ သွားစေကာမူ ရှင်ဗုဒ္ဓဃောသတို့ ခေတ်တိုင်အောင် မဟာဝိဟာရ ဂိုဏ်းကြီးအတွင်း တင်းတင်း ရင်းရင်း ခိုင်ခိုင်မာမာ ကောင်းစွာ တည်လျက်သာ ရှိပေသတည်း။
ဝိမုတ္တိမဂ္ဂနှင့် ဝိသုဒ္ဓိမဂ္ဂ စိစစ်ချက်
၅၁။ အဘိဓမ္မာကို ဗုဒ္ဓဘာသိတ (ဘုရားဟော) မဟုတ်ဟု ဆိုလိုရာကနေ၍ ဦးဥက္ကဋ္ဌနှင့်တပည့် စုဒိတက သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့သည် အဘိဓမ္မာကို ဘုရားဟော ဖြစ်ကြောင်း ရေးသူ အရှင်ဗုဒ္ဓဃောသကိုပါ စာသူခိုးဟု စွပ်စွဲလိုသောကြောင့်-
ဤသို့ဆိုလျှင် ဝိသုဒ္ဓိမဂ်သည် ဝိမုတ္တိမဂ်ကို မှီငြမ်းပြု နည်းယူရမည်မှာ သေချာလှသည်-
ဟု အထောက်အထားမရှိဘဲ ထိပါးပုတ်ခတ်ခြင်း (အသားလွတ်၊ အခြေအမြစ်မရှိ စွပ်စွဲခြင်း ပြုခဲ့ကြလေသည်၊ ရှင်မဟာဗုဒ္ဓဃောသပေါ်၌ အမြဲတစေ အဆိုးမြင် ဝါဒဖြင့် ကြည့်လေ့ရှိသော ဦးဥက္ကဋ္ဌ၏ ဩဝါဒခံ ဦးဥဇ္ဇောတိကနှင့် သမ္မာဒိဋ္ဌိသုတေသန (ပဉ္စနိကာယသုတေသီအဖွဲ့) ဆိုသူတို့သည် ဒေးဒရဲမြို့ ကွင်းကျောင်းတိုက် အတွင်း၌ ကျောက်စာတိုင်ကြီးတစ်ခုကို အခိုင်အမာ စိုက်ထူထားပြီးလျှင် ဗုဒ္ဓသာသနာတော်ကြီး ပျက်စီးရာ ပျက်စီးကြောင်း စကားရပ်များကို အထင်အရှား ရေးထိုးထားခဲ့ကြသည်၊ ယင်း ကျောက်စာတိုင်၏ တောင်ဘက်မျက်နှာတွင် ဝိသုဒ္ဓိမဂ်ကျမ်းဆိုသည်မှာ ဝိမုတ္တိမဂ္ဂကျမ်းကို ဘာသာပြန်ထားလေဟန်- ရှင်မဟာဗုဒ္ဓဃောသအား အောက်ပါအတိုင်း သိက္ခာချ၍ မှားယွင်းစွာ အတိ အလင်း ပြောင်ပြောင်တင်းတင်း မှတ်တမ်းတင်ထားကြလေသည်။
“သီဟိုဠ်ရောက်လျှင် ဗုဒ္ဓဃောသသည် ဇေတဝနဝါသီဂိုဏ်းသို့ ပထမရောက်သွား၏၊ ပိဋကတ်မှာ မဟာဝိဟာရ ဝါသီဂိုဏ်း၌သာ သီဟဠအက္ခရာနှင့် ထိန်းထားလေရာ မဟာဝိဟာရဝါသီသို့ အရှင်ဗုဒ္ဓဃောသ ချဉ်းကပ်ရလေသည်၊ သူ၏ ပင်ကိုအရည်အချင်းကို ပြလို၍ ဝိမုတ္တိမဂ္ဂအား ပြန်ဆိုရေးသား တင်ပြလိုက်ရ၏၊ ဤသည်တွင်မှ မဟာဝိဟာရဝါသီဂိုဏ်းမှ လက်ခံလေသည်”။
သူတို့ ဆိုသလို ဟုတ် မဟုတ် စိစစ်ကြဦးအံ့-
၅၂။ ဂလ်တယ်ဋီသာဂမ သိရိရတနဇောတိမထေရ်နှင့် တရလ္လိယဒ္ဒ သိရိပါလမထေရ်တို့ ၁၉၆၃-၌ ကြီးကြပ်ပုံနှိပ်သော ပါဠိဘာသာရေး ဝိမုတ္တိမဂ္ဂကျမ်းသည် စာမျက်နှာ ၄၁-မျက်နှာ ရှိသည်၊ သီဟိုဠ်သား သောမနှင့် ခေမိန္ဒတို့ တရုတ်ဘာသာမှ အင်္ဂလိပ်ဘာသာ ပြန်ဆိုသော ဝိမုတ္တိမဂ္ဂကျမ်းသည်ကား ၃၆၂-မျက်နှာ ရှိသည်၊ မစ္စတာဘာပတ်၏ အင်္ဂလိပ်ဘာသာပြန်မူလည်း ရှိသည်၊ သို့ရာတွင် ယင်း ဘာသာပြန်သည် သောမနှင့် ခေမိန္ဒတို့၏ ဘာသာပြန်လောက် မပြည့်စုံ၊ ပါဠိမူနှင့် တရုတ်မူတို့သည် အခန်းခွဲပုံချင်း တူသယောင် ရှိသော်လည်း တရုတ်မူ အင်္ဂလိပ်ဘာသာပြန်၌ ပါရှိသော အကြောင်းအရာများစွာသည် ပါဠိမူ၌ ပျောက်ကွယ်နေ၏၊ သို့သော် အကယ်ပင် ပြည့်စုံစွာ ပါရှိသည်ဖြစ်စေ၊ မဟာဝိဟာ ရဝါသီတို့၏ ဝါဒဟု မဆိုနိုင်ပေ၊ အကြောင်းမူကား ဝိသုဒ္ဓိမဂ်မဟာဋီကာက အဘယဂိရိဝါသီတို့၏ ဝါဒဟု ပြညွှန်အပ်သော အချက် တော်တော်များများကို အရှင်ဗုဒ္ဓဃောသ ဝိသုဒ္ဓိမဂ်ကျမ်း၌ ပယ်ထားသည်ကို တွေ့မြင်ရသောကြောင့် ပေတည်း။
၅၃။ အရှင်ဗုဒ္ဓဃောသသည် ဝိသုဒ္ဓိမဂ်ကျမ်းကို ရေးသောအခါ “မဟာဝိဟာရဝါသီနံ ဝံသဇဿ ဘဒ္ဒန္တသံဃပါလဿ အဇ္ဈေသနံ ဂဟေတွာ” မဟာဝိဟာရဝါသီရဟန်းတို့၏ အနွယ်၌ဖြစ်သော အရှင်သံဃပါလ၏ တိုက်တွန်းခြင်းကို ယူ၍ ပြုသည်ဟူ၍လည်းကောင်း, မိမိကိုယ်ကို ရည်ညွှန်းကာ “မဟာဝိဟာရဝါသီနံ ထေရာနံ ဝံသာလင်္ကာရဘူတေန” မဟာဝိဟာရဝါသီရဟန်းတို့ အဆက်အနွယ်ကို အကွက်လည်အောင် တန်ဆာဆင်တတ်သောထေရ်သည် ဤကျမ်းကို ပြုစီရင်သည်ဟူ၍လည်းကောင်း ဆိုခဲ့သည်နှင့်အညီ မဟာဝိဟာရဝါသီတို့နှင့် အယူမပြီ မတူညီသော ကျမ်းတစ်ကျမ်းကို မှီ၍ နည်းခံ၍ အတုယူ၍ (ဝါ) ခိုး၍ ရေးသားခဲ့လိမ့်မည်လောဟု တွေးမှ မတွေးကောင်းသော ကိစ္စဖြစ်သည်၊ ယင်းကိစ္စကို စုဒိတကတို့ ကြံကြံဖန်ဖန် တွေးတော စဉ်းစားကြသည်မှာ အလွန် အံ့ဩစရာ ကောင်းလှပေသည်၊ ဗုဒ္ဓဘာသာဘက်က ရဲရဲတောက် ခုခံနေသော ရှင်မဟာဗုဒ္ဓဃောသကို ကျဆုံးအောင် နည်းမျိုးစုံဖြင့် ဆဲရေးနေ ကြခြင်းသာဖြစ်သည်၊ ဤအချက်ကို ကြည့်လျှင် သမ္မာဒိဋ္ဌိသုတေသန ဆိုသူတို့သည် သာသနာနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ ကွယ်ပျောက်ရေးကို အားထုတ်နေကြသူများ ဖြစ်ကြောင်း သိသာလှသည်။
၅၄။ ပါဠိဝိမုတ္တိမဂ္ဂကျမ်းငယ်ကလေး၏ နိဒါန်းကို ပြုစုကြသော ပုဂ္ဂိုလ်တို့က စာတို့ကို ပေစာနှင့် လူပြောသူပြော အချက်တို့ကို မူတည်၍ မဟာအရိဋ္ဌဥပတိဿထေရ်သည် သီဟိုဠ် ရှေးဦးသာသနာပြု အရှင်မဟိန္ဒထံမှရသော နည်းဥပဒေသတို့ကို စုစည်း၍ ဝိမုတ္တိမဂ္ဂ အမည်ပေးကာ သီဟိုဠ်ဘာသာဖြင့် စီရင်ထားကြောင်း နောက်မှ ပါဠိဘာသာ ပြန်ဆိုထားကြောင်း ယင်းကို မဟာဝိဟာရဝါသီ ရဟန်းတို့ နှုတ်တက်ဆောင်ထားကြကြောင်းကို ဆိုကြ၏၊ ဤအဆို မည်မျှအထိ မှန်မည်မသိရသော်လည်း အရှင်ဗုဒ္ဓဃောသတို့ အရှင်ဓမ္မပါလတို့ခေတ်၌ တွေ့ရသော အဆိုအမိန့် အယူအဆများကား တိမ်းစောင်း ဖောက်ပြန်နေသော အဘယဂိရိဝါသီတို့၏ ဝါဒများ ဖြစ်နေကြပေသည်၊ ထို့ကြောင့် မဟာဝိဟာရဝါသီတို့၏ ဆီမီးတန်ဆောင် ဖြစ်သူ အရှင်ဗုဒ္ဓဃောသသည် အကြောင်းအချက် ပြက်ပြက်ထင်ထင် ပေါ်လွင်အောင်ပြကာ ပယ်ခဲ့ရလေသည်၊ သိကြားဝှက် ဇာတ်လမ်းသည် ပါးစပ်ရာဇဝင်မျှသာ ဖြစ်၍ ဂန္ထဝင်မြောက် ခုံတည်လောက်သော ကိစ္စ မဟုတ်ရကား စကားလုပ်၍ ပြောဆို ဖြေရှင်းနေဖွယ် မလို၊ ဝိမုတ္တိမဂ္ဂကို နည်းမမှီ အတုမခိုး ထေရဝါဒ အရိုးအစဉ်ကိုသာ တင်ပြထားသော ဝိသုဒ္ဓိမဂ်ကျမ်းပြုသူ အရှင်ဗုဒ္ဓဃောသ၏ ရိုးသားဖြူစင် ကြည်လင်သော ဉာဏ်အစွမ်းကြောင့် ဝိမုတ္တိလမ်း, ဝိသုဒ္ဓိစခန်းကို ဖြောင့်တန်းအောင် ပို့ဆောင်လျက်သာ ရှိပေသတည်း။
အဘိဓမ္မတ္ထသင်္ဂဟကျမ်းနှင့်စပ်၍ စိစစ်ချက်
“အမှန်မှလည်း သင်္ဂြိုလ်နှင့် နတ်မှီသံဃာမှာ တစောင်းစေးနှင့် မျက်ချေးသာ ဖြစ်၏” (သခင်မြတ်ဆိုင်၏ လူသေ လူဖြစ်ပြဿနာ နှာ-၁၄၂)
“မင့်သင်္ဂြိုလ်ဆိုတာက ခပ်ရှင်းရှင်းပြောရယင် သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင် အမှန်သိဖို့ ကိစ္စဖြစ်တဲ့ ဦးစီးတရားကိုတောင် မျက်ခြေပြတ်နိုင်တဲ့ ဒိဋ္ဌုပါဒါန်တရားတွေ ဖြစ်လာနိုင်တယ်” (လူသေလူဖြစ်ပြဿနာ-၁၄၄)
“ဒို့ လူတွေကို အဲဒီ ကံနိမိတ်, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ အဲဒီသင်္ဂြိုလ်ဘုံပိုင်းကဟာနဲ့ အလှည့်အပတ် အလိမ်ခံနေရတာ ကြာပကောကွာ၊ အဲဒီနိမိတ်တွေ ငါ အလကား ပြောတာ မဟုတ်ပါဘူးကွာ၊ အဘိဓမ္မာ ၇-ကျမ်း စလုံးထဲမှာ ရှာချင်တိုင်းရှာပါ၊ ဘယ်နေရာမှ ပါတာ မဟုတ်ဘူး” (လူသေလူဖြစ်ပြဿနာ-၁၄၆)
စောဒကပုဂ္ဂိုလ်များ ဤရုံးတော်သို့ တင်ပြထားသော သက်သေခံ စာအုပ်စာတမ်းအများထဲက သခင်မြတ်ဆိုင်၏ လူသေလူဖြစ် ပြဿနာတစ်အုပ်ထဲမှာပင် သင်္ဂြိုလ်ဆရာကို လက်ညိူးထိုး၍ ဗုဒ္ဓအဘိဓမ္မာကို မတော်မတရား သရော်စော် ကားထားချက် အတော်များများပါသည်၊ ဗုဒ္ဓအဘိဓမ္မာကို သိက္ခာချလို၍ အရှင်အနုရုဒ္ဓါကို ရှေ့တမ်းတင် “ဗန်းပြ” မဟုတ် တရုတ် အပုပ်ချလိုက်ပုံ နမူနာမျှ ဖော်ပြလိုက်သည်။
၅၆။ အရှင်အနုရုဒ္ဓါ၏ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကား ငယ်ပင်ငယ်သော်လည်း တကယ်ထိရောက်, အဘိဓမ္မာ ၇-ကျမ်းလုံးကို သိမ်းကျုံး၍ နှောက်နိုင်လောက်အောင် ဂုဏ်မြောက်သော ကျမ်းကလေး ဖြစ်သည်။
“The Abhidhammatthasanghaha is the most authoritative of thesese there texts. In this short manual, the Abhidhamma doctrine of the Mahavihara sect is very clevery condensed the book may be said to represent the highest peak the of doctrinal development of Abhidhamma”.
Encyclopaed 1A of Buddhism Buddhism Fascicule; A-ACA pp.79-80
မြန်မာပြန်
အဘိဓမ္မတ္ထသင်္ဂဟကျမ်းကလေးသည် အနုရုဒ္ဓါရေး သင်္ဂဟ, ပရမတ္ထဝိနိစ္ဆယ, နာမရူပပရိစ္ဆေဒ ၃-ကျမ်းတွင် အခိုင်မာဆုံး ကျမ်းဖြစ်သည်၊ ဤလက်စွဲ ကျမ်းငယ်ကလေးတွင် မဟာဝိဟာရနိကာယကြီး၏ အဘိဓမ္မာ သဘောတရားများကို အလွန်ကျင်လည်နိုင်နင်းစွာ သပ်သွင်းဖြည့်သိပ်၍ ထားသည်၊ ဤစာအုပ်ကလေးကို အဘိဓမ္မာပိဋက၏ ဓမ္မရေးရာ အမြင့်ဆုံးအဆင့်အထိ တင်ပြနိုင်သော စာအုပ်ဟု ဆိုနိုင်ပါသည်။ (ဗုဒ္ဓဓမ္မစွယ်စုံကျမ်း အတွဲ၊ အေ-အစ၊ နှာ-၇၉-၈၀)
“It is interesting to mote what the says in the Namarupaparicheda, that he composed the work according to the commentaries of the Mahavihara”.
နာမရူပပရိစ္ဆေဒကျမ်း၌ မဟာဝိဟာရနိကာယမှ အဋ္ဌကထာများနှင့်အညီ ဤကျမ်းကို သူ စီရင်ကြောင်း ဆိုထား သည်ကို မှတ်ဖို့ကောင်းသည်၊ Pali Literature of Ceylon (သီဟိုဠ် ပါဠိစာပေများ) စာအုပ်၌ ဒေါက်တာ မာလာလာဆေကရ က ဆိုသည်၊ အချုပ်ပြောရလျှင် သင်္ဂဟကျမ်းကလေးသည် အဘိဓမ္မာ ၇-ကျမ်းကို ကိုယ်စားပြုသည်၊ မဟာဝိဟာရနိကာယ (ထေရဝါဒဂိုဏ်း)ကြီးမှ အဋ္ဌကထာဋီကာကြီးများကို မှီ၍ ရေးသည်၊ သူ၏ အတ္တနောမတိဖြင့် တစ်လုံးတစ်ပါဒမျှ ရေးသည်မဟုတ်၊ အောက်ခြေမှ ထိပ်ဆုံး ရောက်အောင် အဘိဓမ္မာသဘောတရားများကို ခြုံ၍ ရေးသည်ဟု ဆိုလို၏၊ ယင်းသို့ဆိုလျှင် အရှင်အနုရုဒ္ဓါကို၊ သို့မဟုတ် သူ၏ သင်္ဂြိုလ်ကျမ်းကို ဘာမျှ အပြစ်တင်နေဖွယ် သိက္ခာချနေဖွယ် မလို၊ အဋ္ဌကထာဋီကာကြီးများ၊ ယင်းတို့မှတစ်ဆင့် ပါဠိတော်ကိုသာ သတ္တိရှိရှိနှင့် Challenge လုပ်ဖို့ စိန်ခေါ်ဖို့သာ ရှိလေသည်။
သခင်မြတ်ဆိုင်က သူ၏ လူသေလူဖြစ်ပြဿနာစာအုပ် နှာ-၁၄၉၊ ၁၅၀-၌ “ဗမာအခေါ် လက်သန်းခေါ် သင်္ဂြိုလ် ၉-ပိုင်းကို ရှင်အနုရုဒ္ဓါသည် အိန္ဒိယပြည်တောင်ပိုင်း Kancipura ကေစိပူရရှိ တမ္ဗာရဋ္ဌကျောင်းတွင် သွားရောက် ပညာလေ့လာစဉ် ရေးသည်ဟူသော အပိုဒ်သို့ ရောက်လာ၏၊
ဤနေရာသို့ ရောက်သောအခါ ဆရာတော် (ဦးဥက္ကဋ္ဌ)က ရပ်ခိုင်းလိုက်ပြီး “ကိုင်း မင်း ရှင်အနုရုဒ္ဓါဟာ ဗြာဟ္မဏ ဗုဒ္ဓဘာသာကျောင်းမှာ နေပြီး ပညာသင်တယ်၊ ဒီသင်္ဂြီုဟ် ၉-ပိုင်းကိုလဲ အဲဒီ ကေစိပူရမှာပဲ ရေးတယ်လို့ ဆိုတာ တွေ့ပလား”
“ကျွန်ုပ်သည် သက်ပြင်းချလိုက်၏၊ သင်္ဂြိုလ်နောက်ပိုင်းတွင် အဘယ် ကေစိဆရာတို့က အဘယ်သို့ ကောက်ယူသည်၊ အဘယ် ကေစိဝါဒအရ ဘယ်သို့ဆိုသည် စသော မှတ်ချက်များကို တွေ့ရသည်ကို ပြန်လည် စဉ်းစားမိလာသည်၊ အိန္ဒိယပြည်တွင် မူလဗုဒ္ဓတရားတော်များမှာ ဗြာဟ္မဏအယူတရားများ တစ်စတစ်စ ရောနှာလာသဖြင့် တဖြည်းဖြည်း ချွတ်ချော် တိမ်းပါးလာသည်တွင် သက္ကရာဇ် ၇၀၀-အေဒီမှ အစပြုပြီး လုံးဝ ပျောက်ကွယ်ခဲ့ရသည်၊ ယခု ရှင်အနုရုဒ္ဓါ သင်္ဂြိုလ် ၉-ပိုင်းကို ရေးသော ကေစိဝါဒ ထွန်းကားရာ အချိန်ကို ကြည့်လိုက်သောအခါ ခရစ်သက္ကရာဇ် ၁၂-ရာစုပင် ကျော်စပြုချိန် ရောက်နေပြီဖြစ်၍ မူလဗုဒ္ဓခေတ်နှင့် နှစ်ပေါင်း ၁၆၀၀-ကျော်မျှပင် ကွာလှမ်းသောကာလ ဖြစ်ရုံမက အန္ဒိယပြည် ကွန်ချီဝရမ်၌ ဗုဒ္ဓဝါဒီပျက် ဗြာဟ္မဏဝါဒ အကြီးအကျယ်လွမ်းမိုးချိန်သို့ပင် ရောက်နေပြီကို တွေ့ရချေပြီ” ဟူ ၍ စုဒိတကတို့က ရေးသားထားသည်။
၅၇။ ဒေါက်တာမာလာလာဆေကရ၏ သီဟိုဠ်ပါဠိစာပေ စာအုပ်-၁၇၃ ကို ကြည့်လိုက်သောအခါ-
“Both works were written while the author was residing at Kancipura in the Tambarattha, as he says in the colophon or nigamana of the Paramattha Winicchaya.”
“နာမရူပပရိစ္ဆေဒနှင့် ပရမတ္ထဝိနိစ္ဆယ ၂-ကျမ်းကို ကဉ္စိပူရ, တမ္ဗရဋ္ဌ-၌ နေထိုင်စဉ် ရေးသည်ဟု ပရမတ္ထဝိနိစ္ဆယကျမ်း နိဂုံးတွင် ဆိုထားကြောင်း” ကို တွေ့ရ၏၊ ကဉ္စိပူရ၌ ရေးသော သင်္ဂြိုလ် ၉-ပိုင်း မဟုတ်ချေတကား၊ ပရမတ္ထဝိနိစ္ဆယ နိဂုံး၌
သေဋ္ဌေ ကဉ္စိဝရေ ရဋ္ဌေ, ကာဝေရိ နဂရေ ဝရေ။
ကုလေ သဉ္ဇတဘူတေန, ဗဟုဿုတေန ဉာဏိနာ။
အနုရုဒ္ဓေန ထေရေန, အနိရုဒ္ဓယသဿိနာ၊
တမ္ဗရဋ္ဌေ ဝသန္တေန, နဂရေ တဉ္စ နာမကေ။
ပရမတ္ထံ ပကာသေန္တံ, ပရမတ္ထဝိနိစ္ဆယံ။
ပကရဏံ ကထံ တေန, ပရမတ္ထတ္ထ ဝေဒိနာ။
ဟူ၍ ဆိုထားသည်
မြန်မာပြန်
“ကဉ္စိဝရမည်သော တိုင်း၊ ကာဝေရိမည်သော မြို့၊ မြတ်သော အမျိုးကောင်း၌ ဖွားမြင်ကြီးပွားသော အနုရုဒ္ဓထေရ်သည် တမ္ဗရဋ္ဌတိုင်း တဉ္စမည်သောမြို့၌ နေစဉ် ပရမတ္ထဝိနိစ္ဆယကျမ်းကို ရေးသည်” အကျဉ်းအနက် ဤသို့ထွက်၏၊ ကာဝေရိ၌ သင်္ဂြိုလ်ကို ရေးခြင်းမဟုတ်၊ ပရမတ္ထဝိနိစ္ဆယကို ရေးကြောင်း ဤနိဂုံးက သက်သေအထောက်အထား အခိုင်အမာ ပြလျက်ရှိသည်၊ ဦးဥက္ကဋ္ဌ ဆရာတပည့် ၂-ဦးတို့က သင်္ဂြိုလ်ကို ကဉ္စိပူရ၌ ရေးသတဲ့၊ မှားမှမှား ဖြစ်ပါပေ၏၊
၅၈။ နာမရူပပရိစ္ဆေဒကျမ်း နိဂုံး၌ ယင်းကျမ်းကို ဘယ်နေရာမှာ ရေးသည် ဆိုသည်ကို တိုက်ရိုက် မဆိုဘဲ သွယ်ဝိုက်၍ ဤသို့ ဆို၏၊
မဟာမေရုနိဘံ ဂေဟံ, မဟာစေတိယဘူသိတံ။
မဟာဝိဟာရမာရုဠ-မဟာဗောဓိမဟုဿဝံ။
အလင်္ကာတုံ ပဟောန္တာလံ, စိရကာလံ တပေါဓနာ။
လင်္ကာဒီပဿ လင်္ကာရံ, ကလင်္ကာပဂတာလယံ။
မြန်မာပြန်
မြင်းမိုရ်တောင်ကြီးနှင့် တူသော မဟာစေတီဖြင့် တန်ဆာဆင်အပ်သော မဟာဗောဓိပွဲတော်ကြီးသို့ တက်ရောက်ရာဖြစ်သော လင်္ကာကျွန်း၏ အဆင်တန်ဆာ ဖြစ်သော အပြစ်ကင်းသော သူတော်ကောင်းတို့၏ နေရာဖြစ်သော (မဟာဝိဟာရံ ဂေဟံ။) မဟာဝိဟာရ မည်သော ကျောင်းတိုက်ကြီးကို ရဟန်းတော်များသည် စွမ်းစွမ်းတမံ ကြာရှည်လေးမြင့် တန်ဆာဆင်ခြင်းငှာ စွမ်းနိုင်ကြပါစေ၊ ဤစကားဖြင့် မဟာဝိဟာရကျောင်းတိုက်ကြီးမှာ နေ၍ ဤစာကို ရေးခြင်းဖြင့် ငါသည် မဟာဝိဟာရကျောင်းတိုက်ကြီးကို တန်ဆာဆင်သကဲ့သို့ အခြား ရဟန်းတော်တို့သည်လည်း စာပေပို့ချခြင်း ကျမ်းစာရေးခြင်းဖြင့် ဤကျောင်းတိုက်ကြီးကို တန်ဆာဆင်နိုင်ကြပါစေဟု အာသီသပုဗ္ဗကနိဂုံးကို အနုရုဒ္ဓါဆိုလေသည်။ ဒေါက်တာမာလာလာဆေကရ-က သင်္ဂြိုလ်ကျမ်း ဘယ်မှာရေးသည်ဟု မဆိုခဲ့၊ သင်္ဂဟကျမ်း နိဂုံး၌-
စာရိတ္တသောဘိတဝိသာလကုလောဒယေန၊
သဒ္ဓါဘိဝုဍ္ဎပရိသုဒ္ဓဂုဏောဒယေန၊
နမ္ပဝှယေန ပဏိဓာယ ပရာနုကမ္ပံ။
ယံ ပတ္ထိတံ ပကရဏံ ပရိနိဋ္ဌိတံ တံ။
မြန်မာအကျဉ်း
နမ္ပမည်သော ဒါယကာသည် သူတပါးတို့ကို သနားကြင်နာမှုကို ဆောက်တည်၍ တောင်းပန်အပ်သော သင်္ဂဟ ကျမ်းသည် ပြီးဆုံးခဲ့ပေပြီ။
ပညေန တေန ဝိပုလေန တုမူလသောမံ၊
ဓညာဓိဝါသမုဒိတောဒိတမာယုကန္တံ။
ပညာဝဒါတဂုဏသောဘိတလဇ္ဇိ ဘိက္ခူ၊
ပညန္တု ပုညဝိဘဝေါဒယမင်္ဂလာယ။
မြန်မာပြန်
ကြီးမားသော ထိုကောင်းမှုကြောင့် ပညာဖြင့် ဖြူစင်သော ဂုဏ်တို့ဖြင့် တင့်တယ်သော လဇ္ဇီရဟန်းတို့သည် ဘုန်းကံရှိသူတို့၏ တည်ရာဖြစ်၍ သီလ စသည်တို့ဖြင့် အမြဲတိုးတက်နေသော မူလသောမကျောင်းတိုက်ကြီးကို ပုညသမ္ပတ္တိဖြင့် တိုးတက်ခြင်း မင်္ဂလာ ဖြစ်ပါစေရန် အသက်ထက်ဆုံး (မညန္တု) အာရုံပြုကာ စောင့်ရှောက်တော်မူနိုင်ကြပါစေ၊ ဤ၌လည်း ရှေးနည်းအတိုင်းပင် မူလသောမ (အနုရာဓမြို့တော်၊ သီရိလင်္ကာ) ကျောင်းတိုက်မှာနေစဉ် ဤသင်္ဂဟကျမ်းကို ရေးခြင်းဖြင့် မူလသောမကျောင်းတိုက်ကြီးကို ပုညသမ္ပတ္တိ မင်္ဂလာအကျိုးငှာ ငါ စောင့်ရှောက်သလို လဇ္ဇီရဟန်းတို့သည်လည်း ငါ့နည်းတူ စောင့်ရှောက်နိုင်ကြပါစေ-ဟု အာသီသပုဗ္ဗကနိဂုံးဖြင့် (ဘယ်မှာ နေ၍ ဤကျမ်း ရေးသည် ဟူသည်ကို) အရှင်အနုဒ္ဓါ ပြတော်မူခဲ့ပေသည်။
၅၉။ ဤသို့ဆိုသော် တမ္ဗရဋ္ဌတိုင်းကို တမ္ဗရဋ္ဌကျောင်းဟု သခင်မြတ်ဆိုင်တို့ ဆရာတပည့်က ဆိုခြင်းမှာ ဟုတ် မှန်ပါ၏လော၊ မမှန်ပေ၊ “မင့် ရှင်အနုရုဒ္ဓါဟာ ဗြာဟ္မဏဗုဒ္ဓဘာသာကျောင်းမှာ နေပြီး ပညာသင်တယ်၊ ဒီသင်္ဂြိုဟ် ၉-ပိုင်းကိုလဲ အဲဒီကေစိပူရမှာပဲ ရေးတယ်လို့ဆိုတာ တွေ့ပလား” ဤသို့ ဦးဥက္ကဋ္ဌက ပြောသည့်အနေဖြင့် ရေးသားထားရာ သည်အတိုင်းမှန်လျှင် ဗြာဟ္မဏဝါဒတွေ သင်္ဂြိုလ်ထဲ ထည့်ရေးထားသည်ဟု ပြောလိုပြီ သင်္ဂြိုလ်ကို ပယ်လိုသောကြောင့် ဦးဥက္ကဋ္ဌ ထွင်လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားနေလေပြီ။
စောဠတိုင်း ကာဝိရပဋ္ဋန-ဟု ရှေးက ခေါ်ခဲ့ကြသော ကာဝေရီမြစ်အနီးမှာ တည်ရှိသောကြောင့် ကာဝေရီမြို့တွင်သော မြို့တော်, ထိုမြို့တော်၏အနီး Conjeveram ကွန်ဂျီဝရမ်၌ မွေးဖွားကြီးပြင်းခဲ့သူ အရှင်အနုရုဒ္ဓါသည် တမ္ဗရဋ္ဌ တိုင်း Tanjore ဟု ယခု ခေါ်နေကြသော တဉ္စမြို့၌ နေစဉ် ပရမတ္ထဝိနိစ္ဆယကို ရေးသည်၊ အိန္ဒိယမှာရေးသော ဤကျမ်းမှာ သင်္ဂြိုလ်မဟုတ်၊ ပရမတ္ထဝိနိစ္ဆယသာ ဖြစ်သည်၊ ယင်း ပရမတ္ထဝိနိစ္ဆ၌လည်း ဗြာဟ္မဏဝါဒ မပါ၊ ဗုဒ္ဓဝါဒတွေကိုပင် “တစောင်းစေးနှင့် မျက်ချေးပမာ” မိမိတို့နှင့် မတည့်သောကြောင့် ဗြာဟ္မဏဝါဒ တံဆိပ် တပ်လိုက်ခြင်းသာ ဖြစ်သည်၊ သီဟိုဠ်ကျွန်း မဟာဝိဟာရကျောင်းတိုက် မူလသောမကျောင်းတိုက်ကြီး၌ နေ၍ မဟာဝိဟာရနိကာယကြီး၏ အဋ္ဌကထာဋီကာများနှင့်အညီ ရေးပါသည်ဆိုသော အရှင်အနုရုဒ္ဓါကို ကြံကြံဖန်ဖန် ဗြာဟ္မဏဝါဒတွေ ထည့်သွင်းရေးသားထားသည်ဟု စွပ်စွဲခြင်းမှာ ဦးဥက္ကဋ္ဌတို့သည် ရုပ်ဝါဒတည်းဟူသော အရောင်ပျက် မျက်မှန်ကြောင့် အမြင်ပျက် အမြင်မှား ဖောက်ပြား ခြောက်ချားနေခြင်းသာ ဖြစ်သည်ဟု ဆိုရပေမည်။
၎င်းပြင် ကဉ္စိပူရကို ကေစိပူရ အသံဖလှယ်ပြီး ကေစိဝါဒတွေဟာ ကဉ္စိပူရ,က ဗြာဟ္မဏဝါဒတွေပဲ-ဟု ထင်မြင်ကာ သခင်မြတ်ဆိုင် သက်ပြင်းချမှုကား မှားယွင်းလှသော သက်ပြင်းချမှုပေတည်း၊ ဓမ္မသိရိ စသော ထေရ်တို့၏ ဝါဒကို ကေစိဝါဒဟု မှတ်ကြရာသည်၊ ကဉ္စပူရကို ကေစိပူရဟု ဘယ်သူကမျှ မခေါ်ကြောင်း ကေစိဝါဒနှင့် ကဉ္စိပူရ ဘယ်လိုမျှ မသက်ဆိုင်ကြောင်း သခင်မြတ်ဆိုင်တို့ ပြင်ဆင် မှတ်ကြရာသည်။
ဦးဥက္ကဋ္ဌနှင့် တပည့်သာဝကတို့ ပယ်ထားကြသော ကံ ကမ္မနိမိတ်
ဂတိနိမိတ်နှင့် စပ်၍ စိစစ်ချက်
၆၀။ ဥပရိပဏ္ဏာသပါဠိတော် ဗာလပဏ္ဍိတသုတ်၌ ဤသို့ ဟောတော်မူ၏၊
ပုန စပရံ ဘိက္ခဝေ ဗာလံ ပီဌသမာရုဠံ ဝါ မဉ္ဇသမာရုဠံ ဝါ ဆမာယံ ဝါ သေမာနံ ယာနိဿ ပုဗ္ဗေ ပါပကာနိ ကမ္မာနိ ကတာနိ ကာယေန ဒုစ္စရိတာနိ ဝါစာယ ဒုစ္စရိတာနိ မနသာ ဒုစ္စရိတာနိ၊ တာနိဿ တမှိ သမယေ ဩလမ္ဗန္တိ အဇ္ဈောလမ္ဗန္တိ အဘိပ္ပလမ္ဗန္တိ၊ သေယျထာပိ ဘိက္ခဝေ မဟတံ ပဗ္ဗတကူဋာနံ ဆာယာ သာယနှသမယံ ပထဝိယာ ဩလမ္ဗန္တိ အဇ္ဈောလမ္ဗန္တိ အဘိပ္ပလမ္ဗန္တိ။ (မ၊၂၊၂၀၃။)
ရဟန်းတို့ နောက်ထပ် တစ်မျိုးကာ ထိုသေလုနီးပါး ချောက်ချား၍နေသော လူမိုက်အား ဥပမာအားဖြင့် ညနေချမ်းအချိန်မှာ တောင်ကြီးတို့၏ အရိပ်များသည် မြေပြင်၌ လာ၍ ထင်သကဲ့သို့ ရှေးရှေးက ပြုခဲ့ဖူးသော ကာယကံ မကောင်းမှု, ဝိစီကံ မကောင်းမှု, မနောကံ မကောင်းမှုတို့သည် ထိုင်ခုံ၌ ဖြစ်စေ ခုတင်၌ ဖြစ်စေ မြေ၌ဖြစ်စေ နေရစဉ် ထိုအခါ၌ တွဲလျားကျသကဲ့သို့ ထား၍ ထင်ကြကုန်၏၊ ပ။ ထိုလူမိုက်သည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်ခဲ့၍ (ပြုကျင့်ခဲ့သောကြောင့်) ခန္ဓာကိုယ် ပျက်ကွဲ၍ သေပွဲသို့ ဝင်ရောက်သောအခါ ငရဲသို့ ကျရောက်ရ၏၊ (မြန်မာချုံး ပြန်ထားသည်)။
ဤကား သေခါနီးအခါ၌လည်းကောင်း, မသေမီ ဒုက္ခဆင်းရဲ အကျပ်အတည်းကြီးစွာ ကျရောက်သော အခါ၌လည်းကောင်း ဗာလသတ္တဝါအား ထိုကံအာရုံများ ထင်တတ်ပုံကို ပြသော ဗုဒ္ဓစကားတော် စင်စစ်တည်း၊ မှန်လှ၏၊ သတ္တဝါတစ်ဦး တစ်ယောက်သည် အကုသိုလ်အမှု တစ်ခုခုကိုဖြစ်စေ, ကောင်းမှု ကောင်းရာ စိတ်ချမ်းသာဖွယ် တစ်ခုခုကိုဖြစ်စေ ပြုလုပ်ထားမိပါလျှင် ထိုကံ ထိုအလုပ်သည် သူ့စိတ်၌ အာရုံအဖြစ်ဖြင့် မကြာမကြာ ပေါ်လာလေ့ရှိသည်၊ ထိုအာရုံသည် သေခါနီးမှသာ ပေါ်လာတတ်သည် မဟုတ်၊ မသေမီခဏ အချိန်အခါသင့်တိုင်း သင့်တိုင်း ပေါ်လာလေ့ရှိ၏၊ ဥပမာ ရာဇဝတ်မှုတစ်ခုခု ပြုလုပ်ထားမိသော သူအဖို့ ထိုရာဇဝတ်မှုကြီးသည် အရိပ်ပမာ နောက်ကလိုက်၍ ခြောက်လှန့် နေသကဲ့သို့ ရှိ၏၊ အမှတ်ထင်ထင် ကောင်းမှုတစ်ခုခု ပြုလုပ်ထားသော သူအဖို့လည်း ဝမ်းမြောက်ဖွယ် အာရုံတစ်ခုခုနှင့် တွေ့တိုင်းတွေ့တိုင်း ထိုကောင်းမှုပေါ်လာလေ့ ရှိသည်၊ ထိုဥပမာအတိုင်းပင်တည်း၊ ထိုကဲ့သို့ ပေါ်လာသော ထိုကံအာရုံသည် ကံကို ပြုစဉ်တုန်းကကဲ့သို့ပင် စိတ်အစဉ်၌ ထင်လာတတ်ပေသည်၊ သေခါနီးမှ ပြုလုပ်သောကံ ဖြစ်ပါမူ ထိုကံကပင် ပဋိသန္ဓေကျိုးပေးလေတော့ရာ ထိုကံမျိုးကို အာသန္နကံဟူ၍ ခေါ်သည်၊ ထို့ကြောင့် မဟာကမ္မဝိဘင်္ဂ ဥပရိပဏ္ဏာသ သုတ်၌ ဤသို့ ဟောတော်မူ၏၊
ပုဗ္ဗေဝါဿတံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခာ ဝေဒနီယံ၊ ပစ္ဆာဝါဿတံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခဝေဒနီယံ၊ မရဏကာလေဝါဿ ဟောတိ မိစ္ဆာဒိဋ္ဌိသမတ္တာ သမာဒိန္နာ၊ တေန သော ကာယဿ ဘေဒါ ပရမ္မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ (မ၊၃၊၂၅၇။)
မြန်မာအကျဉ်း
“ထိုသတ္တဝါသည် မသေမီ ရှေ့အဖို့ (ဆင်းရဲစေတတ်သော) အကုသိုလ်ကံကို ပြုလုပ်ပြီးသော်လည်း ဖြစ်ရာ၏၊ နောက်ပိုင်းကျမှ (ဒုက္ခဝေဒနီယ) အကုသိုလ်ကံကို ပြုလုပ်ပြီးသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် သေခါနီးကာလကျတော့မှ (ကပ်၍) မှားယွင်းဖောက်ပြန် မမှန်သော အယူကိုသော်လည်း စွဲမြဲစွာ ယူမိလေရာ၏၊ ထိုကံကြောင့် ထိုသတ္တဝါသည် သေသော် ငရဲသို့ ကျရောက်ရတော့၏”
ဤပါဠိတော်များအရ သေခါနီး ကံ ကမ္မနိမိတ် စသည် ထင်ကြောင်း သိအပ်ပေသည်။
ပဋ္ဌာန်းပါဠိတော်၌ ဟောတော်မူပုံ
“အဲဒီနိမိတ်တွေ ငါ အလကား ပြောတာ မဟုတ်ဘူးကွာ၊ အဘိဓမ္မာ ၇-ကျမ်း စလုံးထဲရှာ ရှာချင်တိုင်း ရှာပါ၊ ဘယ်နေရာမှ ပါတာ မဟုတ်ဘူး” ဟု ဦးဥက္ကဋ္ဌက ရဲရဲဝံ့ဝံ့ ဆိုခြင်းသည်လည်း အဘိဓမ္မာ ၇-ကျမ်းကို နှံ့စပ်အောင် မသင်ဖူး၍သော်လည်းကောင်း၊ သင်ဖူးစေကာမူ သေချာစေ့စပ်စွာ အဓိပ္ပာယ် မယူဆတတ်၍သော်လည်းကောင်း သူ့တပည့်တွေရဲ့ အထင်ကြီးမှုကို ခံရအောင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ခပ်တည်တည် လိမ်ညာထားခြင်းသာ ဖြစ်သည်၊ ပဋ္ဌာန်းပါဠိတော် ထိုထိုဝိဘင်္ဂဝါရ အာရမ္မဏပစ္စည်း၌ ဟောကြားအပ်သော မရဏာသန္နဝီထိ၏ အာရုံ၊ ပဋိသန္ဓဝီထိ၏ အာရုံများသည် ထို ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်အာရုံများပင် ဖြစ်ပေသည်၊ အနည်းမျှ ထုတ်ပြဦးမည်။
သေခါနီး ပုဂ္ဂိုလ်တစ်ယောက်သည် ရှေးက မိမိပြုခဲ့ဖူးသော ကုသိုလ်ကံကို နှလုံးသွင်းအာရုံပြု၍ သေသွားပြီးနောက် သုဂတိ ဘဝတစ်ခုခု၌ ပဋိသန္ဓေတည်နေခဲ့မူ ထိုသူ၏ ဘဝဟောင်းက မရဏာသန္နကုသိုလ်ဇောများသည် ရှေးကပြုခဲ့သည့် ကုသိုလ်ကံ အာရုံကို အာရုံပြုကြ၏၊
ဤအနက်သဘောကို-
(1) “ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော၊ ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ တံ ပစ္စဝေက္ခတိ၊ ပုဗ္ဗေ သုစိဏ္ဏာနိ ပစ္စဝေက္ခတိ” (အဘိ၊ စ။ (ပဋ္ဌာန-ပ)၁၃၂။)
ဟူသော ပါဌ်ဖြင့် ပြတော်မူသည်။
မြန်မာပြန်အကျဉ်း
ကုသိုလ်တရားက ကုသိုလ်တရားအား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏၊ အလှူပေး သီလဆောက်တည် ဥပုသ်စောင့်သုံးပြီးလျှင် ထိုကုသိုလ်ကို ပြန်လည်စဉ်းစား နှလုံးထားမိ၍ စိတ်ထဲမှာ ပေါ်လာလျှင် ကုသိုလ်ကံတစ်ခုခုက ကုသိုလ်တစ်ခုအား အာရမ္မဏသတ္တိဖြင့် ကျေးဇူးဆက်ပေးလိုက်သည်။ ရှေးအခါက လေ့ကျက်ပြုလုပ်ခဲ့သည့် အလေ့ကောင်း အမူအကျင့်ကောင်းတို့ စိတ်ထဲ၌ ပေါ်လာလျှင် ထိုကောင်းမှုများက ကုသိုလ်ကံတစ်ခုအား အာရမ္မဏသတ္တိဖြင့် ကျေးဇူးဆက်ပေးလိုက်သည်။
ထိုသူ၏ ဘဝသစ် ပဋိသန္ဓေစိတ် ဘဝင်စိတ်တို့သည် ရှေးဘဝ မရဏာသန္နဇော ယူပေးအပ်သော ကုသိုလ်ကံအာရုံကိုပင် အာရုံ ပြုကြ၏၊ ဤအနက်သဘောကို-
(၂) “ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော”ဟူသော ပါဌ်ဖြင့် ပြတော်မူသည်။ (အဘိ၊ ၈။ (ပဋ္ဌာန-ပ)၁၃၃။) (ပဋ္ဌာန)
ဤကား ကံအာရုံထင်ပုံ အမြွက်တည်း။
အတိတ် ကမ္မနိမိတ်ထင်ပုံ
ပုဂ္ဂိုလ်တစ်ယောက်သည် သေခါနီးမရောက်ခင် ရှေးအခါက စေတီတော်ကို ဖူးမြော်ခဲ့၏၊ ထိုပုဂ္ဂိုလ် သေခါနီးသောအခါ၌ ထို စေတီတော်တည်းဟူသော ကမ္မနိမိတ်ရူပါရုံသည် စိတ်အစဉ်၌ ထင်ပေါ်လာလေသည်။ ထိုအာရုံကို အာရုံပြု၍ စုတေပြီးနောက် သုဂတိဘဝတစ်ခုခု၌ ပဋိသန္ဓေနေခဲ့မူ ထိုသူ၏ဘဝဟောင်းက မရဏာသန္နကုသိုလ်ဇောသည် စေတီတော်တည်းဟူသော ကမ္မ နိမိတ်ရူပါရုံကို အာရုံပြု၏၊ ဤအနက်သဘောကို-
(၃) “အဗျာကတော ဓမ္မော ကုသလဿ အာရမ္မဏပစ္စယေန ပစ္စယော”ဟူသော ပါဌ်ဖြင့် ပြတော်မူသည်။ (အဘိ၊ ၈။ (ပဋ္ဌာန-ပ)၁၃၅။) (ပဋ္ဌာန)
ထိုသူ၏ ဘဝသစ် ပဋိသန္ဓေစိတ် ဘဝင်စိတ်တို့သည် ရှေးဘဝက မရဏာသန္နဇော ယူပေးအပ်သော စေတီတော်တည်းဟူသော ကမ္မနိမိတ် ရူပါရုံကိုပင် အာရုံပြုကြ၏၊
ဤအနက်သဘောကို-
(၄) “အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အာရမ္မဏ ပစ္စယေန ပစ္စယော”ဟူသော ပါဌ်ဖြင့် ပြတော်မူသည်။ (အဘိ၊ ၈။ (ပဋ္ဌာန-ပ)၁၃၄။) (ပဋ္ဌာန)
သဒ္ဒါရုံကမ္မနိမိတ် စသည် ထင်ပုံကိုလည်း ဤနည်းအတူ မှတ်ယူကြရာ၏၊
ပစ္စုပ္ပန် ကမ္မနိမိတ်ထင်ပုံ
ပုဂ္ဂိုလ်တစ်ယောက် သေခါနီးအခါ၌ မိဘဆွေမျိုး မိတ်သင်္ဂဟတို့က ပန်းစသော ပူဇော်ဖွယ်များကို ယူလာ၍ “ဤပန်း စသော ပူဇော်ဖွယ်များကို ဘုရားအား လှူဒါန်းပူဇော်ပါ”ဟု ပြောကြ၏၊ လူမမာကလည်း မြတ်စွာဘုရားကို ရည်မှန်း၍ ပန်း စသော ပူဇော်ဖွယ်တို့ဖြင့် ပူဇော်လေသည်။ ကုသိုလ်ဇောများ အထပ်ထပ် စောနေလေသည်။ ထိုကုသိုလ်ဇောများကား ဘဝသစ် ပဋိသန္ဓေကျိုးကိုပေးမည့် အာသန္နကံများ ဖြစ်ကြ၏၊ ယင်း ကုသိုလ်ဇောဝီထိများနှင့် တဆက်တည်းပင် စက္ခုဒွါရကမရဏာ- သန္နဝီထိ ကျ၍ စုတေသွား၏၊ ထိုအခါ သေခါနီးဝယ် ပန်းစသည် ပူဇော်ခဲ့သော အာသန္နကံ ကုသိုလ်စေတနာက နာနာက္ခဏိက ကမ္မသတ္တိဖြင့် ဒုတိယဘဝ၌ ပဋိသန္ဓေ နာမက္ခန္ဓာကဋတ္တာရုပ်ခေါ်သော အတ္တဘော ဖြစ်ပေါ်အောင် ကျေးဇူးပြုလိုက်လေသည်။ ထို့ကြောင့် ပဋ္ဌာန်းပဥှာဝါရ ကုသလတိက်၌-
(၅) “နာနာက္ခဏိကာ ကုသလာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မပစ္စယေန ပစ္စယော (အဘိ၊၈(ပဋ္ဌာန-ပ)၊ ၁၅၄။)
မသေမီ ရှေးအတိတ်ဘဝက ပြုလုပ်ခဲ့သော နာနာက္ခဏိက ကုသိုလ်စေတနာသည် ပစ္စုပ္ပန်ဘဝ ထိုသတ္တဝါသန္တာန်၌ ဝိပါက်ခန္ဓာ ကဋတ္တာရုပ်ခေါ်သော အတ္တဘောကို ဖြစ်စေသောအားဖြင့် ကျေးဇူးပြုလေသည်ဟု ဟောတော်မူ၏၊
ထိုပုဂ္ဂိုလ်၏ ဘဝဟောင်းက မရဏာသန္နဝီထိ၌ ပါသော စက္ခုဝိညာဏ်သည် ပန်း စသော ပစ္စုပ္ပန်ကမ္မနိမိတ် ရူပါရုံကို အာရုံ ပြု၏၊” ဤအနက်သဘောကို-
(၆) “ရူပါယတနံ စက္ခုဝိညာဏဿ အာရမ္မဏပစ္စယေန ပစ္စယော” (အဘိ၊၈(ပဋ္ဌာန-ပ)၊ ၁၃၅။) ဟူသော ပါဌ်ဖြင့် ပြတော်မူ၏၊
ထိုဝီထိ၌ ပါသော မရဏာသန္နကုသိုလ်ဇောတို့သည်လည်း ဆိုခဲ့ပြီးသော ပန်း စသော ပစ္စုပ္ပန်ကမ္မနိမိတ် ရူပါရုံကိုပင် အာရုံပြု ကြ၏၊” ဤအနက်သဘောကို ဆိုခဲ့ပြီးသော (၃)အမှတ်ပြ ပါဌ်ဖြင့် ပြတော်မူ၏၊
“စက္ခုဝိညာဏ်နှင့် ဇောမှကြွင်းသော ပဉ္စဒွါရာဝဇ္ဇန်းစသော စိတ်များနှင့် ဘဝသစ် ပဋိသန္ဓေစိတ်တို့သည်လည်း ဆိုခဲ့ပြီးသော ပန်း စသော ကမ္မနိမိတ် ရူပါရုံကိုပင် အာရုံပြုကြ၏၊” ဤအနက်သဘောကို ဆိုခဲ့ပြီးသော (၄)အမှတ်ပြ ပါဌ်ဖြင့် ပြတော်မူ၏၊
မှတ်ချက်။ ။ ကံအာရုံဟူသည် ကုသိုလ် အကုသိုလ် ပြုစဉ် ဖြစ်နေသော စေတနာပြဋ္ဌာန်းသော ကုသိုလ် အကုသိုလ် စိတ်အစဉ်ကို ခေါ်သည်။ ကမ္မနိမိတ်အာရုံဟူသည် ထိုစေတနာနှင့် စိတ်အစဉ်ဖြစ်ပေါ်စဉ်က တွဲဖက် အကြောင်းတစ်ခုဖြစ်သော ပန်း၊ ဆီမီး၊ ဖယောင်းတိုင်၊ စားသောက်ဖွယ် စသော အာရုံကို ခေါ်သည်။
ဂတိနိမိတ်ထင်ပုံ
၆၁။ ဂတိနိမိတ်ဟူသည် နောက်ဖြစ်ရမည့် ဘဝသစ်အာရုံများ ဖြစ်သည်။ အရပ်တပါးသို့ သွားမည့်သူ၏စိတ်ထဲ၌ မိမိ သွားရောက်မည့် အရပ်မှ ထူးခြားသော အာရုံဝတ္ထုတစ်ခုခုသည် ထင်ယောင်မြင်ယောင် ဖြစ်နေတတ်သည်၊ ဥပမာ ရန်ကုန်မြို့သို့ သွားမည့်သူ၏ စိတ်အစဉ်၌ ရန်ကုန်မြို့ရှိ မိမိတည်းခိုမည့်အိမ်၊ ရွှေတိဂုံစေတီတော် စသော အာရုံများ ထင်ပေါ်နေတတ်သည်။ ဤအတူပင် ဘဝတစ်ပါးသို့ လားရောက်ရမည့် ဘဝသစ်က အာရုံများလည်း ကံ၏အစွမ်းကြောင့် ထင်လာတတ်သည်။ လူ့ဘုံ ရောက်မည့်သူ၌ နီသော အဆင်းရှိသော အမိဝမ်းရေ စသည်၊ နတ်ပြည်ရောက်မည့်သူ၌ နတ်သမီး ဗိမာန် စသည်၊ ငရဲရောက်မည့် သူ၌ ငရဲမီး စသည်၊ တိရစ္ဆာန်ဖြစ်မည့်သူ၌ တောတောင်စသည်၊ ပြိတ္တာဖြစ်မည့်သူ၌ အမိုက်မှောင် စသည်တို့ ထင်လာတတ်သည်။ ထိုထင်လာသောအခါ၌-
“အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော၊ အဗျာကတော ဓမ္မော အကုသလဿ ဓမ္မဿ အာရမ္မဏ ပစ္စယော” စသော ပဋ္ဌာန်းပါဠိတော်အရ လားရောက်ရမည့် ဘဝသစ်က ရူပါရုံဂတိနိမိတ်သည် မနောဒွါရိက- မဏာသန္နကုသိုလ်ဇော အကုသိုလ်ဇောအား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုပေးနေပေသည်။
ထိုဇောနောင် စုတိကျ၍ ဘဝသစ်၌ ပဋိသန္ဓေစိတ်ဘဝင်တို့ ဖြစ်သောအခါ၌လည်း ထိုပဋိသန္ဓေစိတ်ဘဝင်တို့သည် ရှေးဘဝက မရဏာသန္နဇောယူပေးလိုက်သော ရူပါရုံ ဂတိနိမိတ်ကိုပင် အာရုံပြုကြသည်။ ဤအနက်သဘောကို ဆိုခဲ့ပြီးသော (၄) အမှတ်ပြ ပါဠိတော်ဖြင့် ပြတော်မူသည်။
သေခါနီး အချို့ပုဂ္ဂိုလ်တို့သည် မြောမေ့နေတတ်ကြ၏၊ ထိုသို့ မြောမေ့နေစဉ်မှာလည်း ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံ တစ်ခုခုကို အာရုံပြုလျက် စိတ်အစဉ် ဖြစ်မြဲ ဖြစ်နေပေသည်၊ စိတ်အစဉ် မကျဘဲ ပြတ်စဲနေသည်မဟုတ်။
စိတ် စေတသိက် အစဉ်ဟူသည် အာရမ္မဏမျိုး ကြောင်းကျိုးဆက်၊ သဟဇာတမျိုး ကြောင်းကျိုးဆက်၊ ပုရေဇာတမျိုး ကြောင်းကျိုးဆက်တွေ မဖြစ်ဘဲ ဘယ်အခါမျှ မနေ၊ သဘာဝဓမ္မ Own-Being ခေါ်သော ဖြစ်စဉ်သည်ကား သတ္တဝါက သိသည် ဖြစ်စေ မသိသည်ဖြစ်စေ၊ သတိထားမိသည်ဖြစ်စေ မထားမိသည်ဖြစ်စေ ဖြစ်၍ နေသည်သာတည်း။
ဦးဥက္ကဋ္ဌသည် ဤကဲ့သို့ သိမ်မွေ့လေးနက်သော အဘိဓမ္မာ ပဋ္ဌာန်းပါဠိတော်ကို မသိနားမလည်သောကြောင့် ဒီနိမိတ်တွေ အဘိဓမ္မာခုနစ်ကျမ်းထဲမှာ မပါဘူးဟု ရှက်စရာစကား ခပ်ကြွားကြွား ပြောခဲ့မိသည်ကို ပဋ္ဌာန်းစာအုပ်ကိုမျှ မဖတ်တတ်ရှာသော သခင်မြတ်ဆိုင်တို့က ဝမ်းမြောက်ဝမ်းသာ လက်ခံယုံကြည်ခဲ့ကြပေသည်၊ မသိမှုကား ဆိုးဝါးလေစွ။
၆၂။ “နိကာယ်တွေထဲက ဓမ္မစကြာနဲ့ တိုက်ပြီး ရွေးထုတ်လို့ရတဲ့ သုတ်တွေထဲက ၅-သုတ်လောက်ပဲ ငါ ကိုင်ထားလိုက်မယ်၊ အဋ္ဌကထာဋီကာတွေ ရှိသလောက်နဲ့ ငါ့ကိုတိုက်ချင်တိုင်း တိုက်ကြစမ်းပါစေ၊ ကျွမ်းပြန်ကျမကုန်တော့ ငါ့ပြောကွာ (ဦးဥက္ကဋ္ဌ အပြော-လူသေလူဖြစ်ပြဿနာ-၃၅၃)
ဤကား ဦးဥက္ကဋ္ဌက မှောင်ထဲ၌ လက်သီးဆုပ်ပြခြင်းသာဖြစ်၏၊ “ပါဠိတော်များကပင် သင်္ဂြိုလ်ဆရာဘက်က ရပ်နေပါပြီကော။” ကျွမ်းထောင်ကျသူကား ဦးဥက္ကဋ္ဌသာ အမှန်ဖြစ်မည်။
တစ်ဖန်-
“အဋ္ဌကထာဋီကာဆိုတာတွေက ဘုရားဟောကို မှီးရေးတယ်လို့သာ ဆိုတာပဲရှိရဲ့ ဗုဒ္ဓဘုရား ဟောတာကလေး တစ်လုံးကို ကိုယ်လိုတဲ့အနက်ထင်အောင် ကိုယ်လိုရာ ကိုယ်ဆွဲရေးတဲ့ သီဟိုဠ်စာရေးဆရာတွေရဲ့ ဉာဏ်တွေချည်းပဲ”
ဦးဥက္ကဋ္ဌသည် သခင်မြတ်ဆိုင်ရဲ့ လူသေလူဖြစ်ပြဿနာ စာအုပ် ၃၅၃-မှာ ပါတဲ့အတိုင်း ပြောသည်မှန်ရင် ဤအပြောသည် “ကိုယ်ချင်းစာ၍ ပြောခြင်း၊ ကိုယ်နှင့်နှိုင်း မရိုင်း” ဟူသော ပြောခြင်းသာ ဖြစ်ပေမည်။ ဘုရားဟောပါဠိတော်များကို သခင်မြတ်ဆိုင်နှင့်အတူ ဆရာတပည့်နှစ်ယောက် ဉာဏ်နီဉာဏ်နက်တွေနဲ့ ကိုယ်လိုရာ ကိုယ်ဆွဲရေးကြ ပြောကြတာတွေကား ဂဏန်းချပြ၍ပင် မရနိုင်အောင် ရှိတော့၏၊
သင်္ဂြိုလ်ဆရာ၏မှီရာ ဖြစ်သော အဋ္ဌသာလိနီနှင့် သမ္မောဟဝိနောဒနိ အဘိဓမ္မာအဋ္ဌကထာကြီး နှစ်စောင်၊ မူလဋီကာနှင့် အနုဋီကာကြီး နှစ်စောင် မကွယ်သမျှ ဗုဒ္ဓအဘိဓမ္မာ ဘယ်တော့မျှ မကွယ်နိုင်အောင် ပါဠိတော်တွေကို သစ္စာရှိရှိ ယုတ္တိမှန်မှန်နှင့် အဝါအကြွား အဖြီးအဖြန်းမပါ သေချာစွာ ဖွင့်ဆိုထားသည်ဖြစ်၍ ဦးဥက္ကဋ္ဌကဲ့သို့သော ရုပ်ဝါဒီ အထောင်အသောင်း အသိန်း အသန်းတို့သာ ကျွမ်းပြန်၍ကျမည် မလွဲတည်း။
ဦးဥက္ကဋ္ဌနှင့် တပည့်တို့သည် ဇနကကံ ဥပတ္ထမ္ဘကကံ စသော ကံ၊ ဒိဋ္ဌဓမ္မဝေဒနီယကံ စသော ကံတို့ကို ပုဗ္ဗေကတ- ဟေတုဒိဋ္ဌိအမည်ပေးပြီး ပယ်ချထားကာ သင်္ဂြိုလ်ဆရာကို အပြုတ်နှံပုံတိုကို ရှေးအခန်း လူသေလူဖြစ် စောဒနာအမှတ် (၂) ၌ ဖြေရှင်း ဆုံးဖြတ်ပြီးဖြစ်၍ ဤနေရာ၌ မသုံးသပ်တော့ပြီ။
သံဂါယနာ ၆-တန်ကို ပေါ့ပျက်သေးသိမ်အောင် ဟောပြောရေးသားချက်နှင့်
စပ်၍ ဝိနည်းဓိုရ်ဆရာတော်များ၏ စိစစ်ချက်
၆၃။ စောဒကပုဂ္ဂိုလ်တို့ တင်ပြချက်အရ ဦးဥက္ကဋ္ဌ၏ အစွဲပြုတ်ကဲကုတ်ရွှေနန်းတော် နှာ ၆၈-၉ ၌-
“သူတို့သည် မိမိတို့နှင့် သက်ဆိုင်ရာ မုခပါဌ်တော်များကို သံဂါယနာ အထပ်ထပ်တင်ခြင်းဖြင့် မွမ်းမံပြင်ဆင်ရန် ကြိုးပမ်းခဲ့ ကြကုန်ပြီ။” ဒါပေမယ်လို့ ထိုထို သံဂါယနာတင်ပွဲတို့ကို အယူသည်း ခေါင်းမာသော တစ်ယူသန်ပုဂ္ဂိုလ်ကြီးများက ကြီးစိုး လွှမ်းမိုးလျက် နေတဲ့အပြင် အမှားကို ပြင်ဆင်ရန် ထည့်ပါဌ်ကို နုတ်ပယ်ပစ်ရန် (ဝါ) ပိုဖျက် လိုစွက် ပြုလုပ်ရန် စွမ်းရည်သတ္တိ သူတို့မှာ အပြည့်အစုံမရှိခြင်းကြောင့် သူတို့၏ကြိုးပမ်းမှုများသည် စိတ်ကူးအဆင့်၌သာ စုတေခဲ့ကြရလေပြီ” ဤစကားကို တွေ့ရ၏၊
သံဂါယနာတင်ခြင်း၏ ရည်ရွယ်ချက်ကို စူဠဝါပါဠိတော်မှတ်တမ်းတွင် အဓမ္မဝါဒများ ခေါင်းမထောင်နိုင်အောင်၊ ဓမ္မဝါဒများ မတိမ်းမစောင်း ကောင်းစွာတည်တံ့အောင် ရွတ်ဆိုသံဂါယနာတင်ကြမည်ဟု ဖော်ပြခဲ့သည်။ ထိုရည်ရွယ်ချက်အတိုင်းပင် ပထမ၊ ဒုတိယ သံဂါယနာများကို တင်တော်မူခဲ့ကြသည်။ ထိုတွင် ပထမသံဂါယနာတွင် ပါဝင်ခဲ့သော ထေရ်ကြီးများကို ဒီပဝင် အခန်း (၄)၌ အောက်ပါအတိုင်း မှတ်တမ်းပြုစုထားခဲ့ကြသည်။
ဂါထာ(၇)မြတ်စွာဘုရား သာသနာတော်၌ ဓုတဝါဒီတို့တွင် အတော်ဆုံးဖြစ်သူ အရှင်မဟာကဿပသည် လည်းကောင်း၊ ဗဟုသုတပုဂ္ဂိုလ်တို့တွင် အတော်ဆုံးဖြစ်သူ အရှင်အာနန္ဒာ၊ ဝိနယအရာ၌ ပညာရှိသော အရှင်ဥပါလိသည် လည်းကောင်း၊
(ဓုတဝါဒီနမဂ္ဂေါ သော၊ ကဿပေါ ဇိနသာသနေ၊ ဗဟုဿုတာနမာနန္ဒော၊ ဝိနယေ ဥပါလိ ပဏ္ဍဘော။)
(၈) ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ အတော်ဆုံးဖြစ်သော အရှင်အနုရုဒ္ဓါ၊ ပဋိဘာန်ဉာဏ် ထူးလှသော အရှင်ဝင်္ဂီသ၊ ဓမ္မကထိကပုဂ္ဂိုလ်တို့တွင် အတော်ဆုံးဖြစ်သူ အရှင်ပုဏ္ဏ၊ ဆန်းကြယ်သော တရားစကားကို ပြောဟောတတ်သူ အရှင်ကုမာရကဿပသည် လည်းကောင်း၊
(ဒိဗ္ဗ စက္ခုမှိ အနုရုဒ္ဓေါ၊ ဝင်္ဂီသော ပဋိဘာနဝါ၊ ပုဏ္ဏော စ ဓမ္မကထိကာနံ၊ ဝိစိကြတကထကုမာရကဿပေါ။)
(၉) အကျယ်ခွဲဝေ ဖြေဆိုရာ၌ အတော်ဆုံးဖြစ်သူ အရှင်မဟာကစ္စည်း၊ ပဋိသမ္ဘိဒါအရာ၌ အတော်ဆုံးဖြစ်သူ အရှင်ကောဋ္ဌိကသည်လည်းကောင်း၊ အခြားများစွာသော ဧတဒဂ်အရာ၌ ထားခြင်းခံရသူ မထေရ်ကြီးတို့သည်လည်းကောင်း ပါရှိကြကုန်၏၊
(ဝိဘဇ္ဇမှိ ကစ္စာယနော၊ ကောဋ္ဌိကော ပဋိသမ္ဘိဒါ။ အညေပတ္တိ မဟာထေရာ၊ အဂ္ဂနိက္ခိတ္တကာ ဗဟူ။)
(၁၀) အဆိုပါ ထေရ်ကြီးများသည်လည်းကောင်း၊ သူတော်ကောင်းဖြစ်ကြသော ရဟန်းကိစ္စ ပြီးပြီးသူ အခြား ထေရ်ကြီးတို့သည်လည်းကောင်း ငါးရာသော ထိုထေရ်တို့သည် စုပေါင်းရွတ်ဆိုခြင်း ပြုအပ်သော ဓမ္မဝိနယသံဂါယနာကို ထေရဝါဒဟူ၍ ဆိုအပ်၏၊
(တေဟိ စညေဟိ ထေရေဟိ၊ ကတကိစ္စေဟိ သာဓူဟိ။ ပဉ္စသတေဟိ ထေရေဟိ၊ ဓမ္မဝိနယသင်္ဂဟော။ ထေရေဟိ ကတသင်္ဂဟော၊ ထေရဝါဒေါတိ ဝုစ္စတိ။)
ဤဒီပဝံသမှတ်တမ်းအရ ပထမသံဂါယနာတွင် ပါဝင်သော မထေရ်ကြီးတို့သည် ဦးဥက္ကဋ္ဌကဲ့သို့ အယူသည်းခေါင်းမာသူ တစ်ယူသန်များ မဟုတ်ကြပေ။ ကိလေသာမလိမ်း အပူငြိမ်းပြီးသော ထေရ်ကြီးများ ဖြစ်ကြပေသည်။ ထိုရဟန္တာထေရ်ကြီးများ အဖို့ အတ္တ အတ္တနိယ ဗြာဟ္မဏလမ်းစဉ်တွေကို ပြန်လည်အသက်သွင်း၍ ထေရဝါဒကျမ်းစာတွေထဲ ထည့်သွင်းဖို့ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားခြင်းမပြုဘဲ “နိကာယ်၏ နိကာယ်” နှာ ၆-ဗုဒ္ဓသာသနာ့သမိုင်း ခေါင်းစဉ်အောက်တွင်လည်းကောင်း၊ ဒေးဒရဲမြို့ ကွင်းကျောင်းတိုက်အတွင်း၌ စိုက်ထူထားသော ကျောက်စာတိုင်တွင်လည်းကောင်း အောက်ပါအတိုင်း မမှန်မကန် ရေးထိုးထားသည်ကို တွေ့ရပေသည်။
“ဤအချက်သည် ပထမသံဂါယနာတင်ပွဲကို ရဟန်းတော်အချို့ အာရုံပြုတော်မမူကြောင်း ထင်ရှားသည်။ အဘယ်ကြောင့်နည်း။ အတိတ် အနာဂတ်တရားစုများ အတ္တ အတ္တနိယ စသော ဝိညာဏဝါဒ ပြန်ပါလာသောကြောင့် ဤပထမသံဂါယနာ တင်ပွဲ၌ မပါဝင်ရသော ကျန်သံဃာတော်တို့က အရှင်မဟာကဿပစသော ထေရ်ကြီးတို့ သံဂါယနာတင်ရာ သတ္တပဏ္ဏိလိုဏ်ဂူ၏ အနောက် တစ်ယူဇနာအကွာ ပဏ္ဏဝလိုဏ်ဂူ၌ အပြိုင် သံဂါယနာတင်ကြပြန်သည်” ဟူ၍ မဟုတ်မမှန် လုပ်ကြံရေးသားထား လေသည်။
တရုတ်မှတ်တမ်း၌ တွေ့ရသော “ပထမသံဂါယနာ စင်ပြိုင်တင်သည်” ဟူသော အဆိုသည် ယုတ္တိမရှိကြောင်း ဤဆုံးဖြတ်ချက် တစ်နေရာ၌ စိစစ်ပြီးဖြစ်သည်။ ဒုတိယသံဂါယနာတွင် ဝိနယကို ဆန့်ကျင်ဘက်ပြုကျင့်ကြသော ရဟန်းများ၏ အဓမ္မဝါဒီ အဖော်အပေါင်းကို စုပေါင်းစည်းရုံး၍ အပြိုင်သံဂါယနာတင်ကြောင်းကိုလည်း အောက်၌ စိစစ်ပြီးဖြစ်သည်။ ယခု တတိယ သံဂါယနာနှင့် စတုတ္ထသံဂါယနာအကြောင်းကို စိစစ်ဦးအံ့။
၆၄။ ဦးဥက္ကဋ္ဌအမှူးပြု၍ ဒေးဒရဲမြို့၌ ပြုလုပ်ကျင်းပသော ပဉ္စနိကာယ ဓမ္မသာကစ္ဆာအဖွဲ့မှ ထုတ်ဝေသည့် “နိကာယ်၏ နိကာယ်” ခေါ် စာအုပ် နှာ-၉ ၌ အောက်ပါအတိုင်း ရေးသားထား၏၊
ဗုဒ္ဓဝါဒသည် အနတ္တကမ္မဝါဒ ဖြစ်၍ ဟိန္ဒူဗြဟ္မဏဝါဒသည် အတ္တကမ္မဝါဒဖြစ်သော်လည်း အနတ္တနှင့် အတ္တဟူသော အခြေခံ ခြားနားချက်ကို မျက်ကွယ်ပြုကာ ကမ္မဝါဒဟူသော တူညီသည့် ဝေါဟာရ တစ်စိတ်တစ်ဒေသကို ယူ၍ ဟိန္ဒူဗြာဟ္မဏဝါဒီ ဘုရားနှင့် ဗုဒ္ဓဝါဒီဘုရား အတူတူပင်ဟု ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ဝါဒဖြန့်ကြ၏၊ စာဏကျ စသော ဗြာဟ္မဏ ပညာရှင်ကြီးများကလည်း ဗုဒ္ဓဝါဒအတွင်းသို့ ရောနှောထည့်သွင်းကာ ဗုဒ္ဓဝါဒအတွင်းကဝင်၍ ဖျက်ဆီးကြလေသည်။
ဤတတိယသံဂါယနာ၌ အပြိုင်ဟူ၍ ထင်ထင်ရှားရှား တင်ရန် အကြောင်းမပေါ်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် အသောကမင်းကြီးက အကွဲကွဲသော သံဃာများ၏ အလိုသို့လိုက်၍ အများကြိုက်ဖြစ်စေရန် စုပေါင်းပြီး တင်လိုက်သောကြောင့် ဖြစ်သည်။
ထေရဝါဒီဂိုဏ်းသားတို့က မကျေနပ်ကြသော်လည်း မင်းအာဏာကြောင့် မဆန့်ကျင်လိုသဖြင့် လိုက်လျောခဲ့ရ၏၊ “ဤအမှား၏ ဒဏ်သည် အစဉ်အဆက် သာသနာသမိုင်းတစ်လျှောက်၌ အမွေခံခဲ့ရ၏” (ဒေးဒရဲမြို့ ကွင်းကျောင်းတိုက်အတွင်းရှိ ကျောက်စာတိုင်တွင်လည်း ဤစာပိုဒ်ကို ရေထိုးထားလေသည်။)
အထက်ပါ ဦးဥက္ကဋ္ဌ ဦးဥဇ္ဇောတိကတို့၏ အရေးအသားများသည် ဟုတ်သည်ထက်ပို၍ မိမိလိုသလို ဆွဲယူကာ ရှေး သံဂါယနာများကို အရှိန်အစော်မဲ့စေရန် စေတနာယုတ်ဖြင့် ရေးသားထားသော အရေးအသားများ ဖြစ်လေသည်။ အကြောင်းမူကား တတိယသံဂါယနာ မတင်မီကာလက ယခု ဦးဥက္ကဋ္ဌတို့ကဲ့သို့ သာသနာတော်တွင်းသို့ မိစ္ဆာဒိဋ္ဌိ အယူအမျိုးမျိုးရှိသူတို့ ဝင်ရောက်ကာ အတွင်းမှနေ၍ ဖျက်နေစေကာမူ သာသနပါလက (သာသနာစောင့်) ထေရ်ကြီးများသည် မျက်ခြေပြတ်မခံဘဲ သာသနာတော်ကို ကာကွယ်စောင့်ရှောက်တော်မူခဲ့သောကြောင့် ဖြစ်ပေသည်။
၆၅။ မှန်လှ၏- အသောကမင်းကြီး နန်းမတက်မီကနှင့် နန်းတက်ပြီးသောအချိန်ပိုင်း အတန်ကြာအောင်ပင် အပြင်မှ အယူဝါဒ အမျိုးမျိုးတို့ဖြင့် ဗုဒ္ဓသာသနာတော်ကို ပုတ်ခတ်ထိပါးနေကြသော ဗြာဟ္မဏတို့သည်လည်းကောင်း စား ဝတ် နေရေး ပြေလည်မှု မရကြ၍ အယောင်ဆောင် သင်္ကန်းဝတ် ခေါင်းရိတ်လျက် မြောက်မြားလှစွာသော ဗုဒ္ဓတပည့်သား ရဟန်းတော်များကြားတွင် တိုးဝင်နေထိုင်ကာ အတွင်းမှ ဖျက်ဆီးနေကြသော အချောင်သမား လူတန်းစား အမျိုးမျိုးသည်လည်းကောင်း အမှန်ပင် ရှိနေကြ၏၊ ထိုအကြောင်းကို မဟာဝင်ကလည်းကောင်း သမန္တပါသာဒိကခေါ် ပါရာဇိကဏ်အဋ္ဌကထာကလည်းကောင်း မကွယ် မဝှက် ပွင့်လင်းစွာ ရေးသားထားခဲ့ကြ၏၊
ယင်းသို့ အပြင်ရောအတွင်းပါ အဖျက်အဆီး အနှောင့်အယှက်တွေ ရှိနေကြသော်လည်း ရဟန်းတော်တို့သည် အမှုမဲ့ အမှတ်မဲ့ နေကြသည် မဟုတ်၊ ဘယ်သင်းက အစစ် ဘယ်ဟာက အတုဟု ကောင်းကောင်းကြီး သိတော်မူခဲ့ကြ၏၊ သံဃာအများ ဥပုသ်ပြုမည် ကြံလျှင် သံဃာတုတွေက ဥပုသ်အိမ် သိမ်အတွင်း ရောက်နှင့်နေကြ၏၊ ကံကြီးကံငယ်တစ်ခုခုပြုမည် ကြံလျှင် သူတို့အရင်သိ၍ နေရာယူနှင့်ကြ၏၊ သံဃာတော်များသည် အခြေမလှပုံကို သိသောကြောင့် အန္တရာယ် ၁၀-ပါးတွင် ဗြဟ္မစရိယ၏ အန္တရာယ်ကို မြင်တော်မူသဖြင့် ဥပုသ်မပြုဘဲ ပဝါရဏာမပြုဘဲပင် ခုနစ်နှစ်တိုင်တိုင် နေတော်မူခဲ့ကြ၏၊ ဤသို့ သတိသမ္ပဇဉ် ရှိကြသော ရဟန်းတော် သံဃာတော်များသည် ဗြာဟ္မဏဝါဒ မိစ္ဆာအယူတို့ကို အဘယ်မှာလျှင် အရောအနှော ခံကြမည်နည်း။ သတိသမ္ပဇဉ် ကြီးမားတော်မူလှ၍ သာသနာတော်ကို အသက်နှင့်ထပ်တူ မြတ်နိုးတော်မူကြသော သံဃာ့ထေရ် အရိယာပုဂ္ဂိုလ်ကြီးများ အထင်အရှား ရှိတော်မူကြသည်။ နောင်အခါ အသောကမင်းတရားကြီးသည် အခြေအနေအရပ်ရပ်ကို သိတော်မူ၍ ဝိဘဇ္ဇဝါဒနှင့် အညာတိတ္ထိယဝါဒ ကွဲပြားခြားနားအောင် သင်ကြားလေ့လာကာ သာသနာတော်ကို သန့်ရှင်းအောင် အပန်းတကြီး အားထုတ်တော်မူခဲ့ရသည် မဟုတ်လော။
၆၆။ ဘိုးတော် စန္ဒဂုတ်မင်းကြီးလက်ထက်၌ တိုင်းပြုပြည်ပြု ဘုရင့်အတိုင်ပင်ခံဖြစ်သော စာဏကျအမတ်ကြီးသည် ကောဋိလျ အမည်ဖြင့် အတ္ထသတ္ထနိုင်ငံ အုပ်ချုပ်ပုံ ကျမ်းကြီးတစ်စောင် Kautilya’s Arthasastra ကို ရေးသားခဲ့သည်။ မှန်၏-ယင်းကျမ်း ၏ အဓျာယ အခန်း(၂)၌ သမဏ၊ ပရိဗ္ဗာဇက (ဗုဒ္ဓဝါဒီ ရဟန်းနှင့် အခြားရဟန်း) များအကြောင်းကို ရေးသားခဲ့သည်။ အဓိပ္ပာယ်မှာ အဆိုပါ သမဏ ပရိဗ္ဗာဇကတို့ အဘယ်ကိစ္စမှာ ပါဝင်သင့် အဘယ်နေရာ၌ မပါဝင်သင့် စသည်ဖြင့် ကဏ္ဍ ခွဲခြားချက်မျိုးမျှသာ ဖြစ်၏၊ ဘာသာရေးစည်းနှင့် နိုင်ငံရေးစည်း ခြားပေးခြင်းသာ ဖြစ်သည်။ အမှန်မှာ (မနုဿတိ) ကဲ့သို့သော ဝေဒ၏ အခြံအရံကျမ်းများ ခေတ်မမီတော့၍ မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက် ယောအတွင်းဝန်မင်းကြီး စီရင်သော ရာဇဓမ္မသင်္ဂဟကျမ်းကဲ့သို့ ခေတ်နှင့်လျော်အောင် နိုင်ငံကို ပြင်ဆင်ရေးကျမ်းကြီးတစ်စောင် ပြုခဲ့ပေသည်။ သာသနာတော်အတွင်းသို့ ဝင်ရောက်နှောင့်ယှက်ကြောင်း အထောက်အထား ဘာမျှမတွေ့ရသောကြောင့် “Everything is not given for that matter.” ဒီအချက်ကို ထောက်ခံသည့် သက်သေမရ ဟူ၍ E.J.Thomas ဆိုသလို ဆိုရမည်သာ ဖြစ်၏၊
၆၇။ “အသောကမင်းကြီးသည် အကွဲကွဲသောသံဃာများ၏ အလိုသို့လိုက်၍ အများအကြိုက်ဖြစ်စေရန် စုပေါင်းပြီး တင်လိုက်သောကြောင့် ဖြစ်သည်” ဤကား ဦးဥက္ကဋ္ဌနှင့် တပည့်သာဝကတို့ အကြိမ်ကြိမ်ရေးသား စော်ကားနေကြသော စကားဖြစ်သည်။ (နိကာယ်၏ နိကာယ် နှာ-၉၊ ဗုဒ္ဓသာသနသမိုင်းစာစောင် အကျဉ်း နှာ-၁၄၊ ဒေးဒရဲမြို့ ကွင်းကျောင်းတိုင်အတွင်း စိုက်ထူထားသော ကျောက်တိုင်ရှိ အနောက်ဖက်မျက်နှာမှ စာ)
အသောကမင်းကြီးသည် အများအကြိုက် ဖြစ်စေရန် ယခုကဲ့သို့ စုပေါင်းတင်လိုက်သော အကြောင်းအရာကို သာသနာတော် ကျမ်းများတွင်လည်းကောင်း၊ ကျောက်စာနှင့်တကွ လောကီမှတ်တမ်းစာအုပ်များ၌ လည်းကောင်း ယနေ့အထိ မတွေ့ရ။ ပညာရှိတို့ သဘောလက္ခဏာကား ထူးခြားသောအကြောင်းအရာ ကွဲလွဲသောအချက်ရှိလျှင် ခိုင်လုံသောအကိုးအကား အထောက်အထားပြ၍ ရေးသားမြဲဖြစ်သည်။ ဦးဥက္ကဋ္ဌတို့၏ နိကာယ်၏ နိကာယ်စာအုပ်၊ ဤသာသနာသမိုင်းစာတမ်းတို့ကား အကိုးအကား မဖော်ပြ၊ ငါ့စကား နွားရ၊ ကြမ်းပိုးကို လိပ်ဖြစ်အောင် စကားနိုင်လု ပြောရသော စကားရည်လုပွဲမျိုးကဲ့သို့သာ ဖြစ်၏၊ တစ်နည်း အရူးအနှမ်း ပြောသော စကားကဲ့သို့သာ ရှိပေတော့၏၊
၆၈။ တစ်ဖန်လည်း “ထေရဝါဒီဂိုဏ်းသားတို့ မကျေနပ်ကြသော်လည်း မင်းအာဏာကြောင့် မဆန့်ကျင်လိုသဖြင့် လိုက်လျောခဲ့ရ၏၊ ဤအမှား၏ဒဏ်သည် သာသနာသမိုင်းတစ်လျှောက်၌ အမွေခံခဲ့ရ၏” ဟု ဆိုလိုက်သေးသည်။
အရှင်မောဂ္ဂလိပုတ္တတိဿ ကဲ့သို့သော ရဟန္တာကြီးများကို စော်ကားလိုက်သော စကားသည်သာ ဖြစ်၏၊ ဓမ္မမဟုတ်သည်ကို ဓမ္မဟု ဆိုမည့်အစား အသေခံသွားမည့် အရိယာများ ဖြစ်၏၊ မင်းအာဏာကို ကြောက်သောကြောင့် မင်းနှင့် ဆန့်ကျင်ရမှာ စိုး၍ ထိုအရိယာပုဂ္ဂိုလ်ကြီးများသည် မတော်မတရား ကျောက်အရောရော သဲအရောရော သံဂါယနာ တင်ဖြစ်ခဲ့ကြသည်ဟု ဆိုရက် ဆိုဝံ့သည်မှာ အလွန်အံ့ဩစရာ ကောင်းလှ၏၊ သံဂါယနာကိစ္စသည် ရဟန်းတော် သံဃာတော်တို့၏ အလုပ်ဖြစ်သည်။ မင်းနှင့် မည်သို့မျှ မဆိုင်။ မင်း၏အထောက်အပံ့ကို ရယူခြင်းကား နေရာထိုင်ခင်း ဆွမ်းကွမ်းနှင့်တကွ လုံခြုံရေး စသော အပြင်အပကိစ္စအတွက်သာ ဖြစ်၏၊ ဓမ္မ ဟုတ်သည် မဟုတ်သည်ကို စိစစ်၍ ဤကား ဓမ္မ၊ ဤကား ဝိနယဟု ဓမ္မဝိနယတို့ကို စိစစ်ပြီးမှ ပေါင်းစုရွတ်ခြင်း သံဂါယနာတင်ခြင်းသည် သံဃာတော်တို့၏ကိစ္စ ဖြစ်သည်။ တင်ပြီးနောက်လည်း ထိုခေတ် ထိုအခါ၌ ပေါ်ပေါက်၍နေသော ဓမ္မရေးရာ အရှုပ်အထွေးတို့ကို နောင်လာနောက်သားများအတွက် ကထာဝတ္ထုကျမ်းကြီးကို ဟောထားတော်မူခဲ့သည်။ ဤကျမ်း၌ပေးသော အဆုံးအဖြတ်တို့မှာလည်း ဗုဒ္ဓစကားတော်ကို ကိုယ်ထည်ပြု၍ ဗုဒ္ဓပေးတော်မူခဲ့သည့် နည်းလမ်းအတိုင်းသာ ဖြစ်ပေသည်။ ထို့ကြောင့် အဘိဓမ္မာခုနစ်ကျမ်းတွင် တစ်ကျမ်းအဖြစ် စာရင်းတင်တော်မူခဲ့ခြင်း ဖြစ်သည်။ ဤဆောင်ရွက်တော်မူချက်မှ ဖြစ်ပွားလာသော အသီးအပွင့်တို့ကို ယနေ့တိုင်အောင် တောင်ပိုင်း ထေရဝါဒသာသနာ မှာသာမက မြောက်ပိုင်း မဟာယာနသာသနာမှာလည်း ခံစားစံစားလျက်ပင် ရှိကြပေသည်။ ပြဿနာတစ်ရပ်ရပ်ကို ကထာဝတ္ထု အဆိုနှင့် ညှိ၍ ဆုံးဖြတ်ကြရပေသည်။ သို့ကလောက် ကြီးကျယ်သော ကောင်းမွေကြီးကို ဆိုးမွေကြီး ဖြစ်လေဟန်-
“ဤအမှား၏ ဒဏ်သည် အစဉ်အဆက် သာသနာ့သမိုင်းတစ်လျှောက်၌ အမွေခံခဲ့ရ၏”-
ဟု ဆိုခဲ့ကြ၏၊ ဤအဆိုသည် လူတို့၏ ဉာဏ်မျက်စိထဲသို့ သံသယနှင့် အမှားတည်းဟူသော သဲကို ပက်လိုက်ခြင်းသာ ဖြစ်၏၊ ပညာရှိတို့၏ အလယ်၌ အလွန်ရှက်ဖွယ် ကောင်းလေစွ။
၆၉။ ထို့ပြင် သီဟိုဠ်ကျွန်းသာသနာကိုလည်း ဂုဏ်သိန် ပျက်စေလိုသောကြောင့် တတိယသံဂါယနာတင်၏ အမှားကို သီဟိုဠ်ကျွန်းက ဆက်၍ခံယူပုံ၊ အိန္ဒိယမှ သီဟိုဠ်ကျွန်းသို့ ဂိုဏ်းအမျိုးမျိုး ဝင်ရောက်လာသဖြင့် ပိုမိုရှုပ်ထွေး၍ သွားပုံ၊ ကျွန်းသား ရဟန်းတော်များ၏ လက်ချက်ကြောင့် ယက်ချည်ထက် ချုပ်ချည်က များနေပုံ စသည်ဖြင့် ဟုတ်သည်ထက် အဆမတန် ပိုမို ချဲ့ကား၍ မြန်မာနိုင်ငံသာသနာထိ ဂုဏ်ပျက် သရေပျက် ဖျက်ဆီးလျက် ဆိုခဲ့ကြသည်မှာ-
“သီဟိုဠ်သို့ ရောက်လာသော ပိဋကတ်သည် တတိယသံဂါယနာမှ အတည်ပြုခဲ့သော ဒေသနာများပင် ဖြစ်ရာ မူလကပင် ဂိုဏ်းအမျိုးမျိုးတို့၏ အဆိုအမိန့်များ အယူအဆများ ရောထွေးယှက်တင် ပါဝင်လျက် ရှိနေ၊ နောက်ထပ် ပိဋကတ်ဆောင် စာပေပညာရှင်တို့၏ အဖွင့် သံဝဏ္ဏနာ၊ အဋ္ဌကထာ၊ ဋီကာ စသည်တို့က ထပ်လောင်း၍ ကွန့်လိုက်ကြပြန်သဖြင့် ပို၍ပင် ရောထွေးကာ ဗုဒ္ဓ၏ အနတ္တဓမ္မများ မှေးမှိန်ခဲ့ရပြန်သည်” ဟု နိကာယ်၏ နိကာယ် နှာ(၁၀)၌ လည်းကောင်း၊ ဗုဒ္ဓသာသနာသမိုင်း နှာ(၁၆)၌ လည်းကောင်း ဦးဥက္ကဋ္ဌကိုယ်တိုင်နှင့်တကွ အခြားနောက်လိုက်တို့၏ ပဉ္စနိကာယဓမ္မသာကစ္ဆာအဖွဲ့ဝင် စသူတို့ (သွားပုပ်လေလွင့်) ဆိုခဲ့ကြသည်။ ဤနေရာ၌ သီဟိုဠ်ကျွန်းသား သာသနာစောင့် သာသနာပြု ရှေးဆရာတော်ကြီးများ၏ ဗုဒ္ဓ သာသနာတော်ကို အသက်ပမာ မြတ်နိုးကာကွယ် စောင့်ရှောက်ခဲ့ကြပုံကို အကျဉ်းမျှ ပြလိုပေသည်။
၇၀။ ဘီစီ ၅၀ မှ ၄၃-အထိ ဗြာဟ္မဏတိဿခိုးသူကြီးဟု သမိုင်းတွင် ထင်ကျန်ရစ်ခဲ့သော ဗြာဟ္မဏအမျိုးသား တိဿ သူပုန်ကြီးကြောင့် သီဟိုဠ်တစ်ကျွန်းလုံး မင်းနှင့်ပြည်သူ ရှင်လူအများတို့ အလွန်အတိဒုက္ခရောက်၍ ဖရိုဖရဲဖြစ်နေကြစဉ် အိန္ဒိယ တောင်ပိုင်းမှ တမိလ်လူမျိုး သူပုန်ခေါင်းဆောင် ခုနစ်ဦးတို့လည်း သီဟိုဠ်ကျွန်းသို့ ဝင်ရောက်တိုက်ခိုက် လုယက် သတ်ဖြတ်၍ နေစဉ် မိုးခေါင်ရေရှားခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဟူသော ဘေးရန်ကြီးကလည်း ဆယ့်နှစ်နှစ်ကြာမျှ ဆက်လျက်ပင် ကျရောက်လျက် ရှိနေသော အချိန်အခါဖြစ်သည်။ ထိုအချိန်သည် တိုင်းပြည်ကို အုပ်ချုပ်လျက်နေသော ဝဋ္ဋဂါမဏိမင်းပင် ရင်မဆိုင်ရဲ လောက်အောင် အင်အားနည်းပါးနေသည်ဖြစ်၍ ရှောင်ပုန်းနေသော အချိန်အခါလည်း ဖြစ်သည်။ သမ္မောဟဝိနောဒနီအဋ္ဌကထာ အဆိုအရ သိကြားမင်းကပင်-
“မဟာ ဘန္တေ ဥပ္ပန္နေ စောရော န သက္ကာ ပဋိဗာဟိတုံ၊ သံဃော ပရသမုဒ္ဒံ ဂစ္ဆတု၊ အဟံ သမုဒ္ဒါရက္ခံ ကရိဿာမိ” (အဘိ၊ဋ္ဌ၊၂၊၄၂၇။)
အရှင်ဘုရားတို့ ယခုဖြစ်ပေါ်နေသော ခိုးသားသူပုန်ကို တပည့်တော် မတားဆီးနိုင်ပါ။ သံဃာတော်များ သမုဒ္ဒရာတစ်ဘက် အိန္ဒိယသို့ ကြွတော်မူကြပါ။ တပည့်တော်က သမုဒ္ဒရာအတွင်းမှာ ဘေးမသီ ရန်မခအောင် စောင့်ရှောက်ပါမည်” ဟု လျှောက်ထားရပေသည်။ ဤမျှလောက် တိုင်းသူပြည်သားလူအများတို့ ကံဆိုးမိုးမှောင်ကျလျက်ရှိစဉ် သာသနာတော်သည်လည်း ထောက်ပံ့မည့်သူ ကူညီမည့်ဒါယကာမရှိ၍ အလွန်မျက်နှာပန်းမလှ အောက်တန်းကျသောအခြေအနေသို့ ရောက်၍နေဆဲဖြစ်သော အခါကြီးပင်။ သာသနပါလက (သာသနာစောင့်) မထေရ်ကြီးများ၏ အမြော်အမြင်ကြီးစွာဖြင့် စောင့်ရှောက်ပုံကို ရှုပါလော့။
၇၁။ သောင်းနှစ်ထောင်ခန့် သံဃာတော်တို့သည် အိန္ဒိယဘက်သို့ ကူးသွား၍ ရေကြည်ရာ ဝမ်းပြည့်ရာအရပ်၌ လျော်သလို နေကြရစဉ် ကျန်ခဲ့သော ခြောက်ကျိပ်မျှသောရဟန်းတော်တို့သည် ငါတို့ အသက်နှင့်ကိုယ်တည်မြဲသမျှ ငါတို့ဆောင်၍ထားသော အဋ္ဌကထာဋီကာနှင့်တကွ ပါဠိတော်များကို တစ်လုံးတစ်လျှေ အကျအပေါက် အယိုအဖိတ် မရှိရအောင် အစွမ်းကုန် စောင့်ထိန်း ကြမည်ဟု သန္နိဋ္ဌာန် ခိုင်ခိုင်ချလျက် ရသမျှသော အသီး၊ အခေါက်၊ အရွက်တည်းဟူသော အာဟာရဖြင့် မျှတတော်မူလျက် ထိုင်နိုင်သောအချိန်အခါ ထိုင်၍လည်းကောင်း၊ မထိုင်နိုင်လောက်အောင် ပင်ပန်းလာသောအခါ အိပ်၍လည်းကောင်း ဤပိဋကတ် စာပေများကို အစမှအဆုံး အဆုံးမှအစ ခေါက်တုံ့ခေါက်ပြန် အဖန်ဖန်အထပ်ထပ် စိတ်မှတ်ဖြင့်ပင် ပြန်လှန်သုံးသပ်တော်မူ ကြရသည်။ တစ်ခါတစ်ရံတွင် လူတို့က မယ်ဇယ်သီးအဆံများကို ချွတ်၍ အခွံကိုပစ်သွားကြရာ ထိုအခွံကိုပင် အကပ်ခံ၍ ရေစိမ် ကာ ဘုဉ်းပေးတော်မူကြရသည်။
ကုမုဒြာကြာပန်းတွေကို ခူးဆွတ်ကြ၍ ကြာစွယ်ကြာရင်းများကို လူတို့ စွန့်ပစ်ခဲ့ကြရာတွင်လည်း အကပ်ခံ ဆေးကြော၍ သပိတ်ထဲထည့်ကာ ဘုဉ်းပေးတော်မူကြရသည်။ ရွတ်အံသရဇ္ဈယ်တော်မူနေကြသော ရဟန်းတော်များအား ဆက်ကပ်ကာ မျှတ စေကြရသည်။ ချင်ရွေးပင် တောငှက်ပျောပင် အခွံအခေါက်များကို ဘုဉ်းပေးတော်မူကြရသည်။ ဤကဲ့သို့ ခန္ဓာကမ္မဇရုပ်ကို မပျက်မစီးစေရန် တစ်ဘက်မှ ထိန်းလျက် ပိဋကတ်တော်များကို မေ့လျော့ပျောက်ပျက်၍ မသွားစေရန် စောင့်ထိန်းတော်မူခဲ့ကြရလေသည်။ အနုရာဓမြို့တော်၌ရှိသော ကျောင်းအဆောက်အအုံများသည်လည်း ကျီးနှင့်ဖုတ်ဖုတ် ရှိနေတော့ရာ အစာရေစာ ရနိုင်သော နေရာသို့ လူများပြောင်းရွှေ့သွားကြသောအခါ ရဟန်းတော်များသည်လည်း ထိုကျောင်းတော်ကြီးများကို စွန့်ပစ်ကာ လူတို့ပြောင်းရွှေ့ရာ တောင်ပေါ်ဒေသများသို့ လိုက်ပါပြောင်းရွှေ့ကြရသည်။ နေ့ဘက်တွင် အရိပ်ကောင်းသော နေရာများ၌ နေခို၍ ညဘက်တွင် သဲသောင်ကမ်းခြေများ၌ ဆာလောင်မွတ်သိပ်ခြင်းဒဏ်ကို အအေးဓာတ်ဖြင့် ဖြေဖျောက်၍ အောင့်အည်း သည်းခံကာ နေတော်မူခဲ့ကြသည်။ မြင့်မြတ်သော နှလုံးသွင်းအားလျော်စွာ စာပေများမပျောက်ရေးကို မည်မျှအရေးပေးတော်မူခဲ့ကြသည်ကို တွေး၍ ကြည့်လျှင် အလွယ်နှင့်ပင် သိနိုင်လောက်ပေသည်။
၇၂။ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် လူရောရဟန်းပါ သေဆုံးကွယ်လွန်ကြသည့်အနက် ကိုယ့်တာဝန်နှင့်ကိုယ် ပိဋကတ်ကို ဆောင်တော်မူခဲ့ကြသော မထေရ်ကြီးများ အမြောက်အမြားပင် ကွယ်လွန်ရာတွင် ပါတော်မူသွားကြလေသည်။ ၁၂-နှစ် ကြာသောအခါ ဘီစီ ၂၉-မှ ၁၇-အထိ ဝဋ္ဋဂါမဏိမင်းသည် ငတ်မွတ်ခေါင်းပါးခြင်းဘေးအပြီး မိုးလေဝသ ရာသီဥတုများ ပြန်လည်ကောင်းမွန်လာ၍ သီဟိုဠ်ကျွန်းကြီး တစ်ကျွန်းလုံးကို ပြန်လည်ပြုပြင်ရေးလုပ်ငန်း လုပ်ဆောင်ချိန်ကျရောက်လာသဖြင့် ထီးနန်းကို ပြန်ယူကာ လူမျိုးနှင့် သာသနာကယ်တင်ခြင်းတာဝန်ကို ပြည့်စုံစွာ ခံယူလေသည်။
မဟာဝံသကျမ်း၌ တမိလ်လူမျိုး သူပုန်ကြီးများ ဝင်ရောက်တိုက်ခိုက်ခြင်းကို ကမ္ပည်းမတင်ခဲ့သော်လည်း ဗြာဟ္မဏတိဿ ခိုးသူကြီးကို ယင်းတမိလ်သူပုန်များကပင် သတ်ဖြတ်လိုက်ကြောင်း အခြားသီဟိုဠ်သမိုင်းများအရ သိရသည်။ တမိလ်သူပုန် တစ်ယောက်က ဝဋ္ဋဂါမဏိဘုရင်၏မိဖုရားကြီး သောမာဒေဝီကို သယ်ဆောင်၍ပြေးလေသည်။ အခြားတစ်ဦးက မြတ်စွာဘုရား၏ သပိတ်တော်ကို ယူ၍ ကျေနပ်စွာ ပြည်တော်ပြန်လေသည်။ ဝဋ္ဋဂါမဏိမင်း ထွက်ပြေးတိမ်းရှောင်နေစဉ် ကျန် တမိလ်ငါးယောက် တို့သည် သီဟိုဠ်ထီးနန်းကို ဆက်ကာဆက်ကာ ခံယူအုပ်စိုးကြသည်။ တစ်ဦးကိုတစ်ဦးသတ်၍ နောက်ဆုံး ပဉ္စမမြောက် တမိလ် သူပုန်ကြီး ကျန်ရှိသောအခါ ယင်းကို ဝဋ္ဋဂါမဏိမင်းက သုတ်သင်ဖျောက်ဖျက်၍ တစ်နိုင်ငံလုံးကို မိမိအာဏာအောက်သို့ သိမ်းသွင်းယူလိုက်လေသည်။
၇၃။ အခြေအနေများကား တဖြည်းဖြည်း ပြန်လည်ကောင်းမွန်စ ပြုလာပြီဖြစ်၍ ဝဋ္ဋဂါမဏိအဘယမင်းသည် တိုင်းပြည်နှင့် သာသနာတော်ကို ထိုက်သလောက် ပြုပြင်ချီးမြှောက်လေသည်။ အိန္ဒိယပြည်မှ ပြန်လာသော ရဟန်းတော်များသည်လည်း မိမိတို့၏ သာသနာရေးလုပ်ငန်း တာဝန်များကို အသီးအသီး ဆက်လက်ဆောင်ရွက်နေကြပေသည်။ ထိုအကြောင်းကို ကြားသိရသောအခါ အဆိုပါ ခြောက်ကျိပ်သော ရဟန်းတော်တို့သည် နေပြည်တော်သို့ ပြန်လာကြ၍ မိမိတို့ဆောင်ထားသော ပိဋကတ်ကို အိန္ဒိယပြန် ရဟန်းတော်များနှင့် နှီးနှောတိုက်ဆိုင်၍ ကြည့်ကြလေရာ တစ်လုံးတစ်ပါဒမျှ တိမ်းယိမ်းဖောက်ပြန်ခြင်းမရှိ၊ ပကတိအတိုင်း ညီညွတ်၍ နေသည်ကို တွေ့ကြရသဖြင့် ဝမ်းမြောက်ကြည်နူးမှုကား နှိုင်းယှဉ်တိုင်းတာစရာပင် မရတော့ပါချေ။
၇၄။ သို့ရာတွင် ပါရာဇိကဏ်အဋ္ဌကထာ၌ မှတ်တမ်းတင်ထားသော အဖြစ်အပျက်ကလေး တစ်ခုသည်ကား သာသနာ သမိုင်းတွင် တင်လျက် ကျန်ရှိနေပေသည်။ မဟာတိဿထေရ်က မဟာရက္ခိတထေရ်ကို ငါ့ရှင် ဤမည်သော ရဟန်းထံမှာ မဟာနိဒ္ဒေကို သွား၍ သင်ပါလေ။ သင်ကား မှတ်ဉာဏ် အလွန်ကောင်းသောသူ ဖြစ်ပေသည်။ မဟာနိဒ္ဒေကို ဆောင်ထားသော မထေရ်ကြီးများသည် ဘေးဆိုးကြီးများတွင် လွန်တော်မူခဲ့ကြသဖြင့် ပျောက်လုနီးပါးဖြစ်နေသော ထိုမဟာနိဒ္ဒေကို သင် တာဝန် ယူပါချေဟု ဆိုကာ တိုက်တွန်းလေသည်။ တပည့်တော် မသွားလိုပါ။ မသင်ယူလိုပါ။ ထိုမထေရ်သည် သီလမရှိ၊ ယုတ်မာ သော ထေရ် ဖြစ်ပါသတဲ့- ဟူ၍ ပြန်လည်လျှောက်ထားသောအခါ ငါ့ရှင် သင်သွား၍သာ သင်ယူလော့။ သင်၏အနီး၌ ငါ ထိုင်၍နေမည်ဟုဆိုမှ မဟာဓမ္မရက္ခိတထေရ်သည် ထိုမထေရ်ထံ သွား၍သင်ယူလေသည်။ နေ့ရောညပါ သင်ယူပြီးသည် အဆုံး၌ ခုတင်ညောင်စောင်းအောက်မှ မာတုဂါမတစ်ယောက် ထွက်လာသည်ကို မြင်သောအခါ ဤအကြောင်းကြောင့်ပင် တပည့်တော် ဤမထေရ်ထံ၌ မသင်ယူလိုခဲ့ခြင်း ဖြစ်ပါသည် ဘုရားဟု ပြန်၍ လျှောက်လေသည်။ မည်သို့ရှိစေ ထို မဟာဓမ္မရက္ခိတထေရ်၏ အားထုတ်မှုကြောင့် မဟာနိဒ္ဒေသကျမ်းကြီး မပျောက်မပျက်ဘဲ အသက်ဝင်၍ နေသဖြင့် ထို မဟာဓမ္မရက္ခိတထေရ်မှ များစွာသော ထေရ်ကြီးတို့သည် ဆက်လက်သင်ယူကာ ယင်းမဟာနိဒ္ဒေသကို စဉ်ဆက်မပြတ် ဆောင်ထားတော်မူနိုင်ကြပေသည်။ (ဝိ၊ဋ္ဌ၊၂၊၂၇၄။)
သီဟိုဠ်ကျွန်းတွင် အက္ခရာစာတင်၍ ရေးခြင်းနှင့်
စတုတ္ထ သံဂါယနာတင်ခြင်း
၇၅။ ယင်းသို့လျှင် ကြောက်မက်ဖွယ်ကောင်းသော ဘေးဆိုးကြီး ကြုံကြိုက်လိုက်ရသဖြင့် သာသနာစောင့် ထေရ်ကြီးများသည် “ဤနည်းအတိုင်း နှုတ်လွတ်ဆောင်ရုံမျှဖြင့် သာသနာ ကြာရှည်တည်မည် မဟုတ်။ ပေထက် အက္ခရာတင်၍ထားမှ ကြာရှည် လေးမြင့် တည်တော့မည်” ဤသို့ စဉ်းစားတော်မူကြသည်။ ဤအကြောင်းကို မဟာဝံသ အခန်း ၃၃၊ ဂါထာနံပါတ် ၁၀၀-၁ ၌ လည်းကောင်း၊ ဒီပဝံသ အခန်း ၂၀၊ ဂါထာ ၂၀-မှ ၂၁-၌လည်းကောင်း ဤသို့ မိန့်ဆိုထားလေသည်။
ပိဋကတ္တယပါဠိံ စ၊ တဿ အဋ္ဌကထမ္ပိ စ။
မုခပါဌေန အာနေသုံ၊ ပုဗ္ဗေ ဘိက္ခု မဟာမတီ။
ဟာနိံ ဒိသွာန သတ္တာနံ၊ တဒါ ဘိက္ခူ သမာဂတာ။
စိရဋ္ဌိတတ္ထံ ဓမ္မဿ၊ ပေါတ္ထကေသု လိခါပယုံ။
မြန်မာပြန်
ကြီးမားသော ပညာရှိသော ရဟန်းတော်တို့သည် ရှေးအခါက ပိဋကသုံးပုံနှင့်အဋ္ဌကထာကို နှုတ်မှရွတ်ဆိုခြင်းဖြင့် ဆောင်ခဲ့ကြကုန်ပြီ။ ထိုအခါ၌ စည်းဝေး ရောက်လာကြသောရဟန်းတို့သည် သတ္တဝါတို့၏ဆုတ်ယုတ်ခြင်းကို မြင်တော်မူကြ၍ သာသနာတော် ကြာရှည်လေးမြင့် တည်တံ့စေရန် ပေတို့၌ ရေးတင်စေတော်မူကြကုန်ပြီ။
၇၆။ ဤနေရာ၌ သီဟိုဠ်ကျွန်း ဗုဒ္ဓဓမ္မရှေးဦးသမိုင်း Early History of Buddhism in Ceylon ၌ အဓိကာရမ်က ပိဋကတ်ကို စတင်၍ ရေးသားခြင်း၏ အကြောင်းများကို အောက်ပါအတိုင်း စာရင်းချ၍ ပြသည်။
(၁) သီဟိုဠ်ကျွန်းသည် ဗုဒ္ဓဘာသာ မဟုတ်သော နိုင်ငံခြားသားတို့၏ မပြတ်မလပ် တိုက်ခိုက်ခြင်း၊ ဘေးရန်ခံနေရခြင်း၊ ယင်းတို့ အောင်မြင်မှုရသောအခါ ထိုအချိန်သည် ဗုဒ္ဓဓမ္မအတွက် အမှောင်ထု ကျရောက်သော အချိန်အခါဖြစ်ခြင်း၊ ထိုသည့်အခါမျိုး၌ မဟာဝိဟာရစသော စာပေသင်ရာ ဗဟိုဌာနကြီးများကိုပင် စွန့်ပစ်၍ ထားရခြင်း၊ ယင်းသို့ စွန့်ပစ်၍ ထားရသဖြင့် ဆရာနှင့် တပည့်ကို အဆက်ပြတ်သွားနိုင်ခြင်း။
(၂) ဗြာဟ္မဏတိဿဘေးရန်နှင့် ငတ်မွတ်ခေါင်းပါးခြင်း ဘေးရန်က နှုတ်လွတ်ဆောင်ခဲ့သည့် အစဉ်အလာကို အန္တရာယ်ရှိကြောင်း သတိပေးသကဲ့သို့ ရှိနေခြင်း၊ ယင်းသို့ အခက်အခဲ အကျပ်အတည်းကြုံရာအခါမျိုး၌ ပါဠိအဋ္ဌကထာများကို ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်းနှင့် ဆောင်ထားကြရသည်ကို ကိုယ်တွေ့ တွေ့ကြုံလာခြင်း။
(၃) အချိန်ကာလ ကြာညောင်းလာသောအခါ ဘာသာရေးစိတ်ဓာတ် မကိန်းအောင်းသူ တာဝန်မဲ့ ပုဂ္ဂိုလ်များ သာသနာတော်အတွင်းသို့ ဝင်လာကြ၍ ပိဋကတ်တော်များကို တပည့်စဉ်ဆက် လွှဲပြောင်းပေးရန် စိတ်ဝင်စားမှု နည်းပါးလာခြင်း။
၇၇။ အထက်အဆိုပါ အကြောင်းများကြောင့် ရဟန်းတော်များသည် အလယ်ပိုင်းပြည်နယ် အနုရာဓမြို့မှ ဝေးကွာသော မာတလေ့အရပ်၏ အနီးအနား တစ်နေရာဖြစ်သော အာလောကဝိဟာရ၌ ပိဋကတ်များကို ပေပေါ်၌တင်၍ ရေးသားရန် ဆုံးဖြတ် တော်မူကြသည်။ ဤနေရာ၌ သာသနာတော်အတွက် ကံဆိုးသည်ဟု ဆိုနိုင်သော အချက်တစ်ချက်မှာ အုပ်ချုပ်သူဘုရင်၏ စိတ်ပါလက်ပါ အားပေးခြင်းကို မခံရမှုပင်တည်း။ ထင်ရှားစေဦးအံ့-အခက်အခဲ အကျပ်အတည်းမှ လွတ်မြောက်၍ ထီးနန်းကို ပြန်၍ရလာသော ဝဋ္ဋဂါမဏိအဘယမင်းသည် မိမိ ပြေးလွှားပုန်းအောင်းနေစဉ်အခါ၌ မိမိအား ကူညီစောင့်ရှောက်ခဲ့သော ကုပိဂ္ဂလဝိဟာရနေ မဟာတိဿထေရ်အားလည်းကောင်း၊ ဟမ္ဗုဂလ္လကဝိဟာရနေ တိဿထေရ်အားလည်းကောင်း ကျေးဇူးဆပ်သော အနေအားဖြင့် ဂျိန်းဘာသာဝင် ဂိရိဆိုသူ၏ကျောင်းကို ဖျက်၍ ထိုနေရာ၌ အဘယဂိရိဝိဟာရမည်သော ကျောင်းတိုက်ကြီး တစ်ခုကို ဆောက်လုပ်၍ မဟာတိဿထေရ်အား တင်လှူလေသည်။ (ထိုအချိန်ကား ခရစ်မပေါ်မီ ၂၉-နှစ်ခန့်ဟု မဟာဝံသအလို ခန့်မှန်းရပေသည်) ဝဋ္ဋဂါမဏိမင်း၏ အခြားအမတ်ကြီးများကလည်း အခြားကျောင်းများကို ဆောက်လုပ်၍ တိဿထေရ်အား တင်လှူကြသည်။ ထိုစဉ်တွင် မဟာတိဿထေရ်သည် ဝိနည်းကို အလေးပြုသင့်သလောက် မပြု၊ လူတို့နှင့် ဆက်ဆံခြင်းများ ရွာအဝင်အထွက်များမှုကြောင့် မဟာဝိဟာရဝါသီရဟန်းများက ၎င်းအား နှင်ထုတ်လိုက်လေသည်။ သို့သော် မဟာဝိဟာရကျောင်းတိုက်နှင့် အဘယဂိရိဝိဟာရ ကျောင်းတိုက်ကြီး နှစ်တိုက်သည် ထိုအချိန်တွင် ဝါဒရေးရာအားဖြင့် ကွဲပြားမှု မရှိသေးပေ။
သီဟိုဠ်ကျွန်း၌ ဓမ္မရုစိဂိုဏ်းနှင့် သာဂလိယဂိုဏ်း ဖြစ်ပေါ်လာပုံ
၇၈။ ဓမ္မရုစိဂိုဏ်းသည် ဝဋ္ဋဂါမဏိမင်းလက်ထက် အဘယဂိရိဝိဟာရတွင် ဌာနချုပ်အဖြစ်ဖြင့် စတင်ပေါ်လာခဲ့သည်။ အရှင်မဟိန္ဒထေရ်မှ ဆင်းသက်လာသော ထေရဝါဒကို ရှေးဦးစွာ ထိုးနှက်ခြင်းဟု ဆိုနိုင်သည်။ ဝေါဟာရကတိဿ (နန်းတက် အေဒီ- ၂၀၄) လက်ထက်တွင် မဟာဝိဟာရကျောင်းတိုက်ကြီးနှင့် အဘယဂိရိကျောင်းတိုက်ကြီး နှစ်တိုက်တို့သည် ဝေတုလျ ပိဋကတ်ကို လက်ခံခြင်းနှင့်စပ်၍ ငြင်းခုံမှု ဖြစ်ပေါ်လာကြသည်။ ဘာတိကအဘယမင်း (အေဒီ-၃၈-၆၆) လက်ထက်မှ စ၍ တသီးတခြားစီ ပညာသင်ရန် ဌာနကြီးများဖြစ်ခဲ့ကြသော ထိုကျောင်းတိုက်ကြီးနှစ်တိုက်သည် ဝါဒရေးရာအယူအဆ ကွဲပြားမှုကြောင့် တစည်းတရုံးတည်း မရှိတော့ချေ။
၇၉။ ဝေတုလျဟူသည်ကား အသောကမင်းကြီးလက်ထက် ဗုဒ္ဓသာသနာကို ဖျက်ရန် ဝင်လာကြသော ဝေတုလျပုဏ္ဏားတို့ စီရင်ရေးသားသည့် ကျမ်းဖြစ်သည်။ ယင်းကို သူတို့က ဘုရားဟောကျမ်းဟု ကြေညာထားကြ၏၊ ထေရဝါဒရဟန်းတော်များက ထိုကျမ်းကို ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သည်ဟုဆိုကာ လက်မခံကြပေ။ ယင်းဝေတုလျဝါဒသည် နောင်အခါ မဟာယာနဂိုဏ်း ဝင်တို့၏ ဝေပုလ္လသုတ္တနှင့် အသွင်သဏ္ဌာန် တူဟန်ရှိသည်။
မှတ်ချက်။ ။ မဟာယာန စတင်ပေါ်လာသည့် အချိန်ကို ပညာရှင်များက ခရစ်သက္ကရာဇ် ပထမရာစု နှစ်စလောက်ဟု ခန့်မှန်းကြသည်။ အဿဃောသတို့၏ စာပေများ ထင်ရှားခေတ်စားလာရာ အချိန်ကို မှန်း၍ ပထမရာစုနှစ်ဟု ဆိုကြသောလည်း ထို့ထက်ပင် စော၍ ပေါ်လာဟန်ရှိသည်။
၈၀။ ယင်းသို့ ကျောင်းတိုက်ကြီးနှစ်တိုက် ငြင်းခုံမှုပေါ်လာသောအခါ ဝေါဟာရကတိဿမင်းသည် လက်ပိုက်၍ ကြည့်မနေသာ တော့ပေ။ ကပိလမည်သော အမတ်ကို စာပေအရပ်ရပ် လေ့လာစေ၍ အစီရင်ခံစေသောအခါ ဗုဒ္ဓဝါဒမဟုတ်ကြောင်းသိရ၍ ဝေတုလျကျမ်းစာများကို ရနိုင်သမျှ ရှာဖွေမီးတိုက်စေသည်။ ယင်းအယူကို မသိမသာလည်းကောင်း၊ သိသာစွာလည်းကောင်း လက်ခံသော ရဟန်းများကို နှင်ထုတ်စေသည်။ သိရိသင်္ဃဗောဓိမင်းကို သတ်၍ မင်းအဖြစ် ခံယူလာသော ဂေါဠာဘယမင်း (အေဒီ ၃၀၉-၃၂၂) လက်ထက်တွင် အဘယဂိရိကျောင်းတိုက်၌ ဝေတုလျအယူအဆ ခေါင်းထောင်လာပြန်သည်။ ဥဿိလိယတိဿမည်သော ထေရ်သည် ထိုဝါဒကို သဘောမကျ၍ အဘယဂိရိမှထွက်ခွာခဲ့ပြီး ဒက္ခိဏဂိရိကျောင်းသို့ သွားသည်။ ဒက္ခဏဂိရိကျောင်းသို့ ရောက်သောအခါ သာဂလမည်သော ထေရ်ကို ခေါင်းဆောင်ထား၍ သာဂလိယ မည်သော ဂိုဏ်းကို ဖန်တီးသည်။ သို့သော် ၎င်းတို့၏ ဝါဒကို အများစုက လက်မခံကြချေ။ ဂေါဠာဘယမင်းသည် ထိုအကြောင်းကို သိသောအခါ အမှန်တရားဝါဒကို အသေအချာ ထုတ်ဖော်မည်ဟု (၁) မဟာဝိဟာရ၊ (၂) ထူပါရာမ၊ (၃) ဣဿရသမဏာရာမ၊ (၄) ဝေဿဂိရိဝိဟာရ၊ (၅) စေတိယဝိဟာရ ကျောင်းတိုက်ကြီးငါးတိုက်မှ ထေရ်ကြီးများကို ပင့်ခေါ်စုဝေးစေပြီး ထိုထေရ်ကြီးများကို ဆုံးဖြတ်စေရာ ယင်းဝေတုလျဝါဒသည် မိစ္ဆာအယူသာ ဖြစ်သည်ဟု အဆုံးအဖြတ် ပေးတော်မူကြ၍ ဝေတုလျဝါဒနှင့် စပ်သော စာအုပ်စာပေများကို မီးတိုက်ပစ်စေသည်။ ယင်းဝါဒခေါင်းဆောင် ရဟန်းခြောက်ဆယ်တို့ကို ရွေးကောက်၍ အမှတ်အသားများ ထင်စေကာ တိုင်းပြည်မှ နှင်ထုတ်လိုက်သည်။
၈၁။ ထိုအနှင်ခံ ရဟန်းခြောက်ဆယ်တို့သည် အိန္ဒိယတောင်ပိုင်း ကာဝေရသို့ သွားရောက် ရှောင်ပုန်းနေကြသည်။ ကာဝေရ တိုင်းသားတို့က ထိုရဟန်းများကို အမြတ်တနိုး ဆည်းကပ် ကိုးကွယ်ကြသည်။
၈၂။ ဤနေရာ၌ ဓမ္မရုစိဂိုဏ်း ဖြစ်ပေါ်လာပုံကို ဤသို့ သိအပ်၏၊ အဘယဂိရိကျောင်း၌ နေသော ရဟန်းအများစုသည် မဟာယာနအယူအဆများ၌ တိမ်းညွတ်ကြ၏၊ မဟာသံဃိကဂိုဏ်းသားများ ဖြစ်ကြသော အိန္ဒိယ ပလ္လာရာမအရပ်မှ ဝဇ္ဇီပုတ္တက ရဟန်းများ၏ဝါဒကို လက်ခံကြသည်။ ရိုးသားဖြောင့်စင်းသော ပါဠိဘာသာထက် အရေးအဖွဲ့ဆန်းကြယ် သက္ကတဘာသာ၌ ပို၍စိတ်ဝင်စားကြသည်။ ထိုစဉ်တွင် ဓမ္မရုစိမည်သော သက္ကတပညာရှိ ဝဇ္ဇီပုတ္တကဝါဒီပုဂ္ဂိုလ်၏ ပြောမှုဆိုမှု အယူအဆတို့ကို လက်ခံရာမှ အဘယဂိရိကျောင်းနေ ရဟန်းများကိုပင် ဓမ္မရုစိဂိုဏ်းဟူ၍ ခေါ်လာကြသည်ဟု သိမှတ်ရမည်။
၈၃။ ကာဝေရတိုင်းသို့ ရောက်ရှိသွားကြသော ရဟန်းတို့တွင် ဗြာဟ္မဏအမျိုးသား သံဃမိတ္တဆိုသူ ရဟန်းငယ်တစ်ပါး ပါဝင်သည်။ မိမိဆရာများအထံမှ ဝေတုလျဝါဒကို သင်ကြားတတ်မြောက်ခဲ့သည့်အပြင် သီဟိုဠ်ကျွန်းသို့သွားကာ အဘယဂိရိ ကျောင်းတိုက်ကြီးကို ထိုဝါဒ လက်မခံမနေရ၊ လက်ခံအောင် ဖြန့်ဖြူးဟောပြောမည်ဟူသော သန္နိဋ္ဌာန်ဖြင့် ဇွဲကြီးစွာ စာပေပညာများကို လေ့လာသင်ကြား၍ သီဟိုဠ်ကျွန်းသို့ကူးကာ အဘယဂိရိကျောင်းတိုက်သို့ သွားရောက်နေထိုင်လေသည်။
၈၄။ ထူပါရာမကျောင်းတိုက်၌ ဘုရင်ကိုယ်တိုင် အရေးတယူပြု၍ သံဃာများကို စုဝေးစေလျက် ဝါဒရေးရာများကို ပြောဆိုစေသောအခါ အဆိုပါ သံဃမိတ္တသည် မဟာဝိရဝါသီရဟန်းတို့၏ အယူအဆနှင့် အမူအကျင့်တို့ ရှုတ်ချပြစ်တင်ကာ ဝေတုလျ အယူကို ဘုရင်သဘောကျလောက်အောင် အမွှမ်းတင်၍ ပြောပြလေသည်။ ထိုအစည်းအဝေးပွဲတွင် ဘုရင့်ဦးလေးတော်သူ မဟာဝိဟာရကျောင်းတိုက်နေ အဘယထေရ်လည်း ပါဝင်ဆွေးနွေးသည်။ သံဃမိတ္တ၏အယူအဆများကို ဖျက်ဆီး၍ ထေရဝါဒကို ရှင်းလင်းပြောပြသည်။ သို့သော် သံဃမိတ္တ၏ နှုတ်ရေးကြွယ်မှု ပရိယာယ်ပြည့်စုံမှုကြောင့် ဂေါဋ္ဌာဘယမင်းကိုယ်တိုင် ထေရဝါဒကို ဆန့်ကျင်၍ မိစ္ဆာဝါဒဘက်သို့ ပါသွားလေသည်။ ဤအကြိမ်ကား သီဟိုဠ်ဗုဒ္ဓဝါဒသမိုင်းတွင် အုပ်ချုပ်သူနှင့်တကွ ရဟန်းရှင်လူ အတော်များများ ထေရဝါဒကို ဆန့်ကျင်၍ မိစ္ဆာဝါဒဘက်သို့ ပထမဆုံး ယိမ်းယိုင်လိုက်ပါသွားသော အကြိမ် ဖြစ်လေသည်။ မဟာဝိဟာရရှုံးပွဲ၊ သံဃမိတ္တ အောင်လံစိုက်ပွဲဟု ဆိုနိုင်သည်။ မဟာဝိဟာရကျောင်းတိုက်ကြီးသည် အေဒီ ငါးရာစု နှစ်ထက်ဝက်တိုင်တိုင် အမှန်တရားဘက်မှ အစောင့်အရှောက်အနေမျှသာ ရပ်တည်နိုင်၍ ဘုရင်အားပေးမှု မခံရသောကြောင့် စိုးနှောင့်ဗျာဝေ အနေကြုံ့လျက် ရှိ၏၊ သို့သော် အရှုံးပေးအားလျော့၍ စိတ်ပျော့သော သူများကား မဟုတ်ကြပါပေ။
၈၅။ ဂေါဋ္ဌာဘယမင်းသည် မဟာဝိဟာရကို လုံးလုံးပစ်ပယ်၍ကား ထားသည်မဟုတ်။ လှိုက်လှိုက်လှဲလှဲ ရှေးကလို မမြဲစေကာမူ ဆက်လက် ထောက်ပံ့မြဲ ထောက်ပံ့နေပေသည်။ ထိုမင်း နတ်ရွာစံသောအခါ သားတော်ကြီး ဇေဋ္ဌတိဿ နန်းတက်သည်။ သံဃမိတ္တသည် မိမိကြိုးဆွဲတိုင်းမက၍ အချိန်ကောင်းကို စောင့်မျှော်သည့်အနေအားဖြင့် ထိုမင်းလက်ထက် တစ်လျှောက်လုံးတွင် အိန္ဒိယပြည် ကာဝေရသို့ ပြန်၍ အသာခိုနေလေသည်။ ဇေဋ္ဌတိဿမင်းကား သူ၏ နန်းစံ ဆယ့်လေးနှစ်ကာလပတ်လုံး မဟာဝိဟာရရဟန်းများကို ထောက်ပံ့စောင့်ရှောက်သွားလေသည်။
၈၆။ ထိုမင်း၏ ညီတော် မဟာသေန နန်းတက်သောအခါ သံဃမိတ္တသည် သီဟိုဠ်ကျွန်းသို့ ပြန်ရောက်လာသည်။ ဇေဋ္ဌတိဿ မဟာသေန ညီနောင်နှစ်ယောက်လုံး မင်းသားငယ်ဘဝက သံဃမိတ္တထံတွင် စာပေပညာ သင်ကြားဖူးသည်။ မဟာဝိဟာရဝါသီ ရဟန်းတို့အား သံဃမိတ္တသည် ဝေတုလျဝါဒကို လက်ခံရန် သွေးဆောင်သော်လည်း မရပေ။ ဘုရင်အား အခွင့်သင့်တိုင်း မဟာဝိဟာရဝါသီရဟန်းတို့၏ ဝိနယ မမှန်ကန်ကြောင်း ပြောဆိုသွေးဆောင်သောကြောင့် မဟာသေနမင်းသည် နောက်ဆုံး၌ လိုက်လျောသဘောတူချက် ပေးလေသည်။ မဟာဝိဟာရရဟန်းတို့အား ဆွမ်းလောင်းလျှင် ငွေဒဏ်တပ်မည်ဟူ၍ပင် အမိန့်ထုတ်သည်အထိ ဖြစ်လေသည်။ ဤကား ခြောက်ရာစုနှစ်အတွင်း မဟာဝိဟာရရဟန်းများ ပဌမဆုံးအကြိမ် ဆွမ်းငတ်ခြင်းပေတည်း။ သုံးရက်တိုင်တိုင် ဆွမ်းခံထွက်သော်လည်း ဆွမ်းမရ၍ သပိတ်ရေဆေး သောက်ကြရသည်။ စတုတ္ထနေ့၌ ငါတို့ကား မိစ္ဆာအယူကို မယူ၊ အသက်ကိုသာ အသေခံသည်ဟု သန္နိဋ္ဌာန်ချ၍ အနုရာဓမြို့မှ ထွက်ခွာကြလေသည်။ ထိုရဟန်းတော်တို့ကြောင့် နောင်အခါ သမိုင်းတွင် သီဟိုဠ်ကျွန်းသည် “Lanka is the home of Buddhism whose teachings are pure and unsullied and untainted by heresy.” မိစ္ဆာဝါဒများ မပေမလူး မလိမ်းမကျံလောက်အောင် စင်ကြယ်သန့်ရှင်းသော ဗုဒ္ဓဓမ္မ၏ တည်ရာဌာန ဖြစ်သည်ဟု ကျော်စောထင်ရှားခဲ့ခြင်း ဖြစ်လေသည်။
၈၇။ မဟာဝိဟာရမှ ထွက်ခွာခဲ့ကြသော မထေရ်တို့သည် အချို့က မာယာမည်သောနယ်၊ အချို့က ရောဟဏဇနပုဒ်သို့ သွားကြသည်။ မဟာဝိဟာရကျောင်းတိုက်ရှိ အသုံးအဆောင်အားလုံးနှင့် အဆောက်အအုံတို့ကို ဘုရင့်နာမည်ဖြင့် ဓမ္မရုစိဂိုဏ်းဝင်တို့သည် ထင်သလို အသုံးပြုကြလေသည်။ ပစ္စည်းများကို သယ်ပိုးကြ၍ အလုံးစုံ မြေလှန်ပစ်လိုက်ကြသည်။ သံဃမိတ္တနှင့် အပေါင်းပါတို့သည် ကိုးနှစ်တိုင်တိုင်ပင် အဘယဂိရိ၌ မင်းမူ၍နေကြလေသည်။ ဆယ်နှစ်မြောက်၌ မေဃဝဏ္ဏဘယမည်သော အမတ်ကြီး ဦးဆောင်သည့် သူပုန်တပ်နှင့် မဟာသေနမင်း၏ စစ်တပ်တို့သည် ဘာသာရေးအကြောင်းခံ၍ မဟာဂါမ၌ အလုံးအရင်းနှင့် တိုက်ခိုက်ကြရန် ရင်ဆိုင်ကြလေသည်။ သို့ရာတွင် စစ်မတိုက်လိုက်ရဘဲ ဘုရင်နှင့်ဘုရင့်အမတ်ကြီးတို့သည် နှစ်ဦးသား ပြေလည်စွာ ဆွေးနွေး၍ ညီညွတ်မှုရကာ စစ်တပ်နှစ်ခုလုံး ရုပ်သိမ်းလျက် နေပြည်တော်သို့ ပြန်ကြလေသည်။
၈၈။ ပြည်တွင်း၌ကား မိဖုရားတစ်ပါးသည် မိမိတည်ဆောက်နေသော ထူပါရာမကျောင်းတိုက်ကို သံဃမိတ္တက ဟန့်တားရန် ကြိုးစားသဖြင့် လက်သမားတစ်ဦး စေလွှတ်၍ သံဃမိတ္တကို အသတ်ခိုင်းလေသည်။ ယင်းမိဖုရားသည် ဝေတုလျကျမ်းစာ ဟူသမျှကို မီးရှို့ဖျက်ဆီးစေသည်။ မဟာသေနမင်းသည်လည်း မဟာဝိဟာရကျောင်းတိုက်ကြီးကို ပြန်လည် တည်ဆောက်ပေးရလေသည်။ သံဃာတော်များသည် ကိုးနှစ်လုံး ပုန်းအောင်းနေရာမှ ပြန်ရောက်လာကြသည်။ နှစ်အတန်ကြာအောင် ငြိမ်းချမ်း သာယာမှု ရလိုက်ကြသော်လည်း သာသနာတော်၏ ကံကြမ္မာကား အနှောက်အယှက်မှ မလွတ်သေးပေ။ မဟာသေနက ဘုရင်သည် မိစ္ဆာအယူဘက်၌ စိတ်မကုန်သေးဘဲ ရှိ၍ ဒက္ခိဏဂိရိ၌ နေသော ကိုဝှန်တိဿမည်သော သာဂလိဂိုဏ်းသား ရဟန်းတစ်ပါးကို အားပေးချီးမြှောက်သည်။ ထိုရဟန်းအတွက် ဘုရင်က ကျောင်းဆောက်ပေးရာတွင် မဟာဝိဟာရကျောင်း တိုက်အရာမ်အတွင်းမှာပင် ဇေတဝနဝိဟာရကို ဆောက်ဖြစ်အောင် ဆောက်သည်။ ထိုရဟန်းသည် သိက္ခာပုဒ်အာပတ်များဖြင့် စွပ်စွဲခြင်းခံရ၍ ရက်ရှည်လများ စစ်ဆေးပြီး လူဝတ်လဲရန် ဝိနိစ္ဆယချမှတ်ခြင်း ခံရသည်။ ဘုရင့်အမိန့်ဖြင့် ဓမ္မိကခေါ် တရားသူကြီးချုပ်ကို ထပ်မံစစ်ဆေးရာ ရှေးနည်းအတိုင်းပင် အမိန့်ပြန်ချ၍ လူထွက်စေသည်။ သံဃာ့ဘောင်မှ နှင်ထုတ်လိုက် ကြလေတော့၏၊ မဟာသေနဘုရင်သည် နောင်တရ၍ မဟာဝိဟာရကျောင်းတိုက်ကြီးကိုပင် ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့၍ အေဒီ ၃၀၀-နှစ်တွင် ကွယ်လွန်လေသည်။
၈၉။ ဤမျှလောက်သော ခေတ်ကာလအပိုင်းအခြားအတွင်း၌ သီဟိုဠ်ကျွန်းသာသနာသည် နိမ့်ချည်မြင့်ချည် ရှိခဲ့သော်လည်း ထေရဝါဒီ မဟာဝိဟာရဝါသီရဟန်းတို့၏ သာသနာစောင့်စိတ်ဓာတ်ကား ယိမ်းယိုင်ပြိုကွဲခြင်းမရှိ၊ ဝိနယနှင့်စပ်၍ သံဃာအတွင်း ကွဲပြားစေရန် လုံးပမ်းခြင်းကို ဗုဒ္ဓကိုယ်တော်မြတ်အား သွေးထွက်သံယိုပြုစေခြင်း သဘောထားကြသည်ဟု မာလာလာဆေကရ က ဆိုခဲ့လေသည်။
“In the Vinaya an attempt to bring about disunion among the Sangha is put in the same category as shedding the blood of the Buddha.” (Pali Literature of Ceylon by Malalaxekera p.54)
၎င်းပြင်လည်း မာလာလာဆေကရ က ဤသို့ ဆက်၍ ဆိုပြန်၏၊
“To the assaults of open opponents the Buddhist displays the calmest indifference, convinced that in its undiminished strength his a faith is firm and inexpugnable.”
အတိအလင်းဆန့်ကျင်လာသူများ၏ တိုက်ခိုက်ခြင်းအား ဗုဒ္ဓဝါဒီ ရဟန်းတော်များနှင့် ဒါယကာတို့သည် အတည်ငြိမ်ဆုံးသော လျစ်လျူရှုမှုကို ဖော်ပြနိုင်ကြသည်။ အကြောင်းမူကား ဗုဒ္ဓဓမ္မ၏ မကုန်ဆုံးနိုင် မပျက်စီးနိုင်သော ခွန်အားအပေါ်၌ ယင်းတို့၏ ယုံကြည်မှုသည် ဖယ်ရှား၍ မရနိုင်လောက်အောင် ခိုင်မြဲသည်ဟု သိရှိနားလည်ထားခြင်းကြောင့်ဖြစ်သည်။ မင်းနှင့်ပြည်သူတို့၏ ဗုဒ္ဓဓမ္မအပေါ်၌ ခံယူချက်မြင့်မားမှုကား စံတင်လောက်ပေသည်။ ဥပမာ အေဒီ ၆၂၃-ခုနစ်၌ ဇေဋ္ဌတိဿမင်းသည် တမိလ်တွေ နှင့် စစ်တိုက်ရာတွင် ရှုံးဖို့မြင်သဖြင့် မိမိ မိဖုရားထံ သဝဏ်စာဖြင့် မှာကြားသည်မှာ “ဤစစ်ပွဲ၌ မိမိသည် အောင်မြင်ဖို့လမ်း များစွာ မရှိ။ အကယ်၍များ တိမ်းပါးခဲ့သော် သီလရှင်အဖြစ်ဖြင့် အဘိဓမ္မာ သင်ကြားစေလိုသည်။ မိမိကိုလည်း ကုသိုလ်ဘာဂ အမျှဝေစေလိုသည်” ဟု မှာကြားလေသည်။ မိဖုရားကြီးသည် ဘုရာမှာကြားသည့်အတိုင်း ပြုလုပ်သောကြောင့် အဘိဓမ္မာနှင့် အဋ္ဌကထာကြီးများ၌ပင် ကျွမ်းကျင်ကြောင်း မဟာဝံသ၌ ဆိုသည်ဟု သီဟိုဠ်ကျွန်း ပါဠိစာပေသမိုင်းတွင် မာလာလာဆေကရ က ဖော်ပြထားပေသည်။ ထို့ပြင် ပဉ္စမမြောက် ကဿပဘုရင်၏ (အေဒီ ဆယ်ရာစုနှစ်ထိုး) ကျောက်စာတစ်ချပ်တွင် ကျမ်းစာများကို နှုတ်တက်ဆောင်ရွက်သော ရဟန်းတို့အား ဂုဏ်ပြုမှတ်တမ်းတင်ထားသည်ကို ယနေ့ကျွန်ုပ်တို့ တွေ့နိုင်သည်။ ထိုဘုရင်သည် ဓမ္မသင်္ဂဏီကျမ်းကို ဘာသာပြန်စေ၍ ရွှေပြားပေါ်၌ ရေးတင်စေခဲ့သည်ဟု သိရသည်။ အာလုဝိဟာရ သံဃာ့အစည်းအဝေးကြီးသည် ပါဠိတော်နှင့်အဋ္ဌကထာများကို စနစ်တကျစီစဉ်၍ ရဟန်းအသီးသီးအား ပိုင်း၍ပိုင်း၍ ခွဲဝေကျက်မှတ်စေကာ တပည့် တပန်းတို့အား သင်ပေးစေသည်။ သီဟိုဠ်ဘာသာဖြင့် ရှင်းလင်း ဖွင့်ပြစေသည်။ ဆောင်လွယ်မှတ်လွယ် အကျဉ်းလင်္ကာ သံပေါက်ကလေးများ၊ ဂါထာပါဠိများကို ရေးသားပေးခဲ့ကြသည်။ ထိုရဟန်းတော်ငါးရာတို့၏ ကျေးဇူးကား ဗုဒ္ဓဘာသာဝင်များအဖို့ ဆပ်မကုန်နိုင်လောက်အောင် ကြီးမားလှပေသည်။ အချုပ်အားဖြင့် အောက်ပါ မာလာလာဆေကရ၏ မှတ်ချက်ကလေးကို ထောက်ရှု၍ ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ စွပ်စွဲပြောဆိုချက် မမှန်ပုံကို သိရှိနိုင်ရာ၏၊
How far the Alu-vihara’s redaction agreed with or differed from the cannon and commenttaries settled by the third Council and introduced into Ceylon by Mahinda’s mission, whether after their introduction into the island any passapes previously considered unorthodox had creptinot the orthodox scriptures and whether the Alu-vihara Council separated such interpolations, and how far the Tipitaka and its commentary reduced to writing at Alu-vihara resembled them as they have come down to us now, no one can say.
အာလုဝိဟာရ၌ သုတ်သင်ပြင်ဆင် အက္ခရာတင်ခြင်း (စတုတ္ထသံဂါယနာ တင်ခြင်း)သည် တတိယသံဂါယနာက အတည်ပြုခဲ့ပြီးသော သီဟိုဠ်ကျွန်းသို့ အရှင်မဟိန္ဒ ခေါင်းဆောင်သော ဓမ္မဒူတအဖွဲ့က ယူဆောင်လာခဲ့သည့် ပါဠိအဋ္ဌကထာများနှင့် မည်မျှလောက် တူညီ၍ မည်မျှလောက် ကွဲပြားသည် ဆိုသည်ကို မည်သူမျှ မပြောနိုင်၊ ထေရဝါဒ မဟုတ်ဟု ရှေးအခါက ယူဆခဲ့သော စာပိုဒ်များ (အယူအဆများ) သည် ထေရဝါဒအတွင်းသို့ ပါဝင်လေခဲ့သလား၊ အာလုဝိဟာရ၌ သံဂါယနာ တင်သောအခါ ယင်းဝင်လာခဲ့ပြီးသော စာပိုဒ်များ (အယူအဆများ) ကို ထုတ်ပယ်ပစ်ခဲ့လေသလား ဆိုသည်ကို မည်သူမျှ မပြောနိုင်၊ အာလုဝိဟာရ၌ ရေးတင်ခဲ့သော ပါဠိအဋ္ဌကထာများသည် ယနေ့ (ကျွန်ုပ်တို့ခေတ် ကျွန်ုပ်တို့ထံသို့ ရောက်လာသောအခါ ထို ပါဠိ အဋ္ဌကထာများနှင့် မည်၍မည်မျှ တူညီသည် ဆိုသည်ကို မည်သူမျှ မပြောနိုင်။
ဤသို့ ဆွဲယူလုပ်ကြံဖန်တီး၍ ယူတတ်ပြောတတ်သောကြောင့် ဝိနည်းဓိုရ် ဆရာတော်များသည် မူရင်းအတိုင်း (Quotation) ကိုတေးရှင်းများကို ထုတ်ဆောင်တင်ပြရခြင်း ဖြစ်သည်။
This much, however, is certain that in the fifth century of the Christian era the present Pitakas, etc., were considered orthodox both on continet and in Ceylon, as is evidenced by the visits of Buddhaghosa and ta Hsian, and in view of the great care with which the orthodox monks attempted to preserve the purity of the Word there is not much probability that the canon underwent any material changes in the interval.
သို့သော် အေဒီ ငါးရာစု၌ ရှင်ဗုဒ္ဓဃောသနှင့် တရုတ်ရဟန်းတော် ဖာဟီယန်တို့ လာရောက် (လေ့လာဆောင်ယူသွား) ခြင်း ဟူသော အချက်က ထင်ရှားစေသည့်အလျောက် အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်ကျွန်းကပါ လက်ရှိပိဋကတ်ကို ရှေးဟောင်းထေရဝါဒ အမှန်ဖြစ်သည်ဟု အသိအမှတ်ပြုကြသည်။ ဤအချက်က သေချာသောအချက်ဖြစ်သည်။ ထေရဝါဒရဟန်းတော်များသည် စကားတစ်လုံးတစ်လေ၏ သန့်ရှင်းမှု (အနက်အဓိပ္ပာယ် မချွတ်ယွင်း မဖောက်ပြန်စေမှု) ကိုပင် အထူးဂရုပြုကြသည် ဟူသော ရှုထောင့်မှနေ၍ ရှုလျှင် ပိဋကတ်ကျမ်းစာတော်များသည် တစ်စုံတစ်ရာ အထည်ကိုယ်အားဖြင့် ပြောင်းလဲခဲ့ခြင်း ဖြစ်နိုင်ဖွယ် မရှိပါပေ။ ဤမှတ်ချက်ရှေ့ပိုင်းကို ပုံကြီးချဲ့၍ ဗုဒ္ဓသာသနာသမိုင်းစာစောင် နှာ ၁၆-၌လည်းကောင်း နိကာယ်၏နိကာယ် နှာ ၁၀-၌လည်းကောင်း ဦးဥက္ကဋ္ဌ၏ အသိုင်းအဝိုင်း ပဉ္စနိကာယ ဓမ္မသာကစ္ဆာအဖွဲ့ဝင် စသည်တို့က “သီဟိုဠ်ပိဋကတ်ဆောင် ရဟန်းတော်တို့သည် ဟိုကထဲက ရောနှောရှုပ်ထွေးပြီးသားဖြစ်တဲ့ ပိဋကတ်ကို ရောထွေးပြီး မူအတိုင်းသာ မှတ်ဆောင်ကြရသည်ဟု ပညာရှိ မာလာလာဆေကရ က သူ၏ သီဟိုဠ်ကျွန်း ပါဠိစာပေသမိုင်းတွင် ရေးခဲ့သည်ဟု မဟုတ်မမှန်လုပ်ကြံ၍ ဆိုထားလေသည်။ ဤစကားရပ်များကို သမိုင်းဆရာတစ်ယောက်အနေဖြင့် သူတပါးတို့တွေးတောကြံဆမည့် သံသယကို ကြိုတင် ထုတ်ဖော် နိဒါန်းခင်းပေးထားလိုက်ခြင်းဖြစ်သည်။ ရှေ့ဆက်ဖတ်သော် ဤသို့တွေ့ရမည်ဖြစ်၏၊ ယင်းတို့၏ ရည်ရွယ်ချက်ကား သီဟိုဠ်ကျွန်းမှတစ်ဆင့် ရောက်လာသော မြန်မာပြည်သာသနာသည်လည်း ရောရောထွေးထွေး ဗြဟ္မဏဝါဒ လွှမ်းမိုးနေသော သာသနာဟု (သွားပုပ်လေလွင့်) သိက္ခာချလိုသော စေတနာဆိုးဖြင့် ရေးသားဖြန့်ဝေရန်သာ ဖြစ်သည်။
၉၀။ မြန်မာပြည်သာသနာသည် တတိယသံဂါယနာတင်ပြီးချိန် မထေရ်ကြီးများနှင့် အသောကမင်းကြီး၏ ဓမ္မဒူတအဖွဲ့တစ်ဖွဲ့ဖြစ်သော အရှင်သောဏ အရှင်ဥတ္တရ ဦးဆောင်သည့်အဖွဲ့မှ စတင်ဆင်းသက်လာသော သာသနာဖြစ်ပေသည်။ နောင်အခါ၌ အိန္ဒိယမှလည်းကောင်း၊ သီဟိုဠ်ကျွန်းမှလည်းကောင်း ခေတ်အမျိုးမျိုး၌ ကျမ်းစာအမျိုးမျိုး ရောက်ရှိလာကြသည်။ မြန်မာပြည် သာသနာ၏ ရှေ့ဆောင်ဖြစ်တော်မူကြသော ထေရ်ကြီးများသည် အများအားဖြင့် ပါဠိတော်နှင့် အဋ္ဌကထာဋီကာ အခြား ဂန္ထန္တရများကို မည်သည့်ကျမ်းဂန်က ဗုဒ္ဓဘာသိတ၊ မည်သည့်ကျမ်းဂန်က အညဘာသိတဟု ခွဲခွဲခြားခြား နားလည်တော်မူခဲ့ကြသည်။ သို့ဖြစ်သည့်အလျောက် အဆင့်အတန်းအလိုက် အလေးအမြတ်ပြုရာတွင်လည်း အနိမ့်အမြင့်အဆင့်ထား၍ မှတ်သား တော်မူကြသည်။ အဘိဓမ္မာကဲ့သို့ လေးနက်သော ကျမ်းဂန်များကို အထူးအာရုံစိုက် လေ့လာတော်မူခဲ့ကြသည်။ အဋ္ဌကထာ ဋီကာကျမ်းကြီးများကိုပင် ကျော်လွန်၍ အရကောက်များ နိဿယကျမ်းများကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ခန့်ညားထယ်ဝါ ပြည့်စုံစွာ ဖန်တီးတော်မူနိုင်ခဲ့ကြသည်။ သို့သော် ပါဠိတော် အဋ္ဌကထာနှင့် ဆန့်ကျင်ခြင်း မရှိကြချေ။
၉၁။ မြန်မာ့သာသနာသမိုင်းတွင် ကံဆိုးမိုးမှောင်ကျသော “ဂ-ငယ်သုံးခု၊ ဥသျှစ်ထု” ဟု အမှတ်ပြုခဲ့ကြသည့် မြန်မာသက္ကရာဇ် ၈၈၈-ခုနှစ် ရှမ်းသိုဟန်ဘွားလက်ထက်တွင် ပိဋကတ်တော်များ မီးရှို့ခြင်းခံရသော်လည်း အသက်နှင့်ထပ်တူ စောင့်ရှောက်တော် မူခဲ့ကြသဖြင့် စူဠဝါအဋ္ဌကထာ မူလပဏ္ဏာသအဋ္ဌကထာ ပေထုပ်နှစ်ထုပ်မှတပါး အလုံးစုံသော ပိဋကတ်ပါဠိ အဋ္ဌကထာများကို ရှာဖွေ စုစည်းတော်မူနိုင်ခဲ့ကြသည်။ အဆိုပါ အဋ္ဌကထာ ပေထုပ်နှစ်ထုပ်ကိုကား နှစ်အတန်ငယ်ကြာမှ အလွန်ချောင်ကျသော ရှမ်းပြည် ကျေးတောဇနပုဒ်များမှ ပြန်လည်၍ ဆင့်ပွားကူးယူနိုင်ခဲ့ကြသည်ဟု ဆရာစဉ်ဆက် ပြောဆိုသည်ကို မှတ်သားကြရသည်။ ဤနည်းအားဖြင့် မြန်မာတို့၏ သာသနာတော်ကို ချစ်မြတ်နိုး၍ တန်ဖိုးထားတတ်သော အလေ့ဝါသနာ သမ္မာဥဿာဟကြောင့် ခေတ်ကာလအမျိုးမျိုးနှင့် တွေ့ရသော်လည်း တိုင်းခြားပြည်ခြား ဘာသာခြားတို့၏ အုပ်ချုပ်မှုအောက်တွင်ပင် ဗျာပါရကို မုချ ထက်သန်သော လုံ့လဝီရိယ သတိသမ္ပဇဉ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူလာခဲ့ကြသည်မှာ ပဉ္စမသံဂါယနာနှင့် ဆဋ္ဌ သံဂါယနာ ခေတ်တိုင်အောင်ပင် ဖြစ်သည်။
၉၂။ ထို့ကြောင့် ထို တတိယသံဂါယနာသည်လည်းကောင်း၊ ထို တတိတယသံဂါယနာမှ ဆက်၍လာသော သီဟိုဠ်ကျွန်း အာလောကဝိဟာရ၌ စုပေါင်းရွတ်ဆိုခြင်း ပေထက်အက္ခရာတင်ခြင်း စတုတ္ထသံဂါယနာသည်လည်းကောင်း၊ မြန်မာနိုင်ငံ၌ ၂-ကြိမ်တိုင် နှုတ်ဖြင့် ရွတ်ဖတ်ရုံမျှမက ကျောက်စာတင်၍ လည်းကောင်း၊ အနိုင်နိုင်ငံသုံး ခိုင်ခံ့သားနား ထူးခြားသော စာအုပ်များ ရိုက်နှိပ်၍လည်းကောင်း၊ ပဉ္စမအကြိမ်၊ ဆဋ္ဌမအကြိမ်တင်အပ်သော သံဂါယနာတို့သည်လည်းကောင်း ညစ်ကြေးမတင် အပြစ်ကင်းစင်သော ဓမ္မာနုလောမ သံဂါယနာတို့သာ ဖြစ်ကြပေသည်။
ယင်းသို့ဖြစ်သည့်အားလျော်စွာ စောဒကဆရာတို့ တင်ပြထားအပ်သော စုဒိတကတို့၏ သံဂါယနာခြောက်တန် ပေါ့ပျက်သေး သိမ်အောင် ပြုလုပ်၍ ပြောဆိုရေးသား ထုတ်ဝေကြသော သံဂါယနာသမိုင်း၊ ဗုဒ္ဓသာသနာသမိုင်း၊ နိကာယ်၏ နိကာယ်စာအုပ်၊ ဒေးဒရဲကျောက်စာတိုင်တို့ပါ စကားရပ်တို့သည် အဓမ္မဝါဒများသာ ဖြစ်သည်ဟု သုံးသပ်တော်မူကြသည်။
ပြဆိုခဲ့ပြီးသော ယုတ္တိအာဂမ သာဓကအရပ်ရပ်တို့ကြောင့် အဘိဓမ္မာကို ဘုရားမဟောဟု စွပ်စွဲခြင်းသည် အဓမ္မဝါဒသာ ဖြစ်သည်ဟူ၍လည်းကောင်း၊ သံဂါယနာ ၆-တန်ကို သေးသိမ်ပေါ့ပျက်အောင် လုပ်ခြင်းသည် ဓမ္မကို အဓမ္မ၊ ဝိနယကို အဝိနယ ဖြစ်အောင် လုပ်ခြင်းသာဖြစ်၍ အဓမ္မဝါဒသာ ဖြစ်သည်ဟူ၍လည်းကောင်း နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂) ဆရာတော်များက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် (၂)စောဒနာ အမှတ် (၇)သဗ္ဗညုတဉာဏ်ကို ပယ်ခြင်းနှင့် စပ်သည့် ဝိနိစ္ဆယ
ဗုဒ္ဓမြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို ထိပါးမှုနှင့် စပ်လျဉ်း၍ တင်ပြလျှောက်ထားသော စောဒနာ သောဓနာ ၂-ရပ်ကို နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်။
၁။ စောဒကဆရာတော်များသည် အမှတ် (၇) စောဒနာ အဖြစ်ဖြင့် “ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတ ဉာဏ်တော်ကို ထိပါးစေလျက် ဗုဒ္ဓဘာသာ ပျက်စီးရာပျက်စီးကြောင်း ဟောပြောရေးသားမှုနှင့်ပတ်သက်၍ စောဒနာချက်ပါ ဘုရား” ဟူသော လျှောက်ထားလွှာကို ဤဝိနည်းဓိုရ်ရုံးတော်သို့ တင်သွင်း၍ ဤအကြောင်းကို သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ အဘိဓမ္မာပညာပေးတာဝန်ခံ (အဘိဓမ္မာဆရာစိန်)က ဝေဖန်ပုတ်ခတ် ရေးသားထားပါသည်ဟု စွဲဆိုထားပေသည်။
၂။ ဤစွဲဆိုချက်တွင် အဘိဓမ္မာဆရာစိန် ရေးသားထားသော အချက် ၅-ချက်ကို စောဒကဆရာတော်များက သက်သေခံ အဖြစ် ဖော်ပြထားပေသည်။
(က) တိတ္ထိဆရာကြီးတို့ကို အညံ့မခံလို၍သာ အဋ္ဌကထာဆရာများက ဗုဒ္ဓကို သဗ္ဗညုတဉာဏ် ရသည်ဟု ဆိုကြကြောင်း။
(ခ) သဗ္ဗညုတဉာဏ် ရပါလျက် မိမိ၏ ရန်သူဖြစ်သော ဒေဝဒတ်ကို အဘယ့်ကြောင့် ရဟန်းပြုခွင့် ပေးရသနည်း။
(ဂ) သဗ္ဗညုတဉာဏ်ရသည်ဆိုပါလျက် သေးနုပ်သောသိက္ခာပုဒ်များကို ပယ်နုတ်ကြလော့ဟု အဘယ်ကြောင့် မိန့်ဆိုရသနည်း။
(ဃ) ဝိဇ္ဇာသုံးပါးသည် ရဟန္တာတိုင်းရရှိသော အသိဉာဏ်ဖြစ်၏၊ ဤသို့ဆိုပါမူ ဗုဒ္ဓနှင့် ရဟန္တာပုဂ္ဂိုလ်သည် မည်သို့ ခြားနားပါသနည်း။
(င) ဗုဒ္ဓ ရရှိအပ်သော သဗ္ဗညုတဉာဏ်သည် ဝိဇ္ဇာသုံးပါးတို့ကို ကြွင်းကျန်မရှိ ထိုးထွင်းပြီး သိမြင်ရရှိခဲ့သော ဉာဏ်ဖြစ်၏၊ (ဤကား အဘိဓမ္မာဆရာစိန်၏ ရေးသားချက်မှ ဖြစ်၏)
၃။ စောဒကဆရာတော်များသည် ပထမဦးစွာတင်သွင်းသော သာမည စောဒနာ၌ အဆိုပါ အဘိဓမ္မာဆရာစိန်၏ ရေးသားချက် မူရင်းများကို သက်သေခံစာအုပ်များဖြင့် တင်ပြ၍ စည်းကမ်းစနစ်တကျ စောဒနာကြသည်။ ဒုတိယ ထပ်ဆင့်တင်သွင်းသော ဝိသေသစောဒနာ၌ အဆိုပါ အဘိဓမ္မာဆရာစိန် ရေးသားချက်များသည် ဘုရားဟော ပိဋကတ်ကျမ်းဂန်များနှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် အဘိဓမ္မာ အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ပေးပါရန် လျှောက်ထားသွားကြလေသည်။
၄။ ဤသဗ္ဗညုတဉာဏ်နှင့် ပတ်သက်သော စောဒနာတင်ချက်ကို စုဒိတကများ ဖြစ်ကြသော တောင်တွင်းကြီးမှ ဦးဇဝန (နေရှင်နယ်)၊ ငါးဆင့်ကျောင်း ဦးဇဝန၊ နတ်မှီ အရှင်ဆန္ဒာဓိက၊ ဒေးဒရဲမှ ဦးဥဇ္ဇောတိက၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးခင်ဟန်နှင့် ရခိုင်ပြည်နယ် ဦးရွှေပြည့်တို့ လုံးဝချေပခြင်း မပြုခဲ့ကြပေ။ စောဒကပုဂ္ဂိုလ်တို့၏ စွဲဆိုချက် (၂၁)ချက်လုံးကို စုဒိတကပုဂ္ဂိုလ်ထဲက မည်သူမဆို ချေပနိုင်သည့်အခွင့်အရေးကို ဝိနည်းဓိုရ်ရုံးက ပေးအပ်ထားပေသည်။ သို့ပါလျက် ဤစောဒနာ တင်ချက်ကို မချေပကြခြင်းဖြင့် စောဒကဆရာတော်တို့၏ စွဲဆိုချက်ကို ဝန်ခံရာသို့ ရောက်ပေသည်။
၅။ စုဒိတကပုဂ္ဂိုလ်များအနက် သခင်မြတ်ဆိုင် တစ်ဦးတည်းကသာ ချေပလျှောက်ထားခဲ့သည်။ ယင်းသို့ လျှောက်ထားရာ၌ “ကိုယ်တိုင်ရေးသားခဲ့သော ဆရာစိန်နှင့် ဆွေးနွေးကြည့်ရာတွင်” ဟု စကားခင်းပြီး လျှောက်ထားသည်ကို ထောက်ချင့်ခြင်း အားဖြင့် သခင်မြတ်ဆိုင်သည် မိမိဉာဏ်စွမ်းဉာဏ်စဖြင့် ချေပနိုင်ရှာခြင်းမဟုတ်ဘဲ ဉာဏ်အငှားဖြင့် ဝံ့ဝံ့စားစား လျှောက်ထား ခြင်းဖြစ်ကြောင်း တွေ့ရှိရပေသည်။
စောဒကဆရာတော်များ၏ စောဒနာကို သုံးသပ်ချက်
၆။ သဗ္ဗညုတဉာဏ်တော်ကို ထိပါးမှုနှင့် ပတ်သက်၍ စောဒက စုဒိတကတို့ နှစ်ဦးနှစ်ဘက် တင်ပြလျှောက်ထားချက်များ အနက်မှ ပထမဦးစွာ စောဒကဆရာတော်တို့၏ တင်ပြချက်ကို သုံးသပ်ပေအံ့-
၇။ စောဒကဆရာတော်များ တင်သွင်းသော သာမညစောဒနာချက်ကို ကြည့်ရှုရာတွင် စွဲဆိုလိုသော အချက်ပေါ်လွင်ပြီး သက်သေခံ အထောက်အထား ခိုင်လုံသည်ကို တွေ့ရပေသည်။ သက်ဆိုင်ရာစာစောင်ကိုလည်း ဝိနည်းဓိုရ်ဆရာတော်များထံ သက်သေခံအဖြစ် တင်ပြထားပေသည်။ ထပ်ဆင့် စောဒနာချက်ကို သုံးသပ်ရာတွင်လည်း ဆဋ္ဌသံဂါယနာတင် ပါဠိတော်များကို အကိုးအကားပြု၍ တင်ပြထားသည်ကို တွေ့ရပေသည်။ စောဒကဆရာတော်များ၏ အကြောင်းပြချက်များကို သိသာရုံ ဖော်ပြ အပ်ပေသည်။
၈။ သဗ္ဗညုတဉာဏ်တော်သည် မည်သည့်သာဝကတို့နှင့်မျှ မဆိုင်သော ဗုဒ္ဓဘုရားရှင်တစ်ဦးတည်းသာ ပိုင်သည့် အသာဓာရဏ ဉာဏ်တော်ဖြစ်ကြောင်း လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီတော်တို့ကို ဖြည့်ဆည်းပူးတော်မူခဲ့သောကြောင့် ထိုဉာဏ်ကို ရတော်မူခြင်းဖြစ်ကြောင်း၊ သဗ္ဗညုတဉာဏ်တော်ကြီး၌ စွမ်းရည်သုံးပါးရှိကြောင်း စသည်တို့ကို ကျမ်းဂန်နှင့်အညီ ဖော်ပြထားသည်ကို တွေ့ရပေသည်။
၉။ ဗုဒ္ဓမြတ်စွာဘုရားသည် မဟာကရုဏာရှင်ဖြစ်သောကြောင့် ဒေဝဒတ်ကို ရဟန်းပြုခွင့် ပေးခဲ့ကြောင်း၊ ဒေဝဒတ်သည် အာဃာတကြီးလွန်းသူဖြစ်၍ ရဟန်းပြုခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဗုဒ္ဓဘုရားကို ပြစ်မှားမည်သာဖြစ်ကြောင်း၊ ရဟန်းပြုခွင့်ရသည့်အတွက် ဒေဝဒတ်မှာ ပစ္စေကဗောဓိဉာဏ် အခြေခံရ၍ အကျိုးရှိခဲ့ကြောင်း၊ သူတော်ကောင်းတို့၏ သဘောသည် မိမိ၏ရန်သူဖြစ်စေကာမူ ဖျက်ဆီးခြင်းမပြုကြောင်းကို ဗိမ္ဗိသာရနှင့် အဇာတသတ်တို့၏ဖြစ်ရပ်ကို သက်သေထူ၍ လျှောက်ထားခဲ့ ကြသည်။
၁၀။ ထို့ပြင် ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်ခါနီးက သေးငယ်သော သိက္ခာပုဒ်များကို သံဃာက ပယ်နုတ်လိုလျှင် ပယ်နုတ် ပါလေဟု မှာကြားခဲ့ခြင်းသည် တပည့်သား သံဃာများ၏နှစ်သက်မှုကို ဖြစ်စေခဲ့ကြောင်း၊ တပည့်သား သံဃာများအနေဖြင့်လည်း တစ်စုံတစ်ခုကိုမျှ ပယ်နုတ်ခြင်းမပြုဘဲ ဘုရားရှင် သက်တော်ထင်ရှား ရှိသည်နှင့် မခြား လေးစားလိုက်နာကြသောကြောင့် နှစ်သက်အားရဖွယ် ဖြစ်ခဲ့ကြောင်းတို့ကို ဖော်ပြ လျှောက်ထားခြင်းများသည် ယထာဓမ္မ ယထာဝိနယသဘောသို့ သက်ဝင်လျက် ရှိသည်ကို တွေ့ရပေသည်။
သခင်မြတ်ဆိုင်၏ ချေပချက်ကို သုံးသပ်ချက်
၁၁။ တစ်ဖန် စုဒိတက သခင်မြတ်ဆိုင်၏ချေပချက်ကို သုံးသပ်ပေအံ့၊ သခင်မြတ်ဆိုင်သည် “မြတ်စွာဘုရား သဗ္ဗညုတ ဉာဏ်ရှင်မဟုတ်” ဟူသောအချက်ကို ဦးတည်၍ချေပထားပေသည်။ ဤသို့ချေပရာ၌ သခင်မြတ်ဆိုင် အကိုးပြုသော သာဓကမှာ မဇ္ဈိမပဏ္ဏာသ တေဝိဇ္ဇဝစ္ဆသုတ် မြန်မာပြန်ပင် ဖြစ်သည်။ ထိုသုတ် မြန်မာပြန်ကို သခင်မြတ်ဆိုင်က-
“အရှင်ဘုရား ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှု ထင်၏ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ဝန်ခံ၏ဟု ကြားဖူးပါသည်။ ဤကဲ့သို့ ပြောဆိုမှုများတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်၏လော မေးမြန်းလျှောက်ထား၏၊ ဝစ္ဆ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကိုမြင်၏၊ ငါသွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်း မဲ့ဉာဏ်အမြင်ကို ဝန်ခံ၏ဟူ၍ ပြောဆိုသော သူတို့သည် ငါ၏စကားအရ ပြောဆိုသူများ မဟုတ်ကုန်၊ ငါ့ကို မဟုတ် မမှန်သောအားဖြင့်လည်း စွပ်စွဲကြကုန်၏၊ ဗုဒ္ဓရှင်ကိုယ်တော်တိုင် ဟောကြားထားသည်ကို တွေ့ရပါသည် ဘုရား”
ဟု ကောက်နုတ်တင်ပြ လျှောက်ထားခဲ့သည်။ သခင်မြတ်ဆိုင်၏ မြန်မာပြန်သည် အရေးကြီးသော စကားရပ်များကို ဝကွက် ချန်ထားခဲ့ပြီး မိမိလိုချင်သလောက်ကိုသာ ကောက်နုတ်ဖော်ပြထားသော မြန်မာပြန်ဖြစ်ကြောင်းကို မူရင်း (ဆဋ္ဌမူပိဋကတ်) မြန်မာပြန်နှင့် တိုက်ဆိုင်ကြည့်သောအခါ ထင်ရှားစွာ တွေ့ရှိခဲ့ရသည်။ ထိုသုတ် မြန်မာပြန်၌ သခင်မြတ်ဆိုင် ဝကွက်၍ တမင် ချန်ထားခဲ့သော အရေးကြီးသော စကားရပ်မှာ “အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည် ဖြစ်စေ” ဟူသော စကားရပ်ပင် ဖြစ်ပေသည်။
၁၂။ သခင်မြတ်ဆိုင်၏ချေပချက်သည် ဤကဲ့သို့ အရေးကြီးသော မူရင်းဒေသနာပါစကားရပ်ကို တမင်ဖြုတ် ဘာသာပြန်ဆိုထားခြင်း၊ သဘောမသက်ရောက်ခြင်း၊ သာဓကမမြောက်ခြင်းများကြောင့် ပိဋကတ်ကျမ်းဂန်နှင့် မညီညွတ်ရကား စောဒကပုဂ္ဂိုလ်တို့၏ စွဲဆိုချက်ကို ချေပနိုင်ခြင်း မရှိကြောင်း တွေ့ရပေသည်။
တေဝိဇ္ဇဝစ္ဆသုတ် သုံးသပ်ချက်
၁၃။ စောဒကနှင့် စုဒိတကတို့၏ တင်လွှာ ချေလွှာတို့ကို သုံးသပ်ပြီးနောက် သဗ္ဗညုတဉာဏ်တော်ကို ထိပါးသောအချက်နှင့် ပတ်သက်၍ ဝိနည်းဓိုရ်ဆရာတော်များ၏ သုံးသပ်ချက်ကို ဖော်ပြပေအံ့။
သခင်မြတ်ဆိုင် တင်ပြသော စကားရပ်တွင် မည်သည့်စကားလုံးကို ဖြုတ်ထားခဲ့ကြောင်း သိနိုင်စေရန် တေဝိဇ္ဇဝစ္ဆသုတ် မူရင်း ပါဠိနှင့် ယင်း၏ မြန်မာပြန်ကို ထုတ်ပြလိုက်ပေသည်။
တစ်ခါက ဝစ္ဆနွယ်ဝင်ပရိဗိုဇ်တစ်ဦးသည် မြတ်စွာဘုရားနှင့် သွားရောက်တွေ့ဆုံပြီး ဤသို့သောစကားကို လျှောက်ထား လေသည်။
သုတံ မေတံ ဘန္တေ သမဏော ဂေါတမော သဗ္ဗညု သဗ္ဗဒဿာဝီ အပရိသေသံ ဉာဏဒဿနံ ပဋိဇာနာတိ၊ စရတော စ မေ တိဋ္ဌတော စ သုတ္တဿ စ ဇာဂရဿ စ သတတံ သမိတံ ဉာဏဒဿနံ ပစ္စုပဋ္ဌိတန္တိ။ (မ၊၂၊၁၄၈။)
မြန်မာပြန်
“အရှင်ဘုရား ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ငါ သွားနေသည်ဖြစ်စေ၊ ရပ်နေသည် ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည် ဖြစ်စေ၊ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံ၏ ဟူ၍ ကြားဖူးပါ၏” (မ၊မြန်၊၂၊၁၅၇။)
၁၄။ ဝစ္ဆပရိဗိုဇ်က ဆက်လက်၍ “ဉာဏ်အမြင်ကို ဝန်ခံ၏ဟူ၍ ပြောဆိုသောသူတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သောအားဖြင့် မစွပ်စွဲဘဲ ရှိပါကုန်၏လော” စသည်ဖြင့် လျှောက်ထားလေသည်။
၁၅။ မြတ်စွာဘုရား၏ ဖြေကြားချက်ကို မဖော်ပြမီ ဤပရိဗိုဇ် လျှောက်ထားသော စကားကို စိစစ်ရန် လိုအပ်ပေသည်။ ဤပရိဗိုဇ်သည် သဿတဝါဒကို အခြေခံ၍ မေးနေခြင်းဖြစ်သည်။ ဤသုတ်၌ သဗ္ဗညုတဉာဏ်တော်နှင့် ပတ်သက်၍ အရေးကြီး သောအချက်မှာ “သတတံ သမိတံ ဉာဏဒဿနံ” ဟူသော အချက်ပင် ဖြစ်သည်။ ဉာဏဒဿနံ=ဉာဏ်အမြင်ဟူသော စကားကို မည်သို့သော ဉာဏ်အမြင်မျိုး ဖြစ်ကြောင်း “သတတံ သမိတံ” ဟူသော စကားအရ ဖော်ပြလျက် ရှိသည်။
သတတံ သမိတံ၏ အနက်မှာ = အမြဲမပြတ် အခါခပ်သိမ်း နိစ္စ ထာဝရဟူ၍ပင် ဖြစ်သည်။ စိန်တုံးကြီးများ ထာဝရ လင်းနေ သကဲ့သို့ မည်သည့်အချိန်အခါ၌မဆို အမြဲတန်း မြင်နေသော ဉာဏ်အမြင်မျိုးပင် ဖြစ်သည်။ ဤအချက်ကို ထင်ရှားစေသော စကားရပ်မှာ သုတ္တဿ စ=အိပ်ပျော်နေသည်ဖြစ်စေဟူသော စကားရပ်ဖြစ်သည်။ အိပ်ပျော်နေစဉ်မှာလည်း မြင်နေသောဉာဏ်ဟု ပရိဗိုဇ်က ဆိုလိုပေသည်။
၁၆။ ထိုခေတ်အခါက မဇ္ဈိမဒေသတဝိုက်တွင် အတ္တဝါဒလည်း ထွန်းကားလျက် ရှိပေသည်။ လူ၏ကိုယ်အတွင်း၌ ချမ်းသာ သုခကို ခံစားသော အတ္တသည် အမြဲရှိနေ၏၊ အတ္တသည် အရာအားလုံးကို မြင်၏၊ သိ၏၊ ဤသို့သော အယူအဆမျိုး ရှိပေသည်။ တိတ္ထိ ဆရာကြီးတို့သည် ဤအတ္တဝါဒကို အခြေခံလျက် မိမိတို့သည်-
သဗ္ဗညူ=တရားအားလုံးကို သိသည်
သဗ္ဗဒဿာဝီ=တရားအားလုံးကို မြင်သည်-
ဟူ၍ ဝန်ခံကြသောအခါ အမြဲမပြတ်မြင်နေသည် သိနေသည်ဟူ၍ ကြွေးကြော် ဝန်ခံကြလေသည်။ ဤဝစ္ဆပရိဗိုဇ်သည် ထိုကဲ့သို့ နိစ္စသဗ္ဗညုတဉာဏ်ဝန်ခံသူတို့၏ စကားကို ကြားနာမှတ်သားရသူ ဖြစ်သည့်အလျောက် မြတ်စွာဘုရားအားလည်း ဤသို့သော နိစ္စသဗ္ဗညုတ ဉာဏ်အမြင်မျိုးဖြင့် သဗ္ဗညုအဖြစ် ဝန်ခံပါသလော မေးလိုရင်း ဖြစ်ပေသည်။
မှတ်ချက်။ ။ ဤ ဝစ္ဆပရိဗိုဇ်၏ အမေးမျိုးကို အင်္ဂုတ္တိုရ် နဝကနိပါတ်၊ လောကာယတိက သုတ်တွင်လည်း အလားတူ တွေ့ရှိနိုင်သည်။
၁၇။ ဗုဒ္ဓမြတ်စွာဘုရား ထုတ်ဖော်ဟောကြားသော အဘိဓမ္မာဒေသနာအရ မည်သည့်ရုပ် မည်သည့်နာမ်မျှ နိစ္စဟူ၍ မရှိချေ။ အကြောင်းအားလျော်စွာ ဥပါဒ်၊ ဌီ၊ ဘင် ဖြစ် တည် ချုပ်ပျက် အနိစ္စအချက်ချည်းသာ ဖြစ်ပေသည်။ ဉာဏ်ဆိုသည်မှာလည်း နာမ်တရားတို့တွင် အခေါင်ချုပ် ဖြစ်စေကာမူ အကြောင်းအားလျော်စွာ ဥပါဒ် ဌီ ဘင် စနစ် ဖြင့်သာလျှင် ပေါ်သော သဘာဝ တစ်ရပ်ဖြစ်ပေသည်။ ထို့ပြင် အိပ်ပျော်နေစဉ်အခါ၌ မည်သည့်ဉာဏ်ထူးမျှမဖြစ် ဘဝင်(အိပ်စိတ်)သာလျှင် ဖြစ်လျက် ရှိသည်။ ဤသည်မှာ အဘိဓမ္မာဆရာကြီးများကို မဆိုထားဘိ လူသာမန်တို့ပင် သိနိုင်သော လက်တွေ့သဘာဝ ဖြစ်ရပ်ပေတည်း။ သို့ဖြစ်၍ ဗုဒ္ဓမြတ်စွာဘုရားနှင့် အခြားသော တိတ္ထိဘုရားတို့သည် အဘိဓမ္မာအမြင်ချင်း လုံးဝကွဲပြားလျက် ရှိချေသည်။ ဤသို့ ကွဲပြားပါလျက် စုဒိတက သခင်မြတ်ဆိုင်သည် ၎င်း၏ မြန်မာပြန်၌-
သုတ္တဿ စ=အိပ်ပျော်နေသည်ဖြစ်စေ၊
ဇာဂရဿ စ=နိုးကြားနေသည်ဖြစ်စေ-
ဟူသော ဘုရားဟော မူရင်းပါဠိတော်မြန်မာပြန်ကို တမင်ဖြုတ်၍ ပေယျာလကန် ဝကွက်၍ ချန်ထားခဲ့ခြင်းမှာ ကြားနာသူများ အနေဖြင့် ဗုဒ္ဓအဘိဓမ္မာနှင့် တိတ္ထိတို့၏ အဘိဓမ္မာ မတူသော အချက်ကို ရိပ်မိသွားမည် စိုးသောကြောင့် ဖြစ်တန်ရာသည်။
၁၈။ ဗုဒ္ဓမြတ်စွာဘုရားသည်ကား ဤကဲ့သို့သော အနိစ္စအဘိဓမ္မာ အမြင်ရှိသူဖြစ်၍ ပရိဗိုဇ်၏ “အိပ်ပျော်နေတုန်းမှာပင် မြင်၍နေသော ဉာဏ်အမြင်မျိုး ရှိသည့် သဗ္ဗညုပုဂ္ဂိုလ် ဟုတ်ပါသလော” ဟူသော မေးခွန်းကို ပြတ်ပြတ်သားသား ပယ်ချတော်မူခြင်း ဖြစ်သည်။
“ငါသည်ကား ယင်းကဲ့သို့ အိပ်ပျော်နေတုန်းမှာပင် မြင်နေသည်ဆိုသော သဿတဉာဏ်မျိုးရှိသည့် သဗ္ဗညုမျိုး မဟုတ်” ဟူ၍ ဖြေဆိုတော်မူလိုရင်း ဖြစ်သည်။
၁၉။ ဤကဲ့သို့ မြတ်စွာဘုရားက တိတ္ထိတို့၏ သဗ္ဗညုမျိုးကို ဝန်မခံသောအခါ ပရိဗိုဇ်က မြတ်စွာဘုရားကို မည်သို့ပြောလျှင် အမှန်ပြောရာ ရောက်မည်နည်းဟု ဆက်လက် မေးလျှောက်ပေသည်။ ဤတွင်မှ မြတ်စွာဘုရားက မေးမြန်းသူ ပရိဗိုဇ်နှင့် တန်လောက်ရုံ ဤသို့ အဖြေပေးတော်မူသည်။
“တေဝိဇ္ဇော သမဏော ဂေါတမောတိ ခေါ ဝစ္ဆ ဗျာကရမာနော ဝုတ္တဝါဒီ စေဝ မေ အဿ” (မ၊၂၊၁၄၉။)
မြန်မာပြန်
ဝစ္ဆ ရဟန်းဂေါတမသည် ဝိဇ္ဇာသုံးပါး ရှိ၏ဟု ပြောဆိုသောသူသည် အမှန်အားဖြင့် ငါ၏စကားအရ ပြောဆိုခြင်း ဖြစ်ရာ၏၊
၂၀။ ဤစကားအရလည်း သူတပါးက ဤသို့ ပြောလျှင် မှန်၏ဟုသာ မိန့်တော်မူသည်။ ငါသည် ဝိဇ္ဇာသုံးပါးကိုသာ ရသည်။ သဗ္ဗညုတဉာဏ်ကို မရဟူ၍ ဝန်ခံခြင်းမျိုး မဟုတ်ပေ။ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ် ရရှိတော်မူသည့် အကြောင်းကို အကြိမ်များစွာ ဝန်ခံတော်မူခဲ့ပေသည်။ ဤအကြောင်းနှင့် ပတ်သက်၍ စောဒကဆရာတော်များကလည်း သာဓက ထုတ်ဆောင် ၍ လျှောက်ထားခဲ့ပြီး ဖြစ်သည်။
အထက်ပါ စကားစဉ်အရ အကျဉ်းချုပ်ရသော် တေဝိဇ္ဇဝစ္ဆသုတ်၌ မြတ်စွာဘုရားက သဗ္ဗညုဟူ၍ ဝန်မခံခြင်းသည် မေးသူ ပရိဗိုဇ်က အိပ်ပျော်တုန်းမှာပင် သိနေသော နိစ္စသဗ္ဗညု၊ သတတသဗ္ဗညုမျိုးကို ဝန်ခံသလားဟု မေးသည့်အတွက် ဝန်မခံခြင်း ဖြစ်သည်။ သဗ္ဗညုတဉာဏ်ကို မရ၍ ဝန်မခံခြင်း မဟုတ်ပေ။ တေဝိဇ္ဇဉာဏ်ကို ရသည်ဟု ပြောလျှင် မှန်သည်ဟု ဆိုခြင်းသည်လည်း မေးသူနှင့် တန်ရုံသာ ပြောခြင်းဖြစ်သည်။ မြတ်စွာဘုရားအနေဖြင့် ဝိဇ္ဇာသုံးပါးကိုသာ ရသည် ဝိဇ္ဇာရှစ်ပါး သဗ္ဗညုတဉာဏ်တို့ကို မရ၍ မဟုတ်ပေ။ အခြားသုတ် ဒေသနာတော်များစွာတို့၌ မြတ်စွာဘုရားက မိမိ သဗ္ဗညုတဉာဏ်ရှင် ဖြစ်ကြောင်း ဝန်ခံဟောကြားထားချက် များစွာရှိပေသည်။
တေဝိဇ္ဇသုတ်ကို ကိုးကား၍ ဗုဒ္ဓဘုရားရှင်အား သဗ္ဗညုတဉာဏ်ရှင်မဟုတ်ဟု ပြောဆိုကြသူတို့သည် တေဝိဇ္ဇဝစ္ဆသုတ်၏ အဓိပ္ပာယ်ကိုပင် နားမလည်ကြသောကြောင့်လည်းကောင်း၊ ထိုသုတ်မှတစ်ပါး သဗ္ဗညုတဉာဏ်ကို ဝန်ခံဟောကြားထားသော သုတ် ဒေသနာများကို မတွေ့ဖူးကြသောကြောင့်လည်းကောင်း၊ ဗုဒ္ဓဘာသာတို့၏ ကိုးကွယ်အားထားရာ အထွတ်အမြတ်ဆုံးဖြစ်သော ဗုဒ္ဓမြတ်စွာဘုရားကို သေးသိမ်အောင်ပြုလုပ်လိုသည့် စေတနာဆိုးကြောင့်လည်းကောင်း ပြောဆိုကြခြင်းဖြစ်ပေသည်။
သဗ္ဗညုတဉာဏ် ဆင်ခြင်မှသိ
၂၁။ ဘုရားသခင် ကိုယ်တော်မြတ်သည် အလုံးစုံကိုသိသော သဗ္ဗညု၊ အလုံးစုံကို မြင်သော သဗ္ဗဒဿာဝီ ဖြစ်တော်မူ၏ ဆိုရာတွင် အိပ်ပျော်နေခိုက်၌ လည်းကောင်း၊ မဆင်ခြင်သော အခိုက်၌လည်းကောင်း သိမြင်တော်မူခြင်း မရှိပေ။ အိပ်ပျော်နေခိုက်၌ ဘဝင်စိတ်တို့သာ ဖြစ်နေကုန်၏၊ ထိုဘဝင်စိတ်တို့သည် အာရုံရှိသည် ဆိုရုံမျှသာ ဖြစ်ကုန်၏၊ တစ်စုံတစ်ရာကို ကွဲကွဲပြားပြား သိခြင်းငှာ မစွမ်းနိုင်ကုန်။ ထိုနည်းတူစွာ မဆင်ခြင်သော အခိုက်၌လည်း သိမြင်တော်မူခြင်း မရှိ။ သဗ္ဗညုတဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူမှသာ သိမြင်ခြင်းငှာ စွမ်းနိုင်၏၊
၂၂။ ဥပမာ အစွမ်းထက်မြက်သော မှန်ပြောင်းကြီးကို လက်ဝယ်ပိုင်ပိုင်ကိုင်ထားသူအား အိပ်ပျော်နေသော်လည်းကောင်း၊ အသုံးမပြုသော်လည်းကောင်း မှန်ပြောင်း၏ ထက်မြက်သောစွမ်းအားမှာ မထင်ရှားသော်လည်း မှန်ပြောင်းကို အစွမ်းထက်မြက်မှု မရှိဟု မဆိုသာသကဲ့သို့ ထို့အတူ အိပ်ပျော်နေခိုက် မဆင်ခြင်ခိုက်၌ မသိမမြင်သော်လည်း အလုံးစုံကိုမသိဟုလည်းကောင်း၊ အလုံးစုံကို မမြင်ဟုလည်းကောင်း မဆိုသာချေ။ ဤအကြောင်းကို တေဝိဇ္ဇဝစ္ဆသုတ်အဋ္ဌကထာ၌ အောက်ပါအတိုင်း ရှင်းလင်းပြထားပေသည်။
(က) သဗ္ဗညူ သဗ္ဗဒဿာဝီ အပရိသေသံ ဉာဏဒဿနံ ပဋိဇာနာတီတိ ဟိ ဣဒံ အနုဇာနိတဗ္ဗံ သိယာ၊
(ခ) စရတော စ မေ။ပ။ ပစ္စုပဋ္ဌိတန္တိ ဣဒံ ပန နာနုဇာနိတဗ္ဗံ၊
(ဂ) သဗ္ဗညုတညာဏေန ဟိ အာဝဇ္ဇိတွာ ပဇာနာတိ (မ၊ဋ္ဌ၊၃၊၁၃၆။)
အဓိပ္ပာယ်ဆိုလိုချက်
(က) အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ အကြွင်းမဲ့ဉာဏ်အမြင်ကို ဝန်ခံ၏ ဟူသော စကားကို မြတ်စွာဘုရားသည် ဝန်ခံတော်မူရာ၏၊
(ခ) သွားနေသည် ဖြစ်စေ ရပ်နေသည် ဖြစ်စေ အိပ်ပျော်နေသည် ဖြစ်စေ နိုးကြားနေသည် ဖြစ်စေ အမြဲမပြတ် အခါခပ်သိမ်း ဉာဏ်အမြင် ရှေးရှုထင်၏ ဟူသော စကားကိုသာ မြစ်ပယ်တော်မူ၏၊ (လက်ခံတော်မမူ)။
(ဂ) သဗ္ဗညုတဉာဏ်ဖြင့် ဆင်ခြင်မှသာ အလုံးစုံကို သိတော်မူ၏၊
တစ်ကြိမ်တည်းဖြင့် သိသူမရှိ
၂၃။ သဗ္ဗညုတဉာဏ်နှင့်စပ်၍ မဇ္ဈိမပဏ္ဏာသပါဠိ ကဏ္ဏကတ္ထလသုတ် နှာ ၃၂၈-၃၂၉-၌ လာသော သာဓကကို ထုတ်ဆောင်၍ ရှင်းလင်းပြရပေဦးမည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကဏ္ဏကတ္ထလ အမည်ရှိသော တောဝယ် နေတော်မူ၏၊ ထိုစဉ်က ပေဿနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ သဗ္ဗညုတဉာဏ်နှင့် ပတ်သက်သော အကြောင်းအရာများကို သံသယကင်းအောင် မေးဖူးလေပြီ။
“မြတ်စွာဘုရား တရားအလုံးစုံကို သိသော တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင် ရှိ၏ဟု ဝန်ခံနိုင်သော သမဏ သော်လည်းကောင်း ဗြာဟ္မသော်လည်းကောင်း မရှိနိုင်၊ ဤသို့ ဝန်ခံနိုင်သော အကြောင်းမျိုး မရှိနိုင်ဟု ရဟန်းဂေါတမက ပြောဆိုကြောင်း အကျွန်ုပ် ကြားသိရပါ၏၊ပ။ ဤသို့ ပြောဆိုကြသူများသည် ဘုရားစကားအတိုင်း ပြောဆိုခြင်း ဟုတ်ပါသလော၊ စွပ်စွဲရာ မရောက်ပါသလော၊ ကဲ့ရဲ့ရာ မရောက်ပါသလော”။
၂၄။ ဤကဲ့သို့ ပေဿနဒီကောသလမင်းက လျှောက်ထားသောအခါ မြတ်စွာဘုရားက အောက်ပါအတိုင်း ပြန်၍ဖြေကြားလေ သည်။
“မင်းကြီး တရားအလုံးစုံကိုသာ သိသော တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင် ရှိ၏ဟု ဝန်ခံနိုင်သော သမဏသော်လည်းကောင်း ဗြာဟ္မဏသော်လည်းကောင်း မရှိနိုင်။ ဤသို့ ဝန်ခံနိုင်သော အကြောင်းမျိုး မရှိနိုင်ဟု ရဟန်းဂေါတမက ပြောဆိုကြောင်း (လိုက်လံ သတင်းလွှင့်နေကြသူများသည်) ငါ့စကားအတိုင်း ပြောခြင်းမဟုတ်၊ ငါ့ကို စွပ်စွဲရာ ရောက်၏၊ ကဲ့ရဲ့ရာ ရောက်၏”
၂၅။ ဘုရားရှင်၏အဖြေစကားကို ကြားသောအခါ ကောသလမင်းကြီးက အောက်ပါအတိုင်းဆက်၍ မေးလျှောက်ပြန်လေသည်။
“အရှင်ဘုရား လူတွေ နားလည်တာက တခြား၊ ဘုရားဟောတာက တခြားဖြစ်နေပါသည်။ ရှင်းပြတော်မူပါ ဘုရား”
ကောသလမင်း၏ အမေးစကားကို မြတ်စွာဘုရားက အောက်ပါအတိုင်း တိတိကျကျ ရှင်းပြတော်မူလေသည်။
“မင်းကြီး တစ်ကြိမ်တည်းဖြင့်သာလျှင် အလုံးစုံကို သိနိုင်သော၊ အလုံးစုံကို မြင်နိုင်သော သမဏသော်လည်းကောင်း ဗြာဟ္မဏ သော်လည်းကောင်း မရှိ၊ သိနိုင် မြင်နိုင်သော အကြောင်းမျိုးသည် မရှိနိုင်၊ ဤစကားကို ရည်၍ ငါ ပြောဆိုခြင်း ဖြစ်သည်”။
၂၆။ ဤသုတ်၌ ဘုရားသခင် မိန့်ကြားသော စကား၏ အဓိပ္ပာယ်ကို မိမိရရ ကောက်တတ်ဖို့ လိုသည်။ ဟောတော်မူလိုရင်းမှာ “အလုံးစုံသော တရားတို့ကို သိသောသူ မြင်သောသူ မရှိဟု ငါ မဟော၊ အလုံးစုံသော တရားတို့ကို သိသောသူ မြင်သောသူ ရှိ၏ဟု ငါ ဟောသည်။ သို့သော် တစ်ကြိမ်တည်းဖြင့် အလုံးစုံသော တရားတို့ကို သိနိုင်မြင်နိုင်သူ မရှိ၊ အကြိမ်ကြိမ် ဉာဏ်ဖြင့် ဆင်ခြင်မှ သိနိုင်မြင်နိုင်သည်” ဟု ဖြေတော်မူလိုရင်း ဖြစ်သည်။ ခြုံ၍ ဆိုရသော် “အလုံးစုံသော တရားတို့ကို သိမြင်သော သဗ္ဗညုပုဂ္ဂိုလ်အမှန် ရှိသည်။ အလုံးစုံကို သိသော်လည်း တစ်ကြိမ်တည်းဖြင့် အကုန်သိ အကုန်မြင်ဟူသော အနက်သဘောကို မမှတ်ရ” ဟု ဆိုလိုပေသည်။
၂၇။ မြတ်စွာဘုရားက ဤကဲ့သို့ သဗ္ဗညုတဉာဏ်အကြောင်းကို တိတိကျကျရှင်းပြသောအခါ ပေဿနဒီကောသလမင်းကြီးသည် လွန်စွာ သဘောကျ၍ ဝမ်းမြောက်ဝမ်းသာ လက်ခံပါကြောင်း-
“သဗ္ဗညုတံ မယံ ဘန္တေ ဘဂဝန္တံ အပုစ္ဆိမှာ၊ သဗ္ဗညုတံ ဘဂဝါ ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ၊ တေန စမှာ အတ္တမနာ” (မ၊၂၊၃၃၃။)
ဟု လျှောက်ထားလေသည်။
မြန်မာပြန်
“အရှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို သဗ္ဗညုတဉာဏ်အကြောင်းကို မေးလျှောက်ပါကုန်၏၊ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်အကြောင်းကို ဖြေကြားတော်မူ၏၊ ထိုဖြေကြားတော်မူချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်းကျပါ၏၊ နှစ်လည်း နှစ်သက်ပါ၏၊ ထိုအဖြေဖြင့်လည်း နှစ်လိုသောစိတ် ရှိကြပါကုန်၏၊”
၂၈။ ဤကဏ္ဏကတ္ထလသုတ်၌ ဗုဒ္ဓကိုယ်တိုင် သဗ္ဗညုတဉာဏ်အကြောင်းကို အတိအကျ အသေအချာ ဟောထားပါလျက် “အဋ္ဌကထာဆရာတို့က ဗုဒ္ဓသည် ဘာမဆို အကြားအမြင် အသိရှိသော သဗ္ဗညုတဉာဏ် ရရှိသည်ဟု ပြဆိုကြဟန်ရှိ၏” ဟူသော အဘိဓမ္မာဆရာစိန်ဆိုသူ၏ ရေးသားချက်သည် ဘုရားဟောကျမ်းဂန်များနှင့် လုံးဝဆန့်ကျင်နေသောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
ဗုဒ္ဓကိုယ်တော်တိုင် သဗ္ဗညုဟုဝန်ခံပုံ
၂၉။ သမ္မာသမ္ဗုဒ္ဓ (သဗ္ဗညု)နှင့်စပ်လျဉ်း၍ ဘုရားကိုယ်တိုင် ဝန်ခံထားပုံကိုလည်း သာဓကအဖြစ် ထုတ်ဆောင်ပြလိုက်ပေဦးမည်။ ကောသလသံယုတ်ဒဟာရသုတ်တွင် ပေဿနဒီကောသလမင်းကြီးက မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဤသို့ မေးလျှောက် ဖူးလေသည်။
“ဘဝမ္ပိ နော ဂေါတမော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပဇာနာတိ” (သံ၊၁၊၆၈။)
မြန်မာပြန်
“အရှင်ဂေါတမသည်လည်း အတုမရှိသော သဗ္ဗညုတဉာဏ်ကို သိသူဟူ၍ ဝန်ခံပါသလော”။
ထိုသို့မေးလျှောက်သောအခါ မြတ်စွာဘုရားက အတိအလင်းဝန်ခံကြောင်း အောက်ပါအတိုင်း မိန့်ကြားတော်မူသည်။
“အဟံ ဟိ မဟာရာဇ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” (သံ၊၁။ ၆၈။)
မြန်မာပြန်
“မင်းကြီး မှန်လှပေ၏၊ ငါသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို သိတော်မူ၏”။
၃၀။ ဤကောသလသံယုတ် ဒဟရသုတ်၌ ဘုရားကိုယ်တိုင် (သဗ္ဗညု) ဖြစ်ကြောင်း ဝန်ခံထားချက် အတိအလင်းရှိပါလျက် အဘိဓမ္မာဆရာစိန်ဆိုသူက မယုံကြည်နိုင်ခြင်းမှာ မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပ သဘောမှလွဲ၍ အခြားသဘောမဖြစ်နိုင်ချေ။
၃၁။ ဗုဒ္ဓက ဤကဲ့သို့ သဗ္ဗညုဖြစ်ကြောင်း ဝန်ခံသောအခါ ပေဿနဒီကောသလက တိတ္ထိဆရာကြီးများနှင့် ကွာခြားပုံကို ဤသို့ လျှောက်ထားပြန်သည်။ “အရှင်ဂေါတမ ပူရဏကဿပ စသော ဆရာကြီးတို့ကို သဗ္ဗညုတဉာဏ်ရှင်အဖြစ် ဝန်ခံပါ သလောဟူ၍ အကျွန်ုပ် ကိုယ်တိုင်မေးရာ သဗ္ဗညုအဖြစ် သူတို့ဝန်မခံကြပါ။ အရှင်ဂေါတမသည် အရွယ်လည်းငယ်၏၊ ရဟန်း ပြုသစ်စလည်း ဖြစ်၏၊ သို့ဖြစ်လျက် အဘယ့်ကြောင့် သဗ္ဗညုဟု ဝန်ခံပါသနည်း”။
ကောသလမင်းက ဤသို့ မေးမြန်းသောအခါ ဗုဒ္ဓက “မင်းကိုလည်းကောင်း မြွေကိုလည်းကောင်း မီးကိုလည်းကောင်း ရဟန်းကိုလည်းကောင်း ဤ ၄-မျိုးကို ငယ်သည်ဟု အထင်မသေးသင့်ကြောင်း” မိန့်တော်မူ၏၊ ဤဒဟရသုတ်တော်၌ ဗုဒ္ဓသည် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏(ရ၏) ဟု အတိအလင်းဝန်ခံတော်မူသည်ကို တွေ့ရပေသည်။
၃၂။ ဤသုတ်၌ တိတ္ထိတို့က သဗ္ဗညုအဖြစ် ဝန်မခံ၊ ဂေါတမဘုရားကသာ သဗ္ဗညုအဖြစ် ဝန်ခံသည်ကို တွေ့ရှိရပေသည်။ ဤသို့ ဘုရားဟောပိဋကတ်ကျမ်းဂန် အထင်အရှား ရှိပါလျက် သမ္မာဒိဋ္ဌိအဖွဲ့ချုပ်၏ သဘောတရားရေးရာ တာဝန်ခံတစ်ဦးဖြစ်သော အဘိဓမ္မာဆရာစိန်၏ “အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓ၏ အကြောင်းအရာများကို ချီးမြောက်ရေးသားရာ၌ ထိုသဗ္ဗညုတဉာဏ် ရရှိသည်ဆိုသော တိတ္ထိဆရာကြီးတို့ကို အညံ့မခံလိုသည်က တစ်ကြောင်း၊ ဗုဒ္ဓကို အခြားအရိယာပုဂ္ဂိုလ်တို့နှင့် ခွဲခြားထားလိုသောကြောင့် ဗုဒ္ဓသည် ဘာမဆို အကြားအမြင် အသိရှိသော သဗ္ဗညုတဉာဏ် ရရှိသည်ဟု ပြဆိုကြဟန် တူ၏” ဟူသော ရေးသားချက်သည် အဋ္ဌကထာဆရာတို့ကို ပြက်ရယ်ပြုခြင်း ဘုရားသခင်ကို စော်ကားခြင်းဖြစ်၍ အဓမ္မဝါဒီတို့၏ မတော်မတရား စွပ်စွဲရေးသားခြင်းသာ ဖြစ်သည်ဟူ၍ ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြသည်။
ပါဠိတော်တို့၌ လာရှိပုံ
၃၃။ စုဒိတကအဖွဲ့သားတို့က ၎င်းတို့၏ ထင်မြင်ချက်သက်သက်ဖြင့် သဗ္ဗညုတဉာဏ်ဟူသည် အဋ္ဌကထာဆရာတို့ လုပ်ကြံ ထားသော ဂုဏ်ပုဒ် ဖြစ်လေဟန် ရေးသားထားရာ အဋ္ဌကထာတို့ လုပ်ကြံရေးသားချက် မဟုတ်မူ၍ အဘိဓမ္မာပါဠိတော်တို့၌ပင် လာရှိကြောင်းကို ထပ်မံ ဖော်ပြပေဦးအံ့။
“ကတမော စ ပုဂ္ဂလော သမ္မာသမ္ဗုဒ္ဓေါ၊ ဣဓေကစ္စော ပုဂ္ဂလော ပုဗ္ဗအနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိသမ္ဗုဇ္ဈတိ၊ တတ္ထ စ သဗ္ဗညုတံ ပါပုဏာတိ၊ ဗလေသု စ ဝသီဘာဝံ၊ အယံ ဝုစ္စတိ ပုဂ္ဂလော သမ္မာသမ္ဗုဒ္ဓေါ” (အဘိ၊၃။ ၁၁၇။) (ပုဂ္ဂလပညတ္တိ ပါဠိတော်)
မြန်မာပြန်
သမ္မာသမ္ဗုဒ္ဓပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရှေးက မကြားဖူးကုန်သော တရားတို့၌ ကိုယ်တိုင် သစ္စာတို့ကို ထိုးထွင်း၍ သိ၏၊ ထိုသစ္စာတရားတို့၌ အကုန်အစင် သိမြင်ခြင်း (သဗ္ဗညုအဖြစ်) သို့လည်းကောင်း၊ အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးတို့၌ လေ့လာနိုင်နင်းခြင်းသို့လည်းကောင်း ရောက်၏၊ ဤပုဂ္ဂိုလ်ကို သမ္မာသမ္ဗုဒ္ဓဟု ဆိုအပ်၏၊
မှတ်ချက်။ ။ ပစ္စေကသမ္ဗုဒ္ဓပုဂ္ဂိုလ်အကြောင်း ဟောရာ၌ကား “န စ တတ္ထ သဗ္ဗညုတံ ပါပုဏာတိ=ထိုသစ္စာတရားတို့၌ သဗ္ဗညုအဖြစ်သို့ မရောက်” ဟု လာရှိ၏၊ ဤပါဠိတော်ကိုထောက်၍ သစ္စာလေးပါးကို သိခြင်းတူသော်လည်း မြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့ အသိချင်း ကွာခြားကြောင်း အခြားအရိယာတို့နှင့် မြတ်စွာဘုရားမှာ သာ၍ပင် ကွာခြားမည် ဖြစ်ကြောင်းကို မှတ်သားထားသင့်၏၊
သဘာဝယုတ္တိဖော်ပြချက်
၃၄။ ဘုရားဟောပါဠိ သောဓက အာဂမယုတ္တိအားဖြင့် သဗ္ဗညုတဉာဏ်ရှိပုံ ဂေါတမဘုရားရှင် သဗ္ဗညုတဉာဏ်ရရှိပုံတို့ကို ပြပြီးနောက် လောကသဘာဝယုတ္တိအားဖြင့် မြတ်စွာဘုရားအနေဖြင့် သဗ္ဗညုတဉာဏ် ရရှိပုံကို ပြဦးအံ့။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၌ အသိဉာဏ် ပညာရှိလာရန်မှာ (ထူးခြားသော ပါရမီရှင်များ မဟုတ်လျှင်) အချိန်ယူကာ ဆန္ဒ ဝီရိယ သမာဓိတို့ဖြင့် လေ့လာကြိုးကုတ် အားထုတ်ဆည်းပူးရမြဲ ဖြစ်ပေသည်။ မျက်မြင်လောက ပညာသင်ယူနေကြသော ကျောင်းသားဘဝကို လေ့လာလျှင် ၃-နှစ်၊ ၄-နှစ်သာ ပညာသင်ကြားနိုင်သူတို့သည် မူလတန်းအဆင့် ပညာလောက်သာ တတ်မြောက်ကြ၏၊ ၆-နှစ်၊ ၇-နှစ် သင်ကြားနိုင်လျှင် အလယ်တန်းအဆင့်၊ ထိုထက်အချိန်ယူကာ လေ့လာအားထုတ်ပါလျှင် အထက်တန်းအဆင့် တက္ကသိုလ်အဆင့် စသည့် အဆင့်မြင်ပညာကို ရရှိနိုင်ပေသည်။ ဤကား ယေဘုယျသဘောကို ခြုံငုံ သုံးသပ်ခြင်း ဖြစ်၏၊
အချို့သော သူတို့၌ကား ထူးထူးခြားခြား အံ့ဩလောက်အောင် ပညာထူးချွန်သည်ကို တွေ့နိုင်ပေသည်။ ဥပမာ-
(က) မြန်မာပြည်တွင် အင်္ဂလိပ်အစိုးရလက်ထက်က ၆-နှစ်သားအရွယ် မောင်ထွန်းကြိုင်သည် ပိဋကတ်တော်များကို နှုတ်တက် အာဂုံဆောင်နိုင်၍ ပိဋကတ်မောင်ထွန်းကြိုင်ဟု ထင်ရှားခဲ့ဖူးသည်။ သူ၏အကြောင်းမှာ မြန်မာပြည်သာမက ကမ္ဘာသို့ပင် ကျော်ကြားခဲ့၏၊
(ခ) မုံရွာခရိုင် ကန္နီမြို့မှ ကျော်ကြားထင်ရှားသော ကန္နီဆရာတော်ကြီး၏ မယ်တော်ကြီး ဒေါ်ကောင်းသည် ပိဋကတ်တော် ပါဠိစာပေများကို တစ်ကြိမ်မျှ ဖတ်ရှုခြင်းဖြင့် နှုတ်တက်အာဂုံ ရရှိလေသည်။
(ဂ) ဗြိတိသျှ သံအမတ်တစ်ဦးဖြစ်သူ ဝီလျံဟာမီလ်တန်သည် ၃-နှစ်အရွယ်ကပင် ဟေဗြဲ (ဟီဘရူး) ဘာသာကို တတ်မြောက် ၏၊ ၇-နှစ်အရွယ်တွင် ဟေဗြဲဘာသာကို သင်ကြားနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးထက် ပို၍ တတ်မြောက်ပြီး ၁၂-နှစ်အရွယ်တွင် ပါရှန် အူရဒူ ဟင်ဒူစတန်နီ အပါအဝင် ဘာသာစကားပေါင်း ၁၂-မျိုးကို ပြောဆိုနိုင်၏၊
(ဃ) အမေရိကန်ပြည်မှ ဝီလျံဂျိမ်းဆစ်ဒစ်သည် အသက် ၂-နှစ်အရွယ်မှာပင် အရေးအဖတ် တတ်မြောက်၏၊
(င) သင်္ချာပညာဘက်တွင် အရွယ်နှင့်မလိုက်အောင် ထူးချွန်နေသောကလေးများကိုလည်း မကြာခဏ တွေ့မြင်ကြားသိနေရ၏၊
ဤထူးချွန်မှုများကား ဤဘဝ၌ လေ့လာဆည်းပူးသော ဝီရိယ စသည်ကြောင့်သာ မဟုတ်ဘဲ ရှေးရှေးဘဝက လေ့လာခဲ့သော ပါရမီကုသိုလ်အထုံတို့၏ အထောက်အပံ့က လွန်ကဲစွာပါဝင်နေသောကြောင့်လည်း ဖြစ်ပေသည်။ မြတ်စွာဘုရားသည် တစ်ဘဝ နှစ်ဘဝမက ဘဝပေါင်း ရာထောင်သိန်းသန်းဟု မရေတွက်နိုင်၊ လေးအင်္သချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဘဝမျိုးစုံ၌ ကျင်လည်ကာ သဗ္ဗညုတဉာဏ်ကို ရှာမှီးတော်မူခဲ့လေသည်။ သဗ္ဗညုတဉာဏ်ပညာရရှိရေးအတွက် ပဓာနဦးတည်ချက်ထားလျက် ဖြစ်လေရာရာ ဘဝများစွာတို့၌ ပေးကမ်းလှူဒါန်းခြင်း (ဒါနပါရမီ)၊ အကျင့်သီလစောင့်ထိန်းခြင်း (သီလပါရမီ)၊ ကာမအနှောင်အဖွဲ့ အိမ်အနှောင်အဖွဲ့တို့မှ ခွဲခွာထွက်မြောက်ခြင်း (နေက္ခမ္မပါရမီ)၊ အသိပညာအထူးထူးကို ဆည်းပူးလေ့လာခြင်း (ပညာပါရမီ) စသော ပါရမီတော်တို့ကို အများသူတို့ထက် ထူးကဲစွာဖြည့်ကျင့်တော်မူလျက် သဗ္ဗညုတဉာဏ်ပညာကို ရှာမှီးခဲ့လေသည်။
ထိုသို့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထူးထူးကဲကဲ ဖြည့်ကျင့်ဆည်းပူးခဲ့ခြင်းကြောင့် ရရှိလာသော ပညာမှာ မည်သည့်ပုဂ္ဂိုလ်၏ပညာနှင့်မျှ နှိုင်းယှဉ်တိုင်းတာ၍မရသော အလုံးစုံသိသောပညာ (ဝါ) သဗ္ဗညုတဉာဏ်တော်သာ ဖြစ်ရပေမည်။
၃၅။ ထို့ပြင် မြတ်စွာဘုရား ဟောကြားတော်မူသော တရားဒေသနာတော်တို့ကို ဆင်ခြင်လေ့လာလျှင် သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားဖြစ်ကြောင်း သိရှိနိုင်ပေသည်။ မြတ်စွာဘုရားသည် သစ္စာလေးပါး တရားတော်၊ ပဋိစ္စသမုပ္ပာဒ် တရားတော်တို့ကဲ့သို့ မှန်ကန်တိကျ ခက်ခဲနက်နဲလှသော တရားတော်များ၊ ဗြဟ္မဇာလသုတ်ကဲ့သို့ အယူဝါဒမျိုးစုံ မိစ္ဆာဒိဋ္ဌိအဖုံဖုံကို လွှမ်းခြုံ၍ ဟောကြားသော ဒေသနာများ၊ ပဋ္ဌာန်းကျမ်းကြီးအပါအဝင် အဘိဓမ္မာဒေသနာတို့ကဲ့သို့ ကြီးကျယ်လှသော ဒေသနာတော်တို့ကို ဟောကြားတော်မူရာ ၎င်းဒေသနာတော်တို့ကို ဖြစ်ပေါ်စေသောဉာဏ်မှာ သဗ္ဗညုတဉာဏ်မှတပါး အခြားဉာဏ် မဖြစ်နိုင်တော့ပေ။
ဗြဟ္မဇာလသုတ်ကဲ့သို့ လေးနက်ကျယ်ပြန့်သော သုတ်တရားတော်ကြီးများ ဓမ္မသင်္ဂဏီ ဝိဘင်း စသော အဘိဓမ္မာခုနစ်ကျမ်း တရားတော်များကို ဖတ်ရုံလောက် မဟုတ်ဘဲ ဆရာသမားနည်း ကျကျနန သင်ယူဆည်းပူး လေ့လာကျင့်ကြံဖူးသူ မှန်သမျှ အတိမ်အနက်ကို နားလည်ပြီး ဘုရားရှင်အား သဗ္ဗညုတဉာဏ်တော်မရှိဟု မည်သူမျှ မပြောရဲကြပေ။ ပိဋကသုံးပုံကို သဘော ရေးဖြေနှင့်တကွ နှုတ်ငုံဆောင်ကြသော မည်သည့်ဆရာတော်ကမျှ သဗ္ဗညုတဉာဏ်တော်အပေါ် သံသယမရှိသည်မှာ ထင်ရှားသော လက်တွေ့သာဓက ဖြစ်လေသည်။
၃၆။ ထို့ပြင် မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ထိုးထွင်းသိရှိသော တရားအားလုံးကို အကုန်အစင် ဟောတော်မူခဲ့သည် မဟုတ်ပေ။ သိရှိထားသောတရားတော်တို့အနက် သတ္တဝါတို့အကျိုးရှိမယ့် တရားအချို့ တစ်စိတ်တစ်ဒေသလောက်ကိုသာ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ သိတော်မူလျက် မဟောကြားခဲ့သော တရားတို့ကား ဟောကြားပြီးတရားတို့ထက် အဆပေါင်းများစွာ ကျန်ရှိနေသေး၏၊ ဤအချက်သည် အောက်ပါ မဟာဝဂ္ဂသံယုတ္တပါဠိ သီသပါဝနသုတ် -နှာ ၃၈၃-ဖြင့် ထင်ရှား၏၊
၃၇။ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ယင်းတိုက်တော၌ သီတင်းသုံးနေထိုင်တော်မူစဉ်က အနည်းငယ်သော ယင်းတိုက် ရွက်တို့ကို လက်ဖြင့်ကိုင်၍ “ရဟန်းတို့ ငါ လက်ဖြင့် ကိုင်ထားသော ယင်းတိုက်ရွက်တို့နှင့် (ကျန်သော) တောအတွင်းရှိ ယင်းတိုက်ရွက်တို့သည် အဘယ်က များသနည်း” ဟု မေးတော်မူ၏၊ ရဟန်းတို့က “အရှင်ဘုရား မြတ်စွာဘုရား လက်ဖြင့် ကိုင်ထားသော ယင်းတိုက်ရွက်တို့သည် နည်းလှပါ၏၊ စင်စစ်ကား တောအတွင်းရှိ ယင်းတိုက်ရွက်တို့သည်သာ များလှပါကုန်၏၊” ဟု လျှောက်ထားကြ၏၊ မြတ်စွာဘုရားက “ရဟန်းတို့ ဤအတူပင် ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ မဟောကြားသော တရားတို့သာ များကုန်၏၊ အဘယ့်ကြောင့် မဟောသနည်းဟူမူ မဂ်တည်းဟူသော အကျင့်မြတ်၏ အစ မဟုတ်။ပ။ တဏှာမှ ထွက်မြောက်ရန် မဖြစ်၊ ထို့ကြောင့် ငါ မဟောဟု မိန့်တော်မူ၏၊” (မဟာဝဂ္ဂ သံသုတ်ပါဠိတော် မြန်မာပြန် သီသပါ-ဝနသုတ်-၃၈၉)
ထိုမျှ များပြားလှသော တရားတို့ကို သိသောဉာဏ်မှာ အဆုံးအပိုင်းအခြားမရှိ သိမြင်သော သဗ္ဗညုတဉာဏ်တော်ပင် ဖြစ်ပေသည်။ ဤသို့ ဖြစ်နိုင်ချက် သဘာဝယုတ္တိကို ထောက်၍လည်း မြတ်စွာဘုရား၌ အလုံးစုံသိသော သဗ္ဗညုတဉာဏ်တော် ရှိကြောင်း သိနိုင်သည်။
ဒေဝဒတ်ကို ရဟန်းပြုပေးခြင်း
၃၈။ ဒေဝဒတ်ကို ရဟန်းပြုခွင့် ပေးခြင်းကြောင့် မြတ်စွာဘုရားသည် ဒေဝဒတ်၏ ရှေးအဖြစ်ကို မသိ၊ မြတ်စွာဘုရား၌ သဗ္ဗညုတဉာဏ်မရှိဟု သမ္မာဒိဋ္ဌိသုတေသနအဖွဲ့နာယက ဆရာစိန်က အမှန်တရားသုတေသန အမှတ်(၁) စာစောင်၌ စွပ်စွဲ ရေးသားခဲ့၏၊ ရှေးအဖြစ်ဟု ဆိုရာ၌ ဖြစ်လတ္တံ့သော အနာဂတ်ကို ဆိုလိုဟန် ရှိပေသည်။ ဆရာစိန်သည် ဒေဝဒတ်ကို ရဟန်းပြုခွင့် ပေးခြင်းအကြောင်းကို မသိသောကြောင့်လည်းကောင်း၊ မြတ်စွာဘုရား၏ တရားဒေသနာတို့ကို သဘောပေါက်နားလည်မှု မရှိ၊ မြတ်စွာဘုရားကို ကြည်ညိုသော သဒ္ဓါတရားနည်းပါးပြီး အပြစ်ရှာလိုသောကြောင့်လည်းကောင်း ထိုသို့ စွပ်စွဲရေးသားခြင်း ဖြစ်ပေမည်။
ဒေဝဒတ်အား ရဟန်းပြုခွင့်ပေးခြင်းအကြောင်းကို စောဒကပုဂ္ဂိုလ်တို့က ဓမ္မပဒအဋ္ဌကထာအကိုးအကားဖြင့် ဝိသေသစောဒနာ၌ တင်ပြခဲ့ကြပြီး ဖြစ်သည်။ မိလိန္ဒပဥှပါဠိတော်၌လည်း မိလိန္ဒမင်းကြီးက မေး၍ အရှင်နာဂသေနက အောက်ပါအတိုင်း ဖြေဆို တော်မူခဲ့၏၊
“ကာရုဏိကော မဟာရာဇ ဘဂဝါ သဗ္ဗညု စ၊ ကာရုညေန မဟာရာဇ ဘဂဝါ သဗ္ဗညုတညာဏေန ဒေဝဒတ္တဿ ဂတိံ ဩလောကေန္တော အဒ္ဒသ ဒေဝဒတ္တံ။ပ။ အပဗ္ဗဇိတောပိ အယံ မောဃပုရိသော ကပ္ပဋ္ဌိတိယ မေဝကမ္ပံ အာယူဟိဿတီတိ ကာရုညေန ဒေဝဒတ္တံ ပဗ္ဗာဇေသိ” (ခု၊၁၁၊၁၄။) (မိလိန္ဒပဥှပါဠိ)
မြန်မာပြန်
မင်းမြတ် မြတ်စွာဘုရားသည် သနားခြင်း “ကရုဏာ”လည်း ရှိတော်မူ၏၊ အလုံးစုံသော တရားတို့ကိုလည်း သိတော်မူ၏၊ သနားတော်မူသောကြောင့် မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ဖြင့် ဒေဝဒတ်၏ လားရာ “ဂတိ” ကို ကြည့်တော်မူသည်ရှိသော် အပါယ်၌ ကျစေတတ်သော ကံကို အားထုတ်၍ ကုဋေတစ်သိန်းမက များစွာသော ကမ္ဘာတို့ပတ်လုံး ငရဲတစ်ခုမှ ငရဲ တစ်ခုသို့ ပျက်စီးကျ၊ ရောက်ရာတစ်ခုမှ ပျက်စီးကျ ရောက်ရာတစ်ခုသို့ လားရောက်လတ္တံ့သော ဒေဝဒတ်ကို မြင်တော်မူ၏၊ ထိုအကြောင်းကို မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ဖြင့် သိတော်မူ၍ ဤဒေဝဒတ်၏ အပိုင်းအခြားမရှိသော ကံသည် ငါဘုရား၏ သာသနာတော်၌ ရဟန်းပြုသည်ရှိသော် အဆုံးအပိုင်းအခြား ရှိသည် ဖြစ်လတ္တံ့။ ဆင်းရဲသည် ရှေးဆိုခဲ့ပြီးသော အပိုင်းအခြားမရှိသော ကံကိုထောက်၍ အဆုံးအပိုင်းအခြားရှိသည် ဖြစ်လတ္တံ့။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ဤသူသည် ရဟန်းမပြုသော်လည်း (ငရဲ၌) တစ်ကမ္ဘာပတ်လုံး တည်လိမ့်မည်သာ ဖြစ်သောကံကို အားထုတ်လတ္တံ့ဟု သိတော်မူ၍ သနားသောကြောင့် ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူ၏၊
(မိ မြန်၊ ၁၂၃။) (မိလိန္ဒပဥှပါဠိတော် မြန်မာပြန်)
၎င်းပါဠိတော်ကို အကျဉ်းချုပ်သော် သဗ္ဗပြုတဉာဏ်တော် အရင်းခံသော မဟာကရုဏာတော်ကြောင့် ဒေဝဒတ်အား ရဟန်းပြုခွင့်ပေးသည်ဟု မှတ်ယူအပ်၏၊ မြတ်စွာဘုရားသည် ဒေဝဒတ်၏ ရှေ့အဖြစ် နောက်အဖြစ်တို့ကို တစ်ဘဝသာမက ဘဝ များစွာတို့ကိုပါ သိမြင်တော်မူပေသည်။
၃၉။ မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူခါမှ မိမိအသက်ကို အန္တရာယ်ပြုမည့်သူတို့၏ အကျိုးစီးပွားကို ဆောင်တော်မူသည် မဟုတ်သေး။ ပါရမီဖြည့်ကျင့်ရင် နုစဉ်အခါတို့၌လည်း မိမိဦးခေါင်းကို ကျောက်ခဲဖြင့် ထုကာ အသက် ရန်ရှာသော မျက်စေ့လည် လမ်းမှားနေသော ပုဏ္ဏားတစ်ယောက်အား လမ်းမှန်ကို ညွှန်ကြားပြသကာ အကျိုးကို ဆောင်တော်မူခဲ့၏၊ ဇာတကအဋ္ဌကထာ(ပဉ္စ-၇၀) ပဉ္စမ မဟာကပိဇာတ်
ထိုသို့ အကျိုးကို ဆောင်ခဲ့သော ဘဝတို့မှာ များပြားလှကုန်၏၊ လက်ရှိ သမ္မာဒိဋ္ဌိသုတေသန အသိုင်းအဝိုင်း ပုဂ္ဂိုလ်မျိုးအနေဖြင့်ကား မိမိကို ရန်မူမည့်သူအား ကြိုတင်ကာကွယ် နှိမ်နင်းထားမည်သာ ဖြစ်သည်။ ဤသို့ ရန်သူကို အရေးယူခြင်းသည် လူသာမန်တို့အတွက် သဘာဝကျဟန် ရှိသော်လည်း အတုမရှိ ထိပ်တန်း သူတော်ကောင်းကြီးဖြစ်သော မြတ်စွာဘုရားအဖို့မူကား ရန်သူကို ကြိုတင်အရေးယူခြင်းသည် သဘာဝမကျပေ။ သမ္မာဒိဋ္ဌိသုတေသနသမားတို့သည် ဘုရားကိစ္စကို ဘုရားလို မစဉ်းစားဘဲ မိမိတို့ကဲ့သို့ ကိုယ်ချင်းစာပြီး စဉ်းစားနေမိကြသဖြင့် ယခုလို စွပ်စွဲမိခြင်း ဖြစ်ပေသည်။ ဘုရားကား ဘုရားပေတည်း။
သေးနုပ်သော သိက္ခာပုဒ်များ
၄၀။ သဗ္ဗညုတဉာဏ်ရပါလျက် အဘယ်ကြောင့် နုတ်ပယ်သင့်သော သေးနုပ်သော သိက္ခာပုဒ်များကို နုတ်ပယ်ကြပါဟု မိန့်တော်မူရပါသနည်းဟူ၍ ဆရာစိန်က စောဒနာထား၏၊ သဗ္ဗညုတဉာဏ် မရှိ၍သာ ထိုကဲ့သို့ မိန့်တော်မူခြင်းဖြစ်၏ဟု ဆရာစိန်တို့၏ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့က ယူဆခဲ့ကြခြင်း ဖြစ်သည်။ စောဒကဆရာတော်တို့က “မြတ်စွာဘုရားသည် သေးငယ်သော သိက္ခာပုဒ်များကို နုတ်ပယ်ပစ်ကြလော့” ဟု တစ်ထစ်ချ ခိုင်းတော်မမူဘဲ နုတ်ပယ်လိုက နုတ်ပယ်ကြဟုသာ ခိုင်းတော်မူခဲ့ကြောင်းနှင့် ထိုသို့ မိန့်ကြားတော်မူခြင်း၏ ရည်ရွယ်ချက်နှစ်မျိုးကိုပါ (ဒီ၊ဋီ၊၂၊၁၈၆) အကိုးအကားဖြင့် ဝိသေသစောဒနာ၌ တင်ပြခဲ့ကြပေသည်။
၄၁။ ဝိနည်းဓိုရ်ဆရာတော်များသည် မူရင်းဖြစ်သော ပါဠိတော်ကို ကြည့်ရှုသောအခါ ဒီဃနိကာယ မဟာဝဂ္ဂပါဠိ မဟာပရိနိဗ္ဗာနသုတ်၌-
“အာကင်္ခမာနော အာနန္ဒ သံဃော မမစ္စယေန ခုဒ္ဒါနုခုဒ္ဒကာနိ သိက္ခာပဒါနိ သမူဟနတု” (ဒီ၊၂၊၁၂၇။)
ဟု တွေ့ရှိရသည်။
မြန်မာပြန်
“အာနန္ဒာ သံဃာတော်သည် ငါ ကွယ်လွန်သောအခါ၌ အသေးအနုပ်သိက္ခာပုဒ်တို့ကို နုတ်ပယ်လိုသော် နုတ်ပယ်လေလော့” ဟု ဖြစ်၏၊
ဤတွင် ဆရာစိန်က “နုတ်ပယ်လိုခဲ့သော်” ဟူသော စကားကို ချန်ထား၍ “နုတ်ပယ်သင့်သော” ဟူသော စကားကို ထည့်သွင်း ထားရာ ဟောတော်မူရင်း စကားတော်နှင့် အာဘော်လွဲနေပေသည်။ ဆရာစိန် ရေးသားခဲ့သော (၈) အမှတ်ပြ စကားနှင့် နှိုင်းယှဉ်ကြည့်ပါ။
မူရင်းစကားတော်မှာ “နုတ်ပယ်လိုခဲ့သော် နုတ်ပယ်လေ” ဟု ဟောတော်မူရကား “မနုတ်ပယ်လိုသော် မနုတ်ပယ်နှင့်” ဟူသော အဓိပ္ပာယ်စကားကျ သက်ရောက်တော့သည်သာ ဖြစ်၏၊
ထိုသို့ မိန့်တော်မူခြင်း၏ အကြောင်းမှာလည်း သေးငယ်သော သိက္ခာပုဒ်များကို မကျင့်ကြံလိုကြသော ပုဂ္ဂိုလ်တို့၏ အလို(ပုဂ္ဂလဇ္ဈာသယ) အားဖြင့်လည်းကောင်း၊ သာသနာတော်နှင့် သံဃာတော်တို့၏ ကြီးကျယ်မြင့်မြတ်ပုံကို ထင်ရှားစေလိုသောကြောင့်လည်းကောင်း မိန့်ကြားခြင်း ဖြစ်ကြောင်းကို သာရတ္ထဒီပနီဋီကာ တတိယတွဲ (နှာ-၄၉၉) ၌ ပြဆိုထားသည်။ စောဒကပုဂ္ဂိုလ်တို့ကလည်း ဤအဓိပ္ပာယ်မျိုးကို ဝိသေသစောဒနာ၌ ပြဆိုပြီး ဖြစ်၏၊
၄၂။ “ဗုဒ္ဓကိုယ်တိုင် ပညတ်တော်မူခဲ့သည့် သိက္ခာပိုဒ်များ၌ နုတ်ပယ်သင့်သော သိက္ခာပုဒ်များ ပါရှိနိုင်ပါမည်လော” ဟု ဆရာစိန်က ထပ်ဆင့်၍ စောဒက တက်ထား၏၊ မြတ်စွာဘုရား၏ စကားတော်၌ “နုတ်ပယ်သင့်သော သေးနုပ်သော သိက္ခာပုဒ် များကို” ဟု မဆို၊ “သေးနုပ်သော သိက္ခာပုဒ်များကို” ဟုသာ ဝိသေသနမပြုဘဲ ဆိုသည်။ “နုတ်ပယ်သင့်သော” ဟူသော ဝိသေသနမှာ ဆရာစိန်က အပိုထည့်ထားခြင်း ဖြစ်ပြီး မိမိထည့်ထားသော စကားရပ်ကို မိမိကိုယ်တိုင် စောဒနာနေခြင်း ဖြစ်၏၊ ထို့ကြောင့် ဖြေရှင်းဖွယ်ပင် မလိုတော့ပြီ။
၄၃။ မြတ်စွာဘုရား၏ တပည့်သား သာဝကတို့သည် ၎င်းသိက္ခာပုဒ်တို့ကို နုတ်ပယ်လိုသော ဆန္ဒမရှိ၊ တိုး၍သာ ကျင့်ကြံ လိုကြရကား နုတ်ပယ်သင့်သော သိက္ခာပုဒ်များ ရှိ-မရှိကို ဝေဖန်ရန်ပင် အလိုမရှိကြပေ။ သဗ္ဗညုတဉာဏ်ဖြင့် သိ၍ မဟာကရုဏာတော်ဖြင့် ပညတ်ခဲ့သော သိက္ခာပုဒ်တို့၌ ပယ်နုတ်သင့်သော သိက္ခာပုဒ်ဟု မရှိလည်း မရှိပေ။
“ယာဝ ကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ အပညတ္တံ န ပညပေဿန္တိ၊ ပညတ္တံ န သမုစ္ဆိန္ဒိဿန္တိ၊ ယထာ ပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိဿန္တိ၊ ဝုဒ္ဓိယေဝ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ၊ နော ပရိဟာနိ။” (ဒီ၊၂၊၆၅။)
“ရဟန်းတို့ ရဟန်းတို့သည် (ဘုရား) မပညတ်သောအရာကို မပညတ်ဘဲ ပညတ်ပြီးသောအရာကို မပယ်ဖျက်ဘဲ ပညတ်ထားသမျှသော သိက္ခာပုဒ်တို့ကို ကောင်းစွာဆောက်တည်၍ ကျင့်နေသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွားရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၎င်း မဟာဝဂ်ပါဠိတော် မြန်မာပြန် နှာ-၇၅)
ဤပါဠိတော်ကို ထောက်၍ မြတ်စွာဘုရား ပညတ်ခဲ့သော သိက္ခာပုဒ်တို့၌ ပယ်နုတ်ဖွယ်လည်း မရှိ၊ ဖြည့်စွက်ဖွယ်လည်း မလို၊ အတိအကျ ပြည့်ဝပြီးသားဟု မှတ်ယူရမည်။
ပြဆိုခဲ့ပြီးသော အကြောင်းများကို မသိသောကြောင့်သာ ဆရာစိန်သည် မြတ်စွာဘုရား၌ သဗ္ဗညုတဉာဏ် မရှိလေဟန် ဝေဖန် ရေးသားခဲ့ခြင်း ဖြစ်သည်။
ဝိဇ္ဇာသုံးပါး
၄၄။ ဆရာစိန်က “ဝိဇ္ဇာသုံးပါးသည် ရဟန္တာတိုင်း ရရှိသော အသိဉာဏ် ဖြစ်၏၊ ဤသို့ဆိုပါမူ ဗုဒ္ဓနှင့် ရဟန္တာ မည်သို့ ခြားနားပါသနည်း” ဟု ရေးသားခဲ့ပြန်၏၊
ဝိဇ္ဇာသုံးပါးကို ရဟန္တာတိုင်း မရကြ။ အချို့သော ရဟန္တာပုဂ္ဂိုလ်တို့သာ ဝိဇ္ဇာသုံးပါးကို ရကြသောကြောင့် ဆရာစိန်၏ စကား သည် အစကပင် မှားယွင်းခဲ့လေပြီ။ ထင်ရှားစေဦးအံ့။
ဣတိဝုတ္တကပါဠိတော်(၂၆၁) တေဝိဇ္ဇသုတ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်(၂၄၉) တေဝိဇ္ဇဝစ္ဆသုတ်စသည်တို့အရ ဝိဇ္ဇာသုံးပါးဟူသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်တို့ ဖြစ်ကြသည်။ ထိုသုံးမျိုးတို့တွင် အရဟတ္တမဂ်ကို အာသာဝက္ခယဟု ဆိုရသောကြောင့် အာသဝက္ခဉာဏ်ဟူသော ဝိဇ္ဇာသည် ရဟန္တာတိုင်း ရကြ၏၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်တို့ကား စျာန်အဘိညာဉ်ရမှ ဖြစ်ပေါ်နိုင်သောကြောင့် ၎င်းဉာဏ်နှစ်မျိုးကို ရဟန္တာတိုင်း မရကြ၊ စျာန် အဘိညာဉ် ရသော ရဟန္တာတို့သာ ရနိုင်ကြလေသည်။ ထိုစကားမှန်၏၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော် သုသိမသုတ်၌ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ အရဟတ္တဖိုလ်ရကြောင်း (ရဟန္တာဖြစ်ကြောင်း) လျှောက်ထားကြရာ သုသိမမည်သော ရဟန်းက အရှင်ဘုရားတို့ ထိုကဲ့သို့ သိမြင်ကြလျှင် (ရဟန္တာဖြစ်ကြလျှင်) တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်ပါသလား။ ပုဗ္ဗေနိဝါသကို အောက်မေ့နိုင်ပါသလား။ ဒိဗ္ဗစက္ခုဖြင့် သတ္တဝါတို့ကို မြင်နိုင်ပါသလား စသည်ဖြင့် မေးမြန်းရာ ထိုရဟန်းတို့က တန်ခိုး မဖန်ဆင်းနိုင်ကြောင်း၊ ပုဗ္ဗေနိဝါသကို မအောက်မေ့နိုင်ကြောင်း၊ ဒိဗ္ဗစက္ခုဖြင့် မမြင်နိုင်ကြောင်း မိမိတို့သည် ပညာဝိမုတ္တများသာ ဖြစ်ကြောင်း ဖြေဆိုကြသည်။ ထိုရဟန်းတို့သည် ထိုဝါတွင်း၌ အရဟတ္တဖိုလ်ရသူများ ဖြစ်ကြ၏၊ (၎င်းအဋ္ဌကထာ ၁၁၆)
၄၅။ သုသိမသည် ထိုရဟန်းတို့ ဖြေကြားချက်ကို နားမလည်သဖြင့် မြတ်စွာဘုရားထံ လျှောက်ထားမေးမြန်းရာ မြတ်စွာဘုရားက တရားဟောတော်မူသောအခါ ရဟန္တာအဖြစ်သို့ ရောက်လာ၏၊ သုသိမသည် သူကိုယ်တိုင် ရဟန္တာဖြစ်သော်လည်း ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခု စသည် မရဘဲ သုက္ခဝိပဿကပင် ဖြစ်ပေသည်။ ထိုအကြောင်းကို အဋ္ဌကထာ၌ “န ကေဝလံ တွမေဝ နိဇ္ဈာနကော သုက္ခဝိပဿကော၊ ဧတေပိ ဘိက္ခူ ဧဝရူပါယေဝ” ဟု မိန့်ဆိုလေသည်။ (နိဒါနသံယုတ်။ ဋ္ဌ-နှာ-၁၁၇)
၄၆။ ထို့ပြင် နိဒါနဝဂ္ဂသံယုတ်အဋ္ဌကထာ(၁၈၇) သဒ္ဓမ္မပတိရူပကသုတ် အဖွင့်၌-
“ဣဒါနိ ကာလေ ပစ္ဆန္တေ တိဿော ဝိဇ္ဇာ ပါပုဏိတုံ အသက္ကောန္တာ အာသဝက္ခယမတ္တံ ပါပုဏိဿန္တိ”-
ဟု ဖွင့်ဆိုထား၏၊
မြန်မာပြန်
ယခုအခါ၌ ကာလကြာလွန်သော် ဝိဇ္ဇာသုံးပါးသို့ ရောက်ခြင်းငှာ မစွမ်းနိုင်ကြသည် ဖြစ်၍ အာသဝက္ခယမျှသို့သာ ရောက်ကြ ကုန်လတ္တံ့။
ဤအဖွင့်ကို ထောက်၍လည်း ဝိဇ္ဇာသုံးပါးလုံး မရကြသော ရဟန္တာတို့လည်း ရှိကြောင်း ထင်ရှားသည်။ အချုပ်အားဖြင့် သုက္ခဝိပဿကရဟန္တာတို့သည် စျာန်၊ ဝိဇ္ဇာ၊ အဘိညာဉ်၊ ပဋိသမ္ဘိဒါတို့ကို မရကြ။ ထို့ကြောင့် ဝိဇ္ဇာသုံးပါးသည် ရဟန္တာတိုင်း ရသော အဘိညာဉ်ဖြစ်၏ဟူသော ဆရာစိန်၏ စကားသည် ထင်မိထင်ရာ ရေးသားသော အမှားသက်သက် ဖြစ်၏၊ အစကပင် မှားခဲ့ပြီးဖြစ်သောကြောင့် ဤသို့ဆိုပါမူ ဗုဒ္ဓနှင့် ရဟန္တာ မည်သို့ ခြားနားပါသနည်းဟူသော နောက်ဆက်တွဲပုစ္ဆာကို ဝေဖန်ရန်ပင် မလိုအပ်လှတော့ပေ။
မြတ်စွာဘုရားနှင့် ရဟန္တာတို့ ခြားနားပုံ
၄၇။ သို့သော် မြတ်စွာဘုရားနှင့် ရဟန္တာတို့ ကွာခြားပုံကို အမြွက်မျှ ပြဆိုဦးအံ့။ ရဟန္တာပုဂ္ဂိုလ်တို့သည် ကိလေသာအားလုံး ပယ်သတ်ပြီးကြချင်း တူသော်လည်း လောကီစျာန် အဘိညာဉ်အရာ၌ ပဋိသမ္ဘိဒါပတ္တရဟန္တာ၊ ဆဠဘိညရဟန္တာ၊ တေဝိဇ္ဇရဟန္တာ၊ သုက္ခဝိပဿကရဟန္တာ စသည်ဖြင့် ရဟန္တာချင်းလည်း ကွာခြားကြ၏၊ ဝိဇ္ဇာသုံးပါးကို ရသော တေဝိဇ္ဇရဟန္တာချင်းလည်း ကွာခြားကြ၏၊ ထင်ရှားစေဦးအံ့။ ဝိဇ္ဇာသုံးပါးတို့တွင် ပုဗ္ဗေနိဝါသာနုဿတိဝိဇ္ဇာကို-
(၁) တိတ္ထိများ၊
(၂) ပကတိသာဝကများ၊
(၃) မဟာသာဝကများ၊
(၄) အဂ္ဂသာဝကများ၊
(၅) ပစ္စေကဗုဒ္ဓါများ
(၆) မြတ်စွာဘုရားတို့ ရရှိနိုင်ကြ၏၊
ထိုပုဂ္ဂိုလ်တို့တွင်-
(၁) တိတ္ထိတို့သည် ကမ္ဘာလေးဆယ်သာ အောက်မေ့နိုင်ကုန်၏၊
(၂) ပကတိသာဝကတို့သည် ကမ္ဘာတစ်ရာ၊ တစ်ထောင် အောက်မေ့နိုင်ကုန်၏၊
(၃) မဟာသာဝကတို့သည် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏၊
(၄) အဂ္ဂသာဝကတို့သည် တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏၊
(၅) ပစ္စေကဗုဒ္ဓါတို့သည် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏၊
(၆) မြတ်စွာဘုရားတို့သည် အပိုင်းအခြားမရှိ အောက်မေ့နိုင်ကုန်၏၊
၄၈။ ထို့ပြင်လည်း-
(၁) တိတ္ထိတို့သည် ခန္ဓာအစဉ်ကို လျှောက်၍သာ အောက်မေ့နိုင်ကုန်၏၊ အစဉ်ကို လွှတ်၍ စုတိပဋိသန္ဓေအားဖြင့် အောက်မေ့ခြင်းငှာ မစွမ်းနိုင်ကြကုန်။
(၂-၃) ပကတိသာဝကနှင့် မဟာသာဝကတို့သည် ခန္ဓာအစဉ်အားဖြင့်လည်းကောင်း စုတိပဋိသန္ဓေအားဖြင့် လည်းကောင်း အောက်မေ့နိုင်ကုန်၏၊
(၄) အဂ္ဂသာဝကတို့သည် ခန္ဓာအစဉ်အားဖြင့် အောက်မေ့ရန် မလိုဘဲ စုတိပဋိသန္ဓေအားဖြင့် အောက်မေ့နိုင်ကုန်၏၊
(၅) ပစ္စေကဗုဒ္ဓတို့လည်း ထို့အတူပင် ဖြစ်၏၊
(၆) မြတ်စွာဘုရားတို့သည်ကား ခန္ဓာအစဉ်သို့လည်း လျှောက်ဖွယ်မလို၊ စုတိပဋိသန္ဓေကိုလည်း ရှုဖွယ်မရှိဘဲ အလိုရှိသလို အောက်မေ့နိုင်၏၊”
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၄၁)၊ ဒီဃနိကာယမဟာဝဂ္ဂအဋ္ဌကထာ(၂။) ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ(ပ-၃၂၃)
ဤသို့လျှင် ပုဗ္ဗေနိဝါသအရာ၌ သာဝကဖြစ်သော ရဟန္တာချင်းလည်း ကွာခြားကြ၏၊ ရဟန္တာနှင့် မြတ်စွာဘုရားတို့သည်ကား သာ၍ပင် ကွာခြားတော့သည်သာ။
၄၉။ ယာဝတကံ ပန အာကင်္ခေယျ၊ တာဝတကံ ပေဿယျ၊ ဧဝံ ပရိသုဒ္ဓံ ဘဂဝတော ဒိဗ္ဗစက္ခု။ မဟာနိဒ္ဒေသပါဠိ(၂၇၇)။ စူဠိနိဒ္ဒေသပါဠိ(၁၇၄) တို့ကိုထောက်၍ မြတ်စွာဘုရား၏ ဒိဗ္ဗစက္ခုသည် အလိုတော်ရှိသလောက် ရှုမြင်နိုင်သော အလွန်စင်ကြယ်သော ဒိဗ္ဗစက္ခုဖြစ်၏၊ အခြားရဟန္တာတို့၏ ဒိဗ္ဗစက္ခုကား အလိုရှိသလောက် မမြင်နိုင်၊ ဤသို့ ကွာခြား၏၊
၅၀။ အရဟတ္တမဂ်ကို အာသဝက္ခယဝိဇ္ဇာဟု ခေါ်၏၊ မြတ်စွာဘုရားတို့၏ အာသဝက္ခယဝိဇ္ဇာ (အရဟတ္တမဂ်)သည် ကိလေသာတို့ကို ပယ်သတ်ရာ၌ ဝါသနာနှင့်တကွ ပယ်သတ်နိုင်၏၊ အခြားရဟန္တာတို့၏ အရဟတ္တမဂ်သည် ဝါသနာနှင့်တကွ မပယ်သတ်နိုင်၊ ဤသို့ အာသဝက္ခယဝိဇ္ဇာချင်း ကွာခြားကြ၏၊ ထို့ကြောင့် သာရတ္ထဒီပနီဋီကာ (ပ) ၂၁၇၊ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ (ပ) ၂၁၉ တို့၌ “န ဟိ ဌပေတွာ ဘဂဝန္တံ အညေ သဟဝါသနာယ ကိလေသေ ပဟာတုံ သက္ကောန္တိ” ဟု မိန့်ဆို၏၊ အနက်ကား-
“ဟိ၊ မှန်၏။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဌပေတွာ၊ ချန်ထား၍။ အညေ၊ မြတ်စွာဘုရားမှတပါးကုန်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့သည်။ သဟ ဝါသနာယ၊ ဝါသနာနှင့်တကွ။ ကိလေသေ၊ ကိလေသာတို့ကို။ ပဟာတုံ၊ ပယ်ခြင်းငှာ။ န သက္ကောန္တိ၊ မစွမ်းနိုင်ကြကုန်။”
၅၁။ ထို့ပြင် အရဟတ္တမဂ်မှန်သမျှ အရဟတ္တဖိုလ်ဟူသောအကျိုးကို ပေးနိုင်ကြသော်လည်း အချို့သူတို့၏ အရဟတ္တမဂ်သည် အရဟတ္တဖိုလ်ကိုသာ ပေးနိုင်၏၊ အချို့သူတို့၏ အရဟတ္တမဂ်သည် ဝိဇ္ဇာသုံးပါးကိုသာ၊ အချို့သူတို့၏ အရဟတ္တမဂ်သည် အဘိညာဉ်ခြောက်ပါးတို့ကိုသာ၊ အချို့သူတို့၏ အရဟတ္တမဂ်သည် ပဋိသမ္ဘိဒါလေးပါးတို့ကိုသာ ပေးနိုင်၏၊ (ပ) ပစ္စေကဗုဒ္ဓါတို့၏ အရဟတ္တမဂ်သည် ပစ္စေကဗောဓိဉာဏ်ကိုသာ ပေးနိုင်၏၊ မြတ်စွာဘုရားတို့၏အရဟတ္တမဂ်ကား အလုံးစုံသောဂုဏ်တို့နှင့် ပြည့်စုံခြင်းကိုပေးနိုင်၏၊ ထို့ကြောင့် မြတ်စွာဘုရားတို့၏ အရဟတ္တမဂ်ကိုသာ “အနုတ္တရ (အတုရှိသော) ဗောဓိ” ဟု ဆိုရသည်။ ပါရာဇိကကဏ္ဍအဋ္ဌကထာ ပ တွဲ ၁၁၀၊ ဤအဋ္ဌကထာကို ကောက်၍ အရဟတ္တမဂ်ဟူသော အာသဝက္ခယဝိဇ္ဇာချင်း ကွာခြားပုံကို သိအပ်၏၊
ဆရာစိန်သည် ပိဋကတ်စာပေကျမ်းဂန် မနှံ့စပ်ရှာသဖြင့် ဝိဇ္ဇာသုံးပါးကို ရဟန္တာတိုင်းရသည်ဟု မှားယွင်းစွာ ယူဆရေးသားပြီး ဘုရားနှင့် ရဟန္တာ မကွာခြားဟန်ဖြင့် ဘာသာခြားစာရေးဆရာတို့၏ လေသံကို နောက်ယောင်ခံလိုက်တတ်ရုံမျှဖြင့် ရေးသားခဲ့လေသည်။ ပြဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာ ဋီကာတို့အရ-
“ရဟန္တာတိုင်း ဝိဇ္ဇာသုံးပါး မရကြ၊ ဝိဇ္ဇာသုံးပါးကိုရသော ရဟန္တာချင်းသော်မှလည်း ခြားနားကြ၏၊ ရဟန္တာနှင့် မြတ်စွာဘုရား ကွာခြားပုံမှာကား နှိုင်းယှဉ်၍ပင် မရနိုင်” ဟု သိသာ ထင်ရှားပြီ။
အသာဓာရဏဉာဏ်တော်
၅၂။ ဤသို့ သာဝကတို့နှင့် ဆက်ဆံ၍ သာဝကတို့၌လည်းရှိသော ဝိဇ္ဇာသုံးပါးတို့၌ မြတ်စွာဘုရားနှင့် သာဝကရဟန္တာတို့ ကွာခြားကြသည်သာမက ရဟန္တာသာဝကတို့ လိုက်၍မမှီနိုင်, ရဟန္တာသာဝကတို့၌ မရှိ၊ မြတ်စွာ ဘုရားတို့၌သာရှိသော အာသာဓာရဏဉာဏ်တော်တို့လည်း ရှိသေး၏၊
၎င်းဉာဏ်တော်တို့မှာ-
(၁) သတ္တဝါတို့၏ ဣန္ဒြေအယုတ် အမြတ် အနုအရင့်ကိုသိသော ဣန္ဒြိယပရောပရိယတ္တဉာဏ်။
(၂) သတ္တဝါတို့၏ အာသယ အနုသယကို သိသော အာသယာနုသယဉာဏ်။
(၃) အစုံအစုံသော တန်ခိုးပြာဋိဟာကို ပြရာ၌ဖြစ်သော ယမကပါဋိဟာရိယဉာဏ်။
(၄) မဟာကရုဏာသမာပတ်နှင့်တကွ ဖြစ်သောဉာဏ်။
(၅) အလုံးစုံကိုသိသော သဗ္ဗညုတဉာဏ်။
(၆) အတားအဆီးမရှိ သိသော အနာဝရဏဉာဏ်တို့ဖြစ်၏၊ (ပဋိသမ္ဘိဒါမဂ်ဠိ၊ ၄။ ၎င်း အဋ္ဌကထာ၊ ပ-၅၄။)
ဤဉာဏ်တော်တို့ဖြင့်လည်း မြတ်စွာဘုရားနှင့် အခြားရဟန္တာတို့သည် ကွာခြားကြ၏၊
၅၃။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်-၃၇၅-၌ ရဟန္တာပုဂ္ဂိုလ်၏ပညာသည် ပစ္စေကဗုဒ္ဓါ၏ပညာနှင့် အလွန်ဝေးကွာ ခြားနားကြောင်း, ရဟန္တာကိုထောက်၍ ပစ္စေကဗုဒ္ဓါသည် ဝေးကွာခြားနားသော ပညာရှိသူ (အသာမန္တပညာ) မည်ကြောင်း, ပစ္စေကဗုဒ္ဓါနှင့် မြတ်စွာဘုရား၏ပညာသည် ဝေးကွာ၍ ပစ္စေကဗုဒ္ဓါနှင့် တစ်လောကလုံးကိုထောက်၍ မြတ်စွာဘုရားသည် အမြတ်ဆုံး အကွာခြားဆုံးဖြစ်သော ပညာရှိပုဂ္ဂိုလ် ဖြစ်ကြောင်း ပြဆိုထားသည်။
၅၄။ ပညာအရာ၌သာလျှင် ကွာခြားတော်မူသည် မဟုတ်သေး၊ သီလ, သမာဓိ, ဝိမုတ္တိ, ဝိမုတ္တိ ဉာဏဒဿန အရာတို့၌လည်း မြတ်စွာဘုရားသည် တစ်လောကလုံးကို လွှမ်းခြုံစိုးမိုးနိုင်၏၊ သာလွန် တော်မူ၏ (ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၊ ပ၊ ၂၀၁) မြတ်စွာဘုရားသည် သီလ, သမာဓိ, ပညာ စသော နာမကာယ (နာမ်တရားအပေါင်း) ဖြင့်သာ ကွာခြားတော်မူသည်မဟုတ်သေး။ ၃၂-ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာ, ခြောက်ဖြာသော ရောင်ခြည်တော် တို့ဖြင့် တင့်တယ်သော ရူပကာယတော်ဖြင့်လည်း ရဟန္တာတို့နှင့် ကွာခြားသေး၏၊ ဤကား မြတ်စွာဘုရားနှင့် ရဟန္တာတို့ မကွာခြားလှဟု ထင်နေသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ကဲသို့သော သူများအတွက် အမြွက်မျှ ပြဆိုချက်တည်း။
၅၅။ “သဗ္ဗညုတဉာဏ်သည် ဝိဇ္ဇာသုံးပါးတို့ကို ကြွင်းကျန်မရှိ ထိုးထွင်းပြီး သိမြင်ရရှိခဲ့သော ဉာဏ်ဖြစ်၏”ဟု ဆရာစိန်က ဆိုပြန်သည်။ သဗ္ဗညုတဉာဏ်ဟူသည်-ဝိဇ္ဇာသုံးပါးဖြစ်သည်ဟု ဆိုလိုဟန် တူ၏၊
အမှန်မှာ-ဝိဇ္ဇာသုံးပါးသည် သာဝကတို့လည်း ဆက်ဆံ၏၊ သဗ္ဗညုတဉာဏ်ကား သာဝကတို့နှင့် မဆက်ဆံ၊ သီးခြားဖြစ်၏၊
ဝိဇ္ဇာသုံးပါးတို့တွင် ပုဗ္ဗေနိဝါသာနုဿတိသည် လွန်ခဲ့ပြီးသော အတိတ်တရားတို့ကို အာရုံပြု၏၊ ဒိဗ္ဗစက္ခုသည် ပစ္စပ္ပုန် ရူပါရုံကို အာရုံပြု၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၆၃-၆၄)။ အဘိဓမ္မာဝတာရ၊ ၁၁၄၇-၁၁၅၃-ဂါထာများ) အာသဝက္ခယသည် အပ္ပမာဏ, ဗဟိဒ္ဓ, န ဝတ္တဗ္ဗဖြစ်သော နိဗ္ဗာန်ကိုအာရုံပြု၏၊ (သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ၊ ၂၀၃။ ပဋ္ဌာန ပါဠိ (ပ)။ ၁၃၅။)
သဗ္ဗညုတဉာဏ်သည် အလုံးစုံကိုအာရုံပြု၏၊ (သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၊ ၉၃) ဤသို့ အာရုံအား ဖြင့်လည်း ဝိဇ္ဇာ သုံးပါးနှင့် သဗ္ဗညုတဉာဏ်တို့ မတူကြောင်း, သီးခြားခြင်းဖြစ်ကြောင်း သိသာ၏၊
၅၆။ ပဋိသမ္ဘိဒါမဂ္ဂပါဠိ ၁၂၅။၁၂၇ တို့၌ သဗ္ဗညုတဉာဏ်အကြောင်းကို “အလုံးစုံသော သင်္ခတ အသင်္ခတတရား, အလုံးစုံသော အတိတ် အနာဂတ် ပစ္စပ္ပုန်တရား” တို့ကို သိသောကြောင့် သဗ္ဗညုတ ဉာဏ်မည်၏ စသည်ဖြင့် အကျယ်ပြဆိုထားသည်။
ထို့ကြောင့် ဝိဇ္ဇာသုံးပါးကို သိမြင်သောဉာဏ်ကို သဗ္ဗညုတဉာဏ် ဖြစ်လေဟန်ဆိုသော ဆရာစိန်၏ဝါဒသည် အမှားသက်သက်သာ၊ အလုံးစုံသိသော သဗ္ဗညုတဉာဏ်ကို တစ်စိတ်တစ်ဒေသသာ သိသော ပဒေသဉာဏ်ဖြစ်အောင် ရေးသောစကားသာဟု ဝေဖန်သုံးသပ်တော်မူကြသည်။
ယနေ့မြန်မာနိုင်ငံ၌ ပေါ်ပေါက်နေသော တောင်တွင်းကြီးဦးဥက္ကဋ္ဌ၏ ဂိုဏ်းသားတို့သည် ရိုးသားသော ဗုဒ္ဓဘာသာ ရဟန်းရှင်လူအများအား မိစ္ဆာဒိဋ္ဌိ ချောက်ကမ်းပါးသို့ တွန်းချနေကြသူများသာ ဖြစ်ကြသည်၊ တနည်းအားဖြင့် လူ့အဖြစ်ကို ရခဲခြင်း, သဒ္ဓါတရားနှင့်ပြည့်စုံခဲခြင်း, ဘုရားရှင်နှင့် တွေ့ရခဲခြင်း, သူတော်ကောင်းတရား နာရခဲခြင်း, ရဟန်းဘဝကို ရခဲခြင်းဟူသော ဒုလ္လဘတရားငါးပါးကို ရထားသူများအား ဒုလ္လဘတရား လက်လွတ်သွားအောင် ဖြားယောင်း သွေးဆောင်နေကြသူများသာ ဖြစ်ပေသည်။
၅၇။ ဤသို့ ဝေဖန်ပြဆိုခဲ့သည့်အတိုင်း သဗ္ဗညုတဉာဏ်တော်သည် ပါဠိတော်တို့၌ အထင်အရှား လာရှိပါလျက် ပါဠိတော်တို့၌ မပါဘဲ အဋ္ဌကထာဆရာတို့ လုပ်ကြံ ရေးသားထားလေဟန်ဖြင့် ပုတ်ခတ်ရေးသားကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင် စုဒိတကတို့၏ စကားရပ်များသည် လည်းကောင်း, မြတ်စွာဘုရားနှင့် ရဟန္တာတို့ များစွာကွာခြားပါလျက် မခြားနားလေဟန် ပုတ်ခတ်ဝေဖန်ကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင် စုဒိတကတို့၏ စကားရပ်များသည်လည်းကောင်း၊ ထေရဝါဒ ပိဋကတ်ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာဖြစ်သည်၊ ၎င်းဝါဒကို ပြောဆိုကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့နှင့် ပတ်သက်သမျှ စုဒိတကပုဂ္ဂိုလ်တို့သည် အဓမ္မဝါဒီတို့သာ ဖြစ်ကြသည်ဟု နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဆရာတော်တို့က တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)
စောဒနာအမှတ် (၈)
သမထဝိပဿနာကို ပယ်ခြင်းနှင့်စပ်သော ဝိနိစ္ဆယ
ဗုဒ္ဓဘာသာဝင်တို့၏ သမထလမ်းစဉ်နှင့် ဝိပဿနာလမ်းစဉ်တို့ကို ဖျက်ဆီးပြီး သံသရာမှ ထွက်မြောက်ရေးလမ်းကို ပိတ်ပင်ဟန့်တားဖျက်ဆီးနေကြခြင်းနှင့် ပတ်သက်သော စောဒနာ သောဓနာ ၂-ရပ်ကို ဝေဖန်သုံးသပ်ချက်
၁။ စောဒကပုဂ္ဂိုလ်များက လူသေလူဖြစ်ဝါဒီ ဦးဥက္ကဋ္ဌနှင့်တကွ ၎င်း၏ဩဝါဒခံ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့် အပေါင်းအပါနောက်လိုက်များ၏ သမထဝိပဿနာ လမ်းစဉ်များကို ဖျက်ဆီး ခြင်း သမထ ဝိပဿနာလုပ်ငန်းသည် ဗုဒ္ဓဝါဒမဟုတ်ဟု သင်တန်းပို့ချခြင်းများနှင့် ပတ်သက်၍ ဦးဥက္ကဋ္ဌရေး ဗုဒ္ဓလမ်းစဉ်စာအုပ် စာမျက်နှာ ၆၅-မှ
(က) ဗုဒ္ဓ၏ အစစ်အမှန်ဖြစ်သော လမ်းစဉ်ကား ဥပါဒါန်မနှောင်ဘဲ ဖြောင့်ဖြူးလှ၏၊ သို့ရာတွင် သဥပါဒါန ဟိန္ဒူယောဂလမ်းစဉ် လွှမ်းမိုး၍နေသော ဗမာ့ပဋိပတ္တိသာသနာဝင်၌ကား ယောဂီ ပုဂ္ဂိုလ်အပေါင်းတို့သည် ဗုဒ္ဓကိုယ်တိုင်ထွင် ဗုဒ္ဓကိုယ်တိုင်လျှောက်၍ ဗုဒ္ဓကိုယ်တိုင် ပြောင်မြောက်ခဲ့သော ဗုဒ္ဓ၏အနုပါဒါန လမ်းစဉ်ကို ရှိသေးသည်ဟူ၍ပင် အသိအမှတ်မပြုနိုင်ခဲ့။
(ခ) ဗုဒ္ဓဝါဒပြဿနာများ အမည်ရှိစာစောင် စာမျက်နှာ ၁၉၊ ၂၀-မှ “တိကျစွာဆိုရသော် ဗုဒ္ဓဝါဒတွင် သမထနှင့် ဝိပဿနာလုပ်ငန်းစဉ်များ မပါဝင်ပါ”။
(ဂ) သို့သော် သမထနှင့် ဝိပဿနာကို အလုံးစုံခြုံ၍ ပယ်ခြင်းမှာ မဖြစ်နိုင်ပါ။ အကြောင်းမှာမူ ယင်းသမထနှင့် ဝိပဿနာများသည် ဗုဒ္ဓဘာသာလောကတခုလုံး အရိုးစွဲ၍ အသဲခိုက်လျက် ရှိကြသောကြောင့် ယင်းတို့ကို မေ့လျော့ထားခြင်းငှာ မသင့်ပါ။
ဟူသော စကားရပ်များကို ထုတ်ပြ၍ ထိုပုဂ္ဂိုလ်တို့၏ ရေးသားချက်များသည် ဗုဒ္ဓ၏ သမထဝိပဿနာ ကျင့်စဉ်ကို ဟိန္ဒူ ယောဂဟု အဓမ္မပြောခြင်း ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့သော သမထဝိပဿနာ ကျင့်စဉ်များကို ဗုဒ္ဓဝါဒတွင် မပါဝင်ဟု ပြောင်ပြောင်တင်းတင်း ရေးသားထားခြင်းဖြစ်၍ ပါထိကဝဂ္ဂပါဠိ အသင်္ခတသံယုတ် ပါဠိတော်များနှင့် ဆန့်ကျင်ခြင်းကြောင့် မိစ္ဆာဓမ္မ အဓမ္မဝါဒဖြစ်ကြောင်း၊ ထိုသို့ ပြောဟောရေးသားသော ပုဂ္ဂိုလ်များသည် အဓမ္မဝါဒီများဖြစ်ကြောင်းကို စောဒနာကြလေသည်။
“ဧကာယနော် အယံ ဘိက္ခဝေ မဂ္ဂေါ” စသော သတိပဋ္ဌာန်လမ်းစဉ် “သီလဝိသုဒ္ဓိ ယာဝဒေဝ စိတ္တဝိသုဒ္ဓတ္တာ” စသော ရထဝိနီတသုတ်လာ ဝိသုဒ္ဓိခုနစ်ပါးလမ်းစဉ် “သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝေတိ” စသော ယုဂနဒ္ဓသုတ် “ကတမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ၊ သမထော စ ဝိပဿနာ စ” စသော ပါထိကဝဂ် လာ လမ်းစဉ်များသည် သမထ ဝိပဿနာလမ်းစဉ်များဖြစ်ကြောင်း ဓမ္မစကြာဒေသနာတော်လာ သစ္စဉာဏ် စသည်တို့နှင့် အနတ္တလက္ခဏသုတ်လာ “နေတံ မမ” စသည်တို့သည် ဝိပဿနာလမ်းစဉ်များ ဖြစ်ကြောင်းကို စောဒကဆရာတော်တို့က သာဓကအဖြစ် တင်ပြလျှောက်ထားကြလေသည်။
သုံးသပ်ချက်
၂။ ဤစောဒနာစကားရပ်တွင် “ဓမ္မစကြာဒေသနာတော်လာ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်တို့သည် ဝိပဿနာလမ်းစဉ်တရားတို့ ဖြစ်ကြပါတယ်” ဟူသော စကားရပ်သည် အမြွက်မျှသာ ဖြစ်ကြောင်း တွေ့ရသည်၊ သစ္စဉာဏ်သည် အရိယမဂ်၏ ရှေ့အဖို့၌လည်းကောင်း၊ အရိယမဂ်ခဏ၌ လည်းကောင်း၊ အရိယမဂ်၏နောက်အဖို့၌လည်းကောင်း ဖြစ်သည်။ ကိစ္စဉာဏ်သည် အရိယမဂ်၏ ရှေ့အဖို့၌သာဖြစ်သည်။ ကတဉာဏ်သည်ကား မဂ္ဂါနန္တရဖိုလ်မှ နောက် ပစ္စဝေက္ခဏာ အခိုက်၌သာ ဖြစ်သည်၏ အဖြစ်ကို ကထာဝတ္ထုမူလဋီကာ၌ ဤသို့ပြဆိုထားပေသည်။
“ပရိညေယျန္တိ ပုဗ္ဗေဘာဂေါ၊ ပရိညာတန္တိ အပရဘာဂေါ၊ သစ္စဉာဏံ ပန မဂ္ဂက္ခဏေပိ ပရိဇာနနာဒိကိစ္စသာဓနဝသေန ဟောတီတိ အာဟ သဒ္ဓိံ ပုဗ္ဗဘာဂပရဘာဂေဟီတိ” (မူလဋီ၊၃၊၁၁၂။)
ထို့ကြောင့် သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်တို့သည် ဝိပဿနာလမ်းစဉ်သာ မဟုတ်၊ ဝိပဿနာ ဉာဏ်နှင့်တကွ အရိယမဂ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်များ ဖြစ်ကြသည်။
၃။ ထိုစောဒနာကို စုဒိတကတို့က ချေပသောဓနာရာဝယ် သောဓနာစာပိုဒ် (၁) (၂) (၃) တို့၌ စောဒကဆရာတော်များ၏ “ဗုဒ္ဓေါ ဟေဿံ သဒေဝကေ သန္တာရေဿံ သဒေဝကံ” ဟူသောပါဠိများ၏ သုတ္တန်အညွှန်း စာပိုဒ်စာမျက်နှာများ မဖော်ပြသဖြင့် လုပ်ကြံထားသော ပါဠိများဖြစ်လေရော့သလားဟု သံသယဝင်လျက်ရှိနေကြောင်း သစ္စာလေးပါးသိ၍သာ ဘုရားဖြစ်ကြောင်း လောကဟူသောပုဒ်မှာ သဒေဝကလောက ဟုတ်မည်မထင်ကြောင်း သာမညဖလသုတ်၌ “တထာဂတော လောကေ ဥပ္ပဇ္ဇတိ” သာပါရှိပြီး “သဒေဝကေ”ဟူသော ဝိသေသနပုဒ် မပါရှိကြောင်း၊ လောကသုတ်၌ “လောကဿ ဘိက္ခဝေ သမုဒယဉ္စ။ ပ။လောကသမုဒယော”ဟု အတိအလင်းပါရှိသဖြင့် ထိုလောကသည် ကာမလောက တစ်ခုလုံးကိုသာ ရည်ညွှန်းချက်ရှိကြောင်း အကယ်၍ နတ်ဗြဟ္မာလောကများ ပါဝင်နေပါလျှင် “သဒေဝကေ သဗြဟ္မကေ”ဟု ပါသင့်ကြောင်း ချေပကြလေသည်။
၄။ ထိုစောဒနာ သောဓနာ ၂-ရပ်ကို သုံးသပ်စိစစ်သော် စောဒကဆရာတော်များသည် “ဗုဒ္ဓေါ ဟေဿံ” စသော ပါဠိများသည် ပဓာန စောဒနာမဟုတ်၊ အခြေခံစကားမျှဖြစ်ခြင်းကြောင့် ယင်းပါဠိတို့၏ သုတ္တန်စာပိုဒ် စာမျက်နှာတို့ကို မညွှန်းခြင်းဖြစ်ရာ၏၊ ယင်းပါဠိတော်များသည် ဗုဒ္ဓဝံသပါဠိတော်(၃၁၀၊ ဂါထာနံပါတ် ၅၅-၅၆-တို့၌ အထင်အရှားရှိခြင်းကြောင့် လုပ်ကြံထားသောပါဠိများ မဟုတ်သည်မှာ ထင်ရှားပေသည်။
၅။ “သစ္စာလေးပါးသိ၍သာ ဘုရားဖြစ်ပါသည်” ဟူသောချေပချက်ကား စောဒကဆရာတော် များ၏ “ဗုဒ္ဓေါ ဟေဿံ သဒေဝကေ။ ပ။ ဟူသော ရည်ရွယ်ချက်တော်ကြီးဖြင့် ဘုရားအဖြစ်သို့ ရောက်တော်မူလာရကား” ဟူသောစကားရပ်ကို ချေပသောစကားဖြစ်သည်။ “ရည်ရွယ်ချက်ဖြင့် ဘုရား ဖြစ်သည်မဟုတ်၊ သစ္စာလေးပါးသိ၍သာ ဘုရားဖြစ်သည်”ဟု ချေပလိုရင်းဖြစ်၏၊
ဤအချက်ကို စိစစ်အံ့၊ အားလုံးသောပုဂ္ဂိုလ်တို့သည် ထိုထိုကိစ္စတို့ကို ပြုလုပ်ဆောင်ရွက်ကြရာ၌ ရည်ရွယ်ချက်ရှိသည်သာ ဖြစ်ကြ၏၊ ဗုဒ္ဓရှင်တော်မြတ်သည်လည်း “ဗြဟ္မာ, လူ, နတ် သုံးဘုံရပ်၌ ဘုရား ဖြစ်အောင် ငါကျင့်ဆောင်မည်၊ ဘုရားဖြစ်လျှင် ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့ကို သံသရာမှ ကယ်တင် ထုတ်ဆောင်မည်” ဟူသော အလွန်မွန်မြတ်သော ရည်ရွယ်ချက်တော်ကြီးဖြင့် လက်တော်သို့ ရောက်လုဆဲဆဲဖြစ်သော နိဗ္ဗာန်ချမ်းသာကို ပယ်စွန့်လျက် ဘုရားဆုကို ပန်ဆင်ကာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီစဂစရိယတို့ကို ပြည့်ဝအောင် ဖြည့်ကျင့်တော်မူပြီး၍ အဆုံးဘဝဝယ် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။
ဤအရာ၌ သံသရာဝဲဩဃ၌ နစ်မွန်းမျောပါနေကြသော သတ္တဝါတို့အပေါ်၌ လွန်စွာသနားတော်မူသော မဟာကရုဏာတော်ဖြင့် “သန္တာရေဿံ သဒေဝကံ” နတ်နှင့်တကွသော သတ္တဝါအပေါင်းကို ကယ်တင်ထုတ်ဆောင်အံ့ဟု ရည်ရွယ်ချက်ဖြစ်တော်မူသည်။ ထိုမဟာကရုဏာတော်သည် အကြောင်း, ပါရမီစာဂစရိယသည် အကျိုး၊ ပါရမီစာဂစရိယသည် အကြောင်း, သမထ ဝိပဿနာဉာဏ်သည် အကျိုး၊ သမထ ဝိပဿနာဉာဏ်သည် အကြောင်း, အောက်မဂ် အောက်ဖိုလ်သည် အကျိုး၊ အောက်မဂ် အောက်ဖိုလ်သည် အကြောင်း, အရဟတ္တမဂ် အရဟတ္တဖိုလ်သည် အကျိုး၊ အရဟတ္တမဂ် အရဟတ္တဖိုလ်သည် အကြောင်း, သဗ္ဗညုတဉာဏ်တော်နှင့်တကွ ဗုဒ္ဓဂုဏ်တော်အပေါင်းသည် အကျိုးဟု ကြောင်းကျိုးဆက်ကာ ဘုရားဖြစ်တော်မူလာခြင်း ဖြစ်သည်။ ထို့ကြောင့် “ရည်ရွယ်ချက်ဖြင့် ဘုရား ဖြစ်သည်မဟုတ်၊ သစ္စာလေးပါးသိ၍သာ ဘုရားဖြစ်ပါသည်” ဟူသော ချေပချက်ကား စကားကပ် ကိုးခြင်းသာ ဖြစ်ပေသည်။ စောဒကတို့၏စွဲချက်ကို လှုပ်ချောက်ခြားခြင်း မပြုနိုင်။
၆။ သာမညဖလသုတ်၌ “တထာဂတော လောကေ ဥပ္ပဇ္ဇတိ” သာပါရှိပြီး “သဒေဝကေ” ဟူသော ဝိသေသသနပုဒ် မပါရှိခြင်းကြောင့် “လောကဟူသောပုဒ်မှာ သဒေဝကလောက ဟုတ်မည်မထင်” ဟူသော ချေပချက်သည်လည်း “လူသေလျှင် လူသာဖြစ်သည်၊ နတ် ဗြဟ္မာ ငရဲ စသည်မဖြစ်နိုင်” ဟူသော မိစ္ဆာအယူ၏ ဖုံးကွယ်မှုကြောင့် အမှန်ကိုမမြင် ဘုရားရှင်၏ ဒေသနာများကို ပယ်ရှားလိုသော အယောနိသော မနသိကာရ စေတနာဆိုးဖြင့် ချေပသောစကားသာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုစုဒိတကတို့ ကိုးကားသော စာပိုဒ်ထဲမှာပင် “သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ” ဟူသောပုဒ်များ တဆက်တည်း ပါရှိနေသည်ကို တမင်ကွက်ဝှက်လျက် ချန်ထားခဲ့သောကြောင့် ဖြစ်ပေသည်။ ထိုမျှမက စုဒိတကတို့ ယုံကြည်လေးစားသည်ဆိုသော ဓမ္မစကြာတရားတော်၌ပင် “အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ” ဟု ပါရှိလေသည်။ ထိုပါဠိရပ်မျိုးကား ဘုရားဟောဒေသနာများ၌ မရေမတွက်နိုင်အောင် များလှစွာ၏၊
၇။ လောကသုတ်၌ လောက၏ အရကိုလည်း ကာမလောကကို ရည်ညွှန်းသည်။ အကယ်၍ နတ်ဗြဟ္မာလောကများ ပါဝင်နေပါလျှင် “သဒေဝကေ သဗြဟ္မကေ” ဟူသော ပါဠိများပါရှိသင့်သည်ဟု ချေပကြပြန်သည်။ ထိုလောကသုတ်၌ “စက္ခုဉ္စပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” မျက်စိနှင့် အဆင်းကိုစွဲ၍ မြင်သိစိတ် စက္ခုဝိဉာဏ်ဖြစ်သည် စသော စကားရပ်တို့ဖြင့် သင်္ခါရလောကအဖြစ် လွန်စွာ ထင်ရှားနေပါလျက် ကာမလောကကို ရည်ညွှန်းသည်ဟု ဆိုခြင်းသည်လည်း သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် မိမိတို့သည် ပရိယတ်အခြေခံ ကင်းမဲ့သဖြင့် ဒေသနာတော်၏ အဓိပ္ပါယ်မှန်ကို ဧကန်ကျန မယူဆတတ်ပါဟု ဝန်ခံလာရာ ရောက်ချေသည်။ နိဒါနဝဂ္ဂသံယုတ် အဋ္ဌကထာနှာ-၆၉ လောကသုတ်အဖွင့်၌ “လောကဿာတိ သင်္ခါရလောကဿ” ဟု ဖွင့်ပြလျက်ရှိသည်။ ထိုသုတ်၌ “သဒေဝကေ” စသည် မပါရှိခြင်းသည် “ဗုဒ္ဓေါဟေဿံ သဒေဝကေ” စသော စကားရပ်တို့နှင့် မည်သို့မျှမပတ်သက်ချေ။”
၈။ သောဓနာလွှာ စာပိုဒ်နံပါတ်-၄ ၌ မူလပါဠိတော်၌ “ဧကာယနော အယံ ဘိက္ခဝေ” ဟု ရှိလျက် စောဒကဆရာတော်များ၏ စောဒနာလွှာ၌ “ဧကာယနော ဘိက္ခဝေ အယံ” ဟု လွဲမှားနေကြောင်း ကို သောဓနာကြသည်။ ထိုသောဓနာနှင့် ပတ်သက်၍ စောဒကဆရာတော်များက ဝိနည်းဓိုရ်ဆရာတော် များထံ၌ “ဧကာယနော အယံ ဘိက္ခဝေ” ဟုပင် ဖတ်၍လျှောက်ထားခဲ့ကြောင်း အသံဖမ်းတိတ်ခွေ၌လည်း ထိုအတိုင်းပင်ရှိကြောင်း စောဒနာလွှာများ၌ စာရိုက်စဉ်က မှားယွင်းရိုက်မိသည်ကို အချိန်မရ၍ မပြင်လိုက်နိုင်ကြောင်းကို ဖြေရှင်းပြီးဖြစ်သည်။
၉။ သောဓနာလွှာ စာပိုဒ် (၄) မှ (၁၄) အထိ စကားရပ်တို့ဖြင့် စုဒိတကပုဂ္ဂိုလ်တို့က “တပည့် တော်တို့မှာလည်း ဝိမုတ္တိရသ ရရှိနိုင်ရေးအတွက် ကျင့်စဉ်ရှိပါသည်” ဟုလျှောက်ထား၍ မိမိတို့၏ ကျင့်ပုံ ကျင့်နည်းများကို အကျယ် ရှင်းလင်းတင်ပြကြသည်။
သို့ရာတွင် နည်းမှန်လမ်းမှန်ကျင့်ရန်ကား လွန်စွာလိုအပ်လှ၏၊ စတင်၍ အားထုတ်စဉ်ကပင် နည်းမှန်လမ်းမှန်မဟုတ်ပါလျှင် ဝိပဿနာဉာဏ် ဖြစ်လာနိုင်ရန် အကြောင်းမရှိပေ။
၁၀။ စုဒိတကတို့၏ စာပိုဒ်နံပါတ်(၆)လာ စကားရပ်ကို စိစစ်ရာဝယ် စတင်အားထုတ်ရန် အခြေခံကိုက လွဲမှားနေသည်ကို တွေ့ရပေသည်။ ထိုအပိုဒ်(၆)၌ “အမှန်မြင်ဆိုသည်မှာ သက်ရှိသက်မဲ့ ဖြစ်ပါသည်၊ ဤသက်ရှိသက်မဲ့သည် သန္ဒိဋ္ဌိက အကာလိက စသော ဓမ္မဂုဏ်နှင့်လည်း ကိုက်ညီပါသည် ဘုရား” ဟုဆိုထား၏၊
“ဤသက်ရှိသက်မဲ့သည် သန္ဒိဋ္ဌိက အကာလိက စသော ဓမ္မဂုဏ်နှင့်လည်း ကိုက်ညီပါသည် ဘုရား” ဟူသော စကားသည် ဘုရားရှင်အလိုတော် ဗုဒ္ဓဝါဒအမှန်နှင့် အံချော်၍နေလေသည်၊ သက်ရှိ သက်မဲ့ဟူသည် အလုံးစုံသော သင်္ခါရတရားများသာ ဖြစ်သည်။ ထိုအလုံးစုံသော သင်္ခါရတရားဟူသမျှ သည် သန္ဒိဋ္ဌိက အကာလိက မဖြစ်နိုင်ချေ။ ဤကဲ့သို့ စကတည်းက မှားနေသော သမ္မာဒိဋ္ဌိ သုတေသန သမားတို့၏ ကျင့်စဉ်သည် ဝိမုတ္တိရသ အစစ်အမှန်ကို မည်သည့်အခါမျှ ရရှိစေလိမ့်မည် မဟုတ်ပေ။
၁၁။ ဤအရာ၌ ဘုရားရှင်ဟောတော်မူသော အင်္ဂုတ္တိုရ် တိကဆက္က နဝကနိပါတ်လာ သန္ဒိဋ္ဌိက သုတ်များကို ထုတ်ပြဖွယ်ရှိသော်လည်း အမှတ်(၂)ဝိနိစ္ဆယ၌ အကျယ်ဝေဖန်ခဲ့ပြီးဖြစ်၍ ဤ၌ တဖန် ထုတ်ပြန်မနေတော့ပေ။
သန္ဒိဋ္ဌိကဟူသည် အရိယမဂ်ဖြစ်သည်။ တနည်း လောကုတ္တရာတရားကိုးပါး ဖြစ်သည်။ အကာလိကဟူသည် မိမိ၏အခြားမဲ့၌ ဖိုလ်တည်းဟူသောအကျိုးကို ဖြစ်စေတတ်သော မဂ်လေးပါး ဖြစ်သည်ဟု ဝိသုဒ္ဓိမဂ် ဒု-၂၀၉ ၌ဖွင့်ပြထားပေသည်။
ဤဒေသနာတော်တို့ဖြင့် လောဘ ဒေါသ မောဟ ကိုယ်ပြစ် နှုတ်ပြစ် စိတ်ပြစ်များ ဖြစ်ပေါ်လာလျှင် သတိဖြင့် ရှုမှတ်နေသောပုဂ္ဂိုလ်၏ ကိုယ်တိုင်သိမှု ကွယ်ပျောက်သွားလျှင်လည်း ကွယ်ပျောက် သွားသည်ကို သိမှု စျာန် မဂ်, ဖိုလ်ကို ကိုယ်တိုင်သိမြင်မှုများသည်သာ သန္ဒိဋ္ဌိက အကာလိက စသည်ဖြစ်ပေသည်။ စုဒိတကတို့က သက်ရှိသက်မဲ့သည် သန္ဒိဋ္ဌိက အကာလိက စသည်ဖြစ်၏ဟု ပြောဆိုခြင်းသည်ကား အလျင်းပင် မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။
၁၂။ စုဒိတကတို့၏ ဝိပဿနာရှုပုံကို စိစစ်ပြန်သော် “သက်ရှိလူသားသည် သက်မဲ့ အစာ, ရေ, လေတို့ကြောင့် ဖြစ်ရသည်။ ထို အစာ, ရေ, လေ တို့သည် ဗဟိဒ္ဓလောက၌ ရှိသည်။ ဗဟိဒ္ဓသည် အဇ္ဈတ္တ ဖြစ်လာသည်။ ထိုအဇ္ဈတ္တသည် သက်ရှိဖြစ်သည်။ ထိုသက်ရှိသည်ပင်လျှင် မကြာမီ ဗဟိဒ္ဓပြင်ပသို့ ကူး ပြောင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် အစာ, ရေ, လေ တို့သည်ပင်လျှင် ရွေ့လျားမတည်ငြိမ်၊ ပုံစံတစ်ခုမှ ပုံစံတစ်ခုသို့ ပြောင်းလဲနေသည်။ ဥပမာ-စပါးမှဆန်၊ ဆန်မှ ထမင်း၊ ထမင်းမှ လူဖြစ်လာပါ သည်ဘုရား၊ မတည်မြဲသော ရုပ်ဝတ္ထုတို့ဖြင့် တည်ဆောက်ထားသော ဤရုပ်ကာယဝတ္ထုသည် မတည်မြဲပေ။ ထိုသို့ သိလာသောအခါ ထိုသက်ရှိ ရုပ်ကာယပေါ်၌ “အမြင်မှန်” ရရှိလာပါသည်။ ထိုအမြင်မှန်သည်ပင် သမ္မာဒိဋ္ဌိ ဖြစ်ပါသည်ဘုရား” ဟု တွေ့ရပေသည်။
ဤဝိပဿနာရှုနည်းမျိုးသည် ဘုရားဟောပါဠိတော်နှင့် အဋ္ဌကထာ, ဋီကာတို့၌ မရှိပေ။ ဤသို့ ဆင်ခြင်နေရုံဖြင့် ဝိပဿနာဉာဏ် လုံးဝဖြစ်နိုင်ဖွယ် မရှိရုံမျှမက သုတမယဉာဏ် စိန္တာမယဉာဏ်ပင် ဖြစ်နိုင်ဖွယ်ရာ အကြောင်းမရှိပါ။
စုဒိတကတို့ မြင်ခြင်းသည် အမြင်မှန်လည်းမဟုတ်၊ မဂ္ဂင်ရှစ်ပါးတွင် ပါဝင်သော သမ္မာဒိဋ္ဌိလည်း ဘယ်သောအခါမျှ ဖြစ်မလာနိုင်ပေ။ ထိုသို့ အခြေခံမှ စတင်လွဲမှားနေသောကြောင့် စုဒိတကတို့က မိမိတို့သည် ဝိပဿနာကို ပွားများနေပါသည်ဆိုသော်လည်း လူကြားကောင်းရုံ စကားဖြစ်ရုံမျှ တင်ပြခြင်း ဖြစ်ပေသည်။ ထို့ကြောင့် စာပိုဒ်အမှတ် (၇) မှ (၁၃)တိုင်အောင်သော စကားရပ်များကို မိမိတို့သန္တာန်၌ အမှန်တကယ် ဖြစ်ရှိသည်ကို တင်ပြခြင်းမဟုတ်ဟု ဝိနည်းဓိုရ်ဆရာတော်များက ယူဆတော်မူကြသည်။
၁၃။ သောဓနာလွှာ စာပိုဒ်နံပါတ် ၁၄၊ ၁၅-စကားရပ်တို့ဖြင့် စုဒိတကပုဂ္ဂိုလ်တို့က မိမိတို့သည် ဒိဋ္ဌဓမ္မ, ပတ္တဓမ္မ, ပရိယောဂါဠဓမ္မအပေါ်၌သာ ကျင့်သုံးလျက်ရှိကြောင်း သံသယများ လွန်မြောက်ပြီ၊ သို့လော သို့လော မဖြစ်ပြီ။ ပြောရဲဆိုရဲပြီး တစ်ပါးသူနှင့် မဆိုင်ပြီဟူသော ဝိပဿနာမျိုး သမထမျိုး ကိုသာ ကျင့်သုံးကြောင်း လျှောက်ထားကြလေသည်။
ဒိဋ္ဌဓမ္မစသော ဂုဏ်တို့ကား သောတာပန်ပုဂ္ဂိုလ်၏ ဂုဏ်များဖြစ်ပေသည်။ စုဒိတကတို့က မိမိတို့မှာ ထိုဂုဏ်များနှင့် ပြည့်စုံပြီဟုဆိုသဖြင့် သောတာပန်၏အဖြစ်ကို ဝန်ခံရာရောက်သည်။ ဦးဥက္ကဋ္ဌနှင့် အပေါင်းအပါတို့ သောတာပန် ဖြစ်မဖြစ်ကိုကား ဝိနည်းဓိုရ်ဆရာတော်များ ဆုံးဖြတ်ခွင့်မရှိချေ။ ထိုပုဂ္ဂိုလ်တို့၏ အမူအရာ အပြောအဆို စသည်တို့ကိုထောက်၍ ဟုတ်လောက် မဟုတ်လောက်ကို ပရိသတ်တို့ကသာ ဆုံးဖြတ်ကြရန် ဖြစ်ပေသည်။ အေးချမ်းစွာ ဗုဒ္ဓတရားကို ကျင့်သုံးနေကြသူများကို လည်းကောင်း၊ ပိဋကသုံးပုံ နိကာယ်ငါးရပ် ဘုရားတရားတော်များကိုလည်းကောင်း၊ ပရမတ္ထသံဃာ သမုတိသံဃာ သံဃာတော်များကိုလည်းကောင်း၊ ဗုဒ္ဓဘာသာတို့၏ ကျင့်ရိုး ကြံရိုး လမ်းရိုး လမ်းမှန် တို့ကိုလည်းကောင်း၊ မြတ်စွာဘုရားနှင့် စေတီပုထိုး ဆင်းတုတော်တို့ကိုလည်းကောင်း ရိုင်းရိုင်းပျပျ ဝေဖန်ပုတ်ခတ် ရေးသားပြောဟောခြင်း ဗုဒ္ဓဘာသာတိုက်ဖျက်ရေး စာအုပ်စာတမ်း စာစောင်များကို ထုတ်ဝေခြင်း ပြက်ရယ်ပြောင်လှောင်ပြုခြင်း စသည်တို့ကို အသင်းအပင်းဖွဲ့၍ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သား (ရုပ်ဝါဒသမား)တို့အား သူတို့၏ လုပ်ငန်းများကို ထောက်ရှု၍ မည်သို့သော ပုဂ္ဂိုလ်မျိုးများဖြစ်ကြောင်းကို သိမြင်နိုင်ကြပေသည်။
၁၄။ စုဒိတကတို့၏ ဤသောဓနာများကို ခြုံငုံသုံးသပ်သော် စောဒကဆရာတော်များ စွဲချက် တင်ထားသော (က) (ခ) (ဂ) စကားရပ်တို့ဖြင့် သမထဝိပဿနာလမ်းစဉ်သည် ဗုဒ္ဓဝါဒ၌ မပါဝင်ဟု လည်းကောင်း၊ ဗုဒ္ဓ၏ သမထဝိပဿနာလမ်းစဉ်များကို ဟိန္ဒူယောဂအကျင့်ဟူ၍လည်းကောင်း စွပ်စွဲလျက် ဗုဒ္ဓ၏ သမထဝိပဿနာကို ဖျက်ဆီးနေကြသည်ဟူသော စောဒနာချက်ကို စုဒိတကတို့၏ ချေပ ငြင်းဆိုချက်ကို မတွေ့ရချေ။ ချေပငြင်းဆိုခြင်း မပြုရုံမျှမက သောဓနာလွှာစာပိုဒ် (၁၆)၌ စောဒကဆရာတော်များဆိုလိုသော ယောဂလမ်းစဉ် သာသနာပ သမဏဗြာဟ္မဏတို့၏ လမ်းစဉ်မျိုး၌ အကျုံးဝင်သည့် သမထ ဝိပဿနာမျိုးကို တပည့်တော်များ မကျင့်သုံးကြပါဘုရားဟု ထပ်မံ၍ပင် ဝန်ခံစွပ်စွဲ ကြပြန်လေသည်။
ထင်ရှားစေဦးအံ့၊ စောဒကဆရာတော်များ ဆိုလိုသော သမထဝိပဿနာ ဟူသည် ပါထိကဝဂ္ဂပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ အင်္ဂုတ္တရနိကာယ် အဘိညာသုတ္တပါဠိ အသင်္ခတသံယုတ်ပါဠိတော်များ၌ လာသော ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့ ဟောတော်မူသော သမထဝိပဿနာ များပင်ဖြစ်သည်ကို သာမည စောဒနာလွှာ(၄)နံပါတ် စာပိုဒ်ဖြင့်ပင် သိသာပေသည်။ ထိုတွင် ပါထိကဝဂ် ပါဠိတော် နှာ-၁၈၆၌ သမာဓိလေးပါး ပွားပုံကိုလည်းကောင်း၊ နှာ-၁၈၇ ၌ အပ္ပမညာလေးပါး အာရုပ္ပလေးပါး ပွားများပုံတို့ကိုလည်းကောင်း၊ နှာ-၁၈၉၌ ဗောဇ္ဈင်ခုနစ်ပါး ပွားများပုံကိုလည်းကောင်း ဟောတော်မူသည်။ နှာ-၂၂၈ ၌လည်း -
“ကတမေ ဒွေ ဓမ္မာ ဘာသေတဗ္ဗာ၊ သမထော စ ဝိပဿနာ စ၊ ဣမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ -”
ဟု ဟောတော်မူသည် (ဝိသေသစောဒနာ၌ ပါပြီးဖြစ်၏)။
၁၅။ မဇ္ဈိမပဏ္ဏာသပါဠိတော် ကန္ဒရကသုတ် (နှာ-၇-၁၂) အတ္တန္တပစသော ပုဂ္ဂိုလ်လေးမျိုးတို့တွင် စတုတ္ထဖြစ်သော မိမိ သူတပါး နှစ်ဦးလုံးကို မပူပန်မဆင်းရဲစေတတ်သည့် နေဝအတ္တန္တပ နပရန္တပပုဂ္ဂိုလ်ကိုပြရာ၌ “သဒ္ဓါတရားရှိသော အမျိုးကောင်းသားသည် ဘုရားရှင်သာသနာတော်၌ ရဟန်းပြုလျှင် မြတ်သောသီလအစု မြတ်သောရောင့်ရဲခြင်း မြတ်သောဣန္ဒြေကို စောင့်စည်းခြင်း၊ မြတ်သော သတိသမ္ပဇဉ်နှင့် ပြည့်စုံစေ၍ စတုတ္ထစျာန် ရသည့်တိုင်အောင် သမထကမ္မဋ္ဌာန်း အားထုတ်ပုံကို လည်းကောင်း၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ်တို့ကို ရရှိအောင် အားထုတ်ပုံကိုလည်းကောင်း၊ ထို့နောက် ဝိပဿနာရှု၍ အရဟတ္တမဂ်ဉာဏ်တည်းဟူသော အာသဝက္ခယဉာဏ်ရအောင် အားထုတ်ပုံကို လည်းကောင်း” ဟောကြားတော်မူ၏၊
၁၆။ ယင်းပါဠိတော် အဋ္ဌကနဂရသုတ် (နှာ ၁၂ မှ ၁၆) ၌ ဒသမသူကြွယ်က “မြတ်စွာဘုရား ဟောတော်မူသော နိဗ္ဗာန်ရောက်ကြောင်းတရားတစ်ခုကို ဟောတော်မူပါ” ဟု အရှင်အာနန္ဒာအား လျှောက်ထားရာ အရှင်အာနန္ဒာက ပဌမစျာန်စသော စျာန်လေးပါး မေတ္တာ စေတောဝိမုတ္တိ စသော အပ္ပမညာစျာန်လေးပါး အာကာသာနဉ္စယတန ဝိညာဏဉ္စာယတန အာကိဉ္စညာယတနစျာန်တို့ကို အခြေခံ၍ ဝိပဿနာဉာဏ်သို့တက်ကာ အရဟတ္တမဂ် အရဟတ္တဖိုလ်တိုင်အောင် ပေါက်ရောက်နိုင်ပုံကို နည်းပေါင်း(၁၁)ပါးတို့ဖြင့် ဟောကြားတော်မူလေသည်။ ထိုအခါ ဒသမသူကြွယ်က “ရွှေအိုးတစ်လုံးကို ရှာသူသည် တစ်ကြိမ်တည်းဖြင့် ရွှေအိုး (၁၁)လုံးရသလို အမြိုက်နိဗ္ဗာန်တံခါး(၁၁)ပေါက်ကို ပွားများရန် ရရှိပါပြီ။ တံခါး(၁၁)ပေါက်ရှိသောအိမ်ကို မီးလောင်လျှင် တံခါးတစ်ပေါက်ပေါက်ဖြင့် မိမိကိုယ်ကို ချမ်းသာအောင် ပြုနိုင်သလို တပည့်တော်သည် ဤအမြိုက်နိဗ္ဗာန်တံခါး (၁၁)ပေါက်တို့တွင် တစ်ပေါက်ပေါက်ဖြင့် မိမိကိုယ်ကို ချမ်းသာအောင် ပြုနိုင်ပါလိမ့်မည်” ဟု လျှောက်ထားပုံ အကြောင်းအရာများကို ပြဆိုထားလေသည်။ ဤသည်တို့ကား ဗုဒ္ဓဘာသာတို့၏ သမထဝိပဿနာတရားများပင် ဖြစ်ပေသည်။
၁၇။ ယင်းပါဠိတော် သေခသုတ် နှာ ၁၆-၂၁ ၌ မြတ်စွာဘုရား၏ စေခိုင်းတိုက်တွန်းခြင်းကြောင့် အရှင်အာနန္ဒာက သာကီဝင်မင်းတို့အား ဟောကြားသော ဝိဇ္ဇာသုံးပါး စရဏတစ်ဆယ့်ငါးပါး သမထဝိပဿနာ တရားတို့ကို ပြဆိုထား၏၊ နှာ ၈၃-၈၆ မဟာရာဟုလောဝါဒသုတ်၌ ဓာတ်ကမ္မဋ္ဌာန်း အပ္ပမညာကမ္မဋ္ဌာန်း အာနာပါနဿတိ ကမ္မဋ္ဌာန်းများကို ပြဆိုထား၏၊ ယင်းပါဠိတော် ၁၆၂-မဟာဝစ္ဆ သုတ်၌ ဝစ္ဆဂေါတ္တပရိဗိုဇ်တို့သည် သာသနာတော်၌ ရဟန်းပြု၍ မကြာမီ ၁၅-ရက်အတွင်း၌ အနာဂါမိ ဖိုလ်သို့ ဆိုက်ရောက်ပြီးနောက် ဘုရားထံမှောက် သွားရောက်ကာ “အရှင်ဘုရား တပည့်တော်သည် သေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သောဉာဏ် သေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သောဝိဇ္ဇာဖြင့် ရောက်သင့်သောဖိုလ်သို့ ရောက်ခဲ့ပါပြီ။ မြတ်စွာဘုရားသည် တပည့်တော်အား အထက်တန်းတရားကို ဟောကြားတော်မူပါ” ဟု လျှောက်ထားလေရာ မြတ်စွာဘုရားက “ဝစ္ဆ ထိုသို့ဖြစ်လျှင် သင်သည် သမထဝိပဿနာ နှစ်ဖြာသော တရားတို့ကို ပွားများလော့၊ သမထဝိပဿနာ နှစ်ဖြာသောတရားတို့ကို ပွားများလျှင် များစွာသော ဓာတ်တို့ကို ထိုးထွင်း၍ သိခြင်းငှာဖြစ်လိမ့်မည်။ ဣဒ္ဓိဝိဓ ဒိဗ္ဗသောတ စေတောပရိယ ပုဗ္ဗေနိဝါသာနုဿတိ ဒိဗ္ဗစက္ခု အာသဝက္ခယ အဘိညာဉ်တို့ကို ရလိမ့်မည်” ဟု ဟောတော်မူသည်။
နှာ ၄၃၆-၄၃၈ သင်္ဂါရဝသုတ်၌ မြတ်စွာဘုရား ကိုယ်တော်တိုင်သိမြင် ကိုယ်တော်တိုင်လျှောက် လှမ်း၍ ကိုယ်တော်တိုင် အောင်မြင်ခဲ့သော သမထဝိပဿနာ လမ်းစဉ်များကို ထင်ရှားစွာ ပြဆိုထား၏၊ ထို့ပြင်လည်း ဤမဇ္ဈိမပဏ္ဏာသပါဠိတော်၌ သမထဝိပဿနာ ကျင့်စဉ်တို့ကို များစွာပြဆိုထား၏၊
၁၈။ ဥပရိပဏ္ဏာသပါဠိတော် ဒေဝဒဟသုတ် နှာ ၁၁ မှ ၁၆ တိုင်အောင် ကန္ဒရကသုတ်၌ ကဲ့သို့ပင် သမထစျာန်အကျင့်နှင့် အာသာဝက္ခယဉာဏ် ရသည့်တိုင်အောင် ဝိပဿနာကျင့်စဉ်တို့ကို ပြဆိုထား၏၊ ထို့အတူ ဂဏကမောဂ္ဂလ္လာနသုတ် မဟာပုဏ္ဏမသုတ် ဆဗ္ဗိသောမနသုတ် စသည်တို့၌လည်း သမထဝိပဿနာတို့ကို ပြဆိုထား၏၊ အထူးအားဖြင့် အာနာပါနဿတိသုတ် (နှာ-၁၂၂-၁၃၀)၌ အာနာပါနဿတိ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံကို (အရဟတ္တဖိုလ်ပေါက်) အကျယ်ပြထား၏၊ ကာယဂတာသတိသုတ်(နှာ-၁၃၀-၁၄၀)၌ ကာယဂတာသတိကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံကို (အရဟတ္တဖိုလ်ပေါက်) အကျယ်ပြထား၏၊
၁၉။ အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် အဘိညာသုတ်(၅၇၀)၌ “ ဥပါဒါနက္ခန္ဓာ တရား ငါးပါးသည် ဉာဏ်ဖြင့် ပိုင်းခြားသိရမည့်တရား အဝိဇ္ဇာနှင့် ဘဝတဏှာသည် ဉာဏ်ဖြင့်သိ၍ ပယ်ရမည့်တရား သမထနှင့် ဝိပဿနာသည် ဉာဏ်ဖြင့်သိ၍ ပွားများရမည့်တရား ဝိဇ္ဇာနှင့် ဝိမုတ္တိသည် ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုရမည့်တရားဟု ပြဆိုထားပေသည်။
သဠာယတနဝဂ္ဂသံယုတ်ပါဠိ အသင်္ခတသံယုတ်(၅၃၅-၅၄၃)၌ “ရာဂ ဒေါသ မောဟ ကုန်ရာကို အသင်္ခတ(နိဗ္ဗာန်)ဟု ဆိုအပ်၏၊ ကာယဂတာသတိကို သမထဝိပဿနာကို။ ပ။ ဝိတက်ဝိစာရရှိသော ပဌမစျာန်သမာဓိ ဝိတက်မရှိ ဝိစာရမျှသာရှိသော ဒုတိယစျာန်သမာဓိ ဝိတက်ဝိစာရမရှိသော တတိယ စတုတ္ထ ပဉ္စမစျာန်သမာဓိကို အသင်္ခတ(နိဗ္ဗာန်)သို့ သွားရောက်ကြောင်းလမ်းဟု ဆိုအပ်၏”စသည်ဖြင့် သမထဝိပဿနာ ပွားများရန် ပြဆိုထားပေသည်။
ဤပိဋကတ်တော်များ၌ ဘုရားရှင်နှင့် သာဝကတို့ ဟောပြထားသော သမထဝိပဿနာများသည် စောဒကဆရာတော်များ ဆိုလိုသော သမထဝိပဿနာများဖြစ်သည်။ ထိုသမထ ဝိပဿနာများကို သာသနာပ သမဏဗြာဟ္မဏတို့၏ ယောဂလမ်းစဉ်များဟု ဆိုခြင်းဖြင့် ဘုရားရှင်၏ သမထဝိပဿနာ ကျင့်စဉ်များကို သာသနာပ သမဏဗြာဟ္မဏတို့၏ ယောဂကျင့်စဉ်များဟု စွပ်စွဲရာရောက်ချေသည်။ ထို့ကြောင့် စုဒိတကတို့သည် ဤ(၁၆)စာပိုဒ်ပါ သောဓနာစကားဖြင့် စောဒကဆရာတော်များ၏ စွဲဆိုချက် ကို ငြင်းပယ်ချေပခြင်း မပြုရုံမျှမက ထပ်မံ၍ပင် ဝန်ခံလိုက်ခြင်းဖြစ်သည်။
၂၀။ သောဓနာလွှာစာပိုဒ် (၁၇)၌ စောဒကဆရာတော်များ တင်ပြသည့် ရထဝိနီတသုတ္တန်မှာ ပြည့်စုံလုံလောက်ခြင်းမရှိကြောင်း ပြဆိုလျက် ရထဝိနီတသုတ် မြန်မာပြန်ကို ဖော်ပြကာ ဤသုတ္တန်၏ အဓိကရည်ရွယ်ချက်မှာ အနုပါဒါပရိနိဗ္ဗာန်အတွက်သာ ဖြစ်ကြောင်း၊ ဝိသုဒ္ဓိ(၇)ခန်း လမ်းစဉ်ဟူ၍လည်းကောင်း၊ သီလဝိသုဒ္ဓိနှင့် စိတ္တဝိသုဒ္ဓိသည် သမထကျင့်စဉ်ဟူ၍လည်းကောင်း- ကျန်(၅)ပါးဖြစ်သည့် ဒိဋ္ဌိဝိသုဒ္ဓိ စသည်တို့သည် ဝိပဿနာကျင့်စဉ်ဟူ၍လည်းကောင်း ဖော်ပြထားခြင်းမရှိကြောင်း ထိုသုတ္တန်အတွက် စောဒကဆရာတော်များ၏ အတ္တနောမတိမျှသာဖြစ်ကြောင်း သုတ္တန်ဓမ္မကို လေ့လာရာတွင် အရှိကို အရှိအတိုင်းသာ စောဒနာသင့်ကြောင်း ဓမ္မကို အဓမ္မဖြစ်အောင် ဝိနယကို အဝိနယဖြစ်အောင် ကိုယ်လိုရာဆွဲ၍ စောဒနာလျှင် အာပတ်သင့်၍ အပါယ်သို့လားမည်ကို စိုးရိမ်ပူပန်မိကြောင်းဟု ချေပ သောဓနာထားသည်ကို တွေ့ရ၏၊
သုံးသပ်ချက်
၂၁။ စောဒကဆရာတော်များသည် ရထဝိနီတသုတ်လာ ဝိသုဒ္ဓိ(၇)ပါးကို သိက္ခာသုံးပါးဖြင့် သင်္ဂြိုလ်ရေတွက်ပြ၍ ယင်းကျင့်စဉ်သည် အနုပါဒါပရိနိဗ္ဗာန်ဟူသော အကျိုးကို ရစေနိုင်သောကျင့်စဉ် ဖြစ်ပါသည်ဟု စောဒနာကြသည်။ ထိုစောဒနာ၌ စောဒကဆရာတော်များသည် မိမိတို့တင်ပြလိုသော ဝိသုဒ္ဓ(၇)ပါးမျှကိုသာ ထုတ်နုတ်ပြဆိုပါက လိုအပ်သော အနက်ပြည့်ပြီဖြစ်၍ ထိုမျှသာ ပြခြင်းဖြစ်ရကား မပြည့်စုံဟု မဆိုသာချေ။
၂၂။ “ဤသုတ္တန်၏ အဓိကရည်ရွယ်ချက်မှာ အနုပါဒါပရိနိဗ္ဗာန်အတွက်သာ ဖြစ်ပါသည်။ ဝိသုဒ္ဓိ (၇)ပါး လမ်းစဉ်ဟူ၍ ဖော်ပြထားခြင်း မရှိပါ” ဟူသော ချေပချက်သည်လည်း အကျိုးမထင်သကဲ့သို့သာ ဖြစ်သည်။ ထင်ရှားစေဦးအံ့-
နိဗ္ဗာနောဂဓံ ဟိ အာဝုသော ဝိသာခ ဗြဟ္မစရိယံ နိဗ္ဗာနပရာယနံ နိဗ္ဗာနပရိယောသာနံ။ (မ၊၁၊၃၇၉။)
မြတ်စွာဘုရား၏ သာသနာတော်၌ သီလ သမာဓိ ပညာ ဟူသော အကျင့်မြတ်သည် နိဗ္ဗာန်၌သာ သက်ဝင်၍ အဆုံးသတ်လေသည်။ ထို့ကြောင့် စောဒကဆရာတော်များကလည်း ဤအနုပါဒါပရိနိဗ္ဗာန် တည်းဟူသော အကျိုးကိုပင် အထွတ်တင်လျက်ထားပြီး ဖြစ်၏၊ ဤရထဝိနီတသုတ် ပါဠိတော်၌ပင် ဝိသုဒ္ဓိ(၇)ပါးကို ထင်ရှားစွာပြထားပါလျက် ဝိသုဒ္ဓိ(၇)ပါးလမ်းစဉ်ဟု ဖော်ပြထားခြင်းမရှိပါဟု ဦးဥက္ကဋ္ဌ တပည့်များက ချေပခြင်းသည် ပိဋကတ်တော်၌ အထင်အရှားလာရှိသော ဝိသုဒ္ဓိ(၇)ပါး ကျင့်စဉ်များကို ပယ်ရှားဖျက်ဆီးလိုသော အယောနိသော မနသီကာရဖြင့် မမြင်ဟန်ပြု၍ ချေပခြင်းသာဖြစ်ပေသည်။ ဝိနည်းဓိုရ်ဆရာတော်များ၏ ရှေ့မှောက်မှာပင် ဤကဲ့သို့ မြှုပ်ကွယ်လှည့်စား ပြောကြားနေကြသည်ကို တွေ့ကြရ၍ ဦးဥက္ကဋ္ဌ၏ တပည့်လက်သား ရုပ်ဝါဒသမားများသည် ရိုးသားသော ဘာသာဝင်တို့အား အဘယ်မျှလောက် လိမ်လည်လှည့်ဖျား စည်းရုံးနေကြမည်ကို ကောင်းစွာ သိလောက်ပေသည်။ ဤအကြောင်းသည် စာပိုဒ်နံပါတ်(၂)လာ သောဓနာစကားရပ်ဖြင့်ပင် ပေါ်လွင်ထင်ရှားပြီးဖြစ်သည်။
၂၃။ မူရင်းပါဠိတော်၌ရှိသော အရှင်ပုဏ္ဏက အရှင်သာရိပုတ္တရာအား ဖြေဆိုသော ရထဝိနီတ သုတ်လာ ဥပမာန ဥပမေယျတို့၏ အဓိပ္ပာယ်ကို အနည်းငယ်မျှ ရှင်းလင်းဖော်ပြဦးအံ့။
ပသေနဒီကောသလမင်းသည် သာဝတ္ထီမြို့၌နေစဉ် သာကေတမြို့ဝယ် အဆောတလျင် ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာ၍ ယင်း ၂-မြို့အကြား၌ မြင်းကသော ရထားခုနစ်စီးတို့ကို အသင့်ပြင်ထားစေ၍ သာဝတ္ထိမြို့မှထွက်ကာ နန်းတွင်းတံခါးဝမှ ပထမရထားကို စီးလျက် ထိုရထားဖြင့် ဒုတိယရထားသို့ ရောက်၏၊ ပထမရထားကို စွန့်ခဲ့ပြီးလျှင် ဒုတိယရထားကို စီးပြန်၏၊ ဤနည်းအတိုင်း သတ္တမရထားဖြင့် သာကေတမြို့ နန်းတွင်းတံခါးသို့ ဆိုက်ရောက်လာလေသည်။
ဤဥပမာအတူ သီလဝိသုဒ္ဓိသည် စိတ္တဝိသုဒ္ဓိအကျိုးငှာ ဖြစ်၏၊ စိတ္တဝိသုဒ္ဓိသည် ဒိဋ္ဌိဝိသုဒ္ဓိ အကျိုးငှာဖြစ်၏၊ ဒိဋ္ဌိဝိသုဒ္ဓိသည် ကင်္ခါဝိတရဏဝိသုဒ္ဓိအကျိုးငှာ ဖြစ်၏၊ ကင်္ခါဝိတရဏဝိသုဒ္ဓိသည် မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိအကျိုးငှာ ဖြစ်၏၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိသည် ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိအကျိုးငှာ ဖြစ်၏၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိသည် ဉာဏဒဿနဝိသုဒ္ဓိအကျိုးငှာ ဖြစ်၏၊ ဉာဏဒဿနဝိသုဒ္ဓိသည် အနုပါဒါပရိနိဗ္ဗာန် အကျိုးရှိ၏၊ ငါသည် ဤအနုပါဒါပရိနိဗ္ဗာန် အကျိုးငှာ မြတ်စွာဘုရားအထံတော်၌ အကျင့်မြတ်ကို ကျင့်သုံး၏-ဟု အရှင်ပုဏ္ဏ က အရှင်သာရိပုတ္တရာအား လျှောက်ထား၏၊
၂၄။ ဤစကားရပ်၌ ဥပမာန ဥပမေယျနှီးနှောပုံကို မူလပဏ္ဏာသအဋ္ဌကထာ(ဒု-၆၃) မှ ယူ၍ ပြဆိုဦးအံ့၊ ဇရာမရဏမှ ကြောက်သော ယောဂီပုဂ္ဂိုလ်သည် ပသေနဒီကောသလမင်းနှင့် တူ၏၊ ခန္ဓာငါးဝ သက္ကာယသည် သာဝတ္ထိမြို့နှင့် တူ၏၊ နိဗ္ဗာန်မြို့တော်သည် သာကေတမြို့နှင့်တူ၏၊ ယောဂီပုဂ္ဂိုလ်၏ မသိရသေးသော သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိဖွယ်ကိစ္စသည် မင်း၏ အဆောတလျင် ပြုဖွယ်ကိစ္စနှင့် တူ၏၊ ဝိသုဒ္ဓိ(၇)ပါးသည် ရထား(၇)စီးနှင့်တူ၏၊ သီလဝိသုဒ္ဓိ၌ တည်ရာအခါသည် ပထမရထားကို စီးရာအခါနှင့်တူ၏၊ သီလဝိသုဒ္ဓိစသည်တို့ဖြင့် ဒိဋ္ဌိဝိသုဒ္ဓိစသည်တို့၌ တည်ရာအခါသည် ပထမရထားစသည်တို့ဖြင့် ဒုတိယရထားစသည်တို့ကို စီးရာအခါနှင့် တူ၏၊ ဉာဏဒဿနဝိသုဒ္ဓိဖြင့် ကိလေသာအလုံးစုံကို ကုန်ခန်းစေ၍ တရားမြတ်တည်းဟူသော ပြာသာဒ်သို့ တက်ပြီးလျှင် ငါးဆယ်ကျော်သော ကုသိုလ်တရားတို့ခြံရံကာ နိဗ္ဗာန်ကို အာရုံပြုသော ဖလသမာပတ်ကို ဝင်စား၍ လောကုတ္တရာချမ်းသာကို ခံစားရာအခါသည် သတ္တမရထားဖြင့် သာကေတမြို့ နန်းတော် တံခါးဝ၌ သက်ဆင်း၍ ပြာသာဒ်ထက်ဝယ် ဆွေမျိုးမိတ်သင်္ဂဟအပေါင်း ခြံရံလျက် ကောင်းမြတ်သော ဘောဇဉ်ကို ခံစားရာအခါနှင့် တူ၏၊ ပသေနဒီကောသလမင်းကြီးသည် သာကေတမြို့သို့ ရောက်ရန် ရထားခုနစ်စီးကို အဆင့်ဆင့် စီးခဲ့ရသကဲ့သို့ အနုပါဒါပရိနိဗ္ဗာန် ဝင်စံလိုသော ယောဂီပုဂ္ဂိုလ်သည် သီလဝိသုဒ္ဓိစသော ဝိသုဒ္ဓိ(၇)ပါးကို အဆင့်ဆင့်ပွားများရာ၏ ဟူသောအဓိပ္ပာယ်လည်း သိသာထင်ရှားပြီး ဖြစ်လေသည်။
ဤသို့ ရထဝိနီတသုတ်၌ ဝိသုဒ္ဓိခုနစ်ပါးအကြောင်းကို အတိအလင်း ဖော်ပြထားပါလျက် ဦးဥက္ကဋ္ဌတပည့် စုဒိတကတို့က မပါဟူ၍ လျှောက်ထားချေပခြင်း ဖြစ်သည့်အတွက် ၎င်းတို့၏ ချေပချက်သည် မည်သည့်နည်းနှင့်မျှ ယထာဓမ္မတရားသဖြင့် သောဓနာခြင်း မဖြစ်တော့ပေ။
၂၅။ ထိုဝိသုဒ္ဓိ ၇-ပါး ပွားများပုံအကျဉ်းချုပ်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၇၃) ၌ “ကထံ ဘာဝေတဗ္ဗောတိ ဧတ္ထ ပန” စသည်ဖြင့် ပြဆိုထားပေသည်။ အဓိပ္ပါယ်မှာ ခန္ဓာ, အာယတန, ဓာတ်, ဣန္ဒြေ, သစ္စာ, ပဋိစ္စသမုပ္ပာဒ် စသော တရားတို့သည် ဝိပဿနာပညာ၏ ဖြစ်ရာဘုံမည်၏၊ သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ ၂-ပါးတို့သည် ဝိပဿနာပညာ၏ အခြေအမြစ်မည်၏၊ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, ဉာဏဒဿနဝိသုဒ္ဓိ- ဤ၅-ပါးတို့သည် ဝိပဿနာပညာ၏ အထည်ကိုယ်မည်၏၊ ထို့ကြောင့် ဖြစ်ရာဘုံဖြစ်သော ခန္ဓာစသော တရားတို့၌ သင်ယူ မေးမြန်းခြင်း၏ အစွမ်းအားဖြင့် ဉာဏ်ဖြင့် လေ့ကျက်ခြင်းကိုပြု၍ အခြေအမြစ်ဖြစ်သော ဝိသုဒ္ဓိ ၂-ပါး တို့ကို ပြည့်စုံစေပြီးလျှင် အထည်ကိုယ်ဖြစ်သော ဝိသုဒ္ဓိ ၅-ပါးတို့ကို ပြည့်စုံစေလျက် ပွားများရမည်ဟု ဆိုလိုပေသည်။
၂၆။ “သီလဝိသုဒ္ဓိနှင့် စိတ္တဝိသုဒ္ဓိတို့သည် သမထကျင့်စဉ်ဟူ၍လည်းကောင်း ကျန် ၅-ပါး ဖြစ်သည့် ဒိဋ္ဌိဝိသုဒ္ဓိ။ ပ။ ဉာဏဒဿနဝိသုဒ္ဓိတို့သည် ဝိပဿနာကျင့်စဉ်ဟူ၍လည်းကောင်း စောဒက ဆရာတော်များ ဖော်ပြသကဲ့သို့ ဖော်ပြထားခြင်းမရှိပါ” ဟူသော ချေပချက်သည်လည်း စောဒက ဆရာတော်များ၏ စောဒနာလွှာတွင် ပါရှိသည့်အတိုင်းကို မချေပဘဲ ပြင်ဆင်ပြောင်းလဲ၍ ချေပသော စကားဖြစ်သည်။ စောဒကဆရာတော်တို့၏ စောဒနာ၌ သီလဝိသုဒ္ဓိနှင့် စိတ္တဝိသုဒ္ဓိတို့သည် သမထ ကျင့်စဉ်ဟုမဆို၊ သီလဝိသုဒ္ဓိသည် သီလကျင့်စဉ်, စိတ္တဝိသုဒ္ဓိသည် သမထကျင့်စဉ်, ကျန် ၅-ပါးသော ဝိသုဒ္ဓိတို့သည် ဝိပဿနာကျင့်စဉ်တို့ ဖြစ်ကြပါသည်ဟူ၍သာ ဝိသုဒ္ဓိ ၇-ပါးကို သိက္ခာသုံးရပ်ဖြင့်ဟပ်၍ ပြဆိုထားခြင်းကိုသာ တွေ့ရပေသည်။ ဝိသုဒ္ဓိ၇-ပါးတို့တွင် ထိုထို ဝိသုဒ္ဓိတို့၏ တရားကိုယ်အရကောက်ကို မြင်ရုံမျှဖြင့်ပင်လျှင် ပိဋကတ်ဉာဏ်ရှိပြီးသူတို့အဖို့ ဤကားသီလ ဤကားသမထ(သမာဓိ) ဤကား ပညာဟု လွန်စွာထင်ရှားပြီးဖြစ်ရကား ဤသုတ်၌ ဖော်ပြထားခြင်းမရှိဟု မဆိုသင့်ချေ။
၂၇။ မူလပဏ္ဏာသအဋ္ဌကထာ ရထဝိနီတသုတ်အဖွင့် နှာ ၆၄-၌ ဝိသုဒ္ဓိ၇-ပါးတို့ကို ကထာ ၁၀-ပါးနှင့် ယှဉ်ပြရာဝယ် “သီလဝိသုဒ္ဓိသည် အပ္ပိစ္ဆကထာ, သန္တုဋ္ဌိကထာ, အသံသဂ္ဂကထာ, သီလကထာ ဟူသော ကထာလေးပါးဖြစ်သည်။ စိတ္တဝိသုဒ္ဓိသည် ပဝိဝေကကထာ, ဝီရိယာရမ္ဘကထာ, သမာဓိကထာ ဟူသော ကထာ၃-ပါးဖြစ်သည်။ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, ဉာဏဒဿနဝိသုဒ္ဓိ ၅-ပါးတို့သည် ပညာကထာဖြစ်သည်” ဟု ပြဆိုသော စကားရပ်ဖြင့်လည်း သီလဝိသုဒ္ဓိကို သီလသိက္ခာ၌၊ စိတ္တဝိသုဒ္ဓိကို သမာဓိသိက္ခာ၌၊ ကျန် ဝိသုဒ္ဓိ၅-ပါး တို့ကို ပညာသိက္ခာ၌ သွင်းယူရမည့်အဖြစ်သည် သိသာလှပေသည်။
ထို့ကြောင့် စောဒကဆရာတော်တို့၏ ဝိသုဒ္ဓိ ၇-ပါးတို့ကို သိက္ခာ ၃-ပါးတို့၌ သွင်းယူရေတွက်၍ အနုပါဒါပရိနိဗ္ဗာန်၏ အကျင့်လမ်းစဉ်အဖြစ် တင်ပြသော စောဒနာသည် ပါဠိတော် အဋ္ဌာအထာတို့နှင့် ညီညွတ်၍ သင့်မြတ်သော စောဒနာဖြစ်သဖြင့် ဓမ္မကို အဓမ္မဖြစ်အောင်၊ ဝိနယကို အဝိနယဖြစ်အောင် ကိုယ်လိုရာကို ကိုယ်ဆွဲ၍ စောဒနာခြင်းမဟုတ်၊ အမှန်ကိုအမှန်အတိုင်း အရှိကိုအရှိအတိုင်း စောဒနာသော ဓမ္မာစောဒနာသာဖြစ်သည်။
၂၈။ သောဓနာလွှာ စာပိုဒ်(၁၉)၌ မူလပဏ္ဏာသ မြန်မာပြန် စာမျက်နှာ ၁၉၁၊ပုဒ်ရေ ၂၄၀-၌ လာသော ကုလ္လူပမတရားတော်ကို သာဓကအဖြစ် ထုတ်ဆောင်၍ “ထို ကုလ္လူပမသုတ်၏ ရည်ရွယ်ချက်မှာ တပည့်တော်များ အထက်မှ တင်ပြထားသည့် ရထဝိနီတသုတ်နှင့် တထပ်တည်း တထေရာတည်း ဖြစ်နေပါသည်။ တရားတော်သည်လည်း သံသရာရေပြင်ကို ဖြတ်၍ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ အရောက် ကူးခတ်ရန်သာဖြစ်၏၊ စွဲယူသိမ်းပိုက်ထားရန် မဟုတ်ပေ။ ဤအဓိပ္ပါယ်ကို သိမြင်သူတို့သည် ဓမ္မတရားတည်းဟူသော ဖောင်ကိုသော်လည်း စွန့်ပယ်ခဲ့ရမည်။ တရားနှင့် ဆန့်ကျင်သော သံသရာ နစ်မွန်းကြောင်းဖြစ်သည့် အဓမ္မမှုတို့ကိုကား ဆိုဖွယ်ရာမရှိတော့ပြီ၊ တစိုးတစိမကျန် ပယ်လှန်ပစ်ရမည်ဟု ဟောတော်မူပေသည်”ဟု သောဓနာကြပြန်သည်။
သုံးသပ်ချက်
၂၉။ ဤသောဓနာကား စောဒနာနှင့် မည်သို့မျှ မသက်ဆိုင်ချေ။ စောဒကဆရာတော်များသည် တရားတော်ကို စွဲယူသိမ်းပိုက်ထားရမည်ဟု စောဒနာခြင်း မပြုခဲ့ကြပေ။ ဦးဥက္ကဋ္ဌနှင့်တကွ သူ၏ဩဝါဒခံ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့် အပေါင်းအပါ နောက်လိုက်များသည် ဗုဒ္ဓကိုယ်တော်တိုင် ဟောပြောခဲ့သော သမထဝိပဿနာ ကျင့်စဉ်များကို ဗုဒ္ဓဝါဒတွင်မပါဝင်၊ ဟိန္ဒူယောဂကျင့်စဉ်ဟု အဓမ္မ စွပ်စွဲ ဖျက်ဆီးနေကြပါသည် ဟူ၍သာ စောဒနာခြင်းပြုခဲ့ကြသည်။
စုဒိတကတို့သည် စောဒကဆရာတော်များ တင်ပြစွဲဆိုထားသည့် ပဓာနအချက်ကို ချေပငြင်းဆိုခြင်း မပြုနိုင်သည့်အတွက် ထိုထိုပိဋကတော်လာ တစ်စိတ်တစ်ဒေသသော ပုဒ်ကိုယူ၍(လေသမတ္တ) အမြွက်ထောင်ကာ မသက်ဆိုင်ရာကိုသာ ချေပသောဓနာနေကြသည်။
၃၀။ ကုလ္လူပမ တရားတော်၌-
“ကုလ္လူပမံ ဝေါ ဘိက္ခဝေ ဓမ္မံ ဒေသိတံ အာဇာနန္တေဟိ ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ၊ ပဂေဝ အဓမ္မာ” (မ၊၁၊၁၈၈။) (အလဂဒ္ဒူပမသုတ်)
“ရဟန်းတို့ သင်တို့အား ဟောကြားထားသော ဖောင်ဥပမာရှိသောတရားကို သိသောသင်တို့သည် တရားမှု (သမထဝိပဿနာ၌ဖြစ်သော ဆန္ဒရာဂ) တို့ကိုပင်သော်လည်း ပယ်စွန့်ကြရမည်။ မတရားမှု (ကာမဂုဏ်၌ဖြစ်သော ဆန္ဒရာဂ) တို့ကိုကား ပြောဆိုဖွယ်ပင် မရှိတော့ချေ” (မ၊မြန်၊၁၊၁၉၂။) ဟု တရားတို့ကို ပယ်စွန့်ရန် ဟောတော်မူခြင်းသည် ဘုရားဟော သမထဝိပဿနာတရားတို့ကို ဗုဒ္ဓဝါဒတွင် မပါဝင်၊ ဟိန္ဒူ ယောဂကျင့်စဉ်သာဖြစ်သည်ဟု စွပ်စွဲကာ ပယ်စွန့်ရမည်ဟု ဟောတော်မူလိုသည်မဟုတ်၊ ထိုသမထ ဝိပဿနာတရား၌ စွဲလမ်းတပ်မက်သည့် ဆန္ဒရာဂကိုသာ ပယ်စွန့်ရမည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်။ ဤအဓိပ္ပါယ်သည် “နော ဂဟဏတ္ထာယ” (စွဲယူထားရန်မဟုတ်) ဟူသော ပါဠိတော်စကား ဖြင့်ပင် ထင်ရှားပြီးဖြစ်ပေသည်။
၃၁။ ထိုသုတ်၌ ဆိုလိုရင်းအဓိပ္ပါယ်ကို အဋ္ဌကထာ နှာ-၁၆-မှယူ၍ ပြဆိုလိုပေသည်။ အရိဋ္ဌရဟန်းသည် “ကောင်းသောအတွေ့ရှိသော အခင်းအရုံစသော ဖောဋ္ဌဗ္ဗာရုံကို မြတ်စွာဘုရား ခွင့်ပြုထားခြင်းကြောင့် ဖောဋ္ဌဗ္ဗာရုံချင်းတူသော မာတုဂါမ မေထုန်အတွေ့လည်း အပ်သည်” ဟူသော မိစ္ဆာ အယူကို ယူဆပြောဟောမှုနှင့်စပ်လျဉ်း၍ ထိုသုတ္တန်ကို ဟောတော်မူသည်ကို ရှေးဦးစွာ သိထားနှင့်ရမည်။ သို့မှသာ အဋ္ဌကထာပြဆိုသော အဓိပ္ပါယ်ကို သဘောပေါက်ပေလိမ့်မည်။
“ရဟန်းတို့ ငါဘုရားသည် ဤသို့သဘောရှိသော ငြိမ်သက်မွန်မြတ်သည့် တရားတို့၌ လိုချင်စွဲမက်သည့် ဆန္ဒရာဂကို ပယ်စွန့်ခြင်းကို ဟောတော်မူသေး၏၊ ရွာသူတို့အကျင့် သူယုတ်မာတို့ အကျင့်ဖြစ်သည့် ရုန့်ရင်းကြမ်းတမ်းသော ရေဆေးပစ်ရခြင်း အဆုံးရှိသော ဤမသူတော်တို့အကျင့်၌ ဆန္ဒရာဂကို ပယ်စွန့်ရန် အဘယ်ကြောင့် မဟောဘဲ ရှိချိမ့်မည်နည်း။ ယင်းမသူတော်တို့အကျင့်၌ အချည်းနှီးသော ယောကျာ်းဖြစ်သည့် ဤအရိဋ္ဌသည် အပြစ်မရှိဟု အမှတ်ရှိလျက် ကာမဂုဏ်ငါးပါးတို့၌ လိုချင်စွဲမက်သည့် ဆန္ဒရာဂကို အန္တရာယ်မပြုနိုင်ဟု ပြောဆိုဘိ၏၊ သင်တို့သည် အရိဋ္ဌကဲ့သို့ ငါဘုရား သာသနာတော်၌ ရွှံ့ညွန်ကိုဖြစ်စေ အမှိုက်သရိုက်ကိုဖြစ်စေ မထည့်သွင်းလေသင့်” ဟု ဤဩဝါဒဖြင့် အရိဋ္ဌကိုပင် ဘုရားရှင်နှိမ်နင်းတော်မူ၏၊ ဤကား ဟောတော်မူရင်း အဓိပ္ပါယ်တည်း။
၃၂။ “တရားတို့ကိုသော်လည်း ပယ်စွန့်ရမည် “”ဟူသော ဤစကားတော်နှင့်စပ်လျဉ်း၍ သမထ ဝိပဿနာတရားတို့၌ ဆန္ဒရာဂကို ပယ်စွန့်ရန် ဟောတော်မူပုံကို ပါဠိတော်တို့မှ အဓိပ္ပါယ်အကျဉ်းချုပ်မျှ ထုတ်နုတ်ပြဆို လိုပေသေးသည်။ သမထတရား၌ ဆန္ဒရာဂပယ်စွန့်ရန်ကို မဇ္စျိမပဏ္ဏာသပါဠိတော် လဋုကိကောပမသုတ် နှာ-၈၁၈၊၁၁၉-၌ ဤသို့ ပြဆိုထားလေသည်။
“ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ ပ။ ပထမစျာန်သို့ ရောက်၍နေ၏၊ ဤပထမစျာန်ကို ငြိတွယ်သင့်သော တရားမဟုတ်ဟု ငါဟော၏၊ ပယ်စွန့်ကြ လွန်မြောက်ကြဟု ငါဟော၏၊ လွန်မြောက်ကြောင်းကား ဒုတိယစျာန်ဖြစ်သည်။ ပ။ နေဝသညာ နာသညာယတနစျာန်ကိုလည်း ငြိတွယ်သင့်သော တရားမဟုတ်ဟု ငါဟော၏၊ ပယ်စွန့်ကြ လွန်မြောက်ကြဟု ငါဟော၏၊ လွန်မြောက်ကြောင်းကား နိရောဓသမာပတ်ဖြစ်သည်။ ပ။ ဥဒါယီ ဤသို့လျှင် နေဝသညာနာသညာယတနစျာန်ကို သော်လည်း ပယ်ရမည်ဟု ငါဟောသော သံယောဇဉ် ကြီးကြီးငယ်ငယ်ကို သင်မြင်ဖူးသလော” ဟု မေးတော်မူရာ “မမြင်ဖူးပါ” ဘုရားဟု ဥဒါယီက လျှောက်လေသည်။ (ဤကား သမထတရား၌ ဆန္ဒရာဂပယ်ရန် ဟောတော်မူပုံဖြစ်သည်။)
၃၃။ ဝိပဿနာတရား၌ ဆန္ဒရာဂပယ်စွန့်ရန်ကို မူလပဏ္ဏာသပါဠိတော် မဟာတဏှာသင်္ခယ
သုတ်-နှာ-၃၂၇ မြန်မာပြန်-၃၃၅-၌ ဤသို့ပြဆိုထားလေသည်။
“ရဟန်းတို့ အကယ်၍ သင်တို့သည် သို့ကလောက် စင်ကြယ်ဖြူဖွေးသည့်အယူကို တဏှာဒိဋ္ဌိ တို့ဖြင့် ကပ်ငြိတွယ်တာ ဥစ္စာကဲ့သို့ လိုလားမက်မောနေကြလျှင် ငါ့ဥစ္စာဟု မြတ်နိုးနေကြလျှင် သိမ်းပိုက် စွဲယူထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန်အကျိုးငှာ ငါဟောထားသည့် ဖောင်ဥပမာရှိသောတရားကို သင်တို့ တကယ်သိသည် မည်ကြသေးရဲ့လား” ဟု မေးတော်မူရာ “မမည်ကြပါဘုရား” ဟု ရဟန်းတော် များက လျှောက်ကြသည်။
“ရဟန်းတို့ အကယ်၍ သင်တို့သည် သို့ကလောက် စင်ကြယ်ဖြူဖွေးသည့်အယူကို မကပ်ငြိ မတွယ်တာ ဥစ္စာကဲ့သို့ မလိုလား မမက်မောကြလျှင် ငါ့ဥစ္စာဟု မမြတ်နိုးကြလျှင် သိမ်းပိုက်စွဲယူထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန်အကျိုးငှာ ငါဟောထားသော ဖောင်ဥပမာရှိသောတရားကို သင်တို့ တကယ်သိသည် မည်ကြသလား” ဟု မေးတော်မူရာ “မသိကြပါဘုရား”ဟု ရဟန်းတော်များက လျှောက်ထားကြ လေသည်။ (ဤကား ဝိပဿနာတရား၌ ဆန္ဒရာဂကိုပယ်ရန် ဟောတော်မူပုံဖြစ်သည်။)
ဤပြဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာတို့ဖြင့် “ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ” တရားတို့ကိုသော်လည်း ပယ်စွန့်ရမည်ဟူသော စကားရပ်၌ ဆန္ဒရာဂကို ပယ်စွန့်ရမည့်အဖြစ်သည် ထင်ရှား သိသာပေပြီ။
၃၄။ စာပိုဒ်(၂၀)၌ပါသော သောဓနာစကားရပ်ကား စောဒနာနှင့် မသက်ဆိုင်ပေ။ စာပိုဒ်(၂၁)၌ စောဒကဆရာတော်များသည် ဝိသုဒ္ဓိ ၇-ပါးမဖြစ်သရွေ့ နိဗ္ဗာန်နှင့် မနီးစပ်နိုင်ပုံကို ဖိ၍ဆိုထားပါသည်။ ပဋာစာရီကဲ့သို့သော အရူးမ, ကိသာဂေါတမီ ကဲ့သို့သော အန္ဓ, အမ္ဗပါလီလို ပြည့်တန်ဆာ, အင်္ဂုလိမာလ ကဲ့သို့သော လူဆိုးကြီးများသည် အသိနှင့်အကျင့် ထပ်မိသည့် တခဏအတွင်း၌ အမှန်တရားကို ထိုးထွင်း သဘောပေါက်နိုင်ခဲ့သော အထောက်အထားများသည် ဝိသုဒ္ဓိ ၇-ပါးအောက်တွင် သေးသိမ်မှေးမှိန်၍ ငုပ်လျှိုးနေရပါသည်ဘုရားဟု ချေပကြလေသည်။
သုံးသပ်ချက်
ဤသောဓနာစကားရပ်တို့၌ ဝိသုဒ္ဓိ ၇-ပါးကို မထေမဲ့မြင်ပြုလိုရိပ် ထင်နေသည်။ ဝိသုဒ္ဓိ ၇-ပါးကား အရှင်ပုဏ္ဏထေရ်က အရှင်သာရိပုတ္တရာထေရ်အား ဖြေကြားသောအရာ ရထဝိနီတသုတ်၌ လာသည်။ ဤမျှသာမက အရှင်သာရိပုတ္တရာထေရ်သည်လည်း ယခင် ဝိသုဒ္ဓိ ၇-ပါးတို့တွင် ပညာဝိသုဒ္ဓိနှင့် ဝိမုတ္တိဝိသုဒ္ဓိတို့ကိုထည့်၍ ဝိသုဒ္ဓိ ၉-ပါးတို့ကို ပွားများရမည့် “ဘာဝေတဗ္ဗ” တရားအဖြစ် ဟောကြား တော်မူခဲ့သည်ကို ပါထိကဝဂ္ဂ ပါဠိတော်နှာ-၂၅၂ ၌ တွေ့မြင်နိုင်သည်။
ဤသို့ ရဟန္တာအရှင်မြတ်ကြီးများကိုယ်တိုင် မိမိတို့လျှောက်ခဲ့သည့်အတိုင်း ဟောကြားထားခဲ့သည့် ဝိသုဒ္ဓိ ၇-ပါးအကျင့်လမ်းစဉ်များကို မထေမဲ့မြင် မပြုသင့်ကြပေ။
၃၅။ စောဒကဆရာတော်များ၏ စကားရပ်၌ စုဒိတကတို့ပြဆိုသော စကားရပ်မျိုးကို မတွေ့ရ။ ဝိသုဒ္ဓိ ၇-ပါးတို့ကို သိက္ခာ ၃-ပါးတို့၌ သွင်း၍ ပြဆိုထားသည်ကိုသာ တွေ့ရသည်။ သာသနာတော် ဟူသည်လည်း ဤသီလ၊ သမာဓိ၊ ပညာသိက္ခာ သုံးပါးတို့ပင်ဖြစ်သည်။ ဤသိက္ခာသုံးပါးကို ပြည့်စုံအောင် မဖြည့်ကျင့်လျှင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မသိမြင်နိုင်ချေ။ ထို့ကြောင့်ပင် ဘုရားရှင်ကိုယ်တော်မြတ်က “သီလဖြင့် ထုံမွှမ်းအပ်သောစိတ်သည် ကောင်းစွာသာလျှင် အာသဝတို့မှ လွတ်မြောက်နိုင်၏” ဟု ဟောတော်မူသည်။ (ဒီဃနိကာယ မဟာဝဂ္ဂပါဠိ-နှာ-၈၄)။
၃၆။ စုဒိတကတို့တင်ပြသည့် ပဋာစာရီ, ကိသာဂေါတမီ, အမ္ဗပါလီ, အင်္ဂုလိမာလတို့သည် လည်းကောင်း တရားနာစဉ် မဂ်ဖိုလ်သို့ ဆိုက်ရောက်သွားကြသော သန္တတိအမတ်ကြီးစသော အခြားပုဂ္ဂိုလ်တို့သည် လည်းကောင်း ကာယ ဝေဒနာ စိတ္တ ဓမ္မ တို့တွင် တစ်စုံတစ်ခုသောတရားကို မသုံးသပ်ဘဲ နာကြားရသောတရားကို သဘောကျရုံဖြင့် မဂ်ဖိုလ်ကို ရသွားကြသည်မဟုတ်၊ ကာယ ဝေဒနာ စိတ္တ ဓမ္မတို့တွင် တစ်ပါးပါးကို သုံးသပ်၍ သတိပဋ္ဌာန်းလမ်းစဉ်ဖြင့်သာ မဂ်ဖိုလ်ကို ရကြသည်ဟု မှတ်ရာ၏၊
ထို့ကြောင့် သုတ်မဟာဝါ အဋ္ဌကထာ၌-
“ယသ္မာ ပန ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာ နာမ နတ္ထိ၊
တသ္မာ တေပိ ဣမိနာဝ မဂ္ဂေန သောကပရိဒေဝေ သမတိက္ကန္တီတိ ဝေဒိတဗ္ဗာ” (ဒီ၊ဋ္ဌ၊၂၊၃၃၉။)
ဟု မိန့်ဆိုတော်မူသည်။
အဓိပ္ပါယ်ကား- ထိုသို့ပင် ဂါထာကိုကြားနာရ၍ မဂ်ဖိုလ်သို့ ရောက်ကြပါကုန်သော်လည်း ရုပ်အပေါင်း ကိုယ် ဝေဒနာ စိတ် သဘောတရားတို့တွင် တစ်စုံတစ်ခုသောတရားကို မသုံးသပ်မူ၍ ဝိပဿနာပညာ မဂ်ပညာကို ပွားစေခြင်း ဘာဝနာကြောင့် ထိုသန္တတိအမတ်ကြီး ပဋာစာရီတို့သည်လည်း ဤသတိပဋ္ဌာန်လမ်းစဉ်ဖြင့်သာလျှင် စိုးရိမ်ပူဆွေးငိုကြွေးခြင်းတို့ကို လွတ်မြောက်ကြကုန်၏ ဟူ၍ သိအပ် ကုန်၏၊
၃၇။ ပဋာစာရီ စသော ပုဂ္ဂိုလ်တို့သည် တရားတော်၏ အဆုံး၌ မဂ်ဖိုလ်ရသွားကြသည်ဟု ဆိုခြင်းကြောင့် ထိုပုဂ္ဂိုလ်တို့၌ သီလဝိသုဒ္ဓိ စသည်မဖြစ်ဟု စုဒိတကတို့ ယူဆကြဟန်ရှိသည်။ ဤသို့ကား မဟုတ်ပေ။ ရဟန်းတို့မှာသာ တရားအားမထုတ်မီ ရှေးမဆွက သီလဝိသုဒ္ဓိ ဖြစ်နေရန် လိုသည်။ လူတို့မူကား ရဟန်းတို့ကဲ့သို့ ရှေးမဆွက သီလစင်ကြင်ပြီး မဟုတ်စေကာမူ တရားနာခါနီး သို့မဟုတ် တရားနာစဉ်မှာ “မကောင်းမှု မပြုတော့ပါ” ဟု ကြံစည်ဆုံးဖြတ်ခြင်းဖြင့်ပင် သီလဝိသုဒ္ဓိ ပြီးသည်။ ကြံစည်ဆုံးဖြတ်မှု မရှိရကား ရှုမှတ်မှုဘာဝနာ စိတ္တုပ္ပါဒ်ဖြင့်သာလျှင် သီလဝိသုဒ္ဓိ ကိစ္စပြီးသည် ဟူ၍ မှတ်ယူရာ၏၊
ထို့ကြောင့် ပဋာစာရီ, ကိသာဂေါတမီ, အမ္ဗပါလီ, အင်္ဂုလိမာလတို့ အသိနှင့်အကျင့် ထပ်မိသည့် တခဏတွင်း၌ အမှန်တရားကို ထိုးထွင်းသဘောပေါက်နိုင်ခဲ့သော အထောက်အထားများသည် ဝိသုဒ္ဓိ ၇-ပါးအောက်တွင် သေးသိမ်မှေးမှိန်၍ ငုပ်လျှိုးနေရပါသည်ဟူသော စကားသည် မဟုတ်မမှန်ချေ။ အမှန် စင်စစ် သီလဝိသုဒ္ဓိ= သီလစင်ကြယ်မှုမဖြစ်ဘဲ, စိတ္တဝိသုဒ္ဓိ= စိတ် စင်ကြယ်မှုမဖြစ်ဘဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မည်သည့်နည်းနှင့်မျှ မရနိုင်ပေ။ အဘိဓမ္မာသဘောအရကြည့်လျှင် တရားနာနေစဉ် တခဏအတွင်း၌ မရေတွက်နိုင်သော ဝီထိတို့ ကျနေကြသည်။ ထိုစိတ်အစဉ်တွင် အခြေခံဖြစ်သော သီလ စင်ကြယ်မှု စိတ်တည်ငြိမ်မှုများ ဖြစ်ပြီးကာမှ အထက်ဝိသုဒ္ဓိများဖြစ်ပြီး နောက်ဆုံးကျမှ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရခြင်းဖြစ်သည်။ ဤသို့ စိတ်တို့၏သဘောကို နားမလည်သောကြောင့် သီလစိတ္တ စင်ကြယ်နှင့်ရန် မလိုဘဲသိမြင်သည့်အခါ စင်ကြယ်ပြီးဖြစ်သည်ဟု သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့သားတို့က ထင်မြင်ကြခြင်း ဖြစ်လေသည်။
၃၈။ အထူးပြဆိုဖွယ် ရှိသေး၏၊ အမ္ဗပါလီ ပြည့်တန်ဆာမသည် စုဒိတကတို့ ထင်မှတ်သကဲ့သို့ တရားနာပြီးသည့်အဆုံး၌ မဂ်ဖိုလ်ကိုရသည်မဟုတ်၊ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မမူမီနှစ် ဝေသာလီပြည်သို့ ကြွတော်မူလာစဉ် မိမိ၏ဥယျာဉ်ကို ဘုရားအမှူးရှိသော သံဃာတော်အား ကျောင်းတိုက်အဖြစ် လှူဒါန်းကြောင်းကို သုတ်မဟာဝါပါဠိတော်(၁၈၁၊၈၂၊ ၈၃ တို့၌ ပြဆိုထား၏၊ မဂ်ဖိုလ်ရသည်ဟု မပြဆိုချေ။ နောက်အခါမှ မိမိ၏သား ရဟန်းတော် ဝိမလကောဏ္ဍညထေရ်၏ထံ၌ တရားကို ကြားနာရ၍ ရဟန်းမိန်းမပြုပြီးလျှင် ဝိပဿနာကို ပွားများအားထုတ်၍ အရဟတ္တဖိုလ်သို့ ဆိုက်ကြောင်းကို ထေရီဂါထာအဋ္ဌကထာ(၂၁၄၊၂၂၀) တို့၌ ပြဆိုထားလေသည်။
ထို့ပြင် မြတ်စွာဘုရားသည် အရှိန်အဝါ လွန်စွာကြီးသူဖြစ်သည်။ ထို့ကြောင့် အရူးပင်ဖြစ်စေ၊ ပြည့်တန်ဆာမပင်ဖြစ်စေ လူသတ်သမားပင်ဖြစ်စေ မြတ်စွာဘုရား၏ ခြေတော်ရင်းသို့ ရောက်သွားသောအခါ အရူးလည်းပြေ အကျင့်လည်းမသွေဘဲ လူသေစေရန်ဖန်တီးသည့် ဒေါသစိတ်လည်း ထိုခဏ၌ မရှိတော့ပေ။ တရားနာခါနီးနှင့် နာယူနေဆဲခဏ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရမီ ကြားကာလ၌ သီလဝိသုဒ္ဓိ ဖြစ်သွားပုံ စိတ္တဝိသုဒ္ဓိဖြစ်သွားပုံ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သွားပုံ စသည်ကို ပိဋကတ်ဉာဏ်ရော ဝိပဿနာဉာဏ်ရော ရှိသူမှ နားလည်သဘောပေါက်နိုင်သည်။ ဤကဲ့သို့ ပိဋကတ်ဉာဏ်နှင့် ကျင့်ကြံအားထုတ်သူသည် ဝိပဿနာဉာဏ်မရှိသူ လူပြိန်းတို့အမြင်ဖြင့်ကြည့်မူကား ဘုရားရှင်တရားနာ၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရမှ အရူးပျောက်သည် ပြည့်တန်ဆာစိတ်ပျောက်သည် လူသတ်စိတ်ပျောက်သည် အကျင့်နှင့်အသိ တပြိုင်နက် တစ်ချက်တည်းကျသည်ဟု ထင်စရာဖြစ်သည်။ ဤအမြင်ကား အလွန်ထူပိန်းသည့် လူပြိန်းတို့၏ အမြင်မျိုးသာဖြစ်ဘိသည်။ ဗုဒ္ဓတရားတော်များသည် ဂမ္ဘီရာ=နက်နဲသည်၊ ဒုဒ္ဒသာ=မြင်နိုင်ခဲသည်ဟု ဆိုခြင်းသည် ဤကဲ့သို့သော လူပြိန်းများအတွက် အထူးသတိပေးချက်ပင်ဖြစ်ပေသည်။
၃၉။ သောဓနာလွှာ စာပိုဒ်နံပါတ်(၂၂)၌ စောဒကဆရာတော်များတင်ပြသည့် ယုဂနဒ္ဓသုတ် သည် ဘုရားဟောမဟုတ်၊ အရှင်အာနန္ဒာက အပေါင်းအသင်းရဟန်းတို့အား ဟောကြားသောသုတ် ဖြစ်ကြောင်း, သုတ်၏ဆိုလိုရင်းမှာ သမထနှင့် ဝိပဿနာ ပွားများရမည်ဟု ဆိုလိုရင်းမဟုတ်ဘဲ သမထရှေ့သွားရှိသော ဝိပဿနာဖြင့်ဖြစ်စေ၊ ဝိပဿနာရှေ့သွားရှိသော သမထဖြင့်ဖြစ်စေ သမထ ဝိပဿနာ ၂-ပါးစုံ ရှေ့သွားဖြစ်၍ ပွားများအားထုတ်ပါက သံယောဇဉ်ပျောက်၍ အနုသယကင်းစင်မည် ဟု ဆိုလိုရင်းဖြစ်ကြောင်း ချေပကြလေသည်။
သုံးသပ်ချက်
၄၀။ ယုဂနဒ္ဓသုတ်သည် ဘုရားဟောမဟုတ်၊ အရှင်အာနန္ဒာ ဟောသောသုတ် ဖြစ်ပါသည် ဟူသောစကားဖြင့် ယုဂနဒ္ဓသုတ်ကို ဘုရားဟောမဟုတ်၍ ပယ်ရှားလို လက်မခံလိုသော အဓိပ္ပာယ် သက်ရောက်၏၊ စောဒကဆရာတော်များကလည်း ဘုရားဟောဟု တင်ပြကြသည်မဟုတ်။ ဗုဒ္ဓသာသနာတော်၌ သမထဝိပဿနာပွားရမည့် ဩဝါဒနည်းလမ်းများကို ဟောကြားထားခြင်း ရှိပါသည်ဟုသာ တင်ပြခဲ့ကြသည်။ ထို့ကြောင့် ဘုရားဟော ဟုတ်-မဟုတ်ကို အငြင်းပွားရန် မရှိ၊ ဘုရားရှင်ကိုယ်တော်တိုင် ဟောသောတရားဖြစ်စေ ဘုရားရှင်၏သာဝကတို့ ဟောသောတရားဖြစ်စေ လိုက်နာကျင့်ကြံက အကျိုးရစေနိုင်သောတရားတော်ဖြစ်လျှင် ယုံကြည်လေးစားစွာ လိုက်နာကျင့်ကြံရမည်သာဖြစ်သည်။ မဟာပဒေသလေးပါး၌ သွင်းချ၍ကြည့်ပါက ဗုဒ္ဓဘာသိတသုတ္တနှင့် လုံးဝဆန့်ကျင်ခြင်း မရှိသည့်အပြင် သံဃာယနာသုံးတန် အဝင်အပါဖြစ်ရကား-
“သုတ္တံ နာမ တိဿော သင်္ဂီတိယော အာရုဠာနိ တီဏိ ပိဋကာနိ။ ပ။ တတ္ထ သုတ္တံ အပ္ပဋိဗာဟိယံ၊ တံ ပဋိဗာဟန္တေန ဗုဒ္ဓေါဝ ပဋိဗာဟိတော ဟောတိ” (ဒီ၊ဋ္ဌ၊၂၊၁၅၈။)
အဓိပ္ပါယ်မှာ - သံဂါယနာသုံးတန်တို့သို့ တင်အပ်ကုန်သော ပိဋကတ်သုံးပုံတို့သည် သုတ္တမည်၏၊ ထိုသုတ္တဟုဆိုအပ်သော ပါဠိတော်ကို မတားမြစ် မပစ်ပယ်ထိုက်၊ ထိုသုတ္တဟုဆိုအပ်သော ပါဠိတော်ကို တားမြစ်ပစ်ပယ်သောသူသည် ဘုရားရှင်ကိုပင် တားမြစ်ပစ်ပယ်ရာရောက်ချေသည်။
၄၁။ ဤသုတ်၏ဆိုလိုရင်းမှာ သမထနှင့် ဝိပဿနာကို ပွားများရမည်ဟု ဆိုလိုရင်းမဟုတ်ပါ။ သမထ ရှေ့သွားရှိသော ဝိပဿနာဖြင့်ဖြစ်စေ ဝိပဿနာ ရှေ့သွားရှိသော သမထဖြင့်ဖြစ်စေ သမထ ဝိပဿနာ နှစ်ပါးစုံရှေ့သွား၍ဖြစ်စေ ပွားများအားထုတ်ပါက သံယောဇဉ်ပျောက်၍ အနုသယကင်းစင်မည် ဟု ဆိုလိုရင်းဖြစ်ပါသည်ဟူသော ချေပချက်သည်လည်း ဒေသနာတော်၏အဓိပ္ပါယ်ကို ကျနစွာ မကောက် ယူတတ်၍သာ ချေပမိသော စကားဖြစ်သည်။ စုဒိတက သမ္မာဒိဋ္ဌိ သုတေသနသမားတို့သည် ပထမကြီး ပထမကျော် ဓမ္မာစရိယတို့ သင်ရကြားရသည့်နည်း ဥပစာ နေတ္တိဟာရ စသည်တို့ကို လုံးဝ မသင်ဖူး ကြရှာသဖြင့် ပါဠိတော်မြန်မာပြန်များကိုဖတ်ပြီး လူပြိန်းတွေး တွေးကာ မှောက်မှားနေကြခြင်းဖြစ်သည်။
ဒေသနာတော်၏ အဓိပ္ပာယ်ကို ကောက်ယူရာ၌ ဒေသနာဟာရ နေတ္တိနည်းစသော နည်းပေါင်း များစွာဖြင့် သေချာစေ့ငု ကြည့်ရှုကောက်ယူရသည်၊ ဤ၌ ဥပါယ, ဖလ, အာဏတ္တိ ၃-ပါးမျှဖြင့် သိသာ ရုံမျှ ကောက်ပြပေးအံ့။
ဤသုတ်၌ သမထရှေ့သွားရှိသော ဝိပဿနာကို ပွားများ၍ မဂ်ဖြစ်ပေါ်လာပုံ, ဝိပဿနာရှေ့သွား ရှိသော သမထကိုပွားများ၍ မဂ်ဖြစ်ပေါ်လာပုံ, သမထ ဝိပဿနာအစုံတွဲလျက် ပွားများ၍ မဂ်ဖြစ်ပေါ် လာပုံ, အရောင်အလင်းစသော ဝိပဿနာ ညစ်ညူးကြောင်း “ဝိပဿနုပက္ကိလေသ” ဘေးရန် ဆယ်ပါးတို့ ကြောင့်ဖြစ်သော တုန်လှုပ်ပျံ့လွင့်မှု “ဥဒ္ဒစ္စ” ကိုပယ်၍ အဇ္ဈတ္တ၌ ဝိပဿနာစိတ်ကိုထားကာ သမာဓိကို ဖြစ်စေ၍ မဂ်ဖြစ်ပေါ်လာပုံလေးမျိုးကို ပြထားပေသည်။
ဤသုတ်၌ သမထ (သမာဓိ) ရှေ့သွားရှိသော ဝိပဿနာစသော လေးပါးတို့ကို ပွားများ အားထုတ်ခြင်းသည် အကြောင်းဥပါယ မည်၏၊ မဂ်ဖြစ်ပေါ်လာ၍ သံယောဇဉ် အနုသယတို့ ပျောက်ကင်း ခြင်းသည် အကျိုးဖလမည်၏၊ အရိယမဂ်ကိုရ၍ သံယောဇဉ် အနုသယ ပျောက်ကင်းခြင်းအကျိုးကို ရရှိလေအောင် သမထ (သမာဓိ) ရှေ့သွားရှိသော ဝိပဿနာစသော လေးပါးတို့ကို ပွားများအားထုတ် ကြလေဟု ဒေသကဖြစ်သော အရှင်အာနန္ဒာ၏ တိုက်တွန်းတော်မူခြင်းသည် အာဏတ္တိမည်၏၊ ဤသို့ ဒေသနာတော်၏ အဓိပ္ပာယ်ကို ကျနသေချာသိမြင်ပါက “သမထဝိပဿနာကို ပွားများရမည်ဟု ဆိုလိုရင်း မဟုတ်ပါ” ဟု ချေပ သောဓနာမိကြတော့မည် မဟုတ်ပေ။
၄၂။ သောဓနာလွှာ စာပိုဒ်နံပါတ် (၂၃) လာ သောဓနာကား စကားဖြစ်ရုံမျှသာ ဖြစ်ပေသည်၊ စာရိုက်သူက (၂၂၈)ကို (၂၂၂)ဟု ရိုက်မှားခြင်းသာဖြစ်၍ စိစစ်ဖွယ်မလို၊ စာပိုဒ်နံပါတ် (၂၄)လာ သောဓနာကား စာပိုဒ်နံပါတ် (၄) မှ (၁၅) အထိ သောဓနာများကို သုံးသပ်ရာ၌ ပါဝင်ပြီးဖြစ်သည်။
၄၃။ သောဓနာလွှာ စာပိုဒ်နံပါတ် (၂၅)၌ စုတိတကတို့က “စောဒကဆရာတော်များသည် တောင်တွင်းကြီး နတ်မှီတောရဆရာတော် အရှင်ဥက္ကဋ္ဌကို လေးစားကြည်ညိုနေကြသည့် ရဟန်းရှင်လူ ပြည်သူတို့အား ယုံမှားသံသယဝင်လာအောင် ရေးသားဖော်ပြထားသည်ကို တွေ့ရကြောင်း” စသည်ဖြင့် ချေပကြပြန်သည်။
သုံးသပ်ချက်
ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တပည့်များသည် ဗုဒ္ဓ၏သမထ ဝိပဿနာတို့ကို စွပ်စွဲပုတ်ခတ်ပယ်ရှားမှု မပြုခဲ့လျှင်လည်းကောင်း ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်လာ စကားတို့ကို လွဲမှားစွာ လုပ်ကြံဖော်ပြမှု မပြုခဲ့လျှင်လည်းကောင်း ယင်းသို့စောဒနာရန် မသင့်ချေ၊ ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တပည့်များသည် ဗုဒ္ဓ၏သမထ ဝိပဿနာများကို စွပ်စွဲပုတ်ခတ်မှု ပယ်ရှားမှု ပြု-မပြုကိုလည်းကောင်း ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်လာ စကားတို့ကို လွဲမှားစွာလုပ်ကြံဖော်ပြမှု ပြု-မပြုကိုလည်းကောင်း စိစစ်သည်ရှိသော် စောဒကဆရာတော်များ တင်ပြထားသည့် (က) (ခ) (ဂ) အမှတ်ပါစကားရပ်များဖြင့် ဗုဒ္ဓ၏သမထ ဝိပဿနာတို့ကို စွပ်စွဲပယ်ရှားထားသည်ကို တပ်အပ်ထင်ထင် တွေ့မြင်နေရပေသည်၊ ထိုပုဂ္ဂိုလ်တို့ ရေးသားထုတ်ဝေသော ဓမ္မအလင်းရောင် သစ္စာဓမ္မစာစောင်, နိကာယ်၏နိကာယ်စာစောင် စသည်များနှင့် ဗုဒ္ဓအဘိဓမ္မာ, အနတ္တရောင်ခြည်စသော စာအုပ်များ၌လည်း စွပ်စွဲပယ်ရှားမှု ဆန့်ကျင်ဖော်ပြမှုများကို တွေ့မြင်နေရပေသည်၊ ယင်းအချက်များကို စုဒိတကတို့က ချေပငြင်းဆိုခြင်း မပြုနိုင်ရုံမျှမက ဝိနည်းဓိုရ်ရုံးသို့ တင်သွင်းသော ဤသောဓနာလွှာ၌ပင် ထိုစကားမျိုးကို ထပ်ကာထပ်ကာ ပြောဆိုနေကြပြန်သည်၊ ထိုအကြောင်းများကြောင့်သာ စောဒကဆရာတော်များက အမှန်အတိုင်း စောဒနာကြခြင်းဖြစ်ရကား အကြည်ညိုပျက်အောင် တမင်ရေးသားဖော်ပြသည်ဟု မဆိုသင့်ချေ၊ ဘယ်သူမပြု မိမိမှုဆိုသည့်အတိုင်း စုဒိတကတို့၏လုပ်ပုံကိုသာ ဖော်ပြခြင်းဖြစ်ပေသည်။
၄၄။ ထိုစုဒိတကပုဂ္ဂိုလ်တို့၏ ရေးသားချက်များကို အနည်းငယ်ထုတ်ပြဦးအံ့။
(က) ရုပ်နှင့်နာမ်တို့၏ ချုပ်ရာငြိမ်းရာ ကုန်ဆုံးရာ နိဗ္ဗာန်ကြီးဖြစ်သည်ဟူသော ဗုဒ္ဓ ဘာသာ မြန်မာလောကသားတစ်ရပ်လုံး၏ အနုမာနကား ဗုဒ္ဓ၏ဓမ္မကြာ၌ မထင်သော အယူအဆမျှသာ ဖြစ်ချေသည်၊ စင်စစ်မှာ ချေးညှော် ကော်ဟု ဆိုအပ်သော တဏှာဓာတ် ကွာကျရန် ကြိုးပမ်းမှု ကိုသာလျှင် ဗုဒ္ဓအရှင် ရည်ညွှန်းခဲ့သည်၊ ရုပ်တွေ နာမ်တွေကို ထုချေရိုက်ခွဲပြီး လက်စတုံး ကုန်ဆုံး ချုပ်ငြိမ်းခြင်းသို့ ရောက်သွားအောင်အားထုတ်ရန် ရည်သန်ရိုးရင်း နှလုံးသွင်းကာ အလျှင်းပင် ဗုဒ္ဓ၌ မရှိခဲ့ချေ။ (လူသေလူဖြစ် ဒု-အကြိမ်ရိုက်၊ နှာ-၃၉)
(ခ) “ဇာတိပိ ဒုက္ခာ အရ ပြဆိုရာ၌ “အမိဝမ်းတွင်း၌ ကိန်းအောင်းရခြင်းကို ဒုက္ခဟု ဟောခြင်းမဟုတ်ကြောင်း နားလည်ပါ၊ အမိဝမ်းတွင်း ဘာမျှဒုက္ခမဖြစ်”။ (ဗုဒ္ဓအဘိဓမ္မာ ပ-နှိပ်၊ နှာ-၁၉၇)
(ဂ) “ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုသည်မှာ ခန္ဓာငါးပါး၌စွဲသော ဥပါဒါန်တရားကို ဆိုလိုသည်၊ ဥပါဒါန်မဲ့သော (မရှိသော) ခန္ဓာငါးပါးသည် သုခတည်း။ (ဗုဒ္ဓအဘိဓမ္မာ ပ-နှိပ်၊ နှာ-၁၉၈)
(ဃ) “ဘဝပြတ်ခြင်းအယူကို သံယောင်လိုက်၍ မှားယူနေကြသော မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအမည်ခံ အရေခြုံလူတစ်စုတို့ကလည်း ဘဝရှိလျှင် ဒုက္ခ, ဘဝပြတ်မှ သုခနိဗ္ဗာန်၊ နိဗ္ဗာန်မှာ ရုပ်ခန္ဓာ, ဘဝမရှိဟု ပြောဆိုတောင့်တ နေကြချေသေး၏၊ ထိုအယူသည် ဂေါတမ၏ အလိုကျ မဟုတ်ချေ”။ (ဗုဒ္ဓအဘိဓမ္မာ-၂၀၄)
(င) “ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ၊ ဥပါဒါန်တဏှာနှင့်တကွဖြစ်သော ခန္ဓာငါးပါး သာလျှင် ဒုက္ခတဲ့၊ ဥပါဒါန်တဏှာမရှိသော ခန္ဓာငါးပါးဟာ နိရောဓ၊ နိဗ္ဗာနသုခပေါ့”။ (ဗုဒ္ဓအဘိဓမ္မာ ပ-နှိပ်၊ နှာ-၂၀၆)
(စ) ကာယိကသုခ = ကိုယ်ချမ်းသာ၊
စေတသိကသုခ = စိတ်ချမ်းသာ၊
လောက၌ ကိုယ်ချမ်းသာ စိတ်ချမ်းသာအပြင် ဘာရှိသေးလဲ၊ ၎င်း ၂-ခုကလွဲ၍ ချမ်းသာမရှိပါ၊ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာ, နိဗ္ဗာန်ချမ်းသာတို့လည်း ထို ၂-မျိုးထဲတွင် အကျုံးဝင်၏၊ (ဗုဒ္ဓအဘိဓမ္မာ ပ-နှိပ်၊ နှာ-၂၁၆)
(ဆ) “ပထဝီ, အာပေါ, တေဇော, ဝါယော ဆိုတဲ့ သဘာဝကြီးလေးမျိုးအား (ပ-အာ-ဝါ-တေ) ဓာတ်ကြီးလေးပါး ဟူသောအမည်ဖြင့် အဘိဓမ္မာနယ်ပယ်၌ တွင်ကျယ်ခဲ့လေပြီ။ ပ။ ၎င်းတို့သည် ပြုပြင်မှုနှင့် ပြောင်းလဲမှုကိုသာ လက်ခံကြကုန်၏၊ ပျက်စီးကုန်ဆုံး နိဂုံးချုပ်ခြင်းကိုမူကား အပြင်းအထန် ငြင်းဆန်လေ့ ရှိကြကုန်၏၊ပ။ ၎င်းတို့သည် နိစ္စ မြဲတဲ့သဘောကို လည်းကောင်း၊ ဓုဝ- ခိုင်တဲ့သဘောကိုလည်းကောင်း၊ သဿတ- တစ်မျိုးတည်းတည်တဲ့ သဘောကိုလည်းကောင်း၊ အဝိနာသီ- မပျက်စီးတဲ့သဘောကိုလည်းကောင်း၊ သဗ္ဗာဗျာပီ- အလုံးစုံပျံ့နှံ့၍ တည်တဲ့သဘောကိုလည်းကောင်း ဆောင်ကြကုန်၏” (အနတ္တရောင်ခြည်၊ နှာ ၉၇-၉၈)
(ဇ) “ဝိပဿနာလုပ်ငန်းစဉ်များလည်း ဘဝသုံးပါးအပေါ်တွင် အခြေခံထားပြီး အကျိုးခန္ဓာပေါ်တွင် ရှုမှတ်ဆင်ခြင် ပွားများနေကြသည်သာများကြသည်၊ ပညတ်အာရုံများကို ရှုမှတ် ဆင်ခြင် ပွားများနေကြသည်၊ အကျိုးကိုသတ်၍ နေခြင်းအားဖြင့် လမ်းဆုံးသို့မရောက်ရှိနိုင်” (ဗုဒ္ဓဝါဒပြဿနာများ၊ နှာ-၂၀)
“အကျိုး ရုပ်နာမ်ခန္ဓာတို့သည် ပညတ်တရားများပင် မဟုတ်ပါလေလော” (ယင်းစာစောင် နှာ-၂၁)
(စျ) ဆောင်ယူ နှလုံးသွင်းရမည့် သစ္စာကား အဘယ်နည်း၊ နိရောဓနှင့် မဂ္ဂသစ္စာတို့ ဖြစ်သည်။ (ဗုဒ္ဓဝိပဿနာ-၂၊ နှာ-၇၉)
ဤကား ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်များ ရေးသားထုတ်ဝေသော စာအုပ်စာတမ်းများမှ အနည်းငယ်မျှ ထုတ်ပြအပ်သော မှားယွင်းသော အယူပြစကားရပ်များဖြစ်သည်၊ ထိုစကားရပ်များကို အနည်းငယ် ရှင်းပြဦးအံ့။
၄၅။ (က) အမှတ်ပြစကားရပ်သည် မိမိသာလျှင် ကျမ်းဂန်၏ အနက်အဓိပ္ပာယ်ကို ကျန မှန်ကန်စွာ ယူဆတတ်သူဖြစ်သည်ဟု မိမိကိုယ်ကို မြှောက်ပင့်ဝါကြွားပလွှားမှု “အတ္တုက္ကံသန ဗုဒ္ဓဘာသာ မြန်မာ ရဟန်းရှင်လူအားလုံးသည်ကား ကျမ်းဂန်၏အနက်အဓိပ္ပာယ်ကို ကျနမှန်ကန်စွာ ယူဆတတ်သူများ မဟုတ်ကြဟု သူတပါးကို နှိမ့်ချကဲ့ရဲ့မှု “ပရဝမ္ဘန နှစ်ကိစ္စ ပြီးစေရန် ရည်သန်ရေးသားချက်သာ ဖြစ်ပေသည်။
မြန်မာပြည် သာသနာဝင်ဝယ် နေအသွင် လအသွင် ပေါ်လွင်ထင်ရှားသည့် ရှေးရှေးသော သာသနပါလ သာသနယောဓ မဟာထေရ်အရှင်မြတ်ကြီးများနှင့် ယခုမျက်မှောက်ခေတ် သာသနာဝင်ဝယ် ပေါ်လွင်ထင်ရှားသည့် သာသနာစောင့် သာသနာ့သူရဲကောင်းကြီးများ ဖြစ်တော်မူကြသော မဟာထေရ်မြတ်ကြီးများသည် ဓမ္မစကြာဒေသနာတော်ကို သေချာစေ့စပ် အထပ်ထပ်အခါခါ လေ့လာသင်ယူတော် မူကြပြီး၍လည်းကောင်း ယင်းဒေသနာတော်လာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပွားများကျင့်သုံးတော် မူကြ၍လည်းကောင်း “ရုပ်နာမ်တို့၏ ချုပ်ငြိမ်းကုန်ဆုံးရာသည် နိဗ္ဗာန်တရားတော်မြတ်ဖြစ်သည်” ဟု အာဂမသုတ အဓိဂမသုတ = စာတွေ့ဉာဏ်တွေ့ဖြင့် တေ့တေ့ဆိုင်ဆိုင် ပိုင်ပိုင်နိုင်နိုင်ကြီး သိမြင်တော်မူခဲ့ကြပေသည်၊ ဤသို့ သိမြင်တော်မူကြ၍ ဗုဒ္ဓရှင်အလိုတော်ကျ “ရုပ်နာမ်ဓမ္မတို့၏ ချုပ်ငြိမ်း ကုန်ဆုံးရာသည် နိဗ္ဗာန်တရားတော်မြတ်ဖြစ်သည်” ဟု ဟောဖော်ညွှန်ပြတော် မူခဲ့ကြလေသည်။
ယင်းသို့ဖြစ်ပါလျက် ဦးဥက္ကဋ္ဌသည် ပိဋကကျမ်းဂန်များကို ဆရာနည်းကျကျ မသင်ယူခဲ့ဖူး၍ ပိဋကတော်လာ ဒေသနာ၏ အနက်အဓိပ္ပာယ်ကို သေချာဂန မယူဆတတ်သောကြောင့်သော်လည်းကောင်း ဗုဒ္ဓဘာသာမြန်မာ တလောကလုံးကို အပြစ်တင်လို နှိမ့်ချလို ပြစ်မှားလိုသော ပဒုဋ္ဌစိတ် ဖုံးပိတ်ကွယ် လာနေသောကြောင့်သော်လည်းကောင်း မိမိ မသိမမြင်လေဟန် လုပ်ကြံစွပ်စွဲခဲ့လေသည်။
၄၆။ ရုပ်နာမ်တို့၏ ချုပ်ငြိမ်းကုန်ဆုံးရာသည် နိဗ္ဗာန်ဖြစ်သည်” ဟူသော အနက်အဓိပ္ပာယ်သည်ကား “ဒုက္ခနိရောဓံ အရိယသစ္စံ” ဟူသော ဘုရားရှင်မိန့်ခွန်းတော်ကိုကြားရရုံ ထိုပုဒ်ကို မြင်ရရုံဖြင့်ပင် သိသာထင်ရှားလှပေသည်၊ မှန်လှ၏၊ “ဒုက္ခနိရောဓံ” ဟူသောပုဒ်၌ ဒုက္ခ၏အရကား “ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” ဟူသော ဒေသနာဖြင့်ပင် ဥပါဒါနက္ခန္ဓာငါးပါးဟု ထင်ရှား သိသာ၏၊ ထိုငါးပါးတို့တွင် ရုပုပါဒါနက္ခန္ဓာသည် ရုပ်တရား ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ လေးပါးတို့ကား နာမ်တရားဖြစ်၍ ရုပ်နာမ်နှစ်ပါးပင်ဖြစ်သည်၊ နိရောဓဟူသောပုဒ်သည်ကား ချုပ်ရာဟူသော အနက် ချုပ်ငြိမ်းခြင်းဟူသော အနက်ကိုဟောသည်၊ ထို့ကြောင့် “ဒုက္ခနိရောဓဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခ၏ချုပ်ရာ (ဝါ)ချုပ်ခြင်းသည် နိရောဓသစ္စာ=နိဗ္ဗာန်” ဟူသော အနက်သည် ဓမ္မစကြာဒေသနာတော်၌ပင် ပေါ်လွင်ထင်ရှားလှပေသည်၊ ဤမျှလောက် ပေါ်လွင်ထင်ရှားနေသော အနက်အဓိပ္ပာယ်ကိုပင် မမြင်တတ် မသိတတ် မယူဆတတ်သော ဦးဥက္ကဋ္ဌသည် “ဗုဒ္ဓဘာသာ မြန်မာလောကသားတစ်ရပ်လုံး၏ အနုမာနကား ဗုဒ္ဓ၏ဓမ္မစကြာ၌ မထင်” ဟု အပြစ်တင်စကား ရေးသား၍ အကြွားကြီး ကြွားမိလေသည်။
၄၇။ “စင်စစ်မှာ ချေးညှော်ကော်ဟု ဆိုအပ်သော တဏှာဓာတ် ကွာကျရန် ကြိုးပမ်းမှုကိုသာလျှင် ဗုဒ္ဓအရှင် ရည်ညွှန်းခဲ့သည်၊ ရုပ်တွေ နာမ်တွေကို ထုချေရိုက်ခွဲပြီး လက်စတုံး ကုန်ဆုံးချုပ်ငြိမ်းခြင်းသို့ ရောက်သွားအောင် အားထုတ်ရန် ရည်သန်ရိုးရင်း နှလုံးသွင်းကာ အလျှင်းပင် ဗုဒ္ဓ၌ မရှိခဲ့ချေ” ဟူသော ရေးသားချက်သည်လည်း ယခင်စကားနှင့် အလားတူပင်ဖြစ်သည်၊ အကယ်၍ ရုပ်,နာမ်အားလုံး ကုန်ဆုံးချုပ်ငြိမ်းသွားပါက လူသေလျှင် လူပြန်၍ မဖြစ်နိုင်တော့သောကြောင့် မိမိ၏ လူသေလူဖြစ်ဝါဒကို ကျားကန်ထောက်ကူပေးရန် ကြိုးပမ်းချက်ဖြစ်ပေသည်၊ “ဒုက္ခနိရောဓံ အရိယသစ္စံ” ဟူသော မိန့်ခွန်းတော်ကို မျက်ကွယ်ပြု၍ “ယော တဿ ယေဝ တဏှာယ” စသော နောက်စကားကိုသာ ယူပြီးလျှင် ဉာဏ်အမြင်သေးသိမ်သော လူတစ်စုကို မိမိဘက်ပါအောင် သွေးဆောင်လှည့်စားသော ရေးသားချက်လည်း ဖြစ်ပေသည်။
ဤသို့သော ဝိတဏ္ဍဝါဒီ (ဆန့်ကျင်ဘက်အယူရှိသူ) ပုဂ္ဂိုလ်တို့၏ စကားကပ်ကိုးမည့်အရေးကို မြော်တွေး သိမြင်တော်မူသော အဋ္ဌကထာဆရာသည် -
“နိရောဓသစ္စနိဒ္ဒေသေ ယော တဿာယေဝ တဏှာယာတိ ဧတ္ထ ယော တေဿဝ ဒုက္ခဿာတိ ဝတ္တဗ္ဗေ ယသ္မာ သမုဒယနိရောဓေနေဝ ဒုက္ခံ နိရုဇ္ဈတိ” (အဘိ၊ဋ္ဌ၊၂၊၁၀၅။)
အစရှိသောစကားကို မိန့်ကြားဖွင့်လှစ်ခဲ့လေသည်။
အဓိပ္ပါယ်မှာ - ဒုက္ခ၏ချုပ်ငြိမ်းရာ ဒုက္ခနိရောဓအရိယသစ္စာကို ပြတော်မူရာ၌ (ဒုက္ခနိရောဓဟူသော ပုဒ်နှင့်လိုက်လျောအောင်) “ယော တဿဝ ဒုက္ခဿ” ဟု ဟောသင့်ပါလျက် မဟောဘဲ အဘယ်ကြောင့် “ယော တဿယေဝ တဏှာယ” ဟု တဏှာ သမုဒယချုပ်ခြင်းဖြင့် ဒုက္ခနိရောဓကို ပြတော်မူသနည်းဟူမူ အကြောင်းတရားဖြစ်သော တဏှာသမုဒယ၏ ချုပ်ခြင်းကြောင့်သာ အကျိုးဖြစ်သော ဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခချုပ်သည်၊ တဏှာချုပ်ခြင်းမှတပါး အခြားအကြောင်းကြောင့် ဒုက္ခချုပ်သည်မဟုတ်၊ ထို့ကြောင့် အကျိုးဖြစ်စေသော ဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်ကိုပြတော်မူလိုသော မြတ်စွာဘုရားသည် အကြောင်း ဖြစ်သော တဏှာသမုဒယချုပ်ခြင်းဖြင့် ပြတော်မူသည်၊ ဥပမာဖြင့် ထင်ရှားအောင် ပြရမူ ခြင်္သေ့သည် မိမိကို မြားဖြင့်ပစ်သည်ရှိသော် မြားကိုမလိုက်ဘဲ ပစ်သူကိုသာ လိုက်သကဲ့သို့ ထို့အတူ ဘုရားရှင်တို့သည်လည်း အကျိုးဖြစ်သော ဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခကို ချုပ်ငြိမ်းစေလိုကြသည်ရှိသော် အကြောင်းဖြစ်သော တဏှာသမုဒယ ချုပ်ငြိမ်းရန် ကျင့်သုံးကြဟု ညွှန်ပြတော်မူကြပေသည်။
၄၈။ ထပ်၍ ရှင်းပြဦးအံ့- သမုဒယသစ္စာ တဏှာလောဘသည် အကြောင်း၊ ဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခသစ္စာသည် အကျိုး၊ သစ်ပင်၏ရေသောက်မြစ်သည် အပြစ်အနာအဆာ မရှိဘဲ ခိုင်မြဲနေလျှင် အထက်ပိုင်း အကိုင်းအခက်များကို ခုတ်ချင်တိုင်း ခုတ်ဖြတ်ထားစေကာမူ ထိုသစ်ပင်သည် ပြန်လည်ပေါက်ရောက် ရှင်သန်ပြန်သကဲ့သို့ ဤအတူပင် သမုဒယသစ္စာ တဏှာအနုသယကို အရဟတ္တမဂ်ဖြင့် မပယ်ရသေးလျှင် ဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခသစ္စာတရားသည် ထပ်ကာထပ်ကာ ဖြစ်၍နေမည်သာ ဖြစ်ပေသည်။
ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠေ၊ ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ။
ဧဝမ္ပိ တဏှာနုသယေ အနူဟတေ၊ နိဗ္ဗတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။ (ခု-၁ (ဓမ္မပဒ) ၆၂။)
မြန်မာပြန်
ခိုင်မြဲသော ရေသောက်မြစ်ကို မဖျက်ဆီးဘဲ မခုတ်ဘဲ ပင်စည်ကို ဖြတ်သော်လည်း သစ်ပင်သည် တဖန်ပေါက်ရောက် စည်ကားပြန်သကဲ့သို့ ဤအတူ ကိန်းအောင်းနေသော တဏှာကို မဖျက်ဆီးအပ် သေးသည်ရှိသော် ဤ(ပဋိသန္ဓေနေခြင်းစသော)ဆင်းရဲသည် အဖန်ဖန် အထပ်ထပ်ဖြစ်ရ၏၊ (ခု-မြန် ၁။ ၅၈။)
၄၉။ သစ်ပင်ကို သွေ့ခြောက်ပျက်စီးစေလိုသောသူသည် အမြစ်ကို ပယ်ဖြတ် ဖျက်ဆီးရသကဲ့သို့ လည်းကောင်း ရောဂါကို ကင်းပျောက်စေလိုသောသူသည် ရောဂါ၏ အကြောင်းအရင်းကို ငြိမ်းစေရသကဲ့သို့ လည်းကောင်း ရုပ်နာမ်ခန္ဓာဟူသော ဒုက္ခကိုချုပ်ငြိမ်းစေလိုသော ပုဂ္ဂိုလ်သည်လည်း သစ်ပင်၏အမြစ်နှင့်တူသော တဏှာ, ရောဂါ၏ အကြောင်းရင်းနှင့်တူသော တဏှာကို အကြွင်းမဲ့ပယ် သတ်ရလေသည်၊ ပယ်သတ်ရန် လက်နက်ကား အရိယမဂ္ဂင်ရှစ်ပါးပင်ဖြစ်သည်။
ယင်းအရိယမဂ္ဂင်ကို မိမိသန္တာန်၌ဖြစ်စေလိုသော သူတော်စင်သည် သီလမဂ္ဂင် သမာဓိမဂ္ဂင်တည်းဟူသော အခြေခံမူလမဂ္ဂင်တို့ကို မိမိသန္တာန်၌ ရှေးဦးစွာ ဖြစ်ပွားစေ၍ ဝိပဿနာမဂ္ဂင်တည်းဟူသော ပုဗ္ဗဘာဂမဂ္ဂင်ကို ဖြစ်ပွားစေရသည်၊ သီလမဂ္ဂင်ဖြင့် ဝိတိက္ကမ ကိလေသာ=(ကာယကံကျုးလွန်မှု)တို့ကို ပယ်သတ်ရသည်၊ သမာဓိမဂ္ဂင်ဖြင့် ပရိယုဋ္ဌာနကိလေသာ= (မနောကံသောင်းကျန်းမှု)တို့ကို ပယ်သတ်ရသည်၊ ဝိပဿနာမဂ္ဂင်ဖြင့် အနုသယကိလေသာ=(အကိန်းဓာတ်)ကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတ်ရသည်၊ ဤသို့သောအစဉ်ဖြင့် မဇ္ဈိမဋိပဒါခေါ် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပွားများအားထုတ်သည်ရှိသော် သမာဓိဉာဏ် ထက်သန်ပြည့်စုံသောအခါ၌ အရိယမဂ်ဉာဏ် လေးပါးတို့ အစဉ်အားဖြင့် ထင်ရှားဖြစ်ပေါ်လာကြကုန်၏၊
၅၀။ ထိုအရိယမဂ်လေးပါးတို့တွင် သောတာပတ္တိမဂ်သည် ဒိဋ္ဌိဝိစိကိစ္ဆာ ကိလေသာနှစ်ပါး တို့ကို အကြွင်းမဲ့ ပယ်သတ်လေသည်၊ အပါယဂမနိယ (အပါယ်သို့လားစေတတ်သော) လောဘ, ဒေါသ, မောဟ, မာန, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ ဟူသောကိလေသာရှစ်ပါးတို့ကိုလည်း ပယ်သတ် လေသည်၊ (အပါယဂမနိယ မဟုတ်သော အပါယ်သို့မလားစေတတ်သော နည်းပါးသော လောဘစသည် တို့ကိုကား မပယ်နိုင်သေး)၊ ထိုကိလေသာတို့ကို ပယ်သတ်လိုက်သည်ရှိသော် ထိုကိလေသာတို့ကြောင့် ဖြစ်ထိုက်သည့် အပါယ် ရုပ်နာမ်ခန္ဓာနှင့် ခုနစ်ဘဝအထက် အနမတဂ္ဂ သံသရာ၌ ဖြစ်ထိုက်သော သုဂတိရုပ်နာမ်တို့လည်း ဖြစ်ခွင့်မရဘဲ ပြတ်စဲချုပ်ငြိမ်းကြလေသည်။
သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂ ဗျာပါဒတို့ကို ပယ်သတ်၏၊ (သိမ်မွေ့သော ကာမရာဂ ဗျာပါဒတို့ကိုကား မပယ်နိုင်သေး)၊ ထို ရုန့်ရင်းသော ကာမရာဂ ဗျာပါဒတို့ကို ပယ်သတ်လိုက်သည်ရှိသော် ထိုကိလေသာတို့ကြောင့် နှစ်ဘဝအထက်ဖြစ်ထိုက်သော ရုပ်နာမ် ခန္ဓာတို့လည်း ဖြစ်ခွင့်မရဘဲ ပြတ်စဲချုပ်ငြိမ်းကြလေသည်။
အနာဂါမိမဂ်သည် ကာမရာဂ ဗျာပါဒတို့ကို အကြွင်းမဲ့ပယ်၏၊ ထိုကာမရာဂစသော ကိလေသာတို့ကို ပယ်လိုက်သည်ရှိသော် ထိုကိလေသာတို့ကြောင့် ဖြစ်ထိုက်သည့် ကာမဘဝ ရုပ်နာမ် ခန္ဓာတို့လည်း ဖြစ်ခွင့်မရဘဲ ပြတ်စဲချုပ်ငြိမ်းကြလေသည်။
အရဟတ္တမဂ်သည် ရူပရာဂ, အရူပရာဂ, မောဟ, မာန, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပကိလေသာတို့ကို အကြွင်းအကျန်မရှိအောင် ပယ်သတ်လေသည်၊ ထိုအခါ တဏှာတည်းဟူ သော အဆာဓာတ်နှင့်တကွ ကိလေသာအားလုံး ကုန်ဆုံးချုပ်ငြိမ်းသွားခြင်းကြောင့် အမြစ်ပြတ်သွားသော သစ်ပင်ပမာ ရုပ်နာမ်ခန္ဓာ အားလုံးတို့သည်လည်း ကုန်ဆုံးချုပ်ငြိမ်းကြလေသည်၊ ထို့ကြောင့် -
“အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ”
“ဤဘဝသည် နောက်ဆုံးဘဝဖြစ်သည်၊ ယခုအခါ၌ နောက်ထပ်ဘဝအသစ်ဖြစ်ရန် မရှိပြီ” ဟု ဓမ္မစကြာဒေသနာ နိဂုံး၌ ဘုရားရှင်ဟောတော်မူခဲ့ပေသည်။
ဤဆိုခဲ့ပြီးသော အကြောင်းများကြောင့် “တဏှာကုန်အောင် ကျင့်ရန်သာ ဗုဒ္ဓရှင်ရည်ညွှန်းသည်၊ ရုပ်နာမ်ချုပ်ငြိမ်းအောင် ကျင့်ရန်မရည်ရွယ်”ဟု စကားကပ်၍ပြောခြင်းသည် ဦးဥက္ကဋ္ဌ တရားမတတ်သည်ကိုသာ ပေါ်လွင်စေပေသည်။
၅၁။ (ခ) “အမိဝမ်း၌ ကိန်းအောင်းနေရခြင်းကို ဒုက္ခဟု ဟောခြင်းမဟုတ်ကြောင်း နားလည်ပါ၊ အမိဝမ်းတွင်း ဘာမျှဒုက္ခမဖြစ်” ဟူသော စကားသည် လွန်စွာမှားယွင်းသော စကားဖြစ်သည်၊ အမိဝမ်းတွင်း၌ ကိန်းအောင်းရခြင်း၏ လွန်မင်းစွာ ကြောက်မက်ဖွယ်ကောင်းသော ဒုက္ခဖြစ်ပုံကို သမ္မောဟဝိနောဒနီအဋ္ဌကထာ(၉၀-၉၁) မှ ထုတ်နှုတ်ပြဦးအံ့။
အမိဝမ်း၌ ကိန်းအောင်းရသော သတ္တဝါသည် မိခင်၏ အစာသစ်အိမ်နှင့် အစာကျက်=ကျင်ကြီး အိမ်တို့၏အကြား အလွန်ကျဉ်းမြောင်းမှောင်မဲသော စက်ဆုပ်ရွံရှာဖွယ် အတိပြည့်သော အရပ်၌ ဖြစ်ရလေသည်၊ အမိဝမ်းဝယ် အသားနှပ်ကို ထုတ်ထားသကဲ့သို့လည်းကောင်း မုန့်ညက်စိုင်ကို ပြုတ်ဖျောထား သကဲ့သို့လည်းကောင်း မကွေးနိုင် မဆန့်နိုင်ဘဲ လွန်ကဲသောဒုက္ခကို ခံစားရလေသည်၊ အမိ၏ အဆောတလျင် ချွတ်ချော်တိမ်းယိမ်းခြင်း သွားလာထိုင်ထ လူးလှိမ့်ခြင်း စသည်တို့ကို ပြုရာအခါ၌ အရက်မူးပြီး ဝှေ့ရမ်းနေသော လူမိုက်၏လက်တွင်းက သိုးငယ်ကလေးလို, မြွေအလမ္ပယ်ဆရာ၏ လက်တွင်းက မြွေငယ်ကလေးလို လွန်စွာဆင်းရဲလေသည်၊ အမိက အေးမြသောရေကို သောက်သည့်အခါ အလွန်အေးလှသည့် သီတငရဲသို့ ကျရောက်ရသလို ပူသောအစာကို စားသည့်အခါ မီးကျီးငရဲသို့ ကျရောက်ရသလို, အငန်အချဉ်စသည်များကို စားသည့်အခါ အရေကိုခွာ၍ ဆားငန်ရေဖြင့် ပက်ဖျန်းခံရသလို, လွန်စွာစူးရှ ထက်မြက်လှသည့် ဒုက္ခအဖုံဖုံကို တွေ့ကြုံခံစားရလေသည်၊ ဖွားမြင်ရာအခါ၌လည်း ကမ္မဇလေအဟုန်ကြောင့် ဦးစောက်ပြောင်းပြန်လန်၍ အလွန်ကျဉ်းမြောင်းသည့် ယောနိဝဖြင့် သေလုမြောပါး ဒုက္ခခံစားကာ ဖွားမြင်လာရလေသည်၊ အမိဝမ်းတွင်း၌ ဒုက္ခဖြစ်ပုံကား များလှစွာ၏၊ အကျယ်ကို အဋ္ဌကထာ၌ အကျယ်ဖွင့်ပြ၏၊ သို့ပါလျက် ဦးဥက္ကဋ္ဌသည် ဇာတိပိ ဒုက္ခာဟူသော ဘုရားဟောတရားကို ပြောင်ကျကျဆန့်ကျင်ပြီး အမိဝမ်းတွင်း၌ ဘာဒုက္ခမျှမရှိဟူ၍ ရေးခြင်းသည် ဗုဒ္ဓဘာသိတနှင့် ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဖော်ပြခြင်းပင် ဖြစ်လေသည်။
၅၂။ (ဂ) “ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ-ဆိုသည်မှာ ခန္ဓာငါးပါး၌စွဲသော ဥပါဒါန်တရားကို ဆိုလိုသည်” ဟူသော အယူသည်လည်း ဘုရားရှင်အလိုတော်နှင့် များစွာဆန့်ကျင်၏၊ ဆန့်ကျင်ပုံကို မူလပဏ္ဏာသပါဠိတော်၌ လာသောစကားဖြင့် ဖော်ပြလိုပေသည်။
“အရှင်မ ထိုဥပါဒါန်သည်ပင် ဥပါဒါနက္ခန္ဓာငါးပါးတို့ပါလော၊ သို့မဟုတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ကြဉ်ဖယ်ထားလျှင် ဥပါဒါန်ရှိပါသေးသလော”ဟူသော ဝိသာခသူဋ္ဌေးကြီး၏ မေးမြန်းချက်ကို ဓမ္မဒိန္နာ ရဟန္တာထေရီမက-
“န ခေါ အာဝုသော ဝိသာခ တညေဝ ဥပါဒါနံ တေ ပဉ္စုပါဒါနက္ခန္ဓာ၊
နာပိ အညတြ ပဉ္စဟုပါဒါနက္ခန္ဓေဟိ ဥပါဒါနံ (မ၊၁၊၃၇၄)”။
ဒါယကာဝိသာခ ထိုဥပါဒါန်သည်ပင် ဥပါဒါနက္ခန္ဓာငါးပါး မဟုတ်ပါ၊ ဥပါဒါနက္ခန္ဓာငါးပါးကို ကြဉ်ဖယ်ထားလျှင် ဥပါဒါန်မရှိပါဟု ဖြေကြားလိုက်သည်၊ ဘုရားရှင်ကလည်း ဤပြဿနာကို ငါဘုရားကိုမေးလျှင်လည်း ဤအတိုင်းပင်ဖြေရမည်၊ ဤအတိုင်းပင်မှတ်ဟု မိန့်တော်မူသည်၊ ထိုကြောင့် ဤဒေသနာကို ဗုဒ္ဓဘာသိတ ဘုရားဟောဟု မှတ်ရာ၏၊ ဤသို့ “ဥပါဒါန်သည် ဥပါဒါနက္ခန္ဓာ ငါးပါးမဟုတ်” ဟု ပါဠိတော်၌ တိုက်ရိုက်ဆိုထားပါလျက် “ဥပါဒါနက္ခန္ဓာငါးပါးဆိုသည်မှာ ခန္ဓာငါးပါး၌ စွဲသော ဥပါဒါန်တရားကို ဆိုလိုသည်” ဟု ဖော်ပြခြင်းသည် အထက်ပါ ပါဠိတော်ကို မသွယ်မဝိုက် တိုက်ရိုက်ပယ်ဖျက်လိုက်ခြင်းပင် ဖြစ်ချေသည်။
၅၃။ ဤ ဒေသနာတော်ကား အဘိဓမ္မာကို မလေ့လာဖူးသူတို့အတွက် အသိခက်သောကြောင့် အနည်းငယ် ရှင်းပြဦးမည်။
ဥပါဒါန်ဟူသည် လောဘနှင့်ဒိဋ္ဌိ ဖြစ်သည်၊ ဥပါဒါနက္ခန္ဓာဟူသည် လောကီစိတ်(၈၁), စေတသိက်(၅၂), ရုပ်(၂၈) ဟူသော ခန္ဓာငါးပါးဖြစ်သည်၊ ထိုတွင် ရုပ်၂၈-ပါးသည် ရူပုပါဒါနက္ခန္ဓာ, ဝေဒနာစေတသိက်သည် ဝေဒနုပါဒါနက္ခန္ဓာ, သညာစေတသိက်သည် သညုပါဒါနက္ခန္ဓာ, ကျန်စေတသိက်(၅၀)သည် သင်္ခါရုပါဒါနက္ခန္ဓာ, လောကီစိတ် ၈၁-သည် ဝိညာဏုပါဒါနက္ခန္ဓာဖြစ်သည်၊ (သင်္ခါရုပါဒါနက္ခန္ဓာဖြစ်သည့် စေတသိက် ၅၀-တွင် လောဘနှင့်ဒိဋ္ဌိ ပါဝင်နေသည်ကိုသိပါ)၊ ထို့ကြောင့် လောဘဒိဋ္ဌိတည်းဟူသော ဥပါဒါန်သည် ဥပါဒါနက္ခန္ဓာငါးပါး မဟုတ်၊ သင်္ခါရုပါဒါနက္ခန္ဓာ၏ အစိတ်အပိုင်းမျှသာဖြစ်သည်၊ ဥပါဒါနက္ခန္ဓာငါးပါးကို ကြဉ်ဖယ်ထားလိုက်လျှင်လည်း ဥပါဒါန်ဟု မရှိနိုင် သည်ကို သိရာ၏၊
လောဘနှင့် ဒိဋ္ဌိသည် ဥပဒါန်လည်းဖြစ်သည်၊ ဥပါဒါနက္ခန္ဓာလည်း ဖြစ်သည်၊ လောဘ ဒိဋ္ဌိမှကြွင်းသော လောကီခန္ဓာငါးပါးသည် ဥပါဒါနက္ခန္ဓာသာဖြစ်သည်၊ ဥပါဒါန်မဖြစ်၊ ဤကား မြတ်စွာဘုရား၏ အလိုတော်တည်း၊ ဥပါဒါနက္ခန္ဓာငါးပါးသည် ဥပဒါန်ဖြစ်သည်၊ ဤကား ဘုရားကို ဆန့်ကျင်သော ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ အလိုတည်း။
၅၄။ “ဥပါဒါန်မဲ့သော (မရှိသော) ခန္ဓာငါးပါးသည် သုခတည်း” ဟူသော စကားသည်လည်း အဘိဓမ္မာသဘာဝနှင့် လုံးဝဆန့်ကျင်၏၊
ဤစကားသည် “ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း- ဟူသောစကားရပ်၏ ဗျတိရေကတ္ထ-ပြောင်းပြန်ယူထားသော အနက်ဖြစ်သည်၊ ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်များသည် ဥပါဒါန်ရှိသောပုထုဇဉ်, သေက္ခပုဂ္ဂိုလ်တို့၏ ခန္ဓာငါးပါးကို ဥပါဒါနက္ခန္ဓာဟူ၍ လည်းကောင်း ဥပါဒါန်မရှိသော ရဟန္တာ၏ခန္ဓာငါးပါးကို ဥပါဒါန်မရှိသော ခန္ဓာငါးပါးဟူ၍လည်းကောင်း ယူလိုကြဟန်ရှိ၏၊ ထေရဝါဒပိဋက၌ ဤသို့ဟောထားသော အရာဋ္ဌာန မရှိချေ။
ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌ဖြစ်စေ ရဟန္တာ၏ သန္တာန်၌ဖြစ်စေ ဥပါဒါန်တို့၏ အာရုံဖြစ်သော (ဥပါဒါန်တို့က အာရုံပြုနိုင်သော) လောကီ စိတ်စေတသိက် ရုပ်ဟူသော ခန္ဓာငါးပါးတို့ကို ဥပါဒါနက္ခန္ဓာဟူ၍လည်းကောင်း ဥပါဒါနိယတရားဟူ၍လည်းကောင်း မြတ်စွာဘုရားဟောတော်မူ၏၊ ဥပါဒါန်တို့၏အာရုံမဟုတ်သော (ဥပါဒါန်တို့ကို အာရုံမပြုနိုင်သော) လောကုတ္တရာစိတ် စေတသိက်နိဗ္ဗာန်ကို အနုပါဒါနိယတရားဟုသာ ဟောတော်မူ၏၊ အနုပါဒါနက္ခန္ဓာဟု သီးခြား ဟောထားသောအရာကား မရှိချေ၊ ထို့ကြောင့် လောကီစိတ်စေတသိက် ရုပ်တရားသည် ခန္ဓာလည်းမည်၏၊ ဥပါဒါနက္ခန္ဓာလည်း မည်၏၊ လောကုတ္တရာ စိတ်စေတသိက်ဟူသော နာမ်ခန္ဓာလေးပါးသည်ကား ခန္ဓာသာမည်၏၊ ဥပါဒါနက္ခန္ဓာ မမည်၊ နိဗ္ဗာန်ကား ခန္ဓာလည်း မမည် ဥပါဒါနက္ခန္ဓာလည်း မမည်၊ ယင်းသို့ဖြစ်၍ “ဥပါဒါန်မဲ့သော (မရှိသော) ခန္ဓာငါးပါး” ဟူသော စကားသည်ပင် လွဲမှားနေသောစကား ဖြစ်သည်။
ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်များက ရဟန္တာ၏ခန္ဓာငါးပါးကို ဥပါဒါန်မရှိသော ခန္ဓာငါးပါးဟု ယူလိုကြဟန် ရှိကြောင်းကို ဆိုခဲ့ပြီ၊ ထိုသို့ယူလျှင်လည်း ရဟန္တာ၏ ခန္ဓာငါးပါးတို့တွင် လောကီခန္ဓာ ငါးပါးသည် ဥပါဒါနက္ခန္ဓာပင်ဖြစ်သည်၊ ထိုလောကီခန္ဓာတို့တွင် သုခဝေဒနာ သောမနဿဝေဒနာ ၂-ပါး တို့သာလျှင် သုခဖြစ်၍ ကျန်ခန္ဓာများကား သုခမဟုတ်ချေ၊ သစ္စာအားဖြင့်ကား ဒုက္ခသစ္စာချည်းသာ ဖြစ်၏၊ အရဟတ္တ ဖိုလ် စိတ် စေတသိက် ဟူသော နမ်ခန္ဓာလေးပါးတို့ကား ခန္ဓာသာမည်၏၊ ဥပါဒါနက္ခန္ဓာမမည်၊ ထိုလောကုတ္တရာခန္ဓာတို့တွင်လည်း အောက်စျန်လေးပါးနှင့်ယှဉ်သော အရဟတ္တဖိုလ် စိတ္တုပ္ပါဒ်ဖြစ်မူ သုခဝေဒနာတစ်ခုသာဖြစ်၍ ကျန်ခန္ဓာများကား သုခမဟုတ်ချေ၊ ပဉ္စမစျာန်နှင့်ယှဉ်သော စိတ္တုပ္ပါဒ်ဖြစ်မူကား သုခဟူ၍ လုံးဝမပါရှိချေ၊ သစ္စာအားဖြင့်ကား ဖိုလ်စိတ္တုပ္ပါဒ်တို့သည် အဘိဓမ္မာနည်းအားဖြင့် သစ္စာမှလွတ်၏၊ သုတ္တန်နည်းအားဖြင့် မဂ္ဂသစ္စာ ဒုက္ခသစ္စာများ ဖြစ်ကြ၏၊ ထို့ကြောင့် ဥပါဒါန်မဲ့သော(မရှိသော) ခန္ဓာငါးပါးသည် သုခတည်းဟူသော စကားသည် အဘိဓမ္မာ ဒေသနာတော်နှင့် လုံးဝဆန့်ကျင်သော စကားသာ ဖြစ်ပေသည်။
၅၅။ (ဃ) အမှတ်ပြစကားရပ်သည်ကား တိတ္ထိတို့၏ ဥစ္ဆေဒအယူနှင့် ဗုဒ္ဓဘာသာဝင်တို့၏ နိဗ္ဗာန်ကိုအတူထားလျက် မြန်မာဗုဒ္ဓဘာသာဝင်အားလုံးကို သိမ်းကျုံးဆဲရေးသော စကားသာဖြစ်သည်၊ ဗုဒ္ဓဘာသာတို့၏ နိဗ္ဗာန်ကား (ဦးဥက္ကဋ္ဌနှင့်အပေါင်းပါတို့ထင်သလို) ဥစ္ဆေဒအယူနှင့် အနည်းငယ်မျှပင် မတူချေ။
ဥစ္ဆေဒဒိဋ္ဌိ= (ပြတ်စဲ) အယူသည် ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကို အတ္တ=(အသက်ကောင်)ဟု ယူပြီးလျှင် ထိုအတ္တ=(အသက်ကောင်)သည် သတ္တဝါသေလျှင် ပြတ်၏၊ နောက်ထပ် ဘာမျှမဖြစ်တော့ဟု ယူသောအယူဖြစ်သည်ကို သီလက္ခန်ပါဠိတော် (၃၅)၌ တွေ့မြင်နိုင်ပေသည်၊ ဤဥစ္ဆေဒဒိဋ္ဌိသည် အဇိတကေသကမ္ဗလ တိတ္ထိဆရာကြီး၏ နတ္ထိကဒိဋ္ဌိ၌ အကျုံးဝင်၏၊ ဤအကြောင်းကိုလည်း သီလက္ခန် ပါဠိတော် (၅၉) အဇိတကေသကမ္ဗလ၏ အယူကိုပြရာပါဌ်၌ -
“နတ္ထိ အယံ လောကာ၊ နတ္ထိ ပရော လောကော၊ နတ္ထိ သတ္တာ ဩပပါတိကာ” (တစ်ပါးသောဘဝ၌ တည်သူ့အတွက်) ဤဘဝမရှိ၊ (ဤဘဝ၌ တည်သူ့အတွက်) တစ်ပါးသောဘဝမရှိ၊ သေ၍တဖန်ဖြစ်သော၊ သတ္တဝါတို့မရှိကုန် ဟူသော ပုဒ်တို့ဖြင့်သိနိုင်ပေသည်။
ဗုဒ္ဓဘာသာဝင်တို့၏ နိဗ္ဗာန်ကား ဤဥစ္ဆေဒအယူနှင့် မတူကွဲပြား ခြားနားလှပေသည်၊ ဗုဒ္ဓ ဘာသာဝင်တို့၏ နိဗ္ဗာန်ဟူသည် ဝဋ်သုံးပါးတို့၏ ချုပ်ငြိမ်းပြတ်စဲသွားခြင်းပင်ဖြစ်သည်။
၅၆။ ဝဋ္ဋ=ဝဋ်ဟူသည်မှာ အဆက်မပြတ် တရစပ်လည်နေသော သဘောပင်ဖြစ်သည်၊
ထိုဝဋ်သည် -
(၁) ကိလေသဝဋ်
(၂) ကမ္မဝဋ်
(၃) ဝိပါကဝဋ် ဟူ၍ -
သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင် -
(၁) အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ဤသုံးပါးသည် ကိလေသဝဋ်မည်၏၊
(၂) သင်္ခါရ, ကမ္မဘဝဟု ခေါ်ဆိုအပ်သော လောကီကုသိုလ်, အကုသိုလ်စေတနာကံသည် ကမ္မဝဋ်မည်၏၊
(၃) ကံ၏အကျိုးဖြစ်သော ဘဝသစ် ရုပ်နာမ်ခန္ဓာသည် ဝိပါကဝဋ်မည်၏၊ (ဝိညာဏ်, နာမ်ရုပ်, သဠာယတန-စသည်ပင်တည်း)။
ပုထုဇဉ်ပုဂ္ဂိုလ်, သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့မပယ်ရသေးခြင်းကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဟူသော ကိလေသဝဋ်များရှိနေသည့်အတွက် ကုသိုလ်, အကုသိုလ်ကံတည်းဟူသော ကမ္မဝဋ်တို့ဖြစ်ကြလေသည်၊ ထိုကမ္မဝဋ်ကြောင့် ကံ၏အကျိုးဖြစ်သည့် ဘဝအသစ် ရုပ်နာမ်ခန္ဓာဟူသော ဝိပါကဝဋ် ဖြစ်ရပြန်လေသည်၊ ဤကား ဝဋ်သုံးပါးလည်နေပုံတည်း။
၅၇။ သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို ပြည့်စုံအောင် ဖြည့်ကျင့်သောပုဂ္ဂိုလ်၏ သန္တာန်၌ သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်တို့ အစဉ်အတိုင်းဖြစ်ပေါ်လာကြသည်၊ အရဟတ္တမဂ်၏အခြားမဲ့၌ပင် အရဟတ္တဖိုလ်စိတ်ဖြစ်ကာ ရဟန္တာအဖြစ်သို့ ဆိုက်ရောက်လေသည်။
အရဟတ္တမဂ်ဖြစ်သည်နှင့် တပြိုင်နက် (နေရောင်တောက်သည်နှင့် တပြိုင်နက် အမှောင်ပျောက် သကဲ့သို့) အဝိဇ္ဇာ တဏှာ ဥပါဒါန်တည်းဟူသော ကိလေသဝဋ်သည် ချုပ်ငြိမ်းပြတ်စဲလေသည်၊ ထိုရဟန္တာ၏ သန္တာန်၌ ကိလေသဝဋ် မရှိတော့သည့်အတွက် အတိတ်ကပြုခဲ့သောကံဟောင်းတို့သည် ပဋိသန္ဓေအကျိုး (ဘဝသစ်အကျိုး)ကို မပေးနိုင်ကြတော့ပေ၊ ကုသိုလ်ကံအသစ်လည်း နောက်ထပ် မဖြစ်တော့ပေ၊ အကြောင်းဖြစ်သော ကမ္မဝဋ် မဖြစ်တော့ဘဲ ငြိမ်းစဲသွားခြင်းကြောင့် အကျိုးဖြစ်သော ဝိပါကဝဋ် (ဘဝသစ် ရုပ် နာမ် ခန္ဓာ) မဖြစ်တော့ဘဲ ပြတ်စဲချုပ်ငြိမ်းလေသည်၊ ဤသို့ဝဋ်သုံးပါးတို့ ပြတ်စဲချုပ်ငြိမ်းသွားခြင်းကိုပင် နိဗ္ဗာန်ဟုခေါ်ဆိုသည်၊ ထို့ကြောင့် သီလက္ခန်ပါဠိတော် ကေဝဋ္ဋသုတ်၌ အောက်ပါအတိုင်း ဟောတော်မူသည်။
ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗတော ပဘံ။
ဧတ္ထ အာပေါ စ ပထဝီ၊ တေဇော ဝါယော န ဂါဓတိ။
ဧတ္ထ ဒီဃဉ္စ ရတ္တဉ္စ၊ အဏုံ ထူလံ သုဘာ သုဘံ။
ဧတ္ထ နာမဉ္စ ရူပဉ္စ၊ အသေသံ ဥပရုဇ္ဈတိ။
ဝိညာဏဿ နိရောဓေန၊ ဧတ္ထေတံ ဥပရုဇ္ဈတိ (ဒီ၊၁၊၂၁၃)။
မြန်မာပြန်
(မျက်စိဖြင့်) မမြင်ကောင်းသော (ဥပါဒ် ဌီ ဘင်) အပိုင်းအခြားမရှိသော ထက်ဝန်းကျင် ဆိပ်ကမ်းရှိသော ဉာဏ်အထူးဖြင့် သိအပ်သော နိဗ္ဗာန်သည်ရှိ၏၊
ဤ(နိဗ္ဗာန်)၌ ရေ မြေ မီး လေသည် မတည်ပေ၊ ဤ(နိဗ္ဗာန်) ၌ အရှည် အတို အငယ် အကြီး အကောင်း အဆိုးသည် မရှိပေ၊ ဤ(နိဗ္ဗာန်)၌ နာမ်နှင့်ရုပ်သည် အကြွင်းမဲ့ချုပ်ပေ၏၊ ဤ(နိဗ္ဗာန်)၌ ဝိညာဉ်၏ ချုပ်ခြင်းကြောင့် ဤ(နာမ်နှင့် ရုပ်)သည် ချုပ်ပေ၏(ဒီ၊မြန်၊၁၊၂၄၂)။
၅၈။ ဤဒေသနာတော်ကို ထေက်ဆ၍ နိဗ္ဗာန်၌ ရုပ်နာမ်တစ်စုံတစ်ခုမျှ မရှိဟူသောအယူသည် ဘုရားရှင်၏ အယူဖြစ်ပေသည်၊ “နိဗ္ဗာန်မှာ ရုပ်ခန္ဓာဘဝမရှိဟု ပြောဆိုတောင့်တ နေကြချေသေး၏၊ ထိုအယူသည် ဂေါတမ၏ အလိုကျမဟုတ်ချေ” ဟူသော ဦးဥက္ကဋ္ဌနှင့် နောက်လိုက်ပုဂ္ဂိုလ်တို့၏ အယူသည်ကား ဘုရားရှင်၏ အလိုကျမဟုတ်ဘဲ အလွဲအမှား အကြွားသက်သက်သာဖြစ်သည်။
၅၉။ (င) အမှတ်ပြစကားရပ်တွင် “ဥပါဒါန်တဏှာ မရှိသော ခန္ဓာငါးပါးဟာ နိရောဓနိဗ္ဗာန သုခပေါ့” ဟူသောစကား၌ ဥပါဒါန်တဏှာ မရှိသောခန္ဓာငါးပါးဟူသည် ရဟန္တာ၏ခန္ဓာငါးပါးကို သူတို့ဆိုလိုဟန်ရှိသည်ဟု ဖော်ပြခဲ့ပြီး၊ ယင်းသို့ဖြစ်လျှင် “ဥပါဒါန်တဏှာမရှိသော ရဟန္တာ၏ ခန္ဓာငါးပါးကို နိရောဓသစ္စာ နိဗ္ဗာန်ချမ်းသာ” ဟု ဦးဥက္ကဋ္ဌနှင့် နောက်ပါပုဂ္ဂိုလ်တို့ ယူထားကြလေသည်။
“အသင်္ခတံ ခန္ဓတော ဌပေတွာ” အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကို ခန္ဓာဟူသော အရေအတွက် မှချန်ထား၍ဟု ဓာတုကထာပါဠိတော်၌ အထပ်ထပ်အခါခါ ဘုရားရှင် ဟောတော်မူခဲ့ပါလျက် နိဗ္ဗာန်ကို ခန္ဓာ၌သွင်းထားခြင်းသည် အလျှင်းပင်မသင့်ချေ၊ ဘုရားကိုဆန့်ကျင်သော အယူဝါဒသာ ဖြစ်ပေသည်။
နိရောဓသစ္စာ နိဗ္ဗာန်ဟူသည် ခန္ဓာငါးပါးမဟုတ်၊ ဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းခြင်းသာဖြစ်သည်ကို အင်္ဂုတ္တိုရ် တိတ္ထာယတနသုတ်၌ -
ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဏော။ ပ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ (အံ၊၁၊၁၇၈)-
ဟု ဟောတော်မူပေသည်။
အဓိပ္ပာယ်မှာ “ရဟန်းတို့ ဒုက္ခနိရောဓ အရိယသစ္စာဟူသည်၊ဝါ၊ နိဗ္ဗာန်ဟူသည် အဘယ်နည်း၊ အရဟတ္တမဂ်ဖြင့်ပယ်၍ အဝိဇ္ဇာအကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ ချုပ်ခြင်းဖြစ်၏၊ ပ။ ဇာတိချုပ် ခြင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤဆိုခဲ့သည့်အတိုင်း ချမ်းသာလည်းမဖက် အတ္တကောင်လည်း မဟုတ်သော ဤဆင်းရဲ အစုသက်သက်သာ ချုပ်ခြင်းဖြစ်ပေသည်၊ ရဟန်းတို့ ဤဆင်းရဲအစုသက်သက်၏ ချုပ်ခြင်းကို ဒုက္ခနိရောဓ အရိယသစ္စာ (နိဗ္ဗာန်) ဟု ဆိုအပ်၏၊”
ထို့ကြောင့် ခန္ဓာငါးပါးကို နိဗ္ဗာန်ဟုဆိုသော ဦးဥက္ကဋ္ဌစကားသည် ရိုးသားစွာ ဘာသာရေးကို လိုက်စားသူများအား အန္တရာယ်ကြီးမားလှသော အမြင်မှားစေသော မိစ္ဆာဝါဒသာဖြစ်ကြောင်း ထင်ရှားပေသည်။
၆၀။ နိဗ္ဗာန်ချမ်းသာကို ကိုယ်ချမ်းသာ စိတ်ချမ်းသာဟု ပြောသော(စ)အမှတ်ပြစကားရပ်ကို စိစစ်ချက်-
(၁) ကာယိကသုခဟူသည် ကုသလဝိပါက် ကာယဝိညာဏ်စိတ်၌ ယှဉ်သော ဝေဒနာ စေတသိက် ဖြစ်သည်။
(၂) စေတသိက သုခဟူသည် သောမနဿသဟဂုတ်စိတ် (၆၂)ပါး၌ ယှဉ်သော ဝေဒနာစေတသိက်ဖြစ်သည်။
ထိုကာယိကသုခ စေတသိကသုခသည် သင်္ခတတရားဖြစ်၏၊ နိဗ္ဗာန်ကား အသင်္ခတတရား ဖြစ်၏၊ ယင်းအသင်္ခတနိဗ္ဗာန်ကို သင်္ခတဖြစ်သော သုခ ၂-မျိုး၌ အကျုံးဝင်၏ဟု ဆိုခြင်းသည်ကား မည်မျှလွဲမှားနေကြောင်း ဆိုဖွယ်ရာပင် မရှိတော့ပြီ၊ ဦးဥက္ကဋ္ဌသည် နိဗ္ဗာန်ချမ်းသာဟူ၍ သီးခြားမရှိ၊ နိဗ္ဗာန်ချမ်းသာဆိုတာ ကာယိကသုခ-ကိုယ်ချမ်းသာ, စေတသိကသုခ-စိတ်ချမ်းသာပဲဟု ဘုရားရှင်အလိုနှင့်ဆန့်ကျင်ပြီး အဘယ်ကြောင့် ပြောသလဲ၊ ဦးဥက္ကဋ္ဌ ဘာလုပ်နေသည်ကို မျက်ခြေ မပြတ်လျှင် အဖြေမှန်ရပေလိမ့်မည်၊ ဦးဥက္ကဋ္ဌသည် စ,သ,ဃ,ဇ,က ဟူသော ပသာဒငါးပါး ရုပ်ဝါဒကို ဆုပ်ကိုင်ထားပြီး လူသေလူဖြစ်ဝါဒကို တီထွင်နေသူပီပီ ဘုရားရှင်၏ တရားတော်များကို လူသေလူဖြစ် နှင့်ကိုက်အောင် လုပ်နေခြင်းဖြစ်ပေသည်၊ မှန်၏- ရုပ်နာမ်တို့၏ ချုပ်ဆုံးရာနိဗ္ဗာန်ဟု အမှန်အတိုင်း လက်ခံနေပါက သူ၏ရုပ်ဝါဒအခြေခံနှင့် ဆန့်ကျင်နေသည့်အပြင် လူသေလူဖြစ် အရုပ်ထုရာ၌လည်း အနှောင့်အယှက် အတားအဆီးကြီး ဖြစ်နေလိမ့်မည်၊ ထို့ကြောင့် သူ၏အခြေခံရုပ်ဝါဒနှင့်လည်းကောင်း လူသေလူဖြစ် စိတ်ကူးယဉ်နှင့်လည်းကောင်း ကိုက်သွားအောင် ဘုရားဟော တရားတော်များကို ပြောင်းတိ ပြောင်းပြန် ကမောက်ကမ ပြောဟောရေးသားနေခြင်းဖြစ်ကြောင်း ဦးဥက္ကဋ္ဌတို့၏ အူမအထိ မြင်အောင် ကြည့်ကြရပေမည် ဖြစ်ပေသည်။
၆၁။ (ဆ) “ပထဝီ, အာပေါ, တေဇော, ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးမျိုးကား။ ပ။ နိစ္စ=မြဲတဲ့ သဘောကိုလည်းကောင်း၊ ဓူဝ=ခိုင်တဲ့သဘောကိုလည်းကောင်း၊ သဿတ=တစ်မျိုးတည်းတည်တဲ့ သဘောကိုလည်းကောင်း၊ အဝိနာသီ=မပျက်စီးတဲ့သဘောကိုလည်းကောင်း၊ သဗ္ဗဗျာပီ=အလုံးစုံပျံ့နှံ့၍ တည်တဲ့သဘောကိုလည်းကောင်း ဆောင်ကြကုန်၏” ဟူသော ဦးဥက္ကဋ္ဌ၏အယူသည်လည်း ဘုရားရှင်၏ဝါဒနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်လေသည်၊ ဘုရားရှင်သည် အတိတ် အနာဂတ် ပစ္စုပ္ပန် ရုပ်ဟူသမျှ အမြဲမရှိပုံကို “ရူပံ ဘိက္ခဝေ အနိစ္စံ အတီတာနာဂတံ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ” စသည်ဖြင့် ဟောတော်မူခဲ့ပေသည်။ (ခန္ဓဝဂ္ဂသံယုတ်-၁၇)
အဓိပ္ပာယ်မှာ- “ရဟန်းတို့ အတိတ် အနာဂတ် ရုပ်သည်မမြဲ။ ပစ္စုပ္ပန်ရုပ်၏ မမြဲခြင်း၌ကား ဆိုဖွယ်ရာပင်မရှိ၊ ရဟန်းတို့ ဤသို့ရှုမြင်သော သုတရှိသော အရိယာတပည့်သည် အတိတ်ရုပ်၌ ငဲ့ကွက်ခြင်းကင်း၏၊ အနာဂတ်ရုပ်၌ မနှစ်သက်၊ ပစ္စုပ္ပန်ရုပ်၌ ငြီးငွေ့ခြင်း, တက်မက်မှုကင်းခြင်း, ချုပ်ခြင်းငှာကျင့်၏” ဟူလို၊ အနတ္တလက္ခဏသုတ်၌လည်း ထိုနည်းတူပင်ဟော၏၊
ဤသို့ သုံးလောကထွတ်ထား မြတ်စွာဘုရားကိုယ်တော်တိုင်က “ရုပ်မှန်သမျှမမြဲ” ဟု ဟောတော်မူလျက် ပထဝီ, အာပေါ, တေဇော, ဝါယော ဟူသော ဓာတ်ကြီးလေးပါးတို့ကား နိစ္စ ဓုဝ သဿတ= အဝီ နာသီဟုယူသော ဦးဥက္ကဋ္ဌတို့၏ဝါဒသည် မြတ်စွာဘုရားဝါဒတော်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သော မိစ္ဆာဝါဒ အဓမ္မစစ်စစ်ဖြစ်၍ ဘုရားရှင်ပွင့်တော်မမူမီကပင် ပေါ်ပေါက်နေကြသည့် နာမည်ကျော် တိတ္ထိကြီးများဖြစ်ကြသော ပူရဏကဿပ အဇိတကေသကမ္ဗလနှင့် ပကုဓကစ္စာယနတို့ဝါဒ၌ ပါဝင်သော အယူဝါဒသာ ဖြစ်ပေသည်။
မှတ်ချက်။ ။ ဤအယူသည် အနတ္တလက္ခဏသုတ်နှင့် ဆန့်ကျင်သောကြောင့် ဦးဥက္ကဋ္ဌတို့လူသိုက်က အနတ္တလက္ခဏသုတ်ကို လက်ခံသလိုလို ပြောဟောရေးသားကြခြင်းသည် လှည့်စားလို၍ အသံကောင်း ဟစ်ခြင်းမျှသာဖြစ်ကြောင်း ပေါ်လွင်ပေပြီ။
ဦးဥက္ကဋ္ဌဝါဒသည် ပူရဏကဿပဝါဒ၌ ပါဝင်ပုံ
၆၂။ ဦးဥက္ကဋ္ဌနှင့် ၎င်း၏တပည့်သားများ တိတ္တိကြီးများနှင့်တူပုံကို အနည်းငယ် ရှင်းပြဦးအံ့ -
ဦးဥက္ကဋ္ဌနှင့် နောက်လိုက်ပုဂ္ဂိုလ်တို့၏ ဝါဒသည် “ကမ္မဿကတ လမ်းစဉ်ကား ဘုရားရှင်၏ ဝါဒမဟုတ်” စသည်ဖြင့် ကံကိုပယ်သော ဝါဒဖြစ်ခြင်းကြောင့် -
ကရောတော န ကရီယတိ ပါပံ။
နတ္တိ တတောနိဒါနံ ပါပံ၊ နတ္ထိ ပါပဿ အာဂမော။
နတ္တိ တတောနိဒါနံ ပုညံ၊ နတ္ထိ ပုညဿ အာဂမော (ဒီ၊၁၊၄၉)။
မြန်မာပြန်
မကောင်းမှုပြုသူသည် ပြုရာမရောက်၊ ထိုသတ်ဖြတ်ခြင်း စသောအကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှု မလာရောက်၊ ထိုပေးလှူခြင်း စသောအကြောင်းကြောင့် ကောင်းမှုမရှိ၊ ကောင်းမှု မလာရောက်ဟူသော ပူရဏကဿပဝါဒ၌ ပါဝင်သည်။
ဦးဥက္ကဋ္ဌဝါဒသည် အဇိတကေသ ကမ္ဗလဝါဒ၌ ပါဝင်ပုံ
၆၃။ ကံကိုပယ်သောဝါဒသည် ကံ၏အကျိုးကိုလည်း ပယ်ရာရောက်သောကြောင့် “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ၊ နတ္တိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော (ဒီ၊၁၊၅၁) ။ ပေးလှူခြင်း “ဒါန” ၏အကျိုးမရှိ၊ ကြီးကျယ်သော ပူဇော်မှု၏ အကျိုးမရှိ၊ အနည်းငယ် ပူဇော်မှု၏အကျိုးမရှိ၊ ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးရင်း အကျိုးဖျား မရှိဟူသော တိတ္ထိဆရာကြီး အဇိတကေသကမ္ဗလဝါဒ၌ ဦးဥက္ကဋ္ဌဝါဒသည် ပါဝင်သည်။
ဘုရားကိုယ်တော်တိုင် သဗ္ဗညုတဉာဏ်တော်ထူးဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားထားသည့် ငရဲနှင့် နတ်ဗြဟ္မာလောကတို့ကို ပယ်ထားသော ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ အယူသည် -
နတ္ထိ အယံ လောကော= (တစ်ပါးသောလောက၌ တည်သူ့အတွက်) ဤလောကမရှိ၊
နတ္ထိ ပရော လောကော= (ဤလောက၌ တည်သူ့အတွက်)တစ်ပါးသော လောကမရှိ၊
နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ (ဒီ၊၁၊၅၂)။
ဤလောက တစ်ပါးသောလောကကို ကိုယ်တိုင်သိ၍ မျက်မှောက်ပြုကာ သိစေနိုင် ဟောပြနိုင်ကြသည့် ကောင်းစွာဖြစ်ကုန် မှန်ကန်စွာကျင့်ကုန်သော သမဏဗြာဟ္မာဏတို့ဆိုတာ လောကမှာ တကယ်မရှိကြပါ-ဟူသော အဇိတကေသ ကမ္ဗလဝါဒ၌ ပါဝင်သည်။
ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ “ရုပ်သာလျှင် ပဓာနဟူသောဝါဒ, လူဆိုတာ ဓာတ်ကြီးလေးပါး သာဖြစ်တယ်၊ နာမ်ဆိုတာ ရုပ်၏ အရိပ်အရောင်သာဖြစ်တယ်ဟူသောဝါဒါ, လူသား သေသွားသောအခါ ပ-အာ-တေ-ဝါ ဟူသော ဓာတ်ကြီးလေးပါးတို့သည် အစည်းပြေကာ ကွယ်သွားကြပြီးလျှင် ကောင်းကင်မှာ ပြေးသွားနေကြသည်ဟူသောဝါဒ, လူသေလျှင် ဂန္ဓဗ္ဗဓာတ် ထွက်သွားသည်” ဟူသော ဝါဒများသည် ထိုတိတ္ထိဆရာကြီး အဇိတဝါဒ၌ပင် အကျုံးဝင်၏၊ အဇိတဆရာကြီးက ဤသို့ယူ၏၊
စာတုမဟာဘူတိကော အယံ ပုရိသော= သတ္တဝါဆိုတာ မဟာဘုတ်လေးပါး အစုအဝေးသာ ဖြစ်သည်။ (နာမ်တရားသည် အရိပ်အရောင်မျှသာဟု ဆိုလိုသည်။)
ယဒါ ကာလံ ကရောတိ ပထဝီ ပထဝီကာယံ အနုပေတိ အနုပဂစ္ဆတိ။
အာပေါ။ တေဇော။ ဝါယော ဝါယောကာယံ အနုပေတိ အနုပဂစ္ဆတိ (ဒီ၊၁၊၅၃)။
သေသောအခါ ကိုယ်တွင်း အဇ္ဈတ္တပထဝီဓာတ်သည် ပြင်ပ ဗဟိဒ္ဓပထဝီဓာတ်အပေါင်းတို့ ကပ်ရောက်သွားသည်၊ အဇ္ဈတ္တအာပေါဓာတ်သည် ဗဟိဒ္ဓအာပေါဓာတ်အပေါင်းတို့ကပ်ရောက်သွားသည်၊ အဇ္ဈတ္တတေဇောဓာတ်သည် ဗဟိဒ္ဓတေဇောဓာတ်အပေါင်းတို့ကပ်ရောက်သွားသည်၊ အဇ္ဈတ္တဝါယောဓာတ်သည် ဗဟိဒ္ဓဝါယောဓာတ်အပေါင်းသို့ ကပ်ရောက်သွားသည်၊ ဤသို့သော အဇိတကေသကမ္ဗလဝါဒ၌ ဦးဥက္ကဋ္ဌဝါဒ ပါဝင်ပေသည်။
တိတ္ထိဆရာကြီး ပကုဓကစ္စာယနဝါဒ၌ ဦးဥက္ကဋ္ဌဝါဒ ပါဝင်ပုံ
၆၄။ “ပ-အာ-တေ-ဝါ ဟူသော ဓာတ်ကြီးလေးပါးတို့သည် မပျက်မစီးနိုင်ဘဲ အမြဲရှိနေသည် နိစ္စ-ဓုဝ-သဿတ-အဝိနာသီ ဖြစ်သည်” ဟူသော ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ အယူဝါဒသည် -
“ဣမေ သတ္တ ကာယာ အကဋာ, အကဋဝိဓာ အနိမ္မိတာ အနိမ္မိတာ ဝဉ္ဈာ ပုဋဋ္ဌာ ဧသိကဋ္ဌာယိဋ္ဌိတာ” (ဒီ၊၁၊၅၃)
ပထဝီစသော ဤ (၇) မျိုးသော ကာယတို့သည် မပြုပြင်နိုင်ကုန် စီမံသမှု မပြုနိုင်ကုန် မဖန်ဆင်း နိုင်ကုန်၊ မဖန်ဆင်းစေနိုင်ကုန် အမြုံနှင့်တူကုန်၏၊ တောင်ထွဋ်ကဲ့သို့ တည်ကုန်၏၊ ဖြူဆံမြက်၏ အတွင်း၌တည်သော အဆံကဲ့သို့ တည်ကုန်၏ဟူသော ပကုဓကစ္စာယနဝါဒ၌ ပါဝင်သည်၊ ပကုဓ ကစ္စာယနဝါဒ၌ ပ-အာ-တေ-ဝါနှင့် သုခ-ဒုက္ခ-ဇီဝဟု ကာယ(၇)ပါးပြဆိုထားရာ ဦးဥက္ကဋ္ဌတို့က ရှေ့လေးပါးကို ယူ၍ဆိုခြင်းသာ ထူးပေသည်။
ဧကစ္စသဿဝါဒ၌ ဦးဥက္ကဋ္ဌဝါဒပါဝင်ပုံ
၆၅။ ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်တို့သည် ကြံဆ၍ မိစ္ဆာအယူကို ယူတတ်သော “တိတ္ထိ” ပုဂ္ဂိုလ်, စူးစမ်းနှိုင်းချိန်၍ မိစ္ဆာအယူကို ယူတတ်သော “ဝီမံသီ” ပုဂ္ဂိုလ်များ ဖြစ်ကြသည်၊ ဝိတက်ဖြင့် အဖန်ဖန်ကြံဆ၍ ထင်လာမြင်လာသည့်အတိုင်း ပ-အာ-တေ-ဝါ ဓာတ်ကြီးလေးပါးတို့ကို နိစ္စ-ဓုဝ-သဿတ-အဝိနာသီ ဖြစ်သည်ဟု ယူကြသည်၊ ထိုအယူဝါဒသည် ဗြဟ္မဇာလသုတ်၌ ဟောတော်မူအပ်သော (၆၂)ပါးသော မိစ္ဆာဒိဋ္ဌိတို့တွင် ဧကစ္စသဿတဒိဋ္ဌိ၌ ပါဝင်သည် (သီလက္ခန်ပါဠိ-၂၃) ဧကစ္စ=အချို့, သဿတ=မြဲသည်၊တချို့သာမြဲ၍ တချို့မမြဲဟု ယူသောအယူကို ဧကစ္စသဿဒိဋ္ဌိဟု ခေါ်သည်။
ထိုဧကစ္စသဿတဝါဒသည်လည်း သတ္တဝါတို့တွင် တချို့ကားမြဲ၏ဟု ယူသော သတ္တေကစ္စ သဿတဝါဒ, သင်္ခါရတို့တွင် အချို့ကား မြဲ၏ဟုယူသော သင်္ခါရေကစ္စသဿတဝါဒဟူ၍ ၂-မျိုး ရှိ၏၊ ထို ၂-မျိုးတို့တွင် ဦးဥက္ကဋ္ဌတို့၏အယူသည် သင်္ခါရေကစ္စသဿတဝါဒဖြစ်သည်ကို သာရတ္ထဒီပနီဋီကာ ဥပရိပဏ္ဏာသဋီကာ၌လာသော အောက်ပါစကားရပ်ဖြင့် ထင်ရှားသိသာနိုင်ပေသည်။
ပရမာဏဝေါ နိစ္စာ ဒွိအဏာကာဒယော အနိစ္စာတိ ဧဝံ ပဝတ္တဝါဒါ သင်္ခါရေကစ္စသဿတိကာ သေယျထာပိ ကဏာဒဝါဒါဒယော (သာရတ္ထ၊ဋီ၊၁၊၁၄၃။ (ပ၊ဋီ၊၃၊၂၃၂)၊
ပရမာဏဝေါ၊ ပရမာဏုမြူတို့သည်။ နိစ္စာ၊ မြဲကုန်၏။ ဒွိအဏုကာဒယော၊ နှစ်ခုသော အဏုမြူ အပေါင်းစသည်တို့သည်။ အနိစ္စာတိ၊ မမြဲကုန်ဟူ၍။ ဧဝံ၊ ဤသို့။ ပဝတ္တဝါဒါ၊ ဖြစ်သောအယူတို့သည်။ သင်္ခါရေကစ္စသဿတိကာ၊ အချို့သင်္ခါရကား မြဲ၏ဟုယူသော သင်္ခါရေကစ္စသဿတဝါဒ မည်၏။ ကဏာဒဝါဒါဒယော သေယျထာပိ၊ ကဏာဒဂိုဏ်းဝင် ပုဂ္ဂိုလ်တို့၏အယူ စသည်တို့ကဲသို့တည်း။
၆၆။ ဤဝါဒကို ဝိဘင်္ဂမူလဋီကာ၌ အဏုဝါဒဟု ဆို၏၊
“အာဒိသဒ္ဒေန အဏူဟိ လောကော ပဝတ္တတိ၊ သဗ္ဗံ ပုဗ္ဗေကတဟေတူတိ ဧဝမာဒိ အကာရဏပရိဂ္ဂဟော ဒဋ္ဌဗ္ဗေ” (မူလဋီ၊၂၊၅၆)
အာဒိသဒ္ဒေန၊ ဣဿရပ္ပမာနကာလ သဘာဝါဒီတိ ဟူသောပုဒ်၌ အာဒိသဒ္ဒါဖြင့်။ အဏူဟိ၊ အဏုမြူတို့ကြောင့်။ လောကော၊ လောကသည်။ ပဝတ္တတိ၊ ဖြစ်၏။ သဗ္ဗံ၊ အလုံးစုံသော သုခဒုက္ခ ဟူသမျှသည်။ ပုဗ္ဗေကတဟေတု၊ ရှေးရှေးဘဝက ပြုအပ်သော အကြောင်းကြောင့်။ ဟောတိ၊ ဖြစ်၏။ ဣတိဧဝမာဒိ၊ ဤသို့ အစရှိသော။ အကာရဏ ပရိဂ္ဂဟော၊ အကြောင်းမဟုတ်သည်ကို ယူခြင်းကို။ ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏၊
၆၇။ ဤစကားရပ်၌ အဏုဝါဒသည် ကမ္ဘာလောက၏ ဘဝအကြောင်းသည် အဏုမြူသာ ဖြစ်သည်ဟု မိစ္ဆာဝါဒီတို့ ယူဆသော အယူဖြစ်သည်၊ ထိုမိစ္ဆာဝါဒီတို့ယူဆပုံမှာ ဤစကြဝဠာ ကမ္ဘာလောကကြီး မဖြစ်ပေါ်မီ ရှေးအတိတ်အခါက အာကာသဟင်းလင်းပြင်ကြီးဝယ် အလွန်သေးငယ်သည့် ပရမာ အဏုမြူကလေးများသာ ရှိသည်၊ ဤပရမာ အဏုမြူကလေးများကား ပထဝီ, အာပေါ, တေဇော, ဝါယော ဟူသော ဓာတ်လေးပါးတို့ အသေးဆုံးမြူကလေးများ ဖြစ်သည်၊ ဘယ်သောအခါမျှ မပျက်စီးဘဲ အမြဲတည်သော ဓာတ်လေးပါးဖြစ်သည်၊ ထိုပရမာ အဏုမြူကလေးများ သည် အာကာသဟင်းလင်းပြင်ကြီးဝယ် ဝါယောဓာတ်၏ လှုပ်ရှားမှုကြောင့် လွင့်ပါး သွားလာနေရာမှ အာပေါဓာတ်၏ ဆွဲငင်မှုကြောင့် ပရမာအဏုမြူနှစ်ခုတို့ ပေါင်းစပ်လေသည်၊ ထိုမြူနှစ်ခုအပေါင်းကို ဒွိအဏုကဟုခေါ်သည်၊ ထိုမြူနှစ်ခုအပေါင်းကို မျက်စိဖြင့် မမြင်နိုင်၊ မှန်းဆ၍သာ သိနိုင်၏၊ ထိုဒွိအဏုက သုံးခုအပေါင်းကို တိအဏုက (တြသရဏု) ဟုခေါ်သည်၊ ဤသို့ အဏုမြူသုံးခုမှ လေးခုစသည် ပေါင်းစပ်၍ ကြီးမာသော အစိုင်အခဲများဖြစ်ကာ ဤစကြဝဠာ ကမ္ဘာလောကကြီး ဖြစ်ပေါ်လာရသည်၊ ကမ္ဘာပျက်သောအခါ၌ အထည်ဝတ္ထုဒြပ်တို့ ပြိုကွဲပျက်စီး၍ ပ-အာ-တေ-ဝါ ဟူသော ဓာတ်လေးပါးအစု ပရမာအဏုမြူအဖြစ်သို့ ပြန်ရောက်ကြလေသည်၊ ၎င်းတို့ကား ဘယ်သောအခါမျှ မပျက်စီးနိုင်သော နိစ္စ, ဓုဝ, သဿတ, အဝိနာသီဖြစ်သည်၊ တဖန် ကမ္ဘာဖြစ်ရန် အချိန်တန်သောအခါ ထိုပရမာအဏုမြူတို့ တဖန်ပေါင်းစပ်၍ ဒွိအဏုကစသည် ဖြစ်ကြပြန်သည်။
၆၈။ ဤအယူသည် ပ-အာ-တေ-ဝါ တို့၏ အသေးဆုံးဖြစ်သော ပရမာအဏုမြူကား နိစ္စ, ဒွိအဏုက စသည်တို့ကား အနိစ္စဟုဆိုသောကြောင့် သာသနာ့ဝေါဟာရအားဖြင့် ဧကစ္စသဿတဝါဒပင် ဖြစ်သည်။
လောက၏ ဖြစ်မှု ပျက်မှု အဏုမြူကို ပဓာနပြု၍ ဆိုသောကြောင့် အဏုဝါဒလည်း မည်၏၊
တိတ္ထိယာနံ အဏုပကတိပုရိသာဒိတဿ ဝါ ပညာပနာပိ အဝိဇ္ဇာမာန ပညတ္တိယေဝ = တိတ္ထိ တို့၏ အဏုမြူ, ပကတိ, ပုရိသ အစရှိသည်ကို ပညတ်ခြင်းသည်လည်း အဝိဇ္ဇာမာန ပညတ်သာတည်း။
လောက ဖြစ်မှုပျက်မှု၌ အဏုမြူဟူသော အကြောင်းကို ပညတ်ခြင်းသည် ထင်ရှားမရှိသည်ကို ပညတ်သော အဝိဇ္ဇာမာန ပညတ်မျှသာဖြစ်သည်ဟု ပုဂ္ဂလပညတ္တိအဋ္ဌကထာ(၂၆-၌ မိန့်ဆိုသည်။
ဤမိစ္ဆာဝါဒီ အညတိတ္ထိယတို့၏ အဏုဝါဒသည် ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်တို့ လက်ခံစွဲယူ ထားသော အယူဝါဒဖြစ်သည်၊ ဤအယူဝါဒကို ဦးဥက္ကဋ္ဌက သစ္စာဓမ္မအတွဲ အမှတ် ၆-၇-၈ တို့၌ လည်းကောင်း တောင်တွင်းကြီးနေရှင်နယ် အရှင်ဇဝန က “နိဗ္ဗာန် ဆိုဒါ”အမည်ရှိ စာစောင်၌ လည်းကောင်း တောင်တွင်းကြီးနေရှင်နယ် အရှင်ရေဝတ က ဓမ္မအလင်းရောင် အတွဲ-၃၊ အမှတ် ၄-၌ လည်းကောင်း အတိအလင်း တင်ပြထားကြသည်။
၆၉။ အဏူဟိ လောကော ဝတ္တတီတိ အာဇီဝကဝါဒံ အန္ဓာယဟ=တက္ကတွန်း၏ဝါဒကို ရည်ရွယ်၍ အဏုမြူတို့ကြောင့် လောကဖြစ်၏ဟု မိန့်ဆိုသည်။ ကဏာဒဝါဒေါ ပန ဣဿရိစ္ဆာဝသေန အဏူနံ သံယောဂဝိယောဂတော လောကဿ ပဝတ္တိနိဝတ္တိံဝဒတိ။ ကဏာဒဝါဒသည်ကား ဣဿရ၏ အလို အစွမ်းအားဖြင့် အဏုမြူတို့ဖြင့် ပေါင်းစပ်ခြင်း ကွဲကွာခြင်းကြောင့် လောက၏ ဖြစ်ခြင်းပျက်ခြင်းကို ပြောဆို၏၊
ဤအဏုဝါဒသည် တက္ကတွန်းတို့၏ အယူဝါဒ ဖြစ်သည်ဟုလည်းကောင်း၊ ကဏာဒရသေ့၏ အဏုဝါဒသည်ကား ဣဿရ၏ အလိုစွမ်းဖြင့် (ဣဿရက စေခိုင်း၍ ဣဿရ၏ အလိုကျ)ဗြဟ္မာက ဖန်ဆင်း၍ အဏုမြူတို့ပေါင်းစပ်ခြင်း ကွဲကွာခြင်းကြောင့် လောကကြီး ဖြစ်ခြင်းပျက်ခြင်းကို ပြောဆိုသော ဝါဒဖြစ်သည်ဟုလည်းကောင်း (အနုဋီ၊၂၊၆၅) ၌ မိန့်ဆိုသည်။
၇၀။ ကဏာဒရသေ့၏ ဝါဒ၌ ဖန်ဆင်းရှင်ပါ၍ ပ-အာ-တေ-ဝါတို့ တခြားစီဖြစ်ခြင်း၊ ဦးဥက္ကဋ္ဌ ဝါဒ၌ ဖန်ဆင်းရှင်မပါဘဲ ပ-အာ-တေ-ဝါတို့ တစ်ပေါင်းတည်းဖြစ်ခြင်းကြောင့် ဦးဥက္ကဋ္ဌတို့ အသိုင်း အဝိုင်းက မိမိဝါဒသည် အဏုဝါဒမဟုတ်ပါဟု ငြင်းချက်ထုတ်လိုကထုတ်ကြပေမည်၊ မည်သို့ပင် ငြင်းချက်ထုတ်စေကာမူ ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်များသည် ပြန်လည်ပြင်ဆင်ရေးသမားများ ဖြစ်ခြင်းကြောင့် ဗုဒ္ဓဝါဒကိုလည်း ပြင်ဆင်၊ ကဏာဒရသေ့၏ အဏုဝါဒကိုလည်း ပြင်ဆင်ကာ “ဥက္ကဋ္ဌ ဧကစ္စသဿတ အဏုဝါဒ” ကို တီထွင်ယူဆ ထားကြသည်မှာကား မည်သို့မျှငြင်းကွယ်၍ မရနိုင်ချေ၊ ဆိုခဲ့ပြီးသော စကားစဉ်အရ ပြန်၍ချုပ်ကြည့်သော် ဦးဥက္ကဋ္ဌနှင့် သခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိ သုတေသီ ဆိုသူတို့သည် ဘုရားရှင်လက်ထက်က နာမည်ကျော်ကြား လူသိများခဲ့သော ပူရာဏကဿပ တိတ္ထိဆရာကြီး၊ အဇိတကေသကမ္ဗလ တိတ္ထိဆရာကြီး၊ ပကုဓကစ္စာယန တိတ္ထိဆရာကြီးတို့က ကံ-ကံ၏ အကျိုးကိုပယ်သော မိစ္ဆာဝါဒ, ငရဲနှင့်နတ်တို့ ဗြဟ္မာတို့ကိုပယ်သော မိစ္ဆာဝါဒ, တန်ခိုးအဘိညာဉ်ကိုပယ်သော မိစ္ဆာဝါဒ, ရုပ်ဓာတ်ကြီးလေးပါးသာလျှင် ပဓာနဟူသော ရုပ်မိစ္ဆာဝါဒ, ဓာတ်ကြီးလေးပါးသည် နိစ္စဖြစ်၏ဟူသော မိစ္ဆာဝါဒ, ဤသို့သော ခေတ်ဟောင်း မိစ္ဆာဝါဒများကို ဤ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၌ ပြန်လည်ဆန်းသစ် ပေးနေကြသူများသာဖြစ်ကြောင်း ၎င်းတို့၏လုပ်ရပ်ကို ကျမ်းဂန်နှင့် ညှိလိုက်သောအခါ ထင်းကနဲ အကွင်းသား အရှင်းသား ပြည်သူတို့ သိမြင်နိုင်ကြပေပြီ။
၇၁။ ဦးဥက္ကဋ္ဌ၏ တပည့်ကြီး သခင်မြတ်ဆိုင်၏ ဗုဒ္ဓဝိပဿနာ ၂-နှာ-၁၉၆-၁၉၇-၌ “ဤဓာတ်ကြီးလေးပါးသည် အစဉ်အဆက် အစမရှိ အဆုံးမထင်သောကာလ “အနာဒိ, အနန္တ” အမြဲရှိသော မူလပကတိ ဓာတ်ကြီးများ ဖြစ်ကြလေသည်၊ စကြဝဠာအနန္တ၌ အမြဲရှိသော ဤမဟာဘူတ ဓာတ်ကြီးများသည် မည်သည့်အခါမျှ ပျောက်ပျက်သွားရိုးမရှိ၍ အနာဒိ, အနန္တ, သဗ္ဗဗျာပီ, အဝိနာသီ, နိစ္စ, ထာဝရသဘောကို အစဉ်ဆောင်ရွက်လျက်ရှိသည်” ဟူ၍ ဥက္ကဋ္ဌ၏ ဧကစ္စသဿတအဏုဝါဒကို ထောက်မကျားကန်ပြီးလျှင် “ကေဝဋ္ဋသုတ်၌ ဗုဒ္ဓက ဓာတ်ကြီးလေးပါး၏ ချုပ်ရာမရှိ၊ လွတ်ရာနယ်သာ ရှိသည်၊ ၎င်းကား နိဗ္ဗာန်ဟုဟော၏” ဟု ဘုရားရှင်ကိုပင် မဟုတ်မမှန် လုပ်ကြံစွပ်စွဲထားချက်ကို စိစစ်ပေဦးအံ့။ ကေဝဋ္ဋသုတ်၌ -
“ဧတ္ထ နာမဉ္စ ရူပဉ္စ၊ အသေသံ ဥပရုဇ္ဈတိ”
ဤနိဗ္ဗာန်၌ နာမ်ရောရုပ်ပါ အနည်းငယ် သိမ်သိမ်မွေ့မွေ့ကလေးမျှ မကျန် အကြွင်းမဲ့ချုပ်၏ဟု ဘုရားရှင်ဟောတော်မူသည်ကို (ဃ)အမှတ်ပြ စိစစ်ချက်၌ ပြခဲ့ပြီးဖြစ်သည်။
၇၂။ (ဇ) အမှတ်ပြ စကားရပ်၌ ကောက်နုတ်ချက်ကိုထုတ်သော် ရုပ်နာမ်ခန္ဓာသည် ပညတ်တရား ဖြစ်သည်၊ ယင်း ရုပ်နာမ်ခန္ဓာကို ရှုမှတ်ဆင်ခြင် ပွားများခြင်းဖြင့် လမ်းဆုံးသို့ မရောက်နိုင်ဟု ဆိုလိုသည်။
သုံးသပ်ချက်
“အနိစ္စံ ဒုက္ခံ အနတ္တာ ခန္ဓာ ဓာတုယော အာယတနာနိ သတိပဋ္ဌာနာ သမ္မပ္ပဓာနာတိအာဒိကာ ပရမတ္တကထာ နာမ”
အနိစ္စ, ဒုက္ခ, အနတ္တ, ခန္ဓာ, ဓာတ်, အာယတန, သတိပဋ္ဌာန်, သမ္မပ္ပဓာန် အစရှိသော ဒေသနာသည် ပရမတ္ထကထာ မည်၏ဟု ကထာဝတ္ထုအဋ္ဌကထာ(၁၃၉)၌ မိန့်ဆိုထားသောကြောင့် “ရုပ် နာမ် ခန္ဓာသည် ပညတ်တရားဖြစ်သည်” ဟူသောအယူသည် ဒေသနာတော်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သော အယူသာဖြစ်သည်။
၇၃။ “ယင်းရုပ်နာမ်ခန္ဓာကို ရှုမှတ်ဆင်ခြင်ပွားများခြင်းဖြင့် လမ်းဆုံးသို့ မရောက်နိုင်” ဟူသော စကားရပ်ဖြင့် “ရုပ် နာမ်ခန္ဓာကို ရှုမှတ်ဆင်ခြင်ပွားများမှူမပြုရ၊ ရုပ်နာမ်ခန္ဓာကို ရှုမှတ်ဆင်ခြင်ပွားများခြင်းဖြင့် လမ်းဆုံးဖြစ်သော အရဟတ္တဖိုလ် သို့မရောက်နိုင်” ဟု ဆိုလိုသည်။
သုံးသပ်ချက်
ထိုစကားရပ်သည် စုဒိတကတို့လက်ခံပါသည် ယုံကြည်ပါသည်ဆိုသော အနတ္တလက္ခဏသုတ်တော်ကိုပင် တိုက်ရိုက်ပယ်ရှားသော စကားရပ်ဖြစ်ပေသည်၊ မှန်လှ၏- ခန္ဓဝဂ္ဂသံယုတ် အနတ္တလက္ခဏသုတ် နှာ-၅၆-၌ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဟူသော ခန္ဓာငါးပါးတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှုမှတ်ဆင်ခြင်ပွားများရမည်ဟု သဗ္ဗညုမြတ်စွာဘုရား ဟော ကြားတော်မူခဲ့ပေသည်။
“တသ္မာ တိဟ ဘိက္ခဝေ ယံ ကိဉ္စ ရူပံ။ပ။ ယာကာစိ ဝေဒနာ။ပ။ ယာကာစိ သညာ။ပ။ ယေကေစိ သင်္ခါရာ။ပ။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ။ပ။ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ”
အဓိပ္ပာယ်မှာ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် အတွင်းအပြင် အကြမ်းအနု အယုတ်အမြတ် အဝေးအနီး ဖြစ်သော အလုံးစုံသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ကို ဤဟာသည် ငါ့ဥစ္စာမဟုတ်, ဤဟာသည် ငါမဟုတ် ဤဟာသည် ငါ၏အတ္တကောင်မဟုတ်ဟု ဟုတ်တိုင်းမှန်စွာ ဝိပဿနာပညာဖြင့် ရှုရမည်ဟု ဟောတော်မူ၏၊
၇၄။ ထို့ပြင် ခန္ဓဝဂ္ဂသံယုတ် နှာ-၁၃၆-၁၃၇-၁၃၈ တို့၌လာသော သီလဝန္တသုတ် သုတဝန္တသုတ်တို့၌ သီလသုတရှိသော ပုထုဇဉ်ရဟန်းသည် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို အနိစ္စဒုက္ခစသောအားဖြင့် နှလုံးသွင်းရှုမှတ်လျှင် သောတာပန် ဖြစ်နိုင်သည်၊ သောတာပန်သည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စဒုက္ခစသောအားဖြင့် နှလုံးသွင်းရှုမှတ်လျှင် သကဒါဂါမ်ဖြစ်နိုင်သည်၊ ထိုအတူ သကဒါဂါမ်က အနာဂါမ်, အနာဂါမ်က ရဟန္တာဖြစ်နိုင်သည်၊ ရဟန္တာသည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခစသောအားဖြင့် နှလုံးသွင်းရှုမှတ်လျှင် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းအကျိုး, သတိသမ္ပဇဉ်အကျိုးရှိ၏ဟု အရှင်သာရိပုတ္တရာထေရ်က အရှင်မဟာကောဋ္ဌိကအား ဟောပြတော်မူခဲ့သည်။
ထို့ကြောင့် သခင်မြတ်ဆိုင်စသော စုဒိတကတို့၏အယူသည် ဖော်ပြပါ ပါဠိတော်များနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သော အယူဖြစ်သည်၊ ဗုဒ္ဓ၏ အနတ္တလက္ခဏာတရားကို လက်ခံပါသည်ဟု တနေရာ၌ပြောစဉ် နောက်တနေရာ၌ အနတ္တလက္ခဏာ တရားနှင့် ဆန့်ကျင်ဘက် ပြောပြန်သည်၊ ဤသို့ ကမောက်ကမ ရှေ့နောက် မညီ ယူပုံမျိုးကို ရည်ရွယ်၍ “မိစ္ဆာ အယူရှိသူတို့၏ အမြင်သည် ထိုထို ဤဤ အလီလီပြောင်းလဲတတ်၏၊ ဖွဲပုံ၌ စိုက်ထားသော သစ်ငုတ်နှင့် တူသည်” ဟု အဋ္ဌကထာဆရာ မိန့်မှာတော် မူခဲ့ခြင်း ဖြစ်လေသည်။
၇၅။ (စျ) “ဆောင်ယူနှလုံးသွင်းရမည့် သစ္စာကား အဘယ်နည်း နိရောဓနှင့် မဂ္ဂသစ္စာတို့ဖြစ်သည်” ဟူသော စကားသည်လည်း ဘုရားဟောဒေသနာကို မျက်ကွယ်ပြု၍ ထင်မိထင်ရာ ရေးသားသည့်စကားရပ်သာ ဖြစ်သည်၊ မှန်လှ၏- ပြဆိုခဲ့ပြီးသော အနတ္တလက္ခဏသုတ်, သီလဝန္တသုတ်, သုတဝန္တသုတ်တို့၌ သဗ္ဗညုဘုရားရှင်နှင့် လက်ျာတော်ရံပညာဧတဒဂ်ရ သာဝကကြီးတို့က ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာငါးပါးကို နှလုံးသွင်းရမည်ဟု ဟောတော်မူထားကြပါလျက် နိရောဓနှင့် မဂ္ဂသစ္စာတို့ကို ဆောင်ယူနှလုံးသွင်းရမည်ဟု ကမောက်ကမ ဆိုခြင်းသည် ဗုဒ္ဓဘာသာတို့အတွင်း အမြင်ရှုပ်ကုန်အောင် သာသနာတော်ကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားခြင်းမှတပါး အခြားအကြောင်း မရှိနိုင်ချေ။
၇၆။ သိသာစေရန် ထပ်မံ၍ ရှင်းပြလိုပေသည်။ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌-
“ဒုက္ခေ ဉာဏ” န္တိအာဒိနာ စတုသစ္စကမ္မဋ္ဌာနံ ဒဿိတံ၊ တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ၊ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော-
ဟု မိန့်တော်မူသည်၊ အဓိပ္ပာယ်မှာ “ဒုက္ခေ ဉာဏံ” အစရှိသော ပါဠိဖြင့် သစ္စာလေးပါး ကမ္မဋ္ဌာန်းကို မြတ်စွာဘုရား ပြတော်မူသည်၊ ထိုလေးပါးသော သစ္စာတို့တွင် ဒုက္ခ, သမုဒယဟူသော ရှေ့သစ္စာနှစ်ပါးတို့သည် ဝဋ်တရားဖြစ်သည်၊ နိရောဓ, မဂ္ဂဟူသော နောက်သစ္စာနှစ်ပါးတို့သည် ဝဋ်မှကင်းသော တရားဖြစ်သည်၊ ထိုဝဋ္ဋ, ဝိဝဋ္ဋ သစ္စာနှစ်မျိုးတို့တွင် ဝဋ္ဋဖြစ်သော ဒုက္ခ သစ္စာ သမုဒယသစ္စာ၌ ရဟန်း၏ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း ဖြစ်နိုင်သည်၊ ဝိဝဋ္ဋဖြစ်သော နိရောဓသစ္စာ, မဂ္ဂသစ္စာ၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း မရှိနိုင်ဟု ဆိုလိုပေသည်။
ထို့ကြောင့် “ဆောင်ယူနှလုံးသွင်းရမည့် သစ္စာကား နိရောဓနှင့် မဂ္ဂသစ္စာတို့ ဖြစ်သည်” ဟူသော အယူသည် အမှန်တရားကို ကျောပေးထားသော အဓမ္မဝါဒသာ ဖြစ်ကြောင်း သတိချပ်အပ်ပေသည်။
သမထဘာဝနာနှင့် သတိပဋ္ဌာန်ကို ပယ်ရှားခြင်း
၇၇။ ဗုဒ္ဓအဘိဓမ္မာ ပြန့်ပွားရေးအဖွဲ့ချုပ်မှ ထုတ်ဝေသော ဓမ္မအလင်းရောင် စာစောင်အတွဲ-၂၊ အမှတ်-၅၊ စာမျက်နှာ ၃-၌ နာယကကြီး အဘိဓမ္မာဆရာစိန် ဆိုသူက သူ၏ဆောင်းပါးတပုဒ်လုံးဖြင့် ဘုရားဟော သမထဘာဝနာ နှင့် သတိပဋ္ဌာန် ဒေသနာတော်များကို ပုတ်ခတ် ပယ်ရှားထားလေသည်၊ ဆောင်းပါးမှာ ရှည်လျား၍ အပြည့်အစုံ မဖော်ပြသာချေ၊ အနည်းငယ် မျှသာ ဖော်ပြလိုပေသည်။
ကျွန်ုပ်တို့ မြန်မာဗုဒ္ဓဘာသာတိုင်းလိုလို ပါးစပ်ဖျားတွင် ရေပန်းစားပြီး ပြောဆိုပြုလုပ် အားထုတ်နေကြတဲ့ ဘာဝနာများသည် မြန်မာပြည် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များတွင် ပြညွှန်ထားတဲ့ ဘာဝနာလေးဆယ် (ဝါ) ကမ္မဋ္ဌာန်း လေးဆယ် အစရှိသည်များ ဖြစ်ကြပေသည်။ပ။ အဘယ်ကြောင့်ဆိုသော် ထိုထို လမ်းစဉ်များကို ဗုဒ္ဓရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့တဲ့ ဘာဝနာလမ်းစဉ်များ ဖြစ်သည်ဟု ယုံကြည်စွဲယူနေခြင်းကြောင့် ဖြစ်ပေသည်။ (နှာ ၃-၄)
ယနေ့ ဗုဒ္ဓဘာသာလူသားတို့သည်။ပ။ ပူမှု အေးမှု တောင့်တင်းကိုက်ခဲမှုများကို လည်းကောင်း။ပ။ သွားသည် ရပ်သည် ထိုင်သည်ကို လည်းကောင်း အဲဒါလို အမြဲမပြတ်သတိချပ်ပြီး ပွားများအားထုတ် ရှုမှတ်ပြီး ပြုလုပ်နေတဲ့ ဘာဝနာ အလုပ်များကို ဗုဒ္ဓရှင်ထုတ်ဖော်ပြီး ဟောကြားတော်မူခဲ့ခြင်း မဟုတ်ဖူးလားလို့ မေးမည်ဆိုပါက မေးစရာ သင့်လှပေသည်၊ အဲ ဒီအမေးကို ရှင်းရှင်းနှင့်ဘွင်းဘွင်း ဖြေကြားရသော် ဗုဒ္ဓရှင် မဟောတဲ့ ဘာဝနာများသာ ဖြစ်ပေသည်။ (နှာ-၄)
ဤစကားရပ်တို့ဖြင့် မြတ်စွာဘုရား ဟောတော်မူခဲ့သော သမထကမ္မဋ္ဌာန်း များကိုလည်းကောင်း-
ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ။ ဌိတော ဝါဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ၊ ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။
ွှစရှိသော သတိပဋ္ဌာန်ဒေသနာတော်ကိုလည်ကောင်း ပယ်ရှားထားလေသည်။
ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ ဖော်ပြပါ ရေးသားချက်တို့ကို တွေ့မြင်ရခြင်းကြောင့်သာ စောဒကဆရာတော်များက အမှန်ကို စောဒနာခြင်း ဖြစ်ရကား ဦးဥက္ကဋ္ဌအား အကြည်ညိုပျက်အောင် ရေးသားစောဒနာကြသည်ဟု မဆိုသင့်ချေ၊ တနည်းဆိုရသော် ဤသို့ စိစစ်ပြသဖြင့် ရုပ်ဝါဒီဖြစ်သော တောင်တွင်းကြီး ဦးဥက္ကဌ၏ဝါဒသည် ဘုရားဟောပိဋကသုံးပုံနှင့်လည်း လုံးဝ ဆန့်ကျင် သဘာဝယုတ္တိလည်းမရှိ ဖြစ်လည်းမဖြစ်နိုင်မှန်း ပို၍သိရှိခွင့်ရပြီး ကြည်ညိုချင်သူများက တိုး၍ ကြည်ညိုကြရအောင် စောဒကပုဂ္ဂိုလ်များက လမ်းစဖွင့်ပေးသည်ဟုပင် ဆိုနိုင်ပေသည်။
၇၈။ သောဓနာစာပိုဒ် (၂၆)မှ လိုရင်းကို ထုတ်နုတ်သော်-
(က) ထေရဝါဒ၌ သမထဝိပဿနာတရားများ ပါဝင်လျက်ရှိသည် ဆိုသောအချက်ကို အငြင်းမပွားလိုကြောင်း၊
(ခ) တပည့်တော်များ လက်ခံကျင့်သုံးနေသော သမထဝိပဿနာသည် ဓမ္မစက္ကပဝတ္တန, အနတ္တလက္ခဏသုတ်တော်များနှင့် ညီညွတ်နေပါသောကြောင့် ဓမ္မဝါဒ ဝိပဿနာသာဖြစ်ကြောင်း ဟူ၍ နှစ်ချက်တွေ့ရ၏၊
သုံးသပ်ချက်
၇၉။ (က) “ထေရဝါဒ၌ သမထဝိပဿနာများ ပါဝင်လျက်ရှိသည်ဆိုသော အချက်ကို အငြင်းမပွားလိုပါ” ဟု ဆိုသော်လည်း အငြင်းပွားအောင် ပယ်ရှားပုတ်ခတ်ရေးသားအပ်သော အချက်များကို စောဒကဆရာတော်များက လက်ဆုတ်လက်ကိုင် တင်ပြထားပြီးဖြစ်ရာ ထိုအချက်များကို စုဒိတကတို့ ချေပငြင်းဆိုခြင်း အလျှင်းမပြုနိုင်သောကြောင့်လည်းကောင်း သက်သေခံ တင်ပြထားသော စာအုပ်စာတမ်းများ၌လည်း ဗုဒ္ဓဘာသိတ သမထဝိပဿနာများကို သာသနာပ ဟိန္ဒူဗြဟ္မဏတို့၏ ဝါဒဟု စွပ်စွဲပုတ်ခတ်ရေးသားချက် အရပ်ရပ်ကို ထပ်ကာထပ်ကာ တွေ့မြင်နေရသောကြောင့်လည်းကောင်း ဤဝိနည်းဓိုရ် ဆရာတော်များ ရှေ့မှောက် ရောက်နေသော သောဓနာလွှာ၌ပင် ထိုကဲ့သို့သော စကားရပ်များ ပါဝင်နေသောကြောင့် လည်းကောင်း ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိ သုတေသနဝါဒီစသော နောက်လိုက် နောက်ပါများသည် ဗုဒ္ဓဘာသိတ သမထဝိပဿနာများကို သာသနပ ဟိန္ဒူဗြဟ္မဏတို့၏ ဝါဒဟု စွပ်စွဲပုတ်ခတ်လျက် ဖျက်ဆီးနေကြသူများ ဖြစ်သည်မှာ သိသာထင်ရှားလှပေသည်။
(ခ) “တပည့်တော်များ လက်ခံကျင့်သုံးနေသော သမထဝိပဿနာသည် ဓမ္မစက္ကပဝတ္တန, အနတ္တလက္ခဏသုတ်တော်များနှင့် ညီညွတ်နေပါသောကြောင့် ဓမ္မဝါဒဝိပဿနာဖြစ်ပါသည်” ဟု ဆိုသော်လည်း ဤဝိနိစ္ဆယစာတမ်း သုံးသပ်ချက်၌ ထုတ်ပြခဲ့ပြီးသော ဓမ္မစက္ကပဝတ္တနသုတ်, အနတ္တလက္ခဏသုတ်တော်များနှင့် ဆန့်ကျင်ရေးသားချက်များကို တွေ့မြင်ရသောကြောင့်လည်းကောင်း အခြေခံ သုံးသပ် ပွားများပုံမှစ၍ လွဲမှားနေရကား သောဓနာလွှာပါ အချက်များသည် စကားဖြစ်ရုံမျှ တင်ပြခြင်းဖြစ်သော်ကြောင့်လည်းကောင်း စုဒိတကတို့ တင်ပြချက်သည် ဓမ္မစက္ကပဝတ္တန, အနတ္တလက္ခဏ သုတ်တော်များနှင့် ညီညွတ်သည်ဟု မဆိုနိုင်ပေ။
“ဒိဋ္ဌိဂတိကဿ ဒဿနံ နာမ န နိဗဒ္ဓံ၊ ထုသရာသိမှိ နိခါတခါဏုဝိယ စဉ္စလံ၊ ဥမ္မတ္တကပစ္ဆိယံ ပူဝခဏ္ဍဂူ- ထဂေါမယာဒီနိ ဝိယ စေတ္ထ သုန္ဒရမ္ပိ အသုန္ဒရမ္ပိ ဟောတိယေဝ” -
ဟူသော သီလက္ခန်အဋ္ဌကထာ၌ လာသောစကားရပ်နှင့်အညီ မိစ္ဆာအယူ ရှိသောသူ၏ အမြင်မည်သည် ခိုင်မြဲမှုမရှိ၊ ဖွဲပုံပေါ်၌ စိုက်ထားသော သစ်ငုတ်ကဲ့သို့ လှုပ်ရှား၏၊ အရူး၏ တောင်းထဲ၌ မုန့်ပဲ သွားရေစာ, မစင်, နွားချေး ရောထွေးစုပေါင်း ကောင်းမကောင်း အစုံပါသကဲ့သို့ ဤမိစ္ဆာအယူ၌လည်း တခါတရံ ကောင်းသောအရာများလည်း အနည်းငယ်ပါရှိ၍ မကောင်းသောအရာတို့သာ များစွာပါရှိလေသည်။
ထို့ကြောင့်-
“ဧတဿ ဝါဒေ ကိဉ္စ သာသနာနုလောမမ္ပိ အတ္ထိ၊ အသုဒ္ဓလဒ္ဓိတာယ ပန သဗ္ဗာပိ ဒိဋ္ဌိယေဝ ဇာတာ”
ဧတဿ၊ ဤ နိဂဏ္ဌနာဋပုတ္တ၏၊ ဝါဒေ၊ အယူ၌။ ကိဉ္စ၊ အချို့သော။ သာသနာနု လောမမ္ပိ၊ သာသနာတော်အား လျော်သောအယူသည်လည်း။ အတ္ထိ၊ ရှိပါပေ၏၊ ပန၊ ထိုသို့ပင် သာသနာအားလျော်သော အယူ ရှိပါသော်လည်း။ အသုဒ္ဓလဒ္ဓိတာယ၊ မစင်ကြယ်သောအယူ၏ အဖြစ်ကြောင့်။ သဗ္ဗာ၊ အလုံးစုံသော အယူတို့သည်။ ဒိဋ္ဌိယေဝ၊ မိစ္ဆာအယူတို့ ချည်းသာလျှင်။ ဇာတာ၊ ဖြစ်ရကုန်ပြီး- ဟူသော သီလက္ခန်အဋ္ဌကထာ၌ လာသော စကားရပ်နှင့်အညီ သာသနာနုလောမစကား အနည်းငယ်မျှပါသော်လည်း မစင်ကြယ်သော အယူဖြစ်ရကား မိစ္ဆာအယူသာဖြစ်သည်။
အဘယ့်ကြောင့် မိစ္ဆဝါဒသာဖြစ်ရသနည်းဆိုသော် ဦးဥက္ကဋ္ဌနှင့် တပည့်ကြီး သခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် နာယကအမှုဆောင် အဖွဲ့ဝင်တို့သည် စ.သ.ဃ.ဇ.က - ဟူသော ပသာဒရုပ်ငါးပါး ရုပ်တရားကိုသာ အမှန်တရားအဖြစ် ဆုပ်ကိုင်ထားကြသော ရုပ်ဝါဒီများဖြစ်ကြပါလျက် ဗုဒ္ဓဘာသာ အမည်ခံကာ ဗုဒ္ဓဘာသာထဲဝင်ပြီး ကမောက်ကမဖြစ်အောင် အတွင်းက ဝင်ဖျက်နေကြသူများ ဖြစ်သောကြောင့် သူတို့၏ ရုပ်ဝါဒအမြင်ဖြင့် ပြောဟောရေးသားချက်များသည် ဘယ်ပိဋက စာပေနှင့်မျှ မညီညွတ်ပဲ ဖြစ်နေပေသည်၊ စာနှင့်မညီရုံမျှမက ယုတ္တိလည်းမရှိ၊ ကလေးကလားလည်း နိုင်လှသည်၊ သူတို့ကလည်း ပိဋကစာပေနှင့် ပိဋကကျမ်းတတ်ပုဂ္ဂိုလ်တို့ကို အလွန်ကြောက်ကြလေသည်၊ ထို့ကြောင့် ဘုရားဟော ပိဋကတော်မူမှန်များကို ဗြာဟ္မဏဝါဒဟု ပြည်သူလူထု အထင်အမြင်မှားအောင် မဟုတ်မမှန် လုပ်ကြံရေးသားပြောဟောကြလေသည်။
၈၀။ ဤသို့ စိစစ်သုံးသပ် ပြဆိုအပ်ပြီးသော အကြောင်းတို့ကြောင့် ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်များသည် ဗုဒ္ဓဘာသိတ သမထဝိပဿနာများကို သာသနာပ ဟိန္ဒူဗြာဟ္မဏတို့၏ဝါဒဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲသူများဖြစ်သောကြောင့် ဗုဒ္ဓသာသနာတော်ကို အစီအစဉ်ကျကျ မူချ၍ ဖျက်ဆီးနေကြသော သာသနပစ္စတ္ထိက(သာသနာ့ရန်သူ)များသာ ဖြစ်ကြသည်၊ ထိုပုဂ္ဂိုလ်တို့၏ ဖော်ပြပါ ရေးသား ဟောပြောချက်များသည် အဓမ္မဝါဒသာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့က တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)
စောဒနာ အမှတ် (၉)
ဝိနည်းတရားကို ပစ်ပယ်ခြင်းနှင့် စပ်လျဉ်းသည့် ဝိနိစ္ဆယ
သာသနာတော်၏တံခွန် သာသနာတော်၏ အရေအရောင်ဖြစ်သော အရဟတ္တဓဇ သင်္ကန်းကို ဝတ်ဆင်၍ သာသနာတော်၏ အသက်ဖြစ်သော ဝိနည်းတရားတော်ကိုကား လုံးလုံးလျားလျားပစ်ပယ်ကာ မသိနားမလည်သူတို့အား လှည့်ဖြားလိမ်ညာ ဆရာတဆူ လုပ်နေခြင်းနှင့် ပတ်သက်၍ တင်သွင်းသော စောဒကတို့၏ စောဒနာ၊ ယင်းကိုပြန်လည်ချေပသော သောဓနာများကို ခြုံငုံသုံးသပ်၍ အမှတ်(၂) သီးခြားဝိနည်းဓိုရ် ဆရာတော်များက အောက်ပါအတိုင်း အဆုံးအဖြတ် ပေးအပ် ပေသည်။
(၁) စောဒကပုဂ္ဂိုလ်တို့၏ သာမညစောဒနာ၌-
(က) လူသေလူဖြစ်ဝါဒကို ဖန်တီးသော ဦးဥက္ကဋ္ဌနှင့် လူသေလူဖြစ် စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေသော ဦးဝါသဝတို့သည် ဘုရားသာသနာတော်တွင်း နေထိုင်၍ သင်္ကန်းဝတ်ထားကြသော်လည်း မိမိတို့ကိုယ်တိုင် ဝိနည်းသိက္ခာပုဒ်ကို မစောင့်စည်းရုံမျှမက ၎င်းတို့နှင့် ဆန္ဒတူဝါဒတူ ပုဂ္ဂိုလ်များကိုပါ အဖော်ညှိ၍ ဝိနည်းတရားကို ဥပေက္ခာပြု လျစ်လျူရှုစေခဲ့ကြပါသည် အရိပ်ခိုပြီး အခက်ချိုးသော အလွန်ကြောက်ဖွယ်ကောင်းသော အလဇ္ဇီ ဒုဿီလများ ဖြစ်ကြပါသည်ဟူ၍ လည်းကောင်း၊
(ခ) ဝိနည်းကျင့်ဝတ်ကို အလျှင်းဂရုမစိုက်သော ဦးဥက္ကဋ္ဌ၏ ရေးသားချက်များအနက် “ဗုဒ္ဓမှတ်ကျောက်” စာအုပ် စာမျက်နှာ ၁၇၅-မှ ထုတ်နှုတ်၍-
“ယနေ့ ဘိက္ခုသံဃာဆိုတဲ့ ဂိုဏ်းပေါင်းစုံ ဘုန်းကြီးတွေ လိုက်နာကျင့်သုံးနေကြတဲ့ ဝိနည်းကို မငဲ့မညှာပဲ လေ့လာ သုံးသပ်ကြည့်လိုက်လျှင် ဥပါဒါန်တလုံး တခဲကြီး ဖြစ်ရှိနေတာကို တွေ့ရပြန်တယ်”-
ဟူသော စာပိုဒ်ကို ကောက်နုတ်ဖော်ပြကာ ဤသို့ရေးသားခြင်းဖြင့် ဘုရားသခင်၏ အာဏာဒေသနာတော်ဖြစ်သော ဝိနည်းတရားကို ဥပါဒါန်ဖြင့် ကိုင်ပေါက်ခြင်း သဘောမှာ ပေါလောကြီးပေါ်လျက် ရှိပါသည်၊ ဤရေးသားချက်သည် ဗုဒ္ဓသာသနာတော်၏ အသက်သဖွယ်ဖြစ်သော ဝိနည်းတရားတော်ကို ပယ်ရာရောက်၍ အဝိနယဝါဒသာ ဖြစ်ပါကြောင်း ဟူ၍လည်းကောင်း
၂။ ဝိသေသစောဒနာ၌-
(က) ဝိနည်းသည် သာသနာတော်၏ အသက်မည်ကြောင်း၊
(ခ) ဝိနည်းသိက္ခာပုဒ်ကို ကဲ့ရဲ့လျှင် ပါစိတ်အာပတ်သင့်ကြောင်း၊
(ဂ) ဝိနည်းတရားတော်သည် အနုပါဒါပရိနိဗ္ဗာန်အထိ အကျိုးပြုကြောင်း၊
(ဃ) သံဃသုဋ္ဌု(သံဃာတော်၏ ကောင်းလှပါပြီဟူ၍ ဝန်ခံခြင်း) စသော အကျိုး-၁၀ပါးကို အစွဲပြု၍ ဝိနည်းသိက္ခာပုဒ်ကို ပညတ်တော်မူကြောင်း၊
(င) ပရိနိဗ္ဗာန်စံရာ ညောင်စောင်း လျောင်းတော်မူရာအခါ၌ပင် ဒ “ဝိနည်းတရားကို လေးစားကြဖို့” ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့ကြောင်း၊
(စ) သံဂါယနာ ၆-တန်တင် ဝိနည်းတရားတော်၌ ဖြည့်စွက်ရန် နုတ်ပယ်ရန် မရှိကြောင်း၊
(ဆ) သိက္ခာပုဒ်နှင့်စပ်၍ ယူဆဆုံးဖြတ်ရာ၌ အလေးနှင့်အပေါ့တွင် အလေးတွင်သာ တည်ရမည်ဖြစ်ကြောင်း၊
(ဇ) ဝိနည်း တစိတ်တဒေသကိုဖြစ်စေ အားလုံးကိုဖြစ်စေ မလိုက်နာပဲ ပစ်ပယ်လျှင် သာသနာအသက် ထွက်အောင် လုပ်ခြင်းပင် ဖြစ်ကြောင်း။
ဤအကြောင်းများကြောင့် ဝိနည်းပယ်, ဝိနည်းဖြတ် လုပ်ရပ်သည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအတွက် အန္တရာယ် ကြီးမားလှပါသဖြင့် အဓမ္မ အဝိနယလုပ်ရပ် ဖြစ်ပါကြောင်း လျှောက်ထားသွားကြလေသည်။
၃။ စုဒိတကဘက်မှ သခင်မြတ်ဆိုင်က လည်းကောင်း သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ ဥက္ကဋ္ဌက လည်းကောင်း သောဓနာ ပြုကြသည်၊ ထိုတွင် စုဒိတက သခင်မြတ်ဆိုင်က အကြောင်း အချက်၉-ချက်ဖြင့် ဖြေရှင်းရာတွင်-
(က) ဦးဥက္ကဋ္ဌတွင် ဝိနည်းတော်ကို ပစ်ပယ်ခြင်းသဘောမရှိကြောင်း၊
(ခ) ဦးဥက္ကဋ္ဌသည် သာသနာအရေကိုခြုံကာ မသိနားမလည်သူတို့ကို လိမ်ညာ လှည့်စားခြင်း မပြုကြောင်း၊
(ဂ) မူမမှန်သော ရဟန်းအချို့၏ ကျင့်ကြံနေထိုင်ပုံကိုသာ ပြခြင်းဖြစ်ကြောင်း၊
(ဃ) ဦးဥက္ကဋ္ဌသည် အနာမာသဝတ္ထု ရွှေငွေကို မခံယူကြောင်း၊
(င) ဦးဥက္ကဋ္ဌသည် ကျောင်းကန်တန်ဆောင်းများကို ရေစက်ချ၍ ကိုယ်ပိုင် အလှူမခံကြောင်း၊
ဤအချက် ၅-ချက်သာ စောဒနာကို သောဓနာရာ ရောက်၍ ကျန်အချက်များ အနက်-
(စ) ဦးဥက္ကဋ္ဌ၌ စိတ်ဆိုးခြင်း မာန်တက်ခြင်း မတွေ့ရကြောင်း၊
(ဆ) ဦးက္ကဋ္ဌသည် ငရဲနှင့် ခြောက်၍ နတ်ဘုံနှင့် မြှောက်ခြင်းကို မပြုကြောင်း၊
(ဇ) ဦးဥက္ကဋ္ဌသည် မည်သည့်ဂိုဏ်းတွင်မျှ မပါဝင်ကြောင်း၊
ဤအချက် ၃-ချက်ကား စောဒနာကို သောဓနာခြင်းမဟုတ်ပဲ မဆီမဆိုင်သော အချက်ဖြင့် မိမိဆရာကို ဂုဏ်တင်ပြခြင်းသာ ဖြစ်ပေသည်။
(စျ) ဦးဥက္ကဋ္ဌသည် မည်သည့်အခါမျှ သင်္ကန်း မရုံ လက်ကတော့ခြင့်သာ ခြုံကြောင်း-
ဤအချက်ကား စောဒကတို့၏ စောဒနာကိုအားဖြည့်ပေးခြင်း ဝန်ခံခြင်းသာ ဖြစ်ပေသည်။
၄။ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင်တို့၏ သောဓနာပြုရာတွင် ဦးဥက္ကဋ္ဌ၏ ဝိနယဂရုကဖြစ်ကြောင်းကို-
(က) တပည့်ရင်း ဒါယကာရင်းကိုပင် စတင်၍ နှုတ်ဆက်လေ့မရှိကြောင်း၊
(ခ) မည်သူ့ထံမှ မည်သည့်ပစ္စည်းကိုမျှ အလှူမခံကြောင်း၊
(ဂ) အလှူခံတရားကို တကြိမ်တခါမျှ မဟောဖူးကြောင်း-
အချက် ၃-ချက်ဖြင့် ကာကွယ်၍ “ဗုဒ္ဓမှတ်ကျောက်” နှာ-၁၇၅ အဆိုဖြစ်သော “ယနေ့ ဘိက္ခုသံဃာဆိုတဲ့ ဂိုဏ်းပေါင်းစုံ ဘုန်းတော်ကြီးတွေ လိုက်နာကျင့်သုံးနေကြတဲ့ ဝိနည်းကို မငဲ့မညှာ လေ့လာသုံးကြည့်လိုက်လျှင် ဥပါဒါန်တလုံးတခဲကြီး ဖြစ်နေတာ တွေ့ရပြန်တယ်” ဟူသော စာပိုဒ်ကို ဦးဥက္ကဋ္ဌ၏ အလို အာဘော်ကျ-
(ဃ) ဝိနည်းတခုကိုသာ အလေးထားလွန်းလျှင် ဥပါဒါန်ကပ်ငြိတတ်သည်ကို ရည်ရွယ်၍လည်းကောင်း၊
(င) ဝိနည်းတခုကိုသာ အလေးထားလွန်း၍ သံသယစိတ်ပွားကာ ဥပါဒါန်ဖြစ်လာလျှင် ကျင့်သုံးရမည့် အခြားရဟန်းတရားများ လျော့ပါးသွားနိုင်သည်ကို ရည်ရွယ်၍ လည်းကောင်း၊
(စ) အကျဉ်းအားဖြင့် ၂၂၇-သွယ်သော သိက္ခာပုဒ်တို့သည် အကျယ်ပွားလျှင် ကုဋေ-၇ ထောင်ကျော်ရှိသည်ဆိုသော အဆိုအမိန့်မျိုးသည် သံသယနှင့် ဥပါဒါန်ကို ဖြစ်စေတတ်သည်ကို ရည်ရွယ်၍ လည်းကောင်း၊
(ဆ) စက္ခုပါလမထေရ်ဝတ္ထုကို သက်သေတင်၍ ကျူးလွန်လိုသာ စေတနာမရှိလျှင် မည်သည့်ပြစ်ချက် အာပတ်မျှ မသင့်ရောက်နိုင်သည်ကို ရည်ရွယ်၍ လည်းကောင်း-
ဦးဥက္ကဋ္ဌ ရေးသားခဲ့ကြောင်း ရှေ့နေလိုက် ဖြေရှင်းထားကြပေသည်။
သုံးသပ်ချက်
၅။ စောဒကပုဂ္ဂိုလ်တို့တင်ပြထားသော အချက်အလက်များအနက် “ဝိနည်းသည် သာသနာတော်၏ အသက်”ဟူသော အချက်သည် အရှင်ဥပါလိစသော ဘုရားလက်ထက်တော်က ထေရ်ကြီးများမှစ၍ သင်္ဂဟအဋ္ဌကထာ ကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသတို့ ခေတ်တိုင်အောင် အစဉ်အဆက်ပြောဆိုလာကြသော ဆရာစဉ်ဆက် မှတ်တမ်းတင်လာကြသည့် တိုတိုနှင့် ဝိနယသာသနာတော်ကြီး တခုလုံးကို သိမ်းကျုံး၍ ဂုဏ်ပြုထားသော စကားလုံးနှင့် စပ်သည့်အချက်ဖြစ်၍ အလွန်အရေးကြီးသော အချက်ဖြစ်သည်၊ အနည်းငယ်ထင်ရှားစေအံ့-
၆။ ဗုဒ္ဓရှင်တော်မြတ်သည် ဗြဟ္မစရိယ မြတ်သောအကျင့်ဟု ဆိုအပ်သော သာသနာတော်ကြီး တည်ထောင်တော် မူသောအခါ ဝိပဿီ သိခီ ဝေဿဘူ ဟူသော ဘုရားသုံးဆူတို့၏ သာသနာတော် ကြာရှည်မတည်ခြင်းအကြောင်းကိုလည်းကောင်း ကကုသန်, ကောဏဂုမ်, ကဿပ ဟူသော ဘုရား ၃-ဆူတို့၏ သာသနာတော် ကြာရှည်တည်ခြင်း၏ အကြောင်းကို လည်းကောင်း ဆင်ခြင်တော်မူသည်။
၇။ ဆင်ခြင်တော်မူသော်အခါ ဝိပဿီ, သိခီ, ဝေဿဘူ ဘုရားသုံးဆူတို့သည် သာဝကတို့အား အကျယ်တရား ဟောတော်မမူခဲ့ကြ၊ သာဝကတို့အတွက် သိက္ခာပုဒ်ကို ပညတ်တော်မမူခဲ့ကြ၊ အာဏာပါတိမောက်ကို ပြတော်မမူခဲ့ကြချေ၊ ထို ဘုရားရှင်တို့နှင့် မျက်မှောက်တပည့်ကြီးများ လွန်တော်မူသောအခါ အမည်အနွယ်အမျိုးမျိုး, အမျိုးဇာတ်အထွေထွေ ရှိကြသော တပည့်တို့သည် ထိုသာသနာကို လျင်မြန်စွာ ကွယ်ပစေကြကုန်၏၊ ကြိုးဖြင့် မသီပဲ ပျဉ်ချပ်ပေါ်၌ တင်ထားအပ်သော ပန်းပွင့်တို့ကို အလွယ်တကူ လေသယ်ယူကာ ပစ်လွှင့်လိုက်သကဲ့သို့ ထိုသာသနာသည်လည်း အလွယ်တကူ ကြွေလွင့်ခြင်းသို့ ရောက်ရပေသည်။
၈။ ကကုသန်, ကောဏာဂုမ်, ကဿပ ဘုရား ၃-ဆူတို့သည်ကား သာဝကတို့အား အကျယ်တရား ဟောတော်မူခဲ့ကြသည်၊ သာဝကတို့အတွက် သိက္ခာပုဒ်ပညတ်တော် မူခဲ့ကြသည်၊ အာဏာပါတိမောက်ကို ပြတော်မူခဲ့ကြသည်၊ ထို့ကြောင့် ဘုရားရှင်တို့နှင့် မျက်မှောက်တပည့်ကြီးများ ကွယ်လွန်သော်လည်း သာသနာတော်ကို အမည်အနွယ်အမျိုးမျိုး အမျိုးဇာတ် အထွေထွေရှိကြသော တပည့်တို့သည် လျင်မြန်စွာ မကွယ်ပစေနိုင်ကုန်၊ ပန်းသီတံ, ပန်းသီကြိုးဖြင့် ကုံးသီထားအပ်သော ပန်းပွင့်တို့သည် လေလွှင့်သော်လည်း မလွှင့်ကုန်သကဲ့သို့ ထိုသာသနာသည်လည်း လွယ်လွယ်နှင့် ကြွေလွှင့်ခြင်းသို့ မရောက်ပေ။ (ဝိနယပိဋက ဝေရဉ္ဇကဏ္ဍပါဠိတော် နှာ၊ ၈-၁၀)
၉။ ဤသို့ ဆင်ခြင်တော်မူ၍ အနာမပေါ်မီ ဆေးမတင်သေးပဲ အနာပေါ်မှ ဆေးဖျော်စပ်သော ဆေးသမားကဲ့သို့ အကြောင်းမပေါ်မီ သိက္ခာပုဒ်ကို ကြို၍ ပညတ်တော်မမူပဲ အကြောင်းပေါ်သောအခါ မူလပညတ်ခေါ် အခြေခံဥပဒေ, အနုပညတ်ခေါ်ပြင်ဆင်ချက် ဥပဒေ, သဗ္ဗတ္ထပညတ်ခေါ် ဒေသမရွေး လိုက်နာရမည့်ဥပဒေ, ပဒေသပညတ်ခေါ် ဒေသန္တရဥပဒေ စသည်များကို အကွက်စေ့စေ့ ပညတ်တော်မူခဲ့ပေသည်။
၁၀။ ယင်းသို့ ပညတ်တော်မူအပ်သော သိက္ခာပုဒ်တည်းဟူသော ဝိနည်းတရားတော်သည်-
(က) သဒ္ဓမ္မဋ္ဌိတိယာ ဟောတိ၊ သူတော်ကောင်းတရား အရှည်တည်တံ့ ခြင်းငှာ ဖြစ်ပေ၏၊ သဒ္ဓမ္မသုံးဖြာတို့တွင် ပရိယတ္တိသဒ္ဓမ္မ= စာပေသင်ကြားခြင်း, ပဋိပတ္တိသဒ္ဓမ္မ= ဓုတင်, ခန္ဓကဝတ်, အသီတိခန္ဓကဝတ်, သီလ သမာဓိ ဝိပဿနာ၊ ပဋိဝေဓသဒ္ဓမ္မ= မဂ်ဖိုလ်နိဗ္ဗာန် ဤသဒ္ဓမ္မ ၃ပါး တည်တံ့ ခိုင်မြဲခြင်းငှာ အကျိုးပြုပေသည်၊
(ခ) ဝိနယာနုဂ္ဂဟာယ ဟောတိ၊ ဝိနည်းတရားအား ချီးမြှောက်ရန် အလို့ငှာဖြစ်၏၊ သံဝရဝိနည်း=စောင့်စည်းခြင်း, ပဟာနဝိနည်း= ပယ်ခွာခြင်း, သမထဝိနည်း= အဓိကရုဏ်း မှုခင်းများကို ငြိမ်းစေခြင်း, ပညတ္တိဝိနည်း= သံသယကုက္ကုစ္စ အရာမျိုး၌ သိအောင်ရှင်းပြခြင်း-ဤဝိနယ ၄-မျိုးကို အားပေးချီးမြှောက်ခြင်းငှာ အကျိုးပြုပေသည်။
ဤအကျိုး ၂-ပါး တည်နေသမျှ သာသနာတော် တည်တံ့မည် ဖြစ်သောကြောင့် ဝိနယော နာမ သာသနဿ အာယု (ဝိနည်းသည် သာသနာတော်၏ အသက်) ဟု ဆိုခြင်း ဖြစ်ပေသည်။
၁၁။ ထိုဝိနည်းတရားတော်သည် ဤယခု ဆိုခဲ့ပြီးသည့်အတိုင်း, သာသနာတော်၏ အသက်ဖြစ်သည်၊ အသက် (ရှည်ခြင်း) ဟူသည် အကျိုးတရား, ဝိနည်းတရားကို (စောင့်စည်းခြင်း)သည် အကြောင်းတရားဖြစ်သည်၊ တဖန် သာသနာအသက်ရှည်ခြင်းသည် အကြောင်းတရားဖြစ်ပေသည်၊ အသက်နှင့်တူသော သဒ္ဓမ္မသုံးဖြာ သာသနာ တည်ရှိခြင်းကြောင့် ရအပ်သော စောင့်စည်းခြင်း(သံဝရ), စိတ်နှလုံး ကြည်လင်ရွှင်လန်းခြင်း (အဝိပ္ပဋိသာရ), အတန်ငယ် ဝမ်းမြောက်ခြင်း(ပါမောဇ္ဇ), အလွန် အကဲ ဝမ်းမြောက်ခြင်း (ပီတိ), စိတ်ချမ်းသာခြင်း (သုခ) တည်းဟူသော နိဿန္ဒ အကျိုးဆက်များသည် အကျိုးတရားဖြစ်၏၊
၁၂။ တဖန် ထို သံဝရ အဝိပ္ပဋိသာရ ပါမောဇ္ဇ ပီတိ သုခ တို့သည် အကြောင်းတရား၊ ယင်းတို့ကြောင့် ခဏိကသမာဓိ ဥပစာရသမာဓိ၊ ယင်းသမာဓိကြောင့် ဝိပဿနာဉာဏ် တည်းဟူသော ယထာဘူတဉာဏ်၊ ယင်းကြောင့် ရုပ်နာမ် ခန္ဓာ သံသရာကို ငြီးငွေ့တတ်သော နိဗ္ဗိဒါဉာဏ်၊ ယင်းကိုအကြောင်းပြု၍ တဏှာဖြင့် တပ်ခြင်းကင်းကြောင်းဖြစ်သော ဝိရာဂမည်သောမဂ်၊ ယင်းမဂ်ကြောင့် ကိလေသာတို့မှ လွတ်ပြီးသော အရဟတ္တဖိုလ် ဖြစ်ပေါ်လာ၏၊ ယင်းကို အကြောင်းပြု၍ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို သိမြင် ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ် ဖြစ်ပေါ်လာ၏၊ ယင်းပစ္စဝေက္ခဏာဉာဏ်ကို ရပြီးသော သူသည် တဏှာဒိဋ္ဌိတို့ဖြင့် တစုံတရာကို စွဲလမ်းကပ်ငြိခြင်းမရှိပဲ ငြိမ်းအေးခြင်း (အနုပါဒါပရိဗ္ဗာန်) ကို အမှန်မလွဲ ရပေတော့မည်။
သို့ဖြစ်သောကြောင့် စောဒကတို့က-
“ဝိနယော သံဝရတ္ထာယ, သံဝရော အဝိပ္ပဋိသာရတ္ထာယ, အဝိပ္ပဋိသာရော ပါမောဇ္ဇတ္ထာယ, ပါမောဇ္ဇံ ပီတတ္ထာယ, ပီတိ သုခတ္ထာယ, သုခံ သမာဓတ္ထာယ, သမာဓိ ယထာဘူတဉာဏဒဿနတ္ထာယ, ယထာဘူတဉာဏဒဿနံ နိဗ္ဗိဒတ္ထာယ, နိဗ္ဗိဒါ ဝိရာဂတ္ထာယ, ဝိရောဂေါ ဝိမုတ္တတ္ထာယ, ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနတ္ထာယ, ဝိမုတ္တိဉာဏဒ- ဿနံ အနုပါဒါပရိနိဗ္ဗာနတ္ထယ”။
ဟူသော ပရိဝါ စူဠသင်္ဂါမ ပါဠိတော်ကို ကိုးကားတင်ပြအပ်သော အချက်သည် အလွန်ခိုင်လုံသော အချက်ဖြစ်ပေသည်။ (ဝိသေသစောဒနာလွှာ၌ မြန်မာပြန်ပါပြီး)
၁၃။ ဝိနည်းသည် သာသနာတော်၏ အသက်ဖြစ်ပုံကို သဘာဝယုတ္တိဖြင့်လည်း ချင့်ချိန် စဉ်းစားနိုင်ပေသည်၊ သတ္တဝါတဦး၌ အသက်ရှိနေသမျှ ရေရှည်တည်တံ့ပေသည်၊ အသက်သေပါလျှင် ရက်ပိုင်းအတွင်းမှာပင် လောကကြီးက ပျောက်ကွယ်သွားရပေသည်၊ ထိုနည်းတူ ဗုဒ္ဓမြတ်စွာဘုရားသည် ဘဝပေါင်းများစွာ ရင်းနှီး၍ လောကသားတို့ အကျိုးငှာ တည်ထောင်ထားခဲ့သော ဗုဒ္ဓသာသနာတော်၌ ဝိနည်းကျင့်ဝတ်သည် အသက်ဖြစ်ပေသည်၊ ၂၂၇-သွယ်သော ဝိနည်းကျင့်ဝတ်ကို ရဟန်းသံဃာတော်များက တိတိပပလိုက်နာ ကျင့်သုံးနေလျှင် ဝိနည်းတည်းဟူသော သာသနာ အသက်တည်တံ့နေသည် မည်ပေသည်၊ အရဟတ္ထဓေသင်္ကန်းကို ဆင်မြန်းဝတ်ဆင်ထားကြကုန်သော ရဟန်းသံဃာတော်များက ဝိနည်းကျင့်ဝတ်များကို အလေးအနက်ထား၍ မလိုက်နာ မကျင့်သုံးကြလျှင် ဝိနည်း သာသနာပျက်ယွင်း၍ သာသနာတော်၏အသက် သေသည် မည်ပေသည်၊ ဝိနည်းသာသနာအသက်သေလျှင် ဗုဒ္ဓသာသနာတော်ကြီးလည်း ဤလောကမှ ကွယ်ပသွားမည်သာ ဖြစ်လေတော့သည်၊ မှန်ပေ၏- ဝိနည်းကျင့်ဝတ်သာသနာ မရှိလျှင် သုတ္တန်သာသနာနှင့် အဘိဓမ္မာသာသနာလည်း ရေရှည် တည်တံ့နိုင်တော့မည် မဟုတ်ပေ။
၁၄။ ဒုတိယသံဂါယနာ မတင်မီက ဝဇ္ဇီတိုင်းသား ရဟန်းများသည် အဓမ္မဝတ္ထု ၁၁-ပါးကို ကျင့်သုံးဟောပြောကြခြင်းဖြင့် ဝိနည်းသာသနာတော်ကို အားနည်းအောင် ပြုခဲ့ကြသည်၊ ဤသို့ ဝိနည်းကို အားနည်းအောင် ပြုလာခြင်းသည် သာသနာတော်၌ ရောဂါဆိုးကြီး ဖန်တီးခြင်းပင် ဖြစ်သဖြင့် အရှည်ကိုမြင်သော ရဟန္တာပုဂ္ဂိုလ်ကြီးများသည် ဒုတိယသံဂါယနာတည်းဟူသော ထက်မြက်သည့် ဆေးတော်ကြီးဖြင့် ကုစားခဲ့ကြရလေသည်။
၁၅။ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးသည် ဤမျှ နှစ်ပေါင်း ၂၅၀၀-ကျော်အထိ အသက်တည်တံ့လာခဲ့သည်မှာ ဝိနည်းတည်းဟူသော သာသနာတော်၏ အသက်မသေရအောင် အမျိုးကောင်းသား အမျိုးကောင်းသမီးများက သာသနာတော်တွင်းဝင်ပြီး ဝိနည်းကျင့်ဝတ်ကို အသက်ပမာ တန်ဖိုးထား၍ ကျင့်သုံးစောင့်ရှောက်လာခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
၁၆။ သို့သော် လူသားတဦးသည် အသက်အရွယ် ကြီးရင့်လာသောအခါ ၉၆-ဖြာ ရောဂါများ ဝင်ရောက်ကပ်ငြိလာ သကဲ့သို့ သာသနာတော်သည်လည်း ကာလကြာမြင့်လာသောအခါ အမျိုးကောင်းသားသမီး မဟုတ်သူတို့ သာသနာတော်တွင်း ဝင်ရောက်လာကြကာ သာသနာ့အရေခြုံလျက် “ကိုယ့်မှီရာကို ကိုယ်သာဖျက်ဆီးသော မာလောနွယ်ပမာ” ပြုကျင့်ကြလေသည်၊ ဝိနည်းကျင့်ဝတ်များကို တိတိပပ လိုက်နာကြရလျှင် ကျဉ်းကျပ်သည်၊ အနေမချောင်၊ အစားမချောင်၊ ဤအချက်ကို ဗုဒ္ဓဘာသာတိုင်းပင် သိကြပေသည်။
၁၇။ သို့ဖြစ်၍ သင်္ကန်းဝတ်ဖြင့် ချောင်ချောင် နေချင်စားချင်သူတို့သည် နည်းအမျိုးမျိုးဖြင့် ဝိနည်းတည်းဟူသော ခြံစည်းရိုးကို ချိုးကြဖျက်ကြလေတော့သည်၊ ဤသို့ ဝိနည်းစည်းရိုးကို ချိုးဖျက်ကြသူများတွင် ရိုးသားသူများက မည်သို့မျှ ဆင်ခြေမတက်ပဲ ချိုးရုံဖျက်ရုံသာ ချိုးဖျက်ကြသည်၊ လူသေလူဖြစ် ဦးဥက္ကဋ္ဌ မူကား (သူ့နောက်လိုက်များ၏ အဆိုအရ) ပညာရှိသူ ဉာဏ်များသူဖြစ်သည့်အလျောက် မိမိ ဝိနည်းကို ချိုးဖျက်သည်ကိုပင် ရိုးရိုးချိုးဖျက်ရုံမက ဝိနည်းကိုလိုက်နာလျှင် ဥပါဒါန်ဖြစ်လိမ့်မည်၊ ဥပါဒါန်မဖြစ်စေရန် ဝိနည်းကို အကုန်မကျင့်နိုင်ဟူ၍ လှည့်ပတ်ကာကွယ် ပရိယာယ်များခဲ့ပေသည်၊ ယင်းကိုပင် သခင်မြတ်ဆိုင်စသော နောက်လိုက်တပည့်တို့က အဟုတ်ထင်ကာ ဆင်ခြေပေး၍ သူ့ဆရာကို အကာအကွယ်ပေးနေသည်မှာ အလွန် သံဝေဂဖြစ်ဖွယ်ရာပင် ဖြစ်တော့သည်။
၁၈။ သုတ္တန်ကျမ်းဂန်းများအရ ဆက်၍ဖော်ပြရသော် ဧကာဒသကကနိပါတ် အင်္ဂုတ္တိုရ် ကိမတ္ထိယသုတ်၌ ဝိနယကိုပင် ကုသိုလ်သီလဟု အမည်တပ်၍-
“ဣတိ ခေါ အာနန္ဒာ ကုသလာနိ အဝိပ္ပဋိသာရတ္ထာနိ။ပ။ ဣတိ ခေါ အာနန္ဒ ကုသလာနိ သီလာနိအနုပုဗ္ဗေန အဂ္ဂါယ ပရေန္တိ”
ဟု သီလခေါ် ဝိနည်း၏အကျိုးဆက်တို့ကို ဗုဒ္ဓရှင်တော်မြတ် ဟောမိန့်တော်မူလေသည်။
မြန်မာပြန်
“အာနန္ဒာ ဤသို့လျှင် ကုသိုလ်သီလတို့သည် စိတ်နှလုံး သာရွှင်ခြင်း အကျိုးရှိ စိတ်နှလုံးသာရွှင်ခြင်း အာနိသင်ရှိကုန်၏၊ စိတ်နှလုံးသာရွှင်ခြင်းသည် နုသောဝမ်းမြောက်ခြင်း အကျိုးရှိ နုသောဝမ်းမြောက်ခြင်း အာနိသင်ရှိ၏၊ပ။ တဏှာဖြင့် တပ်ခြင်း ကင်းကြောင်းဖြစ်သော အရဟတ္တမဂ် (အရဟတ္တဖိုလ်)သည် အရဟတ္တဖိုလ်ကို သိမြင်ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်အကျိုး, ပစ္စဝေက္ခဏာဉာဏ် အာနိသင်ရှိ၏၊ အာနန္ဒာ ဤသို့လျှင် ကုသိုလ်သီလတို့သည် အစဉ်သဖြင့် မြတ်သောအကျိုးငှာ ဖြစ်ကုန် (အကျိုးပြုကုန်)၏”။
၁၉။ ထိုမျှမက မဇ္ဈိမနိကာယ် မူလပဏ္ဏသ အာကင်္ခေယျသုတ် ၌လည်း-
“ရဟန်းတို့ သင်တို့သည် သီလနှင့်ပြည့်စုံ, ပါတိမောက္ခသံဝရနှင့် ပြည့်စုံ၍ နေကြကုန်လော့၊ ပါတိမောက္ခသံဝရနှင့် ပြည့်စုံကြလော့ အကျင့်, ကျက်စားရာ အာရုံနှင့်ယှဉ်၍ နေကြကုန်လော့၊ အဏုမြူမျှ အတိုင်းအရှည်ရှိသော အပြစ်တို့၌ ကြောက်လန့်စရာဘေးကြီးဟုရှု၍ သိက္ခာပုဒ်တို့တွင် ထိုထိုသိက္ခာပုဒ်ကို ဆောက်တည်၍ ကျင့်ကြကုန်လော့၊ ရဟန်းတို့ သင်တို့သည် သီတင်းသုံးဘော်တို့၏ ချစ်မြတ်နိုးခြင်းကိုခံလိုလျှင် ပစ္စည်းလေးပါးကို ချမ်းသာစွာရလိုလျှင် မိမိပစ္စယဒါယကာတို့ အကျိုးများစေလိုလျှင် သီလကို ဖြည့်ကျင့်ကြကုန်လော၊ အဇ္ဈတ္တသန္တာန်၌ သမာဓိကိုအားထုတ်၍ မကင်းသော စျာန်ရှိလျက် ဝိပဿနာနှင့်ပြည့်စုံကာနေကြ တောရကျောင်းများကို တိုးပွားစေကြကုန်လော့။ပ။ ရဟန်းတို့ သင်တို့သည် စျာန် ၄-ပါး, ဝိမောက္ခစျာန် ၄-ပါး ရလိုကြလျှင် သောတာပန်, သကဒါဂါမ်, အနာဂါမ် ဖြစ်လိုကြလျှင် ဣဒ္ဓိဝိဓဉာဏ်, ဒိဗ္ဗသောတဉာဏ်, စေတောပရိယဉာဏ်, ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်ကို ရလိုကြလျှင် သီလကိုဖြည့်ကျင့်ကြကုန်လော့။ပ။ ပွားကြကုန်လော့” ဟူ၍ သီလ (ဝါ) ဝိနည်း၏ အကျိုးဆက်များကို ဟောတော်မူသည်။
၂၀။ သီလကို ဝိနယခေါ်သည်၊ ဝိနည်းပိဋက တခုလုံးသည် ဘိက္ခု, ဘိက္ခုနီ, သာမဏေယောက်ျား, သာမဏေမိန်းမ, သိက္ခမာန်ဟူသော သီတင်းသုံးဘော် ၅-ဦးတို့သည် သီလကိုသာ ပဓာနပြု၍ ဟောထားသော ဒေသနာတော်ဖြစ်သည်၊ သီလပျက်လျှင် သမာဓိ အကြောင်းအထောက်အပံ့ နည်းသောကြောင့် မတည်မတံ့ အရှည်မခံ့ပေ၊ သမာဓိမရှိလျှင် ဝိပဿနာ အသားမတက်နိုင်၊ ထို့ကြောင် ပဉ္စကနိပတ် အင်္ဂုတ္တိုရ် ဒုဿီလသုတ်၌-
“ဒုဿီလဿ ဘိက္ခဝေ သီလဝိပန္နဿ ဟတူပနိသော ဟောတိ သမ္မာသမာဓိ၊ သမ္မာသမာဓိမှိ အသတိ သမ္မာသမာဓိဝိပန္နဿ ဟတူပနိသံ ဟောတိ ယထာဘူတဉာဏဒဿနံ။ပ။ သေယျထာပိ ဘိက္ခဝေ ရုက္ခော သာခါပလာသဝိပန္နော၊ တဿ ပပဋိကာပိန ပါရိပူရိံ ဂစ္ဆတိ၊ တစောပိ န ပါရိပူရိံ ဂစ္ဆတိ၊ ဖေဂ္ဂုပိ န ပါရိပူရိံ ဂစ္ဆတိ၊ သာရောပိ န ပါရိပူရိံ ဂစ္ဆတိ”-
ဟု ဟောတော်မူသည်။
မြန်မာအကျဉ်း
ရဟန်းတို့ သီလပျက်သူ၏ သမ္မာသမာဓိသည် အကြောင်းပျက်ကင်းသည်၊ သမာဓိမရှိခဲ့သော် သမာဓိပျက်သူ၏ ဟုတ်တိုင်းမှန်စာ သိမြင်တတ်သော ဝိပဿနာဉာဏ် အကြောင်းကင်းပျက်လေတော့သည်။ပ။ ဥပမာသော်ကား အို ရဟန်တို့ အကိုင်းအရွက် ပျက်ယွင်းသော သစ်ပင်မှာ အပွေးမတက်၊ အခွံအခေါက်လည်း မပြည့်စုံ၊ အကာလည်း မတက်လာ၊ အနှစ် လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့တည်း။
၂၁။ ထိုမျှမက ဝိနယသိက္ခာ၌ မရိုသေသော သူသည် စိတ်ကို ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ထား၍မရ၊ သိက္ခာယအဂါရဝ (ဝိနည်းသိက္ခာ၌ မရိုသေခြင်း) တည်းဟူသော ငုတ်သည်စိတ်၌ စူးဝင်နေသည်ဖြစ်၍ အမြဲ ဒေါသ, မာန စသော တရားတို့ဖြင့် နာကျင်ခံခက် အပြစ်စွက်လျက်ရှိသည်၊ ထို့ကြောင့် စေတောခီလမည်၏ဟု မဇ္ဈိမနိကာယ် မူလပဏ္ဏာသ စေတောခီလသုတ်၌ ဟောတော်မူ၏၊ ငြင်းခုံမှု၏ အကြောင်းရင်းဖြစ်သောကြောင့် ဝိဝါဒမူလမည်ဟူ၍လည်းကောင်း ယင်းသည် လူအပေါင်းတို့၏ အစီးအပွားမဲ့ခြင်း, မချမ်းမသာခြင်းငှာ ဖြစ်၏၊ နတ်လူအပေါင်းတို့၏ အကျိုးမဲ့ အစီးအပွားမဲ့ ဆင်းရဲခြင်းငှာ ဖြစ်၏ဟူ၍ လည်းကောင်း အင်္ဂုတ္တိုရ်နိကာယ် ဆက္ကနိပါတ် ဝိဝါဒမူလသုတ် နှာ ၂၉၄-၌ ဟောတော်မူ၏၊
၂၂။ စောဒကတို့ တင်ပြထားအပ်သော “ဗုဒ္ဓမှတ်ကျောက်” နှာ ၁၇၅-၌ အဆိုဖြစ်သော-
“ယနေ့ ဘိက္ခုသံဃာဆိုတဲ့ ဂိုဏ်းပေါင်းစုံ ဘုန်းကြီးတွေ လိုက်နာကျင့်သုံးနေကြတဲ့ ဝိနည်းကို မငဲ့မညှာပဲ လေ့လာသုံးသပ်ကြည့်လိုက်လျှင် ဥပါဒါန် တလုံးတခဲကြီး ဖြစ်ရှိနေတာကို တွေ့ရပြန်တယ်”
ဟူသော ဤစာပိုဒ်ကား စုဒိတကပုဂ္ဂိုလ်တို့ ဘယ်လိုကာကွယ်သော်လဲ မိုးကြိုးပစ်ရာ ထန်းလက်နှင့်ကာသကဲ့သို့ မလုံမလဲသာ ရှိနေပေသည်၊ အထက်ပါစာပိုဒ်ကို ခွဲစိတ်ဝေဖန်လျှင်-
(က) ယနေ့ လက်ရှိဝိနည်းသည် ဥပါဒါန်အစွဲအလမ်း သက်သက်သာ ဖြစ်သည်။
(ခ) ယနေ့ ဝိနည်းကို လိုက်နာကျင့်သုံးနေကြသော ဂိုဏ်းပေါင်းစုံ ဘုန်းကြီးများသည် ဥပါဒါန်ခေါ်သော အကုသိုလ်တရားများကိုသာ လက်ခံကျင့်သုံး နေကြသူများဖြစ်ကြသည်။
(ဂ) ထို့ကြောင့် ဂိုဏ်းပေါင်းစုံဘုန်းကြီးများသည် အကုသိုလ်တုံး အကုသိုလ်ခဲကြီးများသာ ဖြစ်သည်၊ ဤသို့ သုံးပိုင်းကွဲထွက်လာသည်။
၂၃။ (က) အဆိုသည် မှန်ပါ၏လော၊ ဝိနည်းသည် ကိုယ်နှင့်နှုတ်ကို ထိန်းကျောင်းပေးသော (သံဝရ) အထိန်းအကျောင်းမျှသာ ဖြစ်သည်၊ ဥပါဒါန်ဟူသည်ကား တဏှာနှင့် ဒိဋ္ဌိအရင်းခံရှိသော အယူအစွဲဖြစ်သည်၊ ဝိနည်း၌ တဏှာဖြင့် စွဲလမ်းစရာမရှိ၊ ဒိဋ္ဌိဖြင့် အမြင်လွဲ အထင်လွဲ စွဲလမ်းစရာလည်း မရှိပေ၊ ရှိသည်ကား ဝိနယကုက္ကစ္စသည် ဥပါဒါန်မဟုတ်၊ အကုသိုလ် မဟုတ်ပေ၊ အမှန်ကား အပ် မအပ် စူးစမ်းခြင်း သဘောမျှသာ ဖြစ်သည်။
ယံ ပန ဝိနယေ အထ ခေါ အာယသ္မာ သာရိပုတ္တော ဘဂဝတော ပဋိက္ခိတ္တံ အနုဝသိတွာ အနုဝသိတွာ အာဝသထပိဏ္ဍံ ပရိဘုဉ္စိတုန္တိ ကုက္ကစ္စာယန္တော န ပဋိဂ္ဂဟေသီတိ ကုက္ကစ္စံ အာဂတံ၊ န တံ နီဝရဏံ န ဟိ အရဟတော “ဒုဋ္ဌု မယာ ဣဒံ ကတ” န္တိ ဧဝံ အနုတာပေါ အတ္ထိ၊ နီဝရဏ ပတိရူပကံ ပနေတံ “ကပ္ပတိ န ကပ္ပတီ”တိ ဝီမံသနသ- င်္ခါတံ ဝိနယကုက္ကုစ္စံ နာမ။ (အဋ္ဌသာလိနီ နိက္ခေပကဏ္ဍ) ကပ္ပတိ န ကပ္ပတီတိ ပဝတ္တစိတ္တုပ္ပါဒေါဝ ဝိနယကုက္ကုစ္စံ။ (ယင်း မူလဋီကာ နှာ-၁၇၅)
မြန်မာပြန်
နီဝရဏဖြစ်သော ကုက္ကုစ္စမှတပါး နီဝရဏမဟုတ်သော ကုက္ကုစ္စကို ဆိုအံ့၊ “ထိုအခါ အရှင်သာရိပုတ္တရာသည် ဆက်ကာဆက်နေ၍ ဧည့်သည်တို့ တည်းခိုရာဇရပ်၌ တည်ထားအပ်သော ဆွမ်းကို စားခြင်းကို(ငှာ) ဘုရားရှင် ပယ်ထား တော်မူအပ်ပြီ ဟု ကုက္ကုစ္စဖြစ်ကာ ထိုဆွမ်းကို မခံယူပဲ နေလေပြီး” ဟူ၍ လာသော ကုက္ကုစ္စတမျိုးသည် နီဝရဏမဟုတ်ပေ၊ မှန်လှ၏ ရဟန္တာသန္တာန်၌ “ငါသည် ဤအရာကို မကောင်းသဖြင့် ပြုအပ်မိပေပြီ” ဟု နောင်တဖန် ပူပန်ခြင်းမရှိ၊ စင်စစ်ကား နီဝရဏဖြစ်သော ကုက္ကုစ္စနှင့် အလားတူသော “အပ်သလော၊ မအပ်သလော” ဟူ၍ဖြစ်သော စုံစမ်းဆင်ခြင်ခြင်းဟူသော ဝိနယကုက္ကုစ္စ မည်သည်ကား ရှိ၏၊ (အဋ္ဌသာလိနီ မြန်မာပြန်)
“အပ်သလော၊ မအပ်သလော” ဟု တွေးတောစဉ်းစားသောအားဖြင့် ဖြစ်တတ်သော စိတ်သည်ပင် ဝိနယကုက္ကုစ္စမည်၏ (မူလဋီကာ မြန်မာပြန်)
အထက်ပါ အဋ္ဌကတာနှင့် ဋီကာစကားနှစ်ရပ်ကို ထောက်လျှင် ဝိနည်းနှင့်စပ်၍ စိတ်လှုပ်ရှားမှုသည် ဥပါဒါန် အကုသိုလ်မဟုတ်၊ ဝိနယကုက္ကုစ္စသာ ဖြစ်သည်၊ ယင်းကုက္ကုစ္စသည်လည်း စိတ်ဖြစ်ရုံမျှဖြစ်လျှင် အပြစ် စိုးစဉ်းမျှမရှိ၊ ဟယ် ဘာဖြစ်ဖြစ်၊ အပ်အပ်, မအပ်အပ် ငါလုပ်လိုက်မည်ဟု လွန်ကျူးလျှင် သို့မဟုတ် လုပ်သင့်ရာကို မလုပ်ပဲနေလျှင် အာဏာဝီတိက္ကမန္တ-ရာယ် ဖြစ်သည်၊ ငရဲ ကျစေတတ်သည်။
ဘိက္ခုပါတိမောက်၌ လာသော “ကိံ ပနိမေဟိ ခုဒ္ဒါနုခုဒ္ဒကေဟိ သိက္ခာပဒေဟိ” (သေးသေးနုပ်နုပ်, ဤသိက္ခာပုဒ်တွေနဲ့ ဘာအကျိုးရှိမှာလဲ) “ယာဝဒေဝ ကုက္ကစ္စာယ ဝိဟေသာယ ဝိလေခါယ သံဝတ္တန္တိ” (ဒီသိက္ခာပုဒ် ကလေးတွေဟာ စိတ်ပင်ပန်းရုံ, စိတ်လှုပ်ရှားရုံ, ကုက္ကုစ္စဖြစ်ရုံလောက်ပဲ အကျိုးရှိတာပဲ) ဤတွေးမျိုးတွေး, ဤအပြောမျိုးပြောလျှင် သိက္ခာပုဒ်ကို ကဲ့ရဲ့ရှုတ်ချသည့်အတွက် သိက္ခာပဒ ဝိဝဏ္ဏကပါစိတ်အာပတ်သင့်သည်၊ ဤအချက်ကို အမြွက်ထောင်ပြီး ဥပါဒါန်ဟု စွဲချက်တင်ကာ ဥပါဒါန်တလုံးတခဲတည်းဟု ဆိုသူကဆို၍ ထောက်ခံသူက ထောက်ခံနေကြသည်မှာ အလွန်သနားစရာကောင်းသူတွေပဲ ဟု ဆိုစရာသာ ရှိပေတော့သည်။
၂၄။ (ခ) လက်ရှိ ဘုန်းတော်ကြီးတွေကို အကုသိုလ်ကောင်တွေပဲဟု တိုက်ရိုက်မဆိုသော်လည်း ဆိုရာရောက်သော စာကိုရေးသူ ဗုဒ္ဓမှတ်ကျောက်ဆရာ ဦးဥက္ကဋ္ဌသည် မိမိ၏ဆရာသခင် ကျေးဇူးရှင် ဘုန်းတော်ကြီးတို့မှစ၍ သာသနာဝင် တလျှောက်လုံးရှိ သီလဝန္တ သိက္ခာကာမ ဘုန်းတော်ကြီးတွေကို ဆဲရေးမောင်းမဲသည် မည်လေတော့သည်။
သဗြဟ္မစာရီ သူတော်ကောင်းရဟန်းတွေကို ဆဲရေးမောင်းမဲသူများ ခံစားရမည့် အကျိုးတရားကို အင်္ဂုတ္တိုရ် ပဉ္စကနိ ပါတ် အက္ကောသကသုတ်၌-
“ယော သော ဘိက္ခဝေ ဘိက္ခု အက္ကောသကပရိဘာသကော အရိယူပဝါဒီ သဗြဟ္မစာရီနံ၊ တဿ ပဉ္စ အာဒီနဝါ ပါဋိကင်္ခါ၊ ကတ မေ ပဉ္စ ပါရာဇိကော ဝါ ဟောတိ ဆိန္နပရိဗန္ဓော၊ အညတရံ ဝါ သံကိလိဋ္ဌံ အာပတ္တိံ အာပဇ္ဇတိ, ဗာဠှံ ဝါ ရောဂါတင်္ကံ ဖုသတိ၊ သမ္မုဠှော ကာလံ ကရောတိ၊ ကာယဿ ဘေဒါ ပရမ္မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ” -
စသည်ဖြင့် ဟောကြားတော်မူသည်။
မြန်မာပြန်အကျဉ်း
သီတင်းသုံးဖော် ရဟန်းတို့ကို ဆဲရေးတတ်သောရဟန်းမှာ လောကုတ္တရာတရား ရစရာအကြောင်း ပြတ်စဲသွားခြင်း ညစ်နွမ်းသော အာပတ်သို့ရောက်ရခြင်း ပြင်းထန်သော အနာရောဂါရတတ်ခြင်း တွေဝေစွာသေရခြင်း သေပြီးနောက် ငရဲကျရောက်ရခြင်း အပြစ် ၅-ပါး မချွတ်ဖြစ်လတ္တံ့ဟု ဗုဒ္ဓရှင်တော် ဤသို့ ထုတ်ဖော်မိန့်ဟထားသည်။
၂၅။ (ဂ) ယခုခေတ် ဂိုဏ်းပေါင်းစုံ ဘုန်းတော်ကြီးများသည် အကုသိုလ်တုံး အကုသိုလ်ခဲများ ဖြစ်ပေသည်ဟု အတ္ထာပန္နနည်းအားဖြင့် ဆိုရာရောက်သောကြောင့် ဗုဒ္ဓမှတ်ကျောက် စာအုပ်ရေးသော ဦးဥက္ကဋ္ဌသည် ရဟန်းသံဃာများကို ဆဲရေးတိုင်းထွာသဖြင့် သင့်သော ဩမသဝါဒသိက္ခာပုဒ်ဖြင့် ပါစိတ်အာပတ်သင့် နိုင်ပေသည်၊ ထိုမျှမက ထိုဂိုဏ်းပေါင်းစုံ ဘုန်းတော်ကြီးများတွင် သောတာပန်စသော အရိယာပုဂ္ဂိုလ်များ ပါဝင်နိုင်သဖြင့် အရိယာစွပ်စွဲသော အရိယူပဝါဒကံလည်း ထိုက်နိုင်သည်၊ အရိယူပဝါဒကံဟူသည်ကား ကုစား၍ရနိုင်ခဲသော ကံဖြစ်သည်၊ အရိယာစွပ်စွဲပြစ်ကို အင်္ဂုတ္တိုရ် ဒသကနိပတ် ကောကာလိကသုတ်၌ ဤသို့ ဖော်ပြထား၏-
သတံ သဟဿာနံ နိရဗ္ဗုဒါနံ၊ သတ္တိံ သတိ ပဉ္စ စ အဗ္ဗုဒါနိ။
ယမရိယဂရဟီ နိရယံ ဥပေတိ၊ ဝါစံ မနဉ္စ ပဏိဓာယ ပါပကံ။
မြန်မာပြန်
ယုတ်မာသော နှုတ်ကိုလည်းကောင်း စိတ်ကိုလည်းကောင်း ဆောက်တည်ထား၍ အရိယာကို ကဲ့ရဲ့ (စွပ်စွဲ) လေ့ရှိသူသည် အကြင် (ပဒုမ) ငရဲသို့ရောက်၏၊ ထိုငရဲကား နိရဗ္ဗုဒပေါင်း တသိန်းသုံးဆယ်ခြောက် နိရဗ္ဗုဒနှင့် ငါအဗ္ဗုဒ အရေအတွက်ရှိ၏၊ (ပဒုမ ငရဲကား သင်္ချာအားဖြင့် မပြနိုင်လောက်အောင် နှစ်အရှည်ဆုံး ခံစားရသော ငရဲဖြစ်သည်၊ ထိုငရဲသို့ ရောက်တတ်၏- ဟူလို)။
၂၆။ ဤမျှဆိုခဲ့သော စကားစဉ်ဖြင့် စုဒိတက သခင်မြတ်ဆိုင်၏-
(က) ဦးဥက္ကဋ္ဌတွင် ဝိနည်းတော်ကို ပစ်ပယ်ခြင်းမရှိကြောင်း၊
(ခ) ဦးဥက္ကဋ္ဌသည် သာသနာ့အရေခြုံကာ မသိနားမလည်သော သူတို့ကို လိမ်ညာ လှည့်စားခြင်းမရှိကြောင်း၊
(ဂ) မူမမှန်သော ရဟန်းအချို့၏ ကျင့်ကြံနေထိုင်ပုံကိုသာ ပြသခြင်းဖြစ်ကြောင်း-
ဟူသော စကား ၃-ရပ်သည် အခြေအမြစ်မရှိသော စကားရပ်ဖြစ်ကြောင်း ထင်ရှားပြီး အပြန်သဘောအားဖြင့် ဦးဥက္ကဋ္ဌသည် ဝိနည်းကို အမှန်ပယ်သူဖြစ်သည်၊ မသိနားမလည်သောသူတို့ကို ဟုတ်လိမ့်နိုးနိုး ထင်ရောင်ထင်မှားဖြစ်အောင် လှည့်စားသူ ဖြစ်သည်ဟု ကောင်ချက်ချအပ်ပေသည်။
ထို့နောက် စုဒိတကသမ္မာဒိဋ္ဌိအဖွဲ့ဝင်တို့၏-
(ဃ) ဝိနည်းတခုသာအလေးထားလိုလျှင် ဥပါဒါန် ကပ်ငြိတတ်သည်၊
(င) ဝိနည်းတခုသာ အလေးထားလွန်း၍ သံသယစိတ်ပွားကာ ဥပါဒါန်ဖြစ်လာလျှင် အခြားရဟန်းတရားများ လျော့ပါးသွားနိုင်သည်-
ဟူသော ချေဆိုချက်မှာလည်း အဓိပ္ပါယ်မရှိချေ၊ ဝိနည်းကိုအကြောင်းပြု၍ မည်သည့်ဥပါဒါန်မျှ မဖြစ်၊ ဝိနယဂရုကဖြစ်သော ရဟန်းတော်များ၌ အခြားရဟန်းတရားများ မလစ်ဟင်းပဲ အနုပါဒါပရိနိဗ္ဗာန်အထိ ရနိုင်ပေသည်။
၂၇။ သခင်မြတ်ဆိုင်၏ သောဓနာ
(ဃ) ဦးဥက္ကဋ္ဌသည် ရွှေငွေကို မခံယူကြောင်း၊
(င) ကျောင်းကန်စသည်ကို ရေစက်ချ၍ ကိုယ်ပိုင်အလှူမခံကြောင်း၊ ဤအချက်မျှဖြင့် ဝိနည်းကို မပစ်ပယ်သူဟု မဆိုနိုင်ပေ။
(စ) ဦးဥက္ကဋ္ဌ၌ စိတ်ဆိုးခြင်း၊ မာန်တက်ခြင်း မတွေ့ရ၊
ဤအချက်နှင့် စပ်လျဉ်း၍ သခင်မြတ်ဆိုင်သည် သင်္ကန်းဝတ်ဦးဥက္ကဋ္ဌနှင့် ဒကာတဦးအနေဖြင့်သာ (ဝါ) ဝတ်ကြောင် တဦးအနေဖြင့်သာ ဆက်ဆံဖူးသည်၊ ဦးဥက္ကဋ္ဌနှင့် သခင်မြတ်ဆိုင်ထက်ပို၍ ရင်းရင်းနှီးနှီး ပေါင်းသင်းဖူးသူတို့က သခင်မြတ် ဆိုင်၏ စကားကို မထောက်ခံပေ။
(ဆ) ဦးဥက္ကဋ္ဌသည် ငရဲနှင့်မခြောက်, နတ်ဘုံဖြင့်မမြှောက်၊
ဤအချက်သည် ဝိနည်းကို ပယ်ဖျက်ခြင်းနှင့် မဆိုင်ဟု ဆိုနိုင်သော်လည်း ရုပ်ဝါဒီအမြင်ဖြင့် ဘုရားဟော ငရဲနှင့်နတ်ပြည်ကို မယုံကြည်တော့ပဲ ဝိနည်းတရားကို အလကားဟု သဘောထားကြောင်းမှာ တနည်းအားဖြင့် ပို၍ထင်ရှားပေသည်။
(ဇ) ဦးဥက္ကဋ္ဌသည် မည်သည့်ဂိုဏ်းတွင်မှ မပါဝင်ဟုဆိုသည်မှာ ဦးဥက္ကဋ္ဌကိုယ်တိုင်က မပါဝင်လို၍ မပါဝင်ခြင်းမဟုတ်ပဲ ဝိနည်းမရှိ၊ ဥပုဒ်ပဝါရဏာမပြုရုံမျှမက-
(စျ) အမှတ် ချေဆိုချက်အရ ရွာဝင်သင်္ကန်းရုံခြင်း သိက္ခာပုဒ်ကိုမျှ မရိုမသေ မလိုက်နာခြင်း စသောအကြောင်းများကြောင့် မည်သည့် ဂိုဏ်းဂဏကမျှ လက်မခံပဲ ကြဉ်ဖယ်ထားကြသဖြင့်သာ မပါဝင်နိုင်ခြင်းဖြစ်သည်၊
ထို့ကြောင့် ထိုချေဆိုချက်သည်လည်း အသက်မဝင်, တရားမထင်သည်သာ ဖြစ်ပေသည်။
၂၈။ (စျ) သခင်မြတ်ဆိုင်သည် နိဒါနဝဂ္ဂသံယုတ် နန္ဒသုတ်ပါဠိတော်ကို ကိုးကားကာ ဦးဥက္ကဋ္ဌကား အမြဲတန်းလက်ကတော့ထိုးကာ သင်္ကန်းခြုံလေ့ရှိကြောင်း၊ ရွာဝင်သောအခါလည်း သင်္ကန်းမရုံပဲ ခြုံလျက်သာ ဝင်ကြောင်း ဆိုသည်၊ သခင်မြတ်ဆိုင် ကိုးကားသော သုတ်မှာ-
အထ ခေါ အာယသ္မာနန္ဒော ဘဂဝတော မာတုစ္ဆာပုတ္တော အာကောဋိတပစ္စာကောဋိတာနိ စီဝရာနိ ပါရုပိတွာ အက္ခီနိ အေဉ္စတွာ အစ္ဆံ ဂဟေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ (ပ) န ခေါ တေ တံ နန္ဒ ပတိရူပံ ကုလပုတ္တဿ သဒ္ဓါ အဂါရသ္မာ အနဂါရိယံပဗ္ဗဇိတဿ၊ ယံ တွံ အာကောဋိတပစ္စာကောဋိတာနိ စီဝရာနိ ပါရုပေယျာသိ၊ အက္ခီနိ စ အေဉ္စယျာသိ၊ အစ္ဆဉ္စ ပတ္တံ ဓာရေယျာသိ။
မြန်မာပြန်အကျဉ်း
ထိုအခါ ဘုရားရှင်၏မိထွေးတော် ဂေါတမီ၏သားဖြစ်သူ အရှင်နန္ဒသည်(လက်,တင်းပုတ်တခုခုဖြင့်) ရှေးရှု ထုခတ်အပ်, ပြန်လှန်၍ ထုခတ်အပ်သော (ဝါ-ခေါက်ရိုးထင်အောင် လိပ်ထိုးကာ ခေါက်၍ထားအပ်သော) သင်္ကန်းတို့ကို ဝတ်ရုံပြီး မျက်စဉ်းကွင်းကာ ကြည်လင်ပြောင်လက်သော သပိတ်ကိုယူ၍ မြတ်စွာဘုရား၏ အထံတော်သို့သွားကာ ရှိခိုးလျက် ထိုင်နေရာ မြတ်စွာဘုရားက “နန္ဒ သဒ္ဓါတရားဖြင့် ရဟန်းအဖြစ်သို့ ရောက်လာသော သင့်အား ခေါက်ရိုးထင်အောင် လိပ်ထိုး၍ ခေါက်ထားအပ်သော သင်္ကန်းတို့ကို ဝတ်ရုံခြင်း, မျက်စဉ်းကွင်းခြင်း, ကြည်လင်ပြောင်လက်သော သပိတ်ကို ကိုင်စွဲခြင်း သည် မသင့်လျော်ချေ” စသည် မိန့်တော်မူလေသည်။
ဤစကားရပ်၌-
အာကောဋိတပစ္စာကောဋိတာနီတိ ဧကသ္မိံ ပေဿ ပါဏိနာ ဝါ မုဂ္ဂရေနဝါ အာကောဋနေန အာကောဋိကာနိ ပရိဝတ္တေတွာ အာကောဋနေန ပစ္စာကောဋိတာနိ (ယင်းအဋ္ဌကထာ နန္ဒသုတ်)
ဤအဖွင့်စကားကို နားမလည်သောကြောင့် “လက်လိပ်ထိုးသင်္ကန်းကို ဝတ်ရုံခြင်း” ဟု သခင်မြတ်ဆိုင် ဆိုမိလေသည်၊ ရွာဝင်ခါနီး လက်လိပ်ထိုး၍ သင်္ကန်းရုံသည်ကို အဓိပ္ပာယ်ကောက်ယူမိလေသည်။
အမှန်စင်စစ်မှာ သင်္ကန်းကို ရေလိပ်ထိုးရာ တဖက်စွန်းမှ လက်ဖြင့်ဖြစ်စေ, တင်းပုတ်ဖြင့်ဖြစ်စေ, ထုခတ်ခြင်း, အပြန်ပြန်အလှန်လှန် ထုခတ်ခြင်းကို အဋ္ဌကထာဆရာ ဖွင့်ပြလေသည်၊ ဟောင်းနွမ်းသော သင်္ကန်းပင်ဖြစ်စေ ဤသို့ လက်လိပ်ထိုး၍ ဝတ်လျှင် လက်ရိုထင်၍ တောင့်တောင့်တင်းတင်းရှိကာ ဝတ်၍ကောင်းသည်၊ ကြည့်၍ ကောင်းသည်၊ ဤသို့ ပြုလုပ်ခြင်းသည် စီဝရမဏ္ဍန= သင်္ကန်းကို တန်ဆာဆင်ခြင်း မည်၏၊ အာပတ်မသင့်သော်လည်း ဥန္နဠပမတ္တ (ထောင်လွှားတက်ကြွသော မေ့လျော့သော) ရဟန်းတို့၏ အမူအရာ အသွင်အပြင်ဖြစ်သည်၊ ထို့ကြောင့် ဘုရားရှင်က မသင့်တော်ဟု မိန့်တော်မူခြင်း ဖြစ်သည်။
သခင်မြတ်ဆိုင်သည် ပါဠိတော်၏ အဓိပ္ပာယ်မသက် အနက်မထင်ရှားသောကြောင့် ဤပါဠိတော်ကို သာဓကပြု၍ ဆရာ့ဘက်မှ ချေဆိုခြင်းသည် ကွယ်ကာရာမရောက်၊ ရွာဝင်သိက္ခာပုဒ် (သေခိယသုပ္ပဋိစ္ဆန္န) ကို လွန်ကျူးကြောင်း ဝန်ခံမိ လျက်သားဖြစ်၍ ဦးဥက္ကဋ္ဌ ဝိနည်းမရိုသေခြင်းမှာ ပို၍ ပေါ်လွင်ထင်ရှား သွားတော့သည်။
၂၉။ သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့၏ ချေဆိုချက် အမှတ် (၂) အရ ၂၂၇-ပါးသော သိက္ခာပုဒ်တို့သည် အကျယ်ပွားလျှင် ၇-ကုဋေကျော် ရှိသည်ဟူသော စကားသည် မဟုတ်မမှန်၊ ဝိနည်းဓိုရ်ဆရာတော်များရှေ့မှာပင် ဖြန်းသန်းပြောခြင်း ဖြစ်လေသည်၊ သံသယနှင့် ဥပါဒါန်ကို ဖြစ်တတ်ပါသည်ဟူသည်မှာလည်း လူဝတ်ကြောင်တွေ ဖြစ်သည်နှင့်အညီ ဝိနည်းသဘောကို နားမလည်သောကြောင့် ဆိုမိသောချေဆိုချက်ဖြစ်သည်၊ သိက္ခာပုဒ်အမှန်မှာ အကျယ်အားဖြင့် ကုဋေကိုးထောင်တစ်ရာ ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင် ရှိသည်။
နဝ ကောဋိ သဟဿနိ၊ အသီတိ သတ ကောဋိယော၊
ပညာသ သတသဟဿနိ၊ ဆတ္တိံ သာ စ ပုနာပရေ။
သိသာရုံမျှပြရသော် ပထမပါရာဇိက သိက္ခာပုဒ်တခုတည်းမှာပင် အာပတ်ပေါင်း မည်မျှရှိသည်ကို အောက်ပါအတိုင်း စိစစ်ကြည့်နိုင်၏၊ စိစစ်ပုံမှာ-
လူမိန်းမတယောက်တွင် ကျင်ငယ်ပေါက်, ကျင်ကြီးပေါက်, ပါးစပ်ပေါက်ဟူ၍ မဂ် ၃-ပေါက်ရှိသည်၊ မဂ်ပေါက်တခုခုတွင် ရဟန်းသည် မေထုန်မှု ကျူးလွန်သောအခါ ဝင်ဆဲခဏ, ဝင်ပြီးခဏ, တည်ဆဲခဏ, ထုတ်ဆဲခဏ, ခဏတခုခုတွင် သာယာမှု မလွဲမသွေ ရှိနိုင်သည်၊ အဘိဓမ္မာ သဘာဝစိတ် ဖြစ်ပုံကို အခြေပြုရသည်၊ ထို့ကြောင့် ဤတွင်ပင် အာပတ် ၁၂-ချက် ဖြစ်နေပြီး (၃_၄=၁၂)၊ ထို မိန်းမသည်လည်း နိုးနေဆဲ, မူးယစ်နေဆဲ, ရူးနေဆဲ, မေ့လျော့နေဆဲ, တဖန်တုံ သေလွန်ပြီး စ၊ သေပြီးမဂ် ၃-ပေါက် သုံးပုံ ၁-ပုံ ပျက်စီးနေပြီ၊ မဂ် ၃-ပေါက် သုံးပုံ နှစ်ပုံ ပျက်စီး၊ ဤသို့ ၈-မျိုး ရှိသည်။ ထို့ကြောင့် (၁၂_၈=၉၆) အာပတ်ဖြစ်သည်၊ ဤတွင် လူမိန်းမ တကိုယ်တည်းပင် အခြေအနေအလိုက် အာပါတ်ပေါင်း ၉၆ ဖြစ်လာသည်။
နတ်မိန်းမ ၉၆၊ တိရိစ္ဆာန်မိန်းမ ၉၆၊ (၉၆_၃=၂၈၈)၊ ဥဘတောဗျည်း (ယောက်ျားအင်္ဂါ မိန်းမအင်္ဂါ ၂-ရပ်လုံးပါသူ) မှာလည်း လူ, နတ်, တိရိစ္ဆာန်ဟူ၍ ၃-မျိုးရှိသောကြောင့် ၂၈၈_၂=၅၇၆ ရှိပြီ။
လူယောက်ျားတွင် ကျင်ကြီးပေါက်, ပါးစပ်ပေါက်ဟူ၍ မဂ်ပေါက် ၂-ပေါက် ရှိသည်၊ မဂ်ပေါက်တစ်ခုခုတွင် သာယာမှု ၄-မျိုးရှိနိုင်သည်၊ (၂_၄=၈) ရှေးနည်းအတိုင်း နိုးနေဆဲ စသည် အခြေအနေ ၈-မျိုး ရှိကောင်းသောကြောင့် (၈_၈=၆၄)ဖြစ်သည်၊ နတ်ယောကျ်ား, တိရိစ္ဆာန်ယောကျ်ားတို့၌ နည်းတူရှိသောကြောင့် (၆၄_၃=၁၉၂)ဖြစ်သည်။ ယောကျ်ားလည်းမဟုတ် မိန်းမလည်းမဟုတ်သော ပဏ္ဍုက်တွင် အလားတူ ၁၉၂-ဖြစ်သောကြောင့် (၁၉၂_၂=၃၈၄)၊ နှစ်ရပ်ပေါင်းသော် (၅၇၆+၃၈၄=၉၆၀) အာပတ်ပေါင်းဖြစ်လာသည်။ ဤကား ပါရာဇိက သက်သက်မျှ ဖြစ်၏၊
တဖန် ပထမပါရာဇိကမှု ပြုကျင့်ကျူးလွန်သော်လည်း မေထုနအင်္ဂါမမြောက်သောအရာမျိုး၌ ထုလ္လစ္စဉ်းနှင့် ဒဒုက္ကဋ်ဟူ၍ အာပတ္တိဝါဒ ၂-မျိုးရှိသေး၏၊ သိသာရုံမျှ ပြရသော် လူတို့၏ ကိုယ်ပေါ်တွင် မျက်လုံးပေါက်, နှာခေါင်းပေါက်, နားပေါက်, ဆီးပုံး, ဓားငယ်ဖြင့် ခွဲအပ်သော အနာဝတို့၌ မေထုန်မှုပြုလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ယင်းသို့ ယောကျ်ား မိန်းမ ဥဘတောဗျည်း ပဏ္ဍုက် ၄-မျိုး တဖန် လူနတ် တိရိစ္ဆာန် ၃-မျိုးတို့ဖြင့် မြှောက်ပွားလိုက်သော အာပတ်မည်မျှ ဖြစ်ပေါ်လာသည်ကို ခန့်မှန်းကြည့်ရာ၏၊
ဘုရားရှင်သည် ဝိနည်းသိက္ခာပုဒ်တခုကို ပညတ်တော်မူသောအခါ အကြွင်းအကျန်မရှိ မူလအာပတ်နှင့်တကွ အကြားတွင် သင့်ရောက်နိုင်သော အာပတ်, လုံးလုံးအာပတ်မသင့်ဟူသော အနာပတ္တိဝါရဟူ၍ ပြည့်စုံစွာ ဟောမြဲဖြစ်သည်။ ဥပမာ-ရဟန်း၏ ရန်သူ တစ်ယောက်ယောက်သည် ရဟန်းကို ပါရာဇိကကျစေလိုသဖြင့် မိန်းမရှိရာသို့ ရဟန်းကို ပွေ့ချီသွား၍ မဂ်ပေါက်တစ်ခုခုသို့ ရည်ရွယ်ကာ ဖိထိုင်စေသည်ဆိုအံ့၊ ရဟန်းသည် ခဏ ၄-မျိုးတွင် တမျိုးမျိုး၌ သာယာခဲ့သော် ပါရာဇိကကျသည်။ လုံးလုံးမသာယာလျှင် ပါရာဇိကမကျ၊ နောက်တစ်မျိုးကား ရဟန်းတစ်ပါးသည် လိင်အင်္ဂါကို တခုခုဖြင့် ရစ်ပတ်၍ဖြစ်စေ၊ မိန်းမ၏ ပဿဝမဂ်အတွင်း၌ အသားနှင့်မထိစေရန် ပိတ်ပါး, ရာဘာစသည် ထည့်သွင်း၍ဖြစ်စေ၊ မေထုန်မှုပြုအံ့၊ ပါရာဇိက ကျ၏၊ မိမိကိုယ်တိုင်က မသိစဉ်, သို့မဟုတ် စိတ်မပါ မသာယာလျှင်, သို့မဟုတ် အိပ်ပျော်နေစဉ် မိန်းမတယောက်ယောက်က ကိစ္စပြီးသည်အထိ (ဗလက္ကာရ) အတင်းအဓမ္မ ပြုလုပ်သွားသော် မသာယာလျှင် ရဟန်းမှာ ပါရာဇိမကျပေ။
ဤသို့လျှင် ပထမပါရာဇိက သိက္ခာပုဒ်၌ အနာပတ္တိဝါရနှင့် နှစ်ထောင်ကျော်ကျော်သော ဝါရများ ထွက်လာသည်။ ယင်းသည်ပင် ပထမပါရာဇိက သိက္ခာပုဒ်နှစ်ထောင်ကျော် ဖြစ်၏၊ ကြွင်းသော ပါရာဇိက အာပတ်ကြီးများ၌လည်း အလားတူရှိသည်ကို ခန့်မှန်းကြည့်ရာ၏၊ ယင်းသို့ဆိုလျှင် ၂၂၇-သွယ်တွင် ကုဋေကိုးထောင်ကျော်ရှိသည် ဟူသည်ကို အလွယ်နှင့် သဘောပေါက်နိုင်လောက် ပေပြီ။ မည်သို့မျှ သံသယဝင်စရာလည်းမရှိ၊ ဥပါဒါန်ကား လုံးဝမဖြစ်နိုင်ချေ။ ဥပါဒါန်နှင့်လည်း မဆိုင်ပေ။
၃၀။ အမှတ် ၄-ချေဆိုချက် “သိက္ခာပုဒ်တွေ များလွန်းလှ၍ လူထွက်မည်ကြံသော ရဟန်းမှာ ဥပါဒါန်ကြောင့်သာဖြစ်သည်” ဟူသည်မှာလည်း မဟုတ်မမှန်သော အကြောင်းပြချက် ဖြစ်သည်။ မိမိ၏ဉာဏ် မကျယ်ပြန့်ခြင်းကြောင့် သဘောမှန်ကို နားမလည်၊ နားမလည်သောကြောင့် စိတ်နှလုံး ဆုတ်နစ်မှုဖြစ်သည်။ စိတ်ဆုတ်နစ်ခြင်းကြောင့် လူထွက်လိုခြင်းဖြစ်သည်။ ယင်းစိတ်ဆုတ်နစ်မှုကား သီလကို အကြောင်းပြု၍ဖြစ်သော ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက ကာမာဝစရ ကုသိုလ်စိတ်မျှသာ ဖြစ်သည်။ အကုသိုလ်စိတ် မဟုတ်၊ အကုသိုလ် မဟုတ်လျှင် ဥပါဒါန်ဖြစ်ဖို့ ဝေးလှ၏၊ ထို့ကြောင့် ဤချေဆိုချက်သည် လုံးဝ အခြေအမြစ် မရှိချေ။
၃၁။ အမှတ်-၃ ချေဆိုချက် “စေတနာရှိမှ အာပတ်သင့်သည်။ စေတနာမရှိလျှင် အာပတ်မသင့်”ဟု စက္ခုပါလ မထေရ်ဝတ္ထုကို ထုတ်ဆောင်ခြင်းမှာလည်း ဝိနယသာသနာကို မလေ့ကျက်မိ သုတမရှိ၍ ဆိုခြင်းမျှသာ ဖြစ်သည်။ ပါဏာတိပါတနှင့်စပ်သော သိက္ခာပုဒ်များသည် သစိတ္တက (စေတနာရှိမှ, စိတ်ပါမှသင့်သော) အာပတ်ဖြစ်သည် မှန်သော်လည်း ရဟန္တာများပင် သင့်နိုင်သော အစိတ္တကအာပတ် (စိတ် စေတနာ မပါသော်လည်း သင့်သောအာပတ်) များစွာ ရှိသည်။ ဥပမာ- မသိ၍ မာတုဂါမနှင့် တမိုးတရံတည်း အိပ်ခြင်း, အရက်ပါသောဆေးကို သုံးဆောင်ခြင်းမျိုး စသည်ဖြစ်၏၊ ထို့ကြောင့် ထိုချေဆိုချက်သည် မခိုင်လုံသော ယုတ္တိမမီသော ချေဆိုချက်သာ ဖြစ်သည်။
၃၂။ “ဝိနည်းကို အဓိကထားလွန်း၍ ဘိက္ခုနီမ သာသနာကွယ်ပရခြင်းသည် ပထမသံဂါယနာမှ စသည်” ဆိုသောစကားမှာ မဆီမဆိုင် မစပ်မဟပ် ဝိနည်းကျင့်ဝတ်၍ ပေါ့လျော့စေရန် (တနည်း ဝိနယဂရုက ပုဂ္ဂိုလ်များကို ဥပါဒါန်တံဆိပ်တပ်ပေးရန် လုပ်ကြံပြောဆိုသော စကားများသာဖြစ်သည်။
အမှန်အားဖြင့် ဘိက္ခုနီသာသနာ ကွယ်ပရခြင်းမှာ ဝိနည်းကို အဓိကထားလွန်းသောကြောင့် မဟုတ်၊ ဝိနည်းကို ပြည့်စုံ လေးနက်စွာ မကျင့်ခြင်း, မလိုက်နာခြင်းကြောင့်သာ ဖြစ်၏၊
ဘိက္ခုနီသာသနာ ကွယ်သည်မှာ ပထမသံဂါယနာမှ စသည်မဟုတ်၊ တတိယ သံဂါယနာအပြီး စတုတ္ထသံဂါယနာဟု ဆိုအပ်သော ပေထက်အက္ခရာ တင်ရာကာလအထိ သီဟိုဠ်ကျွန်းတွင် ဘိက္ခုနီမများ ရှိနေသေး၏၊ ပုဂံကျောက်စာများအရ မြန်မာပြည် ပုဂံမြို့ သာသနာအထိ ဘိက္ခုနီမများ ရှိနေသေးကြောင်း သိရ၏၊ ထို့ကြောင့် ဤအဆိုမှာ မူရင်းပုဂ္ဂိုလ် ဗုဒ္ဓဝါဒ အခြေခံသင်တန်းဆရာ ဦးကိုကိုလေးဆိုသူ၏ တောရမ်းမယ်ဖွဲ့ ဝိနည်းကို ကဲ့ရဲ့သော စကားမျှသာဖြစ်၍ အဝိနယအဓမ္မသာဖြစ်ကြောင်း သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်-၂ ဆရာတော်များ အညီအညွတ် ဆုံးဖြတ်အပ်ပေသည်။
၃၃။ (၉)အမှတ် စောဒကတို့ တင်ပြအပ်သော စောဒနာချက်ကား စကားဝါကျ မပြည့်စုံသဖြင့် လိုရင်း မရောက်ခဲ့ပေ။ ဆိုလိုရင်းမှာ ဦးဥက္ကဋ္ဌနှင့် ဦးဝါသဝတို့သည် ဝိနယသာသနာတော်ကို အမှီပြု၍ ရဟန်းအဖြစ်ကို ရယူထားကြသူများ ဖြစ်လျက် ယင်းဝိနယသာသနာကို မရိုမသေ ရှုတ်ချကဲ့ရဲ့ကြ၍ ဓမ္မဝိနယကို စွန့်ပယ်သူများ ဖြစ်ကြသည်။ ယင်းသို့ ဗုဒ္ဓနှင့် ဓမ္မကို စွန့်ပယ်ကြသောကြောင့် “ဗုဒ္ဓံ ပစ္စက္ခာမိ”ဟု ဆို၍ သိက္ခာချသောသူကဲ့သို့ ဗုဒ္ဓပုတ္တ (ဘုရားသားတော်များ ဟုတ်နိုင်ဖွင် မရှိတော့ကြောင်း ဆိုလိုပေသည်။ စကား မပြည့်စုံစေကာမူ ဦးဥက္ကဋ္ဌတို့အား အဝိနယဝါဒီများ ဖြစ်ကြောင်း ဆိုလိုရင်းမှာ သိသာထင်ရှားပေသည်။
၃၄။ အမှတ် ၅-ချေဆိုချက် “သေးငယ်သော အာပတ်သည် စျာန်မဂ် ဖိုလ်၏ အန္တရာယ်ကို ဖြစ်စေသည်ဆိုခြင်းမှာ ဥပါဒါန်ကြောင့် ဖြစ်သည်” ဟူသည်မှာလည်း ဝိနည်းကို ပယ်လိုသော, ဝိနည်းကို မကျင့်လိုသော, ဝိနည်းကို မရိုသေသော သူတို့၏ ဆင်ခြေသာ ဖြစ်သည်။ သာသနာတော်၏ အသက်ကို ရန်ရှာသော စကားပေတည်း။
ဝိနယကျင့်ဝတ်များမှ အာစာရကုလပုတ္တ အမျိုးသားကောင်းများအဖို့ သတိလွတ်ကင်း မေ့လျော့ခြင်း စသည်ကြောင့် အာပတ်တစုံတရာ သင့်ရောက်ခဲ့ပါလျှင် အပြစ်မှ လွတ်ရာလွတ်ကြောင်း ထွက်ပေါက်ရှိသည်သာဖြစ်၏၊ အာဝီကရဏခေါ် (Confession) အာပတ်ဖြေဖျောက်နည်း ရှိ၏၊ ယင်း ဖြေဖျောက်နည်း ထွက်ပေါက်ရှိပါလျက် မကုစား မဖြေဖျောက်၊ အာပတ်သို့လည်း စေတနာဖြင့် သင့်ရောက်လျှင် အလဇ္ဇီဖြစ်သည်။ ဤအလဇ္ဇီ အတွက်ကား ထွက်ပေါက် မရှိတော့ပြီ၊ အလွန်သေးငယ်သော ဒုက္ကဋ်အာပတ် ကလေးသည်ပင် “သမ္ပဇာန မုသာဝါဒေါ ခေါပနာယသ္မန္တော အန္တရာယိကော ဓမ္မော ဝုတ္တော ဘဂဝတာ” ပါဠိတော်အရ မဂ်ဖိုလ် နိဗ္ဗာန်၏ အန္တရာယ်ကို ပြုနိုင်သည်မှာ မချွတ်တည်း၊ ဥပါဒါန်နှင့် မည်သို့မှ ဆက်စပ်ခြင်း မရှိပေ။
ထို့ကြောင့် ထိုချေဆိုချက်သည်လည်း ဓမ္မဝိနယ မဟုတ်၊ အဓမ္မ-အဝိနယသာ ဖြစ်ကြောင်း ထင်ရှားသည်။ စင်စစ် ဦးဥက္ကဋ္ဌသည် ရှေးခေတ် ဆဗ္ဗဂ္ဂီရဟန်း တို့ကဲ့သို့ ဝိနည်းတရားတော်တည်းဟူသော သာသနာတော်၏ စည်းရိုးစောင့်ရန်းကို ရိုက်ချိုးရန် ကြိုးစားသူသာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)စောဒနာ အမှတ်(၁၀)သံဃာပုတ်ခတ်ခြင်းနှင့်စပ်သည့် ဝိနိစ္ဆယ
သံဃာတော်အရှင်ကောင်း အရှင်မြတ်တို့အား စော်ကားမှုပြုခြင်းနှင့်ပတ်သက်သော စောဒနာ သောဓနာ ၂-ရပ်ကို ဝိနည်းဓိုရ် ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်
၁။ စောဒနာအမှတ် ၁၀-တွင် စောဒကဆရာတော်များက ဝိနည်းတရားတော်ကို မပစ်ပယ်ပဲ ဘုရားရှင်၏ ဝိနည်းသိက္ခာပုဒ်တော်များကို အသက်တမျှ လိုက်နာကျင့်သုံး နေထိုင်ကြသော ရဟန်းကောင်း ရှင်ကောင်း သံဃာတော်တို့အား ပုတ်ခတ် စွပ်စွဲ ရေးသားပြီး စော်ကားသမှု ပြုနေပါကြောင်းနှင့် လူသေလူဖြစ် စသော စာအုပ်များမှ စကားရပ်အချို့ (က)မှ (ဆ)အထိ ၇-ချက်မျှ ထုတ်နှုတ်တင်ပြ စွဲဆိုလာသည်၊ စုဒိတကတို့ဘက်မှမူ သခင်မြတ်ဆိုင်က အချက်အားလုံးကို ခြုံ၍ စွပ်စွဲ ပြောဆိုမှုမရှိကြောင်းဖြင့် ငြင်းဆို၍ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင်တို့က က-မှ စ-အထိ စွဲဆိုတင်ပြချက်များကိ မည်သို့မျှ ခုခံချေဆိုခြင်း မပြုပဲ ဆ-အမှတ် စွဲဆိုချက်ကိုသာ ဝေါဟာရရှုထောင့်မှ ကာကွယ်ချေပသွားသည်ကို တွေ့ရပေသည်။
၂။ ယင်းအချက်များနှင့်ပတ်သက်၍ ဝိနည်းဓိုရ်ဆရာတော်များသည် စေဒကပုဂ္ဂိုလ်တို့တင်ပြလာသော အချက်တို့ကို နက်နက်နဲနဲ လေ့လာသုံးသပ်၍ စိစစ်တော်မူကြရာ၌-
(က) အမှတ်ပြ ထုတ်နုတ် တင်ပြချက်တွင် လူသေလူဖြစ် စာအုပ် နှာ-၈၂လာ “ထိုခေတ်သမယကား ဘာသာရေးဝန်ထမ်း ဖြစ်ကြကုန်သော ဘုန်းကြီးရဟန်းများသည် ရွှေ ငွေစသော လဘ်လာဘငါးကို မျှားသူဖမ်းသူတို့ ဖြစ်ကြလေရာ ဓာတ်တော် အံတော် ဆံတော် တောင်ဝှေးတော် စသည်တို့ကို ငါးစာအဖြစ်ဖြင့် အသုံးပြုကြကုန်၏” ဟူသော စကားရပ်ကို တင်ပြထားသည်။ ယင်းနှင့်စပ်၍ စုဒိတကတို့ဘက်မှ အထူးမချေပသော်လည်း ဘုန်းကြီးဟူသော ဝေါဟာရမှာ ဗုဒ္ဓဘာသာ ရဟန်းတော်များကို မဆိုသယောင် ရှောင်လွဲချေပသွားကြသည်။ သို့သော်လည်း ပူးတွဲပါ ရဟန်းဟူသော ဝေါဟာရနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ဓာတ်တော် အံတော် ဆံတော် တောင်ဝှေးတော်ဟူသော ဝေါဟာရတို့ကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်တို့ကို ဆိုလိုကြောင်း ဖုံးကွယ်၍ မရနိုင်သည်ကို တွေ့ရသည်။ ယင်းဓာတ်တော် အံတော် ဆံတော် စသည်တို့နှင့် ဆိုင်ရာ စိစစ်စရာ ရှိသမျှကို တိုက်ရိုက် စွပ်စွဲချက် ဖြစ်သည့် အမှတ်(၁၂)တွင် အကျယ်စိစစ် သုံးသပ်ကြမည်ဖြစ်၍ ဤ၌ ချန်လှပ်ထားခဲ့ဦးမည်။
၃။(ခ) အမှတ်ပြထုတ်နုတ် တင်ပြချက်တွင် ဘုန်းကြီးရဟန်းတို့သည် လူသားတို့အား ဘုံခန်းတို့နှင့် မြှောက် ခြောက်၍စားလမ်းထွင်ကြပုံ၊ ဟန်ဆောင်လုပ်ငန်းများဖြင့် အသက်မွေးကြပုံတို့ဖြင့် အသားလွတ် စွပ်စွဲရေးသားချက်များကို တွေ့ရသည်။
ယင်းတို့မှာ ကြောင်းကျိုးဖော်ပြချက် ကင်းမဲ့သော စွပ်စွဲချက်များဖြစ်၍ တစုံတရာ သုံးသပ်ဝေဖန်ဖွယ်မလို၊ ရဟန်းသံဃာတော်တို့၏ သာသနာ့လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေမှုများ ဖြစ်သည့် ဟောပြောလမ်းညွှန်မှု၊ နေထိုင်ကျင့်သုံးမှုတို့ကို တဖက်သတ် ရှုတ်ချ ရေရွတ်ထားချက်များဟူ၍သာ ယူဆကြသည်။ ယင်းကဲ့သို့သော ရေးသားချက်များကို ရှေးအခန်းများကပင် အသင့်အတန် ဝေဖန်ခဲ့ပြီးလေပြီ။
၄။(ဂ) အမှတ်ပြ ထုတ်နှုတ်တင်ပြချက်တွင် အပိုင်း၂-ပိုင်း ပါရှိရာ ၁-တွင် ရဟန်းသံဃာတော်တို့၏ သင်ကြားမှုအပိုင်းကို ရှုတ်ချထားပြီး ၂-တွင် ရိုးသားစွာ ကျင့်သုံးမှုကို ပြစ်တင်ထားသည်ကို တွေ့ရ၏၊
ထို ၂-ပိုင်းတွင် ၁-အတွက်မှာလည်း တစုံတရာအကြောင်းပြချက် မရှိ။ သူ၏ထင်မြင်ချက်အတိုင်း ရှုတ်ချ ရေရွတ်ရေးသားထားခြင်းသာ ဖြစ်သဖြင့် ဝိနည်းဓိုရ်ဆရာတော်တို့က သီးခြားသုံးသပ်ခြင်း မပြုမူ၍ ၂-အချက်ဆိုင်ရာ ရိုးသားစွာ ကျင့်သုံးနေထိုင်ကြသော သံဃာတော်တို့အား ပြစ်တင်ထားချက်ကို သုံးသပ်ရာ၌သာ ထည့်သွင်းသုံးသပ် သွားကြမည် ဖြစ်သည်။
ဦးဥက္ကဋ္ဌက “သူတို့သည် အနှစ်(၂၅၀၀)ကျော်က ဓာတ်ပြားဟောင်းကြီးများကို ယခုတိုင်ဖွင့်လျက် ရှိကြကုန်၏” ဟု လူသေလူဖြစ် စာအုပ်နှာ ၃၁၁-တွင် ရေးသားခဲ့ကြောင်း စောဒက ဆရာတော်တို့ တင်ပြထား၏၊ ထိုစကားရပ်မှာ ဗုဒ္ဓဘာသာရဟန်းတော်တို့ ရှေးရိုးအတိုင်း မှန်ကန်စွာ ကျင့်သုံးနေထိုင်မှု သင်ကြားလုပ်ဆောင်မှုများကို ကြည့်နိုင်ဟန်မတူ။ အခြားဘာသာ ဝန်ထမ်းများကဲ့သို့ ခေတ်ပညာသင်၍ ခေတ်နှင့်အမီ လိုက်နေစေလိုဟန် ရှိသည်။ ကာလဒေသအားလျော်စွာ ဗုဒ္ဓဝါဒကို ပြင်ဆင်နုတ်ပယ်စေလိုဟန် ရှိသည်။
၅။ အမှန်အားဖြင့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာသာသနာတော်မှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်သာ ဖြစ်သည်။ ထေရဝါဒ ဟူသည်မှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က ဗုဒ္ဓမြတ်စွာ၏ သာဝကကြီးများ ဖြစ်ကြသော အရှင်မဟာကဿပ အရှင်အာနန္ဒာ အရှင်ဥပါလိ စသည်တို့၏ အယူဝါဒတော်အတိုင်း ဗုဒ္ဓဝါဒ ဗုဒ္ဓတရားတော်ကိုသာ လိုက်နာကျင့်သုံးကြသော ဗုဒ္ဓသာသနာ ဖြစ်လေသည်။ အဆိုပါ ရဟန္တာအရှင်မြတ်ကြီးများ ဦးဆောင်၍ ပထမသံဂါယနာတင်ခဲ့သော ဗုဒ္ဓ၏ တရားတော်များကို မပျောက်မပျက် မယွင်းမကွက်ရအောင် အသက်နှင့်ထပ်တူ ရွက်ဆောင်လာခဲ့ကာ သံဂါယနာ အဆက်ဆက်တင်လျက် စင်စင်ကြယ်ကြယ် တင့်တယ်ပြည့်စုံအောင် အားထုတ်ထမ်းဆောင်၍ ဤခေတ်အထိ ဆောင်ယူလာခဲ့သဖြင့် ဗုဒ္ဓလက်ထက်တော်က ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သည့် တရားဓမ္မအတိုင်း ယခု တွေ့မြင်ကျင့်သုံးနေရခြင်းပင် ဖြစ်သည်။
ဓာတ်ပြားဟောင်းကြီးများအတိုင်း တသွေမတိမ်း ဖွင့်နေနိုင်ခြင်းသည်ပင် ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ ဂုဏ်ရည်ဖြစ်သည်ဟု ဆိုရပေမည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ ထေရဝါဒဗုဒ္ဓဘာသာရဟန်းတော်တို့ကို အနှစ်(၂၅၀၀)ကျော်က ဓာတ်ပြားဟောင်းကြီးများကို ဖွင့်နေကြသူများဟူသော ဦးဥက္ကဋ္ဌ၏ ရေရွတ်ခြင်းမှာ ဗုဒ္ဓဘာသာ ရဟန်းတော်များထံသို့ မရောက်ပဲ ဦးဥက္ကဋ္ဌသည်သာ လက်ရှိ ထေရဝါဒ ဗုဒ္ဓတရားတော်မှ သွေဖီကျင့်သုံးနေသူဖြစ်ကြောင်း ပေါ်လွင်စေသည်ဟု သုံးသပ်ကြသည်။
၆။(ဃ) အမှတ်ပြ ထုတ်နုတ်ချက်၌ “သူတို့သည် စားရေး သောက်ရေး ဝတ်ရေးအတွက် ယုတ္တိယုတ္တာကင်းမဲ့သော အကြွား အမှားနှင့် တန်ခိုးပြာဋိဟာများကို ပြောဟော၍ နေကြကုန်၏” ဟု စွပ်စွဲထားသည်ကို တွေ့ရ၏၊
ဤ (ဃ)အမှတ်ပြ စကားအပြင် ရှေ့စကား နောက်စကား အားလုံးမှာပင် စားသောက်မှုနှင့် ပတ်သက်၍ စွပ်စွဲရေရွတ်ချက် များစွာပါဝင်၏၊ ဤကဲ့သို့ စားသောက်မှုကို ဗန်းတင်၍ ထပ်ခါတလဲလဲ စွပ်စွဲရေရွတ်နေသည်မှာလည်း ရဟန်းတို့တွင် စားသောက်မှု၊ တနည်းအားဖြင့် ဆွမ်းရအောင် ရှာရမှုမှာ အညဝါဒီတို့အဖို့ ယုတ်ညံ့သည်ဟု မြင်စမြဲပင် ဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် ကိုယ်တိုင်လုံ့လထုတ်၍ လုပ်ကိုင် ရှာဖွေ စားသောက်ရမှုမျိုး မဟုတ်၊ သပိတ်ပိုက်၍ အိမ်စဉ် လိုက်ရပ်ကာ ရှာဖွေရခြင်းမျိုးဖြစ်၍ ဆိုခဲ့သည့် အညဝါဒီတို့က တောင်းရမ်းစားသောက်သူများ ဟူ၍သာ မြင်ကြသည်။ ထို တောင်းရမ်း သားသောက်မှုမျိုးကိုလည်း လူတို့က အယုတ်ဆုံး အသက်မွေးမှုဟု မြင်တတ်ကြပြန်ရာ အညဝါဒီသဘော သက်ရောက်နေသူ ဦးဥက္ကဋ္ဌအဖို့ ထိုသို့သော ရဟန်းတို့၏ အလှူခံစားသောက်မှုမျိုးကို အယုတ်အနေဖြင့် မြင်နေမည်မှာ မလွဲရာ။ ထို့ကြောင့် ထိုရဟန်းတို့၏ စားသောက်နေထိုင်မှု, ဆွမ်းခံမှု, ဆွမ်းအနုမောဒနာတရား ဟောကြားမှုတို့ကိုသာ ရည်ရွယ်ဖော်ထုတ် အလုပ်တခုလုပ်ကာ ထပ်ခါတလဲလဲ ရေရွတ်ရေးသား၍ နေပေသည်။
ဘုရားလက်ထက်ကပင် ဤသို့ ရဟန်းတို့၏ တောင်းရမ်း စားသောက်မှုမျိုးကို မလိုတမာ ဆဲရေး ရေရွတ်မှုများ ရှိခဲ့သဖြင့် သည်းခံရန် မြတ်စွာဘုရားပင် မကြာမကြာ ဟောကြားခဲ့ရပေသည်။ အထင်ရှားဆုံးကား “အန္တ မိဒံ ဘိက္ခဝေ ဇီဝိကာနံ၊ ယဒိဒံ ပိဏ္ဍောလျံ”စသော ခန္ဓဝဂ္ဂသံယုတ် ပိဏ္ဍောလျသုတ်ပင်ဖြစ်၏၊ (သံ၊၂၊၇၆) ၎င်းမြန်မာပြန်မှာ “ရဟန်းတို့ အသက်မွေးမှုမျိုးတွင် ဤထမင်းတောင်း၍ အသက်မွေးမှုသည် အယုတ်ဆုံးဖြစ်၏၊ ရဟန်းတို့ လောက၌ ဤသူတောင်းစား ခွက်လက်စွဲသည် လှည့်လည်၏”ဟု ဆဲရေးခြင်းသည် ရှိ၏ စသည်ဖြစ်လေသည်။ (သံယုတ်၊ မြန်မာပြန် ဒု-၇၃)
ဤသံယုတ်ပါဠိတော် စကားအရ စားသောက်မှု ဝမ်းရေးတခုအတွက် လိမ်ညာနေသည်ဟု သံဃာတော်တို့အား ဦးဥက္ကဋ္ဌ၏ ပြောဆိုရေးသားခြင်းတို့မှာ ဆဲရေးခြင်းပင် ဖြစ်ကြောင်း ထင်ရှားသည်။
၇။(င) အမှတ်ပြ ထုတ်နှုတ်ချက်တွင် သူတို့သည် လက်ထပ်မင်္ဂလာ အခမ်းအနားများ၌ လည်းကောင်း အိမ်သစ်ယာသစ်တက်သော အခမ်းအနားများ၌ လည်းကောင်း ရှင်ပြု နားသ မင်္ဂလာများ၌လည်းကောင်း ဦးဆောင်မှုကို ပေးကြကုန်၏၊ ဆွမ်းသွတ်ကြကုန်၏၊ ပိဏ္ဍာကျွေးကြကုန်၏၊ အေး-သူတို့သည် သူတို့၏ သက်ထိန်းလမ်းကို ထွင်ရာ၌ကား အထူးအချွန် အလွန်ကျွမ်းကျင်တော် မူကြကုန်၏” စသည်ဖြင့် ဗုဒ္ဓဘာသာ ရဟန်းတော်တို့၏ သာမှု, နာမှုအခမ်းအနားများ၌ တရားဓမ္မ ဟောပြမှု သေသူအတွက် မတကဘက် အလှူခံမှု စသည်များကို စွပ်စွဲရေးသားပုံများကို တင်ပြထားပေသည်။
“ဗဟူနံ ဝတ အတ္ထာယ၊ ဥပ္ပဇ္ဇန္တိ တထာဂတ” ဝင်္ဂီသထေရဂါထာ ပါဠိတော် နှာ-၃၂၇-အရ လောက၌ ရှင်တော်ဘုရား ဖြစ်ပွား ပေါ်ပေါက်လာခြင်းမှာ လောကလူသား သတ္တဝါအများတို့၏ အကျိုးစီးပွား ချမ်းသာများရေးအတွက်သာ ဖြစ်သည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်သည့်အချိန်မှစ၍ ပရိနိဗ္ဗာန်စံဝင်တော်မူသည်အထိ ၄၅-ဝါ ကာလပတ်လုံး မြို့ရွာတိုင်းပြည်တို့၌ လှည့်လည်သီတင်းသုံးကာ လူသတ္တဝါတို့အား တရားဓမ္မ ဟောပြတော်မူခဲ့သည်။ ကိုယ်တော် မြတ်အတူ တပည့်သာဝကတို့အားလည်း -
စရထ ဘိက္ခဝေ စာရကံ ဗဟုဇန ဟိတာယ ဗဟုဇနသုခါယ-
လောကာနုကမ္ပာယ အတ္တာယ ဟိတာယ သုခါယ ဒေဝမနုဿနံ-
ရဟန်းတို့ များစွာသော လူတို့၏ အစီးအပွားဖြစ်ခြင်းငှာ ချမ်းသာခြင်းငှာ လောကကို စောင့်ရှောက်ရန်အလို့ငှာ နတ်လူတို့၏ အကျိုးစီးပွားဖြစ်ခြင်း၊ ချမ်းသာခြင်းငှာ ဒေသစာရီ လှည့်လည်ကြကုန်လော့” စသည်ဖြင့် ဘုရားဖြစ်တော်မူစကပင် တိုက်တွန်းတော်မူခဲ့ပေသည်။
၈။ ထို့အပြင် တပည့်သာဝကတို့အား လူတို့နှင့် ဆက်ဆံပုံ ဆက်ဆံနည်းများကိုလည်း ဟောတော်မူခဲ့လေသည်။ “ပျားပိတုန်းသည် ပန်းပွင့်ကိုလည်းကောင်း၊ အနံ့ကို လည်းကောင်း၊ မပျက်စီးစေပဲ ပန်းဝတ်ရည်ကိုသာ စုတ်ယူပျံသွားသကဲ့သို့ ရွာ၌ ရဟန်းသည် ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်း အနံ့တည်းဟူသော စည်းစိမ်ဥစ္စာကို မပျက်စီးစေပဲ ကျင့်ရာ၏”ဟု “ယထာပိ ဘမရော ပုပ္ပံ” စသော ဓမ္မပဒပါဠိတော် (ခု၊၁၊၂၀) ဂါထာကိုပင် ဟောထားခဲ့သည်။
၉။ ကိုယ်တော်တိုင်လည်း လူတို့၏ သာမှု နာမှုခေါ် မင်္ဂလာကိစ္စ အသုဘကိစ္စတို့၏ ပါဝင်တော်မူခဲ့၏၊ ဤနေရာတွင် အင်္ဂုတ္တရနိကာယ်လာ ဥဂ္ဂဟသုတ်ကို သတိပြုဖွယ်ပင် ဖြစ်၏၊ ယင်းဥဂ္ဂဟသုတ်ကို အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ်၌ တွေ့နိုင်၏၊ မြတ်စွာဘရား ဘဒ္ဒိယမြို့ မြတ်လေးတော၌ သီတင်းသုံးတော်မူစဉ် ဘဒ္ဒိယမြို့ မေဏ္ဍကသူဋ္ဌေး၏မြေး ဥဂ္ဂဟက မြတ်စွာဘုရားအား သမီးများ မင်္ဂလာဆွမ်းအတွက် ပင့်လျှောက်၍ ကြွရောက်ဟောကြားတော်မူသော သုတ်ဖြစ်ပေသည်။ ယင်းသုတ်၍ ဥဂ္ဂဟ လျှောက်ထားပုံမှာ -
“ဣမာ မေ ဘန္တေ ကုမာရိယော ပတိကုလာနိ ဂမိဿန္တိ။ ပ။ ယံတာသံ အဿ ဒီဃရတ္တံ ဟိတယ သုခါယ” ဟူ၍ ဖြစ်ပေသည်။ မြန်မာပြန်တွင် “အရှင်ဘုရား အကျွန်ုပ်၏ ဤသမီးပျိုတို့သည် လင်ယောကျ်ားအိမ်သို့ လိုက်ပါသွားကြပါလိမ့်မည်။ မြတ်စွာဘုရားသည် ထိုသမီးပျိုတို့ကို သွန်သင်တော်မူပါ၊ ဆုံးမတော်မူပါ၊ ယင်းသို့ သွန်သင်ဆုံးမခြင်းသည် ထိုသမီးပျိုတို့အား ကာလရှည်မြင့်စွာ အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်ရာပါ၏”ဟု လျှောက်ထားလေသည်။
ထို့နောက် မြတ်စွာဘုရားက သတို့သမီးပျိုတို့အား သွန်သင်ဆုံးမတော်မူပုံ (မင်္ဂလာတရား ဟောကြားတော်မူပုံ)ကိုလည်း -
“အထ ခေါ ဘဂဝါတာ ကုမာရိယော ဧတဒဝေါစ” စသည်ဖြင့် ထိုအခါ မြတ်စွာရားသည် ထိုသမီးပျိုတို့အား သတို့သမီးတို့ ထိုသို့လျှောက်ထားသောကြောင့် ဤအရာ၌ ဤသို့ကျင့်ရမည်။ သင်တို့ အကျိုးစီးပွားကိုလိုလား၍ သနားစောင့်ရှောက်တတ်သော မိဘတို့သည် သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ ထိမ်းမြားမည်ဖြစ်သော လင်ယောကျ်ား၏ ရှေးဦးစွာ အိမ်ရာမှ ထလေ့ရှိသူ ဖြစ်ရာ၏၊
ဤသို့ စသည်ဖြင့် မယားဝတ္တရား ငါးပါးကိုဟောကြားတော်မူခဲ့ကြောင်း တွေ့နိုင်ပေသည်။
၁၀။ ထိုသို့ ထိမ်းမြား မင်္ဂလာကိစ္စမျိုးမှာသာမက အိမ်သစ် မြေသစ်တို့၏ မင်္ဂလာမှုပြု၍ ဆွမ်းကျွေးလှူဒါန်းခြင်း နတ်တို့အား အမျှအတန်းပေးဝေခြင်းကိစ္စတို့ကိုပါ မကြွင်းမကျန်ရအောင် မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပေသည်။ ယင်းကို ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော် (၇၅)၌လည်းကောင်း ဝိနည်းမဟာဝါပါဠိတော် ဘေသဇ္ဇခန္ဓက (၃၂၄)၌လည်းကောင်း တွေ့ရှိနိုင်ပေသည်။
အကြောင်းအရာ အကျဉ်းချုပ် မဂဓအမတ်ကြီးများဖြစ်ကြသော သုနိဓအမှတ်ကြီးနှင့် ဝဿကာရ အမတ်ကြီးတို့ ပါဋလိမြို့သစ်တည်ရာသို့ မြတ်စွာဘုရားအား ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးရာ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ခြင်းပင် ဖြစ်၏၊
ယသ္မံ ပဒေသေ ကပ္ပေတိ၊ ဝါသံ ပဏ္ဍိတဇာတိယော။
သီလဝန္တေတ္ထ ဘောဇေတွာ၊ သညတေ ဗြဟ္မစာရယော။
စသည်ဖြင့် ၃-ဂါထာ ဟောတော်မူပေသည်။
မြန်မာပြန်
“ပုဏ္ဏားတို့ ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏၊ ဤအရပ်၌ သီလရှိသော ကိုယ်နှုတ်နှလုံး စောင့်သုံးသော မြတ်သောအကျင့်ကို ကျင့်သော ပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင် ထိုအရပ်၌ရှိသော နတ်တို့အား အလှူ၏ အဖို့ကို အမျှပေးဝေရာ၏၊ ဤသို့ အမျှပေးဝေလတ်သော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထို(အမျှပေးဝေ)သူတို့ အတုံ့ပြန်၍ ပူဇော်ကုန်၏၊ မြတ်နိုးခံရသဖြင့်လည်း အတုံ့ပြန်၍ မြတ်နိုးကုန်၏၊ ထို့ကြောင့် မိခင်သည် ရင်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ နတ်တို့သည် ထို(အမျှပေးဝေ) သူတို့စောင့်ရှောက်ကုန်၏၊ နတ်တို့စောင့်ရှောက်ခံရသော သူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာကို တွေ့မြင်ရလေ၏” ဟူ၍ ဖြစ်ပေသည်။
ထို့အတူပင် ရှင်ပြု နားသ နားထွင်းစသော ကိစ္စများ၌လည်း အလှူဒါန ပြုလုပ်ကြပုံတို့ကို ဓမ္မပဒဝတ္ထု တိဿသာမဏေ သုခသာမဏေစသည်တို့အကြောင်းတွင် ထင်ရှားလှသည်။ ထို့ကြောင့် သာမှုမင်္ဂလာ ကိစ္စများ၌ ဒါနပြုခြင်း အစဉ်အလာမှာ ဦးဥက္ကဋ္ဌ ဆိုသကဲ့သို့ နောက်ခေတ်မှ ထွင်ထားသော ကိစ္စရပ်များ မဟုတ်ကြောင်း ဗုဒ္ဓလက်ထက်ကပင် ဗုဒ္ဓကိုယ်တိုင် ပါဝင်ခဲ့သော သာသနာ့ရိုးရာစဉ်လာ တန္တီ ပဝေဏီ ထုံးစံကြီးပင် ဖြစ်ကြောင်း သိသာလှ၏၊
၁၁။ ဤကား သာမှု မင်္ဂလာကိစ္စတို့နှင့် ပတ်သက်၍ သုံးလောကထွတ်ထား မြတ်စွာဘုရား ကိုယ်တိုင်ပါဝင်ခဲ့ပုံ သာဓက ဖြစ်၏၊ ထိုမှတပါး နာမှုအမင်္ဂလာကိစ္စ သို့မဟုတ် အသုဘကိစ္စတို့တွင်လည်း ပါဝင်ခဲ့ကြောင်း ဓမ္မပဒလာ ဆတ္တမာဏဝဝတ္ထု သီရိမာဝတ္ထု စသည်တို့၌ ထင်ရှားလှ၏၊ အကျယ်မဖော်ပြတော့ပေ၊ သို့သော် စောဒကပုဂ္ဂိုလ်များ ထောက်ပြထားသော လူသေလူဖြစ်စာအုပ် နှာ-၃၁၅ပါ “သေရွာ သွားလေပြီးသူများ တမလွန်လောက၌ ကြည်လင်ရွှင်ပျ ချမ်းသာသုခ ရရေးအတွက် ရည်မှန်း၍ ဆွမ်းသွတ်ကြကုန်၏၊ ပိဏ္ဍာကျွေးကြကုန်၏၊ အမျှအတန်းပေးဝေကြကုန်၏၊ အေး-သူတို့သည် သူတို့၏ သက်ထိန်းလမ်းကို ထွင်ရာ၌ကား အထူးအချွန် အလွန် ကျွမ်းကျင်တော်မူကြကုန်၏” ဟူသော စကားရပ်ဖြင့် ရဟန်း သံဃာတော်တို့ ဤခေတ်၌ ဆွမ်းသွတ်ခြင်း အမျှအတန်းပေးဝေခြင်း ကိစ္စများကို ပြုစေရာ၌ စားပေါက်ထွင်ထား လေဟန်ပြုကာ ရှုတ်ချထားသောခြင်းနှင့် ပတ်သက်၍လည်း ဤဆွမ်းသွတ်ခြင်း အမျှအတန်းပေးဝေခြင်း ကိစ္စများမှာ မြတ်စွာဘုရားကိုယ်တော်တိုင် ပြုလုပ်ခဲ့သော ပြုလုပ်စေခဲ့သော ကိစ္စရပ်များ ဖြစ်ကြောင်း ဖော်ပြလိုပေးသေးသည်။
အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ၁၁-ခုမြောက် သုတ်ဖြစ်သော ဇာဏုေဿာဏိသုတ်တွင် မြတ်စွာဘုရားကိုယ်တော်တိုင် ဇာဏုေဿာဏိပုဏ္ဏားကြီး၏ မေးလျှောက်မှု ကို ဖြေဆိုရာ၌ -
“ဣဓ ပန ဗြာဟ္မဏ ဧကစ္စော ပါဏာတိပါတီ ဟောတီ” စသည်ဖြင့် ဟောတော်မူထားပေ၏၊
မြန်မာပြန်
“ပုဏ္ဏား ဤလောက၌ အချို့သောသူသည် အသက်ကို သတ်လေ့ရှိ၏၊ပ။ မှားယွင်းသော အမြင်ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေည်မှ နောက်၌ ပြိတ္တာဘုံသို့ ရောက်ရ၏၊ ထိုသူသည် ပြိတ္တာဘုံသားဖြစ်သည့် သတ္တဝါတို့၏ အစာဖြင့် ပြိတ္တာဘုံ၌ မျှတရ၏ ထိုအစာဖြင့် ထိုသူသည် ထိုပြိတ္တာဘုံ၌ တည်ရ၏၊ သို့မဟုတ် ထိုသူ့အတွက် အဆွေခင်ပွန် ချစ်ကျွမ်းဝင်သူတို့ကသော်လည်းကောင်း ဆွေမျိုးသားချင်းတို့ကသော်လည်းကောင်း ပေးလှူအပ်သော ဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ မျှတရ၏၊ ထိုဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ တည်ရ၏၊ ပုဏ္ဏား ဤသည်ကား (ဒါန၏အကျိုးတရား ရောက်သင့်သော အရပ်တည်း၊ ယင်းပြိတ္တာဘုံ၌ တည်သူအား ထိုဒါနသည် ရောက်၏” ဟု မိန့်တော်မူ၏၊
ဤသို့ ဟောတော်မူထားပေ၏၊
၁၂။ ထို့ပြင်လည်း ဘုရားဖြစ်တော်မူပြီး ရာဇြုဂိဟ်မြို့သို့ ကြွလာတော်မူသည့် အချိန်မှာပင် ရာဇြုဂိလ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီးအား ၉၂-ကမ္ဘာထက်က ဆွေမျိုးပြိတ္တာတို့အတွက် အလှူဒါနပြု၍ အမျှဝေကာ ယင်းပြိတ္တာများ ချမ်းသာသုခ ရသွားခြင်းနှင့် ပတ်သက်ပြီး ဟောတော်မူသော တိရောကုဋ္ဋသုတ္တန်သည်လည်း ခုဒ္ဒကပါဌ ပါဠိတော်၌ အထင်အရှားရှိပေသည်။ ယင်းသုတ်၌ -
တိရောကုဋ္ဋေသု နိဋ္ဌန္တိ၊ သန္ဓိသိင်္ဃာဋကေသု စ။
ဒွါရဗာဟာသု တိဋ္ဌန္တိ၊ အာဂန္တန သကံ ဃရံ။
စသော ဂါထာ ၁၃-ဂါထာ လာရှိပေသည်။ ယင်းဂါထာများ၏ မြန်မာပြန်များမှာ -
(ပြိတ္တာတို့သည်) မိမိအိမ်သို့ လာကြရာ၌ နံရံပြင်ဖက်တို့၌ လည်းကောင်း လမ်းဆုံလမ်းခွ အိမ်ခြံစပ်တို့၌ လည်းကောင်း တံခါးဝ တံခါးပေါက်တို့၌ လည်းကောင်း ရပ်တည်ကုန်၏၊ များစွာသော ထမင်းအဖျော် ခဲဖွယ်ဘောဇဉ်တို့ကို (လှူဒါန်းရန်) ပြုစီရင်သော်လည်း ထို(ပြိတ္တာ)သတ္တဝါတို့၏ ကံအကြောင်းကြောင့် ထို(ပြိတ္တာ)သတ္တဝါတို့ကို တစုံတယောက်သောသူကမျှ အမှတ်မရ။
သနားတတ်သော အကြင်သူတို့သည် ဆွေမျိုးပြိတ္တာကို ကပ်ရောက်လာသောအခါ စင်ကြယ်မွန်မြတ်၍ လျောက်ပတ်သော အဖျော်ဘောဇဉ်ကို ဤအလှူဝတ္ထုသည် သင်(ပြိတ္တာ)ဆွေမျိုးတို့အား ဖြစ်စေသတည်း။
(ပြိတ္တာ)ဆွေမျိုးတို့သည် ချမ်းသာကြစေကုန်သတည်းဟု မိတ်ဆွေ အမျိုးပြိတ္တာတို့အတွက် ရည်ညွှန်း၍ ပေးလှူကုန်၏၊
ထိုဆွေမျိုးပြိတ္တာတို့သည် ထိုအရပ်သို့ ညီညွတ်ပေါင်းဆုံ၍ လာရောက်ကြကုန်ပြီးလျှင် များစွာသော ထမင်းအဖျော်ကို (မိမိတို့အား ရည်ညွှန်း၍ ပေးလှူအပ်သည်ရှိသော်) ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုကြကုန်၏၊
အကြင်ဆွေမျိုးတို့၏ (ပေးလှူခြင်းဟူသော) အကြောင်းကြောင့် (စည်းစိမ်ချမ်းသာကို) ငါတို့ရကြကုန်၏၊ ငါတို့အကျိုးငှာလည်း ပူဇော်မှုကို ပြုကြကုန်၏၊ ပေးလှူသူ ဆွေမျိုးတို့သည်လည်း အကျိုးများကုန်၏၊ ထို ငါတို့၏ ဆွေမျိုးတို့သည် အသက်ရှည်ကြပါစေကုန်သတည်း။
ထိုပြိတ္တာဘုံ၌ လယ်ထွန်ခြင်းလည်းမရှိ၊ နွားကျောင်းခြင်းလည်းမရှိ၊ ထိုပြိတ္တာဘုံ၏ စည်းစိမ်ဥစ္စာရကြောင်း ကုန်သွယ်မှုလည်းမရှိ၊ ရွှေငွေဖြင့် ရောင်းဝယ်မှုလည်းမရှိ၊ ဤလူ့ဘုံမှ (ဆွေမျိုးမိတ်ဆွေတို့) ပေးဝေအပ်သော ကုသိုလ်အဖို့ဖြင့် ထိုပြိတ္တာဘုံ၌ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော ပြိတ္တာတို့သည် မျှတကုန်၏၊
ကုန်းမြင့်ရာအရပ်၌ ရွာသောမိုးရေသည် ချိုင့်ဝှမ်းရာအရပ်သို့ စီးသွားသကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏၊
ရေပြည့်သော မြစ်တို့သည် သမုဒ္ဒရာကို ပြည့်စေသကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏၊
ဤသူကား ငါ့အား ဥစ္စာကို ပေးဖူးပြီ။ ငါ၏ (ကိစ္စကို)ပြုဖူးပြီ။ ငါ၏ဆွေမျိုးတည်း။ ငါ၏မိတ်ဆွေတည်း။ ငါ၏ခင်ပွန်းတမျိုးဟု ရှေးဘဝ၌ ပြုခဲ့ဖူးသည်ကို အောက်မေ့သူသည် ပြိတ္တာတို့အကျိုးငှာမြတ်သော အလှူရေစက်ကို ပေးလှူရာ၏၊
ငိုကြွေးခြင်းသည်လည်းကောင်း စိုးရိမ်ပူဆွေးခြင်းသည်လည်းကောင်း၊ ထိုမှတပါး ပြောဆိုမြည်တမ်းခြင်းသည်လည်းကောင်း၊ ပြိတ္တာတို့အကျိုးငှာ မဖြစ်၊ (သို့သော်) ဆွေမျိုးတို့သည်ကား ငိုကြွေးနေကြကုန်၏၊
(တမလွန်ဘဝသို့ ပြောင်းသွားသောသူကို ရည်စူး၍) ပေးလှူအပ်သော ဤအလှူသည် သံဃာ၌ ကောင်းစွာ တည်သည်ဖြစ်၍ ရှည်မြင့်စွာ စီးပွားချမ်းသာဖြစ်ခြင်း အကျိုးငှာ ထိုပြိတ္တာတို့ထံသို့ တခဏချင်း ကပ်ရောက်၏၊
တမလွန်ဘဝသို့ ပြောင်းသွားသောသူကို ရည်စူး၍ ပေးလှူခြင်းဟူသော ဤသဘောကို ဆွေမျိုးတို့၏ ပြုသော ဝတ္တရားဟူ၍ ပြအပ်၏၊ ပြိတ္တာတို့အားမြတ်သော ပူဇော်ခြင်းကို ပြုအပ်သည်လည်း မည်၏၊ ရဟန်းတို့အား ခွန်အားကို ပေးအပ်သည်လည်း မည်၏၊ သင်တို့သည် ကြီးကျယ်သော ကုသိုလ်ကို ပွားများ ဆည်းပူးအပ်သည် လည်းမည်၏” ဟု ဟောတော်မူ၏၊
ဤဖော်ပြထားသော ဗုဒ္ဓဘာသိတသုတ္တန်တို့ကို ထောက်ဆ၍ ယခုမြန်မာနိုင်ငံတော်ရှိ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့ ပြုလုပ်နေကြသော သာမှုဖြစ်သည့် မင်္ဂလာကိစ္စ အိမ်သစ် ရာသစ်တက် အခမ်းအနား ရှင်ပြု နားသ စသည်တို့၍ လည်းကောင်း နာမှုဖြစ်သည် အသုဘရက်လည် ဆွမ်းသွတ်စသော ကိစ္စတို့၏ လည်းကောင်း လှူမှုဒါန်းမှု အမျှဝေမှုတို့သည် ဗုဒ္ဓမြတ်စွာ ရွှေလက်ထက်တော်မှ ဆင်းသက်လာခဲ့သော သာသနာရိုးရာ ထုံးတမ်းစဉ်လာကြီးတရပ်သာ ဖြစ်သဖြင့် နောက်ခေတ် ရဟန်းတော်တို့၏ ထွင်လုံးများ မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။
၁၃။(စ) အမှတ်ပြ ထုတ်နှုတ်ချက်ဖြစ်သော သခင်မြတ်ဆိုင်၏ “ဗုဒ္ဓ၏မိဂဒါဝုန်တရား”စာအုပ်ပါ စကားမှာလည်း သူ့ဆရာ၏ လေသံအတိုင်း သံယောင်လိုက်၍ ရေရွတ်မြည်တမ်းချက်မျှသာ ဖြစ်သဖြင့် အထူးသုံးသပ်စိစစ်ရန်မလို၊ အထက်ဖော်ပြပါ သုံးသပ်စိစစ်ချက်တို့၌ ပါဝင်သွားပြီး ဖြစ်ပေသည်။
စုဒိတက သခင်မြတ်ဆိုင်သည် သူ၏ဆရာ ဦးဥက္ကဋ္ဌဘက်က ဝိုင်းကူ၍ ထေရဝါဒ ဗုဒ္ဓသားကျော် ရဟန်းတော်တို့အား မလျော်စကားဖြင့် မြှောက်ခြောက်မှောင်တိုက် အချောင်နှိုက် ဟူသော စကားလုံးတို့ကို ရေလဲနှင့်သုံး၍ မဆုံးနိုင်အောင် ရေရွတ်နေခြင်းသာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်များက သုံးသပ်ကြပေသည်။
၁၄။(ဆ) အမှတ်ပြ ထုတ်နှုတ်ချက်ဖြစ်သော ဦးဥက္ကဋ္ဌ၏ အစွဲပြုတ် တဲကုတ်ရွှေနန်းတော် စာအုပ် စာမျက်နှာ ၁၄-ပါ စကားရပ်တွင် ဘေးအပေါင်း ရန်အပေါင်းမှ လွတ်မြောက်ရန် ဘာသာဝန်ဆောင်များက ပုတီးကို ကြိုးစားစိပ်ရမည်ဟု ပြောလေ့ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရ၏၊
ယင်းစကားရပ်လာ “ဘာသာဝန်ဆောင်” ဆိုသော စကားကို သမ္မာဒိဋ္ဌိသုတေသနအဖွဲ့တို့က သောဓနာပြုရာတွင် ဗုဒ္ဓဘာသာဆိုင်ရာ သမုတိသံဃာ ပရမတ္တသံဃာတို့ကို ရည်ညွှန်းသည်မဟုတ်ပဲ ဘာသာဝန်ဆောင်ထားသော ထာဝရနှင့် ဓမ္မဆရာ၊ ဝါ-တရားလမ်းညွှန် ပုဂ္ဂိုလ်များကို ဆိုလိုခြင်း ဖြစ်ပါသည်ဟု ရှောင်လွှဲဖြေဆို ချေပထားသည်ကို တွေ့ရသည်။ သို့သော် ပုတီးစိပ်ခြင်း ဒါနပြုခြင်းတို့မှာ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့ကလည်း ပြုလုပ်သော လုပ်ငန်းများ ဖြစ်သဖြင့် မည်သို့ပင် ရှောင်လွှဲဖြေဆိုသော်လည်း ပြေလည်၍မသွား၊ ဆင်ဝှေ့ရန်ရှောင်စကားဖြင့် လှည့်ဖြား ပြောဆိုမှုသာ ထင်ရှားနေပေသည်။
အမှန်အားဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ပုတီးစိပ်ခြင်းဟူသည်မှာလည်း ဗုဒ္ဓမြတ်စွာ၏ ဂုဏ်ရည်ကို ယုံကြည်သဒ္ဓါ ထက်သန်စွာဖြင့် ဗုဒ္ဓါနုဿတိတရား ပွားများကြခြင်းပင် ဖြစ်သည်။ ချဲ့ဦးအံ့ - ပုတီးဟူသည် ဗုဒ္ဓဘာသာမှ ပေါက်ဖွားလာသော ဇာတိရိုးရာ မဟုတ်သော်လည်း ဝိပဿနာလမ်းမဝင်သေးသူတို့အဖို့ ဘုရားရှင်၏ ဂုဏ်တော်ကို အဖန်ဖန်ပွားများခြင်း “ဗုဒ္ဓါနုဿတိ ဘာဝနာ”ကို ပွားများရာ၌ သမာဓိထက်သန်စေခြင်းကို များစွာ အကူအညီပေးသဖြင့် ရှေးသရောအခါကပင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ လက်ခံအသုံးပြုလာခဲ့ကြပေသည်။ ပုတီးစိပ်ခြင်း အလေ့အထကို မည်သည့်ကာလက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ စတင်ပြုလုပ်ခဲ့သည်ဟု မသိနိုင်သော်လည်း ယင်း ပုတီးစိပ်ခြင်းကို သာသနာနှစ်-၂၀၅၃၊ မြန်မာသက္ကရာဇ်-၈၇၁၊ခရစ်နှစ် ၁၅၀၉-ခုနှစ် (အင်းဝနေပြည်တော်၌ ရွှေနန်းကြော့ရှင် လက်ထက်)တွင် အရှင်တေဇောသာရ မထေရ်မြတ် စီကုံးရေးသားထားသော ရွှေဟင်္သာမင်းပျို့ အပိုဒ်-၆၃ တွင် -
“သုံးမည်ရတနာ၊ မကွာဆည်းကပ်၊ စွဲကြပ်ပုတီး၊ သုံးသီးသီတင်း၊ မြဲစင်းလျင်းလျှင်၊ နာခြင်းတရား၊ မှတ်သားနားဝင်၊ အပြည့်ထင်၏” ဟု
ဗုဒ္ဓဘာသာတို့၏ ဘာသာရေးလုပ်ငန်းတို့ကို ဖော်ပြထားရ၌ ပုတီးစိပ်ခြင်းကို ထည့်သွင်းစပ်ဆိုထားရာ လွန်ခဲ့သည့် နှစ်ပေါင်း ငါးရာနီးပါးကပင် ပုတီးစိပ်ခြင်းအလေ့ ထွန်းကားထင်ရှားနေပြီဖြစ်ကြောင်း သိသာနိုင်ပေသည်။
၁၅။ ပုတီးကို တလုံးချင်းချ၍ ဗုဒ္ဓဂုဏ်တော်ပွားများခြင်းကိုပင် ပုတီးစိပ်ခြင်းဟု ခေါ်ရာ ဤပုတီးစိပ်ခြင်း “ဗုဒ္ဓနုဿတိဘာဝနာ”၏ အကျိုးအာနိသင်မှာ အလွန်ပင် များပြားလှပေသည်။ ဤသို့ အကျယ်မဖော်ပြသာပေ။ သို့သော်လည်း ဗုဒ္ဓနုဿတိဘာဝနာသည် သမထဘာဝနာဟု ဆိုရသော်လည်း အဖန်ဖန်ပွားများသူအဖို့ ဝိပဿနာ ဘာဝနာဖြစ်ပြီး အရိယာဘုံသို့ ရောက်နိုင်ကြောင်းကို-
“ယဒါ ပနေသ ဗုဒ္ဓါနုဿတိံ အနုဿရိတွာ။ပ။ တဒါဿ ဣဒံ ကမ္မဋ္ဌာနံ ဝိပဿနာတ္တံ နာမ ဟောတီ” ဟူသော အင်္ဂုတ္တိုရ်အဋ္ဌကထာ စကားရပ်ဖြင့် ထင်ရှားပေသည်။
ထိုအဋ္ဌကထာစကားကို နားလည်လွယ်ရုံမျှ မြန်မာပြန်၍ ဖော်ပြရသော် “ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများသူသည် ဤ “ဣတိပိ သော ဘဂဝါ” စသည်ဖြင့် ပွားများ နေသူသည် မိန်းမလော၊ ယောကျ်ားလော၊ တခြားတပါး နတ်လူဗြဟ္မာလော”ဟု ပိုင်းခြားစဉ်းစားသော် အခြားမဟုတ် သတိနှင့်ယှဉ်သော စိတ်သာဟု မြင်၍ ထိုစိတ်သည် ခန္ဓာအားဖြင့် ဝိညာဏက္ခန္ဓာတည်း၊ ယင်းနှင့်ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း၊ သညာသည် သညာက္ခန္ဓာတည်း၊ တကွဖြစ်သော ဖဿစသည်တို့သည် သင်္ခါရက္ခန္ဓာတို့တည်း ဤလေးပါးတို့သည် နာမ်ခန္ဓာများ ဖြစ်ကုန်၏ဟု နာမ်ကို ပိုင်းခြားပြီး ထိုနာမ်၏ မှီရာကိုရှာသော် ဟဒယဝတ္ထုကိုမြင်၍ ထိုဟဒယဝတ္ထုကို မှီရာဖြစ်ကုန်သော မဟာဘုတ်လေးပါး၊ ယင်းလေးပါးကိုမှီ၍ ဖြစ်ကုန်သသော ဥပါဒါရုပ်များကို ပိုင်းခြား၍ ဤအားလုံးကား ရူပက္ခန္ဓာပေတကားဟု ပိုင်းခြားကာ ဤကားရုပ် ဤကားနာမ်ဟု အကျဉ်းအားဖြင့် ရုပ်နာမ်၊ အပြားအားဖြင့် ခန္ဓာငါးပါး၌ တဖန် ဤအကျဉ်းခန္ဓာငါးပါးသည် ဒုက္ခသစ္စာကို ပိုင်းခြား မှတ်သား၍ ထိုဒုက္ခသစ္စာ၏ အမွန်အစဖြစ်သော တဏှာသည် သမုဒ္ဒယ, သမုဒယသစ္စ၏ ချုပ်ရာသည် နိရောဓသစ္စာ, နိရောဓသစ္စာကိုသိရန် ကျင့်သုံးခြင်းသည် မဂ္ဂသစ္စာတည်း ဟူ၍ ရှေးအဖို့၌ဖြစ်သော သစ္စာလေးပါးကို ပိုင်းခြားပြီးလျှင် အစဉ်အားဖြင့် အရိယာဘုံကို သက်ဝင်၏၊ ထိုအခါ ထိုဗုဒ္ဓါနုဿတိ ပွားများသူအား ဤဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းသည် ဝိပဿနာအကျိုးရှိသော ကမ္မဋ္ဌာန်းမည်၏”ဟု ဆိုလိုပေသည်။
ထိုသို့ ဗုဒ္ဓါနုဿတိပွားများမှု ပုတီးစိပ်မှုသည် သစ္စာလေးပါး ပိုင်းခြားသိမြင်၍ အစဉ်အတိုင်း အရိယာဘုံရောက် ဝိပဿနာလမ်းပေါက် ပြီးမြောက်၍သွားကြောင်း ဗုဒ္ဓစာပေတို့ကို လမ်းညွှန်၍ ထားခဲ့သည့် အားလျော်စွာ ဗုဒ္ဓဘာသာဝင်တို့၏ ရှေ့ဆောင် ရှေ့သွား ဆရာတော် သံဃာတော်များက ပုတီးစိပ်ရန် လမ်းညွှန်ခဲ့ခြင်းမှာ အလွန်ကောင်းမွန်သော လုပ်ရပ်တစ်ခုဖြစ်သည်။ ဤလုပ်ရပ်ကို အပြစ်မြင်၍ အစဉ်သဖြင့် ရေရွတ်ရေးသား ပြောကြားနေသူတို့သည် မည်မျှလောက် ယွင်းမှား၍ တရားလက်လွတ် ဖြစ်နေကြကြောင်း သိသာထင်ရှားလှပေသည်။
၁၆။ ဤကား စောဒကပုဂ္ဂိုလ်တို့၏ စောဒနာစာတွင် အပိုဒ်(၁)ပြစကားရပ်များမှ အချက် ခုနှစ်ချက်ကို လိုအပ်သမျှ သုံးသပ်ဝေဖန်ခြင်း ဖြစ်၏၊ ယင်းနောက် အပိုဒ်(၂)ပြ စကားရပ်တွင် သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ချုပ်မှ ထုတ်ဝေဖြန့်ဖြူးသော ဗုဒ္ဓဝါဒ အခြေခံသင်တန်း အမှတ်စဉ်-၁၊စာမျက်နှာ ၁၆-၌-
“သမိုင်းနှင့်စာပေ အထောက်ထားများတွင် ဗုဒ္ဓရှင် သက်တော်ထင်ရှားရှိစဉ်ကပင် ရှင်သာရိပုတ္တရာ၏ ဓမ္မအခြေခံသဘောထားနှင့် ရှင်ဥပါလိ၏ ဝိနည်းအခြေခံ သဘောထားများ ရိပ်ရိပ် ကွဲပြားလျက် ရှိသည်များကိုလည်း မေ့လျော့ ပစ်ပယ်၍ မရနိုင်ပေ” ဟူသော စကားကို ထုတ်နုတ်ဖော်ပြ ထားပေသည်။
ယင်းစကားရပ်သည်လည်း အထောက်အတိုး ကြောင်းကျိုးကင်းမဲ့သော စကားရပ်ပင် ဖြစ်သည်။ ဗုဒ္ဓစာပေ၌ အရှင်သာရိပုတ္တရာနှင့် အရှင်ဥပါလိတို့ သဘောကွဲပြားခဲ့ပုံ လုံးဝမပါရှိပေ။ အရှင်အာနန္ဒာနှင့် အရှင်ဥပါလိတို့ အယူအဆ အနည်းငယ် မညီမျှပုံကိုမူ ဝိနည်းကျမ်းဂန် တနေရာတွင် တွေ့ရှိရသည်။ ယင်းကိုပင် ဆိုလိုလေ သလောဟု တွေးတောရပေသည်။
၁၇။ ထိုစကားရပ်များကို သိသာရုံမျှ ဖော်ပြပါသည်။ ဝိနည်း ပါရာဇိကဏ်ပါဠိတော်(၈၄) ဒုတိယပါရာဇိက ဝိနီတဝတ္ထုအခန်းတွင် ဝေသာလီပြည် အရှင်အဇ္ဇုက၏ ပါရာဇိကပြဿနာဝတ္ထု ပါရှိခဲ့ပေသည်။ ယင်းမြန်မာပြန်မှ ကောက်နှုတ်ဖော်ပြရသော် -
တရံရောအခါ ဝေသာလီမြို့၌ အရှင်အဇ္ဇုက၏ အလုပ်အကျွေး ဒါယကာအား သားနှင့်တူအားဖြင့် သူငယ်နှစ်ယောက်ရှိကြရာ ထိုဒါယကာသည် အရှင်အဇ္ဇုကကို “အရှင်ဘုရား ဤသူငယ်နှစ်ယောက်တို့တွင် သဒ္ဓါတရားရှိ၍ ရတနာသုံးပါးကို ကြည်ညိုသော သူငယ်အား ဤ(ဥစ္စာစု)၏ အခွင့်အရေးကို ပြောကြားတော်မူပါ” ဟု လျှောက်ထား၏၊ ထိုအခါ ထိုဒါယကာ၏တူသည် သဒ္ဓါတရားရှိ၍ ရတနာသုံးပါးကို ကြည်ညိုသူဖြစ်ရကား အရှင်အဇ္ဇုကသည် ထို (ဥစ္စာစု)၏ အခွင့်အရေးကို ထိုသူငယ် (တူဖြစ်သူ)အား ပြောကြား၏၊ ထိုသူငယ်သည် ထိုဥစ္စာစုဖြင့် ရောင်းဝယ်ဖောက်ကားမှု (ဥစ္စာစု)ကိုလည်း တည်တံ့စေ၏၊ အလှူအတန်းကိုလည်း ဖြစ်စေ၏၊ ထိုအခါ ထိုဒါယကာ၏သားသည် အရှင်အာနန္ဒာအား “အရှင်ဘုရား အနန္ဒာ အဘယ်သူသည် ဖခင်၏အမွေခံပါနည်း၊ သားလော သို့မဟုတ် တူလော”ဟု လျှောက်၏၊
“ငါ့ရှင် ဒါယကာ သားသည် ဖခင်၏ အမွေခံပါတည်း” ဟုပြောကြား၏၊
“အရှင်ဘုရား ဤအရှင်အဇ္ဇုကသည် တပည့်တော်တို့၏ အမွေအနှစ်ကို တပည့်တော်တို့၏ ယောက်ဖ(အဖေ့တူ)အား ညွှန်ကြားလေပြီ” ဟုလျှောက်၏၊
“ငါ့ရှင် ဒါယကာ အရှင်အဇ္ဇုကသည် ရဟန်းမဟုတ်တော့ပြီ”ဟု ပြောကြား၏၊ ထိုအခါ အရှင်အဇ္ဇုကသည် အရှင်အာနန္ဒာကို “ငါ့ရှင်အာနန္ဒာ ငါ့အား အဆုံးအဖြတ်ပေးပါ”ဟု ပြောဆို၏၊ ထိုအခါ အရှင်ဥပါလိသည် အရှင်အဇ္ဇုကဘက်သို့ လိုက်တော်မူ၏၊ အရှင်ဥပါလိသည် အရှင်အာနန္ဒာအား “ငါ့ရှင်အာနန္ဒာ ဥစ္စာရှင်က ဤ (ဥစ္စာစု)၏ အခွင့်အရေးကို ဤမည်သောသူအား ပြောပါဟု မှာထားသဖြင့် ထိုသူငယ်အား ပြောရာ ထိုပြောသောရဟန်းသည် အဘယ်အပြစ် “အာပတ် သင့်သနည်း”ဟု မေးတော်မူ၏၊
“အရှင်ဘုရား အဘယ်အာပတ်မှ မသင့်ပါ၊ အယုတ်အားဖြင့် ဒုက္ကဋ်မျှပင်မသင့်ပါ”ဟု လျှောက်၏၊ “ငါ့ရှင်အာနန္ဒာ ဤအရှင် အဇ္ဇုကသည် ဤ(ဥစ္စာစု)၏ အခွင့်အရေးကို ဤမည်သောသူအား ညွှန်ကြားတော်မူပါဟု ဥစ္စာရှင်က မှာထားသဖြင့် ထိုသူငယ်အား ညွှန်ကြား၏၊ ငါ့ရှင်အာနန္ဒာ အရှင်အဇ္ဇုကအား အာပတ်မသင့်၊ွှပြစ်မရှိ” ဟု မိန့်တော်မူ၏၊
ဤစကားရပ်ကား ပါရဇိကဏ်ပါဠိတော် အရှင်အာနန္ဒာနှင့် အရှင်ဥပါလိတို့ အယူအဆ စဉ်းငယ်မတူသကဲ့သို့သော စကားရပ်ပင်ဖြစ်၏၊ သို့သော် အမှန်တကယ် အယူမတူကြသည်ကားမဟုတ်၊ ဝတ္ထုကြောင်းကို သေချာစွာ ကြည့်၍ ဒါယကာတို့ လျှောက်ထားပုံစကား အရှင်အာနန္ဒာပြန်ကြားသော စကားအဖြစ် မှန်တရားတို့၏ မတူ ခြားနားပုံကို သိသာနိုင်ပေသည်။ ထို့ပြင်လည်း ဝိနည်းပိဋကတ်၌ အရှင်ဥပါလိသည် ဘုရားမှတပါး အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ဖြစ်သဖြင့် အရှင်ဥပါလိသာ အမှန်ကန်ဆုံး ဆုံးဖြတ်ပေးနိုင်ပေလိမ့်မည်။ အမှန်အားဖြင့်လည်း အရှင်ဥပါလိသည် ဝိနည်းပိဋကတ်ကို မြတ်စွာဘုရား၏ အထံတော်၌ သင်ယူခဲ့ရုံမျှမက ဤဖော်ပြပါ အဇ္ဇုကဝတ္ထု, ဘာရုကစ္ဆကဝတ္ထုနှင့် ကုမာရကဿပဝတ္ထုတို့ကို ဆုံးဖြတ်ရာတွင် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်နှင့်တကွ နှီးနှောဆုံးဖြတ်နိုင်သဖြင့်ပင် ဝိနယဓရဓတဒဂ်ကို ရရှိပေသည်။ (အံ၊ဋ္ဌ၊၁၊၂၄၁)
၁၈။ ဤကဲ့သို့ ဝိနယဓရဧတဒဂ် ရရှိနိုင်သည့်အကြောင်းကိုမြင်၍ အရှင်ဥပါလိ တောရနေရန် ခွင့်တောင်းစဉ်ကပင် “အသင် တောရနေလျှင် ဝိပဿနာ ဓုရတပါးကိုသာ ဖြည့်ကျင့်ရမည်။ ဤသံဃာ့အလယ်၌ နေလျှင်မူ ဓုရနှစ်ပါးကို ဖြည့်ကျင့်နိုင်၍ အရဟတ္တဖိုလ်ကို ရပေလိမ့်မည်။ ဝိနယပိဋက၌လည်း တဖက်ကမ်းရောက် တတ်မြောက်ပေလိမ့်မည်”ဟု အရှင်ဥပါလိ၏ တောရနေမှုကိုပင် ပယ်မြစ်၍ ဘုရားရှင်ကိုယ်တော်တိုင် သံဃာ့အလယ်၍ နေစေတော်မူခဲ့သည်။ (အံ၊ဋ္ဌ၊၃၊၃၃၃)
မြတ်စွာဘုရား တိုက်တွန်းတော်မူသည့်အတိုင်းပင် တောရမနေပဲ သံဃာ့အလယ် (မြို့ကျောင်း၌ နေတော်မူသဖြင့် ဝိနယပါမောက်တံခွန်ဆောက်ဖြစ်ရုံမျှမက ဝိနယဓရ ဧတဒဂ်ရ မထေရ်မြတ်ကြီးဖြစ်ကာ ဝိနည်းသာလျှင်တည်ရာ ဝိနည်းသာလျှင်ကျက်စားရာ ပြုတော်မူနိုင်ခဲ့ပေသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ အရှင်ဥပါလိက “သတ္တု ကပ္ပံ သုဝိနယံ”စသော သုံးဂါထာကို ရွတ်ဆိုခဲ့ဖူးပေရာ ဤတွင်မြန်မာပြန်၍ ဖော်ပြပါမည်။
၁။ ဘုရားသဖွယ်ဖြစ်သော မွန်မြတ်သည့် ဝိနည်းတရားတော်ကို စိတ်ဖြင့် ဆောင်ထား၏၊ ငါသည် ဝိနည်းတရားတော်ကို အခါခပ်သိမ်းရှိခိုးလျက် နေအံ့။
၂။ ဝိနည်းတရားတော်သည် ငါ၏ တည်နေရာတည်း။ ဝိနည်းတရားတော်သည် ငါ၏ ရပ်ရာ သွားရာတည်း။ ငါသည် ဝိနည်းတရားတော်၌ နေခြင်းကို ပြု၏၊ ဝိနည်းတရားတော်သည် ငါ၏ ကျက်စားရတည်း။
၃။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား ဝိနည်းတရားတော်၌ အထွတ်အထိပ်သို့ ရောက်သည်ဖြစ်၍ အဓိကရုဏ်းငြိမ်းအေးကြောင်း “သမထ”၌လည်း ကျွမ်းကျင်လိမ္မာသော အကျွန်ုပ်ဥပါလိသည် မြတ်စွာဘုရား၏ ခြေတော်အစုံတို့ကို ရှိခိုးပါ၏၊
ဖော်ပြပါအချက်တို့ကို ထောက်ထား၍ သမ္မာဒိဋ္ဌိသုတေသနသမားတို့ ရေးသားထားသည့်အတိုင်း မဟုတ်မမှန်သည့်အပြင် ယင်းတို့ ယူဆထားသကဲ့သို့ ဓမ္မနှင့်ဝိနယ ကွဲပြားသည့်အရေးကိစ္စလည်း အလျှင်းမဟုတ်ကြောင်း ထင်ရှားပေသည်။
၁၉။ တကြောင်းမှာလည်း “အရှင်သာရိပုတ္တရာ၏ ဓမ္မအခြေခံသဘောထားနှင့် အရှင်ဥပါလိ၏ ဝိနည်းအခြေခံသဘောထားများ ရိပ်ရိပ်ကွဲပြားလျက်ရှိသည်” ဟူသော စကားမှာ မြတ်စွာဘုရား၏ အဂ္ဂသာဝက မဟာသာဝက ရဟန္တာမထေရ်မြတ်ကြီးများ ဝိဝါဒဖြစ်ပွားနေကြသည်ဟု စွပ်စွဲရာသို့ ရောက်သည်။ အမှန်အားဖြင့် ရဟန္တာ မထေရ်မြတ်ကြီးများအဖို့ ဝိဝါဒပြဿနာဟူ၍ ဖြစ်ဖွယ်ရာမရှိတော့ပေ။ အဘယ့်ကြောင့်ဆိုသော်ဝိဝါဒ၏ အကြောင်းရင်းတို့မှာ အကုသိုလ်တရားတို့သာ ဖြစ်သောကြောင့်ပေတည်း။
ချဲ့ဦးပါမည်။ အင်္ဂုတ္တရနိကာယ်တွင် ဝိဝါဒမူလသုတ်ဟူ၍ ရှိသည်။ ယင်း၌ “ဣဓ ဘိက္ခဝေ ဘိက္ခု ကောဓနော ဟောတိ ဥပနာဟိ” စသည်ဖြင့်ရှိရာ မြန်မာပြန်တွင် -
“ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အမျက်ထွက်တတ်၏၊ ရန်ြုငိးဖွဲ့တတ်၏၊ အမျက်ထွက်တတ် ရန်ြုငိးဖွဲ့တတ်သော ရဟန်းသည် မြတ်စွာဘုရား၌လည်း ရိုသေမှု တုပ်ဝပ်မှုမရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့မရှိ။
ရဟန်းတို့ မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝင်မှုမရှိ၊ တရားတော်၌ ရိုသေမှု တုပ်ဝင်မှုမရှိ၊ သံဃာတော်၌ ရိုသေမှု တုပ်ဝင်မှုမရှိသည်ဖြစ်၍ နေသော အကျင့်သိက္ခာ၌ ဖြည့်ကျင့်လေ့မရှိသော ရဟန်းသည် သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်စေ၏၊ ယင်းငြင်းခုံခြင်းသည် လူအများ အစီးအပွားမဲ့ရန် လူအများ ချမ်းသာမဲ့ရန် ဆင်းရဲရန် ဖြစ၏်” စသည်ဖြင့် ပါရှိ၏၊
ဤသို့ ဝိဝါဒ (ငြင်းခုံခြင်း၏ အကြောင်းရင်းမူလမှာ ကောဓ ဥပနာဟ အမျက်ထွက်ခြင်း ရန်ြုငိးဖွဲ့ခြင်း ဒေါသတရားများ ဖြစ်သဖြင့် အရှင်သာရိပုတ္တရာ အရှင်ဥပါလိ စသော ရဟန္တာအရှင်မြတ်ကြီးများ၏ ဒေါသတရားကို သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ပယ်သတ်ပြီး ဖြစ်ခြင်းကြောင့် ငြင်းခုံမှု ဝိဝါဒတရား ဖြစ်ပွားစရာ လုံးဝ မရှိတော့ပေ။
သမ္မာဒိဋ္ဌိသုတေသနသမားတို့သည်သာ ယုတ်မာသော သဘောဖြင့် အပြစ်ဆိုလိုစိတ် ထက်သန်၍ အဖြစ်မှန်ကို တွေးကြံစဉ်းစား၊ မလေ့လာအားပဲ အမှားဟု တင်ပြကာ ဗုဒ္ဓစာပေကိုလည်းကောင်း ထိုဗုဒ္ဓစာပေကို သင်ကြားဆောင်ရွက်လာကြသည့် ခေတ်အဆက်ဆက်မှ ရဟန်းသံဃာတော်တို့ကိုလည်းကောင်း ရှုတ်ချရေရွတ် နေကြသည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
၂၀။ ဤစောဒနာအမှတ် ၁၀-တွင် (က)မှ စ၍ (ဆ)အထိ စွဲဆိုချက် ခုနှစ်ချက်မျှပါရှိရာ စုဒိတကပုဂ္ဂိုလ်တို့သည် ရှေ့(၆)ချက်ကို မည်သို့မျှ ရှင်းလင်း ချေဆိုခြင်း မပြုပဲ စွဲဆိုချက်အတိုင်းပင် ဝန်ခံကြသည်ဟု ဆိုရပေမည်။ (ဆ) အချက်ကို ရှင်းလင်းချေဆိုရာ၌လည်း စွဲဆိုချက်အတိုင်း ပြန်လည်ရှင်းလင်း ချေဆိုခြင်း မပြုနိုင်ပဲ ဝေါဟာရ အချက်အလက်များကိုသာ ရှင်းလင်းကြပေသည်။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ရှင်းလင်းချေဆိုချက်တွင် ဘုန်းကြီးဟူသော ဝေါဟာရ၊ ဘာသာဝန်ဆောင်ဟူသော ဝေါဟာရတို့ကို ဗုဒ္ဓဘာသာ သာသနာဝင်ဘုန်းကြီး၊ ဗုဒ္ဓဘာသာ ဝန်ဆောင်တို့ကို ဆိုလိုသည်မဟုတ်ဟု ဆိုသော်လည်း ယင်းတို့၏ ဟောပြောကြပုံကို ဖော်ပြရာ၌ ဓာတ်တော် အံတော် ဆံတော် တောင်ဝှေးတော်များ ပုတီးစိပ်ခြင်း ဆွမ်းသွပ်ခြင်း ပိဏ္ဍာကျွေးခြင်း စသည့် ဗုဒ္ဓဘာသာသုံး သီးခြားဝေါဟာရများနှင့် ဆက်တွဲဖော်ပြထားသဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီး ရဟန်း သံဃာတော်များကိုပါ တိုက်ရိုက်စွပ်စွဲပြောဆိုသည်မှာ ထင်ရှားလှပေသည်။
ထို့ကြောင့် စောဒကဆရာတော်များ တင်ပြထားသည့်အတိုင်းပင် ဝိနည်းတရားတော်နှင့်အညီ သီတင်းသုံး နေထိုင်လျက် ရှိကြသော ရဟန်းကောင်း ရှင်ကောင်း သံဃာတော်တို့အား ကဲ့ရဲ့ ရှုတ်ချ ပုတ်ခတ်စွပ်စွဲ ရေးသားသည့်အပြင် ယင်းစုဒိတကတို့ ရေးသားထာသည့် အချက်အလက် ကိုးကားတင်ပြချက်တို့မှာလည်း သံဂါယနာတင် ပါဠိအဋ္ဌကထာဋီကာတို့နှင့် ညီညာသက်ဝင်မှုမရှိ၊ ယုတ်မာသော အလိုဖြင့် ဆိုမိဆိုရာ ပြောဆိုရေးသားကြခြင်းသာဖြစ်ရာ တရားလမ်းကြောင်းဖြစ်သော ဓမ္မဝါဒ လမ်းကောင်းသို့ မလျှောက် အဓမ္မဝါဒလမ်းစောင်းသို့သာ ရောက်လျက်ရှိသည်ဟု နိုင်ငံတော် သီးခြားဝိနည်းဓိရ်အဖွဲ့အမှတ်(၂) ဆရာတော်များက လေ့လာသုံးသပ်၍ ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)စောဒနာ အမှတ်(၁၁)ပရိတ်ရွတ်ခြင်းကို ပယ်ခြင်းနှင့်စပ်သည့် ဝိနိစ္ဆယ
ပရိတ်ရွတ်မှုကို ရှုတ်ချပြောဆိုခြင်းနှင့် ပတ်သက်၍ စောဒနာ သောဓနာ နှစ်ရပ်ကို ဝိနည်းဓိုရ် ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်
၁။ စောဒနာအမှတ်(၁၁)တွင် စောဒကဆရာတော်များက ပရိတ်ဟု ခေါ်ဆိုသော ဘုရားဟော ပါဠိတော်များကို ဦးဥက္ကဋ္ဌဝါဒီတို့က မရွတ်ကောင်းဟု ဆိုပြီးလျှင် ပရိတ်ရွတ်မှုကို ဆန့်ကျင်၍ ဗုဒ္ဓဘာသာဆရာစဉ်ဆက် လိုက်နာကျင့်သုံးခဲ့သော လမ်းစဉ်ကို ဖျက်ဆီးနေပါကြောင်းနှင့် ဦးဥက္ကဋ္ဌဟောပြောသော တိတ်ခွေများမှ ကောက်နှုတ်ချက်များ, လူသေလူဖြစ် စသော စာအုပ်များမှ ထုတ်နှုတ်ချက်များကို ဖော်ပြ၍ စွဲဆိုလာသည်။ စုဒိတကတို့ဘက်မှလည်း ပရိတ်ရွတ်ဆိုခြင်းဖြင့် အကျိုးမရှိကြောင်း အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတော် ဣဋ္ဌသုတ်စသော သုတ်များကို ထုတ်၍ ကာကွယ်ချေပသည်တို့ကို တွေ့ရပေသည်။
၂။ ယင်းအချက်တို့နှင့် ပတ်သက်၍ ဝိနည်းဓိုရ်ဆရာတော်များသည် စောဒနာ သောဓနာ နှစ်ဖြာသော စကားရပ်တို့ကို အထပ်ထပ် နှိုင်းယှဉ်လေ့လာ၍ ဖြစ်သင့်ရာရာ စိတ်ဖြာ ဝေဖန်တော်မူကြသည်။
ဦးဥက္ကဋ္ဌဟော တိတ်ခွေ ၁၂-ဘီမျက်နှာပါ “ပရိတ်ကြီး ၁၂-သုတ်သည် အရည်းကြီးလက်ကျန်” ဟူသော စကားနှင့်ပတ်သက်၍ ဗုဒ္ဓသာသနာတော်ရှိ ပရိတ်တော်များနှင့် ပုဂံအရည်းကြီးတို့၏ ပရိတ်များ တူမတူကို မဟာရာဇဝင်ကြီး ပထမအုပ် ၁၇၂-နှင့် သာသနာလင်္ကာရစာတမ်း ၈၁-လာ-
ပုဂံပြည်၌ သမုဒ္ဒရာဇ်မင်းကစပြီး အနော်ရထာမင်းစောတိုင်အောင်သော မင်းအဆက်ဆက်တို့သည် သမထီးအရပ်၌ နေစမှတ်ပြုသော အရည်းကြီး သုံးကျိပ်နှင့် တပည့် အရည်းခြောက်သောင်းတို့ အဆုံးအမကို ခံ၍ ယူမှားကြကုန်၏၊ ထိုအရည်းတို့ အယူကား -
(၁) သူ့အသက်ကို သတ်မိသောသူသည် ဤပရိတ်ကိုရွတ်သော် ကမ္မပထမှ လွတ်၏၊
(၂) မိဘကို သတ်မိသောသူသည် ဤပရိတ်တော်ကို ရွတ်သော် ပဉ္စာနန္တရိကကံမှ လွတ်၏-ဟု ပါရှိသည်ကို ဆင်ခြင် စဉ်းစားကြပြီးလျှင် ဗုဒ္ဓဘာသာ ရဟန်း ရှင် လူတို့ ယနေ့ ရွတ်ဆိုနေကြသော ပရိတ်တော်များတွင် ဤသို့ ပရိတ်ရွတ်ရုံမျှဖြင့် ပါဏာတိပါတ စသော အကုသိုလ်ကမ္မပထမှ လွတ်မြောက်နိုင်ခြင်း, မိဘကိုသတ်ခြင်းစသော ပဉ္စနန္တရိကကံဟူသော အကုသိုလ် ဂရုကံကြီးများမှ လွန်မြောက်နိုင်ခြင်း လုံးဝမရှိ၊ ပရိတ်ကြောင့် ဤအကုသိုလ်ကံကြီးမျိုးကို မဆိုထားဘိ၊ ကာယကံမှု ဝစီကံမှု ပျောက်ရှင်းကင်းကွာ သွားနိုင်သည်ဟု မဆို အများအားဖြင့် ဘုရားဟော ပါဠိတော်များဖြစ်သော ပရိတ်တရားကို ရွတ်ဆိုပွားများ၍ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ ကြည်ညိုမှု စေတနာ သဒ္ဓါနှင့် မေတ္တာ သစ္စာစသော ကုသိုလ်တရားတို့၏ အစွမ်းအားကြောင့် ဖြစ်ပွား ငြိတွယ်လာသည့် အန္တရာယ်တို့ကို ပျောက်ကွယ်ကင်းရှင်းနိုင်သည်ဟုသာ ဆိုပေသည်။
ပရိတ်ရွတ်သူ၏ စိတ်ထား
ဤ၌ စေတနာ မေတ္တာ သစ္စာစသော ပရိတ်ရွတ်ဆိုရာ၌ ဖြစ်ပေါ်လာသည့် နာမ်တရားတို့၏ အစွမ်းသတ္တိကို ထင်ရှားအောင် ထုတ်ပြဦးမည်။ နာမ်တရား တို့သည် အသုံးပြုတတ်က အလွန်အစွမ်းသတ္တိ ရှိကြသည်။ လောကသားတို့၏ အားထားရာဖြစ်သော မြတ်စွာဘုရားသည် ကိုယ်တော်တိုင်လည်း နာမ်တရား၏ စွမ်းအားကို အသုံးပြုတော်မူသည်။ မဟာပရိနိဗ္ဗာနသုတ်တော်ကို ကြည့်ရှုလျှင် အားတော်ကုန်ခမ်း၍ မလှမ်း မကြွနိုင်လောက်အောင် ဖြစ်နေသော ကိုယ်တော်ကို ဖလသမာပတ်ဟူသော သမာဓိနာမ်တရားဖြင့် ဖာထေးဖွဲ့စပ်ပေးသဖြင့် ဆယ်လတိုင်တိုင် ကြံ့ခိုင်စွာ တည်နေတော်မူနိုင်၍ ခရီးဒေသစာရီ ကြွချီတော်မူလျက် တရားဒေသနာများစွာ ဟောကြားတော် မူနိုင်ခဲ့ပေသည်။
“အာနန္ဒာ လှည်းအိုကြီးသည် ဖာထေးဖွဲ့စပ်မှု အပြုအပြင်များ ဖက်တွဲပေးသဖြင့် တည်နေရသလို ငါဘုရားကိုယ်တော်မှာလည်း ဖာထေးဖွဲ့စပ်မှု အပြုအပြင်များ ဖက်တွဲပေးမှုဖြင့် မျှတနေရပေသည်။ အကြင်အခါ ငါဘုရားသည် ရုပ်နိမိတ်စသော နိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့် အချို့ဝေဒနာများ ချုပ်ငြိမ်းခြင်းကြောင့် အနိမိတ္တ စေတောသမာဓိ (ဖလသမာပတ်)နှင့် ပြည့်စုံစေ၍ နေ၏၊ ထိုအခါ ငါဘုရား၏ ကိုယ်တော်မှာ အလွန့်အလွန် ချမ်းသာလှ၏၊ ထို့ကြောင့် သင်တို့လည်း မိမိကိုယ်သာ မှီခိုရာ ပြုနေကြ၊ သတိပဌာန် လေးပါး ပွားများကြ” (မဟာပရိနိဗ္ဗာနသုတ်)။
ထို့ပြင်လည်း ဆန္ဒ စိတ္တ ဝီရိယ ပညာဟူသော နာမ်တရားတို့ကို ပွားများနေလျှင် ဘုရားကိုယ်တော်မြတ်သည် အာယုကပ်ကုန်ဆုံးအောင်ပင် တည်နေတော်မူနိုင်ကြောင်း ဟောတော်မူ၏၊ ယင်းဆန္ဒ စိတ္တ ဝီရိယ ပညာဟူသော နာမ်တရားတို့ကို ဣဒ္ဓိပါဒ်ဟု ဆိုရသည်။ ဣဒ္ဓိပါဒ်ဟု ဆိုသဖြင့် တန်ခိုးပြာဋိကာဟု မမှတ်ရာ၊ နာမ်တရားတို့၏ အစွမ်းသတ္တိကြီးမားပုံကို မြတ်စွာဘုရားသည် အခါများစွာ ဟောကြားတော်မူလေ့ရှိသည်။ ဤပရိတ်ရွတ်ခြင်း ဟူသည်မှာလည်း ဖော်ပြပါ စေတနာ သဒ္ဒါ မေတ္တာ သစ္စာ နာမ်တရားများဖြစ်၍ ယင်းနာမ်တရားတို့သည် ဘာဝနာသို့ မရောက်သေးသည့်တိုင်အောင် ကြိမ်ဖန်များစွာ ပွားများ၍နေလျှင် ထူးခြားသော စွမ်းရည် သတ္တိရှိကြောင်း ထင်ရှားလှသည်။
၃။ ထို့ကြောင့် စောဒက ရဟန်းတော်များ၏ ဝိသေသစောဒနာတွင် -
ဒီဃနိကာယ် ပါထိကဝဂ် အဋာနာဋိယသုတ်၌ မြတ်စွာဘုရားသည် ရဟန်းတို့အား သင်ယူဆောင်ရန် တိုက်တွန်း ညွှန်ကြားထားသည်ကို -
ဥဂ္ဂဏှာထ ဘိက္ခဝေ အာဋာနာဋိယံ ရက္ခံ။ ပ။ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ ဂုတ္တိယာ ရက္ခာယ အဝိဟိံ သာယ ဖာသု ဝိဟာရာယာတိ။
ရဟန်းတို့ အာဋာနာဋိယမည်သော အရံအတားကို သင်ယူကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သော အရံအတားကို အဖန်ဖန် လေ့လာကြကုန်လော့။ ပ။ အာဋာနာဋိယမည်သော အရံအတားသည် ရဟန်း ယောကျ်ား၊ ရဟန်းမိန်းမ၊ ဥပါသကာ ယောကျ်ား၊ ဥပါသိကာ မိန်းမတို့၏ အကာအကွယ် အစောင့်အရှောက် ဖြစ်ခြင်းငှာ ချမ်းသာစွာ နေရာခြင်းငှာ ဖြစ်၏၊
ဝိနည်းပိဋကတ် ပါစိတ်ပါဠိတော် ဘိက္ခုနီဝိဘင်း တိရစ္ဆာနကထာသိက္ခာပုဒ်နှစ်ခု၏ အနာပတ္တိဝါရတို့၌ လိုရင်းမျှ ကောက်နုတ်၍-
အနာပတ္တိဂုတ္တတ္ထာယ ပရိတ္တံ ပရိယာပုဏာတိ၊
အနာပတ္တိဂုတ္တတ္ထာယ ပရိတ္တံ ဝါစေတိ (ဝိ၊၂၊၄၀၂-၃)
ဟု ဘေးရန်မှ လုံခြုံရေးအတွက် ပရိတ်ကို သင်ယူပို့ချသော ရဟန်းမိန်းမအား အာပတ်မှ ကင်းလွတ်ခွင့်ပေးသော ပညတ်ချက်ကို တွေ့ရပါသည်။ ဤသိက္ခာပုဒ်၌ ခွင့်ပြုအပ်သော ပရိတ်ဟူသည်-
ပရိတ္တန္တိ ယက္ခပရိတ္တနာဂမဏ္ဍလာဒိဘေဒံ သဗ္ဗမ္ပိ ဝဋ္ဋတိ (ဝိ၊ဋ္ဌ၊၃၊၂၁၅)
ဟူသော အဋ္ဌကထာနှင့်အညီ တစ္ဆေသရဲနိုင်မန္တန်၊ မြွေနိုင်မန္တန် စသည်တို့ကို ဖြစ်ပါသည်။ ဘုရားဟောမဟုတ်သော ဤမန္တန်မျိုးကိုပင် သင်ယူပို့ချခွင့်ပြုတော်မူသည်ဆိုလျှင် ဘုရားဟောဖြစ်သည့် ပရိတ်တို့ကိုမူကား အထူးဆိုဖွယ်မရှိ၊ ခွင့်ပြုပြီးပင် ဖြစ်ပါတော့သည်။ ထို့ပြင် ရဟန်းမိန်းမတို့အား ခွင့်ပြုသည်ဆိုထားသဖြင့် ရဟန်းယောက်ျားတို့နှင့်တကွ လူဒကာ ဒကာမတို့အားလည်း ခွင့်ပြုပြီးပင် ဖြစ်ပါတော့သည်” ဟု တင်ပြထားကြသည်မှာ အလွန်ပင်သင့်လျော်၍ ပါဠိတော် အဋ္ဌကထာ များစွာသော ဗုဒ္ဓတရားတော်တို့နှင့် အညီအညွတ်ပင် ဖြစ်ပေသည်။
စုဒိတကချေပချက်
၄။ ထိုပရိတ်ရွတ်ခြင်းနှင့် ပတ်သက်၍ သခင်မြတ်ဆိုင်၏ ထုချေရှင်းလင်းချက်သောဓနာတွင် အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် ဣဠသုတ်လာ-
“အသက်ရှည်ခြင်း အဆင်းလှခြင်း အခြံအရံများခြင်း ဘဝကောင်းရခြင်းတို့ကို အလိုရှိပါက စိတ်ဖြင့်နှစ်သက်ရုံမျှဖြင့် လည်းကောင်း၊ နှုတ်ဖြင့် တောင့်တရုံမျှဖြင့်လည်းကောင်း ထိုအကျိုးငါးပါးတို့ကို မရနိုင်၊ အကယ်၍ ရနိုင်ကုန်အံ့၊ ဤလောက၌ မည်သူမျှ ယုတ်လျော့သူဟု မရှိနိုင်ရာ။ ဒါယကာ ထိုအလိုရှိရာတို့သည် ကိုယ်တိုင်ကျင့်သုံးသူသာလျှင် ရရာ၏ဟူ၍ ဟောထားကြောင်းပါ တွေ့ရသည်” ဟူ၍ ကိုးကား ထုတ်ပြထားလေသည်။
ယင်း၏ အထိရောက်ဆုံး ထုတ်နုတ်ချက်ဖြစ်သော ဣဋ္ဌသုတ်လာ စကားရပ်သည်လည်း ပရိတ်ရွတ်ဆိုခြင်းနှင့် မည်သို့မျှ မသက်ဆိုင်၊ အသက်ရှည်ခြင်း စသည်ကို အလိုရှိသူသည် အသက်ရှည်မှုကို စိတ်ဖြင့် နှစ်သက်ရုံမျှ နှုတ်ဖြင့် တောင့်တရုံမျှဖြင့် မရနိုင်ကြောင်း အသက်ရှည်ကြောင်းအကျင့်ကိုကျင့်မှသာ ရနိုင်ကြောင်းသာ ဟောတော်မူလိုရင်းဖြစ်သည်။ အသက်ရှည်ကြောင်း အကျင့်ဟူသည်မှာလည်း ကုသိုလ်တရားများ ပြုလုပ်ရန်ပင်ဖြစ်ကြောင်း ယင်းကို ဖွင့်ဆိုရာ၌-
“အာယုသံဝတ္တနိကာ ပဋိပဒါတိ ဒါနသီလာဒိကာ ပုညပဋိပဒါ” (အံ၊ဋ္ဌ၊၃၊၂၃)
ဟု ဖော်ပြထားလေသည်။
ဆိုလိုသည်မှာ အသက်ရှည်ကြောင်း အကျင့်ဆိုသည်ကား ဒါနသီလအစရှိသော ကုသိုလ်ကောင်းမှု အကျင့်တရားများပင်ဖြစ်ရာ အထက်ဖော်ပြပါ စေတနာ သဒ္ဓါ မေတ္တာ သစ္စာတရားများပင် ပါဝင်လာပေသည်။ ထို့ကြောင့် သခင်မြတ်ဆိုင် ကိုးကားဖော်ပြသော ဣဋ္ဌသုတ်လာ စကားရပ်တို့သည် ၎င်းတို့အတွက် သက်သေမဖြစ်ဘဲ ရှိနေသည်ကို တွေ့ရပေသည်။
ထို့ပြင် ပရိတ်ရွတ်ခြင်းကို သီလက္ခန်သာမညဖလသုတ်လာ မန္တန်ရွတ်ခြင်း၊ နတ်ကိုးခြင်း၊ ြုဂိဟ်နတ်ပူဇော်ခြင်း၊ ဗေဒင်အတတ် နိမိတ်ဟောအတတ်၊ ဆေးဝါးအတတ်တို့ကို ပြုစီရင်ခြင်းတို့နှင့်လည်းကောင်း သုတ္တနိပါတ် သမ္မာပရိဗ္ဗာဇနိယသုတ်လာ အိပ်မက်ကျမ်း လက္ခဏာကျမ်းတို့ကို ယုံကြည်ခြင်းတို့နှင့်လည်းကောင်း ထပ်တူပြ၍ ကိုးကားချေဆိုပြန်လေသည်။ ယင်းတို့မှာလည်း ပရိတ်မေတ္တာဘာဝနာပွားများမှုနှင့် မည်သို့မျှ မသက်ဆိုင်ချေ။ ပရိတ်တော်များသည် ဘုရားဟောပါဠိတော်များပင် ဖြစ်သည်။ ပရိတ်တော် ၁၁-သုတ်တို့ကို တစ်သုတ်စီ စိစစ်ကြည့်ရှူလျှင် သစ္စာပြုခြင်း၊ မေတ္တာပွားများခြင်း၊ ဂုဏ်တော်စီးဖြန်းခြင်းများသာ ပါရှိသည်။ ယင်းသစ္စာပြုခြင်း စသည်သည် ဆေးကုခြင်း ဗေဒင်ဟောခြင်း နတ်ကိုးကွယ်ခြင်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သဖြင့် ဤကိုးကားချက်များသည်လည်း ၎င်းတို့အတွက် အကာအကွယ်မဖြစ်တော့ချေ။ နောက်ကိုးကားချက်များမှာလည်း ဤနည်းအတူသာ ဖြစ်ချေသည်။
၅။ နောက်ဆုံး သခင်မြတ်ဆိုင်က “သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ ဆိုသော စကားလုံးမှ စလိုက်ရာ နတ်ကိုးခြင်းကို တားမြစ်ထားသော သာမညဖလသုတ်ပါ အဆိုအမိန့်များကိုလည်းကောင်း” စသည်ဖြင့် အထက်စကားများ အတိုင်းပင် ပရိတ်ရွတ်သူတို့သည် နတ်ကိုးခြင်း ဆုတောင်းခြင်း တိုးလျှိုးတောင်းပန်ခြင်းများကို ပြုနေခြင်းဖြစ်ကြောင်း စွပ်စွဲ တင်ပြလာပြန်၏၊
အမှန်မှာ “သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ” ဟူသော စကားမှာ ၎င်းဆိုလိုသကဲ့သို့ နတ်ကိုးခြင်း နတ်တို့ကို ရှေ့တန်းတင်ခြင်းမဟုတ်၊ နတ်ကောင်း နတ်ဆိုး အမျိုးမျိုးတို့သည် ပရိတ်တော်ကို လာရောက်နာကြားကြပြီး ထိုက်သင့်သော ကောင်းကျိုးများရရှိစေရန် လူများကို ပရိတ်နာ ဖိတ်ကြားသည့်နည်းတူ ဖိတ်ခေါ်ချက်စကားမျှသာဖြစ်သည်။” ဤသို့ ပရိတ် မရွတ်မီ နတ်တို့အား ဖိတ်ခေါ်ရခြင်းသည်လည်း အကြောင်းမဲ့မဟုတ်။ ပရိတ်တည်းဟူသော မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားတော်တို့ကို နတ်တို့နာကြားရ၍ ကြည်နူးဝမ်းသာ သဒ္ဓါကြည်ညိုစိတ်ဖြစ်လျှင် ဆင်းရဲလွတ်ကင်း ချမ်းသာခြင်းတို့ လက်ငင်းရောက်ရကြောင်း ထုံးဟောင်းရှိသဖြင့် ရှေးဦးစွာ မရွတ်ဆိုမီ ဖိတ်ကြားခြင်း ဖြစ်ပေသည်။ ဤစကား၏ သာဓကအဖြစ် သံယုတ်ပါဠိတော်လာ ပိယင်္ကရသုတ်ကို ထုတ်ပြလိုပေသည်။
၆။ ပိယင်္ကရသုတ်မှာ သဂါထာဝဂ္ဂသံယုတ်” ပါဠိတော်၌ “ဧတံ သမယံ အာယသ္မာ အနုရုဒ္ဓေါ” စသည်ဖြင့် ပါရှိသည်။
အခါတစ်ပါး၌ အရှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် တညဉ့် မိုးသောက်ယံ အချိန်၌ စောစောထ၍ ဓမ္မအစု (တရားတော်) တို့ကို ရွတ်ဆိုနေသည်။ ထိုအခါ ပိယင်္ကရဟူသော သားငယ်ရှိ၍ ပိယင်္ကရမာတာမည်သော ဘီလူးမသည် သားငယ်နှင့်အတူ ထိုနေရာသို့ရောက်လာ၍ တရားသံကို နာယူစဉ် သားငယ်က အသံပြုသဖြင့် “မာသဒ္ဒံ ကရိ ပိယင်္ကရ=ပိယင်္ကရ အသံမပြုလင့်၊ ရဟန်းသည် ဓမ္မအစု (တရားတော်) တို့ကို ရွတ်ဆိုနေ၏၊ (မာ သဒ္ဒံ ကရိ ပိယင်္ကရ၊ ဘိက္ခု ဓမ္မပဒါနိ ဘာသတီ။ အပိ စ ဓမ္မပဒံ ဝိဇာနိယ၊ ပဋိပဇ္ဇေမ ဟိတာယ နော သိယာ။ ပါဏေသု စ သံယမာမသေ၊ သမ္ပဇာနမုသာ န ဘဏာမသေ။ သိက္ခေမ သုသီလျမတ္တနော၊ အပိ မုစ္စေမ ပိသာစယောနိယာ။ (သံ၊၁၊၂၁၁)
“ ငါတို့သည် တရားအစုတို့ကိုသိ၍ ကျင့်နိုင်ကုန်ငြားအံ့လည်း မသိ။ ငါတို့အား စီးပွားခြင်းငှာ ဖြစ်တန်ရာ၏။ မြေဘုတ်ဘီလူးဘဝမှ လွှတ်တန်ရာ၏” ဟု နှစ်သိမ့်၏။ တရားတော်အဆုံး၌ ပိယင်္ကရမာတာသည် သောတာပတ္တိဖိုလ်သို့ ရောက်၍ ဆင်းရဲမှ လွတ်မြောက်လေသည်။
ဤပိယင်္ကရမာတာအတူ ဥတ္တရမာတာ စသည်တို့သည်လည်း ရဟန္တာအရှင်မြတ်တို့၏ ည နံနက် ရွတ်ဆိုသောတရားတော်သံ မြတ်စွာဘုရား၏ တရားတော်သံတို့ကို သွားယင်းလာယင်း အစားအစာ ရှာဖွေယင်း ကြားလိုက်ရ နာလိုက်ရသဖြင့် မကောင်းသောဘဝတို့မှ လွတ်မြောက်၍ သွားကြကုန်သော သာဓကများ အမြောက်အမြား ရှိကြလေသည်။ ထိုသာဓကများကို အာရုံရှေးရှု နှလုံးပြု၍ ယခုခေတ် ရဟန်းရှင်လူတို့သည် ပရိတ်ရွတ်ခါနီးတိုင်း ထိုပိယင်္ကရမာတာတို့ကဲ့သို့သော ဖုတ်ပြိတ္တာ ဘီလူးများနှင့် နတ်ကောင်းနတ်မြတ်များပါ လာရောက်နာကြား၍ စိတ်ထားရွှင်ပြ အနုမောဒနာပြုရကာ သုခစီးပွား အကျိုးများကြစေခြင်းငှာ ဖိတ်ကြားဂါထာ “သမန္တာ စက္ကဝါဠေသု” ကို ပရိတ်ရွတ်မှု၏ ရှေးဦးစွာ ရွတ်ဆိုကြခြင်း ဖြစ်ပေသည်။ ၎င်းဂါထာ၌ နတ်တို့ကို ကိုးခြင်း ဆုတောင်းခြင်း လုံးဝမပါပေ။
“ဤ စကြာဝဠာ၏ ပတ်ဝန်းကျင်စကြာဝဠာတသောင်းရှိ နတ်ဗြဟ္မာတို့သည် ဤပရိတ်တရား ဟောကြားရာဌာနသို့ လာရောက် ကြကုန်လော့။ မြတ်စွာဘုရား၏ နတ်ပြည် နိဗ္ဗာန်အကျိုးကို ပေးတတ်သော ပရိတ်တရားတော်ကို နာယူလှည့်ကြပါကုန်လော့” ဟူ၍ ဖိတ်ကြားတိုက်တွန်းသော အဓိပ္ပာယ်သာ ပါရှိပေသည်။
၇။ ဤစကားလာ “မြတ်စွာဘုရား၏ နတ်ပြည်နိဗ္ဗာန်အကျိုးကို ပေးတတ်သော ပရိတ်တရားတော်ကို” ဟူသောအပိုဒ် “သဒ္ဓမ္မံ မုနိရာဇတ်သ၊ သုဏန္တု သဂ္ဂမောက္ခဒံ”အရ ပရိတ်တော်များသည် သတံ ဓမ္မော=သူတော်ကောင်းတို့ တရား၊ သန္တော ဓမ္မော=ချီးမွမ်းအပ် ကောင်းမြတ်သော တရား၊ ဤအနက်များအရ သဒ္ဓမ္မ မည်၏။ ထိုသဒ္ဓမ္မမှာ-
ပရိယတ္တိ သဒ္ဓမ္မ (ပိဋကသုံးပုံ)၊
ပဋိပတ္တိ သဒ္ဓမ္မ (မဂ်ဖိုလ်ရကြောင်း အကျင့်များ)၊
အဓိဂမ သဒ္ဓမ္မ (မဂ်ဖိုလ်နိဗ္ဗာန်) ဟု သုံးမျိုးရှိသည်။
ဤသုံးမျိုးလုံးပင် သဒ္ဓမ္မ မည်သောကြောင့် ထိုထိုပါဠိ၌ သဒ္ဓမ္မသဒ္ဒါသည် သုံးပါးလုံးကိုလည်းကောင်း၊ နှစ်ပါးကိုလည်းကောင်း၊ တစ်ပါးကိုလည်းကောင်း တစ်ပါးထဲက အစိတ်စိတ်တရားကိုလည်းကောင်း အရာအားလျော်စွာ ဟော၏၊ ထို့ကြောင့် ဤ၌လည်း ပရိယတ္တိ၏ အစိတ်ဖြစ်သော ပရိတ်တရားတော်ကို ဟောသည်။ ထိုပရိတ်တရားတော် သဒ္ဓမ္မကို ဂုဏ်တင်လို၍ “သဂ္ဂမောက္ခဒံ=နတ်ပြည် နိဗ္ဗာန်အကျိုးကို ပေးတတ်သော” ဟု ဆို၏၊ ဤပရိတ်တော်များသည် မည်မျှနတ်ပြည် နိဗ္ဗာန်အကျိုးကို ပေးသည်ဟု ချဲ့ထွင်ပြောဆိုနေဖွယ်ပင် မလို၊ ပရိတ်တော်အားလုံးကို မဆိုထားဘိ မင်္ဂလသုတ်တရားတော် အတိုင်းမျှ လိုက်နာကျင့်ကြံရလျှင်ပင် ထိုအကျိုးတရားများ တိုးပွားလာနိုင်သည်ဟု စဉ်းစားဉာဏ်ရှိသူတိုင်း သိသာနိုင်ပေသည်။
၈။ “ပရိတ်ရွတ်ခြင်းသည် ကောင်းကျိုးဧကန်မှန်ပါက အဘယ်ကြောင့် ဆေးရုံများ ဆောက်လုပ်နေကြသည်ကို တပည့်တော်များ နားမလည်ပါဘုရား” ဟု သခင်မြတ်ဆိုင်၏ သောဓနာချေဆိုချက်တွင် ပါရှိ၏၊
ဤစကားမှာ တပည့်တော်များ နားမလည်ပါဟု ဆိုသော်လည်း တကယ်နားမလည်၍ ပြောဆိုသည့် စကားမဟုတ်၊ ပရိတ်တရားတော်များကို သရော်ပြက်ချော် မတော်မတရား ပြောဆိုသည့်အသံသာ ဖြစ်သည်။ တကယ်နားမလည်ဟု ဆိုလျှင်လည်း သဘာဝကျပေသည်။ အဘယ့်ကြောင့်ဆိုသော် အမှန်တရားကို သိမြင်ရန် သခင်မြတ်ဆိုင်၌ အကြောင်းအင်္ဂါ မစုံသောကြောင့် ဖြစ်ပေသည်။ လူ၌အရေးကြီးသော မနောဝိညာဏ်နာမ်တရား၏ အခန်းကဏ္ဍကို ပစ်ပယ်၍ (စ-သ-ဃ-ဇ-က) ဟူသော ပသာဒရုပ်ငါးပါးကိုသာ စဉ်းစားတွေးခေါ်မှု၏ အဓိကမဏ္ဍိုင်အဖြစ် ထားရှိသူမှန်သမျှ သိမ်မွေ့နက်နဲသော ဗုဒ္ဓဓမ္မဆိုင်ရာ ကိစ္စရပ်များကို နားလည်နိုင်ကြမည် မဟုတ်ပေ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပရိတ်တရားတော်များသည် စေတနာ သဒ္ဓါ သစ္စာ မေတ္တာ ဟူသော နာမ်တရားများဖြစ်၍ ယင်းနာမ်တရားများကို အဇ္ဈတ္တသဘာဝသို့ ထိခိုက် စိမ့်ထုံသွားအောင် စူးစူး စိုက်စိုက်ရွတ်ပွားခြင်းသည်ပင် ဆန္ဒစိတ္တ ဝီရိယ ဝီမံသ ဟူသော ဣဒ္ဓိပါဒ အဖြစ်သို့ရောက်ကာ အကျိုးပြီးမြောက်ရခြင်းမျိုးပင် ဖြစ်သည်။ ဥပမာ-ရောဂါတစ်ခုဖြစ်လျှင် ပျောက်ကင်းစေလိုသော ဆန္ဒကလည်း အားကြီးသည်။ ပျောက်ကင်းရေး၌ စိတ်လည်း အလွန်ထက်သန်နေသည်။ ပျောက်ကင်းရန် စိတ်စွဲပြီး ဇွဲဖြင့် ကြိုးစားသည်။ သင့် မသင့် ချင့်ချိန်တတ်သော စဉ်းစားဉာဏ်လည်း လွန်ကဲနေသည်။ ထိုအတွင်းစိတ်ကို ကြည်လင်စေသော ဗောဇ္ဈင်သုတ်တရားများကို ကြားနာရွတ်ပွား စေတနာသဒ္ဓါ တိုးပွားမှုအရှိန်နှင့် ထိတွေ့လိုက်ရလျှင် ထိုအရှိန်ဓာတ်၏ ရိုက်ခတ်မှုကြောင့် ခက်မာမှု ပူလောင်မှုများ လျော့ပါးသွားရသည်။ သို့ဖြင့် ပရိတ်တရားတော်၌ဖြစ်သော စေတနာ သဒ္ဓါ မေတ္တာ သစ္စာများမှာ အရှိန်နှင့်တကွဖြစ်၍ အဇ္ဈတ္တဗဟိဒ္ဓနှစ်ရပ်လုံးမှာပင် စိမ့်ထုံ စူးဝင်လျက်ရှိသဖြင့် အဇ္ဈတ္တ၌ ရောဂါပျောက်ကင်းခြင်းအကျိုး ဗဟိဒ္ဓ၌ အန္တရာယ်ကင်းခြင်း အကျိုးများကို ပြီးမြောက် စေနိုင်ခြင်းပင် ဖြစ်သည်။
၉။ ထို့ကြောင့် သံယုတ္တနိကာယ် ဂိလာနသုတ်တို့တွင် အပြင်းအထန် မကျန်းမမာဖြစ်နေသော အရှင်မဟာကဿပ၊ အရှင်မဟာမောဂ္ဂလ္လာန်တို့အား ဗောဇ္ဈ ၇-ပါးတရားတော်ကို မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားရွတ်ဆိုပြသဖြင့် ထိုအရှင်နှစ်ပါးတို့သည် ဗောဇ္ဈင် ၇-ပါး တရားကို နာရလျင်ပင် ချက်ချင်းယူပစ်သလို ရောဂါများ ပျောက်ကင်းသွားရသည်။ တစ်ခါတွင် ဘုရားရှင်ကိုယ်တော်တိုင် ကိုယ်လက်မအီမသာ မကျန်းမမာဖြစ်လာ၍ အရှင်စုန္ဒအား ဗောဇ္ဈင် ၇-ပါး တရားတော်ကို အရွတ်ခိုင်းပြီးလျှင် မြတ်စွာဘုရား နာကြားတော်မူကာ ဝေဒနာမှ လွတ်ကင်းတော်မူရသည် (သံ၊၃၊၇၁-၇၃)။ (မဟာဝဂ္ဂသံယုတ်ပါဠိတော်) ဤသည်တို့ကို အကြောင်းပြု၍ ယင်းဂိလာနသုတ် ၃-သုတ်ကို ဗောဇ္ဈင်္ဂပရိတ်ပြု၍ ယခုခေတ်အထိ ရွတ်ဆိုလျက်ရှိကြသည်။ ပါဠိတော်မူရင်းမှာ စုဏ္ဏိယဖြစ်၍ ပိုမိုရွတ်ဆိုလွယ်ကူစေရန် ဂါထာစီကုံးလျက် ပရိတ် (၁၁) သုတ်တွင် ဗောဇ္ဈင်သုတ်ကို ထည့်သွင်းထားပေသည်။
၁၀။ ဗောဇ္ဈင် ၇-ပါး တရားတော်ကဲ့သို့ပင် မြတ်စွာဘုရား ဟောကြားတော်မူသော သုတ္တန်ပါဠိတော်များ ရောဂါပျောက်ကင်းကြကြောင်းမှာ အရှင်ဂိရိမာနန္ဒ အပြင်းအထန် မကျန်းမာသောအခါ မြတ်စွာဘုရားက အရှင်အာနန္ဒာအား သညာဆယ်ပါး တရားတော်ကို ဟောကြားစေသဖြင့် အရှင်ဂိရိမာနန္ဒ ရောဂါလုံးဝကင်းရှင်းသွားရကြောင်း အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် အရှင်ဂိရိမာနန္ဒသုတ် (အံ၊၃၊၃၄၂) တွင်လည်းကောင်း နကုလပိတာသူကြွယ် ရောဂါဝေဒနာဖြစ်ရာ နကုလမာတာက ငဲ့ကွက် တွယ်တာ ကင်းကွာရေး ဘုရားရှင် အဆုံးအမတော်ကို ဟောပြသဖြင့် လုံးဝ ရောဂါကင်းသွားကြောင်း အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ် နကုလပိတုသုတ် (အံ၊၂၊၂၆၁) တွင်လည်းကောင်း ဟောတော်မူထားပေသည်။
ဤမြတ်စွာဘုရား၏ သုတ္တန်တရားတော်များသည် နာကြားသူ၏ နှလုံးအိမ်တွင် တရှိန်ရှိန် တစိမ့်စိမ့် ကြည်နူး၍ လာစေကာ သဒ္ဓါ ပီတိ ပဿဒ္ဓိ သုခတို့ တခုမှတခု ကူးစက်ဝင်ရောက်၍ နောက်ဆုံး သမာဓိစခန်းသို့ ပေါက်ရောက်သွားနိုင်ပေသည်။ ထို တရားအဆင့်ဆင့် နာမ်ဓာတ်တို့ကား အေးမြငြိမ်းချမ်းသော နာမ်ဓာတ်များဖြစ်ပေရာ ရောဂါဝေဒနာ အပူအလောင်တို့ ခွာရှောင် ကြဉ်ဖယ်၍ သွားရောက်သွားသည်မှာ ထင်ရှားသော တရားသဘောပင် ဖြစ်ပေသည်။
၁၁။ “န ဟိ သစ္စကိရိယာ ဝေဇ္ဇကမ္မံ ဟောတိ” ဟု မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ(၂၃၄) မိန့်ဆိုချက်အရ သစ္စာပြုခြင်း စသည်များသည် အမှန်မှာ ဆေးဝါးကုစားခြင်း ကိစ္စမျိုးကား မဟုတ်၊ သို့သော် “သစ္စာလေးနက်၊ ပေါ်ဆီတက်က၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏” ဟူသော မြန်မာစကားအတိုင်းပင် သစ္စာကြောင့် အသက်ရှင်ရခြင်း အောင်မြင်မှုရရှိခြင်း စသည်တို့သည် အထင် အရှားပင် ဖြစ်သည်။
အမှန်အတိုင်း ပြောဆိုသောစကားကို သစ္စာဟု ဆို၏။ ထိုသစ္စာကို ဝစီသစ္စာဟု ဆိုရသည်။ မုသားပြောဆိုမှုမှ ရှောင်ကြဉ်မှု သည် ဝိရတီသစ္စာဖြစ်၏။ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဤလေးပါးသည် အရိယသစ္စာဖြစ်၏။ တကယ် ထင်ရှားရှိ၍ မပျက်စီးတတ် ကောင်းမြတ်သောသဘောရှိသော နိဗ္ဗာန်ကို ပရမတ္တသစ္စာဟု ဆိုသည်။ အမှန်မဟုတ်သော်လည်း မိမိက အမှန်ဟု စွဲချက်အရ ဆိုနေသော သစ္စာကား မိစ္ဆာသစ္စာမျိုး ဖြစ်သည်။ “ဤသစ္စာတို့တွင် ပရိတ်တော်လာ “ဧတေန သစ္စဝဇ္ဇေန” ဟူသော သစ္စာမှာ ဝစီသစ္စာဖြစ်လေသည်။ ဝစီသစ္စာမှာ အဖြစ်အပျက်အမှန်ကို အမှန်အတိုင်း ပြောဆိုသော သဘာဝဓမ္မမျိုးဖြစ်၍ အလွန်စူးရှဖြောင့်မှန်၍ အမြန်ဆုံးစူးရှ ထိရောက်စေနိုင်သဖြင့် ရောဂါပျောက်ကင်းခြင်း အဆိပ်အတောက်ကင်းကွာခြင်း မီးကို ငြိမ်းစေခြင်း မိုးကိုရွာစေခြင်း စသော အံ့ဩဖွယ်ရာ ကောင်းကျိုးချမ်းသာများကို ရရှိစေနိုင်ပေသည်။
သို့သော် ဤနေရာ၌ အထူးသိဖွယ်ရှိသည်မှ “တီဟိ မဟာရာဇ ကာရဏေဟိ ပရိတ္တံ န ရက္ခတိ ကမ္မာဝရဏေန ကိလေသာဝရဏေန အသဒ္ဓဟနတာယ” ဟူသော မိလိန္ဒပဥှာပါဠိတော်လာအတိုင်း ပဉ္စာနန္တရိယကံသင့်သူ နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်နေသူ ပရိတ်တန်ခိုးကို မယုံကြည်သူတို့အဖို့ကား မည်သည့်အကျိုးကိုမျှ မရနိုင်သည်ကို သတိပြုရပေမည်။
၁၂။ စုဒိတကပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဦးဆန္ဒာဓိက၏ သောဓနာတင်သွင်းလွှာတွင် ပရိတ်နှင့်ပတ်သက်၍ စာ နှစ်မျက်နှာခန့် ပါရှိ၏။ အခြားအချက်များစွာအတွက် အထက်ပါ စိစစ်ချက်များ၌ ပါဝင်၍သွားပြီးဖြစ်သဖြင့် ထပ်မံမဆိုလိုတော့ပေ။ ၎င်း၏ တင်သွင်းလွှာအဆုံးတွင် “မိစ္ဆာဇီဝများကို သမ္မာအာဇီဝထင်မှတ်နေကြလျှင် ပရိတ်အကျိုးရမည်ထက် သာသနာတွင်း၌ လူဖြစ်ကျိုး ရှုံးမည်ကို ပိုမိုကြောက်သင့်ပါသည်” ဟူ၍ ပါရှိ၏။ ယင်းနှင့် ပတ်သက်၍ အနည်းငယ် စိစစ်ရန် လိုအပ်ပေသည်။
ပရိတ်ရွတ်ခြင်းသည် ရဟန်းတို့၏ အာဇီဝပါရိသုဒ္ဓိသီလနှင့် မည်သို့မျှ မပတ်သက်ချေ။ ရဟန်းတော်တို့၏ စတုပါရိသုဒ္ဓိသီလ၌ ပါဝင်သော အာဇီဝပါရိသုဒ္ဓိသီလမှာ အနေသနတို့မှ ကြဉ်ဖယ်၍ စင်ကြယ်စွာခံယူ သုံးဆောင်မှုမျိုးသာဖြစ်သည်။ ပရိတ်ရွတ်ခြင်းသည် မိမိ၏ကျောင်းသင်္ခမ်း၌ ဝတ်တက် ဝတ်ကပ်ပြုလုပ်ရာ၌ ရွတ်ဆိုခြင်း၊ ဒါယကာ ဒါယိကာမတို့၏ ပင့်လျှောက်ချက်အရ သွားရောက်ရွတ်ဆိုခြင်း ဟူ၍ နှစ်မျိုးရှိရာ ဒါယကာ ဒါယိကာမတို့အတွက် ရွတ်ဆိုခြင်း၌ ပါထိကဝဂ္ဂဋ္ဌ ကထာ အာဋာနာဋိယသုတ်အဖွင့် ၁၄၉-အရ-
အနက်သဒ္ဒါကို သုတ်သင်၍ ကောင်းစွာ သင်ယူထားခြင်း၊
ပုဒ်ဗျည်းတို့ကို မယုတ်စေရ၊ ပြည့်စုံအောင် လေ့လာ ကျက်မှတ်ထားခြင်းနှင့်၊
လာဘ်လာဘကိုမငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်း၊
ဤသို့ အင်္ဂါသုံးပါးရှိရာ နောက်ဆုံးအင်္ဂါဖြစ်သော လာဘ်လာဘကို မငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်းကို အလေးအနက် ထားကြရမြဲပင် ဖြစ်သည်။ ထို့ကြောင့် “လာဘဟေတု ဥဂ္ဂဟေတွာ ဘဏန္တဿာပိ အတ္ထံ န သာဓေတိ” ဟု ယင်းအဋ္ဌကထာ၌ အထူးဆိုထားပေသည်။ ထို့ကြောင့် ရံဖန်ရံခါ ဒါယကာ ဒါယိကာမတို့က ပင့်ဖိတ်၍ ပရိတ်တရားတောင်းဆိုလျှင် လာဘ်လာဘကိစ္စ ပါဝင်လာပါက ပရိတ်အကျိုးတရားကို တိုးပွားပြီးစီးခြင်း မရှိနိုင်သဖြင့် ပရိတ်ရွတ်မှုကို ရှေ့တန်းတင်၍ ရဟန်းတို့ အာဇီဝကိစ္စကို မဆောင်ရွက်ကြရသည်မှာ သာသနာ့ထုံးတမ်းစဉ်လာတရပ်သာ ဖြစ်လေသည်။ ရှင်းရှင်းဆိုရလျှင် ရဟန်းတို့သည် ပရိတ်ရွတ်၍ စားသောက်နေခြင်းမျိုး မရှိ၊ ရံဖန်ရံခါ အကြောင်းအားလျော်စွာ ပရိတ်ရွတ်ရသည်ရှိသော် လာဘ်လာဘကို မငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုကြခြင်းသည်သာ ရဟန်းကောင်း ရဟန်းမြတ်တို့၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် ပရိတ်တော်များကို သင်ကြားရွတ်ဆိုခြင်းနှင့် သာမညဖလသုတ်လာ မြွေအတတ် အဆိပ်အတတ် ကင်းမြီးကောက် အတတ်တို့နှင့် တစ်ထပ်တည်း ထား၍ ရေးသားစွပ်စွဲထားခြင်းသည် သဘောရိုး သဘောဖြောင့်မဟုတ်၊ ရှုတ်ချကဲ့ရဲ့ တရွဲ့တစောင်း မကောင်းသော သဘောသာ ပေါလောပေါ် ထင်ရှား၍ နေပေသည်။
၁၃။ ဤမျှသော အကြောင်းအကျိုးတို့ကို ထောက်ရှု၍ ပရိတ်ရွတ် ပရိတ်နာခြင်း၌ အကျိုးမရှိဟု ဝေဖန်ရှုတ်ချနေကြသော လူသေလူဖြစ် ဝါဒါနုဝါဒပုဂ္ဂိုလ်တို့သည် ပရိတ်ကို ဘုရားဟောမဟုတ်၊ အရည်းကြီးလက်ကျန် ဟူ၍လည်းကောင်း၊ ဘာအကျိုးမျှ မပြုဟူ၍လည်းကောင်း၊ သာသနာတော် ယိုယွင်းဆုတ်ယုတ်ကြောင်း ဟူ၍လည်းကောင်း၊ လူဖြစ်ကျိုး မနပ်ဟူ၍လည်းကောင်း ရေးသားပြောဆိုယူစွဲနေခြင်းတို့အတွက် မြတ်စွာဘုရား၏ ထေရဝါဒသံဂါယနာခြောက်တန်တင် သုတ္တန်ပိဋကတော် ပါဝစနတို့ကို တားဆီးပယ်ဖျက် နှောက်ယှက် သွေဖီနေကြသူများ ဖြစ်ကြပေသည်။ ၎င်းပြင်-
သုတ္တေ ဒုပ္ပဋိပန္နော စတ္တာရော မေ ပုဂ္ဂလာ။ပ။ အတ္တာနဉ္စ ခနတိ၊ ဗဟုဉ္စ အပုညံ ပသဝတီတိ၊ တတော မိစ္ဆာဒိဋ္ဌိကံ ပါပုဏာတိ (ဒီ၊ဋ္ဌ၊၁၊၂၃)-
ဟူသော သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာပါ စကားအရ သုတ္တန်တရားတော်၌ မကောင်းသဖြင့် ကျင့်သော ပုဂ္ဂိုလ်များသည် အဓိပ္ပာယ် အယူအဆ အကောက်လွဲမှားပြီးလျှင် အမှန်ကို မသိဘဲ မှားသော အယူကိုသာ ယူစွဲ၏ဟု ယင်းမိစ္ဆာအယူမှားများကို ရည်ညွှန်း၍ မြတ်စွာဘုရား ဟောတော်မူခဲ့သည်။ မိမိကိုယ်တိုင် အယူမှားကို ယူသဖြင့် ဘုရားရှင်ကို စွပ်စွဲရာရောက်၊ မိမိကိုယ်ကိုလည်း တူးဖြိုရာ ရောက်၍ များစွာသော အကုသိုလ်တရားဆိုးတို့သာ ပွားတိုး၍ နေလေသည်။
ထို့ကြောင့် ဘုရားဟောပါဠိတော် ပရိတ်တရားများကို ဆန့်ကျင်ဖျက်ဆီး၍ နေကြသော လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိသုတေသနဝါဒသမားတို့သည် မိစ္ဆာဝါဒ အဓမ္မသဘောသို့ ရွေ့လျောပြေးဝင်နေကြသူများသာ ဖြစ်သည်ဟု အမှတ်(၂) သီးခြားဝိနည်းဓိုရ်ဆရာတော်များက စိစစ်သုံးသပ်၍ ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)
စောဒနာအမှတ် (၁၂)
ဓာတ်တော်မွေတော် စသည်ကို ပယ်ခြင်းနှင့် စပ်သည့် ဝိနိစ္ဆယ
ဓာတ်တော် မွေတော် စေတီ ပုထိုး ရုပ်ပွားဆင်းတုတော်များကိုစော်ကား ရေးသားဟောပြောခြင်းနှင့် ပတ်သက်၍ စောဒနာ-သောဓနာနှစ်ရပ်ကို ဝိနည်းဓိုရ်ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်
၁။ စောဒကပုဂ္ဂိုလ်များက လူသေလူဖြစ် စာအုပ် စာမျက်နှာ ၈၁-၌ ရေးသားထားသော-
“ဝတ်ထည်ဖျဉ်စင်းကို သင်္ကန်းဟု မခွဲခြားတော့ဘဲ အဝတ်ဟူ၍ တစ်သားတည်း မြင်ကြလေပြီ။ သူတော်ကောင်းတို့ရဲ့ ဆံပင်တည်းဟူသော အမွေးသည် မြင်းမြီးထက် ပို၍ အနာရောဂါကို ပျောက်ကင်းစေနိုင်သည်ဟူသော ဥပါဒါန်ကိုလည်း ယခုခေတ်၌ တော်လှန်ကြလေပြီ။ ယခုအခါ၌ မြင့်မြတ်သောဓာတ်တော်မွေတော် စသည်တို့ကို ဘာသာရေး အမှိုက်သရိုက်များ ဖြစ်သည်ဟု ကျွန်ုပ်တို့ သေချာထင်ထင် သိမြင်ကြကုန်ပြီ”
ဟူသော စကားကိုလည်းကောင်း-
ဦးဝါသဝက ၁၆-၄-၇၆ နေ့ည မြောင်းမြမြို့ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင် ဦးစစ်တင်၏ နေအိမ်တရားပွဲ၌ ဟောပြောသော “ရွှေတိဂုံဟာ ဘုရားမဟုတ်ဘူးကွ။ အမှန်တော့ သချႌုင်းကုန်းကွ” ဟူသော ဟောပြောချက်ကိုလည်းကောင်း ထုတ်ပြကြ၍ ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်တို့သည် ဓာတ်တော်မွေတော် စေတီပုထိုးများကို ဘာသာရေးအမှိုက်သရိုက်များအဖြစ် ကဲ့ရဲ့ရှုတ်ချ ဟောပြောရေးသားကြကြောင်း၊ သာသနာတော် မသန့်ရှင်း မတည်တံ့ မပြန့်ပွားအောင် ဖျက်ဆီးသော မိစ္ဆာဝါဒသာ ဖြစ်ကြောင်း စောဒနာကြသည်။
၂။ ၎င်းစောဒနာနှင့် ပတ်သက်၍ စုဒိတကဆရာတော် (၄) ပါးတို့ကလည်းကောင်း၊ ဦးရွှေပြည့်နှင့် ဦးခင်ဟန်တို့ကလည်းကောင်း ချေပခြင်း မပြုဘဲနေခဲ့ကြသည်။ သခင်မြတ်ဆိုင်က သောဓနာတင်သွင်းရာတွင် “အရိုးကောက်ပွဲသည် ရွာသူတို့ အလုပ်၊ ပုထုဇဉ်တို့ အလုပ်သာဖြစ်၍ အရိယာတို့ အလုပ် မဟုတ်” စသည်ဖြင့်လာသော အင်္ဂုတ္တိုရ် ဓောဝနသုတ်၊ “တောတောင် အရံ ကိုးကွယ်ရာဟူသမျှတို့သည် ဘေးကင်းသော ကိုးကွယ်ရာမဟုတ်။ ယင်းတို့ကို ကိုးကွယ်ဆည်းကပ်ခြင်းဖြင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်” ဟူသော ဓမ္မပဒ၊ ဓာတ်လေးပါးအစု သက်သက်သာဖြစ်သော အရာတို့ကို နှစ်သက်ခြင်းသည် ဒုက္ခကို နှစ်သက်သည်မည်၏ စသည်ဖြင့် လာသော နိဒါနသံယုတ်၊ “ဝက္ကလိ ... ငါ၏ ဤအပုပ်ကောင်တည်းဟူသော ကိုယ်ကို ဖူးမြော်ခြင်းသည် မသင့်လျော်” စသော ခန္ဓဝဂ္ဂသံယုတ် ဝက္ကလိသုတ်၊ “မြင်ရုံမျှဖြင့် သတ္တဝါအား စင်ကြယ်၏ဟု ဆိုသော်။ပ။ ထိုသို့ဆိုသူကို မိစ္ဆာဒိဋ္ဌိဟု ဆိုရာ၏” ဟူသော သုတ္တနိပါတ် သုဒ္ဓဋ္ဌကသုတ်တို့ကို ထုတ်ပြထား၏၊
ထိုသို့ ထုတ်ပြခြင်းဖြင့် ထိုသုတ်တို့အရ ဓာတ်တော်မွေတော် စေတီတော်များကို ပူဇော်ခြင်းသည် အကျိုးမရှိ၊ ဘာသာရေး အမှိုက်သရိုက်များဟုပင် ဆရာ့နည်းတူ တပည့်ကလည်း ထင်မြင်ယူဆဟန် ရှိပေသည်။
ဓောဝနသုတ် အဓိပ္ပာယ်မှန်
၃။ အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ဓောဝနသုတ် ၄၃၁-၂ ၌ “တဉ္စခေါ ဧတံ ဘိက္ခဝေ ဓောဝနံ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ” စသည်ဖြင့် ဟောတော်မူရာ “ထိုအရိုးဆေးပွဲသည် ယုတ်ညံ့၏။ ရွာသူတို့၏ အလုပ်ဖြစ်၏” ဟု မြန်မာပြန်ရမည်။ အင်္ဂုတ္တိုရ်မြန်မာပြန် ၄၂၄-၌လည်း “အရိုးဆေးပွဲ” ဟု မြန်မာပြန်သည်။ သခင်မြတ်ဆိုင်တို့၏ မြန်မာပြန်ကား “အရိုးကောက်ပွဲ” ဟု ဖြစ်နေ၏။ ထိုအရိုးဆေးပွဲ ကျင်းပပုံကို အင်္ဂုတ္တရအဋ္ဌကထာ၊ တတိယ၊ ၃၃၅-၌-
“တသ္မိံ ဟိ ဇနပဒေ။ပ။ တတော နက္ခတ္တံ ကီဠန္တိ” ဟု ဖွင့်ပြ၏၊
အဓိပ္ပာယ်ကား- “ထိုဒက္ခဏိတိုင်း ဇနပုဒ်၌ လူတို့သည် မိမိတို့ ဆွေမျိုးသားချင်းများ သေလျှင် မီးမရှို့ဘဲ တွင်းတူးမြှုပ် ထားကြ၏။ ပုပ်သောအခါ အရိုးတို့ကို ဖော်ထုတ်ဆေးကြောကြ၍ ပန်းနံ့သာတို့ဖြင့် ပူဇော်ပသကြပြီး နက္ခတ်ပွဲသဘင် ရောက်သောအခါ ထိုအရိုးတို့ကို ယူ၍ ငိုကြွေးကြကုန်၏။ ထို့နောက် နက္ခတ်ပွဲသဘင် ကစားကြသည်” ဟု ဆိုလိုသည်။ ထိုသို့ ဖွင့်ပြချက်အရ အရိုးဆေးပွဲ၌ လူသာမန်ဖြစ်သော ဆွေမျိုးသားချင်းတို့၏ အရိုးဖြစ်၍ ဘုရား ရဟန္တာ သူတော်ကောင်းကြီးများ၏ ဓာတ်တော် မွေတော်များနှင့် မဆိုင်ပေ။ ထိုစကားမှန်၏။ ဒီဃနိကာယ မဟာဝဂ္ဂပါဠိ မဟာပရိနိဗ္ဗာနသုတ် ၁၁၇၊ အင်္ဂုတ္တရ နိကာယ စတုက္ကနိပါတ ထူပါရဟသုတ် ၅၆၇-တို့၌-
မြတ်စွာဘုရား၊
ပစ္စေကဗုဒ္ဓါ၊
မြတ်စွာဘုရား၏ အရိယာတပည့်၊
စကြဝတေးမင်း၊
ဤလေးဦးကိုသာ စေတီထိုက်သည်ဟု ဟောတော်မူ၍ သေဆုံးသူပုဂ္ဂိုလ်တိုင်းကို (သီလရှိသော ပုထုဇဉ်ရဟန်းကိုသော်မှ) စေတီထိုက်သည်ဟု မဟောခဲ့ရကား စေတီမထိုက်သော ဆွေမျိုးသားချင်းတို့၏ အရိုးနှင့် စေတီထိုက်သော ဘုရား ရဟန္တာ စသည်တို့၏ ဓာတ်တော်များကို ထပ်တူထပ်မျှ မယူဆသင့်ပေ။
၄။ စေတီမထိုက်သော လူသာမန်တို့၏ အရိုးကို ပူဇော်ရာ၌ အကျိုးမရှိသော်လည်း စေတီထိုက်သော ဓာတ်တော်မွေတော်တို့ကို ပူဇော်ရာ၌ကား အကျိုးမျိုးစွာ ရှိ၏။ အကျိုးရှိကြောင်းမှာ-
ယထာ ခေါ အာနန္ဒ ရညော စက္ကဝတ္တိဿ သရီရေ ပဋိပဇ္ဇန္တိ၊။ပ။ တေသံ တံ ဘဝိဿတိ ဒီဃရတ္တံ ဟိတာယ သုခါယ (ဒီ၊၂၊၁၁၇)
ဟူသော ဒီဃနိကာယ မဟာဝဂ္ဂပါဠိဖြင့် ထင်ရှား၏၊
မြန်မာပြန်
“အာနန္ဒာ ... စကြဝတေးမင်း၏ အလောင်း၌ ဆောင်ရွက်ကုန်သကဲ့သို့ ထို့အတူ မြတ်စွာဘုရား၏ အလောင်းတော်၌လည်း ဆောင်ရွက်အပ်ပေ၏၊ လမ်းမလေးခွဆုံရာ၌ မြတ်စွာဘုရား၏ စေတီကို တည်ထားအပ်ပေ၏၊ ထိုစေတီ၌ အကြင်သူတို့သည် ပန်းကိုဖြစ်စေ၊ နံ့သာကို ဖြစ်စေ၊ နံ့သာမှုန့်ကိုဖြစ်စေ တင်မူလည်း တင်ကုန်လတ္တံ့။ ရှိခိုးမူလည်း ရှိခိုးကုန်လတ္တံ့။ စိတ်ဖြင့်မူလည်း ကြည်ညိုကုန်လတံ့။ ထိုသို့ပြုခြင်းသည် ကြာမြင့်စွာသောကာလပတ်လုံး ထိုသူတို့အား စီးပွားချမ်းသာအလို့ငှာဖြစ်လတံ့” (ဒီ၊မြန်၊၂၊၁၃၆)
ထိုသို့ ဟောတော်မူသည့်အတိုင်းပင် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အဇာတသတ်မင်း စသော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ စေတီတည်ထားကြပုံကို-
“အထ ခေါ ရာဇာ မာဂဓော” စသည်ဖြင့် မဟာဝဂ္ဂပါဠိတော် မဟာပရိနိဗ္ဗာနသုတ် ၁၃၇-၌ ဟောတော်မူ၏၊
၎င်းပါဠိတော်အရ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက်-
(၁) ရာဇဂြိုဟ်ပြည်၌ အဇာတသတ်မင်း တည်ထားသော သရီရစေတီ၊
(၂) ဝေသာလီ၌ လိစ္ဆဝီမင်းတို့ တည်ထားသော သရီရစေတီ၊
(၃) ကပိလဝတ်၌ သာကီဝင်မင်းတို့ တည်ထားသော သရီရစေတီ၊
(၄) အလ္လကပ္ပ၌ ဗုလီမင်းတို့ တည်ထားသော သရီရစေတီ၊
(၅) ရာမရွာ၌ ကောလိယမင်းတို့ တည်ထားသော သရီရစေတီ၊
(၆) ဝေဋ္ဌဒီပတိုင်း၌ ၎င်းတိုင်းသား ပုဏ္ဏားတို့ တည်ထားသော သရီရစေတီ၊
(၇) ပါဝါပြည်၌ မလ္လာမင်းတို့ တည်ထားသော သရီရစေတီ၊
(၈) ကုသိနာရုံ၌ မလ္လာမင်းတို့ တည်ထားသော သရီရစေတီ၊
(၉) ဒေါဏပုဏ္ဏား တည်ထားသော တုမ္ဗစေတီ၊
(၁၀) မောရိယမင်းတို့ တည်ထားသော အင်္ဂါရစေတီ-
ဟူ၍ စေတီဆယ်ဆူ ရှိခဲ့ဖူးကြောင်း သိရသည်။ (မဟာဝဂ္ဂပါဠိတော် မြန်မာပြန် ၁၅၉-၁၆၀) ထို့ပြင် မိလိန္ဒပဥှာပါဠိတော်(၃၂၃)၊ (၎င်း-မြန်မာပြန် ၃၄၆)၌-
“မြတ်စွာဘုရား၏ အင်္ဂါကိုးပါးနှင့် ပြည့်စုံသော စကားတော်သည်လည်းကောင်း၊ ကိုယ်တော်စား ဖြစ်ကုန်သော ဥဒ္ဒိဿစေတီ ဓာတုစေတီတို့သည်လည်းကောင်း၊ သုံးဆောင်တော်မူအပ်သော သပိတ်၊ သင်္ကန်း စသော ပရိဘောဂစေတီတို့သည်လည်းကောင်း၊ သံဃာရတနာသည်လည်းကောင်း ကုန်မျိုးစုံရောင်းသော စျေးရုံ မည်၏။ ထိုစျေးရုံ၌ မြတ်စွာဘုရားသည် ဇာတိသမ္ပတ္တိအစ နိဗ္ဗာန်ချမ်းသာနှင့် ပြည့်စုံမှု ဟူသော နိဗ္ဗာနသမ္ပတ္တိတိုင်အောင်သော ကုန်မျိုးစုံတို့ကို ဖြန့်ခင်းထားအပ်၏။ ထိုစျေးရုံ၌ ထိုထို ကုန်တို့ကို အချို့သူတို့သည် သီလဆောက်တည်ခြင်းဖြင့် ဝယ်ယူကြကုန်၏။ အချို့က ဥပုသ်ကံဖြင့် ဝယ်ယူကြကုန်၏” ဟု စေတီတော်တို့ကို ကုန်စျေးရုံကြီးနှင့် နှိုင်း၍ ပြဆိုထားသည်။
ဤပါဠိတော်တို့ကို ထောက်ကလည်း ဓာတ်တော်ပူဇော်ခြင်းသည် အကျိုးရှိသည်။ ဒက္ခိဏဇနပုဒ်၌ ဆွေမျိုးသားချင်းများ သေပြီးနောက် ပြုလုပ်ကြသော အရိုးဆေးပွဲကဲ့သို့ အကျိုးမရှိမဟုတ်ကြောင်း ထင်ရှားသည်။ ဓောဝနသုတ်လာစကား အရိပ်အမြွက်မျှကို ယူ၍ လူသာမန်အရိုးနှင့် မြတ်စွာဘုရားဓာတ်တော်ကို တစ်တန်းစားတည်း အတူတူယူဆကာ ပစ်ပယ်ခြင်း မပြုသင့်၊ သဗ္ဗညုဘုရားရှင်နှင့် ပုထုဇဉ်လူသာမန်တို့ကို ထပ်တူထပ်မျှထားပြီး စဉ်းစားနေကြသဖြင့်သာ ယခုကဲ့သို့ ဓာတ်တော် မွေတော် မပူဇော်ကောင်းဟု အယူတိမ်းစောင်းကြခြင်းဖြစ်သည်။ ဘုရားရှင်သည် တစ်လောကလုံးထက်မြတ်သည်ဟု ယူဆလိုက်ရုံဖြင့်ပင် ဤပြဿနာ မရှိတော့ပေ။
၅။ ဓမ္မပဒ၌ လာသော အဂ္ဂိဒတ္တဗြာဟ္မဏဝတ္ထု အဓိပ္ပာယ်မှန်ကို ဆိုဦးအံ့-
“တောင်ကို ကိုးကွယ်ရာဟု ဆည်းကပ်ကြ။ တောကို အရံကို သစ်ပင်ကို ကိုးကွယ်ရာဟု ဆည်းကပ်ကြ။ ထို တောတောင် အရံ သစ်ပင်တို့ကို ကိုးကွယ်ရာဟု ဆည်းကပ်လျှင် ဒုက္ခခပ်သိမ်းမှ လွတ်မည်” ဟု ဆုံးမဩဝါဒ ပေးနေသော အဂ္ဂိဒတ္တပုဏ္ဏားအား မြတ်စွာဘုရားက ထိုတော တောင် အရံ သစ်ပင်တို့သည် ဘေးကင်းသော မြတ်သော ကိုးကွယ်ရာ မဟုတ်၊ ဒုက္ခခပ်သိမ်းမှ မလွတ်နိုင်ဟုလည်းကောင်း၊ ဘုရား တရား သံဃာတို့သည် ဘေးကင်းသော မြတ်သော ကိုးကွယ်ရာဖြစ်၏။ ဒုက္ခခပ်သိမ်းမှ လွတ်နိုင်၏ဟူ၍ လည်းကောင်း ဓမ္မပဒအဋ္ဌကထာ ဒု-၁၅၉-၌ ဟောတော်မူသည်။ ၎င်း ဒေသနာတော်၌-
(က) ၁၈၈-၁၈၉ ဂါထာတို့ဖြင့် ဘေးကင်းရာ မဟုတ်သော တောတောင် အရံ သစ်ပင် စသော ကိုးကွယ်ရာကို လည်းကောင်း၊
(ခ) ၁၉၀-၁၉၁-၁၉၂ ဂါထာတို့ဖြင့် ဘေးကင်းရာ ဖြစ်သော ဘုရား တရား သံဃာ- ဟူသော ကိုးကွယ်ရာကို လည်းကောင်း ဟောတော်မူသည်ကို တွေ့ရ၏၊
စုဒတိတကပုဂ္ဂိုလ်၏ သောဓနာလွှာ၌ (က) အမှတ်ပြ ဘေးကင်းရာ မဟုတ်သော ကိုးကွယ်ရာတို့ကိုသာ ထုတ်ပြ၍ (ခ) အမှတ်ပြ ဘေးကင်းရာ ဖြစ်သော ကိုးကွယ်ရာတို့ကို ချန်ထားခဲ့ပြီး “ဤသို့ ကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းဖြင့် ဒုက္ခခပ်သိမ်းမှ မလွတ်နိုင်” ဟု ကိုးကွယ်ရာအားလုံး သိမ်းကျုံး၍ ဟောသည့်အနေဖြင့် မရိုးမသား ပြဆိုထားသည်။ အမှန်မှာ ဘုရား တရား သံဃာ ဟူသော ကိုးကွယ်ရာတို့သည် ဘေးကင်းသော မြတ်သော ကိုးကွယ်ရာတို့သာ ဖြစ်ကြသည်။ ဓာတ်တော် မွေတော်တို့ကို ရှိခိုးပူဇော်ခြင်းသည် (က) အမှတ်ပြ တော တောင် အရံ သစ်ပင်တို့ကို ကိုးကွယ်ခြင်းမျိုး မဟုတ်မူ၍ (ခ) အမှတ်ပြ ဘုရား တရား သံဃာ ကိုးကွယ်ခြင်းမျိုး၌သာလျှင် အကျုံးဝင်သည်။ အဘယ့်ကြောင့်ဆိုသော် ဓာတ်တော် မွေတော် တို့ကို ပူဇော်သူများသည် ဘုရားရှင်၏ ကျေးဇူးတော် ဂုဏ်တော်တို့ကိုသာ ရည်စူး၍ ပူဇော်ကြသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းဓမ္မပဒပါဠိတော်အရလည်း ဓာတ်တော်မွေတော် စေတီတော်တို့ကို မပူဇော်ရဟု အဓိပ္ပာယ်မထွက်၊ ပူဇော်သင့် သည်။ ပူဇော်ကောင်းသည်ဟူ၍သာ အဓိပ္ပာယ် ထွက်ပေသည်။
၆။ နိဒါနသံယုတ် အဘိနန္ဒနသုတ်၌ “ပထဝီဓာတ်ကို နှစ်သက်သောသူသည် ဒုက္ခကို နှစ်သက်သည် မည်၏။ ဒုက္ခကို နှစ်သက်သောသူသည် ဒုက္ခမှ မလွတ်” ဟု ဟောတော်မူ၏။ အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ကို နှစ်သက်သူကိုလည်း ထိုနည်းအတိုင်း ဟောတော်မူ၏၊
ထိုသို့ ဓာတ်လေးပါးကို နှစ်သက်သူများကိုသာ ထိုသို့ ဟောသည်မဟုတ်။ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးတို့ကို နှစ်သက်သူတို့ကိုလည်း ထိုကဲ့သို့ပင် ဟောတော်မူ၏။ ခန္ဓဝဂ္ဂသံယုတ်(၂၆) အဘိနန္ဒနသုတ်။
စက္ခု သောတ ဃာန ဇိဝှါ ကာယ မန ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ ဓမ္မ ဟူသော အာယတန ၁၂-ပါးတို့ကို နှစ်သက်သူတို့ကိုလည်း ထိုကဲ့သို့ပင် ဒုက္ခမှ မလွတ်ဟု ဟောတော်မူ၏။ သဠာယတနဝဂ္ဂသံယုတ်(၂၄၆)။
စုဒိတကပုဂ္ဂိုလ် သခင်မြတ်ဆိုင်သည် မြတ်စွာဘုရားဓာတ်တော် ပူဇော်ခြင်းကို မလိုလားသဖြင့် ဓာတ်တော်ပူဇော်ခြင်း၌ အပြစ်ပြလိုရကား ဓာတ်တော်နှင့် ဆင်တူရိုးမှား ဖြစ်အောင် ဓာတ်လေးပါးကို ဟောသောသုတ်ကိုသာ ထုတ်ပြထားဟန် တူပေသည်။ မြတ်စွာဘုရား အလိုတော်မှာ ပထဝီ စသော ဓာတ်လေးပါးသာမက ခန္ဓာငါးပါး အာယတန ၁၂-ပါးကို နှစ်သက်သူများကိုပါ ဟောထားပေ၏။ အမှန်စင်စစ်အားဖြင့် နှစ်သက်ခြင်း (တစ်နည်း) တပ်မက်စွဲလမ်းခြင်းဟူသမျှသည် တဏှာရာဂသာဖြစ်၍ မည်သည့်တရားကိုမျှ နှစ်သက်စွဲလမ်းမှု မပြုသင့်ပေ။ ဓာတ်တော်တို့ကို ရှိးခိုးပူဇော်ခြင်းကား ခန္ဓာ အာယတနဓာတ်တို့ကို တဏှာရာဂဖြင့် နှစ်သက်စွဲလမ်းခြင်းမျိုး မဟုတ်၊ ဓာတ်တော်တို့၌ သဒ္ဓါတရားဖြင့် စိတ်ကို ကြည်လင်စေ၍ ပူဇော်ခြင်း ကြည်ညိုခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အဘိနန္ဒနသုတ်အရလည်း ဓာတ်တော်များကို မပူဇော်ကောင်း၊ မပူဇော်သင့်ဟူသော အနက် အဓိပ္ပာယ် မထွက်ပေ။
၇။ တစ်ဖန်လည်း ခန္ဓဝဂ္ဂသံယုတ် ဝက္ကလိသုတ်၌ “ဝက္ကလိ ... သင့်မှာ ဤအပုပ်ကောင်ကို ကြည့်ရှုနေခြင်းဖြင့် အဘယ် အကျိုးရှိအံ့နည်း” စသည်ဖြင့် ဟောတော်မူသည်မှာ ဤသို့ ဖြစ်သည်-
ဝက္ကလိသည် မြတ်စွာဘုရား ဆွမ်းခံကြွစဉ် ဖူးမြင်ရ၍ မြတ်စွာဘုရား၏ ရူပကာယတော် ပြည့်စုံ တင့်တယ်မှုကို ကြည့်ရှု၍ အားမရနိုင်ဖြစ်ကာ မြတ်စွာဘုရားကို အမြဲတစေ ကြည့်ရှုနေရခြင်းငှာ ရဟန်းပြုခဲ့သည်။ ရဟန်းပြုပြီးနောက် အစာအာဟာရ စားသုံးချိန်ကိုထား၍ ကျန်အချိန်များ၌ သရဇ္ဈာယ်ခြင်း ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်း စသည်မပြုဘဲ မြတ်စွာဘုရားကို မြင်နိုင်လောက်သောအရပ်၌နေ၍ ကြည့်ရှုဖူးမြင်လျက်သာ နေလေသည်။ မြတ်စွာဘုရားသည် သဒ္ဓါလွန်ကဲ၍ ပညာဉာဏ်နည်းပါးလှသော ဝက္ကလိရဟန်းအား အသိဉာဏ် မရင့်ကျက်သေးမီ တစ်စုံတစ်ရာ မဟောပြောသေးဘဲ အသိဉာဏ် ရင့်ကျက်လာသောအခါမှ “ကိံ တေ ဝက္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန၊ ဝက္ကလိ ... သင့်မှာ ဤအကောင်ပုပ်ကို ကြည့်ရှုနေခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း” စသည်ဖြင့် ဟောတော်မူခြင်း ဖြစ်သည်။ (ဓမ္မပဒအဋ္ဌကထာ၊ ဒု၊ ၃၈၀၊ အင်္ဂုတ္တရအဋ္ဌကထာ၊ ပ၊ ၁၉၅။)
ဤသို့ ရဟန်းတရား ကမ္မဋ္ဌာန်း မပွားများဘဲ အချိန်ဖြုန်းနေသည်ကို တားမြစ်၍ တရားရှုမှတ်ပွားများစေရန် ဟောသောသုတ် ဖြစ်ပေသည်။ ပုဂ္ဂိုလ်အားလုံးအား ဘုရားမဖူးရ တားမြစ်တော်မူသည် မဟုတ်ပေ။ မြတ်စွာဘုရားကို မဆိုထားဘိ သီလ သမာဓိ ပညာ ရှိသော ဖူးမြင်ခြင်းသည်ပင် အကျိုးကျေးဇူး များစွာ ရှိကြောင်းကို-
ယေ တေ ဘိက္ခဝေ ဘိက္ခူ သီလသမ္ပန္နာ သမာဓိသမ္ပန္နာ ပညာသမ္ပန္နာ။ပ။ ဒဿနမ္ပာဟံ ဘိက္ခဝေ တေသံ ဘိက္ခူနံ ဗဟုပကာရံ ဝဒါမိ (ခု၊၁၊၂၆၇)
ဟု ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသည်။
ထို့ပြင် အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် မဟာနာမသုတ် နှာ-၅၆-နှင့် ဇီဝကသုတ် နှာ-၅၈ ၌ “မိမိလည်း ရဟန်းတို့ကို ဖူးမြင်ခြင်းငှာ အလိုရှိ၍ သူတစ်ပါးတို့ကိုလည်း ရဟန်းတို့ကို ဖူးမြင်ရန် တိုက်တွန်းသော ဥပါသကာ (ဒါယကာ)သည် မိမိအကျိုး သူတပါးအကျိုး နှစ်မျိုးလုံးကို ကျင့်ဆောင်သူမည်၏” (အင်၊မြန်၊၃၊၅၇-၈) ဟု ဟောတော်မူ၏၊
အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ တိဋ္ဌာနသုတ်၌လည်း-
ဒဿနကာမော သီလဝတံ၊ သဒ္ဓမ္မံ သောတုမိစ္ဆတိ။
ဝိနယေ မစ္ဆေရမလံ၊ သ ဝေ သဒ္ဓေါတိ ဝုစ္စတိ (အံ၊၁၊၁၄၉)။
ဟု ဟောတော်မူ၏၊
မြန်မာပြန်
(အကြင်ပုဂ္ဂိုလ်သည်) သီလနှင့် ပြည့်စုံသူတို့ကို ဖူးမြင်လို၏။ သူတော်ကောင်းတရားကို နာကြားလို၏။ ဝန်တိုခြင်းဟူသော အညစ်အကြေးကို ပယ်ဖျောက်၏။ ထိုသူကို စင်စစ် သဒ္ဓါတရားနှင့် ပြည့်စုံသောသူဟု ဆိုအပ်၏ (အင်၊မြန်၊၁၊၁၆၇)။
ရဟန်းတော်တို့ကို ဖူးမြင်ရခြင်းကို ကောင်းကျိုးတရား တိုးပွားကြောင်း မင်္ဂလာတစ်ပါးအနေဖြင့် သမဏာနဉ္စ ဒဿနံ (ရဟန်းတို့အား ဖူးမြင်ခြင်းသည် မင်္ဂလာမည်၏) ဟု ခုဒ္ဒကပါဌပါဠိတော်(၄) မင်္ဂလသုတ်၊ သုတ္တနိပါတ်ပါဠိတော်(၃၁၉) မင်္ဂလသုတ်တို့၌ ဟောတော်မူ၏၊ ထို့ကြောင့် ဘုရားရှင်ကို ထားဘိဦး၊ ဘုရား တပည့်အရိယာသာဝက သီလဝန္တ ပုထုဇဉ်ဖြစ်သော ရဟန်းတော်တို့ကို ဖူးမြင်ရခြင်းသည်ပင် ကောင်းကျိုးချမ်းသာကို ဖြစ်စေတတ်သော မင်္ဂလာတစ်ပါးဖြစ်ကြောင်း ဟောတော်မူ၏၊ ဤအတူပင် အင်္ဂုတ္တရပါဠိ ဆက္ကနိပါတ အနုတ္တရိယသုတ် နှာ ၂၈၆-၌ မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သား သာဝက ရဟန်းတော်တို့ကိုလည်းကောင်း ဖူးမြော်ရခြင်းသည် ဒဿနာနုတ္တရိယ (မြင်ရခြင်းတကာတို့တွင် အမြတ်ဆုံးသော မြင်ရခြင်း) ဖြစ်၍ သတ္တဝါတို့အဖို့ စင်ကြယ်ကြောင်း၊ သောကပရိဒေဝ ကင်းငြိမ်းကြောင်း၊ ဒုက္ခဒေါမနဿငြိမ်းကြောင်းနှင့် မဂ် ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုရကြောင်း ကောင်းမြတ်သောတရား ဖြစ်သည်ဟု ဟောတော်မူထားပေသည်။
၈။ ဓာတ်တော် မွေတော် စေတီတော်တို့ကို ဖူးမြော်ခြင်းသည် မြင်ရုံမျှ အဆင်းသဏ္ဌာန်ကို သိရုံမျှဖြင့် စင်ကြယ်၏။ ဆင်းရဲကို လွန်မြောက်နိုင်၏ဟု ယူဆသည် မဟုတ်၊ ထိုသို့ ယူဆ၍ ဖူးမြင်ခြင်း ပူဇော်ခြင်း မဟုတ်သောကြောင့် သုတ္တနိပါတ် သုဒ္ဓဋ္ဌကသုတ်နှင့်လည်း မဆန့်ကျင်ပေ။
စင်စစ် ဓာတ်တော် စေတီတော် ပူဇော်ခြင်းကား-
အသာဒိယန္တေဿဝ တထာဂတဿ ဒေဝမနုဿာ ဓာတုရတနံ ဝတ္ထုံ ကရိတွာ ဝထာဂတဿ ဉာဏရတနာရမ္မဏေန သမ္မာပဋိပတ္တိံ သေဝန္တာ တိဿော သမ္ပတ္တိယော ပဋိလဘန္တိ (ခု၊၁၁၊၁၀၃)။
မြန်မာပြန်
“မသာယာသည်ဖြစ်၍ မြတ်စွာဘုရား၏ ဓာတ်တော်ရတနာကို နတ်လူတို့သည် တည်ရာမှီရာ ပြုလျက် မြတ်စွာဘုရား၏ ဉာဏ်တော်ရတနာကို အာရုံပြုသဖြင့် ကောင်းသော အကျင့်ကို မှီဝဲကုန်သည်ဖြစ်၍ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာ စည်းစိမ်တို့ကို ရရှိကုန်၏” (ခု၊မြန်၊၁၁၂) မိလိန္ဒပဥှာ ပါဠိတော် မြန်မာပြန်၌ ပြဆိုထားသည့်အတိုင်း မြတ်စွာဘုရား၏ ဓာတ်တော်ရတနာကို အမှီပြုကာ ဉာဏ်တော် ဂုဏ်တော်တို့ကို အာရုံပြုလျှင် ကောင်းမြတ်သော သမ္မာပဋိပတ်ဖြစ်၍ နိဗ္ဗာန်တိုင် အကျိုးရသည်သာ ဖြစ်ပေသည်။
ထို့ပြင်လည်း-
“စေတိယံ ဝါ ဗောဓိံ ဝါ ဒိသွာပိ ဟိ ဗုဒ္ဓါရမ္မဏံ သံဃဒဿနေန သံဃာရမ္မဏံ ပီတိံ ဥပ္ပါဒေတွာ တဒေဝ ခယတော ဝယတော သမ္မသန္တော အရဟတ္တံ ပါပုဏာတိ”-
ဟု သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ ၁၆၆၊ မူလပဏ္ဏာသအဋ္ဌကထာ၊ပ၊ ၂၅၈-တို့၌ ဖွင့်ပြ နည်းညွှန်ထားသည့်အတိုင်း စေတီကို ဖြစ်စေ၊ ဗောဓိပင်ကို ဖြစ်စေ၊ ဖူးမြင်၍ မြတ်စွာဘုရားလျှင် အာရုံရှိသော ပီတိ ဖြစ်ပေါ်လာ၏၊ ယင်းပီတိကို ခယဝယအနိစ္စ (ကုန်ဆုံး ပျက်စီးသော) အားဖြင့် သုံးသပ်သော်လည်းကောင်း၊ သံဃာတော်ကို ဖူးမြင်ရ၍ သံဃာ့ဂုဏ်လျှင် အာရုံရှိသော ပီတိကို ခယဝယအနိစ္စဟူ၍ သုံးသပ်သော်လည်းကောင်း အရဟတ္တဖိုလ်သို့ပင် ရောက်နိုင်၏၊ ဤသို့လျှင် စိတ်ထားကောင်း၍ ဖူးမြင်တတ်သူ ဉာဏ်ရှိသူတို့အတွက် အရဟတ္တဖိုလ်တိုင်အောင် အကျိုးရသည်မှာ ယုံမှားဖွယ် မလိုပေ။ စိတ်ထားမကောင်း၍ မဖူးမြင်တတ်သူ၊ ဉာဏ်မရှိသူအတွက်ကား အကျိုးမရသည်ပြင် အပြစ်ပင် ဖြစ်တတ်ပေသည်။
သာဝတ္ထိပြည်၌ တစ်ခါမျှ မပေးလှူဖူးသောကြောင့် အဒိန္နပုဗ္ဗက မည်သော ပုဏ္ဏား၏သား မဋ္ဌကုဏ္ဍလီသည် အနာရောဂါရ၍ သေခါနီး၌ မြတ်စွာဘုရားအား ဖူးမြင်ရ၍ ကြည်ညိုသောစိတ်ဖြစ်ကာ လက်အုပ်ချီမိုး ရှိခိုးခဲ့လေ၏၊ ထိုကုသိုလ်ကောင်းမှုကိုပြု၍ တာဝတိံသာနတ်ပြည်သို့ ရောက်ရကြောင်းကို ဝိမာနဝတ္ထုပါဠိတော် ၁၁၅၊ ဝိမာနဝတ္ထုအဋ္ဌကထာ ၃၀၃-၄ ၌ ပြဆို ထားသည်။
သည်မှတပါးလည်း ဤကမ္ဘာမှပြန်၍ရေတွက်သော် ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား ပွင့်တော်မူ၏၊ သုမေဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံရာအခါ၌ လူတို့သည် ဘုရားရှင်၏ ဓာတ်တော်တို့ကို ရတနာစေတီ တည်ထားကြ၏၊ အမျိုးသားတစ်ယောက်သည် ဓာတ်တော် စေတီတော်ကို ပူဇော်၍ သူတစ်ပါးတို့ကိုလည်း ပူဇော်ရန်တိုက်တွန်း၏၊ ထိုအမျိုးသား တာဝတိံသာနတ်ပြည်သို့ ရောက်ရကြောင်းကို ဝိမာနဝတ္ထုပါဠိတော်(၁၁၂-၃၊) ဝိမာနဝတ္ထုအဋ္ဌကထာ(၃၁၀-၁)၌ ပြဆိုထားသည်။ စေတီတော်သည် ကုသိုလ်ပြုလုပ်ရာဌာန ကုသိုလ်ရွှေအိုး မြှုပ်နှံရာဌာနတစ်ခုဖြစ်သည်ဟု ခုဒ္ဒကပါဌပါဠိ နိဓိကဏ္ဍသုတ်၌
စေတိယမှိ စ သံဃေ ဝါ၊ ပုဂ္ဂလေ အတိထီသု ဝါ။
မာတရိ ပိတရိ စာပိ၊ အထော ဇေဋ္ဌမှိ ဘာတရိ (ခု၊၁၊၁၀)
စေတီတော်၌ ဖြစ်စေ၊ သံဃာတော်၌ ဖြစ်စေ သီလရှိသော ပုဂ္ဂိုလ်၌ ဖြစ်စေ၊ ခရီးသွားဧည့်သည်များ၌ ဖြစ်စေ အမိ အဖ အသက်ကြီးသူ အစ်ကို ဦးကြီး ဦးလေး၌ ဖြစ်စေ ကုသိုလ်ရွှေအိုးကို မြှုပ်နှံလျှင် ကောင်းသော မြှုပ်နှံခြင်းမည်၏ဟု ဟောတော်မူ၏၊
စေတီတော် ဓာတ်တော်တို့ကို ပူဇော်သောသူတို့သည် ကောင်းကျိုးချမ်းသာရသကဲ့သို့ စေတီတော် ဓာတ်တော် ပူဇော်ခြင်းကို ကဲ့ရဲ့သောသူတို့သည်လည်း ဆင်းရဲဒုက္ခ ရောက်ကြရလေသည်။ ရာဇဂြိုဟ်ပြည်၌ သူကြွယ်တစ်ယောက်၏ မယား သမီးနှင့် ချွေးမတို့သည် ကြည်ညိုသောစိတ်ဖြင့် ဓာတ်တော်ပူဇော်မည်ဟု ပန်းနံ့သာ စသည်ယူ၍သွားရန် ပြင်ဆင်ရာ သူကြွယ်က “အရိုးတွေကို ပူဇော်ခြင်းဖြင့် ဘာအကျိုးရှိမည်နည်း” ဟု ခြိမ်းခြောက်တားမြစ်ကာ ဓာတ်တော်ပူဇော်ခြင်းကို ကဲ့ရဲ့ခဲ့လေသည်။ ထိုမိန်းမတို့သည် သူကြွယ်၏စကားကို မနာယူဘဲ ဓာတ်တော်ပူဇော်ခြင်းကို ပြုကြ၏၊ ကွယ်လွန်ကြသောအခါ သူကြွယ်က ပြိတ္တာဘုံ၌ဖြစ်၍ ၎င်း၏ မယား သမီးနှင့် ချွေးမတို့က နတ်ပြည်၌ ဖြစ်ရလေသည်။ (ပေတဝတ္ထု အဋ္ဌကထာ-၁၉၇) ထိုအကြောင်းကို ၎င်းပြိတ္တာက အရှင်မဟာကဿပအား “တပည့်တော်သည် ပန်းနံ့သာတို့ကို ဆောင်ယူကာ စေတီတော်သို့ သွားသော မယား သမီးနှင့် ချွေးမတို့ကို တားမြစ်၍ ဓာတ်တော်ပူဇော်မှုကို ကဲ့ရဲ့ခဲ့သောကြောင့် ငရဲနှင့်တူစွာ ပြိတ္တာဘုံ၌ ဖြစ်ခဲ့ရပါ၏” ဟု လျှောက်ထားလေသည်။
ထို့နောက် “ပြိတ္တာဘုံဘဝမှ ကျွတ်လွတ်၍ လူ့ဘဝသို့ ရောက်ခဲ့လျှင် စေတီပူဇော်မှုကို မမေ့မလျော့ အထပ်ထပ်ပြုပါတော့မည်” ဟူ၍ လူမိုက်နောက်မှ နောင်တရသောစကားကို လျှောက်ပြန်သည် (ခု၊၂၊၁၈၀)။
ဓာတ်တော် မွေတော် စေတီတော်တို့ကို ပူဇော်၍ အကျိုးရှိကြောင်းဖြင့် စောဒကပုဂ္ဂိုလ်တို့က ဝိသေသစောဒနာ၌ တင်ပြသော “တိဋ္ဌန္တေ နိဗ္ဗူတေ စာပိ” စသော ဝိမာနဝတ္ထုပါဠိတော် ၆၆ “ယော စေ ပူဇေယျ သမ္ဗုဒ္ဓံ” စသော ထေရာပဒါနပါဠိ-၁၆၈ စသည်တို့သည်လည်း ခိုင်လုံသော သာဓကများ ဖြစ်ကြ၏။ ဓာတ်တော်ပူဇော်၍ အကျိုးမရှိသည့်အနေဖြင့် စုဒိတကပုဂ္ဂိုလ် တင်ပြသော ဓောဝနသုတ်၊ ဓမ္မပဒ အဘိနန္ဒနသုတ် စသည်တို့သည် ပါဠိတော်၌ တိုက်ရိုက်လာသည့်အတိုင်း မဟုတ်ဘဲ လိုရာဆွဲ၍ အဓိပ္ပာယ်ယူထားသောကြောင့် သာဓက မမြောက်ပေ။
ဝတ်ထည်နှင့် သင်္ကန်း
၉။ ဝတ်ထည်ဖျဉ်စင်းကို သင်္ကန်းဟု မခွဲခြားတော့ဘဲ အဝတ်ဟူ၍ တသားတည်း မြင်ကြပြီဟု လူသေလူဖြစ်ဆရာက ပရမတ်အမြင် ရင့်သန်နေသည့်နှယ် ရေးသားထား၏၊ (ဓာတ်လေးပါး အစုအဝေး၊ ရုပ်အစုအဝေးဟူ၍ မြင်ပြီဟု ဆိုမှ ပရမတ်အမြင် ပေါက်ဖွယ်ရာ ရှိပေသည်။)
ခန္ဓာ အာယတန ဓာတု, အနိစ္စ ဒုက္ခ အနတ္တ စသော စကားသည် ပရမတ်နယ်၌ မှန်ကန်၏၊ ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, မိန်းမ, ယောက်ျား-စသော စကားသည်လည်း သမုတိနယ်၌ မှန်ကန်သည်။ မြတ်စွာဘုရားသည်ပင် သမ္မုတိသစ္စာကို မပယ်ဘဲ ခေါ်ဝေါ်ပြောဆို သုံးနှုန်း ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ ၃၁၆-စသည်တို့၌ (သင်္ကေတဝစနံ သစ္စံ၊ လောကသမ္မုတိ ကရဏံ) ဟု ပြောဆိုထားကြသည်။
ထို့ကြောင့်ပင် အသိဉာဏ်ရှိသူတို့သည် လူချင်းတူစေကာ မိဘနှင့် သားမယားတန်းတူ မဆက်ဆံဘဲ ခွဲခြားကာ ဆက်ဆံကြလေသည်။ ဝတ်ထည်ဖျဉ်စင်းနှင့် သင်္ကန်းကို ခွဲခြားသိမြင်တတ်ကာ ဘုရား စသော အရိယာပုဂ္ဂိုလ်တို့ ဝတ်ရုံသောသင်္ကန်းကို ရိုသေမြတ်နိုးကြသည်။ ဘုရားအလောင်းတော် ဆဒ္ဒန်ဆင်မင်းသည်ပင် သောနုတ္တိုရ်မုဆိုး၏ထံ၌ သင်္ကန်းကို မြင်သောအခါ အရိုအသေ ပြုခဲ့ဖူးသည်။ ဇာတ်အဋ္ဌကထာ(ပဉ္စ-၅၁။)
စောဒကပုဂ္ဂိုလ်တို့ တင်ပြသော “ပန္ထေ ဒိသွာန ကာသာဝံ” စသော ထေရာပဒါန်ပါဠိတော် နှာ-၅၂-နှင့် “ပဗ္ဗဇိတ ပရိဘောဂေါ ဟိ အာဂါရိကာနံ စေတိယဋ္ဌာနိယော” ဟူသော ပါရာဇိကကဏ္ဍအဋ္ဌကထာ ဒု-၆၇ တို့သည်လည်း သင်္ကန်းကို ရိုသေလေးစား သင့်ကြောင်း ပြဆိုရာ၌ သာဓက မြောက်ကြပေသည်။
လူသေလူဖြစ်ဆရာ ရေးသကဲ့သို့ ဝတ်ထည်နှင့်သင်္ကန်း အတူတူဖြစ်လျှင် ထေရဝါဒရဟန်းတော်များသည် မည်သည့်အဝတ်မျိုးကိုမဆို ဝတ်ကောင်းပေလိမ့်မည်။ အမှန်ကား ရဟန်းသည် လူဝတ်ကြောင်၏ အဝတ်ပုဆိုး အင်္ကျီကို မဝတ်သင့်ပေ။ အမှန်စင်စစ်ကား အဝတ်ချင်းတူသော်လည်း မိန်းမသည် မိန်းမ၏ အဝတ်ကိုသာ၊ ယောက်ျားသည် ယောက်ျားအဝတ်ကိုသာ၊ ရဟန်းသည် ရဟန်းအဝတ်(သင်္ကန်း) ကိုသာ ဝတ်ရုံသင့်သည်။ ဝတ်ရုံမှ သဘာဝကျသည်။
ဤမျှလောက် ကွဲပြားချက်ကို အသိဉာဏ်အသင့်အတင့်ရှိသူများပင် သိနိုင်ပေသည်။ ထေရဝါဒ ရဟန်းတော်တို့၏ သင်္ကန်းသည် မြတ်စွာဘုရား ပညတ်တော်မူသည့် ဝိနည်းဒေသနာတော်နှင့်အညီ ဖြတ်ရ ချုပ်ရ ဆိုးရသော အဝတ်မျိုး ဖြစ်သည်။ သင်္ကန်း၌ ရှိသင့်သော ပမာဏ၊ ဆိုးသင့်သော ဆိုးရည်၊ ရက်သင့်သော ချည်အမျိုးအစား စသည်တို့ကို ဝိနည်း၌ ပညတ်ချက်ရှိရာ ဝိနည်းကို လေ့လာဖူးပါလျှင်လည်း လူ့အဝတ်နှင့် သင်္ကန်းကို တစ်သားတည်း မြင်မည်မဟုတ်ပါ။
၁၀။ သောတာပန် လူဒါယကာက ပုထုဇဉ် ရဟန်းသာမဏေတို့ကို ရှိခိုးထိုက်သော အကြောင်းတို့မှာ ရဟန်းအဖြစ်ကို ပြုတတ်သော အကျင့်တရားနှစ်ဆယ်နှင့် အသွင်အပြင် နှစ်မျိုးကြောင့် ဖြစ်ကြောင်း၊ အကျင့်တရား နှစ်ဆယ်မှာ (၁) မြတ်သော တရား၌ မွေ့လျော်ခြင်း၊ (၂) မြတ်သော ဥပုသ်ပြုမှု အမြဲရှိခြင်း၊ (၃) မြတ်သော ဆွမ်းခံမှုစသော အကျင့်ရှိခြင်း၊ (၄) ကောင်းမွန်စွာ ဝတ်ရုံနေထိုင်ခြင်း၊ (၅) စက္ခု စသော ဣန္ဒြေကို စောင့်စည်းခြင်း စသည်များတည်း၊ အသွင်အပြင်နှစ်မျိုးမှာ (၁) ဖန်ရည်ဆိုးသော သင်္ကန်းကို ဝတ်ရုံခြင်း၊ (၂) ဦးပြည်းခေါင်း တုံးရိတ်ခြင်းတို့ ဖြစ်ကြောင်း မိလိန္ဒပဥှာပါဠိ ၁၆၁ (၎င်းမြန်မာပြန်၊ ၁၇၅-၆) ၌ ပြဆိုထားသည်။
ထို့ပြင် မိလိန္ဒပဥှာ မြန်မာပြန် ၂၇၅-၌ပင်-
“မင်းမြတ် ... လူ၏ အသွင်အပြင်သည် မညီညွတ်၊ လူပုဂ္ဂိုလ်သည် အသွင်အပြင် အားနည်းသောကြောင့် အရဟတ္တဖိုလ်သို့ ရောက်လျှင် ရောက်သော ထိုနေ့၌ပင် ရဟန်းသော်လည်း ပြုရ၏။ ပရိနိဗ္ဗာန်သော်လည်း ပြုရ၏” ဟု မိန့်တော်မူ၏၊ ဤစကားရပ်ကို ထောက်၍လည်း သင်္ကန်း၌ ထူးခြားသော ဂုဏ်ရှိကြောင်း၊ သင်္ကန်းနှင့် ဝတ်ထည် ခြားနားကြောင်း သိနိုင်ပေ၏၊
ဖုဿထေရ်သည် နောင်အနာဂတ်၌ ရဟန်း ရဟန်းမတို့ အမူအကျင့်ကို သံဝေဂဖြစ်ဖွယ်ရာ ဟောကြားထားသည်တွင် “အဂါရဝေါစ စ ကာသာဝေ၊ တဒါ တေသံ ဘဝိဿတိ” (ထေရဂါထာပါဠိ၊ ၃၄၂) နောင်အခါ၌ (ရဟန်း ရဟန်းမတို့သည်) အရဟတ္တဓဇသင်္ကန်း၌ ရိုသေကြလိမ့်မည် မဟုတ်ဟု ဟောတော်မူခဲ့သည်။
ယခုအခါ၌ လူသေလူဖြစ်ဆရာက သင်္ကန်းကို မရိုသေလိုကြသူတို့၏ ရှေ့ဆောင်လမ်းပြသဖွယ် ဝတ်ထည်ဖျဉ်စင်းကို သင်္ကန်းဟု မခွဲခြားတော့ဘဲ တစ်သားတည်းမြင်ပြီဟု လမ်းမှားကို ပြသွားခဲ့လေသည်။ လူသေလူဖြစ်ဆရာသည် ရိုက်စ်ဒေးဗစ် စသော ဗုဒ္ဓဝါဒီ မဟုတ်သည့် ပါဠိပညာရှင် ပုဂ္ဂိုလ်များက ဘုရားအမြတ်ဆုံးဝါဒ၊ ဘုရား ၆-ဆူဝါဒ၊ ဘုရား ၂၅-ဆူဝါဒများ ပေါ်လာခြင်းသည် ဗုဒ္ဓ၏ စစ်မှန်သော အနတ္တဝါဒထဲတွင် ဝိရဏခေါ် ပေါင်းမြက်များ ထူထပ်စွာ ပေါက်လာခြင်းနှင့် တူသည်ဟု Introduction to Mahapadana Sutta စသည်၌ ရေးသားထားသော စကားလုံးကို တိုက်ရိုက်နီးပါး ဘာသာပြန်၍ ဘာသာရေးအမှိုက်သရိုက်ဟု သုံးနှုန်းခြင်းမှာ ဗုဒ္ဓဝါဒ တစ်သာသနာလုံး ဗုဒ္ဓဝါဒီ အားလုံးတို့ကို ပမာမခန့် စော်ကားလိုက်ခြင်း သာ ဖြစ်ပေသည်။
ခြုံငုံသုံးသပ်၍ ဆုံးဖြတ်ခြင်း
ဆိုအပ်ခဲ့ပြီးသော အချက်အလက်များကို ခြုံငုံ၍ သုံးသပ်သော်-
မြတ်စွာဘုရား၏ ဝါဒသည် ဓာတ်တော် မွေတော် စေတီပုထိုးတော်များကို ရှိခိုးပူဇော်ရသော ကိုးကွယ်ရသော ဝါဒဖြစ်၍ လူသေလူဖြစ်ဆရာနှင့် တပည့်တို့၏ ဝါဒသည် ဓာတ်တော်မွေတော် စေတီပုထိုးတော်များကို မရှိခိုး မပူဇော်ရ၊ အမှိုက်သရိုက်ဟု ယူဆသော ဝါဒဖြစ်သဖြင့် မြတ်စွာဘုရားဝါဒနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ အညီအညွတ် ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်-၂စောဒနာ အမှတ် (၁၃)ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးစံပယ် ဝိနိစ္ဆယဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ စောဒနာသောဓနာ နှစ်ရပ်ကို ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏ ဝေဖန်သုံးသပ်ချက်
၁။ စောဒကပုဂ္ဂိုလ်များက လူသေလူဖြစ် စာအုပ် စာမျက်နှာ ၁၂၇၊ ၁၂၈ တွင်ပါသော-
“ဆီမီးအခိုးတိုင် ညှိထွန်းခြင်း၊ ပူဇော်ခြင်း၊ ဒူးထောက်ရိုကျိုး ရှိခိုးခြင်း ကြေးစည် ခေါင်းလောင်း ထိုးခြင်း၊ ဓမ္မသီချင်း ကျူးရင့်ခြင်း၊ ဂုဏ်တော်ဖတ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဆုတောင်းပတ္တနာ ပြုခြင်းဖြင့် ချဉ်းကပ်ရသော နတ်တို့၊ ဘုရားတို့ ကျွန်ုပ်တို့ ယုံကြည်ရန် မဖြစ်နိုင်တော့ချေ” ဟူသော ရေးသားချက်ကို ထုတ်ပြ၍ ၎င်းစကားအရ ဦးဥက္ကဋ္ဌနှင့် သူ၏ဩဇာခံ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများသည် ဆီမီးပူဇော်ခြင်း စသော ဘာသာရေးလုပ်ငန်းတို့၌ အကျိုးရသည်ဟု မယုံကြည်ဘဲ ပစ်ပယ်ခြင်းဖြင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖျက်ဆီးကြသည်ဟု စောဒနာကြ၏၊
၂။ ၎င်းစောဒနာကို သမ္မာဒိဋ္ဌိသုတေသနအဖွဲ့က တိတိကျကျ ချေပ သောဓနာခြင်း မပြု။
သခင်မြတ်ဆိုင်၏ သောဓနာလွှာ၌ မူလပဏ္ဏာသ မူလပရိယာယသုတ် နှာ ၁-မှ ၁၀-အထိ အဆိုအမိန့်များကို ကြည့်၍ “၎င်းသုတ်အဆုံး၌ ရဟန်းတော်များက ကျေနပ်ခြင်း မရှိကြကြောင်းကို တွေ့ရသဖြင့် မြတ်စွာဘုရားမှာပင် မလွယ်သော အခက်အခဲများ ရှိသည်ဖြစ်ရာ သူ့အဖို့ မလျှောက်တတ်နိုင်ပါ။ သို့သော် တတ်စွမ်းသမျှ တင်ပြပါမည်” ဆို၍ တင်ပြသွားသည်။ ထိုစကားတွင် မြတ်စွာဘုရားမှာပင် မလွယ်သော အခက်အခဲများ ရှိသည်ဟု ပါရှိရာ ၎င်းစကားမှာ ချေပလိုရင်း ပဓာန မဟုတ်သေးသော်လည်း မြတ်စွာဘုရားအပေါ်၌ ယုံမှားသင်္ကာ ဝိစိကိစ္ဆာဖြစ်ဖွယ်ပါရှိ၍ စိစစ်ဝေဖန်ဦးအံ့-
၃။ မူလပဏ္ဏာသပါဠိ မူလပရိယာယသုတ် စာမျက်နှာ ၈-၌ “ဣဒမဝေါစ ဘဂဝါ၊ န တေ ဘိက္ခု ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ=မြတ်စွာဘုရားသည် ဤဒေသနာတော်ကို ဟောတော်မူပြီ။ ရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားဒေသနာတော်ကို မနှစ်သက်ကြကုန်” (မ၊မြန်၊၁၊၁၀) ဟု လာရှိ၏၊
ထိုသို့ မနှစ်သက်ခြင်းအကြောင်းကို မူလပဏ္ဏာသအဋ္ဌကထာ(ပ-၅၈-၌ “တေ ပဉ္စသတာ ဘိက္ခူ ဣဒံ ဘဂဝတော ဝစနံ နာနုမောဒိံသု၊ ကသ္မာ အညာဏကေန=ထိုရဟန်းငါးရာတို့သည် မသိသောကြောင့် မနှစ်သက်ကြခြင်းဖြစ်၍” ဟု ဖွင့်ဆိုထားသည်။ မိမိနားမလည်သော စကားကို မည်သူ နှစ်သက်ပါလိမ့်မည်နည်း။
မြတ်စွာဘုရားသည် အဘယ့်ကြောင့် သိမြင်အောင် (သိမြင်၍ နှစ်သက်အောင်) မဟောသနည်း၊ မလွယ်သော အခက်အခဲ ရှိသောကြောင့်လော-ဟု မေးအံ့၊ ထိုရဟန်းတို့၏မာနကို ချိုးဖျက်အောင် မူလပရိယာယသုတ်ကို ဟောတော်မူခြင်း ဖြစ်သောကြောင့် ထိုရဟန်းတို့ဉာဏ်ဖြင့် မလိုက်နိုင်အောင် မသိမြင်အောင် ဟောတော်မူခြင်းဖြစ်သည်ဟု ဖြေရာ၏။ ချဲ့ဦးအံ့၊ ထိုရဟန်းတို့သည် ဗြာဟ္မဏဇာတ်ရှိသူများဖြစ်၍ ဗေဒသုံးပုံတို့ကိုလည်း ပါရဂူရောက် တတ်မြောက်ကြလေရာ “မြတ်စွာဘုရား၏ ပရိယတ်တရားတော်ကိုလည်း ခဏချင်းပင် တတ်မြောက်ကြလိမ့်မည်။ မြတ်စွာဘုရားဟောသည်ကို ဘာမဆို ခဏချင်း သိလိမ့်မည်” ဟု မခန့်မလေး အထင်ရောက်ကာ မာနတက်နေသူများ ဖြစ်ကြသည်။ မြတ်စွာဘုရားသည် ထိုရဟန်းတို့ စိတ်ဖြစ်ပုံကိုသိ၍ “ဤရဟန်းများသည် သူတို့၏ မာနငြောင့်ကို မပယ်နုတ်လျှင် မဂ်ဖိုလ်ကို ရနိုင်ကြမည်မဟုတ်” ဟု ဆင်ခြင်တော်မူကာ ထိုရဟန်းတို့မာနကို ချိုးနှိမ်ရန်ပင် တမင်မသိအောင် ဉာဏ်မမီအောင် ဟောတော်မူခြင်းဖြစ်သည်။ ဤကား မူလပဏ္ဏာသအဋ္ဌကထာ(ပ-၁၈၊၅၈-၌ ဖွင့်ဆိုချက်ဖြစ်၏။ ထိုစကားအရ မြတ်စွာဘုရားအတွက် မလွယ်သောအခက်အခဲများ မရှိဟု သိရ၏။ ထို့ကြောင့် “မြတ်စွာဘုရားမှာပင် မလွယ်သော အခက်အခဲများ ရှိသည် ဖြစ်ရာ” ဟူသော သခင်မြတ်ဆိုင် စကားကို အမှားစင်စစ်ဟု မှတ်ရမည်။ ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို မကြည့်တတ်၍ ခြေခြေမြစ်မြစ် မသိနားမလည် သည့်အတွက်ကြောင့် လည်းကောင်း၊ မြတ်စွာဘုရားကို သေးသိမ်စေလိုသောကြောင့်လည်းကောင်း ပြောသောစကားသာ ဖြစ်သည် ဟု မှတ်ရပေသည်။
ယခုအခါ လူသေလူဖြစ်ဆရာ၏ စကားနှင့် ၎င်းကို ထောက်ခံတင်ပြသော သခင်မြတ်ဆိုင်၏ သောဓနာလွှာ စကားတို့ကို စိစစ်ဝေဖန်ပေအံ့-
ဆီမီးအခိုးတိုင် ညှိထွန်းခြင်း
၄။ ဆီမီးအခိုးတိုင် (အမွှေးတိုင်) ညှိထွန်းခြင်းကို လူသေလူဖြစ်ဆရာက ပယ်ဖျက်ခဲ့၏။ သခင်မြတ်ဆိုင်၏ သောဓနာလွှာ ၌လည်း သဂါထာဝဂ္ဂသံယုတ်၊ သုန္ဒရိကသုတ်၊ ၁၆၁-၌ ဟောတော်မူသော-
“ပုဏ္ဏား ... ထင်းကို မီးရှို့သော သင်သည် မီးရှို့ကာမျှဖြင့် စင်ကြယ်၏ဟု မအောက်မေ့လင့်၊ အဘယ့်ကြောင့်နည်း၊ ထိုထင်းကို မီးရှို့ခြင်းသည် အပ၌သာ ဖြစ်သည်။ ထိုစကားသည် မှန်၏။ အကြင်သူသည် အပဖြစ်သော မီးရှို့ခြင်းဖြင့် စင်ကြယ်ခြင်းကို အလိုရှိ၏။ ထိုသူကို ထိုမီးရှို့ခြင်းကြောင့် စင်ကြယ်၏ဟု ပညာရှိတို့ မဆိုကုန်” ဟူသော စကားရပ်ကို ကိုးကား၍ မီးပူဇော်မှုနှင့် ပတ်သက်၍ မြတ်စွာဘုရား အလိုမရှိဟု လည်းကောင်း၊ ရှေးခေတ် ထင်းမီးပူဇော်မှုတို့၏ နေရာတွင် ယခုခေတ် ဆီမီး ဖယောင်းတိုင်တို့ဖြင့် အကျုံးဝင်ပါသည်ဟု လည်းကောင်း ချေပလွှာတင်သွင်းကာ လူသေလူဖြစ် ဆရာ့ဝါဒကို ထောက်ခံခဲ့သည်။
ဤတွင် ရှေးခေတ် ထင်းမီးပူဇော်မှုနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ဆီမီးပူဇော်မှုတို့ တူ မတူ စိစစ်လျှင် လုံးဝမတူကြောင်း တွေ့ရပေမည်။ ရှေးက မီးပူဇော်မှု (တစ်နည်း) မီးလုပ်ကျွေးမှုမှာ ဖွားရာနေ့၌ဖြစ်သော မီးကိုယူထား၍ ၎င်းမီးကို မသေစေရအောင် အမြဲတစေ လောင်စာထည့်၍ ပေးပြီး ထောပတ်၊ အမဲသား၊ ငါး စသော စားဖွယ်တို့ကို မီးထဲသို့ထည့်ကာ ပူဇော်ခြင်းမျိုး ဖြစ်၏။ ဧကကနိပါတ် နင်္ဂုဋ္ဌဇာတ် အဋ္ဌကထာ၊ ပ၊ ၅၁၉၊ ၅၂၀-၌ ဘုရားအလောင်းတော် ဥဒိစ္စဗြဟ္မဏမျိုး ဖြစ်စဉ်က ထိုဘုရားအလောင်း ဖွားမြင်ရာနေ့၌ဖြစ်သောမီးကို ယူထားပြီး “အကယ်၍ အိမ်၌နေမည်ဆိုပါက ဗေဒသုံးပုံကို သင်ပါ။ ဗြဟ္မာ့ပြည်သို့ သွားလိုလျှင်ကား မီးကိုယူပြီး တောထဲသို့ဝင်ကာ မီးကိုလုပ်ကျွေးလျက် ဗြဟ္မာ့ပြည်သို့တက်ပါ” ဟု မိဘတို့က ပြောဆိုရာ ဘုရား အလောင်းတော်သည် မီးကိုယူ၍ မီးလုပ်ကျွေးလျက် နေခဲ့လေသည်။ တစ်နေ့တွင် နွားတစ်ကောင်ရ၍ မီးဘုရားကို နွားသား (အမဲသား) စားစေမည်ဟု အကြံဖြစ်၏။ ဆားမပါဘဲ စားနိုင်မည်မဟုတ်။ ဆားနှင့် စားစေမည်ဟု ကြံကာ ဆားရှာ ထွက်ခဲ့သည်။ မုဆိုးတို့က နွားကို သတ်စားထားလေရာ ဆားရှာရာမှအပြန် နွားကို သတ်စားထားသည်ကို တွေ့သောအခါ “ဤ မီးဘုရားသည် ကိုယ့်ဖို့ဖြစ်သော နွားကိုမျှ မစောင့်ရှောက်နိုင်၊ ငါ့ကို အဘယ်မှာ စောင့်ရှောက်နိုင်လိမ့်မည်နည်း” ဟု သတိရကာ မီးကို ငြိမ်းသတ်၍ ရသေ့ရဟန်း ပြုခဲ့ကြောင်း ပြဆိုထားသည်။
ဒုကနိပါတ်အဋ္ဌကထာ(ဒု-၃၉) သန္ထဝဇာတ်၌လည်း ဘုရားအလောင်းပုဏ္ဏားသည် မိဘတို့က ဖွားသောနေ့တွင် ယူထားသော မီးကို ပေးလိုက်၍ ထိုမီးကိုယူကာ လုပ်ကျွေးပူဇော်နေလေသည်။ တစ်နေ့တွင် နို့ဃနာကိုရ၍ ဤနို့ဃနာကို မဟာဗြဟ္မာအား ပူဇော်မည်အကြံဖြင့် မီးထဲသို့ ထည့်ခဲ့ရာမှ “မိမိ သစ်ရွက်မိုးကျောင်း မီးလောင်သောကြောင့် သတိရကာ မီးဟူသော သင် သူယုတ်ကို ငါ မလိုချင်တော့ပြီ” ဟု ဆိုကာ ငြိမ်းသတ်ခဲ့ကြောင်း ပြဆိုထားသည်။
စုဒိတက သခင်မြတ်ဆိုင် တင်ပြသော သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ သုန္ဒရိကသုတ်လာ သုန္ဒရိကဘာရဒွါဇ မီးပူဇော်ပုံမှာလည်း ဗြာဟ္မဏဝါဒအရ မီးဘုရားပူဇော်မှုသာ ဖြစ်၏။ ထင်ရှားစေအံ့-
အဂ္ဂိံ ဇုဟတီတိ အာဟုတိံ ပက္ခိပနေ န ဇာလေတိ။ပ။ သုဝိသေဓိ-တော စဿ ဗြဟ္မလောကဂါမိ မဂ္ဂေါတိ (သံ၊ဋ္ဌ၊၁၊၂၁၄)။
၎င်းအဋ္ဌကထာအရ သုန္ဒရိကဘာရဒွါဇသည် မီးထဲသို့ ပူဇော်ဖွယ်ရာ၊ စားသောက်ဖွယ်ရာတို့ကိုထည့်၍ မီးရှို့ခဲ့ လေသည်။ ထိုသို့ ပူဇော်ပြီးနောက် ကြွင်းကျန်သော ဃနာထမင်းကို မြင်၍ ကြံစည်သည်မှာ “မီးထဲသို့ထည့်အပ်သော ဃနာထမင်းကို မဟာဗြဟ္မာသည် သုံးဆောင်အပ်လေပြီ။ ဤ ကြွင်းကျန်သော ဃနာထမင်းကို ဗြဟ္မာ၏ ပါးစပ်မှဖြစ်သော ဗြာဟ္မဏအား ပေးလှူရလျှင် အဖရော၊ သားကိုပါ ရောင့်ရဲစေရာ ကျွေးမွေးရာ ရောက်ပေမည်။ ဗြဟ္မာ့ပြည်ခရီးကိုလည်း ကောင်းစွာ သုတ်သင်ပြီးဖြစ်မည်” ဟုကြံကာ ဗြာဟ္မဏကိုရှာခဲ့ရာမှ မြတ်စွာဘုရားနှင့် တွေ့ခြင်းဖြစ်သည်။ ထို့နောက် မြတ်စွာဘုရားက “ပုဏ္ဏား..ထင်းကိုမီးရှို့သော သင်သည် မီးရှို့ကာမျှဖြင့် စင်ကြယ်၏ ဟု မအောက်မေ့လင့်” စသည်ဖြင့် ဟောတော်မူသည်။
ဤကား ရှေးခေတ် ဗြာဟ္မဏတို့ မီးပူဇော်ပုံ၊ မီးလုပ်ကျွေးပုံနှင့် သုန္ဒရိကဘာရဒွါဇ မီးပူဇော်ပုံတည်း။ သူတို့၏ ပူဇော်ခြင်းကား မီးကိုပူဇော်ခြင်း ဖြစ်လေသည်။
ဗုဒ္ဓဘာသာဝင်တို့ ဆီမီးညှိထွန်းပူဇော်ခြင်းမှာ ဆီမီးထဲသို့ တစ်စုံတစ်ရာသောစားသောက်ဖွယ် ပူဇော်ဖွယ်တို့ကို ထည့်ကာ မီးရှို့နေခြင်းမျိုး မဟုတ်၊ မီးကို ပူဇော်သည် မဟုတ်၊ မီးထဲသို့ထည့်၍ ရှို့လိုက်သော ပစ္စည်းကို မဟာဗြဟ္မာကြီး သုံးဆောင်လေပြီစသည့် အယူမျိုးလည်း မရှိ။ စင်စစ်သော်ကား အရောင်အလင်းကို ပေးလှူသည့် အနေဖြင့် ဆီမီးကို ညှိထွန်း ပူဇော်ကြခြင်း ဖြစ်ပေသည်။ မီးအရောင်အလင်းဖြင့် ပူဇော်ထိုက်သော သူတို့ကို ပူဇော်ကြခြင်း ဖြစ်ပေသည်။
အထူးမှတ်ရန်ကား - ဗြာဟ္မဏဝါဒီတို့က မီးကို ပူဇော်ခြင်းဖြစ်သည်။ ဗုဒ္ဓဝါဒီတို့က မီးအလင်းရောင်ဖြင့် ဘုရားကို ပူဇော်ဖြင်း ဖြစ်သည်။ မီးကို ပူဇော်ခြင်း မဟုတ်ပေ၊ ဤသို့ ခြားနားသည်။
မီးထွန်းရန် ဆီ၊ဆီမီးခွက်၊ဖယောင်းတိုင် စသည်တို့သည် သုတ္တန်ပါဠိတော်တို့၌ လာသော လှူဖွယ်ဝတ္ထု (လှူကောင်းသော ပစ္စည်းဝတ္ထု) ဆယ်မျိုးအနက် တစ်မျိုးဖြစ်ပေသည်။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌-
သော အန္နံ ဒေတိ။ပ။ ပါနံ ဒေတိ၊ ဝတ္ထံ ဒေတိ၊ ယာနံ ဒေတိ၊ မာလံ ဒေတိ၊ ဂန္ဓံ ဒေတိ၊ ဝိလေပနံ ဒေတိ၊ သေယျံ ဒေတိ၊ အာဝသထံ ဒေတိ၊ ပဒီပေယျံ ဒေတိ။ (သံ၊၂၊၂၁၂)
ထိုသူသည် ထမင်းကို ပေးလှူ၏၊ပ။ အဖျော်ကို အဝတ်ကို ယာဉ်ကို ပန်းကို နံသာခဲကို နံသာပျောင်း နံသာရည်ကို၏ အိပ်ရာနေရာကို အိမ်, ကျောင်း, ဇရပ်ကို ဆီမီးထွန်းရန် ဆီ, ဆီမီးခွက်, ဆီမီးစာ ဖယောင်းတိုင်ကို ပေးလှူ၏၊ (၎င်းမြန်မာပြန်) ထိုဆီမီးထွန်းရန် ဆီမီးခွက် ဖယောင်းတိုင် စသည်ကို ညှိထွန်း၍ ပူဇော် လှူဒါန်းသည် ဖြစ်စေ၊ မညှိထွန်းဘဲ လှူဒါန်းသည် ဖြစ်စေ ဆီမီးအလှူပင်ဖြစ်၏၊ ညှိထွန်းမှု မညှိထွန်းမှုကား အခါအခွင့်ကို ထောက်ချင့်၍ သင့်သလို ဆန္ဒအလျောက် ပြုလုပ်ရန်ပင်ဖြစ်သည်။ ထို့ကြောင့် ဝိမာနဝတ္ထု အဋ္ဌကထာ-၄၇ ၌
“ဒဒါတိ ပဒီပန္တိ ပဒီပံ ဥဇ္ဇာလေန္တော ဝါ အနုဇ္ဇာလေန္တော ဝါ ပဒီပဒါနံ ဒဒါတိ” -
ဟု မိန့်ဆို၏၊
ဒဒါတိ ပဒီပန္တိ ဒဒါတိ ပဒီပံ(ဆီမီးအလှူပေး၏)ဟူသည် ပဒီပံ၊ ဆီမီးကို။ ဥဇ္ဇာလေန္တော ဝါ၊ ထွန်းညှိ၍သော်လည်းကောင်း။ အနုဇ္ဇာလေန္တော ဝါ၊ မထွန်းညှိဘဲသော်လည်းကောင်း။ ပဒီပဒါနံ၊ ဆီမီးအလှူကို။ ဒဒါတိ၊ ပေးလှူ၏၊
သဂါထာဝဂ္ဂသံယုတ်ပါဠိ၊ ကိံဒဒသုတ် ၂၉-၌ “ကိံ ဒဒေါ ဟောတိ စက္ခုဒေါ = အဘယ်ကို ပေးလှူသော သူသည် မျက်စိကိုလှူသည် မည်ပါသနည်း”ဟု နတ်သားတစ်ယောက်မေးလျှောက်သည်ကို မြတ်စွာဘုရားက “ဒီပဒေါ ဟောတိ စက္ခုဒေါ=ဆီမီးကို ပေးလှူသော သူသည် မျက်စိကို ပေးလှူသည်မည်၏”ဟု ဖြေဆိုတော်မူသည်။
သံယုတ်အဋ္ဌကထာ၊ပ၊၇၈-၌ “အမိုက်မှောင်ဝယ် မျက်စိကောင်းသူတို့ပင် အဆင်းကို မြင်ရခြင်း မရှိသောကြောင့် အရောင်အလင်းဆီမီးကို ပေးလှူသူသည် မျက်စိကိုလှူသည်မည်၏၊ အရှင်အနုရုဒ္ဓါကဲ့သို့ ဒိဗ္ဗစက္ခုနှင့် ပြည့်စုံခြင်းကိုပင် ရတတ်သည်”ဟု ဖွင့်ပြထားသည်။
အမွှေးတိုင် အခိုးအထုံပေးလှူရခြင်း အကျိုးကိုလည်း ထေရာပဒါန်ပါဠိတော် မြန်မာပြန် ၃၇၉-၌-
“မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးသော ဂိုဏ်းသံဃာအားလည်းကောင်း အခိုးအထုံကို ပေးလှူခဲ့ရသောကြောင့် ငါသည် ကံအားလျောက်ပတ်ကုန်သော အကျိုးဆက်ဆယ်ပါးတို့ကို ခံစားရပေ၏၊ ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် ကိုယ်အနံ့မွှေးသူ၊ အခြံအရံများသူ၊ လျင်သော ပညာရှိသူ၊ ကျော်စောခြင်းရှိသူ၊ ထက်သောပညာရှိသူ၊ မြေကြီးအထုနှင့်တူသော ပညာရှိသူ၊ ရွှင်သောပညာရှိသူ၊ နက်နဲသောပညာရှိသူ၊ ပြန့်ပြောသောပညာရှိသူ၊ လျင်မြန်သောပညာရှိသူဖြစ်၍ အခိုးအထုံအလှူ၏ အစွမ်းကြောင့်သာလျှင် ယခုအခါ အေးမြသော နိဗ္ဗာန်ချမ်းသာသို့ ရောက်ရပေ၏”ဟု ပြဆိုထား၏၊
ဤမျှစကားဖြင့် ဗုဒ္ဓဘာသာဝင်တို့ ဆီမီးအမွှေးတိုင် ညှိထွန်းပူဇော်ခြင်းသည် ရှေးခေတ် ဗြာဟ္မဏတို့၏ မီးလုပ်ကျွေးပူဇော်ခြင်းနှင့် တစ်မျိုးတစ်ခြားစီသာဖြစ်၍ ရှေးခေတ် ထင်းမီးပူဇော်မှုနေရာတွင် ယခုခေတ် ဆီမီး ဖယောင်းတိုင်တို့ အကျုံးမဝင်ကြောင်း၊ ဆီမီးပူဇော်မှုသည် ဘုရားအလောင်း စသော သူတော်ကောင်းတို့ ဖြည့်ဆည်းပူးသော ဒါနပါရမီတစ်မျိုးဖြစ်ကြောင်း ထင်ရှားသည်။ သခင်မြတ်ဆိုင်သည် သဂါထာဝဂ္ဂသံယုတ်၊ သုန္ဒရိကသုတ်၏ ယထာဘူတကျနသော အဓိပ္ပါယ်ကို မသိမြင် မယူဆတတ်၊ ဘာသာပြန်ကိုဖတ်တတ်ရုံမျှသာရှိ၍ ဆီမီးပူဇော်ခြင်းသည် အရောင်အလင်းလှူသော ပဒီပဒါနမျိုးဖြစ်သည်ကို မသိသောကြောင့်သာလျှင် ရှေးခေတ် ဗြာဟ္မဏတို့ မီးပူဇော်မှုနှင့် ယခုခေတ် ဆီမီး ဖယောင်းတိုင် ပူဇော်မှုကို ရောထွေးယှက်တင် မှတ်ထင် ယူဆမိခြင်း ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
ပူဇော်ခြင်း
၅။ ပူဇော်ခြင်းကိုလည်း လူသေလူဖြစ်ဆရာက ပယ်ခဲ့၏၊ သောဓနာလွှာ၌ သခင်မြတ်ဆိုင်က မဟာပရိနိဗ္ဗာနသုတ်ဝယ် ဟောတော်မူသော “ပန်း နံ့သာ တူရိယာဖြင့် ပူဇော်ခြင်းထက် လောကုတ္တရာတရား အားလျော်စွာ ကျင့်သုံးခြင်းသည်သာ အမြတ်ဆုံးပူဇော်သက္ကာရမည်၏” ဟူသော စကားရပ်ကို တင်ပြထား၏၊
လူသေလူဖြစ်ဆရာက ပန်း နံ့သာ စသည်ဖြင့် ပူဇော်ခြင်းဟု လည်းကောင်း၊ အကျင့်ဖြင့် ပူဇော်ခြင်းဟု လည်းကောင်း အထူးမခွဲခြားဘဲ ပူဇော်ခြင်းဟု သာမညဆိုထားသောကြောင့် (အာမိသပူဇာ၊ ဓမ္မပူဇာ) နှစ်မျိုးလုံးကိုပင် ပယ်ရာရောက်၏၊ ထို့ကြောင့် စုဒိတက သခင်မြတ်ဆိုင် တင်ပြလာသော မဟာပရိနိဗ္ဗာနသုတ်လာ အကျင့်ဖြင့် ပူဇော်ခြင်း ဟူသည်ကိုလည်း လူသေလူဖြစ်ဆရာက ပယ်သည်ဟုပင် ဆိုရပေသည်။
၎င်းမဟာပရိနိဗ္ဗာနသုတ်၌ ဟောတော်မူသည်မှာလည်း အမြတ်ဆုံးဖြစ်သော ပူဇော်သက္ကာရကိုသာ ဟော၍ ဆီမီး၊ အမွှေးတိုင်၊ ပန်းနံ့သာစသည်ဖြင့် ပူဇော်မှုကို လုံးဝမပြုရဟု တားမြစ်တော်မူသည် မဟုတ်ပေ။ အင်္ဂုတ္တရပါဠိ၊ လိစ္ဆဝိကုမာရကသုတ် ၆၈၊ ၎င်းမြန်မာပြန် ၈၃-၌
“လက်ရုံးအားကိုးဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော၊ တရားနှင့်လျော်ကုန်သော၊ တရားသဖြင့် ရအပ်ကုန်သော၊ ထကြွလုံလဖြင့် ရအပ်ကုန်သော စည်းစိမ် ဥစ္စာတို့ဖြင့် သမဏ ဗြာဟ္မဏတို့ကို အရိုအသေ အလေးအမြတ်ပြုသော ပူဇော်သော အမျိုးကောင်းသားအား ကြီးပွားတိုးတတ်ခြင်းကိုသာ မျှော်လင့်အပ်၏၊ ဆုတ်ယုတ် ပျက်ဆီးခြင်းကို မမျှော်လင့်အပ်”ဟု ဟောတော်မူသည်ကို ထောက်၍ ပစ္စည်းဖြင့် ပူဇော်မှု အာမိသ ပူဇာသည်လည်း အကျိုးများသော အကျင့်ကောင်းတစ်ခုဖြစ်ကြောင်း သုံးသပ်တော်မူကြသည်။
ဒူးထောက် ရိုကျိုး ရှိခိုးခြင်း၊ ဂုဏ်တော်ရွတ်ဖတ်ခြင်း
၆။ ရှိခိုးခြင်း၊ အရိုအသေပြုခြင်း၊ ဂုဏ်တော် ရွတ်ဖတ်ခြင်းတို့ကိုလည်း လူသေလူဖြစ်ဆရာက ပယ်ခဲ့၏၊
စုဒိတက သခင်မြတ်ဆိုင်က အင်္ဂုတ္တိုရ် ရူပသုတ် မြန်မာပြန် ၃၉၇-ကို အကျဉ်းချုံးတင်ပြပြီး “သာသနာယဉ်ကျေးမှု အစပိုင်းတွင် အဆင်း, အသံတို့၏ အရင်းခံဖြစ်သော လူများစု၏ အလိုဆန္ဒအလျောက် ဆွဲဆောင်ကြရသည်မှာ တစ်နည်းအားဖြင့် အမျိုးသား ယဉ်ကျေးမှုပင် ဖြစ်ရခြင်းပါဘုရား။ သာသနာ၏ ဆိုလိုရင်းနှင့်ကား တခြားစီသာ ရှိကြောင်း” ဖြင့် သောဓနာလွှာ တင်သွင်း၏၊ ရှိခိုးခြင်း၊ ဂုဏ်တော် ရွတ်ဖတ်ခြင်းတို့သည် ၎င်း ရူပသုတ်အရ သာသနာ၏ ဆိုလိုရင်းနှင့် တခြားစီဟု ချေပ၍ လူသေလူဖြစ်ဆရာ့စကားကို ထောက်ခံခဲ့လေသည်။
ထိုသုတ်၌ဆိုလိုသည်မှာ-
(၁) အဆင်းသဏ္ဌာန်ကိုကြည့်၍ အဆင်းသဏ္ဌာန်ကောင်းသောကြောင့် ကြည်ညိုသူ၊
(၂) သူတပါးတို့၏ချီးမွမ်းသံကို ကြားရ၍ အသံကြားကြည်ညိုသူ၊
(၃) ခေါင်းပါးစွာ ကျင့်ကြံနေထိုင်သည်ကို မြင်၍ ကြည်ညိုသူ၊
(၄) သီလ သမာဓိ ပညာတရားကို သိမြင်၍ ကြည်ညိုသူ
ဟု ပုဂ္ဂိုလ် ၄-မျိုး ၄-စားရှိသည်။
ထို ၄-မျိုးတို့တွင် အဆင်း၊ အသံကို ပမာဏပြုသူ (ပမာဏပြု၍ကြည်ညိုသူ)တို့သည် ဆန္ဒရာဂ အလိုသို့ လိုက်ပါရ၍ အဇ္ဈတ္တသန္တာန်၌ဖြစ်သော ဂုဏ်၊ ဗဟိဒ္ဓ၌ဖြစ်သော အကျင့်ကို မသိကုန်၊ သူတပါးတို့ ချီးမွမ်းသော ချီးမွမ်းသံဖြင့်သာ မျောပါရတော့၏၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓဖြစ်သောဂုဏ်ကို သိသူတို့သည်ကား အဆီးအတားမရှိ သိမြင် သည်ဖြစ်၍ သူတပါးတို့ ချီးမွမ်းသံဖြင့် မမျောရတော့ဟု ဆိုလိုသည်။
ထိုသုတ်အရ “သင်တို့သည် သင်တို့ကြည်ညိုနေသော အကြည်ညိုခံပုဂ္ဂိုလ်၏ ရုပ်အဆင်းသဏ္ဌာန်ကို မြင်ရရုံ၊ ထိုပုဂ္ဂိုလ်အား သူတပါးတို့ ချီးမွမ်းသံကို ကြားရရုံမျှဖြင့် (ရုပ်မြင်၊ သံကြားမျှဖြင့်) နှစ်သက် ကျေနပ်အားရ မနေကြလင့်ဦး။ ထိုပုဂ္ဂိုလ်၏ အတွင်းသန္တာန်၌ဖြစ်သော သီလ သမာဓိ ပညာဂုဏ်နှင့် အပ၌ဖြစ်သော အကျင့်ကိုသိအောင် ပြုပါဦး” ဟု မြတ်စွာဘုရား ဆုံးမတော်မူလိုရင်း ဖြစ်ပေသည်။ ဘုရားရှိမခိုးလင့်၊ ဂုဏ်တော် မရွတ်ဖတ်လင့်ဟု ဆုံးမတော်မူလိုရင်း မဟုတ်ပေ။ အကြည်ညိုခံပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ ဖြစ်သောဂုဏ်၊ ဗဟိဒ္ဓသန္တာန်၌ဖြစ်သော အကျင့်ကို မသိမြင်ဘဲ သူတပါးတို့ ပြောသံကြားမျှဖြင့် ကြည်ညိုသော သူတို့ကိုသာ အသံဖြင့်မျောသူဟု ဆိုရသည်။ ဘုရားရှိခိုးသူ၊ ဂုဏ်တော် ရွတ်ဖတ်သူတို့ကို အသံဖြင့်မျောသူဟု ဆိုသည်မဟုတ်။ ထို့ကြောင့် “သာသနာ၏ ဆိုလိုရင်းနှင့် တခြားစီ” ဟု မဆိုလင့်။ သခင်မြတ်ဆိုင်သည် ရူပသုတ်၏ အနက်အဓိပ္ပါယ်ကို ကျနစွာ မယူတတ် သောကြောင့်သာ ထိုကဲ့သို့ ဆိုမိခြင်း ဖြစ်လေသည်။
မှတ်ချက်။ ။ အသံအရ သူတပါးတို့ ချီးမွမ်းကြသောအသံကို ယူခြင်းမှာ ပုဂ္ဂလပညတ္တိပါဠိတော် ၁၆၂-လာ ဃောသပ္ပမာဏပုဂ္ဂိုလ်ကို အကျယ်ပြသောပါဠိအရ ဖြစ်သည်။
ရှိခိုးခြင်း၊ အရိုအသေပြုခြင်း အစဉ်အလာသည် ရတနာသုံးပါးကို ရိုသေလေးစားကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ပြုလေ့ရှိသော အစဉ်အလာကောင်းတစ်ရပ် ဖြစ်ပေသည်။
မြတ်စွာဘုရား သာဝတ္ထိပြည်နေစဉ်က အလွန်မာနကြီးသဖြင့် မာနတ္ထဒ္ဓမည်သော ပုဏ္ဏားသည်ပင် မြတ်စွာဘုရား ခြေတော်ရင်း၌ ဝပ်စင်းဦးခိုက်ကာ ရှိခိုးပြီးလျှင် မြတ်စွာဘုရားအား “အဘယ်ပုဂ္ဂိုလ်တို့၌ မာနကို မပြုရာသနည်း၊ အဘယ် ပုဂ္ဂိုလ်တို့၌ ရိုသေမှု၊ ကောင်းစွာ ပူဇော်မှုကို ပြုရသနည်း” ဟု မေးလျှောက်ရာ မြတ်စွာဘုရားက “အမိ၊ အဖ၊ အစ်ကိုကြီး (အစ်မကြီး)၊ ဆရာတို့၌ မာနကို မပြုရာ၊ ၎င်းပုဂ္ဂိုလ်တို့၌ ရိုသေမှု၊ ကောင်းစွာပူဇော်မှုကို ပြုရာ၏”ဟု ဟောတော်မူသည်။(သဂါထာဝဂ္ဂသံယုတ္တပါဠိ၊ မာနတ္ထဒ္ဓသုတ်-၁၈၀)
ပေါက္ခရသာတိပုဏ္ဏားကြီးသည်လည်း မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်သူ ဥပါသကာဖြစ်ပြီးနောက် အောက်ပါအတိုင်း လျှောက်ထားခဲ့သည်။
“ယထာစ ဘဝံ ဂေါတမော ဥက္ကဋ္ဌာယ အညာနိ ဥပါသကကုလာနိ ဥပသင်္ကမတိ။ပ။ တေသံ တံ ဘဝိဿတိ ဒီဃရတ္တံ ဟိတာယ သုခါယ” (ဒီ၊၁၊၁၀၃)
“အရှင်ဂေါတမသည် ဥက္ကဋ္ဌမြို့၌ အခြားသော ဥပါသကာအိမ်တို့သို့ ကြွရောက်တော် မူသကဲ့သို့ ပေါက္ခရသာတိပုဏ္ဏား အိမ်သို့လည်း ကြွရောက်တော်မူပါ။ ထို ပေါက္ခရသာတိပုဏ္ဏားအိမ်၌ အကြင် လုလင်ပျို၊ လုံမပျိုတို့သည် အရှင်ဂေါတမကို အရိုအသေ ရှိခိုးမူလည်း ရှိခိုးကုန်လတံ။ ခရီးဦးကြိုပြုမူလည်း ပြုကုန်လတံ။ နေရာကို ပေးလှူမူလည်း ပေးလှူကုန်လတံ။ ရေကို ပေးလှူမူလည်း ပေးလှူကုန်လတံ။ စိတ်ကိုကြည်လင်စေမူလည်း ကြည်လင်စေကုန်လတံ။ ထို (သို့ပြုခြင်း)သည် ကြာမြင့်စွာသော ကာလပတ်လုံး ထိုလုလင်ပျို၊ လုံမပျိုတို့၏ စီးပွား ချမ်းသာ အလို့ငှာ ဖြစ်ပါလတံ”ဟု လျှောက်၏၊
မြတ်စွာဘုရားက “ကလျာဏံ ဝုစ္စတိ ဗြာဟ္မဏ=ပုဏ္ဏား ကောင်းသောစကားကို သင်ဆိုပေ၏”ဟု မိန့်တော် မူသတည်း။ (ဒီ၊မြန်၊၁၊၁၀၄)
ဗြဟ္မာယုပုဏ္ဏားကြီး အရိုအသေပြုပုံကိုလည်း မဇ္ဈိမပဏ္ဏာသပါဠိ၊ ဗြဟ္မာယုသုတ်၌-
“ဧဝံ ဝုတ္တေ ဗြဟ္မာယု ဗြာဟ္မဏော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ဘဂဝတော ပါဒေသု သိရသာ နိပတိတွာ ဘဂဝတော ပါဒါနိ မုခေန ပရိစုမ္ဗတိ၊ ပါဏီဟိ စ ပရိသမ္ဗာဟတိ” (မ၊၂၊၃၄၅)။
ဤသို့မိန့်တော်မူသည်ရှိသော် ဗြဟ္မာယုပုဏ္ဏားသည် နေရာမှထ၍ လက်ဝဲတစ်ဖက် ပုခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်သည်ကိုပြု၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးတိုက်ကာ ခြေတော်တို့ကို ခံတွင်းဖြင့်လည်း စုပ်၏၊ လက်တို့ဖြင့်လည်း သုံးသပ်၏”ဟု မိန့်ဆိုထားသည်။
မူလပဏ္ဏာသပါဠိတော် မြန်မာပြန် နှာ-၂၄၂- ၌လည်း “ဤသို့ ပြောဆိုသော် ဇာဏုေဿာဏိပုဏ္ဏားသည် အလုံးစုံဖြူသော မြည်းကသောရထားမှ သက်ဆင်း၍ ပုခုံးတစ်ဖက်၌ ကိုယ်ဝတ်ကိုတင်၍ မြတ်စွာဘုရားရှိရာအရပ်သို့ လက်အုပ်ကိုညွတ်၍ သုံးကြိမ်ဥဒါန်းစကားကို မြွက်ဆို၏”ဟု မိန့်ဆိုသည်။ ထိုပုဏ္ဏားမြွက်ဆိုသော ဥဒါန်းစကားမှာ ယခုအခါ ဗုဒ္ဓဘာသာ သူတော်စင် အများတို့၏နှုတ်ဖျား၌ မကြာခဏ ရွတ်ဆိုကြသော “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟူသော ဘုရားရှိခိုးပင်ဖြစ်သည်။ ဂုဏ်တော်သုံးပုဒ်ကို ရွတ်ဆို၍ ဘုရားရှိခိုးခြင်းပင် ဖြစ်ပေသည်။
အာဠာဝကဘီလူးသည် မြတ်စွာဘုရားနှင့် တရား(သံဃာ)တို့ကို ရှိခိုးလျက် လှည့်လည်မည် ဖြစ်ကြောင်းကို သုတ္တနိပါတပါဠိ၌-
“သော အဟံ ဝိစရိဿာမိ၊ ဂါမာ ဂါမံ ပုရာ ပုရံ။
နမဿမာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ။” (ခု၊၁၊၃၀၇)
ဟူသောဂါထာဖြင့် ပြောဆိုကြုံးဝါးခဲ့လေသည်။
မြန်မာပြန်
“ထိုငါသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်၏ ကောင်းသောတရား၏ အဖြစ်ကိုလည်းကောင်း ရှိခိုးလျက် တစ်ရွာမှ တစ်ရွာ၊ တစ်မြို့မှ တစ်မြို့သို့ လှည့်လည်ပါတော့အံ့။” (ခု၊မြန်၊၁၊၂၉၁)
အရှင်သာရိပုတ္တရာထေရ်၏အလောင်း သရဒလုလင် (သုရုစိရသေ့)သည် လည်းကောင်း၊ သောမကထေရ်သည် လည်းကောင်း၊ ခေမာထေရီသည် လည်းကောင်း မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ရွတ်ဆို ပူဇော်ခဲ့ကြောင်း အပဒါနပါဠိ။ ပ၊ ၂၂၊၂၂၅။ ထေရီအပဒါနပါဠိ ၂၂၇-တို့၌ လာရှိသည်။
နိဂဏ္ဌနာဋပုတ္တ၏ တပည့်ဖြစ်ခဲ့ဖူးသော ဥပါလိသူကြွယ်သည်လည်း -
“ဓီရဿ ဝိဂတမောဟဿ၊ ပဘိန္နခီလဿ ဝိဇိတဝိဇယဿ။
အနီဃဿ သုသမစိတ္တဿ၊ ဝုဒ္ဓသီလဿ သာဓုပညဿ။
ဝေသမန္တရဿ ဝိမလဿ၊ ဘဂဝတော တဿ သာဝကောဟမသ္မိ။” (မ၊၂၊၄၈)
“အကျွန်ုပ်သည် မြဲမြံသော ပညာရှိတော်မူသော၊ မောဟကင်းဝေးတော်မူပြီးသော၊ ငြောင့်တံသင်းတို့ကို ဖျက်ဆီးတော်မူပြီးသော၊ အောင်ပြီးသောအောင်ပွဲရှိတော်မူသော၊ ဆင်းရဲကင်းဝေးတော်မူပြီးသော၊ ညီမျှသောစိတ် ရှိတော်မူသော၊ ကြီးပွားသောအကျင့်သီလ ရှိတော်မူသော၊ ကောင်းမြတ်သောပညာ ရှိတော်မူသော၊ ရာဂအစရှိသော အဆိပ်ကို လွန်မြောက်တော်မူပြီးသော၊ ရာဂ အညစ်အကြေး ကင်းဝေးတော်မူပြီးသော ထိုမြတ်စွာဘုရား၏တပည့် ဖြစ်ပေ၏ (မ၊မြန်၊၂၊၅၃)” စသည်ဖြင့် သုံးပါဒရှိ ဂါထာ ဆယ်ဂါထာတို့ဖြင့် မြတ်စွာဘုရားဂုဏ်တော်တို့ကို ရွတ်ဆိုခဲ့လေရာ သူ့ဆရာဖြစ်ခဲ့ဖူးသော နိဂဏ္ဌက “သူကြွယ်..သင်သည် ရဟန်းဂေါတမ၏ ဤဂုဏ်ကျေးဇူးတို့ကို ဘယ်အခါက ဖွဲ့ဆိုသီကုန်းထားသနည်း”ဟုပင် မေးမြန်းခဲ့လေသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံပြီးနောက်၌လည်း အဋ္ဌကထာ၊ ဋီကာစသော ကျမ်းပြုပုဂ္ဂိုလ်ကြီးများသည် လည်းကောင်း၊ ကျမ်းပြုမဟုတ်သော ဗုဒ္ဓဘာသာဝင် သူတော်စင် အများသည်လည်းကောင်း ဘုရားစသော ရတနာသုံးပါးတို့အား လေးစားစွာပင် ရှိခိုးခဲ့ကြပေသည်။ ရှိခိုးခြင်းကိုပယ်သော လူသေလူဖြစ်ဆရာနှင့် နောက်လိုက် တစ်စုတို့သည်ကား မာနစသော အကုသိုလ်တရားဆိုးများ နှိပ်စက်ခံနေရသောကြောင့်သာ ဤသို့ ပယ်မိပေသည်ဟု သုံးသပ်တော်မူကြသည်။
အရိုအသေပြုခြင်း
၇။ ရိုသေထိုက်သော သူတို့ကို အရိုအသေ ပြုခြင်းသည် “ဂါရဝေါ စ၊ နိဝါတော စ၊ သန္တုဋ္ဌိ စ၊ ကတညုတာ” စသော မင်္ဂလသုတ် ပါဠိအရ ကောင်းကျိုးတရား တိုးပွားကြောင်း မင်္ဂလာတစ်ရပ် ဖြစ်ပေသည်။ ပုညကိရိယဝတ္ထု ဆယ်ပါးတို့တွင်လည်း တစ်ပါးအပါအဝင် ဖြစ်ပေသည်။ မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် သစ္စာလေးပါးတရားကို သိပြီးစ(ဘုရားဖြစ်ပြီးစ) ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း ဆိတ်ကျောင်းညောင်ပင်ရင်း၌ နေတော်မူစဉ် “ရိုသေစရာ၊ မှီခိုစရာမရှိဘဲနေခြင်းသည် ဆင်းရဲလှ၏၊ ငါသည် အဘယ်သို့သော သမဏဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရပါအံ့နည်း”ဟု အကြံဖြစ်၏၊
ထို့နောက် ကိုယ်တော်မြတ်ထက် သာလွန်၍ သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ ဂုဏ်တို့နှင့် ပြည့်စုံသော တစ်စုံတစ်ယောက်သောသူကို မတွေ့မြင်ရကား “ငါသည် (ငါ)ထိုးထွင်း၍ သိအပ်သော တရားကိုပင်လျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရမူကား ကောင်းပေရာ၏”ဟု အကြံဖြစ်၏၊ အကြံဖြစ်ပြီးနောက် ကိုယ်တော်မြတ်သည် ကိုယ်တိုင်ထိုးထွင်းသိမြင်သော တရားကိုပင် အလေးအမြတ်ပြု၍ နေတော်မူခဲ့လေသည်။ (သဂါထာဝဂ္ဂသံယုတ်ပါဠိ၊ ဂါရဝသုတ်၊ ၁၄၀၊ ၁၄၁-၂။ အင်္ဂုတ္တရနိကာယပါဠိ၊ပ၊ ၃၂၈-၃၂၉။ မြန်မာပြန်၊ စတုက္ကနိပါတ်၊ ပဌမဥရုဝေလသုတ်၊ ၃၄၃-၅)။
ထို့ပြင် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ အဋ္ဌကနိပါတ်၊ သပ္ပုရိသသုတ် ၇၇-၌ “အိမ်၌နေသော ပညာရှိသည် စင်စစ်အားဖြင့် များစွာသော လူတို့၏ အကျိုးငှာ ဖြစ်၏၊ နေ့ညဉ့်တို့ပတ်လုံး ပျင်းရိခြင်းမရှိသော ပညာရှိသည် ရှေးဦးစွာ အမိအဖတို့အား ရှေး၌ပြုဖူးသောကျေးဇူးကို အဖန်တလဲလဲ အောက်မေ့သည်ဖြစ်၍ အကြောင်းအားလျော်စွာ ပူဇော်၏၊ အိမ်ရာမထောင်ဘဲ ရဟန်းပြုသော မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့ကို အရိုအသေပြု၏၊။ပ။ သူတော်ကောင်းတရား၌ ကောင်းစွာတည်သော ထိုသူသည် အလုံးစုံသော သူတို့၏ အစီးအပွားကို ဆောင်၏၊ ထိုသူသည် ဝန်တိုမှု “မစ္ဆေရ”အညစ်အကြေးကို ပယ်ဖျောက်၍ အေးငြိမ်းသော လောကသို့ ရောက်ရ၏” ဟုဟောတော် မူ၏၊
ထို့ပြင်လည်း ဝိနယပိဋက၊ စူဠဝဂ္ဂပါဠိ၌-
“ယေ ဝုဍ္ဎ မပစာယန္တိ၊ နရာ ဓမ္မဿ ကောဝိဒါ။
ဒိဋ္ဌေ ဓမ္မေစ ပါသံသာ၊ သမ္ပရာယေ စ သုဂ္ဂတီတိ။
တေ ဟိ နာမ ဘိက္ခဝေ တိရစ္ဆာနဂတာ ပါဏာ အညမညံ သဂါရဝါ သပ္ပတိဿာ သဘာဂဝုတ္တိတာ ဝိဟရိဿန္တိ။ ဣဓ ခေါ တံ ဘိက္ခဝေ သောဘေထ၊ ယံ တုမှေ ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ပဗ္ဗဇိတာ သမာနာ အညမညံ အဂါရဝါ အပ္ပတိဿာ အသဘာဂဝုတ္တိကာ ဝိဟရေယျာထ။။ပ။ အနုဇာနာမိ ဘိက္ခဝေ ယထာ ဝုဍ္ဎ အဘိဝါဒနံ ပစ္စုဋ္ဌာနံ အဉ္ဇလိကမ္မံ သာမီစိကမ္မံ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍံ” (ဝိ၊၄၊၃၁၁)
ဟု ဟောတော်မူ၏၊
မြန်မာပြန်
ရဟန်းတို့ ... တရား၌ လိမ္မာ၍ ကြီးသူကို ရိုသေသောလူတို့သည် မျက်မှောက်ဘဝ၌လည်း ချီးမွမ်းခံရကုန်၏၊ နောင်တမလွန်ဘဝ၌လည်း ကောင်းရာဂတိရှိ ကုန်၏၊
ရဟန်းတို့ ... တိရစ္ဆာန်ဖြစ်သော သတ္တဝါတို့သည်ပင်လျှင် အချင်းချင်း ရိုသေခြင်း၊ ကိုင်းညွတ်ခြင်း၊ သဘောတူ အသက်မွေးခြင်းရှိလျက် နေကုန်သေး၏၊ ရဟန်းတို့ ... ဤသို့ ကောင်းစွာဟောအပ်သော ဓမ္မဝိနယ၌ ရဟန်းပြုကြကုန်လျက် အချင်းချင်း မရိုမသေ၊ မကိုင်းမညွတ်၊ သဘောတူ အသက်မမွေးဘဲ နေကြခြင်းသည် တင့်တယ်ပါ မည်လော။။ပ။
ရဟန်းတို့ ... သီတင်းကြီး အစဉ်အတိုင်းရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း၊ နေရာဦး ရေဦး ဆွမ်းဦးတို့ကို ခွင့်ပြုတော်မူ၏၊(စူဠဝဂ်ပါဠိတော်၊ မြန်မာပြန်-၃၁၆)
ဓမ္မပဒပါဠိတော်၌လည်း ရှိခိုးခြင်း၊ အရိုအသေပြုခြင်း၏ အကျိုးကို-
အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎ ပစာယိနော။
စတ္တာရော ဓမ္မာ ဝဋ္ဋ၂၃၂၃န္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။ (ခု၊၁၊၂၉)
ဟုဟောတော်မူ၏၊
မြန်မာပြန်
အမြဲ ရှိခိုးလေ့ရှိ၍ မိမိထက် ဂုဏ် အသက် သိက္ခာအားဖြင့် ကြီးသောသူတို့၌ အရိုအသေပြုလေ့ရှိသူ တို့အား အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤအကျိုးထူးတရား လေးပါးတို့သည် တိုးပွားကုန်၏၊
ဤပါဠိတော် မြန်မာပြန်များကိုထောက်၍ မိမိထက် အသက် သိက္ခာ ဂုဏ်ကြီးမားသော သူတို့ကို အရိုအသေ ပြုခြင်းသည် ဘုရားအလောင်းစသော သူတော်ကောင်းတို့၏ ကောင်းသောအစဉ်အလာ၊ အကျိုးများသော အကျင့် တစ်ပါး ဖြစ်သည်။ လူသေလူဖြစ်ဆရာနှင့် သူ၏ တပည့်တို့သည်ကား ထိုအရိုအသေပြုခြင်း အစဉ်အလာ ဓလေ့ ထုံးစံကို တွန်းလှန်ပယ်ဖျက်ခဲ့သဖြင့် အစဉ်အလာကောင်းတစ်ရပ်ကို ချိုးဖြတ်သောသူများဖြစ်သည်ဟု ဝေဖန်တော် မူကြသည်။
ကြေးစည်၊ ခေါင်းလောင်းထိုးခြင်း
၈။ လူသေလူဖြစ်စာအုပ် ၁၂၈-လာ ကြေးစည်၊ ခေါင်းလောင်းထိုးခြင်းကို ပြစ်တင်ပြောဆိုခြင်းနှင့် ပတ်သက်၍လည်း ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ကြေးစည်တီးခြင်း၊ ခေါင်းလောင်းထိုးခြင်းတို့၌ ရည်ရွယ်ချက် ၃-ချက် ပါဝင်ကြောင်း သိထားကြရန် သင့်သည်။ ယင်းတို့မှာ-
(က) ရဟန်းတော်တို့အတွက် သံဃာစည်းဝေးခြင်း၊
(ခ) ရဟန်း၊ ရှင်၊ လူ၊ ကုသိုလ်ရှင်တို့အတွက် ပတ္တိဒါန ပုညကိရိယဝတ္ထုပြုခြင်းနှင့်
(ဂ) သဒ္ဒဒါနပြုခြင်းတို့ပင် ဖြစ်သည်။
(က) မြတ်စွာဘုရားလက်ထက်က ရဟန်းတော်တို့သည် နေ့အချိန်တွင် မိမိတို့၏ ဒိဝါဌာနခေါ် နေ့သန့်ရာ နေရာတို့၌ တစ်ပါးချင်းနေ၍ တရားအားထုတ်ကြသည်။ တစ်ပါးနှင့်တစ်ပါး စကားပြောဆိုခြင်း မရှိကြချေ။ တစ်စုံတစ်ရာ အကြောင်းကိစ္စရှိလျှင် သို့မဟုတ် တစ်ပါးပါး မကျန်းမမာဖြစ်လျှင် ကျောင်းတလင်းအလယ်တွင် ဆွဲထားသော ကျောက်စည်၊ စည်ကြီး၊ ခေါင်းလောင်းစသည်တို့ကို တီးရသည်၊ ထိုးရသည်။ ထိုကျောက်စည် ခေါင်းလောင်းသံကို ကြားရလျှင် မိမိ၏ဒိဝါဌာနတို့မှ ထွက်ကာ စည်းဝေးရာ ညီမူရာ တန်ဆောင်းသို့ အားလုံးကြွလာ ကြရသည်။ ဤအကြောင်းကို ဓမ္မပဒအဋ္ဌကထာ၊ ပထမအုပ်၊ အညတရဘိက္ခုဝတ္ထု (နှာ-၁၈၄)၊ သံကိစ္စသာမဏေရဝတ္ထု (နှာ-၄၂၇)တို့၌ အကျယ် ကြည့်ရှုနိုင်ပေသည်။
ယင်းတို့ကို အမှီပြု၍ ယခုအခါ၌လည်း သံဃာစည်းဝေး ညီမူရာဖြစ်သော စာချခြင်း၊ ဘုရားဝတ်တတ်ခြင်း၊ သံဃာစည်းဝေးခြင်းတို့၌ ကြေးစည်၊ ခေါင်းလောင်း၊ အုန်းမောင်း၊ ကျောက်စည်တို့ကို တီးခေါက်ထိုးနှက်ခြင်း အစဉ်အလာ ဖြစ်နေရပေသည်။
(ခ) ထိုမှတစ်ပါး ဗုဒ္ဓဘာသာ သူတော်စင်တို့သည် မိမိတတ်အားသမျှ ဒါန ပြုကြသောအခါ ထိုဒါန၏ အကျိုးအာနိသင်ကို မိမိမှတစ်ပါး မိဘ၊ ဆရာသမားအစထား၍ သတ္တဝါဝေနေယျတို့အား အမျှဝေကြရမြဲဖြစ်သည်။ ယင်းမှာလည်း ပုညကိရိယဝတ္ထုတို့တွင် တစ်ပါးပါဝင်သည့် ပတ္တိဒါနပုညကိရိယဝတ္ထု ဖြစ်ပေသည်။ ဤသို့ အမျှဝေရာ၌ နှုတ်ဖြင့် မြွက်ဆိုရုံမျှနှင့် အားမရကြဘဲ ကြေးစည်၊ ခေါင်းလောင်း၊ အုန်းမောင်း၊ ကျောက်စည်တို့ကို တီးခတ် ထိုးနှက်ကြမြဲပင် ဖြစ်လေသည်။ သူတော်စင်ပုဂ္ဂိုလ်တိုင်းပင် ကြေးစည်၊ ခေါင်းလောင်းသံတို့ကို ကြားရလျှင် ပတ္တာနုမောဒနာမှု သာဓုအနုမောဒနာ ပြုကြမြဲပင်ဖြစ်ရာ ဗုဒ္ဓသာသနာတော်၏ ထုံးတမ်းစဉ်လာ လွန်စွာသိမ်မွေ့သော ဓမ္မသဘောများဖြစ်သဖြင့် အညဝါဒီတို့နှင့်မဆိုင်၊ ကိုယ်ပိုင် ဗုဒ္ဓယဉ်ကျေးမှု စစ်စစ်ပင် ဖြစ်ပေသည်။
(ဂ) ထို့ပြင်လည်း ဒါနဝတ္ထုတို့ကို ခွဲဝေဖော်ပြရာ၌ အဘိဓမ္မာလာ ဒါနဝတ္ထု ၆-မျိုးရှိရာ၊ ဒုတိယမြောက် သဒ္ဒဒါန နေရာ၌ ဤကြေးစည်၊ ခေါင်းလောင်း လှူဒါန်းခြင်း၊ စည် ခေါင်းလောင်း ကြေးစည် စသည်များကို ဘုရားရင်ပြင်တော်၌ တီးခတ် ထိုးနှက် အသံထွက်ပေါ်စေခြင်း စသည်များကို ဆိုထားပေသည်။ ထိုအကြောင်းကို စရိယာပိဋကအဋ္ဌကထာ၏ ဖွင့်ဆိုချက်တွင်-
ယဒါ သဒ္ဒဒါနံ ဒဿာမီတိ ဘေရိမုဒိင်္ဂါဒီသု အညတရေန တူရိယေန တိဏ္ဏံ ရတနာနံ ဥပဟာရံ ကရောတိ ကာရေတိ စ၊ သဒ္ဒဒါနံ မေ တိ ဘေရီအာဒီနိ ဌပေတိ ဌပါပေတိ စ။ (စရိယာပိဋက၊ဋ္ဌ၊၂၉၉)
အကြင်အခါ၌ သဒ္ဒဒါနကို ပေးလှူအံ့ဟု ကြံစည်ကာ စည်ကြီး၊ မုရိုးစည်၊ ကြေးစည်၊ ခေါင်းလောင်းစသည် တို့တွင် တစ်မျိုးမျိုးသော တူရိယာဖြင့် ရတနာ သုံးပါးတို့အား ပူဇော်ခြင်းကို ပြုအံ့၊ ပြုစေအံ့။ ငါ၏ သဒ္ဒဒါန ဖြစ်ပါစေ ဟူ၍ စည်ကြီး၊ မုရိုးစည်၊ ကြေးစည်၊ ခေါင်းလောင်းတို့ကို ထားအံ့၊ ထားစေအံ့စသည်ဖြင့် ဖော်ပြထား ပေသည်။
ထို့ကြောင့် ကြေးစည် ခေါင်းလောင်းထိုးခြင်းစသော ကိစ္စများသည် ယခုမှပေါ်ပေါက်လာသော ကိစ္စများမဟုတ်၊ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိစဉ်ကပင် ပြုလုပ်လာခဲ့သော ဗုဒ္ဓဘာသာ သာသနာတော်၏ ထုံးတမ်းစဉ်လာ ကိစ္စရပ်များ ဖြစ်သဖြင့် စင်စစ် ကောင်းမြတ်သော ကိစ္စများဖြစ်၍ အပြစ်ဆိုသူတို့သာလျှင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုမှ သွေဖီ ပျက်ပြယ်နေသူများ ဖြစ်ကြောင်း ထင်ရှားပေသည်။
ဥပုသ်စောင့်ခြင်း
၉။ ဥပုသ်စောင့်ခြင်းကိုလည်း လူသေလူဖြစ်ဆရာက မယုံကြည်ဟုဆိုကာ ပယ်ဖျက်ခဲ့ပြန်သည်။ စုဒိတကတို့ ချေပလွှာတွင် ပြန်လည်၍ချေပ သောဓနာထားသည်ကို မတွေ့ရ။ ဤ ဥပုသ်စောင့်ခြင်းနှင့် ပတ်သက်၍ လက္ခဏသုတ်၌-
“ယမ္ပိ ဘိက္ခဝေ တထာဂတော ပုရိမံ ဘဝံ ပုရိမံ ဇာတိံ ပုရိမံ နိကေတံ ပုဗ္ဗေ မနုဿဘူတော သမာနော ဒဠသမာဒါနော အဟောသိ၊ ကုသလေသု ဓမ္မေသု အဝတ္ထိတသမာဒါနော ကာယသုစရိတေ ဝစီသုစရိတေ မနောသုစရိတေ ဒါနသံဝိဘာဂေ သီလသမာဒါနေ ဥပေါသထုပဝါသေ” (ဒီ၊၃၊၁၁၉) စသည်ဖြင့် ဟောတော်မူ၏၊
မြန်မာပြန်
ရဟန်းတို့ ... မြတ်စွာဘုရားသည် ရှေး မွေးဖွားခဲ့ရာ ဇာတိ၊ ရှေး ဖြစ်ခဲ့ရာ ဘဝ၊ ရှေး နေခဲ့ရာ ဘုံဌာနတို့၌ လူဖြစ်စဉ်အခါက ကုသိုလ်တရားတို့၌ မြဲမြံစွာ ဆောက်တည်၏၊ မဆုတ်မနစ် ဆောက်တည်၏၊ ကာယသုစရိုက် ဝစီသုစရိုက်၊ မနောသုစရိုက်၌ လည်းကောင်း၊ ပေးကမ်းဝေဖန်ခြင်း၌ လည်းကောင်း၊ သီလဆောက်တည်ခြင်း၌ လည်းကောင်း၊ ဥပုသ်စောင့်သုံးခြင်း၌ လည်းကောင်း (မြဲမြံစွာဆောက်တည်၏၊ မဆုတ်မနစ်ဆောက်တည်၏၊ (ဒီ၊၃၊၁၉၉)
အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတပါဠိ၊ ဥပေါသထဝဂ်၊ သံခိတ္တူပေါသထသုတ် မြန်မာပြန် ၈၀-၌
“ရဟန်းတို့ ... အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင် ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏”စသည်ဖြင့် ဟောတော်မူ၏၊
ထို့အတူ ဝတ္ထတူပေါသထသုတ် ၈၄၊ ဝိသာခါသုတ် ၈၇၊ ဝါသေဋ္ဌသုတ်၊ ဗောဇ္ဈင်္ဂသုတ် ၉၀-တို့၌လည်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်၏ အကျိုးကြီးမားကြောင်းကို ဟောတော်မူပြီး နောက်ဆုံး၌-
“တသ္မာ ဟိ နာရီ စ နရော စ သီလဝါ။
အဋ္ဌင်္ဂုပေတံ ဥပဝဿုပေါသထံ။
ပုညာနိ ကတွာ န သုခုဒြယာနိ။
အနိန္ဒိတာ သဂ္ဂမုပေန္တိဌာနံ။ (အံ၊၃၊၉၀)
ဟုဟောတော်မူသည်။
မြန်မာပြန်
ထို့ကြောင့်သာလျှင် သီလရှိသော မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ တစ်စုံတစ်ယောက်သော သူသည် အင်္ဂါရှစ်မျိုးရှိသော ဥပုသ်ကို ကျင့်သုံးရာ၏၊ (ထိုမိန်းမ၊ ယောက်ျားတို့သည်) ချမ်းသာသော အကျိုးကို ဖြစ်စေ တတ်ကုန်သော ကုသိုလ်ကောင်းမှုတို့ကို ပြုကုန်သောကြောင့် မကဲ့ရဲ့အပ်ကုန်သည်ဖြစ်၍ နတ်ပြည်သို့ ကပ်ရောက် ရကုန်၏၊ (အင်၊မြန်၊၃၊၈၅-၈၈)
ဤပါဠိတော်တို့ကို ထောက်၍ ဥပုသ်စောင့်သုံးခြင်းအမှုသည် အကျိုးများသော အကျင့်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ဥပုသ်စောင့်ခြင်းကိုပယ်သော လူသေလူဖြစ်ဆရာတို့၏ ဝါဒသည် အစဉ်အလာကောင်းကို ချိုးဖျက် သောဝါဒဖြစ်သည်ဟု ဝေဖန်တော်မူကြသည်။
ဩကာသကန်တော့ခန်းနှင့် ရွှေစေတီ
၁၀။ ထို့နောက် စောဒက ပုဂ္ဂိုလ်တို့က ရွှေအဘိဓမ္မာ အမည်ခံ သူတို့၏ မေးခွန်းပေါင်း (၈၀) အနက်မှ-
(က) ဩကာသကန်တော့ခန်းနှင့် ပတ်သက်သောမေးခွန်း၊
(ခ) ဘုရားရွှေကပ်ခြင်းနှင့် ပတ်သက်သောမေးခွန်း၊
(ဂ) ရွှေတိဂုံစသည်တို့၌ အစောင့်ထားခြင်းနှင့် ပတ်သက်သောမေးခွန်း၊
(ဃ) ကျောက်ခဲ အုတ်ခဲများကို ဘုရားအတုလုပ်၍ ရှိခိုးခြင်းနှင့် ပတ်သက်သောမေးခွန်း။
ဤမေးခွန်း ၄-ချက်ကို ထုတ်ဖော်ပြလျက် ထိုကဲ့သို့ ရေးသားခြင်းသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို ပြောင်လှောင် စော်ကားထားသည်ဟု စောဒနာခဲ့ကြသည်။
၎င်းစောဒနာကို ချေပသော သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့မှ တင်သွင်းသော သောဓနာလွှာတွင်-သူတို့သည် စေတီပုထိုးများကို အုတ်ခဲ ကျောက်ခဲများကို အတုလုပ်ထားသည်ဟု မဟောပြော၊ မရေးသားခဲ့ ကြကြောင်း၊ ဦးရွှေပြည့်၏ လူ့အဘိဓမ္မာ စာစောင်တွင်ပါသော မေးခွန်းကိုကြည့်၍ ၎င်းတို့အား စွပ်စွဲခြင်းမျှသာဖြစ်ကြောင်း၊ မေးခွန်းသည် မေးခွန်းမျှသာဖြစ်၍ အဖြေမဟုတ်ကြောင်း သောဓနာ တင်သွင်းကြသည်။
သို့သော် ၎င်းမေးခွန်းပါ စကားအသုံးအနှုန်းများကို ထောက်ရှုခြင်းအားဖြင့် မေးခွန်းရှင်သည် အဖြေကိုသိလို၍ မေးသော ရိုးရိုးမေးခွန်း မဟုတ်မူ၍ စောဒကပုဂ္ဂိုလ်တို့တင်ပြသော စောဒနာသကဲ့သို့ ဩကာသဘုရားရှိခိုးစသော ဓလေ့ထုံးစံများကို မနှစ်သက်သဖြင့် ထိုသို့ပြုကျင့်သူများကို ပြောင်လှောင်လိုသောသဘောဖြင့် မေးခြင်းဖြစ်သည်ဟု ယူဆရသည်။
ထို့ပြင် “မေးခွန်းသည် မေးခွန်းမျှသာ ဖြစ်၍ အဖြေမဟုတ်ပါ”ဟု သမ္မာဒိဋ္ဌိ သုတေသနသမားတို့က ချေပရာ၌ မေးရုံသာဖြစ်၍ အပြစ်မရှိဟု ဆိုလိုဟန်ရှိ၏၊ ဤသို့ဆိုသော် ဦးဥက္ကဋ္ဌသည် လူကမွေးသူ ဟုတ်ရဲ့လား၊ သမ္မာဒိဋ္ဌိ သုတေသနသမားတို့သည် လူမှဟုတ်ကြရဲ့လား စသည်ဖြင့် မေးသည်ရှိသော် သင့်လျော် နိုင်ပါအံ့လော၊ မသင့်လျော်ချေ။ ထိုနည်းအတူ ဗုဒ္ဓဘာသာတို့ အလေးအမြတ်ပြုနေသော ကိစ္စတို့ကိုလည်း “မေးခွန်းပါ”ဟု ကာကွယ်၍ အမနာပ ပြောခြင်း မပြုထိုက်ကြောင်း သိနိုင်ပေသည်။
၁၁။ မည်သို့ပင်ဆိုစေ ဩကာသ ကန်တော့ခန်း စသည်၌ကား ကဲ့ရဲ့ဖွယ်ရာ အပြစ် တစ်စုံတစ်ရာ မထင်ပေ၊ အနည်းငယ်ရှင်းဦးအံ့။
(က) အရိယပုဂ္ဂိုလ်တို့အား ကဲ့ရဲ့စွပ်စွဲ ဆဲရေးမိလျှင် အရိယာဟု သိသည် ဖြစ်စေ မသိသည် ဖြစ်စေ အရိယူပဝါဒကံ ထိုက်၏၊ အနန္တရိယကံနှင့် တူ၏၊ နတ်ပြည်ကိုလည်း တားမြစ်၊ မဂ်ကိုလည်း တားမြစ်တတ်၏၊ သို့သော် ကုစား၍ကား ရကောင်းပါသည်။ ထို့ကြောင့် အရိယာပုဂ္ဂိုလ်တို့ကို ကဲ့ရဲ့စွပ်စွဲ ဆဲရေးမိခဲ့ပါက ထိုပုဂ္ဂိုလ်ထံသို့ သွား၍ “တပည့်တော်သည် အရှင်ဘုရားအား ဤသို့ ပြောမိခဲ့ပါသည်။ ထိုအပြစ်ကို သည်းခံပါ”ဟု သည်းခံ စေအပ်၏၊ ဝန်ချ တောင်းပန် အပ်၏၊ အကယ်၍ ပရိနိဗ္ဗာန် စံဝင်သွားလျှင် ပရိနိဗ္ဗာန်စံရာ အရပ်သို့ (သုသာန် တိုင်အောင်)ပင် သွား၍ သည်းခံစေအပ် တောင်းပန် အပ်၏”ဟု ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ-၁၃၄)။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ(ပ-၃၃၇-၈)။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၅၅-၆) တို့၌ ပြဆိုထားပေသည်။
ထိုသို့ ပြဆိုထားချက်အရ အကယ်၍ ပုထုဇဉ်တို့ သဘာဝအလျောက် ရတနာသုံးပါးတို့အား ပြစ်မှားမိသော် ထိုအပြစ်(အရိယူပဝါဒကံ)တို့မှ လွတ်မြောက်စေခြင်းငှာ ကန်တော့ရာ၌ အပြစ်တင်ရန် မရှိသည့်အပြင် ချီးမွမ်းဖို့ပင် ကောင်းပါပေ၏၊
(ခ) “ဗုဒ္ဓက ရွှေမကိုင်ရဟု ဆိုထားပါလျက် ဘုရားကို ရွှေကပ်ခြင်း၊ ပန်းကပ်ခြင်း လုပ်နေကြသည်မှာ ဗုဒ္ဓဝါဒလား”ဟူသော မေးခွန်း၌ မြတ်စွာဘုရားသည် ရဟန်း သာမဏေတို့ကိုသာ ရွှေမကိုင်ရဟု တားမြစ်၍ လူဒါယိကာ ဒါယိကာမတို့ကို မတားမြစ်၊ တားမြစ်၍လည်းမဖြစ်။ ဤအကြောင်းမှာ သူသူငါငါသိသော အရာဖြစ်သည်။ ကျောင်း အသုံးအဆောင် (သေနာသနပရိဘေဂ)ဖြစ်လျှင်ကား ရဟန်း သာမဏေတို့သည်ပင် ရွှေငွေဖြင့် ပြုလုပ်ထားသော ကျောင်းအသုံးအဆောင်ကို ကိုင်အပ် သုံးသပ်အပ်ကြောင်းကို “သေနာသနပရိဘောဂေါပန သဗ္ဗကပ္ပိယော၊ တသ္မာ ဇာတရူပရဇတမယာ သဗ္ဗေပိ သေနာသနပရိက္ခာရာ အာမာသာ” ဟု ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ ဒု၊ ၁၃၀။ ဝိနယသင်္ဂဟအဋ္ဌကထာ ၃၀-တို့၌ မိန့်ဆို၏၊
ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် ကဿပမြတ်စွာဘုရား၏ သရီရဓာတ်ကို ရွှေစေတီကြီး တည် ထားကြကြောင်းကို “အတီတေ ကိရကဿပဒသဗလဿ သုဝဏ္ဏစေတိယေ ကရိယမာနေ ဗာရာဏသိဝါသိနော။ပ။ ဧကံ ထေရံ ပိဏ္ဍာယ ပဝသန္တံ ပဿိံသု”စသည်ဖြင့် ဓမ္မပဒအဋ္ဌကထာ၊ ဒု၊ ၃၄၄-၌ မိန့်ဆိုသည်။ ၎င်းအဋ္ဌကထာ၊ ဒု၊ ၄၄၄-၌ပင် ကဿပမြတ်စွာဘုရား၏ စေတီတည်ကြစဉ်က ရွှေ မလောက်သဖြင့် ရဟန္တာတစ်ပါးက ရွာထဲဝင်၍ တိုက်တွန်း နှိုးဆော်ခဲ့ဖူးကြောင်းကို ပြဆိုထား၏၊
ဝိမာနဝတ္ထုအဋ္ဌကထာ ၁၄၂-၌လည်း -
“သာ ကိရ ကဿပဿ ဘဂဝတော ယောဇနိကာ ကနကထူပေ ကယိရမာနေ။ပ။ ဣမာဟံ စေတိယတ္ထာယ ဒမ္မီတိ”
ဟု ပြဆိုထား၏၊
မြန်မာပြန်
ထိုအမျိုးသမီးသည် ကဿပမြတ်စွာဘုရား၏ တစ်ယူဇနာရှိသော ရွှေစေတီ တည်ထားစဉ်အခါက သူငယ်မ ဖြစ်၍ အမိနှင့်အတူ စေတီတည်ရာ အရပ်သို့သွား၍ အမိကို “အမေ ဤသူတွေ ဘာလုပ်ကြတာလဲ”ဟု မေး၏၊ “စေတီတည်ရန် ရွှေအုတ်များ လုပ်ကြတာပေါ့”ဟု ဖြေဆိုရာ ကြည်ညိုစိတ် ဖြစ်၍ “အမေ ကျမလည်ပင်းက ဤဆွဲကြိုးလေးကို စေတီတည်ဖို့ လှူပါသည်”ဟု ဆို၍ လှူခဲ့လေသည်။
ဤ အဋ္ဌကထာတို့ကိုထောက်၍ ဘုရားစေတီကို ရွှေကပ်ရုံမက ရွှေစေတီပင် တည်ခဲ့သော ထုံးဟောင်းရှိ၏၊ ထို့ပြင် ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ ဒု၊ ၂၅၇။ ဝိနယသင်္ဂဟအဋ္ဌကထာ၌ -
“သစေ ပန သံဃံ ဝါ ဂဏံ ဝါ ပုဂ္ဂလံ ဝါ အနာမသိတွာ ဣဒံ ဟိရညသုဝဏ္ဏံ စေတိယဿ ဒေမ၊ ဝိဟာရဿ ဒေမ၊ နဝကမ္မဿ ဒေမာတိ ဝဒန္တိ၊ ပဋိက္ခိပိတုံ န ဝဋ္ဋတိ၊ ဣမေ ဣဒံ ဘဏန္တီတိ ကပ္ပိယကာရကာနံ အာစိက္ခိတဗ္ဗံ။ (ဝိ၊သင်္ဂဟ၊ဋ္ဌ၊၅၆)
ဟု ဖွင့်ဆို၏၊
မြန်မာပြန်
အကယ်၍ သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်ကို မသုံးသပ်မူ၍ ဤရွှေ ငွေကို စေတီတော်အား လှူပါ၏၊ ကျောင်းအား လှူပါ၏၊ နဝကမ္မအား လှူပါ၏-ဟု ဆိုကုန်အံ့။ ပယ်ခြင်းငှာ မသင့်၊ ဤသူတို့သည် ဤသို့ပြောဆိုကြသည်ဟု ကပ္ပိယကာရကတို့အား ပြောကြားရမည်။ ဤသို့ ဖွင့်ဆိုသော အဋ္ဌကထာတို့ကို ထောက်၍ ဘုရားအား ရွှေကပ်ခြင်းသည် အပြစ်မထင်၊ အကျိုးပင် ဖြစ်ပေသည်။
အစောင့်ထားခြင်း
၁၂။ သိဒ္ဓတ္ထဖြစ်သော ဘုရားမှာ သူခိုး၊ ဓားပြရန်ကို ကာကွယ်ရန်ဟု ဒရဝမ် တစ်ဦးတစ်ယောက်မျှ မထားပါဘဲ ရွှေတိဂုံတို့၊ မဟာမြတ်မုနိတို့မှာ ဒရဝမ်ထားနေခြင်းမှာ ဗုဒ္ဓဝါဒလား ဗြာဟ္မဏဝါဒလားဟု မေးခွန်းထုတ်တား၏၊
ဤ မမေးသင့်သော မေးခွန်းအတွက် ဗုဒ္ဓဘာသာဝင် တစ်ယောက်ကို ဖြေဆိုစေလျှင် ဦးရွှေပြည့်တို့ကဲ့သို့ ဘုရား တရားအမှန်ကို မယုံကြည်သော ဗန်းပြဘာသာရေးသမား၊ ရုပ်ဝါဒီ သမ္မာဒိဋ္ဌိသုတေသနများ၏ ရန်ကိုကြောက်၍ ရွှေတိဂုံစသည်တို့၌ အစောင့်ထားရသည်ဟု ဖြေဆိုပေလိမ့်မည်။
အမှန်မှာ သက်တော်ထင်ရှား မြတ်စွာဘုရားနှင့် သက်မဲ့စေတီပုထိုးများသည် မတူပေ။ သက်တော်ထင်ရှား မြတ်စွာဘုရား၏ အသက်တော်၊ သဗ္ဗညုတဉာဏ်တော်၊ ကိုယ်ရောင်တော်နှင့် ပစ္စည်းလေးပါးတို့ကို အန္တရာယ် မပြုနိုင်သော်လည်း သက်မဲ့စေတီတော်၏ ပစ္စည်းများကို အန္တရာယ်ပြုနိုင်သူကား များပြားလှဘိ၏၊ ထိုသို့ မတူရကား သက်တော်ထင်ရှား မြတ်စွာဘုရားနှင့် သက်မဲ့စေတီတော်ကို အရာခပ်သိမ်း မနှိုင်းယှဉ်သင့်ပေ။ ထို့ကြောင့် သက်တော်ထင်ရှား မြတ်စွာဘုရား၌ အစောင့်မထားသော်လည်း စေတီတော်၌ကား အစောင့်ထားရမည်သာ ဖြစ်သည်။
ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ ပ-၃၁၃။ ဝိနယသင်္ဂဟအဋ္ဌကထာ ၁၅၀-တို့၌လည်း -
“စေတိယဿ ဝါ သံဃဿ ဝါ သန္တကေန စေတိယဿ သန္တကံ ရက္ခာပေတုံ ဝဋ္ဋတိ၊ စေတိယဿ သန္တကေန သံဃဿ သန္တကံ ရက္ခာပေတုံ န ဝဋ္ဋတိ”
ဟု မိန့်ဆို၏၊
အဓိပ္ပါယ်ကား - စေတီ၏ဥစ္စာကို စေတီ၏ဥစ္စာဖြင့်လည်းကောင်း၊ သံဃာ၏ဥစ္စာဖြင့်လည်းကောင်း စောင့်ရှောက် စေအပ်၏၊ သံဃာ၏ဥစ္စာကို စေတီ၏ဥစ္စာဖြင့် မစောင့်ရှောက်စေအပ်-
ဟု ဆိုလိုသည်။
ထို့ပြင် ဝိနယသင်္ဂဟအဋ္ဌကထာ၌-
“ စေတိယဿ ပဒီပတ္ထာရ ဝါ ခဏ္ဍဖုလ္လပဋိသင်္ခရဏတ္ထာယ ဝါ ဒိန္နအာရာမောပိ ဇဂ္ဂိတဗ္ဗော၊ ဝေတနံ ဒတွာပိ ဇဂ္ဂါပေတဗ္ဗော။ ဝေတနဥပနေတ္ထ စေတိယသန္တကမ္ပိ သံဃသန္တကမ္ပိ ဒါတုံ ဝဋ္ဋတိ (ဝိနယသင်္ဂဟ၊ဋ္ဌ၊၄၃၃)”
ဟုမိန့်၏၊
မြန်မာပြန်
စေတီ၏ ဆီမီးအကျိုးငှာလည်းကောင်း၊ ကျိုးသည် ပျက်သည်ကို ပြုပြင်ခြင်းငှာ လည်းကောင်း၊ ပေးလှူအပ်သော အရံကို စောင့်ရှောက်အပ်၏၊ အဖိုးအခ ပေး၍သော်လည်းကောင်း စောင့်ရှောက်စေအပ်၏၊ အဖိုးအခကိုလည်း စေတီ၏ ဥစ္စာကို လည်းကောင်း၊ သံဃာ၏ ဥစ္စာကို လည်းကောင်း ပေးခြင်းငှာ အပ်၏၊
၁၃။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက် ကြွင်းကျန်ရစ်သော ဓာတ်တော်တို့ကို ကုသိနာရုံပြည်သား မလ္လာမင်းတို့က အစောင့်ထား၍ ပူဇော်ကြပုံကို -
“အထ ခေါ ကောသိနာရကာ မလ္လာ ဘဂဝတော သရီရာနိ သတ္တာဟံ သန္ဓာဂါရေ သတ္တိပဉ္ဇရံ ကရိတွာ ဓနုပါကာရံ ပရိက္ခိပါပေတွာ နစ္စေဟိ ဂီတေဟိ ဝါဒိတေဟိ မာလေဟိ ဂန္ဓေဟိ သက္ကရိံသု၊ ဂရုံ ကရိံသု မာနေသုံ ပူဇေသုံ (ဒီ၊၂၊၁၃၅)”
ဟူ၍ မဟာပရိနိဗ္ဗာနသုတ်၌ ပြဆိုထားသည်။
မြန်မာပြန်
“ထိုအခါ ကုသိနာရုံပြည်သား မလ္လာမင်းတို့သည် မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို မင်းကွန်း၌ (ထားလျက်) လှံကိုင်အစောင့်တို့ဖြင့် ကာရံ၍ လေးသည်တော်တပ်ဖြင့် ခြံရံစေပြီးလျှင် ခုနစ်ရက်ပတ်လုံး ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ပန်းနံ့သာတို့ဖြင့်လည်းကောင်း အရိုအသေပြုကုန်၏၊ အလေးအမြတ် ပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏” (မဟာဝဂ်ပါဠိတော်၊ မြန်မာပြန်-၁၅၇။)
ဤပါဠိတော် အဋ္ဌကထာတို့ကို ထောက်၍ စေတီ ပုထိုး ဓာတ်တော်တို့ကို အစောင့်ထားခြင်းသည် တရားတော်နှင့် လျော်ကန်ညီညွတ်၏၊ စေတီပုထိုးတို့၌ အစောင့်ထားရပါမည်လောဟု စောဒနာသော ရွှေအဘိဓမ္မာ ဆရာတို့သည် ၎င်းတို့၏ မူမမှန်သော စေတနာကို ၎င်းတို့၏ မေးခွန်းကပင် ဖော်ပြနေသကဲ့သို့ ရှိ၏ဟု ဝေဖန်တော်မူကြသည်။
၁၄။ အတုမရှိသော ဗုဒ္ဓဟု ဆိုထားပါလျက် အုတ်ခဲ ကျောက်ခဲများကို အတုလုပ်ပြီး ရှိခိုးဦးချ ဆုတောင်းနေခြင်းမှာ ဗုဒ္ဓဝါဒလားဟု ရွှေအဘိဓမ္မာဆရာက မေးခွန်းထုတ်ထား၏၊ ၎င်းမေးခွန်းကိုကြည့်ကာ မေးခွန်းရှင်နှင့် အပေါင်းပါတို့သည် စေတီပုထိုးများကို အုတ်ခဲ ကျောက်ခဲများအနေဖြင့် ကဲ့ရဲ့ကြသည်။ ထိုသို့ ကဲ့ရဲ့ခြင်းမှာ ထေရာပဒါနပါဠိတော်၊ ပ-၃၀၆-၌ လာသော ပုန္နာဂပုပ္ဖိယထေရ်၏ ဖြစ်စဉ်နှင့် ဆန့်ကျင်သဖြင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု စောဒနာပုဂ္ဂိုလ်တို့က စောဒနာကြရာ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ “၎င်းတို့သည် စေတီ ပုထိုးများကို အုတ်ခဲ ကျောက်ခဲများကို အတုလုပ်ထားသည်”ဟု မပြောဆို မရေးသားခဲ့ကြကြောင်း စသည်ဖြင့် သောဓနာလွှာ တင်သွင်းကြ၏၊
သို့သော် ဖော်ပြပါ ရွှေအဘိဓမ္မာ မေးခွန်းကိုလည်းကောင်း သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ထုတ်ဝေသော သစ္စာစာစောင်၊ အတွဲ (၁)၊ အမှတ်စဉ် (၉)၌ ရေးသားသော “ဤစာကို ရေးချိန်တွင် ပုဂံစေတီပုထိုးများကို ပြင်ဆင်ရေးအတွက် အလှူငွေပေါင်း ၁၆-သိန်းကျော် ရနေပြီဟု သိရသည်။ ဤသည်မှာ ၂-လကျော်မျှအတွင်း ရသောငွေဖြစ်သည်။ပ။ ချိုးကပ်နေသော အတွေးအခေါ်ဟူသည် ပြောင်းလဲရန် ခဲယဉ်းပါဘိတောင်း”ဟူသော စကားရပ်ကို လည်းကောင်း၊ ထောက်ထားကာ ချေပချက်သည် ဟန်ဆောင်ချက်မျှသာဖြစ်ပြီး၊ ဘုရားစင်ကို ဖြုတ်ချကြသော၊ စေတီပုထိုးများကို ကဲ့ရဲ့ကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့လည်း အလွန်မနည်းသော အရေအတွက် ရှိမည်မှာ သိသာပေသည်။
စေတီတည်ထားခြင်း
၁၅။ စေတီတည်ထား ကိုးကွယ်ခြင်းသည် ကောင်းကျိုးချမ်းသာကို ရရှိစေသော အမှုကိစ္စ တစ်ခုဖြစ်သည်။ မြတ်စွာဘုရားသည်ပင် ဗာဟိယ(ရဟန္တာ)၏ ဓာတ်တော်တို့ကို စေတီတည်ထားရန် ရဟန်းတို့ကို စေခိုင်းခဲ့ဖူး၏၊ (ဥဒါနပါဠိ၊ ဗာဟိယသုတ်၊ ၈၆)
အရှင်သာရိပုတ္တရာ၏ ဓာတ်တော်တို့ကိုလည်း ထိုနည်းတူ စေတီတည်ထား စေခဲ့ဖူး၏၊ (ဒီဃနိကာယ၊ မဟာဝဂ္ဂအဋ္ဌကထာ၊ ၁၄၄)
ကဿပဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးသောအခါ၌လည်း ရွှေစေတီကြီး တည်ထားကြောင်းကို ဓမ္မပဒအဋ္ဌကထာ(ဒု-၃၄၄၊၄၄၄။ ဝိမာနဝတ္ထုအဋ္ဌကထာ(၁၄၂-တို့၌ တွေ့ရ၏၊
ဝိပဿီမြတ်စွာဘုရား၏ စေတီအကြောင်းကိုလည်း မဟာဝဂ္ဂအဋ္ဌကထာ ၁၇၁-၌ တွေ့ရ၏၊
စေတီတော်၌ ပန်း နံ့သာစသည်ကို တင်ထားလှူဒါန်းသော ပုဂ္ဂိုလ်တို့အား အကျိုးများပုံကို ဒီဃနိကာယ၊ မဟာဝဂ္ဂပါဠိတော် ၁၁၇-၌ ဟောတော်မူ၏၊
အဇာတသတ်မင်း စသူတို့ မြတ်စွာဘုရား၏ ဓာတ်တော်တို့ကို စေတီတည်ထားကြပုံကို ဒီဃနိကာယ၊ မဟာဝဂ္ဂပါဠိ ၁၃၇-၌ ဟောတော်မူ၏၊
စေတီတော်ကို ကုန်မျိုးစုံရောင်းသော စျေးရုံကြီးနှင့် ဥပမာနှိုင်း၍ သမ္ပတ္တိအမျိုးမျိုး ရရှိစေနိုင်သော ဌာနကြီးအဖြစ် မိလိန္ဒပဥှာပါဠိတော် ၃၂၃-၌ ပြဆိုထား၏၊
စေတီတော်ကို ကုသိုလ်ရွှေအိုး မြှုပ်နှံရာ ဌာနတစ်ခုအဖြစ် ခုဒ္ဒကပါဌပါဠိတော်၊ နိဓိကဏ္ဍသုတ်၊ နှာ-၁၀-၌ ပြဆိုထား၏၊
ထိုသို့ ပြဆိုထားသော ပါဠိတော်၊ အဋ္ဌကထာတို့အရ စေတီတည်ထားခြင်း၊ ပြုပြင်ခြင်းတို့သည် ကောင်းကျိုးချမ်းသာ ရရှိစေသော အမှုကိစ္စတို့သာ ဖြစ်ကုန်၏၊ စုဒိတကတို့သည်ကား စေတီတည်ထား ပြုပြင်ခြင်းတို့ကို မနှစ်သက်ဖွယ်ဟု ပစ်ပယ်ခဲ့ကြလေသည်။
(စွဲဆိုချက် အမှတ် ၁၂၊ စောဒနာ သောဓနာ၌ အကျယ်စိစစ်ခဲ့ပြီး ဖြစ်၏၊)
၁၆။ ထို့နောက် စောဒကပုဂ္ဂိုလ်များက သစ္စာဓမ္မရေးရာစာစောင် အတွဲ (၁)၊ အမှတ် (၅)၌ ဦးဥက္ကဋ္ဌရေးသော-
“အခုကြည့်လေ၊ မူလတန်းကျောင်းက ၆-နှစ်၊ ၇-နှစ်အရွယ် လူမမယ်ကလေးငယ်ကစပြီး ဘုရားရှိခိုးကို ကျက်မှတ်ကြ၊ ချပေးကြနဲ့ လုပ်နေကြတော့” -စသောစကားကို ထုတ်ပြ၍ ဦးဥက္ကဋ္ဌသည် ဗုဒ္ဓဘာသာ သာသနာတော်၏ အခြေခံအုတ်မြစ်ကို တူးဖြိုခဲ့သည်ဟု စောဒနာကြ၏၊ သမ္မာဒိဋ္ဌိသုတေသနသောဓနာလွှာ၌ ၎င်းကို ချေပသည့် သောဓနာချက် မတွေ့ရ။
သခင်မြတ်ဆိုင်၏ သောဓနာလွှာ၌ “တပည့်တော်၏ သမီး၊ မြေးများကို ပန်းကပ်၊ ရေချမ်းကပ်စေခြင်း၊ ဘုရားရှိခိုးစေခြင်းစသည်တို့ကို တိုက်တွန်းညွှန်ကြားပေးလျက် ရှိပါသည်”ဟု တွေ့ရလေရာ သူ့ဆရာဦးဥက္ကဋ္ဌဝါဒကို သူပင် လက်မခံ၊ မလိုက်နာဟုဆိုရာ ရောက်နေသည်။ ဆရာနှင့်တပည့် ဆန့်ကျင်နေ၏၊
ဘုရားရှိခိုးသင်ပေးခြင်း
၁၇။ ဘုရားရှိခိုးခြင်း၊ သရဏဂုံဆောက်တည်ခြင်း၊ သီလဆောက်တည်ခြင်း စသည်တို့သည် ဗုဒ္ဓသာသနာ၏ အခြေမူလတို့ ဖြစ်သည်။ ၎င်းအမှုတို့ကို ပိတ်ပင်တားမြစ်က သာသနာတော်ကို ဖျက်သည်ဟုပင် ဆိုရသည်။ သားသမီး မိတ်ဆွေ သူငယ်ချင်းစသည်တို့ကို အမှန်တကယ် ချစ်သည် ခင်သည်ဆိုပါက ဘုရားရှိခိုးခြင်း၊ သရဏဂုံ သီလဆောက်တည်ခြင်းစသော ကုသိုလ်ကောင်းမှုတို့၌ တိုက်တွန်းရပေမည်။
ထိုသို့ တိုက်တွန်းသင့်ကြောင်းမှာ စောဒကပုဂ္ဂိုလ်တို့ တင်ပြသော အနာထပိဏ်သူဌေးသား ကာလဝတ္ထု (ဓမ္မပဒအဋ္ဌကထာ၊ ဒု-၁၂၃)၊ မဟာဝဂ္ဂသံယုတ်၊ ၃၁၇-လာ မိတ္တာမစ္စသုတ်တို့ဖြင့် ထင်ရှားသည်။ ထို့ပြင် မိတ္တဝိန္ဒက၏ မိခင်သည်လည်း မိတ္တဝိန္ဒကကို ငွေကြေးပေး၍ ဥပုသ်စောင့် တရားနာရန် တိုက်တွန်းခဲ့ဖူး၏၊ ထိုသို့ တိုက်တွန်းခြင်းသည် “ပါပါနိဝါရေန္တ၊ ကလျာဏေ နိဝေသေန္တိ သိပ္ပံ သိက္ခာပေန္တိ၊ ပတိရူပေန ဒါရေန သံယောဇေန္တိ၊ သမယေ ဒါယဇ္ဇံ နိယျာဒေန္တိ”ဟု သိင်္ဂါလသတို့သားအား ဟောအပ်သော -
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ-
ဟူသော မိဘတို့ ကျင့်ဝတ်ကို ပြုကျင့်သည်လည်း မည်၏၊
ကောင်းရာညွှန်လတ်ဆိုသည်မှာ အနာထပိဏ်သူဌေးက သူ့သားကာလကို တိုက်တွန်းသကဲ့သို့ ဆုလာဘ် ပေးပြီးသော်မှလည်း သီလဆောက်တည်ခြင်း စသည်တို့၌ ဝါသနာထုံစေခြင်း ဖြစ်သည်။
ခြုံငုံသုံးသပ်၍ ဆုံးဖြတ်ခြင်း
၁၈။ ဆိုအပ်ခဲ့ပြီးသော အချက်အလက်များကို ခြုံငုံ၍ သုံးသပ် ဝေဖန်ပြီးနောက် ဆီမီးအခိုးတိုင် ညှိထွန်းခြင်း၊ ပူဇော်ခြင်း၊ အရိုအသေပြုခြင်း၊ ကြေးစည် ခေါင်းလောင်းထိုးခြင်း၊ ဂုဏ်တော်ရွတ်ဖတ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ စေတီပုထိုးများကို တည်ထားခြင်း၊ ပြုပြင်ခြင်း၊ အစောင့် ဂေါပကထားခြင်း၊ ရွှေကပ်ခြင်း၊ ပန်းကပ်ခြင်းစသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် ဓလေ့ထုံးစံများကို ပယ်ရှားရန် ဟောပြော ရေးသား ဖြန့်ဝေနေကြသော ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ ဝါဒသည် ထေရဝါဒပိဋကတ်တော်လာ ဒေသနာနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သောကြောင့် ရုပ်ဝါဒီတို့၏ ဘာသာသာသနာ ဖျက်ဆီးမှုလုပ်ရပ် အဓမ္မဝါဒသာဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော်တို့ အညီအညွတ် ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)စောဒနာ အမှတ် (၁၄)ဆုပေး ဆုယူ ပယ်ခြင်းနှင့် စပ်သည့် ဝိနိစ္ဆယ
ဗုဒ္ဓဘာသာဝင်တို့၏ ကုသိုလ်ရေးလုပ်ငန်းများ၊ သပိတ်သွတ်ခြင်းစသော ဘာသာရေးဆိုင်ရာ အမှုကိစ္စများကို အပိုသက်သက် ဖြစ်သယောင်ယောင် ဟောပြော ရေးသား ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ စောဒနာ သောဓနာချက်တို့ကို ဝေဖန် သုံးသပ်ချက်။
၁။(က) ဆုတောင်း ဆုပေးသက်သက်ဖြင့် မည်သည့် အာနိသံသမျှ အကျိုးတရား ထင်ရှားနိုင်လိမ့်မည်ဟု မယုံကြည်။ (သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ အယူဝါဒရေးရာ သဘောထား (၁၁-နံပါတ်)။
(ခ) အမှန်ဆိုရလျှင် ဆုတောင်းပတ္တနာပြုမှုကြောင့် အကျိုးရရှိသည်ဟူသော လူသား၏ ယုံကြည်ချက်ကား သူ၏ကြွေးကြော် အော်မြည်မှုကြောင့် မိုးဦးကျလာရသည်ဟူသော ဖားသူငယ်၏ ယုံကြည်မှုမျိုးသာ ဖြစ်လေတော့ သည်။ (လူသေလူဖြစ်စာအုပ် နှာ-၁၄၉)။
(ဂ) ဘုန်းတော်ကြီးများသည် ဆုတောင်းပတ္တနာပြုမှုကို မိမိကိုယ်တိုင် ပြုရုံမျှမကမူ၍ လူဒါယကာနှင့် ဒါယိကာမတို့အား ဆုပေးမှုကိုလည်း ပြုကြကုန်သေး၏၊ (လူသေလူဖြစ်စာအုပ်၊ စာမျက်နှာ-၁၄၇)
(ဃ) ဗုဒ္ဓသည် ယခု လူအများကြီးက လက်ခံယုံကြည်နေသော တမလွန် ဆုတောင်းခြင်း၊ ဆုပေးခြင်း စသော ကမ္မဿကတာ ဒါန၊ သီလကုသိုလ်မျိုးကို မပြုလုပ်၊ အားမပေးပြန်ချေ။ (သခင်မြတ်ဆိုင်၏ ဗုဒ္ဓမိဂဒါဝုန် တရားစာအုပ် နှာ-၅၈)
(င) သေသူအတွက် သချႌုင်းကုန်းသို့ လိုက်ပြီးလျှင် တကယ်ဖြစ်ပျက်ရန် အလားအလာ မရှိသော အမြုံ ကတိများကို ပေးကြကုန်၏၊ သေ၍ သွားလေပြီးသူများ တမလွန်လောက၌ ကြည်လင်ရွှင်ပျ ချမ်းသာသုခ ရရှိရေးအတွက် ရည်မှန်း၍ ဆွမ်းသွတ်ကြကုန်၏၊ ပိဏ္ဍာ ကျွေးကြကုန်၏၊ အမျှအတမ်း ဝေကြစေကုန်၏၊ အေး-သူတို့သည် သူတို့၏ သက်ထိန်းလမ်းကို ထွင်ရာ၌ကား အထူးအချွန် အလွန်ကျွမ်းကျင်တော်မူကြ ကုန်သည်တကား။ (လူသေလူဖြစ်၊ နှာ-၃၁၅)
လူသေလူဖြစ်ဆရာနှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ အထက်ပါ အယူဝါဒ ဟောပြော ရေးသားချက်တို့ကို ကောက်နုတ်တင်ပြကြလျက် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် ဆုပေး၊ ဆုယူပြုလုပ်ခြင်းစသော ဘာသာရေး ဆိုင်ရာ ကိစ္စများကို သူတို့ကိုယ်တိုင်ကလည်း ဘာတစ်ခုမျှ မပြုလုပ်ကြပါ။ ထိုလုပ်ငန်းကို လုပ်ဆောင်ကြသော ရဟန်းရှင်လူများကိုပင် အမျိုးမျိုးအဖုံဖုံ အမနာပ ကဲ့ရဲ့ရှုတ်ချ ဟောပြော ရေးသားနေကြကြောင်း၊ ၎င်းတို့၏ ဟောပြော ရေးသားချက်များသည် သာသနာတော်ကို ထိပါး ပုတ်ခတ်ရုံမျှမက ထေရဝါဒ ပိဋကတ်တော်လာ အဆိုအမိန့်များကို မျက်ကွယ်ပြုသော ဟောပြော ရေးသားချက်များ ဖြစ်နေပါသောကြောင့် တိရောကုဋ္ဋသုတ်၊ ဇာဏုဿောဏိသုတ်စသော ပိဋကတ်တော် ကျမ်းဂန်များနှင့် ဆန့်ကျင်သော အဓမ္မဝါဒ မိစ္ဆာအယူသာဖြစ်ကြောင်း စောဒကဆရာတော်များက စောဒနာကြသည်။
၂။ စောဒကဆရာတော်တို့၏ သာမညဝိသေသစောဒနာလွှာ နှစ်ရပ်လုံးကို ခြုံငုံ၍ သုံးသပ်ရသော် အမှတ်(က) ကောက်နုတ်ချက်သည် ဌာပနာပြုထိုက်သော အင်္ဂါအရည်အချင်း မပြည့်စုံသောကြောင့် လျစ်လျူရှုထိုက်သော ကောက်နုတ်ချက်ဖြစ်သည်ဟူ၍ သုံးသပ်တော်မူကြသည်။
ဝိသေသစောဒနာ၌ ချွတ်ယွင်းချက်မရှိ၊ အထောက်အကိုး သာဓက မှန်ကန်ပြည့်စုံသော စောဒနာဖြစ်ကြောင်း တွေ့ရပေသည်။
ဆုပေးဆုယူပြုခြင်း၊ သီလခံယူခြင်း၊ သပိတ်သွတ်ခြင်းတို့ကို တစ်ခုစီ တစ်ခုစီ စိစစ်သုံးသပ်ပေအံ့။
၃။ စောဒကဆရာတော်တို့၏ စောဒနာချက်ကို ဦးဆန္ဒဓိက၊ သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က ပြန်လည် ဖြေရှင်း သောဓနာပြုရာ၌ ဆုပေးဆုယူကိစ္စနှင့် ပတ်သက်၍ ဝိနယမဟာဝဂ္ဂပါဠိ၊ မြန်မာပြန် နှာ-၃၉၅-၌ ပါရှိသော ဇီဝကနှင့် ဝိသာခါတို့ လျှောက်ထားကြပုံ၊ မြတ်စွာဘုရားရှင်က ပြန်လည် မိန့်ကြားတော်မူပုံကို ထုတ်ဆောင်ပြကြလျက် ဇီဝကနှင့် ဝိသာခါတို့က တောင်းသည့်ဆုသည် အပ်လည်းအပ်ပါ၏၊ အပြစ်လည်းမရှိပါဟု လျှောက်ထားမှ ခွင့်ပြုခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်သည်ပင် တမလွန်ကျိုးမျှော်ဆုများ မပေးလျှင် တပည့်သာဝကများ အတွက်မူ ဆိုဖွယ်ရာ မရှိတော့ပါဟု သောဓနာကြ၏၊
ဦးဆန္ဒဓိက၊ သခင်မြတ်ဆိုင်၊ သမ္မာသိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် ဇီဝက၊ ဝိသာခါတို့ တောင်းသော ဆုများမှာ တမလွန်ကျိုးမျှော်ကိုးပြီး တောင်းသော ဆုများဟု မြတ်စွာဘုရားက ထင်မြင်သောကြောင့် ဆုပေးခြင်းမှ လွန်မြောက်၏ဟု ဘုရားရှင်၏ အလိုတော်ကို သိကြသယောင် ထင်မြင်ချက်များ ရေးသားပြီး ဗုဒ္ဓရှင်တော်မြတ်ပင် တမလွန်ကျိုးမျှော်ဆုများ မပေးလျှင် တပည့်သာဝကများ အနေဖြင့် ဘာဆုမျှ ပေးနေစရာမလိုဟု ကောက်ချက်ချလိုက်ကြသည်။ ထိုထင်မြင်ချက်၊ ကောက်ချက်တို့သည် စောဒကတို့၏ စောဒနာချက်ကို ချေဖျက်ရာ၌ ခိုင်လုံမှု မရှိပေ။
၄။ ထိုပါဠိတော် မြန်မာပြန် နှာ-၁၁၇-၌ပင် သုဒ္ဓေါဒနမင်းကြီးကို မြတ်စွာဘုရားတို့သည် ဆုပေးခြင်းမှ လွန်မြောက်ကုန်၏-ဟူသော စကားကို ဘုရားရှင် မိန့်ကြားခဲ့ဖူးပြီ။ ထိုသို့ မိန့်ကြားရခြင်း၏ အကြောင်းကို ဝိနည်းမဟာဝါအဋ္ဌကထာ၌-
တတ္ထ ယသ္မာ ဥဉ္ဆာစရိယာယ ဇီဝတော ပဗ္ဗဇိတဿ (ဝိ၊ဋ္ဌ၊၃၊၂၉၁)-
စသည်ဖြင့် ဖွင့်ပြလျက် ရှိ၏၊ ထိုအဖွင့်၏ မြန်မာပြန်မှာ-
“ကိုယ်တိုင်က သပိတ်ပိုက်လျက် ဆွမ်းခံလှည့်လည်ခြင်းဖြင့် အသက်မွေးရသော ရဟန်းအား အဘယ်ဆုဟူ၍ မပြောဘဲ သာမညအားဖြင့် ဆုတစ်ခုကို တောင်းလိုပါ၏-ဟု လျှောက်ထားခဲ့သော် တောင်းလိုသောဆုကို တောင်းလော့ဟူ၍ ပြောဆို ခွင့်ပြုခြင်းသည် မသင့်လျော် မလျောက်ပတ်။ မြတ်စွာဘုရားရှင်တို့၏ ထုံးစံ အလေ့အကျင့်တော်လည်း မဟုတ်သောကြောင့် အတိက္ကန္တဝရာ ခေါ ဂေါတမ တထာဂတာ-ဟူသော စကားကို ဘုရားရှင် မိန့်ကြားတော်မူပြီ”။
ဤဖွင့်ဆိုချက်အရ လောကီ ထီးနန်းစည်းစိမ် ရွှေငွေဘဏ္ဍာ မင်းအာဏာတို့ကို စွန့်ပယ်ကာ ဘုရားအဖြစ်ကို ရောက်နေပြီဖြစ်၍ ကိုယ်တော်တိုင် ဆွမ်းခံလှည့်လည်ခြင်းဖြင့် စားသောက် အသက်မွေးရသော မြတ်စွာဘုရားမှာ လူတို့ တောင်းလေ့တောင်းထရှိသော ရွှေငွေဘဏ္ဍာ အခွင့်အာဏာစသော ဆုတော် လာဘ်တော်များကို ပေးနိုင်ခြင်းမှ လွန်မြောက်ကုန်ပြီဟူသော အနေအားဖြင့် မိန့်ကြားတော်မူခြင်း ဖြစ်သည်။ သမ္မာဒိဋ္ဌိသုတေသနသမားတို့ ပြောသလို တမလွန်ကျိုးမျှော် ဆုများဖြစ်သည်ထင်၍ ဆုပေးခြင်းမှ လွန်မြောက်ကုန်၏ဟု ဘုရားရှင် မိန့်ကြားတော်မူခြင်း မဟုတ်။
၅။ သီလက္ခန္ဓဝဂ္ဂပါဠိ၊ တေဝိဇ္ဇသုတ်၌ ဝါသေဋ္ဌအား အစိရဝတီမြစ်ဟိုဘက်ကမ်းကို သည်ဘက်ကမ်း ရောက်အောင် ခေါ်ယူ၍ မရနိုင်ပုံ ဥပမာပြ၍ ဘုရားရှင် ဟောထားသည်မှာ- ဗြာဟ္မဏဖြစ်နိုင်သော ဗြဟ္မာအဖြစ်သို့ ကပ်ရောက်နိုင်သော အကျင့်သီလ မကျင့်ဘဲ ဆုတောင်းနေခြင်း၊ တောင့်တနေခြင်းစသည်ကြောင့် ဗြာဟ္မဏမဖြစ်နိုင်၊ ဗြဟ္မာအဖြစ်သို့ မကပ်ရောက်နိုင်ပုံကို ဟောထားခြင်း ဖြစ်လေသည်။ ထိုဗြာဟ္မဏတို့၏ ဆုတောင်းပုံနှင့် ယခု ဗုဒ္ဓဘာသာတို့၏ ဆုတောင်းပုံ လုံးဝ မတူပေ။ ဦးဆန္ဒာဓိကအနေဖြင့် အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ်၊ ဒါနုပပတ္တိသုတ် (၇၀၊၇၁)၌ မြတ်စွာဘုရား ဟောကြားအပ်သော “ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ” ရဟန်းတို့ ... သီလရှိသောသူအား စင်ကြယ်သောကြောင့် စိတ်၏ တောင့်တမှုသည် ပြည့်စုံ၏ဟူသော ဒေသနာတော်ကို ပစ်ပယ်ရာ ရောက်ပေသည်။
၆။ ဆက်လက်၍ ဦးဆန္ဒာဓိကကပင် အဆင်းစသော အာရုံငါးမျိုးရလိုကြောင်း ဆုတောင်းလျှင် အကပ္ပိယ သာဝဇ္ဇ-မအပ်မစပ်၊ အပြစ်မကင်းသော ဆုမျိုးဆိုနိုင်ကြောင်း သာသနာဝန်ထမ်း ရှင်ရဟန်းတို့ အကပ္ပိယ သာဝဇ္ဇဆုမျိုး မပေးမိရန် အထူးသတိပြုသင့်ကြပါသည်ဟု “ယော ရူပံ အဘိနန္ဒတိ၊ ဒုက္ခံသော အဘိနန္ဒတိ”စသော အကိုးဖြင့် ဖြေရှင်းသွားသည်ကို တွေ့ရ၏၊ ရုပ်အဆင်းစသည်ကို နှစ်သက်သောသူသည် ဆင်းရဲကို နှစ်သက်ရာ ရောက်၏ဟု ဘုရားရှင်ဟောထားသောကြောင့် ရုပ်အဆင်းစသည်ကို ဆုပေးဆုတောင်းပါက ရုပ်အဆင်းကို နှစ်သက်စေခြင်းဖြင့် ဒုက္ခကို နှစ်သက်အောင် ဆုပေးရာ ဆုတောင်းရာရောက်သောကြောင့် မအပ်၊ အပြစ်ရှိသည်ဟု မိမိလိုရာဆွဲ၍ အကိုး သာဓကပြုထားပေသည်။ သို့ရာတွင် ရှင်ရဟန်းဖြစ်စေ လူဖြစ်စေ အဆင်းစသော အာရုံကို ဆုမပေးရ၊ ဆုမတောင်းရ၊ ဆုပေးဆုတောင်းက မအပ်၊ အပြစ်ရှိ၏ဟူ၍ ဟောကြားထားသော ဒေသနာတော် မရှိပေ။
၇။ ဗုဒ္ဓဘာသာဝင်တို့ ဆုပေးဆုတောင်းကြပုံမှာ အလိုရှိအပ်သော အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ကောင်းကျိုးတရားတို့နှင့် ပြည့်စုံ၍ မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်ကြပါစေ၊ ရောက်ရပါလို၏ဟူ၍ ဆုပေးဆုတောင်းကြခြင်း ဖြစ်သည်။
ဤသို့ ဆုတောင်းရာ၌ အသက်ရှည်ခြင်း, ကျမ်းမာခြင်း, ချမ်းသာခြင်းရှိမှ ဒါန သီလ စသော ကုသိုလ်ကို ဖြည့်ကျင့်နိုင်သည်၊ ဒါန သီလ ကုသိုလ်ကို ဖြည့်ကျင့်ဆည်းပူးသော ဝါသနာရှိသော ပုဂ္ဂိုလ်သာ ဘာဝနာအလုပ်ကို အားထုတ်လိုသော စိတ်ဆန္ဒ ရှိလာနိုင်သည်၊ ဆန္ဒရှိ၍ ကျင့်ကြံအားထုတ်မှ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရောက် မျက်မှောက် ပြုနိုင်မည် ဖြစ်သည်၊ သို့ဖြစ်သောကြောင့် ဦးဆန္ဒာဓိက သခင်မြတ်ဆိုင်တို့ သောဓနာကြသလို အာရုံငါးပါးဆုမျိုး, ဒုက္ခကို နှစ်သက်စေတတ်သောဆု, ကာမသုခလ္လိကာနုယောဂဆု, အာသဝနှင့် မကင်းသောဆုမျိုး တောင်းသည်ဟု မဆိုနိုင်ပေ။
၈။ မြတ်စွာဘုရားသည် လောကီကောင်းကျိုးချမ်းသာဖြစ်သော ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့နှင့် ပြည့်စုံနိုင်သော တရားတော် ဒေသနာပေါင်းများစွာကို ဟောကြားထား၏၊ ထိုသို့ ဟောကြားထားခြင်းကြောင့် မြတ်စွာဘုရားရှင်ကို အာရုံငါးပါး ဒုက္ခကို နှစ်သက်စေတတ်သောတရားကို ဟောသောဘုရား၊ ကာမသုခလ္လိကာနုယောဂတရား, အာသဝနှင့်မကင်းသော တရား, သမုဒယတဏှာ အားပေးသော တရားတို့ကို ဟောကြားသော ဘုရားဟူ၍ ဆိုနိုင်ကောင်းမည်လော၊ မဆိုနိုင်ပေ၊ ယင်းသို့ မဆိုနိုင်သောကြောင့် ဆုတောင်းခြင်း ဆုပေးခြင်းကို ဒုက္ခတွေ သမုဒယတွေဟု သောဓနာခြင်းသည် အခြေအမြစ်မရှိသော သောဓနာခြင်းသာ ဖြစ်သည်။
၉။ ဆုတောင်း ဆုပေးနှင့် ပတ်သက်၍ ယနေ့ ဗုဒ္ဓဘာသာတို့၏ ဆုတောင်းခြင်းသည် (လူသေလူဖြစ်ဆရာ ရေးသကဲ့သို့) ဘာမျှမလုပ်ဘဲ ဆုတောင်းပတ္ထနာပြုမှုသက်သက်ကြောင့် အကျိုးရရှိသည်ဟူသော ယုံကြည်ချက်ဖြင့် ဆုတောင်းကြခြင်း မဟုတ်၊ အကြောင်းကုသိုလ်ကံကို ပြုလုပ်ပြီးမှ ဆုတောင်းပတ္ထနာ ပြုလျှင် တောင့်တသည့်အတိုင်း အကျိုးရသည်ဟူသော ယုံကြည်ချက်ဖြင့်သာ ဗုဒ္ဓဘာသာဝင်တို့ ဆုတောင်ကြခြင်း ဖြစ်၏၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲချေပသကဲ့သို့ သမုဒယတဏှာအားပေးသော-ဣစ္ဆိတံ ပတ္ထိတံ, အတ္တဝါဒ (လေပေးလေယူများ) မဟုတ်မူ၍ မြတ်စွာဗုဒ္ဓလောင်းလျာနှင့်တကွ အဂ္ဂသာဝက မဟာသာဝက လောင်းလျာတို့၏ လုပ်ထုံးလုပ်နည်းကို မှီး၍ ပြုလုပ်ကြခြင်းသာ ဖြစ်၏၊ ဩကာသကန်တော့ခန်း၌ ပါသော ကုသိုလ်စေတနာတို့ကြောင့် (ရပါလို၏ အရှင်ဘုရား)ဟူသော စကား၏ အဓိပ္ပာယ်ကို နားမလည်ဘဲ ဗြာဟ္မဏဝါဒီ ထာဝရဝါဒီတို့၏ ဆုတောင်းနှင့် ဗုဒ္ဓဝါဒီတို့၏ ဆုတောင်းကို ကွဲပြားစွာ သဘောမပေါက်သောကြောင့် ယခုလို စွပ်စွဲကြခြင်း ဖြစ်ပေသည်။
ရဟန်းရှင်လူ သူ,ငါကစ လောကသားမှန်သမျှသည် အလိုအကြိုက် အမျိုးမျိုးရှိရာ မိမိတို့ လိုလားချက် ရည်မှန်းချက် ပန်းတိုင်ကို ရရှိနိုင်ရေးအတွက် ရည်ညွှန်းခြင်း, စိတ်ညွှတ်ခြင်း, စိတ်ကို ဆောက်တည်ခြင်း, စိတ်၌ ထားခြင်း, စိတ်ကို ပွာများစေခြင်း, တောင့်တခြင်း, လွန်လွန်ကဲကဲပြုခြင်းကိုပင် (အဓိကာရ ပဏိဓာန) ဆုတောင်းခြင်းဟု ဆိုရသည်။
၁၀။ ထိုသို့ ဆုတောင်းရာ၌ လူနတ်နိဗ္ဗာန်ချမ်းသာကို ရစေနိုင်ရန် အထောက်အပံ့ ပြုနိုင်သော ဒါန သီလ ဘာဝနာ အလုပ်တို့ကို ပြုလုပ်၍ ဆုတောင်းကြ၏၊ အောက်ထစ်ဆုံးအနေအားဖြင့် ရတနာသုံးပါးကို ရှိခိုးကန်တော့ခြင်း (ပဏာမ) ကုသိုလ်ကို ပြုလုပ်ပြီးမှ ဆုတောင်းကြ၏၊ ကုသိုလ်တစ်ခုခု အကျင့်တစ်ခုခု မပြုကျင့်ဘဲ မည်သည့် ဗုဒ္ဓဘာသာတို့ကမျှ လက်ဖြန့် မတောင်းကြချေ။
ဤနေရာ၌ ရည်မှန်းချက် ဆုတောင်းအတိုင်း ဖြစ်လာကြသော အဂ္ဂသာဝက မဟာသာဝကတို့၏ လုပ်ဆောင်ချက်နှင့် ဆုတောင်းခြင်းကို ထုတ်ဆောင်ပြလို၏၊
ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလ္လာန်လောင်းလျာ သရဒရသေ့နှင့် သီရိဝဋ္ဋကသူကြွယ်တို့သည် (တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလက) အနောမဒဿီဘုရားရှင်နှင့်တကွ အဂ္ဂသာဝကနှစ်ပါး သံဃာတော်အရှင်မြတ်တို့အား ပန်းမွေ့ရာအခင်း (သီရိဝဋ္ဋကသူကြွယ်က ဆွမ်းပါ) လှူဒါန်းကြပြီး ပထမ, ဒုတိယ အဂ္ဂသာဝကဆု အသီးသီး တောင်းခဲ့ကြသောကြောင့် ဤဂေါတမဘုရားရှင်လက်ထက်၌ အဂ္ဂသာဝက လကျ်ာတော်ရံ အရှင်သာရိပုတ္တရာထေရ်, လက်ဝဲတော်ရံ အရှင်မောဂ္ဂလ္လာန်ထေရ်အဖြစ်ကို ရတော်မူခဲ့ကြပေသည်။ [ထေရဂါထာအဋ္ဌကထာ(ဒု-၃၀၇၊၃၇၅]။
၁၁။ အရှင်မဟာကဿပ လောင်းလျာဖြစ်သော ဝေဒေဟသူကြွယ်သည်လည်း ဥပုသ်နေ့တစ်နေ့၌ ဥပုသ်ဆောက်တည်၍ နံ့သာပန်း စသည်တို့ဖြင့် ပဒုမုတ္တရဘုရားရှင်အား ပူဇော်၍ ထိုင်နေစဉ် ပဒုမုတ္တရဘုရားရှင်က တတိယသာဝကဖြစ်သော မဟာနိသဘထေရ်ကို ဓုတင်္ဂဓရဧတဒဂ်အရာ၌ ထားတော်မူသည်ကို ကြားနာရ၍ ကြည်ညိုစိတ်ဖြစ်ပေါ်ကာ ပဒုမုတ္တရဘုရားရှင် အမှုးရှိသော သံဃာတော်များအား (၇)ရက်ပတ်လုံး ဆွမ်းဆက်ကပ် လှူဒါန်းပြီးလျှင် (၇)ရက်မြောက်သောနေ့၌ တိစီဝရိတ်သင်္ကန်းများပါ လှူဒါန်းပြီး အရှင်ဘုရား (၇)ရက်ပတ်လုံး ဆွမ်းသင်္ကန်း လှူဒါန်းရသော တပည့်တော်၏ မေတ္တာ ကာယကံ မနောကံသည် ဘုရားရှင်နှင့် တကွ သံဃာတော်တို့၌ ကျရောက်တည်နေခဲ့ပါပြီ၊ တပည့်တော်သည် ဤအလှူဒါနကောင်းမှုကံဖြင့် တစ်ပါးတစ်ခြားသော နတ်စည်းစိမ်ကိုလည်းကောင်း၊ သိကြားမင်း, မာရ်မင်း, ဗြဟ္မာမင်းစည်းစိမ်ချမ်းသာကိုလည်းကောင်း မတောင့်တပါ၊ တပည့်တော်၏ ဤဆွမ်းသင်္ကန်းအလှူဒါန ကောင်းမှုကံသည် အနာဂတ်ကာလ၌ ပွင့်တော်မူလတံ့သော ဘုရားရှင်၏ အထံတော်ဝယ် မဟာနိသဘထေရ် ရရောက်အပ်သော ဓုတင်္ဂဓရဧတဒဂ်အရာကို ရရောက်၍ ဓုတင်တစ်ဆယ့်သုံးပါးဆောင် ရဟန်းတို့တွင် အမြတ်ဆုံး ဖြစ်ရပါလို၏ဟု ဆုတောင်းခဲ့သောကြောင့် ဤဂေါတမဘုရားရှင်၏ လက်ထက်တော်၌ တတိယမဟာသာဝက ဓုတင်ဧတဒဂ်အရာကို ရတော်မူသော အရှင်မဟာကဿပ ပထမသံဂါယနာတင် သံဃာ့မဟာထေရ်ကြီး ဖြစ်လာခဲ့ပေသည်။
၁၂။ ခေမာထေရ်ရီလောင်းလျာ အိမ်ဖော်မတစ်ဦးသည် ပဒုမုတ္တရဘုရာရှင်၏တပည့် အဂ္ဂသာဝက သုဇာတထေရ် ဆွမ်းခံကြွလာစဉ် ကတွတ်မုန့်သုံးခုလှူဒါန်းပြီး ထိုနေ့၌ပင် မိမိဆံပင်တို့ကို ရိတ်ဖြတ်၍ ထေရ်အရှင်အား လှူဒါန်းလျက် အနာဂတ်ကာလ မြတ်စွာဘုရားရှင်လက်ထက်တော်၌ ပညာကြီးသော တပည့်သာဝိကာမ ဖြစ်ရပါလို၏ဟု ဆုပတ္ထနာပြုခဲ့သောကြောင့် ဤဂေါတမမြတ်စွာဘုရားလက်ထက်၌ ပညာအရာ ဧတဒဂ်ဘွဲ့ထူးရသော ခေမာထေရီဟူ၍ ဖြစ်လာခဲ့လေသည်။ ထေရီဂါထာအဋ္ဌကထာ(၁၃၀၊၁၃၉)
၁၃။ ပါထိကဝဂ္ဂပါဠိ၊ သင်္ဂီတိသုတ် (နှာ-၂၁၄)၌ အလိုရှိရာ တောင့်တ(ဆုတောင်း)၍ သမဏ ဗြာဟ္မဏအား ထမင်း, အဖျော် စသော လှူဖွယ်ဝတ္ထုကို ပေးလှူလျှင် မိမိတို့လိုလားအပ်သော ခတ္တိယမဟာသာလ အစရှိသော အဆင့်မြင့်သော လူ၏ အဖြစ်, စတုမဟာရာဇ်စသော နတ်၏ အဖြစ်သို့ ရောက်စေနိုင်သည်သာမက ဗြဟ္မာဘဝ ရရှိရေးအတွက်ကိုပါ အထောက်အပံ့ ပေးနိုင်ကြောင်း ဟောကြားထားတော်မူပေသည်။
တတြူပပတ္တိယာ သံဝတ္တတီတိ ယံ ပတ္ထေတွာ ကုသလံ ကတံ၊ တတ္ထ တတ္ထ နိဗ္ဗတ္တနတ္ထာယ သံဝတ္တတိ။ (ဒီ၊ဋ္ဌ၊၃၊၂၂၇)
တတြူပပတ္တိယာ သံဝတ္တတိ ဟူသည်ကား အကြင် ခတ္တိယမဟာသာလ ဗြာဟ္မဏမဟာသာလ ဂဟပတိမဟာသာလ စသော အမျိုးကို တောင့်တ၍(ဆုတောင်း၍) ကုသိုလ်ကို ပြုငြားအံ့၊ ထိုထို တောင့်တအပ်သော အမျိုး၌ ဖြစ်နိုင်၏ ဟူ၍ ပါထိကဝဂ္ဂအဋ္ဌကထာ၌ ဖွင့်ပြ၏၊
၁၄။ အာကင်္ခေယျ စေ ဂဟပတတော ဓမ္မစာရီ သမစာရီ (မ၊၁၊၃၅၉) စသည်ဖြင့် မူလပဏ္ဏာသပါဠိတော်၌ တရားမျှတမှုကို ပြုလေ့ရှိသောသူတို့ သေပြီးနောက်ကာလ၌ ခတ္တိယမဟာသာလ စသော လူ့ဘဝ နတ်ဘဝတို့ကို တောင့်တပါက ရနိုင်ကြောင်း သာလရွာသား ပုဏ္ဏားသူကြွယ်တို့ကို ဘုရားရှင် ဟောကြားထားပေသည်။ (ယင်း မြန်မာပြန်-၃၆၉)
၁၅။ မိန်းမ ယောကျ်ား အမှတ်မထား တပါးပါးသော သူသည် အလှူပေးခြင်း, သီလဆောက်တည်ခြင်း, ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း, ဣန္ဒြေတို့ကို စောင့်စည်းခြင်းဟူသော ရွှေအိုးကို မြှုပ်၍လည်းကောင်း၊ စေတီ, သံဃာ, ပုဂ္ဂိုလ်ဧည့်သည် အမိ, အဖ, အစ်ကို, အစ်မကြီးတို့၌ ပေးလှူခြင်း အမှုကြီးငယ်ကို ပြုစု ဆောင်ရွက်ခြင်းဟူသော ရွှေအိုးကို မြှုပ်၍လည်းကောင်း အလိုရှိအပ်သော ချမ်းသာသုခကို တောင့်တ(ဆုတောင်း) ပါက တောင့်တရာရာ ဆုတောင်းသည့်အတိုင်း ရနိုင်ကြောင်း (ခုဒ္ဒကပါဌပါဠိ၊ ၉၊ ၁၀၊ ၎င်း မြန်မာပြန်-၈၊ ၉)၌ လာရှိပေသည်၊ ဤအထိ ရှေးသူတော်ကောင်းတို့၏ ဆုတောင်းရိုးထုံးကို ဖော်ပြအပ်ပေသည်၊ ဤတွင် ပထမ ကုသိုလ်ပြုသည်၊ ဒုတိယ ထိုကုသိုလ်ကြောင့် မိမိလိုသော အကျိုးကို ရအောင် ဆုတောင်းသည်၊ ဤကဲ့သို့ ၂-ဆင့်ရှိသည်ကို သတိပြုသင့်သည်၊ ဆုမတောင်းသော်လည်း ကုသိုလ်ကံသည် ကောင်းသော အကျိုးကိုသာ ပေးမည်သာ ဖြစ်သည်၊ သို့သော် မည်သည့်ကောင်းကျိုးဟူ၍ကား မသိနိုင်၊ စိတ်ကညွတ်၍ လိုချင်သော ဆုကို ပန်သောအခါ၌မူကား မိမိ၏ စိတ်ဓာတ်စွမ်းရည်, မိမိ၏ ကိုင်းညွတ်မှု, မိမိ၏ ဦးတည်ချက် အကျိုးတရားကို ရနိုင်ပေသည်၊ ဤသို့ ရသည်ကိုပင် ဆုတောင်းပြည့်သည်ဟု ဆိုသည်။
ဆုတောင်းရာကား နိဗ္ဗာန်ကိုသာ ဆုတောင်းလျှင် ဝဋ်ကင်းရာကို ဆုတောင်း၍ အကောင်းဆုံးပင် ဖြစ်၏၊ သို့ရာတွင် နိဗ္ဗာန်ကို မျက်မှောက်ပြုသောအခါ မည်သို့မည်ပုံ မျက်မှောက်ပြုလိုသည်၊ မျက်မှောက်မပြုမီ မည်သို့ မည်ပုံ ဖြစ်လိုသည်ဟု တောင့်တနိုင်သည်၊ ဤကဲ့သို့ ကုသိုလ်ကောင်းမှုကို ပြုလုပ်ခြင်း ကုသိုလ်ကံကြောင့် ရလိုသော အကျိုးကို ဆုတောင်းခြင်း ဟူသော ယနေ့ ဗုဒ္ဓဘာသာတို့၏ ပြုလုပ်ချက်သည် ကုသိုလ်ကံကိုလည်း မလုပ် (သူတစ်ပါးလုပ်သည်ကိုလည်း လိုက်ပြီး အပြစ်ပြောနေကြ) ဆုလည်း မတောင်းကြသော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့သားတို့ထက် သာလွန်ကြောင်း သိနိုင်ပေသည်။
ဆုပေးခြင်း
၁၆။ ဆုပေးခြင်းနှင့် ပတ်သက်၍ ဘုရားရှင်ကိုယ်တော်တိုင် သိကြားမင်းအား ဆုပေးခဲ့သောထုံး ရှိပေသည်။
“ဧဝံ သုခီ ဟောတု ပဉ္စသီခ သက္ကော ဒေဝါနမိန္ဒော သာမစ္စော သပရိဇနော” (ဒီ၊၂၊၂၁၅)
ပဉ္စသီခ. . . ကောင်းပေပြီ၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည် အမတ်နှင့်တကွ အခြံအရံ ပရိတ်သတ်နှင့် တကွ ချမ်းသာပါစေသတည်း (ဒီ၊မြန်၊၂၊၂၄၁)။
၁၇။ ဘုရားရှင်သည် မိမိထံမှောက်သို့ ကပ်ရောက်လျက် ရှိခိုးသောသူ၏ နာမည်ကို ခေါ်၍ ဆုပေးစကား မြွက်ကြားတော်မူလေ့ပုံကို မူလပဏ္ဏာသ အဋ္ဌကထာ၊ နှာ-၁၈၅-၌ မြတ်စွာဘုရားသည် တစ်စုံတစ်ယောက်သောသူ လာရောက်၍ ရှိခိုးသည်ရှိသော် ရွှေမုရိုးစည်နှင့်တူသော လည်တိုင်တော်ကို ချီးမြှောက်၍ နားချမ်းသာဖွယ်, နှစ်သက်ဖွယ်ရှိသော အမြိုက်ရေစင်ဖြင့် သွန်းလောင်းသည်နှင့် တူသော အသံတော်ကို မြွက်ဟတော်မူကာ “ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိပါစေသတည်း” ဟူ၍ ထိုပုဂ္ဂိုလ်၏ နာမည်ကို ခေါ်တော်မူလျက် ဆုပေးစကား မြွက်ကြားတော်မူ၏ဟု ဖော်ပြထားပေသည်။
ဤသို့ ထုတ်ဆောင်ပြအပ်သော သာဓကတို့ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းခြင်း ဆုပေးခြင်းသည် ရည်ရွယ်ချက် အဓိပ္ပာယ် အပြည့်အဝ ပါရှိ၍ အကျိုးရှိသော, ရှေးရှေးဘုရားရှင်တို့ လက်ထက်မှစ၍ ယနေ့တိုင်အောင် အစဉ်အဆက် ဆင်းသက်လာခဲ့သော သူတော်စင်တို့၏ အစဉ်အလာကောင်း, ဘာသာယဉ်ကျေးမှု ဓလေ့ထုံးစံကောင်းတစ်ရပ် ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
ဗြာဟ္မဏဝါဒဟု စွပ်စွဲချက်
၁၈။ တစ်ဖန် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က “နိဗ္ဗာန်မရမီစပ်ကြား တစ်ဘဝမှ တစ်ဘဝသို့ ကောင်းကျိုး ဆိုးပြစ်အနေနှင့် လှည့်လည်နေသည့်သဘော အယူအဆသည် ဗုဒ္ဓ၏ အနတ္တဒေသနာနှင့် လုံးဝဆန့်ကျင်သော အတ္တသဿတဝါဒ၏ မှားယွင်းသော အယူအဆသာ ဖြစ်ပါသည်။ စောဒကဆရာတော်များသည် မိမိတို့ သဘောကျသော သီလခံယူခြင်း, ဆုပေးဆုယူခြင်း”, သပိတ်သွတ်ခြင်းတို့ကို အတ္တသဿတဝါဒနှင့် ဆက်နွယ်၍ ဗုဒ္ဓမပွင့်မီ သာသနာပကာလက ကျင့်သုံးလျက်ရှိသော ဗြာဟ္မဏဝါဒကို အမြစ်တွယ်နိုင်အောင် ကျားကန်ပေးနေခြင်းသာ ဖြစ်ပါသည်” စသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ တစ်ဘဝမှတစ်ဘဝသို့ ပြောင်းရွှေ့ရခြင်း ကျင်လည်ရခြင်း (သံသရာ) လက်ခံချက်နှင့် ကမ္မ, ကမ္မဝိပါက-ကံ, ကံ၏ အကျိုး ယုံကြည်ချက်ကို အတ္တသဿတဝါဒဟု စွပ်စွဲ ပုတ်ခတ်လျက် များစွာ ဖြေရှင်းသွားကြ၏၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ ဖြေရှင်းချေပလွှာကို သိမ်းခြုံ၍ ကောက်နှုတ်ချက်ချရသော်-
(က) တစ်ဘဝမှ တစ်ဘဝဖြစ်ခြင်း (သံသရာ) နှင့် ကောင်းကျိုးဆိုးပြစ် (ကံ၊ ကံ၏အကျိုး), သီလခံယူခြင်း, ဆုပေး ဆုယူ, သပိတ်သွတ်ခြင်းတို့သည် အတ္တဝါဒ ဖြစ်သည်။
(ခ) ထိုအတ္တဝါဒများ ဘုရားပွင့်ချိန်၌ ငုပ်လျှိုးနေရာ ဘာသာရေးခေါင်းဆောင်တို့ ရိုက်သွင်းမှုကြောင့်လည်းကောင်း, စောဒကဆရာတော်များ ကျားကန်ပေးမှုကြောင့်လည်းကောင်း ပြန်လည်ဝေဆာ ထွန်းကားလာသည်ဟု ဖြစ်၏၊
အထက်ပါ စုဒိတကတို့ ချေပချက် နှစ်ရပ်တို့တွင် ဘဝသံသရာ, ကံ-ကံ၏အကျိုး ယုံကြည်မှု စသည်ကို အတ္တဝါဒဟု စွပ်စွဲသော (က)အမှတ်ပြ စကားဖြင့် တစ်ဘဝမှ တစ်ဘဝ (သံသရာ)၌ ဖြစ်ရခြင်းနှင့် ကုသိုလ်ကံ၏ ကောင်းကျိုး, အကုသိုလ်ကံ၏ မကောင်းကျိုးပေးမှုကို ဟောကြားထားသော မြတ်စွာဘုရား တရားဒေသနာတို့ကို အတ္တဝါဒ (သဿတဝါဒ)ဟု ထပ်မံ၍ စွပ်စွဲရာရောက်သည့်ပြင် ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းခြင်း, သီလခံယူခြင်း, သပိတ်သွတ်ခြင်း စသော ဘာသာရေး ကုသိုလ်လုပ်ငန်းများကို ထိပါးပုတ်ခတ် ကဲ့ရဲ့ရှုတ်ချ အမနာပ ပြောဟော ရေးသားနေကြပါသည်။ ထေရဝါဒပိဋကတ်တော်များ၏ အဆိုအမိန့်နှင့် ဆန့်ကျင်ရာ ရောက်နေပါသည်-ဟူသော စောဒကဆရာတော်တို့က ဝန်ခံရာ ရောက်နေသည်ကို တွေ့ရ၏၊
စုဒိတကတို့၏ (ခ)အမှတ်ပြ စကားဖြင့် ဆုတောင်းခြင်း စသည်ကို ပြုလုပ်ကြသော ဗုဒ္ဓဘာသာဝင်တို့ကိုလည်း ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်လျက် ရှိပါသည် ဟူသော စောဒကဆရာတော်တို့၏ စောဒနာတင်ချက်ကိုလည်း ဝန်ခံထားကြသည်ကို တွေ့ရ၏၊ အခြားသူတို့၏ လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ဆည်းကပ်မှုကို လိုက်လံဖျက်ဆီးနေကြခြင်း ဖြစ်၏၊
၁၉။ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် မိမိကိုးကွယ်ယုံကြည်သည့် တရားတော်အတိုင်း လိုက်နာကျင့်သုံးမှု မကျင့်သုံးမှုမှာ ထိုပုဂ္ဂိုလ်၏ ယုံကြည်သက်ဝင်မှု သဒ္ဓါ, စေ့ဆော်တိုက်တွန်းတတ်သော စေတနာ, ထက်သန်အားကြီးသော အလိုဆန္ဒ, ထက်သန်သော စိတ်, ကြိုးစားအားထုတ်မှု လုံ့လဝီရိယ, အသိဉာဏ် ပညာဗဟုသုတတို့၏ အင်အားအပေါ်၌သာ တည်နေသောကြောင့် ဘာသာရေးအသိဉာဏ်ရှိအောင် ဟောပြော သင်ပြ တိုက်တွန်းပေးရုံမှ တစ်ပါး အခြားနည်းလမ်း မရှိသဖြင့် လျစ်လျူရှုထားရုံသာ ရှိ၏၊ သို့သော် မြတ်စွာဘုရား တရားတော်နှင့် တရားတော်အတိုင်း ယုံကြည်မှု, ကျင့်ကြံပြုလုပ်မှုတို့နှင့် စပ်လျဉ်း၍ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင်တို့က မမှန်မကန် စွပ်စွဲခြင်းကိုမူ အသိပညာနည်းပါးကြသည့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်၌ မြတ်စွာဘုရား တရားတော်ကို သံသယပွား အထင်မှားစေနိုင်သောကြောင့် လျစ်လျူ မရှုသင့်ပေ။
၂၀။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က အတ္တဝါဒီဗြာဟ္မဏ ကောင်းမှု ဆိုးမှုတို့၏ အမွေကို ခံယူထွက်သွားသော တကယ်မရှိသော အတ္တအတွက် ဘုံဘဝများတို့သည် ဆုတောင်းခြင်းများ ပိဏ္ဍကျွေးခြင်းများကို ယုံကြည် ပြုလုပ်ကြ၏၊ ထို့အတူ ဗုဒ္ဓဘာသာဝင်တို့သည်လည်း တစ်ဘဝမှ တစ်ဘဝဟူသော ယုံကြည်ချက်, ကုသိုလ် အကုသိုလ်တို့၏ အကျိုးဖြစ်သော ချမ်းသာဆင်းရဲ ရရှိသည်ဟူသော ယုံကြည်ချက်ဖြင့် ဆုတောင်းခြင်း သီလခံယူ ကျင့်သုံးခြင်း, သပိတ်သွတ်ခြင်းတို့ကို ပြုလုပ်ကြသည်ဟု အတ္တဝါဒနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ပြုလုပ်မှုအသွင် ပုံစံတူညီသယောင် သွားပုပ်လေလွင့် ပြောနေကြသည်၊ ဗြာဟ္မဏဝါဒနှင့် ဗုဒ္ဓဝါဒ, အကြောင်းရင်း အခြေခံ ယုံကြည်ချက်အားဖြင့် ကွာခြားသည် မကွာခြားသည်ကို စေ့စေ့စပ်စပ် မသုံးသပ်ကြဘဲ ဗုဒ္ဓဘာသာဝင်တို့၏ တစ်ဘဝမှ တစ်ဘဝ စသော ယုံကြည်မှု ပြုလုပ်မှုတို့ကို အတ္တဝါဒဟူ၍ တာဝန်မဲ့ အရမ်းကာရော စွပ်စွဲပြောဆိုကြခြင်းသာ ဖြစ်ပေသည်။
၂၁။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် မဟုတ်တန်းတရား စွပ်စွဲ ပြောကြား ရေးသားရာ၌ အမြင်သန်စွာဖြင့် ထင်မိထင်ရာကို လုပ်ကြံ ပြောဆိုတတ်ပုံကို သက်သေသာဓကပြရသော် မဟောသဓာဇာတ်၌ ဇာတ်ပေါင်းခန်း, စုတေခန်း မပါသောကြောင့် မဟောသဓာ စုတေပြီး ဘယ်ဘဝသို့ လားရာရောက်သည်ကို မည်သူမျှ မသိနိုင်သည်ကိုလည်းကောင်း, ဇာတ်တော်များကို အလောင်းတော်၏ တစ်ဘဝပြီး တစ်ဘဝ-ဘဝဖြစ်စဉ် အနေအားဖြင့် အစဉ်လိုက် စဉ်တန်းပြထားခြင်း မဟုတ်ဘဲ သံဂါယနာထေရ်အရှင်မြတ်တို့က ဂါထာအနည်းအများအလိုက် ဧကနိပါတ် ဒုကနိပါတ် စသည်ဖြင့် အုပ်စုဖွဲ့ပြီး စီစဉ်ထားခြင်း ဖြစ်သည်ကိုလည်းကောင်း မသိနားမလည်ကြဘဲ ဇာတ်ကြီးဆယ်ဘွဲ့၌ တေ, ဇ, သု, နေ, မ, ဘူ, စန်, နာ, ဝိ, ဝေ-ဟူ၍ ဆက်၍ ပြထားသည်ကို တွေ့ရရုံမျှဖြင့် မဟောသဓာသေပြီး ဘူရိဒတ်နဂါး ဖြစ်ရမည်ဟု မှတ်ယူကြလျက် “ကုသိုလ်ကောင်းမှုများ အပြည့်အဝရှိပြီး တရားသဖြင့် စီရင်ဆုံးဖြတ်သော သုခမိန် မဟောသဓာအမတ်သည် သေပြီးသည်၏ အခြားမဲ့၌ အပါယဒုဂ္ဂတိဖြစ်သည့် တိရစ္ဆာန်မျိုးနွယ် နဂါးဖြစ်ရခြင်း”စသည်ဖြင့် ထည့်သွင်း သောဓနာထားသည်ကို တွေ့ရခြင်းကပင် ဦးဥက္ကဋ္ဌ၏တပည့် သမ္မာဒိဋ္ဌိသုတေသန အမည်ခံကြသူတို့သည် ဗုဒ္ဓဝါဒပိဋကစာပေ၌ အလွန် ဗဟုသုတ နည်းပါးရုံမျှမက မဟုတ်မဟတ် ထင်သလို တာဝန်မဲ့ ပြောဆိုယူဆတတ်ကြသူများလည်း ဖြစ်ကြောင်း ကောင်းကောင်းကြီး ပေါ်လွင် လှပေသည်။
၂၂။ မြတ်စွာဘုရားပွင့်၍ အနတ္တဟု ကြွေးကြော်ချိန်မှစပြီး ဟိန္ဒူ ဗြာဟ္မဏတို့၏ အတ္တဝါဒ ငုပ်လျှိုးနေခဲ့သည်ဆိုသော အချက်မှာ မှန်ပေသည်၊ သို့သော် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က အတ္တဝါဒ, အတ္တအယူအဆဟု စွပ်စွဲထားသော ဘဝ(သံသရာ)ကံ ကံ၏ အကျိုးကို ယုံကြည်မှုနှင့် ဒါနပြုခြင်း, သီလခံယူခြင်း စသော ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းတို့ကား မငုပ်လျှိုး မမှေးမှိန်ခဲ့ပေ၊ ထိုသို့ မငုပ်လျှိုး မမှေးမှိန်ခဲ့ရုံမျှမက မြတ်စွာဘုရား လက်ခံခွင့်ပြုတော်မူပြီး အကျိုးအမျိုးမျိုးပြကာ ဟောတော်မူခြင်းကြောင့်ပင် ဘုရားရှင်လက်ထက်၌ ဗုဒ္ဓဘာသာသူတော်စင်တို့သည် ကံ၏အကျိုးကို ပိုမိုယုံကြည်ကြ၍ ဉာဏ်အမြင် ရှင်းလင်းပြတ်သား စေတနာထက်ထက်ထား၍ ကြိုးစားအားထုတ် ပြုလုပ်ကြသဖြင့် ဘဝသမ္ပတ္တိအကျိုး အမျိုးမျိုးနှင့် မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင်သော အကျိုးတို့ကို ရရှိခံစားကြရကြောင်း ပါဠိတော်များအရ သိနိုင်ပေသည်။
၂၃။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲအပ်သော အတ္တဝါဒနှင့် ဗုဒ္ဓဘာသာဝင်တို့ လက်ခံယုံကြည်ထားသော တစ်ဘဝမှ တစ်ဘဝ ကျင်လည်မှု (သံသရာ)နှင့် ကံ, ကံ၏ အကျိုးတို့ မည်မျှ ကွာခြားကြသည်ကို သိမြင်နိုင်ရန် အခြေခံမှ စ၍ အနည်းငယ်ပြလို၏၊
အတ္တဝါဒနှင့် သံသရာ အယူအဆ
သာသနာပ အညတိတ္ထိယ ဗြာဟ္မဏတို့သည် အမှန်တကယ် မရှိသော အတ္တကို အရှိကြံကာ အမျိုးမျိုးအဖုံဖုံ ယူဆတတ်ကြကုန်၏၊ အချို့ကား အတ္တသည် မပျက်မစီး အမြဲတည်၏၊ ခန္ဓာကိုယ်ဟောင်းကို စွန့်၍ ခန္ဓာကိုယ်အသစ် ယူကာ တစ်ဘဝမှ တစ်ဘဝသို့ ကျင်လည်၏ စသည်ဖြင့် သဿတဝါဒကို ယူကြကုန်၏၊ တချို့သော သူတို့က -
ကာယဿ ဘေဒါ ဥစ္ဆဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရံ မရဏာ၊ ဧတ္တစတာ ခေါ အယံ အတ္တာ သမ္မာ သမုစ္ဆိန္နော ဟောတိ (ဒီ၊၁၊၃၁)-
ဟု သီလက္ခန္ဓဝဂ္ဂပါဠိ၌ လာသည့်အတိုင်း ခန္ဓာကိုယ် ပျက်စီးပြီးလျှင် ဘဝပြတ်တော့၏၊ သေပြီးနောက် ဘဝအသစ် မဖြစ်တော့ဟု ဥစ္ဆေဒဝါဒကို ယူကြကုန်၏၊
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က တိတ္ထိဆရာကြီး ခြောက်ယောက်တွင် အပါအဝင်ဖြစ်သော အဇိကေသကမ္ဗလသည် လူမိုက်ရော ပညာရှိပါ သေလျှင် ဘဝပြတ်တော့၏၊ ဘဝအသစ် ထပ်မဖြစ်တော့၊ ပုခက်နှင့် ခေါင်းအကြား ကာလ၌သာ ဘဝရှိ၏ဟု ယူဆသော ဥစ္ဆေဒဝါဒီပင် ဖြစ်သည်။
မက္ခလိ နတ္ထိ ဟေတူတိ ဝဒန္တော ဥဘယံ ပဋိဇာဟတိ (သီလက္ခန်အဋ္ဌကထာ ၁၅၀) မက္ခလိဂေါသာလသည် ကုသိုလ်ကံ အကုသိုလ်ကံ မရှိ၊ ၎င်းကံတို့၏ အကျိုး မရှိဟု ယူဆသည်၊ ထိုသို့ ကံ ကံ၏အကျိုးကို ပယ်သော မက္ခလိဂေါသာလ၏ နတ္ထိကဝါဒသည် အယုတ်ညံ့ဆုံးသောဝါဒ ဖြစ်သည်၊ အတိတ် အနာဂတ်၌ ပွင့်တော်မူပြီး ပွင့်တော်မူလတ္တံ့ ဖြစ်ကြသော ဘုရားရှင်တို့သည် ကမ္မဝါဒီ ကိရိယဝါဒတို့သာ ဖြစ်ကြကြောင်း၊ မိမိ (ဂေါတမဘုရားရှင်)သည်လည်း ကမ္မဝါဒ-ကိရိယဝါဒဖြစ်ကြောင်းကို “ယေပိ တေ ဘိက္ခဝေ အဟေသုံ အတီတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ၊ တေပိ ဘဂဝန္တော ကမ္မဝါဒါ စေဝ အဟေသုံ၊ ကိရိယ-ဝါဒါ စ (အံ၊၁၊၂၉၀) စသည်ဖြင့် အင်္ဂုတ္တရ တိကနိပါတပါဠိ၌ ဘုရားရှင် ဟောတော်မူ၏၊
၂၄။ အမှန်စင်စစ် ဗုဒ္ဓဘာသာဝင်တို့၏ တစ်ဘဝမှ တစ်ဘဝ (သံသရာ) အယူအဆနှင့် ကံ ကံ၏အကျိုး ယုံကြည်ချက် အယူအဆမှာ မည်သည့်အတ္တဝါဒနှင့်မျှ မရောနှော၊ တစ်သီးတစ်သန့်သာ ဖြစ်၏၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဒေသနာတော်အတိုင်း သက်ဝင်ယုံကြည်ကြသော ဗုဒ္ဓဘာသာဝင်တို့၏ တစ်ဘဝမှ တစ်ဘဝ (သံသရာ) နှင့် ကံ ကံ၏အကျိုးပေး အယူအဆ၌ မည်သည့် အတ္တမျှ မရှိ၊ ရုပ်တရား နာမ်တရား (တစ်နည်းအားဖြင့်) ခန္ဓာငါးပါး, အာယတနတစ်ဆယ့်နှစ်ပါး, ဓာတ်တစ်ဆယ့်ရှစ်ပါးသာ ရှိ၏၊ ထို ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်အစဉ်ကို ပဋိသန္ဓေ စုတိဖြင့် ပိုင်းခြားသတ်မှတ်၍ တစ်ဘဝဟု ခေါ်ဆိုရ၏၊ ထို တစ်ဘဝအတွင်း၌ ရုပ် နာမ်တို့၏ ပျက်စီးခြင်းကို ခဏိကမရဏ-ဟု ခေါ်ဆိုရပြီး တစ်ဘဝ၏ နောက်ဆုံးဖြစ်သော ရုပ်နာမ်တို့၏ ပျက်စီးခြင်းကို စုတိ, မရဏဟု ခေါ်ဆိုရပေသည်၊ ၎င်း စုတိ, မရဏ နောက်ဆုံး ပျက်စီးသေဆုံးခါနီး၌ မရဏာ-သန္နဇော စိတ်သည် နောက်ဘဝ၌ ဖြစ်ရမည့် ကောင်း, မကောင်းသော အာရုံကို အာရုံပြု၍ ချုပ်၏၊ ထို့နောက် ဘဝတစ်ခု၏ နောက်ဆုံး စုတိစိတ် ဖြစ်၍ ချုပ်ပျက်ကာ တစ်ဘဝ အဆုံးသတ်တော့၏၊ ထိုသို့ စုတိစိတ် ချုပ်ပျက်၍ တစ်ဘဝအဆုံးသတ်သော်လည်း အဝိဇ္ဇာ ခြံရံ, တပ်မက်တွယ်တာမှုတဏှာ အရင်းခံ၍ ကံကိလေသာ မကင်းကြသေးသူတို့အဖို့ ရှေးက ပြုလုပ်ဆည်းပူးအပ်သော ကံတရားတို့၏ အစွမ်းအားကြောင့် ဘဝသစ်၌ ပဋိသန္ဓေ စိတ်သည် ရှေးဘဝ သေခါနီးကာလ မရဏာ သန္နဇောစိတ် အာရုံပြုခဲ့သော ကောင်း, မကောင်း အာရုံကိုပင် အာရုံပြု၍ ရုပ်နာမ်ခန္ဓာအသစ် ဆက်လက်ဖြစ်ကာ ဖြစ်ပျက်တစ်ဘဝတာ ခရီးဆက်ရပြန်လေသည်၊ ဤကား ဘဝကူးပုံတည်း။
ဘဝဟောင်းက မရဏာသန္နဇောစိတ် အာရုံပြုခဲ့သော ကောင်း, မကောင်း အာရုံကိုပင် အာရုံပြုလျက် ဘဝသစ် ပဋိသန္ဓေစိတ်သည် ပြီးခဲ့သော ဘဝများက ပြုလုပ်အပ်သော ကံ ကိလေသာတို့၏ အစွမ်းအားကြောင့် ဖြစ်ပေါ်ရသောစိတ် ဖြစ်ခြင်းတို့ကြောင့် ဘဝနှစ်ရပ် ကြောင်းကျိုးစပ်လျက် ဖြစ်ပေါ်ခြင်းသာ ဖြစ်၏၊ ဗြာဟ္မဏဝါဒီတို့ ယူဆသော မပျက်မစီး အမြဲတည်သည့် မည်သည့်အတ္တမျှ မပါ မရှိပေ။
၂၅။ ထိုသို့ ရုပ်နာမ် ခန္ဓာ အာယတန ဓာတ်တို့ ကြောင်းကျိုးစပ်၍ အစဉ်မပြတ် ဆက်ကာဆက်ကာ ဖြစ်နေခြင်းကိုပင် ပဋိသန္ဓေ, စုတိတို့ဖြင့် ပိုင်းခြားသတ်မှတ်ပြီး တစ်ဘဝပြီး တစ်ဘဝ ဖြစ်ရခြင်း (သံသရာ)ဟူ၍ ခေါ်ဆိုရကြောင်းကို မဟာနိဒါနသုတ် အဋ္ဌကထာ၌ အောက်ပါအတိုင်း ပြဆိုထားပေသည်။
ခန္ဓာနဉ္စ ပဋိပါဠိ၊ ဓာတုအာယတနာန စ။
အဗ္ဗောစ္ဆိန္နံ ဝတ္တမာနာ၊ သံသာရောတိ ပဝုစ္စတိ
တံ သဗ္ဗမ္ပိ နာတိဝတ္တတိ၊ နာတိက္ကမတိ၊ အထ ခေါ စုတိတော ပဋိသန္ဓိံ
ပဋိသန္ဓိတော စုတိန္တိ ဧဝံ ပုနပ္ပုနံ စုတိပဋိသန္ဓိယော ဂဏှန္တာ တီသု
ဘဝေသု။ ပ။ အရိဗ္ဘမတိယေဝ (ဒီ၊ဋ္ဌ၊၂၊၈၆)။
ခန္ဓာတို့၏ အကြောင်းအကျိုးအားဖြင့် အဆက်ဆက် ဖြစ်ခြင်းကိုလည်းကောင်း ဓာတ် အာယတနတို့၏ မပြတ် ဖြစ်သည်ကိုလည်းကောင်း သံသရာဟူ၍ ဆိုအပ်၏၊
ဤသတ္တဝါအပေါင်းသည် ထိုအလုံးစုံသော အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲကိုလည်း မလွန်မြောက်နိုင်၊ စင်စစ်သော်ကား စုတိမှ ပဋိသန္ဓေကိုလည်းကောင်း၊ ပဋိသန္ဓေမှ စုတိကိုလည်းကောင်း ဤသို့ အဖန်တလဲလဲ စုတိ ပဋိသန္ဓေတို့ကို ယူကုန်လျက် ဘဝသုံးပါး, ယောနိလေးပါး, ဂတိငါးပါး, ဝိညာဏဋ္ဌိတိခုနစ်ပါး, သတ္တာဝါသ ကိုးပါးတို့၌ သမုဒ္ဒရာဝယ် လေအဟုန် တိုက်လွှင့်အပ်သော လှေကဲ့သို့လည်းကောင်း၊ ယန္တရားဆီဆုံ၌ ကသော နွားကဲ့သို့လည်းကောင်း အဖန်တလဲလဲ လည်ရတော့သည်သာ။
သံသရာပဥှာ (သံသရာပြဿနာ)
၂၆။ သံသရာဟူသည် အဘယ်ပါနည်းဟု မိလိန္ဒမင်းက အရှင်နာဂသေနအား မေးလျှောက်သောကြောင့် လူပြိန်း နားလည်စေရန် လွယ်လွယ် ဖြေကြားထားသည်ကို ဤသို့ တွေ့ရ၏၊
မင်းကြီး . . . ဤအရပ် ဤဘုံ၌ ဖြစ်၍ ဤအရပ် ဤဘုံ၌ပင်လျှင် သေ၏၊ ဤအရပ် ဤဘုံ၌ သေ၍ တပါးသော အရပ် တပါးသော ဘုံ၌ ဖြစ်ပြန်၏၊ ထိုအရပ် ထိုဘုံ၌ သေ၍ တပါးသော အရပ် တပါးသော ဘုံ၌ ဖြစ်ပြန်၏၊ မင်းမြတ် ဤသို့လျှင် သံသရာသည် ဖြစ်၏-ဟု အရှင်နာဂသေနက မိန့်ဆို ဖြေကြား၏၊ (မိလိန္ဒပဥှာ မြန်မာပြန်-၈၈-၈၉)
၂၇။ ကိလေသာကို ပယ်ဖျက်နိုင်သော အရဟတ္တမဂ်ဉာဏ်တော်ကို မရသေးသည်ဖြစ်၍ အသိန်းမက များစွာသော ဘဝသံသရာပတ်လုံး ကျင်လည်ခဲ့ရကြောင်းကို မြွက်ဟတော်မူသော မြတ်စွာဘုရား၏ အနေကဇာတိသံသာရံ စသော ပထမဗုဒ္ဓဝစန- ရှေးဦးသော စကားတော်ဖြင့်ပင် ဗုဒ္ဓဘာသာဝင်တို့၏ တစ်ဘဝမှ တစ်ဘဝဖြစ်ခြင်း (သံသရာ)ကို လက်ခံယုံကြည် ယူဆမှုသည် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲသည့် အတ္တဝါဒလည်း မဟုတ်၊ သဿတဝါဒလည်း မဟုတ်၊ အတ္တ သဿတဝါဒလည်းမဟုတ်၊ မြတ်စွာဘုရားရှင်၏ အနတ္တဘောင်အတွင်းက ဝါဒ ဖြစ်ကြောင်း သိသာ ထင်ရှားလှ၏၊
ထို့ကြောင့်-
“အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ” (ခု၊၁၊၃၆)
ထိုအရဟတ္တမဂ်ဉာဏ်တော်ကို မရသေးသည် ဖြစ်၍ ဘဝများစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ ဟူ၍ ဘုရားဖြစ်လျှင် ဖြစ်ချင်း မြတ်စွာဘုရား မိန့်ကြားခဲ့လေပြီ။
၂၈။ တပ်မက်တွယ်တာ သာယာမှုတဏှာ သမုဒယသစ္စာ မကင်းသေးသမျှ ကာလပတ်လုံး ဘဝအသစ်အသစ်၌ ခန္ဓာငါးတန် ရုပ်နာမ်ဟူသော ဒုက္ခသစ္စာ ထပ်၍ ထပ်၍ ဖြစ်မည်ကိုလည်းကောင်း၊ တဏှာကင်းပြတ်သောအခါ၌ ဘဝအသစ် တစ်ဖန် ပြန်၍ မဖြစ်တော့ပုံကိုလည်းကောင်း မြတ်စွာဘုရား၏ ကိုယ်တွေ့ကျင့်စဉ် ရှေးဦးစွာ ဟောကြားအပ်သော ဓမ္မစကြာဒေသနာတော်မှ အောက်ပါ စကားတော်ဖြင့်ပင် တစ်ဘဝမှ တစ်ဘဝသံသရာမှာ အတ္တဝါဒမဟုတ် မြတ်စွာဘုရားဝါဒ ဖြစ်ကြောင်း သိသာ ထင်ရှား၏၊
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ=အကြင် တဏှာသည် ဘဝအသစ်၌ ဖြစ်စေတတ်၏၊
အယမန္တိမာ ဇာတိ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ=ဤကား နောက်ဆုံးဘဝတည်း၊ ယခုအခါ ဘဝအသစ်၌ ဖြစ်ရခြင်း မရှတော့ပြီ၊ တစ်ပါးသော ဘဝသစ်မည်သည် မရှိတော့ပြီ။
၂၉။ ကံ, တဏှာ, ဝိညာဏ်တို့ ဖြစ်ပေါ်တည်ရှိသောကြောင့် နောင်တဖန် ဘဝအသစ်၌ ထပ်၍ ဖြစ်ရပုံကို အင်္ဂုတ္တရပါဠိ၊ တိကနိပါတ်(၂၂၄-၂၂၅) ပထမဘဝသုတ်၊ ဒုတိယဘဝသုတ်။ ၎င်း မြန်မာပြန်-၂၄၁-၂၄၂ တို့၌ ဘုရားရှင် ဟောကြားထားသည်မှာ-
အာနန္ဒာ ကာမဓာတ်(ကာမဘုံ)၌ အကျိုးပေးတတ်သောကံ မဖြစ်ခဲ့လျှင် ကာမဘဝသည် ထင်ရှား ဖြစ်ပေါ်နိုင်အံ့လောဟု မိန့်တော်မူ၏၊ မဖြစ်ပေါ်နိုင်ပါ အရှင်ဘုရား၊ အာနန္ဒာ ဤသို့လျှင် ကံသည် လယ်ယာမြေနှင့် တူ၏၊ ဝိညာဏ်သည် မျိုးစေ့နှင့် တူ၏၊ တဏှာသည် အစေးရေနှင့် တူ၏၊ အဝိဇ္ဇာ ပိတ်ပင်အပ်ကုန်သည်ဖြစ်၍ တဏှာအနှောင်အဖွဲ့ ရှိကုန်သော သတ္တဝါတို့အား ယုတ်နိမ့်သော ကာမဓာတ် (ကာမဘုံ)၌ ဝိညာဏ်သည် တည်၏၊ ဤသို့ တည်သော် နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရ၏၊ (စသည်တည်း။)
ထို့ပြင်လည်း တဏှာဟူသော နောက်လိုက်အဖော်ရှိသော သတ္တဝါသည် ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်လတ္တံ့သော သံသရာကို မလွန်မြောက်နိုင်ပုံကို-
တဏှာဒုတိယော ပုရိသော၊ ဒီဃမဒ္ဓါန သံသရံ။
ဣတ္ထဘာဝညထာဘာဝံ၊ သံသာရံ နာတိဝတ္တတိ (အံ၊၁၊၃၁၆)။
တဏှာလျှင် အဖော်ရှိသော သတ္တဝါသည် ရှည်စွာသော ကာလပတ်လုံး ကျင်လည်ရလျက် ဤဖြစ်ပေါ်ဆဲ ခန္ဓာကိုယ်၊ အခြားဖြစ်လတံ့ ခန္ဓာကိုယ်ဟူသော (ခန္ဓာ အာယတန ဓာတ်တို့၏ အစဉ်မပြတ် ဖြစ်ခြင်း) သံသရာကို မလွန်မြောက်နိုင်ချေဟူ၍ ဟောကြားထားပေသည်။ (အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ်၊ တဏှုပ္ပါဒသုတ်)
ဘဝတဏှာ ကင်းပြတ်သောသူအား တစ်ဖန် ဘဝအသစ် မဖြစ်တော့ပုံကို “ဥစ္ဆန္နဘဝတဏှာဿ၊ နတ္ထိ တဿ ပုနဗ္ဘဝေါ” ဟူ၍ သုတ္တနိပါတ်ပါဠိတော်(၃၄၉) ဒွယတာနုပဿနာသုတ်၌ ဟောထားတော်မူ၏၊
ကံ ကံ၏အကျိုး
၃၀။ တစ်ဘဝမှ တစ်ဘဝသို့ ဖြစ်ရကျင်လည်ရခြင်း (သံသရာ)ကို ထုတ်ဆောင်ပြခြင်းဖြင့် ကံ ကံ၏အကျိုးပေးကို ပြဆိုခြင်းကိစ္စ ပြီးစီးနိုင်သော်လည်း ပို၍ ပေါ်လွင်ထင်ရှားသော ကံ၏ဖြစ်ကြောင်းနှင့် ကံ၏အကျိုးပေး အဆက်ဆက်သော ဘဝတို့၌ ကံ၏အကျိုး ခံစားရပုံကို ထုတ်ဆောင်ပြလိုသေး၏၊
ယံ ဘိက္ခဝေ လောဘပကတံ ကမ္မံ လောဘဇံ လောဘနိဒါနံ လောဘမုဒယံ (အံ၊၁၊၁၃၃)။ (စသည်)
“ရဟန်းတို့ . . . အကြောင်းကံကို လောဘသည် ပြုအပ်၏၊ လောဘကြောင့် ဖြစ်၏၊ လောဘလျှင် အကြောင်းနိဒါန်း ရှိ၏၊ လောဘလျှင် အကြောင်းသမုဒယ ရှိ၏၊ အကြင်ဘုံ၌ ထိုကံသည် အကျိုးပေး၏၊ ထိုဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌ သော်လည်းကောင်း ထိုကံ၏ အကျိုးကို ခံစားရ၏” ဟု နိဒါနသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူ၏၊
ထို့ပြင် အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဉ္စကနိပါတ်(၂၇-၂၈) သုမနသုတ်၊ ၎င်း မြန်မာပြန် ၃၅၊၃၆ ၌ လည်း --
သဒ္ဓါ, သီလ, ပညာ တူမျှသော မြတ်စွာဘုရား၏ တပည့်သာဝကနှစ်ဦးတို့တွင် တစ်ဦးသည် ပေးလှူတတ်၍ တစ်ဦးကား မပေးလှူတတ်၊ ထိုသူနှစ်ဦးတို့ သေပြီးနောက် နတ်ပြည်လောကသို့ လားရောက်ကြလျှင် နတ်ဖြစ်ချင်း တူသော်လည်း ပေးလှူတတ်သူသည် မပေးလှူတတ်သူကို နတ်၌ ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်းဟူသော အကြောင်းငါးမျိုးတို့ဖြင့် သာလွန်နိုင်၏၊ အသက် ပိုရှည်သည်။ အဆင်း ပိုလှသည်။ အခြံအရံ ပိုများသည်။ အစိုးရမှုအာဏာ ပိုရှိသည်ဟု ဆိုလိုပေသည်။
အကယ်၍ နတ်ပြည်မှ စုတေ၍ လူ့ဘုံလူ့အဖြစ်သို့ ရောက်လာကြမူ လူ၌ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ, အစိုးရခြင်းဟူသော အကြောင်းငါးမျိုးတို့ဖြင့် သာလွန်နိုင်၏ စသည်ဖြင့် သုမနမင်းသမီးအား မြတ်စွာဘုရား ဟောကြားထားတော်သူလေသည်။
၃၁။ လူချင်းအတူတူ ဖြစ်ပါလျက် ပြုလုပ်အပ်သော ကံတရား မတူသောကြောင့် အယုတ်အမြတ် အကျိုးပေး ကွာခြားပုံ၊ ငရဲဘဝ ရောက်ရပုံ၊ လူ့ဘဝရောက်ပါကလည်း အသက်တိုခြင်း, အသက်ရှည်ခြင်း စသော အကျိုးပေး ကွာခြားပုံများကို ဥပရိဏ္ဏာသပါဠိတော်၊ နှာ ၂၄၃-၉၊ စူဠကမ္မဝိဘင်္ဂသုတ်၌ မြတ်စွာဘုရား ဟောကြားထားသည်ကို ကြည့်က တစ်ဘဝမှ တစ်ဘဝသို့ ကျင်လည်ရခြင်းနှင့် ကံ ကံ၏ အကျိုးပေးတရား ဆက်သွယ်နေကြောင်း ပို၍ ထင်ရှားပေသည်။
“အရှင်ဂေါတမ . . . လူချင်း အတူတူ ဖြစ်ပါလျက် လူတို့၏ အယုတ်အမြတ်အဖြစ် (ယုတ်နိမ့်သူ၊ မြင့်မြတ်သူ) ကို တွေ့ရပါကုန်၏၊ အသက်ရှည်သူ, တိုသူ, အနာ များသူ, နည်သူ, အဆင်းလှသူ, မလှသူ, တန်ခိုးအခြံအရံ နည်းသူ, များသူ, ဥစ္စာ နည်းသူ, များသူ, အမျိုးဇာတ် ညံ့သူ, မြင့်မြတ်သူ, ပညာ မတတ်သူ, တတ်သူတို့ကို တွေ့နေရပါကုန်၏၊ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အဘယ့်ကြောင့်ပါနည်း” ဟု သုဘလုလင်က မြတ်စွာဘုရားရှင်ကို လျှေက်ထားရာ မြတ်စွာဘုရားရှင်က “သုဘလုလင် . . . သတ္တဝါတို့သည် မိမိပြုအပ်သော ကံသာလျှင် ဥစ္စာရှိကုန်၏၊ မိမိကံ၏ အမွေခံသာ ဖြစ်ကုန်၏၊ မိမိကံသာလျှင် အကြောင်းရင်း ရှိကုန်၏၊ ကံသာလျှင် အဆွေခင်ပွန်း ရှိကုန်၏၊ ကံသာလျှင် ကိုယ်စား ထောက်တည်ရာ ရှိကုန်၏” ဟု အကျဉ်းအားဖြင့် ဟောကြားရာ နားမလည်သောကြောင့် အကျယ်ဝေဖန် ဟောကြားပါရန် လျှောက်ထားသဖြင့် ဟောပြတော်မူသည်မှာ -
“သုဘလုလင် . . .ဤလောက၌ အချို့သော မိန်းမ ယောကျ်ားသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ ရက်စက်ကြမ်းကြုတ်၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ဖြတ်ညှင်းဆဲမှု၌ သက်ဝင်သောစိတ် ရှိ၏၊ သတ္တဝါတို့၌ မသနားတတ်၊ ထိုမိန်းမ ယောကျ်ားသည် ဤသို့ မှားယွင်းဆောက်တည်သောကံကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်၏ နောက်၌ ချမ်းသာကင်းရာ ငရဲသို့ ကျရောက်ရ၏၊ ငရဲသို့ မရောက် လူအဖြစ်သို့ ရောက်ခဲ့သော် ဖြစ်ရာဖြစ်ရာ ဘဝတိုင်း၌ အသက်တို၏၊ လုလင် . . . သူ့အသက်ကို သတ်လေ့ရှိသော ကြမ်းကြုတ်ရက်စက်သော သွေးစွန်းသောလက်ရှိသော သတ်ဖြတ်မှု၌ စိတ်ဝင်စားသော (သတ္တဝါတို့၌ မသနားတတ်သော) သူ၏ သတ်ဖြတ်မှု ပါဏာတိပါတကံသည် အသက်တိုခြင်းကို ဖြစ်စေတတ်သောအကျင့် မည်၏၊
သုဘလုလင် . . . ဤလောက၌ အချို့သော မိန်းမယောကျ်ားသည် သူ့အသက်သတ်ခြင်းကို ပယ်စွန့်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ ချထားအပ်ပြီးသော တုတ်ဓားလက်နက်ရှိ၏၊ မကောင်းမှု ပါဏာတိပါတကံကို ပြုလုပ်ခြင်းမှ ရှက်တတ်၏၊ သတ္တဝါတို့ကို သနားတတ်၏၊ အလုံးစုံသော သတ္တဝါတို့၏ အစီးအပွားကို ကိုယ်ချင်းစာတရားဖြင့် သနားစောင့်ရှောက်တတ်၏၊ ထိုသို့သဘောရှိသော မိန်းမယောကျ်ားသည် ဤသို့ ပြည့်စုံစွာ တည်အပ်သောကံကြောင့် သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ ထက်နတ်ရွာသို့ ကပ်ရောက်ရ၏၊ အကယ်၍ နတ်ပြည်သို့ မရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့သော် ဖြစ်ရာဖြစ်ရာဘဝ၌ အသက်ရှည်တတ်၏၊
သုဘလုလင် . . . သူ့အသက်သတ်ခြင်းကို ပယ်စွန့်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော ချထားအပ်ပြီးသော တုတ်ဓားလက်နက်ရှိသည် ဖြစ်၍ သတ်ဖြတ်မှုကို ရှက်တတ်သော သတ္တဝါတို့ကို သနားညှာတာတတ်သည် ဖြစ်၍ အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွားကို သနားစောင့်ရှောက်တတ်သော သူ၏ သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့် မည်၏” စသည်တည်း။ (အကျဉ်းချုံး၍ မြန်မာပြန်လိုက်သည်)
၃၂။ ဘဝနှင့် ကံ ကံ၏အကျိုးကို မြတ်စွာဘုရားကိုယ်တော်တိုင် ဟုတ်တိုင်းမှန်စွာ သိ၍ ဘုရားအဖြစ်ကို ဝန်ခံတော်မူပုံ၊ ပရိတ်သတ်အလယ်၌ ရဲရင့်စွာ မြွက်ဆို ဟောကြားတော်မူပုံများကို အင်္ဂုတ္တိုရ်ပါဠိတော် ဒသကနိပါတ်(၂၈၃)၊ သီဟနာဒသုတ်၊ ၎င်း မြန်မာပြန်-၂၈၄ ၌ အောက်ပါအတိုင်း လာရှိပေသည်။
ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက်တည်အပ်သော ကံ၏အကျိုးကို အထောက်အပံ့ အားဖြင့်လည်းကောင်း, အကြောင်းအားဖြင့်လည်းကောင်း ဟုတ်တိုင်းမှန်စွာ ခွဲခြားသိတော်မူ၏၊ (စသည်)
ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အလုံးစုံ (ဂတိငါးတန်နှင့် နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို” ဟုတ်တိုင်းမှန်စွာ ခွဲခြားသိတော်မူ၏၊ (စသည်)
ဤသို့ ထုတ်ဆောင်ပြအပ်သော ဗုဒ္ဓမြတ်စွာဘုရားဒေသနာတော် အထောက်အထားတို့ဖြင့် ဗုဒ္ဓဘာသာဝင်တို့ သက်ဝင်ယုံကြည်အပ်သော တစ်ဘဝမှ တစ်ဘဝဖြစ်ခြင်း (သံသရာ)နှင့် ကံ ကံ၏အကျိုးတို့သည် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲသကဲ့သို့ အတ္တဝါဒ မဟုတ်၊ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်သိ၍ ဟုတ်တိုင်းမှန်စွာ ဟောကြားတော်မူအပ်သော ဒေသနာတော်လာအတိုင်း မှန်ကန်စွာ သက်ဝင်ယုံကြည်အပ်သော ဗုဒ္ဓဝါဒစစ်စစ် ယုံကြည်လက်ခံချက်များသာ ဖြစ်သည်။
သီလခံယူခြင်း
၃၃။ သီလနှင့် ပတ်သက်၍ သောဓနာကြရာ၌ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် အယူဝါဒနှင့် စပ်၍ မြတ်စွာဘုရားရှင် မူချလမ်းညွှန်ထားသော ကေသမုတ္တိသုတ်, သာဠသုတ်လမ်းညွှန်ချက်များကို လွန်စွာ မြတ်နိုးကြသူများ ဖြစ်ပါသည်ဟု သောဓနာထားကြသော်လည်း ၎င်းတို့၏ ဖြေရှင်းချက်များမှာ လူသေလူဖြစ် အယူအဆဘောင်မှ မကျော်လွန်သည့်ပြင် လူသေလူဖြစ်ဆရာ၏ စကားလုံးများကို များစွာ သုံးနှုန်းဖြေရှင်းထားသည်ကို တွေ့ရ၏၊ ငါတို့ လေးစားသော ရဟန်း(ဦးဥက္ကဋ္ဌ)၏ စကားမှ အမှန်တရား ဖြစ်သည်ဟူသော စွဲလမ်းချက်ကြီးဖြင့် စွဲယူထားပုံမှာ ပေါ်လွင်နေပေသည်၊ ထို့ကြောင့် ကေသမုတ္တိသုတ်ကို မိမိတို့ကိုယ်တိုင် ပြန်လည်ဆန့်ကျင်နေကြပေသည်။
၃၄။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် ပါဠိပျက်ကို ဘယ်ဆရာက သင်ပေးထားသော ပါဠိဟု ဝန်မခံကြဘဲ ငယ်စဉ်က လူကြီးသူမ, များက သင်ပေးလိုက်သောစာကို ယခုတိုင်ပင် သတိရမှတ်မိနေပါသည်၊ ပါဠိတော်ထဲက ပြောပါသည်၊ မည်သည့်ပါဠိတော်ထဲကဟု မသိရပါ၊ လုပ်ပါဠိတော်တော့ ဟုတ်ဟန်မတူပါ။ ပိဋကတ်ကျွမ်းကျင်လျှင် တွေ့နိုင်သော ပါဠိဟု ပြောပါသည်ဟု ရှည်စွာသော နိဒါန်းစကားခင်းပြီး ဥပရိဏ္ဏာသပါဠိ၊ ပဉ္စတ္တယသုတ် နှာ-၂၁မှ ပါဠိတော်ကို ဖျက်၍ ထုတ်ပြအနက်ပေးထားသည်ကို တွေ့ရ၏၊
ဤသို့ ပါဠိတော်ကို ဖျက်၍ ထုတ်ပြအနက်ပေးထားခြင်းသည် စစ်မှန်သော မဂ္ဂင်သီလဖြစ်သည့် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့ကို ဆောက်တည်လျက် ရှိပါသည်ဆိုသော သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင်တို့၏ မဖြောင့်မှန် မရိုးသားသော သဘောထားကို အထင်အရှား ဖော်ပြသလို ဖြစ်နေပေသည်။
ပဋိဘန္တိ=ထင်ကုန်၏ ဟူသော မူရင်းပါဠိအနက်ကို ဖျက်၍ ပဋိပ္ပတိ=ကျင့်ကြကုန်၏-ဟု ဖောက်ဖောက်ပြန်ပြန်လုပ်ပြီး သီလခံယူကြသော ဗုဒ္ဓဘာသာဝင်များကို ကုန်သည်လိုကျင့်သူများ, သဿတဝါဒီများဟု စာနှင့် ပေနှင့် ထုတ်ပြ၍ စွပ်စွဲလိုက်ကြခြင်း ဖြစ်ဟန် ရှိ၏၊
မူရင်းပါဠိစာ၏ သဘောမှာ သေလျှင် မြဲ၏ဟု အယူရှိကြသော သဿတဝါဒီတို့၏ အယူကို သေလျှင်ပြတ်၏ နောက်ဘဝမရှိဟု အယူရှိသော ဥစ္ဆေဒဝါဒီတို့က နောက်၌ ကျင်လည်ခြင်းကို တွယ်တာကပ်ငြိပြီး ပြောနေကြတာပါ၊ တကယ်မြဲတာ မဟုတ်ပါဘူးဟု ဆန့်ကျင်ကန့်ကွက်ပြောဆိုခြင်း၏ အကြောင်းကိုဖော်ပြပြီး သဿတဝါဒီတို့၏ အယူကို ကုန်သည်ပမာ မြတ်စွာဘုရား ဉာဏ်တော်၌ ထင်ပုံကို ဖော်ပြသောစာပိုဒ် ဖြစ်၏၊ ထို့နောက် ဆက်၍ သေလျှင် ပြတ်၏၊ နောက်ဘဝမရှိဟုအယူရှိကြသော ဥစ္ဆေဒဝါဒီတို့၏ အယူကိုလည်း ပရမတ္ထအားဖြင့် ထင်ရှားရှိသော သက္ကာယ (ဥပါဒါနက္ခန္ဓာအပေါင်း)ကို ကြောက်ရွံ့စက်ဆုတ်ရွံရှာကြကုန်လျက် သက္ကာယသို့သာ အစဉ်ပြေးဝင် အဖန်ဖန် ကျင်လည်နေကြရကြောင်း တိုင်ငုတ်၌ ကြိုးဖြင့် ချည်ထားသော ခွေးသည် ထိုတိုင်ငုတ်ကိုသာ အဖန်ဖန် လှည့်လည်ပြေးနေရပုံမျိုး ဖော်ပြထားသည်ကို တွေ့ရမည် ဖြစ်၏၊ စ-သ-ဃ-ဇ-က ဟူသော ပသာဒရုပ်ငါးပါး ရုပ်ဝါဒကို တရားသေကိုင်ထား၍ ဥစ္ဆေဒဒိဋ္ဌိ အယူဘက်သို့ ညွတ်ယိမ်းနေသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များ သတိထားစဉ်းစားစရာ ဖြစ်ပေ၏၊
၃၅။ သီလခံယူဆောက်တည်ခြင်း ဥပုသ်သီတင်းစောင့်သုံးခြင်းသည် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲသကဲ့သို့ အတ္တသဿတဝါဒလည်း မဟုတ်၊ အတ္တဝါဒနွယ်သော အလုပ်များလည်း မဟုတ်ဘဲ မြင့်မြတ်သော ဗုဒ္ဓဘာသာဝင် အရိယာသာဝကတို့ ကျင့်သုံးဆောက်တည်ရမည့်သီလ ဖြစ်ကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ်(၇၉) သံခိတ္တူပေါသထသုတ်၊ ယင်း မြန်မာပြန် ၈-၌ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် အောက်ပါအတိုင်း ဟောဖော်ညွှန်ပြထားပေသည်။
ရဟန်းတို့ . . . အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသည့် ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်း ရှိ၏၊ ရဟန်းတို့ . . . အဘယ်သို့ ကျင့်အပ်သော အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသည့် ဥပုသ်သည် အကျိုးအားနိသင်ကြီးသော တန်ခိုးကြီးသော ပျံ့နှံ့ခြင်းရှိသော ဥပုသ်မည်သနည်း။
ရဟန်းတို့ . . . ဤသာသနာတော်၌ အရိယာတပည့်သည် ဤသို့ ဆင်ခြင်၏၊ ရဟန္တာတို့သည် အသက်ထက်ဆုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုတ်၏၊ တုတ်ဓားလက်နက်ကို ချထားပြီး ဖြစ်ကုန်၏၊ ရှက်တတ်သနားတတ်သည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဉ့်နှင့် တစ်နေ့ပတ်လုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၍ တုတ်ဓားလက်နက်ကို ချထား၍ ရှက်ခြင်းရှိသူ, သနားခြင်းသို့ ရောက်သူ, ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားသူ ဖြစ်၍ နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ဤသို့ပြုသော် ငါသည် ဥပုသ်ကျင့်သုံးသည် မည်ပေလိမ့်မည်-ဟု ဆင်ခြင်၏၊ ဤပထမ အင်္ဂါနှင့် ပြည့်စုံ၏၊ (စသည်)
သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဟောကြတော်မူအပ်သော ဒေသနာတော်တို့၌ အခြေခံအကျဆုံး အရေးအကြီးဆုံးဖြစ်သည့် သီလနှင့်ပတ်သက်၍ ဟောကြားတော်မူအပ်သော ဒေသနာတော်ပေါင်း များစွာ ရှိပေသည်၊ ထို့ကြောင့် သီလခံယူ ကျင့်သုံး ဆောက်တည်ခြင်းသည် အပိုအလုပ်လည်း မဟုတ်၊ ဗုဒ္ဓဝါဒကျင့်စဉ်အရ အမှန်လုပ်ရမည့် လုပ်သင့်လုပ်ထိုက်သည့် စရဏတရားသာ ဖြစ်ပေသည်။
သပိတ်သွတ်ခြင်း
၃၆။ သပိတ်သွတ်ခြင်းနှင့် ပတ်သက်၍ သခင်မြတ်ဆိုင်က သဠာယတနဝဂ္ဂသံယုတ်၊ အသိဗန္ဓကပုတ္တသုတ် နှာ-၄၉၃-ကို ရည်ညွှန်းပါသည်ဟူ၍ သောဓနာထား၏၊ ထိုသုတ်အရ သေသူအတွက် သပိတ်သွတ်လည်းမထူး၊ သပိတ်သွတ်လည်း မထူး၊ သို့ဖြစ်၍ သပိတ်သွတ်ခြင်းသည် အပိုအလုပ်ဟု သောဓနာလိုပုံ ရသည်၊ ထူး မထူး ၎င်းအသိဗန္ဓကပုတ္တသုတ်ကို အကျဉ်းချုပ် လေ့လာကြည့်သင့်၏၊ ထို့နောက် ဗုဒ္ဓဘာသာဝင်တို့၏ သေသူအတွက် သပိတ်သွတ်ပုံနှင့် ယှဉ်ကြည့်ရမည်၊ သို့မှ ထူးခြားချက် ပေါ်လွင်လာမည် ဖြစ်ပေသည်။
အသိဗန္ဓကပုတ္တသုတ်၌ မြတ်စွာဘုရားရှင် ဟောကြားသည်မှာ ပါဏာတိပါတစသော မကောင်းမှု အကုသိုလ်မှု ပြုလုပ်နေသော ပုဂ္ဂိုလ်ကို လူအပေါင်းက စုဝေး၍ ဤသူသေပြီးနောက် နတ်ပြည်သို့ ရောက်ပါစေဟု တောင်းပန်သည် ဖြစ်စေ စင်စစ် ထိုသူသည် ငရဲသို့ ရောက်ရာ၏၊ ပါဏာတိပါတဝိရတိ စသော ကုသိုလ်ကောင်းမှု ပြုလုပ်နေသူကို လူအပေါင်းက စုဝေး၍ ဤသူသေပြီးနောက် ငရဲသို့ ရောက်ပါစေဟု တောင်းပန်သည်ဖြစ်စေ၊ ချီးမွမ်းသည်ဖြစ်စေ၊ လက်အုပ်ချီလျက် ထက်ဝန်းကျင်မှ လိုက်သည် ဖြစ်စေ စင်စစ် ထိုသူသည် နတ်ပြည်သို့ ရောက်ရာ၏ ဟူ၍ ဖြစ်၏၊
၃၇။ ဗုဒ္ဓဘာသာဝင်တို့ သေသူအတွက် ရည်မှန်း၍ သံဃာတော်တို့အား ဆွမ်း သင်္ကန်း ဆက်ကပ်လှူဒါန်းပြီး အမျှဝေ (သပိတ်သွတ်) ရာ၌ အထက်ပါ အသိဗန္ဓကပုတ္တသုတ်၌ ဟောကြားသည့်အတိုင်း လူအပေါင်း စုဝေး၍ သေသူကို နတ်ပြည်ရောက်ပါစေဟု တောင်းပန်နေခြင်း, ချီးမွမ်းနေခြင်း, လက်အုပ်ချီမိုး ရှိခိုးလျက် လိုက်ပါနေခြင်းမျိုး မဟုတ်ပေ။
၃၈။ သေဆုံးသူတစ်ယောက်သည် ပုထုဇဉ်သဘာဝ ကုသိုလ် အကုသိုလ်မှုများ ဆည်းပူးပြုလုပ်ထားမည်မှာ အမှန် ဖြစ်၏၊ သေဆုံးခါနီး၌ ကောင်းသော နှလုံးသွင်းခြင်း၊ မကောင်းသော နှလုံးသွင်းခြင်းဖြင့် ကောင်းမကောင်း အာရုံကို အာရုံပြုမိမည်မှာလည်း အမှန် ဖြစ်၏၊ ထိုကုသိုလ် အကုသိုလ်ကံ အာရုံအားလျော်စွာ နတ်, လူ, တိရစ္ဆာန်, ငရဲဂတိများသို့ ရောက်နေသူတို့ကို ရည်ညွှန်းသည် မဟုတ်ဘဲ ရည်မှန်းကုသိုလ်ပြု၍ အမျှပေးဝေခြင်း (ပတ္တိဒါန), ပြုသူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း (ပတ္တာနုမောဒန) ကုသိုလ်ယူပါက ချမ်းသာနိုင်ခွင့်ရှိသော ပေတဂတိ ရောက်နေသူ ပြိတ္တာတစ်မျိုးအတွက်ကို ရည်မှန်း၍ သံဃာတော်များအား ဆွမ်း သင်္ကန်း လှူဒါန်းပြီး အမျှပေးဝေ သပိတ်သွတ်ခြင်းဖြစ်သောကြောင့် လုပ်နည်းလုပ်ဟန်ခြင်း ရည်ရွယ်ချက်ခြင်း အလွန် ခြားနားလှပေသည်။
၃၉။ ဗုဒ္ဓဘာသာဝင်တို့ သေသူအတွက် ရည်မှန်း၍ သံဃာတော်အား ဆွမ်း သင်္ကန်း လှူဒါန်း အမျှပေးဝေသော သပိတ်သွတ်ခြင်းသည် မြတ်စွာဘုရား ဟောကြားအပ်သော ဒေသနာတော်အတိုင်း ပြုလုပ်ခြင်းပင် ဖြစ်၏၊
ဇာဏုေဿာဏိပုဏ္ဏားက လျှောက်ထားသဖြင့် မြတ်စွာဘုရား ဟောကြားတော်မူသည်မှာ-
အရှင်ဂေါတမ . . . အကျွန်ုပ်တို့ပုဏ္ဏားများသည် ဤအလှူသည် ကွယ်လွန်သော ဆွေမျိုးသားချင်းသို့ ရောက်ပါစေ၊ ဤအလှူကို ကွယ်လွန်သော ဆွေမျိုးသားချင်းတို့သည် သုံးဆောင်ကြပါစေဟု အလှူတို့ကို လှူကြပါကုန်၏၊ သေသူကို ရည်၍ ပြုအပ်သော ကုဗ္ဘီးထမင်းတို့ကို ပြုကြပါကုန်၏၊ ထိုအလှူသည် ကွယ်လွန်သော ဆွေမျိုးသားချင်းတို့ထံ ရောက်ပါသလော၊ ကွယ်လွန်သော ဆွေမျိုးသားချင်းတို့ ထိုအလှူကို သုံးဆောင်ကြရပါသလောဟု မေးလျှောက်၏၊ ပုဏ္ဏား . . . ရောက်သင့်သော အရပ်၌ ရောက်၏၊ မရောက်သင့်သော အရပ်၌ မရောက်ဟု ဘုရားရှင်က မိန့်တော်မူ၏၊ ရောက်သင့် မရောက်သင့်သော အရပ်ဟူသည် အဘယ်ပါနည်း-ဟု ပုဏ္ဏားက မေးလျှောက်သောကြောင့် ကွယ်လွန်၍ ငရဲဘုံ၌ တည်သူ, တိရစ္ဆာန်ဘုံ၌ တည်သူ, လူ့ဘုံ လူအဖြစ်၌ တည်သူ, နတ်ဘုံ နတ်အဖြစ်၌ တည်သူ ဤအရပ်တို့သည် အလှူဒါနရောက်သင့်သော အရပ်များမဟုတ်၊ ပြိတ္တာဘုံ၌ တည်သူအား ထိုဒါနသည် ရောက်၏ဟု ဘုရားရှင်က မိန့်ကြားတော်မူ၏၊ (အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ်၊ ဇာဏုေဿာဏိသုတ်၊ နှာ-၄၇၈။ ယင်း မြန်မာပြန်-၄၆၉။)
၄၀။ ရောက်အပ် ရအပ်သော ကုသိုလ်အဖို့ကို အမျှပေးဝေမှုသည် ပတ္တိဒါနကုသိုလ်, ပေးဝေအပ်သော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှုသည် ပတ္တာနုမောဒနကုသိုလ် ဖြစ်သည်၊ သို့ဖြစ်၍ သပိတ်သွတ် အမျှဝေခြင်းသည် ဝမ်းမြောက်နုမော် သာဓုခေါ်သော ပေတဂတိ ရောက်နေသူအား ကောင်းမြတ်သောအကျိုး မုချရစေသည့် ပတ္တဒါနကုသိုလ်သာ ဖြစ်ပေသည်။
၄၁။ ဤသို့ ထုတ်ဆောင်ပြအပ်သော ဒေသနာတော်သာဓကတို့ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းခြင်း, သီလခံယူခြင်း, သပိတ်သွတ်ခြင်း, တစ်ဘဝမှ တစ်ဘဝဖြစ်ခြင်း, ချမ်းသာခြင်း, ဆင်းရဲခြင်းတို့သည် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ စွပ်စွဲ ကဲ့ရဲ့ ရှုတ်ချသကဲ့သို့ အပိုသက်သက်ကိစ္စများ, အမြုံကတိပေးမှုများ, အဓိပ္ပာယ်မဲ့ ယုံကြည်လုပ်ကိုင်မှုများ, အတ္တဝါဒများ မဟုတ်သည်မှာ ထင်ရှားလှ၏၊ ကမ္မဿကတာ ဒါန သီလများကို ဘုရားရှင် အားမပေးဟူသည်မှာ ကိုယ်လိုရာကိုယ် ဆွဲယူပြောသော အယူမှား မိစ္ဆာစကားသာ ဖြစ်သည်။
၄၂။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ခေါင်းဆောင်တို့သည် ကမ္မံ ပဋိဗာဟန္တေနာပိ ဝိပါကော ပဋိဗာဟိတော ဟောတိ၊ ဝိပါကံ ပဋိဗာဟန္တေနာပိ ကမ္မံ ပဋိဗာဟိတံ ဟောတိ-သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ ၁၅၀-၌ မိန့်အပ်သကဲ့သို့ အကြောင်းကံကို ပစ်ပယ်ခြင်းဖြင့် အကျိုးကို ပစ်ပယ်ရာ ရောက်၏၊ အကျိုးကို ပစ်ပယ်ပါကလည်း အကြောင်းကို ပစ်ပယ်ပြီး ဖြစ်တော့၏၊ ပူရဏကဿပတိတ္ထိဆရာကြီးသည် ကံကို ပယ်၏၊ အဇိတဆရာကြီးသည် ကံ၏ အကျိုးကို ပယ်၏၊ မက္ခလိဂေါသာလဆရာကြီးသည် ကံ ကံ၏အကျိုးကို ပယ်၏၊ အထက်ပါ စကားအရ သူတို့သုံးဦး အားလုံး အတူတူပင် ဖြစ်၏ဟု ဆိုလိုသည်။
ဦးဥက္ကဋ္ဌ တပည့်ကြီး သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင်တို့သည် ဆုတောင်း ဆုယူ သပိတ်သွတ်သော ကမ္မဿကတာ ဒါန သီလအမျိုးမျိုး ဗုဒ္ဓဘာသာတို့ ပြုလုပ်ကြခြင်းကို ဗြာဟ္မဏဝါဒ ပြန်လည် အသက်သွင်းနေကြသည်ဟု လက်ညှိုးထိုး စွပ်စွဲကြ၏၊ သို့သော် ဦးဥက္ကဋ္ဌနှင့် တပည့်သားတို့သည်ကား ကမ္မဿကတာ ဒါန သီလ ကံ ကံ၏အကျိုးတို့ကို ချိုးနှိမ် ပယ်ရှားကြခြင်းအားဖြင့် ပူရဏကဿပ, အဇိတကေသကမ္ဗလ, မက္ခလိဂေါသာလ-ဟူသော တိတ္ထိဆရာကြီး သုံးဆူတို့၏ ဝါဒကို ပြန်လည် အသက်သွင်းနေကြသူများဖြစ်ကြောင်း ၎င်းတို့စကားအရ မပြေးသာ မရှောင်သာ ကိုယ့်စကားနှင့်ကိုယ် ပိတ်မိနေကြလေပြီ။
ဦးဥက္ကဋ္ဌနှင့်တကွ သခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ အနေဖြင့် ယခုလို တိတ္ထိဆရာကြီးတို့၏ မိစ္ဆာဝါဒကို အဘယ့်ကြောင့် ပြန်လည်အသက်သွင်းနေကြသနည်းဟူမူ ၎င်းတို့၏ လက်ကိုင်ဝါဒဖြစ်သော ရုပ်ဝါဒ (စ-သ-ဃ-ဇ-က ပဉ္စပသာဒဝါဒနှင့် ကိုက်ညီနေသောကြောင့် ဖြစ်လေသည်၊ မှန်၏၊ ရုပ်ဝါဒအရ ကံ ကံ၏အကျိုးကို မည်သို့ လက်ခံနိုင်ကြလိမ့်မည်နည်း။
ထို့ပြင် ဓမ္မစကြာဒေသနာတော်၌ “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ၊ အကြင် တဏှာသည် ဘဝအသစ်ကို ဖြစ်စေတတ်၏”ဟု ဟောတော်မူအပ်သည့်အတိုင်း တဏှာသည် ဘဝအသစ်ဖြစ်မှုဟုဆိုအပ်သော ဒုက္ခသစ္စာ ရုပ် နာမ်ခန္ဓာတို့ကို ဖြစ်စေနိုင်၏၊ ၎င်းဒုက္ခသစ္စာ ရုပ်, နာမ်ခန္ဓာ အဆက်ဆက်ဖြစ်မှု တစ်ဘဝမှ တစ်ဘဝဖြစ်ခြင်းကို သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က အတ္တဝါဒဟု စွပ်စွဲပြီး ပစ်ပယ်ထားကြ၏၊ ထိုသို့ အကျိုးဖြစ်သော ဘဝအသစ် ရုပ်, နာမ်ခန္ဓာအစဉ်ဖြစ်မှု ဒုက္ခသစ္စာကို ပစ်ပယ်ခြင်းဖြင့် အကြောင်းဖြစ်သော တဏှာ သမုဒယသစ္စာမရှိဟု ပစ်ပယ်ရာ ရောက်၏၊
ဒုက္ခသစ္စာနှင့် သမုဒယသစ္စာကို မရှိဟု ပစ်ပယ်ခြင်းဖြင့် တဏှာ သမုဒယသစ္စာကို ပယ်သတ်ကြောင်းဖြစ်သော ဘဝအသစ် ရုပ်, နာမ်ခန္ဓာအစဉ်ဖြစ်မှုတည်းဟူသော ဒုက္ခသစ္စာမှ ထွက်မြောက်ကြောင်းဖြစ်သော မဂ္ဂင်အကျင့် မဂ္ဂသစ္စကိုလည်း ပစ်ပယ်ရာ ရောက်၏၊
ဘဝအသစ် ရုပ်, နာမ်ခန္ဓာအစဉ်ဖြစ်မှု ဒုက္ခသစ္စာကို ဖြစ်စေတတ်သော တဏှာသမုဒယသစ္စာ၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာကိုလည်း ပစ်ပယ်ရာ ရောက်၏၊
ထို့ကြောင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ အယူအဆသည် ဗုဒ္ဓသာသနာတော်၌ အရေးအကြီးဆုံး အထွတ်အထိပ်အကျဆုံးဖြစ်သော သစ္စာလေးပါးလုံးကို ပစ်ပယ်ထားသော သာသနာပ အယူအဆဖြစ်နေပေသည်၊ ထိုကဲ့သို့ အယူအဆ ရှိနေကြသူများသည် ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းခြင်း သီလခံယူခြင်း သပိတ်သွတ်ခြင်း စသော ဗုဒ္ဓဘာသာရေးဆိုင်ရာ အခြေခံလုပ်ငန်းကိစ္စများကို အပိုသက်သက် အလုပ်များဟူ၍ ကဲ့ရဲ့ရှုတ်ချပြောဆိုကြခြင်းမှာ အံ့ကြဖွယ်ရာ မရှိတော့ပေ။
၄၂။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ သောဓနာနိဂုံး၌ ဒီပင်္ကဘုရားက ဖြစ်စေသတည်းဟု အမိန့်ပေးခြင်းသည် ရှည်ဝေးသော ၉၁-ကမ္ဘာထက်က ကိစ္စ ဖြစ်သည် စသည်ဖြင့် ထေရဝါဒပိဋကတ်တော်တို့ကို ထင်သလို ပုတ်ခတ်ဝေဖန်ထားကြသည်ကို တွေ့ရ၏၊ စင်စစ် ဒီပင်္ကရာဘုရားက အမိန့်ပေးခြင်းလည်း မဟုတ်၊ ၉၁-ကမ္ဘာထက်က ကိစ္စလည်း မဟုတ်၊ မဟောသဓာအမတ်က ဘူရိဒတ်နဂါးဖြစ်ရသည်ဟု မည်သည့်ကျမ်းဂန်၌မျှ မလာရှိ၊ သို့ပါလျက် ထင်မိထင်ရာ ကယောင်ကတမ်း ပြောဆိုကြခြင်းသာ ဖြစ်၏၊ သည်မျှသာမက ပိဋကတ်များကို “အတ္တနယ် ကျယ်နေသည့် ထေရဝါဒ ပိဋကတ်တော်များ”ဟုပင် ပုတ်ခတ်သွားကြသေး၏၊ ပိဋကတ်တော်များကို လုပ်ကြံပုတ်ခတ်ခြင်းကား ဝန်လေးပေစွ။
၄၃။ တိတ္ထိကြီး ပုရဏကဿပကဲ့သို့ ကံကို ပယ်သော အကိရိယ အယူ, တိတ္ထိကြီး အဇိတကေသကမ္ဗလကဲ့သို့ ကံ၏ အကျိုးကို ပယ်သော နတ္ထိက အယူ, သေလျှင် ပြတ်၏ဟူသော ဥစ္ဆေဒအယူ ဤသို့ သာသနာပ အယူရှိကုန်သော သူတို့သည် “ကုသိုလ် အကုသိုလ်ကို ပြုသော်လည်း ပြုသည် မမည်။ ကံ ကံ၏ အကျိုး မရှိ၊ သေလျှင် ပြတ်၏”ဟု အဖန်ဖန် ဆင်ခြင်နှလုံးသွင်း ယူဆခြင်း ပြုဖန်များသော် ထိုအာရုံ၌ မိစ္ဆာသတိသက်ဝင်ပြီး စိတ်တည်ငြိမ်လျက် ဇောစိတ်များဖြစ်ပေါ်ကာ သတ္တမဇောရောက်ပါက ဘုရားရှင်တို့ ကိုယ်တိုင်ပင် ကုစားဟောပြာ ချေချွတ်၍ မရနိုင်လောက်အောင် မိစ္ဆာဝါဒစွဲမြဲနေကြသူများ ဖြစ်ကြ၏၊ ထိုပုဂ္ဂိုလ်များသည် အများအားဖြင့် ဘဝမှ မကျွတ်လွတ်နိုင်သော သံသရာ သစ်ငုတ်များ ဖြစ်ကြ၏၊ ထိုပုဂ္ဂိုလ်မျိုးကို အဆိပ်ပြင်းထန်သော မြွေဆိုးကဲ့သို့ (ကောင်းကျိုးလိုလားသူတို့) ဝေးဝေးကရှောင်သင့်ကြောင်းကို သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ၊ ၁၅၀-၌ ပြဆိုထားပေသည်။
မန်လည်ဆရာတော် ဘုရားကြီးကလည်း မဃဒေဝလင်္ကာသစ် အပိုဒ်(၃၁၉)၌ “သတ္တဝါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ မှန်သောအားဖြင့်၊ ဟောကြား ခြေချွတ်၊ အကျွတ်မရ၊ နိယတဖြင့်၊ ဝါဒအလို၊ မြေကြီးမျိုလည်း၊ ယူကို စွန့်ဘဲ၊ အကျင့်လွဲ၍၊ ငရဲခံလိမ့်မည်သောကြောင့်”ဟု သတိပေးစကား မိန့်ကြားတော်မူခဲ့ပေသည်။
၄၄။ ထို့ပြင် မြတ်စွာဘုရား အဆုံးအမတော်အတိုင်း အမှန်တကယ် ဖြောင့်ဖြောင့် မှန်မှန် လိုက်နာကျင့်ကြံ လိုသည်မဟုတ်ဘဲ လိုက်နာကျင့်ကြံလိုသကဲ့သို့ ကောက်ကျစ်စဉ်းလဲစွာ ဧဝံ ပသန္နော အဟံ ဘဂဝတိ= အကျွန်ုပ် မြတ်စွာဘုရားကို ကြည်ညိုပါသည် စသည်ဖြင့် ပြောဆိုလာသော ဘဂ္ဂဝပရိဗိုဇ်အား ဒုက္ကရံ ခေါ ဧတံ ဘဂ္ဂဝ တယာ အညဒိဋ္ဌိကေန စသည်ဖြင့် “ဘဂ္ဂဝ သင့်လို အယူဝါဒတစ်ပါးရှိနေသူသည် သုဘဝိမောက္ခသို့ ကပ်ရောက်၍ နေဖို့ရန် ခဲယဉ်းလှပေသည်”ဟု မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပါထိကဝဂ္ဂပါဠိ၊ ပါထိကသုတ်၊ ၂၈-၌ ဟောဖူးသော ထုံးအရ အမှန်တကယ် လက်ခံကျင့်သုံးလိုကြသည် မဟုတ်ဘဲ တပည့်တော်များ လက်ခံကျင့်သုံးနိုင်ရန် ညွှန်ကြားပေးပါဟု လျှောက်ထားကြသော (လူသေလူဖြစ်ဝါဒ ရုပ်ဝါဒ) အယူတစ်ပါး စွဲဝင်နေကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ကို ကျင့်သုံးနိုင်ဖို့ ညွှန်ကြားရန်မှာ ဗုဒ္ဓရှင်တော်မြတ်ပင် တတ်နိုင်မည့်ကိစ္စ ဟုတ်ပေ။
ဤမျှသော စကားအစဉ်ဖြင့် ဦးဥက္ကဋ္ဌ, သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ ယူဆချက်များ စွပ်စွဲချက်များသည် ဘုရားရှင်ဒေသနာတော် ထေရဝါဒ ပိဋကတ်တော်တို့နှင့် ဆန့်ကျင်သော မှားယွင်းစွာယူဆထား စွပ်စွဲထားသည့် စော်ကား ပုတ်ခတ်ချက်များသာ ဖြစ်၍ အဓမ္မဝါဒများသော ဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော်များ အညီအညွတ် ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)စောဒနာ အမှတ် (၁၅)ဥပါဒါန်နှင့် စပ်သော ဝိနိစ္ဆယ
ဥပါဒါနစသော ဘုရားဟော ပါဠိတော် ဝေါဟာရစကားလုံးများ၏ အနက်အဓိပ္ပာယ်မှန်ကို ပစ်ပယ်ပြီး ကိုယ်ထင်သလို အနက်အဓိပ္ပာယ် ကောက်ယူလျက် ဟောပြောရေးသားခြင်းနှင့် ပတ်သက်၍ စောဒနာသောဓနာ နှစ်ရပ်ကို ဝိနည်းဓိုရ်ဆရာတော်တို့၏ စိစစ်သုံးသပ်ချက်။
၁။ စောဒနာဆရာတော်များက “လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် နောက်လိုက် သမ္မာဒိဋ္ဌိသုတေသနဝါဒီ စသော သူတို့သည် လူသေလူဖြစ်ဝါဒကို ကျားကန်ပေးနိုင်ရန် ပါဠိတော်များကို မဖြစ်အဖြစ်, ကပြစ်ကညှစ်, ဖျစ်ညှစ်ပြီး ဇွတ်အတင်း အနက်ပေးကြရသလို ဘုရားဟောမဟုတ် လက်လုပ်ပါဠိများကို မတရားထည့်သွင်းကြရသလို လူသေလူဖြစ်ဝါဒကို ချေဖျက်မည့် ပါဠိ ဝေါဟာရစကားလုံးများ၏ အနက်အဓိပ္ပာယ်မှန်ကိုလည်း ပစ်ပယ်ပြီး ထင်သလို အဓိပ္ပာယ်ပြန်ဆိုကြပါသည် ဘုရား”ဟု လျှောက်ထားကြပြီးလျှင် ထိုပုဂ္ဂိုလ်တို့၏ ပါဠိ ဝေါဟာရ အဓိပ္ပာယ်ပြန် အမှားတို့ကို (က) အက္ခရာအမှတ်ပြမှ စ၍ (ဤ) အက္ခရာ အမှတ်ပြတိုင်အောင် အချက်ပေါင်း (၃၆)ချက်မျှ ထုတ်ပြ၍ ယင်းစကားရပ်များသည် ဘုရားဟော ပါဠိတော် အဋ္ဌကထာများနှင့် မညီညွတ်ဘဲ ဆန့်ကျင်နေပါသည်ဟု တင်ပြ စောဒနာကြသည်။
၂။ ယင်းစောဒနာချက်ကို စုဒိတက ပုဂ္ဂိုလ်များက ပြန်လည် ချေပခြင်း မပြုနိုင်ကြသောကြောင့် စောဒနာ စကားရပ်ကိုသာ (က)အမှတ်ပြ စောဒနာချက်မှ စ၍ သဘောတူရာ ပေါင်းစပ်လျက် စိစစ်သုံးသပ်ကြပေအံ့။
(က) ဥပါဒါန်(ဝါ)အစွဲဆိုတာ ဘာလဲ၊ ၎င်းကား အခြားမဟုတ်၊ စိတ်ဝိညာဏ်(ဝါ) နာမ်သည် ရုပ်တရားကို ဖန်ဆင်း၍ အုပ်စိုးနေ၏ ဟူသော ယုံကြည်မှုသည်လည်းကောင်း မက်တာနှင့် ဖို့စ်(ဝါ) ဓာတ်သေနှင့်ဓာတ်ရှင် (ဝါ) ဂုဏ်နှင့် ဂုဏေးတို့ကို တစ်ခုစီ တစ်ကွဲစီ တည်နေ၏ဟူသော ယုံကြည်မှုသည်လည်းကောင်း၊
တန်ခိုးပြာဋိဟာများ, ဂါထာမန္တန်များ, ပရိတ်များ, အင်းအိုင်ခလှဲ့လက်ဖွဲ့များ, ကာယသိဒ္ဓိ ပီယသိဒ္ဓိ ဆေးများ, အိမ်မက်ယာမက်၏ အကျိုး အပြစ်များ, ဗေဒင်များကို ယုံကြည်မှုသည်လည်းကောင်း၊
နောက်ဆုံး၌ သဘာဝဓမ္မထက် ကျော်လွန်နေသော ဖြစ်ရပ်များကို (ဝါ) တန်ခိုးပြာဋိဟာများကို ယုံကြည်မှုသည်လည်းကောင်း၊ အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏၊ (လူသေလူဖြစ်စာအုပ်၊ ဒုတိယအကြိမ်ရိုက် နှာ-၇၂)
ဤ(က)အမှတ်ပြ စကားရပ်ကို ဝါကျ အစိတ် အစိတ် ခွဲခြားလိုက်လျှင် (က-၁)စိတ်ဝိညာဏ်(ဝါ) နာမ်သည် ရုပ်တရားတို့ကို ဖန်ဆင်း၍ အုပ်စိုးနေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း(ဝါ)ဥပါဒါန် မည်လေတော့၏၊
(က-၂) မက်တာနှင့် ဖို့စ်(ဝါ) ဓာတ်သေနှင့် ဓာတ်ရှင်(ဝါ) ဂုဏ်နှင့်ဂုဏေးတို့ကို တစ်ခုစီ တစ်ကွဲစီ တည်နေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏၊
(က-၃) တန်ခိုးပြာဋိဟာများ, ဂါထာမန္တန်များ, ပရိတ်များ, အင်းအိုင်ခလှဲ့လက်ဖွဲ့များ, ကာယသိဒ္ဓိ, ပီယသိဒ္ဓိဆေးများ, အိမ်မက်ယာမက်၏ အကျိုးအပြစ်များ, ဗေဒင်များကို ယုံကြည်မှုသည် အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏၊
(က-၄) နောက်ဆုံး၌ သဘာဝဓမ္မထက် ကျော်လွန်နေသော ဖြစ်ရပ်များကို(ဝါ) တန်ခိုးပြာဋိဟာများကို ယုံကြည်မှုသည် အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏ ဟူ၍ စကားဝါကျ ၄-ဝါကျ ဖြစ်၏၊
ထို ၄-ဝါကျတို့တွင် (က-၁) စိတ်ဝိညာဏ် (ဝါ) နာမ်သည် ရုပ်တရားကို ဖန်ဆင်း၍ အုပ်စိုးနေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏ ဟူသော စကားသည် မှားယွင်းသော စကားသာ ဖြစ်၏၊ မှားယွင်းပုံကို ဤသို့ သိရာ၏၊ ဤစကားဝါကျ၌ ရုပ်တရားကို ရှေးဦးစွာ စိစစ်ရာ၏၊
ရုပ်တရားသည် -
(၁) ကံကြောင့်ဖြစ်သော ကမ္မဇရုပ်၊
(၂) စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်၊
(၃) ဥတုကြောင့်ဖြစ်သော ဥတုဇရုပ်၊
(၄) အာဟာရကြောင့်ဖြစ်သော အာဟာရဇရုပ်၊
(၅) မည်သည့်အကြောင်းကြောင့်မျှဖြစ်သည် မဟုတ်သော နကုတောစိသမုဋ္ဌာရုပ် ဟူ၍ ၅-မျိုး ရှိ၏၊
ထို ၅-မျိုးသော ရုပ်တို့တွင် စိတ္တဇရုပ်ကို စိတ်က(ဝါ)စိတ် စေတသိက်တည်းဟူသော နာမ်တရားက ဖြစ်စေသောကြောင့် ယင်းကို ရည်ရွယ်၍ “စိတ်ဝိညာဏ်(ဝါ) နာမ်သည် ရုပ်တရားကို ဖန်ဆင်း၏”ဟု ခေါ်ဝေါ်ပြောဆိုလိုက ခေါ်ဝေါ် ပြောဆိုနိုင်သည်၊ (စိတ်လျှင်ဖြစ်ကြောင်း ရှိသည်၊ စိတ်ကြောင့် ဖြစ်သည်၊ စိတ်က ဖြစ်စေသည်။ စိတ်က ဖန်ဆင်းသည်ဟူသော ဝေါဟာရ စကားလုံးများသည် တစ်ခုနှင့် တစ်ခု ပရိယာယ်ချည်းသာ ဖြစ်၍ အဓိပ္ပာယ်အားဖြင့် တူမျှကြသည်။)
ထို့ပြင်လည်း -
“သော ပန အဆေကော အမနာပံ ရူပံ ကရောတိ၊ ဆေကော မနာပံ ဒဿနီယံ၊ ဧဝမေဝ ပုထုဇ္ဇနော အကုသလစိတ္တေန ဝါ ဉာဏဝိပ္ပယုတ္တကုသလေန ဝါ စက္ခုသမ္ပဒါဒိဝိရဟိတံ ဝိရူပံ သမုဋ္ဌာပေတိ၊ ဉာဏသမ္ပယုတ္တကုသလေန စက္ခုသမ္ပဒါဒိသမ္ပန္နံ အဘိရူပံ” (သံ၊ဋ္ဌ၊၂၊၃၀၀)
မကျွမ်းကျင်သော ပင်းမင်းသမားသည်ကား မနှစ်ခြိုက်ဖွယ်အဆင်းကို ပြု၏၊ ကျွမ်းကျင်သော ပင်းမင်းသမားသည် နှစ်ခြိုက်ဖွယ် ကြည့်ချင်စဖွယ် အဆင်းကို ပြု၏၊ ဤအတူပင် ပုထုဇဉ်သည် အကုသိုလ်စိတ်ဖြင့်သော်လည်းကောင်း၊ ဉာဏ်နှင့် မယှဉ်သော ကုသိုလ်စိတ်ဖြင့်သော်လည်းကောင်း မျက်စိ၏ ပြည့်စုံခြင်း စသည်မှ ကင်းသော (မျက်စိသည် မပြည့်စုံသော) ဖောက်ပြန်သော (မလှပသော) ရုပ်ကို ဖြစ်စေတတ်၏၊ ဉာဏ်နှင့် ယှဉ်သော ကုသိုလ်စိတ်ဖြင့် မျက်စိ၏ ပြည့်စုံခြင်း စသော ဂုဏ်နှင့် ပြည့်စုံလှပသော ရုပ်ကို ဖြစ်စေ၏၊
ဤ အဋ္ဌကထာစကားရပ်ဖြင့် အကုသိုလ်စိတ်နှင့် ဉာဏ်မယှဉ်သော ကုသိုလ်စိတ်တို့က မလှပသော ရုပ်ကို ဖြစ်စေသည် ဖန်ဆင်းသည်၊ ဉာဏ်နှင့်ယှဉ်သော ကုသိုလ်စိတ်က လှပသော ရုပ်ကို ဖြစ်စေသည် ဖန်ဆင်းသည်ဟု ဆိုနိုင်ပြန်သည်။
ထို့ကြောင့် စိတ္တဇရုပ်ကို စိတ်က ဖန်ဆင်းသည်ဟု ယုံကြည်မှုသည်လည်းကောင်း အကုသိုလ်စိတ်နှင့် ဉာဏဝိပ္ပယုတ်စိတ်တို့က မကောင်းသော ရုပ်၊ မလှပ မပြည့်စုံသော ရုပ်ကို ဖန်ဆင်းသည်၊ ဉာဏသမ္ပယုတ် ကုသိုလ်စိတ်က ကောင်းသော ရုပ် လှပပြည့်စုံသော ရုပ်ကို ဖန်ဆင်းသည်ဟု ယုံကြည်မှုသည်လည်းကောင်း အစွဲအလမ်း ဥပါဒါန်မဟုတ်၊ ဘုရားရှင် ဒေသနာတော်ကို ယုံကြည်သော သဒ္ဓါပြဋ္ဌာန်းသော မဟာကုသိုလ် စိတ္တုပ္ပါဒ် ဖြစ်သည်ဟု သီးခြားဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
၃။ စိတ်ဝိညာဉ်(ဝါ)နာမ်သည် ရုပ်တရားကို အုပ်စိုးနေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း(ဝါ) ဥပါဒါန် မည်လေတော့၏ဟူသော စကားရပ်သည်လည်း သဘာဝဓမ္မမှ လွဲချော်နေပေ၏၊ စိစစ်ကြကုန်အံ့။
စိတ္တေန နီယတိ လောကော၊ ဏိတ္တေန ပရိကဿတိ။
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ။ (သံ၊၁၊၃၆)
စိတ်သည် လောကကို ဆောင်၏၊ စိတ်သည် လောကကို ဆွဲငင်၏၊ အလုံးစုံသော တရားတို့သည်ပင်လျှင် စိတ်ဟူသော တစ်ခုသော တရား၏ အလိုသို့ အစဉ်တစိုက် လိုက်ကြကုန်၏၊ (စိတ္တသုတ်)
စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃)
ရဟန်းတို့ စိတ်ညစ်ညူးခြင်းကြောင့် သတ္တဝါတို့ကို ညစ်ညူးကုန်၏၊ စိတ်ဖြူစင်ခြင်းကြောင့် (သတ္တဝါ) ဖြူစင်ကုန်၏၊
ရူပမှိ သံကိလိဋ္ဌမှိ၊ သံကိလိဿန္တိ မာဏဝါ။
ရူပေ သုဒ္ဓေ ဝိသုဇ္ဈန္တိ၊ အနက္ခာတံ မဟေသိနာ။
စိတ္တမှိ သံကိလိဋ္ဌမှိ၊ သံကိလိဿန္တိ မာဏဝါ။
စိတ္တေ သုဒ္ဓေ ဝိသုဇ္ဈန္တိ၊ ဣတိ ဝုတ္တံ မဟေသိနာ။ (သံ၊ဋ္ဌ၊၂၊၂၉၉)
ရုပ်ညစ်နွမ်းသည် ရှိသော် သတ္တဝါတို့ ညစ်နွမ်းရကုန်၏၊ ရုပ်သည် စင်ကြယ်သည် ရှိသော် သတ္တဝါတို့ စင်ကြယ်ရကုန်၏ဟု မဟာဣသိ မုနိထွတ်တင် ဘုရားရှင် ဟောတော်မမူအပ်ချေ၊ စိတ်ညစ်နွမ်းသည် ရှိသော် သတ္တဝါတို့ ညစ်နွမ်းရကုန်၏၊ စိတ်စင်ကြယ်သည် ရှိသော် သတ္တဝါတို့ စင်ကြယ်ရကုန်၏ဟု မဟာဣသိ မုနိထွတ်တင် ဘုရားရှင် ဟောကြားတော်မူအပ်ပေသည်။
စိတ္တေ ဂဟပတိ ရက္ခိတေ၊ ကာယကမ္မမ္ပိ ရက္ခိတံ ဟောတိ။
ဝစီကမ္မမ္ပိ ရက္ခိတံ ဟောတိ၊ မနောကမ္မမ္ပိ ရက္ခိတံ ဟောတိ။ (အံ၊၁၊၂၆၅)
ဒါယကာ စိတ်ကို စောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မည်၏၊ ဝစီကံကိုလည်း စောင့်ရှောက်သည် မည်၏၊ မနောကံကိုလည်း စောင့်ရှောက်သည် မည်၏၊
စိတ္တေ ဂဟပတိ ဗျာပန္နေ၊ ကာယကမ္မမ္ပိ ဗျာပန္နံ ဟောတိ။
ဝစီကမ္မမ္ပိ ဗျာပန္နံ ဟောတိ၊ မနောကမ္မမ္ပိ ဗျာပန္နံ ဟောတိ။ (အံ၊၁၊၂၆၅)
ဒါယကာ စိတ်ပျက်စီးလျှင် ကာယကံလည်း ပျက်စီး၏၊ ဝစီကံလည်း ပျက်စီး၏၊ မနောကံလည်း ပျက်စီး၏၊
စိတ္တေ ဂဟပတိ အဗျာပန္နေ၊ ကာယကမ္မမ္ပိ အဗျာပန္နံ ဟောတိ။
ဝစီကမ္မမ္ပိ အဗျာပန္နံ ဟောတိ၊ မနောကမ္မမ္ပိ အဗျာပန္နံ ဟောတိ။ (အံ၊၁၊၂၆၅)
ဒါယကာ စိတ်မပျက်စီးလျှင် ကာယကံလည်း မပျက်စီး၊ ဝစီကံလည်း မပျက်စီး၊ မနောကံလည်း မပျက်စီး။
ဤသို့ စသော ဘုရားဟော ဒေသနာတော်များဖြင့် စိတ်စင်ကြယ်ကောင်းမွန်ခြင်းကြောင့် ရုပ်တရား ကောင်းမွန် စင်ကြယ်ရသည်၊ စိတ်ယုတ်ညံ့ညစ်နွမ်းခြင်းကြောင့် ရုပ်တရား ယုတ်ညံ့ညစ်နွမ်းရသည်၊ ရုပ်တရားကို စိတ်က ဦးဆောင် ခြယ်လှယ်နေသည်ဟူသော အချက်သည် သိသာထင်ရှားပေသည်။
၄။ တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်သည် မိမိအိမ်မှ ကျောင်းသို့ လာသည်ဟု ဆိုကြပါစို့၊ ထိုပုဂ္ဂိုလ်၏ ရုပ်ကိုယ်ကြီးသည် အဘယ့်ကြောင့် ကျောင်းသို့ ရောက်လာရသနည်း၊ စဉ်းစားလော့၊ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ရှေးဦးစွာ ကျောင်းသို့ သွားလိုသောစိတ် ဖြစ်ပေါ်ထာခဲ့သည်၊ ထိုစိတ်ကြောင့် ထိုပုဂ္ဂိုလ်သည် ကျောင်းသို့ ရှေးရှုသွားလေတော့သည်၊ ထိုအခါ ထိုပုဂ္ဂိုလ်၏ ရုပ်ကိုယ်ကြီးသည် စိတ်၏ ဆွဲဆောင်မှုကြောင့် တရွေ့ရွေ့ဖြင့် ကျောင်းသို့ ရောက်လာသည် မဟုတ်လော၊ အကယ်၍ ကျောင်းသို့ သွားလိုသောစိတ် မဖြစ်ပေါ်ခဲ့ပါက ထိုရုပ်ကိုယ်ကြီးသည် အဘယ်နည်းနှင့်မျှ ကျောင်းသို့ ရောက်လာမည် မဟုတ်ချေ၊ ဤကား လက်တွေ့ပေတည်း။
ပရမတ္ထသဘာဝအားဖြင့် ထင်ရှားအောင်ပြဦးအံ့၊ တစ်စုံတစ်ခုသော အရပ်သို့ သွားရာအခါ၌ ရှေးဦးစွာ သွားမည်ဟူသောစိတ် ဖြစ်ပေါ်လာ၏၊ ထိုစိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ်သည် ခန္ဓာကိုယ်အနှံ့ ဖြစ်ပေါ်လာ၏၊ ထိုဝါယောဓာတ်သည် မိမိနှင့် တစ်ပါတည်း ဝိညတ်ခေါ်သော ရုပ်ကိုလည်း ဖြစ်စေလေသည်။ ထိုသို့ စိတ္တဇဝါယောဓာတ်၏ (ဝိညတ်ကိုပါ တစ်ပါတည်း ဖြစ်စေလျက်) ဖြစ်ပေါ်လာသည့်အတွက် စိတ်၏ အမူအရာ အလိုဆန္ဒကြောင့် ဝါယောဓာတ် လှုပ်ရှားခြင်း၏ အစွမ်းဖြင့် ဤရုပ်ကိုယ်ကြီးသည် တရွေ့ရွေ့ စိတ်လိုရာအရပ်သို့ ရောက်အောင် သွားရလေသည် (ဒီ၊ဋ္ဌ၊၁၊၁၇၂)။
မြတ်စွာဘုရားသည် လောကီတရားကို ဟောတော်မူသည့်အခါ စိတ်ကို အကြီးအမှူး အဦးပဓာနထား၍ ဟောကြားတော်မူသည်၊ လောကုတ္တရာတရားကို ဟောတော်မူသည့်အခါ ပညာကို အကြီးအမှူး အဦးပဓာနထား၍ ဟောကြားတော်မူသည် (အဘိ၊ဋ္ဌ၊၁၊၁၁၀)။
ပြဆိုအပ်ပြီးသော ဘုရားဟောဒေသနာ အဋ္ဌကထာအဆိုအမိန့်နှင့် ယုတ္တိသဘာဝတို့ကို ထောက်ဆ၍ စိတ်ဝိညာဉ် (ဝါ) နာမ်က ရုပ်တရားကို အုပ်စိုးနေသည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် စိတ်ဝိညာဉ် (ဝါ) နာမ်သည် ရုပ်တရားကို အုပ်စိုးနေ၏ဟူသော ယုံကြည်မှုသည် ဘုရားဟောဒေသနာတော်နှင့် အဋ္ဌကထာအဆိုအမိန့်များကို ယုံကြည်လေးစားသော သဒ္ဓါပြဋ္ဌာန်းသည့် မဟာကုသိုလ် စိတ္တုပ္ပါဒ်သာ ဖြစ်သည်။ အစွဲအလမ်း ဥပါဒါန် မဟုတ်ပေ။
ဤသို့ စိစစ်သုံးသပ်ပြဆိုအပ်ပြီးသော အကြောင်းတို့ကြောင့် ဒ “စိတ်ဝိညာဉ် (ဝါ) နာမ်သည် ရုပ်တရားကို ဖန်ဆင်း၍ အုပ်စိုးနေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း (ဝါ) ဥပါဒါန် မည်လေတော့၏” ဟူသော စကားရပ်သည် ဘုရားဟော ဒေသနာနှင့် အဋ္ဌကထာ အဆိုအမိန့်များကို ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ အထင်အမြင်မှားအောင် ရေားသားဟောပြောအပ်သော စကားသာ ဖြစ်၍ ပြဆိုအပ်ပြီးသော ပါဠိတော် အဋ္ဌကထာ ဒေသနာဓမ္မတို့နှင့် ဆန့်ကျင်သည့် အဓမ္မဝါဒသာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့က သုံးသပ်တော်မူကြသည်။
(က-၂) အမှတ်ပြ ဒုတိယစကားရပ်ကို စိစစ်သုံးသပ်ချက်
၅။ မက်တာနှင့် ဖို့စ် (ဝါ) ဓာတ်သေနှင့် ဓာတ်ရှင် (ဝါ) ဂုဏ်နှင့် ဂုဏေးတို့ကို တစ်ခုစီ တစ်ကွဲစီ တည်နေ၏ဟူသော ယုံကြည်မှုသည် အစွဲအလမ်း (ဝါ) ဥပါဒါန် မည်လေတော့၏ဟူသော (က-၂) အမှတ်ပြဒုတိယစကားဝါကျ၌ “မက်တာနှင့် ဖို့စ် (ဝါ) ဓာတ်သေနှင့် ဓာတ်ရှင်” ဟူသော စကားရပ်သည် ပထဝီဓာတ် အာပေါဓာတ်နှင့် တေဇောဓာတ် ဝါယောဓာတ်တို့ကို ဆိုလိုကြောင်း ရှေ့နောက် စကားရပ်တို့ဖြင့် သိသာ၏၊ “ဂုဏ်နှင့် ဂုဏေး” ဟူသော စကားရပ်ကား ဤအရာနှင့် မသက်ဆိုင်ချေ၊ ပထဝီ အာပေါ တေဇော ဝါယော ဟူသော မဟာဘုတ် ဓာတ်ကြီးလေးပါးတို့သည် အဝိနိဗ္ဘောဂ=(ခွဲခြား၍ မရကောင်းသော=ဝါ-တစ်ခုစီ တစ်ကွဲစီ မတည်နေကောင်းသော) ရုပ်ဖြစ်ခြင်းကြောင့် ယင်းတို့ကို တစ်ခုစီ တစ်ကွဲစီ တည်နေ၏ဟု အဘိဓမ္မာကို လေ့လာဖူးသူတို့ ယုံကြည်ကြမည် မဟုတ်သည့်အတွက် အထူးစိစစ်ရန်မလိုဟု ဝိနည်းဓိုရ်ဆရာတော်များ သဘောပိုက်တော်မူကြသည်။
(က-၃) (က-၄) အမှတ် တတိယ စတုတ္ထ စကားဝါကျကို စိစစ်ချက်
၆။ တန်ခိုးပြာဋိဟာများ ဂါထာမန္တန်များ ပရိတ်များ အင်းအိုင်ခလှဲ့လက်ဖွဲ့များ၊ ကာယသိဒ္ဓိဆေးများ၊ အိပ်မက်ယာမက်၏ အကျိုးအပြစ်များ၊ ဗေဒင်များကို ယုံကြည်မှုသည်လည်းကောင်း နောက်ဆုံး၌ သဘာဝဓမ္မထက် ကျော်လွန်နေသော ဖြစ်ရပ်များကို (ဝါ) တန်ခိုးပြာဋိဟာများကို ယုံကြည်မှုသည်လည်းကောင်း၊ အစွဲအလမ်း (ဝါ) ဥပါဒါန် မည်လေတော့၏ ဟူသော (က) အမှတ်ပြ တတိယ, စတုတ္ထ စကားဝါကျများ၌ “ဂါထာမန္တန်များ၊ အင်းအိုင်ခလှဲ့လက်ဖွဲ့များ၊ ကာယသိဒ္ဓိ ပီယသိဒ္ဓိဆေးများ၊ အိပ်မက်ယာမက်၏ အကျိုးအပြစ်များ ဗေဒင်များကို ယုံကြည်မှုသည် အစွဲအလမ်း (ဝါ) ဥပါဒါန် မည်လေတော့၏” ဟူသော စကားရပ်များသည် ဗုဒ္ဓသာသနာတော်နှင့် မသက်ဆိုင်သောကြောင့် ယင်းတို့ကို မစိစစ် မသုံးသပ်တော့ဘဲ ဗုဒ္ဓဒေသနာတော်နှင့် သက်ဆိုင်သော “တန်ခိုးပြာဋိဟာများ ပရိတ်များကို ယုံကြည်မှုသည် အစွဲအလမ်း (ဝါ) ဥပါဒါန် မည်လေတော့၏” ဟူသော စကားရပ်ကိုသာ စိစစ်သုံးသပ်ကြကုန်အံ့-
ဘုရား၏ ဂုဏ်တော် ၉-ပါးတို့တွင် ဘဂဝါဟူသော ဂုဏ်တော်သည်-
၁။ ဣဿရိယ ၂။ ဓမ္မ ၃။ ယသ ၄။ သိရီ ၅။ ကာမ ၆။ ပယတ္တ-ဟူသော ဘုန်းတော် ၆-ပါးတို့နှင့် ပြည့်စုံတော်မူခြင်းပင်တည်း။
ထို ၆-ပါးတို့တွင်-
(၁)(က) မိမိ၏ ကိုယ်တော်ကို အနုမြူသဖွယ် သိမ်မွေ့သေးငယ်အောင် ဖန်ဆင်းနိုင်သော “အဏိမာ”ဘုန်းတော်၊
(ခ) စိတ်၏အလား ကောင်းကင်ဖျားဝယ် ပေါ့ပါးလျင်မြန် စျာန်ပျံကြွသွားနိုင်သော “လဃိမာ”ဘုန်းတော်၊
(ဂ) ကိုယ်တော်ကို အလိုရှိသလောက် ကြီးမားအောင် ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်၊
(ဃ) အဆီးအတား အကွယ်အကာမရှိဘဲ လိုရာအရပ်သို့ တစ်ခဏခြင်း ကြွရောက်တော်မူနိုင်သော “ပတ္တိ”ဘုန်းတော်၊
(င) အဓိဋ္ဌာန်ခြင်း စသည်၏ အစွမ်းဖြင့် အလိုရှိအပ်သော အကျိုးကို ပြီးစေနိုင်သော “ပါကမ္မ”ဘုန်းတော်၊
(စ) ကိုယ်တော်၏ စိတ်တော်မှ လူမင်း နတ်မင်း စသည်တို့ကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော “ဤသိတာ”ဘုန်းတော်၊
(ဆ) တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းခြင်းနှင့် စွန်းနိုင်သည်၏ အဖြစ်ဟူသော “ဝသိတာ”ဘုန်းတော်၊
(ဇ) ကောင်းကင်ဖြင့် ကြွသွားစဉ်ဖြစ်စေ၊ အခြားကိစ္စတစ်စုံတစ်ခုကို ပြုစဉ်ဖြစ်စေ ပြီးဆုံးစေလိုရာအခါ၌ ပြီးဆုံးစေနိုင်သော “ယတ္ထကာမဝသာယိတာ”ဘုန်းတော် ဤ ၈-ပါးသော ဘုန်းတော်သည် “ဣဿရိယ”ဘုန်းတော် မည်၏၊
(၂) မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန်အားဖြင့် ၉-ပါးသော လောကုတ္တရာတရားတော်သည် “ဓမ္မ”ဘုန်းတော် မည်၏၊
(၃) လောကသုံးပါး၌ ပျံ့နှံ့သော ဟုတ်မှန်သော ဂုဏ်တော်တို့ကြောင့် ရအပ်သော အလွန် သန့်ရှင်းစင်ကြယ်သော ကျော်စောခြင်းသည် “ယသ”ဘုန်းတော် မည်၏၊
(၄) ရူပကာယ (ရုပ်ပုံတော်)ကို ဖူးမြော်ခြင်း၌ ကြောင့်ကြစိုက်သော လူအပေါင်း၏ မျက်စိတို့ကို ကြည်လင်စေခြင်းငှာ စွမ်းနိုင်သော အလုံးစုံသော အခြင်းအရာတို့နှင့် ပြည့်စုံသော အားလုံးသော အင်္ဂါကြီးငယ်တို့၏ လွန်စွာတင့်တယ် သပ္ပာယ်သော အသရေတော်သည် “သိရီ”ဘုန်းတော် မည်၏၊
(၅) အလိုရှိအပ် တောင့်တအပ်သော ကိုယ်တော်၏ အစီးအပွား သူတစ်ပါးတို့၏ အစီးအပွားကို လိုလားတောင့်တသည့်အတိုင်း ပြီးစေနိုင်ခြင်းသည် “ကာမ”ဘုန်းတော် မည်၏၊
(၆) တစ်လောကလုံး ညွတ်ရုံးကိုးစား အားထားလောက်အောင် လွန်စွာကြိုးကုတ် အားထုတ်တော်မူခြင်းသည် “ပယတ္တ”ဘုန်းတော် မည်၏၊
ဤဘုန်းတော် ၆-ပါးတို့နှင့် ပြည့်စုံတော်မူခြင်းကြောင့် မြတ်စွာဘုရားသည် ဘဂဝါဟူသော” ဂုဏ်တော်ကြီးဖြင့် ကျော်ကြားတော်မူပါပေသည်။
မြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာသည် ဤဘဂဝါဂုဏ်တော်၌ ပါဝင်၏၊
ထို့ကြောင့် မြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာကို ယုံကြည်ခြင်းသည် မြတ်စွာဘုရား၏ ဘဂဝါဂုဏ်တော်ကို ကြည်ညိုသော သဒ္ဓါပြဓာန်းသော မဟာကုသိုလ် စိတ္တုပ္ပာဒ်သာ ဖြစ်သည်။ အစွဲအလမ်း ဥပါဒါန် မဟုတ်ချေ။
၇။ ဘုရားရှင်မှ တစ်ပါး၊ အရှင်စူဠပန္ထက, အရှင်မဟာပန္ထက စသော သာဝကတို့ တန်ခိုးပြာဋိဟာပြပုံ အကြောင်းအရာများလည်း ပိဋက၌ အထင်အရှားရှိ၏၊ (ထေရဂါထာ၊၃၁၄။)(ဝိသုဒ္ဓိ၊၂၊၁၆-၁၇။)နှင့် (သံ၊၂၊၄၈၀။)
ထိုဣဒ္ဓိဝိဓအဘိညာဉ် စသည်တို့ကို ရစေနိုင်သည့် ကျင့်စဉ်များကိုလည်း
“သော ဧဝံ သမာဟိတေ စိတ္တေ။ ပ။ သော အနေကဝိဟိတံ ဣဒ္ဓိဝိဓံ ပစ္စနုဘောတိ (ဒီ၊၁၊၇၃)”
မြန်မာပြန်
ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှာ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် တန်ခိုးဖန်ဆင်းခြင်း “ဣဒ္ဓိဝိဓဉာဏ်” အလို့ငှာ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ဗရှးရှုညွှတ်စေ၏၊ ထိုရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊
ဤသို့ စသည်ဖြင့် ထိုထိုပါဠိတော်တို့၌ အပြည့်အစုံ ဟောပြတော်မူခဲ့လေသည်၊ ထိုကျင့်စဉ်များအတိုင်း ကျင့်ကြံပွားများ အားထုတ်သော သူတော်စင်တို့သည် ဣဒ္ဓိဝိဓ စသော အဘိညာဉ်တို့ကို ဧကန် ရရှိနိုင်ကြလေသည်၊ ဤသို့ သဘာဝဓမ္မမှန်လည်း ရှိသည်၊ တန်ခိုး အဘိညာဉ်ကို ရကြောင်း ပဋိပတ်ကျင့်စဉ်လည်း ရှိသည်၊ ဤကဲ့သို့သော ကျင့်စဉ်မှန်များကို လက်တွေ့သုတေသနပြု၍ ကျင့်သုံးသူတို့သည် ဤသို့ အဘိညာဉ်ကို ယုံကြည်ကြလေသည်။
ထို့ကြောင့် တန်ခိုးပြာဋိဟာတို့ကို ယုံကြည်ခြင်းသည် အစွဲဥပါဒါန် မဟုတ် သဒ္ဓါပြဋ္ဌာန်းသော မဟာကုသိုလ်စိတ္တုပ္ပါဒ်သာ ဖြစ်သည်။
ဤဆိုအပ်ပြီးသော စိစစ်သုံးသပ်ချက်များအရ တန်ခိုးပြာဋိဟာတို့ကို ယုံကြည်ခြင်းသည် အစွဲအလမ်း ဥပါဒါန် ဖြစ်သည်ဟူသော အယူသည် ပါဠိတော် အဋ္ဌကထာတို့နှင့် ဆန့်ကျင်သော ရုပ်ဝါဒအမြင်သာ ဖြစ်၍ အဓမ္မဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
ပရိတ်များကို ယုံကြည်မှုသည် ဥပါဒါန်မည်၏ ဟူသော စကားရပ်ကို စိစစ်ချက်
၈။ ပရိတ်တော်များကို ယုံကြည်မှုသည် ဥပါဒါန်လော၊ သို့မဟုတ် ကုသိုလ်စိတ်လော ဆိုသည်ကို စိစစ်ဆင်ခြင်သည်ရှိသော် “ဥပါဒါန်” ဆိုသည်မှာ အဘယ်နည်းဟု စိစစ်ရန် လိုပေသည်၊ ဥပါဒါန်ဟူသည် လောဘစေတသိက်နှင့် ဒိဋ္ဌိစေတသိက်ပင် ဖြစ်၏၊ ထိုလောဘစေတသိက် ဒိဋ္ဌိစေတသိက်တို့သည် စိတ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသ တရားများသာ ဖြစ်ပေသည်၊ ပရိတ်တရားတော်ကို ယုံကြည်မှုသည်ကား ထိုသို့သော ဥပက္ကိလေသ တရားမျိုး မဟုတ်၊ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် မင်္ဂလသုတ်, မေတ္တသုတ်, ရတနသုတ် စသော ပရိတ်တော်များကို ပရိတ်နိဒါန်းမှာ လာသည့်အတိုင်း ဘုရားရှင်၏ အာဏာတော်စက်အဖြစ်ဖြင့် ယုံကြည်လေးမြတ်စွာ နာယူကြကုန်၏၊ ယင်းသို့ နာယူရာ၌ “သာ ပနေသာ သမ္ပသာဒနလက္ခဏာ စ သဒ္ဓါ” ဟူသော (အဋ္ဌသာလိနီ အဋ္ဌကထာ-၁၆၂) နှင့်အညီ အလွန် ကြည်လင်သော သဒ္ဓါတရားဖြစ်ပွားကုန်ကြ၏၊ ထိုသဒ္ဓါတရားနှင့်ယှဉ်သော စိတ်သည်ကား “အနဝဇ္ဇသုခဝိပါက” အပြစ်မရှိခြင်း, ကောင်းသော အကျိုးပေးခြင်း လက္ခဏာရှိသော ကုသိုလ်ဇော စိတ္တုပ္ပါဒ်သာ ဖြစ်ချေသည်။
ဖားနတ်သားဝတ္ထုလာ ဖားသူငယ်သည် တရားတော်၏ အနက်အဓိပ္ပာယ်ကို မသိပါဘဲလျက် တရားသံ၌ ကြည်ညိုသော ကုသိုလ်စိတ္တုပ္ပါဒ်ကြောင့် နတ်ပြည်သို့ လားရောက်ရလေသည်၊ ဤသို့ စသော သာဓကများကို ထောက်ပါက ဗုဒ္ဓဘာသာဝင်တို့၏ ပရိတ်တော်ကို ယုံကြည်မှုသည်လည်း ထို့အတူပင် ကုသိုလ်စိတ္တုပ္ပါဒ် ဧကန်ဖြစ်ပေသည်၊ ထို့ကြောင့် ပရိတ်တော်များကို ယုံကြည်မှုသည် ကုသိုလ်သဒ္ဓါစိတ်သာ ဖြစ်သည်၊ ဥပါဒါန်မဖြစ်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
အမှတ်စဉ် (၁၅) (ခ) အမှတ်ပြ စောဒနာကို သုံးသပ်ချက်
၉။ (ခ) ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းတို့ကို တစ်ခမ်းတစ်နား တည်ဆောက်ခဲ့သူ လက်သမားသည်လည်း ထိုသည့်ဥပါဒါန် အစွဲဖြစ်သည် ဟူ၍ ကျွန်ုပ်တို့ သိခဲ့ရလေပြီ။
(လူသေလူဖြစ် စာမျက်နှာ-၃၀၃)
ဖော်ပြပါ စကားရပ်ဖြင့် “ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းတို့ ရှိသည်ဟု ယုံကြည်မှုသည် ဥပါဒါန်အစွဲဖြစ်သည်” ဟု ဆိုလိုသည်၊ ယင်းစကားရပ်သည် အမှားစင်စစ်သာ ဖြစ်၏၊ မှားပုံကို စိစစ်သော် ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းသို့ အမှန်တကယ် မရှိပါက မရှိသည်ကို ရှိ၏ဟု ထင်မှတ်စွဲလမ်းမှုကား အစွဲ ဥပါဒါန် ဖြစ်ရာ၏၊ သို့သော် ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းကား အမှန်ရှိ၏၊ အမှန်တကယ်ရှိနေသည်ကို ယုံကြည်မှုသည်ကား အစွဲအလမ်း ဥပါဒါန် မဖြစ်ပေ။
ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းတို့ အမှန်တကယ်ရှိပုံကို များစွာ ဟောကြားထားချက် ရှိပေသည်။
သေယျထာပိ ဘိက္ခဝေ အပ္ပမတ္တံ ဣမသ္မိံ ဇမ္ဗုဒီပေ အာရာမရာမ ဏေယျကံ။ပ။ ပေတ္တိဝိသယေ ပစ္စာဇာယန္တိ (အံ၊၁၊၃၉)
မြန်မာပြန်
ရဟန်းတို့ ဤဇမ္ဗူဒိပ်၌မွေ့လျော်ဖွယ်ကောင်းသော အာရာမ်၊ မွေ့လျော်ဖွယ်ကောင်းသော တော၊ မွေ့လျော်ဖွယ်ကောင်းသော မြေအရပ်၊ မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်း မြင့်မောက်သော မြေ၊ သွားလာကူးခက်သော မြစ်၊ သစ်ငုတ်ဆူးငြောင့်ရှိသော အရပ်၊ မညီညွတ်သော တောင်တို့သာ များသကဲ့သို့ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ လူ့ပြည်၌ပင် တစ်ဖန်ပြန်ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ပ။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ပ။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏၊
ရဟန်းတို့ ဤအတူပင် လူ့ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော၊ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော၊ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏ (အင် မြန်၊၁၊၄၈)။
ဤနည်းအတူ နတ်ပြည်မှ စုတေ၍ နတ်ပြည် လူ့ပြည်တို့၌ ဖြစ်ကုန်သော သတ္တဝါတို့ နည်းပါး၍ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံတို့၌ ဖြစ်ကုန်သော သတ္တဝါတို့သာ များသည်ကိုလည်းကောင်း၊ ငရဲဘုံမှ စုတေ၍ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ကုန်သော သတ္တဝါတို့နည်းပါး၍ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံတို့၌ ဖြစ်ကုန်သော သတ္တဝါတို့သာ များသည်ကိုလည်းကောင်း၊ တိရစ္ဆာန်မှ စုတေ၍ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ကုန်သော သတ္တဝါတို့နည်းပါး၍ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သာ များသည်ကိုလည်းကောင်း၊ ပြိတ္တာဘုံမှ စုတေ၍ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ကုန်သော သတ္တဝါတို့ နည်းပါး၍ ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့သာ များသည်ကိုလည်းကောင်း မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတော်မူခဲ့သည်။
၁၀။ ထိုမှ တစ်ပါးလည်း -
ကာယ ဒုစ္စရိတံ ကတွာ၊ ဝစီ ဒုစ္စရိတာနိ စ။
မနော ဒုစ္စရိတံ ကတွာ၊ ယဉ္စညံ ဒေသ သဉ္စိတံ။
အကတွာ ကုသလံ ဓမ္မံ၊ ကတွာ နာကုသလံ ဗဟုံ။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ (ခု၊၁၊၂၁၂)။
ပညာမဲ့သူသည် ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်တို့ကို ပြုခြင်းကြောင်းလည်းကောင်း (ရာဂစသော) အပြစ်နှင့် ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုဘဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ ရောက်ရ၏၊
ကာယဒုစ္စရိတံ ဟိတွာ၊ ဝစီ ဒုစ္စရိတာနိ စ။
မနော ဒုစ္စရိတံ ဟိတွာ၊ ယဉ္စညံ ဒေါသ သဉ္စိတံ။
အကတွာ ကုသလံ ကမ္မံ၊ ကတွာန ကုသလံ ဗဟုံ။
ကာယဿ ဘေဒါ သပ္ပညော၊ သဂ္ဂံ သော ဥပပဇ္ဇတိ (ခု၊၁၊၂၁၃)။
ပညာရှိသူသည် ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်တို့ကို ပယ်စွန့်သောကြောင့်လည်းကောင်း (ရာဂ စသော) အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပယ်စွန့်သောကြောင့်လည်းကောင်း၊ အကုသိုလ်ကံကို မပြုဘဲ ကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏၊
ပါပကေန စ သီလေန၊ ပါပိကာယ စ ဒိဋ္ဌိယာ။
ဧတေဟိ ဒွီဟိ ဓမ္မေဟိ၊ ယော သမန္နာဂတော နရော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ (ခု၊၁၊၂၁၃)။ (ဣတိဝုတ္တကပါဠိ-ပဌမသီလသုတ်)
အကြင်သူသည် ယုတ်ညံ့သော အလေ့နှင့်လည်းကောင်း၊ ယုတ်ညံ့သော အယူနှင့်လည်းကောင်း ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံ၏၊ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ် ပျက်စီးသောအခါ၊ ငရဲသို့ ကျရောက်ရ၏၊
ဘဒ္ဒကေန စ သီလေန၊ ဘဒ္ဒိကာယ စ ဒိဋ္ဌိယာ။
ဧတေဟိ ဒွီဟတ ဓမ္မေဟိ၊ ယော သမန္နာဂတော နရော။
ကာယဿ ဘေဒါ သပ္ပညော၊ သဂ္ဂံ သော ဥပပဇ္ဇတိ (ခု၊၁၊၂၁၄)
အကြင်သူသည် ကောင်းမြတ်သော သီလနှင့်လည်းကောင်း၊ ကောင်းမြတ်သော အယူနှင့်လည်းကောင်း ဤတရားနှစ်ပါးနှင့် ပြည့်စုံ၏၊ ပညာရှိသော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏၊
ဤသို့ စသည်ဖြင့် ငရဲနှင့် နတ်ပြည်တို့ရှိသည်ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူအပ်သော သုတ်ပေါင်းများစွာ ရှိလေသည်၊ ဤသို့ ဒေသနာတော်များ အထင်အရှားရှိနေသည်ကို ထောက်ဆ၍ ငရဲနှင့် နတ်ပြည်တို့ ဧကန်ရှိသည်ဟု သံသယ ကင်းကင်း ရှင်းရှင်း မှတ်ယူရာ၏၊
ယင်းသို့ ဘုရားရှင် ဟောတော်မူသည့်အတိုင်း ဧကန်ရှိသော ငရဲနှင့် နတ်ပြည်တို့ကို ဧကန်ရှိ၏ဟု ယုံကြည်ခြင်းသည် အစွဲအလမ်း ဥပါဒါန် လုံးဝ မဟုတ်၊ သဒ္ဓါပြဋ္ဌာန်းသော မဟာကုသိုလ် စိတ္တုပ္ပါဒ်သာ ဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ငရဲနှင့် နတ်ပြည်ကို ယုံကြည်ချက်သည် စုဒိတကတို့ စွပ်စွဲသည့်အတိုင်း အကန်းယုံ အရမ်းယုံ မဟုတ်ချေ၊ မဟုတ်ပုံကို ဤသို့ သိရာ၏၊
ဣဓ မဟာရာဇ တထာဂတော လောကေ ဥပ္ပဇ္ဇတိ (ပ) သော တံ ဓမ္မံ သုတွာ တထာဂတေ သဒ္ဓံ ပဋိလဘတိ (ဒီ၊၁၊၅၈)။
မြန်မာပြန်
မင်းမြတ် ပူဇော်ထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အသိဉာဏ် “ဝိဇ္ဇာ” အကျင့် “စရဏ” နှင့် ပြည့်စုံတော်မူသော, ကောင်းသော စကားကို ဆိုတော်မူတတ်သော, လောကကို သိတော်မူသော, ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော, နတ်လူတို့၏ ဆရာဖြစ်တော်မူသော (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူကြ၏၊ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွ မာရ်နတ်နှင့်တကွ ဗြဟ္မာနှင့်တကွဖြစ်သော ဤလောကနှင့် သမဏဗြဟ္မဏမင်းများ လူများနှင့်တကွသော သတ္တဝါအပေါင်းကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံ သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ထက်ဝန်းကျင် ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊
ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း အခြားဇာတ် အမျိုးမျိုး၌ ဖြစ်သော သူသည်လည်းကောင်း ကြားနာရ၏၊ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍ မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊
ဤသို့ စသော ဘုရားရှင် ရွှေနှုတ်တော်ထွက် ဓမ္မစက်ဒေသနာတော်နှင့်အညီ ဘုရားရှင်၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကြီးကို သက်ဝင်ယုံကြည်သောအားဖြင့် ထိုဉာဏ်တော်ကြီးဖြင့် မျက်မှောက်ပြုလျက် ဟောကြားအပ်သော ငရဲဘုံ နတ်ဘုံတို့ ရှိသည်၏ အဖြစ်ကို ယုံကြည်ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် “ငရဲစခန်းနှင့် ကောင်းကင်ဘုံနန်းတို့ကို တစ်ခမ်းတစ်နား တည်ဆောက်ခဲ့သူ လက်သမားသည်လည်း ထိုသည့် ဥပါဒါန်အစွဲဖြစ်သည် ဟူ၍ ကျွန်ုပ်တို့ သိခဲ့ရလေပြီ” ဟူသော ဦးဥက္ကဋ္ဌ၏ ရေးသားဟောပြောချက်သည် ပြဆိုခဲ့ပြီးသော ဘုရားဟော ဒေသနာတော်များကို ယုံမှား သံသယဖြစ်အောင် ဖျက်ဆီးသော အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းရ်ဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။
အမှတ်စဉ် (၁၅) (ဂ) အမှတ် စောဒနာကို စိစစ်သုံးသပ်ချက်
၁၁။ (ဂ) အဘယ်ကုသိုလ်ဒါနသည် အဘယ်ဘုံဘဝ၌ အကျိုးပေး၍ မွန်မြတ်သော ဘဝသို့ ရောက်နိုင်သည်ဟူသော အယူသည် အစွဲဥပါဒါန်သွင်းသော တရားမျိုး ဖြစ်ရာ၏၊ (ဗုဒ္ဓ၏ မိဂဒါဝုန်တရား စာအုပ်၊ စာမျက်နှာ-၇၁)
ဖော်ပြပါ စကားရပ်သည် ဘုရားဟော ဒေသနာတော်များနှင့် ညီညွတ်သည် သို့မဟုတ် ဆန်ကျင်သည်တို့ကို စိစစ်သုံးသပ်ကြကုန်အံ့ -
တတ္ထ ကတမံ ကမ္မဿကတဉာဏံ၊ အတ္ထိ ဒိန္နံ။ပ။ သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ ကမ္မဿကတဉာဏံ။ ဌပေတွာ သစ္စာနုလောမိကံ ဉာဏံ သဗ္ဗညပိသာသဝါ ကုသလာ ပညာ ကမ္မဿကတဉာဏံ (အဘိ၊၂၊၃၄၁)။
မြန်မာပြန်
ထိုဉာဏ်တို့တွင် ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိတတ်သော “ကမ္မဿကတဉာဏ်” ဟူသည် အဘယ်နည်း “ပေးလှူရခြင်း၏ အကျိုးသည် ရှိ၏၊ ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်း၏ အကျိုးသည် ရှိ၏၊ (ဟုံးခေါ်သော) ယဇ်ငယ် (အလှူငယ်) ပူဇော်ရခြင်း၏ အကျိုးသည် ရှိ၏၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်ကုန်သော ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးဆက် “ဖလ” အကျိုးရင်း “ဝိပါက” သည် ရှိ၏၊ (တစ်ပါးသော လောက၌ တည်သူ့အတွက်) ဤပစ္စုပ္ပန်လောကသည် ရှိ၏၊ (ဤ လောက၌ တည်သူ့အတွက်) တစ်ပါးသော (တမလွန်) လောကသည် ရှိ၏၊ အမိ၌ ကောင်းစွာ ပြုခြင်း၊ မကောင်းသဖြင့် ပြုခြင်း၏ အကျိုးအပြစ်သည် ရှိ၏၊ အဖ၏ ကောင်းစွာပြုခြင်း မကောင်းသဖြင့် ပြုခြင်း၏ အကျိုးအပြစ်သည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤပစ္စုပ္ပန်လောကကိုလည်းကောင်း၊ တစ်ပါးသော (တမလွန်) လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားသိစေနိုင်ကုန်သော ရဟန်းပုဏ္ဏားတို့သည် လောက၌ ရှိကုန်၏” ဟု ဤသို့ သဘောရှိသော အကြင် အပြားအားဖြင့် သိမှု “ပညာ”။ပ။ မှန်ကန်စွာ သိမြင်မှု “သမ္မာဒိဋ္ဌိ” သည် ရှိ၏၊ ဤဉာဏ်ကို ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိတတ်သော “ကမ္မဿကတဉာဏ်” ဟူ၍ ဆိုအပ်၏၊ သစ္စာနုလောမိက “ဝိပဿနာ”ဉာဏ်ကို ချန်ထား၍ အလုံးစုံသော အာသဝ၏ အာရုံဖြစ်သော ကုသိုလ်ပညာသည် ကမ္မဿကတဉာဏ် မည်၏၊
ဤ ဒေသနာတော်ဖြင့် အလှူ၏ အကျိုးရှိသည် စသည်ဖြင့် သိတတ်သော လောကီကုသိုလ်ဉာဏ်သည် ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိတတ်သော ကမ္မဿကတဉာဏ် မည်၏ဟု ဘုရားရှင် သိစေတော်မူသည်။
ဒါနံ ဒတွာ သီလံ သမာဓိယိတွာ ဥပေါသထကမ္မံ ကတွာ အပ္ပေကစ္စေ ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇန္တိ။ပ။ အပ္ပေကစ္စေ ပရနိမ္မိတဝသဝတ္တီနံ သဟဗျတံ ဥပပဇ္ဇန္တိ (အဘိ၊၂၊၄၃၇)။
မြန်မာပြန်
အလှူကို ပေးလှူခြင်းကြောင့် သီလကို ဆောက်တည်ခြင်းကြောင့် ဥပုသ် စောင့်သုံးမှုကို ပြုခြင်းကြောင့် အချို့သူတို့သည် များသော ဥစ္စာနှစ်ရှိသော မင်းမျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့ သူတို့သည် များသော ဥစ္စာနှစ်ရှိသော ပုဏ္ဏားမျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့ သူတို့သည် များသော ဥစ္စာနှစ်ရှိသော သူကြွယ်မျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့ သူတို့သည် စာတုမဟာရာဇ်နတ်။ ပ။ တာဝတိံသာနတ်။ ပ။ ယာမာနတ်။ ပ။ တုသိတာနတ်။ ပ။ နိမ္မာနရတိနတ်။ ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊
ဤဒေသနာတော်ဖြင့် အလှူပေးလှူခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်စောင့်သုံးခြင်းတို့ကြောင့် မင်းသူဋ္ဌေးမျိုး ပုဏ္ဏားသူဋ္ဌေးမျိုး၊ သူကြွယ် သူဋ္ဌေးမျိုးနှင့် နတ်ပြည် နတ်ဘဝတို့၌ ဖြစ်ကြရသည်ကို ဘုရားရှင် သိစေတော်မူသည်၊ ထိုမှတစ်ပါး ဒါန စသော ကုသိုလ်တို့၏ အကျိုးများကို ဘုရားရှင် ဟောတော်မူအပ်သော သုတ်ပေါင်းများစွာ ရှိပေသည်။
သို့ဖြစ်၍ “အဘယ်ကုသိုလ်ဒါနသည် အဘယ်ဘဝ၌ အကျိုးပေး၍ မွန်မြတ်သော ဘဝသို့ ရောက်နိုင်သည်ဟူသော အယူသည် ပြဆိုအပ်ခဲ့ပြီးသော ဘုရားဟော ပါဠိတော်များနှင့်အညီ ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိသော ကမ္မဿကတဉာဏ်, အယူဖြောင့်မှန်သော ဒိဋ္ဌိဇုကမ္မကုသိုလ်သာ ဖြစ်သည်။ ဗုဒ္ဓ၏ မိဂဒါဝုန်တရားစာအုပ် စာမျက်နှာ-၁၇၊ ၌လာသော အဘယ်ကုသိုလ် ဒါနသည် အဘယ်ဘုံဘဝ၌ အကျိုးပေး၍ မွန်မြတ်သော ဘဝသို့ ရောက်နိုင်သည်ဟူသော အယူသည် အစွဲဥပါဒါန်သွင်းသော တရားမျိုးဖြစ်ရာ၏ ဟူသော စုဒိတက သခင်မြတ်ဆိုင်၏ စကားရပ်သည်ကား ပြဆိုအပ်ခဲ့ပြီးသော ဘုရားဟောဒေသနာတော်များကိုပင် အစွဲဥပါဒါန်သွင်းသော တရားများဟု ထိပါးပုတ်ဖတ်စွပ်စွဲရာ ရောက်ခြင်းကြောင့် ဓမ္မကို အဓမ္မဟု ပြဆိုရာ ရောက်သည်၊ ထို့ပြင် ကုသိုလ်ဒါန ယုံကြည်မှုကို ဥပါဒါန်ဟု သမုတ်ပြီး ဖျက်ဆီးသောကြောင့် ကံ, ကံ၏အကျိုးကို ပယ်ဖျက်သော ပူရဏကဿပစသော တိတ္ထိဆရာကြီးတို့၏ ဝါဒမျိုးသာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
အမှတ်စဉ် (၁၅) ဃ+ည+ဍ+ အမှတ်ပြ စေဒနာတို့ကို သုံးသပ်ချက်
၁၂။(ဃ) မနောကမ်-(ဝါ) ဟဒယဝတ္ထု (သို့မဟုတ်) ဦးနှောက်ရုပ်တို့ဖြင့် ပြုလုပ်၍ ရသောအမှု (လူသေလူဖြစ်၊ ဒုတိယအကြိမ်ရိုက်၊ နှာ-၄၈)
(ည) မနမှာ နှလုံးအိမ် ဟဒယဝတ္ထု၌ လည်ပတ်နေသော သွေးအစဉ်ကိုကောက်မှ အဓိပ္ပာယ် ရှင်းစရာရှိပေသည်၊ ဤနှလုံးသွေးသည်သာ သညာက္ခန္ဓာဖြစ်သော ဦးဏှောက်၏ လုပ်ငန်းကို အားပေးဆက်သွယ်နေသောကြောင့် မနကို ကောက်ခြင်း ဖြစ်သည်၊
(သခင်မြတ်ဆိုင်၏ ဗုဒ္ဓဝိပဿနာ၊ ပဌမတွဲ နှာ-၆၀)
(ဍ) ဟဒယဝတ္ထု ဆိုတဲ့ မနောအကြည်ရုပ် (အနတ္တရောင်ခြည်၊ နှာ-၁၀၃)
(ဎ) မနောခေါ်သော ဦးဏှောက်မှာ အမှန်အားဖြင့် သညာက္ခန္ဓာ၏ အဓိကအင်္ဂါပင် ဖြစ်ပါ၏၊
(အနတ္တရောင်ခြည်၊ နှာ-၁၄၆)
ဤဖော်ပြပါ စကားရပ်များ၌ “မန” ဟူသော ပုဒ်၏ အရကို ဟဒယဝတ္ထုရုပ် (သို့မဟုတ်) ဦးဏှောက်ရုပ် နှလုံးအိမ်ဟဒယဝတ္ထု၌ လည်ပတ်နေသော သွေးအစဉ်ကို ကောက်ယူထားသည်ကို တွေ့ရ၏၊ (မန-ကို ရုပ်ဟုဆိုလိုရင်း ဖြစ်၏)။
ယင်းအဆိုသည် ဘုရားဟောဒေသနာတော်နှင့် ညီညွတ်ပါ၏လော၊ စိစစ်ကုန်အံ့၊ ပါရာဇိကဏ်ပါဠိတော်(၉၃)၌ “ယံ စိတ္တံ တံ မနော၊ ယံ မနော တံ စိတ္တံ”
အကြင် သဘောတရားသည် စိတ် မည်၏၊ ထို စိတ်မည်သော သဘောတရားသည် မန-မည်၏၊ အကြင် သဘောတရားသည် မန-မည်၏၊ ထို မန-မည်သော သဘောတရားသည် စိတ် မည်၏ ဟူ၍ လည်းကောင်း၊
ကတမံ တသ္မိံ သမယေ စိတ္တံ ဟောတိ၊ ယံ တသ္မိံ သမယေ စိတ္တံ မနော မာနသံ ဟဒယံ။ ပ။ ဣဒံ တသ္မိံ သမယေ စိတ္တံ ဟောတိ (အဘိ၊၁၊၁၈)။
ထိုအခါ စိတ်ဟူသည် အဘယ်သဘော ဖြစ်သနည်း၊ ထိုအခါ၌ အကြင် ဆန်းကြယ်သော သဘော “စိတ္တံ”၊ အာရုံသို့ ညွတ်၍ သိတတ်သော သဘော “မန” သိခြင်းသဘော “မာနသ” စိတ်နှလုံး “ဟဒယ”။ပ။ ထိုအခါ၌ စိတ်ဟူသည် ဤသဘောဖြစ်၏ ဟူ၍လည်းကောင်း -
မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ စိတ္တံ မနော မာနသံ ဟဒယံ။ ပ။ အယံ ဝုစ္စတိ မနောဝိညာဏဓာတု (အဘိ၊၂၊၉၂)။
အာဝဇ္ဇန်းနှင့် တကွဖြစ်သော ဘဝင်စိတ်ကိုလည်းကောင်း၊ စတုဘူမိက ဓမ္မာရုံတို့ကိုလည်းကောင်း စွဲမှီ၍ ဆန်းကြယ်သော သဘော “စိတ္တ” အာရုံကို နှိုင်းချင့်လျက် သိတတ်သောသဘော “မန” သိခြင်းသဘော “မာနသ”၊ အတွင်း၌ ဖြစ်သောသဘော “ဟဒယ” သည်။ ပ။ ဖြစ်၏၊ ဤသဘောကို မနောဝိညာဏဓာတ်ဟူ၍ ဆိုအပ်၏ ဟူ၍လည်းကောင်း များစွာသော ဒေသနာတော်တို့၌ ဘုရားရှင်ကိုယ်တော်တိုင် “မန” ကို “စိတ်” ဟူ၍လည်းကောင်း “မနိန္ဒြေ” “မနောဓာတ်” “မနောဝိညာဏဓာတ်” ဟူ၍လည်းကောင်း ဟောတော်မူသည်။
ယင်းဒေသနာတော်များ၌ “စိတ္တံ မနော မာနသံ ဟဒယံ” ဟု “ဟဒယ” ပုဒ်ကို ထည့်သွင်း၍ ဟောထားခြင်းကြောင့် “ဟဒယဝတ္ထုရုပ်” ဟူသော အနက်ကိုလည်း မသိနားမလည်သူများ ယုံမှားဖွယ် ရှိနေရကား အဋ္ဌသာလိနီအဋ္ဌကထာ(၁၈၄-၁၈၅) ၌ “ဟဒယသဒ္ဒါသည် ရင်ဟူသော အနက်, စိတ်ဟူသော အနက်, ဟဒယဝတ္ထုရုပ်ဟူသော အနက် ၃-မျိုးကို ဟောသော်လည်း ဤ “စိတ္တံ မနော မာနသံ ဟဒယံ” ဟူသော အရာ၌ “ဟဒယ” သဒ္ဒါသည် “စိတ်” ဟူသော အနက်ကို ဟောသည်” ဟု ရှင်းပြတော်မူသည်။
ဤသို့ ဘုရာရရှင်ကိုယ်တော်တိုင် “မန” ကို စိတ်ဟူ၍ ဟောတော်မူခဲ့ပါလျက် ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်များသည် “မန” ကို “ရုပ်” ဖြစ်အောင် ကြံဆောင် ဖျက်ဆီးနေကြခြင်းသည်ကား ဘုရာရှင်ကိုပင် မိမိတို့ကဲ့သို့ ရုပ်ဝါဒီတစ်ဦးဖြစ်လေဟန် ရေးသားခြင်း ဖြစ်သည်။
ထို့ပြင် သက်သေခံအဖြစ် တင်ပြထားသော ဦးဥက္ကဋ္ဌရေး ဗုဒ္ဓအဘိဓမ္မာစာအုပ်၊ စာမျက်နှာ ၈၉-၌ “မန-ဟူသော ဟဒယရုပ်သည်” ဟူသော စကားရပ် “မနံ စ-ဟဒယရုပ်ကိုလည်းကောင်း” ဟူသော စာပိုဒ်များကို တွေ့ရသည်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ထုတ်ဝေသော သစ္စာဓမ္မစာစောင်၊ အတွဲ-၃၊ အမှတ်-၂၊ နှာ-၁၉ ၌လည်း “မနဆိုတဲ့ မနောကို စိတ်လို့ ဘာသာပြန်လိုက်တဲ့ နေ့ကစပြီး ဗုဒ္ဓဝါဒ အနတ္တသာသနာတော်ကို အတ္တဆိုတဲ့ အမှောင်ထုကြီးဟာ ဖုံးလွှမ်းသွားတော့တာပါပဲ၊ မနကို အတ္တလုပ်ပစ်, စိတ်ကောင် လုပ်ပစ်ကြတာဟာ အနတ္တသာသနာတော်ကို ထိပါးစော်ကားရာ ကျနေပါတယ်” ဟူသော ဦးဥက္ကဋ္ဌ၏ တပည့် ဆောင်းပါးရှင် အရှင်ရေဝတ၏ ရေးသားချက်ကိုလည်း တွေ့မြင်ရပြန်သည်။
ဤရေးသားချက်ကား အခြေအမြစ် လုံးဝမရှိ၊ တစ်နည်းဆိုရသော် ရုပ်ဝါဒ အခြေခံဖြင့် ရေးသားလိုက်ခြင်းသာ ဖြစ်၏၊ အနတ္တလက္ခဏာသုတ်၌ ဝိညာဏံအနတ္တာဟု ဝိညာဉ် (ဝါ) စိတ်ကို အနတ္တဟု တိုက်ရိုက်ဟောထား၏၊ ထို့ကြောင့် မနောကို စိတ်ဟု ဘာသာပြန်သည်နှင့် အမှောင်ထုကြီးကျသည်ဟု ဆိုခြင်းသည် ဘုရားရှင်ကိုပင် စော်ကားလိုက်ခြင်း ဖြစ်ပေသည်။
ယင်းအရေးအသားများသည် “ယံ စိတ္တံ တံ မနော စိတ္တံ မနော မာနသံ” စသော ဒေသနာတော်များကို ဟောတော်မူသော ဒေသကဖြစ်သော ဘုရားရှင်ကိုပင် တိုက်ရိုက်စွပ်စွဲရာရောက်သော ရေးသားချက်များ ဖြစ်ခြင်းကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။
အမှတ်စဉ် (၁၅) (င) အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်
၁၃။ (င) ဓမ္မစက္ကပဝတ္တန-ဓမ္မဆိုသည်မှာ လေးပါးသော မဟာဘုတ်တရားများ ဖြစ်လေသည်။
စက္က-ဆိုသည်မှာ ဖြစ်ပျက်နှင့် ပြောင်းလဲပြီ၊ လည်၍ ဖြစ်နေခြင်းကို ဆိုလိုသည်။
ပဝတ္တန-ဆိုသည်မှာ မျက်စိနှင့် မြင်ရသည်ကို ဆိုလိုသည်။
သုတ္တ၏-အဓိပ္ပာယ်မှာ လူသားတို့၏ ထင်ရှားရှိနေသည့် ခန္ဓာကိုယ်ကာယကို ဆိုလိုသည်။
(အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာ၊ နှာ-၁၀၂၊၁၀၃)
မှတ်ချက်။ ။ “ဓမ္မ” ကို မဟာဘုတ်ရုပ်ဟု ဘာသာပြန်ခြင်းသည် ဓမ္မစကြာတရားကို ရုပ်ဝါဒတရားဖြစ်အောင် လုပ်ခြင်းပင် ဖြစ်သည်ဟု စောဒကပုဂ္ဂိုလ်များက တင်ပြကြသည်။
စောဒနာစကားရပ်၌ပါသော “ဓမ္မစက္ကပဝတ္တနသုတ္တ” ဟူသော ပုဒ်၏ အနက်မှန်ကို စိစစ်သော် -
ဓမ္မစက္က၏ အနက်
ဓမ္မစက္ကေတိ ပဋိဝေဓဉာဏေ စေဝ ဒေသနာဉာဏေစ။ ဗောဓိပလ္လင်္ကေ နိသိန္နဿ ဟိ စတူသု သစ္စေသု ဥပ္ပန္နံ ဒွါဒသာကာရံ ပဋိဝေဓဉာဏမ္ပိ ဣသိပတနေ နိသိန္နဿ ဒွါဒသာကာရာယ သစ္စဒေသနာယ (ပဝတ္တကံ - သာရတ္ထ) ပဝတ္တိတံ ဒေသနာဉာဏမ္ပိ ဓမ္မစက္ကံ နာမ။ ဥဘယမ္ပိ ဟေတံ ဒသဗလဿ ဥရေ ပဝတ္တဉာဏမေဝ (သံ၊ဋ္ဌ၊၃၊၃၂၈)
မြန်မာပြန် အဓိပ္ပာယ်
ဓမ္မစက် (တရားစက်) ဟူသည်ကား ထိုးထွင်း၍ သိတတ်သော ဉာဏ်တော်နှင့် တရားတော်ကို ဟောကြောင်းဖြစ်သော ဉာဏ်တော်နှစ်ပါးကို ယူရမည်ဟု ဆိုလို၏၊
ချဲ့ဦးအံ့၊ ဗောဓိပင်ခြေ ပလ္လင်ဗွေ၌ ထိုင်နေတော်မူသော မြတ်စွာဘုရား၏ သစ္စာလေးပါးတို့၌ဖြစ်သော ၁၂-ပါးသော အခြင်းအရာရှိသော ပဋိဝေဓဉာဏ်တော်သည်လည်းကောင်း၊ ဣသိပတနတော၌ ထိုင်နေတော်မူသော မြတ်စွာဘုရား၏ ၁၂-ပါးသော အခြင်းအရာရှိသော သစ္စာဒေသနာကို ဖြတ်စေတတ်သော ဒေသနာဉာဏ်တော်သည် လည်းကောင်း ဓမ္မစက် (တရားစက်) မည်၏၊
မှန်၏၊ ဤဉာဏ်တော်နှစ်ပါးသည် မြတ်စွာဘုရား၏ ရင်၌ဖြစ်သော ဉာဏ်တော်ချည့်သာတည်း။
ဤအဋ္ဌကထာနှင့်အညီ “ဓမ္မစက္က” ဟူသောပုဒ်သည် “အဆက်ဆက် လည်တတ် ဖြစ်တတ်သော ပဋိဝေဓဉာဏ်” ဟူသော အနက်ကို ဟောသည်၊ (ထို ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တော်ကိုပင် အဆက်ဆက် လည်တတ် ဖြစ်တတ်သော ကြောင့် တရားစက်ဟု ခေါ်ဆိုရသည်။)
သာရတ္ထဒီပနီဋီကာ၊ တတိယအုပ်၊ နှာ-၁၈၁ ၌လည်း ဤအဓိပ္ပာယ်မျိုးကိုပင် ဖွင့်ပြထားသည်၊ စကားအဆို အနည်းငယ်သာ ကွဲလွဲသည်။
ပဝတ္တန၏ အနက်
ပဝတ္တန ဟူသောပုဒ်သည် (ပ-ရှေးရှိသော ဝတုဓာတ်+ယုပစ္စည်း၊ ယု-ကို အနပြု၍ ပြီးသောပုဒ် ဖြစ်သည်) ဖြစ်စေခြင်း ဖြစ်စေရာ ဖြစ်စေကြောင်း ဟူသော အနက်တို့ကို ဟောသည်။
သုတ္တ သဒ္ဒါ၏ အနက်
အတ္ထာနံ သူစနတော သုဝုတ္တတော၊ သဝနတောထ သူဒနတော။
သုတ္တာဏာ သုတ္တသဘာ, ဂတော စ “သုတ္တ” န္တိ အက္ခာတံ (ဝိ၊ဋ္ဌ၊၁၊၁၅။ ဒီ၊ဋ္ဌ၊၁၊၁၈။ အဘိ၊ဋ္ဌ၊၁၊၂၀)။
မြန်မာပြန် အဓိပ္ပာယ်
အကျိုး (အနက်) တို့ကို ထင်ရှားပြတတ်သောကြောင့်လည်းကောင်း၊ ကောင်းစွာဟောရာ ဖြစ်သောကြောင့် လည်းကောင်း၊ သီးတတ်ဖြစ်စေတတ်သောကြောင့်လည်းကောင်း၊ မျဉ်းကြိုး ပန်းသီချည်နှင့် တူသောကြောင့် လည်းကောင်း သုတ္တ (သုတ်) မည်၏ ဟူ၍ ဆိုအပ်၏၊
ထို့ကြောင့် ဓမ္မစက္ကပဝတ္တနသုတ္တဟူသည် -
(က) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော အကျိုးအနက်တို့ကို ထင်ရှားပြတတ်သော ဒေသနာတော်၊
(ခ) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော အကျိုးအနက်တို့ကို ကောင်းစွာဟောရာ ဒေသနာတော်၊
(ဂ) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော အကျိုးအနက်တို့ကို သီးတတ် (ဖြစ်စေတတ်) သော ဒေသနာတော်၊
(ဃ) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော အကျိုးအနက်တို့ကို သွန်ချတတ် (ယိုစီးတတ်) သော ဒေသနာတော်၊
(င) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော အကျိုးအနက်တို့ကို ကောင်းစွာ စောင့်ရှောက်တတ်သော ဒေသနာတော်၊
(စ) ပဋိဝေဓဉာဏ် ဒေသနာဉာဏ်တည်းဟူသော တရားစက်ကို ဖြစ်စေရာဖြစ်သော မျဉ်းကြိုး (ပန်းသီချည်)နှင့် တူသော ဒေသနာတော်ဟု ဆိုလိုသည်။
ဤကား ဓမ္မစက္ကပဝတ္တနသုတ္တ သဒ္ဒါ၏ အနက်အဓိပ္ပာယ်မှန်ပေတည်း။
ဤသို့ စိစစ်သုံးသပ်ပြဆိုအပ်ပြီးသော အကြောင်းကြောင့် (င) အမှတ်ပြ အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာ နှာ-၁၀၂၊ ၁၀၃ တို့၌ ဓမ္မကို မဟာဘုတ် ရုပ်စသည်ဖြင့် ရေးထားသော စကားရပ်များသည် ထေရဝါဒ ပိဋကတ်လာ ပါဠိဝေါဟာရများကို တမင်သက်သက် ပျက်စီးစေလိုသော စေတနာဆိုးဖြင့် ရေးသားသော ရုပ်ဝါဒီတို့၏ စကားရပ်များသာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
အမှတ်စဉ် (၁၅) (စ) အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်
၁၄။ (စ) ဒိဋ္ဌုပါဒါန်=အယူစွဲ၊ ဤအယူစွဲရာ၌ (ဒိဋ္ဌိ+ဥပါဒါန်) ဟူ၍ ဆိုထားရာ သမ္မာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိ ဟူ၍ ခွဲခြားခြင်း မရှိသည်ကို သတိပြုအပ်ပေသည်။ (၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ-၈၉)
ဤစကားရပ်၌ (ဒိဋ္ဌိ+ဥပါဒါန်) ဟု သာမညဆိုထား၍ သမ္မာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိ ဟု ဝိသေသအားဖြင့် ခွဲခြားခြင်းမရှိသောကြောင့် သမ္မာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိ နှစ်မျိုးလုံး ဥပါဒါန် ဖြစ်သည်ဟု ဆိုလိုကြောင်း တွေ့ရသည်။ ဤသို့ ရေးသားမိခြင်းသည် ပထမကြီး, ပထမကျော်, ဓမ္မာစရိယ, သင်ရိုးကျမ်းဂန်များဖြစ်သော ပိဋကတ်ကျမ်းဂန်လေ့လာနည်းများကို မသင်ယူဖူးသဖြင့် ပုဒ်ကို မြင်ကာမျှဖြင့် ထင်ရာမြင်ရာ ရေးသားမိခြင်း ဖြစ်ပေသည်။
အထက်ပါ စုဒိတက စကားနှင့် ပတ်သက်၍ စိစစ် ဖော်ပြပေအံ့။
အတ္ထာ ပကရဏာ လိင်္ဂါ၊ ဩစိတျ ကာလ ဒေသတော။
သဒ္ဒတ္ထာ ဝိဘဇိယန္တိ၊ န သဒ္ဒါယေဝ ကေဝလံ။
ဟူသော သဒ္ဒသာရတ္ထဇာလိနီကျမ်းလာ ဥပဒေသ ဂါထာနှင့် အညီ သဒ္ဒါအနက်ကို ဝေဖန်ရာ၌ -
(၁) အတ္ထ=ဤသဒ္ဒါ၏ ဤသို့သော အနက်ကို ယူလျှင် အကျိုးရှိ မရှိကို လည်းကောင်း၊
(၂) ပကရဏ=ဤအနက်သည် အရာဌာနနှင့် သင့် မသင့်ကိုလည်းကောင်း၊
(၃) လိင်္ဂ=ဤလိင်ရှိသော သဒ္ဒါသည် ဤအနက်ကို ဟောနိုင် မဟောနိုင်ကို လည်းကောင်း၊
(၄) ဩစိတျ=အသင့်ယုတ္တိ ရှိ မရှိကို လည်းကောင်း၊
(၅) ကာလ=အချိန်ကာလ ရာသီဥတုနှင့် သင့် မသင့်ကို လည်းကောင်း၊
(၆) ဒေသ=အရပ်ဒေသနှင့် သင့် မသင့်ကို လည်းကောင်း၊
ဤကဲ့သို့ သင့် မသင့် ရာ မရာ ချိန်ထိုးဆင်ခြင်၍ ဝေဖန်ရာ၏၊ သဒ္ဒါပုဒ် သက်သက်မျှကိုသာ ကြည့်၍ ကျဉ်းမြောင်းစွာ မဝေဖန်ရပေ။
ဤ ဒိဋ္ဌုပါဒါနပုဒ် အနက်ကို ဝေဖန်ရာ၌ အကုသိုလ် အရာဌာနဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိကိုသာ ဒိဋ္ဌုပါဒါန်ဟု ယူရသည်၊ သမ္မာဒိဋ္ဌိကို ဒိဋ္ဌုပါဒါန်ဟု အလျှင်းမယူရ၊ ထို့ကြောင့် ဓမ္မသင်္ဂဏီပါဠိတော်၌ ဤသို့ ဟောကြား၏၊
တတ္ထ ကတမံ ဒိဋ္ဌုပါဒါနံ၊ “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ။ ပ။
ဝိပရိယာသဂ္ဂါဟော။ ဣဒံ ဝုစ္စတိ ဒိဋ္ဌုပါဒါနံ။ ဌပေတွာ သီလဗ္ဗတုပါဒါနဉ္စ အတ္တဝါဒုပါဒါနဉ္စ သဗ္ဗပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌုပါဒါနံ (အဘိ၊၁၊၂၄၁)။
မြန်မာပြန်
ထိုဥပါဒါန်လေးပါးတို့တွင် ဒိဋ္ဌုပါဒါန်ဟူသည် အဘယ်နည်း၊ “ပေးလှူခြင်း အကျိုးသည် မရှိ၊ ယဇ်ကြီး အလှူကြီး ပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ဟုံးခေါ်သော ယဇ်ငယ် အလှူငယ် ပူဇော်ရခြင်း အကျိုးသည် မရှိ၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်သော ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးဆက်ဖလ, အကျိုးရင်းဝိပါတ်သည် မရှိ၊ ဤ ပစ္စုပ္ပန်လောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိ၌ ကောင်းစွာပြုခြင်း မကောင်းသဖြင့်ပြုခြင်း၏ အကျိုးအပြစ်သည် မရှိ၊ အဖ၌ ကောင်းစွာပြုခြင်း မကောင်းသဖြင့်ပြုခြင်း အကျိုးအပြစ်သည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့ မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန် ဘဝကိုလည်းကောင်း ကိုယ်ပိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ညီညွတ်ကုန် ကောင်းစွာ ကျင့်ကုန်သော သမဏဗြဟ္မဏတို့သည် လောက၌ မရှိကုန်” ဟု ဤသို့ သဘောရှိသော အကြင် အမြင်မှားမှုသဘော ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိတို့၌ ပါဝင်သော သဘော။ ပ။ ဖောက်ပြန်မှားယွင်းသော စွဲလမ်းခြင်း သဘောရှိ၏၊ ဤဆိုခဲ့ပြီးသော သဘောကို ဒိဋ္ဌုပါဒါန် ဟူ၍ ဆိုအပ်၏၊ နွာခွေးစသည်တို့၏ အလေ့အကျင့်တို့ကို စင်ကြယ်၏ဟု ပြင်းစွာယူမှု စွဲလမ်းမှု သီလဗ္ဗတုပါဒါန်ကို လည်းကောင်း၊ အနတ္တဖြစ်သော ရုပ် နာမ်တို့ကို အတ္တဟု ပြောဆိုကြောင်းဖြစ်သော ပြင်းစွာယူမှု စွဲလမ်းမှု အတ္တဝါဒုပါဒါန်ကိုလည်းကောင်း ချန်ထား၍ အလုံးစုံသော အမြင်မှားမှုသည်လည်း ဒိဋ္ဌုပါဒါန် မည်၏ဟု ဘုရားရှင်ကိုယ်တော်တိုင်လည်း မိစ္ဆာဒိဋ္ဌိကိုသာ ဒိဋ္ဌုပါဒါန်ဟု ဟောတော်မူသည်။
ထို့ကြောင့် (စ) အမှတ်ပြ စကားရပ်သည် ဘုရားဟော ပါဠိတော်များကို ပြက်ရယ်ပြုလျက် ဘုရားရှင်၏ ဒေသနာဓမ္မကို ဆန့်ကျင်သော အဓမ္မဝါဒဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။
အမှတ် (၁၅) ဆ၊ စျ အမှတ်ပြ ဘဝတဏှာ ဝိဘဝတဏှာပုဒ်တို့ကို စိစစ် သုံးသပ်ချက်
၁၅။ စောဒက ဆရာတော်များက -
(ဆ) ဝိဘဝတဏှာကတော့ ကိုယ့်မှာ မရှိတဲ့ ဘဝ လှမ်းပြီး စိတ်ကူးယဉ်လိုတဲ့ တဏှာပေါ့ (ဘဝစည်းစိမ်စွဲပေါ့)၊ (အတွဲ-၁၊အမှတ်-၈၊ သစ္စာဓမ္မ စာစောင်၊ ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာမှ)
(စျ) ဘဝတဏှာ=ဘဝ၏အဖြစ်ကို တွယ်တာစွဲမက်ခြင်း၊
ဝိဘဝတဏှာ=ဘဝ၏ ဂုဏ်ပကာသန စည်းစိမ်ကို လိုလားစုံမက်ခြင်း၊ (ဗုဒ္ဓ၏ မိဂဒါဝုန်တရား၊ ၇၀-၇၁)
ဤစကားရပ်များကို ထုတ်ပြ၍ အဋ္ဌကထာအဖွင့်များနှင့် မညီသော အနက်များ ဖြစ်ပါသည်ဟု သာမညအားဖြင့် ပထမဦးစွာ စောဒနာကြသည်။
ရူပါရူပဘဝေ တဏှာ ရူပတဏှာ (အဘိ၊ဋ္ဌ၊၁၊၃၉၈)။
ရူပဗြဟ္မာဘဝ အရူပဗြဟ္မာဘဝ၌ တပ်မက်သော တဏှာသည် ဘဝတဏှာ ဖြစ်၏၊
ဥစ္ဆေဒသင်္ခါတေ ဝိဘဝေ တဏှာ ဝိဘဝတဏှာ (အဘိ၊ဋ္ဌ၊၁၊၃၉၈)။
သတ္တဝါသေလျှင် ပြတ်သွားသည်၊ ဘဝဆက်မဖြစ်တော့ဟု ယူဆသောအားဖြင့် ဘဝပြတ်ခြင်းဟူသော ဝိဘဝ၌ တပ်မက်သော တဏှာသည် ဝိဘဝတဏှာ မည်၏၊
သဿတဒိဋ္ဌိသဟဂတော ဟိ ရာဂေါ ဝိဘဝတဏှာတိ ဝုစ္စတိ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၀၂)။
သဿတဒိဋ္ဌိ (လူသေလူဖြစ် မြဲ၏ စသော အယူမှား) နှင့် တကွ ဖြစ်သော လောဘကို ဘဝတဏှာဟူ၍ ဆိုအပ်၏၊
ဥစ္ဆေဒဒိဋ္ဌိသဟဂတော ဟိ ရာဂေါ ဝိဘဝတဏှာတိ ဝုစ္စတိ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၀၂)။
ဥစ္ဆေဒဒိဋ္ဌိ (သေလျှင် ပြီးရော နောက်ဘဝမရှိဟု ယူသော အယူ)နှင့် တကွ ဖြစ်သော လောဘကို ဝိဘဝတဏှာ ဟူ၍ ဆိုအပ်၏၊
ဟူသော အဋ္ဌကထာသာဓကတို့ဖြင့် အနက်အမှန်ကို ဖော်ပြလျက် ဝိသေသအားဖြင့် ထပ်ဆင့် စောဒနာတင်သွင်းကြသည်။
သုံးသပ်ချက်
ယင်းစောဒနာစကားရပ်၌ ပါသော (စျ)အမှတ်ပြ “ဘဝတဏှာ=ဘဝ၏ အဖြစ်ကို တွယ်တာစွဲမက်ခြင်း” ဟူသော စကားရပ်သည် “ဘဝတဏှာတိ ဘဝပတ္ထနာ (ဘဝတဏှာဟူသည် ဘဝကို တောင့်တခြင်းတည်း)” ဟူသော အဋ္ဌသာလိနီအ၏ကထာ၊ နှာ ၉၄-၌လာသော စကားရပ်နှင့် ညီညွတ်သကဲ့သို့ ထင်ရသော်လည်း စောဒကဆရာတော်များ ထုတ်ဆောင်ကိုးကားသည့် ယင်းအဋ္ဌသာလိနီအဋ္ဌကထာ၊ နှာ-၃၉၈-၌လာသော “ရူပါရူပဘဝေ တဏှာ ဘဝတဏှာ ရူပဘဝ အရူပဘဝ၌ တပ်မက်သော တဏှာသည် ဘဝတဏှာဖြစ်သည်)”ဟု ဘဝ၏အရကို ရူပဘဝ, အရူပဘဝဟု ဝိသေသမ, ၍ ဖွင့်ပြသည့် စကားရပ်က သာလွန်၍ ခိုင်ခံ့သောကြောင့်လည်းကောင်း သမ္မောဟဝိနောဒနီအဋ္ဌကထာ(၁၀၄)၌ -
“ဘဝပတ္ထနာဝသေန ဥပ္ပန္နဿ သဿတဒိဋ္ဌိသဟဂတဿ ရူပါရူပဘဝရာဂဿ စ စျာနနိကန္တိယာ စေတံ အဓိဝစနံ (ဤဘဝတဏှာဟူသော အမည်သည် ကာမဘဝကို တောင့်တခြင်း၏ အစွမ်းဖြင့် ဖြစ်သော ရာဂ၏လည်းကောင်း၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂ၏လည်းကောင်း၊ ရူပဘဝ အရူပဘဝကို တပ်မက်သော ရာဂ၏ လည်းကောင်း၊ စျာန်ကို နှစ်သက်တတ်သော တဏှာ၏ လည်းကောင်း အမည် ဖြစ်သည်)” ဟု အထူးပိုမိုစုံလင်စွာ ဖွင့်ပြထားခြင်းကြောင့် လည်းကောင်း ဘဝတဏှာ၏အရ ကာမကို တောင့်တခြင်း အစွမ်းအားဖြင့် ဖြစ်သော ရာဂ, သဿတဒိဋ္ဌိနှင့်တကွ ဖြစ်သော ရာဂ, ရူပဘဝ အရူပဘဝကို တပ်မက်သော ရာဂ, စျာန်ကို နှစ်သက်သော တဏှာတို့ကို ကောက်ယူမှသာ ပြည့်စုံ မှန်ကန်သော အနက် ဖြစ်သည်၊ ထို့ကြောင့် ဘဝတဏှာ=ဘဝ၏အဖြစ်ကို တွယ်တာစွဲမက်ခြင်းဟူသော စုဒိတကတို့ ဖွင့်ဆိုချက်သည် မပြည့်စုံသော အနက်သာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။
ဝိဘဝတဏှာ၏ အနက်ကိုပြရာ ဝိသေသစေဒနာ၌ စောဒကဆရာတော်များ ထုတ်ဆောင်ကိုးကားအပ်သော အဋ္ဌကထာ စကားရပ်များသည် ပြည့်စုံခိုင်ခံ့၍ သာဓကမြောက်ပြီးဖြစ်ရကား “ဥစ္ဆေဒဒိဋ္ဌိ (သေလျှင် ပြီးရော နောက်ဘဝမရှိ ဟူသော အယူ)နှင့် တကွဖြစ်သော လောဘကို ဝိဘဝတဏှာဟု ဆိုအပ်၏” ဟူသော စောဒကဆရာတော်များ ပြဆိုအပ်သော အနက်ကိုပင် ဝိဘဝတဏှာ၏ အနက်မှန်ဟု ဝိနည်းဓိုရ်ဆရာတော်များ လက်ခံတော်မူကြသည်၊ စုဒိတကပုဂ္ဂိုလ်တို့ ပြဆိုအပ်သော ဝိဘဝတဏှာ၏ အနက်သည်ကား အဋ္ဌကထာနှင့် မညီညွတ်သော မှားယွင်းသော အနက်သာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
အမှတ်စဉ် (၁၅) ဇ-အမှတ်ပြ စကားရပ်နှင့် (ဌ) အမှတ်ပြ စကားရပ်တို့ကို စိစစ်ချက်
စောဒကဆရာတော်တို့က အောက်ပါစုဒိတကတို့၏ ရေးသားချက်များကို သက်သေပြ၍ ဤသို့ စောဒနာကြ၏၊
၁၆။ (ဇ) ကာမဘဝဟူရာ၌ အာရုံငါးပါးတို့၏ ဣန္ဒြေကို မစောင့်စည်းမှု ဖြစ်ပေါ်လာသည့် စွဲလမ်းမှု တဏှာဥပါဒါန် တရားဖြစ်ပြီး -
$ ရူပဘဝဆိုသည်မှာ မိမိ၏ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်တို့ ဖြစ်သည်။
$ အရူပဘဝဆိုသည်မှာ ဤရုပ်တရားကို အကြောင်းခံ၍ ဖြစ်ပေါ်လာသည့် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တည်းဟူသော နာမ်၏ အဖြစ်သဘောတို့သာ ဖြစ်သည်။ (၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ ၂၁၀)
(ဌ) ကာမဘဝ=မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်တို့က အဆင်း, အသံ, အနံ့, အရသာ, ထိတွေ့ဖွယ်ရာတို့၌ တိုက်ဆုံသောအခါ တပ်မက် တွယ်တာသော လိုချင်မှု။
ရူပဘဝ=မိမိ၏ ခန္ဓာကိုယ် ရုပ်တရားအပေါ် (ဝါ) ခန္ဓာငါးပါးအပေါ်တွင် မြဲသည်ဟူသော သတ်မှတ်ချက်ဖြင့် မပျက်ချင်သော ရူပဘဝ။
အရူပဘဝ=မအိုချင် မသေချင် မနာချင်သော အဖြစ်၊ အိုမှုအတွက် စိုးရိမ် ပူပန်ခြင်း, နာမှုအတွက် စိုးရိမ်ပူပန်ခြင်း, သေမှုအတွက် စိုးရိမ်ပူပန်ခြင်း အဖြစ် စိတ်ကူးများစွာဖြင့် ပစ္စက္ခအရေးကိစ္စမှ လွန်မြောက်သော ဘဝစည်းစိမ်အမျိုးမျိုးတို့ကို စိတ်ကူးနှင့် ကြံဆ၍ ရနိုင်၏၊ ရောက်နိုင်၏၊ သုံးသပ်ခြင်းမရှိဘဲ (အရူပ-ဘဝ) စိတ်ကူးစွဲ အဖြစ်များ။ (ဗုဒ္ဓဝါဒ ပြဿနာများ စာစောင်၊ စာမျက်နှာ-၅-၆)
ဤစာပိုဒ်တို့ကို ထုတ်ပြ၍ စုဒိတကတို့ ရေးသားသော အဓိပ္ပာယ်သည် ဘုရားဟော အဘိဓမ္မာလာ အဓိပ္ပာယ် မဟုတ်၊ မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသပါဠိတော်နှင့် အဋ္ဌကထာ, မဟာနိဒ္ဒေသပါဠိ၊ အဋ္ဌကထာတို့ကို ကိုးကား၍ “ကာမဘုံ၌ ဖြစ်စေတတ်သော ကံကိုလည်းကောင်း၊ ကံကြောင့်ဖြစ်သော အကျိုးဝိပါက် နာမက္ခန္ဓာ ကဋတ္တာရုပ်ကို လည်းကောင်း၊ ကာမ(၁၁)ဘုံကိုလည်းကောင်း၊ ထို၌ အကျုံးဝင်သော စိတ် စေတသိက် ရုပ်များကိုလည်းကောင်း ကာမဘဝခေါ်ဆိုရပါသည် ဘုရား၊ ရူပဘဝ အရူပဘဝတို့ကိုလည်း ထိုနည်းပင်ဖြစ်ပါ၍ အကျယ်သွင်း၍ ရှင်းမပြတော့ပါ ဘုရား” ဟု စောဒနာခဲ့ကြသည်။
စောဒကပုဂ္ဂိုလ်တို့ သက်သေအဖြစ်တင်ပြအပ်သော စုဒိတကတို့၏ စကားရပ်တို့ကို သုတ္တ, သုတ္တာနုလောမ စသည်သို့ သက်ဝင်သည် မသက်ဝင်သည်ကို ပါဠိတော်၊ အဋ္ဌကထာ သာဓကတို့ဖြင့် စိစစ်ကြပေအံ့။
ဘဝနှစ်ပါးနှင့် အရကောက်
ဘဝသည် ကမ္မဘဝ, ဥပပတ္တိဘဝ ဟူ၍ နှစ်ပါးအပြားရှိ၏၊
(၁) ကမ္မဘဝ
ထိုနှစ်ပါးတို့တွင် ပုညာဘိသင်္ခါရဟု ခေါ်ဆိုအပ်သော ကာမာဝစရကုသိုလ် စေတနာ ၈-ပါး, ရူပါဝစရကုသိုလ် စေတနာ ၅-ပါး, အပုညာဘိသင်္ခါရဟု ခေါ်ဆိုအပ်သော အကုသိုလ်စေတနာ ၁၂-ပါး, အာနဉ္ဇာဘိသင်္ခါရဟု ခေါ်ဆိုအပ်သော အရူပါဝစရကုသိုလ် စေတနာ ၄-ပါး ဤလောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ပါးသည် ကမ္မဘဝ မည်၏၊
ဘုံဘဝသို့ ရောက်စေတတ်သည် ဖြစ်၍ “ဘဝဂါမိကံ” ဟု ခေါ်ဆိုအပ်သော စေတနာနှင့် ယှဉ်သော အဘိဇ္ဈာစသော တရားတို့သည်လည်း ကမ္မဘဝ မည်၏၊
ထိုကမ္မဘဝသည် ကာမကမ္မဘဝ, ရူပကမ္မဘဝ, အရူပကမ္မဘဝ ဟူ၍ ၃-ပါးအပြားရှိ၏၊ ထို ၃-ပါးတို့တွင်-
(က) ကာမကုသိုလ် စေတနာ ၈-ပါး၊ အကုသိုလ် စေတနာ ၁၂-ပါးသည် ကာမကမ္မဘဝ မည်၏၊
(ခ) ရူပကုသိုလ် စေတနာ ၅-ပါးသည် ရူပကမ္မဘဝ မည်၏၊
(ဂ) အရူပကုသိုလ် စေတနာ ၄-ပါးသည် အရူပကမ္မဘဝ မည်၏၊
ထို့ကြောင့် -
ဘဝေါ ဒုဝါဓေန အတ္ထိ ကမ္မဘဝေါ၊ အတ္ထိ ဥပပတ္တိဘဝေါ။ တတ္ထ ကတမော ကမ္မဘဝေါ၊ ပညာဘိသင်္ခါရော အပုညာဘိသင်္ခါရော အာနဉ္ဇာဘိသင်္ခါရော၊ အယံ ဝုစ္စတိ ကမ္မဘဝေါ၊ သဗ္ဗမ္ပိ ဂဝါမိကမ္မံ ကမ္မဘဝေါ (အဘိ၊၂၊၁၄၃)။
ဟု ဝိဘင်းပါဠိတော်၌ ဘုရားရှင်ဟောတော်မူသည်။
(၂) ဥပပတ္တိဘဝ
ကံကြောင့်ဖြစ်ရသော အကျိုးဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်သည် ဥပပတ္တိဘဝမည်၏၊
ထိုဥပပတ္တိဘဝသည် (က) ကာမဘဝ (ခ) ရူပဘဝ (ဂ) အရူပဘဝ (ဃ) သညာဘဝ (င) အသညာဘဝ (စ) နေဝသညာနာသညာဘဝ (ဆ) ဧကဝေါကာရဘဝ (ဇ) စတုဝေါကာရဘဝ (စျ) ပဉ္စဝေါကာရဘဝ ဟူ၍ ၉-ပါး အပြားရှိ၏၊
(က) ကာမဝိပါက်စိတ်၊ စေတသိက်နှင့် ကမ္မဇရုပ်ဟု ဆိုအပ်သော ခန္ဓာငါးပါးသည် ကာမဥပပတ္တိဘဝ မည်၏၊
(ခ) ဃာန၊ ဇိဝှာ၊ ကာယဝိညာဏ် ကြဉ်သော ပဉ္စဝေါကာရ ဝိပါက် စိတ်စေတသိက်နှင့် ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ကာယပသာဒ၊ ဣတ္ထိ ဘာဝရုပ် ပုမ္ဘာဝရုပ်ကြဉ်သော ကမ္မဇရုပ်ဟု ဆိုအပ်သော ခန္ဓာငါးပါးသည် ရူပဥပပတ္တိဘဝမည်၏၊
(ဂ) အရူပ စိတ် စေတသိက်တည်းဟူသော ခန္ဓာလေးပါးသည် အရူပဥပပတ္တိဘဝမည်၏၊
(ဃ) နေဝသညာနသညာယတနဝိပါက်စိတ် ကြဉ်သော လောကီဝိပါက်စိတ်စေတသိက်နှင့် ကမ္မဇရုပ်တည်း ဟူသော ခန္ဓာငါးပါးသည် အမှတ်သညာရှိသော သညာဘဝ မည်၏၊
(င) အသညသတ်ဘုံ၌ဖြစ်သော ဇီဝိတနဝကကလာပ်ရုပ်တည်းဟူသော ခန္ဓာတစ်ပါးသည် (အမှတ်သညာမရှိသော) အသညာဘဝမည်၏၊
(စ) နေဝသညာနသညာယတနဝိပါက် စိတ် စေတသိက်တည်းဟူသော ခန္ဓာလေးပါးသည် နေဝသညာနာသညာဘဝ မည်၏၊ (ရုန့်ရင်းကြမ်းတမ်းသော အမှတ်သညာ မရှိခြင်းကြောင့် သညာရှိသည်ဟုလည်း မဆိုထိုက်၊ သိမ်မွေ့သော အမှတ်သညာရှိခြင်းကြောင့် သညာမရှိဟုလည်း မဆိုထိုက်သောကြောင့် နေဝသညာနာသညာဘဝဟု ဆိုသည်)။
(ဆ) အသညသတ်ဘုံ၌ ဖြစ်သော ဇီဝိတနဝကကလာပ်ရုပ်တည်းဟူသော ခန္ဓာတစ်ပါးသည် ဧကဝေါကာရဘဝမည်၏၊
(ဇ) အရူပဝိပါက် စိတ် စေတသိက်တည်းဟူသော ခန္ဓာလေးပါးသည် စတုဝေါကာရဘဝ မည်၏၊
(စျ) ကာမဝိပါက်၊ ရူပဝိပါက် စိတ် စေတသိက်နှင့် ကမ္မဇရုပ်တည်းဟူသော ခန္ဓာငါးပါးသည် ပဉ္စဝေါကာရဘဝ မည်၏၊ (ဝိသုဒ္ဓိ၊၂၊၂၀၆-၂၀၇။) (အဘိ၊ဋ္ဌ၊၂၊၁၇၅) (ဝေါကာရသဒ္ဒါသည် ရောပြွမ်းသော ခန္ဓာဟူသော အနက်ကိုဟော၏၊ ခန္ဓာတစ်ပါးရှိသော ဘဝ၊ ခန္ဓာလေးပါးရှိသောဘဝ၊ ခန္ဓာငါးပါးရှိသော ဘဝ -ဟု ဆိုလိုသည်။)
ထို့ကြောင့် ဝိဘင်္ဂပါဠိတော်၌ -
တတ္ထ ကတမော ဥပတ္တိဘဝေါ။ ကာမဘဝေါ ရူပဘဝေါ အရူပဘဝေါ သညာဘဝေါ အသညာဘဝေါ နေဝသညာနာသညာဘဝေါ ဧကဝေါကာရဘဝေါ စတုဝေါကာရဘဝေါ ပဉ္စဝေါကာရဘဝေါ၊ အယံဝုစတ္တိ ဥပပတ္တိဘဝေါ -
ဟု မြတ်စွာဘုရား ဟောတော်မူသည်။
ဤကား “ဥပါဒါန ပစ္စယာ ဘဝေါ” ဟူသော ဒေသနာတော်၌လာသောဘဝပုဒ်၏ အနက်အဓိပ္ပါယ် အမှန်ပေတည်း။
ထို့ပြင် သုတ္တနိပါတ်ပါဠိတော်၊ ဂုဟဋ္ဌကသုတ်၌ လာသော “အဝီတတဏှာသေ ဘဝါဘဝေသု” စသော ပါဌ်တို့၌ ဘဝအရကိုကား ကာမ-၁၁ဘုံ၊ ရူပ-၁၆ ဘုံ၊ အရူပ-၄ ဘုံ တည်းဟူသော ဩကာသဘုံကို ယူရသည်။
ထို့ကြောင့် မဟာနိဒ္ဒေသ ပါဠိတော်၊ ယင်း၏ အဋ္ဌကထာတို့၌ အောက်ပါအတိုင်း ဖွင့်ပြတော်မူသည်။
ဘဝါဘဝေသူတိ ဘဝါဘဝေ။ ပ။ ကာမဘဝေ။ပ။ ရူပဘဝေ။ပ။ အရူပဘဝေ (မဟာနိဒ္ဒေသ၊၃၆)။
ဧတ္ထ စ ကာမဘဝေ ရူပဘဝေ အရူပဘဝေတိ ဩကာသဘဝံ သန္ဓာယ ဝုတ္တံ (မဟာနိဒ္ဒေသ၊ဋ္ဌ၊၁၃၇)။
ဆက်ဦးအံ့၊ ဤပါဠိ၌ တည်ရာဖြစ်သောဘုံကို ရည်ရွယ်၍ ကာမဘဝေ ရူပဘဝေ အရူပဘဝေ ဟူ၍ ဟောတော်မူအပ်ပြီ။
ထို့ပြင် စောဒက ဆရာတော်များက -
ကမ္မဉ္စ ဥပပတ္တိစ ဥဘယမ္ပေတမိဓ ကာမဘဝေါတိ ဝုတ္တံ၊ ဧသနယော ရူပါရူပဘဝေသု (မ၊ဋ္ဌ၊၁၊၂၂၃)။
“ကံကိုလည်းကောင်း၊ ကံကြောင့်ဖြစ်သော အကျိုးကိုလည်းကောင်း ဤနှစ်ပါးစုံကို ကာမဘဝဟု ဆိုအပ်၏၊ ရူပဘဝ အရူပဘဝတို့၌ ဤနည်းပင်တည်း” ဟူသော သာဓကအရ ကာမဘုံ၌ ဖြစ်စေတတ်သော ကံနှင့် အကျိုးဝိပါက် နာမက္ခန္ဓာ ကဋတ္တာရုပ်များကို ကာမဘဝဟု ခေါ်ဆိုရကြောင်း တင်ပြကြသည်။
ထိုစကားရပ်သည် ကာမကမ္မဘဝနှင့် ကာမဥပပတ္တိဘဝနှစ်ပါးကို တစ်ပေါင်းတည်း ပြု၍ ပြဆိုသော စကားရပ်ဖြစ်ခြင်းကြောင့် -
သင်္ဂဟတော ပန ကမ္မဘဝံ ဥပပတ္တိသဝဉ္စ ဧကတော ကတွာ ကာမုပါဒါနပစ္စယာ သဒ္ဓိံ အန္တောဂဓေဟိ ဧကော ကာမဘဝေါ (ဝိသုဒ္ဓိ၊၂၊၂၀၇) -
ဟူသော ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် ညီညွတ်နှီးနှောမိရကား သင့်မြတ်လှပေသည်။
ကာမဘုံ၌ဖြစ်သော စိတ် စေတသိက် ရုပ်များကို ကာမဘဝခေါ်သည်ဟူသော စောဒက ဆရာတော်များ၏ စကားရပ်သည်လည်း အဝတ္ထာဘဝကို ရည်ရွယ်သော အရာဌာန ဖြစ်နိုင်ပေသည်။
ပြဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာလာ စကားရပ်များကို အချင်းချင်းညှိ၍ ကောက်နုတ်ချက် ထုတ်ယူလိုက်သော် -
(က) ကာမဘုံ၌ ဖြစ်စေတတ်သော ကံသည်လည်းကောင်း၊ ထိုကံကြောင့်ဖြစ်သော အကျိုး ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်သည်လည်းကောင်း၊ ကာမ ၁၁-ဘုံသည်လည်းကောင်း ကာမဘဝမည်၏၊
(ခ) ရူပဘုံ၌ ဖြစ်စေတတ်သော ကံသည်လည်းကောင်း၊ ထိုကံကြောင့်ဖြစ်သော အကျိုး ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်သည်လည်းကောင်း။ ရူပ ၁၆-ဘုံသည်လည်းကောင်း ရူပဘဝမည်၏၊
(ဂ) အရူပဘုံ၌ ဖြစ်စေတတ်သော ကံသည်လည်းကောင်း၊ ထိုကံကြောင့်ဖြစ်သော အကျိုး ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်သည်လည်းကောင်း၊ အရူပ ၄-ဘုံသည်လည်းကောင်း အရူပဘဝမည်၏ ဟူသော မှန်ကန်သော အနက် အဓိပ္ပာယ်ကို ထင်ရှားစွာသိရပေသည်။
ထို့ကြောင့် (ဇ) အမှတ်ပြ “၃၁-ဘုံဝါဒ ဗုဒ္ဓ လက်မခံ” စာအုပ်ပါ ရူပဘဝ အရူပဘဝ ဖွင့်ဆိုချက် စကားရပ်သည်လည်းကောင်း၊ (ဌ) အမှတ်ပြ “ဗုဒ္ဓဝါဒ ပြဿနာများ” စာစောင်ပါ စကားရပ်သည်လည်းကောင်း သုတ္တယ သုတ္တာနုလောမ ဖြစ်သော ပါဠိတော် အဋ္ဌကထာသို့ မသက်ဝင်၊ သုတ္တယ သုတ္တာနုလောမနှင့် ဆန့်ကျင်သော အတ္တနောမတိမျှသာဖြစ်သည်၊ ရုပ်ဝါဒအဖြစ်ဖြင့် ဖန်တီးခြင်းသာဖြစ်သည်။ ထို့ကြောင့် အဓမ္မစကားသာဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။
အမှတ်(၁၅) ဋ-အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်
၁၇။ (ဋ) ဤကိုယ်ကာယသည်ပင် ပဉ္စာရုံ ကာမငါးမျိုးတို့ဖြစ်စေသော သဘောလက္ခဏာများ ရှိသည့်အတွက် ကာမဘုံ၊ ရုပ်ပစ္စည်းတို့အား သူ့ဌာနနှင့်သူ အချိုးအစားကိုက်ညီအောင် ဖွဲ့စည်းထားသည့် ကိုယ်အတွက် ရူပဘုံ၊ အသက်ဇီဝ- ဟူသော ထွက်သက်ဝင်သက်ရှိနေသည့်အတွက် အရူပဘုံဟု အရှင်းဆုံး ကောက်ယူရန် အလွယ်ဆုံးဖြစ်ပေသည်။ (ဗုဒ္ဓဝိပဿနာ (၁) နှာ-၆၁-၆၂)
ဖော်ပြပါစကားရပ်၌ ဆိုလိုရင်းကား လက်ရှိ ဤကိုယ်ကာယသည်ပင် ကာမဘုံ ရူပဘုံ အရူပဘုံဖြစ်သည်၊ (ငရဲ ပြိတ္တာနှင့် နတ်ဗြဟ္မာဘုံတို့ သီးခြားမရှိ) ဟု ဆိုလိုရင်းဖြစ်သည်၊ ထိုစုဒိတကတို့ စကားရပ်၏ အမှားအမှန်ကို ဝေဖန်လိုလျှင် ထိုစကားရပ်၏ ရှေ့နောက်စကားရပ်တို့ကိုလည်း သုံးသပ်ဆင်ခြင်ရန် လိုပေသည်၊ ထိုစကားရပ်၏ နောက်၌ -
(က) ထို့ထက်ပို၍ အခြားသော ကာမ ရူပ အရူပ ဘုံများရှိသေးသည်ဆိုက သူ့ဟာသူ ရှိချင်ရှိ၊ မရှိချင်နေ၊ ကြိုက်သလို ယူနိုင်၏၊
(ခ) မသိမမြင်နိုင်သော အရာတွေကို ပြောသံကြား ဆိုသံကြားနှင့် လိုက်နာနေက အယူမှန် အမြင်မှန်ဖြစ်ရန် မလွယ်ပေ၊ မလွယ်ရုံမက သို့လော သို့လော မတင်မကျ မပြတ်မသား ဝိုးတိုးဝါးတား ဖြစ်လာက ဝိစိကိစ္ဆာပင်ဖြစ်နိုင်သည်။
(ဂ) ကိုယ် ဧကန်တကယ် မသိမမြင်နိုင်သော ကိစ္စကို ယုံကြည်သည် ဆိုကတည်းက အယူမှန် မဖြစ်နိုင်၊ ဒိဋ္ဌိသဘောထင်ရှားသက်ရောက်နေသည်။
ဟူသော စကားရပ်တို့ကို တွေ့မြင်ရလေသည်။
ထိုစကားရပ်တို့တွင် (က) အမှတ်ပြ စကားရပ်ကို မိမိ၏ မူလ ဌပနာစကားရပ်ကို သူတစ်ပါးတို့က အပြစ်တင်လာလျှင် ဆင်ဝှေ့ရန်ရှောင်ပြုလုပ်ရန် ရည်ရွယ်၍ ဆိုထားဟန်ရှိသည်။ ယင်းသို့ပင် ဖြစ်သော်လည်း ထိုစကားရပ်ဖြင့်ပင် မူလ ဌပနာစကားရပ်၌ ပြခဲ့ပြီးသော လိုရင်းကောက်ချက်ကို ပို၍ခိုင်မြဲစေခဲ့လေသည်။
(ခ)(ဂ)အမှတ်ပြ စကားရပ်တို့ဖြင့် ဤကိုယ်ကာယမှတစ်ပါး အခြား ကာမ ရူပ အရူပ ဘုံများရှိသေးသည်ဟု ယူလျှင် ဝိစိကိစ္ဆာနှင့် ဒိဋ္ဌိဖြစ်နိုင်သည်ဟု အခြားသူများကို စွပ်စွဲလိုက်ခြင်းဖြစ်သည်။
အထက် စုဒိတကစကားရပ်၌ အရေးအကြီးဆုံး စကားသည်ကား “ကိုယ်ဧကန်တကယ် မသိမမြင်နိုင်သော” ဟူသောစကားရပ်ပင်ဖြစ်သည်၊ ပကတိလူသားဖြစ်သော ဦးဥက္ကဋ္ဌ နှင့် သမာဒိဋ္ဌိသုတေသနသမားတို့လို လူမျိုးက သူတို့၏ မျက်စိနှင့်မြင်၍သိရမှ မှန်သည်၊ မျက်စိဖြင့် မမြင်နိုင်က ဘာမျှမမှန်ဟု တရားသေ ကိုင်ထားနှင့်သည်၊ ဤတရားသေကိုင်ထားသော ရုပ်ဝါဒအမြင်အရ အထက်ပါ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံတို့ကို ဖွင့်ဆိုခြင်းသာဖြစ်သည်။ ရုပ်ဝါဒခံယူချက်နှင့် ဘုရားတရားတော်များကို အနက်ဖွင့်နေကြခြင်းသာဖြစ်လေသည်။
ထို့ကြောင့် ဤကိုယ်ကာယမှတစ်ပါး အခြားသော ကာမ ရူပ အရူပဘုံများ ရှိသေးသည်ဟု ယူလျှင် ဝိစိကိစ္ဆာနှင့် ဒိဋ္ဌိဖြစ်မဖြစ်ကို (ခ) အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်ဖြင့်ပင် သိနိုင်လောက်ပြီဖြစ်၍ ထပ်မံ စိစစ်ဖွယ် မလိုပြီ၊ “ဤကိုယ်ကာယသည်ပင် ကာမ ရူပ အရူပဘုံဖြစ်သည်” ဟူသောလိုရင်းစကားရပ်ကိုသာ စိစစ်သုံးသပ်ကြကုန်အံ့။
၅၀။ ထိုစကားရပ်၌ “ဤကိုယ်ကာယ”ဟူသည် (ဗုဒ္ဓဝိပဿနာစာအုပ်ကိုရေးသူ) သခင်မြတ်ဆိုင်၏ မျက်မြင်ဖြစ်သော ကာမဘုံ၌ရှိသော လူသား၏ ကိုယ်ကာယကိုသာ သူဆိုလိုကြောင်းသိသာပေသည်။
ထိုလူသား၏ ကိုယ်ကာယသည် သခင်မြတ်ဆိုင် ပြဆိုသကဲ့သို့ ကာမ ရူပ အရူပဘုံ မဟုတ်ကြောင်းကို ဘဝပုဒ်ကို စိစစ်ခဲ့သော စကားရပ်ဖြင့် သိသာထင်ရှားလေပြီ။
ထို့ပြင်လည်း မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့၌ မြတ်စွာဘုရားသည် ရှေးဦးစွာ မိဂဒါဝုန် တရားပွဲ၌-
“ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ။ပ။ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ (ဝိ၊၃၊၁၆)။ (ပဉ္စဝဂ္ဂိယ ကထာ)
ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင်သည် မစင်ကြယ်သေးသမျှ ကာလပတ်လုံး ငါဘုရားသည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့်တကွသော နတ်လောကနှင့် သမဏ ဗြဟ္မဏမင်းများ လူများနှင့် တကွသော လူ့လောက၌ “အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာသိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ” ဟူ၍ ဝန်မခံခဲ့ချေ - ဟူ၍ နတ်ပြည် ဗြဟ္မာပြည်များရှိသည်ကို ဟောပြတော်မူခဲ့သည်။ (မြန်မာပြန် နှာ-၁၈)
ထို့ပြင်လည်း ဝိဘင်္ဂပါဠိတော်(၄၂၇)၌ -
ကာမာဝစရာနံ ဒေဝါနံ၊ ပဋ္ဌမကပ္ပိကာနံ မနုဿနံ၊ ဩပပါတိကာနံ ပေတာနံ၊ ဩပပါတိကာနံ အသုရာနံ၊ ဩပပါတိကာနံ တိရစ္ဆနဂတာနံ၊ နေရယိကာနံ၊ ပရိပုဏ္ဏာယတနာနံ ဥပပတ္တိက္ခဏေ ဧကာဒသာယတနာနိပါတုဘဝန္တိ (အဘိ၊၂၊၄၂၇)”
ဟူ၍ ကာမဝစရ နတ်ဘုံ၊ လူ့ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံ၊ တိရစ္ဆာန်ဘုံတို့ကို ဘုရားရှင် ဟောပြတော်မူသည်။
ဝိဘင်္ဂပါဠိတော်(၄၃၇၊၄၃၈-တို့၌ “စာတုမဟာရာဇိကာနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ” အစရှိသော ပါဌ်တို့ဖြင့် စာတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီဟု ၆-မျိုးသော ကာမဝစရနတ်တို့ကို သက်တမ်းနှင့်တကွ ဟောပြတော်မူသည်။
ဝိဘင်္ဂပါဠိတော်(၄၃၉၊၄၄၀- တို့၌ “ပဌမံ စျာနံ ပရိတ္တံ ဘာဝေတွာ ဗြဟ္မပါရိသဇ္ဇာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇံတိ” အစရှိသော ပါဌ်တို့ဖြင့် ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာဟူသော ပထမစျာန် ၃-ဘုံ၊ ပရိတ္တဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာဘာ ဟူသော ဒုတိယစျာန် သုံးဘုံ၊ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာဟူသော တတိယစျာန် သုံးဘုံ၊ ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ အဝိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ၊ သုဒဿီဘုံ၊ အကနိဋ္ဌဘုံဟူသော စတုတ္ထစျာန် ၇-ဘုံ၊ ဤရူပ ၁၆-ဘုံတို့၌ဖြစ်သော ဗြဟ္မာတို့ကို သက်တမ်းနှင့်တကွ ဟောကြားတော်မူသည်။
ဝိဘင်္ဂပါဠိတော်(၄၄၀၊၄၄၁-တို့၌ “ အာကာသာနဉ္စာယတနူပဂါနံ ဒေဝါနံ ကိတ္တကံ အာယုပ္ပမာဏံ၊ ဝီသတိကပ္ပသဟဿနိ” အစရှိသော ပါဌ်တို့ဖြင့် အာကာသနဉ္စာယတနဘုံ၊ ဝိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံ၊ နေဝသညာနာသညာယတနဘုံဟူသော အရူပ ၄-ဘုံ၌့ဖြစ်သော ဗြဟ္မာတို့ကို သက်တမ်းနှင့်တကွ ဟောပြတော်မူသည်။
ဤသို့ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကာမ ၁၁-ဘုံ၊ ရူပ ၁၆-ဘုံ၊ အရူပ ၄-ဘုံတို့ကို ဟောတော်မူခဲ့ပါလျက် “ဤကိုယ်ကာယသည်ပင် ကာမ၊ ရူပ၊ အရူပဘုံ ဖြစ်သည်” ဟူသော ဗုဒ္ဓဝိပဿနာ အမည်တပ်ထားသော စာအုပ်ပါ စကားရပ်သည် ပြဆိုခဲ့သော ဗုဒ္ဓဝိပဿနာတော်များကို ဗြာဟ္မဏဝါဒဟု စွပ်စွဲလျက် ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားသော အဓမ္မဝါဒသာဖြစ်သည်၊ ဗုဒ္ဓဝိပဿနာ ရေးသူသည် ရုပ်ဝါဒီဖြစ်သောကြောင့် သူ၏ ရုပ်ဝါဒကိုလည်း ပေါ်လွင်စေ ဗုဒ္ဓတရားတော်များကိုလည်း ပျက်စီးစေ ဟူသော အလိုဆိုးဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ရက်ရက်စက်စက် ရေးသား စော်ကားချက်သာဖြစ်၍ ဓမ္မန္တရာယ်စင်စစ်ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ စိစစ်သုံးသပ်တော်မူကြသည်။
အမှတ်စဉ် (၁၅) ဏ - အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်
၁၈။ (ဏ) နာမ်ဆိုသည်မှာ ရုပ်ကို အမည်ပေးထားသော သဘောသာဖြစ်သည်။ (ဗုဒ္ဓဝါဒပြဿနာ နှာ -၃၅)
ဤဖော်ပြပါစကားရပ်၏ ဆိုလိုရင်းမှာ နာမ်ဟူသည်မှာ သီးခြားမရှိ၊ ရုပ်၏အမည်သာဖြစ်သည်ဟု သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များ ဆိုလိုရင်းဖြစ်သည်။ ထိုစကားကို စိစစ်ဦးအံ့-
ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်၌ -
တတ္ထ ကတမံ နာမံ။ ဝေဒနာက္ခန္ဓော။ပ။ အသင်္ခတော စ ဓာတု။ ဣဒံဝုစ္စတိ နာမံ (အဘိ၊၁၊၂၅၆)။
ထိုနာမ်ရုပ်တို့တွင် နာမ်ဟူသည် အဘယ်နည်း၊ ခံစားမှုအစု “ဝေဒနာက္ခန္ဓာ”၊ မှတ်သားမှုအစု “သညာက္ခန္ဓာ”၊ ပြုပြင်မှုအစု “သင်္ခါရက္ခန္ဓာ”၊ အထူးသိမှု(စိတ်)အစု “ဝိညာဏက္ခန္ဓာ” (ကံ စိတ် ဥတု အဟာရ ဟူသော အကြောင်းတို့က) မပြုပြင် မစီရင်အပ်သော နိဗ္ဗာနဓာတ်သည်ရှိ၏၊ ဤတရားအပေါင်းကို နာမ်ဟူ၍ ဆိုအပ်၏ဟု စိတ်-၈၉ပါး၊ စေတသိက် ၅၂-ပါးတည်းဟူသော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာနှင့် အသင်္ခတဓာတ်ဖြစ်သော နိဗ္ဗာန်ကို “နာမ်” ဟူ၍ ဟောတော်မူသည်။
တတ္ထ ကတမံ ရူပံ။ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ။ ဣဒံ ဝုစ္စတိ ရူပံ (အဘိ၊၁၊၂၅၆)။
ထိုနာမ်ရုပ်တို့တွင် ရုပ်ဟူသည် အဘယ်နည်း၊ မဟာဘုတ်လေးပါး၊ မဟာဘုတ်လေးပါးကိုမှီ၍ ဖြစ်သောရုပ် ဤတရားအပေါင်းကို ရုပ်ဟု ဆိုအပ်၏ဟု မဟာဘုတ် ၄-ပါး၊ ဥပါဒါရုပ် ၂၄-ပါးတို့ကို ရုပ်ဟူ၍ ဟောတော်မူသည်။
ထိုမှတစ်ပါးလည်း ဘုရားရှင်သည် ဓမ္မသင်္ဂဏီ၊ စိတ္တုပ္ပါဒကဏ္ဍဖြင့် နာမ်ကို ကျယ်ဝန်းစွာ ဝေဖန်ပြတော်မူသည်၊ ရူပကဏ္ဍကဖြင့် ရုပ်ကို ကျယ်ဝန်းစွာ ဝေဖန်ပြတော်မူသည်၊ ဤသို့ ဘုရားရှင်ကိုယ်တော်တိုင် နာမ်နှင့်ရုပ်ကို သရုပ်ထုတ်၍ ဟောတော်မူခဲ့ပါလျက် “နာမ်ဆိုသည်မှာ ရုပ်ကို အမည်ပေးထားသော သဘောသာဖြစ်သည်” ဟု ရေးသားဟောပြောခြင်းသည် ဘုရားရှင်၏ ဒေသနာတော်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သည်။
ထို့ပြင် စောဒကဆရာတော်များ သက်သေခံအဖြစ်တင်ပြအပ်သော ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ်၊ စာမျက်နှာ ၁၁၀-၌ “အားလုံးကို ခြုံလိုက်လျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ် ခန္ဓာငါးပါးသည် ရုပ်ပစ္စယများသာဖြစ်သည်ကို ပိုင်ပိုင်ကြီး သိအပ်ပေသည်” ဟူ၍လည်းကောင်း၊ ဗုဒ္ဓဝိပဿနာ (၁) နှာ ၆၇-၌ “ရုပ်ကား အခြားမဟုတ်၊ ဤကိုယ်ကောင်ခန္ဓာပဉ္စက ရုပ်အစုအဝေးပင်ဖြစ်သည်” ဟူ၍လည်းကောင်း ခန္ဓာငါးပါးကို ရုပ်ဟု ဆိုထားသည်ကို တွေ့ရပြန်သည်။
ယင်းစကားရပ်များကို ပြောဟောရေးသားခြင်းသည် ဘုရားရှင်၏ ဒေသနာတော်ကို ဖျက်ဆီး၍ ရုပ်ကြမ်းဝါဒထူထောင်ရန် ကြံဖန်ပြုလုပ် အားထုတ်ခြင်းဖြစ်သည်ဟုလည်းကောင်း၊ ထို့အပြင် ဘုရားတရားတော်များအပေါ် သံသယများဖြစ်ပေါ်စေပြီး ရိုးသားသော ဘာသာဝင်တို့ အသိဉာဏ် ရှုပ်ထွေးစေရန် မိမိတို့၏ ရုပ်ဝါဒကို ဗုဒ္ဓဝါဒထဲ သွတ်သွင်းခြင်းသာ ဖြစ်သည်ဟူ၍လည်းကောင်း ဗုဒ္ဓဝါဒကို ရုပ်ဝါဒ ဖြစ်လေဟန် လီဆယ်လုပ်ကြံရေးသားပြီး ဗုဒ္ဓဓမ္မကို စော်ကားခြင်းဖြစ်သည်ဟူ၍လည်းကောင်း ဝိနည်းဓိုရ်ဆရာတော်တို့က စိစစ်သုံးသပ်တော်မူကြသည်။
အမှတ် (၁၅) တ၊ ထ၊ ဒ၊ ဓ - အမှတ်ပြ စကားရပ်တို့ကို စိစစ်သုံးသပ်ချက်
၁၉။ (တ) စွဲလမ်းမှု ဥပါဒါန်အကြောင်းကြောင့် ဘဝတစ်ခုဖြစ်လာ၏၊
“(ပစ္စုပ္ပန်ဘဝ = ကျောင်းသားဘဝမှ စာရေးဘဝ၊ စာရေးဘဝမှ အရာရှိဘဝ၊ အိမ်ထောင်သည်ဘဝ စသည်များ)
(ထ) ဘဝဖြစ်ခြင်းကြောင့် ဇာတိ=အလုပ်တစ်ခု တာဝန်တစ်ခု၌ရောက်ခြင်း။
(ဒ) ဇရာ = လုပ်သက်ရင့်လာခြင်း
(ဓ) မရဏ = အလုပ်မှ ရပ်နားခြင်း၊ အလုပ်ထုတ်ခံရခြင်း။ (ဗုဒ္ဓဝိပဿနာ၊၂၊နှာ-၁၇၆)
ဤစကားရပ်တို့ကို ထုတ်ပြ၍ ယင်းစကားရပ်များသည် “ဗုဒ္ဓဝိပဿနာ” ဟူသော စာအုပ်အမည်နှင့်ပင် မလိုက်လျောအောင် ပရမ်းပတာ ဘာသာရေး ပြက်လုံးများဖြစ်နေကြောင်းဖြင့် စောဒကဆရာတော်တို့က စောဒနာကြသည်။
ထိုစကားရပ်များသည် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌လာသော ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏပုဒ်တို့ကို ဖွင့်ပြသော စကားရပ်များ ဖြစ်ရကား ပဋိစ္စသမုပ္ပါဒ် အဖွင့် ကျမ်းဂန် အဆိုအမိန့်များဖြင့် စိစစ်ကုန်အံ့ --
ဘဝသဒ္ဒါ၏ အနက်မှန်
“ဥပါဒါနပစ္စယာ ဘဝေါ” ဟူသော ပါဌ်၌ “ဘဝ” ၏ အရကို ကမ္မဘဝ၊ ဥပပတ္တိဘဝနှစ်ပါးကို ယူရ၏၊ မှန်လှ၏၊ ဥပါဒါန် ဟူသောအကြောင်းကြောင့် ကမ္မဘဝ၊ ဥပပတ္တိဘဝနှစ်ပါးတို့ ဖြစ်ကြရသည်။
ဥပါဒါန်ကြောင့် ကမ္မဘဝ၊ ဥပပတ္တိဘဝနှစ်ပါးတို့ ဖြစ်ပုံ
ဤလောက၌အချို့ ပုဂ္ဂိုလ်သည် တစ်ဆင့်ကြားဖြင့်ဖြစ်စေ၊ မြင်ဖူးသည်ကို အတုလိုက်သဖြင့်ဖြစ်စေ “လူ့ပြည်ဝယ် မင်းသူဌေးမျိုးစသည်တို့၌လည်းကောင်း၊ နတ်ပြည်ခြောက်ထပ်၌လည်းကောင်း ငါးဖြာအာရုံ ကာမဂုဏ်တို့ ပြည့်စုံကြွယ်ဝ၏” ဟု ကြံစည်စဉ်းစား၍ ထိုကာမဂုဏ်တို့ကို ရရှိရန် မသူတော်တို့၏ တရားကို နာယူမိခြင်း စသည်တို့က လှည့်စားအပ်သည် ဖြစ်၍ “ဤကံဖြင့် ငါးဖြာအာရုံ ကာမဂုဏ်တို့ ပြီးစီး ပြည့်စုံလိမ့်မည်” ဟု အောက်မေ့မှတ်ထင်ကာ ကာမုပါဒါန် ဟူသော အကြောင်းကြောင့် ကာယဒုစရိုက် စသည်ကိုသော်လည်း ပြုလုပ်ဝံ့၏၊ ထိုသူသည် ဒုစရိုက်ပြည့်ဝခြင်းကြောင့် အပါယ်ဘုံ၌ ဖြစ်ရလေသည်။
ထို့ပြင် မျက်မှောက် ကာမဂုဏ်တို့ကို တောင့်တ၍ဖြစ်စေ၊ ရပြီးကာမဂုဏ်တို့ကို မပျက်စီး မဆုတ်ယုတ်အောင် စောင့်ရှောက်ရ၍ဖြစ်စေ ကာမုပါဒါန် အကြောင်းကြောင့် ကာယဒုစရိုက်စသည်တို့ကို ပြုလုပ်၏၊ ထိုသူသည် ဒုစရိုက်ပြည့်ဝခြင်းကြောင့် အပါယ်ဘုံ၌ ဖြစ်ရလေသည်။
ထိုအပါယ်ဘုံ၌ ထိုပုဂ္ဂိုလ်၏ ဥပပတ္တိဘဝဖြစ်ကြောင်းကံသည် ကမ္မဘဝမည်၏၊ ကံကြောင့်ဖြစ်သော ခန္ဓာတို့သည် ဥပပတ္တိဘဝမည်ကုန်၏၊ ဤကား ကာမုပါဒါန်ကြောင့် အကုသိုလ် ကမ္မဘဝနှင့် အပါယ်ဥပပတ္တိဘဝဖြစ်ပုံတည်း။
ကာမုပါဒါန်ကြောင့် ကာမကုသိုလ် ကမ္မဘဝနှင့် လူ့ပြည် နတ်ပြည်တို့၌ ဥပပတ္တိဘဝ ၂-ပါးဖြစ်ပုံ၊ ကာမုပါဒါန်ကြောင့် ရူပ-အရူပ ကုသိုလ်ကမ္မဘဝနှင့် ရူပ-အရူပ ဥပပတ္တိဘဝ ၂-ပါးဖြစ်ပုံ၊ ဒိဋ္ဌုပါဒါန်၊ အတ္တဝါဒုပါဒါန်၊ သီလဗ္ဗတုပါဒါန်တို့ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝ ၂-ပါးဖြစ်ပုံတို့ကိုလည်း ဤနည်းအတူပင် သိကြရာ၏၊ (ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၊ ဒု၊ နှာ- ၂၀၈၊၂၀၉။ သမ္မောဝိနောဒနီ အဋ္ဌကထာ၊ ၁၇၆၊၁၇၈)
ဤသို့ ဥပါဒါန်ကြောင့် ကမ္မဘဝ၊ ဥပပတ္တိဘဝ နှစ်ပါးဖြစ်ခြင်းကြောင့် “ဥပါဒါနပစ္စယာ ဘဝေါ” ဟူသော ပါဌ်၌ “ဘဝ”၏ အရကို ကမ္မဘဝ၊ဥပပတ္တိဘဝ နှစ်မျိုး ယူရသည်။
“ဘဝပစ္စယာ ဇာတိ”ဟူသောပါဌ်၌ “ဘဝ”၏ အရကို ကမ္မဘဝကိုသာ ယူရသည်။ ဥပပတ္တိဘဝကို မယူရ၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ -
ဘဝေါတိ ပနေတ္ထ ကမ္မဘဝေါဝ အဓိပ္ပေတော။ သော ဟိ ဇာတိယာ ပစ္စယော၊ န ဥပပတ္တိဘဝေါ၊ သော စ ပန ကမ္မပစ္စယ ဥပနိဿယ ပစ္စယဝသေန ဒွေဓာ ပစ္စယော ဟောတီတိ (ဝိသုဒ္ဓိမဂ်၊ ၂။ ၂၁၀)။
ကမ္မဘဝက ဇာတိအား ကျေးဇူးပြုပုံ
ကမ္မဘဝက ဇာတိအား ကျေးဇူးပြုပုံကို ဘယ်ပုံဘယ်နည်း သိနိုင်သနည်းဟူမူ သတ္တဝါတို့မှာ ပြင်ပအကြောင်းများ တူညီနေသော်လည်း ယုတ်ညံ့ခြင်း မွန်မြတ်ခြင်းစသော ထူးခြားကွဲလွဲချက်ကို တွေ့မြင်နေရသောကြောင့် သိနိုင်ပေသည်။ ချဲ့ပြပါဦးမည် -
မိဘတို့၏ သုက်သွေး၊ အစာ အာဟာရစသော ပြင်ပ အကြောင်းများ တူညီနေသော်လည်း အမွှာညီနောင်နှစ်ဦးတို့ပင် အချင်းချင်း မတူဘဲ တစ်ဦးက ယုတ်ညံ့အောက်ကျ အရုပ်ဆိုး ပညာမဲ့ဖြစ်ကာ တစ်ဦးက အထက်တန်းကျ လှပတင့်တယ် ပညာကြွယ်နေခြင်းစသော ထူးခြားချက်ကို တွေ့မြင်နေရသည်၊ ထိုထူးခြားချက်သည် အကြောင်းမဲ့ မဖြစ်နိုင်ပေ၊ အကယ်၍ အကြောင်းမဲ့ ဖြစ်သည်ဆိုပါလျှင် ထိုထူခြားချက်သည် အခါခပ်သိမ်း ဖြစ်နေရပေမည်၊ သတ္တဝါအားလုံးမှာ ဖြစ်နေရပေမည်၊ စင်စစ်မူကား ထို ယုတ်ညံ့ခြင်း၊ မွန်မြတ်ခြင်း စသော ထူးခြားချက်သည်အခါခပ်သိမ်း ဖြစ်နေသည်မဟုတ်၊ သတ္တဝါအားလုံးမှာ ဖြစ်နေသည် မဟုတ်ခဲ့၊ ထို့ကြောင့် ယုတ်ညံ့ခြင်း မွန်မြတ်ခြင်းစသော ထူးခြားချက်သည် အကြောင်းမဲ့ဖြစ်သည်မဟုတ် (ဧကန်အကြောင်းရှိရမည်)၊ ထိုအကြောင်းကား အဘယ်နည်း၊ ကမ္မဘဝဟူသော အကြောင်းကြောင့်သာ ဖြစ်သည်ဟု သိရာ၏၊ မှန်လှပေ၏၊ ကံသည် သတ္တဝါတို့ အယုတ်အမြတ်စသည့် ထူးခြားကွဲလွဲရခြင်း၏ အကြောင်းရင်းပေတည်း၊ ထို့ကြောင့် ဘုရားရှင်က -
“ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏိတတာယ” (မ၊၃၊၂၄၄) ဟု ဟောတော်မူခဲ့ပေသည်။ ထို့ကြောင့် ကမ္မဘဝသည် ဇာတိ၏ အကြောင်းဖြစ်သည်ကို သိရပေသည်။
လိုရင်း အချုပ်မှာ “ဥပါဒါန ပစ္စယာ ဘဝေါ” ၌ “ဘဝ” အရကို လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉-ပါးဟူသော “ကမ္မဘဝ” နှင့် ကံကြောင့်ဖြစ်သော အကျိုးဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်ဟူသော “ဥပပတ္တိဘဝ” နှစ်မျိုးကို ယူရသည်။
“ဘဝပစ္စယာ ဇာတိ” ဟူ၍ “ဘဝ” အရကို လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉-ပါးဟူသော “ကမ္မဘဝ”ကိုသာ ယူရသည်ဟု သံသယကင်းစွာ မှတ်ယူရ၏၊
ဇာတိသဒ္ဒါ၏ အနက်မှန်
ဇာတိသဒ္ဒါသည် “ဘဝ” ဟူသော အနက် “အပေါင်း” ဟူသော အနက် “သင်္ခတတရားတို့၏ ဦးစွာ ဖြစ်မှု အမှတ်အသား” ဟူသော အနက် “ပဋိသန္ဓေခန္ဓာ” ဟူသောအနက် “ မွေးဖွားခြင်း” ဟူသော အနက် “အမျိုးဇာတ်” ဟူသောအနက် “အရိယသီလ” ဟူသော အနက်တို့ကို ဟော၏၊
ဤ “ဘဝပစ္စယ ဇာတိ” ဟူသောပါဌ်၌ “ဇာတိ” သဒ္ဒါသည်ကား “ပဋိသန္ဓေခန္ဓာ” ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် အမိဝမ်း၌ ကိန်းအောင်းရသော “ဂဗ္ဘသေယျက” သတ္တဝါတို့၏ ပဋိသန္ဓေ တည်နေသည်မှစ၍ အမိဝမ်းမှ ဖွားမြင်ထွက်မြောက်သည့်တိုင်အောင် ဤအတွင်း၌ဖြစ်သော ခန္ဓာတို့သည် လည်းကောင်း၊ အညှိ၌(စိုစွတ်စေးကပ်ရာ၌) ဖြစ်သော “သံသေဒဇ” သတ္တဝါနှင့် ကိုယ်ထင်ရှားဖြစ်သော “ဥပပတ္တိ” သတ္တဝါတို့၏ ပဋိသန္ဓေခန္ဓာတို့သည်လည်းကောင်း “ဇာတိ” မည်၏၊ ဤကား ပရိယာယ်နည်းဖြစ်သည် မုချအားဖြင့် ထိုထို ဘုံဘဝ၌ ဖြစ်ကြကုန်သော သတ္တဝါတို့၏ ထိုထိုခန္ဓာတို့ ရှေးဦးစွာ ဖြစ်ပေါ်မှုသည် “ဇာတိ” မည်၏၊
ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ -
သွာယမိဓ ကဗ္ဘသေယျကာနံ ပဋိသန္ဓိတော ပဋ္ဌာယ ယာဝ မာတုကုစ္ဆိမှာ နိက္ခမနံ၊ တာဝ ပဝတ္တေသု ခန္ဓေသု။ ဣတရေသံ ပဋိသန္ဓိခန္ဓေသွေဝါတိ ဒဋ္ဌဗ္ဗော။ အယမ္ပိ စ ပရိယာယကထာဝ။ နိပ္ပရိယာယတော ပနတတ္ထ တတ္ထ နိဗ္ဗတ္တမာနာနံ သတ္တာနံ ယေ ယေ ခန္ဓာ ပါတု ဘဝန္တိ၊ တေသံ တေသံ ပဌမပါတုဘာဝေါ ဇာတိ နာမ (ဝိသုဒ္ဓိ၊၂၊၁၂၉) -
ဟု မိန့်ဆိုတော်မူသည်။
သမ္မောဟ ဝိနောဒနီအဋ္ဌကထာ နှာ ၈၉-၌လည်း အလားတူ အဓိပ္ပာယ်များကို ဖွင့်ပြတော်မူ၏၊ စကားအဆို အနည်းငယ်သာထူးသည်။
ထို့ပြင် ဝိဘင်္ဂပါဠိတော်၌ -
“တတ္ထ ကတမာ ဘဝပစ္စယာ ဇာတိ၊ ယာ တေသံ တေသံ သတ္တာနံ” (အဘိ၊၂၊၁၄၄)
စသည်ဖြင့် ဟောတော်မူ၏၊
မြန်မာပြန်
ထိုအဝိဇ္ဇာပစ္စယာ သင်္ခါရာစသော ပဋိစ္စသမုပ္ပါဒ်ဘဝဟူသော အကြောင်းကြောင့်ဖြစ်သော ဇာတိ- ဟူသည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့၏ ထိုထို သတ္တနိကာယ၌ အကြင်ဖြစ်ခြင်းသဘော၊ ကောင်းစွာဖြစ်ခြင်းသဘော၊ သက်ရောက်ခြင်းသဘော၊ ထင်ရှားဖြစ်ပေါ်ခြင်းသဘော၊ ခန္ဓာတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းသဘော၊ အာယတနတို့ကို ရခြင်းသဘောသည်ရှိ၏၊ ဤသဘောကို ဇာတိဟု ဆိုအပ်၏၊
လိုရင်းအချုပ်ကား ဂဗ္ဘသေယျက သတ္တဝါတို့၏ ပဋိသန္ဓေတည်နေသည်မှ စ၍ ဖွားမြင်ရာအခါတိုင်အောင် ဤအတွင်း၌ဖြစ်သောခန္ဓာတို့သည်လည်းကောင်း၊ သံသေဒဇ ဥပပတ်သတ္တဝါတို့၏ ပဋိသန္ဓေအခါ၌ဖြစ်သော ခန္ဓာတို့သည်လည်းကောင်း ပရိယာယ်အားဖြင့် ဇာတိမည်၏၊ ထိုထိုသတ္တဝါတို့၏ ထိုထို ဘုံဘဝ၌ ခန္ဓာတို့၏ ရှေးဦးစွာ ဖြစ်ပေါ်မှုသည် မုချအားဖြင့် ဇာတိမည်၏ဟု ယုံမှားမဲ့ မှတ်ယူရာ၏၊
ဇရာသဒ္ဒါ၏ အနက်မှန်
ဇရာသည်
(၁) သင်္ခတ တရားတို့၏ ရင့်ရော် အိုမင်းခြင်း အမှတ်အသားဖြစ်သောဇရာ၊
(၂) သွားကျိုးခြင်း၊ ဆံဖြူခြင်းစသည် သမုတ်အပ်သော တစ်ဘဝ၌ အကျုံးဝင်သော ခန္ဓာတို့၏ ဟောင်းနွမ်းဆွေးမြည့်ခြင်းဟူသော ဇရာ -
အားဖြင့် ၂-ပါး အပြားရှိ၏၊ ထို ၂-ပါးတို့တွင် သွားကျိုးခြင်း၊ ဆံဖြူခြင်းစသည် သမုတ်အပ်သော တစ်ဘဝ၌ အကျုံးဝင်သော ခန္ဓာတို့၏ ဟောင်းနွမ်းဆွေးမြည့်ခြင်းကို ဤအရာ၌ ဇရာဟု အလိုရှိအပ်၏၊
ထိုဇရာသည် ခန္ဓာတို့၏ ရင့်ကျင်ခြင်း လက္ခဏာရှိ၏၊ သေခြင်းသို့ကပ်၍ဆောင်ခြင်း ကိစ္စရှိ၏၊ အရွယ်ကောင်းခြင်းကို ဖျက်ဆီးတတ်သော သဘောဟု ဉာဏ်ထဲ၌ထင်လာတတ်၏ (ဝိသုဒ္ဓိ၊၂၊၁၃၂)။
ဝိဘင်းပါဠိတော်၌လည်း -
တတ္ထ ကတမာ ဇရာ၊ ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုနောသံဟာနိ ဣန္ဒြိယာနံ ပရိပါကော၊ အယံ ဝုစ္စတိ ဇရာ (အဘိ၊၂၊၁၄၄)။
ထိုဇရာ၊ မရဏ နှစ်ပါးတို့တွင် ဇရာ- ဟူသော သဘောတရားသည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့၏ ထိုထို သတ္တနိကာယ၌ အကြင်လျော့ပါးခြင်း (အိုမင်း ယုတ်လျော့ခြင်း) သဘော ရင့်ရော် ဆွေးမြည့်ကြောင်း သဘော သွားကျိုးကြောင်း သဘော ဆံပင်ဖြူကြောင်းသဘော အရေတွန့်ကြောင်းသဘောသည် ရှိ၏၊ ဤသဘောကို ဇရာ-ဟု ဆိုအပ်၏ဟု ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့လေသည်။
ထိုဇရာသည် ထင်ရှားသော ပါကဋဇရာ၊ ဖုံးကွယ်အပ်သော (မထင်ရှားသော) ပဋိစ္ဆန္နဇရာ- ဟူ၍ ၂-မျိုးပြား၏၊ ထို ၂-မျိုးသောဇရာတို့တွင် ဆံဖြူသွားကြွေ အရေတွန့်ခြင်း စသည်တို့ကို မြင်ရခြင်းကြောင့် ရုပ်တရားတို့၌ဖြစ်သော ဇရာသည် ထင်ရှားသော “ပါကဋဇရာမည်၏၊ နာမ်တရားတို့၌ဖြစ်သော ဇရာသည်ကား ထိုကဲ့သို့သော ဖောက်ပြန်မှု ထူးခြားသော အမူအရာကို မမြင်နိုင်သောကြောင့် ဖုံးကွယ်အပ်သော (မထင်ရှားသော) ပဋိစ္ဆန္နဇရာ မည်၏၊
သွားကျိုးခြင်း၊ ဆံပင်ဖြူခြင်း၊ အရေတွန့်ခြင်းတို့သည် (မျက်စိဖြင့် မြင်ရသောကြောင့်) အဆင်းရုပ်သာဖြစ်သည်၊ ဇရာမဟုတ်၊ ထိုသွားကျိုးခြင်း ဆံဖြူခြင်း၊ အရေတွန့်ခြင်းတို့ကို မျက်စိဖြင့် မြင်ပြီးနောက် “ဇရာကြောင့် ဤသွားတွေ ကျိုးရသည်၊ ဇရာကြောင့် ဤဆံပင်တွေဖြူရသည်၊ ဇရာကြောင့် ဤအရေတွေ တွန့်ရသည်” ဟု မနောဒွါရဖြင့် ကြံစည်၍ ဇရာကိုသိရသည်၊ ထို့ကြောင့် ခန္ဓာတို့၏ အိုမင်းရင့်ရော်ခြင်းသည် ဇရာမည်၏ ဟု မှတ်သိရာ၏ သမ္မောဟဝိနောဒနီအဋ္ဌကထာ(၉၃)။
မရဏသဒ္ဒါ၏ အနက်မှန်
မရဏသည် -
(၁) သင်္ခတတရားတို့၏ ပျက်စီးခြင်း အမှတ်အသားဖြစ်သော မရဏ
(၂) တစ်ဘဝ၌အကျုံးဝင်သော ဇီဝိတိန္ဒြေအစဉ်၏ ပြတ်စဲခြင်း မရဏ- ဟူ၍ ၂-ပါး အပြားရှိ၏၊
ထို ၂-ပါးသော မရဏတို့တွင် ဤ “မရဏမ္ပိ ဒုက္ခံ”ဟူသော ပုဒ် “ဇာတိပစ္စယာ ဇရာမရဏ” ဟူသောပုဒ်တို့၌ တစ်ဘဝ၌အကျုံးဝင်သော ဇီဝိတိန္ဒြေအစဉ်၏ ပြတ်စဲခြင်းကိုသာ “မရဏ”ဟု ယူရသည်။
ထိုမရဏသည် ဖြစ်ဆဲဘဝမှ ရွေ့လျောခြင်း လက္ခဏာရှိ၏၊ ကွေကွင်းရခြင်း ကိစ္စရှိ၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၁၃၃)
ဝိဘင်းပါဠိတော်၌လည်း -
“တတ္ထ ကတမံ မရဏံ၊၊ ယာ တေသံ တေသံ သတ္တာနံ တမှာ တမှာ သတ္တနိကာယာ စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မစ္စု မရဏံ ကာလကိရိယာ ခန္ဓာနံ ဘေဒေါ ကဠေဝရဿ နိက္ခေပေါ ဇီဝိတိန္ဒြိယဿပစ္ဆေဒေါ၊ ဣဒံ ဝုစ္စတိ မရဏံ” (အဘိ၊၂၊၁၄၄)။
ထိုဇရာ၊ မရဏ နှစ်ပါးတို့တွင် မရဏဟူသည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့၏ ထိုထို သတ္တနိကာယမှ ရွေ့လျောခြင်းသဘော ရွေ့လျောသည်၏ အဖြစ် ပြိုကွဲခြင်းသဘော ပျောက်ကွယ်ခြင်းသဘော မစ္စုဟု ခေါ်ဆိုအပ်သော သေခြင်းသဘော၊ အဆုံးကို ပြုခြင်းသဘော ခန္ဓာတို့၏ ပျက်စီးပြိုကွဲခြင်းသဘော အလောင်းကောင်ကို ပစ်ချခြင်းသဘော ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းသဘောသည်ရှိ၏၊ ဤသဘော အလုံးစုံကို မရဏဟု ဆိုအပ်၏ ဟု ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူလေသည်။
ထိုသေခြင်း “မရဏ”သည် (၁) ခဏိကမရဏ၊ (၂) သမ္မုတိမရဏ၊ (၃) သမုစ္ဆေဒမရဏ -ဟူ၍ သုံးပါးအပြားရှိ၏၊ ထိုသုံးပါးတို့တွင်-
(၁) ပဝတ္တိအခါ ရုပ်နာမ်တရားတို့၏ ပျက်စီးခြင်းသည် ခဏတိုင်း ခဏတိုင်း ဖြစ်သော သေခြင်း “ခဏိကမရဏ” မည်၏၊
(၂) တိဿ သေပြီ၊ ဖုဿ သေပြီ၊ မောင်ဘ သေပြီ၊ မလှ သေပြီ စသည်ဖြင့် ပြောဆိုအပ်သော သေခြင်းသည် သမုတ်ခေါ်ဝေါ်အပ်သော သေခြင်း “သမ္မုတိမရဏ” မည်၏၊
(၃) ရဟန္တာပုဂ္ဂိုလ်၏ တစ်ဖန် ပဋိသန္ဓေနေခြင်းမရှိသော သေခြင်းသည် အကြွင်းမဲ့ ပြတ်စဲသော သေခြင်း “သမုစ္ဆေဒမရဏ” မည်၏၊
ဤသုံးမျိုးသော သေခြင်း “မရဏ” တို့တွင် “မရဏမ္ပိ ဒုက္ခံ” ဟူသောပါဌ် “ဇာတိပစ္စယာ ဇရာမရဏံ” ဟူသောပါဌ်တို့၌ “မရဏ” ၏ အရ သမ္မုတိမရဏကိုသာ ယူရသည်။ (သမ္မောဟဝိနောဒနီ -၉၅)
ထို့ကြောင့် တစ်ဘဝ၌အကျုံးဝင်သော ဇီဝိတိန္ဒြေ အစဉ်၏ပြတ်စဲခြင်း “ဇီဝိတိန္ဒြိ ပစ္ဆေဒမရဏ” မောင်ဘသေပြီ၊ မလှ သေပြီ စသည်ဖြင့် ပြောဆိုသမုတ်အပ်သော “သမ္မုတိမရဏ”သည် မရဏ မည်၏ ဟု သိရာ၏၊
ဤသို့ ပြဆိုခဲ့ပြီးသည့်အတိုင်း ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏ - ဟူသော ပုဒ်တို့၏ အဓိပ္ပာယ်အမှန်ကို ပါဠိတော် အဋ္ဌကထာတို့၌ ဘုရားရှင်နှင့် သာဝကတို့ ဟောကြားမိန့်ဆိုထားပါလျက် ဗုဒ္ဓဝိပဿနာ အမည်ရှိ စာအုပ် ဒုတိယတွဲ၌ (တ၊ ထ၊ ဒ၊ ဓ) အမှတ်ပြ စကားရပ်များကို ရေးသားဖော်ပြခြင်းသည် ဘုရားရှင် ဒေသနာတော်ကို ပြောင်လှောင် ပြက်ချော် သရော်သကဲ့သို့ဖြစ်ရကား ဘုရားရှင်၏ သာသနာတော် ပျက်စီးကွယ်ပျောက်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားခြင်းဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
အမှတ်စဉ် (၁၅) န၊ ပ၊ ဖ အမှတ်ပြ စောဒနာချက်ပါ စကားရပ်ကို စိစစ်သုံးသပ်ချက်
၂၀။ (န) ပုဗ္ဗေနိဝါသဉာဏ်ကား -
ပုဗ္ဗေ = ခြောက်နှစ်ကာလ ခါသမယ။ နိ = ထင်ရှားဧကန် အမှန်မရှိသော။ ဝါသ = တပ်မက်စွဲလမ်းခြင်း၏ နှိပ်စက် ညှဉ်းပန်းမှုခံရခြင်းတို့ကို။ ဉာဏ = အမှန်ထွင်းဖောက် အသိဉာဏ်ရ ရောက်ခဲ့လေပြီ။
(ပ) ဒိဗ္ဗစက္ခုဉာဏ်ကား -
စက္ခု = မျက်စိနှစ်ကွင်းဖြင့် မြင်ခြင်းဟူသမျှတို့ကို။ ဒိဗ္ဗ = ရှင်းရှင်းလင်းလင်း အစွဲကင်းပြီး။ ဉာဏံ = အမှန်ထွင်းဖောက် သိမြင်ခြင်းသို့ ရရောက်ခဲ့လေပြီ။
(ဖ) အာသဝက္ခယဉာဏ်ကား -
အာသဝ = တပ်မက်စွဲလမ်းမှုဖြစ်ခြင်းဟူသမျှကို။ ခယ = ကုန်ခန်းချုပ်ငြိမ်းမှု အမှန်သို့ရရှိခြင်းကို။ ဉာဏံ = အမှန်ထွင်းဖောက် သိမြင်ခြင်းသို့ ရောက်ခဲ့လေပြီ။ (အမှန်တရား သုတေသန အမှတ်(၁) စာစောင်၊ စာမျက်နှာ -၇၊ အဘိဓမ္မာ ဆရာစိန်)
အထက်ပါစကားရပ်တို့ကို သက်သေခံအဖြစ် ထုတ်ပြ၍ ဦးဥက္ကဋ္ဌ၏ နောက်လိုက်တို့၏ ရေးသားချက်များသည် အဓမ္မများသာ ဖြစ်ကြောင်း စောဒနာကြ၏၊
တစ်ဖန် ပါရာဇိက,ကဏ္ဍ အဋ္ဌကထာ၊ ဝေရဉ္ဇကဏ္ဍ ဝဏ္ဏနာ၌လာသော စကားရပ်တို့ကို သာဓကတင်၍ ပုဗ္ဗေနိဝါသာနုဿတိစသော ပုဒ်တို့၏အနက်အမှန်ကို စောဒကဆရာတော်တို့က ဖော်ပြပြီးလျှင် သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့ချုပ်မှ ထုတ်ဝေသော အမှန်တရား သုတေသန အမှတ်(၁) စာစောင် စာမျက်နှာ ၇-၌လာသော အဘိဓမ္မာ ဆရာစိန် ဆိုသူ၏ ပုဗ္ဗေနိဝါသ စသည် ဖွင့်ဆိုချက်တို့မှာ အမှန်တရားကို ရှောင်ရှား၍ အမှားများကိုသာ သုတေသနပြုထားသော စကားများသာဖြစ်ပါသည်ဟု စောဒက ဆရာတော်တို့က တင်ပြ စောဒနာကြသည်။
ယင်းစောဒနာအရ “ပုဗ္ဗေနိဝါသာနုဿတိဉာဏ” စသော ပုဒ်တို့၏ အနက်မှန်ကို ကျမ်းဂန်နှင့် ညှိ၍ စိစစ်ဝေဖန်ကြကုန်အံ့၊ ယင်းသို့ ဝေဖန်ရာ၌ ပရိယတ်အခြေခံမရှိသော ပုဂ္ဂိုလ်များ လွယ်ကူစွာ သိနိုင်ကြရန် သာဓက ပါဌ်တို့ကို အောက်ခြေ၌ သီးခြားထုတ်၍ အဓိပ္ပာယ်မျှကိုသာ ဖော်ပြလျက် ဝေဖန်ကြကုန်အံ့။
(က) ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
ပုဗ္ဗေနိဝါသာနုဿတိဉာဏ (ပုဗ္ဗေ + နိဝါသ + အနု +သတိ +ဉာဏ)
ပုဗ္ဗေ = ရှေးအတိတ်ဘဝ၌
နိဝါသ = နေအပ်ခဲ့ဖူးသော ခန္ဓာ၊ နေအပ်ခဲ့ဖူးသော တရားကို
အနု = အစဉ်လျှောက်၍ (ဝါ) စိတ်ကို ညွတ်စေခြင်း၏ အခြားမဲ့၌
သတိ = အောက်မေ့နိုင်သော သတိနှင့်
ဉာဏ = (ယှဉ်သော) ဉာဏ်။
ဗရှးအတိတ်ဘဝ၌ နေခဲ့ဖူးသော ခန္ဓာ၊ နေခဲ့ဖူးသော တရားကို အစဉ်လျှောက်၍ အောက်မေ့နိုင်သော သတိနှင့် ယှဉ်သော ဉာဏ်သည် (ဝါ) ရှေးအတိတ်ဘဝ၌ နေခဲ့ဖူးသော ခန္ဓာ၊ နေခဲ့ဖူးသော တရားကို (စိတ်ကို ညွတ်စေခြင်း၏) အခြားမဲ့သာလျှင် အောက်မေ့နိုင်သော သတိနှင့်ယှဉ်သော ဉာဏ်သည် “ပုဗ္ဗေနိဝါသာနုဿတိဉာဏ်” မည်၏ဟု အကျဉ်းအားဖြင့် မှတ်သားရာ၏၊
ချဲ့ပြဦးအံ့၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ - ဟူသောပုဒ်၌ “ပုဗ္ဗေ” ဟူသောပုဒ်၏ အရကို ယခု ပစ္စုပ္ပန်ဘဝ၌ ရှေးရှေးသော ရက်၊ လ၊ နှစ် တို့ကို ယူရမည် မဟုတ်၊ ရှေးရှေးသော အတိတ်ဘဝတို့ကို ယူရသည်၊ ထို့ကြောင့် အဋ္ဌကထာတို့၌ “ပုဗ္ဗေ”ကို “အတီတဇာတီသု” ဟု ဖွင့်ပြကြသည်၊ ဘုရားရှင်သည်လည်း “ပုဗ္ဗေနိဝါသ” အရကို “ဧကမ္ပိ ဇာတိံ ဒွေပိ ဇာတိယော” (တစ်ဘဝ နှစ်ဘဝ) စသည်ဖြင့် ဟောပြတော်မူသည်။
“နိဝါသ” ဟူသောပုဒ်အရ နေခဲ့ဖူးသော ခန္ဓာတို့ကို ယူရသည်၊ နေခဲ့ဖူးသောခန္ဓာ ဟူသည်ကား စွဲမှီ၍ နေခဲ့ဖူးကုန်သော= အဖန်ဖန်ဖြစ်ပြီးကုန်သော မိမိသဏ္ဌာန်၌ဖြစ်၍ ချုပ်ပြီးကုန်သော အတိတ်ဘဝ ခန္ဓာများဖြစ်သည်။
ပုဗ္ဗေ နိဝါသောတိ ပုဗ္ဗေ အတီတဇာတီသု နိဝုတ္ထက္ခန္ဓာ၊ နိဝုတ္ထာတိ အဇ္ဈဝုတ္ထာ အနုဘူတာ အတ္တနော သန္တာနေ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓါ (ဝိသုဒ္ဓိ၊၂၊၄၀။ ဝိ၊ဋ္ဌ၊၁၊၁၂၈)။
(ပါဌ်အနေအထား အနည်းငယ်မျှ ထူးခြားသည်)
တစ်နည်း - “နိဝါသ” ဟူသော ပုဒ်အရ နေခဲ့ဖူးသော တရားတို့ကို ယူရသည်၊ နေခဲ့ဖူးသော တရားဟူသည်ကား အာရုံပြု၍ နေဖူးသော (တွေ့ကြုံခဲ့ဖူးသော) တရားများဖြစ်သည်။
နိဝုတ္ထဓမ္မာ ဝါ နိဝုတ္ထာ၊ ဂေါစရနိဝါသေန နိဝုတ္ထာ အတ္တနော ဝိညာဏေန ဝိညာတာ ပရိစ္ဆိန္နာ၊ ပရဝိညာဏဝိညာတာပိ ဝါ ဆိန္နဝဋုမကာနုဿရဏာဒီသု (ဝိသုဒ္ဓိ၊၂၊၄၀။ ဝိ၊ဋ္ဌ၊၁၊၁၂၈)။
(ပါဌ်အနေအထား အနည်းငယ်မျှသာထူးခြားသည်)
ဤသို့လျှင် ပုဗ္ဗေနိဝါသသည် စွဲမှီ၍ နေခဲ့ဖူးသော = မိမိသန္တာန်၌ဖြစ်၍ ချုပ်ပြီးသော ခန္ဓာ (အဇ္ဈဝုတ္ထနိဝါသ)၊ အရုံပြု၍နေခဲ့ဖူးသော = တွေ့ကြုံခဲ့ဖူးသောတရား (ဂေါစရနိဝါသ)ဟူ၍ ၂-မျိုးရှိသည်။
ထိုအာရုံပြု၍နေခဲ့ဖူးသော တရားဟု ဆိုအပ်သော ဂေါစရနိဝါသသည်လည်း မိမိဝိညာဏ်ဖြင့် သိခဲ့ဖူးသော တရား၊ သူတစ်ပါး ဝိညာဏ်ဖြင့် သိခဲ့ဖူးသော တရားဟု ၂-မျိုးရှိ၏၊
မိမိဝိညာဏ်ဖြင့် သိခဲ့ဖူးသော တရား- ဟူသည် ရှေးအတိတ်ဘဝတို့၌ မိမိခန္ဓာနှင့် ဆက်သွယ်၍ မိမိ၏အမည် အနွယ် အဆင်း အစာအာဟာရ သုခ၊ ဒုက္ခများ မိမိ၏ မိဘဆွေမျိုး အပေါင်းအဖော်စသောသူတို့နှင့် နေရာဌာနများ စသော မိမိ ဝိညာဏ်ဖြင့် တွေ့ကြုံခံစားခဲ့ရသော အာရုံများတည်း။
[စျာန်အဘိညာဉ်ကိုရသော (တိတ္ထိခေါ်သော) သာသနာပ ရသေ့များနှင့် ပစ္စေက ဗုဒ္ဓါသာဝကတို့သည် ဤဆိုခဲ့ပြီးသော မိမိကိုယ်တွေ့ အကြောင်းအရာများကိုသာ အဘိညာဉ်ဖြင့် သိနိုင်ကြသည်။]
သူတစ်ပါးတို့ ဝိညာဏ်ဖြင့် သိအပ်ဖူးသော တရားဟူသည် မိမိကိုယ်တွေ့မဟုတ်ဘဲ သူတစ်ပါးတို့ တွေ့ကြုံ ခံစားခဲ့ရသော အာရုံများဖြစ်သည်၊ စက္ခုပါလထေရ်၏ ဆေးသမားဘဝတုန်းက ပြုလုပ်ခဲ့သောအမှုသည် ဘုရားရှင် ကိုယ်တိုင် ထိုစဉ်က မတွေ့ကြုံခဲ့ရသော်လည်း ဘုရားဖြစ်သည့်အခါ (စက္ခုပါလ၏ ဝိညာဏ်ဖြင့် တွေ့ကြုံခဲ့ရသော အာရုံ အကြောင်းအရာများကို) အဘိညာဉ်ဖြင့် ပြန်၍သိခြင်းမျိုးတည်း။
သံသရာခရီး ပြတ်ပြီးသော ဘုရား ရဟန္တာတို့ကို အောက်မေ့ရာ ကာလစသည်တို့၌ ထိုဘုရား ရဟန္တာတို့၏ ဝိညာဏ်ဖြင့် သိအပ်ခဲ့ဖူးသော မဂ် ဖိုလ် နိဗ္ဗာန် စသောတရားများသည် သိခါပတ္တ= ထိပ်တန်းအကျဆုံး ပုဗ္ဗေနိဝါသဖြစ်သည်၊ ပရိနိဗ္ဗာန်စံပြီးသော ရှေးဘုရား အဆူဆူကို အကြောင်းပြု၍ “ထိုဘုရားရှင်သည် ဤသို့ဤပုံ ဝိပဿနာ ရှုတော်မူ၏၊ ဤသို့ဤပုံ မဂ်ကို ဖြစ်စေတော်မူ၏၊ ဤသို့ဤပုံ ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူ၏၊ ဤသို့ဤပုံ ဝေနေယျတို့အား တရားဟောပြ ဆုံးမတော်မူ၏” ဟု ဤဘုရားရှင်က အဘိညာဉ်ဖြင့် သိတော်မူခြင်းမျိုးတည်း။ (ဤသူတစ်ပါး ဝိညာဏ်ဖြင့် သိအပ်ဖူးသော တရားကို ပြန်သိနိုင်သော အဘိညာဉ်ကား ဘုရားရှင်တို့၏ အဘိညာဉ်သာတည်း။)
တိတ္ထိယာ စ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အတ္တနာ ဒိဋ္ဌကတသုတမေဝ အနုဿရန္တိ။ တထာ သာဝကာ စ ပစ္စေကာဗုဒ္ဓါ စ။ ဗုဒ္ဓါ ပန အတ္တနာ ဝါ ပရေဟိ ဝါ ဒိဋ္ဌကတသုတံ သဗ္ဗမေဝ အနုဿရန္တိ (ဒီ၊ဋ္ဌ၊၂၊၃)။
ဆက်ဦးအံ့၊ တိတ္ထိတို့သည် ရှေးဘဝ၌ နေအပ်ဖူးသော ခန္ဓာကို အစဉ်လျှောက်၍ အောက်မေ့ကုန်လတ်သော် ကိုယ်တိုင် မြင်အပ် ပြုအပ် ကြားအပ်ဖူးသော အာရုံကိုသာလျှင် အစဉ်လျှောက်၍ အောက်မေ့နိုင်ကုန်၏၊ ဘုရားရှင်၏ တပည့်တို့သည်လည်းကောင်း၊ ပစ္စေက ဗုဒ္ဓါသည်လည်းကောင်း ထို့အတူ ကိုယ်တိုင် မြင်အပ် ပြုအပ် ကြားအပ်သော အာရုံကိုသာ အစဉ်လျှောက်၍ အောက်မေ့နိုင်ကုန်၏ ဟူလို။
ပြဆိုခဲ့ပြီးသော နည်း-၃-နည်းတို့တွင် ပထမနည်း အလိုအားဖြင့် “ရှေးအတိတ်ဘဝ၌နေခဲ့ဖူးသော (အဖန်ဖန်ဖြစ်ဖူးကုန် = မိမိသန္တာန်၌ ဖြစ်ချုပ်ပြီးကုန်သော)ခန္ဓာတို့သည် ပုဗ္ဗေနိဝါသ မည်၏၊
ဒုတိယနည်းအလိုအားဖြင့် ရှေးအတိတ်ဘဝ၌ မိမိဝိညာဏ်ဖြင့် အာရုံပြု၍ နေခဲ့ဖူးသော (မိမိကိုယ်တွေ့ဖြစ်သော) မိမိခန္ဓာ၊ သူတစ်ပါးခန္ဓာနှင့် ပြင်ပ ဗဟိဒ္ဓ အာရုံများသည် ပုဗ္ဗေနိဝါသ မည်၏၊
တတိယနည်း အလိုအားဖြင့် မိမိဝိညာဏ်ဖြင့် အာရုံပြု၍နေခဲ့ဖူးသော တရားသာမက သူတစ်ပါးတို့ ဝိညာဏ်ဖြင့် အာရုံပြု၍နေခဲ့ဖူးသော (ကိုယ်တွေ့ မဟုတ်သော) အာရုံများသည်လည်း ပုဗ္ဗေနိဝါသ မည်၏ - ဟု ယုံမှားမဲ့ မှတ်ယူရာ၏၊
“ရှေးခြောက်နှစ်ကာလ ခါသမယ၌ ထင်ရှား၏ အမှန်မရှိသော တပ်မက်စွဲလမ်းခြင်း၏ နှိပ်စက် ညှဉ်းပန်းမှုခံရခြင်း” ဟူသော အဘိဓမ္မာ ဆရာစိန်ဆိုသူ ပြန်ဆိုအပ်သော အနက်သည်ကား မည်သည့် ကျမ်းဂန်၌မျှ မရှိသော သဒ္ဒါအနက်လိုက်ဖက်တွဲစပ်၍ လုံးဝမရသော အနက်သာ ဖြစ်သည်၊ ဘုရားရှင်၏ ပုဗ္ဗေနိဝါသ ဉာဏ်တော်ကြီးကို တစ်ဘဝအတွင်း၌သာ ဘောင်ခတ်လို၍ ရှေးခြောက်နှစ်ဟု ဆိုခြင်းဖြစ်သည်၊ တစ်ဘဝအတွင်း၌သာ ဘောင်ခတ်လိုခြင်းသည်လည်း ရုပ်ဝါဒနှင့် ကိုက်ညီအောင် ကြိုးစားခြင်းသာ ဖြစ်ပေသည်။
အနုဿတိ၌ အနုသဒ္ဒါသည် အစဉ်လျှောက်၍ဟူသော “အနုဂတ” အနက်နှင့် အခြားမဲ့ဟူသော “အနန္တရ” အနက်တို့ကိုဟောသည်။
တစ်ဘဝသိပြီးလျှင် နောက်ဘဝတို့ကိုသိ၊ ထိုနောက်ဘဝကို သိပြီးလျှင် ထိုမှ နောက်ဖြစ်သော ဘဝကိုသိ စသည်ဖြင့် ဘဝအစဉ်ကို လျှောက်၍ အောက်မေ့ခြင်းသည် “အနုဂတ” အစဉ်လျှောက်၍ အောက်မေ့ခြင်းဖြစ်သည်၊ ရှေးဘဝတို့၌ နေခဲ့ဖူးသော ခန္ဓာတို့ ထင်လာအောင် အခြေခံဝင်စားအပ်သော ပါဒကစျာနဝီထိနှင့် “ရှေးဘဝ၌ နေခဲ့ဖူးသော ခန္ဓာကို သိအံ့” ဟု ပရိကံပြုသော ဝီထိများမဖြစ်ဘဲ စတုတ္ထစျာန်စိတ်ကို ပုဗ္ဗေနိဝါသသို့ ညွတ်စေခြင်း၏ အခြားမဲ့၌ အောက်မေ့နိုင်ခြင်းသည် “အနန္တရ” အခြားမဲ့၌ အောက်မေ့ခြင်းသည် ထိုသတိနှင့် ယှဉ်သော ဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် မည်၏၊
ပုဗ္ဗေနိဝါသာနုဿတိတီ ယာယ သတိယာ ပုဗ္ဗေနိဝါသံ အနုဿရတိ။ သာ ပုဗ္ဗေနိဝါသာနုဿတိ။ ဉာဏန္တိ တာယ သတိယာ သမ္ပယုတ္တဉာဏံ (ဝိသုဒ္ဓိ၊၂၊၄၀။ ဝိ၊ဋ္ဌ၊၁၊၁၂၈)။
ပုဗ္ဗေနိဝါသာနုဿတိ- ဟူသည်ကား၊ အကြင်သတိဖြင့် ရှေးအတိတ်ဘဝ၌ နေအပ်ခဲ့ဖူးသော ခန္ဓာကို၊ ဝါ၊ ရှေးအတိတ်ဘဝ၌ နေအပ်ခဲ့ဖူးသော တရားကို၊ အစဉ်လျှောက်၍ အောက်မေ့နိုင်၏၊ ထိုသတိသည် ပုဗ္ဗေနိဝါသာနုဿတိမည်၏၊ ဉာဏ်ဟူသည်ကား ထိုသတိနှင့် ယှဉ်သော ဉာဏ်တည်း။
ပြဆိုခဲ့ပြီးသော စကားရပ်တို့ဖြင့် “ရှေးအတိတ်ဘဝတို့၌ နေခဲ့ဖူးသော ခန္ဓာ၊ ရှေးအတိတ်ဘဝတို့၌ မိမိဝိညာဏ် သူတစ်ပါးတို့ ဝိညာဏ်ဖြင့် အာရုံပြု၍ နေခဲ့ဖူးသော (တွေ့ကြုံခဲ့ဖူးသော) အာရုံ အကြောင်းအရာတို့ကို (အစဉ်လျှောက်၍ဖြစ်စေ၊ စိတ်ကို ညွတ်စေခြင်း၏ အခြားမဲ့၌ဖြစ်စေ) အောက်မေ့နိုင်သော သတိနှင့် ယှဉ်သော ဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်မည်၏၊
ထိုဉာဏ်ကိုပင် ပုဗ္ဗေနိဝါသဉာဏ်ဟု အတိုကောက် ခေါ်ကြသည်။
ဗုဒ္ဓရှင်တော်မြတ်သည် ထို ပုဗ္ဗေနိဝါသာနုဿတိ ဝိဇ္ဇာဉာဏ်ကို ရစေနိုင် ဖြစ်စေနိုင်သော အကျင့် ပဋိပဒါလမ်းစဉ်ကိုလည်းကောင်း၊ ထိုလမ်းစဉ်အတိုင်း ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူခဲ့ပုံကို လည်းကောင်း၊ ကိုယ်တော်တိုင် ထိုဉာဏ်ကို ရ၍ ရှေးအတိတ်ဘဝများစွာ၌ နေခဲ့ဖူးသော (တွေ့ကြုံခဲ့ဖူးသော) အကြောင်းအရာများကို ကိုယ်တော်တိုင် သိတော်မူပုံကို လည်းကောင်း အောက်ပါအတိုင်း ဟောတော်မူခဲ့လေသည်။
အာရဒ္ဓံ ခေါ ပန မေ ဗြာဟ္မဏ ဝီရိယံ အဟောသိ။ ပ။ ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ စိတ္တံ အဘိနိန္နာ မေသိံ။ သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရာမိ။ပ။ အယံ ခေါ မေ ဗြာဟ္မဏ ပဌမာဘိနိဗ္ဗိဒါ အဟောသိ ကုက္ကုဌစ္ဆာပကေဿဝ အဏ္ဍကောသမှာ (ဝိ၊၁၊၄-၅)။
မြန်မာပြန်
ပုဏ္ဏား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ (ငါ့အား) မေ့လျော့ (ပျောက်ပျက်) ခြင်းမရှိသော သတိသည် ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်း မရှိ ငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ပြီ၊ ပုဏ္ဏား ထိုငါသည် ကာမဂုဏ်တို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်ခြင်း “ဝိတတ်”နှင့်တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း “ဝိစာရ” နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း “ပီတိ” ချမ်းသာခြင်း “သုခ” ရှိသော ပထမစျာန်သို့ ရောက်၍ နေခဲ့ပြီ။
ဝိတက်၊ ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သောစိတ်၊ တည်ကြည်မှု သမာဓိကိုပွားစေတတ်သော၊ ကြံစည်မှု “ဝိတက်” မရှိသော၊ သုံးသပ်ဆင်ခြင်မှု “ဝိစာရ” မရှိသော၊ တည်ကြည်မှု “သမာဓိ” ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း “ပီတိ”၊ ချမ်းသာခြင်း “သုခ” ရှိသော ဒုတိယစျာန်သို့ ရောက်၍ နေခဲ့ပြီး နှစ်သိမ့်မှု “ပီတိ” ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့မှု “သတိ” ဆင်ခြင်မှု “သမ္ပဇဉ်”နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေခဲ့ပြီ၊ ချမ်းသာမှု “သုခ”ကိုလည်း ကိုယ်ဖြင့် ခံစားခဲ့ပြီ၊ အကြင် တတိယစျာန်ကြောင့် ထိုသူကို” “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ” ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကြကုန်၏၊ ထို ငါသည် ထို တတိယစျာန်သို့ ရောက်၍ နေခဲ့ပြီ။
ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု “ဥပေက္ခာ” ကြောင့်ဖြစ်သော သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်သို့ ရောက်၍ နေခဲ့ပြီ။
ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေး မရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှာ အသင့် ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ ဖြစ်ဖူးသော (နေဖူးသော) (ဘဝခန္ဓာ) ကို အောက်မေ့၍သိသော “ပုဗ္ဗေနိဝါသာနုဿတိဉာဏ်” အလို့ငှာ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။
(ဤ စကားတော် အစဉ်ဖြင့် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၏ အကျင့် ပဋိပဒါ အကျဉ်းချုပ်ကို ပြတော်မူသည်၊ အကျယ် ဝိသုဒ္ဓိမဂ် ဒု၊ နှာ - ၄၂)
“ထိုငါသည် များပြားသော ရှေး၌နေခဲ့ဖူးသော ဘဝ(ခန္ဓာ)ကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း။
တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ ပ။ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း။ပ။ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝ တစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ အောက်မေ့နိုင်ခဲ့ပြီ၊ အဘယ်ပုံ အောက်မေ့နိုင်ခဲ့သနည်း၊ ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်အနွယ် ရှိခဲ့၏၊ ဤသို့သောအဆင်းရှိခဲ့၏၊ ဤသို့သော အစာအာဟာရ ရှိခဲ့၏၊ ဤသို့ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှစုတေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏ဟု” ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့်တကွ များပြားသော ရှေး၌ဖြစ်ခဲ့ဖူး (နေခဲ့ဖူး)သော ဘဝကို အောက်မေ့နိုင်ခဲ့ပြီ။
ပုဏ္ဏား ငါသည် ညဉ့်ဦးယာမ်၌ ဤပဌမဖြစ်သော အသိဉာဏ် “ဝိဇ္ဇာ”ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု “အဝိဇ္ဇာ” ပျောက်၍ အသိဉာဏ် “ဝိဇ္ဇာ” ဖြစ်ပေါ်သကဲ့သို့ ငါ့အား မသိမှု “အဝိဇ္ဇာ” ပျောက်၍ အသိဉာဏ် “ဝိဇ္ဇာ” ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ ငါ့အား အမိုက်မှောင် ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာဥခွံမှ) ငါ၏ ပဌမဖောက်ခွဲ ထွက်ပေါ်လာခြင်းဖြစ်၏၊
ဤကား ဘုရားရှင် ကိုယ်တော်မြတ်၏ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရအောင် အားထုတ် ကျင့်ကြံခဲ့ပုံနှင့် ထိုဉာဏ်ဖြင့် အတိတ်ဘဝတို့ကို ပြန်ပြောင်းသိမြင်တော်မူပုံကို ဝေရဉ္ဇပုဏ္ဏားကြီးအား ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော ရွှေနှုတ်တော်ထွက် စကားတော်ပေတည်း။
သို့ဖြစ်သောကြောင့် ပုဗ္ဗေနိဝါသကို ရှေ့ခြောက်နှစ်စသည်ဖြင့် စုဒိတကတို့၏ ရေးသားချက်သည် အဓမ္မစကားရပ်များ ဖြစ်ကြောင်း ထင်ရှားပေသည်။
(ခ) ဒိဗ္ဗစက္ခုဉာဏ်
စုဒိတကတို့၏ ဒိဗ္ဗစက္ခု ဉာဏ် ရေးသားချက် မှားယွင်းပုံကို စိစစ်ဦးအံ့ -
၂၁။ (က) ဒိဗ္ဗစက္ခုဉာဏ (ဒိဗ္ဗ + စက္ခု + ဉာဏ) နတ်တို့၏ပသာဒစက္ခုမျက်စိ အကြည်ရုပ်သည် သုစရိုက်ကံကြောင့် ဖြစ်သည့်အတွက် သည်းခြေ သလိပ် သွေးဆိုး စသော အနှောက်အယှက်တို့က မနှောက်ယှက်အပ်ဘဲ ညစ်ညူးကြောင်း အပြစ်တို့မှ ကင်းလွတ်ခြင်းကြောင့် အဝေး၌တည်သော ရူပါရုံ၊ သေးငယ်သောရူပါရုံကိုသော်လည်း မြင်စွမ်းနိုင်သည်၊ ဝီရိယ ပြဋ္ဌာန်းသည့် ဘာဝနာအစွမ်းကြောင့်ဖြစ်သော ဤအဘိညာဉ် ဉာဏ်မျက်စိသည်လည်း ညစ်ညူးကြောင်း အပြစ်တို့မှ ကင်းလွတ်ခြင်း၊ အဝေး၌တည်သော ရူပါရုံ၊ သေးငယ်သော ရူပါရုံကိုသော်လည်း မြင်စွမ်းနိုင်ခြင်းအားဖြင့် နတ်မျက်စိနှင့် တူသောကြောင် “ဒိဗ္ဗ” မည်၏၊
(က) ဒိဗ္ဗေနာတိအာဒီသု ဒိဗ္ဗသဒိသတ္တာ ဒိဗ္ဗံ။ ဒေဝတာနဥှိ သုစရိတကမ္မ နိဗ္ဗတ္တံ ပိတ္တသေမှရုဟိရာဒီဟိ အပလိဗုဒ္ဓံ ဥပက္ကိလေသဝိမုတ္တတာယ ဒူရေပိ အာရမ္မဏသမ္ပဋိစ္ဆနသမတ္ထံ ဒိဗ္ဗံ ပသာဒစက္ခု ဟောတိ၊ ဣဒဉ္စာပိ ဝီရိယဘာဝနာဗလနိဗ္ဗတ္တံ ဉာဏစက္ခု” တာဒိသမေဝါတိ ဒိဗ္ဗဒိသတ္တာ ဒိဗ္ဗံ (ဝိ၊ဋ္ဌ၊၁၊၁၃၂။ ဝိသုဒ္ဓိ၊၂၊၅၃-၅၄)။
(ဤဥပမာသည် ဥပမေယျဖြစ်သော ဒိဗ္ဗစက္ခုဉာဏ်အောက် ယုတ်ညံ့သော နတ်မျက်စိနှင့် နှိုင်းယှဉ်ပြသော ဟီနုပမာ ဖြစ်သည်၊ ဒိဗ္ဗစက္ခုဉာဏ်ကား နတ်မျက်စိထက် မယှဉ်သာအောင် သာလွန်သည်။)
(ခ) တစ်နည်း၊ ဗြဟ္မာ့ပြည်၌ စျာန်တရားတို့ အဖြစ်များ၍ ထိုစျာန်တရားဖြင့် နေခြင်းကြောင့် ရူပါဝစရစျာန်လေးပါးသည် ဒိဗ္ဗဝိဟာရ မည်၏၊ ထိုဒိဗ္ဗဝိဟာရ မည်သော စျာန်လေးပါး၏ အစွမ်းဖြင့် ရအပ်သောကြောင့် (အကြောင်းစျာန်အမည်ကို အကျိုးဉာဏ် မျက်စိ၌ တင်စား၍ ကာရဏူပစာရအားဖြင့်) ဉာဏ်မျက်စိသည် ဒိဗ္ဗ မည်၏၊
(ဂ) တစ်နည်း၊ အင်္ဂါရှစ်ပါးရှိသော စတုတ္ထစျာန်ကို (ပါဒက) အခြေခံပြု၍ဒိဗ္ဗစက္ခုအဘိညာဉ်ဖြစ်ရ၏၊ ထို့ကြောင့် ဒိဗ္ဗစက္ခုအဘိညာဉ်သည် ဒိဗ္ဗဝိဟာရမည်သော (ပါဒက) စတုတ္ထစျာန်ကို မှီသည်ဟုဆိုရသည်၊ ဤသို့ မိမိကိုယ်တိုင် ဒိဗ္ဗဝိဟာရ မည်သော (ပါဒက) အခြေခံဖြစ်သည့် စတုတ္ထစျာန်ကိုမှီသောကြောင့် (အကြောင်းစျာန်၏ အမည်ကို အကျိုး ဉာဏ်မျက်စိ၌ တင်စား၍ ကာရဏူပစာရအားဖြင့်) ဉာဏ်မျက်စိသည် ဒိဗ္ဗ မည်၏၊
ဒိဗ္ဗဝိဟာရဝသေန ပဋိလဒ္ဓတ္တာ၊ အတ္တနာ စ ဒိဗ္ဗဝိဟာရ သန္နိဿိတတ္တာပိ ဒိဗ္ဗံ (ဝိ၊ဋ္ဌ၊၁၊၁၃၂။ ဝိသုဒ္ဓိမဂ်၊ဒု၊ ၅၃-၅၄)။
(ဃ) တစ်နည်း၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို ဖြစ်စေလိုသော တန်ခိုးရှင်သည် ပင်ကိုယ်က အရောင်ရှိသော တေဇော ကသိုဏ်း၊ ဩဒါတ ကသိုဏ်း၊ အာလောက ကသိုဏ်းဟူသော ကသိုဏ်းသုံးပါးတို့တွင် တစ်ပါးပါးကို အာရုံပြု၍ စတုတ္ထစျာန်ကို အခြေခံ(ပါဒက) စျာန်အဖြစ်ဖြင့် ဝင်စားရသည်၊ ဤသို့ အရောင်အလင်းကို သိမ်းယူရသည့်အတွက် ကြီးကျယ်သော အရောင်ရှိသည်၏ အဖြစ်ကြောင့် ဒိဗ္ဗမည်၏၊
အာလောကပရိဂ္ဂဟေန မဟာဇုတိကတ္တာပိ ဒိဗ္ဗံ။
တိရောကုဋ္ဋဒိဂတရူပဒဿနေန မဟာဂတိကတ္တာပိ ဒိဗ္ဗံ။
ဒဿနတ္ထေန စက္ခု၊ စက္ခုကိစ္စကရဏေန စက္ခုမိဝါတိပိ စက္ခု (ဝိ၊ဋ္ဌ၊၁၊၁၃၂။ ဝိသုဒ္ဓိမဂ္ဂ ဒု၊ ၅၄)။
(င) တစ်နည်း၊ နံရံတစ်ဖက်စသော အရပ်၌ဖြစ်သော ရူပါရုံကို မြင်နိုင်သည့် အတွက် အံ့ဩဖွယ်ကောင်းသော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်း ဒိဗ္ဗမည်၏၊
ဒိဗ္ဗစက္ခုဟူသော ပုဒ်၌ စက္ခုသည် ပကတိ မျက်စိကို မဟော ရူပါရုံကို မြင်တတ်သောကြောင့် စက္ခုမည်၏၊ တစ်နည်း၊ မျက်စိ၏ ကိစ္စကို ပြုခြင်းကြောင့် ပကတိ မျက်စိနှင့်တူသည့်အတွက် စက္ခု မည်၏၊
ဤသို့ ဆိုခဲ့ပြီးသော စကားအစဉ်ဖြင့် နတ်ပြည်၌ဖြစ်သော ပသာဒစက္ခုနှင့်တူသော (ဝါ) ဒိဗ္ဗဝိဟာရမည်သော စျာန်လေးပါးအစွမ်းဖြင့် ရအပ်သော (ဝါ) ဒိဗ္ဗဝိဟာရ စတုတ္ထစျာန်ကို မှီသော (ဝါ) ထွန်းလင်းတောက်ပသော (ဝါ) နံရံတစ်ဖက်စသော အရပ်သို့ မငြိမကပ် သွားတတ်သော ဉာဏ်မျက်စိသည် ဒိဗ္ဗစက္ခု မည်၏ဟု ယုံမှားမဲ့ မှတ်ရာ၏၊
ဤဒိဗ္ဗစက္ခုဉာဏ်သည်ပင် စုတိပဋိသန္ဓေကို သိကြောင်းဖြစ်သောကြောင့် “စုတူပပါတဉာဏ်”လည်း မည်၏၊ ဤဉာဏ်ဖြင့် သိမြင်ပုံ အကြောင်းအရာကို အောက်ပါအတိုင်း ဘုရားရှင် ဟောတော်မူခဲ့သည်။
သောဧဝံ သမာဟိတေ။ပ။ အဘိနိန္နာမေသိံ၊ သော ဒိဗ္ဗေန စက္ခုနာ။ပ။ အယံ ခေါ မေ ဗြာဟ္မဏ ဒုတိယာဘိနိဗ္ဗိဒါ အဟောသိ ကုက္ကုဋစ္ဆာပကေဿဝ အဏ္ဍကောသမှာ (ဝိ၊၁၊၅-၆)။
မြန်မာပြန်
ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေး မရှိလတ်သော် ညစ်ညူးကြောင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှာ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို ငါသည် သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိသော “စုတူပပါတဉာဏ်” အလို့ငှာ စိတ်ကို ရှေးရှုညွှတ်စေခဲ့ပြီ။
[ဤစကားတော်ဖြင့် အကျင့် ပဋိပဒါကို အကျဉ်းပြသည်။]
ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မြင်နိုင်လောက်ရာ ဥပစာကို လွန်သော နတ်မျက်စိနှင့်တူသော “ဒိဗ္ဗစက္ခုဉာဏ်ဖြင့် စုတိခါနီး သတ္တဝါ၊ ပဋိသန္ဓေနေပြီးစ သတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကိုသိ၏၊ (ဘယ်ပုံသိသနည်း) အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ကာယဒုစရိုက်နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ဝစီဒုစရိုက်နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် မနောဒုစရိုက်နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲ ကျရောက်ရာ ငရဲ၌ဖြစ်ကြကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ဝစီသုစရိုက်နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့် မနောသုစရိုက်နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကြကုန်၊ မှန်သောအယူရှိကုန်၏၊ မှန်သော အယူဖြင့် ဆောက်တည်အပ်သောကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ လူ့ပြည် နတ်ပြည် သုဂတိ၌ ဖြစ်ကြကုန်၏ဟု သိ၏၊
ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မြင်နိုင်လောက်ရာ ဥပစာကို ကျော်လွန်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် စုတေခါနီးသတ္တဝါ ပဋိသန္ဓေနေပြီးစသတ္တဝါ။ပ။ ကံအားလျော်စွာ ဖြစ်ကြရသော သတ္တဝါတို့ကို သိ၏၊
ပုဏ္ဏား ငါသည် သန်းခေါင် မဇ္ဈိမယာမ်၌ ဤ ဒုတိယ အသိဉာဏ် ဝိဇ္ဇာကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု အဝိဇ္ဇာ ပျောက်၍ အသိဉာဏ် ဝိဇ္ဇာ ဖြစ်ပေါ်သကဲ့သို့ ငါ့အား မသိမှု အဝိဇ္ဇာပျောက်၍ အသိဉာဏ်ဝိဇ္ဇာ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင် ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာဥခွံမှ) ငါ၏ ဒုတိယ ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏၊
ဤကား ဘုရားရှင်၏ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရအောင် ကျင့်ကြံ ကြိုးကုတ် အားထုတ်တော်မူခဲ့ပုံနှင့် ထိုဉာဏ်ဖြင့် သိမြင်တော်မူပုံတို့ကို ဝေရဉ္ဇပုဏ္ဏားကြီးအား ကိုယ်တော်တိုင် ဟောကြားတော်မူအပ်သော ရွှေနှုတ်တော်ထွက် စကားတော်မြတ်ပေတည်း။
အချုပ်ကား ဒိဗ္ဗစက္ခု-ဟူသည် လူတို့၏ ပကတိ မံသစက္ခု မဟုတ်၊ အဘိဉာဏ်ပိုင်ရှင်တို့၏ နတ်မျက်စိကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်သော ဉာဏ်မျက်စိသာဖြစ်လေသည်။
(ဂ) အာသဝက္ခယဉာဏ်
၂၂။ အာသဝ =အာသဝတရားတို့ကို + ခယ = ကုန်ခန်းစေတတ်သော +ဉာဏ = အသိဉာဏ်။
အဘယ်ကြောင့် အဘယ်တရားတို့သည် အာသဝ မည်ကုန်သနည်း -
(က) အိုင်းအမာမှ စက်ဆုပ်ဖွယ်ဖြစ်သော သနံရည် ပြည်စေးတို့ ယိုစီးထွက်ကျသကဲ့သို့ စက္ခုစသော ခြောက်ဒွါရမှ ရူပါရုံစသော အာရုံခြောက်ပါးတို့၌ ယိုစီးထွက်ကျတတ် (ဖြစ်တတ်) သောကြောင့် လောဘ၊ ဒိဋ္ဌိ၊ မောဟ တို့သည် အာသဝ မည်ကုန်၏၊
တတ္ထ အာသဝန္တီတိ အာသဝါ၊ စက္ခုတောပိ။ပ။ မနတောပိ သန္ဒန္တိ ပဝတ္တန္တီတိ ဝုတ္တံ ဟောတိ (မ၊ဋ္ဌ၊၁၊၆၃။)(အဘိ၊ဋ္ဌ၊၁၊၉၀)။
(ခ) တစ်နည်း၊ တရားသဘောအားဖြင့် သောတာပတ္တိမဂ်၏ ရှေးဂေါတြဘု တိုင်အောင်၊ တည်ရာဘုံအားဖြင့် နေဝသညာနာသညာယတနဘုံဟု ဆိုအပ်သော ဘဝဂ်တိုင်အောင် ဖြစ်တတ်သောကြောင့် လောဘ ဒိဋ္ဌိ မောဟတို့သည် အာသဝမည်ကုန်၏၊
ဓမ္မတော ယာဝ ဂေါတြဘုံ ဩကာသတော ယာဝ ဘဝဂ္ဂံ သဝန္တီတိ ဝါ အာဝဝါ၊ ဧတေ ဓမ္မေ ဧတဉ္စ ဩကာသံ အန္တောကရိတွာ ပဝတ္တန္တီတိ အတ္ထော (မ၊ဋ္ဌ၊၁၊၆၃။)(အဘိ၊ဋ္ဌ၊၁၊၉၀)။
(ဂ) တစ်နည်း၊ လောက၌ အခိုးပြင်းအောင် ကြာမြင့်စွာ စိမ်ထားအပ် ထုံထားအပ်သော စိမ်ရည်အရက်ကို အာသဝ-ဟု ခေါ်၏၊ ဤလောဘ ဒိဋ္ဌိ မောဟ-ဟူသော တရားဆိုးတို့သည်လည်း အစမထင် သံသရာတစ်ခွင်မှ ယနေ့တိုင်အောင် ခန္ဓာကိုယ်တည်း ဟူသော အရက်အိုး၌ ကြာမြင့်စွာ ထုံအပ်သည့် အတွက် စိမ်ရည်နှင့်တူသောကြောင့် အာသဝ မည်ကုန်၏၊
စိရပါရိဝါသိယဋ္ဌေန မဒိရာဒယော အာသဝါ၊ အာသဝါ ဝိယာ တိပိ အာသဝါ။ လောကသ္မိဥှိ စိရပါရိဝါသိကာ မဒိရာဒယော အာသဝါတိ ဝုစ္စန္တိ (မ၊ဋ္ဌ၊၁၊၆၃။)(အဘိ၊ဋ္ဌ၊၁၊၉၀)။
(ဃ) တစ်နည်း၊ ကောက်ပင်သည် အသီးကို သီးသကဲ့သို့ ရှည်လျားလှစွာသော သံသရာ ဒုက္ခတည်းဟူသော အသီးကို သီးတတ် (ဖြစ်စေတတ်) သောကြောင့် လောဘ ဒိဋ္ဌိ မောဟတို့သည် အာသဝမည်ကုန်၏၊
အာယတံ ဝါ သံသာရ ဒုက္ခံ သဝန္တိ ပသဝန္တီတိပိ အာသဝါ (မ၊ဋ္ဌ၊၁၊၆၃။)(အဘိ၊ဋ္ဌ၊၁၊၉၀)။
ထို့ကြောင့် စက္ခုစသော ခြောက်ဒွါရမှ ရူပါရုံစသော အာရုံခြောက်ပါးတို့၌ ယိုစီးထွက်ကျတတ်သောကြောင့် လည်းကောင်း၊ တရားအားဖြင့် ဂေါတြဘုတိုင်အောင် တည်ရာဘုံအားဖြင့် ဘဝဂ်တိုင်အောင် ဖြစ်တတ်သောကြောင့် လည်းကောင်း၊ ကြာမြင့်စွာ စိမ်အပ် ထုံအပ်သော စိမ်ရည်အရက်နှင့် တူသောကြောင့်လည်းကောင်း၊ ရှည်လျားလှစွာသော သံသရာဒုက္ခတည်းဟူသော အသီးကို သီးတတ်သောကြောင့်လည်းကောင်း လောဘ ဒိဋ္ဌိ မောဟတို့သည် အာသဝ မည်ကုန်၏ ဟု အကျဉ်းချုပ်သိရာ၏၊
[တပ်မက်စွဲလမ်းမှု ဖြစ်ခြင်းဟူသမျှ အာသဝ - ဟု ဆိုသော အဘိဓမ္မာ ဆရာစိန် ဆိုသူ၏ အနက်ကား မည်သည့် ကျမ်းဂန်၌မျှ မရှိသော အနက်ဖြစ်သည်။]
ခယသဒ္ဒါကား ကုန်ခြင်း၊ ကုန်ရာ၊ ကုန်ကြောင်း၊ ကုန်စေတတ် ဟူသော အနက်တို့ကို ဟော၏၊ ဤအရာ၌ ကုန်ကြောင်းဖြစ်သော (ဝါ) ကုန်စေတတ်သော အရဟတ္တမဂ်ကို ဟော၏၊ အရဟတ္တမဂ်ဟူသည် သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးတည်း၊ ဉာဏအရကား ထို အရဟတ္တမဂ်ဟု ဆိုအပ်သော မဂ္ဂင်ရှစ်ပါး၌ ပါဝင်သော သမ္မာဒိဋ္ဌိ မဂ္ဂင်ဟု ဆိုအပ်သော ဉာဏ်တည်း။
ထို့ကြောင့် အာသဝတရားတို့၏ ကုန်ကြောင်းဖြစ်သော (ဝါ) အာသဝတရားတို့ကို ကုန်စေတတ်သော အရဟတ္တမဂ်၌ပါဝင်သော သမ္မာဒိဋ္ဌိမဂ္ဂင်တည်းဟူသော ဉာဏ်သည် အာသဝက္ခယဉာဏ် မည်၏ဟု တိကျမှန်ကန်သော အနက်ကို သိရာ၏၊
အာသဝါနံ ခယဉာဏာယာတိ အရဟတ္တမဂ္ဂဉာဏတ္ထာယ၊ အရဟတ္တမဂ္ဂေါ ဟိ အာသဝါဝိနာသနတော အာသဝါနံ ခယောတိ ဝုစ္စတိ၊ တတြစေတံ ဉာဏံ၊ တပ္ပရိယာ ပန္နတ္တာတိ (မ၊ဋ္ဌ၊၁၊၁၃၁။ ဝိ၊ဋ္ဌ၊၁၊၁၃၆)။
ထိုအာသဝက္ခယဉာဏ်ကို ရရန် ကျင့်ကြံ ကြိုးကုန် အားထုတ်တော်မူခဲ့ပုံနှင့် ထိုဉာဏ်ကို ရတော်မူပုံကိုလည်း အောက်ပါအတိုင်း ဘုရားရှင် ဟောတော်မူခဲ့ပေသည်။
သော ဧဝံ သမာဟိတေ စိတ္တေ။ပ။ အာသဝါနံ ခယဉာဏယ စိတ္တံ အဘိနိန္နာမေသိံ။ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ အဗ္ဘညာသိံ။ပ။ အယံ ခေါ မေ ဗြဟ္မဏ တတိယာဘိနိဗ္ဗိဒါ အဟောသိ ကုက္ကုဋစ္ဆာပကေဿဝ အဏ္ဍကောသမှာ (ဝိ၊၁၊၆)။
မြန်မာပြန်
ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှာ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် အာသဝေါတရားတို့ကို ကုန်စေတတ်သော အာသဝက္ခယဉာဏ်အလို့ငှာ စိတ်ကို ရှေးရှု ညွှတ်စေခဲ့ပြီ။
ငါသည် ဤကား ဆင်းရဲဒုက္ခဟု ဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲ ဖြစ်ပေါ်ခြင်း၏ အကြောင်း ဒုက္ခသမုဒယဟု ဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) နိရောဓဟု ဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း ကျင့်စဉ် ဒုက္ခနိရောဓဂါမိနိပဋိပဒါ-ဟု ဟုတ်မှန်သော အတိုင်းသိခဲ့ပြီ၊ ဤသည်ကား ယိုစီးမှု အာသဝတို့ဟု ဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤသည်ကား ယိုစီးမှုအာသဝတို့ချုပ်ရာ (နိဗ္ဗာန်) အာသဝနိရောဓ- ဟု ဟုတ်မှန်သောအတိုင်းသိခဲ့ပြီ၊ ဤကား ယိုစီးမှုအာသဝတို့ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း ကျင့်စဉ် အာသဝနီရောဓဂါမိနိပဋိပဒါဟု ဟုတ်မှန်သော အတိုင်းသိခဲ့ပြီ၊ ဤသို့ သိမြင်သော ထိုငါ (ဘုရား)၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် လွတ်မြောက်ခဲ့လေပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသော ပြုဖွယ် မရှိပြီဟု သိခဲ့ပြီ။
ပုဏ္ဏား ငါသည် မိုးသောက် ပစ္ဆိမယာမ်၌ ဤတတိယမြောက်ဖြစ်သော အသိဉာဏ်ဝိဇ္ဇာကိုရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု အဝိဇ္ဇာပျောက်၍ အသိဉာဏ် ဝိဇ္ဇာ ဖြစ်ပေါ်သကဲ့သို့ ငါ့အား မသိမှု အဝိဇ္ဇာပျောက်၍ အသိဉာဏ် ဝိဇ္ဇာ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာဥခွံ)မှ ငါ၏ တတိယမြောက် ဖောက်ခွဲထွက်ပေါ်လာခြင်းဖြစ်၏၊
ဤကား ဘုရားရှင် အာသဝက္ခယဉာဏ်ရရန် ကျင့်ကြံ ကြိုးကုတ် အားထုတ်တော်မူခဲ့ပုံနှင့် ထိုဉာဏ်ကို ရတော်မူခဲ့ပုံကို ဝေရဉ္ဇပုဏ္ဏားကြီးအား ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော ရွှေနှုတ်တော်ထွက် စကားတော်ပေတည်း။
ဤသို့လျှင် ဘုရားရှင်၏ ပုဗ္ဗေနိဝါသ၊ ဒိဗ္ဗစက္ခု၊ အာသဝက္ခယ ဟူသော ဝိဇ္ဇာသုံးပါးဉာဏ်တော်များ၏ အနက်အဓိပ္ပာယ်မှန်ကို ပါဠိတော် အဋ္ဌကထာတို့၌ ကျနစွာ ဟောကြားဖွင့်ဆိုထားချက်များ ရှိပါလျက် အဘိဓမ္မာ ဆရာစိန်ဆိုသူ၏ အမှန်တရား သုတေသန အမှတ်(၁) စာစောင်၌ ရေးသားချက်များသည် ဘုရားတရားနှင့် များစွာ ဆန့်ကျင်နေခြင်းကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်များက သုံးသပ်တော်မူကြသည်။
အမှတ်စဉ် (၁၅) ဗ - အမှတ်ပြ စကားရပ်ကို စိစစ်သုံးသပ်ချက်
၂၃။ (ဗ) အတ္တကိလမထာနုယောဂ- အတ္တ ဟူသော ပုဒ်၏ သရုပ်ကား ဝိညာဏ်စိတ်ဖြစ်၏၊ ကိလမထ၏ အဓိပ္ပာယ်ကား ချုပ်ချယ်ထားခြင်းကို ဆို၏၊ အနုယောဂပုဒ်၏ သဘောသွားကား ဘာဝနာကမ္မဋ္ဌာန်း တစ်ခုခုကို အစဉ်အားဖြင့် အားထုတ်ကျင့်ကြံနေမှုကို ဆို၏၊ (အမှန်တရား သုတေသန အမှတ် ၆)
ဤစကားရပ်၏ ပိဏ္ဍတ္ထကား “ဝိဉာဏ်စိတ်ကို ချုပ်ချယ်၍ ဘာဝနာကမ္မဋ္ဌာန်းတစ်ခုခုကို အစဉ်အားဖြင့် အားထုတ်ကျင့်ကြံနေမှုသည် အတ္တကိလမထာနုယောဂဖြစ်သည်” ဟု ဆိုလိုရင်းဖြစ်သည်၊ ဤစကားရပ်ကို ကျမ်းဂန်နှင့် ညီမညီ စိစစ်သည်ရှိသော် အတ္တကိလမထာနုယောဂ ဟူသော ပါဌ်၌ အတ္တသဒ္ဒါသည်
(က) အတ္တသုဒန္တောပုရိသဿဇောတီ (သံ၊၁၊၁၇၁) စသော ပါဌ်၌ “စိတ်” ဟူသောအနက်၊
(ခ) အတ္တာနံ ဝဒိတွာ ရောဒတိ (ဝိ၊၂၊၃၆၄) စသော ပါဌ်၌ “ကိုယ်” ဟူသောအနက်၊
(ဂ) အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ (သံ၊၂၊၃၅) စသော ပါဌ်၌ “လောကီလောကုတ္တရာ တရား” အနက်၊
(ဃ) မစ္ဆတ္တနိယတာ ဓမ္မာ (အဘိ၊၁၊၃) စသောပါဌ်၌ “သဘော” ဟူသော အနက်၊
(င) အတ္တနာ ဝါ အတ္တနံ သမ္မန္နိတဗ္ဗံ (ဝိ၊၃၊၁၃၁) စသော ပါဌ်၌ “မိမိ၊ မိမိကိုယ်” ဟူသောအနက်၊
(စ) အတ္တံ ပဟာယ အနုပါဒိယာနော (ခု၊၁၊၄၀၄) စသော ပါဌ်၌ “အတ္တဒိဋ္ဌိ” ဟူသော အနက်၊
(ဆ) ရူပံ အတ္တတော သမနုပဿတိ (အဘိ၊၂၊၃၈၉) စသော ပါဌ်၌ “တိတ္ထိတို့သည် ကြံဆအပ်သော အတ္တ” ဟူသော အနက်ကိုဟော၏၊
ဤ “အတ္တကိလမထာနုယောဂ”ဟူသောပါဌ်၌ပါသော အတ္တ-သဒ္ဒါသည်ကား “မိမိ၊ မိမိကိုယ်” ဟူသောအနက်ကိုဟောသည်၊ အမှန်တရားသုတေသနသမားတို့ ပြဆိုအပ်သော ဝိညာဏ်စိတ်ဟူသော အနက်ကိုမဟော၊ ထို့ကြောင့် အတ္တကို “သရီရ” ဟု အဋ္ဌကထာဆရာတို့ ဖွင့်ပြတော်မူကြသည်။
ကိလမထ သဒ္ဒါသည် “ပင်ပန်းဆင်းရဲခြင်း၊ ပင်ပန်းဆင်းရဲစေသောအကျင့်” ဟူသောအနက်ကိုဟောသည်၊ အဘိဓမ္မာဆရာစိန် ပြဆိုသကဲ့သို့ ချုပ်ချယ်ခြင်း ဟူသောအနက်ကိုမဟော၊ ဝိသုဒ္ဓိမဂ် မဟာဋီကာ ဒုတိယအုပ်၌-
အနသနကေသလုဉ္စနာဒိတပစရိယာယ၊ နဂ္ဂသီလ ဂေါသီလ ကုက္ကုရသီလာဒီဟိ စ အတ္တပရိတာပနေန မောက္ခော ဟောတီတိ အတ္တကိလမထော (ဝိသုဒ္ဓီ၊ဋီ၊၂၊၂၁၈)-
ဟု ဖွင့်ပြထားပေသည်။
“အနုယောင်္ဂီ သဒ္ဒါသည် အဖန်ဖန်အားထုတ်ခြင်းဟူသော အနက်ကိုဟော၏၊ မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေတတ်သောအကျင့်ကို အဖန်ဖန်အားထုတ်ခြင်းသည် “အတ္တကိလမထာနုယောင်္ဂီ မည်၏ဟု သိမှတ်ရာ၏၊ အဘိဓမ္မာဆရာစိန်တို့ ပြဆိုအပ်သော “ဘာဝနာကမ္မဋ္ဌာန်းတစ်ခုခုကို အစဉ်အားဖြင့် အားထုတ်ကျင့်ကြံနေမှု” ဟူသောအနက်ကား ထေရဝါဒ ပိဋကတ်တို့၌မပါမရှိသော အနက်သာဖြစ်၏၊
“အတ္တကိလမထာနုယောဂ” ဟူသော ပုဒ်ကို ထေရဝါဒပိဋကတ်တို့၌ ဤသို့ ဖွင့်ဆိုထားသည်ကို တွေ့ရှိရ၏၊
အတ္တကိလမထာနုယောဂေါတိ အတ္တနော ကိလမထာနုယောဂေါ၊ သရီရ ဒုက္ခကရဏန္တတိ (သံ၊ဋ္ဌ၊၃၊၁၄၅)။
အတ္တကိလမထာနုယောဂ- ဟူသည် မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေတတ်သော အကျင့်ကို အဖန်ဖန်အားထုတ်ခြင်းတည်း၊ ကိုယ်၏ဆင်းရဲမှုကို ပြုခြင်းတည်း။
အတ္တကိလမထာနုယောဂေါတိ အတ္တနော ကိလမထဿ ကဏ္ဍကသေယျာဒိ ဒုက္ခဿ အနုယောဂေါ (ဝိမတိ၊၂၊၉၀)။
အတ္တကိလမထာနုယောဂ- ဟူသည် မိမိကိုယ်၏ ဆင်းရဲခြင်းကို ဆူးပေါ်၌ အိပ်ခြင်း စသော ဆင်းရဲကို အဖန်ဖန် အားထုတ်ခြင်းတည်း။
ပြဆိုအပ်ခဲ့သော ပိဋကတ်ကျမ်းဂန်တို့ကို ထောက်၍ “အစာငတ်ခံခြင်း၊ ဆံပင်ကိုနုတ်ခြင်း၊ အဝတ်မဝတ်ခြင်း၊ နွား ခွေး စသည်တို့၏ အလေ့အကျင့်ကို ကျင့်ခြင်း၊ ဆူးပေါ်၌အိပ်ခြင်း၊ ရှေ့နောက်ဝဲယာ မီးပုံ များထား၍ နေပူနှင့် တကွ ပဉ္စာတပခေါ် အပူငါးမျိုးဖြင့် ကိုယ်ကို ညှဉ်းဆဲခြင်းစသော ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲစေတတ်သော အကျင့်ကို အဖန်ဖန်အားထုတ်ခြင်းသည် အတ္တကိလမထာနုယောဂမည်၏” ဟူသော အနက်သည်သာ မှန်ကန်သော အနက်ဖြစ်၏၊
ဝိညာဏ်စိတ်ကို ချုပ်ချယ်ထား၍ ဘာဝနာကမ္မဋ္ဌာန်း တစ်ခုခုကို အစဉ်အားထုတ်ကျင့်ကြံနေခြင်းသည် အတ္တကိလမထာနုယောဂဖြစ်သည်ဟူသော အမှန်တရား သုတေသနစာစောင်လာ စကားရပ်သည်ကား မှားယွင်းသော စကားရပ်သာဖြစ်သည်။
စိတ်ကို စောင့်ထိန်း သိမ်းဆည်း ချုပ်တည်း၍ ဘာဝနာကမ္မဋ္ဌာန်း ကြိုးပမ်းအားထုတ်ရန် မြတ်စွာဘုရား ဟောတော်မူသော ဒေသနာတော်တို့ များစွာ ရှိပေသည်၊ အနည်းငယ် ထုတ်ပြဦးအံ့။
ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထ ကာမနိပါတိနော၊
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ (ခု၊၁၊၁၈)။
နှိမ်နှင်းရန် ခဲယဉ်း၍ လျင်မြန်သော သဘောရှိသော အလိုရှိရာ အာရုံ၌ကျလေ့ရှိသော စိတ်ကို ဆုံးမခြင်းသည် ကောင်း၏၊ (ဆုံးမပြီး၍) ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏ (ခု၊မြန်၊၁၊၁၈)။
ဤဒေသနာတော်ဖြင့် စိတ်ရိုင်းကို သမထဝိပဿနာဖြင့် သိမ်းဆည်းဆုံးမပေးခြင်းသည် ကောင်းသောအကျင့်ဖြစ်ပုံ၊ ယင်းသို့ ဆုံးမ၍ ယဉ်ကျေးသောစိတ်သည် မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို ဆောင်နိုင်ပုံကို သိစေတော်မူသည်။
သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထ ကာမနိပါတိနံ။
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ (ခု၊၁၊၁၈)။
အလွန့်အလွန် မြင်နိုင်ခဲသော အလွန့်အလွန် သိမ်မွေ့သော အလိုရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏၊ စောင့်ရှောက်ထားအပ်သော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏ (ခု၊မြန်၊၁၊၁၈)။
ဤဒေသနာဖြင့်လည်း ရှေးနည်းအတူပင် သိစေတော်မူသည်၊ ဤဂါထာ၌ စောင့်ရှောက်ရမည် ဆိုသည်မှာလည်း သမထဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်ခြင်းဖြင့် စောင့်ရှောက်ရမည်ဟု ဆိုလိုသည်။
ဒူရင်္ဂမံ ဧကစာရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ (ခု၊၁၊၁၈)။
အဝေးသို့သွားတတ်သော တစ်ဦးတည်း ကျက်စားသော ကိုယ်အကောင်အထည်မရှိသော (ဟဒယဝတ္ထု) လိုဏ်ဂူ၌ မှီသောစိတ်ကို အကြင်သူတို့သည် စောင့်စည်း (ချုပ်တည်း)ကြကုန်၏၊ (ထိုသူတို့သည်) မာရ်အနှောင်အဖွဲ့မှ လွတ်ကြကုန်လတံ့ (ခု၊မြန်၊၁၊၁၈)။
ဤဒေသနာဖြင့်လည်း ရှေးနည်းအတူ စိတ်ကို စောင့်စည်းချုပ်တည်းရန် ဟောတော်မူသည်၊ သမထဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမှုဖြင့် အားထုတ် စောင့်စည်း ချုပ်တည်းရမည်ဟုမှတ်။ ဤဂါထာ၌ -
ဒူရင်္ဂမံ- ဟူသည် = အဝေး၌တည်သော အာရုံကို လှမ်း၍ အာရုံပြုနိုင်သည်ကို ဆိုသည်။
ဧကစာရံ -ဟူသည် = စိတ် ၂-ခု၊ ၃-ခု တစ်ပြိုင်နက် မဖြစ်၊ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်သည်ကို ဆိုသည်။
ဂုဟာသယံ - ဟူသည် = အတ္တကောင်ကဲ့သို့ အမြဲကိန်းဝပ်နေသည်ကို မဆိုလို၊ ဟဒယရုပ်ကိုမှီ၍ ဖြစ်သည်ကို ရည်ရွယ်ဆိုသည်။
ဤသို့ ဘုရားရှင် အလိုတော်ကို မသိပါဘဲ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့က ဤဂါထာကို ဗြဟ္မဏဟောဖြစ်လေဟန် လုပ်ကြံစွပ်စွဲခြင်းသည်ကား သာသနာတော်ကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်မှတစ်ပါး အခြား မဖြစ်နိုင်ရာဟု ဆရာတော်များ ယူဆတော်မူကြသည်။
ထိုမှတစ်ပါး မဟာသတိပဋ္ဌာနသုတ်၌လည်း “သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ” စသော စိတ္တာနုပဿနာ ဒေသနာတော်ဖြင့် စိတ်ကို ရှုမှတ်ရန် ဟောတော်မူခဲ့လေသည်၊ ယင်းသို့ ဘုရာရှင်ကိုယ်တော်မြတ်သည် အထပ်ထပ် အခါခါကြီးမားသော မဟာကရုဏာတော်ဖြင့် စိတ်ကို စောင့်စည်းချုပ်တည်းဆုံးမကြောင်းဖြစ်သော ဘာဝနာကမ္မဋ္ဌာန်း နည်းလမ်းကောင်း ဒေသနာအကျင့် ပဋိပဒါကို ဟောထားတော်မူပါလျက် “ဝိညာဏ်စိတ်ကို ချုပ်ချယ်၍ ဘာဝနာ ကမ္မဋ္ဌာန်းတစ်ခုခုကို အစဉ်အားဖြင့် အားထုတ်နေခြင်းသည် အတ္တကိလမထာနုယောဂဖြစ်သည်” ဟု ရေးသားထုတ်ဝေသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များ၏ ဝါဒသည် ပြဆိုခဲ့ပြီးသော ပရိယတ္တိ ဒေသနာတော်များကို အတ္တကိလမထာနုယောဂလမ်းစဉ်ဟု စွပ်စွဲ ဖျက်ဆီးရာရောက်သည်။ ဘာဝနာကမ္မဋ္ဌာန်း ကြိုးပမ်းအားထုတ်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များ၏ ကျင့်ကြံပွားများအားထုတ်မှု ပဋိပတ်ကိုလည်း တားမြစ်ပိတ်ပင်ရာရောက်သည် ထိုသို့ ပရိယတ် ပဋိပတ်တို့ကို ဖျက်ဆီးပိတ်ပင်ခြင်းကြောင့် ရသင့်ရထိုက်သော မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော ပဋိဓေဝ သာသနာတော်ကိုလည်း တားမြစ်ဖျက်ဆီးရာရောက်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
အမှတ်စဉ် (၁၅) ဘ-အမှတ်ပြ စောဒနာချက်ကို စိစစ်သုံးသပ်ချက်
၂၄။ (ဘ) နတ် - နတ်ဆိုသည့် ပါဠိစကားမှာ မြန်မာလို စည်းစိမ် ခံစားခြင်းကိုခေါ်သည်၊ ဤခန္ဓာကိုယ်အတွင်းမှာရှိသော စက္ခု သောတ ဃာန ဇိဝှာ ကာယ မန - ဤ ၆-ခုတို့ဖြင့် ခံစားမှုပြုခြင်းကိုပင် စည်းစိမ်ခံစားမှု နတ်ခြောက်ဘုံဟု ခေါ်ဆိုရခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓဟောပါဠိများကို ခန္ဓာနည်းလက်တွေ့နည်းတို့ဖြင့် ပေါင်းစပ်ရှာဖွေပါက မိမိတို့ခန္ဓာအတွင်းရှိ ဤခြောက်ခုကိုပင် နတ်ခြောက်ဘုံဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရပါသည်။ (နတ်နှင့်ငရဲ ဘယ်မှာလဲ စာမျက်နှာ ၂၁)
ဤစကားရပ်ကို ထုတ်ပြ၍ ထိုရေးသားချက်မှာ ကျမ်းဂန်လာမဟုတ်ပါ၊ “နာထ”ပါဠိမှ နတ်-ဟူသော မြန်မာဝေါဟာရ ရသည်ဟု ဝေါဟာရဗေဒပညာရှင်တို့က ဆိုပါသည်။ “ဒိဗ္ဗ” ဟူသောပါဠိသည် ကာမဂုဏ်ငါးပါးဖြင့် ထွန်းပခြင်းဟု အဓိပ္ပာယ်ရှိပါသည်။ နတ်တို့သည် ဒါနရှင် သီလရှင်ဖြစ်၍ ချမ်းသာစွာနေရသည်ကို ရည်ညွှန်းပါသည်ဟု သာမညအားဖြင့်လည်းကောင်း ဝိသေသအားဖြင့်လည်းကောင်း စောဒနာတင်သွင်းကြသည်။
ယင်းစကားရပ်များ၌ ကောက်နုတ်ချက်ကို ထုတ်လိုက်သော် စုဒိတက၏ စကားရပ်၌ -
(၁) နတ်ဆိုသည့် စကားသည် ပါဠိစကားဖြစ်သည်။
(၂) မြန်မာလို စည်းစိမ်ခံစားခြင်းကို ခေါ်သည်။
(၃) ဗုဒ္ဓဟောပါဠိများကို ခန္ဓာနည်း လက်တွေ့နည်းတို့ဖြင့် ပေါင်းစပ်ရှာဖွေပါက ဤခန္ဓာကိုယ်အတွင်းမှာရှိသော စက္ခု၊ သောတ၊ ဃာန ဖိဝှာ ကာယ မန ၆-ခုတို့ဖြင့် ခံစားမှုပြုခြင်းကိုပင် နတ် ၆-ဘုံဖြစ်ကြောင်း ထင်ရှားစွာတွေ့ရသည်ဟု ကောက်နုတ်ချက် ၃-ချက်ရသည်။
စောဒကဆရာတော်များ၏ စောဒနာစကားရပ်၌-
(၁) စုဒိတကတို့ ရေးသားချက်သည် ကျမ်းဂန်လာမဟုတ်၊
(၂) “နာထ” ဟူသောပါဠိမှ “နတ်” ဟူသော မြန်မာဝေါဟာရ ရသည်ဟု ဝေါဟာရဗေဒ ပညာရှင်တို့က ဆိုကြသည်။
(၃) “ဒိဗ္ဗ” ဟူသောပါဠိသည် “ကာမဂုဏ်ငါးပါးတို့ဖြင့် ထွန်းပခြင်း” ဟု အဓိပ္ပာယ်ရှိသည်။
(၄) နတ်တို့သည် ဒါနရှင် သီလရှင်များဖြစ်ကြ၍ ချမ်းသာစွာနေကြရသည်ကို ရည်ညွှန်းသည်ဟု ကောက်နုတ်ချက် ၄-ချက်ရသည်။
စုဒိတကတို့၏ စကားရပ်များ ကောက်နုတ်ချက်ကို စိစစ်ချက်
ယင်းကောက်နုတ်ချက်တို့တွင် “နတ်” ဟူသော စကားသည် ပါဠိစကားမဟုတ်၊ မြန်မာစကားလုံး သက်သက်ဖြစ်ကြောင်း ကလေးသူငယ်ကအစ အားလုံးသိပြီးဖြစ်ခြင်းကြောင့် “နတ်ဆိုသည့် ပါဠိစကားမှာ” ဟူသော စုဒိတကတို့၏ (၁)အမှတ်ပြ စကားရပ်သည် အမှားသက်သက်သာဖြစ်သည်။
၂၅။ “မြန်မာလို စည်းစိမ်ခံစားခြင်းကိုခေါ်သည်” ဟူသောစကားရပ်သည်ကား “ဒိဗ္ဗန္တိ လဠန္တိ ဒေဝါ” ကာမဂုဏ်စသည်တို့ဖြင့် ကစားပျော်မြူးတတ်ကုန်သောကြောင့် “ဒေဝ” နတ်မည်ကုန်၏ဟု ဒိဝုဓာတ်၏ ကစားပျော်မြူးခြင်း “ကီဠာ” အနက်ကို ရည်ရွယ်၍ဆိုခြင်းကြောင့် (သဒ္ဒတ္ထ) သဒ္ဒါနက်အားဖြင့်မှန်သော်လည်း ယင်းစကားရပ်သည် (၄)အမှတ်ပြ စကားရပ်၏ အခြေခံဖြစ်၍ (၄) အမှတ်ပြစကားရပ်နှင့် ဆက်စပ်လျက် = ပိဏ္ဍတ္ထအပေါင်းအနက်ကိုယူရမည်ဖြစ်ခြင်းကြောင့် ပိဏ္ဍတ္ထ = အပေါင်းအနက်အားဖြင့် မှားယွင်းသောစကား ပင်ဖြစ်သည်။
ဤခန္ဓာကိုယ်အတွင်းမှာရှိသော စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ဤ(၆)ခုတို့ဖြင့် ခံစားမှုပြုခြင်းကို စည်းစိမ်ခံစားမှု နတ်ခြောက်ဘုံဟု နီတတ္ထ = တိုက်ရိုက်ယူရသော အနက်အားဖြင့်လည်းကောင်း၊ နေယျတ္ထ= ဆောင်၍သိရသော (ဝါ) ခန္ဓာနည်း လက်တွေ့နည်းတို့ဖြင့် ပေါင်းစပ်ရှာဖွေ၍ သိရသော အနက်အားဖြင့်လည်းကောင်း ဟောဖော်ညွှန်ပြထားသော ပါဠိတော် အဋ္ဌကထာ ဋီကာလာ စကား မရှိချေ။
ပိဋကကျမ်းဂန်၌ ပြဆိုအပ်သော နတ်
၂၆။ “ဒေဝ” နတ်ဟူသည် -
(က) သမ္မုတိနတ်၊
(ခ) ဥပပတ္တိနတ်၊
(ဂ) ဝိသုဒ္ဓိနတ် - ဟူ၍ ၃- ပါး အပြားရှိ၏၊
(က) ထို ၃-ပါးတို့တွင် (တိုင်းသူပြည်သားတို့က မိမိတို့၏ အရှင်သခင်မင်း စသူတို့ကို နတ်-ဟူ၍ ခေါ်ဆိုသမုတ်ထားခြင်းတို့ကြောင့်) မင်း၊ မင်းသား မင်းသမီးနှင့် မိဖုရားများကို သမ္မုတိနတ်ဟု ခေါ်ဆိုသည်။
ဒေဝါတိ တယော ဒေဝါ သမ္မုတိဒေဝါ ဥပပတ္တိဒေဝါ ဝိသုဒ္ဓိဒေဝါ။ ကတမေ သမ္မုတိဒေဝါ။ သမ္မုတိဒေဝါ ဝုစ္စန္တိာဇာနော စ ရာဇကုမာရာ စ ဒေဝိယော စ၊ ဣမေ ဝုစ္စန္တိမ္မုတိဒေဝါ (ခု၊ဂ၊ ၂၂၅)။
(ခ) စာတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ ဟူသော နတ်ပြည်ခြောက်ထပ် နှင့် ဗြဟ္မပါရိသဇ္ဇာ စသော ၂၀-သော ဗြဟ္မာဘုံတို့ ဖြစ်ကုန်သော နတ်ဗြဟ္မာတို့ကို (ဘဝဟောင်းတစ်ခုမှ ဘဝသစ်တစ်ခုသို့ ကျရောက်လာသကဲ့သို့ ခန္ဓာကိုယ် အထင်အရှားဖြစ်ခြင်းကြောင့်) ဥပပတ္တိနတ်ဟု ခေါ်ဆိုသည်။
ကတမေ ဥပပတ္တိဒေဝါ။ ဥပပတ္တိဒေဝါ ဝုစ္စန္တိ စာတုမဟာရာဇိကာ ဒေဝါ။ ဗြဟ္မကာယိကာ ဒေဝါ။ ယေ စ ဒေဝါ တဒုတ္တရိ၊ ဣမေ ဝုစ္စန္တိ ဥပပတ္တိဒေဝါ (ခု၊ဂ၊ ၂၂၅)။
(ဂ) ဘုရားမြတ်စွာ ရဟန္တာနှင့် ပစ္စေက ဗုဒ္ဓါ အရှင်မြတ်တို့ကို (ကိလေသာတို့မှ စင်ကြယ်ခြင်းကြောင့်) ဝိသုဒ္ဓိနတ်ဟု ခေါ်ဆိုသည်။
ကတမေ ဝိသုဒ္ဓိဒေဝါ။ ဝိသုဒ္ဓိဒေဝါ ဝုစ္စန္တိ တထာဂတာ တထာဂတသာဝကာ အရဟန္တော ခီဏာသဝါ၊ ယေ စ ပစ္စေကဗုဒ္ဓါ၊၊ ဣမေ ဝုစ္စန္တိ ဝိသုဒ္ဓိဒေဝါ (စူဠနိဒ္ဒေသ၊ ၂၂၅)။
ဤသို့ကျမ်းဂန်တို့၌ “ဒေဝ” ဟူသော ပါဠိဝေါဟာရ၏အနက်ဖြစ်သော “နတ်” သုံးမျိုးတို့ကို သေချ ဂန ပြဆိုထားလေသည်။ “ဤခန္ဓာကိုယ်အတွင်းမှာ ရှိသော စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ဤ(၆)ခုတို့ဖြင့် ခံစားမှုပြုခြင်းကို စည်းစိမ်ခံစားမှု နတ်ခြောက်ဘုံ ခေါ်ရကြောင်းကို ဟောကြားဖွင့်ပြခြင်း မရှိချေ။ ထို့ကြောင့် စုဒိတကတို့၏ (၄) အမှတ်ပြ ကောက်နုတ်ချက်စကားရပ်သည် အမှားသက်သက်သာဖြစ်သည်။
ယင်းသည် အမှားများကို ရေးသား ဖြန့်ဝေနေကြခြင်းသည် ထေရဝါဒ ပိဋကတ်တော်များ၌လာသော နတ်ပြည် ဗြဟ္မာ့ပြည်တို့ရှိသည်ဟူသောဝါဒကို ပယ်ဖျက်လိုသည့်ရည်ရွယ်ချက်ကြောင့်သာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်များ ယူဆတော်မူကြသည်။
စောဒက ပုဂ္ဂိုလ်တို့၏ (၁) အချက် စကားရပ်ကို စိစစ်ချက်
စိစစ်ပြဆိုခဲ့ပြီးသော အကြောင်းများကြောင့် စုဒိတကပုဂ္ဂိုလ်တို့၏ ရေးသားချက် စကားရပ်များသည် ကျမ်းဂန်နှင့် ဆန့်ကျင်သော စကားများသာဖြစ်ကြောင်း ထင်ရှားရကား “စုဒိတကတို့၏ ရေးသားချက်များသည် ကျမ်းဂန်လာမဟုတ်” ဟူသော စောဒကပုဂ္ဂိုလ်တို့၏ (၁)အချက် စကားရပ်သည် ယထာဘူတကျသော စကားရပ်ဖြစ်သည်။
စောဒက ပုဂ္ဂိုလ်တို့၏ (၂) အချက် စကားရပ်ကို စိစစ်ချက်
“နာထ” ဟူသော ပါဠိမှ “နတ်” ဟူသော ဝေါဟာရ ရသည်ဟု ဝေါဟာရ ဗေဒပညာရှင်တို့က ဆိုကြသည်ဟူသော စကားရပ်သည်ကား “ဝတ္တိစ္ဆာနုပုဗ္ဗိကာသဒ္ဒပဝတ္တိ” (သဒ္ဒါဖြစ်ခြင်းသည် ပြောဆိုသူ၏ အလိုလျှင် အစဉ်ရှိ၏၊ ပြောဆိုသူ၏ အလိုအားလျော်စွာဖြစ်၏) ဟူသော ပရိဘာသာအရ သင့်လျော်သော ဗျုပ္ပတ်ကို စွဲ၍ ရှေးပညာရှိတို့ တီထွင်သုံးစွဲသော ဝေါဟာရဖြစ်၍ မသင့်ဟုဆိုရန် မရှိပေ၊ ရုက္ခဋ္ဌဒေဝတာကို ရုက္ခဇီဝ= ရုက္ခဇိုး-ဟူ၍လည်းကောင်း၊ ဘုမ္မဋ္ဌဒေဝတာကို ဘုမ္မဇီဝ =ဘုမ္မဇိုး ဟူ၍လည်းကောင်း ဝေါဟာရဗေဒပညာရှင်တို့၏ ဝတ္တိစ္ဆာနုပုဗ္ဗိကာ သဒ္ဒပဝတ္တိ အရ ခေါ်ဆိုကြသကဲ့သို့ပင် ဖြစ်ပေသည်။
စောဒက ပုဂ္ဂိုလ်တို့၏ (၃) အချက် စကားရပ်ကို စိစစ်ချက်
“ဒိဗ္ဗ”ဟူသောပါဠိသည် “ကာမဂုဏ်ငါးပါးဖြင့်ထွန်းပခြင်း” ဟု အဓိပ္ပာယ်ရှိသည်ဟူသောစကားရပ်သည် ဒိဝုဓာတ်၏ ဇုတိ= ထွန်းပခြင်းအနက်ကိုယူ၍ဆိုခြင်းကြောင့်မှန်ကန်သော အနက်ပင်ဖြစ်သည်။
ထိုပုဒ်နှင့် ဒိဝုဓာတ်ချင်းတူသော ဒေဝပုဒ်ကို ဝိသုဒ္ဓိမဂ်မဟာဋီကာ(ပ-၇)၌ “ဒိဗ္ဗန္တိ ပုညာတိသယယောဂါနု ဘဘာဝပ္ပတ္တာယ ဇုတိယာ ဇောတန္တီတိ ဒေဝါ” (အကြင်သတ္တဝါတို့သည် လွန်ကဲသော ကောင်းမှုနှင့်စပ်ဆိုင်သော အာနုဘော်သို့ရောက်သော အရောင်အဝါဖြင့် ထွန်းလင်းတောက်ပကုန်၏၊ ထို့ကြောင့် ထိုသတ္တဝါတို့သည် ဒေဝမည်ကုန်၏၊ ဝါ၊ နတ်မည်ကုန်၏) ဟု ဝြိုဂိဟ်ပြုရန် ပြဆိုလေသည်။
စောဒက ပုဂ္ဂိုလ်တို့၏ (၄) အချက် စကားရပ်ကို စိစစ်ချက်
“နတ်တို့သည် ဒါနရှင် သီလရှင်များဖြစ်ကြ၍ ချမ်းသာစွာနေကြရသည်ကို ရည်ညွှန်းပါသည်” ဟူသောစကားရပ်သည် ဆိုလတံ့သော ဒေသနာတော်တို့နှင့် ညီညွတ်ခြင်းကြောင့် သင့်လျော်သော စကားရပ်ဖြစ်သည်။
အန္န ဉ္စ ဒတွာ ဗဟုနော၊ ဒက္ခိဏေယျသု ဒက္ခိဏံ။
ကတော စတာ မနုဿတ္တာ၊ သဂ္ဂံ ဂစ္ဆန္တိ ဒါယကာ။
တေ စ သဂ္ဂဂတာ တတ္ထ၊ မောဒန္တိ ကာမကာမိနော။
ဝိပါကံ သံဝိဘာကဿ၊ အနုဘောန္တိ အမစ္ဆရာ (ခု၊၁၊၂၀၈)။
လူများစွာအား ထမင်းကိုလည်းကောင်း မြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ မြတ်သောအလှူကိုလည်းကောင်း ပေးလှူသောကြောင့် အလှူဒါယကာတို့သည် ဤလူအဖြစ်မှ စုတေသည်ရှိသော် နတ်ပြည်သို့ လားရောက်ကြရကုန်၏၊
နတ်ပြည်၌ ရောက်ကြကုန်သော သတ္တဝါတို့သည် ထိုနတ်ပြည်၌ အလိုရှိသော ကာမဂုဏ်တို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍ ဝမ်းမြောက်ကြရကုန်၏၊ ဝန်တိုမှုမရှိသူတို့သည် ခွဲခြမ်းဝေဖန်ခြင်း အကျိုးကို ခံစားကြရကုန်၏ (ခု၊မြန်၊၁၊၁၉၁)။
သီလံ ရက္ခေယျ မေဓာဝီ၊ ပတ္ထယာနော တယောသုခေ။
ပသံသံ ဝိတ္တလာဘဉ္စ၊ ပစ္စ သဂ္ဂေ ပမောဒနံ (ခု၊၁၊၂၄၁)။
ချီးမွမ်းခြင်းကိုလည်းကောင်း၊ စည်းစိမ်ဥစ္စာရခြင်းကိုလည်းကောင်း၊ တမလွန်ဘဝဝယ် နတ်ပြည်၌ ဝမ်းမြောက်ဝမ်းသာဖြစ်ရခြင်းကိုလည်းကောင်း ဤချမ်းသာသုံးမျိုးတို့ကို တောင့်တသောပညာရှိသည် သီလကို စောင့်ရှောက်ရာ၏ (ခု၊မြန်၊၁၊၂၂၅)။
ဤသို့စသော ဒေသနာတော်များ၌ ဒါနရှင် သီလရှင်များ၏ နတ်ပြည်၌ ချမ်းသာစည်းစိမ်ကို ခံစားနေကြရခြင်းကို ပြတော်မူသည်၊ ထို့ကြောင့် စောဒကပုဂ္ဂိုလ်တို့တင်သွင်းအပ်သော စောဒနာ စကားများသည် ပိဋကကျမ်းဂန်တို့နှင့် ညီညွတ်၍စုဒိတကတို့၏ စကားရပ်များကား ပိဋကကျမ်းဂန်တို့နှင့် ဆန့်ကျင်သည်ကို ဝိနည်းဓိုရ်ဆရာတော်တို့ တွေ့မြင်ကြရပေသည်။
အမှတ်စဉ်(၁၅) မ-အမှတ်ပြမှ စ၍ ဠ-အမှတ်ပြအထိ စောဒနာရှစ်ချက်ကို စိစစ်ချက်
၂၇။ (မ) သိန်းဇီဝ = ဇီဝ၏အဓိပ္ပာယ်မှာ အသက်ကိုခေါ်ပါသည်၊ သိန်း၏အဓိပ္ပာယ်မှာ သေလုနီးပါးဟု ခေါ်ပါသည်၊ နှစ်ခုပေါင်းလိုက်လျှင် (သိန်းဇီဝ) အသက်သေလုနီးပါးအထိ ပူလောင်ကျွမ်းမှုကြီးဖြစ်ရခြင်းဟု ပြဆိုထားခြင်းဖြစ်သည်။
(ယ) ကာလသုတ် = ကြိုးနှင့် တုပ်နှောင်ထားဘိသကဲ့သို့ ရုန်းထွက်၍မရသလို ပူလောင်မှုဒဏ်ကို ခံနေရခြင်း။
(ရ) သင်္ဃာတ = သံမီးတောင်ကြီး၏အပူရှိန်ဖြင့် ဖိကပ်၍ ထားဘိသကဲ့သို့ ပူလောင်ခံနေရခြင်း။
(လ) ရောရုဝ = အသံအော်ဟစ်လျက် မခံမရပ်နိုင်ဘဲ ပူလောင်မှု ဒဏ်ခံနေရခြင်း။
(ဝ) မဟာရောရုဝ= ထ၍မနိုင် ထိုင်၍မရ ဘယ်လိုနေရမှန်းမသိ ဖြစ်ရသည်အထိ ပူပင်လောင်ကျွမ်းမှုဒဏ်ကို ခံနေရခြင်း။
(သ) တာပန္န = အသံမထွက်နိုင်တော့ဘဲ ရင်လုံးဆောင့်လျက် ပူဆွေးလောင်ကျွမ်းဒဏ် ခံရခြင်း။
(ဟ) မဟာတာပန္န= အလွန်ပြင်းထန်စွာဖြင့် အသံမထွက်နိုင်တော့ဘဲ သတိပင်မရ မေ့မျောကြရသည်အထိ ပူလောင်မှုဒဏ်ကို ခံရခြင်း။
(ဠ) အဝီစိ = တစ်ချက်ကလေးမျှ မေ့ပျောက်၍ မရနိုင်လောက်အောင်ပင် အေးကွက်စပ်ကြား မရှိဘဲ ပူလောင်နေရခြင်းတည်းဟူသော
ပူလောင်ကျွမ်းမှု အမျိုးမျိုး ၈-မျိုး ၈-ထပ်တို့၏ နှိပ်စက်မှုဒဏ်များကို ခံနေရသူတို့ကို ငရဲကြီး (၈)ထပ်တွင် ကျခံနေရသူများဟု ကျမ်းဂန်၌ ပြဆိုမှုပြုခြင်းဖြစ်သည်။ (နတ်နှင့်ငရဲ ဘယ်မှာလဲ ၂၄၊ ၂၅)
ဤစကားများကို ထုတ်ပြ၍ “ယင်းစကားရပ်များသည် သာသနာတော်ကို စော်ကားသော ဘုံရှင်းတမ်း၊ ဘုံကမ္ဘာတိတ်ခွေများကို ဖြစ်ပေါ်စေသည့် အခြေခံမျိုးစေ့များ ဖြစ်ပါသည်” ဟူ၍ သာမညအားဖြင့်လည်းကောင်း၊ ဇာတကအဋ္ဌကထာသာဓကတို့ဖြင့် သဉ္ဇီဝ- စသောပုဒ်တို့၏ အနက်မှန်ကို ဖော်ပြလျက် ဝိသေသအားဖြင့် လည်းကောင်း စောဒက ဆရာတော်များက တင်ပြ စောဒနာကြသည်။
ဝိနည်းဓိုရ်ဆရာတော်တို့၏ သုံးသပ်ချက်
ထိုငရဲရှစ်ထပ် ဝေါဟာရနှင့်စပ်လျဉ်းသည့် စောဒနာ စကားရပ်ကို သုံးသပ်စိစစ်သော် စောဒက ဆရာတော်များ ထုတ်ဆောင် ကိုးကားသော သာဓက စကားရပ်များသည် ထေရဝါဒပိဋက အဋ္ဌကထာ၌လာသော ခိုင်လုံသည့် စကားရပ်များဖြစ်၍ သာဓကမြောက်ပြီးဖြစ်ရကား ယထာဘူတ ဓမ္မစောဒနာအဖြစ် ဝိနည်းဓိုရ်ဆရာတော်တို့ ယူဆတော်မူကြသည်။
၂၈။ စုဒိတကတို့ ဖော်ပြသော ငရဲရှစ်ထပ် ဝေါဟာရ ဗျုပ္ပတ်သည်ကား ကြောင်းကျိုး ယုတ္တိ အလျဉ်းမရှိသော စကားများသာ ဖြစ်ချေသည်၊ ဤအကြောင်းယုတ္တိအလျဉ်းမရှိသည့် စကားများကို ရေးသားပြဆိုခြင်း၏ အကြောင်းရင်း အခြေအမြစ်ကို စိစစ်သုံးသပ်ရန်လိုသည်၊ ထိုစကားရပ်များကား ဤဝိနိစ္ဆယရုံးတော်၌ သက်သေခံအဖြစ် တင်ထားသော “နတ်နှင့်ငရဲ ဘယ်မှာလဲ” စာတမ်းမှ ဖြစ်ရကား ထိုစာတမ်းပါ စကားရပ်များကို ခြုံငုံသုံးသပ်ရပေမည်၊ ထိုစာတမ်းကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ဦးရွှေပြည့်က တင်ပြ၍ အတွင်း စာမျက်နှာ၌ကား တောင်ကုတ်မြို့နယ်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ တင်ပြချက် စာတမ်းဖြစ်သည်ဟု ပါရှိသည်။
ထိုစာတမ်းကို စိစစ်သုံးသပ်ရာ နတ်ဗြဟ္မာနှင့် ငရဲအကြောင်းအရာများပါရှိသည့် ပိဋကတ်တော်များကို ပယ်ရှားလိုခြင်းဟူသော အကြောင်းရင်း အခြေအမြစ်ကို တွေ့မြင်သိရှိရပေသည်။ မှန်ပါ၏၊ ထိုစာတမ်း စာမျက်နှာ ၅-၌ “ဤသို့လျှင် နတ်များမှာ မိခင်နတ်မ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေမနေရဘဲ ဥပပတ်နှင့် ချက်ချင်း တစ်ခဏအတွင်း နတ်သားနတ်သမီးများဖြစ်လာကြပါက မိဘဟူ၍ မရှိနိုင်၊ သားသမီး ဇနီးနှင့် ဆွေမျိုးဉာတကာဟူ၍လည်း မပေါ်ပေါက်နိုင်ပါ၊ တစ်ခုသော မင်္ဂလသုတ်တွင် ဗုဒ္ဓက သင်နတ်သားတို့ မိဘနှင့် သားသမီးဇနီး ဆွေမျိုးဉာတကာတို့ကို လုပ်ကျွေးမွေးမြူရမည်ဟူသော မာတာပိတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော ပုဒ်ဖြင့် ညွှန်ပြ ဆုံးမထားသည်ကို ထောက်ပါက ဤလူများကိုပင် အဆင့်အတန်းအလိုက် ခွဲခြားလျက် နတ်သားဟု ခေါ်ဆိုကြောင်း အထင်အရှားတွေ့ရပါသည်” ဟု ဖော်ပြထားသည်။(ဤစကားရပ်ကား နတ်အကြောင်းအရာပါသည့် ပိဋကတ်တော်ကို ပယ်သော စကားရပ်ဖြစ်သည်။)
ဤစကားရပ်၌ ဆိုလိုရင်းကား “နတ်များမှာ မိဘနှင့် သားသမီး ဇနီး ဆွေမျိုးမရှိ၊ ယင်းသို့ မရှိဘဲလျက် မိဘနှင့် သားသမီး ဇနီးဆွေမျိုးတို့ကို လုပ်ကျွေးမွေးမြူရမည်ဟု ဟောတော်မူခြင်းကြောင့် လူများကို ပင် နတ်ဟုခေါ်ရသည်” ဟူ၍ဖြစ်သည်၊ စုဒိတက ဦးရွှေပြည့်သည် ဘုရားရှင်၏ ဒေသနာတော်ကို ယောနိသောမနသိကာရဖြင့် မကြည့်ရှုမလေ့လာဘဲ ပုတ်ခတ်ပယ်ရှားလိုသော အယောနိသော မနသိကာရ ပဒုဋ္ဌစေတနာဖြင့်သာ လေ့လာကြည့်ရှုမိခြင်းကြောင့်သာ ဤသို့ မှားယွင်းစွာ ယူဆမိရှာသည်။
နတ်တို့မှာ မိဘနှင့် သားသမီးဆွေမျိုးများရှိသည်ကို သက္ကပဥှသုတ် ပါဠိတော် အဋ္ဌကထာနှင့် သမ္မောဟဝိနောဒနီအဋ္ဌကထာတို့၌ တွေ့မြင်နိုင်သည်။ သိသာရုံ အကျဉ်းမျှ ဖော်ပြဦးအံ့။
“မြတ်စွာဘုရား ရတနာသုံးပါး၌ ကြည်ညို၍ ငါးပါးသီလကို စောင့်ထိန်းလေ့ရှိသည့် ကပိလဝတ်ပြည်သူ ဂေါပိကာမည်သော သာကီဝင်မင်းသမီးသည် မိန်းမအဖြစ်ကို စက်ဆုပ်လျက် ယောက်ျားဖြစ်ကြောင်းကို ပွားများကာ ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည့်နောက်၌ တာဝတိံသာနတ်ပြည်ဝယ် အကျွန်ုပ်တို့၏ သားဖြစ်လာပါ၏” ဟု သိကြားမင်းက မြတ်စွာဘုရားကိုလျှောက်ထားသည့်စကားသည် သားသမီးရှိကြောင်း သာဓကဖြစ်သည် (ဒီ၊၂၊ ၂၁၆။ ဒီ၊ မြန်၊၂၊၂၄၂)။
သိကြားမင်းမှာ သူဇာစသော မိဖုရားကြီးများရှိကြောင်း အခြားနတ်များမှာလည်း မိမိတို့၏ ကြင်ယာနတ်သမီးများရှိကြောင်းမှာ ထင်ရှား၍ သာဓကပြဖွယ်ပင်မလို၊ သိကြားမင်းသည် သက္ကပဥှသုတ်ကို ကြားနာပြီးနောက် ပဉ္စသိခနတ်သားကို ကျေးဇူးတင်လှ၍ သူရိယဝစ္ဆသာနတ်သမီးနှင့် ထိမ်းမြားပေးကြောင်းကို ယခင် ပါဠိတော် နှာ-၂၃၀၊ မြန်မာပြန် ၂၅၇-၌ တွေ့မြင်နိုင်ပေသည်။
ဥပပတ်နတ်တို့မှာ အမိဝမ်း၌ပဋိသန္ဓေ မနေရဘဲ ဘယ်ပုံဘယ်နည်း သား၊သမီးစသည် ရှိနိုင်သည်ကိုလည်း ယင်း မဟာဝဂ္ဂအဋ္ဌကထာ နှာ ၂၉၇-၌
“ဒေဝါနံ ဓီတာ စ ပုတ္တာ စ အင်္ကေ နိဗ္ဗတ္တန္တိ”
စသည်ဖြင့် ပြဆိုလေသည်၊ အဓိပ္ပာယ် = “နတ်တို့၏ သမီးဖြစ်သော နတ်သား ဖြစ်သော နတ်တို့သည် ရင်ခွင်၌ ဖြစ်ကုန်၏၊ ခြေရင်း အလုပ်အကျွေး မယားဖြစ်သော နတ်မိန်းမတို့သည် အိပ်ရာ၌ ဖြစ်ကုန်၏၊ အဆင်တန်ဆာပြုပြင် ဆင်ယင်ပေးမည့်နတ်တို့သည် အိပ်ရာကို ခြံရံ၍ဖြစ်ကုန်၏၊ ကိစ္စကြီးငယ်ကို ပြုလုပ်သည့်နတ်တို့သည် ဗိမာန်တွင်း၌ ဖြစ်ကုန်၏၊” ဤကား ဥပပတ်နတ်တို့အတွက် ပြဆိုခြင်းဖြစ်သည်။
ဘုမ္မစိုး နတ်တို့သည်ကား အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ၊ ဩပပါတိက ဟူသော ယောနိလေးမျိုးလုံးဖြင့် ပဋိသန္ဓေနေနိုင်သည်ကို သမ္မောဟဝိနောဒနီအဋ္ဌကထာ(၁၅၃)၌ -
နိရယေ ဘုမ္မဝဇ္ဇေသု၊ ဒေဝေသု စ န ယောနိယော။
တိဿော ပုရိမိကာ ဟောန္တိ၊ စတေဿပိ ဂတိတ္တယေ။
စသည်ဖြင့် ပြဆိုသည်၊ အဓိပ္ပာယ် = “ငရဲ၊ ဘုမ္မစိုးမှ တစ်ပါးသောနတ်များနှင့် နိဇ္ဈာမတဏှိက ခေါ်သော မီးသရဲ ပြိတ္တာတို့မှာ အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ မရှိကြ၊ ဩပပါတိက တစ်မျိုးသားရှိကြသည်၊ တိရစ္ဆာန်၊ မီးသရဲမှ ကြွင်းသော ပြိတ္တာ၊ လူ၊ ဘုမ္မစိုးနတ်တို့မှာ ယောနိလေးမျိုးလုံးဖြင့် ပဋိသန္ဓေ နေကြသည်” ထို့ကြောင့်နတ်တို့၌ မိဘနှင့် သား၊ သမီး၊ ဇနီးစသည်ရှိသည်မှာ ထင်ရှားပေသည်။
မင်္ဂလသုတ်ဒေသနာတော်သည်လည်း နတ်တို့ အကျိုးငှာသာ ဟောတော်မူသော ဒေသနာမဟုတ်၊ နတ်လူအားလုံး အကျိုးငှာ ဟောတော်မူသော ဒေသနာတော်ဖြစ်သည်၊ ဤသို့ နတ်တို့အား မိဘနှင့် သား၊ သမီး၊ ဇနီး ဆွေမျိုးရှိခြင်း မင်္ဂလသုတ်ကိုလည်း နတ်လူ အားလုံး အကျိုးငှာ ဟောတော်မူခြင်းကြောင့် မင်္ဂလသုတ်ဒေသနာကို ထောက်၍ လူကိုပင် နတ်ဟု ယူခြင်းသည် (ဒုဂ္ဂဟိတဂ္ဂါဟ) မကောင်းသဖြင့် ယူအပ်သော အယူသာ ဖြစ်ပေသည်။
၂၉။ ယင်းစာတမ်း စာမျက်နှာ ၁၁-၌ “ပဋိသန္ဓေများမှာ ဇလာဗုဇ၊ သံသေဒဇ၊ အန္ဓဇ၊ ဂဗ္ဘသေယျက၊ ဥပပါတိက ဟူ၍ ငါးမျိုးဖြစ်ကြပါသည်”ဟု ပုဒ်ပါဠိအက္ခရာ မှားယွင်းစွာ ပြဆိုထားသည်ကို တွေ့ရ၏၊ (ဇလာဗုဇ၊ သံသေဒဇ၊ အဏ္ဍဇ၊ ဂဗ္ဘသေယျက၊ ဩပပါတိက-ဟူ၍သာ အမှန်ဖြစ်သည်)၊ ပိဋကတ်တော်လာ အမည်ဝေါဟာရပုဒ်ပါဌ် အက္ခရာမျှကိုပင် မှန်ကန်စွာ မသိသူသည် ထိုပိဋကတ်တော်၏ နက်နဲသော အဓိပ္ပာယ်ကို ဝေဖန်ရာ၌ အဘယ်မှာလျှင် မှန်ကန်အောင် ဝေဖန်နိုင်ချိမ့်မည်နည်း။
မြတ်စွာဘုရားသည် ပဋိသန္နေ္ဓငါးမျိုးဟု ဟောတော်မမူ၊ အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ၊ ဩပပါတိက- ဟူ၍ ယောနိလေးမျိုးကို ဟောတော်မူသည်၊ (နောက်၌အကျယ်ပြအံ့)၊ ထိုလေးမျိုးတို့တွင် အဏ္ဍဇနှင် ဇလာဗုဇသည် အမိဝမ်း၌ ကိန်းအောင်းရသောကြောင့် ဂဗ္ဘသေယျက မည်၏၊ ထို့ကြောင့် ကျမ်းဂန်များ၌ အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ၊ ဩပပါတိက- ဟူ၍ယောနိလေးမျိုးကိုဖြစ်စေ၊ ဂဗ္ဘသေယျက၊သံသေဒဇ၊ ဩပပါတိက- ဟူ၍ ပဋိသန္ဓေအားဖြင့် ပြားသော သတ္တဝါသုံးမျိုးကိုဖြစ်စေ ပြဆိုရိုးရှိသည်၊ ပဋိသန္ဓေငါးမျိုးဟု ရောနှောပြဆိုခြင်းသည်ပင် မှားယွင်းနေပေသည်။
ထိုစာတမ်း စာမျက်နှာ ၁၂၊ ဇလာဗုဇ ပဋိသန္ဓေကို ပြရာ၌ -
“၎င်းဋိသန္ဓေမှာ ဩကာသာလောကအတွင်း၌ ရှိနေပြီးဖြစ်သော ရေစပ်၊မြေစပ်၊ အင်းအိုင်၊ မြစ်ချောင်းတို့မှ ရေမှို၊ ရေခဲ၊ ရေညှိ၊ မြေညှိဟုခေါ်သော ပထဝီနှင့် အာပေါတို့ဖြစ်ကြသည့် ဓာတ်သေ၊ ဓာတ်မတို့အပေါ် တေဇောနှင့် ဝါယောခေါ်သော ဓာတ်ဖို၊ ဓာတ်ရှင်များဖြစ်ကြသည့် အပူငွေ့နှင့် လေတို့ ညီမျှစွာ ကျရောက် ဆက်စပ်စွဲမှီနေမှုကြောင့် ပါဠိစကားအားဖြင့် (ကံသင်္ခါရလောက) ၏ ပြုပြင်ပေးမှုကြောင့် ၎င်းရေညှိမြေညှိများအပေါ် ဗီဇမျိုးစုံတို့ကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းဗီဇတို့မှ သက်ဝင်လှုပ်ရှား အသိစိတ် ဝိညာဏ်နာမ်များ ဝင်ရောက်လာကာ အဆင့်ဆင့် အမျိုးမျိုးသော ရုပ်မျိုးစုံ နာမ်မျိုးစုံတည်းဟူသော ရုပ်နာမ်နှစ်ပါးရှိသော ရေသတ္တဝါများ စတင်၍ ဖြစ်ပေါ်လာစေခဲ့သော ဇလာဗုဇပဋိသန္ဓေပင်ဖြစ်သည်၊ ကမ္ဘာရေပြင်မှစ၍ဖြစ်သော ပဋိသန္ဓေဖြစ်သည်”ဟု ဆိုထား၏၊
ဤစကားရပ်၏ လိုရင်း ပိဏ္ဍတ္ထကား “ရေစပ်မြေစပ် အင်းအိုင် မြစ်ချောင်းတို့ဝယ် ရေမှော်ရေညှိစသည်တို့၌ ဖြစ်သော သတ္တဝါသည် (ဝါ) ကမ္ဘာရေပြင်မှ စ၍ဖြစ်သောသတ္တဝါသည် ဇလာဗုဇမည်၏” ဟူ၍ဖြစ်သည်။
သုံးသပ်ချက်
ရေမှော် ရေညှိ စသည်တို့၌ဖြစ်သော သတ္တဝါသည် သံသေဒဇသာဖြစ်သည်၊ ဇလာဗုဇမဟုတ်၊ (နောက်၌ ထင်ရှားလတံ့) စာတမ်းရှင် (စုဒိတက) သည် “ဇလာ”ကို မြင်၍ ရေပြင်မှစ၍ ဖြစ်သော သတ္တဝါဟု ယူဆဟန်ရှိသည်၊ အမှန်မှာ “ဇလာ” သဒ္ဒါမဟုတ် “ ဇလာဗု” သဒ္ဒါဖြစ်သည်၊ “သားအိမ်” ဟူသော အနက်ကိုဟောသည် “ဇ”သဒ္ဒါ “ဖြစ်” ဟူသော အနက်ကို ဟောသည်၊ အမိ၏ သားအိမ်အတွင်း၌ ပဋိသန္ဓေ တည်နေ ဖြစ်ပွားကြသော လူ၊ ဆင်၊ မြင်း၊ နွား၊ ကျွဲ စသော သတ္တဝါများကို ဇလာဗုဇ- ဟု ခေါ်ဆိုရသည်။
၃၀။ ထိုစာတမ်း စာမျက်နှာ-၁၅ ဥပပတ် ပဋိသန္ဓေကို ပြရာ၌-
“ဤပဋိသန္ဓေမှာ စိတ်၏ စွဲလမ်းရာဖြင့် နတ်၊ ဗြဟ္မာ၊ ငရဲ၊ တစ္ဆေ၊ သရဲသဘက် အစရှိသည့် နတ်ငရဲများကို ဖြစ်စေသည်ဟု ဆိုကြသည်၊ ဖြစ်သည့်အခါမှာလည်း တစ်မိနစ် တစ်ခဏအတွင်းမှာပင် ဤကိုယ်ကာယ ပကတိအတိုင်း ဖြစ်ကြသည်ဟု ဆိုသည်၊ ပဋိသန္ဓေခန်း၏ အစမှ ပြခဲ့သည့်အတိုင်း စိတ်ပဋိသန္ဓေဖြစ်သည်၊ မိခင်ဝမ်းမှာ တည်ရသော ပဋိသန္ဓေမဟုတ်၊ ရုပ်ပဋိသန္ဓေ မဟုတ်ခြင်းကြောင့် နတ်ငရဲများ သက်တမ်းစေ့၍ သေဆုံးသည့်အခါ အလောင်းရယ်လို့လည်း သီးခြားမရှိဟု ဆိုသည်၊ စိတ်ဖြင့် စွဲ၍ စိတ်မှာဖြစ်နေသော နတ်ငရဲများဟုပင် အဓိပ္ပာယ်ထွက်နေသည်၊ ရုပ်နာမ်ဟူ၍ တစ်သီးတစ်ခြားမရှိဘဲ ဤလူသတ္တဝါ၏ အတွင်းစိတ်မှာ စွဲမှီ၍ ဖြစ်နေသော နတ်ငရဲ တစ္ဆေများသာ ဖြစ်သည်ဟု တွေ့ရှိရသည်” ဆိုထား၏၊
ဤစကားရပ်၏ ဆိုလိုရင်း ပိဏ္ဍတ္ထကား “ဤဘဝမှ စုတေ၍ နောက်ဘဝသစ်၌ ဥပပတ် ပဋိသန္ဓေနေသော နတ်ဗြဟ္မာငရဲစသည်တို့ အမှန်တကယ်ထင်ရှားရှိကြသည်မဟုတ်၊ ဤလူ့ခန္ဓာကိုယ် ပကတိအတိုင်း မသေမပျောက်ဘဲ စိတ်ထဲမှာသာ တစ်မိနစ် တစ်ခဏအတွင်း ဖြစ်သည်၊ စိတ်ဆင်းရဲလျှင် ငရဲကျသည်၊ စိတ်ချမ်းသာလျှင် နတ်ပြည် ရောက်သည်၊ စိတ်သက်သက် ပဋိသန္ဓေဖြစ်သည်၊ ရုပ်၊ နာမ်သီးခြားမရှိ” ဟူ၍ဖြစ်သည်၊ ဤအဓိပ္ပာယ်သည်လည်း ထိုစာတမ်း နှာ ၁၉-၌ ဆိုထားသော မလိုချင်သည့် မတွေ့ချင်သည့် ဒေါသစွဲဖြစ်နေပါက ပရိဒေဝ မီး (၁၁)ပါး လောင်ကျွမ်းခြင်းခံရသော ငရဲဘဝသို့ ကျနေသည်ဟု ခေါ်သည်၊ လိုချင်နှစ်သက်သော လောဘစွဲဖြင့် ပြည့်စုံလျက် စိတ်အာရုံတွင် ကာမဂုဏ် ခံစားနေကြသူတို့ကို နတ်စည်းစိမ် နတ်ဘဝကို ရနေကြသည်ဟုခေါ်သည်” ဟူသော နောက်စကားဖြင့် ထင်ရှား၏၊
စုဒိတက၏ စကားရပ်၌ (တစ်မိနစ် တစ်ခဏအတွင်း) ဟူသောစကားသည် ပရမတ္တသဘာဝနှင့် ဝေးကွာလှသော စကားဖြစ်သည်၊ ပစ္စုပ္ပန်ဘဝဝယ် ရှေ့စိတ်ချုပ်ပြီးနောက် အခြားမရှိဘဲ နောက်စိတ်ဖြစ်သကဲ့သို့ ထို့အတူ ဘဝဟောင်းမှ စုတိစိတ်ချုပ်ပြီးနောက် အခြားမရှိဘဲ ဘဝသစ်၌ ပဋိသန္ဓေစိတ်ဖြစ်သည်၊ စိတ်ဖြစ်ခြင်း ချုပ်ခြင်းသည် အလွန်လျင်မြန်ရကား -
ယာဝဉ္စိဒံ ဘိက္ခဝေ ဥပမာပိ န သုကရာ၊ ယာဝ လဟုပရိဝတ္တံစိတ္တံ (အံ၊၁၊၉) ဟူသော အင်္ဂုတ္တိုရ် ပါဠိတော်၌ ဟောတော်မူသည့်အတိုင်း ဥပမာပြရန်ပင် မလွယ်ကူချေ။
ထို့ကြောင့် ဥပပတ်ပဋိသန္ဓေနေခြင်းသည် တစ်မိနစ် မဆိုထားဘိ တစ်စက္ကန့်မျှပင် မကြာချေ။ (ဤကိုယ်ပကတိအတိုင်း)ဟူသော စကားသည်လည်း ပိဋကတ်၌မရှိ၊ မိမိလိုရာ အဓိပ္ပာယ်ကို ဆွဲယူ၍ရအောင် တမင်သက်သက် ဖြည့်စွက်ထားသော စကားသာဖြစ်သည်၊ (ဤကိုယ်ပကတိအတိုင်း) ဆိုသည်မှာ (ဘဝဟောင်းမှ စုတေ၍ ဘဝသစ်၌ ဖြစ်သည်မဟုတ်၊ ဤ လူ့ဘဝခန္ဓာကိုယ် ပကတိအတိုင်း မသေမပျောက်ဘဲဖြစ်သည်)ဟု သူဆိုလိုရင်းဖြစ်သည်။
ဥပပတ်ပဋိသန္ဓေနေသော သတ္တဝါသည် မသေမပျောက်ဘဲ ဤဘဝခန္ဓာကိုယ် ပကတိအတိုင်းဖြစ်သည် မဟုတ်၊ တစ်နေရာမှ ခုန်လွှား၍ အခြားတစ်နေရာ၌ကျရောက်လာသကဲ့သို့ ဘဝဟောင်းမှ စုတေ၍ ဘဝသစ်၌ ခန္ဓာကိုယ်အထင်အရှား ဘွားကနဲ ဖြစ်ခြင်းရှိသော သတ္တဝါကို ဩပပါတိက-ဟု ခေါ်ဆိုသည်။
(စိတ်ပဋိသန္ဓေ ဖြစ်သည်၊ ရုပ်နာမ်ဟူ၍ သီးခြားမရှိ) ဟူသောစကားသည်လည်း အဘိဓမ္မာ ဒေသနာတော်ကို ပုတ်ခတ်ထားသော စကားသာဖြစ်သည်၊ ဥပပတ်ပဋိသန္ဓေကို ရုပ်နာမ်ရောသော ပဋိသန္ဓေ၊ ရုပ်သက်သက် ပဋိသန္ဓေ၊ နာမ်သက်သက် ပဋိသန္ဓေ အားဖြင့် သုံးပါး ခွဲခြား၍ မြတ်စွာဘုရား ဟောတော်မူသည်ကို ဝိဘင်းပါဠိတော်၌ ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်၊ ဥိသာရုံမျှ အကျဉ်းချုံး၍ပြဦးအံ့ -
“ပြည့်စုံသော အာယတန ရှိကြသည့် ကာမာဝစရနတ်, ကမ္ဘာဦး၌ဖြစ်သော လူ, ဥပပတ်ဖြစ်သော ပြိတ္တာ, ဥပပတ်ဖြစ်သော အသူရာ, ဥပပတ်ဖြစ်သော တိရစ္ဆာန်, ငရဲသားတို့၏ ပဋိသန္ဓေခဏ၌ စက္ခာယတန, ရူပါယတန, သောတာယတန, ဃာနာယတန, ဂန္ဓာယတန, ဇိဝှာယတန, ရသာယတန, ကာယာယတန, ဖောဋ္ဌဗ္ဗာယတန, မနာယတန, ဓမ္မာယတန = ဤ (၁၁)ပါးသော အာယတနတို့ ထင်ရှားဖြစ်ကုန်၏” ဟု မြတ်စွာဘုရား ဟောတော်မူသည်။ (ဝိဘင်းပါဠိတော် နှာ-၄၂၇)
ဤပါဠိတော်၌ ဟောတော်မူအပ်သော ကာမသတ္တဝါတို့၏ ဥပပတ် ပဋိသန္ဓေ ခဏ၌ဖြစ်သော အာယတန(၁၁)ပါးတို့တွင် မနာယတန တစ်ပါးသာ စိတ်ဖြစ်သည်၊ ဓမ္မာယတနကား စေတသိက်နာမ်နှင့် အာပေါစသော ရုပ်တို့ရောနှောသော မိဿက အာယတနဖြစ်သည်၊ ကြွင်းသော အာယတန (၆)ပါးတို့ကား ရုပ်သက်သက်သာ ဖြစ်ကြသည်။
ထို့ပြင် ရူပ အရူပ ပဋိသန္ဓေ အရာ၌ -
ရူပ အရူပဓာတ်၏ ပဋိသန္ဓေ၌ အသညသတ်ဗြဟ္မာတို့ကို ချန်ထား၍ ခန္ဓာ ငါးပါးတို့ ထင်ရှား ဖြစ်ကုန်၏ (အဘိ၊၂၊၄၃၃)။
အသညသတ်ဗြဟ္မာတို့၏ ပဋိသန္ဓေခဏ၌ ရူပက္ခန္ဓာဟူသော ခန္ဓာတစ်ပါးထင်ရှားဖြစ်၏ (အဘိ၊၂၊၄၃၄)။
အရူပဓာတ်၏ ပဋိသန္ဓေခဏ၌ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ = ဤခန္ဓာလေးပါးတို့ ထင်ရှားဖြစ်ကုန်၏ (အဘိ၊၂၊၄၃၅)။
ဤသို့ မြတ်စွာဘုရား ဟောတော်မူသည်။
ဤဒေသနာတော်ဖြင့် ကာမ ရူပ ဥပပတ်ပဋိသန္ဓေသည် ရုပ်နာမ်ရောသော မိဿက ပဋိသန္ဓေ ဖြစ်သည်၊ အသညသတ် ဥပပတ်ပဋိသန္ဓေသည် ရုပ်ပဋိသန္ဓေ ဖြစ်သည်၊ အရူပ ဥပပတ်ပဋိသန္ဓေသည် နာမ်ပဋိသန္ဓေ ဖြစ်သည်ဟု သိရာ၏၊
ယောနိလေးပါး ဘုရားဟော
၃၁။ ဤအရာ၌ ယောနိလေးပါးကို ရှင်းလင်းစွာ သိနိုင်ကြရန် ဘုရားဟော ဒေသနာကို အကျဉ်းချုံး၍ ပြဆိုဦးအံ့-
“သာရိပုတ္တရာ ယောနိခေါ်သော ဇာတ်တူအမျိုးတို့သည် ဤ လေးမျိုးတည်း၊ အဘယ်လေးမျိုးတို့နည်းဟူမူ ဥ၌ဖြစ်သော အဏ္ဍဇယောနိ၊ သားအိမ်၌ဖြစ်သော ဇလာဗုဇယောနိ၊ အညှိ၌(ဝါ) စိုစွတ်ရာအရပ်၌ဖြစ်သော သံသေဒဇယောနိ၊ ကိုယ်ထင်ရှားဖြစ်ပေါ်သော ဩပပါတိကယောနိတို့တည်း၊ ဥခွံကိုဖောက်ခွဲ၍ ဖြစ်ပေါ်လာသော သတ္တဝါကို အဏ္ဍဇယောနိ-ဟု ဆိုအပ်၏၊ သားအိမ်ကို ဖောက်ခွဲ၍ ဖြစ်ပေါ်လာသော သတ္တဝါကို ဇလာဗုဇယောနိ-ဟု ဆိုအပ်၏၊ ငါးပုပ်အကောင်ပုပ် မုယောမုန့်ပုပ် တန်စီးအိုင် တန်စီးမြောင်းတို့၌ ဖြစ်ပေါ်လာသော သတ္တဝါကို သံသေဒဇယောနိ-ဟုဆိုအပ်၏၊ နတ်ငရဲသားနှင့် အချို့ လူအချို့ ဝိနိပါတိက အသူရာကို ဩပပါတိကယောနိ-ဟု ဆိုအပ်၏” (မ-၁-၁၀၅)၊ (ဥခွံဖြစ်ရာဌာနအားဖြင့် အထူးပြုအပ် ခွဲခြားအပ်သော ခန္ဓာတို့၏ ကိုယ့်အုပ်စုနှင့် ကိုယ်ဖြစ်နေပုံ အထူးကို ယောနိ-ဟုခေါ်သည်) ဤသို့ ယောနိလေးပါးကို ဘုရာရှင်ဟောတော်မူခဲ့သည်။
ထို့ကြောင့် “ဥပပတ်ပဋိသန္ဓေသည် စိတ်ပဋိသန္ဓေဖြစ်သည်၊ ရုပ်နာမ်ဟူ၍ တစ်သီးတစ်ခြားမရှိဘဲ ဤ လူသတ္တဝါ၏ အတွင်းစိတ်မှာ စွဲမှီ၍ ဖြစ်နေသော နတ်ငရဲ တစ္ဆေများသာဖြစ်သည်” ဟူသော အယူသည် ပြဆိုခဲ့ပြီးသော ဘုရားရှင်၏ ဒေသနာတော်များနှင့် ဆန့်ကျင်သော (ဒုဂ္ဂဟိတဂ္ဂါဟ) မကောင်းသဖြင့် ယူအပ်သော အယူသာဖြစ်သည်၊ “အတ္တနာ ဒုဂ္ဂဟိတေန အမှေ စေဝ အဗ္ဘာစိက္ခတိ” မိမိကိုယ်တိုင် မကောင်းသဖြင့် ယူအပ်သော အယူဖြင့် ငါဘုရားတို့ကိုလည်း စွပ်စွဲ၏ ဟူသော ဘုရားရှင်၏ စကားတော်နှင့် အညီ ဒေသက ဘုရားရှင်ကိုလည်း စွပ်စွဲရာ ရောက်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။
စာတမ်း စာမျက်နှာ ၁၆-၌ “ကျမ်းဂန်အချို့က ဥပပတ်ပဋိသန္ဓေ မှာ မမြင်ရသော ပဋိသန္ဓေ မှ မမြင်ရသော နတ် ငရဲ တစ္ဆေများကို သီးခြားဖြစ်စေသည်ဟု ဆိုခြင်းကြောင့် ဗုဒ္ဓဘာသာဝင် တစ်ရပ်လုံးမှာ သီးခြားဟု ဆိုသည့် စာတစ်လုံးကြောင့် ယနေ့တိုင် သဘောကွဲလွဲလျက် တစ်ဦးနှင့် တစ်ဦး ရှင်းမရဘဲ ဖြစ်နေကြသည်၊ လူတွေသာမဟုတ် ရဟန်းတော်များ အချင်းချင်းပင်လျှင် ဤဥပပတ်ပဋိသန္ဓေအပေါ် အကောက်အယူ ကွဲလွဲနေကြရသည်” ဟု ပြဆိုထားပြန်၏၊
သုံးသပ်ချက်
ထေရဝါဒ ပိဋကဝယ် ဥပပတ်ပဋိသန္ဓေကို ပြရာ စကားရပ်၌ (သီးခြား) ဟူသော စကားလုံး အလျှင်း မပါရှိချေ၊ ဦးဥက္ကဋ္ဌနှင့်သူ၏ နောက်လိုက်များမှတစ်ပါး ဗုဒ္ဓဘာသာဝင် လူရှင် ရဟန်းအားလုံးပင် ဥပပတ်ပဋိသန္ဓေအပေါ်၌ အကောက်အယူ သဘောကွဲလွဲမှုလည်း အလျှင်းမရှိချေ၊ ထို့ကြောင့် ယခင်စကားရပ်သည် ဝိဝါဒါဒိကရုဏ်း ဖြစ်ပေါ်အောင် လှုံ့ဆော်သော စကားရပ်သာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
စာတမ်း စာမျက်နှာ ၁၈၊၁၉ ၌ “ဥပပတ်၏ သဘောမှာ ပဋိစ္စသမုပ္ပါဒ်ဒေသနာမှလာသော “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုသည့် ပုဒ်နှင့် အတူတူဖြစ်သည်ကို တွေ့ရှိရပါသည်၊ ပဋိစ္စသမုပ္ပါဒ်မှာလည်း ဥပါဒါန်ကြောင့် ဘဝဖြစ်သည်၊ ဥပါဒါန်စိတ်၏ စွဲလမ်းမှုကြောင့် ချက်ခြင်း တစ်မိနစ်အတွင်း ဘဝဟု ခေါ်သည်။ ဤဥပပတ်ပဋိသန္ဓေမှာလည်း ဤအတိုင်းပင် စိတ်စွဲရာ ဘဝ- ဟု ခေါ်ခြင်းကြောင့် ပဋိစ္စသမုပ္ပါဒ်လို စိတ်စွဲရာ ဘဝဖြစ်နေ၍ ရုပ်ဟု တစ်သီးတခြားဖြစ်သွားခြင်း မရှိဘဲ ဤရုပ်အတွင်းမှာပင် ရှိနေသော နာမ်သက်သက်ကို ခေါ်ခြင်းဖြစ်သည်။ ပ။ ဥပမာ ဇာတ်သမားအဖြစ်ကို စွဲလမ်းမှု ဥပါဒ်ဖြင့် စွဲကပ်နေက ဇာတ်သမားဘဝ, သမီးတစ်ဦးအပေါ်မှာလည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် ပူပင်စွဲကပ်နေသော ဥပါဒ်ဖြစ်နေပါက သမီးဘဝ, သားဆယ်တန်းအောင်သည်ကို စွဲကပ်၍ပျော်ရွှင်မှုဖြစ်နေက သားဘဝ, မိန်းမသေသည်နှင့် ကြုံတွေ့ရ၍ ပူပင်စွဲကပ်နေက မိန်းမဘဝ, လိုချင်သော အာဏာတစ်ခုကို ရရှိ၍ ပျော်ရွှင်စွာ စွဲကပ်နေက တန်ခိုးရှိသူဘဝ ဤသို့ အစရှိသဖြင့် လိုချင်စွဲ မလိုချင်စွဲဟူသော လောဘစွဲ ဒေါသစွဲများ မိမိခန္ဓာအတွင်း ကိန်းအောင်းနေသည်ကို (ဘဝ) ဖြစ်၍နေသည်ဟု ခေါ်သည်” ဟု ဆိုထားပြန်၏၊
သုံးသပ်ချက်
ဥပပတ်ပဋိသန္ဓေနှင့် ဥပါဒါနပစ္စယာ ဘဝေါ၏ အရတို့ကို အသီးအသီး စိစစ်၍ပြခဲ့ပြီးဖြစ်သည်၊ ဤဥပပတ် ပဋိသန္ဓေနှင့် ဥပါဒါနပစ္စယာ ဘဝေါဟူသော ပဋိစ္စသမုပ္ပါဒ်ဒေသနာမှာ တသီးတခြားစီသာဖြစ်၍ အလျှင်းမတူပေ၊ ပဋိသန္ဓေအရာနှင့် ပစ္စယာကာယ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တို့ကား -
သစ္စံ သတ္တော ပဋိသန္ဓိ၊ ပစ္စယာကာရမေဝ စ။
ဒုဒ္ဒသာ စတုရော ဓမ္မာ၊ ဒေသေတုဉ္စ သုဒုက္ကရာ (အဘိ၊ဋ္ဌ၊၂၊၁၂၃)။
သစ္စာလေးပါး၊ သတ္တမှ ဆိတ်သုဉ်းသော သင်္ခါရတို့၌ သတ္တ- ဟူသော ဝေါဟာရ ပညတ်၊ ပဋိသန္ဓေ၊ ပဋိစ္စသမုပ္ပါဒ် ဤလေးရပ်တို့ကား မြင်လည်း မြင်နိုင်ခဲ၏၊ ဟောကြားခြင်းငှာလည်း လွန်စွာ ခဲယဉ်းလှ၏ ဟု အဓိပတိပညာရင်ကြီးများ မိန့်မှာထားခဲ့သော ခဲလေးပါး ဒေသနာတွင် ပါဝင်သော အရာများ ဖြစ်ကြပေသည်။
ဤသို့ သုဒုဒ္ဒသ အတိဂမ္ဘီရဖြစ်သော ပဋိသန္ဓိကထာနှင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်များကို ဆရာနည်းခံ သင်အံကြားနာခြင်း အလျဉ်းမရှိဘဲ စုဒိတကဦးရွှေပြည့်သည် မိမိ၏ ပဒုဋ္ဌစိတ်ထားဖြင့် ဘုရားရှင် ဒေသနာတော်များကို ထိပါးပုတ်ခတ်ခြင်းသာဖြစ်၍ ယင်းစကားရပ်များသည် အဓမ္မသာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
၃၄။ စာတမ်း စာမျက်နှာ ၂၀-၌ “ဗြဟ္မာဆိုသည်မှာလည်း ဤ ဥပပတ်ပဋိသန္ဓေဖြင့် ဖြစ်သော စိတ်အစွဲကိုပင် ခေါ်ပါသည်၊ ဗြဟ္မစိုရ်တရား လက်ကိုင်ထားကြသော သက်ကြီးရွယ်ရင့်များနှင့် မိဘတို့ကို ခေါ်ကြခြင်းဖြစ်သည်။ပ။ သဠာယတနဝဂ္ဂသံယုတ်(၃၉၆) ခန္ဓသုတ်၌ ဗုဒ္ဓဟောထားသည်ကို တွေ့ရပါသည်။ အင်္ဂုတ္တိရ်၊ စတုက္ကနိပါတ်၊ ဗြဟ္မသုတ်၌လည်း ဤအတိုင်းပင် ပါရှိပါသည်” ဟု ပြဆိုထား၏၊
သုံးသပ်ချက်
သဠာယတနသံယုတ်(၃၉၆)၌ ခန္ဓသုတ်မရှိ၊ ဤစကားမျိုးမရှိ၊ အင်္ဂုတ္တိရ်၊ စတုက္ကနိပါတ်(၃၉၆) ဗြဟ္မသုတ်၊ တိကနိပါတ်(၁၄၇-၁၄၈) သဗြဟ္မကသုတ်တို့၌မိဘတို့ကို ဗြဟ္မာဟု ဟောတော်မူသော ဒေသနာတော်များရှိသော်လည်း ထိုဒေသနာတော်များသည် မုချတ္ထ ဒေသနာတော်များမဟုတ်၊ မိဘတို့သည် ဗြဟ္မာနှင့်တူသောကြောင့် သဒိသူပစာရအားဖြင့် တင်စား၍ဟောတော်မူအပ်သော ဒေသနာတော်များသာဖြစ်ကြသည်၊ ထို့ကြောင့် အင်္ဂုတ္တိရ် တိကနိပါတ်အဋ္ဌကထာ(၉၉)၌ “ဗြဟ္မာသည် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ- ဟူသော ဘာဝနာလေးပါးတို့ကို မစွန့်သကဲ့သို့ ဤအတူ မိဘတို့သည်လည်း ဘာဝနာလေးပါးတို့ကို မစွန့်ကုန်” ဟု ဥပမာအနက်ဖော်ပြလျက် ဖွင့်တော်မူသည်။
ဤသို့ ဥပစာရတ္ထဒေသနာတော်ကို မုချတ္ထ ယူ၍ဆိုထားသော စာတမ်းပါ စကားရပ်သည် ဘုရားရှင်အလိုတော်ကို မသိ၊ အတ္တနောမတိမျှဖြစ်၍ မှားယွင်းသောစကားရပ်သာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
၃၅။ စာတမ်းစာမျက်နှာ ၂၁-၌လည်း “အာကာသ တစ်ခွင်မှ လေယာဉ် ဒုံးပျံ၊ဂြိုဟ်တုတို့ဖြင့် နှံ့စပ်အောင် သွားလာနေကြပါလျက် မည်သည့်နတ်ပြည် ဗြဟ္မာ့ပြည်ကိုမျှ မတွေ့မြင်ရကြောင်း၊ အာကာသလေဟာပြင်မှာ လေကို ရှုရသော သက်ရှိသတ္တဝါများ မရှိနိုင်ကြောင်း၊ နတ်ဗြဟ္မာများကို အာကာသသို့ ဆွဲတင်၍ ရေးထားခြင်းမှာ မှန်ကန်သော စာများ မဟုတ်နိုင်ကြောင်း သိပ္ပံသဘာဝသာလျှင် မှန်ကန်သော အရာဖြစ်ကြောင်း” ပြဆိုထား၏၊
ထို့ပြင် စာမျက်နှာ ၂၆-၌လည်း “ဤငရဲကြီး ၈-ထပ်မှာ ဤကမ္ဘာမြေပြင်အောင် သေလာမြေနှင့် ပံသုမြေတို့အကြားတွင် ရှိကြသည်ဟု ရေးထားကြသော ကျမ်းစာတို့အရ မှန်မမှန်ကို မိမိတို့၏ ခန္ဓာဖြင့် စမ်းသပ်၍ ကြည့်ရန်မှာ မိမိ၏ နှာခေါင်း လေရှုပေါက်ကို တစ်နာရီခန့် ပိတ်၍ထားကြည့်ပါက မနေနိုင်ဘဲ သေသွားလိမ့်မည်ကို တွေ့ခြင်းဖြင့် ဤကမ္ဘာမြေအောက်တွင် သက်ရှိသတ္တဝါတို့မှာ မည်သည့်လေကို ရှု၍နေနိုင်ကြမည်နည်းဟု လွယ်ကူစွာ သဘောပေါက်နိုင်ပါသည်” ဟု ပြဆိုထားပြ၏၊
သုံးသပ်ချက်
လေယာဉ်, ဒုံးပျံ, ြုဂိဟ်တုတို့ဖြင့် နှံ့စပ်အောင် သွားနေပါလျက် နတ်ပြည် ဗြဟ္မာ့ပြည်တို့ကို ပကတိ မျက်စိဖြင့် မမြင်ရခြင်းကြောင့် မရှိဟု ဆိုသော စကားသည် အလျှင်းပင် မသင့်သော စကားဖြစ်၏၊ အကြောင်းကား နတ်ဗြဟ္မာတို့၏ ပကတိအဆင်းကို လူတို့ မံသစက္ခုဖြင့် မြင်ရန် မဆိုထားဘိ ဗြဟ္မာတို့၏ ပကတိအဆင်းကို နတ်တို့က မမြင်နိုင် အထက်အထက် နတ်တို့၏ ပကတိအဆင်းကို အောက်အောက်နတ်တို့က မမြင်နိုင် ကြမ်းတမ်းသော အတ္တဘောကို ဖန်ဆင်း၍ ပြမှသာ မြင်နိုင်သောကြောင့်တည်း (ဒီ၊၂၊၁၇၀)။
၃၆။ နတ် ဗြဟ္မာတို့၏ ပကတိအဆင်းကို လူတို့၏ မံသစက္ခုဖြင့် မြင်နိုင်ရန်မဆိုထားဘိ အဆင့်အတန်းကွာခြားသည့် နတ်ဗြဟ္မာ အချင်းချင်းပင် မမြင်နိုင်ပုံကို ဟောပြသော ကဏ္ဏကတ္ထလ သုတ်တော်ကို အကျဉ်းချုံး၍ ပြဆိုဦးအံ့ -
အခါတစ်ပါး မြတ်စွာဘုရားသည် ဥရုညမြို့ ကဏ္ဏကတ္ထလ သမင်တော၌ သီတင်းသုံးနေတော်မူစဉ် ပသေနဒီကောသလမင်းကြီးလည်း တစ်စုံတစ်ခုသောကိစ္စဖြင့် ရောက်လာခိုက် “အရှင်ဘုရား နတ်တို့ ရှိကြပါသလား” ဟု လျှောက်၏၊ မင်းကြီး (စာတုမဟာရာဇ်စသော နတ်တို့ ရှိသည်ဟု သင်မသိသလော) အဘယ့်ကြောင့် ဤသို့ မေးသနည်း” ဟု မိန့်တော်မူရာ “အရှင်ဘုရား (နတ်များရှိကြသည်ဟု သိပါ၏) ထိုနတ်တို့သည် ဤလူ့ပြည်သို့ ပဋိသန္ဓေ နေလာကြပါသေးသလား၊ မနေလာကြတော့ပြီလား” ဟု မေးလျှောက်လေသည်၊ “မင်းကြီး စေတသိက ဒုက္ခရှိသောနတ်တို့သည်” ဤ လူ့ပြည်သို့ ပဋိသန္ဓေနေလာနိုင်ကုန်၏၊ စေတသိက ဒုက္ခမရှိသော နတ်တို့သည် ဤလူ့ပြည်သို့ ပဋိသန္ဓေမနေလာကြကုန်” ဟု မိန့်တော်မူလေသည်၊ ထိုအခါ ဝိဋဋူဘ စစ်သူကြီးက “စေတသိက ဒုက္ခရှိကြသေးသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေ နေလာနိုင်သော နတ်တို့က စေတသိက ဒုက္ခမရှိကြသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေ မနေလာကြသည့် နတ်တို့ကို နှင်ထုတ်နိုင်ကြပါသလား” ဟု ကြားဝင်၍ လျှောက်၏၊ ထိုအခါ အရှင်အာနန္ဒာက “စစ်သူကြီး ပသေနဒီကောသလမင်းကြီးသည် တာဝတိံသာ နတ်တို့ကို နှင်ထုတ်နိုင်ပါသလား” ဟု ပြန်မေးလေရာ “အရှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် တာဝတိံသာ နတ်တို့ကို မြင်ရုံသော်မျှ မမြင်နိုင်ပါ။ အဘယ်မှာလျှင် နှင်ထုတ်နိုင်ပါမည်နည်း” ဟု လျှောက်လေသည်။ “စစ်သူကြီး ဤအတူပင် စေတသိက ဒုက္ခရှိကြသေးသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေ နေလာနိုင်သော နတ်တို့သည် စေတသိက ဒုက္ခမရှိကြသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေ မနေလာနိုင်သော နတ်တို့ကို မြင်ရုံသော်မျှ မမြင်နိုင်ကြကုန်။ အဘယ်မှာလျှင် နှင်ထုတ်နိုင်ပါမည်နည်း” ဟု ဖြေတော်မူသည်။ ပ။ “အရှင်ဘုရား ဗြဟ္မာများ ရှိကြပါသလား” ဟု လျှောက်ပြန်၏၊ “မင်းကြီး အဘယ့်ကြောင့် ဤသို့မေးသနည်း” ဟု မိန့်တော်မူရာ “အရှင်ဘုရား၊ ထိုဗြဟ္မာတို့သည် ဤလူ့ပြည်သို့ ပဋိသန္ဓေ နေလာကြပါသေးသလား။ မနေလာကြတော့ပြီလား” ဟု မေးလျှောက်လေသည်။ “မင်းကြီး စေတသိက ဒုက္ခရှိသော ဗြဟ္မာတို့သည် ဤလူ့ပြည်သို့ ပဋိသန္ဓေ နေလာနိုင်ကုန်၏၊ စေတသိကဒုက္ခ မရှိသော ဗြဟ္မာတို့သည် မနေလာနိုင်ကုန်” ဟု မိန့်တော်မူလေသည်။ (မ၊မြန်၊၂၊၃၃၅-၃၃၇)
ယင်းအဋ္ဌကထာ နှာ-၂၄၈ ၌ စေတသိက ဒုက္ခမရှိကြသည့် ကာမာဝစရ နတ်တို့ကို စေတသိက ဒုက္ခရှိကြသည့် ကာမာဝစရ နတ်တို့က စက္ခုဝိညာဉ်ဖြင့်ပင် မမြင်နိုင်ကုန်၊ ရူပဘုံ၌မူကား ဗိမာန်တစ်ခုတည်း၌ အတူနေ ဗြဟ္မာများကို စက္ခုဝိညာဉ်ဖြင့် မြင်နိုင်ကြ၏၊ ထိုအဗျာပဇ္ဈ ဗြဟ္မာတို့ မြင်အပ် မှတ်အပ် ထိုးထွင်း၍ သိအပ်သော လက္ခဏာကို မြင်ခြင်း၊ မှတ်ခြင်း၊ ထိုးထွင်း၍ သိခြင်းငှာ မစွမ်းနိုင်ကုန်။ အထက်အထက် ဗြဟ္မာတို့ကိုမူ အောက်အောက် ဗြဟ္မာတို့က စက္ခုဝိညာဉ်ဖြင့်ပင် မမြင်နိုင်ကုန်” ဟု ဖွင့်ပြသည်။
ဤပါဠိတော် အဋ္ဌကထာတို့ကို ထောက်၍ နတ်ဗြဟ္မာ အချင်းချင်းသော်မှ အဆင့်အတန်း ကွာခြင်းနေလျှင် မမြင်နိုင်ကြကုန်သေး၊ လူတို့သည်ကား နတ်ဗြဟ္မာတို့ကို အဘယ်မှာလျှင် မြင်နိုင်ကြလိမ့်မည်နည်း။ (ဒီ၊ဋ္ဌ၊၂၊၂၃၃)
၃၇။ အကာသ လေဟာပြင်နှင့် ကမ္ဘာမြေအတွင်း၌ အသက်ရှုရန် လေမရှိ၍ နတ်ဗြဟ္မာနှင့် ငရဲများ မရှိနိုင်၊ နတ်ဗြဟ္မာများကို အာကာသသို့ ဆွဲတင်၍ ရေးထားခြင်းမှာ မှန်ကန်သော စာများ မဟုတ်နိုင်၊ သိပ္ပံသဘာဝသာ မှန်ကန်သည်ဟူသော အကြောင်းပြချက်ဖြင့် သဗ္ဗညုတဉာဏ်တော်၏ အရာကို သိပ္ပံပညာဖြင့် နှိုင်းယှဉ်တိုင်းတာ ခြင်းသည်လည်း အလွန်နက်သည့် မဟာသမုဒ္ဒရာကို ခြင်၏နှုတ်သီးဖြင့် တိုင်းတာသကဲ့သို့သာ ဖြစ်ချေသည်။ သဗ္ဗညုဘုရားရှင်သည် ယမိုက်ပါဠိတော်၌ -
ဝိနာ အဿာသပဿာ သေဟိ ဝိတက္ကဝိစာရာနံ ဥပ္ပါဒက္ခဏေ တေသံ ဝစီသင်္ခါရော ဥပ္ပဇ္ဇတိ နော စ တေသံ ကာယသင်္ခါရော ဥပ္ပဇ္ဇတိ (အဘိ၊၆၊၆)-
ဟု ဟောတော်မူသည်။
အဓိပ္ပာယ်ကား ထွက်သက် ဝင်သက်တို့မှ ကင်း၍ ဝိတက်ဝိစာရတို့ ဖြစ်ဆဲခဏ၌ ထိုပုဂ္ဂိုလ်တို့အား ဝစီသင်္ခါရခေါ်သော ဝိတက်ဝိစာရသာ ဖြစ်ဆဲ၊ ကာယသင်္ခါရခေါ်သော ထွက်သက် ဝင်သက် ဖြစ်ဆဲမဟုတ်ဟု ဆိုလိုသည်။
ယမိုက်မူလဋီကာ နှာ-၁၄၀ ၌လည်း “ကာမာဝစာရာနမ္ပိ ဟိ ဂဗ္ဘဂတာ ဒီနံဝိနာ အဿာသပဿာသေဟိ ဝိတက္ကဝိစာရာနံ ဥပ္ပတ္တိ အတ္ထိ” အမိဝမ်း၌ ကိန်းအောင်းသူ စသော ကာမာဝစရ သတ္တဝါတို့အားလည်း ထွက်သက်ဝင်သက်တို့နှင့် ကင်း၍ ဝိတက်ဝိစာရ ဖြစ်ခြင်းရှိသည်” ဟု ဖွင့်ပြတော်မူ၏၊ ယမိုက်အနုဋီကာ(၁၉၃) ၌-
“အာဒိသဒ္ဒေန ဥဒကနိမုဂ္ဂဝိသညိဘူတာ သင်္ဂဟိတာ၊ န မတစတုတ္ထဇ္ဈန သမာပန္န နိရောဓ သမာပန္နာ” (အနုဋီ၊၃၊၁၉၃)
ဟု ဖွင့်ပြတော်မူသည်။
အဓိပ္ပာယ်မှာ ဂဗ္ဘဂတာ ဒီနံဝယ် အာဒိသဒ္ဒါဖြင့် ရေ၌ကိန်းသော သတ္တဝါ, တွေဝေမိန်းမော မေ့မြောနေသော သတ္တဝါတို့ကို သွင်းယူရမည်။ သေသောသူ, စတုတ္ထစျာန် ဝင်စားသူ, နိရောဓ သမာပတ် ဝင်စားသူတို့ကို (ထွက်သက် ဝင်သက် ကင်းသော်လည်း ဝိတက်ဝိစာရ မရှိခြင်းကြောင့်) သွင်းမယူရဟု ဆိုသည်။
ဤပါဠိတော်နှင့် ဋီကာတို့ကို ထောက်၍ ထွက်သက်ဝင်သက် ကင်းလျက် အသက်ရှင်နေသူတို့ကား ရူပ အရူပဗြဟ္မာများ၊ အမိဝမ်း၌ ကိန်းအောင်းသော သတ္တဝါ၊ စတုတ္ထစျာန် ဝင်စားသော ကာမသတ္တဝါ၊ နိရောဓ သမာပတ် ဝင်စားသော အနာဂါမ် ရဟန္တာ စသောအားဖြင့် များစွာ ရှိပေသည်။
မြတ်စွာဘုရားသည် လွန်စွာ နက်နဲ သိမြင်နိုင်ခဲသော ငြိမ်သက်မွန်မြတ် မကြံစည်အပ်၊ မကြံစည်နိုင်သော သိမ်မွေ့လှ၍ ပညာရှိသူတို့သာ သိနိုင်သော၊ သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် တပ်အပ်ထင်ထင် သိမြင်တော် မူသည့်အတိုင်း နတ် ဗြဟ္မာ ငရဲများကို ဟောကြားထားခဲ့ပါလျက် ယင်းသဗ္ဗညုတဉာဏ်တော်မြတ်ကို သိပ္ပံပညာလောက်မျှ သက်ဝင်ယုံကြည်မှု မရှိသူတို့အတွက် ဟောတော်မူအပ်သော မဟာသီဟနာဒသုတ်လာ ပဉ္စဂတိကထာကို အကျဉ်းချုပ်မျှ ပြဆိုဦးမည်။
“သာရိပုတ္တရာ လားရာဂတိတို့သည် ငရဲဘုံ, တိရိစ္ဆာန်ဘုံ, ပြိတ္တာဘုံ, လူ့ဘုံ, နတ်ဘုံအားဖြင့် ငါးပါးတို့တည်း။ သာရိပုတ္တရာ ငါသည် ငရဲဘုံ။ ပ။ နတ်ဘုံတို့ကို လည်းကောင်း၊ ထိုဘုံတို့သို့ ရောက်ကြောင်း လမ်းစဉ်အကျင့်ကို လည်းကောင်း သိတော်မူ၏၊ နိဗ္ဗာန်နှင့် နိဗ္ဗာန် ရောက်ကြောင်း လမ်းစဉ်အကျင့်ကို လည်းကောင်း သိတော်မူ၏၊ ပ။ ဤပုဂ္ဂိုလ်သည် ငရဲရောက်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ ငရဲသို့ရောက်ကာ စင်စစ် ဆင်းရဲလှစွာ ထက်မြက်ကြမ်းတမ်းသည့် ဝေဒနာကို ခံစားနေရသည်ကို မြင်ရ၏၊ ပ။ တိရိစ္ဆာန်ဘုံသို့ ရောက်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ တိရိစ္ဆာန်ဘုံသို့ ရောက်ကာ စင်စစ် ဆင်းရဲလှစွာ ထက်မြက်ကြမ်းတမ်းသည့် ဝေဒနာကို ခံစားနေရသည်ကို မြင်ရ၏၊ ပ။ ပြိတ္တာဘုံသို့ ရောက်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ ပြိတ္တာဘုံသို့ရောက်ကာ စင်စစ် ဆင်းရဲလှစွာ ထက်မြက်ကြမ်းတမ်းသည့် ဝေဒနာကို ခံစားနေရသည်ကို မြင်ရ၏၊ ပ။ လူ့ဘုံ၌ ဖြစ်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ လူ့ဘုံ၌ ဖြစ်ကာ ချမ်းသာများသည့် ဝေဒနာ ခံစားနေရသည်ကို မြင်ရ၏၊ ပ။ နတ်ဘုံသို့ ရောက်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ နတ်ဘုံသို့ရောက်ကာ စင်စစ်ချမ်းသာသည့် သုခဝေဒနာ ခံစားနေရသည်ကို မြင်ရ၏၊ ပ။ ဤပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်သို့ ရောက်မည့် အကျင့်ကို ကျင့်၏ဟု သိ၏၊ ပ။ အရဟတ္တဖိုလ်သို့ရောက်ကာ စင်စစ်ချမ်းသာသည့် သုခဝေဒနာ ခံစားနေရသည်ကို မြင်ရ၏၊ ပ။ သာရိပုတ္တရာ၊ ဤသို့မြင်သော ငါ့ကို “ရဟန်းဂေါတမအား လူတို့၏ ကုသိုလ်ကမ္ဗပထ တရားထက် သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူး မရှိ။ ရဟန်းဂေါတမသည် ကြံစည်ယူဆလျက် စူးစမ်းလေ့လာကာ အလိုလိုထင်မြင်လာသော တရားကို ဟောကြား၏” ဟု ပြောဆိုသူသည် ထိုအပြောစိတ်ထားကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့”။ (မ၊မြန်၊၁၊၁၁၃-၁၁၈)
ဤသို့ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ဖြင့် ကိုယ်တော်မြတ် မြင်သည့်အတိုင်း ဟောတော်မူခဲ့ပါလျက် မျက်စိဖြင့် မမြင်ရခြင်း၊ သိပ္ပံသဘာဝနှင့် မကိုက်ညီခြင်း စသောအကြောင်းကိုပြလျက် နတ် ဗြဟ္မာ ငရဲတို့ကို ပယ်ရှား ရေးသား ဟောပြောသော စကားများသည် ဘုရားရှင် သဗ္ဗညုတ ဉာဏ်တော်ကိုလည်းကောင်း၊ ဒေသနာတော်ကိုလည်းကောင်း ပယ်ရှားရာ ရောက်သောကြောင့် အဓမ္မဝါဒသာ ဖြစ်ပေသည်။
၃၈။ နတ်နှင့်ငရဲ ဘယ်မှာလဲ စာမျက်နှာ ၂၁-၂၂ တို့၌ “ဗုဒ္ဓလက်ထက်တော် အခါကလည်း ဤနတ် ဗြဟ္မာများကို မည်သူမျှ မမြင်နိုင်ကြ၊ မတွေ့နိုင်ကြ၍ ဗုဒ္ဓကိုပင် ဝါသေဋ္ဌ၊ ပေါဋ္ဌပါဒ၊ ဘာရဒွာဇ စသော ပုဏ္ဏားတို့က “နတ် ဗြဟ္မာရှိသည်ဆိုခြင်းမှာ မှန်ပါသလား” ဟု မေးလျှောက်ကြရာ ဗုဒ္ဓက “သင် ပုဏ္ဏားတို့၊ အသင်တို့၏ ဘိုးဘေးများ ခုနစ်ဆက်လောက်ကတော့ နတ် ဗြဟ္မာများကို မြင်ဖူးလိုက်ကြသည်ဟု ပြောခဲ့ဖူးကြသလား” ဟု ပြန်မေးရာ “မပြောခဲ့ကြဖူးပါ” ဟု ပုဏ္ဏားတို့က ဖြေဆို၍ ဗုဒ္ဓက “မမြင်ဖူးသူ၏ ပြောစကားကို မမြင်ရသူများက ယုံကြည်နေကြခြင်းမှာ အကန်းပြောသည့်စကားကို အကန်းက ယုံဘိသကဲ့သို့သာ ဖြစ်သည်။ ဤ မမြင်ရသော နတ် ဗြဟ္မာများကို အကြောင်းပြလျက် ဟောကြခြင်းမှာ လာဘ်လာဘကို ရှာနေကြသော သမဏ ဗြဟ္မဏ ဟိန္ဒူဝါဒ၏ အယူသာ ဖြစ်သည်” ဟု ဥပရိပဏ္ဏာသ ပဉ္စတ္တယသုတ် နှာ-၂၃ တွင် ဗုဒ္ဓက ဖော်ပြထားသည်ကို တွေ့ရပါသည်ဟု ဦးရွှေပြည့်က ပြဆိုထားပြန်၏၊
သုံးသပ်ချက်
ဤစကားများသည် ဘုရားဟော ဒေသနာတော် မူရင်းကို ပျက်ယွင်းစေလျက် မိမိလိုရာ အဓိပ္ပာယ်ကိုသာ လုပ်ကြံဖော်ပြထားသော စကားများ ဖြစ်သည်။ ဘုရားဟော ဒေသနာတော် မူရင်း၏ ဆိုလိုရင်း အဓိပ္ပာယ်ကို သီလက္ခန္ဓဝဂ် မြန်မာပြန် နှာ ၂၅၃-၂၆၈ တို့မှ ယူ၍ အကျဉ်းမျှ ပြဆိုဦးမည်။
အခါတစ်ပါး မြတ်စွာဘုရားသည် ရဟန်းငါးရာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော် မူလတ်သော် မနသာကဋ ပုဏ္ဏားရွာသို့ ရောက်၍ ရွာ၏ မြောက်ဖက် အစီရဝတီ မြစ်ကမ်းနားရှိ သရက်တော၌ သီတင်းသုံးတော်မူသည်။ ထိုစဉ်အခါ စင်္ကီ, တာရုက္ခ, ပေါက္ခရသာတိစသော ပုဏ္ဏား သူဌေးများ ထိုရွာ၌ တည်းခိုနေကြသည်။ ထိုအခါ အညောင်းပြေ လမ်းလျှောက်ကြစဉ် ဝါသေဋ္ဌနှင့် ဘာရဒွါဇ လုလင်တို့ ဗြဟ္မာ့ပြည်ရောက်ကြောင်း လမ်းစဉ်နှင့် စပ်၍ အယူအဆ မတူကြသဖြင့် ဘုရားရှင်ထံ လာရောက်ကာ ပေါက္ခရသာတိ ပုဏ္ဏား, တာရုက္ခ ပုဏ္ဏားတို့ ဟောကြားသော ဗြဟ္မာ့ပြည်ရောက်ကြောင်း လမ်းစဉ်သည် ဖြောင့်တန်းသောလမ်း ဟုတ်မဟုတ် မေးလျှောက်ကြသည်။ ဘုရားရှင်က “ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့တွင် ဗြဟ္မာကို မြင်ဖူးသော ပုဏ္ဏား တစ်ဦးတစ်ယောက်မျှ ရှိသလော၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ, ဆရာ့ ဆရာ ခုနစ်ဆက်တိုင်အောင် ဗြဟ္မာကို မြင်ဖူးသူ တစ်ဦးတစ်ယောက်မျှ ရှိသလော” ဟု မေးတော်မူ၍ မရှိပါဟု ဖြေကြရာ ဘုရားရှင်က သူကန်းအစဉ်အတန်း ဥပမာ စသည်တို့ ပြလျက် “ဗြဟ္မာအဖြစ်သို့ ရောက်နိုင်ဖို့ အကြောင်းမရှိ” ဟု မိန့်တော်မူသဖြင့် “ဗြဟ္မာဖြစ်ရန် လမ်းစဉ်ကို ဟောတော်မူပါ” ဟု ဝါသေဋ္ဌက တောင်းပန်ခြင်းကြောင့် ဗြဟ္မာဖြစ်ရန် လမ်းစဉ်ကို ဘုရားရှင် ဟောတော်မူသည်။
ထိုလမ်းစဉ်ကို အကျဉ်းမျှ ပြအံ့။ အမျိုးကောင်းသားသည် ဘုရားရှင်သာသနာတော်၌ ရဟန်းပြု၍ သီလအကျင့်, ဣန္ဒြေကို စောင့်စည်းမှု, အောက်မေ့မှု, သတိဆင်ခြင်မှု သမ္ပဇဉ်, ရောင့်ရဲမှု သန္တောသ တို့ကို ပြည့်စုံစေကာ ဆိတ်ငြိမ်ရာဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် ကိုယ်ကို ဖြောင့်စွာထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် နေရာ၏၊ ထိုရဟန်းအား နီဝရဏ ကင်းသည့်အခါ ဝမ်းမြောက်မှု, နှစ်သိမ့်မှု, ငြိမ်းအေးမှု, ချမ်းသာမှု, တည်ကြည်မှုတို့ကို ရ၏၊ ထိုရဟန်းသည် မေတ္တာစိတ်ဖြင့် အရပ်ဆယ်မျက်နှာကို ဖြန့်၍နေသော် (မေတ္တာကမ္မဋ္ဌာန်းကို ပွားသော်) မေတ္တာစေတော ဝိမုတ္တိစျာန်ကို ရ၏၊ ဤစျာန်သည် ဗြဟ္မာဖြစ်ရန် လမ်းစဉ်ပေတည်း။ ကရုဏာစေတော ဝိမုတ္တိ, မုဒိတာစေတော ဝိမုတ္တိ, ဥပေက္ခာစေတော ဝိမုတ္တိစျာန်တို့သည်လည်း ဗြဟ္မာဖြစ်ရန် လမ်းစဉ်များပင်တည်း။ စိတ်ကို အလိုအတိုင်း ဖြစ်စေနိုင်သော ထိုရဟန်းသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည့်နောက်၌ စိတ်ကိုအလိုအတိုင်း ဖြစ်စေနိုင်သော ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် အကြောင်းရှိ၏ဟု ဟောတော်မူလေသည်။ ဤသုတ်ဖြင့် ဗြဟ္မာရှိရုံမက ဗြဟ္မာဖြစ်ကြောင်း အကျင့်ကိုပင် ဘုရားရှင်ဟောတော်မူသည်ကို ထင်ရှားစွာ သိကြရပေသည်။
ဤမမြင်ရသော နတ်ဗြဟ္မာများကို အကြောင်းပြုလျက် ဟောကြားခြင်းမှ လာဘ်လာဘကို ရှာနေကြသော သမဏ ဗြဟ္မဏ ဟိန္ဒူဝါဒ၏ အယူသာ ဖြစ်သည်” ဟု ဥပရိပဏ္ဏာသပါဠိတော်(၂၃) ပဉ္စတ္တယသုတ်တွင် ဗုဒ္ဓက ဖော်ပြထားသည်ဟူသော ဦးရွှေပြည့် ဆိုလိုသည့် အဓိပ္ပာယ်မျိုး ထိုသုတ်တွင် မပါ မရှိချေ။ ထိုသုတ်၌ “အတ္တသည် သညာရှိ၏၊ သေသည်မှ နောက် မြဲ၏” စသဖြင့် အနာဂတ်ကို ကြံဆစွဲယူမှု “အပရန္တ ကပ္ပိက” အယူ ၄၄ မျိုးတို့ကို ဟောပြီးသည်၏ အဆုံး၌ “ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့။ ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့။” ဟု နောက်၌ ကျင်လည်ခြင်းကို ငြိကပ်လျက် ပြောဆိုကြသည့် သမဏ ဗြဟ္မဏတို့သည် “ဤအရပ်မှ ငါ့မှာ ဤမျှလောက်သော အမြတ်ငွေ ဖြစ်လိမ့်မည်။ ဤကုန်ဖြင့် ဤအမြတ်ငွေကို ရလိမ့်မည်” ဟု ကြံစည်စဉ်းစားကြသည့် ကုန်သည်များနှင့် တူသည်ဟုသာ ဗုဒ္ဓရှင်တော်မြတ် ဟောတော်မူပေသည်။
မြတ်စွာဘုရားသည် ငရဲနှင့် နတ်ဗြဟ္မာများ ရှိသည်ကိုလည်းကောင်း၊ ထိုငရဲ နတ်ဗြဟ္မာ အဖြစ်သို့ ရောက်စေတတ်သော အကျင့်တို့ကိုလည်းကောင်း အမှန်ရှိသည့်အတိုင်းသာ ဟောပြတော်မူသည်။ ငရဲနှင့် ခြောက်၍ နတ်ဗြဟ္မာများဖြင့် မြှောက်ခဲ့သည် မဟုတ်။ နတ်ဗြဟ္မာ အဖြစ်ကိုလည်း ချီးမွမ်းအားပေးတော်မူသည် မဟုတ်။ ဘုရားရှင်၏ အလိုတော်မှာ အနုပါဒါ ပရိနိဗ္ဗာန် ဝင်စံရေးပင် ဖြစ်သည်။ ဘုရားရှင်လက်ထက်တော်မှ စ၍ ယခုခေတ်တိုင်အောင် တပည့်သာဝက ရဟန်းတော်တို့သည်လည်း ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်တို့ စွပ်စွဲသကဲ့သို့ ငရဲနှင့် ခြောက်၍ နတ်ဗြဟ္မာများဖြင့် မြှောက်နေကြသူများ မဟုတ်။ ဘုရားရှင် ဟောတော်မူသည့်အတိုင်း အရှိကို အရှိဟုသာ အမှန်အတိုင်း ဟောပြကြ၍ ပဓာန ရည်ညွှန်းချက်မှာ အနုပါဒါ ပရိနိဗ္ဗာန် စံဝင်ရေးပင် ဖြစ်သည်ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း သိကြပေသည်။ ဘုရားရှင် တပည့်သာဝက ရဟန်းတော်များသည် ပုဗ္ဗန္တကပ္ပိက အယူရှိကြသူများ မဟုတ်ကြရကား ပဉ္စတ္တယသုတ်၌ ဟောတော်မူသည့် ကုန်သည်နှင့်တူသော သမဏ ဗြဟ္မဏများ မဟုတ်ကြပေ။
ထို့ကြောင့် နတ်နှင့်ငရဲ ဘယ်မှာလဲ စာတမ်းပါ စကားရပ်များသည် မိမိတို့၏ မိစ္ဆာဝါဒကို ပြလို၍ လည်းကောင်း၊ ဒေသနာတော်အတိုင်း ဟောပြောနေကြသော ရဟန်းတော်များကို စော်ကားပုတ်ခတ်လို၍ လည်းကောင်း၊ ဖော်ပြပါ ဒေသနာတော်တို့ကို ယုတ်ယုတ်မာမာ ဖျက်ဆီးနေသော အဓမ္မစကားရပ်များသာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ သုံးသပ်တော် မူကြသည်။
၃၉။ ထိုစာတမ်း စာမျက်နှာ ၂၃ ၌ “ဤနတ်ပြည် (၆) ထပ်နှင့် ပတ်သက်၍ ဗုဒ္ဓဟောသော အဓိက အချက်ဖြစ်သည့် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်(၃၃၄) ခဏသုတ်တွင် ကြည့်ပြန်ပါကလည်း ဆဖဿဟု တွေ့ထိခံစားမှု (၆) ခုကိုပင် ခံစားမှု နတ်ဘုံ (၆) ခုဟု ပြဆိုထားသည်ကို တွေ့ရပြန်ပေသည်။ စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, မန တို့ဖြင့် အဆင်း, အသံ, အနံ့, အရသာ, အတွေ့, အတွေးတို့ ဖြစ်ပေါ်တွေ့ထိတိုင်း၊ ခံစားမှု ပြုခြင်းကို ဘုံ (၆) ဘုံ၊ ဘဝ (၆) ဘဝဟု ခေါ်သည်ဟု လည်းကောင်း၊ စာမျက်နှာ ၂၅ ၌ “ဗုဒ္ဓကလည်း ငရဲနှင့် နတ်ဆိုသည်မှာ မိမိမလိုချင်၊ မကြားချင်၊ မမြင်ချင်၊ မတွေ့ချင်သော အပျက်များနှင့် တွေ့ကြုံရ၍ ပူဆွေးမှု၊ ပူပန်မှု ဖြစ်ရခြင်းများကို ငရဲကျသည်။ မိမိလိုချင်မှု၊ နှစ်သက်မှုများဖြင့် ကြုံတွေ့ရ၍ ကာမဂုဏ် အာရုံများဖြင့် ကြီးမားစွာ ခံစားရမှုကို နတ်စည်းစိမ် နတ်ချမ်းသာများဟု သဠာယတန ဝဂ္ဂသံယုတ်-ခဏသုတ် စာမျက်နှာ ၃၃၄ တွင် ဟောထားခြင်း တွေ့ရပါသည်” ဟု လည်းကောင်း ဦးရွှေပြည့်က ပြဆိုထားပါသည်။
သုံးသပ်ချက်
ခဏသုတ်၌ “ဆဖဿာယတနိက” ငရဲနှင့် “ဆဖဿာယတနိက” နတ်ပြည်တို့ကို ဟောတော်မူသည်ကား မှန်၏၊ ထိုသုတ်သည်ကား စုဒိတက ဆိုသော အဓိပ္ပာယ်သဘောကို မပြပေ။ ထိုသုတ်၏ အကျဉ်းချုပ် အဓိပ္ပာယ်ကို ဖော်ပြပေအံ့။
ရဟန်းတို့ သင်တို့သည် အရတော်ကြကုန်၏၊ ရဟန်းတို့ သင်တို့သည် ကောင်းစွာ ရအပ်ကုန်၏၊ သင်တို့သည် အကျင့်မြတ်ကို ကျင့်ခြင်းငှာ အခွင့်ကို ရအပ်ကုန်၏၊ ရဟန်းတို့ တွေ့ထိမှု၏ တည်ရာ “ဖဿယတန” ခြောက်မျိုးရှိသော “ဆဖဿာယတနိက” ငရဲတို့ကို ငါဘုရား မြင်တော်မူ၏၊ ထိုငရဲတို့၌ မျက်စိဖြင့် အဆင်းအားလုံးကို ကြည့်သော် မလိုလား မနှစ်သက် မမြတ်နိုးဖွယ်သော သဘောကိုသာ မြင်ရ၏၊ လိုလား နှစ်သက် မြတ်နိုးဖွယ် သဘောကို မမြင်ရ။ နားဖြင့် အသံအားလုံးကို။ပ။ နှာခေါင်းဖြင့် အနံ့အားလုံးကို။ပ။ လျှာဖြင့် အရသာအားလုံးကို။ပ။ ကိုယ်ဖြင့် ထိတွေ့ဖွယ်အားလုံးကို။ပ။ စိတ်ဖြင့် သဘောတရား အားလုံးကို သိသည်ရှိသော် မလိုလား မနှစ်သက် မမြတ်နိုးဖွယ်သော သဘောကိုသာ သိရ၏၊ လိုလား နှစ်သက် မြတ်နိုးဖွယ် သဘောကို မသိရပေ။ ရဟန်းတို့ တွေ့ထိမှု၏ တည်ရာ “ဖဿယတန” ခြောက်မျိုးရှိသော “ဆဖဿာယတနိက” နတ်ပြည်တို့ကို ငါဘုရား မြင်တော်မူ၏၊ ထိုနတ်ပြည်တို့၌ အဆင်းအားလုံးကို ကြည့်လတ်သော် လိုလား နှစ်သက် မြတ်နိုးဖွယ်သော သဘောကိုသာ မြင်၏၊ မလိုလား မနှစ်သက် မမြတ်နိုးဖွယ် သဘောကို မမြင်။ပ။ ရဟန်းတို့ သင်တို့သည် အရတော်ကြပေ၏၊ပ။ သင်တို့သည် အကျင့်မြတ်ကို ကျင့်သုံးဖို့ရန် အခွင့်အရေးကို ရခဲ့ကြပေ၏၊ (သဠာယတန သံယုတ်၊ မြန်မာပြန်-၃၃၄)
ဤသုတ်၌ ဆဖဿာယတနိက ငရဲဟူသည် အဝီစိစသော ငရဲကြီးတို့မှ သီးခြားမဟုတ် အဝီစိစသော ငရဲကြီး ၃၁ မျိုးလုံးပင် ခြောက်ဒွါရဖြင့် အနိဋ္ဌာရုံကို ခံစားရခြင်းကြောင့် ဆဖဿာယတနိက မည်သည်ချည်းသာ ဖြစ်သည်။ ငရဲကြီး ၃၁ မျိုးဆိုသည်မှာ အဝီစိငရဲသည် အဗ္ဗုဒ၊ နိရဗ္ဗုဒ၊ အဗဗ၊ အဋဋ၊ အဟဟ၊ ကုမုဒ၊ သောဂန္ဓိက၊ ဥပ္ပလ၊ ပဏ္ဍရိက၊ ပဒုမဟူ၍ ဆယ်ပါးပြား၏၊ သဉ္ဇီဝစသော ငရဲကြီး ၇ ထပ်တို့၌ ဖြစ်စေတတ်သော ကံ၏ အထက်၊ အလတ်၊ အနုံ့အားဖြင့် သုံးပါးပြားသည် အားလျော်စွာ အသက်တမ်း သုံးပါးပြားရကား တစ်ထပ်လျှင် သုံးပါးစီပြား၍ ၂၀ ဖြစ်၏၊ နှစ်ရပ်ပေါင်း ၃၁ မျိုး ဖြစ်၏ (သံ၊ဋီ၊၁၊၁၀၄)။ကာမာဝစရ နတ်ပြည်အားလုံးသည်လည်း ခြောက်ဒွါရတို့ဖြင့် ဣဋ္ဌာရုံကို ခံစားရခြင်းကြောင့် ဆဖဿာယတနိက မည်သည်ချည်းပင် ဖြစ်သည်။ (အဝီစိငရဲနှင့် တာဝတိံသာ နတ်ပြည်ကို ရည်ရွယ်၍ ဟောသည်ဟု အဋ္ဌကထာ၌ ဖွင့်ပြထား၏၊)
ဤသုတ်ဖြင့် ဘုရားရှင် ပြဟောမူလိုရင်းကား ငရဲဘုံ၌ ဆင်းရဲကိုသာ ခံစားနေရခြင်းကြောင့် မဂ်တည်းဟူသော အကျင့်မြတ်ကို ကျင့်သုံးရန် မတတ်နိုင် နတ်ပြည်၌လည်း ကာမဂုဏ်ချမ်းသာ လွန်စွာများပြား၍ ပျော်ပါးမေ့လျော့ နေခြင်းကြောင့် မဂ်တည်းဟူသော အကျင့်မြတ်ကို ကျင့်သုံးဖို့အရေး ကွာဝေးလှ၏၊ ဤလူ့ပြည်သည်ကား ငရဲလိုတစ်ခါ၊ နတ်ဗြဟ္မာလိုတစ်မျိုး၊ အဆိုးအကောင်း သောင်းပြောင်းရောရော များစွာသော သံဝေဂဝတ္တု၊ ပေါင်းစုပြည့်စုံနေရကား မဂ်တည်းဟူသော အကျင့်မြတ်ကို ကျင့်သုံးရန် ဧကန်အခွင့်ရသည့် ကမ္မဘူမိ မည်လေသည်။ သင်တို့မှာ ဤလူ့ဘုံ လူ့ဘဝ ရကြခြင်းသည် လွန်စွာ အရတော်ပေသည်။ လူ့ဘဝကို အရတော်စွာ ရလာသည်အခိုက် မဂ်တည်းဟူသော အကျင့်မြတ်ကို အားထုတ်ကြိုးစား ပွားများကြလော ဟူ၍ ဖြစ်ပေသည်။ (သဠာယတနဝဂ္ဂအဋ္ဌကထာ(၄၄)။ ယင်းဋီကာ-၃၁၄)
ဤပြဆိုခဲ့ပြီးသော ဘုရားရှင်၏ အလိုတော်ကို မှန်ကန်စွာ မသိပဲ ထင်မိထင်ရာ နတ်ဗြဟ္မာနှင့် ငရဲကို လူ့ခန္ဓာထဲမှာသာ ဟောသည်ဟူသော အယူသည် ဘုရားရှင်၏ အလိုတော်နှင့် များစွာ ဆန့်ကျင်လှပေသည်။ ရုပ်ဝါဒ အမြင်သာ ဖြစ်ပေသည်။
ဤသို့ သုံးသပ်ပြဆိုအပ်ပြီးသော အကြောင်းတို့ကြောင့် နတ်နှင့်ငရဲ ဘယ်မှာလဲ စာတမ်း၌ ဖော်ပြထားသော နတ်ဗြဟ္မာ ငရဲနှင့် စပ်သော အယူဝါဒသည် ဘုရားရှင်ဝါဒမဟုတ် အတ္တနောမတိမျှဖြင့် ဖော်ပြရေးသားအပ်သော အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ တညီတညွတ်တည်း ဆုံးဖြတ်တော် မူကြသည်။
၄၁။ နတ်ဗြဟ္မာဘုံနှင့် ငရဲတို့ကား ပကတိ မံသစက္ခုဖြင့် ရှုမြင်ကောင်းသော အရာများ မဟုတ်ကုန်။ အဘိဉာဏ် မျက်စိဖြင့်သာ မြင်ကောင်းသော အရာများသာ ဖြစ်ကြသည်။ ထိုအဘိဉာဏ်မျက်စိကို ရကြောင်းဖြစ်သော အကျင့်လမ်းစဉ်ကိုလည်း ဘုရားရှင် ဟောတော်မူခဲ့ပေသည်။ ကိုယ်တိုင်မြင်လိုသူတို့သည် ထိုအဘိဉာဏ်ကို ရရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်သင့်ကြပေသည်။ မိမိကိုယ်တိုင် အဘိဉာဏ်ရအောင် အားမထုတ်နိုင်သေးပါက “သယံ အဘိဉာ သစ္ဆိကတွာ ပဝေဒေတိ” (ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားသိစေတော်မူ၏) ဟူသော ဒေသနာအရ ဘုရားရှင်၏ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ယုံကြည်သော အားဖြင့်လည်း သိရာ၏၊ လောက၌ မကောင်းမှု ပြုသူတို့ အပြစ်ခံစားရာ ထောင်တန်း စသည်နှင့် ကောင်းမှုပြုသူတို့ ခံစားရာ ရာထူးဌာနန္တရ စသည်ရှိသကဲ့သို့ တမလွန်၌လည်း မကောင်းမှုပြုသူတို့ အပြစ်ခံရာ ကောင်းမှုပြုသူတို့ ကောင်းကျိုးခံစားရာ ဌာနများ ဧကန်ရှိရမည်ဟု အနုမာနဉာဏ်ဖြင့် မှန်းဆ၍ ယုံကြည်ကြရာကုန်၏၊
(နိဇ္ဈာမတဏှိက ခေါ်သော မီးသားရဲပြိတ္တာနှင့် ဖုတ်တစ္ဆေ စသည်တို့ကို ကိုယ်တိုင် တွေ့ဖူးမြင်ဖူးသော ပုဂ္ဂိုလ်များလည်း လောက၌ အထင်အရှား ရှိကြကုန်၏၊ ထိုမီးသားရဲပြိတ္တာနှင့် ဖုတ်တစ္ဆေတို့ကား ပြိတ္တာအမျိုးအစား ဖြစ်ကုန်၏၊ ထိုပြိတ္တာများကို တွေ့မြင်ရခြင်းကလည်း နတ်ဗြဟ္မာနှင့် ငရဲစသည်တို့ကို မှန်းဆသိနိုင်ကြပေသည်။)
အမှတ်စဉ် (၁၅) အ၊ အာ၊ ဣ အမှတ်ပြ စောဒနာကို စိစစ်ချက်
၄၂။(အ) အဟိတ် = ဒီလောဘ ဒေါသ မောဟကိုမှ မလုပ်ရ မနေနိုင်ပါဘူးဆိုတဲ့ အမျိုးက အဟိတ်အစစ်ပဲ။
(အာ) ဒွိဟိတ် = ဒီတရား ငါလုပ်နေရတာ တကယ်တော့ သံသရာ လည်တဲ့ ဝဋ်တရားတွေ ငါလုပ်နေရတာပါကလားလို့ သိသိကြီးနဲ့ မလွှဲသာလို့ လုပ်နေရရင် ဒွိဟိတ်။
(ဣ) တိဟိတ် = ဒီလောဘ ဒေါသ မောဟတရားတွေဟာ ငါ့အဖို့လဲ အကျိုးတကယ်မရှိဘူး။ အများအဖို့လဲ ငါ့ကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကုန်ကြရတယ်။ ဒါတွေ ငါမလုပ်တော့ပါဘူးလို့ ဆုံးဖြတ်တတ်ရင် တိဟိတ်ပဲ။ (အတွဲ၊၁၊အမှတ်-၅၊ သစ္စာဓမ္မ စာစောင် စာမျက်နှာ-၁၀)
ဤအချက်များကို စောဒကတို့က ထုတ်ပြ၍ စောဒနာကြကုန်သည်။ အထက်ပါ စုဒိတကတို့၏ ရေးသားချက် မှားယွင်းပုံကို အနည်းငယ် စိစစ်ပြဦးအံ့။
ထိုပုဒ်တို့တွင် (အ) အဟိတ်ဟူသော ဝေါဟာရသည် “အဟေတုက” ဟူသော ပါဠိမှ ဆင်းသက်လာသော ပါဠိသက် မြန်မာဝေါဟာရဖြစ်သည်။ အဟိတ်ဟူသည် အလောဘ အဒေါသ အမောဟ ဟိတ်မရှိသော ဥပေက္ခာသဟဂုတ် သန္တီရဏ စိတ်နှစ်ခုတည်းဟူသော ပဋိသန္ဓေနှင့် ဇီဝိတနဝက ကလာပ်ရုပ်တည်းဟူသော အသညသတ်ရုပ် ပဋိသန္ဓေတို့ကို အဟိတ်ပဋိသန္ဓေ ခေါ်သည်။ ထိုဟိတ်မရှိသော ဥပေက္ခာသဟဂုတ် သန္တီရဏ ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေသော အပါယ်ဘုံသားနှင့် အချို့လူနတ်များ အသညသတ် ဗြဟ္မာများကို “အဟေတုက” အဟိတ်ပုဂ္ဂိုလ် ခေါ်သည်။
(အာ) ဒွိဟိတ်ဟူသော ဝေါဟာရသည် “ဒွိဟေတုက” ဟူသော ပါဠိမှ ဆင်းသက်လာသော ပါဠိသက် မြန်မာဝေါဟာရဖြစ်သည်။ ဒွိဟိတ်ဟူသည် အလောဘ အဒေါသ ဟိတ်နှစ်ပါးရှိသော ဉာဏဝိပ္ပယုတ် ကာမာဝစရ ဝိပါက်စိတ် ၄ ပါးကို ဒွိဟိတ် ပဋိသန္ဓေ ခေါ်သည်။ ထိုဟိတ်နှစ်ပါးရှိသော ဉာဏဝိပ္ပယုတ် ကာမာဝစရ ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေသော လူနတ်တို့ကို “ဒွိဟေတုက” ဒွိဟိတ်ပုဂ္ဂိုလ် ခေါ်သည်။
(ဣ) တိဟိတ်ဟူသော ဝေါဟာရသည် “တိဟေတုက” ဟူသော ပါဠိမှ ဆင်းသက်လာသော ပါဠိသက် မြန်မာဝေါဟာရဖြစ်သည်။ တိဟိတ်ဟူသည် အလောဘ အဒေါသ အမောဟ ဟိတ်သုံးပါးရှိသော ဉာဏသမ္ပယုတ် ကာမာဝစရ ဝိပါက်စိတ် ၄ ပါး၊ ရူပါဝစရ ဝိပါက်စိတ် ၅ ပါး၊ အရူပါဝစရ ဝိပါက်စိတ် ၄ ပါး၊ ဤ ၁၃ ပါးသော ပဋိသန္ဓေ စိတ်များကို တိဟိတ်ပဋိသန္ဓေခေါ်သည်။ ထိုဟိတ်သုံးပါးရှိသော ပဋိသန္ဓေ ၁၃ ပါးတို့တွင် တစ်ပါးပါးဖြင့် ပဋိသန္ဓေ နေသော လူ နတ် ဗြဟ္မာ များကို “တိဟေတုက” တိဟိတ်ပုဂ္ဂိုလ် ခေါ်သည်။
ဤသည်လျှင် အဟိတ်၊ ဒွိဟိတ်၊ တိဟိတ် ဟူသော ဝေါဟာရတို့၏ အဓိပ္ပာယ်အမှန်ဖြစ်သည်။ အ-အာ-ဣ အမှတ်ပြ သစ္စာဓမ္မ စာစောင်၌ ဖော်ပြထားသော စကားရပ်များကား စာပေမသင်ဖူးသူတို့၏ တာဝန်မဲ့ ထင်ရာမြင်ရာ ရေးသားထားသော စကားရပ်များသာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်များ သုံးသပ်တော်မူကြသည်။
(ဤ) သံ ဆိုတာ ရှိတာ၊ ဃာ ဆိုတာ ဖိုမ၊ အဲဒီရှိတဲ့ ဖိုမနှစ်ယောက်ကို သံဃာလို့ ခေါ်တာ။ ဒါကြောင့် “သံဃံ သရဏံ ဂတ်ချာမိ” = သံ-ရှိတဲ့၊ ဃ-ယောက်ျားမိန်းမ နှစ်ယောက်သည်၊ သရဏံ-ပြေလည်စွာ လက်တွဲကြ၍၊ ဂတ်ချာမိ၊ ကမ္ဘာ့ခရီးကို သွားနေကြလေသည်။ ကမ္ဘာမှာရှိတဲ့ ယောက်ျားနှင့် မိန်းမ ဖိုမနှစ်ယောက်တို့ ပြေပြေလည်လည် လက်တွဲပြီးတော့ ကမ္ဘာ့ခရီး သွားနေတာကို (သံဃံ သရဏံ ဂတ်ချာမိ) လို့ဆိုတယ်။
(၁၅-၄-၇၆) နေ့ မြောင်းမြတရားပွဲ၌ ဦးဝါသဝ ဟောပြောချက် တိတ်ခွေ (အေ) မျက်နှာ စကားရပ်သည်ကား သာသနာတော်ကို သက်သက်ဖျက်ဆီး စော်ကားသော စကားဖြစ်ကြောင်း ထင်ရှားပြီဖြစ်၍ ဝိနည်းဓိုရ် ဆရာတော်များ အထူးစိစစ်တော် မမူကြကုန်။
အမှတ်စဉ် (၁၅) ဥပါဒါနဟူသော ပါဠိဝေါဟာရနှင့် စပ်လျဉ်း၍ ဝိသေသ စောဒနာ သောဓနာ နှစ်ရပ်ကို သုံးသပ်စိစစ်ချက်
၁၄။ စောဒကပုဂ္ဂိုလ်များက မူလပဏ္ဏာသ ပါဠိတော်၊ သမ္မာဒိဋ္ဌိသုတ်၊ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ဓမ္မသင်္ဂဏီ ပါဠိတော်နှင့် တိပိဋက ပါဠိမြန်မာ အဘိဓာန်ကျမ်းတို့ကို သာဓကပြ၍ ဥပါဒါနဟူသော ပါဠိဝေါဟာရ၏ အနက်အဓိပ္ပာယ်အမှန်ကို ဖော်ပြပြီးလျှင် “လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် အဓမ္မဝါဒီသမား နောက်လိုက်များစွာတို့သည် ဘုရား တရား သံဃာ ရတနာသုံးပါးနှင့် ဆက်စပ်၍ ယုံကြည်မှု များစွာကို ဥပါဒါန်ဟု အစွဲဟုချည်း အလွဲလွဲအမှားမှား အဓိပ္ပာယ်ဖော်သွားကြခြင်းမှာ တစ်ခုတည်းသော ရည်ရွယ်ချက်မှ မြစ်ဖျားခံလာခြင်း ဖြစ်ပါသည်။ ထိုတစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဘုရားဟော ပါဠိတော် ဝေါဟာရမှန်များကို ဖျက်ဆီးပစ်ရေးပင် ဖြစ်ပါသည် ဘုရား” ဟု ဝိသေသအားဖြင့် ကျယ်ဝန်းစွာ စောဒနာကြသည်။ ထိုဝိသေသ စောဒနာချက်မှ လိုရင်းကို ကောက်နုတ်သော် -
(၁) ဥပါဒါန်ဟူသည် မစွန့်နိုင် မလွှတ်နိုင် ခိုင်ခိုင်မာမာ စွဲကိုင်ထားမှု ဖြစ်သည်။
(၂) ထိုဥပါဒါန်သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဟူ၍ လေးမျိုးရှိသည်။
(၃) ထိုတွင် ကာမဂုဏ်၌ စွဲလမ်းခြင်းသည် ကာမုပါဒါန် ဖြစ်သည်။
(၄) ထိုကာမုပါဒါန်သည် တရားကိုယ်အားဖြင့် အကုသိုလ် လောဘမူစိတ် ရှစ်ခု၌ ယှဉ်သော “ကာမစ္ဆန္ဒ” ခေါ် “လောဘ” စေတသိက်ဖြစ်သည်။
(၅) အာရုံကို ပြုလိုရုံမျှ လိုချင်မှုသည် “ကတ္တုကမျတာ ဆန္ဒစေတသိက်” သာ ဖြစ်သည်။ (ကာမုပါဒါန် မဟုတ်)
(၆) နိဗ္ဗာန်ကို ပြုလိုရုံမျှ လိုချင်မှုသည် (ကတ္တုကမျတာ ဆန္ဒစေတသိက်” သာဖြစ်သည်။ (ကာမုပါဒါန် မဟုတ်)
(၇) စွဲစွဲလမ်းလမ်း ယူထားသော အယူမှား (အယူမှား၌ စွဲလမ်းခြင်း)၊ ပေးလှူရခြင်း၏ အကျိုးမရှိ၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဆက် အကျိုးရင်းမရှိဟု ယူခြင်း၊ တမလွန်လောက မရှိဟု ယူခြင်း (ဝါ) သတ္တဝါ သေပြီးနောက် ရောက်မည့် နတ်ဘုံ ဗြဟ္မာဘုံ ပြိတ္တာဘုံတို့ကို မယုံကြည်ခြင်းသည် ဒိဋ္ဌုပါဒါန်ဖြစ်သည်။
(၈) အယူမှန်၌ မြဲခြင်းသည် ဒိဋ္ဌုပါဒါန် မဟုတ်။
(၉) သတ္တဝါ သေပြီးနောက် ရောက်ရမည့် နောက်ဘဝ (နတ်ဗြဟ္မာနှင့် ငရဲဘဝ) တို့ကို ယုံကြည်ခြင်းသည် ကုသိုလ်သဒ္ဓါတရား ဖြစ်သည်။ ဥပါဒါန် မဟုတ်။
(၁၀) နွား ခွေး စသည်တို့၏ အလေ့အကျင့်ကို ကိလေသာ ငြိမ်းကြောင်း အကျင့်ကောင်းအဖြစ် ယုံကြည်ခြင်းမျိုးသည် သီလဗ္ဗတုပါဒါန် ဖြစ်သည်။
(၁၁) ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် သုံးမျိုးလုံးပင် (တရားကိုယ်အားဖြင့်) အကုသိုလ် ဒိဋ္ဌိဂတသမ္ပယုတ် စိတ် ၄ ပါးနှင့် ယှဉ်တွဲသော ဒိဋ္ဌိစေတသိက် တစ်မျိုးတည်း ဖြစ်သည်။
(၁၂) ဘုရားရှင် ညွှန်ပြဆိုဆုံးမသည့်အတိုင်း နိဗ္ဗာန်ရောက်ကြောင်း ပါရမီကောင်းကို စုဆောင်းခြင်း၊ ဒါန သီလ ဘာဝနာတို့ကို ပြုလုပ်အားထုတ်ခြင်းသည် ကုသိုလ်ပါရမီသာ ဖြစ်သည်။
(၁၃) လူနတ်စည်းစိမ်ကို တောင့်တ၍ ဒါနသီလ ပြုခြင်းကိုပင် အကုသိုလ်ဟု မဆို၊ ဝဋ္ဋနိဿိတ ကုသိုလ် (သံသရာဝဋ်ကို မှီသော ကုသိုလ်) ဟုသာ ဆိုသည်။
(၁၄) သို့ပါလျက် နတ်စည်းစိမ် နတ်ဘဝ၊ ဗြဟ္မာစည်းစိမ် ဗြဟ္မာ့ဘဝကို မှန်းဆ၍ ကုသိုလ်ပြုခြင်းကို အကုသိုလ်ဥပါဒါန် ဖြစ်လေဟန် ဟောပြောရေးသားခြင်းသည် ဗုဒ္ဓသာသနာ့ဝန်ထမ်းများအား ဗုဒ္ဓဘာသာဝင်များက လှူဒါန်းပေးကမ်းမှု စသည် မပြုအောင် နည်းပရိယာယ်ဖြင့် တားဆီးခြင်းဟု ဆိုနိုင်သည်။
(၁၅) တွေ့ကရာ ဥပါဒါန် ဖြစ်နေခြင်းကာ အဘိဓမ္မာ အခြေခံမဲ့သော လမ်းပေါ်က လူများ၏ (တရားနှင့် ဆန့်ကျင်သော) စကားသာဖြစ်သည်ဟု ကောက်နုတ်၍ ရသည်။
၄၅။ ယင်းစောဒနာချက်ကို စုဒိတက ပုဂ္ဂိုလ်တို့က ချေပရာ၌ ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော်(၅၄) မဟာနိဒါနသုတ်တွင် ပြဆိုထားသော ကာမဂုဏ်၌ စွဲလမ်းခြင်း ကာမုပါဒါန်၊ အယူ၌ စွဲလမ်းခြင်း ဒိဋ္ဌုပါဒါန်၊ အလေ့အကျင့်၌ စွဲလမ်းခြင်း သီလဗ္ဗတုပါဒါန်၊ အတ္တဟူသော ဝါဒ၌ စွဲလမ်းခြင်း အတ္တဝါဒုပါဒါန် တို့ပေတည်း” ဟူသောစကားရပ်ကို ထောက်ထား၍ သီလဗ္ဗတုပါဒါန်ကို မြန်မာပြန်ဆိုရာတွင် အလေ့အကျင့်စွဲကိုသာ အလေ့အကျင့်စွဲကိုသာ ဆိုလိုကြောင်း တွေ့ရပြီး ခွေး နွားတို့၏ အကျင့်ဟူ၍ မတွေ့ရကြောင်း ချေပကြသည်။
ဝိနည်းဓိုရ် ဆရာတော်တို့၏ စိစစ်သုံးသပ်ချက်
ယင်းချေပချက်ကို စိစစ်သုံးသပ်သော်-
(က) ဘဂ္ဂဝ၊ အခါတစ်ပါး၌ ငါသည် ထူလူဇနပုဒ် ဥတ္တရကာမည်သော နိဂုံး၌နေ၏၊ ဘဂ္ဂဝ၊ ထိုအခါ ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နောက်လိုက်ရဟန်း လိစ္ဆဝီမင်းသား သုနက္ခတ်နှင့် အတူ ဥတ္တရကာ နိဂုံးသို့ ဆွမ်းခံဝင်၏၊ ထိုအခါ အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းသည် ခွေးကျင့် ကျင့်၏၊ လေးဘက်ထောက်သွား၏၊ မြေ၌ချထားအပ်သော အစာကို ပါးစပ်ဖြင့်သာ ဟပ်၏၊ ပါးစပ်ဖြင့်သာ စား၏၊ ဘဂ္ဂဝ၊ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ခွေးကျင့် ကျင့်လျက် လေးဘက်ထောက် သွားနေသော မြေ၌ချထားအပ်သော အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားနေသော အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းကိုမြင်၍ ဤသို့သော အကြံသည် ဖြစ်၏၊
“အချင်းတို့ ... လေးဘက်ထောက်လျက် သွားသော မြေ၌ချထားသည့်အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာစားသော ဤရဟန်းအား ချီးမွမ်းအံ့ဩဖွယ် ကောင်းလေစွတကား” ဟု အကြံဖြစ်၏၊ (ဒီ၊မြန်၊၃၊၆)
(ခ) ပုဏ္ဏ၊ ငါသည် သင့်အား “ပုဏ္ဏ မသင့်လျော်ချေ။ ဤပြဿနာ ရှိစေဦးလော့။ ငါ့ကို ဤပြဿနာ မမေးလင့်” ဟု ဆိုသော်လည်း မရခဲ့။ သို့ဖြစ်၍ သင့်အား ငါဖြေကြားလော့အံ့။ (ဤလောက၌ အချို့သောသူသည် ခွေးအကျင့်ခွေးအလေ့အထ ခွေးစိတ် ခွေးအမူအရာတို့ကို ပြည့်ပြည့်စုံစုံ မပြတ်မလတ် ပွားများ၏၊ ထိုသူသည် ခွေးအကျင့် ခွေးအလေ့အထ ခွေးစိတ် ခွေးအမူအရာတို့ကို ပြည့်ပြည့်စုံစုံ မပြတ်မလတ် ပွားများ၍ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ခွေးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရလေ၏၊ (ခွေးဖြစ်၏ဟု ဆိုလိုသည်) ထိုသူမှာ “ငါသည် ဤအလေ့အထ ဤဝတ် ဤအကျင့် ဤမြတ်သော အကျင့်ဖြင့် ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသော နတ်သော်လည်းကောင်း ဖြစ်ရအံ့” ဟု အကယ်၍ အယူစွဲ ရှိငြားအံ့၊ ထိုအယူစွဲသည် မှားသော အယူစွဲ ဖြစ်၏၊ ပုဏ္ဏ၊ မှားသော အယူစွဲ ရှိသူအဖို့ ငရဲ သို့မဟုတ် တိရိစ္ဆာန်မျိုးဟူသော လားရာနှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာကို ငါဆို၏၊ (မ၊မြန်၊၂၊၅၅၊၅၆၊၃၇)
(ဂ) သေနိယ (ဤလောက၌) အချို့သောသူသည် နွားအကျင့် နွားအလေ့အထ နွားစိတ် နွားအမူအရာတို့ကို ပြည့်ပြည့်စုံစုံ မပြတ်မလတ် ပွားများ၏၊ ထိုသူသည် နွားအကျင့် နွားအလေ့အထ နွားစိတ် နွားအမူအရာတို့ကို ပြည့်ပြည့်စုံစုံ မပြတ်မလတ် ပွားများ၍ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ နွားတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရလေ၏၊ (နွားဖြစ်၏ဟု ဆိုလိုသည်) ထိုသူမှာ “ငါသည် ဤအလေ့အထ ဤဝတ် ဤအကျင့် ဤမြတ်သော အကျင့်ဖြင့် ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသော နတ်သော်လည်းကောင်း ဖြစ်ရအံ့” ဟု အကယ်၍ အယူစွဲ ရှိငြားအံ့၊ ထိုအယူစွဲသည် မှားသော အယူစွဲ ဖြစ်၏၊ သေနိယ၊ မှားသော အယူစွဲ ရှိသူအဖို့ ငရဲ သို့မဟုတ် တိရိစ္ဆာန်မျိုးဟူသော လားရာနှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာကို ငါဆို၏၊
ဤပြဆိုအပ်ခဲ့ပြီးသော ပါဠိတော်များ၌ ခွေးတို့၏ အလေ့အကျင့်၊ နွားတို့၏ အလေ့အကျင့်များကို စွဲစွဲလမ်းလမ်း အမြတ်တနိုး ကျင့်နေကြသော ပုဂ္ဂိုလ်များ၏ အကြောင်းအရာများကို ဘုရားရှင် ကိုယ်တော်တိုင် အထင်အရှား ဟောတော်မူခဲ့ခြင်းကြောင့် ယင်းပါဠိတော်များနှင့်အညီ အဋ္ဌကထာ ဆရာတော်များသည်လည်း “သီလဗ္ဗတု ပါဒါနံ” ဟူသောပုဒ်ကို ဖွင့်ရာ၌ အဋ္ဌကထာတို့တွင်-
“ဂေါသီလ ဂေါဝတာဒီနိ ဟိ ဧဝံ သုဒ္ဓီတိ အဘိနိဝေသတော သယမေဝ ဥပါဒါနာနိ” (အဘိ၊ဋ္ဌ၊၂၊၁၇၂။) (ဝိသုဒ္ဓိ၊၂၊၂၀၃။) (အဘိ၊ဋ္ဌ၊၁၊၄၁၅)
ဟူ၍ ဖွင့်ပြတော်မူခဲ့ကြသည်။
မြန်မာပြန်
မှန်၏၊ နွားတို့၏ အလေ့၊ နွားတို့၏ အကျင့် စသည်တို့ကို သုဒ္ဓိမဂ္ဂဟု မှားသောအားဖြင့် စွဲလမ်းသော မိစ္ဆာအယူတို့သည် ဤသို့ နွားတို့၏ အလေ့၊ နွားတို့၏ အကျင့် စသည်ဖြင့် ကိလေသာမှ စင်ကြယ်၏ဟု နှလုံးသွင်းခြင်းကြောင့် ဤစွဲလမ်းချက် မိစ္ဆာအယူတို့သည်ပင်လျှင် ဥပါဒါန်တို့ မည်ကုန်၏၊
သီလနှင့် ဝတတို့၏ အထူးကို ပြရာ ဝိသုဒ္ဓိမဂ် မဟာဋီကာ၌
“အတ္တနော ဝါ ဂဝါဒိဘာဝါဓိဋ္ဌာနံ သီလံ၊ ဂစ္ဆန္တော ဘက္ခေတိ တိဋ္ဌန္တော မုတ္တေတီတိ အာဒိနာ ဂဝါဒိကိရိယာကရဏံ ဝတံ” (ဝိသုဒ္ဓိ၊ဋီ၊၂၊၃၂၇)
ဟု မိန့်ဆိုတော်မူ၏၊
မိမိ၏ နွားစသည်တို့၏ အဖြစ်ကို ဆောက်တည်ခြင်းသည် သီလမည်၏၊ သွားလျက်စား၏၊ ရပ်လျက် ကျင်ငယ်စွန့်၏၊ ဤသို့ စသည်ဖြင့် နွားစသည်တို့၏ အမူအရာကို ပြခြင်းသည် ဝတမည်၏၊
ဤပြဆိုခဲ့ပြီးသော ပါဠိ အဋ္ဌကထာ ဋီကာများကို ထောက်ထား၍ နွား ခွေး စသည်တို့၏ အလေ့အကျင့်ကို ကိလေသာ ငြိမ်းကြောင်း အကျင့်ကောင်းအဖြစ်ဖြင့် ယုံကြည်ခြင်းမျိုးသည် သီလဗ္ဗတုပါဒါန် ဖြစ်သည်ဟုဆိုသော စောဒကပုဂ္ဂိုလ်တို့၏ စောဒနာသည် ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် ညီညွတ်သော ဓမ္မစောဒနာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ သုံးသပ်တော် မူကြသည်။
ဤအရာ၌ စုဒိတက ပုဂ္ဂိုလ်တို့က သောဓနာရာဝယ် ခွေး နွားတို့၏ အလေ့အကျင့် ဟူ၍သာ ဆိုကြ၏၊ (စသည်) ဟူသော စကားလုံးမပါ။ စောဒကပုဂ္ဂိုလ်တို့၏ စောဒနာစကားရပ်၌ကား (နွား ခွေး စသည်တို့၏) ဟု (စသည်) ဟူသော စကားလုံးကို ထည့်၍ သုံးစွဲထားသည်ကို သတိပြုရာ၏၊ ပြခဲ့သော အဋ္ဌကထာ သုံးကျမ်းလုံး၌လည်း “ဂေါသီလ ဂေါဝတာဒီနိ” ဟု (အာဒိ) သဒ္ဒါနှင့်တကွ ဆိုထား၏၊ ထို “အာဒိ” ဟူသော ပါဠိစကားလုံး “စသည်” ဟူသော မြန်မာစကားလုံးများဖြင့် ကြွင်းကျန်သော မှားသော အလေ့အကျင့်များကို ယူရာ၏၊ ထို့ကြောင့် နွား ခွေးတို့၏ အလေ့အကျင့်ကို ဖြစ်စေ၊ ရေငုပ်ခြင်း, မီးလှုံခြင်း, နေလှန်းခြင်း, ဆူးပေါ်၌ အိပ်ခြင်း စသော အလေ့အကျင့်ကို ဖြစ်စေ၊ အချုပ်အားဖြင့် မှားသော အလေ့အကျင့် ဟူသမျှကို အကျင့်မှန်ဟု စွဲလမ်းသော ဒိဋ္ဌိစေတသိက် ဒိဋ္ဌုပါဒါန် မည်၏ဟု စောဒနာလိုရင်း ဖြစ်သည်ကို သိကြ၏၊
စုဒိတကတို့က သီလဗ္ဗတုပါဒါန သီလ+ဝတ+ဥပါဒါန-ဟူသော ပုဒ်ဝယ် သီလ= အလေ့၊ ဝတ=အကျင့်၊ ဥပါဒါန=အစွဲ၊ သီလဗ္ဗတုပါဒါန = အလေ့အကျင့် အစွဲဟု ဤမျှသာ ဆိုသင့်လျက် (နွား ခွေး တို့၏) ဟူသော ဝိသေသန သမ္ဗန်ပုဒ် ထည့်သွင်းပြဆိုခြင်းကို အပိုထည့်သွင်းလေဟန် အပြစ်တင်၍ ချေပခြင်း ဖြစ်သော်လည်း ပြဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းဂန် အတန်တန်တို့ အဆိုအမိန့်အရ ထည့်သွင်းပြခြင်း ဖြစ်ရကား အပြစ်မရောက်ပဲ သိသာထင်ရှားသည့် ဂုဏ်မြောက်သော စကားသာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ ယူဆတော် မူကြသည်။
၄၆။ တစ်ဖန် စုဒိတကပုဂ္ဂိုလ်တို့က ကာမုပါဒါန်တွင်လည်း ကာမဂုဏ် ငါးပါးတို့၌ စွဲလမ်းခြင်းကိုသာ တွေ့ရကြောင်း၊ ဥပါဒါန်တွင် အကုသိုလ် ကုသိုလ်ဟူ၍ မခွဲခြားကြောင်း၊ ကုသိုလ်ကို စွဲသည်ဖြစ်စေ၊ အကုသိုလ်ကို စွဲသည်ဖြစ်စေ အစွဲမှန်လျှင် ဥပါဒါန်ဟူ၍သာ ပြဆိုထားကြောင်းကို တင်ပြ၍ စောဒနာကောက်နုတ်ချက် (၄၊၅၊၆၊၇၊၈၊၉၊၁၁၊၁၂၊၁၃၊၁၄) တို့ကို ချေပကြသည်။ ဥပရိပဏ္ဏာသ မြန်မာပြန် အာနဉ္ဇသပါယသုတ် နှာ-၅၅ ၌လာသော -
“ပြုလုပ်ခဲ့သော ကံဟူ၍ မရှိပေ။ ထိုကံ၏ အကျိုးဖြစ်သော ခန္ဓာပဥ္ခကကို ပယ်စွန့်သောစိတ်ဖြင့် လျစ်လျူရှုမှု၌ နှစ်သက်၏၊ ကောင်း၏ဟု စွဲ၏၊ ထိုဝိညာဏ်သည် ဝိပဿနာကို မှီ၏၊ သို့သော် စွဲလမ်းမှုပင် မည်၏၊ အာနန္ဒာ စွဲလမ်းမှု ဥပါဒါန် မကုန်သော ရဟန်းသည် ပရိနိဗ္ဗာန် မပြုနိုင်ဟု ဟော၏၊ ဝိပဿနာကို မှီ၍စွဲသော ဝိညာဏ်သည် ကောင်းသော ကုသိုလ်ဝိညာဏ်စိတ် ဖြစ်ပါသည်။ သို့သော် စွဲလမ်းလျှင် ဥပါဒါန်ဟူ၍ပင် မြတ်စွာဘုရား ကိုယ်တော်တိုင် ညီတော် အာနန္ဒအား ဟောကြားချက်ကို တွေ့ရပါသည် ဘုရား” ဟု သာဓကနှင့်တကွ သောဓနာကြသည်။
စုဒိတကပုဂ္ဂိုလ်တို့ ထုတ်ပြအပ်သော ဖော်ပြပါ သာဓက စကားရပ်သည် မူရင်းပါဠိတော် မြန်မာပြန်ကို ချုံး၍ပြဆိုထားရာ လိုရင်းကို ခြုံငုံမိအောင် မချုံးတတ်သဖြင့် အဓိပ္ပာယ် ပျက်ယွင်းနေသည်။ မူရင်းပါဠိ မြန်မာပြန်ကား အောက်ပါအတိုင်း ဖြစ်သည်။
“အာနန္ဒာ၊ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ကျင့်၏၊ အကယ်၍ ပြုလုပ်ခဲ့သော ကံဟူ၍ မရှိငြားအံ့။ ငါ့မှာ (အကျိုးဖြစ်သော ခန္ဓာပဥ္ခကဟူ၍) မရှိရာ။ ယခုဘဝကံဟူ၍ မရှိလျှင် ငါ့မှာ (အကျိုးဖြစ်သော ခန္ဓာပဥ္ခကဟူ၍) မဖြစ်လတံ့။ ထင်ရှားရှိသော ဖြစ်ပေါ်နေသော ခန္ဓာပဥ္ခကကို ပယ်စွန့်အံ့ဟု လျစ်လျူရှုမှုကို ရ၏၊ ထိုရဟန်းသည် ထိုလျစ်လျူရှုမှုကို နှစ်သက်၏၊ ကောင်း၏ဟူ၍ ပြောဆို၏၊ သက်ဝင်၍တည်၏၊ ထိုလျစ်လျူရှုမှုကို နှစ်သက်ပြောဆို သက်ဝင်၍တည်သော ထိုပုဂ္ဂိုလ်၏ ဝိညာဏ်သည် ထိုလျစ်လျူရှု (ဝိပဿနုပေက္ခာ) ကို မှီ၏၊ (ထိုလျစ်လျူရှုမှု ဝိပဿနုပေက္ခာကို စွဲလမ်း၏၊) အာနန္ဒာ၊ စွဲလမ်းမှု ဥပါဒါန်ရှိသော ရဟန်းသည် ပရိနိဗ္ဗာန် မပြုနိုင်” ဟု မိန့်တော်မူ၏၊
ဤဒေသနာတော် အဓိပ္ပာယ်ကား ရှေးဘဝက ပြုလုပ်ခဲ့သော ကံ (ကမ္မဝဋ်) မရှိလျှင် ယခုဘဝ၌ ဖြစ်သော ခန္ဓာပဥ္ခက (ဝိပါကဝဋ်) မရှိရာ။ ယခုဘဝ ကံ (ကမ္မဝဋ်) မရှိလျှင် နောင်အနာဂတ်ဘဝ၌ အကျိုးဖြစ်သော ခန္ဓာပဥ္ခက (ဝိပါကဝဋ်) မဖြစ်လတံ့။ ယခုဘဝ ထင်ရှားရှိနေသော ဖြစ်ပေါ်နေသည့် ခန္ဓာပဥ္ခကကို ပယ်စွန့်အံ့ဟု အရဟတ္တဖိုလ်ပေါက် ရည်မှန်း၍ ဝိပဿနာကို အားထုတ်သော ရဟန်းသည် လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကိုရ၏၊ ထိုရဟန်းသည် ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို နှစ်သက်စွဲလမ်းနေလျှင် ထိုရဟန်း၏ ဝိညာဏ်သည် ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို တဏှာဒိဋ္ဌိတို့ဖြင့် မှီတွယ်နေ၏၊ ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို စွဲလမ်းနေ၏၊ ယင်းသို့ ဝိပဿနာကို စွဲလမ်းမှု ဥပါဒါန်ရှိသော ရဟန်းသည် ပရိနိဗ္ဗာန် မပြုနိုင်ဟု ဆိုလိုသည်။
ဤဒေသနာတော်၌ ထိုရဟန်းရရှိသော လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) သည် ကုသိုလ်ဖြစ်သော်လည်း ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို နှစ်သက်စွဲလမ်းသော ဝိညာဏ်သည်ကား လောဘ (တဏှာ) ဒိဋ္ဌိတို့နှင့် ယှဉ်သော အကုသိုလ် လောဘမူ ဝိညာဏ်ဖြစ်သည်ကို သတိပြုခဲ့ပါ။
စုဒိတကတို့ ချေပသော သောဓနာ စကားရပ်ကို စိစစ်သုံးသပ်သည်ရှိသော် စုဒိတကပုဂ္ဂိုလ်တို့သည် စွဲလမ်းတတ်သော ဥပါဒါန်တရားနှင့် စွဲလမ်းအပ်သော (ဝါ) အစွဲအလမ်းခံရသော ဥပါဒါနိယ တရားနှစ်မျိုးတို့ကို ကွဲပြားခြားနားစွာ မသိကြရှာသည်ကို တွေ့ရ၏၊ ထို့ကြောင့် စွဲလမ်းတတ်သော ဥပါဒါန်တရားနှင့် စွဲလမ်းအပ်သော (ဝါ) အစွဲအလမ်းခံရသော ဥပါဒါနိယ တရားကို ကွဲပြားခြားနားစွာ သိနိုင်ကြရန် ရှင်းလင်းပြဆိုပြီးမှ သောဓနာကို စိစစ်ကြကုန်အံ့။
ဥပါဒါန်
၄၇။ ဘုသံ အာဒိယန္တီတိ ဥပါဒါနာ၊ ဒဠ္ခှဂ္ဂါဟံ ဂဏှန္တီတိ အတ္ထော- ဟူသော အဋ္ဌသာလိနီ အဋ္ဌကထာနှင့် အညီ မလွှတ်နိုင်ပဲ မြဲမြံပြင်းပြစွာ ယူတတ် စွဲလမ်းတတ်သော သဘောတရားသည် ဥပါဒါန် မည်၏၊
ဥပါဒါန်လေးပါး
တတ္ထ ကတမံ ကာမုပါဒါနံ။ ယော ကာမေသု ကာမစ္ဆန္ဒော ကာမရာဂေါ ကာမနန္ဒီ ကာမတဏှာ ကာမသိနေဟော ကာမပရိဠာဟော ကာမမုစ္ဆာ ကာမဇ္ဈောသာနံ။ ဣဒံ ဝုစ္စတိ ကာမုပါဒါနံ။ (အဘိ၊၁၊၂၄၁)
ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ ဝတ္ထုကာမဟု ခေါ်ဆိုအပ်သော လိုချင်ဖွယ် အာရုံတို့၌ လိုလားနှစ်သက် တပ်မက်စွဲလမ်းသော တဏှာ (လောဘစေတသိက်) သည် ကာမုပါဒါန် မည်၏၊
တတ္ထ ကတမံ ဒိဋ္ဌုပါဒါနံ။ နတ္ထိ ဒိန္နံ။ ပ။ ဣဒံ ဝုစ္စတိ ဒိဋ္ဌုပါဒါနံ ဌပေတွာ သီလဗ္ဗတုပါဒါနဥ္ခ အတ္တဝါဒုပါဒါနဥ္ခ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌုပါဒါနံ။ (အဘိ၊၁၊၂၄၁)
ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ သီလဗ္ဗတုပါဒါန်နှင့် အတ္တဝါဒုပါဒါန် ဒိဋ္ဌိနှစ်မျိုးမှ ကြွင်းသော မှားသောအမြင် (မှားသောအယူ) အားလုံးသည် ဒိဋ္ဌုပါဒါန် မည်၏၊ ဤဘုရားဟော ပါဠိတော်ဖြင့်ပင် အယူမှားကို စွဲလမ်းမှုသာ ဒိဋ္ဌုပါဒါန် ဖြစ်သည်။ အယူမှန်ကို စွဲမြဲသက်ဝင် ယုံကြည်မှုသည်ကား ဒိဋ္ဌုပါဒါန်မဟုတ်။ သဒ္ဓါဓိမောက္ခသာ ဖြစ်သည်ဟု သိသာလှပေ၏၊
တတ္ထ ကတမံ သီလပဗ္ဗတုပါဒါနံ။ ဣတော ဗဟိဒ္ဓါ သမဏ ဗြာဟ္မဏာနံ သီလေန သုဒ္ဓိ။ ပ။ ဝိပရိယာ သဂ္ဂါဟော။ ဣဒံ ဝုစ္စတိ သီလပဗ္ဗတုပါဒါနံ။ (အဘိ၊၁၊၂၄၁)
ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ နွား ခွေး စသည်တို့၏ အလေ့အကျင့်ကို (ဝါ) အလေ့အကျင့်မှား ဟူသမျှကို ကိလေသာ စင်ကြယ်ကြောင်း အကျင့်ကောင်း အဖြစ်ဖြင့် မှားယွင်းစွာ စွဲလမ်းတတ်သော အမြင်မှားမှု ဒိဋ္ဌိစေတသိက်သည် သီလပဗ္ဗတုပါဒါန် မည်၏၊
တတ္ထ ကတမံ အတ္တဝါပါဒါနံ။ ဣဓ အဿုတဝါ ပုထုဇ္ဇနော။ ပ။ မိစ္ဆတ္တံ တိတ္ထာယတနံ ဝိပရိယာ သဂ္ဂါဟော။ ဣဒံ ဝုစ္စတိ အတ္တဝါဒုပါဒါနံ။ (အဘိ၊၁၊၂၄၁)
ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ ခန္ဓာငါးပါးတွင် တစ်ပါးပါးကို မပျက်မစီး အမြဲတည်နေသော အနှစ်သာရ အမာခံသဘောတရား အတ္တဟု အမြင်မှားမှု ဒိဋ္ဌိစေတသိက်သည် အတ္တဝါဒုပါဒါန်မည်၏၊
အတ္တဝါဒုပါဒါန် (အတ္တဒိဋ္ဌိ) နှစ်ဆယ် ဖြစ်ပုံ
၄၈။ မြတ်စွာဘုရားသည် ဤဒေသနာတော်ဖြင့် အတ္တဝါဒုပါဒါန် (ဝါ) အတ္တဒိဋ္ဌိ ၂၀ ဖြစ်ပုံကို ပြတော်မူ၏၊
ခန္ဓာငါးပါးတို့တွင် “မီးတောက်နှင့် အလင်းရောင်ကို အတူထင်မှတ်သကဲ့သို့” ရုပ်သည်ပင် အတ္တဟု ရုပ်နှင့် အတ္တကို အတူထင်မှတ်သော ဒိဋ္ဌိတစ်ပါး၊
နာမ်ခန္ဓာလေးပါးကို အတ္တဟု စွဲယူပြီးလျှင် “သစ်ပင်၌အရိပ်ရှိသည် ဟူသော စကားကဲ့သို့ အတ္တမှာ ရုပ်ရှိသည်ဟု ထင်မှတ်သော ဒိဋ္ဌိတစ်ပါး၊
နာမ်ခန္ဓာလေးပါးကို အတ္တဟု စွဲယူပြီးလျှင် “ပန်းပွင့်၌ အနံ့ဟူသော စကားကဲ့သို့” အတ္တ၌ ရုပ်တည်ရသည်ဟု ထင်မှတ်သော ဒိဋ္ဌိတစ်ပါး၊
နာမ်ခန္ဓာလေးပါးကို အတ္တဟု စွဲယူပြီးလျှင် “သေတ္တာထဲ၌ ပတ္တမြားတည်သည် ဟူသော စကားကဲ့သို့” ရုပ်၌ အတ္တက တည်နေသည်ဟု ထင်မှတ်သော ဒိဋ္ဌိတစ်ပါး၊
ဤသို့ ရုပ်နှင့် စပ်လျဉ်း၍ အတ္တဝါဒုပါဒါန် (အတ္တဒိဋ္ဌိ) လေးပါးဖြစ်သည်။ ထို့အတူ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော နာမ်ခန္ဓာ တစ်ပါးပါးနှင့် စပ်လျဉ်း၍လည်း အတ္တဝါဒုပါဒါန် (အတ္တဒိဋ္ဌိ) လေးပါးစီ ဖြစ်ရကား ခန္ဓာငါးပါး၌ အတ္တဝါဒုပါဒါန် (အတ္တဒိဋ္ဌိ) နှစ်ဆယ်ဖြစ်သည်။
ဤဒိဋ္ဌုပါဒါန်၊ သီလပဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် သုံးပါးတို့သည် တရားကိုယ်အားဖြင့် ဒိဋ္ဌိစေတသိက်ချည်းသာ ဖြစ်သည်။ ဒိဋ္ဌိစေတသိက် တစ်ပါးတည်းကိုပင် စွဲလမ်းပုံ အခြင်းအရာ ကွဲပြားသောကြောင့် အမည်သုံးမျိုးခွဲ၍ ဟောတော်မူသည်။ ထို့ကြောင့် ဥပါဒါန်သည် လေးပါးပြားသော်လည်း တရားကိုယ်အားဖြင့် လောဘစေတသိက်နှင့် ဒိဋ္ဌိစေတသိက် နှစ်ပါးသာ ဖြစ်သည်။
ကာမုပါဒါနံ အဋ္ဌသု လောဘသဟဂတေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌုပါဒါနဉ္စ သီလပဗ္ဗတုပါဒါနဉ္စ အတ္တဝါဒုပါဒါနဉ္စ စတူသု ဒိဋ္ဌိဂတသမ္ပယုတ္တေသု စိတ္တုပ္ပါဒေသု ဥပ္ပဇ္ဇန္တိ။
(ဓမ္မသင်္ဂဏီ၊ ၂၈၉)
မြန်မာပြန်
ကာမုပါဒါန်သည် လောဘသဟဂုတ် စိတ္တုပ္ပါဒ် ရှစ်ပါးတို့ ၌ ဖြစ်၏၊ ဒိဋ္ဌုပါဒါန်၊ သီလပဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် တို့သည် ဒိဋ္ဌိဂတသမ္ပယုတ် စိတ္တုပ္ပါဒ် လေးပါးတို့၌ ဖြစ်ကုန်၏၊
ဤဘုရားရှင် နှုတ်တော်ထွက် ဒေသနာတော်အရ လောဘစေတသိက်သည် လောဘမူစိတ် ရှစ်ပါး၌ ဖြစ်သည်။ ဒိဋ္ဌိစေတသိက်သည် လောဘမူ ဒိဋ္ဌိဂတ သမ္ပယုတ်စိတ် လေးပါး၌ ဖြစ်သည်ဟုမှတ်။
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၂၀၅)၊ သမ္မောဟဝိနောဒနီအဋ္ဌကထာ(၁၇၃) တို့၌လည်း-
မဟာဝိသယံ ဟိ တံ အဋ္ဌစိတ္တသမ္ပယောဂါ၊ အပ္ပဝိသယာနိ ဣတရာနိ စတုစိတ္တ သမ္ပယောဂါ” ဟု မိန့်ဆိုတော်မူသည်။
မှန်၏၊ ထိုကာမုပါဒါန်သည် ရှစ်ပါးသော စိတ်တို့၌ ယှဉ်ခြင်းကြောင့် ကျယ်သောအရာရှိ၏၊ ကာမုပါဒါန်မှ တစ်ပါးသော ဒိဋ္ဌုပါဒါန်၊ သီလပဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် တို့သည် လေးပါးကုန်သော စိတ်တို့၌ ယှဉ်ခြင်းကြောင့် ကျဉ်းသောအရာ ရှိကုန်၏၊
ဤဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာ အဆိုအမိန့်ကို ထောက်၍ ဥပါဒါန်ဟူသည် စင်စစ် အကုသိုလ်သာ ဖြစ်သည်ဟု ယုံမှားမဲ့ မှတ်ယူရာ၏၊ ဤအဓိပ္ပာယ်ကို အဘိဓမ္မာကို လေ့လာဖူးသူ သာမဏေငယ်ကလေးများပင် သိကြပေသည်။
ပုဂ္ဂိုလ်အားဖြင့် ကာမုပါဒါန်သည် ပုထုဇဉ်လေးယောက်နှင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့ သန္တာန်၌ ဖြစ်သည်။ ဒိဋ္ဌုပါဒါန်၊ သီလပဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် တို့သည် ပုထုဇဉ်လေးယောက်တို့ သန္တာန်၌ ဖြစ်သည်။
ဥပါဒါနိယ
၄၉။ ဥပါဒါနိယ (ဥပါဒါန+ဣယ) ဤပုဒ်သည် ဥပါဒါနပုဒ်နောက် အစီးအပွားဟိတ အနက်၌ ဣယပစ္စည်းသတ်၍ ပြီးသော ပုဒ်ဖြစ်သည်။
ထို့ကြောင့် အဋ္ဌသာလိနီ အဋ္ဌကထာ၊ နှာ-၈၅ ၌-
အာရမ္မဏဘာဝံ ဥပဂန္ဒာ ဥပါဒါန သမ္ဗန္ဓေန ဥပါဒါနာနံ ဟိတာတိ ဥပါဒါနိယာ။
ဟု မိန့်ဆိုတော်မူသည်။ အာရုံအဖြစ်သို့ ကပ်ရောက်၍ ဥပါဒါန်တို့နှင့် စပ်ခြင်းကြောင့် ဥပါဒါန်တို့၏ အစီးအပွားတည်း။ ထို့ကြောင့် ဥပါဒါနိယ မည်ကုန်၏၊
“အာရမ္မဏဘာဝံ ဥပဂန္ဓာ = အာရုံအဖြစ်သို့ ကပ်ရောက်၍” ဟူသည် အာရုံပြုခံရခြင်းပင် ဖြစ်သည်။ ထိုသို့ အာရုံပြုခံရခြင်းကြောင့် ထိုတရားများသည် ဥပါဒါန်တို့နှင့် စပ်လျဉ်းသော တရားများ ဖြစ်ရသည်။ ဥပမာ-လောက၌ လူတစ်ယောက်၏ အသုံးအဆောင်သည် ထိုသူနှင့် စပ်နေသကဲ့သို့ ဖြစ်သည်။
ဤအဋ္ဌကထာအရ အာရုံပြုခံရသည်ဖြစ်၍ ဥပါဒါန်တို့နှင့် စပ်နေသည့်အတွက် ဥပါဒါန်တို့၏ အစီးအပွားဖြစ်ခြင်းကြောင့် ဥပါဒါနိယ မည်၏ဟု မှတ်။
(အချုပ်မှာ ဥပါဒါန်တို့၏ အာရုံပြုခံရသော တရားများ ဖြစ်သည်။)
ဥပါဒါနိယ မည်သော တရားများ
ကတမေ ဓမ္မာ ဥပါဒါနိယာ။ တီသု ဘူမီသု ကုသလံ အကုသလံ တီသု ဘူမီသု ဝိပါကော တီသု ဘူမီသု ကိရိယာဗျာကတံ သဗ္ဗဉ္စ ရူပံ။ ဣမေ ဓမ္မာ ဥပါဒါနိယာ။ (အဘိ၊၁၊၂၉၀)
ဓမ္မသင်္ဂဏီ ပါဠိတော်အရ ကာမ, ရူပ, အရူပ ဘုံသုံးပါးတို့၌ ဖြစ်သော လောကီ ကုသိုလ် ၁၇၊ အကုသိုလ် ၁၂၊ လောကီဝိပါက် ၃၂၊ ဘုံသုံးပါးတို့၌ ဖြစ်သော ပြုကာမျှ ဖြစ်၍ ကုသိုလ် အကုသိုလ် အဖြစ်ဖြင့် မဟောအပ်သော ကိရိယာဗျာတက ၂၀၊ ထို့ပြင် ရုပ်သည်ရှိ၏၊ ဤတရားတို့သည် လောဘ ဒိဋ္ဌိဟူသော ဥပါဒါန်တို့၏ အာရုံဖြစ်ကုန်သော ဥပါဒါနိယတရား ဖြစ်ကုန်၏၊
ဤကား စွဲလမ်းတတ်သော ဥပါဒါန်ဟူသည် အကုသိုလ် သက်သက်သာ ဖြစ်သည်ကိုလည်းကောင်း၊ အစွဲအလမ်းခံရသော ဥပါဒါနိယ တရားသည်ကား ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ သုံးမျိုး ဖြစ်သည်ကိုလည်းကောင်း (အဘိဓမ္မာကို မလေ့လာဖူးသူများ) သိနိုင်ရန် ရှင်းလင်းပြဆိုခြင်း ဖြစ်သည်။
၅၀။ ယခုစောဒနာ သောဓနာကို ပြန်လည်စိစစ်ကြကုန်အံ့။ ဤအချက်ကို စောဒကပုဂ္ဂိုလ်တို့၏ ဆိုလိုရင်းမှာ -
(၁) ဥပါဒါန်သည် အကုသိုလ်သာ ဖြစ်သည်။
(၂) ပြုလိုရုံမျှ လိုချင်ရုံမျှသည် ကတ္တုကမျတာ ဆန္ဒစေတသိက်သာ ဖြစ်သည်။ (ဥပါဒါန် မဟုတ်)
(၃) နိဗ္ဗာန်ကို လိုချင်မှု၊ ကောင်းသောတရားကို လိုချင်မှုသည် ကုသိုလ်ဆန္ဒသာ ဖြစ်သည်။ (ဥပါဒါန် မဟုတ်) ဟု ဆိုလိုသည်။
စုဒိတကပုဂ္ဂိုလ်တို့၏ ဆိုလိုရင်းမှာ -
(၁) ဥပါဒါန်တွင် ကုသိုလ်၊ အကုသိုလ်ဟု မခွဲခြားကြောင်း၊
(၂) ကုသိုလ်ကို စွဲသည်ဖြစ်စေ၊ အကုသိုလ်ကို စွဲသည်ဖြစ်စေ၊ အစွဲမှန်လျှင် ဥပါဒါန်ဟူ၍သာ ပြန်ဆိုထားကြောင်း၊
(၃) ဝိပဿနာကို မှီ၍ စွဲသော ဝိညာဏ်သည် ကောင်းသော ဝိညာဏ်စိတ် ဖြစ်ပါသည်။ သို့ရာတွင် စွဲလမ်းလျှင် ဥပါဒါန်ဟူ၍ပင် မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူကြောင်း စကားသုံးရပ် ဖြစ်သည်။
ယင်းစကားသုံးရပ်တို့တွင် “(၁) ဥပါဒါန်တွင် ကုသိုလ်၊ အကုသိုလ်ဟု မခွဲခြားကြောင်း” ဟူသော စကားရပ်၌ ကုသိုလ်၊ အကုသိုလ် နှစ်မျိုးရှိရာ၌သာ ကုသိုလ်၊ အကုသိုလ် ခွဲခြားပြရသည်။ ကုသိုလ်ချည်းသက်သက်၊ အကုသိုလ်ချည်းသက်သက် ဖြစ်ရာ၌ကား ထိုသို့ ခွဲခြားရန် မလို။ ဥပါဒါန်ဟူသည် တစ်ရံတစ်ဆစ်မျှ ကုသိုလ်ဟူ၍ မရှိ။ ဧကန် အကုသိုလ်ချည်းသာ ဖြစ်သောကြောင့် ကုသိုလ်၊ အကုသိုလ်ဟု ခွဲခြားပြဆိုခြင်း မပြုဟုမှတ်။
“ကုသိုလ်ကို စွဲသည်ဖြစ်စေ၊ အကုသိုလ်ကို စွဲသည်ဖြစ်စေ အစွဲမှန်လျှင် ဥပါဒါန်ဟူ၍သာ ပြန်ဆိုထားကြောင်း” ဟူသော စကားရပ်၌ စကားအသုံးအနှုန်းကို ရှင်းပြအံ့။ “ကုသိုလ်ကို စွဲသည်ဖြစ်စေ” ဟူသော စကားရပ်၌ “ကုသိုလ်ကို” ဟူသော စကားသည် အစွဲအလမ်း ခံရသော ဥပါဒါနိယ တရားကို ပြသည်။ ထိုတရားကား အမှန်ပင် ကုသိုလ်ဖြစ်သည်။ “စွဲသည်ဖြစ်စေ” ဟူသော စကားရပ်ကား စွဲလမ်းတတ်သော လောဘ၊ ဒိဋ္ဌိ ဟူသော ဥပါဒါန်တရားကို ပြသည်။ ထိုဥပါဒါန်ကား ဧကန် အကုသိုလ် ဖြစ်သည်။ ထို့ကြောင့် ဤစကားရပ်၌ အစွဲအလမ်းခံရသော တရားက ကုသိုလ်၊ စွဲလမ်းတတ်သော တရားက အကုသိုလ် ဖြစ်သည်။
“အကုသိုလ်ကို စွဲသည်ဖြစ်စေ” ဟူသော စကားရပ်၌လည်း “အကုသိုလ်ကို” ဟူသော စကားရပ်သည် အစွဲအလမ်းခံရသော ဥပါဒါနိယ တရားကို ပြသည်။ “စွဲသည်ဖြစ်စေ” ဟူသော စကားရပ်သည် စွဲလမ်းတတ်သော လောဘ၊ ဒိဋ္ဌိဟူသော ဥပါဒါနိယ တရားကို ပြသည်။ ထို့ကြောင့် ဤစကားရပ်၌ အစွဲအလမ်းခံရသော တရားကလည်း အကုသိုလ်၊ စွဲလမ်းတတ်သော တရားကလည်း အကုသိုလ်ပင် ဖြစ်သည်။ ဤသို့ အစွဲအလမ်းခံရသော တရားသည် ကုသိုလ်ပင် ဖြစ်စေ၊ အကုသိုလ်ပင် ဖြစ်စေ၊ စွဲလမ်းတတ်သော တရားကား အကုသိုလ်သာ ဖြစ်ရကား ဥပါဒါန်ဟူ၍သာ ပြန်ဆိုခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဤ (၂) နံပါတ် သောဓနာ စကားရပ်သည် စကားအသုံးအနှုန်းမျှသာ မှန်သည်။
ယင်းသို့ စကားအသုံးအနှုန်း မှန်ကန်သော်လည်း စုဒိတကပုဂ္ဂိုလ်တို့ ကိုယ်တိုင်မူကား ရှင်းပြခဲ့သော အနက်အဓိပ္ပာယ်ကို အမှန်တကယ် မသိပဲ “ကုသိုလ် ဥပါဒါန်လည်း ရှိသည်” ဟု အလွဲအမှား နှလုံးသွင်း၍ သောဓနာထားခြင်းဖြစ်ကြောင်းကို (၃) နံပါတ် စကားရပ်ဖြင့် ပေါ်လွင်ထင်ရှားစွာ သိနိုင်ပေသည်။ ရှင်းပြဦးအံ့ -
“ဝိပဿနာကို မှီ၍ စွဲသော ဝိညာဏ်သည် ကောင်းသော ဝိညာဏ်စိတ် ဖြစ်ပါသည်။ သို့ရာတွင် စွဲလမ်းလျှင် ဥပါဒါန်ဟူ၍ပင် မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူကြောင်း” ဟု ဆိုထားရာ “ဝိပဿနာကို မှီ၍ စွဲသော ဝိညာဏ်သည် ကောင်းသော ကုသိုလ်ဝိညာဏ်စိတ် ဖြစ်သည်။ ထိုကုသိုလ်ဝိညာဏ်စိတ်ကို ဥပါဒါန်ဟုဟောသည်” ဟု စုဒိတက ပုဂ္ဂိုလ်တို့ ယူဆကြောင်း သိသာပေသည်။
စုဒိတကပုဂ္ဂိုလ်တို့ ကိုးကားသည့် အာနဉ္ဇသပါယသုတ်၌ ပြဆိုအပ်သော ဝိညာဏ်သည် စုဒိတက ပုဂ္ဂိုလ်တို့ ယူဆသည့် ကောင်းသော ကုသိုလ်ဝိညာဏ်စိတ် မဟုတ်၊ လောဘ ဒိဋ္ဌိဟူသော ဥပါဒါန်နှင့် ယှဉ်သော အကုသိုလ်လောဘမူစိတ် ဝိညာဏ်သာ ဖြစ်သည်။ ရှင်းပြဦးအံ့ -
ထိုလျစ်လျူရှုမှုကို နှစ်သက်ပြောဆို သက်ဝင်၍တည်သော ထိုပုဂ္ဂိုလ်၏ ဝိညာဏ်သည် ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို မှီ၏၊ ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို စွဲလမ်း၏၊
ဤစကားရပ်၌ “ဝိညာဏ်သည်” ဟူသော စကားရပ်ကို “မှီ၏” “စွဲလမ်း၏” ဟူသော ကြိယာပြ စကားရပ်တို့၌ စပ်ရမည်။ မှီ၏၊ စွဲလမ်း၏ ဟုဆိုလျှင် တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလမ်း၏ ဟူသော အဓိပ္ပာယ်သည် ထင်ရှားပြီး ဖြစ်၏၊ ထို့ကြောင့်ပင် ဥပရိပဏ္ဏာသ အဋ္ဌကထာ၌ ထိုတန္နိဿိတံ တဒုပါဒါနံ ပုဒ်တို့၏ အခြေခံဖြစ်သော ရှေ့ဝါကျရှိ “အဘိနန္ဒတိ” စသော သုံးပုဒ်တို့ကို ဖွင့်ပြရာဝယ် -
“သောတံ ဥပေက္ခံ အဘိနန္ဒတီတိ သော တံ ဝိပဿနုပေက္ခံ တဏှာဒိဋ္ဌိ အဘိနန္ဒာဒီဟိ အဘိနန္ဒတိ၊ သေသပဒဒွယေပိ ဧသေဝ နယော”
ဟု ဖွင့်ပြတော်မူ၏၊
အဓိပ္ပာယ် - သောတံ ဥပေက္ခံ အဘိနန္ဒတီတိ ဟူသည်ကား ထိုရဟန်းသည် ထို ဝိပဿနုပေက္ခာကို တဏှာ၊ ဒိဋ္ဌိတည်းဟူသော နှစ်သက်ခြင်းတို့ဖြင့် နှစ်သက်၏၊ ကြွင်းသော အဘိဝဒတိ၊ အဇ္ဈောသာယ တိဋ္ဌတိ” ဟူသော ပုဒ်နှစ်ခုအပေါင်း၌လည်း ဤနည်းတည်း။
ဤစကားရပ်တွင် “ဝိညာဏ်သည် မှီ၏၊ စွဲလမ်း၏” ဟူသော စကားရပ်ဖြင့် စွဲလမ်းတတ်သည့် လောဘ၊ ဒိဋ္ဌိဟူသော ဥပါဒါန်တို့နှင့် ယှဉ်သော အကုသိုလ် လောဘမူစိတ် ဝိညာဏ်ကို ပြသည်။ “ထိုလျစ်လျူရှုမှု ဝိပဿနုပေက္ခာကို” ဟူသော စကားရပ်ဖြင့် ဥပါဒါန်၏ အာရုံဖြစ်သည့် (အစွဲအလမ်းခံရသည့်) ဥပါဒါနိယဖြစ်သော ဝိပဿနုပေက္ခာ ကုသိုလ်ကို ပြသည်။ လိုရင်းအချုပ်မှာ အာရုံဖြစ်သည့် (ဝါ- အစွဲအလမ်းခံရသည့်) ဝိပဿနုပေက္ခာသည် ကုသိုလ်ဖြစ်သည်။ ထိုကုသိုလ်ဖြစ်သော ဝိပဿနုပေက္ခာကို စွဲလမ်းသော ဝိညာဏ်ကား လောဘ၊ ဒိဋ္ဌိနှင့် ယှဉ်သော လောဘမူအကုသိုလ် ဝိညာဏ်ဖြစ်သည်ဟု မှတ်။ အစွဲအလမ်းခံရသော အာရုံက ကုသိုလ် ဖြစ်ကာမျှဖြင့် ထိုထိုစွဲလမ်းသော ဥပါဒါန်သည် ကုသိုလ် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဝိပဿနာ၌ စွဲလမ်းကပ်ငြိမှုရှိနေသော ရဟန်းသော်မှ ငါဘုရားသာသနာတော်၌ ကိလေသာ မငြိမ်းနိုင်သေး။ ကျောင်း ပရိဝုဏ် အလုပ်အကျွေး ဒါယကာ စသည်တို့၌ စွဲလမ်းကပ်ငြိမှု ရှိနေသော ရဟန်းသည်ကား အဘယ်မှာ ပြောဖွယ်ရာ ရှိတော့မည်နည်း ဟူသော အဓိပ္ပာယ်ကို ဘုရားရှင် ပြတော်မူသည်။
ထို့ကြောင့် စုဒိတကပုဂ္ဂိုလ်တို့သည် ဤအာနဉ္ဇသပါယသုတ်ကို သာဓကပြု၍ (ဥပါဒါန်ဟူသည် လောဘ ဒိဋ္ဌိ တည်းဟူသော အကုသိုလ်သာ ဖြစ်သည်) ဟူသော စောဒကပုဂ္ဂိုလ်တို့၏ စကားကို ချေပကြသော်လည်း ချေပရာ မရောက်သည့်အပြင် ထောက်ခံရာပင် ရောက်ချေသည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ စိစစ်သုံးသပ်တော်မူကြသည်။
၅၁။ တစ်ဖန် စုဒိတက သခင်မြတ်ဆိုင်က “ဓမ္မသင်္ဂဏီ ကျမ်းအရ အကုသိုလ်ကို စွဲလျှင် ဥပါဒါန်၊ ကုသိုလ်ကို စွဲလျှင် ဥပါဒါန် မဟုတ်ဖြစ်ကြောင်း စောဒနာဆရာတော်များက တင်ပြချက်မှာ တပည့်တော်တွေ့ရသည့် အောက်ပါသုတ်တို့ဖြင့် ကွာခြားနေပါသည်ဘုရားဟု စကားချီပြီးလျှင် အင်္ဂုတ္တိုရ်၊ နဝကနိပါတ်(၁၈၅) သဥပါဒိသေသသုတ်၌ လာသော စကားရပ်ကို သာဓကပြုလျက် ဤအချက်၌လည်း သောတာပန်ပင်လျှင် စွဲလမ်းမှုကျန်နေလျှင် ဥပါဒါန်ဟူ၍ သုံးနှုန်းထားကြောင်း တွေ့ရပါသည်” ဟု ချေပသောဓနာလေသည်။
စုဒိတကပုဂ္ဂိုလ် ချေပသလို စောဒနာ စကားရပ်၌ (အကုသိုလ်ကို စွဲလျှင် ဥပါဒါန်၊ ကုသိုလ်ကို စွဲလျှင် ဥပါဒါန်မဟုတ်) ဟူသော စကားရပ် ပါ မပါကို သေချာစွာ စိစစ်ရာ-
(၁) ဥပါဒါန်ဟူသည် တရားကိုယ်အားဖြင့် လောဘနှင့် ဒိဋ္ဌိသာ ဖြစ်၍ လောဘမူစိတ်၌ ယှဉ်သော အကုသိုလ်သာ ဖြစ်သည်။
(၂) ပြုလိုရုံမျှ လိုချင်မှုသည် ကတ္တုကမျတာ ဆန္ဒစေတသိက်သာ ဖြစ်သည်။ (ဥပါဒါန်မဟုတ်)
(၃) နိဗ္ဗာန်ကို လိုချင်မှု၊ ကောင်းသောတရားကို လိုချင်မှုသည် ကုသိုလ်ဆန္ဒသာ ဖြစ်သည်။ (ဥပါဒါန်မဟုတ်)
(၄) အယူမှန်၌ စွဲမြဲခြင်းသည် ဒိဋ္ဌုပါဒါန်မဖြစ်၊ အယူမှား၌ စွဲလမ်းခြင်းသည်သာ ဒိဋ္ဌုပါဒါန် ဖြစ်သည်။
ဤမျှသာ တွေ့ရသည်။ (အကုသိုလ်ကိုစွဲလျှင် ဥပါဒါန်၊ ကုသိုလ်ကိုစွဲလျှင် ဥပါဒါန်မဟုတ်) ဟူသော စကားမျိုး တိုက်ရိုက်လည်းမပါ။ ထိုအဓိပ္ပာယ်မျိုးထွက်သော စကားရပ်လည်း မပါချေ။ (၄) အမှတ်ပြ ကောက်နုတ်ချက်၌ “စွဲမြဲ” ဟူသော စကားရပ်နှင့် “စွဲလမ်း” စကားရပ်နှစ်ခုကို သုံးစွဲထားရာ “စွဲမြဲ” ဟူသော ဝေါဟာရကား “စွဲမြဲသက်ဝင် ယုံကြည်မှု= သဒ္ဓါဓိမောက္ခ” ဖြစ်၍ “စွဲလမ်း” ဟူသော ဝေါဟရာကား “စွဲလမ်းမှု ဥပါဒါန်” ဖြစ်သည်ကို ခွဲခြား၍ မသိခြင်းကြောင့် ချေပသောဓနာခြင်းသာ ဖြစ်ရာသည်။
သဥပါဒိသေသသုတ်ကို သာဓကပြု၍ “သောတာပန်ပင်လျှင် စွဲလမ်းမှုကျန်နေလျှင် ဥပါဒါန်ဟူ၍ သုံးနှုန်းထားပါကြောင်း တွေ့ရပါသည်” ဟူသော ချေပချက်သည်လည်း စောဒနာစကားရပ်နှင့် မည်သို့မျှ မပတ်သက်ချေ။
အလုံးစုံသော လောကီတရားတို့၏ ဝတ္ထုကာမ၏ အစွမ်းဖြင့် “ကာမ” ဟူ၍လာခြင်းကြောင့် ရူပရာဂ အရူပရာဂသည်လည်း ကာမုပါဒါန်၌ ကျရောက်(ပါဝင်)ရကား ဥပါဒါန်လေးပါးတို့တွင် ထိုကာမုပါဒါန်ကို စတုတ္ထ အရဟတ္တမဂ်ဉာဏ်က ပယ်သတ်အပ်၏” ဟူသော ဝိသုဒ္ဓိမဂ် ဒုတိယ နှာ-၃၂၆-၌ မိန့်ဆိုအပ်သော စကားနှင့်အညီ သောတာပန် သန္တာန်၌ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် သုံးပါးတို့ကိုသာ ပယ်ရသေး၍ ကာမုပါဒါန် အကုသိုလ် ကြွင်းကျန်သေးသည်ကို သဥပါဒိသေသသုတ်၌ ဟောတော်မူခြင်း ဖြစ်ပေသည်။
ဤသုတ်ပါ စကားရပ်သည်လည်း စောဒကဆရာတော်တို့၏ စောဒနစကားရပ်နှင့် မည်သို့မျှ ကွဲပြားခြင်း မရှိချေ။
နောက်တစ်ဖန် “အနာဂါမ်ဆိုက်သော သူတော်ကောင်းသည်ပင်လျှင် ဥပါဒါန် မကုန်ကြောင်း အောက်ပါ အထောက်အထားအရ တွေ့ရပါသည်ဘုရား” ဟု စကားချီပြီးလျှင် မဇ္ဈိမပဏ္ဏာသ ကီဋာဂီရိသုတ် နှာ-၁၅၆ ၌ လာသော စကားရပ်ကို သာဓကပြုလျက် ဤအချက်သည်လည်း ကုသိုလ်တရား ရှိနေသူပင်လျှင် ဥပါဒါန် ကျန်နိုင်သည်ကို တွေ့ရပါသည်ဘုရား ဟု ချေပပြန်လေသည်။
ယင်းချေပချက်၏ ဆိုလိုရင်းကား “ကုသိုလ်တရားရှိနေသူ အနာဂါမ်သူတော်ကောင်း သန္တာန်၌ပင် ဥပါဒါန်ကျန်သည်ဟု ဟောတော်မူသည်ကို တွေ့ရခြင်းကြောင့် ဥပါဒါန်သည် အကုသိုလ်သာ ဖြစ်သည်” ဟူသော စောဒကဆရာတော်တို့၏ စောဒနာစကား မသင့်” ဟု ချေပလိုရင်း ဖြစ်သည်။
ဤချေပချက် သောဓနာဖြင့်ပင် စုဒိတကပုဂ္ဂိုလ် သခင်မြတ်ဆိုင်သည် အဘိဓမ္မာသဘာဝကို လုံးဝမရိပ်စားမိကြောင်း ထင်ရှားနေပေသည်။ မှန်လှ၏၊ “အနာဂါမ် သန္တာန်၌ အမြဲပင် ကုသိုလ်တရား ရှိနေပေသည်။ အနာဂါမ် သန္တာန်၌ ဖြစ်သော ဥပါဒါန်သည် ကုသိုလ်သာ ဖြစ်သည်” ဟု စုဒိတကပုဂ္ဂိုလ် ဆိုလိုသည်။ ဤအချက်ဖြင့်ပင် အဘိဓမ္မာသဘောကို လုံးဝမသိပါဟု ဝန်ခံရာ ရောက်ချေသည်။
စုဒိတက သခင်မြတ်ဆိုင်သည် “ပုထုဇဉ်သန္တာန်ဖြစ်စေ, သောတာပန်, သကဒါဂါမ်, အနာဂမ်တို့ သန္တာန်၌ဖြစ်စေ, ယောနိသော မနသိကာရ အကြောင်းရှိလျှင် ကုသိုလ်တရား ဖြစ်ပွား၍ အယောနိသော မနသိကာရ အကြောင်းရှိလျှင် အကုသိုလ်တရား ဖြစ်ပွားနေသည်” ဟူသော သဘာဝကိုလည်းမသိ၊ ပြခဲ့ပြီးသော ဝိသုဒ္ဓိမဂ်၊ ဒု၊ ၃၂၆ လာ စကားနှင့်အညီ “အနာဂါမ် သန္တာန်၌ ကာမရာဂကိုသာ ပယ်ရသေး၍ ရူပရာဂ၊ အရူပရာဂတည်းဟူသော ကာမုပါဒါန် ကျန်သေးသည်။ ယင်းကာမုပါဒါန်သည် အကုသိုလ်သာ ဖြစ်သည်” ဟူသော သဘာဝကို လုံးဝမသိရှာခြင်းကြောင့်သာ ဤသို့ချေပမိခြင်း ဖြစ်ပေသည်။
ထို့ကြောင့် စုဒိတက၏ ချေပချက်သည် စောဒကဆရာတော်များ၏၊ စောဒနာစကားကို မည်သို့မျှ မလှုပ်ရှားစေနိုင်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ စိစစ်ဝေဖန်တော် မူကြသည်။
တစ်ဖန်စုဒိတက ပုဂ္ဂိုလ်တို့က “စောဒကဆရာတော်များ တင်ပြချက်ဖြစ်သော ကာမုပါဒါန်သည် အကုသိုလ် လောဘမူစိတ်နှင့် တွဲယှဉ်ဖြစ်ပေါ်သည့် လောဘစေတသိက်ဟူ၍ တွေ့ရပါသည်ဘုရား” ဟု တင်ပြကြပြန်သည်။
စျာန်တို့အား “ငါသည် ငြိမ်သက်လှ၏၊ အေးငြိမ်းလှ၏၊ စွဲလမ်းမှုကင်း၏” ဟူ၍ ထင်မှတ်သော ဤသို့ရှုသော် ဥပါဒါန်ပင် မည်၏” ဟူသော ဥပရိပဏ္ဏာသ မြန်မာပြန် ပဉ္စတ္တယသုတ် ၂၀ လာ စကားရပ်ကိုလည်း သာဓကအဖြစ် တင်ပြကြသည်။ ဤစုဒိတကတို့၏ ကစားရပ်၌ အဘယ်ကို ရှင်းလင်းချေပသည်ဟူသော အချက် မပါရှိချေ။ “ကာမုပါဒါန်သည် အကုသိုလ် လောဘမူစိတ်နှင့် တွဲယှဉ်ဖြစ်ပေါ်သည့် လောဘစေတသိက်ဟူ၍ တွေ့ရပါသည်ဘုရား” ဟု တွေ့ရကြောင်းသာ ပြဆို၍ “ကာမုပါဒါန်သည် လောဘစေတသိက် မဟုတ်ပါ” ဟုလည်း ငြင်းဆိုချက် မပါ။ “အကုသိုလ် လောဘမူစိတ်နှင့် တွဲယှဉ်ဖြစ်ပေါ်သည်မဟုတ်” ဟုလည်း ငြင်းဆိုချက် မပါချေ။ အကယ်၍ ငြင်းဆိုစေဦးတော့။ ရှင်းလင်း ပြဆိုခဲ့ပြီးသော ဥပါဒါန ဂေါစ္ဆကလာ ဘုရားဟော ဒေသနာဖြင့်ပင် ကာမုပါဒါန်သည် အကုသိုလ် လောဘမူစိတ်၌ ယှဉ်သော လောဘစေတသိက် ဖြစ်သည်မှာ ထင်ရှားပြီးဖြစ်၍ ထိုငြင်းဆိုချက်သည် အကျိုးမရှိ နိရတ္ထကာသာ ဖြစ်ရာ၏၊
စုဒိတကတို့ ထုတ်ဆောင်တင်ပြအပ်သော သာဓက စကားရပ်၌ပါသော ဥပါဒါန်သည်လည်း ကာမုပါဒါန်မဟုတ်၊ ဒိဋ္ဌုပါဒါန်သာ ဖြစ်ခြင်းကြောင့် သာဓက မမြောက်ချေ။ မှန်၏၊ စုဒိတကပုဂ္ဂိုလ်တို့ ထုတ်ဆောင်တင်ပြအပ်သော စကားရပ်သည် -
ယဉ္စ ခေါ အယမာယသ္မာ “သန္တောဟမသ္မိ နိဗ္ဗုတောဟမသ္မိ အနုပါဒါ နောဟမသ္မိ” တိ သမနုပဿတိ။ တဒပိ ဣမဿ ဘောတော သမဏဿ ဗြဟ္မဏဿ ဥပါဒါနမက္ခာယတိ (မ၊၃၊၂၆)။
ဟူသော ဥပရိပဏ္ဏာသ ပါဠိ ပဉ္စတ္တယသုတ်၌လာသော ပါဠိတော်၏ မြန်မာပြန်ဖြစ်သည်။ ထိုပါဠိတော်၏ မြန်မာပြန် အပြည့်အစုံမှာ -
ဤအရှင်သည် “ငါသည် ငြိမ်သက်သူ ဖြစ်၏၊ ငါသည် ငြိမ်းအေးသူ ဖြစ်၏၊ ငါသည် မစွဲလမ်းသူ ဖြစ်၏၊” ဟူ၍ အကြင်ရှုမြင်၏၊ ဤအရှင် သာမဏ ဗြဟ္မဏ၏ ထိုရှုမြင်ခြင်းကိုလည်း ဥပါဒါန်ဟူ၍ ဆိုအပ်၏ဟု ဖြစ်သည်။
ဤပါဠိတော်၌ “ဥပါဒါနမက္ခာယတိ” “ဥပါဒါန်ဟူ၍ ဆိုအပ်၏” ဟူသည်မှာ “အဟမသ္မိ” “ငါဖြစ်” ဟု ယူခြင်းသည် သက္ကာယဒိဋ္ဌိ၌ အကျုံးဝင်နေသည်။ ထို့ကြောင့် “ဒိဋ္ဌုပါဒါန်” ဟု ဘုရားရှင် ဟောတော်မူလိုရင်း ဖြစ်သည်။ ထို့ကြောင့် ဥပရိပဏ္ဏာသအဋ္ဌကထာ(၁၇)၌ -
“ဥပါဒါနမက္ခာယတီတိ အဟမသ္မီတိ ဂဟဏဿ သက္ကာယဒိဋ္ဌိ ပရိယာပန္နတ္တာ ဒိဋ္ဌုပါဒါနံ အက္ခာယတိ” ဟု ဖွင့်ပြတော်မူသည်။
မြန်မာပြန်
ဥပါဒါန်ဟု ဆိုအပ်၏ ဟူသည်ကား ငါဖြစ်၏ဟု ယူခြင်း၏ သက္ကယဒိဋ္ဌိ၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့် ဒိဋ္ဌုပါဒါန်ဟူ၍ ဆိုအပ်၏၊
တစ်ဖန် စုဒိတကပုဂ္ဂိုလ်တို့က “ဥပါဒါန် အစွဲအလမ်း ရှိရုံမျှနှင့် အပါယ်မကျနိုင်ဟု ဟောတော်မူပါသည်ဘုရား” ဟု တင်ပြကြပြန်သည်။
အင်္ဂုတ္တိုရ်၊ သဥပါဒိသေသုတ်၌လာသော စွဲလမ်းမှု အကြွင်းအကျန် ရှိပါလျက် အပါယ်လေးပါး မလားနိုင်သော ပုဂ္ဂိုလ် ၉-မျိုးကို ဟောပြသော ဒေသနာတော်ကို သာဓကအဖြစ် ထုတ်ဆောင်လျက် “ဤအထဲ၌ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် စသည်တို့ ပါဝင်နေသည်ကို တွေ့ရပါသည်ဘုရား” ဟု တင်ပြကြလေသည်။
ဥပါဒါန်အစွဲအလမ်း ရှိရုံမျှဖြင့် အပါယ်မကျနိုင်ဟု ဟော်တော်မူခြင်းသည် လည်းကောင်း၊ စွဲလမ်းမှု အကြွင်းအကျန် ရှိပါလျက် အပါယ်မကျနိုင်သော ပုဂ္ဂိုလ် ၉-မျိုးတို့တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့ ပါဝင်နေခြင်းသည် လည်းကောင်း စောဒနာစကားရပ်နှင့် မည်သို့မျှ မပတ်သက်ခြင်းကြောင့် ယင်းသောဓနာ စကားရပ်ကိုလည်း စိစစ်သုံးသပ်ရန် မလိုဟု ဝိနည်းဓိုရ် ဆရာတော်များ ဆန္ဒညီမျှတော် မူကြသည်။
၅၃။ သောဓနာနိဂုံး အဖြစ်ဖြင့်လည်း “သို့ဖြစ်ရာ ဤအခန်း (၁၅) ၌ စောဒနာဆရာတော်များ၏ နိဂုံးတွင် ဥပါဒါန်ဟူသည် အကုသိုလ်ဖြစ်၍ လောဘနှင့် ဒိဋ္ဌိတရားသာ ဖြစ်သည်။ အကုသိုလ်သာ ဖြစ်သည်။ အမြင်မှားမှု ဥပါဒါန်သာ ဖြစ်သည်။ ကုသိုလ်လိုချင်မှုမှာ ဥပါဒါန်မဟုတ်၊ ရှင်ဥက္ကဋ္ဌတို့သည် ပိဋကတ်တော်၏ အနက်ကိုမျှ မှန်ကန်စွာ မသိ။ လမ်းပေါ်က လူများ၏ တရားဟုဆိုသော အချက်ကို ယခုတိကျသော ဆဋ္ဌမူ ပိဋကတ်တော်မှ ကောက်နုတ်ရှင်းလင်းအပ်ပါသည်ဘုရား” ဟု လျှောက်ထားကြလေသည်။
ဤသောဓနာနိဂုံး စကားရပ်၌လည်း “ဥပါဒါန်ဟူသည် အကုသိုလ်ဖြစ်၍ လောဘနှင့် ဒိဋ္ဌိတရားသာ ဖြစ်သည်။ အကုသိုလ်သာ ဖြစ်သည်။ ကုသိုလ်လိုချင်မှုသည် ဥပါဒါန်မဟုတ်” ဟူသော စောဒကပုဂ္ဂိုလ်တို့၏ စကားရပ်သည် ပြဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာတို့နှင့် ညီညွတ်၍ မှန်ကန်သော စကားသာ ဖြစ်သည်။ (စောဒကပုဂ္ဂိုလ်တို့၏ စကားတွင် အမြင်မှားမှု ဥပါဒါန်ဖြစ်သည်ဟု မပါ မရှိ) စွဲစွဲလမ်းလမ်း ယူထားသော အယူမှားသည် ဒိဋ္ဌုပါဒါန် ဖြစ်သည်ဟု လည်းကောင်း၊ အယူမှားကို စွဲလမ်းခြင်းသာ ဒိဋ္ဌုပါဒါန် ဖြစ်သည်ဟု လည်းကောင်း ပါရှိသည်။ ထိုစကားသည်လည်း ပါဠိတော် အဋ္ဌကထာတို့နှင့် ညီညွတ်၍ မှန်ကန်သော စကားသာ ဖြစ်သည်။
စုဒိတကပုဂ္ဂိုလ်တို့က တိကျသော ဆဋ္ဌမူပိဋကတ်တော်မှ ကောက်နုတ်ရှင်းလင်းပါသည် ဆိုသော်လည်း စုဒိတကပုဂ္ဂိုလ်တို့ ကောက်နုတ်ပြအပ်သော ပိဋကတ်တော် သာဓကများသည် စုဒိတကပုဂ္ဂိုလ်တို့ ဆိုလိုသော “ဥပါဒါန်သည် အကုသိုလ်သာ မဟုတ်၊ ကုသိုလ်လည်း ဖြစ်သည်” ဟူသော အနက်ကို လုံးဝ မပြနိုင်သောကြောင့်လည်းကောင်း၊ ချေပသင့်သည်ကို မချေပပဲ မချေပသင့်သည်ကို ချေပထားသောကြောင့် လည်းကောင်း၊ အချို့သာဓကတို့သည် စောဒနာချက်နှင့် လုံးဝမပတ်သက်သောကြောင့် လည်းကောင်း သာဓက မမြောက်ချေ။
ဤမျှရှည်လျားသော စကားအစဉ်ဖြင့် လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက် သမ္မာဒိဋ္ဌိ သုတေသန ဝါဒီ စသော သူတို့၏ ဘုရားဟော ပါဠိဝေါဟာရများ၏ အနက်အဓိပ္ပါယ်အမှန်ကို ပစ်ပယ်ထား၍ မှားယွင်းသော အနက်အဓိပ္ပာယ်များကိုသာ ဖော်ပြနေကြပုံ အခြင်းအရာ သိသာထင်ရှားစေရန် စောဒကဆရာတော်များ သက်သေခံ ထုတ်ပြအပ်သော (က) အမှတ်ပြ ပုဒ်မှစ၍ (ဤ) အက္ခရာအမှတ်ပြ ပုဒ်တိုင်အောင်သော (၃၆) ပုဒ်တို့ကို အသီးသီး ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် ညှိနှိုင်း၍ စိစစ်ပြဆိုခဲ့ခြင်း ဖြစ်သည်။
၅၄။ ဤသို့ စိစစ်ပြဆိုအပ်ပြီးသော အကြောင်းအရာ အချက်အလက်ပေါင်းများစွာကို သေချာစေ့ငု ကြည့်ရှုဆင်ခြင်သော ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက် သမ္မာဒိဋ္ဌိ သုတေသနဝါဒီ စသော သူတို့၏ ရုပ်ဝါဒ အမြင်ဖြင့် ရေးသားဟောပြောချက်များသည် ဘုရားရှင်၏ အလိုတော်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သောကြောင့် အဓမ္မဝါဒများသာ ဖြစ်ကြောင်း၊ ထိုအဓမ္မဝါဒကို ရေးသားဟောပြောနေကြသော ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့သည် အဓမ္မဝါဒီများသာ ဖြစ်ကြောင်း နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် ဆရာတော်များ အညီအညွတ် ဆုံးဖြတ်တော် မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ် (၂)စောဒနာ အမှတ်-၁၆အရိယာနှင့် နိဗ္ဗာန်ကို ပြင်ဆင်ရေးသားခြင်းနှင့် စပ်လျဉ်းသည့် ဝိနိစ္ဆယအရိယာအကြောင်း စောဒနာ၌ အကျဉ်းကောက်နုတ်ချက်
၁။(က) သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့မှ တရားမဝင် ထုတ်ဝေသော အတွဲ (၄) အမှတ် (၈) သစ္စာဓမ္မစာစောင် စာမျက်နှာ-၉-၌ -
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ဟူသော အနတ္တလက္ခဏသုတ် ဒေသနာတော်နှင့် အညီ မျက်စိနှင့် နားရှိ၍ မြင်တတ်ကြားတတ်သော လူကို အရိယာဟု ခေါ်သည်။ အရိယာနှင့် လူမှာ အတူတူပင် ဖြစ်သည်။ မျက်စိ၊ နားရှိပါလျက် မမြင်တတ်၊ မကြားတတ်သဖြင့် လူမဟုတ်သူကို အနရိယ ခေါ်သည်ဟု ရေးသားထားခြင်း၊
(ခ) မိန်းမနှင့် ယောက်ျား လင်မယားနှစ်ယောက်ကို အရိယာခေါ်သည်ဟု ဦးဝါသဝက ဟောပြောခြင်း။
(ဂ) ဦးဥက္ကဋ္ဌ ရေးသားထားသော ဗုဒ္ဓအဘိဓမ္မာ စာမျက်နှာ ၂၅၁ ၌လည်း ဝိသာခါ ကျောင်းအမကြီး အနာထပိဏ် သူဌေးကြီးတို့သည် ခင်ပွန်းသည် ဇနီးမယားတို့နှင့် အတူတကွ နေထိုင်ကြသော်လည်း တဏှာဥပါဒါန်မရှိပဲ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ် ငါးပါးပြုရုံမှတပါး အနုပါဒါန်တရားနှင့် နေထိုင်သဖြင့် သောတာပန်ဖြစ်၍ သုခတရား ရနေကြ၏ဟု ရေးသားထားခြင်း။
(ဃ) အတွဲ (၁) အမှတ် (၇)၊ မှောင်ခိုထုတ်သော သစ္စာဓမ္မစာစောင် စာမျက်နှာ-၉-၌လည်း ဉာဏ်ရှိသူများအဖို့ သက်သာသလိုနေ၍ ကျင့်ပါလျှင် တစ်လနှစ်လအတွင်း အကြောက်နှင့် အမျှော်ကင်း၍ သောတာပတ္တိမဂ်ရသည်။ ဆက်လက်ကျင့်လျှင် စိုးရိမ်မှုနှင့် တုန်လှုပ်မှု ပျောက်ကင်း၍ သကဒါဂါမိမဂ် ရသည်။ ထို့နောက် ချစ်ခြင်းနှင့် မုန်းခြင်း ပျောက်ကင်း၍ အနာဂါမိမဂ်ရသည်။ ဤအတိုင်း ဆက်လက်၍ ပွားများပါက တဏှာဥပါဒါန်အားလုံးငြိမ်း၍ အရဟတ္တမဂ် ရသည်။ ဆက်လက်ပွားများသောအခါ အသ္မိမာန (ငါတည်းဟူသော) အမှတ်သညာ ငွေ့ငွေ့ကျန်ရှိနေမှု ပျောက်ကင်းလျှင် အရဟတ္တဖိုလ် ဆိုက်ရောက်ပါပြီဟု ရေးသားထားခြင်း။
(င) ဘာသာစီးပွားရေးနဲ့ လူမှုစီးပွားရေး အမည်ရှိ စာစောင် စာမျက်နှာ ၂၀-၌-
လူမိ လူဖက မွေးတဲ့သားကို အရိယာဟု ခေါ်သည်။ အရိယာကို ပုဒ်ခွဲသောအခါ အရ+ဣယ+အာ ဟုခွဲ၍-
အရ က = လူအမေ
ဣယ က = လူအဖေ
အာ က = လုပ်တာ
လူအမေ၊ လူအဖေတွေ လုပ်လို့ ဖြစ်တာလို့ ဆိုလိုတယ်ဟု ရေးသားထားခြင်း။
စောဒကပုဂ္ဂိုလ်တို့သည် သစ္စာဓမ္မ စာစောင် စသည်တို့မှ အထက်ပါ ရေးသားပြောဆိုချက်တို့ကို သက်သေအဖြစ် ထုတ်ပြပြီးလျှင် ယင်းသို့ ရေးသားပြောဆိုခြင်းဖြင့် ဗုဒ္ဓသာသနာတော်၌ အလွန်အလေးဂရုပြုထိုက်သော အရိယာ သူတော်ကောင်းတို့ကို ပုံပျက်ပန်းပျက်ဖြစ်အောင် ဖျက်ဆီးနေကြကြောင်း။
ကိလေသာနံ အာရကတ္တာ အရိယော စသည်ဖြင့် မိန့်ဆိုထားအပ်သော ထေရဝါဒပိဋကတ် ကျမ်းဂန်များနှင့် အညီ ကိလေသာ အညစ်အကြေး ကင်းဝေး၍ ဖြူစင်မြင့်မြတ်သော တန်ဖိုးထားထိုက်သည့် သူတော်ကောင်းများကိုသာ အရိယာဟု ခေါ်ဆိုထားသည် ဖြစ်ပါလျက် ထိုအရိယာ သူတော်ကောင်းတို့ကို ယုတ်ညံ့သေးသိမ်အောင် တရားလွန်စော်ကား ရေးသားထားကြောင်းဖြင့် စွဲချက်တင်ပြ စောဒနာကြသည်။
စုဒိတကတို့၏ သောဓနာ၌ အကျဉ်းကောက်နုတ်ချက်
၂။ အထက်ဖော်ပြပါ စောဒနာအကျဉ်း ကောက်နုတ်ချက် (၅) ချက်တို့တွင် စုဒိတကပုဂ္ဂိုလ်တို့သည် အမှတ် (၈) အချက်မှတစ်ပါး ကျန်အချက် (၄) ချက်တို့ကို ပြန်လည်ချေပ သောဓနာမှု မပြုကြ။ အမှတ် (၈) အချက်ကို ပြန်လည် ချေပရာ၌ -
ဗုဒ္ဓအဘိဓမ္မာ စာမျက်နှာ ၂၅၁ ၌ “တဏှာနှင့် ဥပါဒါန် မပါကြတော့ဘဲ” ဟု အတိအလင်း ပါရှိနေပါလျက် စောဒကရဟန်းတို့က “တဏှာနှင့် ဥပါဒါန် မရှိကြတော့ဘဲ” ဟု အမှားသွင်းပြီး စွပ်စွဲထားကြသည်မှာ စေတနာဆိုးနှင့် ဖော်ပြရာ ရောက်နေပါကြောင်း၊ “မပါ” ဟူသော စကားနှင့် “မရှိ” ဟူသော စကားမှာ အလွန်အဓိပ္ပာယ် ခြားနားလှပါကြောင်းဖြင့် ပြန်လည်ချေပ သောဓနာ ပြုကြသည်။
ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့၏ စိစစ်သုံးသပ်ချက်
၃။ စုဒိတက ပုဂ္ဂိုလ်တို့သည် အမှတ် (က) (ခ) (ဃ) (င) အချက်တို့ကို ပြန်လည်ချေပမှု မပြုကြသောကြောင့် သူတို့၏ အမှားကို ဝန်ခံပြီး ဖြစ်သည်။ အမှတ် (၈) အချက်ကို ပြန်လည်ချေပရာ၌ “မပါ” ဟူသော စကားနှင့် “မရှိ” ဟူသော စကားမှာ အဓိပ္ပာယ် အလွန်ခြားနားသည်ဟု ဆိုကြသည်။ သို့သော် ဝိသာခါနှင့် အနာထပိဏ်တို့သည် ထိုအချိန်က သောတာပန်မျှသာ ဖြစ်ကြသေးသောကြောင့် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်တို့ကိုသာ ပယ်ကြရသေး၍ တဏှာ (လောဘ) ဟူသော ကာမုပါဒါန်ကိုကား မပယ်ကြရသေးချေ။ ထို့ကြောင့်ပင် ဝိသာခါသည် သူ၏ မြေးကလေးတစ်ယောက် သေဆုံး၍ အသုဘအပြန်တွင် ပူဆွေးဝမ်းနည်းမှု ပြေပျောက်စေလိုသည့်အတွက် တရားနာယူရန် မြတ်စွာဘုရား အထံတော်သို့ ရောက်လာခဲ့သဖြင့် သောကပြေငြိမ်းကြောင်း တရားကို မြတ်စွာဘုရား ဟောကြားတော်မူရသေး၏၊ (ဥဒါန်းပါဠိတော်၊ ဝိသာခါသုတ်၊ ၁၉၀)
သို့ဖြစ်ရကား သောတာပန် ပုဂ္ဂိုလ်တို့သည် ရံဖန်ရံခါ တဏှာဥပါဒါန် ဖြစ်လာနိုင်သေးရကား ဗုဒ္ဓအဘိဓမ္မာ၌ “တဏှာဥပါဒါန် မပါကြတော့ပဲ” ဟု ရေးထားသည်ဖြစ်စေ၊ “တဏှာဥပါဒါန် မရှိကြတော့ပဲ” ဟု ရေးထားသည်ဖြစ်စေ၊ အတ္ထယုတ္တိ မရှိသည်သာ ဖြစ်ပေသည်။ ရှင်းလင်းဦးအံ့-
“ပါသည်” ဟူသော မြန်မာမှု စကားလုံးသည် အဘိဓမ္မာနည်းအရ သမ္ပယုတ္တ သဟဇာတ (တွဲယှဉ်၍ဖြစ်သည်၊ တကွ ဖြစ်သည်) ဟူသော အနက်ထွက်သည်။ “ရှိသည်” ဟူသော စကားလုံးကား (တွဲယှဉ်၍ မဖြစ်စေကာ၊ အတူတကွ မဖြစ်စေကာ) မဂ်ဖြင့် မပယ်ရသေးသည်ဖြစ်၍ အနုသယ ကိလေသာ အနေအားဖြင့် ရှိသေးသည်ဟူသော အနက်ထွက်သည်။
ဝိသာခါ၊ အနာထပိဏ်ကဲ့သို့သော သောတာပန် အရိယာများ၌ ဒိဋ္ဌုပါဒါန် လုံးဝမရှိသည်ကား မှန်၏၊ လောဘဟူသော ကာမုပါဒါန်ကား သောတာပတ္တိမဂ်ဖြင့် မပယ်ရသေးသောကြောင့် ပရိယုဋ္ဌာန ကိလေသာ အနေဖြင့် ဥပါဒ်ဆဲ ဖြစ်ဆဲ ခဏ၌ ပါ၍နေမည်သာ ဖြစ်သည်။ အနုသယ ကိလေသာ အနေဖြင့်လည်း ရှိ၍နေမည်သာ ဖြစ်သည်။ ထို့ကြောင့် “တဏှာဥပါဒါန် မပါပဲ လင့်ကျင့်ဝတ် မယားကျင့်ဝတ် ပြုရုံမှ တပါး အနုပါဒါန် တရားနှင့် နေထိုင်ကြသဖြင့်” ဟူသော ဦးဥက္ကဋ္ဌ၏ စကားသည် အဘိဓမ္မာ တရားတော်နှင့် ဆန့်ကျင်သဖြင့် အတ္ထယုတ္တိ ကင်းမဲ့သည်ဟု သုံးသပ်တော်မူကြသည်။
(က) အရိယာ အမှား
၄။ (က) ကောက်နုတ်ချက်၌ “ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော” ဟူသော အနတ္တလက္ခဏသုတ်ကို သာဓက ပြုပြီးလျှင် “မျက်စိ နား ရှိ၍ မြင်တတ် ကြားတတ်သော လူကို အရိယာ ခေါ်သည်။ အရိယာနှင့် လူမှာ အတူတူပင် ဖြစ်သည်ဟု သစ္စာဓမ္မစာစောင်၌ သာမည လူပြိန်းအတွေးဖြင့် တွေးတောကြံဆ၍ ရေးသားထားခြင်းသာ ဖြစ်၏၊ ထိုအနတ္တလက္ခဏသုတ် ပါဠိတော်၏ ဆိုလိုရင်း အဓိပ္ပာယ်အမှန်ကို ရှင်းလင်းပြရလျှင် -
က။ ဧဝံ ပဿံ အရိယသာဝကော = ဤသို့ ဤပုံ ရှုသော သိမြင်သော အရိယာတပည့်
ခ။ သုတဝါ အရိယ သာဝကော = သုတနှင့် ပြည့်စုံသော အရိယာတပည့်
ဟူ၍ စကားနှစ်ရပ် ခွဲထားရမည်။ ထိုစကားနှစ်ရပ်တွင် “ဧဝံ ပဿံ = ဤသို့ ဤပုံ ရှုသည်၊ သိမြင်သည်” ဟု ဆိုရာ၌ အဘယ်သို့ အဘယ်ပုံ ရှုရ၊ သိမြင်ရမည် ဆိုသည့် (ရှုကြည့်သိမြင်ပုံ) နည်းစနစ်ကို “ယံကိဉ္စိ ရူပံ” အစရှိသည်ဖြင့် ဟောတော်မူခဲ့ပြီး ဖြစ်၏၊ ယင်းသို့ ဟောတော်မူခဲ့သည့်အတိုင်း -
အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ စသည်ဖြစ်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တည်းဟူသော ခန္ဓာငါးပါးတို့သည် ငါ့ဟာ, ငါ့ဥစ္စာ ဟု တဏှာဖြင့် ခင်မင်တွယ်တာဖွယ်ရာ မဟုတ်။ ငါ, ငါဟု မာနဖြင့် ထင်မှတ်ဖွယ်၊ အထင်ကြီးဖွယ်လည်း မဟုတ်။ ငါ၏ ခိုင်မာသော အနှစ်သာရဖြစ်သည်။ ငါ၏ အသက်ကောင်၊ အတ္တကောင်၊ ဝိညာဏ်ကောင် ဖြစ်သည်ဟု ဒိဋ္ဌိဖြင့် ယူမှားဖွယ်လည်း မဟုတ် ဟူ၍ ဝိပဿနာဉာဏ်မဂ်ဖြင့် ရှုရ၊ သိမြင်ရ၏၊ ထိုကဲ့သို့ ရှုသော သိမြင်သော အရိယာ တပည့်ကို “ဧဝံ ပဿံ အရိယသာဝကော = ဤသို့ ဤပုံ ရှုသော သိမြင်သော အရိယာတပည့်” ဟု ဟောတော်မူ၏၊
ခ။ “သုတဝါ အရိယ သာဝကော = သုတနှင့် ပြည့်စုံသော အရိယာတပည့်” ဟူသော စကား၌ သုတသည်-
(၁) အာဂမသုတ = အကြားသုတ
(၂) အဓိကမသုတ = အမြင်သုတ
ဟူ၍ နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင် ခန္ဓာ၊ အာယတန၊ ဓာတ်နှင့် ပတ်သက်၍ နာယူမှတ်သား ကြားနာထားအပ်သော သုံးဖြာပိဋကတ် ပရိယတ်ကျမ်းဂန်ကို “အာဂမသုတ = အကြားသုတ” ဟုခေါ်၏၊ ဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်ခြင်းကြောင့် ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက်ပြု သိမြင်ထားအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို “အဓိဂမသုတ = အမြင်သုတ” ဟုခေါ်၏၊
ထို့ကြောင့် ခန္ဓာ အာယတနဆိုင်ရာ ပရိယတ် တရားတော်ကို သင်ယူမှတ်သားပြီး၍ မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိမြင်ပြီး ဖြစ်သဖြင့် အာဂမသုတ-အဓိဂမသုတတည်းဟူသော သုတနှစ်မျိုးနှင့် ပြည့်စုံသော အရိယာ တပည့်ကို “သုတဝါ အရိယ သာဝကော” သုတနှင့် ပြည့်စုံသော အရိယာတပည့်ဟု ဆိုလို၏၊
သုတဝါတိ အာဂမာဓိဂမ သင်္ခါတေန ဗာဟုဿစ္စေန သမန္နာဂတတ္တာ သုတဝါ။ (သာရတ္ထ၊ဋီ၊၃၊၁၈၉)
ဤအတိုင်းသာလျှင် “ဧဝံ ပဿံ” အစရှိသော ပါဠိတော်၏ ဆိုလိုရင်း အဓိပ္ပာယ် အစစ်အမှန် ဖြစ်သောကြောင့် “မျက်စိ နားရှိ၍ မြင်တတ် ကြားတတ်သော လူကို အရိယာ ခေါ်သည်ဟု အရိယာနှင့်လူ အတူတူဖြစ်သည် စသည်ဖြင့် သမ္မာဒိဋ္ဌိ သုတေသနသမားတို့ ရေးသားထားကြသည်မှာ ရယ်စရာ စကားမျှသာ ဖြစ်၍ အမှားသက်သက်သာ ဖြစ်သည်။
(ခ) (င) ကောက်နုတ်ချက် လင်နှင့်မယား အရိယာ
၅။ ထို့ပြင် “ကိလေသာနံ အာရကတ္တာ အရိယော” စသည်ဖြင့် စောဒကပုဂ္ဂိုလ်တို့ ထုတ်ပြထားအပ်သော ပိဋကကျမ်းဂန်များနှင့်အညီ ဖော်ပြခဲ့သော အကြားအမြင် သုတနှစ်မျိုးနှင့် ပြည့်စုံ၍ ကိလေသာ အညစ်အကြေး ကင်းဝေးကြည်လင် ဖြူစင်မြင့်မြတ်သည့် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာများ ဖြစ်တော်မူကြသော အလွန်အလေးဂရုပြုထိုက်သည့် သူတော်စင်, သူတော်ကောင်း, ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ်မြတ်များသာ အရိယာပုဂ္ဂိုလ်အစစ် ဖြစ်ကြသောကြောင့် သမ္မာဒိဋ္ဌိ သုတေသနသမားတို့၏ မိန်းမယောက်ျား လင်မယားနှစ်ယောက်ကို အရိယာ ခေါ်သည်ဟု ပြောဆိုထားသော (၂) အချက်စကားသည်လည်းကောင်း၊ လူမိလူဖက မွေးသော လူသားကို အရိယာခေါ်သည်ဟု ရေးသားထားသော (၅) အချက်စကားသည် လည်းကောင်း ထင်ရာမြင်ရာ ပရမ်းပတာ ပြောဆိုရေးသားထားသော အလွန်ယုတ်ညံ့သည့် စကားသိမ်, စကားဖျင်း, အမနာပ, သမ္ဖပ္ပလာပ စကားများသာ ဖြစ်၍ အဓမ္မဝါဒ ဖြစ်ကြောင်း ဝိနည်းဓိုရ် ဆရာတော်များ ဆုံးဖြတ်တော်မူကြသည်။
(ဃ) အကြောက်အမျှော်မှား၊ သောတာပန်အမှား
၆။ အကြောက်နှင့် အမျှော် ကင်းခြင်းကို သောတာပတ္တိမဂ်ဟု မှတ်ရမည်ဖြစ်ကြောင်း ရေးသားထားသော စုဒိတက သမ္မာဒိဋ္ဌိ သုတေသနသမားတို့၏ စကားမှာ ထေရဝါဒပိဋက ကျမ်းဂန်များနှင့် အလွန်ဆန့်ကျင်ပြီး မရိုးသားလွန်းသော ရည်ရွယ်ချက်များဖြင့် သူတို့လိုရာဆွဲ၍ ကြံစည်စဉ်းစား ရေးသားထားသော ထွင်လုံး ဆင်လုံးများသာ ဖြစ်၏၊ ရုပ်ဝါဒ သောတာပန် ထူထောင်ခြင်းသာ ဖြစ်သည်။
အကြောက်အမျှော် ကင်းသည်ဟု ဆိုသော်လည်း သောတာပတ္တိမဂ်ဖိုလ်ရသော ပုဂ္ဂိုလ်သည် အရိယာ သူတော်ကောင်းပီပီ အကုသိုလ် ဒုစရိုက်ကို ကြောက်သည်သာ ဖြစ်သောကြောင့် အကြောက်မကင်းဟုလည်း ဆိုနိုင်၏၊ အဝိနိပါတ ဓမ္မော နိယတော သမ္ဗောဓိပရာယဏော ဟူသော သီလက္ခန် ပါဠိတော် (၁၄၈) စသည်နှင့်အညီ သောတာပန်ပုဂ္ဂိုလ်သည် အထက်မဂ် အထက်ဖိုလ်ရရန် သေချာနေသည် ဖြစ်ရကား အပါယ်လေးပါးတို့၌ လားရောက်တော့မည် မဟုတ်သောကြောင့် အပါယ်ဒုဂ္ဂတိဘေးကို တွေး၍မကြောက်၊ အကြောက်ကင်းသည်ဟုလည်း ဆိုနိုင်၏၊
“အာသာ စ ပန မေ သန္တိဋ္ဌတိ သကဒါဂါမိတာယ (ဒီ၊၂၊၁၆၇)” ဟူသော သုတ်မဟာဝါ ဇနဝသဘသုတ်နှင့် “နိရာသော အာသံသော ဝိဂတာသော (အံ၊၁၊၁၀၆)” စသော အင်္ဂုတ္တိုရ် ပါဠိတော် အာသံသသုတ်တို့နှင့်အညီ သောတာပတ္တိမဂ် ဖိုလ်ရပြီးသောပုဂ္ဂိုလ်သည် အထက်မဂ်ဖိုလ်ရရန် မျှော်လင့်နေသည်သာမက ကာမဂုဏ်၌ တပ်မက်မှု ကာမရာဂ အပြီးအပြတ် ကင်းရှင်းပြီး မဟုတ်သောကြောင့် သုဂတိဘဝနှင့် လူနတ်ချမ်းသာကို မျှော်မှန်းတောင့်တခြင်း ကင်းပြီဟုလည်း မဆိုနိုင်ချေ။
၇။ ထို့ပြင် ပြခဲ့သော သီလက္ခန် ပါဠိတော်နှင့် အင်္ဂုတ္တိုရ်ပါဠိတော်၊ တိက စတုက္ကနိပါတ်(၂၃၃၊ ၄၀၁)၊ ပုဂ္ဂလပညတ်ပါဠိတော်(၁၂၀၊၁၂၁) တို့၌ -
သောတာပန် ပုဂ္ဂိုလ်သည် - သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ ဟူသော သံယောဇဉ် သုံးမျိုး လုံးဝကင်းရှင်းအောင် ပယ်သတ်ပြီး ဖြစ်၏၊
သကဒါဂါမ် ပုဂ္ဂိုလ်သည် - ကာမရာဂနှင့် ဒေါသဗျာပါဒ အကုသိုလ်တို့ကို လျော့နည်းသွားအောင် ပယ်သတ်၏၊
အနာဂါမ် ပုဂ္ဂိုလ်သည် - ကာမရာဂ, ပဋိဃ, သီလဗ္ဗတပရာမာသ, ဒိဋ္ဌိ, ဝိစိကိစ္ဆာ ဟူသော အောက်ကာမဘုံသို့ ရောက်စေတတ်သော သံယောဇဉ်ငါးမျိုးကို လုံးဝကင်းရှင်းအောင် ပယ်သတ်ပြီး ဖြစ်၏၊
ရဟန္တာ ပုဂ္ဂိုလ်သည် - ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာ ဟူသော အထက်ဗြဟ္မာဘုံသို့ ရောက်စေတတ်သော သံယောဇဉ် ငါးမျိုးတို့ကို အကြွင်းအကျန် မရှိအောင် ပယ်သတ်ပြီး ဖြစ်၏၊
၈။ ဤသို့ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဒေသနာတော်ရှိပြီး ဖြစ်သောကြောင့် သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ချုပ်က ထုတ်ဝေသော သစ္စာဓမ္မစာစောင်၌ အကြောက်အမျှော် ကင်းခြင်းကို သောတာပတ္တိမဂ် ဟုလည်းကောင်း၊ စိုးရိမ်မှု တုန်လှုပ်မှု ကင်းခြင်းကို သကဒါဂါမိမဂ် ဟုလည်းကောင်း၊ စသည်ဖြင့် ရေးသားထားသော စာများမှာ သူတို့စိတ်ကူး၊ သူတို့ထွင်လုံး သက်သက်မျှသာ ဖြစ်သောကြောင့် အလေးဂရုပြု၍ မှတ်သားထိုက်သော စကားမဟုတ်၊ စွန့်ပယ်ရမည့် အဓမ္မဝါဒ စကားမျိုးသာ ဖြစ်ကြောင်း ဝိနည်းဓိုရ် ဆရာတော်များ ဆုံးဖြတ်တော်မူကြသည်။
နိဗ္ဗာန်နှင့် စပ်သည့် စောဒနာ၌ အကျဉ်းကောက်နုတ်ချက်
၉။ သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့ချုပ်က ထုတ်ဝေသော ဗုဒ္ဓဝါဒ အခြေခံသင်တန်း သင်တန်း အမှတ်စဉ် (၁) သင်တန်းမှတ်စု စာအုပ် စာမျက်နှာ (၄၁) ၌-
(က) ဝါန = အကြောက်၊ အလို
နိ = မရှိခြင်း၊ ကင်းခြင်း
နိဝါန = နိဗ္ဗာန၊ နိဗ္ဗာန် ဟူ၍ ဖွင့်ဆိုရေးသားထားခြင်း၊
(ခ) ၃၁ ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ် စာမျက်နှာ ၁၁၄ ၌-
ဤ ခန္ဓာကိုယ်တည်းဟူသော ရုပ်တရား၊ ရူပက္ခန္ဓာတွင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏဟူသော အရူပက္ခန္ဓာဂုဏ်နှင့် နိဗ္ဗာန်ဂုဏ်ဟူသော နှစ်မျိုးရှိလေသည်” ဟု ရေးသားထားခြင်း၊
(ဂ) သခင်မြတ်ဆိုင်၏ ဗုဒ္ဓဝိပဿနာစာအုပ်၊ ပထမတွဲ စာမျက်နှာ ၄၅ တွင် “နိဗ္ဗာန်ချမ်းသာကို တမင်တောင့်တ ခံစားလို၍” အားထုတ်ပါက ဤနိဗ္ဗာန်အလိုသည် ကာမနှင့် ယှဉ်သော အလိုသာ ဖြစ်ရပေမည်” ဟု ရေးသားထားခြင်း။
(ဃ) ဦးဥက္ကဋ္ဌ၏ ဗုဒ္ဓဓမ္မစကြာစာအုပ် စာမျက်နှာ ၅၂၊ ၅၃ ၌- “နိဗ္ဗာန်နှင့် ခန္ဓာငါးပါးဟာ တစ်ခြားစီမဟုတ်၊ ပူးတွဲလျက်ရှိကြောင်း၊ ခန္ဓာငါးပါးဟာ နိဗ္ဗာန် ဖြစ်နိုင်ကြောင်း” ရေးသားထားခြင်း၊
(င) ဦးဥက္ကဋ္ဌ၏ အိုယောဂီ သင် ဘယ်ဆီသွားမလဲဟူသော စာအုပ် စာမျက်နှာ ၈၆ ၌ “စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်သည် နာမ်၌ ထည့်ထားသောကြောင့် နာမ်သည် ရုပ်တရားတို့၏ ဂုဏ်ဖြစ်ခဲ့ပါမူ နိဗ္ဗာန်သည်လည်း ရုပ်တရားတို့၏ ဂုဏ်ဖြစ်ရမည်” ဟု ရေးသားထားခြင်း။
၁၀။ အထက်ပါ အရေးအသားများဖြင့် စုဒိတက သမ္မာဒိဋ္ဌိ သုတေသနသမားတို့သည် နိဗ္ဗာန် ဟူသော အမည်နာမ ဝေါဟာရ စကားလုံးကို မဟုတ်မမှန် ဝေဖန် ဖျက်ဆီးထားခြင်း၊ နိဗ္ဗာန်ကို ရုပ်၏ဂုဏ်ဟုဆိုကာ ရုပ်ဝါဒသမားတို့၏ သဘောတရား၌ ထည့်သွင်းထားခြင်း၊ အနုပါဒိဏ္ဏ အနုပါဒါနိယာဓမ္မာဟူသော ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ နိဗ္ဗာန်သည် ကာမတဏှာဖြင့် အာရုံပြုတောင့်တအပ်သော တရားမဟုတ်ပါပဲလျက် “ဤနိဗ္ဗာန်အလိုသည် ကာမနှင့်ယှဉ်သော အလိုသာ ဖြစ်ရမည်” ဟု “သာ” ဟူသော ဧကန်စကားလုံးဖြင့် ရေးသားကာ ကာမတဏှာ၏ အာရုံနယ်ပယ်၌ ထည့်သွင်းထားခြင်း၊ ဗဟိဒ္ဓါဗမ္မာဟူသော ဓမ္မသင်္ဂဏီ ပါဠိတော်နှင့် အညီ နိဗ္ဗာန်သည် အတွင်းခန္ဓာငါးပါး အဇ္ဈတ္တတရား၌ မပါဝင်သော အပြင်အပ ဗဟိဒ္ဓတရား ဖြစ်ပါလျက်” အဇ္ဈတ္တခန္ဓာငါးပါး၌ ထည့်သွင်းထားခြင်း၊ ဤနည်းဤပုံအားဖြင့် သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့သည် နိဗ္ဗာန်၏ သဘောတရားကို မဟုတ်မမှန် လုပ်ကြံဖျက်ဆီးထားကြောင်းဖြင့် စောဒကပုဂ္ဂိုလ်တို့က စွဲချက်တင်ပြ စောဒနာကြသည်။
စုဒိတကပုဂ္ဂိုလ်တို့၏ သောဓနာ၌ အကျဉ်းကောက်နုတ်ချက်
စုဒိတက သခင်မြတ်ဆိုင်သည် သုတ္တနိပါတ် မြန်မာပြန် မာဂဏ္ဍိယသုတ် စာမျက်နှာ ၃၈၆-မှ “အဇ္ဈတ္တ၌ ဖြစ်သော ကိလေသာတို့ ငြိမ်းရာ နိဗ္ဗာန်ကို မြင်ပြီ” ဟူသော မာဂဏ္ဍိယသုတ်လာ စကားကို ကိုးကားပြီးလျှင် နိဗ္ဗာန်သည် ဗဟိဒ္ဓတရားမဟုတ်၊ အဇ္ဈတ္တတရားသာ ဖြစ်ပါကြောင်း ပြန်လည်ချေပမှု သောဓနာ ပြုသွားသည်။
ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့၏ ဝေဖန်စိစစ်ချက်
၁၂။ (က) ကောက်နုတ်ချက် (နိဗ္ဗာန်)
နိဗ္ဗာန (နိ+ဝါ) ဟူသော စကား၏ အနက်အဓိပ္ပာယ် အမှန်ကိုပြရသော် အတိတ်ဘဝဟူသော ရုပ်နာမ်ခန္ဓာနှင့် ပစ္စုပ္ပန်ဘဝဟူသော ရုပ်နာမ်ခန္ဓာကိုလည်းကောင်း၊ ပစ္စုပ္ပန်ဘဝ ရုပ်နာမ်ခန္ဓာနှင့် အနာဂတ်ဘဝ ရုပ်နာမ်ခန္ဓာကို လည်းကောင်း၊ အကျိုးရုပ်နာမ်တရားနှင့် အကြောင်းကုသိုလ် အကုသိုလ်ကံကို လည်းကောင်း၊ အဆက်မပြတ်အောင် ဖွဲ့စပ်တတ်သော တဏှာကို ဝါနဟု ခေါ်၏၊
ထိုဝါနဟု ခေါ်အပ်သော တဏှာ၏ တောင့်တရာ အာရုံနယ်နိမိတ်နှင့် လုံးဝ မဆက်မစပ် အလွတ်သတ်သတ်ဖြစ်သော ပရမတ်တရားကို နိဝါန = နိဗ္ဗာန = နိဗ္ဗာန် ဟုခေါ်သည်။
ဝါန = တဏှာမှ
နိ = ထွက်ခွာသော တရား၊ ကင်းရှင်းသော တရား
နိဗ္ဗာန = တဏှာနှင့် မဆက်မစပ် အလွတ်သက်သက် ဖြစ်သော တရား။ (ပါရာဇိကဏ် အဋ္ဌကထာ၊ ဒု၊ ၁၈၄။ သုတ်မဟာဝါ အဋ္ဌကထာ၊ ၅၆)
ဤအတိုင်းသာ အဓိပ္ပာယ်အမှန်ဖြစ်၏၊ ထို့ကြောင့် သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့ချုပ်က ထုတ်ဝေသော နိဗ္ဗာန် ဖွင့်ဆိုရေးသားချက်များမှာ ထင်မိထင်ရာ လွဲမှားစွာ ရေးသားထားသော စကားများသာ ဖြစ်သည်ဟု ဝေဖန်တော်မူကြသည်။
(ခ) (ဂ) ကောက်နုတ်ချက် (နာမ်နှင့် နိဗ္ဗာန်)
၁၃။ နိဗ္ဗာန်ကို ရုပ်တရားတို့၏ ဂုဏ်ဟု ရေးသားထားကြသည်မှာ ဗုဒ္ဓသာသနာတော်၏ ပြင်ဘက် မိစ္ဆာဝါဒီတို့၏ စကားသာ ဖြစ်၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသော နာမ်တရားများသည် ရုပ်တရား၏ ဂုဏ်မဟုတ်သကဲ့သို့ နိဗ္ဗာန်သည်လည်း ရုပ်တရား၏ ဂုဏ်မဟုတ်၊ အလွန်ချောညက်သော သစ်သားပျဉ်ပြားမှ ထွက်လာသော အရောင်သည် ထိုသစ်သား၏ အရောင်ဖြစ်သော်လည်း ထိုဝေဒနာ စသည်တို့နှင့် နိဗ္ဗာန်သည်ကား ရုပ်တရားမှ ထွက်ပေါ်လာသော အရောင်အရှိန်အဝါ မဟုတ်ပဲ ရုပ်တရားမှ သီးခြားဖြစ်သော ပရမတ်တရားမျှသာတည်း။ ဤစကားအရ စုဒိတက ဦးဥက္ကဋ္ဌ ဝါဒီတို့သည် ရုပ်ဝါဒသမားဖြစ်ကြောင်း အတပ်သိနိုင်ကြပေသည်။
နာမ်တရားကို ရုပ်၏ဂုဏ်ဟု ဆိုကြသဖြင့် လောက၌ ရုပ်သည်သာ အခြေခံအမှန်တရားဟု ဆိုရာရောက်သည်။ ထို့ထက် ဆိုးဝါးသည်မှာ နိဗ္ဗာန်ကိုပင် ရုပ်၏ဂုဏ်ဟု ဆိုခြင်းဖြစ်သည်။ ဤသို့ဆိုခြင်းဖြင့် ဗုဒ္ဓသာသနာတော်၌ ရှိသော နာမ်တရား၊ နိဗ္ဗာန်တရားတို့ကို ရုပ်ဝါဒထဲသို့ အတင်းဆွဲသွင်းကြကြောင်း လယ်ပြင်ဆင်သွားသကဲ့သို့ ထင်ရှားလှပေသည်။
(ဂ) ကောက်နုတ်ချက် (နိဗ္ဗာန်လိုချင်မှု)
၁၄။ ဗုဒ္ဓဝိပဿနာ (၁) နှာ ၄၅-၌ လာသော စကားရပ် အပြည့်အစုံမှာ-
“နိဗ္ဗာန်ချမ်းသာကို တမင်တောင့်တ ခံစားလို၍ အားထုတ်ပါက ဤနိဗ္ဗာန်အလိုသည် ကာမနှင့်ယှဉ်သော အလိုသာ ဖြစ်ပေမည်။ ကာမပါလာလျှင် တဏှာဖြစ်နေ၍ ထိုတောင့်တမှုမျိုးနှင့်သာ လုပ်ပါက မည်မျှအားထုတ်အားထုတ် မည်သည့်နည်းနှင့်မျှ မဂ်ဖိုလ်နှင့် မနီးနိုင်ပေ” ဟု ဖြစ်သည်။
ဤသို့ရေးသားထားခြင်းဖြင့် “နိဗ္ဗာန်ချမ်းသာကို တမင်တောင့်တ ခံစားလို၍ အားထုတ်လျှင် ကာမတဏှာဖြစ်သည်။ ထိုတောင့်တမှုမျိုးဖြင့် အားထုတ်လျှင် မဂ်ဖိုလ်မရနိုင်၊ ထိုတောင့်တမှုမျိုးဖြင့် အားမထုတ်ရ” ဟု ဆိုလို၏၊
စောဒက ဆရာတော်တို့ကမူ-
ထိုကုသိုလ်ဆန္ဒဖြင့် နိဗ္ဗာန်ကို အာရုံပြု၍ တောင့်တရမည်သာ ဖြစ်သည်ဟု ဆိုလိုသည်။ ထိုစကားနှစ်ရပ်ကို သုံးသပ်စိစစ်သည်ရှိသော် စောဒကပုဂ္ဂိုလ်တို့ ထုတ်ပြအပ်သော ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ နိဗ္ဗာန်သည် (တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော လောကီကံ၏ အကျိုးလည်းမဟုတ်၊ တဏှာဒိဋ္ဌိတည်းဟူသော ဥပါဒါန် အာရုံလည်း မဟုတ်သော) အနုပါဒိဏ္ဏ အနုပါဒါနိယ တရားဖြစ်သောကြောင့် ပရမတ်ဖြစ်သော နိဗ္ဗာန်အစစ်ကို တဏှာလောဘဖြင့် အာရုံပြုကာ တောင့်တ၍ မဖြစ်နိုင်၊ သံမီးခဲရဲရဲကြီးပေါ်၌ ယင်ကောင် မကပ်နိုင်၊ မစားနိုင် သကဲ့သို့ ထို့အတူ လောကီအာရုံ ကာမဂုဏ်၌ မွေ့လျော်ပျော်ပါး ကျက်စားလေ့ရှိသော တဏှာသည် ကာမဂုဏ်ချမ်းသာ အနည်းငယ်မျှ မပါသော နိဗ္ဗာန်ချမ်းသာအစစ်ကို ဘယ်အခါမျှ အာရုံမပြုနိုင်၊ မတောင့်တနိုင်၊ တဏှာလောဘ သာမက သောတာပတ္တိ မဂ္ဂဝီထိဝယ် သောတာပတ္တိမဂ်၏ရှေ့ ဂေါတြဘူစိတ်မှလွဲ၍ ပုထုဇဉ်တို့၏ မည်သည့်စိတ်ကမျှ နိဗ္ဗာန်အစစ်ကို အာရုံမပြုနိုင်၊ ထို့ကြောင့် “နိဗ္ဗာန်ချမ်းသာကို တမင်တောင့်တ ခံစားလို၍ အားထုတ်ပါက ဤနိဗ္ဗာန်အလိုသည် ကာမနှင့်ယှဉ်သော အလိုသာ ဖြစ်ပေမည်” ဟူသော စကားရပ်သည် အလွဲအမှား သက်သက်သာ ဖြစ်ပေမည်။
“ကာမပါလာလျှင် တဏှာဖြစ်နေ၍ ထိုတောင့်တမှုမျိုးနှင့် လုပ်ပါက မည်မျှအားထုတ်အားထုတ် မည်သည့်နည်းနှင့်မျှ မဂ်ဖိုလ်နှင့် မနီးနိုင်ပေ” ဟူသော စုဒိတက စကားရပ်ကို စေ့စပ်သေချာစွာ စိစစ်ပါမူ (ကထံ ပန လောကုတ္တရဓမ္မေ အာရဗ္တ အာသာ ဥပ္ပဇ္ဇတီတိ န ခေါ ပနေတံ ဧဝံ ဒဋ္ဌဗ္ဗံ။ န အာရမ္မဏကရဏဝသေန တတ္ထ ပိဟာ ပဝတ္တတိ၊ အဝိသယတ္တာ ပုဂ္ဂလဿ စ အနဓိဂတဘာဝတော။ အနုဿဝူပလဒ္ဓေ ပန အနုတ္တရဝိမောက္ခေ ဥဒ္ဒိဿ ပိဟံ ဥပ္ပါဒေန္တော တတ္တ ပိဟံ ဥပ္ပါဒေတိ နာမ။ စတုက္ကနိပါတ် အင်္ဂုတ္တရဋီကာ(၃၃၈)ပုထုဇဉ်တို့၌ နိဗ္ဗာန်ကို မှန်းဆ၍ လိုချင်တောင့်တသည့်အခါ သိမ်မွေ့သည့် ပိဟာခေါ်သော တဏှာဖြစ်နိုင်၏၊ ထိုသိမ်မွေ့သော တဏှာသည်ကား ပရမတ္တဖြစ်သော နိဗ္ဗာန်အစစ်ကို အာရုံပြုသည်မဟုတ်ပဲ တစ်ဆင့်ကြားဖြင့် ရော်ရမ်းမှန်းဆ၍ နိဗ္ဗာန်၏ ငြိမ်းအေးပုံ အခြင်းအရာ အာကာရပညတ် (နိဗ္ဗာန်အတု) ကိုသာ အာရုံပြု တောင့်တနေခြင်း ဖြစ်သည်။ ထိုသိမ်မွေ့သော ပိဟာခေါ်သော တဏှာဖြင့် ဝဋ်မြစ်ဖြစ်သော “ဝဋ္ဋမူလိကာ” တဏှာကို ပယ်ရမည်ဟု ဟောတော်မူသော ဒေသနာတော်ကို အင်္ဂုတ္တိုရ် စတုက္ကနိပါတ်(၄၆၂၊၄၆၃) မှ ထုတ်နုတ်၍ အနည်းငယ် ဖော်ပြလိုပေသည်။
အခါတစ်ပါး၌ ရဟန်းမတစ်ယောက်သည် အရှင်အာနန္ဒာ အပေါ်၌ စွဲမက်သော စိတ်ဖြစ်ကာ ယောက်ျားတစ်ယောက်ကို အရှင်အာနန္ဒာ ပင့်ပေးရန် စေခိုင်းလိုက်ရာ အရှင်အာနန္ဒာလည်း ကြွလာတော်မူသည်။ ထိုရဟန်းမသည် အရှင်အာနန္ဒာကို မြင်လျှင် ခေါင်းမြီးခြုံ၍ အိပ်နေသည်။ အရှင်အာနန္ဒာက ရိပ်စားမိ၍ “နှမ ဤကိုယ်သည် အာဟာရကြောင့် ဖြစ်၏၊ အာဟာရကို မှီ၍ အာဟာရကို ပယ်ရမည်။ တဏှာကိုမှီ၍ တဏှာကို ပယ်ရမည်။ မာနကိုမှီ၍ မာနကို ပယ်ရမည်။ မေထုန်၌မူကား အကြောင်းကို သတ်ရမည်ဟု မြတ်စွာဘုရား ဟောတော်မူ၏” ဟု စကားခင်း၍ အကျယ်ဟောတော်မူ၏၊
တဏှာကိုမှီ၍ တဏှာကို ပယ်ရမည် ဟူသော စကား၏ အကျယ်အဓိပ္ပါယ်မှာ ရဟန်းတစ်ပါးသည် အခြားရဟန်းတစ်ပါး၏ အရဟတ္တဖိုလ် ရသွားကြောင်း သတင်းစကားကို ကြားရ၍ အဘယ်အခါ၌ ငါသည်လည်း အရဟတ္တဖိုလ် ရပါမည်နည်းဟု အကြံဖြစ်၏၊ ထိုရဟန်းသည် အရဟတ္တဖိုလ်ကို တောင့်တသည့် တဏှာကိုမှီ၍ ဝဋ်မြစ်ဖြစ်သော “ဝဋ္ဋမူလိကာ” တဏှာကို ပယ်လေသည် စသည်ဖြင့် ဟောပြသည့်အခါ အရှင်အာနန္ဒာ အပေါ်၌ စွဲလမ်းသည့် ဆန္ဒရာဂကင်း၍ အရှင်အာနန္ဒာကို ကန်တော့ဝန်ချလေသည်။
ထိုအရဟတ္တဖိုလ်ကို တောင့်တသည့် တဏှာသည် မှီဝဲထိုက်၊ လက်ခံထိုက်သော “သေဝိတဗ္ဗ” တဏှာဖြစ်၍ ပဋိသန္ဓေ အကျိုးကို မပေးနိုင်၊ ထိုသေဝိတဗ္ဗ တဏှာဖြင့် နိကန္တိ တဏှာကို ပယ်ရမည်ဟု ယင်းအဋ္ဌကထာ နှာ-၃၄၀ ၌ ပြဆိုလေသည်။
တဏှာကိုမှီ၍ မဂ်ဖိုလ်တရား ဖြစ်နိုင်ပုံကို ပဋ္ဌာန်းပါဠိတော်-ပ-နှာ ၁၄၉၊ ၁၅၀ ၌-
“ရာဂံ ဥပနိဿယ။ပ။ မဂ္ဂံ ဥပ္ပာဒေတိ။ပ။ သမာပတ္တိံ ဥပ္ပာဒေတိ ရာဂေါ။ပ။ ဖလသမာပတ္တိယာ ဥပနိဿယ ပစ္စယေန ပစ္စယော”
ဟု ဟောတော်မူသည်။ အဓိပ္ပာယ်ကား “ရာဂကိုမှီ၍ ဒါနကို ပေးလှူ၏၊ သီလကိုဆောက်တည်၏၊ ဥပုသ်စောင့်သုံးမှုကို ပြု၏၊ စျာန်၊ ဝိပဿနာ၊ မဂ်၊ အဘိညာဉ်၊ သမာပတ်ကို ဖြစ်စေ၏၊ ရာဂသည် ဖလသမာပတ်အား ဥပနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြု၏ဟု ဆိုလိုသည်။ ဦးဥက္ကဋ္ဌတို့သည် ဤသို့သော ပဋ္ဌာန်းဆက်ကို နားမလည်၍ ဆိုမှားမိရှာကြ၏၊
ဖော်ပြပါ ကျမ်းဂန်များနှင့်အညီ နိဗ္ဗာန်ကိုတောင့်တ၍ ကုသိုလ်တရားတို့ကို ပွားများအားထုတ်သင့်သည်သာ ဖြစ်ပေသည်။
ထို့ကြောင့် “ကာမပါလာလျှင် တဏှာဖြစ်နေ၍ ထိုတောင့်တမှုမျိုးနှင့်သာ လုပ်ပါက မည်မျှအားထုတ်အားထုတ် မည်သည့်နည်းနှင့်မျှ မဂ်ဖိုလ်နှင့် မနီးနိုင်ပေ” ဟူသော အယူသည် ဖော်ပြခဲ့ပြီးသော အင်္ဂုတ္တိုရ် ပါဠိတော်၊ ပဋ္ဌာန်းပါဠိတော်တို့နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းဓိုရ် ဆရာတော်တို့ ဆုံးဖြတ်တော် မူကြသည်။
(ဃ) (င) ကောက်နုတ်ချက် (ဗဟိဒ္ဓနိဗ္ဗာန်)
၁၅။ ဗဟိဒ္ဓါဓမ္မာ ဟူသော ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ နိဗ္ဗာန်သည် ခန္ဓာငါးပါးမှ အပြင်အပ ဗဟိဒ္ဓတရားဖြစ်ကြောင်း စောဒကပုဂ္ဂိုလ်တို့က တင်ပြထားပေသည်။ ယင်းတို့ တင်ပြထားခြင်းသည်-
“ဓမ္မာယတနံ အသင်္ခတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ။ပ။ သင်္ဂဟိတံ။ စတ္တာရိ သစ္စာနိ အသင်္ခတံ ခန္ဓတော ဌပေတွာ။ပ။ သင်္ဂဟိတာနိ”
ဟူ၍ အသင်္ခေတနိဗ္ဗာန်သည် ခန္ဓာငါးပါး၌ မဝင်ပဲ ခန္ဓာငါးပါးမှ အလွတ်သီးသန့် ပရမတ်တရားဖြစ်ကြောင်း ဟောတော်မူထားသော ဓာတုကထာ ပါဠိတော် (၆၊၁၀) နှင့် ညီညွတ်၏၊ အပရိယာပန္နာ ဓမ္မာ၊ အသင်္ခတာ ဓမ္မာ၊ ဟူသော ဓမ္မသင်္ဂဏီ ပါဠိတော်နှင့်အညီ နိဗ္ဗာန်သည် သင်္ခတနယ်ပယ်၌ မပါဝင်ပြုပြင်ဖန်တီး၍ မရသော တရားဖြစ်၍ ဗဟိဒ္ဓစင်စစ် ဖြစ်ပေသည်။
သို့ပါလျက် စုဒိတက သခင်မြတ်ဆိုင်သည် သုတ္တနိပါတ်၊ မာဂဏ္ဍိယသုတ်ကို သာဓကအဖြစ် ထုတ်ပြပြီးလျှင် ထိုသာဓကကို လွဲမှားစွာ အဓိပ္ပာယ်ဆက်စပ် ကောက်ယူကာ “နိဗ္ဗာန်သည် ဗဟိဒ္ဓတရားမဟုတ်၊ အဇ္ဈတ္တတရားသာ ဖြစ်ပါသည်” ဟု ပြန်လည်ချေပသွား၏၊ ထိုမာဂဏ္ဍိယသုတ်၌-
“အဇ္ဈတ္တ သန္တိံ ပစိနံ အဒဿံ - အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ကိလေသာကို ငြိမ်းရာနိဗ္ဗာန်ကို မြင်ပြီ” ဟူသော စကားသည် သခင်မြတ်ဆိုင်၏ အရေးပါဆုံးသော သာဓက ဖြစ်၏၊ ထိုစကား၌ သခင်မြတ်ဆိုင်သည် “အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ကိလေသာ” ဟူ၍ စကားမဆက်စပ်ပဲ “အဇ္ဈတ္တသန္တာန်၌ ဖြစ်သောနိဗ္ဗာန်” ဟု ခုန်ကျော်၍ စကားဆက်စပ် အဓိပ္ပာယ် ယူမိသည့်အတွက် နိဗ္ဗာန်ကို အဇ္ဈတ္တတရားဟု အယူအဆ လွဲမှားသွားခြင်း ဖြစ်၏၊ “အဇ္ဈတ္တသန္တာန်၌ ဖြစ်သော” ဟူသော နာမဝိသေသန စကားရပ်သည် “ကိလေသာ” ဟူသော နောက်ပုဒ်ကိုသာ အထူးပြု၍ ဆက်စပ်သည်။ “ကိလေသာတို့၏ ငြိမ်းရာ” ဟူသော စကားသည်သာ “နိဗ္ဗာန်” ဟူသော စကားနှင့် ဆက်စပ်၏၊ “အဇ္ဈတ္တသန္တာန်၌ဖြစ်သော” ဟူသော စကားမပါပဲ ကိလေသာတို့၏ ငြိမ်းရာနိဗ္ဗာန်ဟု ဆိုလျှင်လည်း ပြီးပြည့်စုံသည်။ သို့သော် ကိလေသာဟူသည် တစ်ခြားကိလေသာမဟုတ် “အဇ္ဈတ္တ၌ ဖြစ်သော ကိလေသာ” ဟု သိသာစေရန်သာ ထည့်ခြင်း ဖြစ်၏၊
သခင်မြတ်ဆိုင်နှင့်တကွ သမ္မာဒိဋ္ဌိ သုတေသနသမားတို့သည် (၎င်းတို့ ဝန်ခံဖော်ပြချက်အတိုင်း) ပထမကြီး၊ ပထမကျော်၊ ဓမ္မာစရိယတို့ သင်ယူရသည့် ဓာတ်နည်း၊ အဓိပ္ပာယ်ကောက်နည်း၊ ပါဠိသဒ္ဒါနည်းတို့ကို မသင်ဖူးကြရှာသဖြင့် ယခုလို အဓိပ္ပာယ်မှန်အောင် မကောက်တတ် မယူတတ်ပဲ ချာလည်လည်နေကြခြင်း ဖြစ်၏၊ ပိဋကတ် စာပေသည်ကား သဒ္ဒါ အဘိဓမ္မာ အခြေခံမရှိဘဲ ဝတ္ထုဖတ်သလိုဖတ်ပြီး ထပြောနေကြသမျှ မည်သည့်အခါမျှ အမှန်ရမည် မဟုတ်ချေ။ သတိပြုကြရန် အချက်ပေတည်း။ ထိုမာဂဏ္ဍိယသုတ် စကားဝါကျ၏ အသေးစိတ် ဆိုလိုရင်း အဓိပ္ပာယ်မှာ -
ကိလေသာတို့သည် သတ္တဝါတို့၏ ခန္ဓာအစဉ်မှ အပြင်အပ ဗဟိဒ္ဓတရားမဟုတ်၊ သတ္တဝါတို့၏ ခန္ဓာအစဉ်၌ ပါဝင်လျက် ဖြစ်ပေါ်နေသည့် အတွင်းခံ အဇ္ဈတ္တတရားဖြစ်၏၊ နိဗ္ဗာန်ကား ထိုအတွင်းခံ အဇ္ဈတ္တ ကိလေသာတို့၏ ချုပ်ငြိမ်းကင်းဝေးကြောင်းဖြစ်သော ဗဟိဒ္ဓတရားဖြစ်၏၊ ထိုဗဟိဒ္ဓဖြစ်သော နိဗ္ဗာန်တရားကို ငါမြင်တော်မူပြီဟု ဆိုလိုသည်။
ဤသို့လျှင် နိဗ္ဗာန်သည် ဗဟိဒ္ဓစင်စစ် ဖြစ်ပေသည်။ နိဗ္ဗာန်နှင့်စပ်၍ စုဒိတကတို့ ယူဆရေးသားထားသော အချက်အလက်များသည် ယခုပြခဲ့ပြီး စိစစ်ချက်အရ ပိဋကတ်ကျမ်းဂန်နှင့် မညီမညွတ် မှားယွင်းချွတ်ချော်သော တွေးတောကြံစည်ချက်များသာ ဖြစ်၍ အဓမ္မဝါဒဖြစ်ကြောင်း ဝိနည်းဓိုရ် ဆရာတော်များ အညီအညွတ် ဆုံးဖြတ်တော် မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ် (၂)စောဒနာ အမှတ်-၁၇ဓမ္မစကြာ လက်သစ်နှင့် စပ်လျဉ်းသည့် ဝိနိစ္ဆယ
သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့ဝင်တို့၏ ဩဝါဒပေး ဆရာကြီး လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာ လက်သစ်နှင့် စပ်လျဉ်း၍ စောဒနာ သောဓနာ နှစ်ရပ်ကို ဝိနည်းဓိုရ် ဆရာတော်တို့၏ ဝေဖန်သုံးသပ်ချက်။
၁။ အမှတ် (၁၇) စောဒနာ၌ စောဒက ဆရာတော်များက တောင်တွင်းကြီး ဦးဥက္ကဋ္ဌ ရေးသားသော လူသေလူဖြစ် စာအုပ်မှ ထုတ်နုတ်၍ “ဒိဋ္ဌဓမ္မော” စသော ပုဒ်တို့ကို ဦးဥက္ကဋ္ဌက လွဲမှားစွာ အနက်ပြန်ဆိုထားပုံကိုလည်းကောင်း၊ ထို “ဒိဋ္ဌဓမ္မော” စသော ပုဒ်များမှာ ဓမ္မစကြာ စသည်တို့၌ပါသော ဘုရားဟောပါဠိတော် အစစ်အမှန် ဖြစ်ပါလျက် ဦးဥက္ကဋ္ဌ၏ အနက်ပြန်ဆိုပုံမှာ လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် မဟုတ်မတရား ပြန်ဆိုထားပုံကိုလည်းကောင်း၊ “အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာ” စာအုပ်မှ ထုတ်နုတ်၍ “ဇာတိပိ ဒုက္ခော” စသော ပုဒ်တို့ကို အဘိဓမ္မာ ဆရာစိန် ဆိုသူက လွဲမှားစွာ ပြန်ဆိုထားပုံကို လည်းကောင်း တင်ပြလျှောက်ထားကြသည်။
၂။ စောဒကဆရာတော်များက ဝိသေသစောဒနာကို တင်သွင်းရာ၌ “ဒိဋ္ဌဓမ္မော” စသော ပုဒ်များကို ဗုဒ္ဓမြတ်စွာဘုရား အလိုတော်ကျ ပြန်ဆိုထားပုံ ဆရာတော် ဦးဗုဓ်၏ အနက်မှန်ကို လည်းကောင်း၊ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသအဋ္ဌကထာ(၆၆ နှင့်အညီ ဦးဗုဓ် ပြန်ဆိုထားပုံကို လည်းကောင်း၊ ဆရာတော် ဦးဗုဓ် ပြန်ဆိုချက်သည် ဝိနယပိဋက သာရတ္ထဒီပနီဋီကာ မဟာခန္ဓက ပဉ္စဝဂ္ဂိယကထာ ဓမ္မစက္ကပဝတ္တနသုတ်၏ အဖွင့်နှင့် ကိုက်ညီပုံကိုလည်းကောင်း တိတိကျကျ လျှောက်ထားကြသည်။
သို့ဖြစ်၍ ဦးဥက္ကဋ္ဌနှင့် အဘိဓမ္မာ ဆရာစိန်တို့၏ ဓမ္မစကြာလက်သစ်သည် “ထေရဝါဒ ပိဋကတ်တော်များနှင့်အညီ ဆရာစဉ်ဆက် အနက်မြန်မာ ပြန်ဆိုထားကြသော ဓမ္မစကြာဒေသနာတော်များနှင့် လုံးဝဆန့်ကျင်နေသောကြောင့် အဓမ္မဝါဒများသာ ဖြစ်ကြောင်း၊ အဓမ္မဝါဒများကို လိုက်နာနေကြ သူတို့သည်လည်း အဓမ္မဝါဒီများသာ ဖြစ်ကြောင်း” စောဒနာလွှာ တင်သွင်းကြလေသည်။
၃။ ယင်းစောဒနာချက်ကို စုဒိတကဖြစ်သော သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့ချုပ်က ချေပရာ၌ စောဒက ဆရာတော်များ တင်ပြထားသော အချက်အလက်များကို ရှင်းလင်းချေပခြင်းမပြုပဲ ဦးဥက္ကဋ္ဌအနေဖြင့် ဓမ္မစကြာကို လေးစားကြောင်းမျှကိုသာ ဖော်ပြ၍ ဗုဒ္ဓအဘိဓမ္မာ စာအုပ်ကို လေ့လာရန်သာ ညွှန်ပြကြလေသည်။ ထိုချေပချက်ကား စောဒနာချက်နှင့် မဆိုင်သဖြင့် ဝိနည်းဓိုရ် ဆရာတော်များက လျစ်လျူရှုတော်မူကြသည်။
သခင်မြတ်ဆိုင်၏ ချေပချက်
၄။ စုဒိတက သခင်မြတ်ဆိုင်က ချေပရာ၌
(က) ဒိဋ္ဌဓမ္မော = မြင်အပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍ ဟူသော ဆရာတော်ဦးဗုဓ်၏ ပြန်ဆိုချက်ကို ဟုတ် မဟုတ် မချေပလိုကြောင်း။
(ခ) ရှင်ဥက္ကဋ္ဌက ဒိဋ္ဌဓမ္မော ဆိုသော စကား၏ ပင်ကိုယ်အဓိပ္ပာယ်မှာ မျက်မြင်သဘော ဖြစ်လေတော့၏ ဟု ဆိုကြောင်း။
(ဂ) လယ်တီဆရာတော် ဘုရားကြီး၏ ပရမတ္တဒီပနီ အဖွင့်မှာ “မြင်အပ်သော သစ္စာတရား” ဟု တွေ့ရပါသည်။ “ပြီး” ဟူသော အတိတ်ကာလသဘော မပါ။
(ဃ) ထိုအချိန်က အရှင်ကောဏ္ဍညသည် သောတာပန်သာ ဖြစ်၍ “မြင်ပြီး” ဟု မဆိုထိုက်သေး၊ အရဟတ္တဖိုလ် ဆိုက်ရောက်မှသာ “မြင်ပြီး” ဟု ဆိုထိုက်ကြောင်း။
(င) ထို့ကြောင့် ဒိဋ္ဌဓမ္မောစသော ပုဒ်တို့၌ (ပြီးသော) ဟူသော အတိတ်စကားလုံးကို လက်မခံနိုင်ကြောင်း။
(စ) ဓမ္မစကြာကို ပြန်ဆိုကြရာ၌ မူလပါဠိ သက်သက်ကိုသာ စေတနာအလျောက် ကိုယ့်ဘာသာစကားကို ကိုယ်ကျွမ်းကျင်သမျှဖြင့် ပြန်ဆိုကြခြင်းသာဖြစ်၍ အသုံးကွဲပြား နေကြစေကာမူ မူရင်းအဓိပ္ပာယ် ကွာခြားချက် မရှိကြောင်း။
(ဆ) ရှင်ဥက္ကဋ္ဌ ပြန်ဆိုချက်သည် မူလဓမ္မစကြာပါ အနက်အဓိပ္ပာယ်ကို ပြောင်းလဲစေသည်ဟူ၍ မတွေ့ရကြောင်း၊ ဗုဒ္ဓ၏ ဟောချက်နှင့် ဆန့်ကျင်သည်ဟု မတွေ့ရကြောင်း-
ချေပလျှောက်ထားလေသည်။
၅။ ယင်း စောဒနာ သောဓနာ နှစ်ရပ်ကို စေ့စပ်သေချာစွာ လေ့လာသုံးသပ်သည်ရှိသော် သခင်မြတ်ဆိုင်သည် “ဆရာတော် ဦးဗုဓ်၏ ပြန်ဆိုချက်ကို ဟုတ်မဟုတ် မချေပလိုပါ” ဟု ဆိုသော်လည်း (ဃ) (င) ကောက်နုတ်ချက် စကားရပ်တို့ဖြင့် ချေပပယ်ရှားပြီး ဖြစ်နေသည်ကို တွေ့ရပေသည်။
ဒိဋ္ဌဓမ္မော စသည် ရှင်းလင်းချက်
၆။ “ဒိဋ္ဌ” စသော ပုဒ်တို့၌ တ-ပစ္စည်းသည် အတိတ်ကိုလည်း ဟောနိုင်၏၊ ကာလသုံးပါးကိုလည်း ဟောနိုင်၏၊ အရှင်ကောဏ္ဍညသည် သောတာပတ္တိမဂ် အခိုက်၌ သစ္စာလေးပါးကို မြင်ဆဲဖြစ်၍ သောတာပတ္တိမဂ်၏ အခြားမဲ့ဖိုလ်မှစ၍ သစ္စာလေးပါးကို မြင်ပြီးဟု ဆိုနိုင်ရန်ကား “မြင်အပ်ပြီးသော သစ္စာတရားရှိသည်” ဟူသော ဆရာတော်ဦးဗုဓ်၏ ပြန်ဆိုချက်သည် အလွန်သင့်မြတ်လှပေသည်။
၇။ ရှင်ဥက္ကဋ္ဌက ဒိဋ္ဌဓမ္မော = မျက်မြင်သဘော ဖြစ်လေတော့၏ ဟု ဆိုထားရာ (ဒိဋ္ဌကို မျက်မြင်+ ဓမ္မကို သဘော) ဟု ဆိုလို၏၊ “ဒိဋ္ဌဓမ္မော” ၌ “ဒိဋ္ဌ” သဒ္ဒါသည် မျက်မြင်၊ ဉာဏ်မြင် နှစ်မျိုးကို ဟောနိုင်သော်လည်း ဤအရာ၌ ပတ္တ = ရောက်အပ်၊ ဝိဒိတ = သိအပ်ဟူသော နောက်ပုဒ်များကို ထောက်၍ မျက်မြင်ကို မဟော၊ ဉာဏ်မြင်ကိုသာ ဟောသည်။ ထို့ကြောင့် သာရတ္ထဒီပနီဋီကာ(၁၈၂)၊ ဓမ္မစက္ကပဝတ္တနသုတ် အဖွင့်၌-
ဧတ္ထ စ ဒဿနံ နာမ ဉာဏဒဿနတော အညမ္ပိ၊
အတ္ထီတိ တံ နိဝတ္တနတ္ထံ ပတ္တဓမ္မော တိဝုတ္တံ -
ဟု ဖွင့်ပြတော်မူ၏၊
အဓိပ္ပာယ်ကား - “ဤ ဒိဋ္ဌဓမ္မော ဟူသော ပုဒ်၌ မြင်ခြင်းမည်သည် ဉာဏ်မြင်ဖြစ်ရကား ဉာဏ်မြင်မှတပါး အခြားမြင်ခြင်းကို နစ်စေခြင်းအကျိုးငှာ “ပတ္တဓမ္မော” ဟု ဟောတော်မူခြင်း ဖြစ်သည်။
၈။ ဓမ္မသဒ္ဒါသည်လည်း (၁) သဘော၊ (၂) ပရိယတ်၊ (၃) ပညာ၊ (၄) အသင့်ယုတ္တိ၊ (၅) သစ္စာ၊ (၆) ပကတိ၊ (၇) ကောင်းမှု၊ (၈) ဉေ ယျတရား ငါးပါး၊ (၉) ကျေးဇူး၊ (၁၀) အကျင့်၊ (၁၁) သမာဓိ၊ (၁၂) သတ္တဇီဝမှ ကင်းဆိတ်သည်၏ အဖြစ်၊ (၁၃) အာပတ်၊ (၁၄) အကြောင်း စသော အနက်တို့ကို ဟောနိုင်၏၊ ဤဒိဋ္ဌဓမ္မော စသော ပုဒ်များ၌ ပါသော ဓမ္မသဒ္ဒါသည် သစ္စာဟူသော အနက်ကိုသာ ဟောသည်။ သဘောစသော အနက်တို့ကို မဟော၊ ထို့ကြောင့် အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်အဋ္ဌကထာ(၂၁၅) ၌ ဒိဋ္ဌော အရိယသစ္စဓမ္မော ဧတေနာတိ ဒိဋ္ဌဓမ္မော ဟူ၍ ဖွင့်ပြတော်မူသည်။ အဓိပ္ပာယ်ကား “မြင်အပ်ပြီးသော အရိယသစ္စာတရား ရှိသောကြောင့် ဒိဋ္ဌဓမ္မ မည်၏” ဟု ဆိုလိုသည်။ ထို့ကြောင့် (ဒိဋ္ဌဓမ္မော = မျက်မြင်သဘော ဖြစ်လေတော့၏) ဟူသော လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ အနက်သည် မူလပါဠိတော်နှင့် လည်းကောင်း၊ အဋ္ဌကထာ၊ ဋီကာတို့နှင့် လည်းကောင်း အလွန်ဆန့်ကျင်သည့်အပြင် မှားယွင်းသော အနက်သာ ဖြစ်သည်။
၉။ ဧသ နယော သေသပဒေသုပိ = ကြွင်းသော ပုဒ်တို့၌လည်း ဤနည်းတူပင်တည်းဟု ဖွင့်ပြသော အဋ္ဌကထာနှင့် အညီ-
ပတ္တဓမ္မော = ရောက်အပ်ပြီးသော သစ္စာတရားရှိသည် ဖြစ်၍
ဝိဒိတဓမ္မော = သိအပ်ပြီးသော တရားရှိသည်ဖြစ်၍၊
ပရိယောဂါဠှဓမ္မော = ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာတရားရှိသည်ဖြစ်၍-
ဟူသော ဆရာတော် ဦးဗုဓ်၏ အနက်ပေးနည်းသည်သာလျှင် ပိဋကတ်ကျမ်းဂန်နှင့် ညီညွတ်သော အနက်မှန်များ ဖြစ်ပေသည်။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏
ပတ္တဓမ္မော = နားကြားသဘော ဖြစ်လေတော့၏၊
ဝိဒိတဓမ္မော = နှာခေါင်းနှင့် လျှာတွေ့သဘော ဖြစ်လေတော့၏၊
ပရိယောဂါဠှဓမ္မော = ကိုယ်ကာယတစ်ခုလုံး ပျံ့နှံ့၍ (ဝါ) စိမ့်ထုံ၍ အကျိုးရသော မန၊ တွေ့ (ဝါ) ဟဒယတွေ့သဘော ဖြစ်လေတော့၏-
ဟူသော အနက်ကား ပညာရှိတို့၏ နား၌ ကြား၍ပင် မလျော်သော အနက်များ ဖြစ်ပေသည်။ ပိဋကတ်ကျမ်းဂန်နှင့် နှီးနှောတိုက်ဆိုင်မှုမပြုပဲ မိမိထင်သလို ပြန်ဆိုထားသောကြောင့် အလွန်ရုပ်ပျက်ဆင်းပျက် နိုင်လှသော အနက်များ ဖြစ်ပေသည်။ ဤသို့ ဖြစ်ပါလျက် “မူလပါဠိသက်သက်ကိုသာ စေတနာအလျောက် ကိုယ့်ဘာသာစကားကို ကိုယ်ကျွမ်းကျင်သမျှဖြင့် ပြန်ဆိုကြခြင်းသာဖြစ်၍ အသုံးအနှုန်း ကွဲပြားနေကြစေကာမူ မူရင်းအဓိပ္ပာယ်နှင့် ကွာခြားချက် မရှိပါ” ဟူသော သခင်မြတ်ဆိုင်၏ ချေပချက်သည် မိမိဆရာ ရှင်ဥက္ကဋ္ဌဘက်မှ ကာကွယ်ဖာထေးရုံမျှသာဖြစ်၍ အလျှင်းယုတ္တိ ကင်းမဲ့ပြီး ကျမ်းဂန်မှ သွေဖီသော စကားဖြစ်ချေသည်။
၁၀။ ဤ၌ စေတနာအလျောက်ဟူသော သခင်မြတ်ဆိုင်၏ စကားကိုလည်း စဉ်းစားသင့်ပေသည်။ စေတနာဆိုတိုင်း ကောင်းသည်မဟုတ်၊ ပရမတ္တသဘောအရ စေတနာသည် ကောင်းသော ကုသိုလ်စေတနာ၊ မကောင်းသော အကုသိုလ်စေတနာဟူ၍ နှစ်မျိုးနှစ်စားရှိရာ သခင်မြတ်ဆိုင်၏ ဆရာဖြစ်သူ ဦးဥက္ကဋ္ဌသည် ဒိဋ္ဌဓမ္မော စသော ဓမ္မစကြာပါဠိကို အနက်ပြန်ဆိုရာ၌ လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် မကောင်းသော အကုသိုလ်စေတနာဆိုးဖြင့် အနက်ပြန်ဆိုထားခြင်းဖြစ်သည်ဟု ဆိုရဖွယ် ရှိနေသည်။ အမှန်စင်စစ် ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၌ ဖော်ပြထားသော စာပိုဒ်များကား ပုဒ်အနက် မှားယွင်းရုံမျှသာမက မြတ်ဗုဒ္ဓဒေသနာတော်ကို ကျူးကျော်စော်ကား ဖျက်ဆီးထားသော စာပိုဒ်များသာ ဖြစ်ပေသည်။ မှန်၏၊ လူသေလူဖြစ် စာအုပ် နှာ-၄၊ ၅ ၌ -
“လူသားသည် လူသေလျှင် လူသာဖြစ်၏ ဟူသော သဘာဝမှန်ကို သဘောပေါက်တာနှင့် တစ်ပြိုင်နက် ဒိဋ္ဌဓမ္မ = မျက်မြင်သဘော ဖြစ်လေတော့၏၊ ပ။ အပရပ္ပစ္စယော = ငရဲရှစ်ထပ်နှင့် ထက်နတ်ဗြဟ္မာ ဆိုအပ်တဲ့ တစ်ပါးသော ဘုံတွေ ဘဝတွေကို သွားဖို့ရောက်ဖို့ အကြောင်း မဖြစ်တော့သည်ကို တိကျစွာ သိမြင်ခြင်းသို့ ရောက်ပေလိမ့်မည်။”
ဟု ပြဆိုထား၏၊ ထိုစာပိုဒ်ဖြင့်ပင် လူသေလျှင် လူဖြစ်၏ ဟူသော သဘာဝကို သဘောပေါက်လျှင် ဒိဋ္ဌဓမ္မ စသော ဂုဏ်တို့နှင့် ပြည့်စုံသည့် သောတာပန်ဖြစ်သည်ဟု ဦးဥက္ကဋ္ဌက ဆိုထားခြင်း ဖြစ်သည်။ အမှန်မှာ လူသေလျှင် လူသာဖြစ်၏ဟု သဘောပေါက်နေသူသည် သောတာပန် မဖြစ်ရုံမျှမက မိစ္ဆာဒိဋ္ဌိစစ်စစ်သာ ဖြစ်သည်ကို စွဲဆိုချက် အမှတ် (၂) စောဒနာ၌ စိစစ်ထားပြီး ဖြစ်သည်။
သခင်မြတ်ဆိုင်၏ ချေပလွှာကို စိစစ်သုံးသပ်ခြင်း
၁၁။ ဤအမှတ် (၁) စောဒနာ၌ ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာ လက်သစ်အပေါ် စွဲဆိုချက်နှင့် ပတ်သက်၍ စုဒိတက သခင်မြတ်ဆိုင်က-
“လယ်တီဆရာတော်၏ ပရမတ္ထ ဒီပနီ အဖွင့်မှာ မြင်အပ်သော သစ္စာတရားဟု တွေ့ရပါသည်။ (ပြီးသော) ဆိုသော အတိတ်ကာလ သဘော မပါပါ ဘုရား၊ (ပြီးသော) အတိတ်စကားလုံးကို လက်မခံနိုင်ကြောင်း လျှောက်ထားအပ်ပါသည် ဘုရား”-
ဟူ၍ လယ်တီဆရာတော်ကြီး၏ ပရမတ္ထဒီပနီကို ကိုးကား၍ ချေပထားသည်ကို တွေ့ရသည်။ သခင်မြတ်ဆိုင်၏ ဤချေပချက်ကို စိစစ်ရာတွင် ကျမ်းအမည်ကစ၍ မှားယွင်းနေသည်ကို တွေ့ရသည်။ လယ်တီဆရာတော်ကြီး၏ ပရမတ္ထဒီပနီဆိုသည်မှာ သခင်မြတ်ဆိုင် ထင်နေသကဲ့သို့ ဓမ္မစကြာသုတ်၏ အဖွင့်ကျမ်း မဟုတ်၊ အဘိဓမ္မတ္ထသင်္ဂဟ ခေါ် သင်္ဂြိုလ်ကျမ်း၏ အဖွင့်ဋီကာကျမ်းသာဖြစ်သည်။ မြန်မာဘာသာဖြင့် ရေးသားထားသော ကျမ်းလည်းမဟုတ်၊ ပါဠိဘာသာဖြင့် ရေးသားထားသော ကျမ်းဖြစ်သည်။ ဤကဲ့သို့ ကျမ်းဂန်၏ သဘောသဘာဝကို မသိနားမလည်ပဲ ပရမတ္ထဒီပနီတွင် လယ်တီဆရာတော်ဘုရားကြီး ရေးသားထားလေဟန် ချေပခြင်းသည် သခင်မြတ်ဆိုင်၏ ပထမအမှားကျူးလွန်ခြင်းသာ ဖြစ်သည်။
၁၂။ ဒုတိယအမှားကို ကျူးလွန်သည်မှာ “ပရမတ္ထဒီပနီ အဖွင့်မှာ မြင်အပ်သော သစ္စာတရားဟု တွေ့ရပါသည်။ (ပြီးသော) ဆိုသော အတိတ်ကာလသဘော မပါပါ ဘုရာ” ဟူသော ချေပချက်ပင် ဖြစ်သည်။ ဤချေပချက်သည် ဆရာတော်ဦးဗုဓ်၏ အနက်ကို လယ်တီဆရာတော်၏ အနက်ဖြင့် ချေပရန် ကြိုးစားထားခြင်း ဖြစ်သည်။ သခင်မြတ်ဆိုင်သည် ယင်းသို့ချေပသော်လည်း လယ်တီဆရာတော်၏ ဓမ္မစကြာနိဿယကို တွေ့ဖူးဟန် မတူချေ။ ဆရာတော်ဦးဗုဓ်၏ မူနှင့် လယ်တီဆရာတော်၏ မူများကို ပူးတွဲ၍ (၁၉၅၅ ခု၊ ၁၉၅၆ ခု၊ ၁၉၅၈ ခု၊ ၁၉၆၁ ခု၊ ၁၉၆၂ ခု၊ ၁၉၆၅ ခု) ဆဋ္ဌမအကြိမ်အဖြစ် ဟံသာဝတီ ပုံနှိပ်တိုက်မှ ထုတ်ဝေသော လယ်တီမူ ဓမ္မစကြာ နိဿယ၌ “ဒိဋ္ဌဓမ္မော” စသော ပါဠိများကို ဆရာတော်ဦးဗုဓ်၏ နိဿယနည်းတူ (မြင်အပ်ပြီး) (ရောက်အပ်ပြီး) (သိအပ်ပြီး) ဟူ၍ အတိတ်စကားလုံးဖြင့် တိတိကျကျ သေသေချာချာ အနက်ပြန်ဆိုထားပေသည်။ သခင်မြတ်ဆိုင် ချေပသကဲ့သို့ မြင်အပ်သော သစ္စာတရားဟု လယ်တီဆရာတော်က အနက်ပြန်ဆိုခြင်း အလျှင်းမပြုခဲ့။ ထို့ကြောင့် မြင်အပ်သောသစ္စာတရားဟု တွေ့ရပါသည်ဆိုသော သခင်မြတ်ဆိုင်၏ ချေပချက်သည် ဒုတိယအမှားကို ကျူးလွန်ခြင်းသာ ဖြစ်ပေသည်။ တစ်နည်းအားဖြင့် လယ်တီဆရာတော်၏ ဉာဏ်ပညာ ကြီးမားမှုကို အလွဲသုံးစား ပြုကျင့်ရာလည်း ရောက်ပေသည်။
၁၃။ သောတာပန်ဖြစ်လျှင် သစ္စာလေးပါး တရားကို မြင်ပြီးဟု မုချဧကန် ဆိုရမည် ဖြစ်သောကြောင့် “ထိုအချိန်က အရှင်ကောဏ္ဍညသည် သောတာပန်သာ ဖြစ်၍ “မြင်ပြီး” ဟု မဆိုထိုက်သေး၊ အရဟတ္တဖိုလ် ဆိုက်ရောက်မှသာ “မြင်ပြီး” ဟု ဆိုထိုက်ကြောင်း” ချေပသော သခင်မြတ်ဆိုင်၏ စကားသည် တတိယအမှားကို ကျူးလွန်ရာ ရောက်ပေသည်။ တစ်နည်းအားဖြင့် သခင်မြတ်ဆိုင်သည် အဘိဓမ္မာ (ပရမတ္ထ) သဘောနှင့် ပိဋကတ်ကျမ်းဂန်တို့၏ အဆိုအမိန့်ကို သဘောမပေါက်ကြောင်းမှာ ထင်ရှားလှပေသည်။
ဓမ္မစကြာ မူသုံးမျိုးကို မှားမှန်ယှဉ်ပြခြင်း
၁၄။ ဒိဋ္ဌဓမ္မော စသော ဓမ္မစကြာပါဠိတော်များကို အနက်မြန်မာ ပြန်ဆိုရာ၌ ဗုဒ္ဓဝါဒီ သုတေသီတို့အဖို့ အမှားအမှန် ဝိဝါဒ ကွဲပြားကြစေရန် ဆရာတော်ဦးဗုဓ်၏မူ၊ လယ်တီဆရာတော် မူတို့နှင့် ဦးဥက္ကဋ္ဌ၏ မူတို့ကို အောက်ပါအတိုင်း ပူးတွဲ၍ နှိုင်းယှဉ်ဖော်ပြ လိုက်ပေသည်။
အထ ခေါ၊ ထိုသောတာပန် ဖြစ်ပြီးသော အခါ၌။ အာယသ္မာ အညာသိ ကောဏ္ဍညော၊ အရှင် အညာသိကောဏ္ဍညသည်-
(၁) ဒိဋ္ဌဓမ္မော = မြင်အပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍ (ဦးဗုဓ် ဓမ္မစကြာ၊ အနက်မှန်)
ဒိဋ္ဌဓမ္မော = ကိုယ်တိုင်မြင်အပ်ပြီးသော တရားရှိသည် ဖြစ်၍ (လယ်တီ ဓမ္မစကြာ၊ အနက်မှန်)
ဒိဋ္ဌဓမ္မော = မျက်မြင်သဘော ဖြစ်လေတော့၏၊ (လူသေလူဖြစ် ဓမ္မစကြာ၊ အနက်မှား)
(၂) ပတ္တဓမ္မော = ရောက်အပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍၊ (ဦးဗုဓ် ဓမ္မစကြာ၊ အနက်မှန်)
ပတ္တဓမ္မော = ကိုယ်တိုင်ဆိုက်ရောက် အပ်ပြီးသော တရားရိသည်ဖြစ်၍၊ (လယ်တီ ဓမ္မစကြာ၊ အနက်မှန်)
ပတ္တဓမ္မော = နားကြားသဘော ဖြစ်လေတော့၏၊ (လူသေလူဖြစ် ဓမ္မစကြာ၊ အနက်မှား)
(၃) ဝိဒိတဓမ္မော = သိအပ်ပြီးသော သစ္စာတရားရှိသည်ဖြစ်၍၊ (ဦးဗုဓ် ဓမ္မစကြာ၊ အနက်မှန်)
ဝိဒိတဓမ္မော = ကိုယ်တိုင်သိအပ်ပြီးသော တရားရှိသည်ဖြစ်၍၊ (လယ်တီ ဓမ္မစကြာ၊ အနက်မှန်)
ဝိဒိတဓမ္မော = နှာခေါင်းနှင့် လျှာတွေ့ သဘော ဖြစ်လေတော့၏၊ (လူသေလူဖြစ် ဓမ္မစကြာ၊ အနက်မှား)
(၄) ပရိယောဂါဠှဓမ္မော = ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍ (ဦးဗုဓ် ဓမ္မစကြာ၊ အနက်မှန်)
ပရိယောဂါဠှဓမ္မော = ကိုယ်ပိုင်ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော တရားရှိသည်ဖြစ်၍ (လယ်တီ ဓမ္မစကြာ၊ အနက်မှန်)
ပရိယောဂါဠှဓမ္မော = ကိုယ်ကာယတစ်ခုလုံး ပျံ့နှံ့၍၊ (ဝါ) စိမ့်ထုံ၍ အကျိုးရသော မနတွေ့ (ဝါ) ဟဒယတွေ့သဘော ဖြစ်လေတော့၏၊ (လူသေလူဖြစ် ဓမ္မစကြာ၊ အနက်မှား)
၁၅။ ဤသို့ စသည်ဖြင့် ဓမ္မစကြာမူ သုံးမျိုးတို့၏ အနက်ပြန်ဆိုပုံကို နှိုင်းယှဉ်ကြည့်ရှုပါလျှင် ဆရာတော် ဦးဗုဓ်၏ အနက်နှင့် လယ်တီဆရာတော်တို့၏ အနက်မှာ ပိဋကတ်ကျမ်းဂန်နှင့် ညီညွတ်၍ မူရင်းအဓိပ္ပာယ် တူသည်ကို တွေ့ရသည်။ အရှင်ကောဏ္ဍညသည် မဂ်ဉာဏ်ဖြင့် သစ္စာတရားကို မြင်သည်ဟူသော အဓိပ္ပာယ်မှန် ထွက်ရှိပေသည်။ ဦးဥက္ကဋ္ဌ၏ အနက်မူကား မျက်မြင်သဘော ဖြစ်လေတော့၏ဟု ဆိုသဖြင့် ဉာဏ်ဖြင့်မြင်ခြင်း မဟုတ်၊ ရိုးရိုးလူများကဲ့သို့ ပကတိမျက်လုံးဖြင့် မြင်သည်ဟူသော အဓိပ္ပာယ်ထွက်ရှိသည်။
(က) ဆရာတော် ဦးဗုဓ်နှင့် လယ်တီဆရာတော်တို့၏ ဓမ္မစကြာက သစ္စာလေးပါးကို မဂ်ဉာဏ်ဖြင့် မြင်ခြင်း အဓိပ္ပာယ်ကို ပြဆိုသည်။
(ခ) ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာက လူသေလူဖြစ်ကို မျက်စိဖြင့် မြင်ခြင်းအဓိပ္ပာယ်ကို ပြဆိုသည်။
စိန်အစစ်နှင့် ချက်ကျောက်ကဲ့သို့ အနှစ်သာရ လွန်စွာ ခြားနားကြပေသည်။ အမှန်စင်စစ် ဦးဥက္ကဋ္ဌသည် (စ-သ-ဃ-ဇ-က) ဟူသော မျက်မြင်၊ နားကြား၊ နှာခေါင်းတွေ့၊ လျှာတွေ့၊ ကိုယ်တွေ့ဟူသော ပသာဒရုပ်-၅-ပါးကိုသာ လက်ခံလိုသည့် ရုပ်ဝါဒီတစ်ဦး ဖြစ်သောကြောင့် ဘုရားဟော ဓမ္မစကြာကို လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် မိမိလိုရာသို့ ဆွဲ၍ မှားယွင်းစွာ အနက်ပေးထားကြောင်း ပေါ်လွင်နေပေသည်။
အဘိဓမ္မာဆရာစိန်၏ ဓမ္မစကြာအနက်ကို စိစစ်ခြင်း
၁၆။ ဘုရားဟော ဓမ္မစကြာ ပါဠိတော်များကို ဦးဥက္ကဋ္ဌက လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် အနက်ပြန်ဆိုထားရာ၌ မှားယွင်းပုံ အကြောင်းကို စိစစ်သုံးသပ်ပြီးနောက် ယခုတစ်ဖန် အဘိဓမ္မာ ဆရာစိန်ဆိုသူ၏ မှားမှားယွင်းယွင်း ထင်သလို အနက်ပြန်ဆိုထားပုံ အကြောင်းကိုလည်း စိစစ်သုံးသပ်ရပေဦးမည်။ စောဒကဆရာတော်များက သက်သေခံအဖြစ် တင်ပြထားသော အဘိဓမ္မာဆရာစိန်၏ ဓမ္မစကြာအနက်ကို စိစစ်ခြင်း “အတ္တဝါဒနှင့် တာဝတိံသာအဘိဓမ္မာ” စာအုပ်ကို ဝိနည်းဓိုရ်ဆရာတော်များက သေချာစွာ ဖတ်ရှု သုံးသပ်ကြည့်ရာတွင် ပိဋကတ်ကျမ်းဂန်နှင့် ဆန့်ကျင်စွာ ရေးသားထားသော အဘိဓမ္မာဆရာစိန်၏ ရေးသားချက် အမှားများကို မြောက်မြားစွာ တွေ့ရပေသည်။
၁၇။ ထို့ကြောင့် ဗုဒ္ဓစာပေကို ရိုးရိုးသားသား လေ့လာလိုက်စားကြသော ဗုဒ္ဓဝါဒီသုတေသီတို့အဖို့ (အမှား နှင့်အမှန်) (အတုနှင့်အစစ်) ကွဲကွဲပြားပြားခွဲခြား၍ သိနိုင်စေရန် ကျမ်းဂန်နှင့်အညီ ရေးသားထားသော ဆရာတော် ဦးဗုဓ်၏ အနက်နှင့် ကျမ်းဂန်မှ သွေဖီစွာ ရေးသားထားသော အဘိဓမ္မာဆရာစိန်၏ အနက်တို့ကို လည်း အောက်ပါအတိုင်း နှိုင်းယှဉ်၍ ပြလိုက်ပေသည်။
(က) ဇာတိပိ = ပဋိသန္ဓေနေရခြင်းသည်လည်း (ဦးဗုဓ်အနက်မှန်)
ဇာတိပိ = ငန်းငန်းတက် စွဲလမ်းခြင်းဖြစ်၍လာခြင်းကြောင့် (ဆရာစိန်အနက်မှား)
(ခ) ဇရာပိ = ဆိုးရွားဟောင်းမြင်း အိုမင်းရင့်ရော်ရခြင်းသည်လည်း၊ (ဦးဗုဓ်အနက်မှန်)
ဇရာပိ = ဆံဖြူသွားကြွေ အသားရေယိုယွင်း အိုမင်းရင့်ရော်ခြင်းတို့ကို စိုးရိမ်မကင်း ဖြစ်၍ လာသော အစွဲဥပါဒါန်ကြောင့် (ဆရာစိန်အနက်မှား)
(ဂ) ဗျာဓိပိ = ဖျားနာရခြင်းသည်လည်း၊ (ဦးဗုဓ်အနက်မှန်)
ဗျာဓိပိ = အနာရောဂါ ကျင်နာကိုက်ခဲ နူနာဝဲတို့ဖြစ်၍လာသည်တို့ကို ပူဆွေးကြောင့်ကြခြင်း ဖြစ်၍လာသော အစွဲဥပါဒါန်ကြောင့် (ဆရာစိန်အနက်မှား)
(ဃ) မရဏမ္ပိ = သေရခြင်းသည်လည်း၊ (ဦးဗုဓ်အနက်မှန်)
မရဏမ္ပိ = အမိအဖ မယား သားသမီး ပစ္စည်းဥစ္စာ ရတနာ ရွှေစင်စသည်တို့နှင့်တကွသော ဆွေညာအပေါင်းတို့အား ပယ်ခွာစွန့်ထားခဲ့၍ သေရမည့်ဘေးကို စိုးရိမ်မကင်း စွဲလမ်းခြင်း ဥပါဒါန်ကြောင့် (ဆရာစိန်အနက်မှား)
(င) အပ္ပိယေဟိ = မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ၊
သမ္ပယောဂေါ = ပေါင်းယှဉ်ရခြင်းသည်လည်း (ဦးဗုဓ်အနက်မှန်)
အပ္ပိယေဟိ = မနှစ်သက် မလိုလားအပ်ကုန်သော ဇာရာဗျာဓိမရဏ စသည် ဥဿုံဘေးအပေါင်းတို့ နှင့် ဘေးအပေါင်းစုံတို့နှင့်၊ သမ္ပယောဂေါ = လက်ငင်းဒိဋ္ဌ ယခုပက်ပင်းမှာ တွေ့ကြုံ ခံစားနေရလေခြင်းဟု စွဲလမ်းခြင်းဖြစ်၍နေသော ဥပါဒါန်ကြောင့်၊ (ဆရာစိန်၏ အနက်မှား)
၁၈။ ဤသို့ စသည်ဖြင့် နှိုင်းယှဉ်ကြည့်ရှုဝေဖန်သုံးသပ်သောအခါ ပိဋကတ်နှင့်မညီ ကျမ်းဂန်မှ သွေဖီစွာ ရေးသားထားသော ဆရာစိန်၏ အနက်တို့သည် သဒ္ဒါစည်းကမ်းလည်းမကျ အဓိပ္ပာယတ္ထလည်း မမှန်သည်ကို စိတ်ပျက်ဖွယ်ရာ တွေ့မြင်ကြရလေသည်။
၁၉။ ဇာတိယ ဇရာယ ဗျာဓိယ မရဏံယ သမ္ပယောဂေါပုဒ်များကို သဒ္ဒါစည်းကမ်းအရ (သည်) ဟူ၍ ကတ္တား အနက် ပြန်ဆိုခြင်းမပြုဘဲ (ကြောင့်) ဟူ၍ ဟိတ်အနက် ပြန်ဆိုထားခြင်းမှာလည်း အခြေခံစာပေ မသင်ဖူးကြောင်း ထင်ရှား၍ နေပေသည်၊ တဖန် ထိုဇာတိ ဇရာ ဗျာဓိ မရဏ ဟူသော ပုဒ်တို့၏ အနက်များကို ပြန်ရိုး ပြန်စဉ် ပဋိုသန္ဓေနေခြင်း, အိုခြင်း, နာခြင်း, သေခြင်း ဟူ၍ မပြန်ဆိုဘဲ အားလုံးဥပါဒါန်တံဆိပ်ခပ်၍ ပြန်ဆို ထားသောကြောင့် အဘိဓမ္မာဆရာစိန်အနေဖြင့် အစွဲဥပါဒါန်ပြင်းထန်ကြောင်းမှာ သိသာလွန်းပေသည်၊ တနည်းအားဖြင့် ဗုဒ္ဓဓမ္မစကြာကို ဥပါဒါန်ဓမ္မစကြာဖြစ်အောင် ဆရာစိန်က ကြိုးစားထားဟန် တူပေသည်။
၂၀။ ဇာတိ, ဇရာ, မရဏ ဟူသော ပုဒ်တို့၏ အနက်မှန်ကို စွဲချက် (၁၅) တွင် အကျယ်တဝင့် စိစစ်သုံးသပ် ပြီးဖြစ်၍ ဤကဏ္ဍ၌ မသုံးသပ်တော့ပြီ၊ ထိုစွဲချက်အမှတ် (၁၅) တွင် “ဓမ္မစက္ကပဝတ္တန” ဟူသော ပါဠိကို အဘိဓမ္မာဆရာစိန်ဆိုသူက လွဲလွဲမှားမှား ရမ်းရမ်းကားကား ပြန်ဆိုထားပုံအကြောင်းကိုလည်း ဝိနည်းဓိုရ်ဆရာတော်များက အကျယ်တဝင့် စိစစ်သုံးသပ်ပြခဲ့ပြီး ယခုတဖန် အမှားတခုပြီးတခု ကျူးလွန်ထားသော ဆရာစိန်၏ အမှားများကိုပင် ဆက်၍ စိစစ်ပြရပေဦးမည်။
၂၁။ ဆရာစိန်က “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ဓာ” ဟူုသော ပါဠိကို -
သံခိတ္တေန = အတိုအကျဉ်းလိုရင်းကို ခြုံ၍ပြောရပါမူ၊
ပဉ္စ = မျက်စိ, နား, နှာ, လျှာ, ကိုယ်တည်းဟူသော ငါးခုတို့တွင်
ဥပါဒါနက္ခန္ဓာပိ = စွဲလမ်းခြင်းဥပါဒါန်နှင့်တကွ ဖြစ်ရှိနေသော ကိုယ်ကာယတို့သည်လည်း၊
ဒုက္ခာ = ဆင်းရဲခြင်းအကျိုးဖြစ်၍ နေလေတော့၏ -
ဟူ၍ ထင်သလို အနက်ပြန်ထားသောကြောင့် အလွန်စိတ်ပျက်ဖွယ်ရာကောင်းလှပေသည်။
ပဉ္စအရ ဥပါဒါန်၏ အာရုံဖြစ်သော လောကီခန္ဓာငါးပါးကို အရကောက်ရမည့်အစား မျက်စိ, နား, နှာ, လျှာ, ကိုယ်ဟူသော ပသာဒရုပ်ငါးပါးကို ကောက်ယူထားသောကြောင့် ဆရာစိန်၏ အယူအဆသည် အမှားပေါ် အမှားဆင့်၍ထားသော အယူအဆမှားသာ ဖြစ်နေတော့သည်။ တနည်းအားဖြင့် ဗုဒ္ဓ၏ ဓမ္မစကြာကို ရုပ်ဝါဒမှတ်တိုင်အဖြစ် အသုံးချထားခြင်းပင်ဖြစ်ပေသည်။
၂၂။ အဘိဓမ္မာဆရာစိန်၏ အမှားသည် ဤမျှနှင့်ပင် မရပ်သေး၊ မဂ္ဂသစ္စာတွင် လာရှိသော “အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ” ဟူသော ဘုရားဟောပါဠိကိုပင် အယမေဝ သော အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ ဟု အတ္တဝါဒထည့်၍ ပြထားလိုက်သေးသည်၊ ပါဠိသာ မှားသည်မဟုတ်၊ အနက်ပြန်ဆိုပုံကလည်း လွဲချင်တိုင်း လွဲမှားချင်တိုင်း မှား၍နေပေသည်၊ ဆရာစိန် မှားပြထားပုံကား ဤသို့ဖြစ်သည်။
သော = ထိုကဲ့သို့ ကြံစရာ, စည်စရာ, ပူစရာ, ပင်စရာ, ဆွေးစရာ, အေးစရာ, ချုပ်ငြိမ်းစရာ အဖြာဖြာတို့သည်၊
အယမေဝ = ယခုပစ္စက္ခ၌ လက်ငင်းဒိဋ္ဌ ကြုံတွေ့နေရသည့်အခိုက်တွင်၊
အရိယော = အစွဲဥပါဒါန် ချေးညှော်တို့၏ သန်ရှင်းခြင်းကို အလိုရှိကြကုန်သော လူသား အပေါင်းတို့သည်၊
အဋ္ဌင်္ဂီကော = အင်္ဂါရှစ်ပါးရှိသော၊
မဂ္ဂေါ = ကျင့်အပ်သော တရားပေတည်း။ (အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာ နှာ၊ ၁၀၄)
အထက်ပါ ဆရာစိန်၏လက်ရာကို ကြည့်လိုက်ပါလျှင် ဝုစ်အလွဲလွဲ ပုဒ်အလွဲလွဲ အနက်အဓိပ္ပာယ် အလွဲလွဲ ဖြစ်နေသည်ကို တွေ့ရပေသည်။
၂၃။ ဆရာစိန်၏ အထက်ပါ သူ့လက်ရာကို စစ်တမ်းထုတ်ကြည့်သောအခါ သဒ္ဒယုတ္တိယ အတ္ထယုတ္တိ နှစ်မျိုးလုံး ကင်းမဲ့လျက်ရှိသည်ကို တွေ့ရသည်၊ ရှင်းဦးအံ့။
(က) သော - ဟူသော ပုဒ်ကို ဧကဝုစ်နက်မပေးဘဲ ဗဟုဝုစ်အနက်ပေးထားခြင်း၊
(ခ) အယမေဝ - ဟူသော ပုဒ်ကို ကတ္တားအနက် ပေးရမည့်အစား နိဒ္ဓါရဏ အနက်ပေးထားခြင်း၊
(ဂ) အရိယော - ဟူသော ပုဒ်ကို လူသားအပေါင်းဟု ဘာသာပြန်ထားခြင်း၊
(ဃ) ထိုအရိယော - ဟူသော ပုဒ်ကို ဧကဝုစ်အနက်မပေးဘဲ ဗဟုဝုစ်အနက်ပေးထားခြင်း-
ဟူသော အမှားလေးရပ်ကို တွေ့ရှိပေသည်၊ ဤကဲ့သို့ သဒ္ဒါစည်းကမ်းမှား၍ သဒ္ဒယုတ္တိကင်းမဲ့ရုံမျှမက အဓိပ္ပာယ်လွဲမှားခြင်းဟူသော အတ္တယုတ္တိလည်း ကင်းမဲ့၍ နေပြန်သည်၊ ဆရာစိန်ပြဆိုသော “အယမေဝ သော အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ” ဟူသော ပါဠိကို ချန်၍ သူ၏အနက်ကို ဖတ်ကြည့်လိုက်ပါလျှင် -
(က) ကြံစရာစီစရာသည် - လူသားတို့ ကျင့်အပ်သောတရား၊
(ခ) ပူစရာ ပင်စရာသည် - လူသားတို့ ကျင့်အပ်သောတရား၊
(ဂ) ဆွေးစရာ အေးစရာသည် - လူသားတို့ ကျင့်အပ်သောတရား၊
(ဃ) ချုပ်ငြိမ်းစရာတို့သည် - လူသားတို့ ကျင့်အပ်သောတရား -
ဟု အဓိပ္ပါယ်ထွက်ရှိနေသောကြောင့် သဘာဝယုတ္တိ အလွန်ကင်းမဲ့၍ နေပေသည်၊ အရိယောဆိုသော ပုဒ်ကို လူသားဟု ပြန်ဆိုခြင်းမှာလည်း ဓမ္မဂုဏ်ကို အလွဲသုံးစားပြုကြောင်း ထင်ရှားလှပေသည်၊ ဆရာစိန်ပြန်ဆိုချက်သည် မဂ္ဂသစ္စာကို ပြဆိုချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်၍ နေပေသည်။
ဦးဥက္ကဋ္ဌနှင့် ဂိုဏ်သားတို့သည် ဗုဒ္ဓဘာသာတို့နှင့် နီးစပ်လှသော ဓမ္မစကြာတရားတော်အပေါ်သို့ စဉ်ကလောက် သစ္စာဖောက်၍ မှောက်မှောက် မှားမှားပြုလုပ်ကြခြင်းကို ထောက်ရှုခြင်းအားဖြင့် ဗုဒ္ဓဘာသာ ဒါယကာ ဒါယိကာမများနှင့် အလှမ်းကွာသော ပါဠိအဋ္ဌကထာများကိုမူ အဘယ်မျှလောက် ကမောက်ကမ လုပ်ကြမည်ကို ချင့်ချိန်နိုင်ကြပေပြီ။
၂၄။ ဤအမှတ် (၁၇) စောဒနာကို ခြုံငုံ၍ သုံးသပ်ကြည့်သောအခါ စောဒကဆရာတော်တို့၏ စွဲချက်ကို ပြေလည်အောင် မဖြေရှင်းနိုင်သော သခင်မြတ်ဆိုင်၏ ချေပချက်သည်လည်းကောင်း ဦးဥက္ကဋ္ဌနှင့် အဘိဓမ္မာဆရာစိန်တို့၏ အနက်ပြန်ဆိုချက်များသည်လည်းကောင်း ထေရဝါဒပိဋကတ်ကျမ်းဂန်များနှင့် ဆန့်ကျင်သောကြောင့် ဓမ္မစကြာအပေါ် ထားရှိသော ၎င်းတို့၏ အယူအဆများသည် အဓမ္မဝါဒစင်စစ်သာဖြစ် ကြောင်း၊ ဝိနည်းဓိုရ်ဆရာတော်များ တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)စောဒနာအမှတ် (၁၈)အတ္တနောမတိဖြင့် လိမ်ညာရေးသားခြင်းနှင့်စပ်သော ဝိနိစ္ဆယ
အတ္တနောမတိ မိမိထင်ရာ ပြောဆိုသည့် လက်ဖြစ်စကားများဖြင့် ဘုရားမဟောသည်ကို ဘုရားဟော ဖြစ်လေဟန် လိမ်ညာရေးသား ပြောဟောမှုနှင့် စပ်လျဉ်း၍ စေတနာ သောဓနာ နှစ်ရပ်ကို ဝိနည်းဓိုရ် ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်။
၁။ စောဒကဆရာတော်များက လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိ - သုတေသနဝါဒီဂိုဏ်းသား တို့သည် အတ္တနောမတိ မိမိတို့ထင်ရာ မြင်ရာ ပြောဆိုသော လက်ဖြစ်စကား ပါဠိအမှားဖြင့် ဘုရားမဟောသည်ကို ဘုရားဟောဖြစ်လေဟန် လိမ်ညာရေးသား ပြောဟောနေကြသဖြင့် အဆုံးအဖြတ်ပေးပါရန် စောဒနာလွှာ တင်သွင်းကြလေသည်၊ ဘုရားဟော ပိဋကတ်စာပေတွင် အမှန်တကယ်မရှိသော စုဒိတကတို့၏ လုပ်ပါဠိအမှားများကိုလည်း ၎င်းတို့ကိုယ်တိုင်ရေးသားပြောဟော ထုတ်ဝေဖြန့်ချီထားသော စာအုပ်စာတမ်း တိတ်ခွေတို့မှ ကောက်နုတ်၍ သက်သေခံအဖြစ် (က) မှ (ဋ) အထိ တင်ပြထားကြသည်၊ ၎င်းတို့၏ ပါဠိအတု များနှင့် အနက်ကိုလည်း ပူးတွဲတင်ပြကြသည်။
၂။ စောဒကဆရာတော်များက မူလစောဒနာ၏ ရှင်းလင်းချက်အနေဖြင့် ဝိသေသစောဒနာကို တင်သွင်းရာတွင် ဘုရားဟောပါဠိတော်များသည် အစ အလယ် အဆုံး ကောင်းခြင်းနှင့် ပြည့်စုံသော ကလျာဏဂုဏ်ယ သဒ္ဒါအနက်နှင့် ပြည့်စုံသော သတ္ထသဗျဉ္ဇနဂုဏ်ယ သဘာဝအားဖြင့် လေးနက်သော ဓမ္မဂမ္ဘီရ စသော ဂုဏ်တို့နှင့် ပြည့်စုံသောကြောင့် တစုံတရာဖြည့်စွက်ဖွယ် ပယ်နုတ်ဖွယ် မရှိကြောင်း၊ ဤစုဒိတကများကဲ့သို့ သာသနာသမိုင်းတွင် ဘုရားမဟောသည်ကို ဘုရားဟောလုပ်ခဲ့သည့် သာဓကများ ရှိဖူးကြောင်း၊ အရိဋ္ဌရဟန်းဆိုးနှင့် ကဏ္ဍကသာမဏေတို့သည် ထိုကဲ့သို့ ဘုရားဟော အတုလုပ်ခဲ့ကြသောကြောင့် သာသနာတော်မှ နှင်ထုတ်ခံခဲ့ရကြရကြောင်း၊ သို့ဖြစ်၍ ဘုရားဟော အတုပြုလုပ်ခြင်းမှာ အလွန်ဝန်လေးသည့် မလုပ်သင့် မလုပ်ထိုက်သော ပြစ်မှုကျူးလွန်မှုတစ်ခုဖြစ်ကြောင်းကို ပါဠိအဋ္ဌကထာ သာဓကများစွာဖြင့် ကျယ်ဝန်းစွာ လျှောက်ထားစောဒနာခဲ့ကြလေသည်။
၃။ ဤစောဒနာနှင့် ပတ်သက်၍ သခင်မြတ်ဆိုင်တစ်ဦးကသာလျှင် ပြန်လည်ချေပပြီး သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ကမူ လုံးဝချေပရှင်းလင်းခြင်းမပြုပေ၊ ငြိမ်၍ ခံယူခဲ့ကြသည်။
(က) အမှတ်ပြစောဒနာကို စိစစ်ချက်
၄။ စောဒကဆရာများက စုဒိတကတို့၏ အမှားများစွာအနက် အကြိုက်တူသော လက်လုပ်ပါဠိ အမှားတစ်ခုကို (က) အမှတ်ပြအနေဖြင့် စွဲဆိုတင်ပြထားကြသည်၊ ယင်းတို့မှာ -
လောကသမုဒယဉ္စ အတ္ထိ၊
လောကနိရောဓဉ္စ နတ္ထိ -
ဟူသော လုပ်ပါဠိဖြစ်ပေသည်၊ ဝိနည်းဓိုရ်ဆရာတော်များသည် စောဒကဆရာတော်များ တင်ပြထားသော စွဲဆို ချက်များနှင့် ဤရုံးတော်သို့ သက်သေခံအဖြစ် တင်ပြထားသော စာအုပ်စာတမ်းများကို အသေအချာ တိုက်ဆိုင်ကြည့်ရှုရာတွင် ယင်းပါဠိကို -
(က) ဦးကိုကိုလေးက (ဗုဒ္ဓဂေါတမ) ဟောထားသည်ဟူ၍လည်းကောင်း၊
(ခ) လူသေလူဖြစ်ပြဿနာဆရာက (သဒ္ဒေကရတ္တ) သုတ်၌ ဟောခဲ့သည်ဟူ၍လည်းကောင်း၊
(ဂ) ရခိုင်ဦးရွှေပြည့်က (သီလက္ခန်ပါဠိတော်) ၌ ပါရှိသည်ဟူ၍လည်းကောင်း၊
(ဃ) အဘိဓမ္မာဆရာစိန်က (နိဝါနဝဂ္ဂသံယုတ်) ပါဠိတော်၌ ဟောထားသည်ဟူ၍လည်းကောင်း -
အသီးသီးရေးသားထားချက်များကို အတိအလင်း တွေ့ရှိကြရသည်။
၅။ ဝိနည်းဓိုရ်ဆရာတော်များသည် စောဒကဆရာတော်များတို့ ထောက်ပြချက်အရ စုဒိတကတို့ ရေးသားထားသော ယင်း (လောကသမုဒသဉ္စအတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ) ဟူသော ပါဠိကို ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်တွင် လိုက်လံရှာဖွေသောအခါ ဘယ်မှာမှ မတွေ့ရပေ၊ ထို့ကြောင့် “ဤပါဠိသည် သဒ္ဒေကရတ္ထ သုတ်၌ မရှိ၊ လုပ်ပါဠိသာ ဖြစ်သည်” ဟူသော စောဒက ဆရာတော်တို့၏ ထောက်ပြချက်မှာ မှန်ကန်၍ ဦးကိုကိုလေးနှင့် လူသေလူဖြစ် ပြဿနာဆရာတို့၏ ရေးသားချက်မှားကြောင်းကို အတည်ပြုသည်၊ ထိုနည်းအတူ ဤအဓိပ္ပာယ်သည် သီလက္ခန်ပါဠိတော်၌မပါ၊ လိမ်ထားသော စကားဖြစ်သည်” ဟူသော စောဒကဆရာတော်တို့၏ ထောက်ပြချက်မှာလည်း မှန်ကန်နေ၍ နတ်နှင့် ငရဲဘယ်မှာလဲ စာအုပ်တွင်ပါသော ဦးရွှေပြည့်၏ ရေးသားချက်ကိုလည်း မှားယွင်းကြောင်း အတည်ပြုတော်မူကြသည်၊ အလားတူပင် သံယုတ်ပါဠိတော်၌ ကစ္စာနဂေါတ္တမထေရ်ကို ဟောထားသောတရား၌ အတိအလင်းဆိုထားချက်အရ ဟူသော သခင်မြတ်တို့၏ စကားကိုထောက်ပြသော “ဤဟောထားချက်လည်းမပါ (အတိအလင်း) ဟု ရေးခြင်းသည် ရဲရဲကြီး လိမ်ခြင်းဖြစ်သည်” ဟူသော စောဒကဆရာတော်တို့၏ တင်ပြချက်မှာလည်း အထူးပင် မှန်ကန်နေ၍ သခင်မြတ်ဆိုင်၏ ရေးသားချက်လုံးဝမှားကြောင်း အတည်ပြုတော်မူကြသည်၊ အဘိဓမ္မာဆရာစိန်၏ ရေးသား ချက်ကိုလည်း မှားယွင်းကြောင်း အတည်ပြုတော်မူကြသည်။
တယောက်တမျိုး အနက်ပြန်ထားခြင်း
၆။ စုဒိတကတို့ အကြိုက်ချင်းတူ၍ နေရာအနှံ့ ကိုးကားဟောပြောလေ့ရှိသော အဆိုပါ (လောက သမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ) ဟူသော လက်ဖြစ်ပါဠိကို မြန်မာပြန်ဆိုရာ၌လည်း တဦးနှင့်တဦး မတူကြ၊ အမျိုးမျိုးကွဲလွဲနေကြောင်း တွေ့ရသည်၊ လူသေလူဖြစ် ပြဿနာစာအုပ် နှာ ၁၇-တွင် ယင်းပါဠိကို သခင်မြတ်ဆိုင်က “လောကသည် ရှိသည်ဟု စွဲယူကရှိ၏၊ မရှိဟု ပြတ်ကလည်းမရှိ” ဟု ဘာသာပြန်ဆိုထား သည်ကို တွေ့ရသည်။ ယင်းပြန်ဆိုချက်သည် ပါဠိတခြားအနက်တမျိုးဖြစ်၍ မှားယွင်းနေပေသည်။
၇။ ယင်းပါဠိကိုပင် နတ်နှင့် ငရဲ ဘယ်မှာလဲ စာအုပ် နှာ ၂၂ - တွင် ရခိုင်ဦးရွှေပြည့်က အောက်ပါ အတိုင်း အဓိပ္ပာယ်ဖော်ထားပြန်ပေသည်။ “နောက်တဖန် ဖြစ်သေးသည်ဟု စွဲနေယင် သင့်စိတ်မှာ ဖြစ်နေသည်၊ မစွဲယင် သင့်စိတ်မှာ ဖြစ်၍မနေ” ဦးရွှေပြည့်၏ အထက်ပါ ပြန်ဆိုချက်သည်လည်း သီလက္ခန် ပါဠိတော်၌လာသော အဓိပ္ပာယ်မဟုတ်ကြောင်း မှားယွင်းကြောင်းမှာ ထင်ရှားပေသည်။
၈။ ယင်းပါဠိကိုပင် ဗုဒ္ဓဝိပဿနာစာအုပ် ပထမတွဲ၊ နှာ ၁၄၆ ၌ သခင်မြတ်ဆိုင်က “လောကကို ရှိသည်ဟု စွဲယူလျှင် ရှိသည်၊ မရရှိဟု ပြတ်လျှင်လည်း မရှိ” ဟု ဘာသာပြန်ဆိုထားပေသည်၊ သခင်မြတ်ဆိုင်၏ ယင်းဘာသာပြန်ဆိုချက်သည်လည်း ပါဠိ၏ ဆိုလိုချက်နှင့် မကိုက်၊ မိမိလိုရာ ပြန်ဆိုထားခြင်းသာ ဖြစ်နေ ပေသည်။
၉။ ယင်းပါဠိကိုပင် “သမ္မာ ဒိဋ္ဌိသုတေသနနှင့် ရေနံချောင်း အရေးတော်ပုံ” အမည်ရှိ စာအုပ် စာမျက်နှာ ၆၂ တွင် အဘိဓမ္မာ ဆရာစိန်ဆိုသူက အောက်ပါအတိုင်း အနက်ပြန်ဆိုထားပေသည်။
“အို ကစ္စာနာ ဤလောက၌ အစွဲဥပါဒါန်ရှိသောသူသည် တမလွန်လောကရှိသည်ကို အယူရှိ၏၊ ဤ လောက၌ အစွဲဥပါဒါန် ချုပ်ငြိမ်းသောသူသည် တပါးသော လောကမရှိဟူ၍ အယူရှိ၏”
အဘိဓမ္မာဆရာစိန်၏ အနက်ပြန်ဆိုချက်သည်လည်း မူရင်းနိဒါနဝဂ္ဂသံယုတ် ဒေသနာနှင့် တခြားစီ ဖြစ်၍ ပါဠိလည်းမမှန်၊ အနက်လည်း ချွတ်လွဲကြောင်း အတည်ပြုတော်မူကြသည်။
သခင်မြတ်ဆိုင်၏ ချေပလွှာကို စိစစ်ခြင်း
၁၀။ အမှတ် (၁၈) စောဒနာတွင်ပါဝင်သော (က) အမှတ်ပြု (လောကသမုဒယဉ္စ အတ္ထိ၊ လောက နိရောဓဉ္စ နတ္ထိ) ဟူသော ပါဠိနှင့် စပ်လျဉ်း၍ စုဒိတကတဦးဖြစ်သူ သခင်မြတ်ဆိုင်က ချေပသည်မှာ -
ဘုရားတပည့်တော်ရေးခဲ့သော ဗုဒ္ဓဝိပဿနာ (၁) တွင် ဘုရားတပည့်တော်က လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ ဟူသော ပုဒ်ကို ရေးခဲ့သည်မှာ မှန်ပါသည်။ ယင်းပါဠိကို နိဒါနဝဂ္ဂသံယုတ် ကစ္စာနဂေါတ္တသုတ် ၂၄၂ - မှ တိုက်ရိုက်ကူးယူခဲ့ခြင်းဖြစ်ပါသည်။ ယင်းသုတ်တွင် တပည့်တော် ရေးခဲ့သော အတိုင်း ဧကန်ပါနေသော စကားအတိုင်း ထိုပါဠိတော်တွင် ရှာဖွေကြည့်ပါရန် တိုက်တွန်းအပ်ပါသည် ဘုရား။ စာ၏ အဓိပ္ပာယ်အဆိုမှာ “ပြတ်လျှင်မရှိ မပြတ်လျှင် ရှိ၏” ဟူသော အယူကို တင်ပြခဲ့ခြင်းသာ ဖြစ်ပါ သည်။ ယခု စောဒကဘက်မှ ဆရာတော်များက ယင်ပါဠိတော်သည် မည်သည့်ပါဠိတော်တွင်မှ ရှာဖွေ၍ မတွေ့ရသဖြင့် အတိအလင်း ရဲရဲကြီး လိမ်ညာခြင်းဖြစ်သည်ကို စွပ်စွဲထားပါသည်ဘုရား ယခု မူလပါသော ပိဋကတ်တော်ကို သေချာစွာ ထောက်ပြလိုက်ပါသည်” ဟု ချေပလွှာ တင်သွင်းလေသည်။
၁၁။ ဤကဲ့သို့ တရားခွင်ရှေ့မှောက်၌ စောဒကနှင့် စုဒိတကတို့ အဆိုပါ (လောကသမုဒယဉ္စ အတ္ထိ၊ လောက နိရောဓဉ္စ နတ္ထိ) ဟူသော ပါဠိကို ဘုရားဟော ပိဋကတ်တွင် မရှိကြောင်းရှိကြောင်း အငြင်းပွားချက်ကို လက်တွေ့ဖြေရှင်းပေးလိုသဖြင့် စုဒိတကသခင်မြတ်ဆိုင် ညွှန်ပြသော နိဒါနဝဂ္ဂသံယုတ်ပါဠိတော်စာအုပ်ကို သခင်မြတ်ဆိုင်အားပေးပြီး ကစ္စာနဂေါတ္တသုတ်တွင် ပါသည်ဆိုသောပါဠိကို လက်တွေ့ရှာဖွေတင်ပြစေခဲ့သည်။
၁၂။ စုဒိတကသခင်မြတ်ဆိုင်သည် ၎င်းအား ကူညီသူများနှင့်အတူ ဝိနည်းဓိုရ်ဆရာတော်များ၏ ရှေ့မှောက်၌ ထိုပါဠိကို ရှာဖွေခဲ့သည်။ ယင်းသို့ ရှာဖွေသော်လည်း မတွေ့ဘဲ ဖြစ်နေ၍ ဝိနည်းဓိုရ်ဆရာတော်များက “ဒကာကြီးချေပညွှန်ပြသည့်အတိုင်း နိဒါနဝဂ္ဂသံယုတ် ပါဠိတော်တွင် အဆိုပါ (လောကသမုဒယဉ္စ အတ္ထိ၊ လောက နိရောဓဉ္စ နတ္ထိ) ဟူသော ပါဠိကို တွေ့မတွေ့၊ ပါမပါ လက်တွေ့မေးမြန်းရာ သခင်မြတ်ဆိုင်က မတွေ့ကြောင်း မပါကြောင်း တပည့်တော်မှားယွင်းပါကြောင်း ဝန်ခံလျှောက်ထားတင်ပြသည်ကို ဤရုံးတော်က အသံဖမ်း၍လည်းကောင်း လက်နှိပ်စက်ရိုက်၍လည်းကောင်း မှတ်တမ်းတင်ခဲ့ပေသည်၊ ဤကဲ့သို့ ချေပမှု မှားယွင်းနေ၍ စောဒနာအမှတ် (၁၈) ကို ချေပခွင့်မပြုစေတော့ဘဲ တားမြစ်လိုက်ကြသည်။
ပါဠိမှား၏အနက်ကို စိစစ်ခြင်း
၁၃။ စုဒိတကတို့ ကိုးကားတင်ပြသော ပါဠိ၏ အဓိပ္ပာယ်ကို အတိအကျ အမှန်အကန် မြန်မာပြန် ကြည့်သောအခါ သာသနာတော်နှင့် ဆန့်ကျင်သော အဓိပ္ပာယ်သာ ထွက်နေကြောင်း တွေ့ရသည်။ ထို (လောကသမုဒယဉ္စ အတ္ထိ၊ လောက နိရောဓဉ္စ နတ္ထိ) ဟူသော ပါဠိ၏ တိုက်ရိုက်အဓိပ္ပာယ်မှာ -
“လောက၏ဖြစ်ကြောင်း တဏှာသည်လည်းရှိ၏၊
လောက၏ ချုပ်ရာနိဗ္ဗာန်ကား မရှိ” -
ဟူ၍ ဖြစ်ပေသည်၊ ဤအဓိပ္ပာယ်သည် ဘုရားသာသနာနှင့် ဆန့်ကျင်သော အဓိပ္ပာယ်ဖြစ်ကြောင်း ထင်ရှားပေ သည်။ ဤကဲ့သို့ ပါဠိရှိတိုင်း အနက်ကိုမဖော်ပြဘဲ သခင်မြတ်ဆိုင်က “စာ၏ အဓိပ္ပာယ်အဆိုမှာ ပြတ်လျှင် မရှိ၊ မပြတ်လျှင် ရှိ၏ ဟူသော အယူကို တင်ပြခြင်းဖြစ်ပါသည်” ဟု ထည့်သွင်းလျှောက်ထားလေသည်။ သို့ရာတွင် (လောကသမုဒယဉ္စ အတ္ထိ၊ လောက နိရောဓဉ္စ နတ္ထိ) ဟူသော ပါဠိနှင့် ပြတ်လျှင်မရှိ၊ မပြတ်လျှင် ရှိ၏ ဟူသော အနက်အဓိပ္ပာယ်မှာ တခြားစီ ဖြစ်နေသောကြောင့် ပိဏ္ဍပါတံကို သေမျိုးချည်းဟု ဘာသာပြန်သော လူပျက်လူချော်တို့၏ စကားကဲ့သို့ ဖြစ်နေပေတော့သည်။
၁၄။ ဤတွင် ကောက်ချက်ချသည်ရှိသော ပါဠိကလည်း လက်ဖြစ်ပါဠိဖြစ်ခြင်း၊ အနက်ကလည်း ပါဠိ နှင့် မဆီလျော်သော အနက်ဖြစ်ခြင်း၊ ဘုရားမဟောသည်ကို ဘုရားဟောလုပ်ကာ အကြီးအကျယ် လှည့်စား ထားခြင်းဖြစ်ကြောင်း တွေ့ရပေသည်။
ထို့ကြောင့် ဤကဲ့သို့ ပါဠိတု အနက်မှားဖြင့် လှည့်စားခံကြရရှာသူအပေါင်း မည်၍မည်မျှ ရှိနေ မည်နည်းဟု တွေးတောမိ၍ ဝိနည်းဓိုရ်ဆရာတော်များအနေဖြင့် စိတ်မချမ်းမသာဖြစ်ကြရပေသည်။ အနာဂတ် သာသနာတော်အတွက် ရင်လေးဖွယ်ကြီးပေတကား။
ကစ္စာနဂေါတ္တသုတ်၏ အဓိပ္ပာယ်မှန်ကို ဖော်ပြခြင်း
၁၅။ စုဒိတကတို့၏ အနေဖြင့် ကစ္စာနဂေါတ္တသုတ်ကို အကြိုက်ညီ၍ အကိုးများကြောင့် ဖော်ပြခဲ့ပေပြီ။ ထိုစုဒိတကတို့၏ ဆိုလိုချက်နှင့် မူရင်းကစ္စာနဂေါတ္တသုတ်၏ ဘုရားဟောထားပုံ အာဘော်တို့ မည်သို့ မည်ပုံ ကွဲလွဲအံချော်နေကြောင်းကို ဗုဒ္ဓဝါဒီတို့ သံသယကင်း၍ ဉာဏ်အမြင်ရှင်းစေရန် ဖော်ပြလိုက်ပေသည်၊ သမ္မာဒိဋ္ဌိ (အမြင်မှန်)နှင့် ပတ်သက်၍ ကစ္စာနဂေါတ္တမထေရ်က “မြတ်စွာဘုရား သမ္မာဒိဋ္ဌိ သမ္မာဒိဋ္ဌိ ဟူ၍ ဆိုအပ်၏၊ အဘယ်မျှဖြင့် သမ္မာဒိဋ္ဌိ (ကောင်းသော အမြင်) ဖြစ်ပါသနည်း” ဤသို့ မေးလျှောက်သောကြောင့် မြတ်စွာဘုရားက ဤသို့ မိန့်ကြားတော်မူ၏၊
“ဒွက နိဿိတော ဒွါယံ ကစ္စာန လောကော (ပ) ဧတ္တာဝတာ ခေါ ကစ္စာန သမ္မာဒိဋ္ဌိ ဟောတိ” (သံ၊၁၊၂၅၇)
မြန်မာပြန်
“ကစ္စာန - ဤသတ္တဝါအပေါင်းတို့သည် များသောအားဖြင့် ရှိသည်၏အဖြစ် (သဿတဒိဋ္ဌိ) ကို လည်းကောင်း၊ျွရှိသည်၏အဖြစ် (ဥစ္ဆေဒဒိဋ္ဌိ)ကိုလည်းကောင်း ရှိ၏၊
ကစ္စာန - သင်္ခါရလောက၏ ဖြစ်ခြင်းကို မှန်ကန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် ဟုတ်တိုင်း မှန်စွာ မြင်သောသူ၏ သန္တာန်၌ သင်္ခါရလောက၌ မရှိသည်၏အဖြစ်တည်းဟူသော ဥစ္ဆေဒဒိဋ္ဌိ မဖြစ်။
ကစ္စာန - သင်္ခါရလောက၏ ချုပ်ငြိမ်းခြင်းကို မှန်ကန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် ဟုတ်တိုင်း မှန်စွာ မြင်သောသူ၏ သန္တာန်၌ သင်္ခါရလောက၌ ရှိသည်၏အဖြစ်တည်းဟူသော သဿတဒိဋ္ဌိ မဖြစ်။
ကစ္စာန - ကပ်ရောက်မှု (ဥပယ) ပြင်းစွာစွဲလမ်းမှု (ဥပါဒါန်) နစ်မြုပ်စူးဝင်မှု (အဘိနိဝေသ) တို့သည် ဤသတ္တဝါအပေါင်းကို များသောအားဖြင့် နှောင်ဖွဲ့ကုန်၏၊ ဤအရိယာတပည့်သည်ကား စိတ်၏တည်ရာ, နစ်မြုပ်စူးဝင်ရာ ကိန်းအောင်းရာဖြစ်သော ထိုကပ်ရောက်မှု (ဥပယ) ပြင်းစွာစွဲလမ်းမှု (ဥပါဒါန်) ကို ငါ၏ အတ္တတည်းဟု မကပ်ရောက်၊ မစွဲလမ်း၊ စွဲ၍မတည်ဖြစ်ခဲ့သော် (ဥပါဒါနက္ခန္ဓာ) ဒုက္ခသာ ချုပ်၏၊ ချုပ်ခဲ့သော် (ဥပါဒါနက္ခန္ဓာတည်းဟူသော) ဒုက္ခသာ ချုပ်၏၊ ဒုက္ခမှတပါး သတ္တဝါမည်သည် မရှိဟု ယုံမှားမှုမရှိ၊ ဤအရာ၌ ထိုပုဂ္ဂိုလ်အား သူတပါးကို အားထား၍ ယုံကြည်သည်မဟုတ်၊ ကိုယ်တိုင်သိခြင်းသာ ဖြစ်၏၊ ကစ္စာန - ဤမျှဖြင့် မှန်သောအားဖြင့် သမ္မာဒိဋ္ဌိဖြစ်၏၊ (ကစ္စာနဂေါတ္တသုတ် အဋ္ဌကထာနှင့်အညီ မြန်မာပြန်ဆိုသည်)
၁၆။ ကစ္စာနဂေါတ္တသုတ်၏ ဆိုလိုရင်း အဓိပ္ပာယ်ကို အများနားလည်စေရန် ဖော်ပြရသော် -
သတ္တဝါတို့သည် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ၂ ပါးကိုမှီ၏၊ သင်္ခါရလောက၏ဖြစ်ခြင်းကို ဝိပဿနာပညာ မဂ်ပညာဖြင့် မြင်လျှင် ဥစ္ဆေဒဒိဋ္ဌိမဖြစ်၊ သင်္ခါရလောက၏ ချုပ်ငြိမ်းခြင်းကို ဝိပဿနာပညာ မဂ်ပညာဖြင့်မြင်လျှင် သဿတဒိဋ္ဌိမဖြစ်၊ ဤသတ္တဝါအပေါင်းကို များသောအားဖြင့် တဏှာ ဒိဋ္ဌိတို့က နှောင်ဖွဲ့ထား၏၊ အရိယာသာဝကသည် ထိုတဏှာ ဒိဋ္ဌိတို့ကို ငါ၏အတ္တဟု မကပ်ရောက်မစွဲလမ်း ဒုက္ခသာဖြစ်၏၊ ဒုက္ခသာချုပ် ၏ဟု ယုံမှားခြင်းမရှိ၊ ကိုယ်တိုင်သိ၏၊ ကစ္စာန - ဤမျှဖြင့်သာ သမ္မာဒိဋ္ဌိ (အမြင်မှန်) ဖြစ်၏၊
၁၇။ ဤကစ္စာနသုတ်၏ မူရင်း ဘုရားဟော ပါဠိတော်နှင့် မြန်မာပြန်အဓိပ္ပာယ်တို့ကို အစစ်အမှန် သိရခြင်းအားဖြင့် စုဒိတကတို့ကို ကိုးကားသော (လောကသမုဒယဉ္စ အတ္ထိ၊ လောက နိရောဓဉ္စ နတ္ထိ) ဟူသော လက်ဖြစ်ပါဠိ၏ ဘုရားဟော မဟုတ်ပုံကိုလည်းကောင်း စုဒိတကတို့၏ မြန်မာပြန်ဆိုချက်သည် ဘုရား ဟောထားချက်နှင့် တလွဲတခြားစီဖြစ်နေ၍ မှားယွင်းပုံကို လည်းကောင်း သံသယကင်းစွာ သိခွင့်ရရှိကြပေပြီ၊ နောက်နောင်တွင် ဤကဲ့သို့ ပါဠိအတု အနက်မှားများဖြင့် မကြုံကြိုက်ကြရအောင် ဝီမံသ ဝိစရဏဉာဏ်ပညာဖြင့် အစစ်အမှန်ကို လေ့လာအားထုတ်သင့်ကြပေသည်။
(ခ)အမှတ်ပြ စောဒနာကို စိစစ်ချက်
၁၈။ (ခ) အမှတ်ပြ စောဒနာချက်၌ ဗုဒ္ဓဝါဒပြဿနာများ စာအုပ် နှာ ၂၇ တွင် ဖော်ပြထားသော “ဥပါဒါနက္ခန္ဓာပိ ဒုက္ခ၊ အနုပါဒါနက္ခန္ဓာပိ နိရောဓ” ဟူသော ပါဠိကို ဝိနည်းဓိုရ်ဆရာတော်များ စိစစ်ကြည့်ရှု ရာတွင် ဘုရားဟောပါဠိမဟုတ်ကြောင်း တွေ့ကြရပြန်သည်၊ “ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဟူသော ဘုရားဟော ပါဠိတော်ကို ဆင်တူယိုးမှားလုပ်၍ထားကြောင်း တွေ့ရသည်။ (ဥပါဒါနက္ခန္ဓာပိ ဒုက္ခ၊ အနုပါဒါနက္ခန္ဓာပိ နိရောဓ) ဟူ၍ ရေးသားထားခြင်းသည် သဒ္ဒါမမှန်၊ လိင်ဝုစ်မမှန် ပါဠိဟန်ပင်မပေါ်ပေ။ အမှန်စင်စစ် ဥပါဒါနက္ခန္ဓာ ...... အနုပါဒါနက္ခန္ဓာဟူသော ရှေ့ပုဒ်များနှင့် ဝိဘတ်တူလိုက်၍ ဒုက္ခာ....နိရောဓာဟု ရှိနေပါက ဘုရားဟောမဟုတ်သော်လည်း ပါဠိစည်းကမ်းကျသော စကားရပ်ဖြစ်ရာသည်၊ ယခုမူ ပါဠိလည်းမဖြစ် ဘုရားဟောလည်း မစစ်သော ကပြားပါဠိဖြစ်လျက်ရှိကြောင်း တွေ့ရပေသည်။
(ဂ) (ဃ) (င) အမှတ်ပြ စောဒနာများစိစစ်ချက်
၁၉။ ဤအမှတ်ပြစောဒနာ၌ ရွှေအဘိဓမ္မာရခိုင်ပြည်တိတ်ခွေ ဘီ-ဘက်မျက်နှာ၌ အောက်ပါ စကားရပ်များ ပါရှိသည်ကို တွေ့ရသည်။
(ဂ) နိရယံ ဘိက္ခဝေ ဒေသေဿာမိ၊ တံ သုဏာထ ဘိက္ခဝေ နိရယံ၊
သဘာဝေ ဥပ္ပါဒေါ နိရယော၊
ဘိက္ခဝေ၊ သံသရာဘေးလာမည့်ရေးကို မျှော်တွေးထောက်ရှု အိုဘိက္ခုတို့။ နိရယံ၊ ငရဲကို။ ဒေသေဿာမိ၊ ဟောပေအံ့။ တုမှေ၊ သင်တို့သည်။ သုဏာထ၊ နားထောင်ကြကုန်လော့။ သဘာဝေ၊ သဘာဝ လေးပါး၌။ ဥပ္ပါဒေါ၊ အလွန်အလို တဏှာတရား စွဲလမ်းခြင်းသည်။ နိရယော၊ နိရယ မည်၏၊
(ဃ) အပါယံ ဘိက္ခဝေ ဒေသေဿာမိ၊ တံ သုဏာထိ ဘိက္ခဝေ
အပါယံ သဘာဝေ ဥပ္ပါဒေါ အပါယော၊
(င) အဝီစိံ ဘိက္ခဝေ ဒေသေဿာမိ၊ တံ သုဏာထ ဘိက္ခဝေ
အဝီစိံ၊ သဘာဝေ ဥပ္ပါဒေါ အဝီစိ၊
၂၀။ အထက်ပါ စကားရပ်များကို ဖတ်ရှုသူများသည် “ဘိက္ခဝေ” ဟူသော အာလုပ်ပုဒ်ကို တွေ့ရ သဖြင့် ဘုရားဟော ပါဠိတော်ဟုပင် မှတ်ထင်ကြလိမ့်မည် ဖြစ်သည်၊ ပိဋကတ်စာပေ မသင်ကြားဘူးသော လူပုဂ္ဂိုလ်များကို မဆိုထားဘိ စာပေပိဋကတ်ကို ပို့ချနေကြသော ရဟန်းတော်များသည်ပင်လျှင် အနက်အဓိပ္ပါယ်ကို မဆင်ခြင်မိပါက ဘုရားဟောပါဠိတော်ဟု ထင်မှတ်ဖွယ်ရှိပေလိမ့်မည်၊ ရိုးရိုးသားသား ဗုဒ္ဓတရားကို လေ့လာလိုက်စားနေကြရှာသူများအနေဖြင့် ဤဘိက္ခဝေလက်နက်ဖြင့်ပင် အပြီးတိုင် ကျဆုံးသွားကြ ရှာပေလိမ့်မည်၊ ပိဋကတ်စာပေသင်ယူလေ့လာနေကြသော ရဟန်းသံဃာများအနေဖြင့်လည်း အပိုအလုပ်ရှုပ်ခဲ့ ကြမည်ဖြစ်သည်၊ ဘိက္ခဝေကို လန့်သဖြင့် ဟိုဟိုဒီဒီ ဘုရားဟောစာအုပ်၌ ပါလေမည်လားဟု ထောင်းထောင်းကြေအောင် ရှာမိကြမည်ဖြစ်သည်၊ အမှန်စင်စစ်ဆိုခဲ့ပါ (ဂ) (ဃ) (င) အမှတ်ပါ ပါဠိများသည် သံဂါယနာ ၆ တန် တင်ဆက်သည့် ပါဠိအဋ္ဌကထာ ဋီကာတို့၌ ပါရှိသော ပါဠိများမဟုတ်၊ သက်သက်ဘုရားဟော အယောင်ဆောင်ကာ ပုံမှားရိုက်ထားသော ပါဠိအတုများပင် ဖြစ်ကြောင်း တွေ့ရပေသည်။
၂၁။ ယင်းပါဠိအတုများ၏ အနက်အဓိပ္ပါယ်သည်လည်း လုံးဝလွဲမှားလျက် ရှိပေသည်။ ငရဲအကြောင်းကို မြတ်စွာဘုရား ဟောကြားတော်မူထားသော မဟာသီဟနာဒသုတ် စသော ဒေသနာတော်များကို ပြောင်လှောင်ပျက်ချော်သရော်လို၍ မိမိတို့၏ ငရဲမရှိ ရုပ်ဝါဒကို ဘုရားဟောဟန်ဆောင်လျက် လုပ်ကြံ ဖန်တီး ဟောပြောချက်များသာ ဖြစ်ပေသည်။ အလွန်တရာ မြင့်မြတ်၍ ဗုဒ္ဓဘာသာ ရဟန်းရှင်လူ မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားအားလုံးနှင့် ကမ္ဘာ့ဗုဒ္ဓဘာသာများကပါ အမြတ်တနိုး တန်ဖိုးထား၍ နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော ဘုရားရှင်၏ ကိုယ်စား ပိဋကတ်စာပေများကို သို့စဉ်ကလောက် ရက်ရက် စက်စက် အတုအယောင်ပြု၍ ဖျက်ဆီးရဲ ဖျက်ဆီးဝံ့သည်ကို သံဝေဂကြီးစွာ ယူမိကြပေသည်။
(စ) (ဆ) (ဇ) အမှတ်ပြ စောဒနာများစိစစ်ချက်
၂၂။ ထိုရခိုင်ရွှေအဘိဓမ္မာတိတ်ခွေမှပင် ထုတ်နုတ်၍ စောဒကဆရာတော်များက တင်ပြထားသော (စ) (ဆ) (ဇ) အမှတ်ပြ ပါဠိအနက်များသည်လည်း သဒ္ဒယုတ္တိ အတ္ထယုတ္တိ လွန်စွာ ကင်းမဲ့လျက်ရှိကြောင်း တွေ့ရသည်။
(စ) န တေန သော ဘိက္ခု၊ ယာဝတာ ဘိက္ခဝေ ပရေ၊
ဝိသံဓမ္မံ သမာဒါယ၊ ဘိက္ခု ဟောတိ န တာဝတာ၊
ဟူသော ဂါထာကား ပထမပါဒ၌ ချွတ်ယွင်းလွဲမှားလျက်ရှိသည်၊ စင်စစ်ရှိရမည်မှာ ဓမ္မပဒပါဠိတော်၊ နှာ - ၅၁ တွင် လာရှိသည့် မူလဒေသနာအရ (န တေန ဘိက္ခု သော ဟောတိ) သာ ဖြစ်ရပေမည်။
(ဆ) ယဿ နတ္ထိ ဂဟိတံ အယံ သဿတော (ဘုရားရှင် ဟောတယ်) ယဿ၊ အကြင်ပုဂ္ဂိုလ် အား။ နတ္ထိ၊ ပင်ကိုယ်က မရှိတဲ့ တရားတွေကို။ ဂဟိတံ၊ ခန္ဓာကိုယ်မှာ အရှိထင်ပြီး စွဲလမ်းခြင်းသည်။ သဿတော၊ သဿတမည်ပေ၏၊
ဟူသော ဟောပြောချက်သည်လည်း ပိဋကတ်ကျမ်းဂန်နှင့် ဆန့်ကျင်သော ပါဠိအနက် ဆန့်ကျင်သော အယူအဆသာ ဖြစ်ချေသည်။
၂၃။ ထိုမှတဖန် (ဇ) အမှတ်ပြအဖြစ် စောဒကဆရာတော်များက ထောက်ပြထားသော စုဒိတကတို့၏
(ဇ) ယဿ နတ္ထိ မုဉ္စိတဗ္ဗံ အယံ ဥစ္ဆေဒေါ၊
ယဿ ပုဂ္ဂလဿ၊ အကြင်ပုဂ္ဂိုလ်အား။
နတ္ထိ၊ မရှိတဲ့သဘောတရားကို။
မုဉ္စိတဗ္ဗံ၊ ကုန်အောင်လုပ်နေတယ်၊ ထမင်းအငတ်ခံနေတယ်၊ အညောင်းခံနေတယ်၊ အတ္တ ကိလမထာနုယောဂ ဥစ္ဆေဒလမ်းစဉ်ပဲ။
ဟူသော ဟောပြောချက်သည်လည်း အမှားစင်စစ်သာ ဖြစ်နေပေသည်။ ပါဠိအသံပေးပြီး ကိုယ်ထင်ရာကို ပြောထားခြင်းသာ ဖြစ်သည်။ တနည်းအားဖြင့် ဘုရားဟော ပါဠိကို လေးစားကြည်ညိုကြသော ရိုးသားသည့် ဗုဒ္ဓဘာသာဝင်လူထုအား ပါဠိအတုနှင့် ခြောက်၍ စည်းရုံးခြင်းသာ ဖြစ်သည်။ ထိုပါဠိအတုအနက် အမှားများဖြင့် ဟောကြားခြင်းသည် ဘုရားရှင်၏ အဆုံးအမတော်အမှန်များကို လိုက်နာ၍ ဥပုသ်စောင့်သုံးမှု၊ ပထမ ဝိပဿနာ ကမ္မဋ္ဌာန်းတရားအားထုတ်မှုတို့ကို အတ္တကိလမထ၊ ကိုယ်ကို ပင်ပန်းစေသည့်အလုပ်များ ဥစ္ဆေဒလမ်းမှားများဟူ၍ ကဲ့ရဲ့စွပ်စွဲရန် ဖြစ်ပေသည်။ ဤကဲ့သို့ အကျင့်မှန်ကို စွပ်စွဲခြင်းဖြင့် ဘုရားရှင်ကိုလည်း စွပ်စွဲရာ ရောက်ပေသည်။
(စျ) (ည) အမှတ်ပြ စောဒနာကိုစိစစ်ခြင်း
၂၄။(စျ) နတ္ထိ ကိလေသေ ပဟာနာတိ၊
နတ္ထိ ကိလေသေ၊ ပင်ကိုယ်ကမရှိတဲ့ ကိလေသာတွေကို။ ပဟာနာတိ၊ ပယ်ကြကုန်လော။
ဟူသော (စျ) အမှတ်ပြ စကားရပ်၌လည်း ပါဠိမမှန် အနက်မမှန် တွေ့ရပြန်သည်၊ ပင်ကိုယ်က မရှိတဲ့ ကိလေသာ ဟူသော စကားရပ်သည် အနုသယယမိုက်နှင့် ဆန့်ကျင်သော ကျောက်သင်္ဘောတို့၏ အဓမ္မဝါဒမျိုးဖြစ်ကြောင်း တွေ့ရသည်၊ ပဟာနာတိ = ပယ်ကြကုန်လော့ ဟူသော စကားရပ်သည်လည်း ပါဠိကြိယာ အသုံးမဟုတ်ချေ၊ ဤကဲ့သို့ သဒ္ဒယုတ္တိ အတ္ထယုတ္တိ ၂ မျိုးလုံး ကင်းမဲ့ရုံမျှမက ဘုရားဟောပါဠိ ဖြစ်လေဟန် လည်ဆယ်ဟောပြောချက်သာ ဖြစ်ချေသည်။
(ည) အဇာတာယေဝ န ဇာယန္တိ၊
အဇာတာယေဝ = ပင်ကိုယ်ကမရှိတဲ့ ကိလေသာတွေကို။ န ဇာယန္တိ = မဖြစ်အောင် လုပ်ကြ။ (ပင်ကိုယ်က မရှိတဲ့ကိလေသာတွေကို မဖြစ်အောင် နေခြင်းဟာ နိရောဓ)
ဤစကားရပ်သည် မိမိ ထင်ရာ မြင်ရာ အတ္တနောမတိဖြင့် ဆိုထားချက်မျှသာ ဖြစ်သည်၊ ပါဠိ၏ ဆိုလိုရင်း မဟုတ်ပေ၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ (တေ အဇာတာ ယေဝ န ဇာယန္တိ) ဟူသော ပါဠိရှိရာ ထိုပါဠိတော်၏ ဆိုလိုရင်းမှာ -
“အရိယာမဂ်က ခန္ဓာတို့ကို ပိုင်းခြား၍ မသိအပ်သည်ရှိသော် အကြင်ကိလေသာတို့သည် ဖြစ်ရာ ၏၊ ထိုသို့ ဖြစ်ခွင့်ရှိသော ကိလေသာတို့သည် အရိယာမဂ်က ခန္ဓာတို့ကို ပိုင်းခြား၍ သိအပ်ပြီးသည့်နောက်” မဖြစ်သေးဘဲပင် မဖြစ်ကြတော့ကုန်၊ (ဝါ) ဖြစ်ခွင့်မရကြတော့ကုန်”
ဟု ဆိုလိုပေသည်။ ထို့ကြောင့် ရခိုင်ပြည် ရွှေအဘိဓမ္မာ အမည်ခံ ဦးကျော်တင့်၏ ဟောပြောချက်သည် မူလ ပဋိသမ္ဘိဒါမဂ်နှင့်လည်း ဆန့်ကျင်လျက်ရှိ၏၊
၂၅။(ဋ) အနိယျာနိကံ သမ္ဖပ္ပလာပေါ၊
အနိယျာနိကံ = သံသရာမှ ထွက်မြောက်ကြောင်း မဟုတ်တဲ့ ဇာတ်အဋ္ဌကထာ၊ ဗုဒ္ဓဝင် ဝေဿန္တရာ စသည်ကို ဟောပြောခြင်းသည်။ သမ္ဖပ္ပလာပေါ = သမ္ဖပ္ပလာပ မည်၏၊
ဟူသော စုဒိတကတို့၏ အထက်ပါစကားရပ်သည် ဗုဒ္ဓသာသနာတော်ကို စော်ကားလိုစိတ်ဖြင့် ပါဠိကို လုပ်ကြံ၍ အနက်ကို ဖန်တီးပြီး ပြောဟောရေးသားချက်သာ ဖြစ်ကြောင်း တွေ့ရသည်၊ မြတ်စွာဘုရား၏ ဗုဒ္ဓဝင် စသည်ကို ဟောပြောခြင်းကို သမ္ဖပ္ပလာပ ဟု စွပ်စွဲခြင်းဖြစ်သည်၊ ဇာတ်အဋ္ဌကထာ, ဗုဒ္ဓဝင်, ဝေဿန္တရာ စသည်ကို ပြောဟောခြင်းသည် စုဒိတကတို့ စွပ်စွဲသကဲ့သို့ သမ္ဖပ္ပလာပဘော လုံးဝ မဟုတ်ချေ၊ ဓမ္မဒေသနာ ကုသိုလ်သာ ဖြစ်သည်။
သမ္ဖပ္ပလာပဆိုသည်မှာ ဝစီဒုစရိုက်, နှုတ် မိုက် စကားတမျိုးပင် ဖြစ်သည်၊ အဋ္ဌသာလိနီ နှာ ၁၄၃-၌ “အနတ္ထ ဝိညာပိကာ ကာယဝစီပယောဂ သမုဋ္ဌာပိကာ အကုသလစေတနာ သမ္ဖပ္ပလာပေါ” စသည်ဖြင့် ဖွင့်ပြ တော်မူသည်။
“အကျိုးမရှိ အနက်အဓိပ္ပါယ်မရှိ မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းများကို သူတပါးအား သိစေ တတ်သော အပြုအမူ အပြောအဆိုတို့ကို ဖြစ်စေတတ်သော အကုသိုလ်စေတနာသည်သာလျှင် သမ္ဖပ္ပလာပ မည်ပေသည်”။
ဤအဓိပ္ပာယ်များအရ ဗုဒ္ဓဝင်ကို ဟောကြားခြင်းသည် အကုသိုလ်စေတနာမဟုတ်မူ၍ သမ္ဖပ္ပလာပ မဟုတ်ကြောင်းမှာ ထင်ရှားသည်၊ ထို့ပြင် ဘုရားဟောဇာတ် နိပါတ်တော်များကို ဟောကြားခြင်းသည်လည်း အကုသိုလ်စေတနာမဟုတ် သမ္ဖပ္ပလာပ မဟုတ်ပေ၊ စောဒကဆရာတော်တို့က သက်သေခံအဖြစ် တင်ပြထားသော စုဒိတကတို့၏ တိတ်ခွေတို့၌ ပါရှိသော ဟောပြောချက်စကားတို့သည်ကား အကျိုးမရှိ အနက်အဓိပ္ပာယ် မမှန် အကုသိုလ်စေတနာအရင်းခံဖြင့် ပြောဟောထားသော စကားများ ဖြစ်ခြင်းကြောင့် စင်စစ် သမ္ဖပ္ပလာပများသာ ဝေဖန် သုံးသပ်တော်မူကြသည်။
၂၆။ ဤအမှတ် (၁၈) စောဒနာကို ခြုံငုံ၍ သုံးသပ်ရသော် စုဒိတကတို့သည် ဘုရားမဟောသည်ကို ဘုရားဟော ပြုလုပ်ရေးသားခြင်း ဟောပြောဖြန့်ဝေခြင်းများ ပြုလုပ်ကြ၍ “အဘာသိတံ အလပိတံ တထာဂ တေန ဘာသိတံ လပိတံ တထာဂတေနာတိ ဒီပေန္တိ” ဟူသော ဘေဒကရဝတ္ထုနှင့် ငြိစွန်းသောကြောင့် ၎င်းတို့၏ အပြုအမူ အယူအဆသည် အဓမ္မဝါဒသာ ဖြစ်သည်၊ ထိုဝါဒကို ရေးသားဟောပြောကြသော သူတို့သည်လည်း အဓမ္မဝါဒီတို့သာ ဖြစ်သည်ဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်တို့ တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)
စောဒနာအမှတ် (၁၉)
ဗုဒ္ဓ၏ ဖြစ်တော်စဉ် ဗုဒ္ဓဝင်များကို မထီမဲ့မြင်ပြုခြင်းနှင့် စပ်သော ဝိနိစ္ဆယ
ဗုဒ္ဓမြတ်စွာဘုရား၏ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်များကို လက်မခံခြင်း၊ ဗုဒ္ဓဝင်များကို ပြောင်လှောင်ပျက်ချော်သရော်ခြင်းတို့နှင့် ပတ်သက်၍ စောဒကပုဂ္ဂိုလ်တို့၏ စောဒနာအကျဉ်း ကောက်နုတ်ချက်များ
၁။ စောဒကပုဂ္ဂိုလ်တို့က စောဒနာရာဝယ် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ မှောင်ခိုထုတ်ဝေသော အတွဲ (၁) အမှတ် (၄) သစ္စာဓမ္မစာစောင်၌ -
(က) ဘုရားအလောင်းတော် သေတကေတုနတ်သားအား ဘုရားဖြစ်ရန် လူ့ပြည်သို့ သန္ဓေယူပါမည့် အကြောင်း နတ်, ဗြဟ္မာတို့က ဝိုင်းဝန်းတောင်းပန်ကြသည်ဟု ဆိုရာ၌ ဘုရားအလောင်း နတ်သားကိုယ်တိုင်က မသိသောကိစ္စကို နတ် ဗြဟ္မာတို့က ကြိုတင်ပြီး “ဘုရားဖြစ်မည့်သူ” ဟု သိထားနှင့်သလိုလို တဆင့်တလုံး တင်စီးထားလိုက်ကြသည်ဟု ရေးသားထားခြင်း၊
(ခ) သန္ဓေယူရန် ဝိုင်းဝန်းတောင်းပန်ကြခြင်းမှာလည်း ကိုယ့်ကိုယ်ကို သတ်သေခိုင်းခြင်းပင် ဖြစ်ရကား သူတို့၏ တောင်းပန်မှုကြောင့် သေတကေတုနတ်သားမှာ နတ်စည်းစိမ်ပင် ခံစားခွင့်မရဘဲ လက်ကတီးကြားမှ ချွေးယိုစီးကာ မှိုင်တွေလျက် စုတေခဲ့ရသည်ဟု ရေးသားထားခြင်း၊
(ဂ) မယ်တော်မာယာ၏ ဆင်ဖြူတော်အိပ်မက်ကို ရှုတ်ချရေးသားထားခြင်း၊
(ဃ) သဂါထာဝဂ္ဂသံယုတ်ပါ နတ် သုတ်တို့သည် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို အစော်ကားဆုံး ဖြစ်သည်ဟု ရေးသားထားခြင်း၊
(င) “တဏှာကို ဖြတ်ပါလော” စသော ဂါထာများဖြင့် လျှောက်ထားသော တာယနနတ်သားကို မြတ်စွာဘုရားအား ဆရာလုပ်သူဟု ရှုတ်ချထားခြင်းနှင့် ယင်းဂါထာများကို သင်ယူပို့ချစေခြင်း ကိစ္စကိုလည်း အသင့်ယုတ္တိမရှိဟန် ရေးသားထားခြင်း၊
(စ) တာဝတိံသာနတ်ပြည်၌ တဝါတွင်းလုံး အဘိဓမ္မာတရား ဟောတော်မူသော မြတ်စွာဘုရားကို မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားက တကြိမ်မျှ ဆွမ်းကျွေးသည်ကို မတွေ့ရကြောင်း ရေးသားထားခြင်း၊
(ဆ) ထိုဂါထာတွင်း၌ တောင်ကျွန်း, မြောက်ကျွန်း, အနောက်ကျွန်းသို့ ကြွ၍ မြတ်စွာဘုရား ဆွမ်းခံ၍ ဘုဉ်းပေးနေသည်ကို မယ်တော်နတ်သားသည် တော်တော်ပင် ကြည့်နေနိုင်သည်ဟု ရေးသားထားခြင်း၊
၂။ ရခိုင်ပြည်မှ ရွှေအဘိဓမ္မာ ကြေငြာချက်၌လည်း -
(ဇ) ငါးရာ့ငါးဆယ်ဇာတ်တော်များ၌ မြတ်စွာဘုရား၏ ကြီးကျယ်သော အံ့ဩဖွယ်များ ပါရှိနေပါလျက် ကျန်သေးသည်ဆိုသော အရိမေတ္တယျဘုရားလောင်း၏ ထိုအံ့ဩဖွယ်များမှာမူ ကမ္ဘာပေါ်၌ ယနေ့အထိ မတွေ့ရှိရခြင်းမှာ အရိမေတ္တယျဟူ၍ မကျန်၍လော၊ ဇာတ်တော်များကပင် ဒဏ္ဍာရီပုံပြင်ဖြစ်နေ၍လော ဝေဖန် သင့်သည်ဆိုခြင်း၊
(စျ) ညောင်တပင်မှာ အမည်မသိသူတစ်ဦးက ပေးလိုက်၍ မယ်တော်မာယာတွင် သိဒ္ဓတ္ထသန္ဓေရခဲ့သည်ဟု ဗုဒ္ဓဝင်ကျမ်းစာ၌ ပါရှိသည်မှာ လွန်လွန်းသည်ဆိုခြင်း၊
(ည) ဗုဒ္ဓဝင်အဆိုအရ နတ်ဗြဟ္မာတို့က တောင်းပန်၍ မယ်တော်မာယာဝမ်းတိုက်၌ ဘုရားလောင်း ပဋိသန္ဓေနေရသည်မှန်ပါက သုဒ္ဓေါဒနသည် ဘခင်အရင်း မဟုတ်နိုင်ဟု ရေးသားထားခြင်း၊
(ဋ) ဘုရားအလောင်း ဖွားမြင်စဉ်က အကျိုး, အကန်းများ အကောင်းဖြစ်ခြင်းနှင့် နတ်ပြည် ငရဲပြည်တို့ကို ဟာလာဟင်းလင်း ဖြစ်ရခြင်းတို့မှာ ဗုဒ္ဓဝင်မှာသာပါရှိ၍ ကမ္ဘာ့သမိုင်းမှာ မပါရှိခြင်းကြောင့် ဗုဒ္ဓဝင်ကို မခိုင်လုံဟန် ဝေဖန်ထားခြင်း။
၃။ သစ္စာဓမ္မစာစောင် ရွှေအဘိဓမ္မာတို့၌ ရေးသားထားသော အထက်ပါ အကြောင်းအရာတို့ကို သက်သေသာဓကအဖြစ် ထုတ်ပြပြီးလျှင် ထိုသို့ရေးသားခြင်းဖြင့် ကံတရားပစ်ပယ်မှု၊ ၃၁-ဘုံ ပစ်ပယ်မှုတို့ကို အရင်းခံပြု၍ ဗုဒ္ဓမြတ်စွာ၏ လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်ခဲ့ပုံတို့ကို လက်မခံကြသူများ ဖြစ်သည်ဟု စောဒကပုဂ္ဂိုလ်တို့က စောဒနာကြသည်။
၄။ ထို့နောက် စောဒကပုဂ္ဂိုလ်တို့၏ ဝိသေသစောဒနာ၌ -
ဗုဒ္ဓမြတ်စွာ၏ အားကျဖွယ်၊ ကြည်ညိုဖွယ်ကောင်းလှသော ဗုဒ္ဓဝင်အဖြစ်တော်များကို လက်မခံရုံမျှမက ပြောင်လှောင်ပျက်ချော်သရော်စော်ကား ရေးသားထားကြောင်းကိုလည်းကောင်း ထိုသို့ ရေးသားခြင်းဖြင့် ကိမိလသုတ်ဒေသနာတော်အရ သူတော်ကောင်းတရားတည်းဟူသော သာသနာတော်ကို အရှည်မခံ့ မတည်တံ့အောင် ဖျက်ဆီးရာရောက်ကြောင်းကိုလည်းကောင်း ထုတ်ဖော်တင်ပြစောဒနာကြသည်။
၅။ ထို့ပြင် ဘုရားတဆူ ပွင့်ထွန်းလာဖို့အရေးသည် အလွန်ကြီးမားသော ကိစ္စဖြစ်၍ ဘုရားအလောင်း နတ်သားအား နတ်, ဗြဟ္မာတို့က ဝိုင်းဝန်း တောင်းပန်ကြခြင်းဖြစ်ကြောင်း၊ ယင်းသို့ တောင်းပန်ရာ၌လည်း အသင်နတ်သားဘုရားဖြစ်လိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်ခြင်းမျိုး မဟုတ်ဘဲ ဘုရားဖြစ်ရန် လူ့ပြည်သို့ဆင်း၍ သန္ဓေယူပါဟူသော တောင်းပန်ခြင်းဖြစ်ကြောင်း။
ဘုရားဖြစ်မည့်အကြောင်းကို ဘုရားအလောင်းတော်က မသိဘဲ နတ်ဗြဟ္မာတို့က ကြိုတင်သိနှင့်သည်ဟု ဝေဖန်ခြင်းမှာလည်း ဗုဒ္ဓဝင်စာသားကို နားလည်အောင်မဖတ်၍သာဖြစ်ကြောင်း၊ စုဒိတပုဂ္ဂိုလ်တို့ ရေးသားထားသလို သတ်သေဖို့ရန် တောင်းပန်ခြင်းမျိုးလည်း မဟုတ်ဘဲ ပါရမီရင့်သန်သဖြင့် ဘုရားဖြစ်ချိန်ရောက်၍သာ သန္ဓေယူရန် တောင်းပန်ခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြန်လည်ချေပခြင်းဖြင့် စောဒနာကြသည်။
၆။ ထို့ပြင် ရွှေအဘိဓမ္မာကြေငြာချက်၌ ယနေ့အထိ အရိမေတ္တယျဘုရားအလောင်းတော်၏ အံ့ဩဖွယ်များ မတွေ့ရဟု ဆိုထားခြင်းမှာ ဇာတ်တော်များကို ဒဏ္ဍာရီပုံပြင်ဟု စွဲလမ်းမှု ဥပါဒါန်ကြောင့်သာ ဖြစ်ကြောင်း၊ တဦးဦးက ထိုအံ့ဩဖွယ်များ တွေ့ရှိရလျှင်လည်း အရိမေတ္တယျဘုရားအလောင်းတော်၏ အံ့ဩဖွယ်များဟု မည်သူမျှ သိနိုင်မည် မဟုတ်ကြောင်း။
ညောင်တပင်မှာ အမည်မသိသူတဦးက မယ်တော်မာယာအား အလောင်းတော်သိဒ္ဓတ္ထ သန္ဓေရအောင် ပေးလိုက်သည်ဟု ဗုဒ္ဓဝင်မှာ ပါရှိကြောင်း ရွှေအဘိဓမ္မာက ဆိုထားသော်လည်း မည်သည့်ထေရဝါဒ ဗုဒ္ဓဝင်၌မျှ မပါရှိကြောင်း ဘုရားအလောင်း ဖွားမြင်စဉ်က အကျိုးအကန်းတွေ ပကတိအကောင်းဖြစ်ကုန်သည်၊ နတ်ပြည် ငရဲပြည်တွေကို မြင်ရသည်ဟူသော ဗုဒ္ဓဝင်အဆိုမှာ လွန်ခဲ့သောနှစ်ပေါင်း (၂၆၀၀) က အဖြစ်အပျက်ဖြစ်၍ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းမတင်ခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြန်လည်တင်ပြစောဒနာကြသည်။
စုဒိတာပုဂ္ဂိုလ်တို့၏ သောဓနာ (ချေပလွှာ) အကျဉ်းချုပ်
ကောက်နုတ်ချက်များ
၇။ စုဒိတာပုဂ္ဂိုလ်များ၏ ပြန်လည်ချေပချက်များအနက် သခင်မြတ်ဆိုင်ပြန်လည်ချေပရာ၌ -
(က) လေးအသင်္ချေနှင့် ကမ္ဘာတသိန်းစသော စကားမျိုးကို ဗုဒ္ဓရှင်တော်ဟောတော်မူရန် မဆိုထားဘိ တကမ္ဘာ၏ ကာလသက်တမ်းကိုပင် ဟောတော်မမူကြောင်း သာဓကထုတ်ပြရလျှင် နိဒါနဝဂ္ဂသံယုတ် အနမတဂ္ဂသံယုတ် ပဗ္ဗတသုတ်၌ ရဟန်းတပါးက မြတ်စွာဘုရားအား ဤကမ္ဘာ၏သက်တမ်းကို မေးလျှောက်သောအခါ ကမ္ဘာသည် အလွန်ရှည်လျားလှ၍ နှစ်ပေါင်းရာထောင်သိန်းသန်းတို့ဖြင့် ရေတွက်ခြင်းငှာ မလွယ်ကူလှကြောင်း၊
ဥပမာအားဖြင့် အလျား အနံ တယူဇနာစီ ထုထည်ရှိသော မြေစိုင်ခဲကြီးမှ အနှစ်အရာလျှင် တကြိမ်သာ မုန်ညင်းစေ့ တစေ့စာမျှယူခဲ့သော် မြေစိုင်ခဲကြီးသာကုန်သွား၍ တကမ္ဘာမှာ မကုန်နိုင်လောက်အောင် ရှည်လျား လှသောကြောင့် တခုသောကမ္ဘာ နှစ်ခုသောကမ္ဘာဟုလည်းကောင်း ကမ္ဘာပေါင်း ဆယ်ရာထောင်သိန်းသန်း ဟုလည်းကောင်း မပြောဆိုအပ်ကြောင်း အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာ၏လည်းကောင်း ဤသံသရာ၏ လည်းကောင်း အစအဆုံးသည် မထင်နိုင် လွတ်မြောက်ခြင်းငှာသာလျှင် သင့်လှပေတည်းဟု မိန့်တော်မူကြောင်း။
(ခ) ထို့ပြင် အလားတူ သာသပသုတ် သာဝကသုတ် ဂင်္ဂါသုတ်စသော သာဓကများကို ထောက်၍လည်း လေးအသင်္ချေနှင့် ကမ္ဘာတသိန်း စသော စကားမျိုးမှာ ဗုဒ္ဓရှင်တော်၏ စကားမဟုတ်ကြောင်း၊ ထို့ကြောင့် ဓမ္မဟဒယဝိဘင်း၌ပါသော နေဝသညာနာသညာယတန ဗြဟ္မာတို့၏အသက် ကမ္ဘာရှစ်သောင်း လေးထောင် ဆိုသည်မှာလည်း ဗုဒ္ဓဟောနှင့် မဆိုင်ပါကြောင်း၊ ပါရမီဖြည့်တော်မူခြင်းကိုမူ တပည့်တော်တို့ ငြင်းဆန်ခြင်း မပြုပါကြောင်းဖြင့် ပြန်လည်တင်ပြချေပထားသည်။
(ဂ) သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ချုပ်မှ ချေပလွှာသောဓနာ၌မူ ဤအမှတ် (၁၉) ဗုဒ္ဓဝင်ကိစ္စကို တပည့်တော်တို့ ပြန်လည်မချေပလိုကြောင်း၊ မာပိဋကသမ္ပဒါနေန ဂဏှိတ္ထ- ဟူ၍ ဗုဒ္ဓရှင်တော်မြတ် ဟောမြွက်ခဲ့ပါ သေးသည်၊ ဗုဒ္ဓဝင်ကျမ်းများတွင် ဗုဒ္ဓ၏ဂုဏ်တော်ကို ထိခိုက်စေသည့်အကြောင်းအရာ အများအပြား ပါဝင်နေသည်ကို ငြင်းဆိုနိုင်လျှင် ငြင်းဆိုဖို့အကြောင်း ပြန်လည်တင်ပြချေပကြသည်။
ဝိနည်းဓိုရ်ဆရာတော်တို့နှင့် ဝေဖန်စိစစ်ချက်
လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်တော်မူခဲ့ခြင်း
၉။ “ကံတည်းဟူသော အကြောင်းတရားသည် ရှိ၏၊ ထိုကံအကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားသည် ရှိ၏” ဟူ၍ ကိုယ်တော်တိုင် မှန်ကန်စွာ သိမြင်တော်မူသဖြင့် ကမ္မဝါဒီ ကိရိယဝါဒီ ဖြစ်တော်မူသော မြတ်စွာဘုရားသည် လူ့ဘဝ, နတ်ဘဝ, တိရစ္ဆာန်ဘဝ အစရှိသော ရှေးရှေးသော ဘဝပေါင်းများစွာက ဒါန သီလ နေက္ခမ္မ အစရှိသော အကြောင်းကံ ကုသိုလ်ပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ခြင်းကြောင့် သဗ္ဗညုတဉာဏ်တော်သခင် မြတ်စွာဘုရားရှင်ဖြစ်၍ ဤသတ္တလောက၌ တန်းတူ ရည်တူ အရည်ချင်းတူ ပုဂ္ဂိုလ်မရှိ၊ မိမိတဦးတည်း တဆူတည်း ပွင့်ထွန်းပေါ်ပေါက်တော်မူလာခဲ့၏၊
၁၀။ ယင်းသို့ သဗ္ဗညုဘုရားရှင် အဖြစ်ဖြင့် ပွင့်ထွန်းဖို့အတွက် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူရာ၌လည်း ဘဝအနည်းငယ်မျှ ဖြည့်ကျင့်ခဲ့သည်မဟုတ်၊ ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တသိန်း တိတိမျှ ကာလ ကြာညောင်း ဘဝပေါင်းများစွာ ဖြည့်ကျင့်တော်မူခဲ့ရကြောင်းကို -
ကပ္ပေ စ သတ သဟေဿ၊ စတုရော စ အသင်္ခီယေ။
ဧတ္ထန္တရေ ယံ စရိတံ၊ သဗ္ဗံတံ ဗောတိပါစနံ။
ဟူ၍ စရိယာပိဋကပါဠိတော် (နှာ ၃၈၅) ၌ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သည်။
မြန်မာပြန်
ကမ္ဘာပေါင်း လေးသင်္ချေနှင့် တသိန်းမျှ ရှည်လျားသော ဤအချိန်ကာလအတွင်း၌ ဘဝပေါင်းများစွာ ငါဘုရားဖြည့်ကျင့် ဆည်းပူးတော်မူခဲ့သမျှ ဒါန သီလ အစရှိသော ကုသိုလ်ကံပါရမီတော်အလုံးစုံသည် သဗ္ဗညုတဉာဏ်ဗောဓိ၏ ရင့်သန်ကြောင်း တရားအပေါင်းဖြစ်သည်၊ စုဒိတက သခင်မြတ်ဆိုင်သည် ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ကို နှံ့စပ်အောင် မဖတ်နိုင်၍ လေးသင်္ချေနှင့် ကမ္ဘာတသိန်းကို ဘုရားရှင်ကိုယ်တိုင် ဟောခဲ့သည်ကို မတွေ့မသိသောကြောင့် သူ၏ ချေပလွှာ၌ လေးသင်္ချေနှင့် ကမ္ဘာတသိန်း စကားမျိုးကို ဗုဒ္ဓရှင်တော် မဟောခဲ့ဟူ၍ ဆိုမှားမိပေသည်။
တကမ္ဘာ၏ သက်တမ်း
၁၁။ စုဒိတကပုဂ္ဂိုလ်တို့ ပြောသလိုမဟုတ်ဘဲ လေးသင်္ချေနှင့် ကမ္ဘာတသိန်းကာလကို လည်းကောင်း တကမ္ဘာ၏ ကာလသက်တမ်းကိုလည်းကောင်း မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပေသည်၊ ယင်းသို့ ဟောကြားတော်မူရာ၌ တကမ္ဘာသည် အလွန့်အလွန်ရှည်လျားလှသောကြောင့် နှစ်ပေါင်းတရာရှိသည်၊ နှစ်ပေါင်း ထောင်သောင်းသိန်းသန်း စသည်ရှိသည်ဟူ၍ ကမ္ဘာ၏သက်တမ်းကာလကို နှစ်အရေအတွက်ဖြင့် သတ်မှတ်၍ မဖြစ်နိုင်ရကား သံယုတ်ပါဠိတော် အနမတဂ္ဂဝဂ် ပဗ္ဗတသုတ် သာသပသုတ် (သံ၊၁၊၃၈၉၊ ၃၉၀) တို့၌ ကျောက်တောင်ဥပမာ မုန်ညင်းစေ့ဥပမာပြ၍ သတ်မှတ်ဟောကြားတော်မူ၏၊
၁၂။ ပဗ္ဗတသုတ်၌ အလျား အနံ အမြင့် တယူဇတာစီရှိပြီး အခေါင်းအပေါက်မရှိ တခဲနက် မာကျော ကျစ်လျစ်သိပ်သည်းလှသော ကျောက်တောင်ကြီးကို ယောကျ်ားတစ်ယောက်သည် ကာသိတိုင်းဖြစ် နူးညံ့လှစွာသော အဝတ်အထည်ဖြင့် အနှစ်တရာတရာကြာလျှင် တကြိမ် တကြိမ်မျှသာ ပွတ်တိုက်ခဲ့သော် ကျောက်တောင် ကြီးသာလျှင် ပွန်းပဲ့ကုန်ခန်းသွားစရာရှိ၍ တကမ္ဘာဟူသော အချိန်ကာလကား မကုန်ခမ်းသေး၊ တကမ္ဘာသည် ဤမျှလောက် ကာလကြာမြင့်၏၊ ဤမျှလောက် ကာလကြာမြင့်မှ တကမ္ဘာ အချိန်ကာလကုန်ဆုံး၍ သတ္တဝါတို့ နေထိုင်ရာ စကြာဝဠာ လောကဓာတ်တည်းဟူသော ဤဩကာသလောကကြီးသည် ပျက်စီးသွား၏ဟု ဟောတော်မူသည်။
၁၃။ သာသပသုတ်၌ အလျား အနံ အမြင့် တယူဇနာစီရှိသော သံတံတိုင်းကြီးဖြင့် ကာရံထားအပ်သော မြို့ကြီးအတွင်း၌ လုံးခဲထိစပ် ပူးကပ်နေလောက်အောင် အပြည့်သိပ်ထည့်ထားအပ်သော မုန်ညင်းစေ့ အပုံကြီးထဲမှ အနှစ်တရာကြာလျှင် မုန်ညင်းစေ့တစေ့တစေ့မျှ ထုတ်ယူခဲ့သော် မုန်ညင်းစေ့တွေသာ ကုန်ခန်းသွားစရာရှိ၍ တကမ္ဘာမှာ မကုန်ခန်းနိုင်သေး၊ ဤသို့ မြတ်စွာဘုရား ဟောကြားတော်မူ၏၊
၁၄။ သခင်မြတ်ဆိုင်သောဓနာ၌ ပဗ္ဗတသုတ်နှင့် သာသပသုတ်ပါဠိတော်နှစ်ရပ်ကို ရောစပ်ပြီး ရှုပ်ထွေးလွဲမှားစွာ မြန်မာပြန်ဆိုထား၏၊ ထို့ကြောင့် ပါဠိတော်၏ ဆိုလိုရင်းအဓိပ္ပာယ်ပေါ်လွင်အောင် ပဗ္ဗတသုတ်ကို အကျဉ်းချုပ် မြန်မာပြန်ဆိုဦးမည်။
ရဟန်း အလျား အနံ အမြင့် တယူဇနာစီရှိပြီး အလွန်သိပ်သည်းကျစ်လျစ်မာကျောလှသော ကျောက်တောင်ကြီးကို အနှစ်တရာ တရာလျှင် တကြိမ် တကြိမ်မျှသာ ကာသိတိုင်းဖြစ် အဝတ်နု အဝတ်ပါး ကလေးဖြင့် ပွတ်တိုက်ခဲ့သော် ကျောက်တောင်ကြီးသာ ကုန်ဆုံးပျက်သုဉ်းသွားစရာရှိ၍ တကမ္ဘာဟူသော အချိန်ကာလကား မကုန်ဆုံးသေး၊ ရဟန်း တကမ္ဘာအချိန်ကာလသည် ဤမျှလောက် ရှည်လျား၏၊ (တစဉ် တတန်းကြီး အဆက်မပြတ် ဖြစ်လာခဲ့သော ရုပ်နာမ်ခန္ဓာ သံသရာဘဝခရီးကြီးကား ထို့ထက်ပင် ရှည်လျားသေး၏၊ ထို့ကြောင့် ဤသံသရာဘဝသည်) တကမ္ဘာအချိန်ကာလမျှ ရှည်လျားကြာမြင့်ပြီဟုလည်း ပြော၍ မဖြစ်၊ ကမ္ဘာပေါင်း ရာထောင်သိန်း ရှည်လျားကြာမြင့်ပြီဟုလည်း ပြော၍မဖြစ်၊ အဘယ်ကြောင့်ဆိုသော် ရဟန်း ဤသံသရာဘဝမှာ အစမရှိ၊ ဖြစ်စကို ရှာမရနိုင်သောကြောင့် ဖြစ်၏၊
အဝိဇ္ဇာအမှောင်ထုဖြင့် ပိတ်ဖုံးခံရပြီး တဏှာနှောင်ကြိုးဖြင့် ဖွဲ့ထုတ်ချည်နှောင်ခံရသော တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကျင်လည်နေကြသော သတ္တဝါတို့ ဘယ်တုန်းကမှစ၍ ဖြစ်ခဲ့သည်ဟူ၍ သံသရာဘဝ၏ အဦးအစ မထင်မမြင်နိုင်ပေ၊ ရဟန်းတို့ အသင်တို့သည် သို့ကလောက် ကြာမြင့်စွာ ဒုက္ခခံခဲ့ရလှပြီ၊ ဆွေမျိုး သားချင်းစသည် ပျက်စီးပေါင်းများစွာကို တွေ့ကြုံခံစားခဲ့ရလှပြီ၊ သုသာန်သင်္ချိုင်းလုပ်တိုင်း မြေပုံကို ထပ်လျက် ဆင့်လျက် မြင့်တက်လာစေအပ်ပြီ၊ ရဟန်းတို့ အားလုံးသော ရုပ်နာမ်သင်္ခါရတို့၌ အလွန်ပင် ငြီးငွေ့သင့် စက်ဆုပ်သင့်လှပြီ၊ (ထိုရုပ်နာမ်သင်္ခါရ သံသရာဘဝမှ) အလွန်ပင် လွတ်မြောက်သင့် လွတ်မြောက်ထိုက်လှပြီ၊ ဤသို့ ဟောကြားတော်မူ၏၊
၁၅။ ဤပါဠိတော်သည် ရုပ်နာမ်ခန္ဓာ သံသရာဘဝခရီးစဉ်ကြီး ဘယ်အချိန်ကစ၍ ဖြစ်ခဲ့သည်ကို မထင်မမြင်နိုင်လောက်အောင် ရှည်လျားလှပုံကို ကမ္ဘာဟူသော ရှည်လျားလှသောအချိန်ကာလဖြင့်ပင် တိုင်းတာသတ်မှတ်၍ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ရုပ်နာမ်သင်္ခါရ သံသရာဘဝ၌ အလွန်ပင် ငြီးငွေ့စက်ဆုပ် သင့်ကြောင်း၊ ထိုသံသရာဘဝမှ လွတ်မြောက်အောင် အားထုတ်သင့်ကြောင်း ဟောတော်မူအပ်သော ပါဠိတော် ဖြစ်၏၊ စုဒိတကသခင်မြတ်ဆိုင်ထင်သလို တကမ္ဘာ၏ သက်တမ်း သတ်မှတ်ချက်မရှိဟု ဟောပြသော ပါဠိတော်မဟုတ်၊ သခင်မြတ်ဆိုင်သည် မြန်မာစာတတ်၍ ပါဠိတော်မြန်မာပြန်ကို ဖတ်သော်လည်း ဘုရားဟော သုတ်တရားက ဘာကိုဆိုလိုသည်ဟု လိုရင်းကို မသိတတရရှာပေ။
အသင်္ချေယကပ်လေးကပ်ပြည့်လျှင်တစ်ကမ္ဘာ
၁၆။ ထိုမျှလောက် ကြာမြင့်လှသော ကမ္ဘာဟူသော အချိန်ကာလကို တကမ္ဘာ နှစ်ကမ္ဘာစသည်ဖြင့် ပိုင်းခြားသတ်မှတ်ရာ၌ သတ္တဝါတို့၏ တည်နေရာ စကြဝဠာကမ္ဘာ လောက (ဩကာသလောက) ကြီး၏ အဖြစ်အပျက် ပြောင်းလဲမှုဖြင့် သတ်မှတ်ရ၏၊ သတ်မှတ်ပုံမှာ -
(က) သံဝဋ္ဋအသေင်္ချေယျ = အလွန် အလွန် ရှည်လျားလှသော အချိန်ကာလတွေ ကုန်လွန်သွားသည့် အခါ ဤကမ္ဘာလောကကြီးသည် မီး-ရေ-လေ သုံးမျိုးတို့တွင် တမျိုးမျိုးဖြင့် ပျက်စီးသွားလိမ့်မည်၊ မီးလောင်၍ ပျက်စီးသွားမည့်ကမ္ဘာဖြစ်အံ့၊ ပျက်စီးခါနီးတွင် ရှေးဦးစွာ ကမ္ဘာဖျက်မိုးကြီး ရွာသွန်း၏၊ ထို့နောက် နှစ်ပေါင်း ဤရွေ့ဤမျှဟု မခန့်မှန်းနိုင်လောက်အောင် ကြာမြင့်သောအခါ မီးလောင်၏၊ ထိုသို့ အကြီးအကျယ် တောက်လောင်နေသော ကမ္ဘာဖျက်မီးကြီးသည် အဏုမြူမျှ ပြာကလေးမျှ မီးစာမကျန်သည်အထိ လောင်ကျွမ်းပြီးမှ ငြိမ်းသွား၏၊ ဤနည်းအားဖြင့် ကမ္ဘာဖျက်မိုး ရွာသည်မှစ၍ မီးတောက်မီးလျှံ ငြိမ်းသွားသည်တိုင်အောင် အလွန်အလွန် ကြာမြင့်လှသော အချိန်ကာလကို သံဝဋ္ဋအသင်္ချေယျကပ်ဟုခေါ်၏၊
(ခ) သံဝဋ္ဋဌာယီ အသင်္ချေယျကပ် = ထိုကမ္ဘာဖျက်မီးကြီး ငြိမ်းသွားပြီးနောက် မီးလောင်ပြင် ရွာပျက်ကြီးကဲ့သို့ ကမ္ဘာမြေထုနှင့် အဆောင်အယောင်ဘုံဌာနတွေ ဘာမျှမရှိသေးဘဲ ဟင်းလင်းပြင်ကောင်းကင်ကြီး အနေဖြင့် ပျက်စီးသည့်ပုံစံအတိုင်း တည်နေလာခဲ့ရာ ယခင်ကအတိုင်း နှစ်အရေအတွက် မခန့်မှန်းနိုင်လောက်အောင် အချိန်တွေ ကုန်လွန်ပြီးမှ ကမ္ဘာပြုမိုးကြီး ရွာချလိုက်၏၊ ယင်းသို့ ကမ္ဘာဖျက်မီးကြီး ငြိမ်းသွားပြီးသည် မှစ၍ ကမ္ဘာပြုမိုးရွာသည်အထိ အလွန်အလွန် အချိန်ကြာမြင့်စွာ ဟင်းလင်းပြင်အတိုင်း တည်နေရာအချိန် ကာလကို သံဝဋ္ဋဌာယီအသင်္ချေယျကပ်ဟုခေါ်၏၊
(ဂ) ဝိဝဋ္ဋအသင်္ချေယျကပ် = ကမ္ဘာပြုမိုးကြီး ရွာသွန်းပြီးနောက် ကမ္ဘာ့အဆောက်အဦ ဘုံဌာနတွေ စုံလင်စွာဖြင့် နေလနက္ခတ်တွေ ပေါ်ထင်မြင်ရသည်အထိ အလွန်အလွန် ကြာမြင့်စွာ ကမ္ဘာကြီးတည်ထောင်နေဆဲ အချိန်ကို ဝိဝဋ္ဋအသင်္ချေယျကပ် ဟုခေါ်၏၊
(ဃ) ဝိဝဋ္ဋဌာယီအသင်္ချေယျကပ် = နေလနက္ခတ်တွေပေါ်၍ ကမ္ဘာ့အဆောက်အဦတွေ စုံလင်သည်မှ စ၍ နောက်ထပ်ကမ္ဘာဖျက်မိုးရွာသည်အထိ ကမ္ဘာသူ ကမ္ဘာသား၊ သတ္တဝါအများ နေထိုင်ကြသည့် အလွန် အလွန်ကြာမြင့်သော ကာလကို ဝိဝဋ္ဋဌာယီအသင်္ချေယျကပ် ဟုခေါ်၏၊
၁၇။ ထိုအသင်္ချေယျကပ် လေးမျိုးကို တစ်ကမ္ဘာဟုခေါ်သည်၊ ဤနည်းအားဖြင့် သတ္တဝါတို့ နေထိုင်ရာ ကမ္ဘာလောက စကြာဝဠာကြီး၏ ဖြစ်ပျက်ပြုပြင် ပြောင်းလဲမှုကိုကြည့်၍ တစ်ကမ္ဘာ နှစ်ကမ္ဘာစသည်ဖြင့် ကမ္ဘာ၏သက်တမ်းကို ပိုင်းခြားကန့်သတ်ရသည်။ (အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ်(၄၆၀) ကပ္ပသုတ်။ သတ္တကနိပါတ်(၄၇၄) သတ္တသူရိယသုတ်။ ဒီဃနိကာယ်ပါထိကဝဂ်ပါဠိတော်(၆၉) အဂ္ဂညသုတ်။ (ဝိသုဒ္ဓိ၊၂၊၅၄၄)။
ဓမ္မဟဒယ ဝိဘင်းအဆိုအမိန့်
၁၈။ စုဒိတကသခင်မြတ်ဆိုင် သောဓနာ၌ “ဓမ္မဟဒယဝိဘင်း၌ပါသော နေဝသညာနာသညာယတန ဗြဟ္မာတို့၏ အသက်ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်ဟူသော စကားမှာ ဗုဒ္ဓဟောနှင့် မဆိုင်ပါ” ဟု ဆို ထား၏၊ ထိုအဆိုကို စိစစ်ရသော် -
ဤ (၁၉) သောဓနာ၏ အစပိုင်းတုန်းက လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းစသော စကားမျိုးကို မဆိုထားဘိ၊ တစ်ကမ္ဘာ၏ ကာလသက်တမ်းကိုပင် ဗုဒ္ဓရှင်မဟောပါ” ဟူ၍ သခင်မြတ်ဆိုင်က ဆိုထားခဲ့သည့်အတိုင်း အကယ်၍ ကမ္ဘာ၏ သက်တမ်းကို ဘုရားမဟောလျှင် အပိုင်းခြားမရှိအောင် ရှည်လျားသော ကမ္ဘာကြီးကို တစ်ကမ္ဘာ နှစ်ကမ္ဘာစသည်ဖြင့် ပိုင်းဖြတ်ရေတွက်လို့ မဖြစ်နိုင်၊ သို့သော် ဓမ္မဟဒယဝိဘင်းပါဠိတော်၌ကား ဗြဟ္မာတို့၏ သက်တမ်းကို ကမ္ဘာပေါင်းရှစ်သောင်းလေးထောင် စသည်ဖြင့် ဟောထားခြင်းကြောင့် တစ်ကမ္ဘာ နှစ်ကမ္ဘာစသည်ဖြင့် ကမ္ဘာ၏ သက်တမ်းကိုပါ ပိုင်းဖြတ်ကန့်သတ်၍ ဟောပြီးဖြစ်နေ၏၊ ထို့ကြောင့် “တစ်ကမ္ဘာ၏ သက်တမ်းကို ဗုဒ္ဓရှင်မဟော” ဟူ၍ ပထမဆိုခဲ့သော မိမိစကားနှင့် မဆန့်ကျင်အောင် “ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်” ဟူသော စကားကိုလည်း ဗုဒ္ဓဟောနှင့် မဆိုင်ဟူ၍ သခင်မြတ်ဆိုင်က ပယ်ဖျက်ကန့်ကွက်ခြင်း ဖြစ်တန်ရာသည်။
သို့သော် ဗြဟ္မာတို့၏ အသက်အရေအတွက်ကို အဘိဓမ္မာပါဠိတော် ဓမ္မဟဒယဝိဘင်း၌သာမက အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်(၂၇၀) နေဉ္ဇသုတ်၌လည်းကောင်း စတုက္ကနိပါတ်(၄၄၁) ပထမနာနာကရဏသုတ်၌ လည်းကောင်း ဟောထားပေသည်။ ယင်းသို့ ဟောထားခြင်းဖြင့်လည်း တစ်ကမ္ဘာ နှစ်ကမ္ဘာ စသည်ဖြင့် ကမ္ဘာ၏ သက်တမ်းကိုပါ ပိုင်းဖြတ်ကန့်သတ်ပြီး ဖြစ်တော့သည်။ (သခင်မြတ်ဆိုင်သည် ဤ အာနေဉ္ဇသုတ် နာနာကရဏသုတ်တို့ကို ဖတ်ဖူးဟန်မတူပေ။)
မှတ်ချက်။ “။ ဓမ္မဟဒယဝိဘင်းပါဠိတော်(၄၃၇-၄၃၈) စသည်တို့၌ လူ့ဘုံ နတ် (၆) ဘုံ ဗြဟ္မာဘုံ (၂၀) တို့၏ သက်တမ်းကို ဟောထားတော်မူ၏၊ ထိုတွင် ကုသိုလ်ကံစွမ်းအားသို့လိုက်၍ ဘုံစဉ်အတိုင်း နတ်တို့မှာ အနှစ်ငါးရာ အနှစ်တစ်ထောင်စသည်ဖြင့် ဆင့်ကဲ ဆင့်ကဲ အသက်ရှည်ကြ၍ ဗြဟ္မာတို့မှာမူ ကမ္ဘာနှင့်ချီ၍ အသက်ရှည်ကြ၏၊ ထိုတွင် စျာန်သမာပတ်ရှစ်ပါးရှိသည့်အနက် အစွမ်းထက်မြက်ဆုံး စျာန်သမာပတ်၏ အရှိန်အဟုန်ကြောင့် အဆင့်အမြင့်ဆုံး ဝေသညာနာသညာယတန ဗြဟ္မာဘုံ၌ ဖြစ်ကြရသောကြောင့် ထိုဘုံသား ဗြဟ္မာတို့မှာ မဟာကပ် (ကမ္ဘာ)ပေါင်း ရှစ်သောင်းလေးထောင်အထိ အသက်ရှည်ကြ၍ ၎င်းတို့ထက် အသက်ရှည်သော သတ္တဝါမရှိတော့ပေ။
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ
၁၉။ ဖော်ပြခဲ့သည့်အတိုင်း အလွန်ကြာမြင့်လှစွာသော တစ်ကမ္ဘာဟုခေါ်သော အချိန်ကုန်လွန်သွား တိုင်း လူတို့နေထိုင်ရာ စကြာဝဠာ လောကဓာတ် ဟုခေါ်သော ဩကာသလောကကြီးတစ်ခုတစ်ခု ပျက်စီးသွား လေရာ ယင်းသို့ ပျက်စီး ကုန်ဆုံးသွားသော ကမ္ဘာလောကအပေါင်းကို ခု, ဆယ်, ရာ ဂဏန်းချ၍ ဤရွေ့ဤမျှ ဟု မသတ်မှတ်နိုင်၊ မခန့်မှန်းနိုင်လောက်အောင် ရှည်လျားသော အချိန်ကာလကို ကမ္ဘာအသင်္ချေ ဟုခေါ်၏၊ ထိုကမ္ဘာအသင်္ချေကို တစ်ခု နှစ်ခု စသည်ဖြင့် သတ်မှတ်သောအခါ ဘုရားတစ်ဆူနှင့် တဆူတို့၏ အကြား ကာလဖြင့် တိုင်းတာသတ်မှတ်ရ၏၊ သတ်မှတ်ပုံမှာ -
(က) ငါတို့ ဂေါတမဘုရားအလောင်း သုမေဓာရသေ့ကို ဧကန်ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော် မူခဲ့သော ဒီပင်္ကရာမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် ကမ္ဘာအသင်္ချေ ကုန်လွန်သောအခါ သာရမည်သော တစ်ခုသောကမ္ဘာ၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာ၏၊ ဒီပင်္ကရာ မြတ်စွာဘုရားတို့၏အကြားကာလကို ကမ္ဘာအသင်္ချေတစ်ခုဟု သတ်မှတ်ရ၏၊
(ခ) ထိုကောဏ္ဍညမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ကမ္ဘာအသင်္ချေ ကုန်လွန်သွား သောအခါ သာရမဏ္ဍမည်သော ကမ္ဘာ၌ မင်္ဂလဘုရား, သုမနဘုရား, ရေဝတဘုရား, သောဘိတဘုရား ဟူ၍ ဘုရားလေးဆူ ပွင့်တော်မူ၏၊ ကောဏ္ဍညဘုရားနှင့် ပထမဦးဆုံး မင်္ဂလဘုရားရှင်တို့၏ အကြားကာလကို ဒုတိယ ကမ္ဘာအသင်္ချေဟု သတ်မှတ်ရ၏၊
(ဂ) ထို သာရမဏ္ဍကမ္ဘာမှ နောက်ဆုံး သောဘိတဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ဝရမည်သော ကမ္ဘာ၌ အနောဒမဿီဘုရား, ပဒုမဘုရား, နာရဒဘုရား ဟူ၍ ဘုရားသုံးဆူ ပွင့်တော်မူ၏၊ ယခင် သောဘိတဘုရားရှင်နှင့် အနောဒမဿီဘုရားရှင်တို့၏ အကြားကာလကို တတိယ ကမ္ဘာအသင်္ချေဟု သတ်မှတ်ရ၏၊
(ဃ) နာရဒမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ကမ္ဘာအသင်္ချေ ကုန်လွန်သွားသောအခါ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူ၏၊ ထို နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရ မြတ်စွာဘုရားတို့၏ အကြား ကာလကို စတုတ္ထ ကမ္ဘာအသင်္ချေဟု သတ်မှတ်ရ၏၊ ဤနည်းအားဖြင့် ကမ္ဘာအသင်္ချေလေးခု (လေးအသင်္ချေ) ဖြစ်၏၊
(င) ထိုပဒုမုတ္တရမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ကမ္ဘာတစ်သိန်း ကုန်လွန်သောအခါ ယခု ငါတို့၏ ဘဒ္ဒမည်သော ကမ္ဘာ၌ ကကုသန္ဓ မြတ်စွာဘုရား, ကောဏာဂမန မြတ်စွာဘုရား, ကဿပ မြတ်စွာဘုရား, ဂေါတမ မြတ်စွာဘုရား ဟူ၍ ဘုရားလေးဆူ ပွင့်ပြီးလေပြီ၊ ပဒုမုတ္တရ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်ပြီးနောက် ဤဘဒ္ဒကမ္ဘာ၌ ကကုသန် မြတ်စွာဘုရားအထိ ထိုကုန်လွန်သွားသော ကမ္ဘာတစ်သိန်းကို ထပ်၍ထည့်လျှင် ဂေါတမဘုရား ပါရမီဖြည့်ရသော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြစ်ပေတော့သည်။
ဗုဒ္ဓဝံသပါဠိတော်(၃၈၂)နှင့် စရိယာပိဋကအဋ္ဌကထာ(၁၅) တွင် ကြည့်ပါ။)
မာ ပိဋကသမ္ပဒါနေန ဂဏှိတ္ထ၏ ဆိုလိုရင်း
၂၀။ စုဒိတကပုဂ္ဂိုလ်တို့သည် “မာ ပိဋကသမ္ပဒါနေန ဂဏှိတ္ထ” ဟူသော ကေသမုတ္တိသုတ် ပါဠိဝါကျ ကို လက်သုံးပြုပြီးလျှင် -
“ဗုဒ္ဓဝင်ကျမ်းများတွင် ဗုဒ္ဓဂုဏ်တော်ကို ထိခိုက်သော အကြောင်းအရာ အများအပြား ပါဝင်နေသည်ကို ငြင်းဆိုနိုင်လျှင် ငြင်းဆိုပါ” ဟု တင်ပြပြောဆိုကာ သူတို့၏ ရုပ်ဝါဒအမြင်ဖြင့် မကိုက်ညီသော ဗုဒ္ဓဝင်ဒေသနာတော်ကို ထုတ်ပယ်လိုကြ၏၊ အမှန်တကယ်အားဖြင့်ကား ထိုကေသမုတ္တိသုတ် ပါဠိဝါကျ၏ ဆိုလိုရင်းမှာ -
မာပိဋကသမ္ပဒါနေန ဂဏှိတ္ထ = ငါသည် စာပေကျမ်းဂန်တတ်မြောက်ပြီးသူ ဖြစ်သည်ဟူ၍ မိမိ၏ ကျမ်းဂန်တတ်မြောက်မှုကို အားကိုးအားထားပြုပြီးလျှင် ဤစကား ဤအယူဝါဒသည် ငါသင်ယူထားသော ကျမ်းဂန်နှင့် ကိုက်ညီသည်ဟူ၍ အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်၊ ဤသို့ဆို၏၊
ဗုဒ္ဓဝင်ဒေသနာ စသော တရားတော်များသည် ငါတို့ သင်ယူဖတ်ရှုထားသော ဤစာအုပ် ဤစာအုပ် များနှင့် ကိုက်ညီသည်ဟု အတည်အမြဲ စွဲမှတ်မထားကြလင့်ဟု ဆိုလိုသည်မဟုတ်၊ ငါဘုရား၏ စကားကိုလည်း ယုံသင့်မှယုံကြ ထုတ်ပယ်သင့်က ထုတ်ပယ်ကြဟူ၍လည်း ဆိုလိုသည်မဟုတ်။
၂၁။ အမှန်စင်စစ် ထိုခေတ် ထိုအခါက ကေသမုတ္တမည်သော နိဂုံးရွာကြီးသို့ ဘာသာရေး ဂိုဏ်းဆရာ အမျိုးမျိုး ပုဂ္ဂိုလ်အမျိုးမျိုး ရောက်လာတတ်ကြ၏၊ ထိုပုဂ္ဂိုလ်များအနက် ကျမ်းဂန်နှံ့စပ်တတ်မြောက်သူ ဆရာတဆူဟု အထင်ကြီးခံနေရသော ပုဂ္ဂိုလ်တချို့သည် သူတပါး အထင်သေးမည်စိုးသောကြောင့် မသိလျှင် မသိကြောင်း ရှင်းရှင်းဘွင်းဘွင်း ဝန်မခံနိုင်ကြ၊ ထိုသူတို့သည် သီလ သမာဓိ တကယ်ရှိ၍ စဉ်းလဲ ကောက်ကျစ်မှုကင်းသော ပညာရှိ သူတော်ကောင်းများ မဟုတ်ကြသောကြောင့် ယောင်ယောင်ဝါးဝါး တတ်ယောင်ကား လုပ်တတ်ကြ၏၊ ထိုသူတို့၏စကားကို အားကိုးအားထားပြု၍ စွဲမြဲမှတ်သားမထားရ၊ ဝေဖန်ရမည်၊ စိစစ်ရမည်၊ လက်ခံသင့်မှ လက်ခံရမည်။
၂၂။ မြတ်စွာဘုရားသည် ကာလာမအမျိုးသားတို့အား ရှေးဦးစွာ ဤကဲ့သို့ အမှားအမှန်ကို ဝေဖန်စေ လိုသောကြောင့် “ထေ တုမှေ ကာလာမာ မာ အနုဿဝေန မာ ပရမ္ပရာယ မာ ပိဋကသမ္ပဒါနေန” ဟူသော စကားများဖြင့် အစချီပြီးလျှင် မကောင်းကျိုးပေးသော အကုသိုလ်နှင့် ကောင်းကျိုးပေးသော ကုသိုလ်တို့ကို မိမိတို့ ကိုယ်တိုင်သိအောင် ကြိုးစားအားထုတ်ရန်နှင့် ထိုသို့သိသောအခါ အကုသိုလ်ကို ပယ်စွန့်၍ ကုသိုလ်တရားကို ကြိုးစားအားထုတ်ပြုလုပ်ရန် အကျယ်တဝင့် အဆုံးအမ ဩဝါဒပေးသောအားဖြင့် ဤကေသမုတ္တိသုတ်ကို ဟောကြားတော်မူခဲ့သည်။
၂၃။ ယင်းသို့သော အစီအစဉ်ဖြင့် ဟောကြားတော်မူခဲ့သော ကေသမုတ္တိသုတ်မှ “မာ ပိဋကသမ္ပဒါ နေန ဂဏှိတ္ထ” ဟူသော စကားဝါကျကို လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူအသုံးပြုကာ (ဝါ) လက်နက်အဖြစ် အသုံးချကာ မိမိတို့ ဆုပ်ကိုင်ထားသော ရုပ်ဝါဒအမြင်ဖြင့် မကိုက်ညီတိုင်း မိမိတို့ ဉာဏ်မမီတိုင်း သံသယဝင်တိုင်း ဘယ်သုတ် ဘယ်ပါဠိ ဘယ်ဂါထာသည် ယုတ္တိမရှိဘူး ဘုရားဟော မဟုတ်ဘူးဆိုပြီး ထုတ်ပယ်ရန် အသင်းအပင်းဖွဲ့ပြီး ကြိုးစားနေကြခြင်းသည် မလုပ်သင့် မလုပ်ထိုက်သော သာသနာဖျက်သည့် လုပ်ရပ်သာ ဖြစ်ပေသည်။
ထို့ပြင် ဗုဒ္ဓပါဠိတော်၌ ဗုဒ္ဓဂုဏ်တော်ကို ထိခိုက်စေသော အကြောင်းအရာ အများအပြား ပါဝင်သည်ဟု ရေးသားပြောဆိုနေကြသော်လည်း မည်သည့်အကြောင်းအရာများသည် ဗုဒ္ဓဂုဏ်တော်ကို ထိခိုက်စေသည်ဟု အတိအကျ မချေဆိုကြ၊ အမှန်တကယ်အားဖြင့် ဗုဒ္ဓဝင်ပါဠိတော်၌ -
(က) ရှေးဘုရားရှင်တို့ အထံတော်၌ ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံယူတော်မူပုံ၊
(ခ) ဘုရားအလောင်းတော်သည် ဒါန သီလ အစရှိသော ပါရမီဆယ်ပါး သူတော်ကောင်းတရားတို့ ကို ဘုရားဖြစ်ခြင်း၏ အကြောင်းအဖြစ်ဖြင့် စူးစမ်းဆင်ခြင် သုံးသပ်တော်မူပုံ၊
(ဂ) ရှေးရှေးဘုရားရှင်တို့သည် သတ္တဝါတို့၏အကျိုးကို ဆောင်ရွက်တော်မူပုံ, သတ္တဝါတို့ကို သံသရာဝဋ်ဒုက္ခမှ ကယ်တင်တော်မူပုံ -
ဤသို့ အစရှိသော အကြောင်းအရာများကို ဟောကြားထားပေသည်၊ ထိုဗုဒ္ဓဝင်ပါဠိတော်၌ ဘယ်အချက်မျှ ဗုဒ္ဓဂုဏ်တော်ကို ထိခိုက်စေခြင်းမရှိ၊ ရိုးသားဖြူစင်သော စေတနာသဒ္ဓါတရားရှိရှိဖြင့် ဖတ်ရှုကြားနာ သူများအတွက် အလွန်ကြည်ညိုဖွယ် စိတ်နှလုံးချမ်းမြေ့ဖွယ် ပါဠိတော်ကြီးသာ ဖြစ်သည်။
စုဒိတကပုဂ္ဂိုလ်တို့၏ စာအုပ်စာတမ်းများမှ (က) (ခ) စသော
ကောက်နုတ်ချက် စကားရပ်များကို စိစစ်သုံးသပ်ချက်
၂၄။ (က) (ခ) စသော ဗုဒ္ဓဝင်ကို ပုတ်ခတ်သည့်စကားရပ်များသည် မိမိတို့မယုံကြည်လျှင် မယုံကြည်သလို အေးအေး ဆေးဆေးမနေကြဘဲ ယုံကြည်သူတို့အား စော်ကားလျက် ရိုသေလေးစားခြင်း ကင်းမဲ့စွာဖြင့် ပြောင်လှောင် ပြက်ချော် သရောက်စော်ကား ရေးသားထားသည်ဖြစ်ရကား စောဒကပုဂ္ဂိုလ်တို့ စောဒနာသည့်အတိုင်းပင် သာသနာတော် ပျက်စီးရာ ပျက်စီးကြောင်း ပြောဆိုသော စကားများ အမှန်ဖြစ်ပေသည်။ ထိုစကားရပ်များတွင် -
(က) “ဘုရားအလောင်းတော်နတ်သား ကိုယ်တိုင်မသိသောကိစ္စကို နတ်ဗြဟ္မာတို့က ကြိုတင်ပြီး ဘုရားဖြစ်မည့်သူဟု သိထားနှင့်သလိုလို တင်စီးထားလိုက်ကြသည်” ဟူသော စကားကို စိစစ်သုံးသပ်ရသော်-
ဘုရားမပွင့်ထွန်းမီ နှစ်ပေါင်းတစ်ထောင်အချိန်ကပင် သုဒ္ဓ့ါဝါသဗြဟ္မာတို့သည် “အချင်းတို့ အနှစ် တစ်ထောင်ကျော်လွန်လျှင် သဗ္ဗညုတဘုရား ပွင့်ထွန်းပေါ်လာလိမ့်မည်၊ သဗ္ဗညုတဘုရား ပွင့်ထွန်းပေါ်လာ လိမ့်မည်” ဟု လှည့်လည် ကြွေးကြော်နေကြခြင်းကြောင့် ဗုဒ္ဓကောလာဟလစကားသည် နတ်ဗြဟ္မာတို့ အချင်းချင်းတွေ့ဆုံမိက ပြောဆိုနေကျ စကားဖြစ်၏၊ ထို့ကြောင့် ဘုရားအလောင်းတော် သေတကေတု နတ်သားသည် လာမည့် ဒုတိယဘဝ၌ မိမိကိုယ်ကို ဘုရားဖြစ်မည့် ပုဂ္ဂိုလ်ဟု မသိနိုင်စရာ အကြောင်းမရှိပေ။
၂၅။ ထို့ပြင် သက်တမ်းရှည်သောနတ်ပြည်၌ ဖြစ်ကြသော ပါရမီမပြည့်သည့် ဘုရားအလောင်း နတ်သားတို့သည် နတ်ပြည်၌ ပါရမီဖြည့်ရန် ခဲယဉ်းလှသောကြောင့် နတ်သက်တမ်း ကုန်ဆုံးသည့်အထိ နတ်ပြည်၌ မနေကြတော့ဘဲ နတ်သက်ကိုချွေကာ လူ့ပြည်၌ ပဋိသန္ဓေနေကြ၏၊ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်ကား လာမည့်ဒုတိယဘဝ၌ ဧကန်မုချ ဘုရားဖြစ်ရန် ပါရမီတော်များ ပြည့်စုံပြီး ဖြစ်ရကား နတ်သက်တမ်းကုန်သည်အထိ တုတိသာနတ်ပြည်၌ နေ၏၊ ထို့ကြောင့် “ဣဒါနိ အနန္တရေ အတ္တ ဘာဝေ ဗုဒ္ဓေါ ဘဝိဿာမိ” ဟူသော သုတ်မဟာဝါအဌကတာ ၂၁-နှင့်အညီ ဘုရားအလာင်း သေတကေတုနတ်သားမှာ “ငါသည် လာမည့် ဒုတိယဘဝ၌ ဧကန်မုချ ဘုရားဖြစ်မည်” ဟု သိသည်သာဖြစ်သည်။ ဇာတ်အဋ္ဌကထာ(ပ-၅၇)၊ ဗုဒ္ဓဝံသအဋ္ဌကထာ(၃၁၇။) ဒီဃနိကာယ် မဟာဝဂ္ဂအဋ္ဌကထာ(၂၀။)
(ခ) သတ်သေခိုင်းသည်ဟူသော စကားရပ်များ စိစစ်ချက်
၂၆။ (ခ) စကား၌ စကြာဝဠာတသောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့က ဘုရားအလောင်း နတ်သားအား ကိုယ့်ကိုယ်ကို သတ်သေခိုင်းသည်ဟု သမ္မာဒိဋ္ဌိသုတေသန အဖွဲ့သားတို့၏ ရေးသားချက်ကို အထူးစိစစ်စရာ မလို၊ ယုတ်မာလှသော စေတနာဆိုးဖြင့် မကြားကောင်းမနာသာ ရေးသားထားသည်ဟုသာ ဆိုရတော့မည်၊ သေတကေတု နတ်သားခမျာမှာ နတ်စည်းစိမ်ပင် ခံစားခွင့်မရတော့ဘဲ လက်ကတီးကြားမှ ချွေးယိုစီးကာ မှိုင်တွေလျက် စုတေခဲ့ရသည်ဟု ရေးသားထားသည်မှာလည်း ဣတိဝုတ်ပါဠိတော် ၂၄၇ နှင့် ယင်းအဋ္ဌကထာ ၂၄၉-တို့၏ အဆိုအမိန့်ကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် မပြည့်မစုံကြားဖူးထားသည်ကို အတည်ပြုကာ ပျက်ချော်ချော် ရေးသားထားခြင်း ဖြစ်၏၊ အပြည့်အစုံကား ဤသို့ ဖြစ်၏၊
နတ်တို့ စုတေခါနီး ရှေ့ပြေးနိမိတ်ငါးမျိုး
၂၇။ နတ်တို့ စုတေသေလွန်ခြင်း မပြုမီ လူတို့၏အရေအတွက်ဖြင့် ခုနစ်ရက်လောက်က ကြိုတင်၍ သေတော့မည့် အထိမ်းအမှတ် ရှေ့ပြေးနိမိတ်ငါးပါး အထင်အရှား ပြလာကုန်၏၊
(က) နတ်ဖြစ်စအချိန်က (ပဋိသန္ဓေနေစဉ်က) ပန်ဆင်လာခဲ့သော ပန်းများညိုးနွမ်းကုန်၏၊
(ခ) ဝတ်ဆင်ထားသော နတ်ဝတ်တန်ဆာများ ညစ်နွမ်းကုန်၏၊
(ဂ) လက်ကတီးကြားမှ ချွေးပေါက်များ ယိုစီးလာကုန်၏၊
(ဃ) ရှေးကကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါ တလက်လက် မထွက်နိုင်တော့ဘဲ ရုပ်ပျက်ဆင်းပျက် ဖြစ်လာကာ ကိုယ်ခန္ဓာ ပင်ပန်းညိုးနွမ်း လာ၏၊
(င) ထိုနတ်သည် ရှေးကကဲ့သို့ သူ၏ဘုံဗိမာန်၌ နတ်သမီးများနှင့် ပျော်ပျော်ပါးပါး မနေနိုင်တော့ဘဲ စိတ်သာယာ ချမ်းမြေ့မှုကင်း၍ ပျင်းရိငြီးငွေ့လာ၏၊
ဤရှေ့ပြေးနိမိတ်ငါးမျိုးသည် နတ်တိုင်းမှာ ထင်ပေါ်လာသည် မဟုတ်၊ လူ့ပြည်၌ မြေငလျင် တုန်လှုပ်ခြင်း အစရှိသော နိမိတ်တို့သည် ဘုန်းတန်ခိုးကြီးသော ဘုရင်များအတွက်သာ ထင်ပေါ်လာကုန်သကဲ့သို့ တန်ခိုးကြီးသောနတ်များမှာသာ ထိုရှေ့ပြေးနိမိတ်များ ထင်ရှားလာကုန်၏၊ ယင်းသို့ ထင်ပေါ်လာသောအခါ၌လည်း ငါ့အတွက် စုတေသေလွန်ဖို့ရှေ့ပြေးနိမိတ်တွေ ထင်ပေါ်လာပြီ၊ မကြာမီ ငါသေတော့မည်ဟူ၍ သေဖို့ရှေ့ပြေးနိမိတ် ဖြစ်ကြောင်းကို နတ်တိုင်း သိသည်မဟုတ်၊ လူ့ပြည်၌ နိမိတ်ဖတ်တတ်သောသူ နက္ခတ်နားလည်သူ ပညာရှင်များသာ ရှေ့ပြေးနိမိတ်ကို သိနိုင်သကဲ့သို့ ပညာရှိသော နတ်များသာ သိနိုင်ကုန်၏၊
၂၈။ ရှေးရှေးတုန်းက ပြုခဲ့သော ကုသိုလ်ကောင်းမှုနည်းပါးသော နတ်များသည် ထိုနိမိတ်များကို မြင်ရသောအခါ ကြောက်ရွံ့ထိတ်လန့်ကြကုန်၏၊ ကုသိုလ်ကောင်းမှုများစွာ ပြုခဲ့ ဆည်းပူးခဲ့သော နတ်များမှာကား “ငါတို့မှာ ဒါန သီလ ဘာဝနာတွေ အဆင်သင့်ရှိပြီး ဖြစ်၍ အထက်နတ်ပြည်မှာ ဖြစ်ရတော့မည်”ဟု သေချာစွာ သိသဖြင့် ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိကုန်၊ ဘုရားအလောင်းတော် သေတကေတု နတ်သားမှာလည်း ဒါန သီလ စသော ပါရမီတော်များအပြည့်အစုံ ဖြည့်ကျင့်ပြီးဖြစ်ရကား ဤနတ်ဘဝက စုတေပြီးနောက် လူ့ပြည်ရောက်လျှင် ဧကန်မုချ ဘုရားဖြစ်တော့မည်ဟု အသေအချာ သိပြီးဖြစ်သောကြောင့်ကြောက်ရွံ့ထိတ်လန့်ခြင်း အလျှင်းမရှိဘဲ စုတေခါနီးအချိန်၌ စိတ်ဓာတ်ကြည်သာ လွန်စွာ ချမ်းမြေ့ ပျော်မွေ့တော်မူ၏၊
လူ့ပြည်၌ ပဋိသန္ဓေနေရန် နတ်ဗြဟ္မာတို့ တောင်းပန်ခြင်း
၂၉။ တစ်သောင်းသော စကြာဝဠာမှ နတ်ဗြဟ္မာတို့သည် ဘုရားအလောင်းတော် နတ်သားအား ထိုရှေ့ပြေးနိမိတ်များ မပေါ်ထင်မီ (အချိန်မကျမီ)က ကြိုတင်၍ တောင်းပန်ကြသည် မဟုတ်ကုန်၊ ရှေ့ပြေးနမိတ်များ ထင်ပေါ်ပြသမှသာလျှင် တညီတညွတ်တည်း ရောက်လာကြပြီးလျှင် အလောင်းတော် နတ်သားအား ဘုရားဖြစ်ရန် လူ့ပြည်သို့ဆင်း၍ မယ်တော်ဝမ်းတိုက်၌ ပဋိသန္ဓေနေတော်မူပါမည့်အကြောင်း အောက်ပါအတိုင်း တောင်းပန်ကြကုန်၏၊
ကာလော ခေါ တေ မဟာဝီရ၊ ဥပဇ္ဇ မာတုကုစ္ဆိယံ။
သဒေဝကံ တာရယန္တော၊ ဗုဇ္ဈဿု အမတံ ပဒံ (ခု၊၄၊၃၀၅)။
မြန်မာပြန်
လုံ့လဝီရိယ ပြင်းပြကြီးမားတော်မူသော အို အလောင်းတော်နတ်သား ဘုရားဖြစ်ရာ ကာလအချိန် ကျရောက်ပါပြီ၊ မယ်တော် ဝမ်းတိုက်၌ စွဲပိုက်သန္ဓေတည်နေတော်မူပါ၊ နတ်နှင့်တကွသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူကာ သေခြင်းကင်းရာ အမြိုက်နိဗ္ဗာန်ကို ဉာဏ်မျက်စိတွင်း ရှင်းလင်းပေါ်ထင်သိမြင်တော်မူပါ။
ထိုအခါ ဘုရားအလောင်းတော်နတ်သားသည် ဘုရားဖြစ်ထိုက်သော အချိန်, ဘုရားဖြစ်ရာ ကျွန်း, ဘုရားဖြစ်ရာ ဒေသ, ဘုရားဖြစ်ရာ အမျိုး, မယ်တော်၏ အသက် အပိုင်းအခြား ဤငါးမျိုးတို့ကို ကြည့်တော်မူပြီးလျှင် တောင်းပန်လာကြသော နတ်ဗြဟ္မာတို့အား ဝန်ခံချက်ပဋိညာဉ်ပေးကာ နတ်ပြည်မှ စုတေ၍ မယ်တော်မာယာဒေဝီ၏ ဝမ်းတိုက်၌ ပဋိသန္ဓေနေတော်မူပေသည်။ (သုတ်မဟာဝါအဋ္ဌကတာ(၂၀၊ ၂၁၊၂၂။) မဟာပဒါနသုတ်
(ဂ) ဆင်ဖြူတော်အိပ်မက် စကားရပ်ကို စိစစ်ချက်
၃၀။ မယ်တော် မဟာမာယာဒေဝီ အိပ်မက်ပေးခန်းဖွင့်ဆိုရာ၌ အဟိတ်တိရစ္ဆာန်ကြီး အိပ်မက်ပေးရကောင်းလား၊ နတ်သားချောချောလှလှလေး အိပ်မက်မပေးရကောင်းလားဟု သစ္စာဓမ္မစာစောင်၌ အကျိုးကို လိုလားသလိုရေးသားထား၏၊ အကယ်၍ နတ်သားလှလှလေး အိပ်မက်ပေးသည် ဆိုပါလျှင်လည်း ဦးဥက္ကဋ္ဌ၏တပည့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် မယ်တော်မာယာကို နတ်သားနှင့် ဖောက်ပြန်သည်ဟု စွပ်စွဲကြမည်သာ ဖြစ်သည်၊ အမှန်စင်စစ် အယာနိသော မနသိကာရ အကုသိုလ်စိတ်ထားဖြင့် မလေးမစား ရှုတ်ချရေးသားနေကြခြင်းသာ ဖြစ်၏၊ အဟိတ် တိရစ္ဆာန်ဆင်ကြီးဟု စုဒိတကတို့က ရှုတ်ချထားသော်လည်း ရိုးရိုးဆင် မဟုတ်ဘဲ ဆင်ဖြူတော်ရတနာကြီးအဖြစ် အိပ်မက်မြင်မက်ခြင်း ဖြစ်ပေသည်။
၃၁။ ဘုရားအလောင်း၏ မယ်တော် မဟာမာယာဒေဝီသည် ဘုရားအလောင်းတော် ပဋိသန္ဓေနေမည့် ဝါဆိုလပြည့်နေ့တွင် နံနက်စောစော အိပ်ရာမှထ၍ နံ့သာဖြင့် ရေချိုးပြီးကာ လေးသိန်းကုန်အလှူကြီး ပေးလှူ၏၊ ထို့နောက်အဝတ်တန်ဆာများ ဝတ်ဆင်ပြီး ကောင်းမြတ်သော ဘောဇဉ်ကို စားသောက်၍ ရှစ်ပါးသီလကို ဆောက်တည်လျက် ကျက်သရေဆောင်တိုက်ခန်းသို့ ဝင်ပြီး အိပ်ရာပေါ်၌ လျောင်းစက်အိပ်ပျော်နေစဉ်အချိန်တွင် နတ်မင်းကြီး လေးယောက်တို့သည် မဟာမာယာဒေဝီကို အိပ်ရာခုတင်နှင့်တကွ ချီမ၍ ဟိမဝန္တာသို့ သယ်ဆောင်သွားပြီးလျှင် ယူဇနာ ၆၀-ရှိသော ဆေးဒန်း မြင်းသီလာ ကျောက်ဖြာပေါ်ဝယ် ခုနှစ်ယူဇနာရှိသော အင်ကြင်းပင်ကြီး တစ်ပင်၏ အောက်၌ ချထားပြီးနောက် မိမိတို့ကမူ သင့်လျော်သည့် နေရာ၌ ရပ်နေကြကုန်၏၊ ထိုအခါ ထိုနတ်မင်းကြီးတို့၏နတ်သမီးတို့သည် မဟာမာယာဒေဝီကို အနောတတ္တအိုင်သို့ သယ်ဆောင်သွားပြီးလျှင် လူ့အညစ်အကြေး သန့်စင်ဖို့အတွက် ရေချိုးစေပြီးကာ နတ်ဝတ်တန်ဆာကို ဝတ်ဆင်လျက် နတ်တို့၏ နံ့သာဖြင့် လိမ်းကျံ နတ်ပန်းကိုလည်း ပန်ဆင်စေပြီး၍ ထိုအနောတတ္တအိုင်အနီးရှိ ငွေတောင်အတွင်းမှ ရွှေဗိမာန်၌ အရှေ့သို့ဦးခေါင်းပြုကာ နတ်အိပ်ရာကို ခင်းပေးပြီးအိပ်စေကြကုန်၏၊
၃၂။ ထိုအခါ အနီးအနားရှိ ရွှေတောင်မှ ဆင်ဖြူတော်ကြီးတစ်စီး ဆင်းလာပြီးလျှင် ငွေတောင်ပေါ်သို့ တက်၍ မြောက်အရပ်မှ လာပြီးကာ ငွေပန်းကုံးနှင့်တူသော နှာမောင်းဖြင့် ပဒုမာကြာဖြူကိုယူ၍ ကြိုးကြာသံပေးလျက် ရွှေဗိမာန်အတွင်း ဝင်လာပြီးလျှင် မယ်တော်မဟာမာယာဒေဝီ၏ အိပ်ရာကို သုံးကြိမ်တိတိ လက်ယာရစ် လှည့်ပတ်၍ လက်ယာဘက်နံပါးကို ဖောက်ထွင်းလျက် ဝမ်းတွင်းသို့ ဝင်လာသည့်အသွင် အိပ်မက်မြင်မက်လေသည်။ (ဇာတ်အဋ္ဌကထာ ပ-၅၉။ အပဒါန်အဋ္ဌကထာ ပ-၆၁)။
ဤကဲ့သို့ အလွန်အံ့ဩဖွယ် ကောင်းလောက်အောင် ထူးခြားဆန်းကြယ်လှစွာ ဆင်ဖြူတော်ရတနာကြီး ဝင်လာသည့်အသွင် အိပ်မက်မြင်မက်သည်ကို မလေးမစား ရှုတ်ချရေးသားကြခြင်း ဖြစ်ပေသည်။ ဝိနည်းဓိုရ်ဆရာတော်တို့သည် တာဝန်အရလည်းကောင်း၊ ရိုးသားဖြူစင်သော ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် အမြင်မမှားစေချင်၍လည်းကောင်း ယခုလို သုံးသပ်ရေးသားနေသော်လည်း ဦးဥက္ကဋ္ဌနှင့် သူ၏တပည့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့၏ အလွန့်အလွန်အဆင့်အတန်းနိမ့်သော ဝေဖန်ချက်တို့ကို သုံးသပ်ရသည်မှာ လွန်စွာ ငြီးငွေ့တော်မူကြပေသည်။
(ဃ) နတ်သုတ်စသော စကားရပ်ကို စိစစ်ချက်
၃၃။ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၌ ပါသော နတ်နှင့် ဆိုင်သော သုတ်များသည် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို စော်ကားသော သုတ်များဖြစ်သည်ဟု သစ္စာဓမ္မစာစောင်၌ ရေးသားထား၏၊ သို့သော် ထိုသို့ရေးသားထားသည့်အတိုင်း သဗ္ဗညုတဉာဏ်တော်ကို စော်ကားသော သုတ်များ မဟုတ်၊ အမှန်အားဖြင့်ကား ဒေဝတာသံယုတ်၊ ဒေဝပုတ္တသံယုတ်တို့၌ -
(က) နတ်တို့သည် မြတ်စွာဘုရားထံ လာရောက်၍ သူတို့မသိသော အကြောင်းအရာတို့ကို မေးမြန်း၍ မြတ်စွာဘုရားက ဖြေဆိုဟောကြားထားသော သုတ်များ၊
(ခ) သံဝေဂဖြစ်ဖွယ် အကြောင်းအရာနှင့် အခြားသော စိတ်ဝင်စားဖွယ်အကြောင်းအရာတို့ကို သူတို့ အယူအဆ သူတို့ ထင်မြင်ချက်အတိုင်း မြတ်စွာဘုရားထံ လာရောက်လျှောက်ထား၍ မြတ်စွာဘုရားက သူတို့စကားကို ပြင်သင့်သည်ကို ပြင်ဆင်ဖြည့်စွက်၍ ဟောကြားထားသော သုတ်များ၊
(ဂ) ထိုကဲ့သို့ ပြင်ဆင်ဖြည့်စွက်စရာမလိုတော့သဖြင့် မြတ်စွာဘုရားကိုယ်တော်တိုင် လက်ခံအတည်ပြုထားသော သုတ်များ၊
(ဃ) အချို့ရဟန်းများ တရားအားမထုတ်ဘဲ မေ့လျော့ ပေါ့ဆနေထိုင်ကြသည်ကို တွေ့မြင်ရသောကြောင့် ထိုရဟန်းတို့ကို သတိပေးသောသုတ်များ -
ဤသို့ စသည်ဖြင့် သုတ်ပေါင်းများစွာ ပါဝင်သည်။ ထို့ကြောင့် ပါဠိတော်များကို သေချာစွာ သင်ယူလေ့လာသဖြင့် အမှန်တရားကို သဘောပေါက်သိမြင်နားလည်သော ပညာရှိသူတော်ကောင်းတို့သည် ဤဒေဝတာသံယုတ်ပါဠိတော်များကိုလေးစားသောသည်ထက် လေးစားကြည်ညိုကြသည်၊ သဗ္ဗညုတဉာဏ်တော်ကို စော်ကားသော သုတ်များဟူ၍ တစ်ရံတစ်ခါမျှ မထင်မြင်ကြ၊ ထိုကဲ့သို့ သိနားလည်အောင်လည်း ရိုးသားသော စိတ်ထား သဒ္ဓါတရားဖြင့် ပါဠိတော်များကို သင်ယူမှတ်သား ကြားနာဖို့ လိုပေသည်။
နတ်နှင့်ဆိုင်သော သုတ်များသည် သဗ္ဗညုတဉာဏ်တော်ကို စော်ကားသည်ဟု သမ္မာဒိဋ္ဌိသုတေသန အဖွဲ့သားတို့က ရေးသား ပြောဟောခြင်းသည် ဘုရားရှင်ကို အထင်အမြင်သေးအောင် ဖန်တီးချက် ဖြစ်သည်၊ နတ်ကိုမယုံသော ရုပ်ဝါဒီတို့က ဤနေရာတွင်မူ နတ်ကို လက်ခံကြပြန်သည်။
(င) ဘုရားကို ဆရာလုပ် စသော စကားရပ်ကို စိစစ်ချက်
၃၄။ “တဏှာကို ပယ်ဖြတ်ပါလော၊ ကိလေသာကာမ, ဝတ္ထုကာမတို့ကို ပယ်စွန့်ပါလော”စသော ဂါထာများဖြင့် တာယနနတ်သားက မြတ်စွာဘုရားအား လျှောက်ထားခြင်းသည် သစ္စာဓမ္မစာစောင်၌ စွပ်စွဲထားသလို ဆရာလုပ်လို၍ လျှောက်ထားခြင်း မဟုတ်၊ ထိုဂါထာများသည် ဝီရိယတရား တိုးပွားစေနိုင်သည့် အဖိုးတန်ဂါထာများ ဖြစ်၏၊ ထို့ကြောင့် မြတ်စွာဘုရားကို တိုက်ရိုက်လျှောက်ထားနေသော်လည်း အမှန်တကယ်အားဖြင့်ကား မြတ်စွာဘုရားကို ရည်ရွယ်၍လျှောက်ထားသည် မဟုတ်ဘဲ ခုရော နောင်ပါ ရဟန်းရှင်လူတို့ကို သီလ သမာဓိ ပညာ အကျင့်သိက္ခာတို့၌ တိုးတက်မြင့်မားအောင် ကြိုးစားအားထုတ်ဖို့ တိုက်တွန်းနှိုးဆော် သတိပေးသည့်အနေဖြင့် လျှောက်ထားခြင်း ဖြစ်၏၊
၃၅။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် ထိုဂါထာများကို အတည်ပြုလက်ခံပြီးနောက် ရဟန်းတို့အား ပြန်လည် ဟောကြားတော်မူသည်သာမက သင်ယူပို့ချဖို့ကိုပါ မိန့်ကြားတော်မူပြီးလျှင် “အတ္ထသံတိတာ ဘိက္ခဝေ တာယနဂါထာ အာဒိဗြဟ္မစရိယိတာ= အို ရဟန်းတို့ တာယနနတ်သား၏ ဂါထာများသည် အကျိုးများသော ဂါထာများဖြစ်သည်၊ မြတ်သော အရိယမဂ် အကျင့်တရား၏ အဝင်မုခ်ဝ ရှေးဦးကျသည့် ပဓာနဖြစ်သော ဂါထာများ ဖြစ်သည်”ဟုပင် ချီးမွမ်းတော်မူ၏၊
တာယနနတ်သား လျှောက်ထားသည့် ဂါထာများ၏ မြန်မာပြန်
၃၆။(က) အို သူတော်ကောင်း တဏှာအနှောင်အဖွဲ့ကို ကြိုးစား၍ ပယ်ဖြတ်ပါလော့၊ ဝတ္ထု ကိလေသာနှစ်ဖြာသော ကာမတို့ကို ဆွဲနုတ်ထုတ်ပယ်ပါလော့၊ ရဟန်းသည် ကာမတို့ကို မပယ်စွန့်လျှင် စျာန်တရားကို မရနိုင်ပါ။
(ခ) လုပ်ငန်းတစ်ခုကို လုံ့လစိုက်ထုတ် ပြုလုပ်သင့်ပါက ပြုလုပ်တော်မူပါ၊ ထိုလုံ့လဝီရိယကို လျော့လျော့ရဲရဲ မဟုတ်ဘဲ မြဲမြဲမြံမြံ အားသန်ကြိုးကုတ် စိုက်ထုတ်သင့်ပါသည်၊ အလေးမပြု ဂရုမစိုက်၍ မခိုင်မမြဲ လျော့ရဲစွာ ခံယူကျင့်သုံးအပ်သော ရဟန်းအကျင့်သည် ကိလေသာမြူမှုန်ကို ပယ်ရှားသုတ်သင်မှု မပြုနိုင်ဘဲ ရဟန်းမပြုမီ ရှေးကထက်ပိုလွန်၍ တထောင်းထောင်းထ အုံကြွစေနိုင်ပါသည်။
(ဂ) မကောင်းမှု ဒုစရိုက်အကုသိုလ်ကို လုံးဝဥဿုံ မပြုမှသာ ကောင်းမြတ်ပါသည်၊ မကောင်းသဖြင့် ပြုလုပ်အပ်သော အမှုသည်နောင်တ တစ်ဖန်ပူပန်စေတတ်ပါသည်၊ ကုသိုလ်ကောင်းမှုပြုလုပ်မှသာ ကောင်းမြတ်ပါသည်၊ ယင်းကုသိုလ်ကောင်းမှုကို ပြုလုပ်ပြီးပါက နောင်တ တစ်ဖန်ပူပန်ကင်းကွာ ငြိမ်းချမ်းစွာ နေရပါသည်။
(ဃ) အစွန်းအနား အသွားနှစ်ဘက် ထက်မြက်သော သမန်းမြက်သည် အကိုင်မတတ်လျှင် လက်ကို ရှတတ် ရိတ်ဖြတ်တတ်သကဲ့သို့ ထို့အတူ ရဟန်းတရားသည်လည်း အကိုင်မတတ်၍ ကျိုးပြတ်ပျက်စီးနေပါလျှင် ငရဲသို့ပင်ဆွဲချတတ်ပါသည်။
(င) ပေါ့ဆဆ လျော့ရဲရဲ ပြုလုပ်အပ်သော လုပ်ငန်းဟူသမျှသည်လည်းကောင်း၊ ပစ္စည်းလာဘ်ကို မျှော်ကိုး၍ ကျင့်ခြင်းကြောင့် တဏှာလောဘကိလေသာတို့ဖြင့် ညစ်ပေနေသော အကျင့်သည်လည်းကောင်း သို့လောသို့လော တွေးတောဖွယ် မယုံကြည်ဖွယ် အချက်တို့ဖြင့် ပြည့်နှက်နေသော ရဟန်းအကျင့်သည်လည်းကောင်း အကျိုးမများလှပါ။
အလားတူ သုတ်များ
၃၇။ ဤသံယုတ်ပါဠိတော်၌သာမက အခြားပါဠိတော်များ၌လည်း ဤသို့သော အကြောင်းအရာများ ပါရှိသေး၏၊ အနည်းငယ်မျှဖော်ပြရသော် အင်္ဂုတ္တိုရ် ပါဠိတော်၊ ဆက္ကနိပါတ်(၂၇၂-၃) သာမကသုတ်၌ -
မြတ်စွာဘုရားသည် သက္ကတတိုင်းပြည်ဝယ် သာမ-ဟုခေါ်သော ရွာအနီးရှိ ပေါက္ခရဏိယာမည်သော ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် နတ်သားတစ်ယောက်သည် ညဉ့်သန်းခေါင်အချိန်၌ မြတ်စွာဘုရားအထံတော်သို့လာရောက်၍ အရှင်ဘုရား ရဟန်းတော်များ အကျင့်သိက္ခာ ဆုတ်ယုတ်ကြောင်း တရားသုံးပါးရှိပါသည်။ ထိုသုံးပါးမှာ -
(က) ကမ္မာရာမတာ=ပရိယတ်ပဋိပတ် လုပ်ငန်းများကို ပစ်ပယ်၍ ထိုထိုအလုပ်ကိစ္စ၌သာ ပျော်ပိုက်နှစ်ခြိုက်ခြင်း၊
(ခ) ဘဿရာမတာ=တရားစကား ပြောကြားဆွေးနွေးခြင်း မဟုတ်ဘဲ ရပ်ရေး ရွာရေး လူမှုရေးကို စုဝေးထွေပြား စကားများခြင်းဖြင့်သာ ပျော်မွေ့ကာ အချိန်ကို ကုန်စေခြင်း၊
(ဂ) နိဒ္ဒါရာမတာ=ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်သဖြင့် အပန်းဖြေအိပ်ခြင်းမဟုတ်ဘဲ အချိန်ရှိသရွေ့ အိပ်လေ့ ငိုက်မျဉ်းလေ့ ရှိခြင်း၊
ဤတရားသုံးပါးဖြစ်ပါသည်ဟု လျှောက်ထား၏၊ ထိုနတ်သားစကားကို မြတ်စွာဘုရားသည် ကြည်ဖြူနှစ်သက်လက်ခံတော်မူ၏၊ ထိုနောက် နတ်သားသည် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးဦးခိုက်ပြီးကာ ထိုနေရာမှ ကွယ်ပျောက်သွား၏၊ နံနက်မိုးသောက် အလင်းရောက်လတ်သော် မြတ်စွာဘုရားသည် ညဉ့်သန်းခေါင်တုန်းက နတ်သားလျှောက်ထားသော စကားကို ရဟန်းတို့အား မိန့်ကြားတော်မူပြီးနောက် -
“ရဟန်းတို့ အသင်တို့မှာကုသိုလ်တရားများ လျော့ပါးဆုတ်ယုတ်နေသည်ကို နတ်များပင် သိနေကြပြီ၊ ထို့ကြောင့် သင်တို့မှာ ရဟန်းဘဝ ရဟန်းသီလတည်းဟူသော လာဘ်လာဘကို အရမတော် မသင့်မလျော် ဖြစ်ကုန်ကြပြီ၊ ဤတရားရတနာသာသနာတော်ကို ထိုက်ထိုက်တန်တန်ရသည် မမည်တော့ဘူး”ဟု မိန့်တော်မူပြီးလျှင် ဩဝါဒတရားကို ဆက်လက် ဟောကြားတော်မူသည်။
၃၈။ ယခု ဖော်ပြခဲ့သော သာမကသုတ်၌လည်း နတ်က လျှောက်ထားခြင်းသည် မြတ်စွာဘုရားအပေါ် ဆရာလုပ်လို၍ မဟုတ်ဘဲ ရဟန်းတို့ အကျိုးကိုလိုလား၍ လျှောက်ထားခြင်းဖြစ်၏၊ မြတ်စွာဘုရားကလည်း သာသနာတော်နှင့်လျော်၍ အရေးတယူ လက်ခံတော်မူကာ တစ်ဆင့်ဟောကြားတော်မူ၏၊
ကလေးငယ်ကပြောသော စကားပင်ဖြစ်စေကာမူ “အေး မင်းပြောတာ ဟုတ်သားဘဲ”ဟု လူကြီးက လက်ခံသကဲ့သို့ ထို့အတူမြတ်စွာဘုရားသည်လည်း မိမိကိုယ်တိုင်က သိပြီးသော အကြောင်းအရာများပင် ဖြစ်စေကာမူ မည်သူကလာပြောပြော လက်ခံသင့်က လေးစားစွာ လက်ခံနာယူတော်မူ၏၊ ချီးကျူးသင့်ကလည်း ချီးကျူးတော်မူ၏၊ ထို့ကြောင့် အရှင်သာရိပုတ္တရာထေရ် အရှင်ဝိသာခထေရ်စသည်တို့က ဟောကြားအပ်သော တရားကို ရဟန်းများသာမက မြတ်စွာဘုရားကိုယ်တော်တိုင်ပါ နာယူတော်မူပြီးလျှင် တရားပြီးဆုံးသောအခါ၌လည်း သာဓု သာဓု ကောင်းချီးပြုကာ ချီးကျူးထောမနာတော်မူပေသည်။ (ဒီဃနိကာယ်၊ ပါထိကဝဂ္ဂပါဠိတော်(၁၇၅)၊ သဂတိသုတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်(၃၆၀) ဝိသာခသုတ်။
၃၉။ ထို့ပြင် မြတ်စွာဘုရားသည် ကိုယ်တော်တိုင်က (ဓမ္မသာမိ) တရားပိုင်ရှင်ဖြစ်ပြီးပါလျက် တရားနာယူလိုသေးသောကြောင့် ရဟန်းတစ်ပါးပါးကို တရားဟောဖို့ တိုက်တွန်းတော်မူတတ်သေး၏၊ တစ်ချိန်က ယင်းသို့ တိုက်တွန်းမူကြောင့် ရဟန်းသိက္ခာ တစ်ဝါမျှသာရသေးသော သောဏမည်သော ရဟန်းတစ်ပါးသည် မိမိသင်ယူထားပြီးသော ကာမသုတ်၊ ဂုဟဋ္ဌကသုတ်အစရှိသော သုတ်ပေါင်း ၁၆-သုတ်ကို တစ်ဆက်တည်းဟောကြားလေရာ တရားဟော၍အပြီးတွင် မြတ်စွာဘုရားက သာဓုခေါ်ရုံသာမက သိလွယ်မြင်လွယ်အောင် ရှင်းလင်းပြတ်သားစွာ ဟောကြားနိုင်ပါပေသည်ဟု ချီးကျူးတော်မူပေသည်။ (ဝိနည်း မဟာဝါပါဠိတော်-၂၈၆)
၄၀။ သို့လျှင် တရားဟောမှု တရားနာမှု၌ အလွန့်အလွန် အလေးဂရုပြုတော်မူသော မြတ်စွာဘုရားသည် ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း တရားမှန်ပါက နတ်က ဟောဟော တပည့်ရဟန်းတစ်ပါးပါးက ဟောဟော လက်ခံနာယူသည်သာ ဖြစ်သောကြောင့် ဒေဝတာသံယုတ်၊ ဒေဝပုတ္တသံယုတ်ပါဠိတော်တို့ကို နတ်ကဟောသည် ဘုရားကို ဆရာလုပ်ရာရောက်သည်၊ ထို့ကြောင့် နတ်ကို မယုံကြည်မူကို အကြောင်းပြုလျက် ယုတ်မာသော အလိုဆိုးဖြင့် ပါဠိတော်များကို ရှုတ်ချ ဝေဖန်သူတို့၏ ပြောဆိုရေးသားထားသမျှ အားလုံးသည်အကုသိုလ် တိုးပွားစေသည့် အဓမ္မဝါဒစကားသာ ဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။
(စ) (ဆ) မယ်တော်နတ်သား စသော စကားရပ်ကို ဝေဖန်သုံးသပ်ချက်
၄၁။ တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး တရားဟောတော်မူသော မြတ်စွားဘုရားအား မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည် တကြိမ်တစ်ခါမျှ ဆွမ်းမကပ်၊ တောင်ကျွန်း, မြောက်ကျွန်း, အနောက်ကျွန်းသို့ မြတ်စွာဘုရား ဆွမ်းခံကြွ၍ ဘုဉ်းပေးရသည်ကို မယ်တော် နတ်သားသည် ကြည့်နေနိုင်ဘိ၏ဟု ရေးသားထားကြ၏၊
ဤစကားများကား မိမိတို့၏ ရုပ်ဝါဒအမြင်ဖြင့်တာဝတိသာနတ်ပြည်ရှိသည်ကိုလည်းကောင်း၊ နတ်ပြည်သို့ မြတ်စွာဘုရားကြွ၍ အဘိဓမ္မာတရားဟောတော်မူသည်ကိုလည်းကောင်း မယုံကြည်ခြင်းကြောင့် ကပျက်ကချော် သရော်သော စကားများသာ ဖြစ်၍ ဝေဖန်သုံးသပ်ဖွယ် မလိုတော့ပေ။
(ဇ) ဘုရားရှင် အံ့ဖွယ်စသော စကားရပ်ကို စိစစ်ချက်
၄၂။ “ဇာတ်တော်များ၌ ဂေါတမဘုရားအလောင်း၏ ကြီးကျယ်သော အံ့ဖွယ်များ ပါရှိနေပါလျက် ကျန်သေးသည်ဆိုသော အရိမေတ္တေယျဘုရားအလောင်း၏ ထိုအံ့ဩဖွယ်များမှာမူ ကမ္ဘာပေါ်၌ယနေ့အထိ မတွေ့ရှိရခြင်းမှာ အရိမေတ္တေယျ ဟူ၍ မကျန်၍လော ဇာတ်တော်များကပင် ဒဏ္ဍာရီပုံပြင်ဖြစ်နေ၍လော ဝေဖန်သင့်သည်”ဟု ရွှေအဘိဓမ္မာကြေညာချက်၌ ရေးသားထား၏၊ ဂေါတမဘုရားအလောင်း၏ ကြီးကျယ်သော အံ့ဩဖွယ်များဟု ဆိုရာ၌ ဘယ်လိုအံ့ဩဖွယ်များ ဖြစ်သည်ကိုကား မဖော်ပြခဲ့၊ အမှန်တကယ်အားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဇာတ်တော်များ၌ ပါရှိသော အကြောင်းအရာများမှာ -
(က) မာတုဂါမတစ်ယောက်ကို အကြောင်းပြု၍ သာသနာတော်ဝယ် မပျော်ပိုက်သော ရဟန်း၌ ရှေးဘဝတုန်းက ထိုမာတုဂါမကြောင့် မည်မျှလောက် ဒုက္ခရောက်ခဲ့ပုံ၊ ရှေးဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြား၍ ထိုရဟန်းမှာ တရားထူးရကာ သာသနာတော်၌ ပျော်ပိုက်လာပုံ၊
(ခ) မိဘကို ပြုစုလုပ်ကျွေးသော ရဟန်းအား ချီးမွမ်းစကား ပြောကြားတော်မူကာ ရှေးပညာရှိ သူတော်ကောင်းများလည်း ရှေးရှေးဘဝက မည်မျှအနွံအတာခံ၍ မိဘကို ပြုစုခဲ့ပုံ။
(ဂ) ပညာရှိ သူတော်ကောင်းနှင့် မိဘတို့ကို ပြစ်မှားမိသောကြောင့် နောက်ဘဝအဆက်ဆက်၌ ဒုက္ခရောက်ရပုံ၊
(ဃ) လူမိုက်စကားကို နားထောင်မိ၍ နောက်လိုက်ငယ်သားများ သေကြေပျက်စီးရပုံနှင့် ပညာရှိစကား နားထောင်ခြင်းကြောင့် သေဘေးမှ လွတ်မြောက်ရပုံ၊
(င) ဘုရားအလောင်း သူတော်ကောင်းတို့ ဒါနပါရမီ ဖြည့်ကျင့်ရာ၌ ရွှေငွေစသည်တို့ကိုသာမက မိမိ၏ မျက်စိနှင့်သွေးသားတို့ကိုပါ လှူဒါန်းခဲ့ပုံ၊
(စ) သီလပါရမီဖြည့်ကျင့်ရာ၌လည်း မိမိကို တံကျင်လျှို၍ ညှင်းဆဲနှိပ်စက်သူများကိုပင် လုံးဝ တုံ့ပြန်ခြင်း မပြုရုံမက အမျက်မထွက်အောင်ပင် စိတ်ချုပ်တည်း၍ အသက်ကိုပင် မငဲ့ကွက်ဘဲ သီလမပျက်အောင် စောင့်ထိန်းခဲ့ပုံ၊
(ဆ) ရရှိပြီးနှင့် ရရှိတော့မည် ထီးနန်းစည်းစိမ်ကဲ့သို့သော ကြီးကျယ်သောစည်းစိမ်ကိုပင် အနည်းငယ်မျှ မတွယ်တာဘဲ တံတွေးပေါက်ပမာစွန့်ခွာ၍ ရသေ့ရဟန်းပြုခဲ့ပုံ၊ နေက္ခမ္မပါရမီ ဖြည့်ခဲ့ပုံ၊
(ဇ) ပညာပါရမီ ဖြည့်ကျင့်ရာ၌လည်း ဒုက္ခရောက်တော့မည့်ဆဲဆဲ ဖြစ်နေသော သတ္တဝါတို့ကို မိမိပညာစွမ်းဖြင့် ကယ်တင်ခဲ့ပုံ၊
(စျ) ကမ်းမမြင် လမ်းမထင် သမုဒ္ဒရာကြီးကို ဇွဲလုံ့လမလျော့ချဘဲ လက်ပစ်ကူးခဲ့ခြင်း စသည်ဖြင့် ဝီရိယပါရမီ ဖြည့်ကျင့်ခဲ့ပုံ၊
(ည) အသတ်ခံရမည့် အရေးကိုပင် အလေးမပြု ဂရုမစိုက်ဘဲ ဝန်ခံချက်ကတိပဋိညာဉ်အတိုင်း ဆောင်ရွက်ခြင်းဖြင့် သတ္တဝါအများကို သေဘေးမှ လွတ်မြောက်စေခဲ့ပုံ၊
(ဋ) မေတ္တာပါရမီကို ဖြည့်ကျင့်ရာ၌ သမင် ဒရယ် အစရှိသော တိရစ္ဆာန်အားလုံးပင် ကြောက်လန့်ခြင်းမရှိ သံသယကင်းရှင်း ရဲတင်းစွာဖြင့် ဆွေမျိုးသားချင်း မိတ်ဆွေရင်းပမာ ချစ်ခင်မှု အပြည့်အဝဖြင့် သွားလာဝင်ထွက် ဆက်ဆံနိုင်သည်အထိ မေတ္တာထားခဲ့ပုံ -
ဤသို့ စသည်ဖြင့် ဇာတ်တော်များ၌ ကြည်ညိုဖွယ် အတုယူဖွယ် အံ့ဩဖွယ်အကြောင်းအရာ များစွာ ပါရှိ၏၊ ထိုအကြောင်းအရာများကို ဖတ်ရှုကြားနာရခြင်းဖြင့် စိတ်နေစိတ်ထား မြင့်မား တိုးတက်လာနိုင်၏၊ ထို့ကြောင့် ဤမျှလောက် အဆင့်အတန်းမြင့်သော ဇာတ်တော်များကို ဒဏ္ဍာရီပုံပြင်စာရင်း၌ထည့်သွင်းကာ အဆင့်အတန်း နိမ့်ကျအောင် အယုံအကြည်ကင်းမဲ့အောင် ရေးသားပြောဆိုခြင်းသည် ပြောဆိုသူ၏ ယုတ်နိမ့်သော စေတနာကိုသာ ပေါ်လွင်စေပေသည်။
၄၃။ ထို့ပြင် ရွှေအဘိဓမ္မာ၌ “အရိမေတ္တေယျဘုရား အလောင်း၏ ကြီးကျယ်သော အံ့ဩဖွယ်များကို ကမ္ဘာပေါ်မှာ ယနေ့အထိ မတွေ့ရှိရသောကြောင့် အရိမေတ္တေယျဘုရားအလောင်းဟူ၍ တကယ်မရှိနိုင်”ဟုဆိုလို၏၊ စုဒိတကပုဂ္ဂိုလ်တစ်ဦးဖြစ်သော ရွှေအဘိဓမ္မာအမည်ခံသူကဲ့သို့ ပါဠိတော်များအပေါ် အယုံအကြည် ကင်းမဲ့သော ရုပ်ဝါဒီများကား မည်သည့် ပါဠိတော် သာဓကဖြင့် ပြောပြော လက်ခံမည်မဟုတ်ကြ၊ သို့သော် ရတနာသုံးပါး၌ သက်ဝင်ယုံကြည်နေကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များအား အရိမေတ္တေယျဘုရား အလောင်းတော်နှင့် ပတ်သက်၍ သို့လော သို့လော ယုံမှားတွေးတောမှု မရှိရအောင် အလွန်ခိုင်မာသော ပါဋိတော်ကြီးဖြင့် သက်သေထူပြအံ့။
၄၄။ ဒီဃနိကာယ် ပါထိကဝဂ်ပါဋိတော် စက္ကဝတ္တိသုတ် ၆၃-၌ -
နောင်အခါ အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ လက်ထက်၌ မေတ္တေယျမည်သော ဘုရားရှင်ပွင့်ထွန်းတော်မူလိမ့်မည်၊ ယခုအခါငါဘုရားသည် ရာပေါင်းများစွာသော ရဟန်းပရိသတ် အခြံအရရရှိသကဲ့သို့ ထိုမေတ္တေယျဘုရားမှာ သိန်းပေါင်းများစွာသော ရဟန်းပရိသတ်ခြံရံလိမ်မည့်၊ ထိုအခါ သင်္ခမည်သောဘုရင်မင်းသည် ရဟန်းပုဏ္ဏားနှင့် ဆင်းရဲသူ ဆင်းရဲသားများအား အလှူဒါနပြုပြီးလျှင် မေတ္တေယျဘုရားရှင်၏အထံတော်၌ ရဟန်းပြုကာ ရဟန္တာအဖြစ်သို့ ရောက်လိမ့်မည်ဟု မြတ်စွာဘုရား ဗျာဒိတ်စကား မိန့်ကြားတော်မူပေသည်။
(စျ) (ည) (ဋ) ညောင်ပင်သန္ဓေ စသော စကားရပ်ကို စီစစ်ချက်
၄၅။(စျ) “ညောင်တစ်ပင်မှာ အမည်မသိသူတစ်ဦးက ပေးလိုက်၍ ဘုရားအလောင်း မယ်တော်မှာ သိဒ္ဓတ္ထ သန္ဓေရသည်” ဟူ၍ ရေးသားထားသော ရွှေအဘိဓမ္မာ ကြေညာချက်မှာ ဗုဒ္ဓဝင်ကျမ်းများ၌ လုံးဝမပါဘဲလျက် စည်းမစောင့်ဘဲ စော်စော်ကားကား ရေးချင်ရာ ရေးထားသော အမနာပ စကားသာဖြစ်သည်။
(ည) ကြေညာချက်မှာလည်း (စျ)ကဲ့သို့ပင် ဗုဒ္ဓဝင်ကို အမနာပ ရေးသားခြင်းဖြင့် ဘုရားအလောင်းတော်နှင့် မယ်တော် ခမည်းတော်များ၏ ဂုဏ်သိက္ခာကိုသေးသိမ် မှေးမိန်စေရန် အားထုတ်ချက် ဖြစ်သောကြောင့် ပညာရှိသူတော်ကောင်းတို့ စက်ဆုပ်စရာ နားမချမ်းသာစရာ ဆဲရေးတိုင်းထွာခြင်းများသာတည်း၊ ထို့ကြောင့် (စျ) (ည) အပိုဒ်တို့ကိုအကျယ်တဝင့် စိစစ်ဖို့ မလိုတော့ပေ။
၄၆။ “(ဋ) ဘုရားအလောင်းတော် ဖွားမြင်သောနေ့၌ နဂိုက မျက်စိမမြင်သောသူများ မြင်ကြသည်၊ နားမကြားသူများလည်း ကြားကြသည်၊ မသွားနိုင်မလာနိုင် ဆွံ့နေသူ မသန်စွမ်းသူများလည်း သန်သန်စွမ်းစွမ်း သွားနိုင် လာနိုင်ကြသည်”ဟု သုတ်မဟာဝါအဋ္ဌကထာ(၃၂) မဟာပဒါနသုတ် ၌ဖော်ပြထား၏၊ ထိုအကြောင်းအရာများမှာ ရွှေအဘိဓမ္မာ ကြေညာချက်၌ ရေးထား၏၊
၄၇။ ယင်းသို့သော အဖြစ်ဆန်းတို့ကို ကမ္ဘာသမိုင်းတို့၌ မပါ၍ မယုံနိုင်ဟုဆိုခြင်းမှာ စကားကပ်ကိုး၍ သဘောတစ်မျိုးဖြင့် ဆိုခြင်းသာ ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာသမိုင်းဟူသည်မှာ မြတ်စွာဘုရား လက်ထက်တော်အထိ ရှေးကျနေပြီဖြစ်သော လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကို မဆိုထားဘိ ဗုဒ္ဓမြတ်စွာနောက် နှစ် ၂၀၀-ကျော်ခန့် နောက်ကျသည့် အသောကခေတ်၏ အဖြစ်သနစ် အထူးအဆန်းတို့ကိုပင် မှတ်တမ်းမတင်နိုင်ကြသေးပေ၊ အမှန်အားဖြင့် ခရစ်နှစ်(အေဒီ) အစပြုပြီးနောက်ပိုင်းမှသာ သမိုင်းမှတ်တမ်းများ အသင့်အတင့် ပြည့်ပြည့်စုံစုံ ရှိလာခဲ့ခြင်း ဖြစ်သဖြင့် သမိုင်းမှတ်တမ်းတို့တွင်မပါ၍ မယုံဟုဆိုရလျှင် မည်သည့်ဘာသာဝါဒကိုမျှ လက်ခံစရာမရှိတော့ပေ၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဟု ဆိုပါလျက် ဘုရားဟောထက် ကမ္ဘာသမိုင်းဆရာတို့၏ မှတ်တမ်းကိုသာ တစ်ဖက်သတ် ယုံကြည်အားထားနေကြသော မျက်စိတစ်ဖက်မြင် ပုဂ္ဂိုလ်များသည် နောင်သံသရာရေးအတွက် အလွန်သနားစရာကောင်းသော ပုဂ္ဂိုလ်များဖြစ်သည်ဟု ဝေဖန်တော်မူကြသည်။
သိပ္ပံပညာဖြင့် လိုက်၍ မမီနိုင်သော ဗုဒ္ဓဒေသနာတော်
၄၈။ မြတ်စွာဘုရားတရားတော်နှင့် သိပ္ပံပညာတို့၏ ဦးတည်ချက်မှာ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်၍ အလွန်ပင်ကွာခြားလှ၏၊ သိပ္ပံပညာသည် ရုပ်ဝတ္ထုဒြဗ်ဆိုင်ရာ ကြီးပွားတိုးတက်ရေးနှင့် ဖျက်ဆီးရေးသို့ ဦးတည်နေ၏၊ အသစ်အဆန်းဖြစ်သော လောကီအာရုံ ကာမဂုဏ် အသုံးအဆောင်တို့ကို ဆန်းသည်ထက် ဆန်းကြယ်အောင် တီထွင်နေခြင်းအားဖြင့် လောဘစသော ကိလေသာစိတ်ဓာတ်တိုးပွားရေး သံသရာဝဋ်ဒုက္ခ ကျယ်ပြန့်ရေးသို့ဦးတည်နေ၏၊ မြတ်စွာဘုရား၏ တရားတော်သည်ကား ထိုကာမဂုဏ်အာရုံတို့ကို အကြောင်းပြု၍ ထိုလောဘ စသည်မဖြစ်အောင် ချုပ်တည်းရေးနှင့် လောဘစသည် ကုန်ခန်း၍ ဝဋ်ဒုက္ခမှလွတ်မြောက်ရေး အတွက်သာ ဦးတည်လျက်ရှိပေသည်။
၄၉။ မြတ်စွာဘုရားသည် ယင်းသို့ ဦးတည်လျက်ပင် -
(က) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလတို့၌ ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံသော သံသရာဝဋ်ဒုက္ခဟုခေါ်သော လူ့ဘဝ၊ နတ်ဗြဟ္မာဘဝ၊ တိရစ္ဆာန်ဘဝ၊ ပြိတ္တာဘဝတို့ကိုလည်း သုခမဟုတ် ဒုက္ခအမှန် (ဒုက္ခသစ္စာ) ဟူ၍ ဟောတော်မူ၏၊
(ခ) ထိုသံသရာဝဋ်ဒုက္ခအမျိုးမျိုးကို သုခထင်ကာခင်မင်တွယ်တာနေသော တဏှာလောဘကို ဒုက္ခဖြစ်ကြောင်းအမှန် (သမုဒယသစ္စာ) ဟူ၍လည်း ဟောကြားတော်မူ၏၊
(ဂ) ထိုဒုက္ခ၏ချုပ်ငြိမ်းရာ အငြိမ်းဓာတ်နိဗ္ဗာန်သည် ဧကန်ရှိ၏ဟုသိမြင်တော်မူသည့်အတိုင်း အငြိမ်းဓာတ်နိဗ္ဗာန် (နိရောဓသစ္စာ) ကိုလည်းဟောကြားတော်မူ၏၊
(ဃ) ထိုနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းအကျင့်မှန် ဝိပဿနာတရား မဂ္ဂင်တရားတည်းဟူသော မဂ္ဂသစ္စာကိုလည်း ဟောကြားတော်မူ၏၊
ယင်းသို့ ဟောကြားတော်မူအပ်သော သစ္စာလေးပါးတရားကိုကား အဘယ်သိပ္ပံပညာမျှ လိုက်၍မမီနိုင်၊ အဘယ်သိပ္ပံပညာနှင့်မျှ စမ်းသပ်သိပ္ပံ၍မဖြစ်နိုင်၊ ထိုသစ္စာလေးပါးကို သိမြင်သော သန္ဒိဋ္ဌိက၊ အကာလိကဟုခေါ်သော အသိဉာဏ်ပညာဖြင့်သာ စမ်းသပ်နိုင်၏၊ မြတ်စွာဘုရားကိုယ်တော်တိုင် သိမြင်၍ ဒုက္ခသစ္စာစာရင်း၌ ထည့်သွင်းဟောကြားအပ်သော နတ်ဘဝ ဗြဟ္မာဘဝ၊ ပြိတ္တာဘဝ သေပြီးနောက် ဖြစ်ရမည့် တမလွန်ဘဝ အမျိုးမျိုးကိုလည်း ရိုးရိုးမျက်စိဖြင့်သာမက နက္ခတ်ကြည့်မှန်ပြောင်းဖြင့်လည်း ကြည့်၍မမြင်နိုင်၊ သိပ္ပံပညာဖြင့်လည်း စမ်းသပ်၍ မရနိုင်၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်သာ မြင်နိုင်၊ စမ်းသပ်နိုင်ပေသည်၊ ထိုကဲ့သို့ရိုးရိုးမျက်စိဖြင့်လည်း မမြင်နိုင်၊ သိပ္ပံပညာဖြင့်လည်းစမ်းသပ်၍ မရနိုင်သောဗုဒ္ဓဒေသနာတော်လာ အကြောင်းအရာများက မိမိတို့ဉာဏ်မမီတိုင်း ယုတ္တိမရှိဟူ၍ လည်းကောင်း နောက်မှ ထည့်သော ပါဠိဟူ၍ လည်းကောင်း ထုတ်ပယ်ရန် ကြိုးစားခြင်းသည် မတရားမှုကို ကျုးလွန်ခြင်းပင် ဖြစ်ပေသည်။
နိုင်ငံခြား ဘာသာခြားတို့၏ လက်ချက်
၅၀။ ဗုဒ္ဓဝင်ကို ဗုဒ္ဓရှင်တော်မြတ်ကိုယ်တိုင် မဟောဟု ဆိုကာ ဗုဒ္ဓကြောင်းရာ အတ္ထုပ္ပတ်တို့ကို အမျိုးမျိုး ပျက်ရယ်ပြုကြသော သမ္မာဒိဋ္ဌိအဖွဲ့ဝင်တို့၏ အရေးအသား အပြောအဆိုများမှာ ဗုဒ္ဓဝါဒီ မဟုတ်သော အနောက်နိုင်ငံ သမိုင်း သုတေသီတို့၏ အယူအဆ အရေးအသားများမှ မြစ်ဖျားခံသည်ကို တွေ့ရသည်၊ စင်စစ် သမ္မာဒိဋ္ဌိသုတေသန အသင်းဝင်တို့သည် မိမိတို့ဉာဏ်ဖြင့် ပြောတတ်၍ပြောကြခြင်း မဟုတ်ပေ၊ သီးခြား ဝိနည်းဓိုရ်ဆရာတော်တို့၏ ရပ်တည်ချက်အရ ထေရဝါဒ ပိဋကပါဠိအဋ္ဌကထာ ဘောင်မဝင်သော အချက်တို့ကို ဖြေရှင်းဆုံးဖြတ်ရန် တာဝန်မရှိသော်လည်း အချို့သော ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများသံသယဝင်ကာ အထင်လွဲမှားနိုင်သည့် အချက်များကို စုဒိတကပုဂ္ဂိုလ်များကတင်ပြလာသဖြင့် နိုင်ငံခြား စာပေများမှ ထုတ်နုတ်သုံးသပ်၍ ပြဦးအံ့။
၅၁။ ဗုဒ္ဓသည် အချို့သောသုတ်တို့၌ သူသည်သမဏတစ်ဦးသာဖြစ်ကြောင်း တစ်နည်းအားဖြင့် ဆရာတစ်ဆူသာ ဖြစ်ကြောင်းကိုပြဆို၍ ရှေးဘဝ အကြောင်းအရာများကိုလည်းကောင်း၊ ရှေးဘုရားများ အကြောင်းကိုလည်းကောင်း မဖော်ပြခဲ့ပေ၊ ထို့ကြောင့် ဗုဒ္ဓဝါဒ အဦးအစပိုင်း၌ ဘုရားအဆူဆူဟူသော သီအိုရီ (အတွေးအယူ) မရှိကြောင်း၊ နောက်မှ ဗုဒ္ဓ(၇)ဆူ ဟူသော ဝါဒပေါ်လာကြောင်း ယင်း ဗုဒ္ဓ ၆-ဆူ၊ ၇-ဆူ ဟူသော ဝါဒသည်ပင် အလွန် ရှေးကျလှသည် မဟုတ်ကြောင်း၊ ဟိနယာန မဟာယန ဗုဒ္ဓဝါဒီဂိုဏ်းပေါင်းစုံ၌ အမည်နာမချင်း တူသော်လည်း အခြားအရာနှင့် အတ္ထုပ္ပတ္တိ မတူညီကြောင်း၊ ဗုဒ္ဓဝင်ပါဠိတော် အဋ္ဌကထာ၌ကား ဗုဒ္ဓ ၂၇-ဆူ ဖြစ်လာကြောင်း၊ ဤတွင် အခြားဂိုဏ်းများက ဒီပင်္ဂရ ဘုရားတစ်ဆူတွင်သာ အဆိုတူ၍ အခြား ဘုရားများတွင် အရေအတွက်နှင့် အမည်နာမ ကွဲပြားစွာ ရှိသည်ဟု အီးဂျေသောမတ် ဆိုသူက သူ၏ “ဗုဒ္ဓဝါဒ အတွေးအခေါ် သမိုင်း” နှာ ၁၄၇-တွင် ဆိုသည်။
၅၂။ အလားတူပင် ဒီဃနိကာယ်၊ မဟာဝဂ္ဂ မဟာအဒါနသုတ်ကို အင်္ဂလိပ်ဘာသာပြန်ဆိုသော စီအေအက်ရိုက်စ်ဒေးဗစ် ဆိုသူက ယင်းသုတ်၏နိဒါန်းတွင် ဤသို့ ဆို၏ -
“ဗုဒ္ဓသည် အခြားရဟန္တာ သာဝကတို့ထက် ထူးထူးခြားခြား သဗ္ဗညုတဉာဏ် အထူးထူးသော တန်ခိုးပြာဋိဟာတို့နှင့် ပြည့်စုံသူဖြစ်သည်” ဟူသော BuddhaDoctrine ဘုရား အမြတ်ဆုံးဝါဒ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အရိယမဂ္ဂင်ဟူသော မဂ္ဂသစ္စာ အပယ်ခံရလေတော့သည်၊ ဗုဒ္ဓကို အမွှန်းတင်လွန်းရာမှ ဘုရားအဆူဆူဟူသော ဝါဒဝင်လာရာ “ကိုယ့်ဟာကိုယ်အားထုတ်၊ ကိုယ့်ဟာကိုယ်ချုပ်တည်း” ဟူသော ရှေးအစဉ်အလာကို မေ့ပျောက်ပစ်လိုက်ကြတော့၏၊ အမှန်သစ္စာထက် ဘုရားအမြတ်ဆုံးဝါဒ တည်းဟူသော ပေါင်းမြက်ကထူ၍လာတော့သည်၊ ဘာသာဝါဒအသစ်ထူထောင်ဖို့ တူညီသော အခြေခံအချက်များအရ (ဗောဓိသတ္တ) အလောင်းလျာများသည် နှစ်ကာလ ကမ္ဘာခြားပြီးမှ ပေါ်လာကြသည်ဟု အိန္ဒိယသားများ ခံယူထားကြ၏၊ ဤခံယူချက်တွင်လည်း ဗုဒ္ဓဝါဒက ရှေ့တန်းမှ ပြေးနေသည်။
၅၃။ ရှေးဟောင်း ဗုဒ္ဓစာပေများတွင် ဗုဒ္ဓဝါဒနှင့် ဗုဒ္ဓအဆူဆူဝါဒ ရောနှောဖက်စပ်ကာ ပါဝင်လာ၏၊ ဥပမာ-
(က) သုတ္တနိပါတ် ပဗ္ဗဇ္ဇသုတ်၌ဘုရားမဖြစ်မီ အလောင်းတော်ဘဝ၌ ရှိသေးသော ဂေါတမကို “အဂမာ ရာဇဝတံ ဗုဒ္ဓေါမာဂဓနံ ဂိရိဗ္ဗဇံ” [ဗုဒ္ဓသည် မဂဓတိုင်းသားတို့၏ နွားခြံပမာ တောင် ၅ လုံးကာရံထားသော ရာဇဂြိုဟ်သို့ ဆွမ်းခံကြွလာသည်ဟု] ဗုဒ္ဓဟူသော စကားလုံးကို သုံးကာ ဆိုထားသည်။
(ခ) “ဗုဒ္ဓံ ဝေရတယာတီတံ မယံ ပုစ္ဆာမ ဂေါတမံ” [လောဘ ဒေါသ စသည် ဘေးရန်ကို လွန်ပြီးသော ဂေါတမနွယ်ဖွား ဗုဒ္ဓကိုပြဿနာ မေးလျှောက်အံ့] ဟူ၍ သုတ္တနိပါတ် တေမဝတသုတ်၌ ဗုဒ္ဓကို ရည်ညွှန်းသော စကားလုံးကို ဣတိဝုတ် ပထမရာဂသုတ်၌ “ဃဝေရဘယာတီတံ အာဟု သဗ္ဗပဟာယီနံ” [လောဘ ဒေါသ ဘေးရန်တို့ကို လွန်ပြီးသော၊ အလုံးစုံသော အကုသိုလ်ကို ပယ်ပြီးသော ရဟန်းကို “ဗုဒ္ဓ”ဟု ဆိုကြသည်]ဟု သာမန် ရဟန္တာများအတွက် သုံးနှုန်းထားသည်ကို တွေ့ရသည်၊ ထို့ကြောင့် ဗုဒ္ဓနှင့် သာဝကရဟန္တာ များစွာမကွာခြားလှ [ဗောဓိသတ္တကို လည်းကောင်း၊ သာမန်ရဟန္တာကိုလည်းကောင်း၊ ဂေါတမကို လည်းကောင်း ဗုဒ္ဓသဒ္ဒါဟောသည်ဟု ဆိုလိုသည်]။
(ဂ) ဗောဓိပင် အနီးတဝိုက်တွင် နေစဉ်နှင့် ဓမ္မစကြာ ဟောတော်မူစဉ် ဗုဒ္ဓကိုရည်ညွှန်း၍ သမ္မာသမ္ဗုဒ္ဓ-ဟူသော စကားလုံး သုံးသည်ကို တွေ့ရပြီး၊ ယင်းနှင့်တွဲဖက်သော အရဟန္တာ-ဟူသော ပုဒ်မှာ အခြား တပည့်ရဟန္တာများနှင့် ဆက်ဆံလျက်ရှိသည်ကို မြင်ရသောကြောင့် လည်းကောင်း။
(ဃ) မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ တေဝိဇ္ဇဝစ္ဆဂေါတ္တသုတ်၌ ငါ့ကို “တေဝိဇ္ဇ” ဟုဆိုလျှင် အမှန်ဆိုရာရောက်ကြောင်း၊ ဗုဒ္ဓကိုယ်တော်တိုင် မိန့်ဆိုသော စကားအရ တေဝိဇ္ဇ (ဝိဇ္ဇာ ၃-ပါးရသူ) အဖြစ်ဖြင့် အခြား သာဝကရဟန္တာတို့နှင့် ဗုဒ္ဓများစွာ မကွားခြားလှသည်ကို တွေ့မြင်ရသောကြောင့် လည်းကောင်း၊ ဗုဒ္ဓကို လူသားမဟုတ်သော လူသားတို့၏ သဘာဝထက်ပိုလွန်သော ဂုဏ်ပုဒ်တို့ဖြင့် အလွန်အကျွံဆိုကာ ဗုဒ္ဓဝါဒကို နှောင်းလူတို့ ထွင်လာကြသည်။
၅၄။ ယင်းသို့ ထွင်လာခဲ့သော ဗုဒ္ဓဂုဏ်ပုဒ်များကို လေးနက်စေရန် ဗုဒ္ဓဖြစ်ကြောင်း ပါရမီတို့ကို ဖန်တီးကြပြန်ကာ ဗုဒ္ဓအစဉ်အလာကိုပြရန် ဘုရား ၆-ဆူ ဝါဒကိုတီထွင်ပြန်ကာ မဟာပဒါနသုတ်ကို ရေးစီ၍ ပိဋကထဲ ထည့်သွင်းကြသည်ဟု ဆိုလေသည်။ ဤကား ရိုက်စ်ဒေးဗစ်၏ အဆိုတည်း။
ဤမျှမက အီးဂျေသောမတ်စ်၏ ဓမ္မသမိုင်း နှာ-၁၃၃-၌ ဤသို့ဆိုထားသေး၏၊
“Here” everything that we learn in the scriptures about his personal history is coloured by dogmatic views comcerning the nature And destiny of a Buddha and of those acts which were essential steps in his career.”
မြန်မာပြန်
သူ၏ ကိုယ်ရေးရာဇဝင်နှင့် စပ်၍ ပိဋကစာပေများ၌ ကျွန်ုပ်တို့တွေ့ရသော အချက်အလက်တိုင်းသည် ဗုဒ္ဓနှင့် ဗုဒ္ဓ၏ဘုရားအဖြစ်ရောက်အောင် အားထုတ်ရာတွင် အရေးကြီးသော (ခြေလှမ်းများ)ဟု ဆိုအပ်သော အပြုအမူများ၏သဘာဝနှင့် ပန်းတိုင်ကို အကြောင်းပြု၍ ဓမ္မစွဲအနေဖြင့် ချယ်မှုန်းထားအပ်သောအချက်များသာ ဖြစ်သည်။
၅၅။ တစ်ဖန် ချားလ်စ် အီလီယော့ဆိုသူက သူ၏ “ဟိန္ဒူဝါဒနှင့် ဗုဒ္ဓဝါဒ” ဟူသောစာအုပ် အတွဲ-၁၊နှာ-၃၄၂-၌ ဓမ္မ၏ အဆက်မပြတ် တည်ရှိနေပုံနှင့် ယင်းဓမ္မကို ဟောပြောဆုံးမပုံများ ခေတ်အမျိုးမျိုး၌ တူညီပုံကို အလေးအနက်ပြုစေရန် မဟာပဒါနသုတ်ဖြင့် ဘုရား ၇-ဆူအကြောင်းကို ဖော်ထုတ်ကြသည် ဟူ၍လည်းကောင်း၊ တဖန် နှာ-၃၄၃ ၌ “ဘုရား ၇-ဆူအပြင် အခြားဗုဒ္ဓများရှိကြောင်း သုတ္တန် ပါတ္တန်ဠိတော်များ၌ ဖော်ပြခြင်း မရှိကြောင်း၊ ဗုဒ္ဓဝံသခေါ် နောက်ရေးကျမ်း၌ကား ဘုရား၂၅-ဆူ ဖော်ထုတ်ကြပြန်ကြောင်း၊ ဂျိန်း(တိတ္ထင်္ကရ)ဘုရားများ ၂၄-ဆူရှိခြင်း ဗိသျှနု၏ အဝတာရ ဝင်စားဘုရားများလည်း အချို့အမှတ်အသားအရ ၂၄-ပါးပင်ရှိခြင်းတို့သည် တစ်ကမ္ဘာနှင့် တစ်ကမ္ဘာ၌ ရှိနိုင်သော သူတော်မြတ်တို့ကို ခန့်မှန်းတွက်ချက်ခြင်းအပေါ် တည်သော အရေအတွက်များ ဖြစ်ဖွယ်ရှိကြောင်း ၂၅-ဆူသော ဗုဒ္ဓဝင်တို့၏ အရပ်အမြင့်နှင့်ပွင့်ရာနှစ် အပိုင်းအခြားများသည် ပိုလွန်သော ပမာဏများ ဖြစ်ကြောင်း ဆိုထားလေသည်။
၅၆။ ယင်းစာအုပ် နှာ-၃၄၃ ၌ သည်မျှမက ဆိုထားပုံက -
“The biographies of these Buddhas are bridf and monotonous. They also record how each met gotama in one of his previous births and prophasied his future glory. The object of these biographies is less to give imformation about previous Buddhas than to trace the career of gotama as a Bodhisattra.”
“ဤဘုရားရှင်တို့၏ အတ္ထုပ္ပတ္တိများသည် တိုကျဉ်း၍ တပုံစံတည်းရှိကြသည်၊ အသီးသီးသော ဘုရားရှင်တို့ ဂေါတမနှင့် တွေ့ဆုံ၍ နောင် ဗုဒ္ဓဖြစ်မည့်အကြောင်း ဗျာဒိတ်စကား မိန့်ကြားတော်မူပုံကို ယင်းအတ္ထုပ္ပတ္တိများက” မှတ်တမ်းတင်ခဲ့ကြသည်၊ ယင်းသို့ ဗုဒ္ဓဖြစ်တော်မူစဉ်များကို ထုတ်ဖော်ရခြင်း၏ ရည်ရွယ်ချက်မှာ ရှေးဘုရားရှင်တို့ အကြောင်းကို ပြောလိုသည်ထက် ဂေါတမဘုရားလောင်းဘဝပါရမီဖြည့်ပုံကို ပြလိုခြင်းက ပိုလေသည်”.....ဟူ၍ ဖြစ်သည်။
၅၇။ အီးဂျေသောမတ်စ်၏ ဓမ္မသမိုင်းစာမျက်နှာ ၂၇၉-၌ မြောက်ပိုင်း အပဒါန် ကျမ်းစာ တစ်စောင်ဖြစ်သော ဒိဗျာဝဒါနကျမ်းတွင် အတ္ထုပ္ပတ္တိရှင် ၃၈-ပါး (၃၅-မဟုတ်)ရှိကြောင်းအဆိုကိုတွေ့ကြပြန်သည်။ အထက်ပါနိုင်ငံခြား ဘာသာအခြားလူမျိုးတို့၏ ရေးသားချက် မူရင်းတို့ကို သမ္မာဒိဋ္ဌိသုတေသနသမားတို့၏ ဗုဒ္ဓဘာသာစွပ်စွဲပုတ်ခတ်ချက်များနှင့် နှိုင်းယှဉ်ကြည့်သည်ရှိသော် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် မိမိတို့ဉာဏ်စွမ်း ဉာဏ်စမရှိဘဲ နိုင်ငံခြားက ဗုဒ္ဓဘာသာ ပျက်စီးရေး ဝေဖန်ချက်တို့ကို နို့သက်ခံစို့ထားကြောင်း တွေ့ရပေလိမ့်မည်၊ ဗုဒ္ဓဘာသာကို တိုက်ခိုက်ရာတွင် ဘာသာခြားတို့နှင့် ရုပ်ဝါဒီတို့လက်တွဲမိသော အချက်သက်သေပေတည်း။
နိုင်ငံခြားသားတို့၏ ရေးသားချက်ကို ရှင်းလင်းချက်
၅၈။ နိုင်ငံခြားသား ဘာသာခြားတို့၏အထက်ပါအချက်များကို တစ်ခုစီရှင်းပြပါအံ့၊ ဗုဒ္ဓသည် အခါအားလျော်စွာ ကိုယ်တော်မြတ် ကိုယ်တိုင်က မိမိကိုယ်ကို သတ္ထာ(ဆရာ)ဟူ၍ လည်းကောင်း၊ သမ္မာသမ္ဗုဒ္ဓ(အမှန်, ကိုယ်တိုင်သိသူ)ဟူ၍လည်းကောင်း၊ အရဟန္တ(လူနတ်ဗြဟ္မာအားလုံးတို့၏ ပူဇော်အထူးကို ခံထိုက်သူ)ဟူ၍ လည်းကောင်း ခေါ်ဝေါ်သကဲ့သို့ ဗုဒ္ဓဟူ၍လည်း ခေါ်ဝေါ်ကြောင်း မိန့်တော်မူခဲ့သည်။ (ဝိ၊၃၊၁၂) ယင်းကိုလည်း မဇ္ဈိမပဏ္ဏာသ၊ ဗသလသုတ် ဗြဟ္မာယုသုတ်၌ အောက်ပါ ဂါထာများအရသိရသည်၊ ရိုစ်ဒေးဗစ် ရေးသကဲ့သို့ ဗုဒ္ဓသည် သူ့ကိုယ်ကို ဗုဒ္ဓခေါ်ကြောင်း မပြောခဲ့သည်မှာ မဟုတ်မှန်ပေ။
အဘိညေယျံ အဘိညာတံ၊ ဘာဝေတဗ္ဗဉ္စ ဘာဝိတံ။
ပဟာတဗ္ဗံ ပဟီနံ မေ၊ တသ္မာ ဗုဒ္ဓေါသ္မိဗြာဟ္မဏ (ခု၊၁၊၃၆၈။) (မ၊၂၊၃၄၄-၃၅၂။)။
မြန်မာပြန်
ပုဏ္ဏား၊ ငါသည် အထူးသိရမည့်တရားကို သိတော်မူပြီ။ ပွားစေရမည့် တရားကိုလည်း ပွားများစေခဲ့ပြီ။ ပယ်ရမည့် တရားကိုလည်း ပယ်စွန့်ခဲ့ပြီ၊ (စသဒ္ဒါအရ-နိဗ္ဗာန်ကိုလည်း မျက်မှောက် ပြုတော်မူခဲ့ပြီ) ထို့ကြောင့် ငါသည် ဗုဒ္ဓဖြစ်ခဲ့လေပြီ။
ဗြဟ္မာယု ပုဏ္ဏားကြီးက “ဗုဒ္ဓေါ ကိန္တိဝဝုစ္စတိ”(အဘယ်သို့၊ အဘယ်ကြောင့် ဗုဒ္ဓဟု ခေါ်ဆိုရပါသလဲ)ဟု မေးလျှောက်၍ ဗုဒ္ဓက အောက်ပါအတိုင်း ဖြေဆိုတော် မူလေသည်-
စိတ္တံ ဝိသုဒ္ဓံ ဇာနာတိ၊ မုတ္တံ ရာဂေဟိ သဗ္ဗသော။
ပဟီန ဇာတိမရဏော၊ ဗြဟ္မစရိယဿ ကေဝလီ။
ပါရဂူ သဗ္ဗဓမ္မာနံ၊ ဗုဒ္ဓေါ တာဒီ ပဝုစ္စတိ (မ၊၂၊၃၄၅)။
မြန်မာပြန်
အလုံးစုံသော ရာဂ(ကိလေသာ)တို့မှ လွတ်သည်ဖြစ်၍ အထူးစင်ကြယ်သောစိတ်ကို သိသူ၊ ပဋိသန္ဓေနေခြင်း သေခြင်းကို ပယ်ပြီး အလုံးစုံသော မြတ်သောအကျင့်ကို ကျင့်ပြီးသူ၊ အလုံးစုံသော သင်္ခတအသင်္ခတတရားတို့၏ အဆုံးသို့ ဉာဏ်ဖြင့် ရောက်ပြီးသူကို ဗုဒ္ဓဟူ၍ ခေါ်ဆိုရလေသည်။
ဤ၌ ဗုဒ္ဓသဒ္ဒါသည် သိစရာကို သိပြီးသူ၊ နိုးကြားပြီးသူ ဟူသော အနက်ကိုဟောသည်၊ မကြာမတင် သိတော့မည့်သူ၊ နိုးကြားတော့မည့်သူကိုလည်း ဟောသည်။ ထို့ကြောင့် ပဗ္ဗဇ္ဇသုတ်၌ “အဂမာ ရာဇဂတံ ဗုဒ္ဓေါ”ဟု ဗုဒ္ဓဖြစ်မည့်ဆဲဆဲ အလောင်းတော်ကို ဗုဒ္ဓဟု သုံးနှုန်းသည်မှာ သင့်မြတ်လှပေသည်။
တစ်ဖန် ဗုဒ္ဓသဒ္ဒါသည် ဂေါတမဗုဒ္ဓကို ရည်ညွှန်းသောအခါ Proper Name (ဧကဝိဓနမ်) ဖြစ်သော်လည်း အခြား ရဟန္တာများကို ရည်ညွှန်းသောအခါ Adjective (နာမဝိသေသန)ဖြစ်သည်၊ သိုဖြစ်၍ “ဗုဒ္ဓံဝေရဘယာတီတံ” ဟူသော သုတ္တနိပါတ် ဟေမဝတသုတ်၊ ဣတိဝုတ်ပထမရာဂသုတ် ၂-သုတ်၌လာသော ဗုဒ္ဓသဒ္ဒါသည် (in Accordance with syntacic meaning) စာအနေအထား၊ ဝါကျအနေအထားအလိုက် အဓိပ္ပာယ် ကောက်ယူရမည့် စကားလုံးမျိုး ဖြစ်ပေသည်။
အခြား မည်သည့် ပုဂ္ဂိုလ်မျိုးကို ဗုဒ္ဓဟူ၍ ခေါ်ဝေါ်သုံးစွဲသေး သနည်းဟုစိစစ်သော် အခါတပါး အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်ကစ္စည်း၊ အရှင်ကောဋ္ဌိက၊ အရှင်ကပ္ပိန၊ အရှင်စုန္ဒ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ရေဝတ၊ အရှင်နန္ဒ (ရဟန်းကြီး ၉-ပါး၊ ဧတဒဂ်ဘွဲ့ထူး ဂုဏ်ထူး အသီးသီးရှိကြသော) တပည့်ကြီးများ ဘုးရားရှင်ထံတော် ရှေ့ရှုကြွလာကြသည်ကို မြင်တော်မူသောအခါ “ဧတေ ခေါ ဘိက္ခဝေ အာဂစ္ဆန္တိ ဧတေ ခေါ ဘိက္ခဝေ အာဂစ္ဆန္တိ” (ရဟန်းတို့သူတို့လာနေကြသည်၊ သူတို့လာနေကြသည်)ဟုမိန့်တော်မူကာဗုဒ္ဓမြတ်စွာသည် အောက်ပါဂါထါကို ဥဒါန်းပါဗုဒ္ဓဠိတော်၌ ဟောတော်မူသည်။
ဗာဟိတွာ ပါပကေ ဓမ္မေ၊ သေ စရန္တိ သဒါ သတာ။
ခီဏသံယောဇနာ ဗုဒ္ဓါ၊ တေ ဝေ လောကသ္မိ ဗြာဟ္မဏာ (ခု၊၁၊၈၁)။
ဟု ဥဒါန်းကျုးတော်မူသည်။ [လောက၌ အကုသိုလ်တရားတို့ကို ပယ်ခွာ၍ အမြဲသတိရှိကာ လှည့်လည်ကျက်စားကြသော သံယောဇဉ်ကုန်၍နိုးကြားပြီးသောသူတို့သည် ဗြာဟ္မဏ စစ်စစ် မည်ကုန်၏၊]
၅၉။ ဤဗုဒ္ဓဟူသော စကားလုံးနှင့် စပ်၍ အဋ္ဌကထာဆရာများသည် ဗုဒ္ဓလေးမျိုးရှိကြောင်း ထုတ်ပြကြသည်။ (၁) သဗ္ဗညုတဗုဒ္ဓ (၂)ပစ္စေကဗုဒ္ဓ (၃) စတုသစ္စဗုဒ္ဓ (၄) သုတဗုဒ္ဓ-ဟူ၍ ဖြစ်သည်။ ထိုတွင်
(၁) သဗ္ဗညုတဗုဒ္ဓကား သမ္မာသမ္ဗုဒ္ဓ-ဟူသော သီးသန့်ဘွဲ့ထူးဖြင့်ထင်ရှားသော သဗ္ဗညုတ ဉာဏ်တော်ရှင် ဗုဒ္ဓပေတည်း။
(၂) ပစ္စေကဗုဒ္ဓကား သယမ္ဘူ, သမ္ဗုဒ္ဓေါ-ဟူသော ဝိသေသနဂုဏ် ပုဏ်တို့ဖြင့် အပဒါန်ပါဠိတော်၌ လာသော သီးခြားဘုရားငယ်တည်း။
(၃) စတုသစ္စဗုဒ္ဓကား အထက်ဥဒါန်းပါဠိတော်၌ လာသော ဗုဒ္ဓကိုယ်တော်တိုင် ချီးမြှောက်၍ ခေါ်ဝေါ်အပ်သော ရဟန္တာပုဂ္ဂိုလ်များ ဖြစ်သည်။
(၄) သုတဗုဒ္ဓ ဟူသည်ကား သာသနာတော်ကို တင့်တယ်စေသူဟု ဗုဒ္ဓကိုယ်တော်တိုင် ဒီယနိကာယ်၊ ပါသာဒိကသုတ်၍ ချီးကျုးမြှောက်စား၍ ဟောတော်မူခဲ့သော ဗဟုသုတ (စာပေပိဋက တတ်ကျွမ်းသော) ပုထုဇဏဉ် ရဟန်းမျိုး ဖြစ်သည်။
ဤစကားစဉ်အရ ရိုက်ဒေးဗစ်အလိုအားဖြင့် ဗုဒ္ဓဟူသော စကားလုံးမှာ ဗုဒ္ဓရှင်တော်မြတ်နှင့်သာမက သာမန် ရဟန်းများနှင့်ပါ သက်ဆိုင်နေသောစကားလုံးဖြစ်၍ ဗုဒ္ဓသည် အလွန်ထူးခြားသော ပုဂ္ဂိုလ်မြတ်ကြီးမဟုတ်နိုင်၊ လမ်းပြရှေ့ဆောင်ဆရာကြီးတစ်ဆူ အဖြစ်သည်သာ သမိုင်းဝင် အမှန်တရား (Historical Fact) ဖြစ်သည်ဟု ဆိုလိုဟန် တူ၏၊
၆၀။ အမှန်စင်စစ်မှာကား တထာဂတဇာတိခယန္တဒဿီ စသောဗုဒ္ဓမြတ်စွာကို ဆိုလိုရာတွင်း သုံးနေကျ စကားလုံးများဖြင့် ဗုဒ္ဓသည် တပည့်သာဝကတို့အား ချီးပင့်၍ ဆိုတော်မူသည်ကို အခါများစွာ တွေ့ရပေသည်။ ဥပမာ -
(က) ယဿ ရာဂေါ စ ဒေါသော စ၊ အဝိဇ္ဇာစ ဝိရာဇိတ။
တံ ဘာဝိတတ္တညတရံ၊ ဗြဟ္မဘူတံ တထာဂတံ။
ဗုဒ္ဓံ ဝေရဘယာတီတံ၊ အာဟု သဗ္ဗပ္ပဟာယိနံ (ခု၊၁၊၂၃၄)။
မြန်မာ
ရာဂ ဒေါသ အဝိဇ္ဇာကို ကင်းစေတတ်သူ၊ ပွားစေအပ်ပြီးသော စိတ်နှလုံးရှိသော ရဟန္တာတို့တွင် တစ်ပါးအဝင်ဖြစ်သူ၊ မြတ်သော အရဟတ္တဖိုလ်သို့ရောက်ပြီးသူ (တထာဂတံ) ရှေးရဟန္တာများနည်းတူ မဇ္ဈိမပဋိပဒါဖြင့် နိဗ္ဗာန်သို့ရောက်ပြီးသူကို ရန်ဘေးလွန်မြောက်၊ ကိလေသာ အလုံးစုံကို ပယ်ဖျောက်ပြီးသော နိုးကြားသူဟူ၍ ဆိုကြကုန်၏၊ ဤ၌ ရဟန္တာ ရိုးရိုးကို တထာဂတ ဟု သုံးနှုန်းထားသည်။
တဖန် (ခ) တသ္မာ သဒါ စျာနရတာ သမာဟိတ၊
အာတာပိနော ဇာတိခယန္တဒဿိနော။
မာရံ သသေနံ အဘိဘုယျ ဘိက္ခဝေါ၊
ဘဝထ ဇာတိမရဏဿ ပါရဂါ (ခု၊၁၊၂၂၂)။
မြန်မာ
ရဟန်းတို့ ထို့ကြောင့် စျာန်၌ မွေ့လျော် သမာဓိထား လုံ့လများကြသည်ဖြစ်၍ (ဇာတိခယန္တဒဿီ)ပဋိသန္ဓေနေခြင်း၏ကုန်ရာအဆုံးကို မြင်ကြကုန်လျက် စစ်တပ်နှင့် တကွသော မာရ်နတ်ကို လွှမ်းမိုး၍ ဇာတိမရဏ၏ ကမ်းတစ်ဖက်သို့ ကူးမြောက်ကုန်လော။
ဤ၌ဧကာယနံ ဇာတိခယန္တဒဿီ စသည်ဖြင့်(မဟာဝဂ္ဂသံယုတ်၊ သတိပဌာနသုတ်-၁၆၂) ဗုဒ္ဓမြတ်စွာကို ရည်ညွှန်းနေကျ စကားလုံးဖြင့် ရဟန်းများကို ချီးပင့်၍ ဟောထားသည်ကို တွေ့ရပေမည်၊ သို့သော် ဗုဒ္ဓဂုဏ်ပုဒ်များသည် အများအားဖြင့် ဗုဒ္ဓကိုသာ ဆိုလိုကြောင်းကို ပိဋကတ် တတ်ကျွမ်းသူများ နားလည်ပေသည်။ ဟိုနေရာ ဒီနေရာ၌ အထူးရည်ရွယ်ချက်ဖြင့် ရှားရှားပါးပါး ချီးပင့်၍ ဟောတော်မူခဲ့သော စကားလုံးများကို ရှာကြံထုတ်ဖော်ကာ ပြဿနာ မဖန်တီးသင့်ပေ။
၆၁။ အမှန်အားဖြင့်ကား -
ဗုဒ္ဓမြတ်စွာကို သမ္မာသမ္ဗုဒ္ဓ
ပစ္စေကဗုဒ္ဓကို သမ္ဗုဒ္ဓ , ဝါ- ပစ္စေကဗုဒ္ဓ
ရိုးရိုးရဟန္တာကို ဗုဒ္ဓ-ဟူ၍ ခေါ်ဝေါ်သုံးနှုံးပုံ
(Scriptural Usage) ပါဠိပဋကအသုံးကိုကောက်ချက်ချ၍ ဥဒါန်းအဋ္ဌကထာ ဗြာဟ္မဏသုတ် နှာ-၅၃ ၌ ဗုဒ္ဓတိ စတုသစ္စသမ္ဗောဓေန ဗုဒ္ဓ။ တေ စ ပန သာဝကဗုဒ္ဓါပစ္စေကဗုဒ္ဓါ သမ္မာသမ္ဗုဒ္ဓါတိ တိဝိဓာ - ဟု ဖွင့်ဆိုထားသည်ကို သတိပြုသင့်ပေသည်။
၆၂။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်သည် အခြားမည်သူနှင့်မျှ ဆက်ဆံသောဂုဏ်မဟုတ်၊ ဗုဒ္ဓတစ်ဦးတည်း၏ ဂုဏ်တော်သာ ဖြစ်သည်။ သစ္စာ၄ပါးကို တစ်ပါးသူ အကူအညီမရဘဲ (အနည နေယျော) စောင်းဖယ်တိမ်းယိမ်းခြင်း မရှိဘဲ (အဝိပရိတံ) အပြန်သုံးလီ (တိပရိဝဋ္ဋံ) ပြင်ညီ ၁၂-သွယ် (ဒွါဒသာကာရံ) အကျယ်ဖြတ်ပိုင်း အမှန်အတိုင်း သိတော်မူသည်၏ အခြားမဲ့၊ ပစ္စဝေက္ခဏာဉာဏ်တော်မှစ၍ သဗ္ဗညုတဉာဏ်တော်ကို ရရှိသူ သမ္မာသမ္ဗုဒ္ဓဖြစ်တာ်မူကြောင်း ဗုဒ္ဓ ကိုယ်တော်တိုင် မဟာဝဂ္ဂ သစ္စသံယုတ် ဓမ္မစက္ကပဝတ္တနသုတ် နှာ-၃၇၀ ၌ ကြေငြာတော်မူခဲ့ပေသည်။ သစ္စာ ၄-ပါးကို သိတတ်သော အရဟတ္တမဂ်ဉာဏ်ကို အကြောင်းပြု၍ အရဟတ္တမဂ်ဉာဏ် ပေါ်ပေါက်လာရပေသည်။ ထို့ကြောင့် အဋ္ဌသာလိနီ မူလဋီကာ နှာ-၄ ၌ -
သဗ္ဗညုတာယ ဟိ ပဒဋ္ဌာနဘူတံ မဂ္ဂဉာဏံ မဂ္ဂဉာဏပဒဋ္ဌာနဉ္စ သဗ္ဗညုတဉာဏံ မဟာဗောဓီတိ ဝုစ္စတိ။
[သဗ္ဗညုတဉာဏ်၏နီးစွာသော အကြောင်းဖြစ်သော အရဟတ္တမဂ်ဉာဏ်ကို လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ်ကို တည်းဟူသော အကြောင်းရှိသော သဗ္ဗညုတဉာဏ်ကိုလည်းကောင်း မဟာဗောဓိ (ဝါ-သမ္မာသမ္ဗောဓိ) ဟူ၍ခေါ်ဆို ရပေသည်။]
၆၃။ ထိုမှ တစ်ပါး ခန္ဓဝဂ္ဂသံယုတ် သမ္မာသမ္ဗုဒ္ဓသုတ် နှာ-၅၄ ၌ -
“ရဟန်းတို့ ကိလေသာတို့မှ ကင်းဝေးတော်မူပြီးသော တရားအလုံးစုံကို ကိုယ်တိုင် အမှန်အတိုင်းသိပြီးသူ ငါဘုရားကို ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏတို့နှင့် စပ်၍ ငြီးငွေ့ခြင်း (နိဗ္ဗိဒါ)တပ်ခြင်းကင်းမှု (ဝိရာဂ)ချုပ်ပျောက်စေခြင်း (နိရောဓ)ကြောင့် စွဲလမ်းမှုကင်းကွာ၊ ကိလေသာတို့မှ လွတ်မြောက်တော်မူ၍ သမ္မာသမ္ဗုဒ္ဓဘွဲ့မည်ဖြင့် ခေါ်ဝေါ်အပ်ပေသည်၊ (ငါ၏ ညွှန်ပြသွန်သင်ချက်ကြောင့်) ရဟန်း ၁-ပါးကို ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏနှင့် စပ်၍ ငြီးငွေ့ခြင်း၊ တပ်စွဲမှုကင်းခြင်း၊ ချုပ်စေခြင်းကြောင့် စွဲလမ်းမှုကင်းကွာ ကိလေသာတို့မှ လွတ်မြောက်လျက် ပညာဝိမုတ္တိ (ပညာဖြင့် လွတ်မြောက်သူ)”ဟု ခေါ်ဆိုနိုင်ပေသည်။
စွဲလမ်းမှုကင်းကွာ, ကိလေသာတို့မှ လွတ်မြောက်သူချင်းတူလျှင် သာဝကတို့ထက် ဘယ်အချက် ဘယ်အရာတွင် ဗုဒ္ဓကသာလွန်၍ ထူးပါသနည်းဟုမေးလျှင် ဗုဒ္ဓမြတ်စွာကိုယ်တိုင်ပင် အောက်ပါအတိုင်း အဖြေပေးတော်မူခဲ့သည်။
“တထာဂတော ဘိက္ခဝေ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အနုပ္ပန္နဿ မဂ္ဂဿ ဥပ္ပါဒေတာ အသဉ္ဇာတဿ မဂ္ဂဿ သဉ္ဇနေတာ အနက္ခာတဿ မဂ္ဂဿ အက္ခာတာ၊ မဂ္ဂညူ မဂ္ဂဝိဒူ မဂ္ဂကောဝိဒေါ၊ မဂ္ဂါနုဂါ စ ဘိက္ခဝေ ဧတရဟိ သာဝကာ ဝိဟရန္တိ ပစ္ဆာသမန္နဂတာ။” (ခန္ဓဝဂ္ဂ သံယုတ် သမ္မာသမ္ဗုဒ္ဓသုတ် -၅၄)
မြန်မာပြန်အကျဉ်း
ရဟန်းတို့ ငါဘုရားသည် ကိလေသာတို့မှ ဝေးကွာ ကိုယ်တိုင်သာ အမှန်သိတော်မူပြီးသည် ဖြစ်၍ မရှိသေးသော လမ်းကို ထုတ်ဖော်သူ၊ မဖြစ်သေးသောလမ်းကို ဖြစ်စေသူ၊ သူတကာမပြောသေးသော လမ်းကို ပြောပြသူ၊ လမ်းကျွမ်းကျင်သူ ဖြစ်တော်မူ၏၊ ယခုအခါ တပည့်ရဟန်းတို့ကား ငါညွှန်သော လမ်းကို လိုက်ကြ၍ နောက်မှ ပြည့်စုံသူ (နောက်မှလမ်းမှန်ရောက်သူ)များ ဖြစ်၍ နေကြလေသည်။
၆၄။ အနောက်တိုင်း သမိုင်းသုတေသီတို့သည် ဗုဒ္ဓဝါဒီများမဟုတ်ကြ၊ ထာဝရ ဘုရား၏ ဖန်ဆင်းမှုကို ယုံကြည်သော အတိတ်ဘဝ အနာဂတ်ဘဝ မရှိသော ဖန်ဆင်းရှင်၏ လောင်းရိပ်၌ ကြီးပြင်းလာသူများဖြစ်ကြ၍ သဗ္ဗညုတဉာဏ်တော်၏ အစွမ်းအားကို သဘောမပေါက်နိုင်၊ လက်မခံနိုင်ကြ၊ လမ်းကိုညွှန်ပြနိုင်ဖို့ အဘယ်မျှလောက် ကြိုးစားရသည်ကို နားမလည်နိုင်ကြချေ။ အတိတ်ဘဝပိုင်းကို လက်မခံနိုင်သောကြောင့် အတိတ် ကာလတို့၌ သဗ္ဗညုတဉာဏ်တော်ရကြောင်းဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ရခြင်းကို သူတို့ဉာဏ် မမီကြပေ။ ထို့ကြောင့် ကံကို ပယ်ကြသည်၊ သဗ္ဗညုတဉာဏ်ကို ပယ်ကြသည်၊ ပါရမီကို ပယ်ကြသည်၊ အတိတ် ဘဝကို ပယ်ကြသည်။
ဤနေရာ၌ “BUDDHIST THOUGHT IN INDIA” “အိန္ဒိယပြည်ရှိ ဗုဒ္ဓအတွေးအခေါ် စာအုပ်ရေးသူ အက်ဒွတ်ကွန်ဇေ ဆိုသူ၏ မှတ်ချက်ကလေးကို ထုတ်ပြသင့်သည်။
Mrs. Rhys Davids purges Buddhism of the Doctrine of Not-sous and of monesticism and H.J Jenings, in cold blood, removes all references to reincarntion from the scriptures and claims thereby to have restored their original meaning. Dr.P. Dahlke ignores all the magic and mythology with which traditional buddhism is replete and reduces the doctorine of the Buddha to quite reasonable agnostic theory.
မြန်မာ
“မစ်ရိုက်စ်ဒေးဗစ်သည် ဗုဒ္ဓဝါဒထဲမှ အနတ္တသဘောတရားနှင့် ရဟန်းကျင့်စဉ်ကို ထုတ်ပယ်ပစ်၍ အိတ်-ဂျေ-ဂျင်းနင်းကား ဗုဒ္ဓစာပေတွေထဲမှ တမလွန်ဝါဒနှင့် စပ်သမျှကို စိတ်ရှည်ရှည်နှင့် နုတ်ပယ်ပစ်ကာ (အကြွင်းမျှကို) မူလကျမ်းရင်းအဓိပ္ပာယ်ဟု ဆိုသည်။ ဒေါက်တာ ပီဒါလကေမူကား အစဉ်အလာဗုဒ္ဓဝါဒထဲတွင် ပြည့်နှက်နေသော တန်ခိုးပြဋိဟာနှင့် ဇာတ်နိပါတ်များကို လျစ်လျူရှုကာ ဗုဒ္ဓဝါဒကို ၃၁-ဘုံ လက်မခံဝါဒ” အဖြစ်ယူဆသည်။
ဤသို့ ဆိုပြီး ဆက်လက်၍ “Theirs is not the Buddhism of the Buddhists.” [သူတို့၏ အယူအဆများကား ဗုဒ္ဓဝါဒီတို့ လက်ခံထားကြသော ဗုဒ္ဓဝါဒမဟုတ်ချေ။ ဗုဒ္ဓဝါဒဟု သူတို့ဘာသာတံဆိပ်တပ်ကာ ရေးသားဟောပြောသည့် သူတို့အဆို သက်သက်သာဖြစ်ကြောင်း]ဟု အက်ဒွပ်ကွန်ဇေ က မှတ်ချက်ချထားလေသည်။
၆၅။ ဆိုသင့်လှပေစွ။ အထက်ဆိုခဲ့ပြီး သမ္မာသမ္ဗုဒ္ဓသုတ်ကို အပေါ်ယံမျှ အဓိပ္ပာယ်ကောက်ယူ၍ ဗုဒ္ဓနှင့် အခြားရဟန္တာများ အလွန်ကြီး မကွာလှ၊ ဗုဒ္ဓကလမ်းပြ အခြားသာဝကများက နောက်လိုက်မျှသာ ထူးခြားသည်ဟု သာမန်ခေါင်းဆောင်ကြီးတစ်ယောက် အနေဖြင့်သာ သမိုင်းသုတေသီတို့ မြင်ကြရေးကြခြင်း ဖြစ်သည်၊ အမှန်ကား သာမန်ခေါင်းဆောင်မျှမဟုတ်၊ နတ်လူတို့ကို ခေါင်းဆောင်နိုင်ရန် သူမတူအောင်ဆည်းပူး အားထုတ်တော် မူခဲ့သော ဆရာမြတ်ကြီးဖြစ်တော်မူပါပေသည်။
မဟာဝဂ္ဂ သံယုတ်၊ ဒုတိယ သူရိယသုတ် နှာ-၁၈၇ ၌ -
“ရဟန်းတို့ ......လောက၌ လ၊ နေတို့ မဖြစ်ပေါ်သေးသမျှ ကြီးစွာသော အရောင်အလင်းဟူ၍ မရှိသေး၊ တစ်ခဲနက် ပိတ်ပိတ်သားမှောင်သော အမှောင်ထုသာရှိ၏၊ နေ့, ည, လ, ဥတု, နှစ် အပိုင်းအခြားဟူ၍ မရှိ၊ ဤနည်းအတိုင်း ဗုဒ္ဓမြတ်စွာ ပေါ်ပေါက်မလာသေးသမျှ ကြီးစွာသောဉာဏ် အရောင်အလင်း မဖြစ်နိုင်၊ (အဝိဇ္ဇာ) အမှောင်ထုသာ ကျိတ်ခဲသိပ်သဲ၍ နေ၏၊ သစ္စာလေးပါးကို ဟောပြောပြသခြင်း၊ ထင်စွာပြခြင်း၊ ရှင်းလင်းထုတ်ဖော်ခြင်း မရှိနိုင်၊ သမ္မာသမ္ဗုဒ္ဓ အမည်ရသော သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင် ပေါ်ထွန်းလာသော အခါကြီးစွာသော ဉာဏ်အလင်းအရောင် ပေါ်လာသည်။ အဝိဇ္ဇာအမှောင်ထု မရှိတော့ချေ၊ သစ္စာ ၄-ပါးကို ဟောပြောခြင်း, ထင်စွာပြခြင်း, ရှင်းလင်းထုတ်ဖော်ခြင်း ရှိနိုင်လေသည်။
ဤသုတ်တော်အရ ရှေးက မထုတ်ဆောင် မပြရသေးသော လမ်းကို ထုတ်ဆောင်ရာတွင် ကမ္ဘာဦးက နေ၊ လတို့ပမာ မည်မျှခဲယဉ်းကြောင်း သိသာလှပေတော့သည်။
၆၆။ ယခုအခါ ဘုရား ရ-ဆူနှင့် ဘုရား ၂၅-ဆူ မတူထူးခြား ကွဲပြားစွာ ဟောတော်မူခြင်း အကြောင်းကို ရှင်းပြပေအံ့ -
မဟာပဒါနသုတ်၌ ကိုယ်တော်မြတ်နှင့်တကွ ဗုဒ္ဓ ၇-ဆူမျှကို ဟောတော်မူ၏၊ အဘယ်ကြောင့် ၇-ဆူမျှသာ ဟောတော်မူသနည်း၊ ဗုဒ္ဓဝံသပါဠိတော်၌ကဲ့သို့ အဘယ်ကြောင့် ၂၅-ဆူ ဟောတော်မမူသနည်း၊ အဖြေကားရှင်းလှပေသည်၊ ငါတို့ ဘုရားရှင် နိယတဗျာဒိတ်ခံယူခဲ့ရာ ဗုဒ္ဓတို့ကိုပြဖို့ရန် ဗုဒ္ဓဝံသပါဠိတော်၌ ၂၅-ဆူ ဟောတော်မူပေသည်၊ မဟာပါနသုတ်၌ကား ဗြဟ္မာ့ပြည်သို့ ရောက်ရှိနေကြသော လူ့ပြည်၌ဖြစ်နေစဉ် တစ်ချိန်က ထိုဘုရားရှင်တို့၏ ထံတော်များ၌ တရားကျင့်ခဲ့ကြသောဗြဟ္မာတို့ကို ချီးမြှောက်တော်မူရန် ထို ၇-ဆူမျှသော ဗုဒ္ဓတို့ကို ဟောတော်မူပေသည်၊ အချုပ်မှာ တရားနာသတ္တဝါတို့၏ အလိုသို့လိုက်၍ ဝေနေယျဇ္ဈာသယအားဖြင့် ဟောတော်မူခြင်းဖြစ်၍ ဘုရား ၂၅-ဆူလုံး မလိုဘဲ ၇-ဆူ မျှ ဤသုတ်၌ ဟောတော်မူကြောင်း သုတ်မဟာဝါဋီကာ နှာ-၁၄ ၌ ဋီကာ ဆရာ ရှင်းပြထားပေသည်။
၆၇။ တစ်ဖန် အပဒါန်ပါဠိတော်၌ အဘယ်ကြောင့် ၃၅-ဆူ သို့မဟုတ် ၃၈-ဆူ ဖြစ်လာရသနည်း မေးငြားအံ့၊ အမှန်မှာ ၃၅-ဆူ လည်း မဟုတ်၊ ၃၈-ဆူလည်း မဟုတ်ပေ၊ ငါတို့ ဘုရားရှင် ဗျာဒိတ်တော်ခံယူရာ ၂၄-ဆူနှင့် အစောဆုံး ဆုပန်ဆင်ရာ ဒီပင်္ကရာဘုရားပွင့်တော်မူသော ကမ္ဘာ၌ အခြား တဏှင်္ကရ, မေဓင်္ကရ, သရဏင်္ကရ ဘုရား၃-ဆူလည်း ပွင့်တော်မူသွားကြပြီးဖြစ်၍ ယင်းဘုရားသုံးဆူကိုပါ ထည့်သွင်း၍ ၂၇-ဆူမျှ ဟောတော်မူခြင်း ဖြစ်သည်။ ကြွင်းသော အဇ္ဇုန, အနောမ စသော အမည်နာမများနှင့် လာသော သမ္ဗုဒ္ဓ ၁၉-ဆူ တို့ကား ဗုဒ္ဓများ မဟုတ်ဘဲ ပစ္စေကဗုဒ္ဓါများ ဖြစ်ကြလေသည်။ ဤမျှအထိ နိုင်ငံခြား စာရေးဆရာတို့ မသိကြချေ။
ယင်း ပစ္စေကဗုဒ္ဓါတို့ကို စာရင်းချ၍ ကောက်ယူလိုက်သော် အောက်ပါအတိုင်း ဖြစ်၏၊
အရေအတွက် ဘွဲ့အမည်တော် ပွင့်ရာ ကမ္ဘာနှင့် ပါဠိတော် စာမျက်နှာ ၁ အဇ္ဇုန ၃၁-ကမ္ဘာထက် ပထမအုပ် နှာ-၃၄၅ ၂ အနောမ ၃၁-ကမ္ဘာထက် ပထမအုပ် နှာ-၃၃၂ ၃ သုဒဿန ၃၁-ကမ္ဘာထက် ပထမအုပ် နှာ-၃၂၁ ၄-၅ သမ္ဘဝ၊ ကကုဓ ၃၁-ကမ္ဘာထက် ဒုတိယအုပ် နှာ-၁၀၀၊၉၄ ၆ သုမန ၃၁-ကမ္ဘာထက် ဒုတိယအုပ် နှာ-၅၃ ၇ ကကုဓ ၃၂-ကမ္ဘာထက် ပထမအုပ် နှာ-၂၅၄ ၈-၉ သမ္ဘဝ၊ အာနန္ဒ ၉၁-ကမ္ဘာထက် ပထမအုပ် နှာ-၃၂၂၊၂၅၆ ၁၀ သတရံသီ ၉၂-ကမ္ဘာထက် ပထမအုပ် နှာ-၃၄၁ ၁၁-၁၂ ဥပတိဿ၊ ရောမသ ၉၄-ကမ္ဘာထက် ပထမအုပ် နှာ-၃၂၂၊၂၆၈ ၁၃ သုမင်္ဂလ ၉၄-ကမ္ဘာထက် ပထမအုပ် နှာ-၂၂၄ ၁၄-၁၅ သတရံသီ၊ ရောသိတ ၉၄-ကမ္ဘာထက် ဒုတိယအုပ် နှာ-၄၁၊၄၈ ၁၆-၁၇ သုစိန္တိတ၊ အဇ္ဇုန ၉၄-ကမ္ဘာထက် ဒုတိယအုပ် နှာ-၇၇၊၉၀ ၁၈ သုမန ကမ္ဘာ တစ်သိန်း ပထမအုပ် နှာ-၃၇၇ ၁၉ အနုရုဒ္ဓ ကမ္ဘာအရေအတွက်မဆို ပထမအုပ် နှာ-၄၁၀၆၈။ မဟာယာနကျမ်း စာဒိဗျာဝဒါန၌လာသော ၃၈-ဆူ ဟူသည်ကား ဤ၌ ထည့်သွင်းစဉ်းစားရန် မလိုပေ။ သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် မိမိတို့ ထေရဝါဒကျမ်းစာများကို နှံ့စပ်စွာမလေ့လာ မသုံးသပ်ကြဘဲ အစဉ်အလာအားဖြင့် မှတ်သားလာသော Buddhist- Tradition ဟု ခေါ်သည့် အဋ္ဌကထာ ဋီကာများ၏ အဆိုအမိန့် အမှတ်အသားများကိုလည်း အလေးပြုရမှန်း မသိကြဘဲ ဗုဒ္ဓဘာသာမဟုတ်သော အနောက်တိုင်းသုတေသီတို့၏ Hypothesis ခေါ်သည့် ခေတ္တယာယီမျှ မှတ်တမ်းတင်ထားချက်များကို အခိုင်အမာယူဆကြပြီး ပိဋကတ်ကို ခြေကန်သူများ ဖြစ်ကြ၍ အဓမ္မဝါဒီများဟု ဆိုရန်မှ တစ်ပါး အခြားဆိုရန် မရှိတော့။
၆၉။ ယခုအခါ ဗုဒ္ဓကို ပုဂ္ဂိုလ်စွဲကြည်ညိုမှုဖြင့် ဘုရားအမြတ်ဆုံးဝါဒကို ဗုဒ္ဓဝါဒီတို့ တီထွင်ကြသည် ဟူသော ဗုဒ္ဓဘာသာမဟုတ်သည့် ပညာရှိတို့ အဆိုကို စဉ်းစားဦးအံ့၊ ဗုဒ္ဓမြတ်စွာသည် သတ္တဝါအစားစားကို နာနာဓာတုဝိနိ ဗ္ဘောဂဉာဏ်တော် ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်တို့ဖြင့် မြင်တော်မူ သိတော်မူသည်၊ အချို့မှာ သဒ္ဓါ သတိ စသော ဣန္ဒြေနု၍ အချို့မှာကား ရင့်ကျက်ကြသည်၊ အချို့မှာ မနုမရင့် သင့်တင့်ရုံမျှရှိသည်၊ သက်ရှိလူသတ္တဝါများသာ မဟုတ်၊ သက်မဲ့အရာဝတ္ထုတိုင်း၌လည်း အနု အရင့် အသင့်အတင့်ဟူ ၍ ၃-မျိုးရှိရာ ဗုဒ္ဓမြတ်စွာသည် ယင်းတို့ကိုလည်း အနေကဓာတု ဝိနိဗ္ဘောဂဉာဏ်၊ နာနာဓာတုဝိနိဗ္ဘောဂဉာဏ်၊ ဣန္ဒြိယပရောပရိယတ္တိ ဉာဏ်တော်တို့ဖြင့် အကြွင်းမဲ့သိတော်မူသည်၊ သိတိုင်းမပြောဟောသော်လည်း ပြောဟောတိုင်း မှန်သည်ချည်းသာ ဖြစ်သည်။
၇၀။ ယင်းသို့ လူနှင့်တကွ သတ္တဝါအားလုံးတွင် အနုဆုံး အမျိုးအစားကို သူနှင့်တန်ရုံ အနုဆုံး၊ တစ်နည်း အညံ့ဆုံးဖြစ်သော အဆင့်မျှ ပြညွှန်သွန်သင်တော်မူသည်၊ အလယ်အလတ်သမားများအား မနိမ့်လွန်းမမြင့်လွန်းသော ဒေသနာကို ဟောပြတော်မူသည်။ အမြင့်ဆုံး ပုဂ္ဂိုလ်သတ္တဝါသည် အဆင့်နိမ့်ကိုသာ ခံယူကျင့်သုံးနေပါက ခြိမ်းခြောက်ငေါက်ငန်း၍ပင် မြှင့်တင်ပေးသွားတော်မူပေသည်၊ သမိုင်းဆရာတို့ ညွှန်ပြလေ့ရှိကြသော ဝက္ကလိသည် ယခုဘဝတွင် ထိပ်ဆုံးအဆင့်မြင့်မားသော အရဟတ္တဖိုလ်ဉာဏ်ကို ရမည့်သူဖြစ်သည်၊ ဘာမဟုတ်သည့် ရူပပ္ပမာဏ (ရုပ်ပုံတော်ကို ကြည်ညိုမှု)ဖြင့် နေထိုင်သွားလျှင် နိဗ္ဗာန်နှင့်ဝေး၍ နတ်ပြည်လောက်မျှ၌ သောင်တင်နေပေလိမ့်ဦးမည်၊ ထို့ကြောင့် “ဝက္ကလိ ငါ့ကိုယ်တော်ကြီးကို ကြည့်ရှုနေရုံဖြင့် ဘယ်အကျိုးရှိမည်နည်း၊ ငါ့အနားမှ ရှောင်ဖယ် ထွက်ခွာသွားလော့” ဟု မောင်းမဲတော်မူသည်။
၇၁။ မှန်လှ၏၊ နုလွန်းသောပုဂ္ဂိုလ်များအား ခက်ခဲသော အကျင့်၊ မြင့်သော တရားများကို ပြ၍ မဖြစ်၊ အောက်ထစ်ဆုံး ကာမာဝစရကုသိုလ်မျှ ဖြစ်ပါစေ ဟူသော သဘောဖြင့် ဗုဒ္ဓါရမ္မဏ ကုသိုလ်၊ ဗုဒ္ဓါနုဿတိ အစရှိသော ကမ္မဋ္ဌာန်းကို ပေးတော်မူလိုက်သော် ယခုဘဝ၌လည်း စိတ်ချမ်းသာ၍ ရောဂါကင်းပျောက် ကြီးပွားခြင်းသို့ ရောက်မည်၊ နတ်ပြည်သုဂတိသို့လည်း ရောက်မည် ဧကန် ဖြစ်သည်။
၇၂။ ထို့ကြောင့် ဣတိဝုတ်၊ တိက၊ အဂ္ဂပသာဒသုတ် နှာ-၂၅၄ ၌
“ရဟန်းတို့ အခြေမရှိသော သတ္တဝါ, အခြေ ၂-ချောင်း, အခြေ ၄-ချောင်းရှိသော သတ္တဝါ၊ အခြေများသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ၊ ရုပ်မရှိသော သတ္တဝါတို့တွင် ကိလေသာတို့မှ ကင်းဝေး၍ အမှန်တရားကို ကိုယ်တော်တိုင် သိမြင်တော်မူသော ငါဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၊ ဆိုနိုင်၏၊ ဘုရား၌ ကြည်ညိုလျှင် အမြတ်ဆုံး၌ ကြည်ညိုသူမည်၍ အမြတ်ဆုံးသော အကျိုးကိုရပေ၏” ဟု ဟောတော်မူ၏၊
၇၃။ ဗုဒ္ဓကို ကြည်ညိုမှသာမဟုတ် သံဃာကို ကြည်ညိုလျှင်လည်းကောင်း၊ သီလရှိသောရဟန်းကို ကြည်လျှင်လည်းကောင်း၊ အယုတ်ဆုံး မျက်စိဖြင့် ကြည်လင်စွာ ဖူးမျှော်ရုံမျှပင် အကျိုးကြီးလှကြောင်းကို ဣတိဝုတ် စတုက္က သီလသမ္ပန္န သုတ်-၂၆၇ ၌-
“ရဟန်းတို့ သီလ နှင့်ပြည့်စုံ၊ သမာဓိ, ပညာနှင့် ပြည့်စုံ၊ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနနှင့် ပြည့်စုံ၍ ဆုံးမသွန်သင်တတ် သူတော်ကောင်းတရားကို ပြောဟောတတ်သော ရဟန်းတို့ကို ဖူးမြင်ခြင်းမျှပင် လွန်စွာ အကျိုးကြီး၏ ဟု ငါဘုရားဟောတော်မူ၏” စသည်ဖြင့် ဟောတော်မူသည်။
၇၄။ ဗုဒ္ဓကို ကြည်ညို၍ ဗုဒ္ဓသာသနာ၌ တရားကျင့်ကာ အဝိဟာဘုံသို ရောက်နေသူ ဟတ္ထကမည်သော အဝိဟာဗြဟ္မာတစ်ဦးသည် ဗုဒ္ဓခြေတော်ရင်း၌ ပေါ်လာ၍-
ရှင်တော်မြတ်ဘုရား၊ တပည့်တော်သည် ဘုရားရှင်ကို ဖူးမြင်ရခြင်း၌ တစ်ရံတစ်ခါမျှ ရောင့်ရဲတင်းတိမ်ခြင်း မရခဲ့ပါ၊ သံဃာတော်ကို လုပ်ကျွေးရခြင်း၊ တရားနာရခြင်း၌လည်း ရောင့်ရဲတင်းတိမ်ခြင်း မရခဲ့ပါ၊ အဓိသီလသိက္ခာကို ကျင့်သုံးလျက် တရားနာရခြင်း၌ မွေ့လျော်ကာ (အထက်ပါ) အချက် ၃-ချက်၌ ရောင့်ရဲမှုမရခဲ့သော တပည့်တော် ဟတ္ထကသည် အဝိဟာဗြဟ္မာဘုံသို့ ရောက်နေခဲ့ပါသည် ဘုရား” ဟု လျှောက်ဖူးလေသည်။
၇၅။ ဆိုခဲ့ပြီးသော ဤအချက်တို့ကို ထောက်ဆ၍ မဟာပရိနိဗ္ဗာနသုတ်၌ လာသော “ဘုရားရှင်၏ ဓာတ်တော် မွေတော်တို့ကို လမ်းဆုံ လမ်းမ၌ ဌာပနာ၍ စေတီတည်ထားလျှင် နတ်လူဗြဟ္မာတို့အဖို့ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော အကျိုးရလိမ့်မည်” ဟူသော စကားကိုလည်းကောင်း၊ ဘုရားလောင်းဖွားတော်မူရာ လုမ္ဗိနီ, ဘုရားဖြစ်ရာ မဟာဗောဓိ, တရားဦးဟောရာ မိဂဒါဝုန်, ပရိနိဗ္ဗာန်စံရာ ကုသိနာရုံ ဟူသော သံဝေဂပွားရာဖြစ်သော သံဝေဇနိယဌာန ၄-ချက် တို့ကို ပြက်ပြက်ထင်ထင် ဟောပြ၍ သဗ္ဗညုတဉာဏ်တော်ကို ရယူတော်မူရာ အရပ်စသည်သို့ သွားရောက်ပူဇော်၊ သံဝေဂယူဖို့ရန် တိုက်တွန်းတော်မူချက်ကိုလည်းကောင်း၊ ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့ကြောင်း ယုံမှားဖွယ်ရာ မရှိရာ၊ ဗုဒ္ဓဘုရားရှင်ကို မယုံကြည် မကြည်ညိုတတ်သော နိုင်ငံခြားသား၊ ဘာသာခြားတို့ စကားကို အစုံစမ်းမရှိ၊ အရမ်းယုံ အကန်းယုံ ယုံကာ၊ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ အစဉ်အလာကို ပျက်ရယ်ပြု၍ မှိုချိုးမျှစ်ချိုး ပက်ပက်စက်စက် ဆိုမိ ဆိုရာ ဆိုတတ်ကြသော ဦးဥက္ကဋ္ဌ၊ သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် ဓမ္မဝါဒီများမဟုတ်၊ အဓမ္မဝါဒီများသာ ဖြစ်ကြောင်း အမှတ်-၂၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော်များ အညီအညွတ် ဆုံးဖြတ်တော် မူကြသည်။
(ဤအမှတ်-၁၉၊ စောဒနာ၌ ကြွင်းသော အချက်တို့ကို အမှတ်-၆၊ စောဒနာ၌ စိစစ်ဆုံးဖြတ်ပြီးဖြစ်သည်။)
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ် (၂)
စောဒနာ အမှတ်-၂၁
ဘုရားဟော ပါဠိတော်များ ထုတ်ပယ် ဖျက်ဆီးခြင်းနှင့်
စပ်သော ဝိနိစ္ဆယ
သံဂါယနာ ခြောက်တန်တင်ပြီးသော ဘုရားဟော ပါဠိတော် အမှန်အများကို လူသေလူဖြစ် ဝါဒနှင့် မကိုက်ညီပါက ဘုရားဟော မဟုတ်ဟူ၍လည်ကောင်း၊ ဟိန္ဒူဗြဟ္မဏဝါဒဟူ၍လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များ အမြင်မှားအောင် လှည့်စားလိမ်ညာဝါဒဖြန့်ခြင်းနှင့် ပတ်သတ်သော စောဒနာ သောဓနာ ၂-ရပ်ကို စိစစ်သုံးသပ်ချက်။
၁။ စောဒကဆရာတော်များက လူသေလူဖြစ် သမ္မာဒိဋ္ဌိသုတေသနတို့၏ နိကာယ်၏ နိကာယ် စသော စာအုပ်စာတမ်းများမှ အဓမ္မဝါဒများဟု ထုတ်နုတ်တင်ပြ စောဒနာရာ၌ ၂၁-ချက်မြောက်ဖြစ်သော သံဂါယနာ ၆-တန်တင် ဘုရားဟောပါဠိတာ်များကို လူသေလူဖြစ်ဝါဒနှင့် မကိုက်ညီပါက ဘုရားဟောမဟုတ် ဟိန္ဒူဗြဟ္မဏဝါဒဖြစ်ကြောင်း သမုတ်ကာ ထုတ်ပယ်ခဲ့ပုံကို ပုံစံ သာဓက တင်ပြထုတ်ဆောင်၍ စောဒနာကြလေသည်။
၂။ စောဒကဆရာတော်တို့၏ စောဒနာချက်၌ က-ခ-ဂ-ဃ-င-စ-ဆ-ဇ နှင့် ည အထိ ပါရှိရာ ယင်းတို့တွင် ဗုဒ္ဓဘာသိတ ပါဠိတော်များကို မည်သို့မည်ပုံ နုတ်ပယ်ထုတ်ပစ်ထား၍ ပုံပျက်ပန်းပျက် ပြုမူထားကြပုံတို့ကို သိသာအောင် တင်ပြထားပေသည်။
(က) အမှတ်ပြ အပိုဒ်တွင် ဒီဃနိကာယ်၊ ဗြဟ္မဇာလသုတ်မှ မုသာဝါဒ သိက္ခာပုဒ်နှင့် ဖရုသဝါစာသိက္ခာပုဒ်တို့ကို ဖြုတ်ပယ်ထားခဲ့ပုံကို စာမျက်နှာနှင့်တကွ တွဲဖက်တင်ပြ၍ (ခ)အမှတ်ပြ အပိုဒ်တွင် ယင်း ဗြဟ္မဇာလသုတ်မှ ဧကစ္စသဿတဝါဒဆိုင်ရာ ပါဠိတော်ကို ဖျက်ဆီးထုတ်ပယ်ထားပုံကို တင်ပြထားပေသည်။ (ဂ) အမှတ်ပြအပိုဒ်တွင် ဒီဃနိကာယ်၊ သာမညဖလသုတ်လာ ဝိဇ္ဇာရှစ်ပါးဆိုင်ရာ ပါဠိတော်များမှ မနောမယိဒ္ဓိဉာဏ်၊ ဣဒ္ဓိဝိဓဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ စေတောပရိယဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်နှင့် ဒိဗ္ဗစက္ခုဉာဏ်တို့ကို ဖွင့်ဆိုဟောပြတော်မူထာသည့် ပါဠိတော်များ (ပါဠိတော် စာမျက်နှာ-၆ မျက်နှာတိတိ)ကို ဖြုတ်ပယ်ထားသည်ကို တင်ပြပြီးလျှင် (ဃ) အမှတ်ပြအပိုဒ်တွင် သီလက္ခန္ဓဝဂ္ဂ၊ ကေဝဋ္ဋသုတ်မှ စာပိုဒ်တစ်ပိုဒ်ကို ထုတ်၍ အဓိပ္ပာယ်တစ်မျိုးတစ်မည် ဖြစ်သွားစေပုံကို ထုတ်ဖော်တင်ပြထားပေသည်။
ထို့အတူ (င) အမှတ်ပြ အပိုဒ်တွင် ကေဝဋ္ဋသုတ်လာ ဘူတနိရောဓေသကဘိက္ခု ဝတ္ထု တစ်ပုဒ်လုံး ထုတ်ပစ်ပုံကို ဖော်ထုတ်တင်ပြ၍ (စ) အမှတ်ပြအပိုဒ်တွင် အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ကေသမုတ္တိသုတ်မှ ဗြဟ္မစိုရ်တရားလေးပါးဆိုင်ရာ ပါဠိတော်များကို ထုတ်ပစ်ခဲ့ကြောင်း ထောက်ပြတင်သွင်းထားခဲ့ပေသည်၊ ထို့နောက် (ဆ-ဇ-စျ-ည) အမှတ်ပြ စာပိုဒ်တို့ဖြင့် ဘုရားဟော ပိဋကတ်တော်များမှ အချို့ ပိဋကတ်တော်တို့ကို ဘုရားဟောမဟုတ်၊ ရမ်းရမ်းကားကားပြောကြား ရေးသားထားပုံတို့ကို အမည်နာနှင့်တကွ တင်ပြစောဒနာထားသည်ကို တွေ့ရပေသည်၊ စုဒိတက ဦးဆန္ဒာဓိက၏ ချေဆိုချက်ဖြစ်သော သံဂါယနာနှင့် စပ်သည့် စကားကို စောဒနာ အမှတ် (၆ နှင့် ၂၀) ဝိနိစ္ဆ၌ စိစစ်ဆုံးဖြတ်ပြီး ဖြစ်သည်။
၃။ ဝိနည်းဓိုရ်ဆရာတော်များသည် စောဒကတို့ တင်ပြထားသော စောဒနာချက်များကို ဆိုင်ရာပိဋကတ်တော်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရှုကြသည်၊ ယင်း ပါဠိတော်တို့ကို အတိအလင်း ထုတ်ပယ်ထားသော နိကာယ်၏ နိကာယ် အမည်ရှိ စာအုပ်ကိုလည်း စစ်ဆေးကြည့်ရှုကြသည်၊ ထိုသို့ စစ်ဆေးကြည့်ရှုကြသောအခါ စောဒကဆရာတော်များ တင်ပြထားသည့်အတိုင်းပင် ဒီဃနိကာယ် သီလက္ခန်ပါဠိတော်၌လည်းကောင်း၊ အင်္ဂုတ္တရနိကာယ် တိကနိပါတ ကေသမုတ္တိသုတ်၌လည်းကောင်း အရေးကြီးသော ဘုရားဟောပါဠိတော်များကို ထုတ်ပယ်သည်ကို တွေ့ရပေသည်။
၄။ နိကာယ်၏ နိကာယ်စာအုပ်တွင် စောဒကဆရာတော်များ ထောက်ပြထားသော အချက်များမှတစ်ပါး မဇ္ဈိမနိကာယ် စသော နိကာယ်များမှ ပါဠိတော်များကို ထုတ်ပစ်ထားချက်များကိုလည်း တွေ့ရပြန်သည်၊ မဇ္ဈိမနိကာယ် မူလပရိယာယသုတ်၌ “ဤသုတ်နောက်ပိုင်း၌ပါသော ဘူတဒေဝစသော အကြောင်းတရားများကား ဓမ္မခန္ဓာ ရှစ်သောင်းလေးထောင်ဟူသော အရေအတွက်ပြည့်မီရေးမှ အပ အကျိုးမရှိပေ” ဟူ၍ လည်းကောင်း၊ ဓမ္မဒါယာဒသုတ် ၌ “သုတ်တိုလွန်းနေသဖြင့် မဇ္ဈိမနိကာယ်၌ သွတ်သွင်းနိုင်ရေးအတွက် နောက်မှဖြည့်စွက်ထားသော စကားရပ်များသာ ဖြစ်သည်” ဟူ၍ လည်းကောင်း မှတ်ချက် ရေးသွင်းထားပေ၏၊
၅။ ထိုနည်းတူ သခင်မြတ်ဆိုင်၏ ပိဋကတ်တော် ကောက်နုတ်ချက်များ စာအုပ် နိဒါန်း၌ “ယင်း အခြေခံ တရားစစ် တရားမှန်ကို မျက်ကွယ်ပြုကာ သံဂါယနာတင် အကြိမ်ကြိမ် ပြုကြရာ၌ ဗြဟ္မဏဝါဒတို့၏ တရားများကို ဗုဒ္ဓတရားလုပ်ကာ ပပဉ္စတရားသာလျှင်ဖြစ်သော သံသရာနယ် ၃၁-ဘုံ ဝဲဩဃကြီးကို ထိုးသွင်းခဲ့ကြလေသည်” ဟု ယခု ပိဋကတ်တော်များရှိ အချို့ ပါဠိတော်များ၌ ဘုရားဟောပါဠိတော် အစစ်မဟုတ်၊ နောက်မှ ထည့်သွင်းချင်တိုင်း ထည့်သွင်းထားလေဟန်ဖြင့် အရှင်မဟာကဿပ စသော သံဂါယနာတင် ရဟန္တာအရှင်မြတ်ကြီးများကို ပြစ်တင်ရှုတ်ချထားလေသည်။
ဤမျှသာမက “မိုးပေါ်လက်ညှိုးထိုး၍မြှောက် မြေကြီး လက်ညှိုးထိုး၍ခြောက် စသော သုတ်များကို အကုန်လုံးမီးလောင်၍ ကုန်ကုန် တစ်သုတ်တစ်လေမျှပင် မကျန်ကျန်” စသော စကားလုံးတို့ကို သုံးဝံ့သူများဖြစ်သည့်အတိုင်း တာဝန်ရှိပုဂ္ဂိုလ်များက အချိန်မီမတားဆီးလျှင် ရှေ့သို့လည်း မည်မျှ ဗုဒ္ဓတရားတော်များကို လက်ရဲဇက်ရဲ ပြစ်တင်ချေဖျက် ထုတ်ပယ်၍ နေဦးမည် မသိချေ။
ဤနေရာတွင် စုဒိတကတို့အနေဖြင့် “ကဿပဘုရားရှင် သာသနာတော်နောက်ပိုင်း” ဘုရားရှင်သာသနာတော်ကို အမြန်ကွယ်ပျောက်အောင် ဆောင်ရွက်အားထုတ်သဖြင့် သေပြီးနောက် အဝီစိငရဲသို့ ရောက်ကြရသည့် ကပိလရဟန်း အမိ သာဓနီ နှမတာပနာတို့၏ ဝတ္ထုကြောင်းကို ကောင်းစွာ နှလုံးသွင်း ဆင်ခြင်သင့်ပေသည်။ သုတ္တနိပါတ်အဋ္ဌကထာ(ဒု-၄၂)။
၆။ စောဒနာ (၂၁) ချက်တို့တွင် ဦးဥက္ကဋ္ဌမှ စ၍ သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များသည် ရုပ်ဝါဒီများဖြစ်ကြောင်း အကြိမ်ကြိမ်သုံးသပ်ခဲ့ပေသည်။ လူသေလူဖြစ် ဦးဥက္ကဋ္ဌသည် (စ-သ-ဃ-ဇ-က) ဟူသော ပသာဒရုပ်ငါးပါးကိုသာ စဉ်းစားဆင်ခြင်မှု၏ အခြေခံအဖြစ် ထားကြရန် ညွှန်ကြားခဲ့သည့်အတိုင်း သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနဆိုသူတို့ကလည်း တသဝေမတိမ်း လိုက်နာခဲ့ကြပေသည်။ ထို့ကြောင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ တည်ထောင်သည့် စာတမ်း၌ သမ္မာဒိဋ္ဌိသုတေသနဆိုသည်မှာ မည်သို့သောသူများ ဖြစ်ကြောင်း ဖော်ပြရာတွင် ဦးဥက္ကဋ္ဌ၏ သွန်သင်ချက်အတိုင်း ပသာဒရုပ်ငါးပါးကိုသာ မူသေကိုင်ပြီး အမှန်တရားရှာသူများဖြစ်ကြောင်း ဖွင့်ပြခဲ့ပေသည်။
ဦးဥက္ကဋ္ဌနှင့် တပည့်ကြီး သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ နာယက ဥက္ကဋ္ဌ အမှုဆောင် အသင်းသားတို့သည် ပသာဒရုပ်ငါးပါးတို့ကိုသာ ဆုပ်ကိုင်ထားသော(ဝါ) ပကတိ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဟူသော ရုပ်တရား ငါးပါးဖြင့် မြင် ကြား နံ လျက် ထိ တွေ့၍ ရမှသာ အမှန် သို့မဟုတ်က မမှန်ဟု တရားသေကိုင်ထားသူ ရုပ်ဝါဒီများဖြစ်ကြသည့်အလျောက် မနောဝိညာဏ်ဆိုင်ရာ အခန်းကဏ္ဍကို လုံးဝပယ်ထားကြသည်။
၇။ ဤကဲ့သို့ ရုပ်ဝါဒအမြင် အခြေခံဖြင့် သံဂါယနာ ၆-တန်တင် ပိဋကတ်တရားတော်များကို တိုင်းတာကြည့်သောအခါ မကိုက်ညီဘဲ တွေ့ရသောကြောင့် ရုပ်ဝါဒအခြေခံများနှင့် ကိုက်ညီအောင် ပါဠိတော်အမှန်များကို ဖြုတ်ပယ်ခြင်း၊ ဗြဟ္မဏဝါဒများဟု စွပ်စွဲခြင်း၊ ပါဠိတော်လက်သစ်များကို ဖန်တီးခြင်း၊ ပါဠိတော်မှန်ကို ရုပ်ဝါဒ အနက်အဓိပ္ပာယ်ဖြစ်လာအောင် ဆွဲယူအနက်ပေးခြင်းများ ပြုလုပ်ကြခြင်းသာ ဖြစ်ပေသည်။
သို့ဖြစ်၍ သံဂါယနာ ၆-တန်တင် ပါဠိတော်များကို ဖြုတ်ပယ် ထုတ်နုတ်ပစ်ခြင်း၊ လူသေလူဖြစ်ရုပ်ဝါဒနှင့် ကိုက်ညီအောင် ပါဠိတော်အမှန်များကို လိုသလို ဆွဲယူအနက်ပေးခြင်း၊ ပါဠိလက်သစ်များကို တီထွင်ဖန်တီးခြင်း ပြုလုပ်၍ ဟောကြားရေးသားကြသော ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ အယူအဆများသည် သံဂါယနာ ၆-တန်တင် ဓမ္မဝါဒမဟုတ်မူ၍ ထေရဝါဒပိဋကကျမ်းဂန်နှင့် ဆန့်ကျင်နေသောကြောင့် အဓမ္မဝါဒများသာ ဖြစ်ပေသည်။
၈။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူသည်မှ စ၍ ယနေ့အထိ နှစ်ပေါင်း ၂၅၀၀-ကျော်မျှ တည်ရှိလာသော သံဂါယနာ ၆-တန်တင် ဗုဒ္ဓပိဋကတ်တော်များကို ရုပ်ဝါဒီ ဦးဥက္ကဋ္ဌ ခေါင်းဆောင်သော အယူသီး ဘာသာရေးသောင်းကျန်းဂိုဏ်းက ဖြုတ်ထုတ်သတ် လုပ်နေကြပေသည်။ ဒေးဒရဲ ဦးဥဇ္ဇောတိက ကျောင်းဝိုင်းအတွင်း၌ ပါဠိတော်များကို ဖြုတ်ထုတ်သတ်ပြီး မြှပ်နှံထားသည့် သချႌုင်းအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူထားလျက် ရှိပေသည်။
၉။ လောကကောင်းကျိုးအလို့ငှာ ဘုရားရှင်ထားရစ်တော်မူခဲ့သော “ပါဠိတော်များ မကွယ်မပစေရန် မိမိတို့၏ ဘဝကို သာသနာသို့ပေးအပ်ပြီး” စာပေပရိယတ်ကို သင်ကြားပို့ချနေသော တစ်သိန်းကျော် သံဃာတော် အရှင်မြတ်တို့အား စုဒိတက သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနဆိုသူ လူတစ်စုက တစ်ဆိတ်ကလေးမျှ အားမနာဘဲ ရန်သူလိုမြင်ကြပြီး ပက်ပက်စက်စက် ပုတ်ခတ်ရှုတ်ချ ရေးသားဟောပြောနေကြသဖြင့် နိုင်ငံတော်အတွင်း၌ သူတို့ကြောင့် ပဋိပက္ခတွေပေါ်လာပြီး စည်းရုံးရေးပြိုလဲလျက်ရှိနေခြင်းသည် “အရင်းစစ် အမြစ်မြေက” ဆိုသကဲ့သို့ သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနဆိုသူတို့၏ ပါဠိတော် ဖြုတ်ထုတ်သတ် လမ်းစဉ်ကြောင့်ပင် ဖြစ်ပေသည်။
၁၀။ သမ္မာဒိဋ္ဌိသုတေသနအမည်ခံ တစ်ယူသန် ဦးဥက္ကဋ္ဌဂိုဏ်းသားတို့၏ ဗုဒ္ဓဘာသာထဲဝင်ပြီး ပါဠိတော်ဖြုတ်ထုတ်သတ် လမ်းစဉ်ကို ကျင့်သုံးနေကြခြင်းသည် နေမြင့်လေ အရူးရင့်လေဖြစ်လာပြီး ဗုဒ္ဓဘာသာရဟန်းရှင်လူတို့၏ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်စေသည့် အဆင့်သို့ ရောက်သောအခါ ဘုရားရှင်၏ သာသနာတော်အတွင်း၌ အကုသိုလ်တရားများ တိုးပွားလာကြမည် ဧကန်ဖြစ်သည်။
၁၁။ သို့ဖြစ်သောကြောင့် မိမိတို့ထင်လျှင် ထင်သလို မထင်လျှင် မထင်သလို ထေရဝါဒ ပိဋကတ်တော်များကို အဓမ္မအကြမ်းဖက်၍ “ဖြုတ်ထုတ်သတ်” ပြုလုပ်နေကြခြင်းသည် စင်စစ် အယူဝါဒ အဓမ္မလမ်းစဉ်ကိုသာလျှင် ထူထောင်နေကြခြင်းဖြစ်ကြောင်း နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဆရာတော်များက တညီတညွတ်တည်း လေးလေးနက်နက် ဆုံးဖြတ်တော်မူကြသည်။
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယနှင့် စပ်လျဉ်း၍ နိုင်ငံတော်
သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)၏
ပေါင်းရုံးသုံးသပ်ချက် (ကောက်ချက်)
၁။ ၁၃၄၃-ခု၊ နယုန်လပြည့်ကျော်(၁၃)ရက် (၃၀-၆-၈၁) နေ့တွင် ဤ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ရုံးတော်သို့ မိတ္ထီလာမြို့၊ ဓမ္မာစရိယကျောင်းတိုက်မှ ဆရာတော်ဦးစန္ဒိမာနှင့်တကွ စောဒကဆရာတော် လေးပါးတို့က လူသေလူဖြစ်ဝါဒီ သမ္မာဒိဋ္ဌိသုသေသနဝါဒီနှင့် ရွှေအဘိဓမ္မာဝါဒီတို့ ဟောပြော ရေးသား ဖြန့်ဝေနေကြသော စာအုပ်စာတမ်း စာစောင်စာရွက် အမျိုးအစားပေါင်း ၃၄-မျိုး၊ အရေအတွက် ၆၇-မျိုးတို့ကို လည်းကောင်း၊ ဦးဥက္ကဋ္ဌဂိုဏ်းသားအချို့ ဟောပြောထားသော တိတ်ခွေများအနက်မှ တိတ်ခွေ(၁၁)မျိုးတို့ကို လည်းကောင်း၊ သက်သေခံပစ္စည်းအဖြစ် တင်ပြကြလျက် ယင်းစာအုပ်စာတမ်းများနှင့် တိတ်ခွေများ၌ ပါရှိသော ထိုလူတစ်စုတို့၏ ဟောပြောရေးသားချက်များသည် ထေရဝါဒပိဋကတ်တော်များနှင့် မညီညွတ်ရုံမျှမက သံဂါယနာ ၆-တန်တင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံတို့ကို ပျက်စီးအောင် မူရင်းပါဠိတော်များကို ဖျက်ဆီးခြင်း၊ အနက်အမှားများဖော်ထုတ်ခြင်း၊ ပါဠိတော်အတုများ ဖန်တီးထည့်သွင်းခြင်း၊ ပါဠိတော် အစစ်အမှန်များကို ထုတ်ပယ်ခြင်း၊ ဗုဒ္ဓ ဓမ္မ သံဃအပေါ် ပုတ်ခတ်ဝေဖန်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ ရုပ်ဝါဒအမြင်ဖြင့် အပုတ်ချခြင်း၊ အေးချမ်းစွာ ကျင့်သုံးနေထိုင်ကြသော ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့အတွက် အချင်းချင်းအထင်မှား အမြင်မှား ဖြစ်စေလျက် ပဋိပက္ခများ ဖန်တီးခြင်းများကြောင့် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာတော်အတွင်း၌ ဓမ္မ အဓမ္မ အငြင်းပွားမှုများဆိုင်ရာ ဆိုးရွားစွာပေါ်ပေါက်လာခဲ့ရကြောင်း၊ ဗုဒ္ဓဘာသာ သာသနာတော်ကို လက်တွေ့ လိုက်နာကျင့်သုံးနေကြသော သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်တို့အား စိတ်နှလုံးမချမ်းမြေ့ဖြစ်စေခဲ့ကြောင်း၊ စာချစာသင် သာသနာဝင် တစ်သိန်းကျော်တို့အား မကျေမနပ် အထူးဖြစ်စေခဲ့ကြောင်း လျှောက်ထားတင်သွင်း ခဲ့ကြသည်။
၂။ ၁၃၄၁-ခုနှစ်၊ ဝါဆိုလဆန်း(၃)ရက် (၄-၇-၈၁)နေ့တွင် စောဒက ဆရာတော်များက ဤရုံးတော်သို့ သက်သေခံအဖြစ် တင်ပြထားသော ထိုလူတစ်စု၏ လက်ရာဖြစ်သော စာအုပ်စာတမ်း တိတ်ခွေတို့၌ ပါရှိသော ဟောပြောရေးသားချက်များကို ပိဋကကျမ်းဂန်၊ အာဂမယုတ္တိ၊ သဘာဝယုတ္တိတို့ဖြင့် ထပ်ဆင့်စောဒနာကြသည်။ စောဒကဆရာတော်များက ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ သာသနာဖျက်လုပ်ငန်းဖြစ်သော အဆိုပါ စာအုပ်စာတမ်း တိတ်ခွေတို့ကို လေ့လာဆန်းစစ် ကြည့်ကြရာတွင် ဘုရားရှင်ကိုယ်စား ထားရစ်သော စာပေပရိယတ် ကျမ်းဂန်များနှင့် လုံးဝဆန့်ကျင်လျက် ရှိကြသည့်အပြင် သိမ်မွေ့နက်နဲသော ဗုဒ္ဓဘာသာရေး သဘောတရားနှင့် မတန်လောက်အောင်ပင် ပက်ပက်စက်စက် ရေးသားပုတ်ခတ်ချက်များ ဖြစ်နေသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်သောကြောင့် တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့်တကွ ၎င်း၏ နောက်လိုက်နောက်ပါ သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့၏ ရေးသားဟောပြော ထွင်းထုထားချက်များသည် အဓမ္မဝါဒသာဖြစ်ကြောင်း၊ ထိုအဓမ္မဝါဒကို ရေးသားဟောပြောဖြန့်ဝေကြသော သာသနာ့အတွင်း ရန်သူများသည်လည်း အဓမ္မဝါဒီများပင် ဖြစ်ကြောင်း၊ ၎င်းတို့ ရေးသားဟောပြော ထုတ်ဝေထားသော စာအုပ်စာတမ်း ကျောက်စာ စသည်တို့သည်လည်း အဓမ္မဝါဒကို ဖော်ပြသောပစ္စည်းများသာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော်ဘုရားကြီးများက ထိုဝါဒ ထိုပုဂ္ဂိုလ် ထိုပစ္စည်းများကို အဓမ္မဝါဒ၊ အဓမ္မဝါဒီ၊ အဓမ္မပစ္စည်းများအဖြစ် ဓမ္မဝိနယနှင့်အညီ လည်းကောင်း၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီလည်းကောင်း အဆုံးအဖြတ်ပေးတော်မူကြပါရန် လျှောက်ထားတင်သွင်းခဲ့ကြပေသည်။
၃။ ဖော်ပြပါ စောဒနာချက်ကို နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ဝင် ဆရာတော်များက စိစစ်သုံးသပ်ရာတွင် စောဒနာအင်္ဂါလက္ခဏာများနှင့် ပြည့်စုံညီညွတ်သော ဓမ္မစောဒနာ ယထာဘူတစောဒနာ ဖြစ်ကြောင်း တွေ့ရ၍ ဤရုံးတော်က ဤအမှုကို လက်ခံခဲ့ပေသည်၊ စောဒကဆရာတော်များက သက်သေခံပစ္စည်းအဖြစ် တင်ပြသော ဦးဥက္ကဋ္ဌဝါဒဆိုင်ရာ စာအုပ်စာတမ်း တိတ်ခွေစသည်တို့ကို အသေးစိတ် ဖတ်ရှုနားထောင် စိစစ်ကြည့်ရာ စောဒကဆရာတော်များ တင်ပြလျှောက်ထားသည့်အတိုင်း (၁၉)မျိုးသာလျှင် စာပေ စိစစ်ရေး မပေါ်ခင်က ပုံနိုပ်ထုတ်ဝေခွင့်ဖြင့် ဥပဒေဘောင်အတွင်းမှ ထုတ်ဝေသော စာအုပ်စာတမ်းဖြစ်သည်ကို တွေ့ရပြီး ကျန် ၄၈- မျိုးမှာ ဥပဒေမဲ့ ဖြန့်ဝေထားသော စာအုပ်စာတမ်းများဖြစ်ကြောင်း တွေ့ရပေသည်။
၄။ ဤသို့ ဥပဒေမဲ့ ပြုလုပ်ဆောင်ရွက်ကြခြင်းသည် လူ့ယဉ်ကျေးမှုတွင် အထက်တန်းအကျဆုံးဖြစ်သော ဗုဒ္ဓဘာသာ သာသနာရေး တရားဓမ္မကိစ္စ၌ လုံးဝ မလုပ်သင့် မလုပ်ထိုက်သော အလုပ်မျိုးဖြစ်သည်၊ ဤသို့ မလုပ်သင့် မလုပ်ထိုက်သည်ကို လုပ်ခဲ့ကြသော ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့သည် ဘာသာ သာသနာနှင့် မတန်သောအလုပ် သူတော်ကောင်းတို့ မလုပ်ထိုက်သော အလုပ်မျိုးကို လုပ်ခဲ့ကြသူများဖြစ်ကြောင်း၊ ဤသို့ အစိုးရဥပဒေကိုပင် မထီလေးစားပြုလုပ်သူများသည် ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်တစ်ရပ်လုံးကို ပို၍ပင် မဟုတ်မမှန် လုပ်ကြံမှုများ ပြုလုပ်ကြမည့်သူများ ဖြစ်ကြောင်း သက်သေခံ ပစ္စည်းများနှင့် ပတ်သတ်၍ ဤရုံးတော်က ကောက်ချက်ချခဲ့ပေသည်။
၅။ စောဒကပုဂ္ဂိုလ်တို့က “အဓမ္မဝါဒ” သက်သေခံအဖြစ် တင်ပြသော စာအုပ်စာတမ်း တိတ်ခွေများနှင့် ပတ်သတ်၍ မူလရေးသား ဟောပြောသူများ ဖြစ်ကြသော တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုကိုလေးတို့သည် ကွယ်လွန်ခဲ့ကြပြီးဖြစ်သည်၊ သက်သေခံပစ္စည်း စာရင်းပါ လူသေလူဖြစ်စာအုပ်နှင့် ပတ်သတ်၍ ရေးသူ ဦးဥက္ကဋ္ဌ အသက်ရှိစဉ်က ဂိုဏ်းပေါင်းစုံ ဓမ္မာဝါဒီသံဃာတော်များက စိစစ်၍ လူသေလူဖြစ်စာအုပ်ပါ ရေးသားချက်များသည် ဗုဒ္ဓဝါဒမဟုတ်၊ ဗုဒ္ဓဓမ္မမဟုတ်၊ ဗုဒ္ဓဘာသာနှင့် လုံးဝ မသက်ဆိုင်ဟူ၍ ဆုံးဖြတ်တော်မူခဲ့ကြသည်ကို ယခု သီးခြားဝိနည်းဓိုရ်ဆရာတော်များက အသိအမှတ်ပြုတော် မူကြပေသည်၊ ထို့ပြင် ဘာသာသာသနာကို စော်ကားသည့်အတွက် ဦးဥက္ကဋ္ဌအား ရုံးတင်တရားစွဲဆို ခဲ့သည်ကိုလည်း ဤရုံးတော်က ကောင်းစွာ အမှတ်ထားလျက် ရှိပေသည်။
ယင်းသို့ ဗုဒ္ဓဝါဒမဟုတ်သော လူသေလူဖြစ်ဝါဒကို ရေးသားသူ ဦးဥက္ကဋ္ဌသည် ဤရုံးတော်၌ အဓိက တရားခံဖြစ်ရပေမည်၊ သို့သော်လည်း ဝါဒသည်သာ အဓိကကိစ္စဖြစ်၍ ၎င်းမရှိသော်လည်း ၎င်း၏ ဝါဒကို ဤရုံးတော်က စိစစ်ဆုံးဖြတ်ရမည်သာဖြစ်သည်။ ထို့ပြင် ဦးဥက္ကဋ္ဌဝါဒနောက်သို့ မျက်စိမှိတ်ပြီး လိုက်နေကြသော တပည့်လက်သား အချို့ဖြစ်ကြသည့် ပုဂ္ဂိုလ်များ၏ ရေးသားဟောပြောချက်များသည်လည်း သည်ပုတ်ထဲက သည်ပဲဆိုသကဲ့သို့ ဦးဥက္ကဋ္ဌဝါဒ နောက်ဆက်တွဲများ(အနုဝါဒများ)ဖြစ်ကြသဖြင့် ထိုအနုဝါဒတို့ကိုလည်း တစ်ပေါင်းတည်း စောဒကဆရာတော်များ တင်ပြသည့်အတိုင်း ဝိနည်းဓိုရ်ဆရာတော်များက စိစစ်ဆုံးဖြတ်ကြမည် ဖြစ်ပေသည်။
၆။ ဤသို့ လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒနှင့် အတုလိုက် အနုဝါဒတို့ကို သီးခြားဝိနိစ္ဆယရုံးတော်သို့ တင်၍ ဆုံးဖြတ်မဲ့ကိစ္စတွင် ဦးဥက္ကဋ္ဌ ဂိုဏ်းသားများဘက်မှ တစ်စုံတစ်ရာ ချေပပြောဆိုလိုပါက ပြောဆိုနိုင်စေရန် သဘောထားကြီးစွာထား၍ အခွင့်အရေးပေးသည့်အနေဖြင့် စုဒိတကပုဂ္ဂိုလ်များကို ဤရုံးတော်က လက်ခံခဲ့ပေသည်။ သို့ဖြစ်၍ ဦးဇဝန(နေရှင်နယ်)၊ ဦးဇဝန(ငါးဆင့်)၊ ဦးဥဇ္ဇောတိက(ဒေးဒရဲ)၊ ဦးဆန္ဒာဓိက(နတ်မှီ) နှင့် သခင်မြတ်ဆိုင်၊ ဦးခင်ဟန်(သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်)၊ ဦးရွှေပြည်တို့သည် စုဒိတကပုဂ္ဂိုလ်များအဖြစ်ဖြင့် ဤရုံးတော်၌ သောဓနာ ချေပလွှာတင်သွင်းနိုင်သည့် အခွင့်အရေးကို ရရှိခဲ့ကြပေသည်။
၇။ စောဒကဆရာတော်များက သက်သေခံပစ္စည်းအဖြစ် တင်ပြသော စာအုပ်စာတမ်း စာစောင် တိတ်ခွေ စသည်တို့နှင့်ပတ်သတ်၍ စုဒိတကရဟန်း ၄-ပါးနှင့် လူ ၃-ဦးတို့က မိမိတို့နှင့် သက်ဆိုင်သည်များကို မိမိတို့ ဟောပြောရေးသား ထုတ်ဝေချက်များဖြစ်ကြောင်း ဤရုံးတော်၌ ဝန်ခံဖြောင့်ချက်ပေးခဲ့ကြပေသည်၊ ဥပဒေမဲ့ ထုတ်ဝေခဲ့ကြသော စာအုပ်စာစောင်များနှင့်ပတ်သတ်၍ ငြင်းကွယ်ရန် ကြိုးစားကြသော်လည်း သစ္စာဓမ္မစာစောင် စသည်တို့၏ အတွင်းစာသားများ၌ ဦးဥက္ကဋ္ဌဝါဒ ဘောင်အတွင်း၌သာ ရေးသားချက်များ ဖြစ်ခြင်း၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် တည်ရာလိပ်စာ၊ အဖွဲ့ချုပ်သို့ ဖိတ်ခေါ်ချက်၊ အဖွဲ့ချုပ်သို့ လကြေးနှစ်ကြေးပေးရန် နှိုးဆော်ချက် စသည်တို့ကို တွေ့ရှိရခြင်းတို့ကြောင့် ၎င်းတို့နှင့် မပတ်သက်ဟူ၍ ဤရုံးတော်က မယူဆနိုင်ပေ၊ သို့ဖြစ်၍ သက်သေခံပစ္စည်းအားလုံးသည် စောဒကဆရာတော်များ စောဒနာသည့်အတိုင်းပင် သက်သေခံမြောက်သော ပစ္စည်းများဖြစ်ကြောင်း ဤရုံးတော်က ကောက်ချက်ချအပ်ပေသည်။
၈။ စောဒကဆရာတော်များ တင်သွင်းသော သာမညစောဒနာနှင့် ဝိသေသ စောဒနာနှစ်ရပ်အပေါ် ဝိနည်းဓိုရ်ဆရာတော်များက ဤသို့ ကောက်ချက်ချတော်မူကြသည်။
(က) ဦးဥက္ကဋ္ဌသည် ဗုဒ္ဓဝါဒီမဟုတ်၊ ရုပ်ဝါဒီတစ်ဦးသာဖြစ်သည်၊ သခင်မြတ်ဆိုင်နှင့်တကွ သမ္မာဒိဋ္ဌိအဖွဲ့ချုပ်မှ လူများသည် ဗုဒ္ဓဝါဒီမဟုတ်၊ ရုပ်ဝါဒီများသာဖြစ်ကြသည်၊ ဦးရွှေပြည့်သည်လည်း ဗုဒ္ဓဝါဒီမဟုတ်၊ ရုပ်ဝါဒီတစ်ဦးသာ ဖြစ်သည်၊ ဤကဲ့သို့ ရုပ်ဝါဒီများ ရေးသားဟောပြောသော ဝါဒသည်လည်း ဗုဒ္ဓဝါဒနှင့် လုံးဝဆန့်ကျင်သော အဓမ္မဝါဒဖြစ်ကြောင်းကို စောဒကဆရာတော်တို့က သက်သေခံစာအုပ် စာတမ်း တိတ်ခွေ အထောက်အထား အကောင်အထည်နှင့်တကွ တင်ပြချက်များသည် ခိုင်လုံသည်။
(ခ) စောဒနာ အမှတ်(၁) မှ (၂၁)အထိ စောဒနာချက်များသည်လည်း ယုတ္တိအာဂမသဘာဝကျ၍ စောဒကအင်္ဂါငါးဖြာနှင့်အညီ တင်သွင်းသော ဓမ္မစောဒနာသာ ဖြစ်သည်။
(ဂ) စောဒကဆရာတော်တို့က စုဒိတကပုဂ္ဂိုလ်တို့၏ စာအုပ် စာတမ်း တိတ်ခွေ စသည်တို့မှ ဟောပြောရေးသားချက်များကို ထုတ်နုတ်၍ ပါဠိတော် အဋ္ဌကထာ၊ ဋီကာတို့နှင့် မညီညွတ်ကြောင်း တင်ပြချက်များသည်လည်း သာဓကမြောက်သည်။
၉။ စောဒကဆရာတော်တို့ စွဲချက်တင်သော အချက်(၂၁)ချက်တို့နှင့် ပတ်သတ်၍ စုဒိတက(၇)ဦးထဲက မည်သူမဆို ချေပသောဓနာနိုင်သည့် အခွင့်အရေးကို ရုံးတော်က စုဒိတကများအား အပြည့်အဝ ပေးအပ်ထားပေသည်၊ သို့ရာတွင် စုဒိတက ဦးဥဇ္ဇောတိက(ဒေးဒရဲ)၊ ဦးဇဝန(နေရှင်နယ်)၊ ဦးဇဝန(ငါးဆင့်) သုံးပါးတို့က လုံးဝ ချေပလျှောက်ထားခြင်း သောဓနာခြင်း မပြုကြဘဲ စောဒကဆရာတော်များ စောဒနာထားသည့် အတိုင်းပင် အမှန်အကန်ဖြစ်ပါကြောင်း ဤရုံးတော်၌ ဝန်ခံခဲ့ကြသည်၊ ရခိုင်ပြည်နယ်မှ ဦးရွှေပြည်သည်လည်း ချေပခြင်းမပြုဘဲ တွဲဖက် စုဒိတက တစ်ဦးဖြစ်သူ သခင်မြတ်ဆိုင်အားလွှဲခဲ့ပေသည်။
၁၀။ ကျန်စုဒိတက သုံးဦးတို့သည် ၁၃၄၃- ခု၊ ဝါဆိုလဆန်း(၇) ရက်၊ (၈-၇-၈၁)နေ့တွင် ရုံးတော်က ခွင့်ပြုထားသည့်အတိုင်း ချေပ သောဓနာလွှာများကို တင်သွင်းကြသည်၊ (၃၀-၆-၈၁) မှ (၈-၇-၈၁)အထိ ချေပချက် ပြင်ဆင်ရန် အချိန်(၇)ရက် ရခဲ့ကြသည်၊ သို့သော် စုဒိတက ပုဂ္ဂိုလ်သုံးဦးအနက် ဦးဆန္ဒာဓိကသည် စောဒနာ အမှတ် (၅)(၁၁)(၁၄)(၂၁)အားဖြင့် စောဒနာ(၄)ချက်ကိုသာ အနည်းငယ်စီ ဖြေရှင်းလျှောက်ထားသည်၊ ကျန်စောဒနာ (၁၇)ချက်ကို ဦးဆန္ဒာဓိက အနေဖြင့် စောဒကဆရာတော်များ စွဲဆိုသည့်အတိုင်း ဝန်ခံပေသည်။
၁၁။ စုဒိတက သခင်မြတ်ဆိုင်သည် စောဒနာ အမှတ်(၈)(၂၀)(၂၁)တို့ကို လုံးဝချေပ သောဓနာခြင်း မပြုဘဲ၊ ကျန် စောဒနာတို့ကိုသာ အနည်းငယ်စီ ချေပလျှောက်ထားခဲ့သည်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ဦးခင်ဟန်သည် စောဒနာ (၂)(၄)(၇)(၁၁)(၁၂)(၁၅)(၁၈)(၂၀)(၂၁) ဟူသော စောဒနာ (၉)မျိုးတို့ကို လုံးဝ ချေပခြင်း မပြုဘဲ စောဒနာ(၁၁)မျိုးကိုသာ ချေပလျှောက်ထားခဲ့သည်၊ မချေပသော စောဒနာများသည်လည်း ဦးဥက္ကဋ္ဌဝါဒနှင့် သက်ဆိုင်သော စောဒနာများသာဖြစ်၍ မိမိတို့၏ မဟာသမဏကြီး၏ လက်ချက်များကို ချေပနိုင်သော အခွင့်အရေးရှိပါလျက် မချေပဘဲ ထားခြင်းအားဖြင့် ဝန်ခံရာ ရောက်ပေသည်။
၁၂။ စုဒိတကတို့၏ ချေပလွှာများကို ဝိနည်းဓိုရ်ဆရာတော်များက လေ့လာသုံးသပ်တော်မူရာတွင် ဤသို့ တွေ့ရပေသည်။ ဦးဆန္ဒာဓိက၏ ချေပချက်သည် မဖြစ်စလောက် အရာမရောက်သည်ကို တွေ့ရသည်။ ၎င်း ကိုးကားထားသော အထောက်အထားများသည်လည်း စောဒနာချက်များကို လှုပ်ချောက်ချားနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
၁၃။ စုဒိတက သခင်မြတ်ဆိုင်သည် ပါဠိစကားလုံးများကိုပင် ကောင်းစွာမဖတ်တတ်ရှာသူ ဖြစ်ကြောင်း တွေ့ရပေသည်၊ ၎င်းကိုးကား လျှောက်ထားသော ပါဠိတော် မြန်မာပြန်များကိုလည်း ကောင်းစွာ နားမလည်ကြောင်း တွေ့ရပေသည်၊ အကျဉ်းချုံးဖော်ပြရာ၌လည်း အဓိပ္ပာယ်မမှန်ကန်ကြောင်း တွေ့ရသည်၊ ပါဠိတော် ပုဒ်ရေများလျှင် ပြီးစတမ်းဆိုပြီး ဝါဒဖြန့် အနေအထားမျိုးဖြင့် စောဒနာနှင့် မသက်ဆိုင်သော မြန်မာပြန်များကို ကိုးကားလျှောက်ထားသည်ကိုလည်း တွေ့ရပေသည်။
၁၄။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ တင်သွင်းသော ချေပ သောဓနာလွှာကို သုံးသပ်ရာတွင် အချက်သုံးချက်ကို တွေ့ရသည်၊ ပထမအချက်မှာ ဤသီးခြားဝိနည်းဓိုရ်ခုံးရုံကို ဝါဒဖြန့်စင်မြင့်အဖြစ် အသုံးချရန် ရည်ရွယ်ချက်ဖြင့် စောဒနာမှုများနှင့် လုံးဝ မသက်ဆိုင်သော အကြောင်းအရာတို့ကို ထည့်သွင်း ရေးသားထားသည်ကို တွေ့ရသည်၊ ဥပမာ သူတို့အား နှုတ်ဖြင့် ခေါ်ယူဆုံးမလိုက်လျှင် ပြီးနိုင်ပါလျက် သီးခြား ဝိနိစ္ဆယဖွဲ့ပေးပြီး တိုင်းသိပြည်သိ စစ်ဆေးရကောင်းလားဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အပေါ် အပြစ်ပုံချ၍ ရေးသားမှု၊ ၎င်းတို့၏ဆရာ(သမဏောဂရု)ဖြစ်သော ဦးဥက္ကဋ္ဌအား ချီးကျူးခန်းဖွင့်၍ အသားလွတ် ချီးကျူးဝါဒဖြန့် ရေးသားမှုမျိုးဖြစ်သည်၊ ဒုတိယအချက်မှာ စောဒနာချက်ကို ချေပရာ၌ ချေပရာ မရောက်သော စကားပုံများ ပါရှိခြင်းဖြစ်သည်၊ တတိယအချက်မှာ စောဒနာချက်ကို ချေပသော စကားရပ်များ ဖြစ်သည်၊ အထက်ပါ သုံးရပ်တို့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား အပြစ်တင်မှု၊ ဦးဥက္ကဋ္ဌအား အဆမတန်ချီးမွမ်းမှုမျိုးကို ရုံးတော်သို့ ဖတ်ကြားတင်သွင်းခွင့် လုံးဝမပြုဘဲ ပယ်ချခဲ့သည်၊ ဒုတိယအချက်ဖြစ်သော စောဒနာနှင့် မသက်ဆိုင်သည့် စကားပိုများကို ဖတ်လိုက ဖတ်နိုင်ကြောင်း၊ သို့သော် ရုံးတော်က ဝိနိစ္ဆယကိစ္စ၌ ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း သတိပေးချက်ဖြင့် ဖတ်လျှောက်ခွင့်ပြုခဲ့သည်။
၁၅။ စုဒိတက သခင်မြတ်ဆိုင်အနေဖြင့် ရုံးတော်သို့ ချေပလွှာ တင်သွင်းရာတွင် ရုံးတော်က လိုအပ်သော အချက်များကို စိစစ်မေးမြန်းခဲ့သည်၊ သခင်မြတ်ဆိုင်က လောကသမုဒယဉ္စ အတ္ထိ လောကနိရောဓဉ္စနတ္တိ” ဟူသောပါဠိသည် နိဒါနဝဂ္ဂသံယုတ်ပါဠိတော်(၂၄၂) ကစ္စာနဂေါတ္တသုတ်၌ အမှန်တကယ် ပါရှိကြောင်း အခိုင်အမာ လျှောက်ထားသဖြင့် တရားခွင်၌ပင် သခင်မြတ်ဆိုင်အား နိဒါနဝဂ္ဂသံယုတ်ပါဠိ စာအုပ်ကိုပေးပြီး ထိုပါဠိကို ရှာခိုင်းခဲ့ရာ သခင်မြတ်ဆိုင်သည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ အကူအညီ လူများနှင့် အတူလည်းကောင်း အပြန်ပြန် အလှန်လှန် ရှာကြသော်လည်း မတွေ့ဘဲ ဖြစ်နေသည်၊ ရုံးတော်က မေးရာတွင်လည်း ထိုပါဠိသည် ပါဠိတော်စာအုပ်များ၌ ပါရှိသည်မဟုတ်ပါကြောင်း၊ ဝိနည်းဓိုရ်ဆရာတော်များ ရှေ့မှောက်၌ ဝန်ခံလျှောက်သွားခဲ့သည်ကို ဤရုံးတော်က မှတ်တမ်းတင်ထားခဲ့သည်၊ ထို့ပြင်လည်း ဝိနည်းဓိုရ်ဆရာတော်များက မေးမြန်းသဖြင့် မိမိပါဠိကျမ်းဂန်များကိုလည်း မတတ်ပါကြောင်း၊ ပိဋကတ်ကျမ်းဂန်များကိုလည်း မနှံ့စပ်ပါကြောင်း၊ ဦးဥက္ကဋ္ဌ စာပေများကိုသာ လေ့လာဖတ်ရှုဖူးပါကြောင်း၊ ဦးဥက္ကဋ္ဌမှတစ်ပါး နိုင်ငံတော်၌ ထင်ရှားကျော်ကြားသော စာတတ်ပေ တတ်သူတော်ကောင်း ဆရာတော်ကြီးများကိုလည်း မဆည်းကပ်ဖူးပါကြောင်း ပြောဆိုဖြေကြားသည်တို့ကိုလည်း ရုံးတော်က မှတ်သားထားခဲ့ပေသည်။
၁၆။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်(ဗဟို)မှ ဥက္ကဋ္ဌ ဦးခင်ဟန်တစ်ဦးကိုသာ စုဒိတက စာရင်းထဲ ထည့်ထားသော်လည်း ချေပလွှာတင်ရာ၌ ဦးမြဒင်၊ ဦးမြင့်ဆွေ၊ ဦးကျော်ထင်၊ ဦးဉာဏ်သိုင်း၊ ဦးစိန်အေး၊ ဦးလွန်းမောင် ဆိုသူတို့က ပါဝင် လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်၊ ၎င်းတို့၏ ချေပလွှာ၌ မိမိတို့သည် ပါဠိဘာသာစာပေ ကျမ်းဂန်ကို လုံးဝ မတတ်မသိကြကြောင်း ပထမကြီး ပထမကျော် ဓမ္မာစရိယ ပုဂ္ဂိုလ်များ သင်ယူရသည့် ပိဋကတ်တော်၏ အခြေခံဖြစ်သော သဒ္ဒါ၊ သင်္ဂြိုလ်၊ အလင်္ကာ၊ အဘိဓမ္မာစသော ကျမ်းတစ်စုံတစ်ရာကိုမျှ မသင်ကြား မလေ့လာဖူးကြကြောင်း၊ ပညာရှိလက္ခဏာဖြစ်သော သဒ္ဒါကျမ်း၊ အဘိဓာန်ကျမ်း၊ အလင်္ကာကျမ်း၊ ဆန်းကျမ်းတို့၏ အနားကိုမျှ မသီမကပ်နိုင်ကြကြောင်း ဝန်ခံလျှောက်ထားကြသည်ကို တွေ့ရပေသည်၊ သို့သော်လည်း ၎င်းတို့ချေပလွှာ၌ ပကာရေန ဉာဏော စသော ပါဠိပျက်ပါဠိအတုမျိုးဖြင့် ဝံ့ဝံ့စားစား တင်ပြလျှောက်ထားသည်ကို တွေ့ရသည်၊ ရုံးတော်က မေးမြန်းသဖြင့် ၎င်းတို့လူစုသည် ပါဠိဘာသာ ပါဠိကျမ်းဂန်များကို မတတ်မသိရုံမျှမက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်စာတမ်းများကိုပင် ကိုယ်တိုင် မဖတ်မရှုဖူးကြကြောင်း ဝန်ခံထွက်ဆိုထားကြသည်ကို ရုံးတော်က မှတ်တမ်းတင်ထားခဲ့ပေသည်၊ ထို့ပြင် တောင်တွင်းကြီးဦးဥက္ကဋ္ဌမှ တစ်ပါး မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားသော စာတတ်ပေတတ် ပရိယတ် ပဋိပတ် စွယ်စုံ မည်သည့်ဆရာကောင်းသမားကောင်းကိုမျှ မဆည်းကပ်ခဲ့ကြဖူးကြောင်း ထွက်ဆိုချက်ကိုလည်း ရုံးတော်က မှတ်တမ်းတင်ထားခဲ့ပေသည်။
၁၇။ ဤကဲ့သို့ ဝိနည်းဓိုရ်ဆရာတော်များက စုဒိတကပုဂ္ဂိုလ်တို့၏ အပြုအမူ အပြောအဆို အတင်အပြတို့အပေါ် အလေးအနက် သုံးသပ်၍ အောက်ပါအတိုင်း ကောက်ချက်ချတော်မူကြသည်။
(က) ဘာသာရေးသောင်းကျန်းသူ ခေါင်းဆောင်ဖြစ်သော ဦးဥက္ကဋ္ဌသည် ငယ်စဉ်က မည်သို့ ဖြစ်ခဲ့သည်ဆိုစေ၊ ၎င်းသည် ဗုဒ္ဓ ပိဋကတ်ကျမ်းဂန်စာပေများနှင့် ဘုရားရဟန္တာ အဋ္ဌကထာဆရာ ဋီကာဆရာတို့ထက် နိုင်ငံခြားသား လူမျိုးခြားဘာသာခြား စာရေးဆရာတို့နှင့် ၎င်းတို့၏ စာပေကို ပို၍ အထင်ကြီးသူဖြစ်ကြောင်း တွေ့ရသည်။
(ခ) ဦးဥက္ကဋ္ဌ ရေးသားပြောဆိုချက်များအရ ဦးဥက္ကဋ္ဌသည် ပါဠိတော် အဋ္ဌကထာ ဋီကာ ပိဋကတ် ကျမ်းစာတို့ကို ကောင်းစွာမတတ်ကြောင်း နှံ့စပ်မှုလည်း မရှိကြောင်း တွေ့ရသည်။
(ဂ) ဦးဥက္ကဋ္ဌသည် ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ တာဝန်မဲ့ ပြောလွယ်ဆိုလွယ် ပြုလုပ်လွယ်သူ ဖြစ်၏၊ သူတော်ကောင်းတို့၌ ရှိရမည့် လဇ္ဇီဂုဏ် ကင်းမဲ့သူ ဖြစ်ကြောင်း တွေ့ရသည်။
(ဃ) ဦးဥက္ကဋ္ဌသည် စ၊ သ၊ ဃ၊ ဇ၊ က -ဟူသော ပသာဒ ရုပ်ငါးပါး(ဝါ) မျက်မြင်၊ နားကြား၊ နှာခေါင်းနံ၊ လျာလျက်၊ ကိုယ်အတွေ့အထိ -ဟူသော ရုပ်တရားငါးမျိုးကိုသာလျှင် လက်ခံပြီး မနောဝိညာဏ်နာမ်ကို ပစ်ပယ်သော ရုပ်ဝါဒီတစ်ဦးဖြစ်ကြောင်း တွေ့ရသည်။
(င) ဤကဲ့သို့ ပသာဒရုပ် ငါးပါးကိုသာ စဉ်းစားတွေးခေါ်မှု ဆင်ခြင်သုံးသပ်မှုကို အခြေခံထားပြီး ရုပ်သည် အရှိတရား နိစ္စတရား၊ နာမ်သည် ရုပ်မှ ဖြစ်လာသော အဖြစ်တရား အနိစ္စတရားဟု ယူသဖြင့် ဗြဟ္မဇာလသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော မိစ္ဆာဒိဋ္ဌိ ၆၂-ပါးမျိုးတို့တွင် တစ်မျိုး အပါအဝင်ဖြစ်သည့် ဧကစ္စသဿတဒိဋ္ဌိ(အချို့မြဲသည်အချို့မမြဲ)ဟု ယူသော မိစ္ဆာဒိဋ္ဌိ အယူရှိသူ ဖြစ်ကြောင်း တွေ့ရသည်။
(စ) ဦးဥက္ကဋ္ဌသည် ဒါဝင်ဝါဒအခြေခံဖြင့် လူသေလူဖြစ်ဝါဒကို ထူထောင်ခဲ့သည်၊ ဗုဒ္ဓပိဋကတ်တော်များကို ရုပ်ဝါဒအမြင်နှင့် ကိုက်ညီအောင် ပြုပြင်ရန် အကြံကြီးကြံခဲ့သည်၊ တစ်ဖက်က ရုပ်ဝါဒအမြင်နှင့် မကိုက်ညီသော အတိတ်ဘဝ၊ အနာဂတ်ဘဝ၊ တန်ခိုးအဘိညာဏ် စသည်တို့ကို ကိုယ်တိုင် တွင်တွင်ကြီး ဝေဖန်ပုတ်ခတ်ပြီး တပည့်တွေမွေး၍ တဘဝစာ (ရုပ်ဝါဒ) သာသနာပြန့်ပွားရေးကို ဆက်လက်လုပ်စေခဲ့သည်၊ စင်စစ် ဦးဥက္ကဋ္ဌသည် ခေတ်ဟောင်းလူတို့ ပစ်ပယ်ခဲ့သော မက္ခလိဂေါသာလစသည့် တိတ္ထိဆရာကြီး ၆-ဦးတို့၏ မိစ္ဆာဝါဒကို ရောကျိုပြီး ပြန်လည်ဖော်ထုတ်ရန် ကြိုးစားသူသာ ဖြစ်ကြောင်း တွေ့ရပေသည်။
(ဆ) သခင်မြတ်ဆိုင်နှင့်တကွ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ပုဂ္ဂိုလ်များသည် ၎င်းတို့၏ ရေးသားပြောဟောချက် အထောက်အထားများအရ ရုပ်ကို အရှိတရား နိစ္စတရား၊ မနောဝိညာဏ် နာမ်ကိုမူကား ရုပ်၏ဂုဏ်မျှသာဖြစ်သော အဖြစ်တရား အနိစ္စတရားဟု ဦးဥက္ကဋ္ဌနည်းတူ ဆက်လက်ခံယူကြောင်း တွေ့ရသည်၊ ထို့ကြောင့် သခင်မြတ်ဆိုင်နှင့်တကွ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့မှ ပုဂ္ဂိုလ်များသည် ဗြဟ္မဇာလသုတ်၌ မြတ်စွာဘုရား ဟောထားသော ဧကစ္စသဿတ မိစ္ဆာဒိဋ္ဌိအယူရှိသူများဖြစ်ကြောင်း တွေ့ရသည်။
(ဇ) သခင်မြတ်ဆိုင်နှင့်တကွ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ပုဂ္ဂိုလ်များသည် ကံ-ကံ၏ အကျိုး၊ အတိတ်ဘဝ၊ အနာဂတ်ဘဝ ကောင်းမွန်စွာကျင့်သော သမဏဗြဟ္မဏမရှိဟု ယူသော ပုဂ္ဂိုလ်များ ဖြစ်သောကြောင့် မြတ်စွာဘုရား လက်ထက်က အဇိတကေသကမ္ဗလ တိတ္ထိတက္ကတွန်း ယူသော အယူများကို ဆက်လက်၍ ယူသူများ ဖြစ်ခြင်းကြောင့် ၎င်းတို့၏ ဆရာဦးဥက္ကဋ္ဌကဲ့သို့ပင် နတ္ထိကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ အယူရှိသူများဖြစ်ကြောင်း တွေ့ရသည်။
(စျ) ဦးဥက္ကဋ္ဌနှင့်တကွ တပည့်နောက်လိုက်များ ဖြစ်ကြသော သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ပုဂ္ဂိုလ်များသည် ဆိုခဲ့သည့်အတိုင်း ဧကစ္စသဿတ မိစ္ဆာဒိဋ္ဌိ အယူရှိသော ရုပ်ဝါဒီများဖြစ်ကြသောကြောင့်လည်းကောင်း၊ အဇိတကေသကမ္ဗလ စသော တိတ္ထိကြီးများကဲ့သို့ နတ္ထိကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ အယူရှိသူများ ဖြစ်ကြသောကြောင့်လည်းကောင်း မိမိတို့၏ရုပ်ဝါဒအမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသော ပိဋကတ်တော်များကို ဗြဟ္မဏဝါဒ စသည်ဖြင့် စွပ်စွဲခြင်း၊ ဘုရားမဟောသည်ကို အဟော၊ ဘုရားဟောသည်ကို မဟောဟု လီဆယ်ခြင်း၊ အနက်မှားများပေးပြီး ပါဠိအတုများကိုထည့်လျက် ပါဠိအစစ်အမှန်များကို ဖြုတ်ခြင်း၊ ပါဠိတော်ကို ထောက်ခံဖွင့်ပြသော အဋ္ဌကထာများကို ပုတ်ခတ်ခြင်း၊ ဘုရားဟော ပါဠိတော် အဋ္ဌကထာများကို ထိန်းသိမ်း၍ သာသနာ သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ပြုလုပ်နေသော သံဃာတော်များကို အစွမ်းကုန်တိုက်ခိုက်ခြင်း စသည်တို့ကို ပြုလုပ်ခြင်း ဖြစ်ကြောင်း တွေ့ရှိရပေသည်။
(ည) စုဒိတကများဖြစ်ကြသော ဦးဥက္ကဋ္ဌနှင့်တကွ အပေါင်းပါတို့သည် သာသနာတော်နှင့် ဆန့်ကျင်သော အယူရှိသူများပီပီ အမှန်တရားနှင့် ဆန့်ကျင်သော လူသေလူဖြစ်ဝါဒကို ထူထောင်ခြင်းဖြစ်ကြောင်း တွေ့ရသည်၊ ထိုလူသေလူဖြစ်ဝါဒကို ကျားကန်ပေးရန်အတွက် ၃၁-ဘုံကို ပယ်ရှားကြသည်၊ ယင်းသို့ ပယ်ရာ၌ မိမိတို့ ယုံကြည်ချက်အနေဖြင့် ရိုးရိုးသားသား ပယ်ရှားခြင်းမပြုကြဘဲ ဗုဒ္ဓမြတ်စွာဘုရား ၃၁-ဘုံကို လက်မခံကြောင်း စသည်ဖြင့် ရိုးသားသော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အသိဉာဏ်ကို ရှုပ်ထွေးစေလျက် မြတ်စွာဘုရားအပေါ်၌ သက်ဝင်ယုံကြည်ကြသူများအား စိတ်မချမ်းမသာဖြစ်စေခဲ့ကြောင်း တွေ့ရသည်။
(ဋ) ဦးဥက္ကဋ္ဌတို့သည် ရုပ်ဝါဒအမြင်ဖြင့် ကံ၊ ကံ၏ အကျိုးတရားကို ပယ်ခြင်း၊ ဗုဒ္ဓဝါဒကို ပစ္စုပ္ပန်ဝါဒဖြစ်သယောင် ဗုဒ္ဓအဘိဓမ္မာကို ဘုရားဟောမဟုတ်လေဟန် ဘာသာခြား လူမျိုးခြားတို့၏ တရားလွန်ဝေဖန်မှုများကို အားယူ၍ ဗုဒ္ဓသာသနာတော်အတွင်း၌ အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးသူများဖြစ်ကြောင်း တွေ့ရသည်။
(ဌ) ဘုရားဟောပါဠိတော်များ အနက်အဓိပ္ပာယ်မှန်ကို ထိန်ချန်လျက် မမှန်သော အကိုးအကားများဖြင့် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို ထိပါးပုတ်ခတ်ကြခြင်းအားဖြင့် ဦးဥက္ကဋ္ဌနှင့်တကွ သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိအဖွဲ့ချုပ်ပုဂ္ဂိုလ်များသည် အများ၏ ယုံကြည်ကိုးကွယ်မှုကို ထိပါးစော်ကားကြောင်း တွေ့ရသည်။
(ဍ) ဦးဥက္ကဋ္ဌနှင့် စုဒိတတို့သည် ဗုဒ္ဓသာသနာတော် အတွင်း၌ အေးငြိမ်းချမ်းသာစွာ ဝိပဿနာတရား ကြိုးစားအားထုတ်နေကြသောသူတို့အား အမျိုးမျိုး ပြက်ရယ်ပြောင်လှောင်ပြုခြင်းအားဖြင့် ရဟန်းရှင်လူတို့၏ ယုံကြည်ကိုးကွယ်မှုကို နှောင့်ယှက်ဖျက်ဆီးသူများဖြစ်ကြောင်း တွေ့ရသည်။
(ဎ) ဦးဥက္ကဋ္ဌသည် ၎င်း၏ ရေးသားပြောဟောချက်များအရ ဘုရားရှင်ပညတ်တော်မူခဲ့သော ဝိနည်းကျင့်ဝတ် သိက္ခာပုဒ်တို့ကို မိမိကိုယ်တိုင်ကျင့်သုံးခြင်းမပြုဘဲ အခြားကျင့်သုံးနေကြသော ရဟန်းကောင်း ရှင်ကောင်းတို့အား ပက်ပက်စက်စက် ဝေဖန်ပုတ်ခတ်ခြင်းပြုခဲ့သည်၊ ဦးဥက္ကဋ္ဌသည် အရဟတ္တဓဇ သင်္ကန်းတော်ကို ဝတ်ဆင်ထားပါလျက် သင်္ကန်းဝတ်ရဟန်းတော်များ လိုက်နာကျင့်ကြံရမည့် ဝိနည်းကျင့်ဝတ်သိက္ခာပုဒ်များကို မကျင့်သုံးသည့်အတွက် အယောင်ဆောင် သာသနာဖျက်တစ်ဦးဖြစ်ကြောင်း တွေ့ရသည်၊ ထိုသို့ သင်္ကန်းတော် အရေခြုံပြီး သင်္ကန်း၏ အခွင့်အရေးကို ခံယူနေခြင်းသည် ပါရာဇိကကျပြီးပါလျက် ရဟန်းဟု ဝန်ခံကာ ဗုဒ္ဓဘာသာ ဒါယကာဒါယကာမများ အပေါ် လိမ်လည်လှည့်ဖြား၍ မတရားအခွင့်အရေးကို ရယူနေသော ပုဂ္ဂိုလ်များကဲ့သို့ ဖြစ်ကြောင်းတွေ့ရသည်။
(ဏ) သခင်မြတ်ဆိုင်နှင့်တကွ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်တို့သည် ဦးဥက္ကဋ္ဌနှင့် အပေါင်းပါများ ကြံရာပါများ ဖြစ်သည့်အားလျော်စွာ ၎င်းတို့၏ ရေးသားပြောဟောချက်များအရ ဗုဒ္ဓဥပါသကာများ (ဗုဒ္ဓဘာသာဝင်များ) မဟုတ်ကြောင်းထင်ရှားသည်။ သို့ဖြစ်ပါလျက် ဗုဒ္ဓဘာသာဝင် အယောင်ဆောင်၍ သာသနာတော်ကို ဖျက်နေသူများ ဖြစ်ကြောင်းတွေ့ရသည်။
(တ) စုဒိတကများဖြစ်ကြသော သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် “စက္ခု သောတ ဃာန ဇိဝှာ ကာယ” တို့ဖြင့် မြင်, ကြား, နံ, လျှက်, ထိတွေ့သမျှတို့ကို အခါမလပ် အမြဲတမ်းအသင့်ရှိသူ သမ္မာဒိဋ္ဌိသုတေသီ(ဝါ) အယူမှန် အမြင်မှန်ကို ရှာဖွေနေသူ လူသားဖြစ်၍ မိမိမျက်စိဖြင့် တိုက်ရိုက် မမြင်အပ်သော နားနှင့်ဆတ်ဆတ် မကြားရသော ကိုယ်နှင့် တိုက်ရိုက်ထိတွေ့၍မရသော ရူပါရုံ သဒ္ဒါရုံတို့ကို တကယ်အဟုတ် မြေကြီးလက်ဝါးပုတ် ရှိပါသည်ဟူသော ယုံကြည်မှုမျိုးကို ဆန့်ကျင်သည်၊ ပစ်ပယ်သည်၊ ပဉ္စာရုံ လက်တွေ့ကို ဝေဖန်သုံးသပ်ရာ၌ မိမိ၏ ဝီမံသ ဝိစာရဏဉာဏ်ကို အပြည့်အဝ အသုံးချသူဖြစ်ကြောင်း ကြွေးကြော်ထားသည်ကို တွေ့ရသည့် အားလျော်စွာ ၎င်းတို့သည် ပဉ္စပသာဒ ပဉ္စာရုံ ရုပ်အတွေ့ ရုပ်အမြင်များကိုသာ ဆုပ်ကိုင်ထားကြပြီး၊ ပြဿနာတိုင်း၌ ရုပ်အပေါ်၌သာ မူတည်၍ စဉ်းစားသူများဖြစ်သောကြောင့် မြတ်စွာဘုရားလက်ထက်က မဟာဘုတ်ရုပ်တရားကိုသာ အမှန်တရား အဖြစ် လက်ခံသော အဇိတကေသကမ္ဗလကဲ့သို့ ဗုဒ္ဓသာသနာနှင့် ဆန့်ကျင်သော အယူရှိသူများဖြစ်ကြောင်း တွေ့ရသည်။
(ထ) သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် တရားမကပ် တရားမတတ်သော်လည်း စကားတတ်များ ဖြစ်ကြောင်း တွေ့ရသည်၊ ၎င်းတို့ပြောသော စကားများကို ဆန့်ကျင်ဘက် အနက်ယူမှ မှန်ကန်ကြောင်း တွေ့ရသည်၊ ဗုဒ္ဓကို ကြည်ညိုသူ အချင်းချင်း ကိုယ့်အမြင်နှင့် ကိုယ်နေခဲ့ကြသည်ဟု သူတို့ပြောသော်လည်း လက်တွေ့အားဖြင့်မူ ကိုယ့်အမြင်နှင့်ကိုယ်မနေဘဲ အခြားသူများ၏ အမြင်ကို စော်ကားခဲ့ကြသည်၊ “ရှင်ဥက္ကဋ္ဌဝါဒ မရှိ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒ မရှိ၊ သူတို့ပြောသမျှသည် ဗုဒ္ဓဝါဒသာ ဖြစ်ကြောင်း ပြောခြင်းအားဖြင့် ဗုဒ္ဓကို စွပ်စွဲရာရောက်ကြောင်း တွေ့ရသည်၊ သူတို့သည် မည်သည့်စာပေမျှမတတ်၊ ဘာသာရေးကို လေ့လာချိန်လည်း များများမရဟု ဆိုပါလျက် ဦးဥက္ကဋ္ဌ ဟောပြောချက်များသည် ဗုဒ္ဓမြတ်စွာ၏ ဒေသနာတော်နှင့် ညီညွတ်သည်ဟု ကြားဝင်ဆုံးဖြတ် ထောက်ခံနေသည်ကို တွေ့ရသည်၊ အလွန်ယုတ္တိမဲ့သော စကားဖြစ်ပေသည်၊ လူသေလူဖြစ်သည် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ အဘိဓမ္မာမဟုတ်ဟု ရှောင်လိုသော်လည်း လူသေလူဖြစ် ဆရာဦးဥက္ကဋ္ဌကိုမူ လုံးဝ ထောက်ခံဆည်းကပ်ကိုးကွယ်ခြင်းကို ထောက်ရှုခြင်းအားဖြင့် လူသေလူဖြစ်သည်လည်း သမ္မာဒိဋ္ဌိသုတေသန အဖွဲ့အတွက် အကျုံးဝင်ပြီးဖြစ်ကြောင်း ထင်ရှားပေသည်၊ ကွယ်လွန်သူ ဦးကိုကိုလေးနှင့် ၎င်းတို့ သက်ဆိုင်ခြင်း မရှိလေဟန် “ထမင်းရေပူလာ လျှာလွှဲ” လုပ်ကြသော်လည်း ဦးကိုကိုလေးသည် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့၍ ၎င်းတို့အဖွဲ့အနေဖြင့် မည်သို့မျှ ရှောင်လွှဲ၍ မရကြောင်း တွေ့ရသည်၊ ဘာသာဝင် အချင်းချင်း တိုက်ခိုက်ရန် စွပ်စွဲပုတ်ခတ်ရန် နှလုံးသွင်းမရှိပါဟု လူကြားကောင်းအောင် ပြောသောစကားသည် ယုတ်ယုတ်မာမာ ဆဲရေးပြီးမှ ဆဲချင်၍မဟုတ်ပါ ဆိုသကဲ့သို့ ဖြစ်နေပေသည်။
(ဒ) စုဒိတက သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့က ၎င်းတို့ တရားရှာသည်မှာ ဓမ္မ အဓမ္မ အငြင်းပွားရန်မဟုတ် ဒုက္ခငြိမ်းရေးကိုသာ ရှာခြင်းဖြစ်သည် ဟူသောစကားသည် ပြောင်းပြန်နားလည်ရမည့် စကားသာဖြစ်သည်၊ ရိုးရိုးသားသား တရားရှာနေသူများသည် မည်သူမျှ ဝိနိစ္ဆယရုံးတော်သို့ မရောက်ကြချေ၊ တိုင်းသိပြည်သိ ဘုရားကိုပုတ်ခတ်၊ ပိဋကတ်တော်ကို စော်ကား၊ ရဟန်းသံဃာများကို တိုက်ခိုက်၊ ဗုဒ္ဓဘာသာတို့၏ အစဉ်အလာ ဓလေ့တို့ကို ပြက်ရယ်ပြောင်လှောင်ပြုလုပ်ခဲ့သူ၊ ပြုလုပ်နေသူတို့က အေးငြိမ်းစွာ တရားရှာနေကြပါသည်ဟူသော စကားသည် ဆင်သေကို ဆိတ်ရေနှင့် ဖုံးသကဲ့သို့ သာဖြစ်ချေသည်။
(ဓ) စုဒိတက သမ္မာဒိဋ္ဌိသုတေသီတို့သည် ဓမ္မစကြာ၊ အနတ္တလက္ခဏ၊ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို အခြေခံထားသည်ဟု တစာစာ ကြွေးကြော်ကြသော်လည်း ၎င်းတို့၏ဓမ္မစကြာ, ၎င်းတို့၏ အနတ္တလက္ခဏ, ၎င်းတို့၏ ပဋိစ္စသမုပ္ပါဒ်တို့သည် ဗုဒ္ဓမြတ်စွာ၏ ဓမ္မစကြာ အနတ္တလက္ခဏ ပဋိစ္စသမုပ္ပါဒ်တို့ မဟုတ်ဘဲ ရုပ်ဝါဒအမြင်ဖြင့် တီထွင်လှည့်စားထားသော ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာ အနတ္တလက္ခဏ ပဋိစ္စသမုပ္ပါဒ်များသာ ဖြစ်ကြောင်းတွေ့ရပေသည်။
(န) စုဒိတက သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် ကေသမုတ္တိသုတ္တန်ကို အားကိုး တစ်ခုပြုပြီး ကေသမုတ္တိသုတ္တန်က ပေးထားသော အခွင့်အရေးအရ ဝေဖန်တင်ပြကြသယောင် ဟန်ဆောင်ကြသည်၊ သို့ရာတွင် ၎င်းတို့သည် ထိုကေသမုတ္တိသုတ္တန်ကိုပင်လျှင် ဆန့်ကျင်ဘက်ပြုသူများဖြစ်ကြောင်း တွေ့ရသည်၊ အဘယ့်ကြောင့်ဆိုသော် ကေသမုတ္တိသုတ္တန်၌ “မာသမဏော နော ဂရု = ငါတို့၏ ဆရာ အရှင်ရဟန်းစကား ဟူ၍လည်း မယူကုန်လင့်ဦး” ဟု ဆိုထားရာ ဤအချက်ကို မလိုက်နာဘဲ ၎င်းတို့၏ ဆရာတော် ရှင်ဥက္ကဋ္ဌကို ၎င်းတို့၏ တစ်ဆူတည်းသော ကိုးကွယ်ရာ ဆရာအဖြစ် တင်မြှောက်လျက် ဦးဥက္ကဋ္ဌ ဟောသော ပြောသော ပါဠိတော်မှ အမှန်၊ အခြားသော ပိဋကတ်သုံးပုံဆောင် တိပိဋကဓရ ဆရာတော်များ ဟောကြားသော ပါဠိတော်သည်ပင်လျှင် မမှန်ဟု တစ်ယူသန် ရေးသားပြောဟော နေကြသောကြောင့် ဖြစ်သည်၊ ကေသမုတ္တိသုတ္တန်ကို အကာအကွယ်ယူနေသော်လည်း ဝေဖန်ဆန်းစစ် ကြည့်ရှုတတ်သော ပညာရှင်များအမြင်၌ ၎င်းတို့၏ မရိုးသားမှုသည် ဘွားဘွားကြီးပေါ်လျက်ရှိသည်ကို တွေ့ရသည်။
(ပ) မြတ်စွာဘုရားသည် ဝိဘဇ္ဇဝါဒဖြစ်၍ ၎င်းတို့၏ ရုပ်ဝါဒအမြင်ဖြင့် ဝေဖန်ချက်များကို တရားသည် ဟု ပြောလိုကြသော်လည်း သဗ္ဗညုတဉာဏ်မရှိ, အဘိဓမ္မာ ဘုရားဟောမဟုတ်, ၃၁-ဘုံ မရှိ, ကံ ကံ၏ အကျိုး တန်ခိုး အဘိဉာဏ် မရှိ ဟု ပြောခြင်းများသည် ဝိဘဇ္ဇဝါဒ မဟုတ်ဘဲ ဗုဒ္ဓသာသနာ ဖျက်ဆီးရေးဝါဒသာ ဖြစ်ကြောင်း ထင်ရှားလေသည်။
(ဖ) အားလုံးကို ခြုံ၍ အကျဉ်းချုပ်သုံးသပ်ရသော် ဦးဥက္ကဋ္ဌသည် ရုပ်ဝါဒီ၊ သခင်မြတ်ဆိုင်သည် ရုပ်ဝါဒီ၊ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ဝင်တို့သည် ရုပ်ဝါဒီများသာဖြစ်ကြောင်း၊ ရုပ်ဝါဒကိုသာ တစ်ယူသန် အယူသည်း လက်ခံထားသူများ ဖြစ်သောကြောင့် မည်သည့်ဘာသာမျှမရှိသော ဘာသာမဲ့များသာဖြစ်ကြောင်း၊ ဤသို့ ဘာသာမဲ့ရုပ်ဝါဒီများဖြစ်ကြပါလျက် မိမိတို့ဝါဒကို ဗုဒ္ဓဘာသာနှင့် လွတ်လွတ်ကင်းကင်း ထူုထောင်ခြင်း မပြုဘဲ ဗုဒ္ဓဘာသာ သာသနာနှင့် ဝင်၍ပူးကာ အတွင်းမှ ဝင်၍ ဖျက်နေသူများဖြစ်ကြောင်း တွေ့ရသည်၊ ဦးဥက္ကဋ္ဌသည် ငယ်စဉ်က ရှင်ရဟန်းဖြစ်ခဲ့သော်လည်း ရုပ်ဝါဒကို လက်ခံ၍ ဗုဒ္ဓဝါဒမှ ရုပ်ဝါဒသို့ ကူးပြောင်းသွားသောအခါ၌ အသွင်မပြောင်းဘဲ ဘုရားအရေကို ဆက်လက်ခြုံထားသော အရေခြုံသာ ဖြစ်ကြောင်းတွေ့ရသည်၊ “ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ရှင်ဥက္ကဋ္ဌ၏ တပည့်သားပီသစွာ” ဟု စုဒိတကတို့က ဆိုသည့်အတိုင်း ဦးဥက္ကဋ္ဌ၏ တပည့်ပီသလှသော သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိဗဟိုအဖွဲ့မှ ဘာသာမဲ့ ရုပ်ဝါဒီများသည်လည်း ဘာသာရေး အရေခြုံများသာ ဖြစ်ကြောင်း၊ ဘာသာရေးကို အရေခြုံပြီး အတွင်းကဝင်၍ ဖျက်နေသူများ ဓမ္မန္တရာယ်စစ်စစ်များသာ ဖြစ်ကြောင်းတွေ့ရပေသည်။
၁၈။ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဆရာတော်များသည် ဗုဒ္ဓသာသနာတော်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသော ကိစ္စဖြစ်၍ လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယနှင့် စပ်လျဉ်းပြီး စောဒက ပုဂ္ဂိုလ်များ၏ တင်ပြလျှောက်ထားချက်များကိုလည်းကောင်း၊ ထို တင်ပြချက်များအပြင် တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက်နောက်ပါများ၏ လက်ရာများကို လည်းကောင်း၊ တရားခွင်၌ စုဒိတကတို့ တင်ပြချက်များကို လည်းကောင်း၊ ပိဋကသုံးပုံ ပါဠိ အဋ္ဌကထာ ဋီကာ တို့ကို လည်းကောင်း လေးလခန့် အချိန်ယူ၍ နေ့မနား ညမနား ကျယ်ကျယ်ပြန့်ပြန့် ရှုထောင့်စုံစုံ ဆင်ခြင်သုံးသပ်သည့်အတိုင်း အထက်ပါ ကောက်ချက်များကို ချမှတ်ရရှိခဲ့ခြင်းဖြစ်ပေသည်။
သာသနာ့ အတွင်းရန်သူများကြောင့် သာသနာအကျိုးယုတ်ပုံများ
၁။ သာသနာတော်နှစ်(၂၁၈)နှစ်တွင် အဘိသိက်ခံယူသော ပါဋလိပုတ်ပြည့်ရှင် အသောကဘုရင် နန်းမတက်မီနှင့် နန်းတက်စ ကာလတို့၌ ဗုဒ္ဓသာသနာတော်အတွင်းသို့ သာသနာ့အရေခြုံကာ မိစ္ဆာဒိဋ္ဌိအယူရှိသော တိတ္ထိတို့ ဝင်ရောက်ခိုအောင်းခဲ့ပေသည်၊ ထိုသင်္ကန်းဝတ်တိတ္ထိတို့သည် မိမိတို့၏ မိစ္ဆာဝါဒများကို ဖြန့်ဖြူးရာ၌ ဗုဒ္ဓ မြတ်စွာဘုရားကို ဗဟိုမဏ္ဍိုင်ထား၍ သူတို့ဝါဒမှသာ ဘုရားဟောဝါဒ အစစ်အမှန်ဖြစ်ကြောင်း အလုအယက် စည်းရုံးသိမ်းသွင်းခဲ့ကြသည်၊ ထိုဆန့်ကျင်ဘက်ပုဂ္ဂိုလ်တို့သည် သူယုတ်မာ အပြုအမူ အမျိုးမျိုးဖြင့် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့ကြသဖြင့် နေရာတကာတွင် သူတို့က စီးမိလာကြသည်၊ သံဃာ့ကိစ္စများကိုသာမက အသောကမင်းမှတစ်ပါး အာဏာရှိ မှူးမတ်များကိုပင် သူတို့အား ထောက်ခံသူများ အဖြစ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ကြလေသည်။
၂။ ထေရဝါဒ ဗုဒ္ဓသာသနာ အမှန်ကို လိုက်နာ ကျင့်သုံးကြသော ရှင်ကောင်းရဟန်းကောင်းများသည် သူတို့ကို မယှဉ်နိုင်ဘဲ နေရာတိုင်းတွင် သူတော်ကောင်းပီပီ ရှောင်လွှဲနေခဲ့ကြရသည်၊ သို့ဖြစ်၍ ဥပုသ်ကံကိစ္စများကို သင်္ကန်းဝတ် တိတ္ထိများ တစ်ဦးစီ ပြုလုပ်ကြသောအခါ ရဟန်းကောင်းများက ဗုဒ္ဓါဝါဒမှ တစ်ပါးသော အယူရှိသူများနှင့် အတူတကွ ဥပုသ်မပြုနိုင်သောကြောင့် ရှောင်ဖယ်နေခဲ့ကြသည်၊ ဤကဲ့သို့ ရဟန်းတုများနှင့်အတူ ဥပုသ်မပြုကြသည့်အတွက် ၇-နှစ်တိုင်တိုင် သံဃညီညွတ်ရေး ပျက်ပြားလျက် ရှိခဲ့သည်။
၃။ အသောကမင်းကြီးသည် စည်းလုံးညီညွတ်မှုရှိစေရန် နိုင်ငံရေးအမြင်ဖြင့် ကြည့်ပြီး ရဟန်းအားလုံး တညီတညွတ်တည်း ဥပုသ်ပြုစေရန်အတွက် အမတ်တစ်ဦးအား တာဝန်ပေးစေခိုင်းခဲ့လေသည်၊ ထိုအမတ်သည် တိတ္ထိတို့၏ ဘက်သားဖြစ်သဖြင့် ဥပုသ်မပြုသော ဘုရားရှင် သားတော်စစ် သံဃာတော် အမြောက်အမြားကို သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့လေသည်၊ ကံအားလျော်စွာ သူတော်ကောင်း သံဃာများထဲတွင် အသောကမင်းကြီး၏ ညီတော်တိဿသည် ရဟန်းဘဝဖြင့် ပါဝင်လျက် ရှိနေသောကြောင့် ထိုအမတ်မိုက်၏ ရက်စက်ပွဲကြီးကို ဟန့်တားနိုင်ခဲ့လေသည်။
၄။ ဤကဲ့သို့ သာသနာ့သမိုင်းတွင် ကြေကွဲဝမ်းနည်းဖွယ် ကောင်းသော အမဲကွက်ကြီး စွန်းထင်းပေါ်ခဲ့ရပြီးကာမှ အသောကမင်းကြီးသည် ဗုဒ္ဓ သာသနာအမှန်ကို ဟောပြောနိုင်မည့် ဆရာကောင်းကို ရှာဖွေရာတွင် ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ကို တွေ့၍ မထေရ်ထံမှ ဗုဒ္ဓသာသနာအမှန်ကို သင်ယူပြီး သင်္ကန်းဝတ် တိတ္ထိတို့ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့လေသည်။
၅။ အထက်ပါ အဖြစ်အပျက်ကို သုံးသပ်ကြည့်သည်ရှိသော် ဗုဒ္ဓသာသနာမှ တစ်ပါး အခြားသော အယူရှိသူများမှာ သာသနာတော်တွင်းသို့ ခေါင်းမြီးခြုံ ဝင်ရောက်ပြီး အတွင်းကနေ၍ ဖျက်ဆီးသည့်အချက်ကို တွေ့ကြရပေသည်၊ ဤသို့ မိမိတို့ ကိုယ်တိုင်က ဝါဒတစ်ပါးရှိနေသူများဖြစ်ပါလျက် မိမိတို့ဝါဒသာလျှင် ဗုဒ္ဓဝါဒဖြစ်ကြောင်း ဝင်ရောက်ငြင်းခုန်တိုက်ခိုက်ခြင်းသည် “ယော ဟောတိ ဝိဝါဒေါ ဗဟုဇနာဟိတာယ ဗဟုဇနာသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ” ဟူသော အင်္ဂုတ္တိုရ်ပါဠိတော် ဆက္ကနိပါတ်(၂၉၄-၌ ဟောကြားတော် မူသည်နှင့်အညီ ရဟန်းရှင်လူပြည်သူအများ၏ အကျိုးစီးပွားမဲ့မှု၊ ဆင်းရဲဒုက္ခရောက်မှုတို့ကိုသာ ဖြစ်စေနိုင်ကြောင်းပေါ်လွင် ထင်ရှားလေသည်။
၆။ ဤသို့သာသနာတော်ထဲဝင်ပြီး သာသနာ့အရေခြုံကာ ဘုရားဟောတရားတော် ဓမ္မကို ဘုရားဟောမဟုတ် အဓမ္မ ဟု လည်းကောင်း၊ ဘုရား မဟောသော ပါဠိအနက်အတုများကို ဘုရားဟောသော ဓမ္မ ဟူ၍ လည်းကောင်း ငြင်းခုန်ပြောဆိုကြသော ပုဂ္ဂိုလ်တို့သည်၊ ဝိနယပစ္စတ္ထိက = ဝိနည်း သာသနာတော်မြတ်၏ ဆန့်ကျင်ဘက် ရန်သူများသာဖြစ်ကြသည်၊ သုတ္တန္တ ပစ္စတ္ထိက = သုတ္တန် သာသနာတော်မြတ်၏ ဆန့်ကျင်ဘက် ရန်သူများသာ ဖြစ်ကြသည်၊ အဘိဓမ္မာ ပစ္စတ္ထိက = အဘိဓမ္မာသာသနာတော်မြတ်၏ ဆန့်ကျင်ဘက် ရန်သူများသာဖြစ်ကြသည်။
၇။ အဘိဓမ္မာ ဒေသနာတော်မြတ်ကို ဘုရားဟောမဟုတ်ဟူ၍ ဆန့်ကျင်ဘက် စွပ်စွဲပြောဆိုကြသူတို့သည် “အဘိဓမ္မံ ပဋိဗာဟေန္တော ဣမသ္မိံ ဇိန စက္ကေ ပဟာရံ ဒေတိ” ဟု အဋ္ဌကထာလီနိအဋ္ဌကထာ(၃၀)၌ မိန့်မှာတော်မူသည်နှင့်အညီ ဘုရားရှင်၏ သာသနာတော်မြတ်ကို ထိပါးပုတ်ခတ် စော်ကားသူများပင် ဖြစ်ကြသည်၊ ထိုမျှမက “သဗ္ဗညုတဉာဏံ ပဋိဗာဟတိ” ဟူသည်နှင့်အညီ မြတ်စွာဘုရား၏ သဗ္ဗညုတရွှေဉာဏ်တော်ကိုပင် တားမြစ်ပိတ်ပင်သူများ ဖြစ်ကြသည်၊ ထိုမျှမက “သောတုကာမံ ပရိသံ ဝိသံဝါ ဒေတိ” ဟူသည်နှင့်အညီ သံသရာမှ ထွက်မြောက်ရန် အကြောင်းဖြစ်သော နိယျာနိက ဘုရားသာသနာတော်အမှန်ကို လေ့လာသင်ယူကျင့်ကြံသူတို့အား လေ့လာသင်ယူ ကျင့်ကြံလိုစိတ် မရှိအောင် ဖန်တီးကြသော သာသနာဖျက်ပုဂ္ဂိုလ်များပင် ဖြစ်ကြသည်။
၈။ ထိုကဲ့သို့ ဗုဒ္ဓဝါဒမှ သွေဖည်သော မိမိတို့ဝါဒ လက်ကိုင်တစ်ခုခုဖြင့် ဗုဒ္ဓသာသနာကို ဝင်ရောက်ဖျက်ဆီးသူများသည် “ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္ထု ဓမ္မသရီရေ ပဟာရံ ဒေတိ” ဟု ဥဒါန်းအဋ္ဌကထာ၊ နှာ-၈၇၌ မိန့်ဆိုသည့်အတိုင်း ဗုဒ္ဓမြတ်စွာဘုရားရှင်၏” ကိုယ်ကာယတော်ကိုပင် ရိုက်နှက်ပုတ်ခတ်ထိုးခုတ်သူများ ဖြစ်ပေသည်။
၉။ ဤသို့ သာသနာ့ အရေခြုံကာ သာသနာတော်အတွင်းဝင်၍ အကြောင်းအမျိုးမျိုးပြကာ ဓမ္မကို အဓမ္မ၊ အဓမ္မ ကို ဓမ္မ၊ ဘုရားမဟောသည်ကို အဟော၊ ဘုရားဟောသည်ကို မဟော စသည်ဖြင့် ဝင်ရောက်ပူးသတ်ပြီး ဝိဝါဒါအဓိ ကရုဏ်းများဖြစ်အောင် ဖန်တီးမှုသည် တိုတိုနှင့် မငြိမ်းအေးပါလျှင် နေမြင့်လေ အရူးရင့်လေ ဆိုဘိသကဲ့သို့ ဗုဒ္ဓသာသနာအတွင်းဝယ် ရဟန်းရှင်လူများထဲ၌ သာသနဓမ္မအပေါ် အထင်မှားအမြင်မှားမှုများ ဖြစ်လာပြီး သာသနာတော်နှင့် ပတ်သတ်၍ အငြင်းပွားမှုများ ပဋိပက္ခ ဖြစ်မှုများ ပို၍ ကြီးထွားလာနိုင်ပုံကို ဝိမတိဝိနောဒနီ ဋီကာဆရာက ကြိုတင် သတိပေးထားခဲ့လေသည်။
၁၀။ မြန်မာနိုင်ငံတော်၌ သာသနာ ၂၅၀၀-ခေတ်တွင် ဆဋ္ဌသံဂါယနာတင်ခြင်း၊ ပိဋကသုံးပုံကို အံ့ဖွယ်သရဲ အာဂုံဆောင်နိုင်သော သာသနာ့အာဇာနည်များ ပေါ်ထွန်းခြင်း၊ အရိယာရဟန္တာဟု ကျော်ကြားလောက်အောင် အကျင့်သိက္ခာကောင်းလှသော ရဟန်းကောင်းများ ပေါ်ထွန်းခြင်းတို့ကြောင့် ဗုဒ္ဓသာသနာတော်၏ အခြေသည် တိုးတက်လာသည်ဟု တစ်ဖက်တွင် ဆိုရန်ရှိသည်။
၁၁။ သို့ရာတွင် အကာင်းရှိလျှင် အဆိုးရှိသော လောကဓမ္မတာအတိုင်း အခြားတစ်ဖက်တွင်လည်း ဗုဒ္ဓသာသနာတော်အမှန်ကို ဖျက်လိုဖျက်ဆီးပြုလုပ်ကြသော အန္တရာယ်ဆိုးသည်လည်း ယခုသာသနာနှစ် ၂၅၀၀- ခေတ်တွင် သိသိသာသာ ပေါ်ပေါက်ခဲ့လေသည်၊ ဤသို့ ပေါ်ပေါက်လာသော ဓမ္မန္တရာယ်များအနက် တောင်တွင်းကြီးဦးဥက္ကဋ္ဌ ခေါင်းဆောင်သော သာသနာ့အရေခြုံ ရုပ်ဝါဒဂိုဏ်း၏ ထိုးနှက်ချက်မှာ သာသနာတော်အား များစွာပင် အထိနာစေခဲ့သည်၊ တောင်တွင်းကြီးဦးဥက္ကဋ္ဌသည် ငယ်စဉ်က ရှင်ရဟန်းဖြစ်ခဲ့သော်လည်း ပင်ကိုယ်စရိုက်အားဖြင့် သာသနာတော်အပေါ် သဒ္ဓါတရား အလွန်နည်းပြီး အယူသည်း ခေါင်းမာသူဖြစ်သည့် အားလျော်စွာ ပါဠိ အဋ္ဌကထာ ဋီကာ ပိဋကတ် ကျမ်းဂန်များကိုလည်း ယထာဘူတကျအောင် မတတ်မသိ မကျင့်မကြံ အလွန်ညံ့သော ကိုယ်ခံဖြင့် ကိုလိုနီနယ်ချဲ့သမားတို့၏ စစ်ကြောင်းတစ်ရပ်ဖြစ်သော သာသနာဖျက် စာပေစစ်ကြောင်းနှင့် အတွေ့တွင် လုံးဝကျဆုံးသွားပြီး ကမ္ဘာအနှံ့ အရှိန်အဟုန်ပြင်းစွာ ထိုးနှက်လာသော ရုပ်ဝါဒ၏ လွှမ်းမိုးမှုကို လုံးဝခံသွားရရှာသူ ဖြစ်သည်၊ သို့ဖြစ်၍ ဆရာစဉ်ဆက် ကျင့်သုံးခဲ့သော ဗုဒ္ဓသာသနာ့ဝါဒအမှန်ကို တော်လှန်ပြီး ရုပ်ဝါဒသို့ ကူးပြောင်းကာ သာသနာ့အတွင်းရန်သူ ဖြစ်လာခဲ့ပေသည်။
၁၂။ ဤသို့ သာသနာ့အရေခြုံ သင်္ကန်းဝတ် ဦးဥက္ကဋ္ဌသည် ရုပ်ဝါဒအမြင်ဖြင့် နိကာယ်ငါးရပ် ပိဋကသုံးပုံများကို ရစရာမရှိအောင် ဝေဖန်ပုတ်ခတ်လာခြင်း၊ ဗုဒ္ဓဝါဒနှင့်လုံးဝ ဆန့်ကျင်သော လူသေလူဖြစ်ဝါဒကို ရေးသားလာခြင်း၊ ဗုဒ္ဓ ဓမ္မ ဗုဒ္ဓ ယဉ်ကျေးမှုများကို ဝေဖန်ပုတ်ခတ်လာခြင်း၊ သာသနာစောင့် မဟာထေရ်များ ကျောက်ထီးတန္တု အလေးပြုအပ်သော သံဃာတော်အားလုံးကို သိမ်းကျုံးပုတ်ခတ်လာခြင်း စသည်တို့ကို သူ၏စူးရှသော ကလောင်သွား ကောက်ကျစ်စဉ်းလဲသော ဝင်္ကန္တဉာဏ်တို့ဖြင့် အဆက်မပြတ်ပြုလုပ်ခဲ့ပေသည်။
ထိုကဲ့သို့ ဦးဥက္ကဋ္ဌ တရားလွန်လာသောအခါ ဓမ္မဝါဒီသံဃာတော်များက ပကာသနီယကံပြု၍လည်းကောင်း၊ ဗုဒ္ဓသာသနာဝင် ဒါယကာများက အပ္ပသာဒပဝေဒနီယကံပြု၍လည်းကောင်း တားမြစ်ခဲ့ကြသေးသည်၊ သို့ရာတွင် ကောင်းစွာ အရာမရောက်ခဲ့ပေ။
၁၃။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်တွင်းသို့ ထွင်းဖောက်ဝင်ရောက်လာသော ခေတ်သစ်ရုပ်ဝါဒကို လက်ခံယုံကြည်ကြသည့် လူဝတ်ကြောင်တို့သည် ဦးဥက္ကဋ္ဌနောက်သို့ ကောက်ကောက်ပါ လိုက်ခဲ့ကြသောကြောင့် ဖြစ်ပေသည်၊ ထို ဦးဥက္ကဋ္ဌ၏ နောက်လိုက် ရုပ်ဝါဒီတို့သည်လည်း ဦးဥက္ကဋ္ဌနည်းတူ သာသနာတော်သို့ ချဉ်းကပ်ကာ မိမိတို့သာလျှင် ဗုဒ္ဓဘာသာ စစ်မှန်သူများအဖြစ် ကြွေးကြော်ကြလျက် ဗုဒ္ဓသာသနာတော်ကို အတွင်းကဝင်၍ တက်တက်ကြွကြွ ဖျက်ဆီးကြလေတော့သည်၊ ထိုသူတို့ကား အခြားမဟုတ်၊ ယခု ရုံးတော်သို့ ရောက်နေကြသော သခင်မြတ်ဆိုင်နှင့်တကွ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ဦးခင်ဟန် စသောပုဂ္ဂိုလ်တို့ ဖြစ်ပေသည်။
၁၄။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဗုဒ္ဓသာသနာတော်မှ တစ်ပါး အခြားသော ရုပ်ဝါဒ အယူရှိကြသော သူတို့အား ဓမ္မစက် အာဏာစက်တို့ဖြင့် တိတိကျကျ အရေးယူဆောင်ရွက်ခြင်း မပြုပါက ဗုဒ္ဓသာသနာတော် သာမက သာသနာတော်ကို ငြိမ်းချမ်းစွာ လိုက်နာကျင့်သုံးနေကြသော ရဟန်းရှင်လူပြည်သူတို့၏ အတွင်း၌ စည်းလုံးညီညွတ်ရေး ပျက်ပြားကာ ဘေးဒုက္ခအန္တရာယ် အမျိုးမျိုးကျရောက် လာလိမ့်မည် ဖြစ်ပေသည်၊ သို့ဖြစ်သောကြောင့် တောင်တွင်းကြီး ဦးဥက္ကဋ္ဌ စခဲ့သော ရုပ်ဝါဒကို အခြေခံသည့် လူသေလူဖြစ်ဝါဒ၊ ထိုလူသေလူဖြစ်ဝါဒနှင့် တစ်နွယ်ငင် တစ်စင်ပါ ဆက်စပ်လျက်ရှိသော အနုဝါဒများကို “အဓိကရုဏ်း” ငြိမ်းအေးစေရန် ရဟန်း၊ ရှင်လူ ပြည်သူအများ “ချမ်းသာစေရန်” နိုင်ငံတော်၏ စည်းလုံးညီညွတ်ရေး ခိုင်မြဲတိုးတက်စေရန် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားစေရန် ရည်သန်တော်မူကြလျက် ပါဠိတော် အဋ္ဌကထာ ဋီကာ ခိုင်ခန့်သော ဘုရားဥပဒေတော်ကြီးနှင့်အညီ ဝိနိစ္ဆယ ချမှတ် ကြပေကုန်အံ့။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ
ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ၊ ယင်းဥပဒေ၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ
ဖွဲ့စည်းအပ်သော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များသာ
ပါဝင်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂)၏
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ မှတ်ချက်
(လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၂)
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂)
၁၃၄၃-ခု၊ ဓမ္မ အဓမ္မ မှုခင်း အမှတ်-၁
စောဒက ပုဂ္ဂိုလ်များ
၁။ ဦးစန္ဒိမာ၊ မိတ္ထိလာမြို့၊ ဓမ္မာစရိယ ကျောင်းတိုက်၊
၂။ ဦးပညာသီဟ၊ မေမြို့၊ ရတနာမာရ်အောင် ကျောင်းတိုက်၊
၃။ ဦးဝိသုဒ္ဓ၊ မန္တလေးမြို့၊ လောကမှန်ကင်း ကျောင်းတိုက်၊
၄။ ဦးပညာသာမိ၊ သာစည်မြို့၊ ရေလည် ကျောင်းတိုက်၊
စုဒိတက ပုဂ္ဂိုလ်များ
၁။ ဦးဥဇ္ဇောတိက၊ ဒေးဒရဲမြို့၊
၂။ ဦးဇဝန (နေရှင်နယ်) တောင်တွင်းကြီးမြို့၊
၃။ ဦးဇဝန (ငါးဆင့်) တောင်တွင်းကြီးမြို့၊
၄။ ဦးဆန္ဒာဓိက (နတ်မှီ) တောင်တွင်းကြီးမြို့၊
၅။ သခင်မြတ်ဆိုင်၊ ရန်ကုန်မြို့၊
၆။ ဦးခင်ဟန် (သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်) ရန်ကုန်မြို့၊
၇။ ဦးရွှေပြည့်၊ တောင်ကုတ်မြို့၊
တောင်တွင်းကြီး ဦးဥက္ကဋ္ဌ စတင်ခဲ့သော လူသေလူဖြစ်ဝါဒနှင့် တနွယ်ငင်တစင်ပါ သမ္မာဒိဋ္ဌိသုတေသန စသော ဆန့်ကျင်ဘက်ဝါဒတို့ ရောက်ရှိရာ မြို့နယ်/ရပ်ကွက်/ကျေးရွာတို့၌ ဖြစ်ပေါ်လျက်ရှိသော ဓမ္မ အဓမ္မ အငြင်းပွားမှု၊ ဝိနယ အဝိနယ အငြင်းပွားမှု စသော ဝိဝါဒါဓိကရုဏ်းမှုကို ပြေငြိမ်းစေရန် အလို့ငှာ ပြည်သူ့လွှတ်တော်က တညီတညွတ်တည်း ပြဋ္ဌာန်းပေးထားသော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့က ရွေးချယ်ဖွဲ့စည်းပေးထားသည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများသာ ပါဝင်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ် ဆရာတော်များ ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဓမ္မဝိနယနှင့် အညီ လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကို ချမှတ်ပေးတော်မူလိုက်သည်။
ဝိနိစ္ဆယချမှတ်ချက်
၁။ ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့သည် ဘာသာမဲ့ရုပ်ဝါဒီများဖြစ်ကြောင်း စောဒနာချက်နှင့် ပတ်သတ်၍ မြတ်စွာဘုရား၏ ဝါဒသည် စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပရမတ္ထတရား လေးပါးကို အခြေခံ၍ ဝတ္ထရုပ်ခြောက်ပါး အာရုံခြောက်ပါး ဝိညာဏ် ၆-ပါးတို့ကို ၂၄-ပစ္စည်း၌ သွင်း၍ ရှင်းလင်းသောဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် ၎င်း၏ နောက်လိုက် သမ္မာဒိဋ္ဌိသုတေသီ ဆိုသူတို့၏ ဝါဒသည် ပသာဒရုပ်ငါးပါး၊ ရုပ်အာရုံငါးပါးကိုသာ ကွက်၍ယူပြီး ယင်းရုပ်ကို အရှိတရား နိစ္စတရားအဖြစ် မူသေကိုင်ပြီး နာမ်တရားကိုမူ အဖြစ်တရား လက်အောက်ခံတရားအဖြစ် ထားရှိသော ဧကစ္စသဿတ ရုပ်ဝါဒမျိုး ဖြစ်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် ထိုရုပ်ဝါဒအမြင်ဖြင့်သာ အရာရာကို သုံးသပ်ရှုမြင်ပြီး ဗုဒ္ဓ ဓမ္မ သံဃာ အမြတ်ဆုံး ရတနာတို့ကို ပုတ်ခတ်ပယ်ဖျက်ခြင်းအားဖြင့် သရဏဂုံမရှိသော ဘာသာ သာသနာမဲ့ အဖြစ်တွင်သာ ရှိသောကြောင့် လည်းကောင်း။
၂။ မြတ်စွာဘုရား၏ ဝါဒသည် လူသေသောအခါ ဒေဝဂတိ၊ မနုဿဂတိ၊ “တိရစ္ဆာနဂတိ၊ ပေတဂတိ၊ နိရယဂတိ(နတ်၊ လူ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ ငရဲ) ဟူသော ဂတိငါးပါးကို မိမိတို့ ပြုလုပ်သော ကုသိုလ် အကုသိုလ် ကံအားလျော်စွာ လားရောက်ရသော ဝါဒ ဖြစ်ပြီး တောင်တွင်းကြီး ဦးဥက္ကဋ္ဌ၏ ဝါဒသည် ရုပ်ဝါဒ အမြင် အတိုင်း လူသေလျှင် နောက်ထပ်ဖြစ်ရန်မလို အကယ်၍ ဖြစ်ဦးမည်ဆိုလျှင် လူမှ တစ်ပါး အခြားသော လားဖွယ်ဂတိ မရှိ၊ လူသာလျှင် ဖြစ်ရမည် ဟု ဥစ္ဆေဒဒိဋ္ဌိ၊ သဿတ ဒိဋ္ဌိကို ယူသောအားဖြင့် ဗုဒ္ဓဝါဒကို ဆန့်ကျင်သောဝါဒ ဖြစ်သောကြောင့် လည်းကောင်း။
၃။ မြတ်စွာဘုရား၏ဝါဒသည် ဩကာသလောကဖြစ်သော ၃၁-ဘုံ၏ ပင်ကိုယ်အားဖြင့် တည်ရှိနေသည်ကို လက်ခံပြီး ထို ၃၁-ဘုံ၌ ဖြစ်ရန် အကြောင်းတရားများ ထို၃၁-ဘုံမှ ထွက်မြောက်ရန် နည်းလမ်းများကို ညွှန်ပြသောဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့်တကွ တပည့်နောက်လိုက်တို့သည် ၎င်းတို့၏ မျက်စိဖြင့် မြင်ရသော လူ့ဘုံနှင့် တိရစ္ဆာန်ဘုံကိုသာ လက်ခံ၍ ၃၁-ဘုံကို လက်မခံသောဝါဒ ရှိသူများ ဖြစ်သည့်အပြင် မြတ်စွာဘုရားကိုပင် ၃၁-ဘုံဝါဒ လက်မခံလေဟန် စွပ်စွဲထားသောကြောင့် လည်းကောင်း။
၄။ မြတ်စွာဘုရား၏ ဝါဒသည် ကမ္မဿကတသမ္မာဒိဋ္ဌိ၊ စျာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ၊ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိအားဖြင့် စစ်မှန်သော သမ္မာဒိဋ္ဌိ (၆)မျိုးကို အခြေခံသည့် အတိုင်း ကံ ကံ၏ အကျိုးတရားကို သက်ဝင်ယုံကြည်မှု၊ ကမ္မဿကတ သမ္မာဒိဋ္ဌိကို အခြေခံကစ၍ လက်ခံသောဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် ၎င်း၏ နောက်လိုက်တပည့်များ၏ ဝါဒသည် အလှူပေးခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဘာဝနာအားထုတ်ခြင်း စသည်ဖြင့် ကံ ကံ၏ အကျိုးတရားဆိုင်ရာ ကိစ္စများကို အဇိတကေသကမ္ဗလ တိတ္ထိတက္ကတွန်း ကဲ့သို့ ပယ်သောဝါဒ ဖြစ်သောကြောင့် လည်းကောင်း။
၅။ မြတ်စွာဘုရား၏ ဝါဒသည် မြတ်စွာဘုရား ရရှိတော်မူသော ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး ဉာဏ်တော်ဆယ်ပါးတို့အရ ရှေးအဖြစ်ကို မြင်သော ပုဗ္ဗေနိဝါသနုဿတိဉာဏ်၊ နောင်လာမည့် အနာဂတ်အဖြစ်ကို မြင်သော အနာဂတံသဉာဏ်၊ ပစ္စုပ္ပန်ရှုရန် ဖြစ်သော ဝိပဿနာဉာဏ် စသည်တို့ဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးကို သူ့နေရာနှင့်သူ ကျယ်ကျယ်ပြန့်ပြန့် လက်ခံသောဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် သခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့၏ ဝါဒသည် ရုပ်ဝါဒအမြင်ဖြင့် ပုခက်နှင့်ခေါင်းကြား ဟူသော ပစ္စုပ္ပန်ကိုသာ ယူသည့် အလွန်ကျဉ်းမြောင်းသော ဝါဒဖြစ်သောကြောင့် လည်းကောင်း။
၆။ မြတ်စွာဘုရား၏ ဝါဒသည် အလွန်လေးနက်ကျယ်ပြန့်လှသော အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားကိုယ်တော်တိုင် စတင်ဟောကြားပြီး ပညာဧတဒဂ်ရ လကျ်ာရံ ရှင်သာရိပုတ္တရာမှတစ်ဆင့် လူ့လောက၌ ဖြန့်ဝေခဲ့သော ဒေသနာဖြစ်သည့်အပြင် မြတ်စွာဘုရားကိုယ်တော်တိုင် ဝိနည်းပညတ်ချက်များ၌ လည်းကောင်း၊ သံယုတ် ပါဠိတော် စသော သုတ်တရားတော်များ၌ လည်းကောင်း အဘိဓမ္မာတရားသဘောများကို အများအပြား ထည့်သွင်း ဟောကြားထားသည်ဖြစ်၍ အဘိဓမ္မာသည် အခြေခံအားဖြင့် ဘုရားဟောစစ်စစ် ဖြစ်ကြောင်း မှန်ကန်စွာ လက်ခံကျင့်သုံးရသောဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ ဝါဒသည် အဘိဓမ္မာတရားတော်၌ ကျယ်ပြန့်လေးနက်သော တရားဓမ္မပိုင်းကို မသုံးသပ်မရှုမြင်နိုင်ကြဘဲ ဘာသာခြား လူမျိုးခြားတို့၏ စာပေစစ်ကြောင်းမှ ပေါ်ပေါက်လာသော အပေါ်ရံ အပယိကဖြစ်သည့် သမိုင်းကြောင်းအမြင်ဖြင့် အဘိဓမ္မာ ဘုရားဟောမဟုတ်ဟု တာဝန်မဲ့ ရေးသားမှုများကို အဟုတ်မှတ်ကာ ဗုဒ္ဓ အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု အမှန်တရားနှင့် ဆန့်ကျင်ပြီး ယူသောဝါဒ ဖြစ်သောကြောင့် လည်းကောင်း။
၇။ မြတ်စွာဘုရား၏ ဝါဒသည် သုမေဓာရှင်ရသေ့ဘဝမှ စ၍ “သဗ္ဗညုတံ ပါပုဏိတွာ သန္တာရေဿံ သဒေဝကံ” သဗ္ဗညုတ ဘုရားရှင် အဖြစ်သို့ ရောက်သောအခါ လူ နတ် ဗြဟ္မာ သတ္တဝါတို့ကို ကယ်တင်အံ့ ဟူသော ရည်ရွယ်မျှော်မှန်းချက်ကြီးသည် မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့်နေ့ မဟာဗောဓိပင်ရင်း၌ ပြည့်မြောက်တော်မူပြီး အတုမရှိသော ဘုရားရှင်ဖြစ်ကာ သဗ္ဗညုတဉာဏ်ကို အမှန်စင်စစ် ရတော်မူခြင်း၊ ယနေ့ လက်ရှိ “သံဂါယနာ ခြောက်တန်တင် နိကာယ် ငါးရပ် ပိဋကတ် သုံးပုံ” ပါဠိတော်အုပ်ရေ (၄၀)ခန့်ကို ဟောနိုင်သည့် ပုဂ္ဂိုလ်မျိုးသည် အလုံးစုံသော ဉာဏ်အမြင်ရှိသည့် သဗ္ဗညုတဉာဏ်အရှင်သာလျှင် ဖြစ်ရမည် ဟူသော အထောက်အထားအရ ဗုဒ္ဓမြတ်စွာဘုရားသည် အမှန်စင်စစ် သဗ္ဗညုတဉာဏ်တော်ကို ရရှိသူဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ထိုကဲ့သို့သော သက်သေအထောက်အထားတို့ကို မျက်ကွယ်ပြုလျက် ရုပ်ဝါဒအမြင်ဖြင့် ဆန့်ကျင်ရေးအတွက် သဗ္ဗညုတဉာဏ်တော်ကို ထိပါးပုတ်ခတ် စော်ကားကြသောကြောင့် လည်းကောင်း။
၈။ မြတ်စွာဘုရား၏ ဝါဒသည် ဝိပဿနာ၏ အခြေခံဖြစ်သော သမထလမ်းစဉ်နှင့် လောကုတ္တရာ၏ အခြေဖြစ်သော ဝိပဿနာလမ်းစဉ်တို့ကို အခိုင်အမာ တည်ဆောက်၍ ဝေနေယျ သတ္တဝါတို့အား ဘဝသံသရာမှ ထွက်မြောက်ရေးအတွက် စီစဉ်ညွှန်ကြားသောဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် စုဒိတက သခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိသုတေသန အဖွဲ့မှ လူများသည် ရုပ်ဝါဒ အမြင်အရ သံသရာနှင့် သံသရာမှ လွတ်မြောက်မှုကို လက်သင့်မခံသူများပီပီ ဘဝသံသရာ ထွက်မြောက်ကြောင်းဖြစ်သော သမထ၊ ဝိပဿနာလမ်းစဉ်တို့ကို ဖျက်ဆီးသောဝါဒ ရှိကြသောကြောင့် လည်းကောင်း။
၉။ မြတ်စွာဘုရား၏ ဝါဒသည် ဝိနည်းကျင့်ဝတ် သိက္ခာပုဒ်တော်များကို ရဟန်းတို့၏ အသက်၊ သာသနာတော်၏ အသက်အဖြစ် အလေးအနက်ထားကာ ခုဒ္ဒါနုခုဒ္ဒ အသေးအဖွဲ သိက္ခာပုဒ်ပါမကျန် အလေးဂရုပြု၍ ကျင့်သုံးလိုက်နာသည့်ဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ ဝါဒသည် ဝိနည်းကျင့်ဝတ်များကို ဥပါဒါန်အစွဲအလမ်းများဟု သမုတ်ကာ ဝိနည်းကျင့်ဝတ်ကို မျက်ကွယ်ပြုသော အဝိနယဝါဒဖြစ်သောကြောင့် လည်းကောင်း။
၁၀။ မြတ်စွာဘုရား၏ ဝါဒသည် မြတ်စွာဘုရား ပညတ်တော်မူသော ဝိနည်းကျင့်ဝတ်သိက္ခာပုဒ်များကို ကိုယ်ဝယ်ဆင်မြန်း၍ လိုက်နာကျင့်သုံးသော ရဟန်းကောင်း ရှင်ကောင်း သံဃာတော်ကောင်းတို့ကို ချီးမွမ်းထောမနာ ဩဘာပြုသောဝါဒဖြစ်ပြီး လူသေလူဖြစ်ဦးဥက္ကဋ္ဌနှင့် တပည့်ကြီး သခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ လူတို့သည် ဝိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်ကြသော အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အစရှိသော ကျောက်ထီးတန္တု အလေးပြုအပ်သော သူတော်ကောင်း ရဟန်းသံဃာတော်များကို အချောင်သမားတွေ စသည်ဖြင့် ပက်ပက်စက်စက် ဆဲရေးပုတ်ခတ်သော မုသာဝါဒ၊ ပိသုဏဝါဒ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ - ဟူသော ဝစီဒုစရိုက်လေးပါး အခြေခံပြီး သံဃာအား ဆဲရေးသော သံဃအက္ကောသဝါဒရှိသူများ ဖြစ်သောကြောင့် လည်းကောင်း။
၁၁။ မြတ်စွာဘုရား၏ ဝါဒသည် မေတ္တာ သစ္စာနှင့် ကိုယ်ကျင့်တရားကို အခြေခံသော ရတနသုတ်၊ မေတ္တာသုတ် စသော သုတ်တရားမျိုးကို အဖန်ဖန်ရွတ်ဖတ်သရဇ္ဈယ်ခြင်းအားဖြင့် ကုသိုလ်တရားတိုးပွားစေပြီး ဘေးအန္တရာယ်တို့ကို တားဆီးကာကွယ်သည့် ပရိတ်ဒေသနာတော်များအဖြစ် ခွင့်ပြုသော (ဝါ) ပရိတ်ရွတ်ကောင်းသောဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ဗြဟ္မဏတို့၏ မန္တန်ရွတ်ပုံ၊ မဟာယနတို့၏ ပရိတ်ရွတ်ပုံ၊ ဝိဇ္ဇာဓိုရ်တို့ ဂါထာစုတ်ပုံ၊ လက်ရှိ ဗုဒ္ဓဘာသာတို့ ပရိတ်ရွတ်ပုံတို့၏ အင်္ဂါလက္ခဏာများ မတူကွဲပြားခြားနားမှုကို လုံးဝနားမလည်ကြဘဲ အသံတူကာမျှဖြင့် သဘောတူမှတ်၍ ဗုဒ္ဓဘာသာတို့၏ အစဉ်အလာကောင်းများကို ဖျက်ဆီးသောဝါဒရှိသူများ ဖြစ်ကြလေသောကြောင့် လည်းကောင်း။
၁၂။ မြတ်စွာဘုရား၏ ဝါဒသည် မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များ စေတီတော် ပုထိုးတော်များ၊ ဆင်းတုတော်များ၊ ဆံတော် ဓာတ်တော်များ စသည်တို့ကို မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်တို့ကို အာရုံပြု၍ ရှိခိုးပူဇော်ကိုးကွယ်သမှုပြုရန် ခွင့်ပြုသောဝါဒဖြစ်ပြီး၊ ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ထိုကဲ့သို့သော ဓာတ်တော်မွေတော် စေတီတော် ဆင်းတုတော် စသည်တို့ကို ကိုးကွယ်ပူဇော်ခြင်းကို ဆန့်ကျင်သောဝါဒဖြစ်ရုံမျှမက ဦးဥက္ကဋ္ဌသည် မိမိရုပ်ဝါဒီတစ်ဦးဖြစ်ကြောင်းကိုလည်း အခိုင်အမာပြသရာရောက်စေသည့် ရုပ်ဝါဒ အမြင်ဖြင့် အရဟတ္တဓဇသင်္ကန်းတော်ကို မိန်းမထမီနှင့် လည်းကောင်း၊ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရား၏ ဆံတော် ဓာတ်မြတ်ကို မြင်းမြီးနှင့် လည်းကောင်း ယုတ်ယုတ်မာမာ ခိုင်းနှိုင်းပြီး သင်္ကန်းနှင့် ဆံတော်ကို ထမီနှင့် မြင်းမြီးလောက်မျှ အသုံးမကျသည့် ဘဝသို့ ရောက်အောင် ရှယ်ဖွယ်လိလိ ရေးသားထုတ်ဝေသော အရှက်မဲ့အလဇ္ဇီဝါဒရှိသူ ဖြစ်သောကြောင့်လည်းကောင်း။
၁၃။ မြတ်စွာဘုရား၏ ဝါဒသည် ကံ၊ ကံ၏ အကျိုးကို အခြေခံသည့် အားလျော်စွာ ဘုရား, တရား, သံဃာ, ဆရာ မိဘ တို့အား ရှိခိုးပူဇော်ခြင်း ဂုဏ်တော်ပွားများခြင်းစသော အမှုတို့ကို ကုသိုလ်ရသော အလုပ်များအဖြစ် သတ်မှတ်၍ အားပေးသော ဝါဒ ဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ရုပ်ဝါဒီများပီပီ ရုပ်မျက်လုံးဖြင့် ကုသိုလ်ရသည်ဆိုသည်ကို မမြင်ရသောကြောင့် လက်မခံဘဲ ဗုဒ္ဓဘာသာတို့၏ ဓလေ့ကောင်းဖြစ်သော ဘုရားရှိခိုးခြင်း၊ ဆီမီးပူဇော်ခြင်း၊ ဆွမ်းတော်ကပ်ခြင်း စသော ဘာသာ သာသနာရေး လုပ်ငန်းတို့ကို ဖျက်ဆီးသော ဝါဒရှိသူများ ဖြစ်သောကြောင့် လည်းကောင်း။
၁၄။ မြတ်စွာဘုရား၏ ဝါဒသည် ကံ၊ ကံ၏ အကျိုးကို လည်းကောင်း၊ ဘဝ သံသရာမှ ထွက်မြောက်မှုကို လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံသောဝါဒ ဖြစ်သည့် အားလျော်စွာ ကောင်းသောဖက်၌ သီလခံယူခြင်း ပြုလုပ်သည့် ကုသိုလ်အကျိုးကြောင့် ရရှိနိုင်သည့် အချက်များကို ညွှန်ပြပြောကြားခြင်းဟု ဆိုအပ်သော ဆုပေးခြင်း၊ ကုသိုလ်ရှင်၏ ဆန္ဒပြင်းပြမှုကို မြွက်ဆိုသော ဆုတောင်းခြင်း၊ လူသေသောအခါ သေသူရှင်သူ နှစ်ဦးလုံးအတွက် အကျိုးရှိနိုင်သော သပိတ်သွတ်ခြင်း စသော အမှုတို့ကို ကုသိုလ်ကောင်းမှုအဖြစ် သတ်မှတ်၍ အားပေးသော ဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် ထိုအမှုကိစ္စတို့ကို ရုပ်ဝါဒ အမြင်ဖြင့် သုံးသပ်၍ ကုသိုလ်ကောင်းမှုဆိုင်ရာ သာသနာမှုဓလေ့ကောင်းတို့ကို ပယ်သောဝါဒရှိသူများ ဖြစ်သောကြောင့် လည်းကောင်း။
၁၅။ မြတ်စွာဘုရား၏ ဝါဒသည် အင်္ဂုတ္တိုရ်ပါဠိတော်၊ သဒ္ဓမ္မသမ္မောသသုတ်၌ ဟောကြားထားသည့် အတိုင်း သူတော်ကောင်း တရားတော်၌ မတွေဝေစေရန် သူတော်ကောင်းတရားတော် မကွယ်ပစေရန် အက္ခရာပုဒ်ဗျည်းတို့ကို ကောင်းစွာထားရမည် အနက်ကိုလည်း ကောင်းစွာဆောင်ရမည်ဟု “အက္ခရာ တစ်လုံး ဘုရားတစ်ဆူ ကဲ့သို့ တန်ဖိုးထားသော ဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် ၎င်း၏ နောက်လိုက်ရုပ်ဝါဒီများ၏ ဝါဒသည် ပါဠိကို အဘိဓာန်တွင် ဖော်ပြသောရင်းမြစ် အနက်လောက်ကိုပင် မှန်မှန်မယူဘဲ ၎င်းတို့၏ ရုပ်ဝါဒအခြေခံအမြင်နှင့် ကိုက်ညီအောင် ပါဠိစကားလုံးများကို ထင်သလို အနက်ပေးကြပြီး သာသနဓမ္မ အမှန်တရားဟူသမျှကို ဥပါဒါန်ပုဒ်မ-တပ်ကာ ဖျက်ဆီးပစ်ရန် ကြိုးစားသော သာသနပစ္စတ္ထိကဝါဒ ဖြစ်သောကြောင့်လည်းကောင်း။
၁၆။ မြတ်စွာဘုရား၏ ဝါဒသည် လူတို့၌ရှိသော ကိလေသာ(၁၀)ပါးတို့ကို အဆင့်လိုက် အဆင့်လိုက် အမှန်တကယ် အပြီးအပြတ် ပယ်သတ်နိုင်သူမျိုးကိုသာ အရိယာဟု သတ်မှတ်ပြီး ထိုသို့ ကိလေသာ ပယ်သတ်ရာ၌ အဆင့်လိုက် ဖြစ်ပေါ်သော နိဗ္ဗုတဓာတ်ကိုလည်းကောင်း၊ နောက်ဆုံးတွင် အကြောင်းတဏှာချုပ်ငြိမ်း၍၊ အကျိုးရုပ်နာမ် အားလုံးချုပ်ငြိမ်းသည့် သန္တိသုခ အမတဓာတ်ကို လည်းကောင်း အစစ်အမှန် နိဗ္ဗာန်အဖြစ် သတ်မှတ်သော ဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ဝါဒသည် အရိယာနှင့် နိဗ္ဗာန်ကို အထက်ပါ ဘုရားဟော အဓိပ္ပာယ်များနှင့် ဆန့်ကျင်လျက် ဖော်ပြထားကြသဖြင့် ထေရဝါဒ ပိဋကတ်တော်နှင့် မကိုက်ညီ မနှီးနှောမိသော ဝါဒဖြစ်သောကြောင့်လည်းကောင်း။
၁၇။ မြတ်စွာဘုရား၏ ဝါဒသည် သံဂါယနာ ခြောက်တန်တင် ပိဋကတ်သုံးပုံ၌ ပါရှိသော ဓမ္မစက္ကပဝတ္တနသုတ်အတိုင်း သစ္စာလေးပါး၊ အပြန်သုံးပါး၊ ခြင်းရာ ဆယ့်နှစ်ပါးရှိသော သစ္စာလမ်းကြောင်းကို ဖော်ပြသည့်ဝါဒဖြစ်၍ ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ဤကဲ့သို့ လေးနက်သည့် ဓမ္မစကြာတရားတော်ကြီးကို ပင်လျှင် အရှက်မဲ့ ဖျက်ဆီးကာ လူသေလူဖြစ် ဓမ္မစကြာအဖြစ် ဖော်ပြဝံ့သော သာသနာ သွေဖည်ရေးဝါဒ ရှိသူများဖြစ်သောကြောင့် လည်းကောင်း။
၁၈။ မြတ်စွာဘုရား၏ ဝါဒသည် လိမ်လည်ခြင်း၊ လှည့်ပတ်ခြင်း၊ ကောက်ကျစ်ခြင်းတို့ကို အလွန်စပ်ဆုပ်သည့် အားလျော်စွာ စကားမှန် တရားမှန် ကိုသာ ဟောကြားပြောဆိုသော သစ္စာဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် တကွ ဦးကိုကိုလေး၊ သခင်မြတ်ဆိုင်၊ အဘိဓမ္မာ ဆရာစိန်၊ သမ္မာဒိဋ္ဌိသုတေသီ စသော သူတို့သည် ၎င်းတို့၏ သန္တာန်၌ တည်ကိန်းနေသော ရုပ်ဝါဒ အမြင်ဖြင့် ဆိုခဲ့သည့် လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ကောက်ကျစ်ခြင်းတို့ကို အပြစ်ဟူ၍ မမြင်ဘဲ ဘုရားမဟောသော “လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ” ဟူသော လက်ဖြစ် ပါဠိအတုမျိုးကို ဗုဒ္ဓဘုရားဟောပါဠိအဖြစ် ပြောင်ပြောင်တင်းတင်း လိမ်လည်လှည့်ဖြား ဖော်ပြခြင်းအားဖြင့် ဘုရားမဟောသည်ကို အဟောလုပ်ကာ သာသနာတော်၌ အဓိကရုဏ်းများဖြစ်အောင် ဖန်တီးသော အဖျက်သမားများသာ ဖြစ်သောကြောင့် လည်းကောင်း။
၁၉။ မြတ်စွာဘုရား၏ ဝါဒသည် ဘုရားဆုကို တောင်းသည်မှစ၍ ပါရမီ ဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါး စရိယသုံးပါးတို့ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းတော်မူခဲ့ပြီး နောက်ဆုံးဘုရားဖြစ်မည့်ဘဝ၌ မယ်တော်ဝမ်း၌ သန္ဓေယူခြင်း၊ ဖွားမြင်တော်မူခြင်း၊ တောထွက်တော်မူခြင်း၊ ဒုက္ကရစရိယကျင့်တော်မူခြင်း၊ ဗောဓိပလ္လင်၌ ဘုရားဖြစ်တော်မူခြင်းတို့ကို အတုယူဖွယ် အားကျဖွယ်ဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် ဗုဒ္ဓဝင်ကို ဖော်ပြထားသော ဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက် ရုပ်ဝါဒသမားတို့၏ ဝါဒသည် ဗုဒ္ဓဝင်ကို ရုပ်အမြင်နှင့် ယှဉ်ကြည့်ပြီး မတန်မရာ မထီလေးစား စော်ကားသော ယုတ်ညံ့သည့် ဝါဒရှိသူများသာ ဖြစ်သောကြောင့် လည်းကောင်း။
၂၀။ မြတ်စွာဘုရားနှင့်တကွ တပည့်သားသံဃာတို့၏ ဝါဒသည် ဘုရားရှင်ကိုယ်တော်တိုင်ဟောခဲ့သော ပါဠိတော်တို့ကိုလည်းကောင်း၊ တပည့်သားတို့ ဟောသော်လည်း မြတ်စွာဘုရား၏ အတည်ပြုချက်ရရှိခဲ့သော ပါဠိတော်တို့ကိုလည်းကောင်း၊ မြတ်စွာဘုရား အကျဉ်းချုပ်ဟောခဲ့သော မာတိကာကို အကျယ်ချဲ့ထားသည့် ပါဠိတော်တို့ကိုလည်းကောင်း၊ ဗုဒ္ဓဝါဒနှင့် အညီ ဆွေးနွေး ဟောပြောထားသော ပါဠိတော်တို့ကိုလည်းကောင်း၊ သာသနာ့အန္တရာယ် အသွယ်သွယ်မှ ကာကွယ်ရန် အလို့ငှာ ခေတ်အလိုက် သံဂါယနာ ခြောက်တန်တင်၍ သန့်စင်ခဲ့ခြင်းအမှုသည် အလွန်ခိုင်မာသော သာသနာ့မှတ်တိုင်ကြီးများအဖြစ် ခံထားသော ဝါဒဖြစ်ပြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ ဝါဒသည် လူမျိုးခြား ဘာသာခြားတို့၏ စာပေစည်းရုံးမှုနောက်သို့ လိုက်ပါကာ သံဂါယနာ ခြောက်တန်၏ ခိုင်မာမှုကို ပေါ့ပျက်သေးသိမ်အောင် လုပ်သောသာသနာဖျက်ဝါဒ ဖြစ်သောကြောင့်လည်းကောင်း။
၂၁။ မြတ်စွာဘုရားနှင့်တကွ တပည့်သား သံဃာတို့၏ ဝါဒသည် သံဂါယနာ ခြောက်တန်တင် ပါဠိတော်များမှာ အနှစ်သာရအားဖြင့် မည်သည့်ဘာသာ အယူဝါဒနှင့်မျှ ရောယှက်ခြင်းမရှိ၊ ဗုဒ္ဓဝါဒစစ်စစ်ကိုသာ ဖော်ပြသော ပါဠိတော်များအဖြစ် သင်အံလေ့ကျက် စိစစ်သုံးသပ် ကျင့်ကြံချက်များဖြင့် အတည်ပြုပြီး လက်ခံထားသော ဝါဒဖြစ်၍ ဦးဥက္ကဋ္ဌနှင့် ၎င်း၏ နောက်လိုက်တို့၏ ဝါဒသည် မိမိတို့၏ ရုပ်ဝါဒအမြင်နှင့် မကိုက်ညီသော ပါဠိတော်များကို ဘုရားဟောမဟုတ် ဟူ၍လည်းကောင်း၊ ဟိန္ဒူဗြဟ္မဏဝါဒတွေ ဟူ၍ လည်းကောင်း သမုတ်ပြီး ဘာသာ သာသနာကို ရိုးသားစွာ ကျင့်ကြံအားထုတ်လျက်ရှိသော ပုဂ္ဂိုလ်များအား အမြင်မှား အထင်မှားဖြစ်အောင် လှည့်ဖြားလိမ်လည်ပြီး ဘုရားဟောပါဠိတော်များကို ဖြုတ်ထုတ်သတ်သောဝါဒ ဖြစ်သောကြောင့် လည်းကောင်း။
ယင်း လူသေလူဖြစ်ဝါဒါနုဝါဒ (လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ ၎င်း၏ နောက်လိုက်ဖြစ်သော သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသီ စသူတို့၏ ဝါဒ)သည် ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မ အာဂမယုတ္တိများနှင့် လည်းကောင်း၊ လေးနက်ကျယ်ပြန့်သော သဘာဝယုတ္တိများနှင့် လည်းကောင်း မလျော်ကန်အောင် ဖောက်ပြန်ယွင်းကွက် ဆန့်ကျင်ဘက်ဖြစ်သော အဓမ္မဝါဒသာဖြစ်သည်ဟု နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ် ဆရာတော်များအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) ရုံးတော်သို့ သက်သေခံ တင်ပြသော “လူသေလူဖြစ် ဝါဒါနုဝါဒဆိုင်ရာ စာအုပ်စာတမ်း စာစောင် တိတ်ခွေမျာနှင့် တကွ ဤရုံးတော်သို့ သက်သေခံပစ္စည်းအဖြစ် ရောက်မလာသော ထိုဝါဒဆိုင်ရာ စာအုပ် စာတမ်း စာစောင် တိတ်ခွေနှင့် ကျောက်စာ စသည်၌ ပါရှိသော ရေးသားချက်များသည်လည်း ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မနှင့်ဆန့်ကျင်ဘက်များဖြစ်၍ ထိုစာအုပ် စာတမ်း စာစောင် တိတ်ခွေ ကျောက်စာ” စသည်တို့သည် အဓမ္မဝါဒကို ဖော်ပြရာ ဖြစ်သောကြောင့် အဓမ္မပစ္စည်းများဖြစ်ကြောင်း နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ် ဆရာတော်များအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
ထိုလူသေလူဖြစ် ဝါဒါနုဝါဒ (လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသီတို့၏ ဝါဒစသည်)ကို ရေးသားဟောပြော ဖြန့်ဝေကြသော သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည် လည်းကောင်း၊ ထိုလူသေလူဖြစ် ဝါဒါနုဝါဒကို လိုက်နာ၍ ပြုလုပ်ကြသော သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည် လည်းကောင်း၊ ထိုလူသေလူဖြစ် ဝါဒါနုဝါဒကို လိုလားနှစ်သက်စွာ ထောက်ခံအားပေးကြသူ သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည်လည်းကောင်း အဓမ္မဝါဒီတို့သာ ဖြစ်ကြကုန်၏ ဟူ၍ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ် ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် ဆရာတော်ကြီးများ
စဉ်
ဘွဲ့တော်နှင့် ကျောင်းတိုက်
လက်မှတ်
၁။
ဘဒ္ဒန္တဃောသိတာဘိဝံသ
(သဘာပတိ)
ဃောသိတာရာမကျောင်းတိုက်၊
ထားဝယ်မြို့။
၂။
ဘဒ္ဒန္တ ဇဝနာဘိဝံသ(အဖွဲ့ဝင်)
ဇဝနာဘိဝံသာရုံကျောင်းတိုက်
ကြို့ပင်ကောက်မြို့။
၃။
ဘဒ္ဒန္တဓမ္မာဘိဝရ (အဖွဲ့ဝင်)
ကံတွင်းဆုတောင်းပြည့်ကျောင်း၊
ပြည်မြို့။
၄။
ဘဒ္ဒန္တ ကုမာရ (အဖွဲ့ဝင်)
မဟာဝိသုတာရာမတိုက်၊ မကွေးမြို့။
၅။
ဘဒ္ဒန္တ ဉာနိက (အဖွဲ့ဝင်)
ပဇ္ဇောတာရုံကျောင်းတိုက်၊
မြောင်းမြမြို့
နေ့စွဲ၊ ၁၃၄၁-ခုနှစ်၊ တန်ဆောင်မုန်း လဆန်း (၂) ရက်။
၁၉၈၁-ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်။
ကြာသပတေးနေ့။
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ ချမှတ်ပြီးနောက်နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ် (၂)သဘာပတိ ဆရာတော် ဘုရားကြီးကစုဒိတကတို့အား မိန့်ကြားတော်မူသော ဩဝါဒကထာ
တောင်တွင်းကြီးမြို့၊ နတ်မှီတောရ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့် ထိုဝါဒမှ ဆက်နွယ်ပေါ်ပေါက်လာသည့် (အတုလိုက်) အနုဝါဒများ၏ ဓမ္မ အဓမ္မ အဖြစ်ကို စိစစ်ဆုံးဖြတ်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တာဝန်ပေးချက်အရ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ် ဆရာတော်များက တိမ်းစောင်းမှားယွင်းခြင်း မရှိရအောင် လေးလခန့်မျှ အချိန်ယူပြီး စောဒနာ သောဓနာ ၂-ရပ်နှင့် ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ပါဠိတော် အဋ္ဌကထာ ဋီကာဂန္ထန္ထရ အဝဝတို့ကို ကျနစေ့စပ် သုံးသပ်ဝေဖန်ကာ ကရုဏာတရား ရှေ့ထားလျက် အဂတိလေးပါး မလိုက်စားဘဲ ခိုင်မြဲထက်သန်သည့် ဝီရိယ သတိ သမာဓိ ပညာတို့ဖြင့် အဖန်ဖန် နှိုင်းချိန်ပြီးမှ ဗုဒ္ဓသာသနာနွယ်ဝင် ပညာရှင်အများ လက်ခံနိုင်လောက်သည့် ပရိသုဒ္ဓ ပရိပုဏ္ဏ ဝိနိစ္ဆယကို ချမှတ်တော်မူခဲ့ကြပါတယ်။
ဝိနည်းဓိုရ် ဆရာတော်များက မည်မျှပင် ယထာဓမ္မ တရားလမ်းမှန်အောင် ဆုံးဖြတ်ချက်ချကြပါသော်လဲ ပုထုဇဉ်များ ဖြစ်ကြသည့်အလျောက် စိတ်ထားနုသူ အချို့ အချို့ ပုဂ္ဂိုလ်များက မိမိတို့ ဖြစ်စေချင်တဲ့အတိုင်း မဖြစ်လာတဲ့အခါ မကျေမနပ်ဖြစ်တတ်ကြပါတယ်၊ အဲဒီလို ဖြစ်ခြင်းဟာလဲ ပုထုဇဉ်တို့ရဲ့ သဘောထံတွာ ဓမ္မတာပါပဲ။
ပုထုဇဉ်များ လိုက်နာပြုကျင့်ရန် ခဲယဉ်းတဲ့ ခဲကြီး ၅-ရပ် ရှိပါတယ်၊ အဲဒီ ခဲကြီး ၅-ရပ် က ဘာတွေလဲဆိုတော့ -
(1) ဤကား အမှား ဤကား အမှန်လို့ ဝေဖန်စိစစ်ရန် ခဲယဉ်းတယ်၊ ဝေဖန်စိစစ်မှု မပြုဘဲ အမှတ်တမဲ့ပဲ နေတတ်ကြတယ်။
(2) အမှား အမှန်ကို ဝေဖန်စိစစ်ပြန်တော့လဲ ဤကား အမှား ဤကား အမှန်လို့ မိမိဉာဏ်ဖြင့် သိနိုင်ရန် ခဲယဉ်းတယ်။
(3) အမှား အမှန်ကို သိပြန်တော့လဲ အမှားကို အမှားလို့ ထုတ်ဖော်ပြောဆိုရန် ခဲယဉ်းတယ်၊ မုန်းမှာ ကြောက်လို့ နှုတ်ပိတ်ရေငုံလုပ်နေတတ်တယ်။
(4) မိမိ အယူမှားနေလျှင်လဲ ကိုယ့်အမှားကို ကိုယ်ဝန်ခံရန် ခဲယဉ်းတယ်၊ မှားပါတယ်လို့ ဝန်ခံရမှာကို ရှက်ကြောက်နေတတ်တယ်။
(5) ကိုယ့်အမှားကို မှားပါတယ်လို့ ဝန်ခံစေကာမူ အမှားကို ပယ်လှန်ပြီး အမှန်ကို ကျင့်ကြံလိုက်နာဖို့ ခဲယဉ်းတယ်၊ လူကြားကောင်းရုံလောက် ဝန်ခံပြီး အမှားကို မပယ်လှန် အမှန်ကို မလိုက်နာဘဲ နေတတ်ကြတယ်။
ဒါကြောင့် မြတ်စွာဘုရားက ပုထုဇဉ်တွေဟာ “သန္ဒိဋ္ဌိပရာမာသီ” မိမိ အယူသာ အမှန်ဟု ဖောက်ပြန်မှားယွင်းစွာ သုံးသပ်တတ်ကြတယ်၊ “အာဓာနဂ္ဂါဟီ” မြဲမြံစွာယူလေ့ရှိကြတယ်၊ “ဒုပ္ပဋိနိဿဂ္ဂီ” စွန့်လွှတ်နိုင်ခဲကြတယ် (စွန့်လွှတ်ဖို့ရန် ခဲယဉ်းနေတတ်ကြတယ်)လို့ ဟောတော်မူခဲ့ပါတယ်၊ အဲဒီလို အမှားကို သုံးသပ်ပြီး မစွန့်လွှတ်နိုင်ဘဲ မြဲမြံစွာ ယူနေတတ်သူကို အယူသည်းသူလို့ ခေါ်ပါတယ်။
ယေ အတ္တနော ဥပ္ပန္နံ ဒိဋ္ဌိံ ဣဒမေဝ သစ္စန္တိ ဒဠှံ ဂဏှိတွာ အပိ ဗုဒ္ဓါဒီဟိ ကာရဏံ ဒေဿတွာ ဝုစ္စမာနာ န ပဋိနိဿဇ္ဇန္တိ (မ၊ဋ္ဌ၊၁၊၁၉၄။)
အယူသည်းတဲ့သူများဟာ သူတို့ယူမိတဲ့ အယူကို မစွန့်လွှတ်တော့ဘဲ ဇွတ်မှိတ်ပြီး အတင်းဆုပ်ကိုင် ထားတတ်ကြတယ်၊ ဘုရားအစရှိတဲ့ ပညာရှိသူတော်ကောင်းတို့က အကြောင်းပြပြီး ဟောပြောပေမဲ့ မစွန့်လွှတ်ဘဲ ယူမြဲယူနေတတ်ကြတယ်။
အဲဒီ အယူသည်းမှုဟာ လောကရေးရာဘက်ကလည်း အယူသည်းမှုလည်းရှိတယ်၊ အကျင့်တရားဘက်က အယူသည်းတာလဲ ရှိတယ်၊ လောကရေးရာဘက်က အယူသည်းတာကတော့ သဂ္ဂန္တရာယ် - မဂ္ဂန္တရာယ် မဖြစ်တဲ့အတွက် သိပ်အရေးမကြီးလှဘူး (ဥပမာ) မြေကြီး မြင်းမိုရ်တောင် နေ, လ, နက္ခတ် တည်နေပုံ စသည်တို့နှင့် ပတ်သတ်တဲ့ အယူအဆကွဲလွဲမှုမျိုးတွေပါပဲ၊ ဒါတွေက သီလ အကျင့်၊ သမာဓိ အကျင့်၊ ပညာ အကျင့်တို့နှင့် မဆိုင်တဲ့အတွက် အရေးမကြီးလှပါဘူး။
အကျင့်တရားနှင့် ပတ်သတ်ပြီး အလွဲအမှားကို အမှန်ထင်ကာ မစွန့်လွှတ်အောင် အယူသည်းနေလျှင်တော့ မဂ္ဂန္တရာယ် ဖြစ်နိုင်တယ်၊ အဲဒီ အယူသည်းမှုက အလွန်အရေးကြီးတယ်၊ ဒီ ဝိနိစ္ဆယစာတမ်းမှာ ဖော်ပြထားတဲ့ အလှူ၏ အကျိုးမရှိ စသော ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ ဆိုတဲ့ အယူတွေကို မစွန့်လွှတ်နိုင်ဘဲ မြဲမြံစွာ အယူသည်းနေလျှင် သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် ၂-မျိုးလည်း ဖြစ်နိုင်တယ်။ ဒီလို အယူသည်းနေလျှင် ဘုရားရှင်၏ အဆုံးအမတော်ကို လိုက်နာရာ မရောက်တော့ဘူး၊ ဘုရားရှင်၏ အဆုံးအမတော်ကို မလိုက်နာလျှင်-
ယေန ကာဟန္တိ ဩဝါဒံ၊ နရာ ဗုဒ္ဓေန ဒေသိတံ။
ဗျသနန္တေ ဂမိဿန္တိ၊ ရက္ခသီဟိဝဋ္ဋ ဝါဏိဇာ။ (ဇာ၊၁၊၅၁)
ဤဘုရားဟော ဒေသနာနှင့် အညီ ဆုံးရှုံးပျက်စီးခြင်းသို့ ရောက်ကြရလိမ့်မည်၊ ဒါ့ကြောင့် သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် မဖြစ်ကြရလေအောင် ဆုံးရှုံးပျက်စီးခြင်းသို့ မရောက်ကြရလေအောင် ဒီဆုံးဖြတ်ချက် ဝိနိစ္ဆယစာတမ်းကို သဘောပေါက်နားလည်ရန် ယောနိသော မနသိကာရဖြင့် ကျကျနန သေသေချာချာ သုံးသပ်ကြစေလိုတယ်၊ မိမိတို့ ဉာဏ်မမှီတဲ့ အရာဋ္ဌာနများကိုလည်း ပညာရှိဆရာတော် သံဃာတော်များထံ မေးမြန်းပြီး သိနားလည်ရန် ကြိုးစားကြစေလိုတယ်၊ အဲဒီလို သဘောပေါက်နားလည်ကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးပြီး အဓမ္မဝါဒအယူသည်းမှုဟူသမျှတွေကို စွန့်လွှတ်လိုက်ကြစေလိုတယ်၊ စွန့်လွှတ်ပြီးတဲ့နောက်လဲ မှန်ကန်သည့် တရားနည်းလမ်းအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်စေလိုတယ်။
အပ္ပံဝတ ဇီဝိတံ ဣဒံ၊ ဩရံဝဿသတာပိ မိယျတိ။ သုတ္တန်နိပါတ် ဇရာသုတ်နှင့်အညီ လူတို့ရဲ့ အသက်ဟာ အလွန်တိုတောင်းလှပါတယ်၊ ဒီလို တိုတောင်းလှတဲ့ အချိန်ကာလ အတွင်းမှာ အမှားမှား အယွင်းယွင်းနဲ့ သေသွားကြလျှင် မိမိတို့ရဲ့ အဖိုးတန်ဘဝကြီးဟာ ဘာမျှ အကျိုးမပြီးဘဲ အချည်းနှီး ဖြစ်သွားပါလိမ့်မည်၊ ယခုလို အချိန်ရှိခိုက်က မပြုပြင်မိလျှင် သေရာ ညောင်စောင်း လျောင်းအိပ်ရာ ကျတဲ့ အခါကျတော့ နောင်တကြီးစွာရနေတတ်ပါတယ်၊ ဒါကြောင့် အချိန်မီ ပြုပြင်ကြရန် တိုက်တွန်းပါတယ်။
အမှားကို အမှားမှန်းသိလို့ ပြုပြင်တာဟာ အလွန်ပညာရှိ သူတော်ကောင်းပီသပါတယ်၊ မြတ်စွာဘုရား၏ တပည့်သားကောင်းများပီပီ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာရာလဲ ရောက်ပါတယ်၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကြလျှင်-
ယေ စ ကာဟန္တိ ဩဝါဒံ၊ နရာ ဗုဒ္ဓေန ဒေသိတံ။
သောတ္ထိံ ပါရံ ဂမိဿန္တိ၊ ဝလာဟေနဝ ဝါဏိဇာ။ (ဇာတက၊၁၊၅၁)
ဤဘုရားဟော ဒေသနာတော်နှင့်အညီ ချမ်းချမ်းသာသာဖြင့် သံသရာ ဟိုဘက်ကမ်းဖြစ်တဲ့ နိဗ္ဗာန်နန်းသို့ ဖြောင့်ဖြောင့်တန်းတန်းကြီး ရောက်ရပေလိမ့်မယ်။
ဒါ့ကြောင့် ဗုဒ္ဓသာသနာ့နွယ်ဝင် သူတော်စင်တို့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်နန်းသို့ ဖြောင့်တန်းစွာ ရောက်ကြရလေအောင်-
“ပရေ သန္ဒိဋ္ဌိပရာမာသီ အာဓာနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ ဘဝိဿန္တိ၊ မယမေတ္ထ အသန္ဒိဋ္ဌိပရာမာသီ အနာဓာနဂ္ဂါဟီ သုပ္ပဋိနိဿဂ္ဂီ ဘဝိဿာမာတိ သလ္လေခေါ ကရဏီယော။”
ဤ မူလပဏ္ဏသပါဠိတော် ဒေသနာနှင့်အညီ “အခြားသူတွေက ကိုယ့်အယူကိုသာ အမှန်ထားပြီး မှားယွင်းစွာသုံးသပ်လျက် မစွန့်လွှတ်နိုင်ဘဲ မြဲမြံစွာ ယူနေပေမဲ့ သူများတွေ မှားယွင်းစွာသုံးသပ်ပြီး အယူသည်းနေကြမည့် အရာမှာ ငါတို့ကတော့ အယူမသည်းဘဲ စွန့်လွှတ်လိုက်ကြမယ်” လို့ အဓိဋ္ဌာန်ပြုပြီး ကိလေသာခေါင်းပါးစေနိုင်တဲ့ သလ္လေခ အကျင့်တရားမှန်ကို ကျင့်ကြံပွားများ အားထုတ်ကြပါလို့ မေတ္တာ ကရုဏာ ရှေ့ထားပြီး ဩဝါဒစကား မိန့်ကြားလိုက်ပါတယ်။
ဝိနိစ္ဆယ ချမှတ်ပြီးနောက် စုဒိတကများအား ရှေ့ဆက်လက်၍ မည်သို့
နေထိုင်ကျင့်ပြီး လုပ်ဆောင်ရမည့် အကြောင်းကို
ညွှန်ကြားရေးမှူးချုပ်၏ ရှင်းလင်းပြောကြားချက်
သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂)မှ သဘာပတိ ထားဝယ်မြို့ ဃောသိတာရုံ ဆရာတော်ဘုရားကြီးကို အမှူးထား၍ ဝိနည်းဓိုရ်ဆရာတော်များ၊ စောဒကဆရာတော်များ၊ စုဒိတက ဆရာတော်များနှင့် ကြွရောက်လာကြသော ဝိနိစ္ဆယ တရားနာပရိသတ်များ သိအောင် အနည်းငယ် လျှောက်ထားလိုပါသည်၊ ခွင့်ပြုတော်မူပါဘုရား။
ယခု အချိန်မှာဆိုလျှင် နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်း ဖြေရှင်းရေးဆိုင်ရာ ဥပဒေ ပုဒ်မ(၃)အရ ဓမ္မ အဓမ္မအမှု အငြင်းပွားမှုနဲ့ ပတ်သတ်ပြီးတော့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဖွဲ့စည်းပေးထားသော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂)၏ အဆုံးအဖြတ် ကိစ္စ ပြီးဆုံးပါပြီ၊ ဒီဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီးတော့ ရှေ့လုပ်ရမည့် လုပ်ငန်းစဉ်များကို ယခု လျှောက်ထားပါမယ်၊ ဝိနိစ္ဆယ ဥပဒေ ပုဒ်မ (၁၃) မှာ ပါရှိတဲ့အတိုင်း နိုင်ငံတော် ဝိနိစ္ဆယအဖွဲ့ အဆုံးအဖြတ်များကို ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဋ္ဌာနက လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက်ရမည် ဆိုသော ဥပဒေပုဒ်မ အရ တပည့်တော် လျှောက်ထားခြင်းဖြစ်ပါတယ်။
ဆရာတော်များ ယခု ဆုံးဖြတ်ပြီးတဲ့အခါမှာ ဝိနိစ္ဆယဥပဒေအရ ဆရာတော်များ၏ အဆုံးအဖြတ်ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ရှေ့မှောက်မှာ ပေးအပ်ရန်ရှိပါတယ်၊ အဲလို ပေးအပ်တဲ့အခါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အနေနဲ့ ဒီအဆုံးအဖြတ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဋ္ဌာနကို ပို့ပါမယ်၊ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဋ္ဌာန အနေနဲ့ သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂)က ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်များအတိုင်း တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံတော်သူ နိုင်ငံတော်သားအားလုံး လိုက်နာဆောင်ရွက်ဖို့ဆိုပြီး အမိန့်ထုတ်ပါတယ်။
ဥပမာ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) ဆုံးဖြတ်ချက်မှာ “ဒီတရားသည် အဓမ္မဝါဒ ဖြစ်တဲ့ အတွက် ဟောပြောခြင်းမပြုရ၊ စာအုပ် စာတမ်း ရိုက်နှိပ်ဖြန့်ဝေခြင်း မပြုရ၊ အသံသွင်း ကက်ဆက်ခွေများ ဖြန့်ဝေခြင်းမပြုရ” လို့ ပါရှိပါတယ်၊ အဲဒီလို ပါရှိတဲ့အတိုင်း အားလုံး လိုက်နာပြီးတော့ ဆောင်ရွက်ဖို့ အမိန့်ထုတ်ပါတယ်၊ ယခင်က ကျောက်သင်္ဘောဝါဒတုန်းကလည်း ဒီလိုပဲ အမိန့်ထုတ်ခဲ့ပါတယ်၊ ဒါနိုင်ငံတော်က ချမှတ်တဲ့ ဥပဒေနှင့်အညီ တပည့်တော်တို့ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဋ္ဌာန အနေဖြင့် ဆောင်ရွက်မဲ့ အပိုင်းကို လျှောက်ထားခြင်း ဖြစ်ပါတယ်။
ဒီကိစ္စမှာ တိုက်ရိုက်ပတ်သတ် အကြုံးဝင်နေတဲ့ စုဒိတက ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များကို လျှောက်ထားပြောကြားရန် ရှိပါတယ်၊ အထူးသဖြင့် စုဒိတက ရဟန်းတော်များနှင့် ပတ်သတ်တဲ့ အကြောင်းကို လျှောက်ထားပါမယ်၊ ရဟန်းတော်များ သိတဲ့အတိုင်းပဲ နိုင်ငံတော်မှာ ဂိုဏ်းပေါင်းစုံ သံဃမဟာနာယက အဖွဲ့ကြီးက အတည်ပြုပြဋ္ဌာန်းထားတဲ့ နိုင်ငံတော် သံဃာ့ အဖွဲ့အစည်း အခြေခံစည်းမျည်းဆိုတာ ရှိပါတယ်၊ အဲဒီ စည်းမျည်းအရ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းက အတည်ပြု ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းများလဲ ရှိပါတယ်၊ အဲဒီ စည်းမျည်း အဲဒီ လုပ်ထုံးလုပ်နည်းများအရဆိုလျှင် ဆရာတော်များသည် အကယ်၍ သံဃအဖွဲ့အစည်းတွင် နေထိုင်လိုပါက သီးခြား ဝိနည်းဓိုရ် ဆရာတော်များရဲ့ ဆုံးဖြတ်ချက်ကို တသွေမတိမ်း လိုက်နာပြီးတော့ မှားယွင်းနေသော အယူဝါဒကို စွန့်လွှတ်ပါမယ်လို့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များ၏ ရှေ့မှောက်မှာ မိမိအမှားကို ဝန်ချတောင်းပန်ပြီး ကတိပြုမယ်ဆိုလျှင် သံဃအဖွဲ့အစည်းထဲမှာ ဆက်လက်ပြီးတော့ ပါဝင်နိုင်ခွင့်ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က သနားသက်ညှာစွာ စဉ်းစားမည် ဖြစ်ပါတယ်။
အဲဒီလို မပြုလုပ်လျှင် ဆရာတော်များအနေနဲ့ သံဃာ့အဖွဲ့အစည်းထဲမှာ ပါဝင်နိုင်ခွင့်မရှိတော့ပါဘူး၊ ဒီအခွင့်အရေးမှာ ဆရာတော်တို့အဖို့ ဆုံးရှုံးမည်ဖြစ်ပါတယ်၊ သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျည်း အရ ဂိုဏ်းတစ်ပါးပါးမှာ ဖြစ်ဖြစ် ပါဝင်ရမည်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် အုပ်ချုပ်မှုအောက်မှာ ဖြစ်ဖြစ် ရှိရမည်၊ မိမိဘာသာ သီးခြားကင်းလွတ်ပြီး နေနိုင်ခွင့် မဝရှိပါဘူး၊ ဆရာတော်များသည် သံဃာ့အဖွဲ့အစည်းတွင် ပါဝင်နိုင်ရေးအတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ရှေ့မှောက်မှာ မိမိတို့ အမှားကို ဝန်ချတောင်းပန်ပြီးတော့ ဆက်လက်နေခွင့်ပြုဖို့ လျှောက်ထားတောင်းပန်ရန် အစီအစဉ်များကိုလည်း တပည့်တော်များက ဆောင်ရွက်ပေးပါမယ်၊ အဲလို ဆောင်ရွက်တာကို စုဒိတက ဆရာတော်များက သဘောပေါက်ပြီးတော့ လိုက်နာကြလိမ့်မည်လို့ တပည့်တော်များက မျှော်လင့်ထားကြပါတယ်။
စုဒိတက လူပုဂ္ဂိုလ်များကိုလဲ မေတ္တာရပ်ခံချင်တာရှိပါတယ်၊ ဘာလဲဆိုရင် ဝိနိစ္ဆယမချမှတ်မီမှာရော ချမှတ်သည့် နေရာမှာရော ကျွန်တော် ဒီကိစ္စကို ရှင်းပြပြီးဖြစ်ပါတယ်၊ ဒါက နိုင်ငံတော်က လုပ်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒီတရားရုံးသည်လည်း နိုင်ငံတော်၏ တရားရုံးတော် ဖြစ်ပါတယ်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အစည်းမှာဆိုရင်လဲ အမြင့်ဆုံးသောတရားရုံးလည်း ဖြစ်ပါတယ်၊ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့မှာ ပါဝင်တဲ့ ဝိနည်းဓိုရ် ဆရာတော်များဆိုရင်လည်း ဗဟိုဝန်ဆောင် သံဃာတော် အပါး(၃၀၀) ထဲမှ သံဃမဟာနာယကအဖွဲ့က ဒီ ဝိနည်းဓိုရ်၅-ပါးကို သီးခြား ရွေးထုတ်ပြီးတော့ ဖွဲ့စည်းပေးထားတဲ့ အမြင့်ဆုံး တရားရုံးလဲ ဖြစ်ပါတယ်။
သေသေချာချာ လေးလေးစားစား စဉ်းစားမယ်ဆိုရင် ပြီးခဲ့တဲ့ ၁၃၄၂-ခုနှစ်တုန်းက ဗမာပြည်မှာရှိတဲ့ သံဃာတစ်သိန်းကျော်ရဲ့ သမ္မုတိက ဆန္ဒပေးလိုက်တဲ့ သမ္မုတိက သံဃာ့ကိုယ်စားလှယ် တစ်ထောင်တို့ မဟာပါသာဏ လိုဏ်ဂူတော်ကြီးမှာ နိုင်ငံတော် ဗဟိုဝန်ဆောင် သံဃာ (၃၀၀)ကို ရွေးချယ်ခဲ့ပါတယ်၊ အဲဒီရွေးချယ်တဲ့ နိုင်ငံတော် ဗဟိုဝန်ဆောင်(၃၀၀)သည် တစ်နိုင်ငံလုံးရှိ သံဃာတစ်သိန်းကျော်တို့၏ ဆန္ဒမဲဖြင့် တင်မြှောက်ထားသောကြောင့် ယနေ့ ချမှတ်သည့် ဝိနိစ္ဆယ ဆုံးဖြတ်ချက်သည်လည်း ဝိနည်းဓိုရ် ဆရာတော် ၅-ပါးက ချမှတ်သော ဝိနိစ္ဆယဟုသာ မဆိုသာမူ၍ သံဃာတစ်သိန်းကျော်တို့က ချမှတ်လိုက်တဲ့ ဝိနိစ္ဆယပဲလို့ သဘောပေါက်စေချင်ပါတယ်၊ ဒီ ဝိနိစ္ဆယကို ဒို့တတွေ မလွဲမသွေ လိုက်နာသင့်တဲ့ ဝိနိစ္ဆယပဲလို့ ခံယူစေချင်ပါတယ်၊ ဥပဒေအရလဲ လိုက်နာရမဲ့ ဝတ္တရားရှိပါတယ်၊ မလိုက်နာလျှင် နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သဘောလဲ ဖြစ်ပါတယ်၊ ဥပဒေအရ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် ဝိနည်းဓိုရ် အဖွဲ့က ချမှတ်ထားတဲ့ ဝိနိစ္ဆယကို မလိုက်နာခြင်းသည်လည်း သံဃာတစ်သိန်းကျော်တို့ကို ဆန့်ကျင်ရာလဲ ရောက်ပါတယ်။
ဝိနည်း ဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းရေးဆိုင်ရာ ဝိနိစ္ဆယ ဥပဒေက ပြစ်မှုဆိုင်ရာ ဥပဒေနှင့် မတူပါဘူး၊ ဝိနည်း ဓမ္မကံ ကိစ္စသည် မြတ်စွာဘုရား တရားတော်နှင့် ဆက်စပ်တဲ့ ကိစ္စ ဖြစ်တဲ့အတွက် အေးချမ်းတဲ့ သဘောရှိပါတယ်၊ ဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းကို ပြေငြိမ်းအောင် နည်းလမ်းရှာပြီး အမှန်တရားကို ရှာဖွေတဲ့ ကိစ္စဖြစ်ပါတယ်၊ ပြစ်မှုဆိုင်ရာ ဥပဒေမှာတော့ မိမိ ကျူးလွန်ထားတဲ့ ပြစ်မှုနဲ့ ပတ်သတ်ပြီးတော့ အထိုက်အလျောက် အပြစ်ခံရမဲ့ သဘောရှိပါတယ်၊ ဒီမှာတော့ မြတ်စွာဘုရား တရားတော်နှင့် ပတ်သတ်ပြီး မိမိ အမှားကို မှားကြောင်း ဝန်ချ တောင်းပန်လို့ရှိလျှင် ဒီအမှားက ပြေပျောက်ပြီးတော့ နောင်အကျိုးအတွက်လဲ ကုသိုလ်တရားပွားရာပွားကြောင်း ဖြစ်တယ်လို့ သဘာပတိဆရာတော်က မိန့်ကြားပြီးဖြစ်ပါတယ်။
အဲဒါကြောင့် စုဒိတက လူပုဂ္ဂိုလ်များအတွက်လဲ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ရှေ့မှောက်မှာ ဩဝါဒကို ခံယူပြီးတော့ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဒီအမှားကို ဝန်ခံပြီးတော့ ရှေ့ကို မြတ်စွာဘုရား သာသနာစက်ရိပ်အောက်မှာ အကျိုးရှိရှိနေနိုင်အောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်၊ အဲဒီ အစီအစဉ်အတိုင်း ဇမ္ဗုဒီပကျောင်းဆောင်မှာသွားပြီး နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဆရာတော်ကြီးများကလဲ ဝိနိစ္ဆယ စာမူကို ပေးအပ်ပါမယ်၊ ကျန်တဲ့ စောဒက ပုဂ္ဂိုလ်တွေရော စုဒိတက ပုဂ္ဂိုလ်တွေရော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူပြီးတော့ အေးအေးချမ်းချမ်းနဲ့ မြတ်စွာဘုရား၏ တရားတော်အတိုင်း ကျွန်တော်တို့ အားလုံး ကုသိုလ်တရားကို ရှာကြံနိုင်အောင် အစီအစဉ်လုပ်ထားကြောင်း ပြောကြားအပ်ပါတယ်။
၁၃၄၃- ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂-ရက်
၁၉၈၁-ခု၊ အောက်တိုဘာလ ၂၉-ရက်နေ့တွင် ရန်ကုန်မြို့၊
ကမ္ဘာအေးကုန်းမြေ၊ ဇမ္ဗုဒီပ ကျောင်းဆောင်၌ ကျင်းပပြုလုပ်အပ်သော
အဓမ္မဝါဒစွန့်လွှတ်ပွဲ
အခမ်းအနားအစီအစဉ်များ
၁။ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသန၊ ရွှေအဘိဓမ္မာဝါဒတို့နှင့် စပ်လျဉ်း၍ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) သဘာပတိ ဆရာတော်ဘုရားကြီးက သံဃမဟာနာယက ဆရာတော်များကို ရှင်းလင်းလျှောက်ထားရန်၊
၂။ သဘာပတိဆရာတော်ဘုရားကြီးက လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ စာမူကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဗာရာဏသီဆရာတော်ဘုရားကြီးထံ အပ်နှံရန်၊
၃။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးက ဓမ္မအဓမ္မ ဝိဝါဒါဓိကရုဏ်း ပြေငြိမ်းအောင် ဆောင်ရွက်ပုံနှင့် စပ်လျဉ်း၍ ဩဝါဒ စကားကို မိန့်ကြားရန်၊
၄။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဦးခမာဝုဓ က ဝိနိစ္ဆယ အကျဉ်းချုပ် သုံးသပ်ချက်ကို မိန့်ကြားပြီး စုဒိတက ပုဂ္ဂိုလ်များ နှလုံးသွင်းဖွယ် ဩဝါဒမိန့်ကြားရန်၊
၅။ ဝိနည်းဓိုရ် ဆရာတော်များ၏ ဆုံးဖြတ်ချက်ကို စုဒိတက အားလုံးတို့က သံဃမဟာနာယက ဆရာတော်ကြီးများ၏ ရှေ့မှောက်တွင် ဤအဓမ္မဝါဒကို စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးရန်၊
၆။ အကျိုးတော်ဆောင်ဆရာတော်က အဓမ္မဝါဒကို စွန့်လွှတ်ပြီးသော ဆရာတော် ၄-ပါးတို့ကို သံဃာ့အဖွဲ့အစည်းတွင် ပါဝင်ရေးနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်ကို မိန့်ကြားရန်၊
၇။ သက်ဆိုင်ရာ ပြည်နယ် တိုင်း မြို့နယ်များမှ လူသေလူဖြစ် ဝါဒါနုဝါဒတို့နှင့် စပ်လျဉ်းပြီး လောကကြောင်းအရ လည်းကောင်း၊ ဓမ္မကြောင်းအရ လည်းကောင်း အပြစ်ရှိသူများအနေနှင့် မိမိတို့၏ဝါဒများကို အမှားဝန်ခံ၍ စွန့်လွှတ်ကြရန်အတွက် မြို့နယ်သံဃနာယကများထံသို့ ဆက်လက်ပြီး ညွှန်ကြားမည့်အကြောင်း အကျိုးတော်ဆောင် ဆရာတော်က မိန့်ကြားရန်။
အခမ်းအနားမှူးအဖြစ် ညွှန်ကြားရေးမှူးချုပ် ဦးကြည်ညွန့် ဆောင်ရွက်သည်။
ဝိနိစ္ဆယစာမူကို နိုင်ငံတော် သံဃမဟာနာယက၏ လက်သို့ အပ်နှံရာ၌
သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)
သဘာပတိ ဆရာတော်ဘုရားကြီး၏ ရှင်းလင်း လျှောက်ထားလွှာ
သို့။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊
ဇမ္ဗုဒီပကျောင်းဆောင်၊
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။
အကြောင်းအရာ။။နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၂)၏ ဓမ္မ အဓမ္မ မှုခင်း အမှတ်(၂) ဆုံးဖြတ်ချက်ကို ဆက်ကပ်ခြင်း ကိစ္စပါ ဘုရား -
ရည်ညွှန်းချက်။ ။၁၃၄၃-ခု၊ နယုန်လဆုတ် ၉-ရက်၊ ၁၉၈၁-ခု၊ ဇွန်လ ၂၆-ရက် နေ့စွဲပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ရွေးချယ်သည့် နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များသာ ပါဝင်သော သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဖွဲ့စည်းခြင်း အမိန့်စာကို ရည်ညွှန်းပါသည်။
ရိုသေစွာ လျှောက်ထားအပ်ပါသည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်များ ဘုရား-
အထက်ဖော်ပြပါ အမိန့်အရ လုပ်ထုံးလုပ်နည်း အပိုဒ် ၂၅-၂၆-၃၅ တို့နှင့်အညီ သဘာပတိ ဆရာတော် ရွေးချယ်ပြီးလျှင် ပုံစံ ၅-ဖြင့် စောဒက စုဒိတက ဆရာတော်များနှင့် စုဒိတက လူပုဂ္ဂိုလ်များကို ဆင့်ခေါ်၍ ၁၃၄၃-ခု၊ နယုန် လဆုတ် ၁၃-ရက်၊ ၁၉၈၁-ခု၊ ဇွန်လ(၃၀) ရက်နေ့၊ နံနက် ၈-နာရီ အချိန်မှ စ၍ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ အပရဂေါယာန ကျောင်းဆောင် အထက်ထပ် သီးခြား ဝိနိစ္ဆယ ရုံးခန်း၌ စောဒကဆရာတော်များ၏ ပထမ တင်သွင်းသော စောဒနာကို ကြားနာခဲ့ကြပါသည် ဘုရား၊ ၁၃၄၃-ခု ဝါဆိုလဆန်း(၃)ရက်၊ ၁၉၈၁-ခု၊ ဇူလိုင်လ ၄-ရက်နေ့ နံနက် ၈-နာရီ အချိန်မှစ၍ စောဒနာဆရာတော်များ နောက်ဆုံးတင်သွင်းသော ဝိသေသ စောဒနာကို ကြားနာခဲ့ကြပါသည် ဘုရား။
၁၃၄၃-ခု ဝါဆိုလဆန်း(၇)ရက် (၈)ရက်၊ ၁၉၈၁-ခုနှစ်၊ ဇူလိုင်လ(၈)ရက် (၉)ရက်နေ့များတွင် နံနက် (၈) နာရီမှ စ၍ စုဒိတက ပုဂ္ဂိုလ်တို့ တင်သွင်းသော သောဓနာချေပလွှာများကို ကြားနာခဲ့ကြပါသည် ဘုရား၊ စောဒက စုဒိတက ပုဂ္ဂိုလ်တို့ တင်သွင်းလွှာများကို စာမူဖြင့် တင်သွင်းစေခဲ့ပါသည်၊ ယင်းစောဒနာ သောဓနာ စာမူများနှင့်တကွ သက်သေခံအဖြစ် တင်ပြထားသော လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိဝါဒ၊ ရွှေအဘိဓမ္မာဝါဒဆိုင်ရာ စာအုပ် စာတမ်း တိတ်ခွေ ဓာတ်ပုံများကို ၁၃၄၃-ခု၊ ဝါဆိုလဆန်း (၈)ရက်နေ့ညနေမှစ၍ နေ့စဉ် နေ့တိုင်း ကြည့်ရှုနားထောင် သုံးသပ်ကြလျက် ဂန္ထန္ထရများ အပါအဝင်ဆိုင်ရာ ပိဋကတ်တော်များနှင့် ညှိနှိုင်းတိုက်ဆိုင်၍ ဤဝိနိစ္ဆယ စာတမ်းကို ရေးသားခဲ့ကြပါသည်။
ယင်းသို့ ရေးသားကြပြီးနောက် ၁၃၄၃-ခု၊ သီတင်းကျွတ် လပြည့်ကျော် ၁၁-ရက်၊ ၁၂-ရက်၊ ၁၃-ရက်၊ ၁၄-ရက်နှင့် တန်ဆောင်မုန်းလဆန်း ၁-ရက်၊ ၂-ရက် နေ့တို့၌ ဝိနည်းဓိုရ် ဆရာတော်များ အစုံအညီ ကြွရောက်တော်မူကြ၍ စောဒက စုဒိတကတို့၏ ရှေ့မှောက်၌ ဤဆုံးဖြတ်ကို ဖတ်ကြားချမှတ်ခဲ့ကြပါသည် ဘုရား၊ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)၏ ဆုံးဖြတ်ချက် ဝိနိစ္ဆယ စာတမ်း စာမူကို ယခု စာနှင့်အတူ ပူးတွဲ ဆက်ကပ်ပါသည် ဘုရား။
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ် (၂) ဆရာတော်များ
၁။ ဘဒ္ဒန္တဃောသိတာဘိဝံသ ဃောသိတာရုံကျောင်းတိုက်၊ ထားဝယ်မြို့။
၂။ဘဒ္ဒန္တဇဝနာဘိဝံသ ဇဝနာဘိဝံသာရုံကျောင်းတိုက်၊ ကြို့ပင်ကောက်မြို့။
၃။ဘဒ္ဒန္တဓမ္မာဘိဝရ ကန်တွင်းဆုတောင်းပြည့်ကျောင်း၊ ပြည်မြို့။
၄။ဘဒ္ဒန္တကုမာရ မဟာဝိသုတာရာမတိုက်၊ မကွေးမြို့။
၅။ဘဒ္ဒန္တဉာနိက ပဇ္ဇောတာရုံကျောင်းတိုက်၊ မြောင်းမြမြို့။
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ အပ်နှံပွဲ၌ နိုင်ငံတော်
သံဃမဟာနာယက အလှည့်ကျ အဖွဲ့ခွဲဥက္ကဋ္ဌ
ဗာရာဏသီဆရာတော်၏ ဩဝါဒကထာ
၁။ သာသနာဝင် ရာဇဝင်တွေကို ရှည်လျားစွာ မပြောတော့ဘဲ “အောင်ကျော်ချမ်းအေး မန္တလေး” ဆိုတဲ့ ဆောင်ပုဒ်အရ ကောဇာသက္ကရာဇ် ၁၂၂၁-ခုနှစ်တွင် မန္တလေးမြို့တော်ကို တည်ထောင်တော်မူ၍ သူမတူအောင် သာသနာပြုသွားသည့် မင်းတုန်းဘုရင်သည် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး၏ တိုးတက်စည်ပင်ရေးကို ရှေးရှု၍ အလွန် သာသနာပြုတော်မူသည်၊ ကျောင်းတိုက်ကြီးပေါင်း မြောက်များစွာ တည်ဆောက်၍ တံဆိပ်တော်ရ မရ ဆရာတော်များအား လစဉ်ဆွမ်းဆန်တော်များ ထောက်ပံ့လှူဒါန်းလေသည်၊ ရဟန်း ဝိနည်း သိက္ခာပုဒ် မပျက်ပြားစေရန်အတွက် မဟာဒါန်ဝင်များ ခန့်ထားတော်မူလျက် အဘက်ဘက်မှ မလိုရအောင် ဆောင်ရွက်တော်မူသည်၊ ပါဠိတော် ပိဋကကျမ်းစာများကို ကျောက်ဖြူပြား၌ ရေးသွင်းစေ၍ သေလက္ခရာရုဠှ ပဉ္စမ သံဂါယနာ ဒါယကာခံယူတော်မူသွားလေသည်။
၂။ သို့ကလောက် သာသနာတော်ထွန်းကားနေသည့်အချိန်မှာပင် ဓာတ်ဆရာဦးပိုသည် သာသနာ ၅၀၀၀-ကိစ္စနှင့် စပ်လျဉ်းပြီး မျှတသော အများဝါဒကို ဆန့်ကျင်လျက် ရတနာသုံးပါးကို စော်ကားခဲ့သည်၊ ထိုအခါ သာသနာပြု မင်းတုန်းမင်းတရားကြီးက ငပိုကို ခေါ်ယူ ကိုယ်တိုင် စစ်မေးပြီး သမာနဝါဒ မျှတညီညွတ်သော အယူကိုယူဖို့နှင့် အများကို မပုတ်ခတ်ဖို့ ဖျောင်းဖျတော်မူခဲ့သည်၊ သို့သော် ဦးပိုသည် တယူသန် အယူသည်း ခေါင်းမာသူ ဖြစ်၍ သူ၏ အယူကို မစွန့်သည့်အတွက် ကွက်မျက်ခံခဲ့ရလေသည်၊ ဤကိစ္စတွင် ဦးပိုသည် သတ္တိပြောင်သော သူရဲကောင်း မဖြစ်ဘဲ တပင်ရွှေထီးမင်းလက်ထက်က လက်မထိပ်၌ အပ်ရိုက် လူရွေးပွဲတွင် အရွေးမခံရ၍ ရှက်ရမ်းရမ်းပြီး မိမိဗိုက်ကိုခွဲ အူထုတ်ပြီး အသေခံသွားသော ဗလမင်းထင်ကဲ့သို့ မိုက်ရူးရဲသူ တစ်ဦးအဖြစ်သာ အဖတ်တင်ခဲ့လေသည်။
၃။ ထို့နောက် သားတော် သီပေါမင်းလက်ထက် ၁၃၄၇-ခုနှစ်တွင် ထီးကျိုးစည်ပေါက်၍ မြန်မာနိုင်ငံတရပ်လုံး နယ်ချဲ့လက်သို့ ကျရောက်သွားသောအခါ ဗုဒ္ဓ သာသနာတော်မြတ်သည်လည်း မင်းစိုးရာဇာတို့ အစောင့်အရှောက်ကင်းကွာသွားပြီး တိုင်းသူပြည်သားတို့၏ လက်တွင်း၌ အကွပ်မရှိသေ ကြမ်းကဲ့သို့ ပရမ်းပတာ ဖြစ်ခဲ့ရလေသည်။
၄။ လွန်ခဲ့သော ၁၃၀၉-ခုနှစ်က မြန်မာနိုင်ငံ လွတ်လပ်ရေး ပြန်ရလာသောအခါတွင်မှ ဗုဒ္ဓသာသနာတော်ကို ပြန်လည်ထူထောင်ခဲ့ကြရသည်၊ သို့သော် ယခင် မြန်မာဘုရင်များခေတ်ကနှင့် မတူတော့ဘဲ မြန်မာနိုင်ငံအတွင်း၌ ဘာသာပေါင်းစုံ ဝါဒပေါင်းစုံ ဝင်ရောက်နေနှင့်ပြီး ဖြစ်နေပေသည်၊ ပိဋကကျမ်းဂန် အမျိုးမျိုးမှာလည်း ဘာသာခြား စီးပွားရေးသမားတို့က ဖြစ်သလို ပုံနှိပ်ထုတ်ဝေထားကြသဖြင့် မန္တလေး ပဉ္စမသံဂါယနာတင် ကျောက်စာတော်မူနှင့် ညှိပြီး ဆဋ္ဌသံဂါယနာတင်ခဲ့ကြလေသည်။
၅။ သို့ရာတွင် ဓမ္မစက်ကို သူတော်ကောင်းတို့ကသာ လိုက်နာကြ၍ မသူတော်တို့က ဓမ္မစက်ကို မလိုက်နာကြချေ၊ ထို့ကြောင့် ဗုဒ္ဓသာသနာတော်ကြီး၌ အတွင်းအပြင် မသန့်ရှင်းမှုများ ရှိလာသဖြင့် လွန်ခဲ့သော နယုန်လက ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပပြီး သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ဝိနည်း ဓမ္မကံ လုပ်ထုံးလုပ်နည်း စသည်တို့ကို ရေးဆွဲ၍ ပြဋ္ဌာန်းခဲ့ကြရ၏၊ ဤကဲ့သို့ ဂိုဏ်းပေါင်းစုံ သံဃာတော်များ၏ ဆုံးဖြတ်ပြဋ္ဌာန်းချက်အရ ဤနိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးနှင့်တကွ ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ပေါ်ပေါက်လာခဲ့ရသည်၊ နိုင်ငံတော် အစိုးရကလည်း ဓမ္မစက်ကို မလိုက်နာသူများအတွက် ဆုံးမနိုင်သော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။
၆။ သို့ဖြစ်၍ နိုင်ငံတော်အတွင်းရှိ တစ်သိန်းကျော် သံဃာတော်များ၏ ကိုယ်စား သာသနာရေး သာသနာ့ကိစ္စ အရပ်ရပ်ကို တာဝန်ခံ၍ ဆောင်ရွက်ရသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သည် နိုင်ငံတော်အတွင်း၌ ဓမ္မရေးရာ ပြဿနာဖြစ်သော ဝိဝါဒါဓိကရုဏ်းကိစ္စရပ်များကို အေးငြိမ်းစေရန် အလို့ငှာ ဓမ္မ ဝိနယနှင့် လည်းကောင်း၊ အစိုးရဥပဒေနှင့် လည်းကောင်း နှစ်ဘက်နှစ်လမ်း အကျုံးဝင်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့များ ဖွဲ့စည်းပေးခဲ့ပေသည်။
၇။ ထိုဝိနည်းဓိုရ်အဖွဲ့များအနက် အမှတ်(၁)အဖွဲ့က ကျောက်သင်္ဘောဝါဒကို ဆုံးဖြတ်ပေးခဲ့ပြီးဖြစ်၏၊ ယခု အမှတ်(၂)ဝိနည်းဓိုရ် အဖွဲ့က လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒ၊ ရွှေအဘိဓမ္မာဝါဒ ဆိုသည်တို့ကို စီရင်ဆုံးဖြတ် ဝိနိစ္ဆယ ချမှတ်ပေးခဲ့ပေသည်။
၈။ ဤကိစ္စနှင့် စပ်၍ အနည်းငယ်ပြောကြားလိုသည်မှာ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့က သူတို့ကို ဝိနည်းဓိုရ်ရုံးမတင်ပါနှင့်၊ မဟာနာယက ဆရာတော်များကပဲ ဆုံးမပါ၊ နာခံပါ့မယ် ဆိုတဲ့ စာကို လာတင်ခဲ့ဖူးပေသည်၊ ဤကိစ္စနှင့် ပတ်သတ်၍ ဆရာတော်တို့ လေးလေးနက်နက် စဉ်းစားခဲ့ကြသည်၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သည် အရင်းအမြစ်နှင့်တကွ ဝိဝါဒါဓိကရုဏ်းဖြစ်အောင် ဖန်တီးနေပုံကိုပါ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ခဲ့ကြသည်၊ ဤကဲ့သို့ သုံးသပ်သောအခါ အောက်ပါ အချက်နှစ်ရပ်ကို တွေ့ရပေသည်-
(က) တစ် အချက်က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ အနေဖြင့် မိမိဆန္ဒရှိရာ သဘောအတိုင်း လုပ်ခွင့်မရှိ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတို့နှင့် အညီသာလျှင် လုပ်ပိုင်ခွင့် ရှိသည်ဟူသော အချက်ဖြစ်၏၊
(ခ) နှစ် အချက်က သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သည် အလွန်အခြေခံခိုင်သည်၊ ဘုရားသာသနာနှင့် မဆိုင်ဟူ၍ ပကာသနိယကံ ပြုထားသော ဒါယကာ ဒါယကာမတို့က မကြည်ညိုနိုင်ဟု အပ္ပသာဒပဝေဒနီယကံပြုထားသော သာသနာ့ဆန့်ကျင်ဘက် တောင်တွင်းကြီးဦးဥက္ကဋ္ဌကိုမှ ရွေးပြီး ဆရာတင်ထားကြသည်၊ သမ္မာဒိဋ္ဌိအဖွဲ့ဝင်တို့၏ လုပ်နည်းလုပ်ဟန်မှာလည်း သွေးရိုးသားရိုး ဘာသာ သာသနာကို အေးချမ်းစွာ ကျင့်ကြံသူတို့၏ လုပ်ရပ်မျိုး မဟုတ်ဘဲ သူတစ်ပါးတို့အား ပုတ်ခတ်ပြီး မိမိ မဲရအောင် ဖန်တီးကြသော ရှေးခေတ် နိုင်ငံရေးသမားတို့၏ နိုင်ငံရေး လုပ်နည်းလုပ်ဟန်မျိုးဖြစ်ကြောင်း တွေ့ရသည်၊ ထို့ကြောင့် ယခုလို စာတင်ခြင်းသည် “မီးကြီးငြမ်းခို၊ ထမင်းရေပူ လျှာလွှဲ” ဆိုသကဲ့သို့အခြေအနေအရ ပျားရေနှင့် ဝမ်းလာချခြင်းသာ ဖြစ်သည်၊ တကယ်လိုက်နာမည်ဟု ယုံကြည်ရန် ခက်သည်။
၉။ ဤကဲ့သို့ သုံးသပ်တော်မူကြသဖြင့် ဆရာတော်များ၏ ပုဂ္ဂလဆန္ဒအနေဖြင့် သနားကရုဏာ ငဲ့ညှာလိုလှပါသော်လည်း နှစ်ဘက်အခြေအနေအရ ယခုလို ဝိနည်းဓိုရ်ရုံးဖွဲ့၍ စစ်ဆေးဆုံးဖြတ်စေခဲ့ခြင်း ဖြစ်ပေသည်၊ အကယ်တန္တု သံဃမဟာနာယကထံ တင်လာသော စာထဲမှာ ပါသကဲ့သို့ ဆရာတော်ကြီးများ ဆုံးမရာကို နာခံမည်ဆိုသည့်အတိုင်း သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင် လူကြီးများမှာ ရိုးသားဖြူစင်သော စိတ်ထားရှိရိုးမှန်လျှင် ယခု ဝိနည်းဓိုရ်ဆရာတော်ကြီးများက ပညာရှေ့သွား မေတ္တာထား၍ ရေးသားဆုံးဖြတ် ဆုံးမအပ်သည်တို့ကို ရှေ့တွင်တစ်မျိုး ကွယ်ရာတစ်မျိုး မလုပ်ဘဲ အမှန်တကယ် လိုက်နာကြလိမ့်မည်ဟု ဆရာတော်တို့ မျှော်လင့်ပေသည်၊ အထက်က ဆရာတော် ဆိုခဲ့သည့်အတိုင်း ဓမ္မစက်ကို သူတော်ကောင်းတို့ကသာ လိုက်နာသည်၊ အာဏာစက်ကိုမူ မသူတော်တို့လည်း မလိုက်နာမနေရ လိုက်နာကြရပေလိမ့်မည်၊ သို့ဖြစ်၍ ဤသီးခြား ဝိနိစ္ဆယရုံးတော်၏ ဆုံးဖြတ်ချက်သည် သူတော်ကောင်းကို ပိုကောင်းစေပြီး သူယုတ်မာကို သူတော်ကောင်း ဖြစ်လာစေမည့် ဆုံးဖြတ်ချက် ဖြစ်ပေသည်။
၁၀။ ဤလူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယသည် အဂတိတရားလေးပါးကင်းပေသည်၊ ကင်းပုံမှာ ဓမ္မရေးရာပြဿနာဖြစ်၍ မည့်သည့်ပုဂ္ဂိုလ်ကိုမျှ ချစ်ခင်ငဲ့ညှာစရာ မလိုသဖြင့် ဆန္ဒာဂတိကင်းပေသည်၊ သခင်မြတ်ဆိုင်က ဝိနည်းဓိုရ်ရုံး ပျက်စေရန်နှင့် ၂၅၀၀-သာသနာနှင့် ရဟန်းသံဃာတော်များအပေါ် အာဃာတကြီးမားလှစွာဖြင့် ဟိုစာတင် ဒီစာဖြန့် လုပ်ခြင်းသည် ဆရာတော်ကြီးများ၏ သမာဓိကို မတုန်လှုပ်စေနိုင်သဖြင့် ဒေါသာဂတိလည်း ကင်းပေသည်၊ ဆရာတော်ကြီးများ၏ ဘဝသည် မည်သူ့ကိုမျှ ကြောက်စရာမလိုသည့် အနေအထားတွင်ရှိ၍ ဘယာဂတိလည်း ကင်းပေသည်၊ ဝိနည်းဓိုရ် ဆရာတော်ကြီးများသည် ဘာသန္တနှင့်တကွ ပိဋကတ်ကျမ်းဂန် စွမ်းသန်တော်မူရုံမျှမက မပြတ်လေ့လာ ဆည်းပူးလျက် ရှိသည့်အပြင် ယခု ဝိနိစ္ဆယကို လေးလတာမျှ အချိန်လုံလုံလောက်လောက်ယူပြီး ကျကျနန ရေးသားစီရင်တော်မူသည့် အတွက်ကြောင့် မောဟာဂတိလည်း ကင်းပေသည်။
၁၁။ နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများနှင့် ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏ ဆောင်ရွက်ချက်သည် နိဂ္ဂဟေ နိဂ္ဂဟိတဗ္ဗံ-နှိပ်ထိုက်သူကို နှိပ်ရမည်၊ ပဂ္ဂဟေ ပဂ္ဂဟိတဗ္ဗံ- မြှင့်ထိုက်သူကို မြှင့်ရမည်ဟူသော တရားတော်နှင့်အညီသာ ဖြစ်သည်၊ ထို့ပြင် အဘူတံ အဘူတတော နိဗ္ဗေဋ္ဌေတဗ္ဗံ= မဟုတ်မမှန်သည်ကို မဟုတ်မမှန်သည့်အကြောင်း ဖြေရှင်းရမည်ဟူသော ဗုဒ္ဓမြတ်စွာဘုရား၏ ဩဝါဒ ညွှန်ကြားချက်နှင့်လည်း အညီသာ ဖြစ်ပေသည်။
၁၂။ ယခုလို ရဟန်း၊ ရှင်၊ လူ ပြည်သူတို့အကျိုးငှာ ဗုဒ္ဓသာသနာ(ဘုရားအဆုံးအမတော်ကြီး) သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဓမ္မစက် အာဏာစက်တို့ဖြင့် ထက်ထက်မြက်မြက် ဆောင်ရွက်ခွင့်ရအောင် မိမိ ပင်ပန်းဆင်းရဲမှုကို ပဓာနမထားဘဲ ဤကမ္ဘာအေးမှာ ဝါဆို၍ လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယကို ရေးသားပြုစု ဆုံးဖြတ်ချမှတ်တော်မူကြသော ထားဝယ်မြို့၊ ဃောသိတာရုံကျောင်းတိုက် ဆရာတော်ဘုရားကြီး အမှူးရှိသော သီးခြား ဝိနည်းဓိုရ်ဆရာတော် ၅-ပါးတို့၏ စေတနာ၊ ဆန္ဒ၊ ဇွဲ၊ လုံ့လ၊ ပညာဉာဏ်၊ ပဋိဘာန်တို့ကိုလည်း ချီးကျူးပါသည်၊ ထို့ပြင် ဤဝိနိစ္ဆယ အောင်မြင်ရေးအတွက် အဘက်ဘက်က ကူညီခဲ့ကြသော ပုဂ္ဂိုလ်များအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကိုယ်စား ကျေးဇူးတင်ပါသည်။
၁၃။ အထူးသဖြင့် ဤနိုင်ငံတော်၌ မပေါ်ပေါက်ခဲ့ဖူးသေးသော သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် စနစ်တကျ ပေါ်ပေါက်စေပြီး မဆုံးဖြတ်ခဲ့ဖူးသေးသော ယခုလို သာသနာတော်တစ်ရပ်လုံးနျင့် သက်ဆိုင်သည့် ဓမ္မရေးရာ အဆုံးအဖြတ်မျိုး ချမှတ်နိုင်အောင် အာဏာစက် အကူအညီပေးပေသော နိုင်ငံတော် အစိုးရအားလည်း တစ်သိန်းကျော် သံဃာတော်တို့၏ကိုယ်စား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ကိုယ်စား ကျေးဇူးဥပကာရ အထူးတင်လျက် အစဉ်မေတ္တာပို့သလျက် ရှိကြောင်း နိဂုံးချုပ် မိန့်ကြားလိုက်ပါသည်။
၁၃၄၃-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၂)ရက်။
၁၉၈၁-ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အလှည့်ကျ အကျိုးတော်ဆောင်
ဆရာတော် ဦးခမာဝုဓ၏ ဝိနိစ္ဆယ အကျဉ်းချုပ် သုံးသပ်ချက်နှင့်
စုဒိတကပုဂ္ဂိုလ်များ နှလုံးသွင်းဖွယ် ဩဝါဒ
ဝိနိစ္ဆယ အကျဉ်းချုပ်ကို မိန့်ကြားရေးကိစ္စနှင့် ပတ်သတ်၍ ဝိနိစ္ဆယ နိဂုံး သုံးသပ်ချက်တွင် အောက်ပါအတိုင်း ပါပြီးဖြစ်နေပါတယ်။
ယင်း လူသေလူဖြစ် ဝါဒါနုဝါဒ (လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ ၎င်း၏ နောက်လိုက်ဖြစ်သော သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသီ စသူတို့၏ ဝါဒ) သည် ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မ အာဂမယုတ္တိများနှင့် လည်းကောင်း၊ လေးနက်ကျယ်ပြန့်သော သဘာဝယုတ္တိများနှင့် လည်းကောင်း မလျော်ကန်အောင် ဖောက်ပြန်ယွင်းကွက် ဆန့်ကျင်ဘက်ဖြစ်သော အဓမ္မဝါဒသာ ဖြစ်သည်ဟု နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ်ဆရာတော်များအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) ရုံးတော်သို့ သက်သေခံတင်ပြသော လူသေလူဖြစ် ဝါဒါနုဝါဒဆိုင်ရာ စာအုပ် စာတမ်း စာစောင် တိတ်ခွေများနှင့်တကွ ဤရုံးတော်သို့ သက်သေခံပစ္စည်းအဖြစ် ရောက်မလာသော ထိုဝါဒဆိုင်ရာ စာအုပ် စာတမ်း စာစောင် တိတ်ခွေနှင့် ကျောက်စာ စသည်၌ ပါရှိသော ရေးသားချက်များသည်လည်း ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မနှင့် ဆန့်ကျင်ဘက်များဖြစ်၍ ထိုစာအုပ် စာတမ်း စာစောင် တိတ်ခွေ ကျောက်စာ စသည်တို့သည် အဓမ္မဝါဒကို ဖော်ပြရာဖြစ်သောကြောင့် အဓမ္မပစ္စည်းများ ဖြစ်ကြောင်း နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ် ဆရာတော်များအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
ထိုလူသေလူဖြစ် ဝါဒါနုဝါဒ (လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသီတို့၏ ဝါဒစသည်)ကို ရေးသားဟောပြော ဖြန့်ဝေကြသော သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည် လည်းကောင်း၊ ထိုလူသေလူဖြစ် ဝါဒါနုဝါဒကို လိုက်နာ၍ ပြုလုပ်ကြသော သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည်လည်းကောင်း၊ ထိုလူသေလူဖြစ် ဝါဒါနုဝါဒကို လိုလားနှစ်သက်စွာ ထောက်ခံအားပေးကြသူ သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည် လည်းကောင်း အဓမ္မဝါဒီတို့သာ ဖြစ်ကြကုန်၏ ဟူ၍ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဝိနည်းဓိုရ် ဆရာတော်ကြီးများ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်-
ဟု တွေ့ရှိရပါသည်၊ ဒီတော့ စုဒိတက ဖြစ်တော်မူကြကုန်သော ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ နှလုံးသွင်းဖွယ်ရာဖြစ်တဲ့ ဩဝါဒစကားကို မိန့်ကြားပေးပါမယ်။
ယခု အစည်းအဝေးမှာ ရောက်လာကြတဲ့ သံဃာတော်များနှင့်တကွ သက်ဆိုင်ရာ ဒကာ ဒကာမများ စဉ်းစားစရာက ဒီပွဲဟာ ဘာပွဲလဲ၊ လုပ်ဆောင်ရမဲ့ကိစ္စကို အခြေခံကျကျ စီစဉ်ပြောပြရလျှင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က သံဃာတစ်သိန်းကျော်တို့၏ ဆန္ဒအရ ရေးဆွဲပေးထားတဲ့ ဥပဒေနှင့်အညီ သီးခြား ဝိနည်းဓိုရ် အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်၊ ဥက္ကဋ္ဌ ဆရာတော်ကြီး၏ မိန့်ကြားချက်မှာ ပါတဲ့အတိုင်း သခင်မြတ်ဆိုင်တို့က ဒီဝါဒဟာ ဒါလောက် ခုံရုံးတော်ရောက်ဖို့ မလိုပါဘူးတဲ့၊ သက်သက်ညှာညှာနဲ့ဆုံးမဩဝါဒ စကားပြောလိုက်ယင် ပြီးမှာပဲလို့ လွယ်လွယ်ပဲ သူတို့ပြောလိုက်ကြတာပါပဲ၊ ဒါပေမဲ့ ဤနေရာမှာ ဥပဒေအတွင်းက လုပ်နေကြတာဖြစ်တဲ့အတွက် ဒီနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကလဲ ဒီဥပဒေများကို ချိုးဖောက်ပြီး ကျင့်သုံးလို့ မဖြစ်ပါဘူး၊ ဘယ်လိုပဲ မေတ္တာထားထား၊ ဘယ်လိုပဲ စေတနာထားထား၊ ဒီဥပဒေကို ချိုးဖောက်ပြီးတော့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ကျင့်သုံးလို့ မဖြစ်ပါဘူး၊ ဒီလိုမဖြစ်တဲ့အတွက် ဒီအခြေဒီအနေမျိုးကို ရောက်လာကြရပါတယ်ဆိုတာ ဥက္ကဋ္ဌဆရာတော်ကြီး မိန့်ကြားတဲ့ အထဲမှာ ပါဝင်ပြီး ဖြစ်သွားပါပြီ၊ ဒါကြောင့် မိမိတို့ လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ ဘုန်းကြီး ဘုန်းကြီး လူ လူ အသိဉာဏ်မှီကြတဲ့ ပုဂ္ဂိုလ်တွေ မှန်သမျှ ရှေးဆရာသမားများ ဆုံးမသွားတဲ့-
“ကျိုးမဲ့ပြုလွယ်၊ ကျိုးရှိပြုခက်၊ ဤနှစ်ချက်၊ မပျက်သတိထား” -
ဆိုတဲ့ ဩဝါဒကို သတိပြုဆင်ခြင်ဖို့ကောင်းပါတယ်၊ အကျိုးမဲ့ကို ပြုလွယ်သလောက် အကျိုးရှိတာကို ပြုနိုင်ဖို့ ခဲယဉ်းတတ်ပါတယ်၊ ရှေးဆရာသမားများက ဒီဆုံးမဩဝါဒစကားကို ဘာကြောင့် ပေးသွားပါသလဲလို့ သေသေချာချာ စဉ်းစားကြည့်တဲ့အခါ -
သုကရံ သာဓုနာ သာဓု၊ သာဓု ပါပေန ဒုက္ကရံ။
ပါပံ ပါပေန သုကရံ၊ ပါပမရိယေဟိ ဒုက္ကရံ။
ဆိုတဲ့ ဥဒါန်းပါဠိတော်မှာပါတဲ့ ဘုရားဟောဂါထာကို သွားတွေ့ပါတယ်၊ “ကျိုးမဲ့ပြုလွယ်၊ ကျိုးရှိပြုခက်” ဆိုတဲ့ မြန်မာလင်္ကာ စာပိုဒ်ကလေးက သာဓု ပါပေန ဒုက္ကရံနှင့် ပါပံ ပါပေန သုကရံ- ဆိုတဲ့ ဒုတိယပါဒ တတိယပါဒတို့နှင့် တစ်ထပ်တည်း တူညီနေပါတယ်၊ ဒီတော့ မိမိတို့ရဲ့ ကိုယ်အမူအရာနဲ့လုပ်တဲ့ ကိစ္စ၊ နှုတ်အမူအရာနဲ့ ပြောတဲ့ ကိစ္စ၊ စိတ်အမူအရာနဲ့ ကြံတဲ့ ကိစ္စတွေမှာ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု ပြုတိုင်း ပြုတိုင်း ပြောတိုင်း ဆိုတိုင်း လှုပ်ရှားတိုင်း ကြံစည်တိုင်း ကျိုးမဲ့ပြုလွယ် ကျိုးရှိပြုခက်တွေ ဖြစ်တတ်ကြပါတယ်။ အဲဒီအချက်ကို ပုဂ္ဂိုလ်သတ္တဝါတိုင်း သတိထားရမှာ ဖြစ်ပါတယ်။
ကျိုးမဲ့ပြုလွယ် ဆိုတဲ့အတိုင်း အကျိုးမဲ့တဲ့အမှုကို လွယ်လွယ်ပဲ ပြုတတ်ကြပါတယ်၊ ပါးစပ်က ပြောရမှာလဲ မကြောက် ကိုယ်အမူအရာနဲ့ ပြုရမှာလဲ မကြောက် နှုတ်အမူအရာနဲ့ ပြောရမှာလဲ မကြောက် လွယ်လွယ်ပဲပြော လွယ်လွယ်ပဲ အပြစ်တင် တတ်ကြပါတယ်၊ အဲဒီအမှုတွေ မှန်သမျှ အမဲစက်ထင်သွားပြီ ဖြစ်ပါတယ်၊ ဒီအမဲစက်ကို ဖြူစင်သန့်ရှင်းသွားအောင် တစ်ဖန်ပြန် အားထုတ်ဖို့ရာ သိပ်လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး၊ ဒါကြောင့် ဘယ်နေရာမဆို ဘယ်ကိစ္စမျိုးမဆို “ကျိုးမဲ့ပြုလွယ်၊ ကျိုးရှိပြုခက်၊ ဤနှစ်ချက်၊ မပျက်သတိထား” ဆိုတဲ့ ဩဝါဒကို နှလုံးသွင်းစေချင်ပါတယ်။
နောက်တစ်ချက်က မိမိတို့ထက် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်အားဖြင့် ကြီးမားတော်မူကြတဲ့ ရတနာသုံးပါးကို ကြည်ညိုကြ မြတ်နိုးကြ အားကိုးကြတဲ့နေရာမှာ သတိထားဖို့ အထူးအရေးကြီးပါတယ်၊ သတိထားဖို့ ဆိုရာမှာလဲ ကိုယ်နှစ်သက်ရာ ကိုယ်မြတ်နိုးရာ ကိုယ်အားကိုးရာဖြစ်တဲ့ အထည်ဒြပ်ဝတ္ထုပစ္စည်းမှာ -
(က) ကြည်ညိုတတ်တဲ့ ကြည်ညိုမဲ့ပုဂ္ဂိုလ်၊
(ခ) အကြည်ညိုခံရမဲ့ ဝတ္ထု ဒြပ် နှစ်မျိုး ကွဲသွားပါတယ်၊
ဒီတော့ ကြည်ညိုတတ်တဲ့ ပုဂ္ဂိုလ်နေရာက ဘုန်းကြီး ဝေဖန်ပြချင်တာပါ၊ ကြည်ညိုတတ်တဲ့နေရာမှာ သုံးမျိုးသုံးစားရှိကြောင်း ထေရဝါဒပိဋကတ် သုတ်မဟာဝါအဋ္ဌကထာ(၃၇၇)မှာ ပြဆိုထားပါတယ်။
(က) ဗလဝသဒ္ဓေါ ဟိ မန္ဒပညော မုဓပ္ပသန္နော ဟောတိ၊ အဝတ္ထုသ္မိံ ပသီဒတိ။
(ခ) ဗလဝပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ၊ ဘေသဇ္ဇသမုဋ္ဌိတော ဝိယ ရောဂါ အတေကိစ္ဆော ဟောတိ။
(ဂ) ဥဘိန္နံ သမတာယ ဝတ္ထုသ္မိံ ယေဝ ပသီဒတိ။
၁။ ယုံကြည်မှုအားကောင်းပြီး အသိဉာဏ်ပညာအားနည်းသူ၏ ကြည်ညိုခြင်းမျိုး (အားကိုးခြင်းမျိုး) သည် အချည်းနှီးသော ယုံကြည်မှု ဖြစ်သည်၊ မကြည်ညိုထိုက် မမြတ်နိုးထိုက်သော ပုဂ္ဂိုလ်မျိုးကို ဆရာတင်၍ ကြည်ညိုတတ်၏၊ ထိုပုဂ္ဂိုလ်မျိုးကို သဒ္ဓါအားကောင်းပြီး ဉာဏ်ပညာ အသိတရား မပါသောကြောင့် အချည်းနှီး ကိုးကွယ်သူဟု ခေါ်ဆိုရသည်။
၂။ ဒုတိယ အမျိုးအစားပုဂ္ဂိုလ်က-
ဗလဝပညော=တွေးတတ်ခေါ်တတ် ကြံစည်တတ်တဲ့ အသိဉာဏ်တွေကတော့ အားကောင်းပါ၏၊
မန္ဒသဒ္ဓေါ=ယုံကြည်မှုကတော့ အလွန်အားနည်း၏၊ အတွေးအခေါ်တွေ ကြံစည်မှုတွေ ဝေဖန်မှုတွေ သိပ်များတယ်၊ ဒါပေမဲ့ ယုံကြည်မှု သဒ္ဓါတရားကျတော့ သူ့မှာ အင်အားမရှိပါဘူး၊ သဘောတရားရေး ဆရာကြီးလို့ အမည်ခံပေမဲ့ အဲဒီပုဂ္ဂိုလ်မျိုးဟာ ကေရာဋိကပက္ခံ ဘဇတိ=ကောက်ကျစ်စဉ်းလဲသော အဖို့အစုသို့ ရောက်တတ်ပါတယ်။
လောကဥပမာအားဖြင့် ပြောရလျှင်-
ဘေသဇ္ဇသမုဋ္ဌိတော= ဆေးကြောင့်ဖြစ်သော
ရောဂါဝိယ = ရောဂါကဲ့သို့
အတေကိစ္ဆော=ဆေးကုရမလွယ်ပါဘူး၊
ယခုခေတ်ကြီးမှာ နေရာတကာ ဝေဖန်ရေးဆရာတွေ သိပ်ပေါတယ်၊ ဒါပေမဲ့ ဝေဖန်မှုတစ်ခုသာရှိပြီး ယုံကြည်မှု သဒ္ဓါတရားမပါလျှင် ကောက်ကျစ်စဉ်းလဲတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်၊ ဆေးကြောင့်ဖြစ်တဲ့ ဆေးလွန်နာ အကုရခက်သလို ဒီလူစားမျိုးက ပြောရဟောရခက်တယ်၊ မိစ္ဆာသဘောတရားတွေ ကိန်းနေတတ်တယ်။
၃။ တတိယပုဂ္ဂိုလ်မျိုးက ယုံကြည်မှု သဒ္ဓါတရားလဲ အားကောင်းတယ်၊ ချင့်ချိန်ဝေဖန်မှု အသိဉာဏ်ပညာလဲ ကြွယ်ဝတယ်၊ အဲဒီလို သဒ္ဓါ၊ ပညာ နှစ်ဖြာမျှတတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ဖို့ အရေးကြီးပါတယ်။
သတ္တလောကကြီးအတွင်းမှာ သတ္တဝါရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင်ကို ကိုယ်က မှီရတာလဲ ရှိတယ်၊ ပတ်ဝန်းကျင်က အသိုင်းအဝိုင်းက ကိုယ့်ကို ပြန်ပြီး မှီခိုရတာလဲ ရှိတယ်၊ သူများက” ကိုယ့်ကို မှီခိုတဲ့အခါမှာ ကိုယ်ကမှီအပ်တဲ့ပုဂ္ဂိုလ် မှီသင့်တဲ့ ပုဂ္ဂိုလ် မှီထိုက်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ ပိုပြီး ကိုယ်ကျင့်တရားမြဲဖို့ အရေးကြီးပါတယ်၊ ကိုယ်က သူတစ်ပါးကို မှီရတဲ့အခါမှာလဲ ကိုယ်မှီနေတဲ့ ဆရာဖြစ်သူသည် ဘုရားဟောဝါဒ ကိုယ်ကျင့်တရားနှင့် ညီမျှသူ ဟုတ်ရဲ့လား၊ ဒါကို ပထမ စဉ်းစားရမယ်၊ အတွေးအခေါ်တတ်ရုံ ပညာရှိရုံနဲ့ ဆရာကောင်းလို့ မဆိုနိုင်သေးဘူး၊ ကိုယ်ကျင့်တရားကောင်းဖို့ကလည်း အရေးကြီးသေးတယ်။
ဘယ်နေရာမှာဖြစ်ဖြစ် ဝေဖန်တယ်၊ စိစစ်တယ်၊ ဝေဖန်စိစစ်ပြီးမှ ဒို့က လက်ခံတယ်လို့ ကိုယ့်ဘက်က ထင်နေပေမဲ့ မိစ္ဆာ သမ္မာမကွဲယင် အချည်းနှီးပ၊ဲ ကျမ်းဂန်တွေမှာ ပြဆိုထားတာက ပုထုဇဉ်ပုဂ္ဂိုလ်များသည် မိမိတို့ သန္တာန်မှာ ဖြစ်ပေါ်လာသော အသိတရားမှန်သမျှကို အားလုံး ပညိန္ဒြေချည်းထင်နေတတ်တယ်တဲ့၊ အသိတရားတိုင်း ပညာမဟုတ်ဘူး၊ အသိက မိစ္ဆာသိ၊ သမ္မာသိ နှစ်မျိုးရှိတယ်၊ သိတာတွေ မှန်သမျှ ကိုယ်က သမ္မာသိချည်း ဆုံးဖြတ်ထားလို့ မရနိုင်တဲ့ အကြောင်းကို -
မိစ္ဆာဉာဏေတိ ဧတ္ထ မိစ္ဆာဉာဏန္တိ ပါပကိရိယာသု ဥပါယစိန္တာဝသေန သုကတံ ကမ္မံ ဣတိ ပစ္စေဝေက္ခဏာကာရေန ဥပ္ပန္နော မောဟော ဝေဒိတဗ္ဗော-
လို့ အဋ္ဌကထာဆရာက ဖွင့်ပြထားပါတယ်။
မိစ္ဆာဉာဏ်ဟူသည် ဘာလဲ (=အမှားသိဆိုတာ ဘာလဲ)၊ မဟုတ်တာလုပ်မယ်၊ မကောင်းတာ ကြံစည်မယ်၊ မကောင်းတာပြောမယ်၊ တလွဲတစောင်း အားထုတ်မယ်ဆိုရင် အဲဒီနေရာမှာ ပေါ်လာသော အသိဉာဏ်ဟူသမျှ မိစ္ဆာဉာဏ်ပဲ၊ အရကောက်တော့ မောဟပဲ၊ ဒီမောဟက ပုထုဇဉ်တွေကို ပညိန္ဒြေယောင်ယောင်နဲ့ ဟန်ဆောင်တတ်တယ်၊ ဒါကြောင့် မသိမှု အဝိဇ္ဇာ မောဟ ဦးစီးမှုကြောင့် မိမိတို့ သိထားတဲ့ အသိတရားမှန်သမျှကို ပညိန္ဒြေချည်းလို့ မအောက်မေ့ပါရန် ဘုန်းကြီးက သတိပေးပါတယ်၊
နောက်တစ်ချက်က မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး သာသနာသက္ကရာဇ် (၂၁၈)နှစ် မြောက်လောက်မှာ သာသနာ့အရေခြုံတွေ သာသနာထဲဝင်ပြီး မွှေနှောက်ခြောက်ခြားခဲ့လို့ သာသနာ့အရေးအခင်းကြီး ကြုံခဲ့ရပုံအကြောင်းကို ဝိနိစ္ဆယ ချမှတ်တဲ့အထဲမှာ ဘုန်းကြီးများ ကြားလိုက်ရပါတယ်၊ အလွန် သံဝေဂဖြစ်ဖွယ် ကောင်းပါတယ်။
ဒီနေရာမှာ ဘုရားလက်ထက်ကပင် ဘုရားနှင့် အယူအဆ မတူမျှတဲ့ ပုဂ္ဂိုလ်တွေ ရှိခဲ့ဖူးတယ် ဆိုတဲ့ အကြောင်းကို ဘုန်းကြီးက သာဓကကလေး တစ်ခု ထုတ်ပြချင်ပါတယ်။
မြတ်စွာဘုရားသခင် သာကေတမြို့၊ အဉ္ဇနဝန အမည်ရတဲ့ မိဂဒါဝုန်တောမှာ သီတင်းသုံးနေထိုင်တော်မူစဉ် ကုဏ္ဍလိယ အမည်ရှိတဲ့ ပရဗိုဇ်တစ်ဦး ရောက်လာပါတယ်၊ ဒီပရဗိုဇ်ဟာ အရံတစ်ခုမှ အရံတစ်ခုသို့ ဥယျာဉ်တစ်ခုမှ ဥယျာဉ်တစ်ခုသို့ တစ်လမ်းမှ တစ်လမ်းသို့ ရပ်ကွက်တစ်ခုမှ ရပ်ကွက်တစ်ခုသို့ လှည့်လည်ပြီး သူ့အယူဝါဒတွေကို ဟောပြောလေ့ရှိပါတယ်၊ သူတစ်ပါးအယူဝါဒကို နှိမ်၍ မိမိ အယူအဆ မှန်ကန်ကြောင်း သက်သေပြဖို့ နေ့စဉ် လှည့်လည်ပါတယ်၊ သူ၏ တပည့်များကိုလည်း -
“သူများက ဒီလိုမေးရင် မင်းတို့က ဟောဒီလို ပြန်ဖြေပါ၊ သူများက ဒီလို ယူဆရင် မင်းတို့က ဒီလို ပြန်ဖြေရှင်းပါ” စသည်ဖြင့် သဘောတရားတွေ ပေးလေ့ ရှိပါတယ်၊ အဲဒီ ကုဏ္ဍလိယ ပရိဗိုဇ်ဟာ တစ်နေ့သောအခါ မြတ်စွာဘုရားထံ ရောက်သွားပြီး ဒီလို မေးပါတယ်။
ကုဏ္ဍလိယ -အရှင်ဂေါတမသည် အဘယ် အကျိုးရှိ၍ နေပါသနည်း။
ဘုရား -အသိဉာဏ်ဝိဇ္ဇာ ကိလေသာမှ လွတ်မြောက်မှု ဝိမုတ္တိ ဟူသော အကျိုးအာနိသင် ရှိ၍သာ နေ၏၊
ကုဏ္ဍလိယ -အဘယ်တရားကို ပွားများလျှင် ဝိဇ္ဇာဝိမုတ္တိ ဖြစ်နိုင်ပါသနည်း။
ဘုရား -ဗောဇ္ဈင်ခုနစ်ပါးတရားကို ပွားများလျှင် ဝိဇ္ဇာဝိမုတ္တိ ဖြစ်နိုင်၏၊
ကုဏ္ဍလိယ -ဗောဇ္ဈင်ခုနစ်ပါး ဖြစ်ပေါ်လာအောင် အဘယ်တရားကို ပွားများရပါမည်နည်း။
ဘုရား -ဗောဇ္ဈင်ခုနစ်ပါးတရားဖြစ်လာအောင် သတိပဋ္ဌာန်တရားကို ပွားများရပါမည်။
ကုဏ္ဍလိယ -သတိပဋ္ဌာန်တရားကို ပွားများနိုင်အောင် အဘယ်တရားကို လေ့လာကျင့်သုံး ရပါမည်နည်း။
ဘုရား -သုစရိုက်တရား (၃)ပါးကို လေ့လာကျင့်သုံးရမည်။
ကုဏ္ဍလိယ -သုစရိုက်တရားဖြစ်ပေါ်လာအောင် အဘယ်တရားကို စောင့်ရှောက်ရမည်နည်း။
ဘုရား -မျက်စိ,နား, နှာ, လျှာ, ကိုယ်, စိတ် - ဟူသော တံခါး ၆- ပေါက်လုံအောင် ပိတ်ခြင်း ဣန္ဒြိယသံဝရသီလကို စောင့်ရှောက်ရပါမည်။
ဒေသနာကို အပြန်ကောက်ယူလိုက်သော် ဒုစရိုက် တရား ၁၀-ပါးကို မဖြစ်အောင် ထိန်းသိမ်းလျှင် သုစရိုက်တရားဖြစ်၏၊ သုစရိုက်တရားဖြစ်လျှင် သတိပဋ္ဌာန်ပွားများရာ ရောက်၏၊ သတိပဋ္ဌာန်ပွားများလျှင် ဗောဇ္ဈင် (၇)ပါး ဖြစ်၏၊ ဗောဇ္ဈင်(၇)ပါး ပွားများလျှင် ဝိဇ္ဇာဝိမုတ္တိဖြစ်၏ ဟူလို။
ဒီတရား ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ခရီးစဉ်တစ်လျှောက်လုံး မြတ်စွာဘုရား၏ အယူဝါဒကို တွန်းလှန်ဖြိုဖျက်လာခဲ့တဲ့ ကုဏ္ဍလိယ ပရဗိုဇ်ဟာ အသိတရားဝင်ပြီး သူ၏ မှားယွင်းနေသော အယူအဆဟောင်းကို တစ်ခါတည်း စွန့်လိုက်ပါတယ်၊ ဥပါသကာလို့ မှတ်တော်မူပါ၊ ဗုဒ္ဓ ဓမ္မ သံဃာကို အသက်ထက်ဆုံး ဆည်းကပ်သူအဖြစ် အသိအမှတ် ပြုတော်မူပါလို့ လျှောက်ထားပြီး ဗုဒ္ဓသာသနာတော် အတွင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။
အခုလဲပဲ စုဒိတက ပုဂ္ဂိုလ်များအနေဖြင့် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)၏ အဆုံးအဖြတ်ကို နာခံပြီး မိမိတို့၏ အယူအဆ အတွေးအခေါ် အလေ့အလာ စသည်တို့ကို စွန့်လွှတ်ကြပြီးတော့ ထေရဝါဒ ဗုဒ္ဓသာသနာကို ကြည်ညိုတတ်တဲ့ မြတ်နိုးတတ်တဲ့ ပုဂ္ဂိုလ်တွေ အဖြစ်သို့ ရောက်ကြပါစေလို့ ဘုန်းကြီးက ဩဝါဒစကား မိန့်ကြား လိုက်ပါတယ်။
သာဓု၊ သာဓု၊ သာဓု
အဓမ္မဝါဒ စွန့်လွှတ်ပြီးသော ဆရာတော်များ
သံဃာ့အဖွဲ့အစည်းတွင် ပါဝင်ရေးနှင့် စပ်လျဉ်း၍
အကျိုးတော်ဆောင် ဆရာတော်၏ ရှင်းလင်းမိန့်ကြားချက်
သံဃာ့ အဖွဲ့အစည်း အခြေခံ စည်းမျဉ်း အခန်း(၂) အပိုဒ်(၅)မှာ -
“ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးရှိ ထေရဝါဒ သံဃာ့ဂိုဏ်း အသီးသီးမှ ရဟန်းသံဃာ ဟူသမျှသည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်း အတွင်း၌ အလိုအလျောက်ပါဝင်ပြီး ဖြစ်သည်ဟု မှတ်ရမည်”
လို့ ဆိုထားပါတယ်၊ အဲဒီလိုဆိုထားတော့ မူလက အရှင်ဘုရားများနှင့်တကွ လူသေလူဖြစ်ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒ၊ ကျောက်သင်္ဘောဝါဒ၊ ကြောင်ပန်းဝါဒ အစရှိတဲ့ အယူဝါဒတွေ ကွဲလွဲနေကြတဲ့ သံဃာတော်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေစည်းမျဉ်းအရ သံဃာ့အဖွဲ့အစည်းမှာ မထည့်သွင်းဘဲ ချန်ထားခဲ့ပါတယ်၊ အဲဒီလို ချန်ထားခဲ့ခြင်းဟာလည်း သံဃာတစ်သိန်းကျော်၏ ဆန္ဒအရ ဥပဒေစည်းကမ်း၏ ခိုင်းစေချက်ကြောင့် ချန်ထားခဲ့ရခြင်း ဖြစ်ပါတယ်၊ သံဃာ့ အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်(၁၁)တွင်-
“ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံအတွင်း သီတင်းသုံး နေထိုင်သော သံဃာတော် ဟူသမျှသည် မိမိတို့နှင့် သက်ဆိုင်သော ဂိုဏ်းများတွင် လည်းကောင်း၊ ဤအခြေခံစည်းမျဉ်းအရ ဖွဲ့စည်းထားသော နာယက အဖွဲ့တစ်ဖွဲ့ဖွဲ့နှင့်သော်လည်းကောင်း သက်ဆိုင် အကျုံးဝင်စေရမည်၊ သီးခြားကင်းလွတ်၍ သီတင်းသုံး နေထိုင်ခွင့်မရှိ”
လို့ အတိအလင်းဆိုထားပါတယ်၊ ဒီ စည်းမျဉ်းအရ ယခု စုဒိတကများအဖို့ သံဃာ့အဖွဲ့အစည်းတစ်ခုခုမှာ ပါဝင်ရမည်ဖြစ်သော်လည်း ဓမ္မ အဓမ္မ ဝိဝါဒါဓိကရုဏ်း စိစစ်ရန်ရှိနေ၍ ဘယ်အဖွဲ့အစည်းထဲမှ မသွင်းဘဲ ချန်ထားခဲ့ရပါတယ်၊ အခုတော့ မိမိတို့အယူဝါဒမှားကို စွန့်လွှတ်ပြီး နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးနှင့် တကွ အားလုံး သံဃာတော်များ၏ ရှေ့မှောက်တွင် အယူဝါဒစွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးပြီး ဖြစ်တဲ့အတွက် တပည့်တော်တို့ ညွှန်ကြားလွှာ အမှတ်(၇)အပိုဒ်(၄) မှာ-
“အဆိုပါ ခေတ္တချန်လှပ်ထားသော ရဟန်းတော်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က စိစစ်ဆုံးဖြတ်ပြီးမှသာ မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို ထပ်မံ၍ ညွှန်ကြားရန်”
ဟု အပိုင်း(၄)မှာ ညွှန်ကြားထားပါတယ်။
နောက်တစ်ခါ ညွှန်ကြားလွှာ အမှတ်(၇)အပိုဒ်(၁)နှင့် (၂) တွင်လည်း-
“နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပထမအကြိမ် အထူးအစည်းအဝေးက သတ်မှတ်ရွေးချယ် ဖွဲ့စည်း ပြုလုပ်ရာ၌ ကြဉ်ဖယ်ထားသည့် ရဟန်းတော်များကို ခေတ္တချန်လှပ်ထားရန် ဆုံးဖြတ်တော်မူကြသည်”
ဟူ ၍ လည်းကောင်း၊ ယင်းကဲ့သို့ ဆုံးဖြတ်ထားသည် ဖြစ်သောကြောင့် -
“တောင်တွင်းကြီး နတ်မှီ အရှင်ဥက္ကဋ္ဌ၏ အယူဝါဒကို လက်ခံယုံကြည်နေကြသော ရဟန်းတော်များ၊ ကျောက်သင်္ဘောဆရာတော်၏ အယူဝါဒကို လက်ခံယုံကြည်နေကြသော ရဟန်းတော်များနှင့် သံဃာတော်များက ကြဉ်ဖယ်ထားသော အလားတူ ရဟန်းတော်များကို ခေတ္တ ချန်လှပ်၍ ရွေးချယ်ဖွဲ့စည်းတော်မူကြရန်”
ဟူ၍ လည်းကောင်း ညွှန်ကြားထားပါတယ်၊ ဤညွှန်ကြားချက်များအရ ယခင်ကာလများ၌ အရှင်ဘုရားတို့အား ချန်လှပ်ပြီး ထားခဲ့ရခြင်း ဖြစ်ပါတယ်။
အခုတော့ မိမိတို့၏ အယူဝါဒမှားကို နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များ၏ ရှေ့မှောက်၌ စွန့်လွှတ်ပါကြောင်း လက်မှတ်ရေးထိုးပြီး ဖြစ်တဲ့အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က အရှင်ဘုရားများကို မိမိတို့နေထိုင်ရာဒေသရှိ ဤသံဃာ့အဖွဲ့အစည်းအသင်းအပင်းကြီး လက်အောက်သို့ ရောက်သွားပါကြောင်း၊ ရောက်သွားပြီဖြစ်ကြောင်း တပည့်တော်တို့က အသိအမှတ်ပြုသည့်အပြင် သက်ဆိုင်ရာ အရှင်ဘုရားတို့၏ မြို့နယ် သံဃနာယက တိုင်းသံဃနာယကများထံသို့ တပည့်တော်တို့က တစ်ဆင့် ဘယ်ပုဂ္ဂိုလ် ဘယ်ပုဂ္ဂိုလ်များသည် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်က နိုင်ငံတော် သံဃမဟာနာယက ရှေ့မှောက်တွင် ဝါဒမှားကို စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးပြီး ဖြစ်၍ ထေရဝါဒဂိုဏ်းက လက်ခံပြီးဖြစ်ကြောင်း၊ ဒါကြောင့် အရှင်ဘုရားများ မြို့နယ်ဒေသမှာ ရှိကြသော သံဃာ့အဖွဲ့အစည်းထဲမှာ ထည့်သွင်းပြီး ဤအရှင်မြတ်များကို ရေတွက်ကြပါရန် တပည့်တော်တို့က ညွှန်ကြားပေးပါမယ်။
နောက်တစ်ခုက အရှင်ဘုရားများမှ တဆင့်သော်လည်းကောင်း၊ မိမိတို့ နေရာဌာနမှာရှိကြသော သံဃာ့ပရိသတ်ဖြစ်ဖြစ် လူပရိသတ်ဖြစ်ဖြစ် မိမိတို့၏ တပည့်များကို ဒီအယူဝါဒကို စွန့်လွှတ်ကြရန် သက်ဆိုင်ရာမြို့နယ် သံဃနာယကထံမှာ လက်မှတ်ရေးထိုးစေတော်မူကြပါလို့ တိုက်တွန်းလိုက်ပါတယ်၊ လက်မှတ်ရေးထိုးပြီးတဲ့ အကြောင်းကိုလည်း သက်ဆိုင်ရာ မြို့နယ်သံဃနာယကများမှ တဆင့် တပည့်တော်တို့ သံဃမဟာနာယကအဖွဲ့သို့ အစီရင်ခံကြရမှာ ဖြစ်ပါတယ်၊ အဲဒီလို ကျင့်သုံးတော်မူကြရသဖြင့် အရှင်ဘုရားတို့လဲ ချမ်းသာ၊ တပည့်တော်တို့လဲ ချမ်းသာ၊ သာသနာမှာ တစည်းတလုံးတည်း တညီတညွတ်တည်း အညီအညွတ် စည်းစည်းလုံးလုံးနဲ့ သာသနာရေးအတွက် လက်တွဲဆောင်ရွက်ကြဖို့ အချိန်သာ ဖြစ်ပါတော့တယ်။
အရှင်ဘုရားများအဖို့လဲ ရပ်ကွက်၊ မြို့နယ်၊ တိုင်း ဗဟို စသည့် အဖွဲ့အစည်းများတွင် နာယကဖြစ်စေ ဝန်ဆောင်ဖြစ်စေ ဝိနည်းဓိုရ် ဖြစ်စေ သင့်လျော်သလို ပါဝင်ပြီး အရွေးခံနိုင်ခွင့် ရှိပါလိမ့်မယ်၊ အခု ၅-နှစ်ပိုင်းမှာ မရ သေးလျှင် လာမည့် ၅-နှစ်ပိုင်းမှာ ရနိုင်စရာရှိပါတယ်၊ အဖွဲ့ဝင်ကတော့ ဖြစ်သွားတာ သေချာသွားပါပြီ၊ ဒီသံဃာ့အဖွဲ့အစည်း အတွင်းသို့ အရှင်ဘုရားများ ရောက်သွားပြီဆိုတာ တပည့်တော်တို့ အသိပေးလိုက်ပါတယ်။
အဓမ္မဝါဒ စွန့်လွှတ်ကြောင်း ပဋိညာဉ်ပြု
လက်မှတ်ရေးထိုးခြင်း
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)က လူသေလူဖြစ် ဦးဥက္ကဋ္ဌ ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသန ဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို အဓမ္မဝါဒ ဟူ၍ ဝိနိစ္ဆယ ချမှတ်ခဲ့ပြီးဖြစ်ရာ မိမိတို့၏ ဝါဒများကို မစိစစ်မီက ပဋိညာဉ် ပြုခဲ့သည့်အတိုင်း -
(က) အဓမ္မ ဝါဒများကို စွန့်လွှတ်ပါကြောင်း
(ခ) နောင် အနာဂတ်ကာလများ၌ ယင်း အဓမ္မဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း စသည့် အမှုတို့ကို မိမိတို့ ကိုယ်တိုင်လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် တပည့်ဒါယကာ ဒါယိကာမတို့အားလည်း မပြုလုပ်ကြစေရန် တားမြစ်ဆုံးမ ဩဝါဒပေးမည် ဖြစ်ပါကြောင်း။
(ဂ) မိမိတို့ ဝါဒဆိုင်ရာ စာအုပ် စာတမ်းများ တိတ်ခွေများ အထိမ်းအမှတ်များ စသည်တို့ကိုပါ ဖျက်ဆီးခြင်း၊ အပ်နှံခြင်းများကို ပြုလုပ်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ရှေ့မှောက်၌ ကိုယ်တိုင် ပဋိညာဉ် လက်မှတ်ရေးထိုးကြပါသည်။
စဉ်
ဘွဲ့
သိက္ခာ
အသက်
နေရပ်လိပ်စာ
ကိုယ်တိုင်လက်မှတ်
၁။
ဦးဇဝန
၆၄
၈၃
နေရှင်နယ်ကျောင်း၊ တောင်တွင်းမြို့
၂။
ဦးဇဝန
၅၅
၇၅
ငါးဆင့်အနောက်ကျောင်း၊ တောင်တွင်းကြီး
၃။
ဦးဥဇ္ဇောတိက
၄၉
၆၈
ကွင်းကျောင်း၊ ဒေးဒရဲ
၄။
ဦးဆန္ဒာဓိက
၂၀
၃၉
နတ်မှီတောရကျောင်း၊ တောင်တွင်းကြီး
အဓမ္မဝါဒ စွန့်လွှတ်ကြောင်း ပဋိညာဉ်ပြု
လက်မှတ်ရေးထိုးခြင်း
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂)က လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသန ဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို အဓမ္မဝါဒဖြစ်ကြောင်း ဝိနိစ္ဆယချမှတ်တော်မူခဲ့သည်ကို လိုက်နာ၍ အောက်တွင် ကိုယ်တိုင် လက်မှတ် ရေးထိုးသူ စုဒိတကတို့နှင့် တကွ သက်ဆိုင်သူများက-
(က) ထို အဓမ္မဝါဒများကို လုံးဝ စွန့်လွှတ်ကြပါကြောင်း၊
(ခ) ယခု အချိန်မှစ၍ ရှေ့သို့ ဆက်လက်ပြီး ယင်း အဓမ္မဝါဒများကို ဟောပြောခြင်း ရေးသားခြင်း ဆွေးနွေးခြင်း တိတ်ခွေဖွင့်ခြင်း သင်တန်းပေးခြင်း စသည့် အပြုအမူအားလုံးကို မိမိတို့ ကိုယ်တိုင်လည်း မပြုမလုပ်ကြပါ၊ မိမိတို့နှင့် ပတ်သတ်သူများအားလည်း ပြုလုပ်စေကြမည် မဟုတ်ပါကြောင်း၊
(ဂ) အထက်ပါ အဓမ္မဝါဒဆိုင်ရာ စာအုပ် စာတမ်း တိတ်ခွေ အထိမ်းအမှတ် စသည်တို့ကိုလည်း ဖျက်ဆီးခြင်း၊ အပ်နှံခြင်းများကိုလည်း ပြုလုပ်ကြမည် ဖြစ်ပါကြောင်း၊
(ဃ) ယခင်က ထိုအဓမ္မဝါဒနှင့် ပတ်သတ်၍ သုံးစွဲခဲ့သော အသင်းအဖွဲ့ အမည်များ၊ အသင်းအဖွဲ့များ စသည်တို့ကိုလည်း လုံးဝ တာဝန်ယူ၍ ဖျက်သိမ်းကြမည်၊ ဖျက်သိမ်းကြစေမည် ဖြစ်ပါကြောင်းကို-
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ရှေ့မှောက်၌ ကိုယ်တိုင် ပဋိညာဉ်ပြုလျက် လက်မှတ်ရေးထိုးကြပါသည်။
စဉ်
အမည်
အသက်
နေရပ်လိပ်စာ
ကိုယ်တိုင်လက်မှတ်
၁။
သခင်မြတ်ဆိုင်
စီအီး -ဝ၉၁၂၁၃
၇၃
အမှတ်-၄၊ စိန်ချယ်လမ်း၊ ကျိုက္ကစံရပ်ကွက်၊ ဗဟန်း၊ ရန်ကုန်
၂။
ဦးခင်ဟန်
စီဒီ - ဝ၂၀၄၃၅
၇၃
ဥက္ကဋ္ဌ၊ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့
အ မှတ်-၃၁၃၊ သွင်ရုံအနီး၊
ဗိုလ်ချုပ်လမ်း၊ ရန်ကုန်
၃။
ဦးရွှေပြည့်
၆၁
ဥက္ကဋ္ဌ၊
ရွှေအဘိဓမ္မာအဖွဲ့၊
တောင်ကုတ်မြို့၊ ရခိုင်ပြည်နယ်
၄။
ဦးဉာဏ်သိုင်း
အေအေ- ဝဝ၁၇၈၉
၅၇
(နာယကအဖွဲ့ဝင်) ၉၅၄၊
မေခလာခန်းမ၊ ၁၆/၁၊
ရတနာလမ်း၊ သင်္ကန်းကျွန်း
၅။
ဦးလွန်းမောင်
စီအိပ်ချ်-ဝဝ၄၁၇၅
၇၄
(နာယကအဖွဲ့ဝင်)
၃၄၄၊ အခန်း (၁၀) အနောက်ရန်ကင်း၊
ရန်ကုန်
၆။
ဦးစိန်အေး
စီအင်န်-ဝဝရ၁၇
၆၁
(နာယကအဖွဲ့ဝင်)
၂၆၀၊ အောင်သစ္စာလမ်း၊
အောင်ဇေယျရပ်ကွက်၊ ဒေါပုံမြို့နယ်
၇။
ဦးမြဒင်
၆၅
(အဖွဲ့ချုပ်၊ ဒုဥက္ကဋ္ဌ)
၄၁၂၊ သိမ်ဖြူလမ်း၊ ကန်တော်ကလေး စာတိုက်၊ ရန်ကုန်
၈။
ဦးမြင့်ဆွေ
၃၆
အဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး
၃၂၇၊ အရှေ့ဝါယာလက်၃-လမ်း၊
ကမ္ဘာအေးစာတိုက်၊ ရန်ကုန်
၉။
ဦးကျော်တင့်
၆၁
(အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး)
အမှတ်-၈၆၁၊စာဂလမ်း၊ ၄-ရပ်ကွက်၊
တောင်ဥက္ကလာ
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန
အမိန့်ကြော်ငြာစာ အမှတ် ၂/၈၁
၁။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ၁၉၈၁-ခုနှစ်၊ မေလ ၁၃ ရက်စွဲပါ စာအမှတ် ၂၀၈/၁/သာ-မဟနဖြင့် ဖွဲ့စည်းပေးခဲ့သည့် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂)က ၁၉၈၁-ခုနှစ်၊ အောက်တိုဘာလ၂၉-ရက် နေ့တွင် ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ် ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မများနှင့် မလျော်ကန်အောင် ဖောက်ပြန်ယွင်းကွက် ဆန့်ကျင်ဘက် ဖြစ်နေသော အဓမ္မဝါဒ ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။
၂။ အပိုဒ်၁-တွင် ဖော်ပြပါရှိသော ဆုံးဖြတ်ချက်ကို အကြောင်းပြု၍ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၃-အရ လည်းကောင်း၊ ၁၉၆၂-ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၆-အရ လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၈- အရ လည်းကောင်း၊ တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့် အမိန့်အပိုဒ် ၁၃- နှင့်၁၄ တို့အရ လည်းကောင်း ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒ သို့မဟုတ် ရွှေအဘိဓမ္မာဝါဒကို ဟောပြောခြင်း၊ စာအုပ်အဖြစ် ရိုက်နှိပ်ဖြန့်ချီခြင်း ကူးယူဖြန့်ချီခြင်းနှင့် အသံဖမ်း တိတ်ခွေများဖြင့် အသံသွင်းခြင်း ဖြန့်ချီခြင်းတို့ကို တားမြစ် ပိတ်ပင်လိုက်သည်။
၃။ ၁၉၆၄-ခုနှစ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေပုဒ်မ ၅-အရ ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ် ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒ သို့မဟုတ် ရွှေအဘိဓမ္မာဝါဒ ပြန့်ပွားရေး အတွက် ဆောင်ရွက်လျက် ရှိသော အသင်းအဖွဲ့အစည်းများကို ဖျက်သိမ်းလိုက်သည်၊ ထိုကဲ့သို့သော အသင်းအဖွဲ့အစည်းများသည် ပြည်ထောင်စု မြန်မာနိင်ငံတော်လှန်ရေး အစိုးရအဖွဲ့ ဥက္ကဋ္ဌရုံး၏ ၁၉၆၄-ခုနှစ်၊ မေလ ၃-ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၆၄-၏ အပိုဒ် ၁-အရ ကင်းလွတ်ခွင့် မရှိစေရ။
ကျမ်းစာအုပ်ဓမ္မဒါနအလှူရှင်
လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယ (ထေရဝါဒစွယ်စုံကျမ်း) ကြီးကို
အဆက်မပြတ်လည်ပတ် ပုံနှိပ်ထုတ်ဝေနိုင်စေရန်
ငွေပဒေသယပင်စိုက်ထူကာ ပညာသံဝတ္တနိက ကုသိုလ်ပြုကြသော
ဓမ္မဒါနဒါယကာများ
ဦးကျော်ညွန့် + ဒေါ်သန်းမြင့်
ပြည့်စံညွန့်ကုမ္ပဏီ
ငွေကြာရံရိပ်သာ၊ ပါရမီလမ်း
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
နတ်လူသာဓုခေါ်စေသော်ဝ်။။
Comments
Post a Comment