Skip to main content

ဒါနာဒိ ဒီပနီ

ဒါနာဒိ ဒီပနီ

နိဒါန်း

ဗုဒ္ဓါဒိစ္စေ အနုပ္ပန္နေ၊ ဗုဒ္ဓစန္ဒေ အနုဂ္ဂတေ။

တေသံ သဘာဝဓမ္မာနံ၊ နာမ မတ္တံ န နာယတိ။ [ပရိဝါ ပါဠိတော်]

ဗုဒ္ဓါဒိစ္စေ=အဝိဇ္ဇာမှောင်တိုက်ကို မဂ်ဝိဇ္ဇာအခေါင်စိုက်လျက် ပယ်မြိုက်ချွေခွင်း ဘုရားတည်းဟူသော ရှင်နေမင်းကြီးသည်၊ အနုပ္ပန္နေ= ကမ္ဘာနှံ့ကျော် မထွက်ပေါ်သည်ရှိသော်၊ ဗုဒ္ဓစန္ဒေ=သတ္တဝါတို့၏ စိတ် နှလုံးကို ရွှင်ပြုံးစေတတ် မြင့်မြတ်ဂုဏ်ထိန် ဘုရားတည်းဟူသော ပုဏ္ဏမိန် လမင်းကြီးသည်၊ အနုဂ္ဂတေ=ကမ္ဘာကျော်လျက် မပေါ်မတက်သည် ရှိသော်၊ တေသံ သဘာဝဓမ္မာနံ= စီမံသူကင်း အကြောင်းရင်းကြောင့် မယွင်းဖြစ်ပေါ် နှစ်ဖော်ရုပ်နာမ် သဘာဝမည်သော ပစ္စည်းပစ္စယုပ္ပန် တရားတို့၏၊ နာမမတ္တံ= ဖဿ, ဝေဒနာ, သညာ, ပထဝီ- စသည်ထွေပြား အမည်များသော်မျှလည်း၊ န နာယတိ=ကမ္ဘာသူ ကမ္ဘာသားတို့၏ ဉာဏ်သွားမထက် ပျက်ပျက်ပြင်ပြင် ကွက်ကွက်ကွင်းကွင်းကြီး မထင် မမြင်နိုင်ကြလေသတည်း။

ဤသို့ဘုရားရှင်ကိုယ်တော်မြတ် ဟောကြားတော်မူအပ်သော ပရိဝါပါဠိတော်မြတ်နှင့်အညီ ကမ္ဘာသူကမ္ဘာသား သတ္တဝါများတို့ ဖြစ်ပျက်သင်္ခါ နှစ်ဖြာရုပ်နာမ် သမုဋ္ဌာန်တို့ကို အဟုတ်ကြံသိ နိဗ္ဗာန် ထိအောင် ဉာဏ်မိကြဘို့ အရေးအချက်မှာ ဘုရားရှင်တည်းဟူသော နေမင်း, လမင်းကြီးသည် ဖွေးဖွေးလက်လက် ကမ္ဘာပေါ်မှာ ပေါ်ထွက်၍ လာမှသာလျှင် အမှန်လိုရင်းသို့ ရောက်နိုင်ကြပေသည်။ ထိုဘုရားရှင် တည်းဟူသော နေမင်း, လမင်းကြီးသည်လည်း ဖွေးဖွေးလက်လက် ကမ္ဘာပေါ်မှာ ပေါ်ထွက်၍ လာလေသောကြောင့် ၄၅-ဝါ ကာလပတ်လုံး တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူကာ ဒုလ္လဘ သာသနာ တော်ကြီးကို ဖန်တီးတည်ထောင်တော်မူခဲ့ရကား ကမ္ဘာသူ ကမ္ဘာသားတို့ အတွက် နိဗ္ဗာန်တိုင်အောင်သော အကျိုးအဆက်ဆက်တို့ကို အချက် ကျကျ ခံစားနိုင်ကြပေကုန်သည်။ သို့ရာတွင် ခုခေတ်သမယကြီး သည်ကား အမှားကိုအမှန်ထင် ဉာဏ်အမြင်ချော်စောင်း အကောင်းလည်း အဆိုးဖြစ် မောဟမီးထွန်းသစ်သည့် ခေတ်သမယကြီး ဖြစ်သည့် အလျောက် အာဒိ, မဇ္ဈ, ပရိယောသာနဟူသော ကလျာဏသုံးတန်ဖြင့် အမှန်ပြည့်စုံစွာ သွာက္ခာတဂုဏ်ရှိသော ဘုရားရှင်၏ ဒေသနာဓမ္မကို နေရာတကျ သိမြင် ခြင်းငှာ ခဲယဉ်းလှပေသည်။ သို့ဖြစ်၍ ပိဋကတ္တယ ပါရဂူ ဝိစိတ္တနယဝိဒူ ဖြစ်တော်မူသော မုံရွာမြို့ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး သည် အသဘာဝ သဒ္ဓပညတ္တိဓမ္မ၌ တည်၍ပင် သော်လည်း လူ, နတ်, နိဗ္ဗာန် သုံးတန်ချမ်းသာ ရနိုင်ရာနည်းလမ်း ဒါန စသော ကုသိုလ်ငြမ်းကို လမ်းမှန်အောင် ပြုတတ်ဖို့အရေးကို စိတ်တွေး လျက် ဒါနာဒိဒီပနီကျမ်း ကိုရေးသား စီရင်တော်မူခဲ့ပေသတည်း။ ယင်းသို့ မုံရွာမြို့ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူခဲ့သော ဒါနာဒိဒီပနီ ကျမ်းကို “လယ်တီဒီပနီ ထွန်းကားပြန့်ပွါးရေးအဖွဲ့“က မှားယွင်းချက် မရှိစေမူ၍ အထပ်ထပ် ပြင်ဆင်လျက် လိုလေသေးမရှိရအောင် တန်ဆာဆင်ကာ “လယ်တီ ရောင်ခြည် ကွန်ပျူတာ“၌ သိုက်မြိုက်ဝေဆာ ကောင်းစွာလုပ်ဆောင် အပ်ပါသတည်း။

လယ်တီရောင်ခြည် ကွန်ပျူတာစာပေ
လယ်တီဒီပနီ ထွန်းကားပြန့်ပွားရေးအဖွဲ့
မဟာလယ်တီတိုက်၊
မုံရွာမြို့

ဒါနာဒိ ဒီပနီ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ ဒါနခန်း မာတိကာ

၁။ နှစ်ပါးစု မာတိကာ

ဒါနံ=ဒါနသည်၊

၁။ အာမိသ ဓမ္မတော= ပစ္စည်းဝတ္ထုကိုပေးလှူသော “အာမိသ ဒါန“၊ မိမိသိသော တရားကျမ်းဂန် ပညာသိပ္ပကို သူတစ်ပါး တို့အား ဖြန့် ဖြူးသော “ဓမ္မဒါန” ဟူ၍လည်းကောင်း။

၂။ သက္ကစ္စ အသက္ကစ္စတော၊ အရိုအသေပြု၍လှူသော “သက္ကစ္စ ဒါန“၊ အရိုအသေမရှိဘဲ လှူသော “အသက္ကစ္စဒါန” ဟူ၍ လည်းကောင်း။

၃။ ပူဇာနုဂ္ဂဟတော=မြတ်သောသူကို ပူဇော်မှုဖြင့် လှူဒါန်းသော “ပူဇာဒါန“၊ ယုတ်ညံ့သောသူကို ချီးမြှင့်မှုဖြင့် လှူဒါန်းသော “အနုဂ္ဂဟဒါန” ဟူ၍လည်းကောင်း။

၄။ သာဟတ္ထိက အာဏတ္တိကတော=ကိုယ်တိုင်လှူသော “သာဟတ္ထိကဒါန“၊ သူတစ်ပါးကို စေခိုင်း၍လှူသော “အာဏတ္တိကဒါန” ဟူ၍ လည်းကောင်း။

၅။ ထာဝရ အထာဝရတော= စေတီပုထိုး စရပ်တန်ဆောင်း ဂူကျောင်း ဘုရား တံတား စောင်းတန်း ရေတွင်း ရေကန် အာရာမ် ဥယျာဉ် သစ်ပင်တောစိုး အစရှိသော “ထာဝရဒါန“၊ ဆွမ်းသင်္ကန်းစသော “အထာဝရဒါန” ဟူ၍လည်းကောင်း။

၆။ သပရိဝါရ အပရိဝါရတော=အမွမ်းအမံ အခြံအရံ ဝတ္ထုတို့နှင့် အစုံအလင်ပြု၍လှူသော “သပရိဝါရဒါန“၊ အခြံအရံမပါဘဲ လှူသော “အပရိဝါရဒါန”ဟူ၍လည်းကောင်း။

၇။ နိစ္စ အနိစ္စတော=အမြဲဝတ်တည်၍လှူသော “နိစ္စဒါန“ ရံခါ ရံဖန်လှူသော “အနိစ္စဒါန” ဟူ၍လည်းကောင်း။

၈။ သသင်္ခါရ အသင်္ခါရတော၊ သူတစ်ပါးတို့ နှိုးဆော်တိုက်တွန်း၍ လှူသော “သသင်္ခါရဒါန“၊ မိမိစိတ်သဘော သက်သက်နှင့် လှူသော “အသင်္ခါရဒါန” ဟူ၍လည်းကောင်း။

၉။ ဇာန အဇာနတော= အကျိုးကိုသိ၍ပြုသော “ဇာနဒါန“၊ အကျိုး ကိုမသိဘဲပြုသော “အဇာနဒါန” ဟူ၍လည်းကောင်း။

၁၀။ ဝဋ္ဋ ဝိဝဋ္ဋတော=လောကီချမ်းသာကို တောင့်တ၍လှူသော “ဝဋ္ဋနိဿိတဒါန“၊ လောကုတ္တရာချမ်းသာကို တောင့်တ၍ လှူသော “ဝိဝဋ္ဋနိဿိတဒါန” ဟူ၍လည်းကောင်း။

၁၁။ ဓမ္မ အဓမ္မတော=ထမင်း အဖျော်စသော လှူထိုက်သော ဝတ္ထုကို လှူသော “ဓမ္မဒါန“၊ မကောင်းမှုကို လိုလားသော သူတို့အား သေရည်သေရက် လက်နက်ကိရိယာစသော မလှူ ထိုက်သော ဝတ္ထုတို့ကို ပေးလှူသော “အဓမ္မဒါန” ဟူ၍ လည်းကောင်း။

၁၂။ ဓမ္မိက အဓမ္မိကတော=ရည်စူးရင်း ပုဂ္ဂိုလ် သံဃာ, စေတီ ပုထိုးကို လှူသော “ဓမ္မိကဒါန ၉-ပါး“၊ နဂိုရည်စူးရင်းမှ ပြောင်း လွှဲ၍ လှူသော “အဓမ္မိကဒါန ၉-ပါး”ဟူ၍လည်းကောင်း။

၁၃။ ဝတ္ထုဒါန အဘယဒါနတော=ပစ္စည်းဝတ္ထုကို ပေးလှူသော “ဝတ္ထုဒါန“၊ အသက်စည်းစိမ် ဘေးမဲ့ချမ်းသာကို ပေးလှူသော ငါးပါးသီလ စသော “အဘယဒါန” ဟူ၍လည်ကောင်း။

၁၄။ အဇ္ဈတ္တိက ဗာဟိရတော=အသက်ခန္ဓာ ကြီးငယ်ကိုလှူသော “အဇ္ဈတ္တိက ဒါန“၊ အပဝတ္ထုကိုလှူသော “ဗာဟိရဒါန” ဟူ၍ လည်းကောင်း။

၁၅။ သာဝဇ္ဇ အနဝဇ္ဇတော=သမင် ငါး သား နွား ကျွဲ ကြက် ဝက် တို့ကို သတ်ဖြတ် ညှဉ်းပန်းမှုနှင့်ရော၍ အပြစ်မကင်းသော “သာဝဇ္ဇ ဒါန“၊ အသက်သတ်ခြင်း ညှဉ်းဆဲခြင်းမှကင်း၍ သန့်ရှင်းစင်ကြယ်သော “အနဝဇ္ဇဒါန” ဟူ၍လည်းကောင်း။

၁၆။ အဂ္ဂ ဥစ္ဆိဋ္ဌတော=အဦးအဖျား အမွန်အမြတ်ကိုလှူသော “အဂ္ဂဒါန“၊ အယုတ်အညံ့ အကြွင်းအကျန်ကိုလှူသော “ဥစ္ဆိဋ္ဌဒါန” ဟူ၍ လည်း ကောင်း။

၁၇။ ဟီန ပဏီတတော=မိမိ သုံးဆောင်သည့်အောက် အယုတ် အညံ့ကိုလှူသော “ဟီနဒါန“၊ မိမိသုံးဆောင်သည်ထက် အကောင်းအမွန်ကို လှူသော “ပဏီတဒါန”ဟူ၍လည်း ကောင်း။ ဒုဝိဓံ=အယုတ်,အမြတ် အားဖြင့် ၂-ပါး အပြားရှိ၏။

နှစ်ပါးစု မာတိကာ-ပြီး၏။

၂၊ သုံးပါးစု မာတိကာ

ဒါနံ=ဒါနသည်။

၁။ ဟီန မဇ္ဈိမ ပဏီတတော=ယုတ်ညံ့သော “ဟီနဒါန“၊ အလယ် အလတ်ရှိသော “မဇ္ဈိမဒါန“၊ အထွတ်အမြတ် ဖြစ်သော “ပဏီတဒါန” ဟူ၍လည်းကောင်း။

၂။ ဒါသ သဟာယ သာမိတော=မိမိသုံးဆောင်သည့်အောက် ယုတ်ညံ့ သောဝတ္ထုကို လှူသည်ဖြစ်၍ ကျွန်နှင့်တူသော “ဒါသဒါန“၊ မိမိ သုံးဆောင်သည်နှင့် တူရုံရှိသော ဝတ္ထုကို လှူသည်ဖြစ်၍ အပေါင်း အဖေါ်နှင့်တူသော “သဟာယဒါန“၊ မိမိသုံးဆောင်သည်ထက် ကောင်းမွန်သောဝတ္ထုကို လှူသည် ဖြစ်၍ အရှင်သခင်နှင့်တူသော “သာမိဒါန” ဟူ၍လည်း ကောင်း။

၃။ ဝတ္ထု အဘယ ဓမ္မတော=ပစ္စည်းဝတ္ထုကို ပေးလှူသော “ဝတ္ထု ဒါန“၊ သူတစ်ပါးအသက် သူတစ်ပါးဥစ္စာကို ကယ်ဆယ်သော “အဘယ ဒါန“၊ တရားကျမ်းဂန်ကို ပြောဟောပြသသော “ဓမ္မဒါန” ဟူ၍ လည်းကောင်း။

၄။ လောက အတ္တ ဓမ္မတော=လောကကို အလေးပြု၍လှူသော “လောကာဓိပတေယျဒါန“၊ မိမိဂုဏ်ကို အလေးပြု၍လှူသော “အတ္တာ ဓိပတေယျဒါန“၊ သူတော်ကောင်းတရားကို အလေး ပြု၍ လှူသော “ဓမ္မာဓိပတေယျဒါန” ဟူ၍လည်းကောင်း၊ တိဝိဓံ=အယုတ်, အလတ်, အမြတ်အားဖြင့် ၃-ပါးအပြားရှိ၏။

သုံးပါးစု မာတိကာ-ပြီး၏။

၃။ လေးပါးစု မာတိကာ

ဒါနံ=ဒါနသည်။

၁။ စတုပစ္စယတော=အဝတ်သင်္ကန်းကို လှူသော “စီဝရဒါန“၊ အစာ အာဟာရကိုလှူသော “ပိဏ္ဍပါတဒါန“၊ စရပ် တန်ဆောင်းကျောင်း အရိပ်အာဝါသကိုလှူသော “သေနာသန ဒါန“၊ ဆေးဝါး ဓာတ်စာကိုလှူသော “ဘေသဇ္ဇဒါန” ဟူ၍လည်းကောင်း။

၂။ ဒက္ခိဏဝိသုဒ္ဓိတော=လှူသူ သီလရှိ၍ ခံသူ သီလမရှိသော ဒါန, ခံသူ သီလရှိ၍ လှူသူ သီလမရှိသော ဒါန, လှူသူ ခံသူ ၂-ပါး သီလမရှိသော ဒါန, လှူသူ ခံသူ ၂-ပါး သီလရှိသော ဒါနဟူ၍လည်းကောင်း။ စတုဗ္ဗိဓံ၊ ၄-ပါးအပြားရှိ၏။

လေးပါးစု မာတိကာ-ပြီး၏။

--------*-------

၄။ ငါးပါးစု မာတိကာ

ဒါနံ=ဒါနသည်၊

၁။ အဓမ္မဒါနတော=မူးယစ်စေတတ်သော သေရည်သေရက်ကို လှူသော “အဓမ္မဒါန” တစ်ပါး။

၂။ ရုပ်သေး အငြိမ့်စသော ကချေသည်ကိုလှူသော “အဓမ္မဒါန” တစ်ပါး။

၃။ ကာမဂုဏ်အတွက် နွားလားဥသဘကိုလှူသော “အဓမ္မဒါန” တစ်ပါး။
၄။ ကာမဂုဏ်အတွက် မိန်းမတို့ကိုလှူသော “အဓမ္မဒါန” တစ်ပါး။

၅။ မိန်းမယောကျ်ား ရွှင်ခြင်းအစရှိသော ကိလေသာတို့ကို ဖြစ် စေတတ်သော ပန်းချီဆေးရေးရုပ်လှူသော “အဓမ္မဒါန” တစ်ပါးဟူ၍ အဓမ္မဒါန အပြားအားဖြင့်။ ပဉ္စဝိဓံ=၅-ပါး အပြားရှိ၏၊။

ငါးပါးစုမာတိကာပြီး၏။

-------*------

၅။ ခြောက်ပါးစု မာတိကာ

ဒါနံ=ဒါနသည်၊

၁။ ဝဏ္ဏဒါနံ=အဆင်းအရောင်ကောင်းသော ပန်းမျိုး, အဝတ် အထည်မျိုး ဟူသော “ရူပါရုံအလှူ”။

၂။ သဒ္ဒဒါနံ=အသံ သာယာသော ကြေးစည် ခေါင်းလောင်း စောင်း ပတ္တလားစသော “သဒ္ဒါရုံအလှူ”။

၃။ ဂန္ဓဒါနံ=အနံ့အထုံကောင်းသော ပန်းမျိုး နံ့သာမျိုးဟူသော “ဂန္ဓာရုံ အလှူ”။

၄။ ရသဒါနံ=လျှာအရသာကောင်းသော ခဲဖွယ် ဘောဇဉ်ဟူသော “ရသာရုံ အလှူ”။

၅။ ဖောဋ္ဌဗ္ဗဒါနံ=အတွေ့ကောင်းသော အခင်းမျိုး, အရုံမျိုးဟူသော “ဖောဋ္ဌဗ္ဗာရုံအလှူ”။

၆။ ဓမ္မဒါနံ=အသက်ရှည်ကြောင်း ဩဇာကောင်းသော ဆီဦး ထောပတ် ဆေးမျိုး ဝါးမျိုးဟူသော “ဓမ္မာရုံအလှူ” ဟူ၍ လည်းကောင်း။

တစ်နည်း
၁။ အာရာမော=လူအများသုံးဆောင်ရန် သစ်သီးအာရာမ် ပန်း အာရာမ် ဟူသော “ထာဝရအလှူ”။

၂။ သေတသေတု=တံတား နင်းကြမ်း စောင်းတန်းလှေကား ဟူသော “ထာဝရ အလှူ”။

၃။ ဝနပ္ပတိ=အရိပ်ကောင်းသော တောစိုးသစ်ပင်ကြီးဟူသော “ထာဝရ အလှူ”။

၄။ ပပါ=အမြဲ ရေချမ်းစင်တည်သော “ထာဝရအလှူ”။
၅။ ဥဒပါနံ=သောက်ရေကန် သောက်ရေတွင်းဟူသော “ထာဝရ အလှူ”။

၆။ ဥပဿယော=စရပ်တန်ဆောင်း ဂူကျောင်း ဥမင်ဟူသော “ထာဝရ အလှူ”ဟူ၍လည်းကောင်း၊ ဆဗ္ဗိဓံ- ၆-ပါးအပြား ရှိ၏။

ခြောက်ပါးစု မာတိကာ ပြီး၏။

-------*------

၆။ ခုနစ်ပါးစု မာတိကာ

ဒါနံ=ဒါနသည်၊

၁။ သံဃိကတော=ဘုရားအမှူးရှိသော ဘိက္ခုသံဃာ, ဘိက္ခုနီ သံဃာ နှစ်ပါးစုံအား လှူသော သံဃိကဒါနတစ်ပါး။

၂။ သက်သက်သော ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ပါးစုံအား လှူသော သံဃိကဒါနတစ်ပါး။

၃။ ဘိက္ခုသံဃာ သက်သက်အားလှူသော သံဃိကဒါနတစ်ပါး။

၄။ ဘိက္ခုနီသံဃာ သက်သက်အားလှူသော သံဃိကဒါနတစ်ပါး။

၅။ ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ပါးစုံတို့မှ ညွှန်း၍ရသော သံဃာအား လှူသော သံဃိကဒါနတစ်ပါး။

၆။ ဘိက္ခုသံဃာမှ ညွှန်း၍ရသော သံဃာအားလှူသော သံဃိက ဒါန တစ်ပါး။

၇။ ဘိက္ခုနီသံဃာမှ ညွှန်း၍ရသော သံဃာအားလှူသော သံဃိက ဒါန တစ်ပါး ဟူ၍ သံဃိကဒါနအပြားအားဖြင့်။ သတ္တဝိဓံ=၇- ပါးအပြားရှိ၏။

ခုနစ်ပါးစု မာတိကာပြီး၏။

--------*-------

၇။ ရှစ်ပါးစု မာတိကာ

ဒါနံ=ဒါနသည်၊

၁။ ဒါနုပပတ္တိ=လူ့ချမ်းသာကို တောင့်တ၍ ပြုသောဒါနသည် လူ့ချမ်းသာ၌သာဖြစ်သော ဒါနတစ်ပါး။
၂-၇။ နတ်ချမ်းသာကို အသီးအသီး တောင့်တ၍ပြုသော ဒါနသည် နတ်ပြည်ခြောက်ထပ်၌သာ ဖြစ်သော ဒါန ၆- ပါး။

ဂ။ ဗြဟ္မာ့ချမ်းသာကို တောင့်တ၍ပြုသောဒါနသည် ဗြဟ္မာ့ ချမ်းသာ၌ သာဖြစ်သော စျာနလာဘီပုဂ္ဂိုလ်တို့၏ ဒါနတစ်ပါးဟူ၍။ အဋ္ဌဝိဓံ= ၈-ပါး အပြားရှိ၏။

ရှစ်ပါးစု မာတိကာ-ပြီး၏။

-------*-----––

၈။ ကိုးပါးစုမာတိကာ

ဒါနံ=ဒါနသည်။

၁။ အဓမ္မိကတော=တစ်ပါးသောပုဂ္ဂိုလ်ကို ညွတ်ပြီးမှ တစ်ခြား သော ပုဂ္ဂိုလ်ကို လှူသော အဓမ္မိကဒါနတစ်ပါး။

၂။ ပုဂ္ဂိုလ်ကိုညွတ်ပြီးမှ သံဃာကိုလှူသော အဓမ္မိကဒါနတစ်ပါး။

၃။ ပုဂ္ဂိုလ်ကိုညွတ်ပြီးမှ စေတီကိုလှူသော အဓမ္မိကဒါနတစ်ပါး။

၄။ သံဃာကိုညွတ်ပြီးမှ ပုဂ္ဂိုလ်ကိုလှူသော အဓမ္မိကဒါနတစ်ပါး။

၅။ တစ်ပါးသောသံဃာကိုညွတ်ပြီးမှ တစ်ခြားသောသံဃာကို လှူသော အဓမ္မိကဒါနတစ်ပါး။

၆။ သံဃာကိုညွတ်ပြီးမှ စေတီကိုလှူသော အဓမ္မိကဒါနတစ်ပါး။

၇။ စေတီကိုညွတ်ပြီးမှ ပုဂ္ဂိုလ်ကိုလှူသော အဓမ္မိကဒါနတစ်ပါး။

၈။ စေတီကိုညွတ်ပြီးမှ သံဃာကိုလှူသော အဓမ္မိကဒါနတစ်ပါး။
၉။ တစ်ပါးသော စေတီကိုညွတ်ပြီးမှ တစ်ခြားသော စေတီကို လှူသော အဓမ္မိကဒါနတစ်ပါး-ဟူ၍ အဓမ္မိကဒါန အပြား အားဖြင့် နဝဝိဓံ=၉-ပါး အပြားရှိ၏။

ကိုးပါးစု မာတိကာ ပြီး၏။

------*-----

၉။ ဆယ်ပါးစု မာတိကာ

ဒါနံ=ဒါနသည်၊

၁။ အန္နံ=ထမင်းအစာမျိုးကိုလှူသော “အန္နဒါန” တစ်ပါး။

၂။ ပါနံ=အဖျော်မျိုးကိုလှူသော “ပါနဒါန“တစ်ပါး။

၃။ ဃရံ=နေရာ အိမ် ကျောင်းကိုလှူသော “ဃရဒါန“တစ်ပါး။

၄။ ဝတ္ထံ=အဝတ် အထည်မျိုးကိုလှူသော “ဝတ္ထဒါန“တစ်ပါး။

၅။ မာလာ=ပန်းမျိုးကိုလှူသော “မာလာဒါန“တစ်ပါး။

၆။ ဂန္ဓော=နံ့သာမျိုးကိုလှူသော “ဂန္ဓဒါန“တစ်ပါး။

၇။ ဝိလေပနံ=အညက်ကြိတ်ပြီးသော နံ့သာပျောင်းကိုလှူသော “ဝိလေပန ဒါန“တစ်ပါး။

၈။ သေယျံ=ညောင်စောင်း ခုတင် အင်းပျဉ် ကွပ်ပျစ် ဖျာ ယိုင် သင်ဖြူး အခင်းအနှီးမျိုးကိုလှူသော “သေယျဒါန“တစ်ပါး။

၉။ အာဝါသထော=ဧည့်သည်တို့ တည်းခိုရန် စရပ်တန်ဆောင်းကို လှူသော “အာဝသထဒါန“တစ်ပါး။

၁၀။ ပဒီပေယျံ=အရောင်အလင်း အဆောက်အဦကိုလှူသော “ပဒီပေယျ ဒါန“တစ်ပါး၊ ဣတိ=ဤသို့၊ ဝတ္ထုတော=ဝတ္ထုအား ဖြင့်၊ ဒသဝိဓံ=၁၀-ပါး အပြားရှိ၏။

ဆယ်ပါးစု မာတိကာ-ပြီး၏။

--------*-------

၁၀-ဆယ့်လေးပါးစု မာတိကာ

ဒါနံ= ဒါနသည်၊

၁။ ပုဂ္ဂလိကတော၊ “တိရစ္ဆာန်“သတ္တဝါအား ပေးလှူသော ပုဂ္ဂလိက ဒါန တစ်ပါး။

၂။ မူဆိုး, တံငါစသော “ဒုဿီလ“တို့အား ပေးလှူသော ပုဂ္ဂလိက ဒါန တစ်ပါး။

၃။ သရဏဂုံမရှိသော သာသနာပ “လူသီလဝန္တ“တို့အား ပေး လှူသော ပုဂ္ဂလိကဒါနတစ်ပါး။

၄။ သာသနာပ “စျာန်ရ ရသေ့“တို့အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။

၅။ သရဏဂုံ သီလရှိသော “လူ, သာမဏေ“တို့မှစ၍ “သောတာပတ္တိမဂ်ပုဂ္ဂိုလ်“အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။

၆။ “သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်“အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။

၇။ “သကဒါဂါမိမဂ် ပုဂ္ဂိုလ်“အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။

၈။ “သကဒါဂါမိဖိုလ် ပုဂ္ဂိုလ်“အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။

၉။ “အနာဂါမိမဂ် ပုဂ္ဂိုလ်“အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။

၁၀။ “အနာဂါမိဖိုလ်ပုဂ္ဂိုလ်“အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။

၁၁။ “အရဟတ္တမဂ် ပုဂ္ဂိုလ်“အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။

၁၂။ “အရဟတ္တဖိုလ်ပုဂ္ဂိုလ်“အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။

၁၃။ “ပစ္စေကဗုဒ္ဓါ” အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။

၁၄။ “သဗ္ဗညုတဘုရား” အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါးဟူ၍ ပုဂ္ဂလိကဒါန အပြားအားဖြင့်။ စုဒ္ဒသဝိဓံ=၁၄-ပါးအပြား ရှိ၏။

[အလှူခံပုဂ္ဂိုလ် ၁၄-ယောက် အရကျက်ရန်]

ဆယ့်လေးပါးစု မာတိကာပြီး၏၊ ဒါနခန်း မာတိကာ အစဉ် ပြီး၏။

-------*------

၂။ ဒါနခန်း အဓိပ္ပါယ်

ကံနှင့်တူစွာ အကျိုးပေးပုံ

သုဿုသာ လဘတေ ပညံ၊
ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ။-

သုဿုသာ=ပညာရှိတို့စကားကို ရိုသေလေးမြတ်စွာနာခံမှ၊ ပညံ= အသိပညာ အလိမ္မာကို၊ လဘတေ=ရတတ်၏၊ ဥဋ္ဌာတာ=နေ့နေ့ ညည ထကြွပေါ့ပါး အလကား မနေတတ်မှ၊ ဓနံ=ဥစ္စာကို၊ ဝိန္ဒတေ= ရတတ်၏။

[ပါဠိတော်ရစေ]

သုဝိဇာနော ဘဝံ ဟောတိ၊
ဒုဗ္ဗိဇာနော ပရာဘဝေါ။-

သုဝိဇာနော= ကောင်းကောင်း လိမ်မာသောသူသည်၊ ဘဝံ= ပစ္စုပ္ပန်, သံသရာ နှစ်ဖြာကောင်းကျိုး တိုးပွါးစည်ကားသည်၊ ဟောတိ=ဖြစ်၏၊ ဒုဗ္ဗိဇာနော=အသိအလိမ္မာ ပညာနည်းပါးသော သူသည်၊ ပရာဘဝေါ=ဘဝအဆက်ဆက် ပျက်စီးယုတ်ညံ့သည်၊ ဟောတိ=ဖြစ်၏။

[ပါဠိတော်ရစေ]

ဓမ္မကာမော ဘဝံ ဟောတိ၊
ဓမ္မဒေဿီ ပရာဘဝေါ။-

ဓမ္မကာမော=အသိတရား အကျင့်တရားကို လိုလားသော သူသည်၊ ဘဝံ=ပစ္စုပ္ပန်, သံသရာ ချမ်းသာစီးပွါး များမြတ်သည်၊ ဟောတိ=ဖြစ်၏၊ ဓမ္မဒေဿီ=အသိတရား အကျင့်တရားကို မလိုလားသောသူသည်၊ ပရာဘဝေါ=ဘဝအဆက်ဆက် ပျက်စီး ဆုံးရှုံးသည်၊ ဟောတိ=ဖြစ်၏။

[ပါဠိတော်ရစေ။]

ကလျာဏကာရီ ကလျာဏံ၊
ပါပကာရီစ ပါပကံ။-

ကလျာဏကာရီ=အကောင်းအမွန်ကို ပြုလေ့ရှိသောသူသည်၊ ကလျာဏံ=အကောင်းအမွန်ကို၊ လဘတေ=ရတတ်၏၊ ပါပကာရီ=မကောင်းမှုကို ပြုလေ့ရှိသောသူသည်၊ ပါပကံ= မကောင်းမှုကို၊ လဘတေ=ရတတ်၏။

[ပါဠိတော်ရစေ။]

ယခုဘဝ အကောင်းကိုပြုမှ နောက်နောက်ဘဝ အကောင်းကို ရသည်၊ ယခုဘဝ မကောင်းသည်ကိုပြုလျှင် နောက်နောက်ဘဝ မကောင်း သည်ကို ရသည်။

ယာဒိသံ ဝပတေ ဗီဇံ၊
တာဒိသံ ဟရတေ ဖလံ။-

ယာဒိသံ=အကြင်သို့သဘောရှိသော၊ ဗီဇံ=မျိုးစေ့ကို၊ ဝပတေ= စိုက်ပျိုး၏၊ တာဒိသံ=ထိုသို့သဘောရှိသော၊ ဖလံ=အသီးကို၊ ဟရတေ=ဆောင်၏။

[ပါဠိတော်ရစေ။]

ဆန်ဖြူ ဆန်ကောင်းမျိုးကို စိုက်ပျိုးမှ ဆန်ဖြူစပါး, ဆန်ကောင်း စပါး ဖြစ်ထွန်းသည်၊ ဆန်နီ, ဆန်ကြမ်းမျိုးကို စိုက်ပျိုးလျှင် ဆန်နီစပါး, ဆန်ကြမ်းစပါး ဖြစ်ထွန်းသည်၊ အချဉ်မျိုး, အခါးမျိုးကိုစိုက်လျှင် အချဉ်သီး, အခါးသီးသာသီးသည်၊ အချိုမျိုး, အဆိမ့်မျိုးကိုစိုက်မှ အချိုသီး, အဆိမ့် သီးကို သီးသည်၊ လောကမျက်မြင် ဥပမာ။

သဒိသံ ပါကံ ဇနေတိ။-

သဒိသံ=အကြောင်းကံနှင့်တူသော၊ ပါကံ=အကျိုးကို၊ ဇနေတိ= ဖြစ်စေတတ်၏၊ [အဋ္ဌကထာရစေ။]

ကုသိုလ်ကံ, အကုသိုလ်ကံကျိုးတို့မည်သည် များသောအားဖြင့် ကံနှင့် အလားတူတတ်သည်။

မနာပဒါယီ လဘတေ မနာပံ။-

မနာပဒါယီ=အလှူခံပုဂ္ဂိုလ် နှစ်သက်ဖွယ်ကို လှူဒါန်းလေ့ရှိသော သူသည်၊ မနာပံ=နှစ်သက်ဖွယ်သောအကျိုးကို၊ လဘတေ=ရ တတ်၏။

[ပါဠိတော်ရစေ]

တစ်နည်းကား။ ။ မနာပဒါယီ=မိမိနှစ်သက်သော ဝတ္ထုကို လှူဒါန်းသောသူသည်၊ မနာပံ=နှစ်သက်ဖွယ်သော အကျိုးကို၊ လဘတေ= ရတတ်၏။

မိမိနှစ်သက်မှ သူတစ်ပါးလည်း နှစ်သက်မည်, အလှူခံနှစ်သက်မှ အလှူလည်း အကျိုးကြီးမည်-ဟုသိ၍ မိမိနှစ်သက်လောက်မှ သူတစ်ပါး ကိုလည်း ပေးလှူသူသည် မနာပဒါယီမည်၏၊ အလှူခံနှစ်သက်သည်သာ လိုရင်း။

[သည်ကနောက်ကို စကားပြင်သက်သက်စုမှာ အရမကျက်နှင့်၊ မှတ်မိအောင် ကြည့်၊ ပါဠိ အနက်ဖြစ်လျှင် အရကျက်။]

--------*------

၁။ နှစ်ပါးစုအဓိပ္ပါယ်

၁။ ဒါနနှစ်ပါးစုတို့တွင် အာမိသဒါနဓမ္မဒါန နှစ်ပါးတွင် ဓမ္မဒါန မြတ်သည်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။

သဗ္ဗဒါနံ=အလုံးစုံသော အာမိသအလှူကို၊ ဓမ္မဒါနံ=တရား အလှူက၊ ဇိနာတိ=အောင်၏။

[ပါဠိတော်ရစေ]

အာမိသအလှူဓမ္မအလှူ နှစ်ပါးပြိုင်ကြလျှင် ဓမ္မအလှူက နိုင်သည်သာ-ဟူလို၊ အာမိသအလှူကား ဥစ္စာစည်းစိမ်ကို ပေးတတ်သည်၊ ဓမ္မအလှူကား အသိအလိမ္မာ ဉာဏ်ပညာကို ပေးတတ်သည်။

၂။ သက္ကစ္စဒါနအသက္ကစ္စဒါန နှစ်ပါးတွင် သက္ကစ္စဒါနမြတ်သည်၊ သက္ကစ္စ မမြောက်သော အလှူသည် အကျိုးပေးသောအခါ ထိုသူကို မိမိ၏ သားမယား ကျေးကျွန်တို့ကပင် ရိုသေခြင်း မရှိကုန်၊ သက္ကစ္စမြောက်သော အလှူသည် အကျိုးပေးသောအခါ ထိုသူကို အများရိုသေရသည်။

[သဒိသံ ပါကံ ဇနေတိ]

၃။ ပူဇာဒါနအနုဂ္ဂဟဒါန နှစ်ပါးတွင် ပူဇာဒါနမြတ်သည်၊ သို့သော်လည်း အနုဂ္ဂဟဒါနကိုလည်း အလေးပြုရသည်ပင်၊ အနုဂ္ဂဟဒါနပင်ဖြစ်သော်လည်း စေတနာထက်ထက်နှင့် သက္ကစ္စမြောက်အောင် လှူရမည်။ ခွေး၊ ဝက်၊ ကြက်၊ ငှက်ကိုပင် ကျွေးမွေးသော်လည်း ကောင်းမွန်စွာ စီစဉ်၍ ကျွေးမွေးလျှင် သက္ကစ္စဒါနဖြစ်၍၊ မြေအလူးလူး ရွှံ့အလူးလူးပုံ၍ ကျွေးလျှင် အသက္ကစ္စဒါနဖြစ်၏။

၄။ သာဟတ္ထိကဒါနအာဏတ္တိကဒါန နှစ်ပါးတွင် သာဟတ္ထိက ဒါန မြတ်၏၊ ကိုယ်တိုင်ပင်မထပဲ သူတစ်ပါးကိုသာ ခိုင်းစေ၍ လှူ သောဒါနသည် အကျိုးပေးသောအခါ အခြွေအရံ နည်းတတ် သည်။

ရာဇညမင်းကြီးသည် အာဏတ္တိကဒါနအတွက် စာတုမဟာရာဇ် နတ်ပြည်တွင် ဘုံဟောင်း ဗိမာန်ဟောင်းကြီးတစ်ခု၌ အခြွေအရံမရှိဘဲ တစ်ယောက် အထီးတည်း နတ်ကြီးဖြစ်ရသည်-ဟု ကျမ်းဂန်ရှိသည်၊ ထို့ကြောင့် တတ်နိုင်လျက်နှင့် အထပျင်းသည့်အတွက် သူတစ်ပါးကိုသာ မခိုင်းကြနှင့်၊ သာဟတ္ထိက မြောက်အောင်ပြုကြ။

၅။ ထာဝရဒါနအထာဝရဒါန နှစ်ပါးတွင် ထာဝရဒါန အကျိုးပေး ခိုင်မြဲသည်။ နေ့စဉ်ဝတ်တည်၍ပြုသော ဆွမ်းစသော နိစ္စဘတ်ဒါနသည်လည်း ထာဝရဒါန အလားရှိ၏။

တေသံ ဒိဝါစ ရတ္တောစ၊ သဒါ ပုညံ ပဝဍ္ဎတိ။

တေသံ=ထိုထာဝရဒါနနိစ္စဘတ်ဒါန ရှိကြကုန်သော သူတို့အား၊ ဒိဝါစ=နေ့၌လည်းကောင်း၊ ရတ္တောစ=ညဉ့်၌လည်းကောင်း၊ သဒါ=အခါ ခပ်သိမ်း၊ ပုညံ=ကုသိုလ်သည်၊ ပဝဍ္ဎတိ=မြစ်ရေ အယဉ်ကဲ့သို့ပွားစီး၏။

[ပါဠိတော်ရစေ]

၆။ သပရိဝါရဒါနအပရိဝါရဒါနနှစ်ပါးတွင် သပရိဝါရဒါန မြတ်၏၊ သင်္ကန်း ကိုလှူလျှင် သင်္ကန်းသက်သက် လှူသည်ကား အပရိဝါရ ဒါနမည်၏၊ သင်္ကန်းကို လှူလျှင် သင်္ကင်္နးနှင့်စပ်သော အခြံအရံစု ကို အစုံအလင်ပြု၍ လှူသည်ကား သပရိဝါရဒါနမည်၏၊ အလုံးစုံသော အလှူဝတ္ထုတို့မှာလည်း ဤနည်းချည်း။

အပရိဝါရဒါနသည် အကျိုးပေးသောအခါ ထမင်းကိုလိုလျှင် ထမင်း သက်သက်ကိုသာ ရတတ်၏၊ “ပျားရှိ၍ ဖက်မရှိ၊ ဖက်ရှိ၍ ပျားမရှိ” ဆိုဘိသကဲ့သို့ ဖြစ်တတ်၏၊ သပရိဝါရဒါနမှာ အကျိုးပေးသောအခါ ထမင်းကိုအလိုရှိလျှင် ထမင်း၏ အခြံအရံဖြစ်သော ဟင်းကျွေးဟင်းလျာ အစုံအလင် ဘောဇဉ်ခဲဘွယ် ပန်းကန်အုပ်ခွက် လက်ဖက် ဆေးကွမ်းနှင့် တကွ ရတတ်၏။

[သဒိသံ ပါကံ ဇနေတိသဒိသံ ပါကံ ဇနေတိ]

၇။ နိစ္စဒါနအနိစ္စဒါန နှစ်ပါးသည် ထာဝရဒါနအထာဝရဒါနနှင့် အလား တူ၏။

နိစ္စဒါနထာဝရဒါန တစ်ခုခုရှိသောသူသည် သောတာပန်နှင့် အလားတူ၏၊ သေလျှင် နတ်ရွာသုဂတိ ဘဝမြဲ၏-ဟု အင်္ဂုတ္တိုရ် အဋ္ဌကထာမှာဆို၏၊ ထို့ကြောင့် လူဖြစ်သောသူသည် တစ်ခုခုသော နိစ္စဒါန၊ တစ်ခုခုသော ထာဝရဒါန ရှိသင့် လှတော့သည်။

၈။ သသင်္ခါရဒါနအသင်္ခါရဒါန နှစ်ပါးတွင် အသင်္ခါရဒါနမြတ်၏၊ သူတစ်ပါး တိုက်တွန်း၍ ပြုရသော အလှူသည် အကျိုးပေး သောအခါ လူလည်း ထိုင်းမှိုင်းတတ်၏၊ ပစ္စည်းဥစ္စာအကျိုး ပေးလည်း ထိုင်းမှိုင်းတတ်၏၊ အသင်္ခါရအလှူသည် အကျိုး ပေးသောအခါ လူလည်း သွက်လက်တတ်၏၊ ပစ္စည်းဥစ္စာ အကျိုးပေးလည်း သွက်လက်တတ်၏။

[သဒိသံ ပါကံ ဇနေတိ]

၉။ ဇာနဒါနအဇာနဒါနနှစ်ပါးတွင် ဇာနဒါနမြတ်၏၊ အကျိုးအာနိသင်ကို မသိဘဲ လှူသောဒါနသည် အကျိုးပေးသော အခါ ဒွိဟိတ်အကျိုးကိုသာ ပေး၏၊ ဉာဏ်ပညာ နုံ့တတ်၏၊ အကျိုး အာနိသင်ကိုသိ၍ လှူသောဒါနသည် တိဟိတ်အကျိုးကို ပေးတတ်၏၊ ဉာဏ်ပညာထက်တတ်၏။

[သဒိသံ ပါကံ ဇနေတိ]

[ဤ “သဒိသံပါကံဇနေတိ” ပါဠိနှင့် ဆိုင်သမျှမှာ “ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ”ဟူသော ပါဠိနှင့်လည်းဆိုင်လေ၏၊]

၁၀။ ဝဋ္ဋနိဿိတဒါနဝိဝဋ္ဋနိဿိတဒါန နှစ်ပါးတွင်-

ဝဋ္ဋနိဿိတ ဒါနကား ပါရမီဆယ်ပါးတွင် မဝင်၊ လူ၊ နတ်ချမ်းသာ ကိုသာ ပေးနိုင်၏၊ နိဗ္ဗာန် မဂ်ဖိုလ်ကိုမဆောင်နိုင်။

- ဝိဝဋ္ဋနိဿိတ ဒါနသည်သာ ပါရမီဆယ်ပါးတွင် ဒါနပါရမီမည်၏၊ လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတည်းဟူသော ချမ်းသာသုံးပါးကို ဆောင်နိုင်၏။

ဒါနပါရမီသီလပါရမီနိက္ခမပါရမီပညာပါရမီဝီရိယပါရမီခန္တီပါရမီသစ္စာပါရမီအဓိဋ္ဌာန်ပါရမီမေတ္တာပါရမီဥပေက္ခာပါရမီ။ [ပါရမီဆယ်ပါးရစေ။]

၁၁။ ဓမ္မဒါနအဓမ္မဒါန နှစ်ပါးတွင်

အဓမ္မဒါနသည် ကုသိုလ်ရသော ဒါနမဟုတ်၊ အကုသိုလ်ဖြစ် သော ဒါနသာတည်း။

[အထက်၌ အဓမ္မဒါန ၅-ပါး လာလိမ့်မည်။]

၁၂။ ဓမ္မိကဒါနအဓမ္မိကဒါန နှစ်ပါးတွင်

အဓမ္မိကဒါနသည် ကုသိုလ်မရဟု ဆိုကြ၏၊ ကုသိုလ်မရ လုံးလုံး မဟုတ်၊ အရနည်းသည်ဟု ဆိုကြကုန်၏။

[အဓမ္မိကဒါန ၉-ပါး အထက်မှာလာလတ္တံ့။]

၁၃။ ဝတ္ထုဒါနအဘယဒါနနှစ်ပါးတွင်

အဘယဒါနမြတ်သည်၊ ငါးပါးသီလများသည် အဘယဒါနမျိုး တွင် ဝင်၏။

၁၄။ အဇ္ဈတ္တိကဒါနဗာဟိရဒါနနှစ်ပါးတွင်

မွန်မြတ်သော ကိုယ်အင်္ဂါကိုလှူသော အဇ္ဈတ္တိကဒါနမြတ်၏။

၁၅။ သာဝဇ္ဇဒါနအနဝဇ္ဇဒါနနှစ်ပါးတွင်

အနဝဇ္ဇဒါနမြတ်၏၊ သာဝဇ္ဇဒါနသည် အကျိုးပေးသောဘဝ၌ ကိုယ်တွင်းရန်ကိုယ်ပရန် များတတ်၏၊ စည်းစိမ်ဥစ္စာအတွက် အသက်ခန္ဓာ ဆုံးရတတ်၏။

၁၆။ အဂ္ဂဒါနဥစ္ဆိဋ္ဌဒါနနှစ်ပါးတွင် အဂ္ဂဒါနမြတ်၏။

သို့သော်လည်း အလှူခံပုဂ္ဂိုလ် နှစ်သက်လျှင် အကြွင်းအကျန် အယုတ် အညံ့ပင် ဖြစ်သော်လည်း အကျိုးကြီးပါ၏၊ စေတနာထက် ထက်နှင့် သက္ကစ္စ မြောက်အောင်သာပြု၊ ချမ်းသာသောသူတို့၏ အကြွင်း အကျန်သည် ဆင်းရဲလှသောသူတို့မှာ အကောင်းအမွန်ပင်ဖြစ်၏၊ လူတို့၏ အကြွင်းအကျန်သည် ခွေးဝက်ကြက်ငှက်တို့မှာ အကောင်း အမွန်ပင် ဖြစ်ပေ၏။

၁၇။ ဟီနဒါနပဏီတဒါနနှစ်ပါးတွင် ပဏီတဒါနမြတ်၏၊ သို့သော်လည်း အလှူခံပုဂ္ဂိုလ်မှာ အကျိုးများခဲ့သော်လည်းကောင်း၊ အလှူခံပုဂ္ဂိုလ်နှစ်သက်ခဲ့သော်လည်းကောင်း ယုတ်ညံ့သော အလှူဝတ္ထု ပင် ဖြစ်သော်လည်း စေတနာထက်ထက်နှင့် သက္ကစ္စမြောက်အောင် လှူလျှင် အကျိုးကြီးပါ၏။

နှစ်ပါးစုအဓိပ္ပါယ်-ပြီး၏။

၂- သုံးပါးစု အဓိပ္ပါယ်

သုံးပါးစုတို့၌


၁။ အကျော်အစောကို တောင့်တ၍လှူသော ဒါနသည် ဟီနဒါန ဖြစ်၏။

- လူချမ်းသာ နတ်ချမ်းသာဟူသော အကျိုးကို တောင့်တ၍ လှူသော ဒါနသည် မဇ္ဈိမဒါနဖြစ်၏။

- အရိယာတို့၏ အလေ့အကျက် အလောင်းအလျာတို့၏ အလေ့အကျက်ကို အလေးဂရုပြု၍ လှူသောဒါနသည် ပဏီတဒါန မည်၏။

တစ်နည်းကား


လူချမ်းသာ နတ်ချမ်းသာဟူသော အကျိုးကို တောင့်တ၍ လှူသော ဒါနသည်ဟီန

- သာဝကဗောဓိပစ္စေကဗောဓိကို တောင့်တ၍ လှူသော ဒါနသည် မဇ္ဈိမ

- သဗ္ဗညုဗောဓိကို တောင့်တ၍လှူသောဒါနသည် ပဏီတ

ထို့ကြောင့် ကုသိုလ်ကောင်းမှုကို ပြုလျှင် အမှတ်တမဲ့မပြုရ၊ ဗောဓိ သုံးပါးတွင် တစ်ပါးပါးကို ရည်သန်ရမည်၊ တောင့်တရမည်ဟု ပြောဆိုလေ့ ရှိကြပေကုန်၏၊ ဗောဓိ-ဆိုသည်ကား မဂ်ဉာဏ်ပေတည်း။

ဗောဓိ ဝုစ္စတိ စတူသု မဂ္ဂေသု ဉာဏံ။

[ပါဠိတော်]

စတူသု မဂ္ဂေသု=မဂ်လေးပါးတို့၌၊ ဉာဏံ=ဉာဏ်ကို၊ ဗောဓိ=ဗောဓိ ဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

ဗောဓိဆိုသည်- သာဝကဗောဓိပစ္စေကဗောဓိသဗ္ဗညုဗောဓိဟူ၍ သုံးပါးရှိ၏။

သာဝကဗောဓိသည် အဂ္ဂသာဝကဗောဓိမဟာသာဝကဗောဓိပကတိ သာဝကဗောဓိဟူ၍ သုံးပါးရှိပြန်၏။

သဗ္ဗညုဗောဓိသည်လည်း- ပညာဓိကသဒ္ဓါဓိကဝီရိယာဓိကဟူ၍ သုံးမျိုးရှိပြန်၏။-

ပညာဓိကမှာ- လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်သည်။

- သဒ္ဓါဓိကမှာ- ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း။

- ဝီရိယာဓိကမှာ- တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း။

- ပစ္စေကဗောဓိမှာ- နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း။

- ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန် နှစ်ပါးတို့ကဲ့သို့ အမြတ်ဆုံး ဖြစ်သော လကျ်ာရံကြီး လက်ဝဲရံကြီးနှစ်ပါးသည် “အဂ္ဂ သာဝက“မည်၏၊ ထို အဂ္ဂသာဝကဗောဓိမှာ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ရသည်။-

ရှင်အာနန္ဒာ၊ ရှင်အနုရုဒ္ဓါ၊ ရှင်မဟာကဿပ အစရှိကုန်သော လကျ်ာရံ ၄-ကျိပ်၊ လက်ဝဲရံ ၄-ကျိပ် ဤ ၈-ကျိပ်သော ပုဂ္ဂိုလ် တို့သည် “မဟာ သာဝကမဟာ သာဝက” မည်ကုန်၏၊ ထိုမဟာသာဝက ဗောဓိသည် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှရသည်။

- သည်မှကြွင်းသော ဘုရားတပည့်သား အရိယာသာဝက ဟူသမျှ သည် လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ နတ်ဗြဟ္မာဖြစ်စေ “ပကတိ သာဝက” မည်၏၊ ထိုပကတိသာဝကဗောဓိမှာ ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင် ပါရမီဖြည့်ရသည်ဟုဆိုကြ၏၊ ပကတိသာဝက ဆုကိုမူကား ကောင်းကောင်း ပါရမီ ဖြည့်နိုင်လျှင် နှစ်ဘဝ သုံး ဘဝနှင့်ပင်

၂။ ဒါနဒါသဒါနသဟာယဒါနသာမိသုံးရပ်တွင် ဒါနသာမိ မြတ်၏၊ သို့သော်လည်း အလှူခံပုဂ္ဂိုလ်အားလျော်စွာ ရသေး၏၊ အလှူခံ ပုဂ္ဂိုလ်မှာ အကျိုးများ၍ အလှူခံနှစ်သက်မှုရှိလျှင် ဒါသသဟာယပင် ဖြစ်သော်လည်း သက္ကစ္စမြောက်အောင် အကျိုးကြီး ပါ၏၊ စေတနာ ထက်ထက်နှင့်သာ လိုသည်။

၃။ ဝတ္ထုအဘယဓမ္မဒါနမှာ ထင်ရှားပြီ။

၄။ လူကဲ့ရဲ့မည်စိုး၍ လှူသောဒါနသည် လောကာဓိပတေယျ ဒါန မည်၏။

- ရံခါရံဖန် စေတနာသဒ္ဓါ မရှိလှဘဲနှင့် လူကဲ့ရဲ့မည်စိုး၍ ပေးလှူ ရသော ဒါနလည်း ရှိကြ၏၊ ထိုဒါနကို လောကာဓိပတေယျဒါန ဆိုသည်။-

စေတနာသဒ္ဓါ မရှိလှပါပဲလျက် မိမိဂုဏ်သိရ် အရှိန်အဝါနှင့် ပေးလှူမှပင် လျော်မည်ဟု ပေးလှူကြသော အရာလည်း ရှိကြသည်၊ ထိုအလှူသည် အတ္တာဓိပတေယျဒါန မည်၏။

- ဆိုက်ရောက်လာသော အလှူခံပုဂ္ဂိုလ်အလိုရှိ၍ တောင်းရမ်း သော သူတို့ အား တတ်နိုင်သမျှ ဝေငှပေးကမ်း လှူဒါန်းစွန့်ကြဲ ကျွေးမွေး ထောက်ပံ့မှုသည် ဘုရားအလောင်း၊ ပစ္စေက အလောင်း၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက အလောင်း သူတော်ကောင်းတို့၏ အမှုပေတည်းဟု သူတော် ကောင်းတရားကို အလေးပြု၍ ပေးလှူသောဒါနသည် ဓမ္မာဓိပတေယျဒါန မည်၏၊ ဤဓမ္မာဓိပတေယျ ဒါနသည်မြတ် ၏။

သုံးပါးစုအဓိပ္ပါယ်-ပြီး၏၊

၃။ လေးပါးစု အဓိပ္ပါယ်

၁။ စတုပစ္စယဒါန၌ ပစ္စည်းဝတ္ထုအလှူစုတွင် သံဃိကကျောင်း အလှူသည် အမြတ်ဆုံးပေတည်း။

ဝိဟာရဒါနံ သံဃဿ၊

အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ။

သံဃဿ= စတုဒိသာ လာလာသမျှသော သင်္ဃာအား၊ ဝိဟာရ ဒါနံ=ကျောင်းအလှူကို၊ အဂ္ဂံ=အမြတ်ဆုံးဟူ၍၊ ဗုဒ္ဓေန=ငါဘုရား သည်၊ ဝဏ္ဏိတံ=ချီးမွမ်းအပ်၏။

[ပါဠိတော်ရစေ]

တစ်ခြားတစ်ပါးသော အလှူတို့မှာ “သဒိသံ ပါကံ ဇနေတိ” ဟူသည်နှင့်အညီ အလှူနှင့် လျော်ရာလျော်ရာ ပေးကြသည်သာ များသည်၊ ကျောင်းအလှူမှာမူကား အလုံးစုံကိုပေးနိုင်သည်ဟု ဟောတော်မူသည် လည်းရှိ၏။

သော စ သဗ္ဗဒဒေါ ဟောတိ၊

ယော ဒဒါတိ ဥပဿယံ။

ယော=အကြင်သူသည်၊ ဥပဿယံ=ကျောင်းအလှူကို၊ ဒဒါတိ= ဆောက်လုပ် လှူဒါန်း၏၊ သောစ=ထိုသူသည်လည်း၊ သဗ္ဗဒဒေါ=အလုံးစုံကို ပေးလှူသည် မည် သည်၊ ဟောတိ=ဖြစ်၏။

[ပါဠိတော်ရစေ။]

၂။ ဒက္ခိဏဝိသုဒ္ဓိလေးပါးတွင် အလှူပေး၊ အလှူခံ ၂-ပါး သီလရှိ သော အလှူသည် မြတ်သည်၊ တစ်ပါးပါး ပါရှိလျှင်လည်း သင့်ရုံရှိ၏။

လေးပါးစုအဓိပ္ပါယ်-ပြီး၏။

၄။ ငါးပါးစုအဓိပ္ပါယ်

ငါးပါးစု၌


သေလိုသောသူကို သူ့အလိုပြည့်ပါစေဟု အဆိပ်ဆေးကို ပေး လှူအံ့၊ ကြိုးကိုပေးလှူအံ့၊ ဓားလက်နက်ကို ပေးလှူအံ့၊ သေတဲ့ရန်နည်းကို ပြောဟောအံ့- ကုသိုလ်မဖြစ်၊ ပါဏာတိပါတကံသာ ဖြစ်၏၊ သူတစ်ပါးကို သတ်လိုသောသူကို သူ့အလိုပြည့်စေခြင်းငှါ ပေးလှူရာ၌လည်း ဤ အတူမှတ်၊ အဆိပ်ဆေးနှင့်မှ ပျောက်ငြိမ်းမည့် အနာရောဂါရှိသူကို အနာရောဂါ ပျောက်ငြိမ်းစေခြင်းငှါ စင်ကြယ်စွာသောစိတ်ဖြင့် အဆိပ် ဆေးကို ပေးလှူရာ၌ကား ကုသိုလ်ဒါန ဖြစ်ရ ပါသေး၏၊ ပိုက်ကွန်၊ လေး၊ မြားစသော လက်နက်ကိရိယာမျိုးကို အထည်ပျက်အောင် ဖျက်ဆီး၍ ကျောင်း၊ဘုရားကိစ္စမှာ လှူဒါန်းလျှင်လည်း ကုသိုလ်ဒါန ဖြစ်ရပါသေး၏။

သေရည် သေရက်စသော ယစ်မျိုးများကိုလည်း မူးလောက် ယစ်လောက်အောင် မဟုတ်ဘဲ အနည်းငယ်မျှ ဆေးဖေါ်ဝါးဖက် အနေ နှင့် ပေးလှူရာ၌လည်းကောင်း၊ နူနာစသော အပဗာဟိရအနာမျိုးကို ပျောက်ငြိမ်းစေခြင်းငှါ လိမ်းကျံရန်ပေးလှူရာတို့၌လည်းကောင်း ကုသိုလ်ဒါန ဖြစ်ရပါသေး၏။

ကချေသဘင်အလှူ၌ ကိလသာတရား ပွားများရန် သက်သက် ဖြစ်သော အကအခုန်၊ အဆို၊ အဖွဲ့၊ ဇာတ်၊ ရုပ်သေးကို ပေးလှူရာ၌သာ အကုသိုလ်ဒါနအဓမ္မအလှူဖြစ်သည်၊ တီးသောအဆောက်အဦ၊ မှုတ်သော အဆောက်အဦ ကိရိယာမျိုးကိုလှူရာ၌လည်းကောင်း၊ တီးစေ၊ မှုတ်စေ၍ တီးသောအသံမျိုး မှုတ်သောအသံမျိုးကို လှူရာ၌လည်း ကောင်း၊ ရတနာသုံးပါးနှင့် သင့်လျော်လောက်သော အသံမျိုးကို မိမိ ကိုတိုင်ပင် တီး၍မှုတ်၍ လှူရာ၌လည်းကောင်း ကုသိုလ်မဖြစ် မဆိုသာ၊ လှူရိုးထုံးစံလည်း ကျမ်းဂန်များတွင်လာပေသည်။

အထီး၊ အမအလှူ တို့မှာလည်း ကာမဂုဏ်မှုကို မငဲ့ဘဲ အလုပ် အကျွေး ကိစ္စနှင့်လှူလျှင် အဓမ္မဒါနမဆိုသာ။

ငါးပါးစု အဓိပ္ပါယ်ပြီး၏။

၅။ ခြောက်ပါးစု အဓိပ္ပါယ်ကား ထင်ရှားပြီ။

၆။ ခုနစ်ပါးစု အဓိပ္ပါယ်

ခုနစ်ပါးစု၌


ညွှန်း၍ရသော သင်္ဃာဆိုသည်ကား မိမိက ဘယ်ပုဂ္ဂိုလ်ဟု မရည် စူးဘဲ သင်္ဃာအများထဲကို “တပည့်တော်ကို သင်္ဃာတစ်ပါးပေးပါ၊ နှစ်ပါးပေးပါ”ဟု မိမိအလိုရှိသလောက် မထေရ်ကြီးများကို လျှောက်ထား လေရာ မထေရ်ကြီးများက စာရင်းစဉ်ကျရာ ပုဂ္ဂိုလ်ကို ညွှန်ပြပေ၏၊ မထေရ်ကြီးများ ညွှန်ပြ၍ ကျရာပုဂ္ဂိုလ်ကို လှူသော အလှူပေတည်း။

ခုနစ်ပါးစု အဓိပ္ပါယ် ပြီး၏။

၇။ ရှစ်ပါးစု အဓိပ္ပါယ်

ရှစ်ပါးစု၌

ဒါနုပပတ္တိရှစ်ပါးသည် ဝဋ္ဋနိဿိတ ဒါနစုသာတည်း၊ ဟီနဒါန ဟူ၍ပင် ဟောတော်မူသည်။

တဿ တံ စိတ္တံ ဟီနာဓိမုတ္တံ ဟောတိ။

တဿ=ထိုအလှူဒါယကာ၏၊ တံ စိတ္တံ=ထိုစိတ်သည်၊ ဟီနာဓိမုတ္တံ= အယုတ်အညံ့သို့ညွတ်သည်၊ ဟောတိ=ဖြစ်၏။

[ပါဠိတော်ရစေ။]

လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာမျှ တောင့်တသော စိတ်သည် အယုတ်အညံ့သို့ ညွတ်သောစိတ်မည်၏၊ နောက်ဆုံး၌ ဗြဟ္မာချမ်းသာလာသည်မှာ ဒါနနှင့်ဗြဟ္မာချမ်းသာကို ရနိုင်သည်မဟုတ်၊ စျာန်ရသော အလှူဒါယကာဖြစ်၍ ဗြဟ္မာချမ်းသာ လာလေသည်။

ရှစ်ပါးစု အဓိပ္ပါယ်-ပြီး၏၊

၈။ ကိုးပါးစုအဓိပ္ပါယ်

ကိုးပါးစု၌

တစ်ပါးသောပုဂ္ဂိုလ်ကို ညွတ်ပြီးမှ တစ်ခြားသောပုဂ္ဂိုလ်အား သော်လည်းကောင်း, သင်္ဃာအားသော်လည်းကောင်း, စေတီအားသော် လည်းကောင်း, လှူသောဒါနသုံးပါးသည် အဓမ္မိကဒါနမည်၏-ဟူရာ၌ မည်သည့်ပုဂ္ဂိုလ်အား လှူမည်, မည်သည့်ပုဂ္ဂိုလ်ဖို့ဆောက်လုပ်မည်ဟု နှုတ်မြွက်ပြောကြားပြီးသော အလှူထည်ကို ညွတ်ပြီးဆိုသည်။

ပရိဏတံ နာမ ဒဿာမ ကရိဿာမာတိ ဝါစာ ဘိန္နာ ဟောတိ။

ပရိဏတံနာမ=ညွတ်ပြီးသော ဝတ္ထုမည်သည်ကား၊ ဒဿာမ=လှူ ကုန်အံ့၊ ကရိဿာမ=ဆောက်လုပ်ကုန်အံ့၊ ဣတိ=ဤသို့၊ ဝါစာ=နှုတ်ကို၊ ဘိန္နာ=မြွက်ပြီးသည်၊ ဟောတိ=ဖြစ်၏။

[ပါဠိတော်ရစေ။]

စိတ်ထဲကရည်စူးရုံမျှကို ညွတ်ပြီးမဆိုရ၊ စိတ်ထဲကရည်စူးရုံမျှ ရှိသေးသော အလှူဝတ္ထုကို တစ်ခြားတစ်ပါးသို့ ပြောင်းလွှဲ၍ လှူရာ၌ အဓမ္မိကဒါန ဖြစ်သည် မဆိုသာပေ။

[နောက်နောက် သုံးပါး, သုံးပါးတို့၌လည်း ဤနည်းအတူမှတ်။]

အဓမ္မိကဒါနဖြစ်ခဲ့လျှင် ကုသိုလ်မရဟု ဆိုကြ၏၊ မရလုံးလုံး မဟုတ်၊ ပုဗ္ဗစေတနာကတစ်လမ်း, မုဉ္စစေတနာ-အပရစေတနာတို့က တစ်လမ်းစီနေ၍ စေတနာထောင့်သည့်အတွက် အဓမ္မိကဒါနဆိုသည်၊ ကုသိုလ်မှာ ဖြစ်ပါ၏ဟူ၍လည်း ဆိုကြကုန်၏။

မည်သည့်ပုဂ္ဂိုလ်ကို လှူမည်, မည်သည့်ပုဂ္ဂိုလ်ဖို့ ဆောက်လုပ် မည်ဟု နှုတ်မြွက်ပြီးသောဝတ္ထုသည် နှုတ်မြွက်သည့်အတွက် ထိုပုဂ္ဂိုလ် ဖက်သို့ တစ်ဝက် ပါပြီးသကဲ့သို့ ဖြစ်၏၊ ထို့ကြောင့် ရွှေ့ပြောင်း၍လှူခြင်းငှါ မထိုက်ပေပြီ၊ ရွှေ့ပြောင်း ၍လှူခဲ့လျှင် ဝစီသစ္စာလည်းပျက်၏၊ ထိုပုဂ္ဂိုလ် ဖက်သို့ တစ်ဝက်ပါပြီးသော အဖို့ကို လုယက်၍ တစ်ပါးသောပုဂ္ဂိုလ်အား ပေးသည်လည်း မည်၏၊ ထို့ကြောင့် အဓမ္မိကဒါနဟူ၍ ဟောတော် မူသည်။

ထိုဝတ္ထုကို အလှူခံသောအမှုသည်လည်း အဓမ္မိကပဋိဂ္ဂဟကိုးပါး ဟူ၍ ဟောတော်မူသည်၊ မတရားသောအလှူခံ ကိုးပါးဆိုလိုသည်။။ ထိုကဲ့သို့သော ဝတ္ထုများကို လှူသောသူကပင် လှူသော်လည်း ခံသော ပုဂ္ဂိုလ်ကသိလျှင် အလှူ မခံရ၊ စေတီတော်မူကား အသက်မရှိ၍ ကိစ္စမရှိ၊ နှုတ်မြွက်ပြီးသည့်အတွက် ထိုပုဂ္ဂိုလ်ဖက်သို့ တစ်ဝက်ပါပြီးဟူသော ယုတ္တိမှာ ထိုဝတ္ထုသည် သင်္ဃာကိုမြွက်ဆို ပြောကြားပြီးဖြစ်၍ သံဃိက ဟူ၍ပင် ပါဠိတော်၌ဟောတော်မူသည်၊ ဤသံဃိက ဟူသော ပုဒ်၏အဖွင့် အဋ္ဌကထာကို ကြည့်ကြလျှင် နှုတ်မြွက်သည့်အတွက် ထိုပုဂ္ဂိုလ်ဖက်သို့ တစ်ဝက်တစ်စိတ်ပါပြီး ရောက်ပြီးဟူသောစကား ထင်ရှားလိမ့်မည်။

ဒုစ္စရိုက်မှုနှင့်ရရှိသော ပစ္စည်းဝတ္ထုကို လှူဒါန်းသော အလှူသည် ကုသိုလ်ပင် ဖြစ်ငြားသော်လည်း ပစ္စည်းမစင်ကြယ်သည့်အတွက် ကဲ့ရဲ့ ဘွယ်သော အလှူပင် ဖြစ်ပြန်သကဲ့သို့ ထို့အတူ နှုတ်မြွက်ပြီး၍ ညွတ်ပြီး ကိုင်းပြီးဆိုရသော ဝတ္ထုကို တစ်ပါးသောပုဂ္ဂိုလ်, သင်္ဃာ, စေတီသို့ ပြောင်း ရွှေ့၍ လှူသော အလှူ ကိုးပါးသည်လည်း ကုသိုလ်ပင် ဖြစ်သော်လည်း ကဲ့ရဲ့ဘွယ်သော အလှူပင် ဖြစ်ခဲ့၍ အဓမ္မိကဒါနဟူ၍ ဟောတော်မူသည်၊ ကုသိုလ်မဖြစ်ဟူ၍ကား မဆိုသာပေ၊ ညွတ်မိသောပုဂ္ဂိုလ်ကို ကျေကျေ ချမ်းချမ်းပြော၍ ပြောင်းရွှေ့မှ သင့်တင့်ပါ၏။

လဇ္ဇီ သူတော်ကောင်း ထင်၍ လှူမည်, ဒါန်းမည် ဆိုပြီးနောက်မှ ထိုပုဂ္ဂိုလ် အလဇ္ဇီ ဒုဿီလဖြစ်၍ နေသည်ကိုသိ၍ ပြောင်းရွှေ့လျှင် အဓမ္မိကဖြစ်ဦးမည်လော-ဟု မေးရန်ရှိ၏၊ အဓမ္မိကပင် ဖြစ်မည်၊ သို့သော်လည်း လဇ္ဇီပုဂ္ဂိုလ်သို့ ပြောင်းရွှေ့သည့်အတွက် အကျိုးပေးသာ၍ ပေးရန်ရှိ၏၊ အဓမ္မိကဖြစ်သည့် အတွက်လည်း အကျိုးပေး မချော မောရှိ၏။

ကိုးပါးစု အဓိပ္ပါယ်-ပြီး၏။

--------*------

၉။ ဆယ်ပါးစု အဓိပ္ပါယ်

ဆယ်ပါးစု၌

အစာအာဟာရကိုလှူသောအလှူသည် အားခွန်ဗလကို အထူးအကျိုး ပေး၏။

အန္နဒေါ ဗလဒေါ ဟောတိ။

အန္နဒေါ=အစာထမင်းကို ပေးလှူသောသူသည်၊ ဗလဒေါ=အားခွန် ဗလကို ပေးလှူသည်မည်သည်၊ ဟောတိ=ဖြစ်၏။

[ပါဠိတော်ရစေ]

အဝတ်တန်ဆာကို ပေးလှူသောသူသည် အဆင်းအရောင်၏ ကောင်းခြင်းကို အထူးအကျိုးပေးတတ်၏။

ဝတ္ထဒေါ ဝဏ္ဏဒေါ ဟောတိ။

ဝတ္ထဒေါ=အဝတ်သင်္ကန်းကို ပေးလှူသောသူသည်၊ ဝဏ္ဏဒေါ= အဆင်းအရောင်ကို ပေးလှူသည်မည်သည်၊ ဟောတိ=ဖြစ်၏။

[ပါဠိတော်ရစေ]

“ယာနံ=ယာဉ်အလှူ” မည်သည်ကား ဘိနပ်, ခြေစွပ်ကိုလှူသည်၊ ယာဉ်မျိုး, ရထားမျိုးကိုလှူသည်၊ လှည်း, လှေ, ဖောင်, သင်္ဘောကိုလှူသည်၊ ဆင်, မြင်းကိုလှူသည်၊ မိမိ၌ရှိသောလှည်း, လှေတို့နှင့် သူတစ်ပါးတို့ကို လိုရာအရပ်သို့ ချမ်းသာစွာ ရောက်ပါစေခြင်းငှါ လှေကူးတို့, လှည်းကူးတို့ ပို့သည်၊ လှေခ, လှည်းခ, ရထားခ, သင်္ဘောခပေးလှူသည်၊ ဤအလှူစု သည် ယာဉ်အလှူမည်၏၊ ဤယာဉ်အလှူကို လှူသောဒါနသည် ဖြစ်လေ ရာဘဝတို့၌ ရောဂါခပ်သိမ်း အန္တရာယ်ခပ်သိမ်း ကင်းငြိမ်း၍ ဣရိယာပုထ် လေးပါးတို့၌ ချမ်းသာခြင်းကို အထူးပေးတတ်၏။

ယာနဒေါ သုခဒေါ ဟောတိ။

ယာနဒေါ=ယာဉ်အလှူကို လှူသောသူသည်၊ သုခဒေါ= ဣရိယာပုထ်လေးပါး ချမ်းသာခြင်းကို ပေးလှူသည်မည်သည်၊ ဟောတိဖြစ်၏။

[ပါဠိတော်ရစေ။]

ဆီမီးအရောင်အလင်းကို ပေးလှူသောဒါနသည် ဖြစ်လေရာ ဘဝတို့၌ မျက်စိအမျိုးမျိုးတို့ကို အထူးပေးတတ်၏။

ပသာဒစက္ခု, ဒိဗ္ဗစက္ခု, ဓမ္မစက္ခု, ပညာစက္ခု, သမန္တစက္ခု, မျက်စိ အမျိုးမျိုး၊ မျက်စိအမြင်ထက် ကောင်းမြတ်သော အကျိုးမရှိပြီ။ ဇရပ်, တန်ဆောင်း, ကျောင်း, အရိပ်အာဝါသအလှူသည် အားခွန် ဗလ အဆင်းအရောင် ဣရိယာပထသုခ အစရှိသော အလုံးစုံကို ပေးတတ်၏။

သောစ သဗ္ဗဒဒေါ ဟောတိ၊
ယော ဒဒါတိ ဥပဿယံ။

ယော= အကြင်သူသည်၊ ဥပဿယံ=သူအများမှီခိုရာ ဇရပ်, တန်ဆောင်း, ကျောင်း, အရိပ်, အာဝါသကို၊ ဒဒါတိ=ပေးလှူ၏၊ သောစ= ထိုသူသည်လည်း၊ သဗ္ဗဒဒေါ=အလုံးစုံကို ပေးလှူသည် မည်သည်၊ ဟောတိ=ဖြစ်၏၊ [ပါဠိတော်ရစေ။]

ဝတ္ထုပစ္စည်းအလှူစုတွင် သံဃိကကျောင်းအလှူထက် အကျိုးကြီးသောအလှူ မရှိပြီ။

ဆယ်ပါးစု အဓိပ္ပါယ် ပြီး၏။

--------*-------

၁၀-ဆယ့်လေးပါးစုအဓိပ္ပါယ်

ဆယ့်လေးပါးစု၌

ပုဂ္ဂလိကအလှူ ၁၄-ပါးတို့တွင် တိရစ္ဆာန် သတ္တဝါတို့အား တစ်နပ် စာဝအောင် ကျွေးမွေးသောအလှူသည် ဘဝတစ်ရာတို့၌ အာယု, ဝဏ္ဏ, သုခ, ဗလ, ပဋိဘာနဟူသော ကောင်းကျိုးငါးပါးတို့ကို ပေးနိုင်၏။-

လူဒုဿီလအား တစ်နပ်စာဝအောင်ပေးလှူလျှင် ဘဝတစ်ထောင်, သရဏဂုံမရှိသော သာသနာပ လူသီလဝန္တတို့အား တစ်နပ်စာ ပေးလှူ လျှင် ဘဝတစ်သိန်း,

- စျာန်ရ ရသေ့တိုအား တစ်နပ်စာ ပေးလှူလျှင် ဘဝကုဋေတစ်သိန်း,

- သရဏဂုံသီလရှိသော လူ-သာမဏေမှစ၍ သောတာပတ္တိမဂ် ပုဂ္ဂိုလ် တို့အား ပေးလှူလျှင် ဘဝအသင်္ချေ,

သည်ကအထက် ဘဝအသင်္ချေချည်း၊ အသင်္ချေတွေကိုသာ အဆင့်ဆင့်ကြီးလေ။ ဤအလှူခံ ၁၄-ပါးတွင် ရဟန်းဒုဿီလ ပုဂ္ဂိုလ်မပါသောကြောင့် ရဟန်းဒုဿီလသည် အလှူခံပုဂ္ဂိုလ် မထိုက်၊ လှူသူမှာ ကုသိုလ်မရဟု ဆိုကြ ကုန်၏၊ ရဟန်းဒုဿီလသည် လူဒုဿီလထက် ဆယ်ပါးသော အကြောင်းတို့ဖြင့် ဆယ်ဆသာကြောင်း မိလိန္ဒပဥှာမိလိန္ဒပဥှာတွင် လာသည်။-

ဝေလာမသုတ်ပါဠိတော်၌ကား ခုနစ်နှစ်, ခုနစ်လ, ခုနစ်ရက်ပတ်လုံး ဇမ္ဗူဒီပါတစ်ကျွန်းလုံးကို ဖိတ်၍လှူဒါန်းသော ဝေလာမပုဏ္ဏား၏ အလှူထက် သောတာပန်တစ်ယောက်အား ဆွမ်းတစ်နပ်စာ ကျွေးရသော အလှူသည် အကျိုးကြီး၏။

- သောတာပန်တစ်ရာအား ဆွမ်းကျွေးရသည်ထက် သကဒါဂါမ် တစ် ယောက်အား ကျွေးမွေးရသောအလှူသည် အကျိုးကြီး၏။

- သကဒါဂါမ်တစ်ရာအား ကျွေးမွေးရသည်ထက် အနာဂါမ်တစ် ယောက်အား ကျွေးမွေးရသောအလှူသည် အကျိုးကြီး၏။

- အနာဂါမ်တစ်ရာအား ကျွေးမွေးရသည်ထက် ရဟန္တာတစ်ပါးအား ကျွေးမွေးရသောအလှူသည် အကျိုးကြီး၏။-

ရဟန္တာတစ်ရာအား ဆွမ်းတစ်နပ်စာ ကျွေးမွေးရသည်ထက် ပစ္စေက ဗုဒ္ဓါတစ်ပါးအား ကျွေးမွေးရသော အလှူသည် အကျိုး ကြီး၏။

- ပစ္စေကဗုဒ္ဓါ တစ်ရာအား ကျွေးမွေးရသည်ထက် သဗ္ဗညုတဘုရား တစ်ပါး အား ကျွေးမွေးရသော အလှူသည် အကျိုးကြီး၏။

- သဗ္ဗညုတဘုရားတစ်ပါးအား ကျွေးမွေးရသည်ထက် ဘုရားအမှူး ရှိသော သံဃာတော်တို့အား ကျွေးမွေးရသောအလှူသည် အကျိုးကြီး၏။-

ဘုရားအမှူးရှိသော သံဃာတော်တို့အား ကျွေးမွေးရသည်ထက် စတုဒိသာ သံဃိကကျောင်းတစ်ခုကို ဆောက်လုပ်လှူဒါန်းမှုသည် အကျိုးကြီး၏။

- စတုဒိသာ သံဃိကကျောင်းကို ဆောက်လုပ်လှူဒါန်းရသည်ထက် သရဏဂုံ သုံးပါးကို ဆောက်တည်ရခြင်းသည် အကျိုးကြီး၏။

- သရဏဂုံသုံးပါး ဆောက်တည်ရခြင်းထက် သရဏဂုံနှင့်တကွ ငါးပါးသီလ ဆောက်တည်ရခြင်းသည် အကျိုးကြီး၏။-

သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ဆောက်တည်ရခြင်းထက် နွားနို့ တစ်ညှစ်ခန့်ကာလမျှပင် မေတ္တာတရားကို ပွားများရခြင်း သည် အကျိုးကြီး၏။

- မေတ္တာတရားကို ပွားများရသည်ထက် အနိစ္စ ဘာဝနာတရား ပွားများရ ခြင်းသည် အကျိုးကြီးမြတ်လှ၏- ဟု ဟောတော်မူသည်။

ဒါနခန်း အဓိပ္ပါယ်- ပြီး၏။

---------*--------

၃။ သီလခန်း မာတိကာ

သီလအဆင့်အတန်း ခြားနားပုံ

၁။ ဟီနေန ဆန္ဒေန စိတ္တေန ဝီရိယေန ဝီမံသာယ ပဝတ္တိတံ ဟီနံ။

၂။ မဇ္ဈိမေဟိ ဆန္ဒာဒီဟိ ပဝတ္တိတံ မဇ္ဈိမံ။

၃။ ပဏီတေဟိ ပဏီတံ။

၁။ ယသကာမတာယ ဝါ သမာဒိန္နံ ဟီနံ။

၂။ ပုညဖလကာမတာယ မဇ္ဈိမံ။

၃။ ကတ္တဗ္ဗမေဝိဒန္တိ အရိယဘာဝံ နိဿာယ သမာဒိန္နံ ပဏီတံ။

၁။ အဟမသ္မိ သီလသမ္ပန္နော၊ ဣမေ ပန ဘိက္ခူ ဒုဿီလာ ပါပဓမ္မာတိ ဧဝံ အတ္တုက္ကံသန ပရဝမ္ဘနာဒီဟိ ဥပက္ကိလိဋ္ဌံ ဝါ ဟီနံ။

၂။ အနုပက္ကိလိဋ္ဌံ လောကိယသီလံ မဇ္ဈိမံ။

၃။ လောကုတ္တရံ ပဏီတံ။

၁။ တဏှာဝသေန ဝါ ဘဝဘောဂတ္ထာယ ပဝတ္တိတံ ဟီနံ။

၂။ အတ္တနော ဝိမောက္ခတ္ထာယ ပဝတ္တိတံ မဇ္ဈိမံ။

၃။ သဗ္ဗသတ္တ ဝိမောက္ခတ္ထာယ ပဝတ္တိတံ ပါရမိတာသီလံ ပဏီတံ။

[ဝိသုဒ္ဓိမဂ်အဋ္ဌကထာ]

အနက်ကား ...

၁။ ဟီနေန=ယုတ်ညံ့သော၊ ဆန္ဒေန=ဆန္ဒဖြင့်၊ စိတ္တေန=စိတ်ဖြင့်၊ ဝီရိယေန=ဝီရိယဖြင့်၊ ဝီမံသာယ=ပညာဖြင့်၊ ပဝတ္တိတံ=ဖြစ်စေ အပ်သော၊ သီလံ=သီလသည်၊ ဟီနံ=ဟီနသီလမည်၏။

၂။ မဇ္ဈိမေဟိ=အလတ်ဖြစ်ကုန်သော၊ ဆန္ဒာဒီဟိ=ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသတို့ဖြင့်၊ ပဝတ္တိတံ=ဖြစ်စေအပ်သောသီလသည်၊ မဇ္ဈိမံ=မဇ္ဈိမ သီလမည်၏။

၃။ ပဏီတေဟိ=အမြတ်ဖြစ်ကုန်သော၊ ဆန္ဒာဒီဟိ=ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသတို့ဖြင့်၊ ပဝတ္တိတံ=ဖြစ်စေအပ်သောသီလသည်၊ ပဏီတံ= ပဏီတသီလမည်၏။

၁။ ဝါ=တစ်နည်းကား၊ ယသကာမတာယ= သူတစ်ထူးတို့ ချီးမွမ်း အံ့ဩ အကျော်အစောကို တောင့်တနှစ်သက်အပ်သည်၏ အဖြစ်ဖြင့်၊ ဝါ= အခြံအရံကို လိုချင်တောင့်တသည်၏အဖြစ်ဖြင့်၊ သမာဒိန္နံ=ဆောက်တည်အပ်သော သီလသည်၊ ဟီနံ=ဟီနသီလ မည်၏။

၂။ ပုညဖလကာမတာယ=လောကီကောင်းကျိုး ခံစားလိုသည်၏ အဖြစ်ဖြင့်၊ သမာဒိန္နံ=ဆောက်တည်အပ်သော သီလသည်၊ မဇ္ဈိမံ၊ မဇ္ဈိမသီလမည်၏

၃။ ဣဒံ=ဤအကျင့်သီလမည်သည်ကို၊ အရိယေဟိ= သူတော် ကောင်း အလောင်းအလျာတို့သည်၊ ကတ္တဗ္ဗမေဝ=ပြုသင့်ပြု ကောင်းသော အမှုပင်တည်း၊ ဣတိ=ဤသို့၊ အရိယဘာဝံ= အရိယာတို့သဘောကို၊ နိဿာယ=မှီ၍၊ သမာဒိန္နံ=ဆောက် တည်အပ်သောသီလသည်၊ ပဏီတံ=ပဏီတသီလ မည်၏။

၁။ ဝါ=တစ်နည်းကား၊ အဟံ=ငါသည်သာ၊ သီလသမ္ပန္နော=သီလနှင့် ပြည့်စုံသည်၊ အသ္မိ=ဖြစ်၏၊ အညေ=ငါမှတစ်ပါးကုန်သော၊ ဣမေ ပန ဘိက္ခူ=ဤရဟန်းတို့သည်ကား၊ ဒုဿီလာ=သီလမှ ကင်း ကုန်၏၊ ပါပဓမ္မာ=ယုတ်မာသောအကျင့်ရှိကုန်၏၊ ဣတိဧဝံ= ဤသို့၊ အတ္တုက္ကံသန ပရ ဝမ္ဘနာဒီဟိ=မိမိကိုယ်ကို ချီးမြှောက် ပလွှားခြင်း, သူတစ်ပါးကို ရှုတ်ချခြင်း စသည်တို့ဖြင့်၊ ဥပက္ကိလိဋ္ဌံ= ညစ်နွမ်းသော သီလသည်၊ ဟီနံ=ဟီနသီလ မည်၏။

၂။ အနုပက္ကိလိဋ္ဌံ=အတ္တုက္ကံသန, ပရဝမ္ဘန စသည်တို့ဖြင့်လည်း ကောင်း, တစ်ပါးသော ဥပက္ကိလေသတို့ဖြင့်လည်းကောင်း မညစ်နွမ်းသော၊ လောကိယသီလံ=လောကိယသီလသည်၊ မဇ္ဈိမံ=မဇ္ဈိမသီလမည်၏။

၃။ လောကုတ္တရံ=လောကုတ္တရာသီလသည်၊ ပဏီတံ=ပဏီတသီလ မည်၏။

၁။ ဝါ=တစ်နည်းကား၊ တဏှာဝသေန= တဏှာ၏အစွမ်းဖြင့်၊ ဘဝ ဘောဂတ္ထာယ=ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိအကျိုးငှါ၊ ပဝတ္တိတံ= ဖြစ်စေအပ်သော သီလသည်၊ ဟီနံ=ဟီနသီလမည်၏။

၂။ အတ္တနော=မိမိ၏၊ ဝိမောက္ခတ္ထာယ=သံသရာအနှောင်အဖွဲ့မှ လွတ်စေခြင်း အကျိုးငှါ၊ ပဝတ္တိတံ=ဖြစ်စေအပ်သော သီလသည်၊ မဇ္ဈိမံ=မဇ္ဈိမသီလ မည်၏။

၃။ သဗ္ဗသတ္တဝိမောက္ခတ္ထာယ=အလုံးစုံသော သတ္တဝါကို သံသရာ အနှောင် အဖွဲ့မှ လွတ်စေခြင်းအကျိုးငှါ၊ ပဝတ္တိတံ=ဖြစ်စေအပ် သော၊ ပါရမိတာသီလံ=သတ္တဝါအပေါင်းတို့ထက်မြတ်သော ဘုရားလောင်းတို့အမှု ဘုရားလောင်းတို့ ဥစ္စာဖြစ်သော သီလ သည်၊ ပဏီတံ=ပဏီတသီလမည်၏။

-------*------

သီလ၏ ကျိုး, ပေါက်, ကြောင်, ကွက်ပုံ

အပိစ ခေါ အညတရံ ဒေဝနိကာယံ ပဏိဓာယ ဗြဟ္မစရိယံ စရတိ၊ “ဣမိနာဟံ သီလေန ဝါ ဝတေန ဝါ တပေန ဝါ ဗြဟ္မစရိယေနဝါ ဒေဝေါ ဝါ ဘဝိဿာမိ ဒေဝညတရော ဝါ တိ” သော တဒဿာဒေတိ တန္နိကာမေတိ တေနစ ဝိတ္တိံ အာပဇ္ဇတိ၊ ဣဒမ္ပိ ခေါ ဗြာဟ္မဏ ဗြဟ္မစရိယဿ ခဏ္ဍမ္ပိ ဆိဒ္ဒမ္ပိ သဗလမ္ပိ ကမ္မာသမ္ပိ။

[ပဋိသမ္ဘိဒါမဂ်ပါဠိတော်။]

အပိစ ခေါ=စင်စစ်သော်ကား၊ အဟံ=ငါသည်၊ ဣမိနာ သီလေန ဝါစ=ဤယမ-နိယမစသော ဆောက်တည်အပ်သော သီလဖြင့်လည်း ကောင်း၊ ဣမိနာ ဝတေနဝါ=ဤမလွန်မကျူးသော အကျင့်ဖြင့်လည်း ကောင်း၊ ဣမိနာ တပေနဝါ= ဤပြုလုပ်ခဲ့သောအမှုကို ခြိုးခြံစောင့်စည်း သည်းစွာသောအကျင့်ဖြင့်လည်းကောင်း၊ ဣမိနာ ဗြဟ္မစရိယေနဝါ= ဤမေထုန်မှကြဉ်သော မြတ်သောအကျင့်ဖြင့်လည်းကောင်း၊ ဒေဝေါဝါ= ထင်ရှားသောနတ်သည်မူလည်း၊ ဘဝိဿာမိ=ဖြစ်အံ့၊ ဒေဝညတရောဝါ= မထင်ရှားသောနတ်သည်မူလည်း၊ ဘဝိဿာမိ=ဖြစ်အံ့၊ ဣတိ=ဤသို့၊ အညတရံ=တစ်ပါးသော၊ ဒေဝနိကာယံ=နတ်ပြည်ကို၊ ပဏိဓာယ= တောင့်တ၍၊ ဗြဟ္မစရိယံ=မြတ်သောအကျင့်ကို၊ စရတိ=ကျင့်၏၊ သော= ထိုသူသည်၊ တံ=ထိုနတ်ပြည်ကို၊ အဿာဒေတိ=သာယာ၏၊ တံ=ထိုနတ် ပြည်ကို၊ နိကာမေတိ= အလွန်လိုလား၏၊ တေနစ=ထိုနတ်ပြည်ဖြင့်လည်း၊ ဝိတ္တိံ=နှစ်သက်ခြင်းသို့၊ အာပဇ္ဇတိ=ရောက်၏၊ ဗြာဟ္မဏ=ပုဏ္ဏား၊ ခေါ= စင်စစ်၊ ဣဒမ္ပိ=ဤနတ်ပြည်ကို သာယာလိုလားခြင်းစသော အမှုမည် သည်လည်း၊ ဗြဟ္မစရိယဿ=မြတ်သော အကျင့်သီလ၏၊ ခဏ္ဍမ္ပိ= အစုတ်အပြတ်မည်သည်လည်းကောင်း၊ ဆိဒ္ဒမ္ပိ=အပေါက် အတွင်းမည် သည်လည်းကောင်း၊ သဗလမ္ပိ=အကြောင်အကျား မည်သည်လည်း ကောင်း၊ ကမ္မာသမ္ပိ=အပြောက်အကွက် မည်သည်လည်းကောင်း၊ ဟောတိ= ဖြစ်၏၊ ။

--------*-------

၁။ နှစ်ပါးစုမာတိကာ

သီလ၌ ဟီနဖြစ်ရန် အကြောင်းစုသည် ဒါနမှာလည်း ဟီနဖြစ် ရန်ပင် ဖြစ်၏၊ မဇ္ဈိမ ပဏီတ အတူတူပင်။

၁။ သီလံ= သီလသည်၊ ဂဟဋ္ဌ ပဗ္ဗဇိတတော= လူတို့သီလ, ရဟန်းတို့ သီလ-ဟူ၍လည်းကောင်း။

၂။ ဂဟဋ္ဌေ= လူတို့၏ဂဟဋ္ဌသီလ၌၊ နိစ္စာနိစ္စတော=အမြဲထိန်း ရသော ငါးပါးသီလ, အာဇီဝဋ္ဌမကသီလ, ဆယ်ပါးသီလဟူသော “နိစ္စ သီလ“၊ အမြဲတတ်နိုင်လျှင်အမြဲ, ရံခါတတ်နိုင်လျှင် ရံခါထိန်းရသော အဋ္ဌင်္ဂဥပုသ်ဟူသော “အနိစ္စသီလ” ဟူ၍ လည်းကောင်း။

၃။ စာရိတ္တ ဝါရိတ္တတော=ထိန်းနိုင်လျှင် အကျိုးရှိ၍၊ မထိန်းနိုင်လျှင် အပြစ်မရှိသော ဝိကာလဘောဇနသိက္ခာပုဒ်စသော “စာရိတ္တ သီလ“၊ ထိန်းနိုင်လျှင် အကျိုးကြီးလှ၍ မထိန်းနိုင်လျှင် အပြစ်ကြီးလှသော ပါဏာတိပါတသိက္ခာပုဒ်စသော “ဝါရိတ္တ သီလ” ဟူ၍လည်းကောင်း။

၄။ နိဿိတာ နိဿိတတော=တဏှာဒိဋ္ဌိနှင့် ယှဉ်သော “နိဿိတ သီလ“၊ တဏှာ, ဒိဋ္ဌိနှင့်မယှဉ်သော “အနိဿိတသီလ”ဟူ၍ လည်းကောင်း။

၅။ လောကိယ လောကုတ္တရတော=“လောကိယ သီလ, လောကုတ္တရာ သီလ” ဟူ၍လည်းကောင်း၊ ဒုဝိဓံ=၂-ပါး, အပြားရှိ၏။

နှစ်ပါးစု မာတိကာပြီး၏၊

၂။ သုံးပါးစုမာတိကာ

၁။ သီလံ=သီလသည်၊ ဟီန မဇ္ဈိမ ပဏီတတော=ယုတ်ညံ့သော “ဟီနသီလ“၊ အလယ်အလတ်ဖြစ်သော “မဇ္ဈိမသီလ“၊ အမြတ်ဖြစ်သော “ပဏီတ သီလ” ဟူ၍လည်းကောင်း။

၂။ အတ္တ လောက ဓမ္မာဓိပတေယျတော=ဒါန၌ကဲ့သို့ မိမိကိုယ်ကို အလေး ပြု၍ဖြစ်သော “အတ္တာဓိပတေယျသီလ“၊ လောက ကို အလေးပြု၍ ဖြစ်သော “လောကာဓိပတေယျသီလ“၊ သူတော်ကောင်းတရားကို အလေးပြု၍ဖြစ်သော “ဓမ္မာဓိ ပတေယျသီလ”ဟူ၍လည်းကောင်း။

၃။ ပရာမဋ္ဌာဒိတော ပရာမဋ္ဌာဒိတော=တဏှာ, ဒိဋ္ဌိသုံးသပ်သော “ပရာမဋ္ဌသီလ“၊ တဏှာ, ဒိဋ္ဌိမသုံးသပ်သော “အပရာမဋ္ဌသီလ“၊ ကိလေသာ ငြိမ်းပြီးသော “ပဋိပဿဒ္ဓိသီလ” ဟူ၍လည်းကောင်း၊ တိဝိဓံ ၃- ပါး, ၃-ပါး အပြားရှိ၏။

သုံးပါးစု မာတိကာ-ပြီး၏။

---------*---------

၃။ လေးပါးစုမာတိကာ

၁။ သီလံ=သီလသည်၊ ဟာန ဘာဂိယာဒိတော= ဆုတ်ယုတ်ခြင်း အဖို့ရှိ သော “ဟာနဘာဂိယသီလ”၊ တည်တံ့ခြင်း အဖို့ရှိသော “ဌိတ'ဌိတိ ဘာဂိယသီလ”၊ တိုးတက်ခြင်း အဖို့ရှိသော “ဝိသေသ ဘာဂိယ သီလ”၊ ထိုးထွင်း၍ သိခြင်းအဖို့ရှိသော “နိဗ္ဗေဓ ဘာဂိယသီလ”ဟူ၍လည်းကောင်း။

၂။ ပကတိယာဒိတော=ပကတိသီလ, အာစာရသီလ, ဓမ္မတာသီလ, ပုဗ္ဗ ဟေတုကသီလဟူ၍လည်းကောင်း၊ စတုဗ္ဗိဓံ=၄-ပါး, ၄-ပါး အပြားရှိ၏။

လေးပါးစု မာတိကာ-ပြီး၏။

၄။ ငါးပါးစုမာတိကာ

၁။ သီလံ=သီလသည်၊ ဝေရမဏိယာဒိတော=ဝိရတိသီလ, စေတနာ သီလ, စေတသိကသီလ, သံဝရသီလ, အဝီတိက္ကမ သီလ ဟူ၍လည်းကောင်း။

၂။ ပဉ္စင်္ဂတော=သတ်မှုမှ ကြဉ်ရှောင်ခြင်း, ခိုးမှုမှ ကြဉ်ရှောင်ခြင်း, မလွန်ကျူးအပ်သော နှစ်ကျိပ်သောမိန်းမမှ ကြဉ်ရှောင်ခြင်း, မုသားမှ ကြဉ်ရှောင် ခြင်း, ယစ်မျိုးမှ ကြဉ်ရှောင်ခြင်းဟူသော အင်္ဂါအားဖြင့်လည်းကောင်း၊ ပဉ္စဝိဓံ= ၅-ပါး, ၅-ပါးအပြားရှိ၏။

ငါးပါးစု မာတိကာ-ပြီး၏။

၅။ ရှစ်ပါးစုမာတိကာ

၁။ပါဏာတိပါတာ=အသက်သတ်မှုမှ၊ ဝေရမဏီ=ကြဉ်ရှောင်ခြင်း လည်းတစ်ပါး၊ အဒိန္နာဒါနာ=အရှင်မပေးသောဥစ္စာကို ခိုးယူမှုမှ၊ ဝေရမဏီ=ကြဉ်ရှောင်ခြင်းလည်းတစ်ပါး၊ ကာမေသုမိစ္ဆာ စာရာ=ဖောဋ္ဌဗ္ဗအာရုံ ကာမဂုဏ်တို့၌ မှားယွင်းသောအကျင့်မှ၊ ဝေရမဏီ=ကြဉ်ရှောင်ခြင်း လည်းတစ်ပါး၊ မုသာဝါဒါ=မဟုတ်စကား ပြောဆိုခြင်းမှ၊ ဝေရမဏီ=ကြဉ်ရှောင်ခြင်းလည်းတစ်ပါး၊ ပိသုဏဝါစာ=ကုန်းတိုက်စကားပြောဆိုခြင်းမှ၊ ဝေရမဏီ= ကြဉ်ရှောင်ခြင်းလည်းတစ်ပါး၊ ဖရုသဝါစာ=အကြမ်းအတမ်း ပြောဆိုမှုမှ၊ ဝေရမဏီ=ကြဉ်ရှောင်ခြင်းလည်းတစ်ပါး၊ သမ္ဖပ္ပလာပါ=ပစ္စုပ္ပန်အကျိုး သံသရာအကျိုး မရှိသော ရာမ, အီနောင်, ငွေတောင်, ဘာရတစသော ဒဏ္ဍာရီစကားမျိုးကို ပြောဆိုမှုမှ၊ ဝေရမဏီ=ကြဉ်ရှောင်ခြင်းလည်းတစ်ပါး၊ မိစ္ဆာဇီဝါ= ယုတ်မာသော အသက်မွေးမှုမှ၊ ဝေရမဏီ=ကြဉ်ရှောင်ခြင်းလည်း တစ်ပါး၊ ဣတိ=ဤသို့၊ အာဇီဝဋ္ဌမကဝသေန=အာဇီဝလျှင် ရှစ်ခုမြောက်ရှိသော နိစ္စသီလ၏ အစွမ်းအားဖြင့်လည်းကောင်း။

၂။ ဥပေါသထဝသေန=အင်္ဂါရှစ်ပါးရှိသော ဥပေါသထသီလ၏ အစွမ်း အားဖြင့်လည်းကောင်း၊ အဋ္ဌဝိဓံ=၈-ပါး, ၈-ပါးအပြား ရှိ၏။

၃။ ပုန=တစ်ဖန်၊ ဥပေါသထေ=အဋ္ဌင်္ဂဥပုသ်၌၊ ပါကတိက=ပကတိ ဥပုသ်နေ့၌ စောင့်ထိန်းသော “အဋ္ဌင်္ဂဥပုသ်” ဟူ၍လည်း ကောင်း၊ ပါဋိ ဟာရိယံ=လေးလတန်သည် သုံးလတန်သည် နှစ်လတန်သည် တစ်လတန်သည် တစ်ပက္ခတန်သည် အမြဲ စောင့်ထိန်းသော “ပါဋိဟာရိယဥပုသ်” ဟူ၍လည်းကောင်း၊ ပဋိဇာဂရံ=အကြိုရက် အပိုရက်တို့၌ စောင့်ထိန်းသော “ပဋိဇာဂရဥပုသ်”ဟူ၍လည်းကောင်း၊ အဋ္ဌဝိဓံ=၈-ပါး, ၈- ပါးအပြားရှိ၏။

၄။ ပုန=တစ်ဖန်၊ ဂေါပါလကံ=နွားငှါးကျောင်းသောသူ၏ အမှုနှင့် အလားတူသော “ဂေါပါလဥပုသ်” ဟူ၍လည်းကောင်း၊ နိဂဏ္ဌကံ=နိဂဏ္ဌတက္ကတွန်းတို့၏ ဥပုသ်နှင့်တူသော “နိဂဏ္ဌ ဥပုသ်” ဟူ၍လည်း ကောင်း၊ အရိယကံ=အရိယာတို့၏ ဥပုသ်နှင့်တူသော အရိယာတို့၏ဥပုသ်ဟူ၍လည်းကောင်း၊ အဋ္ဌဝိဓံ= ၈-ပါး, ၈-ပါး အပြားရှိ၏။

ရှစ်ပါးစုမာတိကာ-ပြီး၏။

၆။ ကိုးပါးစု မာတိကာ

နဝင်္ဂုပေါသထဝသေန=မေတ္တာဘာဝနာနှင့်တကွ အင်္ဂါကိုးပါး ရှိသော နဝင်္ဂဥပုသ်၏ အစွမ်းအားဖြင့်၊ နဝဝိဓံ=ကိုးပါးအပြားရှိ၏။

ကိုးပါးစု မာတိကာ-ပြီး၏။

၇။ ဒုစရိုက်လေးဆယ်

ဒသန္နံ=ဆယ်ပါးကုန်သော၊ ဒုစ္စရိတာနံ=ဒုစ္စရိုက်တို့ကို၊ ပဟာန ဝသေန= ပယ်စွန့်သည်၏အစွမ်းအားဖြင့်၊ စတ္တာလီသဝိဓံ= လေးဆယ်အပြားရှိ၏၊ တံ=ထိုဂဟဋ္ဌသီလအပြားကို၊ ဒေသေန္တံ= ဟောတော်မူသော မြတ်စွာဘုရားကို၊ အဟံ=အကျွန်ုပ်သည်၊ နမာမိ=ရှိခိုးပါ၏။

ဒုစ္စရိုက်တို့၌ မနောကံသုံးပါးကို သီလအပြား၌ သွင်းလိုက်သည် ကား သီလအစစ်ဖြစ်၍ သွင်းသည်မဟုတ်၊ မနောကံသီလဟူ၍မရှိ၊ ဒုစရိုက်တို့ကို အစုံအလင်ထုတ်ပြ၍ သွင်းလိုက်သည်၊ ဒုစရိုက် လေးဆယ် ဆိုသည်ကား ဒုစ္စရိုက်ဆယ်ပါးတွင် တစ်ပါးပါး၌

  • ကိုယ်တိုင်ပြုခြင်း၊
  • သူတစ်ပါးကိုစေခိုင်းခြင်း၊
  • ထိုဒုစ္စရိုက်မှုကို ချီးမွှမ်းခြင်း၊
  • ထိုဒုစ္စရိုက်မှုကို နှစ်သက်ခြင်း

ဟူ၍ ၄-ပါး, ၄-ပါး စီပွား၍ ဒုစ္စရိုက်လေးဆယ် ဖြစ်သတည်း။

ဒုစ္စရိုက်လေးဆယ်-ပြီး၏။

သီလခန်း မာတိကာပြီး၏။

၄။ ဒါန, သီလ အဓိပ္ပါယ်အကျယ်

၁။ ဓမ္မဝိနယကျမ်းစာ မှားမှန်စိစစ်ချက် ဇယတု။။ ဓမ္မဝိနယကျမ်းစာ ၁၉-နံပါတ်တွင်ပါဝင်သော ဒါနသည်

  1. အကျိုးဖလကိုသာ ရသောဒါန,
  2. အကျိုးဖလကို မရသောဒါန,
  3. အကျိုးဖလကိုမျှ မရသည့်ပြင် အလှူခံ, အလှူပေး နှစ်ပါးလုံး သာသနာဖျက်ဖြစ်၍ အဝီစိငရဲသို့ သွားကြ ရသော ဒါန-ဟူ၍ “သုံးပါး အပြားရှိသည်”။

ဆိုပြီးလျှင် အကျိုးဖလမျှ မရသော ဒုတိယဒါန၏ အကျယ် သရုပ်ကို ထုတ်ပြရာ၌

“အလှူခံပုဂ္ဂိုလ်က အလဇ္ဇီလည်းဖြစ်စေ, အလှူပေးဒါယကာက လည်း မိစဉ်ဖဆက်ပင် မဟာဂီရိနတ်ကို ကိုးကွယ်ဘိသကဲ့သို့ မိမိတို့ အစဉ်အဆက် ကိုးကွယ်ရင်းဖြစ်၍ အမှတ်တမဲ့ လှူဒါန်း သည်လည်းဖြစ်စေ၊ ထိုဒါနသည် အနည်းငယ်သော အကျိုးဖလ မျှကို မရသောဒါန မှတ်ရမည်”

ဟု ပြပေ၏၊ ထိုစကားသည် ကျမ်းဂန်တို့၌အဆိုမရှိ၊ အတ္တနောမတိ မိမိသဘောအရကို ပြဆိုချက်သာဖြစ်သည်၊ အတ္တနောမတိပင် ဖြစ်သော် လည်း ကျမ်းဂန်တို့နှင့် နှီးနှော၍ညီညွတ်ပေလျှင် ယူထိုက်မှတ်ထိုက်ပါ၏၊

၂။ နတ်ကိုးကွယ်သင့်ကြောင်း

ကျမ်းဂန်တို့နှင့် ညီညွတ်သည် မညီညွတ်သည်ကို စစ်တမ်းထုတ်၍ ပြလိုက်အံ့၊ မဟာဂီရိအစရှိသော မိရိုးဖလာ ကိုးကွယ်ကြသော နတ်များကို အရိုးအစဉ်မပျက် ကိုးကွယ်ခြင်းအမှုသည် လူတို့၌ ကောင်းကျိုးစီးပွား ဖြစ်ထွန်းရန် အမှုတစ်ခုဖြစ်ကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော်တွင် ဟောတော်မူသည်တစ်ချက်။

ရွာစောင့်နတ်, မြို့စောင့်နတ်, တိုင်းစောင့်နတ်, ပြည်စောင့်နတ် တို့ကို အစဉ်အလာမပျက်ရအောင် ကိုးကွယ်ကြသော မြို့ရွာတိုင်းပြည် များသည် အကျိုး စီးပွား မဆုတ်မယုတ်နိုင်သော “အပရိဟာနိယဓမ္မ” တစ်ပါးဖြစ်ကြောင်းကို မဟာပရိနိဗ္ဗာနသုတ်၌ ဟောတော်မူသည် တစ်ချက်။

တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊
မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊
ဒိဝါစ ရတ္တောစ ဟရန္တိ ယေ ဗလိံ

ဟူ၍ နေ့နေ့ညည ပူဇော်သက္ကာရများကို ဆောင်ယူပူဇော်ကြ ပေကုန်သော လူတို့အား နတ်အပေါင်းတို့သည် ချစ်ခြင်းမေတ္တာကို ပြုကြပေကုန်လော့-ဟု ရတနသုတ်တွင် ဟောတော်မူသည်တစ်ချက်။

ယာ တတ္ထ ဒေဝတာ အာသုံ၊ တာသံ ဒက္ခိဏမာဒိသေ။
တာ ပူဇိတာ ပူဇယန္တိ၊ မာနိတာ မာနယန္တိ နံ။
ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ

ဟူ၍လူတို့သည် အိမ်သစ်တက်သောအခါ ရဟန်းသံဃာတော် များကို လှူဒါန်း ကျွေးမွေးရာ မဟာဂီရိအစရှိသော အိမ်စောင့်နတ်များကို အမျှဝေရမည်၊ ငါတို့ကို အမျှဝေပေသည်ဟူ၍ ထိုအိမ်ရှင်တို့ကို အိမ်စောင့် နတ်က ဘေးကင်းအောင်, အန္တရာယ်ကင်းအောင် စောင့် ရှောက်ခြင်းဖြင့် ထိုအိမ်ရှင်တို့ကို တစ်ဖန်ပူဇော်ကြကုန်သည်၊ မြတ်နိုး တနာပြုကြကုန်သည်၊ ထိုနတ်တို့သည် ချစ်ကြင်သနား၍ စောင့်ရှောက် ကုန်သည်ရှိသော် ထိုအိမ်ရှင်တို့သည် အခါခပ်သိမ်း ကောင်းမြတ်သော မင်္ဂလာကျက်သရေတို့ကိုသာ မြင်ရတွေ့ရ ကြုံရကုန်သည်ဟု ဟောတော် မူသည်တစ်ချက်။

ဤသို့လျှင် လူတို့၏ကောင်းကျိုးစီးပွား များမြတ်ရာသောတရား တို့ကို ဟောတော်မူသော မြတ်စွာဘုရားသည် မဟာဂီရိစသော မိရိုးဖလာ ကိုးကွယ်ကြသောနတ်များကို အစဉ်အလာမပျက်ရအောင် ကိုးကွယ် ပူဇော်ကြသောအမှုကို သုတ္တန်အရပ်ရပ်တို့၌ ချီးမွမ်းတော်မူသည်၊ အစဉ်အလာ ကိုးကွယ်မြဲတိုင်း မကိုးကွယ်ကြသောလူတို့အား အကျိုးစီးပွား ဆုတ်ယုတ်ရန် အကြောင်းတစ်ခု ဖြစ်ကြောင်းကိုလည်း မဟာပရိနိဗ္ဗာန သုတ်၌ ဟောတော်မူသည်။

၃။ နတ်ကိုးကွယ်ရကျိုး

မဟာဂီရိစသော နတ်တို့ကို အစဉ်အလာ မပျက်ရအောင် ကိုးကွယ်မှု-ဟူသည်လည်း ထိုနတ်တို့သည် သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့နှင့် ပြည်စုံ ကြပေကုန်သည်-ဟု ဒက္ခိဏေယျအနေနှင့် ကိုးကွယ်ရသည်လည်း မဟုတ်၊ ကံကိုလုံးလုံးလွှတ်၍ ထိုနတ်တို့သည်သာ ကောင်းကျိုး, မကောင်းကျိုးကိုပေးနိုင်သည်-ဟု ကိုးကွယ်ရသည်လည်း မဟုတ်၊ လောက၌ အနာရောဂါ မကပ်မရောက်ပါစေခြင်းအကျိုးငှာ ဆေးသမားကြီးများကို ကိုးကွယ်ကြရသကဲ့သို့, ဥစ္စာပစ္စည်း ပေါများစေခြင်း အကျိုးငှါ သူဋ္ဌေးကြီး သူကြွယ်ကြီးများကို ကိုးကွယ်ကြရသကဲ့သို့, ခပ်သိမ်းသောစည်းစိမ် ကျက်သရေတို့ကို ရပါစေခြင်းငှါ မင်းစိုးရာဇာတို့ကို ကိုးကွယ်ကြရသကဲ့သို့ ကိုးကွယ်သည်သာ ဖြစ်သတည်း။

ကောင်းကောင်းတတ်ပေသော ဆေးသမားကြီးများကို ကောင်းစွာ ကိုးကွယ်လျှင် ရောဂါပျောက်ငြိမ်းမှု, သူဌေးကြီး သူကြွယ်ကြီးများကို ကောင်းစွာ ကိုးကွယ်ဆည်းကပ်လျှင် ပစ္စည်းဥစ္စာဖြစ်ထွန်းမှု, မင်းစိုးရာဇာ တို့ကို ကောင်းစွာ ကိုးကွယ်လျှင် ခစားလျှင် စည်းစိမ်ကျက်သရေတို့ကို ခံစံရမှုများသည်လည်း လောကမျက်မြင်ပင်ဖြစ်ကြသည်၊ မင်းစိုးရာဇာ တို့ကို မရိုမသေပြုကျင့်လျှင် စည်းစိမ်ဥစ္စာ ပျက်စီးမှု, အသက်ခန္ဓာ ပျက်စီး မှုများသည်လည်း လောကမျက်မြင် ပင် ဖြစ်ကြသည်။

အချို့သော လူပြိန်းတို့သည် ထိုအစဉ်အလာ ကိုးကွယ်ရိုးဖြစ်သော နတ်များကို ကိုးကွယ်ရမည်, ရိုသေရမည်ဆိုလျှင် ကံကိုသာအားကိုး၍ ထိုသို့သော ကိုးကွယ်ရိုသေမှုများကို လုံးလုံးပစ်ပယ်ကြကုန်၏၊ ထိုသူတို့ သည် မင်းစိုးရာဇာတို့ အမိန့်အာဏာနှင့်စပ်လျှင် ကံကိုသာအားကိုး၍ မနေဝံ့၊ ယခု သေရတော့မည်လောက် ကြောက်ရွံ့ကြကုန်၏၊

၄။ နတ် မကိုးကွယ်ပြစ်

အကြောင်းမှာမူကား မင်းစိုးရာဇာတို့ အမျက်ထွက်၍ အသက်ခန္ဓာ ဆုံးရှုံးမှု, စည်းစိမ်ဥစ္စာဆုံးရှုံးမှုများကို မျက်မြင်ဖြစ်၍ ကြောက်ရွံ့ကြ ကုန်သည်၊ နတ်တို့ အမျက်ထွက်၍ အသက်ခန္ဓာဆုံးရှုံးမှု, စည်းစိမ်ဥစ္စာ ဆုံးရှုံးမှုများကိုမူကား နတ်ကောင်နှင့်တကွ မမြင်ရ၍ ထိုလူပြိန်းတို့ မကြောက်ကြကုန်သည်၊ ဤစကားရပ်တို့ကား ဤကျမ်းစာ၌ အကျိုး မရှိသော ဒါနကိုပြုရာဝယ် မိရိုးဖလာကိုးကွယ်သော မဟာဂီရိနတ်ကို ကိုးကွယ်မှုကို ဥပမာပြု၍လာသောကြောင့် ဤကျမ်းစာကို ကြည့်ရှုသော လူပြိန်းတို့သည် ထိုမဟာဂီရိနတ်များကို မရိုမသေ ပြုမိကြချေလျှင် မိမိတို့အသက်ခန္ဓာ, သားငယ် မြေးငယ်တို့အသက်ခန္ဓာ, ဥစ္စာစည်းစိမ် ဆုံးပါးခြင်းသို့ရောက်ရာသော အချက်ကြီးတစ်ခု ဖြစ်ချေ၍ အသေအချာ ပြလိုက်သော စကားရပ်တည်း။

၅။ အလဇ္ဇီဖြစ်သော်လည်း အကျိုးမယုတ်

မိမိတို့အစဉ်အလာ ကိုးကွယ်ရင်းဖြစ်၍ အလဇ္ဇီပုဂ္ဂိုလ်ကိုပင် အမှတ်တမဲ့ လှူဒါန်းခဲ့သည်လည်းဖြစ်စေ-ဟု အကျိုးမရှိသော အင်္ဂါ တစ်ပါးကို ပြရာ၌ အလဇ္ဇီမှန်းသိလျက် လှူဒါန်း၍နေလျှင်သာ အကျိုးမရှိ ဆိုလျှင်ဆိုရမည်၊ အလဇ္ဇီမှန်းမသိဘဲ အမှတ်တမဲ့ လှူဒါန်း၍နေသည်မှာ အဘယ့်ကြောင့် အကျိုးမရှိဘဲ ရှိအံ့နည်း၊ အလဇ္ဇီမှန်းသိလျက်ပင် လှူဒါန်းစေဦးတော့၊ တစ်ပါးသော လဇ္ဇီရဟန်းတို့နှင့် ဖက်ပြိုင်နိုင်စေခြင်းငှါ တစ်ပါးသော လဇ္ဇီရဟန်းတို့၏ အနှိပ်အကြိတ်ကို ခုခံနိုင်စေခြင်း အကျိုးငှါ ဟု မသင့်သောနှလုံးသွင်း ခြင်းဖြင့် လှူဒါန်း၍နေလျှင်သာ အကျိုးမရှိ အပြစ်သာရှိသည်-ဟု ဆိုခွင့်ရှိသည်။

ဤရဟန်းသည် မည်သည့် သိက္ခာပုဒ်ကို သိလျက်နှင့်လွန်ကျူး၍ နေသော ကြောင့် ထိုသိက္ခာပုဒ်အတွက် အလဇ္ဇီဧကန်ဖြစ်၍နေ၏၊ သို့သော်လည်း မလွန်ကျုးဘဲ အမြဲတည်၍နေသော သိက္ခာပုဒ်တို့သည် လည်း ထိုပုဂ္ဂိုလ်မှာ အရာမကများလျက်ရှိပေသေးသည်၊ ထိုရှိ၍နေသော သိက္ခာပုဒ်တို့တွင်လည်း တစ်ခုခုသော သိက္ခာပုဒ်တော်သည်ပင်လျှင် အဖိုးအနဂ္ဃထိုက်တန်လှပေ သေးလျက်ရှိသည်-ဟု မြတ်စွာဘုရား ပညတ် တော်မူသော တစ်ခုခုသော သိက္ခာပုဒ် ဂုဏ်ကျေးဇူးကိုသိ၍ ထိုမလွန် ကျူးဘဲတည်နေသော သိက္ခာပုဒ်တို့၏အတွက် သဒ္ဓါတရားမပျက် လှူဒါန်း၍နေပေမူကား အသင်္ချေယျ, အပ္ပမေယျ အကျိုး ပေးမည်ပင် ဖြစ်သတည်း။

၆။ ကျောက်တူးသမား ဥပမာ

ဥပမာကား အညာမိုးကုတ်ကျောက်တွင်း၌ အချို့သော မြကျောက် ကြီးများသည် အပေါ်ရံပြင်ပ၌ အကာဖုံးအုပ်၍နေ၏၊ အတွင်း၌ကား အဖိုးအနဂ္ဃ ထိုက်တန်သော အရည်အသွေးရှိ၏၊ မျက်စိအားနည်းသော ပါဒရက်သည် ကျောက်တူးသမားသည် ထိုကျောက်ကိုတွေ့လျှင် အပေါ်ရံ အကာသက်သက်ကိုသာမြင်၍ အတွင်း၌ရှိသော အရည်အသွေးတို့ကို မမြင်ခြင်းကြောင့် အဖိုး မတန်ထင်မှတ်လျက် လွတ်ရာသို့ ဖယ်ရှား၍ ထား၏။

မျက်စိအမြင်ကောင်းသော ကျောက်တူးသမားသည် ထိုကျောက် ကို တွေ့မြင်၍ ကြည့်ရှုလေရာ အပေါ်ရံအကာကို ဖောက်ပြီးလျှင် အတွင်း၌ပြည့်သော အရည်အသွေးတို့ကို တွေ့မြင်၍ ဆောင်ယူခွဲစိတ် ရောင်းချလေရာ များစွာသော ရွှေ, ငွေ, ဥစ္စာတို့ကိုရ၍ ကြွယ်ဝ ချမ်းသာလေ၏။

ဤအတူ ရဟန်းတို့မှာ “နဝကောဋိ သဟဿာနိ“အစရှိသော ဝိသုဒ္ဓိမဂ် အဋ္ဌကထာပါဌ်နှင့်အညီ ကုဋေကိုးထောင်မျှမကသော သိက္ခာပုဒ်တော်တို့သည် ဉတ်ကမ္မဝါစာဖတ်ရွတ်၍ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် တည်ကုန်၏၊ ပညာမျက်စိ အားနည်းလှသော လူရှင်တို့သည် မြကျောက်မှ အကာနှင့်တူသော ပျက်စီး၍နေသော သိက္ခာပုဒ်ငယ်များ တွင်သာ မျက်စိဆုံး၍ မပျက်မစီး တည်နေသော ကုဋေ ကိုးထောင်မျှ မကသော သိက္ခာပုဒ်တော်တို့ကိုမူကား မမြင်ကြကုန်၊ သဒ္ဓါဗလ, ပညာဗလနှင့်ပြည့်စုံသော သူတို့သည်မူကား မြင်နိုင်ကြကုန်သည် ဖြစ်၍ ထိုအလဇ္ဇီကိုပင် ကြည်ညိုသောစိတ် ဖြစ်နိုင်ကြကုန်၏။

တစ်နည်းလည်း ထိုအလဇ္ဇီဟူ၍ မသိ၊ လဇ္ဇီပင် ထင်မှတ်၍ အစဉ် အလာ မပျက် အမှတ်တမဲ့လှူဒါန်း၍နေလျှင်လည်း အကျိုးမရှိ မဆိုသာ ပေ။

၇။ ပါရမီဒါန မမြောက်နိုင်

တစ်နည်းလည်း အလဇ္ဇီကို လှူသောဒါနသည် အကျိုးမကြီး၊ လဇ္ဇီ ပုဂ္ဂိုလ်ကို လှူမှ အကျိုးကြီးသည်ဟု အကျိုးကိုခင်မင်၍ ရွေးချယ်ချက်နှင့် တကွ လှူဒါန်းသောဒါနသည် “ပုညဖလကာမတာယ ဟီနံ”ဟူသော ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ပါဌ်နှင့်အညီ သီလမှာကဲ့သို့ ဟီနဒါနသာ ဖြစ်ချေသည်၊ ပါရမီမြောက်သော ဒါနပင်မဟုတ်ချေ၊ ပုညာဘိသင်္ခါရ အစစ် ဖြစ်ချေသည်၊ သံသရာဝဋ်မှ ထွက်မြောက်အောင် ဆောင်နိုင်သော ဒါန မဟုတ်ချေ- ဟု အလိမ္မာဉာဏ် အမြင်သန်၍ လဇ္ဇီ, အလဇ္ဇီဟူ၍ လည်း အမှုမစိုက်၊ အကျိုးကြီးသည်, မကြီးသည်ဟူ၍လည်း အမှုမစိုက်၊ အလှူခံပုဂ္ဂိုလ်ဆိုလျှင် အယုတ်အလတ် အမြတ်မရွေး လှူနိုင်စွန့်နိုင် သော ပါရမီဒါနကိုသာ အလေးပြုလျက် အမှတ်တမဲ့ လှူဒါန်း၍နေသောဒါန သည် အလောင်းအလျာတို့၏ အလေ့အလာ ပါရမီမြောက်သော ဒါနပင် ဖြစ်ပေရကား အကျိုးမရှိ မဆိုသာပေ။

ထိုစကားမှန်၏၊ ပုညဖလဟုဆိုအပ်သောအကျိုးကို အလိုရှိ လှ၍ လှူကြသော ဟီနဒါနရှင်တို့မှာသာ လဇ္ဇီ, အလဇ္ဇီ အမှုစိုက် ဖွယ်ရှိကြသည်၊ အကျိုးကြီးမှုအတွက်နှင့် လဇ္ဇီ, အလဇ္ဇီရွေးချယ်၍ လဇ္ဇီပုဂ္ဂိုလ်ကို လှူဒါန်း ကြသောဒါနစုသည် ဟီနဒါနချည်းသာ တည်း၊ ပါရမီမြောက်သော ဒါနစုပင် မဟုတ်၊ သံသရာဝဋ်မှ ကျွတ်လွတ်စေတတ်သော ဒါနစုပင် မဟုတ်။

ပုညဖလကာမတာယ ဟီနံ

ဟူသော ဝိသုဒ္ဓိမဂ် သီလနိဒ္ဒေသကို ရှုကြလေ။

ပုညဖလကာမတာယ=ကောင်းမှုအကျိုးကို အလိုရှိခြင်း ကြောင့်၊ သမာဒိန္နံ=ဆောက်တည်အပ်သော သီလသည်၊ ဟီနံ=ဟီနသီလ မည်၏၊ [အနက်]

သီလနှင့် ဒါနအတူတူပင်။

၈--ပါရမီဒါန မြောက်လိုလျှင်

ယခုကာလ အချို့သော လူ,ရှင်တို့သည် ဤဝိသုဒ္ဓိမဂ်အဋ္ဌကထာကို သတိမထားမိကြကုန်သည်ဖြစ်၍ အကျိုးကြီး မကြီးအတွက်နှင့် လဇ္ဇီ, အလဇ္ဇီ ရွေးချယ်မှုများကို အလွန်အလေးပြုကြကုန်၏၊ ဟီနဒါနကို အားပြုမှုသာ ဖြစ်သတည်း၊ ထို့ကြောင့် သံသရာဝဋ်မှ ကျွတ်လွတ်တဲ့ရန် ပါရမီဒါနမြောက် လှူသောသူတို့သည် ဒါနအတွက် အကျိုးကြီးမှု, မကြီးမှုကို အကြောင်းပြု၍ လဇ္ဇီ, အလဇ္ဇီရွေးချယ်မှုများကို ဝေးစွာကြဉ် ရှောင်၍ ဖလအကျိုးကို မငြိမတွယ်ဘဲ ကျွတ်ကျွတ်လွတ်လွတ် ဝံ့ဝံ့ရဲရဲ စွန့်ကြဲပေးကမ်း လှူဒါန်းဝေငှခြင်းငှါ စွမ်းနိုင်ရာသော အမှုကိုသာ ကောင်းစွာအလေးပြုကုန်ရာသတည်း။

ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။ ဟူ၍အကျိုးကြီးရာကိုရွေးချယ်၍ လှူရမည်ဟု ဟောတော်မူ သည်မှာ ပါရမီမြောက် မမြောက်ကို ပဓာနမပြုဘဲ ပုဂ္ဂလဇ္ဈာသယ အားလျော်စွာ အကျိုးကို ပဓာနပြု၍ ဟောတော်မူသော ဒေသနာဟု မှတ်ရမည်။ ဤစကားရပ်တို့ဖြင့်-

အလဇ္ဇီပုဂ္ဂိုလ်ကိုပင် မိရိုးဖလာအားဖြင့် အမှတ်တမဲ့ လှူဒါန်း၍ နေသော ဒါနသည် အကျိုးသက်သက် မရှိသော ဒါနမည်၏၊ ဟုပြအပ်သော ဒုတိယနည်းကို အမှန်အားဖြင့် မယူသာ ကြောင်းကို ထင်လင်းစွာ ပြလိုက်သတည်း။။တစ်ရပ်။ ။

၉။ အဝီစိသွားဒါန မဟုတ်နိုင်

“အကျိုးဖလကို မရသည့်ပြင် အလှူခံ, အလှူပေးနှစ်ပါးလုံး သာသနာ ဖျက်ဖြစ်၍ အဝီစိငရဲသို့ သွားကြသောဒါန။” ဟူသော တတိယဒါန အကျယ်သရုပ်ကို ထုတ်ပြရာ၌

“အလှူခံပုဂ္ဂိုလ်က အလဇ္ဇီဒုဿီလဖြစ်စေ, အလှူပေး ဒါယကာ ကလည်း ထိုအလဇ္ဇီဒုဿီလ ပုဂ္ဂိုလ်တို့၏ အမူအရာဟု ဆိုအပ်သော ဆေးကုခြင်း, ဗေဒင်ဟောခြင်း, အစေအပါးခံခြင်း, သစ်သီးပေးခြင်း, ပန်းပေးခြင်း, စသောအမူအရာ အလေ့ အကျက်တို့ကို ကြိုက်နှစ်သက်၍ လှူဒါန်းသည်လည်းဖြစ်စေ, သာသနာတော်ကို ဖျက်ဆီးလိုသော စေတနာမပါသော်လည်း ဧကန်သာသနာဖျက်ဖြစ်သော အလဇ္ဇီတို့ အပြောအဟော အမူအရာ ဒိဋ္ဌာနုဂတိသို့ အစဉ်လိုက်မှားခြင်းကြောင့် အလှူခံ ပုဂ္ဂိုလ် အလှူပေးဒါယကာ နှစ်ဦးလုံးပင် သာသနာဖျက်ဖြစ်၍ ဒါယကာဆရာတို့, အထက်, အောက်အဝီစိ ငရဲကြီး၌ခံကြရမည် ဟု ဆုံးမတော်မူသည်”။

ဟူသောစကားသည် ကျမ်းမမြင် ဂန်မမြင် ဆိုချင်အားကြီး အချည်း နှီးသက်သက် နောက်လှ၍ ထွက်လိုက်သော အယူပျက် စကားသာတည်း။

လင်း၍ပြအံ့၊ အလဇ္ဇီဆိုသည်ကား ရဟန်းတို့မှာ သီလဆောက် တည်မှုသည် လူကဲ့သို့နှုတ်မြွက်၍ ဆောက်တည်ရတော့သည်မဟုတ်၊ ဉတ် ကမ္မဝါစာ ဖတ်ရွတ်၍ပြီးဆုံးလျှင် အလုံးစုံ ရဟန်းသီလတို့သည် ဆောက်တည်ခြင်း သမာဒါနကိစ္စ မြောက်ကုန်တော့သည်။

ထိုသမာဒါန ကိစ္စသည် သိက္ခာချ၍ လူ, သာမဏေအရာ၌ တည်ခဲ့သော်လည်းကောင်း, ပါရာဇိကကျ၍ ရဟန်းပဋိညာဉ်ကို စွန့်ပြီးလျှင် လူ-သာမဏေအရာ၌ တည်ခဲ့သော်လည်းကောင်း, ဉတ် ကမ္မဝါစာမှု အကုန်ငြိမ်း၍ သီလ သမာဒါနကိစ္စ အကုန်ပျက်၏၊ ထို ပုဂ္ဂိုလ်ကို အလဇ္ဇီဟူ၍လည်းကောင်း ဒုဿီလဟူ၍လည်းကောင်း မဆိုရပေ။

ပါရာဇိကကျ ပြီးဖြစ်လျက် ရဟန်းဟုပဋိညာဉ်ဝန်ခံ၍နေသော ပုဂ္ဂိုလ်ကို မူကား အလဇ္ဇီဟူ၍လည်းကောင်း, ဒုဿီလဟူလည်းကောင်း ဆိုရသည်။

ပါရာဇိက မကျမရောက်မူ၍ သံဃာဒိသိသ်စသော သိက္ခာပုဒ်ငယ် များကို သိလျက် စိတ်စေတနာနှင့်တကွ လွန်ကျူးသော ပုဂ္ဂိုလ်မှာမူကား ထိုလွန်ကျူးသော သိက္ခာပုဒ်မှာပင် သမာဒါနကိစ္စ ပျက်သည်မဟုတ်၊ ထိုသိက္ခာပုဒ်အတွက် ဉတ်ကမ္မဝါစာထပ်၍ ဖတ်ဖွယ်ကိစ္စမရှိ၊ စောင့် ရှောက်ခြင်းဟူသော သံဝရဓမ္မမျှသာ ပျက်ပေသည်၊ သမာဒါနကိစ္စ မပျက်ပေ၍လည်း ထိုပုဂ္ဂိုလ်ကို ဒုဿီလ ဟူ၍ မဆိုရ၊ အလဇ္ဇီဟူ၍သာ ဆိုရသည်၊ အာယတိံ သံဝရ၌တည်၍ ဝုဋ္ဌာနကံ ဒေသနာကံတို့ဖြင့် ကုစားလျှင် သံဝရဓမ္မ၌တည်ပြန်၍ လဇ္ဇီပုဂ္ဂိုလ်ဖြစ်ပြန်၏၊ ဤသို့ အလဇ္ဇီနှင့် ဒုဿီလတို့၏ အထူးအပြားကို ခြားနားအောင် မှတ်ရမည်။

ဤဓမ္မဝိနယ ကျမ်းစာဆရာကား အလဇ္ဇီနှင့်ဒုဿီလ ခြားနားချက် ကို မသိရှာသောကြောင့် အလဇ္ဇီအမူအရာမျှသာဖြစ်သော ဆေးကုခြင်း, ဗေဒင်ဟောခြင်း, အစေအပါးခံခြင်း, သစ်သီးပေးခြင်း, ပန်းပေးခြင်း အစရှိသော သိက္ခာပုဒ်ငယ်များကိုပင် အလဇ္ဇီ, ဒုဿီလတို့၏ အမူအရာ ဟု မှောက်မှားစွာ ဆိုမိလေသည်တစ်ချက်။

၁၀။ သာသနာဖျက်ဒါန မဟုတ်နိုင်

သာသနာဖျက်” ဆိုသည်ကား အလဇ္ဇီပုဂ္ဂိုလ်ကို အားပေး အားမြှောက် ထောက်ပံ့ချီးမြှင့်သော သူတစ်ယောက်ကို ရူပိယသိက္ခာပုဒ် အဋ္ဌကထာ၌ သာသနာဖျက်ပုဂ္ဂိုလ်-ဟူ၍လာသည်၊ ဝိနည်း သုတ္တန် အဘိဓမ္မာ ကောင်းစွာလှလှ ကျကျနန မတတ်ပါဘဲလျက် ဤဓမ္မဝိနယကျမ်းစာကို ရေးသားသောဆရာကဲ့သို့ တရားကျမ်းဂန် အသံပေး၍ တရားကျမ်းဂန်ကို မကျွမ်းရှာသော လူ, ရှင်, ရဟန်းတို့ကို တရားအမှန် ကျမ်းဂန်အထွက်ပဲ-ဟု ထင်ရှားကြလေအောင် တရားယောင် တရား တုတို့ကို ရေးသား၍ ကျမ်းစာထုတ်ကြသောသူတို့ကို သာသနာဖျက်ဟူ၍ ကဿပ သံယုတ်ပါဠိတော်-၌ ဟောတော်မူသည်၊ ဤကဲ့သို့သော သူများကို သာသနာဖျက်- ဟူ၍လာသည်။

အစောင့်အစည်း မရှိသည်ဖြစ်၍ မိမိနေရာ၌ မိမိဘာသာ သိက္ခာ ပုဒ်တော်များကို လွန်ကျူး၍နေသော ပုဂ္ဂိုလ်များကို မိမိကိုယ်ကို မိမိ ဖျက်သောသူ-ဟူ၍သာ ဆိုရသည်၊ သာသနာဖျက်-ဟူ၍ မဆိုရ။

ဤဓမ္မဝိနယ ကျမ်းစာဆရာကား သာသနာဖျက်-ဟူ၍ ကျမ်းဂန် တို့၌ လာသည်ကို ခြားခြားနားနား မသိရှာသောကြောင့် ဆေးကုခြင်း, ဗေဒင်ဟောခြင်း အစရှိသော အမှုကိုပြုကျင့်သော အလဇ္ဇီမျှကိုသာ သာသနာဖျက်-ဟူ၍ ဆိုမှားလေသည်။

“ထိုပုဂ္ဂိုလ်၏ အမူအရာကို ကြိုက်၍ လှူဒါန်းကာနေသော ဒါယကာကို သာသနာဖျက်”ဟူ၍ ဆိုရာ၌လည်း ထိုဒါယကာသည် မိမိကိုယ်ကိုသာ မိမိဖျက်သည် သာသနာဖျက်မဆိုရ၊ ဤကဲ့သို့ မိမိကိုယ်ကို မိမိဖျက်သော ရဟန်းသည် အပါယ်သို့ကျတတ်သည်ဟူ၍သာ ကျမ်းဂန် တို့၌လာသည်၊ “အဝီစိငရဲကြီးသိ့ု ကျသည်” ဟု-ကျမ်းဂန် မရှိ၊ ထိုရဟန်းကို လှူဒါန်းသော ဒါယကာမှာလည်း အကျိုးများစွာ မကြီးကြောင်းကိုသာ ကျမ်းဂန်၌လာသည်၊ “အဝီစိငရဲမှာ ကျရမည်”ဟု ကျမ်းဂန်၌ မရှိ၊ ကဿပဘုရားလက်ထက် ကပိလရဟန်းသည် အမိ, နှမတို့နှင့်တကွ အဝီစိငရဲ၌ ကျကြောင်းကို လာသည်မှာလည်း ရဟန္တာ ရဟန်းကောင်း တို့ကို ကြမ်းတမ်းစွာသော ဝစီကံတို့ဖြင့် ပြစ်မှားမှုဖြစ်သည်၊ ဆေးကုမှု ဗေဒင်ဟောမှုမျိုး မဟုတ်။ ပေတဝတ္ထု၌ ကျောင်းဒါယကာနှင့် ကျောင်းနေ ဆရာနှစ်ဦး ကုဋီအိမ်အတွင်းမှာ အထက်,အောက် နှစ်ယောက်သား ပြိတ္တာဖြစ်၍ နေကြသည်မှာလည်း မစ္ဆေရမှုသာဖြစ်သည်။

၁၁။ ယုတ္တိယုတ္တာ မရှိ

ဓမ္မဝိနယ ကျမ်းစာဆရာကား ဤပေတဝတ္ထုကို သူပြော, လူပြော ရိပ်ဖမ်း သံဖမ်းကြားဘူးသည်ကို အဝီစိငရဲ အမှတ်လွဲရှာ၍ “ဒါယကာ, ဆရာအထက်, အောက်အဝီစိငရဲကြီး၌ ခံကြရသည်-ဟုဆုံးမတော် မူသည်”-ဟုဆိုမှားဟန်ရှိသည်၊ ကျမ်းဂန်လာသည်လည်း မဟုတ်၊ ယုတ္တိ ယုတ္တာလည်း သက်သက်မရှိပါဘဲနှင့် အဝီစိငရဲကြီး၌ ခံကြရမည်ဟု ဝန်ခံပေသော ဤဆရာသည် နောက်၌ သူဆိုလတ္တံ့သော “အလိကံ ဘဏံ” ဟူသော ရဟန်းပျက်အင်္ဂါနှင့် ညီရှာလျက် ရှိချေ၏။

နောက်၌လည်း “တစ်ရပ်တစ်ကျေးကလာသော အလဇ္ဇီကို လဇ္ဇီ ထင်မှတ်၍ လှူဒါန်းမှုသည် အကျိုးမရှိ”ဟု ဆိုသောအချက်၊ “ဓာတ်တော် မဟုတ်သည်ကို ဓာတ်တော်ဟု ထင်မှတ်၍ ရှိခိုးခြင်း၊ ဓာတ်တော်မရှိသော စေတီပျက်ကို ဓာတ်တော်ရှိသည်မှတ်၍ ရှိခိုးခြင်းများကဲ့သို့”ဟုဆိုသော စကားစုသည်လည်း ပရမတ္ထ သဘောသကန်တို့၌ ဉာဏ်အလိမ္မာ သက်သက်ကင်း၍ မှောက်မှားခြင်းစုသာ တည်း။

မှောက်မှားပုံကို အကုန်လင်း၍ ပြလိုက်အံ့၊ ဆေးကုခြင်း, ဗေဒင် ဟောခြင်းစသော သိက္ခာပုဒ်ငယ်များအတွက်နှင့် အလဇ္ဇီဖြစ်ခါမျှ သော ရဟန်းကို “ဦးပြည်းကာ သင်္ကန်းဝတ်ကာမျှ အကာသာရှိ၍ အနှစ်သာရဟု ဆိုအပ်သော အကျင့် သိက္ခာအား ထိုအလဇ္ဇီပုဂ္ဂိုလ်၏ သန္တာန်၌ အလျဉ်း ပင် မရှိ”ဟုဆိုသည်ကား အလွန်ကြည်လင်သော ကောင်းကင်၌ရှိသော တန်ဆောင်မုန်းလပြည့်နေ့တွင် လွင်တီးခေါင်၌ ပက်လက်အိပ်ပျော်၍ နေသော ဒူလာပါဒရက်သည်ကြီး တစ်ယောက်သည် ဝမ်းတွင်းရင်တွင်းမှ သလိပ်ခိုးတို့သည်ထ၍ မျက်လုံးနှစ်ခု အပြည့်ဖုံးလေ၏၊ ဖုံးသည်ကိုလည်း ရုတ်တရက် မသိတဲ့၍ ကောင်းကင်သို့ မျှော်ကြည့်လေရာ ကောင်းကင် အပြင်မှာ လဝန်းကြီးလည်း ကွယ်ပျောက်သည်၊ နက္ခတ်တာရာတို့လည်း အကုန်ကွယ်ပျောက်ကုန်လေသည်၊ အလွန်မဲလှ မိုက်လှသော တိမ်ပုပ် အတိ ဖုံးလွှမ်းခဲ့သည်၊ မှောင်ကြီးအတိ မိုက်ခဲ့ပြီ၊ တန်ဆောင်မုန်းလ မိုးကြီး သည်းထန်စွာ ရွာတော့မည်ဟု မြည်တွန်တောက်တီးသောသူနှင့် အလား တူစွာ ထိုအလဇ္ဇီသန္တာန်မှာ ကုဋေကိုးထောင်မျှမက ရှိနေသော သိက္ခာပုဒ် တွေကို ဓမ္မဝိနယဆရာ မမြင်ရှာလေ။

၁၂။ ကျမ်းကောင်း ဂန်ကောင်းတို့၌ မရှိ

“အလဇ္ဇီပုဂ္ဂိုလ်ကို လှူဒါန်း၍အကျိုးမရှိ” ဆိုသောစကားသည် ပုဂံပြည်တွင် တူရွင်းတောင်ခြေ တောရကျောင်းနေ ရဟန်းသိက္ခာပျက် လူထွက်ဆရာ ရေးသားစီရင်သည်ဟု အစဉ်အလာပြောရိုးရှိကြသော စူဠဂဏ္ဌိကျမ်းတွင်သာ လာရှိသည်၊ ကျမ်းကောင်း ဂန်ကောင်းတို့မှာ တစ်ထွာလေးသစ် မလာမရှိ၊ ဒုဿီလပုဂ္ဂိုလ်ကို လှူဒါန်းလျှင် အကျိုး မကြီးကြောင်းကိုသာ ကျမ်းကောင်း ဂန်ကောင်းများ၌ လာပေသည်။

၁၃။ တောင်ပို့ကိုပင် ရှိခိုးတော့

“ဓာတ်တော်အစစ် မဟုတ်သည်ကို ဓာတ်တော်အစစ်ထင်မှတ်၍ ရှိခိုးလျှင် အကျိုးမရှိ”ဟု ဆိုခြင်းသည်လည်း မဟုတ်။ အတုမရှိသော သဗ္ဗညုဘုရားကြီးကို အထူးကြည်ညိုလှသော သဒ္ဓါမှန် သဒ္ဓါစစ်နှင့်ပြည့်စုံ ပြီးသော လူမျိုးအပေါင်းတို့သည် ကျောက်ခဲ, ကြေးခဲ, ရွှေခဲ, အမြုတေ, ဂေါရာဇဉ်းတို့ကိုပင် ဓာတ်တော်စစ်ထင်မှတ်၍ ရှိခိုးကိုးကွယ်သော်လည်း ထိုလူမျိုးတို့၏ စိတ်စေတနာ သဒ္ဓါပညာတို့သည် သဗ္ဗညုမြတ်စွာဘုရား ကြီး၌ ဆိုက်၍တည်ကုန်သည်သာ ဖြစ်ပေရကား ကုသိုလ်အစစ်အမှန် ဖြစ်၏၊ ဓာတ်တော်မရှိသော စေတီပျက်ကို မဆိုထားဘိ တောင်ပို့ပျက် ကိုပင် ရှိခိုးငြားသော်လည်းသည် တောင်ပို့မြေမျိုးသည် သဗ္ဗညုတဉာဏ် တော်ရှိသော မြေမျိုးဖြစ်သည်ဟု ရှိခိုးသည်မဟုတ်၊ စေတီထင်မှတ်၍ ရှိခိုးခြင်းသာ ဖြစ်ပေရကား သဗ္ဗညုမြတ်စွာဘုရားကြီးသို့ ဆိုက်၍ တည် သည်သာ ဖြစ်၏၊

၁၄။ ဘုရား မလွဲနိုင်

“ကပိလဝတ်ပြည်တော်မှ တောထွက်တော်မူ၍ ဗောဓိ မဏ္ဍိုင်၌ ဘုရားအဖြစ်သို့ ရောက်တော်မူကာ ကုသိနာရုံ ပြည်၌ ပရိနိဗ္ဗာန်စံတော်မူသော သဗ္ဗညု မြတ်ဘုရားကြီး သည်သာလျှင် သဗ္ဗညုအစစ်အမှန် ဖြစ်သည်ဟု အတပ် သိပြီး ကြည်ညိုပြီးသော လူမျိုးအပေါင်းတို့မှာ ဘယ်သင်း ဘယ်ဟာကိုပင် ကိုးကွယ်သော်လည်း မမှားနိုင်ပြီ၊ ဘုရား မလွဲနိုင်ပြီ။

သဒ္ဓါဓိကော=သဒ္ဓါလွန်ကဲသော၊ မန္ဒပညော=နုံ့သော ပညာရှိသောသူသည်၊ အဝတ္ထုသ္မိံ=မကြည်ညိုထိုက်သော ဝတ္ထု၌၊ ပသီဒတိ=ကြည်ညိုမိတတ်၏”

ဟု-လာသည်မှာ ဘုရားအမှန်, တရားအမှန်, သံဃာအမှန်ကို မသိဘူးကြ၍ ပူရဏကဿပ, မက္ခလိဂေါသာလစသော တိတ္ထိကြီးတို့ကို သာ ဘုရား-ဟူ၍ ကြည်ညိုကြသော သူတို့ကိုသာ ဆိုသည်၊ ဘုရားတပည့် သားဖြစ်လျက် ဘုရားကို မကြည်ညိုမူ၍ တိတ္ထိတို့ကိုသာ ကြည်ညိုကြသော လိစ္ဆဝီမင်းမျိုးဖြစ်သော သုနက္ခတ္တရဟန်းလိုဟာကို ဆိုသည်တစ်ရပ်။

ဆေးကုခြင်း, ဗေဒင်ဟောခြင်းစသော သိက္ခာပုဒ်ငယ်များအတွက် အလဇ္ဇီဖြစ်၍နေသောရဟန်းကို လှူဒါန်း၍ အကျိုးမရှိကြောင်းကို ပါဠိသာဓက ပြသည်ကား

န မုဏ္ဍကေန သမဏော၊ အဗ္ဗတော အလိကံ ဘဏံ။ ဣစ္ဆာလောဘသမာပန္နော၊ သမဏော ကိံ ဘဝိဿတိ။

ဟူသော ဓမ္မပဒပါဠိတော် ကိုပြပေ၏။

ထိုပါဠိတော်၏ ပါဌ်လျှောက်အဓိပ္ပါယ်ကား- ဦးပြည်းကာမျှဖြင့် ရဟန်း သမဏ မဟုတ်သေး၊ သိက္ခာသီလအကျင့်, ဓုတင်အကျင့်လည်း မရှိသော မဟုတ်မမှန်သောစကားကိုလည်း ပြောဟောလေ့ရှိသော မရောက် သေးသော ဝတ္ထုအာရုံကာမဂုဏ်ကို တောင့်တသောဣစ္ဆာ တရား, ရပြီးရောက်ပြီးသော ဝတ္ထုအာရုံကာမဂုဏ်တို့၌ သာယာသော လောဘတရားတို့နှင့် ပြည့်စုံသော သူသည် အဘယ်မှာ ရဟန်းဟုတ်ပ ချေအံ့နည်း။

[ပါဌ်လျှောက် အဓိပ္ပါယ်။]

၁၅။ ရဟန်း သုံးမျိုး

ဓမ္မဝိနယကျမ်းဆရာသည် “အဝီစိငရဲကြီး၌ ကျရမည်ဟု ဆုံးမ တော်မူသည်”ဟု မဟုတ်မမှန်သော စကားကိုပြောသောသူ ဖြစ်ပေရကား ဤဒေသနာတော်တွင် သူလည်းအပါအဝင်ဖြစ်လေတော့သည်။

အလင်္ကတောပိ စေ သမံ စရေယျ၊
သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊
သသမဏော သဗြာဟ္မဏော သဘိက္ခု”။

ဟူသော ဓမ္မပဒပါဠိတော်နှင့်အညီ ရဟန်းသည် ဝိနည်းရဟန်း, သုတ္တန် ရဟန်း, ပရမတ်ရဟန်း-ဟူ၍ သုံးမျိုးရှိသည်။-

ဉတ်ကမ္မဝါစာနှင့် ဖတ်ရွတ် သမုတ်၍ဖြစ်သော သမ္မုတိရဟန်း သည် လာဠုဒါယီမထေရ်ကြီးတို့ကဲ့သို့ အလွန်ပင် ပညာနည်းစွာ သောသူပင် ဖြစ်ငြားသော်လည်း ဝိနည်းရဟန်းပေတည်း။ ထိုဝိနည်းရဟန်းသည် လည်း မြတ်စွာဘုရား၏ ဉတ်ကမ္မဝါစာဖြင့် ရဟန်းဖြစ်လေသောကြောင့် မြတ်စွာဘုရား၏ သမ္မုတိ သား တော်မည်၏၊ ထိုသမ္မုတိ ရဟန်းသည် အရိယာအစစ်သို့ ရောက် သောအခါ ပရမတ်ရဟန်း မည်ပြန်၏၊ မြတ်စွာဘုရား၏ ပရမတ္ထ သားတော် အစစ်လည်း မည်၏။

[သမ္မုတိသံဃာ, ပရမတ္ထသံဃာ-ဟူသည်လည်း ဤအတူပင်မှတ်။]-

သုတ္တန်ရဟန်း- ဆိုသည်ကား ဆိုခဲ့ပြီးသော ဝိနည်းပညတ်တော်၏ အစွမ်းအားဖြင့် သမ္မုတိရဟန်းဖြစ်ပြီးသော လာဠုဒါယီမထေရ်, န မုဏ္ဍ ကေန သမဏော- ဟူသောဂါထာ၏ ဝတ္ထုတွင်လာသော ဟတ္ထကမထေရ်, အဿဇိ ပုနဗ္ဗသုကအစရှိသော ဆဗ္ဗဂ္ဂီ ရဟန်းတို့ကဲ့သို့သော လောဘတစ်ထောင်ထောင်၊ ဒေါသ တစ်ထောင်ထောင် မောဟတစ်ထောင်ထောင် ရုန့်ရင်းကြမ်းတမ်း သော ကာယကံ, ဝစီကံ, မနောကံ အပြည့်နှင့် နေသော သူတို့ကို သုတ္တန်ပရိယာယ်အလိုအားဖြင့် သမဏမဆိုအပ်ကုန်၊ လူ ပုထုဇ္ဇန်ပင် ဖြစ်ငြားသော်လည်း ကိလေသာတရားတို့ ငြိမ်သက်၍ ဣန္ဒြေ ၆-ပါး၊ ဒွါရ ၃-ပါး ငြိမ်သက်ကြပေမူကား သမဏဟူ၍ပင် ဆိုရ၏။

[ဤကား သုတ္တန်ရဟန်းတည်း။]-

ပရမတ်ရဟန်း-ဆိုသည်ကား- သုဒ္ဓေါဒနမင်းကြီး, သန္တတိ အမတ်ကြီးတို့ကဲ့သို့ မင်းမြောက်တန်ဆာ ဆင်ယင်လျက်ရှိသော လူပင် ဖြစ်ငြားသော်လည်း, နတ်ပင်ဖြစ်ငြားသော်လည်း, သိကြား, ဗြဟ္မာပင် ဖြစ်ငြားသော်လည်း အရိယာမဂ်ကိုရသောအခါမှစ၍၊ သမဏော=ရဟန်းလည်းမည်၏၊ ဗြဟ္မဏော=ဗြဟ္မဏလည်း မည်၏၊ ဘိက္ခု=ဘိက္ခုလည်း မည်၏။

[ဤကား ပရမတ္ထ ရဟန်းတည်း။]

ထိုသုံးပါးသော ရဟန်းတို့တွင် သုတ္တန်ရဟန်း, အဘိဓမ္မာရဟန်း အစစ်ပင် မဖြစ်တတ်သေးသော်လည်း ဝိနည်းရဟန်းဟုဆိုအပ်သော သမ္မုတိရဟန်း သမ္မုတိသံဃာဖြစ်ပေလျှင်ပင် အခိုက်အတန့်အားဖြင့် တစ်ခုသော, နှစ်ခုသော, သုံးခုသော သိက္ခာပုဒ်ငယ်တို့ကို ကျူးလွန်မှုနှင့် အလဇ္ဇီပုဂ္ဂိုလ်ပင် ဖြစ်စေဦးတော့ အလှူခံမြတ်တွင် ပါဝင်ပေသည်သာ ဖြစ်၏၊ “န မုဏ္ဍကေန သမဏော”ဟူသော ထိုဂါထာသည်ကား သုတ္တန်ဂါထာ သုတ္တန်ဒေသနာ ဖြစ်ပေရကား ဣန္ဒြေ ၆-ပါး, ဒွါရ ၃-ပါး မငြိမ်သက်သော ဝိနည်းရဟန်းမျှကိုသာ ရဟန်းဟူ၍ မဆိုလို။။ထို့ကြောင့် “သမဏော ကိံ ဘဝိဿတိ” ဟူ၍ ကဲ့ရဲ့တော်မူသည်။

ကိလေသေ သမေတီတိ သမဏော။

ယော=အကြင်သူသည်၊ ကိလေသေ=ကိလေသာတို့ကို၊ သမေတိ= ငြိမ်းစေနိုင်၏၊ ဣတိ=ထို့ကြောင့်၊ သော=ထိုသူသည်၊ သမဏော=သမဏ မည်၏၊ ဝါ=ရဟန်းမည်၏။

ဤသို့သော အနက်သွားနှင့် ညီညွတ်သောသူကိုမှ သုတ္တန်အလို ရဟန်း ဆိုသည်၊ ထို့ကြောင့် မဟုတ်လော နောက်ဂါထာ၌“ယော စ သမေတိ ပါပါနိ၊ အဏုံ ထူလာနိ သဗ္ဗသော၊ သမိတတ္တာ ဟိ ပါပါနံ၊ သမဏောတိ ပဝုစ္စတိ။” ဟူ၍ ဟောတော်မူသည်တကား။

[ဤကား ရဟန်းတို့ကို ခြားနားသိသာအောင် ပြလိုက်သောအချက်တည်း။]

၁၆။ ဓမ္မဝိနယဆရာ၏ အပြစ်

ထိုသုံးပါးတွင် အလဇ္ဇီရဟန်း, ဒုဿီလရဟန်းဟူသော ရဟန်းစု သည် ဝိနည်းသိက္ခာပုဒ်နှင့် စပ်၍ဖြစ်ရသောအရာ ဖြစ်ရလေကား ဝိနည်း ရဟန်းအရာ၌သာ ရှိပေသည်၊ သုတ္တန်ရဟန်း, အဘိဓမ္မာရဟန်းတို့မှာ အလဇ္ဇီဟူ၍ မရှိ ဒုဿီလဟူ၍ မရှိကြပေ။

ဤဓမ္မဝိနယကျမ်း ဆရာကား ယခုခြားနား၍ ပြခဲ့သော ရဟန်း ဟူသော ဝေါဟာရအထူး အပြားကို သက်သက်မသိဖူး မကြားဖူးရှာ သောကြောင့် ဆေးကုခြင်း, ဗေဒင်ဟောခြင်းစသော အပြစ်ငယ်စုနှင့် အလဇ္ဇီဖြစ်သော ရဟန်းအား လှူဒါန်း၍ အကျိုးမရှိကြောင်းကို သုတ္တန် ရဟန်း အခြေအနေကို ဟောသောဂါထာကို သက်သေလုပ်၍ ပြလေ သည်တစ်ရပ်။

သံဃေ စိတ္တိကာရံ ကာတုံ သက္ကောန္တဿ
ခီဏာသဝေ ဒိန္န ဒါနတော သံဃတော
ဥဒ္ဒိသိတွာ ဂဟိတ ဒုဿီလဿ ဒိန္နံ မဟပ္ဖလံ

ဟူသော ဒက္ခိဏဝိဘင်္ဂသုတ် အဋ္ဌကထာ၌လည်း မြတ်စွာဘုရား လက်ထက်တော်မှာပင်ဖြစ်စေ သံဃာမှ ညွှန်းချ၍ရအပ်သော ဒုဿီလ ရဟန်းကို သံဃာ၌တည်သော ရိုသေခြင်းဖြင့် လှုဒါန်းသော အလှူသည် ရဟန္တာပုဂ္ဂိုလ်ကို ပုဂ္ဂလိကလှူသောအလှူထက် အကျိုးကြီး၏ဟု အဘယ် ကာလမဆို သာဓာရဏအားဖြင့် သံဃိကအလှူ အကျိုးကြီးကြောင်းကို ပြတော်မူသည်။

ဓမ္မဝိနယကျမ်းဆရာကား “သံဃတော ဥဒ္ဒိသိတွာ ဂဟိတ ဒုဿီ လဿ” ဟူသောပါဌ်ကို ကြောင်ကြောင်မြင်လျက်နှင့် အနက်သွား အဓိပ္ပါယ်သွားကို သက်သက်မသိရှာသည့်အတွက်ကြောင့် ထိုအဋ္ဌကထာ ပါဌ်၏ အဓိပ္ပါယ်ကို သီလသိက္ခာ သာသနာကွယ်၍ သံဃာအစစ်မရှိသော လိင်္ဂသာသနာမျှသာရှိသော နောက်ကာလ၌ ကာသာဝကဏ္ဌ ဒုဿီလ ရဟန်းတို့ကို ထုတ်၍ပြဘိသည်၊ ထိုအခါမှာ “သံဃတော ဥဒ္ဒိသိတွာ” သံဃာအစစ် အဘယ်မှာရှိတော့အံ့နည်း၊ ထိုအခါ၌ သံဃာအစစ်တို့၏ ဂုဏ်ကျေးဇူးကို ကြားဘူးရုံမျှ ရှိကြသေးသော လူပညာရှိတို့သည် ကြားဘူးသော သံဃာကိုရည်မှတ်၍ ထိုအခါတွင်ရှိသော ဒုဿီလ ဂေါတြဘူ ရဟန်းတုတို့ကို လှူဒါန်းသည်, သံဃာမှ ညွှန်းချသည်ဟုဆိုရန် ညွှန်းချသော သံဃာအစစ်ဟူ၍ ထိုအခါမရှိပြီ၊ “သင်္ဂဇာဆရာတော် ဘုရား ဆုံးမချက်ပြီး၏”ဟု ပါရှိသည်ကား အဟုတ်အမှန်ကိုသိ၍ ဆိုခဲ့ သောအချက်-ဟူ၍ တစ်ချက်မျှ လှလှမပါ, စိတ်ထင်ရာကို ဆိုခဲ့သော အရာစုကြီးဖြစ်၍ ဆရာတော်ဘုရားကြီးကို ကျောက်ကြီးငါးခို နံပါတ်တင်၍ ထားလေသည်။

ဒါန သီလအဓိပ္ပါယ်-ပြီး၏။

အာဝေဏိက ဂုဏ်တော် ပါဌ်

အနန္တရာယိကဋ္ဌာန ၄- ပါး

၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ

၂။ ဗုဒ္ဓါနံ သဗ္ဗညုတဉာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ

၃။ ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ

၄။ ဗုဒ္ဓါနံ အသီတိယာ-နုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ

ဣမေသံ စတုန္နံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု

အနန္တရာယိကဋ္ဌာန ၄-ပါး ပြီး၏။

-------*-----

အတီတဉာဏာဒိ ဋ္ဌာရသက

၁။ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ

၂။ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ

၃။ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ

ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော

၁။ သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ

၂။ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ

၃။ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ

ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော

၁။ နတ္ထိ ဆန္ဒဿ ဟာနိ

၂။ နတ္ထိ ဓမ္မဒေသနာယ ဟာနိ

၃။ နတ္ထိ ဝီရိယဿ ဟာနိ

၄။ နတ္ထိ သမာဓိဿ ဟာနိ

၅။ နတ္ထိ ပညာယ ဟာနိ

၆။ နတ္ထိ ဝိမုတ္တိယာ ဟာနိ

ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော

၁။ နတ္ထိ ဒဝါ

၂။ နတ္ထိ ရဝါ

၃။ နတ္ထိအပ္ဖုဋံ

၄။ နတ္ထိ ဝေဂါယိတတ္တံ

၅။ နတ္ထိ အဗျာဝဋမနော

၆။ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ

ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ

သသဒ္ဓမ္မဂဏုတ္တမော သမ္မာသမ္ဗုဒ္ဓေါ သပရိဝါရံ သဉာတိဂဏံ ရက္ခတု မံ စိရံ သဒါ၊ သဗ္ဗကာမဒဒေါ ဟောတု မယှမေဝ စိရံ သဒါ

အတီတဉာဏာဒိ ဋ္ဌာရသကပြီး၏။

ဤတွင် အာဝေဏိက ဂုဏ်တော်ပါဌ် ပြီး၏။

-------------------

အာဝေဏိကဂုဏ်တော် အနက်

အနန္တရာယိကဋ္ဌာန ၄-ပါး အနက်

၁။ ဗုဒ္ဓါနံ=သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏၊ ဇီဝိတဿ=ပွင့်ရာတမ်းမှတ် အာယုကပ်ကို ငါးရပ်ပုံစု လေးခုသုဉ်းတိုင် ရှည်ခိုင်တည်နေမြဲ ဖြစ်သော အသက်တော်၏၊ အန္တရာယော=လေးစုံလုံးလုံး မဆုံး မီခင် အလယ်တွင်၌ ဝင်၍လတ်လတ် ဖျက်ဆီးတတ်သော အန္တရာယ်ကို၊ ကေနစိ=ဒေဝဒတ်နှင့် မာရ်နတ်စစ်မှူး, ဘီလူး အာဠာဝက- စသည်အပုံ တစ်စုံတစ်ယောက်သော သူမျှပင်၊ ကာတုံ=ပျက်စီးလေအောင် ကြံဆောင်အားထုတ် ပြုလုပ်စီရင် ခြင်းငှါ၊ နသက္ကာ=မတတ်နိုင်။

၂။ ဗုဒ္ဓါနံ=သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏၊ သဗ္ဗညုတဉာဏဿ= အပရိယန္တ ဉေယျအထု တရားစုဝယ် တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကို အကုန်အစင် ထင်ထင်မြင်နိုင်သော သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်၏၊ အန္တရာယော=ဉာဏ်ကြီးသဗ္ဗဉ် မထင်သာအောင် ကွယ်ကာဖျက်ဆီး တတ်သော အန္တရာယ်ကို၊ ကေနစိ=မဟေသရ, ဗကဗြဟ္မာ, အသူရာနှင့် များစွာလူတွင် တစ်ယောက်ပင်မျှ၊ ကာတုံ=မမြင်သာအောင် ကြံဆောင် အားထုတ် ပြုလုပ် စီရင်ခြင်းငှါ၊ နသက္ကာ=မတတ်နိုင်။

၃။ ဗုဒ္ဓါနံ=သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏၊ အဘိဟဋာနံ=ရှေးရှုဆောင် အပ်ကုန်ပြီးသော၊ စတုန္နံ=လေးပါးကုန်သော၊ ပစ္စယာနံ=သင်္ကန်း, ဆွမ်း, ဆေး, ကျောင်း, ပစ္စေးတို့၏၊ အန္တရာယော=ပျက်စီး ချိန်သင့် ခါမလင့်ခင် အလယ်တွင်၌ ဝင်၍လတ်လတ် ဖျက်ဆီးတတ် သော အန္တရာယ်ကို၊ ကေနစိ=မိုက်ကန်းယုတ်မာ ဗြဟ္မာ, နတ်, လူ အဆူဆူတွင် တစ်ယောက် ပင်မျှ၊ ကာတုံ=ပျက်စီးလေအောင် ကြံဆောင်အားထုတ် ပြုလုပ် စီရင်ခြင်းငှါ၊ နသက္ကာ=မတတ်နိုင်။

၄။ ဗုဒ္ဓါနံ=သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏၊ အသီတိယာ=ရှစ်ဆယ် သော၊ အနုဗျဉ္ဇနာနံ ဝါ=လက္ခဏာတော်ငယ်တို့၏လည်းကောင်း၊ ဗျာမပ္ပဘာယဝါ=တစ်ဆယ့်ရှစ်တောင် ဝန်းကျင်ဆောင်သော် အတောင် ရှစ်ဆယ်ပမာဏ နိစ္စလဋ္ဌိတိ ရောင်ခြည်တော်၏ လည်းကောင်း၊ အန္တရာယော=ပျက်စီးချိန်သင့် ခါမလင့်ခင် အလယ်တွင်၌ ဝင်၍ လတ်လတ် ဖျက်ဆီးတတ်သော အန္တရာယ် ကို၊ ကေနစိ=မိုက်ကန်း ယုတ်မာ ဗြဟ္မာ, နတ်, လူ အဆူဆူတွင် တစ်ယောက်ပင်မျှ၊ ကာတုံ=ပျက်စီးလေအောင် ကြံဆောင်အား ထုတ် ပြုလုပ်စီရင်ခြင်းငှါ၊ နသက္ကာ=မတတ်နိုင်။

ဣမေသံ စတုန္နံ=သက်တော်, ဉာဏ်တော်, ပစ္စည်းတော်နှင့် ကိုယ်တော် ရောင်ခြည် ဤလေးမည်တို့၏၊ အန္တရာယော=ပျက်စီးချိန်သင့် ခါမလင့်ခင် အလယ်တွင်၌ ဝင်၍လတ်လတ် ဖျက်ဆီးတတ်သော အန္တရာယ်ကို၊ ကေနစိ=မိုက်ကန်းယုတ်မာ ဗြဟ္မာ, နတ်, လူ အဆူဆူတွင် တစ်ယောက်ပင်မျှ၊ ကာတုံ=ပျက်စီးလေအောင် ကြံဆောင်အားထုတ် ပြုလုပ်စီရင်ခြင်းငှါ၊ နသက္ကာ=မတတ်နိုင်၊ တထာ=ထိုနည်းမခြား အလား တူစွာ၊ မေ=ဘုရားအာရုံ ကိုယ်လုံးထုံလျက် ကြည်ယုံကော်ရော် တပည့် တော်အား၊ ဟောတု=ဖြစ်ပါစေသတည်း။။

[ဤအနန္တရာယိကဌာန-၄-ပါးသည် ပါရာဇိကဏ်အဋ္ဌကထာ၌ လာသည်၊ သို့ရာတွင် ခေါင်းစဉ်မတူကြ။]

အနန္တရာယိကဋ္ဌာန-၄-ပါးအနက်ပြီး၏။

-------*-----

အတီတာဉာဏာဒိဋ္ဌာရသက အနက်

၁။ ဘဂဝတော=ခြောက်ပါးရှစ်သွယ် ဘုန်းတော်ကြွယ်သော၊ ဗုဒ္ဓဿ=မြတ်စွာဘုရား၏၊ ဉာဏံ=သဗ္ဗညုတ ရွှေဉာဏ်တော် သည်၊ အတီတံသေ=အတိတ်သံသရာ ကမ္ဘာဘာလျှင် စရာမထင် ရှေ့ တပြင်က လွန်ကုန်ကြသော ဉေယျသစ္စာ များစွာ အထု တရားစု၌၊ အပ္ပဋိဟတံ=ပရမာမြူဏု တစ်ခုခုမျှပင် မြင်ခွင့်မပေး အရေးကန့်လန့် တားဟန့်ပိတ်ပင်နိုင်သော ပဋိပက္ခ တရားမှ ကင်းတော် မူပေ၏။

၂။ ဘဂဝတော=ခြောက်ပါးရှစ်မျိုး ဘုန်းတော်ဖြိုးသော၊ ဗုဒ္ဓဿ= မြတ်စွာဘုရား၏၊ ဉာဏံ=သဗ္ဗညုတ ရွှေဉာဏ်တော်သည်၊ အနာဂတံသေ= အနာဂတ်သံသရာ ကမ္ဘာဘာလျှင် ဆုံးရာမထင် နယ်တစ်ပြင်၌ အစဉ်ရှည်ဝေး လာအံ့သေးသော ဉေယျသစ္စာ များစွာအထု တရားစု၌၊ အပ္ပဋိ ဟတံ=ပရမာမြူဏု တစ်ခုခုမျှပင် မြင်ခွင့်မပေး အရေးကန့်လန့် တားဟန့် ပိတ်ပင်နိုင်သော ပဋိပက္ခတရားမှ ကင်းတော်မူပေ၏။

၃။ ဘဂဝတော=ရှစ်ပါးခြောက်မြောက် ဝင်းဝင်းတောက်သော၊ ဗုဒ္ဓဿ=မြတ်စွာဘုရား၏၊ ဉာဏံ=သဗ္ဗညုတ ရွှေဉာဏ်တော် သည်၊ ပစ္စုပ္ပန္နံသေ=ဧကတ္တိံသ ဘုံဘဝနှင့် အနန္တစကြဝဠာ ရပ်ရွာဝန်းကျင် နယ်တစ်ပြင်၌ မျက်မြင်မစဲ ဖြစ်ဆဲ,ပျက်မှု ယခုတည်လစ် လောလောဖြစ်သော ဉေယျသစ္စာ များစွာအထု တရားစု၌၊ အပ္ပဋိဟတံ=ပရမာမြူဏု တစ်ခုခုမျှပင် မြင်ခွင့်မပေး အရေးကန့်လန့် တားဟန့်ပိတ်ပင်နိုင်သော ပဋိပက္ခတရားမှ ကင်းတော်မူပေ၏။

ဣမေဟိ တီဟိ ဓမ္မေဟိ=ဤသုံးပါးသော အသာဓာရဏ ဓမ္မပြန့်ဖြူး ဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ=လောက်လွေ့ကုံငှ ပြည့်စုံလှ သော၊ ဘဂဝတော=ခြောက်ပါးရှစ်တန် ဘုန်းတော်လျှံသော၊ ဗုဒ္ဓဿ= မြတ်စွာဘုရား၏။

၁။ သဗ္ဗံ=တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံသော၊ ကာယကမ္မံ= သွား, ရပ်, ထိုင်, လျောင်း ရှေ့, နှောင်း, တက်, ဆုတ် ဆန့်, ရုတ်, ချီ, ကြွ စသည်များပြား လှုပ်ရှားပြုပြင်သမျှသော ကိုယ်အမူအရာတော်သည်၊ ဉာဏပုဗ္ဗင်္ဂမံ=သတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်, ဂေါစရသမ္ပဇဉ်, အသမ္မောဟသမ္ပဇဉ် ပညာလေးပါး ရှေ့သွား ရှေ့ဆောင် ရှိတော်မူပေ၏၊ ဉာဏာနုပရိဝတ္တံ=သမ္ပဇဉ်ဉာဏ် စီမံတိုင်းပင် အစဉ်တစိုက်လိုက်ကာ ဖြစ်တော်မူပေ၏။

၂။ သဗ္ဗံ=တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံသော၊ ဝစီကမ္မံ= နှုတ်လျှာ အိမ့်၍ မိန့်ဖော်ကျူးရင့် လှစ်ဖွင့်သမျှသော နှုတ်အမူအရာ တော်သည်၊ ဉာဏပုဗ္ဗင်္ဂမံ=သတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်, ဂေါစရသမ္ပဇဉ်, အသမ္မောဟသမ္ပဇဉ် ပညာလေးပါး ရှေ့သွား ရှေ့ဆောင် ရှိတော်မူပေ၏၊ ဉာဏာနုပရိဝတ္တံ=သမ္ပဇဉ်ဉာဏ် စီမံတိုင်းပင် အစဉ်တစိုက်လိုက်ကာ ဖြစ်တော်မူပေ၏။

၃။ သဗ္ဗံ=တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံသော၊ မနောကမ္မံ= ကြံကြံ သမျှသော စိတ်အမူအရာတော်သည်၊ ဉာဏပုဗ္ဗင်္ဂမံ=သတ္ထက သမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်, ဂေါစရသမ္ပဇဉ်, အသမ္မောဟသမ္ပဇဉ် ပညာလေးပါး ရှေ့သွားရှေ့ဆောင် ရှိတော်မူပေ၏၊ ဉာဏာ နုပရိဝတ္တံ=သမ္ပဇဉ်ဉာဏ် စီမံတိုင်းပင် အစဉ်တစိုက်လိုက်ကာ ဖြစ်တော်မူပေ၏။

ဣမေဟိ ဆဟိ ဓမ္မေဟိ=ဤခြောက်ပါးသော အသာဓာရဏ ဓမ္မ ပြန့်ဖြူး ဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ=လောက်လွေ့ကုံငှ ပြည့်စုံလှသော၊ ဘဂဝတော=ခြောက်ပါးရှစ်တန် ဘုန်းတော်လျှံသော၊ ဗုဒ္ဓဿ=မြတ်စွာဘုရားအား

၁။ ဆန္ဒဿ=စကြဝဠာပေါင်း တစ်သောင်းတိုက်နေ ဗိုလ်ခြေများစွာ သတ္တဝါကို ခေမာသောင်သို့ ငါဆောင်ပို့မည် ရည်သန်တောင်း တသော ဘုရားလောင်းလျာ သုမေဓာသူမြတ်၏ သန္တာန်၌ဖြစ် သော အာဂမ ဆန္ဒတော်, ဘုန်းခြောက်ဖြာတွင် ကာမာမည်သီး လိုတိုင်းပြီးသော အဓိဂမဆန္ဒတော်-နှစ်ပါး၏၊ ဟာနိ= ရည်သန် သလောက် မမြောက်မပြီး ပျက်စီး ချို့ငဲ့ခြင်းမည်သည်၊ နတ္ထိ= အဏုမြူမျှ ရှိတော်မမူ။

၂။ ဓမ္မဒေသနာယ=ဝဋ္ဋသုံးဖြာသံသရာမှ နိယျာနိက နိဿရဏစစ် ဖြစ်စေခြင်းငှါ စိတ်ဖြာဝေဖန် ခွဲပြညွှန်သား အမွန်ထွေလာ ဒေသနာတော် မြတ်၏၊ ဟာနိ=နိယျာနိက နိဿရဏ ဖလကျိုး ကြီး မပြီးစီးပဲ ချွတ်လွဲ ယုတ်လျော့ခြင်းမည်သည်၊ နတ္ထိ=အဏု မြူမျှ ရှိတော်မမူ။

၃။ ဝီရိယဿ=ယူဇနာဝန်းညီ သုံးလီသန်းပေါင်း ခြောက်သိန်း လောင်းလျက် တစ်သောင်းသုံးရာ ငါးဆယ်သာသည် စကြဝဠာ တွင်း ဝင်းဝင်းထိန်ညီး မီးကျီးလှံသွား အပြည့်ထားလျက် တစ်ဘက်ကမ်းတိုင် ရောက်နိုင်ပေမူ အကြင်သူကား ဘုရားဖြစ် မည် စင်စစ်ဟူက ဆံမြူမတွန့် ဝံ့ဝံ့စားစား ကူးသွားနိုင်မျှ ရဲရင့်လှ သား ပယတ္တမည်သော အာဂမဝီရိယတော်, အသာဓာရဏ ကိစ္စလေးတန် ကုံလောက်ငံ၍ သမ္မပ္ပဓာန်ကိစ္စ တတ်စွမ်း လှသော အာဂမ ဝီရိယတော်, နေ့တိုင်းစတေ ငါးထွေကိစ္စ မလပ်ရအောင် ထာဝရအားသစ် ပြုမြဲဖြစ်သော အဓိဂမဝီရိယ တော်-သုံးပါး၏၊ ဟာနိ=ယုတ်လျော့ခြင်းမည်သည်၊ နတ္ထိ=အဏုမြူမျှ ရှိတော်မမူ။

၄။ သမာဓိဿ=အဋ္ဌဒိသာ ရှစ်မျက်နှာမှ လာသာသရွေ့ မုန်တိုင်း ဝှေ့လည်း မရွေ့မယိုင် မြင်းမိုရ်ခိုင်သို့ တပြိုင်နက်သား ရှစ်ပါး လောကဓာတ် ဝန်းရံပတ်ဆုံ တွေ့ခိုက်ကြုံလည်း တုန်မလှုပ်ဘဲ တည်တံ့သော ပကတိ သမာဓိတော်, ဝသီငါးရပ် ကမ်းဆုံခပ် လျက် ထူးမြတ်လွန်ကဲသော ဣဒ္ဓိဝိဓ အဘိညာဏ်, ဒိဗ္ဗစက္ခု အဘိညာဏ်, ဒိဗ္ဗသောတအဘိညာဏ်, စေတောပရိယ အဘိညာဏ်, ပုဗ္ဗေနိဝါ သာနုဿတိအဘိညာဏ်, ယထာ ကမ္မူပဂအဘိညာဏ်, အနာဂတံသအဘိညာဏ်မျိုး တန်ခိုး ဣဒ္ဓိပါဒ် တော်တို့၌အခြေဖြစ်သော အပ္ပနာသမာဓိတော်-နှစ်ပါး၏၊ ဟာနိ=ယုတ်လျော့ခြင်းမည်သည်၊ နတ္ထိ=အဏုမြူမျှ ရှိတော်မမူ။

၅။ ပညာယ=စကြဝဠာပေါင်း သောင်းတိုင်အပြင် သုံးဘုံခွင်ဝယ် သင်္ခါရဓမ္မ ဟူသမျှကို တစမကြွင်း လင်းလင်းထင်ထင် အကုန် မြင်လျက် နေ့စဉ်မစဲ ရှုစမြဲအစဉ်ဖြစ်သော နှစ်ကုဋေလေးသန်း မျှလောက်သော မဟာဝဇိရ ဉာဏ်တော်မြတ်၏၊ ဟာနိ=ယုတ် လျော့ခြင်းမည်သည်၊ နတ္ထိ=အဏုမြူမျှ ရှိတော်မမူ။

၆။ ဝိမုတ္တိယာ=ကုဋေတစ်သိန်း ပျက်ကိန်းတူစွာ စကြာဝဠာဝယ် ဗြဟ္မာ,လူ, နတ် လေးရပ်ပါယ်ဘုံ အကုန်မကြွင်း ခပင်းရုံးပေါင်း လွှမ်းမွမ်း ညောင်းအောင် သွန်းလောင်း ဖြန့်ဖြူးတော်မူအပ်သော မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ-ဟုဆိုအပ်သော ဗြဟ္မ ဝိဟာရ စေတောဝိမုတ္တိတရားလေးပါး၊ ဗြဟ္မာ,လူ, နတ်ပရိ်သတ်အား တရားဟောစဉ် အခိုက်တွင်မျှ မလပ်ရအောင် နေ့, ညမစဲ ဝင်စားမြဲ အစဉ်ဖြစ်သော နှစ်ကုဋေလေးသန်း မျှလောက်သော အရဟတ္တဖလ စတုတ္ထစျာန် အမွန်ရတနာ ချမ်းသာသုခ ထူးမြတ်လှသော ဝိမုတ္တိတရား-ဤငါးပါး၏၊ ဟာနိ=ယုတ်လျော့ခြင်း မည် သည်၊ နတ္ထိ=အဏုမြူမျှ ရှိတော်မမူ။

ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ=ဤတစ်ဆယ့်နှစ်ပါးသော အသာဓာ ရဏ ဓမ္မပြန့်ဖြူး ဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ= လောက်လွေ့ ကုံငှပြည့်စုံလှသော၊ ဘဂဝတော=ခြောက်ပါး ရှစ်တန် ဘုန်းတော်လျှံသော၊ ဗုဒ္ဓဿ=မြတ်စွာဘုရားအား

၁။ ဒဝါ=သတိသမ္မဇဉ် မယှဉ်မဘက် အပျက်အချော် သရော် ဖျင်းပေါ့ အသော့အသွမ်း ရွှင်လန်းမြူးရယ် ကြည်ဆယ်သမှု ပြုအပ်, ဆိုအပ်, ကြံစည်အပ်သော ကိုယ်အမူအရာ, နှုတ်အမူ အရာ, စိတ်အမူအရာတော်များသည်၊ နတ္ထိ=အဏုမြူမျှ ရှိတော်မမူ။

၂။ ရဝါ=သတိသမ္ပဇဉ် မတင်မဆေး အရေးတကြီး ကဖြီးကပြုံး ကရုံးကရင်း မစဉ်းမစား ပြုမိငြား၍ ယွင်းမှားလျော့မေ့ မစေ့မစပ် လစ်လပ်ဟာဟင်း ကျန်ကြွင်းရှိသည်-ဟု ပညာရှိပုဂ္ဂိုလ်တို့ ပြောဆိုပြစ်တင်ရန်ကို ဖြစ်စေတတ်သော ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာတော်များ သည်၊ နတ္ထိ=အဏုမြူမျှ ရှိတော်မမူ။

၃။ အပ္ဖုဋံ=စဉ်းစဉ်းစားစား ပြုပါငြားလည်း ဉာဏ်အားသေး၍ အရေးအခွင့် မြင်သင့်သမျှ တကွလုံးစုံ ကုန်အောင်မပြန့် မနှံ့မစပ် လစ်လပ်ဟာဟင်း ကျန်ကြွင်းရှိသည်-ဟု ပညာရှိပုဂ္ဂိုလ်တို့ပြောဆိုပြစ်တင်ရန်ကို ဖြစ်စေတတ်သော ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာတော်များသည်၊ နတ္ထိ=အဏုမြူမျှ ရှိတော်မမူ။

၄။ ဝေဂါယိတတ္တံ=စိတ်မာန်အလျောက် ကြောက်လန့်တကြား ကစားရွှင်မြူး အလွန်ကြူး၍ ကိုယ်ကျူးနှုတ်ကျွံ လွန်လွန်ကဲကဲ လွဲလွဲချော်ချော် မတော်မှားယွင်းသည်-ဟု ပညာရှိပုဂ္ဂိုလ်တို့ ပြောဆိုပြစ်တင်ရန်ကို ဖြစ်စေတတ်သော ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာတော် များသည်၊ နတ္ထိ=အဏုမြူမျှ ရှိတော်မမူ။

၅။ အဗျာဝဋမနော=ကိုယ်တော်မြတ်၏ အတ္တဟိတ ကြီးလှစီးပွား, တစ် သောင်းတိုက်နေ ဗိုလ်ခြေများစွာ သတ္တဝါတို့၏ချမ်းသာ စီးပွား-နှစ်ပါးအကျိုး ဖြိုးဖြိုးမယုတ် အားထုတ်ကျင့်ဆောင် တော်မူမည် ရွယ်ရည် ရှေးရှု အားထုတ်ချီးပင့်ကာတည်နေသော မဟာဥဿာဟ ဗျာပါရအမူအရာတော်မှ ရံခါကင်း၍ဖြစ်သော ဇောစိတ္တုပ္ပါဒ်မည်သည်၊ နတ္ထိ=အဏုမြူမျှ ရှိတော်မမူ။

၆။ အပ္ပဋိသင်္ခါနုပေက္ခာ=စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန ခြောက် ဒွါရတွင် ထင်ထင်သမျှ ရူပ, သဒ္ဒ, ဂန္ဓ, ရသာ, ဖောဋ္ဌဗ္ဗာ နှင့် ဓမ္မာဟူသည် ခြောက်မည်အာရုံ အလုံးစုံကို မစုံမစမ်း ကြောင်းလမ်းပြက်ပြက် သက်သက်မသိ သတိမမူ လျစ်လျူရှုခြင်း မည်သည်၊ နတ္ထိ=အဏုမြူမျှ ရှိတော်မမူ။

[ဤအတီတဉာဏာဒိဋ္ဌာရသကကား- ဝိဘင်းအဋ္ဌကထာ ကျမ်းဦးပဏာမ ၌၎င်း၊ စရိယာပိဋက အဋ္ဌကထာ၌၎င်း၊ အဋ္ဌာရသဗုဒ္ဓဓမ္မဟု သင်္ချာလာသည်ကို အဖွင့်ဋီကာတို့၌ သင်္ချေယျနှင့်တကွ သံဝဏ္ဏနာမူလေသည်။]

ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ=ဤတစ်ဆယ့်ရှစ်ပါးသော အသာဓာရဏ ဓမ္မပြန့်ဖြူး ဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ= လောက်လွေ့ကုံငှ ပြည့်စုံ လှသော၊ ဘဂဝတော=ဣဿရိယ, ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တ-တည်းဟူသော ဘုန်းတော်ခြောက်စုံ ကျေးဇူးဂုဏ် တို့နှင့် ပြည့်စုံတော်မူထသော၊ ဗုဒ္ဓဿ=သကျမုနိ အမည်တော်ရှိသော ငါတို့မြတ်စွာဘုရားအားလည်းကောင်း၊ သတ္တန္နံ=ခုနစ်ဆူကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနဉ္စ=ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန်, ကောဏာဂုံ, ကဿပ, ဂေါတမ-အမည်တော်ရှိကုန်သော မြတ်စွာဘုရားတို့အား လည်း ကောင်း၊ နမော=စိတ်ညွတ်ရိုကျိုး ရှိခိုးပါ၏အရှင်ဘုရား။

သသဒ္ဓမ္မဂဏုတ္တမော=သဒ္ဓမ္မသုံးပါး, မြတ်သောအရိယာ ဂိုဏ်း ရှစ်ပါးတို့နှင့်လည်းတကွဖြစ်တော်မူပေထသော၊ သမ္မာသမ္ဗုဒ္ဓေါ= သစ္စာဉေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းသိမြင်တော်မူပေသော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်၊ သပရိဝါရံ=ချွေရံသင်းပင်းနှင့်တကွသော၊ သဉာတိဂဏံ=ဆွေမျိုးအပေါင်းနှင့်တကွသော၊ မံ=တပည့်တော်ကို၊ စိရံ=ကြာမြင့်စွာ၊ သဒါ=အခါခပ်သိမ်း၊ ရက္ခတု=စောင့်ရှောက် တော်မူပါစေ သတည်း၊ မယှမေဝ=တပည့်တော်အားသာလျှင်၊ သဒါ=အခါခပ်သိမ်း၊ စိရံ=ကြာမြင့်စွာ၊ သဗ္ဗကာမဒဒေါ=ခပ်သိမ်းလိုအင် စုံလင်စေမှု အောင်ဆု ပေးတော်မူသည်၊ ဟောတု=ဖြစ်ပါစေသတည်း။

အတီတဉာဏာဒိဋ္ဌာရသက အနက်ပြီး၏။

ဤတွင်အာဝေဏိကဂုဏ်တော်ပါဌ်, နိဿယပြီး၏။

--------*--------

ပန်းကပ်လှူ ပူဇော်ရန်

ဘန္တေ ဘဂဝါ=ဘုန်းတော်ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား၊ တဝ= အရှင်ဘုရား၏၊ သီလဂန္ဓာ=လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ကျင့်တော်မူအပ်ကုန်သော သီလ တော်မြတ်တို့၏ ကျေးဇူးသတင်း အသင်းအထုံတို့သည်၊ ယာဝ ဘဝဂ္ဂါ= မြေမှအထက် ဘုံဘဝဂ် တိုင်အောင်၊ ပဝါယန္တိ=တကြိုင်ကြိုင် လှိုင်ကုန်၏၊ တေဟိ=ထိုသီလတော်ဂုဏ် အထုံအသင်းတို့သည်၊ ပလောဘိတာ= သွေးဆောင် ဖျားယောင်းအပ်ကုန်သော ကျွတ်ထိုက်သသူ နတ်,လူ,ဗြဟ္မာ သတ္တဝါအပေါင်းတည်းဟူသော ပျားပိတုန်းတို့သည်၊ ဓမ္မကာမာ= အလွန်တရာ ချိုလှစွာသော ဒေသနာပန်းယက်ကို မက်မောတွယ်တာကြ ကုန်သည်ဖြစ်၍၊ တယိ=ရင်းဖျားမလွတ် ပင်လုံးကျွတ်ပွင့်တော်မူပေသော အရှင် ဘုရားတည်းဟူသော မဉ္ဇူသကပန်းပင်ကြီး၌၊ သမောသဋာ=သိန်း, သန်း, သင်္ချေ ရေ၍မဆုံး တအုန်းအုန်းလျှင် စုရုံးခစားကြရကုန်၏၊ တဝ=အရှင်ဘုရား၏၊ သီလဂန္ဓေ=သီလတော်အနန္တတည်းဟူသော ရနံ့ အထုံ ကျေးဇူးဂုဏ်တို့ကို၊ ဥဒ္ဒိဿ=ရည်မှတ်၍၊ ဣမေဟိ ပုပ္ဖေဟိ=ဤပန်း တို့ဖြင့်၊ ပူဇေမိ=ပူဇော်ပါ၏ဘုရား။

ဆုတောင်း။။ ဣမိနာပုညေန=ဤကောင်းမှုကြောင့်၊ အဟံ= တပည့်တော်သည်၊ အနုတ္တရံ=အတုမရှိသော၊ သီလဂန္ဓပရိဘာဝိတံ= လောကုတ္တရာ ကြိုင်စွာအစုံ သီလဂုဏ်ဖြင့် ထုံမွှမ်းအပ်သော၊ အဂ္ဂမဂ္ဂပုပ္ဖံ= အရဟတ္တမဂ်တည်းဟူသော ပန်းမြတ်ကို၊ ဓာရေမိ=မကြာမတင် ပန်ဆင် ရပါလို၏ဘုရား၊ ဘဝေသုစ=ဖြစ်လေရာရာ ဘဝတိုင်းဘဝတိုင်းတို့၌ လည်း၊ သီလဂန္ဓေဟိ=သီလတည်းဟူသော မွှေးကြိုင်သင်းပျံ့ ပန်းရနံ့ တို့ဖြင့်၊ ပဝါရိတော=ရပ်ဆယ် မျက်နှာ ကြေညာသတင်း တသင်းကြိုင်ကြိုင် အမြဲလှိုင်သည်၊ ဘဝါမိ=ဖြစ်ရပါလို၏ဘုရား။

ပန်းကပ်လှူပူဇော်ရန် ပြီးပြီ။

-------*------

ရေချမ်း ကပ်လှူပူဇော်ရန်

ဘန္တေ ဘဂဝါ=ဘုန်းတော်ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူ သောမြတ်စွာဘုရား၊ တဝ=အရှင်ဘုရား၏၊ မေတ္တောဒကာ=လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပွါးများတော်မူအပ်ကုန်သော ငါးရာ့ နှစ်ဆယ် ရှစ်သွယ်မေတ္တာ ချမ်းမြစွာသော သီတာအမြုတေ အမြိုက်ရေ တို့သည်၊ ယာဝ ဘဝဂ္ဂါ=မြေမှအထက် ဘုံဘဝဂ်တိုင်အောင်၊ ပဝတ္တန္တိ=ဆန် တက် စီးဖြာကြကုန်၏၊ သတ္တာ=တစ်ထောင့်ငါးရာ ကိလေသာတို့ဖြင့် ပြင်းစွာဆူလှိုက် ပူအိုက်မောပန်း၍ နေကြကုန်သော လူ,နတ်, ဗြဟ္မာ, သတ္တဝါအပေါင်းတို့သည်၊ သီတကာမာ=ချမ်းသာအေးငြိမ်းခြင်းကို အလိုရှိကြကုန်သည်ဖြစ်၍၊ တယိ=ကြည်လင်ချမ်းမြ ချိုမြိန်လှစွာသော အရှင်ဘုရားတည်းဟူသော အနောတတ်အိုင်ကြီး၌၊ သမောသဋာ=သိန်း, သန်း, သင်္ချေ ရေ၍မဆုံး တအုန်းအုန်းလျှင် စုရုံးသက်ရောက် ကြရကုန်၏၊ တဝ=အရှင်ဘုရား၏၊ မေတ္တောဒကာနိ=ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာ ချမ်းမြစွာသော သီတာအမြုတေ အမြိုက်ရေတို့ကို၊ ဥဒ္ဒိဿ=ရည်မှတ်၍၊ ဣမံ ဥဒကံ=ဤရေချမ်းတော်ကို၊ ဒေမိ=လှူဒါန်းပူဇော်ပါ၏ဘုရား။

ဆုတောင်း။။ ဣမိနာ ပုညေန=ဤကောင်းမှုကြောင့်၊ အဟံ= တပည့်တော်သည်၊ အတိသီတလံ=တစ်ထောင့်ငါးရာ ကိလေသာတည်း ဟူသော အပူအအိုက်ခပ်သိမ်းတို့မှ ကင်းငြိမ်းကွာဝေး အလွန်အေးမြလှစွာသော၊ အဂ္ဂမဂ္ဂံ=အရဟတ္တမဂ်ဉာဏ်တည်းဟူသော လောကုတ္တရာ သီတာအမြုတေ အမြိုက်ရေကို၊ ပရိဘုဉ္ဇာမိ=အဆောလျင်စွာ သုံးဆောင် ရပါလို၏ဘုရား၊ ဘဝေသုစ=ဖြစ်လေရာရာ ဘဝတိုင်းဘဝတိုင်းတို့၌လည်း၊ သဗ္ဗသတ္တေ=အလုံးစုံသော သတ္တဝါအပေါင်းတို့ကို၊ နိစ္စံ=အမြဲမကွာသာ လျှင်၊ မေတ္တောဒကေန=ဒေါသခပ်သိမ်း အကုန်ငြိမ်းသော အဒေါသ စေတနာ မေတ္တာရေချမ်းဖြင့်၊ ဖရာမိ=ကြည်ကြည်နူးနူး ဖြန့်ဖြူးရ ပါလို၏ ဘုရား။

ရေချမ်းကပ်လှူပူဇော်ရန် ပြီးပြီ။

-------*------

ဆီမီး ကပ်လှူပူဇော်ရန်

ဘန္တေ ဘဂဝါ=ဘုန်းတော်ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား၊ တဝ=အရှင်ဘုရား၏၊ ပညာဒီပါ=လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပွါးများတော်မူအပ်ကုန်သော သိန်း, သန်း, နေဝန်း တစ်ပြိုင်တည်း ထွန်းသကဲ့သို့ ဝန်းဝန်းရှိန်ရှိန် လင်းလင်းထိန်သော ပါရမီဉာဏ်, နှစ်ကုဋေလေးသန်း မျှလောက်သော မဟာဝဇိရဉာဏ်, အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ် အစရှိကုန်သော ပညာဆီမီး တန်ဆောင်ကြီးတို့သည်၊ အနန္တာသု=အဆုံးမရှိကုန်သော၊ လောက ဓာတူသု=လောကဓာတ်တို့၌၊ ဇောတိကာ=ထိန်ထိန်ရွှန်းရွှန်း ထွန်းလင်း တောက်ပကြကုန်၏၊ အန္ဓကာရေ=ကြီးကျယ်လှစွာ အဝိဇ္ဇာလောက ဓာတ်တို့၌၊ ဇောတိကာ=ထိန်ထိန်ရွှန်းရွှန်း ထွန်းလင်းတောက်ပကြကုန်၏၊ အန္ဓကာရေ=ကြီးကျယ်လှစွာ အဝိဇ္ဇာတည်းဟူသော မှောင်တိုက်ကြီး အတွင်း၌၊ ဇာတာ=မမြင်မျက်ကန်း စမ်းတဝါးဝါး အမှားမှား အချော်ချော်အလိုက်ပျော်၍ နေကြရကုန်သော လူ, နတ်, ဗြဟ္မာ သတ္တဝါတို့သည်၊ ဒဿနကာမာ=သစ္စာလေးတန် အမှန်လေးချက် သဘောနက်ကို ပြက်ပြက်ထင်ထင် အလင်းမြင်သော ပညာမျက်စိကို ရလိုကြကုန်သည် ဖြစ်၍၊ တယိ=အရှင်ဘုရားတည်းဟူသော ပတ္တမြားဆီမီး မဏ္ဍိုင်ကြီး၌၊ သမောသဋာ=သိန်း, သန်း, သင်္ချေ ရေ၍မဆုံး တအုန်းအုန်းလျှင် စုရုံး ခယမ်းကြရကုန်၏၊ တဝ=အရှင်ဘုရား၏၊ ပညာဒီပေ=ထိန်ထိန်လင်းစွာ ဉာဏ်ပညာတည်းဟူသော ပတ္တမြားဆီမီး မဏ္ဍိုင်ကြီးတို့ကို၊ ဥဒ္ဒိဿ= ရည်မှတ်၍၊ ဣဒံ ဒီပံ=ဤဆီမီးရောင် အလင်းကို၊ ဒေမိ=လှူဒါန်းပူဇော်ပါ၏ ဘုရား။

ဆုတောင်း။။ ဣမိနာ ပုညေန=ဤကောင်းမှုကြောင့်၊ အဟံ= တပည့်တော်သည်၊ အန္ဓကာရံ=တစ်ထောင့်ငါးရာ ကိလေသာတည်း ဟူသော အမိုက် မလင်း မှောင်တသင်းကို၊ ပညာဒီပေန=အရဟတ္တမဂ် ဉာဏ် တည်းဟူသော ဆီမီးအလင်းဖြင့်၊ ဝိဓမာမိ=မှုတ်လွှင့်ပယ်ဖျောက်ရ ပါလို၏ဘုရား၊ ဘဝေသုစ=ဖြစ်လေရာရာ ဘဝတိုင်းဘဝတိုင်းတို့လည်း၊ နိစ္စံ=အမြဲမကွာသာလျင်၊ ပညာဒီပံ=လောက,ဓမ္မ အစစ၌ ကြားကာမြင် ကာ မကြာတတ်မြောက် ရဲရဲတောက်သော အသိအလိမ္မာ ဉာဏ်ပညာ ဆီမီးကို၊ ဓာရယာမိ=ဆောင်ရပါလို၏ဘုရား။

ဆီမီးကပ်လှူပူဇော်ရန် ပြီးပြီ။

-------*------

[မီးအများ ပူဇော်လျှင် တချို့ ချင့်၍ခွဲ, အခါခါပူဇော်၍ အခါခါဆုတောင်းရမည်။ ဤကားအမှာ။]

ဤတွင် ဒါနာဒိဒီပနီကျမ်း ပြီး၏။

------------

Comments

Popular posts from this blog

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဝိနယဝိနိစ္ဆယော

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...