သာသနဝိသောဓနီ (ပဌမတွဲ)
နိဒါနကထာ
ဘဝတစ်သက် ဆောင်ရွက်ချက်
မုံရွာမြို့ မဟာလယ်တီတိုက်ကြီး၏ အာဒိကမ္မိက ဝိပဿနာယာနိက ဖြစ်ကြသော ယောဂီ သူတော်စင်တို့၏ ပုဗ္ဗင်္ဂမကြီးဖြစ်တော်မူသည့် အဂ္ဂမဟာပဏ္ဍိတနှင့်ဒိလစ်ခေါ် စာပေပါရဂူ ဘွဲ့တံဆိပ်တော်ရရှိ တော်မူသော ကျေးဇူတော်ရှင် လယ်တီဆရာတော်ဘုရားကြီးသည် ပစ္စုပ္ပန်ဘဝဖြစ်တော်မူစဉ်တလျောက်ကို မြော်ထောက်ကြည့်ပါမူသံသာရဘီရုကပုဂ္ဂိုလ်မြတ်, ဇာတိက္ခယမာမကပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူပေရကား လောကီသမ္ပတ္တိကို မလိုလား လောကုတ္တရာ သမ္ပတ္တိကိုသာ မြော်လင့်ချက်ထားပြီး ဘဝတစ်သက်တာလုံး ကြိုးပမ်း ဆောင်ရွက်တော်မူခဲ့ပေသည်။
ပရိယတ်တရား နေ့ညဉ့်မနား
သာမဏေဘဝမှသည် ရဟန်းပဉ္စင်း အခါကာလ တိုင်အောင် မဆုတ်မနစ်သောလုံးလ ထက်မြက် စူးရှသောဉာဏ်ပဋိဘာနတို့ဖြင့် သုံးဝသော သာသနာ၏မူလဖြစ်သော ပရိယတ္တိသာသနာ့ဝန်ကို ဦးလည်မသုံ အထုံဝါသနာ ကြီးမြတ်စွာဖြင့် သင်ကြားမှု ပို့ချမှုတို့ကို နေ့ညဉ့်မနား ထမ်းဆောင်တော်မူခဲ့ပေသည်။
သတ္တိဗျတ္တိ နှစ်ရပ်ရှိ
မန္တလေးမြို့ ရတနာပုံနေပြည်တော်ကြီး၏ မြောက် ဖက်တွင် တည်ရှိသော စံကျောင်းတိုက်တော်ကြီး တွင် စာသင်စာချနှစ်ကိစ္စကို ကြိုးပမ်းဆောင်ရွက် နေဆဲအခါ ပဉ္စမသင်္ဂါယနာတင်ပွဲ ဆင်နွှဲသည်နှင့် ဆုံတွေ့ခဲ့ရပေသည်၊ ရွှေပြည်ဝန်ယောမင်းကြီး ဦးဖိုးလှိုင်၏ ညွှန်ကြားမှု လယ်တီလောင်းလျာ ဆရာတော်၏ အဓိပတိတပ်လောက်သော လုံ့လမှုတို့ကြောင့် ယင်း သင်္ဂါယနာတင်ပွဲကြီးတွင် ကထာဝတ္ထုကျမ်းကို အာဂုံပြန်ဆိုခဲ့ခြင်း၊ စံကျောင်းဆရာတော်ဘုရားကြီး၏ ပါရမီနှင့်စပ်လျဉ်းသော ဝီသတိပုစ္ဆာကို လိမ်မာကျွမ်းကျင်စွာ ဖြေဆိုခဲ့ခြင်းတို့ဖြင့် သတ္တိဗျတ္တိနှစ်ရပ်ရှိပုံကို ထုတ်ဖော်ပြသခဲ့ပေသည်၊ ဤပါရမီနှင့် စပ်လျဉ်းသော ပုစ္ဆာ အဖြေလွှာ ကိုပင် ပါရမီဒီပနီပါရမီဒီပနီဟု အမည်တင်ဆိုခဲ့ပေသည်၊ ထို့ကြောင့်လည်း ဒီပနီအစ-ပါရမီက ဟု ဆိုရိုးပြုခဲ့ကြပေသည်။
ဦးဝိုင်းကျောင်းက ဝိပဿနာစ
၁၂၄၄-ခုနှစ်၊ တပို့တွဲလဆန်း- ၁၄ -ရက်နေ့ တွင် နောက်ပါတပည့် တစ်ကျိပ်ကျော်နှင့် အတူ မန္တလေးမြို့ စံကျောင်းတိုက်မှ မုံရွာမြို့ သို့ ကြွတော်မူကာ ရွှေစည်းခုံကျောင်းတိုက်တွင် သီတင်းသုံးတော်မူ ခဲ့သည်၊ ၁၂၄၆-ခုနှစ် မုံရွာမြို့၏တောင်ပိုင်း ညောင်တပင်ရပ် သင်္ဂြီုဟ် ဦးဝိုင်းကျောင်းတွင် သီတင်းသုံးတော်မူသော အချိန်ကစ၍ ဝိပဿနာ အလုပ်စခန်း ပဋိပတ်ကျင့်လမ်းကို ကြိုးပမ်းဖော်ထုတ်ကာ ရုပ်, နာမ်, ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ် သစ္စာတရားများကို ဟောပြောမှု ဒီပနီကျမ်းစာများ ပြုစုမှုတို့ကို စတင်ကြိုးပမ်းတော်မူခဲ့ပေသည်။
လယ်တီနှင့် ဒီပနီ
၁၂၄၈-ခုနှစ်တွင် လယ်တီအမည်ရှိသော တော အရပ်သို့ ကြွရောက်ကာ တောရဆောက်တည် တော်မူသည့် အချိန်မှစ၍ လယ်တီဆရာတော် ဟု အမည်တော်ရခဲ့ပေသည်၊ ရေးသားစီရင်တော်မူသော ကျမ်းစာများ ကလည်း ဒီပနီအမည်ရှိသည့် ကျမ်းတို့သည်သာ များပြားရကား လယ်တီ နှင့်ဒီပနီ အမည်နှစ်ရပ်တွဲစပ်လျက် တိုင်းကျော်ပြည်ကျော် ကမ္ဘာကျော် သည်အထိ ထင်ပေါ်ကျော်ကြားခဲ့ပေသည်။
အရပ်ရပ်မှလာ အမေးပုစ္ဆာ
မြန်မာနိုင်ငံတွင်းမှ တိုင်းနှင့်ပြည်နယ် အသီး အ သီး၊ အာရှနှင့်ဥရောပနိုင်ငံ အသီးအသီးတို့မှ မသိ နားမလည်သောပုစ္ဆာ, မိမိတို့၏ ဉာဏ် အမြင်အတွင်း မရှင်းလင်းနိုင်သောပုစ္ဆာ, သာသနာတော်၏ ဆူးငြောင့် ခလုတ်သဖွယ် လွယ်လွယ်နှင့် ဖြေရှင်းမရနိုင်သောဖြစ်ရပ်နှင့် စပ်လျဉ်း သည့် အမေးပုစ္ဆာများကို လျှောက်ထား မေးမြန်းကြပေသည်။
သာသနာ့သန့်ရှင်းရေး ဦးစားပေး ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် တိုင်း နိုင်ငံ အသီးအသီး မြန်မာနိုင်ငံတွင်းရှိ မြို့ ရွာ ဌာနအသီးအသီးတို့မှ မေးလျှောက်လာကြသည့် ခက်ဆစ်ခဲရပ် ပြဿနာအရပ်ရပ်တို့ကိုလည်း သာသနာ့သန့်ရှင်းရေး အတွက် ဦးစားပေးလျက် အကွက်ကျ အချက်ကျ ရှင်းလင်းဖော်ပြလျက် ဖြေကြားတော်မူခဲ့သော ဝိနိစ္ဆယအဖြေလွှာတို့သည်လည်း များစွာရှိခဲ့ ပေသည်။
စုပေါင်းပြုလုပ် ကျမ်းစာအုပ် ယင်းသို့သော ဝိနိစ္ဆယအဖြေလွှာတို့ကို တပည့် ကြီးများဖြစ်ကြသည့် လယ်တီဦးဝဏ္ဏိတ, လယ် တီ ပဏ္ဍိတ, ရန်ကုန်ဦးဓမ္မစာရီတို့က တစုတပေါင်းတည်းပြုလုပ်ကာ လယ်တီပုစ္ဆာအဖြေပေါင်းချုပ် ပထမတွဲ, ဒုတိယတွဲအမည်ဖြင့်လည်းကောင်း သာသနာ့သန့်ရှင်းရေးခေါ် သာသန ဝိသောဓနီ ပထမတွဲ, ဒုတိယတွဲ, တတိယတွဲအမည်ဖြင့်လည်းကောင်း ထုတ်ဝေဖြန့်ချိခဲ့ကြဖူးလေသည်။
ကြာလေကောင်းလေ ဟောင်းလေသစ်လေ ခေတ်လောကကြီး၌ အဟောင်းဖြစ်သော အရာဝတ္ထုတို့၏နေရာတွင် အသစ် အသစ် တို့ ဝင်ရောက်နေရာယူမှုသည် လောကတံထွာ ဓမ္မတာပင်ဖြစ်ပေသည်၊ ယခုလည်းအသစ်အသစ်သော စာပေတစ်စုတို့ နေရာယူမှုကြောင့် လယ်တီပုစ္ဆာအဖြေပေါင်းချုပ်တို့ သာသန ဝိသောဓနီ တို့သည်မူကား စာဟောင်းပေဟောင်းအဖြစ်သို့ ပြောင်းရွေ့ခဲ့ရပေသည်၊ သို့ပေမယ့် လယ်တီပုစ္ဆာအဖြေပေါင်းချုပ် သာသနဝိသောဓနီတို့သည်၊ ကြာလေကောင်းလေ၊ ဟောင်းလေ သစ်လေဖြစ်ကာ ရွက်ပုန်းသီးပမာ အလွန်အရသာရှိသော စာပေဖြစ်နေ သည်ကို သတိပြုမိပေသည်။
မိတ်ဆွေကောင်းများ စားသုံးစေလို သူတော်စဉ်ထုံး နှလုံးပြော့ပျောင်း ဆန္ဒကောင်း ဆန္ဒမွန်ရှိသောသူသည် ကောင်းမြတ်သော အရ သာရည်ရှိကြသော သရက် ဩဇာ မာလကာစသော သစ်သီးဝလံတို့ကို ရရှိစားသောက်ကြရာ မိမိနှင့် အလွန်ရင်းနှီး စွာသော မိတ်ကောင်း ဆွေကောင်းတို့ကို စားသုံးစေလိုသောဆန္ဒဖြင့် ဝေငှဖြန့်ချိပေးသကဲ့သို့ ဤသာသနာ့သန့်ရှင်းရေးခေါ် သာသန ဝိသောဓနီ အမည်ရှိသော စာကောင်းပေမွန်ကို ထူးချွန်သည့် ဘုန်းရှင်, ကံရှင်, ပါရမီရှင်တို့သို့ လက်ကမ်းဝေငှလိုသော ရည်ရွယ်ချက်ဖြင့် မုံရွာမြို့ မဟာလယ်တီတိုက် နဝမပဓာန နာယကဆရာတော် ဘဒ္ဒန္တကေလာသ အဂ္ဂမဟာပဏ္ဍိတ ကြီးမှူးသော ဦးဗိုလ်မောင် (သာသနဓဇသိရီပဝရ ဓမ္မာစရိယ), ဦးမောင်မောင်ဦး(ဘီအေ)အငြိမ်းစား ကျောင်းဆရာ) တို့က အကြိမ်ကြိမ်အထပ်ထပ် ကြီးကြပ် တည်းဖြတ်လျက် အရှင်နန္ဒိသေန ဦးဆောင်သော လယ်တီရောင်ခြည်ကွန်ပျူတာ စာပေ အဖွဲ့က ကွန်ပျူတာ စာစီကာ မြတ်ဆုမွန် စာပေထုတ်ဝေရေးလုပ်ငန်းမှ ထုတ်ဝေဖြန့်ချိအပ် ပေသတည်း။
၁၃၆၄-ခုနှစ် ဘဒ္ဒန္တကေလာသ နယုန်လဆန်း ၁-ရက် နဝမ ပဓာန နာယကဆရာတော်
၁၁-၆-၂၀၀၂-ခုနှစ်၊ မဟာလယ်တီတိုက် မုံရွာမြို့။
ပရမတ်နှင့်ပညတ်ကိုမြင်သောတရားများ ဖြေရှင်းခန်း
သာသနဝိသောဓနီ
(ပဌမတွဲ)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
လျှောက်ထားချက်-- ကြံခင်းမြို့နေ တပည့်ဖြစ်သူ မောင်သာညို, မောင်ဘိုးမင်းတို့က “ပရမတ္ထသဘာဝများကိုစက္ခုဝိညာဏ်ဖြင့်မမြင်၊ ဉာဏ်ဖြင့်သာ မြင်သည်”ဟူ၍လည်းကောင်း၊
“သမုတိသစ္စာဟူသော ပညတ်တရားကို စက္ခုဝိညာဏ်ဖြင့် လည်းမမြင်ရ၊ ဉာဏ်ဖြင့်လည်း မမြင်ရ၊ မိစ္ဆာဒိဋ္ဌိကသာ မြင်သည်” ဟူ၍လည်းကောင်း၊
ဤဝါဒများနှင့် စပ်လျဉ်း၍ လျှောက်ထားသဖြင့် ဆရာတော် ဘုရားကြီးရေးသား ဖြေဆိုတော်မူသည်။
ဖြေရှင်းချက်
အာရမ္မဏ ပစ္စယောတိ
၁။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၂။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၃။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၄။ ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၅။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တ ကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၆။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၇။ သဗ္ဗေဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
(ပဋ္ဌာန်းပါဠိတော်ကြီး) အနက်ကား- အာရမ္မဏပစ္စယောတိ=အာရမ္မဏပစ္စယောဟူသည် ကား
၁။ ရူပါယတနံ=ပစ္စုပ္ပန်ဖြစ်သော ရူပါရုံသည်၊ စက္ခုဝိညာဏ ဓာတုယာစ=စက္ခုဝိညာဏ်စိတ်၂-ခုဟုဆိုအပ်သော စက္ခု ဝိညာဏဓာတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ=ထိုစက္ခု ဝိညာဏဓာတ်နှင့်ယှဉ်ကြကုန်သော၊ ဓမ္မာနဉ္စ=သဗ္ဗစိတ္တ သာဓာရဏစေတသိက် ၇-ခုဟုဆိုအပ်သော စေတသိက်တရား တို့အားလည်းကောင်း၊ အာရမ္မဏပစ္စယေန=အာရမ္မဏပစ္စယ သတ္တိဖြင့်၊ ပစ္စယော=ကျေးဇူးပြုတတ်သည်၊ ဟောတိ=ဖြစ်၏၊
၂။ သဒ္ဒါယတနံ=ပစ္စုပ္ပန်ဖြစ်သော သဒ္ဒါရုံသည်၊ သောတဝိညာဏ ဓာတုယာစ=သောတဝိညာဏ်စိတ် ၂-ခုဟုဆိုအပ်သော သောတ ဝိညာဏဓာတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ= ထိုသောတဝိညာဏဓာတ်နှင့်ယှဉ်ကြကုန်သော၊ ဓမ္မာနဉ္စ= သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ခုဟုဆိုအပ်ကုန်သော စေတသိက်တရားတို့အားလည်းကောင်း၊ အာရမ္မဏပစ္စယေန= အာရမ္မဏပစ္စယသတ္တိဖြင့်၊ ပစ္စယော=ကျေးဇူးပြုတတ်သည်၊ ဟောတိ=ဖြစ်၏
၃။ ဂန္ဓာယတနံ=ပစ္စုပ္ပန်ဖြစ်သော ဂန္ဓာရုံသည်၊ ဃာနဝိညာဏ ဓာတုယာစ=ဃာနဝိညာဏ်စိတ် ၂-ခုဟုဆိုအပ်သော ဃာန ဝိညာဏဓာတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ= ထိုဃာန ဝိညာဏဓာတ်နှင့်ယှဉ်ကြကုန်သော၊ ဓမ္မာနဉ္စ=သဗ္ဗစိတ္တ သာဓာရဏစေတသိက် ၇-ခုဟုဆိုအပ်ကုန်သော စေတသိက် တရားတို့အားလည်းကောင်း၊ အာရမ္မဏပစ္စယေန= အာရမ္မဏ ပစ္စယသတ္တိဖြင့်၊ ပစ္စယော=ကျေးဇူးပြုတတ်သည်၊ ဟောတိ= ဖြစ်၏
၄။ ရသာယတနံ=ပစ္စုပ္ပန်ဖြစ်သော ရသာရုံသည်၊ ဇိဝှါဝိညာဏ ဓာတုယာစ=ဇိဝှါဝိညာဏ် ၂-ခုဟုဆိုအပ်သော ဇိဝှါဝိညာဏ ဓာတ်အား၎င်း၊ တံသမ္ပယုတ္တကာနံ=ထိုဇိဝှါဝိညာဏဓာတ်နှင့် ယှဉ်ကြကုန်သော၊ ဓမ္မာနဉ္စ=သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခုဟုဆိုအပ်ကုန်သော စေတသိက်တရားတို့အားလည်း ကောင်း၊ အာရမ္မဏပစ္စယေန=အာရမ္မဏပစ္စယသတ္တိဖြင့်၊ ပစ္စယော=ကျေးဇူးပြုတတ်သည်၊ ဟောတိ=ဖြစ်၏၊
၅။ ဖောဋ္ဌဗ္ဗာယတနံ=ပစ္စုပ္ပန်ဖြစ်သော ဖောဋ္ဌဗ္ဗာရုံသည်၊ ကာယ ဝိညာဏဓာတုယာစ=ကာယဝိညာဏ်စိတ် ၂-ခုဟုဆိုအပ်ကုန် သော ကာယဝိညာဏဓာတ်အားလည်းကောင်း၊ တံ သမ္ပယုတ္တကာနံ=ထိုကာယ ဝိညာဏဓာတ်နှင့် ယှဉ်ကြကုန်သော၊ ဓမ္မာနဉ္စ=သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ခုဟုဆိုအပ်ကုန် သော စေတသိက်တရားတို့အားလည်းကောင်း၊ အာရမ္မဏ ပစ္စယေန=အာရမ္မဏပစ္စယသတ္တိဖြင့်၊ ပစ္စယော=ကျေးဇူးပြု တတ်သည်၊ ဟောတိ=ဖြစ်၏။
၆။ ရူပါယတနံ=ပစ္စုပ္ပန်ဖြစ်သော ရူပါရုံသည်လည်းကောင်း၊ သဒ္ဒါယတနံ=ပစ္စုပ္ပန်ဖြစ်သော သဒ္ဒါရုံသည်လည်းကောင်း၊ ဂန္ဓာယတနံ= ပစ္စုပ္ပန်ဖြစ်သော ဂန္ဓာရုံသည်လည်းကောင်း၊ ရသာယတနံ=ပစ္စုပ္ပန် ဖြစ်သော ရသာရုံသည် လည်းကောင်း၊ ဖောဋ္ဌဗ္ဗာယတနံ=ပစ္စုပ္ပန်ဖြစ်သော ဖောဋ္ဌဗ္ဗာရုံသည်လည်း ကောင်း၊ မနောဓာတုယာစ=ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုင်းဒွေ ဟုဆိုအပ်သော မနောဓာတ်စိတ် ၃-ခုအားလည်ကောင်း၊ တံ သမ္ပယုတ္တကာနံ=ထိုမနောဓာတ်စိတ် ၃-ခုနှင့်ယှဉ်ကြကုန်သော၊ ဓမ္မာနဉ္စ=သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု, ဝိတက်,ဝိစာရ, အဓိမောက္ခ ဟုဆိုအပ်ကုန်သော ၁၀-ပါးသော စေတသိက် တရားတို့အားလည်းကောင်း၊ အာရမ္မဏပစ္စယေန= အာရမ္မဏ ပစ္စယသတ္တိဖြင့်၊ ပစ္စယော=ကျေးဇူးပြုတတ်သည်၊ ဟောတိ= ဖြစ်၏။
၇။ သဗ္ဗေ=အလုံးစုံကုန်သော၊ ဓမ္မာ=အာရုံ ၆-ပါးပရမတ်တရား, ပညတ်တရားတို့သည်၊ မနောဝိညာဏ ဓာတုယာစ=ပဉ္စဝိညာဏ် ၁၀, မနောဓာတ်၃-ခုသည် ကြဉ်အပ်သော ၇၆-ပါးသော မနောဝိညာဏဓာတ်စိတ်အပေါင်းအားလည်းကောင်း၊ တံ သမ္ပယုတ္တကာနံ=ထို မနောဝိညာဏဓာတ်စိတ်နှင့်ယှဉ်ကြ ကုန်သော၊ ဓမ္မာနဉ္စ=စေတသိက် ဒွေပညာသဟုဆိုအပ်သော စေတသိက်တရားတို့အားလည်းကောင်း၊ အာရမ္မဏပစ္စယေန= အာရမ္မဏပစ္စယသတ္တိဖြင့်၊ ပစ္စယော=ကျေးဇူးပြုတတ်သည်၊ ဟောတိ=ဖြစ်၏။
အဓိပ္ပါယ်
ဤပါဠိတော်ကြီး၌“ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” ဟူသော ပါဌ်ဖြင့်သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” ဟူသော ပါဌ်ဖြင့် စက္ခ္ခုဝိညာဏ်စိတ်၂-ခုသည်လည်းကောင်း, ထိုစက္ခုဝိညာဏ်စိတ် ၂- ခုနှင့်ယှဉ်သော သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ခုတို့သည်လည်း ကောင်း ပရမတ်အစစ်ဖြစ်သော ပစ္စုပ္ပန်ရူပါရုံကိုသာလျှင် အာရုံပြု သည်ဟု- ပြတော်မူ၏။
အာရုံပြုသည်ဆိုသည်ကား- ပရမတ်အစစ်ဖြစ်သော ပစ္စုပ္ပန် ရူပါရုံကို မြင်မှုပေတည်း။
ထို့ကြောင့် စက္ခုဝိညာဏ်စိတ် ၂-ခုသည် ပရမတ် အစစ်ဖြစ်သော ပစ္စုပ္ပန် ရူပါရုံကို မြင်နိုင်သည်ဟု- မှတ်ယူအပ်၏။
ထို့အတူ နောက်နောက်ပါဌ်တို့၌လည်း သောတဝိညာဏ်စိတ် ၂- ခုသည် ပရမတ်အစစ်ဖြစ်သော ပစ္စုပ္ပန် သဒ္ဒါရုံကို ကြားနိုင်၏၊။ဃာန ဝိညာဏ်စိတ် ၂-ခုသည် ပရမတ်အစစ်ဖြစ်သော ပစ္စုပ္ပန်ဂန္ဓာရုံကို နံနိုင်၏၊ ဇိဝှါဝိညာဏ်စိတ် ၂-ခုသည် ပရမတ်အစစ်ဖြစ်သော ပစ္စုပ္ပန် ရသာရုံကို သိနိုင်၏၊။ ကာယဝိညာဏ်စိတ် ၂-ခုသည် ပရမတ်အစစ်ဖြစ်သော ပစ္စုပ္ပန် ပထဝီ, တေဇော, ဝါယောဟုဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ အတွေ့ အထိကို သိနိုင်၏၊။ မနောဓာတ်စိတ် ၃-ခုသည် ပရမတ် အစစ်ဖြစ် သော ပစ္စုပ္ပန် အာရုံငါးပါးကို သိနိုင်၏- ဟူ၍ မှတ်ယူရမည်။
အဘိဓမ္မာအဋ္ဌကထာ, ဋီကာကျမ်းဂန်တို့၌လည်း ပရမတ်ကို ဧကန်အာရုံပြုသော စိတ်မျိုး, အနေကန်အာရုံပြုသော စိတ်မျိုး, ပညတ်ကို ဧကန်အာရုံပြုသော စိတ်မျိုး, အနေကန်အာရုံပြုသောစိတ်မျိုး ခွဲဝေကြရာ၌
စက္ခု ဝိညာဏ်စိတ် ၂-ခု
သောတ ဝိညာဏ်စိတ် ၂-ခု
ဃာန ဝိညာဏ်စိတ် ၂-ခု
ဇိဝှါ ဝိညာဏ်စိတ် ၂-ခု
ကာယ ဝိညာဏ်စိတ် ၂-ခု
မနော ဓာတ်စိတ် ၃-ခု
ဤ ၁၃-ခုသော စိတ်တို့ကို ပရမတ်ကို ဧကန်အာရုံပြုသော စိတ်မျိုးတွင် ရှေးဦးစွာထုတ်ဖော်၍ ပြဆိုကြကုန် မြဲဖြစ်၏၊ ပရမတ်ကို ဧကန်အာရုံပြုကြမြဲ ဆိုသော်လည်း စက္ခုဝိညာဏ်စိတ် ၂-ခုသည် အဆင်းကိုမြင်ရာ၌ ဖြူသောအဆင်းဖြစ်အံ့၊ အဖြူသက် သက်ကိုသာ မြင်တတ်၏၊ ထိုအဖြူသည် ပရမတ်ဖြစ်သည်ဟူ၍ မသိတတ်၊ နီသောအဆင်း ဖြစ်အံ့၊ အနီသက်သက်ကိုသာ မြင်တတ်၏၊ ထိုအနီသည် ပရမတ်ဖြစ်သည်ဟူ၍မသိတတ်။။သောတဝိညာဏ်ဒွေ၏ သဒ္ဒါရုံကိုကြားရာ၌လည်းကောင်း, ဃာနဝိညာဏ်ဒွေ၏ ဂန္ဓာရုံကို နမ်းရာ စသည်တို့၌လည်းကောင်း ဤနည်း အတူမှတ်လေ။
ထို့ကြောင့်- ပဉ္စဝိညာဏ်စိတ်, မနောဓာတ်စိတ်တို့သည် အဘယ့် ကြောင့် ပရမတ်အစစ်ကိုသာ ဧကန်အာရုံပြုပါသနည်း၊ အဘယ့်ကြောင့် ပညတ်တရားကို အာရုံမပြုနိုင်ပါသနည်းဟု- မေးရန်ရှိ၏၊ အဖြေကား-- ပညတ်တရားမည်သည် ပထဝီ, ဖဿ အစရှိသော ပရမတ်တရားများကဲ့သို့ ဓာတ်သားနှင့်တကွ အဟုတ်အမှန်ရှိသော တရားမျိုးမဟုတ်၊ စိတ်မနောထဲတွင် သဏ္ဌာန်ကြီးငယ် အထည်ဒြဗ် ပေါ်အောင် လုပ်ကြံ၍ယူရသော တရားမျိုးသာဖြစ်၏၊ လုပ်ကြံ၍ ယူမှုမည်သည်လည်း အစွမ်းသတ္တိ ထက်သန်စွာရှိကြသော မနော ဝိညာဏဓာတ်စိတ်တို့၌သာ ရှိ၏။
အလွန်အစွမ်းသတ္တိ သေးငယ်လှသော ပဉ္စဝိညာဏ်စိတ်, မနော ဓာတ်စိတ်တို့၌ မရှိ၊ ပရမတ်တရားမည်သည် လုပ်ကြံ၍ယူရသော တရား မျိုးမဟုတ်၊ လောကတွင် သူ့သဘောအလျောက် ရှိနေကြသော တရားမျိုး ဖြစ်၏၊ ထိုကြောင့် ဤပဉ္စဝိညာဏ်စိတ်, မနောဓာတ်စိတ်တို့သည် လောကတွင် သူ့သဘောအလျောက် ရှိနေကြသော ပရမတ်အာရုံကိုသာ ယူနိုင်ကြ၏၊ မရှိဘဲလျက် အရှိဖြစ်အောင် လုပ်ဆောင်ကြံဖန်၍ ယူအပ် သော ပညတ်တရားကို အာရုံမပြုနိုင်။
နွားဖြူ, မြင်းဖြူ စသည်ကို မြင်ကြရာ၌ စက္ခုဝိညာဏ်စိတ်သည် ဖြူသောအဆင်းမျှကိုသာ မြင်နိုင်၏၊ နွားဖြူ, မြင်းဖြူဟူ၍ မသိတတ်၊ စက္ခုဒွါရဝီထိနောက်၌ အစဉ်လိုက်၍ဖြစ်ပေါ်ကြသော မနောဝိညာဏ် စိတ်တို့သာလျှင် စက္ခုဝိညာဏ်မြင်သော အဖြူသည်ကား နွားဖြူ, မြင်းဖြူ ဖြစ်သည်ဟု-ပညတ်ပေါ်အောင်လုပ်ကြံ၍ယူကြကုန်၏၊ သောတ ဝိညာဏ်စသည်တို့၌လည်း အသီးအသီးအစဉ်လိုက်၍ ဖြစ်ပေါ်ကြသော မနောဝိညာဏ်စိတ်သို့ရောက်မှ ဤအသံသည် စောင်းသံဖြစ်သည်, စည်သံဖြစ်သည် အစရှိသည်ဖြင့် ပညတ်အာရုံပေါ်ရှိသည်ကို သိကြလေ။ ဤအရာ၌မေးဖွယ်ရှိ၏
ပရမတ္ထသဘောတရားမည်သည် အလွန်နက်နဲ၏၊ သိနိုင်ခဲ၏၊ သဗ္ဗညုတဉာဏ်၏ အာရုံသာဖြစ်၏၊ ဤပဉ္စဝိညာဏ်စိတ်များသည် အလွန်အစွမ်းသတ္တိ သေးငယ်သော စိတ်များဖြစ်၏၊ ဉာဏ်နှင့်ယှဉ်သော စိတ်များမဟုတ်၊ အဘယ်သို့လျှင် အလွန်နက်နဲသော ပရမတ္ထတရားကို အာရုံပြုနိုင်မည်နည်း-ဟု မေးဘွယ်ရှိ၏။
အဖြေကား-- လောက၌ အဖြူ, အနီ အစရှိသော အဆင်းဟူသော ရူပါရုံပရမတ်တို့သည် တစ်လောကလုံး၌ ဒိဋ္ဌမျက်မြင် အထင် အရှား ပေါ်ရှိ၍နေကြကုန်၏။
ထိုအဆင်းဟူသော ရူပါရုံပရမတ်တို့သည် ပုဂ္ဂိုလ်မဟုတ်, သတ္တဝါ မဟုတ် စသည်ဖြင့် ပညတ်တရားနှင့် ခွဲဝေမှုသည်သာလျှင် နက်နဲ၏၊ ထို့အတူ ထိုအဆင်းဟူသော ရူပါရုံပရမတ်တစ်ခုမှာ သဟဇာတ် ဓာတ်ပေါင်း ဘယ်မျှရှိသည်ဟု ခွဲဝေမှုစသည်များသည်သာလျှင် နက်နဲ၏၊ သဗ္ဗညုတဉာဏ်၏ အရာဖြစ်၏၊ မြတ်စွာဘုရားသည် သဗ္ဗညုတ ဉာဏ်တော်ဖြင့် သိတော်မူပြီး၍ ထုတ်ဖော်ဟောကြားတော်မူသော အခါမှသာလျှင် လူပညာရှိ- နတ်ပညာရှိ အပေါင်းတို့သည် ပရမတ် အလုံးစုံကိုပင် အကုန်သိနိုင်ကြကုန်၏၊ သဒ္ဒါရုံစသည်တို့၌လည်း လောက၌ အထင်အရှားပေါ်၍ နေကြပုံ၊ ပညာနှင့်ခွဲမှု, ဓာတ်ခွဲမှု စသည် တို့၌သာ နက်နဲပုံကို အကုန်မြော်ကြလေ။
[ဤမျှလောက် ပြဆိုလိုက်သဖြင့် ကြံခင်းမြို့-မောင်သာညို, မောင်ဘိုးမင်းတို့ အယူဝါဒ ကွဲပြားမှုသည် ပြီးပြေလောက်ပြီဟု ထင်ပေသည်၊ မပြီးမပြေရှိခဲ့လျှင် ထပ်မံ၍ လျှောက်ကြရမည်]
မောင်သာညိုလျှောက်လွှာ စိစစ်ချက်
မောင်သာညိုလျှောက်လွှာမှာ- “ပရမတ်တရားသည် သဘာဝ ဓမ္မမျိုးဖြစ်၍ စက္ခုဝိညာဏ်ဖြင့် မမြင်၊ ဉာဏ်ဖြင့်သာမြင်၏၊ ထိုအတူ ပရမတ်သည် အလွန်လျှင် အဖြစ်အပျက်မြန်သော သဘာဝဓမ္မမျိုးဖြစ်၍ ဘယ်သဘာဝတရားကိုမျှ ကိုင်၍ယူ၍မဖြစ် စသည်ဖြင့် အရှင်တပည့် သည် ကမ္မဋ္ဌာန်းဝင်သူ-သူတော်တကာတို့အား ဟောကြားပြသပါသည်၊” ဟူသောစကားပါရှိသည်။
ထိုတွင် “ပရမတ်တရားသည် သဘာဝဓမ္မမျိုးဖြစ်၍ စက္ခုဝိညာဏ် ဖြင့် မမြင်၊ ဉာဏ်ဖြင့်သာမြင်သည်” ဟူသောစကား၌ ပရမတ် အစစ်ဖြစ် သောအဆင်းဟူသော ရူပါရုံကိုစက္ခုဝိညာဏ်ဖြင့်မြင်၏၊ ကြွင်းသော ပရမတ်တရားတို့ကိုသာ စက္ခုဝိညာဏ်ဖြင့် မမြင်နိုင် ဉာဏ်ဖြင့်မူကား အလုံးစုံကိုပင် မြင်နိုင်၏ဟူ၍ မှတ်ရမည်။
“ပရမတ်” ဟူသည်- အလွန်လျှင် အဖြစ်အပျက်မြန်သော သဘာဝ ဓမ္မမျိုးဖြစ်၍ ဘယ်သဘာဝတရားကိုမျှ ကိုင်၍ယူ၍ မဖြစ်ဟူသော စကား၌ ခဏိကဓမ္မမျိုးမှန်လျှင် မိမိတို့ဖြစ်ရာဌာနမှ ဌာနတစ်ပါးသို့ ပြောင်းရွှေ့ခြင်းငှါလည်း မတတ်ကောင်း ပရမတ်ဓာတ် ပရမတ်တစ်ခု တည်း သက်သက်ကို ထုတ်ယူကိုင်တွယ်ခြင်းငှါလည်း မတတ်ကောင်း အပေါင်းအားဖြင့်မူကား ထုတ်ယူကိုင်တွယ်သော် တတ်ကောင်း၏၊ မြေကြီးကို လက်ခုပ်ဖြင့် ကျုံးယူသည်ရှိသော် လက်ခုပ်ထဲ၌ ပထဝီဓာတ် သည် သဟဇာတ်ရုပ်အပေါင်းနှင့်တကွ ပါသည်သာ ဖြစ်၏။
ပထဝီဓာတ်၏ အလွန်အဖြစ်အပျက် မြန်မှုသည် လက်ခုပ်ထဲမှာပင် ဖြစ်ရပျက်ရ၏ ထို့အတူရေကို လက်ခုပ်ဖြင့် ယူသည်ရှိသော် လက်ခုပ်ထဲ၌ အာပေါဓာတ်သည် သဟဇာတ်ရုပ်အပေါင်းနှင့်တကွပါသည်သာဖြစ်၏၊ မီးကိုအိုးကင်းဖြင့် ယူရာ၌ တေဇောဓာတ်သည် သဟဇာတ် ရုပ်အပေါင်း နှင့်တကွ ပါသည်သာဖြစ်၏။
လေကို ဗူး, ပုလင်း, လေခေါင်းအုံး, လေမွေ့ရာစသည်ဖြင့် သွင်းယူ ရာ၌ ဝါယောဓာတ်သည် သဟဇာတ်ရုပ်အပေါင်းနှင့်တကွ ပါသည် သာဖြစ်၏။
ဤသို့လျှင် ဓာတ်ကြီးလေးပါးတို့သည် သဟဇာတ်ဖြစ်သော ရုပ် အပေါင်းနှင့်တကွ ကိုင်သည်ယူသည်ရှိသော် ကိုင်၍ယူ၍ ရကောင်းသည် သာ ဖြစ်ကုန်၏၊ ကြွင်းသော ဥပါဒါရုပ်တို့၌လည်း ထို့အတူ မှတ်ယူလေ။
အပေါင်းထဲမှ တစ်ခုတစ်ခုသောရုပ်ကို ထုတ်နုတ်၍ ကိုင်မှု ယူမှုကား မရကောင်းသည်သာလျှင်တည်း။
ပရမတ်ဓာတ်သားမရှိသော ပညတ်တရားကိုမူကား ဘယ်အခါ မှာမှ ကိုင်၍ယူ၍မရကောင်း၊ ထိုစကားသည် မှန်၏၊ တစ်ယောက်သော လူသည် တစ်ဦးသောလူကို လက်ဖြင့်ဆွဲကိုင်ရာ၌ ဤလူကို ငါဆွဲ ကိုင်သည်ဟု လူဟူသော သဏ္ဌာနပညတ်ကို အာရုံပြု၍ ဆွဲကိုင်၏၊ ဤလူကိုငါဆွဲကိုင်မိပြီ ဟူ၍လည်းမှတ်၏၊ စင်စစ်မှာမူကား လူဟူသော သဏ္ဌာနပညတ်သည် ပထဝီဓာတ် အစရှိသော ပရမတ်ကဲ့သို့ အဟုတ်ရှိ, အမှန်ရှိ, ဧကန်ရှိမျိုး မဟုတ်သောကြောင့် ကိုင်ခြင်း ယူခြင်းငှါ မတတ် ကောင်းလေရကား လူကိုကိုင်မိသည်မဟုတ်၊ အဟုတ်ရှိ, အမှန်ရှိ, ဧကန်ရှိဖြစ်သော ရုပ်အပေါင်းကိုသာ ကိုင်မိ၏ဟူ၍ မှတ်ရမည်။
မောင်ဘိုးမင်း လျှောက်လွှာစိစစ်ချက်
မောင်ဘိုးမင်းလျှောက်လွှာမှာ-“ပရမတ္ထသစ္စာ, သမုတိသစ္စာ ၂- ရပ်ရှိသည်တွင် ၎င်းသမုတိသစ္စာသည် ကမ္ဘာဦးသူတို့ လောကသင်္ကေတ အားဖြင့် ခေါ်ဝေါ်ပညတ်သမုတ်အပ်သော ပညတ္တိဓမ္မမျှသာ ဖြစ်၍ ဇာတိဥပါဒ်နှင့်တကွ မရှိခြင်းကြောင့် စုဆောင်းပေါင်းသင်း၍ ရကောင်း သောတရားမျိုး မဟုတ်၊ အတွေ့အထိမှ ခံနိုင်ကောင်းသော တရားမျိုး မဟုတ် ဖောက်ပြန်ပျက်စီးတတ်သောတရားမျိုး မဟုတ်၊ ဉာဏ်ဖြင့်လည်း မမြင်ရ၊ စက္ခုဝိညာဏ်ဖြင့်လည်း မမြင်ရ၊ မနောဝိညာဏ်မှ မိစ္ဆာဒိဋ္ဌိက သာလျှင် အလုံး, အခဲ, အဝိုင်း, အပြား, အရှည်, အတို, ကိုယ်လက်, မျက်ခွက်, နား, နှာခေါင်း အမှန် သဏ္ဌာန်အမျိုးမျိုး အိုးခွက် ကွဲပျက် ခြင်း, သစ်ပင်သစ်ရွက် ပျက်စီးဖောက်ပြန်ခြင်း, ခြေ လက် နား နှာခေါင်း ပျက်စီးဖောက်ပြန်ခြင်းများကို မိစ္ဆာဒိဋ္ဌိကသာလျှင် မြင်သည်ဟု တပည့်တော်ယူပါသည်” ဟူသော စကားပါရှိသည်။
ထိုတွင် “ဉာဏ်ဖြင့်လည်း မမြင်ရ၊ စက္ခုဝိညာဏ်ဖြင့်လည်း မမြင်ရ” ဟူသောစကား၌ ဉာဏ်ဖြင့်မမြင်ရသော တရားဟူ၍မရှိ၊ အလုံးစုံသော ပရမတ်တရားကိုလည်း ပရမတ်အနေအားဖြင့် ဉာဏ်သည် သာ သိနိုင်မြင်နိုင်၏၊။ အလုံးစုံသောပညတ်တရားကိုလည်း ပညတ်အနေအားဖြင့် ဉာဏ်သည်သာ သိနိုင် မြင်နိုင်၏၊ ထို့ကြောင့် မြတ်စွာဘုရားကို “သဗ္ဗညူဟူ၍လည်းကောင်း, သဗ္ဗဒဿာဝီ” ဟူ၍လည်းကောင်း ခေါ်ဆိုရ၏။
သဗ္ဗညူ ဆိုသည်ကား- သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ် တည်းဟူသော ဉေယျဓံတရားငါးပါးကို အကြွင်းအကျန်မရှိ၊ အလုံးစုံ သိတော်မူလေ့ရှိသည်ဟု ဆိုလိုသည်။
သဗ္ဗဒဿာဝီ ဆိုသည်ကား- ပညတ်နှင့်တကွ ထိုအလုံးစုံသော ဉေယျဓံတရား ငါးပါးကိုပင်လျှင် အကြွင်းအကျန်မရှိ၊ သဗ္ဗညူတဉာဏ်ဖြင့် မြင်တော်မူလေ့ရှိသည်ဟု ဆိုလို၏။
စိတ်တစ်ခုယုတ် ၉၀-ဟူသော ပရမတ္ထတရား၌ အသီးအသီးသော နာမပညတ်တို့သည်ရှိကြကုန်၏၊ ထိုနာမပညတ်ကို သဗ္ဗညုတဉာဏ် ဖြင့်သာ သိနိုင်မြင်နိုင်၏၊ စေတသိက်ဒွေပညာသဟူသော ပရမတ္ထတရား, ရုပ်အဋ္ဌဝီသ, နိဗ္ဗာန်ဟူသော ပရမတ္ထတရားတို့၌ အသီးအသီးသော နာမပညတ်တို့သည်ရှိကြ၏၊ ထိုနာမပညတ်ကို သဗ္ဗညုတဉာဏ်ဖြင့်သာ သိနိုင်မြင်နိုင်၏၊ အပေါင်းအားဖြင့်လည်း “ရူပကာယော=ရုပ်အပေါင်း, နာမကာယော=နာမ်အပေါင်း, ရူပက္ခန္ဓော=ရုပ်တုံး-ရုပ်ခဲ, နာမက္ခန္ဓော= နာမ်တုံး-နာမ်ခဲ” ဟူရာတို့၌လည်း အသီးအသီးသော နာမပညတ်ကို သဗ္ဗညုတဉာဏ်ဖြင့်သာ မြင်နိုင်၏၊ ဤ၌ရုပ်အပေါင်း, နာမ်အပေါင်း, ရုပ်တုံး, ရုပ်ခဲ, ဆိုသောစကားမှာ အပေါင်း, အတုံးအခဲဆိုလျှင် ပညတ် ဟူ၍ ထင်တတ်၏၊ အပေါင်း, အတုံးအခဲဆိုသော်လည်း ရုပ်အစု, နာမ် အစုကို ဆိုသည်ဖြစ်၍ ပရမတ်ပင်ဖြစ်၏။
ထိုမှတစ်ပါး လူနတ်ဗြဟ္မာ အစရှိသော အသက်ရှိသော ပညတ်မျိုး, သစ်ပင်, ချုံနွယ်အစရှိသော အသက်မရှိသော ပညတ်မျိုးတို့၌လည်း အသီးအသီးသော သဏ္ဌာနပညတ်မျိုး, နာမပညတ်မျိုးတို့သည် ရှိကြ၏၊ ထိုပညတ်မျိုးကိုလည်း သဗ္ဗညုတဉာဏ်တော်ဖြင့် အကုန်သိနိုင် မြင်နိုင်၏၊ ထို့ကြောင့်“သမုတိပညတ်မျိုးကိုဉာဏ်ဖြင့်မမြင်ရ” ဟူသော မောင်ဘိုမင်း စကားသည် လွန်၏။
“မနောဝိညာဏ်မှ မိစ္ဆာဒိဋ္ဌိကသာလျှင် မြင်သည်” ဟူသော စကားမှာလည်း ဝိပလ္လာသတရားသည် ၃-ပါးရှိ၏၊ ၃-ပါးဟူသော်ကား သညာဝိပလ္လာသ ၁-ပါး, စိတ္တဝိပလ္လာသ ၁-ပါး, ဒိဋ္ဌိဝိပလ္လာသ ၁-ပါး၊ ထိုသုံးပါးတို့တွင် သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ ၂-ပါးသည် ပုထုဇ္ဇန် သတ္တဝါတို့မှာ ဒိဋ္ဌိနှင့်ယှဉ်သော ဒေါသမူစိတ်, မောဟမူစိတ်, မဟာ ကုသိုလ်စိတ်တို့မှာပင် ရှိ၏၊။ ထို သညာ, စိတ္တဝိပလ္လာသ ၂-ပါးတို့ဖြင့် လည်း အလုံး, အခဲ, အဝိုင်း, အပြား, အရှည်, အတို, စသည်တို့ကို အဟုတ်ရှိ, အမှန်ရှိ, ဧကန်ရှိဟု-မှတ်၏၊ ထင်၏၊ မြင်၏၊ ပရမတ်နှင့် ပညတ်ကိုမြင်သော တရားများ ဖြေရှင်းခန်းပြီး၏။
သမုတိသည် စိတ်ကို ချီးမြှောက်ပုံနှင့် ဖိစီးပုံ ပြဆိုခန်း
သမုတိပညတ်တရား
၁။ ဇာတိ ဥပါဒ်နှင့်တကွ အဟုတ်ရှိ၊ အမှန်ရှိမဟုတ်သော်လည်း သတ္တဝါတို့၏ စိတ်ကို အလွန်ထက်သန် ပွားစီးအောင်လည်း ချီးမြှောက်နိုင်၏။
၂။ အလွန် တုန်လှုပ်ခြောက်ချား ဆိုးရွားညစ်ညမ်း၍ သွား အောင်လည်း ဖိစီးနိုင်၏။
အဘယ်သို့လျှင် သတ္တဝါတို့၏ စိတ်ကို အလွန်ထက်သန် ပွားစီးအောင် ချီးမြှောက်နိုင်သနည်း ဟူမူကား-အထက် ဗြဟ္မာ့ဘုံသို့ ရောက်ခြင်း ငှါ ကသိုဏ်းစျာန်တို့ကို ပွားများကြရာ၌ ရှေးဦးစွာ ကသိုဏ်းဝန်း၌ရှိသော ပထဝီစသော ပရမတ်အာရုံကို အစွဲပြု၍ ပရိကမ္မဘာဝနာစိတ်ကို ဖြစ်စေကြ၏။
ထို့နောက် ထိုပထဝီစသော ပရမတ်အာရုံကိုလွှတ်၍ ပဋိဘာဂ နိမိတ်ဟု ဆိုအပ်သော ပညတ်အာရုံ သက်သက်ကို အာရုံပြု၍ ဥပစာရ ဘာဝနာစိတ်, ပဌမစျာန်အစရှိသော အပ္ပနာဘာဝနာ စိတ်ကို ဖြစ်ကြရ၏ ထိုပဋိဘာဂနိမိတ်ဟု ဆိုအပ်သောပညတ်အာရုံကိုလည်း အဝန်း, အဝိုင်း, တစ်မိုက်ခန့်, တစ်ထွာခန့်, တစ်တောင်ခန့်, တစ်လံခန့်မှစ၍ စကြဝဠာ တိုက် အဝန်းအဝိုင်းမျှ ကြီးကျယ်အောင်ပင် ပွါးများကြရ၏၊ ထိုပညတ် အာရုံ အဝန်းအဝိုင်း သေးငယ်လျှင် စျာန်စိတ်လည်း အားသေး၏၊ ထိုပညတ်အာရုံ အဝန်းအဝိုင်း ကြီးကျယ်လေလေ စျာန်စိတ်လည်း အစွမ်းသတ္တိ ကြီးကျယ်လေလေ ဖြစ်၏၊ စျာန်စိတ် အစွမ်းသတ္တိ ကြီးကျယ် လေလေ ဗြဟ္မာ့ပြည်သို့ ရောက်သည်ကာလ တန်ခိုးဣဒ္ဓိပါဒ် ကြီးကျယ် လေလေဖြစ်၏။
ရူပါဝစရ ၁၆-ဘုံတို့သည် ပညတ်အာရုံမှ ဖြစ်ပွါးကြရာ ဘုံတို့ ပေတည်း။။ ဣဒ္ဓိဝိဓအဘိညာဏ်, ဒိဗ္ဗစက္ခုအဘိညာဏ်စသော လောကီ တန်ခိုးအဘိညာဏ်တို့လည်း ထိုကသိုဏ်းနိမိတ်ပညတ် အာရုံကို အစွဲပြု၍ ဖြစ်ပွါးကြကုန်၏၊ ဤသို့လျှင် သမုတိပညတ်တရားသည် သတ္တဝါတို့၏ စိတ်ကို အလွန်ထက်သန် ပွါးစီးအောင် ချီးမြှောက်နိုင်၏။
သမုတိပညတ်တရားသည် သတ္တဝါတို့၏ စိတ်ကို အဘယ်သို့လျှင် အလွန်တုန်လှုပ်ချောက်ချား ဆိုးရွားညစ်ညမ်း၍ သွားအောင် ဖိစီးနိုင် သနည်းဟူမူကား ဒုစ္စရိုက်ကံကြီး ၁၀-ပါး, ပဉ္စာနန္တရိယကံကြီး ၅-ပါး, ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ, ၃-ပါးသော နိယတမိစ္ဆာဒိဋ္ဌိ၊ ဤအလုံးစုံတို့သည် ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝဟူသော သမုတိပညတ်တရားကို အစွဲပြု၍ ဖြစ်ပွါးကြကုန်၏၊ ဤသို့လျှင် သမုတိပညတ်တရားသည် သတ္တဝါတို့၏ စိတ်ကို အလွန်တုန်လှုပ် ချောက်ချားဆိုးရွားညစ်ညမ်း၍ သွားအောင် ဖိစီးနိုင်၏။
သမုတိသည် စိတ်ကိုချီးမြှောက်ပုံနှင့် ဖိစီးပုံ ပြဆိုခန်း ပြီး၏။
------*-----
ရတနာသုံးပါးကိုးကွယ်ရာ၌ အကျိုးကြီးပုံပြဆိုခန်း
ဘုရား,တရား,သံဃာ- ရတနာသုံးပါးကို ကြည်ညိုကိုးကွယ် လှူဒါန်းပူဇော်ကြရာ၌ ကျမ်းဂန်ဆိုချက်နှင့် မြတ်စွာဘုရား၏ သဏ္ဌာန်ကို စိတ်မနောထဲတွင် မှန်းဆ၍ ရည်ရွယ်ခြင်းသည် အလွန်မှိန်မှေး၏၊ ကားပေါ်၌ မြတ်စွာဘုရားသဏ္ဌာန်တော်ကို ရုပ်ပုံတော်ရေးသား၍ မြတ်စွာဘုရားသဏ္ဌာန်တော်ကို ကြည်ညိုရခြင်းသည် စိတ်မနောထဲတွင် မှန်းဆ၍ ကြည်ညိုရသည်ထက် အဆအရာမက စိတ်အားကောင်း၏။
ထိုကားပေါ်၌ ရုပ်ပုံတော်ကို ကြည်ညိုရသည်ထက် အုတ်ရိုး ရုပ်ပုံတော်, သစ်သားရုပ်တုတော်, ကျောက်ရုပ်တုတော်, ကြေးရုပ်တု တော်များကို ဖူးမျှော်ကြည်ညိုရခြင်းသည် အဆအရာမက စိတ်အား ကောင်း၏။
ဤစကား၌-- ထိုရုပ်တုသဏ္ဌာန်တော်များသည် မြတ်စွာဘုရား သဏ္ဌာန်တော်နှင့် ဆက်စပ်လျက်ရှိသည်ဖြစ်၍ ထိုရုပ်ပုံ, ရုပ်တုတော် များကို မြင်သည်နှင့်တစ်ပြိုင်နက် ဘုရား ဘုရားဟူ၍ မြတ်စွာဘုရားကို အာရုံပြုသောစိတ်သည် ထင်ရှားစွာပေါ်လာ၏၊ မြတ်စွာဘုရားကို အာရုံပြု၍ အားကောင်းစွာ ဖြစ်ပေါ်လာသော ထိုကုသိုလ်စိတ်များသည် သံသရာအကျိုးကို အလိုရှိသောသူတို့အား နောင်သံသရာ၌ ဘဝများစွာ လူ့ချမ်းသာ, နတ်ချမ်းသာကို ပေးနိုင်၏၊ ရုပ်ပုံတော်, ရုပ်ထုတော်များကို ဝတ်နိဗဒ်ထား၍ အမြဲပူဇော်သော သူများမှာ နောင်-ဘဝ ထောင်သောင်း မကပင်သော်လည်း မရဏာသန္နဇောသည် အခွင့်သာတိုင်း ထင်လာ တတ်၏၊ ထင်လာခဲ့သော် “ဗုဒ္ဓဿ ပူဇံ မဟာတေဇဝန္တော” ဟူသော ပါဌ်နှင့်အညီ-အလွန် တန်ခိုးကြီးသော လူ့ဘဝ, နတ်ဘဝကို ဖြစ်စေ တတ်၏၊ အကုသိုလ်ကံ တစ်ပါးကြောင့် အပါယ်ငရဲသို့ ကျရောက်၍သွား သော်လည်း ရုပ်ပုံတော်, ရုပ်ထုတော်များသည် အပါယ်ငရဲမှာ မရဏာသန္န အခါ ထင်လာတတ်၏၊ ထင်လာသည်ရှိသော် လူ့ဘုံ, လူ့ဘဝ, နတ်ဘုံ, နတ်ဘဝသို့ ရောက်စေတတ်၏၊ ငရဲမင်းကြီးတို့၏ စစ်ဆေးရာဌာနမှာ ထင်လာသည်ရှိသော် ထိုခဏ၌ပင် ငရဲမှစုတေ၍ လူ့ဘုံ, လူ့ဘဝ, နတ်ဘုံ, နတ်ဘဝသို့ ရောက် လာတတ်၏။
ငရဲမင်းကြီး စစ်ဆေးရာဌာန ပြဆိုချက် ဤအရာ၌ ငရဲမင်းကြီးတို့၏ စစ်ဆေးရာဌာနကို ပြဆိုရာ၏၊ ငရဲကြီး ၈-ဘုံတွင် တစ်ဘုံတစ်ဘုံ၌ အလယ်မှာ ငရဲခံရာ ဌာနကြီးသည် ယူဇနာများစွာ ကျယ်ဝန်းလျက်ရှိ၏၊ ထိုဌာနကြီးကို ဝန်းရံ၍ ကုန်းရံကပတ် တောတောင်အရပ် မြေလပ် မြေလွတ်သည် များစွာရှိ၏၊ ထိုမြေလပ်မြေလွတ်တွင် အရပ် ၄-မျက်နှာမှ ငရဲမင်းကြီးတို့၏ ရုံးတော်ကြီး တစ်ခုစီရှိ၏။
ငရဲမင်းကြီးဆိုသည်ကား-- စာတုမဟာရာဇ်နတ်မျိုးတို့တွင် အကျုံးဝင်သော ယမခေါ်သော နတ်ပြိတ္တာ တန်ခိုးကြီးမျိုးပေတည်း၊ အပါယ်ပြိတ္တာမျိုးမဟုတ်၊ ငရဲပြည်၌ ငရဲသားတို့ကို အထူးထူး အထွေထွေ ပြုလုပ်နှိပ်စက် ညှဉ်းပန်းကြကုန်သော ငရဲထိန်းဆိုသူတို့သည်လည်း စာတုမဟာရာဇ်ဘုံတွင် အကျုံးဝင်သော အလွန်ကြမ်းတမ်း ယုတ်မာ လှကုန်သော ဘီလူးမျိုး, ရက္ခိုသ်မျိုးတို့ပေတည်း။
ဤလူ့ပြည်မှ စုတေ၍ ငရဲဘုံသို့ ရောက်ကြကုန်သော သူတို့သည် နှစ်မျိုးရှိကြကုန်၏။
၁။ အကုသိုလ်ကံ အားကြီးလှသောသူ တစ်မျိုး၊
၂။ ကုသိုလ်ကံ, အကုသိုလ်ကံနှစ်ပါး ရောနှောလျက် ရှိကြကုန်သောသူ တစ်မျိုး။
ထိုနှစ်မျိုးတို့တွင် အကုသိုလ်ကံ အားကြီးလှသော သူတစ်မျိုးမှာ လူ့ပြည်က စုတေလျှင် အပါယ်ငရဲခံရာဌာနသို့ ဦးတိုက်ကျရောက်၍ ငရဲဒုက္ခကို ခံကြရကုန်၏၊ ငရဲမင်း, ငရဲထိန်းတို့နှင့် မဆိုင်ပြီ၊ ကုသိုလ်ကံ အကုသိုလ်ကံ နှစ်ပါး ရောနှောလျက်ရှိသော သူများမှာ လူ့ပြည်မှစုတေ၍ ငရဲဘုံသို့ ရောက်ကြကုန်သည်ရှိသော် အလယ်ငရဲခံရာဌာနသို့ မရောက် ကြကုန်မူ၍ ကုန်းရံကပတ် မြေလပ်တောတောင်တို့၌ ငရဲသားဥပပတ် အကောင်မျိုးတွေ ဖြစ်ကြရကုန်၏၊ ထိုသူတို့သည်သာလျှင် ငရဲမင်း, ငရဲထိန်းတို့နှင့် စပ်ဆိုင်ကြကုန်၏။
စပ်ဆိုင်ပုံကား
ငရဲထိန်းခေါ်သော ရက္ခိုသ်, ဘီလူးတို့သည် ဤလူ့ဘုံမှ ငရဲပြည် သို့ သွားကြကုန်၍ မြေလပ်တောတောင်၌ ကျရောက်ရှိ နေကြကုန်သော ငရဲသားတို့ကို ဖမ်းယူကြကုန်ပြီးလျှင် ငရဲအပြင်သို့ ယူဆောင်ကြကုန်၍ “ဒွတ္တိံသ ကမ္မကရဏ” ခေါ်သော ၃၂-မျိုးသော ညှဉ်းဆဲခြင်း ကံကြမ္မာမှု တို့ကို ပြုကြကုန်၏၊ ယမမင်းတို့သည် ငရဲပြည်သို့ သွားကြကုန်၍ ရုံးတက် ကြကုန်၏၊ ငရဲထိန်းတို့ အပေါ်၌ သင်တို့သည် ငရဲသားတို့ကို ဖမ်းယူရ ရှိကုန်သည်ရှိသော် ငရဲအပြင်သို့ မချကြကုန် လင့်ဦး၊ ငါတို့ရုံးတော်သို့ ပို့လာကြကုန်ရမည်၊ ငါတို့စစ်ဆေးဦးမည် ဟူ၍-အမိန့်ပေးထားကြကုန်၏၊ ငရဲထိန်းတို့သည် ဖမ်းယူရရှိသမျှသော ငရဲသားတို့ကို ရုံးတော်သို့ ပို့လာကြ ရကုန်၏၊ ယမမင်းတို့သည် ငရဲသားတို့ကို ခေါ်ကြကုန်၍ “သင်တို့သည် ရှေးလူဖြစ်ကြစဉ်အခါ၌ ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုများကို အောက်မေ့ ကြကုန်လော” ဟု-ဆိုကြကုန်၏၊ ယမမင်းတို့သည်လည်း ဤသူတို့သည် လူဖြစ်စဉ်အခါ၌ ဘယ်ကုသိုလ်မှုများကို ပြုခဲ့ကြဖူးလေသနည်းဟုနတ်မျက်စိနှင့် ကြည့်ရှုရှာကြံကြကုန်၏၊ ငရဲသားတို့သည် လူဖြစ်စဉ်အခါ၌ မိမိတို့ ပြုခဲ့ကြဖူးသော ဒါနမှု, သီလမှု, ဘာဝနာမှု တစ်စုံတစ်ခုကို အမှတ်ရ ကြကုန်သည်ရှိသော် ထိုကုသိုလ်ကံသည် အကျိုးပေးခွင့်ရ၍ ထိုခဏ၌ စုတေပြီးလျှင် ထိုကံ၏ အစွမ်းဖြင့် လူ့ဘုံ, လူ့ဘဝ, နတ်ဘုံ, နတ်ဘဝသို့ ရောက်လာကြကုန်၏၊ ငရဲသားဖြစ်သူက အမှတ်မရနိုင်ရှိ၍ ငရဲမင်းကြီး များက သူတို့ပြုခဲ့သော ရှေးကောင်းမှုကို ရှာကြံ တွေ့မြင်ခဲ့သည်ရှိသော် “ဘယ်သူသည် ဘယ်ကုသိုလ်ကို ပြုခဲ့သည် မဟုတ်လော, ဘယ်သူသည် ဘယ်ကောင်းမှုကို ပြုခဲ့ဖူးသည်မဟုတ်လော” ဟု သတိပေးကြကုန်၏၊ သတိပေးတိုင်း ငရဲသားတို့က အမှတ်ရပြန်လျှင်လည်း ထိုခဏ၌စုတေ၍ လူ့ဘဝ, နတ်ဘဝသို့ ရောက်လာကြကုန်၏။
[ကုသိုလ်ပြုကြပြီးသောအခါ ယမမင်းတို့ကို အထူးအမျှဝေရခြင်းသည် ဤ စစ်ဆေးခန်းတွင် ယမမင်းတို့က “သင်သည် ဘယ်ကုသိုလ်ကို ပြုပြီးသောအခါ၌ ငါတို့ကိုအမျှဝေဖူးသည်, ငါတို့သည် သာဓုခေါ်ရ ဖူးသည်” ဟု- ယမမင်းတို့က သက်သေခံကြစေရန် အခွင့်ကြီးပေ တည်း]
အချို့သောငရဲသားတို့သည်ကား ရှေးဘဝ၌ လူဖြစ်စဉ်အခါ ကုသိုလ်ကောင်းမှုကို အောက်မေ့၍မရကြကုန်၊ ယမမင်းတို့သည်လည်း သူတို့ပြုသောကုသိုလ်ကောင်းမှုကို ရှာကြံ၍မရကြကုန်၊ ထိုသူတို့ကိုမူကား ယမမင်းတို့သည် မကယ်ဆယ် နိုင်ကြကုန်၊ မျက်နှာလွှဲ၍သာ နေကြရ ကုန်၏၊ ထိုအခါငရဲထိန်းတို့သည် အတင်းယူဆောင်၍ အလယ်ငရဲခံ ရာဌာန၌ ၃၂-ပါးသော ညှဉ်းဆဲးမှုတို့ကို ပြုလုပ်ကြကုန်၏၊ အချို့သော ငရဲသားတို့သည်ကား ထိုမြေလပ်သို့ ကျရောက်၍ သွားကြရာ ငရဲအပြင်မှ ငရဲမီးရောင် ထိန်ထိန်လင်းလင်းကို မြင်ကြသည့်အခါ လူ့ဘဝ၌ စေတီတော်, ရုပ်ပွားတော်, ဆင်းတုတော်များမှာ မီးပူဇော်ခဲ့ဖူးသော ကုသိုလ်ကို အမှတ်ရသဖြင့် ထိုခဏ၌လွတ်၍ လူ့ဘဝသို့ ရောက်လာကြ သော ဝတ္ထုများရှိ၏၊ ငရဲမီးဟုန်းဟုန်း ဟုန်းဟုန်းမြည်သံကိုကြား၍ လူ့ဘဝ၌ တံခွန်ကို လှူခဲ့ရာ ထိုတံခွန်ကိုလေခပ်၍ ဟုန်းဟုန်မည် သံနှင့်တကွ ထိုကုသိုလ်ကို အမှတ်ရသဖြင့် ထိုခဏ၌လွတ်၍လာကြသော ဝတ္ထုများလည်း ရှိ၏။
သံဃာကိုပစ်မှား၍ ငရဲရောက်ပုံ
ဗာရာဏသီပြည်၌ ရေဝတီဆိုသောမိန်းမသည် ရဟန်းသံဃာ တော်များကို အလွန်ပြစ်မှားဆဲရေး၏၊ ယမမင်းသည် ငရဲထိန်း ဘီလူး သံဘက် ၂-ယောက်ကိုစေလွှတ်၍ ယူဆောင်စေပြီးလျှင် အရှင်လတ် လတ်ငရဲသို့ ပစ်ချသော ဝတ္ထုသည် ရေဝတီဝိမာနဝတ္ထု ပါဠိတော် တွင်လာ၏၊ လူ့ပြည်မှာလည်း အချို့သောသူတို့သည် သေခါနီးအခါ၌ “လူနက်ကြီးတွေလာပါသည်, လူနက်ကြီးတွေ ဝိုင်းပါသည်, ငါ့ကိုဆွဲပါ သည်, ငင်ပါသည်, တုတ်ပေးပါ, ဓားပေးပါ” ဟု- ထိတ်လန့်မြည်တမ်း၍ သေကြသည်မှာလည်း အများရှိကြ၏၊ ငရဲထိန်းတို့၏ယူမှုပင်တည်း။
ဤတွင်ရွေ့ကား- ရုပ်ပုံတော်, ရုပ်တုတော်, ဆင်းတုတော်ကိုကြည် ညိုကိုးကွယ်မှု၊ လှူဒါန်းပူဇော်မှုသည် ယမမင်းတို့၏ စစ်ခန်း ကြောခန်း တွင် အလွန်ကျေးဇူးများပုံကို ပြဆိုချက်ပေတည်း။
ရုပ်ပွားတော်နှင့် ဂုဏ်တော်ကို ရှိခိုးပုံ ပြဆိုချက်
ဤအရာ၌ အချို့သောသူတို့ကား ဘုရားဆိုလျှင် ဂုဏ်တော် ၉- ပါးရှိမှ ဘုရားအမှန်ဖြစ်သည်၊ ဂုဏ်တော် ၉-ပါး မရှိလျှင်ဘုရားမဟုတ်၊ ဘုရားမဟုတ်သည်ကို ဘုရားလုပ်၍ ကိုးကွယ်လျှင်အကျိုးမရှိ၊ ထိုရုပ်ပုံ, ရုပ်ထုဟု-ဆိုအပ်သော စက္ကူ, မြေကြီး, သစ်သား, ကျောက်, ကြေးတို့၌ ဘုရားဂုဏ်ဟူ၍ မြူမျှမရှိ၊ ထိုကြောင့် ထိုရုပ်ပုံ, ရုပ်ထု, ရုပ်ပွားတို့ကို ကိုးကွယ်ခြင်းသည် အကျိုးမရှိ၊ ထိုရုပ်ပွားတို့ကို လှူဒါန်းပူဇော်ခြင်းသည် အကျိုးမရှိဟု-ဆိုကြကုန်၏။
ထိုရုပ်ပုံ, ရုပ်ထု, ရုပ်ပွားသည်ပင်လျှင် ဘုရားအစစ်ဖြစ်၏၊ ထိုအုတ်မြေ, ထိုသစ်သား, ထိုကျောက်, ထိုကြေးများသည်ပင်လျှင် ဘုရားအစစ်ဖြစ်၏ဟု-မှတ်ယူကိုးကွယ်သောသူမှာ ဆိုဖွယ်ရာရှိ၏၊ ယခုစေတီ, ပုထိုး, ရုပ်ပုံ, ရုပ်ထု, ဆင်းတုများကို ကိုးကွယ်ပူဇော် လှူဒါန်းကြသော သူအပေါင်းတို့သည်ကား သိဒ္ဓတ်မင်းမှဖြစ်သော အရှင်ဂေါတမအမည်ရှိသော ဘုရားအစစ်ကို သိပြီးဖြစ်ကြကုန်၏၊ “ဣတိပိ သောဘဂဝါ” အစရှိသော ဂုဏ်တော် ၉-ပါးသည် ထိုဘုရား အစစ်၌သာရှိသည်ဟု-သိပြီးဖြစ်ကြကုန်၏၊ အယုတ်ဆုံးအားဖြင့် ထိုဘုရားအစစ်သည် ထိုဘုရားအစစ်သည် လူ့လောက, နတ်လောက, ဗြဟ္မာလောကတွင် အတုမရှိ အထွတ်အမြတ်ကြီးဖြစ်တော်မူ၏ဟုယုံကြည်ကြ၏၊ ထိုအစစ်၏ ရုပ်သွင်တော်, ရုပ်သဏ္ဌာန်တော်များကိုပင် အလွန်ဖူးမြင်ချင်ကြ၏၊ သို့သော် ပရိနိဗ္ဗာန် စံလွန်ပြီးဖြစ်၍ ဖူးမြင်ခွင့် မရကြကုန်။
ဘုရားစစ်စိတ်ရောက်-- ဘုရားအစစ်၏ ရုပ်ပုံတော်, သဏ္ဌာန် တော်များကို ဖူးမြင်ခွင့် မရရှိကြသည့်အတွက် ထိုဘုရားအစစ်၏ ရုပ်ပုံတော်, သဏ္ဌာန်တော်များနှင့် အသွင်အဆင်တူသော ရုပ်ပုံ, ရုပ်ထု, ဆင်းတုများကိုပင် အလွန်ဖူးမြင်လိုကြ၏၊ အသွင်အဆင်တူသော ရုပ်ပုံတော်, ဆင်းတုတော်များကို ကြည်ညိုစွာဖူးမျှော် ပူဇော်ကြသော အခါ၌ ထိုသူတို့၏ စိတ်မနောတို့သည် ဘုရားအစစ်ဖြစ်သော မြတ်စွာ ဘုရားသို့ ဆိုက်ရောက်၍ သွားကြကုန်သည်ချည်းသာ ဖြစ်ကြကုန်၏။
ရှိခိုးပူဇော်စဉ်အခါ နှုတ်မှရွတ်ဆိုကြသော “ဣတိပိ သော ဘဂဝါ” အစရှိသော ဂုဏ်တော်များသည် ဘုရားအစစ်၌ ရှိသော ဂုဏ်တော်များ ပေတည်းဟု-အမှန်သိ၍ ရွတ်ဆိုကြခြင်းဖြစ်၏။
ထို့ကြောင့် ရုပ်ပုံတော်, ရုပ်ထုတော်, ရုပ်ပွားတော်များကို ကိုးကွယ်ပူဇော် လှူဒါန်းကြခြင်းသည် အလွန်ကြီးမြတ်သော ကုသိုလ် ဌာနကြီး တစ်ပါးဖြစ်ပေသတည်း။
ထက်သန်စိတ်-- ဤလောက၌လည်း မည်သည့်ပုဂ္ဂိုလ်ကြီးသည် အလွန်သီလဂုဏ်ကြီးမြတ်သည်, သမာဓိဂုဏ်ကြီးမြတ်သည်, ပညာဂုဏ် ကြီးမြတ်သည်ဟု-ကြားသိကြလျှင် အလွန်ကြည်ညိုသောစိတ်ဖြစ်ပွား ကြ၏၊ ထိုပုဂ္ဂိုလ်ကြီးကို ဖူးမြင်လိုသောစိတ်သည် အလွန်ထက်သန် လျက်ရှိကြ၏၊ ထိုပုဂ္ဂိုလ်ကြီးရှိရာသို့ ကိုယ်တိုင်သွား၍ပင် ဖူးမျှော်ကြ၏၊ မသွားတဲ့နိုင်ရှိခဲ့သော် ဓာတ်ပုံရိုက်၍ထားသော ထိုပုဂ္ဂိုလ်ကြီး၏ ရုပ်ပုံတော် များရှိသည်ဆိုလျှင် ဝယ်ယူ၍ ခေါင်းရင်းမှာ မြင့်မြတ်ရာ၌ ထား၍ ကြည်ညိုကြ၏၊ ထိုအမှုသည် အလွန်ကောင်းမြတ်သော အမှုဖြစ်ပေ၏။
လူမိုက်-- တစ်စုံတစ်ယောက်သော သူသည် ထိုဓာတ်ပုံမှာ သီလဂုဏ်စသော ဂုဏ်ဟူ၍-အဏုမြူမျှမရှိ၊ ထိုဓာတ်ပုံကို ကြည်ညို၍ အကျိုးမရှိဟု-ဆိုခဲ့သော် ထိုသို့သောသူသည်သာလျှင် လူပြိန်း, လူဖျင်း, လူရူး, လူနှမ်း, လူမိုက်, လူမှားဖြစ်လေ၏၊ ထိုသူမှာ အကုသိုလ်တရား ဖြစ်ပွားလေ၏။
စိမ်ရေသင့်-- ဘုရားရုပ်ပုံ, ရုပ်ပွား, ရုပ်ထု, ဆင်းတုကိုးကွယ်မှုကို အကျိုးမရှိဟု-ဆိုသောသူသည်မူကား အကုသိုလ်တရား ဘယ်မျှလောက် ကြီးပွားသည်ဟု-ဆိုနိုင်ဘွယ်ရာမရှိ၊ “ဗုဒ္ဓဂုဏော အနန္တော” စသည်ဖြင့် လာသော ဗုဒ္ဓဂိုဏ်း, ဓမ္မဂိုဏ်း, သံဃဂိုဏ်း, အမိဖဘဂိုဏ်း, ဆရာဂိုဏ်းဟုဆိုအပ်သော ဂိုဏ်းကြီးငါးပါးတို့တွင် ဗုဒ္ဓဂိုဏ်းသင့်သောသူမည်၏၊ ဗုဒ္ဓစိမ်ရေ, ဓမ္မစိမ်ရေ စသည်ဖြင့်လာသော စိမ်ရေကြီး ငါးပါးတို့တွင် ဗုဒ္ဓစိမ်ရေ သင့်သော သူမည်၏၊ (စိမ်ရေ ဆိုသည်ကား ဘုရားစသည်တို့၌ ပြစ်မှားကျူးလွန်မှုကို ဆိုပေသတည်း။)
သတိထားကြ-- ထိုသူသည် ထိုစကားကို စိတ်ရောကိုယ်ပါ တွင်ကျယ်စွာပြောဟောသည်ရှိသော် ယခုဒိဋ္ဌ၌ပင်လျှင် နူနာကြီး, ပန်းနာကြီး, အစရှိသော အနာဆိုး ရောဂါဆိုးနှင့် တွေ့တတ်၏၊ သေခါနီး အခါ၌ မမြင်ဝံ့, မရှုဝံ့၊ ဖောက်လဲဖောက်ပြန်ဖြစ်၍ သေရတတ်၏၊ သေသည့်နောက်၌ အလွန်နက်နဲသော ငရဲ၌ ကျရောက်တတ်၏၊ သတိကြီးကြီးထားကြကုန်။
တရားတော်ကို ကိုးကွယ်ရာ၌ အကျိုးကြီးပုံ တရားတော်ကို ကြည်ညိုကိုးကွယ် ပူဇော်လှူဒါန်းကြရာ၌ ပိဋကတ် သုံးပုံ, ပါဠိတော်ဒေသနာတော်ဟု-ဆိုအပ်သော အက္ခရာပုဒ်ပါဌ်-နာမ ပညတ်အစဉ်သည် မြတ်စွာဘုရား၏ ခံတွင်းတော်မှ ထွက်သော ပါဠိဓမ္မနာမပညတ်တော်လည်းရှိ၏၊ နောက်ပေထက်အက္ခရာ၌ ရေးတင်၍ ထားအပ်သော အက္ခရာပုဒ်ပါဌ်-နာမပညတ်လည်း ရှိ၏။
ပုဏ္ဏားတစ်ယောက်ဝတ္ထု
မြတ်စွာဘုရား လက်ထက်တော်၌ ပုဏ္ဏားတစ်ယောက်သည် တရားတော်ကို အဘယ်သို့ပူဇော်ရပါမည်နည်းဟု-မြတ်စွာဘုရားအား လျှောက်ထား၏၊ တရားကိုဆောင်သောပုဂ္ဂိုလ်ကို ပူဇော်လျှင် တရား တော်ကို ပူဇော်ခြင်းဖြစ်၏ဟု-ဟောတော်မူ၏၊ ထိုအခါ ထိုပုဏ္ဏားသည် အဘယ်ပုဂ္ဂိုလ်သည် တရားတော်ကို ဆောင်ပါသနည်းဟု-ရဟန်း သံဃာတော်အား မေးလျှောက်၏၊ အရှင်အာနန္ဒာသည် ပါဠိဒေသနာ တရားတော်တို့ကို များစွာဆောင်ရွက်သည်ဟု-ရဟန်းသံဃာတော်များက ပြောကြား၏၊ ထိုအခါ ပုဏ္ဏားကြီးသည် တရားတော်ကို ရည်စူး၍ အရှင်အာနန္ဒာအား ချောမွေ့သော သင်္ကန်းတစ်စုံကပ်လှူ၏၊ အရှင် အာနန္ဒာက ထိုသင်္ကန်းတစ်စုံကို အရှင်သာရိပုတ္တရာအား လှူသည်ဟုကျမ်းဂန်ဝတ္ထုရှိ၏။
ပေစာဘုတ်အုပ် ပူဇော်နည်း-- ထိုသို့ လှူရခြင်းသည်လည်း ပေထက်အက္ခရာတင်ပြီး ကျမ်းဂန်ပါဠိ မရှိသေးသည်ဖြစ်၍ ထိုအတုကို လိုက်၍ ယခုကာလ၌ အုန်း, ငှက်ပျောစသော ပူဇော်ဖွယ်များကို ပြုလုပ်ကြပြီးလျှင် တရားဟော ပုဂ္ဂိုလ်ကို ပူဇော်ကြမြဲဖြစ်၏၊ သို့ရာတွင် ထိုပိဋကတ်သုံးပုံ တရားတော်များသည် ပေစာ ဘုတ်အုပ်စာတို့၌ ရောက်ရှိပြီးဖြစ်၍ တရားတော်ကို ပူဇော်လိုလျှင် ပေစာ, ဘုတ် အုပ်စာ တို့ကို တင့်တယ်စွာ ခင်းကျင်း၍ ပန်း, ဆီမီး, ထီး, တံခွန် စသည်တို့ဖြင့် ပူဇော်ရမည်။
ဆရာတော်သည် သင်္ကြန်အခါ, ဝါဝင်ဝါကျွတ်အခါတို့၌ ပန်း, ဆီမီး, ထီး, တံခွန် စသည်တို့ဖြင့် ဓာတ်တော်, မွေတော်, ရုပ်ပွားတော်, ဆင်းတုတော်များကို ပူဇော်သောအခါ ပိဋကတ်သုံးပုံပါဠိတော် စာထုပ်ဘုတ်အုပ်တို့ကို ရုပ်ပွား, ဆင်းတုတော်နှင့်အတူ ပူဇော်ခဲ့လှလေပြီ၊ အချို့လူအများတို့သည် ဤကဲ့သို့ ပူဇော်ရမှန်းကို မသိကြလေ။ မြတ်စွာ ဘုရားလည်း ထိုပိဋကတ်သုံးပုံပါဠိတော်ကြီးကို ငါဘုရား၏ ကိုယ်စား, ငါဘုရား၏ ကိုယ်ပွား ဘုရားပင်ဖြစ်သည်ဟု-ဟောတော်မူ၏၊
ပိဋကတ်တော်ဘုရား
ယော ဝေါ အာနန္ဒ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော၊ သောဝေါ မမစ္စယေန သတ္ထာ။
(မဟာပရိဗ္ဗာနသုတ် ပါဠိတော်ကြီး) အာနန္ဒ=အာနန္ဒာ၊ မယာ=ငါဘုရားသည်၊ ဝေါ=သင်တို့အား၊ ယော ဓမ္မောစ=အကြင်သုတ္တန်တရားတော်, အဘိဓမ္မာတရားတော်ကိုလည်း၊ ဒေသိတော=ဟောတော်မူခဲ့ပြီ၊ ယောဝိနယောစ=အကြင် ဝိနည်းငါးကျမ်း ပညတ်တော်ကိုလည်း၊ ပညတ္တော=ပညတ်တော်မူခဲ့ပြီ၊ သော=ထို သုတ္တန်တရား, အဘိဓမ္မာတရား, ဝိနည်းပညတ်များသည်၊ မမစ္စ ယေန= ငါဘုရားပရိနိဗ္ဗာန် စံလွန်ပြီးသည်မှနောက်၌၊ ဝေါ=သင်တို့၏၊ သတ္ထာ= ဆုံးမတတ်စွာ ဆရာဘုရားသည်၊ ဘဝိဿတိ=ဖြစ်ရလတံ့။
ဤပါဠိတော်ကို ထောက်မြော်၍ ယခုရှိကြသော ပိဋကတ်သုံးပုံ ပါဠိတော်ကြီးသည် ဘုရားကိုယ်စား, ဘုရားကိုယ်ပွား, ဘုရား ကိုယ်စား လှယ်ကြီးလည်းဖြစ်သည်ဟု- မှတ်ထင်အပ်၏၊ ရုပ်ပွါး, ဆင်းတုတော်များကို ပူဇော်သကဲ့သို့ ထိုပါဠိတော်ကြီးများကို ကြည်ညို ကိုးကွယ်ပူဇော် လှူဒါန်းကြသည်ရှိသော် အလွန်ကြီးမြတ်သော အကျိုးကို ပေးနိုင်၏။
မိုက်ခဲတို့ ယူမှားပုံ-- လောက၌ အချို့သောသူတို့ကား “တရားမှန် ကို ပါဠိတရားကွယ်ကာ၍နေသည်၊ ပါဠိတရားကို တရားအစစ်ထင်မှတ်၍ နေကြသည့်အတွက် တရားမှန်ကို မသိကြ၊ တရားမှန် တိမ်မြုပ်၍နေ၏” ဟုပြောဆိုသည်ကို ကြားဘူးရ၏၊။မိုက်လေစွ, မှားလေစွ။။ အဘယ့် ကြောင့်နည်းဆိုသော် ယခုအခါ ဤပါဠိတော်ကြီး များရှိပေသည့်အတွက် သာသနာတော်ကြီးသည် တည်ရှိနိုင်၏၊ ဤပါဠိတော်ကြီးများက အလင်းပြ၍နေပေသည့်အတွက် သီလ,သမာဓိ, ပညာ, ခန္ဓာ, အာယတန, ဓာတ်, သစ္စာအစရှိသော သဘောတရားတို့ကို ဗုဒ္ဓဘာသာဝင် လူရှင် အများတို့ သိကြရပေကုန်၏၊ ဤပါဠိတော်ကြီးများသည် လောက၌ နေ, လ-များနှင့်တူပေ၏။
သီလ, သမာဓိ, ပညာအစရှိသော သဘာဝဓမ္မများသည် ကမ္ဘာ အပြင်၌ရှိကြသော မြေ, ရေ, တော, တောင်, နိုင်ငံ, မြို့, ရွာ, အိမ်ရာ, ကျောင်းကန်, လူသူကျွဲနွား, သွားလမ်းလာလမ်းအစရှိသော ကမ္ဘာ့ အဆောက်အဦနှင့် တူကုန်၏၊ သတ္တဝါအပေါင်းတို့သည် နေလတို့က ထွန်းပြပေသည့်အတွက် ထိုကမ္ဘာ့အဆောက်အဦတို့ကို ပစ္စက္ခဒိဋ္ဌ သိမြင်ကြရပေကုန်၏၊ နေလမရှိခဲ့သော် မှောင်အတိဖြစ်၍ ထို အဆောက် အဦတို့ကို သိမြင်နိုင်ကြမည်မဟုတ်၊ ပါဠိတော်ကြီးများ၏ အကျိုးကျေးဇူး သည် ဤမျှလောက်ကြီးကျယ်၏၊ ဤသို့ဖြစ်ပါလျက် တရားမှန်ကို ပါဠိတရားကွယ်ကာ၍နေသည်ဟု-ဆိုကြခြင်းသည် ဓမ္မဂိုဏ်းသင့်၏၊ ဓမ္မစိမ်ရေသင့်၏။
[ဤသို့အစရှိသဖြင့် ရုပ်ပွါး, ဆင်းတု ပူဇော်မှု၌ ပြဆိုခဲ့သည့်အတိုင်း သိကြလေ။]
ဒါန ၂-မျိုး ပြဆိုချက်
သဘာဝဓမ္မတရားတော်တို့တွင် ဒါန, သီလ, ဘာဝနာတရားတို့၌ ဒါနသည် ဝဋ္ဋနိဿိတဒါန, ဝိဝဋ္ဋနိဿိတဒါန ဟူ၍ ၂-ပါးရှိ၏၊
ထိုတွင်-
- မဂ်ဖိုလ်နိဗ္ဗာန်ကို မတောင့်တမူ၍ လောကီချမ်းသာ ကိုသာ တောင့်တ၍ ပြုအပ်သောဒါနသည် ဝဋ္ဋနိဿိတဒါနမည်၏၊ ဤဒါန၌ တဏှာဦးစီး၏။
- ဝိဝဋ္ဋနိဿိတဒါနဆိုသည်ကား=လောကီချမ်းသာကို မတောင့်တမူ၍ ဤဒါနကုသိုလ်ကြောင့် လောဘမီး ငြိမ်းပါရစေ, ဒေါသမီး ငြိမ်းပါရစေ, မောဟမီး ငြိမ်းပါရစေ, ဇာတိမီး ဇရာမီး ဗျာဓိမီး မရဏမီး ငြိမ်းပါရစေဟု-နိဗ္ဗာန်ကို တောင်းတ၍ ပြုအပ်သောဒါနသည် ဝိဝဋ္ဋနိဿိတဒါနမည်၏၊ ဤဒါန၌ နိဗ္ဗိဒါဉာဏ် ဦးစီး၏။
ထိုတွင်
- ဝဋ္ဋနိဿိတဒါနသည် မဂ်ဖိုလ်နိဗ္ဗာန်သို့ မဆောင်နိုင်၊ လူချမ်းသာ, နတ်ချမ်းသာကိုသာ ဆောင်နိုင်၏။
- ဝိဝဋ္ဋနိဿိတဒါနသည် လူချမ်းသာ, နတ်ချမ်းသာကိုလည်း ဆောင်နိုင်၏၊ မဂ်ဖိုလ်နိဗ္ဗာန်ကိုလည်း ဆောင်နိုင်၏၊ ဆောင်ပုံကား-- ထိုဒါနကုသိုလ်စေတနာသည် နိဗ္ဗိဒါဉာဏ်ဦးစီး ပါရှိသည့်အတွက် နောက်ဘဝ၌ အလွန်မြင့်မြတ်သော စျာန်မဂ်ဖိုလ်ကို ရထိုက်သော တိဟိတ်ဥက္ကဋ္ဌ ပဋိသန္ဓေကို ပေးနိုင်၏၊ ဤဘဝမှာလည်း ထိုဒါနကုသိုလ်ကို စာဂါနုဿတိ ကမ္မဋ္ဌာန်းပြု၍ ပွားများသည်ရှိသော် ဥပစာရစျာန်ကို ရနိုင်၏၊ ဥပစာရစျာန်ဆိုသည်ကား လောကီအပ္ပနာစျာန်, လောကုတ္တရာအပ္ပနာစျာန်တို့၏ အနီးအကပ်ဖြစ်သော ဘာဝနာစျာန် အထူးပေတည်း၊ ဝိဝဋ္ဋနိဿိတဒါနသည် ဤမျှလောက် လောကီ, လောကုတ္တရာချမ်းသာကို ဆောင်နိုင်၏။
ဒါနကြောင့် သံသရာ မရှည်
အချို့သော သူတို့ကား “ဒါနကုသိုလ်သည် မဂ်ဖိုလ်သို့ မဆောင် နိုင်၊ သံသရာရှည်ဖို့ဖြစ်၏၊ အကြောင်းမူကား-ဒါနမည်သည် စေတနာ တရားပေတည်း၊ ထိုစေတနာတရားသည် မဂ္ဂင်ရှစ်ပါးတို့တွင် တစ်စုံ တစ်ခုသောမဂ္ဂင်၌ မပါမဝင်၊ “မဂ်မျိုး, ဖိုလ်မျိုးမဟုတ်”ဟု-ဆိုကြ၏၊ မိုက်လေစွ, မှားလေစွ၊၊အဘယ့်ကြောင့်နည်းဆိုသော် ထိုဒါနစေတနာမှာ နိဗ္ဗိဒါဉာဏ်သည် ဦးစီးလျက်ရှိ၏၊ ထိုဉာဏ်သည် မဂ္ဂင်ရှစ်ပါးတွင် သမ္မာဒိဋ္ဌိဟူသော ဦးတည်မဂ္ဂင်ကြီးမျိုးဖြစ်၏၊ ထိုဒါနစေတနာနှင့်ယှဉ် သော သင်္ကပ္ပတရား, ဝီရိယတရား, သတိတရား, သမာဓိတရားများသည် မဂ္ဂင်ရှစ်ပါးတွင် သမ္မာဝါယာမ, သမ္မာသင်္ကပ္ပ, သမ္မာသတိ, သမ္မာသမာဓိ ဟူသော မဂ္ဂင်တရားမျိုးဖြစ်၏။
သီလ ၂-မျိုး ပြဆိုချက်
သီလအရာ၌ ငါးပါးသီလသည် ဝဋ္ဋနိဿိတသီလ, ဝိဝဋ္ဋနိဿိတ သီလဟူ၍ ၂-ပါးရှိ၏။
(ဒါနနည်းအတိုင်း အကျယ်ဆိုလေ)
ထို့အတူ အာဇီဝဋ္ဌမကသီလ, ဥပေါသထသီလ, ဒသသီလ တို့၌လည်း ဝဋ္ဋနိဿိတ, ဝိဝဋ္ဋနိဿိတ ၂-ပါးစီရှိကြ၏၊
ထိုတွင်
- ဝဋ္ဋနိဿိတသီလသည် နိဗ္ဗာန်မဂ်ဖိုလ်သို့ မဆောင်နိုင်၊ လောကီချမ်းသာကိုသာ ဆောင်နိုင်၏။
- ဝိဝဋ္ဋနိဿိတသီလသည် လောကီချမ်းသာကိုလည်း ဆောင် နိုင်၏၊ လောကုတ္တရာချမ်းသာကိုလည်း ဆောင်နိုင်၏၊ (ဆောင်ပုံမှာ ဒါနအတိုင်း ဆိုလေ၊)
ယခုဘဝ၌ပင်လျှင် ထိုသီလကို သီလာနုဿတိ ကမ္မဋ္ဌာန်းပြု၍ ပွားများသည်ရှိသော် ဥပစာရစျာန်သို့ရောက်နိုင်၏၊ ထိုအလုံးစုံသော သီလများသည် ယခုဘဝတွင် မဂ်ဖိုလ်နိဗ္ဗာန်ကိုရနိုင်ရန် သီလဝိသုဒ္ဓိ အစရှိသော ဝိသုဒ္ဓိ ၇-ပါးကို ပွားများကြရာ၌ သီလဝိသုဒ္ဓိတရား လိုရင်း ဖြစ်ကြပေ၏။
အချို့သောသူတို့သည်ကား ငါးပါးသီလ, ဥပေါသထရှစ်ပါး သီလ များသည် နိဗ္ဗာန်မဂ်ဖိုလ်သို့ မဆောင်နိုင်၊ လောကီချမ်းသာကိုသာ ဆောင်နိုင်၏၊ သံသရာရှည်ဖို့သာ ဖြစ်၏ဟု-ဆိုကြကုန်၏၊။မိုက်လေစွ, မှားလေစွ။
[အကြောင်းမှာ ဝိဝဋ္ဋနိဿိတဒါန၌ ဆိုခဲ့ပြီးသည့်အတိုင်း ဆိုလေ။]
- အထူးမှာ ငါးပါးသီလ၌ ပါဏာတိပါတာ ဝေရမဏိ-အစရှိ သော ရှေ့သုံးပါးသည် မဂ္ဂင်ရှစ်ပါးတွင် သမ္မာကမ္မန္တမဂ္ဂင် မျိုးဖြစ်၏။
- မုသာဝါဒါ ဝေရမဏိသည် သမ္မာဝါစာမဂ္ဂင်မျိုးဖြစ်၏။
- အသက်မွေးမှု ဒုစ္စရိုက်ငါးပါးမှ ကြဉ်ရှောင်သည့်အတွက် ထိုသီလငါးပါးသည် သမ္မာအာဇီဝ မဂ္ဂင်မျိုး ဖြစ်၏။
- ထိုသီလနှင့်ယှဉ်သော နိဗ္ဗိဒါဉာဏ်, ထိုဉာဏ်နှင့်ယှဉ်သော သမ္မာသင်္ကပ္ပ တရားများသည် မဂ္ဂင်ရှစ်ပါးတွင် သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပမဂ္ဂင်မျိုးဖြစ်ကြ၏။
- ထိုသီလနှင့်ယှဉ်သော ဝီရိယ, သတိ, သမာဓိ တရားများသည် မဂ္ဂင်ရှစ်ပါးတွင် သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ မဂ္ဂင်မျိုးဖြစ်ကြ၏။
[နောက်သီလတို့၌လည်း သမ္ပယုတ်တရားတို့ကို အသီးအသီးထုတ်၍ မဂ္ဂင်ရှစ်ပါးနှင့် ထိုက်သည့်အားလျှော်စွာ နှီးနှောလေ။]
သီလ အထူး
ထိုသီလ လေးမျိုးတို့တွင် ငါးပါးသီလ, အာဇီဝဋ္ဌမကသီလ ၂- ပါးတို့၏ အထူးကား-ငါးပါးသီလမှာ သတိပညာ နည်းပါးကြသော ငယ်ရွယ်သူများ, သားမယားမွေးမှု ကိစ္စတာဝန်ကြီးရှိနေကြသော သူများ၏ အဖို့ပေတည်း။
ထိုသူများသည် ပိသုဏဝါစာ အစရှိသော ဝစီကံ သိက္ခာပုဒ် များကို အမြဲဆောက်တည်၍ လုံခြုံစွာကျင့်ခြင်းငှါ ခက်ခဲလှ၏၊ အဘယ့်ကြောင့် နည်းဆိုသော် ထိုသိက္ခာပုဒ်များ၌ ကမ္မပထမြောက် အင်္ဂါတစ်မျိုး, သိက္ခာ ပုဒ်ပျက်အင်္ဂါတစ် မျိုးဟူ၍-အင်္ဂါ ၂-မျိုးရှိ၏၊ ထိုတွင် ကမ္မပထမြောက် အင်္ဂါမျိုး ဖြစ်ခဲလေ၏၊ သိက္ခာပုဒ်ပျက် အင်္ဂါသည် အလွန် လွယ်လှ၏၊ တစ်ဦးသောသူက တစ်ဦးသောသူ၏ ဂုဏ်ကျေးဇူးကို ကြည်ညိုလေး မြတ်စွာ ချီးမွမ်းသံကိုကြားလျှင် မစ္ဆေရရှိ၍ အပျက်စကား ပြောဆိုလေ့ များကြသည့်အတွက် ပိသုဏဝါစာဝေရမဏိ-သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ရှောက်ခြင်းငှါ ခဲယဉ်းကြ၏၊ ဒေါသစိတ်ဖြင့် ကိုယ့်သား မယားတို့ကို ပင် “အမိုက်ဟဲ့,အမဲဟဲ့” ဟု-ဆဲရေးလေ့များ ကြသည့်အတွက် ဖရုသဝါစာ ဝေရမဏိ-သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ရှောက်ခြင်းငှါ ခဲယဉ်းကြ၏၊ အငြီးဖြေ အပျင်းဖြေအတွက် ရွာစကား, မြို့စကား အစရှိသော ၃၂- ပါးသော တိရစ္ဆာနကထာ စကားမျိုးကို ပြောဆိုလေ့ များပြားကြသည့် အတွက် သမ္ဖပ္ပလာပါဝေရမဏိ-သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ရှောက် ခြင်းငှါ ခဲယဉ်းကြ၏၊ အသက်မွေးမှုအတွက် ပစ္စည်းဥစ္စာရရှိရန် ဝါကြွားမှု အမျိုးမျိုး, စဉ်းလဲမှုအမျိုးမျိုး အလေ့အကျက်များကြသည့်အတွက် မိစ္ဆာဇီဝါ ဝေရမဏိ-သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ရှောက်ခြင်းငှါ ခဲယဉ်းကြ၏၊ ထိုအမှုများသည် ကမ္မပထမြောက်အမှုများ မဟုတ်သော်လည်း ဆောက် တည်သော သိက္ခာပုဒ် သီလပျက်အင်္ဂါဖြစ်၏၊ သိက္ခာပုဒ်ပျက်မှု, ဆောက် တည်သော နှုတ်ပဋိညာဉ် ပျက်မှု နှစ်မှုရောက်၏၊ ထို့ကြောင့် ထိုသူများမှာ ငါးပါး နိစ္စအနေသာ လျှော်၏၊ အာဇီဝဋ္ဌမကနိစ္စနှင့် မလျော်။
အာဇီဝဋ္ဌမကသီလမှာ အသက်အရွယ်ငယ်သော်လည်း သူတော် ကောင်းတရားကို လိုက်စားနိုင်သောသူ, အသက်အရွယ်ကြီးမား သော်လည်း အသက်မွေးမှု တာဝန်ပေါ့လျော့ပြီးသော သူများ၏ အဖို့ပေတည်း၊ ထိုသူများမှာ ငါးပါးသီလကို ခိုင်လုံပြီးထား၍ ထိုအပေါ်မှာ အာဇီဝဋ္ဌမက နိစ္စသီလကို ဆောက်တည် စောင့်ရှောက်ကြရမည်။
(ဤကား ငါးပါးနိစ္စနှင့် အာဇီဝဋ္ဌမကနိစ္စ အထူးပေတည်း။)
ဥပေါသထသီလ ရှစ်ပါးမှာ ထိုသူနှစ်မျိုးလုံး၏ အဖို့ပေတည်း၊ တစ်လလျှင် လေးသီတင်းဖြစ်စေ အိမ်မှထွက်၍ ဥပေါသထသီလဖြင့် မိမိတို့ကိုယ်ကို ခဝါချရသော အမူပေတည်း၊ ခဝါချမှုဆိုသည်ကား ကောင်းမွန်သော အဝတ်ပုဆိုးကို ရရှိသောသူသည် အမြဲဝတ်ရုံမှုအတွက် အညစ်အကြေး အစွန်းအငြိ များပြားခဲ့သော် ဖြူစင်စေခြင်းငှါ မကြာမကြာ ခဝါချ၍ ဝတ်ရသည်၊ ထိုသို့ပြုခဲ့သော် ထိုအဝတ်ပုဆိုးသည် ဆွေးမြေ့ သည်တိုင်အောင် ဖြူစင်လျက်ရှိ၏၊ အသုံးကျသေး၏၊ ထိုသို့မဟုတ် ခဝါမချဘဲ ဒုန်းခံ၍ဝတ်ခဲ့သော် ထိုပုဆိုးသည် တစ်နေ့တစ်ခြား အညစ် အကြေး ထူထပ်၍သွားသဖြင့် ဆွေးမြေ့သောအခါ ရွံစရာ စက်ဆုပ် စရာဖြစ်၍ ပစ်လိုက်ရ၏၊ ထို့အတူ ဃရာဝါသနေရသောသူသည် ငါးပါး, ရှစ်ပါး-နိစ္စသီလမြဲ၏ ဆိုသော်လည်း ဃရာဝါသအတွက် ကိလေသာ အထွေထွေ အပြားပြား အညစ်အကြေးစွန်းငြိကာနေ့စဉ် တိုးပွားလျက် ရှိ၏၊ တစ်နှစ်၌ ၁၂-လရှိသည်တွင် တစ်လလျှင်လေးကြိမ်ကျ ဥပေါသထ သီလကို ဆောက်တည်၍ ထိုအညစ်အကြေးတို့ကို ဆေးလျော်ရ၏။
တစ်သက်လုံး ဤကဲ့သို့ဆေးလျော်နိုင်ပါလျှင် အိုသည်တိုင် အောင် အတွင်းသန္တာန်ကြည်လင်ဖြူစင်၍သွား၏၊ ထိုသို့ မဆေး မလျော်နိုင်ခဲ့လျှင် ခဝါမချသေးသော အဝတ်ဆွေးကဲ့သို့ ဖြစ်၍ သွားတတ်၏၊ ယခုကာလ၌မူ ကား ထိုဥပေါသထသီလ ခဝါချမှုကို ဝါတွင်းသုံးလ၌သာ ပြုလုပ်သူများ ကြ၏ ဝါပကိုးလ၌ပြုလုပ်သူ အလွန်နည်းပါးကြကုန်၏၊ အိုသောအခါ ခဝါမချသော အဝတ်ဆွေးကြီးကဲ့သို့ ဖြစ်တတ်ချေသည်။
(ဤကား ဥပေါသထသီလတရားကို ပြဆိုချက်ပေတည်း။)
ဆယ်ပါးနိစ္စသီလသည်မူကား ဃရာဝါသ ကိစ္စတာဝန်ကို စွန့်ပစ်၍ အရဟတ္တဓဇ-ခေါ်သော ပိန္နဲခေါက်ဆိုး, ညောင်ခေါက်ဆိုး အစရှိသော လူသူတော်, ဖိုးသူတော်, မယ်သူတော်, ရသေ့ပရဗိုဇ်တို့၏ အဖို့ပေတည်း၊ ထိုသူတို့သည် ထိုအရဟတ္တဓဇကို ဝတ်ဆင်၍ လူ့အသွင် ပြောင်းလွှဲမိသည် နှင့်တစ်ပြိုင်နက် ထိုဆယ်ပါးသီလကို ဆောက်တည်၍ ဖြစ်စေ, မဆောက် တည်ပဲပင်ဖြစ်စေ လုံခြုံအောင် စောင့်ထိန်းရ၏၊။မစောင့်ထိန်းမူ၍ ထိုသိက္ခာပုဒ်ဆယ်ပါးတွင် တစ်ပါးပါးကို ကျူးလွန်ခဲ့သော် အရဟတ္တဓဇ အသွင်နှင့် မထိုက်မတန်သော အပြစ်ဒဏ်ရောက်၍ အလဇ္ဇီအရာ၌ တည်၏၊ နောင်အခါ သည်အမှုကို မပြုပါဟု-တစ်ဖန် တည်ဆောက်၍ ကြဉ်ရှောင်မှ ထိုအပြစ်ကင်းလွတ်၏၊ အချို့သူတို့ကား ထိုအဝတ်မျိုးကို ဝတ်ရုံလျက် ရွှေငွေနှင့်မကင်းနိုင်ဟု-ဤဆယ်ပါးကို မဆောက်တည်ဘဲ ဥပေါသထရှစ်ပါးကိုသာ ဆောက်တည်ကြ၏၊ ဤဆယ်ပါးကို မဆောက် တည်သော်လည်း အရဟတ္တဓဇအသွင် ရှိနေသည့်အတွက် ထိုကြေးငွေ ကို ခံယူခြင်းကြောင့် အပြစ်မလွတ်နိုင်တော့သည်သာလျှင်တည်း။
[ဤကား အရဟတ္တဓဇကို ဝတ်ရုံသူတို့၏ ဆယ်ပါးနိစ္စ ဓမ္မတာသီလကို ပြဆိုချက်တည်း။]
ဓမ္မတာသီလ မရနိုင်သူများ- အဝတ်ဖြုကို ဝတ်ကြသော လူသူ တော်, ဘိုးသူတော်, မယ်သူတော်တို့မှာကား အဝတ်ဖြုသည် ဖန်ရည်ဆိုး သော အရဟတ္တဓဇမျိုးမဟုတ်၊ လူဝတ်မျိုးပင်ဖြစ်သောကြောင့် ဤဆယ်ပါးနိစ္စသီလကို ဓမ္မတာအနေနှင့် မရနိုင်၊ ခံယူဆောက်တည်၍ ကျင့်မှ နှုတ်ပဋိညာဉ် အတွက်နှင့်သာရနိုင်၏၊ ဂဟဋ္ဌဖြစ်သူ လူတို့မှာလည်း ထို့အတူ ဥပုသ်နေ့တို့၌ ခံယူဆောက်တည်၍ ကျင့်သုံးသော် ရထိုက်၏၊ ဥပေါသထရှစ်ပါးထက် အကျိုးကြီး၏၊ ထိုနေ့၌ ရွှေ ငွေ ဘဏ္ဍာများကို ကိုင်ခြင်း, ခံခြင်း, သုံးသပ်ခြင်းများကို မပြုအပ်၊ အိမ်၌ရှိနေသော ရွှေ ငွေအတွက် အပြစ်မရှိ၊ ရဟန်းများမှာပင် ကပ္ပိယနည်းဖြင့် ရရှိ၍ ထားသော ရွှေ ငွေများရှိသည်ကို မစွန့်သော်လည်း အပြစ်မရှိ၊ ထိုရွှေငွေ များကို သာယာသော်လည်း သိက္ခာပုဒ်မပျက်၊ ထို့အတူမှတ်လေ။
သီလဆောက်တည်ပုံ ဝါဒကွဲ စိစစ်ပြဆိုချက် အချို့သော သူတို့သည်ကား “ဆယ်ပါးသီလသည် လူတို့၏ နိစ္စသီလဟု-အဋ္ဌကထာတို့၌ဆိုကြ၏၊ ဆယ်ပါးသီလ ဆိုသည်ကား သာမဏေတို့၏ ဆယ်ပါးသီလကိုဆိုသည်” ဟု-ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ ဖွင့်၏၊ ထိုမဟာဋီကာအဖွင့်သည် မသင့်၊ အဘယ့်ကြောင့်ဆိုသော် သာမဏေတို့၏ ဆယ်ပါးသီလကို ဂဟဋ္ဌဖြစ်သူ လူတို့သည် နိစ္စ ထာဝရအနေနှင့် ခံယူဆောက်တည်၍ ကျင့်နိုင်ရန် အလွန်ဝေးလှ၏၊ ထို့ကြောင့် ဆယ်ပါးသီလသည်ကား သုစရိုက်ဆယ်ပါး ဆိုသည်ဟုအတွင်ပြောဟောကြ၏၊ စာအုပ်ငယ်များ ရိုက်နှိပ်ထုတ်ကြ၏၊ မိမိတို့ထံသို့ ရောက်လာသော သူတို့အား ဆယ်ပါးသီလကို အတွင်ပေးကြ၏၊ ပေးပုံမှာလည်း ပါဏာတိပါတာဝေရမဏိ-မှစ၍ အဘိဇ္ဈာဝေရမဏိ, ဗျာပါဒါဝေရမဏိ -ဟုဆို၍ ပေးကြ၏၊ ဤဝါဒ၌ ဝေရမဏိဆိုသည်ကား ဝိရတီ၏ အမည်ပေတည်း၊ ဝိရတီမှာလည်း ကာယဒုစ္စရိတဝိရတီ၊ ဝစီဒုစ္စရိတ ဝိရတီ-ဟူ၍သာရှိ၏၊ မနောဒုစ္စရိတဝိရတီ-ဟူ၍မရှိ၊ ဤလည်းတစ်ရပ်၊ နှုတ်ပဋိညာဉ်နှင့် ဆောက်တည် စောင့်ထိန်းမှုသည် ကာယကံ, ဝစီကံတို့၌သာ တတ်ကောင်း၏၊ မနောကံ၌ မတတ်ကောင်း၊ ကာယကံ, ဝစီကံတို့၌ တတ်ကောင်းဟန်ကား ပါဏာတိပါတာဝေရမဏိ အစရှိသော ကာယကံသုံးပါး, ဝစီကံလေးပါးတို့ကို ဝစီပဋိညာဉ်နှင့် ဆောက်တည်၍ စောင့်ထိန်းကြရာ၌ ကာယကံ, ဝစီကံများ ဖြစ်သော ကြောင့် ထိုအမှုတို့ကို စိတ်မနောထဲက ကျူးလွန် သော်လည်း မပျက်၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ ကျူးလွန်မှပျက်၏၊ သိက္ခာပုဒ်ပျက်မှု, နှုတ်ပဋိညာဉ် ပျက်မှုနှစ်မှု ရောက်၏၊ မနောကံသုံးပါး၌မူကား မနောကံဆိုသောကြောင့် စိတ်မနောနှင့် ကျူးလွန်လျှင်ပင် သိက္ခာပုဒ်လည်း ပျက်၏၊ နှုတ်ပဋိ ညာဉ်မှုလည်း ပျက်၏၊ နှစ်မှုရောက်၏။
စိတ်မနောမည်သည် အာရုံနှင့်တွေ့လျှင် အလွန်ဖြစ်လွယ်, ပျက်လွယ်, ဖောက်ပြန်လွယ်၏၊ မနောကံ၏ သဘောများသည်လည်း အလွန်သိမ်မွေ့၏၊ သိမ်မွေ့ချက်ကို မသိကြကုန်သော သူတို့မှာမူကား နှုတ်ပဋိညာဉ်ဖြင့် ခံယူဆောက်တည်၍ လုံခြုံစွာ စောင့်ထိန်းနိုင်သည်ဟုထင်ကြ၏၊ ရှမ်းဘုန်းကြီးဥပမာနှင့်တူ၏၊ ရှမ်းဘုန်းကြီးတစ်ပါးသည် မြို့တော်သို့ လာရောက်ရာ မန္တလေးသံဃာများ နေ့စဉ် အာပတ် ဒေသနာကြားသည်ကိုမြင်လျှင် “ဤမန္တလေး သံဃာများသည် အလွန်ဆိုး ကြ၏၊ နေ့တိုင်းအာပတ်ဖြေရ၏၊ ငါတို့မှာ ဝါ, နှစ်ဆယ်ရပြီ၊ တစ်ခါမှ အာပတ်မသင့်ဘူး”ဟု-ရှမ်းဘုန်းကြီးဆိုသည်ကို ကြားဖူးရ၏၊ ဆိုခြင်း အကြောင်းမှာ ဝိနည်းမတတ်သဖြင့် အာပတ်သင့်သော်လည်း သင့်မှန်း မသိသောကြောင့် ဆိုခြင်းပေတည်း၊ မနောကံကို နိစ္စသီလပြု၍ ခံယူဆောက်တည်ကြရာ၌ ခံယူဆောက်တည်သူတို့မှာလည်း ရှမ်းဘုန်းကြီး ဥပမာအတိုင်း ဖြစ်၍နေတတ်၏၊ သို့သော် မနောကံကို လွှတ်၍ထားရ မည်လောဟု-ဆိုဖွယ်ရှိ၏၊ အဘယ့်ကြောင့်လွှတ်၍ ထားရမည်နည်း၊ မနောကံဆိုင်ရာ ကျင့်ဝတ်တရားတွေ များစွာရှိလေပြီ၊ ကမ္မဋ္ဌာန်း ၄၀, ဘာဝနာ ၄၀, ဝိသုဒ္ဓိ ၇-ပါးတွင် အထက်ဝိသုဒ္ဓိ ၆-ပါး, ဝိပဿနာဉာဏ် ၁၀-ပါး ကျင့်ဝတ်တရားများသည် မနောကံကို သုတ်သင်မှုကြီးပေတည်း၊ ကာယကံ, ဝစီကံ သုတ်သင်မှုတို့ထက် မနောကံ သုတ်သင်မှုသည် အလွန်ကြီးကျယ်၏၊ လိုရင်းပဓာနလည်းဖြစ်၏။
- လူတို့မှာ လယ်လုပ်ဆောင်ကြရာ၌ လယ်ယာကို လုံခြုံအောင် ဆူးစည်းကာရန်မှုလည်းရှိ၏၊ လယ်ယာတွင်း၌ ထွန်မှု, ယက်မှု, စိုက်ပျိုးမှု, စောင့်ရှောက်မှုစသည်လည်း ရှိ၏၊ လုပ်ဆောင်မှု သည် အလွန်ကြီးကျယ်၏၊ လိုရင်းပဓာနလည်း ဖြစ်၏။
- ကာယကံ,ဝစီကံကို ခံယူစောင့်ထိန်းမှုများသည် ဆူး စည်းကာ ရန်မှုနှင့်တူ၏၊ မနောကံကို သုတ်သင်မှုသည် လယ်တွင်း ယာတွင်း၌ အလုပ်ကြီးများနှင့်တူ၏၊ ထို့ကြောင့် ဂဟဋ္ဌ ဖြစ်သူများ မှာအထက်မနောကံအလုပ်ကြီးများကို မလုပ်နိုင် ရှိခဲ့သော် အသုဘမနသိကာရ, မေတ္တာ, ကရုဏာစသော ဗြဟ္မစိုရ်တရားများကို ကြပ်ကြပ်နှလုံးသွင်း၍ မနောကံ သုတ်သင်မှုကို ပြုကြရကုန်၏။
ဘာဝနာပွါးများပုံ
ဘာဝနာအရာ၌ သမထဘာဝနာ ကုသိုလ်မျိုးသည် ဝဋ္ဋနိဿိတ, ဝိဝဋ္ဋနိဿိတ နှစ်မျိုးရှိ၏၊ ဝိပဿနာဘာဝနာ အစစ်များမှာမူကား ဝိဝဋ္ဋနိဿိတ တစ်မျိုးသာရှိ၏။
ဤအရာ၌ ဒွတ္တိံသာကာရ ဘာဝနာအလုပ်ကို အကျဉ်းမျှ ပြဆိုလိုက်အံ့။
“အတ္ထိ ဣသ္မိံကာယေ ကေသာ လောမာ” စသည်ဖြင့် အနုလုံ ပဋိလုံ ထွေထွေလာလာ ကျေပြွန်စွာ ရွတ်အံမှုသည် ရှေးဦးစွာ အားထုတ် အပ်သော သဇ္ဈာယဝိဓိမှုမည်၏၊ ထို့နောက် နှစ်ကြိမ်မြောက် ကောဋ္ဌာသ ဘာဝနာမှုကို အားထုတ်ရသည်၊ ကောဋ္ဌာသ ဘာဝနာမှုဆိုသည်ကား ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း အစရှိသော ၃၂-ပါးသော ကောဋ္ဌာသတို့ကို အဆင်းသဏ္ဌာန် စသည်ဖြင့် ကွက်ကွက်ကွင်းကွင်း ထင်မြင်အောင် အားထုတ်မှုပေတည်း။
ဤကောဋ္ဌာသ ဘာဝနာမှုသည် အလွန်အရေးကြီး၏၊ ဤ ဘာဝနာမှု နေရာကျမှ အထက်တန်းများသို့ တက်နိုင်၏၊ အထက်တန်းများဆိုသည်ကား,
၁။ ဝဏ္ဏမနသိကာရ တစ်လမ်း,
၂။ အသုဘ ပဋိကူလမနသိကာရ တစ်လမ်း,
၃။ ဓာတုမနသိကာရ တစ်လမ်း,
ဟူ၍ ၃-လမ်းရှိ၏။
ထိုတွင် အဆင်းသဏ္ဌာန် အထင်အမြင် အထူးကောင်းသူမှာ
အထင်ဆုံးသော ကောဋ္ဌာသတစ်ခု၌ စွဲမြဲ၍ အဆင်းကို ကသိုဏ်း နိမိတ်ပြု၍ အဆင့်ဆင့်ပွားများသည်ရှိသော် ပဌမစျာန်, ဒုတိယစျာန် အစရှိသော စျာန်လမ်းသို့ ပေါက်နိုင်၏၊ အသုဘပဋိကူလ အခြင်းအရာ အထင်အမြင် အထူးကောင်းသောသူမှာ ထိုအသုဘအာရုံကို အစွဲပြု၍ အဆင့်ဆင့်ပွါးများသည်ရှိသော် ရူပါဝစရပဌမစျာန်သို့ ပေါက်နိုင်၏၊ ဓာတုမနသိကာရလမ်းသို့ လိုက်သည်ရှိသော် စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းအလုပ်ဖြစ်၍ အစ၌ ဥပစာရစျာန်သို့ရောက်၏၊ ထို့နောက် ဓာတ်လေးပါးတို့၌ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို အထင်အမြင်ပေါက်အောင် ပွါးများအားထုတ်သည်တိုင်အောင် ပွါးများ၍ သွားသဖြင့် သောတာပတ္တိမဂ်သို့ ဆိုက်နိုင်၏၊ သောတာပန်အဖြစ်သို့ ရောက်နိုင်၏။
(ဤကား ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းအလုပ်၌ အကျဉ်းချုပ်၍ ပြဆိုချက်တည်း။)
ဝါဒကွဲစိစစ်ပြဆိုချက်
အချို့သောသူတို့သည်ကား သရဏဂုံ ၃- ပါးကို သာမဏေများ ကဲ့သို့ နိဂ္ဂဟိတန္တ, မကာရန္တ ၂-ချက်ခံယူ၍ အာဇီဝဋ္ဌမကသီလကိုလည်း သုစရိုက် ၁၀-ပါး အကုန်ပါဝင်အောင် ဝေရမဏိ အသံနှင့်ခံယူပြီးလျှင် ဒွတ္တိံသာကာရပါဠိကို အနုလုံ ပဋိလုံ ထွေထွေလာလာ ရွတ်အံ သရဇ္ဈာယ် မှုကို စွဲမြဲစွာပြုခဲ့လျှင် သောတာပန်အဖြစ်သို့ ရောက်သည်ဟု ယူမှတ် ပြောဟော ပြုလုပ်ကြကုန်၏၊ ဤအယူ၌ သရဏဂုံအရာမှာ နိဂ္ဂဟိတန္တ, မကာရန္တခံယူမှုသည် တစ်နိုင်ငံလုံး၏ အလုပ်ဖြစ်၏၊ တစ်နိုင်ငံလုံးမှာ ရှင်သာမဏေပြုလုပ်ကြသောအခါ လူတိုင်းပင်ခံယူဖူးကြ၏၊ သောတာပန် ဖြစ်ရန် အခွင့်နှင့် ဝေးလှသေး၏၊ အာဇီဝဋ္ဌမကသီလ, သုစရိတသီလ ခံယူမှုမှာ ရှေး၌ရှင်းလင်း၍ ပြခဲ့ပြီ၊ ဒွတ္တိံသာကာရပါဠိ ရွတ်အံမှုသည်လည်း သောတာပန်ဖြစ်ရန်အခွင့်နှင့် ဝေးလှသေး၏၊ ကောဋ္ဌာသဘာဝနာမှုမျှမှ ထမြောက်သည် မဟုတ်သေး၊ အထက်တန်း ၃-တန်း, လမ်း ၃-လမ်းနှင့်ပင် ဝေးပါသေး၏။
ဤ၌သူတို့ အဆိုစကားကို ကြားဖူးရသည်မှာ “အနိစ္စ, ဒုက္ခ, အနတ္တ ၃-ချက်တွင် အနိစ္စ, ဒုက္ခကိုရှု၍ အကျိုးမရှိ၊ အနိဋ္ဌာရုံဖြစ်၍ နှလုံးမသာ မယာဖို့သာဖြစ်၏၊ အနတ္တသာလျှင် လိုရင်းဖြစ်၏၊ သတ္တဝါတို့၏ ကိုယ်သဏ္ဌာန်ကို ဆံပင်, မွေးညင်းစသော ၃၂-ပါးသော ကောဋ္ဌာသ တို့ဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်သည်ရှိသော် ပုဂ္ဂိုလ်မဟုတ်, သတ္တဝါမဟုတ်, အတ္တမဟုတ်, ဇီဝမဟုတ် ဟူသောအနတ္တဘာဝနာကိစ္စသည် ပြီးစီး၏၊ အတ္တဒိဋ္ဌိကင်းပျောက်၍ သောတာပန်အဖြစ်သို့ရောက်၏။
[ဤကား ထိုပုဂ္ဂိုလ်တို့၏ အယူပေတည်း။]
ဤအယူ၌ “အနိစ္စ, ဒုက္ခ ကိုရှု၍ အကျိုးမရှိ” ဟူသောစကားသည် အလွန်မိုက်မှား၏၊ အနိစ္စ, ဒုက္ခ မထင်သမျှသည် ဘယ်မှာအနတ္တ ထင်နိုင်မည်နည်း၊ မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ်၌ ပဉ္စဝဂ္ဂီ ရဟန်းတို့အား အနတ္တကို ထင်နိုင်စေခြင်းငှါ အနိစ္စ, ဒုက္ခကို ရှေးဦးစွာ ပြတော်မူ၏။
တံ ကိံမညထ ဘိက္ခဝေ ရူပံ နိစ္စံဝါ အနိစ္စံဝါတိ၊ အနိစ္စံ ဘန္တေ။ ယံပနာနိစ္စံ၊ ဒုက္ခံဝါ တံ သုခံဝါတိ။ ဒုက္ခံ ဘန္တေ။ ယံပနာနိစ္စံ ဒုက္ခံဝိပရိဏာမဓမ္မံ၊ ကလ္လံ နုတံ သမနုပဿိတုံ၊ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာတိ။ နောဟေတံ ဘန္တေ။
ဘိက္ခဝေ=ရဟန်းတို့၊ တံ=ထို ငါဟောလတံ့သော စကားကို၊ ကိံမညထ=အသို့မှတ်ထင်ကြကုန်မည်နည်း၊ ရူပံ=ရုပ်သည်၊ နိစ္စံဝါ= နိစ္စလော၊ အနိစ္စံဝါ=အနိစ္စလော၊ ဣတိ=ဤသို့၊ ပုစ္ဆိ=မေးတော်မူ၏၊ ဘန္တေ=မြတ်စွာဘုရား၊ ရူပံ=ရုပ်သည်၊ အနိစ္စံ=အနိစ္စပါတည်း၊ ဘိက္ခဝေ= ရဟန်းတို့၊ ယံပနရူပံ=အကြင်ရုပ်သည်၊ အနိစ္စံ=အနိစ္စဖြစ်၏၊ တံ=ထိုအနိစ္စ ဖြစ်သောရုပ်သည်၊ ဒုက္ခံဝါ=ဒုက္ခလော၊ သုခံဝါ=သုခလော၊ ဣတိ=ဤသို့၊ ပုစ္ဆိ=မေးတော်မူ၏၊ ဘန္တေ=မြတ်စွာဘုရား၊ ဒုက္ခံ=ဒုက္ခပါတည်း၊ ဘိက္ခဝေ= ရဟန်းတို့၊ ယံပနရူပံ=အကြင်ရုပ်သည်၊ အနိစ္စံ=အနိစ္စဖြစ်၏၊ ဒုက္ခံ= ဒုက္ခဖြစ်၏၊ ဝိပရိဏာ မဓမ္မံ=ဖောက်ပြန် ခြင်းသဘောရှိ၏၊ တံ=ထိုရုပ်ကို၊ ဧတံ=ဤရုပ်တရားသည်၊ မမ=ငါ၏ဥစ္စာတည်း၊ ဧသော=ဤရုပ်တရား သည်၊ အဟမသ္မိ=ငါပင်ဖြစ်၏၊ ဧသော=ဤရုပ်တရားသည်၊ မေ=ငါ၏၊ အတ္တာ=အတ္တတည်း၊ ဣတိ=ဤသို့၊ သမနုပဿိတုံ=ခိုင်မြဲစွာ ရှုခြင်းငှါ၊ ကလ္လံနု=သင့်လျော်ပါမည်လော၊ ဘန္တေ=မြတ်စွာဘုရား၊ ဧတံ=ဤသို့ ခိုင်မြဲစွာရှုခြင်းသည်၊ နောကလ္လံ=မသင့်လျော်ပါ။
[ဤပါဠိတော်ဖြင့်အနိစ္စ, ဒုက္ခ ထင်မြင်နိုင်မှသာလျှင် အနတ္တထင်မြင်ကြောင်းကို သိအပ်၏၊]
အနိစ္စ, ဒုက္ခထင်မြင်မှုမှာလည်း ရုပ်,ဝေဒနာ, သညာအစရှိသော ပရမတ္ထဓမ္မတို့၌ ထင်မြင်မှသာ နေရာကျ၏၊ ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း အစရှိသော ပညတ္တိဓမ္မတို့၌ အနိစ္စ, ဒုက္ခထင်မြင်လျှင် နေရာမကျ၊ ဆံပင်သဏ္ဌာန်, မွေးညင်းသဏ္ဌာန်, ခြေသည်း, လက်သည်း သဏ္ဌာန်အစရှိသော သဏ္ဌာနပညတ်မျိုးသည် ပုဂ္ဂိုလ် ပညတ်၏ အကိုင်းအခက်မျိုး, သတ္တဝါပညတ်၏ အကိုင်းအခက်မျိုး, အတ္တပညတ် ဇီဝပညတ်၏ အကိုင်းအခက်မျိုးသာ ဖြစ်ကုန်၏၊ သစ်ကိုင်း သစ်ခက်ရှိ သည်ဟု- ဆိုလျှင် သစ်ပင်ရှိသည်ဟု-မဆိုသော်လည်း ဆိုရာရောက် သကဲ့သို့ ဆံပင်ရှိ၏၊ မွေးညင်းရှိ၏၊ ခြေသည်း လက်သည်းရှိ၏ဟု မှတ်ယူခဲ့လျင် ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ အတ္တဇီဝရှိ၏ ဟု- မှတ်ယူရာ ရောက်၏၊ ဆံပင်ဟူ၍မရှိ၊ မွေးညင်းဟူ၍မရှိ၊ ခြေသည်းလက်သည်း ဟူ၍မရှိ၊ ဓာတ်လေးပါးအစုမျှသာရှိ၏ဟု ကောင်းစွာထင်မြင်နိုင်မှ သာလျှင် ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ အတ္တဇီဝမရှိ- ဟူသော အနတ္တဘာဝနာ ဉာဏ်သည် ပေါ်ပေါက်နိုင်၏၊ အတ္တဒိဋ္ဌိသည် ကွယ်ပျောက်၏၊ ကွယ်ပျောက်၏ဟုဆိုသော်လည်း သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ ပယ်ဖျောက်နိုင်သည် မဟုတ်သေး၊ တဒင်္ဂပဟာန်အနေနှင့် စိတ်သန္တာန်မှ ကင်းကွာရုံမျှသာ ရှိသေး၏၊ အချို့သောသူတို့သည် စိတ်သန္တာန်မှ ကင်းကွာရုံမျှကိုပင် အတ္တဒိဋ္ဌိချုပ်ငြိမ်းပြီ၊ သောတာပန်ဖြစ်ပြီဟု-အထင်မှား ကြ၏။
ထိုဓာတ်လေးပါးတို့၌ အနိစ္စ, ဒုက္ခ, အနတ္တ အချက်တို့ကို ထင်မြင်အောင်ပွားများ၍ ဝိပဿနာအစဉ်အားဖြင့် အနုလောမဉာဏ်သို့ ဆိုက်ပြီးမှ အတ္တဒိဋ္ဌိကို သမုစ္ဆေဒပဟာန်ဖြင့် အနုသယကိစ္စမျှ မကျန် ရအောင် ပယ်ဖြတ်နိုင်သော သောတာပတ္တိ မဂ်ဉာဏ်သို့ရောက်၏၊။ ကောဋ္ဌာသဘာဝနာကိစ္စမှ ထမြောက်ခြင်းမရှိပဲ ပါဠိကို ထွေထွေလာလာ ရွတ်အံခြင်းမျှသည် သောတာပတ္တိမဂ်ဉာဏ်နှင့် အလွန်လျှင် ကွာလှမ်း လျက်ရှိ၏။
ဘုရား၏နိမိတ်အာရုံ ထင်ရုံမျှဖြင့်
ဘာဝနာကိစ္စ မပြီးနိုင်ပုံ
အချို့သောသူတို့ကား “အာနာပါနစသော ဘာဝနာအလုပ်ကို အားထုတ်၍ မြတ်စွာဘုရား သဏ္ဌာန်တော်ကို ကောင်းစွာထင်မြင်နိုင်လျှင် မြတ်စွာဘုရားကို တွေ့ရပြီ၊ ငါတို့ ဗုဒ္ဓဘာသာ၌ မြတ်စွာဘုရားကို တွေ့ရလျှင် ကိစ္စပြီးပြီ၊ အရိယာဖြစ်ပြီ” ဟု-ယုံမှတ်ပြောဟောကြကုန်၏၊ မြတ်စွာဘုရား သဏ္ဌာန်တော်ကိုမျှမက သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကို တစ်သက်လုံး ကြည့်ရှုဖူးမြင်၍ နေငြားသော်လည်း အနိစ္စတရား, ဒုက္ခတရား, အနတ္တတရားကို မတွေ့က ကိစ္စ မကုန်နိုင်ချေ။
ထို့ကြောင့်မြတ်စွာဘုရားသည်
ကိံ တေ ဝက္ကလိ ဣမိနာ မေ ဒိဋ္ဌေန ပုတိကာယေန၊ ယော ဟိ ဝက္ကလိ ဓမ္မံ န ပဿတိ၊ သော မံ နပဿတိ၊ ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။
ဟူ၍-ဝက္ကလိရဟန်းအား ဟောကြားတော်မူ၏၊ ဝက္ကလိ=ဝက္ကလိရဟန်း၊ တေတယာ=သင်သည်၊ ဒိဋ္ဌေန= ရက် ရှည်လများ အမြဲဖူးမြင်၍နေအပ်သော၊ မေ=ငါ၏၊ ဣမိနာ ပုတိ ကာယေန=ဤပုတိကာယကိုယ်သဏ္ဌာန်ကြီးဖြင့်၊ ကိံ=အဘယ်အကျိုး ရှိအံ့နည်း။ဝက္ကလိ=ဝက္ကလိရဟန်း၊ ယော=အကြင်သူသည်၊ ဓမ္မံ= ရုပ်-နာမ်ခန္ဓာတရား,အနိစ္စ-ဒုက္ခ-အနတ္တတရားကို၊ နပဿတိ=ဉာဏ်ဖြင့် မတွေ့ မမြင်ရ၊ သော=ထိုသူသည်၊ မံ=ငါဘုရားကို၊ နပဿတိ= တွေ့မြင်ရသည် မဟုတ်၊ ယော=အကြင်သူသည်၊ ဓမ္မံ=ရုပ်-နာမ်-ခန္ဓာတရား, အနိစ္စ-ဒုက္ခအနတ္တတရားကို၊ ပဿတိ=ဉာဏ်ဖြင့်မြင်ရ၏၊ သော=ထိုသူသည်၊ မံ= ငါဘုရားကို၊ ပဿတိ=တွေ့မြင်ရသောသူမည်၏။
ဤသို့လျှင် သက်တော်ထင်ရှားရှိသော မြတ်စွာဘုရား သဏ္ဌာန် တော်ကြီးကို ရက်ရှည်လများ အမြဲဖူးမြင်၍နေသော ဝက္ကလိရဟန်း သော်မှလည်း အရိယာအဖြစ်သို့မရောက်သည့်ပြင် မြတ်စွာဘုရား မောင်းမဲတော်မူသည်ကို ခံရသေး၏၊ သမထဘာဝနာအလုပ်၌ ထင်မြင် ၍လာသော ဘုရားသဏ္ဌာန်တော်ကို တွေ့မြင်ရုံမျှနှင့် အဘယ်မှာ အရိယာအဖြစ်သို့ရောက်နိုင်မည်နည်း။
ဘုရားကြည်ညိုမှု၌စောဒကဝင်ရန်အရေး ရှင်းလင်းပြဆိုချက်
ဤအရာ၌ဆိုဖွယ်ရှိပြန်၏၊ သက်တော်ထင်ရှားရှိသော မြတ်စွာ ဘုရား အဆင်းတော်, သဏ္ဌာန်တော်ကို ကြည်ညို ဖူးမြော်၍ နေသော သူသည်ပင်လျှင် ဘယ်အကျိုးရှိအံ့နည်းဟု-မောင်းမဲတော်မူချက်ကို ထောက်၍ရုပ်ပုံတော်, ရုပ်ပွားတော်, ရုပ်ထုတော်, ဆင်းတုတော်များကို ကြည်ညိုဖူးမြော်၍နေသောသူမှာ အကျိုးတစ်စုံတစ်ခုရှိလိမ့်မည်ဟု ထင်စားဖွယ်ရှိသေးသလောဟု ဆိုဖွယ်ရှိပြန်၏။
အဖြေကား-- အရှင်ဝက္ကလိမထေရ်သည် ယခုဘဝ၌ပင်လျှင် အလျင်အမြင် စျာန်မဂ်ဖိုလ်ကိုရထိုက်သောသူ ဖြစ်ပါလျက် ထိုအလုပ်ကို အားမထုတ်ပဲ မြတ်စွာဘုရား၏ အဆင်းတော်, သဏ္ဌာန်တော်ကို ကြည်ညိုဖူးမြော်မှုနှင့်ပင် တင်းတိမ်၍နေဘိ၏၊ ထို့ကြောင့် အမောင်း အမဲခံရ၏။
ဥပမာကား-- ပြည်တန်ပတ္တမြားကို ရနိုင်သော အလုပ်ရှိလျက် ထိုအလုပ်ကိုမလုပ်မူ၍ နှစ်သိန်းတန်ရနိုင်သော အလုပ်နှင့် တင်းတိမ်၍ နေသောသူမှာ တစ်သိန်းတန်ရနိုင်သောအလုပ်သည် ဘယ်အကျိုးရှိ အံ့နည်းဟု မောင်းမဲဖွယ်ရှိပြန်၏၊ ပြည်တန်ပတ္တမြားကို ရနိုင်သော အလုပ်နှင့် ဝေးကွာလျက်ရှိနေကြသော သူများမှာမူကား တစ်သိန်းတန် ဥစ္စာရနိုင်သောအလုပ်သည် အလွန်ကောင်းမြတ်သော အလုပ်ဟု ချီးမွမ်းဖွယ်ရှိပြန်၏၊ ဤဥပမာအတိုင်း မှတ်လေ။
ရုပ်-နာမ်-ခန္ဓာတရားတို့၌ လက္ခဏာရေး ၃-ပါးကို ပွားများသော အလုပ်သည် ပြည်တန်ပတ္တမြားကိုရနိုင်သော အလုပ်နှင့်တူ၏၊ ရုပ်ပုံ, ရုပ်ပွား, ရုပ်တု, ဆင်းတုတော်များကို ကြည်ညိုဖူးမျှော်မှုသည် တစ်သိန်း တန်ဥစ္စာကို ရနိုင်သောအလုပ်နှင့် တူ၏။
(ဤကား ဘာဝနာအရာ၌ ပြဆိုချက်တည့်)
သံဃာတော်ကို ကိုးကွယ်ရာ၌ အကျိုးကြီးပုံ
သံဃာတော်ကို ကြည်ညို ကိုးကွယ် ပူဇော်လှူဒါန်းကြရာ၌ သံဃာတော်ဆိုသည်ကား ပုဂ္ဂလပညတ်, သတ္တပညတ်ပင်တည်း။ ထို သံဃာသည် သမုတိသံဃာ, ပရမတ္ထသံဃာဟူ၍ နှစ်မျိုးရှိ၏၊ ထိုတွင် မြတ်စွာဘုရားသည် အနုပသမ္ပန္န-ခေါ်သောလူ, သာမဏေဘုံမှ ဥပသမ္ပန္နခေါ်သော ရဟန်းဘုံသို့ရောက်အောင် ချီးမြှောက်သမုတ်မှု အစီအရင်ဖြစ် သော ဉတ္တိစတုတ္ထကမ္မဝါစာကို ဟောကြား၍ထားခဲ့ပေ၏၊ ရဟန်း လောင်းဖြစ်သူကို သိမ်ထဲသို့သွင်း၍ ထိုဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် ရဟန်း သံဃာတော်တို့က ရဟန်းအဖြစ်သို့ရောက်အောင် ရွတ်ဖတ် ချီးမြှောက်မှု သည် သမုတိမှု မည်၏၊ ထိုသမုတိမှုဖြင့် ဥပသမ္မန္န-ခေါ်သည့် ရဟန်းဘုံသို့ ရောက်သော သံဃာတော်သည် သမုတိသံဃာတော်မည်၏။
ကုဋေ ၉၀၀၀ -ကျော် သိက္ခာပုဒ်များ
ထိုသမုတိမှု၏ အာနုဘော်ကြောင့် ဥပသမ္ပန္နဘုံသို့ ရောက် သည်နှင့်တစ်ပြိုင်နက် ထိုရဟန်းမှာ ကုဋေ ၉၀၀၀-ကျော်မျှသော ဝိနယသိက္ခာ သီလတို့သည် ထိုပုဂ္ဂိုလ်၏ ဆိုင်ရာဥစ္စာ ဖြစ်လေကုန်၏။
ပါဠိအထောက်ကား
နဝကောဋိသဟဿာနိ၊ အသီတိသတကောဋိယော။ ပညာသ သတသဟဿာနိ၊ ဆတ္တိံသာစ ပုနာပရေ။။ ဧတေ သံဝရဝိနယာ၊ သမ္ဗုဒ္ဓေန ပကာသိတာ။ ပေယျာလမုခေန နိဒ္ဒိဋ္ဌာ၊ သိက္ခာ ဝိနယသံဝရေ။။
(ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။) နဝကောဋိသဟဿာနိစ=ကုဋေ ၉၀၀၀-တို့လည်းကောင်း၊ အသီတိသတကောဋိယောစ=ကုဋေ ၁၈၀-တို့လည်းကောင်း၊ ပညာသ သတသဟဿာနိစ=ငါးသန်းတို့လည်းကောင်း၊ ပုနအပရေ=တစ်ဖန် တစ်ပါးကုန်သော၊ ဆတ္တိံသ သဟဿာနိစ=၃-သောင်း ၆-ထောင်တို့ လည်းကောင်း၊ ဣတိ=ဤသို့၊ ဝိနယသံဝရေ=ဝိနယသံဝရဟု-ဆိုအပ်သော ဝိနည်းငါးကျမ်း၌၊ ဧတေ သံဝရဝိနယာ=ဤသံဝရဝိနည်းဟု-ဆိုအပ် ကုန်သော ရဟန်းကျင့်ဝတ်တရားတို့ကို၊ သမ္ဗုဒ္ဓေန=မြတ်စွာဘုရားသည်၊ ပကာသိတာ=ပြအပ်ကုန်၏၊ ဧတာသိက္ခာ=ဤရဟန်းသိက္ခာပုဒ်တို့ကို၊ ပေယျာလမုခေန=ပေယျာလကို အဦးပြုသဖြင့်၊ နိဒ္ဒိဋ္ဌာ=ညွှန်ပြတော် မူအပ်ကုန်၏။
သုဒ္ဓေါဒနမင်းကြီးသည် သားတော်သိဒ္ဓတ်မင်းသားကို ၁၆-နှစ် အရွယ်သို့ ရောက်သောအခါ ထီးနန်းကိုအပ်၍ မင်းမြှောက်လေ၏၊ မင်းအဖြစ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ခမည်းတော် သုဒ္ဓေါဒန မင်းကြီး၏ ဆိုင်ရာပိုင်ရာဖြစ်သော တိုင်းပြည်ခရိုင်, နိုင်ငံမြို့ရွာ, နယ်ပယ် အကုန်လုံးသည် သိဒ္ဓတ်မင်း၏ ဆိုင်ရာပိုင်ရာဥစ္စာတွေ ဖြစ်လေကုန် သကဲ့သို့ ထို့အတူ ဉတ်ကမ္မဝါစာအဆုံး၌ ရဟန်းဘုံသို့ ရောက်သည် နှင့်တစ်ပြိုင်နက် ထိုကုဋေ ကိုးထောင်, ကုဋေတစ်ရာ့ရှစ် ဆယ်, ငါးသန်း, သုံးသောင်း ခြောက်ထောင်အရေအတွက်ရှိကုန်သော သိက္ခာသီလ တို့သည် ထိုရဟန်းသစ်၏ဆိုင်ရာ ဥစ္စာတွေ ဖြစ်လေကုန်၏။
ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ချီးမြှောက်သမုတ်မှုသည် ထိုပုဂ္ဂိုလ်မှာ ဤမျှလောက် ကြီးကျယ်မြင့်မြတ်သော သိက္ခာသီလ ဂုဏ်ကြောင့် ထိုခဏ၌ပင် လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ ရှိခိုးပူဇော်ခြင်းကို ခံထိုက်၏၊ ထိုရဟန်းကမူကား လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့ကို ရှိခိုးပူဇော်ခြင်းငှါ မထိုက်။
ပရမတ္ထသံဃာဆိုသည်ကား-- အရိယာ ပုဂ္ဂိုလ် ရှစ်ယောက်ကို ဆိုသတည်း၊ ပုထုဇ္ဇန်ဖြစ်သော သမုတိသံဃာ သည် ဝိပဿနာတရားကို အားထုတ်၍ အရိယာအဖြစ်သို့ ရောက်သည်ရှိသော် ပရမတ္ထသံဃာ ဖြစ်လေ၏၊ ထိုတွင် ပရမတ္ထသံဃာဖြစ်သော ရဟန်းသည် မိမိထက် ဝါကြီးသော သမုတိသံဃာဖြစ်သော ပုထုဇ္ဇန်ရဟန်းကို ရှိခိုးဝတ်ချရ၏၊ ဝါကြီးသောထိုပုထုဇ္ဇန်ရဟန်းက ဝါငယ်သော ပရမတ္ထသံဃာ ရဟန္တာ ပုဂ္ဂိုလ်ကိုပင် ရှိခိုးဝတ်ချခြင်းငှါမအပ်၊ မြတ်စွာဘုရား၏ အာဏာတော် ဖြစ်သော သမုတိအမှုသည် ဤမျှလောက် ကြီးကျယ်မြင့်မြတ်၏။
ထို့ကြောင့် ယခုကာလ၌ ပုထုဇ္ဇန်ဖြစ်သော သမုတိသံဃာများကို ကြည်ညိုကိုးကွယ် လှူဒါန်းပူဇော်မှုများသည် အလွန်မြင့်မြတ်သော ကောင်းကျိုးချမ်းသာကို ပေးနိုင်၏ဟု-မှတ်လေ။
ပုထုဇ္ဇန်ရဟန်း လှူဒါန်းပူဇော်ရာ၌ ဝါဒကွဲ စိစစ်ချက်
အချို့သောသူတို့သည်ကား-- ဤသို့ဆိုကြကုန်၏၊ သမုတိသံဃာ ဆိုသည်ကား သံဃာတော်အစစ် မဟုတ်၊ လူအများတို့က သံဃာ, သံဃာ ဟူ၍ ခေါ်ဝေါ်သမုတ်ကြသည့်အတွက်ကြောင့် သံဃာဟု-ဖြစ်နေ၏၊ သုပ္ပဋိပန္နဂုဏ်, ဥဇုပ္ပဋိပန္နဂုဏ်အစရှိသော သံဃာ့ဂုဏ်ကိုးပါးနှင့် ပြည့်စုံ သော သံဃာသည်သာလျှင် သံဃာမှန် သံဃာစစ်ဖြစ်၏၊ ယခု ကာလရှိ ကြသော သမုတိသံဃာများသည် ထိုဂုဏ်ကိုးပါး မရှိသောကြောင့် သံဃာမှန် သံဃာစစ်မဟုတ်၊ ပါဠိတော်၌လည်း စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာဟူ၍-ပရမတ္ထသံဃာ အရိယာရှစ်ယောက်တို့သည် သာလျှင် သံဃာ့ဂုဏ်၌လာရှိကုန်၏၊ ယခုကာလ ပုထုဇ္ဇန်ဖြစ်သော သံဃာများသည် သံဃဂုဏ်၌မလာ၊ ထို့ကြောင့် ယခုကာလ ရှိကြကုန် သောသမုတိသံဃာများကိုကြည်ညိုကိုးကွယ် လှူဒါန်းပူဇော်မှုသည် ကျေးဇူးမရှိလှ၊ ယခုကာလ လူအများတို့သည် ဤသမုတိသံဃာကို သံဃာမှန်သံဃာစစ် ထင်မှတ်၍ နေကြသည့်အတွက် သံဃာမှန်သံဃာ စစ်ဖြစ်သော ပရမတ္ထသံဃာများကို ဉာဏ်ဖြင့်ရှာကြံရမှန်း မသိကြ လေကုန်ဟု-ပြောဆိုကြလေကုန်၏၊။မိုက်လေစွ, မှားလေစွ။။သမုတိ ဆိုသောစကား၏ အနက်ကိုလည်း မသိ, မြတ်စွာဘုရား၏ ဉတ် ကမ္မဝါစာ အာဏာတော်၏ အစွမ်းကိုလည်း မသိ၊ ဆိုခဲ့ပြီးသော သိက္ခာသီလဂုဏ် ကျေးဇူးများ၏ အစွမ်းကိုလည်း မသိသောကြောင့် ပြောဆိုခြင်းမျှသာဖြစ် ကုန်၏။
သုပ္ပဋိပန္နအကျင့်ဂုဏ် ၃-ပါး
သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော-- ဟူသော ဂုဏ် တော်ပုဒ်၌ သုပ္ပဋိပန္နဆိုသည်ကား-ကောင်းသောအကျင့်ကို ကျင့် သည်ဟု-ဆိုလို၏၊
ကောင်းသောအကျင့်ဆိုသည်ကား
၁။ သီလအကျင့်တစ်ပါး,
၂။ သမာဓိအကျင့်တစ်ပါး,
၃။ ပညာအကျင့်တစ်ပါးအားဖြင့် သီလ, သမာဓိ, ပညာသိက္ခာ သုံးပါးကို ဆိုလို၏။
ထိုတွင်
- လောကီသီလ,
- လောကုတ္တရာသီလ,
ဟူ၍ နှစ်ပါးရှိ၏။
လောကီသီလ-ဆိုသည်ကား ဝိနည်းပိဋကတ်တော်အလာ ဖော်ပြ ဆိုခဲ့ပြီးသော ကုဋေကိုးထောင်ကျော်မျှသော သီလများသည် လောကီ သီလမျှသာ ဖြစ်၏။
လောကုတ္တရာသီလဆိုသည်ကား- မဂ်စိတ်လေးခု၌ပါသော နိဗ္ဗာန်လျှင် အာရုံရှိသော သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟု ဆိုအပ်သော သီလက္ခန္ဓမဂ္ဂင်သုံးပါးသည် လောကုတ္တရာသီလဖြစ်၏။
- သမာဓိသည်လည်း လောကီသမာဓိ လောကုတ္တရာသမာဓိ ဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုတွင် ဥပစာရစျာန်ခေါ်သော ကာမာဝစရသမာဓိနှင့်တကွ ကုသိုလ်သမာပတ်ရှစ်ပါး, ကြိယာ သမာပတ်ရှစ်ပါးသည် လောကီသမာဓိမည်။
- မဂ်စိတ်လေးခု၌ရှိသော နိဗ္ဗာန်လျှင် အာရုံရှိသော သမ္မာ ဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဟုဆိုအပ်သော သမာဓိက္ခန္ဓမဂ္ဂင်သုံးပါးသည် လောကုတ္တရာသမာဓိ မည်၏။
- ပညာသည်လည်း လောကီပညာ, လောကုတ္တရာပညာဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုတွင်--ပိဋကတ်သုံးပုံ၏ပါဠိ, အနက်, အဓိပ္ပါယ်ကို ကောင်းစွာသိနိုင်သော ကုသိုလ်ပညာ ကြိယာ ပညာများသည်၎င်း, ဝိပဿနာဉာဏ်ဆယ်ပါး သည်၎င်း, ဒိဗ္ဗစက္ခုအဘိညာဏ် , ဒိဗ္ဗသောတအဘိညာဏ် အစရှိသော အဘိညာဏ် ပညာများသည်၎င်း လောကီပညာမည်၏။
- မဂ်စိတ်လေးခု၌ပါသော နိဗ္ဗာန်လျှင် အာရုံရှိသော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ-ဟုဆိုအပ်သော ပညာက္ခန္ဓမဂ္ဂင်နှစ်ပါးသည် လောကုတ္တရာပညာမည်၏။
ပုထုဇ္ဇန်နှင့် သုပ္ပဋိပန္နဂုဏ်တော်
ထိုတွင်လောကုတ္တရာဖြစ်သော သီလ, သမာဓိ, ပညာများသည် အရိယာပုဂ္ဂိုလ်များ၌သာရှိ၏၊ ပုထုဇ္ဇန်ဖြစ်သော သမုတိသံဃာများ၌မရှိ၊ လောကီဖြစ်သော သီလ, သမာဓိ, ပညာများသည်မူကား ပုထုဇ္ဇန်ဖြစ်သော သမုတိသံဃာ များ၌လည်းရှိ၏၊ ပရမတ္ထမည်သော အရိယာသံဃာများ၌ လည်းရှိ၏၊ ဘုရားပစ္စေကဗုဒ္ဓါတို့၌လည်း ရှိ၏၊ မြတ်စွာဘုရား၌ရှိသော သဗ္ဗညုတဉာဏ်တော်ကြီးသည် မဟာကြိယာစိတ်၌ယှဉ်သော လောကီ ကာမာဝစရဉာဏ်တော်ကြီးပေတည်း၊ ထိုတွင် ပုထုဇ္ဇန် သမုတိသံဃာ၌ ရှိသည့် ပြဆိုခဲ့ပြီးသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်များသည် လည်း အလွန်ကောင်းမြတ်သော အကျင့်တရားပင် ဖြစ်၍ သုပ္ပဋိပန္နဂုဏ် ပုဒ်တွင် ပါဝင်ရင်းတရားပင်ဖြစ်ပေ၏၊ ထိုလောကီ သီလဂုဏ်, သမာဓိ ဂုဏ်, ပညာဂုဏ်နှင့် ပြည့်စုံကြသော ပုထုဇ္ဇန်ဖြစ်သော သမုတိသံဃာများ သည်လည်း ထိုသုပ္ပဋိပန္နအစရှိသော သံဃာ့ဂုဏ်ကိုးပုဒ်တွင် ပါဝင် သည်သာဖြစ်၏။
ပုထုဇ္ဇန်နှင့် ပုရိသယုဂ
“စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ” ဟူသော ပုဒ်အရ၁ ပုရိသယုဂလေးပါး, ပုရိသပုဂ္ဂလ ရှစ်ပါးတို့ တွင်လည်း ထိုလောကီသီလ, သမာဓိ, ပညာဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ကလျာဏပုထုဇ္ဇန်-ဟုဆို အပ်သော သမုတိသံဃာများသည် ပဌမပုရိသယုဂ, ပဌမ ပုရိသပုဂ္ဂလ တို့၌ ပါဝင်သည်သာဖြစ်၏။
ပါဝင်ပုံကား-- ဒက္ခိဏဝိဘင်္ဂသုတ်၌ အလှူခံပုဂ္ဂိုလ် တစ်ကျိပ်လေး ပါးလာရှိ၏၊ တစ်ကျိပ်လေးပါး ဆိုသည်ကား
၁။ တိရစ္ဆာန်သတ္တဝါတစ်ပါး,
၂။ လူဒုဿီလတစ်ပါး,
၃။ လူသီလဝန္တတစ်ပါး,
၄။ စျာန်ရ ရသေ့တစ်ပါး,
၅။ သောတာပတ္တိ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်တစ်ပါး,
၆။ သောတာပတ္တိ ဖလဋ္ဌာန် ပုဂ္ဂိုလ်တစ်ပါး,
၇။ သကဒါဂါမိ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်တစ်ပါး,
၈။ သကဒါဂါမိ ဖလဋ္ဌာန် ပုဂ္ဂိုလ်တစ်ပါး,
၉။ အနာဂါမိ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်တစ်ပါး,
၁၀။ အနာဂါမိ ဖလဋ္ဌာန် ပုဂ္ဂိုလ်တစ်ပါး,
၁၁။ အရဟတ္တ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်တစ်ပါး,
၁၂။ အရဟတ္တ ဖလဋ္ဌာန် ပုဂ္ဂိုလ်တစ်ပါး,
၁၃။ ပစ္စေက ဗုဒ္ဓါတစ်ပါး,
၁၄။ သဗ္ဗညုတဘုရားတစ်ပါး,
ဤတစ်ကျိပ်လေးပါးပေတည်း။
ထိုတွင် တိရစ္ဆာန်ဖြစ်သောသူများ, မုဆိုးတံငါစသော လူဒုဿီလ များပင် အလှူခံပုဂ္ဂိုလ်အဖြစ်နှင့် အသီးအခြား ပါရှိလျက် ပုထုဇ္ဇန်ဖြစ်သော သမုတိသံဃာများသည် အသီးအခြား မပါလေ၊ အသီးအခြား မပါခြင်း အကြောင်းကား။
“သောတာပတ္တိ ဖလသစ္ဆိကိရိယာယ ပဋိပန္နေ ဒါနံ ဒေတိ” ဟူသောပုဒ်၌ သောတာပတ္တိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်နှင့်တကွ ထိုပုထုဇ္ဇန်ဖြစ်သော သမုတိသံဃာများသည် ပါဝင်လေပြီဖြစ်သောကြောင့် အသီးအခြား မပါလေသတည်း။
ထိုပါဌ်၏အနက်ကား-
သောတာပတ္တိ ဖလသစ္ဆိကိရိယာယ=သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ၊ ပဋိပန္နေ=ကျင့်သောပုဂ္ဂိုလ်၌၊ ဒါနံ=အလှူကို၊ ဒေတိ=လှူ၏။
ထိုကလျာဏပုထုဇ္ဇန်သံဃာများသည် အဘယ်သို့လျှင် သောတာ ပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ကျင့်သောပုဂ္ဂိုလ်၌ ပါဝင်လေ သနည်းဟူမူကား
သာမဏေပြုကြသောအခါ၌ “သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံယာစာမိ”ဟူ၍ဆိုကြရ၏၊ သံသာရဝဋ္ဋ ဒုက္ခတော=သံသရာတည်းဟူသော ဝဋ်ဆင်းရဲမှ။ မောစနတ္ထာယ= ကျွတ်လွတ်ပါရခြင်းအကျိုးငှာ- ဟူသောစကားနှင့် သောတာပတ္တိ ဖလ သစ္ဆိကိရိယာယ=သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုပါရ ခြင်းအကျိုးငှာ-ဟူသောစကားသည် အသံမျှသာကွဲကြ၏၊ အနက် အဓိပ္ပါယ်မှာ တစ်ထပ်တည်းကျ၏၊ ထို့ကြောင့် ထိုပုဒ်ကို ဖွင့်ပြ သော အဋ္ဌကထာဆရာသည် သရဏဂုံတည်သော သာမဏေ ငယ်မှစ၍ ထိုပုဒ်တွင် ပါဝင်သည်ဟု- ဖွင့်ဆိုလေ၏၊ သင့်မြတ်လှ ပေ၏။
ထိုကလျာဏပုထုဇ္ဇန် သံဃာများသည် သောတာပတ္တိဖိုလ်သို့ ရောက်သည်ဖြစ်စေ, မရောက်သည်ဖြစ်စေ ထိုဖိုလ်သို့ရောက်အောင် ကျင့်ရသော သီလ, သမာဓိ, ပညာသိက္ခာ သုံးပါးဟူသော လမ်းရိုးကြီး၌ တည်ရှိကြသည်ဖြစ်၍ ထိုပုဒ်တွင်ပါဝင် သည်ဖြစ်လေသတည်း။ [“စတ္တာရိ ပုရိသယုဂါနိ” ဟူသောပုဒ်၊ “အဋ္ဌ ပုရိသပုဂ္ဂလာ” ဟူသော ပုဒ်တွင် ပထမ ပုရိသပုဂ္ဂလ-၌ပါဝင်လေတော့သည်သာတည်း။]
သံဃာကို ပူဇော်က ဘုရားကို ပူဇော်သည် မည်ပုံ
မြတ်စွာဘုရားသည်လည်း ထိုဒက္ခိဏ ဝိဘင်္ဂသုတ်၏ နိဒါန်း၌ မိထွေးတော် ဂေါတမီသည် မိမိကိုယ်တိုင် လုပ်ဆောင်အပ်သော သင်္ကန်း နှစ်စုံကို ယူဆောင်၍ မြတ်စွာဘုရားအား လှူဒါန်းလေရာ မြတ်စွာ ဘုရားသည် တစ်စုံကိုသာ ခံယူတော်မူ၍ တစ်စုံကို မူကား သံဃာတော် အား လှူရမည်ဟု-မိန့်တော်မူ၏။
သံဃေ ဂေါတမိ ဒေဟိ၊ သံဃေ တေ ဒိန္နေ၊ အဟဉ္စေဝ ပူဇိတော ဘဝိဿာမိ သံဃောစ၊
ဟူ၍-ဟောတော်မူ၏။ဂေါတမိ=ဂေါတမီ၊ တွံ=သင်သည်၊ ဣဒံ=ဤကျန်ရှိသော သင်္ကန်း တစ်စုံကို၊ သံဃေ=သံဃာတော်၌၊ (ဝါ) သံဃာတော်အား၊ ဒေဟိ=လှူသော၊ တေ-တယာ=သင်သည်၊ သံဃေ=သံဃာတော်၌၊ (ဝါ) သံဃာတော်အား၊ ဒိန္နေ=လှူအပ်သည်ရှိသော်၊ အဟဉ္စေဝ= ငါဘုရားကိုလည်း၊ ပူဇိတော=ပူဇော်အပ်သည်၊ (ဝါ)ပူဇော်ရာ ရောက်သည်၊ ဘဝိဿာမိ=ဖြစ်လတံ့၊ သံဃောစ=သံဃာတော်ကို လည်း၊ ပူဇိတော=ပူဇော်အပ်သည်၊ (ဝါ)ပူဇော်ခြင်းကိစ္စပြီးသည်၊ ဘဝိဿတိ=ဖြစ်လတံ့။
သံဃာကိုလှူသည်ရှိသော် ငါဘုရားကိုလည်း ပူဇော်ခြင်း ကိစ္စ ပြီးတော့သည်၊ သံဃာကိုလည်း ပူဇော်ခြင်းကိစ္စ ပြီးတော့သည်ဟူလို။
ယခုကာလ ရုပ်ပုံ, ရုပ်ပွါး, ရုပ်တု, ဆင်းတုများကို ပူဇော်သည် ရှိသော် သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကိုလည်း ပူဇော်ခြင်း ကိစ္စ ပြီးစီးသကဲ့သို့ ကလျာဏပုထုဇ္ဇန် သံဃာတော်များကို လှူဒါန်း ပူဇော်ခြင်းသည်လည်း သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကို ပူဇော်ခြင်းကိစ္စ ပြီးတော့သည်သာဟု-မှတ်ယူအပ်၏။
ဥပမာကား-- တစ်ယောက်သောသူမှာ သားသမီးအများရှိ၏၊ တစ်ဦးသောသူက ထိုသားသ္မီးများကို ကြည်ညိုသောစိတ်ဖြင့် ငွေ-၁၀၀၀- စီပေး၏၊ သားသမီးများကို ငွေ-၁၀၀၀-စီပေးမှုသည် အဖဖြစ်သူကိုလည်း ချီးမြှောက် ခြင်းကိစ္စပြီး၏၊ သားသ္မီးကိုလည်း ချီးမြှောက်ခြင်းကိစ္စပြီး၏၊ ထို့အတူ သားသမီးကို နှိပ်စက်ညှဉ်းဆဲသည်ရှိသော် အဖကိုလည်း နှိပ်စက်ခြင်းကိစ္စ သားသမီးကိုလည်း နှိပ်စက်ခြင်းကိစ္စ ပြီးသကဲ့သို့ ယခုကာလရှိကြသော သမုတိသံဃာ များကို ရှုတ်ချထိပါးသည်ရှိသော် မြတ်စွာဘုရားကိုလည်း နှိပ်စက်ခြင်းကိစ္စ, သံဃာတော်များကိုလည်း နှိပ်စက်ခြင်းကိစ္စ ပြီးတော့သည်သာတည်း၊ သတိကြီးကြီးထားကြလေကုန်။ [ဤကား သံဃာတော်ကို ကြည်ညိုကိုးကွယ် လှူဒါန်းပူဇော်ကြရာ၌ အကျိုး ကြီးကျယ်ပုံ ပြဆိုချက်တည်း]
ရတနာ ၃-ပါးပူဇော်ရာ၌ အကျိုးကြီးပုံ ပြဆိုခန်းပြီး၏။
--------*------
ယခုအခါ သာသနာစစ် ရှိ-မရှိ ရှင်းလင်းပြဆိုခန်း
ဝိနည်းစူဠဝါပါဠိတော်-ဘိက္ခုနီခန္ဓက၌--
- သစေ အာနန္ဒ နာလဘိဿာ မာတုဂါမော တထာဂတပ္ပဝေဒိ တေ ဓမ္မဝိနယေ အာဂါရသ္မာ အနာဂါရိယံ ပဗ္ဗဇ္ဇံ၊ စိရဋ္ဌိတိကံ အာနန္ဒ ဗြဟ္မစရိယံ အဘဝိဿာ ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ။
- ယတောစ ခေါ အာနန္ဒ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အာဂါရသ္မာ အနာဂါရိယံ ပဗ္ဗဇ္ဇိတော၊ န ဒါနိ အာနန္ဒ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ ဘဝိဿတိ၊ ပဉ္စေဝ ဒါနိ အာနန္ဒ ဝဿသတာနိ သဒ္ဓမ္မော ဌဿတိ။
- သေယျထာပိ အာနန္ဒ ယာနိ ကာနိစိ ကုလာနိ ဗဟုတ္ထိကာနိ အပ္ပပုရိသကာနိ၊ တာနိ သုပ္ပဓံသိယာနိ ဟောန္တိ စောရေဟိ ကုမ္ဘထေနကေဟိ၊ ဧဝ မေဝခေါ အာနန္ဒ ယသ္မိံ ဓမ္မဝိနယေ လဘတိ မာတုဂါမော အာဂါရသ္မာ အနာဂါရိယံ ပဗ္ဗဇ္ဇံ၊ န တံ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ ဟောတိ။
- သေယျထာပိ အာနန္ဒ သမ္ပန္နေ သာလိခေတ္တေ သေတဋ္ဌိကာနာမ ရောဂဇာတိ နိပတတိ၊ ဧဝံ တံ သာလိ ခေတ္တံန စိရဋ္ဌိတိကံ ဟောတိ။ ဧဝမေဝ ခေါအာနန္ဒ ယသ္မိံ ဓမ္မဝိနယေ လဘတိ မာတုဂါမော အာဂါရသ္မာ အနာဂါရိယံ ပဗ္ဗဇ္ဇံ၊ န တံ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ ဟောတိ။
- သေယျထာပိ အာနန္ဒ သမ္ပန္နေ ဥစ္ဆုခေတ္တေ မဉ္စဋ္ဌိကာနာမ ရောဂဇာတိ နိပတတိ၊ ဧဝံ တံ ဥစ္ဆုခေတ္တေံ န စိရဋ္ဌိ တိ ကံ ဟောတ။ ဧဝမေဝ ခေါ အာနန္ဒ ယသ္မိံ ဓမ္မဝိနယေ လဘတိ မာတုဂါမော အာဂါရသ္မာ အနာဂါရိယံ ပဗ္ဗဇ္ဇံ၊ န တံ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ ဟောတိ။။ သေယျထာပိ အာနန္ဒ ပုရိသော မဟတော တလာကဿ ပဋိကစ္စေဝ အာဠိံဗနေ ဟူ၍-ဟောတော်မူ၏။
အနက်ကား-- အာနန္ဒ=အာနန္ဒာ၊ တထာဂတပ္ပဝေဒိတေ= ငါဘုရားသည် ဟောကြားအပ်သော၊ ဓမ္မဝိနယေ=ဓမ္မဝိနယဟုဆိုအပ် သော ငါဘုရား၏ သာသနာတော်မြတ်ကြီး၌၊ မာတုဂါမော=မာတုဂါမ သည်၊ အာဂါရသ္မာ=အိမ်ရာထောင်သော လူ့ဘောင်မှ၊ နိက္ခမိတွာ= ထွက်၍၊ အနာဂါရိယံ=အိမ်ရာမထောင်သော ရဟန်းဘောင်၌၊ ပဗ္ဗဇ္ဇံ= ရှင်ရဟန်းအဖြစ်ကို၊ သစေနာလ ဘိဿာ=အကယ်၍မရငြားအံ့၊ အာနန္ဒ= အာနန္ဒာ၊ ဗြဟ္မစရိယံ=မြတ်သော အကျင့်ဟုဆိုအပ်သော သာသနာတော် သည်၊ စိရဋ္ဌိတိကံ=ရှည်မြင့်စွာတည်သည်၊ အဘဝိဿာ=ဖြစ်လေရာ၏၊ သဒ္ဓမ္မော=သဒ္ဓမ္မ ဟုဆိုအပ်သော သာသနာတော်သည်၊ ဝဿသဟဿံ= အနှစ်တစ်ထောင်၊ တိဋ္ဌေယျ=တည်လေရာ၏။
အာနန္ဒ=အာနန္ဒာ၊ ယတောစ=အကြင်ကြောင့်လျှင်၊ တထာ ဂတပ္ပဝေဒိတေ=ငါဘုရားသည် ဟောကြားအပ်သော၊ ဓမ္မဝိနယေ= ဓမ္မဝိနယဟု-ဆိုအပ်သော ငါဘုရား၏ သာသနာတော်မြတ်ကြီး၌၊ မာတုဂါမော=မာတုဂါမသည်၊ အာဂါရသ္မာ=အိမ်ရာထောင်သော လူ့ဘောင်မှ၊ နိက္ခမိတွာ=ထွက်၍၊ အနာဂါရိယံ=အိမ်ရာမထောင်သော ရဟန်းဘောင်၌၊ ပဗ္ဗဇ္ဇိတော=ရှင်ရဟန်း ပြုခွင့်ရလေ၏၊ တတော=ထို အကြောင်းကြောင့်၊ အာနန္ဒ=အာနန္ဒာ၊ ဣဒါနိ=ယခုအခါ၌၊ သဒ္ဓမ္မော= သဒ္ဓမ္မဟုဆိုအပ်သော သာသနာတော်မြတ်ကြီးသည်၊ ပဉ္စေဝဝဿ သတာနိ=အနှစ်ငါးရာမျှတို့သည်သာလျှင်၊ ဌဿတိ=တည်လတံ့၊ တတော= ထိုအကြောင်းကြောင့်၊ အာနန္ဒ=အာနန္ဒာ၊ ဣဒါနိ=ယခုအခါ၌၊ ဗြဟ္မစရိကံ= မြတ်သော အကျင့်ဟုဆိုအပ်သော သာသနာတော်သည်၊ စိရဋ္ဌိတိကံ= ရှည်မြင့်စွာတည်သည်၊ န ဘဝိဿတိ=မဖြစ်လတံ့။
အာနန္ဒ=အာနန္ဒာ၊ သေယျထာပိ=ဥပမာဆိုသည်ရှိသော်ကား၊ ယာနိ ကာနိစိ ကုလာနိ=အကြင်လူမျိုးတို့သည်၊ ဗဟုတ္ထိကာနိ=မိန်းမ များကုန်၏၊ အပ္ပပုရိသကာနိ=ယောကျ်ားနည်းကုန်၏၊ တာနိ ကုလာနိ= ထိုအမျိုးတို့ကို၊ ကုမ္ဘထေနကေဟိ=အိုး၌ မီးထွန်း၍ခိုးကြကုန်သော၊ စောရေဟိ=သူခိုးတို့သည်၊ သုပ္ပဓံသိယာနိ=ဖျက်ဆီးခြင်းငှါ လွယ်ကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏၊ အာနန္ဒ=အာနန္ဒာ၊ ဧဝမေဝခေါ=ဤအတူသာလျှင်၊ ယသ္မိံဓမ္မဝိနယေ=အကြင် ဓမ္မဝိနယဟု-ဆိုအပ်သော သာသနာတော် မြတ်ကြီး၌၊ မာတုဂါမော=မာတုဂါမသည်၊ အာဂါရသ္မာ=အိမ်ရာ ထောင်သော လူ့ဘောင်မှ၊ နိက္ခမိတွာ=ထွက်၍၊ အနာဂါရိယံ=အိမ်ရာ မထောင်သော ရဟန်းဘောင်၌၊ ပဗ္ဗဇ္ဇံ=ရှင်ရဟန်းအဖြစ်ကို၊ လဘတိ=ရ၏၊ တံဗြဟ္မစရိယံ=ထိုမြတ်သော အကျင့်ဟုဆိုအပ်သော သာသနာတော် မြတ်ကြီးသည်၊ စိရဋ္ဌိတိကံ=ရှည်မြင့်စွာတည်သည်၊ နဟောတိ=မဖြစ်။
အာနန္ဒ=အာနန္ဒာ၊ သေယျထာပိနာမ=ဥပမာတစ်နည်း မည် သည်ကား၊ သမ္ပန္နေ=ပြည့်စုံသော၊ သာလိခေတ္တေ=သလေး လယ်ခင်း၌၊ သေတဋ္ဌိကာနာမ=တံခွန်ဖြူနှံ ထွက်အောင် နှိပ်စက်တတ်သော၊ ရောဂဇာတိ=အနာရောဂါမျိုးသည်၊ နိပတတိ=ကျရောက်၏၊ ဧဝံ=ဤသို့ ကျသည်ရှိသော်၊ တံသာလိခေတ္တံ=ထိုသလေးခင်းသည်၊ စိရံဋ္ဌိတိကံ= ရှည်မြင့်စွာတည်သည်၊ နဟောတိ=မဖြစ်၊ အာနန္ဒ=အာနန္ဒာ၊ ဧဝမေဝခေါ= ဤအတူသာလျှင်၊ ယသ္မိံဓမ္မဝိနယေ= အကြင် ဓမ္မဝိနယ ဟုဆိုအပ်သော ငါဘုရား၏ သာသနာတော်မြတ်ကြီး၌၊ မာတုဂါမော= မာတုဂါမသည်၊ အာဂါရသ္မာ=အိမ်ယာထောင်သော လူ၏ဘောင်မှ၊ နိက္ခမိတွာ=ထွက်၍၊ အနာဂါရိယံ=အိမ်ယာမထောင်သော ရဟန်းဘောင်၌၊ ပဗ္ဗဇ္ဇံ=ရှင်ရဟန်း အဖြစ်ကို၊ လဘတိ=ရ၏၊ တံဗြဟ္မစရိယံ=ထိုမြတ်သောအကျင့် ဟုဆို အပ်သော သာသနာတော်မြတ်ကြီးသည်၊ စိရဋ္ဌိတိကံ=ရှည်မြင့်စွာ တည်သည်၊ နဟောတိ=မဖြစ်။
အာနန္ဒ=အာနန္ဒာ၊ သေယျထာပိနာမ=ဥပမာတစ်နည်းမည် သည်ကား၊ သမ္ပန္နေ=ပြည့်စုံသော၊ ဥစ္ဆုခေတ္တေ=ကြံခင်း၌၊ မဉ္စဋ္ဌိကာနာမ= အဆန်အရိုး၌ ကျရောက်သော၊ ရောဂဇာတိ=အနာရောဂါ မျိုးသည်၊ နိပတတိ= ကျရောက်၏၊ ဧဝံ=ဤသို့ကျရောက်သည်ရှိသော်၊ တံဥစ္ဆုခေတ္တံ= ထိုကြံခင်းသည်၊ စိရဋ္ဌိတိကံ= ရှည်မြင့်စွာတည်သည်၊ နဟောတိ= မဖြစ်၊ အာနန္ဒ=အာနန္ဒာ၊ ဧဝမေဝခေါ=ဤအတူသာလျှင်၊ ယသ္မိံ ဓမ္မဝိနယေ= အကြင် ဓမ္မဝိနယေ ဆိုအပ်သော ငါဘုရား၏ သာသနာတော်မြတ်ကြီး၌၊ မာတုဂါမော=မာတုဂါမသည်၊ အာဂါရသ္မာ=အိမ်ယာထောင်သော လူ၏ဘောင်မှ၊ နိက္ခမိတွာ=ထွက်၍၊ အနာဂါရိယံ= အိမ်ယာမထောင်သော ရဟန်းဘောင်၌၊ ပဗ္ဗဇ္ဇံ=ရှင်ရဟန်အဖြစ်ကို၊ လဘတိ=ရ၏၊ တံဗြဟ္မစရိယံ= ထို မြတ်သောအကျင့် ဟုဆိုအပ်သော သာသနာတော်မြတ်ကြီးသည်၊ စိရဋ္ဌိတိကံ=ရှည်မြင့်စွာတည်သည်၊ နဟောတိ=မဖြစ်။
အာနန္ဒ=အာနန္ဒာ၊ သေယျထာပိ=ဥပမာမည်သည်ကား၊ ပုရိသော= ယောက်ျားသည်၊ မဟတော=ကြီးစွာသော၊ တလာကဿ=တစ်ဖက် ဆည်းကန်၏၊ ပဋိကစ္စေဝ=မိုးမကျမှီ စောစောစီးစီးကပင်လျှင်၊ အာဠိံ= ကန်ဘောင်ရိုးကို၊ ဥဒကဿ=လာသမျှသောရေ၏၊ ယာဝဒေဝ အနတိက္ကမနာယ=လွန်၍မသွားစေခြင်းအကျိုးငှါ၊ ဗန္ဓေယျ=ဖွဲ့စည်းရာ၏၊ အာနန္ဒ=အာနန္ဒာ၊ ဧဝမေဝခေါ=ဤအတူသာလျှင်၊ မယာ=ငါဘုရားသည်၊ ပဋိကစ္စေဝ=စောစောစီးစီးကလျှင်၊ ဘိက္ခုနီနံ=ဘိက္ခုနီမတို့အား၊ ယာဝဇီဝံ= အသက်ထက်ဆုံး၊ အနတိက္ကမနိယာ=မလွန်ကျူးအပ်ကုန်သော၊ အဋ္ဌ ဂရုဓမ္မာ=ရှစ်ပါးကုန်သော ဂရုဓမ္မ-သိက္ခာပုဒ်ကြီးတို့ကို၊ ပညတ္တာ=ပညတ် အပ်ကုန်ပြီ။
အဓိပ္ပါယ်
ဤပါဠိတော်၌ ကန်ဘောင်ရိုးဥပမာနှင့်တကွ ရှစ်ပါးသောဂရုဓမ္မသိက္ခာပုဒ်တော်ကြီးကို စောစောစီးစီး ပညတ်၍ ထားသည်ကို ပြတော် မူသဖြင့် မာတုဂါမတို့ ရဟန်းပြုသည့်အတွက် သာသနာတော်ကြီး အနှစ်ငါးရာ ယုတ်လျော့ရန် အခွင့်ကို ပိတ်ဆို့ကွယ်ကာတော်မူကြောင်းကို ပြတော်မူ၏၊ ထိုသို့ ပိတ်ဆို့ကွယ်ကာတော်မူသည့်အတွက် မာတုဂါမများ ရဟန်းပြုသော်လည်း သာသနာတော် ယုတ်လျော့ခြင်းမရှိ၊ အနှစ် တစ်ထောင်တည်ရ၏-ဟူသော ရှေ့ဝါကျအတိုင်း အတည်ဖြစ်လေ၏။
သာသနာအနှစ်တစ်ထောင်စီ တည်ပုံ
“ဤဝဿသဟဿံတိဋ္ဌေယျ” ဟူသော ပါဠိဖြင့်ပင်လျှင် အနှစ်တစ်ထောင် လွန်သောအခါ၌ မြတ်စွာဘုရား လက်ထက်တော်က အတိုင်း မတည်နိုင်ပြီ၊ တစ်ဖြည်းဖြည်းဆုတ်ယုတ်၍ သွားတော့မည် ဟူသော-အနက်ကို လည်းသိအပ်၏၊ ထိုတွင် အနှစ်တစ်ထောင်အတွင်း၌ မြတ်စွာဘုရားလက်ထက်တော်ကအတိုင်း တည်ပုံကား- မြတ်စွာဘုရား လက်ထက်တော်၌ ရဟန်းသံဃာတော်သည် အတန်း ငါးတန်းရှိ၏။
ငါးတန်းဆိုသည်ကား-
၁။ ပဋိသမ္ဘိဒါပတ္တရဟန်း သံဃာမျိုး တစ်တန်း,
၂။ ဆဠာဘိည ရဟန်းသံဃာမျိုး တစ်တန်း,
၃။ တေဝိဇ္ဇ ရဟန်းသံဃာမျိုး တစ်တန်း,
၄။ သုက္ခဝိပဿက ရဟန်းသံဃာမျိုးတစ်တန်း,
၅။ အနာဂါမ်, သကဒါဂါမ်, သောတာပန်စသော သေက္ခ ရဟန်း သံဃာမျိုးတစ်တန်း,
ဟူ၍-ငါးတန်းရှိ၏။
[ကလျာဏပုထုဇ္ဇန် ရဟန်းသံဃာများသည် သေက္ခတန်းသို့ပါဝင် လေ၏၊]
ထိုငါးတန်းတို့တွင် သာသနာတော် အနှစ်တစ်ထောင်တိုင် အောင် တစ်စုံတစ်ခုသောအတန်းမျှ ယုတ်လျော့သည် ဟူ၍- မရှိသေး၊ ငါးတန်း လုံးပင်တည်ရှိသေး၏၊ ဤစကား၌ အနှစ်တစ်ထောင် ပြည့်ကာနီး တိုင်အောင် ပဋိသမ္ဘိဒါပတ္တပုဂ္ဂိုလ် တစ်ပါးမျှပင် ရှိသော်လည်း တန်းငါး တန်း မယုတ်လျော့သေးသည့်အတွက် လက်ထက်တော်က အတိုင်း တည်သည်ဟု-ဆိုရ၏၊ ဆဠာဘိညတန်း စသည်တို့၌လည်း ဤနည်းအတူ ယူလေ။
သာသနာဆုတ်ယုတ်သွားပုံ
အနှစ်တစ်ထောင် ကျော်လွန်သောအခါ တဖြည်းဖြည်း ဆုတ်ယုတ်၍ သွားပုံကား- အနှစ်တစ်ထောင်ပြည့်သောအခါ ပဋိသမ္ဘိဒါ ပတ္တရဟန္တာခေတ် ကွယ်လွန်လေ၏၊ ကြွင်းကျန်သော ခေတ်လေးမျိုးသည် သာလျှင် တည်ရှိ၏။
အနှစ်နှစ်ထောင် ပြည့်သောအခါ ဆဠာဘိညရဟန္တာခေတ် ကွယ်လွန်ပြန်၏၊ ခေတ်သုံးမျိုးသည်သာလျှင် တည်ရှိ၏၊ အနှစ်သုံးထောင် ရှိသောအခါ တေဝိဇ္ဇရဟန္တာခေတ်သည် ကွယ်လွန်ပြန်၏၊ ခေတ်နှစ်မျိုး သည်သာလျှင် တည်ရှိ၏၊ အနှစ်လေးထောင်ရှိသောအခါ သုက္ခ ဝိပဿက ရဟန္တာခေတ်သည် ကွယ်လွန်ပြန်၏၊ သေက္ခခေတ် တစ်မျိုး သာကျန်ရှိ၏၊ ထိုသေက္ခခေတ်သည်လည်း အနှစ်ငါးထောင် ရှိသောအခါ ကွယ်လွန်လတံ့၊ ထိုအခါမှသာလျှင် ဗုဒ္ဓဘာသာ သာသနာမရှိပြီ၊ ကွယ်လွန်လေပြီ ဟု- ဆိုရ၏။
[ဤစကား၌ ကလျာဏပုထုဇ္ဇန် ရဟန်းသံဃာများရှိသည့်အတွက် နှင့်ပင် သေက္ခခေတ်ရှိသေးသည်ဟု-ဆိုနိုင်၏၊]
ဤသို့အနှစ်တစ်ထောင် ကျော်လွန်သောအခါ သာသနာတော် အစဉ်အတိုင်း ဆုတ်ယုတ်၍ သွားသည်ကို သိအပ်၏၊ “အနှစ်တစ် ထောင် ကျော်လွန်သောအခါ အစဆုံးနေ့ရက်၌ပင် သာသနာတော်ကြီး သည် တစ်နေ့တည်း၌ အကုန်လုံးတစ်ပြိုင်နက် ကွယ်လွန်၍ သွားပြီ၊ ထိုနေ့မှစ၍ ဘုရားသာသနာတော် မရှိပြီ” ဟူ၍ မယူအပ်။
ဥပမာကား- ကမ္ဘာပျက်ရာ၌ ဤနှစ်မှ အနှစ်တစ်သိန်း ကျော်လွန် သော အခါ ဤကမ္ဘာသည် ပျက်လတံ့ဟု- သုဒ္ဓါဝါသဗြဟ္မာတို့ ကြွေးကြော် သောစကား၌ အနှစ်တစ်သိန်း လွန်သောအခါ စကြဝဠာကုဋေတစ် သိန်းရှိ မဟာပထဝီမြေကြီး, မြင့်မိုရ်, သတ္တရဘန် အစရှိသော ကမ္ဘာ့ အဆောက်အဦတို့သည် တစ်နေ့တစ်ရက်တွင်း၌ပင် တစ်ပြိုင်နက် အကုန် ကွယ်လွန်ကြလေကုန်၏-ဟုမယူအပ်၊ အနှစ်တစ်သိန်းကျော် လွန်သော အခါ ကမ္ဘာပျက်ကိန်းကြီးများ ပေါ်ပေါက်လာသဖြင့် ထိုကမ္ဘာ့အဆောက် အဦတို့သည် တစ်ဖြည်းဖြည်းအစဉ်အတိုင်း ကွယ်ပျောက်ကုန်၏ ဟူ၍ သာ-ယူအပ်၏၊ ဤဥပမာအတိုင်းမှတ်ယူလေ။
အကြောင်မူကား-- အနှစ်တစ်သိန်းလွန်လျှင် ကမ္ဘာပျက် လိမ့်မည် ဆိုငြားသော်လည်း စကြဝဠာ ကုဋေတစ်သိန်းရှိ ကမ္ဘာ့ အဆောက်အဦကြီး တို့သည် နှစ်အသောင်း, အသိန်းမျှတို့နှင့် အကုန်လုံး ကွယ်လွန်နိုင်သည် မဟုတ်သေး၊ သံဝဋ္ဋကပ်တစ်ကပ်လုံး အစဉ်အတိုင်း ပျက်ဆုံးပြီးမှ အကုန်လုံး ကွယ်ကြကုန်သကဲ့သို့ အလွန်ကြီးကျယ်သော ဗုဒ္ဓဘာသာ သာသနာတော်မြတ်ကြီးသည်လည်း နှစ်ပေါင်းများစွာ တစ်ဖြည်းဖြည်း ဆုတ်ယုတ်ပြီးမှ ကွယ်လွန်မြဲ ဓမ္မတာဖြစ်လေသတည်း။
သဒ္ဓမ္မ ၃-မျိုး ပြဆိုချက်
“ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ” ဟူသော ပါဠိတော်၌ သဒ္ဓမ္မသည်-
၁- ပရိယတ္တိသဒ္ဓမ္မ,
၂- ပဋိပတ္တိသဒ္ဓမ္မ,
၃- ပဋိဝေဓသဒ္ဓမ္မ,
ဟူ၍ သုံးပါးရှိ၏၊ ထိုတွင်-
- ပရိယတ္တိသဒ္ဓမ္မ ဆိုသည်ကား= ပိဋကတ်သုံးပုံပါဠိတော်, အဋ္ဌကထာ, ဋီကာကျမ်းဂန်တို့ကိုဆို၏၊
- ပဋိပတ္တိသဒ္ဓမ္မ ဆိုသည်ကား= သီလ, သမာဓိ, ပညာ သိက္ခာ သုံးပါးကို ဆို၏။
- ပဋိဝေဓသဒ္ဓမ္မ ဆိုသည်ကား= မဂ်လေးတန်, ဖိုလ်လေးတန်, နိဗ္ဗာန်ဟူသော လောကုတ္တရာတရား ၉-ပါးကိုဆို၏၊ ထိုတွင် ပရိယတ္တိသဒ္ဓမ္မသည် ကျမ်းဂန်စာပေနှင့်တကွ သင်ကြ, ချကြ, ကြည့်ရှုကြ, တတ်မြောက်ကြလျက် ယနေ့ထက်တိုင် ထင်ရှားရှိ နေ၏။
ပဋိပတ္တိသဒ္ဓမ္မမှာလည်း ရှေး၌ပြဆိုခဲ့ပြီးသော ကုဋေကိုးထောင် ကျော်မျှသော သိက္ခာသီလတို့ကို ယနေ့ထက်တိုင် ဖြည့်ကျင့် စောင့် ရှောက်လျက် ရှိကြ၏။
ကျန်ရှိသော စျာန်, အဘိညာဏ်, သမာပတ်များနှင့်တကွ ပဋိဝေဓ သဒ္ဓမ္မမှာလည်း ဘယ်လိုအားထုတ်လျှင် ဘယ်စျာန်ကိုရ၏၊ ဘယ် အဘိညာဏ်ကိုရ၏၊ ဘယ်သမာပတ်ကိုရ၏၊ ဘယ်မဂ်ဘယ်ဖိုလ်ကို ရ၏ဟု- အကုန်သိလျက် ရှိ၏၊ ထိုသို့ အဘိညာဏ်တွေ နေလ, နက္ခတ်, တာရာအသွင် ထင်ရှားစွာရှိသောကြောင့် ထိုစျာန်, အဘိညာဏ်, သမာပတ်, ထိုမဂ်, ထိုဖိုလ်ဟူသော ပဋိပတ္တိသာသနာကြီးကိုလည်း “ယခုအခါမရှိပြီ, ကွယ်လွန်ပြီ” ဟု-မဆိုထိုက်သေး။
ဥပမာကား-- သူဌေးကြီးတစ်ဦးမှာ သားသမီးများစွာရှိ၏၊ နောင်သားမြေး အစဉ်အဆက် ချမ်းသာရစ်ကြစေရန် ရွှေအိုး, ငွေအိုး, ပတ္တမြားအိုးများကို သင့်လျော်ရာ မြေတွင်း၌မြှုပ်ထား၍ အမှတ်အသား စာတမ်းများကိုလည်း အသေအချာစေ့စုံစွာ ရေးထားခဲ့၏၊ သား သမီးများသည် ထိုရွှေအိုး, ထိုရတနာအိုးများကို တူးဖေါ်၍ အသုံးမပြုကြ သော်လည်း ထိုအမှတ်အသား စာတမ်းများကို ဖတ်ရှု၍ ဘယ်နေရာမှာ ဘယ်ရတနာအိုး ရှိ၏ဟု-သိကြ၏။
ဤဥပမာ၌ ထိုအမှတ်အသား စာတမ်းများ ထင်ရှားရှိ၍ ထိုရတနာအိုးများကို နေရာဌာနနှင့်တကွ သိရှိကြသမျှ ကာလပတ်လုံး တူးဖော်၍ မသုံးကြသည့်အတွက်နှင့် ထိုရတနာများ မရှိပြီ၊ ကွယ် ပျောက်ပြီဟု-မဆိုအပ်သကဲ့သို့တည်း။
ထိုသဒ္ဓမ္မခေါ်သော သာသနာတော်ကြီးသုံးပါး ယခုထက်တိုင် ထင်ရှားရှိခြင်း၏ အကြောင်းမှာလည်း ပထမ, ဒုတီယ, တတီယ, စတုတ္ထသင်္ဂါယနာတင် ရဟန္တာအရှင်မြတ်ကြီးတို့၏ အစွမ်းသတ္တိတော်များ အတွက်ကြောင့် တစ် ကြောင်း, အဇာတသတ်မင်း, ကာလာသောကမင်း, ဓမ္မာသောကမင်း, ဒေဝါနံပိယတိဿမင်း, ဝဋ္ဋဂါမဏိမင်းအစရှိသော ဘုန်းတန်ခိုးကြီးကြသော ဗုဒ္ဓဘာသာ သာသနာပြု မင်းစဉ်မင်းဆက်တို့၏ အစွမ်းသတ္တိကြောင့်တစ်ကြာင်း, ရဟန်းသံဃာတော် အဆက်ဆက် တို့လည်း တန်ခိုးပညာ ကြီးကျယ်ကြကုန်သော အရှင်အာနန္ဒာ အရှင်ယသ အရှင်မဟိန္ဒ အစရှိသော သာသနာပြုရဟန်းတော်ကြီးများ၏ အစွမ်းသတ္တိ ကြောင့်တစ်ကြောင်း, ဤအကြောင်းများကြောင့် သဒ္ဓမ္မ-ခေါ်သော ဗုဒ္ဓဘာသာသာသနာတော်မြတ်ကြီးသည် ယနေ့ထက်တိုင် တည်ရှိ နိုင်လေသတည်း။
[ဤသည်ကား “ဝဿသဟဿံ သဒ္ဓမ္မောတိဋ္ဌေယျ” ဟူသော ပါဠိတော်မြတ်ပါဌ်၌ ဖြောင့်မတ်စွာ သိအပ်သော အနက်အဓိပ္ပါယ်ပေ တည်း။]
သာသနာမရှိ-ဟူသော ဝါဒကွဲပြဆိုချက် လောက၌ အချို့သောသူတို့သည်ကား ဤပါဠိတော်ကို တွေ့မြင် ကြသောအခါ “ဗုဒ္ဓဘာသာ သာသနာတော်ကြီးသည် ဘုရားပရိနိဗ္ဗာန် စံတော်မူသည်မှ နောက်၌အနှစ်တစ်ထောင်မျှသာ တည်ရှိ၏၊ အနှစ် တစ်ထောင်ကျော်လွန်သည့်နေ့မှစ၍ ကွယ်လွန်ပြီ၊ သာသနာမရှိပြီ၊ မြတ်စွာဘုရား၏ဓမ္မစက် အာဏာစက်များလည်း ထိုနေ့တွင်ပင် ကွယ်ဆုံးပြီ၊ အနှစ်တစ်ထောင်အတွင်းက သမုတ်၍လာကြသော သိမ်များသည်လည်း ထိုနေ့တွင်ပင် သိမ်အဖြစ်ကို စွန့်ကြ ကုန်ပြီ၊ သိမ်မရှိပြီ၊ ထိုသိမ်တို့၌ ရဟန်းခံကြသော သူများသည်လည်း ရဟန်းအစစ် မဖြစ်နိုင်ကြပြီ၊ ထိုသူတို့အစဉ်အဆက် သမုတ်ကြသော သိမ်များ သည်လည်း သိမ်အဖြစ် မဖြစ်နိုင်ကြပြီ၊ ထိုသိမ်တို့၌အစဉ်အဆက် ရဟန်းခံကြသောသူတို့သည်လည်း ရဟန်းအစစ် မဖြစ်နိုင်ကြကုန်ပြီ၊ ထို့ကြောင့်အနှစ်တစ်ထောင်ကျော်လွန်သောနေ့မှစ၍ ယနေ့ထက်တိုင် ရှိနေကြသော ရဟန်းသံဃာများသည်လည်း ဗုဒ္ဓဘာသာရဟန်း သံဃာ အစစ် မဟုတ်ကြပြီ၊ ရဟန်းတု, ရဟန်းယောင်များသာ ဖြစ်ကြ၏” ဟုယူကြကုန်၏။
ဘိုးတော်ဘုရင်အယူမှား၍ သာသနာပြစ်မှားပုံ
ထိုအယူသည် အမရပူရမြို့တည်နန်းတည် ဘိုးတော်ရှင်ဘုရင် လက်ထက်၌ ကြီးကျယ်စွာဖြစ်ပွါးဖူး၏၊ ဘိုးတော်ရှင်ဘုရင်သည် ထိုအယူကို ခိုင်မြဲစွာယူပြီးလျှင် “ငါ၏နိုင်ငံတော်အတွင်း၌ ရဟန်းသံဃာ ဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိကြစေနှင့်” ဟူ၍ -တစ်နိုင်ငံလုံးကို ဆင့်ဆိုလေ၏၊ အမရပူရမြို့တော်ရှိ ဆရာတော်-သံဃာတော်တို့ကိုလည်း အတင်းအကြပ် အဝတ်ဖြူလဲ၍ လူထွက်စေ၏၊ တစ်နိုင်ငံလုံး၌ရှိသော ရဟန်းသံဃာ တော်တို့သည်လည်း တောတောင် ခိုအောင်း၍ ပုန်းလျှိုး ကာ နေကြရကုန်၏၊။ ရှေ့၌ပြဆိုခဲ့ပြီးသောရုပ်ပုံ, ရုပ်ပွါး, ရုပ်ထု, ဆင်းတုတော်များကို ပစ်ပယ်သောသူ, ပေထက်၌ရှိသော ပါဠိတော် များကို ပစ်ပယ်သောသူ, ယခုကာလ၌ရှိကြသော သမုတိသံဃာများကို ပစ်ပယ်သောသူများသည် ထိုအယူဝါဒမှ ဆင်းသက်၍လာသော သူများ ပေတည်း။
အယူမှားကိုပယ်ရှားသုတ်သင်ချက်
ဤအရာ၌ သုတ်သင်ချက်ကား-- သာသနာတော် အနှစ် တစ်ထောင်ပြည့်သောနေ့၌ ရှေ့ကပြဆိုခဲ့ပြီးသော ပဋိသမ္ဘိဒါ ပတ္တတန်း အစရှိသော တန်းကြီးငါးတန်းတို့သည် တည်ရှိကြကုန်သေး ၏ဟုမုချဆိုနိုင်၏၊ ကလျာဏပုထုဇ္ဇန်ရဟန်းတို့သည်မူကား ထိုအနှစ် တစ်ထောင်တွင် အပါအဝင်ဖြစ်သော ထိုနေ့၌ အသောင်းများစွာ, အသိန်းများစွာရှိကြကုန်ရာ၏၊ ထိုရဟန်းသံဃာတို့သည် အနှစ် တစ်ထောင်ကျော်လွန်၍ ပထမနှစ်အတွင်းမှာ အကုန်သေပျောက်၍ ကုန်ကြလိမ့်မည်လော၊ ထိုရဟန်းသံဃာတို့၌ရှိသော သီလ, သမာဓိ, ပညာ သာသနာတော်မြတ်ကြီးသုံးပါးသည်လည်း ထိုနေ့တွင်ပင် အကုန် ကွယ်ပျောက်၍ ကုန်လိမ့်မည်လောဟု-မေးရန်ရှိ၏။
ထိုရဟန်း သံဃာများလည်း ကွယ်ပျောက်၍ မကုန်နိုင်ပါ၊ ထိုရဟန်းသံဃာ၌ရှိသော သီလ, သမာဓိ, ပညာ သာသနာတော် မြတ်ကြီးသုံးပါးသည်လည်း ထိုသံဃာများ အသက်ရှည်သမျှ ကာလ ပတ်လုံး တည်ရှိကြပါသေး၏၊ ထိုသို့ဖြစ်ရာ ရဟန်းအစစ် ဖြစ်ကြသော ထိုရဟန်းတို့သည်ပင်လျှင် သိမ်အသစ် သမုတ်ခြင်း, ထိုသိမ်တို့၌ ရဟန်း အသစ်ခံခြင်းတို့ကို ယနေ့ထက်တိုင် အစဉ်အဆက်ပြုလုပ်၍ လာကြရာ၌ ယခုအခါ သိမ်မရှိပြီ၊ ဗုဒ္ဓဘာသာ ရဟန်းအစစ်မရှိပြီဟု-အဘယ်မှာ ဆိုခွင့်ရှိမည်နည်း။
“ဝဿသဟဿံ သဒ္ဓမ္မော တိဋ္ဌေယျ”-- ဟူသော ပါဠိတော် စကားသည် ဝိနည်းအရာ အာဏာစက် စကားမျိုးဖြစ်ခဲ့သော် သာသနာတော် အနှစ်တစ်ထောင်ကျော်လွန်သည့်နေ့သို့ရောက်လျှင် ဝိနည်းအာဏာ စက်တော်ဖြင့် ဖြစ်ရသော ထိုသိမ်ဟောင်းများသည် ထိုနေ့တွင်ပင် သိမ်အဖြစ်ကိုစွန့်ကြကုန်ပြီ၊ သိမ်မဟုတ်ကုန်ပြီဟုဆိုဖွယ်ရှိ၏၊ ထိုပါဠိတော် စကားသည်မူကား ဝိနည်းအရာ အာဏာစက် မျိုးမဟုတ်၊ သုတ္တန်စကားမျှသာဖြစ်၏၊ ထိုပါဠိတော် စကားအထွက်နှင့် အာဏာစက်တော်၏ ဆိုင်ရာဖြစ်သော ထိုသိမ်ဟောင်းများသည် အဘယ်မှာ သိမ်အဖြစ်ကို စွန့်ခွင့်ရရှိမည်နည်း။
ရှေး၌ ပြဆိုခဲ့ပြီးသောအတိုင်း ယခုအခါ ပရိယတ္တိအစရှိသော ဗုဒ္ဓဘာသာ သာသနာတော်မြတ်ကြီးသည် ကောင်းကင်ပြင်မှာ နေ, လ အသွင်အထင်အရှား ရှိနေပါလျက် ယခုအခါ ဗုဒ္ဓဘာသာ သာသနာ မရှိပြီဟု- ယူကြသောသူများမှာ ဥပမာအားဖြင့် ဆိုသည်ရှိသော် တစ်ယောက်သောသူသည် ပဋိသန္ဓေအခါကပင် မျက်စိနှစ်ဖက် စုံလုံးပျက်၍ လာ၏၊ သူအများတို့က အထက်ကောင်းကင်မှာ နေ, လ, နက္ခတ်, တာရာရှိသည်ဟု- ပြောဆိုကြသည်ကို မိမိမမြင်ရသည့်အတွက် မယုံနိုင်ရှိ၏၊ နေ့အခါတွင်နေကို ငါကြည့်စမ်းမည်ဟု- လွင်တီးခေါင်သို့ ထွက်၍ နေကိုကြည့်၏၊ ပဋိသန္ဓေကန်းဖြစ်၍ နေကိုမမြင်ရ ရှိခဲ့သော် ကောင်းကင်မှာ နေရှိသည်- ဟူသောစကားသည် မဟုတ်၊ ရှိသည်မှန်ခဲ့ သော် ငါမြင်ရမည်၊ ငါမမြင်ပါတကားဟု- မြင်ကြသူများ၏ စကားကို အတင်းငြင်းပယ်ရာ၏၊ ကောင်းကင်၌ လ, ကြယ်များရှိ၏ ဟုဆိုသော စကားကိုလည်း မယုံနိုင်ရှိ၍ ညအခါ လွင်တီးခေါင်သို့ထွက်၍ ကောင်း ကင်သို့ ကြည့်၏၊ လ, ကြယ်,တို့ကိုမမြင်ရသည့်အတွက် ထိုသူများ၏ စကားကို အတင်းငြင်းပယ်ရာ၏၊ မိမိမျက်စိ အင်္ဂါချို့၍ မမြင်ရသည်ဟု မသိလေ၊ ဤဥပမာနှင့်တူချေ၏။
[ဤကား အရေးကြီးသော ဝိဝါဒ၌ သုတ်သင်ချက်ကြီးတည်း။]
ယခုအခါ သာသနာစစ် ရှိ- မရှိ ရှင်းလင်းပြဆိုချက်ခန်း ပြီး၏။
သာသနာကွယ်ပခြင်းအကြောင်း ပြဆိုခန်း
မူလပဏ္ဏာသပါဠိတော် ဓမ္မဒါယာဒသုတ်၌-
ဓမ္မဒါယာဒါ မေဘိက္ခဝေ ဘဝထ, မာအာမိသဒါယာဒါ၊ အတ္ထိ မေတုမှေသု အနုကမ္ပါ၊ ကိန္တိ မေ သာဝကာ ဓမ္မဒါယာဒါ ဘဝယျုံ, နော အာမိသဒါယာဒါတိ။
အနက်ကား-- ဘိက္ခဝေ=ရဟန်းတို့၊ တုမှေ=သင်တို့သည်၊ မေ=ငါဘုရား၏၊ ဓမ္မဒါယာဒါ=ဓမ္မအမွေကို ခံယူကြကုန်သည်၊ ဘဝထ= ဖြစ်ကြကုန်လော၊အာမိသဒါယာဒါ= အာမိသ အမွေကိုခံယူကြကုန်သည်၊ မာဘဝထ=မဖြစ်ကြကုန်လင့်၊ တုမှေသု=သင်ရဟန်းတို့၌၊ မေ=ငါဘုရား၏၊ အနုကမ္ပါ=အစဉ်သနားခြင်းသည်၊ အတ္ထိ= ရှိ၏၊ ကိံအတ္ထိ=အသို့ရှိသနည်း ဟူမူကား၊ ကိန္တိ=အဘယ်သို့လျှင်၊ မေ=ငါဘုရား၏၊ သာဝကာ=တပည့် သားအဆက်ဆက်တို့သည်၊ ဓမ္မဒါယာဒါ=ဓမ္မအမွေကိုသာ ခံယူကြ ကုန်သည်၊ ဘဝေယျုံ=ဖြစ်ပါကုန်အံနည်း၊ မေ=ငါဘုရား၏၊ အာမိသ ဒါယာဒါ= အာမိသအမွှေကို ခံယူကြကုန်သည်၊ နောဘဝေယျုံ= မဖြစ်ပဲ ရှိပါကုန်အံ့နည်း၊ ဣတိ=ဤသို့၊ အနုကမ္ပါ=အစဉ်သနာခြင်းသည်၊ အတ္ထိ= ရှိ၏။
အမွေ ၂-ပါးပြဆိုချက်
အစဉ်သနားခြင်းဆိုသည်ကား-- မြတ်စွာဘုရား၏ အကြောင့် ကြတော်ကြီး ဆိုလိုသည်၊ မြတ်စွာဘုရား၏ အမွေတော်သည်
၁။ အာမိသအမွေ,
၂။ ဓမ္မအမွေ,
ဟူ၍-နှစ်ပါးရှိ၏၊ ထိုတွင်
- အာမိသအမွေ ဆိုသည်ကား= ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါးပေတည်း။
- ဓမ္မအမွေ ဆိုသည်ကား= ပရိယတ္တိဓမ္မ, ပဋိပတ္တိဓမ္မ, ပဋိဝေဓဓမ္မ သုံးပါးပေတည်း။
ထိုတွင်
အာမိသအမွေသည် မြတ်စွာဘုရား ကြောင့်ကြသံပေး၍ ပစ်ပယ် တော်မူသောကြောင့် အမွေဆိုးကြီးမည်၏၊ ဓမ္မအမွေသည်သာလျှင် အမွေကောင်းမည်၏၊ အမွေခံရဟန်းသည်လည်း
၁။ အမွေခံဆိုး,
၂။ အမွေခံကောင်း
အမွေဆိုးကိုခံယူသော ရဟန်းများသည် အမွေခံဆိုးမည်၏၊
အမွေကောင်းကိုခံယူသော ရဟန်းများသည် အမွေခံကောင်းမည်၏၊
အမွေဆိုးကိုခံယူသော ရဟန်းများသည် သာသနာဖျက်ရဟန်းမည်၏၊
အမွေကောင်းကို ခံယူသော ရဟန်းများသည် သာသနာပြု ရဟန်းများ
မည်၏။
အဘယ်သို့ ပြုသည်ရှိသော် အမွေဆိုးကို ခံယူသည်မည်သနည်း၊
အဘယ်သို့ ပြုသည်ရှိသော် အမွေကောင်းကို ခံယူသည်မည်သနည်း၊
ဟူမူကား
ဆွမ်းပစ္စည်း၌-- “ပိဏ္ဍိယာ လောပဘောဇနံ နိဿာယ ပဗ္ဗဇ္ဇာ၊
တတ္ထ တေ ယာဝဇီဝံ ဥဿာဟော ကရဏီယော”။
အနက်ကား-- ပိဏ္ဍိယာ လောပဘောဇနံ=သလုံးမြင်း ခေါင်းဖြင့် လှည့်လည်၍ ရအပ်သော တစ်လုပ်စာမျှသော ဆွမ်းကို၊ နိဿာယ= အမှီပြု၍၊ ယာပဗ္ဗဇ္ဇာ=အကြင်ရဟန်းအဖြစ်သည်၊ ဟောတိ=ဖြစ်ခဲ့၏၊ တတ္ထ=ထိုသို့သဘောရှိသော ရဟန်းအဖြစ်၌၊ တေတယာ=သင်သည်၊ ယာဝဇီဝံ=အသက်ရှိသမျှကာလပတ်လုံး၊ ဥဿာဟော=အား ထုတ်ခြင်းကို၊ ကရဏီယော=ပြုအပ်၏။
ဟူသော ကမ္မဝါဆုံးမခန်းနှင့်အညီ သလုံးမြင်းခေါင်းဖြင့် လှည့်လည်၍ တစ်အိမ်တစ်လုပ်မျှရရှိသောဆွမ်း ပစ္စည်းဖြင့် မျှတသော ရဟန်းသည် အမွေဆိုးကို မခံယူသောရဟန်းမည်၏၊ ထိုသို့မဟုတ်ပဲ ဆွမ်းမခံမူ၍ အိမ်၌ချက်ပြုတ်၍ ကျောင်းသို့ပို့လာသောဆွမ်း, ကျောင်း၌ဆွမ်းချက်ရုံ မီးတင်းကုပ်များ၌ ချက်ပြုတ်သော ဆွမ်းများကို ကျောင်းတွင်းသာ စားသောက်၍နေသော ရဟန်းသည် အမွေဆိုးကို ခံယူသော ရဟန်းမည်၏။
သင်္ကန်းပစ္စည်း၌-- “ပံသုကူလစီဝရံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ ယာဝဇီဝံ ဥဿာဟောကရဏီယော”။
ဟူသော-ကမ္မဝါဆုံးမခန်းနှင့်အညီ ပံသုကူသင်္ကန်းကို ကောက် ယူ၍ ကိုယ်ခန္ဓာကိုမျှတသောရဟန်းသည် အမွေဆိုးကို မခံယူသော ရဟန်းမည်၏၊ ထိုသို့မဟုတ် ပံသုကူသင်္ကန်းကို အသုံးမပြု၊ လူတို့က လှူသော သင်္ကန်းကိုသာလျှင် အသုံးပြုသော ရဟန်းသည် အမွေဆိုးကို ခံယူသော ရဟန်းမည်၏။
ကျောင်းပစ္စည်း၌-- “ ရုက္ခမူလသေနာသနံ နိဿာယ ပဗ္ဗဇ္ဇာ၊
တတ္ထ တေ ယာဝဇီဝံ ဥဿာဟော ကရဏီယော”။
ဟူသော-ကမ္မဝါဆုံးမခန်းနှင့်အညီ သစ်ပင်တောချုံကိုသာ အရိပ်အာဝါသ ကျောင်းပြု၍ ခန္ဓာကိုယ်ကို မျှတသော ရဟန်းသည် အမွေဆိုးကိုမခံယူသော ရဟန်းမည်၏၊ ထိုသို့မဟုတ် သစ်ပင်တောချုံကို လွှတ်၍ လူတို့က ဆောက်လုပ်လှူဒါန်းသော ကျောင်း များကိုခံယူ၍ ခန္ဓာကိုယ်ကို မျှတသောရဟန်းသည် အမွေဆိုးကိုခံယူသော ရဟန်း မည်၏။
ဆေးပစ္စည်း၌-- “ပူတိမုတ္တဘေသဇ္ဇံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ ယာဝဇီဝံ ဥဿာဟော ကရဏီယော”။
ဟူသော- ကမ္မဝါဆုံးမခန်းနှင့်အညီ နွားကျင်ငယ်ပုပ်ဆေးဖြင့် ခန္ဓာကိုယ်ကိုမျှတသောရဟန်းသည် အမွေဆိုးကို မခံယူသော ရဟန်း မည်၏၊ ထိုသို့မဟုတ် တစ်ပါးသောဆေးဖြင့် ခန္ဓာကိုယ်ကိုမျှတသော ရဟန်းသည် အမွေဆိုးကို ခံယူသောရဟန်းမည်၏။
သာသနာပျက်ခြင်း၏ အကြောင်းတရားသည် လေးပါးရှိ၏။
လေးပါးဆိုသည်ကား
(၁ ) ဘဿာရာမတာ- တရားတစ်ပါး,
(၂ ) နိဒ္ဒါရာမတာ- တရားတစ်ပါး,
(၃ ) ကမ္မာရာမတာ- တရားတစ်ပါး,
(၄ ) သင်္ဂဏိကာရာမတာ- တရားတစ်ပါး, ဟူ၍လေးပါးရှိ၏။
ထိုလေးပါးတို့တွင်
(၁ ) ဘဿာရာမတာ- ဆိုသည်ကား စကားပြောမှုနှင့် ကင်း၍ မနေနိုင်ခြင်းတည်း။
(၂ ) နိဒ္ဒါရာမတာ-ဆိုသည်ကား အိပ်မှုကို အလေးပြုခြင်းတည်း။
(၃ ) ကမ္မာရာမတာ- ဆိုသည်ကား ပစ္စည်းလေးပါးနှင့် စပ်သော အမှု, ရပ်သူရွာသားတို့နှင့်စပ်သော သုမင်္ဂလမှု, ဒုမင်္ဂလမှု များကို စိတ်ရောကိုယ်ပါ ရွက်ဆောင်၍နေခြင်းတည်း။
(၄ ) သင်္ဂဏိကာရာမတာ- ဆိုသည်ကား အပေါင်းအဖော်နှင့် ကင်း၍မနေနိုင်၊ မနေတတ်ခြင်းပေတည်း။
ဤလေးပါးသောတရားများသည် သာသနာတော်ကို အလွန်လျှင် ဆုတ်ယုတ်စေနိုင်၏၊ ကွယ်ပျောက်စေနိုင်၏၊ ရှေး၌ပြဆိုခဲ့ပြီးသော အမွေဆိုးလေးပါးကို ခံယူသောရဟန်းသည် ဤသာသနာပျက်ကြောင်း တရားကြီးလေးပါးကို လိုက်စားမွေးမြူ၍နေသော ရဟန်းမည်၏၊ ထို့ကြောင့် ထိုရဟန်းကို သာသနာဖျက်ရဟန်းဟူ၍- ဆိုအပ်၏၊ ဤ အရာ၌ ဆိုရန်ရှိပြန်၏၊ ကမ္မဝါဆုံးမခန်း၌ပင်လျှင် “အတိရေက လာဘော သံဃဘတ္တံ, ဥဒ္ဒေသဘတ္တံ” အတိရေကလာဘော=လာဘ်များ မူကား၊ သံဃဘတ္တံ=သံဃာအားလှူအပ်သော ဆွမ်းကိုလည်းကောင်း၊ ဥဒ္ဒေသဘတ္တံ=ညွှန်း၍လှူအပ်သောဆွမ်းကိုလည်းကောင်း၊ (ပရိဘုဉ္ဇိတဗ္ဗံ) သုံးဆောင်အပ်၏ဟု-ဤသို့အစရှိသည်ဖြင့် ခွင့်ပြုတော်မူသည် မဟုတ်ပါ လောဟု-ဆိုရန်ရှိ၏။
ခွင့်ပြုသည်မှန်၏၊ မှန်သော်လည်း မြတ်စွာဘုရား၏ အလိုတော် နှင့် ခွင့်ပြုရသည်မဟုတ် မြတ်စွာဘုရား အလိုတော်မှာ ပိဏ္ဍိယာ လောပဆွမ်း, ပံသုကူသင်္ကန်း, ရုက္ခမူလကျောင်း, ပူတိမုတ္တဆေးများ ကိုသာ ခွင့်ပြုတော်မူလိုရင်း ဖြစ်သည်ဟု-ပြဆိုခဲ့ပြီးသော ဓမ္မဒါယာဒသုတ် ရဟန်းခံဆုံးမခန်းတို့ဖြင့်ပင် ထင်ရှားလေပြီ။
ဣန္ဒြေအလွန်နုကြသော ဝေနေယျပုဂ္ဂိုလ်တို့၏ အလိုအားဖြင့် ထိုဥဒ္ဒေသဘတ်အစရှိသော အတိရေကလာဘ်တို့ကို ခွင့်ပြုတော်မူရ ပြန်၏၊ ထိုစကားမှန်၏၊ အတိရေကလာဘ်တို့ကို ခွင့်မပြုမူ၍ ပိဏ္ဍိယာ လောပဆွမ်း, ပံသုကူသင်္ကန်း, ရုက္ခမူလကျောင်း, ပူတိမုတ္တဆေးတို့ကိုသာ သုံးဆောင်ကြစေဟု-ခွင့်ပြုခဲ့သည်ရှိသော် ထိုဣန္ဒြေနုကြသော ဝေနေယျ သတ္တဝါတို့သည် ဗုဒ္ဓဘာသာ သာသနာ၌ ရဟန်းပြုခြင်းငှါ အလွန်ခဲယဉ်း လှသည်ဟု-ဆုတ်နစ်ကြကုန်ရာ၏၊ ရဟန်းပြုလိုသူ တစ်ရာတွင် တစ်ယောက်တစ်လေမျှသာ ပြုနိုင်ကြရာ၏။
ထိုသို့ဖြစ်ခဲ့သော် ထိုသူတို့မှာ ပဗ္ဗဇ္ဇိတဒုလ္လာဘဟူသော တတိယ ဒုလ္လဘတရားကြီးနှင့် အလွန်ဝေးကွာလျက် ရှိကြကုန်ရာ၏၊ ဣန္ဒြေနု ကြသော လူသတ္တဝါတို့မှာလည်း ရဟန်းတော်တို့အား ဥဒ္ဒေသဘတ် အစရှိသော မွန်မြတ်သော ပစ္စည်းလေးပါးတို့ကို လှုဒါန်းခွင့်မရကြသဖြင့် ကြီးမားသောဒါနကုသိုလ်တို့မှ ဝေးကွာလျက် ရှိကြကုန်ရာ၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် ဥဒ္ဒေသဘတ်အစရှိသော အတိရေက လာဘ်တို့ကို ခွင့်ပြုတော်မူရပြန်သတည်း။
ခွင့်ပြုတော်မူရပြန်သည်ရှိသော် တပည့်သား အဆက်ဆက်တို့ကို အမွေခံဆိုးတွေဖြစ်ကုန်အောင် မြတ်စွာဘုရားသည်ပင် ပြုလုပ်၍ထားခဲ့ရာ မကျပြီလော၊ ကျသော်လည်း တပည့်သား အဆက်ဆက်တို့မှာ အတိ ရေကလာဘ် ပစ္စည်းလေးပါးနှင့်စပ်သော အပြစ်ဒေါသတို့မှ သက်သာရာ ရစေခြင်းငှါ “ပဋိသင်္ခါ ယောနိသော စီဝရံပဋိသေဝါမိ” အစရှိသည်ဖြင့် ပုတီးစိပ်ကျင့်ဝတ် တရားကြီးလေးပါးကို ဟောတော်မူရပြန်၏၊ ဟော တော်မူသော်လည်း ပုတီးစိပ်ပါဠိကို ရွတ်ရုံမျှနှင့် ဣဏပရိဘောဂ ဟု ဆိုအပ်သော ထိုအပြစ်ကြီးတို့မှ သက်သာခွင့်ရမည် မဟုတ်ချေ၊ ပုတီးစိပ် ပါဠိ၏ အနက်, အဓိပ္ပါယ် ကိုသိ၍ သိသည့်အတိုင်း ကျင့်ဆောင်နိုင်မှသာ သက်သာရာ ရချေမည်၊ မကျင့်ဆောင်နိုင်ခဲ့သော် ဣဏပရိဘောဂ-၌ တည်၍ အပါယ်သို့ ကျတတ်၏။
အယသာဝ မလံ သမုဋ္ဌာယ၊ တဒုဋ္ဌာယ တဒေဝ ခါဒတိ။
ဧဝံ အတိဒေါဏစာရိနံ၊ သာနိ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။
(ဓမ္မပဒပါဠိတော်)
အနက်ကား-- အယသာ=သံတုံးသံခဲမှ၊ မလံ=သံချေးသည်၊ သမုဋ္ဌာယ=လွန်စွာထ၍၊ တဒုဋ္ဌာယ=ထိုထိုအရပ်မှ ထ၍၊ တံ=ထိုသံတုံး သံခဲကို၊ ခါဒတိဣဝ=စားသကဲ့သို့၊ ဧဝံတထာ=ထို့အတူ၊ အတိဒေါဏ စာရိနံ=ဣဏပရိဘောဂ အပြစ်ကို ခါတွက်တတ်သည် ဖြစ်၍၊ ဒေါဏဟုဆိုအပ်သော ပစ္စဝေက္ခဏာဉာဏ်ပညာကို လွန်၍ ကျင့်သောရဟန်းကို၊ သာနိကမ္မာနိ=နေ့စဉ်ပွါးစီးသော-ဣဏပရိဘောဂ-ဟုဆိုအပ်သော မိမိအမှုတို့သည်၊ ဒုဂ္ဂတိံ=အပါယ်လေးပါးသို့၊ နယန္တိ=ပို့ဆောင်ကုန်၏၊ [မြတ်စွာဘုရား လက်ထက်တော်၌ ဇေတဝန်တိုက်တော်ကြီး အတွင်း မှာ သင်္ကန်း၌ သာယာသော တဏှာကြီးတန်းလန်းနှင့်သေလွန်၍ ထိုသင်္ကန်း၌ပင် သန်းတိရစ္ဆာန် ဖြစ်လေသော“တိဿ“အမည်ရှိ သောရဟန်းကြီး၏ ဝတ္ထုတွင်ဟောတော်မူသော ဒေသနာဂါထာပေ တည်း။]
သင်္ကန်းကို သာယာသောတဏှာတန်းလန်းနှင့် သေလွန်သော ဤ“တိဿ“ရဟန်းကြီး၏ ဝတ္ထုကိုထောက်၍ ဆွမ်း ပစ္စည်း၌ အတိရေက လာဘဖြစ်သော ဆွမ်းကောင်းဟင်းလျာကောင်း ဝက်သား ကြက်သား ငါးအမဲစသည်တို့၌ သာယာသောတဏှာတန်းလန်းနှင့် သေလွန်ကြသော ရဟန်းတို့မှာ အဘယ်သို့ဖြစ်ကြရန်ရှိသနည်းဟု-ဆင်ခြင်ကြလေ၊ ထို့အတူ အတိရေက ဖြစ်သောကျောင်းကောင်း တိုက်ကောင်းတို့၌လည်းကောင်း, အတိရေက ဖြစ်သောထောပတ်ဆီဥ အစရှိသောဆေးတို့၌လည်းကောင်း သာယာသော တဏှာတန်းလန်းနှင့် သေလွန်ကြသော ရဟန်းတို့မှာလည်း နောက်ဘဝ၌ အဘယ်သို့ဖြစ်ရန် ရှိသနည်းဟု-ဆင်ခြင်ကြလေ။
ဤအရာ၌ဥပမာကား-- တစ်ယောက်သောသူသည် မကျန်း မမာကြီးရှိလေရာ ကြက်သားကို အလွန်အာသာစွဲလမ်း၍ ကြက်သား ပေးပါဟု-အပူတပြင်းတောင်း၏၊ ကြက်သားနှင့်မသင့်လှ၍ မပေးဘဲ နေခဲ့သော် ကြက်သားကို မပေးလျှင် ဆေးကိုမသောက်ဟု-အတင်းခံ၍ နေ၏၊ အလွန်လိမ္မာသော ဆေးသမားသည် ကြက်သားအတွက် ရောဂါ မတိုးပွါးစေရန် ဆေးကိုစီမံပြီးလျှင် သင်သည် ကြက်သားကို စားပြီးနောက် ဆေးလုံးကို သောက်ရလိမ့်မည်ဟု-ဆိုပေ၏၊ ကြက်သား စားရလျှင် ဆေးလုံးကိုသောက်မည်ဟု-သူနာကဆို၏၊ ထိုအခါ ကြက်သားကိုပေး၍ ဆေးလုံးကို သောက်စေ၏၊ ကြက်သားစားသည့်အတွက် ဖြစ်ပွါးရန် အပြစ်ဒေါသမှ ကင်းလွတ်လေ၏။
ဤဥပမာ၌-
- ဣန္ဒြေနုကြသော ရဟန်းများသည် ထိုသူနာဆိုးနှင့် တူ၏။
- မြတ်စွာဘုရားသည် လိမ္မာသော ဆေးသမားနှင့်တူ၏။
- ရဟန်းခံဆုံးမခဏ်း၌ ဥဒ္ဒေသဘတ်အစရှိသော အတိရေမလာဘ်ကိုခွင့်ပြုရခြင်းသည် ထိုသူနာဆိုးအား ကြက်သားကို ပေးရပြန်သည်နှင့်တူ၏။
- ပုတီးစိပ်လေးပုဒ် ကျင့်ဝတ်တရားကို ဟောတော်မူ ရခြင်းသည် ထိုသူနာမှာ ကြက်သားကိုစားသည့်အတွက် ဖြစ်ပွါးရန် အပြစ်ဒေါသကို ပပျောက်စေခြင်းငှါ ဆေးကိုစီမံ၍ ပေးရသည်နှင့်တူ၏။
[ဤကား အာမိသအမွေ၌ ရှင်းလင်းချက်တည်း။]
ဓမ္မအမွေ၌ ဓမ္မသည်
၁။ ပရိယတ္တိဓမ္မ,
၂။ ပဋိပတ္တိဓမ္မ,
၃။ ပဋိဝေဓဓမ္မ, ဟူ၍-သုံးပါးရှိ၏။
ဓမ္မအမွေကို ခံယူပုံ
ပရိယတ္တိဓမ္မ၌- ဝိနည်းပိဋကကို မတတ်သေးသော ရဟန်းသည် အသက်ထက်ဆုံးဝိနည်းပိဋက၌ သင်မှု,ကြားမှု,အားထုတ်မှုကို မလွှတ်ရ၊ အသက် ၈၀-၉၀-၁၀၀-ပြည့်သည့် နေ့တိုင်အောင်ဝိနည်းပိဋကကို သင်မှု, ကြားမှု, မှတ်သားမှုတန်းလန်းနှင့် သာသေလွန်ရာ၏၊ ဤကားဝိနည်း ပိဋကဟု-ဆိုအပ်သော ပရိယတ္တိဓမ္မအမွေကို ခံယူပုံတည်း။ သုတ္တန်ပိဋကဟု-ဆိုအပ်သော ပရိယတ္တိဓမ္မအမွေ, အဘိဓမ္မာ ပိဋကဟု-ဆိုအပ်သော ပရိယတ္တိဓမ္မအမွေတို့၌လည်း ထိုနည်းအတူသင်မှု, ကြားမှု, မှတ်သားမှုတို့ကို သေနေ့ကျအောင် မလွှတ်ရချေ။ ပဋိပတ္တိဓမ္မအမွေ၌လည်း-- မိမိ၌တည်ရှိပြီးသော သီလ, သမာဓိ, ပညာဓမ္မတို့ကို တိုးတက်ပွါးများအောင် အားထုတ်မှု, မိမိ၌ မရှိသေးသော အထက်အထက်သော သီလ, သမာဓိ, ပညာဓမ္မတို့ကို ရရှိနိုင်ရန် အားထုတ်မှုတို့ကို သေနေ့တိုင်အောင် မလွှတ်ရချေ။
ပဋိဝေဓဓမ္မအမွေ၌လည်း-- ယခုဘဝ၌သော်လည်းကောင်း, နောက်နောက်ဘဝ၌သော်လည်းကောင်း ဤဘုရားသာသနာတော်တွင်း ၌ပင်လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုရအောင် အားထုတ်မှုကို သေနေ့တိုင်အောင် မလွှတ်ရချေ။
[ဤကား ဓမ္မအမွေကို ခံယူပုံတည်း။]
ဤသို့လျှင် ပစ္စည်းလေးပါးဟူသော အာမိသအမွေဆိုးများကို ခံယူမှုသည် သာသနာတော် ဆုတ်ယုတ်ပျက်ပြားရန် အမှုကြီး ဖြစ်ချေသည် တစ်ကြောင်း, ဓမ္မအမွေကို ခံယူမှုသည် သာသနာတော် တိုးတက် တည်တံ့ရန်အမူကြီး ဖြစ်ချေသည် တစ်ကြောင်း ဤအကြောင်း များကို မြင်တော်မူ၍ ဓမ္မဒါယာဒသုတ်၌ “ဓမ္မဒါယာဒါ မေ ဘိက္ခဝေ ဘဝထ, မာ အာမိသဒါယာဒါ”ဟု-အာမိသအမွေခံမှုကို သုတ္တန်နည်းအားဖြင့် တားမြစ်တော်မူခဲ့ပေသတည်း။
[ဤကားဗုဒ္ဓဘာသာ သာသနာတော် ဆုတ်ယုတ်ပျက်ပြားရန် အကြောင်းကြီး တစ်ပါးကို ပြဆိုချက်တည်း]
ဝေသာလီပြည်ကို စံနမူနာပြ၍
သာသနာကွယ်ပကြောင်းဟောတော်မူချက် ထိုကြောင့် သံယုတ်ပါဠိတော်-ကဋ္ဌုပဓာနသုတ်၌ အရှင်အာနန္ဒာ အား ဤသို့ဟောတော်မူ၏။
“ချစ်သားအာနန္ဒာ-- ယခုအခါ ဝေသာလီမင်းမျိုးတို့သည် ညအခါ၌ လေလုံသောအိမ်ရာ နေရာများမှာ ချောမွေ့သော ညောင် စောင်း အင်းပျဉ်ပေါ်တွင်နုးညံ့သောအဝတ်အရုံများကို ခြုံရုံ၍ မှို့သွတ်သော ခေါင်းအုံးများကို အုံး၍ အိပ်ကြကုန်ပြီလော၊ သို့မဟုတ် အိပ်မှုအတွက်နှင့် အလုပ်ပျက်ခြင်း မရှိကြစေရန် အလျင်အမြန် နာရီမလွန်မီ နိုးကြားနိုင်ကြစေရန် သစ်သားခေါင်းအုံးများကိုအုံး၍ အိပ်ကြမြဲထုံးစံရှိသည့်အတိုင်း အိပ်ကြပါကုန်သေး၏လော”ဟု-မေး တော်မူ၏။
“သစ်သားခေါင်းအုံးကိုအုံး၍ အိပ်ကြပါကုန်သေးသည်ဘုရား” ဟု-လျှောက်ကြားလေ၏။
“ချစ်သားအာနန္ဒာ-- ၎င်းဝေသာလီမင်းမျိုးတို့သည် အကြင်မျှ လောက်သော ကာလပတ်လုံး သစ်သားခေါင်းအုံးဖြင့် အိပ်ကြကုန် သေး၏၊ ထိုမျှလောက်သောကာလပတ်လုံး ဝေသာလီပြည်ကို ဘယ်ရန် သူမျှ မဖျက်ဆီးနိုင်၊ အကြင်အခါ၌ ဝေသာလီမင်းမျိုးတို့သည် လေလုံ သောအိပ်ရာနေရာများမှာ ချောမွေ့သော ညောင်စောင်းအင်း ပျဉ်ပေါ် တွင် နူးညံ့သော အဝတ်အရုံများကို ခြုံရုံ၍မှို့သွတ်သော ခေါင်းအုံး များကိုအုံး၍ အိပ်ကြကုန်၏၊ ထိုအခါဝေသာ လီပြည်ကြီးကို ရန်သူ တစ်ပါးတို့သည် ဖျက်ဆီးနိုင်လတံ့၊ ဝေသာလီပြည်ကြီးပျက်စီးလတံ့၊ ချစ်သားအာနန္ဒာ-- ထို့အတူလျှင် ငါဘုရား၏ တပည့်သား ရဟန်းတော်တို့သည် မှို့သွတ်သော ခေါင်းအုံးဖြင့် မအိပ်ကြကုန်မူ၍ တွေ့ရှိရာသစ်တုံးကိုသာ ခေါင်းအုံးပြုလုပ်၍ အိပ်ကြကုန်သေး၏၊ ထိုမျှလောက်သော ကာလပတ်လုံး ငါဘုရားသာသနာတော်မြတ်ကြီး သည် မဆုတ်ယုတ် မပျက်ပြားနိုင်သေး၊ အကြင်အခါ၌ ငါဘုရား၏ တပည့်သား ရဟန်းတို့သည် လေလုံသောကျောင်းတွင် နူးညံ့သော အဝတ်အရုံများကို ခြုံရုံ၍မှို့သွတ်သော ခေါင်းအုံးများကို အုံး၍ အိပ်ကြ ကုန်၏၊ ထိုအခါ ငါဘုရားသာသနာတော်သည် ဆုတ်ယုတ်ပျက်ပြား လေတော့အံ့၊ မာရ်မင်းလက်သို့ ပါလေတော့အံ့ဟူ၍-ဟောတော်မူသည်။ ဤသုတ္တန်ဒေသနာတော်ဖြင့် သာသနာပျက်ကြောင်း တရားကြီး ၄-ပါးတို့တွင် နိဒ္ဒါရာမတာ- ဟူသော အကြောင်းသည် အလွန်ကြီးကျယ် သော သာသနာ့အန္တရာယ်ကြီး ဖြစ်ကြောင်းကို ပြတော်မူ၏၊ ထိုစကားမှန်၏၊ လောက၌ လူတို့၏ အလုပ်အကိုင် စီးပွားမှုတို့ သည် နေ့အခါ၌ တွင်ကျယ်ကုန်၏၊ သာသနာထမ်း ရဟန်းတော်တို့၏ သမထဘာဝနာ, ဝိပဿနာဘာဝနာ သာသနာ့စီးပွားရေးကြီးတို့သည် ညအခါ၌ တွင်ကျယ်ကုန်၏၊ အကြောင်းမူကား- ညအခါ မည်သည့် မြို့လယ် ရွာလယ်မှာပင် ဖြစ်သော်လည်း အလွန်ဆိတ်ငြိမ်ခွင့်ကို ရနိုင်၏၊ ယခုကာလ၌မူကား ထိုသမထလုပ်ချိန် ဝိပဿနာလုပ်ချိန်ဖြစ်သော ညနာရီတို့ကို အိပ်မှုဖြင့် အကုန်ဖြုန်းတီး၍ ပစ်ကြကုန်၏၊ (ဤကား သာသနာဆုတ်ယုတ်ပျက်ပြားကြောင်း စကားအမြွက်တည်း။ )
သာသနာကွယ်ပခြင်းအကြောင်း ပြဆိုခန်းပြီး၏။
-----------*--------
ဦးဣန္ဒက လျှောက်လွှာ
ဘုရားတပည့်တော် ဣန္ဒကလျှောက်ပါသည် ကျေးဇူးရှင် ဆရာတော်ဘုရား၊ ဘုရားတပည့်တော်တို့၏ အောက်နိုင်ငံများမှာ “ပုည ကြိယဝိဝါဒ ဒသသီလဝိဝါဒ, ကံ-ဒွါရဝိဝါဒ, ဝါဆိုဝါကပ်ဝိဝါဒ” များဖြစ်ပွား လျက်ရှိနေရာ ကောင်းမြတ်သောအယူဝါဒကို အမှန်အကန် သိနိုင်ကြရန် အကျဉ်းချုပ်စကား ရေးသားကယ်မ တော်မူပါ မည့်အကြောင်း ရိုသေစွာ လျှောက်ထားပါသည် ကျေးဇူးရှင်ဆရာတော်ဘုရား။
( ဦးဣန္ဒက လျှောက်ချက် ၁၂၈၀- ပြည့်နှစ်, နတ်တော်လဆုတ် ၃- ရက်နေ့။ )
ပုညကြိယဝိဝါဒကို ဖြေရှင်းခန်း
ပုညကြိယ ဝတ္ထုဆယ်ပါးရှိ၏-
(၁ ) ဒါနတစ်ပါး,
(၂ ) သီလတစ်ပါး,
(၃ ) ဘာဝနာတစ်ပါး,
(၄ ) အပစာယနတစ်ပါး,
(၅ ) ဝေယျာဝစ္စတစ်ပါး,
(၆ ) ပတ္တိဒါနတစ်ပါး,
(၇ ) ပတ္တာနုမောဒနတစ်ပါး,
(၈ ) ဓမ္မသဝနတစ်ပါး,
(၉ ) ဓမ္မဒေသနာတစ်ပါး,
(၁၀) ဒိဋ္ဌိဇုကမ္မတစ်ပါး,
ဟူ၍-ဆယ်ပါးတည်း။
ထိုဆယ်ပါးတွင် (၁ ) ဒါန, (၂ ) သီလ, (၃ ) ဘာဝနာ, ဤသုံးပါးမှာ ထင်ရှားပြီ။
(၄) အပစာယန-ဆိုသည်ကား ပူဇော်မှုကိုဆိုလို၏၊ ပူဇော်မှု ဆိုသည်ကား- ရတနာသုံးပါး, အမိ, အဖ, ဆရာ သမား, ဂုဏဝုဒ္ဓိ ဖြစ်သောသူတို့၌ ရှိခိုးခြင်း ဝတ်ချခြင်း အစရှိသဖြင့် အရိုအသေပြုခြင်း အမှုများကို ဆိုသတည်း။
(၅) ဝေယျာဝစ္စ- ဆိုသည်ကား ထိုသူတို့၌လည်းကောင်း, ဂိလာန ပုဂ္ဂိုလ်တို့၌လည်းကောင်း, အသက်အရွယ်ကြီးရင့်သော သူတို့၌လည်း ကောင်း, မိမိထံသို့ရောက်လာသော အာဂန္တုဧည့်သည်တို့၌လည်းကောင်း ဆောင်ရွက်ရန် အရေးကိစ္စတို့ကို သဒ္ဓါတရားဖြင့် ဆောင်ရွက်မှုပေတည်း။
(၆) ပတ္တိဒါန- ဆိုသည်ကား မိမိပြုသော ကုသိုလ်အဖို့ကို သူတစ်ပါး တို့အား အမျှပေးဝေခြင်းပေတည်း။
(၇) ပတ္တာနုမောဒန- ဆိုသည်ကား ကုသိုလ်ရှင်တို့က အမျှပေး ဝေသောအဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ခြင်း တည်း။
(၈) ဓမ္မသဝန- ဆိုသည်ကား သဒ္ဓမ္မ- ဟုဆိုအပ်သော သူတော် ကောင်းတရားကို ရိုသေစွာ နာခံခြင်း, ကျမ်းဂန်စာအုပ်ဖတ်ရှုခြင်း, စာပေသင်ကြား, လေ့ကျက်, ဆောင်ရွက်ခြင်းများပေတည်း။
(၉) ဓမ္မဒေသနာ- ဆိုသည်ကား မိမိတတ်သိသောတရားကို သူတစ်ပါးတို့အား ဟောပြောခြင်း, သူတစ်ပါးတို့အား သင်ကြားပို့ချခြင်း, ကျမ်းဂန်စာအုပ် ရေးထုတ်ခြင်းများပေတည်း။
(၁၀) ဒိဋ္ဌိဇုကမ္မ- ဆိုသည်ကား သမ္မာဒိဋ္ဌိဉာဏ်ကို ဖြောင့်မတ်စွာ ပြုခြင်းပေတည်း။
၁။ ပုဗ္ဗေကတဟေတုဒိဋ္ဌိ,
၂။ ဣဿရနိမ္မာနဟေတုဒိဋ္ဌိ,
၃။ အဟေတု အပစ္စယဒိဋ္ဌိ,
ဤဒိဋ္ဌိသုံးပါးမှ လွတ်ကင်း၍ ကမ္မဿကာသမ္မာဒိဋ္ဌိကို ဖြောင့် မတ်စွာ ပြုခြင်းပေတည်း။ ထိုတွင်
ပုဗ္ဗေကတဟေတုဒိဋ္ဌိဆိုသည်ကား-- လောက၌ ချမ်းသာမှု, ဆင်းရဲမှု, မိုက်မဲမှု, လိမ္မာမှု, အသက်တိုမှု, အသက်ရှည်မှု, ဟူသမျှသည် ရှေးဘဝတို့၌ပြုခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ဆိုင်ရာသာဖြစ်၏၊ ယခုဘဝတွင် ရှိနေကြသော ဉာဏ်ဝီရိယစသည်တို့၏ ဆိုင်ရာမဟုတ်၊ ဉာဏ်ဝီရိယစသည်တို့နှင့် ပြုပြင်နိုင်ကောင်းသော အရာမဟုတ်ဟု ခိုင်မြဲစွာယူခြင်းပေတည်း။
ဣဿရ နိမ္မာန ဟေတု ဒိဋ္ဌိ ဆိုသည်ကား-- လောက၌ ချမ်းသာမှု, ဆင်းရဲမှု, မိုက်မဲမှု, လိမ္မာမှု, အသက် တိုမှု, အသက်ရှည်မှု ဟူသမျှသည် ရှေးကံ၏ ဆိုင်ရာလည်းမဟုတ်၊ ယခုဘဝ ဉာဏ်ဝီရိယ စသည်တို့၏ ဆိုင်ရာလည်း မဟုတ်၊ အထက်ကောင်းကင် ဘုံကြီးတွင် နိစ္စထာဝရ တည်နေ၍ ကမ္ဘာကို ဖန်ဆင်းနိုင်သော တစ်လောကလုံးကို အစိုးရသော ထာဝရဘုရားဟူ၍- ခေါ်ဝေါ်ကြသော အရှင်ကြီး သခင်ကြီး ဖန်ဆင်းမှု နှင့်သာဆိုင်၏ဟု- ခိုင်မြဲစွာယူခြင်းပေတည်း။
အဟေတု အပစ္စယဒိဋ္ဌိ ဆိုသည်ကား-- လောက၌ ထိုချမ်းသာမှု, ဆင်းရဲမှု, မိုက်မဲမှု, လိမ္မာမှု, အသက်တိုမှု, အသက်ရှည်မှု ဟူသမျှသည် ရှေးကံဟောင်း၏ ဆိုင်ရာလည်းမဟုတ်၊ ပစ္စုပ္ပန်ဉာဏ်ဝိရိယ စသည်တို့၏ ဆိုင်ရာလည်းမဟုတ်၊ လောကကို ဖန်ဆင်းသော အရှင်ကြီး သခင်ကြီး ဖန်ဆင်းမှု၏ ဆိုင်ရာလည်း မဟုတ်၊ သတ္တဝါတို့၏ ဓမ္မတာ အလေ့အားဖြင့် ချမ်းသာခွင့်ဆိုက်လျှင် ချမ်းသာမှုနှင့် တွေ့ရမြဲ, လိမ္မာခွင့်ဆိုက်လျှင် လိမ္မာမှုနှင့် တွေ့ရမြဲ, မိုက်မဲခွင့်ဆိုက်လျှင် မိုက်မဲမှုနှင့် တွေ့ရမြဲ, အသက်တို ခွင့်ဆိုက်လျှင် အသက်တိုမှုနှင့် တွေ့ရမြဲ, အသက်ရှည်ခွင့်ဆိုက်လျှင် အသက်ရှည်မှုနှင့် တွေ့ရမြဲ ဓမ္မတာအတိုင်းသာ ဖြစ်နေကြရ၏ ဟုခိုင်မြဲစွာယူခြင်းပေတည်း။
[ဤဒိဋ္ဌိသုံးပါးတို့မှ လွတ်ကင်း၍ ကမ္မဿကာသမ္မာဒိဋ္ဌိ ဖြောင့်စင်း ခြင်းသည် ဒိဋ္ဌိဇုကမ္မ မည်၏၊]
ထိုဒိဋ္ဌိ ၃-ပါးတို့တွင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ- ဟူသော ပထမဒိဋ္ဌိ သည် ငါတို့ဗုဒ္ဓဘာသာ လူမျိုးထဲတွင်လည်း ဗဟုဿုတဉာဏ်ပညာ အလွန်နည်းပါး၍ ကမ္မဿကာ စကားတစ်လုံးမျှကိုသာ ကြားဖူးနားဝ ရှိနေကြသော ဗာလပုဂ္ဂိုလ်တို့၌ များစွာပင် ရှိနေ၏၊ ထိုသူတို့သည် လောက၌ ချမ်းသာမှုသည်လည်း ရှေးကံကြောင့်သာဖြစ်၏၊ ဆင်းရဲမှု သည်လည်း ရှေးကံကြောင့်သာ ဖြစ်၏၊ မိုက်မဲမှုသည်လည်း ရှေးကံ ကြောင့်သာဖြစ်၏၊ လိမ္မာမှုသည်လည်း ရှေးကံကြောင့်သာ ဖြစ်၏။
အသက်တိုမှုသည်လည်း ရှေးကံကြောင့်သာဖြစ်၏၊ အသက်ရှည်မှုသည် လည်း ရှေးကံကြောင့်သာဖြစ်၏၊ “ သေကံမရောက် သက်မပျောက်, သေကံရောက်က သက်ပျောက်ရာ၏၊ “ သေကံမရောက်သောသူသည် ဘယ်အန္တရာယ်နှင့်ပင်တွေ့သော်လည်း မသေနိုင်၊ သေကံရောက်သော သူသည် ဘယ်လိုဆေးဝါး ပယောဂနှင့်ပင် ကုသသော်လည်း သေရ မည်သာ အမှန်ဖြစ်၏၊ ကံကောင်းလျှင် ဘယ်သူသေအောင် တတ်နိုင် မည်လဲ, ကံမကောင်းလျှင် ဘယ်လိုကွယ်ကာ၍ လွတ်နိုင်မလဲ, ဘယ်ကို ပြေး၍ လွတ်နိုင်မလဲဟု- ခိုင်မြဲစွာ ယူကြကုန်၏။
အဖြေမူကား-- ကောင်းသောကံ, မကောင်းသော ကံဟူသော စကား၌ ကောင်းသောကံဆိုသည်ကား ကုသိုလ်ကံကို ဆိုသည်၊ မကောင်း သောကံဆိုသည်ကား အကုသိုလ်ကံကို ဆိုလိုသည်၊ ထိုတွင် ကုသိုလ်ကံ သည် အကြီး, အငယ်, အဆင့်ဆင့်ရှိကြ၏၊ ရှိပုံကား-ဒါနကုသိုလ်ကံတွင် စေတနာလည်း တူကြ၏၊ အလှူခံပုဂ္ဂိုလ်လည်း တူကြ၏၊ တစ်ယောက် သောသူက တစ်ပဲတန်မျှသာလှူနိုင်၏၊ တစ်ယောက်က တစ်ကျပ်တန် မျှသာ လှူနိုင်၏၊ တစ်ယောက်က တစ်ဆယ်တန်လှူနိုင်၏၊ တစ်ယောက် က တစ်ရာတန်လှူနိုင်၏၊ တစ်ယောက်က တစ်ထောင်တန်လှူနိုင်၏၊ အချို့က အသောင်းတန် အသိန်းတန် လှူနိုင်ကြ၏၊ အချို့က ဇေတဝန် ကျောင်းတော်ကြီးကဲ့သို့ ကျောင်းကြီး ဆောက်လုပ်၍ လှူပေ၏၊ ဤ၌ တစ်ပဲတန်လှူသော ကုသိုလ်သည်လည်း ကံကောင်းပင်ဖြစ်၏၊ တစ်ကျပ် တန် စသည်လှူသော ကုသိုလ်သည်လည်း ကံကောင်းပင်ဖြစ်၏၊ သို့သော် တစ်ပဲတန်လှူသော ကုသိုလ်သည် အလွန်အားနည်း၏၊ ထို့ထက် တစ်ကျပ်တန်လှူသော ကုသိုလ်သည် အလွန်အားကြီး၏၊ ထို့ထက် တစ်ဆယ်တန်စသည် လှူသော ကုသိုလ်များသည် အဆင့်ဆင့် အားကြီးကြ၏။
လောက၌ ဥပဒ်အန္တရာယ်မျိုးများသည်လည်း အကြီး, အငယ်, အဆင့်ဆင့် ရှိကြ၏၊ တစ်မူးတန်ကို ဖျက်ဆီးနိုင်သောအန္တရာယ်လည်းရှိ၏၊ ထို့ထက် တစ်ကျပ်တန်ကို ဖျက်ဆီးနိုင်သော အန္တရာယ်စသည်ဖြင့်ဆိုလေ၊ တစ်ယောက်မျှကို ဖျက်ဆီးနိုင်သောအန္တရာယ်, တစ်အိမ်လုံးကို ဖျက်ဆီး နိုင်သော အန္တရာယ်, တစ်ရပ်လုံးကို ဖျက်ဆီးနိုင်သော အန္တရာယ်, တစ်ရွာ လုံးကိုဖျက်ဆီးနိုင်သောအန္တရာယ်, စသည်ဖြင့် အဆင့်ဆင့်ရှိလေ၏။
ကမ္ဘာမီးလောင်မှု အန္တရာယ်ကြီးသည် တစ်ကမ္ဘာလုံးဖျက်ဆီး နိုင်လေ၏၊ လောက၌ အန္တရာယ်ကို ကာကွယ်တားဆီးကြသော ဉာဏ် ဝီရိယမှုများသည်လည်း အကြီးအငယ် အဆင့်ဆင့် ရှိကြ၏၊ တစ်ပဲတန်မျှ ကွယ်ကာနိုင်သော ဉာဏ်ဝီရိယ၊ တစ်ကျပ်တန်မျှ ကွယ်ကာနိုင်သော ဉာဏ်ဝီရိယ စသည် အဆင့်ဆင့် ရှိကြ၏၊ ထိုတွင်တစ်ပဲတန်ကုသိုလ်ကို တစ်ကျပ်မျှအားရှိသော အန္တရာယ်က ဖျက်ဆီးနိုင်၏၊ တစ်ကျပ်တန်ရှိ သော အန္တရာယ်ကို တစ်ဆယ်တန်အားရှိသော ဉာဏ်ဝီရိယက ကွယ်ကာ နိုင်၏၊ ဤနည်းအတူ ကံကောင်းပင်ဖြစ်သော်လည်း သေးငယ်၍ အားနည်းသောကံကို အားကြီးသောအန္တရာယ်က ဖျက်ဆီးနိုင်၏၊ အားကြီးသောအန္တရာယ်က ဖျက်ဆီးလျှင် ထိုသေးငယ်သော ကံသည် ကံကောင်းဟူ၍ မခံနိုင်၊ ကုန်ဆုံး၍သွားရ၏၊ ထိုအန္တရာယ်ထက် အားကြီးသော ကွယ်ကာမှုနှင့်ပြုလုပ်ခဲ့သော် ထိုအန္တရာယ်သည် ကွယ်ရ၏၊ ထိုကုသိုလ်ကံငယ်သည် အန္တရာယ်ကင်း၍ မိမိအစွမ်းရှိသမျှ နှစ်ရှည်လများ အကျိုးပေးခွင့်ရ၏။
ဤ၌ ကံကုန်မှုဆိုသည်ကား-- တစ်ခုသောကံသည် ဘဝတစ်ခုကို ဖြစ်စေ၏၊ ထိုဘဝကုန်ဆုံး၍ ထိုသူ သေသောအခါ ထိုကံသည် ကုန် လေ၏၊ ထိုသူ အမိဝမ်းတွင်းမှာသေလျှင် အမိဝမ်းတွင်းမှာပင် ထိုကံ ကုန်လေ၏၊ ဖွားမြင်စ၌ ထိုသူသေလျှင် ဖွားမြင်စ၌ ထိုကံ ကုန်လေ၏၊
ခုနစ်ရက်တွင်း ထိုသူသေလျှင် ခုနစ်ရက်မှာပင် ထိုကံကုန်လေ၏၊ ဤသို့ စသည်ဖြင့် သိလေ၊ သေမှုဟူသည်လည်း ထိုကံထက် အားရှိသော အန္တရာယ်သည် အမိဝမ်းတွင်း မှာဆိုက်လာလျှင် အမိဝမ်း တွင်းမှာပင် သေရ၏၊ ဖွားမြင်စမှာဆိုက်လာလျှင် ဖွားမြင်စမှာပင် သေရ၏၊
ခုနစ်ရက်မှာဆိုက်လာလျှင် ခုနစ်ရက်မှာပင် သေရ၏၊ ဤသို့ စသည်ဖြင့် ဆိုလေ။
အန္တရာယ်ကအားကြီး၍ ဉာဏ်ဝီရိယမှုက သေးငယ်၍ နေပြန် လျှင်လည်း မကွယ်ကာနိုင်၊ အချို့သောသူများမှာ ပဋိသန္ဓေကိုပေးသော ကံက အလွန်အားသေးကြ၏၊ ဥပစ္ဆေဒကကံက အလွန်ကြီးမားကြ၏၊
ထိုသူများကိုမူကား မြတ်စွာဘုရား၏ ဉာဏ်ဝီရိယသော်မှလည်း မကယ် နိုင်၊ ဝိဋဋူပဝတ္ထုကို ထောက်မြော်လေ၊ အချို့သောသူမှာ ပဋိသန္ဓေကို ပေးသောကံက သေးငယ်၏၊ လောဘအတွက်နှင့် မိုက်မဲမှုကား ကြီးမား၏၊ ကံအစွမ်း မကုန်သော်လည်း သေရ၏၊ ဒေါသမှု, မောဟမှု, မာနမှု စသည်တို့၌လည်း သိလေ၊ ဤသို့လျှင် ကမ္မဿကာ ဟူသော စကား၌ ပစ္စုပ္ပန် ဉာဏ်ဝီရိယ အစရှိသော အကြောင်းတို့ကို ပစ်ပယ်၍ ရှေးကံဟောင်းအကြောင်း တစ်ခုကိုသာ ခိုင်မြဲစွာယူခြင်းသည် ပုဗ္ဗေကတ ဟေတု ဒိဋ္ဌိမည်၏၊ ထိုဒိဋ္ဌိမှ စင်ကြယ်ခြင်းသည်လည်း ဒိဋ္ဌိဇုကမ္မမည်၏။
ဤသို့ပြဆိုခဲ့ပြီးသော ပုညကြိယဝတ္ထုဆယ်ပါးတို့တွင် တစ်ပါး တစ်ပါးသည်
၁- ဝဋ္ဋနိဿိတ, ၂- ဝိဝဋ္ဋနိဿိတ,
ဟူ၍-နှစ်ပါး နှစ်ပါးစီပြားကြ၏၊
ထိုတွင်
- ဝဋ္ဋနိဿိတပုညကြိယ ဝတ္ထုများသည် တဏှာ ဦးစီးလျက် ရှိသောကြောင့် မဂ်ဖိုလ်နိဗ္ဗာန်သို့ မဆောင်နိုင်၊ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ များကိုသာ ပေးနိုင်၏၊ သံသရာ ရှည်ဖို့ဖြစ်၏။
- ဝိဝဋ္ဋနိဿိတပုညကြိယ ဝတ္ထုများသည် နိဗ္ဗိဒါဉာဏ် ဦးစီးလျက် ရှိသောကြောင့် မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆောင်နိုင်၏၊ သံသရာ တိုဖို့ဖြစ်၏။
ထိုစကားမှန်၏၊ သံသရာဘေးကို ကောင်းစွာမြင်တတ်ကြကုန်၍ သံသရာဘေးမှ ထိတ်လန့်ခြင်း သံဝေဂစိတ် အမြဲတည်ရှိကြကုန်သော သူတို့မှာ ဖြစ်ဖြစ်သမျှသော ပုညကြိယ ကုသိုလ်များသည် သံသရာ တိုဖို့ချည်းဖြစ်၏။
အထူးဆိုဖွယ်ရှိသေး၏
ဝဋ္ဋနိဿိတကုသိုလ်ကိုပြု၍ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝသို့ ရောက်ခဲ့သည်ရှိသော် သူတော်ကောင်း တရားများနှင့် တွေ့ကြုံနိုင်ရန် အခွင့်ရှိပြန်၏၊ ဘုရားသာသနာနှင့်သော်လည်း တွေ့ကြုံနိုင်ရန် အခွင့်ရှိ၏၊ သူတော်ကောင်း တရားများနှင့် တွေ့ကြုံခဲ့သည်ရှိသော် ဝိဝဋ္ဋနိဿိတ ကုသိုလ်ကဲ့သို့ နိဗ္ဗာန်သို့အလျင်အမြန် ရောက်တတ်နိုင်ရန် အဖို့ရှိ၏၊ ထို့ကြောင့် ဝဋ္ဋနိဿိတကုသိုလ်မျိုး မှန်လျှင် သံသရာရှည်ဖို့ချည်း ဖြစ်သည်ဟု-အမြဲမယူသာချေ။
[ဝိဝဋ္ဋနိဿိတကုသိုလ်မျိုးတို့၏ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆောင်ပုံများကိုမူ ကား ရှေ့၌ ဒါန, သီလ, ဘာဝနာ ၃-ပါး ဝေဖန်ခန်းတွင် အကျယ်ပြ ဆိုခဲ့ပြီ။]
လောက၌ အချို့သော မန္ဒဗုဒ္ဓိ တို့သည်ကား ပုညကြိယဟူသော စကား၌ ပုညဟူသောအသံသည် ပဋိစ္စသမုပ္ပါဒ် အရာတွင် ပုညာဘိ သင်္ခါရဟူသော စကား၌ ပုညဟူသောအသံနှင့် ထပ်မိသည်ဖြစ်၍ ပုညဆိုလျှင် သံသရာ ရှည်ဖို့ချည်းဖြစ်သည် ဟု-မှတ်ယူ ပြောဆိုကြကုန်၏၊ ပုညကြိယ ဝတ္ထု ၁၀-ပါးတွင် သံသရာရှည်ဖို့သာဖြစ်၏ဟု-မှတ်ယူ ပြောဆိုကြကုန်၏၊ ထိုသို့ကား မဟုတ်၊ ပုညကြိယဝတ္ထု ၁၀-ပါး ဆိုသည်ကား ခပ်သိမ်းသော ကုသိုလ်မျိုးတို့၏ သက်ဝင်ရာဖြစ်၏၊ ကုသိုလ်ဟူသမျှတို့သည် ဤဆယ်ပါးတို့မှ ပေါက်ပွားကြရကုန်၏၊ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာကို ရနိုင်ကြရန် သံသရာရှည်ရန် ကုသိုလ်မျိုးတို့သည်လည်း ဤဆယ်ပါးတို့မှ ပေါက်ပွားကြရကုန်၏၊ ဘုရားဖြစ်နိုင်ရန်, ပစ္စေကဗုဒ္ဓါဖြစ်နိုင်ရန်, အရိယာသာဝကဖြစ်နိုင်ရန် ပါရမီကုသိုလ်မျိုးတို့သည်လည်း ဤ ၁၀-ပါးတို့မှ ပေါက်ပွားကြရကုန်၏။
ထို့ကြောင့် မြတ်စွာဘုရားသည် ဥပရိပဏ္ဏာသ ပါဠိတော်ကြီး၌ “မာ တုမှေ ဘိက္ခဝေ ပုညာနံ ဘာယိတ္ထ၊ သုခေဿတံ အဓိဝစနံ, ယဒိဒံ ပုညာနိ”
ဟူ၍-ဟောတော်မူ၏။အနက်ကား-- ဘိက္ခဝေ=ရဟန်းတို့၊ တုမှေ=သင်တို့သည်၊ ပုညာနံ= ပုညကြိယမှုတို့ကို၊ မာဘာယိတ္ထ=မကြောက်ကြကုန်လင့်၊ ယဒိဒံယာနိဣမာနိပုညာနိ= အကြင်ပုညကြိယမှုတို့သည်၊ သန္တိ= ရှိကုန်၏၊ ဧတံ= ဤပုညကြိယ ဟူသော အမည်သည်၊ သုခဿ=လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ, မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာများ၏၊ အဓိဝစနံ=အမည်ပေတည်း။
မဟာပရိနိဗ္ဗာနသုတ်၌လည်း- “ကတပုညောသိ တွံ အာနန္ဒ၊ ဝီရိယံ အာရမ္ဘ ခိပ္ပံ ဟောဟိသိ အနာသဝေါ”
ဟူ၍-ဟောတော်မူပေ၏။အနက်ကား- အာနန္ဒ=ချစ်သားအာနန္ဒာ၊ တွံ=သင်သည်၊ ကတပုညော=ရှေးရှေးသော ဘဝတို့က ပြည့်စုံလုံလောက်စွာ ပြုခဲ့ဖူးသော ပုညကြိယ ပါရမီကုသိုလ်မျိုး ရှိပြီးသောသူသည်၊ အသိ=ဖြစ်၏၊ ဝီရိယံ= ဘာဝနာကိစ္စ ဝီရိယကိုသာလျှင်၊ အာရမ္ဘ=အားထုတ်လော့၊ ခိပ္ပံ=လျင်စွာ၊ အနာသဝေါ=အာသဝေါကင်းသော ရဟန္တာသည်၊ ဟောဟိသိ=ဖြစ်လတ္တံ့။
ဤပါဠိတော်ကြီး၌ ပုညကြိယကုသိုလ်မျိုးတို့ကိုပင်လျှင် အလျင် အမြန် ရဟန္တာဖြစ်နိုင်ရန် ပါရမီမှုကြီးများ ဖြစ်ကြောင်းကို် ဟောတော်မူ၏၊ (ဤကား ပုညကြိယဝါဒရှင်းလင်းချက်တည်း။) ပုညကြိယဝိဝါဒကို ဖြေရှင်းခန်းပြီး၏။
------*----
ဒသသီလ ဝိဝါဒကို ဖြေရှင်းခန်း
ငါးပါးသီလနှင့် ဆယ်ပါးသီလသည် နိစ္စသီလမျိုးဖြစ်သည်ဟုကျမ်းဂန်တို့၌ တစ်ခွန်းတည်း တစ်သံတည်း ဆိုကြ၏။
နိစ္စသီလ, အနိစ္စသီလ ခွဲနည်းကား-- ပကတိလူတို့မှာ ဝိကာလ ဘောဇန အစရှိသော သိက္ခာပုဒ်များသည် အနိစ္စသီလဖြစ်၏။
ဖြစ်ပုံကား-- ပကတိလူများသည် ဥပုသ်နေ့တို့၌ ဝိကာလဘောဇန သိက္ခာပုဒ်ကို ခံယူဆောက်တည်၍ ကျင့်ကြသောအခါ ထိုအခါ ထိုနေ့ရက် အတွင်း၌ ထိုသိက္ခာပုဒ်ကို မလွန်ကျူးရ၊ နေ့လွဲ ညစာ မစားရ၊ ထိုနေ့ အတွင်း၌ လွန်ကျူးခဲ့သော် ထိုသိက္ခာပုဒ်ပျက်မှု, ပဋိညာဉ်ပျက်မှု, အလဇ္ဇီဖြစ်မှု, သုံးမှုရောက်၏၊။ထိုနေ့ကိုလွန်သောအခါ၌ မှုကား နေ့လွဲ ညစာ စားသော်လည်း ထိုသိက္ခာပုဒ်ပျက်မှုလည်းမရှိ၊ ပဋိညာဉ် ပျက်မှုလည်းမရှိ၊ အလဇ္ဇီဖြစ်မှုလည်းမရှိ။
[ဤကား ဝိကာလဘောဇနသိက္ခာပုဒ်၌ အနိစ္စသဘောပေတည်း၊ ကြွင်းသော အနိစ္စသီလတို့၌ ဤ့အတူယူလေ။]
ငါးပါးသီလ၌ နိစ္စသီလဖြစ်ပုံကား-- ခံယူဆောက်တည်သော အခါ၌ဖြစ်စေ, ခံယူဆောက်တည်မှု မရှိသောအ ခါ၌ဖြစ်စေ, ထိုငါးပါး သော သိက္ခာပုဒ်တို့ကို အဘယ်အခါမှ မလွန်ကျူးရ၊ လွန်ကျူးခဲ့သော် ဒုစရိုက်လည်းဖြစ်၏၊ အလဇ္ဇီလည်းဖြစ်၏။
[ဤကား ငါးပါးသီလ၌ နိစ္စသဘောပေတည်း။]
ဤ၌-ငါးပါးသီလကို နိစ္စသီလဟူ၍ ကျမ်းဂန်တို့၌ ဆိုကြသော စကားသည် ဓမ္မဓိဋ္ဌာန်စကားမျိုးသာတည်း၊ ပုဂ္ဂလာဓိဋ္ဌာန်စကားမျိုး မဟုတ်။
ဓမ္မာဓိဋ္ဌာန်ဆိုသည်ကား-- ဤငါးပါးသီလသည် ဘယ်အခါမှာမှ လွန်ကျူးထိုက်သောသဘောမရှိ၊ လွန်ကျူးခဲ့သည်ရှိသော် ဘယ်အခါမှာ မဆို ဒုစရိုက်ဖြစ်မြဲဓမ္မတာပေတည်း။
[ဤကား ဓမ္မာဓိဋ္ဌာန်သဘောတည်း]
ပုဂ္ဂလာဓိဋ္ဌာန်ဆိုသည်ကား-- ပုဂ္ဂိုလ်၏ အလိုအားလျော်စွာ ဆိုသော စကားမျိုးပေတည်း၊ မုဆိုးအလုပ်-တံငါအလုပ်လက်ရှိနှင့် နေရသောသူတစ်ယောက်သည် တစ်နေ့သ၌ ကျောင်းသို့လာ၍ “ ဘုရား တပည့်တော်သည် ယနေ့တစ်ရက်၌ ငါးပါးသီလကိုခံယူ၍ လုံခြုံစွာ စောင့်ထိန်းလိုပါသည်၊ ငါးပါးသီလပေးသနားတော်မူပါ၊ နက်ဖြန် တိုင်ရောက်လျှင် မုဆိုးအလုပ်- တံငါအလုပ်ကိုလုပ်ရပါလိမ့်မည်” ဟုလျှောက်ထားလာခဲ့သော် တစ်နေ့ တစ်ရက်အတွက် အနိစ္စသီလအ နေနှင့် ပေးသောသူလည်းပေးအပ်၏၊ ခံယူသောသူလည်း ခံယူအပ်၏၊ စောင့်ထိန်းအပ်၏၊ ကုသိုလ်များစွာဖြစ်၏။
[ဤကား ပုဂ္ဂလာဓိဋ္ဌာန်သဘောတည်း]
ကျမ်းဂန်တို့၌ဆိုသော ဓမ္မာဓိဋ္ဌာန်ကိုသာ အမြဲယူ၍ ပုဂ္ဂလာ ဓိဋ္ဌာန်ကို မဖျက်အပ်။။ ကျမ်းဂန်တို့၌ နိစ္စသီလ ဆိုသောကြောင့် တစ်နေ့တစ်ရက်မျှ အနိစ္စသီလအနေနှင့် မစောင့်အပ်ဟု- မဆိုထိုက်၊ ပုဂ္ဂလာဓိဋ္ဌာန်ကို အခိုင်အမြဲယူ၍ ကျမ်းဂန်တို့၌ နိစ္စသီလဆိုသော စကားကိုမဖျက်အပ်။။ ကျမ်းဂန်တို့၌ နိစ္စသီလဟု- ဆိုသောစကားသည် နေရာမကျ ဟု- မဆိုထိုက်။
[ဤကား ငါးပါးသီလ၌ ပုဂ္ဂလာဓိဋ္ဌာန်- ဓမ္မာဓိဋ္ဌာန်ခွဲနည်းပေတည်း။]
ထို့အတူ ဆယ်ပါးသီလကို နိစ္စသီလဟူ၍ ဆိုကြသော ကျမ်းဂန် စကားများသည်လည်း ဓမ္မာဓိဋ္ဌာန်စကားများပေတည်း၊ ပုဂ္ဂလာ ဓိဋ္ဌာန်စကားများမဟုတ်၊ ဃရာဝါသကိစ္စကိုစွန့်၍ အဝတ်ကြောင်, အဝတ်ဖြူတို့ကို မဝတ်မူ၍ ညောင်ခေါက်ဆိုး ပိန္နဲခေါက်ဆိုး အစရှိသော အရဟတ္တဓဇဟု- ဆိုအပ်သော ဖန်ရည်ဆိုးသောအဝတ်ကို ဝတ်ရုံကြ သော ရှင်သာမဏေ, လူ, ဥပါသကာ, ဘိုးသူတော်, မယ်သီလ, ရသေ့, ပရိဗိုဇ်တို့သည် ခံယူသည်ဖြစ်စေ, မခံယူသည်ဖြစ်စေ ထိုဆယ်ပါးတို့ကို ဘယ်အခါမှာမှ မလွန်ကျူးအပ်ကုန်၊ တစ်ပါးပါးကိုမျှ လွန်ကျူးခဲ့သော် အသွင်နှင့်မထိုက်တန်သော ကျူးလွန်မှုအပြစ်ရောက်၏။
ရှေ့ငါးပါးတွင် တစ်ပါးပါးကိုကျူးလွန်ခဲ့သော် အလဇ္ဇီလည်း ဖြစ်၏၊ ဒုဿီလလည်းဖြစ်၏၊ နောက်ငါးပါးတွင် တစ်ပါးပါးကို ကျူးလွန် ခဲ့သော် အလဇ္ဇီဖြစ်၏၊ ဒုဿီလကား မဖြစ်၊ ဤအရာ၌ ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေမိန်းမ, သာမဏေယောကျ်ားဟူသော သီတင်း သုံးဖော် ငါးယောက်တို့မှတစ်ပါး အရဟတ္တဓဇကို ဝတ်ရုံကြသော လူဥပါသကာ စသည်တို့ကို ဂဟဋ္ဌပုဂ္ဂိုလ်၌ ရေတွက်အပ်ကုန်၏၊။ထို့ ကြောင့် ထိုသူတို့ စောင့်အပ်သော ဒသသီလသည်လည်း ဂဟဋ္ဌသီလတွင် ပါဝင်လေ သတည်း။
[ဤကားဓမ္မာဓိဋ္ဌာန်သဘောပေတည်း။]
ပကတိလူ့အသွင်၌တည်၍ ဃရာဝါသကိစ္စနှင့်နေရသော သူများသည် ဥပုသ်နေ့တို့၌ တစ်နေ့တစ်ရက်မျှ ထိုဆယ်ပါးသီလကို ခံယူစောင့်ထိန်းလိုပါသည်ဆိုခဲ့သော် ပေးသူလည်းပေးအပ်၏၊ ခံယူ သူလည်း ခံယူအပ်၏၊ စောင့်ထိန်းအပ်၏၊ သိက္ခာပုဒ်ပိုမို၍ များသည့် အတွက် အဋ္ဌင်္ဂ ဥပေါသထသီလထက် ကုသိုလ်ပိုမို၍ရ၏။
[ဤကား ပုဂ္ဂလာဓိဋ္ဌာန်သဘောပေတည်း။]
ဤ၌လည်း ကျမ်းဂန်တို့တွင်လာသော ဓမ္မာဓိဋ္ဌာန်ကို အခိုင် အမြဲယူ၍ ပုဂ္ဂလာဓိဋ္ဌာန်ကို မဖျက်အပ်၊ ပုဂ္ဂလာဓိဋ္ဌာန်ကို အခိုင်အမြဲ ယူ၍ ဓမ္မာဓိဋ္ဌာန်ကိုလည်း မဖျက်အပ်၊ ဤဆယ်ပါးသီလအရာ၌ ကြွင်း ကျန်သော ဆိုဖွယ်စကားများမှာ ရှေ့ငါးပါးသီလအရာ၌လည်းကောင်း, တရား ရတနာကိုကြည်ည်ိုကိုးကွယ်လှူဒါန်းပူဇော်ခန်း၌လည်းကောင်း ဖွင့်ဆိုခဲ့ပြီ။
[ ဤကား ဒသသီလဝိဝါဒကို ဖြေရှင်းချက်တည်း။]
ဒသသီလဝိဝါဒကို ဖြေရှင်းခန်းပြီး၏။
------*----
ကံ-ဒွါရ ဝိဝါဒကို ဖြေရှင်းခန်း
ကံ-ဒွါရဝိဝါဒ၌ ကံဆိုသည်ကား ကုသိုလ်စေတနာ, အကုသိုလ် စေတနာကိုဆို၏၊ ထို့ကြောင့်အင်္ဂုတ္တိုရ် ပါဠိတော်၌
“စေတနာဟံ ဘိ်က္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ” ဟူ၍-ဟောတော်မူပေ၏။
အနက်ကား-- ဘိက္ခဝေ=ရဟန်းတို့၊ အဟံ=ငါဘုရားသည်၊ စေတနံ=ကုသိုလ်စေတနာ အကုသိုလ်စေတနာကို၊ ကမ္မံ=ကံဟူ၍၊ ဝဒါမိ= ဟောတော်မူ၏၊ ကာယေန=ကိုယ်ဖြင့်လည်းကောင်း၊ ဝါစာယ=နှုတ်သံ စကားဖြင့်လည်းကောင်း၊ မနသာ=စိတ်ဖြင့်လည်းကောင်း၊ စေတယိတွာ= စေ့ဆော်၍၊ ကမ္မံ=ကံကို၊ ကရောတိ=ပြု၏။
ကံ-ဆိုသည်ကား-- အမှုသည်ကြီးဟူ၍ ဆိုလိုသည်။ အမှုသည် ဆိုသည်ကား ဓားလက်နက်ဖြင့် ခုတ်ဖြတ်၍ သူ၏အသက်ကိုသတ်ရာ၌ ဓားလက်နက်သည် အမှုသည်မဟုတ်၊ စိတ်နှလုံးတွင်းကနေ၍ စေ့ဆော်သော စေတနာသည်သာလျှင် အမှုသည်ဖြစ်၏၊ ထိုအမှုသည် သည်သာလျှင် ကံမည်၏၊ လက်ဖြင့်ရိုက်နှက် ထောင်းထု၍သူ့အသက်ကို သတ်ရာ၌ လက်သည် အမှုသည် မဟုတ်၊ စိတ်နှလုံးတွင်း၌နေ၍ စေ့ဆော်သော စေတနာသည်သာလျှင် အမှုသည်ဖြစ်၏၊ ထိုအမှုသည် သည်သာလျှင် ကံမည်၏၊ နှုတ်လျှာဖြင့် စေ့ဆော်၍ မဟုတ် မမှန်သော စကားကို ပြောဆိုရာ၌ နှုတ်လျှာသည် အမှုသည်မဟုတ်၊ စိတ်နှလုံးတွင်း၌ နေ၍ စေ့ဆော်သော စေတနာသည်သာလျှင် အမှုသည်မည်၏၊ ထိုအမှုသည်သည်သာလျှင် ကံမည်၏၊ စိတ်မနောဖြင့် စေ့ဆော်၍ သူတစ်ပါးဥစ္စာကို ငါ၏ဥစ္စာဖြစ်သော် ကောင်းလေစွဟု-ကြံစည်ရာ၌ စိတ်မနောသည် အမှုသည်မဟုတ်၊ ထိုစိတ်မနောနှင့်ယှဉ်သော စေတနာ သည်သာလျှင် အမှုသည်ဖြစ်၏၊ ထိုအမှုသည်သည်သာလျှင် ကံမည်၏။
[ဤကား“စေတနာဟံဘိက္ခဝေ ကမ္မံဝဒါမိ”ဟူသော ပါဠိတော်၏ အဓိပ္ပါယ်ကို ပြဆိုချက်တည်း။]
ဒွါရ-ဆိုသည်ကား-- ကံ-မြောက်ကြောင်းတရားဟူ၍ဆိုလိုသည်၊ ဓားလက်နက်ဖြင့်ခုတ်ဖြတ်၍ သူ၏အသက်ကိုသတ်ရာ၌ ဓားလက်နက်ကို ကိုင်စွဲသောလက်၌ပါရှိသော ကာယဝိညတ်ရုပ်သည်-ကံ-မြောက်ကြောင်း တရားမည်၏၊ ထို-ကံ-မြောက်ကြောင်းတရားသည် ဒွါရမည်၏၊ လက်ဖြင့်ရိုက်နှက်ထောင်းထု၍သတ်ရာ၌ လက်၌ရှိသော ကာယဝိညတ် ရုပ်သည်-ကံ-မြောက်ကြောင်းဖြစ်၍ ဒွါရ-မည်၏၊ နှုတ်လျှာဖြင့် စေ့ဆော်၍ မဟုတ် မမှန်သော စကားကို ပြောဆိုရာ၌ နှုတ်လျှာ၌ ပါရှိသော ဝစီဝိညတ်ရုပ်သည်-ကံ-မြောက်ကြောင်းဖြစ်၍ ဒွါရ-မည်၏၊ စိတ်မနောဖြင့်စေ့ဆော်၍ သူတစ်ပါးဥစ္စာကို ငါ၏ဥစ္စာဖြစ်သော် ကောင်းလေစွဟု-ကြံစည်ရာ၌ ကြံစည်သော စိတ်မနောသည်-ကံ-မြောက် ကြောင်းဖြစ်၍ ဒွါရ-မည်၏၊ ထိုတွင်ကာယဝိညတ်ရုပ်သည်-ကာယဒွါရမည်၏၊ ဝစီဝိညတ်ရုပ်သည် ဝစီဒွါရမည်၏၊စိတ်မနောသည်-မနော ဒွါရမည်၏၊ ကာယဝိညတ်ရုပ်ကို စေ့ဆော်သော စေတနာသည် ကာယကံ မည်၏၊ ဝစီဝိညတ်ရုပ်ကို စေ့ဆော်သောစေတနာသည် ဝစီကံမည်၏၊ စိတ်မနောကို စေ့ဆော်သော စေတနာသည် မနောကံ မည်၏။
ဒွါရ-သည် ရုပ်ဒွါရ, နာမ်ဒွါရဟူ၍- နှစ်ပါးရှိ၏၊ ထိုတွင် ရုပ်ဒွါရသည်လည်း
၁။ စက္ခုဒွါရ,
၂။ သောတဒွါရ,
၃။ ဃာနဒွါရ,
၄။ ဇိဝှါဒွါရ,
၅။ ကာယဒွါရ,
ဟူ၍-ပဉ္စဝိညာဏ် ဖြစ်ကြောင်း ဖြစ်သော ဝိညာဏဒွါရ-၅-ပါး။
၁။ ကာယဝိညတ်ရုပ်
၂။ ဝစီဝိညတ်ရုပ်
ဟူ၍ ကံ-မြောက်ကြောင်း ကမ္မဒွါရ-နှစ်ပါး, အားဖြင့် ရုပ်ဒွါရရ-ပါးဖြစ်၏။နာမ်ဒွါရသည်
၁။ မနောဝိညာဏ် ဖြစ်ကြောင်းဖြစ်သောမနောဒွါရ-တပါး,
၂။ မနောကံ ဖြစ်ကြောင်း ဖြစ်သော မနောဒွါရ-တစ်ပါး ဟူ၍-နှစ်ပါးရှိ၏။
ထိုတွင် ဘဝင်စိတ်သည် မနောဝိညာဏ်ဖြစ်ကြောင်းဖြစ်သော မနောဒွါရ-မည်၏၊ ကုသိုလ် အကုသိုလ် ဇောစိတ်များသည် ကံမြောက်ကြောင်းဖြစ်သော-မနောဒွါရမည်၏၊ ဤသို့နာမ်ဒွါရသည် နှစ်ပါးရှိ၏။
ဤသို့လျှင် ရုပ်ဒွါရ ၇-ပါး, နာမ်ဒွါရ ၂-ပါးအားဖြင့် ဒွါရ ၉-ပါးဖြစ်၏၊ ဤကား ကံ, ဒွါရ ခွဲခန်းတည်း။
ဝန္ဒနာပဏာမကို ပြုကြရာ၌-- အချို့သောသူတို့က ကာယဒွါရ, ဝစီဒွါရ, မနောဒွါရ-တည်းဟူသော သုံးပါးသောဒွါရတို့ဖြင့် ရှိခိုးပူဇော် ဖူးမြော်ကန်တော့ပါ၏ဟု-ဒွါရကို ကရိုဏ်းထား၍ ဆိုမှအမှန်မုချနေရာ ကျသည်ဟု-မှတ်ယူ ပြောဆိုကြကုန်၏။
အချို့သောသူတို့က ကာယကံ, ဝစီကံ, မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ရှိခိုးပူဇော် ဖူးမြော်ကန်တော့ပါ၏ဟု-ကံကို ကရိုဏ်း ထား၍ ဆိုသောအစဉ်အလာ မိရိုးဖလာ ဆိုရိုးအတိုင်းပင် အမှန်မုချ နေရာကျ၏ဟု- မှတ်ယူပြောဆိုကြကုန်၏။
ထိုနှစ်ဝါဒတို့တွင် ဒွါရကို ကရိုဏ်းထား၍ဆိုမှ အမှန်မုချ နေရာကျ သည်ဟု-မှတ်ယူပြောဆိုကြသော ဒွါရဝါဒီတို့၏ အယူဝါဒသည် အဋ္ဌကထာကြီးများ ဖွင့်ဆိုချက်နှင့် မညီလေ၊ ကာယကံ, ဝစီကံ, မနောကံ တည်းဟူသော ထို-၃-ပါးတို့ဖြင့် ရှိခိုးပူဇော်ဖူးမြော် ကန်တော့ပါ၏ဟုကံ-ကိုကရိုဏ်းထား၍ ဆိုသောအစဉ်အလာ မိရိုးဖလာ ဆိုရိုးအတိုင်းပင် အမှန်မုချနေရာကျ၏ဟု မှတ်ယူပြောဆိုကြသော ကမ္မဝါဒီတို့၏ အယူဝါဒ သည်သာလျှင် အဋ္ဌကထာကြီးများနှင့် သင့်လျော်လှပေ၏၊ သင့်လျော်ပုံ ကား ရုပ်ဒွါရ-ငါးပါးကို ဖွင့်ဆိုကြသော အဋ္ဌကထာကြီးများ၌“စက္ခုနာ ရူပံ ဒိသွာတိ ကရဏဝသေနစက္ခူတိ လဒ္ဓ ဝေါဟာရေန ရူပဒဿနသမတ္ထေန စက္ခုဝိညာဏေန ရူပံ ဒိသွာ” ဟု-ဖွင့်ကြကုန်၏။
[ဝိသုဒ္ဓိမဂ် အဋ္ဌကထာပါဌ် ၁၆နံပါတ် ကြောင်းရေ ၇။]
အနက်ကား-- စက္ခုနာ ရူပံ ဒိသွာတိ=စက္ခုနာ ရူပံ ဒိသွာ ဟူသည်ကား၊ ကရဏဝသေန=အကြောင်းဒွါရ၏ အစွမ်းဖြင့်၊ စက္ခူတိ= စက္ခုဟူ၍၊ လဒ္ဓဝေါဟာရေန=ရအပ်သောဝေါဟာရရှိသော၊ ရူပဒဿန သမတ္ထေန=ရူပါရုံကို မြင်ခြင်းငှါစွမ်းနိုင်သော၊ စက္ခုဝိညာဏေန= စက္ခုဝိညာဏ်ဖြင့်၊ ရူပံ=ရူပါရုံကို၊ ဒိသွာ=မြင်၍။
အဓိပ္ပါယ်ကား-- ပါဠိတော်၌ စက္ခုနာဟူသော အမည်သည် စက္ခုဒွါရရုပ်၏ အမည်ရင်းပေတည်း၊ စက္ခုဝိညာဏ်၏ အမည်မဟုတ်၊ စက္ခုနာဟူ၍ ရုပ်ဒွါရကို ကရိုဏ်းပြု၍ ဟောတော်မူခြင်းသည်လည်း မုချစကားမဟုတ်၊ လောက၌ မျက်စိဖြင့်မြင်သည်, နားဖြင့်ကြားသည် ဟူ၍ ဆိုရိုးရှိကြသည့်အတိုင်း ဟောတော်မူသော ဥပစာရစကား မျှသာတည်း၊ အမှန်စင်စစ်မှာမူကား စက္ခုနာ-ဟူသောပါဌ်၌ စက္ခုဒွါရ ရုပ်၏ အမည်သာတည်း၊ စက္ခုဝိညာဏ်၏ အမည်မဟုတ် အမှန် စင်စစ်မှာမူကား စက္ခုနာ-ဟူသောပါဌ်၌ အကြောင်းဖြစ်သော စက္ခုဒွါရ ကိုသာ ယူရသည်မဟုတ်၊ အကျိုးဖြစ်သော စက္ခုဝိညာဏ် စိတ်ကိုလည်း ယူရလေသောကြောင့် အကြောင်းဖြစ်သော စက္ခုဒွါရ၏ စက္ခုဟူသော အမည်ရင်းသည် အကျိုးဖြစ်သော စက္ခုဝိညာဏ်၏ အမည်လည်း ဖြစ်ရလေ၏၊ အဘယ့်ကြောင့်နည်းဆိုသော် စက္ခုဒွါရရုပ်သည် ရုပ်တရား ဖြစ်၍ အာရုံကိုသိခြင်း ကိစ္စမရှိ၊ ရူပါရုံကို မြင်ခြင်းငှါစွမ်းနိုင်သော တရား မဟုတ်၊ ထို့ကြောင့် ထိုစက္ခုဒွါရရုပ်သည် ပုဂ္ဂိုလ်၏ မြင်ခြင်းကြိယာ၌ မုချကရိုဏ်းမဖြစ်သင့်၊ စက္ခု ဝိညာဏ်စိတ်သည်မူကား နာမ်တရားဖြစ်၍ အာရုံကိုသိခြင်း ကိစ္စရှိ၏၊ ရူပါရုံကိုမြင်ခြင်းငှါ စွမ်းနိုင်သော တရားဖြစ်၏၊ ထို့ကြောင့် စက္ခုဝိညာဏ်စိတ်သည်သာလျှင် ပုဂ္ဂိုလ်၏မြင်ခြင်း ကြိယာ၌ မုချကရိုဏ်းဖြစ်သင့်၏၊ ထို့ကြောင့် စက္ခုနာရူပံ ဒိသွာ ဟူသောပါဌ်၌ စက္ခုမည်ရင်းဖြစ်သော စက္ခုဒွါရ ရုပ်မျှကိုသာ မယူမူ၍ စက္ခုမည်ရင်း မဟုတ်သော ဝိညာဏ်စိတ်ပါ ယူ၍ “စက္ခုနာ=စက္ခုဝိညာဏ်စိတ်ဖြင့်၊ ရူပံ=ရူပါရုံကို၊ ဒိသွာ=မြင်၍” ဟု မုချအနက်ကို ဖွင့်ဆိုပေသတည်း။ “သောတေန သဒ္ဒံ သုတွာ၊ ဃာနေန ဂန္ဓံ ဃာယိတွာ၊ ဇိဝှါယ ရသံ သာယိတွာ၊ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ”ဟူသော ပါဌ်တို့လည်း သောတ, ဃာန, ဇိဝှါ, ကာယဟူသော အမည်လေးပါးသည် ပသာဒဒွါရရုပ်တို့၏ အမည်ရင်းသာတည်း၊ သို့သော် ထိုဒွါရရုပ်များသည် အာရုံကိုယူတတ်သော တရားမဟုတ်ကြ သောကြောင့် ပုဂ္ဂိုလ်၏ကြားခြင်းအစရှိသော ကြိယာတို့၌ မုချကရိုဏ်း မဖြစ်သင့်၊ အာရုံကိုယူတတ်သော ဝိညာဏ်စိတ်သည်သာလျှင် မုချ ကရိုဏ်းဖြစ်သင့်၏၊ ထို့ကြောင့် “သောတေန= သောတဒွါရဖြင့်” ဟူ၍ဒွါရကရိုဏ်းမျှကို မယူမူ၍ သောတေန= သောတဝိညာဏ်စိတ်ဖြင့် ဟုဒွါရနှင့်တကွ သောတဝိညာဏ်စိတ် ပါရလေအောင် အနက်ပေးရ လေသည်၊ သောတဝိညာဏ်စိတ် ပါမှသာလျှင် မုချအနက်ဖြစ်၏၊ [ဃာနေန= စသောပါဌ်တို့၌လည်း ဤနည်းကိုမှီ၍ သိလေ]
ဤကား ပုဂ္ဂိုလ်၏ မြင်ခြင်းစသော ကြိယာ၌ အကြောင်းဖြစ် သော ဒွါရငါးပါးသည် မုချကရိုဏ်းမဖြစ်သင့်၊ ဥပစာရ ကရိုဏ်း မျှသာ ဖြစ်၏၊ အကျိုးဖြစ်သော ဝိညာဏ် ၅-ပါးသည်သာလျှင် မုချကရိုဏ်း ဖြစ်သင့်၏ဟု- ဆိုလိုရင်းပေတည်း၊ ဤဒွါရရုပ် ၅-ပါး အဖွင့်ကိုထောက်၍တိဿော ဣမာ ဘိက္ခဝေ ဝန္ဒနာ ကာယေန ဝန္ဒတိ, ဝါစာယ ဝန္ဒတိ, မနသာ ဝန္ဒတိ
ဟူသောဝန္ဒနာပဏာမ ပါဌ်၌လည်း “ကာယေန ဝါစာယ” ဟူသော ကရိုဏ်းပါဌ်တို့၏အရကို ကာယဝိညတ်ရုပ် ဝစီဝိညတ်ရုပ် ဟူသော ဒွါရကရိုဏ်းမျှကိုသာ မယူမူ၍ ကာယကံ, ဝစီကံတို့ပါ အနက်ယူကြ ကုန်မှသာလျှင် သင့်မြတ်သည်ဟု သိအပ်၏။
ထို့ကြောင့် ထိုပါဌ်၌,
ဘိက္ခဝေ=ရဟန်းတို့၊ ဝန္ဒနာ=ရှိခိုးခြင်း ဝန္ဒနာပဏာမတို့သည်၊ ဣမာ တိဿော=ဤ ၃- ပါးတို့တည်း၊ ကတမာ တိဿော=အဘယ် ၃- ပါးတို့နည်းဟူမူကား၊ ကာယေန= ကာယဒွါရဖြင့်၊ ဝန္ဒတိ= ရှိခိုး၏၊ ဝါစာယ= ဝစီဒွါရဖြင့်၊ ဝန္ဒတိ=ရှိခိုး၏၊ မနသာ=မနောဒွါရဖြင့်၊ ဝန္ဒတိ=ရှိခိုး၏၊ ဟူသော အနက်သည် အမှန်မုချ အနက်မဟုတ်၊ ဥပစာရ အနက်မျှသာဖြစ်၏၊ “ကာယေန= ကာယကံဖြင့်၊ ဝန္ဒတိ= ရှိခိုး၏၊ ဝါစာယ= ဝစီကံဖြင့်၊ ဝန္ဒတိ=ရှိခိုး၏၊ မနသာ=မနောကံဖြင့်၊ ဝန္ဒတိ=ရှိခိုး၏” ဟူသော အနက်သည်သာလျှင် အမှန်မုချအနက်ဖြစ်သည်ဟု-မှတ်ယူအပ်၏၊ ဤမှတစ်ပါးလည်း ထိုဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ပင်လျှင်--
- “ပေါရာဏာ ပနာဟု စက္ခု ရူပံ န ပဿတိ အစိတ္တကတ္တာ၊ စိတ္တံ န ပဿတိ အစက္ခုကတ္တာ၊ ဒွါရာရမ္မဏ သံဃဋ္ဋေန ပန စက္ခုပသာဒ ဝတ္ထုကေန စိတ္တေန ပဿတိ။ ဤဒိသီပနေသာ ဓနုနာ ဝိဇ္ဈတီတိ အာဒီသုဝိယ သသမ္ဘာရ ကထာနာမ ဟောတိ။ တသ္မာ စက္ခုဝိညာဏေန ရူပံ ဒိသွာတိ အယမေဝေတ္ထ အတ္ထောတိ” ဟူ၍- ယခင်ပါဌ်နှင့် တစ်ဆက်တည်းလာရှိပြန်၏၊ အနက်ကား-- ပေါရာဏာ ပန=ရှေးဆရာတို့သည်ကား၊ အာဟု= ဤသို့ဆိုကြကုန်၏၊ စက္ခု=စိတ်နှင့်မဖက် သက်သက်သော စက္ခုဒွါရ ရုပ်သည်၊ ရူပံ=အဆင်းကို၊ နပဿတိ=မမြင်တတ်၊ ကသ္မာ= အဘယ်ကြောင့်နည်းဟူမူကား၊ အစိတ္တကတ္တာ=စိတ်မဟုတ်သော ကြောင့်တည်း၊ စိတ္တံ= စက္ခုဒွါရရုပ်နှင့် မဖက် သက်သက်သောစိတ်သည်၊ ရူပံ=အဆင်းကို၊ နပဿတိ=မမြင်တတ်၊ ကသ္မာ=အဘယ်ကြောင့်နည်း ဟူမူကား၊ အစက္ခုကတ္တာ=စက္ခုဒွါရရုပ်မရှိသည်၏ အဖြစ်ကြောင့်တည်း၊ ပန=စင်စစ်သော်ကား၊ ဒွါရာရမ္မဏ သံဃဋ္ဋေန=ဒွါရအာရုံတို့၏ အချင်းချင်း ထိခိုက်ခြင်းကြောင့်၊ စက္ခုပသာဒဝတ္ထုကေန=စက္ခုပသာဒရုပ်လျှင် မှီရာဝတ္ထုရှိသော၊ စိတ္တေန=စက္ခုဝိညာဏ်စိတ်ဖြင့်၊ ပဿတိ=မြင်၏၊ ဤဒိသီ=ဤသို့သဘောရှိသော၊ ဧသာ ကထာပန=ဤစကားမျိုးသည် ကား၊ ဓနုနာ ဝိဇ္ဈတီတိ အာဒီသုဝိယ=ဓနုနာဝိဇ္ဈတိ-ဤသို့ အစရှိသည် တို့၌ကဲ့သို့၊ သသမ္ဘာရကထာနာမ=အကြောင်းသမ္ဘာရနှင့်တကွ ပြောဆိုကြသော စကားမျိုးမည်သည်၊ ဟောတိ=ဖြစ်၏၊ တသ္မာ=ထို့ကြောင့်၊ စက္ခုဝိညာဏေန=စက္ခုဝိညာဏ်စိတ်ဖြင့်၊ ရူပံ=အဆင်းကို၊ ဒိသွာ=မြင်၍၊ အယမေဝ=ဤအနက်သည်သာလျှင်၊ ဧတ္ထ=ဤပါဌ်၌၊ အတ္ထော=မုချ အနက်ပေတည်း၊ ဣတိ=ဤသို့၊ အာဟု=ဆိုကြကုန်၏။
ယခင် အရှင်မဟာဗုဒ္ဓဃောသ ဖွင့်ပြသောစကားနှင့် ဤရှေး ဆရာကြီးများစကားသည် လိုရင်းအနက်မှာ မထူးကြ၊ အကျဉ်း အကျယ်မျှသာ ထူးကြ၏၊ “ဓနုနာ ဝိဇ္ဈတိ” ဟူသော စကား၌ “ဓနုနာ= လေးဖြင့်၊ မိဂံ= သမင်ကို၊ ဝိဇ္ဈတိ=ပစ်ဖောက်၏၊” ဟု-ကံပါဌ် ထည့်၍ပေး၊ ဤစကား၌ ဓနုနာ-ဟုဆိုသော်လည်း လေးသက် သက်ကိုသာ မယူအပ်၊ မြားမပါက- လေးသက်သက်ဖြင့် ပစ်ဖောက် နိုင်မည်မဟုတ်၊ ထို့ကြောင့် လေးရောမြားပါအစုံတွဲ၍ “ဓနုနာ=လေးမြားဖြင့်၊ မိဂံ=သမင်ကို၊ ဝိဇ္ဈတိ= ပစ်ဖောက်၏၊” ဟု အနက်ယူမှ မုချအနက်ဖြစ်၏ဟူလိုသည်။။ ဝိဇ္ဈတိသဒ္ဒါသည် ပစ်ခြင်းအနက် မဟော၊ ဖောက်ခြင်းအနက်, စူးရှခြင်း အနက်ကိုသာ ဟော၏၊။ ထို့ကြောင့် “ပစ်ဖောက်၏” ဟူသောစကားမှာ “ပစ်”ဟူသောစကားသည် အခြံအရံ စကားမျှ သာတည်း။။ ဤစကား၌ ရှေးဆရာများ ဆိုသည်ကား ရှင်မဟာ ဗုဒ္ဓဃောသ လက်ထက်သို့မတိုင်မီ ရှေး၌ဖြစ်ကြကုန်သော အဋ္ဌကထာဆရာကြီးများပေတည်း၊ ဤရှေး ဆရာကြီးများ စကားကို ထောက်၍ လည်း “ကာယေန ဝန္ဒတိ ဝါစာယ ဝန္ဒတိ မနသာ ဝန္ဒတိ” ဟူသောပါဌ်၌ “ကာယေန=ကာယဒွါရဖြင့်” ဟူသောအနက်ကို မုချအနက်ဟု-မယူအပ်၊ “ကာယေန=ကာယကံဖြင့်” ဟူသောဒွါရနှင့်ကံ အစုံပါသော အနက်ကိုသာ မုချအနက်ဟု-မှတ်ယူ အပ်၏၊ “ဝါစာယ ဝန္ဒတိ” ဟူသောပါဌ်၌လည်း ထို့အတူတည်း။။ “မနသာ ဝန္ဒတိ” ဟူသောပါဌ်၌ကား မနောဒွါရ-ခေါ်သော ဇောစိတ်များ သည် အာရုံကို ယူတတ်သော တရားများဖြစ်သောကြောင့် “မနသာ= မနောဒွါရဖြင့်” ဟူသောအနက်သည် မုချအနက် မဟုတ်ဟု-မဆိုသာပေ။ ဤအဋ္ဌကထာဖွင့်ချက်များကိုထောက်၍ “ကာယဒွါရ, ဝစီဒွါရ, မနောဒွါရ တည်းဟူသော ၃-ပါးသောဒွါရ တို့ဖြင့်” ဆိုသောစကားသည် အမှန်မုချစကားမဟုတ်၊ ဥပစာရ စကားမျှသာဖြစ်၏၊ “ကာယကံ, ဝစီကံ, မနောကံတည်းဟူသော ၃-ပါးသောကံတို့ဖြင့် ရှိခိုးပူဇော်ဖူးမျှော် ကန်တော့ပါ၏” ဟု- ဆိုသောစကားသည်သာလျှင် အမှန်မုချဖြစ်သော စကားဟူ၍ မှတ်ယူအပ်၏၊ ဤစကားရပ်၌ ရုပ်ဒွါရငါးပါးတို့သည် ပဉ္စဝိညာဏ်တို့၏ ဖြစ်ပေါ်ရန်အကြောင်းလည်း ဖြစ်ကုန်၏၊ စက္ခု ဝိညာဏ်, သောတဝိညာဏ်အစရှိသော အမည်ဝိသေသကို ရနိုင်ရန် အကြောင်းလည်းဖြစ်ကုန်၏၊ ဝိညတ်, ဒွါရနှစ်ပါးတို့ သည်ကား မိမိတို့သည် စေတနာကံကြောင့် ဖြစ်ကြရကုန်သည်ဖြစ်၍ ကံဖြစ်ပေါ်ခြင်း၏ အကြောင်းမဟုတ်ကြကုန်၊ ပါဏာတိပါတအစရှိသော- ကံမြောက်ခြင်း၏ အကြောင်းသာ ဖြစ်ကြကုန်၏။
[ဤကား- ပသာဒဒွါရ-ငါးပါးနှင့် ဝိညတ်ဒွါရ-နှစ်ပါးတို့၏ အထူးကိုပြ ဆိုချက်ပေတည်း]
“ကံသုံးပါးတို့ဖြင့် ရှိခိုးပါ၏” ဟူသော စကားမှာလည်း စေတနာ ကံသည် ကရိုဏ်းဖြစ်လျက် ရှိခိုးခြင်းကြိယာမှာ အဘယ်တရားကို ယူမည်နည်း၊ တရားကိုယ်အားဖြင့်ဆိုသော်--
“ရတနတ္တယပဏာမော ဟိ အတ္ထတော ပဏာမကြိယာ ဘိနိပ္ဖါဒိကာ ကုသလစေတနာ”
ဟူသော ဋီကာကျော်ပါဌ်၌ ပဏာမကြိယာအရကို ရတနာ သုံးပါး၌ ညွတ်ကိုင်းသော အခြင်းအရာအားဖြင့် ဖြစ်ကြသောဒွါရ-တရားတို့ကို ယူရသကဲ့သို့ ထို့အတူဖြစ်ကြသော ဒွါရတရားများကိုယူလေ။ ထိုဋီကာကျော်ပါဌ်သည်လည်း “ရူပဒဿနသမတ္ထေန” ဟူသော အဋ္ဌကထာပါဌ်နှင့် အလားတူပေတည်း။
ဤဋီကာကျော်ပါဌ်၌ အနက်ကား
ရတနတ္တယပဏာမော=ရတနာသုံးပါးအပေါင်းအား ရှိခိုးခြင်း သည်၊ အတ္ထတော=သရုပ်တရားကိုယ်အားဖြင့်၊ ပဏာမကြိယာ ဘိနိပ္ဖါဒိကာ=ရှိခိုးခြင်းကြိယာကို ပြီးစေတတ်သော၊ ကုသလစေတနာ= ကုသိုလ်စေတနာတည်း။
ဤ၌ ရှိခိုးခြင်းကြိယာကားအကျိုးတရား၊ ကုသိုလ် စေတနာကား အကြောင်းတရားတည်း။
[ဤကား ကံဒွါရဝိဝါဒဖြေရှင်းချက်တည်း]
ကံ-ဒွါရဝိဝါဒကို ဖြေရှင်းခန်းပြီး၏။
---------*--------
ဝါဆို ဝါကပ် ဝိဝါဒကို ဖြေရှင်းခန်း
ဝါကပ်ခြင်းအကြောင်းကား-- တနင်္ဂနွေဂြိုဟ်ဟု-ဆိုအပ်သော နေဗိမာန်သည် တစ်ဆယ့်နှစ်ရာသီစက်ကို လှည့်လည်ရာ၌ရက်ပေါင်း၃၀- သည် တရာသီဖြစ်၏၊ တစ်ဆယ့်နှစ်ရာသီ ပြည့်သောအခါ သင်္ကြန်ကျ၍ အတာတက်နေ့သည် နှစ်သစ်နှစ်ဦးတန်ခူးလဆန်းတစ်ရက်နေ့ဖြစ်၏၊ လူအများတို့ခေါ်ဝေါ်ကြသော ဝေါဟာရ တန်ခူးလဆန်းတစ်ရက် နေ့သည်ကား ထိုအတာတက်နေ့သို့ မရောက်မီ ဆယ်ရက်ကျော်ခန့် က ဆန်းခဲ့၏၊ ဝေါဟာရတန်ခူးလဆန်းနှင့် သင်္ကြန်အတာတက်နေ့ဟုဆိုအပ်သော တန်ခူးလဆန်းသည်-အကြား၌၁၀-ရက်ကျော်ခန့် ကွာခြား ၏၊ ထိုအကြား ရက်စုတို့ကို ရက်လွန်ဟု-ခေါ်၏။
ထိုရက်လွန်သည် တစ်နှစ်အတွက်တွင်၁၀-ရက်ကျော်ခန့် ကွာလွန်၏၊ ၂-နှစ်ရှိလျှင် အရက်၂၀-ကျော်လွန်၏၊ ၃-နှစ်ရှိလျှင် အရက် ၃၀-ကျော်လွန်၏၊ ထိုရက်လွန်အရက် ၃၀-သည်-လ-လွန်တစ်လဖြစ်၏၊ ထိုအခါ၌ ဝေါဟာရ တန်ခူးလဆန်း တစ်ရက်နှင့် သင်္ကြန်အတာတက်နေ့ တန်ခူးလဆန်း တစ်ရက်သည် တစ်လလုံးလုံး ကွာခြားလေ၏၊ ထို- လလွန်တစ်လကို ဖျောက်ဖျက်ခြင်းငှါ သုံးနှစ်တစ်ကြိမ် ဝါထပ်ရလေသည်။
သုံးနှစ် တစ်ကြိမ်ဝါမထပ်ခဲ့သော် ဒုတိယသုံးနှစ်တိုင်လျှင် ထို-လ လွန်သည် ၂-လဖြစ်လာလတံ့၊ ဝေါဟာရ တန်ခူးလဆန်းတစ်ရက်နှင့် သင်္ကြန်အတာတန်ခူးလဆန်းတစ်ရက်သည်-အကြား၌ နှစ်လလုံးလုံး ကွာခြားလတံ့။
တတိယသုံးနှစ်တိုင်လျှင် ထိုလလွန်သည် သုံးလ ဖြစ်လတံ့၊ ဝေါဟာရ တန်ခူးလဆန်းတစ်ရက်နှင့် သင်္ကြန်အတာ တန်ခူး လဆန်းတစ်ရက်သည်- အကြား၌ သုံးလလုံးလုံး ကွာခြားလတံ့၊ စတုတ္ထ သုံးနှစ်တိုင်လျှင် ထိုလ-လွန်သည် လေးလဖြစ်လာလတံ့၊ ဝေါဟာရ တန်ခူးလဆန်း တစ်ရက်နှင့် သင်္ကြန်အတာတန်ခူးလဆန်း တစ်ရက်သည် အကြား၌ နှစ်လလုံးလုံးကွာခြားလတံ့။
တတိယသုံးနှစ်တိုင်လျှင် ထိုလလွန်သည် သုံးလဖြစ်လတံ့၊ ဝေါဟာရ တန်ခူးလဆန်း တစ်ရက်နှင့် သင်္ကြန်အတာ တန်ခူးလဆန်းတစ်ရက်သည် အကြား၌သုံးလလုံးလုံး ကွာခြားလတံ့၊ စတုတ္ထသုံးနှစ်တိုင်လျှင် ထိုလလွန်သည် လေးလဖြစ်လာ လတံ့၊ ဝေါဟာရတန်ခူးလဆန်းတစ်ရက်နှင့် သင်္ကြန်အတာတန်ခူး လဆန်းတစ်ရက်သည် အကြား၌လေးလလုံးလုံး ကွာခြားလတံ့၊ ထိုအခါ တစ်ဥတုလုံးလုံး ကွာခြားသဖြင့် ဝေါဟာရတန်ခူးလဆန်း တစ်ရက်သည် ဆောင်းဥတု၏အစ တန်ဆောင်မုန်းလဆန်းတစ်ရက်၌ ကျရောက်လတံ့။
ဤသို့လျှင် ဝါမထပ်ခဲ့သော်လူအများတို့ ခေါ်ဝေါ်ကြသော တန်ခူး, ကဆုန်အစရှိသော ဝေါဟာရတို့သည် သင်္ကြန်အတာနေ့ ဟုဆိုအပ်သောတန်ခူးလဆန်းတစ်ရက်နေ့ကို အစပြု၍ ခေါ်ဝေါ် အပ်သော မိဿရာသီ, ပြိဿရာသီအစရှိသော တစ်ဆယ့်နှစ်ရာသီတို့၌ အတည်မမြဲပြောင်းလဲရွေ့ရှား၍သာ နေကြကုန်ရာ၏၊ ထို့ကြောင့် မိဿရာသီသည် တန်ခူးလမည်၏၊ ပြိဿရာသီသည် ကဆုန်လမည်၏၊ မေထုန်ရာသီသည် နယုန်လမည်၏၊ ဤသို့ အစရှိသည်ဖြင့် သူ့ရာသီ နှင့်သူ လဝေါဟာရ အပြောင်းအလဲ မရှိစေခြင်းငှါ သုံးနှစ်တစ်ကြိမ် ဝါထပ်ခြင်းအမှုကို ပြုရလေ၏။
[ဤကားဝါထပ်ခြင်း အကြောင်းတည်း။]
ရက်ငင်ခြင်း အကြောင်း၌-- ရက်ငင်ဆိုသည်ကား- ကဆုန်လ မှစ၍ ရက်စုံလေးလပြုခြင်းတည်း။ ထိုလေးလတို့တွင် နှစ်လတို့သည် ပကတိအရိုး ရက်စုံမျိုးပင်ဖြစ်ကြကုန်၏၊ ကျန်နှစ်လ တို့သည်မူကား ပကတိအရိုးမှာ ရက်မစုံလများဖြစ်ကြကုန်၏၊ လေးလရက်စုံ သတ်သည့် အတွက် အရက် ၃၀-စီ ရှိကြသော ရက်စုံလများ ဖြစ်ကြကုန်၏၊ ထိုနှစ်လ တို့၌ ပကတိအလို ၂၉-ရက်တွင် လကွယ်နေ့ ကျသည်ကို ရက်စုံသတ် သည့်အတွက် နောက်တစ်ရက်သို့ လကွယ်နေ့ ရွှေ့ပြောင်းရလေ၏ ဤသို့လကွယ်နေ့ ရွှေ့ပြောင်းသည်ကို ရက်ငင်သည်ဟု-ဆို၏။
ရက်ငင်ခြင်းအကြောင်းကား-- ရက်မငင်ခဲ့သည်ရှိသော် ရှေ့၌ ရက်လွန်ဟူ၍ ပြဆိုခဲ့သော လွန်သောရက်များသည် ဝါထပ် သော်လည်း အကုန်မပါနိုင်၊ နှစ်ရက်ခန့် အကြွင်းအကျန် ရှိသေး၏၊ ထိုရက်လွန်များ အတွက် ဝေါဟာရ၌ လကွယ်နေ့သည်-လ-ပေါ်ထွက်၍ လဆန်း ၂- ရက်နေ့၌ ကျရောက်လေရာ၏၊ ဒုတိယသုံးနှစ်တိုင်လတ်သော် ၎င်းလကွယ်နေ့သည် လပေါ်ထွက်၍ လဆန်း ၄-ရက်နေ့၌ ကျရောက် လေရာ၏။
ဤသို့ စသည်ဖြင့် ဝေါဟာရရက်နှင့် စန္ဒြရက်သည် သုံးနှစ် တစ်ကြိမ် ကွာခြား၍ သွားခဲ့သော် လပြည့်, လကွယ်တို့သည်လည်း ရက်နေ့ ရွှေ့ပြောင်း၍ကုန်ရာ၏၊ ထို့ကြောင့် ရှေးဦးစွာ -လ-ပေါ်သောနေ့ သည် လဆန်းတစ်ရက်မည်၏၊ လဗိမာန်သည် ဝိုင်းဝိုင်းဝန်းဝန်း ပြည့်ဝန်း သဖြင့် ပုဏ္ဏမီခေါ်ရသောနေ့သည် လပြည့်နေ့ မည်၏၊ နေနှင့်-လ-သည် အထက်အောက် ထပ်မိကြသဖြင့် လ-၏အရိပ်သည် အောက်သို့ ထွက်လေ၍ ထိုအရိပ်ဖုံးကွယ်သဖြင့် လကိုမမြင်ရသောနေ့သည် လကွယ် နေ့မည်၏၊ ဤသို့ အစရှိသည်ဖြင့် သူ့တိထီနှင့် သူ့ရက်ဝေါဟာရ အပြောင်းအလဲ မရှိစေခြင်းငှါ သုံးနှစ်တစ်ကြိမ် ရက်ငင်ခြင်းအမှုကို ပြုရလေ၏။
[ဤကား ရက်ငင်ခြင်းအကြောင်းတည်း။]
ဤ၌ ဝါထပ်ခြင်း, ရက်ငင်ခြင်းအကြောင်းကို ပြဆိုသည်မှာ အကြမ်းမျှသာတည်း၊ အနုအစိတ်အစဉ်အကျယ်ကိုမူကား ဗေဒင်လက်ရိုးကျမ်းတို့၌ လာရှိသည့်အတိုင်း အမှန်အကန် တွက်ချက်၍သိလေ။
ဤဝါထပ်မှု, ရက်ငင်မှုသည်လည်း ရာဇမတ္တဏ် ဗေဒင်ကျမ်းကြီး၌ လာသောနည်းပေတည်း၊ ထိုကျမ်းနည်းမှာ ဝေါဟာရ-လဆန်း, လပြည့်, လကွယ်တို့နှင့် စန္ဒြ-လဆန်း, လပြည့်, လကွယ်တို့ကို များစွာ ကွာခြား၍ မသွားစေခြင်းငှါ တစ်နှစ်တွင် ၆-လကို ရက်မစုံလပြု၍ ဝေါဟာရ ၆-ရက်ကို ဖျောက်ရလေ၏၊ ထိုသို့ မပြုခဲ့သော် ရှေ့၌ ပြဆိုခဲ့ သည့်အတိုင်း ဝေါဟာရ လကွယ်နေ့သည်-လ-ပေါ်ထွက်၍ လဆန်း ၂- ရက်နေ့မှာ ကျလတံ့၊ ၄-ရက်နေ့၌ကျလတံ့၊ ဝေါဟာရလကွယ်နေ့၌ လသည် ပေါ်ထွက်၍ မြင့်စွာသော ကောင်းကင်၌ မြင်ကြရလတံ့၊ နေဝင် လထွက်ဆိုသော ဝေါဟာရ လပြည့်နေ့၌လည်း လ-သည် နေမဝင်မီ ပေါ်ထွက်၍ မြင့်စွာသောကောင်းကင်၌ မြင်ကြရလတံ့၊ ဝေါဟာရ လကွယ်နှင့် စန္ဒြ-လကွယ်သည် တစ်နေ့တစ်ခြား ကွာခြား၍ သွားလတံ့၊ များစွာကွာခြား၍ မသွားစေခြင်းငှါ ရက်မစုံ ၆-လ ပြုရလေ၏၊ ဤသို့ ရက်မစုံ ၆-လပြုရသည့်အတွက် ဝေါဟာရနှစ်မှာ ရက်ပေါင်း ၃၆၀- မပြည့်မူ၍ ၃၅၄-ရက်တွင် ဝေါဟာရတစ်နှစ် ဖြစ်ရလေ၏။
[ဤကား-ရာဇမတ္တဏ်ကျမ်းအစရှိသော ရှေးရှေးသော ဗေဒင်ကျမ်း များ, ရှေးရှေးသော ပူရာဏ်ကျမ်းများ, ဗုဒ္ဓဘာသာကျမ်းဂန်များအလို ပေတည်း။]
ရက်-လ-လွန် မရှိရန် ပြုပြင်ထားပုံ
ငါတို့မြတ်စွာဘုရားမပွင့်မီ နှစ်ပေါင်းအသောင်းများစွာကစ၍ လာခဲ့သော “သူရိယသိဒ္ဓန္တ” အမည်ရှိသော ဗေဒင်ကျမ်းကြီးသည်ရှိ၏၊ ထိုကျမ်းကြီး၌မူကား ဝေါဟာရတန်ခူးလဆန်းတစ်ရက်နှင့် သင်္ကြန် အတာနေ့ တန်ခူးလဆန်း တစ်ရက်၏ အကြား၌ကွာခြားသော ရက်လွန်, လလွန်ဟူ၍- မရှိစေခြင်းငှါ၎င်း, ထိုသို့မရှိခဲ့သော် ဝေါဟာရတန်ခူး လဆန်း တစ်ရက်နှင့် သင်္ကြန်အတာနေ့ တန်ခူးလဆန်း တစ်ရက်တို့သည် နှစ်စဉ်အတိုင်းပြိုင်ထပ်၍ သွားစေခြင်းငှါ၎င်း, တစ်နှစ်အတွင်း၌ ဝေါဟာရလတို့ကို တစ်နည်းတစ်မျိုး ပြုပြင်၍ ထားလေ၏။
တစ်နည်းတစ်မျိုးပြုပြင်ပုံကား--
ပြာသိုလသည် (၃၁) ရက်ရှိ၏။
တပို့တွဲလသည် (၂၈) ရက်ရှိ၏။
တပေါင်းလသည် (၃၁) ရက်ရှိ၏။
တန်ခူးလသည် (၃၀) ရက်ရှိ၏။
ကဆုန်လသည် (၃၁) ရက်ရှိ၏။
နယုန်လသည် (၃၀) ရက်ရှိ၏။
ဝါဆိုလသည် (၃၁) ရက်ရှိ၏။
ဝါခေါင်လသည် (၃၁) ရက်ရှိ၏။
တော်သလင်းလသည် (၃၀) ရက်ရှိ၏။
သီတင်းကျွတ်လသည် (၃၁) ရက်ရှိ၏။
တန်ဆောင်မုန်းလသည် (၃၀) ရက်ရှိ၏။
နတ်တော်လသည် (၃၁) ရက်ရှိ၏။
ပေါင်း တစ်နှစ်အတွင်း ၃၆၅-ရက်ရှိ၏။
၂၈-ရက်ကား တစ်လသာပါ၏၊ ရက်ပေါင်း (၃၀)ကား လေးလ ပါ၏၊ ရက်ပေါင်း (၃၁)ကား ခုနစ်လပါ၏။
ဤကျမ်းအလိုမှာ လလွန်ဟူ၍ မရှိသောကြောင့် ဝါထပ်ဖွယ်ကိစ္စ မရှိလေပြီ၊ ရက်လွန်မှာမူကား လုံးလုံးမပြတ်နိုင်၊ တစ်နှစ်တွင် နာရီလွန် ကျန်ရှိ၏၊ ထိုနာရီလွန်သည် ၄-နှစ်ရှိလျှင် တစ်ရက်ပြည့်၏၊ ထို့ကြောင့် ၄-နှစ်တစ်ကြိမ် ရက်ငင်တစ်ရက်ပြု၍ (၂၈)ရက်ရှိသော တပို့တွဲလကိ်ု (၂၉)ရက်ပြု၍ ၄-နှစ်တစ်ကြိမ် ရက်ငင် ရလေ၏၊ ပြာသိုလ၌ အတာ သင်္ကြန်ကျ၍ ပြာသိုလဆန်း တစ်ရက်နေ့သည် နှစ်ဆန်းနေ့ ဖြစ်လေ၏၊ [ဤကား “သူရိယသိဒ္ဓန္တ” ဗေဒင်ကျမ်းကြီးအလိုပေတည်း။]
ဝိနည်းအလို ပြဆိုချက်
ဤအရာ၌ ဝိနည်းပညတ်တော်ကို ပြဆိုရာ၏၊ ဝိနည်း ပညတ် တော်သည် ပကတိစာရိတ္တပညတ်, ဝိကတိစာရိတ္တ ပညတ်ဟူ၍ နှစ်မျိုး ရှိ၏၊ ထိုနှစ်မျိုးတို့တွင် ပကတိစာရိတ္တ ပညတ်ဆိုသည်ကား ဝါထပ် ရက်ငင်မရှိဟူ၍ နိုင်ငံသူ နိုင်ငံသား လူအများတို့၏ ပကတိ ခေါ်ဝေါ်ရိုး အတိုင်း အစဉ်လိုက်၍ ကျင့်ဆောင်အပ်သော ဝိနည်း ပညတ်တော်သည် ပကတိစာရိတ္တ ပညတ်မည်၏။
ဒွေမာ ဘိက္ခဝေ ဝဿုပနာယိကာ၊ ကတမာ ဒွေ ပုရိမိကာ ပစ္ဆိမိကာတိ၊ အပရဇ္ဇုဂတာယ အာသဠှိယာ ပုရိမိကာ ဥပဂန္တဗ္ဗာ၊ မာသကတာယ အာသဠှိယာ ပစ္ဆိမိကာ ဥပဂန္တဗ္ဗာ။
[မဟာဝါပါဠိတော်]
အနက်ကား-- ဘိက္ခဝေ=ရဟန်းတို့၊ ဝဿုပနာယိကာ=ဝါကပ်ခြင်း တို့သည်၊ ဣမာဒွေ=ဤနှစ်ပါးတို့တည်း၊ ကတမာ ဒွေ=အဘယ်နှစ်ပါးတို့ နည်းဟူမူကား၊ ပုရိမိကာ စ=ပထမဝါကပ်ခြင်းလည်း တစ်ပါး၊ ပစ္ဆိမိကာ စ=ဒုတိယဝါကပ်ခြင်းလည်းတစ်ပါး၊ ဣမာဒွေ=ဤနှစ်ပါးတို့တည်း၊ တတ္ထ=ထိုဝါကပ်ခြင်း နှစ်ပါးတို့တွင်၊ အာသဠှိယာ=ဝါဆိုလသည်၊ အပရဇ္ဇုဂတာယ=လဆုတ်တစ်ရက်သို့ ရောက်လတ်သော်၊ ပုရိမိကာ= ပထမဝါကို၊ ဥပဂန္တဗ္ဗာ=ကပ်အပ်၏၊ အာသဠှိယာ=ဝါဆိုလသည်၊ မာသကတာယ=တစ်လလွန်ပြီးသည်ရှိသော်၊ ပစ္ဆိမိကာ=ဒုတိယဝါကို၊ ဥပဂန္တဗ္ဗာ=ကပ်အပ်၏။
ဝါဆိုလဆုတ် တစ်ရက်၌လည်း ဝါကပ်အပ်၏၊ ဝါခေါင်လဆုတ် တစ်ရက်၌လည်း ဝါကပ်အပ်၏။
[ဤကား ပကတိစာရိတ္တပညတ်တော်တည်း။]
ဝိကတိစာရိတ္တပညတ်တော်ဆိုသည်ကား ဝါထပ်မှု, ရက်ငင်မှုသို့ အစဉ်လိုက်လျောကျင့်ဆောင်အပ်သော ဝိနည်းပညတ်တော်သည် ဝိကတိစာရိတ္တပညတ်တော်မည်၏။
အနုဇာနာမိ ဘိက္ခဝေ ရာဇာနံ အနုဝတ္တိတုံ [မဟာဝါပါဠိတော်]
အနက်ကား-- ဘိက္ခဝေ=ရဟန်းတို့၊ ရာဇာနံ= တိုင်းရှင်ပြည်ရှင် မင်းတို့၏ အလိုသို့၊ အနုဝတ္တိတုံ=အစဉ်လိုက် လျောခြင်းငှါ၊ အနုဇာနာမိ= ငါဘုရားခွင့်ပြုတော်မူ၏။
တိုင်းရှင် ပြည်ရှင်မင်းတို့က ဝါထပ်ရက်ငင်ပြုသော နှစ်မှာမူကား
တိုင်းရှင် ပြည်ရှင်မင်းတို့၏ အလိုသို့လိုက် လျော၍ ဒုတိယဝါဆိုလဆုတ် တစ်ရက်နေ့၌ ပထမဝါကို ကပ်ခြင်းငှါ ခွင့်ပြု၏၊ ဝါခေါင်လဆုတ် တစ်ရက်နေ့၌ ဒုတိယဝါကို ကပ်ခြင်းငှါ ခွင့်ပြု၏ ဟူလိုသည်။ [ဤကား ဝိကတိစာရိတ္တပညတ်တော်တည်း။]
ဤ၌ တိုင်းရှင် ပြည်ရှင်မင်းတို့၏ အလိုသည် နှစ်ပါးရှိ၏၊
၁။ တိုင်းသူ ပြည်သားတို့၏ အလိုကားမဟုတ်၊ တိုင်းရှင် ပြည်ရှင် မင်းတို့၏ အလိုသက်သက်မျိုးတစ်ပါး၊
၂။ တိုင်းသူ ပြည်သားတို့၏ အလိုကိုပင် တညီတညွတ် ဖြစ်စေ ခြင်းငှါ တိုင်းရှင် ပြည်ရှင်မင်းတို့က တစ်တိုင်းလုံး အနှံ့အပြား အမိန့်ထုတ်ပြန်ချက်ကို ပြုလုပ်ရသော အလိုမျိုးလည်း တစ်ပါး၊ ထိုနှစ်ပါးတို့တွင် ဤအရာ၌ တိုင်းရှင် ပြည်ရှင်မင်းတို့၏ အလို ဆိုသော်လည်း တိုင်းသူ ပြည်သားတို့၏ အလိုပင်တည်း၊ တိုင်းသူ ပြည်သားတို့၏ အလိုဆိုသည်မှာလည်း ကမ္ဘာဦးအခါမှစ၍ ရာဇမတ္တဏ် ကျမ်းအလိုကို အသုံးပြုကြသော တိုင်းသူပြည်သားတို့၏ ရှေးထုံး ရှေးနည်းကြီးပေတည်း။ ထို့ကြောင့် “အနုဇာနာမိ ဘိက္ခဝေ ရာဇာနံ အနုဝတ္တိတုံ” ဟူသော ပညတ်တော်မှာလည်း တိုင်းရှင်ပြည်ရှင် မင်းတို့ ဆင့်ဆိုချက်အတိုင်း တိုင်းသူ ပြည်သားတို့၏ ရှေးထုံး ရှေးနည်းကြီးကို အစဉ်လိုက်လျောခြင်းငှါ ငါဘုရားခွင့်ပြုတော်မူ၏ဟူ၍ပင် ဆိုလို သတည်း။
ငါတို့မြန်မာနိုင်ငံသည်မူကား ရာဇမတ္တဏ် ဗေဒင်ကျမ်းနည်းကို အသုံးပြုရာနိုင်ငံဖြစ်၏၊ နိုင်ငံရှင်အစိုးရမင်းများသည်ကား “သူရိယသိဒ္ဓန္တ” ဗေဒင်ကျမ်းနည်းကို အသုံးပြုလုပ်ကြ၏၊ ယခုထက်တိုင် သူတို့ ဝေါဟာရနှင့် သူတို့ပြုလုပ်ကြ၏၊ နိုင်ငံသူနိုင်ငံသားတို့မူကား သင်တို့ ဝေါဟာရကို ပယ်ရှား၍ ငါတို့ဝေါဟာရအတိုင်း ပြုလုပ်ကြရမည်ဟုအနိုင်အထက် ပြုလုပ်ခြင်း မရှိကြကုန်၊ မရှိရုံမျှမကသေး၊ နိုင်ငံသူ နိုင်ငံသားတို့၏ အရိုးအစဉ် ဝေါဟာရကိုပင် သဘောတူလိုက်လျော ကူညီခြင်းကို ပြုကြပေကုန်၏။
ပြုပုံကား သင်္ကြန်ကျခါနီးလတ်သော် သာသနာပိုင် ဆရာတော် သည် ဗေဒင်တတ်မြန်မာဆရာ, ပုဏ္ဏားဆရာတို့ကို ဆင့်ဆိုတော်မူ၍ ရှေးလာလတံ့သောနှစ်သစ်၏ အကြောင်းအရာတို့ကို မှန်ကန်စွာ တွက်ချက်စေပြီးလျှင် အစိုးရမင်းများထံသို့ တင်သွင်းရ၏၊ အစိုးရမင်း များထံက သဘောတူချက် လက်မှတ်ကို ခံယူရရှိပြီးမှ သင်္ကြန်အတာ သတင်းစာများ၌ ထည့်သွင်း၍ ရဟန်းရှင်လူ နိုင်ငံသူ နိုင်ငံသားများကို မိန့်ကြားကြော်ငြာရလေ၏။
[ဤကား ပကတိစာရိတ္တ, ဝိကတိစာရိတ္တ နှစ်ပါးကိုပြဆိုချက်တည်း။]
ရက်, လ, နှစ်, ၄-မျိုးပြဆိုချက်
ဤအရာ၌ ပကတိဝေါဟာရ, ဝိကတိဝေါဟာရနှစ်ပါးကို ထင်ရှားစေခြင်းငှါ ရက်, လ, နှစ် လေးမျိုးကို ပြဆိုရာ၏၊
လေးမျိုးဆိုသည်ကား--
၁။ သူရိယ- ရက်, လ, နှစ်, တစ်မျိုး၊
၂။ သာဝန- ရက်, လ, နှစ်, တစ်မျိုး၊
၃။ စန္ဒြ- ရက်, လ, နှစ်, တစ်မျိုး၊
၄။ ဝေါဟာရ- ရက်, လ, နှစ်, တစ်မျိုး၊
ဤသို့လျှင် ရက်, လ, နှစ်, လေးမျိုးရှိ၏၊ ထိုလေးမျိုးတို့တွင်-သူရိယ-ရက်, လ, နှစ်-- ဆိုသည်ကား နေဗိမာန်သည် တစ်နေ့ တစ်နေ့လျှင် ယူဇနာသုံးသန်းပြည့်၍ တစ်ပတ်စေ့လျှင် တစ်အင်္သာ ခေါ်၏၊ ထိုအင်္သာ ၃၀-သည် တစ်ရာသီဖြစ်၏၊ ၁၂-ရာသီသည် တစ်နှစ်ဖြစ်၏၊ ထိုအခါ သင်္ကြန်ကျ၏။
[ဤကား သူရိယ-ရက်, လ, နှစ်ပေတည်း]
သာဝန-ရက်, လ, နှစ် ဆိုသည်ကား-- တစ်ရက်အဖို့တွင် လိုရာအချိန်ကိုမှတ်၍ ရက်တစ်ပတ်လည်သဖြင့် ထိုအချိန်သို့ရောက်လျှင် တစ်ရက်ခေါ်၏၊ သန်းခေါင်အချိန်ကိုမှတ်၍ ရက်တစ်ပတ်လည်သဖြင့် သန်းခေါင်အချိန်ရောက်လျှင် တစ်ရက်ခေါ်၏၊ ညဉ့် ၁၂-နာရီ အချိန်ကို မှတ်၍ ရက်တစ် ပတ်လည်သဖြင့် ထို ၁၂-နာရီသို့ရောက်လျှင် တစ်ရက် ခေါ်၏၊ နာရီပြန်တစ်ချက်, နာရီပြန်နှစ်ချက်စသည်တို့တွင် တစ်ခုခုကိုသာ အမှတ်ပြု၍ ရက်တစ်ပတ်လည်သဖြင့် ထိုနာရီတစ်ခုခုသို့ရောက်လျှင် တစ်ရက်မည်၏၊ ထိုရက်ပေါင်း (၃၀)သည် တစ်လမည်၏၊ လပေါင်း ၁၂-သည် တစ်နှစ်မည်၏။
[ဤကား သာဝန-ရက်, လ, နှစ်ပေတည်း။]
ဤသာဝနနှစ်သည် သူရိယနှစ်နှင့် တစ်နှစ်ပြည့်ပြီးနောက် ၅- ရက်ကျော် ၆-ရက်ခန့် ရှိပြီးမှ သူရိယတစ်နှစ်ပြည့်၍ သင်္ကြန်ကျ၏၊ စန္ဒြ-ရက်, လ, နှစ် ဆိုသည်ကား-- လဆန်း, လပြည့်, လဆုတ်, လကွယ်ဟူ၍ လဗိမာန်ကိုပဓာနပြု၍ ခေါ်ဝေါ်အပ်သော ရက်-လသည် စန္ဒြရက်, စန္ဒြလမည်၏၊ ထိုလဖြင့် ၁၂-လသည် စန္ဒြနှစ် မည်၏၊ ဤစန္ဒြနှစ်သည် သူရိယနှစ်အောက် ၁၁-ရက်ကျော်ငယ်၏၊ စန္ဒြနှစ်နှင့် တစ်နှစ်ပြည့်ပြီးနောက် ၁၁-ရက်ကျော်ခန့်ရှိပြီးမှ သူရိယတစ်နှစ်ပြည့်၍ သင်္ကြန်ကျ၏။
[ဤကား စန္ဒြ-ရက်, လ, နှစ်ပေတည်း။]
ဝေါဟာရ-ရက်, လ, နှစ် ဆိုသည်ကား-- နံနက် နေအရုဏ် တက်သည်မှစ၍ ထိုနေ့-ထိုည ကုန်ဆုံးသဖြင့် နောက်နေ့ အရုဏ်တက် လျှင် တစ်ရက်ရပြီဟု-လူအများတို့ ခေါ်ရိုး ပြုကြ၏၊ ထိုရက်ဖြင့် အရက် ၃၀-သည် တစ်လမည်၏၊ လပေါင်း ၁၂- လသည် တစ်နှစ်မည်၏၊ [ဤကား ဝေါဟာရ-ရက်, လ, နှစ်ပေတည်း။]
ဤဝေါဟာရနှစ်သည် သာဝနနှစ်နှင့် များစွာမခြားသောကြောင့် သူရိယနှစ်အောက် ၅-ရက်ကျော် ခန့်ငယ်၏ဟု- ဆိုရန်ရှိသော်လည်း တစ်နှစ်တွင် ရက်မစုံ ၆-လအတွက် ၆-ရက်ယုတ်လျော့ ခြင်းရှိပြန်သော ကြောင့် စန္ဒြနှစ်ကဲ့သို့ပင် သူရိယနှစ်အောက် ၁၁-ရက်ကျော်ခန့် ငယ်လေ၏၊ ဝိနည်းပညတ်တော်၌ ရဟန်းခံထိုက်သော အသက်၂၀- စစ်ခန်း၌ထေရ်ကြီး, ထေရ်ငယ်, ဝါကြီး, ဝါငယ် စစ်ခန်းများမှာ သာဝနရက်, လ, နှစ်ဖြင့် စစ်အပ်၏၊ သင်္ကန်း, သပိတ်, အဓိဋ္ဌာန် တင်ခန်း, ပရိဝါသ်, မာနတ်ကျင့်ခန်းစသည်ဖြင့် အရုဏ်တက်မှုနှင့် ပိုင်းခြားအပ် သော အရာတို့မှာ ဝေါဟာရ ရက်, လ, နှစ်ဖြင့် စစ်အပ်၏၊ [ဤကား-ရက်, လ, နှစ်, လေးမျိုးကိုပြခန်းတည်း။]
ထိုလေးမျိုးတို့တွင် သူရိယ, သာဝန, စန္ဒြ ဤသုံးမျိုးတို့မှာ ဗေဒင်တွက်ကိန်းဖြင့် တွက်ချက်၍ကြည့်မှ အမှန်ကိုသိနိုင်သောကြောင့် ဗေဒင်ဆရာများသာ အမှန်သိနိုင်သော အရာဖြစ်၏၊ ဝေါဟာရမှာမူကား ငါတို့မြန်မာနိုင်ငံ၌ ရာဇဝင်အစဉ်အဆက် မိရိုးဖလာအစဉ်အဆက် တစ်နှစ်လျှင်တစ်ကြိမ်ကျ သူ့လ, သူ့ရက်နှင့် သူ့နှစ်စဉ်ထာဝရ ပြုလုပ်၍ လာကြကုန်သော ဘုရားပွဲကြီး ဘုရားပွဲငယ်အမျိုးမျိုး, နက္ခတ်ပွဲကြီး, နက္ခတ်ပွဲငယ်အမျိုးမျိုး, နတ်ပွဲကြီး, နတ်ပွဲငယ်အမျိုးမျိုး, စျေးပွဲကြီး စျေးပွဲငယ်အမျိုးမျိုး, ပျော်ပွဲကြီး ပျော်ပွဲငယ်အမျိုးမျိုး ရှိကြကုန်၏၊ တစ်လလျှင် ၄-သီတင်း, တစ်လလျှင် ၈-သီတင်းခေါ်ကြသော လစဉ် ဥပုသ်နေ့ရက်တို့လည်း ရှိကြကုန်၏၊ ဤအလုံးစုံသည် ဗေဒင်တွက်ကိန်း နှင့် မစပ်ပဲ နိုင်ငံသူ နိုင်ငံသား လူအများတို့၏အမှတ်သညာ ဝေါဟာရ၏ အစွမ်းဖြင့် ထင်ရှားစွာလာရှိ၍ နေသောကြောင့် ဝေါဟာရ- ရက်, လ, နှစ်များမည်ပေ၏။
ရဟန်းတော်တို့၏ ဥပုသ်နေ့, ပဝါရဏာနေ့, ဝါဆိုဝါကပ် နေ့ရက် များကိုလည်း ထိုလူတို့၏ ဝေါဟာရ- ရက်, လ, နှစ်မျိုးကို အစဉ် လိုက်လျော၍ ပြုကြရကုန်၏။
ပြုပုံကား အကြင်နှစ်၌ မင်းစိုးရာဇာနှင့်တကွသော နိုင်ငံသူ နိုင်ငံသားတို့သည် ဝါထပ်ခြင်း, ရက်ငင်ခြင်းမရှိ၊ ပကတိဝေါဟာရအတိုင်း ထိုပွဲကြီး, ပွဲငယ်တို့ကို ပြုကုန်ကြ၏၊ ထိုနှစ်၌ ရဟန်းတော်တို့သည်လည်း ဝါဆိုခြင်း, ရက်ငင်ခြင်း မရှိ၊ ပကတိ ဥပုသ်နေ့, ပဝါရဏာနေ့, ဝါဆိုနေ့, ဝါကျွတ်နေ့တို့ကို ပြုကြရကုန်၏၊ အကြင်နှစ်၌ မင်းစိုးရာဇာနှင့် တကွသော နိုင်ငံသူ နိုင်ငံသားတို့သည် ဝါထပ်ခြင်း, ရက်ငင်ခြင်းနှင့်တကွ ဝိကတိ ဝေါဟာရအတိုင်း ထိုပွဲကြီး, ပွဲငယ်တို့ကို ပြုကြရကုန်၏၊ ထိုနှစ်၌ ရဟန်းတော်တို့သည်လည်း ဝါထပ်ခြင်း, ရက်ငင်ခြင်းရှိသော ဝိကတိ ဝေါဟာရ ဥပုသ်နေ့, ပဝါရဏာနေ့, ဝါဆိုနေ့, ဝါကျွတ်နေ့တို့ကို ပြုကြရ ကုန်၏။
ရဟန်းတော်တို့က လူတို့၏ ပကတိဝေါဟာရကို ငြင်းပယ်၍ ဝိကတိဝေါဟာရကို မပြုအပ်၊ လူတို့၏ ဝိကတိဝေါ ဟာရကို ငြင်းပယ်၍ ပကတိဝေါဟာရကိုလည်း မပြုအပ်၊ ရဟန်းတော်တို့က လူတို့၏ ပကတိ ဝေါဟာရကို ပြုခြင်းဆိုသည်ကား မင်းစိုးရာဇာနှင့်တကွသော နိုင်ငံသူ နိုင်ငံသားတို့၏ ဝါထပ်ခြင်း, ရက်ငင်ခြင်းမရှိသော ပကတိဝေါဟာရကို ငြင်းပယ်၍ ဤနှစ်သည်ကား ဝါထပ်နှစ်, ရက်ငင်နှစ်ကျ၏၊ ဝါထပ် ရက်ငင်ဗေဒင် တွက်ကိန်းအမျိုးမျိုးနှင့်ညီ၏၊ ဝါဆိုလပုဏ္ဏမီ, တိထီရက်စဉ်, စန်းယှဉ် နက္ခတ်များလည်း ညီညွတ်၏၊ ကောင်းကင်၌ မျက်မြင်ဒိဋ္ဌများ နှင့်လည်း ညီညွတ်၏ဟု- ဝါထပ်ခြင်း, ရက်ငင်ခြင်းကို ပြုခြင်းတည်း။
ဝိကတိဝေါဟာရကို ပကတိဝေါဟာရ ပြုလုပ်ခြင်းဆိုသည်ကား မင်းစိုးရာဇာနှင့်တကွသော နိုင်ငံသူ နိုင်ငံသားတို့၏ ဝါထပ်ခြင်း, ရက်ငင်ခြင်းပါရှိသော ဝိကတိဝေါဟာရကို ငြင်းပယ်၍ ဤနှစ်သည်ကား ဝါထပ်နှစ်, ရက်ငင်နှစ်မကျ၊ ဝါထပ်ရက်ငင် ဗေဒင်တွက်ကိန်း အမျိုး မျိုးနှင့်မညီ၊ ဝါဆိုလပုဏ္ဏမီ, တိထီရက်စဉ်, စန်းယှဉ် နက္ခတ်များလည်း မညီညွတ်၊ ကောင်းကင်၌ မျက်မြင်ဒိဋ္ဌများနှင့်လည်း မညီညွတ်ဟုဝါထပ်ခြင်း ရက်ငင်ခြင်းကို မပြုခြင်းတည်း။
အကြောင်းမူကား--
ဤပကတိဝေါဟာရကို ဝိကတိပြုခြင်းသည် သာသနာတော်ထမ်း ရဟန်းတော်တို့၏ တာဝန်မဟုတ်, လူတို့၏ တာဝန်ဖြစ်၏၊ သာသနာ တော်ထမ်းရဟန်းတော်တို့၏ ကိစ္စမဟုတ်၊ လူတို့၏ကိစ္စသာ ဖြစ်၏၊ သာသနာတော်ဝန်ထမ်း ရဟန်းတော်တို့၏ အကြောင့်ကြ မဟုတ်, လူတို့၏ အကြောင့်ကြသာဖြစ်၏၊ ရဟန်းတော်တို့သည်ကား ဤရက်, လ, နှစ် ဝေါဟာရအရာမှာ လူတို့၏ဝေါဟာရသို့ အစဉ်လိုက်ကြသော နောက်လိုက်နောက်ပါမျှသာ ဖြစ်ကြကုန်၏၊ ဤကား “အနုဇာနာမိ ဘိက္ခဝေ ရာဇာနံ အနုဝတ္တိတုံ” ဟူသော ဝိနည်းပညတ်ပါဠိတော်မြတ်၏ အလိုတော်ပေတည်း။
[ဤသည်လျှင် ဝါဆို ဝါကပ်ဝိဝါဒရှင်းလင်းချက်တည်း။]
ဝါဆို ဝါကပ် ဝိဝါဒရှင်းလင်းခန်းပြီး၏။
ဗေဒင်ကျမ်းအလို ကမ္ဘာ့အခြင်းအရာပြဆိုခန်း
ရာဇမတ္တဏ်ကျမ်းလာ ကမ္ဘာမြေကြီး ပြားပုံ
“ရာဇမတ္တဏ်” ကျမ်းကြီး “သူရိယသိဒ္ဓန္တ” ကျမ်းကြီးဟူ၍ ကျမ်းကြီး နှစ်ကျမ်းရှိရာတွင် ရာဇမတ္တဏ်ကျမ်းကြီး၌လာသော ဤကမ္ဘာ၏ အခြင်းအရာကို အနည်းငယ်ပြဆိ်ုရာ၏၊ ရှေးကမ္ဘာဦးကျမ်းဟောင်းများ, ပူရာဏ်ကျမ်းဟောင်းများနှင့် ဗုဒ္ဓဘာသာကျမ်းဂန်များ၌လာသော ကမ္ဘာ့အခြင်းအရာသည်ကား ဤပထဝီမြေကြီးသည် အလုံးမဟုတ်, အပြင်ကြီး, အပြားကြီးသာ ဖြစ်၏၊ အထက်အောက် အထုယူဇနာနှစ်သိန်းလေးသောင်းရှိ၏၊ အရှေ့, အနောက်, တောင်, မြောက် အဆုံးမရှိသော အနန္တမျိုးဖြစ်၏၊ ဤမြေကြီး၏ အောက်၌ခံသော ရေပြင်ကြီးသည်လည်း အထက်အောက် အထုယူဇနာ လေးသိန်း ရှစ်သောင်းရှိ၏၊ အရပ်လေးမျက်နှာ၌လည်း အဆုံးမရှိ အနန္တမျိုးပင် ဖြစ်၏၊ ဤရေပြင်ကြီး၏ အောက်၌ခံသော လေပြင်ကြီးသည်ကား အထုယူဇနာ ကိုးသိန်းခြောက်သောင်းရှိ၏၊ အရပ်လေးမျက်နှာ၌အဆုံးမရှိ အနန္တမျိုးပင်ဖြစ်၏၊ ဤလေပြင်ကြီး၏အောက်၌မူကား အနန္တကောင်း ကင်ရှိ၏၊ ထိုကောင်းကင်ကြီးသည်ကား အောက်၌လည်း အဆုံးမရှိ အနန္တမျိုး ဖြစ်၏၊ လှုပ်ရှားခြင်းမရှိသော ပကတိလေတို့ဖြင့် ပြည့်လျက်ရှိ၏၊ ထိုတွင် မြေကြီးအပေါ်၌ လောကဓာတ်ခေါ်သော စကြဝဠာပေါင်းအနန္တ သည် တည်လျက်ရှိ၏၊ တစ်ခုခုသော စကြဝဠာ၌ အရံဖြစ်သော စကြဝဠာ တောင်ဝိုင်းကြီးသည် ဝန်းရံလျက်ရှိ၏၊ ထိုစကြဝဠာတောင်ဝိုင်းကြီး၏ အတွင်း၌ မဟာသမုဒ္ဒရာကြီး လေးစင်းသည်တည်ရှိ၏၊ ထိုစကြဝဠာ၏ အလယ်တည့်တည့်၌ မြင့်မိုရ်တောင်ကြီး ကို ဝန်းရံလျက် သီတာသမုဒ္ဒရာ ခုနစ်တန်, သတ္တရဘန် တောင်ဝိုင်းကြီး ခုနစ်ခုတို့သည် တည်ရှိကြကုန်၏၊ ထိုမှပြင်ဘက်၌ အရှေ့, အနောက်, တောင်, မြောက်, လေးမျက်နှာတို့၌ ကျွန်းကြီးလေးကျွန်းတို့နှင့် ကျွန်းငယ်အများတို့သည် တည်ရှိကြကုန်၏။
[ဤကား-မဟာပထဝီမြေကြီးနှင့်ဆိုင်ရာ ကမ္ဘာ၏အဆောက်အဦ ပေတည်း။]
အထက်ကောင်းကင်၌မူကား စာတုမဟာရာဇ် နတ်ဘုံ, တာဝတိံသာနတ်ဘုံ အစရှိသည်ဖြင့် နတ်ပြည် ခြောက်ထပ် တို့သည် အဆင့်ဆင့် တည်ရှိကြကုန်၏၊ ထိုမှအထက်၌ ပထမစျာန် ၃-ဘုံ, ဒုတိယစျာန် ၃-ဘုံ, တတိယစျာန် ၃-ဘုံ, ရူပစတုတ္ထစျာန် ၇-ဘုံ, အရူပပဉ္စမစျာန် ၄-ဘုံ ဟူသော ဗြဟ္မာဘုံပေါင်း ၂၀-တို့သည် အဆင့်ဆင့် တည်ရှိကြကုန်၏၊ လူ့ဘုံနှင့် ပေါင်းသော် သုဂတိဘုံပေါင်း ၂၇-ဘုံရှိ၏၊ ထိုတွင် ဤလူ့ပြည်မှ မြင်ကြရသော နေ, လ, ဂြိုဟ်, ကြယ်, နက္ခတ်, တာရာ အနန္တတို့သည် စာတုမဟာရာဇ်နတ်ဘုံ ဖြစ်ကြပေကုန်၏၊ ဤကမ္ဘာမြေကြီးပေါ်မှာ ရှိနေကြကုန်သော နတ်ကောင်း, နတ်ဆိုး အမျိုးမျိုး, ဘီလူးမျိုး, သားရဲမျိုး, သံဘက်မျိုး, တဇ္ဇေမျိုး, မြေဘုတ်မျိုး အနန္တတို့သည်လည်း စာတုမဟာရာဇ်နတ်ဘုံ၏ ဆိုင်ရာတို့သာ ဖြစ်ကြ ကုန်၏။
ထိုတွင် ဘီလူးအမျိုးမျိုး, သားရဲအမျိုးမျိုး, သံဘက်အမျိုးမျိုး, တဇ္ဇေအမျိုးမျိုး, မြေဘုတ်အမျိုးမျိုးတို့သည် လူ့ပြည်၌ လူသတ္တဝါတို့၌ လည်းကောင်း- နွား, ကျွဲ, ဆိတ်, ဝက် စသော တိရစ္ဆာန်သတ္တဝါတို့၌ လည်းကောင်း- ကျောက်ဆိုး ရောဂါမျိုး, ဝမ်းရောဂါမျိုး, ပလိပ် ရောဂါမျိုး, တုတ်ကွေးရောဂါမျိုးအစရှိသော ကပ်ရောဂါအမျိုးမျိုးတို့ကို မိမိတို့ တန်ခိုးဖြင့် ဖြစ်ပွားအောင် ပြုလုပ်ပြီးလျှင် လူတို့၏အသွေးအဆီတို့ကို စုတ်ယူမျိုသောက်လေ့ရှိကုန်၏၊ သို့သော် တောကျားတို့သည် လူကို လည်းကောင်း, တစ်ပါးသော တိရစ္ဆာန်ကိုလည်းကောင်း, ဖမ်းစားရာ၌ ကဲ့သို့ ထိုနတ်ဆိုးတို့၏ သွေးစုတ်မှုမှာ ခံရသူသတ္တဝါကိုယ်၌ အပြတ် အသတ်, အနာအဆာကို လူတို့က မမြင်ကြရသည့်အတွက် ထိုကပ်ရောဂါ မျိုးများကို နတ်ဆိုးတို့ပြုလုပ်၍ ဖြစ်သည်ဟု- မယူမဆနိုင် ရှိနေကြကုန်၏။
[ဤကား-အထက်ကောင်းကင်ကြီးနှင့် ဆိုင်ရာ ကမ္ဘာ၏ အဆောက် အဦများပေတည်း]
ထိုတွင်--
ဤကမ္ဘာမြေကြီးနှင့်တကွ စကြဝဠာတောင်, မြင့်မိုရ်တောင်, သတ္တရဘန်တောင်တို့သည်ကား ရွေ့ရှားသွားလာခြင်းမရှိ၊ တစ်ကမ္ဘာလုံး အခိုင်အမြဲ တည်ရှိ၍ နေကြကုန်၏။
အထက်ကောင်းကင်ဘုံစုတွင် နေ, လ, ဂြိုဟ်, ကြယ်, နက္ခတ်, တာရာအပေါင်းတို့သည်ကား မြင့်မိုရ်တောင်ကို အလယ်ထား၍ တစ်ကမ္ဘာလုံး လှည့်လည်သွားလာ၍ နေကြကုန်၏။
[ဤကား-ရာဇမတ္တဏ်ကျမ်း, ကမ္ဘာဦးကျမ်းဟောင်း, ပူရာဏ်ကျမ်း ဟောင်း, ဗုဒ္ဓဘာသာကျမ်းဂန်တို့၌လာသော ကမ္ဘာ၏အကျဉ်းချုပ် စကားပေတည်း။]
သူရိယသိဒ္ဓန္တကျမ်းလာ ကမ္ဘာမြေကြီးလုံးပုံ
သူရိယသိဒ္ဓန္တကျမ်း၌လာသော ကမ္ဘာ၏အခြင်းအရာကို ပြဆိုပေအံ့။
ဤမဟာပထဝီမြေကြီးသည် အပြင်ကြီး, အပြားကြီး မဟုတ်၊ ကွမ်းသီးသဏ္ဌာန်ကဲ့သို့ အလုံးကြီးသာတည်း၊ တောင်ဖက်စွန်း, မြောက် ဖက်စွန်းဟူ၍ အစွန်းနှစ်ခုရှိ၏၊ ဝင်ရိုးစွန်းနှစ်ခုခေါ်ကြ၏၊ လူသတ္တဝါ, နွား, ကျွဲစသော တိရစ္ဆာန်သတ္တဝါ, သစ်ပင်, တော, တောင်စသော သက်ရှိသက်မဲ့ အလုံးစုံတို့သည် ထိုမဟာပထဝီ မြေလုံးကြီး၌ မှီ၍နေကြ ကုန်၏၊ ထိုမဟာပထဝီ မြေလုံးကြီးသည် အလွန်လျင်မြန်လှသော အဟုန်ဖြင့် အမြဲလည်၍နေ၏။
လည်ပုံမှာလည်း-- ပွတ်လက်သမားတို့၏ ပွတ်ဆွဲရာ ပွတ်ခံရာ၌ ပွတ်လုံးလည်သကဲ့သို့လည်းကောင်း, မာတုဂါမတို့၏ ဗိုင်းငင်ရာ ရက်ဖောက်ယောက်ရာတို့၌ ချည်ငင်ရက်ဖောက်, ယောက်လုံးတို့၏ လည်ခြင်းကဲ့သို့လည်းကောင်းတည်း၊ တစ်နေ့လျှင် တစ်ပတ်ရ၏၊ တစ်ပတ်ရလျှင် တစ်ရက်ခေါ်ရ၏၊ မြေကြီးကို မှီ၍နေကြကုန်သော သက်ရှိသက်မဲ့ဝတ္ထုတို့သည်လည်း မြေကြီးလည်ရာသို့ အစဉ်လိုက်ပါ၍ နေကြရလေကုန်၏၊ နေ, လ, နက္ခတ်, တာရာတို့သည်ကား အထက် ကောင်းကင်၌ သွားလာခြင်းမရှိဘဲ အမြဲတည်နေကြကုန်၏၊ ထိုကမ္ဘာ မြေလုံးကြီး၏ အလည်တည့်တည့်ဖြစ်၍ အမိုဆုံး အမောက်ဆုံးဖြစ်သော ဌာနသည် မေရု-မြင့်မိုရ်မည်၏။
ထိုကမ္ဘာမြေကြီး၏ မြောက်အစွန်းပေါ်၌ ၆-လပတ်လုံး နေ မဝင်မူ၍ ၆-လပတ်လုံး နေမထွက်သော ကျွန်းများလည်းရှိ၏။
ထို့အတူ ၃-လပတ်လုံး, နေမဝင်မူ၍ ၃-လပတ်လုံး, နေမထွက် သောကျွန်းများ, တစ်လပတ်လုံး, လခွဲပတ်လုံး, နေမဝင်မူ၍ တစ်လ ပတ်လုံး, လခွဲပတ်လုံး, နေမထွက်သော ကျွန်းများလည်းရှိ၏၊ စကြဝဠာ တောင်, မြင့်မိုရ်တောင်, သီတာသမုဒ္ဒရာခုနစ်တန်, သတ္တရဘန် တောင်စဉ် ခုနစ်ထပ်ဟူ၍ကား မရှိကုန်။
ဤ၌ ထိုမဟာပထဝီမြေလုံးလည်ရာသို့ အစဉ်အမြဲ လိုက်ပါ၍ နေကြကုန်သော သက်ရှိသက်မဲ့ ဝတ္ထုတို့သည် အောက်အနန္တ ကောင်း ကင်ကြီးထဲသို့ လွင့်စင်လွတ်ကျ၍ ကုန်ဖွယ်ရာ အလွန်ကောင်းလှ၏၊ အဘယ့်ကြောင့် လွင့်စဉ်လွတ်ကျ၍ မကုန်ကြလေသနည်းဟူမူကား ကမ္ဘာ၏အရှင်ဖြစ်သော သင်္ကဿရအမည်ရှိသော နတ်မင်းကြီး သည်ရှိ၏၊ အနန္တတန်ခိုးနှင့် ပြည့်စုံ၏၊ ထိုနတ်မင်းကြီးသည် မြေကြီး ပေါ်၌ထိုင်၍ သင်မြေကြီးသည် မိမိနှင့် သက်ဆိုင်သမျှ သက်ရှိသက်မဲ့ ဝတ္ထုတို့ကို အမြဲလျှင် ဆွဲငင်၍ထားရမည်ဟု- တန်ခိုး အမိန့်ကို ပေး၍ ထား၏၊ ထို့ကြောင့် မြေကြီးနှင့် စပ်ဆိုင်သမျှသော သက်ရှိသက်မဲ့ ဝတ္ထု တို့သည် မြေမှလွတ်၍ အနန္တကောင်းကင်ကြီးသို့ လွင့်စင်ကျရောက်၍ သွားခြင်း မရှိကြလေကုန်။
[ဤကား-“သူရိယသိဒ္ဓန္တ” ကျမ်း၌လာသော ကမ္ဘာ၏ အကျဉ်ချုပ် စကားပေတည်း။]
ရှေး၌ပြဆိုခဲ့သော ဗေဒင်ကျမ်းကြီး နှစ်ကျမ်းတို့တွင် ရာဇ မတ္တဏ်ကျမ်းဆိုသည်ကား မင်းရာဇာတို့၏ တောင်းပန်ချက်နှင့် စီရင်သော ကျမ်းဆိုလိုသည်။
“သူရိယသိဒ္ဓန္တကျမ်း“၌ သူရိယဆိုသည်ကား နေဝန်းသဏ္ဌာန်ကြီး ကိုဆို၏၊ သိဒ္ဓန္တဆိုသည်ကား ကမ္ဘာသူ ကမ္ဘာသားတို့၏ မျက်မြင်ဒိဋ္ဌ သာဓကသက်သေကိုဆို၏၊ နေဝန်းကြီး၏ အလားအလာကို မျက်မြင်ဒိဋ္ဌ သာဓကသက်သေပြု၍ ကမ္ဘာ၏အခြင်းအရာကိုပြဆိုသော ကျမ်းဟူ၍ ဆိုလို၏။
နေထွက်နေဝင် မျက်မြင်သက်သေပြုပုံ မျက်မြင်သာဓကပြဆိုပုံကား--
ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့သည် နံနက်စောစော၌ နေထွက်ရာအရပ်သို့ ကြည့်ရှု၍ နေကြကုန်သည်ရှိသော် နေဝန်း သဏ္ဌာန်ကြီးသည် ကမ္ဘာမြေကြီး၏ အရှေ့စွန်းနိမ့်ရာအရပ်မှ မြေကြီး စွန်းနှင့် ထိစပ်၍ ပေါ်ထွက်လာသည်ကိုသာ မြင်ကြရလေကုန်၏၊ အထက်ကောင်းကင်မှ ပေါ်ထွက်လာသည်ကို မမြင်ကြရလေကုန်၊ နေဝင်သောအခါ၌လည်း ကမ္ဘာသူ ကမ္ဘာသားတို့သည် နေဝင်ရာအရပ်ကို ကြည့်ရှု၍ နေကြကုန်သည်ရှိသော် နေဝန်းသဏ္ဌာန်ကြီးသည် ကမ္ဘာမြေ ကြီး၏ အနောက်စွန်း မြင့်ရာအရပ်မှ မြေကြီးစွန်းနှင့် ထိစပ်၍ ကွယ်ပျောက်သည်ကိုသာ မြင်ကြရလေကုန်၏၊ အထက်ကောင်းကင်မှ ကွယ်ပျောက်သွားသည်ကို မမြင်ကြရလေကုန်၊ ထို့ကြောင့် ဤနေ၏ အလားအလာကို မျက်မြင်ဒိဋ္ဌသာဓကပြုပြီးလျှင် ကမ္ဘာမြေကြီးကို လုံးသည်ဟူ၍ ဆိုပေ၏။
လည်ခြင်း၏ အကြောင်းမှာမူကား ကမ္ဘာမြေကြီးသည် မလည်ခဲ့သည်ရှိသော် အောက်ကောင်းကင်သို့ ကျသွားလေရာ၏၊ မျက်တောင် တစ်ခတ် လျှပ်တစ်ပြက်မျှ တည်မြဲ၍ မနေနိုင်လေရာ၊ ထို့ကြောင့် အောက်သို့မကျနိုင် စေခြင်းငှါ မိမိကိုယ်မှ အလွန်လျင်မြန် ပြင်းထန်သော လေဟုန်တို့ကို အစဉ်အမြဲ ဖြစ်ပွါးစေပြီးလျှင် မိမိကိုယ်ကိုလည်း ထိုလေဖြင့် ရွက်ဆောင်၍နေပေ၏၊ ထို့ကြောင့် ထိုကမ္ဘာမြေလုံးကြီးသည် အောက်သို့ မကျလေဘဲ အစဉ်အမြဲတည်နိုင်လေသတည်း။
[ဤကား “သူရိယသိဒ္ဓန္တ” ဗေဒင်ကျမ်းကြီးအလို ပြဆိုချက်တည်း။]
ဗေဒင်ကျမ်းအလို ကမ္ဘာ့အခြင်းအရာ ပြဆိုခန်းပြီး၏။
ကမ္ဘာနှင့်ဆိုင်ရာအချက်ကြီး ၅-ချက်
၁။ အထက်ကောင်းကင်စက်ကြီး မရပ်မတည် အမြဲလည်၍ နေကြောင်း။
၂။ မြင့်မိုရ်တောင်ကြီး အမြဲတည်ရှိ၍ နေကြောင်း။
၃။ ကောင်းကင်စက်ကြီးကို အစွဲပြု၍ အချိန်, နာရီ, နေ့, ညဉ့်, ရက်, လ, နှစ် အပိုင်းအခြား ထင်ရှားရှိနေရကြောင်း။
၄။ မဟာပထဝီမြေကြီး မလိမ့်မလည် အမြဲတည်၍နေကြောင်း။
၅။ လူတို့၏ ကိုယ်တွေ့မျက်မြင် အထင်အမှတ်မျိုးသည် အမှား အမျိုးမျိုးရှိကြောင်း။
[ဤကား အချက်ကြီး ၅-ချက်ပေတည်း။]
ကောင်းကင်စက်ကြီး အမြဲလည်နေပုံ
“အထက်ကောင်းကင်၌ ကောင်းကင်စက်ကြီး မရပ်မတည် အမြဲလည်၍နေကြောင်း” ဟူသောစကား၌--
ကောင်းကင်စက်ကြီးဆိုသည်ကား
မြေအပြင်မှသည် ယူဇနာ ပေါင်း (၄၂၀၀၀) မြင့်သောကောင်းကင်ပြင်၌ မရပ်မတည် အမြဲလည်၍ နေသော နက္ခတ်စက်ကြီးကို ကောင်းကင်စက်ကြီး ဆိုပေသတည်း၊ ထိုကောင်းကင် စက်ကြီးသည် မရပ်မတည် အမြဲလည်၍နေကြောင်း ကိုကား ကမ္ဘာသူ ကမ္ဘာသားတို့၏ မျက်မြင်ဒိဋ္ဌအားဖြင့် ထင်ရှားလျက် ရှိနေ၏၊ အဘယ်သို့ ထင်ရှားလျက် ရှိနေသနည်းဟူမူကား နေ, လ, နက္ခတ်, တာရာ, ကြယ်အပေါင်း တို့တွင် နေ, သည်အသွားမြန်၏၊ လ, သည်အသွားနှေး၏၊ လကွယ်နေ့၌ နေနှင့်လသည် ထပ်တူထပ်မျှ တွေ့ဆုံ၍နေကြ၏၊ လဆန်းတစ်ရက်နေ့မှစ၍ နေသည် ရှေ့သို့ တစ်နေ့ တစ်ခြား တိုးတက်၍ လာသည်ကို ကမ္ဘာသူ ကမ္ဘာသားတို့ အမြဲဒိဋ္ဌ တွေ့မြင်သိရှိ၍ နေကြ၏၊ လသည် တစ်နေ့တစ်ခြား ဆုတ်ခွါ၍ ကျန်ရစ် သည်ကို ကမ္ဘာသူ ကမ္ဘာသားတို့ အမြဲဒိဋ္ဌ တွေ့မြင်သိရှိ၍ နေကြ၏၊ [ဤ၌ နေနှင့်လသည် တစ်နေ့တစ်နေ့မှာ ယူဇနာတစ်သိန်း တစ်သိန်း ကွာခြား၍ သွားသည်ဟု- ကျမ်းဂန်တို့ဆို၏၊]
နေနှင့်နက္ခတ်သည်လည်း တစ်နေ့တစ်နေ့မှာ ယူဇနာများစွာ ရှေ့နောက်ကွာခြား၍သွားသည်ကို အမြဲဒိဋ္ဌ တွေ့မြင် သိရှိ၍ နေကြ၏၊ နေပုံကား ညဉ့်အခါ၌ အထက်ကောင်းကင်ကို နေ့စဉ်ကြည့်ရှု၍ နေသည်ရှိသော် နက္ခတ်တို့သည် ညဉ့်အခါ၌ အရှေ့ အရပ်မှပေါ်ထွက်၍ တစ်နေ့တစ်ခြား ကောင်းကင်သို့ အဆင့်ဆင့်မြင့်၍ လာကြသည်ကို ထင်ရှားစွာ မြင်ကြရ၏၊ အနောက်အရပ်သို့ အတွင်သွား၍ နေကြရ ကုန်၏၊ လဆန်း ၁၅-ရက်ရှိလတ်သော် နေနှင့်လတို့သည် မြင့်မိုရ်တောင်မှ အရှေ့အနောက်တည့်တည့်ရှိနေကြ၏၊ အကြား၌ ယူဇနာပေါင်း တစ်သန်းငါးသိန်း ကွာခြားကြ၏၊ လဆုတ်တစ်ရက်နေ့မှစ၍ နေနှင့် လသည် တစ်နေ့တစ်ခြား နီး၍သွားပြန်၏၊ လဆန်း ၁၄-ရက်, ၁၅- ရက်ရှိလတ်သော် နေနှင့်လသည် တွေ့ရှိထပ်မိကြပြန်၏။
[ဤကား နေ, လနှစ်ပါးတို့၏ မျက်မြင်ဒိဋ္ဌ ကမ္ဘာ့ထုံးစံကြီးဖြစ်၍ နေပုံတည်း။]
ဤမျက်မြင်ဒိဋ္ဌ ကမ္ဘာ့ထုံးစံကြီးကို ထောက်သဖြင့် ကောင်းကင် စက်ကြီးသည် မရပ်မတည် အမြဲလည်၍ နေသည်ဟု အမှန်မုချ သိနိုင်ကြကုန်ရာ၏၊ မည်သူတစ်ယောက်မျှ ငြင်းပယ်နိုင်ကြရန်မရှိသော စန္ဒ, သူရိယသာဓက သက်သေကြီးပေတည်း၊ ထိုနည်းအတူနေနှင့် ထိုထိုနက္ခတ်တို့သည်လည်း ကောင်းကင်၌ တစ်လလျှင် တစ်ခါတွေ့ရှိ ထပ်မိကြကုန်ပြီးလျှင် နေ့စဉ်နေ့တိုင်း တစ်နေ့တစ်ခြား ဝေးကွာသွားကြ သည်ကိုလည်းကောင်း, တစ်နေ့တစ်ခြားနီး၍ သွားကြသည်ကို လည်းကောင်း, တွေ့မြင်သိရှိကြ၏၊ ထို့အတူ ကောင်းကင်တစ်ခွင်လုံး၌ ရှိနေကြကုန်သော ကြယ်အပေါင်းတို့သည်လည်း နေ, လ, နက္ခတ် တို့နှင့်နည်းတူ သွားလာ၍ နေကြကြောင်း မျက်မြင်ဒိဋ္ဌ ထင်ရှား၍ နေကြကုန်၏၊ ကောင်းကင်တစ်ပြင်လုံးသည် အစဉ်ထာဝရအားဖြင့် ကျယ်စွာသော ဗန်း,ဆန်ကောကြီး၌ ဆီးဖြူသီးတွေကို ထည့်ထားပြီးလျှင် အစွန်း၌ကိုင်၍ လှည့်လည်ရာ၌ ဆီးဖြူသီးတို့သည် ရပ်တည်မရ လှည့်လည်၍ နေကြကုန်သကဲ့သို့ ကောင်းကင်စက်ကြီး၌ ရှိနေကြ ကုန်သော နေ, လ, နက္ခတ်, တာရာ, ကြယ်အပေါင်းတို့သည်လည်း ကောင်းကင်ပြင်ကြီး၌ မျက်တောင်တစ်မှိတ်မျှ မရပ်မတည် လှည့်လည်၍ နေကြလေကုန်သတည်း။
လှည့်လည်၍ နေကြရန်အကြောင်းမှာလည်း စကြဝဠာ တောင်ကြီးမှ အတွင်းဘက်သို့ အမြဲတိုက်၍ နေကြကုန်သော လေတို့ သည်လည်း ရှိကြကုန်၏၊ မြင့်မိုရ်တောင်, သတ္တရဘန်တောင်စဉ် ၇- ထပ်တို့မှ အပဘက်သို့ အမြဲထွက်၍ နေကြကုန်သော လေတို့သည် လည်းရှိကြကုန်၏၊ ထိုလေတို့သည် ကောင်းကင်ပြင်၌ ပေါင်းဆုံကြပြီးလျှင် လေဗွေဝိုင်းကြီးဖြစ်၍ မြင့်မိုရ်တောင်ကို အမြဲလည်၍ နေလေ၏၊ နေ, လ, နက္ခတ်, တာရာ, ကြယ် အပေါင်းတို့သည်လည်း ရွှေ, ငွေ, ရတနာဖြင့် ပြီးသော နတ်တို့နေရာ ဘုံဗိမာန်တို့ပေတည်း၊ ထိုနတ်ဘုံ၌ရှိသော ရွှေ, ငွေစသော ရတနာတို့သည် အလွန်ပေါ့ကြကုန်၏၊ လူ့ပြည်၌ရှိသော ရွှေ, ငွေစသော ရတနာတို့သည် အလွန်လေးကြကုန်၏။
အကြောင်းမူကား ထိုရတနာတို့၌ ပထဝီဓာတ်, အာပေါဓာတ် ဟူသော ဂရုကဓာတ်နှစ်ပါးသည် အလွန်နုံ့၏၊ တေဇောဓာတ် ဝါယော ဓာတ်ဟူသော လဟုကဓာတ်နှစ်ပါးသည် အလွန်ထက်သန်၏၊ ထိုတွင် တေဇောဓာတ် အလွန်ထက်သန်သောကြောင့် ထိုဘုံဗိမာန်တို့သည် အရောင်အဝါ အလွန်တောက်ပကုန်၏၊ ဝါယောဓာတ် အလွန်ထက်သန် သောကြောင့် ထိုဘုံဗိမာန်တို့သည် အလွန်ပေါ့ကုန်၏၊ ပြဆိုခဲ့ပြီးသော လေဗွေဝိုင်းကြီးသည် ထိုရတနာဘုံဗိမာန်တို့ကို လဲမှို့, လက်ပံမှို့တို့ကဲ့သို့ အစဉ်အမြဲ ရွက်ဆောင်လှည့်လည်၍ နေလေ၏၊ လူ့ပြည်၌ ရှိနေကြ ကုန်သော ရတနာတို့၌ ပထဝီဓာတ်, အာပေါဓာတ် ဟူသောဂရုကဓာတ် နှစ်ပါးသည် အလွန်ထက်သန်၏၊ တေဇောဓာတ် ဝါယောဓာတ် ဟူသောလဟုကဓာတ် နှစ်ပါးသည် အလွန်နုံ့ခြင်းကြောင့် ပေါ့ပါးခြင်း လည်း မရှိကြလေကုန်။
ဤမြေကြီးအပြင်မှ အထက်ယူဇနာပေါင်း လေးသောင်း နှစ်ထောင်ရှိသော ကောင်းကင်ပြင်ကြီး၌လည်း လှုပ်ရှားခြင်းမရှိသော လေသေတို့သည် အပြည့်တည်ကုန်၏၊ ကောင်းကင်၌ပျံသော ငှက် တို့သည် အတောင်ဖြင့် ထိုလေသေတို့ကို ယက်၍သွားလာကြကုန်၏၊ အလွန် မြင့်သောကောင်းကင်၌ ပျံသွား၍နေသော လင်းတငှက်တို့သည် အောက်မြေပြင်၌ အစားအစာကိုမြင်၍ အောက်သို့ဆင်းလာကြကုန်ရာ ပြင်းထန်သောလေအဟုန်တို့ဖြင့် ထိုလေသေတို့ကို တွန်းဝှေ့တိုက်ခိုက်၍ ဆင်းလာကြရကုန်၏၊ ဤလေအထုကြီးသည် အထက်လေဗွေဝိုင်းကြီး၏ လည်းကောင်း, ကောင်းကင်ဘုံဗိမာန်တို့၏လည်းကောင်း အထောက် အပံ့ကြီးဖြစ်ပေ၏။
[ဤတွင်ရွေ့ကား ကမ္ဘာ့အရိုးအစဉ် မျက်မြင်ဒိဋ္ဌကြီးကို သက်သေ သာဓက ခိုင်လုံစွာပြပြီးလျှင် “ကောင်းကင်စက်ကြီးသည် မရပ်မတည် အမြဲလည်၍နေသည်” ဟူသော ဗုဒ္ဓဘာသာကျမ်းဂန်စကားကို အတည်ပြုခြင်း, နေ, လ, နက္ခတ်, တာရာတို့သည် မလှည့် မလည် အမြဲတည်၍ နေကုန်သည်ဟူသော “သူရိယသိဒ္ဓန္တ” ကျမ်းစကားကို ပယ်ရှားခြင်း ကိစ္စပြီး၏၊]
မြင့်မိုရ်တောင်ကြီး အမြဲတည်ပုံ
ကမ္ဘာ၏အလယ်၌ မြင့်မိုရ်တောင်ကြီး အမြဲတည်ရှိ၍နေကြောင်း ဟူသောစကား၌
၎င်းမြင့်မိုရ်တောင်ကြီးသည်
ကမ္ဘာ၏အလယ်၌ အမြဲတည်ရှိ၏၊ ၎င်းမြင့်မိုရ်တောင်ကြီးကို ပတ်ဝိုက်၍ အနက် အကျယ်အားဖြင့် ယူဇနာ ရှစ်သောင်းလေးထောင်နက်ကျယ်သော မဟာသမုဒ္ဒရာကြီးသည် တည်ရှိ၏၊ ၎င်းမြင့်မိုရ် တောင်ကြီးသည် ထိုသမုဒ္ဒရာကြီး၌ ယူဇနာ ရှစ်သောင်းလေးထောင်နစ်မြုပ်၏၊ ၎င်းရေပေါ်သို့လည်း ယူဇနာ ရှစ်သောင်းလေးထောင်ပေါ်၏၊ ထိုမှပြင်ဖက်၌ ယုဂန္ဓိုရ်တောင် အစရှိသော တောင်စဉ် ၇-ထပ်တို့သည် သီတာသမုဒ္ဒရာ ခြားကြကုန် လျက် တည်ရှိကြကုန်၏၊ ထိုတွင် ယုဂန္ဓိုရ်တောင်သည် မြင့်မိုရ်တောင်၏ ထက်ဝက်နိမ့်၏၊ ယူဇနာ လေးသောင်းနှစ်ထောင်ရှိ၏၊ ကြွင်းသော တောင်တို့သည်လည်း အစဉ်အတိုင်းထက်ဝက်စီ နိမ့်ကြကုန်၏၊ ပြဆိုခဲ့ပြီး သော ကောင်းကင်စက်ကြီးသည်မူကား မြင့်မိုရ်တောင်၏ ထက်ဝက်၌ ဖြစ်သော ယုဂန္ဓိုရ်တောင်ထိပ်နှင့်ညီမျှသော ကောင်းကင်အပြင်၌ တည်ပြီးလျှင် မြင့်မိုရ်တောင်ကြီးကို အစဉ်အမြဲ လှည့်လည်၍နေလေ၏၊ ထို့သို့လှည့်လည်ရာတွင် နေဗိမာန်ရောက်ရာ ကျွန်းအပြင်တို့မှာ နေ့အခါဟူ၍ ဖြစ်ရာ၏၊ နေဗိမာန်မရောက်မူ၍ မြင့်မိုရ်တောင်ကွယ်ရာ ကျွန်းအပြင်တို့မှာ ညဉ့်အခါဟူ၍ ဖြစ်ရာ၏၊ ဤသို့လျှင် ကမ္ဘာ၏ အလယ်၌မြင့်မိုရ်တောင်ကြီးအမြဲတည်ရှိလေသောကြောင့် ကမ္ဘာသူ ကမ္ဘာသားတို့၌ နေ့ဟူသော, ညဉ့်ဟူသော အပိုင်းအခြားသည် ကမ္ဘာ အရိုးအစဉ်အားဖြင့် ထင်ရှားရှိနေပေ၏၊ အကယ်၍ မြင့်မိုရ်တောင်ကြီး သည် မရှိခဲ့ငြားအံ့၊ နေ လတို့ကိုအမြဲမြင် နေကြရကုန်သဖြင့် နေ့အခါ, ညဉ့်အခါဟူသောအပိုင်းအခြားသည် ထင်ရှားမရှိသည် ဖြစ်ရာ၏၊ “သူရိယသိဒ္ဓန္တ” ကျမ်း၌မူကား လှည့်လည်၍နေသော ကမ္ဘာမြေ လုံးကြီးကို အလယ်ထား၍ လူတို့သည် ၎င်းမြေလုံးကြီး၏ အထက် အပြင်၌ ရောက်နေကြသောအခါ နေ့အခါဖြစ်၏၊ ၎င်းမြေလုံးကြီး အောက်အပြင်၌ ရောက်နေကြသောအခါ ညဉ့်အခါဖြစ်၏ဟုဆိုလို၏။
ကမ္ဘာစက်ဝိုင်းကြီး မရပ်မတည်အမြဲလည်၍နေသည်ဟူသော အချက် ကြီးခိုင်မြဲသဖြင့် ကမ္ဘာ၏အလယ်၌မြင့်မိုရ်တောင်ကြီး အမြဲတည်ရှိ၍ နေသည်ဟူသော စကားအချက်ကြီးသည် ခိုင်မြဲလေ၏၊ ဤစကား ခိုင်မြဲသဖြင့် “သူရိယသိဒ္ဓန္တ” ကျမ်း၌ ကမ္ဘာမြေလုံးကြီးကို အစွဲပြု၍ နေ့ညဉ့်ပိုင်း ခြားမှုသည်ပျက်လေ၏။
[ဤတွင်ရွေ့ကား ကမ္ဘာစက်ဝိုင်းကြီး မရပ်မတည်အမြဲလည်မှုကို အစွဲပြု၍ မြင့်မိုရ်တောင်တည်ရှိ၏၊ သတ္တရဘန် တောင်စဉ် ၇-ထပ် သည် တည်ရှိ၏ ဟူသော ဗုဒ္ဓဘာသာကျမ်းစကားကို အတည်ပြုခြင်း, မြင့်မိုရ်တောင်ကြီးသည် မရှိဟူသော “သူရိယသိဒ္ဓန္တ” ကျမ်းစကား ကိုပယ်ရှားခြင်း ကိစ္စပြီး၏၊]
ကောင်းကင်စက်ကြီးကိုစွဲ၍ အချိန်ပိုင်းခြားပုံ “ကောင်းကင်စက်ကြီးကိုစွဲ၍ အချိ်န်, နာရီ, နေ့, ညဉ့်, ရက်, လ, နှစ်အပိုင်းအခြား အထင်အရှားရှိနေရကြောင်း” ဟူသောစကား၌အချိ်န်, နာရီ, ညဉ့်, နေ့စသည်တို့သည် ကောင်းကင်စက်ကြီးကို အစွဲပြု၍ ကမ္ဘာသူကမ္ဘာသားတို့မှာ ကိုယ်တွေ့မျက်မြင် အစဉ်ထာဝရ ဖြစ်၍နေကြ၏၊ ထိုသို့ဖြစ်၍နေကြသည့်အတိုင်းလည်း အမှန်ပင်ဖြစ်၏၊ ကမ္ဘာမြေလုံးကြီး လည်မှုကိုအစွဲပြု၍ အခါနာရီ နေ့, ညဉ့်, ရက်, လ, နှစ် အစဉ်ဖြစ်၍နေသည်ဟူသော “သူရိယသိဒ္ဓန္တ” ကျမ်းစကားသည် အမှန်စကားမဟုတ်၊ အမှားသာဖြစ်၏။
ကမ္ဘာမြေကြီး မလိမ့်မလည် အမြဲတည်နေပုံ “မဟာပထဝီမြေကြီး မလိမ့်မလည် အမြဲတည်၍နေကြောင်း”
ဟူသောစကား၌
ပထဝီမြေကြီးကို
အမြဲလိမ့်လည်၍ နေသည်ဟု ကြံယူကြခြင်း သည် ကောင်းကင်၌ နေ, လ, နက္ခတ်, တာရာတို့သည် လှည့်လည်ခြင်း မရှိ၊ သူတို့မှာ ပထဝီမြေကြီးက လှည့်လည်၍နေမှပင် နေ, လ, နက္ခတ်, တာရာတို့၏ အလားအလာသည် နေရာကျနိုင်သည်ဖြစ်၍ မဟာပထဝီ မြေလုံးကြီးကို အောက်ကောင်းကင်ကြီးသို့ကျ၍ မသွားဘဲအလွန်လျင်မြန် သော လေအဟုန်ဖြင့် တည်တံ့၍နေစေခြင်းငှါလည်းကောင်း, မဟာ ပထဝီမြေလုံးကြီး လှည့်လည်ရာ ပါရှိ၍နေကြကုန်သော သက်ရှိသက်မဲ့ ဝတ္ထုအလုံးစုံတိ့ုကို အောက်ကောင်းကင်သို့ကျ၍ မသွားစေခြင်းငှါ လည်းကောင်း, မြေလုံးကြီးလှည့် လည်မှုကို ကြံဖန်၍ ယူကြလေသတည်း၊ ဗုဒ္ဓဘာသာ၌မူကား ကောင်းကင်စက်ကြီး မရပ်မတည် လှည့်လည်၍ နေသည့်အတွက် နေ, လ, နက္ခတ်, တာရာတို့၏ အလားအလာသည် နေရာတကျပြည့်စုံပြီးစီးလေသည်ဖြစ်၍ နေ, လ, နက္ခတ်, တာရာတို့၏ အလားအလာအတွက် မဟာပထဝီမြေကြီး လည်ဖွယ်ကိစ္စ မရှိလေပြီ၊ ဗုဒ္ဓဘာသာ၌ ဤမဟာပထဝီမြေကြီးသည် အရပ်လေးမျက်နှာ, ရှစ်မျက်နှာတို့၌ အဆုံးမရှိအနန္တဖြစ်သည်တစ်ကြောင်း၊ အောက်၌ အလွန်ကြီးကျယ်သော ရေအထုကြီး, အလွန်ကြီးကျယ်သော လေရှင် အထုကြီး, အနန္တကြီးကျယ်လှသော လေသေအထုကြီး အမြဲခံနေလျက် ရှိသည်တစ်ကြောင်း၊ သို့အတွက်ကြောင့် မိမိလည်း အောက်သို့ကျဘွယ် ကိစ္စမရှိ၊ မိမိနှင့်စပ်သမျှသော သက်ရှိသက်မဲ့ဝတ္ထုတို့သည်လည်း အောက်သို့ကျရန်အခွင့်မရှိကြကုန်ပြီ၊ ထိုကြောင့် မြေလုံးကြီးလည်သည် ဟု-ကြံဖန်မှုသည် အကျိုးမရှိ၊ အချည်းနှီးသာဖြစ်လေသည်။ “သူရိယသိဒ္ဓန္တ“၌မူကား မြေလုံးကြီးနှင့်စပ်သော သက်ရှိသက်မဲ့ ဝတ္ထုတို့ကို မြေကြီးလိမ့်နေသည့်အတွက် အောက်ကောင်းကင်ကြီးသို့ လွတ်ကျ၍မသွားစေခြင်းငှါ ဆွဲငင်၍ထားရမည်ဟု သင်္ကဿရနတ် မင်းကြီးက မြေကြီးအား တန်ခိုးအမိန့်ပေးထားကြောင်းလာ၏။
လာခြင်းအကြောင်းကား မြေလုံးလိမ့်နေသည့်အတွက် အထည်ဝတ္ထုတို့ အောက် ကောင်းကင်ကြီးသို့ လွတ်ကျရန်အခွင့်ကြီးသည် အလွန် ကြီးကျယ်လျက်ရှိ၏၊ ထိုအခွင့်ကြီးကို ပိတ်ဆို့ပယ်ရှားခြင်းငှါ အကြောင်း တစ်စုံတစ်ခုကိုမျှ ရှာကြံ၍မရ၊ ထို့ကြောင့် လူအများတို့ မမြင်နိုင် ကောင်းသော နတ်မင်းကြီးကို ဤအရေးကြီး၌ လုပ်ကြံ၍ ထည့်သွင်းရ လေသတည်း။ဤနတ်မင်းကြီးကို လုပ်ကြံထည့်သွင်းရသည့်အတွက် ကြောင့်ပင်လျှင် ဤမြေလုံးလည်မှုသည် မူလမမှန် ဖေါက်ပြန် ချော်ချွတ် သော အရေးအခွင့်ကြီး ဖြစ်သည်ဟု-ပညာရှိတို့ သိနိုင်ကြကုန်ရာ၏၊ ဤလည်းတစ်ကြောင်း။
ဤလောက၌ ခပ်သိမ်းသောဝတ္ထုတို့သည် အတွယ်အတာ အဆီးအတား မရှိကြသည်ရှိသော် နိမ့်ရာသို့လျောကျကုန် မြဲဟူသော ကမ္ဘာ့ဓမ္မတာကြီးသည် ရှိ၏၊ ရှိပုံကား မဟာသမုဒ္ဒရာရေတို့သည် နိမ့်ရာသို့ အမြဲလျှင် စီးသွား၍ နေကြကုန်၏၊ မြစ်ကြီးငါးသွယ်, မြစ်ငယ်ငါးရာ တို့သည် ဟိမဝန္တာတောင်ကြီးမှ နိမ့်ရာနိမ့်ရာ အရပ်ရှစ်မျက်နှာသို့ အမြဲစီးသွား၍ နေကြကုန်၏၊ ဤကား တစ်လောကလုံး သိမြင်၍ နေကြသော ကမ္ဘာ့ဓမ္မတာကြီးပေတည်း။
နတ်မင်းကြီးအမိန့်၌လည်း မြေကြီး၏ ဆိုင်ရာဝတ္ထုတို့သည် မြေကြီးကိုလွှတ်၍ အောက်ကောင်းကင်ကြီးသို့ လွတ်ကျ၍ မသွားကြ စေရန်ပေးအပ်သောအမိန့်ဖြစ်၏၊မြေကြီးကိုမလွှတ်မူ၍ မြေင်္ကြီး၏ နယ်ပယ်အတွင်း၌ နိမ့်ရာသို့လျောကျခြင်းဟူသော ကမ္ဘာ့ဓမ္မတာကြီး ကိုမူကား နတ်မင်းကြီးသည် မတားမြစ်နိုင်၊ မြေကြီးလည်း မတားမြစ် နိုင်၊ ထိုသို့ မတားမြစ်နိုင်သောကြောင့်ပင်လျှင် ထိုသမုဒ္ဒရာပင်လယ်, မြစ်ကြီးငါးသွယ်, မြစ်ငယ်ငါးရာတို့သည် ကမ္ဘာဦးမှစ၍ ယနေ့ထက်တိုင် နိမ့်ရာနိမ့်ရာ အရပ်ရှစ်မျက်နှာသို့ စီးသွား၍ နေကြကုန်သည်ကား ကမ္ဘာသူကမ္ဘာသားတို့ မျက်မြင်ဒိဋ္ဌဖြစ်ကြကုန်၏။
မြေလုံးလည်မှုသည်လည်း တစ်ရက်တစ်ရက်လျှင် တစ်ပတ် တစ်ပတ်ရအောင် လည်ခြင်းတစ်ပါး၊ ၆-လတစ်ကြိမ် တောင်အစွန်းက နိမ့်၍ မြောက်အစွန်းကမြင့်ခြင်း, မြောက်အစွန်းကနိမ့်၍ တောင် အစွန်းကမြင့်ခြင်းသည်လည်းရှိ၏၊ ထိုတွင် တစ်ညဉ့်တွင် တစ်ပတ်လှည့် လည်ရာ၌ မြေလုံးကြီးသည် အနောက်ကမြင့်၍ အရှေ့ကနိမ့်ချည် တစ်လှည့်, အရှေ့ကမြင့်၍ အနောက်က နိမ့်ချည် တစ်လှည့် ဖြစ်နေရာ၏၊ အရှေ့မှအနောက်သို့, အနောက်မှ အရှေ့သို့ စီးသွားကြကုန်သော သမုဒ္ဒရာပင်လယ်, မြစ်ကြီး, မြစ်ငယ်တို့သည် အရှေ့အနောက်မြင့်ခြင်း, နိမ့်ခြင်း နေ့စဉ်အမြဲ ရှိကုန်သဖြင့် ထိုသမုဒ္ဒရာပင်လယ်, မြစ်ကြီး, မြစ်ငယ်ရေတို့သည် တစ်ညဉ့်အတွင်းမှာ အနောက်မှသည် အရှေ့ သို့လှည့်ကြခြင်း, အရှေ့မှသည် အနောက်သို့ လှည့်ကြခြင်းဖြင့် နေ့စဉ်အမြဲ အပြန်အလှန် စီးမြဲဖြစ်၍ နေကြကုန်ရာ၏၊ ၆-လတစ်ကြိမ် အစွန်း၂- ဖက် နိမ့်တုံမြင့်တုံဖြစ်နေသည့်အတွက်လည်း တောင်နှင့်မြောက် စီးနေကြကုန်ရာ၏၊သမုဒ္ဒရာပင်လယ်, မြစ်ကြီး, မြစ်ငယ်ရေတို့သည် ၆- လတစ်ကြိမ် အပြန်အလှန်စီးမြဲစီးနေကြကုန်ရာ၏၊ ဤသို့ အပြန်အလှန် စီးနေသည်ဟူ၍လည်း ကမ္ဘာပေါ်မှာ တရံတခါမျှ မကြုံဘူးကြ၊ ဤ လည်းတစ်ြကြောင်း၊
ဤအကြောင်းများကြောင့် ကမ္ဘာမြေကြီးလည်သည် ဟူသော အယူသည် မဟုတ်မမှန်သော အယူဖြစ်သည်ဟု-ထင်ရှားလေသတည်း။ ဤအရာ၌မြေကြီးနှင့်စပ်သော မိစ္ဆာဝါဒသည် အမျိုးမျိုးရှိ၏။
- ဤမြေကြီးသည် အုန်းသီးကဲ့သို့ လုံးသည်ဟူ၍တစ်ဝါဒ။
- ကမ္ဘာလိပ်ကဲ့သို့ အထက်ကခုံး၍လုံး၍ အောက်ဘက်က ပြားသည်ဟူ၍ တစ်ဝါဒ။
- ထိုတွင် အုန်းသီးကဲ့သို့ လုံးသောမြေကြီးသည် လည်သောအခါ၌ အထက်ကကြည့်ရှု၍နေခဲ့သည်ရှိသော် ထိုမြေလုံးကြီးသည် တည်ရာမှ မရွေ့မူ၍ အနောက်ကသည် အရှေ့သို့ လိမ့်လည် သည်ဟူ၍တစ်ဝါဒ။
- အရှေ့ကသည် အနောက်သို့ လိမ့်လည်သည် ဟူ၍တစ်ဝါဒ။
- ကမ္ဘာလိပ်ခုံးကဲ့သို့ အထက်ကလုံးသောမြေကြီးသည်မူကား လည်သောအခါ စကော-ဝိုင်းသကဲ့သို့လက်ျာရစ်လည်သည်ဟူ၍ တစ်ဝါဒ။
- လက်ဝဲရစ်လည်သည်ဟူ၍ တစ်ဝါဒ။
- ထိုမြေကြီး၂-မျိုးတို့သည် လည်ကြရာ၌ မြေကြီးသည်သာ, လည်၍ ကောင်းကင်စက်ကြီးသည်ကား မလှည့်မလည် အမြဲတည်သည် ဟူ၍ တစ်ဝါဒ။
- ကောင်းကင်စက်ကြီးသည်လည်း မြေလည်ရာသို့ အစဉ်တစိုက် အမြဲလိုက်ခါ လည်၍နေသည်ဟူ၍ တစ်ဝါဒ။
ဤသို့လျှင် မြေကြီးအရာ၌ မိစ္ဆာဝါဒ အမျိုးမျိုးရှိကြ၏။
ရှေ့ကပြဆိုခဲ့ပြီးသောအတိုင်း ကောင်းကင်စက်ကြီးသာလည်၍ မြေကြီးသည် မလှည့်မလည် အမြဲတည်၏ဟူသော ဗုဒ္ဓဘာသာ ကျမ်းဂန် အယူသည် ခိုင်မြဲလေပြီဖြစ်ရကား ထိုအလုံးစုံသော မိစ္ဆာဝါဒ စကားများ သည် အကျိုးမရှိ၊ စကားရှုပ်, စကားပွေ, စကားလေတွေသာ ဖြစ်၍နေ လေကုန်၏။
[ဤတွင်ရွေ့ကား မြေကြီးလည်မှု၌ ဖြေရှင်းချက်တည်း။]
ယခုအခါ မြေကြီးလုံးမှု၌ ဖြေရှင်းချက်ကိုပြဆိုရာ၏၊ “သူရိယသိဒ္ဓန္တ” ကျမ်း၌ကမ္ဘာမြေကြီး၏ မြောက်ဝင်ရိုးစွန်း၌ ၆ ။
“သူရိယသိဒ္ဓန္တ” ကျမ်း၌ကမ္ဘာမြေကြီး၏ မြောက်ဝင်ရိုးစွန်း၌ ၆ လနေမဝင်သောကျွန်း ၁-လနေမထွက်မူ၍ ၁-လနေမဝင်သော ကျွန်းများ ရှိကြသည် ဟူသောစကားသည် ထိုနတ်မင်းကြီးကို ပြဆိုခဲ့သော စကားကဲ့သို့ ထိုကျမ်းဆရာ မဟုတ်တယုတ် လုပ်ကြံ၍ဆိုသောစကားသာ ဖြစ်သည် ဟုမှတ်ရမည်၊ အကယ်၍ပင်ဟုတ်စေဦးတော့၊ ထိုကျွန်းများနှင့် သင့်လျော်ရာအကြောင်းများကိုသာ ရှာကြံရမည်၊ ထိုအစွန်အဖျား ကျွန်းငယ်များအတွက်နှင့် အနန္တကြီးကျယ်သော ကမ္ဘာမြေကြီးကို လုံးသည် လည်သည်ဟု လှုပ်ရှားခြင်းငှာ မထိုက်လေ။
[ဤတွင်ရွေ့ကား မြေကြီးလုံးမှု၌ ဖြေရှင်းချက်တည်း။]
ကိုယ်တွေ့မျက်မြင်အထင်မှားပုံ
“လူတို့၏ ကိုယ်တွေ့မျက်မြင် အထင်အမှတ်မျိုးသည် အမှား အမျိုးမျိုးရှိကြောင်း “ ဟူသောစကား၌
အမှားအမျိုးမျိုးသည်
- (က) အလွန်ကြီးသည်ကို အလွန်ငယ်သည်ဟု- ထင်မှတ်ခြင်း တစ်မျိုး။
- (ခ) အလွန်ဝေးသည်ကို အလွန်နီးသည်ဟု- ထင်မှတ်ခြင်း တစ်မျိုး။
- (ဂ) အလွန်မြင့်သည်ကို အလွန်နိမ့်သည်ဟု- ထင်မှတ်ခြင်း တစ်မျိုး။
- (ဃ) အရပ်မျက်နှာ၌ တွေဝေခြင်း တစ်မျိုး။
ဤသို့စသည်ဖြင့် လူတို့၏မျက်မြင် အထင်အမှတ် အမှား အမျိုးမျိုးရှိကြ၏။
(က) ထိုတွင် “အလွန်ကြီးသည်ကို အလွန်ငယ်သည်ဟုထင်မှတ်ခြင်း” ဆိုသည်ကား
အဝန်းအားဖြင့် နေဗိမာန်သည် ယူဇနာ ၁၅၀-ရှိ၏၊ လဗိမာန် သည် ၁၄၇-ယူဇနာရှိ၏၊ ကြယ်ဗိမာန်များသည် ၁၀-ယူဇနာ ၁၂-ယူဇနာ စသည်ရှိကြ၏၊ သို့သော် လူတို့၏မျက်မြင်ထင်မှတ်မှုမှာ နေ, လတို့ကို ဖန်းငယ်, ဆန်ကောငယ်မျှသာ ထင်မြင်ကြ၏၊ ကြယ်တို့ကို ခုံညင်းလုံးကြီးငယ်မျှသာ ထင်မြင်ကြ၏။
(ခ) “အလွန်ဝေးသည်ကို အလွန်နီးသည်ဟု-ထင်မှတ်ခြင်း”
ဆိုသည်ကား
နေ, လ, နက္ခတ်, တာရာတို့သည် ဤမြေကြီးမှ ယူဇနာပေါင်း ၄-သောင်း ၂-ထောင် ကွာခြားသည်ဖြစ်၍ အလွန်ဝေးကြကုန်၏၊ သို့သော် လူတို့၏ မျက်မြင်ထင်မှတ်မှု၌ ဆယ်မိုင်ခန့်, ကိုးမိုင်ခန့်မျှသာ, ဝေးကွာ သည်ဟု- ထင်မှတ်ကြရကုန်၏။
(ဂ) “အလွန်မြင့်သည်ကို အလွန်နိမ့်သည်ဟု ထင်မှတ်ခြင်း”
ဆိုသည်ကား
လူတို့သည် နံနက်နေထွက်ဆဲအခါ၌ အရှေ့သို့ ကြည့်မျှော် လတ်သော် တောကြီး, တောငယ်, တောင်ကြီး, တောင်ငယ်များရှိ နေခဲ့သော် ထိုတော တောင်၏ အရှေ့ဘက်နိမ့်ရှိုင်းရာအရပ်၌ တောစွန်း, တောင်စွန်းတို့နှင့် ထိစပ်ပြီးလျှင် ထွက်ပေါ်လာသည်ဟူ၍လည်းကောင်း, ထွက်ပေါ်ပြီးလျှင် အထက်ကောင်းကင်အမြင့်သို့ အဆင့်ဆင့် တက်၍လာသည်ဟူ၍လည်းကောင်း, လာပြီးလျှင် အလွန်မြင့်သော ကောင်းကင်သို့ရောက်၍ မိမိတို့၏ ဦးခေါင်း၏ အထက်၌တည်နေ သည်ဟူ၍လည်းကောင်း, မြင်ကြထင်ကြကုန်၏၊ တစ်ဖန်မွန်းလွဲပြန်လျှင် အလွန်မြင့်သော ကောင်းကင်မှ နိမ့်ရာသို့ ဆင်းသွားပြီဟူ၍လည်းကောင်း, အနောက်၌ရှိသော တောကြီး, တောငယ်, တောင်ကြီး, တောင်ငယ်, သို့ရောက်လျှင်, တောပြင်ဖက်, တောင်ပြင်ဖက်၌ ကွယ်မြုပ်၍ သွားသည် ဟူ၍လည်းကောင်း, မြင်ကြ ထင်ကြကုန်၏၊ အရှေ့တော တောင်၏ အရှေ့စွန်း၌နေသောသူတို့သည်လည်း နေသည်သူတို့၏ အရှေ့အရပ်၌ ရှိသော တောတောင်တို့၏ ပြင်ဖက်စွန်း နိမ့်ရှိုင်းရာအရပ်မှ ထွက် ပေါ်ပြီးလျှင် အထက်ကောင်းကင်သို့တက်၍ မိမိတို့အပေါ်၌ အလွန် မြင့်သော ကောင်းကင်သို့ ရောက်လာသည်ဟု မြင်ကြ ထင်ကြကုန်၏၊ အနောက်အရပ်၌ရှိသော တောစွန်း တောင်စွန်း၌ နေကြကုန်သော လူတို့ကလည်း မိမိတို့၏အထက်မြင့်သော ကောင်းကင်၌ တည်ရှိပြီးလျှင် အနောက်သို့လျောဆင်း၍ အနောက်၌ရှိသော တော တောင်ကွယ်၍ သွားသည်ကို မြင်ကြ ထင်ကြရကုန်၏၊ ပင်လယ်၌ နေကြသော သူတို့မှာ မူကား နေသည် အရှေ့အရပ်၌ ပင်လယ်ရေထည်းမှ ထွက်ပေါ် ၍ အထက်ကောင်းကင်သို့ တက်ပြီးလျှင် မိမိတို့၏အထက်၌ အလွန် မြင့်သော ကောင်းကင်သို့ ရောက်လာ၏၊ တစ်ဖန် အနောက် နိမ့်ရာသို့ လျောသက်ပြီးလျှင် ပင်လယ်ရေထဲသို့ ရောက်၍ ကွယ်ပျောက်လေ၏ ဟု-မြင်ကြထင်ကြကုန်၏။
အမှန်မှာမူကား
နေ-သည် ဘယ်တော, ဘယ်တောင်, ဘယ်ပင်လယ်, ဘယ်ရေ ပြင် နှင့်မျှ နီးစပ်အောင်နိမ့်လာသည် မဟုတ်၊ ထိုသူတို့ဦးခေါင်းထက်၌ အလွန်မြင့်သော ကောင်းကင်တွင် ထင်မြင်ကြသည်အတိုင်း အလွန်မြင့် သော ကောင်းကင်၌သာ သွား၍နေလေ၏။
[လ,ကြယ်တို့၌လည်း ထို့အတူ သိလေ]
ဤ၌လူတို့၏ထင်မြင်ချက်အလိုမှာ ကောင်းကင်စက်ကြီးအရှေ့၌ မြေကြီးအစွန်း၏ပြင်ဘက်တွင် အောက်ဖြစ်သော နိမ့်ရာအရပ်မှ ပေါ်ထွက်၍လာသည်ကိုလည်းကောင်း, အနောက်၌ မြေကြီးအစွန်း၏ ပြင်ဘက်တွင် အောက်ဖြစ်သော နိမ့်ရာအရပ်သို့ မြုပ်ကွယ်၍သွားသည် ကိုလည်းကောင်း, မျက်မြင်ဒိဋ္ဌ မှတ်ယူကြသည့်အတိုင်း ဤကမ္ဘာမြေကြီး အရပ်လေးမျက်နှာ, အရပ်ရှစ်မျက်နှာတို့၌ အစွန်းရှိ၏၊ အဆုံးရှိ၏ဟူ၍ ခိုင်မြဲစွာယူကြပြီးလျှင် လှည့်လည်၍ လျော်ကံလျောက်ပတ်စေခြင်းငှါ ကမ္ဘာမြေကြီးသည် အုန်းသီးကဲ့သို့ အလုံးကြီးဖြစ်သည်ဟု-မိစ္ဆာဝါဒီတို့ အတည်ပြု၍ ထားကြလေကုန်သတည်း၊ ကမ္ဘာမြေကြီးသည် ထိုကဲ့သို့ အစွန်းမရှိကြောင်း, အဆုံးမရှိကြောင်း, အလုံးမဟုတ် ကြောင်းကိုမူကား ရှေ့၌ဖြေဆိုခဲ့ပြီ။
[ဤကား အလွန်မြင့်သည်ကို နိမ့်သည်ဟု-ထင်မှတ်ကြပုံတည်း။]
(ဃ) “အရပ်မျက်နှာ၌ တွေဝေခြင်း” ဆိုသည်ကားအရှေ့ကို အနောက်, အနောက်ကို အရှေ့, တောင်ကိုမြောက်, မြောက်ကိုတောင်ဟု-ထင်ခြင်းပေတည်း၊ ဤ၌ ဥပမာတစ်ခုကို ဆိုရာ၏၊ နေမင်းသည်တစ်နေ့ကို အဝန်းအားဖြင့် ယူဇနာသုံးသန်းသွားသည်ဟုဆို၏၊ ထိုနေသွား ရာစက်ဝန်းကြီးကို တစ်ခုသောမြေပြင်ကြီး၌ချ၍
အရေးအကြောင်းဆွဲ၍ စက်ဝိုင်းကြီးတစ်ခု ပြုလုပ်၍ထားရာ၏၊ ထိုအရပ်၌ နေ, လ, နက္ခတ်, တာရာတို့သည်လည်း မရှိသည်ဖြစ်ရာ၏၊ တစ်ယောက်သောသူသည် မီးအိမ်ငယ်၂-ခုကို ကိုင်ပြီးလျှင် တောင်ဖက် အရေးပေါ်၌ရပ်၍ ငါသည် ဤအရေးကိုလျှောက်၍ အနောက်သို့ ဆုံးအောင်သွားမည်ဟု- သွားလေရာတောင်မှသည် အနောက်, အနောက်မှသည် မြောက်, မြောက်မှသည် အရှေ့, အရှေ့မှသည်တောင် မိမိနေရာအရပ်သို့ပြန်ရောက်လေရာ၏၊ ထိုသူသည် မိမိနေရာ အရပ်သို့ ပြန်ရောက်သည်တိုင်အောင် ငါသည်အနောက်သို့ ချည်းသွားသည်ဟုပြန်ရောက်သည်တိုင်အောင် ငါသည်အနောက်သို့ ချည်းသွားသည်ဟု ခုကလည်း အရောင်အဝါနယ် အလွန်ကျဉ်းလှ၏၊ ခရီးကလည်း အလွန် ရှည်မျောလှ၏၊ ဘယ်နေရာမှာ ဘယ်သို့လှည့်လည်၍ သွားသည် ဟုမထင်နိုင်, မသိနိုင်ရှိလေ၏၊ သို့သော် စက်ဝိုင်းကြီးဖြစ်၍ လှည့်လည် မှုကား ရှိပေသည်သာ အမှန်ဖြစ်၏။
[ဤကား အရပ်မျက်နှာ၌ တွေဝေခြင်းပေတည်း။]
[ဤသည်လျှင် လူတို့၏မျက်မြင် အထင်, အမှတ်, အမှားအမျိုးမျိုးရှိကြ သည်ကို ပြဆို ဖြေရှင်းချက်ပေတည်း။]
ကမ္ဘာနှင့်ဆိုင်ရာ အချက် ၅-ချက်ပြဆိုခန်းပြီး၏။
ဘာသာကြီးလေးပါး ရှင်းလင်းပြဆိုခန်း
ဘာသာဆိုသည်ကား-- သတ္တဝါအများတို့၏ ယုံကြည်စွာ ကိုးကွယ်ရာ ပုဂ္ဂိုလ်ထူးတို့၏ ပြောဟောညွှန်ပြ ဆုံးမသွန်သင်သော စကားမျိုး, တရားမျိုးကို “ဘာသာ” ဆိုသတည်း။
ဘာသာကြီးသည် လေးပါးရှိ၏၊ လေးပါးဟူသည်ကား--
၁။ ဗုဒ္ဓဘာသာကြီးတစ်ပါး,
၂။ ဗြာဟ္မဏဘာသာကြီးတစ်ပါး,
၃။ ခရစ်ယာန်ဘာသာကြီးတစ်ပါး,
၄။ မဟာမက်ဘာသာကြီးတစ်ပါး
ပေါင်းလေးပါးတည်း။
ဗုဒ္ဓဘာသာ၌ ဘုရားရှင်ကိုယ်တိုင်ဟော တရားအများ အပြားရှိပုံ
ဗုဒ္ဓဘာသာကြီး ဆိုသည်ကား-- အရှင်ဂေါတမ ဗုဒ္ဓမြတ်စွာ၏ ဓမ္မကထာ, ဓမ္မဒေသနာ စကားတော်များသည် ဗုဒ္ဓဘာသာမည်၏၊ ထိုဗုဒ္ဓဘာသာသည် ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေး ထောင်ရှိ၏၊ ပိဋကတ်အားဖြင့် ၁- ဝိနည်းပိဋက ၂- သုတ္တန်ပိဋက ၃- အဘိဓမ္မာပိဋက ဟူ၍ သုံးပါးရှိ၏၊ ထိုတွင်
ဝိနည်းပိဋကဆိုသည်ကား-- ရဟန်းတော်တို့၏ ကျင့်ဝတ် တရား ပေတည်း၊ သုတ္တန်ပိဋကဆိုသည်ကား- လူတို့ကိုလည်းကောင်း, ရဟန်းတို့ကိုလည်းကောင်း လိမ်မာရန်တရားအမျိုးမျိုး, ကျွတ်လွတ်ရန် တရားအမျိုးမျိုးများပေတည်း။
အဘိဓမ္မာပိဋက ဆိုသည်ကား-- သိသင့်သိထိုက်သော ဉာဏ် ပညာအရာကို အကြွင်းအကျန်မရှိ ဖော်ပြသော တရားမျိုးပေတည်း။ ထိုတွင် အဘိဓမ္မာပိဋကတော်ကြီးသည် အကြီးအကျယ်ဆုံး ဖြစ်၏၊ ထိုအဘိဓမ္မာပိဋကတော်ကြီး၏ တရားကိုယ် အရင်းကို အကျဉ်း ချုပ်အားဖြင့် ထုတ်ယူသည်ရှိသော်--
၁။ စိတ်ဓာတ် ၁-ပါး,
၂။ စေတသိက်ဓာတ် ၅၂-ပါး,
၃။ ရုပ်ဓာတ် ၂၈-ပါး,
၄။ နိဗ္ဗာန် ၁-ပါး
ဟူ၍ ၈၂-ပါးသာရှိ၏။
ထို၈၂-ပါးကို အကျယ်အားဖြင့် ဝေဖန်သည်ရှိသော် အဘိဓမ္မာ ပိဋကတော်ကြီးဖြစ်၏၊ ထိုအဘိဓမ္မာပိဋကတော်ကြီးကို အကျယ်အားဖြင့် ဖြန့်ဖြူးသည်ရှိသော် စကြဝဠာအနန္တဖြစ်လေ၏၊ ကမ္ဘာအနန္တ ဖြစ်လေ၏၊ သတ္တဝါအနန္တ ဖြစ်လေ၏၊ ရေ, မြေ, တော, တောင် အစရှိသော သင်္ခါရ အနန္တဖြစ်လေ၏။
တစ်ဖန် ထိုစကြဝဠာအနန္တ, ကမ္ဘာအနန္တ, သတ္တဝါအနန္တ, သင်္ခါရ အနန္တတို့ကို အကျဉ်းချုံးလိုက်သည်ရှိသော် အဘိဓမ္မာ ပိဋက ကြီးဖြစ်၏၊ တစ်ဖန် ထိုအဘိဓမ္မာပိဋကတော်ကြီးကို အဆီစစ်၍ အနှစ်ကို ထုတ်ယူပြန် သည်ရှိသော် ပြဆိုခဲ့ပြီးသော စိတ်ဓာတ် ၁-ပါး, စေတသိက် ဓာတ် ၅၂- ပါး, ရုပ်ဓာတ် ၂၈-ပါး, နိဗ္ဗာန် ၁-ပါးအားဖြင့် ဓာတ်ရင်း, ဓာတ်စစ် ၈၂- ပါးသာဖြစ်လေ၏၊ ထို ၈၂-ပါးကို လွှတ်၍ အဘယ်စကြဝဠာမှာ ဘယ်ဓာတ်တစ်ခုကျန်ရှိသေးသည်ဟု- ဆိုဖွယ်ရာ မရှိပြီ။ [ဤကား ဗုဒ္ဓဘာသာကြီး၏ ကြီးကျယ်ပုံကို ပြဆိုချက်ပေတည်း။]
ဘာသာတစ်ပါး၌ ကိုယ်တိုင်ဟော-တရားမရှိပုံ ကြွင်းသောဘာသာတို့မှာလည်း ကျမ်းဂန်အသိုက်အအုံ အသီး အသီး ကြီးကျယ်စွာ ရှိကြပေလိမ့်မည်ဖြစ်၏၊ သို့သော် ဗြဟ္မဏဘာသာ၌ ဗြဟ္မာမင်းကြီး၏ နှုတ်ထွက်စကား တရားအချက်ကို ထုတ်ပြပါဆိုလျှင် ဂါထာတစ်ရာရှိသော ကျမ်းတစ်စောင်တစ်ဖွဲ့မျှ ထုတ်ပြရန်မရှိ၊ ထို့အတူ ခရစ်ယာန်ဘာသာ, မဟာမက်ဘာသာတို့၌လည်း အသောင်းများစွာ, အသိန်းများစွာသော လူပရိသတ်တို့၏အလယ်၌ မျက်မြင်ဒိဋ္ဌ ကိုယ်တိုင်ပြ၍ ဂေါ့သခင်, ခိုဒါသခင်ကြီးတို့ ကိုယ်တိုင်ဟောသော ထိုသခင်ကြီးတို့၏ နှုတ်ထွက်စကားတရားအချက်ကို ထုတ်ပြပါဆိုလျှင် တစ်ပုဒ်တစ်ဂါထာမျှ ထုတ်ပြစရာမရှိ။
မရှိကြောင်းကို အဘယ့်ကြောင့် ဆိုနိုင်ပါသနည်း ဆိုခဲ့သော် ယခုရှိကြသော ထိုဘာသာဝင် လူမျိုးတို့သည် ဤစကြဝဠာမှ တစ်ပါး စကြဝဠာအနန္တရှိသည်ကို ရှိမှန်းမသိရှာကြကုန်၊ ဤကမ္ဘာကို လွှတ်၍ ရှေ့နောက် သံသရာကမ္ဘာ အဆက်ဆက်ရှိသည်ကိုလည်း ရှိမှန်း မသိရှာ ကြကုန်၊ တစ်ခုသောစကြဝဠာ၌လည်း အပါယ်ဘုံပေါင်းမည်မျှရှိသည်, နတ်ဘုံပေါင်းမည်မျှရှိသည်, ဗြဟ္မာဘုံပေါင်း မည်မျှရှိသည်ဟူ၍ မသိရှာကြကုန်၊ ဘယ်အကြောင်းတရား, ဘယ်အကြောင်း တရားကြောင့် သတ္တဝါတို့သည် ဘယ်ဘုံ, ဘယ်ဘုံ၌ ဖြစ်ကြရကုန်သည်ဟူ၍လည်း မသိရှာကြကုန်။
ဤသို့ အလွန်ကြီးကျယ်လှသော အရေးအရာကြီးတို့၌ အလွန်ကြီး ကျယ်သော မသိခြင်းကြီး ရှိနေကြသည်ကို ထောက်၍ မဟာဗြဟ္မာကြီး, ဂေါ့သခင်ကြီး, ခိုဒါသခင်ကြီးတို့ကိုယ်တိုင် ဟောကြသော ထိုသခင်ကြီး တို့၏ နှုတ်ထွက်စကား တရားအချက်တို့ကို ပြပါဆိုလျှင် ကျမ်းငယ် တစ်စောင်တစ်ဖွဲ့မျှ ထုတ်ပြစရာ မရှိကြောင်းကို အတပ်အမှန်သိနိုင် လေ၏၊ ထိုသို့သိနိုင်သဖြင့် ထိုသခင်ကြီးတို့သည် ဘဝသံသရာ အရေး အခွင့်များ၌ အတပ်အမှန် သိနိုင်ရန် ဉာဏ်ပညာမျိုးရှိကြကုန် လိမ့်မည်လား, မရှိကြကုန်လိမ့်မည်လားဟု- စဉ်းစားရန် အချက်ကြီး ပေတည်း။
အဘယ့်ကြောင့်ဆိုသော်--
တစ်ကမ္ဘာလုံးကို အုပ်ချုပ်ရန် အရေးအခွင့်မည်သည် အလွန် ကြီးကျယ်သော အရေးအခွင့်ကြီးဖြစ်၏၊ အလွန်ကြီးကျယ်သော အရေးအခွင့်ကြီးမည်သည် အလွန်များပြားသော တရားဥပဒေပုဒ်မ ဓမ္မက္ခန္ဓာတို့ဖြင့် အုပ်ချုပ်ရသော အရေးအခွင့်မျိုးဖြစ်၏၊ ထိုသို့ အုပ်ချုပ်မှသာလျှင် မိမိအုပ်ချုပ်ရာ ပါဝင်ကြသူ နတ်လူဗြဟ္မာတို့မှာ နောင်ဘဝ သံသရာတွင် အစဉ်ထာဝရ ချမ်းသာ၍ သွားကြရန် လမ်းမှန် လမ်းဖြောင့်သို့ ရောက်နိုင်ကြကုန်၏၊ အုပ်ချုပ်သူ အရှင်သခင်ကြီးလည်း ချမ်းသာသုခရ၏၊ သို့မဟုတ်မူ၍ ဥပဒေပုဒ်မ ဓမ္မက္ခန္ဓာ, ဉာဏ်ပညာ မရှိပါဘဲနှင့် ကမ္ဘာကိုအုပ်ချုပ်ခဲ့သော် ကမ္ဘာသူ ကမ္ဘာသားတို့လည်း ဖောက်လဲဖောက်ပြန် ဖြစ်၍ကုန်ရာ၏၊ အုပ်ချုပ်သူလည်း ဆင်းရဲ ဒုက္ခဖြစ်ရာ၏။
ဖြစ်ပုံကား-- ဓမ္မဟောင်းကျမ်းများ၌ ကမ္ဘာ့သခင်ကြီးသည် ကမ္ဘာကို ဖန်ဆင်းပြီးနောက် အနှစ် ၃၀၀-ကျော်ခန့်တွင် ကမ္ဘာကို အုပ်ချုပ်၍မနိုင်၊ မိမိစကားကို နားမထောင်ရှိကြသောအခါ နောဧ-ဆိုသူ တစ်အိမ် ထောင်ကို ချန်လှပ်၍ တစ်ကမ္ဘာလုံးကို ပင်လယ်ရေ လွှမ်းစေပြီးလျှင် အကုန်ဖျက်ဆီးလိုက်သည်ဟု-လာ၏၊ ထိုသို့ဖြစ်ရခြင်းသည် အုပ်ချုပ်သည့် ကမ္ဘာ့သခင်ကြီးမှာ ဥပဒေပုဒ်မ ဓမ္မက္ခန္ဓာ ဉာဏ်ပညာ မရှိခြင်းကြောင့် တည်း။
ဘဝသံသရာအရေးအခွင့်မည်သည် ဖြောင့်မှန်လျှင် ကောင်းပါ၏၊ မဖြောင့်မှန်ခဲ့သော် အနန္တဒုက္ခတွင်းကြီးသို့ ကျရောက်၍ သွားတတ်ချေ၏၊ ဤစကားရပ်တို့ဖြင့် ထိုသခင်ကြီးတို့နှင့် ကိုယ်တိုင်တွေ့၍ ထိုသခင်ကြီး တို့၏ နှုတ်ထွက်စကားကို ကိုယ်တိုင်ကြားနာရသော်လည်း အဖြောင့် အမှန်ဟုတ်လိမ့်မည်လား, မဟုတ်လိမ့်မည်လားဟု-စဉ်းစားရန် ရှိသေး သည်သာဖြစ်၏၊ ထိုဘာသာဝင် လူအပေါင်းတို့သည်ကား ထိုအရှင် သခင်ကြီးတို့ကို တစ်ကြိမ်တစ်ခါမျှ တွေ့ကြရဖူးသည်လည်း မဟုတ်။ ထိုအရှင်သခင်ကြီးတို့၏ နှုတ်ထွက်အစစ်ဖြစ်သော ဓမ္မက္ခန္ဓာ ကျမ်းငယ် တစ်စောင်တစ်ဖွဲ့ကိုမျှ တွေ့ရှိကြရဖူးသည်လည်း မဟုတ်၊ ထိုအရှင်သခင်ကြီးတို့၏ ကိုယ်စားလှယ်ပြုလုပ်ကြသူ ဗြာဟ္မဏဆရာ, ခရစ်ယာန်ဆရာ, မဟာမက် ဆရာစသော ဓမ္မဆရာ အဆက်ဆက်တို့က လည်း သူတို့သည်သာလျှင် ထိုအရှင်သခင်ကြီးတို့နှင့် တွေ့မြင်ရသည်၊ ထိုအရှင်သခင်ကြီးတို့၏ ပြောသောစကားကို သူတို့နား၌ ကြားရသည်၊ ထိုအရှင်သခင်ကြီးတို့၏ သူတစ်ပါးတို့ မမြင်နိုင်သော ဝိညာဏ်တော် သည် သူတို့၏ စိတ်နှလုံး၌သာ ပူးဝင်လာသည်ဟု-လုပ်ကြံပြောဆိုကြ၍ ထိုအလိုရှိရာ ဘာသာတရားကို ပြောဟောခြင်း, ဘာသာကျမ်းကို ပြုခြင်း များသည် အလွန်နက်နဲလှချေ၏၊ ဟုတ်မှဟုတ်လိမ့်မည်လားဟု စိုးရိမ်ဖွယ် အလွန်ကြီးလှချေ၏။
အကြောင်းမူကား--
ထိုကမ္ဘာ့သခင်ကြီးသည် နိစ္စ, ထာဝရသခင်ကြီးဖြစ်၍ ဘယ်အခါ မဆို လောကတွင် အမြဲတည်ရှိလျက်နေသောကြောင့် ထိုကမ္ဘာ့ သခင်ကြီးသည် ရံခါ,ရံခါ မကြာ,မကြာ ကမ္ဘာလောကကြီးအပေါ်၌ လှည့်လည်၍ ကမ္ဘာသူ ကမ္ဘာသားတို့ မျက်မှောက်တွင် ကောင်းကင်က ကိုယ်တိုင်ပြ၍ ပြောဟောလျှင် ဓမ္မဆရာများပြောဟောသည်ထက် အဆထောင်သောင်းမက သာ၍ကောင်းပေလတ္တံ့၊ သို့ဖြစ်ပါလျက် ဘယ့်အတွက်ကြောင့် ဓမ္မဆရာတို့သည် ထိုအရှင်သခင်ကြီးတို့ကို မပေါ် ရအောင် အဝှက်ကြီးဝှက်ကြရလေသနည်းဟု- နက်နက်ကြီး ကြံတွေး ဖွယ်ရှိချေ၏။
[ဤမျှသောစကားရပ်တို့ဖြင့် ထိုဘာသာတို့၏ ကိုးကွယ်ရာဖြစ် သော ဘာသာ သခင်ကြီးများသည် တန်ခိုးတော်မူကား အလွန်ကြီး ကျယ်ကြကုန်၏၊ အသိအလိမ္မာ ဉာဏ်ပညာမူကား မကြီးကြကုန်ဟုပြောဆိုလိုရင်းပေတည်း။]
အနန္တတန်ခိုးရှင်မှာ ဉာဏ်ပညာအသုံးမကျပုံ ဤအရာ၌ ဆိုကြရန်ရှိသေး၏။
အဘယ်သို့ ရှိသနည်းဟူမူကား အသိ, အလိမ္မာ, ဉာဏ်ပညာ မည်သည် အလိုရှိတိုင်းဖန်ဆင်းနိုင်သော တန်ခိုးမရှိ ကြသော သူတို့မှာသာ အသုံးကျ၏၊ အလိုရှိတိုင်းဖန်ဆင်းနိုင်သော တန်ခိုးရှိသောသူတို့မှာမူကား အသုံးမကျ၊ ဥပမာကား အစာအာဟာရကို အလိုရှိတိုင်း တန်ခိုးဖြင့် ဖန်ဆင်း၍ စားနိုင်သောသူမှာ ချက်ရေး, ပြုတ်ရေး၌ အလိမ္မာရေးသည် အသုံးမကျ၊ ထိုကဲ့သို့ တန်ခိုးဖြင့်ဖန်ဆင်း၍ မစားနိုင်သောသူတို့မှာသာ ချက်ရေးပြုတ်ရေး၌ လိမ္မာရေးသည် အသုံးကျ၏၊ အဝတ်တန်းဆာကို အလိုရှိတိုင်း တန်ခိုးဖြင့်ဖန်ဆင်း၍ သုံးဆောင်နိုင်သောသူတို့မှာ ရက်ရေးချုပ်ရေး၌ လိမ္မာရေးသည် အသုံးမကျ၊ ထိုကဲ့သို့တန်ခိုးဖြင့် ဖန်ဆင်း၍ မသုံးဆောင်နိုင်သောသူတို့မှာသာ ရက်ရေးချုပ်ရေး၌ လိမ္မာရေးသည် အသုံးကျ၏။
နေရာဘုံဗိမာန်ကို အလိုရှိတိုင်း တန်ခိုးဖြင့် ဖန်ဆင်း၍ နေထိုင်နိုင် သော သူတို့မှာ ဆောက်မှုလုပ်မှု၌ လိမ္မာရေးသည် အသုံးမကျ၊ ထိုကဲ့သို့ တန်ခိုးဖြင့် ဖန်ဆင်း၍ မနေထိုင်နိုင်သော သူတို့မှာသာ ဆောက်မှုလုပ်မှု၌ လိမ္မာရေးသည် အသုံးကျလေသကဲ့သို့ ထို့အတူ ငါတို့၏ အရှင်သခင်ကြီး တို့မှာ တစ်ကမ္ဘာလုံး၏ အရေးကိစ္စဟူသမျှတို့ကို အနန္တတန်ခိုးဖြင့် ဖန်ဆင်းခြင်းငှါ စွမ်းနိုင်သောကြောင့် ဓမ္မကထာ အလိမ္မာအမျိုးမျိုးသည် အသုံးမကျ၊ ရှင်ဂေါတမမှာမူကား ထိုကဲ့သို့ ဖန်ဆင်းနိုင်သော အနန္တတန်ခိုးမရှိသောကြောင့် ဓမ္မကထာ အလိမ္မာမျိုးသည် များများကြီး အသုံးကျ၏ဟု- ဆိုကြရန်ရှိချေ၏။
အနန္တတန်ခိုးရှင်များ ကြောက်ဖွယ်ကောင်းပုံ ဓမ္မကထာအသုံးကျပုံပြရမူကား--
အသိ, အလိမ္မာ, ဉာဏ်ပညာမှ ကင်းဆိတ်သောတန် ခိုးဣဒ္ဓိပါဒ် မည်သည် အလွန်ကြောက်ဖွယ်ကြီး ကောင်းလှ၏၊ သတ္တဝါတွေကို များစွာပျက်စီးစေတတ်၏၊ ဟိမဝန္တာတောကြီး၌ ကျားတန်ခိုးကြီးတွေ, ခြင်္သေ့တန်ခိုး ဲကြီးတွေ ပေါ်ပေါက်လာခဲ့သော် ထိုတောတောင်နေ သတ္တဝါ တွေများစွာကြီး ပြုန်းတီးပျက်ပြားဖို့ ဖြစ်ချေ၏၊ မြစ်ရိုး မြစ်စဉ်တ လျှောက်၌ မိကျောင်းတန်ခိုးကြီးတွေ ပေါ်ပေါက်လာခဲ့သော် ထိုမြစ်ရိုးမြစ်စဉ် တလျှောက်နေ ရေသတ္တဝါတွေ များစွာကြီးပြုန်းတီး ပျက်ပြားဖို့ ဖြစ်ချေ၏။
သမုဒ္ဒရာတစ်ခွင် ပင်လယ်တလျှောက်၌ မိကျောင်းတန်ခိုးကြီးတွေ, မြွေနဂါးတန်ခိုးကြီးတွေ ပေါ်ပေါက်လာခဲ့သော် သမုဒ္ဒရာ ပင်လယ် နေ ရေသတ္တဝါတွေ များစွာကြီး ပြုန်းတီးပျက်ပြားဖို့ ဖြစ်ချေ၏၊ လူ့လောက၌ လည်း ဉာဏ်ပညာမှကင်းဆိတ်သော လူမိုက်တန်ခိုးကြီး, မင်းတန်ခိုးကြီး, စိုးတန်ခိုးကြီး ပေါ်ပေါက်လာခဲ့သော် ထိုနိုင်ငံနေ လူသတ္တဝါတွေ များစွာကြီး ပြုန်းတီးပျက်ပြားဖို့ ဖြစ်ချေ၏။
သာသနာဓမ္မ၌ ငါတို့ ဘုရားလက်ထက်တော်မှာ ပူရဏကဿပ ဆရာကြီး, မက္ခလိဂေါသာလဆရာကြီး စသောမိစ္ဆာဝါဒီ ဆရာတန်ခိုးကြီး ၆-ယောက် ပေါ်ပေါက်သည့်အတွက်ကြောင့် များစွာသောလူသတ္တဝါတွေ သံသရာခရီး၌ အမှားကြီး, အမှောက်ကြီး ပြုန်းတီးပျက်စီးကြရလေ၏၊ ဘာသာအရာ၌ မာရ်နတ်ခေါ်သော နတ်ဆိုးကြီးသည်ရှိ၏၊ အလွန် တန်ခိုးကြီး၏၊ နတ်ပြည် ၆-ထပ်တွင် အထက်ဆုံးနတ်ပြည်၌ နေ၏၊ ထိုနတ်ဆိုးကြီးသည် ငါတို့ အရှင်ဂေါတမ မြတ်စွာဘုရားကိုလည်း ခုခံတိုက်ခိုက်၏၊ ဂေါ့သခင်, ခိုဒါသခင်တို့ကိုလည်း ခုခံတိုက်ခိုက်၏၊ ဘာသာကြီး ၄-ပါး၌ပင် အနှောင့်အယှက်ရန်သူကြီးဖြစ်၏၊ ထိုနတ်ဆိုး တန်ခိုးကြီးရှိနေသည့်အတွက်ကြောင့် လူသတ္တဝါ, နတ်သတ္တဝါ အပေါင်းတို့မှာ များစွာကြီး အနှောင့်အယှက် ခံကြရ၏၊ ယခုအခါ ကမ္ဘာပေါ်တွင် ဘီလူးတန်ခိုးကြီးတွေ, သရဲတန်ခိုးကြီးတွေ, သံဘက်တန်ခိုး ကြီးတွေဟု ဆိုအပ်သော နတ်ဆိုးတန်ခိုးကြီးတွေ ထကြွ သောင်းကျန်း ရှိနေကြသည့်အတွက်ကြောင့် ကပ်ရောဂါအမျိုးမျိုးတွေ ပေါ်ပေါက်ကျရောက်ဖြစ်ပွါး၍နေရသဖြင့် လူသတ္တဝါတွေ, ကျွဲ, နွားစသော တိရစ္ဆာန်သတ္တဝါ တွေ များစွာကြီး ပျက်စီးပြုန်တီး ရကုန်၏၊ ဤ၌ ဆိုအပ်ခဲ့ပြီးသော နတ်ဆိုးတန်ခိုးကြီးတိုသည် လူတို့၏ အသွေးကိုလည်းကောင်း, ကျွဲ,နွားစသော တိရစ္ဆာန်သတ္တဝါတို့၏ အသွေးကိုလည်းကောင်း, အလွန်ကြိုက်နှစ်သက်ကြကုန်၏၊ လူတို့၏ နေရာ နိုင်ငံမြို့ရွာသို့ အထောင်များစွာ, အသောင်းများစွာ လာရောက် ကြကုန်ပြီးလျှင် လူတို့၏အသွေး, ကျွဲ,နွားစသောတိရစ္ဆာန်တို့၏ အသွေး တို့ကို စုတ်ယူမျိုသောက် သေကျေပျက်ဆုံးခြင်းသို့ ရောက်အောင် နှိပ်စက်ညှဉ်းပန်းကြကုန်၏။
နှိပ်စက်ညှဉ်းပန်းပုံကား- လူတစ်ကိုယ်လုံး, တိရစ္ဆာန် တစ်ကိုယ် လုံး၌ရှိသော အသွေးအဆီတို့ကို စုတ်ယူရာ၌ အကုန်လိုက်ပါစေခြင်းငှါ ရှေးဦးစွာ တစ်ကောင်လုံးကို အပူတိုက်၍မီးမြှိုက်ကြကုန်၏၊ မီးမြှိုက် ဆိုသည်ကား အပူအပြင်းဖျားသော ကပ်ဖျားကြီးကို မိမိတို့တန်ခိုးဖြင့် ပြုလုပ်ခြင်းပေတည်း၊ ကျောက်ဆိုးဖျားကြီး, ဝမ်းကျဝမ်း ပေါက်ဖျားကြီး, ပိလိပ်ဖျားကြီး, တုတ်ကွေးဖျားကြီးတို့ကို ဆိုသတည်း၊ ထိုသို့ပြုလုပ်ပြီးလျှင် အချို့သော နတ်ဆိုး တန်ခိုးကြီးတို့သည် လူ တိရစ္ဆာန်တို့၏ ရင်တွင်း ဝမ်းတွင်းသို့ဝင်ပြီးလျှင် အသဲအဆုတ်တို့၌ ကိုက်ငုံ၍ တစ်ကိုယ်လုံး မှသွေးတို့ကို စုတ်ယူမျိုသောက်ကြကုန်၏၊ အချို့သော နတ်ဆိုးတို့သည် အပြင်၌နေ၍ ထိုထိုအကြောဆုံတို့၌ ကိုက်ငုံပြီးလျှင် တစ်ကိုယ်လုံးမှ သွေးတို့ကို စုတ်ယူမျိုသောက်ကြကုန်၏။
နတ်ဆိုးကြီးများသည် သခင်ကြီးများ၏ အခြံအရံလော
အချို့သောပညာရှိတို့က ထိုနတ်ဆိုးအပေါင်းတို့သည် မဟာမက် ဘာသာတွင် ခိုဒါသခင်ကြီး၏ အခြံအရံ ပရိသတ်များဖြစ်ကြကုန်သည် ဟု-အယူရှိကြကုန်၏၊ ယူခြင်း၏အကြောင်းမူကား ထိုနတ်ဆိုး အပေါင်း တို့သည် လူတို့၏အသွေး, တိရစ္ဆာန်တို့၏ အသွေးတို့ကို အလွန် ကြိုက်နှစ်သက်ကြကုန်၏၊ ခိုဒါသခင်ကြီးသည်လည်း အလွန် ကြိုက်နှစ် သက်၏၊ ထိုဘာသာဝင်အပေါင်းတို့သည် ခိုဒါသခင်ကြီးကို ထို အသွေး တို့ဖြင့် အမြဲကျွေးမွေး ပူဇော်ကြကုန်၏၊ ထိုလူမျိုးတို့မှာ ထိုအသွေးတို့ဖြင့် ခိုဒါသခင်ကြီးကို ကျွေးမွေးပူဇော်ရန် တိရစ္ဆာန်တို့ကို သတ်မှုကြီးသည် အစဉ်ထာဝရ ပြုလုပ်ကြရသော ဝတ္တရားကြီး ဖြစ်လေသတည်း၊ ဤသို့လျှင် ထိုနတ်ဆိုးတို့သည် ခိုဒါသခင်နှင့် အသွေးသောက်ခြင်း, အသွေးစားခြင်း တူကြကုန်သည် ဖြစ်သောကြောင့် ခိုဒါသခင်ကြီး၏ အခြံအရံပရိသတ်များ ဖြစ်ကြကုန်သည်ဟု-ယူကြပေကုန်သတည်း။
ကိုရန်ကျမ်း- အစရှိသော ဓမ္မဟောင်းကျမ်း ၃၀-ကျော်တို့ ၌လည်း အာဒမ်-ဧဝတို့၏သားဖြစ်သော ကာအိန, အာဘေရတို့၏ ဝတ္ထုမှစ၍ တိရစ္ဆာန်တို့ကို အတွင်သတ်၍ အသွေးတို့ဖြင့် ကမ္ဘာ့သခင်ကြီးအား လည်းကောင်း, ကျွေးမွေးရသောဝတ္တရားသည် သာသနာပြုဆရာ အစဉ်အဆက်, ဘာသာကျမ်းအစဉ်အဆက်, ရာဇဝင်အစဉ် အဆက်တို့၌ အလွန်ထင်ရှားစွာလာ ရှိ၏၊။ သို့သော် ကမ္ဘာ့ သခင်ကြီးသည် မိမိ၏ ထောင်သောင်းများစွာသော ပရိသတ်နှင့်တကွ အသွေးတို့ဖြင့် လုံလောက်စွာ ကျွေးမွေးနိုင်သောအခါ ကျွေးမွေးသူတို့မှာ ချမ်းသာရပါ၏၊ လုံလောက်စွာ မကျွေးမွေးနိုင်သောအခါ ကျွေးမွေး သူတို့၏ အသွေးကိုပင် ရှေးဦးစွာ စားသောက်တတ်သော အလေ့သည် ထိုကျမ်းစာများမှာ များစွာလာရှိ၏။
မောရှေ - ဆိုသူသည် ကမ္ဘာ့သခင်ကြီးကို၎င်း, နတ်ဆိုးတို့ကို၎င်း, အမြဲကျွေးမွေး၏၊ ရံခါအကျွေးအမွေး လျော့ပါးခဲ့သော် မောရှေ၏ ပရိသတ် ထောင်သောင်းများစွာတို့၌ ကပ်ရောက်၍မောရှေရှေ့၌ သေဆုံးကြကြောင်း များစွာလာရှိချေ၏၊ ယခု လောက၌လည်း နှစ်စဉ် ကပ်ရောဂါဖြစ်ကြရာ၌ အသွေးဖြင့် ကျွေးမွေးသူတို့ရှိကြရာ ရပ်စု, ကွက်စုတို့မှ အစပြု၍ဖြစ်ကြသော အရာသည် ထင်ရှားရှိ၏၊ ကျွေးမွေးသူ မရှိသော်လည်း ပင်လယ်မှလာသော အမဲခြောက်, နွားသားခြောက် ရောက်ပေါက်ရာအရပ်ဟူသမျှသည် နတ်ဆိုးတို့၏ ကျက်စားရာကြီး ဖြစ်၏၊ အမဲခြောက်, နွားသားခြောက် သွားလေရာရာ နတ်ဆိုးတို့ ထက်ကြပ်ပါသည်သာလျှင်တည်း။
ကမ္ဘာ့သခင်ကြီးသည်လည်း သတ္တဝါတို့၏ အသွေးဟူသမျှသည် လူတို့နှင့်မထိုက်တန်၊ ငါ- ကမ္ဘာ့သခင်ကြီးနှင့်သာ ထိုက်တန်သော အစာအာဟာရဖြစ်သည်ဟု- ကြိမ်းဝါးချက်ကြီးလာရှိ၏၊ ဤအချက်စုကို ထောက်၍ ကမ္ဘာပေါ်၌ ကပ်ရောဂါဖြစ်မှု ဟူသမျှသည် ထိုကမ္ဘာ့သခင်ကြီး နှင့်တကွ အထောင်များစွာ, အသောင်းများစွာသော နတ်ဆိုးတို့၏ သွေးစုတ်ပွဲကြီး ဖြစ်သည်ဟူ၍ ပညာရှိတို့ အမှန်သိနိုင်ကြလေကုန်၏။
ထို့အတူ ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ နတ်ဆိုးတို့ပြုလုပ်၍ ဝေသာလီပြည်မှာ ကပ်ရောဂါကြီးဖြစ်ဘူးကြောင်းကို အစပြု၍ ကျမ်းဂန် အစဉ်အဆက် ရာဇဝင်အစဉ်အဆက်တို့၌ ထိုထို မြို့ရွာနိုင်ငံတို့မှာ နတ်ဆိုးတို့ပြုလုပ်ချက်နှင့် ကပ်ရောဂါအမျိုးမျိုး ဖြစ်ဖူးကြောင်း များစွာ လာရှိ၏။
ကိုရန်ကျမ်းအစရှိသော ဓမ္မဟောင်းကျမ်းတို့၌လည်း ကမ္ဘာ့ သခင်ကြီးသည် မည်သည့်ပြည်သူပြည်သားတို့ကို အမျက်တော်ရှိ၍ မည်သည့်ကပ်ရောဂါမျိုးတို့ကို တစ်ပြည်လုံးဖြစ်စေ၍ တစ်ပြည်လုံးကို သေပြစ်သေဒဏ် ပေးတော်မူကြောင်း, မည်သည့်တိုင်းသူပြည်သားတို့ကို အမျက်တော်ရှိ၍ မည်သည့်ကပ်ရောဂါမျိုးတို့ကို တစ်တိုင်းလုံးဖြစ် ပွါးစေ၍ တစ်တိုင်းလုံးကို သေပြစ်သေဒဏ်ပေးတော်မူကြောင်း, ထိုထို မြို့ရွာသူ မြို့ရွာသားတို့၌ အမျက်တော်ရှိ၍ မည်သည့်ကပ်ရောဂါ မျိုးတို့ကို မြို့လုံးရွာလုံး၌ဖြစ်ပွါးစေ၍ မြို့လုံးရွာလုံးကို သေပြစ်သေဒဏ်ပေးတော် မူကြောင်း များစွာကြီးလာရှိလေ၏။
ခရစ်ယာန်ကျမ်းပေါင်း ၃၀- ကျော်တို့၌လည်း နတ်ဆိုးတို့ ပြုလုပ်ချက်နှင့် ထိုထိုတိုင်းပြည် မြို့ရွာတို့မှာ ကပ်ရောဂါအမျိုးမျိုး ကျရောက်ဖြစ်ပွါးရှိနေရာ ခရစ်ယာန်ဆရာကြီးသည် ကိုယ်တိုင် သွား ရောက်၍ နတ်ဆိုးတို့ကို ဝေးရာသို့နှင် ထုတ်သဖြင့် ထိုတိုင်းပြည် မြို့ရွာတို့မှာ ထိုထိုကပ်ရောဂါ ပျောက်ငြိမ်းကြကြောင်း များစွာလာရှိ၏။
ခရစ်ယာန်ဆရာသည် နတ်ဆိုးတို့ကို အလွန်နိုင်နင်းပေ၏၊ ဆရာတော်သည်လည်း ဤမြန်မာနိုင်ငံတွင် ထိုထိုမြို့ ရွာတို့၌ ထိုထို ကပ်ရောဂါများ ကျရောက်ဖြစ်ပွါးရှိနေရာ မြို့ရွာရှိ နတ်ကောင်း နတ်မြတ်တို့ကို တိုင်ကြားပြီးလျှင် နတ်ဆိုးတို့ကို နှင်စာ, ထုတ်စာ, ခြိမ်းခြောက်စာတို့ကို ကောင်းစွာရေးသား၍ မြို့လမ်း, ရွာလမ်းတို့သို့ လျှောက်သွား၍ ဖတ်ကြားစေရာ နေ့ခြင်း-ညခြင်း ထိုထိုကပ်ရောဂါ ပျောက်ငြိမ်းကြောင်းကိုလည်း အစိုးရမင်းများနှင့်တကွ နိုင်ငံသူ နိုင်ငံသား အများ အထင်အရှား ကြားသိလျက်ရှိကြ၏၊ ထိုတွင် ဗုဒ္ဓဘာသာ ကျမ်းစာ, ခရစ်ယာန်ကျမ်းစာ, ဆရာတော်၏ အမိန့်ဖတ်စာတို့မှာ ထိုကပ်ရောဂါ တို့ကို နတ်ဆိုးတို့ပြုလုပ်သည်ဟု ဆိုကြ၏။
ဓမ္မဟောင်းကျမ်းစာတို့မှာ ကမ္ဘာ့သခင်ကြီး ပြုလုပ်သည်ဟုဆိုပေ၏၊ ဤမျှသာထူးကြ၏၊ ထို့ကြောင့် ကမ္ဘာတွင်ရှိနေသော ကပ်ရောဂါ အမျိုးမျိုး ဟူသမျှသည် နတ်ဆိုးအပေါင်း ထောင်သောင်းများစွာနှင့် တကွသော ကမ္ဘာ့သခင်ကြီး၏ သွေးစုတ်ပွဲကြီး ဖြစ်သည်ဟု- ပညာရှိတို့ သိနိုင်ကြကုန်၏။
ဤစကား၌မေးရန်ရှိ၏-- အလွန်တန်ခိုးတော်ကြီးသော ကမ္ဘာ့ သခင်ကြီးကို ဆရာတော်ကြီးသည် နှင်ထုတ်နိုင်ပါသလောဟုမေးရန်ရှိ၏။
အဖြေကား-- တန်ခိုးကြီးနှင့်ဉာဏ်ကြီး တိုက်ခိုက်ကြသော် ဉာဏ်ကြီးက နိုင်တတ်၏၊ အိမ်ခြေတစ်ရာရှိသော မြို့ရွာ၌ ကျရောက် လျက်ရှိသော ထိုထိုကပ်ရောဂါမျိုးကို ပျောက်ငြိမ်းစေလိုသော် လူသန်, လူမြန်, လောက်လေးလက်စေ့, လူ ၅၀- နှင့် လောက်လေးဆံ ကျောက်ခဲ ရှစ်ပြည်သားရရှိခဲ့သော် နေ့ခြင်းညခြင်း, နှင်ထုတ်နိုင်၏။
မေးရန်ရှိပြန်၏-- ထိုမျှလောက်တန်ခိုးကြီးသော နတ်ဆိုး တို့သည် လောက်လေးလက်နက်မျှကို ကြောက်ကြကုန်လိမ့်မည်လောဟုမေးရန်ရှိ၏။
အဖြေကား-- မှက်, ခြင်, ယင်ရဲထူပြောလှစွာသော တောကြီး ထဲ၌နေသော ကျားတန်ခိုးကြီး, ခြင်္သေ့တန်ခိုး ဲကြီးတို့သည် ထိုမှက်, ခြင်, ယင်ရဲတို့၏ ကိုက်ခြင်း, ထိုးခြင်းတို့ကို ကြောက်ကြကုန်သကဲ့သို့ ကြောက်ကြကုန်၏၊ ထို့ပြင်လည်း ထိုနတ်ဆိုးတို့ကို နှင်ထုတ်နိုင်သော နည်းလမ်းတို့သည် ထိုဉာဏ်ရှိသူမှာ များစွာပင်ရှိကြကုန်၏ဟု- ဖြေလေ။
ဤမျှသော စကားရပ်တို့ဖြင့် လောက၌ တန်ခိုးမည်သည် အလိမ္မာမရှိသောသူတို့၌ ရှိနေခဲ့သော် ထိုသူတို့၏ အမိုက်မှုတို့ကို အကြီးအကျယ်တွင်ကျယ်အောင် ကျေးဇူးပြုနိုင်၏၊ ထို့ကြောင့် တန်ခိုး မည်သည် ဖြူစင်ဖြောင့်မတ်သော ဂုဏ်သတ္တိမျိုး မဟုတ်၊ အလွန်ရှုပ်ထွေး သော ဂုဏ်သတ္တိမျိုးဖြစ်၏၊ ကမ္ဘာသူ ကမ္ဘာသားတို့ကို အသက်ခန္ဓာ ဆုံးရှုံးအောင်သော်လည်း ပြုတတ်၏၊ အယူဝါဒ မှောက်မှား၍ သေသည်မှ နောက်၌ တစ်တိုင်းလုံး, တစ်ပြည်လုံး အနန္တငရဲကြီးသို့ ကျရောက် လေအောင်လည်း ပြုတတ်၏၊ ပညာရှိတို့ သတိထားကြလေကုန်။
ဤအရာ၌ စဉ်းစားရန် အချက်ကြီးရှိ၏။
လောကမည်သည် အလွန်ဆန်းကြယ်၏၊ ဆန်းကြယ်ပုံကား လောက၌ အလွန်တန်ခိုးကြီးကြသော သိကြားမင်းကြီး, ဝေဿဝဏ် နတ်မင်းကြီး အစရှိသော နတ်ကောင်း, နတ်မြတ်, နတ်တန်ခိုးကြီးတို့သည် များစွာရှိကြကုန်၏၊ အချို့သောသူတို့သည် နတ်ဆိုးကြီးတစ်ကောင်ကို အစာကျွေး၍ မွေးထားပြီးလျှင် သိကြားမင်းကြီးဟု- သမုတ်၍ထား၏၊ ထိုနတ်ဆိုး ကြီးပြုလုပ်၍ ရောဂါဝေဒနာဖြစ်ပွားသူကို တွေ့ရှိသောအခါ သိကြားမင်းကိုခေါ်သည်, သွင်းသည်ဟု ပြောဆို၍ ထိုဝေဒနာ ပျောက် ငြိမ်းအောင် ပြုလုပ်ပြီးလျှင် ဆုလာဘ်သပ္ပကာကို ခံယူလေ၏၊ နတ်ဆိုး ကြီးကလည်း ငါသိကြားဖြစ်သည်ဟု- သိကြားသံကို တွင်တွင်ပေးလေ၏၊ အရပ်သူ အရပ်သားများကလည်း နတ်ဆိုးကြီးဟူ၍ မသိကြ၊ သိကြား မင်းကြီးဟူ၍ပင် မှတ်ထင်ကြ၏။
ထို့အတူ ထိုထိုဘီလူး, သံဘက်, အစိမ်းသရဲ, နတ်ဆိုးတို့ကို အစာကျွေး- မွေးမြူကုန်ပြီးလျှင် မိမိတို့မွေးမြူသော နတ်ဆိုးတို့ကို အချို့သောသူတို့က ဝေဿဝဏ္ဏ နတ်မင်းကြီးဟူ၍ အမည်ပေးကြကုန်၏၊ အချို့သောသူတို့က ဓတရဋ္ဌနတ်မင်းကြီးဟူ၍၊ အချို့သောသူတို့က ဝိရူဠှကနတ်မင်းကြီးဟူ၍, အချို့သောသူတို့က ဝိရူပက္ခနတ်မင်းကြီးဟူ၍ အမည်ပေးကြကုန်၏၊ ဤသို့စသည်ဖြင့် ထိုထိုနိုင်ငံမြို့ရွာတို့၌ အစဉ်အလာ ထင်ရှား၍လာခဲ့သော နတ်မင်းကြီးတို့ကို အမည်ပေး၍ လူအပေါင်း တို့အား အလွန်ကြီးကျယ်စွာ လိမ်လည်လှည့်စားခြင်းကို ပြုကြလေကုန်၏။
လိမ်လည်လှည့်စားမှုအစ
ဤလိမ်လည်လှည့်စားမှုကြီးသည် ကမ္ဘာပေါ်တွင် အဘယ် အခါက စ၍ ဖြစ်ပေါ်လာသနည်းဟူမူကား ငါတို့ ဘုရားအလောင်းတော် သာကီဝင်အနွယ်တွင် အစဆုံးမင်းကား ဥက္ကာမုခမင်းတည်း၊ ထိုမင်း၏ အဖကား- ဩက္ကာကရာဇ်မင်းတည်း၊ ထိုဩက္ကာကရာဇ်မင်း လက်ထက်မှ စ၍ ထိုလိမ်လည်မှုကြီးသည် ကမ္ဘာပေါ်တွင် အစဉ်အဆက် ဖြစ်ပွါး၍ လာသည် ဟု- ငါတို့မြတ်စွာဘုရား ဟောတော်မူ၏။
ဖြစ်ပွါးပုံကား-- ထိုမင်းလက်ထက် မိစ္ဆာပုဏ္ဏားတို့သည် ပေါ်ပေါက်လာကုန်၏၊ ထိုမိစ္ဆာပုဏ္ဏားတို့သည် ဤ သို့အကြံပြုကြကုန်၏၊ ငါတို့သည် နတ်ဆိုးတန်ခိုးကြီးတို့ကို မွေးမြူပြီးလျှင် ငါတို့ မဟာ ဗြဟ္မာကြီးဟု- အမည်ပေး၍ လူအများတို့အား ထွေထွေလာလာ အံ့ဩဖွယ်ရှိသော တန်ခိုးကိုပြစေခြင်း, လူတို့၏ မေးချက်တို့ကို အတတ် အမှန် ပြောဟောစေခြင်းကို ပြုလုပ်သည်ရှိသော် ကမ္ဘာပေါ်တွင် တန်ခိုးရှိန်ဝါသည် ကြီးမားကြကုန်လတ္တံ့၊ စည်းစိမ်ဥစ္စာကိုလည်း များစွာရကြကုန်လတ္တံ့၊ သို့သော် နတ်ဆိုးတို့ကို မွေးခဲ့လျှင် တိရစ္ဆာန် သတ္တဝါတို့ကို သတ်ဖြတ်၍ အသွေးတို့ဖြင့် နတ်ဆိုးတို့ကို အမြဲ ကျွေးကြရကုန်လိမ့်မည်၊ တိရစ္ဆာန်တို့ကိုသတ်ဖြတ်ခဲ့ပြန်သော် ပါဏာတိပါတကံထိုက်၍ သူယုတ်မာဖြစ်သည်, ဒုဿီလဖြစ်သည် ဟူသော ကမ္ဘာ့ကျင့်ဝတ်တရားကြီးသည် ရှိပြန်ချေ၏၊ ငါတို့ကို မင်းစိုး ရာဇာတို့လည်း အသုံးပြုကြမည်မဟုတ်၊ လူကောင်း သူကောင်းတို့လည်း ပေါင်းဖော်ကြမည်မဟုတ်၊ ထို့ကြောင့် ထိုကမ္ဘာ့ကျင့်ဝတ်တရားကြီးကို ဖျက်ဆီးခြင်းငှါ ကျမ်းစာအုပ်တစ်ခုကို ပြုလုပ်ကြကုန်အံ့ဟု- ကြံကြ ကုန်ပြီးလျှင် မိစ္ဆာကျမ်းစာအုပ်ကို ပြုလုပ်ကြကုန်၏။
ကျမ်းစာအုပ်၌ လိမ်လည်ရေးသားပုံ
ထိုကျမ်းစာအုပ်၌ ပါရှိသည်ကား မဟာဗြဟ္မာကြီးသည် လူ အများတို့အလိုရှိတိုင်း အသုံးပြုခြင်းငှါ တိရစ္ဆာန်သတ္တဝါတို့ကို ဖန်ဆင်း ခဲ့ပေ၏၊ ထို့ကြောင့် ဗူးသီး, ဖရုံသီးတို့ကို ခုတ်လှီးချက်ပြုတ်၍ စားသော် အပြစ်မရှိသကဲ့သို့ တိရစ္ဆာန်သတ္တဝါတို့ကို သတ်ဖြတ် ချက်ပြုတ်၍ စားကြသော်လည်း အပြစ်မရှိ၊ ထိုတိရစ္ဆာန်သတ္တဝါတို့၏ အသွေးတို့ဖြင့် မဟာဗြဟ္မာမင်းကြီးကို ကျွေးမွေးပူဇော်ခဲ့သည်ရှိသော် မဟာဗြဟ္မာ မင်းကြီးနေရာ ကောင်းကင်ဘုံသို့ ရောက်စေတတ်ကုန်၏၊ ပုဏ္ဏားလူမျိုး တို့မည်သည် မဟာဗြဟ္မာမင်းကြီး၏ ခံတွင်းတော်မှ ဖြစ်ကြသော သူမြတ် တို့ပေတည်း၊ ထို့ကြောင့် ထိုတိရစ္ဆာန်တို့၏ အသားတို့ဖြင့် ပုဏ္ဏားတို့ကို ကျွေးမွေးခြင်း, ရွှေငွေရတနာ, ကညာသမီး, နွားထီး, နွားမစသည်တို့ဖြင့် ပုဏ္ဏားတို့အား ပေးလှူပူဇော်ခြင်းကို ပြုခဲ့သော် အထက်ကောင်းကင်ဘုံ၌ ကြီးစွာသော စည်းစိမ်ချမ်းသာကို ထာဝရ ခံစားကြရကုန်၏ဟု ထိုမိစ္ဆာ ကျမ်းစာမှာ ရေးသားပါရှိ၏။
ထိုကျမ်းစာကို ကမ္ဘာဦးကျမ်းစာကြီးဆို၍ ဩက္ကာကရာဇ်မင်းအား တင်ပြကြလေကုန်၏၊ ဩက္ကာကရာဇ်မင်းသည် ပညာနည်းသော မင်းဖြစ်၍ ထိုကျမ်းစာကို များစွာယုံကြည်ပြီးလျှင် နွားသတ္တဝါတို့ကို ထောင်သောင်းများစွာ သတ်ဖြတ်၍ မဟာဗြဟ္မာကြီးဟု- ယူမှတ်ပြီးလျှင် နတ်ဆိုးအပေါင်း ထောင်သောင်းများစွာတို့အား နွားတို့၏အသွေး တို့ဖြင့် ကျွေးမွေးလေ၏၊ နွားတို့၏ အသားတို့ဖြင့် ပုဏ္ဏားသိန်းသောင်းများစွာ တို့အား ကျွေးမွေးလေ၏။
ထိုအခါ၌ ကမ္ဘာကိုစောင့်ကြကုန်သော နတ်ကောင်းနတ်မြတ် တို့သည် မင်းနှင့်တကွသော လူသတ္တဝါတို့ကို လွန်စွာနှလုံးနာခြင်း, မုန်းထားခြင်းဖြစ်ကြကုန်၍ ကမ္ဘာကို မကြည့်ရှုကြကုန်ပြီ၊ ထိုအခါ သမုဒ္ဒရာပင်လယ်တစ်ခွင်, တော တောင်တစ်ခွင်၌ နေကြကုန်သော နတ်ဆိုးတို့သည် ထကြွသောင်းကျန်းခြင်း အခွင့်ရကြကုန်သဖြင့် လူတို့ နေရာ တိုင်း ပြည်မြို့ရွာသို့ လာကြကုန်၍ ကပ်ရောဂါအမျိုးမျိုးတို့ကို မိမိတို့တန်ခိုးဖြင့် ပြုလုပ်ကြကုန်၍ လူသတ္တဝါတို့၏လည်းကောင်း, ကျွဲ, နွား တိရစ္ဆာန်သတ္တဝါတို့၏လည်းကောင်း, အဆီ, အသွေးတို့ကို စုတ်ယူ မျိုသောက် သေကျေပျက်ဆုံးသည်တိုင်ရောက်အောင် နှိပ်စက် ညှဉ်းပန်း ကြကုန်၏၊ ထိုပုဏ္ဏားတို့သည် ၎င်းနတ်ဆိုးတန်ခိုးကြီးတို့ကို တစ်ကမ္ဘာ လုံး၏ ကိုးကွယ်ရာဖြစ်သော မဟာဗြဟ္မာမင်းကြီးဟု- အမည်ပေး၍ ထိုထိုမြို့ရွာသို့ လှည့်လည်ပြီးလျှင် ပူဇာသက္ကာရကို ခံယူ၍ အသက် မွေးကြကုန်၏။
ဤလိမ်လည်မှုကြီးသည် ကမ္ဘာပေါ်တွင် ထိုဩက္ကာကရာဇ် မင်းလက်ထက်ကစ၍ ဖြစ်ပေါ်လာသည်ဟု သုတ္တနိပါတ်ပါဠိတော်ဗြဟ္မာဏဓမ္မိယသုတ်” တွင် ဟောတော်မူပေ၏။
ဤပါဠိတော်ကိုထောက်၍ နွားသတ်မှု, နွားသားစားမှု, နတ်ဆိုး တို့အား အသွေးတို့ဖြင့် ကျွေးမွေးမှု, ကပ်နာဆိုး, ကပ်ရောဂါဆိုးတို့၏ ကမ္ဘာပေါ်တွင် ပေါ်ပေါက်မှုတို့သည် ထိုမင်းလက်ထက်တွင် အစပြု၍ တစ်ပြိုင်နက်တစ်ချက်တည်း ပေါ်ပေါက်လာသည်ဟု- ပညာရှိတို့ သိကြ ကုန်ရာ၏။
နတ်ဆိုး၏ ဘာသာ သာသနာပြု ဖြစ်ကြကုန်သော ထိုမိစ္ဆာ ပုဏ္ဏားတို့၏ အဆက်အနွယ်သည်လည်းကောင်း, ထိုမိစ္ဆာကျမ်းစာ၏ အဆက်အနွယ်တို့သည်လည်းကောင်း, ယခုအခါ ကမ္ဘာပေါ်တွင် ထင်ရှား ရှိလျက်ပင် ဖြစ်ကြကုန်၏။
ထို့ကြောင့် ယခုအခါ မိမိတို့ကိုးကွယ်ရာ ကမ္ဘာ့သခင်ကြီးသည် အဖြောင့်အမှန် ဟုတ်ပါ၏လော- အလိမ်ကြီး, အမှားကြီးဖြစ်လေသလော ဟု- စုံစမ်းခွင့်, စစ်ဆေးခွင့် အရေးကြီးလှ၏၊ ထိုတွင် အစစ် အမှန်ကိုသိမှ အလိမ်အမှားကို သိနိုင်၏။
ဗြဟ္မာ, ဂေါ့, ခိုဒါအတုနှင့် အစစ်ပြဆိုချက် ဤ၌ ကမ္ဘာ့သခင်အစစ်ကြီးဟုဆိုသည်ကား အထက်ကောင်း ကင်ဘုံ၌ တည်ရှိသော မဟာဗြဟ္မာမင်းကြီးသည် ကမ္ဘာ့သခင်အစစ်ကြီး မည်၏၊ ဂေါ့အစစ်ကြီးလည်းမည်၏၊ ခိုဒါအစစ်ကြီးလည်းမည်၏၊ အစစ်ကြီးဟုတ်သည်, မဟုတ်သည်ကိုလည်း နေရပ်ဌာနအားဖြင့် လည်းကောင်း, အဆင်းသဏ္ဌာန်အားဖြင့်လည်းကောင်း, အစာအာဟာရ အားဖြင့်လည်းကောင်း, အနေအထိုင်အားဖြင့်လည်းကောင်း, သိအပ်၏။
ထိုတွင် နေရပ်ဌာနအားဖြင့် ထိုမဟာဗြဟ္မာမင်းကြီးသည် လူ့ပြည်မှအထက်ယူဇနာပေါင်း နှစ်သိန်း ခြောက်သောင်း ခုနစ်ထောင် ကွာဝေးသော ကောင်းကင်ဘုံကြီး၌ နေပေ၏၊ အဆင်းသဏ္ဌာန်အားဖြင့် ထိုမဟာဗြဟ္မာမင်းကြီးသည် ကြည့်လို့မငြီး, ရှုလို့မငြီးနိုင်အောင် အလွန်လှပတင့်တယ်သော အဆင်းသဏ္ဌာန်ရှိပေ၏၊ အစာအာဟာရ အားဖြင့် ထိုမဟာဗြဟ္မာ မင်းကြီးသည် ခံတွင်းဖြင့်မျိုသိပ်အပ်သော အစာရေစာကို စားသောက်ခြင်း မရှိပေ၊ မိမိ၏စိတ်မနောအတွင်း၌ ရှိသော ပီတိ သောမနဿလွန်ကဲသော ဘဝင်စိတ်အစဉ်, စျာန်စိတ် အစဉ်သည်ရှိ၏၊ ထိုစိတ်အစဉ်သည် မဟာဗြဟ္မာမင်းကြီး၏ ကိုယ် ခန္ဓာတစ်ခုလုံးကို အမြဲထောက်ပံ့ပေ၏၊ ကိုယ်ခန္ဓာမှာလည်း ယူဇနာ အရာမက ထွန်းလင်းတောက်ပသော ကိုယ်ရောင်ကိုယ် ဝါလည်းရှိ၏၊ ဤစိတ်အစဉ်ဖြင့်သာလျှင် အစာအာဟာရ ကိစ္စပြီးစီး၏၊ အနေအထိုင် အားဖြင့် ထိုမဟာဗြဟ္မာမင်းကြီးသည် ဣရိယာပုထ်လေးပါးတို့၌ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရား လေးပါး တို့နှင့်သာ နေလေ့ရှိ၏။
[ဤကား ဗြဟ္မာစစ်ကြီး, ဂေါ့စစ်ကြီး, ခိုဒါစစ်ကြီးကို ပြဆိုချက်တည်း။]
ဤအစစ်ကြီးကို ရှေးဦးစွာသိရှိပြီးမှ ယခုလက်ရှိ မိမိတို့ ကိုးကွယ်ရာ ဖြစ်သော သခင်ကြီးကို အသီးသီး--
၁။ နေရာဌာနအားဖြင့်လည်းကောင်း,
၂။ အဆင်းသဏ္ဌာန်အားဖြင့်လည်းကောင်း,
၃။ အစာအာဟာရအားဖြင့်လည်းကောင်း,
၄။ အနေအထိုင်အားဖြင့်လည်းကောင်း, စစ်ကြရာကုန်၏၊
စစ်ကြကုန်သည်ရှိသော် ဗြာဟ္မဏဘာသာဝင်လူမျိုးတို့၏ ကိုးကွယ် ရာဖြစ်သော မဟာဗြဟ္မာမင်းကြီးသည် ဗြဟ္မာအစစ်ပင်ဖြစ်၏၊ အဘယ့် ကြောင့်နည်းဆိုသော် ထိုလူမျိုးတို့သည် မိမိတို့ကိုးကွယ်ရာဖြစ်သော မဟာ ဗြဟ္မာမင်းကြီးသည် အထက်ကောင်းကင်ဘုံကြီး၌နေသည်၊ အဆင်းအား ဖြင့် အလွန်လှပတင့်တယ်သော အဆင်းသဏ္ဌာန်ရှိသည်။
အစာအာဟာရအားဖြင့် ခံတွင်းမှမျိုသိပ်အပ်သော အစာ အာဟာရကို စားခြင်းမရှိ၊ မိမိစိတ်နှလုံးတွင်း၌ရှိသော ပီတိသောမနဿ စျာန်စိတ်အစဉ်ဖြင့်သာလျှင် အာဟာရကိစ္စပြီးစီး၏။
အနေအထိုင်အားဖြင့် ဗြဟ္မဝိဟာရတရား လေးပါးနှင့်သာ နေလေ့ ရှိသည်ဟု-ယူကြကုန်၏။
ထိုဗြဟ္မာမင်းကြီးကို ကိုးကွယ်ရာ ပြုကြသည်မှာလည်း ထိုဗြဟ္မာ မင်းကြီးသည် ကမ္ဘာပေါ်၌ အသက်အရွယ်အားဖြင့် အကြီးဆုံးဖြစ်ပေ၏၊ တန်ခိုးလည်းအလွန်ကြီးပေ၏၊ အလွန်မြတ်သော ဗြဟ္မဝိဟာရတရား လေးပါးနှင့်လည်း အမြဲပြည့်စုံပေ၏-ဟုကိုးကွယ်ခြင်းကို ပြုကြကုန်၏။
တန်ခိုးသည် နောင်ဘဝအရေးနှင့် မသက်ဆိုင်ပုံပြဆိုချက် ထိုဗြဟ္မာမင်းကြီးသည် ငါတို့ကို ယခုဘဝသေသည်မှနောက်၌ တန်ခိုးတော်ဖြင့် အထက်ကောင်းကင်ဘုံကြီးသို့ တင်ပို့နိုင်သည်ဟုအယူရှိ၍ ကိုးကွယ်ကြသည်မဟုတ်ကုန်၊ အကြောင်းမူကား- ထိုဗြာဟ္မဏ ဟိန္ဒူလူမျိုးတို့သည် သတ္တဝါတို့ သေလွန်သည်မှနောက်၌ ကောင်းသော ဘဝသို့ ရောက်ကြရခြင်းသည် ယခုဘဝ၌ မိမိတို့ပြုကြသော ဒါန, သီလအစရှိသော ကုသိုလ်ကံ၏သာ သက်ဆိုင်ရာဖြစ်၏၊ မဟာဗြဟ္မာ မင်းကြီး၏ တန်ခိုး၏သက်ဆိုင်ရာ မဟုတ်ဟု- ယုံကြည်ကြကုန်၏။
ထို့ကြောင့် ထိုလူမျိုးတို့သည် နောက်ဘဝအကျိုးငှါ အလှူဒါန မှုကိုလည်း ပြုကြပေကုန်၏၊ ငါးပါးသီလ အစရှိသော သီတင်းသီလ ကျင့်သုံးမှုကိုလည်း ပြုကြကုန်၏၊ ကသိဏဘာဝနာ အစရှိသော ဘာဝနာ တရားများကိုလည်း ပွါးများကြပေကုန်၏၊ အထူးအားဖြင့် မေတ္တာကရုဏာအရာမှာ ကျွဲ, နွားအစရှိသော တိရစ္ဆာန်သတ္တဝါတို့ကို ချမ်းသာ စေခြင်းငှါ ရန်ကုန်မြို့, မော်လမြိုင်မြို့, မန္တလေးမြို့တို့၌ ကျွဲ, နွားအစရှိသော တိရစ္ဆာန်ဘေးမဲ့ရုံကြီးများကို တည်ထောင်ပြုစုကြပေကုန်၏။
ကမ္ဘာပေါ်၌ တိရစ္ဆာန်သတ္တဝါတို့ကို သတ်မှု, စားမှုတို့မှ ကင်းရှင်း ကြစေခြင်းငှါ “အရိယသမဂ္ဂ” အသင်းကြီးကိုလည်း တည်ထောင်ကြ ပေကုန်၏၊ ဤအရာများကိုထောက်၍ ထိုလူမျိုးတို့သည် နောက်ဘဝ အတွက်မှာ ကံကိုသာ အားကိုးကြကုန်၏၊ မဟာဗြဟ္မာမင်းကြီးကို အား မကိုးကြကုန်ဟု-သိအပ်၏။
ခရစ်ယာန်ဘာသာဝင်- လူမျိုးတို့သည်လည်း မိမိတို့ ကိုးကွယ်ရာ ဖြစ်သော ဂေါ့သခင်ကြီးသည် နေရပ်ဌာနအားဖြင့် အထက် ကောင်းကင် ဘုံ၌နေသည်ဟု-ယူကြ၏၊ ဤသို့စသည်ဖြင့် ဗြာဟ္မဏ ဘာသာနှင့် တူကြ၏၊ အထူးမှာမူကား ထိုဂေါ့သခင်ကြီးသည် ငါတို့ကို သေသည်မှ နောက်၌ အထက်ကောင်းကင်ဘုံကြီးသို့ တန်ခိုးတော်ဖြင့် တင်ပို့ လိမ့်မည်ဟု- အယူရှိကြကုန်၏၊ ဤအရာ၌ တန်ခိုးမည်သည် ယခုဘဝ အရေးအခွင့်နှင့်သာ ဆိုင်၏၊ နောက်ဘဝအရေးအခွင့်နှင့် မဆိုင်၊ ကံသည် သာလျှင် နောက်ဘဝအရေးအခွင့်နှင့် ဆိုင်၏။
ထိုဗြဟ္မာမင်းကြီးသည် ယခုရှိကြသောသူတို့ကို ကောင်းကင် ဘုံကြီးသို့ တန်ခိုးဖြင့်တင်ဆောင်၍ ကောင်းကင်ဘုံကြီးမှာ ထားလိုလျှင် ထားနိုင်၏၊ ထိုလူတို့သည် ကောင်းကင်ဘုံကြီးမှာနေ၍ သေချိန်ကျလျှင် သေကြရလိမ့်မည်၊ မသေကြရသေးအောင် ဗြဟ္မာမင်းကြီး မတတ်နိုင်၊ ထိုကောင်းကင်ဘုံကြီး၌နေ၍ သေကြကုန်လျှင်လည်း မိမိကံပစ်ချရာ ဘုံဘဝတို့သို့ ပရမ်းပတာ ကျရောက်ကြကုန်လတ္တံ့၊ ထိုပရမ်းပတာ ကျရောက်ခြင်းကို ဗြဟ္မာကြီးမတားမြစ်နိုင်၊ တန်ခိုး၏ဆိုင်ရာ မဟုတ်၊ ကံ၏ဆိုင်ရာသာ ဖြစ်ပေသတည်း။
[ဤကား-တန်ခိုးမည်သည် ယခုဘဝအရေးအခွင့်နှင့်သာဆိုင်၏၊ နောက်ဘဝ အရေး အခွင့်နှင့် မဆိုင်၊ ကံသည်သာလျှင် နောက်ဘဝ အရေးအခွင့်နှင့် ဆိုင်ပုံကို ပြဆိုချက် တည်း။]
ဤအရာ၌ နောက်ဘဝအတွက်နှင့် ကံကိုအရေးမပြုဘဲ ဗြဟ္မာကြီး တန်ခိုးကိုသာ အားကိုးကြသောသူတို့မှာ ဗြဟ္မာကြီး တန်ခိုးကလည်း ကယ်ဖော်မရ, ကုသိုလ်ကံကလည်း လက်မဲ့ဖြစ်၍ နေခဲ့ကြလျှင် နောက် ဘဝအလား ဘယ်သို့သွားလိမ့်မည်ဟု စဉ်းစား ဖွယ်ကြီးဖြစ်၏၊ အချို့ သူတို့ကား ကမ္ဘာ့သခင်ကြီးသည် နောက်ဘဝအရေး၌ ငါတို့ကို ကယ်နိုင် သောတန်ခိုးတော် အမှန်ရှိ၏ဟု- ယုံကြည် သောသူတို့ကိုသာ ကယ်ဆယ် နိုင်၏၊ မယုံကြည်သောသူတို့ကို မကယ်ဆယ်နိုင်ဟု- ဟောလေ့ပြော လေ့ရှိကြကုန်၏၊ တန်ခိုး၏ဆိုင်ရာ မဟုတ်ရာ၌ တန်ခိုးကို ယုံကြည်ခြင်း, မယုံကြည်ခြင်းသည် ပြဋ္ဌာန်း နိုင်သောအရာ မဟုတ်ချေ။
ခရစ်ယာန်ဆရာနှင့်မေတ္တာ
ဤခရစ်ယာန်ဘာသာ၌ တိရစ္ဆာန်သတ္တဝါကိုသတ်၍ ပါဏာတိပါတကံမထိုက်ဟူသော ရှေးမိစ္ဆာပုဏ္ဏားတို့၏ မိစ္ဆာအယူကြီးသည် ရှိလျက်နေ၏၊ ခရစ်ယာန်ဘာသာဝင် လူမျိုးတို့သည် တိရစ္ဆာန် သတ္တဝါကိုသတ်မှု၌ ကံထိုက်မည်ကို ကြောက်ရွံ့ခြင်း မရှိကြလေကုန်၊ အနန္တအပါယ်တံခါးကြီး ဟင်းလင်းပွင့်လျက်ပင် ရှိကြလေကုန်၏။
သို့သော် ယဇ်ပူဇော်မှုထက် မေတ္တာ, ကရုဏာပွါးများမှုသည် သာ၍ ကောင်းမြတ်၏ဟု ခရစ်ယာန်ဆရာ ပြောဟောချက် ရှိချေ၏၊ ထိုစကားဖြင့် ခရစ်ယာန်ဆရာသည် တိရစ္ဆာန်သတ္တဝါတို့ကို သတ်ဖြတ် မှုကို တားမြစ်သည်သာ ဖြစ်၏၊ တိရစ္ဆာန်သတ္တဝါတို့အပေါ်၌ မေတ္တာ, ကရုဏာတရား ပွါးများခြင်းကိုသာလျှင် ခရစ်ယာန်ဆရာ ကြိုက်နှစ် သက်ရင်းဖြစ်၏ဟု-ပညာရှိတို့ သိကြကုန်ရာ၏။
အချို့သောသူတို့ကား ခရစ်ယာန်ဆရာသည် ထိုစကားဖြင့် ယဇ်ပူဇော်မှုကိုသာ တားမြစ်၏၊ စားမှု,သောက်မှု, သတ်မှု, ဖြတ်မှုကို မူကား-ခရစ်ယာန်ဆရာ မတားမြစ်ဟု-ယူကြကုန်၏၊ ထိုအယူသည် မေတ္တာ, ကရုဏာတရားကို ပွါးများခြင်း သာလျှင် ကောင်းမြတ်၏ဟူသော နောက်စကား၏အနက်ကို ဖြောင့်မှန်စွာမကြံမိ၍ ယူခြင်းမျှသာတည်း၊ အကယ်၍ ခရစ်ယာန်ဆရာ ပြောဟောချက်အတိုင်း တိရစ္ဆာန်သတ္တဝါတို့၌ မေတ္တာ, ကရုဏာရှိကြကုန်သည်ဖြစ်အံ့၊ အဘယ်မှာ တိရစ္ဆာန် သတ္တဝါ တို့ကို သတ်မှု, စားမှုဖြစ်နိုင်တော့အံ့နည်း။
ခိုဒါသခင်အစစ်ကြီးနှင့် ယခုခိုဒါသခင်တို့ခြားနားပုံ
မဟာမက်ဘာသာဝင်- လူမျိုးတို့မှာမူကား မိမိတို့ကိုးကွယ်ရာ ဖြစ်သော ခိုဒါသခင်ကြီးသည် နေရပ်ဌာနအားဖြင့် အထက်ကောင်းကင် ဘုံ၌ နေသည်ဟု-ယူကြ၏၊ ယူကြသော်လည်း နောက်သုံးချက်နှင့် မညီညွတ်လေ၊ နောက်သုံးချက်ဆိုသည်ကား-အဆင်းသဏ္ဌာန်, အစာ အာဟာရ,အနေအထိုင် ဤသုံးချက်တို့ပေတည်း။
ထိုတွင်
အဆင်းသဏ္ဌာန်အားဖြင့် မညီမညွတ်ပုံကား- အထက် ကောင်း ကင်ဘုံကြီး၌ရှိသော ခိုဒါသခင်အစစ်သည် အလွန်အဆင်းလှ၏၊
ယခုဘာသာဝင်လူမျိုးတို့ ကိုးကွယ်ကြသော ခိုဒါသခင်ကြီးသည်မူကား အဆင်းသဏ္ဌာန်အလွန်ဆိုးဝါး၏၊ သူ့အဆင်းသဏ္ဌာန်ကို လူအများတို့မြင်ကြသည်ရှိသော် မြင်သမျှလူအပေါင်းတို့သည် ကြောက် ဖျားကြောက်နာ ရ၍,လန့်ဖျား လန့်နာ ရ၍သေကြရကုန်၏။
ခိုဒါသခင်ကို အမြဲကျွေးမွေးသူဖြစ်ပေသော မောရှေ ဆိုသူသည် ခိုဒါသခင်ကို အကျွန်ုပ်ကြည့်ပါရစေ၊ မြင်ပါရစေ ဟု-အတန်တန် တောင်းပန်၏၊ ခိုဒါသခင်က “ဟဲ့မောရှေ ငါ့ကိုမကြည့်ချင်နှင့်, မမြင်ချင် နှင့်၊ ငါ့ကိုမြင်သမျှ သူအပေါင်းတို့သည် သေကျေရကုန်၏” ဟုခိုဒါသခင်၏ အမိန့်စကားသည် ကျမ်းစာမှာထင်ရှားရှိပေ၏။
မြင်ရုံမျှနှင့် အဘယ့်ကြောင့်သေရသနည်း ဆိုသော် အဆင်း သဏ္ဌာန်ကြီးသည် အလွန်ကြောက်မက်ဖွယ် ဆိုးဝါးလှ သောကြောင့် လည်းကောင်း, လူတို့၏ ပကတိစိတ်- ပကတိသွေးသည် နတ်ဆိုးနှင့် တွေ့မြင်ရလျှင် လန့်တတ်, ထိတ်တတ်သော အလေ့ဓမ္မတာရှိသော ကြောင့်လည်းကောင်း, လန့်ခဲ့, ထိတ်ခဲ့သော်နှလုံးသွေး ဖောက်ပြန်ခြင်း ဖြစ်၍ သေရလေသတည်း။
နတ်ဆိုးနှင့်ထွန်းအောင်ဝတ္တု
ကြားဘူးရသည်ကား-- ရှေးအခါ၌ ရွှေကျင်မြို့မှာ ငထွန်းအောင် ဆိုသူတစ်ယောက်ကို နတ်ဆိုးကြီးတစ်ပါး အမြဲစောင်မ၍ နေ၏၊ သုံးရန်, စွဲရန် ရွှေငွေရတနာကိုပေး၏၊ တစ်ရံရောအခါ ၎င်းငထွန်းအောင်သည် သူ့နတ်ဆိုးကြီးကို “ကြည့်လိုပါသည်, မြင်လိုပါသည်” ဟု- အတန်တန် ပြော၏၊ “ဟဲ့ ငထွန်းအောင် ငါ့ကို မကြည့်လိုနှင့်, မမြင်လိုနှင့်၊ ငါတို့အမျိုး အလွန်အရုပ်ဆိုးသည်၊ ငါ့ကိုမြင်ရလျှင် နင် သေလိမ့်မည်” ဟု- ဆိုပေ၏၊ ဆိုသော်လည်း အတန်တန်တောင်းပန်၏၊ ထိုအခါ နတ်ဆိုးကြီးသည် မိမိကိုယ်ကိုမပြဘဲ ခြေရာ တစ်ခုမျှကိုသာ ပြ၏၊ ထိုခြေရာသည် လူတို့ အတောင်အားဖြင့် သုံးတောင်ခန့် ရှိသည် ဟူ၏၊ ခြေရာကို မြင်သည့်နေ့မှ စ၍ ငထွန်းအောင်သည် တစ်နေ့တစ်ခြား မစားနိုင် မသောက်နိုင် ဖြစ်၍နေသောကြောင့် သေဆုံးရလေ၏။
[ဤသည်လည်း ဆရာတော်ကြားဘူးသောဝတ္ထုတည်း။]
နတ်ဆိုးနှင့်မိဆောင်းဝတ္တု
လေးမျက်နှာမြို့၏အနီး၌ ကရင်ရွာတစ်ခုသည် ရှိ၏၊ ထိုရွာ၌ မိဆောင်းဆိုသူ ကရင်မကို နတ်ဆိုးကြီးတစ်ပါး စောင်မ၍နေ၏၊ အရပ်လေးမျက်နှာတို့မှ အမေးအမြန်း များစွာရောက်ကြ၏၊ ၎င်း မိဆောင်းသည် ဗေဒင်မတတ်ပဲနှင့် မေးသမျှကို မှန်ကန်စွာပြောနိုင်၏၊ တစ်နေ့တစ်နေ့လျှင် ငွေတစ်ဆယ်မက ရ၏၊ အမေးရောက်ဖူးသူများကို ဆရာတော် ကိုယ်တိုင် တွေ့ဖူးရ၏၊ ၎င်းမိဆောင်းသည် သူ့နတ်ဆိုးကြီးကို “ကြည့်ပါရစေ” ဟု- ဆိုပေ၏၊ “ဟဲ့ မိဆောင်း ငါ့ကို မကြည့်လိုနှင့်, မမြင်လိုနှင့်၊ ငါတို့အမျိုး အလွန်အရုပ်ဆိုးသည်၊ ငါ့ကိုမြင်ရလျှင် နင် သေလိမ့်မည်” ဟု- ဆိုပေ၏၊ မိဆောင်းသည် နောက်ကို ထပ်မံ၍ မပြောဝံ့ရှိလေ၏၊ မမြင်ရသောကြောင့် အသက်မသေ၊ ယခုတိုင်ရှိလေ၏၊ [ဤသည်လည်း ဆရာတော်ကိုယ်တိုင် ကြားဖူးရသော ဝတ္တုတစ်ခု။]
ဤဝတ္ထုများကို ထောက်သဖြင့်လည်း ခိုဒါသခင်ကြီးသည် အလွန် အဆင်းသဏ္ဌာန်ဆိုးဝါးကြောင်း ပညာရှိတို့ သိနိုင်ကုန်ရာ၏။
အစာအာဟာရအားဖြင့် မညီမညွတ်ပုံကား-- ခိုဒါသခင် အစစ်ကြီးသည် အလွန်စင်ကြယ်မွန်မြတ်သောအစာ အာဟာရရှိ၏၊ ပီတိသောမနဿစျာန်သည် ကိုယ်ခန္ဓာကို အရှည်ခိုင်ခန့်စေခြင်း တည်း ဟူသော အာဟာရကိစ္စကိုဆောင်ရွက်ပေ၏၊ တစ်ကမ္ဘာလုံး အသက် ရှည်၏၊ အောက်အောက် ဘုံသူဘုံသားတို့က ငါတို့မူကား သေချည် ရှင်ချည် အတည် မမြဲရှိနေကြကုန်၏၊ ခိုဒါသခင်ကြီးသည်ကား အမြဲ ထာဝရ နိစ္စတည်နေပေ၏ဟု- မှတ်ယူကြကုန်၏။
ယခုကာလ ကိုးကွယ်ကြသော ခိုဒါသခင်ကြီးသည်မူကား အလွန် စက်ဆုပ်ရွံရှာဖွယ်သော အစာအာဟာရရှိ၏၊ ပကတိလူတို့ပင် အလွန် စက်ဆုပ်ဖွယ်သော လူတို့အသွေးစိမ်း, အသားစိမ်း, ကျွဲ, နွား, ဆိတ်, ဝက်စသော တိရစ္ဆာန်သတ္တဝါတို့၏ အသွေးစိမ်း, အသားစိမ်းများကို အလွန်ကြိုက်၏၊ ရှေး၌ပြဆိုခဲ့ပြီးသောမိစ္ဆာပုဏ္ဏားတို့၏ လက်ထက်မှစ၍ ယခုအခါ၌ ခိုဒါသခင်ကို ကိုးကွယ်ကြသောသူတို့သည် တိရစ္ဆာန်တို့ကို သတ်၍ အသွေးတို့ဖြင့် ခိုဒါသခင်ကို အမြဲကျွေး မွေးကြရကုန်၏၊ ခိုဒါသခင်သည်လည်း သတ္တဝါတို့၏အသွေးသည် လူတို့နှင့်မထိုက်တန်၊ ငါခိုဒါသခင်နှင့်သာ ထိုက်တန်သော အစာအာဟာရ ဖြစ်သည်ဟုဆိုလေ့ရှိ၏။
ထို့ကြောင့် ယခုအခါ ကမ္ဘာပေါ်၌ နတ်ဆိုးအပေါင်း ထောင် သောင်းများစွာနှင့်တကွ ခိုဒါသခင်၏ သွေးစုတ်ပွဲကြီးသည် ထင်ရှား ရှိနေ၏၊ သွေးစုတ်ပွဲကြီးဆိုသည်ကား လူတို့၌ ကျောက်ဆိုးရောဂါကြီး ကျရောက်မှု, ဝမ်းရောဂါကြီးကျရောက်မှု, ပလိပ်ရောဂါကြီးကျရောက်မှု, တုတ်ကွေးရောဂါကြီးကျရောက်မှုများပေတည်း၊ တိရစ္ဆာန်သတ္တဝါတို့၌ ကျောက် ဆိုး ရောဂါကြီးကျရောက်မှု, လည်ပင်းကြီးနာ, အဆုတ်ကြီးနာ, အသည်းကြီးနာစသော ရုတ်တရက် သေစေတတ်သော ကပ်နာ ဆိုးကြီးများ ကျရောက်မှုပေတည်း၊ ဤသို့လျှင် နိုင်ငံမြို့ရွာတို့၌ ရောဂါဆိုးကြီး, အနာဆိုးကြီး ကျရောက်မှု ဟူသမျှသည် ခိုဒါသခင်၏ သွေးစုတ်ပွဲကြီးပေတည်း၊ ထိုတွင် ခိုဒါသခင်သည် လူတို့၏ အသွေးကို အလွန်ကြိုက်၏၊ လူတို့တွင်လည်း အဆီအသွေး တိုးချိန်, ပွားချိန်, ဆူဖြိုးချိန်၌ တည်ရှိကြကုန်သော လူပျိုလူရွယ်, မိန်းမပျို မိန်းမရွယ်တို့၏ အသွေးကို သာ၍ အလိုရှိ၏။
အနေအထိုင်အားဖြင့်မညီမညွတ်ပုံကား-- ခိုဒါသခင် အစစ်ကြီးသည် ဣရိယာပုထ်လေးပါးတို့၌ သတ္တဝါတို့ကို ချမ်းသာ စေလိုသော မေတ္တာဓမ္မ ဝိဟာရဖြင့်နေလေ့ရှိ၏၊ ယခုကာလ ကိုးကွယ်ကြသော ခိုဒါသခင်ကြီးသည်မူကား သွေးစုတ်ပွဲကြီး ပြုလုပ်ရန် အကြံအစည် ကြီးသည် အမြဲတည်ရှိ၏၊ သွေးစုတ်မှုကြီးသည် သတ္တဝါတို့ကို အသေသတ် မှုကြီးပင်ဖြစ်၏၊ သွေးမည်သည်လည်း သတ္တဝါမသေမီ စုတ်ယူမှရနိုင်၏၊ သေပြီးသောအခါ၌ သွေးတို့သည်ခဲ၍ ကုန်သဖြင့် စုတ်ယူ၍မရကောင်း၊ သတ္တဝါတို့၏ အသားကိုမူကား မသေမီစားခြင်းငှါ မတတ်ကောင်း၊ သတ္တဝါတို့သေ ဆုံးပြီးနောက် အလောင်းကောင်တို့ကို ပစ်စွန့််ရာ ဌာနသို့ရောက်မှ အသားတို့ကို စားခွင့်ရလေ၏၊ ဤကား ခပ်သိမ်းသော နတ်ဆိုးတို့၏ အသွေးစုတ်ခွင့်, အသား စားခွင့်ရသော အခါကို ပြဆိုချက်တည်း။
ခိုဒါသခင်သည် ကမ္ဘာပေါ်၌ လူသတ္တဝါ, တိရစ္ဆာန်သတ္တဝါတို့ကို ထိုအသွေးစုတ်မှု, အသားစားမှုတို့ဖြင့် သတ်ဖြတ်ဖြုန်းတီးရန် အမြဲ မျက်စောင်းထိုးလျက် ရှိနေ၏၊ မြို့ရွာနေ သတ္တဝါတို့၏ အသားအသွေးကို စားသောက်ခွင့်မရသာရှိလေသောအခါ ရေပိုးရေမွှား, သား ငါးတို့ ပေါများရာ ပင်လယ်အနီးအပါး အင်း, အိုင်, ချောင်းမြောင်းများမှာ ရေပိုးရေမွှား, ရေသတ္တဝါများတို့ကို စားသောက်နေထိုင်လေ၏၊
ကမ္ဘာ့သခင်ကြီးများကို အဖြောင့်အမှန်စစ်ဆေးရန်
ဤသို့လျှင် နေရာဌာနအားဖြင့်လည်းကောင်း, အဆင်းသဏ္ဌာန် အားဖြင့်လည်းကောင်း, အစာအာဟာရအားဖြင့်လည်းကောင်း, အနေ အထိုင်အားဖြင့်လည်းကောင်း, မိမိတို့ကိုးကွယ်ရာ ကမ္ဘာ့သခင်ကြီးကို အဖြောင့်အမှန် သခင်ကြီးပေလား, အလိမ်အမှား သခင်ကြီးပေလားဟုစစ်ဆေးစုံစမ်းရန်အရေးသည် အလွန်အရေးကြီးလှ၏၊ အဘယ့်ကြောင့် နည်းဆိုသော် ကိုးကွယ်မှုမည်သည် ယခုပစ္စုပ္ပန် တစ်ဘဝအတွက်နှင့် ပြုလုပ်ကြသောအမှုမဟုတ်၊ နောင်ဘဝ ထောင်သောင်း ကောင်းမြတ် ချမ်းသာ၍ သွားကြရန် ပြုလုပ်ကြရင်းဖြစ်၏၊ ယခုဘဝ၌ အစစ် အမှန်ကြီး ကို ကိုးကွယ်ရာပြုလုပ်မိသည်ရှိသော် နောင်ဘဝ ထောင်သောင်း ကောင်း မြတ်ချမ်းသာ၍ သွားကြကုန်လတ္တံ့၊ အလိမ်အမှားကြီးကို ကိုးကွယ်မိ ခဲ့သည်ရှိသော် နောင်ဘဝထောင်သောင်း အပါယ်ငရဲ၌ နစ်မွန်း မျောပါး ၍ သွားကြကုန်လတ္တံ့။
[ကိုးကွယ်ရာ၌ စစ်ချက်ကြီးပေတည်း။]
ကံ, ဉာဏ်, ဝီရိယစစ်ချက်
ကံ, ဉာဏ်, ဝီရိယစစ်ချက်ကိုပြဆိုရာ၏။
ကံဆိုသည်ကား- အမှုပေတည်း၊ လုပ်ဆောင်ပြောဆိုမှု, ကြံဖန်မှုတို့ကို ကံဟူ၍ ဆိုပေသတည်း၊ ထိုတွင်လုပ်ဆောင်မှုကို ကာယကံဆို၏၊ ပြောဆိုမှုကို ဝစီကံဆို၏၊ ကြံဖန်မှုကို မနောကံဆို၏၊ ခပ်သိမ်းသော သတ္တဝါတို့သည် ထိုအမှုသုံးပါးနှင့် ကင်း၍မနေနိုင်ကြကုန်၊ ထိုအမှုသုံးပါး နှင့်ကင်း၍နေကြသည်ရှိသော် ပစ္စုပ္ပန်အကျိုး, သံသရာအကျိုးတို့၌ အ ချည်းနှီး အလကားဖြစ်၍ သွားတတ်၏၊ သတ္တဝါတို့မှာ မိမိတို့ပြုကြ သော ကံသည်သာလျှင် ကိုးကွယ်ရာရှိကြကုန်၏ဟူ၍ ဟောတော်မူပေ၏၊
ကိစ္စနှင့်ကမ္မအထူး
ဤအရာ၌ ကိစ္စနှင့်ကမ္မနှစ်ပါး အထူးကိုပြဆိုရာ၏၊ ကိစ္စဆိုသည်ကား ပြုဆဲ, ပြုပြီးမဟုတ်၊ အချိန်ကျလျှင် ဧကန်ပြုရ လတ္တံ့သော အမှုသည် ကိစ္စမည်၏၊ အချိန်ကျ၍ ပြုစ, ပြုလယ်, ပြုဆုံး ဖြစ်သောအမှုသည် ကမ္မမည်၏။
ဥပမာကား-- လူတို့၌ ထမင်းစားမှုသည် ကိစ္စ အခိုက်အတန့်, ကမ္မအခိုက်အတန့် နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတွင် ကိစ္စအခိုက်အတန့် ဆိုသည် ကား စားဆဲ, စားပြီးမဟုတ်၊ စားချိန်ကျလျှင် ဧကန်စားရ လတ္တံ့သော အခိုက်အတန့်သည် ကိစ္စအခိုက်အတန့်မည်၏၊ စားချိန်ကျ၍ စားစ, စားလယ်, စားဆုံးဖြစ်သောအခိုက်အတန့်သည် ကမ္မအခိုက်အတန့် မည်၏ ထိုတွင်ကိစ္စသည် ယခုဘဝတွင်သာ ခံစားရန်အကျိုးရှိသောကိစ္စ, နောက်နောက်ဘဝ၌ခံစားရန် အကျိုးရှိလတံ့ သောကိစ္စဟူ၍ နှစ်ပါးရှိ၏၊ ကမ္မသည်လည်း ယခုဘဝတွင်သာ ခံစားရန်အကျိုးရှိသောကမ္မ, နောက် နောက်ဘဝတို့၌ ခံစားရန်အကျိုးရှိလတံ့သောကမ္မဟူ၍ နှစ်ပါးရှိ၏၊ အကျိုးဆိုသည်မှာလည်း ကောင်းသောအကျိုး မကောင်းသော အကျိုး ၂-မျိုးရှိ၏။
ဤကား ကိစ္စနှင့် ကမ္မအထူးပေတည်း
လောက၌ သတ္တဝါအပေါင်းတို့၏ ခန္ဓာကိုယ်ကြီးငယ်တို့သည် သင်္ခါရဓမ္မတို့၏ အစုအပေါင်းမျှသာဖြစ်ချေ၍ အဖန်ဖန်ပြုစုပျိုးထောင်မှု, အဖန်ဖန်ပြုပြင်မှု, အဖန်ဖန်ထပ်မံပြင်ဆင်မှု, စောင့်ရှောက်မှုတို့ဖြင့် အလွန်များသောကိစ္စ ရှိကုန်၏၊ ထိုကိစ္စတို့တွင်လည်း အသက်မွေးမှု ကိစ္စသည် အကြီးကျယ်ဆုံးသောကိစ္စဖြစ်၏၊ အလွန်များသော ကိစ္စရှိ်သည့် အတွက် အလွန်များသော ကမ္မတို့သည်လည်း ရှိကြကုန်၏၊ ထိုကမ္မ တို့တွင်လည်း အသက်မွေးမှုဟူသော ကမ္မသည် အကြီးကျယ်ဆုံးသော ကမ္မဖြစ်၏။
ထိုတွင်ခပ်သိမ်းသော ကိစ္စဟူသမျှတို့သည် ကမ္မချည်း ဆိုက် ရောက်ကြကုန်၏၊ ကမ္မသို့ရောက်မှ ပြီးစီးကြကုန်၏၊ ကမ္မသို့ ရောက်မှ ကောင်းသောအကျိုး, မကောင်းသောအကျိုးတို့သည်လည်း အခွင့် ပေါ်နိုင်ကုန်၏၊ ကောင်းသောကမ္မပြီးစီးမှ ကောင်းသောအကျိုးကို ရနိုင်၏၊ မကောင်းသောကမ္မပြီးစီးမှ မကောင်းသော အကျိုးကိုရနိုင်၏။
ဥပမာကား-- ကောင်းသောဥယျာဉ်ကြီး စိုက်ပျိုးမှုပြီးစီးမှ ကောင်းသောဥယျာဉ်ကြီး ဖြစ်နိုင်သကဲ့သို့လည်းကောင်း, ကောင်းသော လယ်ယာစိုက်ပျိုးမှုကြီးပြီးစီးမှ ကောင်းသောကောက်စပါးတို့သည် ဖြစ်နိုင်သကဲ့သို့လည်းကောင်းပေတည်း။
ဤ၌ နောက်နောက်ဘဝတို့မှာ ခံစားရန် အကျိုးရှိလတံ့သော ကမ္မတို့ကို အထူးပြဆိုရာ၏၊ ထိုကမ္မသည် ကောင်းသောကမ္မ, မကောင်းသော ကမ္မဟူ၍ နှစ်မျိုးရှိ၏၊ ကုသိုလ်ကမ္မ, အကုသိုလ် ကမ္မဟူ၍ လည်း ဆိုရ၏၊ ထိုတွင်။
အကုသိုလ်ကံဆိုသည်ကား-- ဒုစရိုက်ဆယ်ပါးကို ဆို၏၊ ဒုစရိုက်ဆယ်ပါးဆိုသည်ကား
၁။ သူ့အသက်ကို သတ်ခြင်း တစ်ပါး,
၂။ သူ့ဥစ္စာကို ခိုးခြင်း တစ်ပါး,
၃။ သူ့မယားကို ပြစ်မှားခြင်းတစ်ပါး,
၄။ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းတစ်ပါး,
၅။ သူ ၂-ဦးတို့ကို ချစ်ခင်ခြင်း,ယုံကြည်ခြင်း ပျက်စေရန် ကုန်းတိုက်ခြင်းတစ်ပါး,
၆။ သူတစ်ပါး၏ စိတ်နှလုံးကို ထိခိုက်အောင် ဆဲရေးခြင်း တစ်ပါး,
၇။ ပစ္စုပ္ပန်ကျိုးလည်းမရှိ, သံသရာကျိုးလည်း မရှိသော စကားမျိုးတို့ကို ပြောဆိုခြင်းတစ်ပါး,
၈။ သူတစ်ပါးပိုင်ဆိုင်သော သက်ရှိသက်မဲ့ဝတ္ထုတို့ကို ငါ့ဥစ္စာ ဖြစ်မူ ကောင်းလေစွဟု-တောင့်တခြင်း တစ်ပါး,
၉။ သတ္တဝါ တစ်ပါးတို့၏ ဆုတ်ယုတ်ပျက်ပြားခြင်းကို တောင့်တခြင်းတစ်ပါး,
၁၀။ ကောင်းသောဘဝ-မကောင်းသောဘဝသို့ ရောက်ကြ ရာ၌လည်းကောင်း, ကောင်းသောအကျိုး မကောင်းသော အကျိုးခံစားကြရာ၌လည်းကောင်း, ကုသိုလ်ကံ, အကုသိုလ် ကံ တည်းဟူသော အကြောင်းရင်းကို မယူမူ၍ ထိုမူလ အကြောင်းရင်းကို ပစ်ပယ်၍ ကမ္ဘာ့သခင်ကြီး ဖန်ဆင်း သည်ဟူ၍ ယူခြင်း, အကြောင်းမရှိဟူ၍ ယူခြင်းများလည်း တစ်ပါး,
[ဤကား ဒုစရိုက်ဆယ်ပါးပေတည်း။]
ဤဒုစရိုက်ဆယ်ပါးတွင် တစ်ပါးပါးကိုသော်လည်းကောင်း, အများကိုသော်လည်းကောင်း, ပြုကျင့်ခဲ့သည်ရှိသော် နောက်နောင် အရာမက အထောင်မကသော ဘဝတို့၌ မကောင်းသောအကျိုးတို့ကို ခံစားရကုန်လတံ့။
[ဤကား မကောင်းသော အကုသိုလ်ကံနှင့် မကောင်းသော အကျိုးကို ပြဆိုချက်တည်း။]
ကုသိုလ်ကံဆိုသည်ကား-- သုစရိုက်ဆယ်ပါးနှင့် တကွ ပုညကြိယာ ဆယ်ပါးကို ဆိုသတည်း။
သုစရိုက်ဆယ်ပါးဆိုသည်ကား-- ပြဆိုခဲ့ပြီးသော ဒုစရိုက် ဆယ်ပါးတို့မှ လွတ်ကင်းအောင် ကြဉ်ရှောင်မှုကြီး ၁၀-ပါးသည်ရှိ၏၊ ထိုကြဉ်ရှောင်မှုကြီးဆယ်ပါးကို သုစရိုက်ဆယ်ပါးဟူ၍ ဆို၏။
ပုညကြိယာဆယ်ပါးဆိုသည်ကား-
၁။ ဒါန-သူတစ်ပါးတို့အား ပေးကမ်းလှူဒါန်းခြင်း တစ်ပါး,
၂။ သီလ-သီတင်းသီလကျင့်သုံးခြင်းတစ်ပါး,
၃။ ဘာဝနာ-သမထဘာဝနာ, ဝိပဿနာဘာဝနာများကို ပွါးများခြင်းတစ်ပါး,
၄။ ဝေယျာဝစ္စ-ကုသိုလ်စိတ်ဖြင့် သူတစ်ပါးတို့၏ ကိစ္စကြီး ငယ်ကို ဆောင်ရွက်ခြင်းတစ်ပါး,
၅။ အပစာယန-မိမိထက်အသက်ကြီးသောသူ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်ကြီးသော သူတို့ကို အရိုအသေ ပြုခြင်းတစ်ပါး,
၆။ ပတ္တိဒါန-မိမိ၌ရရှိသော ကုသိုလ်အဘို့ကို သူတစ်ပါးတို့အား အမျှပေးဝေခြင်းတစ်ပါး,
၇။ ပတ္တာနုမောဒန-သူတစ်ပါးတို့က ပေးဝေသော ကုသိုလ် အဖို့ကို သာဓုခေါ်ခြင်းတစ်ပါး,
၈။ ဓမ္မဿဝန-သူတစ်ပါးတို့ကပြောဟောသော သူတော် ကောင်းတရားကို ရိုသေစွာနာခံခြင်း တစ်ပါး,
၉။ ဓမ္မဒေသနာ-မိမိတတ်သိသော သူတော်ကောင်း တရားကို သူတစ်ပါးအား ပြောခြင်းတစ်ပါး,
၁၀။ ဒိဋ္ဌိဇုကမ္မ-ခပ်သိမ်းသော သတ္တဝါတို့မှာ ကံသည်သာ အကြောင်းရင်းဖြစ်ကြကုန်သည်ဟု- အယူကို ဖြောင့်မတ် စွာ ယူခြင်းတစ်ပါး,
ဤကား ပုညကြိယာ ဆယ်ပါးပေတည်း။
ယခုဘဝ၌ ဤပုညကြိယာဆယ်ပါးတွင် တစ်ပါးပါးကိုသော် လည်းကောင်း, အများကိုသော်လည်းကောင်း, ပြုကျင့်ခဲ့သည်ရှိသော် နောက်နောင်အရာမက အထောင်မကသော ဘဝတို့၌ ကောင်းသော အကျိုးတို့ကို ခံစားရကုန်လတံ့။
[ဤကား ကောင်းသောကုသိုလ်ကံနှင့် ကောင်းသောအကျိုးကို ပြဆိုချက်တည်း။]
ကံ၏အကျိုးကို ယုံကြည်ရန်ပြဆိုချက်
ဤအရာ၌ ယခုပစ္စုပ္ပန်ကံနှင့် ယခုပစ္စုပ္ပန်အကျိုးကို ယုံကြည် နိုင်ပါ၏၊ ယခုဘဝ၌ ပြုအပ်သောဒါန, သီလစသော ကုသိုလ်ကံကြောင့် နောက်နောင်ဘဝ၌ ကောင်းကျိုးကိုခံစားရသည် ဟူသော စကားကို မူကား မယုံကြည်နိုင်ပါ၊ ယခုဘဝတွင် ပြုအပ်သော ကံကြောင့် နောက် ဘဝ၌ အဘယ်သို့အကျိုးတရား ဖြစ်ပေါ်နိုင်ပါသနည်းဟု မေးရန်ရှိ၏။
အဖြေကား-- ကံမည်သည် အလွန်တန်ခိုး ကြီးကျယ်၏၊ ကြီးကျယ်ပုံကား တန်ခိုးမည်သည် ရုပ်ဓာတ်တို့၏တန်ခိုး, နာမ်ဓာတ်တို့၏ တန်ခိုးဟူ၍ ၂-မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင် ရုပ်ဓာတ်တို့၏ တန်ခိုး ဆိုသည်ကား ပထဝီရုပ်ဓာတ် တန်ခိုး, အာပေါရုပ်ဓာတ်တန်ခိုး, တေဇောရုပ်ဓာတ်တန်ခိုး, ဝါယောရုပ်ဓာတ်တန်ခိုး,ဥတုရုပ်ဓာတ်တန်ခိုး, အာဟာရရုပ် ဓာတ်တန်ခိုး, ဗီဇရုပ်ဓာတ်တန်ခိုးစသည်ဖြင့် အလွန် များပြား၏၊ နာမ်ဓာတ်တန်ခိုးဆိုသည်ကား ဝိညာဏဓာတ်၏ တန်ခိုး, ကုသိုလ်ကံဓာတ်၏တန်ခိုး, အကုသိုလ်ကံဓာတ်၏ တန်ခိုး, စျာန် အဘိညာဏ်၏တန်ခိုး, မဂ်ဉာဏ်ဖိုလ်ဉာဏ်၏တန်ခိုး စသည်ဖြင့် အလွန်များပြား၏။
ရုပ်ဓာတ်တန်ခိုး ကြီးကျယ်ပုံ
ရုပ်ဓာတ်တွင် ဓာတ်ကြီး ၄-ပါးတို့၏ တန်ခိုးသည် ကမ္ဘာပျက်ရာ, ကမ္ဘာပြုရာ, ကမ္ဘာတည်ရာတို့၌ ထင်ရှား၏၊ ဤ၌ကမ္ဘာပျက်မှုသည်
၁။ မီးဖျက်၍ပျက်ခြင်း,
၂။ ရေဖျက်၍ပျက်ခြင်း,
၃။ လေဖျက်၍ပျက်ခြင်း,
ဟူ၍ပျက်ခြင်းသုံးမျိုးရှိ၏၊
ထိုသုံးမျိုးတို့တွင်
မီးဖျက်၍ပျက်ခြင်းဆိုသည်ကား-- ဤမဟာပထဝီမြေကြီး ကစ၍ ပထမစျာန် ၃-ဘုံတိုင်အောင် အထက်ကောင်းကင်ဘုံ ဗိမာန် ရှိသမျှအကုန်လုံးကို မြူမျှမကျန် ကမ္ဘာမီးလောင်၍ ပျက်ခြင်းတည်း။ ရေဖျက်၍ပျက်ခြင်းဆိုသည်ကား-- ဒုတိယစျာန် ၃-ဘုံတိုင်အောင် ပြဆိုခဲ့ပြီးသော ကမ္ဘာတစ်ခုလုံးကို မြူမျှမကျန် အလွန်ထက်သန်လှ စွာသော ဆားငံရေကြီးစား၍ ပျက်ခြင်းတည်း။
လေဖျက်၍ပျက်ခြင်းဆိုသည်ကား-- ကမ္ဘာမြေကြီး, မြင့်မိုရ်တောင် အစရှိသော ကမ္ဘာ့အဆောက်အဦတို့ကို ကမ္ဘာဖျက် လေကြီးသည် အထက်ကောင်းကင်သို့ လွှင့်တင်၍ပစ်လေရာ ကောင်းကင်အပြင်၌ ထိုကမ္ဘာ့အဆောက်အဦ အချင်းချင်း အပြင်းအထန် တိုက်ခိုက် ကျေမွ ပျက်ဆုံး၍ တတိယစျာန် ၃-ဘုံတိုင်အောင် မြူမျှမကျန် ပျက်စီးခြင်းတည်း။ ထိုတွင် မီးဖျက်မှုသည် တေဇောဓာတ်၏ တန်ခိုးပေတည်း၊ ရေဖျက်မှုသည် အာပေါဓာတ်၏ တန်ခိုးပေတည်း၊ လေဖျက်မှုသည် ဝါယောဓာတ်၏ တန်ခိုးပေတည်း။
ကမ္ဘာပြုပြင်ခြင်းဆိုသည်ကား-- ကမ္ဘာပြုမိုးကြီးရွာခြင်းကို ဆိုသည်၊ အာပေါဓာတ်၏တန်ခိုးပေတည်း။
ကမ္ဘာတည်ခြင်းဆိုသည်ကား-- မဟာပထဝီ, မြင့်မိုရ်, နေ, လ စသော ကမ္ဘာ့အဆောက်အဦကြီးတို့၏ ဖြစ်ပေါ်တည်ရှိ၍ နေခြင်းကို ဆိုသည်၊ ပထဝီဓာတ်၏တန်ခိုးပေတည်း။
ဤဓာတ်ကြီး ၄-ပါးတို့၏ တန်ခိုးဆိုသည်မှာလည်း ဥတုခေါ် သော တေဇောဓာတ်သည် အခြယ်အလှယ် ဖြစ်ပေသတည်း၊ ဤမျှလောက် ကြီးကျယ်သော တန်ခိုးသည်ပုဂ္ဂိုလ် သတ္တဝါတို့၌မရှိ၊ အမြင့်ဆုံး ကောင်းကင်ဘုံ၌ ရှိနေကြကုန်သော မဟာဗြဟ္မာမင်းကြီး တို့၌သော်လည်း မရှိ ဓာတ်ကြီး ၄-ပါး၌ကား ရှိပေသတည်း။
ဥတုဆိုသည်ကား-- အထက်ကောင်းကင်စက်ကြီး၌ ရှိနေကြကုန် သော နေ, လ, နက္ခတ်တို့၏ အလားအလာကို အစွဲပြု၍ နွေဥတု,မိုးဥတု, ဆောင်းဥတုဟူသော ဥတုသုံးပါးကို ဆိုလို၏၊ တေဇောဓာတ်ကြီး၏ တန်ခိုးပေတည်း။
အာဟာရရုပ်ဓာတ်ဆိုသည်ကား-- ခံတွင်း၌ အစဉ်ထာဝရမျို ကြရသော အာဟာရတို့၌ ပါရှိသော အဆီဓာတ်ကြီး အနှစ်ဓာတ် ကြီးသည် အာဟာရရုပ်ဓာတ်မည်၏၊ ကိုယ်ခန္ဓာ၌ ထိုအာဟာရရုပ်ဓာတ် ပြတ်လပ် ခဲ့သည်ရှိသော် သတ္တဝါတို့သည် သေကြရကုန်၏၊ ကိုယ်ခန္ဓာ တွင်း၌ ထိုအာဟာရရုပ်ဓာတ် တည်ရှိမှသာလျှင် သတ္တဝါတို့သည် အသက်ရှည်နိုင်ကြကုန်၏၊ ဤသည်ကားအာဟာရ ရုပ်ဓာတ်၏ တန်ခိုးပေတည်း။
ဗီဇရုပ်ဓာတ်ဆိုသည်ကား-- အလွန်သိမ်မွေ့သော တေဇောဓာတ် အထူးပေတည်း ထိုဗီဇရုပ်ဓာတ်သည် သပြေမျိုးစေ့, သရက်မျိုးစေ့, ပိန္နဲမျိုးစေ့, မန်ကျည်းမျိုးစေ့, ညောင်မျိုးစေ့ အစရှိသည်ဖြင့် အသင်္ချေ အနန္တ များပြား၏၊ ထိုမျိုးစေ့တို့သည် အသီးအသီး မိမိတို့ဆိုင်ရာ သပြေပင်, သရက်ပင်စသည်တို့ကို ဖြစ်ပွါးစေမှု၌ အလွန်ကြီးကျယ်သော တန်ခိုးရှိကြကုန်၏၊ ဤတန်ခိုးမျိုးသည် ထိုမျိုးစေ့တို့၌သာ ရှိ၏၊ ပြဆို ခဲ့ပြီးသော မဟာဗြဟ္မာမင်းကြီးတို့၌သော်လည်း မရှိ။
[ဤကား ရုပ်ဓာတ်တို့၏တန်ခိုးကို ပြဆိုချက်တည်း။]
နာမ်ဓာတ်တန်ခိုးကြီးကျယ်ပုံ
နာမ်ဓာတ်တို့၏ တန်ခိုး၌ ဝိညာဏဓာတ်တန်ခိုး ဆိုသည်ကား ခပ်သိမ်းသော အာရုံအမှုတို့ကို ပုဂ္ဂိုလ်အားလျော်စွာ သိနိုင်သော အစွမ်းသတ္တိသည် ဝိညာဏဓာတ်၏်တန်ခိုးမည်၏။
ကုသိုလ်ကံဓာတ်၏ တန်ခိုးဆိုသည်ကား- ထိုထို ကိစ္စကြီးငယ် တို့၌ ကံမြောက်တည့်စေရန် ဝိညာဏဓာတ်ကို အမြဲလှုံ့ဆော် နေသော စေတနာခေါ်သည့် နာမ်ဓာတ်အထူးသည်ရှိ၏၊ ရုပ်ဓာတ်ကြီး ၄-ပါး တို့တွင် တေဇောဓာတ်နှင့် အလားတူ၏၊ ထိုစေတနာဓာတ်ကြီးကို ကံဓာတ်ဟူ၍ ဆို၏။
ထိုကံဓာတ်သည် ဘဝ၏မျိုးစေ့ကြီးပေတည်း၊ ရုပ်ဓာတ်တို့တွင် သရက်မျိုးစေ့, ပိန္နဲမျိုးစေ့ အစရှိသော ရုပ်မျိုးစေ့ တို့ထက် ဝိညာဏ်နှင့် ယှဉ်သည့်အတွက် အဆရာထောင်မက အစွမ်းသတ္တိ ကြီးကျယ်လှသော ဗီဇဓာတ်ကြီးပေတည်း၊ ထိုဗီဇဓာတ်သည် လူ့ဗီဇဓာတ်အမျိုးမျိုး, နတ်ဗီဇဓာတ် အမျိုးမျိုး, ဗြဟ္မာဗီဇ ဓာတ်အမျိုးမျိုးဟူ၍ ကုသိုလ်ကံအဖို့၌ အနန္တများပြား၏။
အကုသိုလ်ကံ အဖို့၌လည်း ငရဲဗီဇဓာတ်အမျိုးမျိုး, တိရစ္ဆာန် ဗီဇဓာတ် အမျိုးမျိုး, ပြိတ္တာဗီဇဓာတ် အမျိုးမျိုး, အသူရကာယ်ဗီဇဓာတ် အမျိုးမျိုး, အနန္တများပြား၏၊ အနမတဂ္ဂသံသရာ၌ ကျင်လည်၍ နေကြသော သတ္တဝါအပေါင်းတို့တွင် တစ်ယောက်သော သတ္တဝါ၏် သဏ္ဌာန်မှာ ကုသိုလ်ဗီဇဓာတ်လည်း အမျိုးမျိုးပါရှိလျက်နေ၏၊ အကုသိုလ် ဗီဇဓာတ်မှာမူကား ကုသိုလ်ဗီဇဓာတ်ထက် အဆအသင်္ချေ ပိုမိုလျက် ပါရှိ၍နေ၏၊ ထိုတွင်လူ့-ဗီဇဓာတ်သည် အကျိုးပေးခွင့်ရသည်ဖြစ်အံ့၊ ထိုသေလွန်သည်မှ နောက်၌ ထိုထိုလူ့ဘဝ, လူ့ခန္ဓာကို ဖြစ်စေ၏၊ နတ်ဗီဇဓာတ်သည် အကျိုးပေးခွင့် ရသည်ဖြစ်အံ့၊ ထိုထို နတ်ဘဝ, နတ်ခန္ဓာကိုဖြစ်စေ၏။
[ကြွင်းသော ဗီဇဓာတ်တို့၌လည်း ဤနည်းအတူသိလေ။]
ဤနာမ်ဗီဇဓာတ်သည် အသက်ဝိညာဏ်နှင့် ယှဉ်သည့် အတွက် ကြောင့် အသက်ဝိညာဏ်နှင့် မယှဉ်ကြသော ရုပ် ဗီဇဓာတ်များထက် အလွန်ကြီးကျယ်သော တန်ခိုးရှိ၏၊ အလွန်ဆန်းကြယ်သော တန်ခိုးရှိ၏၊ ဝိညာဏ်နှင့်မယှဉ်သော သရက်မျိုးစေ့, ပိန္နဲမျိုးစေ့ အစရှိသော ရုပ်ဗီဇ ဓာတ်တို့သည်ပင်လျှင် အပင်ပေါက်ရောက်မှုဌာန၌ အလွန်တန်ခိုး ရှိကြကုန်သည်ကို ပစ္စက္ခဒိဋ္ဌ တွေ့မြင်၍နေကြသဖြင့် ဝိညာဏ်နှင့် ယှဉ်သောကုသိုလ်ကံ, အကုသိုလ်ကံဟုဆိုအပ်သော ဤနာမ်ဗီဇမျိုးသည် ထိုထိုဘဝ အသစ်အသစ်တို့ကို အဆက်ဆက်ဖြစ်ပေါ်စေမှု အရာဌာန၌ အဘယ်မှာမစွမ်းနိုင်ပဲ ရှိပေအံ့နည်းဟု-သန္နိဋ္ဌာန်ချမှတ်ယူကြကုန်ရာ၏၊ [ဤကား ရှေး၌ယခုဘဝပြုအပ်သော ဒါန, သီလစသော ကုသိုလ်ကံ ကြောင့် နောက်နောင်ဘဝ၌ ကောင်းကျိုးကို ခံစားရသည်ဟူသော စကားကိုမူကား မယုံကြည်နိုင်ပါ ဟူသော စကား၏အဖြေ ပြီး၏၊]
စျာန်၏တန်ခိုးဆိုသည်ကား-- အထက်ဗြဟ္မာ့ပြည်၌ ရှိကုန်သော ဗြဟ္မာသတ္တဝါတို့၏ တန်ခိုးသည် ကံ၏တန်ခိုးလည်း ဟုတ်၏၊ စျာန်၏ တန်ခိုးလည်း ဟုတ်၏၊ ဤလူ့ပြည်၌ ရသေ့ရဟန်း ပြုလုပ်ကြ ကုန်၍ ကသိဏဘာဝနာ အစရှိသော သမထဘာဝနာတရားများကို အားထုတ်ကြကုန်သဖြင့် စျာန်အမျိုးမျိုး, အဘိညာဏ်အမျိုးမျိုးတို့ကို ရရှိသော သူတို့မှာ စျာန်အဘိညာဏ်တန်ခိုးဖြစ်၏၊၊
မဂ်ဉာဏ်ဖိုလ်ဉာဏ်၏ တန်ခိုးဆိုသည်ကား-- သတ္တဝါတို့၏ သန္တာန်၌ အစဉ်အမြဲ ပါရှိ၍နေသော ကိလေသာဟူသော အညစ်တရား အမျိုးမျိုး, အကုသိုလ်ကံဟူသော အမိုက်တရားအမျိုးမျိုးတို့ကို အမြစ် အရင်းနှင့်တကွ အကြွင်းအကျန်မရှိ ပယ်သတ်နိုင်သော အစွမ်း သတ္တိသည် မဂ်ဉာဏ် ဖိုလ်ဉာဏ်၏ တန်ခိုးမည်၏၊ ဤကိလေသာတို့ကို ပတ်သက်မှု, အကုသိုလ်တို့ကို ပယ်သက်မှုဟူသော ဤတန်ခိုး အထူးကြီး သည်ကား ခပ်သိမ်းသော တန်ခိုးဟူသမျှတို့တွင် အမြတ်ဆုံးသော တန်ခိုးကြီးပေတည်း၊ ဤတန်ခိုးကြီးသည် ဗုဒ္ဓဘာသာ သာသနာ၌ သာရှိ၏၊ ဗုဒ္ဓဘာသာ လူမျိုးတို့၏ ကိုးကွယ်ရာအစစ်ဖြစ်၏၊ ထိုကြောင့် ဗုဒ္ဓဘာသာလူမျိုးတို့၌ “ဓမ္မံ သရဏံ ဂစ္ဆာမိ” ဟူသော ဒုတိယကိုးကွယ်ရာ ဌာနကြီးလည်း ထင်ရှားရှိပေ၏၊ ဗုဒ္ဓဘာသာမှ တစ်ပါးသော ဘာသာ ကြီးတို့၌ ဤကိုးကွယ်ရာဌာနကြီးသည် မရှိကြလေ၊။
ကိုးကွယ်ရာဟူသော စကားကို ဝေဖန်ပြဆိုချက် ထိုစကားမှန်၏၊၊
ကံဟူသော ကိုးကွယ်ရာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဟူသော ကိုးကွယ်ရာ ၂-မျိုးတို့တွင်
ဗြာဟ္မဏဘာသာကြီး၌-- ကံဟူသောကိုးကွယ်ရာ တစ်ပါး သည်သာရှိချေ၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဟူသော ကိုးကွယ်ရာသည်ကား မရှိချေ၊။
ခရစ်ယာန်ဘာသာဝင်လူမျိုးတို့၌မူကား-- ကံဟူသော ကိုးကွယ်ရာ, မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဟူသော ကိုးကွယ် ရာ၂-ခုလုံးပင် မရှိချေ၊ ဂေါ့သခင်ဟူသော ကိုးကွယ်ရာ, ဝိညာဏ်တော်ဟူသော ကိုးကွယ် ရာ, ခရစ်တော်ဟူသော ကိုးကွယ်ရာ ဤသုံးပါးကိုသာ ကိုးကွယ်ကြ ရကုန်၏၊။
မဟာမက်ဘာသာ၌လည်း-- ခိုဒါသခင်နှင့်ဝိညာဏ်တော်, မဟာမက် ဆရာဟူသော ဤသုံးပါးကိုသာ ကိုးကွယ်ကြကုန်၏၊ ဤ သုံးပါးတွင်လည်း ခိုဒါသခင်သည် အထက် ကောင်းကင်ဘုံကြီးမှာ ရှိသော ခိုဒါသခင်အစစ်ကြီး ဟုတ်မည်, မဟုတ်မည်ကို ရှေး၌ စစ်တမ်းထုတ်၍ ပြဆိုခဲ့ပြီ၊ ခရစ်ယာန်ဘာသာ၍လည်း ဂေါ့သခင်ကြီးသည် နောက် ဘဝ၌တန်ခိုးတော်ဖြင့် အထက်ကောင်းကင်ဘုံကြီးသို့ ငါတို့ကို ကယ်တင် လိမ့်မည် ဟူသောအယူသည်လည်း အထက်ကောင်းကင်ဘုံသို့ ကယ် တင်မှုသည် တန်ခိုးအရာမဟုတ်ကြောင်း, ကံ၏အရာသာဖြစ်ကြောင်း ထင်ရှားစွာ ပြဆိုခဲ့ပြီ၊။
ဗုဒ္ဓဘာသာ၌ကိုးကွယ်ခြင်းသည်-- မိမိတို့ပြုအပ်သော ကုသိုလ် ကံကို ကိုးကွယ်ခြင်း-ဘုရား, တရား, သံဃာဟူသော ရတနာသုံးပါးကို ကိုးကွယ်ခြင်းဟူ၍၂-ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင်
ကုသိုလ်ကံကို ကိုးကွယ်ခြင်း၌ ဥပမာကား
လောက၌ အသက်ရှည်မှုမှာ အစာထမင်းသည် လူတို့၏ ကိုးကွယ်ရာဖြစ်၏၊ အနာရောဂါရှိနေသူတို့မှာ ဆေးဝါး, ဓာတ်စာ, များသည်ကိုးကွယ်ရာဖြစ်၏ ဟူသကဲ့သို့တည်း၊။
ရတနာသုံးပါးကို ကိုးကွယ်မှုမှာ ဥပမာကား-တစ်ခုသောမြို့၌ ဆေးအတတ်၌ ကမ်းတစ်ဖက်ရောက် တတ်မြောက်လိမ္မာသော ဆရာဝန်ကြီးသည်ရှိရာ၏၊ ဆေးဝါးတွေလည်း များစွာရှိရာ၏၊ ထိုမြို့၌ ထိုသုံးပါးသည် ရောဂါဝေဒနာအတွက် တစ်မြို့လုံး၏ ကိုးကွယ်ရာ ဖြစ်ပေရာ၏၊ ထိုတွင်
ဆရာဝန်ကြီးကို ကိုးကွယ်ခြင်း၌-- ဆရာဝန်ကြီးသည် ရောဂါ ဝေဒနာရှိသောသူတို့ကို တန်ခိုးဖြင့် ကင်းငြိမ်းချမ်းသာအောင် ပြုနိုင် သည်ဟု-ကိုးကွယ်သည်မဟုတ်၊ စစ်စစ်မှာကား ဆရာဝန်ကြီးသည် ဆေးဝါးကိုလည်း အလွန်သိတတ်၏၊ အနာရောဂါကိုလည်း အလွန် သိတတ်၏၊သူပေးသောဆေးကို သူဆိုတိုင်းသုံးဆောင်လျှင် ရောဂါ ဝေဒနာသည် အမှန်ပျောက်ငြိမ်းရ၏ဟု-ယုံကြည်၍ ကိုးကွယ်ခြင်း ပေတည်း၊။
ဆေးကိုကိုးကွယ်ခြင်း၌-- ဆေးကိုလုံလောက်စွာ စားသောက်မှပင် အနာရောဂါပျောက်ငြိမ်းခြင်းသည် အမှန်ဖြစ်၏ဟု-ကိုးကွယ်ခြင်းတည်း၊ လက်ထောက်ဆရာဝန်တွေကို ကိုးကွယ်ခြင်း၌ လက်ထောက်ဆရာဝန် တို့သည် ဆရာဝန်ကြီး၏နည်းနိဿယကို အမှန်အကန် တတ်သိလိမ္မာ ကြကုန်၍ ဆရာဝန်ကြီး၏ ကိုယ်စားလှယ်တွေ ဖြစ်ကြကုန်၏ဟုယုံကြည်၍ ကိုးကွယ်ခြင်းပေတည်း။
ဤသုံးပါးသော ကိုးကွယ်ခြင်း၌ ဗုဒ္ဓဘာသာမှာ ကိလေသာတွေ, ဒုစရိုက်ကံဟောင်းတွေ ရှိနေကြသောသူတို့သည် ထိုမြို့မှာရောဂါဝေဒနာ ရှိကြသောသူတို့နှင့်တူကုန်၏၊ ဘုရားကိုကိုးကွယ်ခြင်းသည် ဆရာဝန် ကြီးကို ကိုးကွယ်ခြင်းနှင့်တူ၏၊ တရားကိုကိုးကွယ်ခြင်းသည် ဆေးဝါးကို ကိုးကွယ်ခြင်းနှင့်တူ၏၊ သံဃာတော်ကို ကိုးကွယ်ခြင်းသည် လက်ထောက် ဆရာဝန်တွေကို ကိုးကွယ်ခြင်းနှင့်တူ၏။
ဤသို့လျှင် ကိုးကွယ်ရာဟူသော စကားမျိုး၌ အရာဌာန အားလျော် စွာ အနက်ကိုသိရာ၏၊ ဘာသာတစ်ပါးတို့၌မူကား ကိုးကွယ်ရာ ဆိုလျှင် တန်ခိုးဖြင့်ကယ်တင်ခြင်းကိုသာ မှတ်ယူကြကုန်၍ မိမိတို့ ကိုယ်ကျင့်တရား ကို အားကိုးခြင်း မရှိကြကုန်ပြီ၊ ဒုစရိုက်တရားတို့ကို ဘယ်လိုပင်ပြုကြကုန် သော်လည်း ကမ္ဘာ့သခင်ကြီးသည် ငါတို့၌ရှိသော ဒုစရိုက်အပြစ်တွေကို တန်ခိုးတော်ဖြင့် ပယ်ဖျောက်၍ပစ်လိမ့်မည်ဟု-မှတ်ယူကြကုန်၏၊ ထိုအယူ သည် ကြားရရုံမျှနှင့်ပင် ကြောက်မက်ဖွယ်ကောင်းလှချေ၏။
[ဤကား-ကိုးကွယ်ရာဟူသော စကား၏အနက်ကို ဝေဖန်၍ပြဆိုချက်တည်း။]
ကမ္ဘာအစ-ရှိ-မရှိ ဝေဖန်ပြဆိုချက်
ဤကမ္ဘာသည် အစရှိသည်- မရှိသည်ဟူသော ဝိဝါဒ၌ဗုဒ္ဓဘာသာအလိုမှာ ကမ္ဘာသည် အစဆုံးကြီး ဟူ၍လည်းမရှိ၊ အဆုံးစွန်ကြီးဟူ၍လည်းမရှိ၊ ဖြစ်ချည်, ပျက်ချည် တလည်လည်သာနေ၏၊ ထိုသို့နေရာတွင် တစ်ခုတစ်ခုသော ကမ္ဘာ၌မူကား အစ, အဆုံး အသီး အသီးရှိကြ၏၊ ကမ္ဘာကို ပြုစုပျိုးထောင်မှုသည်လည်း ဥတုဟူသော တေဇောဓာတ်ကြီး၏ တန်ခိုးပေတည်း၊ ပျက်မှုသည်လည်း ၎င်းဓာတ်ကြီး ၏ တန်ခိုးပေတည်း၊ ထိုတွင်ပြုစုပျိုးထောင်မှုကို တတ်စွမ်းနိုင်သော အလွန်သိမ်မွေ့လှသော ဥတုဟူသော ကမ္ဘာ၏ မူလဗီဇဖြစ်သော မီးဓာတ် အထူးသည်ရှိ၏။
ထိုကမ္ဘာ၏ မူလဗီဇ မီးဓာတ်အထူးသည်ကား အနမတဂ္ဂ သံသရာတွင် မဟာပထဝီအစရှိသော ကမ္ဘာ့အဆောက်အဦတွေ ကမ္ဘာ ပျက်သောအခါ အကုန်လုံးပျက်ဆုံး၍ ကုန်သော်လည်း ထိုကမ္ဘာ၏ မူလဗီဇဖြစ်သော မီးဓာတ်အထူးသည်မူကား ပျက်ဆုံးသည်ဟူ၍မရှိ၊ ဥပါဒ်,ဌီ, ဘင်အားဖြင့် အနမတဂ္ဂသံသရာနှင့်အမျှ အစဉ်တည်ရှိ၍နေ၏၊ အလွန်သိမ်မွေ့သည့်အတွက်ကြောင့်လည်း ကောင်းကင်ဟူသော ခေါ်ဝေါ်ခြင်း၌ ပါဝင်လေ၏။
ကမ္ဘာပျက်သောအခါ မဟာပထဝီမြေကြီး အကုန်ပျက်ဆုံးရာ၌ မဟာပထဝီမြေကြီးတည်ရှိရာ ကောင်းကင်နှင့်အမျှ ထိုကမ္ဘာ့မူလဗီဇ ဓာတ်ကြီးသည် တည်ရှိသည်သာဖြစ်၏၊ မြင့်မိုရ်တောင်ကြီးတည်ရှိရာ ကောင်းကင်နှင့်အမျှ တည်ရှိသည်သာဖြစ်၏၊ ဤနည်းအတိုင်း အလုံးစုံသော ကမ္ဘာ့အဆောက်အဦတွေ ပျက်ဆုံးကြရာ၌လည်း ထိုကမ္ဘာ့ အဆောက်အဦတွေ တည်ရှိရာကောင်းကင်နှင့်အမျှ ထိုကမ္ဘာ့မူလဗီဇ ဓာတ်ကြီးသည် အသီးသီးတည်ရှိသည်သာဖြစ်၏။
ထိုကမ္ဘာ့မူလဗီဇဓာတ် အသိုက်အအုံကြီးအတွင်း၌ ရေအမျိုးမျိုး ဖြစ်ရန်, မြေအမျိုးမျိုးဖြစ်ရန်, တောအမျိုးမျိုးဖြစ်ရန်, တောင်အမျိုးမျိုး ဖြစ်ရန်, သစ်ပင်အမျိုးမျိုးဖြစ်ရန်, နေ, လ, နက္ခတ်, တာရာအမျိုး မျိုးဖြစ်ရန်, နတ်ဘုံ, နတ်ဗိမာန်, ဗြဟ္မာ့ဘုံဗြဟ္မာ့ဗိမာန် အမျိုးမျိုးဖြစ်ရန်, ဗီဇအမျိုးမျိုးတို့သည် အစေ့အစုံပါရှိလေကုန်၏၊ ကမ္ဘာအသစ်အသစ် တည်ထောင်သောအခါ ထိုမူလဗီဇ ဓာတ်အသီးအသီးတို့မှ မဟာပထဝီ မြေကြီးအစရှိသော ကမ္ဘာ့အဆောက်အဦအသီးသီးတို့သည် ဖြစ်ပေါ် လာကြကုန်၏။
[ဤကား အနမတဂ္ဂသံသရာ၌ ကမ္ဘာအဆက်ဆက်တို့၏ ဥတုဟူ သော မူလဗီဇ ဓာတ်ကြီးကို ပြဆိုချက်တည်း။]
ကမ္ဘာနှင့် သတ္တဝါအစမရှိပုံပြဆိုချက်
သတ္တဝါဟူသမျှတို့မှာလည်း အစဟူ၍ မရှိကြကုန်၊ ဘယ်မျှ လောက်ကြာခဲ့လျှင် သတ္တဝါတစ်ကောင်မျှ အကြွင်းအကျန်မရှိ၊ ကုန်ဆုံးသော အဆုံးစွန်ကြီးဟူ၍လည်း မရှိကြကုန်၊ မဂ်ဉာဏ်ကိုရ၍ ပရိနိဗ္ဗာန်စံယူကြကုန်သော သတ္တဝါအချို့မျှသာ အဆုံးရှိကြကုန်၏၊ ထိုသတ္တဝါအနန္တတို့သည် အောက်ဘုံတစ်ခွင်မှာ ကမ္ဘာပျက်၍နေသော အခါတို့၌ ကမ္ဘာပျက်ခြင်းမှ လွတ်ကင်းရာအထက်ဘုံတစ်ခွင်တို့၌ ရောက်၍နေကြရကုန်၏၊ အောက်ဘုံတစ်ခွင်မှာ ကမ္ဘာတည်ထောင်၍ လာသောအခါ မိမိတို့ကံပစ်ချရာ အောက်ဘုံ တစ်ခွင်သို့ ရောက်လာကြ ကုန်၏၊ ထိုသတ္တဝါအပေါင်းတို့သည် အောက်၌ အဝီစီငရဲကြီး အထက်၌ ဘဝဂ်ခေါ်သော နေဝသညာနာသညာယတနဘုံ ဤ ၃၁-ဘုံအတွင်း၌ စုန်ချည်ဆန်ချည် ကျင်လည်၍ နေရကုန်၏၊ ခပ်သိမ်းသော သတ္တဝါ တို့သည် သုဒ္ဓါဝါသ ၅-ဘုံကိုချန်လှပ်၍ ဘယ်ဘုံကိုမျှ မရောက်ဘူးဟူ၍ မရှိကြကုန်၊ ကမ္ဘာပျက်သောအခါ၌ ခပ်သိမ်းသောသတ္တဝါတို့သည် ကမ္ဘာတိုင်း ကမ္ဘာတိုင်း ဗြဟ္မာ့ပြည်မှာချည်းဖြစ်ကြရကုန်၏၊ ယခုအခါ အပါယ်လေးဘုံ၌ ရှိနေကြကုန်သော သတ္တဝါတို့သည် အထက် ဗြဟ္မာ့ဘုံမှ အဆင့်ဆင့်လျောကျ၍ လာကြကုန်သော သတ္တဝါတို့ချည်းပေတည်း။
[ဤကား အနမတဂ္ဂသံသရာ၌ သတ္တဝါအဆက်ဆက်တို့၏ ကမ္မဟူသော မူလဗီဇ ဓာတ်ကြီးကို ပြဆိုချက်ပေတည်း။]
[ကမ္ဘာပျက်ပုံ, ကမ္ဘာတည်ပုံများကိုမူကား ဆရာတော်စီရင်သော ဥရောပအလင်းပြ ခေါ်သော နိယာမဒီပနီစာအုပ်မှာ စုံလင်စွာ ဆိုလေပြီ။]
[ဤကား ကမ္ဘာသည်အစမရှိ, ကမ္ဘာ၏မူလဗီဇလည်းအစမရှိ, သတ္တဝါသည်အစမရှိ, သတ္တဝါ၏မူလဗီဇလည်း အစမရှိဟူသော ဗုဒ္ဓဘာသာ၏အယူကို ပြဆိုချက်တည်း]
ကမ္ဘာနှင့်သတ္တဝါအစ-ရှိ-မရှိဝေဖန်ချက် ဘာသာတစ်ပါးတို့၌မူကား ကမ္ဘာသည်လည်း အစဆုံးကြီးရှိ၏၊ သတ္တဝါသည်လည်း အစဆုံးကြီးရှိ၏ဟု-ယူကြကုန်၏ ထိုသို့ယူကြသည့် အတွက် မူလဗီဇဟူ၍မရှိသေးမီ ကမ္ဘာကိုလည်းကောင်း, သတ္တဝါကို လည်းကောင်း, အစဦးစွာ ဖန်ဆင်းသူ ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိလိမ့်မည်ဟုကြံဆချက်ကြီး ဖြစ်ကြလေ၏၊ ထိုပုဂ္ဂိုလ်ကြီးသည်မူကား အစလည်း မရှိလေရာ၊ အဆုံးလည်းမရှိလေရာဟု- ဒုတိယကြံဆချက်ကြီး ဖြစ်ကြ လေ၏။
ဤအရာ၌ စစ်မေးရန် ရှိချေ၏။
အကယ်၍ ကမ္ဘာနှင့်သတ္တဝါတွေသာ အစရှိ၍ ကမ္ဘာကို ဖန်ဆင်း သော ကမ္ဘာ့သခင်ကြီးသည် အစမရှိသည်ဖြစ်ငြားအံ့၊ ကမ္ဘာနှင့်သတ္တဝါ မပေါ်ပေါက်မီ, ရှေးကာလ၌ ကမ္ဘာ့သခင်ကြီးသည် အစမရှိ၊ အနန္တ ကာလရှည်ကြာစွာ တစ်ပါးတည်းတည်ရှိလေရာ၏၊ ထိုသို့တည်ရှိရာ၌ ထိုကမ္ဘာ့ သခင်ကြီးသည် ကမ္ဘာ, သတ္တဝါကို ဖန်ဆင်းနိုင်သော အစွမ်းသတ္တိ ရှိပါလျက် အဘယ့်ကြောင့် ထိုအခါ၌ ကမ္ဘာကို မဖန်ဆင်းပဲ နေပါချေအံ့နည်း၊ ထိုအခါ၌လည်း ကမ္ဘာသတ္တဝါကို အခါခါ ဖန်းဆင်း လိမ့်မည်သာဟု- ကြံယူခွင့်ရှိသည်သာလျှင်တည်း။
ထိုသို့ ကြံယူခွင့်ရှိသည့်အတွက်ကြောင့် ကမ္ဘာ့သခင်ကြီးသည် လည်း အစမရှိ အဆုံးမရှိ နိစ္စထာဝရတည်နေ၏၊ ကမ္ဘာသည်လည်း အစမရှိ အဆုံးမရှိ၊ ဖြစ်ချည်, ပျက်ချည် တလည်လည်နေ၏၊ သတ္တဝါ အနန္တသည်လည်း အစမရှိ အဆုံးမရှိ၊ ဖြစ်ချည်, ပျက်ချည် တလည်လည် နေ၏၊ ထိုသို့နေရာတွင် သတ္တဝါအနန္တတို့၏ ဘဝအဆက်ဆက်တို့ကို ဗုဒ္ဓဘာသာမှာ သတ္တဝါ၏ မူလဗီဇဓာတ်သည် တည်ထောင်ပေ၏၊ ထိုဘာသာတို့မှာ ကမ္ဘာ့သခင်ကြီးသည် တည်ထောင်ပေ၏၊ ဤမျှသာ ထူးကြ၏။
ထူးခြင်းအကြောင်းကား ထိုဘာသာတို့၌ ရုပ်ဓာတ်, နာမ်ဓာတ် တို့၌ တန်ခိုးမရှိ၊ ပုဂ္ဂိုလ် သတ္တဝါတို့၌သာ တန်ခိုးရှိ၏ဟု မှတ်ယူကြသည့် အတွက်ပေတည်း၊ ဗုဒ္ဓဘာသာ၌မှုကား ရုပ်ဓာတ်, နာမ်ဓာတ်တို့ကိုလွှတ်၍ ပုဂ္ဂိုလ်သတ္တဝါ ဟူ၍မရှိ၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့ကိုပင် ပုဂ္ဂိုလ် သတ္တဝါ ဟူ၍ခေါ်ဆိုရ၏၊ ပုဂ္ဂိုလ်သတ္တဝါဟူသည် ပညတ်မျှသာတည်း၊ ပညတ်၌ တန်ခိုးဟူ၍မရှိ၊ ရုပ်ဓာတ်, နာမ်ဓာတ်တို့၌သာ တန်ခိုးဟူ၍ရှိ၏၊ ရုပ်ဓာတ်, တန်ခိုးကြီး, နာမ်ဓာတ် တန်ခိုးကြီးတို့ကိုအစွဲပြု၍ တန်ခိုးကြီးသောလူ, တန်ခိုးကြီးသောနတ်, တန်ခိုးကြီးသော သိကြား-ဗြဟ္မာ, တန်ခိုးကြီးသော နဂါး, ဂဠုန်စသည်ဖြင့် ခေါ်ဆိုကြ၏။
[ဤမျှသောစကားရပ်တို့ဖြင့် ကမ္ဘာကိုဖန်ဆင်းသော ကမ္ဘာ သခင်ကြီးဟူ၍ အသီးအခြား မရှိကြောင်းသည် အလွန်ထင်ရှား လေ၏၊]
ခရစ်ယာန်ဘာသာ, မဟာမက်ဘာသာရှင်းလင်းချက်
ဤအရာ၌တန်ခိုးမည်သည် ဝိဇ္ဇာမယိဒ္ဓိ တန်ခိုးဟူ၍လည်း ရှိကြ၏၊ ဆေးမှော်တန်ခိုး, အင်းမှော်တန်ခိုး, ဂါထာမန္တရားတန်ခိုး, နတ်ကောင်း, နတ်မြတ်, နတ်မှော်တန်ခိုး, နတ်ဆိုး, နတ်ဝါး, နတ်မှော် တန်ခိုး, ဘီလူး မှော်တန်ခိုး, သရဲမှော်တန်ခိုး, သံဘက်မှော်တန်ခိုး, အစရှိသည်တို့ပေ တည်း၊ ထိုတန်ခိုးတို့တွင် တစ်ခုခုသောတန်ခိုးကို ရရှိလိုသော သူတို့သည် နည်းမှန်လမ်းမှန်ကို၊ ရှာကြံ၍ တွေ့ရှိသောအခါ လူတို့ ဆိတ်ကင်းရာ တောအရပ်သို့ ထွက်၍လည်းကောင်း၊ တောင်မြင့်ရာသို့တက်၍ လည်းကောင်း, အရက် ၄၀, အရက် ၈၀, စသည်ဖြင့် ပိုင်းခြား၍ ထိုနည်းလမ်းတို့၌လာရှိသော အစာရှောင်ခြင်း အစရှိသော ကျင့်ဝတ် တရားတို့ကို ပြည့်စုံလုံလောက်စွာ ဖြည့်ကျင့်ကြရကုန်၏၊ အထမြောက် အောင် မြင်ရှိသောအခါ မြို့ရွာသို့လာကြကုန်ပြီးလျှင် ထိုနည်းလမ်းကို လူအများတို့မသိကြစေရန် ဖုံးဝှက်ကြကုန်ပြီးလျှင် ဗုဒ္ဓမြတ်စွာကို ကိုးကွယ်ရာ အရပ်ဒေသဖြစ်ခဲ့သော် ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော် တန်ခိုး တော်ဟု- ပြောဆို၍ မိမိတို့၏တန်ခိုးကို အသုံးပြု ကြကုန်၏၊ ထိုအတူ မဟာဗြဟ္မာကို ကိုးကွယ်ရာ အရပ်ဒေသဖြစ်ခဲ့သော် မဟာဗြဟ္မာ မင်းကြီး၏ တန်ခိုးဟုပြော ဆို၍, ဂေါ့သခင်ကြီးကို ကိုးကွယ် ရာအရပ် ဒေသဖြစ်ခဲ့သော် ဂေါ့သခင်ကြီး၏ တန်ခိုးဟု-ပြောဆို၍ ခိုဒါသခင်ကြီးကို ကိုးကွယ်ရာအရပ်ဒေသ ဖြစ်ခဲ့သော် ခိုဒါသခင်ကြီး၏ တန်ခိုးဟုပြောဆို၍ မိမိတို့တန်ခိုးကို အသုံးပြုကြကုန်၏။
ထိုသို့ ပြောဆို၍အသုံးပြုမှပင် လူအများတို့က အထူးရိုသေကြ ကုန်၏၊ သို့သော် ထိုတန်ခိုးမျိုးသည် လူမိုက်အားကိုးဖြစ်တတ်၏၊ လူမိုက်တို့ အားကိုးကြတတ်၏၊ လူမိုက်ပေါင်းများစွာဝိုင်းအုံမိသည်ရှိ်သော် တန်ခိုးရှင်ကို မင်းလောင်းမင်းလျှာဟု-မြှောက်ပင့်တတ်ကြကုန်၏၊ ထိုကြောင့် နိုင်ငံရှင်အစိုးရမင်းတို့သည် ထိုကဲ့သို့သော တန်ခိုးရှင်များ ပေါ်ပေါက်လာခဲ့သည်ရှိသော် နိုင်နင်းအောင်နှိပ်ကွပ်ရကြကုန်၏၊ ခရစ်တော်ဆရာသည် အဲဂုတ္ထုပြည်၌ ထိုတန်ခိုးအတွက်နှင့် အနှိပ်ကွပ် ခံရလေ၏၊ မဟာမက်ဆရာ၏ တန်ခိုးမူကား မက္ကာမြို့တွင် ယခုထက်တိုင် ထင်ရှားရှိပေ၏။
[ဤတွင်ရွေ့ကား မိမိကံကို အားမကိုးမူ၍ ကမ္ဘာ့သခင်ကြီး၏ တန်ခိုးတော်တစ်ခုကိုသာ ယုံကြည်စွာ အားကိုးလျက်ရှိကြကုန်သော ခရစ်ယာန်ဘာသာ, မဟာမက် ဘာသာကြီးတို့၌ ရှင်းလင်းဖွယ်ကိစ္စ ပြီးစီးလေ၏၊]
ဗုဒ္ဓဘာသာ, ဗြာဟ္မဏဘာသာ ရှင်းလင်းချက်
ဗုဒ္ဓဘာသာကြီးနှင့် ဗြာဟ္မဏဘာသာကြီးတို့၌ ရှင်းလင်းဖွယ်ကို ပြဆိုရာ၏၊ သတ္တဝါတို့၏ဖြစ်ရာဘုံသည် သုံးဆယ့်တစ်ဘုံရှိ၏။
သုံးဆယ့်တစ်ဘုံဆိုသည်ကား-- အပါယ်လေးဘုံ,လူ့ဘုံ, နတ်ပြည် ခြောက်ထပ်ဟုဆိုအပ်သော နတ်ဘုံခြောက်ဘုံ, ဗြဟ္မာဘုံ ပေါင်းနှစ်ဆယ် တို့ပေတည်း။ ထို့တွင်
အပါယ်လေးဘုံဆိုသည်ကား-- ငရဲဘုံ, တိရစ္ဆာန်ဘုံ, ပြိတ္တာဘုံ, အသူရကာယ်ဘုံတို့ပေတည်း။
ငရဲဘုံဆိုသည်ကား-- လူတို့နေရာမှအောက်၌ မဟာပထဝီမြေကြီး အတွင်း အလွန်ကျယ်ဝန်းလှစွာသော မြေဥမင်ကြီးတို့ အတွင်း၌ ငရဲကြီးရှစ်ပြည်ထောင်တို့သည် အထက်အောက် အစဉ်အတိုင်း တည်ရှိကြ၏။
၁။ သိဉ္ဇိုဝ်းငရဲဘုံကြီး,
၂။ ကာလသုတ်ငရဲဘုံကြီး,
၃။ သင်္ဃာတငရဲဘုံကြီး,
၄။ ရောရုဝငရဲဘုံကြီး,
၅။ မဟာရောရုဝငရဲဘုံကြီး,
၆။ တာပနငရဲဘုံကြီး,
၇။ မဟာတာပနငရဲဘုံကြီး,
၈။ အဝီစိငရဲဘုံကြီးတို့ပေတည်း။
တိရစ္ဆာန်ဘုံ, ပြိတ္တာဘုံ, အသုရကာယ်ဘုံတို့သည်ကား လူ့ဘုံနှင့် တစ်ပြိုင်တည်းဖြစ်၍ သမုဒ္ဒရာတစ်ခွင်, ပင်လယ်တစ်ခွင်, တောတစ်ခွင်, လူတို့နေရာတစ်ခွင်, အနှံအပြား တည်ရှိကြကုန်၏၊ ထိုတွင် အသူရကာယ် ဘုံဆိုသည်ကား ပြိတ္တာမျိုးတွင် ဝေမာနိကပြိတ္တာမျိုးကို ခေါ်၏၊ နေရာ ဗိမာန်လည်းရှိကြကုန်၏၊ နေ့အခါ ငရဲဒုက္ခကို ခံစားရ၍, ညအခါ နတ်ချမ်းသာကို ခံစားရသောသူမျိုး, ညအခါငရဲဒုက္ခကို ခံစားရ၍ နေ့အခါနတ်ချမ်းသာကို ခံစားရသောသူမျိုးဟူ၍ အမျိုးမျိုးရှိကြကုန်၏၊ ထိုမှတစ်ပါး ကာလကဉ္စိက အသူရကာယ်မျိုး, လောကန္တရိက အသူရ ကာယ်မျိုး စသည်ဖြင့် အမျိုးမျိုးရှိကြသေး၏၊
[ဤကား အပါယ်လေးဘုံကိုပြဆိုချက်တည်း။]
လူ့ဘုံကား ထင်ရှားလေပြီ။
အသက်တမ်းကား အသင်္ချေယျတမ်းမှသည် ဆယ်နှစ်တမ်း တိုင်အောင်လည်းကောင်း ဆုတ်တုန်တက်တုန်ရှိ၏၊
[ဤကားလူ့ဘုံကို ပြဆိုချက်တည်း။]
နတ်ပြည်ခြောက်ထပ်ဟူသည်ကား
၁။ စာတုမဟာရာဇ်ဘုံ,
၂။ တာဝတိံသာဘုံ,
၃။ ယာမာဘုံ,
၄။ တုသိတာဘုံ,
၅။ နိမ္မာနရတိဘုံ,
၆။ ပရနိမ္မိတဝသဝတ္တီဘုံ
ဟူ၍ လူ့ဘုံမှ အထက်ကောင်းကင်၌ အဆင့်ဆင့် တည်ရှိကြ ကုန်၏၊ လူ့ဘုံမှ အထက်အဆင့်ဆင့် ယူဇနာပေါင်း လေးသောင်း နှစ်ထောင်စီ ကွာခြားကြကုန်၏၊
ထိုတွင် စာတုမဟာရာဇ်ဘုံဆိုသည်ကား နေ, လ, နက္ခတ်, တာရာတို့၏တည်ရာဌာနပေတည်း၊ ထို့အတူ အထက်ငါးဘုံတို့သည် လည်း နေ, လ, နက္ခတ်, တာရာတို့ကဲ့သို့ အသီးအသီး စကြဝဠာနှင့် အပြည့် တည်ရှိကြကုန်၏။
ထိုတွင်
- စာတုမဟာရာဇ်ဘုံ၌ နတ်တို့၏ အသက်တမ်းကား လူတို့၏ နှစ်အရေအတွက်အားဖြင့် အနှစ်ကိုးသန်းရှိ၏၊
- ထိုမှ အဆင့်အဆင့် လေးဆတက်သော် တာဝတိံသာ နတ်တို့၏ အသက်တမ်းကား သုံးကုဋေအနှစ် ခြောက်သန်းဖြစ်၏၊
- ယာမာနတ်တို့၏ အသက်တမ်းကား တစ်ဆယ့်လေးကုဋေ အနှစ်လေးသန်းရှိ၏၊
- တုသိတာနတ်တို့၏ အသက်တမ်းကား ကုဋေပေါင်း ငါးဆယ့် ခုနစ်ကုဋေအနှစ်ခြောက်သန်းရှိ၏၊
- နိမ္မာနရတိနတ်တို့၏ အသက်တမ်းကား ကုဋေပေါင်း နှစ်ရာ့ သုံးဆယ်အနှစ်လေးသန်းရှိ၏၊
- ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အသက်တမ်းကား ကုဋေကိုးရာ့ နှစ်ဆယ့်တစ်ကုဋေအနှစ်ခြောက်သန်းရှိ၏၊
[ဤကား နတ်ပြည်ခြောက်ထပ်ကို ပြဆိုချက်တည်း။]
ထိုမှအထက်ကောင်းကင်၌
ဗြဟ္မာဘုံပေါင်း နှစ်ဆယ်ဆိုသည်ကား
၁။ ပဌမစျာန်သုံးဘုံ,
၂။ ဒုတိယစျာန် သုံးဘုံ,
၃။ တတိယစျာန်သုံးဘုံ,
၄။ စတုတ္ထစျာန် ခုနစ်ဘုံ
ဟူ၍ ရုပ်သဏ္ဌာန်ရှိကြသော ရူပဗြဟ္မာ့ဘုံပေါင်း တစ်ဆယ့် ခြောက်ဘုံ, ထိုမှအထက်၌ ရုပ်သဏ္ဌာန်ကားမရှိ၊ နာမ်သဏ္ဌာန်မျှသာ ရှိကြသော အရူပလေးဘုံဟူ၍ ဗြဟ္မာ့ဘုံနှစ်ဆယ်ရှိ၏။
ထိုတွင်
ပဌမစျာန်သုံးဘုံဆိုသည်ကား
၁။ ဗြဟ္မပါရိသဇ္ဇာဘုံ,
၂။ ဗြဟ္မပုရောဟိတာဘုံ,
၃။ မဟာဗြဟ္မာဘုံ
ဟူ၍ အယုတ်, အလတ်, အမြတ်အားဖြင့် ဗြဟ္မာသုံးမျိုး တစ်ပြင် တည်း တည်ရှိ၏။
အသက်တမ်းကား
ဗြဟ္မပါရိသဇ္ဇာဗြဟ္မာတို့မှာ ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်၏ သုံးဖို့ တစ်ဖို့ရှိ၏၊ အနှစ်အားဖြင့်ကား မရေမတွက်နိုင်ပြီ။
ဗြဟ္မပုရောဟိတာဗြဟ္မာတို့၏ အသက်တမ်းကား ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ် ထက်ဝက်ရှိ၏။
မဟာဗြဟ္မာတို့၏ အသက်တမ်းကား ဝိဝဋ္ဋဋ္ဌာယီ တစ်ကမ္ဘာလုံး တည်ရှိ၏။
ထိုဗြဟ္မာ အပေါင်းတို့တွင်လည်း အသက်အကြီးဆုံး, တန်ခိုးအကြီး ဆုံးဖြစ်သော မဟာဗြဟ္မာမင်းကြီးသည် ရှိ၏၊ ဗြာဟ္မဏလူမျိုးတို့၏ ကိုးကွယ်ရာ မဟာဗြဟ္မာမင်းကြီးပေတည်း၊ ခရစ်ယာန်ဘာသာ၌ ဂေါ့သခင်ကြီးဟူသည်လည်းကောင်း, မဟာမက်ဘာသာ၌ ခိုဒါသခင်ကြီး ဟူသည်လည်းကောင်း, ဤမဟာဗြဟ္မာမင်းကြီးပင်တည်း။ ဒုတိယစျာန်သုံးဘုံဆိုသည်ကား
၁။ ပရိတ္တာဘာဘုံ,
၂။ အပ္ပမာဏာဘာဘုံ,
၃။ အာဘဿရာဘုံ,
ဟူ၍ အယုတ်, အလတ်, အမြတ်အားဖြင့် တစ်ပြင်တည်း တည်ရှိ၏၊ အသက်တမ်းမှာလည်း မဟာကမ္ဘာကြီး နှစ်ကမ္ဘာ လေးကမ္ဘာ ရှစ်ကမ္ဘာစီရှိကြ၏။
တတိယစျာန်သုံးဘုံဆိုသည်ကား
၁။ ပရိတ္တာသုဘာဘုံ,
၂။ အပ္ပမာဏာသုဘာဘုံ,
၃။ သုဘကိဏ္ဏာဘုံ,
ဟူ၍ အယုတ်, အလတ်, အမြတ်အားဖြင့် သုံးဘုံတစ်ပြင်တည်း တည်ရှိကြ၏၊ အသက်တမ်းမှာလည်း မဟာကမ္ဘာကြီး တစ်ဆယ့်ခြောက် ကမ္ဘာ, သုံးဆယ့်နှစ်ကမ္ဘာ, ခြောက်ဆယ့်လေးကမ္ဘာစီ အသီးအသီးရှိကြ၏၊ စတုတ္ထစျာန်ခုနစ်ဘုံဆိုသည်ကား-
တစ်ပြင်တည်း တည်ရှိ ကြသော
၁။ ဝေဟပ္ဖိုလ်ဘုံ,
၂။ အသညသတ်ဘုံ,
၎င်း၏အထက်၌ အဆင့်ဆင့် တည်ရှိကြသော
၃။ အဝိဟာဘုံ,
၄။ အတပ္ပါဘုံ,
၅။ သုဒဿာဘုံ,
၆။ သုဒဿီဘုံ,
၇။ အကနိဋ္ဌာဘုံ,
ဟူ၍ သုဒ္ဓါဝါသဘုံအားဖြင့် ရူပစတုတ္ထစျာန် ခုနစ်ဘုံရှိ၏၊ အသက်တမ်းအားဖြင့် ဝေဟပ္ဖိုလ်ဘုံ, အသညသတ်ဘုံ ဗြဟ္မာ တို့မှာ မဟာကမ္ဘာကြီး ငါးရာစီရှိကြ၏၊ သုဒ္ဓါဝါသငါးဘုံတို့မှာ အစဉ် အတိုင်း ကမ္ဘာတစ်ထောင်, ကမ္ဘာနှစ်ထောင်, ကမ္ဘာလေးထောင်, ကမ္ဘာရှစ်ထောင်, ကမ္ဘာတစ်သောင်း ခြောက်ထောင်စီ အသီးသီးရှိကြ၏၊ [ဤကား ရူပတစ်ဆယ့်ခြောက်ဘုံကို ပြဆိုချက်တည်း။]
ထိုမှအထက်၌ အရူပလေးဘုံဆိုသည်ကား
၁။ အာကာသာနဉ္စာယတနဘုံ,
၂။ ဝိညာဏဉ္စာယတနဘုံ,
၃။ အာကိဉ္စညာယတနဘုံ,
၄။ နေဝသညာနာသညာယတနဘုံ,
ဟူ၍ အဆင့်ဆင့်အားဖြင့် အရူပလေးဘုံ ရှိ၏။
အသက်တမ်းအားဖြင့် ကမ္ဘာနှစ်သောင်း, ကမ္ဘာလေးသောင်း, ကမ္ဘာခြောက်သောင်း, ကမ္ဘာရှစ်သောင်း လေးထောင် အသီးသီးရှိကြ၏၊ ငါတို့မြတ်စွာဘုရား လက်ထက်တော်၌ အာဠာရ အမည်ရှိသော ဟိန္ဒူရသေ့ကြီးသည် အာကိဉ္စညာယတနဘုံသို့ ရောက်လေ၏၊ ဥဒက အမည်ရှိသော ဟိန္ဒူရသေ့ကြီးသည် အထက်ဆုံးဖြစ်သော နေဝသညာ နာသညာယတနဘုံသို့ ရောက်လေ၏။
[ဤကား- သုံးဆယ့်တစ်ဘုံ တည်ရှိပုံကို ပြဆိုချက်တည်း။]
လူ့ဘုံနှင့်တကွသော သုဂတိဘုံပေါင်း နှစ်ဆယ့်ခုနစ်ဘုံရှိသည် တွင် သုဒ္ဓါဝါသငါးဘုံသည် အနာဂါမ်ရဟန္တာပုဂ္ဂိုလ်တို့၏သာ နေရာ ဘုံများဖြစ်ပေသောကြောင့် ဗုဒ္ဓဘာသာနှင့်သာ သက်ဆိုင်ရာဘုံများ ပေတည်း၊ ကျန်ရှိသော သုဂတိနှစ်ဆယ့်နှစ်ဘုံ တို့သည်ကား ဗုဒ္ဓဘာသာ ဗြာဟ္မဏဘာသာနှစ်ပါးတို့၏သာ သက်ဆိုင်ရာ ဘုံများပေတည်း။ [ဤကား- ဘုံရှင်းလင်းချက်ပေတည်း။]
ကမ္မဗီဇကိုပြဆိုချက်
ထိုဘုံတို့၌ရှိနေကြကုန်သော သတ္တဝါတို့၏ ဖြစ်ပေါ်ရာ အကြောင်းရင်းမူလဗီဇကို ပြဆိုရာ၏၊
မူလဆိုသည်ကား-- ၁- အဝိဇ္ဇာ, ၂- တဏှာ ဟူသော ကိလေသာတရားကြီး ၂- ပါးကို ဆို၏။
ဗီဇဆိုသည်ကား-- ကုသိုလ်ကံ, အကုသိုလ်ကံ ၂- ပါးကို ဆို၏၊ ထိုတွင်
အကုသိုလ်ကံဆိုသည်ကား-- ရှေး၌ပြဆိုခဲ့ပြီးသော ဒုစရိုက် ဆယ်ပါး အကုသိုလ်တရားတို့ကို ဆို၏၊ အဝိဇ္ဇာ, တဏှာတို့နှင့် ဒုစရိုက်ဆယ်ပါး အကုသိုလ်တရားတို့သည် အပါယ်လေးဘုံ၌ ဖြစ်ကြ ကုန်သော သတ္တဝါတို့၏ မူလဗီဇတို့ပေတည်း။
ဒုစရိုက်ဆယ်ပါးတို့တွင် ပါဏာတိပါတကံကို ရှေးဦးစွာ ဆိုခြင်း အကြောင်းကား ထိုပါဏာတိပါတကံသည် အလွန်အရေးအခွင့် ကြီး ကျယ်၏၊ အကျိုးပေးပုံ အလွန်ကြမ်းတမ်း၏၊ အရေးအခွင့် ကြီးကျယ် ပုံကား- ရေသတ္တဝါ ကုန်းသတ္တဝါတို့၏ အစာအာဟာရ ကိစ္စကြီးတွင် ပါဝင်လျက်ရှိသောကြောင့် နိုင်ရာသတ်, နိုင်ရာစား အလွန်များပြား ကြီးကျယ်သော အမှုကြီးပေတည်း။
အဘယ့်ကြောင့် အကျိုးပေး အလွန်ကြမ်းတမ်းသနည်းဟူမူကားခပ်သိမ်းသော သတ္တဝါတို့၌ အချစ်ဆုံး, အခင်ဆုံးဝတ္ထုကား အသက် ပေတည်း၊ အသက်ကဲ့သို့ ချစ်ခင်အပ်သော ဝတ္ထုမည်သည် လောက၌ တစ်စုံတစ်ခုမျှမရှိ၊ တိုင်းပြည်ကို အစိုးရသော မင်းစိုးရာဇာတို့သည် တိုင်းပြည်ကိုစွန့်၍ အသက်ဘေးမှ ချမ်းသာရာရမည်ဆိုလျှင် တိုင်းပြည်ကို စွန့်၍ မိမိအသက်ကို တိုင်းပြည်နှင့်လဲလှယ်၍ ယူကြရကုန်၏၊ အလွန် သေးငယ်လှသော ရေပိုး-ရေမွှား ကုန်းပိုး-ကုန်းမွှား သတ္တဝါတို့သည် လည်းကောင်း, အမိဝမ်း၌တည်ရှိသော သတ္တဝါ, သန်းဥ, ကြမ်းပိုးဥ အစရှိသော ဥတွင်း၌တည်ရှိသော သတ္တဝါတို့သည်လည်းကောင်း, မိမိတို့အသက်ကို အလွန်ချစ်ကြ, ခင်ကြကုန်သည်သာလျှင်တည်း။
လောက၌ တိုက်ခိုက်ကြသော ဓားပြတို့သည်
၁။ အသက်ကို တိုက်ခိုက်သော ဓားပြ တစ်မျိုး,
၂။ ပစ္စည်းဥစ္စာကို တိုက်ခိုက်သော ဓားပြ တစ်မျိုး,
ဟူ၍ ၂- မျိုး ရှိ၏။
ထိုတွင် အသက်ကိုတိုက်ခိုက်ကြသော ဓားပြတို့သည် ကမ္ဘာ ပေါ်တွင် ကြမ်းတမ်းဆုံးသော ဓားပြကြီးတို့ပေတည်း။
အသက်ကို တိုက်ခိုက်သော ဓားပြဆိုသည်ကား မုဆိုး, တံငါ, သားသတ်သမား, နွားသတ်သမား, ကြက်ဥ, ဘဲဥတို့၌ ကြက်ကောင်ဝက်ကောင်- သားကောင်- ငါးကောင်တို့ကို သတ်ဖြတ်၍ စားသောက် သူများသည် အသက်ကိုတိုက် ခိုက်သော ဓားပြကြီးတို့ပေတည်း။
ထို့ကြောင့် ဤပါဏာတိပါတကံသည် အပါယ်ဘုံ၌ အကျိုး ပေးသောအခါ အလွန်ကြမ်းတမ်းသော မီးငရဲကြီး, ဓားငရဲကြီးတို့၌ အကျိုးပေးတတ်၏၊ ဝဋ်ဝိပါက်အကျိုးမှာလည်း တစ်ကောင်သတ်မိသည့် အတွက် ဘဝငါးရာမက- ဘဝတစ်ထောင်မက- ဘေးဆိုး, ဒဏ်ဆိုး, ကပ်ဥပဒ်ဆိုးတို့နှင့်ချည်း သေရတတ်၏၊ ဤသို့လျှင် ပါဏာတိပါတ ကံသည် အကျိုးပေး အလွန်ဆိုးဝါးလှ၏၊ ထို့ကြောင့် ဒုစရိုက်ဆယ်ပါး တို့တွင် ပါဏာတိပါတကံကို ရှေးဦးစွာ ပြဆိုကြပေကုန်၏၊
[ဤကား အပါယ်ကမ္မမူလဗီဇကို ပြဆိုချက်ပေတည်း။]
သုဂတိမူလဗီဇ ဆိုသည်ကား
အဝိဇ္ဇာ, တဏှာမူလ ၂- ပါးနှင့် သုစရိုက်ဆယ်ပါးတို့ပေတည်း၊ အကျဉ်းအားဖြင့်မူကား ဒါန, သီလ, ဘာဝနာ သုံးပါးတို့ပေတည်း၊ ထိုတွင် ဒါန, သီလ ၂-ပါးတို့သည် လူသတ္တဝါ, နတ်ပြည်ခြောက်ထပ် နတ် သတ္တဝါတို့၏ ကမ္မဗီဇ ဖြစ်၏၊ ဘာဝနာသည်ကား - သမထဘာဝနာ, ဝိပဿနာဘာဝနာဟူ၍ ၂-မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင် သမထဘာဝနာ သည်လည်း ပုဗ္ဗဘာဂဘာဝနာ, အပ္ပနာပတ္တဘာဝနာ ဟူ၍ ၂-မျိုးရှိ၏၊ ဝိပဿနာဘာဝနာသည်လည်း ထို့အတူ ၂-မျိုးရှိ၏၊ ပုဗ္ဗဘာဂဘာဝနာ ဆိုသည်ကား အပ္ပနာစျာန်သို့ မရောက်မီ၊ ရှေးအဖို့၌ ပွါးများအပ်သော ကာမာဝစရကုသိုလ် ဘာဝနာပေတည်း၊ ထိုပုဗ္ဗဘာဝနာသည်လည်း လူသတ္တဝါ, နတ်ပြည် ခြောက်ထပ်နတ်သတ္တဝါတို့၏ ကမ္မဗီဇသာဖြစ်၏၊
[ဤကား လူနတ်တို့၏ ကမ္မဗီဇကို ပြဆိုချက်ပေတည်း။]
အပ္ပနာပတ္တဘာဝနာဆိုသည်ကား-- သမာပတ်ရှစ်ပါးကိုဆို၏၊ သမာပတ်ရှစ်ပါးဆိုသည်ကား
၁။ ရူပ-ပဌမစျာန် သမာပတ်တစ်ပါး,
၂။ ရူပ-ဒုတိယစျာန် သမာပတ်တစ်ပါး,
၃။ ရူပ-တတိယစျာန် သမာပတ်တစ်ပါး,
၄။ ရူပ-စတုတ္ထစျာန် သမာပတ်တစ်ပါး,
ဟူ၍ ရူပသမာပတ် ၄-ပါး၊
၅။ အရူပ-ပဌမစျာန် သမာပတ်တစ်ပါး,
၆။ အရူပ-ဒုတိယစျာန် သမာပတ်တစ်ပါး,
၇။ အရူပ-တတိယစျာန် သမာပတ်တစ်ပါး,
၈။ အရူပ-စတုတ္ထစျာန် သမာပတ်တစ်ပါး, ဟူ၍အရူပသမာပတ် ၄-ပါး ဤရှစ်ပါးသည်သမာပတ် ရှစ်ပါး မည်၏။
ထိုသမာပတ်ရှစ်ပါးတို့တွင် ပထဝီကသိုဏ်း- အာပေါကသိုဏ်း အစရှိသော ကသိုဏ်းစျာန်တို့ကို ပွါးများရာ၌လည်းကောင်း, မေတ္တာ စျာန်- ကရုဏာစျာန်-မုဒိတာစျာန်တို့ကို ပွါးများရာ၌လည်းကောင်း, ရှေးဦးစွာ ရောက်အပ် ရအပ်သော ရူပပဌမစျာန်ကုသိုလ် စေတနာသည် ပဌမစျာန်သုံးဘုံ ဗြဟ္မာတို့၏ ကမ္မဗီဇပေတည်း။
ထိုစျာန်တို့ကို ပွါးများရာ၌ နှစ်ကြိမ်မြောက် ရောက်အပ် ရအပ်သော ရူပဒုတိယစျာန်သမာပတ်၌ပါရှိသော ရူပဒုတိယစျာန် ကုသိုလ်စေတနာ သည် ရူပဒုတိယစျာန်သုံးဘုံ ဗြဟ္မာတို့၏ ကမ္မဗီဇ ပေတည်း။ ထိုစျာန်တို့ကို ပွါးများရာ၌ သုံးကြိမ်မြောက် ရောက်အပ် ရအပ်သော ရူပတတိယစျာန်သမာပတ်၌ပါရှိသော ရူပတတိယစျာန် ကုသိုလ် စေတနာသည် ရူပတတိယစျာန်သုံးဘုံ ဗြဟ္မာတို့၏ ကမ္မဗီဇ ပေတည်း။ ထိုစျာန်တို့ကို ပွါးများရာ၌ လေးကြိမ်မြောက် ရောက်အပ် ရအပ်သော ရူပစတုတ္ထစျာန် သမာပတ်၌ပါရှိသော ရူပစတုတ္ထစျာန် ကုသိုလ် စေတနာသည် ရူပစတုတ္ထစျာန် ခုနစ်ဘုံဗြဟ္မာတို့၏ ကမ္မဗီဇ ပေတည်း။
[ဤကား ရူပတစ်ဆယ့်ခြောက်ဘုံ ဗြဟ္မာတို့၏ ကမ္မဗီဇကို ပြဆိုချက်ပေတည်း။]
ကသိုဏ်းစျာန်ကို ပွါးများရာ၌ ကသိုဏ်းနိမိတ်ကိုလွန်ပြီးမှ ရောက်အပ်ရအပ်သော အရူပသမာပတ်လေးပါးတို့တွင် ရှေးဦးစွာ ရောက်အပ်ရအပ်သော အရူပ ပဌမစျာန်သမာပတ်၌ ပါရှိသော အရူပ ပဌမစျာန်ကုသိုလ်စေတနာသည် အရူပပဌမစျာန် ဗြဟ္မာတို့၏ ကမ္မဗီဇ ပေတည်း။
နှစ်ကြိမ်မြောက် ရောက်အပ်ရအပ်သော အရူပဒုတိယစျာန် သမာပတ်၌ပါရှိသော အရူပဒုတိယစျာန် ကုသိုလ်စေတနာသည် အရူပဒုတိယစျာန် ဗြဟ္မာတို့၏ ကမ္မဗီဇပေတည်း။
သုံးကြိမ်မြောက်ရောက်အပ် ရအပ်သော အရူပတတိယစျာန် သမာပတ်၌ပါရှိသော အရူပတတိယစျာန် ကုသိုလ်စေတနာသည် အရူပ တတိယစျာန် ဗြဟ္မာတို့၏ ကမ္မဗီဇပေတည်း။
လေးကြိမ်မြောက်ရောက်အပ် ရအပ်သော အရူပစတုတ္ထစျာန် သမာပတ်၌ပါရှိသော အရူပစတုတ္ထစျာန် ကုသိုလ်စေတနာသည် အရူပ စတုတ္ထစျာန် ဗြဟ္မာတို့၏ ကမ္မဗီဇပေတည်း။
[ဤကား အရူပလေးဘုံ ဗြဟ္မာတို့၏ ကမ္မဗီဇကို ပြဆိုချက်ပေတည်း။]
ဤသုံးဆယ့်တစ်ဘုံ ဝေဖန်ရာ၌ သုံးဆယ့်တစ်ဘုံရှိ သတ္တဝါတို့၏ ကမ္မဗီဇ ဝေဖန်ချက်ကြီးသည် ဗုဒ္ဓဘာသာနှင့်လည်း သက်ဆိုင်၏၊ ဗြာဟ္မဏဘာသာနှင့်လည်း သက်ဆိုင်၏၊ ထိုတွင် ဗုဒ္ဓဘာသာ၌ ဝေဖန် ချက်ကြီးသည် လောကီဖက်ဆိုင်ရာသာဖြစ်၏၊ လောကုတ္တရာဖက် ဆိုင်ရာ မဟုတ်သေး၊ သံသရာဝဋ်ဒုက္ခဖက် ဆိုင်ရာသာဖြစ်၏၊ နိဗ္ဗာန်ဖက် ဆိုင်ရာမဟုတ်သေး၊ ဗြာဟ္မဏဘာသာမှာမူကား ထိုဗြဟ္မာဘုံတို့ကို ပင်လျှင် နိဗ္ဗာန်ဘုံဟူ၍ယူကြ၏၊ ထိုဗြဟ္မာ့ဘုံသို့ ရောက်ကြကုန်သော သူတို့သည် အိုခြင်းမရှိ၊ နာခြင်းမရှိ၊ သေခြင်းမရှိ၊ နိစ္စထာဝရချမ်းသာ ကြီးကို ရရှိကြကုန်၏ဟု-ယူကြကုန်၏၊ ထို့ကြောင့် ဗြာဟ္မဏဘာသာ၌ အထက်သို့ တိုးတက်ခန်းမရှိပြီ။
[ဤတွင်ရွေ့ကား ဗြာဟ္မဏဘာသာ ရှင်းလင်းချက်ကြီးပေတည်း။]
ဗုဒ္ဓဘာသာ ရှင်းလင်းချက်
ဗုဒ္ဓဘာသာ၌- ရှေးက ပြဆိုခဲ့ပြီးသည့် ဗုဒ္ဓဘာသာခေါ်သော ပိဋကတ်သုံးပုံကြီးကို အဆီစစ်၍ အနှစ်သတ္တုကို ထုတ်ယူသော ရုပ်ဓာတ် ၂၈-ပါး၊ နိဗ္ဗာန်နှင့်တကွနာမ်ဓာတ် ၅၄-ပါးဟူ၍ ဓာတ်ဆီ ဓာတ်နှစ် တရားစစ် ၈၂-ပါးရ၏။ ထို ၈၂-ပါးကို အကျယ်ဝေဖန်သော် ပိဋကတ် သုံးပုံကြီးဖြစ်၏။ ထိုပိဋကတ်သုံးပုံကြီးကို အကျယ်ဝေဖန်ပြန်သော် စကြဝဠာအနန္တ၊ ကမ္ဘာအနန္တ၊ သတ္တဝါအနန္တ၊ သင်္ခါရအနန္တတွေ ဖြစ်လေ၏ ဟူသော အရာအချက်ကြီးသည် ဗုဒ္ဓဘာသာ၏အရာ အချက်ကြီးသာ ဖြစ်၏။ ဗြာဟ္မဏဘာသာ၌ ထိုအရာအချက်ကြီးမရှိ။
ထိုမှတစ်ပါးလည်း စင်စစ်အားဖြင့် လောက၌ ပုဂ္ဂိုလ်ဟူ၍ မရှိ၊ သတ္တဝါဟူ၍မရှိ၊ အတ္တဟူ၍မရှိ၊ ဇီဝဟူ၍မရှိ၊ ရုပ်ဓာတ်နာမ်ဓာတ်တို့သည် သာလျှင်ရှိကုန်၏ ဟူသောအရာအချက်ကြီးသည်လည်း ဗုဒ္ဓဘာသာ၏ အရာအချက်ကြီး ဖြစ်၏။ ဗြာဟ္မဏာဘာသာ၌ ထိုအရာအချက်ကြီးမရှိ။
လောက၌ ဗုဒ္ဓမြတ်စွာဟူ၍ ဖြစ်ပေါ်ရခြင်းသည် သတ္တဝါ အပေါင်း တို့အား ဤအရာအချက်ကြီး ၂-ပါးကို ဖော်ပြခြင်းငှါ ဖြစ်ပေါ် ရခြင်းပေ တည်း။
[ထိုအချက်ကြီးနှစ်ပါးတို့တွင် ပဌမအချက်ကြီးမှာ အဘိဓမ္မတ္ထသင်္ဂြီုဟ် ကျမ်း၊ ပရမတ္ထသံခိပ်ကျမ်းများမှာရှိလေပြီ။]
ကမ္ဘာလောကကြီး၌ ပုဂ္ဂိုလ်သတ္တဝါဟူ၍မရှိ၊ အတ္တဇီဝဟူ၍မရှိ၊ ရုပ်ဓာတ် နာမ်ဓာတ်တို့၏ အပေါင်းအစု အတုံးအခဲမျှသာ ရှိသည် ဟူသော-ဒုတိယအချက်ကြီး၌ ဥပမာကား-ရွှံ့လက်သမားသည် ရွှံ့အိုင် ကြီးတစ်ခုမှာ အလွန်နူးနပ်သော ရွှံ့တို့ကိုယူ၍ လူယောက်ျား ရုပ်ကြီးတစ်ခု အင်္ဂါကြီးငယ် စုံလင်စွာပြုလုပ်ရာ၏။ ရွှံ့အိုင်ထဲမှာ ထိုရွှံ့တို့၏ အခြင်းအရာ ကိုလည်း ကောင်းစွာသိရှိ ကြကုန်ရာ၏။ အရုပ်ပြုလုပ်သော အခါ၌ ရွှံ့လက်သမားပြုလုပ်၍ ထွေထွေလာလာ ထင်မြင်လာရသော အခြင်း အရာ ကြီးငယ်တို့ကိုလည်း အစေ့အစပ်သိမြင်ကြကုန်ရာ၏။
ထိုနှစ်ပါးတို့တွင် ထိုရွှံ့တို့သည်ကား ပရမတ်တရားမျိုးပေတည်း။ ထိုထွေထွေလာလာ ထင်မြင်ရသော အခြင်းအရာ ကြီးငယ်တို့သည်ကား သဏ္ဌာန်ပညတ်တရားမျိုးပေတည်း။ ထိုတွင် ပရမတ်တရားမျိုးတို့မှာလည်း သူ့သဘောနှင့်သူ့အမည် အသီးသီးရှိကြကုန်၏။ ပညတ်တရားတို့မှာ လည်း သူ့အခြင်းအရာကြီးငယ်နှင့်သူ့အမည် အသီးအသီးရှိ ကြကုန်၏။ ပရမတ်တရားသည် ပညတ်တရားမဟုတ်၊ ပညတ်တရားသည် ပရမတ်တရားမဟုတ်၊ ပရမတ်တရားကား တစ်ခြား၊ ပရမတ်တရား၏ အမည် ကား တစ်ခြား၊ ပညတ်တရားကားတစ်ခြား၊ ပညတ်တရား၏ အမည်ကား တစ်ခြား။
ရွှံ့လက်သမားသည်လည်း မရှိသေးသောရွှံ့ကို တစ်မူးတစ်ပဲမျှ ရှိအောင်မတတ်နိုင်။ ရှိပြီးသောရွှံ့တို့ကိုမူကား ကိုယ်သဏ္ဌာန်၊ ခေါင်း သဏ္ဌာန်စသည်ဖြင့် ထွေထွေလာလာ သဏ္ဌာန်ကြီးငယ်မျှကိုသာ ပြုလုပ် ခြင်းငှါတတ်နိုင်၏။ တစ်ဖန် ထိုလူရုပ်ကြီးကို ဖြိုဖျက်နင်းနယ်၍ ရွှံ့ခဲ ကြီးပြုလုပ်ပြန်ရာ၌ ရွှံ့တို့သည်ကား ရှေးရှိမြဲတိုင်းပင် ရှိကြကုန်၏။ တစ်မူး တစ်ပဲမှ ပျောက်ပျက်ခြင်း မရှိကုန်။ ထိုလူရုပ်သဏ္ဌာန် ကြီးငယ်တို့သည် ကား အကုန်ကွယ်ပျောက်ကုန်၏။
ဤမျှသော အချက်တို့ဖြင့် ရွှံ့ဟူသော ပရမတ်တရားနှင့် လူ သဏ္ဌာန်ကြီးငယ်ဟူသော ပညတ်တရားတို့၏ ခြားနားချက်သည် အလွန် ထင်ရှား၏။ ထိုအရုပ်ကြီးကို ရွှံ့ရုပ်ကြီး၊ ရွှံ့တုံးကြီး၊ ရွှံ့ခဲကြီး ဆိုလျှင်မှန်၏။ လူရုပ်ကြီးဆိုလျှင်မှား၏။ ဦးခေါင်းကို ရွှံ့တုံးကြီး၊ ရွှံ့ခဲကြီးဆိုလျှင်မှန်၏။ ဦးခေါင်းကြီးဆိုလျှင် မှား၏။ ဤသို့အစရှိသည်ဖြင့် ပရမတ်ဓာတ်နှင့် ပညတ်အခြင်းအရာတို့၏ ခွဲခြမ်းနည်းကို ပညာရှိတို့ သိရှိကြကုန်ရာ၏။
ထိုတွင် ပရမတ်တရားတို့သည်သာလျှင် သဘောအားဖြင့် အဟုတ်ရှိမျိုး၊ အမှန်ရှိမျိုးဖြစ်ကြကုန်၏။ ပညတ်တရားတို့သည်မူကား သဘော အားဖြင့် အဟုတ်ရှိမျိုး၊ အမှန်ရှိမျိုးမဟုတ်ကြကုန်။ စိတ်ဝိညာဏ် ဟူသော မျက်လှည့်သည်ကြီး၏ မျက်လှည့်ပြချက်အစွမ်းဖြင့် ထိုသဏ္ဌာန် ကြီးငယ်တို့ကို မျက်မြင်ထဲတွင် ကြောင်ကြောင် ထင်မြင်၍ နေကြကုန်၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည်
“မာယူပမဉ္စဝိညာဏံ”
ဟူ၍ ဟောတော်မူပေ၏။
ဝိညာဏံ=စိတ်ဝိညာဏ်သည်၊ မာယူပမံ=မျက်လှည့်သမားကြီးနှင့် တူလှချေ၏။
ဤမျှသော စကားရပ်တို့ဖြင့် ပုဂ္ဂိုလ်၊ သတ္တဝါမည်သည်မရှိ၊ လူ၊ နတ်၊ ဗြဟ္မာမည်သည်မရှိ၊ ငါ၊ သူတစ်ပါး မည်သည် မရှိ၊ ဦးခေါင်း၊ ခြေ၊ လက်၊ နားရွက်၊ မျက်လုံးစသော သဏ္ဌာန်ကြီးငယ်မည်သည် မရှိ၊ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်းစသော အင်္ဂါကြီးငယ်မည်သည် မရှိ၊ ရုပ်တုံး၊ ရုပ်ခဲကြီးငယ်တို့သည်သာလျှင် ရှိကုန်၏။
နာမ်ဓာတ်တို့၌လည်း အဆင်းကိုမြင်ခြင်း၊ အသံကိုကြားခြင်း၊ အနံ့ကိုနံခြင်း၊ အရသာကိုသိခြင်း၊ ကိုယ်၌အတွေ့ အထိကိုသိခြင်း၊ စိတ်မနော၌ ကောင်းသောကြံခြင်း၊ မကောင်းသောကြံခြင်း၊ ကောင်း သောသိခြင်း၊ မကောင်းသောသိခြင်း အလုံးစုံတို့သည်လည်း နာမ် ဓာတ်တို့၏အမှုတို့သာတည်း။ ပုဂ္ဂိုလ် သတ္တဝါ၏မြင်ခြင်း၊ ပုဂ္ဂိုလ်သတ္တဝါ၏ ကြားခြင်း၊ ပုဂ္ဂိုလ်သတ္တဝါ၏နံခြင်း စသည်ဖြင့်ယူခဲ့သော် ထိုအယူသည် မှား၏။ အတ္တဒိဋ္ဌိဖြစ်၏။ သက္ကာယဒိဋ္ဌိဖြစ်၏။
[ဤကား- ဗုဒ္ဓဘာသာတရား၏ နက်နဲချက်ပေတည်း။]
ရှေး၌ ရုပ်ဓာတ်၊ နာမ်ဓာတ်တို့သာရှိကုန်၏။ ကမ္ဘာကို ဖန်ဆင်း သော မဟာဗြဟ္မာမင်းကြီးဟူ၍ မရှိဟူသော စကားသည်လည်း ထင်ရှား ပေါ်လေ၏။ ဗြာဟ္မဏဘာသာ၌မူကား ထိုဗြဟ္မာကြီးသည် အစလည်းမရှိ၊ အဆုံးလည်းမရှိ၊ နိစ္စထာဝရတည်နေ၏။ ထိုဗြဟ္မာကြီးတည်နေရာ ကောင်းကင်ဘုံကြီးသို့ ရောက်ကြကုန်သောသူတို့သည်လည်း နောက် အဖို့၌ နိစ္စထာဝရတည်နေကြရကုန်၏။ ထိုကောင်းကင်ဘုံကြီးသည် နိဗ္ဗာန်ဘုံကြီးမည်၏ဟု- ယူကြကုန်၏။
ထိုအယူ၌ရှင်းလင်းချက်ကား-- ထိုဘာသာ၌ ကသိဏစျာန ဘာဝနာ၊ ဗြဟ္မဝိဟာရစျာနဘာဝနာတို့ကို ထိုထိုသမာပတ်အဖြစ်သို့ ရောက်အောင် ပွါးများအားထုတ်နိုင်မှသာလျှင် ထိုထိုဗြဟ္မာဘုံသို့ ရောက်နိုင်သည် ဟူသောအယူသည် အမြဲရှိ၏။ ထိုအယူကြီး ထင်ရှား ရှိပါလျက် ထိုမဟာဗြဟ္မာမင်းကြီးကို အစမရှိ၊ အဆုံးမရှိဟူ၍ ယူခြင်း၊ ထိုဘုံသို့ရောက်သောသူတို့ကိုလည်း အဆုံးမရှိဟု- ယူခြင်း၊ ထိုဗြဟ္မာဘုံ ကိုပင် နိဗ္ဗာန်ဘုံကြီးဟူ၍ ယူကြပြန်ခြင်းသည် အံ့ဩဖွယ်ရှိလှချေ၏။
စင်စစ်အမှန်မူကား ထိုဗြဟ္မာပြည်သို့ ရောက်ကြသမျှသော သူတို့သည်လည်း ရှေးဘဝ၌ မိမိတို့ပွါးများ အားထုတ်ခဲ့ကြသော ဘာဝနာ ကံတို့၏ မြှောက်တင် ပစ်လွှင့်ချက်၏ အစွမ်းဖြင့်သာလျှင် ထိုဗြဟ္မာ့ဘုံသို့ ရောက်ကြရကုန်၏။ ထိုဘာဝနာကံတို့၏ အဟုန်တို့သည်လည်း ကုန်ချိန် ကြလျှင် ကုန်ကျမြဲဖြစ်ကုန်၏။ ကုန်ကြပြန်သည်ရှိသော် ထိုဗြဟ္မာတို့သည် မိမိတို့သန္တာန်၌ရှိသော ကိလေသာဟောင်း၊ ဒုစရိုက်ဟောင်းတို့၏ အစွမ်းဖြင့် အပါယ်လေးဘုံသို့တိုင်အောင် အောက်အောက်ဘုံသို့ ကျလာ ကြရကုန်၏။
ထို့ကြောင့်ဗုဒ္ဓမြတ်စွာသည်--
ဥက္ခိတ္တာ ပုညတေဇေန၊ ကာမရူပဂတိံ ဂတာ။ ဘဝဂ္ဂန္တမ္ပိ သမ္ပတ္တာ၊ ပုန ဂစ္ဆန္တိ ဒုဂ္ဂတိံ။
ပုညတေဇေန=မိမိတို့ ပြုကြသော ကုသိုလ်အဟုန်သည်၊ ဥက္ခိတ္တာ=ပင့်မြှောက်လွှင့်တင်ကုန်သည်ဖြစ်၍၊ ကာမ ရူပဂတိံ=အထက် ဖြစ်သော ကာမာဝစရနတ်ပြည်၊ ရူပဗြဟ္မာ့ပြည်အလားသို့၊ ဂတာပိ= ရောက်ကြကုန်သော နတ်ဗြဟ္မာတို့သည်လည်းကောင်း၊ ဘဝဂ္ဂန္တံ= အထက်ဆုံးဖြစ်သော ဘဝဂ်ကြီးသို့တိုင်အောင်၊ သမ္ပတ္တာပိ=ရောက်ကြ ကုန်သော အရူပဗြဟ္မာတို့သည်လည်းကောင်း၊ ပုန=တစ်ဖန်၊ ဒုဂ္ဂတိံ= အပါယ်လေးဘုံဟူသော ဒုဂ္ဂတိဘုံသို့၊ ဂစ္ဆန္တိ=ရောက်ကြရကုန်၏။
ဤ၌ ကံ၏ အဟုန်ကုန်ခြင်း-- ဘာဝနာ၏ အဟုန်ကုန်ခြင်း ဆိုရာ၌ ဒါနစသောကံ၏ အဟုန်ကုန်ခြင်းများပေတည်း။ ဥပမာကား လက်ရုံး၏အစွမ်းဖြင့် ကောင်းကင်သို့ပစ်လိုက်သော အုတ်ခဲ ကျောက်ခဲ သည်အဟုန်ကုန်လျှင် အောက်သို့ကျမြဲဖြစ်သကဲ့သို့တည်း။ ထိုထို ကံတို့၏အဟုန်ကုန်ရာ အပိုင်းအခြားကိုလည်း၊ နတ်သက်အပိုင်းအခြား၊ ဗြဟ္မာသက်အပိုင်းအခြားတို့ဖြင့် သိနိုင်၏။
စာတုမဟာရာဇ်ဘုံ၌ အကျိုးပေးသောကံ၏ အဟုန်သည် အနှစ်ကိုးသန်းမျှသာ အသက်ရှည်ခြင်းကို ပေးနိုင်၏။ အနှစ်ကိုးသန်း ပြည့်လျှင် ထိုကံ၏အဟုန်သည် ကုန်လေ၏။ ထိုကြောင့် စာတုမဟာရာဇ် ဘုံ၌ လူတို့၏နှစ်အားဖြင့် အနှစ်ကိုးသန်းဟူသော အသက်တမ်းသည် ဖြစ်လေ၏။
ထို့အတူ အထက်အထက်သောနတ်ပြည်တို့၌လည်းကောင်း၊ အထက်ဆုံး ဘဝဂ်ဘုံတိုင်အောင်သော ဗြဟ္မာ့ပြည်တို့၌လည်းကောင်း၊ ဗုဒ္ဓမြတ်စွာသည် အသီးအသီးထုတ်ဖော်ဟောတော်မူအပ်သော အသက် တမ်းတို့ကို ကြားသိကြရကုန်သဖြင့် ထိုနတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့မှာလည်း အသီးအသီး ကံ၏အဟုန်ကုန်ရာ အပိုင်းအခြားကိုလည်း ပညာရှိတို့ ဧကန်သိနိုင်ကြကုန်တော့သည်သာလျှင်တည်း။
ဘုံပုဂ္ဂိုလ်ဝေဖန်ချက်
ဗြဟ္မာ့ဘုံနှစ်ဆယ်တို့တွင်လည်း သုဒ္ဓါဝါသငါးဘုံတို့သည် ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ ဖြစ်ရာဌာနမဟုတ်ကုန်၊ အရိယာပုဂ္ဂိုလ်တို့၏သာလျှင် ဖြစ်ရာဌာနပေတည်း။ အသညသတ်ဘုံသည်ကား အရိယာပုဂ္ဂိုလ်တို့၏ ဖြစ်ရာဌာနမဟုတ် တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်၏သာလျှင် ဖြစ်ရာဌာန ပေတည်း။ ထိုမှတစ်ပါးသော ရူပဗြဟ္မာဆယ်ဘုံ၊ အရူပဗြဟ္မာလေးဘုံ တို့သည်သာ အရိယာပုဂ္ဂိုလ်တို့၏လည်းကောင်း၊ ပုထုဇဉ်တို့၏လည်း ကောင်း ဖြစ်ရာဌာနတို့ပေတည်း။
နိစ္စထာဝရဗြဟ္မာကြီး မရှိပုံ
အနမတဂ္ဂသံသရာ၌ ကျင်လည်၍ နေကြကုန်သော ခပ်သိမ်း သော ပုထုဇဉ်သတ္တဝါတို့သည် အောက်၌ အဝီစိငရဲဘုံ၊ အထက်၌ ဘဝဂ်ခေါ်သော အထက်ဆုံးဗြဟ္မာ့ဘုံကို အဆုံးထား၍ ဤဘုံ၏အတွင်း၌ ဆင်းတုန်တက်တုန် စုန်ချည်ဆန်ချည် အတည်မမြဲ တလဲလဲကျင်လည်၍ နေကြရကုန်၏။ ယခုအခါ၌ အပါယ်လေးဘုံမှာ ရှိနေကြကုန်သော အပါယ်ဘုံသားတို့သည်လည်း ရှေးကမ္ဘာပျက်စဉ်အခါ၌ ကမ္ဘာပျက်ဘေးမှ လွတ်ကင်းရာ ဗြဟ္မာ့ဘုံတို့၌ဖြစ်ကြရကုန်၏။ ယခုကမ္ဘာသစ်တည်ထောင် ၍လာသောအခါ၌ ထိုဗြဟ္မာ့ဘုံတို့မှ အောက်ဘုံသို့လျောကျကြကုန်၍ ယခုအပါယ်ဘုံသားတွေဖြစ်၍နေကြကုန်၏။ ဤမျှသောစကားရပ် တို့ဖြင့် ထိုမဟာဗြဟ္မာမင်းကြီးနှင့်တကွ ထိုဗြဟ္မာတို့သည်လည်း နိစ္စထာဝရမဟုတ်ကြကုန်၊ အနိစ္စ-အဓုဝ-သာ ဖြစ်ကြကုန်၏။ ထိုဗြဟ္မာဘုံကြီး သည်လည်း နိဗ္ဗာန်ဘုံ မဟုတ်၊ လောကိယဘုံကြီးသာ ဖြစ်၏ဟူသော အချက်ကြီးသည် ထင်ရှားလေ၏။
ကံဘုံ၊ စျာန်ဘုံ၊ ဉာဏ်ဘုံ ပြဆိုချက်
အကျဉ်းအားဖြင့်မူကား
၁။ ကံဖြင့် ရောက်အပ်သောဘုံ၊
၂။ စျာန်ဖြင့်ရောက်အပ်သောဘုံ၊
၃။ ဉာဏ်ဖြင့်ရောက်အပ်သောဘုံ၊
ဟူ၍ ဘုံသုံးမျိုးရှိ၏။ ထိုတွင်
ကံဖြင့်ရောက်အပ်သောဘုံဆိုသည်ကား-- အကုသိုလ် ကံဖြင့် ရောက်အပ်သောဘုံ၊ ကုသိုလ်ကံဖြင့်ရောက်အပ်သော ဘုံဟူ၍ နှစ်မျိုး ရှိ၏။ အပါယ်လေးဘုံတို့သည် အကုသိုလ်ကံဖြင့်ရောက်အပ်သော ဘုံတို့ပေတည်း။ လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ် နတ်ဘုံတို့သည် ကုသိုလ် ကံဖြင့် ရောက်အပ်သောဘုံတို့ပေတည်း။
စျာန်ဖြင့်ရောက်အပ်သောဘုံဆိုသည်ကား-- ရူပစျာန်ဖြင့် ရောက်အပ်သောဘုံ၊ အရူပစျာန်ဖြင့်ရောက်အပ်သော ဘုံဟူ၍ ၂- မျိုးရှိ၏။ ထိုတွင် ရူပတစ်ဆယ့်ခြောက်ဘုံတို့သည် ရူပစျာန်ဖြင့် ရောက် အပ်သောဘုံပေတည်း။ အရူပလေးဘုံတို့သည် အရူပစျာန်ဖြင့် ရောက် အပ်သောဘုံတို့ပေတည်း။
ဉာဏ်ဖြင့်ရောက်အပ်သောဘုံဆိုသည်ကား-- လောကုတ္တရာ ဘုံပေတည်း။ ထိုလောကုတ္တရာဘုံသည် သင်္ခတဘုံ၊ အသင်္ခတဘုံဟူ၍ ၂-ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် မဂ်လေးပါး၊ ဖိုလ်လေးပါးတို့သည် သင်္ခတဘုံတို့ပေတည်း။ နိဗ္ဗာန်သည် အသင်္ခတဘုံပေတည်း။ ဤ လောကုတ္တရာဘုံ ၂-မျိုးသည်ကား ဉာဏ်ဖြင့် ရောက်အပ်သော ဘုံများပေတည်း။ အရပ်ဒေသဌာနအားဖြင့်လည်း အသီးအခြားမရှိ။ အရိယာပုဂ္ဂိုလ်တို့၏တည်ရှိရာဌာနတို့၌ ဤလောကုတ္တရာဘုံသည် တည်ရှိ၏ အရိယာပုဂ္ဂိုလ်တို့မည်သည် ရံခါရံခါ လူ့ဘုံ၌လည်း တည်ရှိ ကြကုန်၏။ နတ်ဘုံတို့၌လည်း တည်ရှိကြကုန်၏။ ဗြဟ္မာ့ဘုံတို့၌လည်း တည်ရှိကြကုန်၏။
[ဤကား ဘုံပုဂ္ဂိုလ်ဝေဖန်ချက်တည်း။]
နိဗ္ဗာန်ဘုံ ဝေဖန်ချက်
ယခုအခါ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ဖြင့် ရောက်အပ်ရအပ်သော နိဗ္ဗာန်ဘုံကို ပြဆိုရာ၏။
ထိုနိဗ္ဗာန်ဘုံသည်
၁။ ပဌမနိဗ္ဗာန်ဘုံ၊
၂။ ဒုတိယနိဗ္ဗာန်ဘုံ၊
၃။ တတိယနိဗ္ဗာန်ဘုံ၊
ဟူ၍ သုံးဆင့်ရှိ၏။
ထိုသုံးဆင့်တို့တွင် အတ္တဒိဋ္ဌိကိလေသာကြီးနှင့်တကွ အပါယ် လေးဘုံတို့မှ အစဉ်ထာဝရကျွတ်လွတ်ခြင်းသည် ပဌမ နိဗ္ဗာန်ဘုံမည်၏။
ကာမတဏှာကိလေသာကြီးနှင့်တကွ လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ် နတ်ဘုံတို့မှ အစဉ်ထာဝရ ကျွတ်လွတ်ခြင်းသည် ဒုတိယနိဗ္ဗာန်ဘုံမည်၏။
ဘဝတဏှာ ကိလေသာကြီးနှင့်တကွ ရူပတစ်ဆယ့်ခြောက်ဘုံ၊ အရူပလေးဘုံတို့မှ အစဉ်ထာဝရ ကျွတ်လွတ်ခြင်းသည် တတိယ နိဗ္ဗာန်ဘုံမည်၏။
အတ္တဒိဋ္ဌိဆိုသည်ကား-- လောက၌ မြေရှိ၍ မြေအိုးမည်သည် ရှိ၏။ မြေမရှိခဲ့သော် မြေအိုးမည်သည်မရှိနိုင်။ ထိုကြောင့်မြေသည်အိုး၏ အနှစ်သာရ အတ္တဖြစ်ပေ၏ဟူသကဲ့သို့ ထို့အတူ ရုပ်အစု၊ ရုပ်အခဲ၊ နာမ်အစု၊ နာမ်အခဲရှိလေ၍ ပုဂ္ဂိုလ်သတ္တဝါမည်သည် ရှိနိုင်၏။ ရုပ်အစု၊ ရုပ်အခဲ၊ နာမ်အစု၊ နာမ်အခဲမရှိခဲ့သော် ပုဂ္ဂိုလ်သတ္တဝါမည်သည် မရှိနိုင်။ ထို့ကြောင့်ရုပ်အစု၊ ရုပ်အခဲ၊ နာမ်အစု၊ နာမ်အခဲသည် ပုဂ္ဂိုလ်သတ္တဝါ၏ အနှစ်သာရ အတ္တဖြစ်ပေ၏ဟု-ပုထုဇဉ် သတ္တဝါတို့၏စိတ်တွင် ကြောင် ကြောင်ကြီးထင်မြင်စွဲလမ်း၍နေမှုသည် အတ္တဒိဋ္ဌိကြီးမည်၏။
ထိုအတ္တဒိဋ္ဌိကြီးသည် တစ်ယောက်သော သတ္တဝါ၏ သန္တာန်မှာ ခပ်သိမ်းသော ကိလေသာဓမ္မတို့၏လည်းကောင်း၊ အနမတဂ္ဂသံသရာ၌ ပြုခဲ့သမျှသောဒုစရိုက်ကံအနန္တတို့၏လည်းကောင်း၊ ဗိုလ်ချုပ်ကြီး ဖြစ်ပေ၏။ ထိုသတ္တဝါတို့၏ စိတ်သန္တာန်မှာ ထိုအတ္တဒိဋ္ဌိ ဗိုလ်ချုပ်ကြီး ရှိနေသမျှ ကာလပတ်လုံး ထိုကိလေသာဓမ္မ၊ ထိုဒုစရိုက်ကံအနန္တတို့သည် အလုံးမပျက်၊ အစည်းမပျက်၊ တစ်လုံးတစ်စည်းတည်း ပါရှိ၍နေကြ ကုန်၏။
ထို့ကြောင့် ထိုသတ္တဝါသည် ဖြစ်လေရာရာ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့မှ ကံအဟုန်၊ စျာန်အဟုန်ကုန်၍ စုတေ သေလွန်သောအခါ အဝီစိတိုင်အောင်သော အောက်ဘုံတရိုးသို့ ဂျွမ်းထိုး၍ကျမြဲဓမ္မတာကြီး ရှိနေလေ၏။
[ဤကား အတ္တဒိဋ္ဌိရှိနေသဖြင့် ပုထုဇဉ်ဖြစ်ကြကုန်သော လူ၊ နတ်၊ ဗြဟ္မာသတ္တဝါတို့၏ ဓမ္မတာလမ်းကြီးပေတည်း။]
အကြင်အခါ၌ အနတ္တဝိပဿနာ ဉာဏ်အလုပ်ထမြောက် ပေါက်ရောက်၍ ထိုအတ္တဒိဋ္ဌိကြီးသည် နောင်တစ်ဖန် ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ဆုံးလေ၏။ ထိုအခါ၌ အလွန်ကြမ်းတမ်းသော ကိလေသာဓမ္မတို့ သည်ချုပ်ဆုံးလေကုန်၏။ အပါယ်ဗီဇဖြစ်ကြကုန်သော ဒုစရိုက်ကံအနန္တတို့သည်လည်း အကုန်လုံး ချုပ်ဆုံးကြလေကုန်၏။ နောင်ဖြစ်လတံ့ကုန်သော အပါယ်ဘဝ အနန္တတို့သည်လည်း အကုန်လုံး ချုပ်ဆုံးကြလေကုန်၏။ ထိုအခါမှစ၍ ထိုသတ္တဝါသည် ပဌမနိဗ္ဗာန် ဘုံကြီးသို့ ရောက်လေ၏။
လူ့ဘုံ၊ လူ့ဘဝ၊ နတ်ဘုံ၊ နတ်ဘဝ၊ ဗြဟ္မာ့ဘုံ၊ ဗြဟ္မာ့ဘဝတို့၌သာ ကျင်လည်ရလေ၏။
[ဤကား ဗုဒ္ဓဘာသာ၌ ပဌမနိဗ္ဗာန်သို့ရောက်ကြကုန်သော လူ၊ နတ်၊ ဗြဟ္မာ၊ အရိယာ ပုဂ္ဂိုလ်တို့၏ ဓမ္မတာလမ်းကြီးပေတည်း။]
ဒုတိယနိဗ္ဗာန်၌-- ကာမတဏှာကိလေသာကြီးဆိုသည်ကား အဆင်း၌သာယာမက်မောခြင်း၊ အသံ၌ သာယာမက်မောခြင်း၊ အနံ့၌ သာယာမက်မောခြင်း၊ အရသာ၌သာယာမက်မောခြင်း၊ ကိုယ်အင်္ဂါ အတွေ့အထိတို့၌ သာယာမက်မောခြင်းများပေတည်း။ ထိုတဏှာကြီး ရှိနေကြကုန်သော ပုထုဇဉ်သတ္တဝါတို့သည် လင်းတငှက်တို့နှင့် တူကုန်၏။ ထိုငှက်မျိုးတို့သည် ခွေးသေပုပ် နွားသေပုပ်အစရှိသော အပုပ်ကောင်ပေါ များရာဌာန၌ နေရသည်ရှိသော် အလွန်မွေ့လျော်ကြကုန်၏။ ဘယ်ကိုမျှ မခွါနိုင်၊ မသွားနိုင်ရှိကြကုန်၏။
ထို့အတူ ထိုသတ္တဝါတို့သည်လည်း လူ့ကိလေသာပုပ်၊ နတ် ကိလေသာပုပ်၊ လူ့ခန္ဓာပုပ်၊ နတ်ခန္ဓာပုပ် ပေါများရာဌာန၌ နေကြရ ကုန်သည်ရှိသော် အလွန်မွေ့လျော်ကြကုန်၏။ ဘယ်ကိုမျှမခွါနိုင်၊ မသွားနိုင်ရှိကြကုန်၏။ သေလွန်ပြန်လျှင်လည်း အပါယ်လေးပါးသို့သာ ကျရောက်ကြရကုန်၏။
[ဤကား-ကာမတဏှာတည်ရှိကြကုန်သော ပုထုဇဉ်သတ္တဝါတို့၏ ဓမ္မတာ လမ်းကြီးပေတည်း။]
အကြင်အခါ၌ လူ့ဘဝ၊ နတ်ဘဝတို့၌ ကြီးစွာသော အပြစ်ကို မြင်နိုင်သော ဒုက္ခဝိပဿနာ ဉာဏ်အလုပ် ထမြောက် ပေါက်ရောက်၍ ထိုကာမတဏှာကိလေသာကြီးသည် နောင်တစ်ဖန်ဖြစ်ပေါ်ရန် အကြွင်း အကျန်မရှိ ချုပ်ငြိမ်းလေ၏။
ထိုအခါ ကာမဘဝကို ရွက်ဆောင်တတ်ကုန်သော ကိလေသာ ဓမ္မတို့သည် ချုပ်ငြိမ်းလေကုန်၏။ လူ့ဗီဇ၊ နတ်ဗီဇဖြစ်ကြကုန်သော ကာမကုသိုလ်ကံတို့သည်လည်း ချုပ်ငြိမ်းလေကုန်၏။
နောင်ဖြစ်လတံ့ကုန်သော လူ့ဘဝ၊ နတ်ဘဝအနန္တတို့သည်လည်း အကုန်လုံးချုပ်ဆုံးကြလေကုန်၏။ ထိုအခါမှစ၍ ထိုသတ္တဝါသည် ဒုတိယနိဗ္ဗာန်ဘုံကြီးသို့ရောက်လေ၏။
အထက်ဗြဟ္မာပြည်တို့၌သာ ကျင်လည်ရလေ၏။
[ဤကား- ဗုဒ္ဓဘာသာ၌ ဒုတိယနိဗ္ဗာန်သို့ရောက်ကြကုန်သော လူ၊ နတ်၊ ဗြဟ္မာ၊ အရိယာပုဂ္ဂိုလ်တို့၏ ဓမ္မတာလမ်းကြီးပေတည်း။]
တတိယနိဗ္ဗာန်၌-- ဘဝတဏှာကိလေသာကြီးဆိုသည်ကား စျာန်ချမ်းသာ၌ သာယာမက်မောခြင်း၊ တန်ခိုးကြီးမှု၌ သာယာ မက်မော ခြင်း၊ အသက်ရှည်မှု၌ သာယာမက်မောခြင်းများသည် ဘဝတဏှာကြီး မည်၏။ ထိုတဏှာ ဖြစ်နေကြကုန်သော သတ္တဝါတို့သည် ဘိန်းယစ်မျိုး အလွန်ကြိုက်ကြကုန်သော ဘိန်းရှူ၊ ဘိန်းစား တရုတ် လူချမ်းသာကြီး များနှင့် တူကုန်၏။ ထိုဘိန်းရှူ၊ ဘိန်းစားသမားတို့သည် ဘိန်းကရိယာ စုံလင်စွာနှင့် ရှူကာ၊ စားကာနေကြကုန်သည်ရှိသော် အလွန်မွေ့လျော် ကြကုန်၏။ ဘယ်ကိုမျှမခွါနိုင်၊ မသွားနိုင်ရှိကြလေကုန်၏။ ထို့အတူ ထိုဗြဟ္မာတို့သည် ကမ္ဘာများစွာ ကြာညောင်းသော်လည်း အနိစ္စသင်္ခတ နယ်ကြီးမှ ကျွတ်လွတ်ရန်အကြံကိုမကြံနိုင်ကြကုန်။
[ဤကား-ဘဝတဏှာ ကိလေသာရှိနေကြကုန်သော ပုထုဇဉ်သတ္တဝါ တို့၏ ဓမ္မတာလမ်းကြီးပေတည်း။]
ထိုဗြဟ္မာတို့သည်လည်း အပါယ်ဘုံ အပါယ်ရွာ စသည်တို့သို့ လားကြကုန်၏။ ကိုယ်ခန္ဓာပျက်ဆုံးလျှင် အောက်ဘုံ၊ အောက်ဘဝသို့ လျောကျကြကုန်၏။ အကြင်အခါ၌ အနိစ္စဓမ္မ၊ သင်္ခတဓမ္မနယ်ကြီး၌ ကြီးစွာသောအပြစ်ကို မြင်သော ဒုက္ခဝိပဿနာဉာဏ်အလုပ် ထမြောက် ပေါက်ရောက်၍ ဘဝတဏှာ ကိလေသာကြီးသည် နောင်တစ်ဖန် ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းလေ၏။
ထိုအခါ၌ ရူပဗြဟ္မာဘဝ၊ အရူပဗြဟ္မာဘဝကို ရွက်ဆောင် တတ်သော ရူပကုသိုလ်ကံ၊ အရူပကုသိုလ်ကံတို့သည်လည်း ချုပ်ငြိမ်း လေကုန်၏။ နောင်ဖြစ်လတံ့ကုန်သော ရူပဘဝ၊ အရူပဘဝအနန္တတို့သည် လည်း ချုပ်ဆုံးလေကုန်၏။ ထိုခန္ဓာချုပ်ဆုံးသည်နောက်၌ အနုပါဒိ သေသနိဗ္ဗာန်သို့ ရောက်ကြလေကုန်၏။
[ဤကား-ဗုဒ္ဓဘာသာ၌ တတိယနိဗ္ဗာန်သို့ရောက်ကြကုန်သော လူ၊ နတ်၊ ဗြဟ္မာ၊ အရိယာပုဂ္ဂိုလ်တို့၏ ဓမ္မတာလမ်းကြီးပေတည်း။]
လူ့ဘုံမှ ယခုဘဝတွင် လူအဖြစ်နှင့် ကျွတ်လွတ်ကြသူတို့သည် လည်း
၁။ ယခုဘဝတွင်ပင် တတိယနိဗ္ဗာန်သို့ရောက်ကြ၍ ယခုဘဝတွင်ပင် ပရိနိဗ္ဗာန်စံကြသူတစ်မျိုး၊
၂။ ယခုဘဝတွင် ဒုတိယနိဗ္ဗာန်တိုင်ရုံသာရောက်၍ နောက် ဘဝ၌ ဗြဟ္မာ့ပြည်သို့ရောက်မှ တတိယနိဗ္ဗာန်သို့ရောက်ကြလတံ့သူတစ်မျိုး၊
၃။ ယခုဘဝတွင် ပဌမနိဗ္ဗာန်သို့သာရောက်၍ နောက်ဘဝ၌ နတ်ပြည်သို့ရောက်မှ ပရိနိဗ္ဗာန်စံလတံ့သူတစ်မျိုး၊ ဟူ၍သုံးမျိုးရှိကြ၏။ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌လည်း ထို့အတူ ပင်တည်း။
သုဂတိဘုံတို့သည်
၁။ ကံဘုံ၊ တန်ခိုးဘုံတစ်မျိုး၊
၂။ ဉာဏ်ဘုံ၊ ဝီရိယဘုံတစ်မျိုး၊
ဟူ၍ ဘုံ ၂-မျိုးရှိကြကုန်၏။
ထိုတွင် ဗြဟ္မာဘုံတို့သည် ကံဘုံ၊ တန်ခိုးဘုံဖြစ်ကြကုန်၏။
ဖြစ်ပုံကား-- အသက်ဟူသည် ကံကသာဖြစ်စေနိုင်၏။ ကာလ အရှည် ကံကသာတည်စေနိုင်၏။ ဗြဟ္မာဘုံတို့၌ အသက်၏ဖြစ်မှု၊ တည်မှု နှစ်ချက်သည် ကံ၏အစွမ်းဖြင့်ပင် ဖြစ်နိုင်၏ တည်နိုင်၏။ အသက် မွေးမှုကြီးတစ်မျိုးနှင့် မွေးမြူရခြင်းမရှိပြီ။ စိတ်နှလုံး မွေ့လျော်ဖွယ်ရှိသော အာရုံမျိုးတို့ကို အလိုရှိသောတန်ခိုးနှင့် ဖန်ဆင်း၍ အလိုရှိတိုင်း ရနိုင်၏။ ကာယကံ ဝစီကံတို့ဖြင့် လုပ်ကြံဆောင်ရွက်ဖွယ်မရှိပြီ။ မိမိတို့ကိုယ်ကိုလည်း နိစ္စ၊ ထာဝရဟုအယူ ရှိခြင်းများကြသောကြောင့် နောက်ဘဝ နောက် သံသရာအတွက်နှင့်လည်း ကြောင့်ကြစိုက်ခြင်း မရှိကြကုန်ပြီ။ ဤသို့ ကြောင့်ကြစိုက်ဖွယ် အမျိုးမျိုးကင်းလျက်ရှိသောကြောင့် မိမိတို့၌ ရရှိပြီးသော စျာန်တန်ခိုးတို့ကိုသာ အသုံးပြု၍ ချမ်းမြေ့စွာ နေထိုင်ကြ ကုန်၏။ ထို့ကြောင့် ဗြဟ္မာဘုံတို့ကို ကံဘုံ၊ တန်ခိုးဘုံဟူ၍ ဆိုအပ်ကုန်၏။ ထိုကံဘုံ၊ တန်ခိုးဘုံတို့၌ အထူးအား ထုတ်ဖွယ်ဖြစ်ကုန်သော အတ္တဟိတ အရေး အခွင့်ကြီး၊ ပရဟိတအရေးအခွင့်ကြီးဟူ၍ အလွန်နည်းပါးကြကုန်၏။
ထိုအတ္တဟိတ ပရဟိတအရေးအခွင့် ၂-ပါး အလွန်နည်းပါးသော ကြောင့် ဝီရိယတရား၊ ဉာဏ်တရားတို့ကို ပွါးစီးရန် အခွင့်မရှိကြချေ။ သဗ္ဗညုတဗုဒ္ဓဘုရားဖြစ်ရန်၊ ပစ္စေကဗုဒ္ဓဘုရားဖြစ်ရန်၊ အရိယာသာဝက ဖြစ်နိုင်ကြရန် ပါရမီအဆောက်အဦတို့တွင်လည်း ဉာဏ်ဝီရိယသည် အချုပ်အခြာပဓာနကြီးဖြစ်လေသည်။
ဉာဏ်ဝီရိယပွါးစီးမှုကြီးတို့၏ ဖြစ်ထွန်းရာဌာန မဟုတ်ကြ ကုန်သော ထိုဗြဟ္မာပြည်တို့မှာ ပါရမီဖြည့်ခွင့် မရှိချေ။ ဗြဟ္မာ သဗ္ဗညု ဘုရား၊ ဗြဟ္မာပစ္စေကဗုဒ္ဓဘုရားဟူ၍ အဘယ်မှာရှိနိုင်ချေအံ့နည်း။
[ဤကား- ကံဘုံ၊ တန်ခိုးဘုံကိုပြဆိုချက်တည်း။]
ဉာဏ်ဘုံဝီရိယဘုံဆိုသည်ကား-လူ့ဘုံပေတည်း။ လူ့ဘုံသည် ဉာဏ်ဘုံ၊ ဝီရိယဘုံဖြစ်၏။
ဖြစ်ပုံကား-- အသက်ဟူသည် ကံကသာဖြစ်စေနိုင်၏။ ကာလ အရှည်ကံကသာ တည်စေနိုင်၏။ လူ့ဘုံ၌ အသက်၏ ကာလရှည်မှု မှာလည်း ကံအစွမ်းသက်သက်ဖြင့် မတတ်နိုင်။ အသက်မွေးမှုကြီး တစ်မျိုး မျိုးတို့နှင့် မွေးမြူနိုင်မှသာ ကာလအရှည်တည်နိုင်၏။ အပိုအမိုခံစားဖွယ် တို့မှာလည်း၊ တန်ခိုးနှင့်ပြီးစီးနိုင်သော အရာတစ်စုံတစ် ခုမျှမရှိ။ ကာယကံ ဝစီကံတို့နှင့် လုပ်ကြံဆောင်ရွက်နိုင်မှ ရရှိနိုင်၏။ မိမိတို့ကိုယ်မှာလည်း အိုရေး၊ နာရေး၊ သေရေး၊ အပါယ်ရေး၊ သံသရာရေး၊ ကုသိုလ်ပါရမီရေး၊ အတ္တဟိတရေး၊ ပရဟိတရေးတို့ကို ကြောင့်ကြဖွယ် များပြားလျက် ရှိနေသောကြောင့် ဉာဏ်အရေးကြီး၊ ဝီရိယအရေးကြီးများသည် အလွန်ကြီးမားလျက်ရှိချေ၏။ ထို့ကြောင့် လူ့ဘုံကို -ဉာဏ်ဘုံ၊ ဝီရိယဘုံဟု ဆိုအပ်သတည်း။ ဤဉာဏ်ဘုံ၊ ဝီရိယဘုံ၌သာ အတ္တဟိတ၊ ပရဟိတ အရေးအခွင့်ကြီး ကြီးမားလျက် ရှိချေ၏။ ပါရမီ အမျိုးမျိုးတို့သည်လည်း ဤဘုံ၌သာ ဖြစ်နိုင်ကုန်၏။ သဗ္ဗညုဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓဘုရား တို့သည်လည်း ဤဘုံ၌သာ ဖြစ်နိုင်ကုန်၏။ အရိယာသာဝကတို့မှာလည်း လူ့ဘုံ၌ပါရမီကို ဖြည့်ကျင့်၍ လူ့ဘုံ၌သော်လည်းကောင်း၊ အထက်ဗြဟ္မာ့ ဘုံ၌သော်လည်းကောင်း၊ သဗ္ဗညုဒေသနာကို ကြားနာခွင့်ရရာ၌ အရိယာ သာဝက ဖြစ်နိုင်ကြ၏။
[နတ်ပြည်ခြောက်ထပ်သည်လည်း ဗြဟ္မာပြည်နှင့် အလားတူချေ၏။]
ကံဘုံတန်ခိုးဘုံတို့၌ မိမိ်တို့အလိုရှိရာကို တန်ခိုးဖြင့် ပြီးစေနိုင်၏ ဟူရာ၌လည်း- ကံ၏ဆိုင်ရာ၊ ဉာဏ်၏ဆိုင်ရာ၊ တန်ခိုး၏ဆိုင်ရာဟူ၍ သုံးပါးရှိသည်တွင် တန်ခိုး၏ဆိုင်ရာ၌သာ တန်ခိုးဖြင့် ပြီးစီးစေနိုင်၏။ ယခုဘဝမှသေသည်၏ အခြားမဲ့၌ ကောင်းမြတ်ရာဘုံဘဝသို့ ရောက်ခြင်း သည် ကုသိုလ်ကံ၏ သက်ဆိုင်ရာဖြစ်၏။ တန်ခိုး၏ဆိုင်ရာမဟုတ်။ သတ္တဝါတို့၏သန္တာန်၌ရှိနေကြကုန်သော အမိုက်တရား ဒုစရိုက်တရား တို့ကို ပျောက်ငြိမ်းစေမှုသည် အကျင့်ပဋိပတ် ဉာဏ်၏ဆိုင်ရာ၊ ဝီရိယ၏ ဆိုင်ရာသာဖြစ်၏။ တန်ခိုး၏ဆိုင်ရာမဟုတ်။ ထိုကြောင့် ထိုမဟာဗြဟ္မာကြီး သည်မိမိကို ကိုးကွယ်နေကြကုန်သော သတ္တဝါတို့၏သန္တာန်၌ ရှိနေကြ ကုန်သော ဒုစရိုက်တရားတို့ကို တန်ခိုးတော်ဖြင့် ပယ်ဖျောက်နိုင်၏။ မိမိနေရာကောင်းကင်ဘုံသို့လည်း တန်ခိုးတော်ဖြင့် ကယ်တင်နိုင်၏ ဟူသောအယူစကားများသည် ကံ၏ဆိုင်ရာ၊ ဉာဏ်၏ဆိုင်ရာ၊ တန်ခိုး၏ ဆိုင်ရာဆိုင်ရာ သုံးပါးကို ခွဲခြမ်း၍ မသိနိုင်ကြကုန်သောသူတို့၏ အယူ စကားမျှသာတည်း ဟု- သိအပ်၏။
[ဤမျှလောက်သောစကားရပ်တို့ဖြင့် ထိုထိုမဟာဗြဟ္မာကြီးသည် သူတစ်ပါးတို့ကို နိဗ္ဗာန်သို့ ကယ်တင်နိုင်ရန်ဉာဏ်ပညာမရှိကြောင်း ထင်ရှားလေ၏။]
ဗုဒ္ဓဘာသာနယ်ပယ်စသည်ပြဆိုချက်
ယခုအခါ ဗုဒ္ဓဘာသာနယ်ပယ် အကျယ်အဝန်းကိုလည်း ကောင်း၊ ဗုဒ္ဓဘာသာတည်ရှိရာ ကာလအပိုင်းအခြားကိုလည်းကောင်း၊ ကျွတ်တန်းဝင်သူ အရေအတွက် အပိုင်းအခြားကိုလည်းကောင်း၊ ပြဆိုရာ၏။
ဗုဒ္ဓဘာသာနယ်ပယ်-- အကျယ်အဝန်းဆိုသည်ကား လောက ဓာတ်တိုက်ပေါင်း တစ်သောင်းအရေအတွက်ရှိသော ဗုဒ္ဓဘာသာ နယ်ပယ်ကြီးသည် ဗုဒ္ဓဘာသာနယ်အဝန်းဖြစ်၏။ ဗုဒ္ဓခေတ်လည်းခေါ်၏။ ဇာတိခေတ်လည်းခေါ်၏။ ထိုတွင် လောကဓာတ် တစ်ခုဆိုသည်ကား အလယ်၌ မြင့်မိုရ်တောင်ကြီးတစ်ခုသည် တည်ရှိ၏။ ထိုမြင့်မိုရ်တောင်မှ အရပ်လေးမျက်နှာတို့၌ ကျွန်းကြီးလေးကျွန်း ကျွန်းငယ်များစွာတည်ရှိ၏။ ကျွန်းကြီး ကျွန်းငယ်တို့၏ပြင်၌ မဟာသ မုဒ္ဒရာကြီး ပတ်ဝိုက် လျက်ရှိ၏။ မဟာသမုဒ္ဒရာ၏ပြင်၌ စကြဝဠာတောင်ဝိုင်းကြီး ပတ်ဝိုက်လျက်ရှိ၏။ ဤကား လောကဓာတ်တစ်ခုပေတည်း။ ဤငါတို့လောကဓာတ်မှ အရပ် ရှစ်မျက်နှာတို့၌ လောကဓာတ်ပေါင်း တစ်သောင်း အရေအတွက်ရှိသော နယ်ပယ်ကြီးသည် ဗုဒ္ဓဘာသာနယ်ပယ်ကြီးပေတည်း။ ဤစကားကိုလည်း အထက်နတ်ပြည် ဗြဟ္မာ့ပြည်တို့အတွက်နှင့်သာ ဆိုပေသတည်း။ လူ့ပြည်၌မူကား- ဗုဒ္ဓဘာသာနယ်ပယ်သည် ဤဇမ္ဗူဒီပါ ကျွန်းမျှသာဖြစ်၏။ အထက်နတ်ပြည် ဗြဟ္မာ့ပြည်တို့ ၌မူကား တစ်ခုသော လောကဓာတ်၌ နတ်ပြည်ခြောက်ထပ်စီ ရှိကြသောကြောင့် ဗုဒ္ဓဘာသာ နယ်ပယ်ဖြစ်သော နတ်ပြည်ပေါင်း ခြောက်သောင်း အရေအတွက်ရှိ၏။ တစ်ခုသောလောကဓာတ်တွင် ဗြဟ္မာပြည်နှစ်ဆယ်စီရှိကြသောကြောင့် ဗုဒ္ဓဘာသာနယ်ပယ်ဖြစ်ကြကုန်သော ဗြဟ္မာပြည်ပေါင်းနှစ်သိန်း အရေ အတွက်ရှိ၏။
[ဤကား-ဗုဒ္ဓဘာသာနယ်ပယ် အကျယ်အဝန်းပေတည်း။]
ဗုဒ္ဓဘာသာတည်ရှိရာ အပိုင်းအခြားဟူသော စကား၌- လူ့ပြည် မှာ အနှစ်ငါးထောင်မျှသာတည်ရှိ၏။ အထက် စာတုမဟာရာဇ် နတ်ပြည် မှာ နတ်အရိယာတို့၏အသက်နှင့်အမျှ အနှစ်ကိုးသန်းမက တည်ရှိလတ္တံ့။ ထို့အတူ တာဝတိံသာနတ်ပြည်မှာလည်း နတ်အရိယာတို့၏ အသက်နှင့် အမျှ နှစ်ပေါင်းသုံးကုဋေခြောက်သန်းမက တည်ရှိလတ္တံ့။ အထက် အထက်သော နတ်ပြည် ဗြဟ္မာပြည်တို့၌လည်း ဤနည်းတူ ဆိုလေ။ အကနိဋ္ဌဘုံ၌ ဗုဒ္ဓဘာသာသာသနာတော်ကြီးသည် နောင် မဟာကမ္ဘာ ပေါင်း တစ်သောင်းခြောက်ထောင်မက တည်ရှိလတ္တံ့။
သုဒ္ဓါဝါသငါးဘုံတို့၌ ဝိပဿီမြတ်စွာဘုရား သာသနာတော်မှစ၍ ငါတို့ဘုရားသာသနာတော်တိုင်အောင် ခုနစ်ဆူကုန်သော မြတ်စွာ ဘုရားတို့၏ သာသနာတော်ကြီးများသည် ယခုအခါ၌ တစ်လုံး တစ်စည်းတည်းရှိကြ၏။ အထက်ဆုံး၌ဖြစ်သော ဘဝဂ်ဘုံ၌ နောင်မဟာ ကပ်ပေါင်း ရှစ်သောင်းလေးထောင်တိုင် တည်ရှိလတ္တံ့။
[ဤကား ဗုဒ္ဓဘာသာတည်ရှိရာ အပိုင်းအခြားပေတည်း။]
ကျွတ်တန်းဝင်သူ အရေအတွက် အပိုင်းအခြားဟူသောစကား၌ ဗုဒ္ဓမြတ်စွာသည် ရှေးဦးစွာ ဗာရာဏသီပြည်တွင် ဓမ္မစကြာတရားကို ဟောတော်မူရာ၌ လူပုဂ္ဂိုလ်မှာ ပဉ္စဝဂ္ဂီငါးယောက်တို့သာ ကျွတ်ကြကုန်၏။ ဗြဟ္မာပေါင်း တစ်ဆယ့်ရှစ်ကုဋေကျွတ်၏။ နတ်ပေါင်းအသင်္ချေကျွတ်၏။ ဤကဲ့သို့ တစ်သုတ်တစ်သုတ်တွင် အသင်္ချေမကကျွတ်ကြရာဌာနသည် နှစ်ဆယ့်လေးဌာနရှိ၏။ အရာများစွာ၊ အထောင်များစွာကျွတ်ကြရာဌာန မှာမူကား- အလွန်ပင်များ၏။ ထို့ကြောင့် မြတ်စွာဘုရား၏ လက်ထက် တော်၌ ကျွတ်ကြသူ လူ၊ နတ်၊ ဗြဟ္မာအရိယာအပေါင်းတို့ကား နှစ်ဆယ့်လေး သင်္ချေနှင့် ကုဋေခြောက်ဆယ် ဗိုလ်ခြေတစ်သိန်းဟူ၍ ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ပြဆိုလျက်ရှိပေသတည်း။
[ဤကား-ကျွတ်တန်းဝင်သူ အရေအတွက် အပိုင်းအခြားပေတည်း။]
ကျမ်းဂန်ဆိုတိုင်းယူသင့်မှယူရပုံ
လောက၌ ကျမ်းဂန်မည်သည် ဘာသာကျမ်းအမျိုးမျိုး, ရာဇဝင် ကျမ်းအမျိုးမျိုး, ပူရာဏ်ကျမ်းအမျိုးမျိုး, ဂီတကဗျာလင်္ကာကျမ်းအမျိုးမျိုး, ရှေးပညာရှိတို့သည် မိမိတို့စိတ်ကူး, ဉာဏ်ကူးတို့ဖြင့် အဆန်းတကြယ် အံ့ဩဖွယ်ကြီးဖြစ်အောင် လုပ်ကြံ၍ထားအပ်သော ထိုးဇာတ်, လုပ်ဇာတ် ဟူ၍ခေါ်အပ်သော ဇာတ်ဆန်း, ဝတ္ထုဆန်းကို ပြဆိုသော နာဋကကျမ်း အမျိုးမျိုးရှိကြ၏၊ ထိုတွင် ဘာသာကျမ်းအမျိုးမျိုးတို့၌ မိမိတို့ ယုံကြည်ကြရာ, ကိုးကွယ်ရာသခင်ကြီး၏ ဂုဏ်ကျေးဇူးဘုန်းတန် ခိုးတို့ကို ပြခန်းဆိုက်ခဲ့သည်ရှိသော် ဟုတ်သမျှမှန်သမျှကို မဆိုမူ၍ အဟုတ်အမှန် မဟုတ်သော အပိုအမိုအကြီး အကျယ်အံ့ ဩဖွယ်တို့ကို မိမိဉာဏ်ရှိသမျှ လုပ်ကြံ၍ ဆိုလေ့ရှိကြ၏၊ ဤကဲ့သို့လုပ်ကြံ၍ ဆိုခြင်းသည် ပုထုဇဉ် ကျမ်းပြုဆရာ ပညာရှိကြီးတို့၏ ဓမ္မတာပင်ဖြစ်၏။
ဥပမာကား-- ရှေးကဗျာလင်္ကာကျမ်းတို့၌ ဂင်္ဂါမြစ်ကြီးကို ဖွဲ့ဆိုရာတွင် ဂင်္ဂါမြစ်ဆိပ်, ပယာဂဆိပ်ကြီးတို့၌ တစ်ကြိမ်တစ်ခါ ရေချိုး ဘူးသောသူမှာ ပြုခဲ့သမျှသော ဒုစရိုက်တို့သည် အကုန်ပျောက်ငြိမ်း ကုန်၏ဟု- အပိုအမိုအကြီးအကျယ် အံ့ဩဖွယ်စကား ပါရှိလေ၏၊ နောက်ကာလ၌ ထိုကျမ်းကိုကြည့်ရှု၍ ထိုသီချင်းစကားကို တွေ့ရှိကြရာ တွင် ပညာရှိကြီးတို့မှာ ဤစကားသည် ဆိုတိုင်းအမှန်ယူရသော စကားမျိုး မဟုတ်၊ ကဗျာဆရာပညာရှိကြီးတို့ဖွယ်ရာ အပိုအမို အကြီးအကျယ် အံ့ဩဖွယ်စကားမျိုးသာဖြစ်၏ဟု- သိကြကုန်၏၊ ဆိုတိုင်း အဟုတ် အမှန်ဟု မယူကြကုန်၊ ပညာနည်းသော နောက်သားတို့မှာကား- ရှေး ကျမ်းဟောင်းများ၌လာရှိသောစကားဖြစ်၍ ဆိုတိုင်း အဟုတ်အမှန်ပင် ဖြစ်သည်ဟု- ယူကြကုန်၏။
အချို့သော ဗြာဟ္မဏလူမျိုးတို့သည် အဝေးနိုင်ငံ ရွာတို့မှ ထိုဂင်္ဂါဆိပ်ကြီး, ပယာဂဆိပ်ကြီးသို့ လာရောက်ကြကုန်၍ ရေချိုးခြင်း, ခေါင်းလျော်ခြင်း, ခေါင်းရိတ်ခြင်းတို့ကို ပြုကြကုန်၏၊ အယူမှားခြင်း, စရိတ်ကြေးငွေကုန်ခြင်း, လူပင်ပန်းခြင်းဟူသော အကျိုးမဲ့ချည်းရှိ၍ နေသော သမ္ဖပ္ပလာပ စကားကြီးမျိုးပေတည်း။
ဒုစရိုက်တရားတို့၏ ပျောက်ငြိမ်းမှုမည်သည်-အပ-ဗာဟိရရေဖြင့် ဆေးလျော်၍ စင်ကြယ်မြဲမဟုတ်၊ မိမိကိုယ်တွင်း ၌ ဖြစ်သောဒုစရိုက်တို့ကို မိမိကိုယ်တွင်း၌ဖြစ်သော ဝိပဿနာဉာဏ်အဆင့်ဆင့်, မဂ်ဉာဏ်, ဖိုလ် ဉာဏ် အဆင့်ဆင့်တို့ဖြင့် အကြိမ်ကြိမ် ဆေးလျော်မှသာလျှင် အကုန် အစင် ပျောက်ငြိမ်းမြဲ ဓမ္မတာပေတည်း။
ထိုအတူ ဘာသာကျမ်း အမျိုးမျိုးတို့၌လည်း အဟုတ်အမှန် မဆိုဘဲ အပိုအမိုအကြီးအကျယ် အံ့ဩဖွယ်တို့ကို ဆိုကြသော အရာများ သည် များစွာပါရှိကြ၏၊ ထိုဘာသာကျမ်းကို ကြည့်ရှုကြသော သူတို့သည် ဤအရာကား အဟုတ်အမှန် မဟုတ်၊ ကြည်ညိုဖွယ် အံ့ဩဖွယ် ဖြစ်ကြ စေရန် အပိုအမို-ဆိုလိုက်သော ချီးမွမ်းစကားမျိုး ပေတည်းဟု- သိကြ ကုန်ရာ၏။
ထိုသို့ မသိကြကုန်မူ၍ ထိုကျမ်းဂန်များ လာရှိသည့်အတိုင်း အဟုတ်အမှန်ချည်းဟူ၍ ယူခဲ့သည်ရှိသော် အချို့အရာ၌ မိစ္ဆာဒိဋ္ဌိဖြစ်၍ သွားတတ်၏၊ အချို့အရာ၌ သမ္ဖပ္ပလာပကြီးဖြစ်၍ သွားတတ်၏၊ အချို့အရာ၌ သဒ္ဓါတရားပွါးများရန်, ကုသိုလ်တရား ပွါးများရန်ဖြစ်သော အရာမျိုးလည်း ရှိကြ၏။
ထိုတွင်-ရှေး၌ပြဆိုခဲ့ပြီးသော- ဩက္ကာကရာဇ်မင်း လက်ထက်မှ စ၍ ဖြစ်ပေါ်လာသော မိစ္ဆာကျမ်းမျိုးဖြစ်ခဲ့သော် ပါဏာတိပါတကံကို ဖေါက်ပြန်မှောက်မှားအောင် ပြုပြင်၍လာသော ဘာသာကျမ်းမျိုး ဖြစ်ခဲ့အံ့၊ မိစ္ဆာဘာသာကျမ်းကြီး ဖြစ်၏၊ ထိုကျမ်း၌လာသမျှသည် မိစ္ဆာဒိဋ္ဌိချည်းဖြစ်၏၊ ကုသိုလ်ကံ, အကုသိုလ်ကံကိုမူကား မပစ်ပယ်မူ၍ မိမိတို့ကိုးကွယ်ရာ သခင်ကြီး၏ ဂုဏ်ကျေးဇူးတို့ကို မဟုတ်မမှန် လုပ်ကြံ ၍ ပြောဆိုသောစကားသည် သမ္ဖပ္ပလာပ စကားမျိုးဖြစ်၏။
ကြွင်းကျန်သော ပူရာဏ်ကျမ်းမျိုး, ဂီတကဗျာလင်္ကာကျမ်းမျိုး, ရာမ လက္ခဏဝတ္ထု, ဘာရတမင်းတို့ စစ်တိုက်ခြင်း, အီနောင်ဝတ္ထု, ငွေ တောင် ဝတ္ထုအစရှိသော နာဋကကျမ်းအမျိုးမျိုးတို့၌လည်း ထိုနည်းအတူ မိစ္ဆာဒိဋ္ဌိဖြစ်ရန် အချက် သမ္ဖပ္ပလာပ ဖြစ်ရန်အချက်များစွာ ပါရှိသည်ကို ပညာရှိတို့ သတိမူကြလေကုန်။
မိစ္ဆာဒိဋ္ဌိ-သမ္ဖပ္ပလာပ အထူးကား-- နောက်ဘဝအတွက် မိမိတို့မှာ ယခုဘဝပြုကြသော ကံကိုလည်းကောင်း, ကံ၏အကျိုးကိုလည်းကောင်း, လုံးလုံးပစ်ပယ်၍ ကိုးကွယ်ရာတစ်ခုခုကိုသာ ယုံကြည်အားကိုးပြုလုပ်ခြင်း သည် မိစ္ဆာဒိဋ္ဌိဖြစ်၏။
သမ္ဖပ္ပလာပဆိုသည်ကား- နောက်ဘဝအတွက်မှာ ယခုဘဝ မိမိတို့ ပြုကြသောကံကိုလည်းကောင်း, ကံ၏အကျိုးကိုလည်းကောင်း, မပစ်ပယ်မူ၍ နောက်ဘဝအတွက် ကိုးကွယ်ရာမဟုတ်သော မဟာဗြဟ္မာ ကိုသော်လည်းကောင်း၊ သိကြားမင်းကိုသော်လည်းကောင်း၊ ထိုထို နတ်ကောင်းတန်ခိုးကြီး, နတ်ဆိုးတန်ခိုးကြီးတို့ကိုသော်လည်းကောင်း၊ ထိုထိုမြစ်ကြီး, မြစ်ငယ်, သစ်ပင်, တော, တောင်, အထုကိုသော်လည်း ကောင်း၊ အသက်ထက်ဆုံးကိုးကွယ်ရာ ပြုလုပ်ခြင်းသည် သမ္ဖပ္ပလာပ အရာမျိုးဖြစ်၏။
နောက်ဘဝအတွက် ကုသိုလ်ဖြစ်ရန် ကိုးကွယ်ရာအစစ်မည် သည်ကား- ကောင်းမြတ်သော သီလဂုဏ်, သမာဓိဂုဏ်, ကောင်းမြတ် သော ဘာသာဓမ္မပညာဂုဏ် ရှိသောသူသည်သာလျှင် နောက်ဘဝ အတွက် ကုသိုလ်ဖြစ်ရန် ကိုးကွယ်ရာအစစ် မည်၏၊ ထိုဂုဏ် ၃-ပါးမရှိ သော သက်ရှိသက်မဲ့ အမျိုးမျိုးသည် နောက်ဘဝအတွက် ကုသိုလ်ဖြစ်ရန် ကိုးကွယ်ရာ အစစ်မဟုတ်၊ ယခုဘဝအတွက် ကိုးကွယ်ရာလည်း အမျိုး မျိုးရှိကြ၏။
ဗုဒ္ဓဘာသာလူမျိုးတို့၌ မိရိုးဖလာ နတ်အမျိုးမျိုးတို့ကို ကိုးကွယ် ကြခြင်းသည် ယခုဘဝအတွက် သက်သက်ဖြစ်၏၊ မိရိုးဖလာ ထုံးစံ ရှိသည့်အတိုင်း မကိုးကွယ်ခဲ့သော် အကျိုးမဲ့ဖြစ်အောင် ပြုတတ်ကြ၏၊ ကိုးကွယ်ခဲ့သည်ရှိသော် အကျိုးမဲ့ကို မပြုမူ၍ မိမိတို့ တတ်အားသမျှ စောင်မတတ်ကြ၏၊ ဤကား ပစ္စုပ္ပန်အတွက်နှင့် ကိုးကွယ်မှုပေတည်း၊ ရတနာသုံးပါးကို ကိုးကွယ်ခြင်းသည်ကား ပစ္စုပ္ပန်အတွက်နှင့်တကွ နောင် နိဗ္ဗာန်ရသည့်တိုင်အောင် ဘဝအဆက်ဆက် ချမ်းသာဖို့အတွက်နှင့် ကိုးကွယ်ခြင်းပေတည်း။
[ဤသို့ ကိုးကွယ်ခြင်းနှစ်ပါးခြားနား၍ ရှိသောကြောင့် မိရိုးဖလာနတ် တို့ကို ကိုးကွယ်သည့်အတွက် သရဏဂုံမပျက်ဟုမှတ်လေ။]
ဘာသာကြီးလေးပါး ရှင်းလင်းချက် နိဂုံး
ဤဘာသာကြီးလေးပါး ရှင်းလင်းချက်ကို အထူးအားထုတ် ရခြင်းအကြောင်းကား
ယခုအခါ၌ ကမ္ဘာပေါ်တွင် ပလိတ်ရောဂါ အစရှိသော ကပ်ရောဂါ အမျိုးမျိုးတို့သည် အလွန်များပြားလျက် ရှိနေကြ၏၊ ထိုကပ်ရောဂါ အမျိုးမျိုးတို့ကိုလည်း နတ်ဆိုး, နတ်ဝါးတို့ ပြုလုပ်၍ဖြစ်သည်ဟု -ဗုဒ္ဓ ဘာသာကျမ်းဂန်တို့၌လည်း များစွာလာရှိ၏၊ ဟိန္ဒူဘာသာကျမ်းဂန် တို့၌လည်း များစွာလာရှိ၏၊ ခရစ်ယာန်ဘာသာကျမ်းဂန်တို့၌လည်း များစွာလာရှိ၏။
ထိုသို့လာရှိကြပါလျက် အကောင်အထည်ကို မမြင်ကြရသည့် အတွက် မိမိဘာသာကျမ်းရှိတိုင်း အဟုတ်အမှန်ကို မသိနိုင်ကြသည်နှင့် အစိုးရများက ပြုလုပ်သည်၊ ဆရာဝန်များကပြုလုပ်သည်ဟူ၍ အချော် အလွဲ စွပ်စွဲချက်ကြီး ရှိနေကြ၏၊ ထိုအချော်အလွဲ စွပ်စွဲမှုကြီးသည် နတ်ဆိုးတို့ကို အလိုရှိတိုင်း လုပ်ချင်တိုင်းလုပ်သာအောင် ကူညီ၍ ပေးသကဲ့သို့ဖြစ်၏။
ဥပမာကား-- ရွာကြီးတစ်ရွာသည် ရှိ၏၊ အနီးအပါး၌ ရွာငယ်များ လည်းရှိကြ၏၊ အနောက်အရပ်ရှိ ရွာငယ်သားတို့က ညအခါ၌ ရွာကြီးသို့ လာ၍ မကြာမကြာခိုးကြ တိုက်ကြ၏၊ ရွာကြီးသားတို့မူကား အနောက်ရွာ သားတို့ကို မရိုး၊ အရှေ့ရွာသားတို့ကိုရိုးကြ၏၊ ဤ၌အရှေ့ ရွာသားတို့ကို ရိုးကြလေလေ အနောက်ရွာသားတို့ ခိုးခွင့်တိုက်ခွင့် ကောင်းလေလေ ဖြစ်၏၊ ဤဥပမာကဲ့သို့တည်း၊ ဤသည်လည်းတစ်ချက်။
အချို့သောလူမျိုးတို့သည် နတ်ဆိုးတန်ခိုးကြီးတို့ကို ထာဝရ ဘုရားဟူ၍ မှတ်ယူကိုးကွယ်ကြကုန်၏၊ ထိုဘာသာ၌ တရားဟော ဆရာတို့ကလည်း ကပ်ရောဂါများ ဖြစ်ပွါးလာသောအခါ၌ မိမိတို့ ဘာသာဝင်လူမျိုးတို့ကို ကပ်ရောဂါအတွက် မကြောက်ကြနှင့်၊ မပြေး ကြနှင့်၊ မတိမ်းမရှောင်ကြနှင့်၊ ဆေးဝါး မကုမသကြနှင့်၊ ထာဝရ ဘုရားကြီးသည် ကယ်တင်ထိုက်သောသူတို့ကို ကောင်းကင်ဘုံသို့ ကယ်တင်တော်မူခြင်းဖြစ်သည်၊ ပြေးခဲ့သော်, တိမ်းရှောင်ခဲ့သော်, ဆေးဝါး ကုသခဲ့သော် ထာဝရဘုရား အလိုတော်ကို ငြင်းဆန်ရာရောက်သည်၊ ထာဝရဘုရားအလိုတော်ကို ငြင်းဆန်ခြင်းသည် အလွန်အပြစ်ကြီးသည်၊ အနန္တငရဲကြီးသို့ ကျတတ်သည်ဟူ၍လည်းကောင်း, တခြားသော ဘာသာလူမျိုးတို့၌ ထိုကပ်ရောဂါများ ကျရောက်သေဆုံးကြရာ၌မူကားထာဝရဘုရားကြီးသည် လူမိုက်တို့ကို အပြစ်ဒဏ်ဖြင့် စီရင်တော်မူသည် ဟူ၍လည်းကောင်း ပြောဟောလေ့ရှိကြကြောင်းကို ဆရာတော်များစွာ ကြားဘူးရ၏၊ ထိုပြောဟောမှုကြီးသည်လည်း နတ်ဆိုးတို့ကို အလိုရှိတိုင်း, လုပ်ချင်တိုင်းလုပ်သာအောင် ကူညီ၍ပေးသကဲ့သို့ ဖြစ်၏၊ ဤသည်လည်း တစ်ချက်။
ထို့ကြောင့်-ထိုထိုဘာသာဝင် လူမျိုးတို့သည် မိမိတို့၏ ကိုးကွယ်ရာ သခင်ကြီးသည် သတ္တဝါတို့ကို ရင်ဝယ်သားကဲ့သို့ သနားကယ်တင် တတ်သော ဘုရားအစစ်ကြီး ဟုတ်ပါလေ၏လော, နတ်ဆိုး တန်ခိုးကြီး များ ဖြစ်နေလေသလောဟု- စဉ်းစားကြရန်, စုံစမ်းကြရန် အရေးအခွင့် ကြီးသည် အလွန်ကြီးကျယ်လျက် ရှိနေလေသောကြောင့် ဤဘာသာကြီး လေးပါး ရှင်းလင်းချက်ကို အထူးအားထုတ်လိုက် ပေသတည်း။ [ဤတွင်ရွေ့ကား ဘာသာကြီးလေးပါး ရှင်းလင်းချက်ပြီး၏၊]
ကမ္ဘာ့ဝိဝါဒ လျှောက်ထားချက်
အမေရိကန်နိုင်ငံ, အင်္ဂလန်နိုင်ငံ, ပြင်သစ်နိုင်ငံ, ဂျာမနီနိုင်ငံ, ဣန္ဒိယနိုင်ငံ, မြန်မာနိုင်ငံမှစ၍ တိုင်းကြီး, ပြည်ကြီး အသီးသီးသော နိုင်ငံကြီးတို့၌ နေထိုင်ကြကုန်သော လောကီ, လောကုတ္တရာအရာ ပညာရှိသူ ရဟန်းရှင်လူ ဟူသမျှသော ပုဂ္ဂိုလ်ကျော် အပေါင်းတို့ထံမှ အားကိုးအားထားကြီး ပြုလုပ်၍ ရောက်လာသမျှသော အမေးပုစ္ဆာ ပြဿနာ အရှုပ်အထွေးတို့ကို ဖြေရေးကြုံကြိုက်လာရကား ထိုထို ပဥှာပြဿနာအချက်တို့ကို မကြန့်မကြာလျင်သောပညာ, ထက်သော ပညာတို့ဖြင့် လျင်မြန်စွာ ဝိဝါဒကင်းရှင်း စိတ်သဘောကျေနပ်ခြင်းသို့ လှလှကြီးရောက်လွယ်အောင် နဲနက်ထောက်လှမ်း ခွဲခြမ်းဖြေဆိုတော် မူနိုင်သည်ဖြစ်၍, ဗဟုဿုတဓရီ, ဝါဒီပါကဋ, သမ္ဘာရကံဉာဏ်, ရဲရဲသန်ခြင်းကြောင့်, ခြောက်တန်နာယက, ဂုဏ်ပေါင်းခသဖြင့်, ဘယ ဒဿီ, ဇာနည်မာတင်, ပါရင်တစ်ဆူ ဖြစ်တော်မူသော (အဂ္ဂမဟာ ပဏ္ဍိတ) ဘွဲ့တံဆိပ်တော်ရ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး သည် အထက်မြန်မာနိုင်ငံ ပျဉ်းမနားမြို့ လယ်တီစံကျောင်း ပိဋကတ် တိုက်ကြီး၏အနီး ငွေတောင်ကျောင်းကြီးတွင် ယာပိုထ်လေးလီ မျှတညီ သဖြင့် ရွှင်ကြည်ပျော်မွေ့ သီတင်းသုံး နေထိုင်တော်မူစဉ်အခါ ၁၂၈၀- ပြည့် ပြာသိုလအတွင်း ပျဉ်းမနားမြို့ ကန်ဦးဆရာတော် ရှင်ကုသလ, ရှမ်းစုကြီးဆရာတော် ရှင်အာသဘတို့ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ၏ ခြေတော်ရင်းသို့ ကိုယ်တိုင်သွားရောက်၍ ဣန္ဒိယနိုင်ငံ, အာဖဂန်နိုင်ငံ, ဘလူးချစ်စတံနိုင်ငံ, ပါးရှားနိုင်ငံ, တူရကီနိုင်ငံ, အာရေဗျနိုင်ငံ, ဂျာမနီနိုင်ငံ, ပြင်သစ်နိုင်ငံ, အင်္ဂလန်နိုင်ငံ, အမေရိကန်နိုင်ငံ, အီဂျစ်နိုင်ငံ များနှင့်တကွ မြန်မာနိုင်ငံရှိ လောကဓာတ် ပညာသင် ကျောင်းသားများမှစ၍ အသီးသီး သော တိုင်းသူပြည်သား ပညာရှိ ပုဂ္ဂိုလ်အများတို့ပင် ရှေးပဝေဏီကာလ ခါသမယကစ၍ ယခုထက်တိုင် အကြီးအကျယ် ဝိဝါဒ ဒွိဟ သံသယ ဖြစ်ပွါးလျက် ရှိနေကြသော အယူဝါဒတို့ကို ထင်ရှားအောင် လျှောက် ထားချက်တို့သည်ကား။
၁။ နေ, လ, ဂြိုဟ်, နက္ခတ်, ကြယ်, တာရာ အပေါင်းတို့သည် လှည့်လည်သွားလာခြင်းမရှိ၊ ကမ္ဘာမြေကြီးသည်သာ ဗန်း ဆန်ကောများကဲ့သို့ အပြားလိုက်အားဖြင့်သာ အစဉ်မပြတ် လကျ်ာဘက်သို့ လှည့်လည်သည် ဟူသော အယူ,
၂။ ကမ္ဘာမြေကြီးသည် လုံးယောင်ယောင်ရှိသဖြင့် ခပ်စောင်း စောင်းအားဖြင့် လကျ်ာဘက်သို့ အမြဲလှည့်လည်သည်၊ နေ, လ စသော နက္ခတ်, တာရာတို့မူကား မလှည့်လည် အမြဲတည် သည်ဟူသော အယူ,
၃။ ကမ္ဘာမြေကြီးလုံးသည် အနောက်မှ အရှေ့သို့ ဒေါင်လိုက် အားဖြင့် အမြဲနေရာမရွေ့ဘဲ အစဉ်မပြတ်လိမ့်၍ နေ, လ စသော နက္ခတ်, တာရာတို့မူကား မလှည့်မလည် တစ်နေ ရာတည်း အမြဲတည်နေသည် ဟူသောအယူ,
၄။ ကမ္ဘာမြေကြီးလုံးနှင့် အတူတကွ နေ, လ စသော နက္ခတ်, တာရာတို့ပါ လှည့်လည်လျက် အမြဲရှိနေသည်ဟူသောအယူ,
၅။ ကမ္ဘာမြေကြီးသည် အလုံးမဟုတ် နိမ့်ရာမြင့်ရာ တောစဉ် တောင်ထပ်တို့နှင့်တကွ အပြားလိုက်အားဖြင့် အမြဲ တည်ခြင်း, ၎င်းမြေအထုအောက်၌ ရေထုကြီး တည်ရှိခြင်း, ၎င်းရေ ထုကြီးအောက်က လေထုကြီး တည်ရှိခြင်း, ၎င်းလေထုကြီး အောက်က အတိုင်းမသိ ကျယ်ဝန်းလှစွာသော ကောင်းကင် ဟင်းလင်းကြီး တည်ရှိခြင်း, နေ, လ စသော နက္ခတ်, တာရာ တို့သည် ကျွန်းကြီးလေးကျွန်း၏ အလယ်၌ တည်ရှိသော မြင့်မိုရ်တောင်ကြီးနှင့် စကြာဝဠာတောင်ကြီး ၂-ခုတို့၏ အကြား၌ လေတို့၏အဟုန်ဖြင့် အမြဲအားဖြင့် မြင့်မိုရ် တောင်ကြီးကို လှည့်လည်၍ သွားလာ လျက်နေသည် ဟူသောအယူ,
၆။ သတ္တဝါတို့၏ အရပ်မျက်နှာတို့၌ တွေဝေမှုကြောင့် မှောက် မှောက်မှားမှား ယူမိယူရာ ယူကြသောအယူ,
၇။ မြေကြီးဆိုင်ရာ ကောင်းကင်ဆိုင်ရာ လောကဓာတ် ဝိဝါဒ အမျိုးမျိုးတို့နှင့်တကွ ဘာသာဝိဝါဒကြီးများသည် သံသရာ ကမ္ဘာလောကကြီး၌ အလွန်အရေးကြီးကျယ်လှ သည်ဖြစ်ပါ သောကြောင့် ထိုထိုအယူဝါဒ သံသယကြီး များကို အထက်က လျှောက်ထားဖော်ပြခဲ့ပြီးသော တိုင်းကြီး, ပြည်ကြီး, နိုင်ငံကြီး တို့၌ နေထိုင်ကြကုန်သော ပညာရှိပုဂ္ဂိုလ်ကျော် ဟူသမျှတို့၏ ဝိဝါဒ သံသယ လှလှကြီးကင်းရှင်းကြ၍ သားစဉ်မြေးဆက် မြစ်အညွန့် အဓွန့်ရှည်ကြာ နှစ်ပေါင်း များစွာကာလပတ်လုံး မှားယွင်းသော မိစ္ဆာဝါဒတို့ကို ပယ်ဖျက် ၍ ဟုတ်မှန်သော သဘာဝအချက် ဝိဘဇ္ဇဝါဒီ အမြဲ တည်စေခြင်းငှါ တပည့်တော် ရှင်ကုသလ, ရှင်အာသဘတို့ လျှောက်ထား တောင်းပန်ပါ သော ဝိဝါဒ အရပ်ရပ်တို့ကို အဖြာဖြာသော ယုတ္တိသက်သေသာဓက ဖြင့် လုံလောက်စွာ ဖော်ပြ၍ ရှင်းလင်းစွာ ဆုံးဖြတ် ဟောပြ ရုံသာမက မေတ္တာ, ကရုဏာပုဗ္ဗင်္ဂမဖြင့် ကျမ်းစာအုပ် တစ်စောင် ပြုလုပ်စီရင် ရေးသားကယ်မ သနားတော်မူပါ မည့်အကြောင်း ဂရုသက္ကစ္စ နိဝါတဖြင့် ရိုသေစွာ လျှောက် ထားပါသည် ကျေးဇူးတော်ရင် အရှင်သူမြတ်ဘုရား။
ရှင်ကုသလ၊ ကန်ဦးဆရာတော်။
ရှင်အာသဘ၊ ရှမ်းစုကြီးဆရာတော်။
ကမ္ဘာဝိဝါဒဖြေဆိုခန်း
ကမ္ဘာမြေကြီးလှုပ်ပုံပြဆိုချက်
ဗုဒ္ဓဘာသာ ပါဠိတော်အလာ ဗုဒ္ဓမြတ်စွာဘုရား၏ နှုတ်တော်ထွက်အစစ် ကမ္ဘာမြေသနစ်ကို ရှေးဦးစွာပြဆိုရာ၏၊
- အဋ္ဌ ခေါ ဣမေ အာနန္ဒ ဟေတူ အဋ္ဌ ပစ္စယာ မဟတော ဘူမိစာလဿ ပါတုဘာဝါယ။
- ကတမေ အဋ္ဌ အယံ အာနန္ဒ မဟာပထဝီ ဥဒကေ ပတိဋ္ဌိကာ၊ ဥဒကံ ဝါတေ ပတိဋ္ဌိတံ၊ ဝါတော အာကာသဋ္ဌော ဟောတိ။
- သော ခေါ အာနန္ဒ သမယော ယံ မဟာဝါတာ ဝါယန္တိ မဟာဝါတာ ဝါယန္တာ ဥဒကံ ကမ္ပေန္တိ၊
- ဥဒကံ ကမ္ပိတံ ပထဝိံ ကမ္ပေတိ အယံ ပဌမော ဟေတု ပဌမော ပစ္စယော မဟတော ဘူမိစာလဿ ပါတု ဘာဝါယ။
- ပုန စ ပရံ အာနန္ဒ သမဏော ဝါ ဟောတိ ဗြာဟ္မဏော ဝါ ဣဒ္ဓိမာ စေတော ဝသိပ္ပတ္တော ဒေဝေါ ဝါ မဟိဒ္ဓိကော မဟာနုဘာဝေါ တဿ ပရိတ္တာ ပထဝီသညာ ဘာဝိတာ ဟောတိ အပ္ပမာဏာ အာပေါသညာ သော ဣမံပထဝိံ ကမ္ပေတိ သံကမ္ပေတိ သမ္ပကမ္ပေတိ သံပဓေတိ၊ အယံ ဒုတီယော ဟေတု ဒုတီယော ပစ္စယော မဟတော ဘူမိစာလဿ ပါတုဘာဝါယ။ လ။ ဣ ဒြီဃနိကာယ်ဒုတိယအုပ်၊ သုတ်မဟာ ဝါပါဠိတော်မဟာပရိနိဗ္ဗာနသုတ်။]
အာနန္ဒ=အာနန္ဒာ၊ မဟတော=ကြီးကျယ်စွာသော၊ ဘူမိ စာလဿ= ကမ္ဘာမြေကြီးလှုပ်ရှားခြင်း၏၊ ပါတုဘာဝါယ=ထင်ရှားစွာဖြစ်ပေါ်ခြင်းငှါ၊ ဟေတူ=အကြောင်းတို့သည်၊ ဣမေအဋ္ဌ=ဤရှစ်ပါးတို့တည်း၊ ပစ္စယာ= အကြောင်းတို့သည်၊ ဣမေအဋ္ဌ=ဤရှစ်ပါးတို့တည်း။
ကတမေအဋ္ဌ=အဘယ်ရှစ်ပါးတို့နည်းဟူမူကား။
အာနန္ဒ=အာနန္ဒာ၊ အယံမဟာပထဝီ=ဤကမ္ဘာမြေကြီးသည်၊ ဥဒကေ=ကမ္ဘာရေပြင်ကြီး၌၊ ပတိဋ္ဌိတာ=တည်၏၊ ဥဒကံ=ကမ္ဘာရေပြင်ကြီး သည်၊ ဝါတေ=ကမ္ဘာလေပြင်ကြီး၌၊ ပတိဋ္ဌိတံ=တည်၏၊ ဝါတော= ကမ္ဘာလေပြင်ကြီးသည်၊ အာကာသဋ္ဌော=အောက် အဇဋာကာသ ကောင်းကင်ပြင်ကြီး၌ တည်သည်၊ ဟောတိ=ဖြစ်၏။
အာနန္ဒ=အာနန္ဒာ၊ ယံသမယံ=အကြင်အခါ၌၊ မဟာဝါတာ= ကြီးစွာသောလေမုန်တိုင်းတို့သည်၊ ဝါယန္တိ=ထကြွ သောင်းကျန်းစွာ လာကုန်၏၊ မဟာဝါတာ=ကြီးစွာသောလေမုန်တိုင်းတို့သည်၊ ဝါယန္တာ= ထကြွသောင်းကျန်းစွာ လာကြသည်ရှိသော်၊ ဥဒကံ=ကမ္ဘာရေပြင်ကြီးကို၊ ကမ္ပေန္တိ=လှုပ်ရှားစေကုန်၏၊ ဥဒကံ=ကမ္ဘာရေပြင်ကြီးသည်၊ ကမ္ပိတံ= လှုပ်ရှားသည်ရှိသော်၊ ပထဝိံ=ကမ္ဘာမြေကြီးကို၊ ကမ္ပေတိ=လှုပ်ရှားစေ၏၊ သောသမယော=ထိုကဲ့သို့ကမ္ဘာလေကြီး ထကြွလှုပ်ရှားခြင်းကြောင့် ကမ္ဘာမြေကြီး လှုပ်ရှားသောအခါသမယသည်၊ အတ္ထိ=ရှိ၏၊ အယံ= ဤသည်ကား၊ မဟတော=ကြီးကျယ်စွာသော၊ ဘူမိစာလဿ=ကမ္ဘာ မြေကြီး လှုပ်ရှားခြင်း၏၊ ပါတုဘာဝါယ=ထင်ရှားစွာဖြစ်ပေါ်ခြင်းငှါ၊ ပဌမော=ရှေးဦးစွာသော၊ ဟေတု=အကြောင်းတည်း၊ ပဌမော=ရှေဦးစွာ သော၊ ပစ္စယော=အကြောင်းတည်း။
အာနန္ဒ=အာနန္ဒာ၊ ပုနစပရံ=တစ်ဖန်အကြောင်း တစ်ပါးသည် ကား၊ သမဏောဝါ=ရဟန်းသည်လည်းကောင်း၊ ဗြဟ္မဏောဝါ=ပုဏ္ဏား ရသေ့သည်လည်းကောင်း၊ ဣဒ္ဓိမာ=တန်ခိုးနှင့်ပြည့်စုံသည်၊ စေတော ဝသိပ္ပတ္တော=မိမိစိတ်၌ အစိုးရခြင်းသို့ ရောက်သည်၊ ဟောတိ=ဖြစ်၏၊ မဟိဒ္ဓိကော=တန်ခိုးကြီးသော၊ မဟာနုဘာဝေါ=ကြီးသောအာနုဘော် ရှိသော၊ ဒေဝေါဝါ=နတ်, သိကြား, ဗြဟ္မာသည်လည်း၊ ဟောတိ=ဖြစ်၏၊ တဿ=ထိုတန်ခိုးကြီးသောသူအား၊ ပရိတ္တာ=သေးငယ်သော၊ ပထဝီ သညာ=ပထဝီကသိုဏ်း နိမိတ်လျှင် အာရုံရှိသော ပထဝီသညာကို၊ ဘာဝိတာ=ပွါးများစေအပ်သည်၊ ဟောတိ=ဖြစ်၏၊ အပ္ပမာဏာ=ကြီးကျယ် သော ပမာဏရှိသော၊ အာပေါသညာ=အာပေါ ကသိုဏ်းနိမိတ်လျှင် အာရုံရှိသောအာပေါသညာကို၊ ဘာဝိတာ=ပွါးများစေအပ်သည်၊ ဟောတိ=ဖြစ်၏၊ သော=ထိုတန်ခိုးကြီးသောသူသည်၊ ဣမံပထဝိံ= ဤကမ္ဘာမြေကြီးကို၊ ကမ္ပေတိ=လှုပ်ရှားစေ၏၊ သံကမ္ပေတိ=ပြင်းစွာ လှုပ်ရှားစေ၏၊ သမ္ပကမ္ပေတိ=ကောင်းစွာအထွေ ထွေအပြားပြား လှုပ်ရှားစေ၏၊ သံပဝေဓေတိ= ကောင်းစွာတုံလှုပ်စေ၏၊ အယံ=ဤသည် ကား၊ မဟတော=ကြီးကျယ်စွာသော၊ ဘူမိစာလဿ=ကမ္ဘာမြေကြီး လှုပ်ရှားခြင်း၏၊ ပါတုဘာဝါယ=ထင်ရှားစွာဖြစ်ပေါ်ခြင်းငှါ၊ ဒုတီယော= နှစ်ခုမြောက်သော၊ ဟေတု=အကြောင်းတည်း၊ ဒုတီယော= နှစ်ခုမြောက် သော၊ ပစ္စယော= အကြောင်းတည်း၊ လ၊ အာနန္ဒ=အာနန္ဒာ၊ မဟတော= ကြီးကျယ်စွာသော၊ ဘူမိစာလဿ=ကမ္ဘာမြေကြီး လှုပ်ရှားခြင်း၏၊ ပါတုဘာဝါယ=ထင်ရှားဖြစ်ပေါ်ခြင်းငှါ၊ ဟေတူ=အကြောင်းတို့သည်၊ ဣမေအဋ္ဌ= ဤရှစ်ပါးတို့တည်း၊ ပစ္စယာ=အကြောင်းတို့သည်၊ ဣမေအဋ္ဌ= ဤရှစ်ပါးတို့တည်း။
ပေယျာလ၌ပါဝင်သော အကြောင်းခြောက်ပါးကား-
(၁) ပစ္ဆိမဘဝိကဖြစ်သော ဘုရားအလောင်းတော်သည် မယ်တော် ဝမ်း၌ ပဋိသန္ဓေနေသောအခါ ကမ္ဘာမြေ ကြီးစွာလှုပ်ရှားခြင်း တစ်ပါး၊
(၂) မယ်တော်ဝမ်းမှ ဖွားမြင်သောအခါ ကြီးစွာလှုပ်ရှားခြင်း တစ်ပါး၊
(၃) ဘုရားဖြစ်တော်မူသောအခါ ကြီးစွာလှုပ်ရှားခြင်းတစ်ပါး၊
(၄) ဓမ္မစကြာတရားကို ဟောတော်မူသောအခါ ကြီးစွာလှုပ်ရှား ခြင်းတစ်ပါး၊
(၅) အာယုသင်္ခါရကို စွန့်လွှတ်တော်မူသောအခါ ကြီးစွာ လှုပ်ရှား ခြင်းတစ်ပါး၊
(၆) ပရိနိဗ္ဗာန်စံတော်မူသောအခါ- ကြီးစွာလှုပ်ရှားခြင်းတစ်ပါး, ဟူ၍ ခြောက်ပါးဖြစ်၏။
ဤခြောက်ပါး၌ ကြီးစွာလှုပ်ရှားခြင်းဆိုသည်ကား- ဤ လောက ဓာတ်တစ်ခု၌သာ လှုပ်ရှားသည်မဟုတ်၊ လောကဓာတ်ပေါင်း တစ် သောင်းတိုင်တိုင် တစ်ပြိုင်နက်အားဖြင့် လှုပ်ရှားခြင်းပေတည်း၊ ထို့ကြောင့် ဤလောကဓာတ်နှင့်တကွ လောကဓာတ်ပေါင်း တစ်သောင်းတို့ကို ဇာတိခေတ်ဟူ၍ဆိုအပ်၏၊ ဗုဒ္ဓခေတ်ဟူ၍လည်း ဆိုအပ်၏။
ဇာတိခေတ်ဆိုသည်ကား-- ဘုရားအလောင်းတော်ကြီးများ ပဋိသန္ဓေယူသောအခါ, ဖွားမြင်တော်မူသောအခါတို့၌ အတူတကွ လှုပ်ရှားကြရသည်ဖြစ်၍ ဇာတိခေတ်ဟုဆိုသည်။
ဗုဒ္ဓခေတ်ဆိုသည်ကား-- ဘုရားဖြစ်တော်မူသောအခါ ထိုလောက ဓာတ်ပေါင်း တစ်သောင်း၌ ရှိနေကြကုန်သော နတ်, သိကြား, ဗြဟ္မာ အပေါင်းတို့သည် မြတ်စွာဘုရား၏ တပည့်သားအဖြစ်နှင့် မြတ်စွာ ဘုရား၏ တရားတော်ကို ကြားနာ၍ အကျွတ်တရားကို ရကြကုန် သောကြောင့် ထိုလောကဓာတ်တစ်သောင်းကို တစ်ဆူသော မြတ်စွာ ဘုရား၏ ဗုဒ္ဓဘာသာ-သာသနာတော် တည်ထွန်းရာဖြစ်၍ ဗုဒ္ဓခေတ်ဟုဆို၏။
[ဤအရာ၌ လိုရင်းမူကား ပဌမလှုပ်ရှားချက်ပေတည်း။]
ဤပဌမ လှုပ်ရှားချက်ကြီးမှာမူကား- လောကဓာတ်ပေါင်း တစ်သောင်းမကသော်လည်း လှုပ်ရှားလေရာ၏၊
“အယံ အာနန္ဒ မဟာပထဝီ ဥဒကေ ပတိဋ္ဌိတာ၊ ဥဒကံ ဝါတေ ပတိဋ္ဌိတံ၊ ဝါတော အာကာသဋ္ဌော ဟောတိ၊ သော ခေါ အာနန္ဒ သမယော ယံ မဟာဝါတာ ဝါယန္တိ၊ မဟာဝါတာ ဝါယန္တာ ဥဒကံ ကမ္ပေန္တိ၊ ဥဒကံ ကမ္ပိတံ ပထဝိံ ကမ္ပေတိ” ဟူသော မြတ်စွာဘုရား၏ ပါဠိတော်ကိုထောက်၍ ဤကမ္ဘာမြေကြီးသည် ဘော့လုံး, လိမ္မော်သီးများကဲ့သို့ အလုံးမဟုတ်၊ တစ်ပါးသော လောကဓာတ်တို့နှင့် ကမ္ဘာမြေပြင်ကြီး, ကမ္ဘာရေပြင်ကြီး, ကမ္ဘာ လေပြင်ကြီးတို့သည် တစ်ဆက်တည်း, တစ်ခုတည်း, တစ်ပြင်တည်း တည်ရှိကြကုန်သည်ဟု- အမှန်မုချသိအပ်လှ၏၊ ဤကမ္ဘာမြေကြီးသည် နေ, လ, နက္ခတ်, တာရာတို့ကဲ့သို့ ကောင်းကင်၌ တည်သည်လည်းမဟုတ်၊ လှည့်လည် ရွေ့ရှားသွားလာသည်လည်း မဟုတ်၊ ကမ္ဘာရေပြင်ကြီး အပေါ်၌သာ အမြဲတည်နေသည်ဟု- အမှန်မုချသိအပ်လှ၏။
ဤကမ္ဘာမြေကြီးသည် ဘော့လုံးများ, လိမ္မော်သီးများကဲ့သို့လုံး၏၊ လည်၏၊ ရွေ့ရှားသွားလာ၍နေ၏ ဟူသော အယူသည်မူကား-
(၁) ကမ္ဘာမြေပြင်ကြီးတစ်ပါး၊
(၂) ကမ္ဘာရေပြင်ကြီးတစ်ပါး၊
(၃) ကမ္ဘာလေပြင်ကြီးတစ်ပါး
ဟူ၍ လောကဓာတ်အနန္တတို့၏ အခြေခံကြီးသုံးပါး တစ်ဆက် တည်း၊ တစ်ပြင်တည်းရှိနေသည်ကို မသိရှာကြကုန်သော သူတို့၏ နာနာဝါဒ ကြံဆ၍ယူခြင်းမျှသာတည်း။
ကမ္ဘာလောကဓာတ် အနန္တရှိပုံပြဆိုချက်
ဤ၌ လောကဓာတ်ပေါင်း အနန္တရှိကြောင်းကား သံယုတ္တ နိကာယ်၊ ဒေဝပုတ္တသံယုတ် ပဌမအုပ်မှာလာရှိသည်။
ရောဟိတနတ်သားဝတ္ထုကို ဤအရာ၌ပြဆိုရာ၏၊ ထိုနတ်သား သည် မြတ်စွာဘုရားကို ဤသို့နားတော်လျှောက်၏။
လျှောက်ကြားပုံကား-- အကြင်လောက၏ အဆုံး၌ ပဋိသန္ဓေ နေခြင်းမရှိ၊ အိုခြင်းမရှိ၊ သေခြင်းမရှိ၊ ဤဘဝမှ ထိုဘဝသို့ ရွေ့ရှားခြင်းမရှိ၊ ဘဝတစ်ပါးသို့ကပ်ရောက်ခြင်းမရှိ၊ ထိုလောက၏အဆုံးကို တန်ခိုးဖြင့် သွား၍ သိခြင်းငှါလည်းကောင်း, မြင်ခြင်းငှါလည်းကောင်း, ရောက်ခြင်းငှါ လည်းကောင်း, တတ်ကောင်းပါမည်လောဟု- မေးလျှောက်၏။
အသင် နတ်သား--အကြင်လောက၏အဆုံး၌ ပဋိသန္ဓေနေခြင်း စသည်မရှိ၊ ထိုလောက၏အဆုံးကို ကိုယ်ဖြင့် သွား၍ သိအပ်၏ဟူ၍ လည်းကောင်း, မြင်အပ်၏ဟူ၍လည်းကောင်း, ရောက်အပ်၏ဟူ၍ လည်းကောင်း, ငါဘုရားသည် မဟောပေဟု-မိန့်တော်မူ၏။
ထိုအခါနတ်သားသည် အံ့ဩဖွယ်ကြီးဖြစ်ပြီးလျှင် မိမိသည် ရှေးဘဝ၌ ပဋိသန္ဓေနေခြင်းစသည်မရှိသော လောက၏ အဆုံးကို တွေ့အောင်သွားမည်ဟု- သွားဖူးကြောင်းကိုလျှောက်ကြားပေ၏။
လျှောက်ကြားပုံကား-- အရှင်ဘုရား---အကျွန်ုပ်သည် ရှေးဘဝ၌ မုဆိုး၏သားဖြစ်၍ ရသေ့လုပ်ရာ ရောဟိတရသေ့ဟူ၍ ထင်ရှားစွာဖြစ် ခဲ့ဖူး၏၊ တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံ၏၊ ကောင်းကင်သို့ သွားနိုင်၏၊ အကျွန်ုပ် သည် အလွန်လျင်မြန်သော အဟုန်ရှိ၏၊ အဘယ်သို့ လျင်မြန်သနည်း ဟူမူ- လေးသမား ပစ်လွှတ်အပ်သော မြားသည်၊ ထန်းပင်ရိပ်ကို ဖီလာဖြတ်သန်း၍ သွားလေရာ၊ ထန်းပင်ရိပ်ကို မြားလွန်သော ခဏမျှ၌၊ တစ်ခုသော လောကဓာတ်၏၊ အရှေ့စွန်းမှသည်၊ အနောက်စွန်းသို့ ခြေတစ်လှမ်းဖြင့် ပေါက်ရောက်အောင် သွားနိုင်၏၊။ အရှင်ဘုရားအကျွန်ုပ်သည် ဤသို့သော လျင်မြန်ခြင်း နှင့်ပြည့်စုံသည်ဖြစ်၍၊ လောက၏အဆုံးကို ရောက်အောင်သွားမည်ဟု-အကြံပြု၍ လောက ဓာတ်တစ်ခုကို ခြေတစ်လှမ်းပြု၍ အနှစ်တစ်ရာ ပတ်လုံးသွားလေရာ လောက၏အဆုံးသို့ မရောက်မူ၍ သေလွန်ပြီးလျှင် ဤလောကဓာတ်မှာ ပင် နတ်သားဖြစ်လာ၏၊ ထို့ကြောင့် လောကဓာတ်မည်သည် တန်ခိုးဖြင့် သွား၍ အဆုံးသို့ရောက်နိုင်သည် မရှိဟု-ဟောတော်မူခြင်းသည် အလွန်မှန်လှပါ၏၊ အလွန်အံ့ဩဖွယ်ရှိလှပါ၏ဟု-လျှောက်ကြားလေ၏။
[ဤကား-ရောဟိတနတ်သားဝတ္ထုပေတည်း။]
ဤဝတ္ထု၌ ထန်းပင်ရိပ်ကို ဖီလာဖြတ်သန်းသောမြားသည် ထန်းပင်ရိပ်ကို မြားလွန်သောခဏမျှ၌၊ လောကဓာတ်တစ်ခုကို ပေါက် အောင်သွားသော ရသေ့သည် တစ်နေ့အဘို့တွင် လောကဓာတ်ပေါင်း ဘယ်နှစ်သောင်းပေါက်လိမ့်မည်မသိ၊ အနှစ်တစ်ရာမှာ ဆိုဖွယ်မရှိ၊ လောကဓာတ်အပေါင်းအနန္တ ပေါက်ရောက်သည်ဟု- ဆိုဖွယ်ရှိ၏၊ အဆုံးသို့ ရောက်သည်လည်း မဟုတ်သေး၊ နောင်ကို အနှစ်တစ်သိန်းပင် သွားသော်လည်းကောင်း, နှစ်ပေါင်းကုဋေ၊ နှစ်ပေါင်းအသင်္ချေပင် သွားသော်လည်းကောင်း လောကဓာတ်အဆုံးကို ပေါက်ရောက်နိုင်မည် မဟုတ်။
ဤဝတ္ထု၌ ရောဟိတရသေ့ကဲ့သို့ ရှေးအခါ၌ ရသေ့တန်ခိုးကြီး တို့သည် များစွာပေါ်ရှိကြကုန်၏။
ပေါ်ရှိပုံကား-- ယခုကာလ၌ လူသတ္တဝါတို့သည် အသက်တို ကုန်ကြသည့်အတွက် ကာယဗလ, ဉာဏဗလ ခိုင်လုံခြင်း မရှိကြသော ကြောင့် ဗြဟ္မာ့ပြည်သို့ ရောက်အောင်မလုပ်နိုင်ကြကုန်ပြီ၊ အထက် အထက်သောနတ်ပြည်သို့ရောက်ကြအောင် ဒါန, သီလမျှကိုသာ လုပ်နိုင် ကြကုန်၏၊ ရှေးအခါ၌မူကား-အသက်ရှည်ကြသည့်အတွက် ကာယဗလ ဉာဏဗလ, ခိုင်လုံကြသောကြောင့် ဗြဟ္မာ့ပြည်သို့ရောက်ရန် စျာန် သမာပတ်တရားတို့ကို အားထုတ်နိုင်ကြကုန်၏၊ သေသည်၏ အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ရောက်ကြလေကုန်၏။
အချို့အချို့သော သူတို့သည်လည်း ဤရောဟိတရသေ့ကဲ့သို့ တန်ခိုးအဘိညာဏ်ရနိုင်ကြကုန်၏၊ တန်ခိုး အဘိညာဏ်ကို ရကြသဖြင့် ဤရောဟိတရသေ့ကဲ့သို့ လောကဓာတ်အများကို လှည့်လည်နိုင်ကြ ကုန်၏၊ အောက်၌လည်း ကမ္ဘာမြေ, ကမ္ဘာရေ, ကမ္ဘာလေဆုံးအောင် ရောက်နိုင်ကြကုန်၏၊ အထက်၌လည်း နတ်ပြည်အဆင့်ဆင့်, ဗြဟ္မာ့ ပြည်အဆင့်ဆင့်သို့ ရောက်နိုင်ကြကုန်၏၊ ထိုသို့သွားလာကြရာ၌လည်း တစ်မိနစ်ခန့်သွားလျှင် ယူဇနာမည်မျှ ပေါက်သည်၊ တစ်နာရီခန့် သွားလျှင် ယူဇနာမည်မျှပေါက်သည်ဟု- အတိုင်းအတာ အမှတ်အသားနှင့် သွားလာ နိုင်ကြကုန်၏။
ထို့ကြောင့် အလုံးစုံသော လောကဓာတ် အဆောက်အဦတို့၌ အဝေးအနီး, အကြီးအငယ်, အကျယ်အကျဉ်း, အတိုင်းအရှည်ပမာဏ တို့သည် ရှေးကမ္ဘာဦးမှစ၍ ယခုထက်တိုင် ကျမ်းစာတို့၌ ရှိနေကြကုန်၏။
ရှိပုံကား--- ကမ္ဘာမြေကြီးသည် အထုယူဇနာပေါင်း နှစ်သိန်း လေးသောင်းရှိ၏၊ ကမ္ဘာရေပြင်ကြီးသည် လေးသိန်းရှစ်သောင်းရှိ၏၊ ကမ္ဘာလေပြင်ကြီးသည် ကိုးသိန်းခြောက်သောင်းရှိ၏၊ တစ်ခုသော လောကဓာတ်သည် အရှေ့အနောက် ထုတ်ခြင်းပေါက် ယူဇနာပေါင်း တစ်သန်းနှစ်သိန်းသုံးထောင့် လေးရာငါးဆယ်ရှိ၏၊ တောင်နှင့်မြောက် လည်း ထို့အတူတည်း၊ လောကဓာတ်အဝန်းအဝိုင်းယူဇနာပေါင်း သုံးသန်းခြောက်သိန်းတစ်သောင်း သုံးရာငါးဆယ်ရှိ၏၊ ဤသို့ အစရှိသည် ဖြင့် အထက်ကိုဘဝဂ် အောက်ကိုအဝီစိတိုင်အောင် အလုံးစုံသော ကမ္ဘာအဆောက်အဦတို့၌ အတိုင်းအရှည်ပမာဏတို့သည် အသီးအသီး ရှိကြကုန်၏၊ သို့သော် ကျောင်းသားသူငယ်တို့နှင့် မတန်မရာဟုသင်္ခန်းစာတို့၌ အသုံးမပြုကြလေကုန်၊ ဤရောဟိတရသေ့ဝတ္ထု၌ ဗုဒ္ဓ မြတ်စွာ၏ နှုတ်တော်ထွက်စကားကိုသာ ပြဆိုရာ၏။
- ယတ္ထ ခေါ အာဂုသော န ဇာယတိ န ဇိယျတိ န မိယျတိ န စဝတိ န ဥပပဇ္ဇတိ၊ နာဟံ တံဂမနေန လောကဿ အန္တံ ဉာတေယျံ ဒိဋ္ဌေယျံ ပတ္တေယျန္တိ ဝဒါမိ။
- န ခေါပနာဟံ အာဝုသော အပ္ပတွာ လောကဿ အန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမိ။
- အပိစ ခွါဟံ အာဝုသော ဣမသ္မိံယေဝ ဗျာမမတ္တေ ကဠေဝရေ သသညမှိ သမနကေ လောကဉ္စ ပညာပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓ ဂါမိနိဉ္စ ပဋိပဒန္တိ။
[၎င်းသံယုတ်ပါဠိတော်။]
အာဝုသော=အသင်နတ်သား၊ ယတ္ထ=အကြင်လောက၏အဆုံး၌၊ နဇာယတိ=တစ်ဖန်ဖြစ်ခြင်း မရှိ၊ နဇိယျတိ=တစ်ဖန်အိုခြင်း မရှိ၊ န မိယျတိ=တစ်ဖန်သေခြင်း မရှိ၊ နစဝတိ=တစ်ဖန်ရွေ့လျောခြင်း မရှိ၊ န ဥပပဇ္ဇတိ=တစ်ဖန်ဘဝသို့ ကပ်ရခြင်း မရှိ၊ အဟံ=ငါဘုရားသည်၊ ဂမနေန= တန်ခိုးနှင့်သွားသဖြင့်၊ တံလောကဿအန္တံ=ထိုလောက၏အဆုံးကို၊ ဉာတေယျံ=သိအပ်၏ဟူ၍၊ ဒိဋ္ဌေယျံ=မြင်အပ်၏ဟူ၍၊ ပတ္တေယျံ= ရောက် အပ်၏ဟူ၍၊ ဣတိ=ဤသို့၊ နဝဒါမိ=မဟော။
အာဝုသော=အသင်နတ်သား၊ ခေါပန=စင်စစ်၊ အဟံ=ငါဘုရား သည်၊ လောကဿ=လောက၏၊ အန္တံ=အဆုံးသို့၊ အပ္ပတွာ=မရောက်ပြန် သည်ရှိသော်၊ ဒုက္ခဿ=ဝဋ်ဒုက္ခ၏၊ အန္တကိရိယံ=အဆုံးကိုပြုနိုင်ခြင်းကို၊ နဝဒါမိ=မဟော။
အာဝုသော=အသင်နတ်သား၊ အဟံ=ငါဘုရားသည်၊ အပိစခေါ= စင်စစ်သော်ကား၊ ဗျာမမတ္တေ=တစ်လံမျှလောက်သော၊ သသညမှိ= သညာနှင့်တကွသော၊ သမနကေ=စိတ်နှင့်တကွသော၊ ဣမသ္မိံယေဝ ကဠေဝရေ=ဤခန္ဓာ ကိုယ်တွင်း၌သာလျှင်၊ လောကဉ္စ=လောကကိုလည်း၊ ပညာပေမိ=ပညတ်၏၊ လောကသမုဒယဉ္စ=လောက၏ အဆက်ဆက် ပွါးစီးကြောင်းကိုလည်း၊ ပညာပေမိ=ပညတ်၏၊ လောကနိရောဓဉ္စ= လောက၏ချုပ်ရာ နိဗ္ဗာန်ကိုလည်း၊ ပညာပေမိ=ပညတ်၏၊ လောက နိရောဓဂါမိနိံ=လောက၏ချုပ်ရာနိဗ္ဗာန်သို့ရောက်စေတတ်သော၊ ပဋိပဒဉ္စ=မဂ္ဂင်ရှစ်ပါးတည်းဟူသော အကျင့်ပဋိပတ်ကိုလည်း၊ ပညာပေမိ= ပညတ်၏။
န ဂမနေန ပတ္တဗ္ဗော၊ လောကဿန္တော ကုဒါစနံ။ နစ အပ္ပတွာ လောကန္တံ၊ ဒုက္ခာ နတ္ထိ ပမောစနံ။
လောကဿ=ကမ္ဘာလောကကြီး၏၊ အန္တော=အဆုံးကို၊ ကုဒါစနံ= တစ်ရံတစ်ဆစ်မျှ၊ ဂမနေန=သွားခြင်းဖြင့်၊ နပတ္တဗ္ဗော=ရောက်သင့် ရောက်ထိုက်သည်မဟုတ်၊ လောကန္တံ=လောက၏အဆုံးသို့၊ အပ္ပတွာ= မရောက်ပါဘဲလည်း၊ ဒုက္ခာ=ဆင်းရဲအပေါင်းမှ၊ ပမောစနံ=လွတ်မြောက် ခြင်းသည်၊ နစအတ္ထိ=မရှိသည်သာလျှင်တည်း။
ဤပါဌ်တို့၏အဓိပ္ပါယ်ကား-- လောက၏အဆုံးမည်သည်၊ တန်ခိုးဖြင့်သွား၍ ရောက်ရိုးမရှိ၊ မဂ္ဂင်ရှစ်ပါးတည်းဟူသော အကျင့် ပဋိပတ်ဖြင့် သွားမှသာရောက်နိုင်၏၊ မဂ္ဂင်ရှစ်ပါး တည်းဟူသော အကျင့် ပဋိပတ်ဖြင့်သွားပါမူကား တစ်ခြားတစ်ပါးသို့ သွားဘွယ်မရှိ၊ ဤခန္ဓာ ကိုယ်၏အတွင်း၌ပင်လျှင် လောက၏အဆုံးကို တွေ့နိုင်၏ ဟူလိုသည်၊ လောက၏ အဆုံးဆိုသည်ကား နိဗ္ဗာန်ကိုဆို၏။
[ဤကား လောကဓာတ်မည်သည် အဆုံးမရှိ အနန္တဖြစ်ရကားလောကဓာတ်၏ မူတည်, မတည်, ဧရာတည်ဖြစ်သော ကမ္ဘာမြေကြီး, ကမ္ဘာရေကြီး, ကမ္ဘာလေကြီး တို့သည်လည်း အဆုံးမရှိ အနန္တဖြစ် ကြောင်းကို ပြဆိုချက်ပေတည်း။]
မြင့်မိုရ်တောင်ရှိပုံ ပြဆိုချက်
ဤ၌မြင့်မိုရ်တောင်ကြီးကိုပြဆိုရာ၏။
တစ်ခုသော လောကဓာတ်၏ အလယ်ချက်မ၌ မြင့်မိုရ်တောင်ကြီးသည် တည်ရှိ၏၊ အောက်မဟာသမုဒ္ဒရာ ရေထဲ၌ ယူဇနာပေါင်း ၈၄၀၀၀- နစ်၏၊ မဟာသမုဒ္ဒရာရေအပြင်မှ အထက်သို့ ယူဇနာပေါင်း ၈၄၀၀၀- မြင့်၏၊ ထိုအမြင့် ၈၄၀၀၀-တို့တွင်လည်း၊ အောက်အဘို့ ၄၂၀၀၀-သည် စာတုမဟာရာဇ်နတ်ပြည်တွင် အပါအဝင်ဖြစ်၏၊ အထက်အဘို့ ၄၂၀၀၀- သည်၊ တာဝတိံသာနတ်ပြည်တွင် အပါ အဝင်ဖြစ်၏၊ ၎င်းမြင့်မိုရ်တောင် ထိပ်၌ သုဒဿနမည်သော နတ်မြို့ ကြီးသည်ရှိ၏၊ သိကြားမင်းသည် ထိုမြို့၌နေ၍ နတ်ပြည် နှစ်ပြည်တို့ကို အုပ်စိုး၏၊ ဘုရင်ခံ နတ်မင်းကြီး ပေါင်းလည်း ၃-ကျိပ် ၂-ပါး ရှိ၏၊ အောက်စာတုမဟာရာဇ် နတ်ပြည်၌ လည်း ဘုရင်ခံနတ်မင်းကြီးလေးပါး ရှိ၏။
- မြင့်မိုရ်တောင်မှ အရှေ့မျက်နှာ တစ်ခွင်လုံးကို- ဓတရဋ္ဌ နတ်မင်းကြီး အုပ်စိုး၏။
- မြင့်မိုရ်တောင်မှ တောင်မျက်နှာ တစ်ခွင်လုံးကို- ဝိရုဠှက နတ်မင်းကြီး အုပ်စိုး၏။
- မြင့်မိုရ်တောင်မှ အနောက်မျက်နှာ တစ်ခွင်လုံးကို- ဝိရူပက္ခ နတ်မင်းကြီး အုပ်စိုး၏။
- မြင့်မိုရ်တောင်မှ မြောက်မျက်နှာ တစ်ခွင်လုံးကို- ကုဝေရ နတ်မင်းကြီး အုပ်စိုး၏။
နတ် ဘီလူး စစ်သူကြီးပေါင်းလည်း ၃-ကျိပ်ရှစ်ယောက်ရှိ၏၊ တစ်ရံသောအခါ နတ်မင်းကြီးတို့သည် အာဋာနာဋမည်သော နတ်မြို့၌ အစည်းအဝေးကြီး ပြုကြကုန်၍ အာဋာနာဋိယမည်သော ပရိတ်တော်ကြီးကို စီရင်ကြကုန်၍ မြတ်စွာဘုရားအား လျှောက်ကြား ဆက်သကြကုန်၏၊ အဘယ်အကျိုးငှါ ထိုပရိတ်တော်ကြီးကို စီရင် ဆက်သကြကုန်သနည်းဆိုသော် လူတို့နေရာ မြေအပြင်, တောတစ်ခွင်, တောင်တစ်ခွင်, မြစ်သမုဒ္ဒရာတစ်ခွင်တို့၌ အလွန်ရိုင်းစိုင်းသော အလွန်ကြမ်းတမ်းသော နတ်ဆိုးနတ်ဝါးတို့သည် သိန်းသန်းများစွာ ရှိကြကုန်၏။
လူတို့၌ ကပ်ဥပဒ်အန္တရာယ်အမျိုးမျိုးတို့ကို မိမိတို့တန်ခိုးဖြင့် ပြုလုပ်ကြကုန်၍ လူတို့၏ အသွေးတို့ကိုလည်းကောင်း, နွား ကျွဲ တိရစ္ဆာန်တို့၏ အသွေးတို့ကိုလည်းကောင်း, စုတ်ယူမျိုသောက် သေကျေ ပျက်ဆုံးသည်တိုင်ရောက်အောင် နှိပ်စက်ညှဉ်းပန်းတတ်ကြကုန်၏၊ လူတို့အား ထိုနတ်ဆိုးတို့ အန္တရာယ်ကို ကွယ်ကာခြင်းအကျိုးငှါ ထို ပရိတ်တော်ကြီးကို စီရင်ဆက်သကြကုန်၏၊ မြတ်စွာဘုရားသခင်သည် လည်း ထိုပရိတ်တော်ကြီးကို နတ်မင်းကြီးတို့ လျှောက်ကြားကြ သည့်အတိုင်း ရဟန်းတော်တို့အား အန္တရာယ်ကင်း ဆောင်ရွက်ကြရန် ဟောကြားတော်မူပေ၏၊ ယခုအခါ၌လည်း မြို့ရွာတို့၌ ကပ်ဥပဒ် အန္တရာယ်ရှိနေကြရာ ထိုပရိတ်တော်ကြီးကို များစွာရွတ်ဖတ်လျှင် ကပ် ဥပဒ်အန္တရာယ်ငြိမ်းတတ်သည် အမှန်ဖြစ်၏။
သို့သော် ထိုပရိတ်တော်ကြီးကို များစွာရွတ်ဖတ်လျှင် ရွတ်ဖတ် သူကို နတ်ဆိုးတို့က ငြိုးတတ်သည်ဟူ၍ အမှတ်ရှိကြသောကြောင့် မဖတ်ဝံ့ရှိနေကြကုန်၏၊ ထိုပရိတ်တော်ကြီးမှာ အနည်းငယ်မျှကိုသာ ထုတ်ယူ၍ ပရိတ်ကြီးစာ၌ ပါရှိသော အာဋာနာဋိယသုတ်မျှကိုသာ ရွတ်ဖတ်ကြကုန်၏။
ဆရာတော်မှာမူကား- ထိုပရိတ်တော်ကြီးကို မဖတ်သော်လည်း ကပ်ဥပဒ်အန္တရာယ်တို့ကို ပြုလုပ်လျက်ရှိနေသော နတ်ဆိုးတို့ကို ထိုမြို့ ထိုရွာမှ နေ့ချင်း, ညချင်း ထွက်ပြေးကြစေရန် ပြုလုပ်နိုင်သော နည်းလမ်း တို့ကို များစွာသိရှိသောကြောင့် ထိုနည်းလမ်းတို့ကိုသာ ပြုလုပ်ပေ၏၊ မြင့်မိုရ်တောင်ကြီးရှိကြောင်းကို အာဋာနာဋိယ ပရိတ်တော်ကို ထောက်၍ အမှန်သိအပ်၏။
ဣတော သာ ပုရိမာဒိသာ၊ ဣတိ နံ အာစိက္ခတိ ဇနော။
ယံ ဒိသံ အဘိပါလေတိ၊ မဟာရာဇာ ယသဿိ သော။
ဂန္ဓဗ္ဗာနံ အဓိပတိ၊ ဓတရဋ္ဌောတိ နာမသော။
ဣတော=ဤမြင့်မိုရ်တောင်ကြီးမှ၊ သာ=ထိုနေထွက်သော အရပ် သည်၊ ပုရိမာဒိသာ=အရှေ့အရပ်မည်၏၊ ဣတိ=ဤသို့၊ ဇနော=လူ အပေါင်းသည်၊ နံ=ထိုအရှေ့အရပ်ကို၊ အာစိက္ခတိ=ပြောကြားတတ်၏၊ ယံ ဒိသံ= အကြင် အရှေ့အရပ်ကို၊ ယသဿီ= များသောအခြံအရံရှိသော၊ သော မဟာရာဇာ=ထိုနတ်မင်းကြီးသည်၊ အဘိပါလေတိ=အုပ်စိုး စောင့် ရှောက်၏၊ ဂန္ဓဗ္ဗာနံ=ဂန္ဓဗ္ဗနတ်မျိုးတို့၏၊ အဓိပတိ=အကြီးအကဲဖြစ်၏၊ နာမသော=အမည်အားဖြင့်၊ ဓတရဋ္ဌောတိ=ဓတရဋ္ဌနတ်မင်းကြီးဟူ၍၊ ဝိသုတော=ကျော်စော၏။
[ဤပါဠိတော်၌ “ဣတော” ဟူသောပါဌ်သည် မိမိတို့နေရာ မြင့်မိုရ် တောင်ကြီးကို စွဲချက်ပေတည်း။]
တောင်မျက်နှာအရပ်၌။
ဣတော သာ ဒက္ခိဏာဒိသာ၊ ဣတိ နံ အာစိက္ခတိ ဇနော။
ယံ ဒိသံ အဘိပါလေတိ၊ မဟာရာဇာ ယသဿိ သော။
ဂုမ္ဘဏ္ဍာနံ အဓိပတိ၊ ဝိရုဠှော ဣတိ နာမသော။
ဟူ၍လာ၏။
အနောက်မျက်နှာအရပ်၌လည်း။
ဣတော သာ ပစ္ဆိမာဒိသာ၊ ဣတိ နံ အာစိက္ခတိ ဇနော။
ယံ ဒိသံ အဘိပါလေတိ၊ မဟာရာဇာ ယသဿိ သော။
နာဂါနဉ္စ အဓိပတိ၊ ဝိရူပက္ခောတိ နာမသော။
ဟူ၍လာ၏။
မြောက်မျက်နှာ အရပ်၌လည်း။
ဣတော သာ ဥတ္တရဒိသာ၊ ဣတိ နံ အာစိက္ခတိ ဇနော။
ယံ ဒိသံ အဘိပါလေတိ၊ မဟာရာဇာ ယသဿိ သော။
ယက္ခာနဉ္စ အဓိပတိ၊ ကုဝေရော ဣတိ နာမသော။
ဟူ၍လာ၏၊။ အနက်သိသာပြီ။
ဤမြောက်မျက်နှာစကားရပ်၌မူကား
မြင့်မိုရ်တောင်ကြီးသည်လည်း တိုက်ရိုက်ပါရှိ၏၊ မြောက်ကျွန်းသူ, မြောက်ကျွန်းသားတို့၏ အကြောင်းအရာသည်လည်း တိုက်ရိုက်ပါရှိ၏၊
(၁) ယေန ဥတ္တရကုရုဝှေါ၊၊ မဟာနေရု သုဒဿနော။
မနုဿာ တတ္ထ ဇာယန္တိ၊ အ မမာ အ ပရိဂ္ဂဟာ။
(၂) န တေ ဗီဇံ ပဝပ္ပန္တိ၊ နာပိ နိယျန္တိ နင်္ဂလံ။
အကဋ္ဌပါကိ မံ သာလိံ၊ ပရိဘုဉ္ဇန္တိ မာနုသာ။
(၃) အကဏံ အထုသံ သုဒ္ဓံ၊ သုဂန္ဓိံ တဏ္ဍုလပ္ဖလံ။
တုဏ္ဍိကိရေ ပစိတွာန၊ တတော ဘုဉ္ဇန္တိ ဘောဇနံ။
(၁) သုဒဿနော=အလွန်ကြည့်ရှုဖွယ်ကောင်းသော၊ မဟာ နေရု=မြင့်မိုရ်တောင်ကြီးသည်၊ အတ္ထိ=ရှိ၏၊ တတော=ထိုမြင့်မိုရ် တောင်ကြီးမှ၊ ယေန=အကြင်မြောက်အရပ်၌၊ ဥတ္တရကုရုဝှေါ= ဥတ္တရ ကုရုအမည်ရှိသော မြောက်ကျွန်းသည်၊ အတ္ထိ=ရှိ၏၊ တတ္ထ=ထို မြောက်ကျွန်း၌၊ အမမာ= ငါ၏ပိုင်နက်ဟူ၍ စွဲလမ်းခြင်းမရှိကြကုန်သော၊ အပရိဂ္ဂဟာ=ငါ၏လင်, ငါ၏မယား, ငါ၏သား, ငါ၏ဥစ္စာဟူ၍ သိမ်းပိုက် ခြင်းမရှိကြကုန်သော၊ မနုဿာ=လူတို့သည်၊ ဇာယန္တိ=ဖြစ်ကြကုန်၏။
(၂) တေ= ထိုမြောက်ကျွန်းသူတို့သည်၊ ဗီဇံ=ကောက်ပဲမျိုးစေ့ကို၊ နပဝပ္ပန္တိ=စိုက်ပျိုးခြင်းမရှိကြကုန်၊ နင်္ဂလံ= ထွန်မှု, ယက်မှုကိရိယာကိုလည်း၊ နာပိနိယျန္တိ=ဆောင်ယူထွန်ယက်ခြင်း မရှိကြကုန်၊ မာနုသာ=မြောက် ကျွန်းသားတို့သည်၊ အကဋ္ဌပါကိမံ=မထွန်မယက်ဘဲ သလေးခင်းတို့၌ အလိုအလျောက် ပေါက်ရောက်ပွင့်သီး မှည့်ရင့်ပြီးသော၊ သာလိံ= သလေးဆန်ကို၊ ပရိဘုဉ္ဇန္တိ=သုံးဆောင်ကြကုန်၏။
(၃) အကဏံ=ဆန်ကျိုး, ဆန်ကွဲလည်းမပါထသော၊ အထုသံ= အကြမ်းလည်းမပါထသော၊ သုဒ္ဓံ= စင်ကြယ်စွာထသော၊ တဏ္ဍုလပ္ဖလံ= ဆန်သီးကို၊ တုဏ္ဍိကိရေ=ဇောတိပါသာဏမည်သော ကျောက်ပေါ်၌၊ ပစိတွာန=တင်ထား ချက်ပြုတ်၍၊ တတော=ထိုကျောက်ပေါ်မှ၊ ဘောဇနံ= ဘောဇဉ်ကို၊ ဘုဉ္ဇန္တိ=စားကြကုန်၏။
[ဤပါဠိ၌ မြင့်မိုရ်တောင်ကြီးသည် တိုက်ရိုက်ပါရှိ၏၊ အတိုင်းအရှည် ပမာဏမူကား မပါ၊ တစ်ပါးသော ပါဠိတော်များ၌ ပါရှိ၏၊]
သိနေရု ဘိက္ခဝေ ပဗ္ဗတရာဇာ စတုရာသီတိယောဇနသဟဿာနိ အာယာမေန၊ စတုရာသီတိ ယောဇန သဟဿာနိ ဝိတ္ထာရေန၊ မဟာသမုဒ္ဒေ အဇ္ဈောဂါဠှော စတုရာသီတိ ယောဇနသဟဿာနိ၊ မဟာသမုဒ္ဒါ အစ္စုဂ္ဂတော ဟောတိ။
(သတ္တအင်္ဂုတ္တိုရ်ပါဠိတော်။)
ဘိက္ခဝေ=ရဟန်းတို့၊ သိနေရုပဗ္ဗတရာဇာ=မြင့်မိုရ်တောင် မင်းသည်၊ အာယာမေန=အလျား အားဖြင့်၊ စတုရာသီတိ ယောဇန သဟဿာနိ=ယူဇနာပေါင်း ၈၄၀၀၀-တို့သည်၊ ဟောန္တိ=ဖြစ်ကုန်၏၊ ဝိတ္ထာရေန=အနံအားဖြင့်၊ စတုရာသီတိ ယောဇနသဟဿာနိ= ယူဇနာ ပေါင်း ၈၄၀၀၀-တို့သည်၊ ဟောန္တိ=ဖြစ်ကုန်၏၊ စတုရာသီတိ ယောဇန သဟဿာနိ=ယူဇနာ ၈၄၀၀၀-တို့တိုင်တိုင်၊ မဟာသမုဒ္ဒေ=မဟာ သမုဒ္ဒရာ၌၊ အဇ္ဈောဂါဠှော=နစ်မြုပ်၏၊ စတုရာသီတိယောဇနသ ဟဿာနိ=ယူဇနာပေါင်း ၈၄၀၀၀-တိုင်တိုင်၊ မဟာသမုဒ္ဒါ=မဟာသမုဒ္ဒရာ ရေအပြင်မှ၊ အစ္စုဂ္ဂတော=အထက်သို့မြင့်သည်၊ ဟောတိ=ဖြစ်၏။
[ဤကား- မြင့်မိုရ်တောင်ကြီး၏ အလျား, အနံ, အမြင့် ပမာဏကိုပြဆိုသော ပါဠိ သာဓကများပေတည်း။]
မြင့်မိုရ်တောင်ကို နေဗိမာန် လှည့်လည်ပုံပြဆိုချက်
နေဗိမာန်သည် မြင့်မိုရ်တောင်ကြီးကို အမြဲလှည့်လည်၍ နေကြောင်းကိုလည်း ဤပရိတ်တော်ကြီး၌ လာရှိလေ၏၊
(၁) ယတော ဥဂ္ဂစ္ဆတိ သူရိယော၊ အာဒိစ္စော မဏ္ဍလီမဟာ။ ယဿ ဥဂ္ဂစ္ဆမာနဿ၊ သံဝရီပိ နိရုဇ္ဈတိ။
ယဿဥဂ္ဂတေသူရိယေ၊ ဒိဝသောတိ ပဝုစ္စတိ။
(၂) ယတ္ထ စောဂ္ဂစ္ဆတိ သူရိယော၊ အာဒိစ္စော မဏ္ဍလီမဟာ။
ယဿ စောဂ္ဂစ္ဆမာနဿ၊ ဒိဝသောပိ နိရုဇ္ဈတိ။
ယဿ စောဂ္ဂတေ သူရိယေ၊ သံဝရီတိ ပဝုစ္စတိ။
(၁) ယတော=အကြင်အရှေ့အရပ်မှ၊ အာဒိစ္စော=လျှံလျှံ တောက်သော၊ မဏ္ဍလီမဟာ=ကြီးသောအဝန်း အဝိုင်းရှိသော၊ သူရိယော= နေသည်၊ ဥဂ္ဂစ္ဆတိ=တက်၏၊ ယဿ=အကြင်နေဝန်းသည်၊ ဥဂ္ဂစ္ဆမာနဿ= တက်ဆဲဖြစ်သည်ရှိသော်၊ သံဝရီပိ=ညဉ့်မှောင်သည်လည်း၊ နိရုဇ္ဈတိ= ချုပ်ပျောက်၏၊ ယဿ-ယသ္မံသူရိယေ=အကြင်နေဝန်းသည်၊ ဥဂ္ဂတေ= နေလုံးပေါ်အောင်တက်သည်ရှိသော်၊ ဒိဝသောတိ=နေ့အခါဟူ၍၊ ပဝုစ္စတိ=ဆိုအပ်၏။
(၂) ယတ္ထ=အကြင်အနောက်အရပ်၌၊ အာဒိစ္စော=လျှံလျှံ တောက်သော၊ မဏ္ဍလီမဟာ=ကြီးသောအဝန်းအဝိုင်း ရှိသော၊ သူရိယော= နေသည်၊ ဩဂ္ဂစ္ဆတိ=ဝင်ဆဲဖြစ်၏၊ ယဿ=အကြင်နေဝန်းသည် ဩဂ္ဂစ္ဆမာနဿ=ဝင်ဆဲဖြစ်သည်ရှိသော်၊ သံဝရီတိ=ညဉ့်အခါဟူ၍၊ ပဝုစ္စတိ=ဆိုအပ်၏၊ ယဿ-ယသ္မိံသူရိယေ=အကြင်နေဝန်းသည်၊ ဩဂ္ဂတေ=နေလုံးပျောက်အောင် ဝင်ပြီးသည်ရှိသော်၊ ဒိဝသောပိ=နေ့ အခါသည်လည်း၊ နိရုဇ္ဈတိ=ချုပ်၏။
- အရှေ့ကျွန်း၌ မွန်းမတ်မတ်တည့်ဆဲအခါ ဤတောင် ကျွန်း၌ အရုဏ်တက်၏၊ ညဉ့်မှောင်ပျောက်၏။
- အရှေ့ကျွန်း၌ မွန်းလွဲသောအခါ ဤတောင်ကျွန်း၌ နေဝန်းပေါ်၏၊ နေ့အခါဖြစ်၏။
- အနောက်ကျွန်း၌ မွန်းတည့်ဆဲအခါ ဤတောင်ကျွန်း၌ ညချမ်းသို့ ရောက်၏။
- အနောက်ကျွန်း၌ မွန်းလွဲသောအခါ ဤတောင်ကျွန်း၌ နေ့အခါ လုံးလုံးပျောက်၏၊ ညဉ့်အခါသို့ရောက်၏။
ဤစကား ၂-ရပ်ဖြင့် “သုံးကျွန်းလင်းခိုက် တစ်ကျွန်းမိုက်၏” ဟူသောအချက် “နှစ်ကျွန်းလင်းခိုက် နှစ်ကျွန်းမိုက်၏” ဟူသော အချက်ကိုပြဆိုရာ၏။
ပြဆိုပုံကား-- အရှေ့ကျွန်း၌ မွန်းမတ်မတ်တည့်ခိုက် မြောက်ကျွန်း၌ နေရောင်ရှိသေး၏၊ လင်းသေး၏၊ တောင်ကျွန်း၌ အရုဏ်တက်၏၊ လင်း၏၊ အနောက်ကျွန်း၌ သန်းခေါင်ဖြစ်၏။
[ဤကား- သုံးကျွန်းလင်းခိုက် တစ်ကျွန်းမိုက်ပုံတည်း။]
အရှေ့ကျွန်း၌ မွန်းလွဲသောအခါ အရှေ့ကျွန်းနှင့် တောင်ကျွန်း၌ နေ့အခါဖြစ်၏၊ အနောက်ကျွန်းနှင့် မြောက်ကျွန်း၌ ညဉ့်အခါဖြစ်၏၊ [ဤကား-နှစ်ကျွန်းလင်းခိုက် နှစ်ကျွန်းမိုက်ပုံတည်း။]
ဤနည်းတူ ကျန်ရှိသောကျွန်းတို့၌ မွန်းတည့်ခိုက်, မွန်းလွဲ ခိုက်တို့ကို ဆိုလေ၊ ဤစကားရပ်တို့ဖြင့် နေသည် မြင့်မိုရ်တောင်ကြီးကို အစဉ်အမြဲ လှည့်လည်၍ နေသည့်အတွက်ကြောင့် လေးကျွန်းတို့၌ နေ့အခါ, ညဉ့်အခါဟူ၍ ခြားနားချက်ရှိသည်ကို အမှန်သိအပ်၏။
သိပုံကား-- လ, ကြယ်, နက္ခတ်တို့မည်သည် နေရောင်ရှိသော နေ့အခါ၌ မပေါ်မထွန်းနိုင်ကြကုန်၊ နေရောင်မရှိသော ညဉ့်အခါ၌သာ ပေါ်ထွန်းနိုင်ကြကုန်၏၊ အထက်ကောင်းကင်မှာ ညဉ့်မှောင်တည်ရှိသော အခါ၌သာ လ, ကြယ်, နက္ခတ်တို့ကို မြင်ကြရကုန်သည်၊ လူအများတို့၏ မျက်မြင်ဒိဋ္ဌဖြစ်ကြ၏၊ ထိုအထက်ကောင်းကင်၌ ညဉ့်မှောင်သည် အဘယ်မှဖြစ်သနည်းဆိုသော် နေရောင်ကို ကွယ်ကာနိုင်သော မြင့်မိုရ် တောင်ကြီးမှဖြစ်သော မြင့်မိုရ်တောင်ရိပ်ကြီးပင်တည်းဟု အမှန်အားဖြင့် သိအပ်၏၊။လူ့ပြည်၌မူကားနေသည် အလွန်ဝေးစွာသော အရှေ့ အရပ်၌ တည်ခဲ့သော်လည်းကောင်း အလွန်ဝေးစွာသော အနောက် အရပ်၌ တည်ခဲ့သော်လည်းကောင်း, အကြား၌ရှိနေကြကုန်သော သစ်ပင်,တော,တောင်တို့သည် နေရောင်ကို ကွယ်ကာနိုင်ကြကုန်၏၊ ညဉ့်မှောင်ကို ပြုနိုင်ကြကုန်၏။
[ဤကား နေသည်မြင့်မိုရ်တောင်းကြီးကို အမြဲလှည့်လည်၍ နေရာ၌ ပါဠိသက်သေ, များပေတည်း။]
အတွင်းသမုဒ္ဒရာ ရှိပုံပြဆိုချက်
ထိုမြင့်မိုရ် တောင်ကြီးကိုလည်း အတွင်းမဟာသမုဒ္ဒရာကြီး ဝန်းဝိုင်းလျက် တည်ရှိကြောင်းကို ၎င်းပရိတ်တော်ကြီး၌
ရဟဒေါပိ တတ္ထ ဂမ္ဘီရော သမုဒ္ဒေါ သရိတောဒကော၊ ဟူ၍လာ၏။
တတ္ထ=ထိုအရှေ့အရပ်၌၊ ရဟဒေါပိ=ရေအိုင်ကြီးသည်လည်း၊ ဂမ္ဘီရော=အလွန်နက်၏၊ သရိတောဒကော=လှုပ်ရှားသောရေရှိသော၊ သမုဒ္ဒေါ=မဟာသမုဒ္ဒရာကြီးပေတည်း။
ဤအတွင်း သမုဒ္ဒရာကြီးသည်လည်း- အနက်, အကျယ် အဘယ်မျှ ရှိသည်ဟု ဤပါဠိတော်၌မလာ၊ တစ်ပါးသော ပါဠိတော်များ၌ အနက်, အကျယ်ယူဇနာ ၈၄၀၀၀-ရှိသည်ဟုလာ၏။
နေမိဇာတ်ပါဠိတော်၌ကား- မြင့်မိုရ်တောင်ကြီး၏အရံ တောင်စဉ် ၇-ထပ်ရှိကြောင်းလာ၏၊ တောင်စဉ် ၇-ထပ်တို့၏ အကြား၌လည်း အတွင်းသမုဒ္ဒရာကြီးနှင့်တကွ သီတာသမုဒ္ဒရာ ၇-တန်ရှိကြောင်း လာ၏၊ [ဤကား အတွင်းသမုဒ္ဒရာတို့ကို ပြဆိုချက်ပေတည်း။]
အံ့ဖွယ်ရှစ်ဖြာ အပသမုဒ္ဒရာပြဆိုချက်
အဋ္ဌိမေ ဘိက္ခဝေ မဟာသမုဒ္ဒေ အစ္ဆရိယာ အဗ္ဘုတဓမ္မာ ကတမေ အဋ္ဌ။
၁။ မဟာသမုဒ္ဒေါ ဘိက္ခဝေ အနုပုဗ္ဗနိန္နော အနုပုဗ္ဗပေါဏော အနုပုဗ္ဗပဗ္ဗာရော န အာယတကေနေဝ ပပါတော၊ အယံ ဘိက္ခဝေ မဟာသမုဒ္ဒေ ပဌမော အစ္ဆရိယော။
၂။ ပုနစပရံ ဘိက္ခဝေ မဟာသမုဒ္ဒေါ ဌိတဓမ္မော ဝေလံ နာတိဝတ္တတိ၊ အယံ ဘိက္ခဝေ မဟာသမုဒ္ဒေ ဒုတိယော အစ္ဆရိယော။
၃။ ပုနစပရံ ဘိက္ခဝေ မဟာသမုဒ္ဒေါ န မတေန ကုဏပေန သံဝသတိ၊ ယံ ဟောတိ မဟာသမုဒ္ဒေ မတံ ကုဏပံ တံ ခိပ္ပညေဝ တီရံ ဝါဟေတိ၊ ထလံ ဥဿာပေတိ၊ အယံ ဘိက္ခဝေ မဟာသမုဒ္ဒေ တတိယော အစ္ဆရိယော။
၄။ ပုနစပရံ ဘိက္ခဝေ ယာကာစိ မဟာနဒိယော သေယျထိဒံ၊ ဂင်္ဂါ-ယမုနာ-အစိရဝတီ-သရဘူ-မဟီ-တာ မဟာသမုဒ္ဒံ ပတ္တာ ဇဟန္တိ ပုရိမာနိ နာမဂေါတ္တာနိ မဟာသမုဒ္ဒေါတွေဝ သချႍ ဂစ္ဆန္တိ၊ အယံ ဘိက္ခဝေ မဟာသမုဒ္ဒေ စတုတ္ထော အစ္ဆရိယော။
၅။ ပုနစပရံ ဘိက္ခဝေ ယာစ လောကေ သဝန္တိယော မဟာသမုဒ္ဒံ အပ္ပေန္တိ၊ ယာစ အန္တလိက္ခဓာရာ ပပတန္တိ၊ န တေန မဟာသမုဒ္ဒဿ ဦနတ္တံဝါ ပူရတ္တံဝါ ပညာယတိ၊ အယံ ဘိက္ခဝေ မဟာသမုဒ္ဒေ ပဉ္စမော အစ္ဆရိယော။
၆။ ပုနစပရံ ဘိက္ခဝေ မဟာသမုဒ္ဒေါ ဧကရသော လောဏ ရသော၊ အယံ ဘိက္ခဝေ မဟာသမုဒ္ဒေ ဆဋ္ဌော အစ္ဆရိယော။
၇။ ပုနစပရံ ဘိက္ခဝေ မဟာသမုဒ္ဒေါ ဗဟုလရတနော အနေက ရတနော၊ တတြိမာနိ ရတနာနိ၊ သေယျထိဒံ၊ မုတ္တာ-မဏိဝေဠုရိယော-သင်္ခေါ-သိလာ-ပဝါဠံ-ရဇတံ-ဇာတရူပံလောဟိတင်္ကော-မသာရဂလ္လံ၊ အယံ ဘိက္ခဝေ မဟာသမုဒ္ဒေ သတ္တမော အစ္ဆရိယော။
၈။ ပုနစပရံ ဘိက္ခဝေ မဟာသမုဒ္ဒေါ မဟတံ ဘူတာနံ အာဝါသော၊ တတြိမေ ဘူတာ တိမိ, တိပိင်္ဂလာ, တိမိတိ ပိင်္ဂလာ, အသုရာ, နာဂါ, ဂန္ဓဗ္ဗာ သန္တိ၊ မဟာသမုဒ္ဒေ ယောဇန သတိကာပိ အတ္တဘာဝါ ဒွိယောဇနသတိကာပိ အတ္တဘာဝါ တိယောဇနသတိကာပိ အတ္တဘာဝါ စတုယောဇနသတိကာပိ အတ္တဘာဝါ ပဉ္စယောဇနသတိကာပိ အတ္တဘာဝါ၊ အယံ ဘိက္ခဝေ မဟာသမုဒ္ဒေ အဋ္ဌမော အစ္ဆရိယော အဗ္ဘုတဓမ္မော။ [ဝိနည်းစူဠဝါပါဠိတော်-ပါတိမောက္ခ ထပနခန္ဓက။]
၁။ ဘိက္ခဝေ=ရဟန်းတို့၊ မဟာသမုဒ္ဒေ=မဟာသမုဒ္ဒရာ၌၊ အစ္ဆရိယာ=အံ့ဖွယ်သရဲတို့သည်၊ အဗ္ဘုတဓမ္မာ=မဖြဟ်ဖူးမြဲဖြစ်ပေါ်လာ သော ဓမ္မသဘောတို့သည်၊ ဣမေအဋ္ဌ=ဤရှစ်ပါးတို့တည်း။
ကတမေအဋ္ဌ= အဘယ်ရှစ်ပါးတို့နည်းဟူမူကား
ဘိက္ခဝေ=ရဟန်းတို့၊ မဟာသမုဒ္ဒေါ=မဟာသမုဒ္ဒရာသည်၊ အနုပုဗ္ဗနိန္နော=အစဉ်အတိုင်းနိမ့်၏၊ အနုပုဗ္ဗပေါဏော=အစဉ်အတိုင်း ကိုင်း၏၊ အနုပုဗ္ဗပဗ္ဗာရော= အစဉ်အတိုင်းရှိုင်း၏၊ အာယတကေနေဝ= စတဲ့ခြင်းဖြင့်သာလျှင်၊ ပပါတော=အနက်ကြီးနက်၍သွားသည်၊ န=မဟုတ်၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤသည်ကား၊ မဟာသမုဒ္ဒေ=မဟာသမုဒ္ဒရာ ၌၊ ပဌမော=ရှေးဦးစွာသော၊ အစ္ဆရိယော=အံ့ဖွယ်သရဲကြီးပေတည်း။ [အလယ်၌ ကျွန်းစွန်း, ကျွန်းစမှစ၍ပြင်ဖက်၌စကြဝဠာတောင် ခြေရင်းတိုင်အောင် အစဉ်အတိုင်း နိမ့်ရှိုင်း၍ သွားသည်ဟူလို။]
၂။ ဘိက္ခဝေ=ရဟန်းတို့၊ ပုနစပရံ=တစ်ဖန်တစ်ပါးတုံ၊ မဟာ သမုဒ္ဒေါ=မဟာသမုဒ္ဒရာသည်၊ ဌိတဓမ္မော=တည်တံ့သော သဘောရှိ၏၊ ဝေလံ=ကမ်းကို၊ နာတိဝတ္တတိ=မလွန်၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤ သည်ကား၊ မဟာသမုဒ္ဒေ=မဟာသမုဒ္ဒရာကြီး၌၊ ဒုတီယော= နှစ်ခုမြောက် သော၊ အစ္ဆရိယော=အံ့ဖွယ်သရဲကြီးပေတည်း။
[တစ်ရံတစ်ခါ၌ မည်သည့်ကျွန်းကို မည်သည့် မြို့ကိုမည်သည့် နယ်ကို ပင်လယ်ရေ လွှမ်းသည်ဟု- ဖြစ်ရသည်ကား ထိုအရပ်၌နေသောသူ တို့၏ ပါဏာတိပါတစသော အကြောင်းထူးပေတည်းဟူလို။]
၃။ ဘိက္ခဝေ=ရဟန်းတို့၊ ပုနစပရံ=တစ်ဖန်တစ်ပါးတုံ၊ မဟာ သမုဒ္ဒေါ=မဟာသမုဒ္ဒရာသည်၊ မတေန=သေပြီးသော၊ ကုဏပေန= အကောင်ပုပ်နှင့်၊ နသံဝသတိ=မပေါင်းဖေါ်၊ မဟာသမုဒ္ဒေ=မဟာ သမုဒ္ဒရာ၌၊ မတံ=သေပြီးသော၊ ယံကုဏပံ= အကြင်အကောင် ပုပ်သည်၊ ဟောတိ=ရှိလာ၏၊ တံကုဏပံ=ထိုအကောင်ပုပ်ကို၊ ခိပ္ပညေဝ=လျင်စွာ သာလျှင်၊ တီရံ=ကမ်းသို့၊ ဝါဟေတိ=မျှောလိုက်၏၊ ထလံ=ကုန်းသို့၊ ဥဿာပေတိ=တင်လိုက်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤသည်ကား၊ မဟာသမုဒ္ဒေ=မဟာသမုဒ္ဒရာ၌၊ တတီယော=သုံးခုမြောက်သော၊ အစ္ဆရိယော=အံ့ဖွယ်သရဲကြီးပေတည်း။
[မဟာသမုဒ္ဒရာကြီးမည်သည် ရေနက်ရာ၌ အလွန်လှိုင်းကြီး၏။
ရေနက်လေလေ အလွန်လှိုင်းကြီးလေ လေဖြစ်၏၊ မဟိန္ဒမည်သော လှိုင်းသည် ယူဇနာခြောက်ဆယ်မျှ တက်၏ဟု-ကျမ်းဂန်တို့၌ဆို၏၊ လေဖြင့် အထက်သို့ တက်သောလှိုင်းဖြစ်လေ၏၊ထိုလှိုင်းတို့မှဖြစ်သော ဂရက်တို့သည်ကမ်းဆီသို့သာ ပြေးကုန်၏၊ ထို့ကြောင့် အသေကောင် ဟူသမျှတို့သည် ကမ်းသို့သာရောက်လာကြရကုန်၏၊ အသေကောင် သာမဟုတ်သေး သမုဒ္ဒရာ၌ ပျက်သောသဘောင်္ကြီးပင်ဖြစ်သော် လည်း ကမ်းသို့လာရောက်ရမြဲဓမ္မတာပေတည်း ဟူလို။]
၄။ ဘိက္ခဝေ=ရဟန်းတို့၊ ပုနစ=တစ်ဖန်လည်း၊ အပရံ=တစ်ပါးတုံ၊ ယာကာစိ=အလုံးစုံကုန်သော၊ မဟာနဒိယော=မြစ်ကြီးတို့သည်၊ သန္တိ= ရှိကုန်၏၊ သေယျထိဒံ=အဘယ်တို့နည်းဟူမူကား၊ ဂင်္ဂါ=ဂင်္ဂါမြစ်ကြီး လည်းကောင်း၊ ယမုနာ=ယမုနာမြစ်ကြီးလည်းကောင်း၊ အစိရဝတီ= အစိရဝတီမြစ်ကြီးလည်းကောင်း၊ သရဘူ= သရဘူမြစ်ကြီးလည်းကောင်း၊ မဟီ=မဟီမြစ်ကြီးလည်းကောင်း၊ တာ=ထိုမြစ်ကြီးငါးသွယ်တို့သည်၊ မဟာသမုဒ္ဒံ=မဟာသမုဒ္ဒရာသို့၊ ပတ္တာ=ရောက်ကုန်သည်ရှိသော်၊ ပုရိမာနိ= ရှေး၌ဖြစ်ကုန်သော၊ နာမဂေါတ္တာနိ=အမည်အနွယ်တို့ကို၊ ဇဟန္တိ= စွန့်ကြကုန်၏၊ မဟာ သမုဒ္ဒေါတွေဝ=မဟာသမုဒ္ဒရာဟူ၍သာလျှင်၊ သချႍ= ရေတွက်ခြင်းသို့၊ ဂစ္ဆန္တိ=ရောက်ကုန်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ= ဤသည်ကား၊ မဟာသမုဒ္ဒေ=မဟာသမုဒ္ဒရာ၌၊ စတုတ္ထော=လေးခု မြောက်သော၊ အစ္ဆရိယော=အံ့ဖွယ်သရဲကြီးပေတည်း။
၅။ ဘိက္ခဝေ= ရဟန်းတို့၊ ပုနစပရံ=တစ်ဖန်တစ်ပါးတုံ၊ လောကေ= လောက၌၊ ယာစသဝန္တိယော=အကြင် မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ ချောင်းများစွာတို့သည်၊ မဟာသမုဒ္ဒံ=မဟာသမုဒ္ဒရာသို့၊ အပ္ပေန္တိ= စီးဝင်ကုန်၏၊ ယာစ အန္တလိက္ခဓာရာ=အကြင်ကောင်းကင်ရှိ မိုးရေ အယဉ်တို့သည်၊ ပပတန္တိ= နှစ်စဉ်ကျကုန်၏၊ တေန=ထိုသို့ကျခြင်း ကြောင့်၊ မဟာသမုဒ္ဒဿ=မဟာသမုဒ္ဒရာကြီး၏၊ ဦနတ္တံဝါ=ယုတ်လျော့သည်၏ အဖြစ်သည်လည်းကောင်း၊ ပူရတ္တံဝါ=ပြည့်ဖြိုးသည်၏အဖြစ်သည် လည်းကောင်း၊ နပညာယတိ=မထင်၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤ သည်ကား၊ မဟာသမုဒ္ဒေ=မဟာသမုဒ္ဒရာ၌၊ ပဉ္စမော=ငါးခုမြောက်သော၊ အစ္ဆရိယော=အံ့ဖွယ်သရဲကြီးပေတည်း။
မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ ချောင်းများစွာတို့သည် တစ်ကမ္ဘာလုံး နာရီမစဲ အမြဲစီးဝင်၍နေပါလျက်၊ ကောင်းကင်ကျ မိုးရေအယဉ်တို့သည် နှစ်စဉ်ရွာသွန်း၍ နေပါလျက်၊ သမုဒ္ဒရာရေ သည် ပြည့်ဖြိုးတိုးတက်သည်ဟု မရှိခြင်းသည်ကား- အလျား, အနံ, အနက်, အကျယ်, ကြီးကျယ်သည့်အတွက်ပေတည်း၊ အနံသည်လည်း ယူဇနာပေါင်း ရှစ်သောင်း နှစ်ထောင်ကျယ်၏၊ အနက်သည်လည်း စကြဝဠာတောင်ခြေ၌ ရှစ်သောင်း နှစ်ထောင်နက်၏၊ အလျားအား ဖြင့်လည်း ယူဇနာပေါင်း သုံးသန်းခြောက်သိန်းတစ်သောင်း သုံးရာ့ငါးဆယ်၊ ၃၆၁၀၃၅၀-ရှိ၏ဟူလိုသည်၊ ဤအလျားယူဇနာ သည်ပင်လျှင် တစ်ခုသောလောကဓာတ်ကြီး၏ အဝန်းအဝိုင်းကြီးပေ တည်း၊ ထိုတစ်ခုသောလောက ဓာတ်ကြီး၏ အဝန်းအဝိုင်းသည်လည်း အင်္ဂလိပ်မိုင်အားဖြင့် လေးကုဋေခြောက်သန်း ကိုးသိန်းသုံးသောင်း လေးထောင့်ငါးရာ့ငါးဆယ်၊ ၄၆၉၃၄၅၅၀-ရှိ၏၊ လောကဓာတ်ဆရာ တို့ ကမ္ဘာမြေလုံးမည်သည်ကား၊ အင်္ဂလိပ်မိုင်ပေါင်း ၂၉၀၀၀- မျှရှိသည်ဟုဆို၏။
၆။ ဘိက္ခဝေ=ရဟန်းတို့၊ ပုနစပရံ=တစ်ဖန်တစ်ပါးတုံ၊ မဟာသမုဒ္ဒေါ=မဟာသမုဒ္ဒရာသည်၊ ဧကရသော=တစ်ခုသော အရသာရှိ၏၊ လောဏရသော=ဆားငံရေအရသာရှိ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ= ဤသည်ကား၊ မဟာသမုဒ္ဒေ=မဟာသမုဒ္ဒရာ၌၊ ဆဋ္ဌော=ခြောက်ခု မြောက်သော၊ အစ္ဆရိယော=အံ့ဖွယ်သရဲကြီးပေတည်း။
[ကြီးကျယ်လှသော ရေအစုအပေါင်း အလွန်ကြာညောင်းလှသော ကြောင့် ဆားငံရေ အတိဖြစ်၏ဟု-မိလိန္ဒပဥှာ၌ လာ၏၊]
၇။ ဘိက္ခဝေ=ရဟန်းတို့၊ ပုနစပရံ=တစ်ဖန်တစ်ပါးတုံ၊ မဟာ သမုဒ္ဒေါ=မဟာသမုဒ္ဒရာသည်၊ ဗဟုလရတနော=များစွာသော ရတနာ ရှိ၏၊ အနေကရတနော=အလွန်များသောရတနာ အတိရှိ၏၊ တတြ= ထိုစကား၌၊ ဣမာနိ=ဤဆိုလတ္တံ့သည်တို့ကား၊ ရတနာနိ=ရတနာ တို့တည်း၊ သေယျထိဒံ=အဘယ်တို့နည်းဟူမူကား၊ မုတ္တာ=ပုလဲရတနာ မျိုးလည်းကောင်း၊ မဏိ=ပတ္တမြားရတနာမျိုးလည်းကောင်း၊ ဝေဠုရိယော= ကျောက်မျက်ရွဲရတနာမျိုးလည်းကောင်း၊ သင်္ခေါ=ခရုသင်းရတနာမျိုး လည်းကောင်း၊ သိလာ=ကျောက်သလင်း ရတနာမျိုးလည်းကောင်း၊ ပဝါဠံ=သန္တာရတနာမျိုးလည်းကောင်း၊ ရဇတံ=ငွေရတနာမျိုးလည်း ကောင်း၊ ဇာတရူပံ=ရွှေရတနာမျိုးလည်းကောင်း၊ လောဟိတင်္ကော= ပတ္တမြားနီရတနာမျိုးလည်းကောင်း၊ မသာရဂလ္လံ=ပတ္တမြားပြောက် ရတနာမျိုးလည်းကောင်း၊ ဣမာနိရတနာနိ=ဤရတနာမျိုးတို့ပေတည်း၊ ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤသည်ကား၊ မဟာသမုဒ္ဒေ=မဟာ သမုဒ္ဒရာ၌၊ သတ္ထမော= ခုနစ်ခုမြောက်သော၊ အစ္ဆရိယော= အံ့ဖွယ်သရဲကြီး ပေတည်း။
၈။ ဘိက္ခဝေ= ရဟန်းတို့၊ ပုနစ= တစ်ဖန်လည်း၊ အပရံ= တစ်ပါးတုံ၊ မဟာသမုဒ္ဒေါ=မဟာသမုဒ္ဒရာသည်၊ မဟတံ=ကြီးကျယ်စွာကုန်သော၊ ဘူတာနံ=သတ္တဝါတို့၏၊ အာဝါသော=နေရာကြီးပေတည်း၊ တတြ= ထိုစကား၌၊ ဣမေ=ဤဆိုလတ္တံ့သည်တို့ကား၊ ဘူတာ=သတ္တဝါတို့ ပေတည်း၊ တိမိ=တိမိမည်သော ငါးကြီးမျိုးတို့လည်းကောင်း၊ တိပိင်္ဂလာ= တိပိင်္ဂလမည်သော ငါးကြီးမျိုးတို့သည်လည်းကောင်း၊ တိမိတိပိင်္ဂလာ= တိမိတိပိင်္ဂလမည်သော ငါးကြီးတို့သည်လည်းကောင်း၊ အသုရာ=နတ် အသုရာကြီးတို့သည်လည်းကောင်း၊ နာဂါ=နဂါးကြီးတို့သည်လည်း ကောင်း၊ ဂန္ဓဗ္ဗာ=ဂန္ဓဗ္ဗမည်သော ရေဘီလူးကြီးတို့သည်လည်းကောင်း၊ မဟာသမုဒ္ဒေ=မဟာသမုဒ္ဒရာ၌၊ ယောဇနသတိကာပိ=ယူဇနာတစ်ရာရှိ ကုန်သော၊ အတ္တဘာဝါ=အတ္တဘောတို့သည်၊ သန္တိ=ရှိကုန်၏၊ ဒွိယောဇန သတိကာပိ=ယူဇနာနှစ်ရာရှိကုန်သော၊ အတ္တဘာဝါ=အတ္တဘောတို့သည်၊ သန္တိ=ရှိကုန်၏၊ တိယောဇနသတိကာပိ=ယူဇနာသုံးရာရှိကုန်သော၊ အတ္တဘာဝါ=အတ္တဘောတို့သည်၊ သန္တိ=ရှိကုန်၏၊ စတုယောဇန သတိကာပိ=ယူဇနာလေးရာရှိကုန်သော၊ အတ္တဘာဝါ=အတ္တဘော တို့သည်၊ သန္တိ=ရှိကုန်၏၊ ပဉ္စယောဇနသတိကာပိ=ယူဇနာငါးရာရှိ ကုန်သော၊ အတ္တဘာဝါ=အတ္တဘောတို့သည်၊ သန္တိ=ရှိကုန်၏၊ ဘိက္ခဝေ= ရဟန်းတို့၊ အယံ=ဤသည်ကား၊ မဟာသမုဒ္ဒေ=မဟာသမုဒ္ဒရာ၌၊ အဋ္ဌမော=ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော၊ အစ္ဆရိယော=အံ့ဖွယ် သရဲကြီးပေတည်း။
ဤ၌ ယူဇနာငါးရာဆိုသည်ကား-- အလျားယူဇနာ ငါးရာ ပေတည်း၊ အင်္ဂလိပ်မိုင်အားဖြင့် မိုင်ပေါင်း- ၆၅၀၀-ကျော်ရှိ၏၊ လောကဓာတ်မြေလုံး၌ကား တောင်နှင့်မြောက်ထုတ်ချင်း မိုင်ပေါင်း ခုနစ်ထောင် ကိုးရာမျှသာရှိ၏၊ ထိုအတ္တဘောကြီးထက် မိုင်ပေါင်း ၁၄၀၀- မျှသာပို၏၊ မဟာသမုဒ္ဒရာ၌မူကား ဤအတ္တဘောကြီးမျိုး သိန်းသန်း များစွာ ရှိလေရာ၏။
ဤကားလေးကျွန်းလုံးကို ပြင်ဖက်၌ပတ်ဝိုက်လျက်တည်သော လောကဓာတ် ကျွန်းပတ်အပ သမုဒ္ဒရာကြီးကို ပြဆိုချက်ပေတည်း။
စကြဝဠာတောင်နှင့် လောကန္တရိက်ငရဲကြီး
ဤသမုဒ္ဒရာကြီး၏ ပြင်ဖက်၌လည်း စကြဝဠာတောင်ဝိုင်းကြီး သည်ရှိ၏၊ စကြဝဠာတောင်ဝိုင်းကြီးသုံးခုတို့၏ ပေါင်းဆုံရာဌာန၌ လောကန္တရိက်ခေါ်သော အလွန်နက်လှစွာသော ချောက်တွင်းကြီးသည် ရှိ၏၊ ထိုကြောင့် သုတ်မဟာဝါ ပါဠိတော် မဟာပဓာနသုတ်ကြီး၌ ဟောတော်မူပေ၏။
ယထာ လောကန္တရိကာ အဃာ အသံဝုဋာ အန္ဓကာရာ အန္ဓကာရတိမိသာ၊ ယတ္ထစိမေ စန္ဒိမသူရိယာ ဧဝံ မဟိဒ္ဓိကာ ဧဝံ မဟာနုဘာဝါ အာဘာယ နာနုဘောန္တိ၊ တတ္ထပိ အပ္ပမာဏော ဥဠာရော ဩဘာသော ပါတုဘဝတိ အတိက္ကမ္မေဝ ဒေဝါနံ ဒေဝါနုဘာဝံ။
ယထာ လောကန္တရိကာ=အကြင်လောကဓာတ်သုံးပါးတို့၏ ပေါင်းဆုံရာတွင်ရှိသော နရက်ချောက်တွင်းကြီးတို့သည်၊ အဃာ= အမြဲဟင်းလင်းပွင့်ကုန်၏၊ အသံဝုဋာ= အောက်အထက်၌ အပိတ်မရှိကုန်၊ အန္ဓကာရာ=အမိုက်တိုက်ဖြစ်ကုန်၏၊ အန္ဓကာရတိမိသာ=စက္ခု၏ မမြင်ခြင်းကို ပြုလုပ်တတ်သော အမိုက်တိုက်နှင့် ပြည့်စုံကုန်၏၊ ယတ္ထစ= အကြင်နရက် ချောက်တွင်းကြီးတို့၌လည်း၊ ဧဝံ=ဤသို့၊ မဟိဒ္ဓိကာ= ကြီးသောတန်ခိုးရှိကုန်သော၊ ဧဝံ=ဤသို့၊ မဟာနုဘာဝါ=ကြီးသော အာနုဘော်ရှိကုန်သော၊ ဣမေစန္ဒိမသူရိယာ=ဤလ, နေတို့သည်၊ အာဘာယ=မိမိတို့အရောင်ဖြင့်၊ နာနုဘောန္တိ=ထွန်းလင်းခြင်းငှါ မစွမ်းနိုင်ကုန်၊ တတ္ထပိ= ထိုနရက်ချောက်တွင်းတို့၌လည်း၊ အပ္ပမာဏော= အတိုင်းအရှည်မရှိသော၊ ဥဠာရော=မြတ်သော၊ ဩဘာသော=ပစ္ဆိမ ဘဝိက ဘုရားလောင်းတို့၏-ပဋိသန္ဓေနေတော်မူသောအခါ, ဖွား တော်မူ သောအခါစသည်တို့၌ ဖြစ်သောအရောင်အလင်းသည်၊ ဒေဝါနံ= နတ်တို့၏၊ ဒေဝါနုဘာဝံ=နတ်တို့၏အရောင်အလင်း အာနုဘော်ကို၊ အတိက္ကမ္မေဝ=လွန်၍သာလျှင်၊ ပါတုဘဝတိ=ထင်ရှားဖြစ်၏။
ထိုနရက်ချောက်တွင်းကြီး၌ နေရောင်, လရောင်တို့ မရောက်နိုင်ခြင်း အကြောင်းကား--
စကြဝဠာတောင်ကြီးသည် သမုဒ္ဒရာရေထဲ၌ ယူဇနာ ရှစ်သောင်း နှစ်ထောင်မြုပ်၏၊ သမုဒ္ဒရာရေပေါ်၌ ယူဇနာရှစ်သောင်း နှစ်ထောင် မြင့်၏၊ နေ, လတို့သည် ယူဇနာလေးသောင်း နှစ်ထောင်တွင် လှည့်လည် ကြကုန်၏၊ စကြဝဠာတောင်ကြီးသည် နေ, လတို့မှအထက်၌ ယူဇနာ လေးသောင်းမြင့်သေး၏၊ ထို့ကြောင့် နေရောင်, လရောင်တို့သည် ထိုနရက်ချောက်တွင်းကြီး၌ မထွန်းလင်းနိုင်ရှိလေသတည်း။
ထိုနရက်ချောက်တွင်းကြီးသည်ကား-- အလျား, အနံယူဇနာ ရှစ်ထောင်ရှိ၏၊ အောက်၌ ကမ္ဘာရေပြင်ကြီးသို့ ဆိုက်၏၊ ဤနေရာ၌ ကမ္ဘာမြေကြောပြတ်၏၊ လောက၌ စေတီဗောဓိများကို ဖျက်ဆီးသောသူ, ရတနာသုံးပါးကို ပြစ်မှားသောသူ, ဆရာမိဘကိုပြစ်မှားသော သူတို့သည် ထိုချောက်ကြီး၌ ဖြစ်ကြကုန်၍ ကြီးစွာသော ဒုက္ခကို ခံစားကြရကုန်၏၊ ထို့ကြောင့် ထိုနရက်ချောက်တွင်းကြီးတို့ကို လောကန္တရိတ်ငရဲဟူ၍လည်း ဆိုအပ်ကုန်၏၊ ငရဲကြီး ရှစ်ထပ်တို့သည်မူကား ဇမ္ဗူဒီပါ ကျွန်း၏အောက်၌ မဟာပထဝီမြေကြီး၏အတွင်း ယူဇနာအထောင်များစွာ ကျယ်သော မြေဥမင်ကြီးတို့၌ ယူဇနာသောင်းငါးထောင်စီ ကွာခြား၍ အထက် အောက်တည်ရှိကြကုန်၏။
ငရဲကြီးရှစ်ထပ်ဆိုသည်ကား
၁။ သိဉ္ဇိုဝ်းငရဲကြီး,
၂။ ကာလသုတ်ငရဲကြီး,
၃။ သင်္ဃာဋငရဲကြီး,
၄။ ရောရုဝငရဲကြီး,
၅။ မဟာရောရုဝငရဲကြီး,
၆။ တာပနငရဲကြီး,
၇။ မဟာတာပနငရဲကြီး,
၈။ အဝီစိငရဲကြီး
ဤကား ငရဲကြီးရှစ်ထပ်တို့ပေတည်း။
ဤကား စကြဝဠာတောင်ဝိုင်းကြီးနှင့် လောကန္တရိတ် ငရဲကြီး များကို ပြဆိုချက်ပေတည်း။
[ဤတွင်ရွေ့ကား-စကြဝဠာ တောင်ကြီးနှင့်တကွ ထိုတောင်ကြီး၏ အတွင်း၌ တည်ရှိသော တစ်ခုသော လောကဓာတ်ကြီး၏ ကြီးမား ထင်ရှားသော အဆောက်အဦကြီး တို့ကို ပြဆိုခန်းပြီး၏၊]
ထိုအဆောက်အဦကြီးတို့ကို စေ့စုံစွာ ထုတ်ဖော်လာရှိသော ပါဠိတော်ကြီးကား--
ဘဂဝါ ဧတဒဝေါစ၊ ယာဝတာ အာနန္ဒ စန္ဒိမသူရိယာ ပရိဟရန္တိ ဒိသာ ဘန္တိ ဝိရောစမာနာ၊ တာဝ သဟဿဓာတု လောကော၊ တသ္မိံ သဟဿဓာတု လောကေ သဟဿံ စန္ဒာနံ, သဟဿံ သူရိယာနံ, သဟဿံ သိနေရုပဗ္ဗတရာဇာနံ, သဟဿံ ဇမ္ဗုဒီပါနံ, သဟဿံ အပရဂေါရာနံ, သဟဿံ ဥတ္တရကုရူနံ, သဟဿံ ပုဗ္ဗဝိဒေဟာနံ, စတ္တာရိ မဟာသမုဒ္ဒ သဟဿာနိ, စတ္တာရိ မဟာရာဇသဟဿာနိ, သဟဿံ စာတုမဟာရာဇိကာနံ, သဟဿံ တာဝတိံသာနံ, သဟဿံ ယာမာနံ, သဟဿံ တုသိတာနံ, သဟဿံ နိမ္မာနရတီနံ, သဟဿံ ပရနိမ္မိတဝသဝတ္တီနံ, သဟဿံ ဗြဟ္မလောကာနံ၊အယံ ဝုစ္စတိ အာနန္ဒ သဟဿိ စူဠနိကာ လောကဓာတု။
[တိတင်္ဂုတ္တရပါဠိတော်]
ဘဂဝါ=မြတ်စွာဘုရားသခင်သည်၊ ဧတံ=ဤစကားကို၊ အဝေါစ= မိန့်တော်မူ၏၊ အာနန္ဒ=အာနန္ဒာ၊ ယာဝတာ=အကြင်မျှလောက်သော အရပ်၌၊ စန္ဒိမသူရိယာ= လ,နေတို့သည်၊ ပရိဟရန္တိ= လှည့်လည် ကုန်၏၊ ဒိသာ=အရပ်မျက်နှာတို့ကို၊ ဝါ=အရပ်မျက်နှာတို့၌၊ ဝိရောစမာနာ= တင့်တယ်ကုန်လျက်၊ ဘန္တိ=ထွန်းတောက်ပကုန်၏၊ တာဝ=ထိုမျှလောက် လ, နေတို့လှည့်လည်တောက်ပရာ အရပ်အားဖြင့်၊ သဟဿ ဓာတုလောကော=တစ်ထောင်သော လောကဓာတ်သည်၊ ဟောတိ= ဖြစ်၏၊ တသ္မိံသဟဿဓာတုလောကေ=ထိုတစ်ထောင်သော လောက ဓာတ်၌၊ စန္ဒာနံ=လတို့၏၊ သဟဿံ=တစ်ထောင်သည်၊ သူရိယာနံ= နေတို့၏၊ သဟဿံ=တစ်ထောင်သည်၊ သိနေရုပဗ္ဗတရာဇာနံ=မြင့်မိုရ် တောင်မင်းတို့၏၊ သဟဿံ=တစ်ထောင်သည်၊ ဇမ္ဗုဒီပါနံ=ဇမ္ဗူဒိပ် ကျွန်းတို့၏၊ သဟဿံ=တစ်ထောင်သည်၊ အပရဂေါရာနံ= အပရဂေါရာ ကျွန်းတို့၏၊ သဟဿံ=တစ်ထောင်သည်၊ ဥတ္တရကုရူနံ=ဥတ္တရကုရု ကျွန်းတို့၏၊ သဟဿံ=တစ်ထောင်သည်၊ ပုဗ္ဗဝိဒေဟာနံ=ပုဗ္ဗဝိဒေဟ ကျွန်းတို့၏၊ သဟဿံ=တစ်ထောင်သည်၊ စတ္တာရိ မဟာသမုဒ္ဒ သဟဿာနိ=လေးထောင်သောမဟာသမုဒ္ဒရာတို့သည်၊ စတ္တာရိ မဟာရာဇ သဟဿာနိ=လေးထောင်သော နတ်မင်းကြီးတို့သည်၊ စာတု မဟာရာဇိကာနံ=စာတုမဟာရာဇ်နတ်ပြည်တို့၏၊ သဟဿံ=တစ်ထောင် သည်၊ တာဝတိံသာနံ=တာဝတိံသာနတ်ပြည်တို့၏၊ သဟဿံ=တစ်ထောင် သည်၊ ယာမာနံ=ယာမာနတ်ပြည်တို့၏၊ သဟဿံ=တစ်ထောင်သည်၊ တုသိတာနံ=တုသိတာနတ်ပြည်တို့၏၊ သဟဿံ=တစ်ထောင်သည်၊ နိမ္မာနရတီနံ=နိမ္မာနရတိနတ်ပြည်တို့၏၊ သဟဿံ=တစ်ထောင်သည်၊ ပရနိမ္မိတဝသဝတ္တီနံ=ပရနိမ္မိတဝသဝတ္တိနတ်ပြည်တို့၏၊ သဟဿံ= တစ်ထောင်သည်၊ ဗြဟ္မလောကာနံ=ဗြဟ္မာပြည်တို့၏၊ သဟဿံ= တစ်ထောင်သည်၊ ဟောတိ=ဖြစ်၏၊ အာနန္ဒ=အာနန္ဒာ၊ အယံ=ဤ တစ်ထောင်သော စကြဝဠာလောကဓာတ်ကို၊ သဟဿိ စူဠနိကာ လောကဓာတု=သဟဿိစူဠနိကာ လောကဓာတ်ဟူ၍၊ ဝါ=အဘိညာဏ် ရသော သာဝကတို့ အသံပျံ့နှံ့ရာ တစ်ထောင်သော အရေအတွက် ရှိသော ငယ်သောလောကဓာတ်ဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။
- ငယ်သောလောကဓာတ်ဆိုသည်ကား- အလတ်, အကြီးတို့ကို ထောက်၍ဆိုသတည်း။
- အလတ်ဆိုသည်ကား- ၎င်းတစ်ထောင်ကိုတည်၊ တစ်ထောင် နှင့်မြှောက် လောကဓာတ်ပေါင်း တစ်သန်းဖြစ်၏၊ မဇ္ဈိမိက လောကဓာတ်ဖြစ်၏။
- အကြီးဆိုသည်ကား- ၎င်းတစ်သန်းကိုတည်၊ တစ်သန်းနှင့် မြှောက် လောကဓာတ်ပေါင်း ကုဋေတစ်သိန်းဖြစ်၏၊ မဟာ သဟဿိ လောကဓာတ်မျိုးမည်၏၊ ဖြစ်အတူ, ပျက်အတူ ဖွဲ့စည်းလျက်ရှိသော စကြဝဠာ ကုဋေတစ်သိန်းပေတည်း၊ အာဏာခေတ်ဟူလည်း ခေါ်၏။
- ထိုမှကြွင်းသော စကြဝဠာအနန္တတို့ကိုမူကား- ဝိသယခေတ်ဟူ၍ ခေါ်၏။
ဤ၌ စကြဝဠာတောင်၏အတွင်း၌ တည်ရှိသော တစ်ခုသော လောကဓာတ်အဝန်းအဝိုင်းကြီး၏ ပမာဏကား- အရှေ့, အနောက် တောင်, မြောက် ထုတ်ချင်းခပ်အားဖြင့် အင်္ဂလိပ်မိုင်ပေါင်း ၃၆၁၀၃၅၀- ရှိ၏၊ ထိုတစ်ခုသော လောကဓာတ်ကြီး၏ အဝန်းအဝိုင်းအားဖြင့် အင်္ဂလိပ်မိုင်ပေါင်း ၄၆၉၃၄၅၅၈-ရှိ၏၊ ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ယူဇနာကိုသာဆို၏၊ တစ်ယူဇနာကို အင်္ဂလိပ်မိုင်ပေါင်း ၁၃-မိုင်ထား၍ တွက်လေ။
ဤတွင်ရွေ့ကား- ဗုဒ္ဓဘာသာပါဠိတော်ကြီးတို့၌လာသော တစ်ခု သော ကမ္ဘာမြေဝန်းကြီး, ကမ္ဘာမြေဝိုင်းကြီးကို ပြဆိုချက်ပေတည်း။
ပထဝီဝင်စာအုပ်များ၌ပါသော မြေလုံးဝါဒ
ရှင်းလင်းချက်
ထိုစာအုပ်ငယ်များ၌-- မြေကြီး၏ ပုံသဏ္ဌာန်မှာ ဘော့လုံး သဖွယ်ရှိ၏၊ သို့သော် ရှောက်သီးများကဲ့သို့ ထိပ်နှစ်ဖက်က အနည်းငယ် ပြား၏၊ မြေကြီးသည် ပြားပြန့်နေသည်ဟု ထင်မှတ်ရသည်၊ ဤကဲ့သို့ ထင်မှတ်ရခြင်းမှာ ၎င်း၏ အစိတ်အပိုင်း အနည်းငယ်လောက်ကိုသာ မြင်ရ၍ဖြစ်ပါသည်။
[ဤကား-မြေလုံးဝါဒအဆိုတည်း။]
အဖြေကား-- ထိုကဲ့သို့ အရပ်ဆယ်မျက်နှာတို့၌ မြေကြောပြတ်အောင် လုံးလျက်ရှိနေသော ကမ္ဘာမြေလုံးဟူ၍ မရှိကြောင်း၊ လောကဓာတ်အနန္တတိုင်အောင် တစ်ပြင်တည်းတည်ရှိသော ကမ္ဘာမြေပြင်ကြီး, ကမ္ဘာရေပြင်ကြီး, ကမ္ဘာလေပြင်ကြီးများသည်သာလျှင် ရှိကြောင်းကို ပါဠိတော်ကြီးများနှင့်တကွ ထုတ်ပြခဲ့ပြီ။
[ဤကားအဖြေတည်း။]
ထိုစာအုပ်ငယ်များ၌-- လုံးကြောင်းကိုအောက်ပါ သက်သေ ထုတ်ချက်တို့ဖြင့် ထင်ရှားပါသည်။
က- ဥပမာကား-- သင်္ဘောတစ်စင်းသည် သမုဒ္ဒရာပင်လယ် ထဲတွင် ကုန်းဖက်သို့ ရွက်တိုက်လာသည့်အခါ ရွက်တိုင်များကို ပဌမ မြင်ပြီးနောက် တဖြေးဖြေးသင်္ဘောဝမ်းကိုမြင်ရပါသည်၊ အဘယ်ကြောင့်ဆိုသော် သင်္ဘောဝမ်းကို ပဌမ၌ ခုန်း၍နေသော မြေကြီးက ဖုံးကွယ်ထားသည်နှင့် သင်္ဘောဝမ်းသည် ရွက်တိုင်ထက် ကြီးမားပါသော် လည်း အရင်မမြင်ရ၊ မြေကြီးသာပြားပါမူ- ၎င်းကို ပဌမအရင်မြင်ရ စရာအကြောင်းရှိပါသည်။
[ဤကား- မြေလုံးဝါဒအဆိုတည်း။]
အဖြေကား-- ထိုဥပမာ၌ သင်္ဘောဝမ်းကို မမြင်ရသည်မှာ အကြား၌ခုန်းကြွ၍နေသော မြေလုံးဖုံးကွယ်မှုကြောင့် မမြင်ရသည် မဟုတ်၊ အကြား၌ ထကြွ၍နေသော လှိုင်းဂယက်များ ဖုံးကွယ်မှု ကြောင့်သာ သင်္ဘောဝမ်းကို မမြင်ရခြင်းဖြစ်သတည်း။
ယုတ္တိကား-- လက်ဝါးဖြင့် ဝတ္ထုတစ်ပါးကို ကွယ်ကာ၍ ကြည့်ရှုရာ၌ ထိုလက်ဝါးသည် အနီးတွင်ရှိသော ဝတ္ထုများမှာ လက်ဝါးမျှ ရှိသော အရပ်ကိုသာ ကွယ်ကာနိုင်၏၊ အဝေး၌ရှိသော ဝတ္ထုများမှာ လက်ဝါးနှစ် ပြန်စာ သုံးပြန်စာရှိသော ဝတ္ထုများကို ကွယ်ကာနိုင်၏၊ ထိုထက်ဝေးသော ဝတ္ထုများမှာမူကား ထိုလက်ဝါးသည် သစ်ပင်ကြီးတစ်ခုလုံးကို ကွယ်ကာ နိုင်၏၊ အလွန်ဝေးခဲ့မူကား ထိုလက်ဝါးသည် တောင်ကြီးတစ်ခုလုံးကို ကွယ်ကာနိုင်၏၊ ဤယုတ္တိအတိုင်း ဥပမာ၌ သင်္ဘောဝမ်းကို မမြင်ရ သည်မှာ အကြား၌ ခုန်းကြွ၍နေသောမြေလုံး၏ ကွယ်မှုကြောင့် မမြင်ရ သည်မဟုတ်၊ အကြား၌ ထကြွ၍နေသော လှိုင်းဂယက်များ၏ ကွယ်မှု ကြောင့်သာ သင်္ဘောဝမ်းကို မမြင်ရခြင်းဖြစ်သတည်း။
[ဤကား-အဖြေတည်း။]
ခ- ဥပမာကား-- သင်္ဘောတို့သည် တစ်နေရာမှ အရှေ့ စူးစူးဖြစ် စေ, အနောက်စူးစူးဖြစ်စေ, ထွက်ခွါသွားပါမူ နောက်ဆုံးတစ်နေ့၌ ပရွက် ဆိပ်တစ်ကောင်သည် လိမ်မော်သီးပေါ်တွင် သွားလာဘိသကဲ့သို့ မိမိထွက်ခွာ၍လာခဲ့သော နေရာဖက်သို့ ရောက်ရှိပါသည်။
[ဤကား-မြေလုံးဝါဒအဆိုတည်း။]
အဖြေကား-- ထိုသင်္ဘောသည် မြေလုံးကို လှည့်ပတ်၍ လာသောကြောင့် နောက်ဆုံးတစ်နေ့၌ မိမိတို့နေရာသို့ ရောက်သည် မဟုတ်၊ ကျွန်းမြေပြင်ကိုပတ်သော ကျွန်းပတ်သင်္ဘောဖြစ်၍နေသော ကြောင့်သာလျှင် နောက်ဆုံးတစ်နေ့၌ မိမိတို့ထွက်ခွါလာခဲ့သော နေရာ ဖက်သို့ ရောက်ရှိကြကုန်သတည်း။
ယုတ္တိကား-- သမုဒ္ဒရာ၌ အံ့ဖွယ်ရှစ်ပါးတို့တွင် တတီယအံ့ဖွယ်၌ မဟာသမုဒ္ဒရာမည်သည် ရေနက်ရာ၌ အလွန်လှိုင်းကြီး၏၊ ရေအလွန် နက်လေလေ အလွန်လှိုင်းကြီးလေလေ ဖြစ်၏၊ ထိုလှိုင်းတို့မှဖြစ်သော ဂယက်တို့သည် ကမ်းဆီသို့ သာပြေးကုန်၏၊ ထို့ကြောင့် အသေကောင် ဝတ္ထုဟူသမျှတို့သည် ကမ်းသို့သာ ရောက်လာကြရကုန်၏၊ အသေ ကောင် ဝတ္ထုသာမဟုတ်သေး၊ သမုဒ္ဒရာ၌ပျက်သော သင်္ဘောကြီးပင် ဖြစ်သော်လည်း ကမ်းသို့ရောက်ရမြဲ ဓမ္မတာပေတည်းဟူ၍ ဆိုခဲ့သော အတိုင်း ထိုသင်္ဘောသည် ကျွန်းပတ် သင်္ဘောတို့သာဖြစ်၍ နေကြကုန်၏၊ အဘယ့် ကြောင့်နည်းဆိုသော် လူတို့၏အကျိုး ကိစ္စမည်သည် ရေတိမ်ရာ မြို့ရွာဆိပ်ကမ်းတို့၌သာ ရှိကြ၏၊ ရေအလွန်နက်ရာ၌ မရှိကြ၊ သင်္ဘော မည်သည် ပဲ့တက်ကို ခိုင်မြဲစွာထား၍ ရွက်ဟုန်စက်ဟုန်တို့ဖြင့် အတင်း တိုက်လွှင့်မှသာလျှင် အလွန်ရေနက်ရာသို့ ဖြောင့်တန်းစွာ သွားနိုင်၏၊ သို့မဟုတ်လျှင် အလွန်ရေနက်ရာမှ လှိုင်းဂယက်တို့သည် ခုခံ တွန်းလှန် သည့်အတွက် ရေတိမ်ရာကမ်းရှိရာသို့သာ တလဲလဲ ရောက်လာ လတ္တံ့၊ ရေတိမ်ရာ ကမ်းရှိရာကို လုံးလုံးစွန့်ပစ်၍ ရေအနက်ဆုံးဖြစ်သော ဌာနသို့ သေသေကျေကျေ မဆုတ်တန်း, မပြန်တန်း ရောက်အောင်သွားမည်ဟု ပေါက်လွှတ်သွားသော သင်္ဘောမည်သည် မရှိ၊ ထိုကြောင့် ထိုသင်္ဘော တို့သည် ကျွန်းပတ်သင်္ဘောဖြစ်၍ နေသောကြောင့်သာလျှင် နောက်ဆုံး တစ်နေ့၌ မိမိတို့ ထွက်ခွါလာခဲ့သောနေရာသို့ ရောက်ရှိ ကြကုန်သတည်း။
[ဤကား-ဥပမာ ၂-မျိုးကို ယုတ္တိနှင့်တကွ ဖြေဆိုချက်ပေတည်း။]
ဥပမာကား-- လ, ငပုတ် ဖမ်းသည့်အခါ လ,အပေါ်တွင် မြေအရိပ်သွား၍ ထိုးခြင်းကြောင့် ဖြစ်ပါသည်၊ ၎င်းအရိပ်သည် ဝိုင်းနေသည်ဖြစ်၍ မြေကြီးလုံးကြောင်း ထင်ရှားပါသည်။
[ဤကား-မြေလုံးဝါဒအဆိုတည်း။]
အဖြေကား-- ထိုအရိပ်သည် မြေလုံး၏အရိပ်မဟုတ်၊ ရာဟုဂြိုဟ်၏ အရိပ်သာဖြစ်၏၊
ယုတ္တိကား-- လ,မည်သည် နေရောင်ကင်းလွတ်ရာ ညဉ့်အခါ၌ သာ ထွန်းလင်းတောက်ပ၏၊ ညဉ့်အခါမည်သည်လည်း ထိုသူတို့ အလိုအားဖြင့်မြေလုံး၏ အောက်၌သာရှိ၏၊ မြေလုံးသည် အထက်၌ ရှိသော နေရောင်ကို ကွယ်ကာ၍ အောက်၌ အရိပ် ညဉ့်မှောင်ကို ဖြစ်စေ၏၊ လ,သည် ထိုညဉ့်မှောင်ကိုရ၍ ထွန်းလင်းတောက်ပနိုင်၏၊ အကယ်၍ လ, ငပုတ်ဖမ်းသောအခါ လ,၌ မည်းညစ်သော အရိပ်သည် မြေလုံးရိပ်ဖြစ်ခဲ့ငြားအံ့၊ လ,သည် တစ်လလျှင် (၂၆) ရက်ပတ်လုံး မြေလုံး၏ အောက်၌သာရှိနေသောကြောင့် (၂၆) ရက်ပတ်လုံး လ, ငပုတ်ဖမ်းသော နေ့ချည်း ဖြစ်လေရာ၏၊ ထို့ကြောင့် လ, ငပုတ်ဖမ်းသော အခါ လ,၌ပေါ်သောအရိပ်သည် မြေလုံး၏အရိပ် မဟုတ်၊ ရာဟုဂြိုဟ်၏ အရိပ်သာဖြစ်၏။
[ဤကား-အဖြေတည်း။]
ဤအရာ၌-- ထိုကျမ်းစာအုပ်တွင် နောက်ဖျား၌လာသော နေ,ငပုတ်ဖမ်းခန်း လ,ငပုတ်ဖမ်းခန်းကို ပြဆိုရာ၏၊
- နေ,ငပုတ်ဖမ်းခြင်းမှာ-လသည် နေနှင့်မြေကြီးကြားတွင် ရောက်ရှိသည့်အခါ ဖြစ်ပါသည်။
- လ,ငပုတ်ဖမ်းခြင်းမှာ-လနှင့်နေကြားတွင် မြေကြီးရောက်ရှိ သည့်အခါ ဖြစ်ပါသည်။
[ဤကား-မြေလုံးဝါဒအဆိုတည်း။]
အဖြေကား-- နေ, ငပုတ်ဖမ်းခြင်းမှာ-လ,သည် နေ,နှင့် မြေကြီးကြားတွင် ရောက်ရှိသည့်အခါ မဟုတ်၊ နေသည် ရာဟုဂြိုဟ်နှင့် တိုက်ဆိုင်မိသောအခါပေတည်း။
ယုတ္တိကား-- လ,သည် နေ,နှင့်မြေလုံးကြားတွင် ရောက်ရှိ သောအခါ မည်သည်ကား-လကွယ်နေ့ပေတည်း၊ ထို့ကြောင့် ထိုသို့ ယူခဲ့သော် လကွယ်နေ့တိုင်း နေ,ငပုတ်ဖမ်းသော နေ့ချည်းဖြစ်ရာ၏။
လ,ငပုတ်ဖမ်းခြင်းမည်သည်လည်း- လနှင့်နေကြားတွင် မြေကြီး ရောက်ရှိသည့် အခါမဟုတ်၊ လသည် ရာဟုဂြိုဟ်နှင့် တိုက်ဆိုင် မိသောအခါပေတည်း။
ယုတ္တိကား-- ရှေး လ,ငပုတ်ဖမ်းခန်း၌ ပြဆိုခဲ့ပြီ။
ဤ၌နေ, လတို့မှာ ငပုတ်ဖမ်းမှုကို အကြံအဆ ချော်ချွတ်သည်မှာ မြေလုံးဝါဒီဆရာသည် ကောင်းကင်၌ ရာဟုဂြိုဟ်ရှိမှန်းကို မသိ၊ အဘယ်ကြောင့် မသိသနည်း ဟုဆိုမူ-ရာဟုဂြိုဟ်မည်သည် အရောင်အဝါ မရှိ၊ မည်းညစ်သော အဆင်းရှိသောကြောင့် မှန်ပြောင်း၌ မထင်လေ၊ ထို့ကြောင့် နောက်ကြယ်တို့ကို ပြဆိုခန်း၌ ရာဟုဂြိုဟ် ကြယ်ဟူ၍ မပါချေ၊ ဗေဒင်ကျမ်းဂန်တို့၌မူကား-ရာဟုဂြိုဟ်သည် အခမ်းအနားကြီးကျယ်သော ဂြိုဟ်ကြီးတစ်လုံး ဖြစ်ပေ၏။
ဗုဒ္ဓဘာသာပါဠိတော်၌လည်း-- တစ်ရံသောအခါ ရာဟု ခေါ်သော အသုရိန်နတ်ကြီးသည် လဗိမာန်ကိုဖမ်း၏၊ လဗိမာန်၌ ရှိသောနတ်တို့သည် ကြောက်လန့်တကြား ဖြစ်ကြကုန်၏၊ ထိုအခါ လနတ်သားသည် မြတ်စွာဘုရားကို ကယ်တော်မူပါဟု တောင်းပန် လိုက်၏၊ မြတ်စွာဘုရားသည် ဂါထာကိုရွက်ဆို၍ ရာဟုကို ခြိမ်းမောင်း တော်မူရာ ရာဟုသည် လဗိမာန်ကိုလွှတ်၍ ပြေးရလေ၏။
ခြိမ်းမောင်းသောဂါထာကား။
တထာဂတံ အရဟန္တံ၊ စန္ဒိမာ သရဏံ ဂတော။
ရာဟု စန္ဒံ ပမုစ္စဿု၊ ဗုဒ္ဓါ လောကာနုကမ္ပကာ။
[ဒေဝပုတ္တသံယုတ်ပါဠိတော်]
အရဟန္တံ= အရဟံဂုဏ်နှင့် ပြည့်စုံသော၊ တထာဂတံ= ငါဘုရား ကို၊ စန္ဒိမာ=လနတ်သားသည်၊ သရဏံ=ကိုးကွယ်ရာဟူ၍၊ ဂတော=ဆည်း ကပ်၏၊ ရာဟု=ဟဲ့-ရာဟု၊ စန္ဒံ=လဗိမာန်ကို၊ ပမုစ္စဿု=နင်ယခု လွှတ်လော့၊ ဗုဒ္ဓါ=ငါတို့ဘုရားမည်သည်၊ လောကာနုကမ္ပကာ=သတ္တလောကကို သနားစောင်မ ကယ်ဆယ်ရကုန်၏။
တစ်ရံသောအခါ၌ နေဗိမာန်ကိုလည်း ရာဟုဖမ်းလေရာ၊ နေ နတ်သား၏ တောင်းပန်ချက်နှင့် ရာဟုကိုခြိမ်းမောင်းတော်မူသော ဂါထာကား။
တထာဂတံ အရဟန္တံ၊ သူရိယော သရဏံ ဂတော။
ရာဟု သူရိယံ ပမုစ္စဿု၊ ဗုဒ္ဓါ လောကာနုကမ္ပကာ။
[ဒေဝပုတ္တသံယုတ်ပါဠိတော်]
အရဟန္တံ= အရဟံဂုဏ်နှင့်ပြည့်စုံသော၊ တထာဂတံ= ငါဘုရားကို၊ သူရိယော=နေနတ်သားသည်၊ သရဏံ=ကိုးကွယ်ရာဟူ၍၊ ဂတော= ဆည်းကပ်၏၊ ရာဟု=ဟဲ့-ရာဟု၊ သူရိယံ=နေဗိမာန်ကို၊ ပမုစ္စဿု=နင် ယခုလွှတ်လော့၊ ဗုဒ္ဓါ=ငါဘုရားတို့မည်သည်၊ လောကာနုကမ္ပကာ= သတ္တလောကကို သနားစောင်မ ကယ်ဆယ်ရကုန်၏။
ဤနှစ်ဂါထာသည် လူကို စုန်း, နတ်, သရဲ, သံဘက်ဖမ်းသော အခါ၌ ခေါင်းရင်းကထိုင်၍ အခေါက်များစွာ အာသံ, လျှာသံပေး၍ ရွတ်ရသည်၊ ချက်ချင်းလွတ်ငြိမ်းတတ်၏၊ ရအောင် ဆောင်ကြလေ။ [ဤသည်ကား-နေ, လတို့ကို ရာဟုအသူရိန်နတ်ကြီးဖမ်းပုံတည်း။]
နေ, လတို့နှင့် ရာဟုဂြိုဟ်ဗိမာန် တိုက်ဆိုင်မိရာမှာလည်း ဗေဒင် ကျမ်းတို့၌ တွက်ကိန်းနှင့်တကွလာ၏၊ [ဤတွင်ရွေ့ကား- မြေလုံးကြောင်းကိုသက်သေပြသော လ, ငပုတ် ဖမ်းမှုနှင့် စပ်၍ ရာဟု ဖမ်းချက်အမျိုးမျိုးကို ပြဆိုချက်ပေတည်း။]
ဤနေရာ၌ အချို့သောသူတို့က ပြောဆိုတတ်ကြ၏။
မြေလုံးသည်ကား အမှန်ဖြစ်၏၊ အဘယ်ကြောင့်နည်းဆိုသော် နေ, လ, နက္ခတ်, တာရာတို့၏ အသွားအလာကို တွက်ချက်ရာ၌ လည်းကောင်း, ရာဟုဖမ်းခန်းကို တွက်ချက်ရာ၌လည်းကောင်း, မြေလုံး နှင့်စပ်သော ဂဏန်းသင်္ချာကို တည်၍တွက်လျှင် ကောင်းကင်၌ မျက်မြင် ဒိဋ္ဌ အမှန်သိရ၏ဟု- ပြောဆိုတတ်ကြ၏။
အဖြေကား-- အမှန်ကိုသိရသည်မှာ မြေလုံးသည့်အတွက် မဟုတ်၊ ဂဏန်းသင်္ချာ မှန်ကန်သည့်အတွက်ပေတည်း၊ ဂဏန်းသင်္ချာ မှန်ကန်ခဲ့ သည်ရှိသော် မြေလုံးနှင့်စပ်သော ဂဏန်းသင်္ချာဆို၍ တွက်လျှင် လည်း မှန်ကန်တော့သည်-နေ, လနှင့်စပ်သော ဂဏန်းသင်္ချာဆို၍ ထွက်လျှင် လည်း မှန်ကန်တော့သည်၊ ထို့ကြောင့် သူရိယသိဒ္ဓန္တ ခေါ်သော ဗေဒင်ကျမ်းမြေလုံးလည်ခန်း၌ မြေလုံးနှင့်စပ်သော ဂဏန်းသင်္ချာဆို၍ ထွက်၏၊ မှန်၏၊ တစ်ပါးသော ဗေဒင်ကျမ်းတို့၌ နေ, လနှင့်စပ်သော ဂဏန်းသင်္ချာဆို၍ ထွက်၏၊ မှန်သည်သာလျှင်ဖြစ်၏။
[ဤကားအဖြေတည်း။]
[ဤတွင်ရွေ့ကား အောက်၌ကမ္ဘာလေပြင်ကြီးအနန္တ, ကမ္ဘာရေပြင်ကြီး အနန္တ, ကမ္ဘာမြေပြင်ကြီး အနန္တတို့၏အပေါ်၌ တည်ရှိကြကုန်သော လောကဓာတ်ပေါင်း အနန္တတို့တွင် တစ်စုံတစ်ခုသော လောကဓာတ် မှာမှ အောက်၌မြေကြော ပြတ်အောင် လုံးသော ကမ္ဘာမြေလုံးဟူ၍ မရှိကြောင်းကို ပြဆိုချက်ပေတည်း။]
ကမ္ဘာမြေလုံးဟူ၍ မရှိလျှင်လည်း ကမ္ဘာမြေလုံး၏အလျား, အနံပမာဏဟူ၍လည်း မရှိလေပြီ၊ အလုံးအဝန်း ပမာဏဟူ၍လည်း မရှိလေပြီ၊ တစ်နေ့လျှင် တစ်ပတ်ကျ အရှေ့, အနောက်, အောက်, အထက်လည်ခြင်းဟူ၍လည်း မရှိလေပြီ၊ တစ်နှစ်လျှင်တစ်ပတ်ကျ နေမင်းကို လှည့်လည်ခြင်းဟူ၍လည်း မရှိလေပြီ၊ မရှိသော်လည်း ထိုသူ၏ ဉာဏ်တိမ်ချက်ကို အများသိကြရန် ရှင်းလင်း၍ပြဆိုဦးအံ့။
ထိုပထဝီဝင်စာအုပ်ငယ်များ၌-- မြေကြီးလုံး၏ ထုတ်ချင်းပေါက် အရှေ့မှအနောက်သို့ မိုင်ပေါင်း ၇၉၂၆-ရှိပါသည်၊ ၎င်း၏ပတ်လည်မှာ မိုင်ပေါင်း ၂၄၉၀၀-ရှိပါသည်၊ ၎င်း၏ထုတ်ချင်းပေါက် မြောက်မှတောင်သို့ ၇၉၀၀-သာ ရှိပါသည်၊ မြေကြီးသည်ဂြိုဟ်, နက္ခတ်, တာရာတို့တွင် အပါအဝင်တစ်ခုဖြစ်ပါသည်ဟု- အဆိုရှိ၏။
၎င်းအဆို၌ အဖြေကား-- ၎င်းကမ္ဘာမြေလုံးသည် အလွန် သေးငယ်၏၊ ၎င်းမြေလုံးကို ပတ်ဝိုက်လျက် တည်ရှိသော မဟာသမုဒ္ဒရာ ကြီးများနှင့် ထိုမဟာသမုဒ္ဒရာကြီးတို့၏ အောက်၌တည်ရှိသော ကမ္ဘာမြေကြီးများသော်မှလည်း ထိုမြေလုံး၌ မပါချေ၊ ဗုဒ္ဓဘာသာ၌ လာသော တစ်ခုသော လောကဓာတ် ကမ္ဘာမြေဝိုင်းကြီး, ကမ္ဘာ မြေဝန်းကြီးကို အစိတ်တစ်ထောင်စိတ်သော်လည်း တစ်စိတ်စာမျှ မရှိချေ၊ ထို့ကြောင့် ၎င်းမြေလုံးကို ကမ္ဘာမြေလုံးဟူ၍ ဆိုခွင့်မရှိချေ၊ မီးသင်္ဘော, မီးရထားတို့၏ ပေါက်ရောက်ရာဖြစ်သော ကျွန်းငယ်များနှင့် တကွ တောင်ဇမ္ဗူဒီပါ ကျွန်းကြီးတစ်ခုစာမျှသာရှိချေ၏၊ ထိုကြောင့် ဇမ္ဗူဒီပါ မြေလုံးဟူ၍သာ ဆိုရန်ရှိ၏၊ ရှိသော်လည်း ကျွန်းပတ် အပ သမုဒ္ဒရာ ကြီးတို့၏အောက်၌တည်ရှိသော ကမ္ဘာမြေကြီးများနှင့် မြေကြောပြတ် သည် မဟုတ်သောကြောင့် မြေလုံးဟူ၍ပင် ဆိုခွင့်မရှိချေ။
[ဤကား-မြေလုံးပမာဏဖြေဆိုချက်ပေတည်း။]
ထိုစာအုပ်ငယ်များ၌-- မြေကြီးလည်ခြင်းမှာ ၂-မျိုးရှိပါသည်၊ (၁) ဂျင်များလည်သကဲ့သို့ လှည့်ပတ်၍ လည်ခြင်း (၂)ဝင်ရိုးဟုမှန်းထား၍ ခေါ်ဝေါ်ကြရသော ဗဟိုကြောင်းကို ရစ်ပတ်၍လည်ခြင်း။
ဝင်ရိုးစွန်းတစ်ဘက်၏ မျက်နှာမူရာ အရပ်မှာ ကြယ်တစ်ခု ဖြစ်ပါသည်၊ ၎င်းကို(ပိုက်စတား)ဟုခေါ်ကြပါသည်၊ ၎င်းကြယ်သို့ မျက်နှာမူသော ဝင်ရိုးစွန်းကို မြောက်ဝင်ရိုးစွန်းဟု-ခေါ်ပါသည်၊ မြေကြီးသည် အနောက်မှအရှေ့သို့ ၂၄-နာရီအတွင်း တစ်ပတ်ရစ်ပတ် မိပါသည်၊ ဤကဲ့သို့ရစ်ပတ်မိခြင်းအားဖြင့် နေ့,ညဉ့် ဖြစ်ပေါ်လာပါ သည်ဟု အဆိုရှိ၏။
၎င်းအဆို၌အဖြေကား-- မြေလုံးသည် ထိုကဲ့သို့အထက် အောက်လည်ခဲ့သော် မြေပေါ်၌ရှိနေကြကုန်သော သက်ရှိသက်မဲ့ဝတ္ထု တို့သည် အောက်ကောင်းကင်သို့ အကုန်ကျ၍ ကုန်ရာအရေး အခွင့်ကြီးသည် အလွန်ကြီးလှ၏၊ မကျနိုင်ခြင်း၏ အကြောင်းယုတ္တိကို လုံလောက်စွာပြဆိုနိုင်ရန်မရှိချေ၊ အကြောင်းယုတ္တိ အတုအပကိုမူကားပြဆိုကြ၏။
ပြဆိုပုံကား--“သူရိယသိဒ္ဓန္တ“ကျမ်း မြေလုံးလည်ခန်း၌ သင်္ကဿရ အမည်ရှိသော နတ်မင်းကြီးသည် မြေလုံးပေါ်၌ထိုင်၍ သင် မြေလုံးသည် မိမိနှင့်စပ်ဆိုင်သမျှ သက်ရှိသက်မဲ့ဝတ္ထုတို့ကို အောက် ကောင်းကင်သို့ လွင့်စင်၍ မကျစေရန် ဆွဲထားရမည်ဟု-တန်ခိုးအာဏာ ပေးထားကြောင်း ကို ဆို၏၊ ထိုစကား၌ သင်္ကဿရ နတ်မင်းကြီး ဆိုသည်ကား ထာဝရ ဘုရားကိုဆို၏၊ လောက၌ အကြောင်းယုတ္တိကို လုံလောက်စွာမဆိုနိုင်လျှင် ထာဝရဘုရားဉာဏ်တော် တန်ခိုးတော်ကိုချမြဲ ဖြစ်ကြသည့်အတိုင်း ထိုကျမ်းဆရာသည်လည်း အကြောင်းယုတ္တိကို လုံလောက်စွာမပြနိုင်၍ သင်္ကဿရနတ်မင်းကြီး တန်ခိုးကိုချရလေ၏။
အချို့သောသူတို့ကား-- မြေကြီးမှာ ထိုဝတ္ထုတို့ကိုဆွဲနိုင်သော အစွမ်းသတ္တိရှိ၏၊ ယုတ္တိကား အထက်ကောင်းကင်သို့ ပစ်လိုက်သော အုတ်,ကျောက်,တုတ်,လှံတံတို့သည် တက်သောအခါ၌ လက်ရှိန်ဖြင့် တက်ကြကုန်၏၊ လက်ရှိန်သေသော အခါမြေကြီး၏ဆွဲချက်ဖြင့် မြေရှိရာအောက်သို့သာကျလာရကုန်၏ဟု-ဆိုကြ၏။
ဤစကား၌-- ထိုဝတ္ထုတို့သည် မြေ၏ဆွဲချက်ဖြင့် ကျလာသည် မဟုတ်ကုန်၊ ထိုဝတ္ထုတို့၌ လေးသော ပထဝီဓာတ်သည်ရှိ၏၊ အာပေါဓာတ်သည်ရှိ၏၊ ထိုဓာတ်တို့၏ ဖိစီးမှုကြောင့် အောက်သို့ ကျလာရကုန်၏၊ ထိုအတူ ပထဝီဓာတ် လွန်ကဲသောဝတ္ထုဟူသမျှသည် အတွယ်အတာ အဆီးအတားမရှိခဲ့သော် ထိုဓာတ်၏ဖိစီးမှုကြောင့် အောက်သို့ကျမြဲ ဓမ္မတာဖြစ်၏၊ အာပေါဓာတ်လွန်ကဲသော ဝတ္ထု တို့သည်လည်း ထို့အတူပင်တည်း။
အချို့သောသူတို့ကလည်း-- မြေလုံး၏လည်မှုသည် အလွန်လျင် မြန်၏၊ အရှိန်အဟုန်ကြီး၏၊ ထိုအရှိန်အဟုန်သည် ထိုဝတ္ထုတို့ကို ဆွဲထားနိုင်၏၊ ယုတ္တိကား-ရေအပြည့်ရှိသော ရေပုန်းငယ်တစ်ခုကို ကိုင်း၌ကိုင်၍ အလွန်ပြင်းထန်စွာ အထက်အောက် လှည့်လည်သည် ရှိသော် ရေပုန်း၌ရှိသောရေသည် လှည့်လည်မှု အရှိန်အဟုန်ဆွဲ ထားသောကြောင့် ထွက်၍ မကျနိုင်ဘူးဟု-ဆိုကြကုန်၏။
ဤယုတ္တိ၌-- ရေပုန်းတွင်းမှာ ရှိသောရေသည်ကား မကျသည် မှန်၏၊ ရေပုန်း၏ ပြင်ဖက်၌မှီတွယ်လျက် ရှိနေကြကုန်သောရေသီး, ရေပေါက်တို့သည်မူကား လွင့်စင်၍ ကြကျကုန်သည်သာဖြစ်၏၊ ထိုအတူမြေကြီး၌ အတွယ်အတာမရှိပဲ မြေကြီးပေါ်၌ ရှိနေကြကုန်သော ထိုဝတ္ထုတို့သည် မြေလုံးလိမ့်လည်ခဲ့သော် အောက်ကောင်းကင်သို့ ဧကန်လွင့်စင်၍ ကြကျကုန်လတ္တံ့။
အချို့သူတို့က-- အလွန်လျင်မြန်သော လျှပ်စစ်ဓာတ်မျိုး သည်ရှိ၏၊ မြေလုံးလည်ရာ၌ ထိုလျှပ်စစ်ဓာတ်မျိုးသည်ပါရှိ၏၊ ထိုလျှပ်စစ် ဓာတ်မျိုးသည် ဆွဲငင်၍ထားသည့်အတွက် ထိုဝတ္ထုတို့သည် လွင့်စင်၍ မကျနိုင်ကုန်ဟု-ဆိုကြ၏။
ဤစကား၌-- လျှပ်စစ်ဓာတ်မည်သည်နေရောင်, မီးရောင် တို့၌လည်းရှိ၏၊ အသံတို့၌လည်းရှိ၏၊ နေကိုဖုံး၍ နေရာ၌ တိမ်လွင့်၍ သွားသဖြင့် နေပေါ်၍လာသောအခါ ပေါ်သည်နှင့်တစ်ပြိုင်နက် နေရောင်သည် မြေအပြင်သို့ ရောက်လာ၏။
[ဤကား-အရောင်၌ လျှပ်စစ်ဓာတ် ရှိပုံတည်း။]
မိုးသံ, မိုးကြိုးသံ အစရှိသည်တို့လည်း ခဏချင်း မြေပြင်သို့ ရောက်လာကုန်၏၊ [ဤကား အသံ၌ လျှပ်စစ်ဓာတ် ရှိပုံတည်း။]
မြေလုံး၌ပါရှိသော လျှပ်စစ်ဓာတ်သည် ထိုနေရောင် မိုးသံများ၌ ပါရှိသော လျှပ်စစ်ဓာတ်များနှင့် နှိုင်းယှဉ်သော် အလွန်နှေးသေး၏၊ ထိုလျှပ်စစ်ဓာတ်များသည် အလွန်လျင်မြန်ကားလျင်မြန်၏၊ တစ်စုံ တစ်ခုသော ဝတ္ထုကိုဆွဲနိုင်သော သတ္တိကား မရှိချေ။
မြေလုံး၏ အထက်အောက်လည်မှုသည် အောက်ကောင်းကင်၌ လည်းကောင်း, မြေပြင်၌လည်းကောင်း, ညဉ့်အဖို့ဖြစ်ပေါ်နိုင်ရန် အကြောင်းပေတည်း၊ နေရောင်ကို နိုင်နင်းစွာကွယ်ကာနိုင်မှ ညဉ့် မှောင်ရိပ် မည်သည်ဖြစ်နိုင်၏၊ မြေလုံးမှတစ်ပါး နေရောင်ကို နိုင်နင်းစွာ ကွယ်ကာနိုင်သောဝတ္ထု တစ်စုံတစ်ခုမျှမရှိဟု-ဆိုလို၏။
အမှန်မူကား မြင့်မိုရ်တောင်ကို နေလှည့်လည်သည့်အတွက် အထက်ကောင်းကင်၌လည်းကောင်း နေအဖို့, ညဉ့်အဖို့ဖြစ် ပေါ်ချက် ကိုသာ ယုံကြည်စွာ မှတ်ယူလေ။
အချို့သော ပထဝီဝင် ကျမ်းဟောင်းများ၌-- မြင့်မိုရ်တောင် မည်သည်မရှိ၊ ဗုဒ္ဓဘာသာ၌ မြောက်စူးစူးမှာ မြင့်မိုရ်တောင်ရှိသည် ဆိုသောကြောင့် သင်္ဘောဖြင့် မြောက်စူးစူးသို့ နှစ်လတိုင်တိုင်သွား၍ မြင့်မိုရ်တောင်ကိုရှာ၏၊ မတွေ့ဟု- ပါရှိ၏။
အဖြေကား-- ပင်လယ် ဆုံးအောင်မသွား၊ ပင်လယ်ပြင် တွင်ပြန်၍ လာခဲ့သောကြောင့် မတွေ့လေသည်၊ နှစ်လတိုင်တိုင် သွား၏ဆိုသော် လည်း မြောက်သမုဒ္ဒရာသည် ရေခဲမှု အလွန်အားကြီး၏၊ တောင် သမုဒ္ဒရာကဲ့သို့ အလွှတ်တွင်တွင် သွားနိုင်သည်မဟုတ်ချေ။
ထိုစာအုပ်ငယ်များ၌--- နေကိုဝိုင်းမိအောင် လှည့်လည်ခြင်း ဤကဲ့သို့လှည့်လည်ခြင်းသည် ရက်ပေါင်း (၃၆၅†)တွင်တစ်ပတ် ပြည့်ပါသည်၊ ၎င်းကိုတစ်နှစ်ဟု ခေါ်ကြပါသည်၊ ဤကဲ့သို့ လှည့်လည်ရာ တစ်ခါတစ်ခါ မြောက်ဝင်ရိုးစွန်းသည် နေ,ဖက်သို့နီးကပ်လာသည်၊ တစ်ခါတစ်ခါ နေနှင့်ဝေးကွာသွားပါသည်၊ ထိုအခြင်းအရာတို့ကြောင့် ဥတုများ ဆောင်း, နွေ, မိုး, စသည်ဖြင့် ပေါ်ပေါက်လာပြီးလျှင် နေ့တို၍ ညဉ့်ရှည်, ညဉ့်တို၍ နေ့ရှည်စသည်ဖြင့် ပေါ်ပေါက်လာပါသည်၊ မြေကြီးသည် နေကိုလှည့်လည် သွားလာသကဲ့သို့ လ-သည် မြေကြီးကို လှည့်လည်၍ သွားနေပါသည်၊ မြေကြီးကို ရက်ပေါင်း (၂၇†)သာသာတွင် တစ်ပတ်ပတ်မိသည်ဟု- အဆိုရှိ၏။
၎င်းအဆို၌ အဖြေကား-- ဤလှည့်လည်ခြင်း၌ မြေလုံးသည် နေ၏တောင်ဖက်မှာ သုံးလ-လှည့်လည်ရာ၏၊ နေ၏ အနောက်ဖက်မှာ သုံးလ, နေ၏ မြောက်ဖက်မှာ သုံးလ, နေ၏အရှေ့ဖက်မှာ သုံးလ, လှည်လည်ရာ၏၊ ညဉ့်အခါမည်သည် မြေလုံးရှိမှသာဖြစ်နိုင်သည်ဟုရှေး၌ဆိုခဲ့ပြီ၊ ထိုသို့လှည့်လည်ခဲ့သည်ရှိသော် မြေလုံးရှိရာ၌သာ နေ့အခါ ညဉ့်အခါဟူ၍ ရှိရာ၏၊ မြေလုံးမရှိရာ၌ ညဉ့်အခါဟူ၍မရှိရာ၊ နေ့အခါချည်းဖြစ်ရာ၏၊ မြေလုံးသည် နေ၏ တောင်မျက်နှာ၌ နေစဉ် အခါ ၎င်းတောင်မျက်နှာ၌သာ နေ့, ညဉ့်နှစ်ပါးရှိရာ၏၊ နေ၏ အောက်၌ လည်းကောင်း, နေ၏အနောက်, နေ၏မြောက်, နေ၏ အရှေ့တို့၌ လည်းကောင်း, နေ့ ညဉ့်နှစ်ပါးဟူ၍မရှိရာ၊ နေ့, အခါချည်း ရှိရာ၏၊ ထို့အတူ မြေလုံးသည် နေ၏မြောက်မျက်နှာ၌ ရှိနေစဉ်အခါ ၎င်း မြောက်မျက်နှာ၌သာ နေ့,အခါ ညဉ်အခါ ဟူ၍ရှိရာ၏၊ နေ၏ အောက်၌ လည်းကောင်း, နေ၏အရှေ့, နေ၏တောင်, နေ၏ အနောက်တို့၌ လည်းကောင်း, နေ့အခါ, ညဉ့်အခါ ဟူ၍မရှိရာ၊ နေ့အခါချည်းသာ ရှိရာ၏။
ထိုသို့ကားမဟုတ်၊ မြေလုံးသည် နေ၏တောင်ဖက်၌ရှိနေသော အခါမှာလည်း ၎င်းတောင်ဖက်၌လည်း နေ့, ညဉ့်နှစ်ပါးရှိသည်သာလျှင် ဖြစ်ရာ၏၊ နေ၏မြောက်အရပ်မှာ ရှိနေစဉ်အခါ၌လည်း၊ ထို့အတူပင် အရပ်ငါးမျက်နှာတို့၌ နေ့, ညဉ့်နှစ်ပါးရှိသည်သာလျှင် ဖြစ်ရာ၏၊ ထိုမှတစ်ပါးလည်း မြေလုံးသည် နေ၏အရှေ့အရပ်, အောက်အရပ်, အနောက်အရပ်တို့မှာ ရှိနေသောအခါတို့၌ ထိုကဲ့သို့ လှည့်လည်ခြင်း မရှိကြောင်းသာ၍ ထင်ရှား၏။
ထင်ရှားပုံကား-- နေ့တိုင်း, နေ့တိုင်း၌ပင် နေထွက်သောအခါ နေသည် အရှေ့၌ မြေလုံးသည် အနောက်၌ရှိနေကြ၏၊ မွန်းတည့်သော အခါ၌ နေ,သည် မြေအပြင်၏အထက်၌၊ မြေအပြင်သည် နေ,၏ အောက်၌ ရှိနေကြ၏၊ နေဝင်သောအခါမှာ နေ,သည် အနောက်၌ မြေလုံးသည်အရှေ့၌ ရှိနေကြ၏၊ နေ့တိုင်းနေ့တိုင်း မျက်မြင် ဒိဋ္ဌဖြစ်ကြ၏၊ ထို့ကြောင့် နေကိုဝိုင်းမိအောင် လှည့်လည်ခြင်းဟူသော ဒုတိယ လှည့်လည်ခြင်းမည်သည်လည်း မရှိသည်သာလျှင်တည်း၊ ဒုတိယ လှည့်လည်ခြင်းမရှိလျှင်လည်း နေကို မြေလုံးလှည့်လည်သည့်အတွက် ကြောင့် ဥတုသုံးပါးပေါ်ပေါက်ခြင်း, နေ့, ညဉ့်တိုရှည်ခြင်းများသည်လည်း မဟုတ်လေ။
လ,သည် မြေလုံးကြီးကို လှည့်လည်ရာ၌ ၂၇ -ရက်တွင် တစ်ပတ် ပတ်မိသည်ဟု-ဆိုသောကြောင့် လ,သည် မြေလုံး၏အောက်၌ ၁၃-ရက်ခွဲ, မြေလုံး၏အထက်၌ ၁၃-ရက်ခွဲလှည့်လည်သည်ဟု- ယူရာ၏၊ ထိုသို့ ယူခဲ့သော် လတိုင်း,လတိုင်းတို့၌ပင်လျှင် လ,ပေါ်နိုင်သောရက်ကား ၁၃- ရက်ခွဲ၊ လမပေါ်နိုင်သောရက်ကား ၁၃-ရက်ခွဲ အမြဲရှိနေရာ၏၊ ထိုသို့ကား မရှိ၊ ထို့ကြောင့် လ,သည် မြေလုံးကိုလှည့်လည်သည်ဟူသော စကား သည်လည်း မဟုတ်။
လသည်နေကဲ့သို့ အလင်းပေးနိုင်သော သတ္တိမရှိ-- သို့သော် နေမင်းထံမှရရှိသော အလင်းက တစ်ဖန်ပြန်ထုတ်ပေးခြင်းအားဖြင့် ဖြစ်ပါသည်ဟူသော နောက်စကား၌လည်း၊ လ,သည် နေ,နှင့် ဆိုင်မိသော အခါ အရောင်အဝါနှင့်တကွ မပေါ်နိုင်၊ ညဉ့်အခါ၌သာ အရောင်အဝါနှင့် တကွ ပေါ်နိုင်သောကြောင့် ထိုစကားကိုဆို၏။
အဖြေကား-- လ,သည် နေနှင့်ဆိုင်မိသောအခါ၌ အရောင် အဝါနှင့်တကွ မပေါ်နိုင်ခြင်းသည် လ,၌ အရောင် အဝါမရှိသောကြောင့် မဟုတ်၊ အလွန်အားကြီးသော နေ,ရောင်က လွှမ်းမိုးသည့်အတွက်ကြောင့် လည်းကောင်း, လူတို့က အလွန်ဝေးကွာသောမြေပေါ်မှ ကြည့်ရှုရ လေသောကြောင့်လည်းကောင်း, အရောင်အဝါနှင့်တကွ မပေါ်နိုင်ခြင်း ဖြစ်လေသတည်း၊ လ၏အနီးအပါးသို့ သွား၍ကြည့်ကြပါမူကားလ,ကိုအရောင်အဝါနှင့် မြင်ကြရလတ္တံ့၊ ဥပမာကား-ညဉ့်အခါတောင်ထိပ် ဘုရားစေတီ၌ ဓာတ်မီးအိမ်ကြီးတစ်ခု, ဓာတ်မီးအိမ်ငယ်တစ်ခု ထွန်းထား ရာ၏၊ အနီး၌နေ၍ ကြည့်ကြသူတို့မှာ ဓာတ်မီးအိမ်ကြီးကိုလည်း မြင်ရ၏၊ ဓာတ်မီးအိမ်ငယ်ကိုလည်းမြင်ရ၏၊ တောင်အောက်အဝေးမှနေ၍ ကြည့်ရှုကြသူတို့မှာ ဓာတ်မီးအိမ်ကြီးကိုသာ မြင်ရ၏၊ ဓာတ်မီးအိမ်ငယ်ကို မမြင်ရ။ ဤဥပမာအတိုင်း မှတ်လေ။
ထိုစာအုပ်ငယ်များ၌-- နေမင်းသည် ဂြိုဟ်, နက္ခတ်, တာရာတို့ ဝန်းဝိုင်း၍ အလယ်တွင်တည်ရှိ၏၊ နေမင်းကို အခြားဂြိုဟ်, နက္ခတ်, တာရာတို့ကခြံရံ၍ လှည့်လည်နေကြ၏ဟု- အဆိုရှိ၏။
၎င်းအဆို၌အဖြေကား-- ဂြိုဟ်, နက္ခတ်, တာရာတို့သည် နေမင်းကိုလှည့်လည်ကြရာ၌ တစ်နှစ်တွင် တစ်ပတ်ကျ လှည့်လည်လေ သလော၊ သို့မဟုတ် တစ်နေ့တစ်ရက်တွင် တစ်ပတ်ကျလှည့်လည် သလောဟု- မေးရန်ရှိ၏၊ ထိုအမေး၌ တစ်နှစ်တွင် တစ်ပတ်ကျ လှည့်လည်ပါသည် ဆိုခဲ့သော် ဂြိုဟ်, နက္ခတ်, တာရာတို့ကို တစ်ညဉ့်လုံး နေဝင်နေထွက် ကြည့်ရှု၍ နေကြသူများမှာ ဂြိုဟ်, နက္ခတ်, တာရာ တို့ကိုမြင်ကြရ၏၊ မြေလုံးနှင့် နေနှစ်ပါးတို့တွင် တစ်ပါးကသွားလျှင် တစ်ပါးကတည် နေမှ နေ့, ညဉ့်, လ, နှစ်, ဥတု အပိုင်းအခြားပေါ်နိုင်၏၊ နှစ်ပါးလုံးသွားခဲ့လျှင် ထိုအပိုင်းအခြား မပေါ်နိုင်၊ မြေလုံးဝါဒ၌ မြေလုံးက သွားသောကြောင့် နေကတည်နေရ၏။
ဤအဖြေ၌ကား- မြေလုံးလှည့်လည်မှုမရှိဖြစ်၍ နေ,ကသွားခွင့် ဆိုက်၏၊ နေ, သွားမှသာလျှင် နေ့, ညဉ့်, လ, နှစ်, ဥတု, အပိုင်း အခြားပေါ်နိုင်၏၊ ထို့ကြောင့် နေသည် ဂြိုဟ်, နက္ခတ်, တာရာတို့၏ အလယ်တွင်တည်ရှိ၏ ဟူသောစကားသည် မဟုတ်ချေ၊ နေမင်းကို အခြား ဂြိုဟ်, နက္ခတ်, တာရာတို့က ခြံရံ၍လှည့်လည်နေကြ၏ ဟူသော စကား၌လည်း ထိုဝါဒအလိုအားဖြင့် ဂြိုဟ်, နက္ခတ်, တာရာတို့သည် မြေလုံးအောက်သို့ မရောက်မူ၍ နေကိုသာလှည့်လည်၍ နေကြကုန် ငြားအံ့၊ ထိုဂြိုဟ်, နက္ခတ်, တာရာတို့ကို လူတို့အဘယ်အခါမှ မြင်ရ လိမ့်မည်မဟုတ်၊ ညဉ့်တိုင်းပင် မြင်ကြလျက်ရှိကုန်၏၊ ထိုကြောင့် ထိုစကားသည်လည်း မဟုတ်ချေ။
ထိုစာအုပ်ငယ်များ၌-- နေသည် မြေကြီးထက် အဆပေါင်း (၁၃၀၀၀၀ဝ) တစ်သန်းသုံးသိန်းပို၍ ကြီး၏ဟူသော စကားတစ်ရပ်, ၎င်း၏ထုတ်ချင်းမိုင်ပေါင်း (၈၆၇၀၀၀) ရှစ်သိန်းခြောက်သောင်း ခုနစ်ထောင် ဖြစ်ပါသည်ဟူသော စကားတစ်ရပ်, လာရှိသည့်အတွက် ရှေးစကားနှင့်နောက်စကားသည် အလွန်ကွဲလွဲလျက်ရှိ၏။
ကွဲလွဲပုံကား-- ထိုဝါဒအလိုအားဖြင့် မြေလုံးအဝန်းသည် မိုင်ပေါင်း (၂၃၀၀၀) နှစ်သောင်းသုံးထောင်ကျော် ရှိ၏၊ ထိုကို အဆပေါင်း တစ်သန်းသုံးသိန်းနှင့်မြှောက်သည်ရှိသော် နေ၏အဝန်းသည် မိုင်ပေါင်း ကုဋေသုံးထောင်ကျော်ရှိ၏။
[ဤကား-ရှေးစကားရပ်၏အရတည်း။]
နောက်စကားရပ် အလိုမှာ-နေ၏ထုတ်ချင်းပေါက်မိုင်ပေါင်း (၈၆၇၀၀၀) တည် အဝန်းသုံးပြန်နှင့်မြှောက်၊ နေ၏အဝန်း မိုင်ပေါင်း နှစ်သန်းခြောက်သိန်းကျော်မျှသာရှိ၏၊ ဤသို့ စကားနှစ်ရပ်ကွဲလွဲကြ၏။
စကားကြီး, အသံကြီးဖြစ်ရုံမျှ ရုတ်တရက်ထွက်ဆိုလိုက်သော စကားများဖြစ်သည်ဟု- ထင်ရှားပေါ်ရှိ၏၊ ဤစကားနှစ်ရပ်သည် စကားကြီး, အသံကြီးဖြစ်ရုံမျှ ရုတ်တရက် ထွက်ဆိုလိုက်သောစကား ဖြစ်သည်ဟု- ထင်ရှားပေါ်ရှိသဖြင့်လည်း နောက်၌ နေမှထုတ်လိုက် သောအပူကို အပုံပေါင်း (၂၂၇၀၀၀၀ဝဝ) ပုံပါလျှင် မြေကြီးသို့ တစ်ပုံသာ ရောက်လာ၏ ဟူသော စကားတစ်ရပ်, ကြာသပတေးဂြိုဟ်သည် မြေကြီး ထက်အဆပေါင်း (၁၄၀၀) ကြီးသည်ဟူသော စကားတစ်ရပ်, ၎င်းမှ နောက်၌ နေနှင့်ဂြိုဟ်ကြီးတို့၏ အဝေးအကွာကို ဆိုရာတွင်--။
ဗုဒ္ဓဟူးဂြိုဟ်သည် ၃၆-သန်းမိုင်ပေါင်းကွာပါသည်, သောကြာဂြိုဟ်သည်၉၃-သန်းမိုင်ပေါင်းကွာပါသည်, ကိတ်ဂြိုဟ်-(မြေကြီး)သည်- ၉၉-သန်းမိုင်ပေါင်းကွာပါသည်, အင်္ဂါဂြိုဟ်သည်
ကြာသပတေးဂြိုဟ်သည်စနေဂြိုဟ်သည်
တနင်္လာဂြိုဟ်သည်
၁၃၉-သန်းမိုင်ပေါင်းကွာပါသည်, ၄၇၅-သန်းမိုင်ပေါင်းကွာပါသည်, ၈၇၂-သန်းမိုင်ပေါင်းကွာပါသည်, ၁၇၅၂-သန်းမိုင်ပေါင်းကွာပါသည်, တနင်္ဂနွေဂြိုဟ်သည်-၂၇၉၄-သန်းမိုင်ပေါင်းကွာပါသည် ဟူသောစကားရပ်များသည်လည်း စကားကြီး, အသံကြီးဖြစ်ရုံမျှ ရုတ်တရက်ထွက် ဆိုလိုက်သော စကားများဖြစ်သည် ဟု- ထင်ရှား ပေါ်ရှိတော့သည်သာ လျှင်တည်း။
အမှန်မူကား-- ထိုဂြိုဟ်တို့သည် ထိုဝါဒ၌ ပြဆိုသည့်အတိုင်း နေနှင့် အမြဲကွာဝေးကြသည် မဟုတ်၊ နီးချည်တစ်ခါ, ဝေးချည် တစ်လှည့် သာ ဖြစ်ကြကုန်၏။
ဖြစ်ပုံကား-- နေ၏သွားရာလမ်းသည် အလယ်လမ်း, အတွင်းလမ်း, အပြင်လမ်းဟူ၍ သုံးလမ်းရှိ၏၊ ထိုတွင် အလယ်လမ်းသည် လူတို့ခေါင်း ပေါ်၌ကျ၏၊ အတွင်းလမ်းသည် မြောက်ဖက်၌ကျ၏၊ အပြင်လမ်းသည် တောင်ဖက်၌ကျ၏၊ ဂြိုဟ်နက္ခတ်တို့သည် ထိုသုံးလမ်း အပြင်၌ လှည့်လည် ကြကုန်၏၊ နေသည် အလယ်လမ်း၌ သွားခိုက် အလယ်လမ်းရှိ ဂြိုဟ်တို့ နှင့်နီး၏၊ အတွင်းလမ်းအပြင်လမ်းရှိ ဂြိုဟ်တို့နှင့် ဝေး၏၊ နေသည် အတွင်း လမ်း၌သွားခိုက် အတွင်းလမ်းရှိ ဂြိုဟ်တို့နှင့်နီး၏၊ အပြင်လမ်း, အလယ် လမ်းရှိ ဂြိုဟ်တို့နှင့်ဝေး၏၊ နေသည် အပြင်လမ်း၌သွား ခိုက်၊ အပြင်လမ်းရှိ ဂြိုဟ်တို့နှင့် နီး၏၊ အလယ်လမ်း, အတွင်းလမ်းရှိ ဂြိုဟ်တို့နှင့်ဝေး၏၊ အလျားလိုက် သွားကြရာမှာလည်း ထို့အတူ နီးချည်တစ်ခါ, ဝေးချည် တစ်လှည့်သာ ဖြစ်ကြကုန်၏၊ ဤသို့ ဆိုမှသာလျှင် မျက်မြင်ဒိဋ္ဌနှင့်လည်း ညီညွတ်၏၊ ဗေဒင်တွက်ရိုး တို့နှင့်လည်း ညီညွတ်၏၊ ဇာတာပြင်တို့ နှင့်လည်း ညီညွတ်၏၊ ဂြိုဟ်ပူး, ဂြိုဟ်ကွာ ဟောကိန်းများနှင့်လည်း ညီညွတ်၏ဟုမှတ်လေ။
ဤမျှသောစကားရပ်တို့ဖြင့် နေ့, ညဉ့်, ရက်, လ, ဥတု, နှစ်အပိုင်းအခြားများသည် မြေလုံး လည်ခြင်းကြောင့် ဖြစ်သည်မဟုတ်၊ လ, နေ, နက္ခတ်, တာရာ, ဂြိုဟ်, ကြယ်တို့၏ လှည့်လည်ခြင်းကြောင့်သာ နေ့, ညဉ့်, ရက်, လ, ဥတု, နှစ်အပိုင်းအခြားများ ဖြစ်သည်ဟု ပြဆိုချက် ပေတည်း။
ထို့ကြောင့် ဒီဃနိကာယ် သုတ်ပါထေယျပါဠိတော် အဂ္ဂည သုတ်ကြီး၌
အထခေါ တေသံ ဝါသေဋ္ဌ သတ္တာနံ သယံ ပဘာ အန္တရဓာယိ၊ သယံ ပဘာယ အန္တရဟိတာယ စန္ဒိမသူရိယာ ပါတုရဟေသုံ၊ စန္ဒိမသူရိယေသု ပါတုဘူတေသု နက္ခတ္တာနိ တာရကရူပါနိ ပါတုရဟေသုံ၊ နက္ခတ္တေသု တာရကရူပေသု ပါတုဘူတေသု ရတ္တိ ဒိဝါ ပညာယိံသု၊ ရတ္တိဒိဝေသု ပညာယမာနေသု မာသဍ္ဎုမာသာ ပညာယိံသု၊ မာသ ဍ္ဎုမာသေသု ပညာယမာနေသု ဥတုသံဝစ္ဆရာ ပညာယိံသု။
ပါဌ်လျှောက်အဓိပ္ပါယ်ကား-- ကမ္ဘာဦးအခါ၌ ထိုကမ္ဘာဦးသူ တို့အား မိမိတို့ ကိုယ်ရောင်ကိုယ်ဝါသည် ကွယ်ပျောက်လေ၏၊ ကိုယ်ရောင် ကိုယ်ဝါကွယ်ပျောက်သည်ရှိသော် လ, နေနှစ်ပါးတို့သည် ထင်ရှား ပေါ်လာကုန်၏၊ လ, နေနှစ်ပါးထင် ရှားပေါ်လာကုန်သည်ရှိသော် နက္ခတ်, တာရာတို့သည် ထင်ရှားပေါ်လာကုန်၏၊ နက္ခတ်, တာရာနှစ်ပါး ထင်ရှားပေါ်လာကုန်သည်ရှိသော် နေ့, ညဉ့်တို့သည်လည်းကောင်း, လနှင့်လခွဲတို့သည်လည်းကောင်း, ဥတုသုံးပါး နှစ်အပိုင်းအခြားတို့ သည်လည်းကောင်း အစဉ်အတိုင်း ပေါ်လာကုန်၏ ဟူလိုသည်။ [ဤတွင်ရွေ့ကား ပထဝီ ဝိဝါဒ ဖြေရှင်းချက်ကြီးပေတည်း။]
ဘုရားဟောသက်သက်ဖြင့်သာ ဖြေရှင်းကြောင်း ဤပထဝီ ဝိဝါဒဖြေရှင်းချက်၌ ဗုဒ္ဓဘာသာ အဋ္ဌကထာ, ဋီကာ များကို မထုတ်ပြဘဲ ပါဠိတော်ရင်းကြီးများကိုသာ ထုတ်ပြ၍ ရေးသားခြင်း ၏အကြောင်းကား- ဘာသာတစ်ပါး သာသနာပြုဆရာများတို့က ဗုဒ္ဓဘာသာမှာ ရှင်ဂေါတမ၏ စကားသည် အနည်းငယ်မျှသာ ပါရှိ၏၊ နောက်ကာလ၌ သီဟိုဠ်ကျမ်းပြုဆရာများ အဝါအကြွား ရေးထားချက် တွေသာ များ၏ဟူ၍လည်းကောင်း, ဟိန္ဒူရာဇဝင်ကျမ်းများ ဟိန္ဒူပူရာဏ် ကျမ်းများသည် အလွန်အဝါအကြွားများပြား၏၊ ဗုဒ္ဓဘာသာ အဋ္ဌကထာ, ဋီကာကျမ်းများသည် ထိုဟိန္ဒူကျမ်းများကို လိုက်၍ရေးသားကြ၏၊ ထိုကြောင့် ဗုဒ္ဓဘာသာကျမ်းများသည်လည်း မဟုတ်မတရား အဝါ အကြွား အလွန်များပြား၏ဟူ၍လည်းကောင်း, ဘာသာတစ်ပါး သာသနာပြုဆရာများ ပြောဟောကြကြောင်းကို ဆရာတော် များစွာ ကြားဖူးရ၏၊ စာအုပ်ငယ်များ ရေးသားထားသည်ကိုလည်း တွေ့ဖူးရ၏၊ ထိုဘာသာတစ်ပါး သာသနာပြု ဆရာများတို့၏ စကားသည် ယခုအခါ အချို့အချို့သော ဗုဒ္ဓဘာသာလူမျိုး လောကဓာတ် ကျောင်းဆရာများနှင့် လောကဓာတ်ကျောင်းသားများ၏ ခံတွင်း နှုတ်လျှာသို့ ရောက်နေခဲ့ပြီ၊ ယခုအခါ လောကဓာတ် စာသင်ကျောင်းများတို့တွင် ရှိနေသော ကမ္ဘာမြေလုံးများမှာလည်း ကမ္ဘာအချက် အမျိုးမျိုး ပါရှိပေ၏။
၁။ ကျွန်းကြီးကျွန်းငယ်တို့၏ တည်ရှိရာဒေသ ဌာနခရီးမိုင် အကွာ အလှမ်းများကို ပြဆိုချက်၊ နိုင်ငံ, ပြည်, မြို့တို့၏ တည်ရှိရာ အရပ်ဒေသ ဌာနခရီးမိုင်အကွာ အလှမ်းများကို ပြဆိုချက် များသည် ထိုထို နိုင်ငံ, ပြည်, မြို့အစိုးရများ၏ ပြဆိုချက် ပေတည်း။
၂။ ပင်လယ်ရေကြောင်း မြစ်ရိုးမြစ်စဉ်တို့၌ ခရီးမိုင်အကွာ အလှမ်း များကိုပြဆိုချက်သည် သင်္ဘောသူကြီးတို့၏ ပြဆိုချက်ပေတည်း။
၃။ မီးရထားလမ်းတို့၌ ခရီးမိုင်အကွာအလှမ်းများကို ပြဆိုချက်သည် မီးရထားဆိုင်ရာက ပြဆိုချက်ပေတည်း။
[မြေလုံးတွင်ပါရှိသော ဤအချက်ကြီးသုံးပါးသည် သိမှတ်ဖွယ် အလွန် ကောင်းလှပေ၏၊ သိမှတ်သူတို့မှာ အကျိုးကျေးဇူး အလွန်များလှ ပေ၏၊]
၄။ အထက်ကောင်းကင်၌နေ, လ, နက္ခတ်, တာရာ, ဂြိုဟ်, ကြယ် အပေါင်းတို့၏ အကြီး,အငယ် အသွားအလာ အဝေးအကွာ များကို ပြဆိုချက်သည်လောကဓာတ် မှန်ပြောင်း ဆရာများ၏ ပြဆိုချက်ပေတည်း။
[မှန်ပြောင်းမည်သည် မြေအပြင်၌ မိုင်တစ်ရာ မိုင်တစ်ထောင်မကပင် အမှန်အကန် ပြနိုင်ရာ၏၊ မှန် မမှန် သက်သေကိုလည်း ရနိုင်၏၊ အလွန်ဝေးကွာလှသော ကောင်းကင်၌မူကား အမှန်အကန်ကိုလည်း မပြနိုင်ပြီ၊ မှန်သည် မမှန်သည် သက်သေ ကိုလည်း မရနိုင်ပြီး]
၅။ မြေလုံးခြင်း လည်ခြင်းသည် “သူရိယသိဒ္ဓန္တ” ဗေဒင်ကျမ်း အထွက်ပေတည်း။
ဤ (၄)အချက် (၅)အချက်များသည်မူကား-ရှေး၌ပြဆိုခဲ့ပြီးသော အတိုင်း ဟုတ်မှန်သည်လည်းမဟုတ် အကျိုးကျေးဇူးလည်းမရှိ၊ မျက်မြင်ဒိဋ္ဌတို့နှင့်လည်း အလွန်ဆန့်ကျင်၏၊ ကမ္ဘာကျမ်းဟောင်းများ နှင့်လည်း အလွန်ဆန့်ကျင်၏၊ ဗုဒ္ဓဘာသာ ကျမ်းစာများနှင့်လည်း အလွန်ဆန့်ကျင်၏။
ထို့ကြောင့် ဗုဒ္ဓဘာသာရာဇဝင် အဆက်ဆက်တို့၌ ထိုမြေလုံးခန်း မြေလည်ခန်းတို့ကို ပြောဆိုခြင်းမရှိကြစေရန် အစဉ်အဆက် နှိပ်ကွပ်၍ ထားကြရ၏၊ ယခုအခါ ထိုမြေလုံးမှု, မြေလည်မှု ပေါ်ပေါက်၍ လာပြန်သည့်အတွက် ဗုဒ္ဓဘာသာ လူမျိုးချင်းချင်းပင် အငြင်းအခုန် ဖြစ်ပွါးကြသည်ကို ဆရာတော်ကိုယ်တိုင်ပင် များစွာကြားဘူးရ၏၊ ထိုမြေလုံးမှု, မြေလည်မှုကို ယုံကြည်ကြသော လောကဓာတ်ကျောင်း ဆရာအချို့တို့က ဗုဒ္ဓဘာသာကျမ်းစာများသည် ကမ္ဘာမြေကြီးကစ၍ မှားသည်ဟု- ပြောဆိုသည်များကို ကြားဖူးရ၏၊ ဆရာတော်ကိုပင် ခုခံငြင်းဆန်သူများကိုလည်း တွေ့ဘူးရ၏၊ ထို့ကြောင့် ဤမြေလုံးမှု, မြေလည်မှု, အယူဝါဒကြီး ပေါ်ပေါက်မှုသည် ဗုဒ္ဓဘာသာကျမ်းဂန်များ၏ ဓမ္မန္တရာယ်ကြီး ဖြစ်ချေသည်ဟု- သတိသံဝေဂ ရရှိသောကြောင့် ဤမြေလုံးမှု, မြေလည်မှု, ဝိဝါဒရှင်းလင်းချက်ကြီးမှာ အဋ္ဌကထာ ဋီကာ မပါမူ၍ ဗုဒ္ဓဘာသာ ပါဠိတော်ရင်းကြီးများကိုသာ ထုတ်ပြ၍ စေ့စုံစွာ ရှင်းလင်းလိုက်ပေသတည်း။
[ဤတွင်ရွေ့ကား ကမ္ဘာ့ဝိဝါဒဖြေရှင်းချက် ပြီး၏၊]
---------*-------
မုံရွာမြို့ ကျောင်းတကာ အမိန့်တော်ရမင်း မောင်စံလင်း လျှောက်ထားချက်နှင့် ရေးသားတော်မူအပ်သော အတ္တ-အနတ္တ-စစ်ချက်
လောကတွင် မြေညက်တို့ကို ပြုလုပ်အပ်သောမြေအိုးဟူ၍ ရှိကြ၏၊ ထိုမြေဟူသောအမည်နှင့် ထိုအမည်၏ အနက်ဖြစ်သော မြေမှုန့်များသည် ပရမတ်မျိုးဖြစ်ကြ၏၊ အိုးဟူသောအမည်နှင့် ထိုအမည်၏အနက်ဖြစ်သော အိုးသဏ္ဌာန်ဒြဗ်သည် ပညတ်မျိုးဖြစ်ကြ၏၊ ထိုတွင် ပရမတ်မျိုးသည် အဟုတ်ရှိမျိုး, အမှန်ရှိမျိုးဖြစ်၏၊ ပညတ်မျိုးသည် အဟုတ်ရှိမျိုး, အမှန်ရှိမျိုးမဟုတ်၊ သတ္တဝါတို့ စိတ်ထဲတွင် ထင်မြင်ရသော အရိပ်နိမိတ်မျိုးမျှသာဖြစ်၏၊ ဤသို့လျှင် မြေအိုးဆိုရာ၌ မြေသည်ကား တစ်ခြား၊ အိုးသည်ကားတစ်ခြား၊ မြေသည်အိုးမဟုတ်၊ အိုးသည်မြေ မဟုတ်၊ မြေသည်ကား အနိစ္စမျိုးတည်း၊ အိုးသည်ကားနိစ္စမျိုးတည်း။
အနိစ္စမျိုးဆိုသည်ကား-- မြေသည်အဟုတ်ရှိမျိုး, အမှန်ရှိ မျိုးဖြစ်၍ ဖြစ်မှုလည်းအမှန်ရှိ၏၊ ဟောင်းနွမ်းမှုလည်း အမှန်ရှိ၏၊ ပျက်ဆုံးမှုလည်း အမှန်ရှိ၏၊ ထို့ကြောင့် မြေသည်အနိစ္စမျိုးဖြစ်၏။
နိစ္စမျိုးဆိုသည်ကား-- အိုးသည်အဟုတ်ရှိမျိုး, အမှန်ရှိမျိုး မဟုတ်သည်ဖြစ်၍ ဖြစ်မှုလည်းအမှန်မရှိ, ဟောင်းနွမ်းမှုလည်းအမှန်မရှိ, ပျက်ဆုံးမှုလည်းအမှန်မရှိ၊ ထို့ကြောင့် အိုးသည်နိစ္စမျိုးဖြစ်၏၊ သို့သော် အိုးဖြစ်သည်၊ အိုးဟောင်းနွမ်းသည်၊ အိုးကွဲသည်၊ အိုးပျက်ဆုံးသည်ဟူ၍ ဝေါဟာရမူကားရှိကြ၏၊ ထိုဝေါဟာရသည်မူကား မြေမှုန့်တို့သည် အိုးသဏ္ဌာန်အနေနှင့် တစ်ခဲနက်ပေါ်ပေါက်လာသည်ရှိသော် ထို တစ်ခဲနက်ကို အစွဲပြု၍ သဏ္ဌာနပညတ်အထူးသည် စိတ်ထဲတွင် ထင်မြင်ပေါ် ပေါက်လာ၏၊ ထိုသဏ္ဌာနပညတ်ကို အာရုံပြု၍ စိတ်ထဲတွင် အိုးဟူသော နာမပညတ်သည် ပေါ်လာရ၏၊ ဤသို့လျှင် အိုးဖြစ်သည် ဟူသော စကားပညတ်သည် ဝေါဟာရပညတ်မျှသာ ဖြစ်သတည်း၊ ထိုမြေမှုန့်တို့သည် အိုးသဏ္ဌာန် အနေအားဖြင့် တစ်ခဲနက်ဖြစ်ပေါ်လာ သည်ရှိသော် ကာလကြာညောင်းသဖြင့် ဟောင်းနွမ်းခြင်း ဖြစ်ပေါ်ရပြန် ကုန်၏၊ မြေမှုန့်တို့၏ ဟောင်းနွမ်းခြင်းကိုပင်လျှင် အိုး၏ ဟောင်းနွမ်းခြင်း ဟူ၍ ဝေါဟာရပညတ်သည် ဖြစ်ပေါ်ရ၏။
မြေမှုန့်တို့၏ တစ်ခဲနက်ကွဲခြင်း, ပျက်ဆုံးခြင်းကိုပင်လျှင် အိုးကွဲသည် အိုးပျက်ဆုံးသည်ဟူ၍ ဝေါဟာရပညတ်သည် ဖြစ်ပေါ်ခြင်း ရှိနေ၏၊ သို့သော် မြေမှုန့်တို့သည် အိုးသဏ္ဌာန်အနေနှင့် ဧကန် ဖြစ်ပေါ် ခြင်းရှိခဲ့သော် အိုးသဏ္ဌာန်သည်လည်း ဧကန်ဖြစ်ပေါ်ခြင်းရှိသည်ပင် မဟုတ်လောဟု- မေးရန်ရှိ၏။
အဖြေကား-- မြေမှုန့်တို့သည် ဧကန်ရှိသော သဘာဝဓမ္မမျိုး ဖြစ်၍ ဖြစ်ပေါ်မှုသည်လည်း ဧကန်ရှိ၏၊ အိုးသဏ္ဌာန်သည်မူကား- အသီးအခြား ထင်ရှားရှိသော သဘာဝဓမ္မမျိုးမဟုတ်၊ စိတ်ထဲတွင် ထင်မြင်ရသော ပညတ္တိဓမ္မမျိုးမျှသာဖြစ်၏၊ ထိုသဏ္ဌာန်၏ ဖြစ်ပေါ်မှုသည်လည်း ဧကန်ရှိ မျိုးမဟုတ်၊ စိတ်ထဲတွင် ထင်မြင်ရသော ပညတ်မျှသာဖြစ်၏၊ အိုး၏ ဟောင်းနွမ်းမှု, အိုး၏ပျက်ဆုံးမှုကိုလည်း ထို့အတူသိလေ၊ မြေမှုန့်တို့သည် ကမ္ဘာမြေကြီးမှစ၍ ဖြစ်ပေါ်လာကုန်၏၊ အိုးသဏ္ဌာန် သည်မူကားအိုးလုပ်သမား ပြုလုပ်ရာတွင်မှ ဖြစ်ပေါ်လာရ၏။
ဤဥပမာအတူ သတ္တဝါတို့၏သဏ္ဌာန်၌လည်း မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်, အဆင်းဓာတ်, အသံဓာတ်, အနံ့ဓာတ်, အရသာဓာတ် အစရှိသော ပရမတ်ဓာတ်မျိုးသည်သာလျှင် ဧကန်ရှိမျိုး ဖြစ်၏၊ ထိုဧကန်ရှိမျိုး၌ ခေါ်ဝေါ်အပ်သော ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, သဒ္ဒ, ဂန္ဓ, ရသ အစရှိသော အမည်ပညတ်မျိုးသည်သာ လျှင် ဟုတ်မှန်သောပညတ်မျိုးဖြစ်၏၊ ပုဂ္ဂိုလ်သဏ္ဌာန်, သတ္တဝါသဏ္ဌာန်, လူသဏ္ဌာန်, နတ်သဏ္ဌာန်, ခွေး ဝက် ကြက်ငှက် အစရှိသော သဏ္ဌာန်မျိုးသည်မူကား- ဧကန်ရှိမျိုးမဟုတ်၊ စိတ်ထဲတွင်ထင်မြင်ရသော သတ္တပညတ်မျိုးသာ ဖြစ်၏၊ ပုဂ္ဂလ, သတ္တ, ဒေဝ, မနုဿအစရှိသော အမည်နာမပညတ်မျိုးသည်လည်း ဟုတ်မှန်သောပညတ်မျိုး မဟုတ်၊ ပညတ်နှင့်ပရမတ်ခွဲနည်းကို မသိသောသတ္တဝါတို့မှာ ပရမတ်နှင့် ပညတ်ကို တစ်ခုတည်းပြု၍ ရုပ်ပရမတ်, နာမ်ပရမတ်တို့ကိုပင်လျှင် ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, လူဟူ၍, နတ်ဟူ၍ အခိုင်အမြဲ စွဲလမ်း ကြကုန်၏၊ ထိုစွဲလမ်းချက်မှာ ဧကန်ရှိဖြစ်သော ရုပ်ဓာတ်, နာမ် ဓာတ်မျိုး သည် ဧကန်ရှိမဟုတ်သော သဏ္ဌာနပညတ်မျိုး၌ အမာခံ ဖြစ်ရလေ၏၊ ဤသို့အမာခံဖြစ်သည်ကို အတ္တဟုဆိုရပေသတည်း။
[ဤကား အတ္တကိုပြဆိုချက်ပေတည်း။]
အတ္တခေါ်ဆိုရပုံ
အဘယ်အနက်ကြောင့် အတ္တခေါ်သနည်းဟူမူကား။ “ဝသ ဝတ္တနတ္ထေန အတ္တာ” ဟူသည်နှင့်အညီ အတ္တဒိဋ္ဌိ မိစ္ဆာဉာဏ်တို့၏ အလိုအားဖြင့် ပုဂ္ဂိုလ်၏အလိုသို့ လိုက်တတ်သော အနက်ကြောင့် အတ္တခေါ်၏၊
ရုပ်နာမ်တို့ ပုဂ္ဂိုလ်အလိုသို့လိုက်ပုံ
ဣရိယာပုထ်လေးပါးတို့တွင် ပုဂ္ဂိုလ်ကသွားမှုကို အလိုရှိ၍ သွားလိုသောစိတ်ဖြင့် သွားမှုကိုပြုပြင်သည်ရှိသော် သွားရုပ်, သွားနာမ် ဖြစ်၍လိုက်၏၊ ပုဂ္ဂိုလ်ကရပ်မှုကို အလိုရှိ၍ ရပ်လိုသောစိတ်ဖြင့် ရပ်မှုကိုပြုပြင်သည်ရှိသော် ရပ်ရုပ်, ရပ်နာမ်ဖြစ်၍လိုက်၏၊ ပုဂ္ဂိုလ်က ထိုင်မှုကို အလိုရှိ၍ ထိုင်လိုသောစိတ်ဖြင့် ထိုင်မှုကိုပြုပြင်သည်ရှိသော် ထိုင်ရုပ်, ထိုင်နာမ်ဖြစ်၍လိုက်၏၊ ပုဂ္ဂိုလ်က အိပ်မှုကို အလိုရှိ၍ အိပ်လိုသောစိတ်ဖြင့် အိပ်မှုကိုပြုပြင်သည်ရှိသော် အိပ်ရုပ်, အိပ်နာမ် ဖြစ်၍လိုက်၏၊ ပုဂ္ဂိုလ်ကကွေးခြင်း, ဆန့်ခြင်းအစရှိသော ကာယကံမှု၊ ပြောခြင်း, ဆိုခြင်းအစရှိသော ဝစီကံမှု၊ ကြံခြင်း, စည်ခြင်း အစရှိသော မနောကံမှုကို အလိုရှိ၍ ကွေးလိုသောစိတ်, ဆန့်လိုသောစိတ်, အစရှိ သည်ဖြင့် ကွေးမှု, ဆန့်မှု, အစရှိသည်ကိုပြုပြင်သည်ရှိသော် ကွေးရုပ်, ကွေးနာမ်, ဆန့်ရုပ်, ဆန့်နာမ် အစရှိသည်ဖြစ်၍ လိုက်၏။
[ဤကား ရုပ်နာမ်တို့ ပုဂ္ဂိုလ်အလိုသို့လိုက်ပုံတည်း။]
ဤသို့လျှင် အတ္တဒိဋ္ဌိ မိစ္ဆာဉာဏ်တို့၏ အလိုအားဖြင့် ပုဂ္ဂိုလ်၏ အလိုသို့ လိုက်တတ်သောကြောင့် ပုဂ္ဂိုလ်နှင့်ရုပ်နာမ်သည် ခြားနားခြင်း မရှိမူ၍ ရုပ်နာမ်ကိုပင် ပုဂ္ဂိုလ်ဟု စွဲလမ်းခြင်းဖြစ်လေသတည်း။
ရုပ်နာမ်ကိုပင် ပုဂ္ဂိုလ်ဟု- စွဲလမ်းခြင်းဆိုသည်ကား- လောက၌ သွားရုပ် သွားနာမ် ဖြစ်ပေါ်၍နေသည်ကို ပုဂ္ဂိုလ်သွားသည် သတ္တဝါ သွားသည်၊ ငါသွားသည်၊ သူသွားသည်ဟု-စွဲလမ်းခြင်း, လောက၌ ရပ်ရုပ်, ရပ်နာမ်ဖြစ်ပေါ်၍နေသည်ကို ပုဂ္ဂိုလ်ရပ်သည်၊ သတ္တဝါရပ်သည်၊ ငါရပ်သည်၊ သူရပ်သည်ဟု- စွဲလမ်းခြင်း အစရှိသည်များသည် ရုပ်နာမ်ကို ပုဂ္ဂိုလ်ဟု- စွဲလမ်းခြင်း မည်၏။
[ဤကား- အတ္တခေါ်ဆိုခြင်း၏ အနက်ကို ပြဆိုချက်ပေတည်း။]
အနတ္တခေါ်ဆိုရပုံ
ရုပ်တရားမျိုး, နာမ်တရားမျိုးသည် စင်စစ်အနတ္တမျိုးဖြစ်၏၊ အဘယ်အနက်ကြောင့် အနတ္တခေါ်သနည်းဟူမူကား “အဝသဝတ္တနတ္ထေန အနတ္တာ” ဟူသည်နှင့်အညီ သမ္မာဒိဋ္ဌိ သမ္မာဉာဏ်တို့၏ အလိုအားဖြင့် ပုဂ္ဂိုလ်၏အလိုသို့ မလိုက်တတ်သော အနက်ကြောင့် သတ္တဝါ၏အလိုသို့ မလိုက်တတ်သောအနက်ကြောင့် အနတ္တခေါ်၏။
အဘယ်သို့ အလိုသို့မလိုက်သနည်းဟူမူကား ဤသံသရာ၌
၁။ ဇာတိမှုကြီး,
၂။ ဇရာမှုကြီး,
၃။ ဗျာဓိမှုကြီး,
၄။ မရဏမှုကြီး,
ဟူ၍ အရေးကြီးလေးပါးရှိ၏၊
ထိုတွင်ဇာတိမှုသည်
၁။ ကိလေသာဇာတိ။
၂။ ကမ္မဇာတိ။
၃။ ဝိပါကဇာတိ။
ဟူ၍ အရေးကြီးသုံးပါးရှိ၏၊ ထိုတွင်- ကိလေသာဇာတိဆိုသည်ကား-- ကိလေသာတို့၏ ဖြစ်ပေါ် ပေါက်ပွါးမှုပေတည်း၊
- ကမ္မဇာတိဆိုသည်ကား- အကုသိုလ်ကံတို့၏ ဖြစ်ပေါ် ပေါက်ပွါးမှုပေတည်း။
- ဝိပါကဇာတိဆိုသည်ကား- အပါယ်ဝိပါက်, အပါယ်ခန္ဓာတို့၏ အပါယ်ဘုံတို့၌ ဖြစ်ပေါ်ပေါက်ပွါးမှုသည်လည်းကောင်း, ပစ္စက္ခဘဝမှာလည်း ဘေးအမျိုးမျိုး ဒဏ်အမျိုးမျိုး ရန်အမျိုးမျိုး အန္တရာယ်အမျိုးမျိုး ကာယိကဒုက္ခအမျိုးမျိုး စေတသိက ဒုက္ခအမျိုးမျိုးတို့၏ ဖြစ်ပေါ်ပေါက်ပွါးမှုသည်လည်းကောင်း, ဝိပါကဇာတိ မည်၏။
ဤအရေး ကြီးသုံးပါးသည် ဇာတိဒုက္ခမှုကြီးမည်၏၊ ဇရာမှုကြီး ဆိုသည်ကား- ဆုတ်ယုတ်လျော့ပါး မှုကြီးပေတည်း၊ သုဂတိဘုံဘဝတို့၌ ဣဋ္ဌသုခဖြစ်သော ရုပ်နာမ်တို့သည် ပဋိသန္ဓေနေပြီး သည်မှစ၍ ဘယ်အခါ ဘယ်နာရီမှာမဆို ဆုတ်ယုတ် လျော့ပါးခွင့် တိုက်ဆိုင်ခဲ့သည်ရှိသော် ဆုတ်ယုတ်လျော့ပါးခြင်းသို့ ရောက်တတ်ကုန်၏၊ ဤသို့ဣဋ္ဌသုခဖြစ်သော ရုပ်နာမ်တို့၏ ဆုတ်ယုတ် လျော့ပါးမှုကို ဇရာမှုကြီးခေါ်ပေသတည်း။
ဗျာဓိမှုကြီး ဆိုသည်ကား-- အကျဉ်းအားဖြင့် ၉၆-ပါး, အကျယ် အားဖြင့် အထောင်အသောင်းမကသော ရောဂါမျိုး, အနာမျိုးတို့သည် ပဋိသန္ဓေနေပြီးသည်မှစ၍ ဘယ်အခါ ဘယ်နာရီမှာမဆို ဖြစ်ခွင့်တိုက်ဆိုင် ခဲ့သည်ရှိသော် ဖြစ်ပေါ်တတ်ကြ၏၊ ဤသို့ရောဂါမျိုး, အနာမျိုးတို့၏ ဖြစ်ပေါ်ပေါက်ပွါးမှုကို ဗျာဓိမှုကြီးခေါ်ပေသတည်း။
မရဏမှုကြီးဆိုသည်ကား-- ပဋိသန္ဓေနေပြီးသည်မှစ၍ ဘယ်အခါ ဘယ်နာရီမှာမဆို သေခွင့်, ပျက်ဆုံး ခွင့်တိုက်ဆိုက်ခဲ့သည် ရှိသော် သေခြင်း, ပျက်ဆုံးခြင်းသို့ ရောက်တတ်၏၊ ဤသို့ သေမှု, ပျက်ဆုံးမှုကြီးကို မရဏမှုကြီး ခေါ်ပေသတည်း။
အစိုးမရပုံ ပြဆိုချက်
ထိုအမှုကြီးလေးပါးတို့တွင်
ဇာတိမှုကြီးကို အစိုးမရပုံကား-- ဤသတ္တဝါတို့သည် ကိလေသာ ဇာတိရှိနေသည့်အတွက် ယုတ်ညံ့ ညစ်နွမ်းခြင်းသို့ ရောက်ကြ ရကုန်၏၊ ထိုကိလေသာဇာတိကိုလည်း မိမိတို့၏ သန္တာန်မှာ တစ်ရံ တစ်ဆစ်မျှ ဖြစ်ပေါ်ခြင်းမရှိအောင် အစိုးမရကြကုန်၊ ကိလေသဇာတိကို အစိုးမရ သည့်အတွက် ဒုစရိုက်တရားတို့ကိုလည်း မိမိတို့၏သန္တာန်မှာ တစ်ရံတစ် ဆစ်မျှ ဖြစ်ပေါ်ခြင်းမရှိရအောင် အစိုးမရကြကုန်၊ ကမ္မဇာတိကို အစိုးမရသည့်အတွက် အပါယ်ဝိပါက်, အပါယ်ဘဝ, အပါယ်ခန္ဓာတို့၏ အပါယ်ဘုံတို့၌ ဖြစ်ပေါ်ပေါက်ပွားမှုတို့ကိုလည်း ဘဝအဆက်ဆက် တစ်ရံတစ်ဆစ်မျှ ဖြစ်ပေါ်ခြင်း မရှိရအောင် အစိုးမရကြကုန်၊ ထို့အတူ ဘေးအမျိုးမျိုး ဒဏ်အမျိုးမျိုး ရန်အမျိုးမျိုး အန္တရာယ်အမျိုးမျိုး ကာယိက ဒုက္ခအမျိုးမျိုး စေတသိက ဒုက္ခအမျိုးမျိုးတို့ကို မိမိတို့သန္တာန်မှာ တစ်ရံ တစ်ဆစ်မျှ ဖြစ်ပေါ်ခြင်း မရှိရအောင် အစိုးမရကြကုန်။
[ဤကား-ဇာတိမှုကြီးကိုအစိုးမရပုံတည်း။]
ဤဇာတိမှုကြီးကို အစိုးမရသည့်အတွက်ကြောင့် ဤသတ္တဝါ အပေါင်းတို့သည် အထက်အမြင့်ဆုံးဖြစ်သော ဘဝဂ်ဘုံမှသော်လည်း အောက်ဆုံးဖြစ်သော အဝီစိငရဲကြီးတိုင်အောင် ကျရောက်ကြရကုန်၏။
ဇရာမှုကြီး, မရဏမှုကြီးကို အစိုးမရပုံကား-- လောက၌ အလွန်ရခဲလှစွာသော လူ့ဘဝ, လူ့ချမ်းသာ, နတ်ဘဝ, နတ်ချမ်းသာ, ဗြဟ္မာ့ဘဝ, ဗြဟ္မာ့ချမ်းသာတို့ကို ရံခါရံခါရကြပါကုန်သော်လည်း ဇရာမီး ကြီးလောင်မှု ကျွမ်းမှုကြီးရှိနေကြသည့်အတွက် ထိုလူ့ဘဝ, လူ့ချမ်းသာ, နတ်ဘဝ, နတ်ချမ်းသာ, ဗြဟ္မာ့ဘဝ, ဗြဟ္မာ့ချမ်းသာတို့သည် မကြာမီ မကြာမီ ယုတ်လျော့, ပျက်ဆုံးကြရကုန်၏၊ ဤယုတ်လျော့မှု, ပျက်ဆုံးမှု ကြီးကို လူ့တန်ခိုး, လူ့အာဏာ, လူ့ပညာ, လူ့အစွမ်းတို့ဖြင့်လည်း တားမြစ် ပယ်ရှားခြင်းငှါ မတတ်နိုင်၊ နတ်တန်ခိုး, နတ်အာဏာ, နတ်ပညာ, နတ်အစွမ်းတို့ဖြင့်လည်း တားမြစ်ပယ်ရှားခြင်းငှါ မတတ်နိုင်၊ ဗြဟ္မာ့တန်ခိုး ဗြဟ္မာ့အာဏာ ဗြဟ္မာ့ပညာ ဗြဟ္မာ့အစွမ်းတို့ဖြင့်လည်း တားမြစ် ပယ်ရှားခြင်းငှါ မတတ်နိုင်၊ ဤယုတ်လျော့မှု ပျက်ဆုံးမှုကြီးသည် အောက်ဘုံ အောက်ဘဝသို့ လျောကျမှုကြီး၏ ရှေ့ဆောင်ရှေ့သွား ဖြစ်၏၊ ဤယုတ်လျော့မှုပျက်ဆုံးမှုကြီးမရှိချေက အောက်ဘဝသို့ လျော့ ကျမှုကြီး မရှိနိုင်ချေ၊ ဤယုတ်လျော့မှုပျက်ဆုံးမှုကြီးသည် လူတို့၌ လည်းကောင်း, နတ်တို့၌လည်းကောင်း, ဗြဟ္မာတို့၌လည်းကောင်း, ပဋိသန္ဓေနေပြီးသည်မှ နောက်၌ ဘယ်အခါ ဘယ်နာရီမှာမဆို ကျရောက် နိုင်သော အခွင့်ရှိ၏။
[ဤကား-ယုတ်လျော့ခြင်းဟူသော ဇရာမှုကြီး, ပျက်ဆုံးခြင်းဟူသော မရဏမှုကြီးကို အစိုးမရပုံတည်း။]
ဤအမှုကြီးနှစ်ပါး အခံတရားရှိနေသည့်အတွက်ကြောင့် အနာ ရောဂါဖြစ်ပေါ်ပေါက်ပွါးမှုဟူသော ဗျာဓိမှုကြီးကို အစိုးမရခြင်းသည် လည်းကောင်း, ဘေးအမျိုးမျိုး ဒဏ်အမျိုးမျိုး ရန်အမျိုးမျိုး အန္တရာယ် အမျိုးမျိုး ဥပဒ်အမျိုးမျိုးတို့ကို အစိုးမရခြင်းသည်လည်းကောင်း, ပဋိသန္ဓေ နေပြီးသည်မှနောက်၌ ဘယ်အခါ ဘယ်နာရီမှာမဆို ကျရောက် ပေါ်လာ နိုင်သော အခွင့်အလမ်းကြီးလည်း ထင်ရှားလေပြီ။
အလိုသို့မလိုက်ပုံ ပြဆိုချက်
ထိုအစိုးမရမှုကြီး အမျိုးမျိုးတို့တွင် အထက်အမြင့်ဆုံးဖြစ်သော ဘဝဂ်ဘုံမှသော်လည်း အောက်ဆုံးဖြစ်သော အဝီစိငရဲကြီးတိုင်အောင် ကျရောက်မှုသည်လည်းကောင်း, အပါယ်ဘုံသို့ တစ်ကြိမ်ကျရောက် ပြန်လျှင်လည်း ဘဝပေါင်း အသောင်းများစွာ အသိန်းများစွာ အပါယ်ဘုံမှ သာ မြုပ်မျော၍နေရခြင်းကြီးများသည်လည်းကောင်း, ကြောက်မက်ဖွယ် အကောင်းဆုံးသော အစိုးမရမှုကြီးပေတည်း၊ အပါယ်ဘုံသို့ကျရောက်၍ ငရဲမီးစာတုံးကြီး ပြိတ္တာမီးစာတုံးကြီးဖြစ်၍ နေဆဲအခါငါ၏ကိုယ်ခန္ဓာသည် ယခုချက်ချင်းလူ့ပြည်မှာ ဖြစ်စေသတည်း၊ နတ်ပြည်မှာဖြစ်စေသတည်း၊ ဗြဟ္မာပြည်မှာ ဖြစ်စေသတည်းဟု- ဟစ်ကြွေးအော်ညာ၍ တောင့်တသော် လည်း တောင့်တ၍မရ၊ အလိုသို့မလိုက်၊ အကုသိုလ်ကံ မကုန်သမျှ နှစ်ပေါင်းအသိန်းများစွာကြာသော်လည်း ထိုအပါယ်ဒုက္ခမှ မကျွတ်ရချေ၊ မလွတ်ရချေ၊ ထိုခန္ဓာသည် ထိုသတ္တဝါကို ဤမျှလောက်နှိပ်စက်ညှဉ်းဆဲ၍ နေဆဲအခါမှာပင် ထိုပုဂ္ဂိုလ်သည် ထိုခန္ဓာကို ငါ၏ရန်သူကြီးပါတကားဟူ ၍မသိ၊ ငါ၏အတ္တဟူသော စွဲလမ်းခြင်းကိုမလွှတ်၊ ငါ၏ကိုယ်ဟူသော ထင်မြင်ချက်ကိုမစွန့်၊ အတ္တဒိဋ္ဌိသည် ဤမျှလောက် ယုတ်ကန်း၏၊ ရှေးဘဝ၌ ထိုငရဲဘဝသို့ ပစ်ချတတ်သော အကုသိုလ်ကံဟူသည်လည်း ထိုခန္ဓာ၏ အတတ်ပင်တည်း၊ ငရဲမီးစာထင်းကိစ္စကို ရွက်ဆောင်သည် လည်း ထိုခန္ဓာပင်တည်း၊ ထိုငရဲ၌ ထိုသူ့ကို နှစ်ပေါင်းအသိန်းများစွာ ကြာမြင့် အောင် မြှုပ်ဆောင်သည်လည်း ထိုခန္ဓာ၏ အတတ်ပင်တည်း။
ရှေး၌ သွားမှု-ရပ်မှု-အိပ်မှုစသည်တို့၌ ရုပ်, နာမ်ခန္ဓာသည် ပုဂ္ဂိုလ်၏အလိုသို့လိုက်၏ဟု- ဆိုသည်မှာလည်း ထိုခန္ဓာသည် ပုဂ္ဂိုလ်၏ အလိုသက်သက်နှင့် သွားမှု-ရပ်မှု-ဣရိယာပထကိစ္စပြီးစီး နိုင်သည်မဟုတ်၊ ရှေးရှေးနေ့ရက်တို့၌ အစာအာဟာရထောက်ပံ့ ကျွေးမွေးမှုကို ပြုခဲ့သည့်အတွက်ကြောင့် နောက်နောက်နေ့ရက်တို့၌ မတ်မတ်မားမား သွားမှု-လာမှုအစရှိသော ဣရိယာပထပြီးစီးနိုင်လေသတည်း၊ တစ်နေ့ တစ်ရက်တွင် နံနက်တစ်ကြိမ် ညတစ်ကြိမ် ထမင်းနပ်ပေါင်း နှစ်ကြိမ်ရ၏၊ တစ်လ-တစ်လလျှင် ထမင်းနပ်ပေါင်း အကြိမ် ခြောက် ဆယ်ဖြစ်၏၊ တစ်နှစ်-တစ်နှစ်လျှင် ထမင်းနပ်ပေါင်း အကြိမ် ခုနစ်ရာ့ နှစ်ဆယ်ဖြစ်၏၊ ဤသို့လျှင် တစ်နှစ်အတွင်း၌ မတ်မတ်မားမား သွားမှု-လာမှုအစရှိသော ဣရိယာပထကိစ္စပြီးစီးနိုင်ရန်အတွက် ထမင်းနပ်ပေါင်း အကြိမ်ခုနစ်ရာ့ နှစ်ဆယ်ထောက်ပံ့ ကျွေးမွေးမှုကို ပြုရ၏၊ ဤကဲ့သို့ အစာအာဟာရ ထောက်ပံ့ကျွေးမွေးမှုကို မပြုမူ၍ တစ်ခုခုသော နေ့ရက်တွင် အစာ အာဟာရ ထောက်ပံ့ချက်ကို နေ့ရက်များစွာ အငတ်ထားခဲ့သော် ကိုယ် ခန္ဓာကြီးသည် တစ်နေ့တစ်ခြား ဗိုင်းဗိုင်းလဲ၍ သွားလတ္တံ့၊ ပုဂ္ဂိုလ်၏ အလိုသက်သက်နှင့် ထူထောင်နိုင်လိမ့်မည် မဟုတ်၊ ဤမျှလောက် သောစကားရပ်တို့ဖြင့် သွားမှု-လာမှုအစရှိသော ဣရိယာပထ ကိစ္စပြီးစီး နိုင်သည်မှာလည်း ပုဂ္ဂိုလ်၏အလိုအတွက် မဟုတ်၊ အစာအာဟာရ အတွက်ဖြစ်သည်ဟု-ထင်ရှားလေ၏။
[ဤကား-ရုပ်တရား, နာမ်တရားသည် ပုဂ္ဂိုလ်၏အလိုသို့ လိုက်သည် မလိုက်သည်၌ စစ်တမ်းစစ်ချက်ပေတည်း။]
၎င်းစစ်တမ်းစစ်ချက်၌ ပြဆိုခဲ့ပြီးသည့်အတိုင်း ရုပ်နာမ် တရားသည် ပုဂ္ဂိုလ်၏အလိုသို့မလိုက်သည်ရှိသော် ပုဂ္ဂိုလ်သည် ရုပ်နာမ် တရားကို - “ဧတံမမ” ဟူသော ပဌမစွဲလမ်းချက်အရ ငါ၏ရုပ်, ငါ၏နာမ် ဟုပင်- မစွဲလမ်းထိုက်။
- “ဧသောဟမသ္မိ” ဟူသော ဒုတိယစွဲလမ်းချက်အရ ရုပ်နာမ် သည်ပင်လျှင် ငါဖြစ်၏ဟူ၍ စွဲလမ်းချက်မှာ သာ၍ဝေးလေ၏။
- “ဧသောမေအတ္တာ” ဟူသော တတိယစွဲလမ်းချက်အရ ရုပ်နာမ် သည် ငါ၏အတ္တဖြစ်၏ဟူ၍ စွဲလမ်းချက်မူကား ဆိုဖွယ်ရာမရှိ။
စွဲလမ်းချက် သုံးမျိုးအထူး
- “ဧတံမမ” ဟူသော ပဌမစွဲလမ်းချက်သည်-တဏှာ၏ စွဲလမ်း ချက်ပေတည်း။
- “ဧသောဟမသ္မိ” ဟူသော ဒုတိယစွဲလမ်းချက်သည်-မာန၏ စွဲလမ်းချက်ပေတည်း။
- “ဧသောမေအတ္တာ” ဟူသော တတိယစွဲလမ်းချက်သည်-ဒိဋ္ဌိ၏ စွဲလမ်းချက်ပေတည်း။
- “ဧတံမမ” ဟူသော တဏှာ၏ စွဲလမ်းချက်သည် အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်နှစ်ပါးနှင့် ဆက်ဆံ၏။
ဆက်ဆံပုံကား--မိမိ၏အဇ္ဈတ္တ သန္တာန်၌ရှိသော ရုပ်နာမ် တရားတို့ကို အာရုံပြု၍ ရုပ်တရားတို့၌ ငါ၏မျက်စိ, ငါ၏နား, ငါ၏ နှာခေါင်း, ငါ၏လျှာ, ငါ၏ကိုယ်, ငါ၏အဆင်း, ငါ၏အသံ, ငါ၏အနံ့, ငါ၏အရသာ, ငါ၏အတွေ့ အထိစသည်ဖြင့် စွဲလမ်း၏၊ နာမ်တရားတို့၌ ငါ၏စိတ်, ငါ၏အသိ, ငါ၏အကြံ, ငါ၏မြင်မှု, ငါ၏ကြားမှု, ငါ၏လောဘ, ငါ၏ဒေါသ, ငါ၏သဒ္ဓါ, ငါ၏ပညာ, ငါ၏သီလ, ငါ၏သမာဓိ စသည်ဖြင့် စွဲလမ်း၏။
ဗဟိဒ္ဓသန္တာန်၌ ငါ၏လင်, ငါ၏မယား, ငါ၏သား, ငါ၏သမီး, ငါ၏ရွှေ, ငါ၏ငွေ, ငါ၏အိမ်ရာတိုက်တာ စသည်ဖြင့် စွဲလမ်း၏၊ [ဤသို့လျှင် “ဧတံမမ” ဟူသောတဏှာ၏ စွဲလမ်းချက်သည် အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်နှစ်ပါးနှင့်ဆက်ဆံ၏၊]
“ဧသောဟမသ္မိ”ဟူသောမာန၏ စွဲလမ်းချက်သည် အဇ္ဈတ္တ သန္တာန်နှင့်သာ ဆက်ဆံ၏။
ဆက်ဆံပုံကား-- ရုပ်တရားတို့၌ မျက်စိသည် ငါဖြစ်၏၊ နားသည် ငါဖြစ်၏၊ နှာခေါင်းသည် ငါဖြစ်၏၊ လျှာသည် ငါဖြစ်၏၊ ကာယသည် ငါဖြစ်၏၊ အဆင်းသည် ငါဖြစ်၏၊ အသံသည် ငါဖြစ်၏၊ အနံ့သည် ငါဖြစ်၏၊ အရသာသည် ငါဖြစ်၏၊ အတွေ့အထိသည် ငါဖြစ်၏၊ နာမ်တရားတို့၌စိတ်သည် ငါဖြစ်၏၊ ငါသိ၏၊ ငါကြံ၏ ငါမြင်၏ ငါကြား၏ ငါလိုခြင်၏၊ ငါအမျက်ထွက်၏၊ ငါကြည်ညို၏၊ ငါလိမ္မာ၏၊ ငါစောင့်စည်း ၏၊ ငါတည်ကြည်၏ စသည်ဖြင့်စွဲလမ်း၏။
[ဤသို့လျှင် “ဧသောဟမသ္မိ” ဟူသော မာန၏ စွဲလမ်းချက်သည် အဇ္ဈတ္တ သန္တာန်နှင့်သာဆက်ဆံ၏]
“ဧသော မေအတ္တာ” ဟူသောဒိဋ္ဌိ၏ စွဲလမ်းချက်သည်လည်း အဇ္ဈတ္တသန္တာန်နှင့် သာဆက်ဆံ၏။
ဆက်ဆံပုံကား-- ရုပ်တရားတို့၌ စက္ခုသည် ငါ၏အတ္တတည်း၊ သောတသည် ငါ၏အတ္တတည်း၊ စသည်ဖြင့်လည်းကောင်း, နာမ်တရား တို့၌ စိတ်သည် ငါ၏အတ္တတည်း စသည်ဖြင့်လည်းကောင်း, စွဲလမ်း၏၊ [ဤသို့လျှင် “ဧသောမေအတ္တာ”ဟူသော ဒိဋ္ဌိ၏စွဲလမ်းချက်သည် အဇ္ဈတ္တသန္တာန်နှင့်သာ ဆက်ဆံ၏၊]
ထိုသုံးပါးတို့တွင် တဏှာစွဲလမ်းချက်သည် တိမ်၏၊ မာန၏ စွဲလမ်းချက်သည် နက်နဲ၏၊ ဒိဋ္ဌိစွဲလမ်းချက်သည် အနက်နဲဆုံးဖြစ်၏၊
မာန- ဒိဋ္ဌိစွဲလမ်းချက်နှစ်ပါးအထူး
မာနစွဲလမ်းချက်ကား- ရုပ်တရား နာမ်တရားနှင့် ငါသည် တစ်ခုတည်းဖြစ်၏ဟု- တစ်ခုတည်းပြုရုံမျှသာဖြစ်၏၊ ဥပမာကားဂင်္ဂါရေနှင့် ယမုနာရေရောကြသကဲ့သို့တည်း၊ ဒိဋ္ဌိစွဲလမ်းချက်မှာမူကားရုပ်နာမ်တရားနှင့် ငါ့ကိုတစ်ခုတည်း ပြုရုံမျှသာမက ရုပ်နာမ်တရားသည် မှီရာနိဿယ, ငါသည်မှီတတ်သောနိဿိတဖြစ်၏ဟု- ရုပ်နာမ်တရားကို အနှစ်သာရ ပဓာနပြု၍စွဲလမ်း၏၊ ဥပမာကား- တစ်ခုသောသစ်ပင်၌ အခွံနှင့်ငါသည်တူ၏၊ အကာဖြစ်သောအသားနှင့် ရုပ်ခန္ဓာသည်တူ၏၊ အနှစ်နှင့်နာမ်ခန္ဓာသည် တူ၏၊ သစ်ပင်မှာ အခွံ, အသား, အနှစ် သုံးပါးကို ပေါင်း၍သစ်ပင် တစ်ခုဖြစ်သကဲ့သို့ ငါ, ရုပ်ခန္ဓာ, နာမ်ခန္ဓာ သုံးပါးကို ပေါင်း၍ တစ်ယောက်သောပုဂ္ဂိုလ်, တစ်ယောက်သောသတ္တဝါ, တစ်ယောက်သော ငါဖြစ်၏ဟု စွဲလမ်း၏။
အထက်ကပြဆိုခဲ့ပြီးသောအတိုင်း ရုပ်တရား, နာမ်တရားသည် ပုဂ္ဂိုလ်၏အလိုသို့မလိုက်မှု ထင်ရှားခဲ့ပြီးဖြစ်သောကြောင့် ရုပ်တရားတို့၌ ငါ၏စက္ခု, ငါ၏သောတအစရှိသဖြင့်၊ နာမ်တရားတို့၌ ငါ၏စိတ်, ငါ၏အကြံ အစရှိသဖြင့် စွဲလမ်းခြင်းငှာမထိုက်၊ လောကမှာငါ၏ဥစ္စာဟု ပိုင်းခြားကြရာ၌ ငါ၏ဆိုသည်ကား-သာမိအမည်တည်း၊ သာမိ ဆိုသည် ကား ဥစ္စာ၏အရှင်သခင် ဥစ္စာကိုပင် ပိုင်သူဆိုလိုသည်၊ သန္တကဆို သည်ကား ထိုသူ၏ဥစ္စာ, ထိုသူ၏နိုင်ရာ ပိုင်ရာဆိုလိုသည်၊ ထိုနှစ်ပါးတွင် ဥစ္စာပိုင်သူ နိုင်သူကိုမှထိုဥစ္စာ၏ အရှင်သခင်ဆိုထိုက်သည်၊ ထို ဥစ္စာကိုပိုင်သူ နိုင်သူသည်သာလျှင် ငါ၏ဥစ္စာဟူ၍ဆိုထိုက်သည်၊ မပိုင် မနိုင်က ငါ၏ဥစ္စာဟူ၍ မဆိုထိုက်၊ ထိုအတူ ရုပ်တရားတို့၌ ငါ၏စက္ခု, ငါ၏သောတစသည်ဖြင့် စွဲလမ်းရာမှာလည်း ငါ၏ဆိုသည်ကား- သာမိ၏ အမည်တည်း၊ သာမိဆိုသည်ကား- ထိုစက္ခု သောတစသည်တို့၏ အရှင်သခင်, ထိုစက္ခုသောတစသည်တို့ကို ပိုင်သူနိုင်သူဆိုလိုသည်၊ ငါ၏ စက္ခုဆိုရာ၌ စက္ခုကို သန္တကပြုသောစကားတည်း၊ သန္တကဆိုသည်ကားသာမိဖြစ်သူ၏ဥစ္စာ၊ သာမိဖြစ်သူ၏ ပိုင်ရာနိုင်ရာဆိုလိုသည်။
ထိုတွင်စက္ခုသောတစသည်ကို ပိုင်သူနိုင်သူကိုမှ ထိုစက္ခု သောတ စသည်၏ အရှင်သခင်ဆိုထိုက်သည်၊ ထိုစက္ခု သောတစသည်ကို ပိုင်နိုင်သူသည်သာလျှင် ငါ၏စက္ခု, ငါ၏သောတစသည်ဖြင့် ဆိုထိုက်၏၊ မပိုင်မနိုင်လျှင်မဆိုထိုက်၊ သာမိဆိုသူမှာလည်း သာမိအင်္ဂါ မြောက် ကြောင်းဖြစ်၏၊ သန္တကဆိုသောဝတ္ထုမှာလည်း သန္တကအင်္ဂါမြောက် ကြောင်း ဖြစ်၏၊ ထိုသန္တကဝတ္ထု၏ အပေါ်၌ သာမိဆိုသူက အလိုရှိတိုင်း စီရင်သည်ရှိသော် သန္တကဝတ္ထုကလည်း မသွေမလှန် နာခံလိုက်ပါမှ ဤသူသည် ဤသန္တကဝတ္ထု၏ အရှင်သခင်ပေတည်း၊ ဤဝတ္ထုသည် ထိုအရှင်သခင်၏ အပိုင်ဥစ္စာပေတည်းဟု-ဆိုထိုက်၏၊ လောက၌ သာမိဆိုထိုက်ရန် သန္တကဆိုထိုက်ရန် အလိုလိုက်မှုဆိုသည်မှာ- ယခုဘဝ တွင် မသေမီအတွင်း၌သာ ပြဋ္ဌာန်းချက်ဖြစ်၏၊ ဗုဒ္ဓဘာသာ သာသနာ၌ သာမိဆိုထိုက်ရန်, သန္တကဆိုထိုက်ရန် အလိုလိုက်မှုဆိုသည်မှာ ဘဝ အဆက်ဆက် ကမ္ဘာအဆက်ဆက် အစဉ်ထာဝရ အလိုလိုက်မှုကို ဆိုလို ရင်းပင်ဖြစ်၏၊ အလိုဆိုသော စကားမှာလည်း ပကတိအလိုကို ဆိုလို ရင်းပေတည်း၊ ထိုပကတိအလိုသည်လည်း ခပ်သိမ်းသော သတ္တဝါတို့၏ ပကတိအလိုပေတည်း၊ ခပ်သိမ်းသော သတ္တဝါတို့၏ ပကတိအလိုဆို သည်ကား-ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် ကောင်းသည်ထက် ကောင်းအောင်, မြတ်သည်ထက်မြတ်အောင်, တတ်သည်ထက်တတ် အောင်, လိမ္မာသည်ထက်လိမ္မာအောင်, ချမ်းသာသည်ထက်ချမ်းသာ အောင်, ဧငြိမ်းသည်ထက်ဧငြိမ်းအောင်သာ အလိုရှိရင်းဖြစ်၏။
[ဤကား- ခပ်သိမ်းသော သတ္တဝါတို့၏ ပကတိအလိုပေတည်း။]
ရုပ်နာမ်ခန္ဓာတို့၏ပကတိအလိုကား-- ပြုပြင်မှု မရှိခဲ့သော် ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် ဆိုးသည်ထက် ဆိုး, ယုတ်သည် ထက် ယုတ်, မတတ်သည်ထက် မတတ်, မိုက်သည်ထက် မိုက်, ဆင်းရဲ သည်ထက် ဆင်းရဲ, ပူလောင်သည်ထက် ပူလောင်သည်ကိုသာ အလိုရှိ ရင်း ဖြစ်၏။
[ဤကား-ရုပ်နာမ်ခန္ဓာတို့၏ ပကတိအလိုပေတည်း။]
ရုပ်နာမ်ခန္ဓာတို့၏ ပကတိအလိုဆိုသည်ကား-- ပြုပြင်မှု မရှိခဲ့သော် ပကတိဓမ္မတာအလားအလာကို ဆိုပေသတည်း။
ဥပမာကား-- ရေစီးအလွန်သန်သောမြစ်ကြီး၌ လှေသင်္ဘော တို့မှာ စုန်မျောမှု, ဆန်တက်မှုနှစ်လမ်းရှိ၏၊ ထိုတွင် ဆန်တက်မှုမည်သည် လှော်နိုင်ခတ်နိုင်မှဖြစ်၏၊ စုန်မျောမှုမည်သည် ပကတိဓမ္မတာ သဘော ဖြစ်၏၊ ဤသံသရာကြီးသည် ရေစီးအလွန်သန်သောမြစ်ကြီးနှင့် တူ၏၊ သတ္တဝါတို့၏ ပကတိအလိုသည် လှေသင်္ဘောတို့၏ ဆန်တက်မှု နှင့်တူ၏၊ ရုပ်နာမ်ခန္ဓာတို့၏ ပကတိအလိုဟု ဆိုအပ်သော ပကတိအလားသည် လှေသင်္ဘောတို့၏ စုန်မျောမှုနှင့်တူ၏၊ အထက်ဆုံးဖြစ်သော ဘဝဂ်ဘုံမှ သော်လည်း အောက်ဆုံးဖြစ်သော အဝီစိငရဲကြီးတိုင်အောင် ကျရောက်မှု သည် ရုပ်, နာမ်ခန္ဓာတို့၏ ပကတိအလိုဟု-ဆိုအပ်သော ပကတိအလား ပေတည်း၊ ဒါနမှု,သီလမှု,ဘာဝနာမှုများကို ပြုလုပ်ခြင်းသည် လှေသင်္ဘော တို့မှာ ဆန်တက်မှုနှင့်တူ၏၊ ဒါနမှု,သီလမှု,ဘာဝနာမှုများကို ပစ်ထားခြင်း သည် လှေသင်္ဘောတို့၌ ထိုးမှု, ခတ်မှု, စက်ခုတ်မှု, ကျောက်ဆွဲမှုတို့ကို လွှတ်ထားသည်နှင့်တူ၏၊ ထိုအမှုများကို လွှတ်ထားခဲ့သော် ထိုလှေ သင်္ဘောများသည် မိမိတို့ပကတိ ဓမ္မတာအတိုင်း ကမ်းမမြင်သော ပင်လယ်ပြင်ကြီးသို့ ရောက်အောင် အတွင်မျောကြကုန်လတ္တံ့။ [ဤအရာ၌ နခသိခသုတ္တန်ဒေသနာတော်ကြီး, ကာဏကစ္ဆပေါပမ သုတ္တန် ဒေသနာတော်ကြီးများကို ထုတ်ဆောင်၍သိရာ၏၊]
အထက်၌ပြဆိုခဲ့ပြီးသော စွဲလမ်းချက်သုံးပါးတို့တွင် “ဧသော မေ အတ္တာ” ဟူသော ဒိဋ္ဌိစွဲလမ်းချက်သည် အနက်နဲဆုံး စွဲလမ်း ချက်ဖြစ်၏၊ နက်နဲပုံကား- ရုပ်နာမ်ခန္ဓာ၏အလိုကို ငါ၏အလိုဟု စွဲလမ်း ချက်သည် မိမိ၏ ပကတိအလိုကို လုံးလုံးပစ်ထား၍ ရုပ်နာမ်ခန္ဓာတို့၏ ပကတိ အလိုကို လုံးလုံးပုံစု၍ လိုက်စားခြင်းပေတည်း။
ဥပမာကား--လောက၌ တစ်ယောက်သောသူကို အလွန် ကြမ်းတမ်းသော ဘီလူး သံဘက်သည် ပူးဝင်ရာ၏၊ ထိုသူသည် ပယောဂရူးဖြစ်၍နေ၏၊ ဘီလူးသည် ထိုသူ့ကို လူ့စိတ်လုံးလုံးပျောက်၍ မိမိစိတ် ရှိတိုင်း ကွင်းလုံးပိုင် ဖြစ်ရလေအောင် နှောင့်ယှက်၏၊ ထိုသူသည် လူ့စိတ် မပျောက်မီအတွင်း ဆေးရှိသေး၏၊ ရှက်ရမှန်း, ကြောက်ရမှန်းသိ သေး၏၊ ဆေးဝါးပေးလျှင် စားသောက်သေး၏၊ ဆေးသမားကို ရိုသေသေး၏၊ ဆေးကုခွင့်လွယ်သေး၏၊ လူ့စိတ်ပျောက် သောအခါမှစ၍ ထိုအရူးမှာ ဆေးမရှိပြီ၊ ရှက်ရမှန်း, ကြောက်ရမှန်း မသိပြီ၊ ဆေးစကား ဝါးစကားကို မကြားချင်ပြီ၊ ဆေးသမားကို ရန်သူထင်လေ၏၊ ဆေးကုခြင်းငှါ ခက်ခဲ လှလေ၏။
ရုပ်နာမ်ခန္ဓာတို့၌ “ဧတံ မမ” ဟူသော တဏှာစွဲလမ်းချက် “ဧသော ဟမသ္မိ”ဟူသော မာနစွဲလမ်းချက်များသည် တိမ်သေး၏၊ လူ့စိတ် မပျောက်သေးသော အရူးနှင့်တူ၏၊ “ဧသော မေ အတ္တာ” ဟူသော ဒိဋ္ဌိစွဲလမ်းချက်မှာမူကား- အနက်နဲဆုံးဖြစ်၏၊ လူ့စိတ်ပျောက်ပြီးသော သူရူးနှင့်တူ၏၊ မြတ်စွာဘုရား၏ ဒေသနာ ဆေးတော်ဝါးတော်မှတစ်ပါး အခြားဆေးမရှိပြီ။
အထက်၌ ပြဆိုခဲ့ပြီးသော မြေကြီး ဥပမာနှင့်တကွ ပုဂ္ဂိုလ် သတ္တဝါဟူသော သဏ္ဌာနပညတ်နှင့် ပရမတ်ခွဲနည်းများကို ခြားနား ရှင်းလင်းစွာ ထင်နိုင်သောသူတို့မှာ ပုဂ္ဂိုလ်သတ္တဝါဟူ၍ အဟုတ် အမှန် အားဖြင့် မရှိကြောင်း, စိတ်မနောထဲတွင် ထင်မြင်ရသော သဏ္ဌာန ပညတ်မျိုးမျှသာ ဖြစ်ကြောင်း, အသိဉာဏ်တွင် ထင်လင်းလျက် ရှိလေ၏၊ ပုဂ္ဂိုလ်သတ္တဝါဟူ၍ အဟုတ်အမှန်အားဖြင့်မရှိဟု- ထင်လင်းစွာ သိကြ သောသူတို့မှာ အတ္တသည် အသုံးမကျလေပြီ။
ထိုစကားမှန်၏၊ ပညတ်နှင့် ပရမတ်ခွဲနည်းကို မသိကြ၍ အဟုတ်ရှိ မဟုတ်သော ပညတ်ကို ပရမတ်နှင့်တပေါင်း တည်းပြု၍ အဟုတ်ရှိ အမှန်ရှိဟု-အခိုင်အမြဲ စွဲလမ်းလျက်ရှိနေသော သူတို့မှာသာလျှင် ရုပ်နာမ် တရားကို ပုဂ္ဂိုလ်၏ အမာခံ၊ အထည်ခံ အတ္တပြုလုပ်ဖွယ် ကိစ္စရှိချေသည်၊ ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိဟု- အမှန်သိနိုင်သောသူတို့မှာ ရုပ်, နာမ်တရားကို ပုဂ္ဂိုလ်၏အတ္တပြုလုပ်ဖွယ် ကိစ္စမရှိလေပြီ၊ ရုပ်, နာမ်တရားသည် ပုဂ္ဂိုလ် အတ္တအရာမှ လွတ်ကင်းလေ၏၊ အတ္တမဟုတ် ထင်ရှားလေ၏၊ ဤသို့ အတ္တမဟုတ်သည်ကို အနတ္တဟုဆို၏။
ဤအနတ္တဉာဏ်ကို ထင်လင်းစွာ ပေါက်ရောက်သောသူတို့မှာ “ဧသောမေအတ္တာ” ဟူသော အတ္တဒိဋ္ဌိကြီးသည် အမြစ်အရင်းနှင့်တကွ ကျွတ်လွတ်လေ၏၊ ပျောက်ဆုံးလေ၏၊ အနတ္တသမ္မာဒိဋ္ဌိကြီးသည် တည်ထောင်မိလေ၏၊ ထိုသမ္မာဒိဋ္ဌိဉာဏ် တည်ထောင်မိသည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်း၊ သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဟူသော အဖော် အဖက် မဂ္ဂင် ၇-ပါးတို့သည်လည်း ပေါ်ပေါက်လာကုန်၏၊ မဂ္ဂင်ရှစ်ပါး တရားကြီးသည် အပြီးထူထောင်မိ၏၊ ထိုအခါမှစ၍ ထိုသူတို့မှာ ရုပ်, နာမ်, ခန္ဓာတို့၏အလိုသို့ လိုက်ရခြင်းမှ ကျွတ်လွတ်ကြရ ကုန်၏။
သေဆုံးသည်မှနောက်၌ အောက်ဘုံအောက်ဘဝသို့ လျောကျ ခြင်းမှ အစဉ်ထာဝရကင်းလွတ်ကြလေ၏၊ ရုပ် နာမ် ခန္ဓာတို့သာ ထိုသူ၏ အလိုသို့ လိုက်ပါကြကုန်၏၊ တစ်ဘဝမှ တစ်ဘဝသို့ ပြောင်းရွှေ့ရသော အခါ၌ ထိုသူတို့အလိုရှိရာ ကောင်းသည်ထက် ကောင်းရာ, မြတ်သည် ထက် မြတ်ရာ, တက်သည်ထက် တက်ရာ, လိမ္မာသည်ထက် လိမ္မာရာ, ချမ်းသာသည်ထက် ချမ်းသာရာ, ဧငြိမ်းသည်ထက် ဧငြိမ်းရာ, လမ်း စခန်းကြီးသို့ ရုပ်, နာမ်ခန္ဓာတို့က လိုက်ပါကြကုန်၏။
အထက်သူရူး ဥပမာတွင် ထိုသူရူးမှာ နောက်အခါ၌ ဆေး ကောင်း ဝါးကောင်းနှင့် တွေ့ရှိရသောအခါ ပူးကပ်လျက်ရှိနေသော ထို ဘီလူးသည် ထွက်ပြေးရလေ၏၊ တဖန်ပူးဝင်ခြင်း မရှိလေပြီ၊ ထိုသူသည် ပကတိ မိမွေးတိုင်း ဖမွေးတိုင်း ရှိလေ၏။
ဤဥပမာ၌ အနတ္တဉာဏ်ပညာသည် ဆေးကောင်း ဝါးကောင်းနှင့် တူ၏၊ အနမတဂ္ဂသံသရာ၌ အစဉ်ပါရှိ၍နေသော အတ္တဒိဋ္ဌိကြီး၏ ကျွတ်လွတ်မှုသည် ထိုသူရူးမှာ ဘီလူးကောင်ကြီး ထွက်ခွါ၍ သွားသည်နှင့် တူ၏၊ ထိုအခါမှစ၍ “ပုထုဇ္ဇနဥမ္မတ္တက” အဖြစ်မှ ကျွတ်လွတ်၍ အရိယာ သူမြတ်အဖြစ်သို့ရောက်သဖြင့် အောက်ဘုံ အောက်ဘဝသို့ လျောကျ ခြင်းမှ အစဉ်ထာဝရ လွတ်ငြိမ်းခြင်းဟူသော ပဌမနိဗ္ဗာန်၌ တည်လေ၏။
ဤအရာ၌ ဥပမာကား-
လူဖြစ်သောသူသည် မြင့်စွာသော သစ်ပင်ထက်သို့ တက်၍ တစ်ခုခုသော သစ်ကိုင်းကြီးငယ်၌ မှီတွယ်၍ နေလေရာ ထိုသူမှာ ထိုသစ် ကိုင်းမှတစ်ပါး မှီတွယ်ရာမရှိသဖြင့် ထိုသစ်ကိုင်းကျိုးကျ သည်ရှိသော် ထိုသူသည် မြေကြီးသို့ရောက်အောင် ပရမ်းပတာကျမြဲ ဓမ္မတာဖြစ် လေ၏၊ ထိုသို့ အတ္တဒိဋ္ဌိစွဲလမ်းခြင်းရှိကြကုန်သော ပုထုဇဉ်ဖြစ်ကြသူ လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့သည် ကံအရှိန်, ကံအဟုန်ကုန်ကြ၍ ထိုထိုဘုံဘဝ တို့မှ စုတေကြကုန်သောအခါ ထိုသူတို့မှာ ထိုဘဝခန္ဓာ ပျက်ဆုံးသည် ရှိသော် အောက်အဝီစိ ငရဲကြီးတိုင်အောင် ပရမ်းပတာ ကျရောက်ပြန်ရ လေကုန်၏။
အတ္တဒိဋ္ဌိမှ ကျွတ်လွတ်ကြကုန်ပြီးသော အရိယာဖြစ်ကြသူ လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့မှာ ကံအရှိန်, ကံအဟုန်ကုန်ကြ၍ ထိုထိုဘုံဘဝ တို့မှ စုတေကြကုန်သောအခါ ထိုသူတို့မှာ ထိုခန္ဓာမှတစ်ပါး မဂ္ဂင်ရှစ်ပါး တည်းဟူသော အလွန်အားကြီးစွာသော မှီတွယ်ရာကြီး လက်ရှိမကွာ အမြဲပါရှိကြကုန်သည်ဖြစ်၍ ထိုဘဝ,ထိုခန္ဓာပျက်ဆုံးသည်ရှိသော် အောက်ဘုံအောက်ဘဝသို့ လျောကျခြင်း မရှိကြလေကုန်ပြီ၊ ဥပမာကားအတောင်အားနှင့် ပြည့်စုံကြကုန်သော ကျေးငှက်များတို့သည် ထိုထိုသစ် ကိုင်းကြီးငယ်တို့၌ နားနေကြကုန်ရာ၏၊ သစ်ကိုင်းကြီးငယ်တို့ ကျိုးကျ ကုန်သော်လည်း ပရမ်းပတာကျခြင်း မရှိကြကုန်ပြီ၊ အဘယ်ကြောင့် နည်းဆိုသော် ထိုကျေးငှက်တို့သည် သစ်ကိုင်းကို အားပြုရင်းမရှိ၊ အတောင်ကိုသာ အားပြုရင်းရှိကြကုန်သောကြောင့်တည်း၊ ဤဥပမာ ကဲ့သို့ မှတ်လေ။
ဤစကား၌ “ပုထုဇ္ဇနဥမ္မတ္တက” အဖြစ်မှ ကျွတ်လွတ်၍ အရိယာ သူမြတ်အဖြစ်သို့ ရောက်ကြကုန်သဖြင့် အောက်ဘုံ အောက်ဘဝသို့ လျောကျခြင်းမှ အစဉ်ထာဝရ လွတ်ငြိမ်းရခြင်းသည် ငါတို့၏ ဗုဒ္ဓဘာသာ သာသနာမှာ ရှေးဦးစွာရောက်ကြရသော ပဌမနိဗ္ဗာန်ကြီးမည်၏။
ဤပဌမနိဗ္ဗာန်သို့ ရောက်ကြရကုန်သော သူတို့သည် ဤဘဝမှ စ၍ နောက်အနာဂတ် သံသရာ၌ကျင်လည်ကြကုန်သော်လည်း မိမိတို့၏ စိတ်အစဉ်မှာ မဂ္ဂင်ရှစ်ပါးဟူသော အားကိုးရာကြီးအပြီးပါရှိနေသော ကြောင့် ထိုသူတို့မှာ သာသနာကွယ်ပသော ဘဝ, သာသနာ ကွယ်ပသော ကမ္ဘာဟူ၍ မရှိကြကုန်ပြီ၊ အထက်နိဗ္ဗာန်သို့ရောက်သည့်တိုင်အောင် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအပြီး ပါရှိကြလေကုန်တော့သည်၊ ဤသို့ လျှင် ပုရာဏဗြာဟ္မဏဘာသာကြီးနှင့် ဗုဒ္ဓဘာသာကြီးနှစ်ပါးသည် အတ္တ အယူ, အနတ္တအယူ ကွဲပြားကြသည့်အတွက်ကြောင့် ဗြာဟ္မဏဘာသာ ကြီးမှာ အထက်ဘဝဂ်ဘုံကို နိဗ္ဗာန်ဟူ၍ ပြဋ္ဌာန်းခြင်း, ဗုဒ္ဓဘာသာကြီးမှာ ထိုဘုံဘဝတို့မှ ကျွတ်လွတ်ရာဖြစ်သော အသင်္ခတဘုံကြီးကိုသာ နိဗ္ဗာန် ဟူ၍ ပြဋ္ဌာန်းခြင်းဟူသော နိဗ္ဗာန်ကြီးနှစ်ပါး ကွဲပြားကြလေသတည်း။
[ဤကား-အတ္တ-အနတ္တစစ်ချက်ကို ပြဆိုချက်ပေတည်း။]
[၁၂၇၉-ခု ကဆုန်လဆန်း-တစ်ရက်နေ့ စစ်ကိုင်းတောင်ရိုး-စိတ္တသုခ ချောင်၌ ခေတ္တနေထိုင်စဉ် ဟိန္ဒူအရိယစမတ်အသင်းသား ရှစ်ရာ ကျော်တို့အတွက် ရေးကူး၍ ပြီးသည်။]
အတ္တ-အနတ္တ-စစ်ချက်အကျဉ်းချုပ်
၁။ ကေသာ= ဆံပင်,
၂။ လောမာ= မွေးညင်း,
၃။ နခါ= ခြေသည်းလက်သည်း,
၄။ ဒန္တာ= သွား,
၅။ တစော= အရေ,
၆။ မံသံ= အသား,
၇။ နှာရု= အကြော,
၈။ အဋ္ဌိ= အရိုး,
၉။ အဋ္ဌိမိဉ္ဇံ= ရိုးတွင်ခြင်ဆီ,
၁၀။ ဝက္ကံ= အညှို့,
၁၁။ ဟဒယံ= နှလုံးသား,
၁၂။ ယကနံ= အသည်း,
၁၃။ ကိလောမကံ= အမြှေး,
၁၄။ ပိဟကံ= အဖျဉ်း,
၁၅။ ပပ္ဖါသံ= အဆုတ်,
၁၆။ အန္တံ= အူမ,
၁၇။ အန္တဂုဏံ= အူသိမ်,
၁၈။ ဥဒရိယံ= အစာသစ်,
၁၉။ ကရီသံ= အစာဟောင်း,
၂၀။ မတ္ထလုင်္ဂံ= ဦးနှောက်,
ဤနှစ်ဆယ်သော ကိုယ်အစုကို ပထဝီဓာတ်မျိုးဟူ၍ သုတ္တန်အဘိဓမ္မာတို့၌ ငါတို့မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ဆံပင်၌အတ္တအနတ္တစစ်ချက်
အနတ္တလက္ခဏာကို ဃနဖုံးလွှမ်းအပ်သောကြောင့် မထင်နိုင် မမြင်နိုင် ရှိကြကုန်၏၊ ဃနကို ချေဖျက်သည် ရှိသော် အနတ္တလက္ခဏာ သည် ထင်ပေါ်လာရ၏ဟု အဋ္ဌကထာတို့၌ မိန့်ဆိုကြပေ၏၊ ဃနဆိုသည်ကား-- ရုပ်နာမ်တို့၏ တစ်ပေါင်းတည်း တစ်စုတည်း တစ်လုံးတည်း တစ်ခဲနက်တည်းဖြစ်၍ တည်နေကြသည်ကို ဆိုလို၏၊ ဤဃနကိုပင် ပုဂ္ဂိုလ်သတ္တဝါတို့၏ အမာခံအတ္တဟု စွဲလမ်းကြ၏၊ ဤဃန ကျေပျက်သည်ရှိသော် ထိုအတ္တကျေပျက်လေ၏၊ အနတ္တပေါ်လေ၏၊ ဃနဟူသော တစ်ခဲနက်ကို ချေဖျက်ပုံကား၊ ပညတ်ပေါ်သည်ရှိ သော် ပရမတ်ငုပ်၏၊ ပရမတ်ပေါ်သည်ရှိသော် ပညတ်ကွယ်ပျောက်၏၊ [ဤနှစ်ခွန်းကို ဆောင်ပုဒ်ပြု၍ထား။]
ဆံပင်၌ပညတ်ပေါ်၍ ပရမတ်ငုပ်ပုံ
ပညတ်ပေါ်သည်ရှိသော် ပရမတ်ငုပ်၏ဟူသောစကား၌ အဘယ် သို့ပညတ်ပေါ်လျှင် ပရမတ်ငုပ်လေသနည်း ဟူမူကား- ပထဝီဓာတ်မျိုး ဟူ၍ ဟောတော်မူအပ်သော ဆံပင်တို့၌ ဤဓာတ်တို့၏ တစ်ခဲနက်တည်း တည်ရှိ၍နေခြင်း ကြောင့် လုံးလုံး လျားလျား ရှည်ရှည် များများဟူသော သဏ္ဌာနပညတ်သည် ထင်ရှားစွာပေါ်ရှိ၍နေ၏၊ မြေမှုန့်ဟူသော ပရမတ် တရား၊ ပထဝီဟူသော ပရမတ်အမည်များသည် ငုပ်မြုပ်၍နေလေ၏၊ မပေါ်မထင်ရှိနေ၏၊ ဆံပင်အတိုင်းကို မြင်ကြသည်ရှိသော် လုံးလုံး ရှည်ရှည်ကိုသာ မြင်ကြ၏၊ ဆံပင်ဟူ၍ သိတတ်ကြ ခေါ်တတ်ကြ၏၊ အလွန်နုတ်ဖွဲသော မြေမှုန့်တို့ကို မမြင်နိုင်ကြ၊ မြေဟူ၍မသိတတ်ကြ၊ မခေါ်တတ်ကြ။
[ဤကား- ဆံပင်၌ပညတ်ပေါ်၍ ပရမတ်ငုပ်ပုံတည်း။]
ဆံပင်၌ပရမတ်ပေါ်၍ပညတ်ငုပ်ပုံ
အဘယ်သို့ ပရမတ်ပေါ်လျှင် ပညတ်ကွယ်ပျောက်လေသနည်း ဟူမူကား- ဆံပင်ဃနဟူသော တစ်ခဲနက်ကို ချေဖျက်သည်ရှိသော် အလွန်သေးနုတ်သောမြေဓာတ်ပရမတ်တို့သည် ထင်ရှားပေါ်လာ ကြကုန်၏၊ မြေဓာတ် ပရမတ် ထင်ရှားစွာ ပေါ်လာသည်ရှိသော် လုံးလုံး ရှည်ရှည် ဟူသော သဏ္ဌာနပညတ်သည် ကွယ်ပျောက် လေ၏၊ ဆံပင်ဟူ သော နာမပညတ်လည်း ကွယ်ပျောက်လေ၏၊ ထိုသေးနုတ်သော မြေဓာတ်မှုန့်တို့ကိုမြင်ကြသော် ဆံပင်ဟူ၍မသိကြ၊ မခေါ်ကြပြီ၊ အမှုန့်ဟူသောမြေ၏အမည်ဖြင့်သာ သိကြ ခေါ်ကြကုန်၏၊ ဤစကား၌ဃန ဟူသောတစ်ခဲနက်ကို ဖျက်ပုံကား-- ဆံပင်တို့ကို ကျောက်ပြင်ပေါ်၌တင်၍ အလွန်ညက်စွာဉာဏ်ဖြင့် ကြိတ်၍ကြည့်သည်ရှိသော် ဃနဟူသော တစ်ခဲနက်သည် ပျက်ပြား၍ အလွန် သေးနုတ်လှသော မြေမှုန့်တို့သည် ထောင်းထောင်း ထောင်းထောင်း ပေါ်ကြကုန်လတ္တံ့၊ ပေါ်တိုင်းပေါ်တိုင်း ရှည်ရှည် လျားလျားဟူသော သဏ္ဌာနပညတ် ကွယ် ပျောက်လတ္တံ့၊ ဆံပင်ဟူသော နာမပညတ်သည်လည်း ကွယ်ပျောက် လေ၍ ပထဝီ-ဟု ဟောတော်မူသော မြေမှုန့်ဟူသော ပရမတ်အမည် ပေါ်လေ၏။
[ဤကား- ဆံပင်၌ ပရမတ်ပေါ်၍ ပညတ်ငုပ်ပုံတည်း။]
ဤကား ပရမတ်ပေါ်၍ ပညတ်ကွယ်ပျောက်သည်ကိုပင်လျှင် အနတ္တပေါ်၍ အတ္တကွယ်ပျောက်သည်ဟု ဆိုပေ၏။
[ဤကား- ဆံပင်တို့၌အတ္တအနတ္တစစ်ချက်ပေတည်း။]
မွေးညင်းတို့၌လည်းကောင်း, ခြေသည်း လက်သည်းတို့၌လည်း ကောင်း, သွားတို့၌လည်းကောင်း, အရေတို့၌လည်းကောင်း, အတ္တ အနတ္တစစ်ချက်ကို ဆံပင်အတိုင်းစစ်လေ။
အသား၌- အတ္တ-အနတ္တစစ်ချက် အသား၌ ပညတ်ပေါ်၍ပရမတ်ငုပ်ပုံ
ပထဝီဓာတ်မျိုးဟူ၍ ဟောတော်မူအပ်သော အသားတုံး အသား လွှာတို့၌ မြေဓာတ်တို့၏ တစ်ခဲနက်တည်း တည်ရှိ၍ နေခြင်းကြောင့် လုံးလုံးလျားလျား ရှည်ရှည်များများ မားမား အသားတုံး အသားလွှာဟူ သောသဏ္ဌာနပညတ်သည် ထင်ရှားစွာပေါ်၍ရှိနေ၏၊ မြေမှုန့်ဟူသော ပရမတ်တရား၊ ပထဝီဟူသော ပရမတ်အမည်များသည် ငုပ်၍နေ၏၊ မပေါ်နိုင်ရှိနေ၏၊ အသားတုံး အသားလွှာအတိုင်းတို့ကို မြင်ကြသည် ရှိသော် လုံးလုံးပြားပြားကိုသာ မြင်ကြ၏၊ အသားတုံး အသားလွှာဟူ၍ သိတတ်ကြ ခေါ်တတ်ကြ၏၊ အလွန်နုတ်ဖွဲသော မြေမှုန့်တို့ကို မမြင်နိုင် ကြ၊ မြေဟူ၍ မသိတတ်ကြ၊ မခေါ်တတ်ကြ။
[ဤကား-အသားပညတ်ပေါ်၍ ပရမတ်ငုပ်ပုံတည်း။]
အသား၌ပရမတ်ပေါ်၍ ပညတ်ငုပ်ပုံ
အဘယ်သို့ ပရမတ်ပေါ်လျှင် ပညတ်ကွယ်ပျောက်သနည်း ဟူမူကား အသားတုံးအသားလွှာတို့၌ ဃန-ဟူသော တစ်ခဲနက်ကို ချေဖျက်သည်ရှိသော် အလွန်သေးနုတ်သော မြေဓာတ်ပရမတ်တို့သည် ထင်ရှားစွာပေါ်လာကုန်၏၊ မြေဓာတ်ပရမတ် ထင်ရှားစွာ ပေါ်လာသည် ရှိသော် လုံးလုံးလျားလျားဟူသော သဏ္ဌာနပညတ်သည် ကွယ်ပျောက် လေ၏၊ အသားတုံးအသားလွှာဟူသော နာမပညတ်လည်း ကွယ်ပျောက် လေ၏၊ ထိုသေးနုတ်သော မြေဓာတ်မှုန့်တို့ကို မြင်ကြသော် အသားတုံး အသားလွှာဟူ၍ မသိကြမခေါ်ကြပြီ၊ အမှုန့်ဟူသောမြေ၏ အမည်ဖြင့် သာ သိကြခေါ်ကြ၏၊ ဤစကား၌
ဃန-ဟူသော တစ်ခဲနက်ကိုဖျက်ပုံကား-- အသားတုံးအသားလွှာတို့ကို အစိုအတိုင်း ကြိတ်သည်ရှိသော် ရွှံ့မြေဖြစ်ကုန်၏၊ အချောက် လှန်း၍ကြိတ်သည်ရှိသော် အမှုန့်မြေဖြစ်ကုန်၏၊ ထိုတွင် အချောက် လှန်း၍ကြိတ်ရာ၌ အလွန်သေးနုတ်လှစွာသော မြေမှုန့်တို့သည် ထောင်း ထောင်းပေါ်ကြကုန်လတံ့၊ ပေါ်တိုင်းပေါ်တိုင်း လုံးလုံး ပြားပြားဟူသော သဏ္ဌာနပညတ်သည် ကွယ်ပျောက်လတံ့၊ အသားတုံးအသားလွှာဟူ သော နာမပညတ်သည်လည်း ကွယ်ပျောက်လတံ့၊ ဤကား အသား၌ ပရမတ်ပေါ်၍ ပညတ်ငုတ်ပုံတည်း၊ ဤပရမတ်ပေါ်၍ ပညတ်ကွယ် ပျောက်သည်ကိုပင်လျှင် အနတ္တပေါ်၍ အတ္တပျောက်သည်ဟု ဆိုပေ၏။
[ဤကား-အသား၌ အတ္တ- အနတ္တ စစ်ချက်ပေတည်း။]
အရိုးအစရှိသော ကြွင်းကျန်သောကိုယ်အစုတို့၌လည်း အသီး အသီး အတ္တ- အနတ္တ-စစ်ချက်တို့ကို ဤနည်းအတိုင်းယူကြလေ။
ထိုတွင်ပရမတ်ငုပ်မြုပ်၍ ပညတ်ပေါ်သော နယ်ကြီးသည်
၁။ အဝိဇ္ဇာနယ်ကြီး,
၂။ အတ္တဒိဋ္ဌိနယ်ကြီး,
၃။ ကိလေသာနယ်ကြီး,
၄။ ဒုစရိုက်နယ်ကြီး,
၅။ အပါယ်ဒုဂ္ဂတိနယ်ကြီးပေတည်း။
ပညတ်ပျောက်၍ ပရမတ်ပေါ်သောနယ်ကြီး
၁။ ဝိဇ္ဇာနယ်ကြီး,
၂။ အနတ္တသမ္မာဒိဋ္ဌိနယ်ကြီး,
၃။ ကိလေသာပျောက်ကင်းသောနယ်ကြီး,
၄။ ဒုစရိုက်လွတ်ငြိမ်းသောနယ်ကြီး,
၅။ အပါယ်ဒုဂ္ဂတိချုပ်ငြိမ်းသောနယ်ကြီးပေတည်း။ [ဤတွင်ရွေ့ကား-အတ္တ-အနတ္တစစ်ချက်ပြီး၏၊]
-------*------
အမိန့်တော်ရရှေ့နေ မောင်စံဖေ လျှောက်ထားသော ငှက်တွင်းဂိုဏ်း-ပုစ္ဆာ ၅-ချက်
တပည့်တော် မြစ်သားမြို့ အမိန့်တော်ရရှေ့နေ ဒါယကာ မောင်စံဖေ ရိုသေစွာလျှောက်ထားပါသည်ဘုရား၊ တပည့်တော်တို့ အရပ်တွင် ငှက်တွင်းဂိုဏ်းသားများသည် အောက်ပါမေးခွန်းများကို မေးမြန်းလျက်ရှိပါသည်ဘုရား။
၁။ သစ်သားရုပ်တု, ဆင်းတုကိုးကွယ်ရာတွင် အနေကဇာ တင်ခြင်းနှင့် မတင်ခြင်းသည် ဘာခြားနားသလဲ။
၂။ အနေကဇာမတင်သော ဆင်းတုကို ကိုးကွယ်ရှိခိုး၍ ကုသိုလ် ရ-မရ။
၃။ လူသားသတ္တဝါနှင့် အသက်မရှိသော သစ်သားသည် မည်သည့်ကို ကိုးကွယ်ရှိခိုးထိုက်ပါသလဲ။
၄။ သို့ဖြစ်လျှင် လူသားကိုယ်တိုင်ကို အနေကဇာတင်၍ ရှိခိုး ပူဇော်က သာ၍မမြတ်ဘဲရှိပါမည်လား။
၅။ ထိုလူသားကို ဘုရားအဖြစ် အနေကဇာမတင်ဘဲ ဘုရားဟူ၍ ဝန်ခံကာမျှ ဘုရားမှတ်၍ ရှိခိုးခြင်းသည် မှန်သောဘုရားကို ရှိခိုးရာရောက်ပါမည်လား။
၎င်းပုစ္ဆာများကို ဖြေကြားတော်မူပါမည့်အကြောင်း ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
(ပုံ) မောင်စံဖေ
အမိန့်တော်ရရှေ့နေ
မြစ်သားမြို့
ငှက်တွင်းဂိုဏ်း ပုစ္ဆာ ၅-ချက်အဖြေ
ဘုရား, တရား, သံဃာအစစ်အမှန်ပြဆိုချက်
ငါတို့ဗုဒ္ဓဘာသာလူမျိုးတို့မှာ အယူမဖေါက်မပြန်ချေက ဘုရား မမှားနိုင်, တရား မမှားနိုင်, သံဃာ မမှားနိုင်။ အဘယ့်ကြောင့် မမှားနိုင် သနည်းဆိုသော်-။
ဘုရားစစ်, ဘုရားမှန်ကို မိရိုးဖလာအားဖြင့် အထင်အရှား သိရှိ၍နေကြ၏၊ တရားစစ် တရားမှန်ကိုလည်း အထင်အရှား သိရှိ၍နေကြ၏၊ သံဃာစစ် သံဃာမှန်ကိုလည်း အထင်အရှား သိရှိ၍ နေကြ၏။
ဘုရားစစ်, ဘုရားမှန်ဆိုသည်ကား-- ကပိလဝတ်ပြည်၌ မယ်တော် မာယာနှင့် သုဒ္ဓေါဒနမင်းကြီး၏သား သိဒ္ဓတ်မင်းသည် တောထွက်တော်မူ ပြီးလျှင် ဗောဓိပင်နှင့် ရွှေပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော်မူ၍ “အရှင်ဂေါတမဘုရား”ဟု လောကသုံးပါး၌ ထင်ရှားပွင့်တော်မူ၏၊ ဤအရှင်ဂေါတမဘုရားသည်သာလျှင် ဘုရားစစ်, ဘုရားမှန်ဖြစ်၏၊ “နမော တဿ“ဆို၍ ရှိခိုးခြင်းသည်လည်း ဤအရှင်ဂေါတမကိုသာ ရှိခိုးခြင်းဖြစ်၏၊ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဆို၍ ရှိခိုးခြင်းသည်လည်း ဤအရှင်ဂေါတမကိုသာ ရှိခိုးခြင်းဖြစ်၏၊ အရဟံ အစရှိသောဂုဏ်တော် ကိုးပါးသည်လည်း ဤအရှင်ဂေါတမ ဘုရား၌ ရှိသော ဂုဏ်တော်ကိုးပါး ဖြစ်၏ဟု-ဘုရားစစ် ဘုရားမှန်ကို သိရှိရင်း ဖြစ်ကြ၏။
တရားစစ် တရားမှန်ဆိုသည်ကား-- မဂ်လေးပါး, ဖိုလ် လေးပါး, နိဗ္ဗာန်တရား, ပိဋကသုံးပုံဟု- ဆိုအပ်သော ပရိယတ္တိတရား များသည် တရားစစ်တရားမှန်ဖြစ်၏ဟု-အထင်အရှားသိရှိ၍ နေကြ၏၊ “ဓမ္မံ သရဏံ ဂစ္ဆာမိ” ဆို၍ရှိခိုးခြင်းသည်လည်း ဤ ၁၀-ပါးသော တရားတော်များကို သာ ရှိခိုးခြင်းဖြစ်၏၊ သွာက္ခာတတာ- အစရှိသော ဂုဏ်တော် ၆-ပါးသည် ၁၀-ပါးသော တရားတော်၌ ရှိသော ဂုဏ်တော် များဖြစ်၏ဟု- တရားစစ် တရားမှန်ကိုသိ ရှိရင်းဖြစ်၏။
သံဃာစစ်, သံဃာမှန်ဆိုသည်ကား-- ထိုဘုရားစစ် ဘုရားမှန်၏ တပည့်သားတော်ဖြစ်ကြသော မဂ်ပုဂ္ဂိုလ်, ဖိုလ်ပုဂ္ဂိုလ်, ကလျာဏ ပုထုဇဉ် ရဟန်းပုဂ္ဂိုလ် အပေါင်းသည် သံဃာစစ် သံဃာမှန် ဖြစ်၏ဟုအထင် အရှား- သိရှိ၍နေကြ၏၊ “သံဃံ သရဏံ ဂစ္ဆာမိ” ဆို၍ ရှိခိုးခြင်းသည် လည်း ဤသံဃာစစ်သံဃာမှန်ကိုသာ ရှိခိုးခြင်းဖြစ်၏၊ သုပ္ပဋိပ္ပန္နတာအစရှိသော ဂုဏ်တော် ၉-ပါးသည် ဤသံဃာစစ် သံဃာမှန်၌သာရှိသော ဂုဏ်တော်များ ဖြစ်၏ဟု- သိရှိရင်းဖြစ်ကြ၏။
ထိုကြောင့် ရုပ်ပွားဆင်းတု စေတီပုထိုးများကို ရှိခိုးကြရာ၌ မိမိတို့သိရှိရင်းဖြစ်သော ဘုရားစစ် ဘုရားမှန်, တရားစစ် တရားမှန်, သံဃာစစ် သံဃာမှန်တို့ကို စိတ်၌ဦးတည်ထား၍ ရှိခိုးကြသော အရာ ဖြစ်လေသောကြောင့် ငါတို့ဗုဒ္ဓဘာသာ လူမျိုးများမှာ အယူမဖောက် ပြန်ချေက ဘုရားမမှားနိုင်၊ တရားမမှားနိုင်၊ သံဃာမမှားနိုင်ဟုဆိုပေသတည်း။
[ဤကား-ငှက်တွင်းဂိုဏ်းပုစ္ဆာ၅-ချက်အတွက် ဘုရား, တရား ,သံဃာ အစစ်အမှန်ကို ပြဆိုချက်ပေတည်း။]
ရုပ်ပွားဆင်းတုကိုးကွယ်မှု၌- လိုရင်းအချက် ဤအရာ၌ ဆိုရန်ရှိ၏၊ အဘယ်သို့ဆိုရန်ရှိသနည်းဟူမူကားထိုကဲ့သိ့ုဘုရားစစ် ဘုရားမှန်, တရားစစ် တရားမှန်, သံဃာစစ် သံဃာမှန်ကိုအထင်အရှားသိရှိနေခဲ့သော် သိရှိသည့်အတိုင်း ဘုရားစစ် ဘုရားမှန်ကို အာရုံပြု၍ ရှိခိုးကြလျှင် ပြီးစီးတော့သည် မဟုတ်လော၊ အဘယ့်ကြောင့် ရုပ်ပွါးဆင်းတုစေတီပုထိုးတို့ကို ပြုလုပ်၍ရှိခိုး ကိုးကွယ်ကြရကုန်သနည်းဟု- မေးရန်ရှိ၏။
အဖြေကား-- လောက၌ ဂုဏ်သတင်းကြီးမြတ်လှသော ပုဂ္ဂိုလ်၏ ဂုဏ်သတင်းများကို ကြားသိရသည်ရှိသော် ထိုပုဂ္ဂိုလ်ကို တွေ့မြင်လို သောစိတ်သည် အားကြီးစွာဖြစ်ပေါ်မြဲ ဓမ္မတာပေတည်း၊ အနီးအဝေး၌ ထိုပုဂ္ဂိုလ်ထင်ရှားရှိခဲ့သော် အလွန်ဝေးကွာသော အရပ်၌ပင်သော်လည်း သွားရောက်၌ ဖူးမြော်ကြကုန်၏၊ ထိုပုဂ္ဂိုလ် ထင်ရှားမရှိခဲ့သော် ထိုပုဂ္ဂိုလ်၏ ရုပ်ပုံသဏ္ဌာန်များကို ဝယ်ယူ၍ ဖူးမြော်ကြကုန်၏၊ ငါတို့အရှင်ဂေါတမ မြတ်စွာဘုရားသည်မူကား- လောက၌ ဂုဏ်သတင်းကြီးမြတ်သော သူတို့ တွင် အတုမရှိ ဂုဏ်သတင်းကြီးမြတ်တော်မူပေ၏၊ ထိုကြောင့် ယခုအခါ ဗုဒ္ဓဘာသာလူမျိုးတို့မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ဖူးမြော်လိုသော စိတ်အလွန် အားကြီးကြ၏၊ ပရိနိဗ္ဗာန်စံလွန်တော်မူပြီး သည်မှ လူဖြစ်နောက်ကျ၍ မတွေ့မမြင် ကြရသည့်အတွက် အလွန် ဝမ်းနည်းဖွယ်ကြီးဖြစ်ကြ၏၊ အချို့ဝမ်းနည်းလှ၍ ငိုကြရ၏၊ ဘုရားကို မတွေ့ရသော်လည်း ဘုရား၏ ရုပ်သွင် သဏ္ဌာန်တော်များကို ဘယ်ပုံနေ သည်ဟု- မိမိတို့မျက်စိဖြင့် ဒိဋ္ဌမြင်လိုကြသော စိတ်သည် အလွန်အားကြီး ကြ၏၊ အလွန်တင့်တယ်စွာ ရေးသား၍ ထားသောရုပ်ပုံတော်များကို လည်းကောင်း, ထုလုပ်၍ ထားသော ရုပ်ပွါးတော်များကိုလည်းကောင်း, ဒိဋ္ဌတွေ့မြင်ကြရသည်ရှိသော် အလွန်အားရနှစ်သက်ခြင်းဖြစ်ကြ၏၊ ရုပ်ပုံတော်, ရုပ်ပွါးတော်များကို အခါခါမြင်သည်ရှိသော် ဘုရားစစ် ဘုရားမှန်၌ ကြည်ညိုရင်းဖြစ်သော ကုသိုလ်စိတ်တို့သည် အသစ်အသစ် ပွင့်လင်းကြကုန်၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာလူမျိုးတို့၌ ရုပ်ပွါးဆင်းတု စေတီပုထိုး ပြုလုပ်ကိုးကွယ်ကြခြင်းသည် အလွန်ကောင်းမြတ်သော အလေ့ကောင်း, အလာကောင်း, နည်းကောင်း, နာကောင်းကြီး ဖြစ်ပေသတည်း။
ထိုရုပ်ပွါးဆင်းတု စေတီပုထိုးတို့၌ ဆွမ်း, သင်ပုတ်, ရေချမ်းပန်း, ပေါက်ပေါက်, ဆီမီး, ထီး, တံခွန်များကို လှူဒါန်းပူဇော်ကြရာ၌လည်း မိမိတို့သိရှိရင်းဖြစ်သော ဘုရားစစ် ဘုရားမှန်ကို စိတ်၌ဦးတည်ထား၍ လှူဒါန်းပူဇော်ကြသော အရာဖြစ်လေသောကြောင့် ထိုဒါနပူဇာ စိတ် စေတနာတို့သည် ဘုရားစစ် ဘုရားမှန်၌ ဆိုက်၍ တည်လေကုန်၏၊ ဘုရားစစ် ဘုရားမှန်ကို လှူဒါန်းပူဇော်ခြင်း မြောက်လေကုန်၏။
ထိုကြောင့် ဝိမာနဝတ္ထုပါဠိတော်၌--
တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ။ စေတောပဏိဓိ ဟေတူ ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။။ ဟူ၍ ဟောတော်မူ၏။
တိဋ္ဌန္တေ=သက်တော်ထင်ရှား တည်ရှိသောအခါ၌သော်လည်း ကောင်း၊ နိဗ္ဗုတေစာပိ=ပရိနိဗ္ဗာန် စံတော်မူပြီးသော အခါ၌သော်လည်း ကောင်း၊ စိတ္တေ=ကြည်ညိုသောစိတ်သည်၊ သမေ=တူမျှသည်ရှိသော်၊ ဖလံ= အကျိုးသည်၊ သမံ=တူမျှ၏၊ ဟိသစ္စံ=မှန်၏၊ စေတောပဏိဓိ ဟေတု= စိတ်ထားကောင်းခြင်းကြောင့်၊ သတ္တာ=သတ္တဝါတို့သည်၊ သုဂ္ဂတိံ= ကောင်းသော အလားရှိသော နတ်ရွာနိဗ္ဗာန်သိ့ု၊ ဂစ္ဆန္တိ=ရောက်ကြကုန်၏။
အဓိပ္ပါယ်ကား-- သက်တော်ထင်ရှား ရှိစဉ်အခါ၌ မြတ်စွာဘုရား အထံတော်သို့သွား၍ ရှိခိုးဝပ်တွား ပူဇော်ခြင်းကို ပြုသော်လည်း စိတ်ထား မကောင်းလျှင် အကျိုးမကြီး၊ စိတ်ထားကောင်းလျှင် အကျိုးကြီးတော့ သည်၊ ပရိနိဗ္ဗာန်စံပြီးသည်မှ နောက်၌ ရုပ်ပွါးဆင်းတု စေတီပုထိုးရှိရာသို့ သွား၍ ရှိခိုးဝပ်တွား ပူဇော်လှူဒါန်းခြင်းကို ပြုရာ၌လည်း စိတ်ထား ကောင်းမှအကျိုးကြီးသည်၊ အဘယ့်ကြောင့်ဆိုသော် အကျိုးပေးမှုမည် သည် စိတ်စေတနာ၏ ကိစ္စသာဖြစ်၏၊ အလှူဝတ္ထု-အလှူခံ ပုဂ္ဂိုလ်တို့၏ ကိစ္စမဟုတ်၊ စိတ်စေတနာသည်သာလျှင် နတ်ရွာနိဗ္ဗာန်သို့ ဆောင်နိုင်၏၊ အလှူဝတ္ထု- အလှူခံပုဂ္ဂိုလ်တို့သည် နတ်ရွာနိဗ္ဗာန်သို့ မဆောင်နိုင်။
သို့သော် အလှူဝတ္ထု- အလှူခံပုဂ္ဂိုလ်များသည် အပိုသက်သက် ဖြစ်တော့မည်လောဟု- မေးရန်ရှိ၏၊
အဖြေကား-- အပိုသက်သက် မဖြစ်၊ အလှူဝတ္ထု, အလှူခံပုဂ္ဂိုလ် ကောင်းလျှင်ကောင်းလိုက်၊ စိတ်စေတနာကို ချီးမြှောက်နိုင်၏၊ စိတ် စေတနာကောင်းလျှင် ကောင်းလိုက်၊ အကျိုးကြီးမြတ်နိုင်၏။
ဥပမာကား-- စပါးမျိုးစေ့တို့ကို စိုက်ပျိုးရာ၌ လယ်တာ မြေကောင်း နှင့် မိုးကောင်းများသည် မျိုးစေ့ကို ချီးမြှောက်နိုင်သကဲ့သို့တည်း၊ အလှူခံ ပုဂ္ဂိုလ်သည် လယ်တာမြေကောင်းနှင့်တူ၏၊ အလှူဝတ္ထုသည် မိုးကောင်း ရေကောင်းနှင့်တူ၏၊ စိတ်စေတနာသည် မျိုးစေ့နှင့်တူ၏။
ရုပ်ပွါးဆင်းတုတို့ကို ပူဇော်လှူဒါန်းကြရာ၌ ရုပ်ပွါးဆင်းတုများ သည် အလှူခံပုဂ္ဂိုလ် မဟုတ်၊ ဘုရားစစ် ဘုရားမှန်ကြီးသည်သာလျှင် အလှူခံပုဂ္ဂိုလ်ဖြစ်၏၊ ထိုသို့ဖြစ်မူ အလှူခံပုဂ္ဂိုလ်သည် ယခု မရှိပါပြီ တကားဟု-ဆိုရန်ရှိ၏၊ လှူဒါန်းသူတို့၏ စိတ်အာရုံထဲမှာရှိလျှင် ရှိတော့ သည်သာဟု-ဖြေ၊ တရားတော်ကို လှူဒါန်းပူဇော်ရာ၌လည်း ထို့အတူပင် တည်း။
[ဤကား-ရုပ်ပွါးဆင်းတု ကိုးကွယ်မှု၌ လိုရင်းအချက်ပေတည်း။]
သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ရန်
ကိုးကွယ်ထိုက်သော စေတီလေးပါး ပြဆိုချက် ကလိင်္ဂဗောဓိဇာတ်၌ အရှင်အာနန္ဒာအား-စေတီလေးပါးကို ဟောတော်မူသည်။
စတ္တာရိမာနိ အာနန္ဒ စေတိယာနိ၊ ကတမာနိ စတ္တာရိ၊ ဓာတုစေတိယံ ဓမ္မစေတိယံ ပရိဘောဂိယံ ဥဒ္ဒိဿကံ၊ ဣမာနိ ခေါ အာနန္ဒ စတ္တာရိ စေတိယာနိ။
အာနန္ဒ=အာနန္ဒာ၊ စေတိယာနိ=စေတီတို့သည်၊ ဣမာနိ စတ္တာရိ= ဤလေးပါးတို့ပေတည်း၊ ကတမာနိ စတ္တာရိ=အဘယ်လေးပါးတို့နည်း ဟူမူကား၊ ဓာတုစေတိယံ=ဓာတုစေတီလည်းကောင်း၊ ဓမ္မစေတိယံ= ပိဋကသုံးပုံတည်းဟူသော ဓမ္မစေတီလည်းကောင်း၊ ပရိဘောဂိယံ=မဟာ ဗောဓိအစရှိသော ပရိဘောဂစေတီလည်းကောင်း၊ ဥဒ္ဒိဿကံ=ရုပ်ပွါး ဆင်းတုတည်းဟူသော ဥဒ္ဒိဿစေတီလည်းကောင်း၊ အာနန္ဒ=အာနန္ဒာ၊ စေတိယာနိ=စေတီတို့သည်၊ ဣမာနိ စတ္တာရိ=ဤလေးပါးတို့တည်း။
[ဤစေတီလေးပါးတို့တွင် ရုပ်ပွါးဆင်းတုဟူသော ဥဒ္ဒိဿစေတီကို ရှေး၌ဆိုခဲ့ပြီ။]
ဓာတုစေတီ, ဓမ္မစေတီ, ပရိဘောဂစေတီတော်တို့ကို ဖူးမြော် ရှိခိုးကြရာ၌လည်းကောင်း, ဆွမ်း, ရေချမ်း, ပန်း, ပေါက်ပေါက်, ဆီမီး, ထီး, တံခွန်, ကြက်လျှာစသည်တို့ဖြင့် လှူဒါန်းပူဇော်ကြရာ၌လည်းကောင်း, မိမိတို့သိရှိရင်းဖြစ်သော ဘုရားစစ်ဘုရားမှန်ကို စိတ်၌ဦးတည်ထား၍ ရှိခိုးကြ လှူဒါန်းပူဇော်ကြသောကြောင့် ဘုရားစစ်ဘုရားမှန်ကို ဦးတိုက်၍ တည်လေ၏၊ ဘုရားစစ်ဘုရားမှန်ကို လှူဒါန်းပူဇော်ခြင်း မြောက်လေ၏။
[ဤကား- သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ရန် ကိုးကွယ်ထိုက်သော စေတီလေးပါးကို ပြဆိုချက်ပေတည်း။]
စေတီတည်၍ ကိုးကွယ်ထိုက်သော
ထူပါရဟလေးပါး ပြဆိုချက်
စတုက္ကအင်္ဂုတ္တိုရ် ပါဠိတော်၌ ထူပါရဟလေးပါးကို ဟောတော်မူ သည်။
စတ္တာရော မေ ဘိက္ခဝေ ထူပါရဟာ၊ ကတမေ စတ္တာရော၊ တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ထူပါရဟော၊ ပစ္စေကဗုဒ္ဓေါ ထူပါရဟော၊ တထာဂတဿ သာဝကော ထူပါရဟော၊ ရာဇာ စက္ကဝတ္တိ ထူပါရဟော၊ ဣမေ ခေါ ဘိက္ခဝေ စတ္တာရော ထူပါရဟာ။
ထူပါရဟာ=စေတီတည်၍ ကိုးကွယ်ထိုက်သော အရာတို့သည်၊ ဣမေ စတ္တာရော=ဤလေးပါးတို့တည်း၊ ကတမေ စတ္တာရော=အဘယ် လေးပါးတို့နည်းဟူမူကား၊ တထာဂတော=ရှေးဘုရားကဲ့သို့ လာခြင်း ကောင်းတော်မူသော၊ အရဟံ=ပူဇော်အထူးကိုခံတော်မူထိုက်သော၊ သမ္မာသမ္ဗုဒ္ဓေါ= မြတ်စွာဘုရားသည်လည်း၊ ထူပါရဟော=စေတီတည်၍ ကိုးကွယ်ခြင်းငှါ ထိုက်ပေ၏၊ ပစ္စေကဗုဒ္ဓေါ=ပစ္စေကဗုဒ္ဓါဘုရားသည် လည်း၊ ထူပါရဟော=စေတီတည်၍ ကိုးကွယ်ခြင်းငှါ ထိုက်ပေ၏၊ တထာဂတဿ=ငါဘုရား၏၊ သာဝကော=တပည့်သားရဟန်းတော်များ သည်လည်း၊ ထူပါရဟော=စေတီတည်၍ ကိုးကွယ်ခြင်းငှါ ထိုက်ပေ၏၊ ရာဇာ စက္ကဝတ္တိ=လေးကျွန်သနင်းစကြာမင်းကြီးသည်လည်း၊ ထူပါရဟော= စေတီတည်၍ ကိုးကွယ်ခြင်းငှါ ထိုက်ပေ၏၊ ထူပါရဟာ=စေတီတည်၍ ကိုးကွယ်ခြင်းငှါထိုက်သောအရာတို့သည်၊ ဣမေ စတ္တာရော=ဤလေးပါး တို့တည်း။
ဤပါဠိတော်၌ ထူပဆိုသည်ကား-ကောင်းမွန်စွာ ပြုလုပ်သော မြေပုံ, မြေစု, သဲပုံ, သဲစု, အုတ်ပုံ, အုတ်စု, ကျောက်ပုံ, ကျောက်စုများကို ဆိုသတည်း၊ ထိုထူပသည်
၁။ သရီရဓာတ်တော် မွေတော်များကိုလည်းကောင်း, သင်္ကန်းသပိတ်အစရှိသော အသုံးအဆောင်များကိုလည်းကောင်း, ဌာပနာထည့်သွင်း ပြုလုပ်အပ်သော စေတီတစ်မျိုး။
၂။ မြတ်စွာဘုရားသခင် ဖွားမြင်တော်မူရာဌာန, ရဟန်းပြုတော်မူရာဌာန, ဘုရားအဖြစ်သို့ ရောက်တော်မူရာဌာန, ဓမ္မစကြာ ဟောတော်မူရာဌာန, ပရိနိဗ္ဗာန် စံတော်မူရာဌာန အစရှိသော အဓိကဌာနကြီးတို့ကို ကြည်ညို လေးမြတ်ရန် အခိုင်အမြဲ လုပ်၍ တည်ထားအပ်သော စေတီတစ်မျိုး။
ဟူ၍ စေတီ ၂-မျိုးရှိကြ၏။
[ကြွင်းသော ပစ္စေကဗုဒ္ဓစေတီ, သာဝကစေတီ, စက္ကဝတ္တိစေတီတို့၌ လည်း ထို့အတူ စေတီ ၂-မျိုးစီရှိကြ၏၊]
ယခုတည်ရှိကြသော စေတီပုထိုးတို့ကို ရှိခိုးပူဇော်ကြရာ၌ လည်းကောင်း၊ ဆွမ်း, သင်ပုတ်, ရေချမ်း, ပန်း, ပေါက်ပေါက်, ဆီမီး, ထီး, တံခွန်, ကြက်လျှာတို့ဖြင့် ပူဇော်လှူဒါန်းကြရာ၌လည်းကောင်း၊ မိမိတို့သိရှိရင်းဖြစ်သော ဘုရားစစ်ဘုရားမှန်ကို ဦးတည်ထား၍ “အစိန္တေယျ အစိန္တေယျ” ဟူ၍လည်းကောင်း၊ “အပ္ပမေယျ အပ္ပမေယျ” ဟူ၍လည်းကောင်း၊ “ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တ သေဋ္ဌ, ဇေဋ္ဌ” ဟူ၍လည်းကောင်း၊ “နမော တဿ” ဟူ၍လည်းကောင်း၊ “ဣတိပိ သော ဘဂဝါ” ဟူ၍လည်းကောင်း၊ စသည်ဖြင့်ဆို၍ လှူဒါန်းပူဇော်ကြကုန်သော ကြောင့် ထိုဓာတုစေတီ, ဓမ္မစေတီ, ပရိဘောဂစေတီတော်တို့ကို ရှိခိုးကော်ရော်ပူဇော်ကြရာ၌လည်း မိမိတို့ဦးတည်ထား၍ သိရှိရင်း ဖြစ်သော ဘုရားစစ်ဘုရားမှန်၌ ဆိုက်၍တည်လေ၏၊ ဘုရားစစ်ဘုရား မှန်ကို လှူဒါန်းပူဇော်ခြင်း မြောက်လေ၏။
ထိုဒေသနာ၌ စကြာမင်းသည် လူသားဖြစ်ပါလျက် အဘယ့် ကြောင့် စေတီတည်၍ ကိုးကွယ်ခြင်းငှါ ထိုက်ပါသနည်း။ လေးကျွန်းလုံးကို အစိုးရသော စကြာမင်းသည် တိုင်းသူပြည်သားများစွာကုန်သော သူတို့ကို ငါးပါးသောသီလဖြင့် ဆောက်တည်စေခြင်းငှါ အမြဲဆုံးမလေ့ရှိ၏၊ ထို့ကြောင့် စေတီတည်၍ ကိုးကွယ်ခြင်းငှါ ထိုက်လေ သတည်း။
ငါတို့ဘုရားအလောင်းတော်၏ ဆံပင်ကိုပင် နတ်တို့ယူဆောင်၍ တာဝတိံသာနတ်ပြည်၌ စူဠာမဏိစေတီဟူ၍ တည်ထားကိုးကွယ်လျက် ရှိသည်၊ ထိုဆံပင်သည်ဘုရားမဖြစ်မီအခါက ဆံပင်ဖြစ်သည်၊ အထက် ဗြဟ္မာပြည်၌လည်း ငါတို့ဘုရားအလောင်းတော် တောထွက်စဉ်အခါ ဝတ်ဆင်လာသော ဝတ်လဲတော် ပုဆိုးကိုပင် ဗြဟ္မာပြည်သို့ ယူဆောင်၍ စေတီတည်ထားပြီးလျှင် ဗြဟ္မာကြီးများသော်ပင် ကိုးကွယ်လျက်ရှိကြောင်း ထိုထိုကျမ်းဂန်၌ ထင်ရှားစွာ ဖော်ပြလေသည်။
[ဤကား- စေတီတည်၍ကိုးကွယ်ထိုက်သော ထူပါရဟ ၄- ပါးကိုပြဆိုချက်ပေတည်း။]
သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ရန်မကိုးကွယ်ထိုက်သော စေတီလေးပါးပြဆိုချက်
သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ခြင်းငှါ ကိုးကွယ်ရာ ပြုထိုက်သော စေတီလေးပါးကိုပြဆိုခဲ့ပြီ၊ သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ခြင်းငှါ ကိုးကွယ်ရာမပြုထိုက်ဟု ပယ်တော်မူသောစေတီမျိုးကိုလည်းပြဆိုရာ၏။
ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိစ။ အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။။
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။ ။ [ဓမ္ဓပဒ ပါဠိတော် ဗုဒ္ဓဝဂ်။]
ဘယတဇ္ဇိတာ=ဘေးအမျိုးမျိုးသည်ခြောက်လှန့်အပ်ကုန်သော၊ ဝါ=ဘေးအမျိုးမျိုးမှကြောက်လန့်ကြကုန်သော၊ မနုဿာ=လောကီဘုံသား လူအများတို့သည်၊ ဗဟုံ=များစွာသော ကိုးကွယ်ရာကို၊ ဝေ=စင်စစ်။ သရဏံ=ငါတို့၏ကိုးကွယ်ရာဟူ၍၊ ယန္တိ=ကပ်ရောက်ကြကုန်၏၊ ပဗ္ဗတာနိစ=တောင်စောင့်နတ်တို့ကိုလည်း၊ သရဏံ=ငါတို့၏ ကိုးကွယ်ရာ ဟူ၍၊ ယန္တိ=ကပ်ရောက်ကြကုန်၏၊ ဝနာနိစ=တောစောင့်နတ် တို့ကိုလည်း၊ သရဏံ=ငါတို့၏ ကိုးကွယ်ရာဟူ၍၊ ယန္တိ=ကပ်ရောက်ကြကုန်၏၊ အာရာမ ရုက္ခစေတျာနိစ=အရာမ်ဥယျာဉ်စောင့်နတ်, ရုက္ခစေတီခေါ်သော သစ်ပင်စောင့်နတ်တို့ကိုလည်း၊ သရဏံ=ငါတို့၏ ကိုးကွယ်ရာဟူ၍၊ ယန္တိ=ကပ်ရောက်ကြကုန်၏၊ ဧတံသရဏံ=ဤကိုးကွယ်ရာမျိုးသည်၊ ခေမံ=ဘေးအမျိုးမျိုးမှ ကင်းလွတ်စေတတ်သည်၊ နဟောတိ=မဖြစ်၊ ဧတံသရဏံ=ဤကိုးကွယ်ရာမျိုးသည်၊ ဥတ္တမံ=မြတ်သောကိုးကွယ်ရာ သည်၊ န=မဟုတ်၊ ဧတံသရဏံ= ဤကိုးကွယ်ရာ မျိုးကို။ အာဂမ္မ=ကိုးကွယ် သမှုအစွဲပြု၍၊ သဗ္ဗဒုက္ခာ=အလုံးစုံသော သံသရာဝဋ်ဒုက္ခမှ၊ န ပမုစ္စတိ= မလွတ်နိုင်။
ဤ၌ရုက္ခစေတီဆိုသည်ကား-- နတ်စင်, နတ်ကွန်း ဆောက်လုပ်၍ ကိုးကွယ်ကြသော သစ်ပင်ကြီးများကို ရုက္ခစေတီ ဆိုသတည်း။ ထို့ကြောင့် အဋ္ဌကထာ၌
ဝေဠုဝန ဇီဝကမ္ဗဝနာဒယော အာရာမေစ ဥဒေနစေတိယ ဂေါတမကစေတီယာဒီနိ ရုက္ခစေတျာနိစ။
ဖွင့်ဆိုတော်မူ၏။
ဝေဠုဝနဇီဝကမ္ဗဝနာဒယော=ဝေဠုဝန်ဥယျာဉ်, ဇီဝကဆရာ၏ သရက်ဥယျာဉ်အစရှိကုန်သော၊ အာရာမေစ=အရာမ်ဥယျာဉ်တို့ကို လည်းကောင်း၊ ဥဒေနစေတိယဂေါတမကစေတိယာဒီနိ=ဥဒေန နတ် ဘီလူး၏နေရာဖြစ်သော ရုက္ခစေတီ, ဂေါတမကနတ်ဘီလူး၏ နေရာဖြစ် သော ရုက္ခစေတီအစရှိကုန်သော၊ ရုက္ခစေတျာနိစ=ရုက္ခစေတီတို့ကို လည်းကောင်း။
ဤသို့ အဋ္ဌကထာဖွင့်ချက်ကို ထောက်၍ “ရုက္ခစေတျာနိ” ဟူသော ပါဠိတော်ပါဌ်၌ နတ်စင်, နတ်ကွန်းဆောက်လုပ်၍ ကိုးကွယ်ကြသော သစ်ပင်ကြီးများကို ရုက္ခစေတီခေါ်သည်ဟု- မှတ်ယူအပ်၏။
မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌လည်း
ဝဇ္ဇီနံ ဝဇ္ဇီစေတိယာနီတိ ဝဇ္ဇီရာဇူနံ ဝဇ္ဇီရဋ္ဌေ စိတ္တိကတဋ္ဌေန စေတိယာနီတိ လဒ္ဓနာမာနိ ယက္ခဋ္ဌာနာနိ။
ဖွင့်ဆိုတော်မူပေ၏။
ဝဇ္ဇီနံ ဝဇ္ဇီစေတိယာနီတိ=ဝဇ္ဇီနံဝဇ္ဇိစေတိယာနိဟူသည်ကား၊ ဝဇ္ဇီရာဇူနံ=ဝဇ္ဇီမင်းတို့၏၊ ဝဇ္ဇီရဋ္ဌေ=ဝဇ္ဇီတိုင်း၌၊ စိတ္တိကတဋ္ဌေန= ပူဇော်မှုကို ပြုရာဖြစ်သော အနက်ကြောင့်၊ စေတိယာနီတိ=စေတီတို့ဟူ၍၊ လဒ္ဓနာမာနိ=ရအပ်သော အမည်ရှိကုန်သော၊ ယက္ခဋ္ဌာနာနိ=တန်ခိုးကြီး သော နတ်ဘီလူးတို့၏ နေရာဌာနတို့ပေတည်း။
သုတ်ပါထေယျပါဠိတော်-ပါထိကသုတ်ကဋ္ဌာရမဋ္ဋကဝတ္ထု၌“ဥဒေနံနာမ စေတိယံ, ဂေါတမကံနာမ စေတိယံ, သတ္တမ္ဗံနာမ စေတီယံ ဗဟုပုတ္တံနာမ စေတိယံ“ံ
ဟူသောပုဒ်တို့ကို ဖွင့်ရာအဋ္ဌကထာ၌
“စေတိယန္တိ ယက္ခစေတိယဋ္ဌာနံ၊ ဧသနယော သဗ္ဗတ္ထ”
ဟူ၍ဖွင့်တော်မူသည်။
စေတိယန္တိ=စေတိယံဟူသည်ကား၊ ယက္ခစေတိယဋ္ဌာနံ=နတ် ဘီလူးကြီးကိုပူဇော်ရာဌာနပေတည်း၊ သဗ္ဗတ္ထ=အလုံးစုံသော နောက် ၃ -ပုဒ်တို့၌လည်း၊ ဧသနယော=ဤနည်းအတိုင်းပင်တည်း။
[ဤကား- သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ရန်မကိုးကွယ်ထိုက်သော စေတီ ၄- ပါးတည်း]
ဤသို့ အဋ္ဌကထာကြီးများ ဖွင့်ချက်အတိုင်း သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ခြင်းငှါ ကိုးကွယ်ရာမပြုထိုက်ဟု- ပယ်တော်မူသော စေတီ မျိုးကိုပြဆိုသောအရာ၌ ယက္ခစေတီမျိုးကိုသာ ယူအပ်၏၊ ဗုဒ္ဓဘာသာ၌ ကိုးကွယ်ကြသော ဘုရားစေတီများကို မယူအပ်။
သံသရာအတွက်မဟုတ် ပစ္စပ္ပုန်အတွက် ကိုးကွယ်သင့်ပုံ
ယက္ခစေတီမျိုးကို ကိုးကွယ်ရာမပြုထိုက်ဟု- ပစ်ပယ်တော် မူသည်မှာလည်း သံသရာရေးအတွက်နှင့်သာ ပယ်တော်မူသည်၊ ပစ္စုပ္ပန်ရေးအတွက်နှင့်မူကား- ကိုးကွယ်သင့်ကြောင်းကို များစွာဟော တော်မူ၏၊ ပရိတ်ကြီးမှာလည်း လာရှိလေ၏။
ဒိဝါစ ရတ္တောစ ဟရန္တိ ယေ ဗလိံ၊
တသ္မာဟိ နေ ရက္ခထ အပ္ပမတ္တာ။
ယေ=အကြင်လူအပေါင်းတို့သည်၊ ဒိဝါစ=နေ့အခါ၌လည်း ကောင်း၊ ရတ္တောစ= ညဉ့်အခါ၌လည်းကောင်း၊ ဗလိံ=ဗလိနတ်စာပူဇော် သက္ကာရကို၊ ဟရန္တိ=ဆောင်ယူပူဇော်ကြကုန်၏၊ တသ္မာဟိ=ထို့ကြောင့်လျှင်၊ တုမှေ= သင်နတ်အပေါင်းတို့သည်၊ အပ္ပမတ္တာ=မမေ့မလျော့ကြကုန်သည်ဖြစ်၍၊ နေ=ထိုလူတို့ကို၊ ရက္ခထ=စောင့်ရှောက်ကုန်လော့။
[ဤသို့အစရှိသည်ဖြင့်လာရှိပေ၏၊]
[ဤ၌နေ့အခါ, ညအခါတို့တွင် ဗလိနတ်စာတို့ကို ပို့ဆောင်မှုဆို သည်ကား- ကိုးကွယ်မှုပင်တည်း။]
ငှက်တွင်းဂိုဏ်းဝါဒရှင်းလင်းချက်
ငှက်တွင်းဂိုဏ်းစာအုပ်များ၌မူကား--
“ဗဟုံ ဝေ သရဏံ ယန္တိ”ဟူသော ပါဠိတော်၏အဓိပ္ပါယ်ကို ပြဆိုရာ၌- လောကဘုရားခြောက်ယောက်တို့ စိတ်မြောက်တိုင်း အထူးထူး အထွေထွေ အကြီးအကျယ်အံ့ဖွယ်သရဲ ပွဲလမ်းသဘင် ဇာတ်တိုက်၍ ပူဇော်ကြသော တော တောင်, သစ်ပင်, နတ်ကွန်းစင်, ကျောင်းဆောင်, ဗိမာန်, တန်ဆောင်း, ပြာသာဒ်, စေတီ, ပုထိုး, သဲပုံစေတီစသည်တို့ကို ရှိခိုးပူဇော်ခြင်း, ကိုးကွယ်ခြင်း စသည်တို့သည် လောကီသရဏဂုံ မည်၏ ဟု-ဆို၏။
[ဗုဒ္ဓဘာသာ၌ ကိုးကွယ်ကြသောစေတီ, ပုထိုး, ပြာသာဒ်, တန်ဆောင်း, လိုဏ်ဂူများလည်း ပါဝင်လေ၏၊]
မဟုတ်လေစွ၊ လောကဘုရားခြောက်ယောက်တို့ စိတ်မြောက် တိုင်း အထူးထူး အထွေထွေ အကြီးအကျယ် အံ့ဖွယ်သရဲ ပွဲလမ်းသဘင် ဇာတ်တိုက်၍ ပူဇော်ကြသော တော, တောင်, သစ်ပင်, နတ်ကွန်းစင်, ကျောင်းဆောင်, ဗိမာန်, တန်ဆောင်း, ပြာသာဒ်, စေတီ, ပုထိုး, သဲပုံစေတီစသည်တို့ကို ရှိခိုးပူဇော်ကြသည် ဟူသောစကားသည်လည်း မဟုတ်၊ ပုရာဏကဿပအစရှိသော လောကဘုရားခြောက်ယောက် တို့၏အယူသည် ကျမ်းဂန်တို့များစွာလာရှိ၏၊ နတ္ထိကဒိဋ္ဌိအစရှိသော အယူမှားကြီးများသာ ဖြစ်ကြ၏၊ စေတီ ပုထိုးနှင့်စပ်သော အယူများ မဟုတ်ကြ၊ ထိုစကားသည် မလိမ္မာသူတို့ကို စေတီပုထိုးကိုးကွယ်မှု၌ စိတ်အပျက်ကြီးပျက်၍ သွားလေအောင် မဟုတ်တရုတ်လုပ်ကြံ၍ ဆိုသော စကားမျှသာဖြစ်၏။
ကဠာရမဋ္ဋက ဝတ္ထု၌လည်း အလွဲအချော် ထုတ်ဖော် ပြဆိုလျက် ရှိပေ၏။
တေန ခေါပန သမယေန အစေလော ကဠာရမဋ္ဋကော ပုရတ္ထိမေန ဝေသာလိံ ဥဒေနံ နာမ စေတိယံ၊ တံ နာတိက္ကမေယျံ၊ ဒဏ္ခိဏေန ဝေသာလိံ ဂေါတမကံနာမ စေတိယံ၊ တံ နာတိက္ကမေယျံ၊ ပစ္ဆိမေန ဝေသာလိံ သတ္တမ္ဗံနာမ စေတိယံ၊ တံ နာတိက္ကမေယျံ၊ ဥတ္တရေန ဝေသာလိံ ဗဟုပုတ္တံနာမ စေတိယံ၊ တံ နာတိက္ကမေယျန္တိ။
ဟူသော-ပါဠိအဓိပ္ပါယ်ကို ပြန်ဆိုရာ၌- ဝေသာလီပြည်မှ မနီး မဝေးသော အရှေ့အရပ်၌တည်ထားသော ဥဒေနမည် သောစေတီ, ပုထိုး, မုဋ္ဌောလိုဏ်ခေါင်းဘုရားကို ရှိခိုးပူဇော်ဖူးမြော်ကန်တော့အံ့။
ဝေသာလီပြည်မှ မနီးမဝေသော တောင်အရပ်၌ တည်ထား သော ဂေါတမကမည်သောစေတီပုထိုးကို ရှိခိုးပူဇော်ဖူးမြော်ကန်တော့ အံ့။
ဝေသာလီပြည်မှ မနီးမဝေးသော အနောက်အရပ်၌ တည်ထား သော သတ္တမ္ဗမည်သော စေတီပုထိုးကို ရှိခိုးပူဇော် ဖူးမြော်ကန်တော့အံ့။
ဝေသာလီပြည်မှ မနီးမဝေးသော မြောက်အရပ်၌ တည်ထား သော ဗဟုပုတ္တမည်သော စေတီပုထိုးကို ရှိခိုးပူဇော် ဖူးမြော်ကန်တော့အံ့ဟုဆို၏
မဟုတ်လေစွ၊ ဥဒေနစေတီ အစရှိသော စေတီလေးပါးသည် နတ်ဘီလူးကြီးများ၏နေရာ ရုက္ခစေတီများသာ ဖြစ်ကြ၏၊ ပုထိုး, မုဋ္ဌော, လိုဏ်ခေါင်း, ဘုရားစေတီများ မဟုတ်ကြ၊ ထိုကဠာရမဋ္ဋကသည်လည်း ထိုစေတီများကို ရှိခိုးပူဇော်ဖူးမြော်ကန်တော့အံ့ဟု- ဆောက်တည်သည် မဟုတ်၊ “ဥဒေနံနာမ စေတိယံ တံ နာတိက္ကမေယျံ” ဟူ၍သာ ဆောက်တည်၏။
- ဥဒေနံနာမ စေတိယံ=ဥဒေနမည်သောစေတီသည်၊ အတ္ထိ= ရှိ၏၊ တံ=ထိုဥဒေနစေတီကို၊ နာတိက္ကမေယျံ=လွန်၍ ခရီးမသွားအံ့ဟု အနက်မှန်ကိုသိလေ။
အဓိပ္ပါယ်ကား-- ငါသည်အရှေ့အရပ်၌ ဥဒေနစေတီကို လွန်၍ ခရီးမသွားအံ့၊ တောင်အရပ်၌ဂေါတမက စေတီကိုလွန်၍ ခရီးမသွားအံ့၊ မြောက်အရပ်၌ ဗဟုပုတ္တစေတီကို လွန်၍ခရီးမသွားအံ့၊ အနောက်အရပ်၌ သတ္တမ္ဗစေတီကိုလွန်၍ ခရီးမသွားအံ့ဟု- ဆောက်တည်ခြင်း ဖြစ်၏။
ငှက်တွင်းဂိုဏ်းစာအုပ်၌။။ “မဂ္ဂါနံ အဋ္ဌင်္ဂီကော သေဋ္ဌော” ဟူသော ဒေသနာ၏နိဒါန်း၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသောအခါ ဝေသာလီပြည် လမ်းခရီးသည်ကောင်း၏။
၁။ စာပါလစေတီ,
၂။ ဥဒေနစေတီ,
၃။ ဂေါတမကစေတီ,
၄။ အာနန္ဒာစေတီ,
၅။ သတ္တမ္ဗစေတီ,
၆။ ဗဟုပုတ္တိကစေတီ,
၇။ သာနန္တရစေတီ ၇-ဆူတို့တွင် ။
အချို့စေတီကား- အလုံးအရပ်မျှ၍ အချိုးအစားကောင်း၏၊ အချို့စေတီကား-အလုံးအရပ်မမျှ၊ အချိုးအစား မရ၊ အချို့စေတီကားများစွာဘုရားပွဲပြုလုပ်ကြ၏၊ အချို့စေတီကား-မပြုရ၊ ဤသို့စသည်ဖြင့် မဂ်, ဖိုလ်, နိဗ္ဗာန်မှ ဖီလာဖြစ်သော ၃၂-ပါးသော တိရစ္ဆာနကထာ စကားကိုပြောဆို၍ နေကြသောရဟန်းငါးရာကို ဆုံးမတော်မူခြင်းငှါဟုနိဒါန်းစကားကိုပြဆို၏။
မဟုတ်လေစွ၊ ဤပါဠိတော်၌လည်း ထိုစကား မလာ၊ အဋ္ဌကထာ၌ လည်း ထိုစကားမရှိ၊ မလိမ္မာသူတို့ကို စေတီကိုချီးမွမ်းသော စကားမျိုး၌ စိတ်အပျက်ကြီးပျက်၍ သွားကြစေရန် မဟုတ်တရုတ် လုပ်ကြံ၍ ပြောဆို သော စကားမျှသာဖြစ်၏။
အဋ္ဌကထာ၌
အသုကဂါမတော အသုကဂါမဿ မဂ္ဂေါ သမော၊ အသုကဂါမဿ မဂ္ဂေါ ဝိသမော သသက္ခရော အသက္ခ ရောတိ အာဒိနာ နယေန အတ္တနော ဝိစာရိတမဂ္ဂံ အာရဗ္ဘ မဂ္ဂကထံ ကထေသုံ။
ဟူ၍ဆို၏၊
အသုကဂါမတော=ဤအမည်ရှိသောရွာမှ၊ အသုကဂါမဿ= ဤအမည်ရှိသောရွာ၏၊ မဂ္ဂေါ=လမ်းခရီးသည်၊ သမော=ညီညွတ်၏၊ အသုကဂါမဿ=ဤအမည်ရှိသောရွာ၏၊ မဂ္ဂေါ=လမ်းခရီးသည်၊ ဝိသမော=မညီညွတ်၊ သသက္ခရော=ကျောက်စရစ်များစွာရှိ၏၊ အသက္ခရော=ကျောက်စရစ်မရှိ၊ ဣတိအာဒိနာနယေန=ဤသို့အစရှိ သောနည်းဖြင့်၊ အတ္တနော=မိမိ၏၊ ဝိစာရိတမဂ္ဂံ=လှည့်လည်ရာ လမ်းခရီး ကို၊ အာရဗ္ဘ=အာရုံပြု၍၊ မဂ္ဂကထံ=ခရီးစကားကို၊ ကထေသုံ= ပြောဆို၍ နေကြကုန်၏။
ဤအဋ္ဌကထာ၌“မဂ္ဂကထံ” ဟူ၍သာပါရှိ၏၊ “စေတိယကထံ” ဟူ၍မလာချေ။
[ငှက်တွင်းစာအုပ်များ၌ မလိမ္မာသူတို့ကို နားယောင်၍ပါလေအောင် မဟုတ် တရုတ်လုပ်ကြံ၍ ဟိတ်ကြီး, ဟန်ကြီး, အသံကြီးပေးသော စကားမျိုးသည် အလွန် များလှ၏၊ သတိထားကြလေကုန်။။ ဤအရာ၌ ဆိုရန်ရှိ၏၊]
ဝက္ကလိ ရဟန်းကိုဆုံးမရာ၌ ငါဘုရား၏ အကောင်ပုပ်ကို သင် ဖူးမြော်၍နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ တရားကိုမမြင်သော သူသည် ငါဘုရားကိုမမြင်၊ တရားကိုမြင်သောသူမှ ငါဘုရားကို မြင်သည်ဟု- ဝက္ကလိရဟန်းကို ဆုံးမချက်ရှိ၏၊ ဤဆုံးမချက်ကို ထောက် မြော်သည်ရှိသော် မြတ်စွာဘုရားသည် မိမိကိုယ်ခန္ဓာတော်ကို ဖူးမြော်၍ နေသည်ကိုပင် နှစ်သက်တော်မမူ၊ စေတီ, ပုထိုးရှိခိုး ဖူးမြော်၍ နေသည်များကို အဘယ်ဆိုဖွယ်ရာရှိအံ့နည်း၊ ထို့ကြောင့် ယခုကာလ၌ ရုပ်ပွါး ဆင်းတု စေတီ ပုထိုးရှိခိုး ပူဇော်မှုများသည် ဘုရားနှစ်သက် တော်မူသော အမှုများမဟုတ်၊ ဘုရားမြစ်ပယ်တော်မူသော အမှုမျိုးသာ ဖြစ်၏ဟု- ဆိုရန်ရှိ၏။
အဖြေကား-- ထိုဝက္ကလိရဟန်းသည် ဘာဝနာတရားကို အားထုတ် ပါမူကား- ဧတဒဂ်ရာထူးကို ရနိုင်သော ရဟန္တာကြီးတစ်ပါး ဖြစ်ထိုက်သော သူဖြစ်ပါလျက် ဘာဝနာတရားကို အားမထုတ်မူ၍ မြတ်စွာဘုရားကို ဖူးမြော်မှု သက်သက်နှင့် တင်းတိမ်၍နေ၏၊ ဥပမာကား- ပြည်တန် ပတ္တမြားကို ရသင့်သောအခွင့်ကြီးရှိပါလျက် မယူမူ၍ တစ်သိန်းတန် ပတ္တမြားကို ရသဖြင့်တင်းတိမ်၍ နေသောသူနှင့်တူ၏၊ ထို့ကြောင့် ကိုယ်တော်မြတ်ကို အမြဲဖူးမြော်၍ နေသော ဝက္ကလိရဟန်းကို ဆုံးမသော နည်းအားဖြင့် မိန့်တော်မူ၏၊ ပြည်တန်ပတ္တမြားနှင့် ထောက်စာသော် တစ်သိန်းတန်ပတ္တမြားကိုရခြင်းသည် အကျိုးမရှိဟု- ဆိုသင့်သောအခွင့် ရှိ၏၊ သို့သော် တစ်သိန်းတန်ပတ္တမြားကိုရခြင်းသည် တစ်သိန်းတန် အလိုက် အကျိုးရှိသည်သာလျှင် ဖြစ်၏ဟု-ဖြေလေ။
ဤအရာ၌နေရာကျမှတ်ပုံကား-- တပည့်အပေါင်းတို့အား အလွန်ကျေးဇူးများလှသော ဥပဇ္ဈာယ်ဆရာကြီးသည်ရှိ၏၊ လွန်ကဲသော လုံ့လဝီရိယလည်းရှိ၏၊ ထိုဥပဇ္ဈာယ်ဆရာကြီးသည် တပည့်အပေါင်းတို့ အား ဤသို့ဆိုလေ့ရှိ၏၊ ငါ၌ပြုအပ်သော ဝတ္တရားကို သင်တို့ ကြောင့်ကြ မစိုက်ကုန်လင့်၊ မပြုကြကုန်လင့်၊ သင်တို့၏အကျိုးစီးပွါးဖြစ်သော ပရိယတ်, ပဋိပတ်တရားများကိုသာ အားထုတ်ကြကုန်လော ဟုဆိုလေ့ရှိ၏။
တပည့်အပေါင်းတို့တွင် အချို့သောတ ပည့်တို့က- ငါတို့ ဆရာကြီး သည် မိမိ၌ ဝတ်နိဗဒ်ကို ပြုခြင်းထက် တရားကို အားထုတ်၍ နေမှုသည် သာ၍အကျိုးများ၏ဟု- တရားကိုသာ အားထုတ်၍ နေကြ၏၊ ဝတ်နိဗဒ် အတွက်နှင့် ဆရာကြီးအနားသို့ မသီကြကုန်။
အချို့သောတပည့်တို့ကလည်း မိမိတို့အပေါ်၌ ဆရာ၏ကျေးဇူး အလွန်ကြီးကျယ်သည်ကို များစွာအောက်မေ့မိကြသဖြင့် ဆရာ၌ အလွန် လေးမြတ်ခြင်းရှိလှ၍ ဆရာကပင် မိမိ၌ ဝတ်နိဗဒ်မပြုကြစေရန် ခွင့်ပေး သော်လည်း မပြုဘဲ မနေနိုင်ကြ၊ မပြုဘဲနေခဲ့သော် ကျေးဇူးကို မသိတတ် သလိုလို ဆရာကို မမြတ်နိုးတတ်သလိုလို မိမိကိုယ်ကို မိမိတို့ မကျေအေး နိုင်ရှိကြသဖြင့် ဆရာ၏ဝတ်နိဗဒ်ကို ပြုခွင့်ရှာ၍ ပြုကြကုန်၏၊ မိမိတို့၏တရားကိုလည်း မိမိတို့အားထုတ်ကြကုန်၏။
တစ်ချို့သော တပည့်တို့ကလည်း ထိုရဟန်းများကဲ့သို့ မိမိတို့ကိုယ် ကို မိမိတို့မကျေအေးနိုင်ရှိကြသဖြင့် ငါတို့သည် ဆရာက ဝတ်နိဗဒ်ကို မပြုကြရန်ခွင့်ပေး၍ထားသည်ဟု- ဆရာ၏ဝတ်နိဗဒ်ကို မပြုဘဲနေခဲ့သော် ငါတို့တပည့်တပန်း အဆက်ဆက်တို့သည်လည်း ဆရာ၏ဝတ်နိဗဒ်ကို ပြုမှု၌ အစဉ်အဆက် ပေါ့လျော့၍သွားကြ ကုန်လတ္တံ့၊ ဆရာကို အလေးပြုခြင်း, ဂရုစိုက်ခြင်း နည်းပါး၍သွားကြ ကုန်လတ္တံ့။
ဤသာသနာတော်၌ ဆရာကိုအလေးပြုခြင်း နည်းပါးမှုသည် သာသနာတော်ဆုတ်ယုတ်ရန် အကြောင်းရင်းကြီးတစ်ပါး ဖြစ်ချေ သည်ဟု- နောင်ရေးကို မြော်မြင်ကြကုန်သဖြင့် ဆရာ၏ ဝတ်နိဗဒ်ကို လည်း ပြုခွင့်ရှာ၍ ပြုကြကုန်၏၊ မိမိတို့၏ တရားကိုလည်း မိမိတို့ အားထုတ်ကြကုန်၏။
ထို ၃-ဦးတို့တွင်- ပဌမတပည့်များသည် မိမိတို့အကျိုးကိုသာ မြော်တတ်ကြ၏၊ ဆရာ၌ ရိုသေလေးမြတ်ခြင်း နည်းပါးကြ၏၊ နောင် ရေးကိုမြော်မှုမှာ ဝေးလေစွ။
ဒုတီယတပည့်များသည် မိမိတို့အကျိုးကိုလည်း မြော်တတ်ကြ၏၊ ဆရာ၌ရိုသေလေးမြတ်မှု“ကတညုတ ကတဝေဒီ” တရားနှင့်လည်း ပြည့်စုံကြ၏၊ နောင်ရေးကိုမြော်မှုကားမရှိကြ။
တတီယတပည့်များသည် မိမိတို့အကျိုးကိုလည်း မြော် တတ်ကြ၏ ဆရာ၌ရိုသေလေးမြတ်မှု “ကတညုကတဝေဒီ” တရားနှင့်လည်း ပြည့်စုံကြ၏၊ ထို့ထက်ပင်“နောင်တပည့်တပန်း အဆက် ဆက်တို့ သည်လည်း ဆရာ၏ ဝတ်နိဗဒ်ကိုပြုမှု၌ အစဉ်အဆက် ပေါ့လျော့၍ သွားကြကုန်လတံ့၊ ဆရာကို အလေးပြုခြင်း “ဂရုစိုက်ခြင်း နည်းပါး၍ သွားကြကုန်လတံ့၊ ဤသာသနာတော်၌ ဆရာကိုအလေးပြုခြင်း နည်းပါးမှုသည် သာသနာတော်ဆုတ်ယုတ်ရန် အကြောင်းရင်းကြီးတစ်ပါး ဖြစ်ချေသည်” ဟု- နောင်ရေးကိုမြော်မှုကြီး အားကြီးစွာရှိကြကုန်၏။
[ဤတတီယ တပည့်များသည်သာလျှင် သူတော်ကောင်းလက္ခဏာ, ယောက်ျားကောင်းလက္ခဏာ, ပညာရှိလက္ခဏာတို့နှင့် ကောင်းစွာ ပြည့်စုံကြသော သူများဖြစ်ကြပေကုန်၏၊]
ဤဥပမာအတူ ဗုဒ္ဓဘာသာ သာသနာ၌လည်း အချို့သော သူများသည် -ရုပ်ပွါး, ဆင်းတု, စေတီ ,ပုထိုး ကိုရှိခိုးပူဇော်၍ နေသည် ထက် ဘာဝနာတရားကိုအားထုတ်၍နေခြင်းသည် သာ၍ကောင်း၏ဟုနှလုံးပိုက်၍ ရုပ်ပွါး, ဆင်းတု, စေတီ, ပုထိုးရှိခိုးပူဇော်မှုကို မပြုဘဲနေနိုင် ကြကုန်၍ မိမိတို့နေရာ၌သာ မိမိတို့ဘာဝနာ တရားကိုအားထုတ်၍ နေကြကုန်၏။
အချို့သောသူတို့သည်ကား-မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်ကို ကြည်ညိုလေးမြတ်ခြင်း အားကြီးကြသည့်အတွက် ရုပ်ပွါး,ဆင်းတု, စေတီ, ပုထိုးကို ရှိမခိုး၊ ပူဇော်မှုကိုမပြုကြဘဲမနေနိုင်ကြ၊ ပြုကြကုန်၏၊ မိမိတို့တရားကိုလည်း မိမိတို့အားထုတ်ကြကုန်၏။
အချို့သောသူများသည်လည်း-မြတ်စွာဘုရား၏ဂုဏ်တော် ကျေးဇူးတော်ကို ကြည်ညိုလေးမြတ်ရုံမျှမက ဤသို့ မြော်မြင်ကြကုန်၏၊ နောင်သားမြေးအစဉ်အဆက် ဘုရားကို ရိုသေမှု ပေါ့ပျက်, ဖျင်းသိမ်၍ သွားကြကုန်လတ္တံ့၊ ဘုရားကိုအလေးအမြတ်ပြုခြင်း, ဂရုစိုက်ခြင်း နည်းပါး၍ သွားကြကုန်လတ္တံ့၊ ဤသာသနာတော်၌ ဘုရားကို အလေးပြု ခြင်းနည်းပါးမှုသည် သာသနာတော်ဆုတ်ယုတ်ရန် အကြောင်းရင်းကြီး တစ်ပါး ဖြစ်ချေသည်ဟု- နောင်ရေးကို မြော်မြင်ကြကုန်သဖြင့် ရုပ်ပွါး, ဆင်းတု, စေတီ, ပုထိုးကိုရှိခိုးပူဇော်မှုကိုလည်း ပြုကြကုန်၏၊ မိမိတို့၏ တရားကိုလည်း မိမိတို့အားထုတ်ကြကုန်၏။
ဤ ၃-ဦးတို့တွင်လည်း- ပဌမပုဂ္ဂိုလ်များသည် အညံ့ဆုံး ဖြစ်ကြ၏၊ ဒုတိယပုဂ္ဂိုလ်များသည် အလတ်စားဖြစ်ကြ၏၊ တတိယ ပုဂ္ဂိုလ်များ သည်သာ ယောကျ်ားတံခွန် လူလွန်မ-သားဖြစ်ကြ၏။
ဤအရာ၌ “ဘုရားကို အလေးပြုခြင်းနည်းပါးမှုသည် သာသနာ တော်ဆုတ်ယုတ်ရန် အကြောင်းရင်းကြီးတစ်ပါးဖြစ်ချေသည်” ဟူသော စကား၌ ပါဠိတော်ကား--
ပဉ္စိမေ ကဿပ ဓမ္မာ သဒ္ဓမ္မဿ အန္တရဓာနာယ သမ္မောသာယ သံဝတ္တန္တိ၊ ကတမေ ပဉ္စ၊ ဣဓ ဘိက္ခု သတ္ထရိ အဂါရဝေါ ဝိဟရတိ အပ္ပဋိေဿာ၊ ဓမ္မေ အဂါရဝေါ ဝိဟရတိ အပ္ပဋိေဿာ၊ သံဃေ အဂါရဝေါ ဝိဟရတိ အပ္ပဋိေဿာ၊ သိက္ခာယ အဂါရဝေါ ဝိဟရတိ အပ္ပဋိေဿာ၊ သမာဓိသ္မိံ အဂါရဝေါ ဝိဟရတိ အပ္ပဋိေဿာ၊ ဣမေ ခေါ ကဿပ ပဉ္စဓမ္မာ သဒ္ဓမ္မဿ အန္တရဓာနာယ သံဝတ္တန္တိ။
[ကဿပသံယုတ်ပါဠိတော်]
ကဿပ=ကဿပ၊ ပဉ္စ=ငါးပါးကုန်သော၊ ဣမေ ဓမ္မာ= ဤတရား တို့သည်၊ သဒ္ဓမ္မဿ=သာသနာတော်သုံးပါး၏၊ အန္တရဓာနာယ= ကွယ်ပ ခြင်းငှါ၊ သမ္မောသာယ=ပျောက်ပျက်ခြင်းငှါ၊ သံဝတ္တန္တိ=ဖြစ်ကုန်၏၊ ကတမေ ပဉ္စ=အဘယ်ငါးပါးတို့နည်းဟူမူကား၊ ဣဓ=ဤသာသနာတော်၌၊ ဘိက္ခု=ရဟန်းသည်၊ သတ္ထရိ=မြတ်စွာဘုရား၌၊ အဂါရဝေါ=ရိုသေခြင်း မရှိသည်ဖြစ်၍၊ ဝိဟရတိ=နေ၏၊ အပ္ပဋိေဿာ=ညွတ်တွားခြင်းမရှိ သည်ဖြစ်၍၊ ဝိဟရတိ=နေ၏၊ ဓမ္မေ=ပါဠိတော်ဒေသနာဓမ္မ၌၊ အဂါရဝေါ= ရိုသေခြင်းမရှိသည်ဖြစ်၍၊ ဝိဟရတိ=နေ၏၊ အပ္ပဋိေဿာ=ညွတ်တွား ခြင်းမရှိသည်ဖြစ်၍၊ ဝိဟရတိ=နေ၏၊ သံဃေ=သာသနာတော်ထမ်း ရဟန်းတော်များ၌၊ အဂါရဝေါ=ရိုသေခြင်း မရှိသည်ဖြစ်၍၊ ဝိဟရတိ= နေ၏၊ အပ္ပဋိေဿာ=ညွတ်တွားခြင်းမရှိသည်ဖြစ်၍၊ ဝိဟရတိ=နေ၏၊ သိက္ခာယ=သိက္ခာသုံးပါး၌၊ အဂါရဝေါ=ရိုသေခြင်းမရှိသည်ဖြစ်၍၊ ဝိဟရတိ=နေ၏၊ အပ္ပဋိေဿာ=ညွတ်တွားခြင်းမရှိသည်ဖြစ်၍၊ ဝိဟရတိ= နေ၏၊ သမာဓိသ္မိံ=သမာဓိဘာဝနာမှု၌၊ အဂါရဝေါ=ရိုသေခြင်းမရှိသည် ဖြစ်၍၊ ဝိဟရတိ=နေ၏၊ အပ္ပဋိေဿာ=ညွတ်တွားခြင်းမရှိသည်ဖြစ်၍၊ ဝိဟရတိ=နေ၏၊ ကဿပ=ကဿပ၊ ဣမေ ပဉ္စဓမ္မာ=ဤငါးပါးသော တရားတို့သည်၊ သဒ္ဓမ္မဿ=သာသနာတော်သုံးပါး၏၊ အန္တရဓာနာယ= ကွယ်ပခြင်းငှါ၊ သမ္မောသာယ=ပျောက်ပျက်ခြင်းငှါ၊ သံဝတ္တန္တိ= ဖြစ်ကုန်၏။
အဋ္ဌကထာ၌--
သတ္ထရိ အဂါရဝေါနာမ သတ္ထရိ ဓရမာနေ ဒိဝသဿ တယော ဝါရေ ဥပဋ္ဌာနံ န ယာတိ၊
ဟူ၍လည်းကောင်း၊
ပရိနိဗ္ဗုတေ ဝါ ပန စေတိယံ ဝန္ဒိတုံ န ဂစ္ဆတိ၊ ဟူ၍လည်းကောင်း ဖွင့်ဆို၏၊
သတ္ထရိ=မြတ်စွာဘုရား၌၊ အဂါရဝေါနာမ=ရိုသေခြင်းမရှိသော သူမည်သည်ကား၊ သတ္ထရိ=မြတ်စွာဘုရားသည်၊ ဓရမာနေ=ထင်ရှားရှိပါ လျက်၊ ဒိဝသဿ=နေ့၏၊ တယောဝါရေ=သုံးကြိမ်တို့တိုင်အောင်၊ ဥပဋ္ဌာနံ= ခစားရာသို့၊ န ယာတိ=မသွား။
ပရိနိဗ္ဗုတေဝါပန=ပရိနိဗ္ဗာန်စံပြီးသောနောက်၌လည်း၊ စေတိယံ= စေတီတော်များကို၊ ဝန္ဒိတုံ=ရှိခိုးပူဇော်ဖူးမြော်ကန်တော့ခြင်းငှာ၊ န ဂစ္ဆတိ= မသွား။
ဤအဋ္ဌကထာပါဌ်၌ “စေတိယံ” ဆိုသည်ကား- ဓာတုစေတီ, ဓမ္မစေတီ, ပရိဘောဂစေတီ, ရုပ်ပွါး, ဆင်းတုဟူသော ဥဒ္ဒိဿစေတီ, ရွှေတိဂုံစေတီ, ရွှေမော်ဓောစေတီ အစရှိသော ဗုဒ္ဓထူပစေတီများကို ဆိုသည်။
ဤပါဠိတော်အဋ္ဌကထာများကိုထောက်၍ ရုပ်ပွါး, ဆင်းတု စေတီ, ပုထိုးများကို ရှိခိုးပူဇော်မှုကို မိမိတို့လည်းမပြု၊ မိမိတို့မပြုရုံမျှမက သူတစ်ပါးတို့ပြုသည်ကိုပင် အကျိုးမရှိ-ဟုပြောဟောသူများသည် သာသနာဖျက်သူများဖြစ်ကြ လေသည်-ဟုသိရ၏။
[ဤကားစေတီရှင်းလင်းချက်ပေတည်း။]
မောင်စံဖေလျှောက်ထားသော ပုစ္ဆာ ၅-ချက်တို့တွင် ၁။ သစ်သားရုပ်တု, ဆင်းတုကိုးကွယ်ရာတွင် အနေကဇာတင်ခြင်းနှင့်-မတင်ခြင်းသည် မည်သို့ခြားနားပါသနည်းဟူသော ပုစ္ဆာ၌အဖြေကား-- မြတ်စွာဘုရားသည် ရှေးဦးစွာ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူ သောအခါ လွန်စွာဝမ်းမြောက်တော်မူသဖြင့် “အနေကဇာတင် ဂါထာ” များကို ကျူးရင့်တော်မူ၏၊ ရုပ်ပွါး, ဆင်းတု ပြုလုပ်မှုမှာ ရုပ်ပုံ, ရုပ်သွင်, ရုပ်သဏ္ဌာန်ပြည့်စုံလျှင် ရုပ်ပွါးတော်အစစ်ဖြစ်၏၊ သို့သော် (ရုပ်ထု, ဆင်းထု, ရုပ်တု,ဆင်းတု) ဆိုသည်နှင့်အညီ ဘုရားအစစ်၌ ဖြစ်ခဲ့သော အရေးအခွင့်အစုကို အတုလိုက်၍ပြုနိုင်သမျှ ကောင်းမြတ်သည်သာဖြစ် သောကြောင့် ရုပ်ပွါး, ဆင်းတုများကို “အနေကဇာတင်မှု” ကိုပြုကြလေ၏၊ ပြုသည့်အတွက်လည်း ကုသိုလ်အပိုအမို အထူးဖြစ်ရ ပြန်၏။
၂။ အနေကဇာမတင်သောဆင်းတုကို ကိုးကွယ်ရှိခိုးရာ၌ ကုသိုလ်ရမရ။
ဟူသော ပုစ္ဆာ၌ ဖြေဖွယ်အထူးမရှိ၊ ပဌမပုစ္ဆာအဖြေနှင့်ပင် ပြေပြီး ဖြစ်၏၊
၃။ လူသတ္တဝါနှင့် အသက်မရှိသောသစ်သားသည် မည်သည် ကိုကိုးကွယ်ထိုက်ပါသနည်း၊ မည်သည်က သာ၍မြတ်ပါ သနည်း။
၄။ သို့ဖြစ်ပါလျှင် လူသားကိုယ်တိုင်ကို အနေကဇာတင်၍ ရှိခိုး ပူဇော်က သာ၍မမြတ်ဘဲရှိမည်လော။
၅။ ထိုလူသားကို ဘုရားအဖြစ် အနေကဇာမတင်ဘဲ ဘုရားဟူ၍ ဝန်ခံကာမျှဘုရားမှတ်၍ ရှိခိုးခြင်းသည် မှန်သောဘုရားကို ရှိခိုးရာရောက်ပါမည်လော။
ဟူသော အမေးပုစ္ဆာ ၃-ချက်သည်
[အရေးမပါ, အရာမရောက်, ကတောက်,ကတက် ပုစ္ဆာများဖြစ်၍ ဖြေဖွယ်ကိစ္စ မရှိပြီ။]
အရေးမပါ, အရာ မရောက်ဆိုသည်ကား-- အသက်မရှိသော သစ်သားကို အစွဲပြုရသောအရာမဟုတ်၊ အသွင်သဏ္ဌာန်များသာ လိုရင်းဖြစ်၏၊ ထိုသို့ဖြစ်ပါလျက် အသက်မရှိသော သစ်သားကိုအစွဲပြု၍ မေးခွန်းထုတ်ခြင်းသည် အရေးမပါ, အရာမရောက်ဖြစ်လေ၏၊ ထို့အတူ ကျောက်ဆင်းတု, ကြေးဆင်းတု, ရွှေဆင်းတု, ငွေဆင်းတုများ၌လည်း ကျောက်, ကြေး, ရွှေ, ငွေများသည် လိုရင်းမဟုတ်၊ အသွင်သဏ္ဌာန်သာ လိုရင်းဖြစ်၏။
အသွင်သဏ္ဌာန်သာ လိုရင်းဖြစ်ကြောင်းကိုလည်း ဤဝတ္ထုများ ကိုထောက်၍ ထင်ရှားစေရာ၏။
ဓမ္မာသောကမင်းကြီးသည် ကာလနဂါးမင်းကြီးကိုခေါ်ဆောင်၍ မြတ်စွာဘုရား၏အသွင်တော်ကို ဖန်ဆင်းပြပါဟု- ဆို၏၊ ကာလနဂါး မင်းကြီးသည် ဘုရား၏အသွင်တော်ကို လက္ဓဏာကြီး, ငယ် ရောင်ခြည် တော် ခြောက်သွယ်နှင့်တကွ ဖန်ဆင်း၍ပြလေ၏၊ မင်းကြီးသည် မအိပ်ဘဲ ခုနစ်ရက်ပတ်လုံး ဖူးမြော်ပူဇော်သည်ဟု ကျမ်းဂန်များစွာ တွင်လာ၏။
သီဟိုဠ်ကျွန်း၌ ဖုဿရေဝ မထေရ်ကြီးသည် မာရ်နတ်ကြီးနှင့် တွေ့ကြရာတွင် မြတ်စွာဘုရားအသွင်တော်ကို ဖန်ဆင်း၍ ပြပါဟု မာရ်နတ်ကြီးကို ဆိုပေ၏၊ မာရ်နတ်သည် လက္ဓဏာကြီး, ငယ် ရောင်ခြည် တော်ခြောက်သွယ်နှင့်တကွ ဖန်ဆင်း၍ပြလေ၏၊ မထေရ်ကြီးသည် ဘုရားအသွင်တော်ကို မြင်ရလျှင် မာရ်နတ်မှန်းသိလျက်နှင့်ပင် ရှိမခိုးဘဲ မနေနိုင်၍ ရှိခိုးလေ၏၊ မာရ်နတ်သည် မထေရ်၏ရှိခိုးခြင်းကို မခံနိုင်၍ ချက်ချင်းကွယ်ရလေသည်-ဟု ကျမ်းဂန်တို့၌လာ၏။
ဤဝတ္ထုတို့၌ ကာလနဂါးကြီးသည် တိရစ္ဆာန်မျိုးဖြစ်၏၊ မာရ်နတ် ကြီးသည်လည်း ဘုရား၏ရန်သူတော်ကြီးဖြစ်၏၊ ထိုသို့ ဖြစ်ပါလျက် အသွင်တော်ကို မြင်ရသည့်အတွက် ဓမ္မာသောက မင်းကြီး, ဖုဿရေဝ မထေရ်ကြီးများသည် ရှိခိုးပူဇော်ခြင်းကို ပြုကြလေ၏၊ အသွင်သဏ္ဌာန် သည် ဤမျှလောက် သဒ္ဓါတရားကို ဖြစ်ပွါးစေနိုင်၏၊ ဤဝတ္ထုများကို ထောက်သဖြင့် သစ်သား, ကျောက်, ကြေး, ရွှေ, ငွေ ဝတ္ထုများသည် ပမာဏမဟုတ်၊ အသွင်သဏ္ဌာန်တော်သည်သာ ပမာဏဖြစ်၏-ဟု ထင်ရှားလေ၏၊ ဘုရား၏အသွင်သဏ္ဌာန်တော်ဟု သိလျက်သားနှင့် ပြစ်မှားကျူးလွန်ပြုမိလျှင်လည်း အလွန်အပြစ်ကြီး၏၊ သက်တော်ထင်ရှား ရှိသော မြတ်စွာဘုရားကို ပြစ်မှားသည်နှင့် အလားတူ၏၊ [ဤတွင်ရွေ့ကား- ငှက်တွင်းဂိုဏ်းပုစ္ဆာ ၅-ချက် အဖြေပြီး၏၊]
--------*------
ရှင်ဝိမလ လျှောက်ထားချက်
ဘုရားတပည့်တော် ဝိမလလျှောက်ထားပါသည် ကျေးဇူးရှင် ဆရာတော်ဘုရား၊ ယခုအခါ နာနာစရိယတို့ ပြောဟောရေးသားကြသော ဝါဒအမျိုးမျိုးရှုပ်ထွေးလျက်ရှိရာ အဘိဓမ္မာ ပညာအခံနည်းပါးသော ပုဂ္ဂိုလ်တို့မှာ လွန်စွာနားယောင်လျက် ရှိနေကြပါသောကြောင့် ထို နာနာဝါဒ သာသနာ့အရှုပ်အထွေးများကို ဆရာတော်ဘုရားကြီး ရှင်းလင်း သုတ်သင်တော်မူပါမှ အလင်းထင်ထင် သိမြင်နိုင်ကြမည်ဖြစ်၍ အောက်၌ ပါရှိသောအချက်များကို တရားဒေသနာတော် နည်းလမ်းအတိုင်း ဖြေရှင်းတော်မူရန် ရိုသေစွာ အသနားခံ လျှောက်ထားပါသည်ဘုရား။ လျှောက်ထားချက်များ
၁။ လောကီ, လောကုတ္တရာခွဲဝေပုံ၊
၂။ ပရမတ္ထလေးပါးကို ဘုံလေးပါးနှင့်ခွဲဝေပုံ၊
၃။ ပုဂ္ဂိုလ်လေးပါး, ပရမတ္ထလေးပါးခွဲဝေပုံ၊
၄။ လောကီသရဏဂုံနှင့် လောကုတ္တရာသရဏဂုံခွဲဝေပုံ၊
၅။ လောကီဒါန, လောကုတ္တရာဒါန ရှင်းလင်းခွဲဝေပုံ၊
၆။ မဂ္ဂင်ရှစ်ပါးကို လောကီ, လောကုတ္တရာခွဲဝေပုံ၊
၇။ လောကီသီလ, လောကုတ္တရာသီလ ခွဲဝေပုံ၊
ရှင်ဝိမလ
၁၂၇၈-ခု၊ တော်သလင်းလဆန်း ၁၅-ရက်။
ရန်ကုန်မြို့။
ရှင်ဝိမလပုစ္ဆာ ၇-ချက်အဖြေ
လောကီ, လောကုတ္တရာ ခွဲဝေပုံ၊
ကတမေ ဓမ္မာ လောကိယာ၊ သာသဝါ ကုသလာကုသလာ ဗျာကတာ၊ ရူပက္ခန္ဓော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဣမေ ဓမ္မာ လောကိယာ။
[ဓမ္မသင်္ဂဏီပါဠိတော်။]
ကတမေဓမ္မာ=အဘယ်တရားတို့သည်၊ လောကိယာ=လောကီ မည်ကုန်သနည်း၊ သာသဝါ=အာသဝတရား လေးပါးတို့၏ ကျင်လည် ကျက်စားရာဖြစ်ကုန်သော၊ ကုသလာကုသလာဗျာကတာ=ကာမကုသိုလ် ရူပကုသိုလ် အရူပကုသိုလ် တရားစု, အကုသိုလ်တရားစု, ကာမဝိပါက် ရူပဝိပါက် အရူပဝိပါက်ဟုဆိုအပ်သော ဝိပါက်အဗျာကတ တရားစု, ကာမကြိယာ ရူပကြိယာ အရူပကြိယာဟုဆိုအပ်သော ကြိယာ အဗျာကတတရားစု, ရုပ် ၂၈-ခုဟုဆိုအပ်သော ရုပ်အဗျာကတ တရားစု ဤကုသိုလ် အကုသိုလ်အဗျာကတတရားတို့သည်၊ သန္တိ=ရှိကုန်၏၊ ရူပက္ခန္ဓော=ရူပက္ခန္ဓာတစ်ပါး၊ ဝေဒနာက္ခန္ဓော=ဝေဒနာက္ခန္ဓာတစ်ပါး၊ သညာက္ခန္ဓော= သညာက္ခန္ဓာတစ်ပါး၊ သင်္ခါရက္ခန္ဓော=သင်္ခါရက္ခန္ဓာတစ်ပါး၊ ဝိညာဏက္ခန္ဓော=ဝိညာဏက္ခန္ဓာတစ်ပါး၊ ဣမေ ဓမ္မာ=ဤတရားတို့သည်၊ လောကိယာ=လောကီမည်ကုန်၏။
[လောကီစိတ် ၈၁-ခု, စေတသိက် ၅၂-ခု, ရုပ် ၂၈-ခုတို့ပေတည်း။]
ကတမေ ဓမ္မာ လောကုတ္တရာ၊ အနာသဝါ မဂ္ဂါစ မဂ္ဂဖလာနိစ အသင်္ခတာစ ဓာတု၊ ဣမေ ဓမ္မာ လောကုတ္တရာ။ [ဓမ္မသင်္ဂဏီပါဠိတော်။]
ကတမေ ဓမ္မာ=အဘယ်တရားတို့သည်၊ လောကုတ္တရာ= လောကုတ္တရာမည်ကုန်သနည်း၊ အနာသဝါ=အာသဝတရားတို့မှ ကင်းရှင်း ကုန်သော၊ ဝါ=အာသဝတရား ၄-ပါးတို့၏ ကျင်လည်ကျက်စားရာ မဟုတ် ကုန်သော၊ မဂ္ဂါစ=မဂ် ၄-ပါးတို့သည်၎င်း၊ မဂ္ဂဖလာနိစ=မဂ် ၄-ပါးတို့၏ အကျိုးဖြစ်ကုန်သော ဖိုလ် ၄-ပါးတို့သည်လည်းကောင်း၊ အသင်္ခတာစ ဓာတု=အသင်္ခတဓာတ် မြတ်သောနိဗ္ဗာန်သည်လည်းကောင်း၊ ဣမေ ဓမ္မာ=ဤတရားတို့သည်၊ လောကုတ္တရာ=လောကုတ္တရာမည်ကုန်၏။
[မဂ် ၄-ပါး, ဖိုလ် ၄-ပါး နိဗ္ဗာန်တရားတို့ပေတည်း]
- အာသဝတရား ၄-ပါးတို့၏ ကျင်လည်ကျက်စားရာဖြစ်သော တရားစုသည် လောကသုံးပါး၌ အကျုံးဝင်သောကြောင့် လောကီ တရားတို့မည်ကုန်၏။
- အာသဝတရား ၄-ပါးတို့၏ ကျင်လည်ကျက်စားရာ မဟုတ် သောတရားစုသည် လောကသုံးပါးမှ လွန်မြောက်သောကြောင့် လောကုတ္တရာမည်ကုန်၏။
[ဤကား-လောကီ, လောကုတ္တရာ ခွဲဝေပုံတည်း။]
ပရမတ္ထ ၄-ပါးကို ဘုံ ၄-ပါးနှင့် ခွဲဝေပုံ
- ကာမဘုံ, ရူပဘုံ, အရူပဘုံ, လောကုတ္တရာဘုံဟူ၍ ဘုံ ၄-ပါးရှိ၏။
- ကာမပုဂ္ဂိုလ်, ရူပပုဂ္ဂိုလ်, အရူပပုဂ္ဂိုလ်, လောကုတ္တရာပုဂ္ဂိုလ်ဟူ၍ ပုဂ္ဂိုလ် ၄-ပါးရှိ၏။
- ထိုတွင် အဝီစိငရဲမှစ၍ ပရနိမ္မိတ ဝသဝတ္တီနတ်ပြည်တိုင်အောင် ကာမတစ်ဆယ့်တစ်ဘုံသည် ကာမတဏှာ၏ အုပ်စိုးရာဌာန ဖြစ်သောကြောင့် ကာမဘုံမည်၏။
[အမျိုးအနွယ်အားဖြင့် ကာမမျိုး, ကာမနွယ်ဖြစ်ကြ၍ ထိုကာမ တစ်ဆယ့်တစ်ဘုံ၌ အကျုံးဝင်သောတရားစုသည် ကာမာဝစရ တရားမျိုးမည်၏၊]
- ပဌမစျာန်ဘုံမှစ၍ အကနိဋ္ဌဘုံတိုင်အောင် ရူပတစ်ဆယ့်ခြောက် ဘုံသည် ရူပတဏှာ၏ အုပ်စိုးရာဌာနဖြစ်သောကြောင့် ရူပဘုံ မည်၏။
- အာကာသာနဉ္စာယတန စသောအထက် ၄-ဘုံသည် အရူပ တဏှာ၏ အုပ်စိုးရာဌာနဖြစ်သောကြောင့် အရူပဘုံမည်၏။
- မဂ် ၄-ပါး, ဖိုလ် ၄-ပါး, နိဗ္ဗာန်တရား ဤကိုးပါးသည် တဏှာ သုံးပါး၏ အုပ်စိုးခြင်းမှ လွတ်မြောက်ရာဌာနဖြစ်သောကြောင့် လောကုတ္တရာဘုံမည်၏။
- ရုပ် ၂၈-ခုဟုဆိုအပ်သော ကာမတရားစုသည်- ကာမဘုံ၌ လည်းဖြစ်၏၊ ရူပဘုံ၌လည်းဖြစ်၏။
ထိုတွင် ရူပဘုံ၌ဖြစ်သော်လည်း ရူပတဏှာ၏ သိမ်းပိုက်ရာ မဟုတ်သောကြောင့် ရူပဘုံ၌အကျုံးမဝင်၊ ရူပတရားမျိုးဟူ၍ မခေါ်ရ၊ ကာမတဏှာ၏သာ သိမ်းပိုက်ရာဖြစ်သောကြောင့် ကာမဘုံ၌သာ အကျုံးဝင်၏၊ ကာမတရားမျိုးဟူ၍သာ ခေါ်ရ၏။
လောဘမူစိတ် ၈-ခု၊ မောဟမူစိတ် ၂-ခုဟုဆိုအပ်သော ကာမ တရားစုသည်- ကာမဘုံ၌လည်းဖြစ်၏၊ ရူပဘုံ၌လည်းဖြစ်၏၊ အရူပဘုံ၌ လည်းဖြစ်၏။
ထိုတွင် ရူပဘုံ, အရူပဘုံဖြစ်သော်လည်း ရူပတဏှာ, အရူပ တဏှာတို့၏ သိမ်းပိုက်ရာမဟုတ်သောကြောင့် ရူပဘုံ, အရူပဘုံတို့၌ အကျုံးမဝင်၊ ရူပစိတ်, အရူပစိတ်မျိုးဟူ၍ မခေါ်ရ၊ ကာမတဏှာ၏သာ, သိမ်းပိုက်ရာဖြစ်သောကြောင့် ကာမဘုံ၌သာ အကျုံးဝင်၏၊ ကာမစိတ်မျိုး ဟူ၍သာ ခေါ်ရ၏။
[ကျန်ရှိသော ကာမစိတ်တို့၌လည်း ဤနည်းတူဆိုလေ။]
ရူပစိတ် ၁၅-ခုတို့တွင် ပဌမစျာန်ကုသိုလ်စိတ်သည် ကာမဘုံ၌ လည်းဖြစ်၏၊ ရူပဘုံ၌လည်းဖြစ်၏၊
ထိုတွင် ကာမဘုံ၌ဖြစ်သော်လည်း ကာမတဏှာ၏ သိမ်းပိုက်ရာ မဟုတ်သောကြောင့် ကာမဘုံ၌ အကျုံးမဝင်၊ ကာမစိတ်မျိုးဟူ၍ မခေါ်ရ၊ ရူပတဏှာ၏သာ သိမ်းပိုက်ရာဖြစ်သောကြောင့် ရူပဘုံ၌သာအကျုံးဝင်၏၊ ရူပစိတ်မျိုးဟူ၍သာ ခေါ်ရ၏။
[ကျန်ရှိသောရူပ, ကုသိုလ်, ကြိယာစိတ်တို့၌လည်း ဤနည်းတူ ဆိုလေ။]
အရူပစိတ် ၁၂-ခုတို့တွင် အာကာသာနဉ္စာယတန ကုသိုလ်စိတ် သည်- ကာမဘုံ၌လည်းဖြစ်၏၊ ရူပဘုံ၌လည်း ဖြစ်၏၊ အရူပဘုံ၌ လည်းဖြစ်၏။
ထိုတွင် ကာမဘုံ, ရူပဘုံတို့၌ဖြစ်သော်လည်း ကာမတဏှာ၏ သိမ်းပိုက်ရာမဟုတ်သောကြောင့် ကာမဘုံ၌ အကျုံးမဝင်၊ ကာမစိတ်မျိုး ဟူ၍ မခေါ်ရ၊ ရူပတဏှာ၏သာ သိမ်းပိုက်ရာမဟုတ်သောကြောင့် ရူပစိတ်ဟူ၍ မခေါ်ရ၊ အရူပတဏှာ၏သာ သိမ်းပိုက်ရာဖြစ်သောကြောင့် အရူပဘုံ၌သာ အကျုံးဝင်၏၊ အရူပစိတ်မျိုးဟူ၍သာ ခေါ်ရ၏။
[ကျန်ရှိသောအရူပ, ကုသိုလ်, ကြိယာစိတ်တို့၌လည်း ဤနည်းတူဆိုလေ။]
ရူပဝိပါက်စိတ်, အရူပဝိပါက်စိတ်တို့သည်ကား- မိမိတို့ဘုံမှ အခြားတစ်ပါးသောဘုံ၌ ဖြစ်ခြင်းမရှိကြကုန်။
လောကုတ္တရာစိတ် ရှစ်ခုတို့တွင် သောတာပတ္တိမဂ်စိတ်သည် ကာမဘုံ၌လည်းဖြစ်၏၊ ရူပဘုံ၌လည်းဖြစ်၏။
ထိုတွင် ကာမတဏှာ, ရူပတဏှာတို့၏ သိမ်းပိုက်ရာမဟုတ်သော ကြောင့် ကာမဘုံ, ရူပဘုံတို့၌ အကျုံးမဝင်၊ ကာမစိတ်မျိုး, ရူပစိတ်မျိုး ဟူ၍မခေါ်ရ၊ အရူပဘုံ၌မူကား-ဖြစ်ခြင်းလည်းမရှိ၊ အရူပတဏှာ၏ လည်း သိမ်းပိုက်ရာမဟုတ်သောကြောင့် အရူပဘုံ၌လည်း အကျုံးမဝင်၊ အရူပ စိတ်မျိုးဟူ၍ မခေါ်ရ၊ စင်စစ်မူကား တဏှာသုံးပါး၏ သိမ်းပိုက်ခြင်းမှ ကင်းလွတ်သောကြောင့် ဘုံသုံးပါး၌ အကျုံးဝင်ခြင်းမရှိ၊ ဘုံသုံးပါးမှ လွတ်လေ၏၊ ထို့ကြောင့် လောကုတ္တရာစိတ် ဟူ၍သာ ခေါ်ရ၏၊ [သောတာပတ္တိဖိုလ်စိတ်သည်- ကာမဘုံ၌လည်းဖြစ်၏၊ ရူပဘုံ၌လည်း ဖြစ်၏၊ အရူပဘုံ၌လည်းဖြစ်၏ စသည်ဖြင့်ဆိုလေ၊ သိသာပြီ။]
အသင်္ခတဓာတ်ဟုဆိုအပ်သော နိဗ္ဗာန်သည်ကား- ဘုံသုံးပါး၌ ဖြစ်ခြင်းပင်မရှိ၊ တဏှာသုံးပါး၏ သိမ်းပိုက်ရာ လည်းမဟုတ်သောကြောင့် ဘုံသုံးပါး၌အကျုံးမဝင်၊ လောကုတ္တရာဘုံ အသီးအခြားသာဖြစ်လေ၏။
ဤအရာ၌ တဏှာသည်- ကာမတဏှာ, ရူပတဏှာ, အရူပတဏှာ ဟူ၍ သုံးပါးရှိ၏၊ ထိုတွင် ကာမတဏှာသည်
- စျာန်ကို တားမြစ်တတ်သော ရုန့်ရင်းသည့် ကာမတဏှာတစ်ပါး၊
- စျာန်ကို မတားမြစ်တတ်သော သိမ်မွေ့သည့် ကာမတဏှာတစ်ပါး, ဟူ၍နှစ်ပါးရှိ၏။
တဏှာ၏သိမ်းပိုက်မှုသည်-- “ဧတံ မမ” ဟူ၍ သိမ်းပိုက်ခြင်း တစ်ပါး၊ “ဧသောဟမသ္မိ” ဟူ၍ သိမ်းပိုက်ခြင်းတစ်ပါး၊ “ဧသော မေ အတ္တာ” ဟူ၍ သိမ်းပိုက်ခြင်းတစ်ပါး၊ ဟူ၍သုံးပါးရှိ၏။
ဧတံ=ဤသည်ကား၊ မမ=ငါ၏ပိုင်ဆိုင်ရာတည်း၊ ဧသော=ဤ သည်ကား၊ အဟံ=ငါသည်၊ အသ္မိ=ဖြစ်၏၊ ဧသော=ဤသည်ကား၊ မေ= ငါ၏၊ အတ္တာ=အတ္တတည်း။
[ဟူ၍အနက်ပေးလေ။]
ကာမပုဂ္ဂိုလ်များ၌ ကာမတဏှာ ၂-ပါးရှိကြ၏၊ စျာန်ရသော ကာမပုဂ္ဂိုလ်များ၌ ရူပတဏှာ, အရူပတဏှာ ၂-ပါးလည်းရှိကြ၏၊ ဤတဏှာ ၂-ပါးကို ဘဝတဏှာလည်းခေါ်၏။
ရူပဗြဟ္မာတို့၌ သိမ်မွေ့သော ကာမတဏှာလည်းရှိ၏၊ ရူပတဏှာ လည်းရှိ၏။
အရူပစျာန်ကိုရသောပုဂ္ဂိုလ်မှာ အရူပတဏှာလည်းရှိ၏၊ အရူပ ဗြဟ္မာများ၌ သိမ်မွေ့သော ကာမတဏှာလည်းရှိ၏၊ အရူပတဏှာ လည်းရှိ၏၊ ရူပတဏှာကားမရှိဟူ၍မှတ်လေ။
[ဤကား-ပရမတ္ထ ၄-ပါးကို ဘုံ ၄-ပါးနှင့်ခွဲဝေပုံတည်း။]
ပုဂ္ဂိုလ် ၄-ပါး, ပရမတ္ထ ၄-ပါးခွဲဝေပုံ
ကာမပုဂ္ဂိုလ်ဆိုသည်ကား-- ပဋိသန္ဓေအခါ၌ ကာမဝိပါက် စိတ်ဖြင့် ပဋိသန္ဓေနေသောသူများကို ကာမပုဂ္ဂိုလ် ဆို၏။
ပဋိသန္ဓေအခါမှ နောက်ဖြစ်သော ပဝတ္တိအခါ၌မူကား- အချို့သော စျာနလာဘီ ကာမပုဂ္ဂိုလ်များမှာ ရူပစျာန်စိတ်, အရူပစျာန် စိတ်များဖြစ် သေး၏၊ ထိုစျာန်စိတ်များသည် ကာမတဏှာ၏ အာရုံမဟုတ်သော ကြောင့် ကာမပုဂ္ဂိုလ်၌ဖြစ်သော်လည်း ကာမတရားဟု မဆိုရာ၊ ရူပတရားမျိုး, အရူပတရားမျိုးသာဖြစ်၏။
ရူပပုဂ္ဂိုလ်ဆိုသည်ကား-- ပဋိသန္ဓေအခါ၌ ရူပါဝစရဝိပါက် ၅- ခုဖြင့် ပဋိသန္ဓေနေသော ရူပဗြဟ္မာများကိုဆို၏၊ ထိုဗြဟ္မာများ၌ ရူပက္ခန္ဓာ သည်ရှိ၏၊ ထိုရူပက္ခန္ဓာကြီးသည် ကာမတဏှာ၏ အာရုံ ဖြစ်သောကြောင့် ကာမတရားမျိုးသာဖြစ်၏၊ ရူပဗြဟ္မာ၌ဖြစ်သော်လည်း ရူပတရားမျိုး မဟုတ်၊ ထိုရူပဗြဟ္မာ၌ဖြစ်သော အချို့သော အကုသိုလ်စိတ်, အချို့သော အဟိတ်စိတ်, မဟာကုသိုလ်စိတ်, မဟာကြိယာစိတ်များသည်လည်း ကာမတရားမျိုးသာဖြစ်၏။
အရူပပုဂ္ဂိုလ်ဆိုသည်ကား-- ပဋိသန္ဓေအခါ၌ အရူပဝိပါက် ၄- ခုဖြင့် ပဋိသန္ဓေနေသော အရူပဗြဟ္မာများကိုဆို၏။
ထိုအရူပဗြဟ္မာများ၌ လောဘမူစိတ်, မောဟမူစိတ်, မနောဒွါရာဝဇ္ဇန်းစိတ်, မဟာကုသိုလ်စိတ်, မဟာကြိယာစိတ်များသည်ဖြစ်၏၊ ထိုစိတ်များသည် ကာမတဏှာ၏ အာရုံဖြစ်သောကြောင့် ကာမတရား မျိုးသာဖြစ်၏၊ အရူပပုဂ္ဂိုလ်၌ ဖြစ်သော်လည်း အရူပတရားမျိုးမဟုတ်။
လောကုတ္တရာပုဂ္ဂိုလ်၌ကား-- ပဋိသန္ဓေစိတ်ကိုအစွဲပြု၍ ခေါ်ရသည်မဟုတ်၊ မဂ်စိတ်, ဖိုလ်စိတ်ကို အစွဲပြု၍ခေါ်ရသည်။
သောတာပတ္တိ မဂ်ခဏ၌တည်ခိုက် သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ် မည်၏၊ ထိုပုဂ္ဂိုလ်မှာ ထိုခဏ၌ ရုပ်ခန္ဓာကြီးသည် ရှိ၏၊ ထိုရုပ်ခန္ဓာကြီး သည်ကား- ကာမတရားမျိုးသာဖြစ်၏၊ လောကီတရားမျိုးသာဖြစ်၏၊ လောကုတ္တရာတရားမျိုးမဟုတ်၊ မဂ်စိတ်မည်သည် တစ်ကြိမ်သာကျမြဲ ဖြစ်၏၊ ထိုမဂ်စိတ်ချုပ်ပြီးသည်မှနောက်၌ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်ဖြစ်၏၊ ထိုပုဂ္ဂိုလ်၌ ထိုဖိုလ်စိတ်တစ်ခုသည်သာလျှင် လောကုတ္တရာတရားမျိုး ဖြစ်၏၊ ထိုမှကြွင်းသော ခန္ဓာငါးပါးသည်ကား- လောကီတရားမျိုးသာ ဖြစ်ကြ၏၊ သကဒါဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ်, သကဒါဂါမိဖလဋ္ဌပုဂ္ဂိုလ်, အနာဂါမိ မဂ္ဂဋ္ဌပုဂ္ဂိုလ်, အနာဂါမိဖလဋ္ဌပုဂ္ဂိုလ်, အရဟတ္တမဂ္ဂဋ္ဌပုဂ္ဂိုလ်, အရဟတ္တ ဖလဋ္ဌပုဂ္ဂိုလ်တို့၌လည်း မိမိတို့၏မဂ်စိတ်, ဖိုလ်စိတ်မျှသည်သာလျှင် လောကုတ္တရာတရားမျိုးဖြစ်၏၊ ထိုပုဂ္ဂိုလ်တို့သန္တာန်မှာ ကျန်ရှိသော ခန္ဓာငါးပါးသည်ကား- လောကီတရားမျိုးသာဖြစ်၏။
အရဟတ္တဖလဋ္ဌပုဂ္ဂိုလ်ကို ရဟန္တာဟုဆို၏၊ ထိုရဟန္တာသည် ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကရဟန္တာဟူ၍ သုံးမျိုးရှိ၏၊ ထိုသုံးမျိုးတို့၌လည်း အရဟတ္တဖိုလ်စိတ် တစ်ခုသည်သာလျှင် လောကုတ္တရာ တရားမျိုးဖြစ်၏၊ ကျန်ရှိသော ဘုရားခန္ဓာငါးပါး, ပစ္စေကဗုဒ္ဓါခန္ဓာငါးပါး, ရဟန္တာခန္ဓာငါးပါး တို့သည် တဏှာ၏အာရုံဖြစ်သောကြောင့် လောကီတရားမျိုးသာ ဖြစ်ကြ၏။
ရဟန္တာခန္ဓာများသည် တဏှာ၏အာရုံ အဘယ်သို့ဖြစ်သနည်း ဟူမူကား--
အရှင်မဟာကစ္စည်းမထေရ်၏ ခန္ဓာတော်သည် အလွန်လှပ၏၊ သောရေယသူဌေးသားသည် မထေရ်၏ခန္ဓာ၌ တဏှာဖြင့် တပ်စွမ်း၍ ငါ၏မိန်းမ၏ခန္ဓာသည် ဤကဲ့သို့ဖြစ်သော်ကောင်းလေစွဟု-ပြစ်မှားမိ၍ ထိုခဏ၌သူဌေးသားသည် မိန်းမဖြစ်၍ သွားလေ၏၊ မထေရ်ကို ကန်တော့မှ ယောကျ်ားပြန်၍ဖြစ်၏၊ ဥပ္ပလဝဏ်ရဟန္တာမသည် အလွန်လှပ၏၊ သာလမည်သောသူဌေးသည် လွန်စွာတပ်စွမ်းခြင်းရှိ၍ ကျူးကျူးလွန်လွန်ပြု၏၊ မြေမျို၍ အဝီစိငရဲသို့ ကျလေ၏၊ ရဟန္တာပုဂ္ဂိုလ်၏ မိဘ, ဆွေမျိုးဉာတကာ အပေါင်းတို့သည် ထိုရဟန္တာကို ငါ၏သား, ငါ၏ညီ, ငါ၏အစ်ကို စသည်ဖြင့် တဏှာ၏ စွွဲလမ်းခြင်းသည်ရှိကြ၏။
[ဤကား-အရဟတ္တဖိုလ်မှတစ်ပါးသော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ တို့၏ ခန္ဓာငါးပါးတို့သည် တဏှာ၏အာရုံဖြစ်၍ လောကီတရားမျိုး သာဖြစ်ကြပုံတည်း။]
ဤသို့ ရုပ်, နာမ်တရားတို့ကို လောကီ, လောကုတ္တရာခွဲဝေမှု၌ တဏှာတည်းဟူသော အာသဝတရားကိုပဓာနပြု၍ ကာမတဏှာ၏ အာရုံဖြစ်လျှင် ကာမလောကီတရားမျိုးဖြစ်၏၊ ရူပတဏှာ၏အာရုံဖြစ်လျှင် ရူပလောကီတရားမျိုး ဖြစ်၏၊ အရူပတဏှာ၏အာရုံဖြစ်လျှင် အရူပလောကီတရားမျိုး ဖြစ်၏၊ တဏှာသုံးပါး၏ အာရုံအဖြစ်မှ လွတ်သော မဂ် ၄-တန်, ဖိုလ် ၄-တန်, နိဗ္ဗာန်တရားများသည်သာလျှင် လောကုတ္တရာတရားမျိုးဖြစ်၏ဟု- အဘိဓမ္မာပါဠိတော်လာ လောကီ, လောကုတ္တရာခွဲရိုးကြီးကို ကောင်းစွာသိမှတ်ကြကုန်ရာ၏။
ငှက်တွင်းပရမတ်
ငှက်တွင်း မဟာသတိပဋ္ဌာနမဂ္ဂင်္ဂဒီပနီကျမ်း စာမျက်နှာ ၁၁၆- လောကီ, လောကုတ္တရာခွဲဝေခန်း၌--
အကုသိုလ်စိတ် ဒွါဒသ, အဟိတ်စိတ်အဋ္ဌာရသ, ကာမာဝစရ ကုသိုလ်ဝိပါက်သောဠသ, စေတသိက်ဒွေပညာသ, ရုပ်အဋ္ဌဝီသ, ကာမသုဂတိ ၇-ဘုံ, သုဒ္ဓါဝါသကြဉ်သော ဗြဟ္မာပန္နရသ ဤအလုံးစုံသော စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တရားသည် လောကီပရမတ္ထတရား ၄- ပါးမည်၏။
အပါယ် ၄-ဘုံမှာ နိဗ္ဗာန်ဟူသော အမည်မရကောင်းသော ကြောင့် ပျော်ရာနိဗ္ဗာန်, မြူးရာနိဗ္ဗာန်, ရွှေပြည်နိဗ္ဗာန်, ဒိဋ္ဌဓမ္မမျိုး၌ ခေါ်ရိုးမရှိ၍ ထားခဲ့သည်ဟူ၍လည်းကောင်း, လောကုတ္တရာ ပရမတ္ထတရား ၄- ပါးမည်သည်ကား- အဟိတ်စိတ်အဋ္ဌာရသ, ကာမာဝစရ ကြိယာစိတ်အဋ္ဌ, မဟဂ္ဂုတ်ကြိယာစိတ်နဝ, လောကုတ္တရာစိတ်အဋ္ဌ, အကုသိုလ် စေတသိက် စုဒ္ဒသကြဉ်သော စေတသိက်အဋ္ဌတိံသ, ရုပ်အဋ္ဌဝီသ, ကာမသုဂတိ ၇- ဘုံ, အသညသတ်ကြဉ်သော ဗြဟ္မာ ၁၉-ဘုံ, ဤအလုံးစုံသော စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တရားသည် လောကုတ္တရာ ပရမတ္ထတရား ၄- ပါးမည်၏။
အသညသတ်ဘုံမှာ ကိလေသာ ပရိနိဗ္ဗာန် မပြုကောင်းသော ကြောင့် ရွှေပြည်နိဗ္ဗာန်အရာတွင် ပယ်ခဲ့ရသည် ဟူ၍လည်းကောင်း ဆို၏။
ငှက်တွင်းနိဗ္ဗာန်
ထိုစကား၌လောကီနိဗ္ဗာန်ဆိုသည်ကား-- အပါယ် ၄-ဘုံ, သုဒ္ဓါဝါသ ၅-ဘုံကိုလွှတ်၍ ပုထုဇဉ်တို့၏ ပျော်ရာဖြစ်သော လူ့ဘုံ, နတ်ပြည်ခြောက်ဘုံ, ဗြဟ္မာ ၁၅-ဘုံသည် လောကီနိဗ္ဗာန်မည်၏။
ပျော်ရာနိဗ္ဗာန်ဆိုသည်ကား-- ရေသတ္တဝါတို့ပျော်ရာဖြစ်သော မြစ်ကြီးငါးသွယ်, မြစ်ငယ်ငါးရာ မဟာသမုဒ္ဒရာသည် ရေသတ္တဝါတို့၏ ပျော်ရာနိဗ္ဗာန်မည်၏၊ ကုန်းသတ္တဝါတို့ပျော်ရာ မြို့, ရွာ, နယ်ပယ်, တော, တောင်, အရပ်များသည်လည်း ကုန်းသတ္တဝါတို့၏ ပျော်ရာနိဗ္ဗာန်မည်၏။
လောကုတ္တရာနိဗ္ဗာန်ဆိုသည်ကား-- အပါယ် ၄-ဘုံ, အသညသတ် ဘုံကိုလွှတ်၍ အရိယာတို့၏ဖြစ်ရာဖြစ်သော လူ့ဘုံ, နတ်ပြည်ခြောက်ဘုံ, ဗြဟ္မာ ၁၉-ဘုံသည် လောကုတ္တရာနိဗ္ဗာန်မည်၏၊ ဤကား-ငှက်တွင်းနိဗ္ဗာန် ပေတည်း၊ ဗုဒ္ဓဘာသာ နိဗ္ဗာန်မဟုတ် ဗုဒ္ဓဘာသာနိဗ္ဗာန်နှင့် အလွန်ဝေး ကြ၏။
[ဤကား-ပုဂ္ဂိုလ် ၄-ပါး, ပရမတ္ထတရား ၄-ပါးတို့၌ လောကီ, လောကုတ္တရာခွဲဝေပုံတည်း။]
လောကီ, လောကုတ္တရာသရဏဂုံခွဲဝေပုံ
လောကီသရဏဂုံ, လောကုတ္တရာသရဏဂုံ ဆိုရာ၌။ လောကီသရဏဂုံဆိုသည်ကား-- ဗုဒ္ဓဘာသာဖြစ်သူလူတို့မှာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အစရှိသည်ကို မိရိုးဖလာဆိုရိုးအတိုင်း ရွတ်ဆို၍ ခံယူကြသော လူတို့၏ပကတိသရဏဂုံသည်လည်းကောင်း, သာမဏေပြု ကြရာ၌ ဥဘတောသုဒ္ဓိဖြစ်သော နိဂ္ဂဟိတန္တ, မကာရန္တ ပြီသစွာရွတ်ဆို၍ ခံယူအပ်သော သာမဏေတို့၏ ဥဘတောသုဒ္ဓိသရဏဂုံသည်လည်း ကောင်း, လောကီဖြစ်သော ကာမာဝစရကုသိုလ်စိတ်ဖြင့် ခံယူအပ်သော ကြောင့် လောကီသရဏဂုံမည်၏။
လူတို့သရဏဂုံနှင့်သာမဏေတို့ သရဏဂုံအထူး
လူတို့ပကတိသရဏဂုံ၌-- ဥဘတောသုဒ္ဓိမလိုပြီ၊ သရဏဂုံပေးသူ မရှိပဲပင် မိမိတို့အလိုအလျောက် ရွတ်ဆိုရိုးအတိုင်း ရွတ်ဆို၍ ခံယူသော် လည်း သရဏဂုံမြောက်သည်သာဖြစ်၏။
သာမဏေတို့သရဏဂုံ၌-- နိဂ္ဂဟိတန္တ, မ ကာရန္တ ၂-ပါးကို သရဏဂုံပေးသော ရဟန်းတော်ကလည်း ဌာန်, ကရိုဏ်းကျ, န အောင် သန့်ရှင်းစွာ ရွတ်ဆိုခြင်းဟူသော သုဒ္ဓိတစ်ပါး, သာမဏေလောင်းကလည်း ထို ၂-ပါးကို ဌာန်, ကရိုဏ်းကျနအောင်သန့်ရှင်းစွာ ရွတ်ဆိုခြင်းဟူသော သုဒ္ဓိတစ်ပါး ဤသို့ ဥဘတောသုဒ္ဓိဖြစ်မှ သာမဏေ ဖြစ်နိုင်၏။
ဤသို့လျှင် နိဂ္ဂဟိတန္တ, မကာရန္တ ၂-ပါးသည် ဥဘတော သုဒ္ဓိဖြစ် ရန်အတွက်သာထူး၏၊ သရဏဂုံမြောက်မှု အတွက်မှာမူကား- ပကတိဆိုရိုး အတိုင်းပင် မြောက်တော့သည်သာလျှင်တည်း။
ဤသို့လျှင် နှုတ်ဖြင့်မြွက်ဆို၍ ခံယူအပ်သော သရဏဂုံသည် လောကီသရဏဂုံမည်၏၊ ဤလောကီသရဏဂုံ၌ လူတို့မှာ ပျက်ရန် အကြောင်း ၂-ပါးရှိ၏၊ ဗုဒ္ဓဘာသာကိုစွန့်၍ ဘာသာတစ်ပါးကို ယူလျှင် ပျက်၏၊ ဘာသာတစ်ပါးကို မယူသော်လည်း သေလွန်သောအခါ၌ ဧကန် ပျက်တော့သည်သာလျှင်တည်း။
သာမဏေတို့မှာ ပျက်ရန်အကြောင်းများ၏၊ လိင် ၁၀-ပါးတွင် တစ်ပါးပါးကို ကျူးလွန်မိသော် ဥဘတော သုဒ္ဓိသရဏဂုံပျက်၏၊ လူဝတ်လဲသော် ဥဘတောသုဒ္ဓိ သရဏဂုံပျက်၏၊ ဘာသာတစ်ပါးကို ယူသော်လည်းကောင်း, သေလွန်သော်လည်းကောင်း, ဥဘတောသုဒ္ဓိ သရဏဂုံ၊ ပကတိသရဏဂုံ ၂-ပါးစုံပျက်၏။
[ဤကား-လောကီသရဏဂုံ၏ သဘောပေတည်း။]
လောကုတ္တရာ သရဏဂုံဆိုသည်ကား-- သောတာပတ္တိမဂ် စိတ်ခဏ၌ ထမြောက်ပြီးစီးသော သရဏဂုံသည် လောကုတ္တရာ သရဏဂုံမည်၏၊ ဤလောကုတ္တရာသရဏဂုံ၌ မဂ်စိတ္တက္ခဏ တစ်ခဏ တစ်ချက်မျှသာရှိသောကြောင့် တစ်လုံးသော အက္ခရာကိုမျှရွတ်ဆိုခွင့်မရှိ၊ စင်စစ်မူကား- သရဏဂုံ၏ဆန့်ကျင်ဖက်ဖြစ်သော ဒိဋ္ဌိ, ဝိစိကိစ္ဆာကို အကြွင်းအကျန်မရှိ ပယ်လိုက်သဖြင့် မရွတ်မဆိုရဘဲ အလိုလို ဆောက် တည်မှု ပြီးမြောက်လေ၏၊ ဒိဋ္ဌိ, ဝိစိကိစ္ဆာကို အကြွင်းမရှိ ပယ်လိုက် ခြင်းကြောင့်လည်း ထိုသရဏဂုံသည် ထိုပုဂ္ဂိုလ်၌ ပျက်စီးခြင်း မရှိ။ နိယတသရဏဂုံ ဖြစ်၍တည်လေ၏၊ ထိုပုဂ္ဂိုလ်သည် ဝိသာခါ, အနာထပိဏ်တို့ကဲ့သို့ ဘဝများစွာ ကမ္ဘာများစွာ ကျင်လည်၍ သွား သော်လည်း ထိုသရဏဂုံပျက် စီးခြင်းမရှိလေပြီ၊ ထိုလောကုတ္တရာ သရဏဂုံ တည်သည်နှင့် တစ်ပြိုင်နက် အပါယ်ဘဝသို့ ကျရောက်ခြင်းမှ လည်း ကျွတ်လွတ်လေ၏၊ လူ့ဘုံ, လူ့ဘဝ,နတ်ဘုံ, နတ်ဘဝ, ဗြဟ္မာ့ဘုံ, ဗြဟ္မာဘဝတို့၌သာ ကျင်လည်ရကုန်၏။
ထို့ကြောင့်
အဝိနိပါတဓမ္မော နိယတော သမ္ဗောဓိပရာယနောဟူ၍ဟောတော်မူ၏။
အဝိနိပါတဓမ္မော၊ အပါယ်လေးပါးသို့ ပရမ်းပတာကျရောက်ခြင်းသဘောလည်းမရှိပြီ၊ နိယတော=သရဏဂုံနှင့် တကွအယူသီလလည်း ဘဝအဆက်ဆက် မြဲလေ၏၊ သမ္ဗောဓိပရာယနော=အထက်မဂ်, အထက်ဖိုလ်လျှင်လည်း လျောင်းရာရှိ၏။
[ဤကား- လောကုတ္တရာသရဏဂုံ၏သဘောပေတည်း]
သာသနသုဒ္ဓိခေါ်ငှက်တွင်းဂိုဏ်းစာအုပ်၌မူကား-- လူတို့သည် ပကတိအတိုင်းရွတ်ဆို၍ ခံယူအပ်သော သရဏဂုံကို လောကိသရဏဂုံ ဟူ၍ဆို၏၊ သာမဏေတို့၏ ဥဘတောသုဒ္ဓိသရဏဂုံကို လောကုတ္တရာ သရဏဂုံဟူ၍ဆို၏။
ထိုသို့ ဝိနယလောကုတ္တရာသရဏဂုံကို နိဂ္ဂဟိတန္တ, မကာရန္တ, ၂- ထပ် အဋ္ဌာရသ စေ့စပ်အောင် ခံယူဆောက်တည်လျှင် ပုထုဇဉ် အနွယ်ပြတ်၍ အရိယာဇာတ်သို့ ခိုလှုံမိလေ၏ဟူ၍လည်းဆို၏၊ မဟုတ် လေစွ။
မဟုတ်ပုံကား-- “နိယတော သမ္ဗောဓိပရာယနော” ဟူသော ပါဠိတော်နှင့်အညီ လောကုတ္တရာသရဏဂုံမည်သည် ပျက်စီးခြင်း မရှိ၊ နိယတသရဏဂုံသာဖြစ်၏၊ ထိုပုဂ္ဂိုလ်သည်လည်း ပုထုဇဉ်အဖြစ်သို့ တစ်ဖန်ပြန်ရောက်ခြင်း မရှိမူ၍ အထက်မဂ်, အထက်ဖိုလ်သို့ ဆန် တက်ရန် တစ်လမ်းသာရှိလေ၏၊ ထိုဥဘတောသုဒ္ဓိသရဏဂုံသည်မူကားနိယတမျိုးမဟုတ်၊ ပျက်စီးခြင်းရှိ၏၊ အနိယတမျိုးသာဖြစ်၏။
သာမဏေတို့၌ ဥဘတောသုဒ္ဓိသရဏဂုံသည် လိင်ထိုက်သဖြင့် ပျက်စီးခြင်း, လူဝတ်လဲသဖြင့် ပျက်စီးခြင်း, ဘာသာတစ်ပါးကိုယူသဖြင့် ပျက်စီးခြင်း, သေလွန်သဖြင့် ပျက်စီးခြင်းများရှိကြောင်းကို ရှေး၌ဆိုခဲ့ပြီ။
ထိုစကားမှန်၏၊ ငါတို့ဗုဒ္ဓဘာသာလူမျိုးတို့၌ သာမဏေ မပြုဖူး သောသူဟူ၍ မရှိကြ၊ သာမဏေပြုလျှင်လည်း ဥဘတော သုဒ္ဓိသရဏဂုံ ကို နိဂ္ဂဟိတန္တ, မကာရန္တ, ၂-ထပ် အဋ္ဌာရသ စေ့စပ်အောင် မခံယူ မဆောက်တည်ဖူးသောသူဟူ၍ မရှိကြ၊ အဋ္ဌာရသစေ့စုံစွာခံယူ ဆောက် တည်ကြ၍ သာမဏေအဖြစ်သို့ ရောက်ပြီးမှ လိင် ၁၀-ပါးကို ကျူးလွန် မိသောကြောင့် ထိုသရဏဂုံ အခါခါပျက်၍ အခါခါ လိင်ပြန် ပြီးလျှင် အခါခါထပ်မံဆောက် တည်ကြရသည်လည်း အလွန်များပြား၏။
လူထွက်၍ ထိုသရဏဂုံပျက်ပြီးလျှင် ပကတိသရဏဂုံနှင့် လူအဖြစ်၌တည်နေသော လူတို့သည်လည်း နိုင်ငံနှင့်အပြည့် ရှိကြ၏၊ သာမဏေအဖြစ်မှ လျောကျပြီးနောက်၌ လူအဖြစ်သို့ရောက်ပြီးလျှင် ဘာသာတစ်ပါးဖက်သို့ ရောက်၍သွားကြသူလည်း အများအပြားရှိကြ၏၊ တံငါ, မုဆိုး, သူခိုး, ဓားပြဖြစ်၍နေကြသူလည်း အများအပြားရှိကြ၏၊ ပုထုဇဉ်အနွယ် ပြတ်၍အရိယာဇာတ်သို့ ရောက်ပြီးသောသူမှန်လျှင် ဘာသာတစ်ပါးသို့ ရောက်နိုင်မည်လော၊ တံငါ, မုဆိုး, သူခိုး, ဓားပြ ဖြစ်နိုင်မည်လော၊ လောကုတ္တရာသရဏဂုံမည်သည်လည်း နှုတ်မြွက်၍ ဆောက်တည်ရသော သရဏဂုံမျိုးမဟုတ်၊ ထိုဥဘတော သုဒ္ဓိသရဏဂုံ သည်ကား- နှုတ်မြွက်၍ တစ်ဆယ့်ရှစ်ကြိမ်စေ့အောင် ဆောက်တည် ရသော သရဏဂုံဖြစ်၏။
ထို့ကြောင့် ဥဘတောသုဒ္ဓိဝိနယသရဏဂုံသည် လောကုတ္တရာ သရဏဂုံမဟုတ်၊ လောကိသရဏဂုံသာဖြစ်ကြောင်း၊ ထိုသရဏဂုံကို ဆောက်တည်ကာမျှနှင့် ပုထုဇဉ်အနွယ်ပြတ်၍ အရိယာဇာတ်သို့ဝင်ရန် အလွန်ဝေးကွာကြောင်း လွန်စွာထင်ရှားလေ၏။
[ဤကား- လောကီသရဏဂုံ, လောကုတ္တရာသရဏဂုံခွဲဝေပုံတည်း။]
လောကီဒါန, လောကုတ္တရာဒါနခွဲဝေပုံ
ငှက်တွင်းဂိုဏ်း မဟာသတိပဋ္ဌာန မဂ္ဂင်္ဂဒီပနီ စာအုပ်၌- ဒါနဆို သောအရာသည်- လောကီဒါန, လောကုတ္တရာဒါန အားဖြင့် ၂-ပါးတည်း၊ ထို ၂-ပါးတို့တွင် ပုညကိရိယာဝတ္ထုဆယ်ပါးတို့တွင် အကျုံးဝင်သော ဒါနသည် လောကီဒါနမည်၏၊ ပုညသမ္ဘာရပါရမီ ၁၀-ပါးတွင် အကျုံးဝင် သောဒါနသည် လောကုတ္တရာဒါနမည်၏-ဟုဆို၏။
ထိုစကား၌- ပုညသမ္ဘာရ ပါရမီ ၁၀-ပါးတွင် အကျုံးဝင်သော ဒါနသည် လောကုတ္တရာဒါနမည်၏-ဟူ၍ ဆိုခြင်းသည် မဟုတ်လေစွ။
မဟုတ်ပုံကား-- ငါတို့ဘုရားအလောင်းတော်သည် ဒီပင်္ကရာ ဘုရားအထံ၌ ဗျာဒိတ်ခံပြီးသည်မှစ၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပတ်လုံး ပါရမီ ၁၀-ပါး၊ ဥပပါရမီ ၁၀-ပါး၊ ပရမတ္ထပါရမီ ၁၀-ပါးအပြား သုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူ၏၊ လောကတ္ထစရိယ, ဉာတတ္ထစရိယ, ဗုဒ္ဓတ္ထစရိယဟူသော စရိယသုံးပါးကိုလည်း ဖြည့်ကျင့်တော်မူ၏၊ ထိုအလုံး စုံသည် ပုညသမ္ဘာရပါရမီ ကုသိုလ်မျိုးချည်းဖြစ်၏၊ အကယ်၍ပုညသမ္ဘာရ ပါရမီ ၁၀-ပါးတွင် အကျုံးဝင်သော ဒါနသည် လောကုတ္တရာဒါနဖြစ် ငြားအံ့၊ ထိုဒါနကိုဖြည့်ကျင့်သော အလောင်းတော်သည်လည်း အရှင်သုမေဓာဘဝမှစပြီး ပုထုဇဉ်အနွယ်ပြတ်၍ အရိယာဇာတ်သို့ ရောက်လေရာ၏၊ အရိယာဇာတ်သို့ရောက်သည်ရှိသော် “အဝိနိပါတ ဓမ္မော နိယတော သမ္ဗောဓိပရာယနော” ဟူသော ပါဠိတော်နှင့်အညီ အရှင်သုမေဓာဘဝမှစ၍ အပါယ်သို့ကျခြင်းမှာလည်း အမြဲကင်းလွတ် လေရာ၏။
ထိုသို့ကားမဟုတ်၊ အလောင်းတော်သည် ရံဖန်ရံခါ တိရစ္ဆာန် ဘဝ၌ဖြစ်ရကြောင်း ဇာတ်နိပါတ်တော်များ၌ များစွာလာရှိ၏၊ တေမိ ဇာတ်တွင်းလည်း ဥဿဒငရဲ၌ ဖြစ်ရကြောင်းလာရှိ၏၊ ရံဖန်ရံခါ လူဆိုး, သူဆိုး, သူခိုး, ဓားပြဖြစ်ရကြောင်းလာရှိ၏၊ ထို့ကြောင့် ထိုလေးသင်္ချေ နှင့်ကမ္ဘာတစ်သိန်းအတွင်း၌ ဖြည့်ကျင့်တော်မူသော ပုညသမ္ဘာရ ကုသိုလ်ဟူသမျှသည် လောကီကုသိုလ်မျိုးသာဖြစ်၏၊ လောကုတ္တရာ ကုသိုလ်မျိုးမဟုတ်၊ အလောင်းတော်သည်လည်း ထိုအခါ၌ ပုထုဇဉ်မျိုး သာဖြစ်သေး၏၊ အရိယာဇာတ်သို့ မရောက်သေး၊ အဆုံးဘဝ၌ ဗောဓိပင် နှင့်ရွှေပလ္လင်သို့ရောက်၍ သောတာပတ္တိမဂ်ဉာဏ်ကို ရသောအခါမှ သာလျှင် ပုထုဇဉ်အနွယ်ပြတ်၍ အရိယာဇာတ်သို့ ရောက်၏၊ ထို့အတူ ပစ္စေကဗုဒ္ဓါတို့၌လည်းကောင်း, အရိယာသာဝက ပုဂ္ဂိုလ်တို့၌လည်းကောင်း, သောတာပတ္တိမဂ် သို့မရောက်မီ ရှေးအခါ၌ ဖြည့်ကျင့်ကြသော ပုညသမ္ဘာရပါရမီဟူသမျှသည် လောကီကုသိုလ်မျိုး သာဖြစ်၏၊ လောကုတ္တရာကုသိုလ်မျိုး မဟုတ်ကြ၊ အဆုံးဘဝ၌ မဂ် ၄- ပါး, ဖိုလ် ၄-ပါးသို့ ရောက်မှသာ လောကုတ္တရာတရားမျိုး အစစ်ဖြစ်ကြ၏၊ ပုထုဇဉ်အနွယ်ပြတ်၍ အရိယာဇာတ်သို့ ရောက်ကြ၏။
[ဤကား- လောကီဒါန, လောကုတ္တရာဒါနခွဲဝေပုံတည်း။]
မဂ္ဂင် ၈-ပါးကို လောကီ, လောကုတ္တရာ ခွဲဝေပုံ
သမ္မာဒိဋ္ဌိမ္ပာဟံ ဘိက္ခဝေ ဒွယံ ဝဒါမိ၊ အတ္ထိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ သာသဝါ ပုညဘာဂိယာ ဥပဓိဝေပက္ကာ။ အတ္ထိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ အရိယာ အနာသဝါ လောကုတ္တရာမဂ္ဂင်္ဂါ။
[ဥပရိပဏ္ဏာသပါဠိတော် မဟာစတ္တာရီသကသုတ်]
ဘိက္ခဝေ=ရဟန်းတို့၊ အဟံ=ငါဘုရားသည်၊ သမ္မာဒိဋ္ဌိမ္ပိ= သမ္မာဒိဋ္ဌိ ကိုလည်း၊ ဒွယံ=နှစ်ပါးရှိ၏ဟူ၍၊ ဝဒါမိ=ဟောတော်မူ၏၊ ဘိက္ခဝေ= ရဟန်းတို့၊ သာသဝါ=အာသဝတရားနှင့်တကွဖြစ်သော၊ ဝါ=အာသဝ တရားတို့၏ အာရုံဖြစ်သော၊ ပုညဘာဂိယာ=ပုညာဘိသင်္ခါရတွင် ပါဝင်သော၊ ဥပဓိဝေပက္ကာ=ခန္ဓာငါးပါးတည်းဟူသော ဥပဓိအကျိုးကို ဖြစ်စေတတ်သော၊ သမ္မာဒိဋ္ဌိ=လောကီသမ္မာဒိဋ္ဌိသည်၊ အတ္ထိ=ရှိ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အရိယာ=ဖြူစင်သော၊ အနာသဝါ= အာသဝတရား ကင်းပြီးသော၊ ဝါ=အာသဝတရားတို့၏ အာရုံမဟုတ်သော၊ လောကုတ္တရာ=လောကုတ္တရာဖြစ်သော၊ မဂ္ဂင်္ဂါ=မဂ္ဂင်ဖြစ်သော၊ သမ္မာဒိဋ္ဌိ= သမ္မာဒိဋ္ဌိသည်၊ အတ္ထိ=ရှိ၏။
[ဤကား-သမ္မာဒိဋ္ဌိ ၂-ပါးတည်း။]
သမ္မာသင်္ကပ္ပမ္ပာဟံ ဘိက္ခဝေ ဒွယံ ဝဒါမိ၊ အတ္ထိ ဘိက္ခဝေ သမ္မာသင်္ကပ္ပေါ သာသဝေါ ပုညဘာဂိယော ဥပဓိဝေပက္ကော။ အတ္ထိ ဘိက္ခဝေ သမ္မာသင်္ကပ္ပေါ အရိယော အနာသဝေါ လောကုတ္တရော မဂ္ဂင်္ဂေါ။
ဘိက္ခဝေ=ရဟန်းတို့၊ အဟံ=ငါဘုရားသည်၊ သမ္မာသင်္ကပ္ပမ္ပိ= သမ္မာသင်္ကပ္ပကိုလည်း၊ ဒွယံ=နှစ်ပါးရှိ၏ဟူ၍၊ ဝဒါမိ=ဟောတော်မူ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ သာသဝေါ= အာသဝတရားနှင့်တကွဖြစ်သော၊ ဝါ= အာသဝတရားတို့၏အာရုံဖြစ်သော၊ ပုညဘာဂိယော=ပုညာဘိသင်္ခါရ တွင် ပါဝင်သော၊ ဥပဓိဝေပက္ကော=ခန္ဓာငါးပါးတည်းဟူသော ဥပဓိအကျိုး ကို ဖြစ်စေတတ်သော၊ သမ္မာသင်္ကပ္ပေါ=လောကီသမ္မာသင်္ကပ္ပသည်၊ အတ္ထိ= ရှိ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အရိယော= ဖြူစင်သော၊ အနာသဝေါ= အာသဝတရားကင်းပြီးသော၊ ဝါ=အာသဝတရားတို့၏ အာရုံမဟုတ် သော၊ လောကုတ္တရော=လောကုတ္တရာဖြစ်သော၊ မဂ္ဂင်္ဂေါ=မဂ္ဂင်ဖြစ်သော၊ သမ္မာသင်္ကပ္ပေါ=သမ္မာသင်္ကပ္ပသည်၊ အတ္ထိ=ရှိ၏။
[ဤကား-သမ္မာသင်္ကပ္ပ ၂-ပါးတည်း။]
သမ္မာဝါစမ္ပာဟံ ဘိက္ခဝေ ဒွယံ ဝဒါမိ၊ အတ္ထိ ဘိက္ခဝေ သမ္မာဝါစာ သာသဝါ ပုညဘာဂိယာ ဥပဓိဝေပက္ကာ။ အတ္ထိ ဘိက္ခဝေ သမ္မာဝါစာ အရိယာ အနာသဝါ လောကုတ္တရာ မဂ္ဂင်္ဂါ။
ဘိက္ခဝေ=ရဟန်းတို့၊ အဟံ=ငါဘုရားသည်၊ သမ္မာဝါစမ္ပိ=သမ္မာ ဝါစာကိုလည်း၊ ဒွယံ=နှစ်ပါးရှိ၏ဟူ၍၊ ဝဒါမိ=ဟောတော်မူ၏၊ ဘိက္ခဝေ= ရဟန်းတို့၊ သာသဝါ=အာသဝတရားနှင့်တကွဖြစ်သော၊ ဝါ=အာသဝ တရားတို့၏အာရုံဖြစ်သော၊ ပုညဘာဂိယာ=ပုညာဘိသင်္ခါရတွင် ပါဝင်သော၊ ဥပဓိဝေပက္ကာ=ခန္ဓာငါးပါးတည်းဟူသော ဥပဓိအကျိုးကို ဖြစ်စေတတ်သော၊ သမ္မာဝါစာ=လောကီသမ္မာဝါစာသည်၊ အတ္ထိ=ရှိ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အရိယာ=ဖြူစင်သော၊ အနာသဝါ=အာသဝတရား ကင်းပြီးသော၊ ဝါ=အာသဝတရားတို့၏ အာရုံမဟုတ်သော၊ လောကုတ္တရာ=လောကုတ္တရာဖြစ်သော၊ မဂ္ဂင်္ဂါ=မဂ္ဂင်ဖြစ်သော၊ သမ္မာဝါစာ=သမ္မာဝါစာသည်၊ အတ္ထိ=ရှိ၏။
[ဤကား- သမ္မာဝါစာ ၂-ပါးတည်း။]
သမ္မာကမ္မန္တမ္ပာဟံ ဘိက္ခဝေ ဒွယံ ဝဒါမိ၊ အတ္ထိ ဘိက္ခဝေ သမ္မာကမ္မန္တော သာသဝေါ ပုညဘာဂိယော ဥပဓိဝေပက္ကော။ အတ္ထိ ဘိက္ခဝေ သမ္မာကမ္မန္တော အရိယော အနာသဝေါ လောကုတ္တရော မဂ္ဂင်္ဂေါ။
ဘိက္ခဝေ=ရဟန်းတို့၊ အဟံ=ငါဘုရားသည်၊ သမ္မာကမ္မန္တမ္ပိ= သမ္မာကမ္မန္တကိုလည်း၊ ဒွိယံ=နှစ်ပါးရှိ၏ဟူ၍၊ ဝဒါမိ=ဟောတော်မူ၏၊ ဘိက္ခဝေ= ရဟန်းတို့၊ သာသဝေါ=အာသဝတရားနှင့်တကွဖြစ်သော၊ ဝါ= အာသဝတရားတို့၏ အာရုံဖြစ်သော၊ ပုညဘာဂိယော=ပုညာဘိသင်္ခါရ တွင်ပါဝင်သော၊ ဥပဓိဝေပက္ကော=ခန္ဓာငါးပါးတည်းဟူသော ဥပဓိအကျိုး ကို ဖြစ်စေတတ်သော၊ သမ္မာကမ္မန္တော=လောကီသမ္မာကမ္မန္တသည်၊ အတ္ထိ=ရှိ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အရိယော=ဖြူစင်သော၊ အနာသဝေါ= အာသဝတရားကင်းပြီးသော၊ ဝါ=အာသဝတရားတို့၏ အာရုံမဟုတ် သော၊ လောကုတ္တရော=လောကုတ္တရာဖြစ်သော၊ မဂ္ဂင်္ဂေါ= မဂ္ဂင်ဖြစ်သော၊ သမ္မာကမ္မန္တော=သမ္မာကမ္မန္တသည်၊ အတ္ထိ=ရှိ၏။
[ဤကား-သမ္မာကမ္မန္တ ၂-ပါးတည်း]
သမ္မာအာဇီဝမ္ပာဟံ ဘိက္ခဝေ ဒွယံ ဝဒါမိ၊ အတ္ထိ ဘိက္ခဝေ သမ္မာအာဇီဝေါ သာသဝေါ ပုညဘာဂိယော ဥပဓိဝေပက္ကော။ အတ္ထိ ဘိက္ခဝေ သမ္မာအာဇီဝေါ အရိယော အနာသဝေါ လောကုတ္တရော မဂ္ဂင်္ဂေါ။
ဘိက္ခဝေ=ရဟန်းတို့၊ အဟံ=ငါဘုရားသည်၊ သမ္မာအာဇီဝမ္ပိ= သမ္မာအာဇီဝကိုလည်း၊ ဒွယံ=နှစ်ပါးရှိ၏ဟူ၍၊ ဝဒါမိ=ဟောတော်မူ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ သာသဝေါ=အာသဝတရားနှင့်တကွဖြစ်သော၊ ဝါ= အာသဝတရားတို့၏ အာရုံဖြစ်သော၊ ပုညဘာဂိယော=ပုညာဘိသင်္ခါရ တွင်ပါဝင်သော၊ ဥပဓိဝေပက္ကော=ခန္ဓာငါးပါးတည်းဟူသော ဥပဓိ အကျိုးကို ဖြစ်စေတတ်သော၊ သမ္မာအာဇီဝေါ=လောကီသမ္မာအာဇီဝ သည်၊ အတ္ထိ=ရှိ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အရိယော=ဖြူစင်သော၊ အနာသဝေါ=အာသဝတရားကင်းပြီးသော၊ ဝါ=အာသဝတရားတို့၏ အာရုံမဟုတ်သော၊ လောကုတ္တရော=လောကုတ္တရာဖြစ်သော၊ မဂ္ဂင်္ဂေါ= မဂ္ဂင်ဖြစ်သော၊ သမ္မာအာဇီဝေါ=သမ္မာအာဇီဝသည်၊ အတ္ထိ=ရှိ၏။
[ဤကား- သမ္မာအာဇီဝ ၂-ပါးတည်း။]
သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ၃-ပါးကျန်ရှိ၏၊ ထို ၃-ပါးသည် သမ္မာဒိဋ္ဌိ၏ နောက်လိုက် နောက်ပါများဖြစ်ကြ၏။
ထို့ကြောင့် လောကီသမ္မာဒိဋ္ဌိနှင့်ယှဉ်လျှင် လောကီမဂ္ဂင်မျိုး၊ လောကုတ္တရာသမ္မာဒိဋ္ဌိနှင့်ယှဉ်လျှင် လောကုတ္တရာ မဂ္ဂင်မျိုးဖြစ်ကြ၏၊ [ဤကား-ပါဠိတော်၌ တိုက်ရိုက်လာရှိသော လောကီမဂ္ဂင် ၈-ပါး, လောကုတ္တရာမဂ္ဂင် ၈-ပါး, ခွဲဝေပုံတည်း။]
လိုရင်းကား-- မဂ္ဂင် ၈-ပါးသည် ဝဋ္ဋနိဿိတမဂ္ဂင်မျိုး, ဝိဝဋ္ဋ နိဿိတမဂ္ဂင်မျိုးဟူ၍ ၂-မျိုးရှိ၏၊ ထိုတွင် လောကီချမ်းသာသက်သက်ကို တောင့်တ၍ ပြုအပ်ကုန်သော ကုသိုလ်မျိုးတို့၌ ထိုက်သည်အားလျော်စွာ ပါဝင်သော မဂ္ဂင် ၈-ပါးသည် ဝဋ္ဋနိဿိတ မဂ္ဂင်မျိုးမည်၏၊ မဂ်, ဖိုလ်, နိဗ္ဗာန်ကိုတောင့်တ၍ ပြုအပ်ကုန်သော ကုသိုလ်မျိုးတို့၌ ထိုက်သည် အားလျော်စွာ ပါဝင်သော မဂ္ဂင် ၈-ပါးသည် ဝိဝဋ္ဋနိဿိတ မဂ္ဂင်မျိုး မည်၏။
ထိုဝိဝဋ္ဋနိဿိတမဂ္ဂင်မျိုးသည်-- ပါရမီမဂ္ဂင်မျိုး, ဗောဓိပက္ခိယ မဂ္ဂင် မျိုးဟူ၍ ၂-မျိုးရှိ၏၊ ထိုတွင် ရှေးအလောင်းအလျာတို့၌ အဆုံးဘဝ သို့မရောက်မီ ဖြည့်ကျင့်ရာကာလသည် ပါရမီကာလမည်၏၊ ထိုကာလ အတွင်း၌ ပါရမီ ၁၀-ပါး အပြား ၃၀-တို့သည် ထိုက်သည် အားလျော်စွာ ပါဝင်သော မဂ္ဂင်မျိုးသည် ပါရမီမဂ္ဂင်မျိုးမည်၏၊ အဆုံးဘဝ၌ ဖြည့်ကျင့် အပ်သော မဂ္ဂင်မျိုးသည် ဗောဓိပက္ခိယမဂ္ဂင်မျိုးမည်၏။
ထိုဗောဓိပက္ခိယမဂ္ဂင်မျိုးသည်လည်း-- လောကီဗောဓိ်ပက္ခိယ မဂ္ဂင်မျိုး, လောကုတ္တရာဗောဓိပက္ခိယ မဂ္ဂင်မျိုးဟူ၍ ၂-မျိုးရှိ၏၊ ထိုတွင် မဂ် ၄-ပါး, ဖိုလ် ၄-ပါးနှင့်ယှဉ်သော မဂ္ဂင်မျိုးသည် လောကုတ္တရာ ဗောဓိပက္ခိယ မဂ္ဂင်မျိုးဖြစ်၏၊ မဂ် ၄-ပါး, ဖိုလ် ၄-ပါးသို့ မရောက်မီ ရှေးအဖို့၌ဖြည့်ကျင့်အပ်သော မဂ္ဂင်မျိုးသည် လောကီဗောဓိပက္ခိယ မဂ္ဂင်မျိုးဖြစ်၏၊ မဂ်တစ်ပါးမှ မဂ်တစ်ပါးသို့ရောက်ခြင်းငှါ အကြား အကြား၌ ဖြည့်ကျင့်အပ်သော မဂ္ဂင်မျိုးသည်လည်း လောကီဗောဓိပက္ခိယ မဂ္ဂင်မျိုးဖြစ်၏။
[ဤသို့လျှင် မဂ္ဂင်မျိုးသည်-ဝဋ္ဋနိဿိတမဂ္ဂင်မျိုး, ဝိဝဋ္ဋနိဿိတမဂ္ဂင်မျိုး ဟူ၍ ၂-မျိုး၊ ဝိဝဋ္ဋနိဿိတ မဂ္ဂင်မျိုးသည်လည်း-ပါရမီမဂ္ဂင်မျိုး, ဗောဓိပက္ခိယမဂ္ဂင်မျိုးဟူ၍ နှစ်မျိုး ဗောဓိပက္ခိယမဂ္ဂင်မျိုးသည်လည်းလောကီဗောဓိပက္ခိယမဂ္ဂင်မျိုး, လောကုတ္တရာ ဗောဓိပက္ခိယမဂ္ဂင်မျိုး ဟူ၍ ၂-မျိုးရှိကြ၏၊]
ထိုတွင် ဝဋ္ဋနိဿိတမဂ္ဂင်မျိုးသည် လောကီချမ်းသာကို ဆောင် နိုင်၏၊ နိဗ္ဗာန်ချမ်းသာသို့မဆောင်နိုင်၊ လောကီဖြစ်သော ဝိဝဋ္ဋနိဿိတ မဂ္ဂင်မျိုးသည်ကား-ပါရမီဖြည့်ရာဘဝသို့ မရောက်မီ အတွင်း၌ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာဟူသော လောကီအကျိုးကိုလည်း ဆောင် နိုင်၏၊ ပါရမီဖြည့်ရာ နောက်ဆုံးဘဝသို့ရောက်လျှင် လောကုတ္တရာ အကျိုးကိုလည်း ဆောင်နိုင်၏၊ လောကုတ္တရာဖြစ်သော ဗောဓိပက္ခိယ မဂ္ဂင်မျိုးသည်ကား- နိဗ္ဗာန်ချမ်းသာ သက်သက်ကိုသာ ဆောင်နိုင်၏။
ထိုတွင် လောကီဖြစ်သော ပါရမီမဂ္ဂင်မျိုး, လောကီဖြစ်သော ဗောဓိပက္ခိယ မဂ္ဂင်မျိုးသည် လောကီချမ်းသာကိုလည်း ဆောင်နိုင်သည့် အတွက်“သာသဝါ ပုညဘာဂိယာ ဥပဓိဝေပက္ကာ”ဟူသော ပါဠိတော် တွင်ပါဝင်လျက် ရှိလေ၏၊ ဤပါဠိတော်၌ မဂ္ဂင် ၈-ပါးသည် ဝဋ္ဋနိဿိတ မဂ္ဂင်မျိုး, ဝိဝဋ္ဋနိဿိတ မဂ္ဂင်မျိုးဟူ၍ ၂-မျိုးရှိကြောင်းကို ဟောတော် မူသောကြောင့် မဂ္ဂင် ၈-ပါးတွင် အတွင်းဝင်သော အာဇီဝဋ္ဌမက သီလသည်လည်း ဝဋ္ဋနိဿိတ, ဝိဝဋ္ဋနိဿိတ ၂-မျိုးရှိကြောင်း, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဝိရတီ ၃-ပါးသည်လည်း ဝဋ္ဋနိဿိတ, ဝိဝဋ္ဋနိဿိတ ၂-မျိုးရှိကြောင်း, အလွန်ထင်ရှားလေသတည်း၊ သုစရိုက် ၁၀-ပါးတို့သည်လည်း ဤမဂ္ဂင်တို့၌ ပါဝင်လေ၏။
ပါဝင်ပုံကား-- ကာယသုစရိုက် ၃-ပါးသည် သမ္မာကမ္မန္တ၌ ပါဝင်လေ၏၊ ဝစီသုစရိုက် ၄-ပါးသည် သမ္မာဝါစာ၌ ပါဝင်လေ၏၊ မနောသုစရိုက် ၃-ပါးသည် သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ၌ ပါဝင်လေ၏၊ ပါဝင်ပုံကား-သမ္မာသင်္ကပ္ပ၌ နေက္ခမသင်္ကပ္ပနှင့် အနဘိဇ္ဈာသုစရိုက်သည် တူကြ၏၊ “အဘိဇ္ဈာဝေရမဏိ“ဆိုသည်လည်း အနဘိဇ္ဈာသုစရိုက်ပင် ဖြစ်၏၊ အဗျာပါဒသင်္ကပ္ပ, အဝိဟိံသာသင်္ကပ္ပ၌ အဗျာပါဒ သုစရိုက်သည် ပါဝင်လေ၏၊ “ဗျာပါဒါ ဝေရမဏိ” ဆိုသည်လည်း အဗျာပါဒ သုစရိုက်ပင်ဖြစ်၏၊ သမ္မာဒိဋ္ဌိ သုစရိုက်သည် သမ္မာဒိဋ္ဌိ မဂ္ဂင်ပင်ဖြစ်၏။
ဤ၌ ဝိရတီသည် ကာယဒုစ္စရိတဝိရတီ, ဝစီဒုစ္စရိတဝိရတီ ဟူ၍သာရှိ၏၊ မနောဒုစ္စရိတဝိရတိဟူ၍ မရှိ၊ ထို့ကြောင့် “အဘိဇ္ဈာ ဝေရမဏိ” အစရှိသည်၌ “ဝေရမဏိ” ဆိုသော်လည်း ဝိရတီကိုမယူအပ်၊ အနဘိဇ္ဈာခေါ်သော အလောဘတရားကိုသာယူအပ်၏၊ “ဗျာပါဒါ ဝေရမဏိ“၌လည်း အဗျာပါဒခေါ်သော အဒေါသကိုသာ ယူအပ်၏၊ “မိစ္ဆာဒိဋ္ဌိယာ ဝေရမဏိ“၌လည်း သမ္မာဒိဋ္ဌိကိုသာ ယူအပ်၏။
လောကီသီလ, လောကုတ္တရာသီလ ခွဲဝေပုံ
ပရမတ္ထဗြူဟာခေါ်သော ငှက်တွင်းစာအုပ်၌လာသော သောတာပတ္တိမဂ်နှင့်ယှဉ်သော အာဇီဝဋ္ဌမကသီလ သကဒါဂါမိမဂ်နှင့် ယှဉ်သော အာဇီဝဋ္ဌကသီလများသည် လောကီသီလသာဖြစ်၏၊ လောကုတ္တရာသီလ မဟုတ်။
မဟုတ်ပုံကား-- “ပါဏာတိပါတာဝေရမဏိ၊ အဒိန္နာဒါနာ ဝေရမဏိ၊ ကာမေသုမိစ္ဆာစာရာဝေရမဏိ၊ မုသာဝါဒါဝေရမဏိ၊ ပိသုဏာယဝါစာယဝေရမဏိ၊ ဖရုသာယဝါစာယဝေရမဏိ၊ သမ္ဖပ္ပလာပါ ဝေရမဏိ၊ မိစ္ဆာဒိဋ္ဌိယာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”ဟူ၍ “ဝေရမဏိ” သဒ္ဒါအသီးသီးနှင့် ခံယူဆောက် တည်မှုသည် ပါဠိတော်တွင် လောကီအာဇီဝဋ္ဌမက သီလ၌သာလာ၏။
ပါဠိတော်ကား။
ကတမာစ ဘိက္ခဝေ သမ္မာဝါစာ သာသဝါ ပုညဘာဂိယာ ဥပဓိဝေပက္ကာ၊ မုသာဝါဒါဝေရမဏိ၊ ပိသုဏာယဝါစာယ ဝေရမဏိ၊ ဖရုသာယဝါစာယဝေရမဏိ၊ သမ္ဖပ္ပလာပါ ဝေရမဏိ၊ အယံ ဘိက္ခဝေ သမ္မာဝါစာ သာသဝါ ပုည ဘာဂိယာ ဥပဓိဝေပက္ကာ။ ကတမောစ ဘိက္ခဝေ သမ္မာ ကမ္မန္တော သာသဝေါ ပုညဘာဂိယော ဥပဓိဝေပက္ကော၊ ပါဏာတိပါတာဝေရမဏိ အဒိန္နာဒါနာဝေရမဏိ ကာမေသု မိစ္ဆာစာရာ ဝေရမဏိ အယံ ဘိက္ခဝေ သမ္မာကမ္မန္တော သာသဝေါ ပုညဘာဂိယာ ဥပဓိဝေပက္ကာ။
အစရှိသည်တည်း။
လောကုတ္တရာအာဇီဝဋ္ဌမက သီလ၌ကား-“ဝေရမဏိ” သဒ္ဒါ အသီးသီးနှင့် ခံယူဆောက်တည်မှု မလာချေ၊ တစ်ပေါင်းတည်း တစ်ချက်တည်းသာ လာရှိ၏။
ပါဠိတော်ကား-
ကတမာစ ဘိက္ခဝေ သမ္မာဝါစာ အရိယာ အနာသဝါ လောကုတ္တရာ မဂ္ဂင်္ဂါ၊ ယာခေါ ဘိက္ခဝေ အရိယစိတ္တဿ၊ အနာသဝစိတ္တဿ အရိယမဂ္ဂသမင်္ဂီနော အရိယမဂ္ဂ ဘာဝယတော စတူဟိ ဝစီဒုစ္စရိတေဟိ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏိ၊ အယံ ဘိက္ခဝေ သမ္မာဝါစာ အရိယာ အနာသဝါ လောကုတ္တရာ မဂ္ဂင်္ဂါ။
ကတမော စ ဘိက္ခဝေ သမ္မာကမ္မန္တော အရိယော အနာသဝေါ လောကုတ္တရော မဂ္ဂင်္ဂေါ၊ ယာခေါ ဘိက္ခဝေ အရိယစိတ္တဿ၊ အနာသဝစိတ္တဿ အရိယမဂ္ဂသမင်္ဂီနော အရိယမဂ္ဂ ဘာဝယတော တီဟိ ကာယဒုစ္စရိတေဟိ အာရတိ ဝိရတိ ပဋိဝိရတိ ဝေရမဏိ။
အစရှိသည်တည်း။
သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ စသည်တို့၌လည်း လောကီမျိုး၌ ပါဠိတစ်ခြား, လောကုတ္တရာမျိုး၌ ပါဠိတစ်ခြားစီလာ၏၊ အဘိဓမ္မာ ပါဠိတော်များ၌လည်း ထို့အတူပင်တစ်ခြားစီလာ၏။
ထို့ကြောင့် ငှက်တွင်းစာအုပ်များတွင် လာရှိသော အာဇီဝဋ္ဌမက သီလ, သုစရိတသီလများသည် လောကီ သီလသာဖြစ်၏၊ လောကုတ္တရာ သီလမဟုတ်။
လောကုတ္တရာ၌ တစ်ပေါင်းတည်း တစ်ချက်တည်း လာခြင်း အကြောင်းကား။
မဂ်မည်သည် စိတ္တက္ခဏတစ်ချက်သာ ရှိ၏၊ နှုတ်မြွက်၍ ဆောက် တည်ခွင့်မရှိ၊ လောကုတ္တရာသီလမည်သည် နှုတ်မြွက်၍ ဆောက် တည်ရသော သီလမျိုးမဟုတ်၊ မဂ်ခဏ၌တစ်ပေါင်းတည်း တစ်ချက်တည်း ပြီးစီးသော သီလမျိုးသာဖြစ်၏။
ပြီးစီးပုံကား-- မဂ်စိတ်ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် ဝစီဒုစရိုက် ၄-ပါးကို တစ်ပြိုင်နက်တစ်ချက်တည်း အကြွင်းမရှိအောင် ပယ်နိုင်သော သမ္မာဝါစာဝိရတီသည် ဖြစ်ပေါ်လေ၏၊ ကာယဒုစရိုက် ၃-ပါးကို တစ်ပြိုင်နက် တစ်ချက်တည်း အကြွင်းမရှိအောင် ပယ်နိုင်သော သမ္မာကမ္မန္တဝိရတီသည် ဖြစ်ပေါ်လေ၏၊ မိစ္ဆာဇီဝအပေါင်းတို့ကို တစ်ပြိုင်နက် တစ်ချက်တည်း အကြွင်းမရှိအောင် ပယ်နိုင်သော သမ္မာအာဇီဝဝိရတီသည် ဖြစ်ပေါ်လေ၏၊ လောကုတ္တရာ အာဇီဝဋ္ဌမက သီလ ပြည့်စုံလေ၏၊ ခန္ဓပရိနိဗ္ဗာန်စံယူသည်တိုင်အောင် အစဉ်မြဲလေ၏၊ ထို့ကြောင့် လောကုတ္တရာ သီလမျိုး၌ ခံယူဖွယ် ကိစ္စလည်းမရှိ၊ “သမ္မာဝါစာဝေရမဏိ“အမျိုးမျိုး “သမ္မာကမ္မန္တ ဝေရမဏိ” အမျိုးမျိုး၊ “သမ္မာအာဇီဝဝေရမဏိ“အမျိုးမျိုးဝေဖန်၍ ဟောဖွယ်လည်းမရှိ၊ ဤမျှသောစကားရပ်တို့ဖြင့် ငှက်တွင်းစာအုပ်များ၌ အထက်မဂ် ၃- ပါးနှင့်ယှဉ်သော သီလအမျိုးမျိုးဟူ၍ ခံယူဆောက်တည်ပုံနှင့်တကွ အသီးအသီးပြဆိုသော သီလများသည်လည်း လောကီသီလသာဖြစ်၏၊ လောကုတ္တရာသီလမဟုတ်ဟု- ထင်ရှားလေ၏။
[ဤကား-လောကီ, လောကုတ္တရာ အာဇီဝဋ္ဌမက သီလခွဲဝေပုံတည်း။]
လောကီကမ္မဋ္ဌာန်း, လောကုတ္တရာကမ္မဋ္ဌာန်း ခွဲဝေပုံ
“အတ္ထိ ဣမသ္မံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော” အစရှိသည်ဖြင့် မဟာသတိပဋ္ဌာနသုတ်၌လာသော ကာယဂတာသတိ ကမ္မဋ္ဌာန်း ပါဠိတော်ကြီးကို သဗ္ဗတ္ထအနုလောမပွါးနည်း, သဗ္ဗတ္ထ ပဋိလောမပွါးနည်းစသည်တို့ဖြင့် အထပ်ထပ် အခါခါအပြန်ပြန် အလှန်လှန် ရွတ်အံသရဇ္ဈာယ်ခြင်းအမှု, ထင်တတ်သမျှနှလုံးသွင်းခြင်း အမှုသည် ကာယဂတာသတိအလုပ်ကြီးဖြစ်၏၊ ထိုမဟာသတိပဋ္ဌာန သုတ်၌လာသော ကာယဂတာသတိပဋ္ဌာန်အလုပ်ကြီးသည် လောကီ ကမ္မဋ္ဌာန်းအလုပ်ကြီးသာဖြစ်၏ လောကုတ္တရာကမ္မဋ္ဌာန်း အလုပ်ကြီး မဟုတ်။
ရှေးအခါ သီဟိုဠ်ကျွန်း၌ မဟာသတိပဋ္ဌာနသုတ်ကြီးမှာ ဟော တော်မူသော သတိပဋ္ဌာန်ပွါးများမှုကြီးသည် လောကီသတိပဋ္ဌာန် လေလော, လောကုတ္တရာသတိပဋ္ဌာန်လေလောဟု-ပုစ္ဆာစကား ဖြစ်ပွါး ကြရာတွင် မထေရ်ကြီးတစ်ပါးက လောကုတ္တရာသတိပဋ္ဌာန် ဖြစ်သည် ဟုဆို၏၊ မထေရ်ငယ်တစ်ပါးက လောကီသတိပဋ္ဌာန်ဖြစ်သည်ဟု ဆိုပြီး၍ မိမိတို့ နေရာသို့ ရောက်ကြသောအခါ မထေရ်ကြီးသည် ဤသို့ စဉ်းစား မိ၏၊ လောကုတ္တရာသတိပဋ္ဌာန် ဖြစ်သည်ဟူသော ငါ့အယူသည် မှားလေ၏၊ လောကီသတိပဋ္ဌာန်ဖြစ်သည်ဟူသော အယူသည်မှန်ပေ၏၊ အဘယ့်ကြောင့်နည်းဆိုသော် ဤမဟာသတိပဋ္ဌာနသုတ်ကြီး အဆုံးတွင် ဤသတိပဋ္ဌာန်တရားကို ခုနစ်နှစ်ပွါးများခဲ့သော်၊ ခြောက်နှစ်ပွါးများခဲ့သော် အစရှိသည်ဖြင့် နိဂုံးစကားပါရှိ၏၊ လောကုတ္တရာသတိပဋ္ဌာန်မည်သည် မဂ်ခဏ၌ တစ်ပြိုင်နက် တစ်ချက်တည်း ပြီးစီးလေ၏၊ ခုနစ်နှစ် စသည်ပွါးများရခြင်း မရှိ၊ မဂ်၏ရှေးအဖို့ဖြစ်သော သတိပဋ္ဌာန်ပွါးများ မှုရှိပေ၏ဟု-ဆင်ခြင်မိ၍ နေရာကထပြီးလျှင် မထေရ်ငယ်ကိုခေါ်၍ လောကုတ္တရာသတိပဋ္ဌာန်ဖြစ်သည်ဟူသော ငါ့အယူသည်မှား၏၊ လောကီသတိပဋ္ဌာန်ဖြစ်သည်ဟူသော ငါ့ရှင်၏ အယူသည် မှန်ပေ၏ဟုဝန်ချရဘူးလေ၏။
“အတ္ထိ ဣမသ္မံ ကာယေ ကေသာ လောမာ နခါ” အစရှိ သည်တို့ကို အနုလောမနည်း, ပဋိလောမနည်းအစရှိသည်ဖြင့် အထပ် ထပ်အခါခါ အပြန်ပြန်အလှန်လှန် ရွတ်ဆ်ိုမှုတို့ကို စက်ဆုပ်ဖွယ် အစရှိသည်ဖြင့် နှလုံးသွင်းမှု, ပွါးများမှုသည် ကာမာဝစရကုသိုလ် အဆက်ဆက်ဖြင့် ပွါးများရသောကြောင့် လောကီသတိပဋ္ဌာန်ပွါးများ မှုသာ ဖြစ်လေသတည်း။
ထို့ကြောင့် မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ၌
ကေဝလဥှိ ဣဓ ဒွတ္တံသာကာရ ပရိဂ္ဂါဟိကာ သတိ ဒုက္ခသစ္စံ။
ဟူ၍ ဆိုလေ၏၊ဣဓ=ဤပဋိကူလမနသိကာရပိုင်း၌၊ ကေဝလံ=သက်သက်၊ ဒွတ္တံသာကာရ ပရိဂ္ဂါဟိကာ= ဆံပင်, မွေးညင်း အစရှိသော ၃၂-ပါးသော အခြင်းအရာကောဋ္ဌာသတို့ကို သိမ်းဆည်းသော၊ သတိ=သတိတရား သည်၊ ဒုက္ခသစ္စံ=ဒုက္ခသစ္စာတရားပေတည်း။
ဓာတု မနသိကာရပိုင်း၌လည်း
ကေဝလဥှိ ဣဓ စတုဓာတု ပရိဂ္ဂါဟိကာ သတိ ဒုက္ခသစ္စံ။
ဟူ၍ ဆိုပေ၏။ဣဓ=ဤဓာတုမနသိကာရပိုင်း၌၊ ကေဝလံ=သက်သက်၊ စတုဓာတု ပရိဂ္ဂါဟိကာ=၄၂-ပါးအခြင်းအရာရှိသော ဓာတ် ၄-ပါးတို့ကို သိမ်းဆည်း သော၊ သတိ=သတိတရားသည်၊ ဒုက္ခသစ္စံ= ဒုက္ခသစ္စာ တရားပေတည်း။
[၄၂-ပါးဆိုသည်ကား-ပထဝီဓာတ် ၂၀, အာပေါဓာတ် ၁၂-ပါး, တေဇောဓာတ် ၄-ပါး, ဝါယောဓာတ် ၆-ပါး ဤဒွါစတ္တာလီသကို ဆိုသတည်း။]
“ဒုက္ခသစ္စံ” ဟူသော ပါဠိဖြင့် ဤမဟာသတိပဋ္ဌာန သုတ်ကြီး၌ လာသော သတိပဋ္ဌာန်အလုပ်ကြီးသည် လောကုတ္တရာသတိပဋ္ဌာန်မဟုတ်၊ လောကီသတိပဋ္ဌာန်သာ ဖြစ်ကြောင်းကို သိအပ်လေသတည်း။
လောကုတ္တရာသတိပဋ္ဌာန်၌မူကား- နှုတ်ဖြင့်ရွတ်ဆိုမှုလည်းမရှိ၊ ဆံပင်, မွေးညင်းအစရှိသော ကောဋ္ဌာသကို အာရုံပြုသည်လည်းမဟုတ်၊ နိဗ္ဗာန်ကိုသာအမြဲအာရုံပြု၏၊
ထို့ကြောင့် သတိပဋ္ဌာနဝိဘင်းအဋ္ဌကထာ၌
ဧတာနိ အပ္ပမာဏံ နိဗ္ဗာနံ အာရဗ္ဘ ပဝတ္တိတော အပ္ပမာဏာ ရမ္မဏာနေဝ။
ဟုဆို၏။
ဧတာနိ=ဤလောကုတ္တရာသတိပဋ္ဌာန်တို့သည်၊ အပ္ပမာဏံ= နှိုင်းယှဉ်စရာဥပမာမရှိသော၊ နိဗ္ဗာနံ=နိဗ္ဗာန်ကို၊ အာရဗ္ဘ=အာရုံပြု၍၊ ပဝတ္တိတော=ဖြစ်ခြင်းကြောင့်၊ အပ္ပမာဏာရမ္မဏာနေဝ=အပ္ပမာဏာ ရမ္မဏသာလျှင် မည်ကုန်၏။
လောကုတ္တရာမဂ်ခဏ၌ သမ္မာသတိမဂ္ဂင် တစ်ခုတည်းဖြစ်ပါ လျက် သတိပဋ္ဌာန် ၄-ပါး ပွါးများမှုကိစ္စထမြောက်၍ သွားပုံမှာသတိပဋ္ဌာန်၏ ဆန့်ကျင်ဖက်ဖြစ်သော ဝိပလ္လာသတရား ၄-ပါးတို့ကို ပယ်လိုက်သည့်အတွက် သမ္မာသတိမဂ္ဂင် တစ်ခုတည်းကိုပင် သတိပဋ္ဌာန် တရား ၄-ပါးဟု ဆိုရလေသတည်း။ ထို့အတူ လောကုတ္တရာဖိုလ် သတိပဋ္ဌာန်တရားများ သည်လည်း ကာယကောဋ္ဌာသတို့ကို အာရုံမပြု၊ နိဗ္ဗာန်ကိုသာ အာရုံပြု၏၊ တုဏှီဘာဝ ဖလသမာပတ်မျိုးဖြစ်၍ ကိုယ်၏လှုပ်ရှားခြင်း, နှုတ်၏ လှုပ်ရှားခြင်း, စိတ်၏လှုပ်ရှားခြင်းဟူ၍မရှိ၊ ထိုသို့ မရှိသောသူသည် ထိုဖိုလ်ဝင်စားဆဲအခါ၌ တစ်နာရီ, နှစ်နာရီ စသည်ဖြင့် အသက်မရှိသော ငွေရုပ်တု, ရွှေရုပ်တုများကဲ့သို့ အငြိမ်ကြီး ငြိမ်၍နေ၏။
ငှက်တွင်းစာအုပ်များ၌ပါရှိသော ဤကာယဂတာသတိ ပွါးများမှု သည် အလွန်ကောင်း၏၊ ကာမတဏှာကို လွန်စွာ ပယ်နိုင်၏၊ ပါဠိတော် အတိုင်း ရှေးအခါ၌ ခုနစ်နှစ်, ခြောက်နှစ်စသည် အားထုတ်လျှင် မဂ်, ဖိုလ်သို့ပေါက်နို်င်၏၊ ယခုအခါ၌ ခုနစ်နှစ် ၃-ပြန်, ၄-ပြန်, ၅-ပြန်စသည် အားထုတ်လျှင် သောတာပန်, သကဒါဂါမ်စသည်ဖြစ်နို်င်ရာ၏၊ သို့သော် ထိုစာအုပ်များ၌ ဝိပဿာနာနည်းလမ်းကောင်းကောင်းမပါချေ။ လောကုတ္တရာမဂ်စိတ်, ဖိုလ်စိတ်မည်သည် အနိစ္စ, ဒုက္ခ, အနတ္တာ ဝိပဿနာ နေရာအကျကြီးကျမှ ပေါ်ပေါက်နို်င်ချေသည်။ ဝိပဿနာအလုပ်ကောင်းကောင်းဆိုသည်ကား-- ပညတ်တရား နှင့် မရောမယှက် သက်သက်သော ပရမတ္ထဓမ္မတို့ကို ထင်မြင်၍ လက္ခဏာ ရေးသုံးပါးတို့ကို နေရာတကျ ထင်မြင်မှုကို ဆိုသတည်း။ အချို့သော သူတို့ကား- ဆံပင်, မွှေးညင်းအစရှိသော ၃၂-ပါးသော ကောဋ္ဌာသတို့ကို ခွဲခြမ်း၍ထင်မြင်နိုင်လျှင် ပုဂ္ဂိုလ် သတ္တဝါဟူ၍ မတွေ့ပြီ၊ အတ္တ, ဇီဝဟူ၍ မတွေ့ပြီ၊ အနတ္တ ထင်မြင်ချက် နေရာကျ သည်ဟု- မှတ်ထင်ကြကုန်၏၊ ဆံပင်, မွှေးညင်း အစရှိသော ကောဋ္ဌာသ တို့သည်လည်း ပညတ်မျိုး တို့သာတည်း၊ ပုဂ္ဂလပညတ်, သတ္တပညတ်၏ အကိုင်း အခက် ပညတ်မျိုး တို့သာတည်း၊ ထို့ကြောင့် ဆံပင်, မွှေးညင်း, ခြေသည်း, လက်သည်း အစရှိသော ၃၂- ပါးသော ကောဋ္ဌာသတို့ကို ဆင်ခြင်မှုသည် အနတ္တသို့ မဆိုက်၊ အတ္တဖက်၌သာ တည်လေသတည်း။
ယခုလောက၌ ဘာဝနာအလုပ်ကို အားထုတ်ကြသူ အလွန် ပေါများ၏၊ သမထလုပ်နည်းအမျိုးမျိုး, ဝိပဿနာလုပ်နည်း အမျိုးမျိုး ရှိကြ၏၊ ရုပ်,နာမ်တရားတို့ကို ကောင်းကောင်းနားလည်၍ ရှုကြသူလည်း ရှိ၏၊ ရုပ်, နာမ်တရားတိုကို ကောင်းကောင်းနားမလည်မူ၍ ထင်မိ ထင်ရာရှုကြသူလည်းရှိ၏၊ သမထအလုပ်ဖြစ်စေ, ဝိပဿနာအ လုပ်ဖြစ်စေ မြဲမြဲ စွဲစွဲအားထုတ်၍ လုပ်နိုင်လျှင် နီဝရဏတရားကို ခွါနိုင်၏၊ စိတ်၏တည်ကြည်ခြင်း အထူးသို့ရောက်နိုင်ကြ၏၊ ကိုယ်ရောင်, ကိုယ်ဝါ များလည်းဖြစ်ပေါ်လာကြ၏၊ ဤသို့အထူးအထွေ ဖြစ်ပေါ်လာသည်ကို အချို့က မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကိုရပြီ၊ သောတာပန်ဖြစ်ပြီဟု- မှတ်ထင် ကြကုန်၏၊ မဟုတ်လေစွ၊ နီဝရဏကွာမှု၏ အကျိုးဆက်မျှပေတည်း။ လောက၌ကမ္မဋ္ဌာန်း နည်းဆန်းတွေလည်း အလွန်ပေါများကြ၏၊ အချို့သောဆရာတို့သည် နတ်မှော်သွင်းသကဲ့သို့ ကမ္မဋ္ဌာန်းမှော် သွင်း၍ပေးကြကုန်၏၊ အချို့သောဆရာတို့သည် ဘီလူးမှော်သွင်း သကဲ့သို့ ကမ္မဋ္ဌာန်းမှော် သွင်း၍ပေးကြကုန်၏၊ အချို့သော ဆရာတို့သည် အနောက်နိုင်ငံမှရောက်လာသော စိတ်ညှို့အတတ်ကဲ့သို့ သူတစ်ပါး စိတ်ကို မိမိစိတ်ဖြင့် ဖိနှိပ်၍ ခဏချင်း ထင်ချက်, မြင်ချက်ရအောင် ပေးကြကုန်၏၊ ထိုအခါ လောက၌ အချို့သော ကသဲနတ်, ရှမ်းနတ်, တလိုင်းနတ်တို့သည် ခဏချင်းဝင်ရောက်လာကြကုန်၍ ကမ္မဋ္ဌာန်းယူ သူတို့စိတ်၌ အထူးထူး အထွေထွေ ထင်အောင် ပြကြကုန်၏။
အချို့သောသူတို့မှာ၊ အသုဘကောင်ကြီးထင်လာကြ၏၊ အချို့သောသူတို့မှာ အရိုးစုကြီး ထင်လာကြ၏၊ အချို့ သောသူတို့မှာ မြတ်စွာဘုရားရွှေရုပ်ပွါးတော်ကြီး ထင်လာကြ၏၊ အချို့သောသူတို့မှာ ရဟန်းတော်ကြီးများ ထင်လာကြ၏၊ အချို့သောသူတို့မှာ လှပတင့်တယ် သော လူရုပ်ပုံ, နတ်ရုပ်ပုံများ ထင်လာကြ၏၊ ထိုတွင်ရဟန်းတော်ကြီးထင် သည်ကို ကမ္မဋ္ဌာန်းပေးဆရာတို့က မြတ်စွာဘုရားဟု ပြောဆိုကြကုန်၏၊ လှပတင့်တယ်သော လူရုပ်ပုံ, နတ်ရုပ်ပုံများထင်လာသည်ကို ကမ္မဋ္ဌာန်း ပေးဆရာတို့က ဝေဿဝဏ္ဏနတ်မင်းကြီးဖြစ်သည်ဟု- ပြောဆိုကြကုန်၏၊ အချို့ဆရာတို့က အရိမေတ္တေယျ မြတ်စွာဘုရား အလောင်းတော် နတ်မင်းကြီးဖြစ်သည်ဟု- ပြောဆိုကြကုန်၏၊ အချို့ဆရာတို့က သိကြား မင်းကြီး, ဗြဟ္မာမင်းကြီး ဖြစ်သည်ဟု- ပြောဆိုကြကုန်၏၊ လောက၌ လူတို့သည် ဘုရားရုပ်ပွါးတော်, ဘုရားအသွင်တော်ကို မြင်ရသည်ဆိုလျှင် အလွန်မက်မောကြ၏၊ ထို့အတူ နတ်မင်းကြီး, သိကြားမင်းကြီး, ဗြဟ္မာ မင်းကြီး, ဖြစ်သည်ဆိုလျှင် အလွန် မက်မောကြ၏၊ အရိမေတ္တေယျ ဘုရားအလောင်းတော်ကြီးဆိုလျှင် တစ်လောကလုံးပင် မက်မောတတ်ကြ ၏၊ သတိထားကြလေကုန်။
သောတာပန် အစစ်ဖြစ်သည် မဖြစ်သည်ကို အမှန်သိနိုင်ရန် စမ်းနည်းကား
ရေနှင့်နို့ရည်ကိုရော၍ ငှက်ကြိုးကြာကို တိုက်သည်ရှိသော် ရေမဝင်၊ နို့ရည်သာဝင်မြဲဖြစ်၏၊ ထို့အတူရေနှင့် သေရည်ကိုရော၍ သောတာပန်ဖြစ်သူကို တိုက်သည်ရှိသော် သေရည်မဝင်၊ ရေသာဝင်မြဲဟု အဋ္ဌကထာတို့၌ဆို၏။
ထိုစာအုပ်များ၌ပါရှိသော ဥဘတောသုဒ္ဓိ သရဏဂုံကြီးသည် မူကား- ဖန်ရည်စွမ်းသောသင်္ကန်းကို ရဟန်းတော်များ၏ ပေးချက်နှင့် ဝတ်ရုံလျက်တည်ရှိသော သာမဏေလောင်းများ၌သာ သာမဏေဖြစ်ရန် အတွက်နှင့် အသုံးကျ၏၊ လူဝတ်, လူစားနှင့် နေသောလူတို့မှာကားပကတိ သရဏဂုံအတိုင်းနှင့်ပင်ပြီး၏၊ ထိုစာအုပ်၌ ပါရှိသော သောတာပန် သီလ, သကဒါဂါမ်သီလ အနာဂါမ်သီလ ရဟန္တာသီလဟူ၍ ခံယူဆောက် တည်ပုံနှင့်တကွလာရှိသောသီလ, ၄-မျိုးတို့သည် ဗုဒ္ဓဘာသာ သာသနာ ထမ်းရဟန်း သာမဏေတို့၏ ကျင့်ဝတ်တရားတွင် အကုန်လုံး ပါဝင်လျက် ရှိ၏၊ သာမဏေတို့မှာ ဥဘတောသုဒ္ဓိ သရဏဂုံခံယူမှု ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် ငှက်တွင်းစာအုပ်ပါ ရဟန္တာသီလမျိုး ဆောက်တည်ခြင်း ကိစ္စပြီးစီးလေ၏၊ ရဟန်းတော်တို့မှာ ရဟန်းခံရာ သိမ်အပြင်၌ ဥတ္တိစတုတ္ထ ကမ္မဝါစာ ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် ငှက်တွင်းစာအုပ်ပါ ရဟန္တာသီလမျိုး ဆောက်တည်ခြင်း ကိစ္စပြီးစီးလေ၏။
ပြီးစီးပုံကား-- ရဟန်းတော်တို့ ကျင့်အပ်သော ၂၂၇-ပါးသော သိက္ခာပုဒ်သည် ပါတိမောက္ခသံဝရသီလ မည်၏၊ အာဒိဗြဟ္မ စရိယသီလ လည်း မည်၏၊ ထို ၂၂၇-ပါးသော ဝိနယသီလတို့ကို သုတ္တန် နည်းအားဖြင့် အကျဉ်းချုံး သည်ရှိသော် ရဟန်းတော်တို့၏ အာဇီဝဋ္ဌမက သီလဖြစ်၏၊ ထိုအာဇီဝဋ္ဌမကသီလကို အဘိဓမ္မာနည်းအားဖြင့် အကျဉ်းချုံးပြန်သော် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဝိရတီ ၃-ပါးဖြစ်၏၊ ထိုဝိရတီ ၃-ပါးကို အကျဉ်းချုံ့းပြန်သော် ကာယကံ, ဝစီကံ ၂-ပါးဖြစ်၏၊ ၂၂၇- ပါးသော သိက္ခာပုဒ်တို့သည် ကာယကံ, ဝစီကံ ၂-ပါး၌ အတွင်းဝင်ကုန်၏၊ ထို့ကြောင့် ထိုသိက္ခာပုဒ်တို့ကို ဖွင့်သောဝိနည်း အဋ္ဌကထာတို့၌ သိက္ခာပုဒ်အဆုံးအဆုံးတွင် “ကာယကမ္မံ, ဝစီကမ္မံ” ဟု-အချုပ်စကားထား ကြလေ၏။
ဝိနည်းမဟာဝါ, စူဠဝါတို့၌ လာသော ဥပဇ္ဈာယဝတ်, အာစရိယ ဝတ် အစရှိသော ရဟန်းကျင့်ဝတ် တရားတို့သည်လည်း အာဘိသမာ စာရိကသီလမည်၏၊ ထိုကျင့်ဝတ်တရားတို့သည်လည်း ကာယကံ, ဝစီကံ ၂-ပါး၌ အတွင်းဝင်ကုန်၏၊ ထိုအာဒိဗြဟ္မစရိယ ကာယကံ, ဝစီကံ ၂- ပါး၊ အာဘိသမာစာရိက ကာယကံ, ဝစီကံ ၂-ပါးတို့သည် ရဟန်းခံရာ သိမ်အပြင်၌ ဆောက်တည်မှုပြီးစီးလေ၏။
“အဘိဇ္ဈာဝေရမဏိ, ဗျာပါဒါဝေရမဏိ” ဆိုသော မနောကံ ၂- ပါးသည် ရဟန်းတို့၏ ဣန္ဒြိယသံဝရသီလ၌ အတွင်းဝင်၏၊ “မိစ္ဆာဒိဋ္ဌိယာ ဝေရမဏိ” ဆိုသော မနောကံမှာမူကား-အထူးခံယူဆောက်တည်ဖွယ်မရှိ၊ ဗုဒ္ဓဘာသာ လူမျိုးဖြစ်၍ ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်း, ရတနာ ၃- ပါးဂုဏ်ကို ယုံကြည်ခြင်း ရှိကြသဖြင့်ပင်လျှင် ထိုမိစ္ဆာဒိဋ္ဌိမှ ကင်းရှင်း ပြီးဖြစ်၏၊ ထို့ကြောင့်ယခုကာလ ရဟန်းတော်များသည် ငှက်တွင်း စာအုပ်တွင်ပါသော ရဟန္တာသီလတို့နှင့် ပြည့်စုံပြီး ဖြစ်ကြ၏၊ လူတို့၌လည်း အာဇီဝဋ္ဌမကသီလကို ခံယူ၍ စောင့်ထိန်းကြ သူများ, သုစရိတသီလ ၁၀-ပါးကို ခံယူ၍ စောင့်ထိန်းကြသူများ နိုင်ငံပေါ်မှာ အများရှိကြ၏၊ ငှက်တွင်းစာအုပ်တွင်ပါရှိသော သောတာပန် သီလ, သကဒါဂါမ် သီလများပင်ဖြစ်၏၊ ငှက်တွင်းစာအုပ်တွင် သုစရိတ သီလ ခေါ်သော ထိုသုစရိုက် ၁၀-ပါးကျင့်ဝတ်တရားများသည်မူကားသာသနာတွင်း၌သာ ရှိသည်မဟုတ်၊ သာသနာပ၌လည်း ရှိကြ၏၊ ရှိပုံကား-- ကမ္ဘာဦးအခါ၌ ဒုစရိုက် ၁၀-ပါးမပေါ်မီ ရှေးအခါမှာ ထိုသုစရိတကျင့်ဝတ်တရား ၁၀-ပါးသည် လူတို့၌ အမြဲ တည်ရှိ၏၊ နောက်၌ဒုစရိုက်တရားပေါ်ပေါက်၍လာမှ ထိုကျင့်ဝတ်တရား ၁၀- ပါးသည် ဆုတ်ယုတ် ၍လာ၏၊ အသက်တန်း လည်း ဆုတ်ယုတ်၍ လာ၏၊ ဆယ်နှစ်တန်းသို့ရောက်သော အခါ၌ ထိုကျင့်ဝတ်တရား ၁၀-ပါးသည် အပျက်ကြီးပျက်လေ၏၊ ထိုအခါတွင် လူတို့၌ အချင်းချင်းသတ်မှု, ဖြတ်မှုဟူသော သတ္ထန္တရကပ်ကြီး ဖြစ်ပေါ် လေ၏။
လူတို့အသက်တန်း တစ်ဖန်တက်ပြန်လိုသော် ထိုကပ်ကြီးမှ လွတ်ကြကုန်သောလူတို့သည် ထိတ်လန့်ခြင်း သံဝေဂတရား ကြီးမားစွာ ဖြစ်ကြကုန်၍ ငှက်တွင်းစာအုပ်၌ပါသော ထိုသုစရိုက် ၁၀-ပါး ကျင့်ဝတ် တရားကို တညီတညွတ် ဆောက်တည်၍ ကျင့်ကြကုန်၏၊ ပါဠိတော်ကား
အထခေါ တေသံ ဘိက္ခဝေ သတ္တာနံ ဘဝိဿတိ၊ လ၊ ဣဒံကုသလံ ဓမ္မံ သမာဒါယ ဝတ္တိဿန္တိ။
အစရှိသတည်း။
[သုတ်ပါထေယျပါဠိတော် စက္ကဝတ္တိသုတ်]
ဘိက္ခဝေ=ရဟန်းတို့၊ အထခေါ=ထိုအခါ၌၊ တေသံသတ္တာနံ= ထိုဆယ်နှစ်တန်းသူ လူသတ္တဝါတိုအား၊ ဧဝံ=ဤသို့သောအကြံအစည် သည်၊ ဘဝိဿတိ=ဖြစ်လတံ့၊ ခေါ=စင်စစ်၊ မယံ=ငါတို့သည်၊ အကုသလာနံဓမ္မာနံ=အကုသိုလ် ဒုစရိုက်တရား ၁၀-ပါးတို့ကို၊ သမာဒါန ဟေတု=စွဲယူပြုကျင့်ခြင်းဟူသော အကြောင်းကြောင့်၊ ဧဝရူပံ=ဤသို့ သဘောရှိသော၊ အာယတံ=ရှည်လျားကြီးမားစွာသော၊ ဉာတိက္ခယံ= ဆွေမျိုးဖြစ်သူ လူတို့၏ပျက်စီးခြင်းသို့၊ ပတ္တာ=ရောက်ကုန်၏၊ ယံနုန= အကယ်မလွဲသဖြင့်၊ မယံ=ငါတို့သည်၊ ကုသလံ=ကောင်းမြတ်သော၊ ဓမ္မံ=ကျင့်ဝတ်တရားကို၊ ကရေယျာမ=ပြုကြကုန်ရာ၏။
ကိံကုသလံ= အဘယ်သို့သော ကုသိုလ်ကောင်းမှုကို၊ ကရေယျာမ= ပြုကျင့်ကြကုန်အံ့နည်း၊ ယံနုန=အကယ်မလွဲသဖြင့်၊ မယံ=ငါတို့သည်၊ ပါဏာတိပါတာ=ပါဏာတိပါတဒုစရိုက်မှ၊ ဝိရမေယျာမ=ကြဉ်ရှောင်ကြ ကုန်အံ့၊ ဣဒံကုသလံ ဓမ္မံ=ဤကောင်းမြတ်သော ကျင့်ဝတ်တရားကို၊ သမာဒါယ=ကောင်းစွာဆောက်တည်၍၊ ဝတ္တေယျာမ=ကျင့်ကြကုန်အံ့၊ ဣတိ=ဤသို့တိုင်ပင်ညီညွတ်ကြကုန်၍၊ တေ=ထိုဆယ်နှစ်တန်း သူတို့သည်၊ ပါဏာတိပါတာ=ပါဏာတိပါတ ဒုစရိုက်မှ၊ ဝိရမိဿန္တိ= ကြဉ်ရှောင်ကြကုန်လတံ့၊ တေ=ထိုသူတို့သည်၊ ကုသလာနံဓမ္မာနံ= ကောင်းမြတ်သော ကျင့်ဝတ်တရားတို့ကို၊ သမာဒါန ဟေတု=ဆောက် တည်၍ ကျင့်ခြင်းတည်းဟူသော အကြောင်းကြောင့်၊ အာယုနာပိ= အသက်အားဖြင့်လည်း၊ ဝဍ္ဎိုဿန္တိ=တိုးပွါးကြကုန်လတံ့၊ ဝဏ္ဏေနာပိ= အဆင်းအားဖြင့်လည်း၊ ဝဍ္ဎိုဿန္တိ=တိုးပွါးကြကုန်လတံ့၊ အာယုနာပိ= အသက်အားဖြင့်လည်း၊ ဝဍ္ဎုမာနာနံ=တိုးပွါးကြကုန်သော၊ ဝဏ္ဏေနာပိ= အဆင်းအားဖြင့်လည်း၊ ဝဍ္ဎုမာနာနံ=တိုးပွါးကြကုန်သော၊ ဒသဝဿာယုကာနံ=ဆယ်နှစ်အသက်ရှည်ကြကုန်သော၊ တေသံ မနုဿာနံ=ထိုလူတို့အား၊ ဝီသတိဝဿာယုကာ=အနှစ် ၂၀-အသက် ရှည်ကြကုန်သော၊ ပုတ္တာ=သားသမီးတို့သည်၊ ဘဝိဿန္တိ= ဖြစ်ကုန်လတံ့။
ဘိက္ခဝေ=ရဟန်းတို့၊ အထခေါ=ထိုအခါ၌၊ တေသံသတ္တာနံ= ထိုသတ္တဝါတို့အား၊ ဧဝံ=ဤသို့သောအကြံအစည်သည်၊ ဘဝိဿတိ= ဖြစ်လတံ့၊ ခေါ=စင်စစ်၊ မယံ=ငါတို့သည်၊ ကုသလာနံ ဓမ္မာနံ=ကုသိုလ် ကျင့်ဝတ်တရားတို့ကို၊ သမာဒါနဟေတု=ဆောက်တည်၍ ကျင့်ခြင်း တည်းဟူသော အကြောင်းကြောင့်၊ အာယုနာပိ=အသက်အားဖြင့်လည်း၊ ဝဍ္ဎုာမ=တိုးပွါးကြကုန်၏၊ ဝဏ္ဏေနာပိ=အဆင်းအားဖြင့်လည်း၊ ဝဍ္ဎုာမ= တိုးပွါးကြကုန်၏၊ မယံ=ငါတို့သည်၊ ယံနုန=အကယ် မလွဲသဖြင့်၊ မတ္တာယ= အတိုင်းအရှည်ထက်၊ ဘိယျောသော=လွန်စွာ၊ ကုသလံ=ကုသိုလ်ကို၊ ကရေယျာမ=ပြုကြကုန်အံ့။
ကိံ ကုသလံ=အဘယ်သို့သော ကုသိုလ်ကောင်းမှုကို၊ ကရေယျာမ= ပြုကျင့်ကြကုန်အံ့နည်း၊ မယံ=ငါတို့သည်၊ ယံနုန=အကယ်မလွဲသဖြင့်၊ အဒိန္နာဒါနာ=အဒိန္နာဒါနဒုစရိုက်မှ၊ ဝိရမေယျာမ=ကြဉ်ရှောင်ကြကုန်အံ့၊ ကာမေသုမိစ္ဆာစာရာ=ကာမေသုမိစ္ဆာစာရ ဒုစရိုက်မှ၊ ဝိရမေယျာမ= ကြဉ်ရှောင်ကြကုန်အံ့၊ မုသာဝါဒါ=မုသာဝါဒ ဒုစရိုက်မှ၊ ဝိရမေယျာမ= ကြဉ်ရှောင်ကြကုန်အံ့၊ ပိသုဏာယဝါစာယ=ပိသုဏဝါစာဒုစရိုက်မှ၊ ဝိရမေယျာမ=ကြဉ်ရှောင်ကြကုန်အံ့၊ ဖရုသာယ ဝါစာယ=ဖရုသဝါစာ ဒုစရိုက်မှ၊ ဝိရမေယျာမ=ကြဉ်ရှောင်ကြကုန်အံ့၊ သမ္ဖပ္ပလာပါ=သမ္ဖပ္ပလာပ ဒုစရိုက်မှ၊ ဝိရမေယျာမ=ကြဉ်ရှောင်ကြကုန်အံ့၊ အဘိဇ္ဈံ=အဘိဇ္ဈာ ဒုစရိုက်ကို၊ ပဇဟေယျာမ=စွန့်ကြကုန်အံ့၊ ဗျာပါဒံ= ဗျာပါဒဒုစရိုက်ကို၊ ပဇဟေယျာမ=စွန့်ကြကုန်အံ့၊ မိစ္ဆာဒိဋ္ဌိံ=မိစ္ဆာဒိဋ္ဌိ ဒုစရိုက်ကို၊ ပဇဟေယျာမ=စွန့်ကြကုန်အံ့၊ တယောဓမ္မေ=သုံးပါးသော တရားတို့ကို၊ ပဇဟေယျာမ=စွန့်ကြကုန်အံ့၊ အဓမ္မရာဂံ=အဓမ္မရာဂ ကိုလည်းကောင်း၊ ဝိသမလောဘံ=ဝိသမလောဘကိုလည်းကောင်း၊ မိစ္ဆာဓမ္မံ=မိစ္ဆာဓမ္မကို လည်းကောင်း၊ ပဇဟေယျာမ=စွန့်ကြကုန်အံ့။
မယံ=ငါတို့သည်၊ ယံနုန=အကယ် မလွဲသဖြင့်၊ မေတ္တေယျာ=အမိ၌ ပြုထိုက်သော ဝတ်တရားကို ရိုသေစွာ ပြုကြကုန်သည်၊ အဿာမ= ဖြစ်ကြကုန်အံ့၊ ပေတ္တေယျာ=အဖ၌ ပြုထိုက်သောဝတ်တရားကို ရိုသေစွာပြုကြကုန်သည်၊ အဿာမ=ဖြစ်ကြကုန်အံ့၊ သာမညာ= ရဟန်းတို့၌ ပြုထိုက်သော ဝတ်တရားကို ရိုသေစွာ ပြုကြကုန်သည်၊ အဿာမ=ဖြစ်ကြကုန်အံ့၊ ဗြာဟ္မညာ=ပုဏ္ဏားတို့၌ ပြုထိုက်သော ဝတ်တရားကိုရိုသေစွာပြုကြကုန်သည်၊ အဿာမ=ဖြစ်ကြကုန်အံ့၊ ကုလေ=အမျိုး၌၊ ဇေဋ္ဌာပစာယိနော=ကြီးသောသူကိုတို့ကို အရိုအသေ ပြုကြကုန်သည်၊ အဿာမ=ဖြစ်ကြကုန်အံ့၊ ဣဒံကုသလံ=ဤကုသိုလ် ကျင့်ဝတ်တရားကို၊ သမာဒါယ=ဆောက်တည်၍၊ ဝတ္တေယျာမ= ကျင့်ကြကုန်အံ့၊ ဣတိဧဝံ=ဤသို့တိုင်ပင် ညီညွတ်ကြကုန်၍၊ တေ= ထိုလူတို့သည်၊ မေတ္တေယျာ=အမိ၌ ပြုထိုက်သော ဝတ်တရားကို ရိုသေစွာ ပြုကြကုန်သည်၊ ဘဝိဿန္တိ=ဖြစ်ကြကုန်လတ္တံ့၊ ပေတ္တေယျာ=အဖ၌ ပြုထိုက်သောဝတ်တရားကို ရိုသေစွာပြုကြကုန်သည်၊ ဘဝိဿန္တိ= ဖြစ်ကြကုန်လတ္တံ့၊ သာမညာ= ရဟန်းတို့၌ ပြုထိုက်သော ဝတ်တရားကို ရိုသေစွာ ပြုကြကုန်သည်၊ ဘဝိဿန္တိ=ဖြစ်ကြကုန်လတ္တံ့၊ ဗြာဟ္မညာ= ပုဏ္ဏားတို့၌ ပြုထိုက်သော ဝတ်တရားကိုရိုသေစွာပြုကြကုန်သည်၊ ဘဝိဿန္တိ=ဖြစ်ကြကုန်လတ္တံ့၊ ကုလေ=အမျိုး၌၊ ဇေဋ္ဌာပစာယိနော= ကြီးသောသူကိုတို့ကို အရိုအသေပြုကြကုန်သည်၊ ဘဝိဿန္တိ=ဖြစ်ကြ ကုန်လတ္တံ့၊ ဣဒံကုသလံ ဓမ္မံ=ဤကုသိုလ်တရားကို၊ သမာဒါယ= ဆောက်တည်၍၊ ဝတ္တိဿန္တိ=ကျင့်ကြကုန်လတ္တံ့။
[ဤပါဠိတော်၌ ကာယကံ ၃-ပါး, ဝစီကံ ၄-ပါးတို့သည် ဝိရတီသီလ မျိုးဖြစ်၍” ဝိရမေယျာမ” ဟုလာ၏၊ မနောကံ ၃-ပါးမှာ ဝိရတီသီလ မျိုး မဟုတ်သောကြောင့် “ဝိရမေယျာမ” ဟု မလာ၊ “ ပဇဟေယျာမ” ဟူ၍သာလာ၏၊]
ဤပါဠိတော်ကြီး၌ အသက် ၂၀-တန်းသူတို့၏ ကျင့်ဝတ်တရား ၁၈-ပါးလာရှိ၏၊ ငှက်တွင်းစာအုပ်၌ သောတာ ပန်တို့၏ ကျင့်ဝတ်သီလ ၁၀-ပါးတို့ထက် ၈-ပါးပိုသေး၏၊ ဤအသက် ၁၀-နှစ်တန်းမှသည် အသက် အသေင်္ချယျတန်းတိုင်အောင် ဤကျင့်ဝတ်တရား ၁၈-ပါး တို့သည် လောက၌ အမြဲတည်ကုန်၏၊ ဤသို့သောဆုတ်ကပ်, တက်ကပ် မည်သည် စကြဝဠာအနန္တ၌ပင်ရှိကြ၏၊ စကြဝဠာအနန္တတို့၌ပင် တက်ကပ်ဟူသမျှတို့၌ ဤ ၁၈--ပါးသော ကျင့်ဝတ်တရား တို့သည် အမြဲတည်ရှိကြကုန်၏။
ငှက်တွင်းစာအုပ်၌ လာရှိသော အနာဂါမ်တို့၏ အဋ္ဌင်္ဂဥပေါသထ သီလ, ရဟန္တာတို့၏ ဒသင်္ဂသီလတို့သည် စကြဝဠာအနန္တတို့၌ပင်လျှင် သမဏဗြာဟ္မဏခေါ်သော ရသေ့သူတော်ကောင်း, ရဟန်းသူတော် ကောင်းတို့၌လည်း တည်ရှိကြကုန်၏၊ ထိုရသေ့သူတော်ကောင်း ရဟန်းသူတော်ကောင်းတို့သည် ထိုသီလတို့၌ တည်ကြကုန်ပြီးလျှင် စျာန်သမာပတ်တို့ကို ပွါးများကြကုန်၍ ဗြဟ္မာ့ပြည်သို့ရောက်ကြ လေကုန်၏။
ဤမျှသောစကားတို့ဖြင့် ငှက်တွင်းစာအုပ်၌လာသော ပဉ္စင်္ဂ အာဇီဝဋ္ဌမကဂရုဓမ္မသီလမျိုး, အဋ္ဌင်္ဂအာဇီဝဋ္ဌ မကဥပေါသထသီလမျိုး, ဒသင်္ဂအာဇီဝဋ္ဌမက ဥပေါသထသီလမျိုးသည် စကြဝဠာအနန္တတို့မှာပင် တက်ကပ်အခါတို့၌ လူအပေါင်း, ရသေ့ရဟန်းအပေါင်းတို့ တညီတညွတ် ကျင့်ဆောင်ကြသော လောကဓမ္မတာသီလမျိုးဖြစ်ကြောင်း ထင်ရှား လေ၏။
ထို့အတူ သုတ္တန်ပါဠိတော်, အဘိဓမ္မာပါဠိတော်တို့၌ တိုက်ရိုက် အားဖြင့် များစွာလာရှိကြကုန်သော ပဉ္စင်္ဂသီလမျိုး, အဋ္ဌင်္ဂဥပေါသထ သီလမျိုး, ဒသင်္ဂဥပေါသထသီလမျိုးသည်လည်း စကြဝဠာအနန္တတို့မှာပင် လူအပေါင်း, ရသေ့ရဟန်းအပေါင်းတို့သည် ကျင့်ဆောင်ကြသော ဓမ္မတာသီလတို့ပေတည်း။
သာသနာတော်ထမ်း ရဟန်းတော်တို့၏ ကုဋေကိုးထောင် မျှသော ဝိနယသိက္ခာသီလတို့သည်သာလျှင် ဘုရားပွင့်ရာဌာန, ဘုရားပွင့်ရာ ကာလတို့၌သာ ဖြစ်ပေါ်နိုင်သော အဓိသီလတို့ပေတည်း။ ဘုရားသာသနာတော် ဖြစ်ပေါ်လာသောအခါ၌ ထိုလောက ဓမ္မတာ သီလတို့ကိုပင်လျှင် သီလဝိသုဒ္ဓိအရာ၌ ကောင်းစွာ ဆောက် တည်ကြကုန်၍ အထက်ဝိသုဒ္ဓိ ၆-ပါးတို့ကို ပွါးများကြရကုန်၏၊ ထို့ကြောင့် ထိုသီလတို့ကို ကျမ်းဂန်တို့၌ အာဒိဗြဟ္မစရိယသီလဟူ၍ ခေါ်၏၊ မဂ္ဂဗြဟ္မစရိယ၏ အစအဦးဖြစ်သော သီလကိုဆိုလိုသည်။ အစအဦးဖြစ်ပုံကား-- မူလပဏ္ဏာသပါဠိတော် ရထဝိနီတ သုတ်ကြီး၌
၁။ သီလဝိသုဒ္ဓိ,
၂။ စိတ္တဝိသုဒ္ဓိ,
၃။ ဒိဋ္ဌိဝိသုဒ္ဓိ,
၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ,
၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ,
၆။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ,
၇။ လောကုတ္တရဉာဏဒဿနဝိသုဒ္ဓိ
ဟူ၍ လာရှိသောဝိသုဒ္ဓိ ၇-ပါးတို့တွင် မဂ်-၄-ပါးတည်းဟူသော လောကုတ္တရ ဉာဏဒဿနဝိသုဒ္ဓိကို ယခုဘဝတွင် ရလို, ရောက်လို သည်ရှိသော်
(၁) သီလဝိသုဒ္ဓိကို အစစွာ ဖြည့်ကျင့်ကြရ၏၊ ထို့ကြောင့် မဂ္ဂဗြဟ္မာစရိယ၏ အစအဦး ဟူ၍ဆိုပေသတည်း။
ထို့ကြောင့်ဝိသုဒ္ဓိမဂ်၌
သီလေ ပတိဋ္ဌာယ နရော သပ္ပညော၊
စိတ္တံ ပညဉ္စ ဘာဝယံ။
အာတာပီ နိပကော ဘိက္ခု၊
သော ဣမံ ဝိဇဋယေ ဇဋံ။။
ဟူ၍ ဒေဝတာသံယုတ်လာဂါထာကို ထုတ်ဆိုလေ၏၊
ဘိက္ခု=သံသရာဘေးကိုရှုလေ့ရှိသော၊ သပ္ပညော=တိဟိတ် ပဋိသန္ဓေပညာနှင့်ပြည့်စုံသော၊ ယောနရော=အကြင် သူသည်၊ သီလေ= သီလဝိသုဒ္ဓိ၌၊ ပတိဋ္ဌာယ=ရှေးဦးစွာတည်ပြီး၍၊ အာတာပီ=အာတာပ မည်သော၊ သမ္မပ္ပဓာန် ဝီရိယရှိသည်လည်းကောင်း၊ နိပကော=တစ်နေ့ တစ်ခြား ရင့်သန်သော ဉာဏ်သတိရှိသည်လည်းကောင်း၊ ဟုတွာ=ဖြစ်၍၊ စိတ္တဉ္စ=စိတ္တဝိသုဒ္ဓိကိုလည်းကောင်း၊ ပညဉ္စ=ပညာဝိသုဒ္ဓိ ၅-ပါးကို လည်းကောင်း၊ ဘာဝယံ- ဘာဝယန္တော=ပွါးများသည်၊ ဟောတိ=ဖြစ်၏၊ သောနရော=ထိုသူသည်၊ ဣမံဇဋံ=ဤတဏှာတည်းဟူသော အရှုပ် အထွေးကို၊ ဝိဇဋယေ=ဖြေနိုင်ရာ၏။
[ငှက်တွင်းစာအုပ်တို့၌ကား- ပြဆိုခဲ့ပြီးသော အာဇီဝဋ္ဌမကတို့ကို ခံယူဆောက်တည်၍ ကျင့်ကာမျှနှင့်ပင်လျှင် လောကုတ္တရာမဂ် ၄- ပါးသို့ဆိုက်၍ သွားလေယောင်ယောင် ဆိုဘိ၏၊]
ဤအရာ၌ ဩရမ္ဘာဂိယသံယောဇဉ် ၅-ပါး, ဥဒ္ဓံဘာဂိယ သံယောဇဉ် ၅-ပါး, တဒင်္ဂပဟာန်, ဝိက္ခမ္ဘနပဟာန်, သမုစ္ဆေဒပဟာန်, ပဋိပဿဒ္ဓိပဟာန်ဟူသော ပဟာန်လေးပါး, သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဟူသော ပုဂ္ဂိုလ် ၄-ပါးတို့ကို ပြဆိုရာ၏။
ဩရမ္ဘာဂိယသံယောဇဉ် ၅-ပါးဆိုသည်ကား
၁။ ဒိဋ္ဌိသံယောဇဉ်,
၂။ ဝိစိကိစ္ဆာသံယောဇဉ်,
၃။ သီလဗ္ဗတပရာမာသသံယောဇဉ်,
၄။ ကာမရာဂသံယောဇဉ်,
၅။ ဗျာပါဒသံယောဇဉ်,
ဤ ၅-ပါးတို့တည်း၊ ထို ၅-ပါးတို့သည် ကာမဘုံတည်းဟူသော အောက်အဖို့မှမလွတ်ရအောင် ဖွဲ့နှောင်တတ်သော တရားမျိုးဖြစ်၍ ဩရမ္ဘာဂိယသံယောဇဉ်မည်ကုန်၏။
ဥဒ္ဓံဘာဂိယသံယောဇဉ် ၅-ပါးဆိုသည်ကား
၁။ ရူပရာဂသံယောဇဉ်,
၂။ အရူပရာဂသံယောဇဉ်,
၃။ မာနသံယောဇဉ်,
၄။ ဥဒ္ဓစ္စသံယောဇဉ်,
၅။ အဝိဇ္ဇာသံယောဇဉ်,
ဤ ၅-ပါးတို့တည်း၊ ထို ၅-ပါးတို့သည် ဗြဟ္မာ့ဘုံတည်းဟူသော အထက်အဖို့မှကျွတ်လွတ်၍ နိဗ္ဗာန်သို့မရောက်နိုင်အောင် ဖွဲ့နှောင် တတ်သော တရားမျိုးဖြစ်၍ ဥဒ္ဓံဘာဂိယသံယောဇဉ် မည်ကုန်၏။
တဒင်္ဂပဟာန်ဆိုသည်ကား-- ညအခါ၌ မီးရောင်ရှိခိုက်၌သာ အမှောင်သည် ပျောက်ကင်းသကဲ့သို့ မီးရောင်ပျောက်ခဲ့လျှင် အမှောင် သည် တစ်ခဏချင်း ဖုံးလွှမ်းသကဲ့သို့, ကုသိုလ်စိတ္တုပ္ပါဒ် တည်ရှိဆဲ အခါ၌သာ ကိလေသာတို့ကို တဒင်္ဂတစ်ခဏမျှပယ်ခြင်းသည် တဒင်္ဂ ပဟာန်မည်၏။
[ကာမာဝစရကုသိုလ်၏ ကိစ္စပေတည်း။]
ဝိက္ခမ္ဘနပဟာန်ဆိုသည်ကား-- မှော်ဖုံးသောရေကန်၌ ရေအိုးနှင့် မှော်တို့ကို ဖယ်ရှား၍ ရေကိုခပ်ယူရာ၌ ထိုနေရာမှာမှော်သည် တစ်ဖြေးဖြေးသာ ဖုံးလွှမ်းသကဲ့သို့ ကုသိုလ်စိတ္တုပ္ပါဒ် ချုပ်ကွယ်သော်လည်း ကိလေသာမှောင်ကို ရုတ်တရက် မဖုံးလွမ်းနိုင်အောင် ပယ်ခြင်းသည် ဝိက္ခမ္ဘနပဟာန်မည်၏။
[မဟဂ္ဂုတ်ကုသိုလ်၏ ကိစ္စပေတည်း။]
သမုစ္ဆေဒပဟာန်ဆိုသည်ကား-- မိမိ၏သက်ဆိုင်ရာဖြစ်သော ကိလေသာတို့ကိုနောင်တစ်ဖန်ဖြစ် ပေါ်ခြင်းမရှိရအောင် အမြစ် အရင်းနှင့်တကွ အကြွင်းမဲ့ပယ်ဖြတ်ခြင်းတည်း။
[လောကုတ္တရာ မဂ် ၄-ပါးတို့်၏ ကိစ္စပေတည်း။]
ပဋိပဿဒ္ဓိပဟာန်ဆိုသည်ကား-- မီးငြိမ်းပြီးသော မီးဖိုရာ၌ ကျန်ရှိ သော အပူရှိန်တို့ကို ငြိမ်းစေခြင်းငှာ ရေဖြင့်ဖျန်းသကဲ့သို့ မဂ်ဖြင့် အကြွင်းမဲ့ပယ်ပြီးသော စိတ်သန္တာန်၌ ကျန်ရှိသော ကိလေသာ အငွေ့ အသက်တို့ကို ထပ်မံ၍ ငြိမ်းစေခြင်းသည် ပဋိပဿဒ္ဓိပဟာန် မည်၏။
[ဖိုလ် ၄-ပါးတို့၏ ကိစ္စပေတည်း။]
ပုဂ္ဂိုလ် ၄-ပါးတို့တွင် သောတာပန် ပုဂ္ဂိုလ်၌
သောတော သောတောတိ အာဝုသော သာရိပုတ္တ ဝုစ္စတိ၊ ကတမော သောတောတိ၊ ယော ခေါ အာဝုသော အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ၊ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ၊ အယံ ဝုစ္စတာဝုသော သော တောတိ။
[သံယုတ်ပါဠိတော်။]
အာဝုသောသာရိပုတ္တ=ငါ့ရှင်သာရိပုတ္တရာ၊ သောတော သော တောတိ=သောတ, သောတဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏၊ သော သောတော= ထိုသောတဟူသည်၊ ကတမော=အဘယ်ပါနည်း၊ ဣတိ=ဤသို့၊ ဝုစ္စတိ=မေးလျှောက်၏၊ အာဝုသော=ငါ့ရှင်၊ အရိယော=ကိလေသာ အညစ်အကြေးမှဖြူစင်သော၊ အဋ္ဌင်္ဂီကော=အင်္ဂါရှစ်ပါးရှိသော၊ ယောမဂ္ဂေါ=အကြင်မဂ်သည်၊ အတ္ထိ=ရှိ၏၊ ဣဒံ=ဤမဂ်သည်၊ သေယျထာ= အဘယ်နည်းဟူမူကား၊ သမ္မာဒိဋ္ဌိ=သမ္မာဒိဋ္ဌိလည်းတစ်ပါး၊ သမ္မာသင်္ကပ္ပေါ =သမ္မာသင်္ကပ္ပလည်းတစ်ပါး၊ သမ္မာဝါစာ=သမ္မာဝါစာလည်းတစ်ပါး၊ သမ္မာကမ္မန္တော=သမ္မာကမ္မန္တလည်းတစ်ပါး၊ သမ္မာအာဇီဝေါ=သမ္မာ အာဇီဝလည်းတစ်ပါး၊သမ္မာဝါယာမော=သမ္မာဝါယာမလည်းတစ်ပါး၊ သမ္မာသတိ=သမ္မာသတိလည်းတစ်ပါး၊ သမ္မာသမာဓိ=သမ္မာသမာဓိ လည်းတစ်ပါး၊ အာဝုသော=ငါ့ရှင်၊ အယံ=ဤမဂ္ဂင် ၈-ပါးကို၊ သော တောတိ=သောတဟူ၍ ဝုစ္စတိ=ဆိုအပ်၏။
အဘယ့်ကြောင့် သောတမည်သနည်းဟူမူကား
ယာဝ အနုပါဒိသေသနိဗ္ဗာနဓာတုယာ အနိဝတ္တ မာနော သဝတိ သန္ဒတီတိ သောတော။
ဟူသော ဝစနတ္ထကြောင့် သောတမည်၏၊
ယာဝ အနုပါဒိသေသနိဗ္ဗာနဓာတုယာ=အနုပါဒိသေသနိဗ္ဗာန ဓာတ်တိုင်အောင်၊ အနိဝတ္တမာနော=မပြန်နစ်မူ၍၊ သဝတိသန္ဒတိ= စီးသွားတတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ သောတော=သောတမည်၏။
သေယျထာပိ ဘိက္ခဝေ ပဉ္စ မဟာနဒိယော ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီ၊ သဗ္ဗာ တာ သမုဒ္ဒနိန္နာ ဟောန္တိ သမုဒ္ဒပေါဏာ သမုဒ္ဒပဗ္ဘာရာ၊ ဧဝမေဝ ခေါ ဘိက္ခဝေ အရိယံ အဋ္ဌင်္ဂီကံ မဂ္ဂံ ဘာဝန္တော ဗဟုလိံ ကရောန္တော နိဗ္ဗာနနိန္နော ဟောတိ နိဗ္ဗာနပေါဏော နိဗ္ဗာနပဗ္ဘာရော။
[ပါဠိတော်။]
ဘိက္ခဝေ= ရဟန်းတို့၊ သေယျထာပိ= ဥပမာမည်သည်ကား၊ ဂင်္ဂါ= ဂင်္ဂါမြစ်ကြီးလည်းကောင်း၊ ယမုနာ=ယမုနာမြစ်ကြီးလည်းကောင်း၊ အစိရဝတီ= အစိရဝတီမြစ်ကြီးလည်းကောင်း၊ သရဘူ= သရဘူမြစ်ကြီး လည်းကောင်း၊ မဟီ=မဟီမြစ်ကြီးလည်းကောင်း၊ ပဉ္စမဟာနဒိယော= မြစ်ကြီးငါးသွယ် တို့သည်၊ သန္တိ=ရှိကုန်၏၊ သဗ္ဗာ=အလုံးစုံကုန်သော၊ တာ=ထိုမြစ်ကြီးတို့သည်၊ သမုဒ္ဒနိန္နာ=သမုဒ္ဒရာသို့ ညွတ်ကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏၊ သမုဒ္ဒပေါဏာ=သမုဒ္ဒရာသို့ ကိုင်းကုန်သည်၊ သမုဒ္ဒပဗ္ဘာရာ=သမုဒ္ဒရာသို့ ရှိုင်းကုန်သည်၊ ဟောန္တိ= ဖြစ်ကုန်၏၊ ဘိက္ခဝေ= ရဟန်းတို့၊ ဧဝမေဝခေါ=ဤအတူသာလျှင်၊ အရိယံ=ကိလေသာ အညစ်အကြေးမှ ဖြူစင်သော၊ အဋ္ဌင်္ဂိကံ= အင်္ဂါရှစ်ပါးရှိသော၊ မဂ်ံ=မဂ်ကို၊ ဘာဝန္တော=ပွါးသောသူသည်၊ ဗဟုလိံကရောန္တော=အကြိမ်များစွာ ပြုသောသူသည်၊ နိဗ္ဗာနနိန္နော=နိဗ္ဗာန်သို့ညွတ်သည်၊ ဟောတိ=ဖြစ်၏၊ နိဗ္ဗာနပေါဏော=နိဗ္ဗာန်သို့ကိုင်းသည်၊ နိဗ္ဗာနပဗ္ဘာရော=နိဗ္ဗာန်သို့ရှိုင်း သည်၊ ဟောတိ=ဖြစ်၏။
အဓိပ္ပါယ်ကား-- မြစ်ကြီးငါးသွယ်တို့သည် အနောတတ် အိုင်ကြီးမှ ထွက်ကြကုန်ပြီးလျှင် ပြန်နစ်ခြင်း မရှိကုန်မူ၍မဟာ သမုဒ္ဒရာသို့သာ စီးဝင်ကြကုန်သကဲ့သို့ ဤမဂ္ဂင် ၈-ပါးကို ပွားများသော သူသည်လည်း ပြန်နစ်ခြင်းမရှိမူ၍ အနုပါဒိသေသနိဗ္ဗာန်သို့သာ ဖြောင့်တန်းစွာ သွားလေ၏။
သွားပုံကား-- သောတာပန်အဖြစ်သို့ရောက်သောသူသည် ပုထုဇဉ်အဖြစ်သို့ ပြန်နစ်ခြင်းမရှိ၊ သကဒါဂါမ်အဖြစ်သို့သာ သွားလေ၏၊ သကဒါဂါမ်ဖြစ်ပြီးသောသူသည် သောတာပန်အဖြစ်သို့ ပြန်နစ်ခြင်းမရှိ၊ အနာဂါမ်အဖြစ်သို့သာ သွားလေ၏၊ အနာဂါမ်ဖြစ်ပြီးသောသူသည် သကဒါဂါမ်အဖြစ်သို့ ပြန်နစ်ခြင်းမရှိ၊ ရဟန္တာအဖြစ်သို့သာသွားလေ၏
သွားသည်ဆိုသည်ကား-- ဝိပဿနာဉာဏ် အဆင့်ဆင့် ရင့်သန်၍ သွားသည်ကိုဆိုသတည်း၊ ဣန္ဒြေငါးပါး အဆင့်ဆင့် ရင့်သန်၍ သွားသည် ဟူ၍လည်းဆိုရ၏။
သောတံ အာပန္နောတိ သောတာပန္နော။
သောတံ=သောတမည်သောမဂ္ဂင် ၈-ပါးသို့၊ အာပန္နော= ရှေးဦးစွာ ဆိုက်ရောက်သည်တည်း၊ ဣတိတသ္မာ=ထို့ကြောင့်၊ သောတာပန္နော=သောတာပန်မည်၏။
သောတာပန္နော ဟောတိ အဝိနိပါတဓမ္မော နိယတော သမ္ဗောဓိပရာယနော။
ဟူ၍ ဟောတော်မူ၏၊ [အနက်မှာ ရှေး၌ဆိုခဲ့ပြီ။]
ဤသောတာပန်ပုဂ္ဂိုလ်သည် ဩရမ္ဘာဂိယသံယောဇဉ် ၅-ပါးတို့တွင် သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသဟူသော သံယောဇဉ် ၃- ပါးတို့ကို မဂ်ခဏ၌သမုစ္ဆေဒပဟာန်ဖြင့် ပယ်လေ၏၊ ဖိုလ်ခဏ၌ ပဋိပဿဒ္ဓိပဟာန်ဖြင့် ပယ်လေ၏၊ ထိုသံယောဇဉ် ၃-ပါးကို ပယ်သဖြင့် လည်း ထိုပုဂ္ဂိုလ်မှာ ရှေးအနမတဂ္ဂသံသရာမှပါရှိ၍ နေကုန်သော ဒုစရိုက်ကံဟောင်း မကောင်းမှုအနန္တတို့သည်လည်း ထိုမဂ်ခဏ၌ အကုန်ချုပ်ငြိမ်းကြလေကုန်၏၊ နောက်နောက်အနာ ဂတ်ဘဝ အနန္တတို့၌ ဖြစ်လတံ့ကုန်သော ဒုစရိုက်ကံသစ် အနန္တတို့သည်လည်း ထိုမဂ်ခဏ၌ တဖန်ဖြစ်ပေါ်မှုမရှိသောအားဖြင့် ချုပ်ငြိမ်းခြင်းသို့ ရောက်ကြလေကုန်၏၊ နောက်အနာဂတ်ဘဝအနန္တတို့၌ ဖြစ်လတံ့ကုန်သော အပါယ်ဘဝ အနန္တတို့သည်လည်း အကုန်ချုပ်ငြိမ်းကြလေကုန်၏၊ ထိုမဂ်ခဏ၌ သံယောဇဉ် ၃-ပါးတို့၏ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်း, ဒုစရိုက် ကံဟောင်း အနန္တတို့၏ ပဋိသန္ဓေအကျိုးပေးမှု မရှိသောအားဖြင့် အကုန် ချုပ်ငြိမ်းခြင်း, ဒုစရိုက်ကံသစ်အနန္တတို့၏ ဖြစ်ပေါ်မှုမရှိသောအားဖြင့် ချုပ်ငြိမ်းခြင်း, နောက်အပါယ်ဘဝ အနန္တတို့၏ဖြစ်ပေါ်မှု မရှိသောအားဖြင့် ချုပ်ငြိမ်းခြင်း, ဤချုပ်ငြိမ်းခြင်း အပေါင်းတို့သည် ဗုဒ္ဓဘာသာ သာသနာ၌ သဥပါဒိသေသ ပဌမနိဗ္ဗာန်ကြီးမည်၏။
သောတာပန်ပုဂ္ဂိုလ်သည် ထိုပဌမနိဗ္ဗာန်ကြီးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လောကီဘုံသားလည်းဆ်ိုရ၏၊ ထိုသောတာပန်ပုဂ္ဂိုလ်သည် လူ့ပြည်, နတ်ပြည်တို့၌ ဘဝအဆက်ဆက်၊ ဗြဟ္မာ့ပြည်တို့၌ ကမ္ဘာ အဆက်ဆက် ဘုံစဉ်စံပုဂ္ဂိုလ် အဖြစ်သို့ရောက်လေ၍ ဝိသာခါ, အနာထပိဏ်တို့ကဲ့သို့ လူ့ပြည်၌ဖြစ်သောအခါ လူ့ချမ်းသာ, နိဗ္ဗာန် ချမ်းသာနှစ်ပါးကို စွယ်စုံခံစားရ၏၊ နတ်ပြည်၌ဖြစ်သောအခါ နတ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာနှစ်ပါးကို စွယ်စုံခံစားရ၏၊ ဗြဟ္မာ့ပြည်၌ ဖြစ်သော အခါ ဗြဟ္မာ့ချမ်းသာ, နိဗ္ဗာန်ချမ်းသာ ၂-ပါးကို စွယ်စုံခံစားရ၏။
[ဤ၌လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာများမှာ ထင်ရှားပြီ။]
နိဗ္ဗာန်ချမ်းသာကို အဘယ်သို့ခံစားရသနည်းဟူမူကားဒိဋ္ဌိအမျိုးမျိုး, ဒုစရိုက်အမျိုးမျိုးရှိနေကြသောသူတို့ကို မြင်တိုင်း မြင်တိုင်း, ကြားတိုင်းကြားတိုင်း, ငါ့မှာ ဤကဲ့သို့သော ဒိဋ္ဌိအမျိုးမျိုး, ဒုစရိုက်အမျိုးမျိုးတို့မှ ဘဝအဆက်ဆက် လွတ်ငြိမ်းပေပြီဟုဝမ်းမြောက်ရခြင်း, ခွေး, ဝက်, ကြက်, ငှက် အစရှိသော အပါယ်ဘုံသား တို့ကို တွေ့မြင်ရသောအခါ ငါ့မှာဤကဲ့သို့သော အပါယ်ဒုက္ခမှ ဘဝ အဆက်ဆက် လွတ်ငြိမ်းရပေပြီဟု-ဝမ်းမြောက်ရခြင်းသည် နိဗ္ဗာန် ချမ်းသာကို ခံစားရခြင်းမည်၏၊ နတ်ဖြစ်ရာ ဗြဟ္မာဖြစ်ရာတို့၌လည်း ထို့အတူပင်တည်း။ ဤလွတ်ငြိမ်းမှုဟူသော နိဗ္ဗာန်ချမ်းသာကြီးသည် ရှေးအနမတဂ္ဂ သံသရာမှတစ်ကြိမ်တစ် ခါခံစားဖူးသော ချမ်းသာ မျိုးမဟုတ်၊ ယခုဘဝမှစ၍လည်း နောက်ဘဝအဆက်ဆက်တို့၌ ပျက်ဆုံးခြင်းမရှိ နိစ္စ, ထာဝရတည်ရှိ၍သွားသော ချမ်းသာကြီးပေတည်း၊ ထို့ကြောင့် လွတ်ငြိမ်းမှုဟူသော နိဗ္ဗာန်ချမ်းသာသည် အနိစ္စဓမ္မမျိုးဖြစ် သော လူမင်းချမ်းသာ, နတ်မင်းချမ်းသာ, ဗြဟ္မာမင်းချမ်းသာတို့ထက် အသိန်းအသန်းမက အဆများစွာ သာလွန်ကောင်းမြတ်သော ချမ်းသာ ကြီးပေတည်း။
[ဤကား-သောတာပန်ပုဂ္ဂိုလ်များ ဘဝအဆက်ဆက် နိဗ္ဗာန်ချမ်းသာ ကို ခံစား၍ သွားပုံတည်း။]
[သောတာပန်ပြီး၏]
သကဒါဂါမ်ပုဂ္ဂို်လ်တို့၌ “သကိံ အာဂစ္ဆတီတိ သကဒါဂါမီ” ဟူသော ဝစနတ္ထနှင့်အညီ အထက်ဘဝဂ်ဘုံမှာပင် ဖြစ်သော်လည်း ဤကာမဘုံသို့ တစ်ဖန်ပြန်ခွင့်ရှိနေသေးသောကြောင့် သကဒါဂါမ် ပုဂ္ဂိုလ်မည်၏။
သကဒါဂါမိနာမ ဟောတိ သကိံ ဧဝ ဣမံ လောကံ အာဂန္တွာ ဒုက္ခဿန္တံ ကရောတိ။
[ပါဠိတော်။]
သကိံ ဧဝ=တစ်ကြိမ်လျှင်၊ ဣမံ လောကံ=ဤကာမဘုံသို့၊ အာဂန္တွာ=လာခြင်းသဘောရှိသည်ဖြစ်၍၊ ဒုက္ခဿ=ဆင်းရဲ၏၊ အန္တံ= အဆုံးကို၊ ကရောတိ=ပြုတတ်၏၊ တသ္မာ=ထို့ကြောင့်၊ သကဒါဂါမိနာမ= သကဒါဂါမ်မည်သည်၊ ဟောတိ=ဖြစ်၏။
အဓိပ္ပါယ်ကား-- သောတာပန်သန္တာန်၌ ကျန်ရှိသော ကာမရာဂ သံယောဇဉ်, ဗျာပါဒသံယောဇဉ် နှစ်ပါးတွင် ရုန့်ရင်းသော ကာမရာဂ သံယောဇဉ်, ရုန့်ရင်းသောဗျာပါဒ သံယောဇဉ်တို့ကို သကဒါဂါမိမဂ်ခဏ၌ သမုစ္ဆေဒပဟာန်ဖြင့်ပယ်၏၊ ထိုပုဂ္ဂိုလ်သန္တာန်မှာ သိမ်မွေ့သော ကာမရာဂသံယောဇဉ်, သိမ်မွေ့သော ဗျာပါဒသံယောဇဉ် နှစ်ပါးကျန်ရှိ၏၊ ထိုသံယောဇဉ်နှစ်ပါးသည် ထိုပုဂ္ဂိုလ်ကို ကာမဘုံမှ မလွတ်ရအောင် နှောင်ဖွဲ့တတ်သော ဩရမ္ဘာဂိယ သံယောဇဉ်များ ဖြစ်ကြ၏၊ ထို့ကြောင့် သကဒါဂါမ်ပုဂ္ဂိုလ်သည် အထက်ဘဝဂ်ဘုံမှာပင် ဖြစ်သော်လည်း ဤကာမဘုံသို့ တစ်ဖန်ပြန်ခွင့်ကျန်ရှိ၍” သကိံ အာဂစ္ဆတီတိ သကဒါဂါမီ” ဟူသော ဝစနတ္ထနှင့်အညီ သကဒါဂါမ် မည်ပေ၏၊ ဤစကားကိုလည်း သံယောဇဉ်အလားသို့ လိုက်၍ဆိုပေသတည်း၊ ပုဂ္ဂိုလ်၏ အလား အားဖြင့်မူကား- ဗြဟ္မာ့ပြည်၌ တည်ကုန်သော သောတာပန်, သကဒါဂါမ် ပုဂ္ဂိုလ်တို့သည် ထိုဗြဟ္မာ့ပြည်၌ပင်လျှင် အထက်မဂ်, အထက်ဖိုလ်သို့သာ ရောက်ကြကုန်လတံ့၊ အောက်ဖိုလ်သို့ ပြန်ခြင်း မရှိကြကုန်ပြီ။
[သကဒါဂါမ်ပြီး၏၊]
အနာဂါမ်ပုဂ္ဂိုလ်၌ “ပဋိသန္ဓိဝသေန ဣမံ လောကံ န အာဂစ္ဆတီတိ အနာဂါမီ” ဟူသောဝစနတ္ထနှင့်အညီ ပဋိသန္ဓေနေရန် အတွက် ဤကာမဘုံသို့ လာခြင်းမရှိသောကြောင့် အနာဂါမ်မည်၏။
အနာဂါမီ ဟောတိ အနာဂန္တွာ ဣတ္ထတ္တံ
ဟူ ၍လည်းကောင်း,
တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တသ္မာ လောကာ
ဟူ၍လည်းကောင်းလာရှိ၏။
ဣတ္ထတ္တံ=ဤကာမဘုံသို့၊ အနာဂန္တွာ= တစ်ဖန်မလာခြင်း သဘော ရှိသည်ဖြစ်၍၊ အနာဂါမီ=အနာဂါမ်မည်သည်၊ ဟောတိ=ဖြစ်၏၊ တတ္ထ= ထိုဗြဟ္မာ့ပြည်၌၊ ပရိနိဗ္ဗာယီ=ပရိနိဗ္ဗာန်စံလေ့ရှိ၏၊ တသ္မာ လောကာ= ထိုဗြဟ္မာ့လောကမှ၊ အနာဝတ္တိဓမ္မော=ကာမဘုံသို့ တဖန်မပြန်ခြင်း သဘောရှိ၏။
အဓိပ္ပါယ်ကား-- သကဒါဂါမ် သန္တာန်၌ကျန်ရှိကုန်သော သိမ်မွေ့သော ကာမရာဂသံယောဇဉ်, ဗျာပါဒသံယောဇဉ် နှစ်ပါးကို အနာဂါမိမဂ်ခဏ၌ သမုစ္ဆေဒပဟာန်ဖြင့်ပယ်လေ၏၊ အနာဂါမိဖိုလ် ခဏ၌ ပဋိပဿဒ္ဓိပဟာန် ဖြင့် ပယ်လေ၏၊ အောက်ကာမဘုံသို့ ဆွဲတတ်သော ဩရမ္ဘာဂိယ သံယောဇဉ် ၅-ပါးချုပ်ငြိမ်းလေ၏၊ ဥဒ္ဓံဘာဂိယ-သံယောဇဉ် ၅-ပါးသာ ကျန်ရှိလေ၏၊ ထို့ကြောင့် ပဋိသန္ဓေအားဖြင့် ကာမဘုံသို့ ပြန်ခွင့်မရှိသည် ဖြစ်၍ အနာဂါမ်ဆိုပေသတည်း။
[အနာဂါမ်ပြီး၏၊]
ရဟန္တာပုဂ္ဂိုလ်၌ “အနာသဝဘာဝေန အဂ္ဂဒက္ခိဏေယျတ္တာ ပူဇာဝိသေသံ အရဟတီတိ အရဟာ” ဟူသော ဝစနတ္ထနှင့်အညီ ကိလေသာအာသဝေါ ကင်းရှင်းသဖြင့် အမြတ်ဆုံးသော အလှူခံပုဂ္ဂိုလ် ဖြစ်ပေသောကြောင့် လူ, နတ်, ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ပေ သည်ဖြစ်၍ အရဟာမည်၏၊ ရဟန္တာမည်၏။
အရဟာ ဟောတိ ခီဏာသဝေါ လောကေ အဂ္ဂဒက္ခိဏေယျော။
ဟူ၍လာ၏။
ခီဏာသဝေါ=ကုန်ပြီးသော အာသဝေါရှိသော၊ လောကေ= လောက၌၊ အဂ္ဂဒက္ခိဏေယျော= မြတ်သောအလှူကို ခံထိုက်သည်ဖြစ်၍၊ အရဟာ=အရဟာမည်သည်၊ ဝါ=ရဟန္တာမည်သည်၊ ဟောတိ=ဖြစ်၏၊ အဓိပ္ပါယ်ကား--ထိုပုဂ္ဂိုလ်သည် အနာဂါမ်အဖြစ်၌ ကျန်ရှိ သော ဥဒ္ဓံဘာဂိယ သံယောဇဉ် ၅-ပါးကို အရဟတ္တမဂ်ခဏ၌ သမုစ္ဆေဒ ပဟာန်ဖြင့် ပယ်လေ၏၊ အရဟတ္တဖိုလ်ခဏ၌ ပဋိပဿဒ္ဓိပဟာန်ဖြင့် ပယ်လေ၏၊ ထို့ကြောင့် သံယောဇဉ် ၁၀-ပါး ကိလေသာတရားတို့မှ အရှင်းလွတ်ကင်းလေ၏၊ အမြတ်ဆုံးဖြစ်သောအလှူခံအဖြစ်သို့ ရောက်လေ၏၊ ပူဇော်အထူးကို ခံထိုက်ပေသောကြောင့် အရဟာ မည်ပေ၏၊ ရဟန္တာမည်ပေ၏၊ ဤရဟန္တာပုဂ္ဂိုလ်သည်မူကား- တစ်ဖန် ပဋိသန္ဓေနေခြင်းမရှိလေပြီ၊ ဘဝအကြွင်း မရှိလေပြီ၊ အနုပါဒိသေသခန္ဓ ပရိနိဗ္ဗာန်စံပုဂ္ဂိုလ်ဖြစ်လေ၏။
[ရဟန္တာပြီး၏၊]
[ဤကား- ပါဠိတော်တို့၌လာသော ပုဂ္ဂိုလ် ၄-မျိုးခွဲရိုး, ခွဲစဉ်ပြီး၏၊]
[၎င်းငှက်တွင်းစာအုပ်၌ပါသော သောတာပန်မည်ကြောင်း, သကဒါဂါမ်မည်ကြောင်း, အနာဂါမ်မည်ကြောင်းကို ဆိုသောစကားများ သည် လောက၌ လူပျက်စကားများ ဖြစ်ကြ၏၊]
ပရမတ္ထဗြူဟာခေါ်သော ငှက်တွင်းစာအုပ်၌ ပုဂ္ဂိုလ်လေးမျိုးခွဲပုံကား-- “ဤသို့ ဥဘတောသုဒ္ဓိဝိနယ လောကုတ္တရာသရဏဂုံ ၂-ထပ် အဋ္ဌာရသစေ့စပ်အောင် ခံယူလျှင် ပုထုဇဉ်အနွယ်ပြတ်၍ အရိယာဇာတ်သို့ခိုလှုံမိလေ၏” ဟူသော စကားဖြင့် ထိုသရဏဂုံကို ခံယူဆောက်တည်လျှင် သောတာပတ္တိမဂ်၏ ရှေ့၌ ဂေါတြဘူသို့ ဆိုက်၏ဟု- ဆိုလို၏၊ ထိုသရဏဂုံ၏အခြားမဲ့၌ ၁၀- ပါးသော သုစရိတသီလသိက္ခာပုဒ်တို့ကို အပြည့်အစုံခံယူဆောက်တည် လိုက်လျှင် သောတာပတ္တိမဂ်သို့ဆိုက်၏ဟု ဆိုလို၏၊ တစ်ဖန် ထို သရဏဂုံကို ခံယူပြီးလျှင် သုရာမေရယသိက္ခာပုဒ်နှင့်တကွ ၁၁-ပါးသော သိက္ခာပုဒ်တို့ကို အပြည့်အစုံ ဆောက်တည်မိလျှင် သကဒါဂါမိမဂ်သို့ ဆိုက်၏ သကဒါဂါမိမဂ်သို့ဆိုက်လျှင် ဩရမ္ဘာဂိယသံယောဇဉ် ၅-ပါးကို ပယ်နိုင်၏ဟု- ဆို၏၊ မဟုတ်လေစွ။
မဟုတ်ပုံကား-- ဩရမ္ဘာဂိယသံယောဇဉ် ၅-ပါးတွင် ပဌမ သံယောဇဉ်ကား- သက္ကာယဒိဋ္ဌိပေတည်း၊ ထိုသက္ကာယဒိဋ္ဌိကို သမုစ္ဆေဒ ပဟာန်ဖြင့် အကြွင်းအကျန်မရှိ ပယ်နိုင်မှသာ ပုထုဇဉ်အနွယ်ပြတ်နိုင်၏၊ သောတာပန် အဖြစ်သို့ ရောက်နိုင်၏၊ သက္ကာယဒိဋ္ဌိကို ပယ်မှုမည်သည် အနိစ္စ, ဒုက္ခ, အနတ္တ ဝိပဿနာအလုပ်နေရာ အကျကြီးကျမှသာလျှင် သောတာပတ္တိမဂ်သို့ ဆိုက်နိုင်၏၊ ထိုသက္ကာယဒိဋ္ဌိကို အကြွင်းမဲ့ပယ်နိုင်၏၊ သရဏဂုံကို ဆောက်တည်မှု, သုစရိတသီလကို ဆောက်တည်မှုများသည် သက္ကာယဒိဋ္ဌိကို ပယ်နိုင်သော အမှုများပင်မဟုတ်။
မဟုတ်ပုံကား-- သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ, ပညာဝိသုဒ္ဓိဟူ၍ အကျဉ်းအားဖြင့် ဝိသုဒ္ဓိသုံးပါးရှိသည်တွင် ထိုသီလဆောက်တည်မှု မည်သည် သီလဝိသုဒ္ဓိအရာမျှဖြစ်၏၊ စိတ္တဝိသုဒ္ဓိသို့ပင်မရောက်သေး၊ ပညာဝိသုဒ္ဓိနှင့်မူကား ဝေးလှသေး၏၊ သက္ကာယဒိဋ္ဌိကို အကြွင်းအကျန် မရှိ ပယ်ဖြတ်မှုသည် ပညာဝိသုဒ္ဓိ၏ ဆိုင်ရာဖြစ်၏၊ ပညာဝိသုဒ္ဓိ ၅- ဆင့်ရှိသည်တွင်လည်း နောက်ဆုံးဖြစ်သော လောကုတ္တရဉာဏဒဿန ဝိသုဒ္ဓိသို့ရောက်၍ သက္ကာယဒိဋ္ဌိကို အကြွင်းမဲ့ပယ်ဖြတ်နိုင်မှ ပုထုဇဉ် အနွယ်ပြတ်၏။
ဤမျှသောစကားရပ်တို့ဖြင့် ထိုသုစရိတသီလ ထိုသုစရိတသီလ ၁၀-ပါးကို ခံယူဆောက်တည်မှု, သုရာမေရယ သိက္ခာပုဒ်နှင့်တကွ ၁၁- ပါးသော သိက္ခာတို့ကို ဆောက်တည်မှုများသည် သီလဝိသုဒ္ဓိအရာမျှသာ ဖြစ်၍ ဒုစရိုက် ၁၀-ပါးတို့ကို တဒင်္ဂပဟာန်အားဖြင့် ပယ်မှုသာဖြစ်လေ၏၊ ဩရမ္ဘာဂိယ သံယောဇဉ် ၅-ပါးတို့တွင် အစအဆုံးဖြစ်သော သက္ကာယဒိဋ္ဌိ တစ်ခုမျှကိုမှ ပယ်နိုင်သော အမှုမဟုတ်၊ ၅-ပါးလုံးကိုပယ်နိုင်ရန်အရေး အလွန်ဝေးလှသေး၏။
ထိုစကားမှန်၏၊ သီလဝိသုဒ္ဓိမည်သည် ဒုစရိုက်မှုကိုသာ တဒင်္ဂ ပဟာန်အားဖြင့် ပယ်နိုင်၏ မဟဂ္ဂုတ်စျာန်တည်းဟူသော စိတ္တဝိသုဒ္ဓိသည် နီဝရဏ ၅-ပါးကိုသာ ဝိက္ခမ္ဘနပဟာန်အားဖြင့်ပယ်နိုင်၏၊ လောကုတ္တရာ ပညာဝိသုဒ္ဓိ သည်သာလျှင် ဩရမ္ဘာဂိယသံယောဇဉ် ၅-ပါးကို သမုစ္ဆေဒ ပဟာန်အားဖြင့် ပယ်နိုင်၏၊ ဤသို့ပယ်စဉ်ကို မှတ်အပ်၏၊ ပဌမသီလ ခံယူမှု၌ သီလဝိသုဒ္ဓိအလုပ်မျှသာဖြစ်၍ ဒိဋ္ဌိကို မပယ်မဖြတ်နိုင်သည် ရှိသော် သောတာပတ္တိ မဂ်နှင့်ပင် အလွန်ဝေးသေး၏ သောတာပတ္တိမဂ်နှင့် ဝေးခဲ့သည်ရှိသော် သုရာမေရယသိက္ခာပုဒ်နှင့်တကွ ၁၁-ပါးသော သိက္ခာပုဒ်တို့ကို အကြိမ်တစ်ရာပင် ဆောက်တည်သော်လည်း သကဒါဂါမိမဂ်နှင့် အဝေးကြီးဝေးသည်သာဖြစ်၏၊ သကဒါဂါမိမဂ်နှင့် အဝေးကြီးဝေးခဲ့သော် အနာဂါမ်သီလ, ရဟန္တာသီလတို့ကို အကြိမ် တစ်ထောင်ပင်ဆောက်တည်သော်လည်း အနာဂါမ်ဖြစ်ရန်အရေး, ရဟန္တာဖြစ်ရန်အရေးများနှင့် အဝေးကြီး ဝေးသည်ထက် ဝေးတော့သည် သာလျှင်တည်း။
- ထိုစကားမှန်၏၊ သောတာပန် အစစ်ဖြစ်ပြီးမှ သကဒါဂါမ် ဖြစ်အောင် လုပ်နိုင်၏၊ သကဒါဂါမ်အစစ်ဖြစ်ပြီးမှ အနာဂါမ် ဖြစ်အောင် လုပ်နိုင်၏၊ အနာဂါမ်အစစ် ဖြစ်ပြီးမှ ရဟန္တာ အစစ်ဖြစ်အောင် လုပ်နိုင်၏။
စင်စစ်မူကား- အနာဂါမ်သီလ, ရဟန္တာသီလဟူ၍ ပြဆိုသော သီလများသည် သီလဝိသုဒ္ဓိ အရာကြီးသာဖြစ်၍ သောတာပန်ဖြစ်မှုနှင့်ပင် အလွန်ဝေးသေး၏၊ အနာဂါမ်ဖြစ်မှု, ရဟန္တာဖြစ်မှု၌ကား- ဆိုဖွယ်ရာမရှိ။
ဤအရာ၌ စောဒနာရန်ရှိ၏။
ဆိုဖွယ်အထူးကား-ရဟန္တာ၏ သီလဟု ဆိုသော ၁၇-ပါးသော သိက္ခာပုဒ်တို့ကို ဆောက်တည်၍ စောင့်ထိန်းလျှင် ရဟန္တာ ဖြစ်သည်ဟု ဆိုခဲ့သော် ထို ၁၇-ပါးသောသိက္ခာပုဒ်တို့သည် ယခုကာလ ရှိနေကြသော သာသနာထမ်း ရဟန်းတော်တို့၏ သိက္ခာသီလတို့တွင် အတွင်း ဝင်လျက်ရှိကုန်၏၊ ထို ၁၇-ပါးထက် ၂၁၀-မျှပင် သာလွန်သေး၏၊
ထိုကြောင့် ယခုကာလရှိနေကြသော ရဟန်းတော်များသည် ရဟန္တာ ချည်းသာဖြစ်လေရာ၏၊ စင်စစ်မူကား-ထို ၂၂၇-ပါးသော သိက္ခာပုဒ် တို့သည်လည်း သီလဝိသုဒ္ဓိအရာမျှသာ ဖြစ်ကြကုန်၏၊ ထို ၁၇-ပါးမှာ ဆိုဖွယ်ရာမရှိ၊ သောတာပန်အဖြစ်နှင့်ပင် ဝေးသေး၏၊ ဒုစရိုက်မျှကိုသာ ပယ်နိုင်သော သီလများဖြစ်ကြ၏၊ စိတ္တဝိသုဒ္ဓိ၏ဆိုင်ရာ နီဝရဏတရား ၅-ပါးကိုမျှပယ်နိုင်သော သီလများမဟုတ်ကြ၊ ပညာဝိသုဒ္ဓိ၏ ဆိုင်ရာ ဩရမ္ဘာဂိယ သံယောဇဉ် ၅-ပါး, ဥဒ္ဓံဘာဂိယ သံယောဇဉ် ၅-ပါးတို့ကို အကြွင်းမဲ့ ပယ်မှုသည် ထိုသီလတို့အရာပင် မဟုတ်ချေ။
[ဤတွင်ရွေ့ကား- ငှက်တွင်းဂိုဏ်း စာအုပ်တို့၌လာသော အရာ အချက်များစွာတို့တွင် အလွန်အရေးကြီးသော အချက်တို့ကိုသာ ရွေးကောက်၍ ရှင်းလင်းချက်ကား ပြီး၏]
[ရှင်ဝိမလပုစ္ဆာ ၇-ချက်အဖြေ ပြီး၏၊]
ငှက်တွင်းစာအုပ်တို့၌လာသော အရာအချက် အလုံးစုံတို့ကို ပိဋကတ်ကျမ်းဂန်တို့နှင့် စုံလင်စွာ ရှင်းချက်များကို ကြည့်ရှုလိုသော သူများသည် ပဲခူးမြို့ဒိစကြိတ် ရစ်ကန်ရွာဘုန်းကြီး ရှင်ဝိမလ စီရင်သော စာအုပ်မှာ ကြည့်ရှုကြလေကုန်။
ထိုစာအုပ်သည် မန္တလေးမြို့တော်ရှိ ကျမ်းဂန်တတ် ပုဂ္ဂိုလ်များ, ဧရာဝတီမြစ်ညာ မန်လည်ဆရာတော်ကြီးများ, ရန်ကုန်မြို့ ဆရာတော်ကြီး များထံတင်ပြ၍ သဘောတူလက်မှတ်ထိုးကြသော စာအုပ်ဖြစ်ပေ သတည်း။
[သက္ကရာဇ် ၁၂၈၁-ခု သီတင်းကျွတ်လဆုတ် ၂-ရက်၊ သောကြာနေ့ တွင် ပြီးအောင်မြင် သတည်း။]
ဤတွင်ရွေ့ကား-သာသနဝိသောဓနီကျမ်း ပဌမတွဲ ပြီးပြီ။
--------*-------
Comments
Post a Comment