Skip to main content

သရုပ်ပြဓမ္မပဒကျမ်း

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။

သာသနာ ၂၅၂၇
ကောဇာ ၁၃၄၅
၁၉၈၃

သရုပ်ပြဓမ္မပဒကျမ်း နိဒါန်း

ကျေးဇူးကြီးမားသည့် တရားဂါထာ

(က) ဤတရားတော် တဂါထာကြောင့် ကမ္ဘာကြီးအတွင်း အလင်းရောင် ရရှိနေသည်။
(ခ) ဤတရားတော် တဂါထာကြောင့် မြန်မာပြည်အတွင်း အလင်းရောင် ရရှိနေသည်။

နိဒါန်း၏ အစပကတည်း အဦးဆုံးမှာပင် ကြီးကျယ်မြင့်မားလှစွာသော စကားနှစ်ခွန်းကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ရေးသားတင်ပြလိုက်ပါသည်။

ယင်းရေးသားချက်ကို လွန်ကျွံများသွားလေမည်လားဟူ၍ နည်းနည်းကလေးမျှ သံသယမဖြစ်မိပါ။ တကယ်ဖြစ်ခဲ့သည့် အစစ်အမှန် အကြောင်းအရာဖြင့် နှိုင်းစာဆင်ခြင်ကြည့်လိုက်လျှင် မလွန်ကျွံသည့်ပြင် လိုပင်လိုလိမ့်မည်ဖြစ်ပါသည်။ စာရှုသူများ စဉ်းစားနှိုင်းချိန်နိုင်စေရန် အကြောင်းအရာပြည့်စုံစွာ ရှင်းလင်းရေးသားတင်ပြပါမည်။

အသက်ငင်နေသူ လူနာကြီးကဲ့သို့ သာသနာ့အားနည်းနေချိန်

မြတ်ဗုဒ္ဓရှင်တော်ဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်းသုံးရာ့ငါးဆယ်ခန့် အခါကဆိုလျှင် ဗုဒ္ဓ၏အဆုံးအမ သာသနာတော်ကြီးသည် ပျောက်သုဉ်းလုနီးနီး ပျက်စီးယိမ်းယိုင်နေပါသည်။

တိုင်းပြည်အုပ်ချုပ်နေသည့် ရှင်ဘုရင်က ဗြာဟ္မဏဝါဒကို သက်ဝင်ယုံကြည်ကိုးကွယ်နေသူ ဖြစ်သည်။ ဗုဒ္ဓသာသနာတော် အတွင်းမှာလည်း လူသေပြီး ဘာမျှမဖြစ်တော့ ပြတ်စဲသွားသည်-စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဝါဒများလည်း ဝင်နေသည်။ လူပင်သေသော်လည်း အသက် အတ္တကောင်ကလေးက ဘယ်လိုမှမသေနိုင်၊ ဘယ်အခါမှ မသေနိုင်၊ ဟိုခန္ဓာပြီး ဤခန္ဓာ, ဤခန္ဓာပြီး ဟိုခန္ဓာများသို့ ပြောင်းရွှေ့ကျင်လည်နေကာ လှည့်လည်ဖြစ်နေရသည်-စသည်ဖြင့် ယူဆသော သဿတဝါဒများလည်း ဝင်နေသည်။ လူဖြစ်ရန် နတ်ဖြစ်ရန် ခွေးဖြစ်ရန် နွားဖြစ်ရန် ဖန်ဆင်းနေသည့် ထာဝရတည်နေသူ အရှင်သခင်ကြီးရှိသည်ဟု ယူဆသော ဣဿရနိမ္မာနဝါဒများလည်း ဝင်နေသည်။

ဤသို့စသည်ဖြင့် မိစ္ဆာဝါဒအမျိုးမျိုး ဝင်ရောက်စွဲကပ်နေပေရာ ဗုဒ္ဓသာသနာတော်ကြီးသည် ရောဂါအမျိုးမျိုးစွဲကပ် နှိပ်စက်ခံနေရသည့် လူနာကြီး အသက်ငင်နေသကဲ့သို့ ပျက်တော့မည့်ဆဲဆဲ ဖြစ်နေပေသည်။ သာသနာတွင်းမှာသာ ဝါဒအမျိုးမျိုး ကြီးစိုးနေသည်မဟုတ်ပါ၊ သာသနာပမှာလည်း မိစ္ဆာဝါဒများက စိုးမိုးလျက်နေပါသည်။ တိုင်းပြည်အုပ်စိုးရှင်ဘုရင်ကလည်း သာသနာတော်ကို ကျောခိုင်းကာ မိစ္ဆာဝါဒီတို့ကို ကြည်ညိုကိုးကွယ်နေသူ ဖြစ်ပါသည်။

သာသနာ့အသက်သခင် ကိုရင်ကလေး

ယင်းသည့် ဗာလုဿုက္ကဖြင့် ရှုပ်ပွနေချိန်တွင် တိုင်းပြည်သခင် ဘုရင်အသောကမင်းတရားကြီးသည် စိတ်ပြေလက်ပျောက် လေသောက်တံခါးကို ဖွင့်ကာ အပြင်လောက သွားလာလှုပ်ရှားနေကြပုံကို ကြည့်ရှုနေစဉ်မှာ လွန်စွာထူးဆန်းအံ့မခန်းသည့် ရှုကွက်တခုကို ရုတ်တရက်တွေ့မြင်လိုက်ရသည်။

ဗုဒ္ဓဘာသာ ကိုရင်သာမဏေကလေးတပါးဖြစ်သည်။ ကိုရင်ကလေးမှာ အသက်အရွယ်အားဖြင့် ခုနစ်နှစ်ခန့်မျှသာဖြစ်သည်။ ဝတ်ပုံဆင်ပုံမှာလည်း သင်္ကန်းကို အညီအညွတ် ကောင်းစွာဖုံးအုပ် ဝတ်ဆင်ထားသည်။ သွားဟန် လာဟန်မှာ လက်ခြေဦးခေါင်းများကို ငြိမ်သက်စွာထား၍ ရွှေလေးတောင်ခန့်မျှကိုသာ သေခိယသိက္ခာပုဒ်တော်နှင့်အညီကြည့်ရှုလျက် မမြန်လွန်း မနှေးလွန်း ဖြည်းညင်းစွာ လှမ်းကြွ၍သွားသည်။ ယင်းကိုရင်ကလေးမှာ သာသနာ့ကျက်သရေဆောင် နိဂြောဓသာမဏေ ဖြစ်ပေသည်။

ဤသည်ကို မြင်လိုက်ရသော အသောကဘုရင်ကြီးသည် ဤပုဂ္ဂိုလ်ငယ်၏ သန္တာန်၌ တရားထူး တရားမြတ်ကိန်းဝပ် တည်ရှိနေပေရာ၏ဟု တွေးကာ ပင့်ခေါ်စေသည်။ သာမဏေငယ်သည် ရှင်ဘုရင်က ပင့်ခေါ်သည်ဟု မူလသွားလာဟန်ကို ပြောင်းလဲခြင်းမဖြစ်စေပဲ ပကတိ သွားဟန်လာဟန်အတိုင်းပင် နန်းတော်ပေါ်သို့ ကြွလာသည်။ ရှင်ဘုရင်က စားဖွယ်သောက်ဖွယ်များကို လှူသောအခါ၌လည်း ငြိမ်သက်တည်ကြည်စွာပင် ခံယူ၍ မျှတလောက်ရုံမျှကိုသာ သေခိယသိက္ခာပုဒ်တော်များနှင့်အညီ ဘုဉ်းပေးသုံးဆောင်တော်မူသည်။

အသောကဘုရင်ကြီးလည်း သွားလာဝတ်ဆင်ပုံကို ကြည်ညိုနေသည့်အထဲမှာပင် စားသောက် ဘုဉ်းပေးသုံးဆောင်ပုံကိုလည်း ထပ်မံကြည်ညိုခြင်း ဖြစ်ပေါ်ကာ စေတနာသဒ္ဓါဘရား တဖွားဖွား ဖြစ်ရလေသည်။ “အရှင်ဘုရား သိမြင်သည့်တရားကို ဟောတော်မူပါ”ဟု တောင်းပန်လျှောက်ထားသောအခါ

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

မမေ့လျော့ခြင်းသည် မသေရာ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သည်၊ မေ့လျော့ခြင်းသည် သေခြင်းအကြောင်းဖြစ်သည်၊ မမေ့လျော့ပါက မသေနိုင်ကြကုန်၊ မေ့လျော့နေပါမူ သေသူနှင့် တူကုန်၏-

ဟူသော ဂါထာကို ရွတ်ဆိုဟောပြီးသောအခါ မိစ္ဆာဒိဋ္ဌိ အသောကရှင်ဘုရင်ကြီးသည် ဗုဒ္ဓဘာသာဝင်ကြီးတယောက် ဖြစ်လာခဲ့လေသည်။ သာသနာတော်ကို သက်ဝင်ကြည်ညိုစွာဖြင့် လှူဒါန်းပေးကမ်းသည်။

ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊
ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊
ကျောင်းပေါင်း ရှစ်သောင်းလေးထောင်၊
စေတီပေါင်း ရှစ်သောင်းလေးထောင်-

ပေးလှူပူဇော်ကြောင်း အစဉ်အလာ ပြောစမှတ်ရှိခဲ့သည်။ မိစ္ဆာဒိဋ္ဌိများကို ပယ်ရှား၍ သာသနာ၌ မိစ္ဆာဝါဒများကို ရှင်းလင်းသုတ်သင်ကာ တတိယသံဂါယနာသဘင်ကို ဆင်ယင်ကျင်းပခဲ့သည်။ ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုရဟန်းတော်များ ကြွသွားရန် လျှောက်ထား၍ သာသနာတည်ထွန်းစေခဲ့လေသည်။

ဤသည့်ဖြစ်ရပ်များကြောင့် ကမ္ဘာမှာ ဗုဒ္ဓသာသနာတော် ပွင့်လင်းထွန်းပခဲ့ပေသည်။ သာသနာ့အလင်းရောင်ကို တောက်ပစေခဲ့သည်။ ဤသည်ကိုပင်လျှင် ရည်ရွယ်၍

(က) ဤတရားတစ်ဂါထာကြောင့် ကမ္ဘာကြီးအတွင်း အလင်းရောင် ရရှိနေသည်--

ဟူ၍ ဤနိဒါန်းအစ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

အမှောင်လွှမ်းနေခဲ့သော မြန်မာပြည်

မြတ်ဗုဒ္ဓရှင်တော်ဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီး သာသနာတော်နှစ် တစ်ထောင့်ငါးရာ ခြောက်ဆယ့်တစ် (၁၅၆၁) နှစ်ခန့်သို့ ရောက်သောအချိန်အထိ ရှေးအခါကမူကား ဤမြန်မာပြည်ကြီး၌ သူတော်ကောင်းတရား မထွန်းမပ မှောင်အတိကျလျက်ရှိပေသည်။ ပုဂံပြည် သမထီးအရပ်၌နေသော အရည်းကြီးခေါ် မဟာယာနဗုဒ္ဓဘာသာ ဘုန်းကြီးများ မင်းမူလျက်ရှိသည်။

အရည်းကြီးတို့သည် “မကောင်းမှုအကုသိုလ်မှ လွတ်လိုသော် ဤသို့သော ပရိတ်ကိုရွတ်လျှင် ပျောက်ကင်းသည်၊ အမေအဖေကို သတ်မိလျှင် ဤသို့သော ပရိတ်ကိုချွတ်လျှင် ပျောက်ကင်းသည်” စသည်ဖြင့် မဟုတ်မတရား ဟောကြပြောကြသည်။ အရက်သောက်သည်၊ ညစာစားသည်၊ တောလိုက်သည်၊ ပန်းဦးဆက်ကပ်ရသည်၊ ပန်းဦးကို အလှူခံကြသည်။

ပန်းဦးဆက် ဟူသည် အမျိုးသားနှင့် အမျိုးသမီး ချစ်ကြိုက်၍ မင်္ဂလာဆောင်သောအခါ ပထမဦးဆုံးည၌ အမျိုးသမီးကို အရည်းကြီးဆရာတော်ထံသို့ ပို့ဆက်ရသည်။ ထိုည၌ အမျိုးသမီးကို အရည်းကြီးက မတော်မတရားကျင့်ကြံ၍ ပန်းဦးကို ဘုန်းပေးတော်မူသည်။ ဤသို့ ပန်းဦးမဆက်ကပ်လျှင် အရေးယူသည်။ အုပ်ချုပ်သူ ရှင်ဘုရင်က အပြစ်ဒဏ်ပေးသည်။

ဤသို့ လူသားများအတွက် ရင်နင့်ဖွယ်ရာ အဖြစ်အပျက်များကို ကြုံတွေ့ခံစားနေကြရကာ မြန်မာပြည်၌ အမှောင်ထုကြီးဖုံးလွှမ်းပြီး တရားအလင်းရောင် ကင်းမဲ့နေချေသည်။

အလင်းရောင်ဖြစ်ပေါ်လာခြင်း

သာသနာနှစ် (၁၆၁) နှစ်သို့ ရောက်သောအခါ အနော်ရထာမင်း နန်းတက်သည်။ ဖော်ပြခဲ့သည့် အရည်းကြီးရဟန်းတို့၏ မသင့်မလျော် ဖောက်ပြန်မှားယွင်းသည့် အကျင့်ယုတ်များကို တွေ့မြင်ရသောအခါ ဘုန်းကံပါရမီရင့်သန်သူဖြစ်သောကြောင့် မကြည်ညို မနှစ်သက်နိုင် ရှိနေခဲ့သည်။

ယင်းသို့ ဖြစ်နေစဉ်အတွင်းမှာပင် တောလိုက်မုဆိုးတစ်ယောက်သည် ထူးဆန်းသည့် အဝတ်အစားများကို ဆင်ယင်ထားသည့် ပုဂ္ဂိုလ်တစ်ဦးကို နန်းတော်သို့ ခေါ်ဆောင်လာသည်။ ယင်းပုဂ္ဂိုလ်မှာ အရှင်ဓမ္မဒဿီ ဘွဲ့တော်ရှိ ရှင်အရဟံ ဖြစ်သည်။ သင်္ကန်းများ သပ်သပ်ရပ်ရပ် ညီညီညာညာ ဝတ်ဆင်ထားပြီး ငြိမ်သက်တည်ကြည်သော ဣန္ဒြေကိုဆောင်လျက် ကြည်ညိုဖွယ် ကြည့်ရှုသွားလာလှုပ်ရှားမှုရှိသူ ထေရဝါဒ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး ဖြစ်ပေသည်။ အနော်ရထာမင်းကြီးသည် အရှင်သူမြတ်ကိုမြင်လျှင်ပင် မိမိနိုင်ငံမှာ တွေ့မြင်နေကျ မျက်စိကလည်း ဟိုကြည့်သည်ကြည့် ဣန္ဒြေမရဘဲ လက်လှုပ်လှုပ် ခေါင်းလှုပ်လှုပ် အပေါ်ရုံသင်္ကန်းမဲမဲနက်နက်ကို မညီမညာ ဝတ်ဆင်ထားကာ ပါးစပ်မှလည်း တွေ့ရာမြင်ရာ ပရမ်းပတာ အော်ကြီးဟစ်ကျယ် ပြောတတ်သည့် နှုတ်ခမ်းမွေး လက်နှစ်သစ် မုတ်ဆိတ်မွှေး ဗရပစ်ရှိသူ အရည်းကြီးရဟန်းများနှင့် ထူးခြားကွဲလွဲသည်ကို သိရသောအခါ အလွန်တရာ ကြည်ညိုမှုသဒ္ဓါတရား ဖြစ်ပွားကာ အရှင်မြတ်အား ပင့်ဖိတ်လျက် အကျိုးအကြောင်း လျှောက်ထားမေးမြန်းသည်။

အရှင်မြတ်၏ဆရာ ဘုရားသခင်၏တရားကို ဟောကြားတော်မူပါဟု တောင်းပန်သောအခါ--

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ၊
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

မမေ့လျော့ခြင်းသည် မသေရာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သည်၊ မေ့လျော့ခြင်းသည် သေခြင်းအကြောင်းဖြစ်သည်။ မမေ့လျော့ပါက မသေနိုင်ကြကုန်၊ မေ့လျော့နေပါမူ သေနေသူနှင့်တူကုန်၏-

ဟူ၍ ဟောတော်မူသည်။ ယင်းတရားကို နာကြားလိုက်ရလျှင်ပင် အနော်ရထာမင်းကြီးသည် သာသနာတော်ကို သက်ဝင်ယုံကြည် သရဏဂုံတည်ကာ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့လေသည်။ မိမိတိုင်းသူပြည်သားများကိုလည်း ထေရဝါဒ ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်စေသည်။ မူလရှိရင်း ရဟန်းတုရဟန်းယောင် အရည်းကြီးရဟန်းများကိုလည်း ပယ်ရှားသုတ်သင်စင်ကြယ်စေလေသည်။

ဤသို့လျှင် မြန်မာပြည်တွင် မိစ္ဆာဒိဋ္ဌိအမှောင်ကင်း၍ အလင်းရောင်ဖြစ်ပေါ်ခဲ့ပေသည်။ ဤသည်ကိုရည်ရွယ်၍

(ခ) ဤတရားတော် တဂါထာကြောင့် မြန်မာပြည်တွင်း၌ အလင်းရောင်ရရှိနေသည်

ဟု ဤနိဒါန်းအစ၌ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

စိစစ်တင်ပြခြင်း

(က) ကမ္ဘာ၌ သာသနာထွန်းတောက်လာပုံ၊ (ခ) မြန်မာပြည်၌ သာသနာထွန်းတောက်လာပုံ-ဟူသောအကြောင်းနှစ်ရပ်ကို ဤနိဒါန်း၌အဦးတည်၍ အစချီရေးပြခဲ့ပါသည်။ ယင်းသို့သာသနာထွန်းတောက်ရခြင်း အကြောင်းရင်းကို စိစစ်လေ့လာမည် ဆိုပါမူ-

(က) ကြည်ညိုဖွယ်ပုဂ္ဂိုလ်၊
(ခ) ကြည်ညိုဖွယ်တရား-

ဟူသော အဓိကအချက်ကြီးနှစ်ရပ်ကို တွေ့ရှိရပါသည်။ ယင်းအချက်များသည် ယခုအခါ ဗုဒ္ဓဘာသာဝင် ရှင်လူအများ ကြိုးစားလုပ်ဆောင်နေကြသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် များစွာသက်ဆိုင်ကာ အထူးကျေးဇူးပြုနိုင်မည် ဖြစ်သောကြောင့် အနည်းငယ်မျှ ထင်ရှားစေရန် ကောက်ချက်ချ၍ တင်ပြလိုပါသည်။

(က) ကြည်ညိုဖွယ်ပုဂ္ဂိုလ်။ ။ဖော်ပြခဲ့သည့် သာသနာ့အောင်ပွဲနှစ်ရပ်လုံးကို ပဓာနကျကျ ဆောင်ရွက်သွားသည့် ပုဂ္ဂိုလ်မြတ်နှစ်ပါးမှာ ရှင်နိဂြောဓနှင့် အရှင်အရဟံတို့ဖြစ်သည်။

အရှင်မြတ်တို့သည် မြတ်စွာဘုရားညွှန်ကြား ဆုံးမတော်မူသည့်အတိုင်း သင်္ကန်းကို အချိုးကျကျ ညီညီညာညာ ဝတ်ဆင်တော်မူကြသည်။ မြတ်စွာဘုရား ပညတ်တော်မူသည့်အတိုင်း မျက်စိကြည့်ပုံ စသော ဣန္ဒြေတရားများကို မြင်လိုက်သူများ သဒ္ဓါတရား ဖြစ်ပွားအောင် ငြိမ်သက်တည်ကြည်စွာ စောင့်ထိန်းတော်မူကြသည်။ ဦးခေါင်းလက်ခြေ ကိုယ်နေကိုယ်ထားသွားဟန်လာဟန်များသည်လည်း တရားထူးတရားမြတ် ကိန်းဝပ်တည်ရှိနေကြောင်း မြင်သူအပေါင်းက သိရှိနိုင်အောင် သိမ်မွေ့နူးညံ့မှုဖြင့် ဖော်ပြလှုပ်ရှားတော်မူကြသည်။

ဤသည်လျှင် မိစ္ဆာဒိဋ္ဌိရဟန်းတု ရဟန်းယောင်များ အရည်းကြီးရဟန်းများနှင့် ထူးခြားကွဲလွဲချက် ဖြစ်တော့သည်။ သီရိဓမ္မာသောကမင်းကြီးနှင့် အနော်ရထာမင်းကြီးတို့ကို ကြည်ညိုမှုသဒ္ဓါတရား တဖွားဖွားဖြစ်ပေါ်စေနိုင်သည့် အစွမ်းသတ္တိများဖြစ်တော့၏။ ဤအစွမ်းသတ္တိသည် အလိုအလျောက် ပေါ်လတတ်သည်မဟုတ်၊ မြတ်စွာဘုရား ဆုံးမတော်မူသည့်အတိုင်း လိုက်နာကျင့်သုံးမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားများဖြစ်ချေသည်။ ယင်းအကျိုးတရားများကား သေးသေးမွှားမွှား မဟုတ်ပါချေ၊ ကမ္ဘာကြီးတခုလုံးနှင့် မြန်မာပြည်တပြည်လုံး၌ ဗုဒ္ဓသာသနာ့အလင်းရောင် ယနေ့တိုင် တောက်ပြောင်စေနိုင်သည့် ကြီးမားလှသည့် အကျိုးတရားကြီးဖြစ်နေပါသည်။

(ခ) ကြည်ညိုဖွယ်တရား။ ။ပိဋကသုံးသွယ်နိကာယ်ငါးရပ်ထဲမှ အရေးအပါဆုံး တရားကို ထုတ်ပြပါဆိုလျှင် “အပ္ပမာဒ” တရားကိုထုတ်ပြရပေလိမ့်မည်။ အပ္ပမာဒတရားဟူသည်မှာ “အပ္ပမာဒေန သမ္ပာဒေထ=မေ့လျော့ပေါ့ဆမနေကြပဲ အကျိုးတရားနှင့်ပြည့်စုံစေကြ” ဟူသည့် တရားပင်ဖြစ်သည်။

မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် ယင်းအပ္ပမာဒတရားကို နေ့စဉ်နေ့တိုင်း ဆွမ်းဘုန်းပေးပြီး ဂန္ဓကုဋိတိုက်ခန်းတွင်းသို့ ဝင်ခါနီး၌ ဟောတော်မူသည်။ အခြားတရားတော်များကို တကြိမ်သော်လည်းကောင်း နှစ်ကြိမ်သော်လည်းကောင်း အကြိမ်သတ်မှတ်ရနိုင်အောင် ဟောတော်မူပေလိမ့်မည်။ သို့သော် အကြိမ်သတ်မှတ်မရအောင် နေ့စဉ်နေ့တိုင်းကား ဟောတော်မူမည်မဟုတ်ပါလေ။ ဤအပ္ပမာဒတရားတော်ကိုမူကား အကြိမ်ပိုင်းခြားသတ်မှတ်၍ မရအောင် နေ့စဉ်နေ့တိုင်းဟောတော်မူသည်။

ဤအချက်ကိုထောက်ဆ၍ အပ္ပမာဒတရားသည် မည်မျှအရေးပါ အရာရောက်သည့်တရား ဖြစ်ကြောင်းသိနိုင်ပေသည်။

ထို့ပြင် ဤအပ္ပမာဒတရားတော်ကို ပရိနိဗ္ဗာန်ဝင်စံတော်မူခါနီး၌ မိမိတပည့်သား ရဟန်းများအား အရေးပါသည့် နောက်ဆုံး မှာတမ်းအဖြစ် ဟောကြားတော်မူခဲ့သည်။ ဤအချက်သည်လည်း အပ္ပမာဒတရားသည် မည်မျှအရေးပါအရာရောက်ကြောင်းကို သိသာထင်ရှားစေပေသည်။

မှန်လှ၏၊ လူကြီးမိဘဆရာသမားများသည် မိမိတို့သိရှိထားသည့် အရေးကြီးသည့် အကြောင်းအရာများကို လူငယ်သားသမီး တပည့်များအား မိမိတို့သေဆုံးခါနီး၌ ပြောဆိုမှာထားလေ့ရှိတတ်ကြသည်။ လူငယ်သားသမီးတပည့်များကလည်း ယင်းသို့ သေခါနီးကာလ မှာတမ်းစကားများကို လေးလေးစားစား လိုက်နာကျင့်သုံး ဆောင်ရွက်ကြရပေသည်။

“မမေ့လျော့ မပေါ့မဆပဲ အကျိုးတရားကို ပြည့်စုံအောင် ကျင့်သုံးကြပါ” ဟူသောမှာတမ်းသည် လောကီရေး လောကုတ္တရာရေး အရေးအမျိုးမျိုး၌ လိုအပ်သောအကြောင်းတရပ် ဖြစ်ပေသည်။ မေ့လျော့ပေါ့ဆနေလျှင် မည်သည့်အလကား တရားမျှ ရနိုင်ကြမည်မဟုတ်ချေ။

ပညာပါရမီ ဓာတ်ခံရင့်သန်သူများသည် ယင်းအပ္ပမာဒတရားကို ကြားလိုက်ရလျှင်ပင် “တယ်ပြည့်ဝကောင်းမွန်သည့် တရားပေတကား” ဟု ဘွားကနဲ ထိုးထွင်းသိမြင်နိုင်ကြပေသည်။ သီရိဓမ္မာသောကမင်းနှင့် အနော်ရထာမင်းတို့သည် သာသနာပြုနိုင်မည့် သာသနာ့ဒါယကာလောင်းများ ဖြစ်သောကြောင့် အပ္ပမာဒတရားတော် တဂါထာကိုမျှ ကြားလိုက်ရလျှင်ပင် တရားသိမြင် ဗုဒ္ဓဘာသာဝင်များ ဖြစ်သွားကြလေသည်။ ဓမ္မပဒအဋ္ဌကထာ၌လည်း ဤ အပ္ပမာဒဂါထာကို ကြားနာရသောကြောင့် သတ္တဝါပေါင်းများစွာ သောတာပန် တည်ခြင်း စသောအရိယာပုဂ္ဂိုလ်များ ဖြစ်သွားကြပေသည်။ (ဓမ္မ၊ဋ္ဌ၊၁၊ နှာ-၁၄၇။ ဤသရုပ်ပြဓမ္မပဒကျမ်း နှာ-၃၆)

ဤသည်မှာ ပါဠိမြန်မာသမိုင်း မှတ်တမ်းများအရ အပ္ပမာဒဂါထာတော်၏ ကြည်ညိုဖွယ်ရာဖြစ်သည့် ထင်ရှားသောသာဓကမျှသာ ဖြစ်သေးသည်။ ယင်းအပ္ပမာဒဂါထာတော်ကား ဓမ္မပဒပါဠိဘော်ဂါထာနံပါတ် (၂၁)ဖြစ်သည်။ ဤကျမ်းစာမျက်နှာ (၃၆)၌ ပါရှိပေသည်။ သမိုင်းမှတ်တမ်း မတင်နိုင်ခဲ့သည့် ဖြစ်ရပ်များသည်လည်း များစွာပင် ရှိနိုင်ပေလိမ့်ဦးမည်။ အခြား အခြားသော အပ္ပမာဒဂါထာကဲ့သို့ပင် စွမ်းရည်ထက်မြက်သည့် ဂါထာပေါင်း လေးရာနှစ်ဆယ့်နှစ် (၄၂၂)ဂါထာ ရှိပေသေးသည်။ ယင်းဂါထာများကလည်း ကြည်ညိုဖွယ်ကို ဆောင်၍ သတ္တဝါပေါင်းများစွာ လူပေါင်းများစွာကို အကျိုးတရားကြီးမားစွာ ပြုခဲ့ကြောင်းကို ဓမ္မပဒအဋ္ဌကထာကျမ်း၌ မှတ်တမ်းတင်ထားခဲ့ပေသည်။

ဓမ္မပဒပါဠိတော်

ဖော်ပြခဲ့သည့် ကြည်ညိုဖွယ်ကို ဆောင်နိုင်၍ သတ္တဝါပေါင်းများစွာ လူပေါင်းများစွာအား အကျိုးတရားကြီးမားများပြားစွာ ရစေနိုင်သည့် အပ္ပမာဒဂါထာတော်အပါအဝင် ဂါထာပေါင်း (၄၂၃)ဂါထာတို့၏ တည်ရာ မူရင်းကျမ်းမှာ ဓမ္မပဒပါဠိတော်ကျမ်းဖြစ်ပါသည်။

ဓမ္မပဒပါဠိတော်သည် ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်တွင် သုတ္တန္တပိဋက ခုဒ္ဒကနိကာယ်တွင် အပါအဝင်ဖြစ်ပါသည်။ ခုဒ္ဒကနိကာယ်၌ ကျမ်းပေါင်း (၁၉)ကျမ်း ရှိရာတွင် ဒုတိယကျမ်းစာဖြစ်ပါသည်။

ဓမ္မပဒ-ဟူသည် (ဓမ္မ=တရားတော်တို့၏+ပဒ=အပေါင်းအစု)တရားတော် အပေါင်းအစုဟု အဓိပ္ပာယ်ရပါသည်။ တရားပဒေသာ တရားညွန့်ပေါင်းကျမ်း ဟူ၍လည်း ခေါ်ဆိုသင့်ပါသည်။ မှန်ပါသည်၊ ဤဓမ္မပဒကျမ်းကြီး၌ လောကုတ္တရာ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားများဆိုင်ရာ တရားများလည်း ပါဝင်ဟောကြားထားပါသည်။ ယင်း လောကုတ္တရာတရားတော်ကို ဦးတည်၍ လူမှုရေး ကြီးပွားရေး စီးပွားရေး ပညာရေး ကျန်းမာရေးစသည့် လောကီရေးရာ အကျိုးကျေးဇူးများစွာ ဖြစ်နိုင်သည့် တရားတော်များကိုလည်း ထည့်သွင်းဟောကြားထားပါသည်။ ထို့ကြောင့် “ဓမ္မပဒ”ဟူသော ပါဠိဘာသာအမည်ကို

၁။ တရားတော်အစုအပေါင်းကျမ်းကြီး၊
၂။ တရားတော်အစုအပုံကျမ်းကြီး၊
၃။ တရားတော်ပဒေသာပင်ကျမ်းကြီး၊
၄။ တရားတော်ညွန့်ပေါင်းကျမ်းကြီး၊
၅။ တရားတော်ပေါင်းချုပ်ကျမ်းကြီး၊
၆။ တရားတော်ဘဏ်တိုက်ကျမ်းကြီး-

ဟူ၍ မြန်မာပြန်အမည်ပေး၍ လေးလေးနက်နက် ခေါ်ဆိုသင့်ပါသည်။

ယင်းသို့ အမည်ပေးရန် သင့် မသင့်ကို စာရှုသူတို့ ဝေဖန်နိုင်စေရန်အတွက် အချို့ အနက် အနည်းအကျဉ်းမျှကို မြည်းကြည့်ရုံကလေးအဖြစ် တင်ပြပါအံ့။

၁။ စိတ်သာရှင်စောဘုရားဟော

စိတ်သာရှင်စောဘုရားဟော-ဟူ၍ မြန်မာ့ရိုးရာအစဉ်အလာ ပြောဆိုသုံးစွဲခဲ့သည့် စကားတခွန်းရှိသည်။ ယင်းစကားမှာ ကိုယ်ကဘာလုပ်လုပ်၊ နှုတ်ကဘာပြောပြော စိတ်သဘောကသာ အဓိကဖြစ်သည်ဟု ပြောဆိုလိုရင်း ဖြစ်သည်။

အဘိဓမ္မာနည်းအရဆိုလျှင် ကောင်းသည့်စိတ်နှင့် မကောင်းသည့်စိတ်များ ဖြစ်ပေါ်လာပြီးလျှင် ယင်းစိတ်များ၏ ဇောအရှိန်အဟုန်ကြောင့် ကာယဝိညတ်ရုပ်များနှင့် ဝစီဝိညတ်ရုပ်များ ဖြစ်ပေါ်လာကြရသည်။ ကာယဝိညတ်ရုပ်များ ဝစီဝိညတ်ရုပ်များမှ တဆင့်တက်၍ စတုဇမဟာဘုတ်လေးပါး, ဥပါဒိန္နက အနုပါဒိကရုပ်များ အဆင့်ဆင့်ဖြစ်ပေါ်လာရသည်။ ယင်းရုပ်များမှတဆင့် အခြားလူများမြင်ရသည့် ကောင်း မကောင်းသော ကိုယ်အမူအရာရုပ် ကြားရသည့် ကောင်းမကောင်းသော အသံအမူအရာရုပ်များဖြစ်ပေါ်လာရသည်။ ယင်း ကောင်း မကောင်းသော ကိုယ်အမူအရာရုပ်နှင့် ကောင်း မကောင်းသော အသံအမှုအရာရုပ်များကို မြင်ကြရမှသာ ကြားကြရမှသာ “ဤလူ ကောင်းရာကို လုပ်သည်၊ မကောင်းရာကိုလုပ်သည်၊ ကောင်းရာကိုပြောသည်၊ မကောင်းရာကို ပြောသည်”ဟူ၍ အခြားလူများ ဆုံးဖြတ်နိုင်ကြသည်။

ယင်းကောင်း မကောင်းလုပ်မှ ကောင်း မကောင်းပြောမှုများသည် မူလအခြေခံပဓာနအားဖြင့် ကောင်းသောစိတ်နှင့် မကောင်းသောစိတ်များက အရင်းခံစတင်လာသည်ကို ဤနည်းအရ မှန်းဆသိမြင်နိုင်ကြသည်။ ဤနည်းမှာ အဘိဓမ္မာနည်းဖြစ်သည်။ ယင်းသို့ အဘိဓမ္မာနည်းအရလည်း စိတ်သာရှင်စော ဘုရားဟောဟူသော မြန်မာ့ရိုးရာစကား မှန်ကန်ပုံကို သိနိုင်သည်။

သုတ္တန်နည်းအရ ပြပါဆိုလျှင် ဓမ္မပဒပါဠိတော် ဂါထာနံပါတ် (၁)နှင့် ဂါထာနံပါတ်(၂) မနောပုဗ္ဗင်္ဂမာချီဂါထာနှစ်ပုဒ်ကို ထုတ်ပြရမည် ဖြစ်ပေသည်။ မှန်ပါသည်၊ ယင်း မနောပုဗ္ဗင်္ဂမာချီဂါထာနှစ်ပုဒ်တို့တွင်-

(၁) နံပါတ်ဂါထာဖြင့်“နာမ်တရားတို့တွင် စိတ်သည်သာလျှင် ဦးဆောင်သည်၊ စိတ်သည်သာလျှင် ကြီးမှူးသည်၊ စိတ်ကြောင့်သာဖြစ်သည်၊ ပြစ်မှားဖျက်ဆီးလိုသောစိတ်ဖြင့် ပြောဆိုလျင် လုပ်ကိုင်လျှင် လှည်းဆွဲနွားနောက်သို့ လှည်းဘီးလိုက်သကဲ့သို့ ထိုပြစ်မှားပြောဆို လုပ်ကိုင်သူနောက်သို့ မကောင်းကျိုးဆင်းရဲတားများ လိုက်တတ်သည်” ဟု ပြဆိုသည်။

(၂) နံပါတ်ဂါထာဖြင့် “နာမ်တရားတို့တွင် စိတ်သည်သာလျှင် ဦးဆောင်သည်၊ စိတ်သည်သာလျှင် ကြီးမှူးသည်၊ စိတ်ကြောင့်သာဖြစ်သည်၊ ကြည်လင်သောစိတ်ဖြင့် ပြောဆိုလျှင် ပြုလုပ်လျှင် လူကောင်၏ နောက်သို့ လူရိပ်လိုက်သကဲ့သို့ ထိုကြည်လင်စွာ ပြောဆိုပြုလုပ်သူ၏ နောက်သို့ ကောင်းကျိုးချမ်းသာတရားများ လိုက်တတ်သည်” ဟု ပြဆိုသည်။

ဤသို့ စိတ်သာရှင်စော ဘုရားဟော ဟူသော မြန်မာ့ဆိုရိုးစကားသည် အဘိဓမ္မာနည်းအရ ဖြစ်စေ သုတ္တန်နည်းအရဖြစ်စေ မှန်ကန်နေကြောင်း သိမြင်နိုင်ကြပေသည်။ ယင်းသို့သိရခြင်းကြောင့် စိတ်သာရှင်စော ဘုရားဟောဟူသော မြန်မာ့ဆိုရိုးစကားအရ စိတ်ချလက်ချ လိုက်နာကျင့်သုံးနိုင်ကြပေသည်။

ဓမ္မပဒ ပါဠိတော်လာ ယင်းဂါထာနှစ်ပုဒ်ကို ဤသရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၃-မှ ၉-အထိ) တွင် အကျယ်လေ့လာဖတ်ရှု နိုင်ပါသည်၊

၂။ ဘေးရန်ကင်းဝေးနေနိုင်ရေး

ကျမ်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးကင်းပါစေ၊ ရန်ရှင်းပါစေ ဟူ၍ ရှေးအစဉ်အလာအားဖြင့် လူကြီးသူမများ ဆုမွန်ကောင်း ပေးလေ့ရှိကြသည်။ ဤစကားရပ်များတွင် ရန်ရှင်းစေရန်မှာ ရန်ကိုရန်ချင်း မတုံ့လျှင်းနှင့် ဟူ၍ လည်းကောင်း၊ ရန်မလိုမှ ရန်ပြိုသည်, ရန်လိုလျှင် ရန်ပိုကတ်သည် ဟူ၍ လည်းကောင်း ရှေးမြန်မာလူကြီးသူမများ၏ ပြောဆိုဆုံးမချက် စကားများအရ လိုက်နာကျင့်သုံးနိုင်ကြပါလျှင် ရရှိခံစားနိုင်သည့် အကျိုးတရားဖြစ်ပေသည်။

ယင်း ရန်ကို ရန်ချင်း မဘုံလျှင်းနှင့် ဟူသောစကားနှင့် ရန်မလိုမှ ရန်ပြိုသည် ရန်လိုလျှင် ရန်ပိုတတ်သည် ဟူသောစကားတို့မှာ ရန်စတခု ဖြစ်ပေါ်လာလျှင် ပြန်၍ ရန်မမူခြင်းဖြင့် ယင်းရန်စ ငြိမ်းအေးသွားနိုင်ကြောင်း ညွှန်ပြသည့် အဓိပ္ပာယ်ကို ဆောင်ပေသည်။ ဤသို့ရှေးလူကြီးများ ညွှန်ပြဆုံးမသည်မှာ ဓမ္မပဒကျမ်းလာ (ဂါထာနံပါတ် ၃-၄ ၅-ဂါထာဘို့)နှင့် တပြေးတည်း ညီညွတ်လှပေသည်။

ယင်းဂါထာလေးပုဒ်တို့မှာ-

၃။ ဤသူသည် ငါ့ကိုစိတ်ဆိုးပြီ၊ ငါ့ကိုညှဉ်းဆဲပြီ၊ ငါ့ကိုအနိုင်ယူပြီ ငါ့ပစ္စည်းကို ယူပြီဟူ၍ ရန်ငြိုးဖွဲ့နေလျှင် ရန်မငြိမ်းနိုင်။

၄။ ဤသူသည် ငါကိုစိတ်ဆိုးပြီ၊ ငါ့ကိုညှဉ်းဆဲပြီ၊ ငါ့ကိုအနိုင်ယူပြီ၊ ငါ့ပစ္စည်းကိုယူပြီဟု ရန်ငြိုးမထားမှသာ ရန်ငြိမ်းသည်။

၅။ ရန်သူကို ရန်လိုလျင် ရန်ပိုသည်။ ရန်မလိုမှ ရန်ပြိုသည်၊ ဤသည်မှာ ရှေးသူတော်စင်တို့၏ လမ်းစဉ်ဖြစ်သည်-

ဟူသော အဓိပ္ပာယ်ကို ပြဆိုသည့် ဂါထာများဖြစ်သည်။

ယင်း ဂါထာသုံးပုဒ်ကို အနက်ပြန်၊ စကားပြေ မြန်မာပြန်၊ ခက်ဆစ်ပုဒ်ပါဌ် ရှင်းချက်၊ ခက်ဆစ်အဓိပ္ပာယ် ရှင်းချက်များနှင့်တကွ ဤသရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၉-မှ-၁၄-အထိ) ၌ အကျယ်ရှင်းလင်းရေးပြထားသည်ကို လေ့လာ ဖတ်ရှုနိုင်ပေသည်။

၃။ ကြီးပွားချမ်းသာရေး

လောက၌ ကြီးပွားချမ်းသာရန် လိုအပ်လှပါသည်။ ယင်းသို့လိုအပ်သော ကြောင့်ပင်လျှင် ကြီးပွားချမ်းသာရန်အတွက် ပုပုရွရွ ကြီးကြီးငယ်ငယ် အရွယ်မရွေး လှုပ်ရှားသွားလာနေကြပါသည်။ လောကီကြီးပွားချမ်းသာသူများသည်သာ အများအားဖြင့် လောကုတ္တရာချမ်းသာသုခကို ရရှိကြသည်ကများပေသည်။ မြတ်စွာဘုရားလက်ထက်တော်အခါက သာဝတ္ထိပြည်၌ လူပေါင်း (၇) ကုဋေ ရှိရာတွင် ကြီးပွားချမ်းသာနေသူ လူပေါင်း(၅)ကုဋေက တရားထူး တရားမြတ် ရနေကြောင်းကို ဓမ္မပဒအဋ္ဌကထာ စာမျက်နှာ (၄)၌ ပြဆိုထားပါသည်။

မြတ်စွာဘုရား၏ထံတော်အနီး၌ အမြဲရှိနေသည့် အဂ္ဂသာဝကကြီးနှစ်ပါးဖြစ်သည့် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့ကိုကြည့်ပါ၊ မြို့စားရွာစား သဌေးသားကြီးများ ဖြစ်တော်မူကြပါသည်။ အရှင်မဟာကဿပကို ကြည့်ပါ၊ သဌေးသားကြီး သဌေးကလေးဖြစ်ပါသည်။

ယခုမျက်မှောက်လောကကိုကြည့်ပါလျှင်လည်း မည်သည့်တန်ခိုးကြီးသည့် ဆရာတော်ကြီး ကြွလာသည်ဆိုလျှင် ပစ္စည်းဥစ္စာကြွယ်ဝ၍ ကြီးပွားချမ်းသာသူများက လှူနိုင်ကြ တန်းနိုင်ကြ၏၊ အနီးအပါးချဉ်းကပ်၍ တရားနာနိုင်ကြ၏၊ လွတ်လွတ်လပ်လပ် တရားကိုကျင့်သုံးပွားများနိုင်ကြ၏။

ဤသို့သော အကြောင်းများကြောင့် လောက၌ ကြီးပွားချမ်းသာရန် အလှန်လိုအပ်လှပေသည်။ ယင်း လိုအပ်သော ကြီးပွားချမ်းသာရေးကို ရရှိရန် နည်းကို ဓမ္မပဒပါဠိတော်ဂါထာ နံပါတ်(၂၄)၌ ဟောကြားထားပေသည်။ ယင်း ဂါထာမှာ-

(၁) လုံ့လဝီရိယရှိခြင်း၊
(၂) သတိရှိခြင်း၊
(၃) ကိုယ်နှင့်နှုတ် စင်ကြယ်မှုရှိခြင်း၊
(၄) ဉာဏ်ဖြင့် ဆင်ခြင်နှိုင်းဆပြုလုပ်ခြင်း၊
(၅) ကိုယ်နှင့်နှုတ်ကို စောင့်ထိန်းခြင်း၊
(၆) တရားနှင့်အညီ အသက်မွေးခြင်း၊
(၇) မေ့လျော့ ပေါ့ဆမှု မရှိခြင်း-

ဟူသော အင်္ဂါ ခုနစ်မျိုးနှင့် ပြည့်စုံလျှင် ကြီးပွားချမ်းသာ၍ အခြွေအရံနှင့် ပြည့်စုံ ကျော်စောနိုင်ကြောင်း ပြဆိုထားပေသည်။

ဤ ကြီးပွားချမ်းသာခြင်း လမ်းညွှန်ဂါထာကို ဤသရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၄၄-၄၅တို့)၌ အကျယ် အနက် အဓိပ္ပာယ် ခက်ဆစ်ရှင်းချက်နှင့်တကွ လေ့လာဖတ်ရှုနိုင်ပါသည်။

၄။ မမေ့လျော့မပေါ့ဆခြင်းအကျိုး

ဤနိဒါန်း အစချီစဉ်ကပင် သီရိဓမ္မာသောကမင်းကြီး ဗုဒ္ဓဘာသာကို သက်ဝင် ကြည်ညိုသွားကာ ပျက်စီးပျောက်သုဉ်းလုနီးနီးဖြစ်နေသော သာသနာတော်ကြီးကို တတိယသံဂါယနာတင်၍ ထွန်းလင်းတောက်ပစေခဲ့ပုံနှင့် မြန်မာပြည် ပုဂံခေတ်တွင် ဗုဒ္ဓဘာသာ ရဟန်းတုရဟန်းယောင်များ မတရား မင်းမူနေမှုကို ဖြိုခွင်းကာ အနော်ရထာမင်းကြီးသည် ဗုဒ္ဓသာသနာတော်ကို ပြုစုတော်မူခဲ့သောကြောင့် ယနေ့အထိ ဗုဒ္ဓသာသနာတော်ကြီး တည်ရှိနေခြင်း ဖြစ်ပုံများကို ဖော်ပြပြီးလျှင်-

ယင်းသို့ သာသနာတော် ထွန်းလင်းတောက်ပလာရသည်မှာ နိဂြောဓသာမဏေနှင့် အရှင်အရဟံတို့ ဟောပြသည့် ဓမ္မပဒကျမ်းနံပါတ် (၂၁)အပ္ပမာဒဂါထာ၏ အစွမ်းထက်မြက်မှုကြောင့်ဖြစ်ကြောင်း နိဒါန်းစခဲ့သည်ကို စာရှုသူများ မှတ်မိလိမ့်ဦးမည်ဟု ထင်ပါသည်။

ယင်း အပ္ပမာဒ ဂါထာသည် ဓမ္မပဒပါဠိတော် အပ္ပမာဒဝဂ်လာ ပထမဆုံး ဂါထာမျှသာဖြစ်ပါသည်၊ ယင်းဂါထာကဲ့သို့ပင် မေ့လျော့ပေါ့ဆခြင်းအပြစ် မမေ့လျော့ မပေါ့ဆခြင်းအကျိုးတရားများကို နည်းအမျိုးမျိုးဖြင့် ပြဆိုသည့် ဂါထာများစွာပင် ရှိပါသေးသည်။ ဤနိဒါန်းအစမှာ ချီးကျူးဖော်ပြခဲ့သည့် အပ္ပမာဒတရားတော်ဂါထာနှင့် အခြား အပ္ပမာဒတရားတော်ဂါထာများကို အနက် မြန်မာပြန် ခက်ဆစ်ရှင်းလင်းချက်များနှင့်တကွ ဤသရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၃၆မှ ၅ဂအထိ)၌ လေ့လာဖတ်ရှုနိုင်ပါသည်။

၅။ စိတ်ကိုနိုင်မှ ချမ်းသာရမည်

အခက်အခဲနှင့် ကြုံတွေ့နေရသည့် ရဟန်းတော်ကလေးတပါး ရှိခဲ့ဖူးသည်။ မြတ်စွာဘုရားလက်ထက်တော်အခါက ဖြစ်သည်။ ခက်ရပုံမှာ ဤသို့ဖြစ်သည်-

ကိုယ်တော်ကလေးနေသည့်ကျောင်း၏ ပစ္စည်းလေးပါး ဒါယိကာမကြီးသည် ကိုယ်တော်ကလေးစိတ်ထဲမှ “ဘာကိုစားချင်သည်”ဟု တောင့်တလိုက်လျှင် တောင့်တသည့်အစာကို လာ၍ဆက်ကပ်သည်။ “ဘာပစ္စည်းကလေးရှိလျှင် ကောင်းမှာပဲ”ဟု တောင့်တလိုက်လျင် လိုသောပစ္စည်းကို လာ၍ပို့သည်။ အစကတော့ ကိုယ်တော်ကလေးစိတ်ထဲမှာ “တယ်နိပ်ပါလား” ထင်မိသည်။ ကြာလာသောအခါ ကိုယ်တော်ကလေး စိတ်ကူးသမျှကို ဒါယိကာမကြီးက သိပြီး လာလာပို့နေ၍ ကိုယ်တော်ကလေး ကြောက်လာသည်။ “ဒီလိုသာ စိတ်ထဲတွေးတိုင်း ကြံတိုင်း သိမယ်ဆိုလျှင်တော့ ခက်ချေပြီ၊ စိတ်ဆိုသည်မှာ ဟိုတွေးဒီတွေး တွေးမိတတ်လှ၏။ ဒီလိုနေလို့တော့ မဖြစ်ဘူး ”ဟု တွေးပြီး မြတ်စွာဘုရားထံသွား၍ ဖူးမြော်ဦးချကာ မိမိကြုံတွေ့ရသည့် အခက်အခဲကို ရင်ဖွင့် လျှောက်ထားလိုက်တော့သည်။

ဤတွင် မြတ်စွာဘုရားက “ရဟန်း စိတ်ဟူသည်မှာ နှိမ်နင်းရန်ခက်၏၊ ဖြစ်လွယ် ရောက်လွယ်လျင်မြန်လှ၏၊ ကျချင်ရာကျ၊ရောက်ချင်ရာရောက်၊ ပေါက်ချင်ရာပေါက်-လိုသလို ကျရောက်နိုင်စွမ်းရှိ၏။ ဤသို့သဘောရှိသည့်စိတ်ကို နိုင်နင်းအောင် ဆုံးမနိုင်မှ ကောင်းသည်။ ဆုံးမ၍ ယဉ်ကျေးသည့်စိတ်သည် ချမ်းသာကို ဆောင်ရွက်နိုင်ပေသည်”ဟု ဓမ္မပဒဂါထာနိပါတ် (၃၅)ကို ဟောတော်မူသည်။ ရဟန်းငယ်ကလေးလည်း မြတ်စွာဘုရားဆုံးမချက်ကို နာကြားရသောကြောင့် မကြာမီ ရဟန္တာဖြစ်သွားလေသည်။

ဤသည်မှာ စိတ်ကို နိုင်၍ ချမ်းသာတွေ့ရခြင်းဖြစ်သည်။ ဤကဲ့သို့သော စိတ်သဘောပြ၍ စိတ်ကို ဆုံးမခြင်း အကျိုးပြတရားတော်များသည် ဓမ္မပဒပါဠိတော် စိတ္တဝဂ်၌ များစွာပင်ရှိပါသည်။

ယင်းသို့ စိတ်သဘောပြ၍ စိတ်ကိုဆုံးမသည့် နည်းများကို ဟောသည့် ဂါထာများကို ဤသရုပ်ပြ ဓမ္မပဒကျမ်း၌ အနက် မြန်မာ စကားပြေ ခက်ဆစ် အဓိပ္ပာယ်ရှင်းလင်းချက်များနှင့်တကွ (စာမျက်နှာ ၅၉မှ ၇၄-အထိ) ရေးသားထားပေသည်။ သုတေသီတို့ ဖတ်ရှု လေ့လာသင့်လှပေသည်။

၆။ အောင်မြင်သည့် ဆုံးမနည်း

နိဒါန်းရေးသူနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေတဦးရှိပါသည်။ သူသည်ထင်ပေါ်ကျော်ကြားသည့် စာရေးဆရာကြီးတဦး ဖြစ်ပါသည်။ ခေတ်မီသော အသိအမြင်လည်းရှိပါသည်။ ခေတ်မီသူ ပညာရှင်တဦးဖြစ်သောကြောင့် ဆေးလိပ်သောက်ခြင်း စီးကရက်သောက်ခြင်း အပြစ်ကို မြင်ပါသည်။ အခြား သာမန်လူများထက် အဆများစွာပို၍ သိမြင်ပါသည်။ ယင်းသို့သိမြင်သောကြောင့် မိမိ၏ရင်သွေးများကို ဆေးလိပ်မသောက်ရန် စီးကရက်မသောက်ရန် ဆုံးမသည်။ တားမြစ်သည်၊ သောက်လျှင် ဘာလုပ်မည် ညာလုပ်မည် ခြိမ်းခြောက်သည်။ သို့သော် မရ။ “အဖေကတော့ ဘာကြောင့် သောက်ရသလဲ”ဟု ထောက်ပြ ဆင်ခြေ ပေးသည်။

“ဟဲ့ငါက မသိတတ်သေးတဲ့ အရွယ်က သောက်ခဲ့လို့တဲ့၊ စွဲနေပြီ၊ ဖြတ်လို့ မရဘူး” ပြောသော်လည်း မရ၊ ကလေးများ သောက်မြဲ သောက်ကြသည်။ ရှူမြဲ ရှူကြသည်။ ယင်းသို့ အခက်အခဲ ဖြစ်နေပေရာ မိမိရင်သွေး ကလေးများ ကျန်းမာရေး ချမ်းသာရေးကို မျှော်တွေး၍ သူကိုယ်တိုင်ငယ်စဉ်က စွဲနေခဲ့သည့် ဆေးလိပ် စီးကရက် သောက်ခြင်းကို ဆင်းဆင်းရဲရဲ ခဲခဲယဉ်းယဉ်းဖြင့် ဖြတ်လိုက်ရသည်။ မိမိက ပထမဦးစွာ ဆေးလိပ်နှင့်စီးကရက်ကို ပြတ်ပြီးမှ ကလေးငယ်များကို ဆေးလိပ်နှင့်စီးကရက်မသောက်ရန် တားမြစ်သောအခါ ကျမှ ကလေးငယ်များလည်း ဆေးလိပ်နှင့်စီးကရက်ကို မသောက်ပဲ ဆုံးမသည့်အတိုင်းလိုက်နာကြောင်းကို မိတ်ဆွေစာရေးဆရာကပြောဆိုသည်ကို မှတ်သားမိဖူးသည်။

ဆုံးမသည့်အတိုင်း လိုက်နာစေနိုင်သည့်နည်းကို ဓမ္မပဒပါဠိတော်၌ မြတ်စွာဘုရား ဟောကြားတော်မူထားပါသည်။ မိတ်ဆွေစာရေးဆရာ သူ၏ရင်သွေးများကို ဆေးလိပ်နှင့် စီးကရက်မသောက်ရန် ဆုံးမ၍ မအောင်မြင်ခဲ့သည်မှာ ဓမ္မပဒလာဘုရား ဟောနည်းနှင့် မကိုက်ညီသောကြောင့် ဖြစ်ပါသည်။ အောင်မြင်ခဲ့သည်မှာ ဓမ္မပဒလာ ဘုရားဟောနှင့် ကိုက်ညီသောကြောင့် ဖြစ်ပါသည်။

ယင်း ပြောဆိုဆုံးမ၍ အောင်မြင်စေနိုင်သည့် နည်းကို ဓမ္မပဒဂါထာ နံပါတ် (၁၅၈)၌–

ရှေးဦးစွာ မိမိကိုယ်တိုင်က သင့်လျော်စွာ ကျင့်သုံးပြီးမှ အခြားသူများကို ဆုံးမညွှန်ကြားပါ၊ မိမိကတော့မကျင့်သုံးပဲ သူတပါးကို ဆုံးမခြင်းဖြင့် အပင်ပန်းမခံပါနှင့်’

ဟူ၍ ညွှန်ကြားထားပေသည်။

ဤညွှန်ကြားချက် ဂါထာနှင့်တကူ အခြားအဖိုးတန် ညွှန်ကြားချက်ဂါထာများကို ဤကျမ်း(စာမျက်နှာ ၂၂၀. စသည်)၌ အနက်အဓိပ္ပာယ် မြန်မာ စကားပြေ ခက်ဆစ်အဖြေများနှင့်တကူ လေ့လာဖတ်ရှု နိုင်ကြပါသည်၊

၇။ အသက်ရှည်စွာ ကျန်းမာ ချမ်းသာရန်နည်း

လောကလူသားတိုင်းပင် အသက်ရှည်စွာ ကျန်းမာ ချမ်းသာလိုကြ၏။ ယင်းသို့ အသက်ရှည်စွာ ကျန်းမာရန်အတွက် နည်းအမျိုးမျိုးကို ငွေကုန်လူပန်းခံလျက် ရှာဖွေ စုဆောင်းကြသည်။ မှန်ပါသည်၊ လိုလည်းလိုအပ်သည့် တရားများဖြစ်ပါသည်။

လူ့လောက လူ့ဘဝ၌ပြုလုပ်ဆည်းပူးဖွယ်ရာလောကီကိစ္စအမျိုးမျိုးရှိပါသည်။ လောကုတ္တရာ ကိစ္စကလည်း အမျိုးမျိုးပင် ရှိကြပါသည်။ ယင်းကိစ္စအမျိုးမျိုးကို ပြည့်စုံအောင် စုဆောင်းဆည်းပူးပြုလုပ်နိုင်ရန်မှာ လူတို့၏ သက်တမ်းနှစ်ပေါင်း တရာရှိရာတွင် နှစ်သုံးဆယ် လေးဆယ်ခန့်မျှဖြင့် ပြည့်စုံရန်မလွယ်ကူပါ။ မမေ့မလျော့ မပေါ့မဆ သတိဝီရိယထား၍ နှစ်ပေါင်း ခုနစ်ဆယ် ရှစ်ဆယ်ခန့် ဆည်းပူးပြုလုပ်ရလျှင်ဖြင့် ပြည့်စုံကောင်း ပြည့်စုံလိမ့်မည်ဟု ထင်မှတ်ရပေသည်။

နှစ်ပေါင်းခုနစ်ဆယ် ရှစ်ဆယ်မျှဆိုသော်လည်း ယင်းနှစ်များအတွင်း ကိုယ်ရောစိတ်ပါကျန်းမာပါမှ ဆည်းပူးနိုင်မည်ဖြစ်သည်။ ခေါင်းခဲဆိုက်နာ ချူနာပါတ မကျန်းမာကြပါမူ ဘယ်လိုမှ ထိထိရောက်ရောက် ဆည်းပူးပြုလုပ်နိုင်မည် မဟုတ်ချေ။

ကျန်းမာပါသည် ဆိုပါမူလည်း စားရေးကကြပ်တည်း၊ ဝတ်ရေးကခက်ခဲဖြစ်နေ၍ ချမ်းသာသုခ မရှိကြပါလျှင်လည်း ပြည့်စုံအောင် ဆည်းပူးပြုလုပ်နိုင်မည် မဟုတ်၊ စားရေးဝတ်ရေး နေရေးထိုင်ရေး အဆင်ပြေ သင့်တင့်လှပါမှ ပြည့်ဝအောင် ဆည်းပူး ပြုလုပ်နိုင်ကြပေလိမ့်မည်။

ဤသို့ စသည့် အကြောင်းကြောင်းတို့ကြောင့် လုပ်သင့်လုပ်ထိုက်ဆည်းပူး စုဆောင်းထိုက်သည့် လောကီရေး လောကုတ္တရာရေးများကို ပြုလုပ်ဆည်းပူးနိုင်ကြရန်အတွက် အသက်ရှည်စွာ ကျန်းမာ ချမ်းသာရန်လိုအပ်လှပေသည်။

ယင်းသို့ လူ့လောကသားတို့အတွက် လိုအပ်သည့် အသက်ရှည်စွာ ကျန်းမာ ချမ်းသာရေးများကို ရနိုင်ရန်အတွက် ဓမ္မပဒပါဠိတော် ဂါထာနံပါတ်(၁၀၉)၌–

မိမိထက် အသက်ဂုဏ်သိက္ခာကြီးသူတို့အား အမြဲမပြတ် ရိုသေလေးစားမှု ပြုလုပ်လေ့ရှိသူတို့မှာ အသက်ရှည်ခြင်း အဆင်းလှပခြင်း ချမ်းသာခြင်း ကာယဗလဉာဏဗလရှိခြင်းဟူသော အကျိုးတရား လေးမျိုး တိုးပွားနိုင်ပေသည်…
ဟူ၍ နည်းပေးဟောကြားထားတော်မူပေသည်။

ယင်းဟောကြားတော်မူချက် ဂါထာနှင့်အခြားကောင်းမြတ်သည့် နည်းပေး ဟောကြားချက် ဂါထာများကို အနက် မြန်မာပြန် အဓိပ္ပာယ် ခက်ဆစ် ဂဏ္ဌိနှင့် တကွ ရေးသားပြဆိုသည်ကို သရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၁၆၅-စသည်)၌ ဖတ်ရှုမှတ်သား၍ကောင်းမြတ်သည့် အကျိုးတရားများကိုအရယူနိုင်ကြပါသည်။

၈။ လောက သဘာဝမှတ်တမ်း

“လောကမှာ ရွှေပိုင်းရောက်နေသူ တချို့က ညသုံးလုံးတွေဗျ။”

ရင်းနှီးသူမိတ်ဆွေတယောက်က ပြောပြသည့်စကား ဖြစ်ပါသည်။ မိတ်ဆွေပြောပြသည့် ယင်းစကားသည် အဓိပ္ပာယ်ကျယ်ဝန်းနက်နဲလှပေရာ သိသာအောင် အကျဉ်းမျှရှင်းပြပါမည်။ ညသုံးလုံးဟူသည်မှာ-
၁။ ညစ်သောလူ၊
၂။ ညာသောလူ၊
၃။ ညံ့သောလူ-
ဟူ၍ ညသုံးလုံးဖြစ်ပါသည်။ ယင်းညသုံးလုံးတို့တွင် –

၁။ ညစ်သောလူဟူသည်မှာ ရိုးသားကောင်းမွန်သည့် လူများစုအပေါ် ညစ်ညမ်းယုတ်မာစွာ ဉာဏ်နီဉာဏ်နက်အမျိုးမျိုးကို သုံးစွဲတတ်သူများကို ဆိုလိုပါသည်။ ထိုညစ်သောလူသည် သူ၏ညစ်ညမ်းသော ဉာဏ်နီဉာဏ်နက်များ အစွမ်းဖြင့် လိုရာပစ္စည်းကိုရအောင် လုပ်နိုင်စွမ်းရှိသည်။ လိုရာနေရာသို့ ရောက်နိုင်စွမ်း ရှိကြသည်။ ပစ္စည်းများများ ရနေကြသည်။ နေရာကောင်းသို့ ရောက်နေကြသည်။

၂။ ညာသောလူဟူသည်မှာ ရိုးသားကောင်းမြတ်သည့် လူများစုအား မျက်လှည့်ဆရာက ပရိသတ်ကို မျက်လှည့်ပြသကဲ့သို့ ညာတတ်လိမ်တတ်သော လူမျိုးကို ဆိုလိုပါသည်။ ထိုလူမျိုးသည် ညာတတ်လိမ်တတ်သည့် အစွမ်းဖြင့် လိုရာပစ္စည်းကို ရအောင်ယူတတ်သည်။ လိုရာနေရာသို့ရောက်အောင် သွားတတ်သည်။ ပစ္စည်းများများ ရနေကြသည်။ နေရာကောင်းသို့ ရောက်နေကြသည်။

၃။ ညံ့သောလူဟူသည်မှာ လူ့အရည်အသွေး လူ့ကျင့်ဝတ် တခုမျှပင် မကောင်းပဲ အစစအရာရာတို့၌ မသင့်တော်သည့် စိတ်ထားသဘောထား ညံ့ဖျင်းသူများကို ဆိုလိုပါသည်။ ထိုသူမျိုးသည်လည်း မိမိ၏ညံ့ဖျင်းသော အပြုအမူကို သုံးစွဲပြီး လိုရာပစ္စည်းရအောင် လုပ်တတ်သည်၊ လိုရာနေရာသို့ ရောက်အောင် သွားတတ်သည်။ ပစ္စည်းများများ ရနေကြသည်၊ နေရာကောင်းကောင်းသို့ ရောက်နေကြသည်။

ဤသို့လျှင် ညသုံးလုံးလူမျိုးအချို့တို့သည် ပစ္စည်းရှိနေကြသည်၊ နေရာကောင်းရောက်နေကြသည်။ သူတို့သည်တော်သည်မတော်သည် မဆင်ခြင်၊ သင့်သည် မသင့်သည် မစဉ်းစားပဲ ကိုယ်ရလျှင်ပြီးရော ကိုယ်ရောက်လျှင်ပြီးရော သဘောထားကာ ညသုံးလုံးအစွမ်းဖြင့် ရွှေတန်းသို့ ရောက်နေခြင်းဖြစ်ကြောင်း မိတ်ဆွေ၏ ရှင်းလင်းပြောပြချက်အရ သိရှိရပေသည်။ ဖော်ပြပါ မိတ်ဆွေဆရာကြီး၏ စကား၌ ရွှေတန်းရောက်နေသူ အားလုံးဟုမပြောသည်ကို သတိထားရန်သင့်ပေသေးသည်။

ဤသို့သော မဘော်မလျော်ဖြစ်ရပ်မျိုး လောကသဘာဝသည် ဤခေတ် ဤကာလမျိုးမှာမှ ဖြစ်ပေါ်သည်မဟုတ်ပါ၊ မြတ်ဗုဒ္ဓရှင်တော်ဘုရား လက်ထက်တော်အခါကလည်း ရှိခဲ့ပုံရပါသည်။ ယင်းသို့သော မတော်မလျော်ဖြစ်ရပ်မျိုးကို ရည်ရွယ်တော်မူ၍ ဓမ္မပဒပါဠိတော် ဂါထာ နံပါတ် ၂၄၄-နှင့် ၂၄၅-တို့၌—
၁။ အရှက်မရှိသူ၊
၂။ ရဲတင်းသည့် ကျီးကဲ့သို့ အတင်းထိုး နှိုက်တတ်သူ၊
၃။ သူတပါးကို ထိခိုက် ပုတ်ခတ်တတ်သူ၊
၄။ ဟန်ရေးပြကောင်းသူ၊
၅။ ကိုယ်နှုတ် ကြမ်းတမ်းသူ၊
၆။ ညစ်ညမ်းယုတ်မာသူ-
တို့သည် အရာရာတွင်ကျယ် အသက်မွေးချောင်လည်ကြသည်၊

၁။ အရှက်ကြီးမားသူ၊
၂။ စင်ကြယ်သည့်အလုပ်ကိုသာ ရှာဖွေသူ၊
၃။ နှမြောတွန့်တိုခြင်း မရှိသူ၊
၄။ ကိုယ်နှုတ်နှစ်ပါး သိမ်မွေ့နူးညံ့သူ၊
၅။ စင်ကြယ်စွာ အသက်မွေး နေထိုင်လိုသူ

တို့သည် အောက်ကျနောက်ကျ နေထိုင်စားသောက်ရေး ခက်တတ်ကြသည် ဟူ၍ ဟောကြားမှတ်တမ်းတင်ထားသည်မှာ အလွန်မှတ်သားဖွယ်ကောင်းလှပေသည်။

ဤသို့ မှတ်သားဖွယ်ရာ တရားဒေသနာတို့ကိုလည်း ဓမ္မပဒပါဠိတော်၌ ဟောကြားထားသည်ကို ဤသရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၃၁၀-မှ ၃၁၂အထိ) ၌ အကျယ်ရှင်းလင်းရေးပြထားပါသည်။

၉။ အနည်းစွန့်မှအများရ

“ချမ်းသာကြီးကြီးလိုချင်လျှင် ချမ်းသာကလေးတွေကို စွန့်ကြကွဲ့၊ဆင်းရဲကြီးတွေကြောက်လျှင် ဆင်းရဲကလေးတွေကို ခံကြကွဲ့”ဟူ၍ ရှေးမြန်မာပညာရှိ ဆရာတော်သမားတော်များက ဆုံးမတော်မူလေ့ရှိကြသည်။

ယင်းအဆုံးအမများသည် အလွန်မှန်ကန်လှပေသည်။ ဤလောက၌အမြတ်အစွန်းကို ရလို၍ ကုန်သည်လယ်လုပ် စီးပွားရှာကြရာ၌ အရင်းအနှီးငွေကြေး စိုက်ထုတ်စွန့်လွှတ်၍ စီးပွားရှာကြရသည်၊ သို့မှ အမြတ်အစွန်း ရ၍ကြီးပွားချမ်းသာကြသည်။ ဤ၌ငွေကြေးအရင်းအနှီး စိုက်ထုတ်စွန့်လွှတ်ရသည်။ လူအပင်ပန်းအဆင်းရဲခံ၍ သွားလာ လှုပ်ရှားရသည်။ ယင်းသို့ပြုလုပ်ခါမှသာလျှင် အမြတ်အစွန်းများရ၍ ကြီးပွားချမ်းသာ ကြရသည်။

လောကုတ္တရာ အကျိုးစီးပွားရှာရာ၌လည်း အစားအစာများကို ခြိုးခြံချွေတာစားသောက်၍ အဆင်းရဲခံရသည်၊ အအိပ်အနေခြိုးခြံ၍ အဆင်းရဲခံရသည်။ ညောင်းညာမှုဆင်းရဲခံ၍ တရားထိုင်ရသည်၊ ဤသည့် ချမ်းသာကလေးများကို စွန့်၍ မအိုမနာမသေရာ နိဗ္ဗာန် ချမ်းသာကိုရှာဖွေကြရသည်။ ဤသည့်ဆင်းရဲကလေးများကို ခံ၍ သံသရာဆင်းရဲကြီးမှ လွတ်အောင်လုပ်ကြရသည်။

ဤသို့သောအကြောင်းများကြောင့် ရှေးပညာရှိ ဆရာတော်သမားတော်ကြီးများ ဆုံးမချက်မှန်ကန်သည်ဟု ဆိုရမည်ဖြစ်သည်၊ ထိုထက်တိုး၍ ဓမ္မပဒပါဠိတော် ဂါထာနံပါတ် ၂၉၀-၌-

အနည်းငယ်မျှ ချမ်းသာကလေးကို စွန့်လွှတ်ခြင်းကြောင့် ကြီးမားများပြားသည့်ချမ်းသာကို ရမည်ကိုသိမြင်လျှင် အနည်းငယ်မျှသော ချမ်းသာကလေးများကို ပညာရှိသည် စွန့်လွှတ်ရမည်-

ဟူ၍ မိန့်ဆိုချက်နှင့် ကိုက်ညီလှသည်ကို တွေ့ရပြန်သောကြောင့် ရှေးမြန်မာပညာရှိများ၏ စကားတော်ကိုလိုက်နာကျင့်သုံး ထိုက်လှပေသည်၊ ဤသရုပ်ပြ ဓမ္မပဒကျမ်း စာမျက်နှာ(၃၅၂)၌ အနက်မြန်မာပြန် အဓိပ္ပာယ်ရှင်းလင်းချက်နှင့်တကွ ပြည့်ပြည့်ဝဝလေ့လာနိုင်ကြပေသည်။

ဤသည်တို့ကား ဓမ္မပဒပါဠိတော်ကြီး၌ ပါဝင်တည်ရှိနေသော မှတ်သားဖွယ် လိုက်နာကျင့်သုံးဖွယ်ရာ တရားဒေသနာ များစွာတို့အထဲမှ နိဒါန်းရေးသူ လက်လှမ်းမီသမျှ အနည်းအကျဉ်းမျှကို စာရှုသူတို့အား စာမြည်းအဖြစ် အကဲခပ် လေ့လာနိုင်ကြစေရန် ထုတ်ပြခြင်း ဖြစ်ပါသည်။ ဤမျှဖတ်ရှုရလျှင် ဤဓမ္မပဒပါဠိတော်၏အမည်ကို-
၁။ တရားတော် အစုအပေါင်းကျမ်းကြီး၊
၂။ တရားတော်အစုအပုံကျမ်းကြီး၊
၃။ တရားတော် ပဒေသာပင်ကျမ်းကြီး၊
၄။ တရားတော် ညွန့်ပေါင်းကျမ်းကြီး၊
၅။ တရားတော်ပေါင်းချုပ် ကျမ်းကြီး၊
၆။ တရားတော် ဘဏ်တိုက်ကျမ်းကြီး-
ဟု သတ်မှတ်၍ မြန်မာပြန်ဆို ခေါ်ဝေါ်ထိုက်ကြောင်း စာရှုသူတို့လက်ခံနိုင်လောက်ပြီဟု ယုံကြည်ပါသည်။

ဓမ္မပဒအဖွင့်နှင့် ဘာသာပြန်ကျမ်းများ

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တရားဘဏ်တိုက်ကျမ်းကြီး တဆူဖြစ်ခြင်း စသည့် ဂုဏ်ပေါင်းစုံလင်သည့် ဓမ္မပဒပါဠိတော်ကို ဘာသာဝေါဟာရ အမျိုးပေါင်းများစွာဖြင့် ဖွင့်ဆိုရေးသားပါသည်။ ယင်းဖွင့်ဆို ရေးသားထားသည်တို့မှာ လမင်းကြီး ထွန်းပ သာယာနေတုန်းတွင် ကြယ်တာရာများ စုရုံးဝန်းရံ နေကြသည့် ပုံတမျှ တင့်တယ်လှပစွာ တွေ့မြင်ရပါသည်။

ဓမ္မပဒအဋ္ဌကထာ

အထင်ရှားဆုံး ပါဠိဘာသာအဖွင့်ကျမ်းမှာ အရှင်ဗုဒ္ဓဃောသ ပြုစီရင်သည့် ဓမ္မပဒအဋ္ဌကထာ ကျမ်းကြီးဖြစ်ပါသည်။ ဓမ္မပဒတရားတော် ဂါထာတိုင်းကို ဟောရသည့်အကြောင်း နိဒါန်းဝတ္ထုကို အကျယ်တ၀င့် ဖွင့်ဆိုရေးသား၍ ပါဝင်သင့်သည့် အတိတ်ဝတ္ထုများကိုလည်း အလျဉ်းသင့်သလို ထည့်သွင်းဖွင့်ဆိုပါသည်။ ဂါထာတိုင်းရှိ ခက်ခဲသည့် ပုဒ်များကိုလည်း သဒ္ဒတ္ထ အဓိပ္ပာယတ္ထ ဝေါဟာရတ္ထ စသည်ဖြင့် ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ ဆဋ္ဌသံဂါယနာ အရွယ်ဖြင့်ပထမတွဲ ဒုတိယတွဲ နှစ်တွဲရှိပါသည်။

ဓမ္မပဒဟာဋီကာ

ဓမ္မပဒပါဠိတော်နှင့် ဓမ္မပဒအဋ္ဌကထာကျမ်းကို ခြုံ၍ ဖွင့်ဆိုသည့် ဓမ္မပဒမဟာဋီကာကျမ်းကို ရေစကြိုဆရာတော်ဟု ထင်ပေါ်ကျော်ကြားသည့် အရှင်ဝရသမ္ဗောဓိက ရေးသားစီရင်တော်မူပါသည်။ ဓမ္မပဒအဋ္ဌကထာ လိနတ္ထပကာသိနီဟု အမည်ပေးပါသည်။

ပါဠိဘာသာဖြင့် ဓမ္မပဒအဖွင့်ကျမ်းမှာ ဤနှစ်ဆူသာ နိဒါန်းရေးသူ တွေ့ရဖူးပါသည်။

အခြားဘာသာပြန် ဓမ္မပဒကျမ်းများ

ဓမ္မပဒပါဠိတော်ကျမ်းမှာ ဖော်ပြခဲ့သည့်အတိုင်း လေ့လာဖတ်ရှုဖူးသူများက မိမိတို့ဘာသာ မိမိတို့အမျိုးသားများကိုလည်း ဖတ်ရှုစေချင်သောကြောင့် ကမ္ဘာအရပ်ရပ် လူမျိုးများစွာတို့က မိမိတို့ဆိုင်ရာ ဘာသာသို့ ပြန်ဆိုခဲ့ကြလေရာ သက္ကတ၊ ဟိန္ဒီ၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ် စသည့် ဘာသာပြန်ကျမ်းများ ရှိကြောင်း သိရှိရပေသည်။

သီဟိုဠ်၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအို-ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံတို့ကလည်း မိမိတို့ဘာသာ အသီးသီး ပြန်ဆိုပြီးဖြစ်ကြောင်း သိရှိရသည်။

မြန်မာဘာသာပြန် ဓမ္မပဒကျမ်းများ

ထေရဝါဒ ဗုဒ္ဓဘာသာ သီဟိုဠ်၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ ဟူ၍ ငါးနိုင်ငံရှိပေရာ ယခုမျက်မှောက်ခေတ်တွင် မြန်မာနိုင်ငံက ဗုဒ္ဓသာသနာတော် အထွန်းကားဆုံး ဖြစ်သည်ကို လေ့လာတွေ့ရှိနိုင်ပေသည်။

ယင်းပြဆိုချက်ကို မြန်မာပြည်၌ နှစ်စဉ် အဘိဓဇနှင့် အဂ္ဂမဟာပဏ္ဍိတ ပုဂ္ဂိုလ်ကြီးများ၊ တိပိဋကဓရ ပုဂ္ဂိုလ်များ ပေါ်ထွက်နေခြင်း၊ သကျသီဟနှင့် စေတိယင်္ဂဏ စာအောင်ပုဂ္ဂိုလ်များ၊ ပထမပြန်နှင့် ဓမ္မာစရိယစာအောင် ပုဂ္ဂိုလ်များ၊ အဘိဓမ္မာစာအောင် ပုဂ္ဂိုလ်နှင့် မင်္ဂလာစာအောင် ပုဂ္ဂိုလ်များ ပေါ်ထွက်နေခြင်း၊ ပဋိပတ္တိဌာန သာသနာ့ရိပ်သာများ ရှိနေခြင်း၊ ဆဋ္ဌသံဂါယနာ တင်နိုင်ခြင်း၊ ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေး၊ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ကိုင်ဆောင်ရွက် အောင်မြင်ကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးနှင့် သံဃနာယကအဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းနိုင်ခြင်းတို့က ထင်ရှားဖော်ပြနေပေသည်။

ယင်းသို့ ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပနေသော မြန်မာပြည်၌ ပါဠိမြန်မာ ရဟန်းပညာရှိ လူပညာရှိကြီးများသည် ဓမ္မပဒပါဠိတော်ကို ဗုဒ္ဓဘာသာဝင် ရှင်လူအများ ဖတ်ရှုနားလည်ကြစေရန် နည်းအမျိုးမျိုးဖြင့် ရေးသား ဖွင့်ဆိုတော်မူခဲ့ကြပေသည်။ ပုရပိုက်စာ ပေစာများကိုထား၍ နိဒါန်းရေးသူ တွေ့ရှိရသမျှ စာအုပ်မူ ဓမ္မပဒ မြန်မာပြန်ကျမ်းများကို အကျဉ်းမျှ ဖော်ပြပါအံ့။

၁။ ဓမ္မပဒနိဿယ

ဓမ္မပဒပါဠိတော်ကို နိဿယနည်းဖြင့် မြန်မာပြန်၍ ဝတ္ထုနိဒါန်းအကျဉ်းချုပ်နှင့်အတူ “အဂ္ဂဓမ္မာလင်္ကာရ ကဝိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ သင်္ဂဇာ ဆရာတော်က ရေးသားစီရင်တော်မူသည်။

နိဂုံး၌ သက္ကရာဇ် ၁၂၀၈ ခုနှစ် ကျမ်းပြီးကြောင်း ဖော်ပြသည်။ ဒီမိုင်းအရွယ် တအုပ်တည်းဖြင့် ကျမ်းပြီးဆုံးသည်။

၂။ ဓမ္မပဒ ပါဠိတော် မြန်မာပြန်

ဆဋ္ဌသံဂါယနာတင် ရဟန်းပညာရှိ လူပညာရှိများ ပြန်ဆိုတည်းဖြတ်သည့် ကျမ်းစာဖြစ်သည်။ ခုဒ္ဒကနိကာယ်ဝင် ခုဒ္ဒကပါဌစသော ကျမ်းများနှင့် တွဲ၍ ရိုက်နှိပ်သည့် မြန်မာပြန် သက်သက်ဖြစ်သည်။ ဆဋ္ဌသံဂါယနာတင် အရွယ် စာအုပ်ကြီးလည်း ရှိသည်။

ရှင်လူအများ လွယ်ကူစွာ ဝယ်ယူဖတ်ရှုနိုင်စေရန် သာသနာရေး ဦးစီးဌာန ပုံနှိပ်တိုက်က ကရောင်းဆယ့်ခြောက်ချိုး အရွယ် ဓမ္မပဒ ပါဠိတော်နှင့် တွဲဖက် ရိုက်နှိပ်ထားသည့် စာအုပ်ငယ်လည်း ရှိပေသည်။

၃။ တရားပေါင်းချုပ်ခေါ် ဓမ္မပဒ ဝတ္ထုတော်ကြီး

ဓမ္မပဒ ဝတ္ထုတော်ကြီးကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၏ အင်္ဂါထောင့်ရှိ အောင်မြေဘုံစံကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော် အရှင်စန္ဒိမာ ရေးသားပြုစုတော်မူသည်။

ဓမ္မပဒ ပါဠိတော်ကို အဋ္ဌကထာလာအတိုင်း နိဒါန်း ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖွင့်ဆိုရေးသားတော်မူသည်။ အချို့သော ဝတ္ထုဇာတ်လမ်းတို့၌ ဓမ္မပဒ အဋ္ဌကထာမှ တပါးသော အဋ္ဌကထာကြီးများလာ အကြောင်းအရာများကိုလည်း ထည့်သွင်း၍ ပြည့်ပြည့်စုံစုံ ရေးသားစီရင်ထားသည်ကို တွေ့ရပေသည်။

မူရင်းဂါထာများကိုလည်း နိဿယနည်းဖြင့် ခန့်ညားစွာ မြန်မာပြန်ထားတော်မူသည်။ ရွိုင်အရွယ် စာအုပ်ကြီး (ပ-ဒု-တ-စ-မ) ငါးတွဲရှိသည်။

၄။ သုဓမ္မဝတီ ဓမ္မပဒဝတ္ထုတော်ကြီး

ညောင်လေးပင်မြို့ တောရကြီးဆရာတော် အရှင်အရိယ ရေးသားစီရင်တော်မူသည်။ ဤကျမ်းကို စီရင်ရေးသားရာ၌ အဋ္ဌကထာ ပါဠိရှိသည့်အတိုင်း ပြန်ဆိုသည်ဖြစ်သောကြောင့် ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ကျမ်းဟုပင် အမည်ခံယူသင့်ကြောင်း ကျမ်းနိဒါန်း၌ ဖော်ပြချက်ရှိသည်။ ကျမ်းပြီးသည်အထိ ရွိုင်အရွယ် စာအုပ်ဖြင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဟု လေးတွဲရှိသည်။

ကျမ်းပြီး နိဂုံး၌ ခုနှစ် သက္ကရာဇ် အမှတ်အသား မပါရှိချေ။ ရိုက်နှိပ်သည့် သက္ကရာဇ်မှာ ၁၃၃၀ ပြည့်နှစ်ဖြစ်သည်။

၅။ ပဒေသာ ဓမ္မပဒဝတ္ထုတော်ကြီး

မန္တလေးမြို့ ဝိဇိတာရုံတိုက် စာချဆရာတော် အရှင်ဝိစာရိန္ဒ ပြုစီရင်သည့် ကျမ်းဖြစ်သည်။ ပစ္စုပ္ပန်ဝတ္ထု ပါဠိတော်ဂါထာ နိဿယ၊ မြန်မာလင်္ကာ ဝတ္ထုနှင့် ဆီလျော်သည့် ပန်းချီပုံတို့ဖြင့် မွမ်းမံခြယ်လှယ်ထားသည်။

ရွိုင်အရွယ် စာအုပ်၊ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲနှင့် ကျမ်းပြီးသည်။ နိဂုံး၌ ၁၃၃၁ ခုနှစ်၌ ကျမ်းပြီးကြောင်း ပြဆိုထားသည်။

၆။ တိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်း

ဓမ္မပဒပါဠိတော်မှ ကြီးပွားတိုးတက်ခြင်းပြတရားနှင့် ငြိမ်းချမ်းခြင်းပြတရားများကိုသာ ရွေးထုတ်၍ ပါဠိဘာသာမပါပဲ မြန်မာပြန်ချည်းသက်သက် ရိုက်နှိပ်၍ ဆေးတက္ကသိုလ်ကျောင်းသားများက ဓမ္မဒါနပြုသော အိတ်ဆောင်စာအုပ်ငယ်ဖြစ်သည်။

၇။ ဓမ္မပဒဂီတိကျမ်း

ဓမ္မပဒပါဠိတော်ကို ဝတ္ထုနိဒါန်းဇာတ်လမ်းအကျဉ်းနှင့် တွဲ၍ ကျက်မှတ်ဖွယ် မြန်မာလင်္ကာဖြင့် ပြန်ဆိုသည့် ကျမ်းဖြစ်သည်။ စိတ်ဝင်စားဖွယ် မြန်မာခေါင်းစီးများ တပ်ထားသည်။ ရန်ကုန်မြို့ ပုဇွန်တောင် ဆုတောင်းပြည့်ကျောင်းတိုက် နာယကချုပ်ဆရာတော် အရှင်ပညာရက္ခိတ ရေးသားစီရင်တော်မူသည်။ ဒီမိုင်းအရွယ် တအုပ်တည်းဖြင့် ပြီးစီးခဲ့သည်။

၈။ ဗုဒ္ဓဂီတိကာကျမ်း

ဓမ္မပဒပါဠိတော်ကို နိဒါန်းဝတ္ထု အကျဉ်းချုပ်နှင့်တကွ နိဿယပြန်နည်း၊ ကျက်မှတ်ဖွယ် ရှစ်လုံးဖွဲ့ကဗျာနည်း၊ မြန်မာစကားပြေနည်း၊ အင်္ဂလိပ်ဘာသာနည်းတို့ဖြင့် နည်းလေးပါး ပါဝင်ပြန်ဆိုထားသည်။ မုံရွာခရိုင် ယင်းမာပင်မြို့နယ် ရိုးမတိမ်ဆရာတော် အရှင်သီလာစာရ ရေးသားစီရင်တော်မူသည့်ကျမ်းဖြစ်သည်။

ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲရှိသည်။ ရွိုင်အရွယ်အားဖြင့် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်သည်။

၉။ ဓမ္မပဒ

ဓမ္မပဒပါဠိတော်ကို ဝတ္ထုနိဒါန်းနှင့် ဂါထာများကို မြန်မာစကားပြေ ပြန်ဆိုရေးသားသည်။ ဦးမြင့်ဆွေ မဟာဝိဇ္ဇာ (လန်ဒန်) ရေးသားပြုစုသည်။ ဒီမိုင်းအရွယ်ဖြင့် တအုပ်တည်း ပြီးဆုံးသည်။

၁၀။ ဗုဒ္ဓ၏ ကိုယ်တွေ့ဝတ္ထုများ

ဓမ္မပဒပါဠိတော်ကို နိဒါန်းဝတ္ထုနှင့် တွဲဖက်၍ ခေတ်မီမီ မြန်မာစကားပြေဖြင့် ရေးသားထားသည့် ကျမ်းဖြစ်သည်။ မြတ်ဗုဒ္ဓဘုရားရှင် လက်ထက်အခါ၌ ဖြစ်ပေါ်၍ ဗုဒ္ဓထံရောက်လာသော ဝတ္ထုဇာတ်လမ်းများကိုပင် ရည်ရွယ်၍ ကိုယ်တွေ့ဝတ္ထုဟု ဆိုခြင်းဖြစ်ပေသည်။ ပါဠိဂါထာများ မပါပဲ ဆိုလိုရင်း အဓိပ္ပာယ် မြန်မာပြန်ကိုသာ ရေးထားသည်။

ဦးမောင်မောင်လေး ပထမကျော်၊ ဓမ္မာစရိယ (သိရောမဏိ) ဘီအေ၊ အာရ်အယ်လ် ရေးသားပြုစုသည်။ ကရောင်း ၁၆-ချိုး ဝတ္ထုစာအုပ်အရွယ်ဖြင့် ပထမ၊ ဒုတိယ၊ တတိယ သုံးတွဲရှိသည်။

၁၁။ သရုပ်ပြ ဓမ္မပဒကျမ်း

သရုပ်ပြ ဓမ္မပဒကျမ်းမှာ ယခု ဤနိဒါန်းဖြင့် လမ်းခင်း ရေးသားနေသည့် စာရှုသူ၏ လက်ဝယ်ရှိ ဓမ္မပဒအဖွင့်ကျမ်းပင် ဖြစ်ပါသည်။

အထက်တွင် ပြဆိုခဲ့သည့်အတိုင်း ရဟန်းပညာရှိ လူပညာရှိကြီးများ အများအပြားက ပြုစုထားသည့် နေရောင်လရောင် ထွန်းပြောင်သည့် ဓမ္မပဒကျမ်း အများအပြားရှိနေပါလျက် ဤသရုပ်ပြ ဓမ္မပဒကျမ်းကို ပြုစုသည်ဖြစ်ပေရာ စာရှုသူတို့၏စိတ်၌ ကျမ်းပြုသူအား သို့လောသို့လော တွေးကာ ယုံမှားဖွယ်ရှိနေပေသောကြောင့် ဤနိဒါန်းမှ-

(က) ဤကျမ်းပြုသူ၏ အခြေအနေ၊
(ခ) ဤကျမ်းပြုစုရခြင်း အကြောင်း၊
(ဂ) ဤကျမ်းပြုစုထားပုံ၊
(ဃ) ဤကျမ်း၏ ထူးခြားချက်များ၊
(င) ဤကျမ်းမှ ရရှိနိုင်သည့် အကျိုးများ-

ကို သိသာရုံ ရေးသားဖော်ပြလိုပါသည်။

(က) ဤကျမ်းပြုစုသူ အခြေအနေ

ဤသရုပ်ပြ ဓမ္မပဒကျမ်း ရေးသားပြုစုသူမှာ ပထမကျော်၊ ဓမ္မာစရိယနှင့် ဘီအေဘွဲ့ရ သရုပ်ပြသင်္ဂြိုဟ်ကျမ်းပြု သီလရှင်ဆရာလေး ဒေါ်ဝိဇ္ဇေသီ ဖြစ်ပါသည်။

ဒေါ်ဝိဇ္ဇေသီသည် ပထမငယ်၊ ပထမလတ်၊ ပထမကျော်နှင့် ဓမ္မာစရိယဘွဲ့များရပြီးနောက် လောကီပညာ ဘီအေဘွဲ့ရအောင် ဆည်းပူးခဲ့ပါသည်။ စာပေပညာများကို မိမိအတွက် ဆည်းပူးပြီးသောအခါ တပည့်သီလရှင်များအား သင်ကြားပို့ချပေးခဲ့ပါသည်။

မိမိအတွက် ငယ်၊ လတ်၊ ကြီး၊ ကျော် ပထမပြန်စာမေးပွဲများ ဖြေဆိုစဉ်ကလည်း ဓမ္မပဒပါဠိတော်ကို မေးသမျှဖြေနိုင်စေရန် အဋ္ဌကထာနှင့် တွဲဖက်၍ လေ့လာသင်ယူခဲ့ပါသည်။ အခြားပညာရှင်များ၏ ကျမ်းများကိုလည်း လေ့လာပါသည်။ မပိုင်နိုင်သည့် အချက်အလက်များကို ဆရာသမားများထံ ဆည်းကပ်မေးမြန်းပါသည်။

မိမိ၏ တပည့်သီလရှင်များကို ပို့ချပေးသည့်အခါ၌လည်း ဓမ္မပဒပါဠိတော်ကို မေးသမျှဖြေနိုင်အောင် အဋ္ဌကထာနှင့် တွဲဖက်၍ ပို့ချပေးခဲ့ပါသည်။ တကြိမ်ကို တခါမျှမကပါ၊ အကြိမ်ကြိမ် ပို့ချခဲ့ပါသည်။ တနှစ်မျှမကပါ၊ အနှစ်နှစ်-နှစ်ပေါင်းများစွာ ပို့ချခဲ့ပါသည်။

သို့ဖြစ်သောကြောင့် ဒေါ်ဝိဇ္ဇေသီသည် ဓမ္မပဒဘာသာအတွက် အဓိပ္ပာယ်အနက် ကျေညက် တတ်ကျွမ်းနေသူတဦးဖြစ်ကြောင်းမှာ ထင်ရှားလှပါသည်။

(ခ) ဤကျမ်းကို ပြုစုရခြင်းအကြောင်း

ဒေါ်ဝိဇ္ဇေသီသည် အသက်အရွယ် ငါးဆယ်ကျော်မျှ အပိုင်းအခြားကာလသို့ ရောက်ခဲ့ပြီဖြစ်သည်။ ငယ်စဉ်က ဗုဒ္ဓစာပေ စာမေးပွဲအဆင့်ဆင့်၊ လောကီစာပေ စာမေးပွဲအဆင့်ဆင့်ကို နင်လား ငါလား အားသွန်ခွန်စိုက် ကြိုးစားခဲ့ရသည့် ဒဏ်ကလည်း အခံရှိခဲ့သည်။ ကြီးလာသောအခါ၌လည်း တပည့်သီလရှင်များအား နင်လားဟဲ့ ငါလားဟဲ့ဖြင့် တကယ့်ကို ကြိုးစားစာပေပို့ချခဲ့ရသည့် ဒဏ်ကလည်း ထပ်ဆင့်လာပြန်သည်။ သရုပ်ပြသဒ္ဒါကျမ်း ပြုစုရန်အလုပ်ကိုလည်း အားထုတ်နေရဆဲ ဖြစ်ပါသည်။

ဤသို့ အရွယ်ထောက်လာခြင်း၊ ဒဏ်အခံတွင် ဒဏ်တဖန်ဆင့်လာခြင်းဟူသော အကြောင်းတို့ကြောင့် သံသားကျောက်သားပမာ ခိုင်မာလှစွာသော ကိုယ်ခန္ဓာသည် မီးရှိန်နေရှိန်လှမ်းသည့် ကြာပန်းပမာ ညှိုးနွမ်းပျော့ခွေကာ ကျန်းမာရေး ချွတ်ယွင်းစ ပြုလာလေပြီ ဖြစ်သည်။ နောက်အချိန်ကြာကြာ ဆက်လက်၍ ပရိယတ္တိတာဝန် ဝတ္တရားကို အားထုတ်ပို့ချနိုင်ရန် မလွယ်ချေ။ ကံမမှန်ကန်သည့်အနေသို့ ရောက်နေသည်။ မိမိတတ်သိထားသည့် ဓမ္မပဒဆိုင်ရာ ပညာကလေးများ မှေးမှိန်ပျောက်ကွယ်၍ မသွားသေးမီ ရဟန်းတော်များကဲ့သို့ ဝိနည်းဘာသာကို မဖြေနိုင်ပဲ ဓမ္မပဒပါဠိတော်ဘာသာကိုသာ မဲ၍ ဖြေကြရသည့် တပည့်သီလရှင် စာသင်သားကလေးများအတွက် သရုပ်ပြ ဓမ္မပဒကျမ်းကို ပြုစုရန် စဉ်းစားတွေးတောမိသည်။

အခြားပညာရှင်များကလည်း အချိန်မီ စောစောက ကြိုတင်၍ ပြုစုရန် အားပေးတိုက်တွန်းကြသည်။

အခြားဓမ္မပဒအဖွင့်ကျမ်းများဖြစ်သော နေရောင်လရောင် ထွန်းပြောင်သည့် ကျမ်းကြီးကျမ်းခိုင်များ ရှိပါသော်လည်း ပထမပြန် စာမေးပွဲဖြေရန်အတွက် အကွက်သိပ်မဝင်လှသောကြောင့် ရှေးရှေးပညာရှိကြီးများ ရေးသားပြုစုသည့် ဓမ္မပဒအဖွင့်ကျမ်းကြီးများကို ကြည့်ရှုသုံးသပ်၍ မိမိတတ်သိထားပြီး ဓမ္မပဒပညာ အသိဉာဏ်များနှင့် ပေါင်းစပ်ကာ ဤသရုပ်ပြ ဓမ္မပဒကျမ်းကို ပြုစုခဲ့ခြင်းဖြစ်ပေသည်။ ရှေးရှေးဓမ္မပဒအဖွင့် ကျမ်းကြီးများကို ယှဉ်ပြိုင်အန်တု၍ ရန်ပြုကာ မာန်ခုပြီး ရေးသည်မဟုတ်ပါ။

(ဂ) ဤကျမ်းပြုစုထားပုံ

ယခုခေတ်မှ စာသင်သားဖြစ်လာကြသည့် သီလရှင်ငယ်ကလေးများ အသိဉာဏ်နှင့် အံဝင်ခွင်ကျဖြစ်ရုံ မှန်းဆ၍ ဓမ္မပဒပါဠိတော်ကို-

၁။ နိဒါန်းဝတ္ထု၊ အကျဉ်းချုပ်ရေးခြင်း၊
၂။ ဂါထာများကို အနက်ပေးခြင်း၊
၃။ ပါဠိသဒ္ဒါနည်း ခက်ဆစ်များကို ရှင်းပြခြင်း၊
၄။ ပါဠိအနက်နည်း ခက်ဆစ်များကို ရှင်းပြခြင်း၊
၅။ မှတ်သားဖွယ် အဓိပ္ပာယ်များကို အကျဉ်းထုတ်ပြခြင်း၊
၆။ မိမိပြဆိုသည့်အနက် အဓိပ္ပာယ်ရှိရာ အဋ္ဌကထာကို ညွှန်ပြခြင်း-

တို့ဖြင့် စာသင်သားများ၏ အသိဉာဏ်မြင်ကွင်း၌ ရှင်းသွားအောင် ရေးသားပြုစုထားပါသည်။ ယင်းရေးသားပြုစုပုံများကို စာရှုသူတို့၏ လက်ဝယ်ရှိသည့် သရုပ်ပြ ဓမ္မပဒကျမ်းမှာ လေ့လာဖတ်ရှုလျှင် ထင်ရှားသိသာပြီဖြစ်၍ နိဒါန်း၌ ဖော်မပြတော့ပါ။

(ဃ) ဤကျမ်း၏ ထူးခြားချက်များ

ဤကျမ်းကို ပြုစုရခြင်းအကြောင်းကို ပြဆိုရာ၌ ‘“တပည့်သီလရှင် စာသင်သားကလေးများ ပထမပြန် ငယ်-လတ်-ကြီး စာမေးပွဲပြဋ္ဌာန်းချက်အရ ဓမ္မပဒ မေးခွန်းများကို ဖြေဆိုနိုင်စေရန် ရည်ရွယ်၍ ရေးသားကြောင်း”’ ကို ဖော်ပြခဲ့သည်ကို စာရှုသူများ မှတ်မိလိမ့်ဦးမည် ထင်ပါသည်။

ပထမပြန်စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် ရည်ရွယ်ရေးသားသည့် ကျမ်းဖြစ်သောကြောင့် ရှေးရှေးပညာရှိများ ပြုစုသည့် ဓမ္မပဒမြန်မာပြန်ကျမ်းများတွင် မပါဝင်ခဲ့ကြသော်လည်း ဤကျမ်း၌ စာမေးပွဲများ သဘာဝအတိုင်း မေးခွန်းထုတ်တတ်သည့် အကြောင်းအရာ အချက်အလက် ခက်ဆစ်ကလေးများကို အဋ္ဌကထာမှ သီးသန့်ထုတ်ဖော်၍ တိုတိုကျဉ်းကျဉ်း လိုရင်းကို ဖတ်ရှုသူများ နားလည်သဘောပေါက်သွားစေရန် ဖော်ပြထားသည်မှာ ဤကျမ်း၏ ထူးခြားချက်ပင် ဖြစ်ပါသည်။ အနည်းအကျဉ်းမျှ ထုတ်ပြပါအံ့။

၁။ ပါဠိသဒ္ဒါခက်ဆစ်။ ဤကျမ်း စာမျက်နှာ ၆ ၌ မနောပုဗ္ဗင်္ဂမာဟူသော ပါဠိသဒ္ဒါကို ရှင်းပြသည်မှာ-

“မနောပုဗ္ဗင်္ဂမော ဧကေသန္တိ မနောပုဗ္ဗင်္ဂမာ” ဟူ၍ ဗဟုဗ္ဗီဟိသမာသ် ဝိဂြိုဟ်ဆို၍ ပြသည်။ ထို့နောက်မှ “မန+ပုဗ္ဗင်္ဂမ+ဧတ” ဟူ၍ ပုဒ်ခွဲပြသည်။

ဤသို့ ပြလိုက်ခြင်းဖြင့် စာသင်သားကလေး တယောက်အတွက် မနောပုဗ္ဗင်္ဂမာ-ဟူသော ဓမ္မပဒလာပါဠိကို ဝိဂြိုဟ်ဆိုတတ်သွား၍ ပုဒ်ခွဲတတ်သွားပြီဖြစ်သည်။ သဒ္ဒါဉာဏ်ရင့်သန်သွားသည်။ အခြားပုဒ်များကိုလည်း ဤနည်းအတိုင်း အခွင့်သင့်တိုင်း ဝိဂြိုဟ်ဆို၍ ပုဒ်ခွဲပြသွားသည်ကို ဤကျမ်း၌ များစွာပင် ဖတ်ရှုရမည်ဖြစ်ပါသည်။

၂။ အဓိပ္ပာယ်ခက်ဆစ်။ မနောပုဗ္ဗင်္ဂမာ-ဟူသော ပုဒ်အရ စိတ်က ရွှေ့သွားခေါင်းဆောင်ဖြစ်ပုံကို လေ့လာသူ စာသင်သားများ သဘောပေါက်သွားစေရန်အတွက် မြို့ထဲ ရွာထဲစသည်၌ အသင်းအဖွဲ့များ တည်ထောင်၍ ကုသိုလ်ကောင်းမှု စသည်ပြုလုပ်ရာတွင် ဦးဆောင်ပုဂ္ဂိုလ် ရှိသည်ကို ဥပမာ့သာဓကထုတ်ပြကာ ရှင်းလင်း၍ ဤကျမ်း စာမျက်နှာ (၈)၌ ရေးသားထားသည်။ ဤသို့ စသည်ဖြင့် လိုအပ်ရာရာတို့၌ အဓိပ္ပာယ်ခက်ဆစ်များ ရေးသားထားပါသည်။

၃။ မှတ်သားဖွယ်ခက်ဆစ်။ စက္ခုပါလထေရ် မျက်စိကွယ်ရသည်မှာ ယခုဘဝမှာ အပြစ်မရှိ သန့်ရှင်းစင်ကြယ် ကောင်းမွန်ပါသော်လည်း လွန်ခဲ့သော အတိတ်ဘဝ ဆေးဆရာဖြစ်စဉ်အခါက မျက်စိရောဂါသည် တယောက်ကို မျက်စိကွယ်သွားစေသည့် ဆေးကို ပေးခဲ့ဖူးသော အကုသိုလ်ကံ ဝဋ်ကြွေးကြောင့်ဖြစ်ကြောင်း ဓမ္မပဒအဋ္ဌကထာ ပထမတွဲ စာမျက်နှာ-၁၃-၁၄ ကို ကိုးကား၍ ရေးသားထားသည်ကို ဤကျမ်း စာမျက်နှာ ၆-၌ ဖတ်ရှုနိုင်ပါသည်။

ဤသို့ ဖော်ပြသည်မှာ စာမေးပွဲ မေးခွန်းကို ဖြေဆိုနိုင်ရန်သာမက အကုသိုလ်ကို ရှောင်ကြဉ်စေရေးအတွက်လည်း သင်ခန်းစာဖြစ်ပါသည်။

၄။ ထုံးတမ်းစဉ်လာခက်ဆစ်။ မြန်မာပြည်အရပ်ရပ်ရှိ လယ်သမားတို့သည် စပါးများ ရိတ်သိမ်းပြီးသောအခါ မုန့်ကြွေများ ထမင်းဟင်းများဖြင့် လယ်ထဲသို့သွားပြီး ပုန်းမကြည်နတ် တင်မြှောက်ပူဇော်သည့် ထုံးစံဓလေ့ရှိသည်။ အိမ်နီးချင်း လယ်နီးချင်းများကိုလည်း တပျော်တပါး ကျွေးမွေးဧည့်ခံကြသည်။

ဤသည့်ထုံးစံဓလေ့ ဖြစ်လာပုံကိုလည်း ဓမ္မပဒအဋ္ဌကထာ ပထမတွဲ စာမျက်နှာ ၃၃-မှ ထုတ်နုတ်၍ ဤကျမ်း စာမျက်နှာ ၁၂-၌ ရေးသားဖော်ပြထားသည်ကို ဖတ်ရှုရပေသည်။

၅။ လူ့ကျင့်ဝတ်ခက်ဆစ်။ လောက၌ လူဟူ၍ဖြစ်လာလျှင် လူ့ကျင့်ဝတ်ကို လိုက်နာကျင့်သုံးကြရသည်မှာ လူ့တာဝန်ပင်ဖြစ်သည်။ သားသမီးဖြစ်လျှင် မိဘအပေါ်၌ ကျင့်သုံးရမည့် ဝတ္တရားရှိသည်။ မိဘဖြစ်လာလျှင် သားသမီးအပေါ်၌ ကျင့်သုံးရမည့် ဝတ္တရားရှိသည်။ တပည့်ဖြစ်လျှင် ဆရာအပေါ်၌ ကျင့်သုံးရမည့် ဝတ္တရားရှိသည်။ ဆရာဖြစ်လာလျှင် တပည့်အပေါ်၌ ကျင့်သုံးရမည့် ဝတ္တရားရှိသည်။ သို့မှသာ လူ့ကျင့်ဝတ်ကို ကျေပွန်သူ လူကောင်းလူတော် ဖြစ်နိုင်သည်။

ဤကျမ်း၌ ဓမ္မပဒအဋ္ဌကထာ ပထမတွဲ စာမျက်နှာ ၃၉-မှ ထုတ်နုတ်၍ ဆရာ၏ အိပ်ရာနေရာပေါ် တက်ရောက်နေထိုင်ရန်ကိုပင် မဆိုထားဘိ ဆရာ့အိပ်ရာနေရာပေါ်၌ပင် မိမိပစ္စည်းကို တင်မထားသည့် ဝတ္တရားသိသည့် တပည့်၏ အပြုအမူကို မှတ်တမ်းတင် ခက်ဆစ်ထုတ်ပြထားပေသည်။ ဤကျမ်း စာမျက်နှာ ၁၄ ၌ ဖတ်ရှုနိုင်ပါသည်။ ဤသို့ စသည်ဖြင့် စာမေးပွဲ၌ မေးနိုင်ဖွယ်လည်းဖြစ်၍ မှတ်သားဖွယ်လည်း ဖြစ်နိုင်သည့် ခက်ဆစ်များကို ရေးသားထားသည်မှာ ဤကျမ်း၏ ထူးခြားချက်ပင်ဖြစ်သည်။

(င) ဤကျမ်း၏ အကျိုးတရားများ

ဤသရုပ်ပြ ဓမ္မပဒကျမ်းကို လေ့လာကြည့်ရှုလျှင် တရားတော်ဂါထာတပုဒ် ပြီးဆုံးတိုင်း ယင်းဂါထာကို ဟောရခြင်းအကြောင်း နိဒါန်းဝတ္ထုအကျဉ်းချုပ်ကို တွေ့ရပါလိမ့်မည်။

နိဒါန်းဝတ္ထုပြီးလျှင် “ဤတရားဒေသနာတော် အဆုံး၌ သုံးသောင်းသော ရဟန်းတော်တို့သည် ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ကြလေသည်” စသည်ဖြင့် တရားထူး တရားမြတ် သိမြင်ပုံ အကျိုးတရားများကို ရေးသားဖော်ပြထားသည်ကို ဂါထာတရားတော်များတိုင်းမှာပင် တွေ့ရမည်ဖြစ်ပါသည်။

သရုပ်ပြ ဓမ္မပဒကျမ်းကို ဖတ်ရှုလေ့လာသူတို့မှာလည်း ဓမ္မပဒ တရားတော်ဂါထာများကို အနက်မြန်မာပြန်စကားပြေ ခက်ဆစ်မှတ်သားဖွယ်များနှင့်တကွ ပြည့်ပြည့်စုံစုံ သိရှိကြရသည်ဖြစ်ပေရာ ထိုပုဂ္ဂိုလ်ကြီးများနည်းတူ တရားထူး တရားမြတ်ကို ရနိုင်ကြပါသည်။ ယခုချက်ချင်းမရစေကာမူ နောင်အခွင့်သင့်သောအခါ ရစေနိုင်မည့် အားကောင်းသည့် ပါရမီ အကြောင်းတရားဖြစ်နိုင်ပါသည်။

ယခုမျက်မှောက်ဘဝမှာလည်း ထူးမြတ်သည့်အသိဉာဏ် ဗဟုသုတ တရားများ ဖြစ်ပွားကာ လိုက်နာကျင့်သုံး၍ လောကီ လောကုတ္တရာ အကျိုးတရားများကို ရရှိနိုင်ကြပါသည်။

မိမိတို့အလိုရှိသည့် စာမေးပွဲဆိုင်ရာ ဓမ္မပဒမေးခွန်းပုစ္ဆာများကို ဖြေဆို၍ အောင်ပန်းကို ဆွတ်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။

ဤမျှသောအစီအစဉ်ဖြင့် ရေးသားဖော်ပြလျှင် သရုပ်ပြဓမ္မပဒကျမ်းနှင့် စပ်ဆိုင်သည့်အကြောင်းအရာများနှင့် သရုပ်ပြဓမ္မပဒကျမ်းကို လေ့လာဖတ်ရှုထိုက်ကြောင်းကို စာရှုသူတို့ ပြက်ပြက်ထင်ထင် သိမြင်နိုင်လောက်ပြီ ဖြစ်ပါသည်။

သရုပ်ပြဓမ္မပဒကျမ်း၏ နိဒါန်းကမူ ‘“ဤသရုပ်ပြဓမ္မပဒကျမ်း ဘယ်လိုကောင်းပါသည်၊ ဘယ်လောက်ကောင်းပါသည်”’ ဟူ၍လည်း မိုးတလုံးလေတလုံး မပါ မကြွားလိုက်ချင်ပါ။

များစွာသော ဓမ္မပဒအဖွင့် ကျမ်းပြု အမျိုးသား ရဟန်းပညာရှိနှင့် လူပညာရှိကြီးများအထဲတွင် ‘“ဤသရုပ်ပြဓမ္မပဒကျမ်းပြုစုသူမှာ အသိဉာဏ်နုနယ်သည့် တဦးတည်းသော အမျိုးသမီးသီလရှင်ကလေး ဖြစ်သောကြောင့် မှားလျှင် သည်းခံ၍ မှန်လျှင် ချီးမြှောက်တော်မူကြပါ”’ ဟုလည်း လေချိုလေအေးကလေးဖြင့် မသွေးလိုက်ချင်ပါ။

ယင်းကိစ္စရပ်များမှာ ကျမ်းပြုသူနှင့် ကျမ်းရှုသူ စာဖတ်ပရိသတ်ကြီး၏ အကြောင်းအကျိုး ပဋ္ဌာန်းပစ္စည်းပစ္စယုပ္ပန် ဆက်သွယ်မှုအပေါ်မှာသာ တည်ပါသည်။

သို့သော် ဤသရုပ်ပြ ဓမ္မပဒကျမ်းနိဒါန်းကမူ စာရှုသူတို့အား ‘“ဤသရုပ်ပြဓမ္မပဒကျမ်းကို လေ့လာဖတ်ရှုပြီးလျှင် မြတ်ဗုဒ္ဓ၏ တရားဘော်သဘာဝကို မုချထင်ထင် သိမြင်ကျင့်သုံးနိုင်ကြကာ လောကီလောကုတ္တရာ အကျိုးတရားများကို ခံစားရရှိနိုင်လိမ့်မည်”’ ဟူ၍ ယုံကြည်ပါကြောင်းကို ရေးသားတင်ပြလိုက်ပါသတည်း။

ဦးထွန်းလှိုင် (ဝိနယပါရဂူ)
သကျသီဟ ဓမ္မာစရိယ ဝဋံသကာ
အစိုးရ ဓမ္မာစရိယ သိရောမဏိ
စေတိယင်္ဂဏ ဓမ္မာစရိယ ဂဏဝါစက

ဒေါ်ဝိဇ္ဇေသီ ဘီအေ, ပထမကျော် ဓမ္မာစရိယ ၏
သရုပ်ပြ ဓမ္မပဒကျမ်း
၁-ယမကဝဂ်

၁ - စက္ခုပါလတ္ထေရဝတ္ထု

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။

ဤတရား ဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စက္ခုပါလထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သုံးသောင်းသော ရဟန်းတော်တို့သည် ပဋိသမ္ဘိဒါ ပတ္တရဟန္တာဖြစ်ကြသည်။

အနက်

ဓမ္မာ၊ ဝေဒနာစသော စေတသိက်တရားတို့သည်။ မနောပုဗ္ဗင်္ဂမာ၊ စိတ်သာလျှင် ရှေ့သွားရှိကုန်၏။ (ဝါ) စိတ်ဟူသော ခေါင်းဆောင်ရှိကုန်၏။ မနောသေဋ္ဌာ၊ စိတ်သာလျှင် အကြီးအမှူးရှိကုန်၏။ မနောမယာ၊ စိတ်ဖြင့်ပြီးကုန်၏။ (ဝါ) စိတ်ကြောင့် ဖြစ်ကုန်၏။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ပဒုဋ္ဌေန၊ အဘိဇ္ဈာစသည်တို့သည် ဖျက်ဆီးအပ်သော။ (ဝါ) အဘိဇ္ဈာ စသည်တို့ကြောင့် ပျက်စီးနေသော။ (ဝါ) ပြစ်မှားလိုသော။ မနသာ၊ စိတ်ဖြင့်။ စေ ဘာသတိ ဝါ၊ အကယ်၍မူလည်း ပြောဆိုအံ့။ စေ ကရောတိ ဝါ၊ အကယ်၍မူလည်း ပြုလုပ်အံ့။ စေ စိန္တေတိ ဝါ၊ အကယ်၍မူလည်း ကြံစည်အံ့။ တတော၊ ထိုသို့ ပြစ်မှားလိုသော စိတ်ဖြင့် ပြောဆိုခြင်း, ပြုလုပ်ခြင်း, ကြံစည်ခြင်းကြောင့်။ နံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်နောက်သို့။ ဒုက္ခ၊ ဆင်းရဲသည်။ အနွေတိ၊ အစဉ်လိုက်နေ၏။ ကိမိဝ၊ ဥပမာ ပုံဆို အဘယ်လိုနည်းဟူမူကား။ စက္ကံ၊ လှည်းဘီးသည်။ ဝဟတော၊ ဝန်ကို ဆောင်သော နွားလား၏။ ပဒံ၊ ခြေရာနောက်သို့။ အနွေတိ ဣဝ၊ အစဉ်လိုက်သကဲ့သို့ဖြစ်၏။ (ဝါ) အစဉ်လိုက်နေသည်နှင့်တူ၏။

စကားပြေ

စေတသိက်တရားများသည် စိတ်သာလျှင် ရွှေ့သွားရှိကြသည်။ စိတ်သာလျှင် အကြီးအမှူးရှိကြသည်။ စိတ်ဖြင့်သာ ပြီးကြသည်။ စိတ်ကြောင့်သာ ဖြစ်ကြသည်။ ပြစ်မှားလိုသောစိတ်ဖြင့် ပြောဆို ပြုလုပ် ကြံစည်လျှင် (လှည်းဘီးသည် ဝန်ဆောင်နွား၏ ခြေရာသို့ အစဉ်လိုက်နေသကဲ့သို့) ထိုပုဂ္ဂိုလ်နောက်သို့ ဆင်းရဲမှုသည် အစဉ်လိုက်ပါနေသည်။

ဓမ္မဘေဒနှင့် ဤ၌ လိုအပ်သော ဓမ္မ

ဓမ္မသည် ဂုဏ, ဒေသနာ, ပရိယတ္တိ နိဿတ္တနိဇ္ဇဝဓမ္မ ဟု- ၄- ပါးရှိသည်။ ထိုတွင် ဤမနောပုဗ္ဗင်္ဂမာဓမ္မာ၌ နိဿတ္တနိဇ္ဇီဝဓမ္မကို လိုအပ်ပါသည်။ ဓမ္မ အရ ဝေဒနာစသော စေတသိက်တရားများ ရသည်။ မနောပုဗ္ဗင်္ဂမာ ၌ မန အရ စိတ်အားလုံးရသင့်သော်လည်း ဤဝတ္ထု၌ ဒေါသပြဓာန်းသော အကုသိုလ်စိတ်သာရ၍ မနောပုဗ္ဗင်္ဂမ အရ ဝေဒနာစသောယှဉ်ဖက်စေတသိက်(၂၂)ပါး ရသည်။

သစ်သားဖြင့်ပြီးသောစားပွဲကို သစ်သားစားပွဲဟု ခေါ်ဆိုရသကဲ့သို့ စိတ်ဖြင့်ပြီးသော စိတ်ကြောင့်ဖြစ်သော စေတသိက်များကို မနောမယ ဟု ဆိုရသည်။
မနသာ ပဒုဋ္ဌေန ၌ ပန အရ အဘိဇ္ဈာစသည်တို့သည် ဖျက်ဆီးအပ်သောကြောင့် ပျက်စီးသော အကုသိုလ်စိတ် ရသည်။
ဘာသတိ ဝါ ကရောတိ ဝါ… ကာယဒုစရိုက်-၃- ပါး ဝစီဒုစရိုက်-၄- ပါး မနောဒုစရိုက်-၃-ပါး ရသည်။
ဒုက္ခံ— အပါယ် ၄-ဘုံ လူ့ဘုံတို့၌ဖြစ်သော ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ရသည်။
စက္ကံဝ ဝဟတော ပဒံ— ဝန်ကိုဆောင်သော နွားလား၏ ခြေရာနောက်သို့ လှည်းဘီးသည် အစဉ်လိုက်ပါနေသကဲ့သို့ ထို့အတူ ပဒုဋ္ဌစိတ်ဖြင့် ပြောဆို, ပြုလုပ်, ကြံစည်သော ပုဂ္ဂိုလ်၏နောက်သို့ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုသည် အစဉ်လိုက်ပါနေသည်။

သား ဆုတောင်းပုံ

သာဝတ္ထိပြည်တွင် သားသမီး မရရှိသော မဟာသုဝဏ္ဏသူကြွယ်သည် အခက်အရွက်နှင့်ပြည့်စုံသော သစ်ပင်ကြီးအား တန်ခိုးကြီးနတ် စောင့်ရှောက်မည်ဟုထင်၍ သစ်ပင်ကြီး၏အောက်ကို ရှင်းလင်းခြင်း, ရာဇမတ်ကာခြင်း သဲခင်းခြင်း, တံခွန်စိုက်ခြင်း စသော အမှုတို့ကိုပြု၍ သား သမီး ဆုတောင်းရာ အကြောင်းအားလျော်စွာ မဟာပါလနှင့် စူဠပါလ သား နှစ်ယောက် မကြာမီ ပေါ်ပေါက်လာသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂။)

ဇေတဝန်— အနာထပိဏ္ဍိကသူကြွယ်သည် သာဝတ္ထိပြည်၌ ဇေတဝန်ကျောင်းတော်ကို ၅၄-ကုဋေ အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းသည်။ ယင်း ဇေတဝန်ကျောင်းတော်၌ ဘုရားရှင်သည် ၁၉-ဝါ သီတင်းသုံးတော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂။)

ပုဗ္ဗာရုံ—ဝိသာခါသည် သာဝတ္ထိပြည်၌ ပုဗ္ဗာရုံကျောင်းတော်ကို ၂၇-ကုဋေ အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းသည်။ ယင်း ပုဗ္ဗာရုံကျောင်းတော်၌ ဘုရားရှင်သည် ၆-ဝါ သီတင်းသုံးတော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃။)

နိဂြောဓာရုံ— ဘုရားရှင်၏ မိဘက် ဖဘက်မှ တော်စပ်သော ဆွေတော်မျိုးတို့သည် ကပိလဝတ်ပြည်၌ နိဂြောဓာရုံကျောင်းတော်ကို ဆောက်လုပ်လှူဒါန်းသည်။ ဓမ္မပဒအဋ္ဌကထာ၌ တန်ဖိုးမပါ။ ယင်း နိဂြောဓာရုံကျောင်းတော်၌ ဘုရားရှင်သည် ၁-ဝါမျှသာ သီတင်းသုံးတော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃။)

အရိယာသာဝက ကိစ္စ ၂ ပါး

ဘုရားရှင် လက်ထက်တော်အခါ၌ သာဝတ္ထိပြည်ဝယ် လူဦးရေ ၇-ကုဋေရှိရာတွင် အရိယာသာဝက ၅-ကုဋေနှင့် ပုထုဇဉ် ၂-ကုဋေရှိသည်။
အရိယာသာဝကတို့သည်-
၁။ နံနက်အချိန် အလှူဒါန ပြုကြသည်။
၂။ ညနေချမ်းအချိန် ပန်းနံ့သာစသည် လက်စွဲလျက် အဝတ် ဆေးအဖျော်စသည် ယူကာ တရားနာရန် ဘုရားကျောင်းသို့ သွားကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄။)

သာသနာ တာဝန် ၂-ပါး

၁။ ဂန္ထဓုရ = ဉာဏ်စွမ်းအလျောက် ပိဋကတ်တော်များကို သင်ယူ၍ ဆောင်မှု ဟောပြောမှု ပို့ချမှု။
၂။ ဝိပဿနာဓုရ = ဆိတ်ငြိမ်ရာအရပ်၌ တယောက်တည်း နေပြီးလျှင် ခန္ဓာကိုယ် အတ္တဘော၌ အဖြစ်အပျက်ကို အမြဲနှလုံးသွင်းကာ ဝိပဿနာအားထုတ်မှု။ (ဓမ္မ၊ဋ္ဌ၊၁၊၅။)

အတုယူဖွယ်

စက္ခုပါလထေရ်သည် မအိပ်ပဲ ကမ္မဋ္ဌာန်းတရားအားထုတ်လေရာ မျက်စိရောဂါစွဲကပ်သည်။
အိပ်ပြီး မျက်စဉ်းခတ်ရန် ဆေးဆရာက ဆေးပေးသော်လည်း မိမိ၏အဓိဋ္ဌာန်ကို မပျက်ပဲ မျက်စိကိုသာ အပျက်ခံသွားသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၆၊ ၇၊ ၈။)

မိမိတူဖြစ်သော ပါလိတသာမဏေသည် အမျိုးသမီးတယောက်ဖြင့် သီလပျက်စီးမှန်း သိသည့်အချိန်ကစပြီး မည်သို့ပင် တောင်းပန်ဝန်ချသော်လည်း ယင်းသာမဏေ၏ ပြုစုမှုကိုလည်း လက်မခံတော့ပဲ ရှောင်ကြဉ်တော်မူခဲ့သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၀-၁၁။)

ဝဋ်ကျွေး— စက္ခုပါလထေရ် ရှေး ဝတ္ထု၌ ဆေးဆရာဖြစ်ခဲ့စဉ် ဆေးဖိုးမပေးလို၍ လိမ်ညာပြောဆိုသော မျက်စိရောဂါသည် တယောက်ကို မျက်စိကန်းစေနိုင်သောဆေးကို ပေးခဲ့မှု အကုသိုလ်ကံကြောင့် ရဟန္တာဖြစ်ရသည့်ဘဝတိုင်အောင် မျက်စိကန်းရသော မကောင်းကျိုးကို ခံစားရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၃-၁၄)။

ပါဠိသဒ္ဒါခက်ဆစ်

မနောပုဗ္ဗင်္ဂမာ = မနော ပုဗ္ဗင်္ဂမော ဧကေသန္တိ မနောပုဗ္ဗင်္ဂမာ။ မန + ပုဗ္ဗင်္ဂမ + ဧတ။
မနောသေဋ္ဌာ = မနော သေဋ္ဌော ဧတေသန္တိ မနောသေဋ္ဌာ။ မန + သေဋ္ဌ + ဧတ။
မနောမယာ = မနေန နိပ္ဖန္နာ မနောမယာ။ မန + မယ။
ပဒုဋ္ဌေန = ပဒုဿတိ ဣတိ ပဒုဋ္ဌံ၊ ပ + ဒုသ + တ။
ပဒ = ပဇ္ဇတိ ဧတေနာတိ ပဒံ။ ပဒ + အ။

စက္ခုပါလဝတ္ထု ပြီး၏။
---

၂ - မဋ္ဌကုဏ္ဍလီဝတ္ထု

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မဋ္ဌကုဏ္ဍလီနတ်သားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏အဆုံး၌ မဋ္ဌကုဏ္ဍလီနတ်သားနှင့် ဖခင် အဒိန္နပုဗ္ဗက သူဌေးတို့ သောတာပန်ဖြစ်ကြသည်။

အနက်

ဓမ္မာ၊ ဝေဒနာစသော စေတသိက်တရားတို့သည်။ မနောပုဗ္ဗင်္ဂမာ၊ စိတ်သာလျှင် ရွှေ့သွားရှိကုန်၏။ (ဝါ) စိတ်ဟူသော ခေါင်းဆောင်ရှိကုန်၏။ မနောသေဋ္ဌာ၊ စိတ်သာလျှင် အကြီးအမှူးရှိကုန်၏။ မနောမယာ၊ စိတ်ဖြင့်ပြီးကုန်၏။ (ဝါ) စိတ်ကြောင့်ဖြစ်ကုန်၏။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ပသန္နေန၊ ကြည်လင်သော။ မနသာ၊ စိတ်ဖြင့်။ စေ ဘာသတိ ဝါ၊ အကယ်၍မူလည်း ပြောဆိုအံ့။ စေ ကရောတိ ဝါ၊ အကယ်၍မူလည်း ပြုလုပ်အံ့။ စေ စိန္တေတိ ဝါ၊ အကယ်၍မူလည်း ကြံစည်အံ့။ တတော၊ ထိုသို့ ကြည်လင်သောစိတ်ဖြင့် ပြောဆိုခြင်း, ပြုလုပ်ခြင်း, ကြံစည်ခြင်းကြောင့်။ နံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်သို့။ သုခံ၊ ချမ်းသာသည်။ အနွေတိ၊ အစဉ်လိုက်နေ၏။ ကိမိဝ၊ ဥပမာပုံ အဘယ်လိုနည်းဟူမူကား။ ဆာယာ၊ အရိပ်သည်။ ပုဂ္ဂလံ၊ သွားသူနောက်သို့။ အနုပါယိနီ ဣဝ၊ အစဉ်လိုက်နေသကဲ့သို့ဖြစ်၏။ (ဝါ) အစဉ်လိုက်နေသည်နှင့်တူ၏။

စကားပြေ

စေတသိက်တရားများသည် စိတ်သာလျှင် ရှေ့သွားရှိကြသည်။ စိတ်သာလျှင် အကြီးအမှူးရှိကြသည်။ စိတ်ဖြင့်သာ ပြီးကြသည်။ စိတ်ကြောင့်သာ ဖြစ်ကြသည်။ ကြည်လင်သောစိတ်ဖြင့် ပြောဆို ပြုလုပ် ကြံစည်လျှင် အရိပ်သည် သွားသူနောက်သို့ အစဉ်လိုက်နေသကဲ့သို့ ထိုပုဂ္ဂိုလ်နောက်သို့ ချမ်းသာမှုသည် အစဉ်လိုက်ပါနေသည်။

ဓမ္မဘေဒနှင့် ဤ၌ လိုအပ်သော ဓမ္မ

ဓမ္မသည် ဂုဏ, ဒေသနာ, ပရိယတ္တိ နိဿတ္တနိဇ္ဇီဝဓမ္မ ဟု- ၄-ပါးရှိသည်။ ထိုတွင် ဤ မနောပုဗ္ဗင်္ဂမာဓမ္မာ ၌ နိဿတ္တနိဇ္ဇီဝဓမ္မကို လိုအပ်ပါသည်။ ဓမ္မ အရ ဝေဒနာစသော စေတသိက်တရားများ ရသည်။ မနောပုဗ္ဗင်္ဂမာ ၌ မန အရ စိတ်အားလုံးရသင့်သော်လည်း ဤဝတ္ထု၌ မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်စိတ်သာရ၍ မနောပုဗ္ဗင်္ဂမာ အရ ယှဉ်ဖက် စေတသိက် (၃၁)ပါး ရသည်။

မနောပုဗ္ဗင်္ဂမာ— လူအများ စုပေါင်း၍ ကုသိုလ်ကောင်းမှုပြုရာဝယ် ဦးဆောင်နိုင်သူသည် ရှေ့သွား ခေါင်းဆောင်ဖြစ်သကဲ့သို့ ထို့အတူ စိတ်သည် စေတသိက်တရားတို့၏ ရှေ့သွား ခေါင်းဆောင်ဖြစ်သည်။
မနောသေဋ္ဌာ— ဂိုဏ်းအသီးသီးအဖွဲ့ ပါတီအသီးသီးတွင် ဥက္ကဋ္ဌသည် အကြီးအမှူးဖြစ်သကဲ့သို့ ထို့အတူ စိတ်သည် စေတသိက်တရားတို့၏ အကြီးအမှူးဖြစ်သည်။
မနောမယာ— ရွှေဘယက်သည် ရွှေဖြင့် စိန်ဘယက်သည် စိန်ဖြင့်ပြီးသကဲ့သို့ စေတသိက်တရားများသည် စိတ်ဖြင့်ပြီးကြသည်။ (ဝါ) စိတ်ကြောင့်ဖြစ်ကြသည်။
ပသန္နေန မနသာ ၌ စေတ အရ အနဘိဇ္ဈာ စသော ဂုဏ်တို့ဖြင့် ကြည်လင်သော ကုသိုလ်စိတ် ရသည်။
ဘာသတိ ဝါ ကရောတိ ဝါ— ကာယသုစရိုက် ၃-ပါး, ဝစီသုစရိုက် ၄-ပါး, မနောသုစရိုက် ၃-ပါး ရသည်။
သုခံ— သုဂတိ ဒုဂ္ဂတိဘုံတို့၌ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှု ရသည်။
ဆာယာဝ အနုပါယိနီ— အရိပ်သည် ကိုယ်ခန္ဓာနှင့် စပ်နေသဖြင့် ကိုယ်ခန္ဓာ သွားလာတိုင်း မလိုက်ရန် တားမြစ်သော်လည်း လိုက်ပါနေသကဲ့သို့ ထို့အတူ ကုသိုလ်တရားကို ပြုလုပ်သူနောက်သို့ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုသည် အစဉ်လိုက်ပါနေသည်။
နောင်တ— အဒိန္နပုဗ္ဗကပုဏ္ဏားသည် သားဖြစ်သော မဋ္ဌကုဏ္ဍလီ မကျန်းမာနေစဉ်က ငွေကုန်မည်စိုး၍ ဆေးဆရာခေါ်ပြီး ဆေးကုသမပေးပဲ သေပြီးနောက်မှ သုသာန်သွား၍ နေ့စဉ်ငိုကြွေးနေရှာသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၉။)
စိတ်၏စွမ်းအင်—မဋ္ဌကုဏ္ဍလီသည် သေရာညောင်စောင်းပေါ်၌ လဲနေစဉ် ဘုရားရှင်အား စိတ်ဖြင့်ကြည်ညို၊ မျှဖြင့် တာဝတိံသာ နတ်ပြည်ဝယ် ရွှေဗိမာန်၌ နတ်သမီးတထောင်ခြံရံလျက် နတ်စည်းစိမ်ကို ခံစားရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၂။)
စည်းဝေးကြပုံ— မိစ္ဆာအယူရှိသူများသည် ပုစ္ဆာအမျိုးမျိုး မေးခြင်းဖြင့် ဘုရားရှင်ကို နှိပ်စက်ညှဉ်းဆဲနေသည်ကို ကြည့်လို၍ စည်းဝေးကြသည်။ သမ္မာအယူရှိသူများသည် ပရိသတ်အလယ်၌ ဘုရားရှင်၏ တင့်တယ်စံပယ်နေသည်ကို ကြည့်လို၍ စည်းဝေးကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၂။)

ပါဠိသဒ္ဒါခက်ဆစ်

ပသန္နေန = ဝိသေသေန သာဒယတိ ပသာဒယတီတိ ပသန္နော။ ပ + သဒ + တ။

မဋ္ဌကုဏ္ဍလီဝတ္ထု ပြီး၏။
---

၃ - တိဿရဝတ္ထု

၃။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။

၄။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်နှင့် ညီအစ်ကိုတဝမ်းကွဲတော်စပ်၍ ဆုံးမခက်သော တိဿထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ တိဿထေရ်သည် ဆုံးမလွယ်သူအဖြစ်သို့သာ ရောက်၍ တပါးသော ရဟန်းတသောင်းတို့သည် သောတာပန်စသည် ဖြစ်ကြသည်။

အနက်

(ဧသော)၊ ဤသူသည်။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီး။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ နိုင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ခိုးဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေ၊ အကြင်သူတို့သည်။ တံ၊ ထိုအမျက်ဒေါသကို။ ဥပနယှန္တိ၊ စိတ်၌မြဲစွာဖွဲ့ကြကုန်၏။ (ဝါ) ရန်ငြိုးဖွဲ့ကြကုန်၏။ တေသံ၊ ကိုရန်ငြိုးဖွဲ့ကြသောသူတို့အား။ ဝေရံ၊ ဖြစ်ပေါ်လာသော ရန်သည်။ န သမ္မတိ၊ မငြိမ်းအေးနိုင်။

(ဧသော)၊ ဤသူသည်။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ နိုင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ခိုးဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေ၊ အကြင်သူတို့သည်။ တံ၊ ထိုအမျက်ဒေါသကို။ န ဥပနယှန္တိ၊ စိတ်၌စွဲမြဲစွာမဖွဲ့ကြကုန်။ (ဝါ) ရန်ငြိုးမဖွဲ့ကြကုန်။ တေသံ၊ ထိုရန်ငြိုးမဖွဲ့ကြသောသူတို့အား။ ဝေရံ၊ ဖြစ်ပေါ်လာသောရန်သည်။ ဥပသမ္မတိ၊ ငြိမ်းအေး၏။

စကားပြေ

ဤသူသည် ငါ့ကို ဆဲရေး, ညှဉ်းဆဲ, နိုင်နေပါတကား၊ ငါ၏ ဥစ္စာကို ခိုးနေပါတကားဟု ဆဲရေးသူတို့၏အပေါ်၌ အမျက်ထားကာ ရန်ငြိုးဖွဲ့သူအား ရန်မငြိမ်းအေးနိုင်။ ဆဲရေးသူတို့အပေါ်၌ အမျက်မထား ရန်ငြိုးမဖွဲ့သူအားသာ ရန်ငြိမ်းအေး၏။

အဇိနိ— မမှန်ကန်သော နည်းပရိယာယ်ဖြင့် ကောက်ကျစ်စဉ်းလဲ၍ အမှု၌ သက်သေအဖြစ်သွင်းခြင်း, ရွှေနေကိုငှား၍ စကားတို့ပြောစေခြင်း, နိုင်ထက်ကလူပြုခြင်း စသည်တို့တွင် တမျိုးမျိုးဖြင့် အမှုကိုနိုင်အောင်ပြုသည်ကို “အဇိနိ” ခေါ်သည်။

ဥပနယှန္တိ— လှည်းဦးထမ်းပိုးကို သားရေလွန်ကြိုးဖြင့် ဖွဲ့ချည်သကဲ့သို့လည်းကောင်း, ငါးပိစသည်ကို သမန်းမြက်စသည်တို့ဖြင့် အထပ်ထပ်ရစ်ပတ်၍ ဖွဲ့ထုသကဲ့သို့လည်းကောင်း, အမျက်ဒေါသကို စိတ်၌ ဖွဲ့ချည်ထားမှုကို “ရန်ငြိုးဖွဲ့သည်” ဟုဆိုသည်။

န ဥပနယှန္တိ— ဆဲရေးခြင်းစသည်ကို ပြုသောသူအား-
(က) မအောက်မေ့မိစေခြင်း၊
(ခ) နှလုံးမသွင်းမိစေခြင်း၊
(ဂ) မိမိပြုခဲ့ဖူးသော အမှု(ကံ)ကို ဆင်ခြင်ခြင်းတို့ဖြင့် ရန်ငြိမ်းအေးအောင် ပြုလုပ်မှုကို “ရန်ငြိုးမဖွဲ့” ဟုဆိုသည်။

ဆိုဆုံးမခက်သူ— ဘုရားရှင်နှင့် ညီအစ်ကိုဝမ်းကွဲတော်သော တိဿရဟန်းကြီးသည် ဘုရားရှင်ကိုယ်တိုင် ဆုံးမသည်ကိုပင် နားမထောင်သူ ဒုဗ္ဗစရဟန်းကြီးဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၆။)

ပါဠိသဒ္ဒါခက်ဆစ်

ဝေရံ = ဝိရေသု ဘဝံ ဝေရံ။ ဝိရ + ဏ။

တိဿတ္ထေရဝတ္ထု ပြီး၏။
---

၄ - ကာဠယက္ခိနီဝတ္ထု

၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားငယ်ဘဝမှစ၍ ကာဠဘီလူးမဖြစ်သည်တိုင်အောင် ဆုတောင်းမှားခဲ့သော ကာဠဘီလူးမကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဘီလူးမ သောတာပန်တည်၍ ရန်ပြုဖက် မိန်းမနှင့်လည်း မိတ်ဆွေဖြစ်သွားသည်။

အနက်

ဣဓ၊ ဤလောက၌။ ဝေရေန၊ ရန်တုံ့မူခြင်းဖြင့်။ ဝေရာနိ၊ ရန်တို့သည်။ ကုဒါစနံ၊ တရံတဆစ်မျှ။ န ဟိ သမ္မန္တိ၊ မငြိမ်းနိုင်ကုန်။ (ဝဍ္ဎန္တိယေဝ၊ ရန်ပွါးကုန်သည်သာလျှင်တည်း)။ အဝေရေန စ၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင်။ ဝေရာနိ၊ ရန်တို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။ ဧသ ဧသော၊ ဤသို့ရန်တုံ့မမူသဖြင့်သာ ရန်ငြိမ်းခြင်းသည်။ သနန္တနော၊ ရှေး၌ဖြစ်သော။ (ဝါ) ရှေးပညာရှိသူတော်ကောင်းတို့၏ အစဉ်အလာဖြစ်သော။ ဓမ္မော၊ သဘောတရားဓမ္မတာပင်တည်း။

စကားပြေ

ဤလောက၌ ရန်တုံ့မူသဖြင့် ရန်တို့သည် ဘယ်အခါမျှ မငြိမ်းနိုင်ပဲ တိုးပွါးသည်ထက် တိုးပွါးနိုင်သည်။ ရန်တုံ့မမူသဖြင့်သာလျှင် ရန်တို့သည် ငြိမ်းကုန်၏။ ဤသို့ဖြစ်ခြင်းသည် ရှေးပညာရှိ သူတော်ကောင်းတို့၏ အစဉ်အလာ ဓမ္မတာသဘောပင်ဖြစ်သည်။

ဝေရေန ဝေရာနိ သမ္မန္တိ– တံထွေး, နှပ်, မစင်စသည်တို့ဖြင့် ပေကျံနေသော နေရာဌာနကို တံထွေးစသည်တို့ဖြင့် ဆေးကြောသုတ်သင်သဖြင့် စင်ကြယ်အောင် မကောင်းသော အနံ့အသက်မထွက်အောင် မပြုနိုင်ပဲ ပို၍ပင် မစင်ကြယ်ပဲ မကောင်းသောအနံ့များ လှိုင်ထွက်ရာသကဲ့သို့ ဆဲရေးပုတ်ခတ်သူကို တဖန်ပြန်၍ ဆဲရေးပုတ်ခတ်မှုပြုလျက် ရန်တုံ့မူခြင်းသည် ဘယ်အခါမျှ ရန်မငြိမ်းသည့်အပြင် ရန်သာတိုးပွါးလာနိုင်သည်။

အဝေရေန စ သမ္မန္တိ– တံထွေး, နှပ်, မစင်စသည်တို့ဖြင့် ပေကျံနေသော နေရာဌာနကို ကြည်လင်သောရေဖြင့် ဆေးကြောသုတ်သင်သဖြင့်သာ မကောင်းသောအနံ့အသက် ပျောက်သကဲ့သို့—
(က) ခန္တီ, မေတ္တာတည်းဟူသော ရေ၊
(ခ) ယောနိသောမနသိကာရ၊
(ဂ) မိမိပြုသောအမှု(ကံ)ကို ဆင်ခြင်လျက် ရန်တုံ့မမူသဖြင့်သာ ရန်ကို ငြိမ်းအေးစေနိုင်သည်။

ပုန်းမကြည်— ကာဠယက္ခိနီဘီလူးမအား လယ်သူမသည် နေ့စဉ် ယာဂုထမင်းဦးတို့ကို ပူဇော်သဖြင့် ဘီလူးမက ပြန်လည်၍ စပါးစိုက်ရန်သင့်လျော်သောအရပ်ကို ပြောကြားပေးသောကြောင့် စပါးအထွက်တိုးသည်။ အခြားသူများလည်း အတုယူ၍ ဘီလူးမအား ပူဇော်ကြသောကြောင့် စပါးများ ကောင်းမွန်လာကြသည်။ သို့အတွက် ယခုကာလတိုင် အချို့အရပ်ဒေသ၌ ပုန်းမကြည်ခေါ် လယ်နတ်တင်လေ့ရှိကြသည်။ ပုဗ္ဗကြယ်မှ ပုဗ္ဗကြည်၊ ပုဗ္ဗကြည်မှ ပုန်းမကြည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၃။)

ကျေးဇူးသိတတ်သူ— အပြန်အလှန် ရန်ငြိုးဖွဲ့ခဲ့ကြသော အမျိုးသမီးနှစ်ယောက်တို့သည် နောက်ဆုံးဘဝ၌ လူမိန်းမနှင့် နတ်ဘီလူးမဖြစ်ကြရာ ဘုရားရှင်၏ ဆုံးမမှုကိုခံယူရသဖြင့် အချင်းချင်း ပြေလည်သွားကြပြီးနောက် လူမိန်းမက အစာများ ကျွေးမွေးသဖြင့် နတ်ဘီလူးမကလည်း ပြန်လည်၍ စောင့်ရှောက်ခဲ့သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄။)

ပါဠိသဒ္ဒါခက်ဆစ်

သနန္တနော = သနာသနံ (ရှေး၌) ဘဝေါ သနန္တနော။ သန, သနံ + တန။

ကာဠယက္ခိနီဝတ္ထု ပြီး၏။
---

၅ - ကောသမ္ဗကဝတ္ထု

၆။ ပရေ စ န ဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။
ယေ စ တတ္ထ ဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်ကိုယ်တော်တိုင် ညီညွတ်ရန် တရားဟောသော်လည်း မညီညွတ်ပဲ ငြင်းခုံနေကြသော ကောသမ္ဘီပြည်သားရဟန်းများကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ အချင်းချင်းညီညွတ်ကြပြီး ဘုရားရှင်ထံ ဝန်ချတောင်းပန် ကန်တော့လာကြသော ရဟန်းများ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဧတ္ထ၊ ဤလောက၌။ ပရေ၊ ပညာရှိသူတော်ကောင်းမှတပါးသော လူမိုက်တို့သည်။ မယံ၊ ငါတို့သည်။ ယမာမသေ၊ သေကြရကုန်လိမ့်မည်ဟု။ န ဝိဇာနန္တိ၊ မသိကြကုန်။ တတော၊ ထိုသို့မသိမှုကြောင့်။ မေဓဂါ၊ ခိုက်ရန်ငြင်းခုံမှုတို့သည်။ န စ သမ္မန္တိ၊ မပြေငြိမ်းကုန်။ တတ္ထ၊ ထိုလောက၌။ ယေ၊ အကြင်ပညာရှိပုဂ္ဂိုလ်တို့သည်။ မယံ၊ ငါတို့သည်။ ယမာမသေ၊ သေကြရကုန်လိမ့်မည်ဟု။ ဝိဇာနန္တိ၊ သိကုန်၏။ တတော၊ ထိုသို့သိမှုကြောင့်။ မေဓဂါ၊ ခိုက်ရန်ငြင်းခုံမှုတို့သည်။ သမ္မန္တိ၊ ပြေငြိမ်းကုန်၏။

စကားပြေ

ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြရကုန်လိမ့်မည်ဟု မသိမှုကြောင့် ခိုက်ရန်များကို ငြိမ်းအောင်မပြုကြကုန်။ ပညာရှိတို့သည်ကား လူမိုက်တို့နှင့် မတူပဲ ငါတို့ သေကြရကုန်လိမ့်မည်ဟု သိမြင်မှုကြောင့် ခိုက်ရန်များကို ငြိမ်းအောင်ပြုကြကုန်၏။

ပရေ— ပညာရှိမှတပါး ငြင်းခုံမှုကိုပြုကြကုန်သော လူမိုက်များ ရ၏။ တနည်း– ဘုရားဩဝါဒကို မနာခံသော ဘုရားကို မမြတ်နိုးမလေးစားသောသူ ရ၏။

ယေ— ဘုရားဩဝါဒကိုနာခံသော ဘုရားကို မြတ်နိုးလေးစားသူ ရ၏။

‌ရှေ့ဆောင်မှားမှု — ကောသမ္ဘီပြည် ဃောသိတာရုံကျောင်းတိုက်၌ တပည့်ငါးရာစီရှိသော ဝိနည်းဓိုရ်ရဟန်းနှင့် ဓမ္မကထိကရဟန်းတို့ အပြန်အလှန်စွပ်စွဲပုတ်ခတ်မှုကြောင့် တပည့်များ, ကိုးကွယ်သူ ဒါယကာ ဒါယိကာမများ ဩဝါဒခံယူသော ဘိက္ခုနီပများ ပုထုဇဉ်နတ် ဗြဟ္မာများ နှစ်ဘက် ကွဲသွားကြသည်။ ဘုရားရှင် စေ့စပ်ပေးသည်ကိုပင် မလိုက်နာနိုင်လောက်အောင် ကွဲပြားသွားကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၅။)

မျောက်နတ်သား — ပါလိလေယျကတော၌ မိမိလှူသောပျားသလက်ကို ဘုဉ်းပေးသုံးဆောင်တော်မူသော ဘုရားရှင်အပေါ်၌ ကြည်ညိုအားရ ဝမ်းသာစွာ မြူးတူးခုန်ပေါက်စဉ် သေသွားသောမျောက်သည် တာဝတိံသာ နတ်ပြည် နတ်သားဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈။)

တပည့်လိမ္မာ— ဝတ်အကျင့်နှင့် ပြည့်စုံပြီးသော ဆရာကောင်းတပည့်လိမ္မာတို့သည် ဆရာသမားတို့၏ အိပ်ရာနေရာပေါ်၌ မိမိ၏ သပိတ်ပရိက္ခရာများကိုပင် တင်ထားမှုမပြုကြကုန်။ တက်ရောက်နေထိုင်မှုကိုမူ ဆိုဖွယ်ပင်မရှိဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉။)

ဆင်နတ်သား— ပါလိလေယျကတော၌ ရေပူရေချမ်းနှင့်တကွ သစ်သီးကြီးငယ်ကို ရှာဖွေလှူဒါန်းခြင်း, ဆွမ်းခံကြွတော်မူသောအခါ သပိတ်နှင့် ဒုကုဋ်သင်္ကန်းကြီးကို ဦးကင်းပေါ်တင်ပြီး လိုက်ပို့ခြင်း, သစ်ခက်ဖြင့် ယပ်လေခပ်ပေးခြင်း, ညအခါ နှာမောင်းဖြင့် တုတ်ကိုကိုင်ကာ အရုဏ်တက်ချိန်အထိ လှည့်ပတ်စောင့်ရှောက်ခြင်းတို့ကို ပြုသောဆင်မင်းသည် သေလွန်သည့်အခါ တာဝတိံသာနတ်ပြည်၌ နတ်သမီးတထောင် ခြံရံလျက် နတ်သားဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၀။)

ပါဠိသဒ္ဒါခက်ဆစ်

ယမာမသေ = ယမု + အ + အာမသေ။
မေဓဂါ = မေဓန္တိ သတ္တေ ဟိံသန္တိတိ မေဓဂါ။ မေဓ + ဏွု။

ကောသမ္ဗကဝတ္ထု ပြီး၏။
---

၆ - မဟာကာဠတ္ထေရဝတ္ထု

၇။ သုဘာနုပဿိ ဝိဟရန္တံ၊ ဣန္ဒြိယေသု အသံဝုတံ။
ဘောဇနမှိ စ အမတ္တညံ၊ ကုသီတံ ဟီနဝီရိယံ။
တံ ဝေ ပသဟတိ မာရော၊ ဝါတော ရုက္ခံဝ ဒုဗ္ဗလံ။

၈။ အသုဘာနုပဿိ ဝိဟရန္တံ၊ ဣန္ဒြိယေသု သုသံဝုတံ။
ဘောဇနမှိ စ မတ္တညု၊ သဒ္ဓံ အာရဒ္ဓဝီရိယံ။
တံ ဝေ နပ္ပသဟတိ မာရော၊ ဝါတော သေလံဝ ပဗ္ဗတံ။

ဤတရား ဒေသနာတော်ကို ဘုရားရှင်သည် သေတဗျမြို့ကိုမှီ၍ ရင်းတိုက်တော၌ သီတင်းသုံးနေတော်မူစဉ် သဒ္ဓါတရားမရှိပဲ ရဟန်းပြုသော စူဠကာဠနှင့် သဒ္ဓါတရားဖြင့်ရဟန်းပြုသော မဟာကာဠညီနောင် နှစ်ပါးတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ ရဟန်းများ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သုဘာနုပဿိ၊ မတင့်တယ်သော အာရုံကို တင့်တယ်၏ဟု အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍။ ဝိဟရန္တံ၊ နေသော။ ဣန္ဒြိယေသု၊ စက္ခုစသော ဣန္ဒြေတို့၌။ အသံဝုတံ၊ မစောင့်စည်းသော။ ဘောဇနမှိ စ၊ ဘောဇဉ်၌လည်း။ အမတ္တညံ၊ အတိုင်းအနည်ကိုမသိသော။ ကုသီတံ၊ ပျင်းရိသော။ ဟီနဝီရိယံ၊ ယုတ်လျော့သော လုံ့လရှိသော။ တံ၊ ထိုသူကို။ ဝါတော၊ လေမုန်တိုင်းသည်။ ဒုဗ္ဗလံ၊ အားနည်းသော။ ရုက္ခံ၊ သစ်ပင်ကို။ ပသဟတိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ မာရော၊ အားကြီးသော ကိလေသာမာရ် ကိုယ်တွင်းရန်သည်။ ဝေ၊ စင်စစ်။ ပသဟတိ၊ နှိပ်စက်ဖျက်ဆီး၏။

အသုဘာနုပဿိ၊ မတင့်တယ်သော အာရုံကို မတင့်တယ်ဟု အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍။ ဝိဟရန္တံ၊ နေသော။ ဣန္ဒြိယေသု၊ စက္ခုစသော ဣန္ဒြေတို့၌။ သုသံဝုတံ၊ ကောင်းစွာစောင့်စည်းသော။ ဘောဇနမှိ စ၊ ဘောဇဉ်၌လည်း။ မတ္တညု၊ အတိုင်းအရှည်ကိုသိသော။ သဒ္ဓံ၊ သဒ္ဓါတရားရှိသော။ အာရဒ္ဓဝီရိယံ၊ ထက်သန်သော ဝီရိယရှိသော။ တံ၊ ထိုသူကို။ ဝါတော၊ လေပြေလေညင်းသည်။ သေလံ ပဗ္ဗတံ၊ ကျောက်တောင်ကို။ နပ္ပသဟတိ ဣဝ၊ မဖျက်ဆီးနိုင်သကဲ့သို့။ မာရော၊ အားနည်းသော ကိလေသာမာရ် ကိုယ်တွင်းရန်သည်။ နပ္ပသဟတိ၊ မနှိပ်စက်မဖျက်ဆီးနိုင်။

စကားပြေ

မတင့်တယ်သော အာရုံကို တင့်တယ်၏ဟု အဖန်ဖန်ရှုမှတ်နေသော မျက်စိ နားစသော ဣန္ဒြေတို့ကို လောဘ, ဒေါသမဖြစ်အောင် မစောင့်စည်းပဲ အစားအစာနှင့်ပတ်သက်၍ ရှာမှီးချိန် အလှူခံချိန်, သုံးဆောင်ချိန်တို့၌ အတိုင်းအရှည်ကို မသိသော လုံ့လမရှိ ပျင်းရိသောသူကို လေမုန်တိုင်းသည် မတောင့်တင်းသော သစ်ပင်ကို အကိုင်အခက်မှစ၍ အမြစ်ပါကျွတ်အောင် ဖျက်ဆီးသကဲ့သို့ ထို့အတူ ကိလေသာမာရ် ကိုယ်တွင်းရန်သည် ဒုက္ကဋ်အာပတ်မှစ၍ ပါရာဇိကအာပတ်တိုင်ရောက်အောင် ဖြစ်စေကာ နှိပ်စက်ဖျက်ဆီးသည်။

မတင့်တယ်သော အာရုံကို မတင့်တယ်ဟု အဖန်ဖန်ရှုဆင်ခြင်သော မျက်စိ နားစသော ဣန္ဒြေတို့ကို ကုသိုလ်ဖြစ်အောင် စောင့်ရှောက်လျက် အစားအစာနှင့်ပတ်သက်၍ အတိုင်းအရှည်ကိုသိသော ကံ, ကံ၏အကျိုးနှင့် ရတနာသုံးပါးတို့အပေါ် ယုံကြည်ပြီး ထက်သန်သောဝီရိယရှိသူကို လေပြေလေညင်းသည် ကျောက်တင်ကြီးကို မဖြိုဖျက်နိုင်သကဲ့သို့ ထို့အတူ အားနည်းသော ကိလေသာမာရ် ကိုယ်တွင်းရန်သည် မနှိပ်စက် မဖျက်ဆီးနိုင်။

သုဘာနုပဿိံ— မိန်းငယ်ကျား ဟူသော အမှတ်သညာကိုယူ၍ ကိုယ်အင်္ဂါအစိတ်အပိုင်းကို လှပတင့်တယ်၏ဟု အဖန်ဖန်ရှုလေ့ရှိသူ။

ဣန္ဒြိယေသု— မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဟူသော ဣန္ဒြေ ၆-ပါး။

အသံဝုတံ— မျက်စိစသော တံခါးပေါက်တို့ကို အကုသိုလ်မဖြစ်စေရန် မထိန်းသိမ်း မစောင့်ရှောက်သူ။

ဘောဇနမှိ စ အမတ္တညု— အစားအစာကို ရှာမှီးသောအခါ အလှူခံသောအခါ သုံးဆောင်သောအခါတို့၌ အတိုင်းအရှည်ကို မသိသူ။ တနည်း အစားအစာကို ဆင်ခြင်ခြင်း စွန့်လွှတ်ခြင်းတို့၌ အတိုင်းအရှည်ကို မသိသူ။ တနည်း တရားနှင့်လျော်သော ဘောဇဉ် မလျော်သော ဘောဇဉ်ဟု မသိသူ။

ကုသီတံ— ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် ဟူသော မိစ္ဆာဝိတက်တို့၏ အလိုသို့လိုက်ခြင်းကြောင့် ပျင်းရိနေသူ။

ဟီနဝီရိယံ— ဣရိယာပထ်လေးပါးတို့၌ လုံ့လမရှိသူ။

ဝါတော ရုက္ခံဝ ဒုဗ္ဗလံ— လေမုန်တိုင်းသည် ကမ်းပါးပြတ်၌ ပေါက်သော မတောင့်တင်းသော သစ်ပင်ကို အပွင့်, အသီး အရွက်ကို ကြွေစေခြင်း, သစ်ကိုင်းအသေးအကြီးကို ချိုးဖဲ့ခြင်း, အမြစ်နှင့်တကွ ပင်လုံးကို နုတ်ပြီး ထက်အောက်ပြောင်းပြန်ပြုခြင်းဖြင့် နှိပ်စက်သကဲ့သို့ ကိလေသာသည် ထိုပုဂ္ဂိုလ်ကို ခုဒ္ဒါနုခုဒ္ဒကအာပတ်, နိသဂ္ဂိယအာပတ်, သံဃာဒိသေသာပတ်, ပါရာဇိက အာပတ်သို့ ရောက်စေသည်။

အသုဘာနုပဿီ— အသုဘဆယ်ပါးတွင် တပါးပါးကို ရှုလျက် မတင့်တယ်ဟု အဖန်ဖန်ရှုဆင်ခြင်သူ။

သဒ္ဓံ— ကံနှင့် ကံ၏အကျိုးကို ယုံကြည်ခြင်းလက္ခဏာရှိသော လောကီသဒ္ဓါ ရတနာသုံးပါးတို့၌ မတုန်မလှုပ် ကြည်ညိုခြင်းလက္ခဏာရှိသော လောကုတ္တရာသဒ္ဓါနှင့် ပြည့်စုံသူ။

သုသာန်နေ ရဟန်း၏ ကျင့်ဝတ်

၁။ မိမိ သုသာန်၌ နေကြောင်းကို သုသာန်စောင့်နှင့် ကျောင်းရှိမထေရ် ရပ်ရွာလူကြီးများကို အသိပေးထားရခြင်း။
၂။ သား, ငါး, နှမ်း, မုန့်ညက်, ဆီ, ထန်းလျက်စသည်တို့ကို ရှောင်ကြဉ်ရခြင်း။
၃။ နေ့အခါ မအိပ်ရခြင်း။
၄။ ပျင်းရှိမှု မရှိရခြင်း။
၅။ ဝီရိယ ရှိရခြင်း။
၆။ ကောက်ကျစ်စဉ်းလဲမှုမရှိပဲ ကောင်းမွန်သော စိတ်ဓာတ်ရှိရခြင်း။
၇။ ညချမ်းအခါ သူများအိပ်ပျော်ချိန်၌ ကျောင်းမှထွက်ကြွရခြင်း။
၈။ နံနက်စောစော သူများမနိုးမီ ကျောင်းသို့ပြန်ကြရခြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၄၄။)

ဘုရားရှင်နှင့် သံဃပရိသတ် ထိုင်နေပုံ

ဘုရားရှင်သည် အလယ်မှထိုင်၍ ဘုရားရှင်၏ လက်ယာဘက်၌ အရှင်သာရိပုတ္တရာ လက်ဝဲဘက်၌ ရှင်မောဂ္ဂလ္လာန်ထိုင်ပြီးလျှင် ဘေးနှစ်ဘက်၌ ကြွင်းသော သံဃာများ ထိုင်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၅။)

ပါဠိသဒ္ဒါခက်ဆစ်

ဣန္ဒြိယေသု = ဣန္ဒ (အတ္တာ) လိင်္ဂံ ဣန္ဒြိယံ။ ဣန္ဒ + ဣယ။
ဟီနဝီရိယံ = ဟီနံ ဝီရိယံ ယဿာတိ ဟီနဝီရိယော။ ဟီန + ဝီရိယ + ယ ။
မာရော = ကုသလဓမ္မေ မာရေတီတိ မာရော။ မရ + ဏ ။
ဝါတော = ဝါယတိ ဂစ္ဆတီတိ ဝါတော။ ဝါ + တ ။
ဒုဗ္ဗလံ = နတ္ထိ ဗလံ ယဿာတိ ဒုဗ္ဗလော။ ဒု + ဗလ + ယ ။
သဒ္ဓံ = သဒ္ဓါ အဿအတ္တီတိ သဒ္ဓေါ။ သဒ္ဓါ + ဏ ။
အာရဒ္ဓဝီရိယံ = အာရဒ္ဓံ ဝီရိယံ ယဿာတိ အာရဒ္ဓဝီရိယော။ အာရဒ္ဓ + ဝီရိယ + ယ ။
အာရဒ္ဓ = အာရဘီယတေတိ အာရဒ္ဓံ။ အာ + ရဘ + တ ။
ဝီရိယ = ဝီရာနံ ကမ္မံ ဝီရိယံ။ ဝိ + ဤရ + ဣယ။ ဝီရေ သာဓု ဝီရာနံ ကမ္မံ ဝီရိယံ။ ဝီရ + ဣယ။
ပဗ္ဗတံ = ပဗ္ဗတိ ဩသဓာဒယောတိ ပဗ္ဗတံ။ ပဗ္ဗ + တ ။
သေလံ = သီလာနံ ရာသိ သီလာ ပစုရာ သန္တိ အသ္မိန္တိ ဝါ သေလော။ သီလ + က ။

မဟာကာဠတ္ထေရဝတ္ထု ပြီး၏။
---

၇ - ဒေဝဒတ္တဝတ္ထု

၉။ အနိက္ကသာဝော ကာသာဝံ၊ ယော ဝတ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝမရဟတိ။

၁၀။ ယော စ ဝန္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝမရဟတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ တသိန်းတန်သင်္ကန်းရခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏အဆုံး၌ ရှင်သာရိပုတ္တရာမထေရ်အားသာ ထိုက်တန်သော သင်္ကန်းကို ဒေဝဒတ်အလှူခံကြောင်း ဘုရားရှင်အား လျှောက်ထားလာသော ရဟန်းနှင့် အခြားရဟန်းတော်များ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အနိက္ကသာဝော၊ ရာဂစသော ကိလေသာ ဖန်ရည်မကင်းသော။ ဒမသစ္စေန၊ ဣန္ဒြေကိုဆုံးမခြင်း သစ္စာစောင့်ခြင်းမှ။ အပေတော၊ ကင်းသော။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာသာဝံ ဝတ္ထံ၊ ဖန်ရည်စွန်းသောအဝတ်သင်္ကန်းကို။ ပရိဒဟိဿတိ၊ ဝတ်ရုံအံ့။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ကာသာဝံ ဝတ္ထံ၊ ဖန်ရည်စွန်းသော အဝတ်သင်္ကန်းကို။ န အရဟတိ၊ မထိုက်တန်။

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဝန္တကသာဝဿ၊ စွန့်ပယ်ပြီးသော ကိလေသာဖန်ရည်ရှိသည်။ အဿ၊ ဖြစ်၏။ သီလေသု၊ စတုပါရိသုဒ္ဓိသီလတို့၌။ သုသမာဟိတော၊ ကောင်းစွာဆောက်တည်သည်လည်း။ အဿ၊ ဖြစ်၏။ ဒမသစ္စေန၊ ဣန္ဒြေကိုဆုံးမခြင်း, သစ္စာစောင့်ခြင်းနှင့်။ ဥပေတော၊ ပြည့်စုံသည်လည်း။ အဿ၊ ဖြစ်၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ကာသာဝံ၊ ဖန်ရည်စွန်းသော အဝတ်သင်္ကန်းကို။ အရဟတိ၊ ထိုက်တန်၏။

စကားပြေ

စက္ခုစသော ဣန္ဒြေကို ဆုံးမခြင်းမရှိ မှန်ကန်စွာ ပြောဆိုခြင်းလည်းမရှိ ရာဂ စသောကိလေသာလည်း အပြည့်ရှိသောသူသည် သင်္ကန်းကို မဝတ်ဆင်ထိုက်။

စက္ခုစသော ဣန္ဒြေကိုဆုံးမခြင်း, မှန်ကန်စွာပြောဆိုခြင်း ရှိ၍ အကျင့်သီလတို့ကို စောင့်ထိန်းပြီးလျှင် ရာဂစသောကိလေသာတို့ကို ပယ်ခွါပြီးသော သူသည်သာ သင်္ကန်းကို ဝတ်ဆင်ထိုက်၏။

အနိက္ကသာဝေါကာသာဝ အရ ရာဂစသော ကိလေသာ ရသည်။

ဒမသစ္စေနသစ္စ အရ ပရမတ္တသစ္စာနှင့် ဝစီသစ္စာ ရသည်။

သီလေသုသီလ အရ စတုပါရိသုဒ္ဓိသီလ ဖြစ်သည်။
(၁) ပါတိမောက္ခသံဝရသီလ။
(၂) ဣန္ဒြိယသံဝရသီလ။
(၃) အာဇီဝပါရိသုဒ္ဓိသီလ။
(၄) ပစ္စယသန္နိဿိတသီလ။

ဝန္တကသာဝ— မဂ်လေးပါးဖြင့် ကိလေသာကို ပယ်သတ်မှု။

အရှင်သာရိပုတ္တရာ ဟောကြားသော အလှူတရား

(၁) မိမိကိုယ်တိုင်လှူသော်လည်း သူတပါးကိုလှူရန်မတိုက်တွန်းသူသည် ဖြစ်ရာဘဝ၌ စည်းစိမ်နှင့် ပြည့်စုံသော်လည်း အခြွေအရံနှင့်ကား မပြည့်စုံ။
(၂) မိမိကိုယ်တိုင်ကားမလှူပဲ သူတပါးကိုလှူရန် တိုက်တွန်းသူသည် ဖြစ်ရာဘဝ၌ အခြွေအရံနှင့် ပြည့်စုံသော်လည်း ပစ္စည်းဥစ္စာနှင့် မပြည့်စုံ။
(၃) မိမိကိုယ်တိုင်လည်း မလှူ သူတပါးကိုလည်း လှူရန် မတိုက်တွန်းသူသည် ဖြစ်ရာဘဝ၌ ထမင်းရည်မျှ ဝမ်းပြည့်အောင်မရ၊ ကိုးကွယ်အားထားရာလည်း မရှိနိုင်။
(၄) မိမိကိုယ်တိုင်လည်း လှူသည့်အပြင် သူတပါးကိုလည်း လှူဖို့တိုက်တွန်းသူသည် အရာအထောင်အသိန်းမကသော ဘဝတို့၌ စည်းစိမ်ဥစ္စာနှင့်လည်းကောင်း, အခြွေအရံနှင့်လည်းကောင်း ပြည့်စုံနိုင်၏။

သင်္ကန်းတန်ခိုး— ဘုရားအလောင်းဆင်မင်းသည် မိမိဆွေမျိုးများကို သတ်နေသော ရှင်ဒေဝဒတ်အလောင်းမုဆိုးအား သတ်ရန်ကြံရွယ်မိစဉ် မုဆိုးထုတ်ပြသော သင်္ကန်းကိုမြင်ရသဖြင့် မသတ်တော့ပဲ အသက်ချမ်းသာပေးလိုက်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၅၁။)

ပါဠိသဒ္ဒါခက်ဆစ်

နိက္ကသာဝော = နတ္ထိ ကသာဝော ယဿာတိ နိက္ကသာဝော။ နိ + ကသာဝ + တ။
ကသာဝ = ကံ ပါနီယံ သေဝတေတိ ကသာဝော။ ကသာဝ + သိ + အဝ။ ကံ သဝါပေတတိ ကသဝေါ။ က + သု +ဏ။
ကာသာဝံ = ကသာဝေန ရတ္တံ ကာသာဝံ။ ကသာဝ + ဏ။
ဝတ္ထံ = ဝဿတေ အစ္ဆာဒီယတေတိ ဝတ္ထံ။ ဝသ + တ။
ပရိဒဟိဿတိ = ပရိ + ဓာ + ဿတိ။
ဒမသစ္စေန = ဒမော စ သစ္စဉ္စ ဒမသစ္စံ။ ဒမ + သစ္စ ။
ဝန္တကသာဝဿ = ဝန္တံ ကသာဝံ ယဿာတိ ဝန္တကသာဝော။ ဝန္တ + ကသာဝ + ယ ။
သုသမာဟိတော = သုဋ္ဌု သမ္မာ အာဟိတော သုသမာဟိတော။ သု + သံ + အာ + ဓာ+ တ။
ဥပေတော = ဥပေတီတိ ဥပေတော။ ဥပ + ဣ + တ ။

ဒေဝဒတ္တဝတ္ထု ပြီး၏။
---

၈ - သာရိပုတ္တတ္ထေရဝတ္ထု

၁၁။ အသာရေ သာရမတိနော၊ သာရေ စ အသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။

၁၂။ သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့၏ ဆရာဟောင်းဖြစ်သော သိဉ္စည်းဆရာ၏ ဘုရားရှင်အထံ မလာခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယေ၊ အကြင်သူတို့သည်။ အသာရေ၊ အနှစ်မရှိသောတရား၌။ သာရမတိနော၊ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏။ သာရေ စ၊ အနှစ်ရှိသောတရား၌မူကား။ အသာရဒဿိနော၊ အနှစ်မရှိဟု အယူရှိကြကုန်၏။ တေ၊ ထိုသူတို့သည်။ မိစ္ဆာသင်္ကပ္ပဂေါစရာ၊ မှားသောကြံစည်မှုလျှင် အာရုံရှိကြကုန်သည်ဖြစ်၍။ သာရံ၊ အနှစ်ရှိသော သီလစသော ဂုဏ်ကျေးဇူးတရားကို။ နာဓိဂစ္ဆန္တိ၊ မရနိုင်ကြကုန်။

ယေ၊ အကြင်သူတို့သည်။ သာရဉ္စ၊ အနှစ်ရှိသောတရားကိုလည်း။ သာရတော၊ အနှစ်ရှိသောအားဖြင့်။ အသာရဉ္စ၊ အနှစ်မရှိသောတရားကိုလည်း။ အသာရတော၊ အနှစ်မရှိသောတရားအားဖြင့်။ ဉတွာ၊ သိကုန်၍။ တေ၊ ထိုသူတို့သည်။ သမ္မာသင်္ကပ္ပဂေါစရာ၊ မှန်ကန်သောကြံစည်မှုလျှင် အာရုံရှိကုန်သည်ဖြစ်၍။ သာရံ၊ အနှစ်ရှိသော သီလစသော ဂုဏ်ကျေးဇူးတရားကို။ အဓိဂစ္ဆန္တိ၊ ရကုန်၏။

စကားပြေ

အနှစ်မရှိသောတရားကို အနှစ်ရှိ၏ အနှစ်ရှိသောတရားကို အနှစ်မရှိဟု မှတ်ထင်၍ အယူမှားသောသူတို့သည် သီလစသော ဂုဏ်ကျေးဇူး အနှစ်သာရကို မရကြကုန်။

အနှစ်ရှိသောတရားနှင့် အနှစ်မရှိသောတရားတို့ကို အယူမှန် အမြင်မှန်ဖြင့် သိသောသူတို့သည် သီလစသော ဂုဏ်ကျေးဇူးအနှစ်သာရကို ရကြကုန်၏။

အသာရေ သာရမတိနော— ၌ အသာရ အရ ပစ္စည်း ၄-ပါး ၁၀-ပါးသော အကြောင်းရှိသော မိစ္ဆာအယူ မိစ္ဆာအယူဖြင့် ဘရာဟောကြားမှုဖြစ်သည်။

သာရေ စ အသာရဒဿိနော— ၌ သာရ အရ ၁၀-ပါးသော အကြောင်းရှိသော သမ္မာအယူဖြင့် တရားဟောကြားမှုဖြစ်သည်။

တေ သာရံ နာဓိဂစ္ဆန္တိ— ၌ သာရ အရ သီလ, သမာဓိ, ပညာ အရဟတ္တဖိုလ် ဟု ဆိုအပ်သော ဝိမုတ္တိ ပစ္စဝေက္ခဏာဉာဏ် ဟု ဆိုအပ်သော ဝိမုတ္တိဉာဏဒဿန, ပရမတ္ထသာရခေါ်သော နိဗ္ဗာန်ဖြစ်သည်။

မိစ္ဆာသင်္ကပ္ပဂေါစရာ— ၌ မိစ္ဆာ အရ မိစ္ဆာဒိဋ္ဌိအယူဖြစ်၍ သင်္ကပ္ပ အရ ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် ဟူသော ဝိတက် ၃-ပါးဖြစ်သည်။

ဗျာဒိတ်ခံယူ နှစ်ကျိပ်ငါးဆူ

ဂေါတမဘုရားလောင်းလျာသည် ဒီပင်္ကရာဘုရား ကောဏ္ဍညဘုရား မင်္ဂလဘုရား, သုမနဘုရား, ရေဝတဘုရား, သောဘိတဘုရား, အနောမဒဿီဘုရား, ပဒုမဘုရား, နာရဒဘုရား, ပဒုမုတ္တရဘုရား, သုမေဓဘုရား, သုဇာတဘုရား, ပီယဒဿီဘုရား, အတ္ထဒဿီဘုရား, ဓမ္မဒဿီဘုရား, သိဒ္ဓတ္ထဘုရား, တိဿဘုရား, ဖုဿဘုရား, ဝိပဿီဘုရား, သိခီဘုရား, ဝေဿဘူဘုရား, ကကုသန္ဓဘုရား, ကောဏာဂမနဘုရား, ကဿပ ဘုရားရှင်များထံတွင် ဗျာဒိတ်ခံယူခဲ့ပြီး ဒါနာဒိပါရမီများကို ဆည်းပူးခဲ့သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၅၃။)

ဥပတိဿနှင့် ကောလိတ

ရှင်သာရိပုတ္တရာ အလောင်း ဥပတိဿနှင့် ရှင်မောဂ္ဂလ္လာန် အလောင်း ကောလိတတို့သည် ဉာဏ်နုစဉ်အခါ၌ ရွှေထမ်းစင်ငါးရာ, အာဇာနည်မြင်းကသော ရထားငါးရာတို့ဖြင့် မြစ်ဆိပ်, ဥယျာဉ်, ပွဲသဘင်သို့သွားကြပြီး ပွဲကြည့်ကြသည်။ ရယ်ရွှင်ဖွယ်ကိုကြားရလျှင် ရယ်မောလျက် ဝမ်းနည်းစရာ မြင်ရ ကြားရ ပြန်လျှင် ဝမ်းနည်းလိုက်ကြကာ သဘင်သည်တွေကို ဆုချပြီး အချိန်ကုန်စေကြသည်။ ဉာဏ်ရင့်လာသောအခါ ရယ်ရွှင်ဖွယ် ကြားရသော်လည်း မရယ် ဝမ်းနည်းဖွယ် မြင်ရ တွေ့ရသော်လည်း ဝမ်းမနည်းကြသည့်အပြင် ဆုလာဘ်ကိုလည်း မတော့ပဲ ကြည့်ယင်း ကြည့်ယင်း အနှစ်သာရ မတွေ့ကြတော့သည့်အတွက် ဤဘဝမှ လွတ်မြောက်ရာကို ရှာရန် တိုင်ပင်ကြသည်။ အရှင်သာရိပုတ္တရာသည် သာရီပုဏ္ဏေးမ၏ သားဖြစ်သောကြောင့် သာရိပုတ္တ ဥပတိဿရွာသားဖြစ်သောကြောင့် ဥပတိဿ ဟု အမည်ရသည်။ အရှင်မောဂ္ဂလ္လာန်သည် မောဂ္ဂလိပုဏ္ဏေးမ၏ သားဖြစ်သောကြောင့် မောဂ္ဂလိပုတ္တ ကောလိတရွာသားဖြစ်သောကြောင့် ကောလိတ ဟု အမည်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၅၆။)

ဆရာစွဲမထားသင့်

ဥပတိဿနှင့် ကောလိတတို့သည် သိဉ္စည်းဆရာကြီးထံ ဆည်းကပ်၍ သံသရာမှ လွတ်မြောက်ရေးတရား ရှာကြရာ စိတ်တိုင်းကျ မဖြစ်သဖြင့် သိဉ္စည်းထံမှ ခွဲခွါ၍ ဥပတိဿသည် ပဉ္စဝဂ္ဂီငါးဦးတွင် အပါအဝင်ဖြစ်သော အဿဇိထေရ်ထံ ပြောင်းရွှေ့ဆည်းကပ်သည်။ အရှင်အဿဇိထေရ်သည်—
ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယောနိရောဓော၊ ဧဝံဝါဒီ မဟာသမဏော။
ဟူသော ဂါထာကို ဟောကြားရာ ရွှေ့နှစ်ပါဒဖြင့်ပင် ဥပတိဿသည် သောတာပန်ဖြစ်သည်။ ဥပတိဿသည် သူငယ်ချင်း ကောလိတအား ယင်းဂါထာကိုပင် တဆင့် ဟောပြန်ရာ ဂါထာအဆုံး၌ ကောလိတလည်း သောတာပန် ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၅၉။)

နှစ်ဦးလုံး ရဟန္တာဖြစ်ကြပြီ

ဥပတိဿနှင့် ကောလိတတို့သည် သောတာပန် ဖြစ်ကြပြီးသည့်နောက် ဘုရားရှင်ထံရောက်ကြရာ ဧဟိ ဘိက္ခု ရဟန်းဖြစ်ကြသည်။ ၇-ရက်မြောက်သောအခါ ကောလိတ ရဟန္တာဖြစ်၍ ၁၅-ရက်မြောက်သောအခါ ဥပတိဿ ရဟန္တာဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၆၁။)

ဥပတိဿ ရဟန္တာအဖြစ် နောက်ကျပုံ

ဆင်းရဲသား ခရီးသွားရာ၌ မြန်မြန်အိမ်မှထွက်နိုင်ပြီး ရှင်ဘုရင် စသောသူတို့ ခရီးထွက်သောအခါ၌ အခြံအရံများ ပြင်ဆင်နေရမှုကြောင့် မြန်မြန်ထွက်မဖြစ်နိုင်သကဲ့သို့ ထိုအတူ ဥပတိဿသည် ဉာဏ်ပညာကြီးကျယ်သည့်အတွက် ပရိကံများပြားမှုကြောင့် ရဟန္တာဖြစ် နောက်ကျရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၆၁။)

အရှင်ကောဏ္ဍည အဂ္ဂသာဝက ရာထူးမရ

အရှင်ကောဏ္ဍည လောင်းလျာသည် ကိုးကြိမ်တိုင်တိုင် ကောက်ဦးလှူပြီး အဂ္ဂသာဝကအရာကို ဆုမတောင်းခဲ့ပဲ အမြတ်ဆုံး အရဟတ္တဖိုလ်တရားကို ရှေးဦးစွာ ထိုးထွင်းပြီးသိရန်သာ ဝိပဿီဘုရားရှင်ထံ ဆုတောင်းခဲ့သဖြင့် ရှေးဦးစွာ ရဟန္တာဖြစ်သော်လည်း အဂ္ဂသာဝကရာထူးကို မရ။ (ဓမ္မ၊ဋ္ဌ၊၁၊၆၁-၃။)

မျက်နှာကြီးငယ်လိုက်၍ ရာထူးပေးသည်မဟုတ်

အရှင်သာရိပုတ္တရာ လောင်းလျာဖြစ်သော သရဒသေ့သည် အနောမဒဿီဘုရားရှင်ထံ ပထမအဂ္ဂသာဝကအဖြစ် ဆုတောင်းခဲ့ပြီး အရှင်မောဂ္ဂလ္လာန် လောင်းလျာဖြစ်သော သိရီဝဍ္ဎနသူဌေးသည်လည်း အနောမဒဿီဘုရားရှင်ထံ ဒုတိယအဂ္ဂသာဝကအဖြစ် ဆုတောင်းခဲ့ကြသဖြင့် ဆုတောင်းအားလျော်စွာ အဂ္ဂသာဝကရာထူးကို ပေးသည်။ မျက်နှာလိုက်၍ ပေးသည်မဟုတ်။ (ဓမ္မ၊ဋ္ဌ၊၁၊၆၇၊ ၇၂။)

အနောမဒဿီဘုရားရှင်

ဤကမ္ဘာမှအထက် တသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ အနောမဒဿီဘုရား ပွင့်ခဲ့သည်။ မြို့မှာ စန္ဒဝတီမြို့ဖြစ်၍ ခမည်းတော်သည် ယသဝါ၊ မယ်တော်သည် ယသောဓရာ၊ ဗောဓိပင်သည် ထောက်ကြံ့ပင်၊ အဂ္ဂသာဝက နှစ်ပါးသည် အရှင်နိသဘ နှင့် အရှင်အနောမ၊ အလုပ်အကြွေးသည် အရှင်ဝရုဏ၊ အဂ္ဂသာဝိကာနှစ်ပါးသည် အရှင်မ သုန္ဒရာ နှင့် အရှင်မ သုမနာ၊ သက်တမ်းသည် အနှစ်တသိန်း၊ ခန္ဓာကိုယ်သည် ၅၈-တောင်၊ ကိုယ်တော်ရောင်သည် ၁၂ ယူဇနာ ရှိပြီး အခြံအရံသည် ရဟန္တာပေါင်းတသိန်း ခြံရံလျက်ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၆၇။)

ပါဠိသဒ္ဒါခက်ဆစ်

အသာရေ = နတ္ထိ သာရော ဧတ္ထာတိ အသာရော။ န + သာရ + ဧတ။
သာရမတိ = သာရော ဣတိ မတိ ယေသန္တိ သာရမတိနော။ သာရ + မတိ + ယ ။
မိစ္ဆာသင်္ကပ္ပဂေါစရာ = မိစ္ဆာသင်္ကပ္ပော ဂေါစရော ယေသန္တိ မိစ္ဆာသင်္ကပ္ပဂေါစရာ။ မိစ္ဆာ + သင်္ကပ္ပ + ဂေါစရ + ယ။

သာရိပုတ္တတ္ထေရဝတ္ထု ပြီး၏။
---

၉ - နန္ဒတ္ထေရဝတ္ထု

၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝုဋ္ဌိ သမတိဝိဇ္ဈတိ။
ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂော သမတိဝိဇ္ဈတိ။

၁၄။ ယထာ အဂါရံ သုစ္ဆန္နံ၊ ဝုဋ္ဌိ န သမတိဝိဇ္ဈတိ။
ဧဝံ သုဘာဝိတံ စိတ္တံ၊ ရာဂော န သမတိဝိဇ္ဈတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိထွေးတော်ဂေါတမီ၏သား ညီတော်နန္ဒကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဒုစ္ဆန္နံ၊ မကောင်းသဖြင့် မိုးအပ်သော။ အဂါရံ၊ အိမ်ကို။ ဝုဋ္ဌိ၊ မိုးရေသည်။ သမတိဝိဇ္ဈတိ ယထာ၊ ဖောက်ဝင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ အဘာဝိတံ၊ ဘာဝနာ ကမ္မဋ္ဌာန်းမှ ကင်းသော။ စိတ္တံ၊ စိတ်ကို။ ရာဂော၊ ရာဂသည်။ သမတိဝိဇ္ဈတိ၊ ဖောက်ဝင်နိုင်၏။

သုစ္ဆန္နံ၊ ကောင်းစွာ မိုးအပ်သော။ အဂါရံ၊ အိမ်ကို။ ဝုဋ္ဌိ၊ မိုးရေသည်။ န သမတိဝိဇ္ဈတိ ယထာ၊ မဖောက်ဝင်နိုင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သုဘာဝိတံ၊ ကောင်းစွာ ပွားစေအပ်ပြီးသော ကမ္မဋ္ဌာန်းဘာဝနာရှိသော။ စိတ္တံ၊ စိတ်ကို။ ရာဂော၊ ရာဂသည်။ န သမတိဝိဇ္ဈတိ၊ မဖောက်ဝင်နိုင်။

စကားပြေ

ကောင်းစွာ မိုး၍ မထားသော အိမ်ကို မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှု မရှိသောသူ၏ စိတ်ကို ရာဂသည် ဖောက်ဝင်နိုင်၏။

ကောင်းစွာ မိုး၍ ထားအပ်သော အိမ်ကို မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှုရှိသူ၏ စိတ်ကို ရာဂသည် မဖောက်ဝင်နိုင်။

ရာဂေါ— အရ ရာဂ, ဒေါသ, မောဟ, မာန စသော ကိလေသာအားလုံး။

ခမည်းတော်စသူများကို ချွတ်ခန်း

ဘုရားရှင်သည် ကပိလဝတ်ပြည်သို့ ရောက်သောနေ့တွင် ဆွေတော်မျိုးတော်တို့အား ပဿန္တရာဇာတ်တော်ကိုဟော၍ နှစ်ရက်မြောက်သောနေ့တွင် ဥတ္တနပ္ပမတ္တယျ စသောဂါထာဖြင့် ခမည်းတော်ကို သောတာပ္ဖိုလ်၌ တည်စေသည်။ ဓမ္မဉ္စရေ သုစရိတံ ဂါထာဖြင့် မိထွေးတော်ဂေါတမီကို သောတာပ္ဖိုလ်၌ တည်စေပြီး ခမည်းတော်ကို သကဒါဂါမိဖိုလ်၌ တည်စေသည်။ သုံးရက်မြောက်သောနေ့တွင် ညီတော်နန္ဒကို ရဟန်းပြုပေးသည်။ ၇-ရက်မြောက်နေ့တွင် သားတော်ရာဟုလာကို ရှင်ပြုပေး၍ မဟာဓမ္မပါလဇာတ်တော်ဖြင့် ခမည်းတော်ကို အနာဂါမိဖိုလ်၌ တည်စေသည်။

လက်နက်ဖြင့် အုပ်ချုပ်မှုစနစ် မမှန်

ဗာရာဏသီပြည်ဝယ် ကပ္ပဋ္ဌမည်သော ကုန်သည်တယောက်သည် မြည်းမ၏ ဖျားယောင်းမှုကြောင့် စိတ်ထွေနေသော မြည်းကို ခေါ်မရသဖြင့် ရိုက်မည်ဟု ပြောသောအခါ သင့်ကိုလည်း သွားထွက်သွားအောင် ရှေ့မှနေပြီး ကန်ပစ်မည်ဟု မြည်းက ပြန်ပြောသည်။ အကင်းပါးသော ကုန်သည်သည် ချော့မော့ခေါ်မှသာလျှင် ဖြစ်မည်ဟု အကြံရပြီး ချော့မော့ခေါ်သောအခါ မြည်းသည် စိတ်နှလုံး နူးညံ့လာပြီး ဆရာ၏စကားကို နားထောင်လာသည်။ ထိုဇာတ်လမ်းကို ထောက်ရှုသဖြင့် လက်နက်ဖြင့် အုပ်ချုပ်မှုစနစ်သည် မမှန်ကန်ဟု သတိပြုရမည်။ (ဓမ္မ၊ဋ္ဌ၊၁၊၈ဝ။)

ပါဠိသဒ္ဒါခက်ဆစ်

အဂ= န ဂစ္ဆတီတိ အဂေါ။ န+ဂမ+ကွိ။
အဂါရံ = အဂန္တိ ဂစ္ဆန္တိ ဧတ္ထာတိ အဂါရံ။ အဂ + ဂမ + ရ + အ။ (အဂ+ အာရ=ကွာဒီ ၁၆၄)

နန္ဒတ္ထေရဝတ္ထု ပြီး၏။
---

၁၀ - စုန္ဒသူကရိကဝတ္ထု

၁၅။ ဣဓ သောစတိ ပေစ္စ သောစတိ၊ ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ဝိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ၅၅-နှစ်တို့ပတ်လုံး ဝက်သတ်သမား ပြုလုပ်နေသော စုန္ဒကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်ဖြစ်ကြသည်။

အနက်

ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသူသည်။ ဣဓ၊ ဤဘဝ၌။ သောစတိ၊ စိုးရိမ်ရ၏။ ပေစ္စ၊ နောင်တမလွန်ဘဝ၌။ သောစတိ၊ စိုးရိမ်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထို မကောင်းမှုကို ပြုလေ့ရှိသူသည်။ အတ္တနော၊ မိမိ၏။ ကမ္မကိလိဋ္ဌံ၊ ညစ်နွမ်းသော ကံ (အမှု) ကို။ ဒိသွာ၊ မြင်၍။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထိုသူသည်။ ဝိဟညတိ၊ ပင်ပန်းရှ၏။

စကားပြေ

မကောင်းမှု ဒုစရိုက်ကို ပြုသူသည် ဤဘဝ နောင်ဘဝတို့တွင် တခုခု သောဘဝ၌ သော်လည်းကောင်း၊ နှစ်ဘဝလုံးတို့၌ သော်လည်းကောင်း မိမိ၏ ညစ်နွမ်းသော အမှုကို မြင်၍ စိုးရိမ်ရ၏၊ ညစ်နွမ်းသော ကံအကျိုးကို ခံစားရ၍ ပင်ပန်း၏။

ဣဓ သောစတိ— ငါသည် ကောင်းမှုကို မပြုမီ မကောင်းမှုကို ပြုမိခဲ့ပြီ ဟု သေခါနီးအခါ၌ စိုးရိမ်မှုသည် အကြောင်းကံနှင့် စပ်၍ စိုးရိမ်မှုဖြစ်သည်။

ပေစ္စ သောစတိ— မိမိပြုခဲ့သော မကောင်းမှုကံ၏ အကျိုးကို ခံစားရသော် တမလွန်ဘဝ၌ စိုးရိမ်မှုဖြစ်သည်။

စုန္ဒသူကရှိကဝတ္ထု ပြီး၏။
---

၁၁ - ဓမ္မိကဥပါသကဝတ္ထု

၁၆။ ဣဓ မောဒတိ ပေစ္စ မောဒတိ၊ ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊ ဒိသွာ ကမ္မဝိသုဒ္ဓိမတ္တနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သီတင်းသည် ငါးရာတို့၏ အကြီးအကဲဖြစ်၍ တုသိတာနတ်ဘုံသို့ ရောက်သွားသော ဓမ္မိကဥပါသကကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ကတပုညော၊ ကောင်းမှုကို ပြုသောသူသည်။ ဣဓ၊ ဤဘဝ၌။ မောဒတိ၊ ဝမ်းမြောက်ရ၏။ ပေစ္စ၊ နောင်တမလွန်ဘဝ၌။ မောဒတိ၊ ဝမ်းမြောက်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌။ မောဒတိ၊ ဝမ်းမြောက်ရ၏။ သော၊ ထို ကောင်းမှုကို ပြုသောသူသည်။ အတ္တနော၊ မိမိ၏။ ကမ္မဝိသုဒ္ဓိံ၊ စင်ကြယ်သော ကံ (အမှု) ကို။ ဒိသွာ၊ မြင်၍။ မောဒတိ၊ ဝမ်းမြောက်ရ၏။ သော၊ ထိုသူသည်။ ပမောဒတိ၊ အထူးထူး အပြားပြား ဝမ်းမြောက်ရ၏။

စကားပြေ

ကောင်းမှု သုစရိုက်ကို ပြုသူသည် ဤဘဝ နောင်ဘဝတို့တွင် တခုခု သောဘဝ၌ သော်လည်းကောင်း၊ နှစ်ဘဝလုံးတို့၌ သော်လည်းကောင်း မိမိ၏ စင်ကြယ်သော ကံကို မြင်၍ ဝမ်းမြောက်ရ၏။ စင်ကြယ်သော ကံ၏ အကျိုးကို ခံစားရ၍ အလွန် ဝမ်းမြောက်ရ၏။

ကတပုညော— အခါအားလျော်စွာ ဖြစ်ပေါ်လာသော စားဖွယ် သောက်ဖွယ်များနှင့် အဝတ်အထည်စသည်တို့ကို ဆန်းဆန်းကြယ်ကြယ် ပြုလုပ်၍ လှူဒါန်းသူ ရ၏။

ဣဓ မောဒတိ— ငါသည် မကောင်းမှုကို မပြုမိ၊ ကောင်းမှုကိုသာ ပြုခဲ့သည် ဟု သေခါနီးအခါ၌ ဝမ်းမြောက်မှုသည် အကြောင်းကံနှင့် စပ်၍ ဝမ်းမြောက်မှု ဖြစ်သည်။

ပေစ္စ မောဒတိ— မိမိပြုခဲ့သော ကောင်းမှုကံ၏ အကျိုးကို ခံစားရသော် တမလွန်ဘဝ၌ ဝမ်းမြောက်မှု ဖြစ်သည်။

မြေအိုးခွဲ ရွှေအိုးယူ— ဓမ္မိကဥပါသကသည် မြေအိုးနှင့် တူသော လူ့ဘဝကို စွန့်၍ ရွှေအိုးနှင့် တူသော တုသိတာနတ်ပြည်သို့ ပြောင်းရွှေ့သွားသည်။

ပါဠိသဒ္ဒါခက်ဆစ်

ကတပုညော = ကတံ ပုညံ ယေနာတိ ကတပုညော။ ကတ + ပုည + ယ ။
ကမ္မဝိသုဒ္ဓိ = ကမ္မံ ဝိသုဒ္ဓိ ကမ္မဝိသုဒ္ဓိ။ ကမ္မ + ဝိသုဒ္ဓိ။

ဓမ္မိကဥပါသကဝတ္ထု ပြီး၏။
---

၁၂ - ဒေဝဒတ္တဝတ္ထု

၁၇။ ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ပါပံ မေ ကတံတိ တပ္ပတိ၊ ဘီယျော တပ္ပတိ ဒုဂ္ဂတိဂတော။

ဤတရား ဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အား ပြစ်မှား၍ နောက်ဆုံး အရှင်လတ်လတ် မြေမျိုကာ အဝီစိငရဲ၌ ခံနေရသော အရှင်ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသူသည်။ ဣဓ၊ ဤဘဝ၌။ တပ္ပတိ၊ ပူပန်ဆင်းရဲရ၏။ ပေစ္စ၊ နောင်တမလွန်ဘဝ၌။ တပ္ပတိ၊ ပူပန်ဆင်းရဲရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌။ တပ္ပတိ၊ ပူပန်ဆင်းရဲရ၏။ မေ၊ ငါသည်။ ပါပံ၊ မကောင်းမှုကို။ ကတံ၊ ပြုမိပြီ။ ဣတိ၊ ဤသို့။ တပ္ပတိ၊ ပူပန်ဆင်းရဲရ၏။ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝသို့။ ဂတော၊ ရောက်သည်ရှိသော်။ ဘီယျော၊ လွန်စွာ။ တပ္ပတိ၊ ပူပန်ဆင်းရဲရ၏။

စကားပြေ

မကောင်းမှုကို ပြုသောသူသည် ဤဘဝ, နောင်ဘဝတို့တွင် တခုခု သောဘဝ၌ သော်လည်းကောင်း၊ နှစ်ဘဝလုံးတို့၌ သော်လည်းကောင်း ပူပန်ဆင်းရဲရ၏၊ ငါသည် မကောင်းမှုကို ပြုမိပြီ ဟု ဤဘဝ၌ ပူပန်ဆင်းရဲရ၏၊ အပါယ်လေးပါးသို့ ရောက်သောအခါ ပို၍ပင် ပူပန်ဆင်းရဲရ၏။

(ဣဓ တပ္ပတိ စသည် ဣဓ သောစတိ စသည် နှင့် တူပြီ။)

အတုယူစရာ

သာကီဝင်မင်းသားများဖြစ်ကြသော ဘဒ္ဒိယ, အနုရုဒ္ဓ, အာနန္ဒ, ကိမိလ နှင့် ဒေဝဒတ္တတို့သည် မာနနည်းစေရန် ဆတ္တာသည်ဖြစ်သော ဥပါလိကို ရှေးဦးစွာ ရဟန်းပြုစေပြီးမှ ရဟန်းပြုကြကာ ဥပါလိကို အရိုအသေပေးကြသည်။ ရဟန်းပြုသော နှစ်အတွင်းမှာပင် အရှင်ဘဒ္ဒိယသည် ဝိဇ္ဇာသုံးပါးရ၍ အရှင်အနုရုဒ္ဓသည် ဒိဗ္ဗစက္ခုအဘိညာဏ်ရကာ မဟာဝိတက္ကသုတ်ကို နာရလျက် အရဟတ္တဖိုလ်သို့ ရောက်သည်။ အရှင်အာနန္ဒသည် သောတာပန်ဖြစ်ပြီး အရှင်ဘဂု နှင့် အရှင်ကိမိလတို့သည် ဝိပဿနာတရားကို ဆက်လက် အားထုတ်ကာ ရဟန္တာဖြစ်ကြသည်။ အရှင်ဒေဝဒတ်သည် ပုထုဇဉ် အဖြစ်ဖြင့် တန်ခိုးများ ရရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၈၉။)

အရှင်ဒေဝဒတ် တောင်းသော ဆု ၅-ပါး

ရဟန်းတော်များသည် အသက်ထက်ဆုံး
၁။ တော၌ နေစေပါ။
၂။ ဆွမ်းခံ စားစေပါ။
၃။ ပံသုကူသင်္ကန်း ဝတ်စေပါ။
၄။ သစ်ပင်ရင်း၌ နေစေပါ။
၅။ ငါး အသား စားခြင်းမှ ရှောင်ကြဉ်စေပါ။ (ဓမ္မ၊ဋ္ဌ၊ ၁။ ၉၁။)

နောင်တ — အရှင်ဒေဝဒတ်သည် ဘုရားရှင်အပေါ် ရန်ငြိုးအမျိုးမျိုး ဖွဲ့ပြီး သေခါနီးအချိန် ရောက်သောအခါ ငါကသာ နောင်တော် ဘုရားအပေါ် ပြစ်မှား နေပေမယ့် နောင်တော် ဘုရားက ငါ့အပေါ် လုံးဝ ရန်ငြိုးမရှိပါ။ နောင်တော် ဘုရားထံ အရောက် ပို့ပေးကြပါ ဟု တောင်းပန်သည်။ တပည့်များက ထမ်းစင်ဖြင့် ပို့ပေးကြသော်လည်း ဘုရားရှင်ထံ မရောက်တော့ပဲ လမ်းမှာပင် မြေမျိုလျက် အဝီစိငရဲသို့ ရောက်သွားရလေသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၉၅။)

ဗျာဒိတ် - အရှင်ဒေဝဒတ်သည် မြေမျိုနေစဉ် အရိုးတို့ဖြင့် ဘုရားရှင်ကို ပူဇော် ကန်တော့သွားသည့်အတွက် နောင် ကမ္ဘာတသိန်းထက်ဝယ် အဋ္ဌိဿရအမည်ရှိသော ပစ္စေကဗုဒ္ဓါဖြစ်မည် ဟု ဗျာဒိတ်ရပြီးသူ ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၉၅။)

ပါဠိသဒ္ဒါခက်ဆစ်

ပါပံ = ဒုဂ္ဂတိံ ပါပေတီတိ ပါပံ၊ ပါန္တိ ရက္ခန္တိ အတ္တာနံ အသ္မာတိ ပါပံ။ ပါ + အ။ (ပ-လာ)
ဒုဂ္ဂတိံ = ဒုဋ္ဌု ဂတိ ဒုဂ္ဂတိ။ ဒု + ဂတိ။

ဒေဝဒတ္တဝတ္ထု ပြီး၏။
---

၁၃ - သုမနာဒေဝီဝတ္ထု

၁၈။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊ ကတပုညော ဥဘယတ္ထ နန္ဒတိ။
ပုညံ မေ ကတန္တိ နန္ဒတိ၊ ဘိယျော နန္ဒတိ သုဂ္ဂတိဂတော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ္ဍိကသူဌေး၏ အငယ်ဆုံးသမီးဖြစ်သော သုမနာဒေဝီကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ကတပုညော၊ ကောင်းမှုပြုသူသည်။ ဣဓ၊ ဤဘဝ၌။ နန္ဒတိ၊ နှစ်သက်ရ၏။ ပေစ္စ၊ နောင်တမလွန်ဘဝ၌။ နန္ဒတိ၊ နှစ်သက်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌။ နန္ဒတိ၊ နှစ်သက်ရ၏။ မေ၊ ငါသည်။ ပုညံ၊ ကောင်းမှုကို။ ကတံ၊ ပြုခဲ့ပြီ။ ဣတိ၊ ဤသို့။ နန္ဒတိ၊ နှစ်သက်ရ၏။ သုဂ္ဂတိ၊ ကောင်းသော ဘုံသို့။ ဂတော၊ ရောက်သည်ရှိသော်။ ဘိယျော၊ လွန်စွာ။ နန္ဒတိ၊ နှစ်သက်ရ၏။

စကားပြေ

ကောင်းသော အမှုကို ပြုသောသူသည် ဤဘဝ နောင်ဘဝတို့တွင် တခုခုသော ဘဝ၌ သော်လည်းကောင်း နှစ်ဘဝလုံး၌ သော်လည်းကောင်း နှစ်သက်ကြည်နူးရ၏။ ငါသည် မွန်မြတ်သော အမှုကို ပြုခဲ့ပြီ ဟု ဤဘဝ၌ နှစ်သက်ကြည်နူးရ၏။ ကောင်းမြတ်သော ဘုံဘဝသို့ ရောက်သောအခါ ပို၍ပင် နှစ်သက်ကြည်နူးရ၏။

ဣဓ နန္ဒတိ စသည်ဣဓ မောဒတိ စသည် နှင့် တူပြီ။

သောတာပန်များ အိမ်ထောင်ပြုသည်

ဝိသာခါသည် မိမိ၏ သားကမွေးသော မြေးမကို မိမိ၏ အရာ၌ ထား၍ သံဃာတော်များကို ပြုစုစေသကဲ့သို့ အနာထပိဏ္ဍိကသည် သမီးအကြီးဆုံး မဟာသုဘဒ္ဒါကို မိမိအရာ၌ ထား၍ သံဃာတော်များကို ပြုစုစေရာ ရဟန်းတော်များ၏ တရားကို နာရသဖြင့် မဟာသုဘဒ္ဒါသည် သောတာပန်ဖြစ်သွားသည်။ နောင်အခါ အိမ်ထောင်ပြုသွားသည့်အတွက် သမီးအလတ် စူဠသုဘဒ္ဒါကို ထားပြန်ရာ ထိုအတူ သောတာပန်ဖြစ်ပြီး နောင် အိမ်ထောင်ပြုသွားပြန်သည်။

သကဒါဂါမ် အိမ်ထောင်မပြု

သမီးငယ် သုမနာဒေဝီကို ပြောင်းထားသောအခါ ရဟန်းတော်များ၏ တရားကို နာရသဖြင့် သောတာပန်မျှမက သကဒါဂါမိဖြစ်သွားသည့်အတွက် အိမ်ထောင်မပြုတော့ပဲ တသက်လုံး ကုမာရီဘဝဖြင့်ပင် သံဃာတော်များကို ပြုစုသွားသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၉၇-၈။)

သောတာပန်များ ငိုကြွေးသည်

သုမနာဒေဝီသည် သကဒါဂါမိဖြစ်သည့်အတွက် သောတာပန်သာဖြစ်သော ဖခင် အနာထပိဏ္ဍိကကို မောင်ငယ်ဟု ခေါ်ပြီး သေဆုံးသွားလေရာ ဖခင်ကို မောင်ငယ်ဟု ခေါ်ခြင်းသည် သေခါနီး အယူမှားသွားသည်ဟု သမီးအတွက် စိတ်မကောင်းသဖြင့် ဖခင် အနာထပိဏ္ဍိက သောတာပန်ကြီးသည် ပူဆွေးငိုကြွေးရှာလေသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၉၈။)

ပါဠိသဒ္ဒါခက်ဆစ်

ပုညံ = ပုနာတီတိ ပုညံ။ ပု + ဏျ။ (န လာ)
သုဂ္ဂတိ = သုဋ္ဌု ဂတိ သုဂ္ဂတိံ။ သု + ဂတိ။
သုမနာဒေဝီဝတ္ထု ပြီး၏။
---

၁၄ - ဒွေသဟာယကဘိက္ခုဝတ္ထု

၁၉။ ဗဟုံ စေ သံဟိတံ ဘာသမာနော၊ န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပော ဝ ဂါဝော ဂဏယံ ပရေသံ၊ န ဘာဂဝါ သာမညဿ ဟောတိ။

၂၀။ အပ္ပမ္ပိ စေ သံဟိတံ ဘာသမာနော၊ ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။
ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊ သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။
အနုပါဒိယာနော ဣဓ ဝါ ဟုရံ ဝါ၊ သ ဘာဂဝါ သာမညဿ ဟောတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန္တာအဖြစ်သို့ ရောက်သော တောကျောင်းနေ ဝိပဿနာဓုရဆောင်နှင့် စာပေသင်ကြား ပို့ချ၍ ဂိုဏ်းဆရာဖြစ်သော ဂန္ထဓုရဆောင် သာဝတ္ထိပြည်သား မိတ်ဆွေဖြစ်သော ရဟန်းနှစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယော နရော၊ အကြင်သူသည်။ သံဟိတံ၊ ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်ကို။ ဗဟုံ၊ များစွာလည်း။ ဘာသမာနော၊ သူတပါးတို့အား ပို့ချဟောပြောလျက်။ ပမတ္တော၊ မေ့လျော့သည်ဖြစ်၍။ တက္ကရော၊ ထိုပိဋကတ်သုံးပုံမှ လာသော ကျင့်နည်းကို ပြုကျင့်သည်။ န ဟောတိ၊ မဖြစ်။ ထိုသူသည်ပရေသံ၊ သူတပါးတို့၏။ ဂါဝော၊ နွားတို့ကို။ ဂဏယံ၊ ရေတွက်လျက်။ ဂဏယန္တော၊ ရေတွက်လျက်။ နိယျာဒေန္တော၊ အပ်နှင်းရသော။ ဂေါပော ဝ၊ နွားကျောင်းသားနှင့် တူ၏။ သာမညဿ၊ ဈာန် မဂ်ဖိုလ်၏။ ဘာဂဝါ၊ အဖို့ရှိသည်။ န ဟောတိ၊ မဖြစ်နိုင်။

ယော နရော၊ အကြင်သူသည်။ သံဟိတံ၊ ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်ကို။ အပ္ပမ္ပိ၊ အနည်းငယ်မျှလည်း။ ဘာသမာနော၊ သူတပါးတို့အား ပို့ချဟောပြောလျက်။ ဓမ္မဿ၊ လောကုတ္တရာတရားကို။ အနုဓမ္မစာရီ၊ တရားအားလျော်စွာ ကျင့်သည်။ စေ ဟောတိ၊ ဖြစ်အံ့။ သော နရော၊ ထိုသူသည်။ ရာဂဉ္စ၊ ရာဂကိုလည်းကောင်း။ ဒေါသဉ္စ၊ ဒေါသကိုလည်းကောင်း။ မောဟဉ္စ၊ မောဟကိုလည်းကောင်း။ ပဟာယ၊ ပယ်၍။ သမ္မပ္ပဇာနော၊ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။ သုဝိမုတ္တစိတ္တော၊ ကိလေသာတို့မှ ကောင်းစွာလွတ်သော စိတ်ရှိသည်ဖြစ်၍။ ဣဓ ဝါ၊ ဤလောက၌လည်းကောင်း။ ဟုရံ ဝါ၊ နောင်ဘဝ၌လည်းကောင်း။ အနုပါဒိယာနော၊ စွဲလမ်းမှု မရှိသည်ဖြစ်၍။ သာမညဿ၊ ဈာန် မဂ်ဖိုလ်၏။ ဘာဂဝါ၊ အချို့ရှိသည်။ ဟောတိ၊ ဖြစ်၏။

စကားပြေ

နွားကျောင်းသားသည် နွားရှင်တို့အား နွားတို့ကို ရေတွက် အပ်နှင်းရသဖြင့် နွားကျောင်းခသာရ၍ နွားနို့ အရသာကို မသုံးဆောင် မခံစားရသကဲ့သို့ ပိဋကတ်သုံးပုံကို သူတပါးတို့အား ပို့ချပေးသဖြင့် တပည့်တို့၏ အပြုအစုကိုသာ ခံစားရ၍ ကျင့်ကြံပွားများသင့်သော ကမ္မဋ္ဌာန်းကို မပွားပဲ မေ့မေ့လျော့လျော့နေသူသည် ဈာန်, မဂ်ဖိုလ် အရသာကို မသုံးဆောင် မခံစားရပေ။

ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်ကို အဟောအပြော နည်းသော်လည်း တရားတော်နှင့် အညီ ကျင့်ကြံအားထုတ်သောသူသည် ရာဂ ဒေါသ မောဟကို ပယ်လျက် ပညာအဆင်အခြင်နှင့် ပြည့်စုံကာ ကိလေသာတို့မှ လွှတ်သော စိတ်ရှိသည်ဖြစ်၍ ဤဘဝ နောင်ဘဝတို့၌ စွဲလမ်းမှု မရှိသဖြင့် ဈာန် မဂ်ဖိုလ် အရသာကို သုံးဆောင် ခံစားရ၏။

[ဗဟုံ စေ စသော ပထမဂါထာ— သီလ, ဗဟုသုတနှင့် ပြည့်စုံသော်လည်း အနိစ္စစသည်ဖြင့် နှလုံးမသွင်းပဲ မေ့မေ့လျော့လျော့ နေသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒုဿီလရဟန်းကို ရည်ရွယ်၍ ဟောတော်မူသည် မဟုတ်။

[အပ္ပမ္ပိ စေ စသော ဒုတိယဂါထာ— သီလနှင့် ပြည့်စုံ၍ အကြားအမြင်နည်းသော်လည်း မမေ့မလျော့ တရားအားထုတ်သော ရဟန်းကို ရည်ရွယ်၍ ဟောတော်မူသည်။]

သံဟိတံ— ပိဋကတ်သုံးပုံ ဟူသော ဘုရားစကားတော် ရ၏။

ဓမ္မဿ— လောကုတ္တရာ တရားကိုးပါး ရ၏။

အနုဓမ္မစာရီ— လောကုတ္တရာ တရား ရဖို့ရန် အကြောင်းဖြစ်သော စတုပါရိသုဒ္ဓိသီလ, ဓုတင်, အသုဘကမ္မဋ္ဌာန်းစသည်ကို ကျင့်သောသူ။

သမ္မပ္ပဇာနော— သင့်သော အကြောင်းဖြင့် သိထိုက်သော တရားတို့ကို သိသူ။

သုဝိမုတ္တစိတ္တော— တဒင်္ဂ, ဝိက္ခမ္ဘန, သမုစ္ဆေဒ, ပဋိပဿဒ္ဓိ, နိဿရဏ ဟူသော ဝိမုတ္တိတို့၏ အစွမ်းဖြင့် ကိလေသာတို့မှ လွှတ်သော စိတ်ရှိသူ။

အနုပါဒိယာနော— ခန္ဓာ, အာယတန, ဓာတ်တို့ကို မစွဲလမ်းသော ရဟန္တာပုဂ္ဂိုလ်။

သာမညဿ— ၌ သာမညအရ ဈာန် မဂ်ဖိုလ်။

နွားကျောင်းသားနှင့် နွားရှင်

နွားကျောင်းသားသည် နွားကို ထိန်းကျောင်းခသာရပြီး နွားနို့စသည်ကို မသုံးဆောင်ရပဲ နွားပိုင်ရှင်ကသာ နွားနို့စသည်ကို စိတ်တိုင်းကျ သုံးဆောင်နိုင်သကဲ့သို့ ပိဋကတ်များကို သင်ကြား ပို့ချပေးရုံသာ ပေးသူသည် သင်ကြား ပို့ချခဖြစ်သော ကပည့်များ၏ ဝတ်ပြုမှုကိုသာ ခံစားရပြီး မဂ်, ဖိုလ် အရသာကို မခံစားရ၊ တရားတော်လာတိုင်း ကျင့်သူသာ မဂ်, ဖိုလ် အရသာကို အလိုရှိတိုင်း ခံစားရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၀၁-၂။)

ဘုရားချီးမွမ်းခံရသူ

ဝိပဿနာဓုရကို ကြိုးစား အားထုတ်သဖြင့် ပဋိသမ္ဘိဒါလေးပါးနှင့် တကွ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်ကို ဘုရားရှင် ချီးမွမ်းတော်မူသည်။ ပိဋကတ်သုံးပုံကို သင်ယူပြီး တရားဟောခြင်း, စာပေ ပို့ချခြင်းတို့ကို ပြု၍ ဂိုဏ်းဆရာကြီးပင် ဖြစ်သော်လည်း ဈာန်, မဂ်, ဖိုလ် အကြောင်းကို မေးမြန်း၍ မရသူအား ဘုရားရှင် ချီးမွမ်းတော်မမူ။

ပါဠိသဒ္ဒါခက်ဆစ်

နရော = နေတီတိ နရော။ နီ + အရ။
ပမတ္တော = ပမဒတီတိ ပမတ္တော။ ပ + မဒ် + တ။
ဂေါပော = ဂါဝော ပါတီတိ ဂေါပော။ ဂေါ + ပါ + အ။
ဘာဂဝါ = ဘာဂေါ အဿ အတ္တီတိ ဘာဂဝါ။ ဘာဂ + ဝန္တု။
သာမညဿ = သမဏဿ ဘာဝေါ သာမညံ။ သမဏ + ဏျ။
သုဝိမုတ္တစိတ္တော = သုဝိမုတ္တံ စိတ္တံ ယဿာတိ သုဝိမုတ္တစိတ္တော။ သုဝိမုတ္တ + စိတ္တ + ယ။
အနုပါဒိယာနော = န ဥပါဒိယာနော အနုပါဒိယာနော။ န + ဥပါဒိယာန။

ဒွေသဟာယကဘိက္ခုဝတ္ထု ပြီး၏။
ယမကဝဂ် ပြီး၏။
---
၂-အပ္ပမာဒဝဂ်

၁ - သာမာဝတီဝတ္ထု

၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

၂၂။ ဧဝံ ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကောသမ္ဗီပြည် ဃောသကသူဌေးဆောက်လုပ်လှူဒါန်းသော ဃောသိတာရာမကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သာမာဝတီအမှူးရှိသော ငါးရာသော နန်းတွင်းသူများ၏ သေခြင်းနှင့် မာဂဏ္ဍီအမှူးရှိသော ဆွေမျိုးတို့၏ သေခြင်းနှစ်မျိုးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အပ္ပမာဒေါ၊ မမေ့မလျော့ခြင်းသည်။ အမတပဒံ၊ နိဗ္ဗာန်၏ အကြောင်းတည်း။ ပမာဒေါ၊ မေ့လျော့ခြင်းသည်။ မစ္စုနော၊ သေခြင်း၏။ ပဒံ၊ အကြောင်းတည်း။ အပ္ပမတ္တာ၊ မမေ့မလျော့သောသူတို့သည်။ န မီယန္တိ၊ သေသည် မမည်ကုန်။ ယေ၊ အကြင်သူတို့သည်။ ပမတ္တာ၊ မေ့လျော့ကုန်၏။ တေ၊ ထိုသူတို့သည်။ ယထာ မတာ၊ သေသူတို့ကဲ့သို့ တည်း။ (ဝါ) သေသူနှင့် တူကုန်၏။

ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အပ္ပမာဒမှိ၊ မမေ့မလျော့ခြင်း၌။ ဧဝံ၊ ဤသို့။ ဝိသေသတော၊ ထူးခြားသောအားဖြင့်။ ဉတွာ၊ သိ၍။ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့၏။ ဂေါစရေ၊ ကျက်စားရာ လောကုတ္တရာတရား၌။ ရတာ၊ မွေ့လျော်ကြကုန်လျက်။ အပ္ပမာဒေ၊ မမေ့မလျော့သော သတိတရား၌။ ပမောဒန္တိ၊ ရွှင်လန်း ဝမ်းမြောက်ကြကုန်၏။

တေ ဈာယိနော၊ သမထ ဝိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာတို့ကို ရှို့မြိုက်ကုန်လျက်။ သာတတိကာ၊ အမြဲမပြတ် လုံ့လပြုကုန်သည် ဖြစ်၍။ နိစ္စံ၊ အမြဲ။ ဒဠပရက္ကမာ၊ မတွန့်မဆုတ် လုံ့လထုတ်ကုန်သော။ တေ ဓီရာ၊ ထိုပညာရှိတို့သည်။ ယောဂက္ခေမံ၊ ယောဂလေးပါး၏ ကုန်ရာဖြစ်သော။ အနုတ္တရံ၊ အတုမရှိ မြတ်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဖုသန္တိ၊ ရောက်ကြကုန်၏။

စကားပြေ

ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်၏၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်းဖြစ်၏။ မမေ့မလျော့သူတို့သည် ဇာတိစသည်မှ လွတ်၍ ဝဋ်ဆင်းရဲပြတ်သောကြောင့် သေသည် မမည်ကုန်။ မေ့လျော့သောသူတို့ကား ဇာတိစသည်မှ မလွတ်၍ ဝဋ်ဆင်းရဲမပြတ်သောကြောင့် သေသည် မည်ကုန်၏။

ပညာရှိတို့သည် မမေ့မလျော့မှု၌ ဤသို့ ထူးခြားသော အကြောင်းကို သိ၍ အရိယာပုဂ္ဂိုလ်တို့၏ အာရုံပြုရာ လောကုတ္တရာတရား၌ မွေ့လျော်ကုန်လျက် မမေ့မလျော့သော သတိတရား၌ ရွှင်လန်း ဝမ်းမြောက်ကြကုန်၏။

အမြဲလုံ့လပြုကုန်လျက် မတွန့်မဆုတ် လုံ့လထုတ်ကုန်သည် ဖြစ်၍ သမထ ဝိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာတို့ကို ရှို့မီးကုန်သော ပညာရှိတို့သည် ယောဂလေးပါးတို့၏ ကုန်ရာ အတုမရှိ မြတ်သော နိဗ္ဗာန်သို့ ရောက်ကြရကုန်၏။

အပ္ပမာဒေါ— ပိဋကသုံးပုံ၏ အချုပ်တရားဖြစ်သော မမေ့မလျော့ခြင်း ရ၏။ တရားကိုယ်မှာ သတိတရား ဖြစ်သည်။

အမတပဒံ— ၌ အမတ သေခြင်းကင်းရာ နိဗ္ဗာန် ရ၏။

ပဒံ— နိဗ္ဗာန်ရောက်ကြောင်း သတိ ရ၏။

အပ္ပမတ္တာ န မီယန္တိ— သတိနှင့် ပြည့်စုံသူသည် မအို မနာ မသေ ဟု ဆိုလိုသည် မဟုတ်၊ ပဋိသန္ဓေနေသူမှန်သမျှ အိုမှု နာမှု သေမှုနှင့် မကင်းနိုင်၊ သို့သော် မမေ့မလျော့သောသူသည် အပ္ပမာဒတရားကို လက်ကိုင်ထားလျက် လျင်မြန်စွာ မဂ် ဖိုလ်ကို မျက်မှောက်ပြုသဖြင့် နှစ်ဘဝ သုံးဘဝ စသည် မဖြစ်ရသောကြောင့် သတိနှင့် ပြည့်စုံသူကို အသက်ရှင်နေသည် ဖြစ်စေ၊ သေသည် ဖြစ်စေ၊ သေသည် မမည် ဟု ဆိုလိုပါသည်။

ယေ ပမတ္တာ မတာ ယထာ— သေသောသူတို့သည် ထင်းတုံးကဲ့သို့ အသက်ဝိညာဏ် ကင်းကုန်၏၊ ထို့အတူ သတိလွှတ်ကင်းသောသူသည် ဒါနမှု, သီလမှု, ဥပုသ်စောင့်မှု, ဆရာ ဥပဇ္ဈာယ်ဝတ်ပြုမှု, ဓုတင်မှု စသည်တို့ကို ပြုမည် ဟု စိတ်အကြံမျှ မဖြစ်သဖြင့် သူသေနှင့် အတူတူပင် ဖြစ်ကြသည်။

ဧဝံ ဝိသေသတော ဉတွာ— သတိလွှတ်ကင်းသောသူသည် ဝဋ်ဆင်းရဲမှ မထွက်မြောက်နိုင်၊ သတိရှိသောသူသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်၏ ဟု ထူးခြားစွာ သိသည်။

အရိယာနံ— ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသာဝက ရ၏။

ဂေါစရေ— သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယ ၃၇-ပါးနှင့် လောကုတ္တရာတရား ၉-ပါး ရ၏။

တေ ဈာယိနော— သမာပတ် ၈-ပါးဟူသော အာရမ္မဏူပနိဗ္ဗာန်, ဝိပဿနာ မဂ်, ဖိုလ်ဟူသော လက္ခဏူပနိဇ္ဈာန်ဖြင့် ကိလေသာကို ရှို့မြိုက်သူ။

သာတတိကာ— တောထွက်သည်မှ စ၍ အရဟတ္တမဂ်တိုင်အောင် ဖြစ်သော ကာယိကဝီရိယနှင့် စေတသိကဝီရိယ ရှိသူ။

ဖုသန္တိ— မဂ်လေးပါးဟူသော ဉာဏဖုသန, ဖိုလ်လေးပါးဟူသော ဝိပါကဖုသန နှစ်မျိုးတွင် ဤ၌ ဝိပါကဖုသနကို လိုအပ်ပါသည်။

ယောဂက္ခေမံ— နိဗ္ဗာန်၌ လူအပေါင်းကို ဝဋ်ဆင်းရဲ၌ နစ်မွန်းစေတတ်သော ယောဂလေးပါးဟူသော ဘေးမရှိသောကြောင့် နိဗ္ဗာန်သည် ယောဂက္ခေမ မည်သည်။

အနုတ္တရံ— လောကီ လောကုတ္တရာတရားတို့ထက် မြတ်သောကြောင့် နိဗ္ဗာန်သည် အနုတ္တရ မည်သည်။

အကုသိုလ်ကံ— အလ္လကပ္ပတိုင်းမှာ ငတ်မွတ်မှုကြောင့် ကောတုဟလိကသည် ဇနီးကာဠီနှင့် သားကာဝီကို ခေါ်ပြီး ကောသမ္ဗီပြည်သို့ သွားရာ လမ်းခရီးအကြား ရိက္ခာပြတ်သဖြင့် (ဇနီးက အတန်တန် တောင်းပန်ပါလျက်) သားကလေးကို စွန့်ပစ်ထားခဲ့မှု အကုသိုလ်ကံကြောင့် နောင်ဘဝ၌ ၇ ကြိမ်တိုင်တိုင် စွန့်ပစ်ခံရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၀၈။)

လူနှင့် တိရစ္ဆာန်— လူများသည် စိတ်ကူးတခြား အပြောတခြား ဖြစ်တတ်သည်၊ တိရစ္ဆာန်များသည် ကောက်ကွေ့မှု မရှိ၊ ပြောစင်းမှု ရှိသည်။

နတ်စုတေကြောင်း ၄-ပါး

၁။ အသက်တမ်းကုန်မှုကြောင့် စုတေခြင်း။
၂။ ကောင်းမှုကံစွမ်း ကုန်မှုကြောင့် စုတေခြင်း။
၃။ အစာစားချိန် လွန်မှုကြောင့် စုတေခြင်း။
၄။ သူတပါးအပေါ် စိတ်ဆိုးမှုကြောင့် စုတေခြင်း။ (ဓမ္မ၊ဋ္ဌ၊၁၊၁၁၀။)

ရာထူးအလိုက် တည်ငြိမ်ပူရှိရမည်

ဃောသကသည် နန်းတော်သို့ သွားစဉ်က နန်းရင်ပြင်၌ ရေအိုင်ကို ခုန်ကျော်၍ သွားသော်လည်း နန်းတော်မှ ပြန်လာသောအခါ သူဌေးရာထူး ပေးမည် ဟု ရှင်ဘုရင်က ပြောလိုက်သဖြင့် ရေအိုင်တွေ့သောအခါ မခုန်တော့ပဲ ရေထဲသို့ ဆင်းပြီး ဖြည်းညင်းစွာ ပြန်လာသည်ကို အတုယူပြီး အသက်ပင် ငယ်သော်လည်း ရာထူးကြီးလျှင် ကြီးသလောက် တည်ငြိမ်မှု ရှိသင့်သည်။

သတ္တိခဲ— ဥတေနမင်းသည် စဏ္ဍပဇ္ဇောတမင်းအား ကျွန်ုပ်ထံမှ မန္တန်ကို သင်ယူလိုလျှင် ကျွန်ုပ်ကို ရှိခိုးရမည်။ ရှိမခိုးလျှင် မန္တန်ကို သင်မပေးနိုင်၊ မန္တန်သင်မပေး၍ အနိုင်ကျင့်လျှင်လည်း ခန္ဓာကိုယ်ကိုသာ အနိုင်ကျင့်၍ ရမည်၊ ကျွန်ုပ်၏ စိတ်ဓာတ်ကိုကား အနိုင်ကျင့်၍ ရမည် မဟုတ် ဟု သတ္တိရှိရှိ ပြောလိုက်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၂၅။)

ယာဉ် ၅-မျိုး— စပဇ္ဇောတမင်းသည် ဘဝတခု၌ အရှင်သခင်၏ စေခိုင်းချက်အရ အသွားအပြန် လျင်မြန်သော အဟုန်ဖြင့် ပြေးသွားကာ ပစ္စေကဗုဒ္ဓါကို ဆွမ်းလှူခဲ့ပြီး ဆုတောင်းခဲ့မှုကြောင့် တနေ့ ယူဇနာ (၅၀) သွားနိုင်သော ဘဒ္ဒဝတီမည်သော ဆင်, ယူဇနာ (၆၀) သွားနိုင်သော ကာကမည်သော ကျွန်, ယူဇနာ (၁၀၀) သွားနိုင်သော စေလကဋ္ဌိမည်သော မြင်း, မုဉ္စကေသီမည်သော မြင်းနှင့် တနေ့ ယူဇနာ (၁၂၀) သွားနိုင်သော နာဠာဂိရိမည်သော ဆင်ယာဉ်ကို ရရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၂၆-၇။)

ဘုန်းကံ

အရှင်အာနန္ဒသည် (၅၀၀) တန် သင်္ကန်း အထည် (၅၀၀) ကို အကြိမ်ငါးရာ၊ တထောင်တန် သင်္ကန်း အထည် (၁၀၀၀) ကို အကြိမ် တထောင်၊ တသိန်းတန် သင်္ကန်း အထည် တသိန်းကို အကြိမ် တသိန်း အလှူခံရသည်။ တထည် နှစ်ထည်, သုံးထည်, လေးထည်, ငါးထည်, ဆယ်ထည် အလှူခံရသော အကြိမ်ပေါင်းကား မရေတွက်နိုင်အောင် များပြားသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးသောအခါ ဇမ္ဗူဒီပကျွန်းတကျွန်းလုံးရှိ ကျောင်းတိုက်အားလုံးမှာ နေသော ရဟန်းတော်များအား မိမိပိုင် သပိတ် သင်္ကန်းများကို လှည့်လည် လှူဒါန်းနိုင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၀-၁။)

အမြတ်ထုတ်ကြပုံ

မာဂဏ္ဍီ၏ လုပ်ကြံမှုကြောင့် သာမာဝတီအမှူးရှိသော အမျိုးသမီးငါးရာ မီးလောင်ခံနေရစဉ် ဝေဒနာပရိဂ္ဂဟကမ္မဋ္ဌာန်းကို နှလုံးသွင်းကြသဖြင့် အချို့ သကဒါဂါမိတည်၍ အချို့ အနာဂါမိတည်သွားကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၁။)

မာဂဏ္ဍီအုပ်စု

မာဂဏ္ဍီနှင့် ဆွေမျိုးစုလည်း မိမိတို့ ယုတ်မာမှု ကံအားလျော်စွာ နန်းရင်ပြင်၌ ကျင်းတူးမြှုပ်၍ မီးလောင်ခံရပြီးလျှင် သံထွန်သွားဖြင့် အပိုင်းအပိုင်းပြတ်အောင် အနှိပ်စက်ခံသွားရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၂။)

ဝဋ်ကျွေး— သာမာဝတီအမှူးပြုသော အမျိုးသမီးများသည် ဘဝတခုမှာ ပစ္စေကဗုဒ္ဓါတပါးကို မီးရှို့ခဲ့မှု ကံကြောင့် အနှစ်သိန်းပေါင်းများစွာ ငရဲ၌ ခံရပြီး ဘဝပေါင်းတရာ ယခုကဲ့သို့ မီးရှို့ခံရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၃။)

ခုဇ္ဇုတ္တရာ

ခုဇ္ဇုတ္တရာသည် ခါးကုန်းသော ပစ္စေကဗုဒ္ဓါ၏ ဆွမ်းခံကြွလာပုံကို အတုပြု၍ ပြက်ရယ်ပြုခဲ့မှုကြောင့် ခါးကုန်းမှသည်။ ပစ္စေကဗုဒ္ဓါတို့အား မိမိပိုင် ဆင်စွယ်လက်ကောက်များကို သပိတ်ခြေပြု၍ လှူခဲ့မှု ပြုစုမှုကြောင့် ဉာဏ်ပညာကျယ်သော ပိဋကတ်သုံးပုံဆောင် သောတာပန်ဖြစ်ရသည်။ ရဟန္တာထေရီမ တပါးကို စေခိုင်းမှုကြောင့် သူတပါးကျွန် ဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၄။)

သေသူနှင့် ရှင်သူ

တရားမေ့သူသည် အသက်တရာ ရှည်သော်လည်း သေသူပင် မည်၍ တရားမမေ့သူသည် သေသော်လည်း ရှင်သူပင် မည်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၅။)

ပါဠိသဒ္ဒါခက်ဆစ်

ပမာဒေါ = ပမဇ္ဇတေ ပမာဒေါ။ ပ + မဒ်။
အမတပဒံ = အမတဿ ပဒံ အမတပဒံ။ အမတ + ပဒ။
မစ္စုနော = မရတီတိ မစ္စု။ မရ် + တျု။
အပ္ပမတ္တာ = အ + ပမတ္တာ၊ ပမန္တိတိ ပမတ္တာ။
ပဒံ = ပန္တိ ဧတေနာတိ ပဒံ။ ပဒ် + အ။
မတာ = မရန္တိတိ မတာ။ မရ် + တ။
ပဏ္ဍိတာ = ပဏ္ဍာ (ဗုဒ္ဓိ) သဉ္ဇာတာ အဿာတိ ပဏ္ဍိတော။ ပဏ္ဍ + ဣတ။
ပဏ္ဍတိ ဇာနာတီတိ ပဏ္ဍိတော။ ပဍိ + တ။
အရိယာနံ = ကိလေသာရယော ဟနတီတိ အရိဟော၊ သောဧဝ အရိယော။ အရိ + ဟန် + ကွိ။ အရတိ အဓိကစ္ဆတိ မဂ္ဂဖလမ္မေတိ အရိယော။ အရ်+ဏျ။
ဂေါစရေ = ဂါဝော ဣန္ဒြိယာနိ စရန္တိ ဧတေသူတိ ဂေါစရော။ ဂေါ + စရ်။
ဈာယိနော = ဈာယတိ သီလေနာတိ ဈာယီ။ ဈေ + ဏီ။
သာတတိကာ = သတတံ ပဝတ္တတီတိ သာတတိကော။ သတတ + ဏိက။
သတတံ = သမန္တတော တနောတိတိ သတတံ။ သံ + တနု + တံ။
ဓီရာ = ဓိ အဿ အတ္ထိတိ ဓီရော။ ဓီ + ရ။
နိဗ္ဗာနံ = ဝါနတော နိက္ခမ္မံ နိဗ္ဗာနံ။ နိ + ဝါန။
ယောဂက္ခေမံ = ယောဂါနံ ခေမော ယောဂက္ခေမော။ ယောဂ + ခေမ။ ခီယန္တိ ဧတ္ထာတိ ခေမံ။ ခီ + မ။
အနုတ္တရံ = နတ္ထိ ဥတ္တရော ဧတ္ထာတိ အနုတ္တရံ။ န + ဥတ္တရ + ဧတ။
သာမာဝတီဝတ္ထု ပြီး၏။
---

၂ - ကုမ္ဘဃောသကသေဋ္ဌိဝတ္ထု

၂၄။ ဥဋ္ဌာနဝတော သတိမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသော ဘိဝဍ္ဎတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကုမ္ဘဃောသကမည်သော ရာဇဂြိုဟ်သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ကုမ္ဘဃောသကသူဌေးသားသည် သောတာပန်ဖြစ်သည်။

အနက်

ဥဋ္ဌာနဝတော၊ လုံ့လရှိသော။ သတိမတော၊ သတိရှိသော။ သုစိကမ္မဿ၊ စင်ကြယ်သောကံရှိသော။ နိသမ္မကာရိနော၊ စူးစမ်းဆင်ခြင်၍ ပြုလေ့ရှိသော။ သံယတဿ၊ ကိုယ် နှုတ် စိတ်ကို စောင့်စည်းသော။ ဓမ္မဇီဝိနော၊ တရားသဖြင့် အသက်မွေးသော။ အပ္ပမတ္တဿ၊ မမေ့မလျော့သူအား။ ယသော၊ အခြံအရံ အကျော်အစောသည်။ အဘိဝဍ္ဎတိ၊ တိုးပွါး၏။

စကားပြေ

သတိဝီရိယရှိ၍ အပြစ်ကင်းသော အမှုမှန်သမျှကို ပညာဖြင့် ဆင်ခြင်ပြီး ပြုလေ့ရှိသော ကိုယ် နှုတ် စိတ်ကို စောင့်စည်းလျက် တရားသော နည်းလမ်းဖြင့် အသက်မွေးသော မမေ့လျော့သူအား စည်းစိမ်ဥစ္စာ ဩဇာအာဏာ ချီးမွမ်းခံရခြင်းဟူသော ကျော်စောခြင်းများ တိုးပွါးနိုင်၏။

နိသမ္မကာရိနော— ဤသို့သော အမှုကို ဤသို့ပြုလျှင် ဤသို့သော အကျိုးဖြစ်မည် ဟု ပညာဖြင့် ဆင်ခြင်၍ ပြုသောသူ။

သံယတဿ— ကိုယ် နှုတ် စိတ်ဖြင့် အကုသိုလ်မဖြစ်အောင် စောင့်စည်းသူ။

ဓမ္မဇီဝိနော— လူများအဖို့ ချိန် တောင်းစသည် စဉ်းလဲမှု မရှိစေပဲ လယ်ထွန်မှု နွားမွေးမှု ရောင်းဝယ်ပြုသူ၊ သာသနာဝင်များအဖို့ ဆေးကုခြင်း သူတစ်ပါးခိုင်းစေသည်ကို ပြုခြင်းစသော အမှုကို ရှောင်၍ တရားသဖြင့် ဆွမ်းခံခြင်းဖြင့် အသက်မွေးသူ ရ၏။

ယသော
၁။ စည်းစိမ်ဥစ္စာရှိခြင်း။
၂။ ကျော်စောခြင်း အစိုးရခြင်း ချီးမွမ်းခံရခြင်း။

ရောဂါဆန်း

အဟိဝါတ ခေါ်သော ရောဂါဖြစ်လျှင် ရှေးဦးစွာ ယင်ကောင်မှ စပြီး နွားများ သေကြသည်၊ နောက် ကျွန်အမှုလုပ်များ သေကြသည်၊ နောက်ဆုံး အိမ်ရှင်များ သေကြသည်။ ယင်းရောဂါဖြစ်မှန်း သိ၍ အိမ်နံရံ ဖောက်ထွက်ပြေးသူသည်သာ အသက်ဘေးမှ ချမ်းသာနိုင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၇။)

စီးပွားတိုးတက်ကြောင်း

ဝီရိယရှိခြင်း, သတိရှိခြင်း, ကိုယ် နှုတ် စင်ကြယ်မှု ရှိခြင်း, ဉာဏ်ဖြင့် ဆင်ခြင်ပြုလုပ်ခြင်း, ကိုယ် နှုတ် စောင့်ထိန်းခြင်း, မှန်ကန်စွာ အသက်မွေးခြင်း, သတိမလွတ်ခြင်း ဤအကြောင်းများ ပြည့်စုံသူတည်း စီးပွားများ မုချ တိုးတက်မည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၅၂။)

ပါဠိသဒ္ဒါခက်ဆစ်

သုစိကမ္မဿ = သုစိ ကမ္မံ ယဿာတိ သုစိကမ္မဿ။ သုစိ + ကမ္မ + ယ။
နိသမ္မကာရိနော = နိသမ္မ + သမ + ကရ် + ဏီ။ နိသမ္မ = နိ + သမု + တွာ။
သံညတဿ = သညမတီတိ သညတော။ သံ + ယမု + တ ။
ဓမ္မဇီဝိနော = ဓမ္မေန ဇီဝတိ သီလေနာတိ ဓမ္မဇီဝီ။ ဓမ္မ + ဇီဝိ +ဏီ။
ယသော = ယဇတိ ဧတေနာတိ ယသော။ ယဇ် + အ။ (ဇကို သပြု)။ သဗ္ဗတ္ထ ယာတီတိ ယသော။ ယာ + သ။ ယသတိ ပယသတီတိ ယသော။ ယသ် + အ ။

ကုမ္ဘဃောသကသေဋ္ဌိဝတ္ထု ပြီး၏။
---

၃ - စူဠပန္ထကတ္ထေရဝတ္ထု

၂၅။ ဥဋ္ဌာနေနပ္ပမာဒေန၊ သံယမေန ဒမေန စ။
ဒီပံ ကယိရာထ မေဓာဝီ၊ ယံ ဩဃော နာဘိကီရတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လေးလတိုင်တိုင် ဂါထာတပုဒ်ကို ကျက်မှတ်သော်လည်း မရသောကြောင့် နောင်တော်ဖြစ်သူ မဟာပန္ထကထေရ်၏ နှင်ထုတ်ခြင်းကို ခံရသော စူဠပန္ထကထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဥဋ္ဌာနေန၊ လုံ့လဝီရိယနှင့်လည်းကောင်း။ အပ္ပမာဒေန၊ မမေ့မလျော့ခြင်းနှင့်လည်းကောင်း။ သံယမေန၊ သီလစောင့်စည်းခြင်းနှင့်လည်းကောင်း။ ဒမေန စ၊ ဣန္ဒြေကို ဆုံးမခြင်းနှင့်လည်းကောင်း။ (သမန္နာဂတော၊ ပြည့်စုံသော)။ မေဓာဝီ၊ ပညာရှိသည်။ (သံသါသာဂရေ၊ သံသရာတည်းဟူသော သမုဒ္ဒရာ၌)။ ဒီပံ၊ အရဟတ္တဖိုလ်တည်းဟူသော ကျွန်းကို။ ကယိရာထ၊ ပြုလုပ်ရာ၏။ ယံ၊ အကြင်ကျွန်းကို။ ဩဃော၊ ကိလေသာရေအလျဉ်သည်။ နာဘိကီရတိ၊ မဖျက်ဆီးနိုင်။

စကားပြေ

လုံ့လရှိခြင်း မမေ့လျော့ခြင်း သီလစောင့်ခြင်း ဣန္ဒြေကို ဆုံးမခြင်း ဤလေးပါးနှင့် ပြည့်စုံသော ပညာရှိသည် သံသရာတည်းဟူသော သမုဒ္ဒရာ၌ ကိလေသာရေအလျဉ် မဖျက်ဆီးနိုင်သော အရဟတ္တဖိုလ်တည်းဟူသော မှီခိုရာကျွန်းကို ပြုနိုင်သည်။

ဥဋ္ဌာန— အရ ဝီရိယ ရ၏။
အပ္ပမာဒ— အရ သတိ ရ၏။
သံယမ— အရ စတုပါရိသုဒ္ဓိသီလ ရ၏။
ဒမ— အရ ဣန္ဒြေကို ဆုံးမခြင်း ရ၏။
ဒီပံ— အရ မိမိမှီခိုရာ အရဟတ္တဖိုလ်ဟူသော ကျွန်း ရ၏။
ဩဃော— အရ ဩဃ လေးပါး ရ၏။

သမီးတကောင် နွားတထောင်

ရာဇဂြိုဟ်ပြည်၌ မဟာပန္ထကထေရ်နှင့် စူဠပန္ထကထေရ်နှစ်ပါး၏ မယ်တော်လောင်းဖြစ်သော သူဌေးသမီးလေးသည် အရွယ်ရောက်လာသည့် အချိန်၌ မိဘများသည် ဘုံခုနှစ်ဆင့်ရှိသော ပြာသာဒ်ထက် တင်ထားပြီး အထူးကြပ်မတ်စောင့်ရှောက်ထားသော်လည်း မိမိကျွန်ဖြစ်သူနှင့် ထွက်ပြေးကြပြီး တနေရာမှာ ပေါင်းသင်းနေထိုင်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၅၃။)

ဉာဏ်လေးခြင်း

စူဠပန္ထက အလောင်းလျာသည် ကဿပဘုရားရှင်လက်ထက်မှာ စာတတ်ပေတတ်တစ်ပါးဖြစ်ခဲ့စဉ် ဉာဏ်လေးသော မိမိတပည့်ရဟန်းတစ်ပါးကို ရှက်ပြီး စာဆက်လက် မသင်ချင်လောက်အောင် ပြက်ရယ်ပြောင်လှောင်ခဲ့မှုကြောင့် ယခု စူဠပန္ထကဖြစ်ရသည့်ဘဝ၌ စာသင်၍ မတတ်နိုင်အောင် ဉာဏ်ထိုင်းမှု ဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၅၅။)

အနာနှင့် ဆေး တည့်အောင် ပေး

နောင်တော်ဖြစ်သော မဟာပန္ထကသည် တဂါထာကို လေးလသင်ပေး၍ မရနိုင်လောက်အောင် ဉာဏ်လေးမှုကြောင့် ညီငယ်ဖြစ်သော စူဠပန္ထကကို နှင်ထုတ်လိုက်ရာ ရှေးဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ခဲ့စဉ်က နဖူးကချွေးကို ပုဝါဖြင့် သုတ်ပြီး အနိစ္စသညာ ဖြစ်ခဲ့ဖူးသည့်အတွက် အနိစ္စသညာပြ၍ ဘုရားရှင် နည်းလမ်းညွှန်ပြမှုကြောင့် စူဠပန္ထကသည် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၅၅-၈။)

ဝီရိယကို အားကိုးသင့်ပုံ

စူဠပန္ထကသည် တဂါထာကို လေးလသင်၍ မတတ်နိုင်လောက်အောင် ဉာဏ်လေးသော်လည်း ဝီရိယရှိသဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၂။)

ပါဠိသဒ္ဒါခက်ဆစ်

သံယမေန = သံယမတိတိ သံယမော။ သံ + ယမု + အ။
ဒီပံ = ဇလမဇ္ဈေ ဒိပ္ပတီတိ ဒီပော။ ဒီပ် + အ။
ဩဃော = အဝဟနတီတိ ဩဃော။ အဝ + ဟန် + ဏ။

စူဠပန္ထကတ္ထေရဝတ္ထု ပြီး၏။
---

၄ - ဗာလနက္ခတ္တသင်္ဃုဋ္ဌဝတ္ထု

၂၆။ ပမာဒမနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။

၂၇။ မာ ပမာဒမနုယုဉ္ဇထ၊ မာ ကာမရတိသန္ထဝံ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ဝိပုလံ သုခံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာမဲ့လူတန်းစားတို့၏ ခုနစ်ရက်ပတ်လုံး မကြားဝံ့ မနာသာ မြို့ထဲ၌ လှည့်လည် ငွေတောင်းကြသော ဗာလနက္ခတ်ပွဲသဘင်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဒုမ္မေဓိနော၊ ပညာမရှိကုန်သော။ ဗာလာ၊ မိုက်ကုန်သော။ ဇနာ၊ လူတို့သည်။ ပမာဒံ၊ မေ့လျော့ခြင်းကို။ အနုယုဉ္ဇန္တိ၊ အားထုတ်ကြကုန်၏။ မေဓာဝီ၊ ပညာရှိသည်။ အပ္ပမာဒံ၊ မမေ့မလျော့ခြင်းကို။ သေဋ္ဌံ၊ မြတ်သော။ ဓနံဝ၊ ဥစ္စာကို ကဲ့သို့။ ရက္ခတိ၊ စောင့်ရှောက်၏။

တသ္မာ၊ ထို့ကြောင့်။ တုမှေ၊ သင်တို့သည်။ ပမာဒံ၊ မေ့လျော့ခြင်းကို။ မာ အနုယုဉ္ဇထ၊ အားမထုတ်ကြကုန်လင့်။ ကာမရတိသံထဝံ၊ ကာမဂုဏ်တို့၌ မွေ့လျော်ခြင်းဟု ဆိုအပ်သော တဏှာနှင့် ပေါင်းဖော် ကျွမ်းဝင်ခြင်းကို။ မာ အနုယုဉ္ဇထ၊ အားမထုတ်ကြကုန်လင့်။ အပ္ပမတ္တော၊ မမေ့မလျော့ခြင်းရှိသော။ ဈာယန္တော၊ သမထ ဝိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာတို့ကို ရှို့မြိုက်သောသူသည်။ ဝိပုလံ၊ ကြီးကျယ်ပြန့်ပြောသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာသို့။ ပပ္ပေါတိ၊ ရောက်နိုင်၏။

စကားပြေ

ယခုဘဝ နောင်ဘဝတို့၏ အကြောင်းအကျိုးကို မသိ၍ ပညာမဲ့သော လူမိုက်သည် မေ့မေ့လျော့လျော့ နေ၏။ ပညာရှိသည်ကား မြတ်သော ဥစ္စာကဲ့သို့ မမေ့မလျော့သော သတိကို စောင့်ရှောက်၏။

မေ့လျော့ခြင်းဖြင့် အချိန် မကုန်စေမူ၍ ကာမဂုဏ်၌ မွေ့လျော်တတ်သော တဏှာနှင့် မပေါင်းသင့်ပဲ မမေ့မလျော့ ဈာန်ဖြင့် ကိလေသာတို့ကို ရှို့မြိုက်သောသူသည် ကြီးကျယ်ပြန့်ပြောသော နိဗ္ဗာန်ချမ်းသာသို့ ရောက်နိုင်၏။

ဗာလာ— ပစ္စုပ္ပန် တမလွန် အကျိုးကို မသိသူ ရ၏။
ဒုမ္မေဓိနော— ပမာဒ၌ အပြစ်မမြင်ပဲ ပမာဒဖြင့် အချိန်ကုန်နေသော ပညာမဲ့သူ ရ၏။
ဓနံ— ရတနာ ၇-ပါး ရ၏။
ဓနံ သေဋ္ဌံဝ ရက္ခတိ— မြတ်သော ဥစ္စာရတနာကို အမှီပြု၍ ကာမဂုဏ်ကို ခံစားနိုင်မည့် သား-မယားကို ကျွေးမွေးနိုင်မည့် နောင်ဘဝအတွက် ရိက္ခာပြစ်မည် ဟု မြတ်သော ဥစ္စာ၏ အကျိုးဆက်ကို မြင်သူသည် မြတ်သော ဥစ္စာကို စောင့်ရှောက်သကဲ့သို့ မမေ့မလျော့ခြင်းသည် ဈာန် မဂ်, ဖိုလ်, ဝိဇ္ဇာသုံးပါး, အဘိညာဉ်ခြောက်ပါးတို့ကို ရနိုင်မည် ဟု မမေ့မလျော့ခြင်း၌ အကျိုးကို မြင်သော ပညာရှိသည် မြတ်သော ဥစ္စာကဲ့သို့ အပ္ပမာဒတရားကို စောင့်ရှောက်သည်။
ကာမရတိသံထဝံ— ၌ ကာမ အရ ဝတ္ထုကာမ, ကိလေသာကာမ ရ၏။
သုခံ— အရ နိဗ္ဗာန် ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ဗာလာ = ဗလန္တိ အဿာသိတ ပဿာသိတမတ္တေန ပန္တိတိ ဗာလာ။ ဗလ + ဏ။
ဓနံ = ဓနတီတိ ဓနံ။ ဓန် + အ။
ကာမရတိသန္ထဝံ = ကာမရတိသင်္ခါတံ သန္ထဝံ ကာမရတိသန္ထဝံ။ ကာမရတိ + သန္ထဝ။
သုခံ = သုဋ္ဌု ခနတိတိ သုခံ။ သု + ခနု + ကွိ။

ဗာလနက္ခတ္တသဋ္ဌဝတ္ထု ပြီး၏။
---

၅ - မဟာကဿပတ္ထေရဝတ္ထု

၂၈။ ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။
ပညာပါသာဒမာရုယှ၊ အသောကော သောကိနီ ပဒံ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ၊ ဓီရော ဗာလေ အဝေက္ခတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပိပ္ပလိလိုဏ်ဂူဝယ် ဒိဗ္ဗစက္ခု အဘိညာဏ်ဖြင့် ရေမြေတောတောင်တွင် ရှိကြသော သတ္တဝါတို့၏ စုတိနှင့် ပဋိသန္ဓေကို ကြည့်ရှုနေသော အရှင်မဟာကဿပထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ပဏ္ဍိတော၊ ပညာရှိသည်။ ယဒါ၊ အကြင်အခါ၌။ ပမာဒံ၊ မေ့လျော့မှုကို။ အပ္ပမာဒေန၊ မမေ့မလျော့မှုဖြင့်။ နုဒတိ၊ ပယ်ဖျောက်၏။ (ဝါ) ထုတ်ပစ်၏။ တဒါ၊ ထိုအခါ၌။ အသောကော၊ စိုးရိမ်မှုမရှိသော ရဟန္တာသည်။ ပညာပါသာဒံ၊ ဒိဗ္ဗစက္ခု အဘိညာဏ်ဟူသော ပညာပြာသာဒ်သို့။ အာရုယှ၊ တက်၍။ သောကိနီ၊ စိုးရိမ်မှုရှိသော။ ပဒံ၊ လူအပေါင်းကို။ အဝေက္ခတိ၊ ကြည့်ရှု၏။ ပဗ္ဗတဋ္ဌော၊ တောင်ထိပ်၌ တည်နေသောသူသည်။ ဘူမဋ္ဌေ၊ မြေပြင်၌ တည်နေသူတို့ကို။ အဝေက္ခတိ ဣဝ၊ ကြည့်ရှုသကဲ့သို့။ ဓီရော၊ ပညာရှိရဟန္တာသည်။ ဗာလေ၊ မေ့လျော့သော သူမိုက်တို့ကို။ အဝေက္ခတိ၊ ကြည့်ရှု၏။

စကားပြေ

စိုးရိမ်မှုမရှိသော ရဟန္တာပုဂ္ဂိုလ်သည် မမေ့မလျော့သောသတိဖြင့် မေ့လျော့မှုကို ပယ်ဖျောက်၍ ဒိဗ္ဗစက္ခု အဘိညာဏ်ဟူသော ပညာပြာသာဒ်သို့ တက်ပြီးလျှင် စိုးရိမ်မှုရှိသော သူမိုက်အပေါင်းကို (တောင်ထိပ်၌ တည်နေသူသည် မြေပြင်၌ ရှိသော သူတို့ကို ကြည့်ရှုသကဲ့သို့) ကြည့်ရှု၏။

နုဒတိ— ရေကန်တွင်းသို့ ရိုးဝင်သော ရေသစ်သည် ရေဟောင်းကို မိမိနေရာမှာ မတည်စေပဲ ထုတ်ပစ်သကဲ့သို့ ပညာရှိသည် မေ့လျော့မှု၏ အခွင့်ကို မပေးပဲ အပ္ပမာဒအဟုန်ဖြင့် မေ့လျော့မှုကို ထုတ်ပစ်၏။
သောကိနီ— အရ သောကကြောင့် စူးဝင်နေသူ ရ၏။
ပဒံ— စုတေဆဲ ပဋိသန္ဓေနေဆဲ ဖြစ်သော သတ္တဝါအပေါင်း ရ၏။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ— တောင်ထိပ်မှာ ရှိနေသူသည် မြေပြင်မှာ ရှိနေသူတို့ကို မြင်နိုင်သကဲ့သို့ ပြာသာဒ်အပေါ်ထပ်၌ နေသူသည် ပြာသာဒ်၏ ပတ်ဝန်းကျင်၌ နေသူတို့ကို လွယ်လွယ်ကူကူ မြင်နိုင်သည်။
ဓီရော— ရဟန္တာပုဂ္ဂိုလ် ရ၏။
ဗာလေ— ဝဋ်ဆင်းရဲ မျိုးစေ့မပြတ်သေးသော စုတေဆဲ ပဋိသန္ဓေနေဆဲ သတ္တဝါ ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

အသောကော = နတ္ထိ သောကော ယဿာတိ အသောကော။ န + သောက + ယ။

မဟာကဿပတ္ထေရဝတ္ထု ပြီး၏။
---

၆ - ပမတ္တအပ္ပမတ္တဒေသဟာယကဝတ္ထု

၂၉။ အပ္ပမတ္တော ပမတ္တေသု၊ သုတ္တေသု ဗဟုဇာဂရော။
အဗလဿံဝ သီဃဿော၊ ဟိတွာ ယာတိ သုမေဓသော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ထက်သန်သော လုံ့လဝီရိယဖြင့် တရားအားထုတ်၍ ရဟန္တာဖြစ်သော ရဟန်းနှင့် မေ့မေ့လျော့လျော့နေသော မိတ်ဆွေရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သီဃဿော၊ လျင်မြန်သော မြင်းသည်။ အဗလဿံ၊ ခွန်အားနည်းသော မြင်းကို။ ဟိတွာ၊ စွန့်ထား၍။ (ဝါ) ချန်ထား၍။ ယာတိ ဣဝ၊ သွားသကဲ့သို့။ အပ္ပမတ္တော၊ မမေ့မလျော့သော။ သုမေဓသော၊ ပညာရှိသည်။ ပမတ္တေသု၊ မေ့လျော့သူကို။ ဟိတွာ၊ စွန့်ထား၍။ (ဝါ) ချန်ထား၍။ ယာတိ၊ သွား၏။ ဗဟုဇာဂရော၊ နိုးကြားခြင်း များသောသူသည်။ သုတ္တေသု၊ အိပ်ပျော်သူတို့ကို။ ဟိတွာ၊ စွန့်ထား၍။ ယာတိ၊ သွား၏။

စကားပြေ

အားရှိ၍ လျင်မြန်သော မြင်းသည် အားနည်း၍ ပိန်သော မြင်းကို ချန်ထားခဲ့ပြီး သွားသကဲ့သို့ မမေ့မလျော့သော ပညာရှိသည် မေ့လျော့သူကို နိုးကြားမှု များသော သူသည် အိပ်ပျော်သူကို ချန်ထား၍သွားသည်။

အပ္ပမတ္တော— အရ အပ္ပမာဒ (သတိ) နှင့် ပြည့်စုံသော ရဟန္တာ ရ၏။
ပမတ္တေသု— အရ သတိလွတ်ကင်းသော ပုဂ္ဂိုလ် ရ၏။
သုတ္တေသု— အရ သတိကင်းလျက် ဣရိယာပုထ် လေးပါးလုံး အိပ်ပျော်နေသူ ရ၏။
ဟိတွာ ယာတိ— အာဂုံအားဖြင့်လည်းကောင်း၊ လောကုတ္တရာတရား ၉-ပါးဟူသော အဓိဂမအားဖြင့်လည်းကောင်း ချန်ထား၍သွားသည်။

ပါဠိသဒ္ဒါခက်ဆစ်

ဗဟုဇာဂရော = ဗဟု (ဇာဂရော) ယဿာတိ ဗဟုဇာဂရော။ ဗဟု + ဇာဂရ + ယ။
သီဃဿော = သီဃသော အဿော သီဃဿော။ သီဃ + အဿ။

ပမတ္တာပမတ္တဒေသဟာယကဝတ္ထု ပြီး၏။
---

၇ - မဃဝတ္ထု

၃၀။ အပ္ပမာဒေန မဃဝါ၊ ဒေဝါနံ သေဋ္ဌတံ ဂတော။
အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဝေသာလီပြည်ကို အမှီပြု၍ အထွတ်တပ်သော ပြာသာဒ်ရှည်၌ သီတင်းသုံးနေတော်မူစဉ် သိကြားမင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သိကြားမင်း၏ အကြောင်းကို မေးလာသော မဟာလိမည်သော လိစ္ဆဝီမင်းနှင့် ပရိသတ်အများ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

မဃဝါ၊ မဃလုလင်သည်။ အပ္ပမာဒေန၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်းကြောင့်။ ဒေဝါနံ၊ နတ်တို့၏။ သေဋ္ဌတံ၊ အထွတ်အထိပ်သို့။ ဂတော၊ ရောက်၏။ (ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိတို့သည်)။ အပ္ပမာဒံ၊ မမေ့မလျော့ခြင်းကို။ ပသံသန္တိ၊ ချီးမွမ်းကြကုန်၏။ ပမာဒေါ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။ သဒါ၊ အခါခပ်သိမ်း။ (အရိယေဟိ၊ အရိယာပုဂ္ဂိုလ်တို့သည်)။ ဂရဟိတော၊ ကဲ့ရဲ့အပ်၏။

စကားပြေ

မဃလုလင်သည် ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းကြောင့် သိကြားမင်း ဖြစ်ရသည်၊ ဘုရားအစရှိသော အရိယာပုဂ္ဂိုလ်တို့သည် ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းကို ချီးမွမ်း၍ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို အမြဲ ကဲ့ရဲ့ကုန်၏။

ပသံသန္တိ— အလုံးစုံသော လောကီ လောကုတ္တရာ အကျိုးထူးကို ရခြင်း၏ အကြောင်းဖြစ်သောကြောင့် အပ္ပမာဒကို ပညာရှိတို့ ချီးမွမ်းကြသည်။
ပမာဒေါ ဂရဟိတော သဒါ— လူဆင်းရဲဖြစ်ရခြင်း, အပါယ်ရောက်ရခြင်း စသော အလုံးစုံပျက်စီးရခြင်း၏ အကြောင်းဖြစ်သောကြောင့် အပ္ပမာဒကို ပညာရှိများ ကဲ့ရဲ့ကြသည်။

သိကြားမင်း၏ နာမည်

၁။ လူဖြစ်စဉ်က မဃဟု အမည်ရခဲ့ဖူးသဖြင့် မဃဝါ၊
၂။ ရှေးဦးစွာ ပေးလှူခဲ့ဖူးသဖြင့် ပုရိန္ဒဒ၊
၃။ ရိုသေစွာ ပေးလှူခဲ့သဖြင့် သက္က၊
၄။ နေရာထိုင်ခင်းလှူခဲ့သဖြင့် ဝါသဝ၊
၅။ အနက်တထောင်ကို တခဏဖြင့် ကြံစည်သိမြင်နိုင်သဖြင့် သဟဿက္ခ၊
၆။ သုဇာ၏ ခင်ပွန်းဖြစ်သဖြင့် သုဇမ္ပတိ၊
၇။ တာဝတိံသာနတ်တို့၏ အရှင်သခင်ဖြစ်သဖြင့် ဒေဝါနမိန္ဒ - ဟု အမည်အမျိုးမျိုး ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၈။)

သိကြားမင်းဖြစ်ကြောင်း အကျင့်

၁။ တသက်လုံး မိဘကို လုပ်ကျွေးခြင်း၊
၂။ အမျိုးထဲ၌ ကြီးသူကို ရိုသေခြင်း၊
၃။ သိမ်မွေ့စွာ ပြောဆိုခြင်း၊
၄။ အကျိုးမဲ့စကား မပြောခြင်း၊
၅။ တသက်လုံး နှမြောဝန်တိုမှု ကင်းပြီး လွတ်လွတ်ကျွတ်ကျွတ် ဝေဖန် ပိုင်းခြား၍ လှူဒါန်းခြင်း၊
၆။ မှန်ကန်စွာ ပြောဆိုခြင်း၊
၇။ စိတ်ဆိုးမှု ကင်းခြင်း - ဤ ၇-ပါးသော အကျင့်ကို ကျင့်လျှင် သိကြားမင်း ဖြစ်နိုင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၇။)

မဃလုလင်၏ ဩဝါဒ— ရွာသူကြီးသည် တောထဲမှ အမဲသားငါးရှာ၍ အရက်သောက်ရန် တိုက်တွန်းမရသော မဃလုလင်နှင့် အဖွဲ့အား သူခိုးအဖွဲ့ဟု ဘုရင့်ထံ ကုန်းတိုက်သည်၊ ဘုရင်က မမေးမြန်းမစစ်ဆေးပဲ မဃလုလင်အဖွဲ့ကို ဆင်ဖြင့် နင်းသတ်စေသည်။ မဃလုလင်က မေတ္တာမှတစ်ပါး ကိုးကွယ်ရာ မရှိ၊ ဘုရင် ရွာသူကြီး နင်းမည့် ဆင်တို့ကို အမျက် မထွက်ပဲ မိမိနှင့် ထပ်တူထပ်မျှ မေတ္တာစိတ် ထားရမည်ဟု ဩဝါဒပေးသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၁။)

မေတ္တာတန်ခိုး

သိကြားမင်းအလောင်း မဃံအမှူးပြုသော သုံးကျိပ်သုံးယောက်တို့ကို ရွာစား၏ စကားကို နားထောင်မိသော ရှင်ဘုရင်က ဆင်ဖြင့် နင်းသတ်ခိုင်းရာ မေတ္တာ၏ အစွမ်းကြောင့် ဆင်က မနင်းပဲ ရှောင်သွားသည်ဟု သိသောအခါ ရှင်ဘုရင်သည် ဝန်ချတောင်းပန်ပြီး ဆုလာဘ်များ ပေးရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၀-၁။)

တာဝတိံသာနတ်မြို့တော်

တာဝတိံသာ နတ်မြို့တော်သည် ယူဇနာ တသောင်း ကျယ်ဝန်းသည်။ အရှေ့တံခါးနှင့် အနောက်တံခါး အကြား ယူဇနာ တသောင်း, တောင်တံခါးနှင့် မြောက်တံခါး အကြား ယူဇနာ တသောင်း ရှိသည်။ တံခါး ပေါင်း တထောင် ရှိပြီး ပန်းဥယျာဉ် ရေကန်တို့ဖြင့် တင့်တယ်နေသည်။ ပြာသာဒ်ဆောက် လှူခဲ့သော ကောင်းမှုကြောင့် နတ်ပြည် အလယ်တည့်တည့်မှာ ယူဇနာ သုံးရာ မြင့်သော တံခွန်အလံ စိုက်ထူထားသော ရတနာ ၇-ပါးဖြင့် တန်ဆာဆင်သော ယူဇနာ ၇၀၀-မြင့်သော ဝေဇယန္တာပြာသာဒ် တည်ရှိသည်။ ရွှေရိုးဖြင့် ပတ္တမြား တံခွန်, ပတ္တမြား ပိုးဖြင့် ရွှေတံခွန်, သန္တာရိုးဖြင့် ပုလဲတံခွန် ရတနာ ၇-ပါးရိုးဖြင့် ရတနာ ၇-ပါး တံခွန်များ စိုက်ထူရာ အလယ်မှ အမြင့်ဆုံး တံခွန်သည် ယူဇနာ ၃၀၀-မြင့်သဖြင့် ပြာသာဒ် အမြင့် ယူဇနာ ၇၀၀-ဖြင့် ပေါင်းသော် ဝေဇယန္တာပြာသာဒ်သည် အမြင့် ယူဇနာ တထောင် ရှိသည်။ ပင်လယ်ကသစ်ပင် စိုက်ခဲ့မှုကြောင့် အဝန်းယူဇနာ သုံးရာ ရှိသော ပင်လယ်ကသစ်ပင်နှင့် ကျောက်ဖျာ လှူခဲ့မှုကြောင့် ပင်လယ်ကသစ်ပင်ရှင်း၌ အလျား ယူဇနာ (၆၀), အနံ ယူဇနာ (၅၀), အထု (၁၅) ယူဇနာ ရှိပြီး လယ်ခေါင်ရမ်းအသွေး ကဲ့သို့ နီတွေးသော ပဏ္ဍုကမ္ဗလာ ခေါ်သော မြကျောက်ဖျာ တည်ရှိသည်။ ယင်းကျောက်ဖျာသည် ထိုင်လိုက်သောအခါ ကိုယ်တဝက်မျှ နိမ့်ဝင်သွားပြီး ထလိုက်သောအခါ ပကတိအတိုင်း ညီညွတ်လျက်ပင် ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၃။)

ဧရာဝဏ်ဆင်

ဧရာဝဏ်ဆင်ဟူသည် နတ်ပြည်မှာ တိရစ္ဆာန်မရှိနိုင်သဖြင့် သိကြားမင်းနှင့် အပေါင်းပါ (၃၃) ယောက်တို့ ဥယျာဉ်ထွက်သောအခါ စီးနင်းရန် ဧရာဝဏမည်သော နတ်သားသည် ဦးကင်း (၃၃) ခု ပါပြီး ယူဇနာ (၁၅၀) ရှိသော ဆင်အဖြစ် ဖန်ဆင်းပေးရသည်။ ဦးကင်း (၃၃) ခုတို့၏ အလယ်သည် သုံးဂါဝုတ်နှင့် ယူဇနာ (၅၀) ရှိသည်။ ထိုအလယ်မှာ သိကြားမင်းအတွက် ယူဇနာ သုံးဆယ် ရှိသော သုဒဿနမည်သော ဦးကင်းအသက်၌ ၁၂-ယူဇနာ ရှိသော ရတနာမဏ္ဍပ် ရှိသည်။ ယင်းမဏ္ဍပ် အကြားအကြား၌ ရတနာ ခုနစ်ပါးဖြင့် ပြီးသော တယူဇနာ စီ မြင့်သော တံခွန်များနှင့် အပြင်ဘက် အစွန်း၌ လေတိုက်သောအခါ နတ်ဂီတသံ ကဲ့သို့ သာယာသော အသံများ မြည်နေသော ခြူးပန်း ခြူးနွယ်တို့ တည်ရှိသည်။ မဏ္ဍပ် အလယ်၌ သိကြားမင်းထိုင်ရန် ပတ္တမြား ပလ္လင်ကို ခင်းထားသည်။ သုံးကျိပ် သုံးယောက်သော နတ်သားတို့လည်း မိမိဆိုင်ရာ ဦးကင်းပေါ်ရှိ ရတနာမဏ္ဍပ်၌ ထိုင်ကြသည်။ ဦးကင်း တစ်ခု တစ်ခုမှာ အစွယ် ခုနစ်ချောင်း ပါရှိသည်။ တချောင်း တချောင်းသည် ယူဇနာ (၅၀) စီ ရှိသည်။ အစွယ် တချောင်း တချောင်း၌ ရေကန် (၇) ခု စီ ပါရှိသည်။ ရေကန် တစ်ခု တစ်ခု၌ ပဒုမ္မာကြာ (၇) ပင် စီ ပါရှိသည်။ တပင် တပင်၌ (၇) ပွင့် စီ ပါပြီး တပွင့် တပွင့်၌ ရွက်ချပ် ပေါင်း (၇) ချပ် စီ ပါရှိသည်။ ရွက်ချပ် တစ်ခု စီ၌ နတ်မင်းသမီး (၇) ယောက် စီ ကနေကြသည်။ ပတ်ဝန်းကျင် ယူဇနာ (၅၀) စီ ရှိသော ဆင်စွယ်တို့ အပေါ်၌လည်း နတ်ကချေသည်များ ကနေကြသည်။ သိကြားမင်းသည် ဤမျှ ကြီးကျယ်သော စည်းစိမ်များကို ခံစား လှည့်လည်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၃-၄။)

သုဓမ္မာဇရပ် နန္ဒာရေကန် စိတ္တလတာဥယျာဉ်

တာဝတိံသာ နတ်ပြည်၌ ရှိသော သုဓမ္မာဇရပ်သည် ယူဇနာ (၉၀၀) ကျယ်ဝန်းပြီး အလွန်တရာ ကြည်နူးဖွယ် ရှိသည်။ လစဉ် (၈) ရက်တိုင်း တရားပွဲ ရှိသည်။ နန္ဒာရေကန်နှင့် စိတ္တလတာဥယျာဉ်သည် ယူဇနာ ငါးရာ စီ ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၄။)

သုဇာ

မဃ၏ ဇနီးလေးယောက်တွင် သုဓမ္မာ နန္ဒာနှင့် စိတ္တာတို့သည် မိမိတို့ ပြုလုပ်ခဲ့သော ကံအားလျော်စွာ တာဝတိံသာရောက်ကြသော်လည်း မဃနှင့် မောင်နှမ ဝမ်းကွဲတော်သော သုဇာသည် မဃ ပြုသမျှ ကုသိုလ် သူရသည် ထင်ပြီး မည်သည့် ကုသိုလ်မျှ မပြုပဲ ခန္ဓာကိုယ်ကိုသာ ပြုပြင်ရုံဖြင့် အချိန် ကုန်လွန်ခဲ့သော ကြောင့် ဗျိုင်းမဘဝ ရောက်သွားရသည်။ သိကြားမင်း၏ တိုက်တွန်းချက်အရ သီလ စောင့်ထိန်းသဖြင့် ဗျိုင်းဘဝမှ ဗာရာဏသီပြည်၌ အိုးထိန်းသည် သမီးဖြစ်သည်။ ယင်းမှ တဆင့် အသုရာပြည်၌ ဝေပစိတ္တိ အသုရာ၏ သမီးဖြစ်ပြီး တဖန် သိကြားမင်း သွားရာ ခေါ်ဆောင်ခြင်း ခံရသော သိကြားမင်း၏ ဇနီး ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၇၁-၇။)

ပါဠိသဒ္ဒါခက်ဆစ်

မဃဝါ = မဟိတဗ္ဗော တိ မဃဝါ။ မဟ + အ။ (ဟကို ဃ ဝပြု)

မဃဝတ္ထု ပြီး၏။
---

၈ - အညတရဘိက္ခုဝတ္ထု

၃၁။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿီဝါ။
သံယောဇနံ အဏုံ ထူလံ၊ ဍဟံ အဂ္ဂိဝ ဂစ္ဆတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားအားထုတ်၍ တရားထူးကို မရသဖြင့် ဘုရားရှင်ထံ ပြန်အလာ တောခရီး၌ တောမီးကို ကြည့်၍ တရားယူသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ ယင်းရဟန်းတော်သည် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်သည်။

အနက်

အဂ္ဂိ၊ မီးသည်။ အဏုံ ထူလံ၊ ငယ်ငယ် ကြီးကြီး ဖြစ်သော လောင်စာကို။ ဍဟံ-ဍဟန္တော၊ လောင်ကျွမ်းလျက်။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ အပ္ပမာဒရတော၊ မမေ့မလျော့ခြင်း၌ မွေ့လျော်သော။ ပမာဒေ၊ မေ့လျော့ခြင်း၌။ ဘယဒဿီဝါ၊ ဘေးရှုလေ့ရှိသော။ ဘိက္ခု၊ ရဟန်းသည်။ အဏုံ ထူလံ သံယောဇနံ၊ ကြီးကြီး ငယ်ငယ် အသွယ်သွယ်သော သံယောဇဉ်ဟူသမျှကို။ ဍဟံ-ဍဟန္တော၊ လောင်ကျွမ်း ရှို့မြိုက်လျက်။ (နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။) ဂစ္ဆတိ၊ သွားရ၏။

စကားပြေ

မီးသည် လောင်စာဟူသမျှကို လောင်ကျွမ်းစေသကဲ့သို့ အပ္ပမာဒ၌ မွေ့လျော်ပြီးလျှင် ပမာဒ၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် သံယောဇဉ်ဟူသမျှကို ဉာဏ်တည်းဟူသော မီးဖြင့် လောင်ကျွမ်းစေ၍ နိဗ္ဗာန်သို့ သွားလေသည်။

သံယောဇနံ— ဝဋ်ဆင်းရဲနှင့် အတူတကွ ချည်နှောင်ထားသော သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ နစ်မြုပ်စေခြင်းငှာ စွမ်းနိုင်သော (၁၀) ပါးသော သံယောဇဉ် ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

အပ္ပမာဒရတော = အပ္ပမာဒေ ရတော အပ္ပမာဒရတော။ အပ္ပမာဒ + ရတ။
အဏုံ = အဏတီတိ အဏုံ။ အဏ် + ဥ။
ထူလံ = ထူလတိတိ ထူလံ။ ထူလ် + အ။

အညတရဘိက္ခုဝတ္ထု ပြီး၏။
---

၉ - နိဂမဝါသိတိဿတ္ထေရဝတ္ထု

၃၂။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿီဝါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနဿ သန္တိကေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိရပ်ရွာ၌ ခေါင်းခေါင်းပါးပါး ရရသမျှဖြင့် ရောင့်ရဲပြီးလျှင် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တရားကျင့်သော နိဂမဝါသိတိဿထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ နိဂမဝါသိတိဿထေရ်သည် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်၍ အခြားပုဂ္ဂိုလ်များလည်း သောတာပန် စသည် ဖြစ်ကြသည်။

အနက်

အပ္ပမာဒရတော၊ မမေ့မလျော့ခြင်း၌ မွေ့လျော်သော။ (ဝါ) အပ္ပမာဒတရားဖြင့် အချိန်ကို လွန်စေသော။ ပမာဒေ၊ မေ့လျော့ခြင်း၌။ ဘယဒဿီဝါ၊ အပါယ်စသည် ရောက်ကြောင်း ဘေးဟု ရှုလေ့ရှိသော။ ဘိက္ခု၊ ရဟန်းသည်။ ပရိဟာနာယ၊ ဈာန် မဂ်, ဖိုလ်တို့မှ ယုတ်လျော့ခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။ နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။ သန္တိကေ၊ အနီး၌ သာလျှင် တည်နေ၏။

စကားပြေ

အပ္ပမာဒတရား၌ မွေ့လျော်၍ ပမာဒ၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် သမထ ဝိပဿနာ တရားနှင့် မဂ်, ဖိုလ်တို့မှ မဆုတ်ယုတ်နိုင်၊ နိဗ္ဗာန်နှင့် သာလျှင် နီးကပ်လျက် ရှိ၏။

အဘဗ္ဗော ပရိဟာနာယ— သမထ ဝိပဿနာ တို့မှလည်းကောင်း၊ မဂ်, ဖိုလ်တို့မှလည်းကောင်း မဆုတ်ယုတ်မှုနှင့် ရပြီးသော ကုသိုလ်တရားများမှ မဆုတ်ယုတ်ပဲ မရသေးသော ကုသိုလ်တရားများ ရနိုင်သည်ကို ဆိုလိုပါသည်။
နိဗ္ဗာနဿ— ကိလေသ ပရိနိဗ္ဗာန်နှင့် အနုပါဒိ ပရိနိဗ္ဗာန် ရသည်။

နိဂမဝါသိတိဿထေရ်— ဤမထေရ်သည် အနာထပိဏ္ဍိက စသူတို့က ကြီးစွာသော အလှူ, ပသေနဒိကောသလမင်းက အသဒိသ အလှူ ပြုနေသော်လည်း သာဝတ္ထိပြည်သို့ လုံးဝမသွားပဲ မိမိရွာ၌သာ မျှတရုံမျှ ရပြီးသည်နောက် အပိုရှာနေသဖြင့် ဘာအကျိုးရှိမှာလဲ ဆိုပြီး ဆွေမျိုးများထံမှ ရသမျှဖြင့်သာ ရောင့်ရဲတင်းတိမ်ပြီး နေသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၈၀။)

ရောင့်ရဲမှု— ရသမျှဖြင့်သာ ရောင့်ရဲတင်းတိမ်မှုသည် ငါဘုရား၏ အစဉ်အဆက် ကျင့်ခဲ့သော အကျင့် ဖြစ်သည်။ ရသမျှဖြင့် ရောင့်ရဲတင်းတိမ်သော ရဟန်းသည် သမထ ဝိပဿနာ ဓမ္မ မဂ္ဂဖလ ဓမ္မတို့မှ မဆုတ်ယုတ်နိုင်ပဲ နိဗ္ဗာန်၏ အနီး၌သာ ဖြစ်သည်။ ရဟန်းမှန်သမျှသည် ရသမျှဖြင့်သာ ရောင့်ရဲတင်းတိမ်သင့်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၈၁။)

ပါဠိသဒ္ဒါခက်ဆစ်

အဘဗ္ဗော = န ဘဗ္ဗော အဘဗ္ဗော။ န + ဗ္ဗ + ော။
ဘဗ္ဗော = ဘဝိတဗ္ဗော ဘဗ္ဗော။ ဘူ + ဗ္ဗ + ော။

နိဂမဝါသိတိဿတ္ထေရဝတ္ထု ပြီး၏။
အပ္ပမာဒဝဂ် ပြီး၏။
---

၁ - မေဃိယတ္ထေရဝတ္ထု

၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒုရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။

၃၄။ ဝါရိဇောဝ ထလေ ခိတ္တော၊ ဩကမောကတဥက္ကတော။
ပရိဖန္ဒတိ ဣဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် စာလိယတောင်၌ သီတင်းသုံးနေတော်မူစဉ် မိစ္ဆာဝိတက်၏ အလိုသို့ လိုက်နေသော မေဃိယထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ အရှင်မေဃိယထေရ်သည် သောတာပန် တည်၍ အခြားသော ပုဂ္ဂိုလ်များလည်း သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဥသုကာရော၊ လေးသမားသည်။ တေဇနံ၊ ကောက်သော မြားကို။ ဥဇုံ၊ ဖြောင့်အောင်။ ကရောတိ ဣဝ၊ ပြုသကဲ့သို့။ မေဓာဝီ၊ ပညာရှိသည်။ ဖန္ဒနံ၊ အာရုံတို့၌ တုန်လှုပ်သော။ စပလံ၊ လျှပ်ပေါ် လော်လီသော သဘောရှိသော။ ဒုရက္ခံ၊ စောင့်ထိန်းနိုင်ခဲသော။ ဒုန္နိဝါရယံ၊ တားမြစ်ရန် ခဲယဉ်းသော။ စိတ္တံ၊ စိတ်ကို။ ဥဇုံ၊ ဖြောင့်အောင်။ ကရောတိ၊ ပြု၏။

ဩကမောကတဥက္ကတော၊ ရေတည်းဟူသော တည်ရာ မှီရာမှ ထုတ်ဆယ်ထားအပ်သော။ ထလေ၊ ကုန်းမြေ၌။ ခိတ္တော၊ ပစ်ချထားအပ်သော။ ဝါရိဇော၊ ငါးသည်။ ပရိဖန္ဒတိ ဣဝ၊ တဖျတ်ဖျတ် တုန်လှုပ်သကဲ့သို့။ မာရဓေယျံ၊ ကိလေသာ မာရ် ကိုယ်တွင်းရန်ကို။ ပဟာတဝေ၊ ပယ်ဖို့ရန်။ ဩကမောကတော၊ ကာမဂုဏ် နယ်ပယ်မှ။ ဥက္ကတံ၊ ထုတ်အပ်သော။ ထလေ၊ ကမ္မဋ္ဌာန်း ဘာဝနာ ဟူသော ကုန်းမြေ၌။ ခိတ္တံ၊ ပစ်အပ်သော။ ဣဒံ စိတ္တံ၊ ဤကာမဂုဏ်၌ ကျက်စားလေ့ရှိသော စိတ်သည်။ ပရိဖန္ဒတိ၊ တဖျတ်ဖျတ် တုန်လှုပ်၏။

စကားပြေ

လေးသမားသည် ကောက်သော မြားကို ဖြောင့်အောင် ပြုသကဲ့သို့ ပညာရှိသည် အာရုံတို့၌ တုန်လှုပ်၍ လျှပ်ပေါ် လော်လီ ခြင်းသဘောရှိသော စောင့်ထိန်းပြီး တားမြစ်ရန် ခဲယဉ်းသော စိတ်ကို ဖြောင့်အောင် ပြု၏။

ရေမှ ထုတ်ဆယ်၍ ကုန်းပေါ်သို့ ပစ်ချထားသော ငါးသည် ရေမရှိသဖြင့် တဖျတ်ဖျတ် တုန်လှုပ်သကဲ့သို့ ကိလေသာ မာရ် ကိုယ်တွင်းရန်ကို ပယ်ခြင်းငှာ ကာမဂုဏ် နယ်ပယ်မှ ထုတ်အပ်သော ဘာဝနာ ဟူသော ကုန်းပေါ်သို့ ထားသော စိတ်သည် ဝီရိယ မရှိသဖြင့် တဖျတ်ဖျတ် တုန်လှုပ်၏။

ဖန္ဒနံ— ရူပါရုံ မလောအာရုံတို့ကို တွေ့မြင်သောအခါ တုန်လှုပ်သော စိတ် ရ၏။
စပလံ— ရွာသူ အားငယ်သည် ဣရိယာပုထ် တစ်ခုတည်းဖြင့် အငြိမ် မနေနိုင်သကဲ့သို့ အာရုံ တစ်ခုတည်း၌ တည်တံ့မှု မရှိပဲ လျှပ်ပေါ် လော်လီသော စိတ် ရ၏။
ဒုရက္ခံ— သင့်တင့် လျောက်ပတ်သော အာရုံ တစ်ခုခု၌ တည်ငြိမ်အောင် ထားခြင်းငှာ ခဲယဉ်းသော စိတ် ရ၏။
ဒုန္နိဝါရယံ— ဝိသဘာဂ အာရုံသို့ သွားသည်ကို တားမြစ်နိုင်ရန် ခဲယဉ်းသော စိတ် ရ၏။
ဥသုကာရောဝ တေဇနံ— လေးသမားသည် ကောက်သော မြားတံကို အခွံခွာ၍ ဆီသုတ်ပြီးလျှင် မီးဖြင့် အပူဓာတ် ပေး၏၊ ထို့နောက် သစ်ပင်ခွ၌ မြားကို ညှပ်၍ ဖြောင့်အောင် ပြုကာ မင်းတို့အား အတတ်ကို ပြသော် ဆုလာဘ်ကို ရ၏။ ထို့အတူ ပညာရှိသည် တုန်လှုပ်ခြင်း စသော သဘောရှိသော စိတ်ကို ဓုတင် ဆောက်တည်ခြင်း တောကျောင်း နေခြင်းဖြင့် ကြမ်းသော ကိလေသာ ကင်းအောင် ပြု၏။ သဒ္ဓါ တည်းဟူသော ဆီဖြင့် ဆွတ်၍လည်းကောင်း၊ ကာယိကဝီရိယ စေတသိကဝီရိယဖြင့် ပူစေ၍လည်းကောင်း၊ ဝိပဿနာ တည်းဟူသော သစ်ပင်ခု ညှပ်၍လည်းကောင်း ဖြောင့်အောင် ပြု၏။ သင်္ခါရတို့ကို သုံးသပ်၍ အဝိဇ္ဇာကို ဖောက်ခဲ့ပြီးလျှင် ဝိဇ္ဇာ သုံးပါး မှ အဘိညာဉ် ခြောက်ပါး လောကုတ္တရာတရား ကိုးပါး ဟူသော လာဘ်အထူးကို လက်သို့ ရောက်အောင် ပြု၍ ရဟန္တာ အဖြစ်ကို ရယူနိုင်သည်။
ဩကမောကတဥက္ကတော— ၌ ဩက နှစ်ပုဒ် အရ ရေ ရ၏။
မာရဓေယျံ— အရ ကိလေသ ဝဋ် ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

မေဃိယတ္ထေရဝတ္ထု ပြီး၏။
---

၂ - အညတရဘိက္ခုဝတ္ထု

၃၅။ ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မာတိကရွာ သူကြီး၏ မိခင် (မာတိကမာတာ) အနာဂါမ် ဥပါသိကာ၏ လျောက်ပတ်သော ပြုစု စောင့်ရှောက်မှုကို ရသော တောကျောင်း နေရဟန်း တစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ အခြားသော ပုဂ္ဂိုလ်များ သောတာပန် စသည် ဖြစ်ကြသည်။ တောကျောင်း နေရဟန်းကား တရားဟော၍ သုံးလေးရက် အကြာတွင် ရဟန္တာ ဖြစ်သည်။

အနက်

ဒုန္နိဂ္ဂဟဿ၊ နှိမ်နင်းရန် ခဲယဉ်းသော။ လဟုနော၊ လျှင်မြန်သော သဘောရှိသော။ (ဝါ) အဖြစ်အပျက် မြန်သော။ ယတ္ထကာမနိပါတိနော၊ အလိုရှိသော အာရုံ၌ ကျလေ့ရှိသော။ စိတ္တဿ၊ စိတ်ကို။ ဒမထော၊ ဆုံးမခြင်းသည်။ သာဓု၊ ကောင်း၏။ ဒန္တံ၊ ဆုံးမပြီး၍ ယဉ်ကျေးသော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ ချမ်းသာကို ဆောင်တတ်၏။

စကားပြေ

နှိမ်နင်းရန် ခဲယဉ်း၍ အဖြစ်အပျက် အလွန်မြန်သော အလိုရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ဆုံးမခြင်းသည် ကောင်း၏။ ဆုံးမပြီးသဖြင့် ယဉ်ကျေး သိမ်မွေ့သော စိတ်သည် ချမ်းသာကို ဆောင်ပေးတတ်၏။

ယတ္ထကာမနိပါတိနော— အမျိုးအနွယ် အရွယ်တို့ကို မကြည့်ပဲ သင့် မသင့်ကို မသိသော အလိုရှိရာ အာရုံ၌ ကျက်စားလေ့ရှိသော စိတ် ရ၏။
စိတ္တဿ ဒမထော— စိတ်ကို အရိယာမဂ် လေးပါးတို့ဖြင့် ဆုံးမရမည်။
သုခါဝဟံ— ၌ သုခ အရ - မဂ်, ဖိုလ်, နိဗ္ဗာန် အားဖြင့် သုခ သုံးပါး ရ၏။

အချင်းချင်း သတိပေး ဆုံးမပုံ

မာတိကရွာ၌ ဝါကပ်သော ခြောက်ကျိပ်သော ရဟန်းတော်တို့သည် ငါတို့သည် မေ့မေ့လျော့လျော့ နေရန် မသင့်၊ ငရဲကြီး ရှစ်ထပ်သည် ငါတို့၏ ကိုယ်ပိုင်အိမ်နှင့် တူသည်။ ငါတို့သည် သက်တော်ထင်ရှား ဘုရားထံမှ ကမ္မဋ္ဌာန်းကို ယူလာသူများ ဖြစ်ကြသည်။ ဘုရားရှင်တို့ မည်သည် ခြေရာ အစဉ်အတိုင်း လိုက်နေသော်လည်း စဉ်းလဲသဖြင့် နှစ်သိမ့်စေရန် မတတ်ကောင်း, ဘုရားရှင်၏ အလိုအားလျော်စွာ သာလျှင် နှစ်သိမ့်စေရန် တတ်ကောင်းသည်၊ မမေ့မလျော့ နေကြစို့ တစ်ဦးကို တစ်ဦး သတိပေးကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၈၄။)

ဘောဇနသပ္ပါယ

ကောသလတိုင်း တောင်ခြေမှာ ရှိသော မာတိကရွာ၌ သူကြီးဖြစ်သူ၏ မိခင်သည် မိမိ ကိုးကွယ်နေသော ရဟန်းတော်များ သေနာသနသပ္ပါယနှင့် ပုဂ္ဂလသပ္ပါယ ရှိသော်လည်း ဘောဇနသပ္ပါယ မရှိသဖြင့် တရားထူး မရမှန်း သိသည့်အတွက် သင့်လျော်သော အစာ အာဟာရများ ဆက်ကပ် သုံးဆောင်စေသောအခါ ရဟန်းတော်များ အားလုံးသည် မကြာမီပင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာများ ဖြစ်သွားကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၈၆-၈။)

ရဟန်းတော် တစ်ပါးသည် မိမိ ကြံစည် စိတ်ကူးနေသမျှ မာတိကမယ်တော်ကြီး သိနေသဖြင့် မနေဝံ့ပဲ ဘုရားရှင်ထံ ပြန်ရောက်လာရာ ဘုရားရှင်က စိတ်ကိုသာ နိုင်အောင် အထိန်း ခိုင်းပြီး ပြန်လွှတ်လိုက်သည့်အတွက် ပြန်သွားပြီး မာတိကမယ်တော်ကြီး၏ သင့်တော်သော အစာများကို ဘုဉ်းပေးရသဖြင့် စိတ်တည်ငြိမ်မှု ရပြီး မကြာမီ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်သွားသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၈၈။)

ဘဝသံသရာ

မာတိကမယ်တော်ကြီးသည် လွန်ခဲ့သော ကိုးဆယ့်ကိုးဘဝမြောက်မှာ ယင်းရဟန်း၏ ဇနီးဖြစ်ခဲ့စဉ်က တခြားယောက်ျားအပေါ် တပ်မက်မှု ဖြစ်ပြီး ယင်းရဟန်းတော်ကို သေကြောင်း ကြံစည်ခဲ့ဖူးသော်လည်း ဘဝတရာမြောက် ယင်းရဟန်း၏ ဇနီးဖြစ်ခဲ့စဉ်က အသက်ကို ကယ်ဆယ်ခဲ့ဖူးသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၀၉။)

ပါဠိသဒ္ဒါခက်ဆစ်

ဒုန္နိဂ္ဂဟဿ = ဒုက္ခေန နိဂ္ဂဟတီတိ ဒုန္နိဂ္ဂဟော။ ဒု + နိ + ဂဟ် + အ။
ယတ္ထကာမနိပါတိနော = ယတ္ထကာမံ နိပါတတီတိ ယတ္ထကာမနိပါတိ။ ယတ္ထကာမ + နိ + ပတ် + ဏီ။
သုခါဝဟံ = သုခံ အာဝဟတီတိ သုခါဝဟံ။ သုခ + အာ + ဝဟ်။

အညတရဘိက္ခုဝတ္ထု ပြီး၏။
---

၃ - အညတရဥက္ကစ္ဆိတဘိက္ခုဝတ္ထု

၃၆။ သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် သဒ္ဓါတရားဖြင့် ရဟန်းဘောင်သို့ ဝင်သော်လည်း ရဟန်းအဖြစ်၌ ဝန်လေးသည်ဟု ထင်၍ ပျင်းရှိနေသော ရာဇဂြိုဟ် သူဌေးသား ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ ပျင်းရှိသော ရဟန်းသည် သောတာပန် တည်၍ အခြားသော ပုဂ္ဂိုလ်များလည်း သောတာပန် စသည့် ဖြစ်ကြသည်။

အနက်

သုဒုဒ္ဒသံ၊ အလွန် မြင်နိုင်ခဲသော။ သုနိပုဏံ၊ အလွန် သိမ်မွေ့သော။ ယတ္ထကာမနိပါတိနံ၊ အလိုရှိရာ အာရုံ၌ ကျရောက်လေ့ရှိသော။ စိတ္တံ၊ စိတ်ကို။ မေဓာဝီ၊ ပညာရှိသည်။ ရက္ခေထ၊ စောင့်ရှောက်ရာ၏။ ဂုတ္တံ၊ စောင့်ရှောက်ထားသော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ ချမ်းသာကို ဆောင်ပေးတတ်၏။

စကားပြေ

အလွန် သိမ်မွေ့၍ မြင်နိုင်ခဲသော အလိုရှိရာ အာရုံ၌ ကျရောက်လေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင့်ရှောက်ထားသော စိတ်သည် ချမ်းသာကို ဆောင်ပေးတတ်၏။

ယတ္ထကာမနိပါတိနံ— မိမိ၏ အမျိုးအနွယ် ဂုဏ် သိက္ခာ အရွယ် စသည်တို့ကို မကြည့်ပဲ ရထိုက် မရထိုက် သင့် မသင့်သော နေရာတို့၌ ကျရောက်လေ့ရှိသော စိတ်ရ၏။

ဆရာများ သားသေ

သာဝတ္ထိပြည်၌ သူဌေးသား တစ်ယောက်သည် ရဟန်းပြုပြီး ဆရာများထံ ချဉ်းကပ်၍ ဒုက္ခမှ လွတ်မြောက်ကြောင်းများကို မေးလျှောက်သောအခါ နိဿယည်း ဆရာက အဘိဓမ္မာဆောင် ဥပဇ္ဈာယ်ဆရာက ဝိနည်းဓိုရ်ဆရာ ဖြစ်သဖြင့် ဆရာနှစ်ပါးသည် မိမိထံ ရောက်လာသော တပည့်လေးကို မိမိ ထက်သန်ရာကိုသာ ပြောဟောကြသဖြင့် တပည့် နားယောင်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်သည်။ လူထွက်ပြီး နေရန် စိတ်ကူးနေခိုက် ဘုရားရှင်က စိတ်တစ်ခုကိုသာ ထိန်းဖို့ အမိန့်ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၈၉-၁၉၀။)

ပါဠိသဒ္ဒါခက်ဆစ်

သုဒုဒ္ဒသံ = သုဋ္ဌု ဒုဒ္ဒသံ သုဒုဒ္ဒသံ။ သု + ဒုဒ္ဒသ။
ဒုဒ္ဒသံ = ဒုဋ္ဌု ဒဿနံ ဒုဒ္ဒသံ။ ဒု + ဒိသ်။
သုနိပုဏံ = သုဋ္ဌု နိပုဏံ သုနိပုဏံ။ သု + နိပုဏ။
နိပုဏံ = နိဿသတော ပုနန္တိ သေခဓေန္တိ ယေနာတိ နိပုဏံ။ နိ + ပု + ယု။

အညတရဥက္ကစ္ဆိတဘိက္ခုဝတ္ထု ပြီး၏။
---

၄ - သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထု

၃၇။ ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိပြည်သား ဖြစ်၍ သာသနာ့ဘောင်သို့ ဝင်ပြီး နှစ်ရက် သုံးရက် အကြာတွင် ရဟန္တာဖြစ်သော သံဃရက္ခိတထေရ်၏ တူ သံဃရက္ခိတရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ တူဖြစ်သော သံဃရက္ခိတရဟန်း သောတာပန်၌ တည်၍ အခြားပုဂ္ဂိုလ်များ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဒူရမ္ဂမံ၊ ဝေးသော အာရုံသို့ လည်းသွားတတ်သော။ ဧကစရံ၊ တခု ဖြစ်ပြီးမှ တခု ဖြစ်တတ်သော။ အသရီရံ၊ ကိုယ်ကောင် အထည် မရှိသော။ ဂုဟာသယံ၊ နှလုံး (ဟဒယဝတ္ထု) ဟူသော လိုဏ်ကို မှီ၍ ဖြစ်သော။ စိတ္တံ၊ စိတ်ကို။ ယေ၊ အကြင် သူတို့သည်။ သံယမေဿန္တိ၊ စောင့်စည်းကုန်အံ့။ တေ၊ ထိုသူတို့သည်။ မာရဗန္ဓနာ၊ မာရ်၏ အနှောင်အဖွဲ့ ဟူသော တေဘူမက ဝဋ်ဆင်းရဲမှ။ မောက္ခန္တိ၊ လွတ်ကုန်လတ္တံ့။

စကားပြေ

အဝေး အာရုံသို့ သွားတတ်၍ ကိုယ်သဏ္ဌာန် မရှိပဲ တခု ဖြစ်ပြီးမှ တခု ဖြစ်လေ့ရှိသော စိတ်ကို စောင့်စည်းသော သူများသည် မာရ်မင်း၏ အနှောင်အဖွဲ့ ဖြစ်သော ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်သည်။

ဒူရင်္ဂမံ— စိတ်သည် အဝေးမှာ ရှိသော အာရုံသို့ ရောက်အောင် သွားနိုင်သောကြောင့် ဒူရင်္ဂမံ မည်၏။
ဧကစရံ— စိတ်သည် တခုသော ခဏ၌ ခုနစ်ခု ရှစ်ခု တပြိုင်နက် မဖြစ်၊ တခု တည်းသာ ဖြစ်၍ စိတ် တခု ချုပ်ပြီးမှ နောက်စိတ် တခု ဖြစ်ပေါ်လာသောကြောင့် ဧကစရ မည်၏။
အသရီရံ— စိတ်သည် ကိုယ် သဏ္ဌာန်လည်း မရှိ အဆင်းလည်း မရှိသောကြောင့် အသရီရ မည်၏။
ဂုဟာသယံ— ဟဒယဝတ္ထု၏ မှီရာ ဖြစ်သော မဟာဘုတ် လေးပါးသည် မုချအားဖြင့် ဂုဟာ မည်၏။
ယေ စိတ္တံ သံယမေဿန္တိ— မိန်းမ ယောက်ျား လူရှင် ရဟန်းတို့သည် သတိဖြင့် မဖြစ်ပေါ် သေးသော ကိလေသာကို ဖြစ်ခွင့် မပေးပဲ ဖြစ်ပြီး ကိလေသာတို့ကို ပယ်၍ စိတ်ကို စောင့်ထိန်းရမည်။
မာရဗန္ဓနာ— တေဘူမက ဝဋ်ဒုက္ခ ရ၏။

မှတ်သားဖွယ်— ဘုရားရှင်သည် သံဃရက္ခိတထေရ်၏ တူဖြစ်သူ သံဃရက္ခိတအား ငါဘုရား သာသနာမှာ ရဟန်းပြု ပါလျက် သောတာပန် သို့မဟုတ် သကဒါဂါမ် သို့မဟုတ် အနာဂါမ် သို့မဟုတ် ရဟန္တာ ဟု မပြောနိုင်သေးပဲ ဘာအတွက် လူထွက်ချင်ရသလဲ၊ စိတ် ဆိုသည်မှာ အဝေး အာရုံကို လည်း လက်ခံမှု သဘောရှိသည်။ ရာဂ စသည်မှ လွတ်မြောက်ရန်သာ ကြိုးစား ပါ ဟု အမိန့် ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၉၃။)

ပါဠိသဒ္ဒါခက်ဆစ်

ဒူရမ္ဂမံ = ဒူရံ အာရမ္မဏံ ဂစ္ဆတိ သမ္ပဋိစ္ဆတီတိ ဒူရမ္ဂမံ။ ဒူရ + ဂမု + အ။
ဧကစရံ = ဧကော ဟုတွာ စရံ ဧကစရံ။ ဧက + စရ ။
အသရီရံ = နတ္ထိ သရီရံ (သဏ္ဌာနံ) ယဿာတိ အသရီရံ။ န + သရီရ + ယ။
ဂုဟာသယံ = ဂုဟာယံ အာသယတီတိ ဂုဟာသယံ။ ဂုဟာ + အာ + သိ + ဏ။
မာရဗန္ဓနာ = မာရော ဟုတွာ ဗန္ဓနံ မာရဗန္ဓနံ။ မာရ + ဗန္ဓန ။

သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထု ပြီး၏။
---

၅ - စိတ္တဟတ္ထတ္ထေရဝတ္ထု

၃၈။ အနဝဋ္ဌိတစိတ္တဿ၊ သဒ္ဓမ္မံ အဝိဇာနတော။
ပရိပ္လဝပသာဒဿ၊ ပညာ န ပရိပူရတိ။

၃၉။ အနဝဿုတစိတ္တဿ၊ အနနွာဟတစေတသော။
ပုညပါပပဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိမြို့သားသည် ရဟန်းပြု၍ ခြောက်ကြိမ်တိုင်တိုင် လူဝတ်လဲပြီး နောက်ဆုံး ခုနစ်ကြိမ်မြောက် ရဟန်းပြုရန် ကျောင်းသို့ သွားရင်း တရားဆင်ခြင်သောကြောင့် သောတာပန်ဖြစ်၍ ရဟန်းပြုပြီး နှစ်ရက် သုံးရက် အကြာတွင် ရဟန္တာဖြစ်သော စိတ္တဟတ္ထထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ အကျိုးများကြသည်။

အနက်

အနဝဋ္ဌိတစိတ္တဿ၊ မတည်တံ့သော စိတ်ရှိသော။ သဒ္ဓမ္မံ၊ သူတော်ကောင်း တရားကို။ အဝိဇ္ဇာနတော၊ မသိသော။ ပရိပလ္လဝပသာဒဿ၊ ပေါလော ပေါသော။ (ဝါ) မခိုင်မြဲသော ယုံကြည်မှု ရှိသူအား။ ပညာ၊ ပညာသည်။ န ပရိပူရတိ၊ မပြည့်စုံနိုင်။

အနဝဿုတစိတ္တဿ၊ ရာဂဖြင့် စွတ်စိုသော စိတ်မရှိသော။ အနန္ဒာဟတစေတသော၊ ဒေါသဖြင့် ထိခိုက်သော စိတ်မရှိသော။ ပုညပါပပဟီနဿ၊ ကောင်းမှု မကောင်းမှုကို ပယ်ပြီးသော။ ဇာဂရတော၊ နိုးနိုးကြားကြား ရှိသောသူအား။ ဘယံ၊ ဘေးသည်။ နတ္ထိ၊ မရှိ။

စကားပြေ

မတည်တံ့သော စိတ်ရှိ၍ သူတော်ကောင်း တရားကို လည်း မသိသော မခိုင်မြဲသော ယုံကြည်မှု ရှိသူအား ပညာ မပြည့်စုံနိုင်။

ရာဂဖြင့် စွတ်စိုသော စိတ်လည်း မရှိ၊ ဒေါသဖြင့် ထိခိုက်သော စိတ်လည်း မရှိ၍ ကောင်းမှု မကောင်းမှုကို ပယ်ပြီးလျှင် နိုးကြားမှု ရှိသူအား ကြောက်စရာ ဘေး မရှိပြီ။

အနဝဋ္ဌိတစိတ္တဿ— မြင်းကျောပေါ် တင်ထားသော ကျောက်ဖရုံသီး, ဖွဲ့ပုံ၌ စိုက်ထားသော သစ်ငုတ်, ဆံပင်မရှိသည့် ခေါင်းပြောင်၌ တင်ထားသော ထိန်ပန်းတို့ မတည်တံ့နိုင်သကဲ့သို့ တခါတရံ ဗုဒ္ဓသာဝက, တခါတရံ အာဇီဝက, တခါတရံ နိဂဏ္ဌ, တခါတရံ တာပသ ဖြစ်သူကို မတည်တံ့သော စိတ် ရှိသူ ဟု ဆိုသည်။
သဒ္ဓမ္မံ— ဗောဓိပက္ခိယတရား သုံးဆဲ့ခုနစ်ပါး ရ၏။
ပရိပ္လဝပသာဒဿ— ယုံကြည်မှု သဒ္ဓါ နည်းပါး၍ ပေါလော ပေါသော (ဝါ) လေးလေး နက်နက် ယုံကြည်မှု မရှိသော ပုဂ္ဂိုလ်။
ပညာ— ကာမာဝစရ ပညာ, ရူပါဝစရ ပညာ, အရူပါဝစရ ပညာ, လောကုတ္တရာ ပညာ ရ၏။
အနဝဿုတစိတ္တဿ— ရာဂဖြင့် စွတ်စိုသော စိတ် မရှိ။ (ဝါ) ရာဂ မရှိသူ။ (ဝါ) ရာဂ ကင်းသူ။
အနနွာဟတစေတသော— ဒေါသဖြင့် ထိခိုက်သော စိတ် မရှိ။ (ဝါ) ဒေါသ မရှိ။ (ဝါ) ဒေါသ ကင်းသူ။
ပုညပါပပဟီနဿ— ကုသိုလ် လည်း မရှိ အကုသိုလ် လည်း မရှိသော ရဟန္တာ ပုဂ္ဂိုလ်။
ဇာဂရတော— ရဟန္တာ ပုဂ္ဂိုလ်သည် သဒ္ဓါ စသော နိုးကြားမှု တရား ငါးပါး ရှိသောကြောင့် အိပ်ပျော်နေခိုက် သော်လည်းကောင်း၊ နိုးကြားနေခိုက် သော်လည်းကောင်း ဇာဂရတော မည်သည်။
ဘယံ— ကိလေသာ ဟူသော ဘေး ရ၏။

စိတ္တဟတ္ထထေရ်— ဤမထေရ်သည် ခြောက်ကြိမ်တိုင်တိုင် ရဟန်းပြု လိုက် လူဝတ် လဲလိုက် လုပ်ပြီး ခုနစ်ကြိမ်မြောက် ရဟန်းပြု သောအခါ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၉၅-၆။)

ကုဒါလပဏ္ဍိတ— ဘုရားလောင်း ကုဒါလပဏ္ဍိတ လည်း ခြောက်ကြိမ်တိုင် လူထွက်ပြီး ခုနစ်ကြိမ်မြောက် တွင် တသက်လုံး ရသေ့ဝတ်ဖြင့် မြဲသွားသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၉၈။)

ပါဠိသဒ္ဒါခက်ဆစ်

အနဝဋ္ဌိတစိတ္တဿ = အနဝဋ္ဌိတံ စိတ္တံ ယဿာတိ အနဝဋ္ဌိတစိတ္တော။ အနဝဋ္ဌိတ + စိတ္တ + ယ။
အနဝဋ္ဌိတံ = န အဝဋ္ဌိတံ အနဝဋ္ဌိတံ။ န + အဝဋ္ဌိတ။
သဒ္ဓမ္မံ = သတံ ဓမ္မော သဒ္ဓမ္မော။ သတ္ + ဓမ္မ ။
ပရိပလ္လဝပသာဒဿ = ပရိပလ္လဝော ပသာဒေါ ယဿာတိ ပရိပလ္လဝပသာဒေါ။ ပရိပလ္လဝ + ပသာဒ + ယ။
ပရိပလ္လဝော = သမန္တတော ပလ္လဝတိ ဂစ္ဆတီတိ ပရိပလ္လဝော။ ပရိ + ပ္လုဝ + အ။
အနဝဿုတစိတ္တဿ = နတ္ထိ အဝဿုတံ စိတ္တံ ယဿာတိ အနဝဿုတစိတ္တော။ န + အဝဿုတ + စိတ္တ + ယ။
အနန္ဒာဟတစေတသော = နတ္ထိ အန္ဒာဟတော စေတော ယဿာတိ အနန္ဒာဟတစေတသော။ န + အန္ဒာဟတ + စေတ + ယ။
အန္ဒာဟတ = အနု + အာ + ဟန် + တ။
ပုညပါပပဟီနဿ = ပုညပါပါနိ ပဟီနာနိ ယေနာတိ ပုညပါပပဟီနော။ ပုညပါပ + ပဟီန + ယ။

စိတ္တဟတ္ထတ္ထေရဝတ္ထု ပြီး၏။
---

၆ - ပဉ္စသတဘိက္ခုဝတ္ထု

၄၀။ ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ၊
နဂရူပမံ စိတ္တမိဒံ ဌပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊
ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် မေတ္တာသုတ်ကို ရွတ်ဖတ် သရဇ္ဈာယ် သဖြင့် နတ်များ၏ အစောင့်အရှောက်ကို ခံကြရသော ဝိပဿနာတရား အားထုတ်သော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ ရဟန်းငါးရာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ကြသည်။

အနက်

ဣမံ ကာယံ၊ ဤခန္ဓာကိုယ်ကို။ ကုမ္ဘူပမံ၊ အိုးနှင့် တူ၏ ဟု။ ဝိဒိတွာ၊ သိ၍။ ဣဒံ စိတ္တံ၊ ဤစိတ်ကို။ နဂရူပမံ၊ မြို့နှင့် တူသည်ကို။ ဌပေတွာ၊ ထားပြု၍။ ပညာဝုဓေန၊ ပညာ လက်နက်ဖြင့်။ မာရံ၊ ကိလေသာ မာရ်ကို။ ယောဓေထ၊ တိုက်ခိုက်ရာ၏။ ဇိတဉ္စ၊ တိုက်ခိုက်သဖြင့် အောင်မြင်ပြီး၍ ရထားသော ဉာဏ်ကိုလည်း။ ရက္ခေ၊ မပျက်စီးအောင် စောင့်ရှောက်ရာ၏။ အနိဝေသနော၊ ကပ်ငြိ တွယ်တာခြင်း မရှိသည်။ သိယာ၊ ဖြစ်ရာ၏။

စကားပြေ

ဤခန္ဓာကိုယ်ကို ကြာရှည် မခိုင် ပျက်စီးတတ်သော အိုးနှင့် တူ၏ ဟု သိ၍ စိတ်ကို ရန်သူ မဝင်နိုင်အောင် ကာကွယ် စောင့်ရှောက်ရသော မြို့နှင့် တူသည်ကို ပြုပြီးလျှင် ပညာ လက်နက်ဖြင့် ကိလေသာ မာရ် ရန်သူကို တိုက်ခိုက်ရာ၏။ တိုက်ခိုက်သဖြင့် အောင်မြင်ပြီး၍ ရထားသော ဉာဏ်ကိုလည်း မပျက်စီးအောင် စောင့်ရှောက်ရာ၏။ ကပ်ငြိ တွယ်တာခြင်း မရှိရာ။

ကုမ္ဘူပမံ— ဤဆံ စသော ခန္ဓာကိုယ်သည် အရှည် မခံ တခဏမျှသာ တည်တံ့သော သဘော ရှိသောကြောင့် အိုးနှင့် တူသည်။
နဂရူပမံ— မြို့ကို ရန်သူ မဖျက်ဆီးနိုင်အောင် ကျုံး တံတိုင်း တံခါး စသည်တို့ဖြင့် စီစဉ်ထားသကဲ့သို့ မိမိ၏ ဝိပဿနာ စိတ်ကို ကိလေသာ ရန်သူ မဝင်နိုင်အောင် ပညာ လက်နက် စသည်ဖြင့် စောင့်ရှောက် အပ်သောကြောင့် ဝိပဿနာ စိတ်သည် မြို့နှင့် တူသည်။
ယောဓေထ မာရံ ပညာဝုဓေန— မြို့စောင့် တပ်သားသည် လက်နက်ကောင်း ဖြင့် ခိုးသူကို တိုက်ထုတ်သကဲ့သို့ ပညာရှိ အမျိုးကောင်းသားသည် ဝိပဿနာ ဉာဏ်, အရိယာ မဂ်ဉာဏ် ဟူသော လက်နက်ဖြင့် ကိလေသာ မာရ် ဟူသော ခိုးသူကို တိုက်ထုတ်ရာ၏။
ဇိတဉ္စ ရက္ခေ— ဖြစ်ပေါ်လာပြီးသော နုသောဝိဿနာကို အာဝါသ, ဥတု, ဘောဇန, ပုဂ္ဂလ, ဓမ္မဿာန စသော သပ္ပါယကို မှီဝဲကာ အကြားအကြား၌ သမာပတ်ကို ဝင်စားလျက် သမာပတ်မှ ထပြီးလျှင် စင်ကြယ် သန့်ရှင်းသော စိတ်ဖြင့် သင်္ခါရ တရားတို့ကို သုံးသပ်လျက် စောင့်ရှောက်ရမည်။
အနိဝေသနော— သမာပတ်ကို သာယာနေလျှင် အထက် မဂ်ဖိုလ်တို့ကို ထိုးထွင်း မသိနိုင် သောကြောင့် သမာပတ်ကို ဝင်စား၍ ထိုမှ ထလျက် သမာပတ်၌ သာယာမှု ပြု၍ မနေပဲ သင်္ခါရ တရားတို့ကို သုံးသပ်ရမည်။

မေတ္တာ လက်နက်— ရဟန်းတော်များ ရှိလျှင် အနေကြပ်သည့်အတွက် မနေနိုင်အောင် အနှောင့်အယှက် အမျိုးမျိုး ပေးနေကြသော နတ်များကို မေတ္တာ လက်နက်ဖြင့် နေကြရန် ဘုရားရှင် အမိန့် ရှိသဖြင့် မေတ္တာဖြင့် နေကြရာ နတ်များသည် မနှောင့်ယှက် သည့် အပြင် ပြုစု လုပ်ကျွေးကြသဖြင့် ရဟန်းများသည် စိတ်တည်စွာ ရဟန်းတရား အားထုတ်ကြရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၀-၁။)

ပါဠိသဒ္ဒါခက်ဆစ်

ကုမ္ဘူပမံ = ကုမ္ဘေန ဥပမံ ကုမ္ဘူပမံ။ ကုမ္ဘ + ဥပမ။
ဥပမံ = ဥပမာ အဿ အန္တီတိ ဥပမံ။ ဥပမာ + ဏ။
ဥပမာ = ဥပမိယတိ ဧတာယာတိ ဥပမာ။ ဥပမ + အ ။
နဂရူပမံ = နဂရေန ဥပမံ နဂရူပမံ။ နဂရ + ဥပမ ။
ပညာဝုဓေန = ပညာဝ အာဝုဓံ ပညာဝုဓံ။ ပညာ + အာဝုဓ။

ပဉ္စသတဘိက္ခုဝတ္ထု ပြီး၏။
---

၇ - ပူတိဂတ္တတိဿတ္ထေရဝတ္ထု

၄၁။ အစိရံ ဝတယံ ကာယော၊ ပထဝိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတဝိညာဏော၊ နိရတ္ထံဝ ကလိင်္ဂရံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် အရိုးများ ကွဲအက်သည် အထိ ပြည်ပုပ် သွေးပုပ်များ ယိုထွက်လျက် ပြင်းထန်သော ဝေဒနာကို ခံစားနေရသော ပူတိဂတ္တတိဿထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ ပူတိဂတ္တတိဿထေရ် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်၍ အခြား ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

အယံ ကာယော၊ ဤခန္ဓာကိုယ်သည်။ အပေတဝိညာဏော၊ ဝိညာဏ် ကင်းသည် ရှိသော်။ နိရတ္ထံ၊ အသုံးမကျသော။ ကလိင်္ဂရံ ဣဝ၊ ထင်းတုံး ကဲ့သို့။ ဆုဒ္ဓေါ၊ စွန့်ပစ်အပ်သည် ဖြစ်၍။ အစိရံ ဝတ၊ မကြာမီ သာလျှင်။ ပထဝိံ၊ မြေပေါ်၌။ အဓိသေဿတိ၊ အိပ်ရလိမ့်မည်။

စကားပြေ

ဝိညာဏ် မရှိခဲ့သော် စွန့်ပစ်ကြသောကြောင့် ဤခန္ဓာကိုယ်သည် အသုံးမကျ၍ စွန့်ပစ်ခံရသော ထင်းတုံး ကဲ့သို့ မြေကြီးပေါ်မှာ အိပ်ရလိမ့်မည်။

နိရတ္ထံဝ ကလိင်္ဂရံ— အဆွေး အကာ အဖု အဆစ် ဖြစ်သော သစ်သား သည် ပစ္စည်းကောင်း ပြုရန် အသုံးမကျသောကြောင့် မည်သူမျှ မလိုလား၍ စွန့်ပစ်ကုန်သကဲ့သို့ ဤ သုံးဆယ့်နှစ် ကောဋ္ဌာသ တို့တွင် တပါးပါးသော ကောဋ္ဌာသ သည် ညောင်စောင်း ခြေစသည် ပြုဖို့ရန် မှ ကျေးဇူးမများသောကြောင့် ယူမည့်သူ ကင်းလျက် မြေပေါ်၌ အိပ်ရသဖြင့် ဤ ၃၂-ကောဋ္ဌာသ သည် ထင်းတုံး နှင့် တူသည်။

ဘုရားရှင်၏ ကြည့်ခြင်း— ဘုရားရှင်သည် မိုးသောက် အခါ၌ လောကကို ကြည့်သည် ရှိသော် စကြာဝဠာ နှုတ်ခမ်းမှ စပြီး ဂန္ဓကုဋီ ဘက်သို့ ဉာဏ်တော်ကို ဖြန့်ပြီး ကြည့်သည်။ ညနေချမ်း အခါ၌ ကြည့်သည် ရှိသော် ဂန္ဓကုဋီမှ စပြီး အပြင်ဘက်သို့ ဉာဏ်တော်ကို ဖြန့်၍ ကြည့်တော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၃။)

ပူတိဂတ္တတိဿထေရ်— ဤမထေရ်သည် ကဿပ ဘုရားရှင် လက်ထက်၌ ငှက်မုဆိုး ဖြစ်ခဲ့စဉ် သားငှက်များကို မြင်းခေါင်းရိုး နှင့် အတောင်များကို ချိုးခြင်း သတ်ခဲ့ခြင်း ကြောင့် ယခု ဘဝ ခန္ဓာကိုယ် ပုပ်ဆွေးပြီး အရိုးများ ကျိုးရသည်။ ရဟန်း တပါးအား အရသာ ရှိသော ဆွမ်း လှူခဲ့မှု ကြောင့် ရဟန္တာ ဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၅။)

ပါဠိသဒ္ဒါခက်ဆစ်

ကာယော = ကုစ္ဆိတာနံ အာယော ကာယော။ ကု + အာယ ။
ဆုဒ္ဓေါ = ဆုဘီယတီတိ ဆုဒ္ဓေါ။ ဆုဘိ + တ။
အပေတဝိညာဏော = အပေတံ ဝိညာဏံ ယဿာတိ အပေတဝိညာဏော။ အပေတ + ဝိညာဏ + ယ။
ကလိင်္ဂရံ = ကေန (ဝါတေန) ဣင်္ဂတီတိ ကလိင်္ဂရံ။ က + ဣင်္ဂ + အရ ။ (လ-လာ)

ပူတိဂတ္တတိဿတ္ထေရဝတ္ထု ပြီး၏။
---

၈ - နန္ဒဂေါပါလကဝတ္ထု

၄၂။ ဒိသော ဒိသံ ယံ တံ ကယိရာ၊
ဝေရီ ဝါ ပန ဝေရိနံ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊
ပါပိယော နံ တတော ကရေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကောသလဇနပုဒ်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အား လိုက်ပို့၍ အပြန် မုဆိုး သတ်သဖြင့် သေရသော အနာထပိဏ်သူဌေး၏ သောတာပန် နွားကျောင်းသားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဒိသော၊ ခိုးသူ တယောက်သည်။ ဒိသံ၊ အဆွေခင်ပွန်းကို ပြစ်မှားသော ခိုးသူကို။ (ဒိသာ၊ မြင်သည် ရှိသော်)။ ယံ တံ ကယိရာ၊ အကြင် ပျက်စီးအောင် ယခု ဘဝတွင်သာ ပြုနိုင်ရာ၏။ မိစ္ဆာပဏိဟိတံ၊ အကုသိုလ် ကမ္မပထတို့၌ မကောင်းသဖြင့် ထားအပ်သော။ စိတ္တံ၊ စိတ်သည်။ နံ ပုရိသံ၊ ထိုစိတ် မျိုး ရှိသော ယောက်ျားကို။ တတော၊ ထိုရန်ငြိုး ထက်ပင်။ ပါပိယော၊ ဘဝများစွာ ယုတ်ညံ့အောင်။ ကရေ၊ ပြုနိုင်ရာ၏။

စကားပြေ

ခိုးသူ တယောက်သည် မိမိကို ပြစ်မှားသော ခိုးသူကို ရန်သူ တယောက်သည် ရန်ဘက်ကို မြင်သည် ရှိသော် ပျက်စီးအောင် ဤဘဝတွင်သာ ပြုနိုင်သော်လည်း အကုသိုလ် ကမ္မပထတို့၌ မှားသော အားဖြင့် ထားသော စိတ်သည် ၎င်း စိတ်မျိုး ရှိသူကို ရန်ငြိုး ထက်ပင် ဘဝများစွာ ယုတ်မာ အောင် ပျက်စီးအောင် ပြုနိုင်၏။

ပါပိယော— ရန်သူသည် ဤဘဝ၌သာ ဆင်းရဲကို ဖြစ်စေခြင်း၊ အသက်ကို သတ်ခြင်းကို ဖြစ်စေနိုင်သည်။ အကုသိုလ် စိတ်သည် ဘဝပေါင်း အသိန်းမက အပါယ် လေးပါးတို့၌ ပစ်ချ၍ ခေါင်းဖော်ရန် ပင် မပေးသဖြင့် ရန်သူ ထက် ပို၍ပင် ယုတ်မာသည်။

နန္ဒ နွားကျောင်းသား

သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ နွားတို့ကို စောင့်ရှောက် နေသော နန္ဒသည် ပစ္စည်း ဥစ္စာ ကြွယ်ဝ ချမ်းသာသူ ဖြစ်သည်။ မင်း၏ အမြတ်တော် ခွန်ကို ရှောင်လွဲရန် နွားကျောင်းသား ဘဝဖြင့် ပင် နွားအပေါင်းကို စောင့်ရှောက် လျက် နေသည်။ အခါခပ်သိမ်း အနာထပိဏ် သူဌေးထံသို့ နွားနို့ အရသာ ငါးမျိုးကို ယူလာသည်။ ဘုရားရှင်အား ဖူးမြော်ခြင်း, တရားနာခြင်းတို့ကို ပြုလုပ် လေ့ရှိသည်။ ဘုရားရှင်အား မိမိ နေရာသို့ ပင့်ဖိတ်သော်လည်း ဉာဏ်ရင့်ချိန်ကို စောင့်ဆိုင်း၍ ဘုရားရှင်သည် မကြွပဲ နေခဲ့သည်။ ဉာဏ်ရင့်ချိန် ရောက်သောအခါ များစွာသော တပည့် အပေါင်း ခြံရံလျက် နန္ဒ၏ နေရာ အနီး သစ်ပင်ရင်း၌ ဘုရားရှင် ထိုင်စဉ် နန္ဒ၏ ပင့်လျှောက်ချက် အရ ခုနစ်ရက်တိုင်တိုင် ငါးပါးသော နွားနို့ အရသာ အလှူကို ဘုရားရှင် ခံယူတော်မူသည်။ ခုနစ်ရက် မြောက် အနုမောဒနာ တရား အဆုံး၌ သောတာပန် ဖြစ်သည်။ သို့သော် ၎င်း နေ့မှာ ပင် ဘုရားရှင်အား လိုက်ပို့၍ အပြန် ခရီးတွင် မုဆိုး သတ်၍ သေရသည်။

ပါဠိသဒ္ဒါခက်ဆစ်

ဒိသော = ဒိသတိ ဟိံသတိ ပရေ ဝါ၊ န ပိယာယတိ တဗ္ဗောတိ ဒိသော။ ဒိသ် + အ။
မိစ္ဆာပဏိဟိတံ = မိစ္ဆာ ပဏိဟိတံ မိစ္ဆာပဏိဟိတံ။ မိစ္ဆာ + ပဏိဟိတ ။
ပဏိဟိတံ = ပဏိဓိယတိ ဣတ္ထာတိ ပဏိဟိတံ။ ပ + နိ + ဓာ + တ ။

နန္ဒဂေါပါလကဝတ္ထု ပြီး၏။
---

၉ - သောရေယျတ္ထေရဝတ္ထု

၄၃။ န တံ မာတာ ပိတာ ကယိရာ၊ အညေ ဝါပိ စ ဉာတကာ။
သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင် မဟာကစ္စည်းထေရ်ကို စိတ်ဖြင့် ပြစ်မှားမိသော သောရေယျမြို့သား သူဌေးသား သောရေယျထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

တံ၊ ထိုလူ နတ် နိဗ္ဗာန် ချမ်းသာကို ဖြစ်စေနိုင်သော အကြောင်းကို။ မာတာ၊ မိခင်သည်။ န ကယိရာ၊ ပြုမပေးနိုင်။ ပိတာ၊ ဖခင်သည်။ န ကယိရာ၊ ပြုမပေးနိုင်။ အညေ ဝါပိ၊ မိဘမှ တပါး ကုန်သော။ ဉာတကာ၊ ဆွေမျိုးတို့သည်။ န ကရေယျ၊ ပြုမပေးနိုင်ကုန်။ သမ္မာပဏိဟိတံ၊ ကုသိုလ် ကမ္မပထတို့၌ ကောင်းစွာ ထားသော။ စိတ္တံ၊ စိတ်သည်။ နံ ပုဂ္ဂလံ၊ ထိုစိတ် မျိုး ရှိသော ပုဂ္ဂိုလ်ကို။ တတော၊ ထိုမိဘ ဆွေမျိုးတို့ထက်။ သေယျသော၊ တဆင့်ထက် တဆင့် မြင့်သထက် မြင့်အောင်။ ကရေ၊ ပြုပေးနိုင်၏။

စကားပြေ

မိဘ ဆွေမျိုးများသည် ဤဘဝတွင်သာ အလုပ် မလုပ်ပဲ ချမ်းချမ်းသာသာ အသက် မွေးနိုင်ရန် ပစ္စည်းကို ပေးနိုင် သော်လည်း စကြဝတေး မင်း စည်းစိမ် နတ် စည်းစိမ်, ဗြဟ္မာ စည်းစိမ်, လောကုတ္တရာ စည်းစိမ်တို့ကို မပေးနိုင်။ ကုသိုလ် ကမ္မပထတို့၌ ကောင်းစွာ ဆောက်တည် ထားသော စိတ်သည်သာ ထိုစိတ် ရှိသူကို စည်းစိမ် အားလုံး ပေးစွမ်းနိုင်၏။

ရဟန္တာကို ပြစ်မှားခြင်း

သောရေယျ သူဌေးသားသည် အသား အရေ ဝါဝင်း စိုပြေနေသော အရှင် ကစ္စည်းထေရ်ကို ငါ့ဇနီး ဖြစ်လျှင် ကောင်းမည်၊ သို့မဟုတ် ငါ့ဇနီး၏ အသား အရေသည် ဤမထေရ် ကဲ့သို့ ဖြစ်လျှင် ကောင်းမည် ဟု စိတ်ထဲက ပြစ်မှား ရုံဖြင့် မိန်းမ ဘဝ ပြောင်းရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၇။)

ဘဝ— ဘဝသံသရာ ကျင်လည် ကြရာ မိန်းမ မဖြစ်ဖူးသော ယောက်ျား ယောက်ျား မဖြစ်ဖူးသော မိန်းမ မရှိ။ ယောက်ျားများသည် သူတပါး သား မယား လွန်ကျူးမိ လျှင် မိန်းမ ဘဝ ဖြစ်၍ မိန်းမ များသည် ယောက်ျား ဖြစ်ဖို့ရန် ဆု တောင်း၍ ကောင်းမှု ပြုခဲ့သော်လည်း ကောင်း၊ မိမိ ခင်ပွန်း ယောက်ျား ကို ကောင်းမွန်စွာ ပြုစု လုပ်ကျွေးသော်လည်းကောင်း ယောက်ျား ဘဝ ရနိုင်၏။ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၈။)

ချစ်ချင်း မတူ— သောရေယျထေရ်သည် ယောက်ျား ဘဝဖြင့် ရခဲ့သော သား နှစ်ယောက် ထက် မိန်းမ ဘဝဖြင့် ရခဲ့သော သား နှစ်ယောက်ကို ပိုပြီး ချစ်သည် ဟု လာမေးသူ တိုင်းအား ဖြေဆို၏။ ရဟန္တာ ဖြစ်ပြီး နောက် လာမေးပြန် သောအခါ မည်သည့် သားကို မျှ မချစ် ဟု ဖြေဆိုသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၁၀။)

သောရေယျတ္ထေရဝတ္ထု ပြီး၏။
စိတ္တဝဂ် ပြီး၏။
---
၄-ပုပ္ဖဝဂ်

၁ - ပထဝီကထာပသုတ ပဉ္စသတဘိက္ခုဝတ္ထု

၄၃။ ကော ဣမံ ပထဝိံ ဝိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
ကော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

၄၄။ သေခော ပထဝိံ ဝိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
သေခော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြေကြီးနှင့် စပ်သော စကားကို လေ့လာကုန်သော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ ရဟန်းငါးရာ အားလုံး ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ကြသည်။

အနက်

ဣမံ ပထဝိံ၊ ဤအတ္တဘော တည်းဟူသော မြေကြီးကိုလည်းကောင်း။ ယမလောကဉ္စ၊ အပါယ် လေးပါး တည်းဟူသော ယမလောကကိုလည်းကောင်း။ သဒေဝကံ၊ နတ်လောကနှင့် တကွသော။ ဣမံ၊ ဤလူ့လောကကိုလည်းကောင်း။ ကော၊ အဘယ်သူသည်။ ဝိစေဿတိ၊ မိမိ ဉာဏ်ဖြင့် ရွေးချယ် စိစစ် သိနိုင်မည် နည်း။ ကုသလော၊ လိမ္မာသော ပန်းသည်သည်။ ပုပ္ဖံ၊ ပန်းကို။ ပစေဿတိ ဣဝ၊ ရွေးချယ် စိစစ် သိနိုင် သကဲ့သို့။ သုဒေသိတံ၊ သဘာဝ အားလျော်စွာ ကောင်းစွာ ဟောကြားအပ်သော။ ဓမ္မပဒံ၊ ၃၇-ပါးသော ဗောဓိပက္ခိယ တရားအစုကို။ ကော၊ အဘယ်သူသည်။ ပစေဿတိ၊ မိမိ ဉာဏ်ဖြင့် ရွေးချယ် စိစစ် သိနိုင်မည် နည်း။

ဣမံ ပထဝိံ၊ ကိုလည်းကောင်း။ ယမလောကဉ္စ၊ ကိုလည်းကောင်း။ သဒေဝကံ၊ သော။ ဣမံ၊ ကိုလည်းကောင်း။ သေခော၊ သေက္ခ ပုဂ္ဂိုလ်သည်။ ဝိစေဿတိ၊ မိမိ ဉာဏ်ဖြင့် ရွေးချယ် စိစစ် နိုင်လိမ့်မည်။ ကုသလော၊ သည်။ ပုပ္ဖံ၊ ကို။ ပစေဿတိ ဣဝ၊ ကဲ့သို့။ သုဒေသိတံ၊ သော။ ဓမ္မပဒံ၊ ကို။ သေခော၊ သေက္ခ ပုဂ္ဂိုလ်သည်။ ပစေဿတိ၊ မိမိ ဉာဏ်ဖြင့် ရွေးချယ် စိစစ် သိနိုင်လိမ့်မည်။

စကားပြေ

လိမ္မာ ကျွမ်းကျင်သော ပန်းသည်သည် ပန်းတို့ကို ရွေးချယ် စိစစ်၍ ဆွတ်ခူး သကဲ့သို့ ဤအတ္တဘောကိုလည်းကောင်း၊ အပါယ် လေးဘုံကိုလည်းကောင်း၊ နတ်ဘုံနှင့် တကွ လူ့ဘုံကိုလည်းကောင်း၊ သဘာဝ အားလျော်စွာ ဘုရားရှင် ဟောကြား ထားသော ဗောဓိပက္ခိယ တရား အစုကိုလည်းကောင်း အဘယ်သူသည် ရွေးချယ် စိစစ် သိနိုင်မည် နည်း။ သေက္ခ ပုဂ္ဂိုလ် ခုနစ်ယောက် တို့သည် အတ္တဘော စသည်တို့ကို မိမိ ဉာဏ်ဖြင့် ရွေးချယ် စိစစ် သိနိုင်မည်။

ပထဝီ— အရ အတ္တဘော တည်းဟူသော မြေကြီး ရ၏။
ယမလောက— အရ အပါယ် လေးဘုံ ရ၏။
ဓမ္မပဒံ— အရ ဗောဓိပက္ခိယ တရား (၃၇) ပါး ရ၏။
သေခော— အရ သောတာပတ္တိ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်မှ စ၍ အရဟတ္တ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ် တိုင်အောင် ခုနစ်ယောက်သော သေက္ခ ပုဂ္ဂိုလ် ရ၏။
ကုသလော ပုပ္ဖမိဝ ပစေဿတိ— လိမ္မာ ကျွမ်းကျင်သော ပန်းသည်သည် နုထွတ်သော ပန်း ငုံ ပိုးကိုက်သော ပန်း ညှိုးနွမ်းသော ပန်း အနာ အဆာ ရှိသော ပန်းတို့ကို ပယ်၍ ကောင်းသော ပန်းတို့ကို ရွေးချယ် ဆွတ်ခူး သကဲ့သို့ သေက္ခ ပုဂ္ဂိုလ်သည် ဘုရားရှင် ဟောကြား ထားသော ဗောဓိပက္ခိယ တရားတို့ကို ဉာဏ်ဖြင့် ရွေးချယ် စိစစ် ဆင်ခြင်၍ ထိုးထွင်း သိမည်။ မျက်မှောက် ပြုမည်။

ပါဠိသဒ္ဒါခက်ဆစ်

ယမလောကံ = ယမဿ လောကော ယမလောကော။ ယမ + လောက။
ယမ = ယမာနံ ရာဇာ ယမော။ ယမ + ဏ။
သဒေဝကံ = သဟ ဒေဝေန ယော ဝတ္တတီတိ သဒေဝကံ။ သဟ + ဒေဝ + ယ။
ပုပ္ဖံ = ပုပ္ဖတီတိ ပုပ္ဖံ။ ပုပ္ဖ + အ။
သေခော = သိက္ခတီတိ သေခော။ သိက္ခ် + ဏ။
ကုသလော = ကုစ္ဆိတေန အာကာရေန သန္တာနေ သေန္တိ ဣတိ ကုသလော (ရာဂါဒယော)။ ကု + သီ + အ။
ကုသလံ = ကုသံ လုနာတိ ဆိန္ဒတီတိ ကုသလံ။ ကုသ + လူ + အ။
ကုသလော = ကုသလံ အဿ အန္တီတိ ကုသလော။ ကုသလ + ဏ။

ပထဝီကထာပသုတ ပဉ္စသတဘိက္ခုဝတ္ထု ပြီး၏။
---

၂ - မရီစိကမ္မဋ္ဌာနာနိကတ္ထေရဝတ္ထု

၄၆။ ဖေဏူပမံ ကာယမိမံ ဝိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော။
ဆေတွာန မာရဿ ပပုပ္ဖကာနိ၊ အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိခန္ဓာကိုယ်ကို တံလှပ်နှင့် တူစွာ ကမ္မဋ္ဌာန်း ရှုလေ့ရှိသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ မရီစိကမ္မဋ္ဌာနာနိကထေရ် ရဟန္တာ ဖြစ်သည်။

အနက်

ဣမံ ကာယံ၊ ဤခန္ဓာကိုယ်ကို (ဝါ) သုံးဆယ့်နှစ် ကောဋ္ဌာသကို။ ဖေဏူပမံ၊ ရေမြှုပ်နှင့် တူသည်ကို။ ဝိဒိတွာ၊ သိ၍။ မရီစိဓမ္မံ၊ တံလှပ် သဘောရှိသည်ကို။ အဘိသမ္ဗုဓာနော၊ ထိုးထွင်း၍ သိသည် ဖြစ်၍။ မာရဿ၊ မာရ်နတ်၏။ ပပုပ္ဖကာနိ၊ ပန်းခိုင် သဖွယ် ဖြစ်ကုန်သော။ (တေဘူမကာနိ ဝဇ္ဇာနိ၊ တေဘူမက ဝဋ်တို့ကို)။ ဆေတွာန၊ အရိယာမဂ် ဖြင့် ဖြတ်ပြီး၍။ (ခီဏာသဝေါ၊ ရဟန္တာ ပုဂ္ဂိုလ်သည်)။ မစ္စုရာဇဿ၊ သေမင်းသည်။ အဒဿနံ၊ မမြင်နိုင်သော။ (ဝါ) အာရုံမပြုနိုင်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဂစ္ဆေ၊ ရောက်ရာ၏။

စကားပြေ

ခန္ဓာကိုယ်ကို အဖြစ်အပျက် မြန်သော ရေမြှုပ် ကဲ့သို့လည်းကောင်း၊ အနှစ်သာရ အခိုင်အမာ မဟုတ်သော တံလှပ် ကဲ့သို့လည်းကောင်း၊ ထိုးထွင်း သိသော ရဟန္တာ ပုဂ္ဂိုလ်သည် မာရ်နတ်၏ ပန်းခိုင် သဖွယ် ဖြစ်ကုန်သော တေဘူမက ဝဋ်တို့ကို ဖြတ်ပြီးလျှင် သေမင်း မမြင်နိုင် အာရုံမပြုနိုင်သော နိဗ္ဗာန်သို့ ရောက်နိုင်၏။

ဖေဏူပမံ— ဆံပင် စသော ကောဋ္ဌာသ အစုသည် အားနည်း၍ အရှည် မခံ အခိုက်အတန့် မျှ ဖြစ်သဖြင့် ရေမြှုပ်နှင့် တူသည်။
မရီစိဓမ္မံ— တံလှပ်သည် အဝေးမှ ကြည့်သော သူတို့အား အဆင်း သဏ္ဌာန် ရှိ၍ ကိုင်တွယ် ယူစရာ ကဲ့သို့ ထင်ရ သော်လည်း အနီးသို့ ကပ်ရောက် လာသော သူတို့အား အချည်းနှီး ဖြစ်၍ ကိုင်တွယ် ယူစရာ မဟုတ် သကဲ့သို့ ဤခန္ဓာကိုယ်သည် လည်း တိုသော ခဏလျှင် ယောဂီ ပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှု သဖြင့် တံလှပ်နှင့် တူသည်။
ပပုပ္ဖကာနိ— တေဘူမက ဝဋ် ရ၏ (ဝါ) ဝဋ် သုံးပါး ရ၏။
အဒဿနံ— အရ သေမင်း မမြင်နိုင်ရာ နိဗ္ဗာန် ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ဖေဏူပမံ = ဖေဏေန ဥပမံ ဖေဏူပမံ။ ဖေဏ + ဥပမ ။
မရီစိဓမ္မံ = မရီစိယာ သဒိသော ဓမ္မော မရီစိဓမ္မော။ မရီစိ + ဓမ္မ ။
အဒဿနံ = န ဒဿနံ အဒဿနံ။ န + ဒဿန + ံ။
ဒဿနံ = ဒိသ် + ယု ။

မရီစိကမ္မဋ္ဌာနာနိကတ္ထေရဝတ္ထု ပြီး၏။
---

၃ - ဝိဋဋူဘဝတ္ထု

၄၇။ ပုပ္ဖာနိ ဟေဝ ပစိနန္တိ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အလိုဆန္ဒ မပြည့်စုံမီ အိပ်ပျော်နေသော ပရိသတ်နှင့် တကွ ရေလွှမ်း၍ သေသွားသော ဝိဋဋူဘကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ပုပ္ဖာနိ၊ ပန်းတို့ကို။ ပစိနန္တိပစိနန္တော ဣဝ၊ ဆွတ်ခူးသော သူ ကဲ့သို့။ ဗျာသတ္တမနသံ၊ မရသေးသော အာရုံကို တောင့်တ၍ ရပြီးသည်ကို တွယ်တာ ကပ်ငြိသော စိတ်ရှိသော။ နရံ၊ လူကို။ မဟောဃော၊ ပြင်းထန်သော ရေအလျဉ် သည်။ သုတ္တံ၊ အိပ်ပျော်နေသော။ ဂါမံ၊ ရှာနေသူ လူအပေါင်းကို။ အာဒါယ၊ လွှမ်းမိုး၍။ ဂစ္ဆတိ ဣဝ၊ ယူသွားသကဲ့သို့။ မစ္စု၊ သေမင်းသည်။ အာဒါယ၊ ခေါ်ဆောင် သိမ်းယူ၍။ ဂစ္ဆတိ၊ သွား၏။

စကားပြေ

ပန်းသည်သည် ပန်းတို့ကို ဆွတ်ခူးခြင်း မပြုပဲ ပန်းဥယျာဉ် အလှ၌သာ စိတ်ဝင်စားပြီး နေသကဲ့သို့ မရသေးသော အာရုံကို လည်း တောင့်တ ပြီးလျှင် ရပြီးသည်ကို လည်း တွယ်ကာ ကပ်ငြိ နေသူကို ပြင်းထန်သော ရေအလျဉ်သည် အိပ်ပျော်နေသော ရွာသူ ရွာသား အပေါင်းကို လွှမ်းမိုး ယူငင် သွားသကဲ့သို့ သေမင်းသည် ခေါ်ယူ သွား၏။

ဗျာသတ္တမနသံ— မရသေးသော အာရုံကို တောင့်တ ပြီးလျှင် ရပြီးသည်ကို ကပ်ငြိ တွယ်တာသူ။
သုတ္တံ ဂါမံ— ပန်းသည်သည် ပန်းဥယျာဉ်သို့ ဝင်ရောက်၍ ပန်းခူးရန် တခြုံပြီး တခြုံ ရှာဖွေစဉ် မိမိ၏ ပန်းခူးဖို့ အလုပ်ကို မေ့လျော့၍ ပန်းဥယျာဉ် အလှ၌သာ စိတ်ရောက် နေသကဲ့သို့ သတ္တဝါ အပေါင်းသည် ကာမဂုဏ် ငါးပါး အလယ် နှစ်သက်ဖွယ် အဆင်းကို ရသော်လည်း အခြား နှစ်သက်ဖွယ် အသံ စသည်တို့ကို တောင့်တကာ ရပြီး မရသေးသော အာရုံတို့ကို တွယ်တာ တောင့်တ စဉ်ပင် သေမင်း ခေါ်ဆောင်၍ အပါယ် ဘုံသို့ ရောက်ရ၏။

အံ့ဩဖွယ်— သာဝတ္ထိပြည်၌ အနာထပိဏ် သူဌေးသည် အမြဲ သံဃာ နှစ်ထောင် ဆွမ်း ကပ်သည်။ စူဠအနာထပိဏ် သူဌေး, ဝိသာခါ ကျောင်း အမ နှင့် သုပ္ပဝါသာ (ရှင်သီဝလိ မယ်တော် ကောလိယ မင်းသမီး) တို့သည် အမြဲ သံဃာ ငါးရာစီ ဆွမ်း ကပ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၁၆။)

အရှင်အာနန္ဒာ— ကမ္ဘာ တသိန်းတိုင်တိုင် ပါရမီ ဖြည့်ခဲ့သော ဘုန်းရှိသူတို့တွင် တပါး အပါအဝင် ဖြစ်သော အရှင် အာနန္ဒာသည် ဆွမ်း ပင့်ဖိတ် ပြီးလျှင် သုံးရက် တိုင်အောင် ဆွမ်း ကပ်ရန် မေ့နေသော ကောသလ မင်း၏ အပြစ်တင် မည့် အကြောင်းကို သိတော်မူ၍ အခြား ရဟန်းများ ပြန်ကြွ သော်လည်း တပါးတည်း နေရစ် ခဲ့သည်။ ဒါယကာများ၏ သဒ္ဓါတရားကို မပျက်အောင် စောင့်ရှောက်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၁၆။)

မချဉ်းကပ်သင့်သော အမျိုး (အိမ်)

၁. မြတ်နိုးစွာ ခရီးဦးမကြိုဆိုခြင်း။
၂. မြတ်နိုးစွာ ရှိမခိုးခြင်း။
၃. မြတ်နိုးစွာ နေရာမပေးခြင်း။
၄. ရှိလျက် ဖုံးအုပ်ထားခြင်း။
၅. အများရှိလျက် အနည်းငယ် လှူခြင်း။
၆. အကောင်း ရှိလျက် အညံ့ လှူခြင်း။
၇. ရိုသေစွာ မပေးလှူခြင်း။
၈. တရားနာရန် အနီးအပါး မလာခြင်း။
၉. ပြောစကား နားမထောင်ခြင်း။
ဤအကြောင်း (၉) ပါးနှင့် ပြည့်စုံသော အမျိုး (ဒါယကာ ဒါယိကာမ အိမ်) သို့ ရဟန်းတော်များသည် ချဉ်းကပ်မှု မပြုလိုကြပေ။(ဓမ္မ၊ဋ္ဌ၊၁၊၁၂၇။)

အကျွမ်းဝင်ရာ၌သာ နေလိုကြပုံ
ဘုရားအလောင်း ကေသာရသေ့သည် ခွဲခွာသွားကြသော တပည့်များကို လွမ်းဆွတ်ပြီး လေနာ စွဲကပ်လေရာ အရှင် မောဂ္ဂလ္လာန် အလောင်း ရှင်ဘုရင်က ဆေးဆရာများဖြင့် ဆေးကုသ ပေးသော်လည်း မပျောက်ကင်းပဲ ဖြစ်နေသည်။ သူ့ရောဂါ ပျောက်စေလိုလျှင် သူ့ကို သူ့တပည့်များ ရှိရာသို့ ပို့ပေးရန် ဘုရားအလောင်းက အမိန့် ရှိသည့်အတွက် ရှင်ဘုရင်၏ အမိန့် အရ အရှင် သာရိပုတ္တ အလောင်း နာဒရ အမတ် အမှူးရှိသော အမတ်များက ထမ်းစင်ဖြင့် ထမ်းပို့ ကြရာ အရှင် အာနန္ဒာ အလောင်း ကပ္ပက ရသေ့ စသော ရသေ့များ ထံ ရောက်ပြီး မကြာမီ ဝေဒနာ ပျောက်ကင်း သွားဖူးသည်။ ထို့ကြောင့် မည်မျှပင် ချမ်းသာအောင် ထားသော်လည်း အကျွမ်းဝင်ရာ အရပ်မှာသာ နေလိုကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၂၈-၉။)

ဖခင် မျိုးသာ ပဓာန— ဝါသဘခတ္တိယာကို မဟာနာမ် မင်းနှင့် ကျွန်မတို့မှ မွေးဖွားသည်။ ဝိဋဋူဘမင်းသားကို ကောသလ မင်းနှင့် ဝါသဘခတ္တိယာ မင်းသမီးတို့မှ မွေးဖွားသည်။ ထို့ကြောင့် မိခင် မျိုးထက် ဖခင် မျိုးသာ ပဓာန ဖြစ်ကြောင်းကို ကဋ္ဌဝါနဟမင်း နမူနာ ပြ၍ ဘုရားရှင်သည် ပသေနဒီ ကောသလ မင်းကြီးကို မိန့်ကြားသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၂၂။)

မလ္လိကာ၏ ဩဝါဒ— ဗန္ဓုလ စစ်သူကြီး နှင့် ကုဿိန္နာရုံပြည် မလ္လမင်း၏ သမီး မလ္လိကာ တို့မှ သား ရတနာ အမြွှာ ၁၆ - ကြိမ် မွေးဖွားသဖြင့် သား – ၃၂ ယောက် ရရှိသည်။ ချွေးမများ လည်း ၃၂ - ယောက် ရှိသည်။ တနေ့တွင် ပသေနဒီ ကောသလ မင်း၏ စေခိုင်း လုပ်ကြံမှု ဖြင့် သား အဖ တစု သေဆုံးကြရာ မလ္လိကာသည် ချွေးမ များကို “သင်တို့ ယောက်ျားများသည် အပြစ်မဲ့ သေကြရသည်။ ရှေး ကံ အကျိုးကို ရသွားကြသည်။ စိုးရိမ် ပူဆွေးမှု ဖြစ်မနေကြနှင့်။ ရှင်ဘုရင်ကြီး အပေါ်မှာ လည်း အပြစ်တင် မနေကြနှင့်” ဟု ဆုံးမသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၂၄-၅။)

မဟာနာမ်— မဟာနာမ်သည် ဘုရားရှင်နှင့် ညီအကို တဝမ်းကွဲ တော်သည်။ မဟာနာမ် နှင့် ကျွန်မတို့မှ ဖွားသော ဝါသဘခတ္တိယာ မင်းသမီး နှင့် ပသေနဒီ ကောသလ မင်းတို့မှ ဝိဘကို ဖွားမြင်သည်။ မြေး ဝိဋဋူဘ နှင့် အတူ ပွဲတော် မတည်လို၍ ဆံပင်ကို ဖြန့်၍ အဖျား၌ ထုံးပြီးလျှင် ၎င်း အထုံးတွင် ခြေမသွင်း၍ ရေထဲ ဆင်းသေသည်။ ထိုအခါ နဂါးမင်းက နဂါးပြည်၌ (၁၂) နှစ် ခေါ်ထားသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၁၇။)

ဝိဋဋူဘဝတ္ထု ပြီး၏။
---

၄ - ပတိပူဇိကကုမာရိဝတ္ထု

၄၈။ ပုပ္ဖာနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
အတိတ္တမယေဝ ကာမေသု၊ အန္တကော ကုရုတေ ဝသံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် ဘဝဟောင်း ခင်ပွန်းဖြစ်သော မာလဘာရီနတ်သားကို တောင်းတ၍ ကုသိုလ် ကောင်းမှု ပြုသော ပတိပူဇိကာ အမျိုးသမီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် ဖြစ်ကြသည်။

အနက်

ပုပ္ဖာနိ၊ ပန်းတို့ကို။ ပစိနန္တံပစိနန္တော ဣဝ၊ ဆွတ်ခူးသော သူ ကဲ့သို့။ ဗျာသတ္တမနသံ၊ မရသေးသော အာရုံကို တောင့်တ၍ ရပြီးသည်ကို တွယ်တာ ကပ်ငြိသော စိတ်ရှိသော။ ကာမေသု၊ ကာမဂုဏ် တို့၌။ အတိတ္တမယေဝ၊ မရောင့်ရဲသည်သာ ဖြစ်သော။ နရံ၊ သတ္တဝါကို။ အန္တကော၊ သေမင်းယုတ်သည်။ (အတ္တနော၊ မိမိ၏)။ ဝသံ၊ အလိုကို။ ကုရုတေ၊ ပြု၏။

စကားပြေ

ပန်းသည်သည် အမျိုးမျိုးသော ပန်းတို့ကို ရွေးချယ် ဆွတ်ခူးသော အလုပ် မပြီးသေးမီ သေမင်း နိုင်ငံသို့ လိုက်ရသကဲ့သို့ သတ္တဝါ အပေါင်းသည် မရသေးသော အာရုံကို တောင်းတ၍ ရပြီးသည်ကို တပ်မက် စွဲလမ်း လျက် ကာမဂုဏ်တို့ကို ရှာမှီး သုံးဆောင် သိုမှီး မပြီးခင် သေမင်း နိုင်ငံသို့ လိုက်ရ လေသည်။

ပုပ္ဖာနိ ဟေဝ ပစိနန္တံ— ပန်းဥယျာဉ် အတွင်း ဝယ် ပန်းသည်သည် အမျိုးမျိုးသော ပန်းတို့ကို ရွေးချယ် ဆွတ်ခူး သကဲ့သို့ သတ္တဝါသည် အတ္တဘောနှင့် စပ်သော ကာမဂုဏ် ပန်း အဆောက်အဦးနှင့် စပ်သော ကာမဂုဏ် ပန်းတို့ကို ရွေးချယ် ဆွတ်ခူး၏။
ကာမေသု— ၌ ကာမ အရ ဝတ္ထုကာမ ကိလေသာကာမ ရ၏။
အန္တကော— ၌ အန္တက အရ သေမင်း ရ၏။

စွဲလမ်းမှု— တာဝတိံသာ၌ မာလဘာရီ နတ်သားကို နတ်သမီး ငါးရာက သစ်ပင်ပေါ် တက်၍ ပန်းခူး ချပြီး နတ်သမီး ငါးရာက ကျလာသော ပန်းများကို ကောက်ပြီး နတ်သားကို ပန်ဆင် ပေးနေကြစဉ် သစ်ပင်ပေါ်မှ နတ်သမီး တယောက် ပန်းခူး ယင်း သေဆုံးပြီး သာဝတ္ထိပြည် အမျိုးသမီး တယောက် ဖြစ်လာသည်။ ၁၆ နှစ်အရွယ် အိမ်ထောင်ကျပြီး သားလေးယောက် ဖွားသည်အထိ မာလဘာရီ နတ်သားထံ ပြန်လိုစိတ်ဖြင့် ကောင်းမှု အမျိုးမျိုး ပြုပြီး တဖန် သေဆုံးသွားရာ စွဲလမ်းချက်ရှိသည့်အတိုင်း မာလဘာရီ နတ်သားထံ ပြန်ရောက်သွားသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၃၀။)

နတ်သက်— လူ့ပြည် အနှစ် တရာ သည် တာဝတိံသာ၌ တရက်သာ ရှိသည်။ တာဝတိံသာ နတ်သက်သည် နတ်တို့၏ အရေအတွက် ဖြင့် အနှစ် တထောင် လူ အရေအတွက် ဖြင့် သုံးကုဋေ ခြောက်သန်း ရှိသည်။ (ပတိပူဇိကာသည် ပန်းခူး ယင်း သေဆုံးလာပြီး လူ့ပြည်၌ သား (၄) ယောက် ရပြီးမှ တာဝတိံသာ ပြန်သွားရာ အဖော်နတ်သမီးများ ပန်းခူး နေဆဲ ပင် ရှိသေးသည်။) (ဓမ္မ၊ ဋ္ဌ၊ ၁။ ၂၃၀-၁)

မာလဘာရီ၏ သံဝေဂ— မိမိ ထံ ပြန်ရောက် လာသော ပတိပူဇိကာ ပြောပြချက် အရ လူတို့သည် သက်တန်း တရာ မျှသာ ရှိသော်လည်း အသင်္ချေယျ တမ်း နေရ သကဲ့သို့လည်းကောင်း၊ အိုနာမှု မရှိကြသကဲ့သို့လည်းကောင်း၊ ဒါန စသည် ပြုသူ နည်းပြီး စားကာ အိပ်ကာ ဖြင့် မေ့လျော့စွာ နေကြသည်ဟု သူသိသဖြင့် မာလဘာရီ နတ်သား သံဝေဂ ဖြစ်ပေါ်လေသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၃၀)

ပါဠိသဒ္ဒါခက်ဆစ်

အတိတ္တံ ယေဝ = အတိတ္တံ + ဧဝ။ န တိတ္တော အတိတ္တော။ တိတ္တ = တပ္ပ + အ ။
အန္တကော = အန္တံ ကရောတိ ဣတိ အန္တကော။ အန္တ + ကရ် + ကွိ။
ကုရုတေ = ကရ် + ဩ + တေ။

ပတိပူဇိကကုမာရိဝတ္ထုပြီး၏။
---

၅- မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု

၄၉။ ယထာပိ ဘမရော ပုပ္ဖံ၊ ဝဏ္ဏဂန္ဓ မ‌ဟေဌယံ။
ပလေတိ ရသမာဒါယ၊ ဧဝံ ဂါမေ မုနီ စရေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရာဇဂြိုဟ်မြို့ အနီး သက္ကာရနိဂုံး၌ နေသော ကုဋေ (၈၀) ကြွယ်ဝသော်လည်း မစားရက် မဝတ်ရက် ဖြစ်နေသော မစ္ဆရိယကောသိယ သူဌေးကို အကြောင်းပြု၍ ဟောတော်မူသည်။
အရှင် မဟာမောဂ္ဂလ္လာန်ထေရ်၏ တန်ခိုးတော် ဖြင့် လှူဒါန်း စေသော မုန့်အနုမောဒနာ ဒေသနာတော် အဆုံး၌ မစ္ဆရိယ ကောသိယ သူဌေး နှင့် သူဌေး ကတော် နှစ်ဦးတို့ သောတာပန် တည်ကြ၍ များစွာသော ပုဂ္ဂိုလ်တို့သည် သောတာပန် ဖြစ်ကြသည်။

အနက်

ဘမရော၊ ပျားပိတုန်းသည်။ ပုပ္ဖံ၊ ပန်းပွင့်ကိုလည်းကောင်း။ ဝဏ္ဏဂန္ဓံ၊ အဆင်း အနံ့ကိုလည်းကောင်း။ အဟေဋ္ဌယံအဟေဋ္ဌယန္တော၊ မပျက်စီးစေ မူ၍။ ရသံ၊ ပန်းဝတ်ရည်ကို။ အာဒါယ၊ စုတ်ယူ၍။ ပလေတိ ယထာပိ၊ ပျံသွား သကဲ့သို့။ ဧဝံ၊ ဤအတူ သဒ္ဓါနှင့် စည်းစိမ်တို့ကို မပျက်စီးစေပဲ။ ဂါမေ၊ ရွာ၌။ မုနီ၊ ရဟန်းသည်။ စရေ၊ ကျင့်ရာ၏။

စကားပြေ

ပျားပိတုန်းသည် ပန်းပွင့် နှင့် အဆင်းအနံ့တို့ကို မပျက်စီးစေပဲ ပန်းဝတ်ရည်ကို စုတ်၍ ပျံသွားသကဲ့သို့ ရဟန်းတော်များသည် ဒါယကာ ဒါယိကာမများ၏ သဒ္ဓါနှင့် စည်းစိမ်တို့ကို မထိခိုက်စေပဲ ဆွမ်းခံယူကာ ကျင့်သုံးရာ၏။

ဘမရော— ပျားကြီး ပျားလေး ယင်ပျား စသော အလုံးစုံသော ပျားရ၏။
ဧဝံ ဂါမေ မုနီ စရေ ၌ - မုနီ အရ သေက္ခ အနာဂါရိယ မုနီ အသေက္ခ အနာဂါရိယ မုနီ ရ၏။

သေက္ခ မုနီ ကျင့်ပုံ

သေက္ခ ရဟန်းသည် ဒါယကာ ဒါယိကာမ များ၏ သဒ္ဓါနှင့် စည်းစိမ်ကို မပျက်စေပဲ ဆွမ်းကို ခံယူပြီးလျှင် ရေအတွက် ချမ်းသာမည့် ရွာ အပြင်ဘက် တနေရာ၌ သင်္ကန်းကြီးကို ခင်းထိုင်ကာ လှည်းစာထိုး နေရသော လှည်းဥပမဖြင့်လည်းကောင်း၊ ပတ်တီးစီး ထားရသော အနာဥပမာဖြင့်လည်းကောင်း ဆင်ခြင်ပြီး ဆွမ်းစား၍ တောအုပ်သို့ဝင်လျက် မဂ်ဖိုလ်ရအောင် ကမ္မဋ္ဌာန်းအားထုတ်၏။

အသေက္ခ မုနီ ကျင့်ပုံ— အသေက္ခ ရဟန်းသည် မျက်မှောက် ဘဝ၌ ချမ်းသာစွာ နေခြင်းဟူသော သမာပတ်ချမ်းသာဖြင့် နေ၏။

ပါဠိသဒ္ဒါခက်ဆစ်

ဘမရော = ပုပ္ဖမတ္တကေ ဘမတီတိ ဘမရော။ ဘမု + အရ ။
ဝဏ္ဏဂန္ဓံ = ဝဏ္ဏော စ ဂန္ဓော စ ဝဏ္ဏဂန္ဓံ။ ဝဏ္ဏ + ဂန္ဓ။

မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု ပြီး၏။
---

၄-ပုပ္ဖဝဂ်။ ၆-ပါဝေယျကအာဇီဝကဝတ္ထု

၅၀။ န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။
အတ္တနောဝ အဝေက္ခေယျ၊ ကတာနိ အကတာနိ စ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိပြည်သူအမျိုးသမီး၏ ကိတ္တိမသား ဖြစ်သော အဝတ်မဝတ်သောပါဝေယျကတက္ကတွန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ပါဝေယျက တက္ကတွန်း၏မွေးစားမိခင် သောတာပန်ဖြစ်သည်။

အနက်

ပရေသံ၊ သူတပါးတို့၏။ ဝိလောမာနိ၊ ဝန်တိုကြမ်းတမ်း မလိုသော စကားတို့ကို။ န အဝေက္ခေယျ၊ နှလုံးမသွင်းရာ။ ပရေသံ၊ တို့၏။ ကတာကတံ၊ ကောင်းပြု မပြုကို။ န အဝေက္ခေယျ၊ မကြည့်ရှုရာ။ အတ္တနောဝ၊ မိမိ၏သာလျှင်။ ကတာနိ စ၊ ကောင်းမှုတို့ကို ပြုခဲ့ပြီဟူ၍လည်းကောင်း။ အကတာနိ စ၊ ကောင်းမှုတို့ကို မပြုသေးဟူ၍ လည်းကောင်း။ အဝေက္ခေယျ၊ ဆင်ခြင်ရာ၏။

စကားပြေ

စိတ်သဘောခြင်းမတူသော တပါးသူတို့၏ မနာလို ဝန်တို့၍ ပြောဆိုသောစကားကြမ်းတို့ကို နှလုံးလည်းမသွင်းရာ၊ စိတ်သဘောခြင်းမတူသော တပါးသူတို့၏ ကောင်းသောအမှုပြု မပြုကို မကြည့်ရှုရာ၊ ကောင်းမှုကို ပြုခဲ့ပြီ မပြုမိသေးဟု မိမိအတွက်သာ ဆင်ခြင်ရမည်။
ဝိလောမာနိ၊ စိတ်သဘောခြင်း မတူသောသူတို့၏ မနာလို ဝန်တို့၍ ပြောဆိုသောစကားကြမ်းရ၏။
ကတာကတံ၊ လူတို့၌ ဆွမ်းအလှူ စာရေးတန်မဲအလှူ သင်္ကန်း စသော အလှူတို့ကိုပြုမှုသည် ကတ၊ မပြုမှုသည် အကတမည်၏။ ရဟန်းတို့၌ ဥပဇ္ဈာယ်ဆရာ၊ စာချဆရာ၊ ဧည့်သည်၊ ခရီးသွားမည့်သူ၊ စေတီရင်ပြင် ပါတိမောက်ပြရာကျောင်း၊ ဆွမ်းစားကျောင်း၊ ဇရုန်းအိမ် စသည်တို့၌ ပြုအပ်သော ဝတ်တို့ကိုပြုသည် ကတ၊ မပြုမှုသည် အကတမည်၏။
အတ္တနောဝ အဝေက္ခေယျ၊ သဒ္ဓါတရားဖြင့် ရဟန်းပြုသော အမျိုးသား အမျိုးသမီးတို့သည် သင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးပါးသို့တင်၍ ကမ္မဋ္ဌာန်းဘာဝနာအားထုတ်ရန် စွမ်းနိုင်မည် မစွမ်းနိုင်မည်လောဟု မိမိပြုစွမ်းနိုင်မှု မပြုစွမ်းနိုင်မှုကိုသာ ကြည့်ရှုဆင်ခြင်ရမည်။

ပါဠိသဒ္ဒါခက်ဆစ်

ကတာကတံ = ကတဉ္စ အကတဉ္စ ကတာကတံ။ ကတ + အကတ။

ပါဝေယျကအာဇီဝကဝတ္ထု ပြီး၏။
---

၄-ပုပ္ဖဝဂ်။ ၇-ဆတ္တပါဏိဥပါသကဝတ္ထု

၅၁။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ အဂန္ဓကံ။
ဧဝံ သုဘာသိတာ ဝါစာ၊ အဖလာ ဟောတိ အကုဗ္ဗတော။
၅၂။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ သဂန္ဓကံ။
ဧဝံ သုဘာသိတာ ဝါစာ၊ သဖလာ ဟောတိ ကုဗ္ဗတော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် ပိဋကတ် သုံးပုံဆောင် အနာဂါမ် ဆတ္တပါဏိ ဥပါသကာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

ရုစိရံ၊ လှပတင့်တယ်သော။ ဝဏ္ဏဝန္တံ၊ အဆင်းရှိသော။ အဂန္ဓကံ၊ အနံ့မကောင်းသော။ ပုပ္ဖံ၊ ပေါက်ပွင့်ပန်းစသောပန်းသည်။ ယထာပိ၊ (ဓာရေန္တဿ၊ ပန်ဆင်သူအား။) အဖလံ ယထာပိ၊ ကောင်းသောအနံ့ ဟူသောအကျိုးကို မဆောင်နိုင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သုဘာသိတာ၊ ကောင်းစွာဟောကြားတော်မူအပ်သော ပိဋကတော်၌ ပါသောစကားသည်။ အကုဗ္ဗတော၊ မလိုက်နာမကျင့်သုံးသူအား။ အဖလာ၊ အကျိုးကိုမဆောင်နိုင်သည်။ ဟောတိ၊ ဖြစ်၏။
ရုစိရံ၊ လှပတင့်တယ်သော။ ဝဏ္ဏဝန္တံ၊ အဆင်းရှိသော။ သဂန္ဓကံ၊ အနံ့ကောင်းသော။ ပုပ္ဖံ၊ စပယ်စသောပန်းသည်။ ယထာပိ၊ (ဓာရေန္တဿ၊ ပန်ဆင်သူအား။) သဖလံ ယထာပိ၊ အနံ့ကောင်းဟူသောအကျိုးကိုဆောင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သုဘာသိတာ၊ ကောင်းစွာဟောကြားတော်မူအပ်သော။ ဝါစာ၊ ပိဋကတော်၌ပါဝင်သောစကားသည်။ ကုဗ္ဗတော၊ လိုက်နာကျင့်သုံးသူအား။ သဖလာ၊ အကျိုးကိုဆောင်နိုင်သည်။ ဟောတိ၊ ဖြစ်၏။

စကားပြေ

အဆင်းရှိ၍ အနံ့မကောင်းပဲ လှပတင့်တယ်သော ပေါက်ပွင့်ပန်းစသည် ပန်ဆင်သူအား အနံ့ကောင်း မသင်းပျံ့သကဲ့သို့ ဘုရားရှင်၏ပိဋက၌ပါဝင်သော စကားတော်ကို မလိုက်နာမကျင့်သုံးသူအား သုတဂန္ဓ စသောအကျိုးကို မခံစားကြရပေ။
ကောင်းသော အဆင်းအနံ့နှင့်ပြည့်စုံ၍ လှပတင့်တယ်သော စပယ်စသော ပန်းသည် ပန်ဆင်သူအား မွှေးကြိုင်သောအနံ့သည် ကိုယ်မှာပျံ့သင်းသကဲ့သို့ ဘုရားရှင်၏ပိဋကတော်၌ ပါဝင်သောစကားတော်ကို လိုက်နာကျင့်သုံးသူအား သုတဂန္ဓ စသောအကျိုးကို ခံစား၏။
သုဘာသိတာ ဝါစာ၊ အရ ပိဋကသုံးပုံ ရ၏။
သဖလာ— ၌ ဖလအခု သုတဂန္ဓ ဝါစာဂန္ဓ ပဋိပတ္တိဂန္ဓ ဟူသော အနံ့ရ၏။
အနာဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်သည် ဥပုသ်ကို အထူးဆောက်တည်ရန်မလိုတော့ပဲ မဂ်ဖြင့်ပင် ဗြဟ္မစရိယကျင့်သုံးပြီး တထပ်သာစားသုံးတော့သည် (ဓမ္မ၊ဋ္ဌ၊၁၊၂၄၀။)။
အတုယူဖွယ်၊ အနာဂါမ် ဆတ္တပါဏိဥပါသကာသည် ဘုရားရွှေမှောက်ထိုင်နေစဉ် ကောသလမင်း ရောက်လာရာ ထပေးလျှင် ဘုရားရှင်ကို လေးစားရာမရောက်မည်စိုး၍ ရှင်ဘုရင်စိတ်ဆိုးလျှင်လည်း စိတ်ဆိုးတော့ဟု ဆုံးဖြတ်ပြီး နေရာမှမထပေးပဲ နေခဲ့သည်။ (ပညာရှိမှန်လျှင် မိမိထက် လေးစားထိုက်သူရှိသဖြင့် ထပြီးအရိုအသေမပေးသော်လည်း စိတ်ဆိုးမှုမရှိ။) (ဓမ္မ၊ဋ္ဌ၊၁၊၂၄၀။)။
လူ့ ပေါက်ပန်း၊ ပသေနဒီကောသလမင်း၏ မိဖုရားမလ္လိကာသည် အရှင်အာနန္ဒာ၏တရားတော်ကို ရိုသေစွာနာကြားသင်ယူပြီး ဝါသဘခတ္တိယာသည် ရိုသေစွာမနာကြားမသင်ယူကြောင်း ဘုရားရှင်အားလျှောက်ထားရာ ငါဘုရားရှင်၏ တရားတော်ကို ရိုသေစွာမနာကြားမသင်ယူသူသည် အဆင်းလှ၍အနံ့မရှိသော ပေါက်ပန်းကဲ့သို့ အကျိုးမရှိပုံနှင့် ရိုသေစွာနာကြားသင်ယူသူသည်သာ အကျိုးရှိပုံကို ဘုရားရှင် မိန့်တော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၄၁-၂။)

ပါဠိသဒ္ဒါခက်ဆစ်

အဂန္ဓကံ = နတ္ထိ ဂန္ဓော ယဿ ဣတိ အဂန္ဓကံ။ န + ဂန္ဓ + ယ။
အဖလာ = နတ္ထိ ဖလာနိ ယဿ ဣတိ အဖလာ။ န + ဖလ + ယ။
အကုဗ္ဗတော = န ကုဗ္ဗန္တိ အကုဗ္ဗန္တော။ ကုဗ္ဗန္တိ = ကရ + ဩ + အန္တ။
သဂန္ဓကံ = သဟ ဂန္ဓေန ယံ ဝတ္တတိ ဣတိ သဂန္ဓကံ။ သဟ + ဂန္ဓ + ယ။
သဖလာ = သဟ ဖလေဟိ ယံ ဝတ္တတိ ဣတိ သဖလာ။ သဟ + ဖလ + ယာ။

ဆတ္တပါဏိဥပါသကဝတ္ထု ပြီး၏။
---

၄-ပုပ္ဖဝဂ်။ ၈-ဝိသာခါဝတ္ထု

၅၃။ ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧဝံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငွေ(၂၇)ကုဋေအကုန်အကျခံ၍ လှူဒါန်းသော မိမိ၏ ပုဗ္ဗာရုံကျောင်း ရေစက်ချပူဇော်ပွဲ၌ ဝမ်းသာ၍ ဥဒါန်းကျူးသော ကျောင်းအမကြီးဝိသာခါကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန် စသည်ဖြစ်ကြသည်။

အနက်

ပုပ္ဖရာသိမှာ၊ ပန်းပုံအတွင်းမှ။ ဗဟူ၊ များစွာကုန်သော။ မာလာဂုဏေ၊ ပန်းကုံးတို့ကို။ ကယိရာ ယထာပိ၊ သီကုံးရသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဇာတေန၊ ဖြစ်ပေါ်လာသော။ မစ္စေန၊ သတ္တဝါသည်။ ဗဟူ၊ (သဒ္ဓါဘောဂ ရာသီမှာ၊ သဒ္ဓါနှင့်ဥစ္စာပုံအတွင်းမှ။) များစွာကုန်သော။ ကုသလံ၊ ကုသိုလ်ကောင်းမှုကို။ ကတ္တဗ္ဗံ၊ ပြုရာ၏။

စကားပြေ

ကျွမ်းကျင်လိမ္မာသောပန်းသည် ပန်းပုံအတွင်းမှ များစွာကုန်သော ပန်းကုံးတို့ကို သီကုံးသကဲ့သို့ ပုဂ္ဂိုလ် သတ္တဝါတို့သည် သဒ္ဓါ စည်းစိမ်ပုံအတွင်းမှ များစွာသော ကောင်းမှုတို့ကို ပြုရာ၏။
မစ္စေန၊ သေတတ်သော သဘောရှိသောကြောင့် သတ္တဝါကို မစ္စ-ဟု ခေါ်သည်။

ဥပမာ ဥပပယျစပ်ပုံ

၁။ ပန်းနည်းလျှင် တတ်ကျွမ်းလိမ္မာသော ပန်းသည်ဖြစ်သော်လည်း ပန်းကုံးများများမပြုနိုင်။ ထို့အတူ သဒ္ဓါတရားနည်းလျှင် စည်းစိမ်များသော်လည်း ကောင်းမှုများများ မပြုနိုင်။
၂။ ပန်းများသော်လည်း မတတ်ကျွမ်းသောပန်းသည် ဖြစ်သော်လည်း ပန်းကုံးများများ မပြုနိုင်။ ထို့အတူ သဒ္ဓါတရားရှိသော်လည်း စည်းစိမ်နည်းပါးလျှင် ကောင်းမှုများများ မပြုနိုင်။
၃။ ပန်းလည်းနည်း၍ မတတ်ကျွမ်းသော ပန်းသည်ဖြစ်သော် ပို၍ပင် ပန်းကုံးမပြုနိုင်။ ထို့အတူ သဒ္ဓါလည်းနည်း၍ စည်းစိမ်လည်းနည်းပါးသော် ပို၍ပင် ကောင်းမှုများများ မပြုနိုင်။
၄။ ပန်းလည်းများ တတ်ကျွမ်းလိမ္မာသော ပန်းသည်ဖြစ်သော် များစွာသော ပန်းကုံးလှလှတို့ကို ပြုနိုင်သည်။ ထို့အတူ သဒ္ဓါတရားလည်းပေါလျား ဥစ္စာလည်းကြွယ်ဝပါမူ များစွာသော ကောင်းမှုကို ပြုနိုင်သည်။
ဝိသာခါသည် စတုတ္ထပုဂ္ဂိုလ်နှင့် တူသည်။

ဝိသာခါ

သာဝတ္ထိပြည် ပုဗ္ဗာရုံ ကျောင်းအမ ဝိသာခါသည် အင်္ဂတိုင်းဘဒ္ဒိယမြို့ မေဏ္ဍကသဌေး၏သား ဓနဉ္စယသဌေးနှင့် အဂ္ဂမဟေသီ သုမနဒေဝီ၏ သမီးဖြစ်သည်။ ခုနစ်နှစ်အရွယ်မှာ သောတာပန်ဖြစ်သည်။ မိဂါရသဌေး၏သား ပုဏ္ဏဝဓိကနှင့် အကြောင်းပါသည်။
မဟာပုညငါးဦး၊ အင်္ဂတိုင်း ဘဒ္ဒိယမြို့၌-
(၁) မေဏ္ဍကသဌေး၊
(၂) စန္ဒပဒုမာ သဌေးကတော်၊
(၃) ဓနဉ္စယ (သား)၊
(၄) သုမနဒေဝီ (ချွေးမ)၊
(၅) ပုဏ္ဏကျွန် ဟု မဟာပုည (ဘုန်းကံကြီးသူ) ငါးဦးရှိသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၄၃။)။

အမိတဘာဂ ပုဂ္ဂိုလ်ငါးဦး၊ (အတိုင်းမသိသော စည်းစိမ်ဥစ္စာရှိသူ)

ဗိမ္ဗိသာရမင်း၏ မာဂဓတိုင်း ရာဇဂြိုဟ်မြို့မှာလည်း-
(၁) ဇောတိက၊
(၂) ဇဋိလ၊
(၃) မေဏ္ဍက၊
(၄) ပုဏ္ဏက၊
(၅) ကာကဝလိယ-ဟု သဌေးကြီးငါးဦးရှိသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၄၃။)။
မောင်လည်နှမလည်— ဗိမ္ဗိသာရမင်းသည် ကောသလ၏ နှမနှင့် ကောသလသည် ဗိမ္ဗိသာရ၏ နှမနှင့် လက်ထပ်ကြသည်။

ကောင်းခြင်းငါးဖြာ

(၁) ဆံပင်၏ ကောင်းခြင်း = (ဖြေချလိုက်သောအခါ ခါးဝတ်အစွန်းထိ ရောက်ပြီး အဖျားကော့နေခြင်း။)
(၂) အသား၏ ကောင်းခြင်း = (နှုတ်ခမ်းသည် ရွှေဖရုံသီး မှည့်ကဲ့သို့ ဝါဝင်းပြီး ညီညွတ်စွာ ထိနေခြင်း။)
(၃) အရိုး၏ ကောင်းခြင်း = (သွားတို့သည် ညီညွတ်ပြီး ဖြူဖွေးနေခြင်း။)
(၄) အရေ၏ ကောင်းခြင်း = (ညိုသောအရေသည် ကြာညိုပန်းကဲ့သို့ ပကတိနူးညံ့ပြီး ဖြူသောအရေသည် တောင်ဖက်ဝန်းပွင့် ကဲ့သို့ ပကတိနူးညံ့ခြင်း။)
(၅) အရွယ်၏ ကောင်းခြင်း = (သားသမီး ၁၀-ကြိမ်မွေးဖွားပြီးသော်လည်း တကြိမ်သာ မွေးဖွားပြီးသူကဲ့သို့ အရွယ်တင်ခြင်း။) (ဓမ္မ၊ဋ္ဌ၊၁၊၂၄၄-၅။)

လျင်မြန်စွာ မသွားသင့်သူ ၄-ယောက်

(၁) အဘိသိက်ခံပြီးသော မင်း၊
(၂) တန်ဆာဆင်ထားသော မင်္ဂလာဆင်၊
(၃) ရဟန်း၊
(၄) အမျိုးသမီး။

မိဂါရသဌေးနှင့် ဓနဉ္စယသဌေး

ပုဏ္ဏဝဓိက၏ ဖခင် သဌေးသည် ကုဋေ(၄၀)ကြွယ်ဝသည်ဟု ဆိုရာ ဝိသာခါ၏ ဖခင် ဓနဉ္စယသဌေးက သူ့ပစ္စည်းနှင့် စာလျှင် ရွေးစေ့လောက်သာရှိသည်ဟု ပြောသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၄၇။)။

မဟာလတာတန်ဆာ

(၁) နီသောရွှေစင် ပိဿတထောင်၊
(၂) စိန် ၄-ပြည်သား၊
(၃) ပုလဲ ၁၁-ပြည်သား၊
(၄) သန္တာ ၂၂-ပြည်သား၊
(၅) ပတ္တမြား-၃၃-ပြည်သား- ပါရှိသည့်အပြင် အခြား ရတနာများလည်း များစွာပါရှိသည်။ မဟာလတာတန်ဆာသည် ကိုးကုဋေ တန်ဖိုးရှိသည်။ လက်ခ တသိန်းပေးရသည်။ လေးလကြာအောင် ပြုလုပ်ရသည်။ ဝိသာခါသည် ကဿပဘုရားရှင် လက်ထက်တော်က ရဟန်းတော် နှစ်သောင်းအား သင်္ကန်း လှူခဲ့မှုကြောင့် မဟာလတာတန်ဆာကို ဆင်မြန်းရသည်။ (သင်္ကန်းလှူခဲ့မှုကြောင့် အမျိုးသမီးများ မဟာလတာတန်ဆာ ဆင်မြန်းနိုင်သည်။ အမျိုးသားများ တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်း ရနိုင်သည်။) (ဓမ္မ၊ဋ္ဌ၊၁၊၂၄၇-၉။)

ဖခင်က ဝိသာခါအား ပေးလိုက်သော ပစ္စည်း

(၁) ရွှေအပြည့်တင်ထားသော လှည်းအစီး ငါးရာ၊
(၂) ရွှေခွက်အပြည့် တင်ထားသော လှည်းအစီး ငါးရာ ،
(၃) ငွေခွက်အပြည့် တင်ထားသောလှည်းအစီး ငါးရာ၊
(၄) ကြေးနီခွက်တင်ထားသော လှည်းအစီးငါးရာ၊
(၅) ပစ္စုဏ္ဏတိုင်းဖြစ် အဝတ်ပိုးချည်အဝတ်၊
(၆) ထောပတ်အပြည့်တင်ထားသော လှည်းအစီးငါးရာ၊
(၇) ဆီအပြည့်တင်ထားသော လှည်းအစီးငါးရာ၊
(၈) သလေးဆန်အပြည့်တင်ထားသော လှည်းအစီးငါးရာ၊
(၉) ထွန်တုံး ထွန်သံ စသည် လှည်းအစီးငါးရာ၊
(၁၀) တန်ဆာဆင်ထားသော ကျွန်မသုံးယောက်စီပါသော ရထားအစီး ငါးရာ၊
(၁၁) အလျား ၃-ဂါဝုတ် အနံတဥဿဘမျှရှိသောနို့စားနွားမနှင့် ပေါင်ဒါမှုန့် စသည်တို့အတွက် ၅၄-ကုဋေသောပစ္စည်းများ ပေးလိုက်သည် (ဓမ္မ၊ဋ္ဌ၊၁၊၂၄၉-၂၅၁။)။

အလိုအလျောက် လိုက်ပါသွားသော နွားများ

ဝိသာခါသည် ကဿပဘုရားရှင်လက်ထက်က ကိကီမင်း၏ သမီးခုနစ်ယောက်တွင် အငယ်ဆုံး သင်္ဃဒါသီသမီးတော်ဖြစ်စဉ်က ရဟန်းတော်နှစ်သောင်းအား ဂေါရသန္နားနို့အရသာငါးပါးကို လိုသည်ထက်ပိုပြီးလှူခဲ့မှုကြောင့် အားကြီးသောနွားထီးခြောက်သောင်း နို့စားနွားမခြောက်သောင်းနှင့် အခြားနွားပေါက်များ ရွာ ၁၄-ရွာရှိ ရွာသူရွာသားများလည်း သူတို့အလိုအလျောက် ဝိသာခါနောက်သို့ လိုက်ပါသွားကြသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၄၉-၂၅၀-၁။)။

ဓနဉ္စယ၏ ဩဝါဒ

ဓနဉ္စယသဌေးသည် သမီးဝိသာခါအား ယောက္ခမအိမ်မှာနေစဉ်-
(၁) အတွင်းမီးကို အပြင်မထုတ်နှင့်။
(၂) အပြင်မီးကို အတွင်းမသွင်းနှင့်။
(၃) ပေးသင့်သူကို ပေးလေ။
(၄) မပေးသင့်သူကို မပေးနှင့်။
(၅) ပေးသင့်သည်ဖြစ်စေ မပေးသင့်သည်ဖြစ်စေ ပေးပါ။
(၆) ချမ်းသာစွာ နေထိုင်ပါ။
(၇) ချမ်းသာစွာ စားသောက်ပါ။
(၈) ချမ်းသာစွာ အိပ်ပါ။
(၉) မီးကိုလုပ်ကျွေးပါ။
(၁၀) အိမ်တွင်းနတ်ကို ရှိခိုးပါဟု ဩဝါဒ(၁၀)မျိုးပေးလိုက်သည် (ဓမ္မ၊ဋ္ဌ၊၁၊၂၅၁။)။

ဖြေရှင်းချက်

(၁) ယောက္ခမနှင့်လင်သား၏အပြစ်ကို အပြင်လူအား မပြောရ။
(၂) အပြင်လူပြောသော အပြစ်စကားကို ယောက္ခမနှင့် လင်သားအား ပြန်မပြောရ။
(၃) ယူ၍ပြန်ပေးသူကိုသာ ထပ်ပေးပါ။
(၄) ယူ၍ပြန်မပေးသူကို ထပ်မပေးရ။
(၅) ဆင်းရဲသူနှင့် ဆွေမျိုးမိတ်ဆွေများကိုကား ပြန်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ထပ်ပေးပါ။
(၆) ယောက္ခမနှင့်လင်သားမြင်လျှင် ပေးပါ။
(၇) ယောက္ခမနှင့်လင်သား စားပြီးမှ စားပါ။
(၈) ယောက္ခမနှင့်လင်သား အိပ်ပြီးမှ အိပ်ပါ။
(၉) ယောက္ခမနှင့်လင်သားကို မီးပုံကြီးကဲ့သို့ နဂါးမင်းကဲ့သို့ အမြဲကြည့်နေပါ။
(၁၀) ယောက္ခမနှင့်လင်သားကို နတ်ကဲ့သို့ ကြည့်ရှုပါ (ဓမ္မ၊ဋ္ဌ၊၁၊၂၅၄-၅။)။
လနှင့်တူသောဘုရား— ဘုရားရှင်သည် ဦးခေါင်း၊ မျက်စိ၊ နှလုံးသားနှင့် ဇနီး သားသမီးတို့ကို လှူခဲ့မှုကြောင့် ကောင်းကင်၌တည်နေသော လမင်းသည် မိမိအပေါ်၌တည်နေသည်ဟု သတ္တဝါတိုင်းက ထင်နေကြသကဲ့သို့ မိမိရှေ့မှာ သီတင်းသုံးနေသည်ဟုပင် သတ္တဝါတိုင်းက ဘုရားရှင်ကိုထင်နေကြသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၅၆။)။
မိဂါရမာတာ— မိဂါရသဌေးသည် ချွေးမဖြစ်သူ ဝိသာခါကို အကြောင်းပြု၍ သောတာပန်ဖြစ်ပြီးနောက် ချွေးမ၏ နို့ကိုစို့ပြီး ချွေးမကို မိခင်အရာ၌ ထားသောကြောင့် ဝိသာခါသည် ချွေးမဖြစ်သော်လည်း မိဂါရ၏ မိခင်အရာ၌ တည်သောကြောင့် မိဂါရမာတာဟု အမည်တွင်သည်။ နောင်သောအခါ ရရှိသော သားကိုလည်း မိဂါရဟုပင် အမည်ပေးသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၅၆-၇။)။
ဝိသာခါ၏သား သမီး မြေး မြစ်— ဝိသာခါ၌ သား ၁၀-ယောက် သမီး ၁၀-ယောက်ရှိသည်။ ယင်းတို့မှ သား ၁၀-ယောက် သမီး ၁၀-ယောက်စီ မွေးဖွားပြန်သောကြောင့် မြေး ၄၀၀-ရှိသည်။ ယင်းတို့မှ သား ၁၀-ယောက် သမီး ၁၀-ယောက်စီ မွေးဖွားပြန်သောကြောင့် မြစ် ၈၄၂၀ ရှိသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၅၇-၈။)။
ဝိသာခါ၏သက်တမ်းစသည်— ဝိသာခါသည် အသက် ၁၂၀-ရှည်သည်။ ဆံတပင်မျှအဖြူမရှိ။ ၁၆-နှစ်အရွယ်ကဲ့သို့ အမြဲထင်ရသည်။ ဆင်ပြောင်ငါးစီးအား ရှိသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၅၀။)။

မဟာလတာတန်ဆာဆင်မြန်းရသူများ

(၁) ဝိသာခါ၊
(၂) ဗန္ဓုလစစ်သူကြီး၏ဇနီး မလ္လိကာနှင့်
(၃) ဗာရာဏသီ သဌေးသမီး-
ဤ သုံးယောက်သာ ကိုးကုဋေနှင့်တသိန်းထိုက်တန်သော မဟာလတာတန်ဆာကို ဆင်မြန်းရသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၆၀။)။
ဝိသာခါကုသိုလ် ၂၇-ကုဋေ— ဝိသာခါသည် မဟာလတာတန်ဆာကို ရောင်းချ၍ မြေရာကို ကိုးကုဋေဖြင့်ဝယ်ပြီး ကိုးကုဋေတန်ကျောင်းဆောက်လှူသည်။ နှစ်ထပ်ကျောင်းဖြစ်သည်။ အောက်ထပ်၌ အခန်းပေါင်း ၅၀၀၊ အထက်ထပ်၌ အခန်းပေါင်း ၅၀၀ ပါရှိသည်။ ရှစ်ကရီသကျယ်သည်။ ကမ္မဋ္ဌာန်းကျောင်းပေါင်း ၅၀၀၊ ပြာသာဒ်အသေး ၅၀၀၊ ပြာသာဒ်ရှည် ၅၀၀ လည်း ပတ်ဝန်းကျင်မှာ ဆောက်လုပ်သည်။ အရှင်မောဂ္ဂလ္လာန်ကူညီမှုကြောင့် ကိုးလဖြင့် အားလုံးပြီးသည်။ ကျောင်းလွှတ်ပူဇော်၍ ဆွမ်းသင်္ကန်းစသည် ကိုးကုဋေ ကုန်လှူသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၆၀-၂။)။

ဆုတောင်းပြည့်၍ ဥဒါန်းကျူးသည်— ဝိသာခါသည် ကမ္ဘာတသိန်းထက်ဝယ် သက်တမ်းတသိန်းတမ်း၌ ရဟန္တာဘသိန်း အခြံအရံရှိသော ဟံသာဝတီမြို့ သုနန္ဒာ မင်းနှင့် သုဇာတာ မိဖုရား၏သား ဖြစ်သော ပဒုမုတ္တရဘုရားရှင်၏ လက်ထက်၌ တကြိမ်၊ ကဿပဘုရားရှင်၏ လက်ထက် ကိကီမင်း၏သမီးခုနစ်ယောက်တွင် အငယ်ဆုံး သင်္ဃဒါသီဖြစ်ခဲ့စဉ်က တကြိမ် ဘုရားရှင်၏ မယ်တော်အရာ၌တည်၍ ပစ္စည်းလေးပါးလှူသူအမျိုးသမီးတို့တွင် အသာဆုံးဖြစ်လိုကြောင်း တောင်းခဲ့သောဆုသည် ဂေါတမဘုရားရှင်ကို ကျောင်းလှူပြီးသောအခါ ပြည့်စုံပြီး၍ ဝမ်းသာမှုကြောင့် သား သမီး မြေး မြစ်တို့နှင့်အတူ ကျောင်းကိုလှည့်ပတ်၍
သာယာသော အသံဖြင့် ဥဒါန်းကျူးရင်းသည် ။(ဓမ္မ၊ဋ္ဌ၊၁၊၂၆၀-၂။)။

ဝိသာခါမိသားစု သောတာပန် ၄-ဦး

(၁) ဝိသာခါ၊
(၂) အဘိုးဖြစ်သူ မေဏ္ဍကသဌေး၊
(၃) ယောက္ခမအထီးဖြစ်သူ မိဂါရသဌေး၊
(၄) ယောက္ခမအမဖြစ်သူ မိဂါရ၏ဇနီး-
ဤ(၄)ဦးသာ သောတာပန်ဖြစ်သည် (ဓမ္မ၊ဋ္ဌ၊၁၊၂၄၃၊ ၂၅၆-၇။)။

ပါဠိသဒ္ဒါခက်ဆစ်

ပုပ္ဖရာသိ = ပုပ္ဖာနံ ရာသိ ပုပ္ဖရာသိ။ ပုပ္ဖ + ရာသိ။
မာလာဂုဏော = မာလာနံ ဂုဏော မာလာဂုဏော။ မာလာ + ဂုဏ။
ဝိသာခါဝတ္ထု ပြီး၏။
---

၄-ပုပ္ဖဝဂ်။ ၉-အာနန္ဒတ္ထေရပညာဝတ္ထု

၅၄။ န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ န စန္ဒနံ တဂရမလ္လိကာ ဝါ။
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာ ဒိသာ သပ္ပုရိသော ပဝါယတိ။
၅၅။ စန္ဒနံ တဂရံ ဝါပိ၊ ဥပ္ပလံ အထ ဝဿိကီ။
ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။

ဤတရားဒေသနာတော်ကြီးကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အနန္ဒာ၏မေးမြန်းသော ပြဿနာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

ပုပ္ဖဂန္ဓော၊ ပန်းအနံ့သည်။ ပဋိဝါတံ၊ လေညာသို့။ န ဧတိ၊ မသွားနိုင်။ စန္ဒနံ ဝါ၊ စန္ဒကူးအနံ့သည်လည်းကောင်း။ တဂရမလ္လိကာ ဝါ၊ တောင်ဇလပ်စပယ်ကြက်ရုံးအနံ့သည်လည်းကောင်း။ ပဋိဝါတံ၊ လေညာသို့။ န ဧတိ၊ မသွားနိုင်။ သတံ၊ သူတော်ကောင်းတို့၏။ ဂန္ဓော စ၊ သီလအနံ့သည်ကား။ ပဋိဝါတံ၊ လေညာသို့။ ဧတိ၊ သွားနိုင်၏။ သပ္ပုရိသော၊ သူတော်ကောင်းတို့၏ဂုဏ်သတင်းသည်။ သဗ္ဗာ ဒိသာ၊ အရပ်မျက်နှာအားလုံးတို့သို့။ ပဝါယတိ၊ လှိုင်သင်း၏။
စန္ဒနံ ဝါပိ၊ စန္ဒကူးနံ့သည်လည်းကောင်း။ တဂရံ ဝါပိ၊ တောင်ဇလပ်ပန်းအနံ့သည်လည်းကောင်း။ ဥပ္ပလံ ဝါပိ၊ ကြာညိုပန်းအနံ့သည်လည်းကောင်း။ အထ၊ ထိုမှတပါး။ ဝဿိကီ၊ မြတ်လေးပန်းအနံ့သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတေသံ ဂန္ဓဇာတာနံ၊ ဤပန်းအနံ့မျိုးတို့ထက်။ သီလဂန္ဓော၊ သီလအနံ့သည်သာ။ အနုတ္တရော၊ အတုမရှိမြတ်၏။

စကားပြေ

စန္ဒကူးစသော ပန်းအနံ့အမျိုးမျိုးတို့တွင် မည်သည့်ပန်းအနံ့မျှ လေညာလေဆန်သို့မသွားနိုင်၊ သူတော်ကောင်းတို့၏သီလတည်းဟူသော အနံ့သည်သာ အားလုံးသောအရပ်မျက်နှာသို့ သွားနိုင်သည်။
စန္ဒကူးစသော ပန်းအနံ့မျိုးတို့ထက် သီလအနံ့သည် အတုမရှိ အမြတ်ဆုံးဖြစ်သည်။

နံ့သာလေးမျိုး


(၁) အမြစ်နံ့သာ၊
(၂) အနှစ်နံ့သာ၊
(၃) အပွင့်နံ့သာ၊
(၄) သူတော်ကောင်းတို့၏ သီလစသောနံ့သာ- ထိုတွင် အမြစ် အနှစ် အပွင့်နံ့သာတို့သည် လေအောက်သို့သာ လှိုင်စေနိုင်ပြီး သူတော်ကောင်းတို့၏ သီလစသော နံ့သာသည် လေအောက် လေထက်သို့ လှိုင်စေနိုင်သည် (ဓမ္မ၊ဋ္ဌ၊၁၊၂၆၅-၆)။

ပါဠိသဒ္ဒါခက်ဆစ်

ပုပ္ဖဂန္ဓော = ပုပ္ဖာနံ ဂန္ဓော ပုပ္ဖဂန္ဓော။ ပုပ္ဖ + ဂန္ဓ။
တဂရမလ္လိကာ = တဂရဉ္စ မလ္လိကာ စ တဂရမလ္လိကာ။ တဂရ + မလ္လိကာ။
သပ္ပုရိသော = သန္တော ပုရိသော သပ္ပုရိသော။ သန္တ + ပုရိသ။
ဥပ္ပလံ = ဥဒကံ ပိဝတိ ဣတိ ဥပ္ပလံ။ ဥ + ပါ + အလ။
ဝဿိကီ = ဝဿဇာတာ ဝဿိကီ။ ဝဿ + ဣက + ဤ။
သီလဂန္ဓော = သီလာနံ ဂန္ဓော သီလဂန္ဓော။ သီလ + ဂန္ဓ။

အာနန္ဒတ္ထေရပညာဝတ္ထု ပြီး၏။
---

၄-ပုပ္ဖဝဂ်။ ၁၀-မဟာကဿပတ္ထေရပိဏ္ဍပါတဒါနဝတ္ထု

၅၆။ အပ္ပဂန္ဓော အယံ ဂန္ဓော၊ ယာယံ တဂရစန္ဒနံ။
ယော စ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နိရောဓသမာပတ်ဝင်စားရာမှ ထ၍ ဆွမ်းခံကြွတော်မူသော အရှင်မဟာကဿပထေရ်အား ဆင်းရဲသားယက်ကန်းသည်အိုယောင် ဆောင်ပြီးလှူဒါန်းသော သိကြားမင်း၏ဆွမ်းအလှူကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

ယွာယံ တဂရစန္ဒနံ၊ အကြင်တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည်။ အတ္ထိ၊ ရှိ၏။ အယံ ဂန္ဓော၊ ဤပန်းအနံ့မျိုးသည်။ အပ္ပဂန္ဓော၊ အနည်းငယ်မျှသာ။ ဟောတိ၊ ဖြစ်၏။ သီလဝတံ၊ သီလရှိသောသူတို့၏။ ယော စ ဂန္ဓော၊ အကြင်အနံ့သည်။ အတ္ထိ၊ ရှိ၏။ အယံ ဂန္ဓော၊ ဤသီလအနံ့သည်သာ။ ဒေဝေသု၊ နတ်ပြည်တို့၌။ ဥတ္တမော၊ ထူးမြတ်လွန်ကဲသည်ဖြစ်၍။ ဝါတိ၊ လှိုင်သင်း၏။

စကားပြေ

တောင်ဇလပ် စန္ဒကူးပန်းအနံ့တို့သည် မပြောပလောက် အနီးအနားမျှသာ လှိုင်သင်းနိုင်သည်။ သီလရှိသူတို့၏ သီလတည်းဟူသော သတင်းအနံ့သည် နတ်ပြည်တိုင်အောင် ထူးမြတ်လွန်ကဲစွာ လှိုင်သင်းပျံ့နှံ့နိုင်သည်။
စန္ဒနံ၊ စန္ဒကူးနီအနံ့။
ဒေဝေသု၊ နတ်ပြည် လူ့ပြည်။

ဆင်းရဲသူများကိုသာ ချီးမြှောက်လိုသော မထေရ်

အရှင်မဟာကဿပသည် နိရောဓသမာပတ်မှထ၍ ဆင်းရဲသူများကို ချီးမြှောက်ရန် ဆွမ်းခံကြွလာသည်ကို နတ်သမီးငါးရာသိသဖြင့် လမ်းမှစောင့်ကြိုပြီး ဆွမ်းလောင်းကြရာ ဆွမ်းမခံပဲ ပယ်မြစ်လိုက်သည်ကိုသိသော သိကြားမင်းနှင့် သုဇာသည် ဆင်းရဲသော အဖိုးကြီးအဖွားကြီးယောင်ဆောင်၍ ဆွမ်းလောင်းကြရသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၆၈-၉)။

ပါဠိသဒ္ဒါခက်ဆစ်

တဂရစန္ဒနံ = တဂရဉ္စ စန္ဒနဉ္စ တဂရစန္ဒနံ။ တဂရ + စန္ဒန။
ဥတ္တမော = ဥဂ္ဂတံ ဝိသေသော ဥတ္တမော။ ဥဂ္ဂတ + ဓမ္မ။

မဟာကဿပတ္ထေရပိဏ္ဍပါတဒါနဝတ္ထု ပြီး၏။
---

၄-ပုပ္ဖဝဂ်။ ၁၁-ဂေါဓိကတ္ထေရပရိနိဗ္ဗာနဝတ္ထု

၅၇။ တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒဝိဟာရိနံ။
သမ္မဒညာ ဝိမုတ္တာနံ၊ မာရော မဂ္ဂံ န ဝိန္ဒတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဣသိဂိလိတောင်၌ မိမိကိုယ်ကို ဓားဖြင့်လည်မျိုကိုထိုးကာ ဝိပဿနာရှုပြီး ရဟန္တာဖြစ်သွားသော ဂေါဓိကထေရ်၏ ပရိနိဗ္ဗာန်စံခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

သမ္ပန္နသီလာနံ၊ သီလနှင့်ပြည့်စုံကုန်သော။ အပ္ပမာဒဝိဟာရိနံ၊ မမေ့မလျော့နေလေ့ရှိကုန်သော။ သမ္မဒညာ၊ ကောင်းစွာဉာဏ်ဖြင့်သိ၍။ ဝိမုတ္တာနံ၊ ကိလေသာမှ လွတ်မြောက်ကုန်သော။ တေသံ၊ ထိုပရိနိဗ္ဗာန်စံကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၏။ မဂ္ဂံ၊ သွားရာလမ်းကြောင်းကို။ မာရော၊ မာရ်နတ်သည်။ န ဝိန္ဒတိ၊ မတွေ့မမြင်နိုင်။

စကားပြေ

သီလနှင့်ပြည့်စုံ၍ မမေ့ မလျော့ပဲ ကိလေသာတို့မှ လွတ်မြောက်သော ဂေါဓိကထေရ်၏ ပရိနိဗ္ဗာန်စံခြင်းကဲ့သို့ ပရိနိဗ္ဗာန်စံတော်မူကုန်သော ရဟန္တာအရှင်မြတ်တို့၏ သွားရာလမ်းကို မာရ်နတ်သည် ဘယ်အခါမျှ မမြင်မတွေ့နိုင်။
ဝိမုတ္တာနံ၊ တဒင်္ဂ၊ ဝိက္ခမ္ဘန၊ သမုစ္ဆေဒ၊ ပဋိပဿဒ္ဓိ၊ နိဿရဏ ဝိမုတ္တိငါးပါးတို့ဖြင့် ကိလေသာတို့မှ လွတ်မြောက်သောရဟန္တာ။

ပါဠိသဒ္ဒါခက်ဆစ်

သမ္ပန္နသီလာနံ = သမ္ပန္နာနိ သီလာနိ ယေသံ ဣတိ သမ္ပန္နသီလာ။ သမ္ပန္န + သီလ + ယ။
အပ္ပမာဒဝိဟာရိနံ = အပ္ပမာဒေ ဝိဟာရီ ဣတိ အပ္ပမာဒဝိဟာရီ။

ဂေါဓိကတ္ထေရပရိနိဗ္ဗာနဝတ္ထု ပြီး၏။
---

၄-ပုပ္ဖဝဂ်။ ၁၂-ဂရဟဒိန္နဝတ္ထု

၅၈။ ယထာ သင်္ကာရဓာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။
ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။
၅၉။ ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။
အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်နှင့် ရဟန်းငါးရာတို့အား မီးကျီးတွင်းသို့ ကျစေမိသည်ကို တောင်းပန်ပြီး ရိုသေစွာ ဆွမ်းကပ်သော တက္ကတွန်း၏တပည့် ဂရဟဒိန္နကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဘုရားရှင်၏ တပည့် သိရိဂုတ္တနှင့် ဂရဟဒိန္န မိတ်ဆွေနှစ်ယောက်နှင့်တကွ ရှစ်သောင်းလေးထောင်သော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

မဟာပထေ၊ လမ်းမကြီး၌။ ဥဇ္ဈိတသ္မိံ၊ စွန့်ပစ်အပ်သော။ တတ္ထ သင်္ကာရဓာနသ္မိံ၊ ထိုအမှိုက်ပုံ၌။ သုစိဂန္ဓံ၊ မွှေးကြိုင်သော အနံ့ရှိသော။ မနောရမံ၊ နှလုံးမွေ့လျော်ဖွယ်ရှိသော။ ပဒုမံ၊ ပဒုမ္မာကြာပန်းသည်။ ဇာယေထ ယထာ၊ ပေါက်ရောက်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ သင်္ကာရဘူတေသု၊ အမှိုက်ပုံသဖွယ် ဖြစ်ကုန်သော သတ္တဝါတို့တွင်။ သမ္မာသမ္ဗုဒ္ဓသာဝကော၊ ဘုရားရှင်၏တပည့်သည်။ အန္ဓဘူတေ၊ အကန်းသဖွယ်ဖြစ်ကုန်သော။ ပုထုဇ္ဇနေ၊ ပုထုဇဉ်တို့ကို။ ပညာယ၊ ပညာဖြင့်။ အတိရောစတိ၊ လွန်၍တင့်တယ်၏။

စကားပြေ

လမ်းမကြီးတွင် စွန့်ပစ်ထားသော အမှိုက်ပုံ၌ မွှေးကြိုင်၍ နှလုံးမွေ့လျော်ဖွယ်ကောင်းသော ပဒုမ္မာကြာပန်း ပေါက်ရောက်သကဲ့သို့ အမှိုက်ပုံသဖွယ် ဖြစ်သော သတ္တဝါတို့တွင် ပဒုမ္မာကြာပန်းသဖွယ်ဖြစ်သော ဘုရားရှင်၏ တပည့်သည် အကန်းသဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို ပညာဂုဏ်ရောင်ဖြင့် လွန်၍တင့်တယ်၏။
သင်္ကာရဓာနသ္မိံ၊ အမှိုက်များ ရှိရာအရပ်၊ (ဝါ) အမှိုက်ပုံ။
ပုထုဇ္ဇနေ၊ များစွာသော ကိလေသာကို ဖြစ်စေတတ်သော ပုဂ္ဂိုလ်။
သင်္ကာရဘူတေသု၊ အမှိုက်ပုံသဖွယ်ဖြစ်သော ပုထုဇဉ်။
သမ္မာသမ္ဗုဒ္ဓသာဝကော၊ ရဟန္တာပုဂ္ဂိုလ်။
အမှန်မသိပြစ်၊ သာဝတ္ထိပြည်ဝယ် ဂရဟဒိန္န ကိုးကွယ်သော မိစ္ဆာဒိဋ္ဌိများသည် ဂရဟဒိန္န ပြောပြသည့်အတိုင်း တကယ်အမှန် သိမသိ သိရိဂုတ္တက စမ်းသပ်ကြည့်ရာ အမှန်မသိသဖြင့် ကျင်ကြီးတွင်းထဲသို့ လိမ့်ကျရသည်။
အမှန်သိကျိုး၊ သိရိဂုတ္တကိုးကွယ်သောဗုဒ္ဓမြတ်စွာသည် သိရိဂုတ္တပြောပြသည့်အတိုင်း တကယ်အမှန်သိ မသိ ဂရဟဒိန္နကစမ်းသပ်ကြည့်ရာ အမှန်သိသဖြင့် မီးကျီးတွင်းထဲမကျရုံမက သိရိဂုတ္တနှင့် ဂရဟဒိန္နပါ သောတာပန် ဖြစ်ကြသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၇၅-၉။)။

ပါဠိသဒ္ဒါခက်ဆစ်

သင်္ကာရဓာနသ္မိံ = သင်္ကာရဿ ဓာနံ (ဌာနံ) သင်္ကာရဓာနံ။
မနောရမံ = မနော ဧတ္ထ ရမတိ ဣတိ မနောရမံ။ မန + ရမု + အ။
သင်္ကာရဘူတေသု = သင်္ကာရသမိဝ ဘူတော သင်္ကာရဘူတော။
အန္ဓဘူတေ = အန္ဓော ဟုတွာ ဘူတော အန္ဓဘူတော။
ပုထုဇ္ဇနေ = ပုထု နာနာကိလေသေ ဇနေတိ ဣတိ ပုထုဇ္ဇနော။ ပုထု + ဇန + အ။
သမ္မာသမ္ဗုဒ္ဓသာဝကော = သမ္မာသမ္ဗုဒ္ဓဿ သာဝကော သမ္မာသမ္ဗုဒ္ဓသာဝကော။
သာဝကော = သုဏာတိ ဣတိ သာဝကော။ သု + ဏွု။

ဂရဟဒိန္နဝတ္ထု ပြီး၏။
ပုပ္ဖဝဂ်ပြီး၏။
---

၅-ဗာလဝဂ်။ ၁-အညတရပုရိသဝတ္ထု

၆၀။ ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာနံ သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ယောက်ျားကိုအပြစ်ရှာပြီး သတ်၍ မိန်းမကိုသိမ်းပိုက်ရန်ကြံစည်ကာ အိပ်မပျော်သော ပသေနဒီကောသလမင်းနှင့် ခရီးပန်းသော ဆင်းရဲသား ယောက်ျားတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ခရီးပန်းသောယောက်ျားသည် သောတာပန်ဖြစ်၍ အခြားပုဂ္ဂိုလ်များလည်း သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဇာဂရတော၊ အိပ်၍မပျော် နိုးနေသောသူအား။ ရတ္တိ၊ ညဉ့်တာသည်။ ဒီဃာ၊ ရှည်လျား၏။ သန္တဿ၊ ခရီးပန်းသောသူအား။ ယောဇနံ၊ တယောဇနာမျှခရီးသည်။ ဒီဃံ၊ ရှည်လျား၏။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ အဝိဇာနတံ၊ မသိကုန်သော။ ဗာလာနံ၊ လူမိုက်တို့အား။ သံသာရော၊ သံသရာသည်။ ဒီဃော၊ ရှည်လျား၏။

စကားပြေ

အိပ်၍မပျော်နိုးနေသောသူအား ညဉ့်တာရှည်လျားသည်။ ခရီးပန်းသောသူအား တယောဇနာမျှခရီးသည် ရှည်လျားသည်။ သူတော်ကောင်း တရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်လျားသည်။
ရတ္တိ၊ ညဉ့်သည်သုံးယာမ်သာရှိသည်။
ယောဇနံ၊ ယောဇနာခရီးသည် လေးဂါဝုတ်မျှသာရှိသည်။

ညဉ့်တာရှည်မှုကိုမသိသူ

၁။ နေထွက်သည့်တိုင်အောင် လူးကာ လှိမ့်ကာ အိပ်လျက် အပျင်းကြီးသူ။
၂။ ကောင်းကောင်းစားပြီးလျှင် ကောင်းသော အိပ်ရာမှာအိပ်၍ ကာမဂုဏ်ကို ခံစားသူ။

ညဉ့်တာရှည်မှုကို သိသူ

၁။ တညလုံး ကမ္မဋ္ဌာန်း အားထုတ်သူ၊
၂။ တရားဟောနေသော ဓမ္မကထိကပုဂ္ဂိုလ်၊
၃။ ဓမ္မကထိကပုဂ္ဂိုလ်၏ အနီး၌ တရားနာသူ၊
၄။ ခေါင်းကိုက် ဝေဒနာစသည် ရှိသူ၊
၅။ လက်ခြေစသည် ပြတ်နေ၍ ဝေဒနာခံစားနေရသူ၊
၆။ ညဉ့်အခါ ခရီးရှည် သွားနေဆဲပုဂ္ဂိုလ်။
ဗာလာနံ၊ ဤဘဝ နောင်ဘဝ အကျိုးကိုမသိသူ။
သဒ္ဓမ္မံ၊ ဗောဓိပက္ခိယတရား ၃၇-ပါး။
အလှူအကျိုး၊ ခရီးသွားပုဂ္ဂိုလ်အား ထမင်းပေးကျွေးရသော အကျိုးသည် နှစ်ပေါင်းတထောင်ဖြစ်၍ ရေ၌ငါးစသောတိရစ္ဆာန် သတ္တဝါတို့အား ကျွေးမွေးရသော အကျိုးသည် နှစ်ပေါင်းတရာဖြစ်သည် (ဓမ္မ၊ဋ္ဌ၊၁၊၂၈၄။)။
သူတပါး သားမယား ပြစ်မှားသူ၊ သူတပါး သားမယား ပြစ်မှားသူသည် ဘုရားနှစ်ဆူကြား အဝီစိငရဲလား၍ ယောဇနာ ခြောက်ဆယ်ရှိသော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံရသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၈၈)။
ရာထူး စည်းစိမ်ကို နတ်ကမပေးနိုင်၊ ဥဂ္ဂသေနမင်း၏ အဂ္ဂမဟေသီ ဓမ္မဒိန္နာသည် ဗာရာဏသီမင်းအား ရာထူးစည်းစိမ်ကို ရုက္ခစိုးနတ်သည် မပေးနိုင်၊ မိမိကောင်းမှုသည်သာ ပေးနိုင်ကြောင်းပြောရာ၌ ရုက္ခစိုးနတ်သည် အဂ္ဂမဟေသီ ဓမ္မဒိန္နာအား ကောင်းချီးပေး၍ ပူဇော်သည် (ဓမ္မ၊ဋ္ဌ၊၁၊၂၉၁။)။
ယဉ်ကျေးမှု၊ ဗာရာဏသီမင်းသည် မိမိထက်ကြီးသူတို့ကို ရှိခိုး၍တောင်းပန်သည်။ မိမိအောက်ငယ်သောသူတို့ကို လက်အုပ်ချီ၍ တောင်းပန်သည် (ဓမ္မ၊ဋ္ဌ၊၁၊၂၉၂။)။
ပါဏာတိပါတပြစ်၊ သိုးတကောင်ကို ဦးခေါင်း ဖြတ်ပြီး သတ်မိခဲ့သဖြင့် ငရဲရောက်ပြီး သိုးမွေး၏ အရေအတွက်နှင့်အမျှ ဦးခေါင်းဖြတ်ခံရသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၉၂။)။

ပါဠိသဒ္ဒါခက်ဆစ်

ရတ္တိ = ရဉ္စန္တိ ဧတ္ထ ဣတိ ရတ္တိ။ ရန္ဇ + တိ။
သံသာရော = သံသရန္တိ သတ္တာ ဧတ္ထာတိ သံသာရော။ သံ + သရ် + ဏ။

အညတရပုရိသဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၂-မဟာကဿပသဒ္ဓိဝိဟာရိကဝတ္ထု

၆၁။ စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်မဟာကဿပ၏ အဆုံးအမကို မနာခံပဲ ကျောင်းကို မီးရှို့ဖျက်ဆီး၍ အဝီစိငရဲသို့ ရောက်သော တပည့်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ အရှင်မဟာကဿပ၏ ဒုဗ္ဗစဖြစ်သော အတူနေတပည့်၏ အကြောင်းကို ဘုရားရှင်အား လျှောက်သော အာဂန္တုရဟန်းသည် သောတာပန်ဖြစ်၍ အခြားပုဂ္ဂိုလ်များလည်း သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဗာလေ၊ လူမိုက်၌။ သဟာယတာ၊ စူဠသီလစသော အဆွေခင်ပွန်းဖြစ်သည်။ နတ္ထိ၊ မရှိ။ စရံ-စရန္တော၊ မိတ်ဆွေကောင်းကို ရှာသောသူသည်။ အတ္တနော၊ မိမိထက်။ သေယျံ၊ သီလစသည်ဖြင့် လွန်မြတ်သူကိုလည်းကောင်း။ အတ္တနော၊ မိမိနှင့်။ သဒိသံ၊ သီလ သမာဓိ ပညာဂုဏ်တို့ဖြင့် တူသူကိုလည်းကောင်း။ စေ နာဓိဂစ္ဆေယျ၊ အကယ်၍ မရနိုင်ငြားအံ့။ ဧကစရိယံ၊ တယောက်တည်း ကျင့်ခြင်းကိုသာလျှင်။ ဒဠှံ၊ မြဲမြံပွား။ ကယိရာ၊ ပြုရာ၏။

စကားပြေ

လူမိုက်၌ အဆွေခင်ပွန်းဖွဲ့ရန် စူဠသီလစသော ဂုဏ်မရှိ။ ကလျာဏမိတ္တကို ရှာဖွေ မိတ်ဖွဲ့လိုသောသူသည် မိမိထက် သီလ သမာဓိ ပညာဖြင့် လွန်မြတ်သူကိုလည်းကောင်း၊ မိမိနှင့် သီလစသည် တူသောသူကိုလည်းကောင်း မရနိုင်ခဲ့သော် တယောက်တည်းသာ နေရာ၏။
စရံ၊ ဣရိယာပထစာရ (ဣရိယာပုထ်ဖြင့် လှည့်လည်ခြင်း) ကို မယူရ၊ မနသာစာရ (စိတ်ဖြင့် လှည့်လည် ရှာဖွေခြင်း) ကို ရသည်။ ကလျာဏမိတ္တကို ရှာသူ ရ၏။
သေယျံ၊ မိမိထက် သီလ၊ သမာဓိ၊ ပညာဖြင့် လွန်မြတ်သော ပုဂ္ဂိုလ်မျိုးကို ရသော် သီလစသည် တိုးပွားနိုင်သည်။
သဒိသံ၊ မိမိနှင့် သီလစသည်ဖြင့် တူသော ပုဂ္ဂိုလ်မျိုးကို ရသော် သီလစသည်မှ မယုတ်လျော့နိုင်။ မိမိအောက် သီလစသည် ယုတ်လျော့သူနှင့် ပေါင်းသင်းလျှင် သီလစသည်မှ လျော့ကျနိုင်သဖြင့် ထိုပုဂ္ဂိုလ်မျိုးနှင့် မပေါင်းသင့်။ သို့သော် မည်သည့်လာဘ်ကိုမျှ မမျှော်ကိုးပဲ သနားစောင့်ရှောက်သည့် အနေဖြင့် သီလစသည် တိုးပွားစေရန် အတူတကွ နေထိုင်နိုင်သည်။
သဟာယတာ၊ စူဠသီလ၊ မဇ္ဈိမသီလ၊ မဟာသီလ၊ ကထာဝတ္ထု (၁၀) ပါး၊ ဓုတင် (၁၃) ပါး၊ ဝိပဿနာဉာဏ်၊ မဂ် (၄) ပါး၊ ဝိဇ္ဇာ (၃) ပါး၊ အဘိညာဏ် (၆) ပါး ရှိ၏။
ပြောသင့် မပြောသင့်၊ ရဟန်းမည်သည် မိမိပြုသည်ကိုသာ ပြုသည်ဟု ပြော၍ မပြုသည်ကို ပြုသည်ဟု မပြောသင့် (ဓမ္မ၊ဋ္ဌ၊၁၊၂၉၃)။
တပည့်မိုက်၊ ရဟန်းတပါးသည် မသင့်တော်သော အမှုကို ပြုပြီး အရှင်မဟာကဿပက ဆုံးမသောအခါ စိတ်ဆိုးပြီး ကျောင်းနှင့် ကျောင်းရှိပစ္စည်းကို မီးရှို့ဖျက်ဆီးသွားသည် (ဓမ္မ၊ဋ္ဌ၊၁၊၂၉၄)။

ပါဠိသဒ္ဒါခက်ဆစ်

သေယျံ = ပသတ္ထာနံ ဝိသေသော သေယျော။ ပသတ္ထ + ဣယ။
သဒိသံ = သမာနော ဝိယ ဒိဿတီတိ သဒိသော။ သမာန + ဒိသ် + ကွိ။

မဟာကဿပသဒ္ဓိဝိဟာရိကဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၃-အာနန္ဒသေဋ္ဌိဝတ္ထု

၆၂။ ပုတ္တာမတ္ထိ ဓနမ္မတ္ထိ၊ ဣတိ ဗာလော ဝိဟညတိ။
အတ္တာ ဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိပြည်သား အာနန္ဒသဌေးသည် ကုဋေ (၄၀) ကြွယ်ဝသော်လည်း မလှူမတန်းပဲ သေလွန်သောအခါ ဒွန်းစဏ္ဍားဘဝ၌ သားတော်ခဲ့ဖူးသော မူလသိရိသဌေး၏ အလုပ်သမားများ၏ အရိုက်အနှက် ခံရပြီးလျှင် အမှိုက်ပုံသို့ အပစ်ခံရခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော ပုဂ္ဂိုလ်တို့ တရားထူးရကြသည်။

အနက်

ဗာလော၊ လူမိုက်သည်။ မေ၊ ငါ့အား။ ပုတ္တာ၊ သားသမီးတို့သည်။ အတ္ထိ၊ ရှိကုန်၏။ မေ၊ ငါ့အား။ ဓနံ၊ ဥစ္စာသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့ (တဏှာယ၊ သားသမီး ပစ္စည်းဥစ္စာတို့ကို စွဲလမ်းမှု တဏှာဖြင့်)။ ဝိဟညတိ၊ ဆင်းရဲပင်ပန်းရ၏။ ဟိ၊ မှန်၏။ အတ္တာ၊ မိမိသည်လည်း။ အတ္တနော၊ မိမိ၏ ကိုးကွယ်ရာသည်။ နတ္ထိ၊ မရှိ။ ပုတ္တာ၊ သားသမီးတို့သည်။ ကုတော အတ္ထိ၊ အဘယ်မှာ ကိုးကွယ်ရာ ရှိအံ့နည်း။ ဓနံ၊ ပစ္စည်းဥစ္စာသည်။ ကုတော အတ္ထိ၊ အဘယ်မှာ ကိုးကွယ်ရာ ရှိအံ့နည်း။

စကားပြေ

လူမိုက်သည် မိမိအား သားသမီးနှင့် ပစ္စည်းဥစ္စာတို့ ရှိသည်ဟု စွဲလမ်းမှုဖြင့် ပင်ပန်းဆင်းရဲနေသော်လည်း မိမိသည်ပင် မိမိ၏ ကိုးကွယ်ရာ မရှိပဲ သားသမီး ဥစ္စာတို့ကား အဘယ်မှာ ကိုးကွယ်ရာ ရှိနိုင်မည်နည်း။ ကိုးကွယ်ရာ မရှိနိုင်သည်သာ တည်း။
ဝိဟညတိ၊ ငါ့သားသမီးတို့သည် ပျက်စီးပြီး၊ ပျက်စီးဆဲ၊ ပျက်စီးလတ္တံ့၊ ထိုအထူး ငါ့ပစ္စည်းဥစ္စာတို့သည် ပျက်စီးပြီး၊ ပျက်စီးဆဲ၊ ပျက်စီးလတ္တံ့ ဟု ခြောက်မျိုးသော အခြင်းအရာတို့ဖြင့် ပင်ပန်းဆင်းရဲ၏။ သားသမီးတို့အား ကျွေးမွေးရန် နေ့ညဉ့်ပါ အားစိုက်၍ ရှာဖွေရခြင်း၊ စီးပွားတိုးတက်အောင် ကြံစည်ဆောင်ရွက်ခြင်းကြောင့်လည်း ပင်ပန်းဆင်းရဲ၏။
အတ္တာ ဟိ အတ္တနော နတ္ထိ၊ သားသမီးတို့အတွက် စီးပွားရေး ပြေလည်အောင် ပြု၍ ပင်ပန်းနေသော မိမိကို ချမ်းသာမှု ရရန် မိမိမပြုနိုင်၊ သေခါနီးအခါ ပြင်းထန်သော ဝေဒနာများ နှိပ်စက်သဖြင့် အရိုးအပေါင်းနှင့် အရိုးအဆက်များ ပြတ်ကွဲမလောက် ခံစားရသော မိမိကို အသက်ထက်ဆုံး ပြုစုစောင့်ရှောက်သော်လည်း မိတ်ဆွေကောင်းအဖြစ်ဖြင့် ဆင်းရဲမှ လွန်မြောက်အောင် မိမိအား မစောင့်ရှောက်နိုင်။ ထို့ကြောင့် မိမိသည်ပင် မိမိ၏ ကိုးကွယ်ရာ မဖြစ်နိုင်ဟု ဆိုသည်။
ကုတော ပုတ္တာ ကုတော ဓနံ၊ တစုံတယောက်သော သူကိုမျှ တစုံတခု မပေးပဲ သားအတွက် ဥစ္စာစုဆောင်းပေးနေသော သေခါနီး အာနန္ဒသဌေး၏ ဆင်းရဲကို သားသမီးနှင့် ဥစ္စာတို့ မယူဆောင်နိုင်။ ချမ်းသာကိုလည်း မဖြစ်စေနိုင်။
မိဘမေတ္တာ၊ မိခင်သည် မိမိဝမ်းတွင်း၌ ကိန်းအောင်းလာသော သားသမီးများကို ရုပ်ဆင်းအင်္ဂါ ပျက်စီး ချို့ယွင်းနေသော်လည်း မစွန့်ပစ်နိုင် (ဓမ္မ၊ဋ္ဌ၊၁၊၂၉၇)။

အာနန္ဒသေဋ္ဌိဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၄-ဂဏ္ဌိဘေဒကစောရဝတ္ထု

၆၃။ ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ဝါပိ တေန သော။
ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားနာသွားစဉ် တရားကို မနာပဲ တယောက်သောသူ၏ အဝတ်အစွန်း၌ ချီထားသော ငွေထုတ်ကို ဖြေသော ဂဏ္ဌိဘေဒကသူခိုးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တရားအတူနာသွားသောသူသည် ဤတရားကို မနာရခင် သောတာပန်ဖြစ်၍ ၎င်း၏ မိတ်ဆွေများကား ဤတရားအဆုံး၌ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယော ဗာလော၊ အကြင်သူမိုက်သည်။ အတ္တနော၊ မိမိ၏။ ဗာလျံ၊ မိုက်သည့်အပြစ်ကို။ မညတိ၊ သိ၏။ တေန၊ ထိုသိမှုကြောင့်။ တေန၊ ထိုသိမှုကြောင့်။ သော ဗာလော၊ ထိုသူမိုက်သည်။ ပဏ္ဍိတော ဝါပိ၊ ပညာရှိသော်လည်း။ ဟောတိ၊ ဖြစ်နိုင်သေး၏။ ယော စ၊ အကြင်သူသည်ကား။ ဗာလော၊ မိုက်သည်။ သမာနော၊ ဖြစ်ပါလျက်။ ပဏ္ဍိတမာနီ၊ ငါပညာရှိဟု မှတ်ထင်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ မိုက်လျက် ငါပညာရှိဟု မှတ်ထင်သော ထိုသူသည်။ ဝေ၊ စင်စစ်။ ဗာလောတိ၊ လူမိုက်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

စကားပြေ

ပုဂ္ဂိုလ်တဦးသည် မိုက်သော်လည်း မိမိမိုက်သည့်အဖြစ်ကို သိသောကြောင့် လူမိုက်ဟု မခေါ်ထိုက်။ ပညာရှိနှင့် တူသည်ပင် ဖြစ်သေး၏။ ပုဂ္ဂိုလ်တဦးကား မိုက်လျက် ငါပညာရှိဟု ထင်မှတ်သောကြောင့် စင်စစ် လူမိုက်ဟု ခေါ်ဆိုထိုက်ပေသည်။
ပဏ္ဍိတော ဝါပိ တေန သော၊ မိုက်သူသည် ငါမိုက်သည်ဟု သိ၍ ပညာရှိသို့ ချဉ်းကပ်ပြီး ပညာရှိဖြစ်လာရန် ဆုံးမသွန်သင်သော ဩဝါဒကို နာခံလျှင် ပညာရှိသော်လည်းကောင်း၊ အထူးပညာရှိသော်လည်းကောင်း ဖြစ်နိုင်သေးသည်။
ဗာလော စ ပဏ္ဍိတမာနီ သ ဝေ ဗာလော၊ မိုက်လျက် ငါနှင့် တူသော အကြားအမြင်များသူ၊ တရားဟောနိုင်သူ၊ ဝိနည်းဓိုရ်သူ၊ ဓုတင်ဆောင်သူ မရှိဟု ပညာရှိမှတ်ထင်နေသူသည် ပညာရှိသို့ မချဉ်းကပ်ပဲ ပရိယတ်ကိုလည်း မသင်၊ ပဋိပတ်ကိုလည်း အားမထုတ်သောကြောင့် စင်စစ် လူမိုက်ဖြစ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

ဗာလျံ = ဗာလဿ ဘာဝေါ ဗာလျံ။ ဗာလ + ဏျ။
ပဏ္ဍိတမာနီ = ပဏ္ဍိတံ အတ္တနံ မညတိ ဣတိ ပဏ္ဍိတမာနီ။ ပဏ္ဍိတ + မန် + ဏီ။

ဂဏ္ဌိဘေဒကစောရဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၅-ဥဒါယိတ္ထေရဝတ္ထု

၆၄။ ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။
န သော ဓမ္မံ ဝိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်နှင့် တကျောင်းတည်း နေလျက် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာမျှ မသိသော ဥဒါယိထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ မဟာထေရ်များ သီတင်းသုံးလျက် တရားဟောသော ပလ္လင်တွင် ထိုင်နေသော ဥဒါယိထေရ်အား ခန္ဓာ၊ အာယတနမျှ မသိသဖြင့် ကဲ့ရဲ့သော အာဂန္တုရဟန်းများ ရဟန္တာဖြစ်ကြသည်။

အနက်

ဒဗ္ဗီ၊ ယောက်မသည်။ သူပရသံ၊ ဟင်း၏ အရသာကို။ န ဝိဇာနာတိ ယထာ၊ မသိသကဲ့သို့။ ယော ဗာလော၊ အကြင်လူမိုက်သည်။ ယာဝဇီဝမ္ပိ၊ အသက်ရှည်သမျှ ကာလပတ်လုံး။ ပဏ္ဍိတံ၊ ပညာရှိသို့။ စေ ပယိရုပါသတိ၊ အကယ်၍ ဆည်းကပ်အံ့။ သော ဗာလော၊ ထိုသူမိုက်သည်။ ဓမ္မံ၊ သူတော်ကောင်းတရားကို။ န ဝိဇာနာတိ၊ မသိနိုင်။

စကားပြေ

ဟင်းမွှေယောက်မသည် ဟင်းအိုးတွင် ကြာရှည်တည်ရှိနေသော်လည်း ဟင်း၏ အရသာကို မသိနိုင်သကဲ့သို့ လူမိုက်သည် ပညာရှိနှင့် တသက်ပတ်လုံး နေသော်လည်း သူတော်ကောင်းတရားကို မသိနိုင်။
န သော ဓမ္မံ ဝိဇာနာတိ၊ အသက်ထက်ဆုံး ပညာရှိသို့ ချဉ်းကပ်နေသော်လည်း လူမိုက်သည် ဘုရားစကားတော်ဟူသော ပရိယတ္တိဓမ္မကိုလည်းကောင်း၊ ဤကား အကျင့်၊ ကျက်စားခြင်း၊ နေခြင်း၊ ကျက်စားရာ၊ အပြစ်ရှိသည်၊ အပြစ်မရှိ၊ မှီဝဲသင့်၊ မမှီဝဲသင့်ဟူသော ပဋိပတ္တိဓမ္မကိုလည်းကောင်း၊ ထိုးထွင်းသိအပ်၊ မျက်မှောက်ပြုအပ်သော တရားဟူသော ပဋိဝေဓဓမ္မကိုလည်းကောင်း မသိနိုင်။
ဒဗ္ဗီ သူပရသံ ယထာ၊ ယောက်မသည် တိုသွားသည်အထိ ဟင်းအိုးတွင်း၌ နေငြားသော်လည်း အပေါ့၊ အလေး၊ အချဉ်၊ အဖန်၊ အခါး၊ အစပ်ဟူသော ဟင်း၏ အရသာကို မသိနိုင်သကဲ့သို့ပင် ဖြစ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

ယာဝဇီဝံ = ဇီဝဿ ယတ္တကော ပရိစ္ဆေဒေါ ယာဝဇီဝံ။ ယာဝ + ဇီဝ။
ဒဗ္ဗီ = ဩဒနာဒီနိ အနေန ဒါရေန္တိ ဣတိ ဒဗ္ဗီ။ ဒရ် + ဗီ (ဏျာစ-၁၂၃)။
သူပရသံ = သူပဿ ရသော သူပရသော။ သူပ + ရသ။

ဥဒါယိတ္ထေရဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၆-တိံသပါဝေယျကဘိက္ခုဝတ္ထု

၆၅။ မုဟုတ္တမပိ စေ ဝိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။
ခိပ္ပံ ဓမ္မံ ဝိဇာနာတိ၊ ဇိဝှာ သူပရသံ ယထာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိန်းမပျောက်ကို လိုက်ရှာနေကြသော သုံးကျိပ်သော ပါဝါပြည်သားတို့သည် ဘုရားရှင်၏ ပထမဆုံးတရားကို ဝါပင်တောအုပ်၌ ကြားနာရ၍ ဧဟိဘိက္ခုရဟန်းဖြစ်ပြီးလျှင် ကာလအတန်ကြာမျှ ဓုတင်ဆောင်ပုဂ္ဂိုလ်အဖြစ်ဖြင့် နေ၍ ဘုရားရှင်၏ အနမတဂ္ဂတရားတော်ကို ထိုင်၍ နာကြားစဉ်ပင် လျင်မြန်စွာ ရဟန္တာဖြစ်ကုန်သော ပါဝါပြည်သား ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ရဟန်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

ဇိဝှာ၊ လျှာသည်။ သူပရသံ၊ ဟင်း၏ အရသာကို။ ဝိဇာနာတိ ယထာ၊ သိသကဲ့သို့။ ဝိညူ၊ ပညာရှိသည်။ မုဟုတ္တမပိ၊ တခဏမျှ။ အညံ၊ တပါးသော။ ပဏ္ဍိတံ၊ ပညာရှိသို့။ စေ ပယိရုပါသတိ၊ အကယ်၍ ဆည်းကပ်အံ့။ ခိပ္ပံ၊ လျင်မြန်စွာ။ ဓမ္မံ၊ သူတော်ကောင်းတရားကို။ ဝိဇာနာတိ၊ သိနိုင်၏။

စကားပြေ

လျှာသည် လျှာဖျားသို့ တင်ကာမျှ ဟင်း၏ အရသာကို သိသကဲ့သို့ ပညာရှိသည် အခြားပညာရှိတဦးသို့ တခဏမျှ ဆည်းကပ်သော် သူတော်ကောင်းတရားကို သိနိုင်၏။
ပဏ္ဍိတံ ပယိရုပါသတိ၊ ပညာရှိသည် တပါးသော ပညာရှိထံ ဆည်းကပ်၍ သင်ကြားမေးမြန်းသော် ပရိယတ္တိဓမ္မကို သိ၍ ထို့နောက် ကမ္မဋ္ဌာန်းတောင်း၍ ပဋိပတ်ကို အားထုတ်သော် လျင်မြန်စွာ လောကုတ္တရာတရားကို သိနိုင်၏။
ဇိဝှာ သူပရသံ ယထာ၊ ဇိဝှာပသာဒရုပ် မချို့တဲ့သော သူသည် အရသာကို သိရန် လျှာဖျားပေါ် တင်ကာမျှပင် ဆားပေါ့၊ ဆားလေး စသော အရသာကို သိသကဲ့သို့ ဖြစ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

ဝိညူ = ဝိဇာနာတိ သီလေနာတိ ဝိညူ။ ဝိ + ဉာ + ရူ။
ဇိဝှာ = ဇီဝတိ ဧတာယာတိ ဇိဝှာ။ ဇီဝ + ဟာ။

တိံသပါဝေယျကဘိက္ခုဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၇-သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု

၆၆။ စရန္တိ ဗာလာ ဒုမ္မေဓာ၊ အမိတ္တေနေဝ အတ္တနာ။
ကရောန္တာ ပါပကံ ကမ္မံ၊ ယံ ဟောတိ ကဋုကပ္ဖလံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်၏ တရားတော်ကို နာကြားရ၍ သောတာပန်ဖြစ်ပြီး နွားမနင်းမိ၍ သေသော သုပ္ပဗုဒ္ဓလူနူကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယံ ကမ္မံ၊ အကြင်ကံ (အမှု) သည်။ ကဋုကပ္ဖလံ၊ စပ်ရှားခံခက်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။ ပါပကံ၊ ယုတ်မာသော။ တံ ကမ္မံ၊ ထိုစပ်ရှား ခံခက်သော အကျိုးရှိသော အကုသိုလ်ကံကို။ ကရောန္တာ၊ ပြုကုန်သော။ ဒုမ္မေဓာ၊ ပညာမဲ့ကုန်သော။ ဗာလာ၊ လူမိုက်တို့သည်။ အတ္တနာ၊ မိမိသည်ပင်။ အမိတ္တေနေဝ၊ ရန်သူကဲ့သို့ ဖြစ်၍။ စရန္တိ၊ လှည့်လည်ကြကုန်၏။

စကားပြေ

အခံခက်သော အကျိုးရှိသော အကုသိုလ်မှုကို ပြုသော ပညာမဲ့ လူမိုက်တို့သည် မိမိပြုခဲ့သော ကံသည်ပင် ရန်သူကဲ့သို့ ဖြစ်ကုန်၏။
စရန္တိ၊ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဟူသော ဣရိယာပုထ်လေးပါးတို့ဖြင့် အကုသိုလ်ကိုသာ ပြု၍ လှည့်လည်သူ။
ဗာလာ၊ ဤပစ္စုပ္ပန်လောက၊ တမလွန်လောက၏ အကျိုးကို မသိသူ။
ကဋုကပ္ဖလံ၊ ထက်သောအကျိုး၊ အခံခက်သော အကျိုးရှိသော အကုသိုလ်ကံ။
သောတာပန်စစ် မစစ်၊ ဘုရားကို ဘုရားမဟုတ်ပါ၊ တရားကို တရားမဟုတ်ပါ၊ သံဃာကို သံဃာမဟုတ်ပါ၊ အကျွနုပ်အား ရတနာသုံးပါးဖြင့် အကျိုးမရှိပါဟု ပြောနိုင်သူသည် သောတာပန်အစစ် မဟုတ်။ အထက်ပါစကားကို အသက်အန္တရာယ် ဖြစ်စေကာမူ မပြောရဲသူသာ သောတာပန်အစစ် ဖြစ်သည် (ဓမ္မ၊ဋ္ဌ၊၁၊၃၀၂)။
ပစ္စေကဗုဒ္ဓါအား ပြစ်မှားမှု၊ သုပ္ပဗုဒ္ဓသည် တဂရသိင်္ခပစ္စေကဗုဒ္ဓါကို တံတွေးဖြင့် ထွေးခဲ့မှုကြောင့် ကြာရှည်စွာ ငရဲခံရပြီး သောတာပန်ဖြစ်ရသည့် ဘဝမှာပင် နူနာစွဲနေရသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၀၃)။
ရှေးကံ၊ ရှေးဘဝက ပျော်ပါးပြီး အသတ်ခံရဖူးသော ပြည့်တန်ဆာမတယောက်သည် နတ်ဘီးလူးမတယောက် ဖြစ်၍ နွားမယောင်ဆောင်ပြီး ပုက္ကူသာတိ၊ ဗာဟိယဒါရုစိရိယ၊ တမ္ဗဒါဋ္ဌိကခိုးသတ်နှင့် သုပ္ပဗုဒ္ဓအနူကို သတ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

အမိတ္တေနေဝ = အမိတ္တေန + ဣဝ။ အမိတ္တ = န မိတ္တော အမိတ္တော။ န + မိတ္တ။
ကဋုကပ္ဖလံ = ကဋုကံ ဖလံ ယဿ ဣတိ ကဋုကပ္ဖလံ။ ကဋုက + ဖလ + ယ။

သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၈-ကဿကဝတ္ထု

၆၇။ န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿုမုခော ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်နှင့် အရှင်အာနန္ဒါတို့ သက်သေခံ၍ အသက်မသေသော လယ်သမားတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ လယ်သမား သောတာပန်ဖြစ်သည်။ စည်းဝေးနေသော ရဟန်းတို့လည်း သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယံ၊ အကြင်ကံ (အမှု) ကို။ ကတွာ၊ ပြုလုပ်ခြင်းကြောင့်။ အနုတပ္ပတိ၊ နောင်တ တဖန် ပူပန်ရ၏။ အဿုမုခော၊ မျက်ရည်ထွက်သည် ဖြစ်၍။ ရောဒံ-ရောဒန္တော၊ ငိုကြွေးလျက်။ ယဿ၊ အကြင်ကံ (အမှု) ၏။ ဝိပါကံ၊ အကျိုးကို။ ပဋိသေဝတိ၊ ခံစားရ၏။ တံ ကမ္မံ၊ နောင်တ တဖန် ပူပန်၍ ငိုကြွေးမြည်တမ်းရသော ထိုကံ (အမှု) ကို။ ကတံ၊ ပြုလုပ်ခြင်းသည်။ န သာဓု၊ မကောင်း။

စကားပြေ

နောင်တ တဖန် ပူပန်၍ ငိုကြွေးမြည်တမ်းရသော ကံ (အမှု) ကို ပြုလုပ်ခြင်းသည် မကောင်း။
ကမ္မံ၊ ငရဲစသည်တို့၌ ဖြစ်နိုင်စေသော ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အကုသိုလ်ကံ။

ပါဠိသဒ္ဒါခက်ဆစ်

အဿုမုခော = အဿူဟိ မုခော ယဿာတိ အဿုမုခော။ အဿု + မုခ + ယ။
ဝိပါကံ = ဝိပစ္စတီတိ ဝိပါကော။ ဝိ + ပစ် + ဏ။

ကဿကဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၉-သုမနမာလာကာရဝတ္ထု

၆၈။ တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတီတော သုမနော၊ ဝိပါကံ ပဋိသေဝတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မင်းပြစ် မင်းဒဏ်ကို အလေးမမူပဲ မင်းအား ဆက်သရမည့် ပန်းတို့ကို ဘုရားရှင်အား လှူဒါန်းသော သုမနပန်းသည် အမျိုးသားကို အကြောင်းပြု၍ ဟောတော်မူသည်။ ထိုအမျိုးသားသည် ကမ္ဘာတသိန်း သုဂတိဘဝသာ ဖြစ်၍ နောင်သောအခါ သုမနမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်မည်။
ဒေသနာတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါများ တရားထူးရကြသည်။

အနက်

ယံ၊ အကြင်ကံ (အမှု) ကို။ ကတွာ၊ ပြုလုပ်ခြင်းကြောင့်။ နာနုတပ္ပတိ၊ နောင်တတဖန် မပူပန်ရ။ ပတီတော၊ နှစ်သက်သည်။ သုမနော၊ ဝမ်းမြောက်သည်။ ဟုတွာ၊ ဖြစ်၍။ ယဿ၊ အကြင်ကံ (အမှု) ၏။ ဝိပါကံ၊ အကျိုးကို။ ပဋိသေဝတိ၊ ခံစားရ၏။ တဉ္စ ကမ္မံ၊ နောင်တတဖန် မပူပန်ရပဲ နှစ်သက်ဝမ်းမြောက်ရသော ကံကို။ ကတံ၊ ပြုလုပ်ခြင်းသည်။ သာဓု၊ ကောင်း၏။

စကားပြေ

နောင်တတဖန် မပူပန်ရပဲ နှစ်သက်ဝမ်းမြောက်ရသော ကံ (အမှု) ကို ပြုလုပ်ခြင်းသည် ကောင်း၏။
ပတီတော၊ ပီတိအဟုန်ဖြင့် နှစ်သက်မှု။
သုမနော၊ သောမနဿအဟုန်ဖြင့် ဝမ်းသာမှု။
သတိပြုဖွယ်၊ ဂုဏ်ရှိသူတို့၏ ဂုဏ်ကို ဘုရားရှင်တို့သာ ထင်ရှားအောင် ပြုစွမ်းနိုင်သည်။ ကြွင်းပုဂ္ဂိုလ်တို့သည် ဂုဏ်ရှိသူတို့၏ ဂုဏ်ကို ပြောကြားရာ၌ တွန့်တိုတတ်သည် (ဓမ္မ၊ဋ္ဌ၊၁၊၃၀၉)။
လိုက်နာဖွယ်၊ အမှတ်ရတိုင်း စိတ်မချမ်းသာရမည့် အမှုကို မပြုပဲ အမှတ်ရတိုင်း စိတ်ချမ်းသာရမည့် အမှုကို ပြုသင့်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၁၀။)

ပါဠိသဒ္ဒါခက်ဆစ်

သုမနော = သု မနော သုမနော။ သု + မန။

သုမနမာလာကာရဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၁၀-ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု

၆၉။ မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းပြု၍ မကြာမီပင် ရဟန္တာမဖြစ်၍ မောင်နှမဝမ်းကွဲတော်သော နန္ဒလုလင်၏ မတရား ကျင့်ကြံခြင်းကို ခံရသော ဥပ္ပလဝဏ္ဏထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယာဝ၊ အကြင်မျှလောက်။ ပါပံ၊ မကောင်းမှုသည်။ န ပစ္စတိ၊ အကျိုးမပေးသေး။ တာဝ၊ ထိုမျှလောက်။ ဗာလော၊ မိုက်သောသူသည်။ ပါပံ၊ မကောင်းမှုကို။ မဓုဝါ၊ ပျားသကာကဲ့သို့။ မညတိ၊ မှတ်ထင်၏။ ယဒါ စ၊ အကြင်အခါ၌ကား။ ပါပံ၊ မကောင်းမှုသည်။ ပစ္စတိ၊ အကျိုးပေး၏။ အထ၊ ထိုအခါ၌။ ဗာလော၊ မိုက်သောသူသည်။ ဒုက္ခံ၊ ဆင်းရဲသို့။ နိဂစ္ဆတိ၊ ရောက်ရ၏။

စကားပြေ

မိုက်သောသူသည် မကောင်းမှုကို ပြုစဉ်သော်လည်းကောင်း၊ ပြုပြီး ယခုဘဝ၊ နောင်ဘဝတို့၌ မကောင်းမှု အကျိုးမပေးမီ သော်လည်းကောင်း၊ မိမိအမှုကို ပျားသကာကဲ့သို့ ထင်မှတ်သော်လည်း အကျိုးပေးချိန် ရောက်သောအခါ ဆင်းရဲဒုက္ခကို ခံစားရ၏။
မဓုဝါ၊ မကောင်းမှုကို ပြုစဉ်သော်လည်းကောင်း၊ အကျိုးမပေးမီ သော်လည်းကောင်း၊ မိမိပြုအပ်သော မကောင်းမှုကို အလိုရှိအပ်၊ နှစ်သက်အပ်၊ မြတ်နိုးအပ်သော ပျားသကာကဲ့သို့ ထင်မှတ်၏။
ဥပ္ပလဝဏ္ဏထေရီ၊ ပဒုမုတ္တရဘုရားရှင်၏ ခြေတော်ရင်း၌ ဆုတောင်းခဲ့၍ ကမ္ဘာတသိန်းတိုင်တိုင် ကောင်းမှုပြုကာ လူ့ပြည်၊ နတ်ပြည် ကျင်လည်လျက် ဤဂေါတမဘုရားရှင် လက်ထက် နတ်ပြည်မှ စုတေ၍ သာဝတ္ထိပြည် သဌေးမျိုး၌ ဖြစ်သည်။ ကြာညိုတိုက် အဆင်းရှိသဖြင့် ဥပ္ပလဝဏ္ဏာဟု အမည်ပေးသည်။ ဥပုသ်ကျောင်းဆောင်၌ ထွန်းထားသော ဆီမီးကို ကြည့်၍ တေဇောဓာတ် ကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို အခြေခံကာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်သွားသည်။ တောက်နေသော ယင်းဘိက္ခုနီမကို ဖျက်ဆီးသော နန္ဒလုလင်သည် အဝီစိငရဲသို့ ရောက်သွားသည်။ ထိုအခါမှစ၍ ဘိက္ခုနီမများကို ရွာတွင်း၌သာ နေစေသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၁၀-၃)။
ရဟန္တာပုဂ္ဂိုလ်၊ ကြာဖက်ပေါ်တွင် ရေမတင်သကဲ့သို့လည်းကောင်း၊ ပွတ်ဆောက်ဖျားပေါ်တွင် မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့လည်းကောင်း၊ ရဟန္တာများ၏ စိတ်၌ ဝတ္ထုကာမ၊ ကိလေသာကာမ နှစ်မျိုးလုံး မတည်နိုင်။
မဓုဝါ မညတိ၌ ဝါ၊ ဥပမတ္ထ။ (ဓမ္မ၊ဋ္ဌ၊၁၊၃၁၂)။

ပါဠိသဒ္ဒါခက်ဆစ်

မဓု ဝါ မညတိ—၌ သည် ဥပမတ္ထ။
မဓု = မဓတိ ဥန္ဒတိ ဣတိ မဓု။ မဓ် + ဥ။ မညတိ = ဉာယတိ မဓုရန္တိ မဓု။ မန် + ဓု။

ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၁၁-ဇမ္ဗုကတ္ထေရဝတ္ထု

၇၀။ မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။
န သော သင်္ခါတဓမ္မာနံ၊ ကလံ အဂ္ဃတိ သောဠသိံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငယ်စဉ်ကပင် အဝတ်မဝတ်ပဲ ကျင်ကြီးကိုသာ စား၍ ၅၅-နှစ်ပတ်လုံး တက္ကတွန်းဘဝသို့ ရောက်ပြီးလျှင် ဘုရားရှင် တရားဟောသဖြင့် ရဟန္တာဖြစ်သော ဇမ္ဗုကထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော ပုဂ္ဂိုလ်တို့ တရားထူးရကြသည်။

အနက်

ယော ဗာလော၊ အကြင်မိုက်သောသူသည်။ မာသေ မာသေ၊ လတိုင်း လတိုင်း။ ကုသဂ္ဂေန၊ သမန်းမြက်ဖျားဖြင့်။ ဝဿတံ၊ အနှစ်တရာပတ်လုံး။ ဘောဇနံ၊ ဘောဇဉ်ကို။ ဘုဉ္ဇေယျ၊ စားရာ၏။ သော ဗာလော၊ ထိုလူမိုက်မျိုးသည်။ သင်္ခါတဓမ္မာနံ၊ သိအပ် နှိုင်းယှဉ်အပ်သော တရားရှိသော အရိယာပုဂ္ဂိုလ်တို့ကို။ သောဠသိံ ကလံ၊ တဆယ့်ခြောက်စိတ် စိတ်၍ တစိတ်မှ။ န အဂ္ဃတိ၊ အဖိုးမထိုက်။

စကားပြေ

ဘောဇဉ်ကို အနှစ်တရာပတ်လုံး သမန်းမြက်ဖျားဖြင့်သာ လတိုင်းလတိုင်း စားသောသူမိုက်သည် အရိယာပုဂ္ဂိုလ်တို့ကို တဆယ့်ခြောက်စိတ် စိတ်၍ တစိတ်မျှ အဖိုးမထိုက်။
အရိယာပုဂ္ဂိုလ်တို့၏ သံသယဖြစ်စရာရှိသော ဆွမ်းတထပ်စာ မစားပဲနေသော ကုသိုလ်စေတနာကို တဆယ့်ခြောက်စိတ် စိတ်၍ တစိတ်မျှကို နှစ်ပေါင်းတရာ သမန်းမြက်ဖျားဖြင့် စားသော ခြိုးခြံသော အကျင့်ရှိသော ဇမ္ဗုက၏ စေတနာသည် မမီနိုင် အဖိုးမတန်။
ဗာလော၊ ပိုင်းခြားအပ်သော တရားမရှိသူ၊ သီလစသည်တို့မှ ယုတ်လျော့သူ၊ တက္ကတွန်းကျောင်း၌ ခြိုးခြံသော အကျင့်ရှိသူ။
သင်္ခါတဓမ္မာနံ၊ သိအပ် နှိုင်းယှဉ်အပ်သော တရားရှိသော အရိယာပုဂ္ဂိုလ် (၃) ယောက်။

ကြောက်စရာ

အာဂန္တုရဟန်းအား မိမိဒကာက ပြုစုနေသည်ကို မနာလိုသဖြင့်-
၁။ သဌေးဆွမ်း စားရသည်ထက် ကျင်ကြီးစားရသည်က မြတ်သေးသည်။
၂။ သဌေးလှူတ်လိုက်သော ဆတ္တာသည်ကို ခေါင်းရိတ်ခံရသည်ထက် ထန်းစေ့ဖြင့် ဆံပင်ကို ညှပ်ပြီး နုတ်ရသည်က မြတ်သေးသည်။
၃။ သဌေးလှူသော သင်္ကန်းကို ဝတ်ရသည်ထက် မဝတ်မဝတ်ပဲ နေရသည်က မြတ်သေးသည်။
၄။ သဌေးယူလာသော ညောင်စောင်းပေါ် အိပ်ရသည်ထက် မြေပေါ် အိပ်ရသည်က မြတ်သေးသည်—
ဟု ဆဲရေးသည့်အပြင် ဆွမ်းခံခေါင်းလောင်းကို လက်သဲဖြင့် ထိုးခြင်း၊ ရဟန္တာဖို့ ဒကာက ထည့်လှူလိုက်သော ဆွမ်းကို လမ်းမှာ မြေမြှုပ်ပစ်ခဲ့ခြင်းကြောင့် အာဝါသိကရဟန်းဖြစ်သူသည် အနှစ်နှစ်သိန်းတိုင်တိုင် ရဟန်းတရား အားထုတ်ခဲ့သော်လည်း ဘုရားနှစ်ဆူကြား အဝီစိလားပြီး ဂေါတမဘုရားရှင် လက်ထက် ရာဇဂြိုဟ်ပြည် အစားအသောက် ပေါများသော သဌေးမျိုး၌ ဖြစ်ရသော်လည်း မွှေးလာသည်မှ ကြီးသည့်အထိ (၅၅) နှစ်ပတ်လုံး အဝတ်မဝတ်ပဲ ကျင်ကြီးစားပြီး ဆံပင်ကို ထန်းစေ့ဖြင့် နုတ်ကာ မြေပေါ်၌ပင် အိပ်နေရသည်။
အနှစ်နှစ်သိန်းတိုင်တိုင် ရဟန်းတရား အားထုတ်မှုကြောင့် ဧဟိဘိက္ခုရဟန်း ဖြစ်ရသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၁၃-၈)။
လူ၏သဘော၊ လူတို့သည် ပြောသောစကားမျှဖြင့်ပင် ခပ်များများ ယုံကြည်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၁၆။)

ပါဠိသဒ္ဒါခက်ဆစ်

ကုသဂ္ဂေန = ကုသာနံ အဂ္ဂော ကုသဂ္ဂော။ ကုသ + အဂ္ဂ။
သင်္ခါတဓမ္မာနံ = သင်္ခါတော ဓမ္မော သင်္ခါတဓမ္မော။ သင်္ခါတ + ဓမ္မ။

ဇမ္ဗုကတ္ထေရဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၁၂-အဟိပေတဝတ္ထု

၇၁။ န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။
ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နောဝ ပါဝကော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပုံသဏ္ဌာန်အားဖြင့် လူခေါင်းနှင့် တူ၍ မြွေကိုယ်ဖြစ်သော နှစ်ဆယ့်ငါးယူဇနာရှိသော မြွေပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သဇ္ဇုခီရံ၊ ညှစ်ပြီးစနို့ရည်သည်။ (ပကတိံ၊ ပကတိသဘောကို။) န မုစ္စတိ ဣဝ၊ မစွန့်မပြောင်းလဲသကဲ့သို့။ ကတံ၊ ပြုသစ်စဖြစ်သော။ ပါပံ ကမ္မံ၊ မကောင်းမှုကံသည်။ န ဝိပစ္စတိ၊ အကျိုးမပေးသေး။ ဘသ္မစ္ဆန္နော၊ ပြာဖုံးနေသော။ ပါဝကော ဣဝ၊ မီးခဲကဲ့သို့။ ဗာလံ၊ လူမိုက်သို့။ ဍဟန္တံ-ဍဟန္တော၊ လောင်ကျွမ်းစေလျက်။ အနွေတိ၊ အစဉ်လိုက်၏။

စကားပြေ

ညှစ်ပြီးစဖြစ်သော နို့ရည်သည် ရက်တက်ချဉ်ရည် မထည့်ခင် ပကတိသဘောကို မပြောင်းလဲသကဲ့သို့လည်းကောင်း၊ ပြာဖုံးနေသော မီးခဲသည် မပူသကဲ့သို့လည်းကောင်း၊ ပြုသစ်စအကုသိုလ်သည် ပြုဆဲအချိန် အကျိုးမပေးသော်လည်း ကုသိုလ်ကြောင့် ဖြစ်သော ခန္ဓာ ပျောက်ပျက်ချိန်တွင် အပါယ်ငရဲတို့၌ ခံစားရ၏။
သဇ္ဇုခီရံ ဣဝ၊ နွားမနို့မှ လောလေးဆယ် ထွက်သော နို့ရည်ပူသည် ရက်တက်ရည် မရောခင် ပကတိသဘောကို မပြောင်းလဲသကဲ့သို့ မကောင်းမှုကို ပြုဆဲအချိန် မကောင်းကျိုးမပေးသေးပဲ ကုသိုလ်ကြောင့် ဖြစ်ပေါ်သော ခန္ဓာများ ပျက်စီးလျှင်ကား အပါယ်ဘုံတို့၌ ဆင်းရဲခံစားရ၏။
ဘသ္မစ္ဆန္နောဝ၊ ပြာဖြင့် ဖုံးထားသော မီးခဲသည် နင်းသော်လည်း မပူသေးပဲ ပြာကို ယပ်ဖြင့် ခပ်သောအခါ မီးခဲသည် အရေမှစ၍ ဦးခေါင်းတိုင်အောင် လောင်နိုင်သကဲ့သို့ မကောင်းမှုသည် လူမိုက်သို့ ဒုတိယဘဝ၊ တတိယဘဝတို့၌ ငရဲသို့ ရောက်စေပြီး ပူလောင်လျက် လိုက်သည်။
ကျီးပြိတ္တာ၊ သံဃာရည်မှန်းလာသော ဆွမ်းကို သုံးလုတ်မျှ လုစားခဲ့မှုကြောင့် ခန္ဓာကိုယ် အမြင့် ၂၅-ယူဇနာ ရှိပြီး ခေါင်းက ကိုးယူဇနာ၊ လျှာက ငါးယူဇနာ ရှိသော ကျီးပြိတ္တာဖြစ်ရသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၂၁)။
မြွေပြိတ္တာ၊ လယ်သမားတယောက်သည် ပစ္စေကဗုဒ္ဓါတပါး၏ ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် လူအများ ရိုက်သတ်၍ သေဆုံးပြီး အဝီစိငရဲရောက်ပြီးလျှင် ခန္ဓာကိုယ် ၂၅-ယူဇနာ ရှိသော မြွေပြိတ္တာဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၂၂)

အဟိပေတဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၁၃-သဋ္ဌိကုဋပေတဝတ္ထု

၇၂။ ယာဝဒေဝ အနတ္ထာယ၊ ဉတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုက္ကံသံ၊ မုဒ္ဓမဿ ဝိပါတယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သံတူအလုံးခြောက်သောင်း မပြတ်ရိုက်နှက်ခံရသော သုံးဂါဝုတ်ပမာဏရှိသော ပစ္စေကဗုဒ္ဓါအား ပြစ်မှားဖူးသော သဋ္ဌိကုဋပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဗာလဿ၊ သူမိုက်၏။ ဉတ္တံ၊ အတတ်ပညာသည်။ ယာဝဒေဝ၊ အကြင်မျှလောက်။ ဗာလဿ၊ သူမိုက်အား။ အနတ္ထာယ၊ အကျိုးမရန်။ ဇာယတိ၊ ဖြစ်၏။ ဗာလဿ၊ သူမိုက်၏။ သုက္ကံသံ၊ ကုသိုလ်အစုကို။ ဟန္တိ၊ ဖျက်ဆီး၏။ အဿ၊ ထိုသူမိုက်၏။ မုဒ္ဓံ၊ ပညာဟူသော ဦးထိပ်ကို။ ဝိပါတယံ-ဝိပါတယန္တော၊ ပြတ်၍ ကျစေလျက်။ ဟန္တိ၊ ဖျက်ဆီးတတ်၏။

စကားပြေ

သူမိုက်၏ အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန် ဖြစ်၍ သူမိုက်၏ ကုသိုလ်အစုကိုလည်းကောင်း၊ ပညာဟူသော ဦးထိပ်ကိုလည်းကောင်း ပြတ်၍ ကျစေလျက် ဖျက်ဆီးလေသည်။
သုက္ကံသံ၊ ကုသိုလ်အစု ရ၏။
မုဒ္ဓံ၊ ပညာ ရ၏။
ပစ္စေကဗုဒ္ဓါအား ခဲဖြင့်ပစ်မှု၊ ဗာရာဏသီပြည်သား တယောက်သည် မိမိပညာကို စမ်းသည့်အနေဖြင့် သုနေတ္တ ပစ္စေကဗုဒ္ဓါ နားတွင်းသို့ ကျောက်ခဲဖြင့် ပစ်သွင်းခဲ့မှုကြောင့် လူအများ ရိုက်သတ်ခံရ၍ သေဆုံးကာ အဝီစိငရဲသို့ ရောက်ပြီးလျှင် ခန္ဓာကိုယ် သုံးဂါဝုတ်မျှ ရှိသော ပြိတ္တာဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၂၆။)

ပါဠိသဒ္ဒါခက်ဆစ်

ဉတ္တံ = ဉာယတိ ဉတ္တံ။ ဉာ + တ။
ဟန္တိ = ဟန် + အ + တိ။
သုက္ကံသံ = သုက္ကော အံသော သုက္ကံသော။ သုက္က + အံသ။
မုဒ္ဓံ = မုဒ္ဓံ + အဿ။ မုဒ္ဓံ = မောဒန္တိ ဧတ္ထ ဦကာဒယော ဣတိ မုဒ္ဓာ။ မုဒ် + ဓ။ မုဒ္ဓာ ဝိယ မုဒ္ဓာ။
ဝိပါတယံ = ဝိပါတေတိ ဣတိ ဝိပါတယန္တော။ ဝိ + ပတ + ယ + အန္တ။

သဋ္ဌိကုဋပေတဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၁၄-စိတ္တဂဟပတိဝတ္ထု

၇၃။ အသန္တံ ဘာဝနမိစ္ဆေယျ၊ ပုရေက္ခာရဉ္စ ဘိက္ခုသု။
အာဝါသေသု ဣဿရိယံ၊ ပူဇာ ပရကုလေသု စ။
၇၄။ မမေဝ ကတ မညန္တု၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော။
မမေဝာတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိစိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာမာနော စ ဝဍ္ဎတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မစ္ဆိကာသဏ္ဍမြို့တွင် ပဉ္စဝဂ္ဂီအပါအဝင် မဟာနာမ်၏ တရားဖြင့် သောတာပန်၊ ရှင်သာရိပုတ္တရာ၏ တရားဖြင့် အနာဂါမ်ဖြစ်သော စိတ္တသူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဗာလော၊ မလိမ္မာသော။ ယော ဘိက္ခု၊ အကြင်ရဟန်းသည်။ အသန္တံ၊ ထင်ရှားမရှိသော။ ဘာဝနံ၊ ချီးမွမ်းခြင်းကိုလည်းကောင်း။ ဘိက္ခုသု၊ ရဟန်းတို့၌။ ပုရေက္ခာရဉ္စ၊ ရွှေသွားခေါင်းဆောင်အဖြစ်ကိုလည်းကောင်း။ အာဝါသေသု စ၊ သံဃိကကျောင်းနေရာတို့၌လည်းကောင်း။ ဣဿရိယံ၊ အစိုးရခြင်းကိုလည်းကောင်း။ ပရကုလေသု စ၊ ဆွေမျိုးမဟုတ်သော ဒါယကာတို့၌လည်း။ စတူဟိ ပစ္စယေဟိ၊ ပစ္စည်းလေးပါးတို့ဖြင့်။ ပူဇံ၊ ပူဇော်ခြင်းကိုလည်းကောင်း။ ဣစ္ဆေယျ၊ အလိုရှိရာ၏။
ဂိဟီ စ၊ လူတို့သည်လည်းကောင်း။ ပဗ္ဗဇိတာ စ၊ ရှင်ရဟန်းတို့သည်လည်းကောင်း။ ဥဘော၊ နှစ်ဦးတို့သည်။ မမေဝ၊ ငါ့ကိုသာလျှင်။ နိဿာယ၊ အမှီပြု၍။ ကတံ၊ ပြုလုပ်သော အမှုတည်း။ မညန္တု၊ မှတ်ထင်စေကုန်သတည်း။ ကိသ္မိစိ၊ တစုံတခုသော။ ကိစ္စာကိစ္စေသု၊ အမှုကြီးငယ်တို့၌။ မမေဝ၊ ငါ့ကိုသာလျှင်။ အတိဝသာ၊ အလိုသို့ လိုက်ကုန်သည်။ အဿု၊ ဖြစ်စေကုန်သတည်း။ ဣတိ၊ ဤသို့။ ဗာလဿ၊ မိုက်သော ရဟန်းအား။ သင်္ကပ္ပေါ စ၊ အကြံအစည်သည်လည်းကောင်း။ ဣစ္ဆာ စ၊ အလိုသည်လည်းကောင်း။ မာနော စ၊ မာန်မာနသည်လည်းကောင်း။ ဝဍ္ဎတိ၊ တိုးပွား၏။

စကားပြေ

မိုက်သောရဟန်းသည် မိမိ၌ ထင်ရှားမရှိသော သဒ္ဓါသီလစသော ဂုဏ်တို့ဖြင့် ချီးမွမ်းခြင်းကိုလည်းကောင်း၊ သံဃာပေါင်းတွင် မိမိဦးစီးခေါင်းဆောင်အဖြစ်ကိုလည်းကောင်း၊ ကျောင်းနေရာတို့၌ နေရာချထားရန် အစိုးရခြင်းကိုလည်းကောင်း၊ ဒါယကာဘို့၏ ပစ္စည်းလေးပါးတို့ဖြင့် ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏။
ရဟန်းရှင်လူတို့သည် အမှုကိစ္စမှန်သမျှ ငါ့ကြောင့် ပြီးစီးသည်ဟု မှတ်ထင်စေလိုသည့်အပြင် ပြုလုပ်သော ကိစ္စကြီးငယ်တို့သည် ငါ့အလိုတိုင်းသာ ဖြစ်စေရမည်ဟု ဖြစ်သော ရဟန်းအား မကောင်းသော အကြံ၊ အလို၊ မာန်မာနများ တိုးပွား၍ ဝိပဿနာမဂ်ဖိုလ်တို့ မတိုးပွားနိုင်။
အသန္တံ၊ ထင်ရှားမရှိသော သဒ္ဓါ၊ သီလ၊ သုတ၊ ပဋိဝိဒ္ဓ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ရ၏။
ဣစ္ဆာ၊ ခြောက်ဒွါရ၌ ဖြစ်သော တဏှာ ရ၏။
မာနော၊ ခြောက်ဒွါရ၌ ဖြစ်သော ကိုးပါးသော မာန် ရှိ၏။
သတိပြုဖွယ်၊ ရဟန်းမည်သည် ငါ့ကျောင်း၊ ငါ့နေရာ၊ ငါ့ဒါယကာ၊ ငါ့ဒါယိကာမ ဟု မာနထောင်မှု၊ ငြူစူမှု မပြုသင့်။ ပြုလျှင် ဣဿာ၊ မာနစသော ကိလေသာများ တိုးပွားသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၂၈)။
စိတ္တသူကြွယ်၊ အနာဂါမ် စိတ္တသူကြွယ်လောင်း သားမုဆိုးသည် ဘုရားရှင်လက်ထက်၌ ဆုတောင်းပြီး ပန်းနှင့် ဆွမ်းဟင်းလှူခဲ့မှုကြောင့် ပန်းမိုးရွာခြင်း၊ လက်ဆောင်များ ရခြင်းစသော အကျိုးရသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၃၂)။

ပါဠိသဒ္ဒါခက်ဆစ်

ပုရေက္ခာရဉ္စ = ပုရေ ကရောတီတိ ပုရေက္ခာ။ ပုရ + ကရ် + ဏ။
ပရကုလေသု = ပရံ ကုလံ ပရကုလံ။ ပရ + ကုလ။
ဣဿရိယံ = ဣဿရာနံ ဣဒံ ဣဿရိယံ။ ဣဿရ + ဣယ။
အတိဝသာ = ဝသံ အတိ အတိဝသံ။ အတိ + ဝသံ + ဝသ။
ကိစ္စာကိစ္စေသု = ကိစ္စဉ္စ အကိစ္စဉ္စ ကိစ္စာကိစ္စံ။ ကိစ္စ + အကိစ္စ။

စိတ္တဂဟပတိဝတ္ထု ပြီး၏။
---

၅-ဗာလဝဂ်။ ၁၅-ဝနဝါသိတိဿသာမဏေဝတ္ထု

၇၅။ အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။
ဧဝမေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိန္ဒေယျ၊ ဝိဝေကမနုဗြူဟယေ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှင်သာရိပုတ္တရာ၏ ခမည်းတော် ဝင်္ဂန္တပုဏ္ဏား၏ မိတ်ဆွေ မဟာသေနပုဏ္ဏား လူဝင်စားဖြစ်သော ဝနဝါသိတိဿသာမဏေကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

လာဘူပနိသာ၊ လာဘ်ရကြောင်း အကျင့်သည်။ အညာ ဟိ၊ တမျိုးတခြား သာတည်း။ အညာ၊ နိဗ္ဗာနဂါမိနီ၊ နိဗ္ဗာန်ရကြောင်း အကျင့်သည်။ အညာ-အညာ ဧဝ၊ တမျိုးတခြား သာတည်း။ ဧတံ၊ ဤသို့ ဤအကျင့်နှစ်ပါးကို။ အဘိညာယ၊ ခွဲခြား၍ သိသောကြောင့်။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာဝကော၊ တပည့်သားဖြစ်သော။ ဘိက္ခု၊ ရဟန်းသည်။ သက္ကာရံ၊ လာဘ်ပူဇော်သက္ကာရကို။ နာဘိနန္ဒေယျ၊ မနှစ်သက်ရာ။ ဝိဝေကံ၊ ဝိဝေကသုံးပါးကို။ အနုဗြူဟယေ၊ တိုးပွားစေရာ၏။

စကားပြေ

လာဘ်ရကြောင်း အကျင့်နှင့် နိဗ္ဗာန်ရကြောင်း အကျင့်နှစ်ပါးကို ကွဲပြားခြားနားသည်ကို သိသောကြောင့် ဘုရားရှင်၏ တပည့်သားသည် လာဘ်ပူဇော်သက္ကာရကို မနှစ်သက်ပဲ ဝိဝေကသုံးပါးကို ပွားစေရာ၏။
လာဘူပနိသာ၊ ကိုယ်နှုတ်ဖြင့် ကောက်ကျစ်စဉ်းလဲစွာ ပြု၍ ရသော လာဘ်သည် အဓမ္မိကလာဘ်မည်သည်။ ရူပကာယ ပြည့်စုံခြင်း၊ သင်္ကန်းဝတ်ရုံခြင်း၊ အကြားအမြင်များခြင်း ဟူသော အကြောင်းဖြင့် ရသော လာဘ်သည် ဓမ္မိကလာဘ်မည်သည်။ ဤ၌ အဓမ္မိကလာဘ် ရခြင်းအကြောင်း ဖြစ်သော အကျင့်ကို ဆိုလိုသည်။
နိဗ္ဗာန်ရကြောင်း အကျင့်ဟူသည်ကား၊ ကိုယ်နှုတ်တို့ဖြင့် ကောက်ကျစ်စဉ်းလဲမှုတို့ကို ပယ်၍ သော်လည်းကောင်း၊ မကန်းသော်လည်း ကန်းသယောင်၊ မဆံ့သော်လည်း ဆံ့အသယောင် ပြုမှုတို့ကို ပယ်၍ သော်လည်းကောင်း၊ မစဉ်းလဲ မကောက်ကျစ်သော အကျင့် ဖြစ်သည်။
ဝိဝေကံ၊ တယောက်တည်းနေခြင်းတည်း ဟူသော ကာယဝိဝေက၊ သမာပတ် (၈) ပါး ဟူသော စိတ္တဝိဝေက၊ နိဗ္ဗာန်ဟူသော ဥပဓိဝိဝေက သုံးပါး ရ၏။ ကာယဝိဝေကသည် ဂိုဏ်းဖြင့် ပေါင်းဖော်ခြင်းကို ပယ်သည်။ စိတ္တဝိဝေကသည် ကိလေသာဖြင့် ပေါင်းဖော်ခြင်းကို ပယ်သည်။ ဥပဓိဝိဝေကသည် သင်္ခါရဖြင့် ပေါင်းဖော်ခြင်းကို ပယ်သည်။
ဘုရားရှင်တိုင်း ဟောကြားသောတရား၊ ၃၂-ကောဋ္ဌာသ အပြည့်အစုံ မဟောသင့်သော အရွယ်၌ တစပဉ္စကကိုသာ ဟောသင့်သည်။ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေဟူသော ငါးပါးကို တစပဉ္စက ခေါ်သည်။ ဤတစပဉ္စကသည် ဘုရားရှင်တိုင်း လက်မလွှတ်သော ကမ္မဋ္ဌာန်း ဖြစ်သည်။ ၃၂-ကောဋ္ဌာသ တခုခုဖြင့်ပင် ရဟန္တာဖြစ်သွားသူများသည် မရေမတွက်နိုင်အောင် ရှိသည်။
တိဿသာမဏေ၏ လက်သုံးတရား၊ အသက် ၇-နှစ်အတွင်း တိဿ၊ ပိဏ္ဍဒါယကာတိဿ၊ ကမ္ဗလဒါယကာတိဿ၊ ဝနဝါသိတိဿ ဟု နာမည်လေးမျိုး ရသော တိဿသာမဏေသည် မိမိဒါယကာ ဒါယိကာမများကို “သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ” ဟူသော တရားနှစ်ပုဒ်ကိုသာ ဟောလေ့ရှိသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၃၈)။
သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ၊ ဥပဇ္ဈာယ်ဆရာဖြစ်သူ အရှင်သာရိပုတ္တရာ၏ အမိန့်အရ အရဟတ္တဖိုလ်ကို ရသူအား ချမ်းသာခြင်း ဖြစ်၏။ အရဟတ္တဖိုလ်ကို ရသူသည်သာ ဆင်းရဲမှ လွှတ်နိုင်၏။ ကြွင်းပုဂ္ဂိုလ်တို့သည် ဇာတိစသော ဒုက္ခ၊ နိယစသော ဒုက္ခမှ မလွတ်နိုင်ပါဟု “သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ” ဆိုလိုရင်း အဓိပ္ပာယ်ကို လျှောက်ထားသည် (ဓမ္မ၊ဋ္ဌ၊၁၊၁၄၀)။
သတ္တဝါတယောက်၏ မျက်ရည်၊ သတ္တဝါတယောက်ယောက်၏ ဆင်းရဲသို့ ရောက်သော အခါ ငိုကြွေးရသဖြင့် ထွက်ကျသော မျက်ရည်တို့သည် သမုဒ္ဒရာလေးစင်းရှိ ရေတို့ထက် များလေသည်။
မသေဖူးသေးရာ၌ သေသူ၊ မြေ၌ ခန္ဓာကိုယ်ကို ပစ်ချ၍ သေသော သတ္တဝါတို့တွင် မသေဖူးသောအရပ်၌ သေသူသည် ရောဟိဏီမြစ်အလယ် ထန်း ၇-ဆင့်မျှ မြင့်သော ကောင်းကင်၌ ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် တေဇောဓာတ် လောင်ကာ ပရိနိဗ္ဗာန်စံသော အသက် တစ်ရာ့နှစ်ဆယ် ရှိသော အရှင်အာနန္ဒာပင် ဖြစ်သည်။
အကျင့်နှစ်မျိုး၊ လာဘ်ကို မျှော်ကိုး၍ ဓုတင်အကျင့်စသည် ကျင့်သူအတွက် အပါယ်တံခါး ပွင့်နေသည်။ လာဘ်ကို မမျှော်ကိုးပဲ တောတွင်းသို့ ဝင်၍ နိဗ္ဗာန်ရကြောင်း အကျင့်ကို ကျင့်သူသည် အရဟတ္တဖိုလ်ကို ရနိုင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄၂)။

ပါဠိသဒ္ဒါခက်ဆစ်

လာဘူပနိသာ = လာဘဿ ဥပနိသာ လာဘူပနိသာ။ လာဘ + ဥပနိသာ။
ဥပနိသာ = ဥပနိသီဒတိ ဖလံ ဧတ္ထာတိ ဥပနိသာ။ ဥပ + နိ + သဒ် + ကွိ။
နိဗ္ဗာနဂါမိနီ = နိဗ္ဗာနံ ဂစ္ဆတိ ဧတာယာတိ နိဗ္ဗာနဂါမိနီ။ နိဗ္ဗာန + ဂမု + ဏီ + ဣနီ။
သက္ကာရံ = သတံ ကာရော သက္ကာရော။ သန္တ + ကာရ။
ဝိဝေကံ = ဝိဝိစနံ ဝိဝေကော။ ဝိ + ဝိစ် + ဏ။
ဝနဝါသိတိဿသာမဏေဝတ္ထု ပြီး၏။

ဗာလဝဂ် ပြီး၏။
---

၆-ပဏ္ဍိတဝဂ်

၁-ရာဓတ္ထေရဝတ္ထု

၇၆။ နိဓီနံဝ ပဝတ္တာရံ၊ ယံ ပဿေ ဝဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အပြစ်ကိုပြ၍ ဆုံးမသော်လည်း အမျက်မထွက်ပဲ ဆိုဆုံးမသွယ်ခသော ရာဓထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဝဇ္ဇဒဿိနံ၊ အပြစ်ကိုဖော်ပြတတ်သော။ နိဂ္ဂယှဝါဒိံ၊ နှိပ်ချ၍ ဆုံးမလေ့ရှိသော။ မေဓာဝိံ၊ ပညာရှိကို။ နိဓိနံ၊ မြှုပ်ထားသောရွှေအိုးကို။ ပဝတ္တာရံ ဣဝ၊ ပြောကြားလာသူကဲ့သို့။ ယံ ပဿေ၊ အကြင်ရှုရာ၏။ တာဒိသံ၊ ထိုကဲ့သို့သဘောရှိသော။ ပဏ္ဍိတံ၊ ပညာရှိကို။ ဘဇေ၊ ဆည်းကပ်ရာ၏။ တာဒိသံ၊ ကို။ ဘဇမာနဿ၊ ဆည်းကပ်သောသူအား။ သေယျော၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ပါပိယော၊ ယုတ်ညံ့သည်။ န ဟောတိ၊ မဖြစ်။

စကားပြေ

အပြစ်ကို ဖော်ပြ၍ နှိပ်ချဆုံးမလေ့ရှိသော ပညာရှိကို မြှုပ်ထားသောရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ် ဆည်းကပ်သူအား မယုတ်ညံ့သည့်အပြင် တဆင့်ထက်တဆင့် မြင့်မြတ်လာနိုင်သည်။

နိန္ဒံ —အရ မြေ၌မြှုပ်ထားသော ရွှေအိုး ငွေအိုး ပတ္တမြားအိုး အစရှိသည် ရ၏။
ပဝတ္တာရံ —အရ ဆင်းဆင်းရဲရဲ အသက်မွေးရသော လူဆင်းရဲကို သနားသဖြင့် ခေါ်ပြီးလျှင် ချမ်းသာစွာ အသက်မွေးရန် ပြအံ့ဟု ရွှေအိုးငွေအိုးထားရာအရပ်ကို ခေါ်ဆောင်၍ ဤရွှေအိုး ငွေအိုးကိုယူ၍ ချမ်းသာစွာ အသက်မွေးလော့ဟု ပြောကြားသူတို့ရ၏။
ဝဇ္ဇဒဿိ —အရ (၁) ချွတ်ယွင်းချက် မလျောက်ပတ်ချက်တို့ကို သံဃာ့အလယ်၌ဖိနှိပ်ချုပ်ချယ်အံ့ဟု အပြစ်ကိုရှာသောသူ။ (၂) မသိသော အရာကို သိစေရန် သိပြီးသော အရာကို ရှင်းလင်းစေရန် သီလစသည် တိုးပွားစေရန် အပြစ်ကိုကြည့်၍နေသူ၊ ၂-မျိုးတွင် ၂-နံပါတ် ပုဂ္ဂိုလ်ကို ယူရမည်။
နိဂ္ဂယှဝါဒိ— အပြစ်ရှိသည်ကို အပြစ်ရှိသည့်အတိုင်း ပြောဆိုခြိမ်းခြောက်၍ ဒဏ်ထားခြင်း ကျောင်းမှနှင်ထုတ်ခြင်းကို ပြုသောသူသည် နိဂ္ဂယှဝါဒိမည်၏။ ချွတ်ယွင်းသောအမှုကို မြင်လျက် ဤသူသည် ငါ့အား ရိုသေစ္စာပြုစု၏။ အပြစ်ကိုပြောဆိုကာ ငါ့ကိုမပြုစုပဲ နေလိမ့်မည်ဟု ပြောဆိုခြင်းငှာ မဝံ့သောသူသည် နိဂ္ဂယှဝါဒိ မမည်။
ဆုံးမလွယ်သူ— ရဟန်းတော်များသည် ရာဓထေရ်ကဲ့သို့ ဆုံးမလွယ်သူ ဖြစ်ရမည်။ အပြစ်ပြ၍ ဆုံးမသော်လည်း စိတ်မဆိုးရ၊ ဩဝါဒပေးသူကို ရွှေအိုးပြသူကဲ့သို့ ထင်မှတ်ရမည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄၇။)

ပါဠိသဒ္ဒါခက်ဆစ်

နိန္ဒံ = နိဓိ + ဣဝ ။ နိဓိ = နိဓီယတိ ဣတိ နိဓိ။ နိ + ဓာ + ဣ။
ပဝတ္တာရံ = ပဝစတိ ဣတိ ပဝတ္တာ။ ပ + ဝစ် + တု။
ဝဇ္ဇဒဿိနံ = ဝဇ္ဇံ ပဿတိ သီလေန ဣတိ ဝဇ္ဇဒဿီ။ ဝဇ္ဇ + ဒိသ် + ဏီ။
နိဂ္ဂယှဝါဒိ = နိဂ္ဂယှ ဝဒတိ သီလေန ဣတိ နိဂ္ဂယှဝါဒီ။ နိဂ္ဂယှ + ဝဒ် + ဏီ။
ပါပိယော = ပါပါနံ ဝိသေသော ပါပိယော။ ပါပ + ဣယ။

ရာဓတ္ထေရဝတ္ထု ပြီး၏။
---

၂-အဿဇိပုနဗ္ဗသုကဝတ္ထု

၇၇။ ဩဝဒေယျာနုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဂ္ဂသာဝကနှစ်ပါးတို့၏ သဒ္ဓိဝိဟာရိကတပည့် ဖြစ်သော အရှက်မရှိသော အဿဇိပုနဗ္ဗသုက ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယော၊ အကြင်သူသည်။ ဩဝဒေယျ၊ ဆုံးမရာ၏။ (ဝါ) မျက်မှောက်ဆုံးမရာ၏။ (ဝါ) တကြိမ်ပြောဆို ဆုံးမရာ၏။ အနုသာသေယျ၊ ကြိုတင်ဆုံးမရာ၏။ (မျက်ကွယ်ဆုံးမရာ၏ (ဝါ) အကြိမ်ကြိမ်ဆုံးမရာ၏။) အသဗ္ဘာ စ၊ မကောင်းမှု အကုသိုလ်မှလည်း။ နိဝါရယေ၊ တားမြစ်ရ၏။ သော၊ ထိုဆုံးမသောသူကို။ သတံ၊ သူတော်ကောင်းတို့သည်။ ပိယော၊ ချစ်ခင်နှစ်သက်အပ်သည်။ ဟောတိ၊ ဖြစ်၏။ အသတံ၊ မသူတော်တို့သည်။ ပိယော၊ ချစ်ခင်နှစ်သက်သည်။ န ဟောတိ၊ မဖြစ်။

စကားပြေ

အမှုပေါ်မှသော်လည်းကောင်း၊ ကြိုတင်၍သော်လည်းကောင်း၊ တကြိမ်သော်လည်းကောင်း၊ အကြိမ်များစွာသော်လည်းကောင်း၊ မျက်မှောက်သော်လည်းကောင်း၊ မျက်ကွယ်၌သော်လည်းကောင်း ဆိုဆုံးမသောသူကို သူတော်ကောင်းများ ချစ်ခင်နှစ်သက်သော်လည်း မသူတော်တို့က မချစ်ခင်မနှစ်သက်ကြချေ။

ဩဝဒေယျ— အမှုရောက်သောအခါ ဆုံးမခြင်း၊ မျက်မှောက်ဆုံးမခြင်း၊ တကြိမ်တခါဆုံးမခြင်း။
အနုသာသေယျ— အမှုမရောက်ခင် ကြိုတင်ဆုံးမခြင်း၊ မျက်ကွယ်မှာ တစုံတယောက်သောသူကို တမန်ဖြင့်လည်းကောင်း စာဖြင့်လည်းကောင်း စေလွှတ်၍ ဆုံးမခြင်း ဖန်ဖန်ဆုံးမခြင်း။
သတံ၌— သန္တရ ဘုရားအစရှိသော သူတော်ကောင်းရ၏။
အသတံ၌— အသန္တ အရ သစ္စာတရားတို့ကို မသိမြင်သေးသော ပစ္စည်းလာဘ်လာဘကိုသာ ကြည့်၍ အသက်မွေးလွယ်အောင် သာသနာ့ဘောင်သို့ ဝင်သောသူရ၏။
ဆုံးမမှုကို မနှစ်သက်သူနှင့် နှစ်သက်သူ— ဆုံးမသွန်သင်မှုကို သူယုတ်မာများ မနှစ်သက်သော်လည်း သူတော်ကောင်းများက နှစ်သက်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄၉။)

ပါဠိသဒ္ဒါခက်ဆစ်

အသဗ္ဗာ = န သဗ္ဘော အဗ္ဘော။ န + သဗ္ဘ။
သဗ္ဗော = သဘာယံ သာဓု သ‌ဗ္ဘော။ သဘာ + ဏျ။

အဿဇိပုနဗ္ဗသုကဝတ္ထု ပြီး၏။
---

၃-ဆန္ဒတ္ထေရဝတ္ထု

၇၈။ န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဖွားဖက်တော်ဖြစ်၍ တောထွက်စဉ်က ဘုရားအလောင်းနှင့် ပါလာသော်လည်း အဂ္ဂသာဝကနှစ်ပါးတို့ကို ဆဲရေးနေသော ဆန္ဒမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ပါပကေ၊ ယုတ်မာကုန်သော။ မိတ္တေ၊ မိတ်ဆွေတို့ကို။ န ဘဇေ၊ မဆည်းကပ်ရာ။ ပုရိသာဓမေ၊ ယုတ်မာသောအမှုကို တိုက်တွန်းသော ပုဂ္ဂိုလ်တို့ကို။ န ဘဇေ၊ မဆည်းကပ်ရာ။ ကလျာဏေ၊ ကောင်းကုန်သော။ မိတ္တေ၊ မိတ်ဆွေတို့ကို။ ဘဇေထ၊ ဆည်းကပ်ရာ၏။ ပုရိသုတ္တမေ၊ ပုဂ္ဂိုလ်မြတ်တို့ကို။ ဘဇေထ၊ ဆည်းကပ်ရာ၏။

စကားပြေ

ယုတ်မာသောမိတ်ဆွေနှင့် ယုတ်မာသောအမှုကို တိုက်တွန်းသော ပုဂ္ဂိုလ်ကို မဆည်းကပ်ရာ၊ ကောင်းသောမိတ်ဆွေနှင့် မြတ်သောပုဂ္ဂိုလ်ကို ဆည်းကပ်ရာ၏။

ပါပမိတ္တ —အရ ကာယဒုစရိုက်အစဉ်သော အကုသိုလ်အမှုတို့၌ မွေ့လျော်သော ပုဂ္ဂိုလ်ရ၏။
ပုရိသာဓမ— မလုပ်သင့် မလုပ်ထိုက်သော ခြံစည်းရိုးကို ဖျက်ဆီးသူ (၂၁)ပါးသော အနေသနတို့ကို ပြုသော သူရ၏။
ကလျာဏမိတ္တ —အရ ကာယသုစရိုက်စသော ကုသိုလ်မှု၌ မွေ့လျော်သူရ၏။
ပုရိသုတ္တမ —အရ ခြံစည်းရိုးကို မဖျက်ဆီးသူ၊ အနေသနကို မပြုသူရ၏။
ဆန္ဒထေရ်— ဘုရားလောင်း တောထွက်သည်မှစ၍ အတူတူပါသော ပုဂ္ဂိုလ်ပင်ဖြစ်သော်လည်း မာန်မာန ကြီးမားနေပြီး အဂ္ဂသာဝကနှစ်ပါးတို့အား ဆဲရေးနေသော ဆန္ဒထေရ်သည် ဘုရားရှင်ကိုယ်တိုင် သုံးကြိမ်ခေါ်၍ ဆုံးမသော်လည်း မရသဖြင့် ဘုရားရှင် ပရိနိဗ္ဗာန်စံသောအခါ ဗြဟ္မဒဏ်အပေးခံရသောကြောင့် မာနလျော့ကာ ရှင်အာနန္ဒာ ပြုပြင်ပေးသဖြင့် ရဟန္တာဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၅၀။)

ပါဠိသဒ္ဒါခက်ဆစ်

မိတ္တေ = မိဒတိ သိနေဟံ ကရောတိ ဣတိ မိတ္တော။ မိဒ် + တ။
ပုရိသာဓမေ = ပုရိသော + အဓမော ပုရိသော ပုရိသာဓမော။ ပုရိသ + အဓမ။
ကလျာဏေ = ကလိတဗ္ဗော သင်္ခတဗ္ဗော ဣတိ ကလျာဏော။ ကလ် + ယာဏ။
ပုရိသုတ္တမေ = ဥတ္တမော ပုရိသော ပုရိသုတ္တမော။ ပုရိသ + ဥတ္တမ။

ဆန္ဒတ္ထေရဝတ္ထု ပြီး၏။
---

၄-မဟာကပ္ပိနတ္ထေရဝတ္ထု

၇၉။ ဓမ္မပီတိ သုခံ သေတိ၊ ဝိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အခြံအရံနှင့်တကွ ရဟန္တာဖြစ်၍ “အဟော သုခံ အဟော သုခံ (ချမ်းသာလေစွ ချမ်းသာလေစွ)” ဟု ဥဒါန်းကျူးနေသော မဟာကပ္ပိနထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့သည် သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဓမ္မပီတိ၊ တရားတည်းဟူသော အမြိုက်ရေကို သောက်ရသောသူသည်။ ဝိပ္ပသန္နေန၊ အထူးကြည်လင်သန့်ရှင်းသော။ စေတသာ၊ စိတ်ဖြင့်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။ ပဏ္ဍိတော၊ ပညာရှိသည်။ သဒါ၊ အခါခပ်သိမ်း။ အရိယပ္ပဝေဒိတေ၊ အရိယာသူတော်ကောင်းတို့ ဟောကြားအပ်သော။ ဓမ္မေ၊ ဗောဓိပက္ခိယတရား၌။ ရမတိ၊ မွေ့လျော်၏။

စကားပြေ

တရားတည်းဟူသော အမြိုက်ရေကို သောက်ရသော ပညာရှိသည် အခါခပ်သိမ်း အထူးကြည်လင်သန့်ရှင်းသော စိတ်ဖြင့် ချမ်းသာစွာ နေပြီးလျှင် အရိယာသူတော်ကောင်းတို့ ဟောကြားထားသော ဗောဓိပက္ခိယတရား၌ မွေ့လျော်ပျော်ပိုက်၏။

ဓမ္မတို့ ဓမ္မ—အရ ကိုးပါးသော လောကုတ္တရာတရားရှိ၏။
[တရားကိုသောက်သည်ဟူသည်]— ယာဂုစသည်ကို ပန်းကန်စသည်ဖြင့် သောက်သကဲ့သို့ မဟုတ်ပဲ လောကုတ္တရာတရား ကိုးပါးကို နာမကာယဖြင့် တွေ့ထိလျက် အာရုံပြုသောအားဖြင့် မျက်မှောက်ပြုကာ ဒုက္ခသစ္စာစသည်တို့ကို ထိုးထွင်း၍ သိနိုင်ခြင်းကို ဆိုလိုပါသည်။
သုခံ သေတိ၌ သေတိ —အရ ဣရိယာပုထ်လေးပါးဖြင့် ချမ်းသာစွာ နေရခြင်းရ၏။
ဝိပ္ပသန္န— ကိလေသာ မရှိခြင်းပင် ဖြစ်သည်။
အရိယပ္ပဝေဒိတဓမ္မ —အရ ဘုရားအစရှိသော အရိယပုဂ္ဂိုလ်တို့သိအပ်သော သတိပဋ္ဌာန်စသော ဗောဓိပက္ခိယတရားရ၏။
စုပေါင်းအလှူ— စုပေါင်း၍ ကောင်းမှုပြုခဲ့မှုကြောင့် ဖြစ်လေရာဘဝဝယ် မဟာကပ္ပိနနှင့် အမတ်များသည် အတူတကွ စည်းစိမ် စံစားရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၅၃။)
ဧဟိ ဘိက္ခုရဟန်း ဖြစ်ထိုက်သူ— ပစ္စေကဗုဒ္ဓါတထောင်ကို သင်္ကန်းတထောင် ကဿပဘုရားရှင်လက်ထက်၌ ရဟန်းနှစ်သောင်းကို တိစီဝရိက် နှစ်သောင်း လှူခဲ့မှုကြောင့် မဟာကပ္ပိနမင်းနှင့် အမတ်တထောင်တို့သည် ဧဟိဘိက္ခု ရဟန်းများ ဖြစ်ကြရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၅၆။)
အနောဇာမိဖုရား၏ ကောင်းသောဆုံးဖြတ်ချက်— ရှင်ဘုရင်ထွေးပစ်သော တံတွေးပေါက်ကို ဒူးတုပ်၍ ပါးစပ်ဖြင့် မခံယူလို။ စည်းစိမ်ဥစ္စာသည် ရှင်ဘုရင်အားသာ ဒုက္ခပေးမည်မဟုတ်၊ ငါ့အားလည်း ဒုက္ခပေးမည်သာ၊ ငါသည် စည်းစိမ်ဥစ္စာကို အလိုမရှိဟု စည်းစိမ်အားလုံးပယ်စွန့်ကာ အနောဇာမိဖုရားသည် ဘိက္ခုနီမ ပြုသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၅၇။)
သိန္ဓောမြင်း— သိန္ဓောမြင်းတို့၏ခြေသည် အလွန် လျင်မြန်သွက်လက်သဖြင့် ခြေရာမထင်သဖြင့် ခြေရာကို မမြင်နိုင်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၅၇။)

မဟာကပ္ပိနတ္ထေရဝတ္ထု ပြီး၏။
---

၅-ပဏ္ဍိတသာမဏေရဝတ္ထု

၈၀။ ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှင်ပြု၍ ရှစ်ရက်မြောက်သောနေ့၌ စာတုမဟာရာဇ် နတ်မင်းကြီးလေးပါး၊ သိကြားမင်း၊ နေနတ်သား၊ လနတ်သား ဘုရားရှင်တို့၏ စောင့်ရှောက်မှုဖြင့် ရဟန္တာဖြစ်သော အရှင်သာရိပုတ္တရာ၏ တပည့် ခုနစ်နှစ်အရွယ်သာရှိသော ပဏ္ဍိတသာမဏေကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

နေတ္တိကာ၊ မြောင်းတူး၍ ရေကိုယူသော သူတို့သည်။ ဥဒကံ၊ ရေကို။ (ဣစ္ဆိတိစ္ဆိတဋ္ဌာနံ၊ အလိုရှိရာ အလိုရှိရာအရပ်သို့။) နယန္တိ၊ ဆောင်ကုန်၏။ ဥသုကာရာ၊ လေးသမားတို့သည်။ တေဇနံ၊ မြားကို။ နမယန္တိ၊ ဖြောင့်ကုန်၏။ တစ္ဆကာ၊ လက်သမားတို့သည်။ ဒါရုံ၊ သစ်ကို။ နမယန္တိ၊ ဖြောင့်ကုန်၏။ ပဏ္ဍိတာ၊ တို့သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယန္တိ၊ ယဉ်ကျေးအောင် ဆုံးမကုန်၏။

စကားပြေ

ရေရအောင် မြောင်းကို ပြုပြင်တူး၍ ဆောင်ယူ၏။ လေးသမားသည် မြားကောက်ကို ဖြောင့်အောင် ပြုပြင်၏။ လက်သမားသည် ကောက်သောသစ်သားကို ဖြောင့်အောင် ပြုပြင်၏။ ပညာရှိသည် မိမိကိုယ်ကို ယဉ် ကျေးအောင် ဆုံးမပြုပြင်၏။

အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ— ဝယ်ဒန္တပုဂ္ဂိုလ်၊ ဧကန္တဒန္တပုဂ္ဂိုလ်ဟု နှစ်မျိုးရှိရာတွင် သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်မှစ၍ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်တိုင်အောင် ခုနစ်ယောက်သော ပုဂ္ဂိုလ်တို့သည် ဒန္တပုဂ္ဂိုလ်မည်၏။ ရဟန္တာပုဂ္ဂိုလ်သည် ဧကန္တဒန္တပုဂ္ဂိုလ် မည်၏။
အရှင်သာရိပုတ္တရာ— အရှင်သာရိပုတ္တရာသည် ရဟန်းတော်များ ဆွမ်းခံကြွသွားကြလျှင် တံမြက်မလှည်းရသေးသော နေရာကို တံမြက်လှည်းခြင်း၊ ရေမထည့်ရသေးသောရေအိုးကို ရေထည့်ခြင်း၊ သိမ်းသင့်သော ညောင်စောင်း စသည်ကို သိမ်းဆည်းပြီးမှ ရွာတွင်းသို့ နောက်ချန်ပြီး ဆွမ်းခံဝင်လေ့ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၆၇။)
ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာတို့၏ အမေးအဖြေ
ဆွမ်းခံပြန်လာသော အရှင်သာရိပုတ္တရာအား—
မေး (ဘုရား)— သင်ဘာကိုရခဲ့သလဲ။
ဖြေ (သာရိပုတ္တရာ)— အာဟာရကို ရခဲ့ပါသည် ဘုရား။
မေး— အာဟာရသည် ဘာကို ဆောင်ပါသလဲ။
ဖြေ— ဝေဒနာကို ဆောင်ပါသည် ဘုရား။
မေး— ဝေဒနာသည် ဘာကို ဆောင်ပါသလဲ။
ဖြေ— ရုပ်ကိုဆောင်ပါသည် ဘုရား။
မေး— ရုပ်သည် ဘာကိုဆောင်ပါသလဲ။
ဖြေ— ဖဿကို ဆောင်ပါသည် ဘုရား။
ဤအမေးအဖြေတို့ကို နာရသဖြင့် ပဏ္ဍိတသာမဏေသည် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်သည်။
မိမိစိတ်ကို ထိန်းပါ— စိတ်စေတနာမရှိသော ရေမြောင်းကိုပင် မိမိလိုရာသို့ ရောက်အောင် ဆောင်နိုင်သကဲ့သို့လည်းကောင်း၊ စိတ်စေတနာမရှိသော မြားကို ပင် ဖြောင့်အောင်ပြုနိုင်သကဲ့သို့လည်းကောင်း၊ စိတ်စေတနာမရှိသော သစ်သားကိုပင် မိမိလိုရာပစ္စည်းဝတ္ထုပြုနိုင်သကဲ့သို့လည်းကောင်း၊ စိတ်စေတနာရှိသော မိမိခန္ဓာကိုယ်ကို မိမိလိုရာရအောင် ထိန်းနိုင်ရမည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၆၉။)

ပါဠိသဒ္ဒါခက်ဆစ်

နေတ္တိကာ = နေန္တီတိ နေတ္တိ။ နီ + တိ။ နေတ္တိ ဧဝ နေတ္တိကာ။ နေတ္တိ + က။
ဥသုကာရာ = ဥသုံ ကရောန္တီတိ ဥသုကာရာ။ ဥသု + ကရ် + ဏ။
ဥသု = ဥသတိ ဒါဟံ ကရောတီတိ ဥသု။ ဥသ် + ဥ။
တစ္ဆကာ = တစ္ဆန္တီတိ တစ္ဆကာ။ တစ္ဆ + ဏွု။

ပဏ္ဍိတသာမဏေရဝတ္ထု ပြီး၏။
---

၆-လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု

၈၁။ သေလော ယထာ ဧကဃနော၊ ဝါတေန န သမီရတိ။
ဧဝံ နိန္ဒာပသံသာသု၊ န သမိဉ္ဇန္တိ ပဏ္ဍိတာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အလွန်ပုသော ရဟန္တာ လကုဏ္ဍကဘဒ္ဒိယထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဧကဃနော၊ တခဲနက်ဖြစ်သော။ သေလော၊ ကျောက်တောင်သည်။ ဝါတေန၊ အရပ်လေးမျက်နှာမှလာသော လေကြောင့်။ န သမီရတိ ယထာ၊ မတုန်မလှုပ်သကဲ့သို့။ ဧဝံ၊ ထို့အတူ။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ နိန္ဒာပသံသာသု၊ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းတို့ကြောင့်။ န သမိဉ္ဇန္တိ၊ မတုန်မလှုပ်ကုန်။

စကားပြေ

အပေါက်မရှိသော တခဲနက်ကျောက်တောင်ကြီးသည် အရပ်လေးမျက်နှာမှ လေကြောင့် မတုန်လှုပ်သကဲ့သို့ ထို့အတူ ပညာရှိတို့သည် လောကဓံတရားကြောင့် မတုန်လှုပ်ကုန်။

နိန္ဒာပသံသာသု— ဤ၌ လောကဓံတရား (၂)ပါးကိုသာ တိုက်ရိုက်ပြသော်လည်း သဘောအဓိပ္ပါယ်အားဖြင့် လောကဓံတရား (၈) ပါးကို ယူရမည်။

ပါဠိသဒ္ဒါခက်ဆစ်

သေလော = သိလာနံ ရာသိ သိလာ။ သိလာ အဘိ အတ္ထိ ဣတိ သေလော။ သိလာ + ဏ။
ဧကဃနော = ဧကော ဃနော ဧကဃနော။ ဧက + ဃန။
ဝါတေန = ဝါယတိ ပုပ္ပါဒီနံ ဂန္ဓော ယေန သော ဣတိ ဝါတော။ ဝါ + တ။
နိန္ဒာပသံသာသု = နိန္ဒာ စ ပသံသာ စ နိန္ဒာပသံသာ။ နိန္ဒာ + ပသံသာ။

လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု ပြီး၏။
---

၇-ကာဏမာတာဝတ္ထု

၈၂။ ယထာပိ ရဟဒေါ ဂမ္ဘီရော၊ ဝိပ္ပသန္နော အနာဝိလော။
ဧဝံ ဓမ္မာနိ သုတွာန၊ ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြင်တိုင်းမြင်တိုင်းသော ရဟန်းတို့ကို ဆဲရေးနေသော သတို့သမီး၏ မိခင် သောတာပန် ကာဏမာတာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဂမ္ဘီရော၊ နက်လှစွာသော။ ရဟဒေါ၊ သမုဒ္ဒရာသည်။ အနာဝိလော၊ နောက်ကျခြင်း မရှိသည်။ ဝိပ္ပသန္နော၊ အထူးကြည်လင်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ထို့အတူ။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဓမ္မာနိ၊ ဘုရားရှင်ဟောကြားထားသော တရားတို့ကို။ သုတွာန၊ ကြားနာရ၍။ ဝိပ္ပသီဒန္တိ၊ အထူးကြည်လင်ကုန်၏။

စကားပြေ

နက်လှစွာသော သမုဒ္ဒရာသည် မနောက်ကျပဲ အထူးကြည်လင်သကဲ့သို့ ပညာရှိတို့သည် တရားတော်တို့ကို ကြားနာရ၍ ကြည်လင်ကုန်၏။

ရဟဒ —အရ အင်္ဂါလေးပါးရှိသော စစ်တပ်သက်ဆင်းသော်လည်း တုန်လှုပ်ချောက်ချားခြင်း မရှိသော ယူဇနာ ရှစ်သောင်းလေးထောင်နက်သော ညိုသော သမုဒ္ဒရာသည် ရဟဒမည်၏။
မှတ်ချက်— ယူဇနာ လေးသောင်းရှိသော အောက်အရပ်၌ ရေသည် ငါးတို့ကြောင့် လှုပ်ရှား၏။ ယူဇနာလေးသောင်းရှိသော အထက်ဆုံးအရပ်၌ ရေသည် လေကြောင့်လှုပ်ရှား၏။ ယူဇနာလေးထောင်ရှိသော အလယ်အရပ်၌ ရေသည် မလှုပ်မရှားတည်နေ၏။
ဧဝံ ဓမ္မာနိ၌ ဓမ္မ —အရ ဒေသနာဓမ္မရ၏။
ဝိပ္ပသီဒန္တိ ပဏ္ဍိတာ ဝယ်— ဝိပ္ပသန္နပုဂ္ဂိုလ်၊ ဧကန္တဝိပ္ပသန္နပုဂ္ဂိုလ်ဟု နှစ်မျိုးရှိရာတွင် သောတာပတ္တိမဂ်မှစ၍ အရဟတ္တမဂ်တိုင်အောင် ခုနစ်ယောက်သောပုဂ္ဂိုလ်သည် ဝိပ္ပသန္နပုဂ္ဂိုလ်မည်၏။ ရဟန္တာပုဂ္ဂိုလ်သည် ဧကန္တဝိပ္ပသန္နပုဂ္ဂိုလ် မည်၏။ သောတာပတ္တိမဂ်စသည်ကြောင့် ကိလေသာမရှိသည်ကို ကြည်လင်သည်ဟု ခေါ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

ရဟဒေါ = ဟရတိ ဣတိ ရဟဒေါ။ ဟရ် + ဒ (ဟနှင့် ရ ရှေ့နောက်ပြန်)။
ဂမ္ဘီရော = ဂမု + ဂမနေ၊ ဤရော၊ ဘောန္တော စ။ ဂစ္ဆန္တာ ဘာယန္တိ အသိန္တိ ဂမ္ဘီရော။ ဂစ္ဆန္တ + ဘီ + ရ။
ဝိပ္ပသန္နော = ဝိပ္ပသီဒတိ ဣတိ ဝိပ္ပသန္နော။ ဝိ + ပ + သဒ် + တ။
အနာဝိလော = န အာဝိလော အနာဝိလော။ န + အာဝိလ။
အာဝိလ = အာဝိလတိ ဘိန္ဒတိ ဣတိ အာဝိလော။ အာ + ဝိလ + အ။ အဝတိ ရက္ခတိ ဣတိ အာဝိလော။ အဝ် + ဣလ။

ကာဏမာတာ ဝတ္ထု ပြီး၏။
---

၈-ပဉ္စသတဘိက္ခုဝတ္ထု

၈၃။ သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊ န ကာမကာမာ လပယန္တိ သန္တော။
သုခေန ဖုဋ္ဌာ အထဝါ ဒုက္ခေန၊ န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿယန္တိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စားကြွင်းစားဖြစ်ကုန်သော အိပ်ကာ စားကာ ရေဆိပ်၌ ရေချိုးကာ လက်ဝှေ့သတ်ကာနေကြကုန်သော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သပ္ပုရိသာ၊ သူတော်ကောင်းတို့သည်။ သဗ္ဗတ္ထ၊ ခန္ဓာငါးပါးစသော အလုံးစုံသော သဘောတရားတို့၌။ (ဆန္ဒရာဂံ၊ တပ်မက်မောမှုကို။) ဝေ၊ စင်စစ်။ စဇန္တိ၊ စွန့်လွှတ်ကုန်၏။ သန္တော၊ သူတော်ကောင်းတို့သည်။ ကာမကာမာ၊ ကာမဂုဏ်တို့၌ အလိုရှိကုန်သည်ဖြစ်၍။ န လပယန္တိ၊ မပြောဆိုကုန်။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ သုခေန၊ ချမ်းသာနှင့်။ ဖုဋ္ဌာ ဝါ၊ တွေ့သော်လည်း။ အထ၊ ထိုမှတပါး။ ဒုက္ခေန၊ ဆင်းရဲနှင့်။ ဖုဋ္ဌာ ဝါ၊ တွေ့သော်လည်း။ ဥစ္စာဝစံ၊ ဝမ်းမြောက်မှု နှလုံးမသာယာမှုကို။ န ဒဿယန္တိ၊ မဖော်ပြကြကုန်။

စကားပြေ

ပညာရှိသူတော်ကောင်းတို့သည် ခန္ဓာငါးပါးစသော အလုံးစုံသောတရားတို့၌ တပ်မက်မောမှုကိုစွန့်ပယ်၍ ကာမဂုဏ်အလိုရှိမှုကိုလည်း မပြောဆိုပဲ ကောင်းသောလောကဓံ မကောင်းသောလောကဓံနှင့် တွေ့သော်လည်း ဝမ်းမြောက်မှု နှလုံးမသာယာမှုကိုလည်း ပြတော်မမူကြကုန်။

သဗ္ဗတ္ထ— ခန္ဓာငါးပါးစသည်ပြားသော အလုံးစုံသောတရားရ၏။
စဇန္တိ— အရဟတ္တမဂ်ဉာဏ်ဖြင့် ဆန္ဒရာဂကိုစွန့်ကုန်၏။
န ကာမကာမာ လပယန္တိ သန္တော— ဘုရားအစရှိသော သူတော်ကောင်းတို့သည် ကာမဂုဏ်ဟူသောအကြောင်းကြောင့် မိမိကိုယ်တိုင်လည်း မပြောကြား သူတပါးကိုလည်း ပြောကြားရန်မတိုက်တွန်း။
လပယန္တိ နှင့် လပါပေန္တိ— ဒါယကာများအား ဦးစွာစ၍နှုတ်ဆက်သော ရဟန်းသည် လပယမည်၏။ နှုတ်ဆက်သဖြင့် ပစ္စည်းလေးပါးဖြင့် ပင့်ဖိတ်ခံရသော ရဟန်းသည် လပါပေန္တိ မည်၏။
သုခေန ဖုဋ္ဌာ အထဝါ ဒုက္ခေန— ဖြင့် လောကဓံတရားနှစ်ပါးကိုသာ တိုက်ရိုက်ပြသော်လည်း ရှစ်ပါးလုံးကိုယူရပါသည်။

ပါဠိသဒ္ဒါခက်ဆစ်

သပ္ပုရိသာ = သန္တော ပုရိသော သပ္ပုရိသော။ သန္တ + ပုရိသ။
ကာမကာမာ = ကာမံ ကာမယတိ ဣတိ ကာမကာမော။ ကာမ + ကမု + ဏ။
ဥစ္စာဝစံ = ဥစ္စာ စ အဝစံ စ ဥစ္စာဝစံ။ ဥစ္စ + အဝစ။

ပဉ္စသတဘိက္ခုဝတ္ထု ပြီး၏။
---

၉-ဓမ္မိကတ္ထေရဝတ္ထု

၈၄။ န အတ္တဟေတု န ပရဿ ဟေတု၊
န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
န ဣစ္ဆေယျ အဓမ္မေန သမိဒ္ဓိမတ္တနော၊
သ သီလဝါ ပညဝါ ဓမ္မိကော သိယာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားနှင့်ဇနီးကိုပါ သာသနာ့ဘောင်သို့ဝင်စေ၍ ရဟန္တာအဖြစ်သို့ရောက်စေသော ဓမ္မိကထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

(ပဏ္ဍိတော နာမ၊ ပညာရှိမည်သည်။) အတ္တဟေတု၊ မိမိအကြောင်းကြောင့်။ (ပါပကမ္မံ၊ မကောင်းမှုကို။) န ကရောတိ၊ မပြု။ ပရဿဟေတု၊ သူတပါးအကြောင်းကြောင့်။ (ပါပကမ္မံ၊ ကို။) န ကရောတိ၊ မပြု။ (ပါပကမ္မေန၊ မကောင်းမှုကိုပြုသဖြင့်။) ပုတ္တံ၊ သားသမီးကို။ န ဣစ္ဆေယျ၊ အလိုမရှိရာ။ ဓနံ၊ ဥစ္စာကို။ န ဣစ္ဆေယျ၊ အလိုမရှိရာ။ ရဋ္ဌံ၊ တိုင်းပြည်ကို။ န ဣစ္ဆေယျ၊ အလိုမရှိရာ။ အဓမ္မေန၊ မတရားသဖြင့်။ အတ္တနော၊ မိမိ၏။ သမိဒ္ဓိ၊ ပြည့်စုံမှုကို။ န ဣစ္ဆေယျ၊ အလိုမရှိရာ။ သော၊ ထိုသို့သဘောရှိသောသူသည်။ သီလဝါ၊ သီလရှိသူသည်။ ပညဝါ၊ ပညာရှိသူသည်။ ဓမ္မိကော၊ တရားရှိသူသည်။ သိယာ၊ ဖြစ်ရာ၏။

စကားပြေ

ပညာမည်သည် မိမိအကြောင်းကြောင့်ဖြစ်စေ သူတပါးအကြောင်းကြောင့်ဖြစ်စေ မကောင်းမှုကိုမပြု၊ သားသမီး ဥစ္စာ တိုင်းပြည် မိမိပြည့်စုံမှုကို မတရားသဖြင့် မလိုလားသောသူသည် သီလ ပညာ တရားရှိသူ ဖြစ်ရာ၏။
မိမိနှင့်သူတပါးအတွက် မကောင်းမှုမပြုသူ သားသမီး ဥစ္စာပစ္စည်းနှင့် တိုင်းပြည်စည်းစိမ်ကို မတရားမယူလိုသူကို သီလဝါ ပညဝါ ဓမ္မိကော ခေါ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

အတ္တဟေတု = အတ္တနော ဟေတု အတ္တဟေတု။ အတ္တ + ဟေတု။
သမိဒ္ဓိ = သမိဇ္ဈတိ ဣတိ သမိဒ္ဓိ။ သံ + ဣစ် + တိ။
ဓမ္မိကော = ဓမ္မံ စရတိ ဣတိ ဓမ္မိကော။ ဓမ္မ + ဏိက။

ဓမ္မိကတ္ထေရဝတ္ထု ပြီး၏။
---

၁၀-ဓမ္မဿဝနဝတ္ထု

၈၅။ အပ္ပကာ တေ မနုဿေသု၊ ယေ ဇနာ ပါရဂါမိနော။
အထာယံ ဣတရာ ပဇာ၊ တီရမေဝာနုဓာဝတိ။
၈၆။ ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနော။
တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တလမ်းတည်းနေသူလူကစု အသင်းဖွဲ့၍ ညလုံးပေါက်တရားနာရာတွင် စရိုက်အမျိုးမျိုးကြောင့် တရားပြီးဆုံးအောင် မနာနိုင်ကြခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

မနုဿေသု၊ လူတို့တွင်။ ယေ ဇနာ၊ အကြင်လူတို့သည်။ ပါရဂါမိနော၊ နိဗ္ဗာန်ကျွန်းသို့ ကူးသွားကုန်၏။ တေ ဇနာ၊ တို့သည်။ အပ္ပကာ၊ နည်းကုန်၏။ ဣတရာ၊ နိဗ္ဗာန်ကူးသွားသောသူမှတပါးသော။ ယာ ပဇာ၊ အကြင်သတ္တဝါသည်။ တီရမေဝ၊ သက္ကာယဒိဋ္ဌိတည်းဟူသော ဤမှာဘက်ကမ်းသို့သာလျှင်။ အနုဓာဝတိ၊ အဖန်ဖန်ပြေးသွား၏။ အယံ ပဇာ၊ ဤသတ္တဝါသည်။ (ဗဟုတရာ၊ အလွန်များ၏။)
သမ္မဒက္ခာတေ၊ ကောင်းစွာဟောအပ်ကုန်သော။ ဓမ္မေ၊ တရားတို့ကို။ ယေ စ ခေါ ဇနာ၊ အကြင်လူတို့သည်။ ဓမ္မာနုဝတ္တိနော၊ တရားအားလျော်စွာကျင့်ကုန်၏။ တေ ဇနာ၊ ထိုလူတို့သည်။ သုဒုတ္တရံ၊ ကူးမြောက်နိုင်ခဲသော။ မစ္စုဓေယျံ၊ သေမင်းနေရာ တေဘူမကဝဋ်ဟူသောသံသရာကို။ (တရိတွာ၊ ကူးမြောက်၍။) ပါရံ၊ နိဗ္ဗာန်တည်းဟူသောကမ်းတဘက်သို့။ ဧဿန္တိ၊ ရောက်ကုန်လတ္တံ့။

စကားပြေ

နိဗ္ဗာန်ကျွန်းသို့ ကူးမြောက်နိုင်သော ပုဂ္ဂိုလ်တို့သည် နည်းပါး၍ သက္ကာယဒိဋ္ဌိတည်းဟူသော ဤမှာဘက်သို့သာ အဖန်ဖန်ကူးသွားကုန်သော ပုဂ္ဂိုလ်တို့သည် များပြားကုန်၏။
ကောင်းစွာဟောအပ်သောတရားအတိုင်း ကျင့်ကုန်သောသူတို့သည် ကူးနိုင်ခဲသော သေမင်းနေရာ သံသရာခရီးကို လွန်မြောက်၍ နိဗ္ဗာန်ကမ်းတဘက်သို့ ရောက်ကြလိမ့်မည်။

ဓမ္မံ —အရ ဒေသနာ ဓမ္မ ရ၏။
ပါရံ —အရ နိဗ္ဗာန် ရ၏။
တီရံ —အရ သက္ကာယဒိဋ္ဌိ ရ၏။
မစ္စုဓေယျံ၌ မစ္စု —အရ ကိလေသာမာရဟုဆိုအပ်သော သေမင်းရ၏။
ဓေယျ —အရ ကိလေသာမာရဟုဆိုအပ်သော သေမင်း၏နေရာ တည်ရာဖြစ်သော တေဘူမကဝဋ်ရ၏။
သတ္တဝါများသဘော— သတ္တဝါတို့သည် များသောအားဖြင့် ဘဝကိုမှီ၍ ဘဝကိုစွဲမက်ကြကုန်၏၊ နိဗ္ဗာန်ရောက်လိုသူသည် အလွန်ပင်နည်းကုန်၏။ (ဓမ္မ၊ဋ္ဌ၊၁၊၃၇၉။)

ပါဠိသဒ္ဒါခက်ဆစ်

ပါရဂါမိနော = ပါရံ ဂစ္ဆတိ သီလေန ဣတိ ပါရဂါမီ။ ပါရ + ဂမု + ဏီ။
တီရံ = ဇလံ တာယတိ ဣတိ တီရံ။ တာ + ရံ။ တီရေတိ ဣတိ တီရံ။ တီရ + အ။
ဓမ္မာနုဝတ္တိနော = ဓမ္မံ အနုဝတ္တတိ ဣတိ ဓမ္မာနုဝတ္တိ။ ဓမ္မ + အနု + ဝတု + ဏီ။
ပါရံ = တီရံ ပါရေတိ ဣတိ ပါရံ။ ပါရ် + ဏ။
မစ္စုဓေယျံ = မစ္စုနော ဓေယျံ မစ္စုဓေယျံ။ မစ္စု + ဓေယျ။ ဓေယျံ = ဓာ + ဏျ။

ဓမ္မဿဝနဝတ္ထု ပြီး၏။
---

၁၁-ပဉ္စသတအာဂန္တုကဘိက္ခုဝတ္ထု

၈၇။ ကဏှံ ဓမ္မံ ဝိပ္ပဟာယ၊ သုက္ကံ ဘာဝေထ ပဏ္ဍိတော။
ဩကာ အနောကမာဂမ္မ၊ ဝိဝေကေ ယတ္ထ ဒူရမံ။
၈၈။ တတ္ထာဘိရတိမိစ္ဆေယျ၊ ဟိတွာ ကာမေ အကိဉ္စနော။
ပရိယောဒပေယျ အတ္တာနံ၊ စိတ္တက္ကေသေဟိ ပဏ္ဍိတော။
၈၉။ ယေသံ သမ္ဗောဓိယင်္ဂေသု၊ သမ္မာ စိတ္တံ သုဘာဝိတံ။
အာဒါနပဋိနိဿဂ္ဂေ၊ အနုပါဒါယ ယေ ရတာ။
ခီဏာသဝါ ဇုတိမန္တော၊ တေ လောကေ ပရိနိဗ္ဗုတာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလတိုင်းမှ အာဂန္တုကရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ပဏ္ဍိတော၊ ပညာရှိသည်။ ကဏှံ ဓမ္မံ၊ မည်းညစ်သော အကုသိုလ်တရားကို။ ဝိပ္ပဟာယ၊ ပယ်စွန့်၍။ ဩကာ၊ တဏှာတည်းဟူသောတည်ရာမှ။ (နိက္ခမိတွာ၊ ထွက်၍။) အနောကံ၊ တဏှာကင်းရာနိဗ္ဗာန်ကို။ အာဂမ္မ၊ အာရုံပြုလျက်။ သုက္ကံ ဓမ္မံ၊ ဖြူစင်သော ကုသိုလ်တရားကို။ ဘာဝေထ၊ ပွားရာ၏။ ယတ္ထ ဝိဝေကေ၊ အကြင်ဥပဓိဝိဝေကဖြစ်သော နိဗ္ဗာန်၌။ (သတ္တေဟိ၊ သတ္တဝါတို့သည်။) ဒူရမံ၊ မွေ့လျော်နိုင်ခဲ၏။
တတ္ထ၊ ထိုနိဗ္ဗာန်၌။ အဘိရတိံ၊ အလွန်မွေ့လျော်ခြင်းကို။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ ပဏ္ဍိတော၊ ပညာရှိသည်။ ကာမေ၊ တို့ကို။ ဟိတွာ၊ စွန့်၍။ အကိဉ္စနော၊ စိုးရိမ်ခြင်းမရှိပဲ။ စိတ္တက္ကေသေဟိ၊ စိတ်ညစ်ညူးကြောင်း နီဝရဏတရားတို့မှ။ အတ္တာနံ၊ မိမိကိုယ်ကို။ ပရိယောဒပေယျ၊ ဖြူစင်စေရာ၏။
ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ သမ္ဗောဓိယင်္ဂေသု၊ ဗောဇ္ဈင်တရားတို့၌။ စိတ္တံ၊ စိတ်ကို။ သမ္မာ၊ ကောင်းစွာ။ သုဘာဝိတံ၊ ပွားများအပ်၏။ ယေ၊ အကြင်သူတို့သည်။ အနုပါဒါယ၊ မစွဲလမ်းမူ၍။ အာဒါနပဋိနိဿဂ္ဂေ၊ ဥပါဒါန်တို့ကို စွန့်နိဗ္ဗာန်၌။ ရတာ၊ မွေ့လျော်ကုန်၏။ တေ၊ ထိုသူတို့သည်။ လောကေ၊ လောက၌။ ခီဏာသဝါ၊ အာသဝေါကုန်ပြီးကုန်သည်ဖြစ်၍။ ဇုတိမန္တော၊ ကြီးသောတန်ခိုးရှိကုန်သည်ဖြစ်၍။ ပရိနိဗ္ဗုတာ၊ နိဗ္ဗာနဓာတ်ဖြင့် ငြိမ်းကုန်၏။

စကားပြေ

ပညာရှိသည် မည်းညစ်သော အကုသိုလ်ကို ပယ်စွန့်၍ တဏှာဟူသောတည်ရာမှ လွတ်မြောက်ပြီးလျှင် တဏှာကင်းရာ နိဗ္ဗာန်ကို အာရုံပြုလျက် ဖြူစင်သောကုသိုလ်ကို ပွားရာ၏။
သတ္တဝါတို့သည် နိဗ္ဗာန်၌ မွေ့လျော်နိုင်ခဲ၏။ ထိုနိဗ္ဗာန်၌ မွေ့လျော်ရာ၏။
ပညာရှိသည် ကာမတို့ကိုပယ်၍ စိုးရိမ်ခြင်းမရှိပဲ စိတ်ညစ်ညူးကြောင်း ကိလေသာတို့မှ မိမိကိုယ်ကို ဖြူစင်စေရာ၏။
ဗောဇ္ဈင်တရား၌ စိတ်ကိုကောင်းစွာထား၍ ဥပါဒါန်တို့ကို စွန့်၍ နိဗ္ဗာန်၌ မွေ့လျော်နေသောသူတို့သည် လောကမှာ အာသဝေါကုန်ခန်းသည်ဖြစ်၍ တန်ခိုးကြီးမားသော ရဟန္တာဖြစ်ပြီးလျှင် နိဗ္ဗာနဓာတ်ဖြင့် ငြိမ်းကုန်၏။

ကဏှံ ဓမ္မံ— ကာယဒုစရိုက် အစရှိသော အကုသိုလ်တရားရှိ၏။
သုက္ကံ— ကာယသုစရိုက် အစရှိသော ကုသိုလ်တရားရှိ၏။
ဩကံ— လောကီအာရုံ ကာမဂုဏ်ရ၏။
အနောကံ— နိဗ္ဗာန်အာရုံရ၏။
ကာမေ— ဝတ္ထုကာမ ကိလေသာကာမ ၎င်း၏။
စိတ္တက္ကေသေဟိ— စိတ်ကိုညစ်ညူးစေတတ်သော ငါးပါးသောနီဝရဏရ၏။
ဇုတိမန္တော— အရဟတ္တမဂ်ဉာဏ်ရောင်ဖြင့် ခန္ဓာစသောတရားတို့ကို ထွန်းလင်းစေ၍ တည်သောပုဂ္ဂိုလ်ရ၏။
ပရိနိဗ္ဗုတာ— သဥပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် လည်းကောင်း၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့်လည်းကောင်း ပရိနိဗ္ဗာန်ပြုသူရ၏။
ဥပါဒါန်တို့ဖြင့် စွဲလမ်းခြင်း— အာဒါနမည်၏။
ဥပါဒါန်ဖြင့် မစွဲလမ်းခြင်း— ပဋိနိဿဂ္ဂမည်၏။

ပါဠိသဒ္ဒါခက်ဆစ်

ကဏှံ = ကံ သုခံ ဟနတိ ဣတိ ကဏှံ။ ကံ + ဟန် + အ (ဟနှင့် က ရှေ့နောက်ပြန်)။
သုက္ကံ = သုခံ ကရောတိ ဣတိ သုက္ကံ။ သု + ကရ် + ကွိ။
အနောကံ = န ဩကံ အနောကံ။ န + ဩက။
ဩကံ = ဥစတိ ဣတိ ဩကံ။ ဥစ် + ဏ။
ဝိဝေကေ = ဝိဝေစနံ ဝိဝေကော။ ဝိ + ဝိစ် + ဏ။
အကိဉ္စနော = နတ္ထိ ကိဉ္စနံ ယဿ ဣတိ အကိဉ္စနော။ န + ကိဉ္စန + ယ။
ပရိယောဒပေယျ = ပရိ + ဩ + ဒါ + ဏာပေ + ဧယျ။
စိတ္တက္ကေသေဟိ = စိတ္တဿ ကိလေသာ စိတ္တက္ကေသာ။ စိတ္တ + က္လေသ။
သမ္ဗောဓိယင်္ဂေသု = သမ္ဗောဓိယာ အင်္ဂံ သမ္ဗောဓိယင်္ဂံ။ သမ္ဗောဓိ + အင်္ဂ။
အာဒါနပဋိနိဿဂ္ဂေ = အာဒီယတေ အာဒါနံ။ အာ + ဒါ + ယု။ အာဒါနဿ ပဋိနိဿဂ္ဂေါ အာဒါနပဋိနိဿဂ္ဂေါ။
ခီဏာသဝါ = ခီဏာ အာသဝါ ယေသန္တိ ခီဏာသဝါ။ ခီဏ + အာသဝ + ယ။

ပဉ္စသတအာဂန္တုကဘိက္ခုဝတ္ထု ပြီး၏။
ပဏ္ဍိတဝဂ် ပြီး၏။
---

၇-အရဟန္တဝဂ်

၁-ဇီဝကပဉ္စဝတ္ထု

၉၀။ ဂတဒ္ဓိနော ဝိသောကဿ၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
သဗ္ဗဂန္ထပ္ပဟီနဿ၊ ပရိဠာဟော န ဝိဇ္ဇတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဇီဝက၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အား အရှင်ဘုရား ကိုယ်ပူလောင်ပါသေးသ လားဟု ဇီဝကမေးသောပြဿနာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဝိသောကဿ၊ စိုးရိမ်ခြင်းကင်းသော။ သဗ္ဗဓိ ဝိပ္ပမုတ္တဿ၊ အလုံးစုံသော ခန္ဓာစသောတရားတို့၌ နှစ်သက်မှုမှ လွတ်မြောက်သော။ သဗ္ဗဂန္ထပ္ပဟီနဿ၊ အလုံးစုံသော အထုံးအဖွဲ့တို့ကို ပယ်ပြီးသော။ ဂတဒ္ဓိနော၊ သံသရာခရီးသွားပြီးသော ရဟန္တာအား။ ပရိဠာဟော၊ ပူပန်မှုသည်။ န ဝိဇ္ဇတိ၊ မရှိ။

စကားပြေ

စိုးရိမ်ခြင်းကင်းသည်ဖြစ်၍ အလုံးစုံသောခန္ဓာ စသည်တို့၌ နှစ်သက်မှုမှ လွတ်မြောက်ပြီးလျှင် အလုံးစုံသောဂန္ထတို့ကို ပယ်ပြီးသော သံသရာခရီးသွားပြီးသောရဟန္တာအား ပူပန်မှုမရှိ။
ဂတဒ္ဓိနော၌ အဒ္ဓါ —အရ ကန္တာရဒ္ဓါ၊ ဝဋ္ဋဒ္ဓါ ဟူ၍ နှစ်မျိုးရှိ၏။

ဂတဒ္ဓိ

ကန္တာရဒ္ဓါနှင့် စပ်၍ အဒ္ဓိက, ဂတဒ္ဓိဟု နှစ်မျိုး ရှိသည်။ ဝဋ္ဋဒ္ဓါနှင့် စပ်လျဉ်း၍လည်း အဒ္ဓိက, ဂတဒ္ဓိဟု နှစ်မျိုး ရှိသည်။
ကန္တာရဒ္ဓါနှင့်စပ်၍ ခရီးခဲကိုသွားသောသူသည် အလိုရှိရာအရပ်သို့ မရောက်သေးသမျှကာလပတ်လုံး အချို့ကမည်သည်။ အလိုရှိရာအရပ်သို့ ရောက်သောအခါ၌ ဂတဒ္ဓိမည်သည်။ ဝဋ္ဋဒ္ဓါနှင့်စပ်၍ ဝဋ်ကို မှီကုန်သော သတ္တဝါတို့သည် ဝဋ်ဆင်းရဲ မကုန်သေးသမျှ ပုထုဇဉ်နှင့်တကွ သေက္ခပုဂ္ဂိုလ်တို့သည် အဒ္ဓိကမည်သည်။ ဝဋ်ဆင်းရဲကုန်စေ၍ တည်သော ရဟန္တာပုဂ္ဂိုလ်တို့သည် ဂတဒ္ဓိမည်၏။ ဤ၌ရဟန္တာဖြစ်သော ဂတဒ္ဓိကို အလိုရှိအပ်ပါသည်။
ဝိသောကဿ— ဝဋ်၏မူလဖြစ်သော သောကကုန်သော ရဟန္တာပုဂ္ဂိုလ် ရ၏။
သဗ္ဗဓိ— အလုံးစုံသော ခန္ဓာစသော တရားရ၏။
ပရိဠာဟော န ဝိဇ္ဇတိ၌— ပရိဠာဟသည် ကိုယ်၌ဖြစ်သော ကာယိကပရိဠာဟ၊ စိတ်၌ဖြစ်သော စေတသိကပရိဠာဟ ဟု နှစ်မျိုးရှိသည်။ ထိုနှစ်ပါးတို့တွင် ရဟန္တာပုဂ္ဂိုလ်အား အချမ်းအပူစသော ဖောက်ပြန်မှုများ ဖြစ်နိုင်၍ ကာယိကပရိဠာဟသည် မချုပ်ငြိမ်းသေးပါ။

ပါဠိသဒ္ဒါခက်ဆစ်

ဂတဒ္ဓိနော = ဂတာ အဒ္ဓါ ဂါ။ ဂတ + အဒ္ဓါ။ ဂတဒ္ဓါ အဿ အတ္ထီတိ ဂတဒ္ဓိ။ ဂတဒ္ဓါ + ဤ။
ဝိသောကဿ = ဝိဂတော သောကော ယဿာတိ ဝိသောကော။ ဝိ + သောက + ယ။
သဗ္ဗဂန္ထပ္ပဟီနဿ = သဗ္ဗဂန္ထာနိ ပဟီနာနိ ယေနာတိ သဗ္ဗဂန္ထပ္ပဟီနော။ သဗ္ဗဂန္ထ + ပဟီန + ယ။
ပဟီနံ = ပဟီယတေ ပဟီနံ။ ပ + ဟာ + တ။
ပရိဠာဟော = ပရိဒဟနံ ပရိဠာဟော။ ပရိ + ဒဟ် + ဏ။

ဇီဝကပဉ္စဝတ္ထု ပြီး၏။
---

၂-မဟာကဿပတ္ထေရဝတ္ထု

၉၁။ ဥယျုဉ္စန္တိ သတိမန္တော၊ န နိကေတေ ရမန္တိ တေ။
ဟံသာဝ ပလ္လလံ ဟိတွာ၊ ဩကမောကံ ဇဟန္တိ တေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပဒုမုတ္တရဘုရားရှင်လက်ထက်တော်ကစ၍ ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမတို့၌ မကပ်ငြိပဲ ချဉ်းကပ်လို၏ဟု ဆုတောင်းခဲ့သော အရှင်မဟာကဿပထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာအဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သတိမန္တော၊ သတိရှိကုန်သော။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ ဈာနဝိပဿနာဒီသု၊ ထိုးထွင်း၍ သိအပ်ကုန်သော ဈာန် ဝိပဿနာစသည်တို့၌။ ဥယျုဉ္စန္တိ၊ လုံ့လပြုကြကုန်၏။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ နိကေတေ၊ တည်ရာကာမဂုဏ်၌။ န ရမန္တိ၊ မမွေ့လျော်ကြကုန်။ ဟံသာ၊ ဟင်္သာငှက်တို့သည်။ ပလ္လလံ၊ ကျက်စားရာညွှန်ပျောင်းကို။ ဟိတွာ၊ စွန့်ခွါလျက်။ (ဂစ္ဆန္တိ ဣဝ၊ ပျံသွားကုန်သကဲ့သို့။) ဩကမောကံ၊ မှီရာတဏှာဟူသမျှကို။ ဇဟန္တိ၊ စွန့်၍ သွားကုန်၏။

စကားပြေ

ဟင်္သာငှက်တို့သည် ကျက်စားရာ ညွှန်ပျောင်းတို့ကို စွန့်ခွာ၍ ထိုကျက်စားရာနေရာကို မငဲ့ပဲသွားကုန်သကဲ့သို့ သတိရှိ၍ ဈာန်ဝိပဿနာတရားတို့ကို အားထုတ်ပြီးလျှင် ကာမဂုဏ်၌ မမွေ့လျော်ကြသော ရဟန္တာပုဂ္ဂိုလ်တို့သည် မှီရာတဏှာဟူသမျှကို စွန့်၍ သွားကြကုန်၏။

သတိမန္တော— သတိရှိကုန်သော ရဟန္တာပုဂ္ဂိုလ်ရ၏။
နိကေတေ— အာလယတဏှာရ၏။
ဩကမောက— အာလယတဏှာရ၏။
ဟံသာ— ဟင်္သာကိုသာ မယူရ ငှက်အပေါင်းကို ယူရမည်။
ဥပမာ— စားကျက်ပြည့်စုံသော ညွှန်ပျောင်း၌ ငှက်တို့သည် မိမိ၏ အစာကို ယူ၍ ပျံသွားသောအခါ၌ ငါ၏ရေ ငါ၏ကြာဟု စားကျက်ကို ကပ်ငြိခြင်းမရှိပဲ ထိုကျက်စားရာကိုစွန့်၍ ပျံပြီးလျှင် ကောင်းကင်၌ မြူးထူးကြကုန်သကဲ့သို့ ထို့အတူ ရဟန္တာပုဂ္ဂိုလ်တို့သည် ထိုထိုအရပ်၌ နေသည်ရှိသော် ဒါယကာ ဒါယိကာမ စသည်တို့ကို ကပ်ငြိခြင်းမရှိပဲ နေထိုင်၍ သွားသောအခါ ငါ၏ကျောင်း ငါ၏အာရာမ် ငါ၏အလုပ်အကျွေးဟု ကပ်ငြိခြင်းမရှိပဲ ထိုထိုအရပ်တို့ကိုစွန့်၍ သွားကြကုန်၏။

ပါဠိသဒ္ဒါခက်ဆစ်

နိကေတေ = နိကေတတိ နိဝါသတိ ဧတ္ထ ဣတိ နိကေတော။ နိ + ကိတ် + ဏ။
ဟံသာ = ဟသန္တိ ဟံသော။ ဟန် + သ။
ပလ္လလံ = ပလ္လယတိ ရက္ခတိ ဥဒကန္တိ ပလ္လလံ။ ပလ္လ + အလ။

မဟာကဿပတ္ထေရဝတ္ထု ပြီး၏။
---

၇-အရဟန္တဝဂ်

၃-ဗေလဋ္ဌသီသတ္ထေရဝတ္ထု

၉၂။ ယေသံ သန္နိစယော နတ္ထိ၊ ယေ ပရိညာတဘောဇနာ။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခီ ယေသံ ဂေါစရော။
အာကာသေ သကုန္တာနံ၊ ဂတိ တေသံ ဒုရန္နယာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နေ့စဉ်ဆွမ်းခံရသော ဆင်းရဲမဖြစ်ရန် အလှူခံရပြီးသော ဆွမ်းကို သိုမှီးသော ဗေလဋ္ဌသီသမထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယေသံ၊ အကြင်ရဟန္တာတို့အား။ သန္နိစယော၊ သိုမှီးသိမ်းဆည်းခြင်းသည်။ နတ္ထိ၊ မရှိ။ ယေ၊ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည်။ ပရိညာတဘောဇနာ၊ ပရိညာသုံးပါးဖြင့် ပိုင်းခြားလျက် ဘောဇဉ်ကို သုံးဆောင်ကုန်၏။ သုညတော စ၊ ရာဂကင်းဆိတ်လျက်။ အနိမိတ္တော စ၊ ရာဂစသော နိမိတ်မရှိသော။ ဝိမောက္ခီ၊ နိဗ္ဗာန်သည်။ ယေသံ၊ တို့၏။ ဂေါစရော၊ ကျက်စားရာအာရုံ ဖြစ်၏။ အာကာသေ၊ ကောင်းကင်၌။ သကုန္တာနံ၊ ငှက်တို့၏။ ဂတိ၊ သွားရာလမ်းကြောင်းကို။ ဒုရန္နယာ ဣဝ၊ မသိနိုင်သကဲ့သို့။ တေသံ၊ ထိုရဟန္တာပုဂ္ဂိုလ်တို့၏။ ဂတိ၊ လားရာကို။ ဒုရန္နယာ၊ သိနိုင်ခဲ၏။

စကားပြေ

ကောင်းကင်၌ ငှက်တို့၏ သွားရာလမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ ပရိညာသုံးပါးဖြင့် ပိုင်းခြား၍ ဘောဇဉ်ကို သုံးဆောင်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည် သိုမှီးသိမ်းဆည်းခြင်းလည်းမရှိ၊ ရာဂကင်းဆိတ်လျက် ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်ကို အာရုံပြုကုန်၏၊ ၎င်းပုဂ္ဂိုလ်တို့ သွားရာလမ်းကြောင်းကို သိနိုင်ခဲ၏။
သန္နိစယော— ကမ္မသန္နိစယ၊ ပစ္စယသန္နိစယ ဟူ၍ နှစ်မျိုးရှိရာတွင် ကုသိုလ်အကုသိုလ်ကံသည် ကမ္မသန္နိစယ မည်၏။ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး စသော ပစ္စည်းလေးပါးသည် ပစ္စယသန္နိစယ မည်၏။
ပစ္စယသန္နိစယ ရှိသူ မရှိသူ— ကျောင်း၌ နေသော ရဟန်းသည် ထန်းလျက်တစ်၊ ယင်း၏ လေးပုံတပုံသော ထောပတ်၊ ဆန်တကွမ်း စားထားကာမျှဖြင့် ပစ္စယသန္နိစယ မဖြစ်နိုင်။ ယင်းထက်ပို၍ သိမ်းဆည်းထားလျှင် ပစ္စယသန္နိစယ ဖြစ်၏။
ပရိညာတဘောဇနာ— ၌ ပရိညာသည် ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ ဟု သုံးပါးရှိရာတွင် ယာဂုစသည်တို့ကို ယာဂုအဖြစ် သိခြင်းသည် ဉာတပရိညာ မည်၏။ အစာအာဟာရ၌ စက်ဆုပ်ဖွယ်၏ အစွမ်းဖြင့် ပိုင်းခြား၍ သိခြင်းသည် တီရဏပရိညာ မည်၏။ အစာအာဟာရ၌ နှစ်သက်သော ဆန္ဒရာဂကို ပယ်သော ဉာဏ်သည် ပဟာနပရိညာ မည်၏။
သုညတော အနိမိတ္တော စ— ဖြင့် အပ္ပဏိဟိတ ပါ ယူရမည်။ ရာဂ၊ ဒေါသ၊ မောဟ တို့၏ မရှိခြင်းကြောင့် နိဗ္ဗာန်သည် သုညတ မည်၏။ ရာဂအစရှိသော နိမိတ်တို့၏ မရှိသည်၏ အဖြစ်ကြောင့် နိဗ္ဗာန်သည် အနိမိတ္တ မည်၏။ ရာဂစသော တောင့်တမှု မရှိသောကြောင့် နိဗ္ဗာန်သည် အပ္ပဏိဟိတ မည်၏။ ရာဂ၊ ဒေါသ၊ မောဟ တို့မှ လွတ်မြောက်သည်၏ အဖြစ်ကြောင့် နိဗ္ဗာန်သည် ဝိမောက္ခ မည်၏။

ဂတိ

(က) ကာမ၊ ရူပ၊ အရူပ ဟူသော ဘဝသုံးပါး။
(ခ) သံသေဒဇ၊ ဩပပါတိက၊ အန္ဓဇ၊ ဇလာဗုဇ ဟူသော ယောနိလေးပါး။
(ဂ) ဒေဝ၊ မနုဿ၊ နိရယ၊ ပေတ၊ တိရစ္ဆာန ဟူသော ဂတိငါးပါး။
(ဃ) နာနတ္တကာယနာနတ္တသညီ၊ နာနတ္တကာယဧကတ္တသညီ၊ ဧကတ္တကာယနာနတ္တသညီ၊ ဧကတ္တကာယဧကတ္တသညီ၊ အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတန ဟူသော ဝိညာဏဋ္ဌိတိခုနစ်ပါး။
(င) ယင်းခုနစ်ပါးနှင့် အသညသတ်၊ နေဝသညာနာသညာယတန ဟူသော သတ္တဝါသကိုးပါး ရ၏။
ကောင်းကင်၌ သွားသော ငှက်တို့၏ ခြေရာကို သိခြင်းငှာ မလွယ်ကူသကဲ့သို့ သန္နိစယနှစ်ပါး မရှိသော၊ ပရိညာသုံးပါးဖြင့် ဘောဇဉ်ကို သုံးဆောင်ပြီးသော၊ ဖလသမာပတ်ဖြင့် သုညတ စသော နိဗ္ဗာန်ကို အာရုံပြုသော ရဟန္တာပုဂ္ဂိုလ်တို့၏ သွားရာဂတိကို သိရန် ခဲယဉ်း၏။
သန္တိကာရသိက္ခာပုဒ်— သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ် နှစ်ရက် သုံးရက်စာ ဆွမ်းခြောက်ကို သိမ်းဆည်းတတ်သော ဗေလဋ္ဌသီသ ထေရ်ကို အကြောင်းပြု၍ သတ္တိကာရသိက္ခာပုဒ်ကို ညက်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၆။)

ပါဠိသဒ္ဒါခက်ဆစ်

သန္နိစယော = သန္နိစယနံ သန္နိစယော။ သံ + နိ + စိ + အ။
ပရိညာတဘောဇနာ = ပရိညာတာနိ ဘောဇနာနိ ယေနာတိ ပရိညာတဘောဇနော။ ပရိညာတ + ဘောဇန + ယ။
သုညတော = သုညတိ သုညဘာဝံ ဂစ္ဆတီတိ သုညော။ သုန် + ယ။ သုညော ဧဝ သုညတော။
အနိမိတ္တော = အတ္တနော ဖလံ နိမ္မိနာတီတိ နိမိတ္တံ။ နိ + မာ + တ။ နတ္ထိ နိမိတ္တာနိ ဧတ္ထာတိ အနိမိတ္တော။ န + နိမိတ္တ + တ။

ဗေလဋ္ဌသီသတ္ထေရဝတ္ထု ပြီး၏။
---

၄-အနုရုဒ္ဓတ္ထေရဝတ္ထု

၉၃။ ယဿာသဝါ ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခီ ယဿ ဂေါစရော။
အာကာသေ ဝ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပံ့သကူသင်္ကန်းလျာကို အမှိုက်ပုံအတွင်းမှ ကောက်ယူ၍ ဘုရားရှင်နှင့်တကွ ရှစ်ဆယ်သော မထေရ်များ ချုပ်ဆိုးစဉ် ခဲဖွယ်ဘောဇဉ်များသော်လည်း ပစ္စည်းနှင့် စပ်၍ မပြောကြားသော အရှင်အနုရုဒ္ဓကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အာသဝါ၊ အာသဝေါတရားတို့သည်။ ပရိက္ခီဏာ၊ ကုန်ခန်းကုန်၏။ အာဟာရေ စ၊ အစာအာဟာရ၌လည်း။ အနိဿိတော၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းခြင်း မရှိသည်။ ဟောတိ၊ ဖြစ်၏။ သုညတော စ၊ ရာဂစသည်မှ ဆိတ်သုဉ်းလျက်။ အနိမိတ္တော စ၊ ရာဂစသော နိမိတ်မရှိသော။ ဝိမောက္ခီ၊ နိဗ္ဗာန်သည်။ ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏။ ဂေါစရော၊ ကျက်စားရာအာရုံသည်။ ဟောတိ၊ ဖြစ်၏။ အာကာသေ၊ ကောင်းကင်၌။ သကုန္တာနံ၊ ငှက်တို့၏။ ပဒံ၊ ခြေရာကို။ ဒုရန္နယံ ဣဝ၊ မသိနိုင်သကဲ့သို့။ တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်၏။ ပဒံ၊ ခြေရာဟူသော လားကြောင်းကို။ ဒုရန္နယံ၊ မသိနိုင်။

စကားပြေ

ကောင်းကင်၌ ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ အာသဝေါကုန်ပြီး၍ အစာအာဟာရ၌ တဏှာဒိဋ္ဌိတို့ဖြင့် မစွဲမှီပဲ ရာဂစသည် ဆိတ်သုဉ်းသော ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်လျှင် ကျက်စားရာ အာရုံရှိသော ရဟန္တာအရှင်မြတ်များ၏ ခြေရာဟူသော လားကြောင်းကို မသိနိုင်။
ကောင်းကင်၌ ပျံသန်းကုန်သော ငှက်တို့သည် ဤအရပ်ဌာန၌ ခြေတို့ဖြင့် နင်း၍ သွားကုန်၏။ ဤအရပ်ဌာနကို ရင်ဘတ်ဖြင့် ထိ၍ သွားကုန်၏။ ဤအရပ်ဌာနကို ခေါင်းဖြင့် ထိ၍ သွားကုန်၏။ ဤအရပ်ဌာနကို အတောင်ဖြင့် ထိ၍ သွားကုန်၏ ဟု သိခြင်းငှာ မစွမ်းနိုင်သကဲ့သို့ ဤအတူ အာသဝေါတရားကုန်၍ အာဟာရတို့ကို တဏှာဒိဋ္ဌိတို့ဖြင့် မမှီဝဲပဲ သုညတ စသော နိဗ္ဗာန်ကို အာရုံပြုကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၏ နိရယပဒဖြင့် သွားကုန်၏။ တိရစ္ဆာနယောနိပဒဖြင့် သွားကုန်၏ စသော နည်းဖြင့် ခြေရာကို သိခြင်းငှာ မစွမ်းနိုင်။
ပဒ— အရ နိရယပဒ၊ တိရစ္ဆာနပဒ စသည် ရ၏။

ရှင်အနုရုဒ္ဓထေရ်၏ ပံ့သကူသင်္ကန်း

ရှင်အနုရုဒ္ဓထေရ်သည် သင်္ကန်းဆွေးသောကြောင့် အမှိုက်ပုံတွင် သင်္ကန်း ရှာတော်မူသည်။ ဤဘဝမှ ရှေးသုံးဘဝက ဇနီးဟောင်းဖြစ်ဖူးသော တာဝတိံသာနတ်သမီး ဇာလိနီသည် အရှင်မြတ်ရှာနေသော အမှိုက်ပုံတွင် နတ်ပုဆိုးကို မသိမသာ အမြိတ်မျှသာ ထင်ရှားစေသည်။ ၎င်းနတ်ပုဆိုးကို ပံ့သကူကောက်ယူချိန်တွင် ငါးရာသော ရဟန်းများနှင့် မြတ်စွာဘုရားရှင်သည် ဝေဠုဝန်ကျောင်းတွင် ရှိတော်မူသည်။ ရှစ်ကျိပ်သော မထေရ်ကြီးများသည်လည်း သင်္ကန်းချုပ်ရာတွင် ပါဝင်သည်။ ရှင်မဟာကဿပထေရ်သည် အရင်း၌၊ ရှင်သာရိပုတ္တရာသည် အလယ်၌၊ ရှင်အာနန္ဒာသည် အဖျား၌ ထိုင်သည်။ ရဟန်းအပေါင်းက အပ်ချည်ကို ကျစ်သည်။ ဘုရားရှင်က အပ်နဖါးသို့ အပ်ချည် သွင်းပေးသည်။ သိကြားမင်းက သင်္ကန်းချုပ်သော နေရာ၌ မြေကို ညီညွတ်အောင် ပြုသည်။ ရှင်မဟာမောဂ္ဂလာန်က ဇမ္ဗုသပြေသီးကို ဆောင်၍ ကျွေးမွေးသည်။ ရှင်အနုရုဒ္ဓထေရ်၏ ဆွေမျိုးနှင့် အလုပ်အကျွေးများက ယာဂု၊ ခဲဖွယ် ဆွမ်းကပ်လှူကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၇။)

ပါဠိသဒ္ဒါခက်ဆစ်

ယဿာသဝါ = ယဿ + အာသဝါ။ အာသဝါ = အာဘဝဂ္ဂံ သဝတီတိ အာသဝါ။ အာ + သု + ဏ။
ပရိက္ခီဏာ = ပရိက္ခယတီတိ ပရိက္ခီဏာ။ ပရိ + က္ခီ + တ။
အာကာသေ = ဘူသံ ကာသန္တေ ဒိပ္ပန္တေ ပဒတ္ထာ ဧတေနာတိ အာကာသော။ အာ + ကသ် + အ။ န ကဿတိ န ဝိလေက္ခီယတီတိ အာကာသော။ န + ကသ် + ဏ။ အာကာသောယေဝ အာကာသော။

အနုရုဒ္ဓတ္ထေရဝတ္ထု ပြီး၏။
---

၅-မဟာကစ္စာယနတ္ထေရဝတ္ထု

၉၄။ ယဿိန္ဒြိယာနိ သမထင်္ဂတာနိ၊
အဿာ ယထာ သာရထိနာ သုဒန္တာ။
ပဟီနမာနဿ အနာသဝဿ၊
ဒေဝါပိ တဿ ပိဟယန္တိ တာဒိနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဝန္တိတိုင်း ဝေးကွာသောအရပ်မှ မဟာပဝါရဏာပြုရန် ကြွလာ၍ သိကြားမင်း၏ အထူးအားဖြင့် မြတ်မြတ်နိုးနိုး ပူဇော်သက္ကာရပြုခြင်းကို ခံရသော မဟာကစ္စာယနထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သာရထိနာ၊ ရထားထိန်းသည်။ သုဒန္တာ၊ ကောင်းစွာ ဆုံးမပြီးကုန်သော။ အဿာ ယထာ၊ မြင်းတို့ကဲ့သို့။ ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏။ ဣန္ဒြိယာနိ၊ စက္ခုစသော ဣန္ဒြေတို့သည်။ သမထံ၊ ငြိမ်သက်တည်ကြည်ခြင်းသို့။ ဂတာနိ၊ ရောက်ကုန်၏။ ပဟီနမာနဿ၊ မာနကို ပယ်ပြီးသော။ အနာသဝဿ၊ အာသဝေါမရှိသော။ တာဒိနော၊ တာဒိဂုဏ်နှင့် ပြည့်စုံသော။ တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်အား။ ဒေဝါပိ၊ နတ်တို့သည်လည်း။ ပိဟယန္တိ၊ ချစ်မြတ်နိုးကုန်၏။

စကားပြေ

ကျွမ်းကျင်လိမ္မာသော ရထားထိန်း၏ ဆုံးမပြီးသော မြင်းတို့သည် ယဉ်ကျေးခြင်းသို့ ရောက်ကုန်သကဲ့သို့ ရဟန္တာအရှင်မြတ်၏ စက္ခုစသော ဣန္ဒြိယတို့သည် ငြိမ်သက်တည်ကြည်ခြင်းသို့ ရောက်ကုန်၏။ မာနပယ်ပြီး၍ အာသဝေါမရှိပဲ တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်အား နတ်လူများသည် ချစ်မြတ်နိုးကုန်၏။ ဖူးမြင်ရန် ကြွလာခြင်းကို တောင့်တကြကုန်၏။
ဣန္ဒြိယာနိ— (၆)ပါးသော ဣန္ဒြေ ရ၏။
ပဟီနမာနဿ— ကိုးပါးသော မာန်ကို ပယ်ပြီးသော ရဟန္တာ ရ၏။
ဒေဝါပိ— ၌ ပိ အရ လူ ရ၏။

ရှင်မဟာကစ္စာယနထေရ်အား သိကြားမင်းပူဇော်ပုံ

ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရာမကျောင်းတော်၌ ဝါဆို၍ ရှင်မဟာကစ္စာယနသည် အဝန္တိတိုင်းတွင် သီတင်းသုံးနေတော်မူရာမှ ဘုရားရှိရာ ပုဗ္ဗာရာမသို့ မဟာပဝါရဏာပြုရန် ကြွလာသည်။ သိကြားမင်းသည် စတုမဟာရာဇ်နှင့် တာဝတိံသာနတ်ပြည်မှ ပရိသတ်နှင့် တကွ နတ်ပန်းနံ့သာ စသည်တို့ဖြင့် ဘုရားရှင်အား ပူဇော်သည်။ အရှင်မဟာကစ္စာယန် ကြွလာတော်မူသောအခါ အရှင်မြတ်၏ ခြေမျက်စိကို မြဲမြံစွာ ကိုင်လျက် အရှင်ဘုရား ကြွလာခြင်းကို ဝမ်းမြောက်လှပါ၏။ အရှင်မြတ် ကြွလာခြင်းကို တောင့်တနေပါ၏ ဟု လျှောက်ထားသည်။ လက်နှစ်ဖက်တို့ဖြင့် ခြေကို ဆုပ်နယ်၍ ပန်းစသည်တို့ဖြင့် ပူဇော် ရှိခိုးသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၈၉။)

ပါဠိသဒ္ဒါခက်ဆစ်

အဿာ = အသတိ ဘက္ခတီတိ အဿာ။ အသ် + အ။
သာရထိနာ = ရထေန သဟ ယော ဂစ္ဆတီတိ သာရထိ။ သဟ + ရထ + ယ။ (သမာသ်အဆုံး ဣ ပြု)။
ပဟီနမာနဿ = ပဟီနော မာနော ယေနာတိ ပဟီနမာနော။ ပဟီန + မာန + ယ။
တာဒိနော = တမိဝ ဒိဿတီတိ တာဒိ။ တ + ဒိသ် + ကွိ။

မဟာကစ္စာယနတ္ထေရဝတ္ထု ပြီး၏။
---

၆-သာရိပုတ္တတ္ထေရဝတ္ထု

၉၅။ ပထဝိသမော နော ဝိရုဇ္ဈတိ၊ ဣန္ဒခိလုပမော တာဒိ သုဗ္ဗတော။
ရဟဒေါဝ အပေတကဒ္ဒမော၊ သံသရာ န ဘဝန္တိ တာဒိနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မဟုတ်မမှန် စွပ်စွဲသော ရဟန်းအား အမျက်မထွက်ပဲ လက်အုပ်ချီကာ ထိုင်ပြီး တောင်းပန်သော အရှင်သာရိပုတ္တရာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ကိုးထောင်သော ရဟန်းတို့ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ကြကုန်သည်။

အနက်

တာဒိ၊ တာဒိဂုဏ်နှင့် ပြည့်စုံသော။ သုဗ္ဗတော၊ ကောင်းသော အကျင့်ရှိသော။ (ခီဏာသဝေါ၊ ရဟန္တာသည်။) ပထဝီသမော၊ မြေကြီးကဲ့သို့လည်းကောင်း။ ဣန္ဒခိလုပမော၊ တံခါးတိုင်ကဲ့သို့လည်းကောင်း။ (သက္ကာရအသက္ကာရဉ္စ၊ ပူဇော်ခြင်း မပူဇော်ခြင်းကို။ ကရောန္တေသု၊ ပြုသူတို့၌။) နော ဝိရုဇ္ဈတိ၊ ဆန့်ကျင်မှု မရှိ။ အပေတကဒ္ဒမော၊ ရွှံ့ညွှန်ကင်းသော။ ရဟဒေါ၊ ရေအိုင်သည်။ ပသန္နော ဣဝ၊ ကြည်လင်သကဲ့သို့။ တာဒိနော၊ တာဒိဂုဏ်ရှင် ရဟန္တာသခင်အား။ သံသရာ၊ သုဂတိ ဒုဂ္ဂတိတို့၌ ကျင်လည်ခြင်းတို့သည်။ န ဘဝန္တိ၊ မဖြစ်ကုန်။

စကားပြေ

မြေကြီးနှင့် တံခါးတိုင်တို့သည် မိမိတို့အပေါ်၌ ကောင်း မကောင်း ပြုသူတို့အား မဆန့်ကျင်သကဲ့သို့ တာဒိဂုဏ်နှင့် ကောင်းသော အကျင့်ရှိသော ရဟန္တာတို့သည် ပူဇော်သူ မပူဇော်သူတို့ကို မဆန့်ကျင်ပဲ သုဂတိ ဒုဂ္ဂတိတို့၌ ကျင်လည်ခြင်း မဖြစ်ကုန်။
ပထဝိသမော နော ဝိရုဇ္ဈတိ— မြေကြီး၌ စင်ကြယ်ကောင်းမြတ်သော ပန်း၊ နံ့သာ စသည်တို့ကိုလည်း ပစ်ချကုန်၏။ မစင်ကြယ် မကောင်းမြတ်သော ကျင်ကြီးကျင်ငယ် စသည်တို့ကိုလည်း ပစ်ချကုန်၏။ မြေကြီးသည် နှစ်သက်ခြင်း စိတ်ဆိုးခြင်းဖြင့် မဆန့်ကျင် (ဝါ) နှစ်သက်မှု စိတ်ဆိုးမှု မရှိချေ။
ဣန္ဒခိလုပမော— မြို့တံခါး၌ ရိုက်ထားသော တံခါးတိုင်ကို ကလေး သူငယ်တို့သည် ကျင်ကြီးကျင်ငယ် တို့ကို စွန့်ကြကုန်၏။ အချို့သော ပုဂ္ဂိုလ်တို့သည် ထိုတံခါးတိုင်ကို ပန်း၊ နံ့သာ စသည်တို့ဖြင့် ပူဇော်ကြကုန်၏။ တံခါးတိုင်သည် နှစ်သက်ခြင်း စိတ်ဆိုးခြင်းဖြင့် မဆန့်ကျင် (ဝါ) နှစ်သက်မှု စိတ်ဆိုးမှု မရှိချေ။
ရဟန္တာပုဂ္ဂိုလ်သည် မိမိကို ပစ္စည်းလေးပါး လှူသည်ဖြစ်စေ၊ မလှူသည်ဖြစ်စေ နှစ်ဦးစလုံးအား မဆန့်ကျင်သဖြင့် မြေကြီး၊ တံခါးတိုင်နှင့် တူသည်။
ညွှန်ကင်းသော ရေအိုင်သည် ကြည်လင်သော ရေရှိသကဲ့သို့ ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် ရာဂစသော ညွှန်ကင်းသဖြင့် ကြည်လင်သောကြောင့် ရဟဒနှင့် တူသည်။
တာဒိ— လောကဓံတရား (၈)ပါးတို့ဖြင့် တုန်လှုပ်ခြင်း မရှိသော ရဟန္တာ ရ၏။
သံသရာ— သုဂတိ၊ ဒုဂ္ဂတိတို့၌ ကျင်လည်ခြင်းသည် သံသရာ မည်၏။

ပါဠိသဒ္ဒါခက်ဆစ်

ပထဝီသမော = ပထဝီယာ သမော ပထဝီသမော။ ပထဝီ + သမ။
ဣန္ဒခိလုပမော = ဣန္ဒခိလေန ဥပမော ဣန္ဒခိလုပမော။ ဣန္ဒခိလ + ဥပမ။
ဣန္ဒခိလော = ဣန္ဒေါ ဒဝါရပဒံ ခိပတိ ဧတ္ထာတိ ဣန္ဒခိလော။ ဣန္ဒ + ခိပ် + လ (ပ-ချေ)။ ဣ ဂမနံ ဒဒါတီတိ ဣန္ဒေါ (ဒွါရ)။ ဣ + ဒါ + အ။ ဣန္ဒေ ဌပိတော ခီလော ဣန္ဒခီလော။ ဣန္ဒ + ခီလ။
သုဗ္ဗတော = သုန္ဒရံ ဝတံ ယဿာတိ သုဗ္ဗတော။ သု + ဝတ + ယ။
အပေတကဒ္ဒမော = အပေတော ကဒ္ဒမော အပေတကဒ္ဒမော။ အပေတ + ကဒ္ဒမ + ယ။

သာရိပုတ္တတ္ထေရဝတ္ထု ပြီး၏။
---

၇-ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရဝတ္ထု

၉၆။ သန္တံ တဿ မနံ ဟောတိ၊ သန္တာ ဝါစာ စ ကမ္မံ စ။
သမ္မဒညာ ဝိမုတ္တဿ၊ ဥပသန္တဿ တာဒိနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆရာ့ယပ်တောင်ရိုးဖြင့် မျက်လုံးထိုးမိ၍ ပေါက်သွားသော်လည်း သည်းခံ၍ မပြောပဲ ဝတ္တရား ပြုမြဲပြုနေသော ရဟန္တာဖြစ်သော ခုနစ်နှစ်အရွယ် သာမဏေငယ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဆရာဖြစ်သော ကောသမ္ဗိတိဿထေရ် ရဟန္တာ ဖြစ်သည်။

အနက်

သမ္မဒညာ သမ္မာအညာယ၊ အကြောင်းအားလျော်စွာ သိ၍။ ဝိမုတ္တဿ၊ ငါးပါးသော ဝိမုတ္တိတို့ဖြင့် ကိလေသာမှ လွတ်သော။ ဥပသန္တဿ၊ ကိုယ်တွင်း၌ ရာဂစသည်တို့ ငြိမ်သက်သော။ တာဒိနော၊ ထိုသို့ ဖောက်ပြန်ခြင်း သဘောမရှိသော။ တဿ၊ ထိုရဟန်းသာမဏေ၏။ မနံ စ၊ စိတ်သည်လည်း။ သန္တံ၊ ငြိမ်သက်၏။ ဝါစာ စ၊ နှုတ်အမူအရာသည်လည်း။ သန္တာ၊ ငြိမ်သက်၏။ ကမ္မံ စ၊ ကိုယ်အမူအရာသည်လည်း။ သန္တံ၊ ငြိမ်သက်၏။

စကားပြေ

အကြောင်းအားလျော်စွာ တရားကို သိ၍ ကိလေသာတို့မှ လွတ်ပြီးလျှင် ငြိမ်သက်သော ဖောက်ပြန်ခြင်း သဘော မရှိသော ရဟန္တာသာမဏေ၏ စိတ်၊ နှုတ် အမူအရာနှင့် ကိုယ်အမူအရာတို့ ငြိမ်သက်ကုန်၏။
သန္တံ မနံ— အဘိဇ္ဈာအစရှိသော မနောဒုစရိုက်တို့၏ မရှိခြင်းကြောင့် ငြိမ်သက်သော စိတ်ရှိသူ ရ၏။
သန္တာ ဝါစာ— မုသာဝါဒအစရှိသော ဝစီဒုစရိုက်တို့၏ မရှိခြင်းကြောင့် စကားလည်း ငြိမ်သက်သူ ရ၏။
သန္တံ ကမ္မံ— ပါဏာတိပါတ စသော ကာယဒုစရိုက်တို့၏ မရှိခြင်းကြောင့် ကိုယ်လည်း ငြိမ်သက်သူ ရ၏။
ဝိမုတ္တဿ— ငါးပါးသော (တဒင်္ဂ၊ ဝိက္ခမ္ဘန၊ သမုစ္ဆေဒ၊ ပဋိပ္ပဿဒ္ဓိ၊ နိဿရဏ) ဝိမုတ္တိတို့မှ လွတ်မြောက်သူ ၏။
ယဉ်ကျေးမှု— ယဉ်ကျေးပြီးသော သူသည် လက်တဘက်တည်းဖြင့် ဆရာသမားများအား တစုံတခုကို မကပ်ရ၊ မပေးရ၊ ဆရာသမားများထံမှ မယူရ။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၄။)
ခုနစ်နှစ်အရွယ် သာမဏေပြုသောဝတ်— အိပ်ရာမှ ထပြီးလျှင် တံမြက်စည်းဖြင့် ကုဋိကိုလည်းကောင်း၊ မျက်နှာသစ်ရန် နေရာကိုလည်းကောင်း လှည်း၍ မျက်နှာသစ်ရေကို ထားပြီး ကျောင်းဝင်း၌ တံမြက်လှည်းသည်။ တံပူလည်း ကပ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၄။)

ပါဠိသဒ္ဒါခက်ဆစ်

သန္တံ = သမ္မေတီတိ သန္တံ။ သမု + တ။

ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရဝတ္ထု ပြီး၏။
---

၈-သာရိပုတ္တတ္ထေရဝတ္ထု

၉၇။ အသဒ္ဓေါ အကတညူ စ၊ သန္နိစ္ဆေဒေါ စ ယော နရော။
ဟတာဝကာသော ဝန္တာသော၊ သ ဝေ ဥတ္တမပုရိသော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သုံးကျိပ်သော တောကျောင်းနေ ရဟန်းတို့၏ ရွှေဝါ ဣန္ဒြီယငါးပါးကို မပွားပဲ မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်၏ ဟု သင်ယုံကြည်သလော ဟု ဘုရားရှင်၏ အမေးကို ခံရသော အရှင်သာရိပုတ္တရာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တောကျောင်းနေ ရဟန်းသုံးကျိပ်တို့ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ကြသည်။

အနက်

ယော နရော၊ အကြင်သူသည်။ အသဒ္ဓေါ စ၊ မိမိရပြီး ဂုဏ်ကို သူတပါးစကားဖြင့်သာ ယုံကြည်သူ မဟုတ်သည်။ ဟောတိ၊ ဖြစ်၏။ အကတညူ စ၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူသည်။ ဟောတိ၊ ဖြစ်၏။ သန္နိစ္ဆေဒေါ စ၊ သံသရာဝဋ်သုံးပါး အစပ်ကိုလည်း ဖြတ်တောက်ပြီးသူသည်။ ဟောတိ၊ ၏။ ဟတာဝကာသော စ၊ ကုသိုလ် အကုသိုလ်တို့၏ အကျိုးပေးခွင့်ကို ဖြတ်ပြီးသူသည်လည်း။ ဟောတိ၊ ၏။ ဝန္တာသော စ၊ အလုံးစုံသော တဏှာကို ထွေးအန်ပြီးသူသည်လည်း။ ဟောတိ၊ ၏။ ၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ဥတ္တမပုရိသော၊ ယောက်ျားမြတ်သည်။ ဟောတိ၊ ဖြစ်၏။

စကားပြေ

မိမိရပြီးသော ဂုဏ်ကို သူတပါးစကားဖြင့်သာ မယုံကြည်သူ၊ နိဗ္ဗာန်ကို ကိုယ်တိုင် သိမြင်သူ၊ သံသရာဝဋ်သုံးပါး အစပ်၊ ကုသိုလ် အကုသိုလ် အကျိုးပေးခွင့်နှင့် အလုံးစုံသော တဏှာတို့ကို ဖြတ်တောက် ထွေးအန်ပြီးသူသည် စင်စစ် ယောက်ျားမြတ် ဖြစ်ပေသည်။
အသဒ္ဓေါ— မိမိရအပ်သော ဂုဏ်ကျေးဇူးကို သူတပါး ပြောသော စကားဖြင့် မယုံကြည်သောသူ ရ၏။
အကတညူ— နိဗ္ဗာန်ကို သိ၏ ဟူသည် မျက်မှောက်ပြုပြီး သူတည်း။ နိဗ္ဗာန် ရ၏။
သန္နိစ္ဆေဒ— ၌ သန္နိ အရ— ဝဋ္ဋသန္တိ၊ သံသရာသန္ဓိ နှစ်ပါး ရ၏။
သန္နိစ္ဆေဒေါ— ဝဋ္ဋသန္တိ၊ သံသရာသန္ဓိ နှစ်ပါးကို ဖြတ်၍ တည်သော ပုဂ္ဂိုလ် ရ၏။
ဟတာဝကာသော— ၌ အဝကာသ = ကုသိုလ်၊ အကုသိုလ် ဟူသော မျိုးစေ့ကုန်ပြီးသည် အဖြစ်ကြောင့် အကျိုးကို ဖြစ်စေတတ်သော အခွင့် ရ၏။
ဟတာဝကာသ— အရ ထိုအကျိုးပေးခွင့်ကို ပယ်သတ်ပြီးသော ပုဂ္ဂိုလ် ရ၏။
ဝန္တာသော— လေးပါးသော မဂ်တို့ဖြင့် ပြုအပ်သော ကိစ္စကို ပြုပြီးသည်၏ အဖြစ်ကြောင့် အလုံးစုံသော အာသါတို့ကို ပျို့အန်ပြီးသော ပုဂ္ဂိုလ် ရ၏။
ဥတ္တမပုရိသော— လောကုတ္တရာတရားကို ထိုးထွင်း၍ သိပြီးသည် အဖြစ်ကြောင့် ယောက်ျားတို့တွင် မြတ်သည်၏ အဖြစ်သို့ ရောက်သော ပုဂ္ဂိုလ် ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

အသဒ္ဓေါ = ပရေသံ ကထာယ သဒ္ဓဟတိ ဣတိ သဒ္ဓေါ။ သံ + ဓါ + အ။ န သဒ္ဓေါ အသဒ္ဓေါ။ န + သဒ္ဓ။
အကတညူ = အကတံ (နိဗ္ဗာနံ) ဇာနာတိ ဣတိ အကတညူ။ အကတ + ဉာ + ရု။
သန္နိစ္ဆေဒေါ = သန္ဓိံ ဆိန္ဒတိ သန္နိစ္ဆေဒေါ။ သန္တိ+ဆိဒ် + ဏ။
ဟတာဝကာသော = ဟတော အဝကာသော ယဿာတိ ဟတာဝကသော။ ဟတ+အဝကာသ+ယ။
ဝန္တသော = ဝန္တာ အာသာ အနေနာတိ ဝန္တာသော။ ဝန္တာ+အာသာ+ ဣမ။
သာရိပုတ္တတ္ထေရဝတ္ထုပြီး၏။

၉-ခဒိရဝနိယရေဝတတ္ထေရဝတ္ထု

၉၈။ ဂါမေ ဝါ ယဒိ ဝါရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ယတ္ထ အရဟန္တော ဝိဟရတိ၊ တံ ဘူမိ ရာမဏေယျကံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှင်သာရိပုတ္တရာ၏ ညီ ခုနစ်နှစ်အရွယ်သာရှိသော ရှစ်တော၌ ဝါတွင်းသုံးလအတွင်း ရဟန္တာဖြစ်သော ခဒိရဝနိယရေဝတထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဂါမေ ဝါ၊ ရွာ၌သော်လည်းကောင်း။ ယဒိ၊ ထိုမှတပါး။ အရညေ ဝါ၊ တော၌သော်လည်းကောင်း။ နိန္နေ ဝါ၊ နိမ့်ရာချိုင့်ဝှမ်း၌သော်လည်းကောင်း။ ယဒိ၊ ထိုမှတပါး။ ထလေ ဝါ၊ ကုန်းမြင့်၌သော်လည်းကောင်း။ ယတ္ထ၊ အကြင်တခုခုသော အရပ်၌။ အရဟန္တော၊ ရဟန္တာတို့သည်။ ဝိဟရတိ၊ နေကုန်၏။ တံ ဘူမိ၊ ထိုနေရာအရပ်သည်။ ရာမဏေယျကံ၊ မွေ့လျော်ဖွယ်ရှိ၏။

စကားပြေ

ရဟန္တာတို့နေသော ရွာဖြစ်စေ၊ တောဖြစ်စေ၊ နိမ့်ရာအရပ်ဖြစ်စေ၊ ကုန်းမြင့်ရာအရပ်ဖြစ်စေ၊ တခုခုသော နေရာသည် မွေ့လျော်ဖွယ်ရှိ၏။
ဂါမေ ဝါ ယဒိ ဝါရညေ— ရဟန္တာပုဂ္ဂိုလ်တို့သည် ရွာအနီး၌ သီတင်းသုံးသော် ကာယဝိဝေကကို မရသော်လည်း စိတ္တဝိဝေကကို ရကုန်၏။ နတ်ပြည်၌ ဖြစ်သော အာရုံတို့သည်ပင် ထိုရဟန္တာပုဂ္ဂိုလ်တို့၏ စိတ်ကို တုန်လှုပ်ခြင်းငှာ မစွမ်းနိုင်ကုန်။ တော၌မူကား ကာယဝိဝေက၊ စိတ္တဝိဝေက နှစ်ပါးလုံးကို ရနိုင်၏။ ထို့ကြောင့် ရဟန္တာတို့နေသော နေရာသည် မွေ့လျော်ဘွယ်ရှိ၏ ဟု ဆိုသည်။
ရှင်သာရိပုတ္တရာ၏ မွေးချင်းများ— အရှင်သာရိပုတ္တရာ၌ စာလာ၊ ဥပစာလာ၊ သီသူပစာလာ ဟု နှမသုံးယောက်၊ စုန္ဒ၊ ဥပသေန၊ ရေဝတ ဟု ညီသုံးယောက် ရှိသည်။
ရှင်သီဝလိ— ရှင်သီဝလိ အလောင်းလျာသည် မြို့တံခါးလေးခုကို ခုနစ်နှစ် ခုနစ်လ ပိတ်ဆို့ခဲ့မှုကြောင့် မြေကြီး တယူဇနာ မြင့်တက်သည်တိုင်အောင် အဝီစိငရဲသို့ ကျရပြီး၊ မြို့တံခါးအသေးလေးခုကိုလည်း မိခင်စကားအရ ပိတ်ဆို့မှုကြောင့် ထိုမိခင်ဝမ်းတွင်းမှာပင် ခုနစ်နှစ် ခုနစ်လ ကိန်းရပြီး၊ ခုနစ်ရက်တိတိ ယောနိဝ၌ ကန့်လန့်ဖြစ်ရသည်။
ပျားရည်လှူကျိုး— ညဉ့်မလွန်သော ပျားရည်ကို ဝိပဿီဘုရားရှင်အား လှူခဲ့မှုကြောင့် ရှင်သီဝလိသည် လာဘ်လာဘ ပေါများရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၆။)

ပါဠိသဒ္ဒါခက်ဆစ်

ဂါမေ = ဝသန္တိ ဘက္ခန္တိ ဧတ္ထာတိ ဂါမော။ ဂသ် + မ။ ဂါယန္တိ ဧတ္ထာတိ ဂါမော။ ဂါ + မ။
အရညေ = အရီယတေ ဂမျ‌တေတီတိ အရညော။ အရ + ည။
နိန္နေ = နိ + မန (အဘျာသေ) + ဏ (မ ကို န ပြု)။
ထလေ = တိဋ္ဌန္တိ ဧတ္ထာတိ ထလံ။ ဌာ + လ (ဌ ကို ထ ပြု)။
ရာမဏေယျကံ = ရမဏီယမေဝ ရမဏီယကံ၊ တဿ ဘာဝော ရာမဏေယျကံ။ ရမဏီယ + ဏ။ (ဓမ္မ၊ဋ္ဌ၊၁၊၄၀၂။)

ခဒိရဝနိယရေဝတတ္ထေရဝတ္ထု ပြီး၏။
---

၁၀-အညာတရဣတ္ထိဝတ္ထု

၉၉။ ရမဏီယာနိ အရညာနိ၊ ယတ္ထ န ရမတိ ဇနော။
ဝီတရာဂါ ရမိဿန္တိ၊ န တေ ကာမဂဝေသိနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အထံမှ ကမ္မဋ္ဌာန်းကို ယူ၍ ဥယျာဉ်ဟောင်း တခုအတွင်း၌ တရားအားထုတ်နေသော ရဟန်းအား ဖောက်ပြန်သော အမူအရာကို ပြသော ပြည့်တန်ဆာမကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တရားအားထုတ်နေသော ရဟန်းသည် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်သည်။

အနက်

အရညာနိ၊ တောတို့သည်။ ရမဏီယာနိ၊ မွေ့လျော်ဖွယ် ရှိကုန်၏။ ယတ္ထ၊ အကြင်တော၌။ ဇနော၊ ကာမရှာမှီးသော သူသည်။ န ရမတိ၊ မမွေ့လျော်နိုင်။ ဝီတရာဂါ၊ ရာဂကင်းကုန်သည်။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား။ ရမိဿန္တိ၊ မွေ့လျော်ကုန်လတ္တံ့။ တေ၊ ထိုရာဂကင်းသော ပုဂ္ဂိုလ်တို့သည်။ န ကာမဂဝေသိနော၊ ကာမကို မရှာမှီးကြကုန်။

စကားပြေ

ယင်ကောင်နှင့် တူသော ကာမရှာမှီးသော သူသည် မွေ့လျော်ဖွယ်ကောင်းသော တော၌ မမွေ့လျော်ကုန်။ ပျားပိတုန်းနှင့် တူကုန်သော ကာမကို မရှာမှီးပဲ ရာဂကင်းသော ရဟန္တာပုဂ္ဂိုလ်တို့သည်ကား မွေ့လျော်ဖွယ်ကောင်းသော ကြာတောစသည်တို့၌ မွေ့လျော်ကုန်၏။
ဇနော— ကာမဂုဏ်ကို ရှာမှီးသော လူ ရ၏။
ယတ္ထ န ရမတိ ဇနော— ပွင့်သော ကြာရှိသော တော၌ ယင်ကောင်တို့သည် မပျော်သကဲ့သို့ ကာမဂုဏ်ကို ရှာသော လူအပေါင်းတို့သည် တော၌ မပျော်။
ဝီတရာဂါ ရမိဿန္တိ— ပျားပိတုန်းတို့သည် ပဒုမ္မာကြာတောတို့၌ ပျော်သကဲ့သို့ ဝီတရာဂါ အာသဝေါကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည် တော၌ ပျော်ကုန်၏။

ပါဠိသဒ္ဒါခက်ဆစ်

ဝီတရာဂါ = ဝိဂတော ရာဂော ဧ‌တေသန္တိ ဝီတရာဂါ။ ဝီတ + ရာဂ + ဧတ။
ကာမဂဝေသိနော = ကာမေ ဂဝေသတီတိ ကာမဂဝေသိ။ ကာမ + ဂဝေသ် + ဏီ။

အညာတရဣတ္ထိဝတ္ထု ပြီး၏။
အရဟန္တဝဂ် ပြီး၏။
---

၈-သဟဿဝဂ်

၁-တမ္ဗဒါဋ္ဌိကစောရဃာတကဝတ္ထု

၁၀၀။ သဟဿမပိ စေ ဝါစာ၊ အနတ္ထပဒသံဟိတာ။
ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဗာရာဏသီပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှင်သာရိပုတ္တရာ၏ ဆွမ်းအနုမောဒနာတရားကို နာပြီးလျှင် တုသိတာဘုံသို့ ရောက်သော (၅၅) နှစ်ပတ်လုံး ခိုးသူသတ်ရာ ထူးကိုယူ၍ လူတို့ကို သတ်သော တမ္ဗဒါဋ္ဌိက ခိုးသူသတ်သမားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အနတ္ထပဒသံဟိတာ၊ တောဘွဲ့တောင်ဘွဲ့ အကျိုးမဲ့ပုဒ်နှင့် ဆိုင်သော။ ဝါစာ၊ စကားသည်။ စေ သဟဿမပိ၊ အခွန်းတထောင် ရှိစေ ကာမူ။ (ပါပိကာ၊ ယုတ်မာ ၏။) ယံ၊ အကြင်စကားကို။ သုတွာ၊ ကြားနာရ၍။ ဥပသမ္မတိ၊ ရာဂစသည် ငြိမ်းအေး၏။ တံ၊ ထိုရာဂစသည် ငြိမ်းအေးစေသော။ ဧကံ အတ္ထပဒံ၊ အကျိုးရှိသော ပုဒ်တပုဒ်သည်သာ။ သေယျော၊ ပို၍ လွန်မြတ်၏။

စကားပြေ

တောဘွဲ့တောင်ဘွဲ့ အကျိုးမဲ့ပုဒ်နှင့် ဆိုင်သော စကားသည် အခွန်းတထောင် နှစ်ထောင် ပင်ရှိသော်လည်း ယုတ်မာ၏၊ မမြတ်။ ရာဂစသည် ငြိမ်းအေးနိုင်သော ပုဒ်တပုဒ်က သာ၍ မြင့်မြတ်၏။
အနတ္ထပအတ္ထပဒ— သံသရာမှ လွတ်မြောက်ကြောင်း မဟုတ်သော တောဘွဲ့တောင်ဘွဲ့သော စကားကို အနတ္ထပဒသံဟိတာ ခေါ်သည်။ ရာဂစသည် ငြိမ်းကြောင်း နိဗ္ဗာန်ရောက်ကြောင်း စကားကို အတ္ထပဒ ခေါ်သည်။
မိတ်ဆွေကောင်းရှိမှု— တမ္ဗဒါဋ္ဌိကသည် (၅၅) နှစ်တိုင်တိုင် သူများ အသက်သတ်ခဲ့သော်လည်း အရှင်သာရိပုတ္တရာ တည်းဟူသော မိတ်ဆွေကောင်းနှင့် တွေ့ဆုံလိုက်သဖြင့် တုသိတာနတ်ပြည်သို့ ရောက်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၀၇။)

ပါဠိသဒ္ဒါခက်ဆစ်

အနတ္ထပဒသံဟိတာ = အနတ္ထာနိ ပဒါနိ အနတ္ထပဒါနိ။ အနတ္ထပဒေဟိ သံဟိတာ အနတ္ထပဒသံဟိတာ။ အနတ္ထပဒ + သံဟိတာ။
သံဟိတာ = သုဋ္ဌု ထပိတာ သံဟိတာ။ သံ + ဓာ + တ။
အတ္ထပဒံ = အတ္ထော အဿ အတ္ထီတိ အတ္ထံ (ပဒ)။ အတ္ထ + ဏ။ အတ္ထံ (အကျိုးရှိသော) ပဒံ အတ္ထပဒံ။ အတ္ထ + ပဒ။
အတ္ထ = အရန္တိ ပဝတ္တန္တိ အနေနာတိ အတ္ထော။ အရ် + ယ။

တမ္ဗဒါဋ္ဌိကစောရဃာတကဝတ္ထု ပြီး၏။
---

၂-ဗာဟိယဒါရုစီရိယဝတ္ထု

၁၀၁။ သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွမ်းခံနေသော ဘုရားရှင်၏ တရားကို နာရ၍ ခိပ္ပါဘိညာဧတဒဂ်ရသော ရဟန္တာ ဗာဟိယဒါရုစီရိယထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အနတ္ထပဒသံဟိတာ၊ အကျိုးမဲ့ပုဒ်နှင့် ဆိုင်သော။ ဂါထာ၊ ဂါထာသည်။ သဟဿမပိ စေ၊ တထောင်ပင် ဖြစ်စေ ကာမူ။ ပါပိကာ၊ ယုတ်မာ၏။ ဝါ၊ မမြတ်။ ယံ၊ အကြင်ဂါထာကို။ သုတွာ၊ ကြားနာရ၍။ ဥပသမ္မတိ၊ ရာဂစသည် ငြိမ်း၏။ တံ၊ ထိုရာဂစသည် ငြိမ်းစေသော။ ဧကံ ဂါထာပဒံ၊ တဂါထာသည်။ သေယျော၊ ပို၍ လွန်မြတ်၏။

စကားပြေ

အကျိုးမဲ့ပုဒ်နှင့် ဆိုင်သော ဂါထာသည် တထောင်ပင် ဖြစ်စေ ကာမူ မမြတ်။ ရာဂစသည် ငြိမ်းစေသော ဂါထာသည် တဂါထာ ပင်ဖြစ်စေ ကာမူ မြတ်၏။
သပိတ် သင်္ကန်း မလှူဖူးသူ၏ အပြစ်— ဗာဟိယဒါရုစီရိယ အလောင်းလျာသည် အနှစ်နှစ်သောင်းတိုင်တိုင် ရဟန်းတရား အားထုတ်ခဲ့သော်လည်း သပိတ် သင်္ကန်းဖြင့် ရဟန်းတပါးကိုမျှ မချီးမြှောက်ခဲ့ဖူးသောကြောင့် ဘုရားရှင်သည် ဧဟိ ဘိက္ခု ခေါ်တော်မမူ။ (ဓမ္မ၊ဋ္ဌ၊၁၊၄၁၁။)
သေပြီးမှ ဧတဒဂ်ဘွဲ့ရသူ— ဗာဟိယဒါရုစီရိယသည် ပရိနိဗ္ဗာန်စံပြီးမှ ခိပ္ပါဘိညာ ဧတဒဂ်ဘွဲ့ ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၁၂။)
မြတ်သောဂါထာ— အကျိုးမရှိသော ဂါထာ တထောင်ထက် အကျိုးရှိသော တဂါထာက မြတ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

ဂါထာပဒံ = ဂါထာယ ပဒံ ဂါထာပဒံ။ ဂါထာ + ပဒ။

ဗာဟိယဒါရုစီရိယဝတ္ထု ပြီး၏။
---

၃-ကုဏ္ဍလကေသီတ္ထေရီဝတ္ထု

၁၀၂။ ယော စ ဂါထာ သတံ ဘာသေ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဓမ္မပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
၁၀၃။ ယော သဟဿံ သဟဿေန၊ သင်္ဂါမေ မာနုသေ ဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ၊ သ ဝေ သင်္ဂါမဇုတ္တမော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှင်သာရိပုတ္တရာအား ဝါဒတထောင် မေးပြီး ရဟန်းပြု၍ နှစ်ရက် သုံးရက်မှာ ပဋိသမ္ဘိဒါလေးပါးနှင့် တကွ ရဟန္တာမဖြစ်သော ကုဏ္ဍလကေသီထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အနတ္ထပဒသံဟိတာ၊ အကျိုးမဲ့ပုဒ်နှင့် စပ်ဆိုင်သော။ ဂါထာ သတံ၊ ဂါထာတရာကို။ ယော၊ အကြင်သူသည်။ ဘာသေ၊ ဆိုစေကာမူ။ ပါပိကံ၊ ယုတ်မာ၏။ (ဝါ) မမြတ်။ ယံ၊ အကြင်ဂါထာကို။ သုတွာ၊ ကြားနာရ၍။ ဥပသမ္မတိ၊ ရာဂစသည် ငြိမ်းအေး၏။ တံ၊ ထိုရာဂစသည် ငြိမ်းအေးစေသော။ ဧကံ ဓမ္မပဒံ၊ တခုသော တရားပုဒ်သည်။ သေယျော၊ ပို၍ လွန်မြတ်၏။
ယော၊ အကြင်စစ်သားသည်။ သင်္ဂါမေ၊ စစ်မြေပြင်၌။ မာနုသေ၊ အခြားသော ရန်သူစစ်သားတို့ကို။ သဟဿံ သဟဿေန၊ အကြိမ်တသောင်းတိုင်အောင်။ ဇိနေ၊ အောင်ရာ၏။ ယော စ၊ အကြင်သာသနာ့သူရဲကောင်းသည်ကား။ ဧကဉ္စ၊ တကြိမ်မျှ။ အတ္တာနံ၊ မိမိကိုယ်ကို (မိမိ၏ ကိုယ်တွင်းကိလေသာကို)။ ဇေယျ၊ အောင်နိုင်ရာ၏။ ဝေ၊ စင်စစ်။ သော၊ ကိုယ်တွင်း ကိလေသာကို တကြိမ်မျှ အောင်နိုင်သော သူသည်သာ။ သင်္ဂါမဇုတ္တမော၊ စစ်နိုင်သူတို့တွင် အမြတ်ဆုံး ဖြစ်၏။

စကားပြေ

အကျိုးမဲ့ပုဒ်နှင့် ဆိုင်သော ဂါထာတထောင်ကို ဆိုစေကာမူ မမြတ်။ ရာဂစသည် ငြိမ်းအေးစေတတ်သော တရားတပုဒ်သည် ပိုလွန်၍ မြတ်၏။ စစ်မြေပြင်၌ စစ်သားသည် ရန်သူတို့ကို အကြိမ်တသောင်းတိုင်တိုင် အောင်ခြင်းထက် ကိုယ်တွင်း ကိလေသာကို တကြိမ်မျှ အောင်သော သူရဲကောင်းသည်သာ စစ်နိုင်သူတို့တွင် အမြတ်ဆုံး ဖြစ်သည်။
ဓမ္မပဒ— ခန္ဓာစသည်နှင့် စပ်လျဉ်းသော အကျိုးစီးပွားကို ဖြစ်စေသော တရားအပေါင်းနှင့် အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဟူသော ပရိဗ္ဗာဇက ဧကဓမ္မပဒ (၄) ပါးတွင် တပါးပါး ရ၏။
မြတ်သောပုဒ်နှင့် မမြတ်သောပုဒ်— အကျိုးမရှိသော ပုဒ်တရာထက် အကျိုးရှိသော တပုဒ်က မြတ်သည်။
မည်သည့်ရန်အရေးကြီးသနည်း— အပြင်ရန်သူ အောင်နိုင်သည်ထက် အတွင်းကိလေသာရန် အောင်နိုင်ဖို့ အရေးကြီးသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၁၇။)

ပါဠိသဒ္ဒါခက်ဆစ်

သင်္ဂါမေ = သင်္ဂါမယန္တိ ဧတ္ထာတိ သင်္ဂါမော။ သင်္ဂါမ + အ။
သင်္ဂါမဇုတ္တမော = သင်္ဂါမေ ဇယတီတိ သင်္ဂါမဇော။ သင်္ဂါမ + ဇိ + အ။ သင်္ဂါမဇာနံ ဥတ္တမော သင်္ဂါမဇုတ္တမော။ သင်္ဂါမဇ + ဥတ္တမ။

ကုဏ္ဍလကေသီတ္ထေရီဝတ္ထု ပြီး၏။
---

၄-အနတ္ထပုစ္ဆကဗြဟ္မဏဝတ္ထု

၁၀၄။ အတ္တာ ဟဝေ ဇိတံ သေယျော၊ ယာ စာယံ ဣတရာ ပဇာ။
အတ္တဒန္တဿ ပေါသဿ၊ နိစ္စံ သညတစာရိနော။
၁၀၅။ နေဝ ဒေဝေါ န ဂန္ဓဗ္ဗော၊ န မာရော သဟ ဗြဟ္မနာ။
ဇိတံ အပဇိတံ ကယိရာ၊ တထာရူပဿ ဇန္တနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အား အကျိုးမဲ့သော စကားကို သိပါသလောဟု မေးသော အနတ္ထပုစ္ဆကပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အတ္တာ၊ မိမိကိုယ်ကို။ ဟဝေ၊ စင်စစ်။ ဇိတံ ဇိတော၊ အောင်ခြင်းသည်။ သေယျော၊ မြတ်၏။ ဣတရာ၊ မိမိကိုယ်ကို အောင်ခြင်းမှ ကြွင်းသော။ ယာ အယံ ပဇာ၊ အကြင်သတ္တဝါသည်။ (ဗုတာဒိနာ၊ ကြွေအန်ကစားခြင်းစသည်ဖြင့်။) ဇိတာ၊ အောင်ခြင်းသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ တံ၊ ထိုသို့ အောင်ခြင်းသည်။ န သေယျော၊ မမြတ်။ အတ္တဒန္တဿ၊ မိမိကိုယ်ကို ဆုံးမပြီးသော။ (ကာယာဒီဟိ၊ ကိုယ်နှုတ်နှလုံးတို့ဖြင့်။) နိစ္စံ သညတစာရိနော၊ အမြဲစောင့်စည်းအပ်သော အကျင့်ရှိသော။ တထာရူပဿ၊ ထိုသို့ သဘောရှိသော။ ဇန္တနော၊ သတ္တဝါ၏။ ဇိတံ၊ အောင်ခြင်းကို။ ဒေဝေါ၊ နတ်သည်။ အပဇိတံ၊ ရှုံးအောင်။ နေဝ ကယိရာ၊ မပြုနိုင်ရာ။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗနတ်သည်။ အပဇိတံ၊ ရှုံးအောင်။ န ကယိရာ၊ မပြုနိုင်ရာ။ ဗြဟ္မနာ၊ ဗြဟ္မာနှင့်။ သဟ၊ တကွ။ မာရော၊ မာရ်နတ်သည်။ အပဇိတံ၊ ရှုံးအောင်။ န ကယိရာ၊ မပြုနိုင်ရာ။

စကားပြေ

မိမိကိုယ်ကို အောင်ခြင်းသည် မြတ်၏။ ကြွေအန်ကစားခြင်း စသည်ဖြင့် အောင်ခြင်းသည် မမြတ်။ အကြောင်းကား မိမိကိုယ်ကို ဆုံးမပြီး၍ ကိုယ်နှုတ်နှလုံးကို စောင့်စည်းသော သတ္တဝါ၏ အောင်ခြင်းကို နတ်၊ ဂန္ဓဗ္ဗ၊ ဗြဟ္မာ၊ မာရ်နတ် မည်သူမျှ ရှုံးအောင် မပြုနိုင်သောကြောင့် တည်း။
အတ္တဒန္တ— ကိလေသာ မရှိအောင် ပြုသည်လို အတ္တဒန္တ ခေါ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

အတ္တဒန္တဿ = အတ္တာနံ ဒမေတိ ဣတိ အတ္တဒန္တော။ အတ္တ + ဒန္တ။
သညတစာရိနော = သံယမိတ္တာတိ သညတော။ သံ + ယမု + တ။ စရဏံ စာရော၊ သညတော စာရော အဿ အတ္ထီတိ သညတစာရီ။
ဒေဝေါ = ဒိဗ္ဗပဉ္စကာမဂုဏေဟိ ကီဠတီတိ ဒေဝေါ။ ဒိဝု + ဏ။
ဂန္ဓဗ္ဗော = ဂန္ဓီ အဗ္ဗတိ ပရိဘုဉ္ဇတီတိ ဂန္ဓဗ္ဗော။ ဂန္ဓ + အဗ္ဗ် + အ။
ဗြဟ္မနာ = ဗြဟ္မာတိ ဝုဍ္ဎိံ ဂစ္ဆတီတိ ဗြဟ္မာ။ ဗြဟ် + မ။
တထာရူပဿ = ရူပဿ အနုရူပံ တထာရူပံ၊ ရူပဿ ‌ယောဂ္ဂံ တထာရူပံ။ တထာ + ရူပ။
ဇန္တနော = ဇာယတီတိ ဇန္တု။ ဇန် + တု။

အနတ္ထပုစ္ဆကဗြဟ္မဏဝတ္ထု ပြီး၏။
---

၅-သာရိပုတ္တတ္ထေရဿမာတုလဗြဟ္မဏဝတ္ထု

၁၀၆။ မာသေ မာသေ သဟဿေန၊ ယော ယဇေထ သတံ သမံ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေဝ ပူဇနာ သေယျော၊ ယဉ္စ ဝဿသတံ ဟုတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဗြဟ္မာ့ပြည်ကို တောင့်၍ လစဉ်လတိုင်း တက္ကတွန်းတို့အား ငွေတထောင်တထောင် လှူနေသော အရှင်သာရိပုတ္တရာ၏ ဦးရီးတော် ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့နှင့် ဦးရီးတော် ပုဏ္ဏားတို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယော၊ အကြင်သူသည်။ သတံ သမံ၊ အနှစ်တရာ ပတ်လုံး။ မာသေ မာသေ၊ လတိုင်းလတိုင်း။ သဟဿေန၊ တထောင်သော ဥစ္စာကို ပေးလှူခြင်းဖြင့်။ ယဇေထ၊ ပူဇော်ရာ၏။ ဘာဝိတတ္တာနံ၊ သီလစသည်ဖြင့် ပွားစေအပ်သော သူကို။ ဧကဉ္စ၊ တကြိမ်မျှ။ မုဟုတ္တမပိ၊ တခဏမျှ။ ပူဇယေ၊ ပူဇော်ရာ၏။ ဝဿသတံ၊ အနှစ်တရာ ပတ်လုံး။ ယဉ္စ ဟုတံ၊ အကြင် တက္ကတွန်းတို့အား ပူဇော်ခြင်းသည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်၏။ တတော၊ ထိုထက်။ သာယေဝ ပူဇနာ၊ တကြိမ် တခါမျှ အရိယာတို့အား ဆွမ်းတဇွန်းမျှ လှူဒါန်းခြင်းသည်သာ။ သေယျော၊ မြတ်၏။

စကားပြေ

အနှစ်တရာ ပတ်လုံး လတိုင်းလတိုင်း ငွေတထောင်တထောင်ကို တက္ကတွန်းတို့အား လှူဒါန်းခြင်းထက် သီလစသည်ဖြင့် မိမိကိုယ်ကို ပွားစေသော အရိယာပုဂ္ဂိုလ်တို့ကို တကြိမ် တခါမျှ ကြည်ညိုစွာ ဖူးမြော်ခြင်း၊ တဇွန်းစာမျှ လှူခြင်းက သာ၍ မြတ်သည်။
ပုထုဇဉ်ကို နေ့စဉ် ငွေတထောင် လှူသည်ထက် အရိယာကို အနည်းငယ်မျှ လှူခြင်းက ပို၍ မြတ်သည်
အကျိုးများသော အလှူခံ— နိဂဏ္ဌတို့အား အနှစ်တရာတိုင်တိုင် လှူဒါန်းနေသည်ထက် ဗုဒ္ဓသာဝကများကို ကြည်ညိုစိတ်ဖြင့် ကြည့်ခြင်း၊ ဆွမ်းတဇွန်းမျှ လောင်းခြင်းက အကျိုးများသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၀။)

ပါဠိသဒ္ဒါခက်ဆစ်

ဘာဝိတတ္တာနံ = ဘာဝေတိ ဣတိ ဘာဝိတော။ ဘူ + ‌ဏေ + တ။ ဘာဝိတဿ ဘာဝော ဘာဝိတတံ။ ဘာဝိတ + အတ္တ။
မုဟုတ္တမပိ = မုဟုတ္တံ + အပိ။ မုဟုတ္တံ = ဟုစ္ဆတိ ကုဋိလယတိ ရတ္တိ ဒိဝသေသု သုဘာသုဘဒဿနတောတိ မုဟုတ္တံ။ စ္ဆ + တ။ (ဓာတ်အစ၌ မု လာ စ္ဆ ချေ)။
ဝဿသတံ = ဝဿာနံ သတံ ဝဿသတံ။ ဝဿ + သတ။

သာရိပုတ္တတ္ထေရဿမာတုလဗြဟ္မဏဝတ္ထု ပြီး၏။
---

၆-သာရိပုတ္တတ္ထေရဿဘာဂိနေယျဝတ္ထု

၁၀၇။ ယော စ ဝဿသတံ ဇန္တု၊ အဂ္ဂိံ ပရိစရေ ဝနေ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေဝ ပူဇနာ သေယျော၊ ယ‌ဉ္စေ ဝဿသတံ ဟုတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လတိုင်းလတိုင်း သားကောင်တကောင်တကောင်ကို မီးအား ပူဇော်ပြီး ဗြဟ္မာ့ပြည် ရောက်ကြောင်းဟု အယူရှိသော အရှင်သာရိပုတ္တရာ၏ တူဖြစ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့နှင့် တူဖြစ်သော ပုဏ္ဏားတို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယော ဇန္တု၊ အကြင်သတ္တဝါသည်။ ဝဿသတံ၊ အနှစ်တရာ ပတ်လုံး။ ဝနေ၊ တော၌။ အဂ္ဂိံ၊ မီးကို။ ပရိစရေ၊ လုပ်ကျွေးပူဇော်ရာ၏။ ဘာဝိတတ္တာနံ၊ သီလစသည်ဖြင့် ပွားစေအပ်သော သူကို။ ဧကဉ္စ၊ တကြိမ်မျှ။ မုဟုတ္တမပိ၊ တခဏမျှ။ ပူဇယေ၊ ပူဇော်ရာ၏။ ဝဿသတံ၊ အနှစ်တရာ ပတ်လုံး။ ယဉ္စ ဟုတံ၊ အကြင် မီးကို ပူဇော်ခြင်းသည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်၏။ တတော၊ ထို့ဘက်။ သာယေဝ ပူဇနာ၊ တကြိမ် တခါမျှ အရိယာတို့အား ဆွမ်းတန်းမျှ လှူဒါန်းခြင်းသည်သာ။ သေယျော၊ မြတ်၏။

စကားပြေ

အနှစ်တရာ ပတ်လုံး တော၌ မီးကို လုပ်ကျွေးပူဇော်ခြင်းထက် မိမိကိုယ်ကို သီလစသည်ဖြင့် ပွားစေသော အရိယာတို့အား တကြိမ် တခါမျှ ပူဇော်ခြင်းသည် သာ၍ မြတ်သည်။

သာရိပုတ္တတ္ထေရဿဘာဂိနေယျဝတ္ထု ပြီး၏။
---

၈-သဟဿဝဂ်

၇-သာရိပုတ္တတ္ထေရဿသဟာယကဗြဟ္မဏဝတ္ထု

၁၀၈။ ယံ ကိဉ္စိ ယိဋ္ဌံ ဝါ ဟုတံ ဝါ လောကေ၊
သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။
သဗ္ဗမ္ပိ တံ န စတုဘာဂမေတိ၊
အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဗြဟ္မာ့ပြည်ရောက်ကြောင်း တနှစ်ပတ်လုံး ယဇ်ကြီး ယဇ်ငယ်ပူဇော်မှုကိုပြုနေသော အရှင်သာရိပုတ္တရာ၏မိတ်ဆွေ ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့နှင့် အရှင်သာရိပုတ္တရာ၏ မိတ်ဆွေသူငယ်ချင်းပုဏ္ဏားသည် သောတာပန်စသည်ဖြစ်ကြသည်။

အနက်

လောကေ၊ လောက၌။ ပုညပေက္ခော၊ ကောင်းမှုကို လိုလားသောသူသည်။ ယံ ကိဉ္စိ၊ အလုံးစုံသော။ ယိဋ္ဌံ ဝါ၊ ယဇ်ကြီးကိုလည်းကောင်း။ ဟုတံ ဝါ၊ ယဇ်ငယ်ကိုလည်းကောင်း။ သံဝစ္ဆရံ၊ တနှစ်ပတ်လုံး။ ယဇေထ၊ ပူဇော်ရာ၏။ ဥဇ္ဇုဂတေသု၊ ဖြောင့်မတ်စွာကျင့်ကုန်သော အရိယာပုဂ္ဂိုလ်တို့ကို။ အဘိဝါဒနာ၊ ရှိခိုးခြင်းစေတနာ၏အကျိုးသည်။ သေယျော၊ မြတ်၏။ တတော၊ ထိုအရိယာပုဂ္ဂိုလ်တို့ကိုရှိခိုးခြင်း စေတနာမှ။ စတုဘာဂံ၊ လေးဖို့တဖို့ကို။ သဗ္ဗမ္ပိ၊ အလုံးစုံသော။ တံ၊ ထိုယဇ်ကြီးယဇ်ငယ် တနှစ်ပတ်လုံး ပူဇော်ခြင်းသည်။ န ဧတိ၊ မမီနိုင်။ (ဝါ) အဖိုးမထိုက်။

စကားပြေ

လောကမှာ ကောင်းမှုကိုလိုလားသောသူသည် တနှစ်ပတ်လုံး ယဇ်ကြီး ယဇ်ငယ်ပူဇော်ခြင်းထက် ဖြောင့်မတ်စွာကျင့်ကုန်သော အရိယာပုဂ္ဂိုလ်တို့ကို ရှိခိုးခြင်းစေတနာ၏အကျိုးသည် မြတ်သည်ဖြစ်၍ ရှိခိုးခြင်းစေတနာ၏အကျိုးကို လေးဖို့တဖို့မျှ အလုံးစုံသော ယဇ်ကြီးယဇ်ငယ်ပူဇော်ခြင်းသည် မမီနိုင်၊ အဖိုးမထိုက်တန်။
ယိဋ္ဌံ—များသောအားဖြင့် မင်္ဂလာပြုရာ နေ့ရက်တို့၌ ပြုအပ်သောအလှူ။
ဟုတံ—အထူးပြုအပ်သောဧည့်သည်အားလှူမှု ကံကံ၏ အကျိုးကို ယုံကြည်၍ ပြုသောအလှူ။
ဥဇ္ဇုဂတ—အရိယာပုဂ္ဂိုလ်ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ယိဋ္ဌံ = ဣဇ္ဇတိ ဣတိ ယိဋ္ဌံ။ ယဇ် + တ။
သံဝစ္ဆရံ = သံဝသတိ ဧတ္ထာတိ သံဝစ္ဆရံ။ သံ + ဝသ် + ဆရ (သကို စ-ပြု)။
ပုညပေက္ခော = ပုညံ ပေက္ခာ ပုညပေက္ခော။ ပုည + ပေက္ခ။
ဥဇ္ဇုဂတေသု = ဥဇုဂတော၊ ဥဇုဂတေသု။ ဥဇ္ဇု + ဂတ။

သာရိပုတ္တတ္ထေရဿသဟာယကဗြဟ္မဏဝတ္ထု ပြီး၏။
---

၈-သဟဿဝဂ်

၈-အာယုဝဍ္ဎနကုမာရဝတ္ထု

၁၀၉။ အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎါပစာယိနော။
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဒီဃလဃိကမြို့ကိုမှီ၍ တောကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဒီဃလဃိကမြို့သား သာသနာ့ပရိဟာရဟန်း လူထွက်၏ ခုနစ်ရက်မျှ အသက်ရှင်မည့်သားကို ဘုရားရှင်၏ပရိတ်တော်တန်ခိုးကြောင့် အသက်တရာ့နှစ်ဆယ်ရှည်သော အာယုဝဍ္ဎနကုမာရကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဥပါသကာငါးရာနှင့်တကွ အာယုဝဍ္ဎနကုမာရတို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

နိစ္စံ၊ အမြဲ။ အဘိဝါဒနသီလိဿ၊ ရှိခိုးခြင်းရှိသော။ ဝုဍ္ဎါပစာယိနော၊ မိမိထက် ဂုဏ် အသက် သိက္ခာအားဖြင့် ကြီးကုန်သောသူတို့၌ အရိုအသေပြုလေ့ရှိသော သူအား။ အာယု၊ အသက်ရှည်ခြင်းလည်းကောင်း။ ဝဏ္ဏော၊ အဆင်းလှခြင်းလည်းကောင်း။ သုခံ၊ ချမ်းသာခြင်းလည်းကောင်း။ ဗလံ၊ ခွန်အားကြီးခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော ဓမ္မာ၊ အကျိုးထူးတရားလေးပါးတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။

စကားပြေ

မိမိထက် ဂုဏ် သိက္ခာ အသက်ကြီးကုန်သော သူတို့ကို အမြဲအရိုအသေပြုလေ့ရှိ၍ ရှိခိုးလေ့ရှိသူအား အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်းဟူသော အကျိုးထူးတရားလေးပါးတို့သည် တိုးပွားကုန်၏။
အသက်ရှည်ခြင်း—အနှစ်(၅၀)နေရမည့်ကံပါလာသူသည် (၂၅)နှစ်အရွယ်၌ အသက်အန္တရာယ်ကြုံလျှင် မိမိထက် အသက် ဂုဏ် သီလကြီးသူကို ရိုသေမှုပြုလျှင် ထိုအန္တရာယ်များ ငြိမ်းသွားသည်ကို အသက်ရှည်နိုင်သည်ဟု ဆိုနိုင်သည်။

ပါဠိသဒ္ဒါခက်ဆစ်

အဘိဝါဒနသီလိဿ = အဘိဝါဒနံ သီလံ အဿာတိ အဘိဝါဒနသီလီ။ အဘိဝါဒန + သီလ + ဏီ။
ဝုဍ္ဎါပစာယိနော = ဝုဍ္ဎော အပစာယတိ ဣတိ ဝုဍ္ဎာပစာယီ။ ဝုဍ္ဎ + အပစာယီ။ အပစာယီ = အပ + စယ + ဏီ။
အာယု = အယတိ အဒ္ဓါနံ ဂစ္ဆတိ ယေနာတိ အာယု။ အယ် + ဏု။ ဧတိ ဧတေနာတိ အာယု။ ဣ + ဏု။
ဝဏ္ဏော = ဝဏ္ဏတိ ဣတိ ဝဏ္ဏော။ ဝဏ္ဏ + အ။

အာယုဝဍ္ဎနကုမာရဝတ္ထု ပြီး၏။
---

၈-သဟဿဝဂ်

၉-သံကိစ္စသာမဏေရဝတ္ထု

၁၁၀။ ယော စ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်သာရိပုတ္တရာ၏တပည့် ခုနစ်နှစ်အရွယ်သူငယ်သည် ဆံပင်ရိတ်ပြီးသည့်အဆုံး၌ ရဟန္တာဖြစ်၍ ခိုးသားငါးရာကိုသတ်နိုင်သော သံကိစ္စသာမဏေကို အကြောင်းပြု၍ ဟောတော်မူ၏။
ဒေသနာတော်အဆုံး၌ ခိုးသားငါးရာမှဖြစ်လာသော ရဟန်းတို့သည် ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ကြသည်။

အနက်

ဒုဿီလော၊ သီလမရှိသော။ အသမာဟိတော၊ သမာဓိမရှိသော။ ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဝဿသတံ၊ အနှစ်တရာပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ န သေယျော၊ မမြတ်။ သီလဝန္တဿ၊ သီလရှိသော။ ဈာယိနော၊ နှစ်ပါးသောဈာန်တို့ဖြင့် ရှုလေ့ရှိသူ၏။ ဧကာဟံ၊ တရက်မျှ။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

စကားပြေ

သီလလည်းမရှိ သမာဓိနှင့်လည်းမပြည့်စုံသောသူ၏ အနှစ်တရာအသက်ရှည်ခြင်းထက် သီလသည်းရှိ၍ ဈာန်နှစ်ပါးကိုရှုနေသောသူ၏ တရက်မျှအသက်ရှည်ခြင်းသည် မြတ်၏။
ဈာန်နှစ်ပါး—အာရမ္မဏူပနိဇ္ဈာန်၊ လက္ခဏူပနိဇ္ဈာန်ဖြစ်သည်။
မြင်းမိုရ်တောင်ဖြင့် ဖိသော်လည်း မသေနိုင်သူ—ပစ္ဆိမဘဝိကပုဂ္ဂိုလ်သည် မြင်းမိုရ်တောင်ဖြင့်ဖိသော်လည်း အရဟတ္တဖိုလ်မရပဲမသေနိုင်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၆။)
သံကိစ္စသာမဏေ၏ စွမ်းရည်—ရဟန္တာသံကိစ္စသာမဏေ၏ စွမ်းရည်တန်ခိုးတော်ကြောင့် ခိုးသားငါးရာတို့သည် မိမိတို့၏ ကြမ်းတမ်းသောအမှုကို စွန့်ကြပြီးလျှင် ၁၀-ပါးသီလထိန်းကြကာ သာမဏေပြုကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၃၁။)

ပါဠိသဒ္ဒါခက်ဆစ်

အသမာဟိတော = န သမာဟိတော အသမာဟိတော။ သမာဟိတော = သံ + အာ + ဓာ + တ။
ဧကာဟံ = ဧကံ အဟံ ဧကာဟံ။ ဧက + အဟ။

သံကိစ္စသာမဏေရဝတ္ထု ပြီး၏။
---

၈-သဟဿဝဂ်

၁၀-ခါဏုကောဏ္ဍညဝတ္ထု

၁၁၁။ ယော စ ဝဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ ပညဝန္တဿ ဈာယိနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ခိုးသားငါးရာ၏ ခိုးထုတ်များဖြင့် ပိနေသော်လည်း အန္တရာယ်မရှိပဲ ဈာန်ဝင်စားသော ရဟန္တာခါဏုကောဏ္ဍညထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ခိုးသားငါးရာတို့မှဖြစ်သော ရဟန်းများ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ကြသည်။

အနက်

ဒုပ္ပညော၊ ပညာမရှိသော။ အသမာဟိတော၊ သမာဓိမရှိသော။ ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဝဿသတံ၊ အနှစ်တရာပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ န သေယျော၊ မမြတ်။ ပညဝန္တဿ၊ ပညာရှိသော။ ဈာယိနော၊ နှစ်ပါးသော ဈာန်တို့ဖြင့် ရှုလေ့ရှိသူ၏။ ဧကာဟံ၊ တရက်မျှ။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

စကားပြေ

ပညာလည်းမရှိ၊ သမာဓိနှင့်လည်း မပြည့်စုံသောသူ၏ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက် ပညာလည်းရှိ၍ ဈာန်နှစ်ပါးတို့ဖြင့် ရှုလေ့ရှိသူ၏ တရက်မျှ အသက်ရှည်ခြင်းသည် မြတ်၏။

ခါဏုကောဏ္ဍညဝတ္ထု ပြီး၏။
---

၈-သဟဿဝဂ်

၁၁-သပ္ပဒါသဝတ္ထု

၁၁၂။ ယော စ ဝဿသတံ ဇီဝေ၊ ကုသီတော ဟီနဝီရိယော။
ဧကာဟံ ဇီဝိတံ သေယျော၊ ဝီရိယမာရဘတော ဒဠှံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းအဖြစ်၌ ပျင်းရှိသော်လည်း လူမတွက်လိုသောကြောင့် မိမိကိုယ်ကိုသေကြောင်းကြံရန် စီစဉ်ချိန် ပြတ်စင်ကြယ်သောသီလကို ဖြည့်၍ ပီတိဖြစ်ကာ ပါဌေဝိပဿနာပွားသောကြောင့် ရဟန္တာဖြစ်သော သပ္ပဒါသထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

ကုသီတော၊ ပျင်းရိသည်ဖြစ်၍။ ဟီနဝီရိယော၊ ဝီရိယမရှိသော။ ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဝဿသတံ၊ အနှစ်တရာပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ န သေယျော၊ မမြတ်။ ဝီရိယံ၊ လုံ့လကို။ ဒဠှံ၊ မြဲမြံစွာ။ အာရဘတော၊ အားထုတ်သောသူ၏။ ဧကာဟံ၊ တရက်မျှ။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

စကားပြေ

ပျင်းရှိ၍ ဝီရိယမရှိသောသူ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက် လုံ့လကို မြဲမြံစွာ အားထုတ်သောသူ၏ တရက်မျှအသက်ရှည်ရခြင်းသည် မြတ်၏။
ကုသီတော—အရ ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်တို့ဖြင့် အချိန်ကို လွန်စေသောသူရ၏။
ဝီရိယမာရဘတော ဒဠှံ—၌ ဝီရိယ အရ နှစ်ပါးအပြားရှိသော ဈာန်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော မြဲမြံသော ဝီရိယရ၏။
မြွေဆိုးမကိုက်ရဲသော မထေရ်—မြွေကိုက်ခံ၍ သေကြောင်းကြံစီသော သပ္ပဒါသထေရ်ကို မြွေသည် လွန်ခဲ့သော သုံးဘဝမြောက်က ကျွန်ဖြစ်ခဲ့ဖူးသောကြောင့် မိမိသခင်ကို မကိုက်ဝံ့ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄၆။)
သာသနာ၌ မငြီးပျော်ခြင်းအကြောင်း—သပ္ပဒါသထေရ်သည် ကဿပဘုရားရှင်လက်ထက်က ရဟန်းကပါးကို သာသနာ့ဘောင်၌ ငြီးငွေ့အောင် ပြုခဲ့မှုကြောင့် ယခုဘဝသာသနာ့ဘောင်၌ ငြီးငွေ့မှုဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄၆။)
သန္ဒိဋ္ဌိကဂုဏ်—အနှစ်နှစ်သောင်း ရဟန်းတရား အားထုတ်ခဲ့မှုကြောင့် သပ္ပဒါသထေရ်သည် သာသနာ့ဘောင်၌ ပျင်းရှိသော်လည်း ရဟန္တာဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၃၇။)

ပါဠိသဒ္ဒါခက်ဆစ်

ဟီနဝီရိယော = ဟီနာနိ ဝီရိယာနိ ယဿာတိ ဟီနဝီရိယော။ ဟီန + ဝီရိယ + ယ။

သပ္ပဒါသဝတ္ထု ပြီး၏။
---

၈-သဟဿဝဂ်

၁၂-ပဋာစာရာထေရီဝတ္ထု

၁၁၃။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သား လင် မိဘ မောင်တို့သေ၍ အရူးဘဝသို့ ရောက်သော ပဋာစာရာထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ပဋာစာရာထေရီမသည် ပဋိသမ္ဘိဒါပတ္တရဟန္တာမ ဖြစ်သည်။

အနက်

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို။ အပဿံ (အပဿန္တော)၊ မရှုပဲ။ ဝဿသတံ၊ အနှစ်တရာပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ န သေယျော၊ မမြတ်။ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို။ ပဿတော၊ ရှုသောသူ၏။ ဧကာဟံ၊ တရက်မျှ။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

စကားပြေ

ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုပဲ အနှစ်တရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရက်မျှ အဖြစ်အပျက်ကို ရှုသောသူ၏ အသက်ရှင်ခြင်းသည် မြတ်၏။
အပဿံ—ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို ၂၅-ပါးသော အခြင်းအရာဖြင့် မရှုသူကို အပဿံ ဥဒယဗ္ဗယံ ခေါ်သည်။
အားထားရာအစစ်—သားသမီး စသည်တို့သည် တမလွန်သွားသူအတွက် ပုန်းအောင်းမှီခို အားထားဖွယ် မဟုတ်သဖြင့် သားသမီး စသည်ရှိသော်လည်း မရှိသည်နှင့်အတူပင် ဖြစ်၏။ သီလကို စင်ကြယ်စေသော် နိဗ္ဗာန်ရောက်စေနိုင်သောကြောင့် သီလသည်သာ မိမိ၏ မှီခိုအားထားရာ ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၄၄၁။)

ပါဠိသဒ္ဒါခက်ဆစ်

ဥဒယဗ္ဗယံ = ဥဒယော စ ဝယော စ ဥဒယဗ္ဗယံ။ ဥဒယ + ဝယ။

ပဋာစာရာထေရီဝတ္ထု ပြီး၏။
---

၈-သဟဿဝဂ်

၁၃-ကိသာဂေါတမီဝတ္ထု

၁၁၄။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားသေအတွက် ကုသရန် ဆေးရှာသော ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ကိသာဂေါတမီသည် ပဋိသမ္ဘိဒါပတ္တရဟန္တာမ ဖြစ်သည်။

အနက်

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ အမတံ၊ သေခြင်းကင်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ အပဿံ (အပဿန္တော)၊ မမြင်ပဲ။ ဝဿသတံ၊ အနှစ်တရာပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ န သေယျော၊ မမြတ်။ အမတံ၊ သေခြင်းကင်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ ပဿတော၊ မြင်သောသူ၏။ ဧကာဟံ၊ တရက်မျှ။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

စကားပြေ

သေခြင်းကင်းရာ နိဗ္ဗာန်ကိုမမြင်ပဲ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက် နိဗ္ဗာန်ကိုမြင်သောသူ၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။
အမတံ—သေမှုမရှိသောကြောင့် နိဗ္ဗာန်ကို အမတံ ခေါ်သည်။

ကိသာဂေါတမီဝတ္ထု ပြီး၏။
---

၈-သဟဿဝဂ်

၁၄-ဗဟုပုတ္တိကထေရီဝတ္ထု

၁၁၅။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားခုနစ်ယောက် သမီးခုနစ်ယောက်ရှိသော အမျိုးသမီးကြီးသည် ခင်ပွန်းသေပြီး ဥစ္စာပစ္စည်းကို ခွဲဝေပေးပြီးသောအခါ သားသမီးတို့က မပြုစု မစောင့်ရှောက်ကြသဖြင့် ရဟန်းပြုကာ ဘိက္ခုနီမတို့၏ ဝတ်ကြီး ဝတ်ငယ်ကိုပြုလျက် တရားကြိုးစားအားထုတ်သော ဗဟုပုတ္တိကထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဗဟုပုတ္တိကထေရီမသည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာမ ဖြစ်သည်။

အနက်

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဓမ္မမုတ္တမံ၊ မြတ်သော လောကုတ္တရာတရားကို။ အပဿံ (အပဿန္တော)၊ မမြင်ပဲ။ ဝဿသတံ၊ အနှစ်တရာပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ န သေယျော၊ မမြတ်။ ဓမ္မမုတ္တမံ၊ မြတ်သော လောကုတ္တရာတရားကို။ ပဿတော၊ မြင်သောသူ၏။ ဧကာဟံ၊ တရက်မျှ။ ဇီဝိတံ၊ အသက်ရှင်ခြင်းသည်။ သေယျော၊ မြတ်၏။

စကားပြေ

မြတ်သောလောကုတ္တရာတရားကို မမြင်ပဲ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက် လောကုတ္တရာတရားကို မြင်သောသူ၏ တရက်မျှ အသက်ရှင်ခြင်းသည် မြတ်၏။
ဓမ္မံ—လောကုတ္တရာတရား ၉-ပါးရ၏။
မိဘများသတိထားဖွယ်—မိခင်ကြီးသည် သားသမီးများ၏စကားကို ယုံသည့်အတွက် ရှိသမျှပစ္စည်းများကို သားသမီးများအား ခွဲဝေခဲ့သည်။ ပစ္စည်းများလက်ထဲသို့ရောက်လျှင် မည်သည့်သားသမီးမျှ မိခင်ကြီးကို မကျွေးမွေး မပြုစုသဖြင့် မိခင်ကြီးသည် ဘိက္ခုနီမပြု၍ သွားသည်။

ဗဟုပုတ္တိကထေရီဝတ္ထု ပြီး၏။
သဟဿဝဂ် ပြီး၏။ (ဓမ္မ၊ဋ္ဌ၊၁၊၄၄၇။)
---

၉-ပါပဝဂ်

၁-စူဠေကသာဋကဗြဟ္မဏဝတ္ထု

၁၁၆။ အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတိ မနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝတ်စရာတထည်နှင့် ရုံစရာတစ်ထည်သာရှိသော ပုဏ္ဏားသည် မစ္ဆရိယနှင့် သဒ္ဓါတို့ ပထမယံနှင့် မဇ္ဈိမယံတို့တွင် ပြိုင်ပြီးလျှင် ပစ္ဆိမယံရောက်သောအခါ မစ္ဆရိယကိုနှိမ်နင်း အောင်မြင်သဖြင့် အပေါ်ရုံကိုလှူဒါန်းသောကြောင့် ပသေနဒီကောသလမင်း၏ ဝတ်စုံ ၃၂-စုံနှင့် သဗ္ဗစတုက္ကဆုကိုချီးမြှင့်ခြင်းခံရသော စူဠေကသာဋကပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

မနော၊ စိတ်သည်။ ပါပသ္မိံ၊ မကောင်းမှု၌။ ရမတိ၊ မွေ့လျော်၏။ ပုညံ၊ ကောင်းမှုကို။ ကရောတော၊ ပြုသောသူအား။ ဒန္ဓံ၊ နုံနှေးတတ်၏။ ပါပါ၊ မကောင်းမှုမှ။ စိတ္တံ၊ စိတ်ကို။ နိဝါရယေ၊ တားမြစ်ရာ၏။ ကလျာဏေ၊ ကုသိုလ်ကောင်းမှုတို့ကို။ အဘိတ္ထရေထ၊ လျင်မြန်စွာပြုရာ၏။

စကားပြေ

စိတ်ဟူသည် မကောင်းမှုပြုရန် မွေ့လျော်တတ်သောကြောင့် မကောင်းမှုမှ စိတ်ကိုတားမြစ်ရာ၏။ ကောင်းမှုပြုရန် အေးဆေး နှေးကန်တတ်သောကြောင့် ကောင်းမှုကိုလျင်မြန်စွာ ပြုရာ၏။
လူဖြစ်လျှင်—စာရေးတံမဲ အလှူ အစရှိသော တစုံတခုသော ကုသိုလ်ကို ပြုမည်ဟု စိတ်ဖြစ်သော် တစ်ပါးသောသူကို ပြုခွင့်မပေးပဲ ငါရှေးဦးစွာပြုမည်ဟု လျင်လျင်မြန်မြန် ကုသိုလ်ကိုပြုအပ်၏။
သာသနာတွင်း ရဟန်းသာမဏေ သီလရှင်ဖြစ်လျှင်—ဥပဇ္ဈာယ်၏ ဝတ္တရား ဆရာ၏ဝတ္တရားတို့ကို ဆောင်ရွက်လျှင် တစ်ပါးသောသူအား ပြုစုခွင့်မပေးမူ၍ ငါရှေးဦးစွာပြုမည်ဟု လျင်လျင်မြန်မြန် ပြုရာ၏။
ပါပံ—ဒုစရိုက်-၁၀-ပါးရ၏၊ တနည်း အကုသိုလ်စိတ္တုပ္ပါဒ်ရ၏။

မစ္ဆရိယနှင့် သဒ္ဓါ

စူဠေကသာဋကပုဏ္ဏားသည် ဘုရားရှင်၏ တရားတော်ကိုနာစဉ် မစ္ဆရိယစိတ်က အကြိမ်တထောင်ဖြစ်၍ သဒ္ဓါစိတ်ကား တကြိမ်မျှသာ ဖြစ်သောကြောင့် ညဉ့်ဦးယံနှင့် သန်းခေါင်ယံတို့တွင် ဇနီးမောင်နှံနှစ်ယောက်အတွက် တစ်ထည်သာဖြစ်သော အပေါ်ရုံကို မလှူဖြစ်ပေ။ မိုးသောက်ယံ၌ကား သဒ္ဓါစိတ်က မစ္ဆရိယစိတ်ကိုလွှမ်းမိုးနိုင်သဖြင့် ပိတိအပေါ်ရုံကို ချွတ်လှူ၏။ ယင်းစေတနာသဒ္ဓါ၏အကျိုးကား ပသေနဒီကောသလမင်း၏ သဗ္ဗစတုက္ကဆုကို ချီးမြှင့်ခြင်းခံရသည်။
ညဉ့်ဦးယံတွင် အလှူဖြစ်မြောက်လျှင် သဗ္ဗသောဠသဆုကို၊ သန်းခေါင်ယံတွင် အလှူအောင်မြင်လျှင် သဗ္ဗဋ္ဌကဆုကို ရနိုင်သည်ဟု ဘုရားရှင်မိန့်တော်မူသည်။

စူဠေကသာဋကဝတ္ထု ပြီး၏။
---

၉-ပါပဝဂ်

၂-သေယျသကထေရဝတ္ထု

(ဓမ္မ၊ဋ္ဌ၊၂၊၂။)
၁၁၇။ ပါပ‌ဉ္စေ ပုရိသော ကယိရာ၊ န နံ ကယိရာ ပုနပ္ပုနံ။
န တမှိ ဆန္ဒံ ကယိရာထ၊ ဒုက္ခော ပါပဿ ဥစ္စယော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လာဠုဒါယီထေရ်၏ အတူနေတပည့် မပျော်ပိုက်မှုနှင့် ပတ်သက်၍ ဆရာညွှန်ကြားချက်အရ ပထမသံဃာဒိသေသ ရောက်လောက်သောအမှုကို မကြာခဏပြုနေသော သေယျသကထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

ပုရိသော၊ ယောက်ျားသည်။ ပါပံ၊ မကောင်းမှုကို။ စေ ကယိရာ၊ အကယ်၍ပြုမိငြားအံ့။ နံ၊ ထိုမကောင်းမှုကို။ ပုနပ္ပုနံ၊ ထပ်ကာထပ်က။ န ကယိရာ၊ မပြုမိစေရာ။ တမှိ၊ ထိုမကောင်းမှု၌။ ဆန္ဒံ၊ စိတ်အလိုဆန္ဒကို။ န ကယိရာထ၊ မပြုရာ။ ပါပဿ၊ မကောင်းမှုကို။ ဥစ္စယော၊ ပွားစေခြင်းသည်။ ဒုက္ခော၊ ဆင်းရဲခြင်း၏ အကြောင်းတည်း။

စကားပြေ

တစုံတယောက်သည် မကောင်းမှုကိုပြုမိသော် ထိုမကောင်းမှုကိုထပ်ကာထပ်ကာ မပြုမိစေရာ။ မကောင်းမှုကို ပွားစေခြင်းသည် ဆင်းရဲကြောင်း ဖြစ်သောကြောင့် မကောင်းမှု၌ စိတ်အလိုဆန္ဒမပြုရာ။ မကောင်းမှုပြုမိလျှင် နောက်ထပ်မဖြစ်အောင် ရှောင်ကြဉ်ရမည်။
ဆန္ဒ—ဆန္ဒ ပီတိ ရ၏။

သေယျသကထေရဝတ္ထု ပြီး၏။
---

၉-ပါပဝဂ်

၃-လာဇဒေဝဓီတာဝတ္ထု

၁၁၈။ ပုညံ စေ ပုရိသော ကယိရာ၊ ကယိရာ နံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊ သုခော ပုညဿ ဥစ္စယော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်မဟာကဿပထေရ်အား ပေါက်ပေါက်လှူဒါန်း၍ သေလွန်သွားသော လယ်စောင့်အမျိုးသမီးသည် တာဝတိံသာနတ်ပြည်တွင် လာဇာနတ်သမီးဖြစ်သဖြင့် မထေရ်အား ဝတ်ကြီးဝတ်ငယ်ပြုသောအခါ ငေါက်ငမ်းခံရသောကြောင့် ငိုယိုနေသော နတ်သမီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ လာဇာနတ်သမီးသည် သောတာပန်ဖြစ်သည်။

အနက်

ပုရိသော၊ ယောက်ျားသည်။ ပုညံ၊ ကောင်းမှုကို။ စေ ကယိရာ၊ အကယ်ပြုငြားအံ့။ နံ၊ ထိုကောင်းမှုကို။ ပုနပ္ပုနံ၊ ထပ်ကာထပ်ကာ။ ကယိရာ၊ ပြုရာ၏။ တမှိ၊ ထိုကောင်းမှု၌။ ဆန္ဒံ၊ စိတ်အလိုဆန္ဒကို။ ကယိရာထ၊ ပြုရာ၏။ ပုညဿ၊ ကောင်းမှုကို။ ဥစ္စယော၊ ပွားစေခြင်းသည်။ သုခော၊ ချမ်းသာခြင်း၏အကြောင်းတည်း။

စကားပြေ

တစုံတယောက်သည် ကောင်းမှုကိုပြုပြီးသော် ထိုကောင်းမှုကို ထပ်ကာထပ်ကာ ပြုဆင်ခြင်ရာ၏။ ကောင်းမှုကို ပွားစေခြင်းသည် ချမ်းသာကြောင်းဖြစ်သောကြောင့် ကောင်းမှု၌ စိတ်အလိုဆန္ဒကို ပြုရာ၏။ ကောင်းမှုကို တကြိမ်ပြုရုံဖြင့် တင်းတိမ်မနေရ။

လာဇာနတ်သမီး

ပိပ္ပလိလိုဏ်ဂူတွင် နိရောဓသမာပတ်ဝင်စား၍ ခုနစ်ရက်မြောက်သော် သမာပတ်မှထသော အရှင်မဟာကဿပအား လယ်စောင့်အမျိုးသမီးသည် ပေါက်ပေါက်တို့ကို နဖူး လက်နှစ်ဘက် ဒူးနှစ်ဘက်တည်းဟူသော ထိခြင်းငါးပါးဖြင့် ရိုသေစွာရှိခိုး၍ ဆက်ကပ်လှူဒါန်းပူဇော်သည်။ အလှူလှူ၍ ပြန်လာရာ မြွေကိုက်ခံရသဖြင့် သေဆုံးပြီး တာဝတိံသာတွင် ယူဇနာသုံးဆယ်ရှိသော ရွှေဗိမာန်၌ လာဇာနတ်သမီးဖြစ်လာသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၅။)

လာဇဒေဝဓီတာဝတ္ထု ပြီး၏။
---

၉-ပါပဝဂ်

၄-အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု

၁၁၉။ ပါပေါပိ ပဿတိ ဘဒရံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။
၁၂၀။ ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒရံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ဘဒရံ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ္ဍိကသဌေးသည် ကြွေးဆယ့်ရှစ်ကုဋေမရသောကြောင့်လည်းကောင်း မြစ်ကမ်းနား၌ မြှုပ်နှံထားသော ငွေဆယ့်ရှစ်ကုဋေသည်လည်း ကမ်းပါးပြို၍ သမုဒ္ဒရာသို့ မျောသွားသောကြောင့်လည်းကောင်း ပစ္စည်းပျက်ချိန် အပြစ်ဒဏ်ပေးခံရသော မိုက်မဲသော တံခါးစောင့်နတ်နှင့် အနာထပိဏ္ဍိကသဌေးတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တံခါးစောင့်နတ်သားသည် သောတာပန်ဖြစ်သည်။

အနက်

ပါပေါပိ၊ မကောင်းမှုကို ပြုသောသူသည်ပင်။ ယာဝ၊ အကြင်မျှလောက်။ ပါပံ၊ မကောင်းမှုသည်။ န ပစ္စတိ၊ အကျိုးမပေးသေး။ တာဝ၊ ထိုမျှလောက်။ ဘဒရံ၊ ကောင်းမြတ်သော အာရုံကို။ ပဿတိ၊ တွေ့မြင်နိုင်၏။ ယဒါ၊ အကြင်အခါ၌။ ပါပံ၊ မကောင်းမှုသည်။ ပစ္စတိ၊ အကျိုးပေး၏။ အထ၊ ထိုမကောင်းမှု အကျိုးပေးသောအခါ၌။ ပါပေါ၊ မကောင်းမှုပြုသူသည်။ ပါပါနိ၊ မကောင်းကျိုးတို့ကို။ ပဿတိ၊ တွေ့မြင်ရ၏။
ဘဒြောပိ၊ ကောင်းမှုကို ပြုသော သူသည်ပင်။ ယာဝ၊ အကြင်မျှလောက်။ ဘဒရံ၊ ကောင်းမှုသည်။ န ပစ္စတိ၊ အကျိုးမပေးသေး။ တာဝ၊ ထိုမျှလောက်။ ပါပံ၊ မကောင်းသောအာရုံကို။ ပဿတိ၊ တွေ့မြင်နိုင်၏။ ယဒါ စ၊ အကြင်အခါ၌ကား။ ဘဒရံ၊ ကောင်းမှုသည်။ ပစ္စတိ၊ အကျိုးပေး၏။ အထ၊ ထိုကောင်းမှု အကျိုးပေးသောအခါ၌။ ဘဒြော၊ ကောင်းမှုပြုသောသူသည်။ ဘဒြာနိ၊ ကောင်းကျိုးတို့ကို။ ပဿတိ၊ တွေ့မြင်ရ၏။

စကားပြေ

မကောင်းမှုပြုသူသည် မကောင်းကျိုးမပေးမီ ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သော်လည်း မကောင်းကျိုးပေးချိန်တွင်ကား မကောင်းကျိုးကို တွေ့မြင်ခံစားရတော့သည်။
ကောင်းမှုပြုသူသည် ကောင်းကျိုးမပေးမီ မကောင်းသော အာရုံကို တွေ့မြင်ရသော်လည်း ကောင်းကျိုးပေးချိန်တွင် ကောင်းကျိုးကို တွေ့မြင်ခံစားရတော့သည်။
ဘဒြံ—ရှေးကပြုခဲ့သော သုစရိုက်၏ အာနုဘော်ကြောင့် ဖြစ်သော ချမ်းသာရ၏။
ပါပံ—ရှေးကပြုခဲ့သော ဒုစရိုက်၏ အာနုဘော်ကြောင့် ဖြစ်သော ဆင်းရဲရ၏။
အနာထပိဏ္ဍိကသဌေး၏ နေ့စဉ်အလုပ်—နံနက်စောစော ယာဂုကိုယူ၍ ဇေတဝန်ကျောင်းသို့သွားသည်။ နံနက်စာ စားပြီးချိန်တွင် ထောပတ်ဆီဦးစသောဆေးကိုယူ၍ ကျောင်းသို့သွားသည်။ ညနေချမ်းတွင် ပန်းနံ့သာ အဝတ်တို့ကို ယူ၍ ကျောင်းသို့သွားသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇။)
နတ်ကိုနှင်သောသဌေး—အနာထပိဏ္ဍိကသဌေးသည် ဂေါတမဘုရားသာသနာတော်အား မိမိအိမ်၏ လှူဒါန်းမှုကို လျှော့ပါဟု ပြောသော စတုတ္ထတံခါးမုခ်၌ နေသော နတ်ကို နှင်ထုတ်လိုက်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၈။)

ပါဠိသဒ္ဒါခက်ဆစ်

ဘဒြော = ဘဒ္ဒတိ ဣတိ ဘဒြော။ ဘဒ္ဒ + ရ။ ဘဒြံ အဿ အတ္ထီတိ ဘဒြော။ ဘဒြ + ဏ။

အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု ပြီး၏။
---

၉-ပါပဝဂ်

၅-အသညတပရိက္ခာရဘိက္ခုဝတ္ထု

၁၂၁။ မာဝမညေထ ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမှတ်မဲ့ ပရိက္ခာရတို့ကို မသိမ်းဆည်းသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

မံ၊ အနည်းငယ်သော မကောင်းမှုသည်။ န အာဂမိဿတိ၊ အကျိုးရောက်လိမ့်မည်မဟုတ်။ ဣတိ၊ ဤသို့။ ပါပဿ၊ မကောင်းမှုကို။ မာဝမညေထ၊ မထီမဲ့မြင် မအောက်မေ့ရာ။ ဥဒဗိန္ဒုနိပါတေန၊ မိုးရေပေါက်ကျဖန်များသဖြင့်။ ဥဒကုမ္ဘောပိ၊ ရေအိုးသည်လည်း။ ပူရတိ ယထာ၊ ပြည့်သကဲ့သို့။ ဗာလော၊ လူမိုက်သည်။ ထောကံ ထောကမ္ပိ၊ အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို။ အာစိနံ (အာစိနန္တော)၊ ဆည်းပူးသည်ရှိသော်။ ပါပဿ၊ မကောင်းမှုဖြင့်။ ပူရတိ၊ ပြည့်၏။

စကားပြေ

အနည်းငယ်မျှသော မကောင်းမှုသည် အကျိုးရောက်လိမ့်မည်မဟုတ်ဟု မထီမဲ့မြင်မအောက်မေ့ရာ။ မိုးရေပေါက်ကျဖန်များသော် ရေအိုးပြည့်ရသကဲ့သို့ လူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ဆည်းပူးသည်ရှိသော် မကောင်းမှုဖြင့် ပြည့်နိုင်၏။
မကောင်းမှုတကြိမ်ပြုမိလျှင်—ထပ်မပြုမိအောင် ရှောင်ကြဉ်ရမည်။

ပါဠိသဒ္ဒါခက်ဆစ်

ဥဒဗိန္ဒုနိပါတေန = ဥဒဗိန္ဒုနော နိပါတော ဥဒဗိန္ဒုနိပါတော။ ဥဒဗိန္ဒု + နိပါတ။
ဥဒဗိန္ဒု = ဥဒဿ ဗိန္ဒု ဥဒဗိန္ဒု။ ဥဒ + ဗိန္ဒု။
ဗိန္ဒု = ဝိဒိ (အဝယဝေ) + ဥ။
ဥဒကုမ္ဘော = ဥဒဿ ကုမ္ဘော ဥဒကုမ္ဘော။ ဥဒ + ကုမ္ဘ။
အသညတပရိက္ခာရဘိက္ခုဝတ္ထု ပြီး၏။
---

၉-ပါပဝဂ်

၆-ဗိဠာလပါဒကသေဋ္ဌိဝတ္ထု

၁၂၂။ မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စုပေါင်းဒါနပြုပွဲတွင် လက်ချောင်းသုံးချောင်းဖြင့် ယူ၍ရသော ဆန် ပဲ စသော အလှူကို လှူပြီး မိမိဂုဏ်ကျေးဇူးမဲ့ကို ပြောသံကြားပါက သတ်ဖို့ မှာလိုက်သော်လည်း နည်းနည်းများများ လှူသော အလှူရှင်အားလုံးအား အကျိုးများပါစေသတည်းဟု လျှောက်ထားသော ခေါင်းဆောင်အား ဝန်ချတောင်းပန်သော ဗိဠာလပါဒကသဌေးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဗိဠာလပါဒကသဌေးသည် သောတာပန်ဖြစ်သည်။

အနက်

မန္ဒံ၊ အနည်းငယ်သော ကောင်းမှုသည်။ န အာဂမိဿတိ၊ အကျိုးရောက်လိမ့်မည်မဟုတ်။ ဣတိ၊ ဤသို့။ ပုညဿ၊ ကောင်းမှုကို။ မာဝမညေထ၊ မထီမဲ့မြင် မအောက်မေ့ရာ။ ဥဒဗိန္ဒုနိပါတေန၊ မိုးရေပေါက်ကျဖန်များသဖြင့်။ ဥဒကုမ္ဘောပိ၊ ရေအိုးသည်လည်း။ ပူရတိ ယထာ၊ ပြည့်သကဲ့သို့။ ဓီရော၊ ပညာရှိသည်။ ထောကံ ထောကမ္ပိ၊ အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို။ အာစိနံ-အာစိနန္တော၊ ပြုဆည်းပူးဖန်များလတ်သော်။ ပုညဿ၊ ကောင်းမှုဖြင့်။ ပူရတိ၊ ပြည့်၏။

စကားပြေ

အနည်းငယ်မျှသော ကောင်းမှုသည် အကျိုးရောက်လိမ့်မည်မဟုတ်ဟု မထီမဲ့မြင် မအောက်မေ့ရာ။ မိုးရေပေါက်ကျဖန်များသော် ရေအိုးပြည့်ရသကဲ့သို့ ပညာရှိသည် အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို ပြုဆည်းပူးသည်ရှိသော် ကောင်းမှုဖြင့် ပြည့်နိုင်၏။
ကုသိုလ်ကောင်းမှုကို—အနည်းငယ်မျှဖြစ်သော်လည်း အကြိမ်များစွာ ပြုရမည်။
နိဗ္ဗာန်ဆောင်စေတနာ—မိမိတို့၏စွမ်းအားရှိသမျှ အနည်းအများလှူသော အလှူရှင်အားလုံးအား အကျိုးကြီးစေလိုပါဟု ဘုရားရှင်အား လျှောက်ထားသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၃။)

ဗိဠာလပါဒကသေဋ္ဌိဝတ္ထု ပြီး၏။
---

၉-ပါပဝဂ်

၇-မဟာဓနဝါဏိဇဝတ္ထု

၁၂၃။ ဝါဏိဇော ဝ ဘယမဂ္ဂေ၊ အပ္ပသတ္ထော မဟဒ္ဓနော။
ဇီဝိတုကာမော ဝ ဝိသံ၊ ပါပါနိ ပရိဝဇ္ဇယေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘေးရှိလမ်းရှည်ကို ရှောင်သော မဟာဓနဝါဏိဇကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရဟန်းများ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာ ဖြစ်ကြသည်။

အနက်

အပ္ပသတ္ထော၊ အဖော်နည်းသော။ မဟဒ္ဓနော၊ များစွာဥစ္စာရှိသော။ ဝါဏိဇော၊ ကုန်သည်ကြီးသည်။ ဘယမဂ္ဂေ၊ ဘေးအန္တရာယ်ရှိသော ခရီးကို။ ပရိဝ‌ဇ္ဇေတိ ဣဝ၊ ရှောင်ကြဉ်သကဲ့သို့လည်းကောင်း။ ဇီဝိတုကာမော၊ အသက်ရှင်လိုသောသူသည်။ ဝိသံ၊ လတ်တလော သေစေတတ်သော အဆိပ်ကို။ ပရိဝဇ္ဇေတိ ဣဝ၊ ရှောင်ကြဉ်သကဲ့သို့လည်းကောင်း။ ပဏ္ဍိတော ဘိက္ခု၊ ပညာရှိသော ရဟန်းသည်။ ပါပါနိ၊ မကောင်းမှုတို့ကို။ ပရိဝဇ္ဇယေ၊ ရှောင်ကြဉ်ရာ၏။

စကားပြေ

အဖော်နည်း၍ များသောဥစ္စာရှိသော ကုန်သည်ကြီးသည် ဘေးအန္တရာယ်ရှိသော ခရီးကို ရှောင်ကြဉ်သကဲ့သို့လည်းကောင်း၊ အသက်ရှင်လိုသောသူသည် လတ်တလော သေစေတတ်သော အဆိပ်ကို ရှောင်ကြဉ်သကဲ့သို့လည်းကောင်း ပညာရှိ ရဟန်းသည် ဘုံသုံးပါးတည်းဟူသော သံသရာခရီးဝယ် မကောင်းမှုခရီးကို ရှောင်ကြဉ်ရာ၏။
ဘယမဂ္ဂေ—ခိုးသူတို့ နှောင့်ယှက်သည်၏အဖြစ်ကြောင့် ဘေးဘယရှိသော ခရီးခဲရ၏။
မှတ်သားဖွယ်—လှည်းကုန်သည် တဦးသည် လှည်းငါးရာဖြင့် ကုန်များအပြည့် တင်ဆောင်ကာ ကုန်ရောင်း ကုန်ဝယ်မှုကို ပြုလုပ်သည်။ မိမိတို့သွားမည့်အရပ်သို့ ရဟန်းတော်များ လိုက်ပါလိုပါက လိုက်နိုင်ကြောင်းနှင့် ဆွမ်းအတွက်ကိုပါ တာဝန်ယူပြီး ခရီးသွား ရဟန်းငါးရာတို့အား နေ့စဉ်ဆွမ်းဝတ်ပြုသည်။ ယင်းစေတနာကြောင့် ခိုးသားတို့၏ လျှို့ဝှက်စွာ တိုင်ပင်မှုကို ပြောပြသော မိတ်ဆွေပေါ်ပေါက်ရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၄။)

ပါဠိသဒ္ဒါခက်ဆစ်

ဝါဏိဇော = ဝဏတိ ဝစတီတိ ဝါဏိဇော။ ဝဏ် + ဣဇ။
အပ္ပသတ္ထော = အပ္ပော သတ္ထော ဧတဿာတိ အပ္ပသတ္ထော။ အပ္ပ + သတ္ထ + တ။
သတ္ထော = သဟ အတ္ထေန ယော ဝတ္တတီတိ သတ္ထော။ သဟ + အတ္ထ + ယ။
မဟဒ္ဓနော = မဟန္တာနိ ဓနာနိ ယဿာတိ မဟဒ္ဓနော။ မဟန္တ + ဓန + ယ။

မဟာဓနဝါဏိဇဝတ္ထု ပြီး၏။
---

၉-ပါပဝဂ်

၈-ကုက္ကုဋမိတ္တနေသာဒဝတ္ထု

၁၂၄။ ပါဏိမှိ စေ ဝဏော နာဿ၊ ဟရေယျ ပါဏိနာ ဝိသံ။
နာဗ္ဗဏံ ဝိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငယ်စဉ်က သောတာပန်ဖြစ်သော ရာဇဂြိုဟ်သဌေးသမီး၏ခင်ပွန်း ကုက္ကုဋမိတ္တမုဆိုးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ကုက္ကုဋမိတ္တမုဆိုးနှင့် သားခုနစ်ယောက် ချွေးမခုနစ်ယောက်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ပါဏိမှိ၊ လက်၌။ ဝဏော၊ အနာသည်။ စေ န အဿ၊ အကယ်၍မရှိငြားအံ့။ ပါဏိနာ၊ လက်ဖြင့်။ ဝိသံ၊ အဆိပ်ကို။ ဟရေယျ၊ ကိုင်ဆောင်နိုင်၏။ ဝိသံ၊ အဆိပ်သည်။ အဗ္ဗဏံ၊ အနာမရှိသောလက်သို့။ န အနွေတိ၊ အစဉ်မလိုက်။ အကုဗ္ဗတော၊ အကုသိုလ်စေတနာ မရှိပဲပြုသူအား။ ပါပံ၊ မကောင်းမှုကံသည်။ နတ္ထိ၊ မရှိ။

စကားပြေ

လက်မှာ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကိုကိုင်ဆောင်နိုင်၏။ အဆိပ်သည် အနာမရှိသောလက်သို့ မကပ်ရောက်နိုင်။ အကုသိုလ်စေတနာမရှိပဲ ပြုသူအား မကောင်းမှုမရှိနိုင်ပေ။
စေတနာမပါလျှင် အကျိုးမပေးနိုင်—အကုသိုလ်စေတနာမရှိသောပုဂ္ဂိုလ်၏ စိတ်သို့ မကောင်းမှုသည် အစဉ်မလိုက်။
သောတာပန်နီး—အိမ်ရှင်မုဆိုး၏ ခိုင်းစေမှုကို ပြုလုပ်အံ့ဟူသော နှလုံးသွင်းဖြင့် လက်နက်များကို ယူပေးသည်။ လက်နက်ဖြင့် သူတစ်ပါးအသက်ကို သတ်စေလိုသောစိတ် သောတာပန်ဇနီး၌ မဖြစ်ပေ။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈။)

မုဆိုးမိသားစု

ကဿပဘုရားရှင်၏ ဓာတ်တော်များ—ဌာပနာရန် စေတီတည်ထား ကိုးကွယ်စဉ် ကိုးကုဋေကြွယ်ဝသော တောရွာသဌေးနှင့် ကုဋေလေးဆယ်ကြွယ်ဝသော မြို့သဌေးတို့ ဘုရားလူကြီးဖြစ်ရန် ကြိုးစားကြသည်။ တောရွာသဌေးက ငွေဖြင့် အင်အားမမျှသဖြင့် သားခုနစ်ယောက် ချွေးမခုနစ်ယောက်နှင့် မိမိတို့ဇနီးမောင်နှံပါ ပေါင်း(၁၆)ယောက်တို့ ဘုရားကျွန်ဒါအဖြစ်ခံယူကာ ဘုရားလူကြီးအဖြစ်ခံယူသည်။ မြို့သူမြို့သားများက မိသားစုအားလုံးကို ဘုရားကျွန်အဖြစ်မှ လွှတ်ကြသော်လည်း မိသားစုအားလုံးသည် အသက်ထက်ဆုံး ဘုရားဝေယျာဝစ္စတို့ကို ဆောင်ရွက်နေကြသည်။ ကဿပဘုရားရှင်နှင့် ဂေါတမဘုရားရှင် နှစ်ဆူအကြား နတ်ပြည်၌ဖြစ်ကြ၍ ယခုအခါ ဂေါတမဘုရားရှင်လက်ထက်၌ မိသားစု(၁၆)ယောက်တို့အားလုံး သောတာပန်တည်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၉။)

ပါဠိသဒ္ဒါခက်ဆစ်

ဝိသံ = သောဏိပ္ပထဂတံ ဝိသတိ ဒေဟန္တိ ဝိသံ။ ဝိသ် (ပဒေသန) + အ။

ကုက္ကုဋမိတ္တနေသာဒဝတ္ထု ပြီး၏။
---

၉-ပါပဝဂ်

၉-ကောကသုနခလုဒ္ဒကဝတ္ထု

၁၂၅။ ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊
သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊
သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားကောင်ရှာဖွေရန် တောသို့သွားစဉ် ရဟန်းကိုတွေ့မြင်ရသောကြောင့် သားကောင်မရဟု အယူရှိသောမုဆိုးသည် ရဟန်းကို ခွေးများဖြင့် ဝိုင်းကိုက်စေသော်လည်း မိမိကိုပင် အကိုက်ခံရသော ကောကမည်သော ခွေးမုဆိုးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ခွေးဝိုင်းခံရသောရဟန်းသည် ရဟန္တာဖြစ်သည်။

အနက်

ယော၊ အကြင်သူမိုက်သည်။ အပ္ပဒုဋ္ဌဿ၊ မပြစ်မှားထိုက်သော။ သုဒ္ဓဿ၊ စင်ကြယ်သော။ အနင်္ဂဏဿ၊ ကိလေသာကင်းသော။ နရဿ ပေါသဿ၊ ရဟန္တာပုဂ္ဂိုလ်အား။ ဒုဿတိ၊ ပြစ်မှား၏။ ပဋိဝါတံ၊ လေညာသို့။ ခိတ္တော၊ လွှင့်ပစ်အပ်သော။ သုခုမော၊ သိမ်မွေ့သော။ ရဇော၊ မြူမှုန်သည်။ တမေဝ၊ လွှင့်ပစ်သောသူသို့သာလျှင်။ ပတတိ ဣဝ၊ ပြန်ကျလာသကဲ့သို့။ ပါပံ၊ မကောင်းမှုသည်။ တမေဝ ဗာလံ၊ ထိုမိုက်သူသို့သာလျှင်။ ပစ္စေတိ၊ ရှေးရှုပြန်ကျ၏။

စကားပြေ

စင်ကြယ်၍ ကိလေသာကင်းသော မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်အား ပုဂ္ဂိုလ်တဦးဦးက ပြစ်မှားလျှင် လေညာသို့ လွှင့်ပစ်သော မြူမှုန်သည် လွှင့်ပစ်သူသို့သာလျှင် ပြန်ကျသကဲ့သို့ ပြစ်မှားသူသို့သာလျှင် မကောင်းမှု ပြန်ကျလေတော့သည်။
သုဒ္ဓ အနင်္ဂဏ— အပြစ်မရှိသူကို သုဒ္ဓ၊ ကိလေသာမရှိသူကို အနင်္ဂဏ။

ခွေးမုဆိုးကံကြမ္မာ

ခွေးတို့ဖြင့် အမဲလိုက်သော မုဆိုးသည် ရဟန်းကိုမြင်လျှင် မိမိတို့အလုပ်၌ လာဘ်တိတ်သည်ဟု ထင်သည်။ ရဟန်းကို တောထဲသို့အသွား တွေ့လိုက်ရသောကြောင့် အမဲသား ငါးမရဟု ထင်မှတ်ကာ တောမှအပြန် ယင်းရဟန်းကို တဖန်တွေ့ပြန်သဖြင့် ရဟန်းအပေါ် ရန်ငြိုးဖွဲ့ကာ ခွေးများကို ကိုက်ရန် အမိန့်ပေးသည်။ ရဟန်းသည် သစ်ပင်တပင်သို့ တက်၍ လက်ခုပ်တဘောင်လောက်သော အရပ်၌ ရပ်စဉ် မုဆိုးသည် မြားဦးဖြင့် ခြေဘဝါးကိုထိုးသည်။ ရဟန်းသည် မုဆိုး၏ မြားဦးဒဏ်ကြောင့် မီးဖြင့် ရှိမိုက်သကဲ့သို့ ဖြစ်၍ သတိမေ့လျော့ကာ သင်္ကန်းကျွတ်ကျသည်ကိုပင် မသိရှာပေ။ ၎င်းသင်္ကန်းသည် မုဆိုး၏ ကိုယ်ပေါ်သို့ စွပ်မိသကဲ့သို့ ဖြစ်သောအခါ ခွေးများသည် မုဆိုးကို ရဟန်းဟု မှတ်ထင်ကာ ဝိုင်းကိုက်၍ အရိုးများသာ ကျန်သည်အထိ စားကြလေသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၁။)

ပါဠိသဒ္ဒါခက်ဆစ်

အပ္ပဒုဋ္ဌဿ = ပဒုဿတေတိ ပဒုဋ္ဌော။ ပ + ဒုသ် + တ။ န ပဒုဋ္ဌော အပ္ပဒုဋ္ဌော။
အနင်္ဂဏဿ = နတ္ထိ အင်္ဂဏံ ယဿာတိ အနင်္ဂဏော။ န + အင်္ဂဏ + ယ။
သုခုမော = သုခယတီတိ သုခုမော။ သုခ + ကုမ။ (ဏွာဒိ၊ ၁၃၀)

ကောကသုနခလုဒ္ဒကဝတ္ထု ပြီး၏။
---

၉-ပါပဝဂ်

၁၀-မဏိကာရကုလူပကတိဿတ္ထေရဝတ္ထု

၁၂၆။ ဂဗ္ဘမေကေ ဥပ္ပဇ္ဇန္တိ၊ နိရယံ ပါပကမ္မိနော၊
သစ္စံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗန္တိ အနာသဝါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပတ္တမြားရတနာ ပျောက်ခြင်းကြောင့် ရိုက်နှက်စစ်ဆေးသော ကျောက်သွေးသမား၊ နူးညံ့သိမ်မွေ့သော ဇနီးနှင့် ဆရာရဟန္တာ တိဿတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဧကေ၊ အချို့သော သူတို့သည်။ (ဝါ) ကြိုးကြာတို့သည်။ ဂဗ္ဘီ၊ လူပြည်တွင် အမိဝမ်းတွင်း၌။ ဥပ္ပဇ္ဇန္တိ၊ ပဋိသန္ဓေဖြစ်ရကုန်၏။ ပါပကမ္မိနော၊ မကောင်းမှုပြုသော သူတို့သည်။ (ဝါ) ကျောက်သွေးသမားတို့သည်။ နိရယံ၊ ငရဲ၌။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ရကုန်၏။ သုဂတိနော၊ ကောင်းသောပညာရှိသူတို့သည်။ (ဝါ) ကျောက်သွေးသမား၏ ဇနီးတို့သည်။ သစ္စံ၊ နတ်ပြည်သို့။ ယန္တိ၊ ရောက်ရကုန်၏။ အနာသဝါ၊ အာသဝေါကင်းသော တိဿထေရ် ရဟန္တာမျိုးတို့သည်။ ပရိနိဗ္ဗန္တိ၊ ပရိနိဗ္ဗာန်စံရကုန်၏။

စကားပြေ

အချို့သော ကြိုးကြာစသည်တို့သည် လူ့ပြည်မှာ ပဋိသန္ဓေနေရကုန်၏။ မကောင်းမှုကို ပြုသော ကျောက်သွေးသမား စသည်တို့သည် ငရဲသို့ ရောက်ရကုန်၏။ ကောင်းသော ပညာရှိသော ကျောက်သွေးသမား၏ ဇနီးစသည်တို့သည် နတ်ပြည်သို့ ရောက်ရကုန်၏။ အာသဝေါကင်းသော တိဿထေရ်စသော ရဟန္တာတို့သည် ပရိနိဗ္ဗာန် စံရကုန်၏။
ဂဗ္ဘ— မနုဿဂဗ္ဘကိုယူ။
ရဟန္တာတို့မည်သည်— မိမိ၏အသက်ကိုသာ အသေခံသည်၊ မိမိအတွက်ဖြင့် သူတပါးအသက်ကို မသေစေလိုကြ။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃။)

ပါဠိသဒ္ဒါခက်ဆစ်

ဂဗ္ဘ = ဂဗ္ဘတိ ဓာရေတီတိ ဂဗ္ဘော။ ဂဗ္ဘိ + အ။ (တနည်း) ဂရတိ ဗဟိ တီနိက္ခမနဝသေန သိဉ္စတီတိ ဂဗ္ဘော။ ဂရ + အ။ (ဏွာဒိ၊ ၁၂၈)
ပါပကမ္မိနော = ပါပံ ကမ္မံ ပါပကမ္မံ။ ပါပ + ကမ္မ။ ပါပကမ္မံ ကရောတိ သီလေနာတိ ပါပကမ္မီ။ ပါပကမ္မ + ဏီ။
သဂ္ဂ = ပုညေန သုဋ္ဌု အဇီယတေတိ သဂ္ဂေါ။ သု + အင် + အ။ (ဇကို ဂ-ပြု)
နိရယံ = အယတော နိဂ္ဂတော နိရယော။ နိ + အယ။

မဏိကာရကုလူပကတိဿတ္ထေရဝတ္ထု ပြီး၏။
---

၉-ပါပဝဂ်

၁၁-တယောဇနဝတ္ထု

၁၂၇။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊
န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊
ယတ္ထဋ္ဌိတော မုစ္စေယျ ပါပကမ္မာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောင်းကင်တွင် ပျံနေစဉ် မီးကွင်းစွပ်မိ၍ မီးလောင်ခံရသော ကျီး၊ စာရေးတံမဲ သုံးကြိမ်ကျ၍ သဲအိုးဆွဲကာ သမုဒ္ဒရာရေတွင် ပစ်ချခံရသော လှေသူကြီးကတော်၊ ဥမင်လိုဏ်ခေါင်း၌ ပိတ်မိနေသော ရဟန်းခုနစ်ပါး ဟူသော သုံးဦးတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရောက်လာပြီး မေးလျှောက်သော ရဟန်းတို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ကောစိ၊ တစုံတယောက်သော သူသည်။ အန္တလိက္ခေ၊ ကောင်းကင်၌။ ဋ္ဌိတောပိ၊ တည်သော်လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ သမုဒ္ဒမဇ္ဈေ၊ သမုဒ္ဒရာအလယ်၌။ ဋ္ဌိတောပိ၊ တည်သော်လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ ပဗ္ဗတာနံ၊ တောင်တို့၏။ ဝိဝရံ၊ အခေါင်းသို့။ ပဝိဿ၊ ဝင်၍လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ ယတ္ထ၊ အကြင်အရပ်၌။ ဋ္ဌိတော၊ တည်သောသူသည်။ ပါပကမ္မာ၊ မကောင်းမှုမှ။ မုစ္စေယျ၊ လွတ်ရာ၏။ သော ဇဂတိပ္ပဒေသော၊ ထိုမကောင်းမှုမှ လွှတ်ရာအရပ်မျိုးသည်။ န ဝိဇ္ဇတိ၊ မရှိနိုင်။

စကားပြေ

မကောင်းမှုကိုပြု၍ ကောင်းကင်၊ သမုဒ္ဒရာအလယ်၊ တောင်ခေါင်းတို့၌ ပုန်းအောင်းတည်နေကြသော်လည်း မကောင်းမှုမှ မလွတ်နိုင်၊ မကောင်းမှုမှ လွှတ်ရာအရပ်မျိုး မရှိနိုင်။
ဇဂတိပ္ပဒေသ— အရှေ့စသော မြေအရပ် ရှ၏။

ကျီး၏ကံကြမ္မာ

ကောင်းကင်၌ ပျံသန်းနေသောကျီးကို အိမ်မီးလောင်ရာမှ မီးစွဲနေသော မြက်ဆုပ် ကရွတ်ခွေစွပ်မိ၍ သေရသည်။ လယ်သမားတယောက်သည် ရိုက်နှက်ဆုံးမ၍ မရသော နွားကတ်အား ကောက်ရိုးဖြင့် ဖွဲ့ချည်ရစ်ပတ်ပြီး မီးရှို့ခဲ့ဖူးသည်။ ထိုကံကြောင့် ငရဲမှာ ဆင်းရဲခံစားရပြီးလျှင် ခုနစ်ကြိမ် ကျီးဖြစ်ကာ ဤကဲ့သို့ မီးကွင်းစွပ်၍ သေရသည်။

လှေသူကြီးကတော်

သမုဒ္ဒရာ၌ လှေဖြင့်သွားကြရာ လှေသည် မလှုပ်မရှက် ရပ်နေသဖြင့် ယုတ်မာသူကို မဲချ၍ ရှာဖွေကြသည်။ လှေသူကြီး၏ ပထမအရွယ် ချောမောလှပသော ဇနီးသည် သုံးကြိမ်တိုင် အောင်မဲကြသည်။ လှေသူကြီးကတော်အား လည်တွင် သဲအိုးချည်နှောင်ပြီး သမုဒ္ဒရာသို့ ပစ်ချခံရသည်။
သူကြွယ်ကတော်တယောက်သည် ရေခပ်၊ မောင်းထောင်းမှန်သမျှ အမှုကိစ္စမှန်သမျှကို ကိုယ်တိုင်ပြုလေ့ရှိသည်။ သုံးဘဝမြောက်က ခင်ပွန်းဖြစ်ဖူးသော ခွေးသည် အလုပ်လုပ်နေသော သူကြွယ်ကတော်ကို ကြည့်၍သာ နေလေ့ရှိသည်။ တောစသော သွားလေရာသို့လည်း ခဲစသည်ဖြင့် ခြိမ်းခြောက်သော်လည်း မပြန်ပဲ လိုက်မြဲလိုက်နေသည်။ သူငယ်များက ခွေးမုဆိုးဟု ခေါ်ကာ ပြောင်လှောင်မှုကို မခံလိုသဖြင့် သဲဖြင့် ပြည့်သောအိုးကို လည်တွင် ကြိုးဖြင့် ဖွဲ့ချည်၍ ရေတွင် ပစ်ချသတ်ခဲ့၏။ ထိုကံကြောင့် ကြာမြင့်စွာ ငရဲ၌ ဆင်းရဲခံစားရပြီးလျှင် ဘဝပေါင်းတထောင် ဤကဲ့သို့ သဲအိုးလည်တွင် ချည်နှောင်၍ ရေတွင် ပစ်ချခံရသည်။

အာဂန္တုရဟန်း ၇ ပါး

ဘုရားရှင်အား ဖူးမြော်ရန် လာကြသော အာဂန္တုရဟန်း ခုနစ်ပါးတို့သည် လိုဏ်ဂူတခုတွင် ညအိပ်ရန် နေရာရကြသည်။ ရဟန်းများ အိပ်ပျော်နေစဉ် တောင်ထွတ်မျှ ကြီးကျယ်သော ကျောက်တုံးကြီး လိမ့်၍ လိုဏ်ဂူတံခါးကို ပိတ်သကဲ့သို့ ဖြစ်၏။ ရွာခုနစ်ရွာမှ ရွာသားများသည်လည်းကောင်း၊ ၎င်းဂူအတွင်းမှ ရဟန်းတို့သည်လည်းကောင်း လုံ့လပြုကြသော်လည်း လှုပ်အောင်မျှ မပြုလုပ်နိုင်ကြပေ။ ခုနစ်ရက်တိတိ ရဟန်းများ ဆာလောင်မွတ်သိပ်သော ဆင်းရဲကို ခံစားရသည်။ ခုနစ်ရက်မြောက်သောနေ့၌ကား ကျောက်တုံးကြီးသည် အလိုလို လိမ့်၍ တံခါးဝ ပွင့်သွားသည်။ နွားကျောင်းသား ခုနစ်ယောက်တို့သည် တောအရပ်၌ နွားကျောင်းစဉ် ဖွတ်ကြီးတကောင်ကို မြင်၍ လိုက်ကြရာ အပေါက်ခုနစ်ပေါက်ရှိသော တောင်ပို့အတွင်းသို့ ဖွတ်ကြီး ဝင်သွားသည်။ အချိန်မရှိသဖြင့် နောက်တနေ့မှ ဖွတ်ကို ဖမ်းမည်ဟု နွားကျောင်းသားများ ကိုယ်စီကိုယ်စီ ပေါက်တပေါက်ကို သစ်ခက်ကျိုး တဆုပ်စီဖြင့် ပိတ်၍ ထားခဲ့ကြသည်။ နွားကျောင်းသားများ တောင်ပို့ပိတ်ထားမှုကို ခုနစ်ရက်ကြာမှ သတိရ၍ ဖွင့်ကြရာ အရိုးအရေသာ ကျန်သော ဖွတ်ကို သနားသဖြင့် အသက်ကို မသတ်ခဲ့သဖြင့် ငရဲတွင် မကျပဲ ဆယ့်လေးဘဝတို့၌ ခုနစ်ရက် ခုနစ်ရက် အစာရေစာ ပြတ်ခဲ့ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၇။)

ပါဠိသဒ္ဒါခက်ဆစ်

အန္တလိက္ခေ = ဣက္ခဏံ ဒဿနံ ဣက္ခာ။ ဣက္ခ် + အ + အာ။ ဣက္ခာယ အန္တရံ (ကာရဏံ) အန္တလိက္ခံ။ ဣက္ခာ + အန္တရ။ (ရကို လ-ပြု)
သမုဒ္ဒမဇ္ဈေ = သမုဒ္ဒဿ မဇ္ဈေ သမုဒ္ဒမဇ္ဈေ။ သမုဒ္ဒ + မဇ္ဈ။
သမုဒ္ဒေါ = သမံ ဥဒကေန လောဏံ ဧတ္ထာတိ သမုဒ္ဒေါ။ သ + ဥဒ + ဧတ။
ဇဂတိပ္ပဒေသော = ဂစ္ဆန္တိ ယဿန္တိ ဇဂတိ။ ဂမု + အန္တ + ဤ။ ဇဂတိယာ ပဒေသော ဇဂတိပ္ပဒေသော။ ဇဂတိ + ပဒေသ။

တယောဇနဝတ္ထု ပြီး၏။
---

၉-ပါပဝဂ်

၁၂-သုပ္ပဗုဒ္ဓသကျဝတ္ထု

၁၂၈။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊
န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊
ယတ္ထဋ္ဌိတံ နပ္ပသဟေယျ မစ္စု။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သမီးတော် ယသောဓရာကို စွန့်၍ တောထွက်ခြင်း၊ သားတော် ဒေဝဒတ်ကို ရန်သူအရာ၌ ထားနေခြင်းဟူသော အကြောင်းကြောင့် တူတော်မောင် ဘုရားအား ရန်ငြိုးဖွဲ့ပြီး ပင့်ဖိတ်သော နေရာသို့ ကြွသွားရန် လမ်းမပေးသော ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓသာကျဝင်မင်းကြီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ကောစိ၊ တစုံတယောက်သော သူသည်။ အန္တလိက္ခေ၊ ကောင်းကင်၌။ ဋ္ဌိတောပိ၊ တည်သော်လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ သမုဒ္ဒမဇ္ဈေ၊ သမုဒ္ဒရာအလယ်၌။ ဋ္ဌိတောပိ၊ တည်သော်လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ ပဗ္ဗတာနံ၊ တောင်တို့၏။ ဝိဝရံ၊ အခေါင်းသို့။ ပဝိဿ၊ ဝင်၍လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ ယတ္ထ၊ အကြင်အရပ်၌။ ဋ္ဌိတံ၊ တည်သောသူကို။ မစ္စု၊ သေမင်းသည်။ နပ္ပသဟေယျ၊ မညှဉ်းဆဲရာ။ သော ဇဂတိပ္ပဒေသော၊ သေမင်း မညှဉ်းဆဲနိုင်ရာ အရပ်မျိုးသည်။ န ဝိဇ္ဇတိ၊ မရှိနိုင်။

စကားပြေ

ကောင်းကင်၊ သမုဒ္ဒရာအလယ်၊ တောင်ခေါင်းသို့ ပုန်းအောင်းတည်နေသော်လည်း မကောင်းမှုမှ မလွတ်နိုင်၊ သေမင်း မညှဉ်းဆဲနိုင်သော အရပ်မျိုးကား မရှိနိုင်။
ဇဂတိပ္ပဒေသ— အရှေ့အရပ် စသော မြေအရပ် ရှ၏။

ဘုရားရှင်အပေါ် ရန်ငြိုးထားပြစ်

ဘုရားရှင်၏ ဘထွေးတော် ယောက္ခမလည်းဖြစ်သော သုပ္ပဗုဒ္ဓဘုရင်သည် သမီးတော် ယသောဓရာကို ပစ်၍ တောထွက်သွားခြင်း၊ သားတော် ဒေဝဒတ်ကို ရဟန်းပြုစေ၍ ရန်သူအရာ၌ ထားခြင်းတို့ကြောင့် ဘုရားရှင်၏ အပေါ် ရန်ငြိုးဖွဲ့ကာ ဘုရားရှင် သွားမည့်လမ်းကို ပိတ်ဆို့ထားခြင်းကြောင့် အရှင်လတ်လတ် မြေမျိုပြီး အဝီစိငရဲသို့ ရောက်သွားသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၉။)

သုပ္ပဗုဒ္ဓသကျဝတ္ထု ပြီး၏။
ပါပဝဂ္ဂ ပြီး၏။
---

၁၀ - ဒဏ္ဍဝဂ်

၁ - ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

၁၂၉။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
အတ္တာနံ ဥပမံ ကတွာ၊ န ဟနေယျ န ဃာတယေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သတ္တရသဝဂ္ဂီရဟန်းတို့နှင့် ကျောင်းနေရာလု၍ ရိုက်နှက်ကြသော ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်၏အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။ ဒဏ္ဍဿ၊ ဒဏ်မှ။ တသန္တိ၊ ထိတ်လန့်ကုန်၏။ သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။ မစ္စုနော၊ သေခြင်းမှ။ ဘာယန္တိ၊ ကြောက်ကုန်၏။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပမံ ကတွာ၊ ဥပမာပြု၍။ အညေ၊ လူ့ပါးသော သတ္တဝါတို့ကို။ န ဟနေယျ၊ မသတ်ဖြတ်ရာ။ န ဃာတယေ၊ မညှဉ်းဆဲရာ။

စကားပြေ

သတ္တဝါမှန်သမျှ ဒဏ်နှင့် သေခြင်းမှ ထိတ်လန့်ကြောက်ရွံ့ကြကုန်၏။ မိမိကိုယ်ကို ဥပမာထားပြီးလျှင် တပါးသော သတ္တဝါတို့ကို မသတ်ဖြတ် မညှဉ်းဆဲရာ။

သဗ္ဗေ၊ ဤဒေသနာတော်၌ “သဗ္ဗ” သဒ္ဒါသည် အနက်အားဖြင့် အကြွင်းရှိသော သာဝသေသသဗ္ဗ ဖြစ်သည်။
သဗ္ဗေ၊ ဆင်အာဇာနည်၊ မြင်းအာဇာနည်၊ နွားလားဥဿဘအာဇာနည်၊ ရဟန္တာ၊ ဤလေးမျိုးကို ထား၍ ကြွင်းသော သတ္တဝါတို့ကို ရသည်။ ရဟန္တာပုဂ္ဂိုလ်သည် သက္ကာယဒိဋ္ဌိ ပယ်ပြီးသည်၏ အဖြစ်ကြောင့် (မသေသော သတ္တဝါကို) မမြင်သောကြောင့် ဒဏ်မှ မကြောက်လန့်။ ဆင်အာဇာနည်၊ မြင်းအာဇာနည်၊ နွားလားဥဿဘအာဇာနည်တို့သည် သက္ကာယဒိဋ္ဌိ အားကြီးသည်၏ အဖြစ်ကြောင့် ဆန့်ကျင်ဘက် သတ္တဝါကို မမြင်ရကား မကြောက်လန့်ကုန်။

ပဟာရဒါနသိက္ခာပုဒ်

ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှေးဦးစွာ ကျောင်းကို ရှင်းလင်းကြသော တကျိပ်ခုနစ်ယောက် အစုရှိသော သတ္တရသဝဂ္ဂီရဟန်းတို့ကို နောက်ကျမှ ရောက်လာသော ခြောက်ယောက် အစုရှိသော ဆဗ္ဗဂ္ဂိယရဟန်းတို့က ရိုက်နှက်၍ ကျောင်းမှ ထွက်စေခြင်းကြောင့် ပဟာရဒါနသိက္ခာပုဒ် (ရိုက်နှက်ခြင်းကို ပြုခြင်းကြောင့် ဖြစ်ပေါ်သော သိက္ခာပုဒ်) ကို ဘုရားရှင်သည် ပညတ်တော်မူရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀။)

ဆဗ္ဗဂ္ဂိယဝတ္ထု ပြီး၏။
---

၂ - ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

၁၃၀။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေသံ ဇီဝိတံ ပိယံ။
အတ္တာနံ ဥပမံ ကတွာ၊ န ဟနေယျ န ဃာတယေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သတ္တရသဝဂ္ဂီရဟန်းတို့နှင့် ကျောင်းနေရာလုပြီး လက်ဝါးပြင်ဟူသော လှံမိုးကြသော ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။ ဒဏ္ဍဿ၊ ဒဏ်မှ။ တသန္တိ၊ ထိတ်လန့်ကုန်၏။ သဗ္ဗေသံ၊ အလုံးစုံသော သတ္တဝါတို့သည်။ ဇီဝိတံ၊ မိမိအသက်ကို။ ပိယံ၊ ချစ်မြတ်နိုး၏။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပမံ ကတွာ၊ ဥပမာပြု၍။ အညေ၊ တပါးသော သတ္တဝါတို့ကို။ န ဟနေယျ၊ မသတ်ဖြတ်ရာ။ န ဃာတယေ၊ မညှဉ်းဆဲရာ။

စကားပြေ

သတ္တဝါမှန်သမျှ ဒဏ်မှ ထိတ်လန့်ကြ၍ မိမိတို့အသက်ကို ချစ်ခင်မြတ်နိုးကြသည်။ မိမိကိုယ်ကို ဥပမာထား၍ တပါးသော သတ္တဝါတို့ကို မသတ်ဖြတ် မညှဉ်းဆဲရာ။

သဗ္ဗေသံ ဇီဝိတံ ပိယံ၊ ၌ “သဗ္ဗ” သည် ရဟန္တာပုဂ္ဂိုလ်ကို ထား၍ ကြွင်းသော သတ္တဝါများကို ရသည်။ ရဟန္တာပုဂ္ဂိုလ်သည် အသက်ရှင်ခြင်း၌လည်းကောင်း၊ သေခြင်း၌လည်းကောင်း လျစ်လျူရှုထားသောကြောင့် “သဗ္ဗ” အရ မပါဝင်ပါ။

တလသတ္တိကသိက္ခာပုဒ်၊ သတ္တရသဝဂ္ဂီရဟန်းတို့အား ဆဗ္ဗဂ္ဂိယရဟန်းတို့က လက်ဝါးပြင်ဖြင့် မိုးခြိမ်းခြောက်ခြင်းကြောင့် ဘုရားရှင်သည် တလသတ္တိကသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂)

ပါဠိသဒ္ဒါခက်ဆစ်

ပိယံ = ပိယာယိတဗ္ဗန္တိ ပိယံ။ ပီ + ဏျ (ရဿပြု)

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု ပြီး၏။
---

၃ - သမ္ဗဟုလကုမာရကဝတ္ထု

၁၃၁။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ဝိဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော န လဘတေ သုခံ။

၁၃၂။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန န ဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော လဘတေ သုခံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားဆွမ်းခံကြရာလမ်းတွင် မြွေဟောက်ကို တုတ်ဖြင့် ရိုက်နေသော လူငယ်ငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ငါးရာသော လူငယ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယော၊ အကြင်သူသည်။ အတ္တနော၊ မိမိ၏။ သုခံ၊ ချမ်းသာကို။ ဧသာနော၊ ရှာအံ့။ သုခကာမာနိ၊ မိမိကဲ့သို့ ချမ်းသာကို အလိုရှိကုန်သော။ ဘူတာနိ၊ သတ္တဝါတို့ကို။ ဒဏ္ဍေန၊ တုတ်၊ လှံကန်ဖြင့်။ ဝိဟိံသတိ၊ ညှဉ်းဆဲ၏။ သော၊ ထိုညှဉ်းဆဲသူသည်။ ပေစ္စ၊ တမလွန်ဘဝ၌။ သုခံ၊ ချမ်းသာကို။ န လဘတေ၊ မရနိုင်။

ယော၊ အကြင်သူသည်။ အတ္တနော၊ မိမိ၏။ သုခံ၊ ချမ်းသာကို။ ဧသာနော၊ ရှာအံ့။ သုခကာမာနိ၊ မိမိကဲ့သို့ ချမ်းသာကို အလိုရှိကုန်သော။ ဘူတာနိ၊ သတ္တဝါတို့ကို။ ဒဏ္ဍေန၊ တုတ်၊ လှံကန်ဖြင့်။ န ဟိံသတိ၊ မညှဉ်းဆဲ။ သော၊ ထိုမညှဉ်းဆဲသောသူသည်။ ပေစ္စ၊ တမလွန်ဘဝ၌။ သုခံ၊ ချမ်းသာကို။ လဘတေ၊ ရနိုင်၏။

စကားပြေ

မိမိ၏ ချမ်းသာကို ရှာမည့်သူသည် မိမိကဲ့သို့ ချမ်းသာရန် အလိုရှိသော သတ္တဝါတို့ကို တုတ်စသော လက်နက်ဖြင့် ညှဉ်းဆဲ၏။ ယင်းညှဉ်းဆဲသောသူသည် နောင်ဘဝ၌ ချမ်းသာကို မရနိုင်။ မညှဉ်းဆဲသောသူသည်သာ ချမ်းသာကို ရနိုင်၏။

သုခ၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ ပရမတ္ထဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော ချမ်းသာ သုံးမျိုးရ၏။

ပါဠိသဒ္ဒါခက်ဆစ်

သုခကာမာနိ = သုခံ ကာမယန္တိတိ သုခကာမာနိ။ သုခ + ကမု + ဏ။
ဘူတာနိ = ကမ္မန ဘဝန္တိတိ ဘူတာနိ။ ဘူ + တ။
သုခမေသာနော = သုခံ ဧသတိတိ သုခမေသာနော။ သုခ + သ် + မာန။

သမ္ဗဟုလကုမာရကဝတ္ထု ပြီး၏။
---

၄ - ကောဏ္ဍဓာနတ္ထေရဝတ္ထု

၁၃၃။ မာဝေါစ ဖရုသံ ကဉ္စိ၊ ဝုတ္တာ ပဋိဝဒေယျုံ တံ။
ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျုံ တံ။

၁၃၄။ သစေ နေရေသိ အတ္တာနံ၊ ကံသော ဥပဟတော ယထာ။
ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ န ဝိဇ္ဇတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းပြုသည်မှစ၍ အမျိုးသမီးတယောက် နောက်က အမြဲလိုက်သော်လည်း မိမိကိုယ်တိုင် မမြင်ပဲ လူအပေါင်းက မြင်နေသော ကောဏ္ဍဓာနထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။ ကောဏ္ဍဓာနထေရ်လည်း ဘုရားရှင် ဩဝါဒအတိုင်း ဆောက်တည်သဖြင့် ရဟန္တာဖြစ်သည်။

အနက်

ကဉ္စိ၊ တစုံတယောက်ကိုမျှ။ ဖရုသံ၊ ကြမ်းကြုတ်သော စကားကို။ မာ အဝေါစ၊ မဆိုလင့်။ ဝုတ္တာ၊ အဆိုခံရသူတို့သည်။ တံ၊ သင့်ကို။ ပဋိဝဒေယျုံ၊ ပြန်လှန်ဆိုကုန်၏။ သာရမ္ဘကထာ၊ ချုပ်ချယ်သော စကားသည်။ ဒုက္ခာ ဟိ၊ ဆင်းရဲခြင်း၏ အကြောင်းတည်း။ ပဋိဒဏ္ဍာ၊ အတုံ့အလှည့် ဒဏ်တို့သည်။ တံ၊ သင့်ထံသို့။ ဖုသေယျုံ၊ ရောက်ကုန်ရာ၏။

ဥပဟတော၊ အနားပြတ်သော။ ကံသော၊ ကြေးခေါင်းလောင်းသည်။ သဒ္ဒံ န ကရောတိ ယထာ၊ အသံမထွက် ငြိမ်သက်သကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ နိစ္စလံ ကာတုံ၊ ငြိမ်သက် တည်ကြည်ရန်။ သစေ နေရေသိ၊ အကယ်၍ စွမ်းနိုင်ငြားအံ့။ ဧသ၊ ဤသို့ စွမ်းနိုင်သော သဘောရှိသူသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ပတ္တောသိ၊ ရောက်သည်။ တေ၊ သင်အား။ သာရမ္ဘော၊ ချုပ်ချယ်မှုသည်။ န ဝိဇ္ဇတိ၊ မရှိ။

စကားပြေ

မည်သည့် ပုဂ္ဂိုလ်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုပါနှင့်။ အဆိုခံရသူတို့က သင့်ကို ပြန်လှန်ဆိုလိမ့်မည်။ ချုပ်ချယ်သော စကားသည် ဆင်းရဲကြောင်း ဖြစ်၍ သင့်ထံသို့ ပြန်လာနိုင်သည်။ အနားဖြတ်ထားသော ကြေးခွက်ကို တစုံတခုဖြင့် ခတ်သော် အသံမထွက်သကဲ့သို့ မိမိကိုယ်ကို တည်ကြည်အောင် ပြုစွမ်းနိုင်သော ပုဂ္ဂိုလ်သည် နိဗ္ဗာန်သို့ ရောက်နိုင်သည်။ အချုပ်အချယ်လည်း မရှိတော့ပေ။

ကောဏ္ဍဓာနထေရ်

ကောဏ္ဍဓာနထေရ်သည် ရဟန်းပြုသောနေ့မှစ၍ မိမိသွားရာနောက်တွင် အမျိုးသမီးတယောက် လိုက်၍ နေသည်။ မိမိကား ယင်းအမျိုးသမီးကို မမြင်သော်လည်း အခြားလူများက မြင်၍ ပြက်ရယ်ပြုကုန်၏။ ရဟန်းများက အနာထပိဏ်၊ ဝိသာခါတို့ကိုပင် နှင်ထုတ်စေသည်။ ကောသလမင်းကိုယ်တိုင် စစ်ဆေးသောအခါ အတုအယောင်ဖြစ်သော မိန်းမဖြစ်သဖြင့် ပစ္စည်းလေးပါး ဒါယကာ ပြုသွားသည်။

ကဿပဘုရားရှင်လက်ထက် ညီအကိုအရင်းပမာ ခင်မင်ရင်းနှီးသော ရဟန်းနှစ်ပါးတို့သည် မိမိတို့နေသောနေရာမှ သံဃဥပုသ်ပြုရန် ထွက်လာကြသည်။ တာဝတိံသာမှ နတ်သားသည် ယင်းရဟန်းနှစ်ပါး ကွဲပြားအောင် ပြုလုပ်လိုသော စိတ်ဖြင့် ရဟန်းတပါးသည် ကိုယ်လက်သုတ်သင်ရန် ခြုံတခုသို့ ဝင်၍ ထွက်လာချိန်တွင် လက်တဘက်ဖြင့် ဆံပင်အပေါင်းကို၊ လက်တဘက်ဖြင့် လုံချည်ကို ဆွဲကိုင်လျက် မိန်းမအသွင်ဖြင့် ရဟန်းနောက်သို့ လိုက်လာဟန် ပြုသည်။ ယင်းအခြင်းအရာကို မြင်သောအခါ စောင့်နေသော ရဟန်းသည် ဒုဿီလဟု စွပ်စွဲပြီးလျှင် “မိမိသည် ယင်းအဖြစ်အပျက်ကို ကိုယ်တိုင်မြင်ခဲ့၍ ယင်းရဟန်းနှင့် ဥပုသ်အတူ မပြုနိုင်” ဟု ငြင်းခုံခဲ့၏။ နတ်သားလာရောက်ပြီး စုံစမ်းလို၍ မိမိပြုမိကြောင်း ဖြေရှင်းသောအခါမှ ဥပုသ်အတူ ပြုကြကုန်၏။ ရဟန်းနှစ်ပါးသည် အသက်အတိုင်းနေ၍ နတ်ပြည်၌ ဖြစ်သော်လည်း နှောင့်ယှက်သော နတ်သားသည် ဘုရားနှစ်ဆူအကြား အဝီစိငရဲ၌ ကျရောက်ရသည်။ ယခုအခါ သာဝတ္ထိပြည်၌ ဖြစ်ပြီး ရဟန်းပြုသည့်နေ့မှစ၍ မိန်းမတယောက် အရိပ်သဖွယ် နောက်မှလိုက်မှုကို ခံရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၄၊ ၆။)

ပါဠိသဒ္ဒါခက်ဆစ်

ဖရုသံ = ပရေ ဇနေ ဥဿာပေတိ ဒါဟေတိတိ ဖရုသံ။ ပရ + ဥသ် + အ + (ပကိုဖ-ပြု)
သာရမ္ဗကထာ = သာရမ္ဘ + ကထာ။
ကံသော = ကနတိ ဒိဗ္ဗတိတိ ကံသော။ ကန် + သ။
သာရမ္ဘော = သံ ရမ္ဘနံ သာရမ္ဘော။ သံ + ရဘိ + ဏ။

ကောဏ္ဍဓာနတ္ထေရဝတ္ထု ပြီး၏။
---

၅ - ဥပေါသထိကဣတ္ထီနံဝတ္ထု

၁၃၅။ ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝော ပါဇေတိ ဂေါစရံ။
ဧဝံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝိသာခါအမှူးရှိသော အလိုဆန္ဒ အမျိုးမျိုးဖြင့် ဥပုသ်စောင့်နေသော အရွယ်အစား အဖုံဖုံဖြစ်ကြသော အမျိုးသမီးငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဂေါပါလော၊ နွားကျောင်းသားသည်။ ဒဏ္ဍေန၊ နှင်တံဖြင့်။ ဂါဝော၊ နွားတို့ကို။ ဂေါစရံ၊ စားကျက်သို့။ ပါဇေတိ ယထာ၊ မောင်းနှင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဇရာ စ၊ အိုခြင်းသည်လည်းကောင်း။ မစ္စု စ၊ သေခြင်းသည်လည်းကောင်း။ ပါဏိနံ၊ သတ္တဝါတို့၏။ အာယုံ၊ အသက်ကို။ ပါဇေန္တိ၊ မောင်းနှင်ကုန်၏။

စကားပြေ

နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင် ပို့ဆောင်သကဲ့သို့ အိုခြင်းနှင့် သေခြင်းတို့သည် သတ္တဝါတို့၏ အသက်ကို ပို့ဆောင် မောင်းနှင်၍ သတ်ဖြတ်သွားကုန်၏။

နွားကျောင်းသားနှင့် ဇရာ၊ မစ္စု၊ နွားအပေါင်းနှင့် ဇီဝိတိန္ဒြေ၊ စားကျက်နှင့် မရဏ တူသည်။ ဇာတိသည် သတ္တဝါတို့၏ အသက်ကို ဇရာသို့၊ ဇရာသည် ဗျာဓိသို့ ရောက်အောင် မောင်းနှင်ပေးသည်။

အာယုံ ပါဇေန္တိ၊ ၌ ဇီဝိတိန္ဒြေကို ဖြတ်ခြင်း ကုန်စေခြင်းကို ပါဠိဟု ခေါ်သည်။

အမျိုးသမီးများ၊ သာဝတ္ထိပြည်၌ ဥပုသ်နေ့တွင် အမျိုးသမီးငါးရာ ဥပုသ်သီတင်း ဆောက်တည်ကြသည်။ ယင်းအမျိုးသမီးများအား ဝိသာခါ ကျောင်းအမကြီးက ဥပုသ်ဆောက်တည်ခြင်း၏ ရည်ရွယ်ချက်ကို မေးမြန်းရာ အရွယ်ကြီးသော မိန်းမများက နတ်စည်းစိမ်ကို တောင့်တ၍ ဥပုသ်ဆောက်တည်ကြောင်း ပြောကြားကြသည်။ အရွယ်အလတ် မိန်းမများက လင်တူမယားဖြစ်ခြင်းမှ လွှတ်လိုကြောင်းနှင့် အရွယ်ငယ်သော မိန်းမများက သားဦးရလိုကြောင်း၊ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုလိုကြောင်း ပြောပြကြသည်။(ဓမ္မ၊ဋ္ဌ၊၂၊၃၈။)

ပါဠိသဒ္ဒါခက်ဆစ်

ဂေါပါလော = ဂါဝော ပါလေတိတိ ဂေါပါလော။ ပါလ + ဏ။

ဥပေါသထိကဣတ္ထီနံဝတ္ထု ပြီး၏။
---

၆ - အဇဂရဥပေတဝတ္ထု

၁၃၆။ အထ ပါပါနိ ကမ္မာနိ၊ ကရံ ဗာလော န ဗုဇ္ဈတိ။
သေဟိ ကမ္မေဟိ ဒုမ္မေဓော၊ အဂ္ဂိဓမ္မောဝ တပ္ပတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ၂၅-ယူဇနာတိုင်အောင် မီးလျှံများ ထွက်လျက် ဂိဇ္ဈကုဋ်တောင်ခြေတွင် နေရသော မြွေပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ပါပါနိ ကမ္မာနိ၊ မကောင်းမှု အကုသိုလ်ကံတို့ကို။ ကရံ ကရောန္တော၊ ပြုသော။ ဗာလော၊ သူမိုက်သည်။ အထ၊ ထိုပြုသောအခါ၌။ န ဗုဇ္ဈတိ၊ ကံ၏အကျိုးကို မသိ။ ဒုမ္မေဓော၊ ပညာမဲ့သောသူသည်။ သေဟိ ကမ္မေဟိ၊ မိမိပြုသော မကောင်းမှု ကံတို့ကြောင့်။ အဂ္ဂိဓမ္မောဝ၊ မီးလောင်သောသူကဲ့သို့။ တပ္ပတိ၊ ပူပန်ရ၏။

စကားပြေ

သူမိုက်သည် မကောင်းမှု အကုသိုလ်ကံကို ပြုသောအခါ ကံ၏အကျိုးကို မသိ။ မိမိပြုသော မကောင်းမှု ကံကြောင့် ငရဲမီးလောင်သော သူကဲ့သို့ ပူပန်ရ၏။ မကောင်းမှုကို ပြုသော ပုဂ္ဂိုလ်သည် မကောင်းမှုကို ငါပြုမိပြီဟု မသိသော ပုဂ္ဂိုလ် မည်သည်မရှိ၊ မကောင်းမှု ကံ၏ အကျိုးသည် ဤသို့ သဘောရှိသည်ဟု သာ မသိခြင်း ဖြစ်သည်။

အတုယူဖွယ်၊ ဘုရားရှင်သည် မှန်သော်လည်း တဘက်သား မယုံကြည် အတုယူဖွယ် နိုင်လောက်သေးလျှင် မပြောသေးပဲ ဆိုင်းငံ့နေလေ့ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉။)

သုမင်္ဂလသဌေး၊ ကဿပဘုရားရှင်လက်ထက်၌ သုမင်္ဂလသဌေးသည် မိမိ၏ လယ်တောကို (၇) ကြိမ် မီးရှို့၍၊ (၇) ကြိမ် နွားခြံရှိ နွားတို့၏ ခြေကို ဖြတ်လျက်၊ (၇) ကြိမ် အိမ်ကို မီးရှို့ပြီး မိမိလှူဒါန်းသော ဘုရားရှင်၏ ဂန္ဓကုဋီကို မီးရှို့သူ အပေါ်၌ လုံးဝ စိတ်မဆိုးပဲ နောက်ထပ်၍ ဆောက်လုပ် လှူဒါန်းသော ဂန္ဓကုဋိကျောင်း ရေစက်ချပွဲ၌ မိမိပစ္စည်းနှင့် ကျောင်းတို့ကို မီးရှို့ဖျက်ဆီးသော ပုဂ္ဂိုလ်အား ပထမဆုံး အမျှဝေပေးသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀။)

ပါဠိသဒ္ဒါခက်ဆစ်

သေဟိ = သဿ အတ္တနော သန္တကံ သံ။ သ + ဏ။
အဂ္ဂိဓမ္မောဝ = အဂ္ဂိ + ဓမ္မ + ဣဝ၊ အစ္စိနာ ချော အဂ္ဂိဓမ္မော။

အဇဂရဥပေတဝတ္ထု ပြီး၏။

၇ - မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု

၁၃၇။ ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေဝ နိဂစ္ဆတိ။

၁၃၈။ ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ ဝ ဘေဒနံ။
ဂရုကံ ဝါပိ အာဗာဓံ၊ စိတ္တက္ခေပံ ဝ ပါပုဏေ။

၁၃၉။ ရာဇတော ဝါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနံ ဝ ဒါရုဏံ။
ပရိက္ခယံ ဝ ဉာတိနံ၊ ဘောဂါနံ ဝ ပဘင်္ဂရံ။

၁၄၀။ အထ ဝါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ခိုးသားငါးရာနှင့် တိတ္ထိငါးရာတို့ လုပ်ကြံခံရသော အရှင်မဟာမောဂ္ဂလ္လာန်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယော၊ အကြင်သူသည်။ အဒဏ္ဍေသု၊ အပြစ်ဒဏ်ကင်းကုန်သော။ အပ္ပဒုဋ္ဌေသု၊ မပြစ်မှားထိုက်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌။ ဒဏ္ဍေန၊ တုတ် လှံကန်စသည်ဖြင့်။ ဒုဿတိ၊ ပြစ်မှား၏။ သော၊ ထိုသူသည်။ ဒသန္န၊ ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင်။ အညတရံ ဌာနံ၊ တပါးပါးသော ဆင်းရဲကြောင်းသို့။ ခိပ္ပမေဝ၊ လျင်မြန်စွာသာလျှင်။ နိဂစ္ဆတိ၊ ရောက်ရ၏။

ဖရုသံ၊ ပြင်းထန်သော။ ဝေဒနံ၊ ဝေဒနာသို့လည်းကောင်း။ ဇာနိ၊ ဥစ္စာဆုံးရှုံးခြင်းသို့ လည်းကောင်း။ သရီရဿ၊ ကိုယ်အင်္ဂါ၏။ ဘေဒနံ၊ ပျက်စီးခြင်းသို့ လည်းကောင်း။ ဂရုကံ၊ ကြီးလေးသော။ အာဗာဓံ ဝါပိ၊ နူနာစသော အနာစွဲကပ်ခြင်းသို့လည်းကောင်း။ စိတ္တက္ခေပံ ဝါ၊ စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း။ ရာဇတော၊ မင်းမှ။ ဥပသဂ္ဂံ ဝါ၊ ဘေးသို့လည်းကောင်း။ ဒါရုဏံ၊ ကြမ်းကြုတ်သော။ အဗ္ဘက္ခာနံ ဝါ၊ အစွပ်စွဲခံရခြင်းသို့ လည်းကောင်း။ ဉာတိနံ၊ ဆွေမျိုးတို့၏။ ပရိက္ခယံ ဝါ၊ ပျက်ပြားခြင်းသို့လည်းကောင်း။ ဘောဂါနံ၊ စည်းစိမ်တို့၏။ ပဘင်္ဂရံ ဝါ၊ ယိုယွင်းခြင်းသို့လည်းကောင်း။ ပါပုဏေ၊ ရောက်ရာ၏။

အထ၊ ထိုမှတပါး။ အဿ၊ ကိုပြစ်မှားသူ၏။ အဂါရာနိ၊ အိမ်တို့ကို။ အဂ္ဂိ၊ ပကတိ မီးသည်လည်းကောင်း။ ပါဝကော၊ လောင်မီးသည်လည်းကောင်း။ ဍဟတိ၊ လောင်၏။ ဒုပ္ပညော၊ ပညာမဲ့သော။ သော၊ ထိုသူသည်။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်စီးသည်မှ။ ပရံ၊ နောက်၌။ နိရယံ၊ ငရဲသို့။ သောပပဇ္ဇတိ၊ ရောက်ရ၏။
---

စကားပြေ

ပုဂ္ဂိုလ်တဦးဦးသည် အပြစ်ကင်း၍ မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့ကို တုတ်စသော လက်နက်ဖြင့် ပြစ်မှားခဲ့လျှင် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင် တပါးပါးသောဒဏ်ကို လျင်မြန်စွာ ရတတ်၏။
(၁) ပြင်းထန်သော ဝေဒနာစွဲကပ်ခြင်း၊
(၂) ဥစ္စာဆုံးရှုံးခြင်း၊
(၃) ကိုယ်အင်္ဂါပျက်စီးခြင်း၊
(၄) နူနာစသော ဝေဒနာစွဲကပ်ခြင်း၊
(၅) ရူးခြင်း၊
(၆) မင်းပြစ်မင်းဒဏ် သင့်ရောက်ခြင်း၊
(၇) ကြမ်းတမ်းစွာ အစွပ်စွဲခံရခြင်း၊
(၈) ဆွေမျိုးပျက်စီးခြင်း၊
(၉) စည်းစိမ်ဥစ္စာယိုယွင်းခြင်း၊
(၁၀) ပကတိ မီးလောင်ခြင်းဖြင့် - အိမ်မီးလောင်ခြင်းတို့သို့ ယခုပစ္စုပ္ပန်ဘဝ၌ ရောက်ရ၏။ တမလွန်ဘဝ၌ ငရဲသို့ရောက်ရ၏။

အဒဏ္ဍေသု— ကာယဒဏ် စသည်မှကင်းသော ရဟန္တာပုဂ္ဂိုလ်ရ၏။
အပ္ပဒုဋ္ဌေသု— သူတပါးတို့၌ လည်းကောင်း၊ မိမိအပေါ်၌ လည်းကောင်း ပြစ်မှားမှုမရှိသော ပုဂ္ဂိုလ်။
ဝေဒနာ— ခေါင်းကိုက်ခြင်းစသော ဝေဒနာ။
ဇာနိ— ခဲယဉ်းစွာရအပ်သော ဥစ္စာပျက်စီးခြင်း။
ဘေဒနံ— လက်ပြတ်ခြင်းအစရှိသော ကိုယ်အင်္ဂါပျက်စီးခြင်း။
အာဗာဓံ— ကိုယ်တခြမ်းသေရောဂါ စသည်။
ဥပသဂ္ဂံ— ရာထူးကျမှုစသည်။
ဉာတိ— မိမိ၏ မှီခိုအားထားရာဖြစ်သော ဆွေမျိုး။
ပဘင်္ဂရံ— အိမ်၌ရှိသောစပါးသည် ပုပ်ဆွေးခြင်း၊ ပျက်စီးခြင်း၊ ရွှေ၏မီးကျီးဖြစ်ခြင်း၊ ငွေ၏အိုးခြမ်းကွဲဖြစ်ခြင်း၊ ခြေနှစ်ချောင်း၊ ခြေလေးချောင်း သတ္တဝါတို့သည် ကန်းခြင်းစသည်သို့ ရောက်ခြင်း။
မိစ္ဆာဒိဋ္ဌိတို့၏ထင်မြင်ချက်— မိစ္ဆာအယူရှိသူတို့သည် လာဘ်ပေါသူကို သတ်နိုင်လျှင် မိမိသို့ လာဘ်ပေါမည်ဟု အထင်ရှိကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂။)
အတုယူစရာ— အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် သေကြောင်း ကြံစည်သူများ မကြံစည်နိုင်အောင် လွှတ်ကင်းရာသို့ ရှောင်တိမ်းနေသည်ကို ထောက်ဆ၍ အန္တရာယ်ပေးမည့်သူအား ရှောင်တိမ်းသင့်က ရှောင်တိမ်းနေသင့်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂။)
အရှင်မဟာမောဂ္ဂလ္လာန်အလောင်း— အရှင်မဟာမောဂ္ဂလ္လာန်သည် မိန်းမစကားဖြင့် ခိုးသားယောင်ဆောင်၍ မိဘများကို သေကြောင်းကြံစည်ခဲ့မှုကြောင့် အဝီစိသို့ရောက်ပြီး ယခုရဟန္တာဖြစ်သည့် ဘဝမှာပင် ခိုးသားများ ရိုက်သတ်၍ ပရိနိဗ္ဗာန်ပြုရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၄။)
---

ပါဠိသဒ္ဒါခက်ဆစ်

သင်္ချရဿဝ ဘေဒနံ— သင်္ချရဿ + ဝါ + ဘေဒနံ။
စိတ္တက္ခေပံ ဝ ပါပုဏေ— စိတ္တက္ခေပ + ဝါ + ပါပုဏေ။
စိတ္တက္ခေပံ— စိတ္တဿ ခေပံ စိတ္တက္ခေပံ။
ဥပသဂ္ဂံ— ဥပဂန္တွာ သဇ္ဇတိ ပကာသေတီတိ ဥပသဂ္ဂံ။ ဥပ + သဇ် + ဏ။
အဗ္ဘက္ခာနံ ဝ ဒါရုဏံ— အဗ္ဘက္ခာနံ + ဝါ + ဒါရုဏံ။
ဒါရုဏံ— ဒရီယတီတိ ဒါရုဏံ။ ဒရ် + ဥဏ။
ဘောဂါနံ ဝ ပဘင်္ဂုရံ— ဘောဂါနံ + ဝါ + ပဘင်္ဂုရံ။
ပဘင်္ဂရံ— ပဘဉ္ဇတိတိ ပဘင်္ဂုရံ။ ပ + ဘန္ဇ + ဃုရံ။
အဂါရာနိ— အဂန္တိ ဂစ္ဆန္တိ ဧတ္ထာတိ အာဂါရံ။ အဂ + ဂါရံ။ (ဏွာဒိ၊ ၁၆၄)
အဂ္ဂိ— အဂတိ ကုဋီလော ဟုတွာ ဂစ္ဆတိတိ အဂ္ဂိ။ အာ+ဂိ။ (ဏွာဒိ၊ ၃၄)
ပါဝကော— ပုဏာတီတိ ပါဝကော။ ပူ (ပဝနေ) + ဏွု။

မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု ပြီး၏။
---

၁၀ - ဒဏ္ဍဝဂ်

၈ - ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု

၁၄၁။ န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ၊
နာနာသကာ ထဏ္ဍိလသာယိကာ ဝါ။
ရဇောဇဂ္ဂံ ဥက္ကုဋိကပ္ပဓာနံ၊
သောဝဓန္တိ မစ္စံ အဝိတိဏ္ဏကင်္ခံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အလိုနည်းသော ဘုရားရှင် ဒေသနာတော်၌ အလိုနည်းကြောင်း တရား ဟောတော်မူလျက် များစွာသော ဘဏ္ဍာရှိသော ပရိသတ်အလယ် ကိုယ်ဝတ်ကိုချွတ်၍ ဟိရီဩတ္တပ္ပ ကင်းသော ဗဟုဘဏ္ဍိကရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
---

အနက်

နဂ္ဂစရိယာ၊ အဝတ်မဝတ်ပဲ ကျင့်ခြင်းတို့သည်။ အဝိတိဏ္ဏကင်္ခံ၊ ဝိစိကိစ္ဆာမှ မလွတ်မြောက်သေးသော။ မစ္စံ၊ သတ္တဝါကို။ န သောတ္တိ၊ မစင်ကြယ်နိုင်ကုန်။ ဇဋာ၊ ဆံကျစ်အကျင့်တို့သည်။ အဝိတိဏ္ဏကင်္ခံ၊ ဝိစိကိစ္ဆာမှ မလွတ်မြောက်သေးသော။ မစ္စံ၊ သတ္တဝါကို။ န သော‌ဓေန္တိ၊ မသုတ်သင်နိုင်ကုန်။ ပင်္ကာ၊ ရွှံ့ညွန်အလိမ်းလိမ်းကပ်‌စေ၍ ကျင့်ခြင်းတို့သည်။ အဝိတိဏ္ဏကင်္ခံ၊ ဝိစိကိစ္ဆာမှ မလွတ်မြောက်သေးသော။ မစ္စံ၊ သတ္တဝါကို။ န သောဓေန္တိ၊ မစင်ကြယ်နိုင်ကုန်။ အနာသကာ၊ အစာဖြတ်၍ ကျင့်ခြင်းတို့သည်လည်းကောင်း။ ထဏ္ဍိလသာယိကာ ဝါ၊ မြေပေါ်အိပ်၍ ကျင့်ခြင်းတို့သည်လည်းကောင်း။ ရဇောဇလ္လံ၊ မြူမှုန်အလိမ်းလိမ်း တင်စေလျက် ကျင့်ခြင်းတို့သည်လည်းကောင်း။ ဥက္ကုဋိကပ္ပဓာနံ၊ ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်း လုံ့လပြုခြင်းသည်လည်းကောင်း။ အဝိတိဏ္ဏကင်္ခံ၊ ဝိစိကိစ္ဆာမှ မလွတ်မြောက်သေးသော။ မစ္စံ၊ သတ္တဝါကို။ န သောဓေန္တိ၊ မစင်ကြယ်နိုင်ကုန်။
---

စကားပြေ

ဝိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တဝါကို အဝတ်မဝတ်ပဲ ကျင့်ခြင်း၊ ဆံကျစ်၍ ကျင့်ခြင်း၊ ရွှံ့ညွန်လိမ်း၍ ကျင့်ခြင်း၊ အစာဖြတ်၍ အငတ်ကျင့်ခြင်း၊ မြေပေါ်အိပ်၍ ကျင့်ခြင်း၊ မြူမှုန်တပ်‌စေ၍ ကျင့်ခြင်း၊ ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်း၊ လုံ့လပြုခြင်းဟူသော အကျင့်မျိုးတို့သည် ကိလေသာ အညစ်အကြေးတို့ကို မစင်ကြယ်စေနိုင်ကုန်။

ကင်္ခံ— အဋ္ဌဝတ္ထုက ဝိစိကိစ္ဆာရ၏။
ပစ္စည်း မစုသင့်— ဘုရားရှင်သည် ရဟန်းတော်များ ပစ္စည်းများများ စုထားသည်ကို နှစ်သက်တော်မမူ။ (ဓမ္မ၊ဋ္ဌ၊၂၊၄၆။)

ပါဠိသဒ္ဒါခက်ဆစ်

နဂ္ဂစရိယာ— နဂ္ဂါ စရိယာ နဂ္ဂစရိယာ။ နဂ္ဂ + စရိယ။
ပင်္ကာ— ပင်္ကေန စရန္တိတိ ပင်္ကာ။ ပင်္က + ဏ။
နာနာသကာ— န အာနာသကာ အနာသကာ။ န + အာသကာ။
အာသက— အသ် + ဏွု။
ထဏ္ဍိလသာယိကာ— ထဏ္ဍိလေ သယန္တီတိ တဏ္ဍိလသာယိကာ။ ထဏ္ဍိလ + သိ + ဏွု။
ရဇောဇလ္လံ— ရဇဉ္စ ဇလ္လဉ္စ ရဇောဇလ္လံ။ ရဇ + ဇလ္လ။
ဥက္ကုဋိကပ္ပဓာနံ— ဥက္ကုဋိကံ ပဓာနံ ဥက္ကုဋိကပ္ပဓာနံ။ ဥက္ကုဋိက + ပဓာန။
အဝိတိဏ္ဏကင်္ခံ— ဝိတိဏ္ဏာ သင်္ခါ ဝိတိဏ္ဏကင်္ခါ။ နတ္ထိ ဝိတိဏ္ဏကင်္ခါ ယဿာတိ အဝိတိဏ္ဏကင်္ခါ။ န + ဝိတိဏ္ဏကင်္ခ + ယ။

ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု ပြီး၏။
---

၁၀ - ဒဏ္ဍဝဂ်

၉ - သန္တတိမဟာမတ္တဝတ္ထု

၁၄၂။ အလင်္ကတော စေပိ သမံ စ‌ရေယျ၊
သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊
သော ဗြာဟ္မဏော သော သမဏော သ ဘိက္ခု။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စစ်နိုင်သောကြောင့် ပသေနဒီကောသလမင်းကြီးက ဘုရင့်စည်းစိမ် ခုနစ်ရက်ခံစားစေသဖြင့် အဆိုအကတတ်ကျွမ်းသော အမျိုးသမီးတယောက် ဆိုကနေစဉ် ကွယ်လွန်၍သွားသည့်အတွက် သောကဖြစ်နေသောကြောင့် သောကငြိမ်းရန် ဘုရားရှင်ထံသို့သွားသော စစ်ဝတ်အပြည့်အစုံဖြင့် ပရိနိဗ္ဗာန်စံသော သန္တတိဗိုလ်ချုပ်ကြီးကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သန္တော၊ ကိလေသာငြိမ်းပြီးသော။ ဒန္တော၊ ဣန္ဒြေကိုဆုံးမပြီးသော။ နိယတော၊ မဂ်လေးပါးဖြင့် ဂတိမြဲသော။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ရှိသော။ ယော၊ အကြင်သူသည်။ သဗ္ဗေသု ဘူတေသု၊ အလုံးစုံသောသတ္တဝါတို့၌။ ဒဏ္ဍံ၊ ကာယဒဏ်စသည်ကို။ နိဓာယ၊ ချထား၍။ သမံ၊ မေတ္တာဖြင့်အညီအမျှ။ စရယျ၊ ကျင့်ရာ၏။ သော၊ ထိုသူသည်။ အလင်္ကတောပိ၊ တန်ဆာဆင်အပ်သော်လည်း။ ဗြာဟ္မဏော၊ မကောင်းမှုမှအပပြုပြီးသူ ဗြာဟ္မဏလည်းမည်၏။ သော၊ ထိုသူသည်။ သမဏော၊ ကိလေသာငြိမ်းပြီးသူ သမဏလည်းမည်၏။ သော၊ ထိုသူသည်။ ဘိက္ခု၊ ကိလေသာတို့ကို ဖျက်ဆီးပြီးသူ ဘိက္ခုလည်းမည်၏။

စကားပြေ

ကိလေသာငြိမ်းအေ၍ ဣန္ဒြေကိုလည်းဆုံးမပြီးသောကြောင့် မဂ်လေးပါးဖြင့် မတည်မြဲသော မြတ်သောအကျင့်ရှိပြီးလျှင် သတ္တဝါအားလုံး၌ ကာယဒဏ်စသည်ကိုပယ်ချကာ မေတ္တာဖြင့် အညီအမျှကျင့်သူသည် တန်ဆာဆင်အပ်သော်လည်း ကိလေသာကိုအပပြုပြီးသူ ဗြာဟ္မဏလည်းမည်၏။ ကိလေသာငြိမ်းအေးပြီးသူ သမဏလည်းမည်၏။ ကိလေသာဖျက်ဆီးပြီးသူ ဘိက္ခုလည်းမည်၏။

ဓမ္မ‌ဃောသက၏အကျိုး— သန္တတိအမတ် လောင်းလျာသည် ဝိပဿီဘုရားရှင်လက်ထက်၌ အနှစ်ရှစ်သောင်းတိုင်တိုင် ဓမ္မဃောသက (တရားနာစိမ့်သောငှာ ကြွေးကြော်သောအမှု) ကို ပြုခဲ့မှုကြောင့် ခန္ဓာကိုယ်မှ စန္ဒကူးနှင့် ခံတွင်းမှ ကြာနံ့လှိုင်ပြီး နောက်ဆုံး ရဟန္တာဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၅၂။)

သန္တ— ရာဂစသည် ငြိမ်းအေးသော ပုဂ္ဂိုလ်။
ဒန္တ— ဣန္ဒြေကိုဆုံးမပြီးသော ပုဂ္ဂိုလ်။
နိယတ— မဂ်လေးပါးဖြင့် ဂတိမြဲသောပုဂ္ဂိုလ်။
ဗြဟ္မစာရီ— မြတ်သောအကျင့်ရှိသော ပုဂ္ဂိုလ်။
ဒဏ္ဍ— ကာယဒဏ်စသည်။
ဗြာဟ္မဏ— ကိလေသာတို့ကို အပပြုပြီးသူ။
သမဏ— ကိလေသာတို့ကိုငြိမ်းစေပြီးသူ။
ဘိက္ခု— ကိလေသာတို့ကိုဖျက်ဆီးပြီးသူ။

ပါဠိသဒ္ဒါခက်ဆစ်

အလင်္ကတော— အလံ ဝိဘူသနံ ကရိယတေတိ အလင်္ကတော။ အလံ + ကရ် + တော။
ဗြာဟ္မဏော— ဗဟန္တိ ပါပေ ဗဟိ ကရောတိတိ ဗြာဟ္မဏော။ ဗဟ် + ယု။
နိယတော— နိယစ္ဆတိတိ နိယတော။ နိ + ယမု + တော။

သန္တတိမဟာမတ္တဝတ္ထု ပြီး၏။
---

၁၀ - ဒဏ္ဍဝဂ်

၁၀ - ပိလောတိကတိဿရဝတ္ထု

၁၄၃။ ဟိရီနိသေဓော ပုရိသော၊ ကောစိ လောကသ္မိံ ဝိဇ္ဇတိ။
ယော နိဒ္ဒံ အပဗောဓေတိ၊ အ‌ဿော ဘ‌ဒြော ကသာမိဝ။

၁၄၄။ ယထာ ဘဒ္ဒေါ ကသာနိဝိဋ္ဌော၊
အာတာပိနော သံဝေဂိနော ဘဝါထ။
သဒ္ဓါယ သီလေန စ ဝီရိယေန၊
သမာဓိနာ ဓမ္မဝိနိစ္ဆယေန စ။
သမ္ပန္နဝိဇ္ဇာစရဏာ ပတိဿတာ၊
ဇဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာ၏ ကရုဏာတော်ဖြင့် ပုဆိုးနွမ်းနှင့် ခွက်ကို စွန့်စေပြီး ရှင်ရဟန်းပြုပေး၍ ရဟန်းအဖြစ်သို့ ရောက်သော်လည်း ပျင်းရိလာသောအခါ ယင်း ပုဆိုးနွမ်းကိုအာရုံပြု၍ ရဟန္တာဖြစ်သော ပိလောတိကတိဿတော်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဘဒြော၊ ကောင်းသော။ အဿော၊ မြင်းသည်။ ကသံ၊ မိမိအပေါ်ကျလာသောကြိမ်လုံးကို။ အပဟရတိ ဣဝ၊ ကြဉ်ရှောင်သကဲ့သို့။ (ဝါ) မိမိအပေါ်ကျခွင့်မပေးသကဲ့သို့။ ယော ပုရိသော၊ အကြင်သူသည်။ နိဒ္ဒံ၊ မိမိအိပ်ပျော်ခြင်းကို။ အပဗောဓေတိ၊ နိုးကြားစေ၏။ ဟိရီနိသေဓော၊ မိစ္ဆာဝိတက်ကို ရှက်ကြောက်ခြင်းဖြင့် တားမြစ်သည်။ ဟောတိ၊ ဖြစ်၏။ သော ပုရိသော၊ ထိုပုဂ္ဂိုလ်မျိုးသည်။ ကောစိ၊ တယောက်တလေသည်။ လောကသ္မိံ၊ လောက၌။ ဝိဇ္ဇတိ၊ ရှိ၏။

ဘ‌ဒြော၊ ကောင်းသော။ အဿော၊ မြင်းသည်။ ကသာနိဝိဋ္ဌော၊ ကြိမ်လုံးဖြင့် ပုတ်ခတ်သည်ရှိသော်။ အာတာပိနော ယထာ၊ လုံ့လရှိကုန်သကဲ့သို့။ အာတာပိနော၊ လုံ့လရှိကုန်သည်။ သံဝေဂိနော၊ ထိတ်လန့်ကုန်သည်။ ဘဝါထ၊ ဖြစ်ကုန်လော့။ သဒ္ဓါယ စ၊ ယုံကြည်သောသဒ္ဓါဖြင့်လည်းကောင်း။ သီလေန၊ သီလဖြင့် လည်းကောင်း။ ဝီရိယေန စ၊ ဝီရိယဖြင့် လည်းကောင်း။ သမာဓိနာ၊ သမာဓိဖြင့် လည်းကောင်း။ ဓမ္မဝိနိစ္ဆယေန စ၊ တရားဆုံးဖြတ်ကြောင်းဉာဏ်ဖြင့် လည်းကောင်း။ သမ္ပန္နဝိဇ္ဇာစရဏာ၊ ပြည့်စုံသောဝိဇ္ဇာနှင့် စရဏရှိကုန်သည်ဖြစ်၍။ ပတိဿတာ၊ ထင်သော သတိရှိကုန်လျက်။ အနပ္ပကံ၊ အတိုင်းမရှိ အလွန်ရှည်လျားသော။ ဣဒံ ဒုက္ခံ၊ ဤသံသရာဆင်းရဲကို။ ဇဟိဿထ၊ စွန့်လွှတ်ကုန်လတ္တံ့။

စကားပြေ

မြင်းကောင်းသည် မိမိအပေါ် ကြိမ်လုံးကျခွင့်မပေးသကဲ့သို့ မိမိကိုယ်ကို မိမိအိပ်ပျော်ခြင်းမှ နိုးကြားစေ၍ မိစ္ဆာဝိတက်ကို ဟိရိဖြင့် တားမြစ်နိုင်သူသည် အလွန်ရှားပါးသည်။ မြင်းကောင်းသည် ကြိမ်လုံးဖြင့် ပုတ်ခတ်သော် လုံ့လရှိလာသကဲ့သို့ သင်တို့သည် လုံ့လရှိ၍ ထိတ်ပြီးလျှင် သဒ္ဓါ၊ သီလ၊ သမာဓိဉာဏ်၊ သတိရှိ၍ သံသရာဆင်းရဲကို စွန့်လွှတ်ဝလိမ့်မည်။

ဟိရီနိသေဓော— ကိုယ်တွင်း၌ဖြစ်သော အကုသလဝိတက်ကို ဟိရီဖြင့် တားမြစ်တတ်သောပုဂ္ဂိုလ်။
ယော နိဒ္ဒံ အပဗောဓေတိ— မမေ့မလျော့ ရဟန်းတရားကိုကျင့်သောပုဂ္ဂိုလ်သည် မိမိ၌ဖြစ်ပေါ်သော ပျင်းပြီးခြင်းကို ပယ်ဖျောက်လျက် နိုးကြားစေ၏။
သဒ္ဓါ— လောကိသဒ္ဓါ, လောကုတ္တရာသဒ္ဓါ ရ၏။
သီလ— စတုပါရိသုဒ္ဓိသီလရှိ၏။
ဝီရိယ— ကာယိကဝီရိယ စေတသိကဝီရိယရ၏။
သမာဓိ— ရှစ်ပါးသော သမာပတ်ရ၏။
ဓမ္မဝိနိစ္ဆယေန— အကြောင်းဟုတ်သည် မဟုတ်သည်ကို သိသောပညာ။
ဝိဇ္ဇာ— သုံးပါး, ရှစ်ပါး အပြားရှိသော ဝိဇ္ဇာ။
စရဏ— ၁၅-ပါး အပြားရှိသော စရဏ။

ပါဠိသဒ္ဒါခက်ဆစ်

ဟိရီနိသေဓော— ဟိရီ၊ နိသေဓော။ ဟိရိံ နိသေဓတီတိ ဟိရီနိသေဓော။ ဟိရီ + နိ + သိဓိ + အ။
နိဒ္ဒံ— နန္ဒယတိတိ နိဒ္ဒါ။ နိ + ဒါ + အ + အာ။
ကသာနိဝိဋ္ဌော— ကသာယ နိဝိဋ္ဌော ကသာနိဝိဋ္ဌော။ ကသာ + နိဝိဋ္ဌ။
အာတာပိနော— အာတာပေတိ သီလေနာတိ အာတာပီ။ အာ + တပ် + ဏီ။
သံဝေဂိနော— သံဝေဇေတီတိ သံဝေဂီ။ သံ + ဝိဇ + ဏီ။
ဓမ္မဝိနိစ္ဆယေန— ဓမ္မံ ဝိနိစ္ဆယော ဓမ္မဝိနိစ္ဆယော။ ဓမ္မ + ဝိနိစ္ဆယ။
သမ္ပန္နဝိဇ္ဇာစရဏာ— သမ္ပန္နာနိ ဝိဇ္ဇာစရဏာနိ ယဿာတိ သမ္ပန္နဝိဇ္ဇာစရဏော။ သမ္ပန္န + ဝိဇ္ဇာစရဏ + ယ။
အနပ္ပကံ— န အပ္ပကံ အနပ္ပကံ။ န + အပ္ပက။

ပိလောတိကတိဿတ္ထေရဝတ္ထု ပြီး၏။
---

၁၀ - ဒဏ္ဍဝဂ်

၁၁ - သုခသာမဏေရဝတ္ထု

၁၄၅။ ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ၏တပည့် ခုနစ်နှစ်အရွယ်သာရှိသော ရှင်ပြုပြီး ရှစ်ရက်မြောက်နေ့၌ ရဟန္တာဖြစ်သော သုခသာမဏေကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

နေတ္တိကာ၊ မြောင်းတူး၍ ရေကိုယူဆောင်သူတို့သည်။ ဥဒကံ၊ ရေကို။ နယန္တိ၊ အလိုရှိရာသို့ ဆောင်ကုန်၏။ ဥသုကာရာ၊ လေးသမားတို့သည်။ တေဇနံ၊ မြားကို။ နမယန္တိ၊ ဖြောင့်ကုန်၏။ တစ္ဆကာ၊ လက်သမားတို့သည်။ ဒါရုံ၊ သစ်ကို။ နမယန္တိ၊ လိုရာရအောင်ရွှေကုန်၏။ သုဗ္ဗတာ၊ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယန္တိ၊ ယဉ်ကျေးအောင် ဆုံးမကုန်၏။

စကားပြေ

ရေရအောင် မြောင်းကိုပြုပြင်တူး၍ ဆောင်ကုန်၏။ မြားကောက်ကို လေးသမားတို့သည် ဖြောင့်အောင် ပြုပြင်ကုန်၏။ လက်သမားတို့သည် သစ်သားကို လိုရာရအောင် ပြုပြင်ကုန်၏။ ဤသို့ မြောင်း၊ မြား၊ သစ်သားတို့ကို အသီးသီး ပြုပြင်ကြသကဲ့သို့ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမပြုပြင်ကုန်၏။

သုဗ္ဗတာ— ဆိုဆုံးမရန်လွယ်ကူသူကို သုဗ္ဗတာခေါ်သည်။
ဒိဋ္ဌဓမ္မ
၁. အလှူခံပုဂ္ဂိုလ်သည် အနာဂါမ် ရဟန္တာဖြစ်ခြင်း (ဝတ္ထုသမ္ပဒါ)၊
၂. အလှူဝတ္ထုသည် တရားသဖြင့်ရရှိသော ပစ္စည်းဖြစ်ခြင်း (ပစ္စယသမ္ပဒါ)၊
၃. စေတနာသုံးတန် ထက်သန်စင်ကြယ်ခြင်း (စေတနာသမ္ပဒါ)၊
၄. အလှူခံပုဂ္ဂိုလ်သည် နိရောဓသမာပတ်မှ ထပြီးစ ဖြစ်ခြင်း (ဂုဏာတိရေကသမ္ပဒါ)။
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသောအလှူသည် ဒိဋ္ဌဓမ္မ ယခုပစ္စုပ္ပန်ဘဝ၌ပင် ချက်ချင်း အကျိုးပေးနိုင်သည်။

ပါဠိသဒ္ဒါခက်ဆစ်

သုဗ္ဗတာ— သုခေန ဝဒိတဗ္ဗာတိ သုဝဒါ။ သု + ဝဒ + ဏ။ (ဒွေ ဘော်ပြု ဗွပြု၊ ဒကို တပြု)
သုခသာမဏေရဝတ္ထု ပြီး၏။
ဒဏ္ဍဝဂ် ပြီး၏။
---
၁-ဇရာဝဂ်

၁- ဝိသာခါယသဟာယိကာနံဝတ္ထု

၁၄၆။ ကော နု ဟာသော ကိမာနန္ဒေါ၊ နိစ္စံ ပဇ္ဇလိတေ သတိ။
အန္ဓကာရေန ဩနဒ္ဓါ၊ ပဒီပံ န ဂဝေသထ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အိမ်ထောင်ရှင်များ၏ တိုက်တွန်းမှုဖြင့် ဝိသာခါကျောင်းအမ၏ အပေါင်းအဖော်တို့ဖြစ်သော်လည်း အရက်မူးစဉ် မာရ်နတ်အသင်းအပင်းနတ်များ ပူးဝင်ပြီး ဘုရားရှေ့မှောက်တွင် ပြက်ရယ်သီဆိုကခုန်ကြသော အမျိုးသမီးငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မမူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဣမသ္မိံ လောကသန္နိဝါသေ၊ ဤလူအပေါင်း၌။ နိစ္စံ၊ အမြဲ။ ပဇ္ဇလိတေ၊ ကိလေသာမီး တောက်လောင်နေသည်။ သတိ၊ ဖြစ်ပါလျက်။ ကော နု၊ အဘယ်ကြောင့်။ ဟာသော၊ ပျော်မြူးရယ်ရွှင်ဘိသနည်း။ ကိံ နု၊ အဘယ်ကြောင့်။ အာနန္ဒေါ၊ နှစ်လိုဝမ်းသာဘိသနည်း။ အန္ဓကာရေန၊ အဝိဇ္ဇာ မိုက်မှောင်ကြီးသည်။ ဩနဒ္ဓါ၊ ပိတ်ဆီးအပ်ပါလျက်။ တုမှေ၊ သင်တို့သည်။ ပဒီပံ၊ ပညာဆီမီးကို။ ကိံ နု၊ အဘယ်ကြောင့်။ န ဂဝေသထ၊ မရှာပဲနေကြကုန်သနည်း။

စကားပြေ

ဤလောကကြီး၌ ကိလေသာမီး အမြဲတောက်လောင်နေပါလျက် အဘယ့်ကြောင့် ပျော်ရွှင်နှစ်သက်မှု ဖြစ်နေကြပါသနည်း။ အဝိဇ္ဇာမှောင်ထုကြီး ဖြစ်ပေါ်နေပါလျက် ပညာဆီမီးကို အဘယ့်ကြောင့် ရှာဖွေ၍ မထွန်းပဲနေကြပါသနည်း။

အန္ဓကာရ— အဝိဇ္ဇာ၊ မောဟရှိ၏။
ပဒီပ— ဝိဇ္ဇာ၊ ဉာဏ်ရှိ၏။
သေရည်အဖြစ်— သေရည် သေရက်ဟူသည် ယုတ်မာ၏။ ဘုရားရှင်၏ ရွှေမှောက်မှာပင် ကမှုခုန်မှု စသည်တို့ကို ဖြစ်စေနိုင်၏။ သေရည် သေရက်ကို အကြောင်းပြု၍ များစွာသောသတ္တဝါတို့သည် ပျက်စီးခြင်းသို့ ရောက်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၆၉။)

ဝိသာခါယသဟာယိကာနံဝတ္ထု ပြီး၏။
---

၁၁ - ဇရာဝဂ်

၂ - သိရိမဝတ္ထု

၁၄၇။ ပဿ စိတ္တကတံ ဗိမ္မံ၊ အရုကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သောတာပန်ဖြစ်သည်မှ စ၍ ရှစ်ပါးသော ရဟန်းတို့အား ၁၆-ကျပ်တန် မွန်မြတ်သော အဋ္ဌကဘတ်ဆွမ်းကို နေ့စဉ် ကိုယ်တိုင်လှူဒါန်းနေသောတနေ့တထောင် အဖိုးအခရသော ရာဇဂြိုဟ်ပြည်သူ သိရိမာပြည့်တန်းဆာမကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါများ တရားရသည့်အပြင် သိရိမာကို စွဲလမ်းနေသောကြောင့် ၄-ရက်တိုင်တိုင် အစာငတ်ခံနေသော ရဟန်းတပါးလည်း သောတာပန်ဖြစ်သည်။

အနက်

စိတ္တကတံ၊ ဆန်းဆန်းကြယ်ကြယ် ပြုလုပ်အပ်သော။ ဗိမ္မံ၊ အရုပ်နှင့်တူသော။ သမုဿိတံ၊ အရိုးသုံးရာတို့ဖြင့် ထောက်ထားအပ်သော။ အာတုရံ၊ နာကျင်တတ်သော။ ဗဟုသင်္ကပ္ပံ၊ များစွာသော သူတို့ကြံစည်အပ်သော။ အရုကာယံ၊ ကိုးပေါက်ဒါအမာရှိသော ကိုယ်ကို။ ပဿ၊ ကြည့်ရှုလာ့။ ယဿ၊ အကြင်ကိုယ်၏။ ဓုဝံ ဌိတိ၊ အမြဲအရှည်တည်ခြင်းသည်။ နတ္ထိ၊ မရှိ။

စကားပြေ

အရိုးသုံးရာတို့ဖြင့် ဆောက်တည်ထားအပ်သော ကိုးပေါက် ဒွါရအမာရှိပြီးလျှင် အမြဲနာကျင်နေသော လူအပေါင်းတို့ အမျိုးမျိုးကြံစည်၍ ဆန်းဆန်းကြယ်ကြယ် ပြုလုပ်အပ်သော အရုပ်နှင့်တူသော ကိုယ်၏ အမြဲအရှည်မတည်ခြင်းကို ကြည့်ရှုပါလော့။

အရုကာယံ ၌ အရုကိုးပေါက်ရသည်။
အသုဘကမ္မဋ္ဌာန်း— ဆရာဇီဝက၏နှမ သိရိမာကို စွဲလမ်းနေသော ရဟန်းတပါးကို ဘုရားရှင်သည် သိရိမာအလောင်းကိုပြ၍ တရားဟောသဖြင့် သောတာပန်ဖြစ်သွားသည်။

ပါဠိသဒ္ဒါခက်ဆစ်

စိတ္တကတံ— စိတ္တံ ကရိယတေတိ စိတ္တကတံ။ စိတ္တ + ကရ် + တံ။
ဗိမ္မံ— ဝမတိ ဥဂ္ဂိရတီတိ ဗိမ္မံ။ ဝမု + ဗ (အကို ဣ ပြု)။
အရုကာယံ— အရု ဘူတော ကာယော အရုကာယော။ အရု + ကာယ။ အရု— အရတိ သူနဘာဝေန ဥဒ္ဓံ ဂစ္ဆတီတိ အရု။ အရ + ဥ (ဏွာဒိ။ ၂)။
ဗဟုသင်္ကပ္ပံ— ဗဟု သင်္ကပ္ပံ ဗဟုသင်္ကပ္ပံ။ ဗဟု + သင်္ကပ္ပ။

သိရိမဝတ္ထု ပြီး၏။
---

၁၁ - ဇရာဝဂ်

၃ - ဥတ္တရာထေရီဝတ္ထု

၁၄၈။ ပရိဇိဏ္ဏမိဒံ ရူပံ၊ ရောဂနီဠံ ပဘင်္ဂုရံ။
ဘိဇ္ဇတိ ပူတိသ‌န္ဒေဟော၊ မရဏန္တံ ဟိ ဇီဝိတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွမ်းခံ၍ ရသမျှဆွမ်းကို သုံးရက်တိုင်တိုင် ဆွမ်းခံရဟန်းတပါးအား လှူဒါန်း၍ အစာပြတ်လျက် လေးရက်မြောက် ဆွမ်းခံစဉ် သင်္ကန်းကိုနင်းမိ၍ လဲကျသွားသော အသက် ၁၂၀-ရှိသော ဥတ္တရာထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ဥတ္တရာထေရီမ သောတာပန်ဖြစ်သည်။

အနက်

ဣဒံ ရူပံ၊ ဤရူပကာယသည်။ ပရိဇိဏ္ဏံ၊ ဆွေးမြေ့အိုမင်းတတ်၏။ ရောဂနီဠံ၊ အနာရောဂါတို့၏ တည်ရာဖြစ်၏။ ပဘင်္ဂုရံ၊ ယိုယွင်းပျက်စီးတတ်၏။ ဇီဝိတံ၊ အသက်ရှင်နေခြင်းသည်။ မရဏန္တံ ဟိ၊ သေခြင်းလျှင်အဆုံးရှိ၏။ သော ပူတိသန္ဒေဟော၊ ထိုကိုယ်သည် ပုပ်သည်ဖြစ်၍။ ဘိဇ္ဇတိ၊ ပျက်စီးလတ္တံ့။

စကားပြေ

ဆွေးမြေ့အိုမင်းတတ်၍ အနာရောဂါတို့၏ တည်ရာဖြစ်ပြီးလျှင် ယိုယွင်းပျက်စီးတတ်သော ခန္ဓာကိုယ်၏ အသက်ရှင်နေရခြင်းသည် သေခြင်းလျှင် နောက်ဆုံးရှိ၏။ ဤခန္ဓာကိုယ်ကြီးသည် ပုပ်၍ ပျက်စီးရမည်။

ပဘင်္ဂုရံ— ငယ်သောမြေခွေးပင်ဖြစ်သော်လည်း မြေခွေးအိုကို (ဇရသိင်္ဂါလ) ဟုခေါ်သကဲ့သို့လည်းကောင်း နုသောဆင်သမနွယ်ပင်ဖြစ်သော်လည်း (ပူတိလတာ) နွယ်ဆွေးဟုခေါ်သကဲ့သို့လည်းကောင်း ယနေ့မွေးဖွားကာ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော်လည်း အမြဲအပုပ်ယိုစီးတတ်သော အနက်သဘောကြောင့် ပုပ်ခြင်းသဘောရှိသည်ဖြစ်၍ ခန္ဓာကိုယ်ကို “ပဘင်္ဂုရံ” ဟု ဆိုသည်။

ပါဠိသဒ္ဒါခက်ဆစ်

ရောဂနီဠံ— ရောဂါနံ နီဠံ ရောဂနီဠံ။ ရောဂ + နီဠ။
ပူတိသန္ဓေဟော— ပူတိ သန္ဒေဟော ပူတိသန္ဒေဟော။ ပူတိ + သန္ဒေဟ။
မရဏန္တံ— မရဏဿ အန္တံ မရဏန္တံ။ မရဏ + အန္တ။

ဥတ္တရာထေရီဝတ္ထု ပြီး၏။
---

၁၁ - ဇရာဝဂ်

၄ - သမ္ဗဟုလအဓိမာနိကဘိက္ခုဝတ္ထု

၁၄၉။ ယာနိမာနိ အပတ္ထာနိ၊ အလာဗူနေဝ သာရဒေ။
ကာပေါတကာနိ အဋ္ဌိနိ၊ တာနိ ဒိသွာ ကာ ရတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းကိုယူ၍ တရားအားထုတ်ကြရာ ဈာန်ရ၍ ခေတ္တမျှ ကိလေသာမရှိခြင်းကို ရဟန်းကိစ္စပြီးပြီဟု ထင်မှတ်ပြီး သုသာန်သို့ သွား၍ တရက်နှစ်ရက် လွန်ပြီးသော စက်ဆုပ်ဖွယ်သူသေကောင်ကို မြင်သောအခါ မနှစ်သက်မှု ဒေါသဖြစ်၍ လတ်တလော ဖြစ်သော သူသေကောင်ကိုမြင်သောအခါ နှစ်သက်မှု လောဘဖြစ်နေကြသော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ရဟန်းငါးရာတို့ သုသာန်၌ပင် ရဟန္တာဖြစ်ကြသည်။

အနက်

သာရဒေ၊ တန်ဆောင်မုန်းလအခါ၌။ အပတ္ထာနိ၊ စွန့်ပစ်ထားကုန်သော။ အလာဗူနော၊ ဗူးသီးခြောက်တို့ကဲ့သို့။ အပတ္ထာနိ၊ စွန့်ပစ်အပ်ကုန်သော။ ကာပေါတကာနိ၊ ခိုအဆင်းကဲ့သို့ မွဲသောအရောင်ရှိကုန်သော။ အဋ္ဌိနိ၊ အရိုးတို့ကို။ ဒိသွာ၊ မြင်ရ၍။ ကာ ရတိ၊ အဘယ်မှာ မွေ့လျော်ဖွယ်ရှိနိုင်အံ့နည်း။

စကားပြေ

တန်ဆောင်မုန်းလအခါ စွန့်ပစ်ထားသော ဗူးသီးခြောက်တို့ကဲ့သို့ စွန့်ပစ်ထားအပ်သော ခိုအဆင်းကဲ့သို့ မဲသောအဆင်းရှိသော အရိုးတို့ကိုကြည့်၍ နှစ်သက်မှုပြုရန် မသင့်။

အထင်ကြီးနေသော ရဟန်းများ

ဘုရားရှင်ထံမှ တရားကိုယူပြီးလျှင် ရဟန်းငါးရာတို့ တရားအားထုတ်ကြရာ ဈာန်များရရှိသဖြင့် ကိလေသာ အညစ်အကြေး မဖြစ်ပေါ်ကြချေ၊ ထို့ကြောင့် ရဟန်းကိစ္စ ပြီးပြီဟု ထင်မှတ်ကာ ဘုရားရှင်အထံတော်သို့ မိမိတို့ရရှိသော ဂုဏ်ကျေးဇူးကို လျှောက်ထားရန် ကျောင်းသို့ ရောက်လာကြသည်။ ဘုရားရှင်၏ အမိန့်တော်အရ အရှင်အာနန္ဒာက သူသေကောင်စိမ်းထားရာ သုသာန်သို့ သွားပြီး အပြန်မှ အတွေ့ခံမည့်အကြောင်း ပြောပြလိုက်သည်။ သုသာန်သို့သွားကြရာတွင် အကောင်ပုပ်များကို မြင်သောအခါ နှလုံးမသာယာခြင်း စိုပြေသော ကိုယ်တို့ကို မြင်သောအခါ နှစ်သက်ခြင်းတို့ ဖြစ်ပေါ်သဖြင့် မိမိတို့၌ ကိလေသာအညစ်အကြေး ရှိမှန်း သိလာကြသည်။ ဂန္ဓကုဋိတိုက်တော်မှ အရိုးစုအပေါင်း၌ အထက်ပါအချင်းအရာဖြင့် ရှုခြင်းသည် မလျောက်ပတ်ဟု ဘုရားရှင်မိန့်တော်မူသဖြင့် အတွင်းခန္ဓာကိုယ်ကို ရှုမှတ်ကြရာ ရဟန္တာဖြစ်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၁။)

ပါဠိသဒ္ဒါခက်ဆစ်

အလာဗူနေဝ— အာလမ္ဗတိ အဝသံသတိတိ အလာဗု။ အာ + လမ္ဗ + ဥ (သံယောဂါဒိ လောပဒီဃရဿ၊ နကို အပြု၊ မ, ချေ)။
သာရဒေ— သရဒေ ဇာတော သာရဒေါ။ သရဒ + ဏ။
ကာပေါတကာနိ— ကပတီတိ ကာပေါတော။ ကပ် + ဩတ။ ကမ္ပတီတိ ကာပေါတော။ ကမ္မ + ဩတ (မ-ချေ)။ ကာပေါတ + ကဏ်။
သမ္ဗဟုလအဓိမာနိကဘိက္ခုဝတ္ထု ပြီး၏။
---

၁၁ - ဇရာဝဂ်

၅ - ဇနပဒကလျာဏီ ရူပနန္ဒာထေရီဝတ္ထု

၁၅၀။ အဋ္ဌိနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။
ယတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ ဩဟိတော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နောင်တော် သိဒ္ဓတ္ထမင်းသား တူတော်ရာဟုလာ မောင်တော်နန္ဒမင်းသား၊ မယ်တော်ဂေါတမီတို့ ရဟန်းပြုကြသဖြင့် သဒ္ဓါတရားမရှိပဲ ဘိက္ခုနီမ ပြုလျက် မိမိရုပ်ဆင်းကို အပြစ်ပြောမည်ကို ကြောက်ရွံ့သဖြင့် ဘုရားရှင်ထံတော်သို့ မသွားပဲနေရာ အများပုဂ္ဂိုလ်တို့ ချီးမွမ်းစကားဖြင့် နောက်ကွယ်၌ နေ၍ တရားနာစဉ် တန်ခိုးဖြင့်ဖန်ဆင်းသော အလွန်လှပချောမောသော အမျိုးသမီးကို တဖြည်းဖြည်း ရင့်ရော်သွားဟန်ကို ဖန်ဆင်းချွတ်ရသော ရူပနန္ဒာထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်၏ အဆုံး၌ ရူပနန္ဒာထေရီမ ရဟန္တာဖြစ်သွားသည်။

အနက်

အဋ္ဌီနံ၊ အရိုးတို့ကို။ ဥဿာပေတွာ၊ စိုက်ထူ၍။ မံသလောဟိတလေပနံ၊ အသားအသွေးတို့ဖြင့် လိမ်းကျံအပ်သော။ နဂရံ၊ အတ္တဘောတည်းဟူသော မြို့ကို။ ကတံ၊ ဆောက်တည်အပ်၏။ ယတ္ထ၊ အကြင်မြို့၌။ ဇရာ စ၊ အိုခြင်းသည်လည်းကောင်း။ မစ္စု စ၊ သေခြင်းသည်လည်းကောင်း။ မာနော စ၊ မာနထောင်လွှားခြင်းသည်လည်းကောင်း။ မက္ခော စ၊ သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်လည်းကောင်း။ ဩဟိတော၊ တည်ရှိ၏။

စကားပြေ

ဇရာ မစ္စု မာန မက္ခတို့ကိုထည့်ထားရန် အရိုးသုံးရာတို့ကို စိုက်ထူ၍ ကြေးဖြင့် ဖွဲ့ယှက်ကာ အသားအသွေးတို့ဖြင့် လိမ်းကျံလျက် အရေဖြင့် ဖုံးလွှမ်းပြီး အတ္တဘောတည်းဟူသောမြို့ကို ဆောက်လုပ်ထားသည်။ ယင်းမြို့၌ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုတို့သာ တည်ရှိကြသည်။ တခြားကောက်ယူစရာ ဘာတခုမျှမရှိ။

ဇနပဒကလျာဏီ

ဇနပဒကလျာဏီသည် သုဒ္ဓေါဓနမင်းကြီးနှင့် ဂေါတမီတို့မှ မွေးဖွားသော သမီးရတနာဖြစ်လေသည်။ နန္ဒမင်းသားနှင့် မောင်နှမအရင်းဖြစ်သည့်အပြင် လက်ဆက်မည့်ဆဲဆဲ ကျန်ရစ်သော မင်းသမီးဖြစ်သည်။ ဇနပဒကလျာဏီမင်းသမီး ဘိက္ခုနီမပြုလုပ်ခြင်းသည် သဒ္ဓါပဗ္ဗဇိတမဟုတ် ဆွေမျိုးတို့ကို ချစ်ခင်၍ ရဟန်းပြုခြင်းသည် အကိုကြီးသိဒ္ဓတ္ထမင်းသားလည်း တောထွက်ပြီး ဘုရားရှင်ဖြစ်ပြီ၊ တူတော်ရာဟုလာ မယ်တော်ဂေါတမီ မောင်တော်နန္ဒမင်းသားတို့လည်း ရဟန်းပြုကြသဖြင့် အတုလိုက်၍ ရဟန်းပြုခြင်းဖြစ်သည်။ ရဟန်းပြုပြီးသော်လည်း ရုပ်၌အပြစ်ပြောမည်စိုး၍ ဘုရားရှင်ထံတော်သို့ တရားနာမသွားချေ။ ဘိက္ခုနီမများ ဥပါသိကာမများ ချီးမွမ်းသံကြောင့် ဘုရားရှင်၏ လေးပါးသော ပမာဏိကတို့တွင် ရူပပမာဏိက၌ ဇနပဒကလျာဏီသည် အထူးစိတ်ဝင်စားလာသည်။ ထို့ကြောင့် ဘုရားရှင် မမြင်အောင် ဘိက္ခုနီမများအကွယ်တွင် ထိုင်လျက် ဘုရားရှင်၏ ရူပကာယတော်ကို ခြေဖျားမှစ၍ ဦးခေါင်းတော်အထိ ကြည့်ရှုသည်။ ဘုရားရှင်သည် ၁၆-နှစ်အရွယ် အလှအပဆုံး အမျိုးသမီးကို ဘုရားရှင်အနီး ယပ်ခတ်နေဟန် ဖန်တီးထားသည်။ ယင်းအမျိုးသမီးကို ပို၍ အာရုံစိုက်လာသောအခါ တဖြည်းဖြည်း ရင့်ရော်အိုမင်းကာ သေပြီး၍ ပုပ်ပွသည်အထိ ဖန်ဆင်းပြသည်။ တရားအာရုံရောက်သောအခါ ဘုရားရှင်က ဆက်လက် တရားဟောသဖြင့် ဇနပဒကလျာဏီရူပနန္ဒာထေရီမ ရဟန္တာဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၂-၃။)

ပမာဏိက (၄) ပါး

၁. ရူပပ္ပမာဏိက— ရုပ်လျှင် နှိုင်းယှဉ်ကြောင်းရှိသူ။
၂. ဃောတပ္ပမာဏိက— အသံလျှင် နှိုင်းယှဉ်ကြောင်းရှိသူ။
၃. လူခပ္ပမာဏိက— ခေါင်ပါးခြင်းလျှင် နှိုင်းယှဉ်ကြောင်းရှိသူ။
၄. ဓမ္မပ္ပမာဏိက— တရားလျှင် နှိုင်းယှဉ်ကြောင်းရှိသူ။

ပါဠိသဒ္ဒါခက်ဆစ်

မံသလောဟိတလေပနံ— မံသလောဟိတေဟိ လေပနံ မံသလောဟိတလေပနံ။ မံသလောဟိတ + လေပနံ။
ဩဟိတော— ဩဟိယိတ္ထာတိ ဩဟိတော။ အဝ + ဓာ + တ။

ဇနပဒကလျာဏီ ရူပနန္ဒာထေရီဝတ္ထု ပြီး၏။
---

၁၁ - ဇရာဝဂ်

၆ - မလ္လိကာဒေဝီဝတ္ထု

၁၅၁။ ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊
အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊
သန္တော ဟဝေ သဗ္ဗိ ပဝေဒယန္တိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်းကြီး၏ မိဖုရားကြီးဖြစ်သော ဘုရားရှင်အား အလွန်ကြည်ညိုသော နတ်ဌာလားသော မလ္လိကာကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သုစိတ္တာ၊ ရတနာခုနစ်ပါးတို့ဖြင့် ကောင်းစွာဆန်းကြယ်သော။ ရာဇရထာ၊ မင်း၏ရထားတို့သည်။ ဝေ၊ စင်စစ်။ ဇီရန္တိ၊ ဆွေးမြေ့ကြကုန်၏။ အထော၊ ထိုမှတပါး။ သရီရမ္ပိ၊ ခန္ဓာကိုယ်သည်လည်း။ ဇရံ၊ ဆွေးမြေ့အိုမင်းခြင်းသို့။ ဥပေတိ၊ ရောက်ရ၏။ သတံ၊ ဘုရားစသော သူတော်ကောင်းတို့၏။ ဓမ္မော စ၊ ကိုးပါးသော တရားတော်သည်ကား။ ဇရံ၊ ဆွေးမြေ့အိုမင်းခြင်းသို့။ န ဥပေတိ၊ မရောက်နိုင်။ ဧဝံ၊ ဤသို့။ ပဝေဒယန္တိ၊ ဟောကြားသိစေကုန်၏။ သန္တော၊ ဘုရားစသော သူတော်ကောင်းတို့သည်။ သဗ္ဗိ၊ သူတော်ကောင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ ပဝေဒယန္တိ၊ ဟောကြားသိစေကုန်၏။

စကားပြေ

ရတနာခုနစ်ပါးတို့ဖြင့် ကောင်းစွာခြယ်လှယ်၍ ဆန်းကျယ်သော မင်း၏ရထားတို့သည်လည်းကောင်း၊ ခန္ဓာကိုယ်သည်လည်းကောင်း ဆွေးမြေ့အိုမင်းသော်လည်း သူတော်ကောင်းတို့၏ လောကုတ္တရာတရား ကိုးပါးသည်ကား ဆွေးမြေ့အိုမင်းခြင်းသို့ မရောက်ဟု သူတော်ကောင်းများနှင့်တကွ ဘုရားရှင်တို့ ဟောကြားသိစေကုန်၏။

ဓမ္မ— လောကုတ္တရာတရား ကိုးပါးရ၏။
သေခါနီးအရေးကြီး— မလ္လိကာသည် သေခါနီးအခါ၌ တသက်လုံး ကြီးကျယ်စွာလှူခဲ့သော အလှူကို အမှတ်မရပဲ ကောသလမင်း၏အပေါ် လိမ်ညာခဲ့သော အကုသိုလ်ကို အမှတ်ရသွားသဖြင့် အဝီစိငရဲ၌ ၇-ရက် ရောက်သွားသည်။ အဝီစိမှလွတ်ပြီးသောအခါ တုသိတာသို့ ရောက်ရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၆။)
မအိုသောအရာ အိုသောအရာ— သူတော်ကောင်းတရားသည် အိုသည်မရှိ၊ သတ္တဝါမှန်သမျှသည်သာ အိုသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၇၇။)

ပါဠိသဒ္ဒါခက်ဆစ်

ရာဇရထာ— ရာဇာနံ ရထာ ရာဇရထော။ ရာဇ + ရထ။

မလ္လိကာဒေဝီဝတ္ထု ပြီး၏။
---

၁၁ - ဇရာဝဂ်

၇ - လာဠုဒါယီတ္ထေရဝတ္ထု

၁၅၂။ အပ္ပဿုတာယံ ပုရိသော၊ ဗလိဗဒ္ဓေါဝ ဇီရတိ။
မံသာနိ တဿ ဝဍ္ဎန္တိ၊ ပညာ တဿ န ဝဍ္ဎတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာမှုနာမှုတို့၌ အရာအားလျော်စွာ မပြောကြားတတ်သော လာဠုဒါယီထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အပ္ပဿုတော၊ အကြားအမြင်နည်းပါးသော။ အယံ ပုရိသော၊ ဤယောက်ျားသည်။ ဗလိဗဒ္ဓေါဝ၊ နွားလားကဲ့သို့။ ဇီရတိ၊ ကြီးထွားလာ၏။ တဿ၊ ထိုယောက်ျားအား။ မံသာနိ၊ အသားတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။ တဿ၊ ထိုယောက်ျားအား။ ပညာ၊ လောကီ လောကုတ္တရာ ပညာသည်။ န ဝဍ္ဎတိ၊ မတိုးပွား။

စကားပြေ

အကြားအမြင် နည်းပါးသော ယောက်ျား၏ အသားတို့သည် နွားလား၏ ကြီးထွားခြင်းကဲ့သို့ အချည်းအနှီးတိုးပွားသော်လည်း ပညာကား မတိုးပွားချေ။

အပ္ပဿုတ— ပရိယတ် ဗဟုသုတမရှိသည်ကို အပ္ပဿုတခေါ်သည်။
မံသာနိ တဿ ဝဍ္ဎန္တိ— နွားလားသည် မိဘဆွေမျိုးတို့အတွက် ကျေးဇူးမများပဲ ကြီးပွားသကဲ့သို့ အပ္ပဿုတပုဂ္ဂိုလ်သည် ဥပဇ္ဈာယဝတ် အာစရိယဝတ် အာဂန္တုကဝတ်တို့ကိုလည်း မပြု။ တရားလည်း အားမထုတ်ပဲ အကျိုးမဲ့ကြီးပွားသည်။
နွားလားနှင့်တူပုံ— ထွန်တုံးစသည်ကို ဆောင်ခြင်းငှာ မစွမ်းနိုင်သော နွားလားကို တောအရပ်သို့ လွှတ်ထားသည်ရှိသော် တောအရပ်၌ လှည့်လည်၍ စားကာသောက်ကာဖြင့် အသားများ တိုးနေသကဲ့သို့ ဥပဇ္ဈာယ်ဆရာတို့သည် နှင်ထုတ်အပ်သည်ဖြစ်၍ ခြေသလုံးအိမ်တိုင်ပြုကာ ပစ္စည်းလေးပါးတို့ကို ရ၍ အန်အောင်စားပြီးလျှင် ကိုယ်ကိုမွေးမြူလျက်နေသော အပ္ပဿုတပုဂ္ဂိုလ်အား အသားများ တိုးပွားလေသည်။
ပညာ တဿ န ဝဍ္ဎတိ— လောကီလောကုတ္တရာ ပညာရ၏။
ဗဟုသုတနည်းသော ပုဂ္ဂိုလ်အား လောကီ လောကုတ္တရာ ပညာသည် မတိုးပွားပဲ တော၌ချုံနွယ်တို့စည်ကားသကဲ့သို့ ၆-ပါးသော ဒွါရတို့ကို အမှီပြု၍ တဏှာနှင့် မာနသာ တိုးပွား၏။

ပါဠိသဒ္ဒါခက်ဆစ်

ဗလိဗဒ္ဒေါ— ဗလံ ဝဍ္ဎယတီတိ ဗလိဗဒ္ဓေါ။ ဗလိ + ဝဍ္ဎ + အ။
အပ္ပဿုတော— အပ္ပါနိ သုတာနိ ယဿာတိ အပ္ပဿုတော။ အပ္ပ + သုတ + ယ။

လာဠုဒါယီတ္ထေရဝတ္ထု ပြီး၏။
---

၁၁ - ဇရာဝဂ်

၈ - ဥဒါနဝတ္ထု

၁၅၃။ အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

၁၅၄။ ဂဟကာရက ဒိဋ္ဌော အသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဗောဓိပင်ရင်း၌ နေမဝင်မီ မာရ်နတ်ရန်ကို အောင်မြင်၍ ပထမယာမ်၌ ပုဗ္ဗေနိဝါသဉာဏ် မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုဉာဏ် ပစ္ဆိမယာမ်၌ သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိမြင်တော်မူချိန် ကျူးရင့်တော်မူ၍ နောင်အခါ အရှင်အာနန္ဒာ၏ မေးလျှောက်ချက်အရ ဟောကြားတော်မူသည်။

အနက်

ပုနပ္ပုနံ၊ အဖန်ဖန်။ ဇာတိ၊ ပဋိသန္ဓေနေရခြင်းသည်။ ဒုက္ခာ၊ ဆင်းရဲလှ၏။ ဂဟကာရံ၊ ခန္ဓာအိမ်ဆောက်လုပ်သူကို။ ဂဝေသန္တော၊ ရှာသော။ အနိဗ္ဗိသံ၊ တဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသော။ အဟံ၊ ငါသည်။ အနေကဇာတိသံသာရံ၊ ဘဝများစွာသံသရာပတ်လုံး။ သန္ဓာဝိဿံ၊ ကျင်လည်ခဲ့ရပေပြီ။ ဂဟကာရက၊ ခန္ဓာအိမ်ကို အကြိမ်ကြိမ်ဆောက်လုပ်သော တဏှာယောက်ျား ဟဲ့လက်သမား။ မယာ၊ ငါသည်။ တုံ၊ သင်ကို။ ဒိဋ္ဌော၊ ပညာမျက်စိဖြင့်မြင်သည်။ အသိ၊ ဖြစ်ပြီ။ ဂေဟံ၊ ခန္ဓာအိမ်ကို။ ပုန၊ တဖန်။ န ကာဟသိ၊ သင်ဆောက်ရမည်မဟုတ်။ တေ၊ သင်သည်။ သဗ္ဗာ၊ အလုံးစုံသော။ ဖာသုကာ၊ ကိလေသာတည်းဟူသော အခြင်ရနယ်တို့ကို။ ဘဂ္ဂါ၊ ချိုးဖျက်အပ်ပြီ။ ဂဟကူဋံ၊ အဝိဇ္ဇာတည်းဟူသောအထွတ်ကို။ ဝိသင်္ခတံ၊ ဖျက်ဆီးအပ်ပြီ။ မမ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ဝိသင်္ခါရဂတံ၊ ပြုပြင်ခြင်းကင်းရာနိဗ္ဗာန်သို့ ရောက်ပြီ။ တဏှာနံ၊ တဏှာတို့၏။ ခယံ၊ ကုန်ရာအရဟတ္တဖိုလ်ကို။ အဇ္ဈဂါ၊ ရပြီ။

စကားပြေ

ဤခန္ဓာကိုယ်ဆောက်လုပ်သော တဏှာယောက်ျား လက်သမားကိုရှာစဉ် ယင်းကိုမြင်နိုင်သော ဉာဏ်မရသေးခင် အဖန်ဖန် ပဋိသန္ဓေနေရခြင်းတည်းဟူသော ဘဝများစွာသံသရာ၌ ကျင်လည်ရခြင်းသည် ဆင်းရဲလှ၏။ တဏှာကို ငါသိသဖြင့် နောက်တဖန် ခန္ဓာအိမ်ကို မပြုရတော့အံ့။ အလုံးစုံသော ကိလေသာအခြင် အဝိဇ္ဇာဟူသောအိမ်အထွတ်ကို ဖျက်ဆီးပြီးလျှင် ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်သည်ဖြစ်၍ တဏှာကုန်ရာအရဟတ္တဖိုလ်ကို ရပြီ။

အနေကဇာတိသံသာရံ— ၌ ဇာတိ တသိန်းသော ဘဝရ၏။
ဂဟကာရ— ခန္ဓာဆောက်လုပ်သူ တဏှာလက်သမား ရှ၏။
ဂေဟ— ခန္ဓာအိမ် ရှ၏။
ဖာသုကာ— တဏှာမှကြွင်းသော ကိလေသာ ရ၏။
ဂဟကူဋ— အဝိဇ္ဇာရှ၏။
ဝိသင်္ခါရ— နိဗ္ဗာန်ရ၏။
ဒိဋ္ဌော— သဗ္ဗညုတဉာဏ်ဖြင့် ထိုးသွင်း၍သိပြီ။
ခယ— အရဟတ္တမဂ်ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

အနေကဇာတိသံသာရံ— အနေကာ ဇာတိ အနေကဇာတိ။ အနေက + ဇာတိ။ ဇာတိ သံသာရော အနေကဇာတိသံသာရော။
အနိဗ္ဗိသန္တော— န + နိဗ္ဗိသံ = နိ + ဝိသ် + အန္တော။
ဖာသုကာ— ပါ… ရုက္ခဏေ၊ သု၊ သကတ္ထေ ကော၊ ပဿ ဖော။
ဂဟကူဋံ— ဂဟဿ ကူဋံ ဂဟကူဋံ။ ဂဟ + ကူဋ။
ဝိသင်္ခါရဂတံ— ဝိသင်္ခါရံ (နိဗ္ဗာနံ) ဂတံ ဝိသင်္ခါရဂတံ။ ဝိသင်္ခါရ + ဂတံ။

ဥဒါနဝတ္ထု ပြီး၏။
---

၁၁ - ဇရာဝဂ်

၉ - မဟာဓနသေဋ္ဌိဝတ္ထု

၁၅၅။ အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
ဇိဏ္ဏကောဉ္စာဝ ဈာယန္တိ၊ ခီဏမစ္ဆေဝ ပလ္လလေ။

၁၅၆။ အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
သေန္တိ စာပါတိခီဏာဝ၊ ပုရာဏာနိ အနုတ္ထုနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဗာရာဏသီပြည်အနီး ဣသိပတနမိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူစဉ် ကုဋေရှစ်ဆယ်စီကြွယ်ဝသော သဌေးများသည် သားနှင့်သမီးတို့ကို အတတ်ပညာစီးပွားရေးကို မသင်ကြားစေပဲ အကအခုန် အတီးအမှုတ်ကိုသာ သင်ကြားစေသဖြင့် မိဘများကွယ်လွန်သော် ခွက်လက်စွဲကာ တောင်းစားရသော မဟာဓနသဌေးသားတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဗာလာ၊ မိုက်သောသူတို့သည်။ ယောဗ္ဗနေ၊ ငယ်ရွယ်ချိန်၌။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ အစရိတွာ၊ မကျင့်လိုက်မိ၍။ ဓနံ၊ ဥစ္စာကို။ အလဒ္ဓါ၊ မရလိုက်သောကြောင့်။ ခီဏမစ္ဆေ၊ ကုန်ခန်းသော ငါးရှိသော။ ပလ္လလေ၊ ညွှန်အိုင်၌။ ဇိဏ္ဏကောဉ္စာဝ၊ အတောင်ကျွတ်သော ကြိုးကြာအိုတို့ကဲ့သို့။ ဈာယန္တိ၊ ကြံမှိုင်၍နေရကုန်၏။ ဗာလာ၊ သူမိုက်တို့သည်။ ယောဗ္ဗနေ၊ ငယ်ရွယ်ချိန်၌။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ အစရိတွာ၊ မကျင့်လိုက်မိ၍။ ဓနံ၊ ဥစ္စာကို။ အလဒ္ဓါ၊ မရလိုက်သောကြောင့်။ စာပါတိခီဏာဝ၊ လေးမှလွတ်ပြီးနောက် အရှိန်ကုန်သော မြားတို့ကဲ့သို့။ ပုရာဏာနိ၊ ရှေးဖြစ်ဟောင်းချမ်းသာမှုတို့ကို။ အနုတ္ထုနံ (အနုတ္ထုနန္တာ)၊ ညဉ်းတွား အောက်မေ့၍သာ။ သေန္တိ၊ နေကြကုန်၏။

စကားပြေ

သူမိုက်တို့သည် ငယ်ရွယ်ချိန်၌ မြတ်သောအကျင့်ကိုလည်း မကျင့်မိ၊ ဥစ္စာကိုလည်း မရလိုက်သောကြောင့် ငါးကုန်ခန်းသော ညွှန်အိုင်၌ အတောင်ကျွတ်သော ကြိုးကြာအိုတို့ ကြံမှိုင်ရသကဲ့သို့ လည်းကောင်း လေးမှလွတ်၍ အရှိန်ကုန်သော မြားတို့သည် ခြ၏အစာဖြစ်ရသကဲ့သို့ လည်းကောင်း ရှေးဖြစ်ဟောင်းချမ်းသာပေါင်းတို့ကို ညဉ်းတွားအောက်မေ့ နေကြရသည်။

ယောဗ္ဗန— မဖြစ်သေးသော စည်းစိမ်ကို ဖြစ်စေ၍ ဖြစ်ပြီးသော စည်းစိမ်ကို စောင့်ရှောက်ခြင်းငှါ စွမ်းနိုင်သောအရွယ်။
မိဘများ— ဗာရာဏသီပြည် ကုဋေဂဝ-ကြွယ်ဝသော သဌေး ၂-ဦးတို့သည် သားတယောက် သမီးတယောက်ရှိကြရာ ၎င်းသားသမီးတို့ကို မည်သည့်စာပေပညာကိုမျှ မသင်ကြားစေပဲ အနုပညာဘက်သို့သာ လိုက်စားစေခဲ့သည်။ အရွယ်ရောက်သောအခါ ၎င်းတို့အား ထိမ်းမြားပေးခဲ့သည်။ မိဘများကွယ်လွန်သော် သဌေးရာထူးရသော်တည်း ဘာမျှ ဗဟုသုတ မရှိသောကြောင့် အရက်သမားများ၏ လှည့်စားချက်ဖြင့် အရက်သမားဖြစ်၍ ပစ္စည်းကုန်သောအခါ ခွက်လက်စွဲပြီး တောင်းစားကြရသည်။

ပါဠိသဒ္ဒါခက်ဆစ်

ဗြဟ္မစရိယံ— ဗြဟ္မ စရိယံ ဗြဟ္မစရိယံ။ ဗြဟ္မ + စရိယ။
ယောဗ္ဗန— ယုဝဿ ဘာဝေါ ယောဗ္ဗနံ။ ယုဝ + ဏ။ ယုဝ = ယုယု။ (ဥကို ဥဝပြု၊ ဝုဒ္ဓိပြု၊ အနပြု။)
ဇိဏ္ဏကောဉ္စာ— ဇိဏ္ဏော ကောဉ္စော ဇိဏ္ဏကောဉ္စာ။ ဇိဏ္ဏ + ကောဉ္စ။
ခီဏမစ္ဆေ— ခီဏာ မစ္ဆာ ယဿာတိ ခီဏမစ္ဆ၊ (ပလ္လလံ) ခီဏ + မစ္ဆ + ယ။
စာပါတိခီဏာ— စာပတော အတိခီဏာ စာပါတိခီဏာ။ စာပ + အတိခီဏ။
မဟာဓနသေဋ္ဌိဝတ္ထု ပြီး၏။
ဇရာဝဂ် ပြီး၏။
---

၁၂ - အတ္တဝဂ်

၁ - ဗောဓိရာဇကုမာရဝတ္ထု

၁၅၇။ အတ္တာနဉ္စေ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ။
တိဏ္ဏံ အညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဘေသဠာကပဲစင်းငုံတော၌ သီတင်းသုံးနေတော်မူစဉ် သူတပါးနှင့်မတူအောင် ကောကနုဒမည်သော နေအိမ်အဆောက်အအုံကိုပြု၍ သားသမီးမရသော ဗောဓိမင်းသားကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ဗောဓိမင်းသား သောတာပန်ဖြစ်သည်။

အနက်

အတ္တာနံ၊ မိမိကိုယ်ကို။ ပိယံ၊ ချစ်အပ်၏ဟု။ စေ ဇညာ၊ အကယ်၍သိကြအံ့။ နံ အတ္တာနံ၊ ထိုမိမိကိုယ်ကို။ သုရက္ခိတံ၊ ကောင်းစွာစောင့်ရှောက်အပ်သည်မည်လောက်အောင်။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ ပဏ္ဍိတော၊ ပညာရှိသည်။ တိဏ္ဏံ၊ အရွယ်သုံးပါးတို့တွင်။ အညတရံ ယာမံ၊ တပါးပါးသောအရွယ်၌။ ပဋိဇဂ္ဂေယျ၊ လုံ့လပြု၍ စောင့်ရှောက်သုတ်သင်ရာ၏။

စကားပြေ

မိမိကိုယ်ကို တကယ်ချစ်ခဲ့လျှင် မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ရာ၏။ အရွယ်သုံးပါးတို့တွင် တပါးပါးသောအရွယ်၌ လုံ့လပြု၍ ကုသိုလ်ကောင်းမှုတို့ကို ဖြစ်စေပြီးလျှင် အကုသိုလ်တို့ကို သုတ်သင်ဖယ်ရှားရာ၏။

ရက္ခေယျ နံ သုရက္ခိတံ

- လူဖြစ်သောပုဂ္ဂိုလ်သည် မိမိကိုယ်ကိုစောင့်ရှောက်အပ်၏ဟု ပြာသာဒ်အထပ်ထပ်၌ လုံခြုံစွာပိတ်အပ်သောအခန်းသို့ဝင်၍ စောင့်ရှောက်နေသော်လည်း မိမိကိုယ်ကို စောင့်ရှောက်သည်မဟုတ်။
- ရဟန်းဖြစ်သောပုဂ္ဂိုလ်သည် လုံခြုံစွာပိတ်အပ်သော တံခါးရှိသောလိုဏ်ဂူ၌နေ၍ မိမိကိုယ်ကို စောင့်ရှောက်သော်လည်း စောင့်ရှောက်သည်မဟုတ်။
- လူဖြစ်သောပုဂ္ဂိုလ်သည် ခွန်အားကြီးသလောက် ဒါန သီလစသော ကောင်းမှုတို့ကိုပြုပါက မိမိကိုယ်ကို မိမိစောင့်ရှောက်သည်မည်၏။
- ရဟန်းစသော သာသနာဝင်ပုဂ္ဂိုလ်တို့သည် ဝတ်ကြီးဝတ်ငယ်တို့ကိုပြုခြင်း စာပေပရိယတ္တိကိုသင်ခြင်းတို့၌လုံ့လပြုပါက မိမိကိုယ်ကိုမိမိ စောင့်ရှောက်သည်မည်၏။
- လူဖြစ်သော ပုဂ္ဂိုလ်သည် ပထမအရွယ်၌ ပျော်ရွှင်မှုများခြင်းကြောင့် ကုသိုလ်ကိုပြုခြင်းငှါ မစွမ်းနိုင်သော် မဇ္ဈိမအရွယ်၌ ကုသိုလ်ကိုပြုအပ်၏။ မဇ္ဈိမအရွယ်၌ သားမယားကို ကျွေးမွေးရသဖြင့် ကုသိုလ်ကိုမပြုနိုင်ပါက ပစ္ဆိမအရွယ် ကုသိုလ်ကိုပြုအပ်၏။ ဤသို့ အရွယ်သုံးပါးတို့တွင် တပါးပါးသောအရွယ်၌ ကုသိုလ်ကိုပြုလျှင် မိမိကိုယ်ကို သုတ်သင်သည်မည်၏။
- သာသနာဝင်ပုဂ္ဂိုလ်သည် ပထမအရွယ်၌ စာသင်ခြင်း၊ အာဂုံဆောင်ခြင်း စာပို့ချခြင်း၊ ဝတ်ကြီးဝတ်ငယ်ပြုခြင်းဖြင့် ကမ္မဋ္ဌာန်းတရားကို မေ့လျော့နေငြားအံ့။ မဇ္ဈိမအရွယ်၌ မမေ့မလျော့သဖြင့် ကမ္မဋ္ဌာန်းတရားကို အားထုတ်အပ်၏။ မဇ္ဈိမအရွယ်၌ ပထမအရွယ်က သင်တားခဲ့သော ပါဠိတော်၏ အဋ္ဌကထာ အဆုံးအဖြတ် စသည်ကို လေ့လာနေသဖြင့် ကမ္မဋ္ဌာန်းတရားကို မေ့လျော့နေငြားအံ့။ ပစ္ဆိမအရွယ်၌ မမေ့မလျော့သဖြင့် ကမ္မဋ္ဌာန်းကို အားထုတ်အပ်၏။ ဤသို့အရွယ်သုံးပါးတို့တွင် တပါးပါးသောအရွယ်၌ ကမ္မဋ္ဌာန်းတရားကို အားထုတ်လျက် နေသောသူသည် မိမိကိုယ်ကို သုတ်သင်သည်မည်၏။

ယာမ— အရွယ်သုံးပါးတွင် တပါးပါးရ၏။
သားသမီး မထွန်းကားကြောင်း— ရှေးဘဝက ငှက်ဥ ငှက်ငယ်စသည်တို့ကို ကြော်စားခဲ့ဖူးသဖြင့် ဗောဓိမင်းသားနှင့်ဇနီးတို့၌ သားသမီး မထွန်းကားခြင်းဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၈၇)

ပါဠိသဒ္ဒါခက်ဆစ်

ယာမံ— ယာတိ ဂစ္ဆတိတိ ယာမော။ ယာ + မ။ (ဏွာဒီ-၁၃၆)

ဗောဓိရာဇကုမာရဝတ္ထု ပြီး၏။
---

၁၂ - အတ္တဝဂ်

၂ - ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု

၁၅၈။ အတ္တာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထညံ အနုသာသေယျ၊ န ကိလိဿယျ ပဏ္ဍိတော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားဟောကောင်းသော်လည်း မိမိကိုယ်တိုင် တရားမကျင့်ပဲ မိမိလာဘ်များရန် ကြိုးစားနေသော သာကီဝင်မင်းသား ဥပနန္ဒထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ဥပနန္ဒထေရ်သည် အဖိုးထိုက်သော ကမ္ဗလာကို ယူသွားသောကြောင့် မကျေနပ်ရကား ဘုရားအထံ လျှောက်ထားသောရဟန်းငယ်တို့ သောတာပန်ဖြစ်ကြသည်။

အနက်

ပဌမမေဝ၊ ရှေးဦးစွာသာလျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပတိရူပေ၊ သင့်လျော်သော အပိစ္ဆတာဂုဏ်နှင့် အရိယဝံသအကျင့်၌။ နိဝေသယေ၊ တည်စေရာ၏။ အထ၊ ထိုမှနောက်၌။ အညံ၊ တပါးသောသူကို။ အနုသာသေယျ၊ ဆုံးမရာ၏။ ပဏ္ဍိတော၊ ပညာရှိသည်။ န ကိလိဿယျ၊ သူတပါး၏ ကဲ့ရဲ့မှုကိုရ၍ မညစ်နွမ်းစေရာ။

စကားပြေ

သူတပါးကို ဆုံးမလိုသောသူသည် မိမိကိုယ်ကို ရှေးဦးစွာ အပိစ္ဆတာစသော သင့်လျော်သောအကျင့်၌ တည်စေပြီးမှ သူတပါးကိုဆုံးမလျှင် တပါးသူတို့၏ ချီးမွှမ်းမှုကို ရနိုင်၏။ မိမိ၌ အပိစ္ဆတာစသည်မရှိပဲ ဆုံးမလျှင် ကဲ့ရဲ့မှုကိုရ၍ ညစ်နွမ်းမည်။

ပတိရူပ— အနိစ္စတာဂုဏ် အရိယဝံသအကျင့်စသည်။

ဥပနန္ဒထေရ်

ဥပနန္ဒထေရ်သည် သာကီဝင်မင်းသားဖြစ်သည်။ တရားဟောမှု၌ ကျွမ်းကျင် လိမ္မာ၏။ အလိုနည်းမှုစသော တရားတို့ကို နာကြားရသော ရဟန်းတို့သည် မိမိတို့ပိုင်ဆိုင်သော သင်္ကန်းအသုံးအဆောင်တို့ကို လှူဒါန်းသောအခါ မိမိက အလှူခံသည်။ နယ်လှည့်တရားဟောရာ ဝါဆိုရန်တောင်းပန်လျှင် မိမိ၏ ဖိနပ် တောင်ဝှေး၊ ရေဗူးတို့ကို တနေရာတမျိုးထား၍ ဝါကျွတ်ချိန် အများဆုံးပစ္စည်းရမည့်ကျောင်းတွင် ကျောင်းထိုင်သည်။ ပစ္စည်းထားခဲ့သောကျောင်းမှ ဝါကျွတ်ချိန်ရသောပစ္စည်းကိုလည်း ဝေစုယူသည်။ ကောင်းသောသင်္ကန်းကို မိမိယူ၍ ညံ့သောသင်္ကန်းကို ရဟန်းများ ခွဲဝေယူစေသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၈၈-၉)

ပါဠိသဒ္ဒါခက်ဆစ်

ပတိရူပေ— ရူပဿ အနုစ္ဆဝိကံ ပတိရူပံ။ ပတိ + ရူပ။
အထညံ အနုသာသေယျ— အထ + အညံ + အနုသာသေယျ။

ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု ပြီး၏။
---

၁၂ - အတ္တဝဂ်

၃ - ပဓာနိကတိဿတ္ထေရဝတ္ထု

၁၅၉။ အတ္တာနဉ္စေ တထာ ကယိရာ၊ ယထာညမနုသာသတိ။
သုဒန္တော ဝတ ဒမေထ၊ အတ္တာ ဟိ ကိရ ဒုဒ္ဒမော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းငါးရာတို့ကို ခေါင်းဆောင်၍ ဘုရားထံမှ ကမ္မဋ္ဌာန်းယူပြီး တရားအားထုတ်သွားသော ပဓာနိကတိဿထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ရဟန်းငါးရာတို့ ရဟန္တာဖြစ်ကြသည်။

အနက်

အညံ၊ သူတပါးကို။ အနုသာသတိ ယထာ၊ ဆုံးမသကဲ့သို့။ တထာ၊ ထို့အတူ။ အတ္တာနံ၊ မိမိကိုယ်ကို။ စေ ကယိရာ၊ လိုက်နာပြုကျင့်အပ်။ အတ္တနာ၊ မိမိကိုယ်တိုင်။ ဝတ၊ စင်စစ်။ သုဒန္တော၊ ယဉ်ကျေးပြီးသည်ဖြစ်၍။ ပရံ၊ သူတပါးကို။ ဒမေထ၊ ဆုံးမရာ၏။ အတ္တာ၊ မိမိကိုယ်ကို။ သုဒန္တော၊ ယဉ်ကျေးအောင်ဆုံးမရခြင်းသည်။ ဒုဒ္ဒမော၊ ခဲယဉ်းလှ၏။

စကားပြေ

သူတပါးကိုဆုံးမသကဲ့သို့ မိမိကိုယ်ကိုလည်း ဆုံးမခြင်းပြုရာ၏။ မိမိကိုယ်ကို ယဉ်ကျေးအောင်ဆုံးမပြီးမှ သူတပါးကို ဆုံးမရာ၏။ မိမိကိုယ်ကိုဆုံးမရခြင်းသည် ပို၍ ခဲယဉ်း၏။

ပါဠိသဒ္ဒါခက်ဆစ်

ဒုဒ္ဒမော— ဒုဋ္ဌု ဒမော ဒုဒ္ဒမော။ ဒု + ဒမ။

ပဓာနိကတိဿတ္ထေရဝတ္ထု ပြီး၏။
---

၁၂-အတ္တဝဂ်။ ၄-ကုမာရကဿပမာတုထေရီဝတ္ထု

၁၆၀။ အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အိမ်ထောင်ပြုပြီးလျှင် ကိုယ်ဝန်ရှိသည်ကို မသိသဖြင့် ဘိက္ခုနီပြု၍ သားတယောက်ဖွားရာ ဘိက္ခုနီမနှင့် သားငယ် မလျှောက်ပတ်ဟု ပသေနဒိကောသလမင်းက မွေးစားသော ကုမာရကဿပထေရ်၏ မိခင်ထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

အတ္တာ ဟိ၊ မိမိသည်သာ။ အတ္တနော၊ မိမိ၏။ နာထော၊ ကိုးကွယ်ရာသည်။ ဟောတိ၊ ဖြစ်၏။ ပရော၊ သူတပါးသည်။ အတ္တနော၊ မိမိ၏။ နာထော၊ ကိုးကွယ်ရာသည်။ ကော၊ အဘယ်မှာ။ သိယာ၊ ဖြစ်နိုင်မည်နည်း။ အတ္တနာ၊ မိမိသည်။ သုဒန္တေန၊ ကောင်းစွာ ယဉ်ကျေးသဖြင့်။ ဒုလ္လဘံ၊ ရခဲလှစွာသော။ နာထံ၊ ကိုးကွယ်ရာ အရဟတ္တဖိုလ်ကို။ လဘတိ၊ ရ၏။

စကားပြေ

မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်၏။ သူတပါးသည် မိမိ၏ ကိုးကွယ်ရာ မဖြစ်နိုင်။ မိမိကိုယ်တိုင်သာလျှင် ကောင်းစွာ ယဉ်ကျေးသဖြင့် ကိုးကွယ်ရာ အရဟတ္တဖိုလ်ကို ရနိုင်၏။
နာထ— အရဟတ္တဖိုလ်ရ၏။

မိတ်ဆွေစစ်

အရှင်ကုမာရကဿပသည် ဘုရားထံမှ ကမ္မဋ္ဌာန်းကို ယူ၍ တောသို့ ချဉ်းကပ်ပြီး တရားအားထုတ်ရာ တရားထူးကို မရရှိခဲ့ချေ။ ထပ်မံ၍ ဘုရားရှင်ထံ တရားကို ယူ၍ တောနက်ရာသို့ ချဉ်းကပ်သောအခါ ကဿပဘုရားရှင်လက်ထက်က တရားကို အတူ အားထုတ်ဖူးသော အနာဂါမ်ဗြဟ္မာလာ ရောက်၍ ပုစ္ဆာ (၁၅) ချက်ကို ပေးသည်။ ဘုရားရှင်ထံ ချဉ်းကပ်၍ ဤပုစ္ဆာများကို မေးလျှောက်ရန် ပြောသဖြင့် မေးလျှောက်ရာ အမေးအဖြေ အဆုံး၌ အရှင်ကုမာရကဿပ ရဟန္တာ ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၃)

အရှင်ကုမာရကဿပ၏ မယ်တော်

ရာဇဂြိုဟ်မြို့သဌေး၏ သမီးသည် ငယ်ရွယ်စဉ်က သာသနာ့ဘောင်သို့ ဝင်ရောက်လိုသော်လည်း မိဘများ ခွင့်မပြုသောကြောင့် ရဟန်းအဖြစ်ကို မရချေ။ မိဘများ၏ စီစဉ်မှုကြောင့် အိမ်ထောင်ကျသောအခါ မိမိ၌ ကိုယ်ဝန်ရှိသည်ကို မသိပဲ အိမ်ထောင်ရှင်ကို ခွင့်တောင်းပြီး ရဟန်းပြုသည်။ ရှေးဦးစွာ ဒေဝဒတ်တို့၏ အသင်းအပင်း ဘိက္ခုနီမတို့ထံ ရောက်သွားသည်။ ကိုယ်ဝန်ရှိမှန်း သိသော ဒေဝဒတ်သည် မိမိတို့ကျောင်းမှ နှင်ထုတ်သဖြင့် ဘုရားထံ ရောက်သွားသည်။ ဘုရားရှင်သည် ကောသလမင်း၊ အနာထပိဏ်၊ စူဠအနာထပိဏ်၊ ဝိသာခါတို့နှင့် ဝိနည်းအရာ ကျွမ်းကျင်သော အရှင်ဥပါလိတို့ဖြင့် အကြောင်းမှန်ကို သိစေပြီး မွေးဖွားသော သူငယ်ကို ကောသလမင်းက နို့ထိန်းများနှင့် စောင့်ရှောက်ထားသည်။

အရွယ်ရောက်သောအခါ ရှင်ရဟန်းပြုပြီး သာဝတ္ထိပြည်တွင် မနေပဲ အခြားအရပ်သို့ သွားကာ ၁၂-နှစ်တိုင်အောင် တရားအားထုတ်သည်။ သားရဟန်း ထွက်သွားသည်မှစ၍ ၁၂-နှစ်တိုင်တိုင် မိခင်ဘိက္ခုနီမသည် သားသံယောဇဉ်ဖြင့် ငိုကြွေးနေရှာသည်။ တနေ့တွင် သားရဟန်းတော် ဆွမ်းခံကြွခိုက် တွေ့သဖြင့် သားရဟန်းတော် ဟောပြသော တရားဖြင့် ရဟန္တာမဖြစ်သွားသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၂၄)

စကားလုံးဖွဲ့စည်းပုံ

- ဒုလ္လဘံ = ဒုက္ခေန လဘိတဗ္ဗောတိ ဒုလ္လဘော။ ဒု + လဘ် + အ။

ကုမာရကဿပမာတုထေရီဝတ္ထု ပြီး၏။
---

၁၂-အတ္တဝဂ်။ ၅-မဟာကာလဥပါသကဝတ္ထု

၁၆၁။ အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တဇံ အတ္တသမ္ဘဝံ။
အဘိမတ္ထတိ ဒုမ္မေဓံ၊ ဝဇိရံဝ အသ္မမယံ မဏိ။

ဝတ္ထုအကျဉ်း

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တလလျှင် ရှစ်ကြိမ် ဥပုသ်ဆောက်တည်ကာ ညလုံးပေါက် တရားနာပြီး ကျောင်းမှာ အိပ်၍ နံနက်စောစော ထပြီးလျှင် အိမ်ပြန်ချိန်၌ ခိုးသူတို့ ပစ်ချခဲ့သော ခိုးထုပ်ကြောင့် အထင်လွဲကာ ပစ္စည်းရှင်များ၏ ရိုက်နှက်သတ်ပုတ်ခြင်းကို ခံရသော မဟာကာလဥပါသကာကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ စည်းဝေးရောက်လာကြသော ရဟန်းတော်တို့ သောတာပန် ဖြစ်ကြသည်။

အနက်

အသ္မမယံ၊ ကျောက်ဖြင့် ပြီးသော။ ဝဇိရံ၊ စိန်သည်။ အသ္မမယံ၊ ကျောက်ဖြင့် ပြီးသော။ မဏိ၊ ပတ္တမြားကို။
အဘိမတ္ထတိ ဣဝ၊ အပေါက်အပေါက် အပိုင်းအပိုင်း ပြု၍ မသုံးဆောင်နိုင်အောင် ထွင်းဖောက် ဖျက်ဆီးသကဲ့သို့။ အတ္တနာ၊ မိမိသည်။ ကတံ၊ ပြုအပ်သော။ အတ္တဇံ၊ မိမိမှ ဖြစ်သော။ အတ္တသမ္ဘဝံ၊ မိမိကြောင့် ဖြစ်သော။ ပါပံ၊ မကောင်းမှုသည်။ ဒုမ္မေဓံ၊ ပညာမဲ့သူကို။ အဘိမတ္ထတိ၊ ဖျက်ဆီး၏။

စကားပြေ

ကျောက်ဖြင့် ပြီးသော စိန်သည် ကျောက်ဖြင့် ပြီးသော ပတ္တမြားကို အပိုင်းအပိုင်း အပေါက်အပေါက် ဖြစ်အောင် ဖျက်ဆီး ထွင်းဖောက်သကဲ့သို့ မိမိ ပြုအပ်သော မကောင်းမှုသည် ပညာမဲ့သူကို ဖျက်ဆီး၏။

အဘိမတ္ထတိ— ဟူသည် အပါယ်လေးပုံသို့ ပို့ပေးခြင်းပင် ဖြစ်သည်။ မိမိသည် သူတပါးအတွက်သာ မဖြစ်စေပဲ မိမိသည် မိမိအတွက် ဖြစ်သင့်သည်။

မဟာကာလဥပါသကာ

မဟာကာလသည် ဗာရာဏသီမင်း၏ တောအုပ်တွင် ခိုးသူများ၏ ဘေးရန်ကို စောင့်ရှောက်၍ ခရီးသွားများကို ပို့ဆောင်ပေးရသော ဘဝ၌ လှပချောမော ဇနီးကို လှည်းယာဉ်ဖြင့် တင်ဆောင်လာသော ယောက်ျားကို ပရိယာယ်ဆင်ကာ ပတ္တမြားသူခိုးဟု စွပ်စွဲပြီး သတ်ပုတ် ညှဉ်းဆဲခဲ့သော ကံကြောင့် အဝီစိငရဲ၌ ကြာရှည်စွာ ခံစားရပြီးလျှင် ဘဝပေါင်း တရာ အရိုက်အနှက် ခံ၍ သေရသည်။ ဂေါတမဘုရားရှင် လက်ထက်တော်၌ သောတာပန် ဖြစ်ကာ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ပြီး အိမ်ပြန်ပဲ ကျောင်းတွင် တရားနာကာ အိပ်လေ့ရှိသည်။ တနေ့တွင် အိပ်ရာမှ ထ၍ ရေကန်အနီး မျက်နှာသစ်စဉ် သူခိုးတို့သည် ပစ္စည်းရှင်များ လိုက်လာသဖြင့် အထုပ်ကို မဟာကာလဥပါသကာ အနီးမှာ ချ၍ ပြေးကြသည်။ ပစ္စည်းရှင်များသည် ဥစ္စာထုပ် အနီး၌ ရှိသော မဟာကာလဥပါသကာကို သူခိုးစွပ်စွဲကာ ရိုက်နှက် ပုတ်ခတ် သတ်ဖြတ်မှုကို ခံရလေသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၅)

စကားလုံးဖွဲ့စည်းပုံ

- အတ္တဇံ = အတ္တနိ ဇာတံ အတ္တဇံ။ အတ္တ + ဇန် + ကွိ။
- အတ္တသမ္ဘဝံ = အတ္တနိ သမ္ဘာဝံ အတ္တသမ္ဘဝံ။ အတ္တ + သမ္ဘံဝ။
- အသ္မမယံ = အသ္မေန နိဗ္ဗတ္တံ အသ္မမယံ။ အသ္မ + မယ။

မဟာကာလဥပါသကဝတ္ထု ပြီး၏။
---

၁၂-အတ္တဝဂ်။ ၆-ဒေဝဒတ္တဝတ္ထု

၁၆၂။ ယဿ အစ္စန္တဒုဿီလျံ၊ မာလုဝါ သာလမိဝေါတ္ထတံ။
ကရောတိ သော တထတ္တာနံ၊ ယထာ နံ ဣစ္ဆတိ ဒိသော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အား အဇာတသတ်နှင့် ပေါင်း၍ အမျိုးမျိုး သတ်ရန် ကြံစည် အားထုတ်သော ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

မာလုဝါ၊ မာလောနွယ်သည်။ သာလံ၊ မှီရာသစ်ပင်ကို။ ဩတ္ထတံ ဣဝ၊ လွှမ်းမိုး ရစ်ပတ်သကဲ့သို့။ ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အစ္စန္တဒုဿီလျံ၊ စင်စစ် သီလမရှိသူ၏ အဖြစ်တည်းဟူသော တဏှာသည်။ ဩတ္ထတံ၊ လွှမ်းမိုးလျက်။
ဌိတံ၊ တည်၏။ သော ဒိသော၊ ထိုအကျိုးမဲ့ကို အလိုရှိသော ရန်သူသည်။ နံ၊ ထိုတဏှာ လွှမ်းမိုးခံရသူကို။ ယထာ၊ အကြင် အခြင်းအရာဖြင့်။ ဣစ္ဆတိ၊ အလိုရှိ၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။
ကရောတိ နာမ၊ ဆင်းရဲအောင် ပြုလုပ်၏။

စကားပြေ

မာလောနွယ်သည် မိမိမှီရာ သစ်ပင်ကို လွှမ်းမိုး ဖျက်ဆီးသကဲ့သို့ သီလမရှိသူအား သီလမရှိသူ၏ အပြစ်တည်းဟူသော တဏှာသည် လွှမ်းမိုး ဖျက်ဆီး၏။ မိမိကိုယ်ကို မိမိပင် ဆင်းရဲအောင် ပြုလုပ်ပေး၏။

အစ္စန္တဒုဿီလျံ— လူဝတ်ကြောင် ဖြစ်သူသည် မွေးဖွားသည်မှစ၍ ဆယ်ပါးသော အကုသလကမ္မပထကို ပြုလျှင် အစ္စန္တဒုဿီလမည်၏။ ရဟန်းဖြစ်သူသည် ရဟန်းဖြစ်သည်မှစ၍ ကြီးလေးသော အာပတ်သို့ ရောက်လျှင် အစ္စန္တဒုဿီလမည်၏။

မာလောနွယ်နှင့် တဏှာ—မာလောနွယ်သည် အင်ကြင်းပင်ကို ရစ်ပတ်၍ ဖျက်ဆီးမှုကြောင့် အင်ကြင်းပင်သည် မြေသို့ လဲကျရသကဲ့သို့ ဒုဿီလဖြစ်သော တဏှာ၏ ဖျက်ဆီးမှုကြောင့် သတ္တဝါတို့သည် အပါယ်ဘုံသို့ ရောက်ကြရသည်။

စကားလုံးဖွဲ့စည်းပုံ

- အစ္စန္တဒုဿီလျံ = ဒုဿီလဿ ဘာဝော ဒုဿီလျံ။ ဒုဿီလ + ဏျ။ အစ္စန္တံ ဒုဿီလျံ အစ္စန္တဒုဿီလျံ။
- မာလုဝါ = မလတိ ဓာရေတီတိ မာလုဝါ။ မလ် + ဏုဝ + အာ။ (ဏွာဒိ၊ ၂၀)
- ဩတ္ထတံ = အဝတ္ထရိတွာိံ ဩတ္ထတံ။ အဝ + တရ် + ထ။

ဒေဝဒတ္တဝတ္ထု ပြီး၏။
---

၁၂-အတ္တဝဂ်။ ၇-သံဃဘေဒပရိသက္ကနဝတ္ထု

၁၆၃။ သုကရာနိ အသာဓုနိ အဟိတာနိ အတ္တနော။
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ တံ ဝေ ပရမဒုက္ကရံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ သံဃာသင်းကွဲအောင် ပြုလုပ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အသာဓုနိ၊ အပြစ်ရှိကုန်သော။ အတ္တနော၊ မိမိ၏။ အဟိတာနိ၊ အစီးအပွားမရှိကုန်သော။ ကမ္မာနိ၊ အမှုတို့ကို။ သုကရာနိ၊ ပြုလွယ်ကုန်၏။ ဝေ၊ စင်စစ်။ ယံ၊ အကြင်အမှုသည်။ အတ္တနော၊ မိမိ၏။ ဟိတဉ္စ၊ အစီးအပွားလည်း ရှိ၏။ သာဓုဉ္စ၊ အပြစ်လည်း ကင်း၏။ တံ၊ ထိုအပြစ်ကင်း၍ အစီးအပွားရှိသော အမှုကို။
ပရမဒုက္ကရံ၊ အလွန် ပြုနိုင်ခဲ၏။

စကားပြေ

အပြစ်ရှိ၍ အစီးအပွားမရှိသော အမှုကို ပြုလွယ်သော်လည်း အပြစ်ကင်း၍ အစီးအပွားရှိသော အမှုကို အလွန် ပြုနိုင်ခဲ၏။

- အသာဓုနိ— အပြစ်ရှိကုန်သော အမှုရ၏။
- အဟိတာနိ— အပါယ်သို့ ရောက်စေတတ်ကုန်သော အမှုရ၏။
- သာဓုဉ္စ— အပြစ်မရှိသော၊ သုဂတိသို့ ရောက်စေတတ်သော အမှု၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော အမှုရ၏။
- ဟိတဉ္စ— သုဂတိသို့ ရောက်စေတတ်သော အမှုရ၏။

စကားလုံးဖွဲ့စည်းပုံ

- သုကရာနိ = သုဋ္ဌု ကရာနိ သုကရာနိ။ သု + ကရ။
- ပရမဒုက္ကရံ = ပရမံ ဒုက္ကရံ ပရမဒုက္ကရံ။

သံဃဘေဒပရိသက္ကနဝတ္ထု ပြီး၏။
---

၁၂-အတ္တဝဂ်။ ၈-ကာလတ္ထေရဝတ္ထု

၁၆၄။ ယော သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။
ပဋိက္ကောသတိ ဒုမ္မေဓော၊ ဒိဋ္ဌိ နိဿာယ ပါပိကံ။
ဖလာနိ ကဋ္ဌကဿေဝ၊ အတ္တဃာတာယ ဖလ္လတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိကိုပြုစုသော ဒါယိကာမကြီးကို ခန္ဓာနှင့်စပ်သော သိမ်မွေ့သောတရားကို မဟောရန်လျှောက်သော ကာလထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ကာလထေရ်၏ ဒါယိကာမကြီးသည် သောတာပန်ဖြစ်သည်။

အနက်

ဒုမ္မေဓော၊ ပညာမဲ့သော။ ယော၊ အကြင်သူသည်။ ပါပိကံ၊ ယုတ်မာသော။ ဒိဋ္ဌိ၊ မိစ္ဆာအယူကို။ နိဿာယ၊ အမှီပြု၍။ အရဟတံ၊ ပူဇော်အထူးကိုခံထိုက်သော။ ဓမ္မဇီဝိနံ၊ တရားသဖြင့် အသက်မွေးကုန်သော။ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့၏။ သာသနံ၊ အဆုံးအမကို။ ပဋိက္ကောသတိ၊ တားမြစ်၏။ ကဋ္ဌကဿ၊ ဝါးပင်ကို။ ဖလာနိ၊ ဝါးသီးတို့သည်။ သာတတ္ထမေဝ၊ သတ်ရန်သာလျှင်။ ဖလန္တိဣဝ၊ သီးကုန်သကဲ့သို့။ သော၊ ထိုမိစ္ဆာအယူရှိသော ပညာမဲ့သည်။ အတ္တဃာတာယ၊ မိမိကိုယ်ကိုသတ်ရန်။ ဖလ္လတိ၊ ဖြစ်၏။

စကားပြေ

ပညာမဲ့သူသည် ယုတ်မာသောအယူကို အမှီပြု၍ ပူဇော်အထူးကို ခံထိုက်၍ တရားသဖြင့် အသက်မွေးကုန်သော အရိယာပုဂ္ဂိုလ်တို့၏ အဆုံးအမ တရားကို တားမြစ်၏။ ဝါးသီးသည် ဝါးပင်ကိုသတ်ရန် သီးသကဲ့သို့ ပညာမဲ့ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုသတ်ရန် ဖြစ်လာ၏။

ဒုမ္မေဓ— အရမိမိအား ပူဇော်သက္ကာရ ဆုတ်ယုတ်မည်ကို ကြောက်သဖြင့် တရားမနာရန် အလှူမပေးရန် တားမြစ်သောပုဂ္ဂိုလ်ရ၏။

ကာလထေရ်

ကာလထေရ်ကို သာဝတ္ထိမြို့သူ အမျိုးသမီးကြီးသည် သားအရာ၌ထား၍ ပြုစုကျွေးမွေး လှူဒါန်းသည်။ အိမ်နီးချင်းတို့သည် ဘုရားရှင်၏ တရားတော်ကို နာရ၍ ဘုရားရှင်အား ချီးမွမ်းသံကို ကြားရသောအခါ ကာလထေရ်အား ဘုရားရှင်၏ တရား နာလိုကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်ထားသည်။ ကာလထေရ်က ဘုရားရှင်၏ တရားတော်ကို ကြားနာရလျှင် မိမိအား ကြည်ညိုမှု ပေါ့မည်စိုး၍ ဘုရားရှင်ထံ တရားမနာဖို့ တားမြစ်သည်။ တနေ့သောအခါ အမျိုးသမီးကြီးသည် သားရဟန်း တားမြစ်သော်လည်း စောစောထ၍ ဥပုသ်ဆောက်တည်ပြီးလျှင် ကာလထေရ်အား ကောင်းစွာ ကျွေးမွေးဆက်ကပ်ရန် သမီးအား မှာကြားကာ ဘုရားကျောင်းတော်သို့ သွားသည်။ ကာလထေရ် ကြွလာသောအခါ မိခင်ကြီး တရားနာရန် ဘုရားရှင်ကျောင်း သွားကြောင်း ပြောသဖြင့် ကျောင်းသို့ မထေရ်လိုက်သွားသည်။ ဘုရားရှင် တရားဟောသဖြင့် တရားနာနေသော ဒါယိကာမကြီးကို မြင်လိုက်သောအခါ ဘုရားရှင်အား ဒါနကထာ, သီလကထာသာ ဟောပါဘုရား။ ခန္ဓာစသည်နှင့် စပ်သောသိမ်မွေ့သောတရားကို မဟောပါနှင့်။ ဒါယိကာမကြီးသည် ဉာဏ်ထိုင်းပါသည်ဘုရား- ဟု လျှောက်သည်။ ဘုရားရှင်က ရဟန်းသင်သာ ဉာဏ်ပညာနည်းသူ ဖြစ်သည် စသည် မိန့်တော်မူကာ တရားကို ဆက်ဟောတော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၉။)

ပါဠိသဒ္ဒါခက်ဆစ်

ဓမ္မဇီဝိနံ = ဓမ္မေန ဇီဝတိ သီလေနာတိ ဓမ္မဇီဝီ၊ ဓမ္မ + ဇီဝ + ဏီ။

ကာလတ္ထေရဝတ္ထု ပြီး၏။
---

၁၂-အတ္တဝဂ်။ ၉-စူဠကာလဥပါသကဝတ္ထု

၁၆၅။ အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တနာ သံကိလိဿတိ။
အတ္တနာ အကတံ ပါပံ၊ အတ္တနာဝ ဝိသုဇ္ဈတိ။
သုဒ္ဓိ အသုဒ္ဓိ ပစ္စတ္တံ၊ နာညော အညံ ဝိသောဓယေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တလလျှင် ၈-ရက် ဥပုသ်စောင့်၍ ညလုံးပေါက် တရားနာပြီး မိုးလင်းမှ အိမ်ပြန်စဉ် ခိုးသူတို့ချထားသော ခိုးထုပ်ကြောင့် အထင်လွဲကာ ရိုက်နှက်ခံရသော စူဠကာလဥပါသကာကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ စူဠကာလဥပါသကာ သောတာပန် ဖြစ်သည်။

အနက်

ပါပံ၊ မကောင်းမှုကို။ အတ္တနာ၊ မိမိသည်။ ကတံ၊ ပြုအပ်သည်။ ဟောတိ၊ ဖြစ်အံ့။ အတ္တနာဝ၊ မိမိသည်ပင်။ သံကိလိဿတိ၊ ညစ်နွမ်းရ၏။ ပါပံ၊ မကောင်းမှုကို။ အတ္တနာ၊ မိမိသည်။ အကတံ၊ မပြုအပ်သည်။ ဟောတိ၊ ဖြစ်အံ့။ အတ္တနာ၊ မိမိသည်ပင်။ ဝိသုဇ္ဈတိ၊ စင်ကြယ်၏။ သုဒ္ဓိ၊ စင်ကြယ်သော ကုသိုလ်ကံသည်လည်းကောင်း။ အသုဒ္ဓိ၊ မစင်ကြယ်သော အကုသိုလ်ကံသည်လည်းကောင်း။ ပစ္စတ္တံ၊ အသီးအခြားသာဖြစ်၏။ အညော၊ တယောက်သောသူသည်။ အညံ၊ အခြားသူတယောက်ကို။ န ဝိသောဓယေ၊ မကာကွယ် မသုတ်သင်နိုင်။

စကားပြေ

မကောင်းမှုကို မိမိပြုမိလျှင် မိမိပင် ညစ်နွမ်း၍ မိမိမပြုမိလျှင် မိမိပင် စင်ကြယ်၏။ စင်ကြယ်သော ကုသိုလ်ကံနှင့် မစင်ကြယ်သော အကုသိုလ်ကံတို့သည် တခြားစီသာဖြစ်သည်။ တဦးကတဦး၏ မကောင်းကျိုးကို ကာကွယ်မပေးနိုင်။
သံကိလိဿတိ— အပါယ်လေးဘုံတို့၌ ဆင်းရဲခံစားရသည်ကို ညစ်နွမ်းသည်ဟု ဆိုရသည်။
ဝိသုဇ္ဈတိ— သုဂတိသို့လည်းကောင်း၊ နိဗ္ဗာန်သို့လည်းကောင်း ရောက်ရသည်ကို စင်ကြယ်သည်ဟု ဆိုရသည်။
သုဒ္ဓိ— ကုသိုလ်ကံ ရ၏။
အသုဒ္ဓိ— အကုသိုလ်ကံ ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ပစ္စတ္တံ = အတ္တနံ အဓိကိစ္စ ပဝတ္တတိတိ ပစ္စတ္တံ။ ပတိ + အတ္တ။

စူဠကာလဥပါသကဝတ္ထု ပြီး၏။
---

၁၂-အတ္တဝဂ်။ ၁၀-အတ္တဒတ္ထတ္ထေရဝတ္ထု

၁၆၆။ အတ္တဒတ္ထံ ပရတ္ထေန၊ ဗဟုနာပိ န ဟာပယေ။
အတ္တဒတ္ထမဘိညာယ၊ သဒတ္ထပသုတော သိယာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဓမ္မပူဇာမျိုးဖြင့် ဘုရားရှင်အား ပူဇော်သော ဘုရားရှင်၏ ချီးမွမ်းခြင်းကိုလည်း ရရှိသော အတ္တဒတ္ထထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ အတ္တဒတ္ထထေရ် ရဟန္တာဖြစ်သည်။

အနက်

ဗဟုနာပိ၊ များစွာလည်းဖြစ်သော။ ပရတ္ထေန၊ သူတပါးတို့၏ အစီးအပွားကြောင့်။ အတ္တဒတ္ထံ၊ အနည်းငယ်မျှသော မိမိ၏ အကျိုးစီးပွားကို။ န ဟာပယေ၊ မဆုတ်ယုတ်စေရာ။ အတ္တဒတ္ထံ၊ မိမိ၏ အကျိုးစီးပွားကို။ အဘိညာယ၊ သိ၍။ သဒတ္ထပသုတော၊ မိမိအကျိုးစီးပွားကို တိုးပွားစေသည်။ သိယာ၊ ဖြစ်ရာ၏။

စကားပြေ

များစွာသော သူတပါးစီးပွားရေးကြောင့် အနည်းငယ်သော မိမိစီးပွားရေးကို မဆုတ်ယုတ်စေနှင့်။ မိမိစီးပွားရေးကို ကောင်းစွာသိပြီး မိမိစီးပွားရေးကို တိုးပွားစေရာ၏။ အတ္တဒတ္ထ— လူဖြစ်သောပုဂ္ဂိုလ်သည် မိမိ၏ တချင်ရွေးမျှလောက်သော အကျိုးကို သူတပါး၏ တထောင်မျှသော အကျိုးဖြင့် မယုတ်လျော့စေရာ။ တချင်ရွေးမျှဖြင့် ခဲဖွယ်ဘောဇဉ်ကို ဖြစ်စေနိုင်မှုသည် အတ္တဒတ္ထပင်ဖြစ်သည်။ ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည် သံဃာတော်အား ဖြစ်ပေါ်သော စေတီကို ပြုပြင်ခြင်း စသည်ကိုလည်းကောင်း၊ ဥပဇ္ဈာယ်စသည့်ဝတ်ကို လည်းကောင်း မဆုတ်ယုတ်စေရာ။ အာဘိသမာစရိကဝတ်ကို ဖြည့်ကျင့်သောပုဂ္ဂိုလ်သည်ပင် အရိယာဖိုလ်ကို မျက်မှောက်ပြုနိုင်၏။ ထို့ကြောင့် စေတီကို ပြုပြင်ခြင်း ဥပဇ္ဈာယ် စသည်တို့၏ဝတ်ကို ပြုခြင်း, အာဘိသမာစာရိကဝတ်ကို ပြုကျင့်ခြင်းသည် အတ္တဒတ္ထပင် ဖြစ်သည်။
ပူဇော်မှုအစစ်— ငါဘုရားကို ပန်း စသည်ဖြင့် ပူဇော်နေမှုသည် ပူဇော်သည် မမည်။ ငါဘုရား ဟောကြားသော တရားကို လိုက်နာကျင့်သုံးမှုသည်သာ ပူဇော်သည် မည်၏။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၂။ ၁၇၄။)

အတ္တဒတ္ထတ္ထေရဝတ္ထု ပြီး၏။
အတ္တဝဂ် ပြီး၏။
---

၁၃-လောကဝဂ်။ ၁-ဒဟရဘိက္ခုဝတ္ထု

၁၆၇။ ဟီနံ ဓမ္မံ န သေဝေယျ၊ ပမာဒေန န သံဝသေ။
မိစ္ဆာဒိဋ္ဌိံ န သေဝေယျ၊ န သိယာ လောကဝဍ္ဎနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဦးခေါင်းပြတ်ဟု ဝိသာခါဒါယိကာမကြီး၏ မြေးကပြောဆိုသည်ကို ဥပဇ္ဈာယ်ဆရာနှင့် ဝိသာခါတို့က ပြေလည်အောင် ပြောသော်လည်း မရပဲ ဘုရားရှင် ပြောမှူရသော ရဟန်းငယ် တပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရဟန်းငယ် သောတာပန်ဖြစ်သည်။

အနက်

ဟီနံ ဓမ္မံ၊ ကာမဂုဏ်ငါးပါး အယုတ်တရားကို။ န သေဝေယျ၊ မမှီဝဲရာ။ ပမာဒေန၊ မေ့မေ့လျော့လျော့ဖြင့်လည်း။ န သံဝသေ၊ မနော။ မိစ္ဆာဒိဋ္ဌိံ၊ မှားသော အယူကို။ န သေဝေယျ၊ မယူရာ။ လောကဝဍ္ဎနော၊ ယခုဘဝကြီးပွားရေးမျှသည်။ န သိယာ၊ မဖြစ်ရာ။

စကားပြေ

ကာမဂုဏ်အယုတ်တရားကို မမှီဝဲရာ မေ့မေ့လျော့လျော့မနေရာ။ မှားသော အယူကိုမယူရာ။ ယခုဘဝကြီးပွားရေးမျှသာ မဖြစ်ရာ။
ဟီနဓမ္မံ— အရ ကာမဂုဏ်ငါးပါးရ၏။ ယင်းကာမဂုဏ်ငါးပါးသည် ယုတ်ညံ့သော နွားစသည်တို့၌ ဖြစ်နိုင်သောကြောင့်လည်းကောင်း၊ ယုတ်ညံ့သောငရဲစသော အရပ်တို့၌ဖြစ်စေ ရောက်စေတတ်သောကြောင့်လည်းကောင်း ဟီန မည်၏။
လောကကို ကျယ်ပွားစေတတ်သောတရား (ဝါ) လောကခုနှစ်တရားကား ဟီနမည်သော ကာမဂုဏ်ငါးပါး ပမာဒတရား မိစ္ဆာဒိဋ္ဌိများ ဖြစ်ပါသည်။

ပါဠိသဒ္ဒါခက်ဆစ်

ဟီနံ = ဟီယတေတိ ဟီနော။ ဟာ + တ။
လောကဝဍ္ဎနော = လောက ဝဍ္ဎနော လောကဝဍ္ဎနော။ လောက + ဝဍ္ဎန။

ဒဟရဘိက္ခုဝတ္ထု ပြီး၏။
---

၁၃-လောကဝဂ်။ ၂-သုဒ္ဓေါဒနဝတ္ထု

၁၆၈။ ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမ္ပိ စ။
၁၆၉။ ဓမ္မံ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကပိလဝတ္ထုပြည် နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားတော်ဘုရား အိမ်စဉ်အတိုင်း ဆွမ်းခံကြွသည်ကို မကျေနပ်သဖြင့် ခမည်းတော်ကို အရှက်ခွဲသည်ဟုလျှောက်ထားသော သုဒ္ဓေါဒနမင်းကြီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သုဒ္ဓေါဒနမင်းကြီး သောတာပန်ဖြစ်သည်။

အနက်

ဥတ္တိဋ္ဌေ၊ ဆွမ်းခံဝတ်၌။ နပ္ပမဇ္ဇေယျ၊ မမေ့မလျော့ရာ။ သုစရိတံ၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မံ၊ အကျင့်တရားကို။ စရေ၊ ကျင့်ရာ၏။ ဓမ္မစာရီ၊ တရားကိုကျင့်သောသူသည်။ အသ္မိံ လောကေ စ၊ ဤပစ္စုပ္ပန်လောက၌လည်းကောင်း။ ပရမှိ စ၊ တမလွန်ဘဝ၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

သုစရိတံ ဓမ္မံ၊ ကောင်းစွာကျင့်အပ်သော ဆွမ်းခံအကျင့်ကို။ စရေ၊ ကျင့်ရာ၏။ ဒုစ္စရိတံ၊ မကောင်းသဖြင့် ကျင့်အပ်သော။ နံ၊ ထိုဝေသိယာဂေါစရစသည်တို့၌ ဆွမ်းခံအကျင့်ကို။ န စရေ၊ မကျင့်ရာ။ ဓမ္မစာရီ၊ တရားကိုကျင့်သောသူသည်။ အသ္မိံ လောကေ စ၊ ဤပစ္စုပ္ပန်လောက၌လည်းကောင်း။ ပရမှိ စ၊ တမလွန်ဘဝ၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

စကားပြေ

ဆွမ်းခံဝတ်အကျင့်ကို မမေ့မလျော့ ပြုရာ၏။ တရားသောနည်းဖြင့် ဆွမ်းခံအကျင့်ကိုကျင့်ရမည်။ မတရားသောနည်းဖြင့် ဆွမ်းခံအကျင့်ကို မကျင့်ရာ။ တရားသောနည်းဖြင့် ဆွမ်းခံသောသူသည် ဤပစ္စုပ္ပန်လောက တမလွန်လောကတို့၌ ချမ်းသာစွာနေရ၏။
ဥတ္တိဋ္ဌေ— သူတပါးတို့၏ အိမ်တံခါးတို့၌ ရပ်၍ ရှယူအပ်သော ဆွမ်းရ၏။
နပ္ပမဇ္ဇေယျ— ပိဏ္ဍစာရိကဝတ်ကို (ဝါ) ဆွမ်းခံဝတ်ကိုဖျက်၍ မြတ်သော ဘောဇဉ်ကို ရှာသောသူသည် မေ့လျော့သည်မည်၏။ အိမ်စဉ်အတိုင်း ဆွမ်းကို ရှာသောသူသည် မမေ့မလျော့သည်မည်၏။
သုစရိတဓမ္မ— အနေသနကိုပယ်၍ အိမ်စဉ်အတိုင်း ဆွမ်းခံသောပုဂ္ဂိုလ်၏ ဆွမ်းခံသောအကျင့်ရ၏။
ဒုစ္စရိတံ— ပြည့်တန်ဆာမ အစရှိသော မသွားလာအပ်သော ပုဂ္ဂိုလ်တို့ထံ၌ ဆွမ်းခံသောပုဂ္ဂိုလ်၏ ဆွမ်းခံသောအကျင့်ရ၏။
သေတိ— ဣရိယာပထ် လေးပါးလုံးကိုရ၏။

ဘုရားရှင်တို့အလေ့

ဘုရားရှင်တို့သည် ခမည်းတော်၏ မြို့သို့ရောက်လျှင် အမျိုးအိမ်သို့ ဝင်ရောက်ခြင်းကိုမပြုပဲ အိမ်စဉ်အတိုင်း ဆွမ်းခံကြွခြင်းသည် ရှေးဘုရားရှင်တို့၏ အလေ့အကျင့်ဖြစ်သည်။

ဘုရားရှင်သည် ရှေးဦးစွာ ကပိလဝတ္ထုပြည်သို့ကြွ၍ ကောင်းကင်တွင် ရတနာစက်၌ စင်္ကြံကြွလျက် တရားဟောကာ ဆွေတော် မျိုးတော်တို့၏မာနကို နှိမ်ချိုးဖျက်ဆီးရသည်။ ခမည်းတော်ကြီးသည် တန်ခိုးတော်တို့ကိုမြင်ပြီး ရှိခိုးကန်တော့သော်လည်း မပင့်ဖိတ်ပဲ သံဃာတော် နှစ်သောင်း အတွက် ယာဂုစသည်ကို စီစဉ်သည်။ မပင့်ဖိတ်သောကြောင့် လည်းကောင်း၊ ရှေးဘုရားရှင်များ၏ အစဉ်အလာကြောင့် လည်းကောင်း နန်းတော်သို့ တိုက်ရိုက်မကြွပဲ ဆွမ်းခံကြွတော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၆။)

သုဒ္ဓေါဒနဝတ္ထု ပြီး၏။
---

၁၃-လောကဝဂ်။ ၃-ပဉ္စသတဝိပဿကဘိက္ခုဝတ္ထု

၁၇၀။ ယထာ ပုဗ္ဗုဠကံ ပဿေ၊ ယထာ ပဿေ မရီစိကံ။
ဧဝံ လောကံ အဝေက္ခံ၊ မစ္စုရာဇာ န ပဿတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရဟတ္တဖိုလ်ပေါက်တရားကို ထပ်မံတောင်းရန် ဘုရားရှင်ထံလာယဉ်း လမ်းခရီး၌ တံလှပ်ကိုမြင်သဖြင့် တံလှပ်ကို ကမ္မဋ္ဌာန်းစီးဖြန်းကာလာကြသော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရဟန်းငါးရာ ရဟန္တာဖြစ်ကြသည်။

အနက်

ပုဗ္ဗုဠကံ၊ ရေမြှုပ်ကို။ ပဿေ ယထာ၊ ရှူမြင်သကဲ့သို့လည်းကောင်း။ မရီစိကံ၊ တံလှပ်ကို။ ပဿေ ယထာ၊ ရှူမြင်သကဲ့သို့လည်းကောင်း။ ဧဝံ၊ ဤအတူ။ လောကံ၊ ခန္ဓာငါးပါးတည်းဟူသော လောကကို။ အဝေက္ခံ၊ ကြည့်ရှုသူကို။ မစ္စုရာဇာ၊ သေမင်းသည်။ န ပဿတိ၊ မမြင်နိုင်။

စကားပြေ

ရေမြှုပ်နှင့်တံလှပ်ကို ကြည့်ရှု ဆင်ခြင်သကဲ့သို့ ခန္ဓာငါးပါးတည်းဟူသော လောကကို ကြည့်ရှုဆင်ခြင်သူကို သေမင်းမမြင်နိုင်။ ရေမြှုပ်နှင့်တံလှပ်သည် အဝေးကကြည့်လျှင် အထည်ဒြပ်အမျိုးမျိုးထင်ရသော်လည်း အနီးအနား ရောက်လျှင် ဘာမျှမရှိတော့သကဲ့သို့ ဤခန္ဓာကိုယ်လည်း ဖြစ်ပြီး ပျက်သွားသဖြင့် ဘာမျှ မရှိတော့သည့်အတွက် ရေမြှုပ် တံလှပ်နှင့်တူသည်။

ပါဠိသဒ္ဒါခက်ဆစ်

မရီစိကံ = မိယျန္တေ ခုဒ္ဒဇန္တဝေါ အနေနာတိ မရီစိ၊ မရ် + ဤစိ။ မရီစိဒိယ မရီစိ။
မစ္စုရာဇာ = မစ္စုဧဝ ရာဇာ မစ္စုရာဇာ။ မစ္စု + ရာဇာ။

ပဉ္စသတဝိပဿကဘိက္ခုဝတ္ထု ပြီး၏။
---

၁၃-လောကဝဂ်။ ၄-အဘယရာဇကုမာရဝတ္ထု

၁၇၁။ ဧထ ပဿထိမံ လောကံ၊ စိတ္တံ ရာဇရထူပမံ။
ယတ္ထ ဗာလာ ဝိသီဒန္တိ၊ နတ္ထိ သင်္ဂေါ ဝိဇာနတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဗိမ္ဗိသာရမင်း၏ သားတော်သည် စစ်အောင်၍ မင်းစည်းစိမ်ကို ခုနစ်ရက်ခံစားပြီးနောက် ရှစ်ရက်မြောက်နေ့ ဖျော်ဖြေနေသော ကချေသည်မတယောက်သည် မိမိ၏ရှေ့မှောက်၌ သေဆုံးသွားသဖြင့် သောကရောက်နေသော အဘယမင်းသားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ အဘယမင်းသား သောတာပန်ဖြစ်သည်။

အနက်

ဧထ၊ လာကြကုန်လော့။ စိတ္တံ၊ ရတနာခုနစ်ပါးဖြင့် ဆန်းကြယ်သော။ ရာဇရထူပမံ၊ မင်းစီးရထားလျှင် ဥပမာရှိသော။ ဣမံ လောကံ၊ ခန္ဓာငါးပါးတည်းဟူသော ဤလောကကို။ ပဿထ၊ ရှုကြကုန်လော။ ယတ္ထ၊ အကြင်ခန္ဓာငါးပါးတည်းဟူသောလောက၌။ ဗာလာ၊ သူမိုက်တို့သည်။ ဝိသီဒန္တိ၊ နစ်မြုပ်ကုန်၏။ ဝိဇာနတံ၊ ပညာရှိတို့အား။ သင်္ဂေါ၊ ခန္ဓာငါးပါး၌ကပ်ငြိတွယ်တာခြင်းသည်။ နတ္ထိ၊ မရှိ။

စကားပြေ

ဆန်းကြယ်သော မင်းစီးရထားလျှင် ဥပမာရှိသော ခန္ဓာငါးပါးကို လာ၍ ကြည့်ကြလော့။ သူမိုက်တို့သည် ခန္ဓာငါးပါး၌ နစ်မြုပ်ကြသော်လည်း ပညာရှိတို့ကား ကပ်ငြိတွယ်တာမှု မရှိကြပေ။
ဣမံ လောကံ— ခန္ဓာ စသောအတ္တဘောရ၏။
သင်္ဂေါ = ရာဂစသည်ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ရာဇရထူပမံ = ရညော ရထော ရာဇရထော။ ရာဇ + ရထ။
ရာဇရထော ဥပမာ ဧတဿာတိ ရာဇရထူပမော၊ ရာဇရထ + ဥပမာ + ဧတ။

အဘယရာဇကုမာရဝတ္ထု ပြီး၏။
---

၁၃-လောကဝဂ်။ ၅-သမ္မဇ္ဇနတ္ထေရဝတ္ထု

၁၇၂။ ယော စ ပုဗ္ဗေ ပမဇ္ဇိတွာ၊ ပစ္ဆာ သော နပ္ပမဇ္ဇတိ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရေဝတမထေရ်၏ ဩဝါဒအတိုင်း နံနက်တံမြက်လှည်း ဆွမ်းခံ ဆွမ်းစားပြီး တရားအားထုတ် ညနေတံမြက်လှည်းသောအခါ မကြာမီ အရဟတ္တဖိုလ်သို့ ရောက်သော သမ္မဇ္ဇနထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောရဟန်းတို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေးငယ်ရွယ်စဉ်အခါ၌။ ပမဇ္ဇိတွာ၊ ဝတ်အကျင့်ပြုခြင်း, စာပေကျမ်းဂန် သရဇ္ဈာယ်ခြင်းဖြင့် မေ့လျော့၍။ ပစ္ဆာ၊ ကြီးပြင်းသော နောက်အခါ၌။ နပ္ပမဇ္ဇတိ၊ မဂ်ဖိုလ် ချမ်းသာဖြင့် အချိန်ကုန်စေ၍ မမေ့မလျော့။ သော၊ ထိုမမေ့မလျော့သောသူသည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ မုတ္တော၊ လွတ်သော။ စန္ဒိမာဣဝ၊ လကဲ့သို့။ ဣမံ လောကံ၊ ဤဩကာသလောကကို။ မဂ္ဂဉာဏေန၊ မဂ်ဉာဏ်ရောင်ဖြင့်။ ပဘာသေတိ၊ ထွန်းလင်း တောက်ပစေ၏။

စကားပြေ

ငယ်ရွယ်စဉ်က ဝတ်အကျင့်ပြုခြင်း ကျမ်းဂန်သင်ကြား ပို့ချခြင်းတို့ဖြင့် မေ့လျော့သော်လည်း ကြီးပြင်းလာသောအခါ မဂ်ဖိုလ် ချမ်းသာဖြင့် ကုန်လွန်စေ၍ မမေ့မလျော့သူသည် တိမ်တိုက်မှလွတ်သော လမင်းကဲ့သို့ ဩကာသလောကကို မဂ်ဉာဏ်ရောင်ဖြင့် ထွန်းလင်းတောက်ပစေ၏။
ပမဇ္ဇိတွာ— ဝတ်ကြီးဝတ်ငယ်ကိုပြုခြင်းဖြင့် လည်းကောင်း၊ စာပေကျမ်းဂန်ကို သင်အံပို့ချခြင်းဖြင့် လည်းကောင်း၊ မေ့လျော့ခြင်းကို ပမဇ္ဇိက္ခာဟု ဆိုပါသည်။
နပ္ပမဇ္ဇတိ— မဂ်ဖိုလ်ချမ်းသာဖြင့် အချိန်ကို ကုန်စေသော ပုဂ္ဂိုလ်သည် နပ္ပမဇ္ဇတိမည်၏။
လောကံ— ဩကာသလောကရ၏။ (တနည်း) ခန္ဓာစသောလောကရ၏။
လောကံ ပဘာသေတိ— တိမ်တိုက်စသည်တို့မှ လွတ်သောလသည် ဩကာသလောကကို ထွန်းလင်းစေသကဲ့သို့ အရိယာပုဂ္ဂိုလ်သည် မဂ်ဉာဏ်ဖြင့် ခန္ဓာစသော လောကကို ထွန်းလင်းစေ၏။
တံမြက်လှည်းခြင်းဖြင့် အချိန်မကုန်စေသင့်— ရဟန်းတော်များသည် တံမြက်စည်းလှည်းခြင်းဖြင့်သာ အချိန်မကုန်သင့်။ နံနက်ပိုင်း ညနေပိုင်းမှသာ တံမြက်စည်းလှည်းပြီး ကျန်အချိန်များမှာ တရားကိုသာ ကြိုးစား အားထုတ်သင့်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၉။)

ပါဠိသဒ္ဒါခက်ဆစ်

အဗ္ဘာ = အာပံ ဘရတီတိ အဗ္ဘံ၊ အာပ + ဘရ် + ကွိ၊ (ပကို ဗ ပြု)။
စန္ဒိမာ = စန္ဒ + မာ + အ။ (အကို ဣ ပြု)။

သမ္မဇ္ဇနတ္ထေရဝတ္ထု ပြီး၏။
---

၁၃-လောကဝဂ်။ ၆-အင်္ဂုလိမာလတ္ထေရဝတ္ထု

၁၇၃။ ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓီယတိ။
သော မံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်ထံ၌ ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်ပြီး ပရိနိဗ္ဗာန်စံသွားသော အင်္ဂုလိမာလထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာအဆုံး၌ များစွာသောရဟန်းတို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

ယဿ၊ အကြင်သူသည်။ ကတံ၊ ပြုအပ်သော။ ပါပံ ကမ္မံ၊ မကောင်းမှု အကုသိုလ်ကံကို။ ကုသလေန၊ အရဟတ္တမဂ်ကုသိုလ်ဖြင့်။ ပိဓီယတိ၊ ဖုံးအုပ်၏။ သော၊ ထိုအရဟတ္တမဂ်ကုသိုလ်ဖြင့် အကုသိုလ်ကံကို ဖုံးအုပ်သူသည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ မုတ္တော၊ လွှတ်သော။ စန္ဒိမာဣဝ၊ လကဲ့သို့။ ဣမံ လောကံ၊ ဤဩကာသလောကကို။ ပဘာသေတိ၊ ထွန်းလင်းတောက်ပစေ၏။

စကားပြေ

ပြုပြီးသောအကုသိုလ်ကံကို အရဟတ္တမဂ်ကုသိုလ်ဖြင့် ဖုံးအုပ်သူသည် တိမ်တိုက်မှလွတ်သော လမင်းကဲ့သို့ ဤဩကာသလောကကို အရဟတ္တမဂ်ဉာဏ်ရောင်ဖြင့် ထွန်းလင်းစေ၏။
ကုသလေန— အရဟတ္တမဂ်ဉာဏ်ရ၏။
မိတ်ဆွေကောင်းရှိမှု— အင်္ဂုလိမာလသည် မိတ်ဆွေကောင်းကိုမရမီ အကုသိုလ်ပြုမိသော်လည်း မိတ်ဆွေကောင်းရသောအခါ မမေ့မလျော့ကောင်းမှုကို အားထုတ်မှုကြောင့် ရဟန္တာဖြစ်သွားသည်။(ဓမ္မ၊ဋ္ဌ၊၂၊၁၁၀။)

ပါဠိသဒ္ဒါခက်ဆစ်

ပိဓီယတိ = အပိ + ဓာ + ယ + တေ။

အင်္ဂုလိမာလတ္ထေရဝတ္ထု ပြီး၏။
---

၁၃-လောကဝဂ်။ ၇-ပေသကာရဓီတာဝတ္ထု

၁၇၄။ အန္ဓဘူတော အယံ လောကော၊ တနုကေတ္ထ ဝိပဿတိ။
သကုဏော ဇာလမုတ္တောဝ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝစေတီတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်၏ မရဏဿတိဘာဝနာကိုကြားနာရသည်မှစ၍ သုံးနှစ်ပတ်လုံး နေ့ရောညဉ့်ပါ မရဏဿတိဘာဝနာကိုပွားများသော တဆယ့်ခြောက်နှစ်အရွယ်သာရှိသေးသော ယက်ကန်းသည်၏သမီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ မရဏဿတိဘာဝနာကို ပွားများသော ယက်ကန်းသည်၏သမီး သောတာပန်ဖြစ်သည်။

အနက်

အယံ လောကော၊ ဤလူအပေါင်းသည်။ အန္ဓဘူတော၊ ပညာမျက်စိ မရှိသဖြင့် အကန်းအတိသာဖြစ်၏။ ဧတ္ထ၊ ဤလူအပေါင်း၌။ တနုကော၊ အနည်းငယ်မျှသောသူသည်။ ဝိပဿတိ၊ အနိစ္စစသောသဘောအားဖြင့် ရှုမြင်နိုင်၏။ ဇာလမုတ္တော၊ ပိုက်ကွန်မှလွတ်သော။ သကုဏော၊ ငှက်သည်။ တနုကော ဣဝ၊ နည်းပါးသကဲ့သို့။ အပ္ပေါ၊ အနည်းငယ်မျှသောသူသည်။ သဂ္ဂါယ၊ နတ်ရွာနိဗ္ဗာန်အလို့ငှာ။ ဂစ္ဆတိ၊ သွား၏။

စကားပြေ

ပညာမျက်စိမရှိသဖြင့် အကန်းသဖွယ်ဖြစ်ကုန်သော လူအပေါင်းတွင် အနည်းငယ်မျှသာ အနိစ္စစသောအားဖြင့်ရှုမြင်၏။ ပိုက်ကွန်မှလွတ်သောငှက်သည် အနည်းငယ်မျှရှိသကဲ့သို့ အနည်းငယ်မျှသောသူသာ နတ်ရွာနိဗ္ဗာန်သို့ ရောက်သည်။
အန္ဓဘူတော— ပညာမျက်စိမရှိသဖြင့် ကန်းသည်အဖြစ်သို့ ရောက်သော ပုထုဇဉ်။
လောက— လောကီလူအပေါင်းရ၏။
သကုဏော ဇာလမုတ္တောဝ— ကျွမ်းကျင်သော ငှက်မုဆိုးသည် ကွန်ဖြင့်ငုံးတို့ကို ဖမ်းသည်ရှိသော် တကောင်နှစ်ကောင်သာလျှင် ကွန်မှလွှတ်၍ များစွာသော ငုံးတို့သည် ကွန်အတွင်းသို့ ဝင်ကုန်သကဲ့သို့ ထို့အတူ သေမင်းတည်းဟူသော ကွန်ယက်ဖြင့် တွေ့ထိသော သတ္တဝါတို့တွင် များစွာသောသူတို့သည် အပါယ်သို့လားကြကုန်၏။ အနည်းငယ်မျှသော သတ္တဝါတို့သာ သုဂတိသို့လည်းကောင်း နိဗ္ဗာန်သို့လည်းကောင်း ရောက်၏။
မရဏဿတိပွားကျိုး— အသက်ရှင်ခြင်းသည်မမြဲ သေခြင်းသည်မြဲ၏၊ ငါသည် ဧကန်သေရမည်။ ငါ၏အသက်ရှင်မှုသည် သေခြင်းအဆုံးရှိ၏ဟု မရဏဿတိမပွားများသူသည် နောင်အခါသေခြင်းနှင့်တွေ့သော် ကြောက်လန့်တတ်သည်။ ပွားများသူသည် ကြောက်လန့်မှုမဖြစ်။ မသိနှင့်သိ— သတ္တဝါများသည် ဘယ်ဘဝမှလာသည်ကိုလည်း မသိ၊ ဘယ်ဘဝကိုသွားမည်ကိုလည်း မသိ၊ သေမည်ဆိုသည်ကိုသာ သိသည်၊ အဘယ်ချိန် ဘယ်နေရာ ဘယ်ရောဂါဖြင့် သေမည်ကို မသိ။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၁-၁၁၃။)

ပါဠိသဒ္ဒါခက်ဆစ်

အန္ဓဘူတော = အန္ဓော ဟုတွာ ဘူတော အန္ဓဘူတော။ အန္ဓ + ဘူတ။
သကုဏော = သက္ကောတိ ဥဒ္ဓံ ဂန္တုတိ သကုဏော။ သက် + ဥဏ။
ဇာလမုတ္တော = ဇာလေဟိ မုတ္တော ဇာလမုတ္တော။ ဇာလ + မုတ္တ။

ပေသကာရဓီတာဝတ္ထု ပြီး၏။
---

၁၃-လောကဝဂ်။ ၈-တိံသဘိက္ခုဝတ္ထု

၁၇၅။ ဟံသာ ဒိစ္စပထေ ယန္တိ၊ အာကာသေ ယန္တိ ဣဒ္ဓိယာ။
နီယန္တိ ဓီရာ လောကမှာ၊ ဇေတွာ မာရံ သဝါဟနိံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရား၏ သာရဏီယတရားကိုနာကြားရင်း အရဟတ္တဖိုလ်သို့ရောက်၍ ကောင်းကင်ခရီးဖြင့် ပြန်ကြွကုန်သော သုံးဆယ်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ရဟန်းတို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဟံသာ၊ ဟင်္သာတို့သည်။ ဒိစ္စပထေ၊ နေမင်းလမ်းကြောင်း ကောင်းကင်၌။ ယန္တိ၊ သွားကုန်၏။ ဣဒ္ဓိယာ၊ တန်ခိုးဣဒ္ဓိပါဒ်အရှင်တို့သည်။ အာကာသေ၊ ကောင်းကင်၌။ ယန္တိ၊ သွားကုန်၏။ ဓီရာ၊ ပညာရှိတို့သည်။ သဝါဟနိံ၊ စစ်သည်ဗိုလ်ပါနှင့်တကွသော။ မာရံ၊ မာရ်မင်းကို။ ဇေတွာ၊ အောင်မြင်၍။ လောကမှာ၊ လောကမှ။ နီယန္တိ၊ ထွက်မြောက်ကုန်၏။

စကားပြေ

ဟင်္သာနှင့် တန်ခိုးဣဒ္ဓိပါဒ်အရှင်တို့သည် ကောင်းကင်ခရီး၌ သွားကုန်၏။ သို့သော် ဣဒ္ဓိအရှင်ပညာရှိတို့ကား စစ်သည်ဗိုလ်ပါနှင့်တကွ မာရ်အောင်မြင်၍ လောကမှ ထွက်မြောက်ကုန်၏။
နိဗ္ဗာန်သို့ရောက်သည်ကို နီယန္တိဆိုသည်။

ပါဠိသဒ္ဒါခက်ဆစ်

ဟံသ = ဟညတေတိ ဟံသော။ ဟန + သ။ (ဏွာဒိ။ ၂၁၃)။
ဟံသာဒိစ္စ‌ပ‌ထေ = ဟံသ + အာဒိစ္စပထေ။
အာဒိစ္စပထေ = အာဒိစ္စဿ ပထော ဒိစ္စပထော။ အာဒိစ္စ + ပထ။
သဝါဟနိံ = သဟ ဝါဟနံဟိ ယော ဝတ္တတီတိ သဝါဟနံ။ သဟ + ဝါဟနီ + ယ။

တိံသဘိက္ခုဝတ္ထု ပြီး၏။
---

၁၃-လောကဝဂ်။ ၉-စိဉ္စမာဏဝိကာဝတ္ထု

၁၇၆။ ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော။
ဝိတိဏ္ဏပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လာဘ်နည်းသောတိတ္ထိတို့၏ စေခိုင်းမှုကြောင့် ဘုရားရှင်နှင့် ကိုယ်ဝန်ရလေဟန်ဆောင်ကာ တရားနာပရိသတ်အလယ် စွပ်စွဲသော စိဉ္စမာဏဝိကာ မိန်းမယုတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဧကံ ဓမ္မံ၊ သစ္စာတရားတခုကို။ အတီတဿ၊ လွန်သော။ မုသာဝါဒိဿ၊ မုသားစကားကို ဆိုလေ့ရှိသော။ ဇန္တုနော၊ သတ္တဝါအား။ ဝိတိဏ္ဏပရလောကဿ၊ တမလွန်ဘဝကို စွန့်လွှတ်ထားသော။ အကာရိယံ၊ မပြုသင့်သော။ ပါပံ၊ မကောင်းမှုသည်။ နတ္ထိ၊ မရှိ။

စကားပြေ

မှန်သောသစ္စာတရားကို လွန်စေ၍ မုသားစကားကို ဆိုလေ့ရှိသော တမလွန်ဘဝကို စွန့်ပယ်ထားသူအား မပြုသင့်သော မကောင်းမှုမည်သည် မရှိ။
ဓမ္မံ— သစ္စာတရားရ၏။

စိဉ္စမာဏဝိကာ

သာဝတ္ထိပြည်၌ ပရိဗိုဇ်မ စိဉ္စမာဏဝိကာသည် နတ်သမီးတမျှ မြတ်သော အဆင်းကို ဆောင်၏။ တင့်တယ်ခြင်းသို့ ရောက်၏။ ကိုယ်မှအရောင်အဝါများ ထွက်၏။ မိန်းမမာယာ၌ ကျွမ်းကျင်လိမ္မာ၏။ နေရောင်နှင့်တွေ့သော ပိုးစုန်းကြူးအရောင်ပမာ လာဘ်လာဘနည်းပါးလာသော တိတ္ထိများ၏ တိုက်တွန်းချက်ဖြင့် ဘုရားရှင်အား အသရေကင်းမဲ့အောင်ပြုရန် တာဝန်ယူခဲ့သည်။

စိဉ္စမာဏဝိကာသည် ဘုရားရှင်အား ဖူးမြော်ရန်လာကြသော ပရိသတ်များအား သံသယဖြစ်စေရန် ဇေတဝန်ကျောင်းတော်၌ ညအိပ်ဟန်နှင့် နံနက်စောစော ကျောင်းမှပြန်လာဟန်ပြုခဲ့သည်။ တလနည်းပါး ဘယ်သို့သွားမည်နည်း၊ ဘယ်ကပြန်လာသနည်းဟု မေးသော် ကျွန်ုပ်သွားရာလာရာကို မေးဖို့မလိုကြောင်း ပြန်ဖြေသည်။ တလကျော်သော် ဘုရားနှင့် ဂန္ဓကုဋီတွင်အိပ်ကြောင်း ပြောသည်။ သုံးလလေးလလွန်သော် ဝမ်းဗိုက်ကို အဝတ်တို့ဖြင့် ကိုယ်ဝန်ရှိဟန်ပြသည်။ ရှစ်လကိုးလလွန်သော်အခါ သစ်သားပိုင်းဖြင့် ဝမ်းဗိုက်တွင်ချည်နှောင်ပြီး အဝတ်ဖြင့်ဖုံးကွယ်ထားသည်။ ဘုရားရှင်က တရားနာပရိသတ်အား တရားဟောနေစဉ် ဘုရားရှင်ကို စွပ်စွဲသည်။ ဘုရားရှင်က သင်ပြောသောစကားကို သင်နှင့်ငါသာ သိသည်ဟု ပြန်ပြောသည်။

သိကြားမင်းသည် နတ်သားလေးယောက်ကို ခေါ်ဆောင်၍ အမှန်တရား ဖြစ်စေသည်။ ဂန္ဓကုဋီတိုက်ဝတွင် စိဉ္စမာဏဝိကာသည် အရှင်လတ်လတ်မြေမျိုကာ အဝီစိငရဲသို့ ရောက်ရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၆-၁၁၈။)

ပါဠိသဒ္ဒါခက်ဆစ်

အတီတဿ = အစ္စတ္ထာတိ အတီတော။ အတိ + ဣ + တ။
မုသာဝါဒိဿ = မုသာ ဝဒတိ သီလေနာတိ မုသာဝါဒီ။ မုသာ + ဝဒ် + ဏီ။
ဝိတိဏ္ဏပရလောကဿ = ဝိတိဏ္ဏော ပရလောကော ယဿာတိ ဝိတိဏ္ဏပရလောကော။ ဝိတိဏ္ဏ + ပရလောက + ယ။
အကာရိယံ = န ကာရိယံ အကာရိယံ။ န + ကာရိယ။ ကတ္တဗ္ဗန္တိ ကာရိယံ။ ကရ် + ဏျ။

စိဉ္စမာဏဝိကာဝတ္ထု ပြီး၏။
---

၁၃-လောကဝဂ်။ ၁၀-အသဒိသဒါနဝတ္ထု

၁၇၇။ န ဝေ ကဒရိယာ ဒေဝလောကံ ဝဇန္တိ၊
ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ။
ဓီရော စ ဒါနံ အနုမောဒမာနော၊
တေနေဝ သော ဟောတိ သုခီ ပရတ္ထ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပသေနဒီကောသလမင်း၏ မလ္လိကာမိဖုရားကြီး စီမံမှုဖြင့် တိုင်းသူပြည်သား လူထု၏ အသဒိသဒါနကို ရှုံးစေ၍ တဆယ့်လေးကုဋေကုန်ကျသော အသဒိသဒါနကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဇုက္ခအမတ် သောတာပန်ဖြစ်သည်၊ အလှူကို ကဲ့ရဲ့သော ကာဠအမတ် တိုင်းပြည်မှ နှင်ထုတ်ခံရသည်။

အနက်

ကဒရိယာ၊ ကြမ်းတမ်းဝန်တိုသောသူတို့သည်။ ဝေ၊ စင်စစ်။ ဒေဝလောကံ၊ နတ်ပြည်သို့။ န ဝဇန္တိ၊ မရောက်နိုင်ကြကုန်။ ဗာလာ၊ ပစ္စုပ္ပန်သံသရာကို မသိသောလူမိုက်တို့သည်။ ဟဝေ၊ စင်စစ်။ ဒါနံ၊ အလှူဒါနကို။ နပ္ပသံသန္တိ၊ မချီးမွမ်းကြကုန်။ ယော ဓီရော၊ အကြင်ပညာရှိသည်။ ဒါနံ၊ အလှူဒါနကို။ အနုမောဒမာနော၊ ဝမ်းမြောက်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ သည်။ တေနေဝ၊ ထိုဝမ်းမြောက်မှုကြောင့်သာလျှင်။ ပရတ္ထ၊ တမလွန်ဘဝ၌။ သုခီ၊ ချမ်းသာသည်။ ဟောတိ၊ ဖြစ်၏။

စကားပြေ

ကြမ်းတမ်းဝန်တိုသော လူမိုက်တို့သည် အလှူဒါနကို မချီးမွမ်းကြသောကြောင့် နတ်ရွာသို့ မရောက်ကြကုန်။ အလှူဒါနကို ဝမ်းမြောက်သော ပညာရှိတို့သာ တမလွန်ဘဝ၌ ချမ်းသာကို ရကြကုန်၏။
ကဒရိယာ— ကြမ်းတမ်းဝန်တိုခြင်းရှိသော ပုဂ္ဂိုလ်။
ဗာလာ— ပစ္စုပ္ပန် သံသရာ နှစ်တန်သော လောကကို မသိသောပုဂ္ဂိုလ်။
အလှူဝမ်းမြောက်သူ ဝမ်းမမြောက်သူ— ပသေနဒီကောသလမင်း၏ ကာဠအမတ် လူမိုက်သည် သူတပါးလှူသည်ကို ဝမ်းမမြောက်နိုင်သဖြင့် အပါယ်လားရသည်။ ပသေနဒီကောသလမင်း၏ ဗုဏ္ဏအမတ် ပညာရှိသည် သူတပါးလှူသည်ကို ဝမ်းမြောက်နိုင်သဖြင့် နတ်ပြည်လားရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၂၂။)
အသဒိသအလှူတော်— ဘုရားတဆူတဆူလက်ထက်တော်၌ တနေ့တည်းဖြင့် တဆယ့်လေးကုဋေလှူဒါန်းသော အသဒိသအလှူမျိုး တကြိမ်စီသာဖြစ်ပေါ်သည်။ ထိုအသဒိသအလှူမျိုးကို အမျိုးသမီးများကသာ စီမံကြသည်။ ဤဘုရားရှင်လက်ထက်၌ ကောသလမင်း၏ မိဖုရားကြီးဖြစ်သူ မလ္လိကာဒေဝီက စီမံလှူဒါန်းသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၂၀-၁၂၁။)

ပါဠိသဒ္ဒါခက်ဆစ်

ကဒရိယာ = အဒါယကတ္တာ ကုစ္ဆိတံ ဌာနံ အရတီတိ ကဒရိယော။ ကု + အရ် + ဣယ (ကုကို ကဒ် ပြု)။ ကုစ္ဆိတော အရိယော (သတ္တော) ကဒရိယော။ ကု + အရိယ။
ဒေဝလောကံ = ဒေဝါနံ လောကော ဒေဝလောကော။ ဒေဝ + လောက။

အသဒိသဒါနဝတ္ထု ပြီး၏။
---

၁၃-လောကဝဂ်။ ၁၁-အနာထပိဏ္ဍိကပုတ္တကာလဝတ္ထု

၁၈၈။ ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ဝါ။
သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဇေတဝန်ကျောင်း ဒါယကာကြီး၏ သားပင်ဖြစ်သော်လည်း သာသနာတော်ကို ကြည်ညိုရမှန်း မသိသောကြောင့် ဖခင်ကိုယ်တိုင် ငွေဖြင့်ဖြားယောင်း၍ ဥပုသ်စောင့်ခိုင်းခြင်း၊ ဘုရားထံမှ တရားတပုဒ်ရအောင် မှတ်စေခြင်းဖြင့် သောတာပန်ဖြစ်သော ကာလအမျိုးသားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ပထဗျာ၊ မြေအပြင်၌။ ဧကရဇ္ဇေန၊ ဧကရာဇ်မင်းပြုရသည်ထက်လည်းကောင်း။ သဂ္ဂဿ၊ နတ်ပြည်ဗြဟ္မာပြည်သို့။ ဂမနေန ဝါ၊ သွားရသည်ထက်လည်းကောင်း။ သဗ္ဗလောကာဓိပစ္စေန၊ အလုံးစုံသောလောကကို အစိုးရသည်ထက်လည်းကောင်း။ သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်သည်။ ဝရံ၊ မြတ်၏။

စကားပြေ

လူ့ပြည်မှာ ဧကရာဇ်မင်း ပြုရသည်ထက်လည်းကောင်း၊ နတ်ပြည်ဗြဟ္မာပြည်သို့ ရောက်ရသည်ထက်လည်းကောင်း၊ တလောကလုံး အစိုးရသည်ထက်လည်းကောင်း သောတာပန်ဖြစ်ရခြင်းသည် အမြတ်ဆုံးဖြစ်၏။
ဧကရဇ္ဇ— စကြဝတေးမင်း၏ စည်းစိမ်။
သဂ္ဂဿ— နတ်ပြည်ခြောက်ထပ်နှင့် ဗြဟ္မာနှစ်ဆယ်ရ၏။
သဗ္ဗလောက— နဂါး၊ ဂဠုန်၊ ဝေမာတိက၊ ပြိတ္တာနှင့် တကွ အလုံးစုံသော လောကရ၏။
သောတာပတ္တိဖလံ ဝရံ— ၃၁-ဘုံအုပ်ချုပ်နေရသော်လည်း အပါယ်လေးပါးမှ မလွတ်မြောက်နိုင်သေးပဲ သောတာပန်ဖြစ်ရခြင်းသည် အပါယ်လေးပါးမှ လွတ်မြောက်နိုင်ခြင်းကြောင့် ၃၁-ဘုံကို အုပ်ချုပ်နေရခြင်းထက် သောတာပတ္တိဖိုလ်က မြတ်သည်ဟု ဆိုရပါသည်။

မိဘမေတ္တာ

ရတနာသုံးပါးနှင့် ကင်းကွာနေသော သားဖြစ်သူ ကာလကို ဖခင် အနာထပိဏ္ဍိကသဌေးကြီးသည် ငွေတထောင်ပေး၍ ချော့မော့ပြီး ဥပုသ်စောင့်၊ တရားနာခိုင်းရှာသည်။ ကာလကလည်း တရားမရခင်မှာ ငွေမရမချင်း ကျောင်းတော်သို့ မသွားသော်လည်း ဘုရားရှင်၏ တရားတော်ကို နာရ၍ သောတာပန်ဖြစ်ပြီးသည့်နောက် ငွေပေးသည်ကို ရှက်လှသဖြင့် ငွေကို လက်မခံတော့ပဲ ငြင်းပယ်လေသည်။ နောင်ခေတ် မိဘများလည်း အနာထပိဏ္ဍိကကို အတုယူပြီး ရတနာသုံးပါးနှင့် မရင်းနှီးသော သားသမီးများကို ချော့မော့၍ ရင်းနှီးစေသင့်ပေသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၂၃-၄။)

ပါဠိသဒ္ဒါခက်ဆစ်

ဧကရဇ္ဇေန = ကော ရာဇာ ကေရာဇာ။ ဧကရညော ဘာဝေါ ဥကရတ္တံ။ ဧကရာဇ + ဏျ။
သဗ္ဗလောကာဓိပစ္စေန = အဓိပတိနော ဘာဝေါ အာဓိပစ္စံ။ အဓိပတိ + ဏျ။ သဗ္ဗလောကေ အာဓိပစ္စံ သဗ္ဗလောကာဓိပစ္စံ။

အနာထပိဏ္ဍိကပုတ္တကာလဝတ္ထု ပြီး၏။
လောကဝဂ် ပြီး၏။
---

၁၄-ဗုဒ္ဓဝဂ်။ ၂-ဒေဝေါရောဟဏဝတ္ထု

၁၈၁။ ယေ ဈာနပသုတာ ဓီရာ၊ နေက္ခမ္မူပသမေ ရတာ။
ဒေဝါပိ တေသံ ပိဟယန္တိ၊ သမ္ဗုဒ္ဓါနံ သတီမတံ။

ဤဒေသနာတော်ကို ဘုရားရှင်သည် သင်္ကဿမြို့တံခါး၌ များစွာသော နတ်လူတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ကုဋေ ၃၀-သော ပုဂ္ဂိုလ်တို့ တရားထူးရ၍ အရှင်သာရိပုတ္တရာ၏ တပည့်ငါးရာတို့ ရဟန္တာဖြစ်ကြသည်။

အနက်

ယေ ဓီရာ၊ အကြင်ပညာရှိတို့သည်။ ဈာနပသုတာ၊ လက္ခဏူပနိဇ္ဈာန်၊ အာရမ္မဏူပနိဇ္ဈာန်ဟူသော သမထဈာန်၌ လေ့ကျက်အားထုတ်ကုန်၏။ နေက္ခမ္မူပသမေ၊ ကာမဂုဏ်မှ ထွက်မြောက်မှု ကိလေသာငြိမ်းမှု နိဗ္ဗာန်၌။ ရတာ၊ မွေ့လျော်ကုန်၏။ သမ္ဗုဒ္ဓါနံ၊ ကောင်းစွာသိကုန်သော။ သတီမတံ၊ သတိရှိကုန်သော။ တေသံ၊ ထိုပညာရှိတို့အား။ ဒေဝါပိ၊ နတ်ဗြဟ္မာတို့သည်လည်း။ ပိဟယန္တိ၊ ချစ်မြတ်နိုးကြကုန်၏။

စကားပြေ

သမထဈာန်၌ လေ့ကျက်အားထုတ်ပြီးလျှင် ကာမဂုဏ်မှ ထွက်မြောက်မှု၊ ကိလေသာငြိမ်းမှု နိဗ္ဗာန်၌ မွေ့လျော်ကာ သစ္စာတရားသိ၍ သတိရှိသော ပညာရှိတို့အား လူ၊ နတ်၊ ဗြဟ္မာတို့သည် ဘုရားအဖြစ်ကို တောင်းတလျက် ချစ်မြတ်နိုးကုန်၏။
ဈာန— အာရမ္မဏူပနိဇ္ဈာန်၊ လက္ခဏူပနိဇ္ဈာန်။
ဈာနပသုတာ— ထိုဈာန်နှစ်ပါးတို့၌ အာဝဇ္ဇန၊ သမာပဇ္ဇ၊ အဓိဋ္ဌာန၊ ဝုဋ္ဌာန၊ ပစ္စဝေက္ခဏာဟူသော ဝသီဘော်ငါးပါးတို့နှင့် ယှဉ်သော ပုဂ္ဂိုလ်ရ၏။
နေက္ခမ္မူပသမေ ရတာ— နေက္ခမ္မအရ ပဗ္ဗဇ္ဇနေက္ခမ္မကို မယူရ၊ ကိလေသာတို့၏ ငြိမ်းခြင်းဟု ဆိုအပ်သော နိဗ္ဗာန်ယူရမည်။
ဒေဝါပိ— ဖြင့် နတ်၊ လူရ၏။
သိက္ခာပုဒ်— ဘုရားရှင်ပညတ်တော်မူသော သိက္ခာပုဒ်တော်သည် ဘုရားရှင်အတွက် မဟုတ်၊ တပည့်များအတွက်သာ ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၃။)

ဘုရားရှင်ကိုယ်စား တန်ခိုးပြရန် တောင်းပန်ကြသူများ

၁. ဃရဏီမည်သော အနာဂါမ်ဥပါသိကာ။
၂. စူဠအနာထပိဏ္ဍိကမည်သော အနာဂါမ်ဥပါသကာ။
၃. စိရာမည်သော ၇-နှစ်ရွယ် သာမဏေမ။
၄. စုန္ဒမည်သော ၇-နှစ်ရွယ် ရဟန္တာသာမဏေ။
၅. ဥပ္ပလဝဏ္ဏထေရီမ။
၆. အရှင်မဟာမောဂ္ဂလာန်—
၎င်းပုဂ္ဂိုလ်တို့အသီးသီး ပြကြမည့် တန်ခိုးတော်အမျိုးမျိုးကို (ဓမ္မ၊ဋ္ဌ၊၂၊၁၃၆-၇။) တို့၌ ရှုပါ။

ဘုရားရှင်၏ တန်ခိုးပြာဋိဟာ

အထက်ပိုင်းကိုယ်တော်၊ အောက်ပိုင်းကိုယ်တော်တို့မှ မီးအစုံနှင့် ရေအလျဉ် တလှည့်စီ ဖြစ်ပေါ်သည်။ ရွှေပိုင်းကိုယ်တော်နှင့် နောက်ပိုင်းကိုယ်တော်၊ လက်ယာမျက်လုံးတော်နှင့် လက်ဝဲမျက်လုံးတော်၊ လက်ယာနားတွင်းတော်နှင့် လက်ဝဲနားတွင်းတော်၊ လက်ယာနားပေါက်တော်နှင့် လက်ဝဲနားပေါက်တော်၊ လက်ယာပုခုံးစွန်းတော်နှင့် လက်ဝဲပုခုံးစွန်းတော်၊ လက်ယာလက်တော်နှင့် လက်ဝဲလက်တော်၊ လက်ယာနံပါးတော်နှင့် လက်ဝဲနံပါးတော်၊ လက်ယာခြေတော်နှင့် လက်ဝဲခြေတော်၊ လက်ချောင်းတော်နှင့် လက်ချောင်းအကြားတော်၊ မွေးညှင်းတော် တပေါက်တပေါက်စီမှ မီးအစုံနှင့် ရေအလျဉ် တလှည့်စီ ဖြစ်ပေါ်သည်။ ဘုရားရှင်ကိုယ်တော်တိုင်နှင့် ဖန်ဆင်းထားသော နိမ္မိတဘုရားတို့သည် လျောင်း၊ ထိုင်၊ ရပ်၊ သွားခြင်းဟူသော ဣရိယာပုထ်တမျိုးစီဖြင့် တလှည့်စီ နေတော်မူသည်။ စင်္ကြံထွက်တော်မူလျက် တန်ခိုးပြတော်မူပြီးလျှင် အကြားအကြား ဖြစ်သောအခါ၌ လူအပေါင်းအား တရားဟောတော်မူသည်။ ဘုရားရှင်ကိုယ်တော်တိုင်နှင့် နိမ္မိတဘုရားရှင်သည် တလှည့်စီ အမေးအဖြေ ပြုတော်မူသည်။ ဤသို့ ဘုရားရှင် တန်ခိုးပြာဋိဟာ ပြတော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၃၈-၁၄၀။)

အကျိုးများစေသော အလှူ— မကောင်းသော မြေ၌ မျိုးစေ့များ များစွာ စိုက်ပျိုးသည်ထက် ကောင်းသော မြေ၌ မျိုးစေ့အနည်းငယ် စိုက်ပျိုးသည်က အကျိုးဖြစ်ထွန်းသည်။ သာသနာပ၌ များစွာ လှူသည်ထက် သာသနာတွင်း၌ အနည်းငယ် လှူသည်က အကျိုးကြီးသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၄၅။)
အဘိဓမ္မာတရားတော်၏ အကျိုး— တာဝတိံသာ၌ ဟောကြားသော အဘိဓမ္မာဒေသနာတော်အဆုံး၌ နတ်၊ ဗြဟ္မာပေါင်း ကုဋေ ၈-သောင်း တရားထူးရသည်။ တုသိတာမှ ဆင်းလာပြီး အဘိဓမ္မာတရားနာသော မယ်တော်မာယာ သောတာပန် ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၄၅။)

သင်္ကဿနဂိုရ်ပြည်သို့ ဘုရားရှင်ကြွတော်မူခန်း

စောင်းတန်းလှေခါးထိပ်သည် မြင်းမိုရ်တောင်ထိပ် ဖြစ်သည်။ စောင်းတန်းလှေခါးခြေသည် သင်္ကဿနဂိုရ်ပြည် တံခါးဖြစ်သည်။ အလယ်စောင်းတန်းလှေခါးသည် ဘုရားရှင်အတွက် ပတ္တမြားဖြင့်၊ လက်ဝဲစောင်းတန်းလှေခါးသည် ဗြဟ္မာများအတွက် ငွေဖြင့် ပြုလုပ်စီမံထားသည်။ လက်ယာစောင်းတန်းလှေခါးသည် နတ်များအတွက် ရွှေဖြင့် ပြုလုပ်စီမံထားသည်။ ဘုရားရှင်၏ လက်ယာဘက်တွင် ပဉ္စသီခနတ်သားက ဗေလုဝစောင်းဖြင့် သီဆိုတီးမှုတ်ပူဇော်ပြီး၊ လက်ဝဲဘက်တွင် မာတလိသည် ပန်းနံ့သာကို ကိုင်ဆောင်လျက်၊ မဟာဗြဟ္မာမင်းသည် ထီးဖြင့် ဆောင်းမိုးကာ၊ သုယာမနတ်သားသည် စာမရီသားမြီးယပ်ကို ကိုင်လျက် ဆင်းသက်တော်မူလာသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၄၆။)

ပါဠိသဒ္ဒါခက်ဆစ်

ဈာနပသုတာ = ဈာနေသု ပသုတာ ဈာနပသုတာ။ ဈာန + ပသုတ။
နေက္ခမ္မူပသမေ = နေက္ခမ္မံ ဥပသမံ နေက္ခမ္မူပသမေ။ နေက္ခမ္မ + ဥပသမ။

ဒေဝေါရောဟဏဝတ္ထု ပြီး၏။
---

၁၄-ဗုဒ္ဓဝဂ်။ ၃-ဧရကပတ္တနာဂရာဇဝတ္ထု

၁၈၂။ ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္စာနံ ဇီဝိတံ။
ကိစ္ဆံ သဒ္ဓမ္မဿဝနံ၊ ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဗာရာဏသီပြည်ကို အမှီပြု၍ ကုက္ကိုပင် ခုနစ်ပင် အနီး၌ သီတင်းသုံးနေတော်မူစဉ် ဧရကပတ္တနဂါးမင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော ပုဂ္ဂိုလ်တို့ တရားထူးရကြသည်။

အနက်

မနုဿပဋိလာဘော၊ လူအဖြစ်ကို ရခြင်းသည်။ ကိစ္ဆော၊ ခဲယဉ်း၏။ မစ္စာနံ၊ သတ္တဝါတို့၏။ ဇီဝိတံ၊ အသက်မွေးဝမ်းကျောင်းသည်။ ကိစ္ဆံ၊ ခဲယဉ်း၏။ သဒ္ဓမ္မဿဝနံ၊ သူတော်ကောင်းတရားကို ကြားနာရခြင်းသည်။ ကိစ္ဆံ၊ ခဲယဉ်း၏။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဥပ္ပါဒေါ၊ ပွင့်ထွန်း ပေါ်ပေါက်လာခြင်းသည်။ ကိစ္ဆော၊ ခဲယဉ်း၏။

စကားပြေ

လူအဖြစ်ရခြင်း၊ သတ္တဝါတို့၏ အသက်မွေးဝမ်းကျောင်း ရခြင်း၊ သူတော်ကောင်းတရားကို ကြားနာရခြင်း၊ ဘုရားပွင့်တော်မူခြင်းတို့သည် ခဲယဉ်းသည်။
ကိစ္ဆော မနုဿပဋိလာဘော— အားကြီးသော လုံ့လ၊ များစွာသော ကုသိုလ်ဖြင့်သာ လူအဖြစ်ကို ရနိုင်သည် ဖြစ်သောကြောင့် ကိစ္ဆော မနုဿပဋိလာဘော ဟု ဆိုနိုင်သည်။
ကိစ္ဆံ မစ္စာနံ ဇီဝိတံ— အမြဲမပြတ် လယ်ထွန်ခြင်း အစရှိသော အမှုတို့ကို ပြု၍ အသက်မွေးဝမ်းကျောင်း အမှုကို လုံ့လပြုပါသော်လည်း အနည်းငယ်မျှသာ ထောက်တည်ရာ ရှိသည် ဖြစ်သောကြောင့် ကိစ္ဆံ မစ္စာနံ ဇီဝိတံ ဟု ဆိုပါသည်။
ကိစ္ဆံ သဒ္ဓမ္မဿဝနံ— များစွာသော ကပ်ကမ္ဘာတို့၌ တရားဟောပုဂ္ဂိုလ်ကို ရခဲသည် ဖြစ်သောကြောင့် ကိစ္ဆံ သဒ္ဓမ္မဿဝနံ ဟု ဆိုပါသည်။
ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ— ကြီးကျယ်သော လုံ့လဖြင့် ကုဋေပေါင်း တထောင်မက ကပ်ကမ္ဘာတို့ပတ်လုံး ပါရမီတော်တို့ကို ဖြည့်ဆည်းပူးမှ ဘုရားဖြစ်နိုင်သောကြောင့် ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ ဟု ဆိုနိုင်ပါသည်။
ဧရကပတ္တနဂါးမင်း— ကဿပဘုရားရှင်လက်ထက် ရဟန်းငယ်တပါးသည် နှစ်ပေါင်းနှစ်သောင်း ရဟန်းတရား အားထုတ်ခဲ့သည်။ မပြောပလောက်သော အာပတ်ကို ဒေသနာ မကြားမိသည်ဖြစ်၍ သေခါနီးအခါ၌ ငါ၏ သီလမစင်ကြယ် ဟု နှလုံးမသာမယာ ဖြစ်မိသည်။ ယင်းဘဝမှ စုတေသော် ဂင်္ဂါမြစ်တွင် သစ်ပင်တပင်ကို ထွင်းထားသော စားကျင်းလှေပမာဏလောက် ရှိသော နဂါးမင်း ဖြစ်လာသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၄၉။)
နဂါးများသဘော— နဂါးတို့သည် ပဋိသန္ဓေယူရာအခါ၊ အရေဟောင်းစွန့်ရာအခါ၊ အိပ်ပျော်ရာအခါ၊ ဇာတ်တူဖြင့် မေထုန်မှီဝဲရာအခါ၊ စုတေသောအခါမှ တပါးသော အခါတို့၌ လုလင်ရောင်ဆောင်ပြီး လှည့်လည်နိုင်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅၂-၃။)

ပါဠိသဒ္ဒါခက်ဆစ်

မနုဿပဋိလာဘော = မနုဿဿ ပဋိလာဘော မနုဿပဋိလာဘော။ မနုဿ + ပဋိလာဘ။ ကိစ္ဆော = ကိရတိ သုခန္တိ ကိစ္ဆော။ ကိရ + ဆ။ သဒ္ဓမ္မဿဝနံ = သဒ္ဓမ္မဿ သဝနံ သဒ္ဓမ္မဿဝနံ။ သဒ္ဓမ္မ + သဝန။

ဧရကပတ္တနာဂရာဇဝတ္ထု ပြီး၏။
---

၁၄-ဗုဒ္ဓဝဂ်။ ၄-အာနန္ဒတ္ထေရပဉှဝတ္ထု

၁၈၃။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
၁၈၄။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။
၁၈၅။ အနူပဝါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝိပဿီစသော ဘုရားခုနစ်ဆူတို့၏ ဥပုသ်ပြု၍ ဩဝါဒပေးခြင်းနှင့် စပ်၍ အရှင်အာနန္ဒါထေရ်၏ မေးလျှောက်ချက်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သဗ္ဗပါပဿ၊ အလုံးစုံသော မကောင်းမှု အကုသိုလ်ကံကို။ အကရဏံ၊ မပြုခြင်းလည်းကောင်း။ ကုသလဿ၊ ကုသိုလ်ကို။ ဥပသမ္ပဒါ၊ ဖြစ်ပွားစေခြင်းလည်းကောင်း။ သစိတ္တပရိယောဒပနံ၊ မိမိစိတ်ကို ဖြူစင်စေခြင်းလည်းကောင်း။ ဧတံ၊ ဤသည်လျှင်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ သာသနံ၊ အဆုံးအမတော်တည်း။

တိတိက္ခာ၊ တိတိက္ခာဟု အမည်ရသော။ ခန္တီ၊ သည်းခံခြင်းသည်။ ပရမံ တပေါ၊ မြတ်သော အကျင့်တည်း။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ပရမံ၊ လွန်မြတ်၏ဟု။ ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။ ဝဒန္တိ၊ ဟောတော်မူကုန်၏။ ပဗ္ဗဇိတော ဟိ၊ ရဟန်းမည်သည်။ န ပရူပဃာတီ၊ သူတပါးကို မညှဉ်းဆဲသင့်။ ပရံ၊ သူတပါးကို။ ဝိဟေဌယန္တော၊ ညှဉ်းဆဲသူသည်။ သမဏော၊ ရဟန်းသည်။ န ဟောတိ၊ မဟုတ်။

အနူပဝါဒေါ စ၊ သူတပါးကို ကိုယ်တိုင်သော်လည်းကောင်း စေခိုင်း၍သော်လည်းကောင်း မကဲ့ရဲ့မစွပ်စွဲခြင်းလည်းကောင်း။ အနူပဃာတော စ၊ ကိုယ်တိုင်သော်လည်းကောင်း စေခိုင်း၍သော်လည်းကောင်း မသတ်ဖြတ် မညှဉ်းဆဲခြင်းလည်းကောင်း။ ပါတိမောက္ခေ စ၊ ပါတိမောက္ခသံဝရသီလ၌။ သံဝရော စ၊ စောင့်ရှောက်ခြင်းလည်းကောင်း။ ဘတ္တသ္မိံ၊ စားဖွယ်၌။ မတ္တညုတာ စ၊ အတိုင်းအရှည်ကို သိခြင်းလည်းကောင်း။ ပန္တဉ္စ၊ ဆိတ်ငြိမ်သော။ သယနာသနံ စ၊ ကျောင်းအိပ်ရာ နေရာသို့ ကပ်ရောက်နေခြင်းလည်းကောင်း။ အဓိစိတ္တေ၊ သမာပတ်ရှစ်ပါးဟူသော အဓိစိတ္တသိက္ခာပုဒ်၌။ အာယောဂေါ စ၊ ပွားများအားထုတ်ခြင်းလည်းကောင်း။ ဧတံ၊ ဤသည်ကား။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ သာသနံ၊ အဆုံးအမတော်တည်း။

စကားပြေ

မကောင်းမှုကို မပြုနှင့်၊ ကုသိုလ်ကို ဖြစ်ပေါ် ပွားများစေလော့၊ မိမိစိတ်ကို ဖြူစင်စေလော့။ ဤကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

သည်းခံမှုသည် မြတ်သော အကျင့်ဖြစ်၏။ နိဗ္ဗာန်သည် မြတ်၏။ သူတပါးကို ညှဉ်းဆဲသူသည် ရဟန်းမဟုတ်ဟု ဘုရားရှင်များ ဟောကြားတော်မူကုန်၏။

သူတပါးကို ကိုယ်တိုင်သော်လည်းကောင်း၊ စေခိုင်း၍သော်လည်းကောင်း မကဲ့ရဲ့၊ မညှဉ်းဆဲနှင့်။ ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်လော့။ စားဖွယ်၌ အတိုင်းအရှည်ကို သိလော့။ ဆိတ်ငြိမ်သော ကျောင်း အိပ်ရာနေရာ၌ နေလော့။ သမာပတ်ရှစ်ပါးရအောင် အားထုတ်လော့။ ဤသည်ကား ဘုရားရှင်များ၏ အဆုံးအမတော်တည်း။

ကုသလဿ ဥပသမ္ပဒါ— တောထွက်သည်မှစ၍ အရဟတ္တမဂ် တိုင်အောင် ကုသိုလ်ကို ဖြစ်စေခြင်းသည်လည်းကောင်း၊ ဖြစ်ပြီးသော ကုသိုလ်ကို ပွားများခြင်းသည်လည်းကောင်း ကုသလဿ ဥပသမ္ပဒါ မည်၏။
သစိတ္တပရိယောဒပနံ— ငါးပါးသော နီဝရဏတရားတို့မှ မိမိစိတ်ကို လွှတ်စေခြင်းသည် သစိတ္တပရိယောဒပနံ မည်၏။
ဗုဒ္ဓါ— သဗ္ဗညုဖြစ်သော ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာဖြစ်သော အနုဗုဒ္ဓ ဟူသော သုံးဆူသော ဗုဒ္ဓ ရ၏။
အနူပဝါဒ— မိမိကိုယ်တိုင် မစွပ်စွဲခြင်း၊ သူတပါးကို မစွပ်စွဲစေခြင်း ရ၏။
အနူပဃာတ— မိမိကိုယ်တိုင် မညှဉ်းဆဲ မသတ်ဖြတ်ခြင်း၊ သူတပါးကို မညှဉ်းဆဲ မသတ်ဖြတ်ဖြစ်စေခြင်း ရ၏။
ပါတိမောက္ခ— ဇေဋ္ဌကသီလ။
အဓိစိတ္တ— ၈-ပါးသော သမာပတ်ရ၏။
အနူပဝါဒ— ဖြင့် ဝါစသိက္ခာသီလ။ အနူပဃာတ— ဖြင့် ကာယိကသီလ။ ပါတိမောက္ခေ စ သံဝရော— ဖြင့် ပါတိမောက္ခသံဝရသီလ၊ ဣန္ဒိယသံဝရသီလ။ မတ္တညုတာ— ဖြင့် အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စယသန္နိဿိတသီလ။ ပန္တသယနာသန— ဖြင့် သပ္ပါယသေနာသန။ အဓိစိတ္တ— ဖြင့် သမာပတ် ၈-ပါးတို့ကို ဟောပါသည်။

ဤ အနူပဝါဒေါ စသော ဂါထာဖြင့် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ ဟူသော သိက္ခာ ၃-ပါးကို ပြတော်မူ၏။
ဩဝါဒပါတိမောက္ခော— ဝိပဿီဘုရားရှင်သည် ၇-နှစ် တကြိမ်၊ သိခီနှင့် ဝေဿဘူဘုရားရှင်တို့သည် ၆-နှစ် တကြိမ်၊ ကကုသန်နှင့် ကောဏာဂုံဘုရားရှင်တို့သည် တနှစ် တကြိမ်၊ ကဿပဘုရားရှင်သည် ၆-လ တကြိမ် ဩဝါဒပါတိမောက္ခ ပြတော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅၃။)

ပါဠိသဒ္ဒါခက်ဆစ်

သဗ္ဗပါပဿ = သဗ္ဗ ပါပံ သဗ္ဗပါပဿ။ သဗ္ဗ + ပါပ။
သစိတ္တပရိယောဒပနံ = သဿ (အတ္တနော) စိတ္တံ သစိတ္တံ။ သ + စိတ္တ။ သစိတ္တဿ ပရိယောဒပနံ သစိတ္တပရိယောဒပနံ။ သစိတ္တ + ပရိယောဒပန။
ပရိယောဒပနံ = ပရိ + အဝ + ဒါ + ဏာပေ + ယု။
ပရူပဃာတီ = ဥပဃာတေတိ ဥပဃာတီ။ ဥပ + ဟန် + ဏီ။ ပရံ ဥပဃာတိ ပရူပဃာတီ။ ပရ + ဥပဃာတိ။
အနူပဝါဒေါ = န ဥပဝါဒေါ အနူပဝါဒေါ။ န + ဥပဝါဒ။
အနူပဃာတော = န ဥပဃာတော အနူပဃာတော။ န + ဥပဃာတ။
ပါတိမောက္ခေ = ပါတိံ မောက္ခေတိ ပါတိမောက္ခ။ ပါတိ + မောက္ခ + အ။
မတ္တညုတာ = မတ္တံ ဇာနာတိ မတ္တညူ။ မတ္တ + ဉာ + ရူ။ မတ္တညုနော ဘာဝေ မတ္တညုတာ။ မတ္တညူ + တာ။
ပန္တံ = ပ အမတီတိ ပန္တံ။ ပ + အမ် + အ။
သယနာသနံ = သယနဉ္စ အာသနဉ္စ သယနာသနံ။ သယန + အာသန။

အာနန္ဒတ္ထေရပဉှဝတ္ထု ပြီး၏။
---

၁၄-ဗုဒ္ဓဝဂ်။ ၅-အနဘိရတဘိက္ခုဝတ္ထု

၁၈၆။ န ကဟာပဏဝဿေန၊ တိတ္တိ ကာမေသု ဝိဇ္ဇတိ။
အပ္ပဿာဒါ ဒုခါ ကာမာ၊ ဣတိ ဝိညာယ ပဏ္ဍိတော။
၁၈၇။ အပိ ဒိဗ္ဗေသု ကာမေသု၊ ရတိံ သော နာဓိဂစ္ဆတိ။
တဏှက္ခယရတော ဟောတိ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဖခင်သေခါနီးအခါက ပေးထားခဲ့သော ငွေတရာဖြင့် လူထွက်ရန် ကြံစည်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ လူထွက်လိုသော ရဟန်းသည် သောတာပန်ဖြစ်သည်။

အနက်

ကဟာပဏဝဿေန၊ ရတနာမိုးရွာသွန်းပေးသဖြင့်။ ကာမေသု၊ ကာမတို့၌။ တိတ္တိ၊ ရောင့်ရဲခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။ ကာမာ၊ ကာမတို့သည်။ အပ္ပဿာဒါ၊ အိပ်မက်သဖွယ် သာယာဖွယ်နည်းကုန်၏။ ဒုခါ၊ ဆင်းရဲများကုန်၏။ ဣတိ၊ ဤသို့။ ဝိညာယ၊ သိ၍။ သမ္မာသမ္ဗုဒ္ဓသာဝကော၊ မြတ်စွာဘုရား၏ တပည့်ဖြစ်သော။ သော ပဏ္ဍိတော၊ ထိုပညာရှိသည်။ ဒိဗ္ဗေသု ကာမေသု အပိ၊ နတ်၌ဖြစ်သော ကာမတို့၌သော်လည်း။ ရတိံ၊ မွေ့လျော်ခြင်းကို။ နာဓိဂစ္ဆတိ၊ မရပေ။ တဏှက္ခယရတော၊ တဏှာကုန်ရာ နိဗ္ဗာန်၌ မွေ့လျော်သည်။ ဟောတိ၊ ဖြစ်၏။

စကားပြေ

ရတနာမိုးရွာသွန်းပေးသော်လည်း ကာမတို့၌ ရောင့်ရဲမှု မရှိ၊ ကာမတို့သည် သာယာဖွယ်နည်း၍ ဆင်းရဲများကုန်၏ဟု သိသော ဘုရားရှင်၏ တပည့်သားသည် နတ်၌ဖြစ်သော ကာမတို့၌သော်လည်း မွေ့လျော်မှု မဖြစ်ပဲ တဏှာကုန်ရာ နိဗ္ဗာန်၌ မွေ့လျော်၏။

ကဟာပဏဝဿေန— မန္ဓာတုမင်းသည် လက်ပမ်းပေါက်ခတ်၍ ရတနာ ၇-ပါး မိုးကို ရွာစေ၏။ ထိုမန္ဓာတုမင်း၏ ရတနာ ၇-ပါး မိုးကို ဆိုပါသည်။
တိတ္တိ ကာမေသု— ကာမ၊ ဝတ္ထုကာမ၊ ကိလေသာကာမ မှ၏။
အပ္ပဿာဒါ— အိပ်မက်နှင့် တူသောကြောင့် နည်းသော ချမ်းသာ ရှိ၏။
တဏှက္ခယရတော— တဏှက္ခယ- အရဟတ္တဖိုလ်နှင့် နိဗ္ဗာန် ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ကဟာပဏဝဿေန = ကဟာပဏံ ဝဿံ ကဟာပဏဝဿံ။ ကဟာပဏ + ဝဿံ။
တိတ္တိ = တပ္ပနံ တိတ္တိ။ တပ္ပ + တိ။
အပ္ပဿာဒါ = အပ္ပေါ သာဒေါ အပ္ပဿာဒေါ။ အပ္ပ + သာဒ။
တဏှက္ခယရတော = တဏှာနံ ခယော တဏှက္ခယော။ တဏှာ + ခယ။ တဏှက္ခယေ ရတော တဏှက္ခယရတော။ တဏှက္ခယ + ရတ။

အနဘိရတဘိက္ခုဝတ္ထု ပြီး၏။
---

၁၄-ဗုဒ္ဓဝဂ္ဂ။ ၆. အဂ္ဂိဒတ္တဗြဟ္မဏဝတ္ထု
၁၈၈။ ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတါနိ ဝနာနိ စ
အာရါမရုက္ခစေတိယာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
၁၈၉။ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ၊
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
၁၉၀။ ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော၊
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။
၁၉၁။ ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ၊
အရိယံ စဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။
၁၉၂။ ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ၊
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိပြည့်ရှင် မဟာကောသလမင်းနှင့် ပသေနဒိကောသလမင်း၏ ပုရောဟိတ်ဖြစ်သော အဂ္ဂိဒတ္တပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ အဂ္ဂိဒတ္တရသေ့နှင့်အတူ တပည့်တသောင်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

ဘယတဇ္ဇိတာ၊ ဘေးမှ ကြောက်ရွံ့ထိတ်လန့်ကုန်သော။ ဗဟုံ၊ များစွာကုန်သော။ မနုဿာ၊ လူတို့သည်။ ဝေ၊ စင်စစ်။ ပဗ္ဗတါနိ စ၊ တောင်တို့ကိုလည်းကောင်း။ ဝနာနိ စ၊ တောတို့ကိုလည်းကောင်း။ အာရါမရုက္ခစေတိယာနိ၊ ဥယျာဉ်အရါမ်နှင့် နတ်ကွန်းသစ်ပင်စသည်တို့ကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ခြင်းသို့။ ယန္တိ၊ ရောက်ကုန်၏။

ဧတံ၊ ဤတောင်စသည်ကို။ သရဏံ၊ ကိုးကွယ်ခြင်းသည်။ န ခေမံ၊ ဘေးမကင်းနိုင်။ ဧတံ၊ ဤတောင်စသည်ကို။ သရဏံ၊ ကိုးကွယ်ခြင်းသည်။ န ဥတ္တမံ၊ မမြတ်။ ဧတံ၊ ဤတောတောင်စသည်ကို။ သရဏံ၊ ကိုးကွယ်ခြင်းသို့။ အာဂမ္မ၊ ရောက်ခြင်းကြောင့်။ သဗ္ဗဒုက္ခာ၊ ဆင်းရဲခပ်သိမ်းမှ။ န ပမုစ္စတိ၊ မလွတ်နိုင်။

ယော၊ အကြင်သူသည်။ ဗုဒ္ဓဉ္စ၊ ဘုရားကိုလည်းကောင်း။ ဓမ္မဉ္စ၊ တရားကိုလည်းကောင်း။ သံဃဉ္စ၊ သံဃာကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ခြင်းသို့။ ဂတော၊ ရောက်၏။ သော၊ ထိုရတနာသုံးပါးကို ကိုးကွယ်သူသည်။ ဒုက္ခံ၊ ဆင်းရဲအမှန်ကိုလည်းကောင်း။ ဒုက္ခသမုပ္ပါဒံ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ကိုလည်းကောင်း။ ဒုက္ခဿ စ အတိက္ကမံ၊ ဆင်းရဲလွန်မြောက်ရာ အမှန်ကိုလည်းကောင်း။ ဒုက္ခူပသမဂါမိနံ၊ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း အမှန်ဖြစ်သော။ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ၊ မြတ်သောအင်္ဂါရှစ်ပါးရှိသော မဂ္ဂသစ္စာကိုလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ အရိယသစ္စာနိ၊ လေးပါးသော အရိယသစ္စာတို့ကို။ သမ္မပ္ပညာယ၊ ကောင်းသော မဂ်ပညာဖြင့်။ ပဿတိ၊ မြင်နိုင်၏။

ဧတံ၊ ဤရတနာသုံးပါးကို။ သရဏံ၊ ကိုးကွယ်ခြင်းသည်။ ခေမံ၊ ဘေးမရှိ။ ဧတံ၊ ဤရတနာသုံးပါးကို။ သရဏံ၊ ကိုးကွယ်ခြင်းသည်။ ဥတ္တမံ၊ မြတ်၏။ ဧတံ၊ ဤရတနာသုံးပါးကို။ သရဏံ၊ ကိုးကွယ်ခြင်းသို့။ အာဂမ္မ၊ ရောက်ခြင်းကြောင့်။ သဗ္ဗဒုက္ခာ၊ ဆင်းရဲခပ်သိမ်းမှ။ ပမုစ္စတိ၊ လွှတ်မြောက်၏။

စကားပြေ

ဘေးမှ ကြောက်ရွံ့ထိတ်လန့်သော လူအများသည်၊ တောတောင် ဥယျာဉ် နတ်ကွန်း သစ်ပင်တို့ကို ကိုးကွယ်၏။ ဤတောတောင်စသည်တို့ကို ကိုးကွယ်ခြင်းသည် ဘေးလည်း မကင်း၊ မြတ်လည်း မမြတ်၊ တောတောင်စသည်ကို ကိုးကွယ်ခြင်းကြောင့် ဆင်းရဲခပ်သိမ်းမှ မလွတ်မြောက်နိုင်။
ဘုရား တရား သံဃာဟူသော ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော သူသည် အရိယသစ္စာလေးပါးကို မဂ်ဉာဏ်ဖြင့် မြင်နိုင်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းသည် ဘေးလည်း ကင်း၏၊ မြတ်လည်း မြတ်၏။ ဆင်းရဲခပ်သိမ်းမှလည်း လွတ်မြောက်၏။

သဗ္ဗဒုက္ခ—ဇာတိဒုက္ခစသည် ၎င်း၏။
စတ္တာရိ— စသည်ဖြင့် အစလ သရဏဖြစ်ပုံကို ပြဆိုသည်။

အဂ္ဂိဒတ္တပုဏ္ဏား

အဂ္ဂိဒတ္တသည် သာဝတ္ထိပြည် မဟာကောသလမင်း၏ ပုရောဟိတ်ပုဏ္ဏားဖြစ်သည်။ မဟာကောသလမင်း၏ သားတော် ပသေနဒိကောသလမင်းလက်ထက် ပုရောဟိတ်ရာထူးကို ဆက်လက်ရရှိသည်။ အသက်အရွယ်ကြီးရင့်သဖြင့် ရာထူးမှနုတ်ထွက်၍ သာသနာ့ပရသေ့ပြုလုပ်ကာ နောက်လိုက်တပည့်တသောင်း ခြံရံလျက် အင်္ဂတိုင်း မဂဓတိုင်းနှင့် ကုရုတိုင်းအကြား၌ နေထိုင်သည်။
တပည့်တို့အား ကာမဝိတက်စသည် ဖြစ်ပေါ်တိုင်း မြစ်မှ သဲတဆုပ်တဆုပ်ကို သတ်မှတ်ထားသောနေရာတွင် ထားစေသည်။ အချိန်ကာလကြာမြင့်သော် သဲပုံကြီးမှာ ကြီးကျယ်လာသဖြင့် အဟိဆတ္တမည်သော နဂါးမင်းသည် ယင်းသဲပုံကြီးကို ခံယူသည်။ အင်္ဂတိုင်းစသည်မှ လတိုင်းလတိုင်း အဂ္ဂိဒတ္တရသေ့အား လှူဒါန်းရန် ရောက်လာသော ပုဂ္ဂိုလ်တို့အား တောင်ကိုလည်းကောင်း၊ တောကိုလည်းကောင်း၊ အရါမ်ကိုလည်းကောင်း၊ သစ်ပင်ကိုလည်းကောင်း ကိုးကွယ်သောသူသည် ဆင်းရဲအားလုံးမှ လွတ်မြောက်နိုင်သည်ဟု ရသေ့ကြီးက ဩဝါဒပေးသည်။ အရှင်မဟာမောဂ္ဂလ္လာနနှင့် ဘုရားရှင်တို့ အဂ္ဂိဒတ္တနေရာသို့ ကြွရောက်တော်မူပြီး အဟိဆတ္တနဂါးကို ယဉ်ကျေးစေသည်။
ဒေသနာတော်အဆုံး၌ အဂ္ဂိဒတ္တနှင့် တပည့်တသောင်းတို့ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၅၆၊ ၁၆၀၊)

ပါဠိသဒ္ဒါခက်ဆစ်

အာရာမရုက္ခစေတျာနိ = အာရmမော စ ရုက္ခော စ စေတျဉ္စ အာရာမရုက္ခစေတျာနိ။ အာရာမ + ရုက္ခ + စေတျ။
ဘယတဇ္ဇိတာ = ဘယေန တဇ္ဇိတော ဘယတဇ္ဇိတော။ ဘယ + တဇ္ဇိတ။
ဒုက္ခသမုပ္ပါဒံ = ဒုက္ခဿ သမုပ္ပါဒေါ ဒုက္ခသမုပ္ပါဒေါ။ ဒုက္ခ + သမုပ္ပါဒ။
ဒုက္ခူပသမဂါမိနံ = ဒုက္ခဿ ဥပသမော ဒုက္ခူပသမော။ ဒုက္ခူပသမံ ဂစ္ဆတိ ဧတေနာတိ ဒုက္ခူပသမဂါမီ။ ဒုက္ခူပသမ + ဂမု + ဏီ။

အဂ္ဂိဒတ္တဗြဟ္မဏဝတ္ထု ပြီး၏။
---

၁၄-ဗုဒ္ဓဝဂ္ဂ။ ၇. အာနန္ဒတ္ထေရပဉ္စဝတ္ထု
၁၉၃။ ဒုလ္လဘော ပုရိသာဇညော၊ န သော သဗ္ဗတ္ထ ဇာယတိ၊
ယတ္ထ သော ဇာယတိ ဓီရော၊ တံ ကုလံ သုခမေဓတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အာဇာနည်ဖြစ်သော ဆင် မြင်း၊ နွား လားတို့၏ အကြောင်းကို ဘုရားထံမှ ကြားနာရသော်လည်း ယောက်ျားအာဇာနည်အကြောင်းကို မကြားနာရသေးသောကြောင့် အရှင်အာနန္ဒာမထေရ်၏ မေးလျှောက်ခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်
ပုရိသာဇညော၊ ယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည်။ ဒုလ္လဘော၊ ဖြစ်ထွန်းပေါ်ပေါက်ရန် ခဲယဉ်း၏။ သော၊ ထိုယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည်။ သဗ္ဗတ္ထ၊ ခပ်သိမ်းသောအရပ်၊ ခပ်သိမ်းသောအမျိုး၌။ န ဇာယတိ၊ မဖြစ်ထွန်း။ သော ဓီရော၊ ထိုယောက်ျားအာဇာနည် ပညာရှိသည်။ ယတ္ထ၊ အကြင်အရပ် အကြင်အမျိုး၌။ ဇာယတိ၊ ဖြစ်၏။ တံ ကုလံ၊ ထိုအမျိုးသည်။ သုခံ၊ ချမ်းသာခြင်းသို့။ ဧဓတိ၊ ရောက်၏။

စကားပြေ
ဖြစ်ထွန်းပေါ်ပေါက်ရန် ခဲယဉ်းသော ယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည် ပစ္စန္တရဋ္ဌအရပ် ယုတ်နိမ့်သော အမျိုးမှာ မဖြစ်။ ယောက်ျားအာဇာနည် ပညာရှိပေါ်ပေါက်ရာ မဇ္ဈိမဒေသအရပ်တွင် မင်းပုဏ္ဏားမျိုးတို့သည် ချမ်းသာခြင်းသို့ ရောက်ကြသည်။

ပုရိသာဇညော— သမ္မာသမ္ဗုဒ္ဓ ရ၏။
ဒုလ္လဘော— ယောက်ျားအာဇာနည်သည် ရခဲ၏။ ဆင်အာဇာနည်စသည်တို့ကဲ့သို့ ရှာလွယ်သည်မဟုတ်။ ယောက်ျားအာဇာနည်သည် ပစ္စန္တရစ်အရပ်၌လည်းကောင်း၊ ယုတ်နိမ့်သောအမျိုး၌လည်းကောင်း မဖြစ်။ မဇ္ဈိမအရပ် လူအများ ရှိခိုးပူဇော်ခြင်းငှာ ထိုက်သော မင်းမျိုး ပုဏ္ဏားမျိုးတို့တွင် တမျိုးမျိုး၌ ဖြစ်သည်။

အာဇာနည်များ ဖြစ်ရာအမျိုးနှင့် အရပ်ဒေသ

ဆင်အာဇာနည်သည် ဆဒ္ဒန္တဆင်မျိုးနှင့် ဥပေါသထဆင်မျိုး၌ ဖြစ်ပေါ်သည်။ မြင်းအာဇာနည်သည် သိန္ဓောမြင်းမျိုးနှင့် ဝလာဟကမြင်းမျိုး၌ ဖြစ်ပေါ်သည်။ နွားအာဇာနည်သည် ဂင်္ဂါမြစ်၏ တောင်ဘက်ဖြစ်သော ဒက္ခိဏာပထအရပ်၌ ဖြစ်ပေါ်သည်။ လူအာဇာနည်သည် မဇ္ဈိမဒေသအရပ်ဝယ် မင်းမျိုး ပုဏ္ဏားမျိုး သူဌေးမျိုး၌ ဖြစ်ပေါ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၁။)

ပါဠိသဒ္ဒါခက်ဆစ်

ပုရိသာဇညော = ပုရိသော အာဇညော ပုရိသာဇညော။ ပုရိသ + အာဇည။ အာဇည = အာ + ဉာ + နာ + ဏျ။

အာနန္ဒတ္ထေရပဉ္စဝတ္ထု ပြီး၏။
---

၁၄-ဗုဒ္ဓဝဂ္ဂ။ ၈. သမ္ဗဟုလဘိက္ခုဝတ္ထု
၁၉၄။ သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ၊
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လောကမှာ ချမ်းသာဟူသည် အဘယ်နည်းဟု ပြောဆိုဆွေးနွေးကြသော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရဟန်းငါးရာတို့ ရဟန္တာဖြစ်ကြသည်။

အနက်
ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဥပ္ပါဒေါ၊ ပွင့်ထွန်းပေါ်ပေါက်ခြင်းသည်။ သုခေါ၊ ချမ်းသာ၏။ သဒ္ဓမ္မဒေသနာ၊ သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည်။ သုခါ၊ ချမ်းသာ၏။ သံဃဿ၊ သံဃာ၏။ သာမဂ္ဂီ၊ ညီညွတ်ခြင်းသည်။ သုခါ၊ ချမ်းသာ၏။ သမဂ္ဂါနံ၊ စိတ်ဓာတ်ညီညွတ်သူတို့၏။ တပေါ၊ အကျင့်သည်။ သုခေါ၊ ချမ်းသာခြင်း၏ အကြောင်းတည်း။

စကားပြေ
ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်ခြင်း၊ သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်း၊ သံဃာများ ညီညွတ်ခြင်းတို့သည် ချမ်းသာခြင်း အစစ်တည်း။ စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာကြောင်း အစစ်အမှန်တည်း။

သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ– ဘုရားရှင်များ ဖြစ်ပေါ်လာသည်ရှိသော် လူအပေါင်းတို့ကို ရာဂအစရှိသော ခရီးခဲမှ လွတ်မြောက်စေသောကြောင့် ဘုရားရှင်တို့၏ ဖြစ်ပေါ်ခြင်းကို ချမ်းသာသည်ဟု ဆိုပါသည်။
သုခါ သဒ္ဓမ္မဒေသနာ– တရားဟောခြင်းကို အကြောင်းပြု၍ ဇာတိစသော သဘောရှိသော သတ္တဝါတို့သည် ဇာတိစသည်မှ လွတ်မြောက်ကုန်သောကြောင့် တရားဟောခြင်းကို ချမ်းသာသည်ဟု ဆိုပါသည်။
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ– စိတ်သဘောတူ၍ ညီညွတ်သော ပုဂ္ဂိုလ်တို့အား ဘုရား၏ စကားတော်တို့ကို သင်ခြင်းငှာလည်းကောင်း၊ ဓုတင်တို့ကို ဆောင်ခြင်းငှာလည်းကောင်း၊ ရဟန်းတရားကို ပွားများခြင်းငှာလည်းကောင်း စွမ်းနိုင်သောကြောင့် သံဃာညီညွတ်မှုနှင့် ညီညွတ်သူတို့၏ အကျင့်ကို ချမ်းသာသည်ဟု ဆိုပါသည်။
ချမ်းသာစစ်– မင်းစည်းစိမ် ကာမဂုဏ်စည်းစိမ် သလဲသား ပြွမ်းထမင်း အရသာတို့သည် ဝဋ်ဆင်းရဲနှင့် ရောပြွမ်းနေမှုကြောင့် ချမ်းသာသည် မမည်။ ဘုရားပွင့်ပေါ်ခြင်း တရားနာရခြင်း သံဃာအချင်းချင်း ညီညွတ်ခြင်း ဝမ်းမြောက်စရာ တရားကျင့်ရခြင်းတို့သည် ချမ်းသာအစစ်ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၂)

ပါဠိသဒ္ဒါခက်ဆစ်

သဒ္ဓမ္မဒေသနာ = သဒ္ဓမ္မဿ ဒေသနာ သဒ္ဓမ္မဒေသနာ။ သဒ္ဓမ္မ + ဒေသနာ။
သာမဂ္ဂီ– သမံ သမကာလမေဝ ဂဏှာတီတိ သမဂ္ဂေါ။ သမ္မ + ဂဟ + ကွိ။ သမဂ္ဂါနံ ဘာဝေါ သာမဂ္ဂီ။ သမဂ္ဂ + ဏ + ဤ။

သမ္ဗဟုလဘိက္ခုဝတ္ထု ပြီး၏။
---

၁၄-ဗုဒ္ဓဝဂ္ဂ။ ၉. ကဿပဒသဗလဿ သုဝဏ္ဏစေတိယဝတ္ထု
၁၉၅။ ပူဇာရဟော ပူဇယတော၊ ဗုဒ္ဓေ ယဒိဝ သာဝကေ၊
ပပဉ္စသမတိက္ကန္တေ၊ တိဏ္ဏသောကပရိဒ္ဒဝေ။
၁၉၆။ တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ၊
န သက္ကာ ပုညံ သင်္ခါတုံ၊ ဣမေတ္တမပိ ကေနစိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်နှင့် ဗာရာဏသီပြည် လမ်းအကြား တောဒေယျရွာအနီးတွင် သီတင်းသုံးနေတော်မူစဉ် ကဿပဘုရားရှင်၏ ရွှေစေတီတော်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ စေတီအနီးဝယ် လယ်ထွန်နေသော ရှေးဟောင်းစေတီနေရာ နတ်ကွန်းကို ရှိခိုးသော ပုဏ္ဏားသည် သောတာပန်ဖြစ်၍ ရှစ်သောင်းလေးထောင်သော သတ္တဝါများ တရားထူးရကြသည်။

အနက်

ပပဉ္စသမတိက္ကန္တေ၊ တဏှာ၊ မာန၊ ဒိဋ္ဌိဟူသော သံသရာနယ်ချဲ့တရားတို့ကို လွန်မြောက်ကုန်သော။ ပူဇာရဟော၊ ပူဇော်ထိုက်ကုန်သော။ ဗုဒ္ဓေ၊ ဘုရားရှင်တို့ကိုလည်းကောင်း။ ယဒိဝ၊ ထိုမှတပါး ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း။ သာဝကေ၊ ဘုရားတပည့်သားတို့ကိုလည်းကောင်း။ ပူဇယတော၊ ပူဇော်သောသူ၏လည်းကောင်း။ တာဒိသေ တိဏ္ဏသောကပရိဒ္ဒဝေ၊ ထိုပပဉ္စနှင့် သောကပရိဒေဝတို့ကို လွန်မြောက်သောသဘောရှိကုန်သော။ နိဗ္ဗုတေ၊ ကိလေသာငြိမ်းအေးကုန်ပြီးသော။ အကုတောဘယေ၊ တစုံတခုသော ဘဝ အာရုံဘေးမရှိကုန်သော။ တေ၊ ထိုဘုရားစသည်တို့ကို။ ပူဇယတော၊ ပူဇော်သောသူ၏လည်းကောင်း။ ဣမံ၊ ဤကောင်းမှုသည်။ ဧတ္တံ ဧတ္တကံ၊ ဤမျှရှိ၏ဟု။ ကေနစိ၊ တစုံတယောက်သော ဗြဟ္မာစသည်သည်။ ပုညံ၊ ကောင်းမှုကို။ သင်္ခါတုံ၊ ရေတွက်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။

စကားပြေ

သံသရာနယ်ချဲ့တရားနှင့် သောကပရိဒေဝတို့ကို လွန်မြောက်ပြီးလျှင် ကိလေသာငြိမ်းအေး၍ တစုံတခုသော ဘဝ အာရုံ ဘေးမရှိပဲ ပူဇော်ထိုက်သော ဘုရား ပစ္စေကဗုဒ္ဓါနှင့် သာဝကတို့ကို ပူဇော်သောသူ၏ ကောင်းမှုကို ရေတွက်ခြင်းသည် ဤမျှရှိ၏ဟု ကောင်းမှုကို ရေတွက်ခြင်းငှာ ဗြဟ္မာတို့သည်ပင် မတတ်နိုင်။

ပူဇာရဟော– ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝက ရ၏။
ပူဇယတော– အဘိဝါဒနစသည်ဖြင့်လည်းကောင်း၊ ပစ္စည်းလေးပါးဖြင့်လည်းကောင်း ပူဇော်ခြင်း။
ပပဉ္စတရားသုံးပါး– တဏှာ ဒိဋ္ဌိ မာန။
နိဗ္ဗုတေ– ရာဂစသည် ငြိမ်းအေးခြင်း။
အကုတောဘယေ– ဘုံအားဖြင့်လည်းကောင်း၊ အာရုံအားဖြင့်လည်းကောင်း တစုံတခုသော ဘေးရန်မရှိခြင်း။
ကေနစိ အပိ– ၌ အပ်ဖြင့် တီရဏ၊ ဓာရဏ၊ ပူရဏ ဟူသော မာန (ချိန်) သုံးမျိုးတွင် ဤဝတ္ထုသည် ဤမျှရှိ၏ဟု မှန်းဆသိရခြင်းသည် တီရဏ၊ ချိန်ခွင်ဖြင့် ချိန်ခြင်းသည် ဓာရဏ၊ လက်တခုပ် ပြည်တောင်းစသည်ဖြင့် ပြည့်စေမှုသည် ပူရဏ။

စိတ်ထားတူလျှင် အကျိုးပေးတူသည်– သက်တော်ထင်ရှားရှိသော ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးသော ဘုရားရှင်အပေါ်၌ စိတ်ထားတူလျှင် အကျိုးပေး အတူတူပင်ဖြစ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

ပူဇာရဟော = ပူဇာယ အရတီတိ ပူဇာရဟော။ ပူဇာ + အရဟ် + အ။
ပပဉ္စသမတိက္ကန္တေ = သမတိက္ကမတီတိ သမတိက္ကန္တော။ သံ + အတိ + ကမု + တ။ ပပ‌ဉ္စေ သမတိက္ကန္တော ပပဉ္စသမတိက္ကန္တော။ ပပဉ္စ + သမတိက္ကန္တ။
တိဏ္ဏသောကပရိဒ္ဒဝေ = သောကော စ ပရိဒ္ဒဝေါ စ သောကပရိဒ္ဒဝါ။ တိဏ္ဏာ သောကပရိဒ္ဒဝါ ယေသန္တိ တိဏ္ဏသောကပရိဒ္ဒဝါ။ တိဏ္ဏ + သောကပရိဒ္ဒဝ + ယ။
အကုတောဘယေ = နတ္ထိ ကုတောစိ ဘယံ ဧတေသန္တိ အကုတောဘယာ။ နတ္ထိ ကုတောစိ + ဘယ + ဧတ။
ယဒိဝ သာဝကေ = ယဒိဝ + သာဝကေ။

ကဿပဒသဗလဿ သုဝဏ္ဏစေတိယဝတ္ထု ပြီး၏။
ဗုဒ္ဓဝဂ် ပြီး၏။
---
## ၁၅-သုခဝဂ်

၁-ဉာတိကလဟဝူပသမနဝတ္ထု

၁၉၇။ သုသုခံ ဝတ ဇီဝါမ၊ ဝေရိနေသု အဝေရိနော၊
ဝေရိနေသု မနုဿေသု၊ ဝိဟရာမ အဝေရိနော။
၁၉၈။ သုသုခံ ဝတ ဇီဝါမ၊ အာတုရေသု အနာတုရာ၊
အာတုရေသု မနုဿေသု၊ ဝိဟရာမ အနာတုရာ။
၁၉၉။ သုသုခံ ဝတ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ၊
ဥဿုကေသု မနုဿေသု၊ ဝိဟရာမ အနုဿုကာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သက္ကတိုင်း၌ သီတင်းသုံးနေတော်မူစဉ် ရေအတွက် ခိုက်ရန်ဖြစ်ကြသော သာကီဝင်မင်းမျိုးတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဝေရိနေသု၊ ရန်ပြုတတ်သူတို့တွင်။ အဝေရှိနော၊ ရန်မပြုကုန်ပဲ။ ဝတ၊ စင်စစ်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ မယံ၊ ငါတို့သည်။ ဇီဝါမ၊ အသက်မွေးနိုင်ကုန်၏။ ဝေရှိနေသု မနုဿေသု၊ ရန်ပြုတတ်သောလူတို့တွင်။ အဝေရိနော၊ ရန်မပြုကုန်ပဲ။ မယံ၊ ငါတို့သည်။ ဝိဟရာမ၊ နေကုန်၏။
အာတုရေသု၊ ကိလေသာ အနှိပ်စက်ခံရသောသူတို့တွင်။ အနာတုရာ၊ ကိလေသာ အနှိပ်စက် မခံရကုန်ပဲ။ ဝတ၊ စင်စစ်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ မယံ၊ ငါတို့သည်။ ဇီဝါမ၊ အသက်မွေးနိုင်ကုန်၏။ အာတုရေသု မနုဿေသု၊ ကိလေသာ အနှိပ်စက်ခံရသော လူတို့တွင်။ အနာတုရာ၊ ကိလေသာ အနှိပ်စက် မခံရကုန်ပဲ။ မယံ၊ ငါတို့သည်။ ဝိဟရာမ၊ နေကုန်၏။
ဥဿုကေသု၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်သော သူတို့တွင်။ အနုဿုကာ၊ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကုန်ပဲ။ ဝတ၊ စင်စစ်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ မယံ၊ ငါတို့သည်။ ဇီဝါမ၊ အသက်မွေးနိုင်ကုန်၏။ ဥဿုကေသု မနုဿေသု၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်သော လူတို့တွင်။ အနုဿုကာ၊ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကုန်ပဲ။ မယံ၊ ငါတို့သည်။ ဝိဟရာမ၊ နေကုန်၏။

စကားပြေ

ရန်ပြုတတ်သောသူတို့အလယ်၌ ရန်မပြုကြကုန်ပဲ ငါတို့သည် အလွန်ချမ်းသာစွာ အသက်မွေးနေနိုင်ကုန်၏။ ကိလေသာ အနှိပ်စက်ခံရသော သူတို့၏အလယ်၌ ကိလေသာ အနှိပ်စက်မခံရကုန်ပဲ ငါတို့သည် အလွန်ချမ်းသာစွာ အသက်မွေးနေနိုင်ကုန်၏။ ကာမဂုဏ်ကို ကြောင့်ကြစိုက်သောသူတို့၏ အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကုန်ပဲ ငါတို့သည် အလွန်ချမ်းသာစွာ အသက်မွေးနေနိုင်ကုန်၏။

ဝေရီ— အရ ရေ မီး မင်း ခိုးသူ မချစ်မနှစ်သက်သောသူ ရ၏။
အာတုရ— အရ ကိလေသာ ရ၏။
ဥဿုက— အရ ကာမဂုဏ်ကို ရှာမှီးခြင်း လုံ့လ ရ၏။

လူသဘာဝ

ရေ ဟူသော အကြောင်းကြောင့် လယ်သမားမှစ၍ ဘုရင်တိုင်အောင် ကောလိယနှင့် သာကီဝင်တို့ စကားဖြင့် စစ်တိုက်ကြသည်။ ကောလိယတို့သည် သာကီဝင်တို့ကို ခွေး စသော တိရစ္ဆာန်တို့ကဲ့သို့ မိမိတို့၏ နှမများနှင့် ပေါင်းဖက်ကြသည်။ ဤတိရစ္ဆာန်တို့ဖြင့် ငါတို့၏ ဆင် မြင်း လက်နက်တို့သည် အဘယ်မှာ အကျိုးဖြစ်မည်နည်း ဟူ၍လည်းကောင်း၊ သာကီဝင်တို့ကလည်း ကောလိယတို့အား အနူ၏သားသမီးတို့ကိုခေါ်၍ ကြုံးဝါးခိုင်းသဖြင့် အဘယ် အကျိုးရှိမည်နည်း။ ယင်းအနူ၏ သားသမီးတို့သည် နေစရာမရှိသော တိရစ္ဆာန်တို့ကဲ့သို့ ဆီးပင်၌ နေကြရကုန်၏၊ ဤတိရစ္ဆာန်တို့ဖြင့် ငါတို့၏ ဆင် မြင်း လက်နက်တို့သည် အဘယ်အကျိုး ဖြစ်မည်နည်းဟု ငယ်ကျိုးငယ်နာတို့ကို ဖော်ပြပြောဆို၍ စကားစစ်ထိုးကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၅။)

ပါဠိသဒ္ဒါခက်ဆစ်

ဝေရိနေသု = ဝိရူ‌ပေန အရတိ ဂစ္ဆတိ ဝေရံ။ (ဝိ + အရ် + အ)။ ‌ဝေရံ ဣ‌တော ဝေရီ‌တော (နော)၊ ဝေရ + ဣ‌တ (န)။
အဝေရိနော = ဝေရံ အဿ အတ္ထီတိ ဝေရီ။ (ဝေရ + ဤ)၊ န ဝေရီ အဝေရီ (န + ဝေရီ)။
အာတုရေသု = အတတိ သတဟံ ဂစ္ဆတီတိ အာတုရော (ကိလေသာ) (အတ် + ဥရ)၊ အာ + တုရ + အ။ အာတုရော အဿ အတ္ထီတိ အာ‌တုရော။ (အာတုရ + ဏ)
အနာတုရာ = န အာတုရော အနာတုရော။ န + အာတုရ။
ဥဿုကေသု = ဥဋ္ဌာနံ သုဋ္ဌု ကာယတီတိ ဥဿုကော။ ဥ + သု + ကာ + အ။
အနုဿုကာ = န ဥဿုကော အနုဿုကော။ န + ဥဿုက။

ဉာတိကလဟဝူပသမနဝတ္ထု ပြီး၏။
---

## ၁၅-သုခဝဂ်

၂-မာရဝတ္ထု

၂၀၀။ သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ၊
ပီတိဘက္ခာ ဘဝိဿာမ၊ ဒေဝါ အာဘဿရာ ယထာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ပဉ္စသာလာမည်သော ပုဏ္ဏားရွာအနီး၌ သီတင်းသုံးနေတော်မူစဉ် ဆွမ်းခံကြွတော်မူသော ဘုရားရှင်အား ဆွမ်းတဇွန်းမျှမရအောင် တရွာလုံးအား နှောင့်ယှက်သော မာရ်နတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ထိုရွာသူအမျိုးသမီး ငါးရာတို့ သောတာပန် ဖြစ်ကြသည်။

အနက်

ယေသံ နော၊ အကြင် ငါတို့အား။ ကိဉ္စနံ၊ ရာဂစသော စိုးရိမ်ကြောင့်ကြဖွယ်သည်။ နတ္ထိ၊ မရှိ။ ဝတ၊ စင်စစ်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ မယံ၊ ငါတို့သည်။ ဇီဝါမ၊ အသက်မွေးနိုင်ကုန်၏။ အာဘဿရာ ဒေဝါ ယထာ၊ အာဘဿရာဗြဟ္မာတို့ ကဲ့သို့။ မယံ၊ ငါတို့သည်။ ပီတိဘက္ခာ၊ ပီတိတည်းဟူသော အစာရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်နေကုန်အံ့။

စကားပြေ

ငါတို့အား ရာဂစသော စိုးရိမ်ကြောင့်ကြဖွယ်ရာ တစုံတခုမျှမရှိပဲ အာဘဿရာ ဗြဟ္မာတို့ကဲ့သို့ ပီတိလျှင်အစာရှိကုန်သည်ဖြစ်၍ အလွန်ချမ်းသာစွာ အသက်မွေးနိုင်ကုန်၏။

ကိဉ္စနံ— နှောင့်ယှက် ဖျက်ဆီးတတ်သောကြောင့် ရာဂစသည်ကို ကိဉ္စနံ ခေါ်သည်။
ပီတိဘက္ခာ— ဟူသည် တစုံတခုကိုမျှ မစားမသောက်ပဲ အာဘဿရာ ဗြဟ္မာတို့ကဲ့သို့ နှစ်သက် ဝမ်းမြောက်မှု ပီတိတည်းဟူသော အစာကိုသာ အားထား၍ နေသည်ကိုဆိုသည်။

မာရ်နတ်— ပဉ္စသာလာမည်သော ပုဏ္ဏားရွာအတွင်း ဆွမ်းခံ ဝင်တော်မူသော ဘုရားရှင်ကို ရွာသူရွာသားများအား ဆွမ်းမလောင်းနိုင်အောင် မာရ်နတ်က နှောင့်ယှက်သည့်ပြင် ဆွမ်းရပါသလား ဆွမ်းမရလျှင် ဆာလောင်မှု ဆင်းရဲကို ခံစားရမှာပါဟု ပြက်ရယ်ပြုကာ မေးမြန်းလေသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၇။)

ပါဠိသဒ္ဒါခက်ဆစ်

ပီတိဘက္ခာ = ပီတိ ဘက္ခာ ဧတဿာတိ ပီတိဘက္ခော။ ပီတိ + ဘက္ခာ + ဧတ။
အာဘဿရာ = ဣတော စိတ္တော စ အာဘာ သရတိ နိဿရတိ ဧတေသန္တိ အာဘဿရာ။ အာဘာ + သရ် + အ။

မာရဝတ္ထု ပြီး၏။
---

## ၁၅-သုခဝဂ်

၃-ကောသလရညော ပရာဇယဝတ္ထု

၂၀၁။ ဇယံ ဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော။
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တူတော် အဇာတသတ်နှင့် စစ်တိုက်ရာ သုံးကြိမ်တိုင်တိုင် စစ်ရှုံး၍ ရှက်သောကြောင့် အစာမစားပဲ အိပ်စက်နေသော ကောသလမင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်ဖြစ်ကြသည်။

အနက်

ဇယံ ဇယန္တော၊ အနိုင်ရသောသူသည်။ ဝေရံ၊ ရန်ကို။ ပသဝတိ၊ ပွားစေ၏။ ပရာဇိတော၊ ရှုံးသောသူသည်။ ဒုက္ခံ၊ ဆင်းရဲစွာ။ သေတိ၊ နေရ၏။ ဥပသန္တော၊ ကိလေသာငြိမ်းပြီးသောသူသည်။ ဇယပရာဇယံ၊ အနိုင်အရှုံးကို။ ဟိတွာ၊ စွန့်၍။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

စကားပြေ

အနိုင်ရသူသည် ရန်ကိုရပြန်၏။ ရှုံးသူသည် ဆင်းရဲစွာ နေရ၏။ ကိလေသာ ငြိမ်းပြီးသော ရဟန္တာသည် အနိုင်အရှုံးကိုစွန့်၍ ချမ်းသာစွာနေရ၏။

ဇယံ ဝေရံ ပသဝတိ— သူတပါးကိုအောင်သောသူသည် ရှုံးသူက ရန်မူနိုင်သောကြောင့် ရန်ကိုတဖန် ရသည်မည်၏။
ဒုက္ခံ သေတိ ပရာဇိတော— သူတပါးက မိမိအား နိုင်လျှင် ဘယ်အခါ ရန်သူ၏ကျောကို မြင်ခြင်းငှာ စွမ်းနိုင်ပါအံ့နည်းဟု အလုံးစုံသော ဣရိယာပုထ်တို့တွင် (ဝါ) အချိန်ရှိတိုင်း ဆင်းရဲစွာသာလျှင် နေရ၏။
ဥပသန္တော— အရ ကိုယ်တွင်း၌ ရာဂစသော ကိလေသာ ငြိမ်းပြီးသော ရဟန္တာပုဂ္ဂိုလ် ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ပရာဇိတော = ပရာဇယိ ဣတ္ထာတိ ပရာဇိတော။ ပရာ + ဇိ + တ။
ဇယပရာဇယံ = ဇယော စ ပရာဇယော စ ဇယပရာဇယံ။ ဇယ + ပရာဇယ။

ကောသလရညော ပရာဇယဝတ္ထု ပြီး၏။
---

## ၁၅-သုခဝဂ်

၄-အညတရကုလဒါရိကာဝတ္ထု

၂၀၂။ နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ကလိ။
နတ္ထိ ခန္ဓသမာ ဒုက္ခာ၊ နတ္ထိ သန္တိပရံ သုခံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မင်္ဂလာဆွမ်းကို ဘုရားရှင်နှင့် မဟာထေရ်ကြီးတို့အား ကပ်စဉ် သတို့သမီးကိုကြည့်၍ ရာဂမီး တောက်လောင်နေသော သတို့သားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သတို့သားနှင့် သတို့သမီးတို့ သောတာပန်ဖြစ်ကြသည်။

အနက်

ရာဂသမော၊ ရာဂနှင့်တူသော။ အဂ္ဂိ၊ မီးသည်။ နတ္ထိ၊ မရှိ။ ဒေါသသမော၊ ဒေါသနှင့်တူသော။ ကလိ၊ အပြစ်သည်။ နတ္ထိ၊ မရှိ။ ခန္ဓသမာ၊ ခန္ဓာနှင့်တူသော။ ဒုက္ခာ၊ ဆင်းရဲသည်။ နတ္ထိ၊ မရှိ။ သန္တိပရံ၊ နိဗ္ဗာန်ထက် လွန်မြတ်သော။ သုခံ၊ ချမ်းသာသည်။ နတ္ထိ၊ မရှိ။

စကားပြေ

ရာဂနှင့်တူသောမီး မရှိ၊ ဒေါသနှင့်တူသော အပြစ် မရှိ၊ ခန္ဓာနှင့်တူသော ဆင်းရဲမရှိ၊ နိဗ္ဗာန်ထက် လွန်မြတ်သော ချမ်းသာမရှိ။

နတ္ထိ ရာဂသမော အဂ္ဂိ— ရာဂသည် အခိုးအလျှံမီးကျီးကို မပြပဲ အတွင်း၌သာလျှင် လောင်ကျွမ်းစေ၍ ပြာပြုခြင်းငှာ စွမ်းနိုင်သောကြောင့် ရာဂနှင့်တူသောမီး မရှိဟု ဆိုပါသည်။
နတ္ထိ ဒေါသသမော ကလိ— ဘယ်လိုအပြစ်ပင် ဖြစ်စေ ဒေါသနှင့် ကင်း၍ မဖြစ်နိုင်သောကြောင့် ဒေါသနှင့်တူသောအပြစ် မရှိပါဟု ဆိုပါသည်။
နတ္ထိ ခန္ဓသမာ ဒုက္ခာ— ခန္ဓာကိုစောင့်ရှောက်ရသောဒုက္ခထက် ကြီးကျယ်သော တပါးသောဒုက္ခ မရှိသောကြောင့် ခန္ဓာနှင့်တူသောဒုက္ခမရှိဟု ဆိုပါသည်။
နတ္ထိ သန္တိပရံ သုခံ— နိဗ္ဗာန်မှတပါးသော ချမ်းသာသည် သုခသာမည်၏။ နိဗ္ဗာန်သည် ပရမသုခမည်၏။

ပါဠိသဒ္ဒါခက်ဆစ်

ရာဂသမော = ရာဂေန သမော ရာဂသမော။ ရာဂ + သမ။
ဒေါသသမော = ဒေါသေန သမော ဒေါသသမော။ ဒေါသ + သမ။
ကလိ = ကလယတိ ပရိမိယတီတိ ကလိ။ ကလ် + ဣ။
ခန္ဓသမာ = ခန္ဓေန သမော ခန္ဓသမော။ ခန္ဓ + သမ။
သန္တိပရံ = သမေတီတိ သန္တိ။ သမု + တိ။ သန္တိယာ ပရံ သန္တိပရံ။ သန္တိ + ပရ။

အညတရကုလဒါရိကာဝတ္ထု ပြီး၏။
---

## ၁၅-သုခဝဂ်

၅-ဧကဥပါသကဝတ္ထု

၂၀၃။ ဇိဃစ္ဆာ ပရမာ ရောဂါ၊ သင်္ခါရာ ပရမာ ဒုခါ။
ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်မှ ယူဇနာသုံးဆယ်ကွာဝေးသော အာဠဝီပြည်၌ သီတင်းသုံးနေတော်မူစဉ် ဆင်းရဲသားဥပါသကာတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဆွမ်းအနုမောဒနာအဆုံး၌ ဆင်းရဲသားဥပါသကာသည် သောတာပန်ဖြစ်၍ ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဇိဃစ္ဆာ၊ ဆာလောင်မွတ်သိပ်ခြင်းသည်။ ပရမာ ရောဂါ၊ အလွန်ကဲဆုံး ရောဂါမည်၏။ သင်္ခါရာ၊ ခန္ဓာငါးပါး သင်္ခါရတရားတို့သည်။ ပရမာ ဒုခါ၊ အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ ပရမံ သုခံ၊ အလွန်ကဲဆုံး ချမ်းသာမည်၏။ ပဏ္ဍိတော၊ ပညာရှိသည်။ ဧတံ၊ ဤအကြောင်းကို။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ ဉတွာ၊ သိ၍။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သစ္ဆိကရောတိ၊ မျက်မှောက်ပြု၏။

စကားပြေ

ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး ရောဂါမည်၏။ ခန္ဓာငါးပါး သင်္ခါရတရားတို့သည် အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာမည်၏။ ပညာရှိသည် ဤအကြောင်းကိုသိ၍ နိဗ္ဗာန်ကို မျက်မှောက်ပြု၏။

ဇိဃစ္ဆာ ပရမာ ရောဂါ— တပါးသော ကျောက်ရောဂါ၊ ပလိပ်ရောဂါစသော ရောဂါသည် တကြိမ်ဆေးကုရုံဖြင့် ပျောက်သော်လည်းပျောက်ရာ၏။ တခဏမျှ ငြိမ်းသော်လည်း ငြိမ်းရာ၏။ ဆာလောင်ခြင်းရောဂါသည်ကား အမြဲမပြတ် ဆေးကုစားနေရသောကြောင့် ရောဂါအားလုံးတွင် အကြီးဆုံး ရောဂါမည်ပါသည်။
သင်္ခါရပရမာ— ၌ သင်္ခါရ- အရ ခန္ဓာငါးပါး ရ၏။
တရားဟောရန်အချိန်— ဆာလောင်နေသူအား တရားဟောလျှင် တရားသဘောသိရန် မလွယ်ကူသဖြင့် ဘုရားရှင်သည် အစာကျွေးပြီးမှ တရားဟောသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၇၀။)

ပါဠိသဒ္ဒါခက်ဆစ်

ယထာဘူတံ = ဘူတဿ ယောဂ္ဂံ ယထာဘူတံ။ ယထာ + ဘူတ။

ဧကဥပါသကဝတ္ထု ပြီး၏။
---

## ၁၅-သုခဝဂ်

၆-ပသေနဒိကောသလဝတ္ထု

၂၀၄။ အာရောဂျံ ပရမာ လာဘာ၊ သန္တုဋ္ဌိ ပရမံ ဓနံ။
ဝိဿာသာ ပရမာ ဉာတိ၊ နိဗ္ဗာနံ ပရမံ သုခံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆန်တစိတ်ကုန်အောင်စား၍ လေးလံထိုင်းမှိုင်းကာ ဆင်းရဲရောက်နေသော ပသေနဒိကောသလမင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အာရောဂျံ၊ အနာရောဂါကင်းခြင်းသည်။ ပရမာ လာဘာ၊ အလွန်ကဲဆုံး လာဘ်မည်၏။ သန္တုဋ္ဌိ၊ ရောင့်ရဲမှု တင်းတိမ်မှုသည်။ ပရမံ ဓနံ၊ အလွန်ကဲဆုံး ဥစ္စာမည်၏။ ဝိဿာသာ၊ အကျွမ်းဝင်သူသည်။ ပရမာ ဉာတိ၊ အလွန်ကဲဆုံး ဆွေမျိုးမည်၏။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ ပရမံ သုခံ၊ အလွန်ကဲဆုံး ချမ်းသာမည်၏။

အာရောဂျံ ပရမာ လာဘာ— ရောဂါရှိသူသည် မိမိ၌ရှိသောပစ္စည်း လာဘ်လာဘတို့ကို မသုံးဆောင်နိုင်သောကြောင့် ၎င်းလာဘ်တို့သည် လာဘ်မမည်။ အနာရောဂါမရှိသူအား အလုံးစုံသောလာဘ်တို့သည် လာဘ်မည်ကုန်သည်ဖြစ်၍ အနာကင်းခြင်းကို လွန်ကဲသောလာဘ်ဟု ဆိုပါသည်။
သန္တုဋ္ဌိ ပရမံ ဓနံ— လူဖြစ်စေ ရဟန်းဖြစ်စေ မိမိရသမျှရောင့်ရဲခြင်း မိမိရှိသောပစ္စည်းဖြင့် ရောင့်ရဲခြင်းကို သန္တုဋ္ဌိဟု ခေါ်ပါသည်။
ဝိဿာသာ ပရမာ ဉာတိ— မိဘပင်ဖြစ်သော်လည်း အကျွမ်းဝင်ခြင်း မရှိပါက ဉာတိမမည်။ ဆွေမျိုးပင်မဟုတ်သော်လည်း အကျွမ်းဝင်ခြင်းရှိပါက လွန်ကဲထူးမြတ်သော ဉာတိမည်၏။

ပသေနဒိကောသလမင်း၏ ချမ်းသာ

၁။ ဆန်တစိတ်နှင့် ဟင်းလျာများကို နေ့စဉ်စားသော မင်းသည် ဘုရားရှင်ပေးသော နည်းဖြင့် အစားလျှော့သဖြင့် တကွမ်းစားမျှသော ဆန်နှင့်ပင် ဟင်းလျာကို စားသောအခါ ပေါ့ပါးသော ကိုယ်ရှိလာသည်၊ သမင် မြင်းကိုပင် လိုက်၍ ဖမ်းနိုင်သော အားအစွမ်းရှိလာသည်။ ဤကား ပထမ ချမ်းသာမှု ဖြစ်သည်။
၂။ သမီးတော် ဝဇီရမင်းသမီးကို တူတော် အဇာတသတ်နှင့် လက်ထပ်ပေးသဖြင့် တူတော်နှင့် စစ်မတိုက်ရတော့သဖြင့် ရန်ငြိမ်းခြင်းသည် ဒုတိယ ချမ်းသာမှု ဖြစ်သည်။
၃။ ပျောက်သွားသော နန်းစဉ်ပတ္တမြားကို ပြန်တွေ့ခြင်းသည် တတိယ ချမ်းသာမှု ဖြစ်သည်။
၄။ ဘုရားရှင်၏ သာဝကတို့နှင့် ရင်းနှီးလို၍ သာကီဝင်မင်းသမီးကို မိဖုရားမြှောက်ခြင်းသည် စတုတ္ထ ချမ်းသာမှု ဖြစ်သည်။

မှတ်ချက်— အဇာတသတ်နှင့် ဝဇီရကုမာရီသည် မောင်နှမ တဝမ်းကွဲ ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၇၂။)

ပါဠိသဒ္ဒါခက်ဆစ်

အာရောဂျံ ပရမာ = အာရောဂျ + ပရမာ။
အာရောဂျံ = အရောဂဿ ဘာဝေါ အာရောဂျံ။ အရောဂ + ဏျ။
သန္တုဋ္ဌိ ပရမံ = သန္တုဋ္ဌိ + ပရမံ။
ဝိဿာသာ ပရမာ = ဝိဿာသော + ပရမာ။
ဝိဿာသာ = ဝိဿတီတိ ဝိဿာ‌သော။ ဝိ + သသ် + ဏ။
နိဗ္ဗာနံ ပရမံ = နိဗ္ဗာနံ + ပရမံ။

ပသေနဒိကောသလဝတ္ထု ပြီး၏။
---
## ၁၅-သုခဝဂ်

၇-တိဿတ္ထေရဝတ္ထု

၂၀၅။ ပဝိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိရသံ ပိဝံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဝေသာလီပြည်၌ သီတင်းသုံးနေတော်မူစဉ် တရားဖြင့် ပူဇော်သော တိဿထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တိဿထေရ် ရဟန္တာဖြစ်သည်။

အနက်

ပဝိဝေကရသံ၊ တယောက်တည်းနေခြင်းကြောင့် ဖြစ်ပေါ်လာသော တရားအရသာကို လည်းကောင်း။ ဥပသမဿ၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏။ ရသံ စ၊ အရသာကို လည်းကောင်း။ ပိတွာ၊ သောက်ရသောကြောင့်။ နိဒ္ဒရော၊ ကိုယ်တွင်း၌ ရာဂစသော ပူပန်မှုကင်း၏။ နိပ္ပါပေါ၊ မကောင်းမှုလည်းကင်း၏။ ဓမ္မပီတိရသံ၊ လောကုတ္တရာတရားကိုးပါး၏ အစွမ်းဖြင့် ဖြစ်သော နှစ်သိမ့်မှု ပီတိအရသာကို။ ပိဝံ၊ သောက်ရသောသူသည်။ နိဒ္ဒရော၊ ကိုယ်တွင်း၌ ရာဂစသော ပူပန်မှုကင်း၏။ နိပ္ပါပေါ၊ မကောင်းမှုလည်းကင်း၏။

စကားပြေ

တယောက်တည်းနေခြင်းကြောင့် ဖြစ်ပေါ်လာသော တရားအရသာနှင့် ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်အရသာတို့ကို သောက်ရသူသည် လည်းကောင်း၊ လောကုတ္တရာတရားကိုးပါး၏ အစွမ်းကြောင့် ဖြစ်ပေါ်လာသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် လည်းကောင်း၊ ပူပန်မှုကင်း၏၊ မကောင်းမှုလည်း ကင်း၏။

ပိတွာ— ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းစသည်တို့ကို ပြု၍ အာရုံပြုသော အားဖြင့် မျက်မှောက်ပြုခြင်းကို သောက်သည်ဟု ဆိုပါသည်။
ဥပသမ— ကိလေသာငြိမ်းခြင်းကြောင့် နိဗ္ဗာန်ကို ဥပသမခေါ်ပါသည်။
နိဒ္ဒရော-နိပ္ပါပေါ— ပဝိဝေကရသ ဥပသမရသ နှစ်ပါးကို သောက်သုံးခြင်းဖြင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် ကိုယ်တွင်း၌ ရာဂစသော ပူပန်မှုမရှိခြင်းကြောင့် နိဒ္ဒရ, နိပ္ပါပ ဖြစ်သည်။
လောကုတ္တရာတရားကိုးပါး၏ အစွမ်းဖြင့် ဖြစ်သော ပီတိဟူသော အရသာကို သောက်သော သူသည်လည်း နိဒ္ဒရ, နိပ္ပါပ ဖြစ်သည်။
ဓမ္မပီတိရသံဓမ္မ— အရ၊ လောကုတ္တရာတရားကိုးပါးရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ပဝိဝေကရသံ = ပဝိဝေကတော (ဥပ္ပန္နံ) ရသံ ပဝိဝေကရသံ။ ပဝိဝေက + ရသ။ ပဝိဝေကော = ပ + ဝိစ် + ဏ။
နိဒ္ဒရော = နတ္ထိ ဒရော ယဿာတိ နိဒ္ဒရော။ နိ + ဒရ + ယ။
နိပ္ပါပေါ = နတ္ထိ ပါပေါ ယဿာတိ နိပ္ပါပေါ။ နိ + ပါပ + ယ။
ဓမ္မပီတိရသံ = ပီယတေ ပီတိ။ ပီ + တိ။ ပီတိယာ ရသော ပီတိရသော။ ပီတိ + ရသ။ ဓမ္မေန (ဥပ္ပန္နော) ပီတိရသော ဓမ္မပီတိရသော။ ဓမ္မ + ပီတိရသ။

တိဿတ္ထေရဝတ္ထု ပြီး၏။
---

## ၁၅-သုခဝဂ်

၈-သက္ကဝတ္ထု

၂၀၆။ သာဓု ဒဿနမရိယာနံ၊ သန္နိဝါသော သဒါ သုခော။
အဒဿနေန ဗာလာနံ၊ နိစ္စမျဝ သုခီ သိယာ။
၂၀၇။ ဗာလသင်္ဂတစာရီ ဟိ၊ ဒီဃမဒ္ဓါန သောစတိ။
ဒုက္ခော ဗာလေဟိ သံဝါသော၊ အမိတ္တေနေဝ သဗ္ဗဒါ။
ဓီရော စ သုခသံဝါသော၊ ဉာတိနံဝ သမာဂမော။
တသ္မာ ဟိ
၂၀၈။ ဓီရဉ္စ ပညဉ္စ ဗဟုဿုတဉ္စ၊ ဓောရယှသီလံ ဝတဝန္တမရိယံ။
တံ တာဒိသံ သပ္ပုရိသံ သုမေဓံ၊ ဘဇေထ နက္ခတ္တပထံဝ စန္ဒိမာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဝေဠုဝရွာ၌ သီတင်းသုံးနေတော်မူစဉ် မကျန်းမာတော်မူသော ဘုရားရှင်၏ ဝမ်းသွေးတို့ကို မိမိကိုယ်တိုင် သုတ်သင်သော သိကြားမင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အရိယာနံ၊ သူတော်ကောင်းတို့ကို။ ဒဿနံ၊ ဖူးမြင် တွေ့မြင်ရခြင်းသည်။ သာဟု-သာဓု၊ ကောင်း၏။ သန္နိဝါသော၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်းသည်။ သဒါ၊ အခါခပ်သိမ်း။ သုခော၊ ချမ်းသာ၏။ ဗာလာနံ၊ သူမိုက်တို့ကို။ အဒဿနေန၊ မတွေ့မြင်ရခြင်းဖြင့်။ နိစ္စမေဝ၊ အမြဲပင်။ သုခံ၊ ချမ်းသာသည်။ သိယာ၊ ဖြစ်ရာ၏။
ဗာလသင်္ဂတစာရီ၊ သူမိုက်တို့နှင့် ပေါင်းဖော်၍ လှည့်လည်သောသူသည်။ ဒီဃမဒ္ဓါနံ၊ ကာလရှည်မြင့်စွာ။ သောစတိ၊ စိုးရိမ်ရ၏။ ဗာလေဟိ၊ သူမိုက်တို့နှင့်။ သံဝါသော၊ အတူနေရခြင်းသည်။ အမိတ္တေန၊ ရန်သူနှင့်။ သံဝါသော ဣဝ၊ အတူနေသကဲ့သို့။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဒုက္ခော၊ ဆင်းရဲရ၏။ ဉာတီနံ၊ ဆွေမျိုးတို့နှင့်။ သမာဂမော၊ အတူတကွ နေထိုင်ရခြင်းသည်။ သုခော၊ ချမ်းသာ၏။ ဓီရော-ဓီရေန၊ ပညာရှိနှင့်။ သုခသံဝါသော၊ ချမ်းသာစွာ အတူနေရခြင်းသည်။ သုခော ဣဝ၊ ချမ်းသာသကဲ့သို့တည်း။
တသ္မာ ဟိ၊ ထို့ကြောင့်သာလျှင်။ ဓီရဉ္စ၊ တည်ကြည်သော။ ပညဉ္စ၊ ပညာရှိသော။ ဗဟုဿုတဉ္စ၊ အကြားအမြင်လည်းများသော။ ဓောရယှသီလံ၊ အရဟတ္တဖိုလ်ကို ဉာဏ်ရောက်ရန် ဝန်ကိုဆောင်လေ့ရှိသော။ အရိယံ၊ မြတ်သော။ ဝတဝန္တံ၊ သီလနှင့် ဓူတင်အကျင့်လည်းရှိသော။ တာဒိသံ၊ ထိုသို့သဘောရှိသော။ သုမေဓံ၊ ပညာရှိသော။ သပ္ပုရိသံ၊ သူတော်ကောင်းကို။ စန္ဒိမာ၊ လမင်းသည်။ နက္ခတ္တပထံ၊ နက္ခတ်တို့သွားရာလမ်းခရီးကို။ ဘဇတိ ဣဝ၊ ချဉ်းကပ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဘဇေထ၊ မှီဝဲဆည်းကပ်ရာ၏။

စကားပြေ

သူတော်ကောင်းကို ဖူးမြော်တွေ့မြင်ရခြင်းသည်လည်းကောင်း၊ သူတော်ကောင်းတို့နှင့် တနေရာတည်း အတူနေရခြင်းသည်လည်းကောင်း၊ သူတော်ကောင်းတို့၏ ဝတ်ကြီး ဝတ်ငယ် ပြုခွင့်ရခြင်းသည်လည်းကောင်း၊ ကောင်း၏၊ ချမ်းသာ၏။ သူမိုက်တို့ကို မတွေ့မြင်ရခြင်းသည် အမြဲပင် ချမ်းသာ၏။
သူမိုက်တို့နှင့် ပေါင်းရခြင်းသည် ကြာရှည်စွာ စိုးရိမ်ရ၏။ သူမိုက်တို့နှင့် ပေါင်းရခြင်းသည် ရန်သူနှင့် အခါခပ်သိမ်း ပေါင်းရသကဲ့သို့ ဆင်းရဲရ၏။ ပညာရှိနှင့် အတူတကွ နေထိုင်ရခြင်းသည် ဆွေမျိုးတို့နှင့် နေရသကဲ့သို့ ချမ်းသာ၏။
ထို့ကြောင့် သမာဓိ၊ ပညာ၊ ဗဟုဿုတ၊ အရဟတ္တဖိုလ်ဉာဏ်ရောက်ရန် ဝန်ဆောင်လေ့ရှိသော သီလ၊ ဓူတင်အကျင့်ရှိသော ပညာရှိ သူတော်ကောင်းကို လမင်းသည် ကောင်းကင်ခရီးသို့ ချဉ်းကပ်သကဲ့သို့ မှီဝဲဆည်းကပ်ရာ၏။

သန္နိဝါသော— အရိယာပုဂ္ဂိုလ်တို့နှင့် တနေရာတည်း၌ အတူနေခြင်းသာမက၊ အရိယာပုဂ္ဂိုလ်တို့၏ ဝတ်ကြီး ဝတ်ငယ်ကို ပြုခွင့်ရခြင်းကိုလည်း သန္နိဝါသော ဟု ဆိုပါသည်။
ဒီဃမဒ္ဓါနံ သောစတိ— ခြံစည်းရိုးစသည်ကို ဖျက်ရန် ပြောသော သူမိုက်နှင့် အလိုတူပြုမိလျှင် လက်ဖြတ်ခံရခြင်းစသော ဒဏ်သို့ရောက်၍ ကာလကြာမြင့်စွာ စိုးရိမ်နေရ၏။
အမိတ္တေနေဝ သဗ္ဗဒါအမိတ္တ— အရ၊ သံလျက်စွဲသော ရန်သူနှင့် အတူနေရခြင်းသည်လည်းကောင်း၊ အဆိပ်ရှိသော သတ္တဝါနှင့် အတူနေရခြင်းသည်လည်းကောင်း၊ အမြဲဆင်းရဲနေရသကဲ့သို့၊ သူမိုက်နှင့် ပေါင်းဖော်နေရခြင်းသည် အမြဲဆင်းရဲနေရ၏။
ဓီရံ— အရ၊ သမာဓိရှိသူရ၏။
ပညာ— အရ၊ လောကီပညာ၊ လောကုတ္တရာပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရ၏။
ဗဟုဿုတံ— အရ၊ အာဂမ၊ အဓိဂမနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရ၏။
ဓောရယှသီလ— အရ၊ ရဟန္တာအဖြစ်သို့ ရောက်စေနိုင်သော ဝန်ကိုဆောင်သော အလေ့ရှိသော ပုဂ္ဂိုလ်ရ၏။
ဝတဝန္တံ— အရ၊ သီလအကျင့်၊ ဓူတင်အကျင့်ရှိသော ပုဂ္ဂိုလ်ရ၏။
အရိယံ— အရ၊ ကိလေသာမှ ဝေးကွာသော ပုဂ္ဂိုလ်ရ၏။
သတ္တ— နတ်များသည် လူတို့၏ အနံ့အသက်ကို ယူဇနာတရာမှစ၍ လည်တွင် ချည်နှောင်ထားသော ခွေးကောင်ပုပ်အနံ့ကဲ့သို့ ထင်မှတ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

သာဓု = သာဓေတိ နိပ္ဖာဒေတီတိ သာဓု။ သာဓ် + ဥ။
ဗာလသင်္ဂတစာရီ = သင်္ဂရံ စရတိ သီလေနာတိ သင်္ဂတစာရီ။ သင်္ဂတ + စရ် + ဏီ။ ဗာလေန သင်္ဂတစာရီ ဗာလသင်္ဂတစာရီ။ ဗာလ + သင်္ဂတစာရီ။
အဒ္ဓါ = အတတိ သတတံ ဂစ္ဆတိ ပဝတ္တတီတိ အဒ္ဓါ။ အတ် + တ။ သတ္တာနံ ဇီဝိတံ အသတိ ခေပေတီတိ အဒ္ဓါ။ အသ် + တ။ (အာကာရန္တ ပုလ္လိင်)
ဗဟုဿုတံ = ဗဟူဟိ သုတာနိ ယဿာတိ ဗဟုဿုတော။ ဗဟု + သုတ + ယ။
ဓောရယှသီလံ = ဓောရ‌ယှံ သီလံ ယဿာတိ ဓောရယှသီလော။ ဓောရယှ + သီလ + ယ။
ဓောရယှံ = ဓူရယှံ ဝဟတီတိ ဓောရယှံ။ ဓုရ + ယှင်္ဏ။ (ဏွာဒိ)
နက္ခတ္တပထံ = နက္ခတ္တာနံ ပထော နက္ခတ္တပထော။ နက္ခတ္တ + ပထ။

သက္ကဝတ္ထု ပြီး၏။
သုခဝဂ် ပြီး၏။
---

## ၁၆-ပိယဝဂ်

၁-တယောဇနပဗ္ဗဇိတဝတ္ထု

၂၀၉။ အယောဂေ ယုဉ္ဇမတ္တာနံ၊ ယောဂသ္မိဉ္စ အယောဇယံ။
အတ္ထံ ဟိတွာ ပိယဂ္ဂါဟီ၊ ပိဟေတ တ္တာနုယောဂိနံ။
၂၁၀။ မာ ပိယေဟိ သမာဂဉ္ဆိ၊ အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။
၂၁၁။ တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။
ဂန္ထာ တေသံ န ဝိဇ္ဇန္တိ၊ ယေသံ နတ္ထီ ပိယာပ္ပိယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သံယောဇဉ်အားကြီးလျက် ရဟန်းပြုကြသော သားအမိ သားအဖ သုံးယောက်တို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အတ္တာနံ၊ မိမိကိုယ်ကို။ အယောဂေ၊ မသင့်သော အားဖြင့် နှလုံးသွင်းခြင်း၌ (ဝါ) ဝေသီဂေါစရစသော ဌာနခြောက်ပါး၌။ ယုဉ္ဇံ-ယုဉ္ဇန္တော၊ လုံ့လပြုလျက်။ ယောဂသ္မိံ၊ သင့်သော အားဖြင့် နှလုံးသွင်းခြင်း၌။ အယောဇယံ-အယောဇယန္တော၊ လုံ့လမပြုပဲ။ အတ္ထံ၊ သိက္ခာသုံးပါးတည်းဟူသော အကျိုးကို။ ဟိတွာ၊ စွန့်လွှတ်၍။ ပိယဂ္ဂါဟီ၊ ငါးပါးအာရုံ ကာမဂုဏ်ဟူသော ချစ်ဖွယ်ကို စွဲလမ်းသော သူသည်။ အတ္တာနုယောဂိနံ၊ ကိုယ်တိုင် သီလစသည်တို့ကို အားထုတ်သူတို့၏ အကျိုးကို။ ပိယေတိ၊ လိုလားတောင့်တ၏။
ပိယေဟိ စ၊ ချစ်သော သူတို့နှင့်လည်း။ မာ သမာဂဉ္ဆိ၊ မပေါင်းနှင့်။ အပ္ပိယေဟိ စ၊ မုန်းသော သူတို့နှင့်လည်း။ ကုဒါစနံ၊ တရံတခါမျှ။ မာ သမာဂဉ္ဆိ၊ မပေါင်းနှင့်။ ပိယာနံ၊ ချစ်သော သူတို့ကို။ အဒဿနံ၊ မမြင်ရခြင်းသည်လည်း။ ဒုက္ခံ၊ ဆင်းရဲ၏။ အပ္ပိယာနံ၊ မုန်းသော သူတို့ကို။ ဒဿနံ စ၊ မြင်ရခြင်းသည်လည်း။ ဒုက္ခံ၊ ဆင်းရဲ၏။
တသ္မာ၊ ထို့ကြောင့်။ ပိယံ၊ ချစ်ခြင်း စွဲလမ်းခြင်းကို။ န ကယိရာထ၊ မပြုရာ။ ပိယာပါယော၊ ချစ်သော သူစသည်တို့နှင့် ကွေကွင်းရခြင်းသည်။ ‌ကောဟိ-ပါပကော ဟိ၊ မကောင်းသည်သာလျှင်တည်း။ ယေသံ၊ အပြင်သူတို့အား။ ပိယာပ္ပိယံ၊ ချစ်ခြင်း မုန်းခြင်းသည်။ နတ္ထိ၊ မရှိ။ တေသံ၊ ထိုသို့ချစ်ခြင်း မုန်းခြင်းမရှိသူတို့အား။ ဂန္ထာ၊ အနှောင်အဖွဲ့တို့သည်။ န ဝိဇ္ဇန္တိ၊ မရှိကုန်။

စကားပြေ

မိမိကိုယ်ကို မသင့်သော အားဖြင့် နှလုံးသွင်းမှု၌ ယှဉ်၍ သင့်သော နှလုံးသွင်းမှု၌ မယှဉ်ပဲ အကျိုးစီးပွားကို စွန့်လွှတ်သော သူသည် ကိုယ်တိုင် အားထုတ်သူ၏ အကျိုးကို လိုလား တောင့်တတတ်၏။
ချစ်သော သူနှင့်လည်းကောင်း၊ မုန်းသော သူနှင့်လည်းကောင်း မပေါင်းနှင့်။ ချစ်သူကို မမြင်ရလျှင် ဆင်းရဲရှ၏၊ မုန်းသူကို မြင်နေရလျှင် ဆင်းရဲရ၏။
ထို့ကြောင့် ချစ်ခြင်းကို မပြုနှင့်။ ချစ်သော သူနှင့် ကွေကွင်းရခြင်းသည် မကောင်း။ ချစ်ခြင်း မုန်းခြင်း မရှိသူတို့အား အနှောင်အဖွဲ့တို့ မရှိကုန်။

အယောဂေ— အားထုတ်သင့်သော အယောနိသောမနသိကာရ၊ ပြည့်တန်ဆာမ အိမ်၌ ကျက်စားခြင်းစသော ခြောက်ပါးသော မကျက်စားသင့်ရာကို မှီဝဲခြင်းကို ခေါ်ပါသည်။
ယောဂသ္မိံ— အားထုတ်သင့်သော ယောနိသောမနသိကာရ၊ ပြည့်တန်ဆာမ အိမ်၌ ကျက်စားခြင်းစသော ကျက်စားသော ခြောက်ပါး မကျက်စားသင့်ရာကို မမှီဝဲခြင်းကို ခေါ်ပါသည်။
အတ္ထံ ဟိတွာအတ္ထ— အရ၊ ရဟန်းပြုရာအခါမှစ၍ အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာ ဟူသော သိက္ခာသုံးပါးရ၏။
ပိယဂ္ဂါဟီပိယ— ဟူသည် ငါးပါးသော ကာမဂုဏ်ကို ဆိုသည်။
ပိယေတ္တာနုယောဂိနံ— အယောနိသောမနသိကာရကို လုံ့လပြု၍ ယောနိသောမနသိကာရကို လုံ့လမပြုပဲ သိက္ခာသုံးပါးကို စွန့်ပြီးလျှင် ကာမဂုဏ်ငါးပါးကို ယူလေ့ရှိသော ပုဂ္ဂိုလ်သည် သာသနာတော်၌ မပျော်ပိုက်ပဲ လူထွက်ပြီးသောနောက် အခါတွင် ယောနိသောမနသိကာရကို လုံ့လပြုပြီး သီလစသည်ကို ပြည့်စုံစေ၍ နတ်လူတို့၏ အထံမှ ပူဇော်ခြင်းကို အလိုရှိသည်ကို ဆိုလိုသည်။
ဂန္ထာ တေသံ န ဝိဇ္ဇန္တိ— ပိယပုဂ္ဂိုလ် မရှိသူအား အဘိဇ္ဈာကာယဂန္ထ၊ အပ္ပိယပုဂ္ဂိုလ် မရှိသူအား ဗျာပါဒကာယဂန္ထ ပျောက်ကင်းသည်။ ယင်းဂန္ထနှစ်ပါး ပျောက်ကင်းသော် ကြွင်းဂန္ထနှစ်ပါးလည်း ပျောက်ကင်းသည်။

ပါဠိသဒ္ဒါခက်ဆစ်

အတ္တံ = ကာရဏေန အရီယတိ ပဝတ္တိယတီတိ အတ္တော။ အရ် + တ။
ပိယဂ္ဂါဟီ = ပိယံ ဂဏှာတိ သီလေနာတိ ပိယဂ္ဂါဟီ။ ပိယ + ဂဟ် + ဏီ။
ပိယေတ္တာနုယောဂိနံ = ပိယေတိ + အတ္တာနုယောဂိနံ။
အတ္တာနုယောဂီ = အတ္တာနံ အနုယုဉ္ဇတိ သီလေနာတိ အတ္တာနုယောဂီ။ အတ္တ + မနု + ယုဇ + ဏီ။
ပိယာပါယော = ပိယေဟိ အပါယော ပိယာပါယော။ ပိယ + အပါယ။ အပါယော = အပ + ဣ + ဏ။
ပိယာပ္ပိယံ = ပိယဉ္စ အပ္ပိယဉ္စ ဝိယ ပိယာပ္ပိယံ။ ပိယ + အပ္ပိယ။
ဂန္ထာ = ဂန္ထတီတိ ဂန္ထော။ ဂန္ထ + အ။

တယောဇနပဗ္ဗဇိတဝတ္ထု ပြီး၏။
---

## ၁၆-ပိယဝဂ်

၂-အညတရကုတ္တုမ္ဗိကဝတ္ထု

၂၁၂။ ပိယတော ဇာယတိ သောကော၊ ပိယတော ဇာယတိ ဘယံ။
ပိယတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားသေဆုံး၍ အလုပ်အကိုင်ကို မလုပ်ကိုင်ပဲ သုသာန်သို့သွား၍ ငိုနေသော သူကြွယ်တဦးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့နှင့် သူကြွယ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ပိယတော၊ ချစ်ခင်မှုကြောင့်။ သောကော၊ စိုးရိမ်မှုသည်။ ဇာယတိ၊ ဖြစ်၏။ ပိယတော၊ ချစ်ခင်မှုကြောင့်။ ဘယံ၊ ကြောက်ရွံ့မှုသည်။ ဇာယတိ၊ ဖြစ်၏။ ပိယတော၊ ချစ်ခင်မှုမှ။ ဝိပ္ပမုတ္တဿ၊ ကင်းလွှတ်သောသူအား။ သောကော၊ စိုးရိမ်မှုသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ်မှာ။ ဘယံ၊ ကြောက်ရွံ့မှုသည်။ အတ္ထိ၊ ရှိမည်နည်း။ နတ္ထိ၊ မရှိသည်သာတည်း။

စကားပြေ

ချစ်ခင်မှုကြောင့် စိုးရိမ်မှု ကြောက်ရွံ့မှုသည် ဖြစ်၏။ ချစ်ခင်မှုမှ ကင်းလွတ်သူအား စိုးရိမ်မှု ကြောက်ရွံ့မှု မရှိနိုင်တော့သည်သာတည်း။

ပိယ— အရ၊ သတ္တ သင်္ခါရတို့၌ ချစ်ခင်မှု လောဘရ၏။
သောကငြိမ်းကြောင်းတရား— သေခြင်းတရားသည် တနေရာတည်း၌သာ တယောက်တည်း၌သာ ဖြစ်သည် မဟုတ်။ ဘဝဖြစ်နေသမျှ သတ္တဝါတိုင်း သေမည်သာဖြစ်သည်။ တစုံတခုသော သင်္ခါရတရားမျှ မြဲသည်မရှိ။ သေခြင်းသဘောရှိသော တရားသည် သေပြီး ကွဲခြင်းသဘောရှိသော တရားသည် ကွဲမည်သာဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၀။)

ပါဠိသဒ္ဒါခက်ဆစ်

ပိယတော = ပိယာယိတဗ္ဗံ ပိယံ။ ပီ + ဏျ (ရသာဒိ)။

အညတရကုတ္တုမ္ဗိကဝတ္ထု ပြီး၏။
---

## ၁၆-ပိယဝဂ်

၃-ဝိသာခါဝတ္ထု

၂၁၃။ ပေမတော ဇာယတိ သောကော၊ ပေမတော ဇာယတိ ဘယံ။
ပေမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိသဘောကျအတိုင်း သံဃာတော်များအား ပြုစုနေသော မြေးမ သုဒတ္တ သေ၍ ဆင်းရဲခြင်းသို့ ရောက်နေသော ဝိသာခါ ကျောင်းအမကြီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ပေမတော၊ မြတ်နိုးမှုကြောင့်။ သောကော၊ စိုးရိမ်မှုသည်။ ဇာယတိ၊ ဖြစ်၏။ ပေမတော၊ မြတ်နိုးမှုကြောင့်။ ဘယံ၊ ကြောက်ရွံ့မှုသည်။ ဇာယတိ၊ ဖြစ်၏။ ပေမတော၊ မြတ်နိုးမှုမှ။ ဝိပ္ပမုတ္တဿ၊ ကင်းလွတ်သောသူအား။ သောကော၊ စိုးရိမ်မှုသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ်မှာ။ ဘယံ၊ ကြောက်ရွံ့မှုသည်။ အတ္ထိ၊ ရှိမည်နည်း။ နတ္ထိ၊ မရှိသည်သာတည်း။

စကားပြေ

မြတ်နိုးမှုကြောင့် စိုးရိမ်မှု ကြောက်ရွံ့မှုသည် ဖြစ်လာ၏။ ထိုမြတ်နိုးမှုမှ ကင်းလွတ်သောသူအား စိုးရိမ်မှု ကြောက်ရွံ့မှု မရှိသည်သာတည်း။

ပေမ— အရ၊ သားသမီးတို့၌ ချစ်ခင်မှု လောဘရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ပေမတော = ပိယာယိတဗ္ဗံ ပေမံ။ ပီ + မန်။

ဝိသာခါဝတ္ထု ပြီး၏။
---

## ၁၆-ပိယဝဂ်

၄-လိစ္ဆဝီဝတ္ထု

၂၁၄။ ရတိယာ ဇာယတိ သောကော၊ ရတိယာ ဇာယတိ ဘယံ။
ရတိယာ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဝေသာလီပြည်ကို အမှီပြု၍ ပြသာဒ်ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ပြည့်တန်ဆာမကို ခေါ်၍ ဥယျာဉ်သို့ ပျော်ပါးရန် သွားကြသော လိစ္ဆဝီမင်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ရတိယာ၊ ကာမဂုဏ်၌ မွေ့လျော်မှုကြောင့်။ သောကော၊ စိုးရိမ်မှုသည်။ ဇာယတိ၊ ဖြစ်၏။ ရတိယာ၊ ကာမဂုဏ်၌ မွေ့လျော်မှုကြောင့်။ ဘယံ၊ ကြောက်ရွံ့မှုသည်။ ဇာယတိ၊ ဖြစ်၏။ ရတိယာ၊ ကာမဂုဏ်၌ မွေ့လျော်မှုမှ။ ဝိပ္ပမုတ္တဿ၊ ကင်းလွတ်သူအား။ သောကော၊ စိုးရိမ်မှုသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ်မှာ။ ဘယံ၊ ကြောက်ရွံ့မှုသည်။ အတ္ထိ၊ ရှိမည်နည်း။ နတ္ထိ၊ မရှိသည်သာတည်း။

စကားပြေ

ကာမဂုဏ်၌ မွေ့လျော်မှုကြောင့် စိုးရိမ်ကြောက်ရွံ့မှုသည် ဖြစ်၏။ ကာမဂုဏ်၌ မွေ့လျော်မှုမှ ကင်းလွတ်သူအား စိုးရိမ်မှု ကြောက်ရွံ့မှုသည် မရှိတော့သည်သာတည်း။

ရတိ— အရ၊ ကာမဂုဏ်ငါးပါးတို့၌ မွေ့လျော်မှု လောဘရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ရတိယာ = ရမဏံ ရတိ။ ရမု + တိ။

လိစ္ဆဝီဝတ္ထု ပြီး၏။
---

## ၁၆-ပိယဝဂ်

၅-အနိတ္ထိဂန္ဓကုမာရဝတ္ထု

၂၁၅။ ကာမတော ဇာယတိ သောကော၊ ကာမတော ဇာယတိ ဘယံ။
ကာမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မဒ္ဒတိုင်း သာဂလမြို့သူ၏ ချောမောလှပပုံကို ကြားခြင်းဖြင့် ချစ်ခင်နှစ်သက်ပြီး ကွယ်လွန်ကြောင်း တဖန်ကြားသောအခါ စိုးရိမ်သောကရောက်နေသော သာဝတ္ထိပြည်သား သဌေးသား အနိတ္ထိဂန္ဓသတို့သားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့နှင့် ဗြဟ္မာ့ဘုံမှ လာသော အနိတ္ထိဂန္ဓသတို့သား သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ကာမတော၊ ဝတ္ထုကာမ ကိလေသာကာမကြောင့်။ သောကော၊ စိုးရိမ်မှုသည်။ ဇာယတိ၊ ဖြစ်၏။ ကာမတော၊ ဝတ္ထုကာမ ကိလေသာကာမကြောင့်။ ဘယံ၊ ကြောက်ရွံ့မှုသည်။ ဇာယတိ၊ ဖြစ်၏။ ကာမတော၊ ဝတ္ထုကာမ ကိလေသာကာမမှ။ ဝိပ္ပမုတ္တဿ၊ ကင်းလွတ်သောသူအား။ သောကော၊ စိုးရိမ်မှုသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ်မှာ။ ဘယံ၊ ကြောက်ရွံ့မှုသည်။ အတ္ထိ၊ ရှိမည်နည်း။ နတ္ထိ၊ မရှိသည်သာတည်း။

စကားပြေ

ဝတ္ထုကာမ ကိလေသာကာမကြောင့် စိုးရိမ်မှု ကြောက်ရွံ့မှုသည် ဖြစ်၏။ ထိုကာမမှ ကင်းလွတ်သူအား စိုးရိမ်မှု ကြောက်ရွံ့မှုသည် မရှိတော့သည်သာတည်း။

ကာမ— အရ၊ ဝတ္ထုကာမ ကိလေသာကာမ ရ၏။

အနိတ္ထိဂန္ဓအမျိုးသား

အနိတ္ထိဂန္ဓအမျိုးသားသည် ဗြဟ္မာ့ပြည်မှ လာသည်။ သာဝတ္ထိပြည်တွင် စည်းစိမ်ဥစ္စာကြွယ်ဝသော အမျိုး၌ ဖြစ်သည်။ မိန်းမအနီးသို့ မသွားလို။ မိန်းမများ ချီလျှင် ငိုတတ်သည်။ ခေါင်းခုဖြင့် အနိတ္ထိဂန္ဓသူငယ်ကို ယူပြီး နို့ချိုတိုက်ကျွေးရသည်။ အရွယ်ရောက်လာသော အနိတ္ထိဂန္ဓအမျိုးသားကို မိဘများက အိမ်ထောင်ချပေးမည်ဟု ကြိမ်ဖန်များစွာ ပြောဆိုသောအခါ ရွှေစင်ရုပ်ကို မိမိသဘောကျ ရွှေပန်းထိမ်တို့ကို ထုစေသည်။ ယင်းရွှေစင်ရုပ်နှင့် တူသော အမျိုးသမီးကို ရလျှင် အိမ်ထောင်ပြုမည်ဟု မိဘများထံ ဝန်ခံလိုက်သည်။
လိမ္မာပါးနပ်သော ပုဏ္ဏားတို့သည် မဒ္ဒတိုင်း သာဂလမြို့သူကို ခန်းဝင်ပစ္စည်းအဖြစ်ဖြင့် ရွှေစင်ရုပ်ပေးခဲ့ကြသည်။ အနိတ္ထိဂန္ဓအမျိုးသားနှင့် မိဘများ အလွန်သဘောကျကာ အမျိုးသမီးကို သာဝတ္ထိပြည်သို့ ခေါ်ဆောင်လာရာ အလွန်နူးညံ့သိမ်မွေ့သော အမျိုးသမီးသည် လေနာရောဂါဖြင့် လမ်းတွင် သေဆုံးသည်။ ယင်းအမျိုးသမီးသေဆုံးကြောင်း ကြားရသောအခါ ရှေးဦးအစ မိန်းမမယူလိုဟု ငြင်းပယ်သော်လည်း အနိတ္ထိဂန္ဓအမျိုးသားမှာ သောကမီးတောက်လောင်သည်။ သို့သော် ဘုရားရှင်တည်းဟူသော မိတ်ဆွေကောင်း၏ တရားတော်ကြောင့် သောတာပန်ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၄။)

ပါဠိသဒ္ဒါခက်ဆစ်

ကာမတော = ကာမီယတေ ကာမော။ ကမု + ဏ။

အနိတ္ထိဂန္ဓကုမာရဝတ္ထု ပြီး၏။
---

## ၁၆-ပိယဝဂ်

၆-အညတရဗြဟ္မဏဝတ္ထု

၂၁၆။ တဏှာယ ဇာယတိ သောကော၊ တဏှာယ ဇာယတိ ဘယံ။
တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စပါးခင်းကို မိုးဖျက်၍ စိုးရိမ်နေသော မိစ္ဆာဒိဋ္ဌိ ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့နှင့် မိစ္ဆာဒိဋ္ဌိ ပုဏ္ဏား သောတာပန်စသည် ဖြစ်ကြသည်။

အနက်

တဏှာယ၊ တဏှာကြောင့်။ သောကော၊ စိုးရိမ်မှုသည်။ ဇာယတိ၊ ဖြစ်၏။ တဏှာယ၊ တဏှာကြောင့်။ ဘယံ၊ ကြောက်ရွံ့မှုသည်။ ဇာယတိ၊ ဖြစ်၏။ တဏှာယ၊ တဏှာမှ။ ဝိပ္ပမုတ္တဿ၊ ကင်းလွတ်သူအား။ သောကော၊ စိုးရိမ်မှုသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ်မှာ။ ဘယံ၊ ကြောက်ရွံ့မှုသည်။ အတ္ထိ၊ ရှိမည်နည်း။ နတ္ထိ၊ မရှိသည်သာတည်း။

စကားပြေ

တဏှာကြောင့် စိုးရိမ်မှု ကြောက်ရွံ့မှုသည် ဖြစ်၏။ တဏှာမှ ကင်းလွတ်သူအား စိုးရိမ်မှု ကြောက်ရွံ့မှုသည် မရှိတော့သည်သာတည်း။
တဏှာ— အရ၊ ခြောက်ဒွါရ၌ ဖြစ်သော တဏှာ ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

တဏှာယ = တသန္တိ ယာယတိ တဏှာ။ တသ် + ဏှ + အာ။

အညတရဗြဟ္မဏဝတ္ထု ပြီး၏။
---

## ၁၆-ပိယဝဂ်

၇-ပဉ္စသတဒါရကဝတ္ထု

၂၁၇။ သီလဒဿနသမ္ပန္နံ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ။
အတ္တနော ကမ္မ ကုဗ္ဗာနံ၊ တံ ဇနော ကုရုတေ ပိယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်နှင့် မဟာထေရ်ကြီးများကို မလှူဒါန်းပဲ၊ အရှင်မဟာကဿပအား မုန့်လှူကြသော လူငယ်ငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ လူငယ်ငါးရာတို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သီလဒဿနသမ္ပန္နံ၊ သီလ၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော။ ဓမ္မဋ္ဌံ၊ လောကုတ္တရာတရားကိုးပါး၌ တည်သော။ သစ္စဝေဒိနံ၊ အမှန်တရားတို့ကို သိတတ်သော။ အတ္တနော၊ မိမိ၏။ ကမ္မံ၊ ပြုဖွယ်အမှု သိက္ခာစုကို။ ကုဗ္ဗာနံ၊ ပြုတတ်သော။ တံ၊ ထိုသူကို။ ဇနော၊ လူအပေါင်းသည်။ ပိယံ၊ ချစ်ခင်မြတ်နိုးခြင်းကို။ ကုရုတေ၊ ပြု၏။

စကားပြေ

သီလ၊ ဉာဏ်အမြင်နှင့် ပြည့်စုံ၍ လောကုတ္တရာတရား၌ တည်ပြီးလျှင် အမှန်တရားကို သိသော၊ မိမိပြုဖွယ်အမှု သိက္ခာစုကို ပြုသူကို လူအပေါင်းသည် ချစ်ခင်မြတ်နိုး၏။
သီလဒဿနသမ္ပန္နံသီလ—အရ၊ စတုပါရိသုဒ္ဓိသီလ။
ဒဿန—အရ၊ မဂ်ဖိုလ်နှင့် ယှဉ်သော ဉာဏ်။
ဓမ္မဋ္ဌဓမ္မ—အရ၊ လောကုတ္တရာတရားကိုးပါး။
သစ္စဝေဒိနံ—သစ္စာလေးပါးကို တဆယ့်ခြောက်ပါးသော အချင်းအရာတို့ဖြင့် မျက်မှောက်ပြုခြင်းကြောင့် သစ္စဉာဏ်ဖြင့် အမှန်ကို သိသူ။
အတ္တနော ကမ္မံကမ္မ—အရ၊ သိက္ခာသုံးပါး ရ၏။
ကုရုတေ ပိယံ—ချစ်ခြင်းကို ပြု၏ ဟူသည် ဖူးမြင်လိုခြင်း၊ ရှိခိုးလိုခြင်း၊ ပစ္စည်းဖြင့် ပူဇော်လိုခြင်းကို ဆိုလိုပါသည်။

ပါဠိသဒ္ဒါခက်ဆစ်

သီလဒဿနသမ္ပန္နံ = သီလဉ္စ ဒဿနဉ္စ သီလဒဿနံ။ သီလ + ဒဿန။ သီလဒဿနေန သမ္ပန္နော သီလဒဿနသမ္ပန္နော။ သီလဒဿန + သမ္ပန္န။
ဓမ္မဋ္ဌံ = ဓမ္မေ တိဋ္ဌတီတိ ဓမ္မဋ္ဌော။ ဓမ္မ + ဋ္ဌာ + အ။
သစ္စဝေဒိနံ = သစ္စာနိ ဝိဒတိ ဇာနာတိ သီလေနာတိ သစ္စဝေဒီ။ သစ္စ + ဝိဒ် + ဏီ။

ပဉ္စသတဒါရကဝတ္ထု ပြီး၏။
---

## ၁၆-ပိယဝဂ်

၈-ဧကအနာဂါမိထေရဝတ္ထု

၂၁၈။ ဆန္ဒဇာတော အနက္ခာတေ၊ မနသာ စ ဖု‌ဋော သိယာ။
ကာမေသု စ အပ္ပဋိဗဒ္ဓစိတ္တော၊ “ဥဒ္ဓံသောတော”တိ ဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာဂါမ်ပုဂ္ဂိုလ်အနေဖြင့် စုတေ၍ သုဒ္ဓါဝါသဘုံသို့ ရောက်သွားသော အနာဂါမ်ထေရတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ မိမိတို့ဆရာ တရားမရပဲ စုတေသွားသည်ဟု ထင်၍ ငိုကြွေးနေကြသော အတူနေတပည့်များ ရဟန္တာဖြစ်ကြသည်။

အနက်

အနက္ခာတေ၊ နိဗ္ဗာန်၌။ ဆန္ဒဇာတော၊ အားကြီးစွာ လိုလားသည်ဖြစ်၍။ မနသာ၊ သုံးပါးသော အောက်မဂ်ဖိုလ်စိတ်ဖြင့်။ ဖုဋ္ဌော၊ တွေ့ထိသည်။ သိယာ၊ ဖြစ်ရာ၏။ ကာမေသု၊ ကာမဘုံတို့၌။ အပ္ပဋိဗဒ္ဓစိတ္တော၊ ကပ်ငြိသောစိတ် မရှိသူကို။ ဥဒ္ဓံသောတော”တိ၊ အထက် အကနိဋ္ဌဘုံသို့ အစဉ်အတိုင်းသွားမည့် ပုဂ္ဂိုလ်ဟု။ ဝုစ္စတိ၊ ဆိုအပ်၏။

စကားပြေ

နိဗ္ဗာန်ကို အားကြီးစွာ လိုလားသည်ဖြစ်၍ သုံးပါးသော အောက်မဂ်ဖိုလ်စိတ်ဖြင့် တွေ့ထိ၏။ ကာမဘုံတို့၌ ကပ်ငြိစိတ် မရှိသူကို သုဒ္ဓါဝါသဘုံစဉ်အတိုင်း အထက်အထက်သွားမည့်သူဟု ဆိုရပေမည်။
အနက္ခာတေ—နိဗ္ဗာန်ကို မည်သူမည်ဝါ ပြုလုပ်ဖန်ဆင်းသည်ဟုလည်းကောင်း၊ အညိုစသော အရောင်တို့တွင် တမျိုးမျိုးသော အရောင်ဟုလည်းကောင်း ပြောဆိုခြင်းငှာ မပြုထိုက်သောကြောင့် နိဗ္ဗာန်ကို အနက္ခာတ ဟု ခေါ်သည်။
မနသာ—အရ၊ အောက်မဂ်သုံးပါး၊ အောက်ဖိုလ်သုံးပါး ရ၏။
ကာမေသု အပ္ပဋိဗဒ္ဓစိတ္တော—အနာဂါမိမဂ်ဖြင့် ကာမဂုဏ်တို့၌ မကပ်ငြိသော စိတ်ရှိသူ။
ဥဒ္ဓံသောတော—အောက်မဂ်သုံးပါး၊ အောက်ဖိုလ်သုံးပါးကို ရသော ရဟန်းကို အဝိဟာဘုံ၌ ဖြစ်၍ အဆင့်ဆင့် ပဋိအန္ဓေအားဖြင့် အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌာဘုံသို့ သွားသောကြောင့် ဥဒ္ဓံသောတ ဟု ခေါ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

ဆန္ဒဇာတော = ဇာတော ဆန္ဒေါ ဆန္ဒဇာတော။ ဆန္ဒ + ဇာတ။
အနက္ခာတေ = န အာက္ခာယတီတိ အနက္ခာတံ။ န + ခါ + တ။
ဖု‌ဋော = ဖုသတီတိ ဖုဋော။ ဖုရ် + တ။
အပ္ပဋိဗဒ္ဓစိတ္တော = ပဋိဗုဒ္ဓံ စိတ္တံ ယဿာတိ ပဋိဗဒ္ဓစိတ္တော။ ပဋိဗုဒ္ဓ + စိတ္တ + ယ။ န ပဋိဗဒ္ဓစိတ္တော အပ္ပဋိဗဒ္ဓစိတ္တော။ န + ပဋိဗဒ္ဓစိတ္တ။
ပဋိဗဒ္ဓ = ပဋိ + ဗုဒ္ဓ + တ။
ဥဒ္ဓံသောတော = ဥဒ္ဓံ သဝတိ ဂစ္ဆတီတိ ဥဒ္ဓံသောတော။ ဥဒ္ဓ + သု + ဏ။

ဧကအနာဂါမိထေရဝတ္ထု ပြီး၏။
---

## ၁၆-ပိယဝဂ်

၉-နန္ဒိယဝတ္ထု

၂၁၉။ စိရပ္ပဝါသိံ ပုရိသံ၊ ဒူရတော သောတ္ထိမာဂတံ။
ဉာတိမိတ္တာ သုဟဇ္ဇာ စ၊ အဘိနန္ဒန္တိ အာဂတံ။
၂၂၀။ တထေဝ ကတပုညမ္ပိ၊ အသ္မာ လောကာ ပရံ ဂတံ။
ပုညာနိ ပဋိဂဏှန္တိ၊ ပိယံ ဉာတီဝ အာဂတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဗာရာဏသီပြည်အနီး မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူစဉ် ဣသိပတနမဟာဝိဟာရကျောင်း ဒါယကာကြီး နန္ဒိယကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

စိရပ္ပဝါသိံ၊ ကြာမြင့်စွာ ကွဲကွာ၍ နေသော။ ပုရိသံ၊ ပုဂ္ဂိုလ်ကို။ ဒူရတော၊ ရပ်ဝေးမှ။ သောတ္ထိံ၊ ချမ်းသာစွာ ပြန်ရောက်လာသူကို။ အာဂတံ ပုရိသံ၊ ပြန်ရောက်လာသူကို။ ဒိသွာ၊ မြင်၍။ ဉာတိမိတ္တာ စ၊ ဆွေမျိုးမိတ်ဆွေတို့သည်လည်းကောင်း။ သုဟဇ္ဇာ စ၊ ချစ်ကျွမ်းဝင်သူတို့သည်လည်းကောင်း။ အာဂတံ၊ ပြန်လာပြီဟု။ အဘိနန္ဒန္တိ၊ နှစ်သက်ဝမ်းမြောက်ကုန်၏။
တထေဝ၊ ထိုနည်းတူသာလျှင်။ ကတပုညမ္ပိ၊ ပြုပြီးသော ကောင်းမှုရှိသူကိုလည်း။ အသ္မာ လောကာ၊ ဤပစ္စုပ္ပန်ဘဝမှ။ ပရံ၊ တမလွန်ဘဝသို့။ ဂတံ၊ သွားသော။ ကထပုညမ္ပိ၊ ပြုပြီးသော ကောင်းမှုရှိသူကိုလည်း။ ဉာတီ၊ ဆွေမျိုးတို့သည်။ အာဂတံ၊ ပြန်ရောက်လာသော။ ပိယံ၊ ချစ်ခင်သူကို။ ပဋိဂဏှန္တိ ဣဝ၊ ကြိုဆိုကြကုန်သကဲ့သို့။
ပုညာနိ၊ ကောင်းမှုတို့သည်။ ပဋိဂဏှန္တိ၊ ကြိုဆိုကြကုန်၏။

စကားပြေ

ကြာမြင့်စွာ ကွဲကွာ၍ ရပ်ဝေးမှ ချမ်းချမ်းသာသာ ပြန်ရောက်လာသူကို ဆွေမျိုးမိတ်ဆွေ၊ ချစ်ကျွမ်းဝင်သူတို့က ပြန်လာပြီဟု နှစ်သက်ဝမ်းမြောက်ကြကုန်၏။ ထိုနည်းတူစွာ ဤပစ္စုပ္ပန်ဘဝမှ နောက်ဘဝသို့ သွားသော ကောင်းမှုပြုပြီးသူကို ဆွေမျိုးတို့က ပြန်ရောက်လာသော ချစ်ခင်သူကို ကြိုဆိုကြသကဲ့သို့ ကောင်းမှုတို့က ကြိုဆိုကြကုန်၏။
ဉာတိ—အရ၊ ဆွေမျိုးတော်စပ်သူ။
မိတ္တ—အရ၊ မြင်ဖူးအတူစားသောက်ဖူးသူ။
သုဟဇ္ဇာ—အရ၊ ချစ်ကျွမ်းဝင်သူ။
ပုညာနိ ပဋိဂဏှန္တိ—တမလွန်လောကသို့ ပြောင်းသွားသော ကောင်းမှုရှင်ကို မိဘအရာ၌ တည်သော ကောင်းမှုတို့သည် နတ်၌ဖြစ်သော အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ၊ အာဓိပတေယျ၊ ရူပ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ ဟူသော လက်ဆောင်ဆယ်ပါးကို ယူ၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြပါသည်။

ပါဠိသဒ္ဒါခက်ဆစ်

အပဝါသီ = အပဝသီယိတ္ထာတိ အပဝါသိ။ အပ + ဝသ် + ဏီ။
ဉာတိမိတ္တာ = ဉာတိ စ မိတ္တာ စ ဉာတိမိတ္တာ။ ဉာတိ + မိတ္တ။
ဉာတိ = ဉာယတီတိ ဉာတိ။ ဉာ + တိ။
မိတ္တာ = မိဇ္ဇတိ သိနေဟတီတိ မိတ္တော။ မိဒ + တ။
သုဟဇ္ဇာ = သုန္ဒရံ ဟဒယံ ဧတဿာတိ သုဟဇ္ဇော။ သု + ဟဒယ + ဧတ။
ကတပုညံ = ကတာနိ ပုညာနိ ဧတေနာတိ ကတပုညော။ ကတ + ပုည + ဧတ။ (အ-‌ချေ၊ နျကို ဉပြု)

နန္ဒိယဝတ္ထု ပြီး၏။
ပိယဝဂ် ပြီး၏။
---

## ၁၇-ကောဓဝဂ်

၁-ရောဟိနီခတ္တိယကညာဝတ္ထု

၂၂၁။ ကောဓံ ဇဟေ ဝိပ္ပဇဟေယျ မာနံ၊
သံယောဇနံ သဗ္ဗမတိက္ကမေယျ။
တံ နာမရူပသ္မိမသဇ္ဇမာနံ၊
အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကပိလဝတ္ထုပြည် နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အနုရုဒ္ဓါ၏ ညီမ၊ နူနာစွဲနေသော ရောဟိနီမင်းသမီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်၍ ရောဟိနီမင်းသမီးသည် သောတာပန်ဖြစ်သည့်အပြင် နူနာပျောက်ပြီး ရွှေအဆင်းကဲ့သို့ ဖြစ်သည်။

အနက်

ကောဓံ၊ အမျက်ဒေါသကို။ ဇဟေ၊ စွန့်ရာ၏။ မာနံ၊ မာနကို။ ဝိပ္ပဇဟေယျ၊ ပယ်ရာ၏။ သံယောဇနံ သဗ္ဗံ၊ သံယောဇဉ်အားလုံးကို။ အတိက္ကမေယျ၊ ကျော်လွန်ရာ၏။ တံ၊ ထိုသူကို။ နာမရူပသ္မိံ၊ နာမ်ရုပ်၌။ အသဇ္ဇမာနံ၊ မငြိတွယ်သော။ အကိဉ္စနံ၊ မကြောင့်ကြသော။ ဒုက္ခာ၊ ဆင်းရဲဒုက္ခတို့သည်။ နာနုပတန္တိ၊ မကျရောက်ကုန်။

စကားပြေ

အမျက်ဒေါသ၊ မာနမာနနှင့် သံယောဇဉ်မှန်သမျှတို့ကို ပယ်ရမည်။ နာမ်ရုပ်၌ မငြိတွယ်၊ မကြောင့်ကြသူသို့ ဆင်းရဲဒုက္ခ မကျရောက်နိုင်။
မာနံ—၉ ပါးအပြားရှိသော မာန။
သံယောဇနံ—ကာမရာဂသံယောဇဉ်စသော ဆယ်ပါးသော သံယောဇဉ်။
အသဇ္ဇမာနံ—ငါ၏ရုပ်၊ ငါ၏ဝေဒနာ စသည်ဖြင့် နာမ်ရုပ်ကို စွဲလမ်း၏။ ထိုနာမ်ရုပ် ချုပ်ပျောက်ပျက်စီးသော် စိုးရိမ်၏။ ပင်ပန်း၏။ ဤကား နာမ်ရုပ်၌ ငြိတွယ်သည်မည်၏။
ငါ၏ရုပ်၊ ငါ၏ဝေဒနာ စသည်ဖြင့် နာမ်ရုပ်ကို မစွဲလမ်း၊ ထိုနာမ်ရုပ် ချုပ်ပျောက်ပျက်စီးသော်လည်း စိုးရိမ်မှု၊ ပင်ပန်းမှု မရှိ။ ဤကား နာမ်ရုပ်၌ မငြိတွယ်သည်မည်၏။
အကိဉ္စနံကိဉ္စန—အရ၊ ရာဂစသော တရားများ ဖြစ်သည်။
ရှေးကံ—ရှေးဘဝက သူ့တပါးကို ယားယံအောင် ပြုခဲ့သောကြောင့် အရှင်အနုရုဒ္ဓါ၏ ညီမ ရောဟိနီမင်းသမီးသည် အရေပြားရောဂါ ဖြစ်ရသည်။ ဆွမ်းစားကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ခြင်း၊ တံမြက်လှည်းခဲ့ခြင်းကြောင့် အရေပြားရောဂါ ပျောက်ကင်းသည်။

ပါဠိသဒ္ဒါခက်ဆစ်

ကောဓံ = ကုဇ္ဈနံ ကောဓော။ ကုဓ် + ဏ။
အသဇ္ဇမာနံ = န သဇ္ဇမာနံ အသဇ္ဇမာနံ။ န + သဇ္ဇမာန။

ရောဟိနီခတ္တိယကညာဝတ္ထု ပြီး၏။
---

## ၁၇-ကောဓဝဂ်

၂-အညတရဘိက္ခုဝတ္ထု

၂၂၂။ ယော ဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ဝါရယေ။
တမဟံ သာရထိံ ဗြူမိ၊ ရသ္မိဂ္ဂါဟော ဣတရော ဇနေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ် မိမိအတွက် ကျောင်းဆောက်ရန် သစ်ပင်ခုတ်စဉ် နတ်သမီးက တောင်းပန်သော်လည်း မရပဲ သားငယ်ကို ပေါက်ဆိန်ဖြင့် ခုတ်မိလိုက်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ နတ်သမီး သောတာပန်ဖြစ်သည်။

အနက်

ဆေကော၊ လိမ္မာကျွမ်းကျင်သော။ သာရထိ၊ ရထားထိန်းသည်။ အတိဝေဂေန၊ လျင်မြန်စွာ။ ဘန္တံ၊ ပြေးသွားသော။ ရထံ၊ ရထားကို။ ဝါရယေ ဣဝ၊ လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဥပ္ပတိတံ၊ ဖြစ်ပေါ်လာသော။ ကောဓံ၊ အမျက်ဒေါသကို။ ဝေ၊ စင်စစ်။ ဝါရယေ၊ တားမြစ်နိုင်၏။ တံ၊ ထိုဒေါသကို တားမြစ်နိုင်သောသူကို။ အဟံ၊ ငါဘုရားသည်။ သာရထိံ၊ လိမ္မာကျွမ်းကျင်သော ရထားထိန်းဟူ၍။ ဗြူမိ၊ ဆို၏။ ဣတရော၊ ဤမှတပါးသော။ ဇနော၊ ပကတိရထားထိန်းသည်။ ရသ္မိဂ္ဂါဟော၊ ရထားကြိုးကို ကိုင်သောသူမည်၏။

စကားပြေ

လိမ္မာကျွမ်းကျင်သော ရထားထိန်းသည် လျင်မြန်စွာ ပြေးသွားသော ရထားကို လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသော အမျက်ဒေါသကို တားမြစ်နိုင်သူကို လိမ္မာကျွမ်းကျင်ပါးနပ်သော ရထားထိန်းဟု ငါဘုရား ဆို၏။ ပကတိရထားထိန်းသည်ကား ရထားကြိုးကိုင်သူမျှသာ မည်၏။
သာရထိနှင့် ရသ္မိဂ္ဂါဟ—ကြမ်းသောမြင်းကသော ရထားကို ထိန်းသော ပုဂ္ဂိုလ်သည်သာ လျင်မြန်စွာ ပြေးသောမြင်းကို နှိမ်နင်းနိုင်၍ အလိုရှိရာ ဆောင်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသော အမျက်ဒေါသကို တားမြစ်နှိမ်နင်းနိုင်သောသူကို သာရထိ ဟု ခေါ်ပါသည်။
မင်း၊ အိမ်ရွှေမင်း စသည်တို့၏ ယဉ်ကျေးသိမ်မွေ့သော သိန္ဓောမြင်းကသော ရထားကို ထိန်းသော ပုဂ္ဂိုလ်ကို ရသ္မိဂ္ဂါဟ ဟု ခေါ်သည်။
တိုင်ကြားပါ—မိဘ၊ ဆရာ၊ သခင်ရှိသူအပေါ်တွင် အပြစ်တွေက ထိုသူ၏ မိဘ၊ ဆရာ၊ သခင်များကိုသာ တိုင်ကြားဆုံးမစေသင့်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၉၅။)

ပါဠိသဒ္ဒါခက်ဆစ်

သာရထိံ = ရထေန သဟ ယော ဝတ္တတီတိ သာရထိ။ သဟ + ရထ + ယ။
ရသ္မိဂ္ဂါဟော = ရသ္မိံ ဂဏှာတီတိ ရသ္မိဂ္ဂါဟော။ ရသ္မိ + ဂဟ + ဏ။

အညတရဘိက္ခုဝတ္ထု ပြီး၏။
---
## ၁၇-ကောဓဝဂ်

၃-ဥတ္တရာဥပါသိကာဝတ္ထု

၂၂၃။ အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရာဇဂြိုဟ်သဌေးသုမန၏ ချွေးမ၊ ပုဏ္ဏသဌေး၏သမီးက မိမိခင်ပွန်းအတွက် ခေတ္တငှားထားသော သီရိမာကို ငြူစူ၍ ထောပတ်ပူဖြင့် လောင်းသည်ကို မေတ္တာဖြင့် နေသော ဥတ္တရာအမျိုးသမီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သီရိမာနှင့် ငါးရာသော အမျိုးသမီးတို့ သောတာပန်ဖြစ်ကြသည်။

အနက်

ကောဓံ၊ အမျက်ထွက်သောသူကို။ အက္ကောဓေန၊ မေတ္တာတရားဖြင့်။ ဇိနေ၊ အောင်ရာ၏။ အသာဓုံ၊ မကောင်းသောသဘောရှိသူကို။ သာဓုနာ၊ ကောင်းသောသဘောဖြင့်။ ဇိနေ၊ အောင်ရာ၏။ ကဒရိယံ၊ နှမြောဝန်တိုသောသူကို။ ဒါနေန၊ ပေးကမ်းခြင်းဖြင့်။ ဇိနေ၊ အောင်ရာ၏။ အလိကဝါဒိနံ၊ မဟုတ်မမှန်ပြောသောသူကို။ သစ္စေန၊ ဟုတ်မှန်စွာ ပြောဆိုခြင်းဖြင့်။ ဇိနေ၊ အောင်ရာ၏။

စကားပြေ

အမျက်ထွက်သောသူကို မေတ္တာတရားဖြင့်၊ မကောင်းသောသဘောရှိသူကို ကောင်းသောသဘောဖြင့်၊ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့်၊ မဟုတ်မမှန်ပြောသောသူကို ဟုတ်မှန်စွာ ပြောဆိုခြင်းဖြင့် အောင်ရာ၏။
အဘနှစ်မျိုး—ပုဏ္ဏသဌေးသည် ဥတ္တရာအမျိုးသမီး၏ ဝဋ္ဋဇနကပိတာ (သံသရာဝဋ်ဆင်းရဲကို ဖြစ်စေသောအဘ) ဖြစ်သည်။ မြတ်စွာဘုရားသည် ဥတ္တရာအမျိုးသမီး၏ ဝိဝဇနကပိတာ (ဝဋ်မှကင်းရာ နိဗ္ဗာန်ကို ဖြစ်စေသောအဘ) ဖြစ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

အလိကဝါဒိနံ = အလိကံ ဝဒတိ သီလေနာတိ အလိကဝါဒီ။ အလိက + ဝဒ် + ဏီ။
အလိကံ = အလတိ ဗန္ဓတိ ဧတေနာတိ အလိကံ။ အလ် + ဏိက။

ဥတ္တရာဥပါသိကာဝတ္ထု ပြီး၏။
---

## ၁၇-ကောဓဝဂ်

၄-မဟာမောဂ္ဂလ္လာနတ္ထေရပဉှဝတ္ထု

၂၂၄။ သစ္စံ ဘဏေ န ကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေဝါန သန္တိကေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်မဟာမောဂ္ဂလ္လာန်၏ အမေးပြဿနာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သစ္စံ၊ မှန်သောစကားကို။ ဘဏေ၊ ပြောဆိုရာ၏။ န ကုဇ္ဈေယျ၊ အမျက်မထွက်ရာ။ ယာစိတော၊ တောင်းလာသည်ရှိသော်။ အပ္ပမ္ပိ၊ အနည်းငယ်မျှသော်လည်း။ ဒဇ္ဇာ၊ ပေးလှူရာ၏။ ဧတေဟိ တီဟိ ဌာနေဟိ၊ ဤအကြောင်းသုံးပါးတို့ကြောင့်။ ဒေဝါနံ၊ နတ်တို့၏။ သန္တိကေ၊ အထံသို့။ ဂစ္ဆေ၊ ရောက်ရာ၏။

စကားပြေ

မှန်သောစကားပြောသူ၊ အမျက်မထွက်သူ၊ တောင်းလာသူမှန်သမျှအား အနည်းအများကို ပေးလှူသူတို့သည် နတ်ပြည်သို့ ရောက်ကုန်၏။
ယာစိတော— ၌ ယာစကပုဂ္ဂိုလ်ဟူသည် သီလရှိသော ရဟန်းများတည်း။ ထိုသီလရှိသော ရဟန်းများသည် ပေးလှူကြပါဟု မတောင်းသော်လည်း အိမ်တံခါး၌ ရပ်တည်ခြင်းသည် သဘောအဓိပ္ပာယ်အားဖြင့် တောင်းသည်မည်သောကြောင့် သီလရှိသော ရဟန်းများကို ယာစကဟု ခေါ်သည်။

နတ်ပြည်ရောက်ကြောင်း တရားသုံးပါး

၁။ မှန်သောစကားကို ပြောခြင်း။
၂။ သူတပါးကို အမျက်မထွက်ခြင်း။
၃။ သီလရှိသော ရဟန်းများ အိမ်တံခါး၌ ရပ်လာသော် လှူဖွယ်ပစ္စည်းများကို အနည်းငယ်မျှပင်ဖြစ်စေ လှူဒါန်းခြင်း။

မဟာမောဂ္ဂလ္လာနတ္ထေရပဉှဝတ္ထု ပြီး၏။
---

## ၁၇-ကောဓဝဂ်

၅-ဗုဒ္ဓပိတုဗြဟ္မဏဝတ္ထု

၂၂၅။ အဟိံသကာ ယေ မုနယော၊ နိစ္စံ ကာယေန သံဝုတာ။
တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာကေတမြို့အနီး အဉ္ဇနတောအုပ်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်၏ ရှေးလွန်လေပြီးသော ဘဝငါးရာက အဘတော်ခဲ့ဖူးသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အဟိံသကာ၊ သူတပါးကို မညှဉ်းဆဲတတ်ကုန်သော။ နိစ္စံ၊ အမြဲ။ ကာယေန၊ ကာယဒွါရစသည်ဖြင့်။ သံဝုတာ၊ စောင့်စည်းတတ်ကုန်သော။ ယေ မုနယော၊ အကြင် အသေက္ခခေါ်တွင် ရဟန္တာအရှင်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုအသေက္ခခေါ်တွင် ရဟန္တာအရှင်တို့သည်။ ယတ္ထ၊ အကြင်နိဗ္ဗာန်အရပ်သို့။ ဂန္တွာ၊ သွား၍။ န သောစရေ၊ မစိုးရိမ်ကုန်။ အစ္စုတံ ဌာနံ၊ သေခြင်းကင်းရာ နိဗ္ဗာန်အရပ်သို့။ ယန္တိ၊ ရောက်ရကုန်၏။

စကားပြေ

သူတပါးကို မညှဉ်းဆဲတတ်သည့်အပြင် ကာယဒွါရစသည်ဖြင့် အမြဲစောင့်စည်းတတ်သော ရဟန္တာအရှင်မြတ်တို့သည် စိုးရိမ်ခြင်းနှင့် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြကုန်၏။
မုနယော—မေစနေယျအကျင့်ဖြင့် မဂ်ဖိုလ်သို့ ရောက်ကုန်သော အသေက္ခမုနိရ၏။
ကာယေန—ကာယဒွါရဖြင့်သာ စောင့်စည်းသည်မဟုတ်။ ကာယ၊ ဝစီ၊ မနောဒွါရသုံးပါးတို့ဖြင့် စောင့်စည်းသည်ကို ဆိုလိုသည်။
အစ္စုတံ ဌာန—နိဗ္ဗာန်။

ပါဠိသဒ္ဒါခက်ဆစ်

အဟိံသကာ = န ဟိံသန္တီတိ အဟိံသကာ။ န + ဟိံသ + ဏွု။
မုနယော = သဗ္ဗဓမ္မေ မုနတိ ဇာနာတီတိ မုနိ။ မုနိ + ဣ။

ဗုဒ္ဓပိတုဗြဟ္မဏဝတ္ထု ပြီး၏။
---

## ၁၇-ကောဓဝဂ်

၆-ပုဏ္ဏဒါသီဝတ္ထု

၂၂၆။ သဒါ ဇာဂရမာနာနံ၊ အဟောရတ္တာနုသိက္ခိနံ။
နိဗ္ဗာနံ အဓိမုတ္တာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဂိဇ္ဈကုဋတောင်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အား ဆန်ကွဲမီးကင်မုန့်ကို လှူရာ မိမိရှေ့တွင် ဘုဉ်းပေးသည်ကို မြင်ရသောကြောင့် ဝမ်းမြောက်နေသော ဗာရာဏသီသဌေး၏ ကျွန်မ ပုဏ္ဏာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ပုဏ္ဏာကျွန်မ သောတာပန်ဖြစ်သည်။

အနက်

သဒါ၊ အခါခပ်သိမ်း။ ဇာဂရမာနာနံ၊ နိုးကြားကြကုန်သော။ အဟောရတ္တာနုသိက္ခိနံ၊ နေ့ညဉ့်ပတ်လုံး သုံးပါးသော သိက္ခာကို ကျင့်ကြကုန်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ အဓိမုတ္တာနံ၊ စိတ်ညွတ်သူတို့အား။ အာသဝါ၊ အာသဝေါတရားတို့သည်။ အတ္ထံ၊ ချုပ်ငြိမ်းခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။

စကားပြေ

အမြဲနိုးကြား၍ နေ့ညဉ့်ပတ်လုံး သိက္ခာသုံးပါးကို ကျင့်ကာ နိဗ္ဗာန်သို့ စိတ်ညွှတ်သူတို့အား အာသဝေါတရားများ ချုပ်ငြိမ်းကြသည်။

ပါဠိသဒ္ဒါခက်ဆစ်

ဇာဂရမာနာနံ = ဇာဂရတီတိ ဇာဂရမာနော။ ဇာဂရ် + အ + မာန။
အဟောရတ္တာနုသိက္ခိနံ = အဟဉ္စ ရတ္တိ စ အဟောရတ္တံ။ အဟ + ရတ္တိ။ အဟောရတ္တံ အနုသိက္ခန္တိ သီလေနာတိ အဟောရတ္တာနုသိက္ခီ။ အဟောရတ္တ + အနု + သိက္ခ် + ဏီ။
အတ္ထံ = အသနံ ဝိနာသနံ အတ္ထံ။ အသ် + တ။

ပုဏ္ဏဒါသီဝတ္ထု ပြီး၏။
---

## ၁၇-ကောဓဝဂ်

၇-အတုလဥပါသကဝတ္ထု

၂၂၇။ ပေါရာဏမေတံ အတုလ၊ နေတံ အဇ္ဇတနာဓိဝ။
နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဓန္တိ ဗဟုဘာဏိနံ။
မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ လောကေ အနိန္ဒိတော။
၂၂၈။ န စာဟု န စ ဘဝိဿတိ၊ န စေတရဟိ ဝိဇ္ဇတိ။
ဧကန္တံ နိန္ဒိတော ပေါသော၊ ဧကန္တံ ဝါ ပသံသိတော။
၂၂၉။ ယံ စေ ဝိညူ ပသံသန္တိ၊ အနုဝိစ္စ သုဝေ သုဝေ။
အစ္ဆိဒ္ဒဝုတ္တိံ မေဓာဝိံ၊ ပညာသီလသမာဟိတံ။
၂၃၀။ နိက္ခံ ဇမ္ဗောနဒဿဝ၊ ကော တံ နိန္ဒိတုမရဟတိ။
ဒေဝါပိ နံ ပသံသန္တိ၊ ဗြဟ္မနာပိ ပသံသိတော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တပါးတည်းနေလေ့ရှိသော အရှင်ရေဝတ၊ အရှင်သာရိပုတ္တရာထေရ်နှင့် အရှင်အာနန္ဒာထေရတို့ကို စိတ်ဆိုး၍ ဘုရားထံ ဥပါသကာငါးရာနှင့်တကွ တရားနာလာသော အတုလဥပါသကာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ငါးရာသော ဥပါသကာတို့သည် သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အတုလ၊ အို အတုလဒါယကာ။ ဧတံ၊ ဤကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းသည်။ န အဇ္ဇတနာ ဣဝ၊ ယခုမှဖြစ်သည်မဟုတ်။ တုဏှိမာသီနမ္ပိ၊ ဆိတ်ဆိတ်နေသူကို။ နိန္ဒန္တိ၊ ကဲ့ရဲ့ကုန်၏။ ဗဟုဘာဏိနမ္ပိ၊ များစွာပြောဟောသောသူကို။ နိန္ဒန္တိ၊ ကဲ့ရဲ့ကုန်၏။ မိတဘာဏိမ္ပိ၊ နှိုင်းချိန်၍ ပြောသောသူကိုလည်း။ နိန္ဒန္တိ၊ ကဲ့ရဲ့ကုန်၏။ လောကေ၊ လောက၌။ အနိန္ဒိတော နာမ၊ အကဲ့ရဲ့လွှတ်သောသူမည်သည်။ နတ္ထိ၊ မရှိ။
န စ အဟု၊ ရှေးကလည်း မရှိစဖူး။ န စ ဘဝိဿတိ၊ နောင်အခါလည်း ရှိမည်မဟုတ်။ ဧတရဟိ၊ ယခုအခါ၌လည်း။ န ဝိဇ္ဇတိ၊ မရှိ။ ဧကန္တံ၊ စင်စစ်။ ပေါသော၊ ယောက်ျားသည်။ နိန္ဒိတော ဝါ၊ အကဲ့ရဲ့မှုကိုလည်း ခံရ၏။ ဧကန္တံ၊ စင်စစ်။ ပေါသော၊ ယောက်ျားသည်။ ပသံသိတော ဝါ၊ ချီးမွမ်းမှုကိုသာ ခံရ၏။
အစ္ဆိဒ္ဒဝုတ္တိံ၊ မကျိုးမပြတ်သော အကျင့်သိက္ခာ အသက်မွေးမှုရှိသော။ မေဓာဝိံ၊ ဓမ္မောဇပညာနှင့် ပြည့်စုံသော။ ပညာသီလသမာဟိတံ၊ လောကုတ္တရာပညာ၊ စတုပါရိသုဒ္ဓိသီလ၊ သမာဓိဂုဏ်ရှိသော။ ယံ၊ အကြင်ပုဂ္ဂိုလ်ကို။ ဝိညူ၊ ပညာရှိတို့သည်။ အနုဝိစ္စ၊ ဟုတ်မှန်စွာသိ၍။ သုဝေ သုဝေ၊ နေ့တိုင်း နေ့တိုင်း။ ‌စေ ပသံသန္တိ၊ ချီးမွမ်းကုန်ငြားအံ့။
ဇမ္ဗောနဒဿ၊ ဇမ္ဗူနဒရွှေစင်၏။ နိက္ခံ ဣဝ၊ နိက္ခနှင့်တူသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ကော၊ အဘယ်သူသည်။ နိန္ဒိတုံ၊ ကဲ့ရဲ့ရန်။ အရဟတိ၊ ထိုက်အံ့နည်း။ ဒေဝါပိ၊ နတ်တို့သည်လည်း။ နံ၊ ထိုပုဂ္ဂိုလ်ကို။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။ ဗြဟ္မုနာပိ၊ ဗြဟ္မမင်းသည်လည်း။ ပသံသိတော၊ ချီးမွမ်းအပ်၏။

စကားပြေ

အို ဒါယကာအတုလ၊ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းသည် ရှေးရိုးအစဉ်အလာဖြစ်၏။ ယခုမှ ဖြစ်လာသည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်းကောင်း၊ များစွာပြောသူကိုလည်းကောင်း၊ နှိုင်းချိန်ပြောဟောသူကိုလည်းကောင်း ကဲ့ရဲ့ကုန်၏။ အမှန်အားဖြင့် အကဲ့ရဲ့လွှတ်သူသည် ရှေးကလည်း မရှိစဖူး၊ နောင်အခါလည်း ရှိမည်မဟုတ်၊ ယခုလည်း မရှိ။ စင်စစ်အားဖြင့် တစုံတယောက်သည် ကဲ့ရဲ့လည်း ခံရမည်၊ ချီးမွမ်းလည်း ခံရမည်။
မကျိုးမပြတ်သော အကျင့်ရှိ၍ ဓမ္မောဇပညာနှင့် ပြည့်စုံပြီးလျှင် သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသော ပညာရှိအချီးမွမ်းခံရသူကို မည်သူမျှ မကဲ့ရဲ့ထိုက်။ ဇမ္ဗူရာဇ်ရွှေစင်၏ နိက္ခနှင့် တူသူကို နတ်တို့သည်လည်းကောင်း၊ ဗြဟ္မတို့သည်လည်းကောင်း ချီးမွမ်းကြသည်။
နိန္ဒန္တိ တုဏှိမာသီနံ—ဤသူသည် အ-သောသူကဲ့သို့လည်းကောင်း၊ နားပင်းသောသူကဲ့သို့လည်းကောင်း၊ တစုံတခုကို မသိသောသူကဲ့သို့လည်းကောင်း ဆိတ်ဆိတ်နေ၏ဟု ကဲ့ရဲ့၏။
နိန္ဒန္တိ ဗဟုဘာဏိနံ—ဤသူသည် လေတိုက်နေသော ထန်းရွက်ကဲ့သို့ တဖျစ်ဖျစ်မည်၏၊ ဤသူ၏စကားသည် အဆုံးအပိုင်းအခြားမရှိဟု ကဲ့ရဲ့၏။
မိတဘာဏိမ္ပိ နိန္ဒန္တိ—ဤသူသည် မိမိစကားကို ရွှေငွေအလား တခွန်းနှစ်ခွန်း ပြော၍ တိတ်တိတ်နေ၏ဟု ကဲ့ရဲ့၏။
ယံ စေ ဝိညူ—လူမိုက်တို့၏ ချီးမွမ်းမှု ကဲ့ရဲ့မှုသည် ပမာဏမဟုတ်၊ ပညာရှိတို့၏ ကဲ့ရဲ့မှု ချီးမွမ်းမှုကိုသာ ပဓာနထားသင့်၏။
ပညာရှိချီးမွမ်းထိုက်သူ—မပေါက်မပျက်သော သိက္ခာနှင့် ကောင်းသော အသက်မွေးမှုရှိ၍ ဓမ္မောဇပညာနှင့် ပြည့်စုံပြီးလျှင် လောကီ၊ လောကုတ္တရာပညာ၊ စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ပညာရှိများ ချီးမွမ်းထိုက်ကုန်၏။

ပါဠိသဒ္ဒါခက်ဆစ်

ပေါရာဏံ = ပုရာ ဘဝံ ပေါရာဏံ။ ပုရာ + န။ (ဏ-ပြု)
အဇ္ဇတနာ = အဇ္ဇ ဘဝါ အဇ္ဇတနာ။ အဇ္ဇ + တန + အာ။
တုဏှိမာသီနံ = တုဏီု + အာသီနံ။ အာသီနံ = အာသတိ သီလေနာတိ အာသီ။ အာသ် + ဏီ။
ဗဟုဘာဏိနံ = ဗဟုံ ဘဏတိ သီလေနာတိ ဗဟုဘာဏီ။ ဗဟု + ဘဏ် + ဏီ။
ပေါသော = ပေါသီယတီတိ ပေါသော။ ပုသ် + ဧာ။ ပုရေ ဘဝတီတိ ပေါသော။ ပုရ + သ (ရချေ-ဝုဒ္ဓိပြု)။
အစ္ဆိဒ္ဒဝုတ္တိံ = အစ္ဆိဒ္ဓါ ဝုတ္တိ ယဿာတိ အစ္ဆိဒ္ဒဝုတ္တိ။ အစ္ဆိဒ္ဓါ + ဝုတ္တိ + ဣ။
ပညာသီလသမာဟိတံ = ပညာ စ သီလဉ္စ သမာဟိတော စ ပညာသီလသမာဟိတော။ ‌သော အဿ အတ္ထီတိ ပညာသီလ သမာဟိတော။
နိက္ခံ = ကနတိ ဒိဗ္ဗတီတိ နိက္ခော။ နိ + ကန် + အ။ (နကို ခပြု)
ဇမ္ဗောနဒဿ = ဇမ္ဗုယာ နဒီ ဇမ္ဗုနဒီ။ ဇမ္ဗု + နဒီ။ ဇမ္ဗုနဒိယံ ဇာတံ ဇမ္ဗောနဒံ။ ဇမ္ဗုနဒီ + ဏ။

အတုလဥပါသကဝတ္ထု ပြီး၏။
---

## ၁၇-ကောဓဝဂ်

၈-ဆဗ္ဗဂ္ဂိယဝတ္ထု

၂၃၁။ ကာယပ္ပကောပံ ရက္ခေယျ၊ ကာယေန သံဝုတော သိယာ။
ကာယဒုစ္စရိတံ ဟိတွာ၊ ကာယေန သုစရိတံ စရေ။
၂၃၂။ ဝစီပ္ပကောပံ ရက္ခေယျ၊ ဝါစာယ သံဝုတော သိယာ။
ဝစီဒုစ္စရိတံ ဟိတွာ၊ ဝါစာယ သုစရိတံ စရေ။
၂၃၃။ မနောပ္ပကောပံ ရက္ခေယျ၊ မနသာ သံဝုတော သိယာ။
မနောဒုစ္စရိတံ ဟိတွာ၊ မနသာ သုစရိတံ စရေ။
၂၃၄။ ကာယေန သံဝုတာ ဓီရာ၊ အထော ဝါစာယ သံဝုတာ။
မနသာ သံဝုတာ ဓီရာ၊ တေ ဝေ သုပရိသံဝုတာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လက်နှစ်ဘက်ဖြင့် တောင်ဝှေးကို ကိုင်ကာ ခုံဖိနပ်စီး၍ စင်္ကြံလျှောက်ကြသော ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်ဖြစ်ကြသည်။

အနက်

ကာယပကောပံ၊ ကာယဒုစရိုက်သုံးပါးကို။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ ကာယေန၊ ကာယဒွါရဖြင့်။ သံဝုတော၊ တားမြစ်ပိတ်ပင်သည်။ သိယာ၊ ဖြစ်ရာ၏။ ကာယဒုစ္စရိတံ၊ ကာယဒုစရိုက်ကို။ ဟိတွာ၊ ပယ်စွန့်၍။ ကာယေန၊ ကိုယ်ဖြင့်။ သုစရိတံ၊ သုစရိုက်ကို။ စရေ၊ ကျင့်ရာ၏။
ဝစီပကောပံ၊ ဝစီဒုစရိုက်လေးပါးကို။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ ဝါစာယ၊ ဝစီဒွါရဖြင့်။ သံဝုတော၊ တားမြစ်ပိတ်ပင်သည်။ သိယာ၊ ဖြစ်ရာ၏။ ဝစီဒုစ္စရိတံ၊ ဝစီဒုစရိုက်ကို။ ဟိတွာ၊ ပယ်စွန့်၍။ ဝါစာယ၊ နှုတ်ဖြင့်။ သုစရိတံ၊ သုစရိုက်ကို။ စရေ၊ ကျင့်ရာ၏။
မနောပကောပံ၊ မနောဒုစရိုက်သုံးပါးကို။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ မနသာ၊ မနောဒွါရဖြင့်။ သံဝုတော၊ တားမြစ်ပိတ်ပင်သည်။ သိယာ၊ ဖြစ်ရာ၏။ မနောဒုစ္စရိတံ၊ မနောဒုစရိုက်ကို။ ဟိတွာ၊ ပယ်စွန့်၍။ မနသာ၊ စိတ်ဖြင့်။ သုစရိတံ၊ သုစရိုက်ကို။ စရေ၊ ကျင့်ရာ၏။
ယေ ဓီရာ၊ အကြင် ပညာရှိတို့သည်။ ကာယေန၊ ကိုယ်ဖြင့်။ သံဝုတာ၊ ဝင်ရောက်လာသော ဒုစရိုက်တို့ကို တားမြစ်ပိတ်ပင်ကုန်၏။ အထော၊ ထိုမှတပါး။ ဝါစာယ၊ နှုတ်ဖြင့်။ သံဝုတာ၊ ဝင်ရောက်လာသော ဒုစရိုက်တို့ကို တားမြစ်ပိတ်ပင်ကုန်၏။ မနသာ၊ စိတ်ဖြင့်။ သံဝုတာ၊ ဝင်ရောက်လာသော ဒုစရိုက်တို့ကို တားမြစ်ပိတ်ပင်ကုန်၏။ တေ ဓီရာ၊ ထိုပညာရှိတို့သည်။ ဝေ၊ စင်စစ်။ သုပရိသံဝုတာ၊ ကောင်းစွာ ဒုစရိုက်တို့ကို တားမြစ်ပိတ်ပင်စောင့်ရှောက်သူတို့ မည်ကုန်၏။

စကားပြေ

ကာယဒုစရိုက်သုံးပါး၊ ဝစီဒုစရိုက်လေးပါး၊ မနောဒုစရိုက်သုံးပါးတို့ကို စောင့်ရှောက်ရာ၏။ အသီးသီးသော ကာယ၊ ဝစီ၊ မနောဒွါရတို့ဖြင့် ဒုစရိုက်ဝင်လာမှုကို တားမြစ်ပိတ်ပင်ရာ၏။ ဒုစရိုက်ကို ပယ်စွန့်၍ သုစရိုက်ကို ကျင့်ရာ၏။ ဤသို့ ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ဝင်ရောက်လာသော ဒုစရိုက်များကို တားမြစ်နိုင်သူကို ဒုစရိုက်များကို ကောင်းစွာ လုံခြုံအောင် စောင့်ရှောက်နိုင်သူဟု ဆိုရပေမည်။
ကာယပ္ပကောပံ = ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ ဟူသော ကာယဒုစရိုက်သုံးပါး။
ဝစီပကောပံ = မုသာဝါဒ၊ ပိသုဏဝါစာ၊ သမ္ဖပ္ပလာပ၊ ဖရုသဝါစာ ဟူသော ဝစီဒုစရိုက်လေးပါး။
မနောပကောပံ = အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ ဟူသော မနောဒုစရိုက်သုံးပါး။
သစ်သားဖိနပ်—ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကျောက်ဖျာအပြင်တွင် သစ်သားဖိနပ်စီးကာ စင်္ကြံသွားသဖြင့် ဆူညံသော အသံမြည်ခြင်းကြောင့် သစ်သားဖိနပ်စီးခြင်းကို ဘုရားရှင် ပညတ်တော်မူသည်။ (ဓမ္မ၊ ဋ္ဌ၊ ၂။၂၁၁။)

ပါဠိသဒ္ဒါခက်ဆစ်

ကာယပ္ပကောပံ = ကာယေန ပကောပိ ဣတိ ကာယပ္ပကောပိ။ ကာယ + ပကောပ။

ဆဗ္ဗဂ္ဂိယဝတ္ထု ပြီး၏။
ကောဓဝဂ် ပြီး၏။
---

## ၁၈-မလဝဂ်

၁-ဂေါဃာတကပုတ္တဝတ္ထု

၂၃၅။ ပဏ္ဍုပလာသောဝ ဒါနိသိ၊ ယမပုရိသာပိ စ တေ ဥပဋ္ဌိတာ။
ဥယျောဂမုခေ စ တိဋ္ဌသိ၊ ပါထေယျမ္ပိ စ တေ န ဝိဇ္ဇတိ။
၂၃၆။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ။
နိဒ္ဓန္တမလော အနင်္ဂဏော၊ ဒိဗ္ဗံ အရိယဘူမိံ ဥပေဟိသိ။
၂၃၇။ ဥပနီတဝယော စ ဒါနိသိ၊ သမ္ပယာတောသိ ယမဿ သန္တိကံ။
ဝါသော တေ နတ္ထိ အန္တရာ၊ ပါထေယျမ္ပိ စ တေ န ဝိဇ္ဇတိ။
၂၃၈။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ။
နိဒ္ဓန္တမလော အနင်္ဂဏော၊ န ပုန ဇာတိဇရံ ဥပေဟိသိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နှစ်ပေါင်းငါးဆယ့်ငါးနှစ်ပတ်လုံး နွားတို့ကို သတ်၍ ရောင်းဝယ်ကာ အသက်မွေးသော နွားသတ်သမား၏ သား ရွှေပန်းထိမ်သည်ကြီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရွှေပန်းထိမ်သည်ကြီး အနာဂါမိ ဖြစ်သည်။

အနက်

ဥပါသက၊ အို ဥပါသက။ တွံ၊ သင်သည်။ ဒါနိ၊ ယခုအခါ၌။ ပဏ္ဍုပလာသောဝ၊ ဖက်ရွက်လျော်ကဲ့သို့။ အသိ၊ ဖြစ်ပြီ။ ယမပုရိသာပိ စ၊ သေမင်းတမန်တို့သည်လည်း။ တေ၊ သင်၏အနီး၌။ ဥပဋ္ဌိတာ၊ တည်ကုန်ပြီ။ ဥယျောဂမု‌ခေ စ၊ ဆုတ်ယုတ်ပျက်စီးခြင်း၏ အစ၌လည်း။ တိဋ္ဌသိ၊ တည်၏။ တေ၊ သင့်အား။ ပါထေယျမ္ပိ စ၊ ဘဝတပါးသို့ သွားဖို့ရန် ကောင်းမှုတည်းဟူသော ရိက္ခာသည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။
သော တွံ၊ ထိုသင်သည်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ မှီရာကျွန်းနှင့် တူသော ကောင်းမှုကို။ ကရောဟိ၊ ပြုပါလော့။ ခိပ္ပံ၊ လျင်စွာ။ ဝါယမ၊ အားထုတ်ပါလော့။ ပဏ္ဍိတော၊ ပညာရှိသူသည်။ ဘဝ၊ ဖြစ်ပါလော့။ နိဒ္ဓန္တမလော၊ အညစ်အကြေးပယ်ပြီးသည် ဖြစ်၍။ အနင်္ဂဏော၊ ကိလေသာမရှိပဲ။ အရိယာဘူမိံ၊ အရိယတို့ နေရာဖြစ်သော။ ဒိဗ္ဗံ၊ သုဒ္ဓဝါသဘုံသို့။ ဥပေဟိသိ၊ ကပ်ရောက်လိမ့်မည်။
ဥပါသက၊ အို ဥပါသက။ တွံ၊ သင်သည်။ ဒါနိ၊ ယခုအခါ၌။ ဥပနီတဝယော၊ အရွယ်လွန်သည်။ အသိ၊ ဖြစ်၏။ ယမဿ၊ သေမင်း၏။ သန္တိကံ၊ အထံသို့။ သမ္ပယာတောသိ၊ သွားရန် စီစဉ်ပြီးသည်။ အသိ၊ ဖြစ်၏။ တေ၊ သင့်အား။ အန္တရာ၊ ခရီးအကြား၌။ ဝါသော၊ ရပ်နားရန် အခွင့်သည်။ နတ္ထိ၊ မရှိ။ တေ၊ သင့်အား။ ပါထေယျမ္ပိ စ၊ ဘဝတပါးသို့ သွားဖို့ရန် ကောင်းမှုတည်းဟူသော ရိက္ခာသည်လည်း။ န ဝိဇ္ဇတိ၊ မရှိ။
ဥပါသက၊ အို ဥပါသက။ သော တွံ၊ ထိုသင်သည်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ မှီရာကျွန်းနှင့် တူသော ကောင်းမှုကို။ ကရောဟိ၊ ပြုပါလော့။ ခိပ္ပံ၊ လျင်စွာ။ ဝါယမ၊ အားထုတ်ပါလော့။ ပဏ္ဍိတော၊ ပညာရှိသူသည်။ ဘဝ၊ ဖြစ်ပါလော့။ နိဒ္ဓန္တမလော၊ အညစ်အကြေးကို ပယ်ထုတ်ပြီးသည် ဖြစ်၍။ အနင်္ဂဏော၊ ကိလေသာမရှိပဲ။ န ပုန ဇာတိဇရံ၊ တဖန် ပဋိသန္ဓေ နေခြင်း အိုခြင်းသို့။ ဥပေဟိသိ၊ မရောက်တော့အံ့။

စကားပြေ

ဥပါသက၊ သင် ယခု ဖျော့တော့သော ဖက်ရွက်လျော်ကဲ့သို့ ဖြစ်ပြီးလျှင် သေမင်းအနီး၌ တည်၍ ပျက်စီးစပြုသော သင့်အား ဘဝတပါးသွားရန် ကောင်းမှုတည်းဟူသော ရိက္ခာမရှိ။
မိမိမှီခိုရာကျွန်းနှင့် တူသော ကုသိုလ်ကို ပြုပါလော့၊ လျင်မြန်စွာ ကုသိုလ်တရားကို အားထုတ်ပြီး ပညာရှိသူတော်ကောင်း ဖြစ်ပါလော့၊ လုံ့လစိုက်ထုတ်၍ အညစ်အကြေးပယ်ကာ ကိလေသာမရှိခဲ့သော် သုဒ္ဓဝါသဘုံသို့ ရောက်လိမ့်မည်။
ဥပါသက၊ ယခုအရွယ်လွန်၍ သေမင်းထံသို့ သွားရန် နီးကပ်နေသော သင့်အား လမ်းခရီးအကြား ရပ်နားနေရန် အခွင့်မရှိ၊ ကုသိုလ်ရိက္ခာလည်း မရှိ။
မိမိမှီခိုရာကျွန်းနှင့် တူသော ကုသိုလ်ကို ပြုပါလော့၊ လျင်မြန်စွာ အားထုတ်၍ ပညာရှိသူတော်ကောင်း ဖြစ်အောင် ပြုပါလော့၊ လုံ့လစိုက်၍ အညစ်အကြေးပယ်ကာ ကိလေသာမရှိသော သင့်အား ပဋိသန္ဓေနေခြင်း အိုခြင်းတို့ မဖြစ်နိုင်တော့အံ့။
ယမပုရိသာ—သေမင်းတမန်။
ပါထေယျ—ခရီးသွားသောသူအား ဆန်၊ ဆီ စသော ရိက္ခာကို ပါထေယျခေါ်၏။ တမလွန်ဘဝ သွားသောသူအား ကုသိုလ်ကောင်းမှုကို ပါထေယျခေါ်သည်။
နိဒ္ဓန္တမလော ၌—မလ ဟူသည် ရာဂ စသော အညစ်အကြေး ရ၏။
အနင်္ဂဏော ၌—အင်္ဂ အရ ရာဂစသော ကိလေသာ ရ၏။
အနင်္ဂဏ နိဒ္ဓန္တမလ—အရ ရာဂ၊ ဒေါသ စသော ကိလေသာမရှိသော အနာဂါမိပုဂ္ဂိုလ် ရ၏။
အရိယဘူမိ—အရ သုဒ္ဓဝါသဘုံငါးဘုံ ရ၏။
[ဂါထာလေးဂါထာတို့တွင် အောက်သုံးဂါထာတို့ဖြင့် အနာဂါမိမဂ်ကို ဘုရားရှင် ဟောတော်မူ၍ စတုတ္ထဂါထာဖြင့် အရဟတ္တမဂ်ကို ရည်ရွယ်၍ ဟောတော်မူ၏။ ဖခင်က ထမင်းလုတ်ကြီးကြီး ကျွေးသော်လည်း သား၏ ပါးစပ်တွင် တန်ရုံသာ ဝင်သကဲ့သို့ ဘုရားရှင်က ရဟန္တာတိုင်အောင် ဟောသော်လည်း အောက်သုံးဂါထာဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်၍ စတုတ္ထဂါထာဖြင့် အနာဂါမိဖိုလ်ကိုသာ ရ၏။]
ပါထေယျမ္ပိ စ တေ န ဝိဇ္ဇတိ—ဤစကားကို နှစ်ကြိမ် ဟောတော်မူခြင်းသည် ဥပါသကအား အကြိမ်အကြိမ် အဖန်ဖန် စွဲမြဲစေခြင်းငှာ ဟောတော်မူ၏။

ပါဠိသဒ္ဒါခက်ဆစ်

ပဏ္ဍုပလာသော = ပဏ္ဍတီတိ ပဏ္ဍု။ ပဍိ + ဥ။ ပကာရေန လသတီတိ ပလာသံ။ ပ + လသ် + ဏ။ ပဏ္ဍု ပလာသံ ပဏ္ဍုပလာသံ။ ပဏ္ဍု + ပလာသ။
ယမပုရိသာ = ယမဿ ပုရိသော ယမပုရိသော။ ယမ + ပုရိသ။
ဥယျောဂမုခေ = ဥယျောဂဿ မုခံ ဥယျောဂမုခံ။ ဥယျောဂ + မုခ။ ဥယျောဇနံ ဥယျောဂါ။ ဥ + ယုဇ + ဏ။
ပါထေယျံ = ပထဿ ဟိတံ ပါထေယျံ။ ပထ + ဏျ။
နိဒ္ဓန္တမလော = နိဒ္ဓန္တံ မလံ ယဿာတိ နိဒ္ဓန္တမလော။ နိဒ္ဓန္တ + မလ + ယ။ နိဒ္ဓန္တ = နိ + ဓမု + တ။
အနင်္ဂဏော = နတ္ထိ အင်္ဂဏံ ဧတဿာတိ အနင်္ဂဏော။ န + အင်္ဂဏ + ဧတ။
အရိယဘူမိံ = အရိယာနံ ဘူမိ အရိယဘူမိ။ အရိယ + ဘူမိ။
ဥပေဟိသိ = ဥပ + ဟူ + ဿသိ။
ဥပနီတဝယော = ဥပ + နိတဝယော။ နိတဝယော = နီ‌တော ဝ‌ယော ယဿာတိ နီတဝယော။ ဥပ + ဝယ + ယ။
ဂေါဃာတကပုတ္တဝတ္ထု ပြီး၏။
---
## ၁၈-မလဝဂ်

၂-အညတရဗြာဟ္မဏဝတ္ထု

၂၃၉။ အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ။
ကမ္မာရော ရဇတ‌ဿေဝ၊ နိဒ္ဓမေ မလမတ္တနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝနကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းများ သင်္ကန်းရုံနေကြနေရာ၌ မြက်များကို ပေါက်တူးဖြင့် ရှင်းလင်းခြင်း၊ သဲခင်းခြင်း၊ မဏ္ဍပ်ပြုခြင်း၊ ဇရပ်ဆောက်ခြင်းတို့ကို အစဉ်အတိုင်း တိုးချဲ့၍ ကုသိုလ်ပြုသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ကုသိုလ်တဖြည်းဖြည်း ပြုလာသော ပုဏ္ဏား သောတာပန်ဖြစ်သည်။

အနက်

ကမ္မာရော၊ ရွှေပန်းထိမ်သည်သည်။ ရဇတံ၊ ရွှေ၏။ မလံ၊ အညစ်အကြေးကို။ ပုနပ္ပုနံ၊ အဖန်ဖန်။ နိဟရတိ ဣဝ၊ ထုတ်သကဲ့သို့။ မေဓာဝီ၊ ပညာရှိသည်။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ အတ္တနော၊ မိမိ၏။ မလံ၊ ရာဂစသော အညစ်အကြေးကို။ ထောကံ ထောကံ၊ အနည်းငယ် အနည်းငယ်။ ခဏေ ခဏေ၊ အခွင့်ရတိုင်း အခွင့်ရတိုင်း။ နိဒ္ဓမေ၊ ထုတ်ပယ်ရာ၏။

စကားပြေ

ရွှေပန်းထိမ်သည်သည် ရွှေ၏ အညစ်အကြေးကို အဖန်ဖန် ထုတ်သကဲ့သို့ ပညာရှိသည် မိမိ၏ ရာဂစသော အညစ်အကြေးကို အနည်းငယ် အနည်းငယ် အခွင့်ရတိုင်း အခွင့်ရတိုင်း ပယ်ထုတ်ရာ၏။
မေဓာဝီ— ဓမ္မောဇပညာနှင့် ပြည့်စုံသောသူ။

ရွှေပန်းထိမ်သည် အထူးပြုပုံ

ရွှေပန်းထိမ်သည်သည် တကြိမ်တခါ ရွှေကို ပူအောင်ပြု၍ ထုခတ်ခြင်းဖြင့် ရွှေ၏ အညစ်အကြေးကို ထုတ်ကာ လက်ဝတ်လက်စားပြုခြင်းငှာ မစွမ်းနိုင်။ အကြိမ်ကြိမ် ပူအောင်ပြု၍ ထုခတ်ပြီး အညစ်အကြေးကို ထုတ်ပြီးမှသာ လက်ဝတ်တန်ဆာ အထူးကို ပြုသကဲ့သို့ ပညာရှိသည် အကြိမ်ကြိမ် ကုသိုလ်ပြု၍ ရာဂစသော အညစ်အကြေးကို ထုတ်မှသာလျှင် ကိလေသာ အညစ်ကင်းသူ ဖြစ်နိုင်၏။

ပါဠိသဒ္ဒါခက်ဆစ်

ကမ္မာရော = လောဟကိစ္စံ ကရောတီတိ ကမ္မာရော။ ကရ် + မာရ။

အညတရဗြာဟ္မဏဝတ္ထု ပြီး၏။
---

## ၁၈-မလဝဂ်

၃-တိဿတ္ထေရဝတ္ထု

၂၄၀။ အယသာ ဝ မလံ သမုဋ္ဌိတံ၊ တတုဋ္ဌာယ တမေဝ ခါဒတိ။
ဧဝံ အတိဓာဝနစာရိနံ၊ သာနိ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းကို စွဲ၍ သေသောအခါ ခုနစ်ရက် သန်းမ ဖြစ်သော တိဿရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

မလံ၊ သံချေးသည်။ အယသာဝ၊ သံမှပင်။ သမုဋ္ဌိတံ၊ ဖြစ်လာ၏။ တတော၊ ထိုသံမှ။ ဥဋ္ဌာယ၊ ဖြစ်လာ၍။ တမေဝ၊ ထိုသံကိုသာလျှင်။ ခါဒတိ ယထာ၊ စားသကဲ့သို့။ ဧဝံ၊ ဤအတူ။ အတိဓာဝနစာရိနံ၊ ပစ္စည်းလေးပါး၌ မဆင်ခြင်ပဲ လွန်ကျူး၍ ကျင့်သူကို။ သာနိ ကမ္မာနိ၊ မိမိ၏ မကောင်းသော ကျင့်ကြံမှုတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ နယန္တိ၊ ဆောင်ကုန်၏။

စကားပြေ

သံမှ သံချေးဖြစ်၍ မိမိဖြစ်ရာ သံကိုပင် သံချေးစားသကဲ့သို့၊ ပစ္စည်းလေးပါး၌ မဆင်ခြင်ပဲ လွန်ကျူး၍ ကျင့်သူကို မိမိ၏ မကောင်းသော ကျင့်ကြံမှုတို့က ဒုဂ္ဂတိဘဝသို့ ဆောင်ကုန်၏။
အတိဓာဝနစာရိနံ— ၌ ‌ဓောနဟူသည် ပစ္စည်းလေးပါးကို ဆင်ခြင်၍ သုံးဆောင်သော ပညာရှင်ဖြစ်သည်။ ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ စားခြင်းကို လွန်၍ ကျင့်သော ပုဂ္ဂိုလ်သည် (ပစ္စဝေက္ခဏာ မဆင်ခြင်ပဲ သုံးဆောင်သူသည်) အတိ‌ဓောနစာရီ မည်၏။ မိမိသင်္ကန်းအပေါ်၌ စွဲလမ်းပြီး သေဆုံးသွားသဖြင့် တိဿရဟန်းသည် မိမိသင်္ကန်း၌ ၇ ရက်ကိုင်တိုင် သန်းဖြစ်နေရသည်။ (ဓမ္မ၊ ဋ္ဌ၊ ၂။၂၁၉။)

ပါဠိသဒ္ဒါခက်ဆစ်

အတိဓောနစာရိနံ = ပဓာနာ အတိက္ကမိတွာ စရတိ သီလေနာတိ အတိဓောနစာရီ။ အတိ + ဓောန + စရ် + ဏီ။

တိဿတ္ထေရဝတ္ထု ပြီး၏။
---

## ၁၈-မလဝဂ်

၄-လာလုဒါယီတ္ထေရဝတ္ထု

၂၄၁။ အသဇ္ဈာယမလာ မန္တာ၊ အနုဋ္ဌာနမလာ ဃရာ။
မလံ ဝဏ္ဏဿ ကောသဇ္ဇံ၊ ပမာဒေါ ရက္ခတော မလံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဂ္ဂသာဝကနှစ်ပါး၏ ဂုဏ်ကျေးဇူးပြောသံကို ကြား၍ မိမိကိုယ်တိုင် အဂ္ဂသာဝကနှစ်ပါးကို အတုလိုက်၍ တရားဟောမည်ဟု ကြေငြာသော်လည်း တရားဟောပလ္လင်၌ လေးကြိမ်တိုင် ထိုင်၍ ဟောရမည့်တရား မရှိသဖြင့် လူထုခဲပေါက်ခံရသော လာလုဒါယီထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

မန္တာ၊ စာပေကျမ်းဂန် အတတ်ပညာတို့သည်။ အသဇ္ဈာယမလာ၊ မရွတ်ဖတ် မသဇ္ဈာယ်ခြင်းသည်လျှင် အညစ်အကြေးရှိကုန်၏။ ဃရာ၊ အိမ်တို့သည်။ အနုဋ္ဌာနမလာ၊ ကြောင့်ကြစိုက်၍ မပြုပြင်ခြင်းလျှင် အညစ်အကြေးရှိကုန်၏။ ကောသဇ္ဇံ၊ ပျင်းရိခြင်းသည်။ ဝဏ္ဏဿ၊ အဆင်းလှပခြင်း၏။ မလံ၊ အညစ်အကြေးမည်၏။ ပမာဒေါ၊ မေ့လျော့ခြင်းသည်။ ရက္ခတော၊ စောင့်ရှောက်သူ၏။ မလံ၊ အညစ်အကြေးမည်၏။

စကားပြေ

စာပေကျမ်းဂန် အတတ်ပညာတို့သည် မရွတ်ဖတ် မသဇ္ဈာယ်ခြင်းလျှင် ပျက်စီးကြောင်း အညစ်အကြေးရှိကုန်၏။ အိမ်တို့သည် လုံ့လစိုက်၍ မပြုပြင်ခြင်းလျှင် ပျက်စီးကြောင်း အညစ်အကြေးရှိကုန်၏။ ပျင်းရိခြင်းသည် အဆင်းလှပခြင်း၏ ပျက်စီးကြောင်း အညစ်အကြေးမည်၏။ မေ့လျော့ခြင်းသည် စောင့်ရှောက်သူ၏ ပျက်စီးကြောင်း အညစ်အကြေးမည်၏။
အညစ်အကြေးလေးပါး— အသဇ္ဈာယ၊ အနုဋ္ဌာန၊ ကောသဇ္ဇ၊ ပမာဒ တို့သည် အကျိုးမဲ့ပျက်စီးမှုကို ဆောင်တတ်သဖြင့် အညစ်အကြေးနှင့် တူသောကြောင့် မလမည်၏။
အသဇ္ဈာယမလာ မန္တာ— ပရိယတ်ဖြစ်စေ၊ လက်မှုပညာဖြစ်စေ၊ မရွတ်ဖတ် အားမထုတ်ပါက လုံးဝအစဖော်မရပဲသော်လည်း ဖြစ်ရာ၏။ မူရင်းအတိုင်း အစဉ်တစိုက် မထင်ခြင်းသော်လည်း ဖြစ်ရာ၏။
အနုဋ္ဌာနမလာ ဃရာ— အိမ်၌ နေသောသူသည် အိမ်၏ ဆွေးမြည့်ပျက်စီးသော နေရာများကို ထကြွလုံ့လဖြင့် မပြင်ဆင်ပါက အိမ်သည် ပျက်စီးရာ၏။
မလံ ဝဏ္ဏဿ ကောသဇ္ဇံ— လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ ပျင်းရိသဖြင့် ကိုယ်လက်သုတ်သင်မှု၊ ပရိက္ခရာကို ဆေးကြောမှု မပြုပါက ခန္ဓာကိုယ်နှင့် ပရိက္ခရာသည် မကောင်းသော အဆင်းအနံ့ရှိရာ၏။
ပမာဒေါ ရက္ခတော မလံ— နွားတို့ကို စောင့်ရှောက်ရသောသူသည် မေ့လျော့ပြီး အိပ်ပျော်နေသော်လည်းကောင်း၊ ကစားနေ၍သော်လည်းကောင်း၊ နွားတို့သည် ကျက်စားရာမဟုတ်သည်၌ ပြေးဝင်ခြင်းကြောင့် သားရဲဘေး၊ သူခိုးဘေးဖြင့်သော်လည်းကောင်း၊ သူတပါးလယ်ယာ၊ ကိုင်းကျွန်းတို့သို့ ဝင်စားသဖြင့်သော်လည်းကောင်း၊ ပျက်စီးခြင်းသို့ ရောက်မူလည်း ရောက်ရာ၏။ မိမိအား ဒဏ်ခံရခြင်း၊ ဆဲရေးခံရခြင်းသို့လည်းကောင်း ရောက်ရာ၏။
ရဟန်းဖြစ်မူ ခြောက်ဒွါရတို့ကို မစောင့်ရှောက်ပဲ မေ့လျော့နေသော် ကိလေသာများ ဝင်လာပြီးလျှင် သာသနာမှ ရွှေ့လျောနိုင်၏။

ပါဠိသဒ္ဒါခက်ဆစ်

အသဇ္ဈာယမလာ = အသဇ္ဈာယံ မလံ ဧတေသန္တိ အသဇ္ဈာယမလာ။ အသဇ္ဈာယ + မလ + ဧတ။
မန္တာ = မနတိ ဇာနာတိ ဧတေနာတိ မန္တာ။ မန် + တ။
ကောသဇ္ဇ = ကုသိတဿ ဘာဝေါ ကောသဇ္ဇံ။ ကုသိတ + ဏျ။

လာလုဒါယီတ္ထေရဝတ္ထု ပြီး၏။
---

၅-အညတရကုလပုတ္တဝတ္ထု

၂၄၂။ မလဣတ္ထိယာ ဒုစ္စရိတံ၊ မစ္ဆေရံ ဒဒတော မလံ။
မလာ ဝေ ပါပကာ ဓမ္မာ၊ အသ္မိံ လောကေ ပရမှိ စ။
၂၄၃။ တတော မလါ မလတရံ၊ အဝိဇ္ဇာ ပရမံ မလံ။
ဧတံ မလံ ပဟန္တာန၊ နိမ္မလာ ဟောထ ဘိက္ခဝေါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မင်္ဂလာဆောင်သော နေ့မှစပြီး လင်ကို လွန်ကျူး၍ ကျင့်သော ဇနီးကိုရ၍ ရှက်ပြီး မျက်နှာကို လူထဲမပြဝံ့သော အမျိုးသားတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဒုစ္စရိတံ၊ လင်ကို လွန်ကျူး၍ ကျင့်ခြင်းသည်။ ဣတ္ထိယာ၊ မိန်းမ၏။ မလံ၊ ပျက်စီးကြောင်း အညစ်အကြေးမည်၏။ မစ္ဆေရံ၊ နှမြောဝန်တိုခြင်းသည်။ ဒဒတော၊ ပေးလှူသောသူ၏။ မလံ၊ ပျက်စီးကြောင်း အညစ်အကြေးမည်၏။ ပါပကာ၊ ယုတ်မာကုန်သော။ ဓမ္မာ၊ အကုသိုလ်တရားတို့သည်။ ဝေ၊ စင်စစ်။ အသ္မိံ လောကေ စ၊ ဤဘဝ၌လည်းကောင်း။ ပရမှိ စ၊ တမလွန်ဘဝ၌လည်းကောင်း။ မလာ၊ ပျက်စီးကြောင်း အညစ်အကြေးမည်ကုန်၏။
တတော မလာ၊ ထိုဆိုခဲ့ပြီးသော အညစ်အကြေးထက်။ မလတရံ၊ အလွန်ကဲဆုံး အညစ်အကြေးကို။ ဝေါ၊ သင်တို့အား။ ကထေမိ၊ ဟောကြားအံ့။ အဝိဇ္ဇာ၊ အမှန်ကို မသိမှု အဝိဇ္ဇာသည်။ ပရမံ မလံ၊ အလွန်ကဲဆုံး အညစ်အကြေးတည်း။ ဘိက္ခဝေါ၊ ရဟန်းတို့။ ဧတံ မလံ၊ ဤအလွန်ကဲဆုံး အညစ်အကြေးဖြစ်သော အဝိဇ္ဇာကို။ ပဟန္တာန၊ ပယ်သက်၍။ နိမ္မလာ၊ အညစ်အကြေးကင်းကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော့။

စကားပြေ

မိန်းမ၏ ပျက်စီးကြောင်းကား လင်ကို လွန်ကျူး၍ ကျင့်ခြင်းတည်း။ ပေးလှူသောသူ၏ ပျက်စီးကြောင်းကား နှမြောဝန်တိုခြင်းတည်း။ ယုတ်မာသော အကုသိုလ်တရားတို့ကား ဤဘဝ နောင်ဘဝတို့၌ ပျက်စီးကြောင်းတို့တည်း။
ဆိုအပ်ပြီးသော အညစ်အကြေးတို့ထက် အလွန်ကဲဆုံး ပျက်စီးကြောင်းကား အမှန်ကို မသိမှု အဝိဇ္ဇာတည်း။ ၎င်းအဝိဇ္ဇာကို ပယ်သတ်၍ အညစ်အကြေးကင်းအောင် ပြုကြကုန်လော့။
မလဣတ္ထိယာ ဒုစ္စရိတံ ၌ ဒုစ္စရိတအရ လင်ကြီးကို စွန့်၍ လင်ငယ်နှင့် နေခြင်းဟူသော ကာယဒုစရိုက် ရ၏။
လင်ငယ်ထားသော မိန်းမကို လင်ကြီးသည် အိမ်မှ နှင်ထုတ်ခြင်းခံရ၏။ မိဘတို့ကလည်း အမျိုးပျက်ဟု ဆိုကာ အမျိုးတို့အထဲမှ (အိမ်မှ) ပယ်ထုတ်ခြင်းခံရသဖြင့် လင်ငယ်ထားခြင်းသည် မိန်းမ၏ အညစ်အကြေးပင် ဖြစ်သည်။
မစ္ဆေရံ ဒဒတော မလံ— လယ်ထွန်ချိန်၌ စပါးအထွက်ကောင်းလျှင် လှူဒါန်းမည်ဟု ကြံ၍ စပါးအထွက်ကောင်းသော်လည်း ဝန်တိုခြင်းဖြစ်၍ စွန့်ကြဲလိုသော စိတ်မဖြစ်။ မစ္ဆေရစိတ်ဖြင့် စွန့်ကြဲလိုသော စိတ်သည် မဖြစ်ပေါ်သည်ရှိသော် လူစည်းစိမ်၊ နတ်စည်းစိမ်၊ နိဗ္ဗာန် ချမ်းသာတို့ကို မရနိုင်။ ထို့ကြောင့် မစ္ဆေရသည် လှူဒါန်းခြင်း၏ အညစ်အကြေးမည်၏။
အဝိဇ္ဇာ ပရမံ မလံ ၌ အဝိဇ္ဇာအရ သစ္စာလေးပါး၊ ရှေ့အစွန်း၊ နောက်အစွန်း၊ ရှေ့နောက်အစွန်း၊ ပဋိစ္စသမုပ္ပါဒ်ဟူသော ရှစ်ပါးသော အကြောင်းတို့ကို မသိသော မောဟ ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

နိမ္မလာ = နတ္ထိ မလာနိ ဧတေသန္တိ နိမ္မလာ။ နိ + မလ + ဧတ။

အညတရကုလပုတ္တဝတ္ထု ပြီး၏။
---

၆-စူဠသာရိဝတ္ထု

၂၄၄။ သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခဒ္ဓိနာ ပဂဗ္ဘနာ၊ သံကိလိဋ္ဌေန ဇီဝိတံ။
၂၄၅။ ဟိရီမတာ စ ဒုဇ္ဇီဝံ၊ နိစ္စံ သုစိဂဝေသိနာ။
အလီနေနာပ္ပဂဗ္ဘေန၊ သုဒ္ဓါဇီဝေန ပဿတာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာနှင့် တကျောင်းတည်းနေသော ဆေးကုသ၍ ရသော ဆွမ်းကို အရှင်သာရိပုတ္တရာအား အမြဲလှူပါမည်ဟု လျှောက်ထားသော စူဠသာရိရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အဟိရိကေန၊ အရှက်မရှိသောသူသည်။ ကာကသူရေန၊ ရဲတင်းသော ကျီးနှင့်တူသဖြင့်လည်းကောင်း။ ဓံသိနာ၊ သူတပါးဂုဏ်ကို ဖျက်ဆီးသဖြင့်လည်းကောင်း။ ပက္ခန္ဒိနာ၊ သူတပါးပြုသည်ကို မိမိပြုသယောင် ဆောင်သဖြင့်လည်းကောင်း။ ပဂ‌ဗ္ဘေနာ၊ ကြမ်းကြုတ်သဖြင့်လည်းကောင်း။ သံကိလိဋ္ဌေန၊ ညစ်ညူးသော အကျင့်ဖြင့်လည်းကောင်း။ ဇီဝိတံ၊ အသက်မွေးခြင်းသည်။ သုဇီဝံ၊ အသက်မွေးလွယ်ကူ၏။ ဟိရီတော၊ အရှက်ရှိသောသူသည်။ နိစ္စံ၊ အမြဲ။ သုစိဂဝေသိနာ၊ စင်ကြယ်မှုကို ရှာသဖြင့်လည်းကောင်း။ အလီနေန၊ မတွန့်တိုသဖြင့်လည်းကောင်း။ အပ္ပဂဗ္ဘေန၊ မကြမ်းကြုတ်သဖြင့်လည်းကောင်း။ သုဒ္ဓါဇီဝေန၊ စင်ကြယ်သော အသက်မွေးမှုဖြင့်။ ပဿတာ၊ စင်ကြယ်သော အသက်မွေးမှုကို မြော်မြင်သဖြင့်လည်းကောင်း။ ဒုဇ္ဇီဝံ၊ အသက်မွေးခဲယဉ်း၏။

စကားပြေ

အရှက်မရှိသောသူသည် ကျီးရဲနှင့်တူသဖြင့်လည်းကောင်း၊ သူတပါးဂုဏ်ကို ဖျက်ဆီးသဖြင့်လည်းကောင်း၊ သူတပါးပြုသည်ကို မိမိပြုသယောင် ဆောင်သဖြင့်လည်းကောင်း၊ ကြမ်းကြုတ်သဖြင့်လည်းကောင်း၊ ညစ်ညူးသော အကျင့်ဖြင့်လည်းကောင်း၊ အသက်မွေးခြင်းကြောင့် အသက်မွေးလွယ်ကူ၏။
အရှက်ရှိသူသည် အမြဲစင်ကြယ်မှုကို ရှာသဖြင့်လည်းကောင်း၊ မတွန့်တိုသဖြင့်လည်းကောင်း၊ မကြမ်းကြုတ်သဖြင့်လည်းကောင်း၊ စင်ကြယ်စွာ အသက်မွေးမြူသောကြောင့် အသက်မွေးခဲယဉ်း၏။
သုဇီဝံ အဟိရိကေန— အရှက်အကြောက်မရှိသောသူသည် အမေမဟုတ်သူကို ငါ၏အမေ၊ အဖေမဟုတ်သူကို ငါ၏အဖေဟု ပြော၍ နှစ်ဆယ့်တပါးသော အနေသန၌ တည်ပြီးလျှင် လွယ်ကူချမ်းသာစွာ အသက်မွေး၏။
ကာကသူရေန— ကျီးရဲသည် အိမ်တို့၌ ယာဂုစသည်တို့ကို စားယူလိုသောအခါ နံရံစသောအရပ်၌ နားပြီးလျှင် မိမိကြည့်သည်ကို လူတို့သိလျှင် မသိသောဟန်ဖြင့် တပါးကို အာရုံပြုသကဲ့သို့နေ၍ လူတို့၏ မေ့လျော့မှုကို မှတ်ပြီး အစဉ်လိုက်၍ သူသူဟု ချောက်ကုန်စဉ် အိုးခွက်မှ ပါးစပ်ပြည့်အောင် ယူ၍ ပြေးသကဲ့သို့ အရှက်မရှိသော ပုဂ္ဂိုလ်သည် ရဟန်းတို့နှင့် အတူ ရွာသို့ဝင်၍ ယာဂုဆွမ်းတည်ရာ နေရာတို့ကို မှတ်သား၏။ ရဟန်းတို့သည်ကား ဆွမ်းအလို့ငှာ ဆွမ်းခံ၍ မျှတရုံလောက် သောအစာကို ယူ၍ မိမိတို့နေသော ကျောင်းဇရပ်သို့ သွားပြီးလျှင် ပစ္စဝေက္ခဏာ ဆင်ခြင်ကုန်လျက် ယာဂုစသည်တို့ကို သောက်ကာ ကမ္မဋ္ဌာန်းကို နှလုံးသွင်းကုန်၏။ စာအံကြကုန်၏။ နေသော ဇရပ်ကို တံမြက်လှည်းကုန်၏။ အရှက်မရှိသောသူသည်ကား တစုံတခုမျှကို မပြုမလုပ်ပဲ ရွာသို့ ရှေးရှုသွား၏။ အရှက်မရှိသောသူကို ရဟန်းတို့က ကြည့်ကြသော်လည်း မမြင်လေဟန်၊ တပါးကို အာရုံပြုနေဟန်၊ အိပ်ငိုက်နေဟန်၊ အထုံးကို ဖြေနေဟန်၊ သင်္ကန်းကို ချုပ်နေဟန် ပြု၍ “ကျွန်ုပ်တို့မှာ ကိစ္စရှိသည်” ဟု ဆိုကာ နေရာမှထ၍ ရွာသို့ဝင်ပြီး နံနက်စောစောက မှတ်ထားသော အိမ်တို့တွင် တအိမ်တအိမ်သို့ ချဉ်းကပ်လျက် အိမ်ရှင်တို့ အနည်းငယ်ပိတ်ထားသော တံခါးကို အိမ်ရှင်များက အော်ပြောစဉ်ပင် လက်တဘက်ဖြင့် တံခါးရွက်ကို တွန်း၍ အတွင်းသို့ဝင်၏။ အရှက်မရှိသောသူကို မြင်လျှင် မလှူလိုသော်လည်း နေရာ၌ ထိုင်စေ၍ ရှိသမျှ ယာဂု စသည်တို့ကို လှူကုန်၏။ ထိုအရှက်မရှိသောသူသည် အလိုရှိတိုင်း စားသုံးပြီး အကြွင်းကို သပိတ်ဖြင့် ယူ၍ ထည့်သွား၏။ ထို့ကြောင့် အရှက်မရှိသောသူသည် ကာကသူရ-ကျီးရဲနှင့် တူသူမည်၏။
ဓံသိနာ— တစုံတယောက်သော ပုဂ္ဂိုလ်သည် အလိုနည်း၏ဟု ပြောဆိုလျှင် “ငါတို့လည်း အလိုနည်းတာပဲ” ဟု ပြောဆိုလျက် တကယ်အလိုနည်းသော ပုဂ္ဂိုလ်၏ ဂုဏ်ကို ဖျက်ဆီး၏။ အလိုနည်းဟန်ဆောင်သော ပုဂ္ဂိုလ်သည် ကြာရှည်လေးမြင့်စွာ ဟန်မဆောင်နိုင်သဖြင့် ထိုထိုလာဘ်မှ ဆုတ်ယုတ်၏။ မိမိသူတပါး၏ လာဘ်ကို ဖျက်ဆီး၏။
ပက္ခဒ္ဓိနာ— နံနက်စောစော ရဟန်းများ စေတီရင်ပြင်စသည်တို့၌ ငတ္ထရားကို ပြု၍ ကမ္မဋ္ဌာန်း နှလုံးသွင်းကာ ခေတ္တခဏ ထိုင်၍ ရွာသို့ ဆွမ်းခံဝင်သောအခါ လိမ်ညာသော ပုဂ္ဂိုလ်သည် မျက်နှာသစ်၍ ဖျော့တော့သော သင်္ကန်းကို ရုံပြီး မျက်စဉ်းဦးခေါင်းလိမ်းဆေးတို့ဖြင့် မိမိကိုယ်ကို တန်ဆာဆင်ပြီးလျှင် တံမြက်လှည်းသကဲ့သို့ တချက်နှစ်ချက် လှည်းပြီး တံခါးဝသို့ ရှေးရှုသွား၏။ နံနက်စောစော စေတီကို ဖူးမြင်၍ ပန်းပူဇော်လိုသော သူတို့က ထိုလိမ်ညာသော ရဟန်းကို မြင်၍ “ဤကျောင်းသည် ဤရဟန်းငယ်ကြောင့် သုတ်သင်မှု ၎၏။ ဤရဟန်းငယ်ကို မမေ့ကြနှင့်” ဆိုကာ လှူဒါန်းဖွယ်ကို လှူဒါန်းကုန်၏။ ဤသို့ လိမ်ညာသော သူသည် အသက်မွေးဝမ်းကျောင်း လွယ်၏။
ဟိရီမတာ စ ဒုဇ္ဇီဝံ— အမေမဟုတ်သူကို အမေဟု မပြောပဲ မတရားသဖြင့် ရသော လာဘ်ကို မစင်ကဲ့သို့ စက်ဆုပ်သည်ဖြစ်၍ တရားသဖြင့် အိမ်စဉ်အတိုင်း ဆွမ်းခံ၍ ရှာမှီးသောသူသည် ဆင်းရဲငြိုငြင်စွာ အသက်မွေးရ၏။
သုစိဂဝေသိနာ ၌ သုစိအရ စင်ကြယ်သော ကာယကံ၊ ဝစီကံ၊ မနောကံ ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ကာကသူရေန = ကာကော သူရော ကာကသူရော။ ကာက + သူရ။
ဓံသိနာ = ဂုဏေ ဓံသတိ ဣတိ ဓံသိနာ။ ဓံသ + ဤ။
ပက္ခန္ဒိနာ = ပက္ခန္ဒတီတိ ပက္ခဒ္ဓိနာ။ ပ + ခန္ဒ် + ဏီ။
ပဂဗ္ဘနာ = ပဂဗ္ဘနံ ပတ္တော
ပဂဗ္ဘေန = ပဂဗ္ဘာနံ ပဂဗ္ဘော။ ပ+ဂဗ္ဘ+အ။
သံကိလိဋ္ဌေန= သံကိလိသနံ သံကိလိဋ္ဌော။ သံ +ကိလိသ+တ။
သုစိဂဝေသိနာ=ဂဝေသနံ ဂဝေသီ။ ဂဝေသ+ဤ။ သုစိနံ ဂဝေသီ သုစိဂဝေသီ။ သုစိ+ဂဝေသီ။
အလိနေန န +လီ။ လီန=လီ+တ။
အပ္ပဂဗ္ဘေန=န+ပဂဗ္ဘ။
သုဒ္ဓါဇီဝေန=သုဒ္ဓေါ အာဇီဝေါ သုဒ္ဓါဇီဝေါ။ သုဒ္ဓ+ အာဇီဝ။
စူဠသာရိဝတ္ထုပြီး၏။
---

၁၄-မလဝဂ်။ ၇-ပဉ္စဥပါသကဝတ္ထု

၂၄၆။ ယော ပါဏမတိပါတေတိ၊ မုသာဝါဒဉ္စ ဘာသတိ။
လောကေ အဒိန္နမာဒိယတိ၊ ပရဒါရဉ္စ ဂစ္ဆတိ။
၂၄၇။ သုရာမေရယပါနဉ္စ၊ ယော နရော အနုယုဉ္ဇတိ။
ဣဓေဝ ‌မေသော လောကသ္မိံ၊ မူလံ ခဏတိ အတ္တနော။
၂၄၈။ ဧဝံ ဘော ပုရိသ ဇာနာဟိ၊ ပါပဓမ္မာ အသညတာ။
မာ တံ လောဘော အဓမ္မော စ၊ စိရံ ဒုက္ခာယ ရန္ဓယုံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငါးပါးသီလတွင် တပါးပါးကိုသာ စောင့်ထိန်းကြပြီးလျှင် မိမိစောင့်ထိန်းသော သီလသည်သာ ပြုနိုင်ခဲ၏ဟု အငြင်းအခုံဖြစ်ကာ ဘုရားထံသို့သွားကြသော ဥပါသကာ ငါးယောက်တို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဥပါသကာ ငါးယောက်တို့ သောတာပန်ဖြစ်ကြသည်။

အနက်

လောကေ၊ လောက၌။ ယော၊ အကြင်သူသည်။ ပါဏံ၊ သတ္တဝါ၏ အသက်ကို။ အတိပါတေတိ၊ သတ်၏။ မုသာဝါဒဉ္စ၊ မဟုတ်မမှန်သော စကားကိုလည်း။ ဘာသတိ၊ ပြောဆို၏။ အဒိန္နံ၊ ပိုင်ရှင်မပေးသော ဥစ္စာကို။ အာဒိယတိ၊ ခိုးယူ၏။ ပရဒါရဉ္စ၊ သူတပါး မယားကိုလည်း။ ဂစ္ဆတိ၊ သွား၏။
သုရာမေရယပါနဉ္စ၊ သေရည်သေရက်ကို သောက်ခြင်းကိုလည်း။ ယော နရော၊ အကြင်သူသည်။ အနုယုဉ္ဇတိ၊ ကြိမ်ဖန်များစွာပြု၏။ ဧသော နရော၊ ထိုသူသည်။ ဣဓေဝ လောကသ္မိံ၊ ဤဘဝ၌ပင်လျှင်။ အတ္တနော၊ မိမိ၏။ မူလံ၊ အခြေအမြစ်ကို။ ခဏတိ၊ တူးဖြိုဖျက်ဆီးသည်မည်၏။
ဘော ပုရိသ၊ အိုယောက်ျား။ အသညတာ၊ ကိုယ်စသည်ကို စောင့်စည်းမှုကင်းသူတို့သည်။ ပါပဓမ္မာ၊ ယုတ်ညံ့သော သဘောရှိကုန်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိလော့။
လောဘော စ၊ လောဘသည်လည်းကောင်း။ အဓမ္မော စ၊ ဒေါသသည်လည်းကောင်း။ တံ၊ သင့်ကို။ စိရံ၊ ကြာမြင့်စွာ။ ဒုက္ခာယ၊ ဆင်းရဲစေရန်။ မာ ရန္ဓယုံ၊ မညှဉ်းဆဲစေကုန်လင့်။

စကားပြေ

လောကမှာ သတ္တဝါအသက်ကိုသတ်သူ၊ သူတပါးဥစ္စာကိုခိုးယူသူ၊ မဟုတ်မမှန်ပြောဆိုသူ၊ သူတပါးမယားကို ပြစ်မှားသူ၊ အရက်ကိုကြိမ်ဖန်များစွာသောက်တို့သည် မိမိ၏ အခြေအမြစ်ကို တူးဖြိုဖျက်ဆီးသည်မည်၏။ ကိုယ်စသည်ကို စောင့်စည်းမှုကင်းသူသည် ယုတ်မာသော သဘောရှိသည်ဟု သိ၍ လောဘဒေါသအကုသိုလ်တရားများက ကြာမြင့်စွာ ဆင်းရဲစေရန် မပြုပါစေလင့်။
မူလ– အရ မျက်မှောက်ဘဝအတွက် လယ်ယာကိုင်းကျွန်းသည်မူလ။ တမလွန်ဘဝအတွက် ကုသိုလ်သည် မူလမည်၏။
အဓမ္မော– အရ ဒေါသရ၏။
ပဉ္စဥပါသကဝတ္ထု ပြီး၏။

၁၄-မလဝဂ်။ ၈-တိဿဒဟရဝတ္ထု

၂၄၉။ ဒဒါတိ ဝေ ယထာသဒ္ဓံ၊ ယထာပသာဒနံ ဇနော။
တတ္ထ ယော စ မကု ဟောတိ၊ ပရေသံ ပါနဘောဇနေ။
န သော ဒိဝါ ဝါ ရတ္တိံ ဝါ၊ သမာဓိမဓိဂစ္ဆတိ။
၂၅၀။ ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။
သ ဝေ ဒိဝါ ဝါ ရတ္တိံ ဝါ၊ သမာဓိမဓိဂစ္ဆတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝိသာခါနှင့် အနာထပိဏ္ဍိကသဌေးတို့၏ အလှူကိုပင် ရှိသော တံခါးစောင့်၏သား တိဿရဟန်းငယ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်ဖြစ်ကြသည်။

အနက်

ဇနော၊ လူအပေါင်းသည်။ ယထာသဒ္ဓံ၊ အညံ့အကောင်းတို့တွင် တခုခုကို သဒ္ဓါသည့်အလျောက်။ ဝေ၊ စင်စစ်။ ဒဒါတိ၊ လှူ၏။ ယထာပသာဒနံ၊ ထေရ မဇ္ဈိမ နဝတို့တွင် တပါးပါး၌ ကြည်ညိုသည်အားလျော်စွာ။ ဒဒါတိ၊ လှူ၏။ တတ္ထ၊ ထိုသို့လှူရာ၌။ ယော၊ အကြင်သူသည်။ ပရေသံ၊ သူတပါးတို့၏။ ပါနဘောဇနေ၊ နည်း၍ညံ့သော စားဖွယ်သောက်ဖွယ်တို့ကို။ မကု၊ မျက်နှာမသာသည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုသူသည်။ ဒိဝါ ဝါ၊ နေ့အခါ၌လည်းကောင်း။ ရတ္တိံ ဝါ၊ ညအခါ၌လည်းကောင်း။ သမာဓိံ၊ စိတ်တည်ကြည်မှုကို။ န အဓိဂစ္ဆတိ၊ မရနိုင်။

ယဿ၊ အကြင်သူသည်။ ဧတံ၊ ဤမျက်နှာမသာမှုဟူသော အကုသိုလ်ကို။ အရဟတ္တမဂ္ဂဉာဏေန၊ အရဟတ္တမဂ်ဉာဏ်ဖြင့်။ သမုစ္ဆိန္နံ၊ အကြွင်းမဲ့ပြတ်၏။ မူလဃစ္စံ၊ အမြစ်ပါဖြတ်အပ်၏။ သမူဟတံ၊ ပယ်နုတ်အပ်၏။ သမူဟတံ၊ ပယ်နုတ်အပ်၏။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ဒိဝါ ဝါ၊ နေ့အခါ၌လည်းကောင်း။ ရတ္တိံ ဝါ၊ ညအခါ၌လည်းကောင်း။ သမာဓိံ၊ စိတ်တည်ကြည်မှုကို။ အဓိဂစ္ဆတိ၊ ရလေ၏။

စကားပြေ

အညံ့အကောင်းတို့တွင် တမျိုးမျိုးကို လူအပေါင်းသည် သဒ္ဓါသည့်အလျောက်လှူ၏။ ထေရ မဇ္ဈိမ နဝတို့တွင် တပါးပါး၌ ကြည်ညိုသည်အားလျော်စွာ လှူ၏။ ထိုသို့လှူရာ၌ သူတပါး၏အနည်းအများ အကောင်းအညံ့စားသောက်ဖွယ်ကို မျက်နှာမသာသူသည် နေ့ရော ညပါ စိတ်တည်ကြည်မှုကို မရနိုင်။
မျက်နှာမသာမှုဟူသော အကုသိုလ်ကို အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့အမြစ်ပါဖြတ်ကာ ပယ်နုတ်ပြီးသူသည် နေ့ရော ညပါ စိတ်တည်ကြည်မှုကို ဧကန်ရလေ၏။
သမာဓိ– အရ ဥပစာရအပ္ပနာတို့၏အစွမ်းအားဖြင့်လည်းကောင်း၊ မဂ်ဖိုလ်တို့၏ အစွမ်းအားဖြင့်လည်းကောင်း ဖြစ်သော သမာဓိရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ယထာသဒ္ဓံ = သဒ္ဓါယ အနုရူပံ ယထာသဒ္ဓံ။ ယထာ + သဒ္ဓါ။
ယထာပသာဒနံ = ပသာဒနဿ အနုရူပံ ယထာပသာဒနံ။ ယထာ + ပသာဒန။
မကု = မင်္ကတိ ဧတေနာတိ မင်္ကု။ မင်္က + ဥ။
မူလဃစ္စံ = မူလ + ဃာတ + ဏျ။
တိဿဒဟရဝတ္ထု ပြီး၏။

၁၄-မလဝဂ်။ ၉-ပဉ္စဥပါသကဝတ္ထု

၂၅၁။ နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ဂဟော။
နတ္ထိ မောဟသမံ ဇာလံ၊ နတ္ထိ တဏှာသမာ နဒီ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားနာဖို့ရန် ဘုရားရှင်အထံ ရောက်လာကြသော်လည်း အိပ်ငိုက်နေသူ၊ မြေကိုလက်ဖြင့်ရေးခြစ်နေသူ၊ သစ်ပင်ကို လှုပ်နေသူ၊ ကောင်းကင်ကို ကြည့်နေသူ၊ ရိုသေစွာ တရားနာသူဟု ငါးမျိုးကွဲပြားနေသော ဥပါသကာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရိုသေစွာ တရားနာသော ဥပါသကာ တဦးသာ သောတာပန် ဖြစ်သည်။

အနက်

ရာဂသမော၊ ရာဂနှင့်တူသော။ အဂ္ဂိ၊ မီးသည်။ နတ္ထိ၊ မရှိ။ ဒေါသသမော၊ ဒေါသနှင့်တူသော။ ဂဟော၊ ဖမ်းယူသတ်ဖြတ်တတ်သော သတ္တဝါသည်။ နတ္ထိ၊ မရှိ။ မောဟသမံ၊ မောဟနှင့်တူသော။ ဇာလံ၊ ပိုက်ကွန်သည်။ နတ္ထိ၊ မရှိ။ တဏှာသမာ၊ တဏှာနှင့်တူသော။ နဒီ၊ မြစ်သည်။ နတ္ထိ၊ မရှိ။

စကားပြေ

ရာဂနှင့်တူသောမီး၊ ဒေါသနှင့်တူသော ဖမ်းယူသတ်ဖြတ်တတ်သော သတ္တဝါ၊ မောဟနှင့်တူသော ပိုက်ကွန်၊ တဏှာနှင့်တူသော မြစ် မရှိ။
နတ္ထိ ရာဂသမော အဂ္ဂိ– ရာဂသည် အခိုးအလျှံကိုမပြပဲ အတွင်း၌သာ လောင်ကျွမ်းစေနိုင်သောကြောင့် ရာဂမီးသည် မီးတကာတို့တွင် အကြီးမားဆုံးသော မီးဖြစ်ပါသည်။
နတ္ထိ ဒေါသသမော ဂဟော– ဘီလူး စပါးကြီးမြွေ မိကျောင်းဖမ်းခြင်းသည် တခုသောဘဝ၌သာ ဖမ်းခြင်းငှာ စွမ်းနိုင်၏။ ဒေါသ ဖမ်းယူလျှင် အလုံးစုံသောဘဝတို့၌ ဖမ်းယူနိုင်သောကြောင့် ဒေါသသည် အကြီးဆုံးသော ဖမ်းယူခြင်းမည်၏။
နတ္ထိ မောဟသမံ ဇာလံ– မောဟသည် ဘဝသံသရာ၌ အထပ်ထပ် မြှေယှက်ဖွဲ့နှောင်တတ်သောကြောင့် မောဟနှင့်တူသော ကွန်ယက်မရှိဟု ဆိုပါသည်။
နတ္ထိ တဏှာသမာ နဒီ– ဂင်္ဂါမြစ်တို့သည် ပြည့်သောအခါ လျော့သောအခါ ခမ်းခြောက်သောအခါ ရှိကြသော်လည်း တဏှာသည်ကား ပြည့်သောအခါ ခမ်းခြောက်သောအခါမရှိ၊ အမြဲလျော့နေသောကြောင့် ပြည့်နိုင်ခဲ၏။ ထိုကြောင့် တဏှာနှင့်တူသော မြစ်မရှိဟု ဆိုသည်။

ပုဂ္ဂိုလ်ငါးဦး

ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ တရားဟောတော်မူစဉ် ပုဂ္ဂိုလ်ငါးဦး အပါအဝင် ပရိသတ်များ တရားနာကြသည်။ ဘုရားရှင်အနီး၌ထိုင်လျက် တဦးသည် ဘဝငါးရာပတ်လုံး မြွေနဂါးမျိုး၌ ဖြစ်ဖူး၍ ထိုင်ပြီးအိပ်ငိုက်နေသည်။ တဦးသည် ဘဝငါးရာပတ်လုံး တီကောင်သတ္တဝါမျိုး၌ ဖြစ်ဖူး၍ လက်ချောင်းဖြင့် မြေကိုရေးခြစ်လျက် ထိုင်နေသည်။ တဦးသည် ဘဝငါးရာပတ်လုံး မျောက်မျိုး၌ဖြစ်ဖူး၍ သစ်ခက်ကို လှုပ်လျက်ထိုင်နေသည်။ တဦးသည် ဘဝငါးရာပတ်လုံး နက္ခတ်ဆရာ ဖြစ်ဖူး၍ ကောင်းကင်ကို မော်ကြည့်ကာ ထိုင်နေသည်။ တဦးသည် ဘဝငါးရာလုံး ဗေဒင်သုံးပုံ တတ်မြောက်သော ပုဏ္ဏားမျိုး၌ဖြစ်ဖူး၍ ဗေဒင်ကို နှောသကဲ့သို့ ရိုသေစွာ တရားကို နာယူသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၀။)
ရိုသေစွာ တရား မနာယူနိုင်သူ– ဘဝများစွာ ဘုရား တရား သံဃာ ဆိုသော အသံကို မကြားဖူးသူသည် တရားတော်ကို ရိုသေစွာ မနာယူနိုင်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၁။)
ပဉ္စဥပါသကဝတ္ထု ပြီး၏။

၁၄-မလဝဂ်။ ၁၀-မေဏ္ဍကသေဋ္ဌိဝတ္ထု

၂၅၂။ သုဒဿံ ဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ပရေသံ ဟိ သော ဝဇ္ဇာနိ၊ ဩပုနာတိ ယထာဘုသံ။
အတ္တနော ပန ဆာဒေတိ၊ ကလိံဝ ကိတဝါ သဌော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဘဒ္ဒိယမြို့ကိုမှီ၍ မုလေးတော၌ သီတင်းသုံးနေတော်မူစဉ် မေဏ္ဍကသဌေးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

အညေသံ၊ သူတပါးတို့၏။ ဝဇ္ဇံ၊ အပြစ်ကို။ သုဒဿံ၊ မြင်လွယ်၏။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံ၊ အပြစ်ကို။ ဒုဒ္ဒသံ၊ မြင်နိုင်ခဲ၏။ သော၊ ထိုသူသည်။ ဘုသံ၊ ဖွဲ့ကို။ ဩပုနာတိ ယထာ၊ လွှင့်သကဲ့သို့။ ပရေသံ၊ သူတပါးတို့၏။ ဝဇ္ဇာနိ၊ အပြစ်တို့ကို။ ဩပုနာတိ၊ လွှင့်၏။ သဌော၊ စဉ်းလဲကောက်ကျစ်သော ငှက်မုဆိုးသည်။ ကလိံ၊ ပြစ်မှားခြင်းရှိသော မိမိကိုယ်ကို။ ကိတဝါ ဣဝ၊ သစ်ရွက်သစ်ခက်တို့ဖြင့် ဖုံးလွှမ်းသကဲ့သို့။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံ ပန၊ အပြစ်ကိုကား။ ဆာဒေတိ၊ ဖုံးလွှမ်း၏။

စကားပြေ

သူတပါး၏အပြစ်ကို မြင်လွယ်သော်လည်း မိမိ၏အပြစ်ကို မြင်ရန်ခဲယဉ်း၏။ ဖွဲ့ကိုလွှင့်သော် လွှင့်သူအထံသို့ ဖွဲ့ကျရောက်သကဲ့သို့ သူတပါးအပြစ်ကိုလွှင့်သော် မိမိအပေါ်သို့ အပြစ်ကျရောက်တတ်၏။ စဉ်းလဲကောက်ကျစ်သော မုဆိုးသည် မိမိကိုယ်ကို သစ်ခက်တို့ဖြင့် ဖုံးလွှမ်းသကဲ့သို့ မိမိ၏အပြစ်ကို ဖုံးလွှမ်း၏။
အတ္တနော ပန ဆာဒေတိ ကလိံဝ ကိတဝါ သဌော၌ – ကလိ အရ ငှက်တို့၌ ပြစ်မှားသောကြောင့် အတ္တဘောသည် ကလိမည်၏။
ကိတဝါ– ကိုယ်ကိုဖုံးလွှမ်းထားသော သစ်ရွက်သစ်ခက်စသည်သည် ကိတဝါ မည်၏။
သဌော– ငှက်မုဆိုး ရ၏။

မေဏ္ဍကသဌေး– အိမ်နောက်ဖေး ရှစ်ပယ်မျှလောက်သော အရပ်ဝယ် ခံတွင်းမှ အလိုရှိမှာပစ္စည်းများကို ထုတ်အံပေးနိုင်သော ဆိတ်ရုပ်ကြီးများ ပေါ်ပေါက်လာသောကြောင့် မေဏ္ဍကသဌေးဟူ၍ တွင်သည်။ ဝိပဿီဘုရားလက်ထက်က ဆုတောင်း၍ လှူဒါန်းခဲ့မှုကြောင့်ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၂-၅။)
စန္ဒပဒုမာ– စန္ဒပဒုမာသည် မေဏ္ဍကသဌေး၏ ဇနီးဖြစ်သည်။ ရှေးကောင်းမှုကံကြောင့် လက်ဝဲလက်နှင့် လက်ယာခြေတွင် လအမှတ်အသား၊ လက်ယာလက်နှင့် လက်ဝဲခြေ၌ ပဒုမ္မာကြာအမှတ်အသား ပါသောကြောင့် စန္ဒပဒုမာဟု မှည့်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၅။)
ဓနဉ္စယနှင့် သုမနဒေဝီ– ဓနဉ္စယသည် မေဏ္ဍကနှင့် စန္ဒပဒုမာ၏ သားဖြစ်သည်။ သုမနဒေဝီသည် ဓနဉ္စယ၏ ဇနီးဖြစ်သည်။
(ဓမ္မ၊ဋ္ဌ၊၂၊၂၃၇။)
မေဏ္ဍကသဌေးနှင့် ဇနီးဖြစ်သူ စန္ဒပဒုမာ၊ သားဖြစ်သူ ဓနဉ္စယ၊ ချွေးမဖြစ်သူ သုမနဒေဝီနှင့် ကျွန်ဖြစ်သူ ပုဏ္ဏတို့သည် ရှေးဘဝ ကောင်းမှုပြု၍ ဆုတောင်းမှုကြောင့် ယခုဘဝ၌ ဆုတောင်းခဲ့သည့်အတိုင်း အတူတကွလာဖြစ်ရသည်။ ငါးယောက်လုံး သောတာပန်ဖြစ်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၅-၈။)

ပါဠိသဒ္ဒါခက်ဆစ်

ဝဇ္ဇံ = ဝဒီယတေတိ ဝဇ္ဇံ။ ဝဒီ + ယ။
ဘုသံ = ဘသတိ ဘသ္မိံ ကရောတီတိ ဘုသံ။ ဘသ် + အ။ (အကို ဥပြု)
ကိတဝါ = ကေတတီတိ ကိတဝါ။ ကိတ် + အဝ။ (ဏွာဒိ၊ ၂၀၀။)
ကလိ = ကလယတိ ပရောမီယတီတိ ကလိ။ ကလိ + ဣ။
သဌော = သဌတီတိ သဌော။ သဌ် + အ။
မေဏ္ဍကသေဋ္ဌိဝတ္ထု ပြီး၏။

၁၄-မလဝဂ်။ ၁၁-ဥဇ္ဈာနသညိတ္ထေရဝတ္ထု

၂၅၃။ ပရဝဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသဝါ တဿ ဝဍ္ဎန္တိ၊ အာရာ သော အာသဝက္ခယာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့၏ဝတ်ရုံမှုကို အပြစ်ရှာနေသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

ပရဝဇ္ဇာနုပဿိဿ၊ သူတပါးအပြစ်ကိုကြည့်ရှုလျက်။ နိစ္စံ ဥဇ္ဈာနသညိနော၊ အမြဲမပြတ်ကဲ့ရဲ့တတ်သော။ တဿ၊ ထိုသူအား။ အာသဝါ၊ အာသဝေါတရားတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။ သော၊ ထိုသူသည်။ အာသဝက္ခယာ၊ အာသဝေါကုန်ခြင်းမှ။ အာရာ၊ ဝေး၏။

စကားပြေ

သူတပါးအပြစ်ကိုကြည့်ရှုလျက် အမြဲမပြတ်ကဲ့ရဲ့တတ်သူအား အာသဝေါတရားတိုးပွား၍ အာသဝေါကုန်မှုမှဝေး၏။
အာသဝက္ခယ– အရ အရဟတ္တမဂ်ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ပရဝဇ္ဇာနုပဿိဿ = ပရေသံ ဝဇ္ဇံ ပရဝဇ္ဇံ။ ပရ + ဝဇ္ဇ။ အနုပဿတိ သီလေနာတိ အနုပဿီ။ အနု + ဒိသ + ဏီ။ ပရဝဇ္ဇံ အနုပဿီ ပရဝဇ္ဇာနုပဿီ။ ပရဝဇ္ဇ + အနုပဿီ။
ဥဇ္ဈာနသညိနော = ဥဇ္ဈာနံ သညာ ဥဇ္ဈာနသညာ။ ဥဇ္ဈာန + သညာ။ ဥဇ္ဈာနသညာ အဿ အတ္ထီတိ ဥဇ္ဈာနသညိ။ ဥဇ္ဈာနသညာ + ဣ။
ဥဇ္ဈာနသညိတ္ထေရဝတ္ထု ပြီး၏။
---

၁၄-မလဝဂ်။ ၁၂-သုဘဒ္ဒပရိဗ္ဗာဇကဝတ္ထု

၂၅၄။ အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
ပပဉ္စာဘိရတာ ပဇာ၊ နိပ္ပပဉ္စာ တထာဂတာ။
၂၅၅။ အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
သင်္ခါရာ သဿတာ နတ္ထိ၊ နတ္ထိ ဗုဒ္ဓါနမိဉ္ဇိတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တွင် ပရိနိဗ္ဗာန်စံကာနီး သုဘဒ္ဒပရိဗ္ဗာဇကကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သုဘဒ္ဒပရိဗ္ဗာဇက အနာဂါမိဖြစ်သည်။

အနက်

အာကာသေ၊ ကောင်းကင်၌။ ပဒံ၊ ခြေရာသည်။ နတ္ထိ၊ မရှိ။ ဗာဟိရေ၊ သာသနာပြင်ပတွင်။ သမဏော၊ မဂ်ဖိုလ်ရသော ရဟန်းသည်။ နတ္ထိ၊ မရှိ။ ပဇာ၊ သတ္တဝါတို့သည်။ ပပဉ္စာဘိရတာ၊ သံသရာချဲ့ထွင်တတ်သော တရား၌ မွေ့လျော်ကုန်၏။ တထာဂတာ၊ ဘုရားရှင်တို့သည်။ နိပ္ပပဉ္စာ၊ သံသရာချဲ့ထွင်တတ်သော တရားမှ ကင်းကုန်၏။

အာကာသေ၊ ကောင်းကင်၌။ ပဒံ၊ ခြေရာသည်။ နတ္ထိ၊ မရှိ။ ဗာဟိရေ၊ သာသနာပြင်ပတွင်။ သမဏော၊ မဂ်ဖိုလ်ရသော ရဟန်းသည်။ နတ္ထိ၊ မရှိ။ သဿတာ၊ မြဲကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့သည်။ နတ္ထိ၊ မရှိကုန်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဣဉ္ဇိတံ၊ ပပဉ္စတရားဖြင့် တုန်လှုပ်ခြင်းသည်။ နတ္ထိ၊ မရှိ။

စကားပြေ

ကောင်းကင်မှာ ခြေရာမရှိ၊ သာသနာပြင်ပမှာ မဂ်ဖိုလ်ရသော ရဟန်းမရှိ။ သတ္တဝါတို့သည် သံသရာချဲ့တတ်သော တရား၌ မွေ့လျော်သော်လည်း ဘုရားရှင်တို့ကား ထိုပပဉ္စတရား မရှိကုန်။ မြဲသော သင်္ခါရ မရှိ။ ဘုရားရှင်တို့အား ပပဉ္စတရားဖြင့် တုန်လှုပ်ခြင်း မရှိ။
သမဏော နတ္ထိ ဗာဟိရေ— ၌ သမဏ အရ မဂ်ဖိုလ်၌ တည်သော ရဟန်း။
ပပဉ္စာဘိရတာ ပဇာ— ၌ ပပဉ္စ အရ တဏှာ မာန ဒိဋ္ဌိ။
သင်္ခါရာ အရ ခန္ဓာငါးပါး ရသည်။

ပါဠိသဒ္ဒါခက်ဆစ်

အာကာသော = န ကဿတီတိ အာကာသော။ န + ကသ + ဏ။ အာကာသော ယေဝ အာကာသော။
ဗာဟိရေ = ဗဟိ ဇာတံ ဗာဟိရေ။ ဗဟိ + ဣရ။
ပပဉ္စာဘိရတာ = ပပဉ္စသု အဘိရတာ ပပဉ္စာဘိရတာ။ ပပဉ္စ + အဘိရတာ။
ပပဉ္စ = ပပဉ္စတိ ပပဉ္စာတိ ပပဉ္စာ။ ပ + ပစိ + အ။
နိပ္ပပဉ္စာ = နတ္ထိ ပပဉ္စာ ဧတာတိ နိပ္ပပဉ္စော။ န + ပပဉ္စ + အ။
သဿတာ = သဗ္ဗဒါ သရတိ ပဝတ္တတီတိ သဿတာ။ သရ + တာ။
သုဘဒ္ဒပရိဗ္ဗာဇကဝတ္ထု ပြီး၏။
မလဝဂ် ပြီး၏။
---

၁၉-ဓမ္မဋ္ဌဝဂ်။ ၁-ဝိနိစ္ဆယမဟာမတ္တဝတ္ထု

၂၅၆။ န တေန ဓမ္မဋ္ဌော ဟောတိ၊ ယေနာတ္ထံ သာဟသာ နယေ။
ယော စ အတ္ထံ အနတ္ထဉ္စ၊ ဥဘယံ နိစ္ဆေယျ ပဏ္ဍိတော။
၂၅၇။ အသာဟသေန ဓမ္မေန၊ သမေန နယတိ ပရေ။
ဓမ္မဿ ဂုတ္တော မေဓာဝီ၊ ဓမ္မဋ္ဌောတိ ပဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လက်ဆောင်ပေးသော သူတို့အား အနိုင်ပေးကာ တရားဆုံးဖြတ်သော အမတ်တို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

အတ္ထံ၊ ဆုံးဖြတ်အပ်သော အမှုသဘောကို။ သာဟသာ၊ နိုင်ထက်စီးနင်း မဟုတ်မမှန်သဖြင့်။ ယေန၊ အကြင်ကြောင့်။ နယေ၊ ဆုံးဖြတ်ရာ၏။ တေန၊ ထို့ကြောင့်။ ဓမ္မဋ္ဌော၊ တရား၌ တည်သော တရားသူကြီးသည်။ န ဟောတိ၊ မဖြစ်။ ယော ပဏ္ဍိတော၊ အကြင် ပညာရှိသည်။ အတ္ထဉ္စ၊ ဟုတ်မှန်သော အကြောင်းကိုလည်းကောင်း။ အနတ္ထဉ္စ၊ မဟုတ်မမှန်သော အကြောင်းကိုလည်းကောင်း။ ဥဘယံ၊ မှန် မမှန် နှစ်ပါးစုံတို့ကို။ နိစ္ဆေယျ၊ စိစစ်၍ ဆုံးဖြတ်ရာ၏။

အသာဟသေန၊ ဟုတ်မှန်သော။ သမေန၊ ညီမျှသော။ ဓမ္မေန၊ အဂတိမလိုက်စားပဲ တရားသဖြင့်။ ပရေ၊ သူတပါးတို့ကို။ နယတိ၊ အောင်မှု ရှုံးမှုသို့ ရောက်စေ၏။ ဓမ္မဿ၊ တရားကို။ ဂုတ္တော၊ စောင့်သော။ မေဓာဝီ၊ ပညာရှိကို။ ဓမ္မဋ္ဌောတိ၊ တရား၌ တည်သော တရားသူကြီးဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

စကားပြေ

ဆုံးဖြတ်အပ်သော အမှုသဘောကို မဟုတ်မမှန်သဖြင့် ဆုံးဖြတ်သူသည် တရား၌ တည်သော တရားသူကြီး မဟုတ်နိုင်၊ ပညာရှိသည် ဟုတ်မှန်သော အကြောင်း မဟုတ်မမှန်သော အကြောင်း နှစ်ပါးစုံကို စိစစ်၍ ဆုံးဖြတ်ရာ၏။ ဟုတ်မှန်၍ ညီမျှပြီးလျှင် အဂတိမလိုက်စားပဲ တရားသဖြင့် သူတပါးတို့ကို အနိုင်အရှုံးသို့ ရောက်စေသော တရားကို စောင့်သော ပညာရှိကိုသာ တရား၌ တည်သော တရားသူကြီးဟူ၍ ဆိုထိုက်၏။

တရားသူကြီး

ဆန္ဒာဂတိ စသော အဂတိတို့နှင့် ပြည့်စုံပြီး အနိုင်အထက် လိမ်လည် ပြောခြင်းဖြင့် ဆုံးဖြတ်သော သူသည် ဓမ္မဋ္ဌ မမည်။ ဆန္ဒာဂတိ လိုက်သော သူသည် ဆွေမျိုးဟူ၍လည်းကောင်း၊ မိတ်ဆွေဟူ၍လည်းကောင်း လိမ်လည်၍ ဥစ္စာရှင် မဟုတ်သူကို ဥစ္စာရှင်ဟု ပြောဆိုသည်။
ဒေါသာဂတိ လိုက်သော သူသည် မိမိ၏ ရန်သူကို လိမ်လည်၍ ဤဥစ္စာရှင်ကို ဥစ္စာရှင် မဟုတ်ဟု ဆို၏။ မောဟာဂတိ လိုက်သော သူသည် တံစိုးလက်ဆောင်ကို ယူ၍ တခြားတပါးသော သူကို နှလုံးသွင်းသကဲ့သို့ ထိုထိုဤဤ ကြည့်ရှုကာ လိမ်လည်၍ ဤသူနိုင်၏၊ ဤသူ ရှုံး၏ဟု သူတပါးကို ထုတ်ဆောင်၏။ ဘယာဂတိ လိုက်သော သူသည် အစိုးရအာဏာရှိသူ ရှုံးခြင်းသို့ ရောက်သော် ၎င်းကို အနိုင်ဖြစ်စေ၏။ ဤသို့ ဆန္ဒာဂတိ စသည်ကို လိုက်၍ ဆုံးဖြတ်ခြင်းကို သာဟသာ အတ္ထံ နယေ ဟု ခေါ်သည်။
လိမ်လည်၍ မပြောပဲ ဝိနိစ္ဆယဓမ္မနှင့်လည်းကောင်း အပြစ်အား လျော်စွာ အနိုင်အရှုံးသို့ ရောက်စေခြင်းဖြင့် လည်းကောင်း တရားကို စောင့်သော သူသည်သာ ဓမ္မဋ္ဌ မည်၏။

ပါဠိသဒ္ဒါခက်ဆစ်

ဓမ္မဋ္ဌာ = ဓမ္မေ ဌိတော ဓမ္မဋ္ဌော။ ဓမ္မ + ဌာ + ကွိ။
သာဟသာ = သဟေန (ဗလေန) ဘဝံ သာဟသံ။ သဟ + ဏ။
ဝိနိစ္ဆယမဟာမတ္တဝတ္ထု ပြီး၏။
---

၁၉-ဓမ္မဋ္ဌဝဂ်။ ၂-ဆဗ္ဗဂ္ဂိဝတ္ထု

၂၅၈။ န တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟုဘာသတိ။
ခေမီ အဝေရီ အဘယော၊ ပဏ္ဍိတောတိ ပဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိကိုယ်ကို ပညာရှိ လူလိမ္မာဟု ပြော၍ ကျောင်း၌လည်းကောင်း ရွာ၌လည်းကောင်း၊ ဆွမ်းဇရပ်ကို နှောင့်ယှက်နေကြသော ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယာဝတာ၊ အကြင်မျှလောက်သော အကြောင်းဖြင့်။ ဗဟု၊ များစွာ။ ဘာသတိ၊ ပြောဆို၏။ တေန၊ ထိုသို့ စကားများစွာ ပြောကာမျှဖြင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဟောတိ၊ မဖြစ်။ ခေမီ၊ ကိုယ်တိုင် ဘေးမရှိသော။ အဝေရီ၊ ရန်မရှိသော။ အဘယော၊ ကြောက်ရွံ့မှု ကင်းသော သူကို။ ပဏ္ဍိတောတိ၊ ပညာရှိဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

စကားပြေ

စကားများများ ပြောကာမျှဖြင့် ပညာရှိ မဖြစ်နိုင်၊ ဘေးရန်မရှိပဲ ကြောက်ရွံ့မှု ကင်းသူကိုသာ ပညာရှိဟု ဆိုထိုက်၏။

ပညာရှိ

သံဃာ့အလယ် စသည်တို့တွင် စကားများများ ပြောတတ်ကာမျှဖြင့် ပဏ္ဍိတ မမည်၊ မိမိကိုယ်တိုင်လည်း ဘေးမရှိ၊ ရန်သူမျိုးငါးပါးလည်း မရှိ၊ ကြောက်ရွံ့ခြင်းလည်း မရှိ၊ လူအပေါင်းအား မိမိကြောင့် ဘေးမဖြစ်စေသော ပုဂ္ဂိုလ်မျိုးကိုသာ ပဏ္ဍိတ ဟု ခေါ်ဆိုထိုက်၏။
ဆဗ္ဗဂ္ဂိဝတ္ထု ပြီး၏။
---

၁၉-ဓမ္မဋ္ဌဝဂ်။ ၃-ဧကုဒါနထေရ ခီဏာသဝဝတ္ထု

၂၅၉။ န တာဝတာ ဓမ္မဓရော၊ ယာဝတာ ဗဟုဘာသတိ။
ယော စ အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။
သ ဝေ ဓမ္မဓရော ဟောတိ၊ ယော ဓမ္မံ နပ္ပမဇ္ဇတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တပါးတည်း တောအုပ်၌ နေ၍ ဥပုသ်နေ့တိုင်း တခုသော ဥဒါန်းဂါထာကို နတ်တို့အား ဟောသော ရဟန္တာ ဧကုဒါနထေရကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယာဝတာ၊ အကြင်မျှလောက် သင်ကြားခြင်း နှုတ်တက်ဆောင်ခြင်း ပို့ချခြင်း စသည်ဖြင့်။ ဗဟု၊ များစွာ။ ဘာသတိ၊ ပြောဆို၏။ တာဝတာ၊ ထိုမျှလောက်ဖြင့်။ ဓမ္မဓရော၊ တရားကို ဆောင်သော သူမည်သည်။ န ဟောတိ၊ မဖြစ်နိုင်။ ယော စ၊ အကြင်သူကား။ အပ္ပမ္ပိ၊ အနည်းငယ်မျှသော တရားစကားကိုလည်း။ သုတွာန၊ ကြားနာရ၍။ ဓမ္မံ၊ သစ္စာလေးပါး တရားကို။ ကာယေန၊ နာမကာယဖြင့်။ ပဿတိ၊ သိမြင်၏။ ယော၊ အကြင်သူသည်။ ဓမ္မံ၊ မဂ်ဖိုလ် နိဗ္ဗာန်ဟူသော ပဋိဝေဓကို လိုလားလျက် သစ္စာလေးပါး တရားကို။ နပ္ပမဇ္ဇတိ၊ မမေ့မလျော့ အားထုတ်၏။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ဓမ္မဓရော၊ တရားကို ဆောင်သူမည်သည်။ ဟောတိ၊ ဖြစ်၏။

စကားပြေ

စာပေများစွာ သင်ကြားခြင်း နှုတ်တက်ဆောင်ခြင်း၊ ပို့ချခြင်းဖြင့် တရားဆောင်သူ မမည်နိုင်။ အနည်းငယ်မျှသော တရားကို ကြားနာရ၍ မဂ်ဖိုလ် နိဗ္ဗာန်ကို လိုလားလျက် တရား၌ မမေ့မလျော့ အားထုတ်သူသာ တရားဆောင်သူ မည်၏။
တရားဆောင်သူ— သင်ကြား ဆောင်ရွက် ပို့ချခြင်းဖြင့် စကားများများ ပြောဆိုနိုင်သော်လည်း ဓမ္မဓရ မမည်။ ဝံသာနုရက္ခက၊ ပဝေဏီပါလက ဟုသာ ခေါ်နိုင်၏။ အနည်းငယ်မျှသော တရားကို ကြားနာပြီး တရားကိုလည်းကောင်း တရား၏ သဘောအဓိပ္ပာယ်ကိုလည်းကောင်း လေ့လာ၍ တရားအားလျော်စွာ ကျင့်ကာ နာမကာယဖြင့် ဒုက္ခသစ္စာ စသည်ကို ပိုင်းခြားသိလျက် သစ္စာလေးပါးကို သိမြင်သူသာ ဓမ္မဓရ မည်၏။
တရားကို မရမနေ ယနေ့နက်ဖြန် ရအောင် ကျင့်မည်ဟု ကြိုးကြိုးစားစား အားထုတ်လျက် တရားကို မမေ့သူလည်း ဓမ္မဓရ မည်၏။
ဧကုဒါနတ္ထေရ ခီဏာသဝဝတ္ထု ပြီး၏။
---

၁၉-ဓမ္မဋ္ဌဝဂ်။ ၄-လကုဏ္ဍကဘဒ္ဒိယထေရဝတ္ထု

၂၆၀။ န တေန ထေရော ဟောတိ၊ ယေနာဿ ပလိတံ သိရော။
ပရိပက္ကော ဝယော တဿ၊ မောဃဇိဏ္ဏောတိ ဝုစ္စတိ။
၂၆၁။ ယမှိ သစ္စဉ္စ ဓမ္မော စ၊ အဟိံသာ သံယမော ဒမော။
သ ဝေ ဝန္တမလော ဓီရော၊ ထေရော ဣတိ ပဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အလွန်ပုသော ရဟန္တာ လကုဏ္ဍကဘဒ္ဒိယထေရကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တောကျောင်းနေ သုံးဆယ်မျှသော အာဂန္တုကရဟန်းတို့ ရဟန္တာ ဖြစ်ကြသည်။

အနက်

အဿ၊ ထိုရဟန်း၏။ သိရော၊ ဦးခေါင်းသည်။ ယေန၊ အကြင်ကြောင့်။ ပလိတံ၊ ဖြူဖွေး၏။ တေန၊ ထိုသို့ ဦးခေါင်းဖြူဖွေး ကာမျှဖြင့်။ ထေရော၊ ထေရဖြစ်သည်။ န ဟောတိ၊ မဖြစ်နိုင်။ တဿ၊ ထိုရဟန်း၏။ ဝယော ပရိပက္ကော၊ အရွယ်ရင့်ရော်မှုကို။ မောဃဇိဏ္ဏောတိ၊ အကျိုးမဲ့ ရင့်ရော်မှုဟု။ ဝုစ္စတိ၊ ဆိုအပ်၏။

ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ သစ္စာလေးပါးသည်လည်း အတ္ထိ ရှိ၏။ ဓမ္မော စ၊ လောကုတ္တရာ တရားကိုးပါးသည်လည်း အတ္ထိ ရှိ၏။ အဟိံသာ စ၊ မညှဉ်းဆဲမှု မေတ္တာ စသော အပ္ပမညာ ဘာဝနာသည်လည်း အတ္ထိ ရှိ၏။ သံယမော စ၊ သီလစောင့်ခြင်းသည်လည်း အတ္ထိ ရှိ၏။ ဒမော စ၊ ဣန္ဒြေကို ဆုံးမခြင်းသည်လည်း အတ္ထိ ရှိ၏။ သ ဝေ ဝန္တမလော၊ မဂ်ဉာဏ်ဖြင့် ကိလေသာကို ထွေးအန်ပြီးသော။ ဓီရော၊ ထိုတည်ကြည်မှုရှိသူကို။ ထေရောတိ၊ ထေရဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

စကားပြေ

အကြောင်းတစုံတခုကြောင့် ဦးခေါင်းဖြူဖွေး ကာမျှဖြင့် မထေရ်ကြီးဟု မဆိုထိုက်၊ သစ္စာလေးပါး ရှိခြင်း လောကုတ္တရာ တရားကိုးပါးနှင့် အပ္ပမညာ ဘာဝနာ ရှိခြင်း သီလစောင့်စည်းခြင်း ဣန္ဒြေကို ဆုံးမခြင်းနှင့် မဂ်ဉာဏ်ဖြင့် ကိလေသာကို ထွေးအန်ပြီးခြင်း ရှိသော တည်ကြည်မှုရှိသူကိုသာ မထေရ်ကြီးဟု ခေါ်ဆိုထိုက်ပါသည်။
မထေရ်၏ ဦးခေါင်း၌ ဆံပင်ဖြူခြင်း စသည်ဖြင့် အိုမင်းရင့်ရော်ခြင်းသို့ ရောက်သော်လည်း မြဲမြံခိုင်ခံ့သော တရားတို့၏ မရှိခြင်းကြောင့်။ ထေရ မမည်။။ မောဃဇိဏ္ဏ တုစ္ဆဇိဏ္ဏ အချည်းအနှီး အိုမင်းသူဟုသာ ခေါ်နိုင်၏။

သစ္စာလေးပါးကို တဆယ့်ခြောက်ခု သော အခြင်းအရာဖြင့် ထိုးထွင်းသိခြင်း လောကုတ္တရာ တရားကိုးပါး ရှိခြင်း ဗြဟ္မဝိဟာရ တရားနှင့် ပြည့်စုံခြင်း သီလ ဣန္ဒြသံဝရ ရှိခြင်း မဂ်ဉာဏ်ဖြင့် ကိလေသာကို ထွေးအန်ပြီးခြင်း တည်ကြည်ခြင်းဟူသော မြဲမြံခိုင်ခံ့သော တရားတို့နှင့် ပြည့်စုံသူသည်သာ။ ထေရ မည်၏။

ပါဠိသဒ္ဒါခက်ဆစ်

ထေရော = ထိရတီတိ ထေရော။ ထိရ် + ဏ။
ပလိတံ = ပါလီယတီတိ ပလိတံ။ ပါလ + ဣတ။ (အာကိုရဿပြု)
သိရော = ကုသုမာဒီဟိ သီယန္တိ သေဝီယန္တီတိ သိရော။ သိ + ရ။
မောဃဇိဏ္ဏော = မောဃော ဇိဏ္ဏော မောဃဇိဏ္ဏော၊ မောဃ + ဇိဏ္ဏ။ မောဃ = မုဟ် + ဏ။ ဇိဏ္ဏ = ဇရ် + တ။
ဝန္တမလော = ဝန္တံ မလံ ယေနာတိ ဝန္တမလော။ ဝန္တ + မလ + ယ။
လကုဏ္ဍကဘဒ္ဒိယထေရဝတ္ထု ပြီး၏။
---

၁၉-ဓမ္မဋ္ဌဝဂ်။ ၅-သမ္ဗဟုလဘိက္ခုဝတ္ထု

၂၆၂။ န ဝါက္ကရဏမတ္တေန၊ ဝဏ္ဏပေါက္ခရတာယ ဝါ။
သာဓုရူပေါ နရော ဟောတိ၊ ဣဿုကီ မစ္ဆရီ သဌော။
၂၆၃။ ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။
သ ဝန္တဒေါသော မေဓာဝီ၊ သာဓုရူပေါတိ ဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းငယ် သာမဏေငယ်တို့ဖြင့် ကြီးပွား တိုးတက်နေသော ထေရတို့ကို ငြူစူနေသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဣဿုကီ၊ ငြူစူတတ်သော။ မစ္ဆရီ၊ ဝန်တိုတတ်သော။ သဌော၊ စဉ်းလဲတတ်သော။ နရော၊ လူသည်။ ဝါက္ကရဏမတ္တေန ဝါ၊ ကောင်းသော စကားကို ပြောတတ်ကာမျှဖြင့်လည်းကောင်း။ ဝဏ္ဏပေါက္ခရတာယ ဝါ၊ အဆင်းလှပကာမျှဖြင့်လည်းကောင်း။ သာဓုရူပေါ၊ ကောင်းသော သဘောရှိသူမည်သည်။ န ဟောတိ၊ မဖြစ်နိုင်။

ယဿ၊ အကြင်သူသည်။ ဧတံ၊ ဤငြူစူခြင်း စသော သဘောကို။ အရဟတ္တမဂ္ဂဉာဏေန၊ အရဟတ္တမဂ်ဉာဏ်ဖြင့်။ သမုစ္ဆိန္နံ၊ အကြွင်းမဲ့ ဖြတ်အပ်၏။ မူလဃစ္စံ၊ အမြစ်ပါ ဖြတ်အပ်၏။ သမူဟတံ၊ ပယ်နုတ်အပ်၏။ ဝန္တဒေါသော၊ ကိလေသာ အပြစ်ကို ထွေးအန်ပြီးသော။ မေဓာဝီ၊ ထိုပညာရှိကို။ သာဓုရူပေါတိ၊ ကောင်းသော သဘောရှိသူဟူ၍။ ဝုစ္စတိ၊ ဆိုထိုက်၏။

စကားပြေ

ငြူစူ ဝန်တို၍ စဉ်းလဲသော သူသည် စကားပြောကောင်းကာမျှဖြင့်လည်းကောင်း အဆင်းလှပကာမျှဖြင့်လည်းကောင်း ကောင်းသော သဘောရှိသူ မဖြစ်နိုင်။ ငြူစူမှု ဝန်တိုမှု စဉ်းလဲမှုတို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ဖြတ်တောက်ပြီး အမြစ်ပါ ပယ်နုတ်ပြီးသော ပညာရှိတို့ကိုသာ ကောင်းသော သဘောရှိသူဟု ဆိုထိုက်၏။
ကောင်းသူ - ဣဿာမစ္ဆရိယ နှင့် ပြည့်စုံ၍ စဉ်းလဲသော ပုဂ္ဂိုလ်သည် စကားပြောကောင်းသော်လည်း ကိုယ်အဆင်းတင့်တယ် လှပသော်လည်း ကောင်းသော သဘောရှိသူ မမည်နိုင်။

အရဟတ္တမဂ်ဉာဏ်ဖြင့် ဣဿာမစ္ဆရိယ ကင်း၍ စဉ်းလဲခြင်း စသည်ကို အမြစ်နှင့်တကွ ဖြတ်ပြီးသော ထွေးအန်ပြီးသော ဒေါသရှိ၍ ဓမ္မောဇ ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်သာ ကောင်းသော သဘောရှိသူ မည်၏။

ပါဠိသဒ္ဒါခက်ဆစ်

ဝါက္ကရဏမတ္တေန = ဝါစံ ကရဏံ ဝါက္ကရဏံ။ ဝါစာ + ကရဏ။
ဝဏ္ဏပေါက္ခရတာယ = ဝဏ္ဏဿ ပေါက္ခရတာ ဝဏ္ဏပေါက္ခရတာ။ ဝဏ္ဏ + ပေါက္ခရတာ။
ပေါက္ခရတာ = ပေါသီယတေ ဇလေနာတိ ပေါက္ခရံ။ ပုသိ + ခရ၊ (သဿကော ဝုဒ္ဓိ)။ ပေါက္ခရေ (ဇလေ) ဇာတံ ပေါက္ခရံ။ ပေါက္ခရ + ဏ။ ပေါက္ခရဿ ဘာဝေါ ပေါက္ခရတာ။ ပေါက္ခရ + တာ။
သာဓုရူပေါ = သာဓု ရူပံ ယဿာတိ သာဓုရူပေါ။ သာဓု + ရူပ + ယ။
ဣဿုကီ = ဣဿတိ သတ္တေသု ပိ ဂုဏေသု ဝစသာ မနသာ ဝါ ဒေါသာ ရောပနံ ကရောတီတိ ဣဿုကီ။ ဣဿိ + ဥကီ။
မစ္ဆရီ = မစ္ဆရံ အဿ အတ္ထီတိ မစ္ဆရီ။ မစ္ဆရ + ဤ။
မူလဃစ္စံ = မူလံ ဃညတေတိ မူလဃစ္စံ။ မူလ + ဟန် + ဏျ။
သမူဟတံ = သမူဟနီယတေတိ သမူဟတံ။ သံ + ဥ + ဟန် + တ။
သမ္ဗဟုလဘိက္ခုဝတ္ထု ပြီး၏။
---

၁၉-ဓမ္မဋ္ဌဝဂ်။ ၆-ဟတ္ထကဝတ္ထု

၂၆၄။ န မုဏ္ဍကေန သမဏော၊ အဗ္ဗတော အလိကံ ဘဏံ။
ဣစ္ဆာလောဘသမာပန္နော၊ သမဏော ကိံ ဘဝိဿတိ။
၂၆၅။ ယော စ သမေတိ ပါပါနိ၊ အဏုံ ထူလာနိ သဗ္ဗသော။
သမိတတ္တာ ဟိ ပါပါနံ၊ သမဏောတိ ပဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တိတ္ထိတို့နှင့် ဝါဒပြိုင်၍ မဟုတ်မမှန် စကားဆိုနေသော ဟတ္ထကကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

မုဏ္ဍကေန၊ ခေါင်းတုံးကာမျှဖြင့်။ သမဏော၊ ရဟန်းမည်သည်။ န ဟောတိ၊ မဖြစ်နိုင်။ အဗ္ဗတော၊ သီလနှင့် ဓုတင်အကျင့်မှ ကင်းသေား။ အလိကံ၊ ချို့ယွင်းသော စကားကို။ ဘဏံ၊ ဘဏန္တော ပြောဆိုသော။ ဣစ္ဆာလောဘသမာပန္နော၊ လိုချင်မက်မောမှုနှင့် ပြည့်စုံသော သူသည်။ သမဏော၊ ရဟန်းသည်။ ကိံ ဘဝိဿတိ၊ အဘယ်မှာ ဖြစ်မည်နည်း။ ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ အဏုံ၊ အငယ်။ ထူလာနိ၊ အကြီးဖြစ်ကုန်သော။ ပါပါနိ၊ မကောင်းမှုတို့ကို။ သဗ္ဗသော၊ အချင်းခပ်သိမ်း။ သမေတိ၊ ငြိမ်းစေ၏။ သော၊ ထိုပုဂ္ဂိုလ်ကို။ ပါပါနံ၊ မကောင်းမှုတို့ကို။ သမိတတ္တာ၊ ငြိမ်းစေတတ်သောကြောင့်။ သမဏောတိ၊ ရဟန်းဟူ၍။ ပဝုစ္စတိ၊ ဆိုထိုက်၏။

စကားပြေ

သီလနှင့် ဓုတင်အကျင့်မှ ကင်းပြီးလျှင် ချို့ယွင်းသော စကားကိုဆိုကာ လိုချင်မှု မက်မောမှုနှင့် ပြည့်စုံသူသည် ခေါင်းတုံးကာမျှဖြင့် ရဟန်းမဖြစ်နိုင်။ အငယ် အကြီးဖြစ်သော မကောင်းမှုအားလုံးကို ငြိမ်းစေသောသူကိုသာ ရဟန်းဟု ဆိုထိုက်၏။
ရဟန်း— သီလအကျင့် ဓုတင်မှ ကင်း၍ လိမ်လည်ပြောလျက် မရသေးသော ကာမဂုဏ်အာရုံကို တောင့်တခြင်း ရပြီးသော ကာမဂုဏ်အာရုံကို စွဲလမ်းနေခြင်းနှင့် ပြည့်စုံသောသူသည် ဦးခေါင်းရိတ်သည်သော်လည်း ရဟန်းမမည်နိုင်။
ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ မည်သည့်မကောင်းမှုမဆို အခါမလင့် ငြိမ်းအေးစေနိုင်သောသူသည်သာ ရဟန်းမည်၏။
ဣစ္ဆာလောဘသမာပန္နော ၌။ ဣစ္ဆာ ဟူသည် မရသေးသော ကာမဂုဏ်အာရုံကို လိုချင်တောင့်တခြင်း။။
လောဘ ဟူသည် ရပြီးသော ကာမဂုဏ်အာရုံကို စွဲလမ်းနေခြင်း။

ပါဠိသဒ္ဒါခက်ဆစ်

မုဏ္ဍကေန = မုဏ္ဍတီတိ မုဏ္ဍော။ မုဏ္ဍ် + အ။ မုဏ္ဍောယေဝ မုဏ္ဍကော။ မုဏ္ဍ + က = မညတိ ဟိတာဟိတန္တိ မုဏ္ဍော။ မန် + ဍ။
အဗ္ဗတော = နတ္ထိ ဝတာနိ ယဿာတိ အဗ္ဗတော။ န + ဝတ + ယ။
အလိကံ = အလတိ ဗန္ဓတိ ဧတေနာတိ အလိကံ။ အလ + ဏိက။
ဣစ္ဆာလောဘသမာပန္နော = ဣစ္ဆာ စ လောဘော စ ဣစ္ဆာလောဘော။ ဣစ္ဆာ + လောဘ။ ဣစ္ဆာလောဘေဟိ သမာပန္နော ဣစ္ဆာလောဘသမာပန္နော။ ဣစ္ဆာလောဘ + သမာပန္န။ သမာပန္န = သံ + အာ + ပဒ် + တ။
ဟတ္ထကဝတ္ထု ပြီး၏။
---

၁၉-ဓမ္မဋ္ဌဝဂ်။ ၇-အညတရဗြဟ္မဏဝတ္ထု

၂၆၆။ န တေန ဘိက္ခု ဟောတိ၊ ယာဝတာ ဘိက္ခတေ ပရေ။
ဝိဿံ ဓမ္မံ သမာဒါယ၊ ဘိက္ခု ဟောတိ န တာဝတာ။
၂၆၇။ ယောဓ ပုညဉ္စ ပါပဉ္စ၊ ဗာဟေတွာ ဗြဟ္မစရိယဝါ။
သင်္ခါယ လောကေ စရတိ၊ သ ဝေ ဘိက္ခူတိ ဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိတ္ထိတို့အထံ ရဟန်းပြု၍ ဆွမ်းခံကာ အသက်မွေးပြီးလျှင် မိမိအား ရဟန်းခေါ်ပါဟု ဘုရားထံလျှောက်သော ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယာဝတာ၊ အကြင်မျှလောက်။ ပရေ၊ သူတပါးတို့အထံသို့။ ဘိက္ခတေ၊ တောင်းစား၏။ တေန၊ ထိုသို့ တောင်းစားကာမျှဖြင့်။ ဘိက္ခု၊ ရဟန်းသည်။ န ဟောတိ၊ မဖြစ်နိုင်။ ဝိဿံ ဓမ္မံ၊ မညီညွတ်သော ဒုစရိုက်အကျင့်ကို။ သမာဒါယ၊ ယူ၍။ စရန္တော၊ ကျင့်သည်။ ဟောတိ၊ ဖြစ်၏။ တာဝတာ၊ ထိုမျှဖြင့်။ ဘိက္ခု၊ ရဟန်းမည်သည်။ န ဟောတိ၊ မဖြစ်နိုင်။

ဣဓ၊ ဤသာသနာတော်၌။ ယော၊ အကြင်သူသည်။ ပုညဉ္စ၊ ကောင်းမှုကိုလည်းကောင်း။ ပါပဉ္စ၊ မကောင်းမှုကိုလည်းကောင်း။ ဗာဟေတွာ၊ မဂ္ဂဗြဟ္မစရိယဖြင့် ပယ်နုတ်၍။ ဗြဟ္မစရိယဝါ၊ မြတ်သော အကျင့်ရှိသည်ဖြစ်၍။ လောကေ၊ ခန္ဓာငါးပါးဟူသော လောကတို့ကို။ သင်္ခါယ၊ ဉာဏ်ဖြင့်။ စရတိ၊ ဆင်ခြင်၍ ကျင့်၏။ သော၊ ထိုသူကို။ ဝေ၊ စင်စစ်။ ဘိက္ခုတိ၊ ရဟန်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

စကားပြေ

မညီညွတ်သော ဒုစရိုက်တို့ကို ကျင့်၍ သူတပါးတို့အထံ တောင်းစားကာမျှဖြင့် ရဟန်းမဖြစ်နိုင်၊ ကောင်းမှု မကောင်းမှုတို့ကို မဂ္ဂဗြဟ္မစရိယဖြင့် ပယ်နုတ်ပြီးလျှင် မြတ်သော အကျင့်ရှိသည်ဖြစ်၍ ခန္ဓာငါးပါးဟူသော လောကကို ဉာဏ်ဖြင့် ဆင်ခြင်ကာ ကျင့်သော ပုဂ္ဂိုလ်သာ ရဟန်းဟု ခေါ်ဆိုထိုက်၏။
ရဟန်း— မညီညွတ်သော (ဝါ) ညှီနံသော ကာယဒုစရိုက် စသော တရားကို ဆောက်တည်ပြီး ကျင့်နေသော ဆွမ်းခံစားသော ပုဂ္ဂိုလ်သည် ရဟန်းမမည်။ ကုသိုလ် အကုသိုလ်ကို မဂ္ဂဗြဟ္မစရိယဖြင့် ပယ်နုတ်၍ ဉာဏ်ဖြင့် ခန္ဓာစသော အလုံးစုံသော ဓမ္မတို့ကို သိလျက် ကျင့်ပြီး ကိလေသာတို့ကို ဖျက်ဆီးတတ်သူသည် ရဟန်းမည်၏။

ပါဠိသဒ္ဒါခက်ဆစ်

ဝိဿံ = ဝိသ္နာတိ ဧတေနာတိ ဝိဿံ။ ဝိသ-ဝိပ္ပယောဂ၊ သော။ ဝိသ + သ။
အညတရဗြဟ္မဏဝတ္ထု ပြီး၏။
---

၁၉-ဓမ္မဋ္ဌဝဂ်။ ၈-တိတ္ထိယဝတ္ထု

၂၆၈။ န မောနေန မုနိ ဟောတိ၊ မူဠှရူပေါ အဝိဒ္ဒသု။
ယော စ တုလံဝ ပဂ္ဂယှ၊ ဝရမာဒါယ ပဏ္ဍိတော။
၂၆၉။ ပါပါနိ ပရိဝဇ္ဇေတိ၊ မုနိ တေန သော မုနိ။
ယော မုနာတိ ဥဘော လောကေ၊ မုနိ တေန ပဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွမ်းစားဇရပ်စသည်တို့၌ ဘာမျှမပြောပဲ ဆိတ်ဆိတ်နေသော မုနိအမည်ခံနေကြသော တိတ္ထိတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

မောနေန၊ ဆိတ်ဆိတ်နေကာမျှဖြင့်။ မုနိ၊ မုနိမည်သည်။ န ဟောတိ၊ မဖြစ်နိုင်။ မူဠှရူပေါ၊ တွေဝေသော သဘောရှိသော။ အဝိဒ္ဒသု၊ အသိအလိမ္မာ ဉာဏ်ပညာမရှိသူသည်။ ဟောတိ၊ ဖြစ်၏။ ယော ပဏ္ဍိတော၊ အကြင်ပညာရှိသည်။ တုလံ၊ ချိန်ခွင်ကို။ ပဂ္ဂယှ၊ ကိုင်၍။ တုလယတိ ဣဝ၊ လိုတိုးပိုလျော့၍ ချိန်စက်သကဲ့သို့။ ဝရံ၊ သီလစသော ကုသိုလ်အမြတ်တရားကို။ အာဒါယ၊ ယူ၍။ ပါပါနိ၊ မကောင်းမှုတို့ကို။ ပရိဝဇ္ဇေတိ၊ ကြဉ်ရှောင်၏။ သော၊ ထိုပညာရှိသည်။ မုနိ၊ မုနိမည်၏။ တေန၊ ထို့ကြောင့်။ သော၊ ထိုပညာရှိသည်။ မုနိ၊ မုနိမည်၏။ ယော၊ အကြင်သူသည်။ ဥဘော လောကေ၊ အဇ္ဈတ္တ ဗဟိဒ္ဓခန္ဓာနှစ်ပါးတို့ကို။ မုနာတိ၊ သိ၏။ တေန၊ ထိုသို့ ခန္ဓာနှစ်မျိုးတို့ကို သိသောကြောင့်။ မုနိ၊ မုနိဟူ၍။ ပဝုစ္စတိ၊ ဆိုထိုက်၏။

စကားပြေ

စကားမပြောပဲ ဆိတ်ဆိတ်နေကာမျှဖြင့် မုနိမမည်။ တွေဝေသော သဘောရှိသည်ဖြစ်၍ အသိအလိမ္မာ ပညာဉာဏ်မရှိသူသာ ဖြစ်နိုင်သည်။ ပညာရှိသည် ချိန်ခွင်ကိုကိုင်ကာ လိုတိုးပိုလျော့၍ ချိန်စက်သကဲ့သို့ သီလစသော ကုသိုလ်အမြတ်တရားတို့ကို တိုးယူ၍ အကုသိုလ်တို့ကို ကြဉ်ရှောင် လျှော့ချပြီးလျှင် အဇ္ဈတ္တ ဗဟိဒ္ဓခန္ဓာတို့ကို သိသောသူကိုသာ မုနိဟု ဆိုထိုက်၏။

မုနိ

တိတ်တိတ် ဆိတ်ဆိတ်နေခြင်းဟူသော မောနေယျအကျင့်ကို ကျင့်သူကို မုနိဟု မခေါ်နိုင်၊ ချိန်ခွင်ကို ကိုင်ဆောင်သောသူသည် ပိုနေလျှင် နုတ်၍ လိုလျှင် ထည့်သကဲ့သို့ အကြင်သူသည် အကုသိုလ်ယူသော အပိုကို နုတ်ပြီး လိုသော ကုသိုလ်ကို ဖြည့်စွက်ကာ သီလ သမာဓိ ပညာ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿန ဟူသော အမြတ်ကို ယူ၍ အကုသိုလ်ကို ကြဉ်ရှောင်၏။ ခန္ဓာစသော လောကကို ချိန်ခွင်သို့ တင်၍ နှိုင်းချိန်သကဲ့သို့ ဤကား အဇ္ဈတ္တခန္ဓာ ဤကား ဗဟိဒ္ဓခန္ဓာ စသော သဘောကို သိသောသူသည် မုနိမည်၏။
န မောနေန မုနိ— မောနေယျအကျင့်ဟု ဆိုအပ်သော မဂ်ဉာဏ်ကို မောနေန ဆိုသင့်သော်လည်း ဤ၌ ဆိတ်ဆိတ်နေမှုကို မောနေန ဟု ဆိုသည်။

ပါဠိသဒ္ဒါခက်ဆစ်

မောနေန = မုနိနော ကမ္မံ မောနံမုနိ + ဏ။
မူဠှရူပေါ = မူဠာနိ ရူပါနိ ဧတဿာတိ မူဠှရူပေါမူဠှ + ရူပ + ဧတ။ မူဠှ = မုတ် + တ။ အဝိဒ္ဒသု = န ဝိဒ္ဒသု အဝိဒ္ဒသု။ န + ဝိဒ္ဒသုဝိဒ္ဒသု = ဝိဒတိ ဇာနာတီတိ ဝိဒ္ဒသု။ ဝိဒ် + ဒသု။ တုလံ = တလတိ သင်္ဃာဋေသု ပတိဋ္ဌတီတိ တုလာ။ တလ် + အ။ (အ-ကို ဥ ပြု) တုလယတိ မိနာတိ ဧတာယတိ တုလာ။ တုလ် + အ။
တိတ္ထိယဝတ္ထု ပြီး၏။
---

၁၉-ဓမ္မဋ္ဌဝဂ်။ ၉-ဗာလိသိကဝတ္ထု

၂၇၀။ န တေန အရိယော ဟောတိ၊ ယေန ပါဏာနိ ဟိံသတိ။
အဟိံသာ သဗ္ဗပါဏာနံ၊ အရိယောတိ ပဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရိယာမည်သော ငါးမြှားသမားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ထိုငါးမြှားသမား သောတာပန်ဖြစ်သည်။

အနက်

ယေန၊ အကြင်ကြောင့်။ ပါဏာနိ၊ သတ္တဝါတို့ကို။ ဟိံသတိ၊ ညှဉ်းဆဲ၏။ တေန၊ ထိုသို့ ညှဉ်းဆဲခြင်းကြောင့်။ အရိယော၊ အရိယာမည်သည်။ န ဟောတိ၊ မဖြစ်နိုင်။ သဗ္ဗပါဏာနံ၊ သတ္တဝါအားလုံးတို့ကို။ အဟိံသာ၊ မညှဉ်းဆဲခြင်းကြောင့်။ အရိယောတိ၊ အရိယာဟူ၍။ ပဝုစ္စတိ၊ ဆိုထိုက်၏။

စကားပြေ

သတ္တဝါတို့ကို ညှဉ်းဆဲသောသူသည် အရိယာ မမည်၊ သတ္တဝါအားလုံးကို မညှဉ်းဆဲသူကိုသာ အရိယာဟု ဆိုထိုက်သည်။
အရိယာ— အလုံးစုံသော သက်ရှိသတ္တဝါတို့ကို လက်စသည်ဖြင့် မညှဉ်းဆဲပဲ မေတ္တာစသော ဘာဝနာ၌ တည်သော ပုဂ္ဂိုလ်သည် အရိယ မည်၏၊ သတ္တဝါတို့ကို ညှဉ်းဆဲသတ်ဖြတ်သူသည် အရိယ မမည်ပေ။

ပါဠိသဒ္ဒါခက်ဆစ်

အရိယော = ကိလေသာရယော ဟနတီတိ အရိယော။ သောဧဝ အရိယော။ အရိ + ဟန် + ကွိ။ (ဟ-ကို ယ-ပြု)
ဗာလိသိကဝတ္ထု ပြီး၏။
---

၁၉-ဓမ္မဋ္ဌဝဂ်။ ၁၀-သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခုဝတ္ထု

၂၇၁။ န သီလဗ္ဗတမတ္တေန၊ ဗာဟုသစ္စေန ဝါ ပန။
အထ ဝါ သမာဓိလာဘေန၊ ဝိဝိတ္တသယနေန ဝါ။
၂၇၂။ ဖုသာမိ နေက္ခမ္မသုခံ၊ အပုထုဇ္ဇနသေဝိတံ။
ဘိက္ခု ဝိဿာသမာပါဒိ၊ အပ္ပတ္တော အာသဝက္ခယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သီလစသည်နှင့် ပြည့်စုံကုန်သော များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ရဟန်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

သီလဗ္ဗတမတ္တေန ဝါ သီလအကျင့်ရှိကာမျှဖြင့်လည်းကောင်း။ ဗာဟုသစ္စေန ဝါ ပန အကြားအမြင်များကာမျှဖြင့်လည်းကောင်း။ အထ ဝါ ထိုမှတပါး။ သမာဓိလာဘေန ဝါ တည်ကြည်မှု ရကာမျှဖြင့်လည်းကောင်း။ ဝိဝိတ္တသယနေန ဝါ ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့်လည်းကောင်း။ ဘိက္ခု ရဟန်းသည်။ အာသဝက္ခယံ အာသဝတရားကုန်ခန်းရာ အရဟတ္တဖိုလ်သို့။ အပ္ပတ္တော မရောက်သေးသည်။ ဟုတွာ ဖြစ်၍။ အပုထုဇ္ဇနသေဝိတံ ပုထုဇဉ်ဘို့ မမှီဝဲ မသုံးဆောင်နိုင်သော။ နေက္ခမ္မသုခံ အနာဂါမိဖိုလ်ချမ်းသာကို။ ဖုသာမိ ရပေ၏ဟု။ ဝိဿာသံ သက်သာရာသို့။ မာ အာပါဒိ မရောက်စေလင့်။

စကားပြေ

သီလအကျင့်, များသော အကြားအမြင်, တည်ကြည်မှု, ဆိတ်ငြိမ်ရာ၌ နေခြင်းတို့တွင် တပါးပါး ရှိကာမျှဖြင့် အရဟတ္တဖိုလ်သို့ မရောက်သေးသမျှ ခြောက်ဆင့်ရောက် အရိယာတို့သာ မှီဝဲသုံးဆောင်နိုင်သော အနာဂါမိဖိုလ် ချမ်းသာကို ရစေကာမူ ရပ်တန့်ခြင်း သက်သာရာသို့ မရောက်ပါစေလင့်။
သီလဗ္ဗတမတ္တေနသီလ အရ စတုပါရိသုဒ္ဓိသီလ၊ ဝတ အရ ဓုတင် ၁၃-ပါး။
ဗာဟုသစ္စေန— ပိဋကတ်သုံးပုံ ဆောင်ခြင်း၊ သင်ခြင်း။
သမာဓိလာဘ— ရှစ်ပါးသော သမာပတ်ကို ရခြင်း။
နေက္ခမ္မသုခ— အနာဂါမိဖိုလ်များသာ။
ဘဝ— ရဟန်းသည် သီလပြည့်စုံခြင်း ဈာန်ရခြင်းစသည်မျှဖြင့် ငါ၏ဘဝသည် အနည်းငယ်သာ ရှိတော့၏ဟု ရဟန္တာအဖြစ်သို့ မရောက်သေးသမျှ ဘဝ၌ အကျွမ်းမဝင်ရာ၊ အနည်းငယ်သော မစင်သည် မကောင်းသော အနံ့ရှိသကဲ့သို့ အနည်းငယ်သော ဘဝသည်လည်း ဆင်းရဲသည်သာ ဖြစ်၏။

ပါဠိသဒ္ဒါခက်ဆစ်

သီလဗ္ဗတမတ္တေန = သီလံဝတံသီလဗ္ဗတံသီလ + ဝတသီလဗ္ဗတံ ဧဝ သီလဗ္ဗတမတ္တေနသီလဗ္ဗတ + မတ္တ
ဗာဟုသစ္စေန = ဗဟုသုတဿ ဘာဝေါ ဗာဟုသစ္စံဗဟုသုတ + ဏျ။
သမာဓိလာဘော = သမာဓိနော လာဘော သမာဓိလာဘောသမာဓိ + လာဘသမာဓိ = သံ + အာ + ဓာ + ဣ။
ဝိဝိတ္တသယနေန = ဝိဝိတ္တေ သယနံ ဝိဝိတ္တသယနံဝိဝိတ္တ + သယနဝိဝိတ္တ = ဝိ + ဝိစ် + တ။ နေက္ခမ္မသုခံ = နေက္ခမ္မံ နိဿာယ ပဝတ္တံ သုခံ*နေက္ခမ္မသုခံနေက္ခမ္မ + သုခအပုထုဇ္ဇနသေဝိတံ = ပုထုဇ္ဇနေဟိ သေဝိတံ ပုထုဇ္ဇနသေဝိတံပုထုဇ္ဇန + သေဝိတ။ န ပုထုဇ္ဇနသေဝိတံ*အပုထုဇ္ဇနသေဝိတံ။ န + ပုထုဇ္ဇနသေဝိတံ
ဝိဿာသံ = ဝိဿသတီတိ ဝိဿာသော။ ဝိ + သသ + ဏ။
သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခုဝတ္ထု ပြီး၏။
ဓမ္မဋ္ဌဝဂ် ပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၁-ပဉ္စသတဘိက္ခုဝတ္ထု

၂၇၃။ မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။
ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒိပဒါနဉ္စ စက္ခုမာ။
၂၇၄။ ဧသေဝ မဂ္ဂေါ နတ္ထညော၊ ဒဿနဿ ဝိသုဒ္ဓိယာ။
ဧတဉှိ တုမှေ ပဋိပဇ္ဇထ၊ မာရဿ ပမောဟနံ။
၂၇၅။ ဧတဉှိ တုမှေ ပဋိပန္နာ၊ ဒုက္ခဿန္တံ ကရိဿထ။
အက္ခာတော ဝေါ မယာ မဂ္ဂေါ၊ အညာယ သလ္လကန္တနံ။
၂၇၆။ တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ ဈာယိနော မာရဗန္ဓနာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သွားလာခဲ့ဖူးသော လမ်းများ ကောင်း မကောင်း စသည် ပြောနေကြသော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရဟန်းငါးရာတို့ ရဟန္တာဖြစ်ကြသည်။

အနက်

မဂ္ဂါနံ၊ လမ်းခရီးအားလုံးတို့တွင်။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော မဂ်ခရီးသည်။ သေဋ္ဌော၊ အမြတ်ဆုံးသည်။ ဟောတိ၊ ဖြစ်၏။ သစ္စာနံ၊ သစ္စာအားလုံးတို့တွင်။ စတုရော ပဒါ၊ အရိယာသစ္စာလေးပါးတို့သည်။ သေဋ္ဌာ၊ အမြတ်ဆုံးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဓမ္မာနံ၊ သဘောတရားအားလုံးတို့တွင်။ ဝိရာဂေါ၊ ရာဂကင်းရာ နိဗ္ဗာန်သည်။ သေဋ္ဌော၊ အမြတ်ဆုံးသည်။ ဟောတိ၊ ဖြစ်၏။ ဒိပဒါနံ၊ ခြေနှစ်ချောင်းရှိသော သတ္တဝါအားလုံးတို့တွင်။ စက္ခုမာ၊ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားရှင်သည်။ သေဋ္ဌော၊ အမြတ်ဆုံးသည်။ ဟောတိ၊ ဖြစ်၏။

ဧသေဝ မဂ္ဂေါ၊ ဤအင်္ဂါရှစ်ပါးရှိသော မဂ်ခရီးသည်သာလျှင်။ ဒဿနဿ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် အမြင်၏။ ဝိသုဒ္ဓိယာ၊ စင်ကြယ်ဖို့ရန်။ ဟောတိ၊ ဖြစ်၏။ အညော၊ ဤမဂ်ခရီးမှတပါးသောခရီးသည်။ နတ္ထိ၊ မရှိ။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ တုမှေ၊ သင်တို့သည်။ ဧတံ၊ ဤခရီးမှန်ကို။ ပဋိပဇ္ဇထ၊ သွားကြကုန်လော့။ ဧတံ၊ ဤခရီးမှန်သည်။ မာရဿ၊ မာရ်မင်းကို။ ပမောဟနံ၊ တွေဝေစေတတ်သည်။ ဟောတိ၊ ဖြစ်၏။

တုမှေ၊ သင်တို့သည်။ ဧတံ၊ ဤမဂ်လမ်းမှန်ကို။ ပဋိပန္နာ၊ သွားကြကုန်သည်ဖြစ်၍။ ဒုက္ခဿ၊ ဆင်းရဲ၏။ အန္တံ၊ အဆုံးအပိုင်းအခြားကို။ ကရိဿထ၊ ပြုကုန်အံ့။ မယာ၊ ငါသည်။ သလ္လကန္တနံ၊ ရာဂစသော ဆူးငြောင့်ကြိတ်နယ်ရာ လမ်းကို။ အညာယ၊ ကိုယ်တိုင်သိ၍။ ဝေါ၊ သင်တို့အား။ မဂ္ဂေါ၊ မဂ်ဟူသော လမ်းမှန်ကို။ အက္ခာတော၊ ညွှန်ကြားအပ်ပြီ။

တုမှေဟိ၊ သင်တို့သည်။ အာတပ္ပံ၊ ကိလေသာ ပူပန်စေတတ်သော လုံ့လကို။ ကိစ္စံ၊ ပြုအပ်၏။ တထာဂတာ၊ ဘုရားရှင်တို့သည်။ အက္ခာတာရော၊ ညွှန်ကြားရုံသာ ညွှန်ကြားနိုင်ကုန်၏။ ပဋိပန္နာ၊ ညွှန်ကြားချက်အတိုင်း ကျင့်ကုန်သည်ဖြစ်၍။ ဈာယိနော၊ နှစ်ပါးသော ဈာန်ရှိသောသူတို့သည်။ မာရဗန္ဓနာ၊ မာရ်မင်းအနှောင်အဖွဲ့မှ။ ပမောက္ခန္တိ၊ လွတ်မြောက်ကြကုန်အံ့။

စကားပြေ

လမ်းခရီးတို့တွင် အင်္ဂါရှစ်ပါးရှိသော မဂ်ခရီးတို့သည် အမြတ်ဆုံးဖြစ်၏။ သစ္စာတို့တွင် အရိယာသစ္စာလေးပါးသည် အမြတ်ဆုံးဖြစ်၏။ သဘောတရားတို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်၏။ ခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင် စက္ခုငါးပါးရှိတော်မူသော ဘုရားရှင်သည် အမြတ်ဆုံးဖြစ်၏။

အင်္ဂါရှစ်ပါးရှိသော မဂ်ခရီးသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် စင်ကြယ်ဖို့ရန်ဖြစ်၍ မဂ်ခရီးမှတပါးသော ခရီးသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် စင်ကြယ်ဖို့ရန် မဖြစ်နိုင်၊ သင်တို့သည် မဂ်ခရီးမှန်ကို သွားကြလော့။ ဤခရီးမှန်သည် မာရ်မင်းကို တွေဝေစေနိုင်၏။

သင်တို့သည် မဂ်ခရီးမှန်ကို သွားကြသည်ဖြစ်၍ ဆင်းရဲအဆုံးကို ပြုနိုင်ကုန်အံ့။ ငါသည် ရာဂစသော ဆူးငြောင့်ကြိတ်နယ်ရာ လမ်းကို ကိုယ်တိုင်သိ၍ သင်တို့အား မဂ်ခရီးမှန်ကို ညွှန်ကြားအပ်ပြီ။

သင်တို့သည် ကိလေသာကို ပူပန်စေတတ်သော လုံ့လကို ပြုကြကုန်လော့။ ဘုရားရှင်တို့သည် ညွှန်ကြားရုံသာ ညွှန်ကြားနိုင်ကုန်၏။ ညွှန်ကြားချက်အတိုင်း ကျင့်ကုန်သည်ဖြစ်၍ ဈာန်နှစ်ပါးရှိသော သူတို့သည် မာရ်မင်းအနှောင်အဖွဲ့မှ လွတ်မြောက်ကြမည်။
မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော = သမ္မာဒိဋ္ဌိစသော အင်္ဂါရှစ်ပါးရှိသော မဂ်သည် မိစ္ဆာဒိဋ္ဌိစသော အင်္ဂါရှစ်ပါးကို ပယ်ကာ နိဗ္ဗာန်ကို အာရုံပြုလျက် သစ္စာလေးပါးကို ပိုင်းခြားသိခြင်း ပယ်ခြင်း မျက်မှောက်ပြုခြင်း ပွားများခြင်းကို ပြီးစေသောကြောင့် ဇင်္ဃမဂ္ဂစသော မဂ္ဂါသဋ္ဌိ ဒိဋ္ဌိဂတမဂ္ဂတို့ထက် မြတ်သော မဂ္ဂဖြစ်သည်။
ဝစီသစ္စာ သမုတိသစ္စာ ဒိဋ္ဌိသစ္စာ ပရမတ္ထသစ္စာတို့တွင် ပိုင်းခြား၍ သိထိုက်သောကြောင့်လည်းကောင်း မျက်မှောက်ပြုထိုက်သောကြောင့်လည်းကောင်း ပယ်ထိုက်သောကြောင့်လည်းကောင်း ပွားများထိုက်သောကြောင့်လည်းကောင်း အမှန်အတိုင်း ထိုးထွင်း၍ သိထိုက်သောကြောင့်လည်းကောင်း ပရမတ္ထသစ္စာသည် အမြတ်ဆုံးဖြစ်၏။
ဝိရာဂေါ သေဋ္ဌော ဓမ္မာနံဓမ္မာ အရ သင်္ခတတရား အသင်္ခတတရားရ၏။
ဝိရာဂေါ– အရ နိဗ္ဗာန်ရ၏။
ဒိပဒါနဉ္စ စက္ခုမာဒိပဒါ အရ ခြေနှစ်ချောင်းရှိသော လူ နတ် ဗြဟ္မာရ၏။ သဒ္ဒါဖြင့် နာမ်တရားရှိသော အရူပဗြဟ္မာတို့ကို ပေါင်း၍ အရူပဗြဟ္မာတို့ထက်လည်း ဘုရားရှင်သည် မြတ်၏။
စက္ခုမာ— အရ ဘုရားရှင်ရ၏။
ဒဿနဿ ဝိသုဒ္ဓိယာဒဿန အရ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

မဂ္ဂါနံ = ပထိကေတိ မဇ္ဇတေ နိတ္တိဏ္ဏံ ကရိယတေ ဣတိ မဂ္ဂေါ။ မဇ္ဇ် + ဏ။ (ဇ ကို ဂ ပြု)။ ပထိကေဟိ မဂ္ဂီယတိ မဂ္ဂေါမဂ္ဂ် + ဏ။
အဋ္ဌင်္ဂိကော = အဋ္ဌ အင်္ဂါနိ အဋ္ဌင်္ဂါနိအဋ္ဌ + အင်္ဂအဋ္ဌင်္ဂါနိ အဿ အတ္ထီတိ အဋ္ဌင်္ဂိကောအဋ္ဌင်္ဂ + ဏိက။
ဒိပဒါနံ = ဒွေ ပဒါနိ ယေသန္တိ ဒိပဒါဒိ + ပဒ + ယ။
မဂ္ဂေါ မံ(သီဝံ) ဂစ္ဆတိ ဧတ္ထ ဧတေနာတိ မဂ္ဂေါ။ မ+ဂမု+ကွိ။
အက္ခာတော=အက္ခာယတီတိ အက္ခာတော။ အ+ခါ+တ။
သလ္လကန္တနံ = သလ္လာနံကန္တနံ သလ္လကန္တနံ။ သလ္လ+ကန္တန၊ ကန္တန=ကန္တ် + ယု။
အက္ခာတာရာ= အက္ခာသီတိ အက္ခာတာ။ အာ+ခါ+တု။
ပဉ္စသတဘိက္ခုဝတ္ထု ပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၂-အနိစ္စလက္ခဏဝတ္ထု

၂၇၇။ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကဿပဘုရားရှင်လက်ထက်က အနှစ်နှစ်သောင်း အနိစ္စလက္ခဏာကို ဆင်ခြင်ကြကုန်သော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ငါးရာသော ရဟန်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

ယဒါ၊ အကြင်အခါ၌။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ခါရာ၊ ရုပ်နာမ်ဓမ္မသင်္ခါရတို့သည်။ အနိစ္စာတိ၊ အမြဲမရှိကုန်ဟု။ ပညာယ၊ ဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှုမြင်နိုင်၏။ အထ၊ ထိုအခါ၌။ ဒုက္ခေ၊ ခန္ဓာလွယ်ရခြင်းဒုက္ခ၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ဧသ-ဧသော၊ ဤငြီးငွေ့ခြင်းသည်။ ဝိသုဒ္ဓိယာ၊ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏။ မဂ္ဂေါ၊ အကြောင်းတည်း။

စကားပြေ

အလုံးစုံသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့သည် အမြဲမရှိကုန်ဟု ဝိပဿနာပညာဖြင့် ရှုမြင်သောအခါ ခန္ဓာလွယ်ရခြင်း ဒုက္ခ၌ ငြီးငွေ့လာ၏။ ငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်ရောက်ကြောင်းတည်း။
သဗ္ဗေ သင်္ခါရာသင်္ခါရ အရ ကာမဘဝစသည်တို့၌ ဖြစ်သောကြောင့် ဥပါဒါနက္ခန္ဓာငါးပါးရ၏။
ယဒါ ပညာယ ပဿတိပညာ ဟူသည် ဝိပဿနာပညာဖြစ်ပါသည်။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေဒုက္ခ ဟူသည် ခန္ဓာဝန်ကို ဆောင်ရခြင်းဒုက္ခကို ဆိုလိုပါသည်။

ပါဠိသဒ္ဒါခက်ဆစ်

အနိစ္စာ = ဒု နိစ္စာ အနိစ္စာ။ န + နိစ္စ။ နိစ္စ = နာသဘာဝေန န ဂန္တဗ္ဗန္တိ နိစ္စော။ နာသံ န ဂစ္ဆတီတိ နိစ္စော။ နိ + ဂမု + ကွိ။ (ဂ ကို စ ပြု)

အနိစ္စလက္ခဏဝတ္ထု ပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၃-ဒုက္ခလက္ခဏဝတ္ထု

၂၇၈။ သဗ္ဗေ သင်္ခါရာ ဒုက္ခာတိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒုက္ခလက္ခဏာကို ရှေးဘဝများက ရှုဆင်ခြင်ဖူးသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ဒုက္ခလက္ခဏာ ရှုဆင်ခြင်ဖူးသော ရဟန်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

ယဒါ၊ အကြင်အခါ၌။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ခါရာ၊ ရုပ်နာမ်ဓမ္မသင်္ခါရတို့သည်။ ဒုက္ခာတိ၊ ဆင်းရဲကုန်၏ဟု။ ပညာယ၊ ဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှုမြင်နိုင်၏။ အထ၊ ထိုအခါ၌။ ဒုက္ခေ၊ ခန္ဓာလွယ်ရခြင်းဒုက္ခ၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ဧသ-ဧသော၊ ဤသို့ငြီးငွေ့ခြင်းသည်။ ဝိသုဒ္ဓိယာ၊ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏။ မဂ္ဂေါ၊ အကြောင်းတည်း။

စကားပြေ

အလုံးစုံကုန်သော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့သည် ဆင်းရဲကုန်၏ဟု ဝိပဿနာပညာဖြင့် ရှုမြင်သောအခါ ခန္ဓာလွယ်ရခြင်းဒုက္ခ၌ ငြီးငွေ့လာ၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်ရောက်ကြောင်းတည်း။

ဒုက္ခလက္ခဏဝတ္ထု ပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၄-အနတ္တလက္ခဏဝတ္ထု

၂၇၉။ သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနတ္တလက္ခဏာကို ရှေးဘဝများက ရှုဆင်ခြင်ဖူးကုန်သော ရဟန်းများကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ အနတ္တလက္ခဏာ ရှုဆင်ခြင်ဖူးသော ရဟန်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

ယဒါ၊ အကြင်အခါ၌။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဓမ္မာ၊ သဘောတရားတို့သည်။ အနတ္တာတိ၊ အတ္တမဟုတ်ကုန်ဟု။ ပညာယ၊ ဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှုမြင်နိုင်၏။ အထ၊ ထိုအခါ၌။ ဒုက္ခေ၊ ခန္ဓာလွယ်ရခြင်းဒုက္ခ၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ဧသ-ဧသော၊ ဤငြီးငွေ့ခြင်းသည်။ ဝိသုဒ္ဓိယာ၊ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏။ မဂ္ဂေါ၊ အကြောင်းတည်း။

စကားပြေ

အလုံးစုံသော သဘောတရားတို့သည် အတ္တမဟုတ်ကုန်ဟု ဝိပဿနာပညာဖြင့် ရှုမြင်သောအခါ ခန္ဓာလွယ်ရခြင်းဒုက္ခ၌ ငြီးငွေ့လာ၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်ရောက်ကြောင်းတည်း။
သဗ္ဗေ ဓမ္မာ အနတ္တာဓမ္မာ အရ လောကီ လောကုတ္တရာ ခန္ဓာငါးပါးရ၏။
အနတ္တ ဟူသည် မအိုစေသတည်း မသေစေသတည်း ဟု မိမိအလိုသို့လိုက်စေခြင်းငှာ မစွမ်းနိုင်သဖြင့် အတ္တမှ ဆိတ်သုဉ်း၏၊ အစိုးမရ အရှင်သခင်မဟုတ်ဟူသော သဘောပင်ဖြစ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

အနတ္တာ = အတန္တိ သတတံ ဂစ္ဆန္တိ ယေနာတိ အတ္တာ။ အတ် + တ။ သံသာရဒုက္ခံ အတတိ သတ္တံ ဂစ္ဆတိ ပါပုဏာတိ အဓိဂစ္ဆတိ အတ္တာ။ အတ် + တံ။ နအတ္တာအနတ္တာ။ န + အတ္တ

အနတ္တလက္ခဏဝတ္ထု ပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၅-ပဓာနကမ္မိကတိဿတ္ထေရဝတ္ထု

၂၈၀။ ဥဋ္ဌာနကာလမှိ အနုဋ္ဌဟာနော၊ ယုဝါ ဗလီ အာလသိယံ ဥပေတော။
သံသန္နသင်္ကပ္ပမနော ကုသီတော၊ ပညာယ မဂ္ဂံ အလသော န ဝိန္ဒတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် မိမိနှင့်အတူ ရဟန်းပြုကြသော မိတ်ဆွေများနှင့် ဘုရားရှင်တို့ အလွန်နှစ်သက်အားရစွာ ပဋိသန္တာရပြုနေသည်ကို အားကျ၍ တညလုံး စင်္ကြံသွားရာ အိပ်ငိုက်ပြီး လဲသဖြင့် ပေါင်ကျိုးသော တိဿထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယုဝါ၊ ပျိုမျစ်နုထွားသည်။ ဗလီ၊ ခွန်အားနှင့်ပြည့်စုံသည်။ ဟုတ္တာပိ၊ ဖြစ်ပါသော်လည်း။ ဥဋ္ဌာနကာလမှိ၊ ထကြွလုံ့လပြုသင့်သော အချိန်၌။ အနုဋ္ဌဟာနော၊ ထကြွလုံ့လမရှိသည်။ ဟုတွာ၊ ဖြစ်၍။ အာလသိယံ၊ ပျင်းရိထိုင်းမှိုင်းခြင်းသို့။ ဥပေတော၊ ရောက်လျက်။ သံသန္နသင်္ကပ္ပမနော၊ မကောင်းသော (ပင်ပန်းသော) စိတ်အကြံများသည်ဖြစ်၍။ ကုသီတော၊ လုံ့လမရှိသော။ အလသော၊ ပျင်းရိသောသူသည်။ ပညာယ၊ ပညာဖြင့်။ မဂ္ဂံ၊ မြင်သင့်သော အရိယာမဂ်ကို။ န ဝိန္ဒတိ၊ မရနိုင်။

စကားပြေ

ပျိုမျစ်နုထွား ခွန်အားနှင့်ပြည့်စုံပါသော်လည်း ထကြွလုံ့လပြုသင့်သော အချိန်အခါ၌ လုံ့လမရှိပဲ မကောင်းသော စိတ်အကြံများ၍ ပျင်းရိထိုင်းမှိုင်းသောသူသည် ပညာဖြင့် မြင်သင့်သော အရိယာမဂ်ကို မရနိုင်။

ပါဠိသဒ္ဒါခက်ဆစ်

ဥဋ္ဌာနကာလမှိ = ဥဋ္ဌာနော ကာလော ဥဋ္ဌာနကာလောဥဋ္ဌာန + ကာလဥဋ္ဌာန = ဥ + ဋ္ဌာ + ယု။
အနုဋ္ဌဟာနော = ဥဋ္ဌတီတိ ဥဋ္ဌဟာနော။ ဥ + ဌာ + မာန။ န ဥဋ္ဌာနော အနုဋ္ဌဟာနော။ န + ဥဋ္ဌာဟာန။ အာလသိယံ = အလသဿ ဘာဝေါ အာလသိယံ။ အလသ + ဏျ။
သံသန္နသင်္ကပ္ပမနော = သံသန္နေ သင်္ကပ္ပေါ သံသန္နသင်္ကပ္ပေါ။ သံသန္န + သင်္ကပ္ပ၊ သံသန္နသင်္ကပ္ပေါ မနော ယဿာတိ သံသန္နသင်္ကပ္ပမနော။ သံသန္နသင်္ကပ္ပ-မန+ယ။
ကုသိတော = ကုစ္ဆိတေန သိဒတီတိ ကုသီတော။ ကု+သဒ်+ဏ။
အလသော = န လသတိ ကီဠတီတိ အလသော။ န+လည်+အ။ အလီယတိ ဗန္ဓီယတီတိ အလသော။ အလ+သ။
ပဓာနကမ္မိကတိဿတ္ထေရဝတ္ထုပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၆-သူကရပတဝတ္ထု

၂၈၁။ ဝါစာနုရက္ခိ မနသာ သုသံဝုတော၊ ကာယေန စ အကုသလံ န ကယိရာ။
ဧတေ တယော ကမ္မပထေ ဝိသောဓယေ၊ အာရာဓယေ မဂ္ဂမိသိပ္ပဝေဒိတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဂိဇ္ဈကုဋ်တောင်ခြေ၌ ကိုယ်မှာ လူနှင့်တူသော်လည်း ဦးခေါင်းမှာ ဝက်၏ဦးခေါင်းဖြစ်၍ ခံတွင်း၌ အမြီးပေါက်ကာ ပိုးလောက်များထွက်နေသော ဝက်ပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဝါစာနုရက္ခိ၊ ဝစီဒုစရိုက်ကို ရှောင်ကြဉ်ခြင်းအားဖြင့် နှုတ်ကို အစဉ်စောင့်ရှောက်သည်ဖြစ်၍။ မနသာ၊ စိတ်ဖြင့်။ သုသံဝုတော၊ မနောဒုစရိုက်ကို ကောင်းစွာစောင့်စည်းလျက်။ ကာယေန စ၊ ကိုယ်ဖြင့်လည်း။ အကုသလံ၊ အကုသိုလ်ကို။ န ကယိရာ၊ မပြုရာ။ ဧတေ တယော ကမ္မပထေ၊ ဤသုံးပါးသော အကုသိုလ်ကမ္မပထတို့ကို။ (ဝါ) အကုသိုလ်ကံဖြစ်ခြင်းအကြောင်းတို့ကို။ ဝိသောဓယေ၊ သုတ်သင်ရာ၏။ ဣသိပ္ပဝေဒိတံ၊ ဘုရားရှင်တို့ ဟောကြားအပ်သော။ မဂ္ဂံ၊ အင်္ဂါရှစ်ပါးရှိသော မဂ်ကို။ အာရာဓယေ၊ ပြီးစေရာ၏။

စကားပြေ

ဝစီဒုစရိုက်ကို ရှောင်ကြဉ်ခြင်းအားဖြင့် နှုတ်ကို အစဉ်စောင့်ရှောက်၍ စိတ်ဖြင့် မနောဒုစရိုက်ကို ကောင်းစွာစောင့်စည်းလျက် ကိုယ်ဖြင့် အကုသိုလ်ကို မပြုပဲ အကုသိုလ်ကမ္မပထ သုံးပါးတို့ကို သုတ်သင်ပြီးလျှင် ဘုရားရှင်ဟောကြားအပ်သော အဋ္ဌင်္ဂိကမဂ်ကို ပြီးစေရာ၏။
ဝါစာနုရက္ခိ— ဖြင့် ဝစီဒုစရိုက်လေးပါးကို ရှောင်ကြဉ်ခြင်းကို ပြသည်။
မနသာ သုသံဝုတော— ဖြင့် မနောဒုစရိုက်သုံးပါးကို မဖြစ်စေခြင်းကို ဆိုလိုပါသည်။
ကာယေန စ နာကုသလံ ကယိရာ— ဖြင့် ကာယဒုစရိုက်သုံးပါးကို ပယ်ခြင်းကို ဆိုလိုပါသည်။
အာရာဓယေ မဂ္ဂေ— ၌ မဂ္ဂ အရ အဋ္ဌင်္ဂိကမဂ် ရ၏။
ဣသိ— သီလက္ခန္ဓစသည်ကို ရှာမှီးတတ်သော ဘုရားစသည်ကို ဣသိ ဟု ခေါ်သည်။
ဝက်ပြိတ္တာ—ကဿပဘုရားရှင်လက်ထက်က ရဟန်းတပါးသည် အလွန်ချစ်ခင်ကြသော မထေရ်နှစ်ပါးကို ကွဲပြားအောင် ပြုခဲ့မှုကြောင့် ခန္ဓာကိုယ်သည် သုံးဂါဝုတ်ရှိ၍ လူ့ကိုယ်နှင့် ဝက်ခေါင်းရှိပြီး ခံတွင်း၌ အမြီးပေါက်ကာ ခံတွင်းမှ ပိုးလောက်တွေ ထွက်နေသော ဝက်ပြိတ္တာဖြစ်ရသည် (ဓမ္မ၊ ဋ္ဌ၊ ၂၊၂၅၀)။

ပါဠိသဒ္ဒါခက်ဆစ်

ဝါစာနုရက္ခီ = ဝါစံ အနုရက္ခိ သီလေနာတိ ဝါစာနုရက္ခီဝါစာ + အနု + ရက္ခ် + ဏီ။
ကမ္မပထေ = ကမ္မာနံ ပထော ကမ္မပထော။ ကမ္မ+ ပထ။
ဣသိပ္ပဝေဒိတံ = ဣသီဟိ ပဝေဒိတော ဣသိပ္ပဝေဒိတော။ ဣသိ+ ပဝေဒိတ။

သူကရပေတဝတ္ထု ပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၇-ပေါဋ္ဌိလတ္ထေရဝတ္ထု

၂၈၂။ ယောဂါ ဝေ ဇာယတီ ဘူရိ၊ အယောဂါ ဘူရိသင်္ခယော။
ဧတံ ဒွေဓာပထံ ဉတွာ၊ ဘဝါယ ဝိဘဝါယ စ။
တထာတ္တနံ နိဝေသေယျ၊ ယထာ ဘူရိ ပဝဍ္ဎတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တိပိဋကဓရ ဖြစ်သော်လည်း ဒုက္ခမှ လွတ်မြောက်ရာကို ပြုကျင့်မည်ဟု စိတ်အကြံမဖြစ်ပဲ မာန်မာနကြီးသော ပေါဋ္ဌိလထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ပေါဋ္ဌိလထေရ် ရဟန္တာဖြစ်သည်။

အနက်

ယောဂါ၊ ကမ္မဋ္ဌာန်းအာရုံ၌ သင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့်။ ဘူရိ၊ မြေကြီးနှင့်တူစွာ ကျယ်ပြန့်သော ပညာသည်။ ဝေ၊ စင်စစ်။ ဇာယတေ၊ ဖြစ်ပွား၏။ အယောဂါ၊ ကမ္မဋ္ဌာန်းအာရုံ၌ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့်။ ဘူရိသင်္ခယော၊ ပညာကုန်ခန်းသည်။ ဟောတိ၊ ဖြစ်၏။ ဘဝါယ စ၊ ပညာတိုးပွားခြင်း၏ လည်းကောင်း။ ဝိဘဝါယ စ၊ ပညာဆုတ်ယုတ်ခြင်း၏ လည်းကောင်း။ ဧတံ ဒွေဓာပထံ၊ ဤလမ်းနှစ်သွယ်ကို။ ဉတွာ၊ သိ၍။ ဘူရိ၊ ပညာသည်။ ပဝဍ္ဎတိ ယထာ၊ တိုးပွားသကဲ့သို့။ တထာ၊ ထို့အတူ။ အတ္တနံ၊ မိမိကိုယ်ကို။ နိဝေသေယျ၊ သိမ်းသွင်းရာ၏။

စကားပြေ

ကမ္မဋ္ဌာန်းအာရုံ၌ သင့်သော နှလုံးသွင်းမှုကြောင့် ပညာတိုးပွား၍ မသင့်သောအားဖြင့် နှလုံးသွင်းမှုကြောင့် ပညာဆုတ်ယုတ်၏ဟူသော လမ်းနှစ်သွယ်ကို သိ၍ ပညာတိုးပွားသကဲ့သို့ မိမိကိုယ်ကို သိမ်းသွင်းရာ၏။
ယောဂါ ဝေ ဇာယတေ ဘူရိ— ၌ ယောဂါ အရ (၃၈) ပါးသော အာရုံတို့၌ သင့်သောအားဖြင့် နှလုံးသွင်းခြင်း ရ၏။ ဘူရိ—အရ မြေကြီးနှင့် တူသော ကျယ်ပြန့်သော ပညာ ရ၏။
ဒွေဓာပထံ—ဟူသည် ယောနိသောမနသီကာရဟူသော ယောဂ, အယောနိသောမနသီကာရဟူသော အယောဂ ရ၏။
မောဃပုရိသ—ပိဋကသုံးပုံကို သင်အံချပို့နေသော်လည်း ဈာန် မဂ် ဖိုလ် မရသေးလျှင် အချည်းနှီး ပုဂ္ဂိုလ်ပင်ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၆၂)။

ပါဠိသဒ္ဒါခက်ဆစ်

ဘူရိ = ဘူ သတ္တာယံ ရိ၊ နဒါဒိ။ ဘူ= သင်္ခါတေ အတ္ထေ ရေီတိ ဘူရိဘူ + ရီ + ဤ။ ဘူ + ရမု + ကွိ + ဤ။
ဘူရိသင်္ခယော = ဘူရိယာ။ သင်္ခယော ဘူရိသင်္ခယော။ ဘူရိ + သင်္ခယ။
ဒွေဓာပထံ = ဒွေဓာ ပထော ဒွေဓာပထော။ ဒွေဓာ + ပထ။
ဒွေဓာ = ဒွိ + ဓာ
ဝိဘဝါယ = ဝိဂတော ဘဝေါ ဝိဘဝေါ။ ဝိ + ဘဝ။

ပေါဋ္ဌိလတ္ထေရဝတ္ထု ပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၈-ပဉ္စမဟလ္လကတ္ထေရဝတ္ထု

၂၈၃။ ဝနံ ဆိန္ဒထ မာ ရုက္ခံ၊ ဝနတော ဇာယတေ ဘယံ။
ဆေတွာ ဝနဉ္စ ဝနထဉ္စ၊ နိဗ္ဗနာ ဟောထ ဘိက္ခ‌ဝေါ။
၂၈၄။ ယာဝ ဟိ ဝနထော န ဆိဇ္ဇတိ၊ အဏုမတ္တောပိ နရဿ နာရိသု။
ပဋိဗဒ္ဓမနော တာဝ သော၊ ဝစ္ဆော ခီရပကောဝ မာတရိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အချက်အပြုတ်ကောင်း၍ မိမိတို့အား ကျေးဇူးများသော မဓုရပါစိကာ အမျိုးသမီးသေသောအခါ မိတ်ဆွေရဟန်းအချင်းချင်း လည်ပင်းဖက်ကာ အော်ဟစ်ငိုကြွေးကြသော တောထွက်ရဟန်းအိုများကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ငါးပါးသော တောထွက်ရဟန်းအိုတို့ သောတာပန်ဖြစ်ကြသည်။

အနက်

ဘိက္ခဝေါ၊ ရဟန်းတို့။ ဝနံ၊ တဏှာတည်းဟူသောတောကို။ ဆိန္ဒထ၊ ခုတ်ဖြတ်ကြလော့။ ရုက္ခံ၊ ပကတိသစ်ပင်ကို။ မာ ဆိန္ဒထ၊ မခုတ်ဖြတ်ကြနှင့်။ ဝနတော၊ တဏှာတည်းဟူသောတောကြောင့်။ ဘယံ၊ ဇာတိစသောဘေးသည်။ ဇာယတေ၊ ဖြစ်၏။ ဝနံ စ၊ တဏှာတည်းဟူသော တောကြီးကိုလည်းကောင်း။ ဝနထံ စ၊ တဏှာတည်းဟူသော တောငယ်ကိုလည်းကောင်း။ ဆေတွာ၊ ခုတ်ဖြတ်၍။ နိဗ္ဗနာ၊ တဏှာဟူသောတောမှ ထွက်မြောက်ကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော့။

ခီရပကော၊ နို့မက္ခာသေးသော။ ဝစ္ဆော၊ နွားငယ်သည်။ မာတရံ၊ အမိ၌။ ပဋိဗဒ္ဓမနော၊ ကပ်သောစိတ်ရှိသည်။ ဟောတိ ဣဝ၊ ဖြစ်သကဲ့သို့။ နရဿ၊ ယောက်ျားအား။ နာရီသု၊ မိန်းမတို့၌။ အဏုမတ္တောပိ၊ အနည်းငယ်မျှသော။ ဝနထော၊ ကိလေသာတောသည်။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ န ဆိဇ္ဇတိ၊ မပြတ်သေး။ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး။ သော၊ ထိုယောက်ျားသည်။ ပဋိဗဒ္ဓမနော၊ ကပ်ငြိသောစိတ်ရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။

စကားပြေ

ရဟန်းတို့ တဏှာတည်းဟူသောတောကို ခုတ်ဖြတ်ကြလော့။ ပကတိသစ်ပင်ကို မခုတ်နှင့်။ တဏှာတည်းဟူသောတောမှ ဇာတိစသောဘေး ဖြစ်ပေါ်၏။ တဏှာအကြီးအသေးကို ဖြတ်၍ တဏှာဟူသောတောမှ ထွက်ကြကုန်လော့။
နို့မကွာသေးသော နွားငယ်သည် အမိကို ကပ်နေသကဲ့သို့ တဏှာမပြတ်သေးသော ယောက်ျားသည် မိန်းမတို့၌ ကပ်ငြိသောစိတ် ရှိနေသည်သာတည်း။
ဝနံ ဆိန္ဒထဝနံ ဆိန္ဒ ဟုသာဆိုပါက ရဟန်းသစ်များသည် ပဲခွပ်စသည်ဖြင့် တောသစ်ပင်ကို ဖြတ်မည်စိုးသောကြောင့် ရာဂစသော ကိလေသာတောကိုသာ ရည်ရွယ်သည်ဟု သိစေလို၍ မာ ရုက္ခံ ဟု ထပ်လောင်း၍ တားမြစ်တော်မူသည်။
ဝနံ—အရ ရာဂစသော ကိလေသာတော ရ၏။
ဝနတော ဇာယတေ ဘယံ—ပကတိတောမှ ခြင်္သေ့စသော ဘေးအန္တရာယ် ဖြစ်ပေါ်သကဲ့သို့ ကိလေသာတောမှ ဇာတိအစရှိသော ဘေးအန္တရာယ်များ ဖြစ်သည်။
ဆေတွာ ဝနဉ္စ ဝနထဉ္စ—သစ်ပင်ကြီးသည် ဝန၊ သစ်ပင်ငယ်တို့သည် ဝနထ။ တနည်း ရှေးဦးပေါက်သော သစ်ပင်တို့သည် ဝန၊ နောက်မှပေါက်သော သစ်ပင်တို့သည် ဝနထ မည်သကဲ့သို့ ပဋိသန္ဓေအကျိုးပေးသော အလွန်ကြီးမားသော ဘဝကို ဆွဲငင်တတ်သော ကိလေသာသည် ဝန မည်၍ ပဝတ္တိအခါ အကျိုးကို ပေးတတ်သော ကိလေသာသည် ဝနထ မည်၏။ တနည်း ရှေးဦးဖြစ်သော ကိလေသာသည် ဝန၊ နောက်နောက်ဖြစ်သော ကိလေသာတို့သည် ဝနထ မည်ကုန်၏။ ယင်း ဝန, ဝနထ မည်သော ကိလေသာတို့ကို အရဟတ္တမဂ်ဖြင့် ဖြတ်ရမည်။

ပါဠိသဒ္ဒါခက်ဆစ်

ဝနံ = ဝနန္တိ တံ ဘဇန္တိ မယူရကောကိလာဒယော သတ္တာတိ ဝနံဝန် + ဝနံ ဝိယ ဝနံဝန +
ဝနထော = ဝနတိ ယေန သော ဝနထောဝန် +
ပဋိဗဒ္ဓမနော = ပဋိဗဒ္ဓော မနော ယဿာတိ ပဋိဗဒ္ဓမနောပဋိဗဒ္ဓ + မန +
ဝစ္ဆော = ဝသတီတိ ဝစ္ဆောဝသ် + ဝဒတီတိ ဝစ္ဆောဝဒ် +
ခီရပကော = ခီရံ ပိဝတီတိ ခီရပကောခီရ + ပါ + ဏွု

ပဉ္စမဟလ္လကတ္ထေရဝတ္ထု ပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၉-သုဝဏ္ဏကာရတ္ထေရဝတ္ထု

၂၈၅။ ဥစ္ဆိန္ဒ သိနေဟမတ္တနော၊ ကုမုဒံ သာရဒိကံ ဝ ပါဏိနာ။
သန္တိမဂ္ဂမေဝ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာပေးသော အသုဘကမ္မဋ္ဌာန်းကို လေးလတိုင်တိုင် အားထုတ်သော်လည်း စိတ်တည်ကြည်မှု မရပဲ ဘုရားရှင်ပေးတော်မူသော လောဟိတ(ဝဏ္ဏကသိုဏ်း)ကသိုဏ်းကို ရှုဆင်ခြင်ရာ ဈာန်လေးပါးရပြီးလျှင် အထက်မဂ်ဖိုလ်သို့ အလိုငှာ ဆက်လက်ဟောကြားတော်မူရသော အရှင်သာရိပုတ္တရာ၏ အတူနေတပည့် ရွှေပန်းထိမ်သည်၏ သား သုဝဏ္ဏကာရထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သုဝဏ္ဏကာရထေရ် ရဟန္တာဖြစ်သည်။

အနက်

သာရဒိကံ၊ တန်ဆောင်မုန်းလရာသီ၌ ပွင့်သော။ ကုမုဒံ၊ လရောင်ကြောင့် ပွင့်သော ကုမုဒြာကြာပန်းကို။ ပါဏိနာ၊ လက်ဖြင့်။ ဆိန္ဒတိ ဣဝ၊ ဖြတ်သကဲ့သို့။ အတ္တနော၊ မိမိ၏။ သိနေဟံ၊ ချစ်ခြင်းတဏှာကို။ အရဟတ္တမဂ္ဂေန၊ အရဟတ္တမဂ်ဖြင့်။ ဥစ္ဆိန္ဒ၊ ဖြတ်လော့။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သုဂတေန၊ ဘုရားရှင်သည်။ ဒေသိတံ၊ ဟောတော်မူအပ်၏။ သန္တိမဂ္ဂမေဝ၊ နိဗ္ဗာန်ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ်တရားကိုသာလျှင်။ ဗြူဟယ၊ ပွားများလော့။

စကားပြေ

တန်ဆောင်မုန်းလရာသီ၌ လရောင်ကြောင့် ပွင့်သော ကုမုဒြာကြာပန်းကို ဖြတ်သကဲ့သို့ မိမိ၏ ချစ်ခြင်းတဏှာကို ဖြတ်လော့။ နိဗ္ဗာန်ကို ဘုရားရှင် ဟောတော်မူသောကြောင့် နိဗ္ဗာန်ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ်တရားကို ပွားများလော့။
ဥစ္ဆိန္ဒ—အရဟတ္တမဂ်ဖြင့် ဖြတ်ရမည်။
သန္တိမဂ္ဂ—နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အဋ္ဌင်္ဂိကမဂ် ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ကုမုဒံ = ကုယ (ပထဝီယံ) မောဒတိ ဣတိ ကုမု‌‌‌ဒေါကု + မုဒ် +
သာရဒိကံ = သရဒေ နိဗ္ဗတ္တံ သာရဒိကံသရဒ + ဏိက
သန္တိမဂ္ဂံ = သန္တိ မဂ္ဂေါ သန္တိမဂ္ဂေါသန္တိ + မဂ္ဂ

သုဝဏ္ဏကာရတ္ထေရဝတ္ထု ပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၁၀-မဟာဓနဝါဏိဇဝတ္ထု

၂၈၆။ ဣဓ ဝဿံ ဝသိဿာမိ၊ ဣဓ ဟေမန္တဂိမှီသု။
ဣတိ ဗာလော ဝိစိန္တေတိ၊ အန္တရာယံ န ဗုဇ္ဈတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဗာရာဏသီပြည်မှ သာဝတ္ထိပြည်သို့ အထည်အလိပ် ရောင်းရန်လာသော ကုန်သည်ကြီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ အထည်ကုန်သည်ကြီး သောတာပန်ဖြစ်သည်။

အနက်

ဣဓ၊ ဤအရပ်၌။ ဝဿံ၊ မိုးအခါပတ်လုံး။ အဟံ၊ ငါသည်။ ဝသိဿာမိ၊ နေအံ့။ ဣဓ၊ ဤအရပ်၌။ ဟေမန္တဂိမှီသု၊ ဆောင်းအခါ နွေအခါတို့ပတ်လုံး။ အဟံ၊ ငါသည်။ ဝသိဿာမိ၊ နေအံ့။ ဣတိ၊ ဤသို့။ ဗာလော၊ သူမိုက်သည်။ ဝိစိန္တေတိ၊ အထူးထူး အပြားပြား ကြံစည်၏။ အတ္တနော၊ မိမိ၏။ အန္တရာယံ၊ ဘယ်အချိန် ဘယ်အရပ် ဘယ်အရွယ်မှာ အသက်အန္တရာယ်ကို။ န ဗုဇ္ဈတိ၊ မသိ။

စကားပြေ

ဤအရပ်မှာ မိုးအခါပတ်လုံး ဆောင်းအခါပတ်လုံး နွေအခါပတ်လုံး ငါနေမည်ဟူ၍ သူမိုက်သည် အထူးထူး အပြားပြား ကြံစည်သော်လည်း မိမိ၏ ဘယ်အချိန် ဘယ်အရပ် ဘယ်အရွယ်မှာ အသက်အန္တရာယ် ဖြစ်မည်ကို မသိပေ။

ပါဠိသဒ္ဒါခက်ဆစ်

ဟေမန္တဂိမှီသု = ဟေမန္တော စ ဂိမှော စ ဟေမန္တဂိမှောဟေမန္တ + ဂိမှဟေမန္တဂိမှာ ဧဝ ဟေမန္တဂိမှိဟေမန္တဂိမှ + ဟေမန္တ = ဟိမာနိ ဧတ္ထ သန္တိ ဣတိ ဟေမောဟိမ + သော ဧဝ ဟေမန္တောဟေမ + အန္တဂိမှ = ဂိရတိ ပီဠယတီတိ ဂိမှောဂိရ် + (ရကို ဟပြု ရှေ့နောက်ပြန်)။
အန္တရာယံ = စုတိပဋိသန္ဓာနံ အန္တရေ အယတီတိ အန္တရာယောအန္တရ + အယ် +

မဟာဓနဝါဏိဇဝတ္ထု ပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၁၁-ကိသာဂေါတမီဝတ္ထု

၂၈၇။ တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မသေဖူးသောအိမ်မှ မုန်ညင်းစေ့ရအောင် ရှာသော်လည်း မသေဖူးသောအိမ်မရှိ၍ ပြန်လာသော ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ကိသာဂေါတမီ သောတာပန်ဖြစ်သည်။

အနက်

မဟောဃော၊ ကြီးစွာသောရေအလျဉ်သည်။ သုတ္တံ ဂါမံ၊ အိပ်ပျော်နေသော ရွာသူရွာသားများကို။ အာဒါယ၊ လွှမ်းမိုးတိုက်ယူ၍။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ မစ္စု၊ သေမင်းသည်။ ပုတ္တပသုသမ္မတ္တံ၊ သားသမီး ကျွဲနွား ဥစ္စာတို့ဖြင့် ယစ်မူး မေ့လျော့နေသော။ ဗျာသတ္တမနသံ၊ ရွှေငွေ သပိတ် သင်္ကန်းစသည်တို့၌ မရသေးသည်ကို တောင့်တ၍ ရပြီးသည်ကို တွယ်တာကပ်ငြိသောစိတ်ရှိသော။ နရံ၊ လူကို။ အာဒါယ၊ ခေါ်ဆောင်၍။ ဂစ္ဆတိ၊ သွားလေ၏။

စကားပြေ

အဟုန်ပြင်းသော ရေအလျဉ်သည် အိပ်ပျော်နေသော ရွာသူရွာသားအပေါင်းကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့ သေမင်းသည်ကား သားသမီး ကျွဲနွား ဥစ္စာဟူသော သက်ရှိအာရုံတို့ဖြင့် မေ့လျော့လျက် သက်မဲ့ ရွှေငွေ သပိတ် သင်္ကန်းတို့၌ မရသေးသည်ကို တောင့်တ၍ ရပြီးသည်ကို တွယ်တာကပ်ငြိစွဲလမ်းနေသူကို ခေါ်ဆောင်၍ သွားလေ၏။
ပုတ္တပသုသမ္မတ္တံ—၌ ပုတ္တ အရ အဆင်းလှပ၍ အားအင်နှင့် ပြည့်စုံပြီး ပညာရှိသဖြင့် ကိစ္စအားလုံးကို စွမ်းဆောင်နိုင်သော သားသမီး ရ၏။
ပသု—အဆင်းလှပ၍ အနာရောဂါကင်းပြီး များစွာသောဝန်ကို ဆောင်နိုင်သော နွားလားနှင့် နို့ရည်များစွာထွက်သော နွားမရ၏။
ဗျာသတ္တမနသံ—ရွှေငွေစသော ပစ္စည်း သပိတ် သင်္ကန်းစသော ပစ္စည်းတို့တွင် တစုံတခုကို ရသော်လည်း မရောင့်ရဲပဲ ရသည်ထက် ပိုလွန်တောင့်တခြင်းဖြင့် ကပ်ငြိသောစိတ် ရှိသော ပုဂ္ဂိုလ် ရ၏။ တနည်း ရူပါရုံစသော အာရုံတို့တွင် (ဝါ) သင်္ကန်းစသော ပရိက္ခရာအသုံးအဆောင်တို့တွင် ရသော အာရုံ အသုံးအဆောင် ပစ္စည်းကို ကပ်ငြိသောစိတ်ရှိသော ပုဂ္ဂိုလ် ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ပုတ္တပသုသမ္မတ္တံ = ပုတ္တာ စ ပသူ စ ပုတ္တပသူပုတ္တ + ပသုပုတ္တပသူဟိ သမ္မတ္တော ပုတ္တပသုသမ္မတ္တောပုတ္တပသု + သမ္မတ္တသံ + မဒ် +
ဗျာသတ္တမနသံ = ဗျာသ‌တ္တော မနော ယဿာတိ ဗျာသတ္တမနသောဗျာသတ္တ + မန + ဗျာသတ္တ = ဝိ + အာ + သန္န +

ကိသာဂေါတမီဝတ္ထု ပြီး၏။
---

၂၀-မဂ္ဂဝဂ်။ ၁၂-ပဋာစာရာဝတ္ထု

၂၈၈။ န သန္တိ ပုတ္တာ တာဏာယ၊ ပိတာ နာပိ ဗန္ဓဝါ။
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။
၂၈၉။ ဧတမတ္ထဝသံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုတော။
နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိပ္ပမေဝ ဝိသောဓယေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားနှစ်ယောက် ခင်ပွန်း မိဘ မောင်တို့ သေဆုံးသဖြင့် သောကနှင့်တွေ့၍ အရူးဘဝသို့ ရောက်သော ပဋာစာရာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ပဋာစာရာ သောတာပန်ဖြစ်သည်။

အနက်

အန္တကေန၊ သေမင်းသည်။ အဓိပန္နဿ၊ အနှိပ်စက်ခံရသူအား။ တာဏာယ၊ သေမင်းမှ စောင့်ရှောက်ရန်။ ပုတ္တာ၊ သားသမီးတို့သည်။ န သန္တိ၊ မရှိကုန်။ ပိတာ၊ မိဘသည်။ န အတ္ထိ၊ မရှိ။ ဗန္ဓဝါ၊ အဆွေခင်ပွန်းတို့သည်။ န သန္တိ၊ မရှိကုန်။ ဉာတီသု၊ ဆွေမျိုးတို့တွင်။ တာဏတာ၊ စောင့်ရှောက်နိုင်မည့်သူသည်။ နတ္ထိ၊ မရှိ။

ဧတံ အတ္ထဝသံ၊ ဤအကြောင်းထူးကို။ ဉတွာ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသည်။ သီလသံဝုတော၊ သီလကို စောင့်စည်းလျက်။ နိဗ္ဗာနဂမနံ၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော။ မဂ္ဂံ၊ အဋ္ဌင်္ဂိကမဂ်ကို။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ ဝိသောဓယေ၊ သန့်စင်စေရာ၏။

စကားပြေ

သေမင်းအနှိပ်စက်ခံနေရသူအား သေမင်းမှ စောင့်ရှောက်ရန် သားသမီး မိဘ အဆွေခင်ပွန်းတို့တွင် တယောက်မျှ စောင့်ရှောက်နိုင်မည့်သူ မရှိ။ ဤအကြောင်းထူးကို သိသော ပညာရှိသည် သီလကို စောင့်စည်းလျက် နိဗ္ဗာန်သို့ ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ်ကို လျင်မြန်စွာ သန့်စင်စေရာ၏။
ဗန္ဓဝါ—သားသမီး မိဘတို့မှတပါး ကြွင်းသော ဆွေမျိုး ချစ်ကျွမ်းဝင်သူ ရ၏။
နတ္ထိ ဉာတိသု တာဏတာ—ယခုပစ္စုပ္ပန်၌ သားသမီးစသည်တို့သည် ထမင်း အဖျော်ယမကာ ပေးခြင်း ဖြစ်ပေါ်သော ကိစ္စကို ဆောင်ရွက်ခြင်းဖြင့် စောင့်ရှောက်နိုင်သော်လည်း သေခါနီးအခါ ဘယ်နည်းနှင့်မျှ သေခြင်းကို မတားနိုင် မစောင့်ရှောက်နိုင်သည့် အဖြစ်ကြောင့် နတ္ထိ ဉာတိသု တာဏတာ ဟု ဆိုပါသည်။
သီလသံဝုတောသီလ—စတုပါရိသုဒ္ဓိ သီလ။
နိဗ္ဗာနဂမနမဂ္ဂံမဂ္ဂ—အဋ္ဌင်္ဂိကမဂ်။

ပဋာစာရာဝတ္ထု ပြီး၏။
မဂ္ဂဝဂ် ပြီး၏။
---
၂၁-ပကိဏ္ဏကဝဂ်
၁-အတ္တနောပုဗ္ဗကမ္မဝတ္ထု
၂၉၀။ မတ္တာသုခပရိစ္စာဂါ၊ ပဿေ စေ ဝိပုလံ သုခံ။
စ‌ဇေ မတ္တာသုခံ ဓီရော၊ သမ္ပဿံ ဝိပုလံ သုခံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှေးလွန်လေပြီးသောဘဝက သားဖြစ်သူ တုသီမပစ္စေကဗုဒ္ဓါ၏ စေတီတော်၌ မြက်နုတ်ခြင်း သဲခင်းခြင်း ရေဖျန်းခြင်း တောပန်းတို့ဖြင့် ပူဇော်ခြင်း မိမိဆောင်းသောထီးကို စေတီတော်အထက်၌ ချည်၍လှူခြင်း၊ မိမိပုဆိုးကို တံခွန်ပြုခြင်းတို့ကို ပြုသော သင်္ခပုဏ္ဏား ဖြစ်စဉ်က ပြုခဲ့သော ဘုရားရှင်၏ ရှေးကုသိုလ်တို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

မတ္တာသုခပရိစ္စာဂါ၊ အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ခြင်းကြောင့်။ ဝိပုလံ၊ ကြီးကျယ်ပြန့်ပြောသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာသည်။ နိဗ္ဗတ္တတိ၊ ဖြစ်ပေါ်၏။ ဣတိ၊ ဤသို့။ စေ ပဿေ၊ အကယ် မြင်ငြားအံ့။ ဝိပုလံ၊ ကြီးကျယ်ပြန့်ပြောသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာကို။ သမ္ပဿံ-သမ္ပဿ‌န္တော၊ မြင်သော။ ဓီရော၊ ပညာရှိသည်။ မတ္တာသုခံ၊ အနည်းငယ်သော ချမ်းသာကို။ စဇေ၊ စွန့်လွှတ်ရာ၏။

စကားပြေ

အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ခြင်းကြောင့် ကြီးကျယ်ပြန့်ပြောသော နိဗ္ဗာန်ချမ်းသာ ဖြစ်၏ဟု မြင်သော ပညာရှိသည် အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ရာ၏။
မတ္တာသုခ ပရိစ္စာဂါ— ထမင်းတစ်ပွဲကို စီရင်ပြီး စားသုံးသော ပုဂ္ဂိုလ်အား အနည်းငယ်မျှသော ချမ်းသာ ဖြစ်သည်မှန်သော်လည်း ထိုအနည်းငယ်သော ချမ်းသာမှုကို စွန့်လွှတ်ပြီး ဥပုသ်ဆောက်တည်ခြင်း အလှူပေးခြင်းကို ပြုခဲ့သော် များပြားလှစွာသော နိဗ္ဗာန်ချမ်းသာသည် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် အနည်းငယ် ချမ်းသာကို စွန့်ပြီး များစွာသော ချမ်းသာကို ကောင်းစွာ မြင်သော ပညာရှိသည် အနည်းငယ်သော ချမ်းသာကို စွန့်ရာ၏။
ဝိပုလသုခ— ဟူသည် နိဗ္ဗာန်ချမ်းသာကို ဆိုလိုပါသည်။

ပါဠိသဒ္ဒါခက်ဆစ်

မတ္တာသုခပရိစ္စာဂါ = မတ္တာ သုခံ မတ္တာသုခံ။ မတ္တာ + သုခ။ မတ္တာ = မာ + တ။ မတ္တာသုခဿ ပရိစ္စာဂေါ မတ္တာသုခပရိစ္စာဂေါ။
အတ္တနောပုဗ္ဗကမ္မဝတ္ထု ပြီး၏။
---

၂၁-ပကိဏ္ဏကဝဂ်
၂-ကုက္ကုဋအဏ္ဍခါဒိကာဝတ္ထု
၂၉၁။ ပရဒုက္ခူပဓာနေန၊ အတ္တနော သုခမိစ္ဆတိ။
ဝေရသံသဂ္ဂသံသဋ္ဌော၊ ဝေရာ သော န ပရိမုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကြက်ဥအရသာကို တပ်မက်မောပြီး ကြက်မဥတိုင်း ကြက်ဥတို့ကို ယူစားသော အမျိုးသမီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တစ်ဦးတစ်ဦး ရန်ငြိုးဖွဲ့ကာ ဆုတောင်းလာကြသော ဘီလူးမသည် သရဏဂုံ၌ တည်၍ အမျိုးသမီး သောတာပန် ဖြစ်သည်။

အနက်

ပရဒုက္ခူပဓာနေန၊ သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေခြင်းဖြင့်။ အတ္တနော၊ မိမိ၏။ သုခံ၊ ချမ်းသာကို။ ဣစ္ဆတိ၊ အလိုရှိ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဝေရသံသဂ္ဂသံသဋ္ဌော၊ ရန်ရန်ချင်း ရောနှောသော အားဖြင့် ရောနှောသည် ဖြစ်၍။ ဝေရာ၊ ရန်မှ။ န ပရိမုစ္စတိ၊ မလွတ်နိုင်။

စကားပြေ

သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေခြင်းဖြင့် မိမိ၏ ချမ်းသာကို အလိုရှိသော သူသည် ရန်ရန်ချင်း ရောနှောသော အားဖြင့် ရောနှောသည့် ဖြစ်၍ ရန်မှ မလွတ်နိုင်။
ဝေရသံသဂ္ဂသံသဋ္ဌော— ဆဲရေးခြင်း တစ်ဖန်ပြန် ဆဲရေးခြင်း၊ ရိုက်ပုတ်ခြင်း တစ်ဖန်ပြန် ရိုက်ပုတ်ခြင်း စသည်တို့၏ အစွမ်းဖြင့် အချင်းချင်း အပြန်အလှန် ပြုလုပ်ခြင်းကို ရန်သူဖြင့် ရောယှက်ခြင်းဖြင့် ရောယှက်သည်ဟု ဆိုလိုသည်။

ပါဠိသဒ္ဒါခက်ဆစ်

ပရဒုက္ခူပဓာနေန = ပရဿ ဒုက္ခံ ပရဒုက္ခံ။ ပရ + ဒုက္ခ။ ပရဒုက္ခံ ဥပဓာနံ ပရဒုက္ခူပဓာနံ။ ပရဒုက္ခ + ဥပဓာန။
ဝေရသံ သဂ္ဂသံသဋ္ဌော = ဝေရဿ သံသဂ္ဂေါ ဝေရသံသဂ္ဂေါ။ ဝေရ + သံသဂ္ဂ။ ဝေရသံသဂ္ဂေန သံသဋ္ဌော ဝေရသံသဂ္ဂသံသဋ္ဌော။ ဝေရသံသဂ္ဂ + သံသဋ္ဌ။
သံသဂ္ဂ = သံ + သဇ္ဇ + ဏ။ သံသဋ္ဌ = သံ + သဇ္ဇ + တ။
ကုက္ကုဋအဏ္ဍခါဒိကာဝတ္ထု ပြီး၏။
---

၂၁-ပကိဏ္ဏကဝဂ်
၃-ဘဒ္ဒိယဘိက္ခုဝတ္ထု
၂၉၂။ ယံ ဟိ ကိစ္စံ အပဝိဒ္ဓံ၊ အကိစ္စံ ပန ကရီယတိ။
ဥန္နဠာနံ ပမတ္တာနံ၊ တေသံ ဝဍ္ဎန္တိ အာသဝါ။
၂၉၃။ ယေသဉ္စ သုသမာရဒ္ဓါ၊ နိစ္စံ ကာယဂတာ သတိ။
အကိစ္စံ တေ န သေဝန္တိ၊ ကိစ္စေ သာတစ္စကာရိနော။
သတာနံ သမ္ပဇာနာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဘဒ္ဒိယမြို့ကို အမှီပြု၍ မုလေးတောတော်၌ သီတင်းသုံးနေတော်မူစဉ် ဖိနပ် အမျိုးမျိုးကို ကိုယ်တိုင်ပြုလုပ်၍လည်းကောင်း ခိုင်းစေ၍လည်းကောင်း အချိန်ကုန်စေကာ ပါဠိသင်ခြင်းစသည့် ကိစ္စကို မပြုလုပ်သော ဘဒ္ဒိယရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ထိုဘဒ္ဒိယရဟန်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

ယံ၊ အကြင်။ ကိစ္စံ၊ ပြုသင့် ပြုထိုက်သော အမှုသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုအမှုကို။ အပဝိဒ္ဓံ၊ စွန့်ပစ်အပ်၏။ တေဟိ၊ ထိုပုဂ္ဂိုလ်တို့သည်။ အကိစ္စံ ပန၊ မပြုသင့် မပြုထိုက်သော အမှုကိုကား။ ကရီယတိ၊ ပြုအပ်၏။ ဥန္နဠာနံ၊ မာနထောင်လွှားကုန်သော။ ပမတ္တာနံ၊ မေ့လျော့ကုန်သော။ တေသံ၊ ထိုသူတို့အား။ အာသဝါ၊ အာသဝေါတရားတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။

ယေသဉ္စ၊ အကြင်သူတို့သည်။ နိစ္စံ၊ အမြဲ။ ကာယဂတာ၊ ကာယဂတာ ဟု ဆိုအပ်သော။ သတိ၊ ကာယာနုပဿနာဘာဝနာကို။ သုသမာရဒ္ဓါ၊ ကောင်းစွာ အားထုတ်အပ်၏။ တေ၊ ထိုသူတို့သည်။ အကိစ္စံ၊ မပြုသင့် မပြုထိုက်သော အမှုကို။ န သေဝန္တိ၊ မမှီဝဲ မပြုလုပ်ကုန်။ ကိစ္စေ၊ ပြုသင့် ပြုထိုက်သော အမှု၌။ သာတစ္စကာရိနော၊ မပြတ်မလပ် ပြုလုပ်ကုန်သော။ သတာနံ၊ သတိရှိကုန်သော။ သမ္ပဇာနာနံ၊ ကောင်းစွာ အပြားအားဖြင့် သိမှု သမ္ပဇဉ်ဉာဏ်ရှိသူတို့အား။ အာသဝါ၊ အာသဝေါတရားတို့သည်။ အတ္ထံ၊ ချုပ်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။

စကားပြေ

ပြုသင့် ပြုထိုက်သော အမှုကို စွန့်ပစ်၍ မပြုသင့် မပြုထိုက်သော အမှုကို ပြုလျက် မာနထောင်လွှားကာ မေ့လျော့သူတို့အား အာသဝေါတရားတို့ တိုးပွားကုန်၏။
ကာယာနုပဿနာဘာဝနာကို အမြဲမပြတ် ကောင်းစွာ အားထုတ်သော သူတို့သည် မပြုသင့် မပြုထိုက်သော အမှုကို မပြုကြပဲ ပြုသင့် ပြုထိုက်သော အမှု၌ မပြတ်မလပ် ပြုကာ သတိနှင့် သမ္ပဇဉ်ရှိသူတို့အား အာသဝေါတရားတို့ ချုပ်ငြိမ်းကုန်၏။
ယံ ဟိ ကိစ္စ— ၌ ကိစ္စဟူသည် ရဟန်း၏ ရဟန်းခံသောအခါမှစ၍ များစွာသော သီလအစုတို့ကို လုံခြုံအောင် စောင့်ရှောက်ခြင်း တောကျောင်း၌ နေခြင်း ဓုတင်ကို ဆောင်ခြင်း ဘာဝနာ၌ မွေ့လျော်ခြင်း စသည်ကို ပြုခြင်းပင် တည်း။
အကိစ္စ— ရဟန်း၏ ထီး၊ ဖိနပ်၊ ခြေနင်း၊ သပိတ်၊ ရေစစ်၊ ခါးပန်းကြိုအံ့သကိုဋ် စသည်တို့ကို ပြုပြင် တန်ဆာဆင်ခြင်းတို့သည် မပြုထိုက်သော အမှု မည်၏။
သတာနံ သမ္ပဇာနာနံ— ၌ သမ္ပဇည ဟူသည် သာတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်, ဂေါစရသမ္ပဇဉ်, အသမ္မောဟသမ္ပဇဉ် ဟု သမ္ပဇဉ်-၄-ပါး ရှိသည်။

ပါဠိသဒ္ဒါခက်ဆစ်

ဥန္နဠာနံ = ဥဒ္ဓံ နဠော ဝိယ ဂစ္ဆတီတိ ဥန္နဠာနံ။ ဥ + နဠ + ဏ။
သာတစ္စကာရိနော = သာတစ္စံ ကရောတိ သီလေနာတိ သာတစ္စကာရီ။ သာတစ္စ + ကရ် + ဏီ။
သာတစ္စ = သတတဿ ဘာဝေါ သာတစ္စံ။ သတတ + ဏျ။
ဘဒ္ဒိယဘိက္ခုဝတ္ထု ပြီး၏။
---

၂၁-ပကိဏ္ဏကဝဂ်
၄-လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု
၂၉၄။ မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ စ ခတ္တိယေ။
ရဋ္ဌံ သာနုစရံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။
၂၉၅။ မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ စ သောတ္ထိယေ။
ဝေယဂ္ဂပဉ္စမံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အလွန်ပု သော ရဟန်း လကုဏ္ဍကဘဒ္ဒိယထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ အာဂန္တုရဟန်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

ဗြာဟ္မဏော၊ ရဟန္တာပုဂ္ဂိုလ်သည်။ မာတရံ၊ အမိနှင့် တူသော တဏှာကို။ ပိတရံ၊ အဖနှင့် တူသော မာနကို။ ဟန္တွာ၊ သတ်ပြီး၍။ ခတ္တိယေ၊ ရေမြေအရှင် ဖြစ်ကုန်သော။ ဒွေ ရာဇာနော၊ မင်းနှစ်ပါးနှင့် တူသော သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတို့ကို။ သာနုစရံ၊ အမြတ်တော် ခွန်အမတ်နှင့် တူသော နန္ဒီရာဂနှင့် တကွသော။ ရဋ္ဌံ၊ တိုင်းပြည်နှင့် တူသော အာယတန တဆယ့်နှစ်ပါးကို။ ဟန္တွာ၊ သတ်၍။ အနီဃော၊ ဆင်းရဲကင်းသည် ဖြစ်၍။ ယာတိ၊ သွားရ၏။

ဗြာဟ္မဏော၊ ရဟန္တာပုဂ္ဂိုလ်သည်။ မာတရံ၊ အမိနှင့် တူသော တဏှာကို။ ပိတရံ၊ အဖနှင့် တူသော မာနကို။ ဟန္တွာ၊ သတ်၍။ ဒွေ စ ရာဇာနော သောတ္ထိယေ၊ မင်းပုဏ္ဏားနှစ်ပါးတို့နှင့် တူသော သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတို့ကို။ ဝေယဂ္ဃပဉ္စမံ၊ ကျားရဲရှိသော ခရီးခဲနှင့် တူသော ဝိစိကိစ္ဆာလျှင် ငါးခုမြောက် နီဝရဏကို။ ဟန္တွာ၊ ပယ်ဖျက်၍။ အနီဃော၊ ဆင်းရဲကင်းသည် ဖြစ်၍။ ယာတိ၊ သွားရ၏။

စကားပြေ

ရဟန္တာပုဂ္ဂိုလ်သည် အမိနှင့် တူသော တဏှာ၊ အဖနှင့် တူသော မာန၊ မင်းနှစ်ပါးနှင့် တူသော သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ (ဝါ) မင်းပုဏ္ဏားနှစ်ယောက်နှင့် တူသော သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ၊ ကျားရဲနှင့် တူသော ဝိစိကိစ္ဆာနီဝရဏ တရားတို့ကို ပယ်ဖျက် သတ်ဖြတ်ကာ ဆင်းရဲကင်းသည် ဖြစ်၍ နေထိုင်ရ၏။
မာတရံ ပိတရံ ဟန္တွာ— ၌ မာတရံအရ တဏှာ ရ၏။ ပိတရံ အရ မာန ရ၏။ အဖကို အမှီပြု၍ မာန ဖြစ်တတ်သောကြောင့် အဖနှင့် တူသော မာနဟု ဆိုသည်။
ဒွေ ခတ္တိယေ— သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ရ၏။ လူအပေါင်းတို့သည် မင်းသို့ ချဉ်းကပ်ကုန်သကဲ့သို့ အယူမှားသူဟူသမျှတို့သည် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိသို့ ကပ်ရောက်ကုန်သောကြောင့် ခတ္တိယရာဇာနှင့် တူသော သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟု ဆိုပါသည်။
ဝေယဂ္ဃပဉ္စမံ— ကျားများကျက်စားရာ ဖြစ်၍ ဘေးရန်ရှိသော၊ သွားနိုင်ခဲသော ခရီးသည် ဝေယဂ္ဃ မည်၏။ ယင်းနှင့် တူသောကြောင့် ဝိစိကိစ္ဆာနီဝရဏသည် ဝေယဂ္ဃ မည်၏။
ဝေယဂ္ဃပဉ္စမံ ဟန္တွာ— တဏှာ မာန ဒိဋ္ဌိနှစ်ပါးနှင့် ဝိစိကိစ္ဆာနီဝရဏ အပါအဝင် တရားငါးပါး အပေါင်းကို အရဟတ္တမဂ်ဉာဏ်သန်လျက် ဖြင့် အကြွင်းမဲ့ ဖြတ်ရမည်။
[ဤဂါထာ၌ ဘုရားရှင်သည် တရားတော်၏ အရှင်ဖြစ်သောကြောင့်လည်းကောင်း၊ ဒေသနာတော် စီစဉ်မှု၌ ကျွမ်းကျင် လိမ္မာပါးနပ်တော်မူသောကြောင့် လည်းကောင်း သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးကို ပုဏ္ဏားမင်းနှစ်ပါးနှင့် တူသည်ဟု ဟောတော်မူသည်။]

ပါဠိသဒ္ဒါခက်ဆစ်

ခတ္တိယေ = ခတ္တိယဿ အပစ္စံ ခတ္တိယော။ ခတ္တ + ဣယ။
ရဋ္ဌံ = ရဇန္တိ ဧတ္ထ နဂရာဒယောတိ ရဋ္ဌံ။ ရန္ဇ + တ။ ရဋ္ဌံ ဝိယ ရဋ္ဌံ။ ရဋ္ဌ + ဏ။
သာနုစရံ = သဟ အနုစရေန ယော ဝတ္တတီတိ သာနုစရော။ သဟ + အနုစရ + ယ။ သာနုစရော ဝိယ သာနုစရော။
အနီဃော = နတ္ထိ နီဃံ ယဿာတိ အနီဃော။ န + နီဃံ + ယ။
သောတ္ထိယေ = သုတ္တံ အဓီတေတိ သောတ္ထိယော။ သုတ္တ + ဏိယ။ (ဥကို ဩ, တကိုထ, ကကိုယပြု)
ဝေယဂ္ဃပဉ္စမံ = ဗျဂ္ဃဿ မဂ္ဂေါ ဝေယဂ္ဃေါ။ ဗျဂ္ဃ + ဏ။ ဝေယဂ္ဃေါ ဝိယ ဝေယဂ္ဃံ။ ဝေယဂ္ဃံ ပဉ္စမံ အဿာတိ ဝေယဂ္ဃပဉ္စမံ။ ဝေယဂ္ဃ + ပဉ္စမ + တ။
လကုဏ္ဍကဘဒ္ဒိယဝတ္ထု ပြီး၏။
---
၂၁-ပကိဏ္ဏကဝဂ်
၅-ဒါရုသာကဋိကပုတ္တဝတ္ထု
၂၉၆။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဗုဒ္ဓဂတာ သတိ။
၂၉၇။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဓမ္မဂတာ သတိ။
၂၉၈။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ သံဃဂတာ သတိ။
၂၉၉။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ကာယဂတာ သတိ။
၃၀၀။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ အဟိံသာယ ရတော မနော။
၃၀၁။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ ဘာဝနာယ ရတော မနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သမ္မာဒိဋ္ဌိမိဘတို့၏ သားသည် ဗုဒ္ဓါနုဿတိကို ဆင်ခြင်၍ နမောဗုဒ္ဓဿ ဟုရွတ်၍ ကစားတိုင်း နိုင်သောကြောင့် အတုယူပြီး ‘နမောဗုဒ္ဓဿ’ကို အမြဲနှုတ်ဖြင့် ရွတ်နေသော မိစ္ဆာဒိဋ္ဌိမိဘ၏ သားငယ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ မိစ္ဆာဒိဋ္ဌိ သားအမိသုံးယောက် သောတာပန်ဖြစ်၍ နောင်အခါ ရဟန်းပြုကြပြီး ရဟန္တာဖြစ်ကြသည်။

အနက်

ယေသံ၊ အကြင်ဘုရားတပည့်သားတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲ။ ဗုဒ္ဓဂတာ၊ ဘုရားဂုဏ်တော်ကို အာရုံပြု၍ ဖြစ်သော။ သတိ၊ သတိသည်။ အတ္ထိ၊ ရှိ၏။ တေ ဂေါတမသာဝကာ၊ ထိုဘုရားတပည့်သားတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာ နိုးကြားခြင်းဖြင့်။ ပဗုဇ္ဈန္တိ၊ နိုးကြားရကုန်၏။

ယေသံ၊ အကြင်ဘုရားတပည့်သားတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲ။ ဓမ္မဂတာ၊ တရားဂုဏ်တော်ကို အာရုံပြု၍ ဖြစ်သော။ သတိ၊ သတိသည်။ အတ္ထိ၊ ရှိ၏။ တေ ဂေါတမသာဝကာ၊ ထိုဘုရားတပည့်သားတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာ နိုးကြားခြင်းဖြင့်။ ပဗုဇ္ဈန္တိ၊ နိုးကြားရကုန်၏။

ယေသံ၊ အကြင်ဘုရားတပည့်သားတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲ။ သံဃဂတာ၊ သံဃာ့ဂုဏ်ကို အာရုံပြု၍ ဖြစ်သော။ သတိ၊ သတိသည်။ အတ္ထိ၊ ရှိ၏။ တေ ဂေါတမသာဝကာ၊ ထိုဘုရားတပည့်သားတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာ နိုးကြားခြင်းဖြင့်။ ပဗုဇ္ဈန္တိ၊ နိုးကြားရကုန်၏။

ယေသံ၊ အကြင်ဘုရားတပည့်သားတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲ။ ကာယဂတာ၊ သုံးဆယ့်နှစ်ကောဋ္ဌာသကို အာရုံပြု၍ ဖြစ်သော။ သတိ၊ သတိသည်။ အတ္ထိ၊ ရှိ၏။ တေ ဂေါတမသာဝကာ၊ ထိုဘုရားတပည့်သားတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာ နိုးကြားခြင်းဖြင့်။ ပဗုဇ္ဈန္တိ၊ နိုးကြားရကုန်၏။

ယေသံ၊ အကြင်ဘုရားတပည့်သားတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ အဟိံသာယ၊ ကရုဏာဘာဝနာ၌။ ရတော၊ မွေ့လျော်သော။ မနော၊ စိတ်သည်။ အတ္ထိ၊ ရှိ၏။ တေ ဂေါတမသာဝကာ၊ ထိုဘုရားတပည့်သားတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာ နိုးကြားခြင်းဖြင့်။ ပဗုဇ္ဈန္တိ၊ နိုးကြားရကုန်၏။

ယေသံ၊ အကြင်ဘုရားတပည့်သားတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ ဘာဝနာယ၊ မေတ္တာဘာဝနာ၌။ ရတော၊ မွေ့လျော်သော။ မနော၊ စိတ်သည်။ အတ္ထိ၊ ရှိ၏။ တေ ဂေါတမသာဝကာ၊ ထိုဘုရားတပည့်သားတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာ နိုးကြားခြင်းဖြင့်။ ပဗုဇ္ဈန္တိ၊ နိုးကြားရကုန်၏။

စကားပြေ

နေ့ရောညဉ့်ပါ ဘုရားဂုဏ်, တရားဂုဏ်, သံဃာ့ဂုဏ်, ကောဋ္ဌာသကို့ အာရုံပြု၍ ဖြစ်သော သတိရှိသော ဘုရားရှင်တို့၏ တပည့်သားတို့နှင့် ကရုဏာဘာဝနာ မေတ္တာဘာဝနာတို့၌ မွေ့လျော်သော စိတ်ရှိသော ဘုရားရှင်၏ တပည့်သားတို့သည် အခါခပ်သိမ်း ကောင်းစွာ နိုးကြားခြင်းဖြင့် နိုးကြားရကုန်၏။
အရဟံ သမ္မာသမ္ဗုဒ္ဓေါ စသော ဘုရားရှင်၏ ဂုဏ်တော်ကို အာရုံပြု၍ ဖြစ်သော အောက်မေ့ခြင်း သတိ အမြဲမပြတ် ဖြစ်နေလျှင် သုပ္ပဗုဒ္ဓံ ပ ခေါ်သည်။ အမြဲမပြတ် နှလုံးမသွင်းနိုင်က တနေ့လျှင် သုံးကြိမ် နှစ်ကြိမ် တစ်ကြိမ် ဘုရားဂုဏ်တော်ကို နှလုံးသွင်းလျှင် သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ မည်ပေသည်။
ဓမ္မဂတာသတိ— သောက္ခါတော စသော တရားဂုဏ်တော်တို့ကို အာရုံပြု၍ ဖြစ်သော သတိ။
သံဃဂတာသတိ— သုပ္ပဋိပန္နော စသော သံဃာတော်မြတ်တို့၏ ဂုဏ်တော်တို့ကို အာရုံပြု၍ ဖြစ်သော သတိ။
ကာယဂတာသတိ— ဒွတ္တိံသာကာရ, နဝသီဝထိက, စတုဓာတုဝဝတ္ထာန်, နီလကသိုဏ်း စသော ရူပဈာန်တို့၏ အစွမ်းဖြင့် ဖြစ်သော သတိ။
အဟိံသာယ— ကရုဏာဘာဝနာ။
ဘာဝနာယ— မေတ္တာဘာဝနာ။
ဗုဒ္ဓဂုဏ်တော်— တိတ္ထိတို့၏ ဂုဏ်ကို ရည်ညွှန်း၍ နမော အရဟန္တာနိ ဟု ရွတ်ဆိုပြီး ကြွေပစ်သူကို ဘုရားရှင်၏ ဂုဏ်ကို ဆင်ခြင်၍ နမော ဗုဒ္ဓဿ ဟု ရွတ်ဆို၍ ကြွေပစ်သူက အနိုင်ရသည်။ (ဓမ္မ၊ဋ္ဌ၊၂။၂၈၄။)

ပါဠိသဒ္ဒါခက်ဆစ်

ဂေါတမသာဝကာ = ဂေါတမဿ သာဝကာ ဂေါတမသာဝကာ။ ဂေါတမ + သာဝက။
ဗုဒ္ဓဂတာ = ဗုဒ္ဓေ (ဗုဒ္ဓဂုဏေ) ဂတာ ဗုဒ္ဓဂတာ။ ဗုဒ္ဓ + ဂတ။
ဒါရုသာကဋိကပုတ္တဝတ္ထု ပြီး၏။
---

၂၁-ပကိဏ္ဏကဝဂ်
၆-ဝဇ္ဇီပုတ္တကဘိက္ခုဝတ္ထု
၃၀၂။ ဒုပ္ပဗ္ဗဇ္ဇံ ဒုရဘိရမံ၊ ဒုရာဝါသာ ဃရာ ဒုခါ။
ဒုက္ခော သမာနသံဝါသော၊ ဒုက္ခာနုပတိတဒ္ဓဂူ။
တသ္မာ န စဒ္ဓဂူ သိယာ၊ န စ ဒုက္ခာနုပတိတော သိယာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဝေသာလီပြည်ကို အမှီပြု၍ မဟာဝန်တော၌ သီတင်းသုံးနေတော်မူစဉ် ပွဲသဘင်မှ တူရိယာသံများကို ကြားရ၍ တောကို ငြီးငွေ့လာသော ဝဇ္ဇီမင်းသား ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဝဇ္ဇီတိုင်းသား ရဟန်း ရဟန္တာဖြစ်သည်။

အနက်

ဒုပ္ပဗ္ဗဇ္ဇံ၊ စည်းစိမ်ဥစ္စာ ဆွေမျိုးအစုကို စွန့်၍ ရဟန်းပြုနိုင်ခဲ၏။ ဒုရဘိရမံ၊ ဆွမ်းခံ၍ အသက်မွေးပြီးလျှင် တရားအားလျော်စွာ ကျင့်ခြင်း၌ မွေ့လျော်နိုင်ခဲ၏။ ဃရာ၊ အိမ်၌ နေသူတို့သည်။ ဒုရာဝါသာ၊ ပြုဖွယ်ကိစ္စများ ဆောင်ရွက်နေရခြင်းတို့သည်။ ဒုခါ၊ ဆင်းရဲကုန်၏။ သမာနသံဝါသော၊ စိတ်သဘောချင်း မတူသူတို့နှင့် နေရခြင်းသည်။ ဒုက္ခော၊ ဆင်းရဲ၏။ အဒ္ဓဂူ၊ သံသရာခရီးသွားရခြင်းတို့သည်။ ဒုက္ခာနုပတိတာဝ၊ ဆင်းရဲသို့ ကျရောက်တတ်ကုန်သည် သာတည်း။ တသ္မာ၊ ထို့ကြောင့်။ အဒ္ဓဂူ၊ သံသရာခရီးသွားသည်။ န စ သိယာ၊ မဖြစ်ရာ။ ဒုက္ခာနုပတိတော၊ ဆင်းရဲသို့ ကျရောက်သူသည်။ န သိယာ၊ မဖြစ်ရာ။

စကားပြေ

စည်းစိမ်ဥစ္စာ, ဆွေမျိုးအစုအဝေးကို စွန့်ခွါ၍ ရဟန်းပြုရန် ခဲယဉ်း၏။ ဆွမ်းခံ၍ အသက်မွေးပြီးလျှင် တရားအားလျော်စွာ ကျင့်ရန် ခဲယဉ်း၏။ အိမ်၌ နေသူတို့၏ များမြောင်လှစွာသော ပြုဖွယ်ကိစ္စတို့ကို ဆောင်ရွက်နေရခြင်းသည် ဆင်းရဲ၏။ စိတ်သဘောချင်း မတူသူတို့နှင့် နေရခြင်းသည် ဆင်းရဲ၏။ သံသရာခရီးသွားသူသည် ဆင်းရဲသို့ ကျရောက်တတ်၏။ သံသရာခရီးသွားမဖြစ်လျှင် ဆင်းရဲသို့ မကျရောက်နိုင်။
ဒုပ္ပဗ္ဗဇ္ဇံ— နည်းနည်းများများ ဖြစ်သော စည်းစိမ်ဥစ္စာ, ဆွေမျိုးမိတ်သင်္ဂဟတို့ကို စွန့်ခွါ၍ သာသနာတော်၌ အသက်ပေးပြီး ရဟန်းပြုရန် ခဲယဉ်း၏။
ဒုရဘိရမံ— ရဟန်းပြုပြီးသော်လည်း ဆွမ်းခံ၍ အသက်မွေးဝမ်းကျောင်းမှုကို အားထုတ်ရခြင်း များစွာသော သီလတို့ကို မကျိုးမပေါက် မပြောက်မကျား ရအောင် စောင့်ရှောက်ရခြင်း, တရားတော်နှင့် အညီ ပြည့်စုံအောင် ပြုကျင့်ရခြင်းဖြင့် မွေ့လျော်ရန် ခဲယဉ်း၏။
ဒုရာဝါသာ— အိမ်၌ နေသောသူမှန်သမျှ မင်းတို့အား မင်းကိစ္စ အစိုးရတို့အား အစိုးရကိစ္စတို့ကို ဆောင်ရွက်ရခြင်း၊ လူအပေါင်းတို့ကိုလည်းကောင်း တရားနှင့် ညီသော ရဟန်း ပုဏ္ဏားတို့ကိုလည်းကောင်း ထောက်ပံ့ရခြင်း စသည်ဖြင့် အိုးပေါက်ကဲ့သို့လည်းကောင်း သမုဒ္ဒရာကဲ့သို့လည်းကောင်း ပြည့်နိုင်ခဲ၏။ ထိုကြောင့် အိမ်၌ နေသူများသည် မကောင်းသော နေခြင်းသာဖြစ်၍ ဆင်းရဲ၏။
ဒုက္ခော သမာနသံဝါသော— လူဖြစ်က ဇာတ်အနွယ်, အမျိုးစည်းစိမ်အားဖြင့် တူသော ပုဂ္ဂိုလ်၊ ရဟန်းဖြစ်က အကျင့်သီလ အကြားအမြင် ဗဟုသုတအားဖြင့် တူသော ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ငြင်းခုံမှုကို ရှေ့ရှုသူနှင့် အတူနေရလျှင် ဆင်းရဲရ၏။

ပါဠိသဒ္ဒါခက်ဆစ်

အသမာနသံဝါသော- သမာနော သံဝါသော သမာနသံဝါသော။ သမာန + သံဝါသ။ နတ္ထိ သမာနသံဝါသော ယဿာတိ အသမာနသံဝါသော။ န + သမာနသံဝါသ + ယ။
အဒ္ဓဂူ = အဒ္ဓံ ဂစ္ဆတိတိ အဒ္ဓဂူ။ အဒ္ဓ + ဂမု + ရူ။
ဒုက္ခာနုပတိတော = ဒုက္ခံ အနုပတိတော ဒုက္ခာနုပတိတော။ ဒုက္ခ + အနုပတိတ။
ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထု ပြီး၏။
---
၂၁-ပကိဏ္ဏကဝဂ်
၇-စိတ္တဂဟပတိဝတ္ထု
၃၀၃။ သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။
ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လာဘ်ပူဇော်သက္ကာရပေါများသော စိတ္တသူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သဒ္ဓေါ၊ လောကီ လောကုတ္တရာသဒ္ဓါနှင့် ပြည့်စုံသော။ သီလေန၊ အာဂါရိကသီလနှင့်။ သမ္ပန္နော၊ ပြည့်စုံသော။ ယသော ဘောဂသမပ္ပိတော၊ အခြံအရံ စည်းစိမ်ဥစ္စာနှင့် လည်း ပြည့်စုံသောသူသည်။ ယံ ယံ ပဒေသံ၊ အကြင်ကြင်အရပ်သို့။ ဘဇတိ၊ ကပ်ရောက်နေ၏။ တတ္ထ တတ္ထေဝ၊ ထိုထိုရောက်ရာ အရပ်တို့၌သာလျှင်။ ပူဇိတော၊ အပူဇော်ခံရ၏။

စကားပြေ

လောကီ လောကုတ္တရာသဒ္ဓါ, အာဂါရိကသီလ, စည်းစိမ်ဥစ္စာ, အခြံအရံနှင့် ပြည့်စုံသောသူသည် ရောက်ရာအရပ်တိုင်း၌ အပူဇော်ခံရ၏။
သဒ္ဓေါ— လောကီသဒ္ဓါ လောကုတ္တရာသဒ္ဓါနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရ၏။
သီလေန— အရ အာဂါရိကသီလ အနာဂါရိကသီလ နှစ်ပါးတို့တွင် အာဂါရိကသီလ ရ၏။
ယသော ဘောဂသမပ္ပိတော—၌ ယသအရ အနာထပိဏ်သူဌေး စသည်တို့၏ ဥပါသကာငါးရာ ဟူသော အခြံအရံသည် အာဂါရိကယသ။
ဘောဂ— အရ ဥစ္စာစပါးအစရှိသော လောကီဥစ္စာ, သဒ္ဓါသီလ အစရှိသော သူတော်ကောင်းဥစ္စာ ဖြစ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

သဒ္ဓေါ = သဒ္ဓါ အဿ အတ္ထိတိ သဒ္ဓေါ။ သဒ္ဓါ + ဏ။
ယသော ဘောဂသမပ္ပိတော = ယသော စ ဘောဂေါ စ ယသောဘောဂါ။ ယသ + ဘောဂ။ ယသောဘောဂေဟိ သမပ္ပိတော ယသောဘောဂသမပ္ပိတော။ ယသောဘောဂ + သမပ္ပိတ။ သမပ္ပိတ = သံ + အပ္ပ + တ။
စိတ္တဂဟပတိဝတ္ထု ပြီး၏။
---

၂၁-ပကိဏ္ဏကဝဂ်
၈-စူဠသုဘဒ္ဒါဝတ္ထု
၃၀၄။ ဒူရေ သန္တော ပကာသန္တိ၊ ဟိမဝန္တောဝ ပဗ္ဗတော။
အသန္တေတ္ထ န ဒိဿန္တိ၊ ရတ္တိံ ခိတ္တာ ယထာ သရာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ယူဇနာတစ်နှစ်ဆယ်ကွာဝေးသော ဥမြို့မှ မြတ်လေးပန်း ရှစ်ဆုပ်ကို ကြဲ၍ ဘုရားအမှူးရှိသော သံဃာများအား ပင့်ဆောင်သော အနာထပိဏ္ဍိကသူကြွယ်၏ သမီး စူဠသုဘဒ္ဒါကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဟိမဝန္တော ပဗ္ဗတော၊ ဟိမဝန္တာတောင်သည်။ ဒူရေ၊ ဝေးသော အရပ်၌။ ဌိတော၊ တည်သော်လည်း။ ပကာသတိ ဣဝ၊ ထင်ရှားသကဲ့သို့။ ဧဝံ၊ ဤအတူ။ သန္တော၊ ဘုရားစသော သူတော်ကောင်းတို့သည်။ ဒူရေ၊ ဝေးသော အရပ်၌။ ဌိတာ၊ တည်ကုန်သော်လည်း။ ပကာသန္တိ၊ ထင်ရှားကုန်၏။ ရတ္တိံ၊ ညဉ့်အခါ၌။ ခိတ္တာ၊ ပစ်အပ်ကုန်သော။ သရာ၊ မြားတို့သည်။ န ဒိဿန္တိ ယထာ၊ မထင်ရှားကုန်သကဲ့သို့။ အသန္တော၊ သူတော်မဟုတ် သူယုတ်မာတို့သည်။ ဧတ္ထ၊ ဤဘုရားအနီး၌။ ဌိတာပိ၊ တည်ရှိနေကြကုန်သော်လည်း။ န ဒိဿန္တိ၊ မထင်ရှားကုန်။

စကားပြေ

ဟိမဝန္တာတောင်သည် ဝေးသောအရပ်မှာ ရှိသော်လည်း ထင်ရှားသကဲ့သို့ ဘုရားစသော သူတော်ကောင်းတို့သည် ဝေးသောအရပ်မှာ နေသော်လည်း ထင်ရှားကုန်၏။ ညဉ့်အခါ ပစ်လိုက်သော မြားသည် မထင်ရှားသကဲ့သို့ လူယုတ်မာသည် ဘုရားအနီး၌ နေစေကာမူ မထင်ရှားချေ။
သန္တ— အရ ဘုရားစသော သူတော်ကောင်းတို့သည် ရာဂစသော ကိလေသာ ငြိမ်သောကြောင့် သန္တ မည်ကုန်၏။
ဤဝတ္ထု၌ ရှေးဘုရားရှင်တို့၏ ထံတော်၌ ဆုတောင်း၍ ဗျာဒိတ်ရပြီး သော ကုသိုလ်ကောင်းမှု များစွာရှိ၍ ပွားများပြီးသော ဘာဝနာရှိသော ပုဂ္ဂိုလ်များသည် သန္တ မည်ကုန်၏။
ဟိမဝန္တောဝ ပဗ္ဗတော— ယူဇနာသုံးထောင်ကျယ်၍ ယူဇနာငါးရာ အမြင့်ရှိသော ရှစ်သောင်းလေးထောင်သော တောင်ထွတ်တို့ဖြင့် တင့်တယ်သော ဟိမဝန္တာတောင်သည် ဝေးသောအရပ် နီးသောအရပ်၌ နေသော ပုဂ္ဂိုလ်တို့၏ ရှေ့ရှု၌ တည်သကဲ့သို့ ဝေးသောအရပ်၌ တည်သော်လည်း သူတော်ကောင်းပုဂ္ဂိုလ်တို့သည် ဘုရားရှင်၏ ဉာဏ်တော်သို့ ရောက်လာပြီး ထင်ရှားကုန်၏။
အသန္တံ— မျက်မှောက်ပစ္စုပ္ပန်ဘဝကိုသာ အလေးပြု၍ ရှေးလွန်ခဲ့ပြီးသော ပစ္စည်းအာမိသကို ကြည့်ပြီး အသက်မွေးဝမ်းကျောင်း အလို့ငှာ ရဟန်းပြုသော ဗာလပုဂ္ဂိုလ်တို့သည် အသန္တ မည်ကုန်၏။

စူဠသုဘဒ္ဒါဝတ္ထု ပြီး၏။
---

၂၁-ပကိဏ္ဏကဝဂ်
၉-ဧကဝိဟာရိထေရဝတ္ထု
၃၀၅။ ဧကာသနံ ဧကသေယျံ၊ ဧကော စရမတန္ဒိတော။
ဧကော ဒမယမတ္တာနံ၊ ဝနန္တေ ရမိတော သိယာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဣရိယာပုထ်လေးပါးလုံး၌ တပါးတည်းနေလေ့ရှိသော ဧကဝိဟာရိထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဧကာသနံ၊ တယောက်တည်း နေသူကို။ ဧကသေယျံ၊ တယောက်တည်း အိပ်သောသူကို။ ဘဇေထ၊ ဆည်းကပ်ကြလော့။ အတန္ဒိတော၊ မပျင်းရိပဲ။ ဧကော၊ တယောက်တည်း။ စရံ စရန္တော၊ လှည့်လည်သွားလာလျက်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယံ ဒမယန္တော၊ ဆုံးမလျက်။ ဧကော၊ တယောက်တည်း။ ဝနန္တေ၊ တော၌။ ရမိတော၊ မွေ့လျော်သည်။ သိယာ၊ ဖြစ်ရာ၏။

စကားပြေ

တယောက်တည်း နေလေ့ရှိသူကို ဆည်းကပ်ကြလော့။ မပျင်းရိပဲ တယောက်တည်း လှည့်လည်သွားလာလျက် မိမိကိုယ်ကို ဆုံးမပြီးလျှင် တယောက်တည်း တော၌ မွေ့လျော်ရမည်။
ဧကာသန မည်ပုံ— ရဟန်းတထောင်တို့၏ အလယ်၌ နေသော်လည်း မူလကမ္မဋ္ဌာန်းကို မစွန့်လွှတ်ပဲ ထိုမူလကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ နေခြင်းသည် ဧကာသန မည်၏။
ဧကသေယျ မည်ပုံ— ကြေးပြသာဒ်နှင့် တူသော ပြသာဒ်၌ ရဟန်းတထောင် အလယ်တွင် ဆန်းကြယ်စွာ ခင်းထားသော မြတ်သော အိပ်ရာ၌ အိပ်သော်လည်း သတိကို ဖြစ်စေ၍ မူလကမ္မဋ္ဌာန်းကို နှလုံးသွင်းကာ လျောင်းသော ရဟန်း၏ အိပ်ခြင်းသည် ဧကသေယျ မည်၏။

ပါဠိသဒ္ဒါခက်ဆစ်

ဧကာသနံ = ဧကော ဟုတွာ အာသနံ ဧကာသနံ။ ဧက + အာသန။
ဧကသေယျံ = ဧကော ဟုတွာ သေယျံ ဧကသေယျံ။ ဧက + သေယျ။
အတန္ဒိတော = တန္ဒိတ္ထာတိ တန္ဒိတော။ တန္ဒ် + တ။ န တန္ဒိတော အတန္ဒိတော။ န + တန္ဒိတ။
ဧကဝိဟာရိထေရဝတ္ထု ပြီး၏။
ပကိဏ္ဏကဝဂ် ပြီး၏။
---
၂၂-နိရယဝဂ်
၁-သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထု
၃၀၆။ အဘူတဝါဒီ နိရယံ ဥပေတိ၊ ယောဝါပိ ကတွာ န ကရောမိ စာဟ။
ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ၊ နိဟီနကမ္မာ မနုဇာ ပရတ္ထ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လာဘ်ပူဇော်သက္ကာရ နည်းလာသော တိတ္ထိတို့၏ တိုက်တွန်းမှုကြောင့် ဘုရားရှင်အား ကွဲလွဲရလောက်အောင် မကောင်းသတင်းပြုလုပ်ပြောဆိုပြီး အရက်သမားများ၏ အသတ်ကို ခံရသော သုန္ဒရီပရိဗိုဇ်မကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အဘူတဝါဒီ၊ မဟုတ်မမှန် စွပ်စွဲပြောဆိုသောသူသည်။ နိရယံ၊ ငရဲသို့။ ဥပေတိ၊ ရောက်ရ၏။ ယော ဝါ၊ အကြင်သူသည်လည်း။ ကတွာ၊ မိမိမကောင်းမှု ပြုလျက်။ န ကရောမိ၊ ငါမပြုဟု။ အာဟ၊ ပြောဆို၏။ သောပိ၊ ထိုသူသည်လည်း။ နိရယံ၊ သို့။ ဥပေတိ၊ ရောက်ရ၏။ တေ ဥဘောပိ မနုဇာ၊ ထိုသူနှစ်ယောက်တို့သည်။ နိဟီနကမ္မာ၊ ယုတ်မာသောအမှု ရှိကုန်သည်ဖြစ်၍။ ပေစ္စ ပရတ္ထ၊ နောင်တမလွန်။ ဘဝ၌၊ ဘဝ၌။ သမာ၊ ငရဲခံစားရခြင်းတူကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

စကားပြေ

သူတပါးကို မဟုတ်မမှန် စွပ်စွဲပြောဆိုသူနှင့် မိမိမကောင်းမှု ပြုလျက် ငါမပြုဟု ပြောဆိုသူ ဤနှစ်ယောက်တို့သည် ယုတ်မာသော အမှုရှိကုန်သည်ဖြစ်၍ နောင်တမလွန်ဘဝ၌ ငရဲခံစားရခြင်း တူကြလေကုန်၏။
ဥဘော— သူတပါးအပြစ်ကို မမြင်ပဲ မဟုတ်မမှန် ပြောဆိုစွပ်စွဲသူနှင့် မကောင်းမှုကို ပြု၍ ငါသည် ဤမကောင်းမှုကို မပြုဟု ပြောသူ ဤသူနှစ်ယောက်သည် ဥဘော အရဖြစ်သည်။
သမာ ဘဝန္တိ— နိရယဂတိချင်း တူသည်ကို ဆိုသည်။

ပါဠိသဒ္ဒါခက်ဆစ်

အဘူတဝါဒီ = အဘူတံ ဝဒတိ သီလေနာတိ အဘူတဝါဒီ။ အဘူတ + ဝဒ် + ဏီ။
နိရယံ = နိဂ္ဂတော အယော (ဣဋ္ဌဖလံ) အသ္မာတိ နိရယော။ နိ + အယ + တ။ နိန္ဒိတော ရယော (ဂမနံ) ဧတ္ထာတိ နိရယော။ နိ + ရယ + ဧတ။
နိဟီနကမ္မာ = နိဟီနံ ကမ္မံ ယဿာတိ နိဟီနကမ္မာ။ နိဟီန + ကမ္မ + ယ။
မနုဇာ = မနုမှီ ဇာတာ မနုဇာ။ မနု + ဇန် + ကွိ။
သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထု ပြီး၏။
---

၂၂-နိရယဝဂ်
၂-ဒုစ္စရိတဖလပီဠိတဝတ္ထု
၃၀၇။ ကာသာဝ ကဏ္ဌာ ဗဟဝေါ၊ ပါပဓမ္မာ အသညတာ။
ပါပါ ပါပေဟိ ကမ္မေဟိ၊ နိရယံ တေ ဥပပဇ္ဇရေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကဿပဘုရားရှင် လက်ထက်က သာသနာတော်ဘောင်သို့ ဝင်၍ ရဟန်းပြုပြီးလျှင် ရဟန်းအား လျောက်ပတ်သော အမှုကို မပြုကြပဲ ဒုစ္စရိတအမျိုးမျိုး ပြုသဖြင့် ဂေါတမဘုရားရှင် လက်ထက်တွင် ဒုစ္စရိတအကျိုးကို ခံစားနေရသော ပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ပါပဓမ္မာ၊ ယုတ်မာသော သဘောရှိကုန်သော။ အသညတာ၊ ကိုယ်နှုတ်နှလုံးကို မစောင့်စည်းကုန်သော။ ကာသာဝကဏ္ဌာ၊ သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော။ ဗဟဝေါ၊ များစွာကုန်သော။ တေ ပါပါ၊ ထိုသူယုတ်မာတို့သည်။ အတ္တနာ၊ မိမိသည်။ ကတေဟိ၊ ပြုအပ်ကုန်သော။ ပါပေဟိ ကမ္မေဟိ၊ ယုတ်မာသော မကောင်းမှုတို့ကြောင့်။ နိရယံ၊ ငရဲသို့။ ဥပပဇ္ဇရေ၊ ကျရောက်ရကုန်၏။

စကားပြေ

ယုတ်မာသော သဘောရှိကုန်၍ ကိုယ်နှုတ်နှလုံးကို မစောင့်ပဲ သင်္ကန်းကို လည်ပင်း၌ ပတ်သော များစွာသော သူယုတ်မာတို့သည် မိမိပြုခဲ့သော မကောင်းမှုကံတို့ကြောင့် ငရဲသို့ ကျရောက်ကြရကုန်၏။

ပါဠိသဒ္ဒါခက်ဆစ်

ကာသာဝကဏ္ဍာ = ကာသာဝေါ ကဏ္ဌေ ယေသန္တိ ကာသာဝကဏ္ဌာ။ ကာသာဝ + ကဏ္ဌ + ယ။
အသညတာ = န သညတာ အသညတာ။ န + သညတ။ သညတ = သံ + ယမု + တ။
ဒုစ္စရိတဖလပီဠိတဝတ္ထု ပြီး၏။
---

၂၂-နိရယဝဂ်
၃-ဝတ္ထုမုဒါတီရိယဘိက္ခုဝတ္ထု
၃၀၈။ သေယျော အယောဂုဠော ဘုတ္တော၊ တတ္တော အဂ္ဂိသိခူပမော။
ယဉ္ဇေ ဘုဉ္ဇေယျ ဒုဿီလော၊ ရဋ္ဌပိဏ္ဍမသညတော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဝေသာလီပြည်ကို အမှီပြု၍ မဟာဝန်တော်၌ သီတင်းသုံးနေတော်မူစဉ် ဝမ်းရေးအတွက် အချင်းချင်း ဈာန်မဂ်ဖိုလ်ကို ချီးမွှမ်းနေကြသော ဝတ္ထုမုဒါမြစ်ကမ်းနားသား ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဒုဿီလော၊ သီလမရှိသောသူသည်။ အသညတော၊ ကိုယ်နှုတ်နှလုံးကိုလည်း မစောင့်စည်းပဲ။ ယံ ရဋ္ဌပိဏ္ဍံ၊ တိုင်းသူပြည်သားတို့၏ သဒ္ဓါကြည်ဖြူပေးလှူအပ်သော အကြင်ဆွမ်းကို။ စေ ဘုဉ္ဇေယျ၊ အကယ်၍ စားငြားအံ့။ တတော၊ ထိုသီလမရှိပဲ စားခြင်းထက်။ အဂ္ဂိသိခူပမော၊ မီးလျှံကဲ့သို့သော။ တတ္တော၊ ပူလောင်သော။ အယောဂုဠော၊ သံတွေခဲကို။ ဘုတ္တော၊ စားမျိုရခြင်းသည်။ သေယျော၊ သာ၍ ကောင်းမြတ်၏။

စကားပြေ

သီလမရှိသောသူသည် ကိုယ်နှုတ်နှလုံးကို မစောင့်စည်းပဲ ပြည်သူပြည်သားတို့ သဒ္ဓါကြည်ဖြူ လှူဒါန်းသော ဆွမ်းကို စားခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားမျိုရခြင်းသည် သာ၍ ကောင်းမြတ်၏။
၁။သီလမရှိ ကိုယ်နှုတ်နှလုံးတို့ဖြင့် မစောင့်စည်းပဲ ဒကာများ လှူသော ဆွမ်းကို ငါရဟန်းဟု ဝန်ခံပြီး စားသော ပုဂ္ဂိုလ်။
၂။ ရဲရဲတောက် ပူလောင်ပြီး မီးအဆင်းရှိသော သံထွေခဲကို စားမျိုသော ပုဂ္ဂိုလ်။
ဤပုဂ္ဂိုလ်နှစ်ဦးတို့တွင် သံထွေခဲကို စားခြင်းကြောင့် တဘဝသာလျှင် လောင်ကျွမ်းနိုင်ရာ၏၊ သီလမရှိပဲ လှူသော ဆွမ်းကို စားလျှင် အရာမကသော ဘဝများစွာ ငရဲ၌ လောင်ကျွမ်းနိုင်ရာ၏၊ ထို့ကြောင့် ၂-နံပါတ် ပုဂ္ဂိုလ်သည် မြတ်၏ ဟု ဆိုရပါသည်။

ပါဠိသဒ္ဒါခက်ဆစ်

အယောဂုဠော = အယသာ နိဗ္ဗတ္တော ဂုဠော အယောဂုဠော။ အယ + ဂုဠ။
တတ္တော = တပတီတိ တတ္တော။ တပ် + တ။
အဂ္ဂိသိခူပမော = အဂ္ဂိသိခါ ဥပမာ ယဿာတိ အဂ္ဂိသိခူပမော။ အဂ္ဂိသိခါ + ဥပမာ + ယ။
အဂ္ဂိသိခါ = အဂ္ဂိနော သိခါ အဂ္ဂိသိခါ။ အဂ္ဂိ + သိခါ။
ရဋ္ဌပိဏ္ဍ = ရဋ္ဌေဟိ (ရဋ္ဌဝါသီဟိ) ဒိန္နော ပိဏ္ဍော ရဋ္ဌပိဏ္ဍော။ ရဋ္ဌ + ပိဏ္ဍ။
ဝတ္ထုမုဒါတီရိယဘိက္ခုဝတ္ထု ပြီး၏။
---

၂၂-နိရယဝဂ်
၄-ခေမကသေဋ္ဌိပုတ္တဝတ္ထု
၃၀၉။ စတ္တာရိ ဌာနာနိ နရော ပမတ္တော၊ အာပဇ္ဇတိ ပရဒါရူပသေဝီ။
အပုညလာဘံ န နိကာမသေယျံ၊ နိန္ဒံ တတိယံ နိရယံ စတုတ္ထံ။
၃၁၀။ အပုညလာဘော စ ဂတိ စ ပါပိကာ၊ ဘီတဿ ဘီတာယ ရတိ စ ထောကိကာ။
ရာဇာ စ ဒဏ္ဍံ ဂရုကံ ပဏေတိ၊ တသ္မာ နရော ပရဒါရံ န သေဝေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရုပ်ဆင်းလှပသော်လည်း သူတပါးသားမယားကို လွန်ကျူးတတ်သော အနာထပိဏ်သူဌေး၏ တူ ခေမကသဌေးသားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ ခေမကသဌေးသား သောတာပန် ဖြစ်သည်။

အနက်

ပမတ္တော၊ သတိမထားပဲ တရားလမ်းမှန်ကို မေ့လျော့သော။ ပရဒါရူပသေဝီ၊ သူတပါးသားမယားကို မှီဝဲသော။ နရော၊ လူသည်။ အပုညလာဘံ၊ အကုသိုလ်ကို ရခြင်းလည်းကောင်း။ န နိကာမသေယျံ၊ အလိုရှိတိုင်း ချမ်းသာစွာ မအိပ်ရခြင်းလည်းကောင်း။ တတိယံ၊ သုံးခုမြောက်သော။ နိန္ဒံ၊ အကဲ့ရဲ့ခံရခြင်းလည်းကောင်း။ စတုတ္ထံ၊ လေးခုမြောက်သော။ နိရယံ၊ ငရဲခံရခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ ဌာနာနိ၊ လေးပါးသော ဆင်းရဲခြင်းအကြောင်းတို့သို့။ အာပဇ္ဇတိ၊ ရောက်ရ၏။

ဧဝံ၊ ဤသို့။ အပုညလာဘော စ၊ မကောင်းမှုကို လည်းရသည်။ ဟောတိ၊ ဖြစ်၏။ ပါပိကာ၊ ယုတ်မာသော။ ဂတိ စ၊ လားရာဂတိလည်းရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘီတဿ၊ ကြောက်ရွံ့ထိတ်လန့်သော ယောက်ျား၏။ ဘီတာယ၊ ကြောက်ထိတ်လန့်သော မိန်းမနှင့်။ ရတိ စ၊ မွေ့လျော် ပျော်ပါးရခြင်းသည်လည်း။ ထောကိကာ၊ အနည်းငယ်မျှသာ ဖြစ်၏။ ရာဇာ စ၊ မင်းသည်လည်း။ ဂရုကံ ဒဏ္ဍံ၊ ကြီးလေးသော အပြစ်ဒဏ်ကို။ ပဏေတိ၊ ပေး၏။ တသ္မာ၊ ထို့ကြောင့်။ နရော၊ ယောက်ျားသည်။ ပရဒါရံ၊ သူတပါးမယားကို။ န သေဝေ၊ မမှီဝဲရာ။

စကားပြေ

သတိမထားပဲ တရားမှန်ကို မေ့လျော့၍ သူတပါးသားမယားကို လွန်ကျူးသောသူသည် အကုသိုလ်ကို ရခြင်း အလိုရှိတိုင်း ချမ်းသာစွာ မအိပ်ရခြင်း ကဲ့ရဲ့ခံရခြင်း ငရဲခံရခြင်း ဟူသော လေးပါးသော ဆင်းရဲကြောင်းတို့သို့ ရောက်ရ၏။

သူတပါးမယားကို လွန်ကျူးသူသည် မကောင်းမှုကို ရခြင်း ယုတ်မာသော လားရာဂတိရှိခြင်း ကြောက်ရွံ့ထိတ်လန့်သူနှစ်ဦးတို့၏ မွေ့လျော်ပျော်ပါးရခြင်းသည် အနည်းငယ်မျှ ဖြစ်ခြင်း မင်း၏ ကြီးလေးသော အပြစ်ဒဏ်ပေးခြင်းတို့သို့ ရောက်ရသောကြောင့် သူတပါးမယားကို မမှီဝဲရာ။

စတ္တာရိ ဌာနာနိ၊ ဆင်းရဲခြင်းအကြောင်းလေးပါး

၁။ အကုသိုလ်ကို ရခြင်း။
၂။ အလိုရှိတိုင်း မအိပ်ရ အချိန်အနည်းငယ်သာ အိပ်ရခြင်း။
၃။ ကဲ့ရဲ့ခံရခြင်း။
၄။ ငရဲကျခြင်း။
ခေမက— ခေမကသည် အနာထပိဏ္ဍိကသူကြွယ်၏ တူဖြစ်သည်၊ ရုပ်အဆင်း အလွန်လှပချောမောသည်၊ များသောအားဖြင့် မိန်းမများသည် ခေမကကို မြင်လျှင် မချစ်ခင် မနှစ်သက်ပဲ မနေနိုင်အောင် ဖြစ်ကြသည်။ ခေမကသည် သူတပါးသားမယားကို ပြစ်မှားလေ့ရှိသည်၊ ကဿပဘုရားရှင် လက်ထက် လက်ဝှေ့သမား ဖြစ်စဉ် ရွှေတံခွန်နှစ်ခုကို ဘုရားရှင်၏ ရွှေစေတီတော်၌ လှူဒါန်းပြီး ဆွေမျိုးသားခြင်းမှ ကြွင်းသော အမျိုးသမီးများ ကျွန်ုပ်ကို ပြစ်လျှင် မချစ်ခင် မနှစ်သက်ပဲ မနေနိုင်ပါစေဟု ဆုတောင်းခဲ့သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀၁)

ပါဠိသဒ္ဒါခက်ဆစ်

ပရဒါရူပသေဝီ = ပရဿ ဒါရာ ပရဒါရာ။ ပရ + ဒါရာ။ ပရဒါရံ ဥပသေဝတိ သီလေနာတိ ပရဒါရူပသေဝီ။ ပရဒါရာ + ဥပ + သိဝ် + ဏီ။
အပုညလာဘံ = အပုညဿ လာဘော အပုညလာဘော။ အပုည + လာဘ။
န နိကာမသေယျံ = နိကာမံ သေယျံ နိကာမသေယျံ။ နိကာမ + သေယျ။
ထောကိကာ = ထောကံ အဿ အတ္ထီတိ ထောကိကာ။ ထောက + ဏိက။ ထောကံ = ထု စ၊ ပသာဒေ၊ ဏော။
ခေမကသေဋ္ဌိပုတ္တဝတ္ထု ပြီး၏။
---

၂၂-နိရယဝဂ်
၅-ဒုဗ္ဗစဘိက္ခုဝတ္ထု
၃၁၁။ ကုသော ယထာ ဒုဂ္ဂဟိတော၊ ဟတ္ထမေဝါ နုကန္တတိ။
သာမညံ ဒုပ္ပရာမဋ္ဌံ၊ နိရယာယု ပကဍ္ဎတိ။
၃၁၂။ ယံ ကိဉ္စိ သိထိလံ ကမ္မံ၊ သံကိလိဋ္ဌဉ္စ ယံ ဝတံ။
သင်္ကဿရံ ဗြဟ္မစရိယံ၊ န တံ ဟောတိ မဟပ္ဖလံ။
၃၁၃။ ကယိရာ စေ ကရိယာထေနံ၊ ဒဠှမေနံ ပရက္ကမေ။
သိထိလော ဟိ ပရိဗ္ဗာဇော၊ ဘိယျော အာကိရတေ ရဇံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စေတနာမရှိပဲ မြက်ပြတ်သွား၍ ကုက္ကုစ္စဖြစ်နေသောကြောင့် ရဟန်းတစ်ပါးအား ပြောကြားရာ အမေးခံရသော ရဟန်းက ဘာအပြစ်မျှ မရှိဟု ဆိုကာ လက်နှစ်ဘက်ဖြင့် မြက်ကို နုတ်ယူသော ဒုဗ္ဗစရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်များ သောတာပန် ဖြစ်ကြသည်။ ဒုဗ္ဗစရဟန်းသည် စောင့်စည်းမှုကို ပြု၍ နောက်အခါ ဝိပဿနာပွားသောကြောင့် ရဟန္တာ ဖြစ်သည်။

အနက်

ယထာ၊ အကြင်သူသည်။ ကုသော၊ သမန်းမြက်ကို။ ဒုဂ္ဂဟိတော၊ မကောင်းသဖြင့် ကိုင်အပ်၏။ တဿ၊ ထိုကိုင်သောသူ၏။ ဟတ္ထမေဝ၊ လက်ကိုသာလျှင်။ အနုကန္တတိ ယထာ၊ ခွဲရှသကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဒုပ္ပရာမဋ္ဌံ၊ မကောင်းသဖြင့် ကျင့်သုံးအပ်သော။ သာမညံ၊ ရဟန်းအဖြစ်သည် (ဝါ) ရဟန်းတရားသည်။ သမဏမေဝ၊ ရဟန်းကိုသာလျှင်။ နိရယာယ၊ ငရဲသို့။ ဥပကဍ္ဎတိ၊ ဆွဲချ၏။

ယံ ကိဉ္စိ၊ တစုံတခုသော။ သိထိလံ၊ ခပ်လျော့လျော့။ ကမ္မံ၊ ပြုအပ်သော အမှုကိစ္စသည်လည်းကောင်း။ သံကိလိဋ္ဌံ၊ ညစ်နွမ်းသော။ ယံ ဝတံ၊ အကြင်အကျင့်သည်လည်းကောင်း။ သင်္ကဿရံ၊ ယုံမှားတွေးတောစရာဖြစ်သော။ ယံ ဗြဟ္မစရိယံ၊ အကြင်ရဟန်းအကျင့်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုခပ်လျော့လျော့ ပြုအပ်သော အမှုကိစ္စစသည်သည်။ တဿ၊ ထိုပုဂ္ဂိုလ်အား။ မဟပ္ဖလံ၊ အကျိုးကြီးသည်။ န ဟောတိ၊ မဖြစ်။

ယံ ကမ္မံ၊ အကြင်အမှုကို။ စေ ကယိရာ၊ အကယ်၍ ပြုငြားအံ့။ ဧနံ၊ ထိုအမှုကို။ ကရိယာထ၊ တိတိကျကျ ပြုရာ၏။ နံ၊ ထိုအမှုကို။ ဒဠှံ၊ မြဲမြံစွာ။ ပရက္ကမေ၊ အားထုတ်ရာ၏။ သိထိလော၊ ခပ်လျော့လျော့။ ကတော၊ ပြုအပ်သော။ ပရိဗ္ဗာဇော၊ ရဟန်းအဖြစ်သည် (ဝါ) ရဟန်းတရားသည်။ ဘိယျော၊ လွန်စွာ။ ရဇံ၊ ကိလေသာမြူကို။ အာကိရတေ၊ ကြဲဖြန့်တတ်၏။

စကားပြေ

ကောင်းစွာ မကိုင်သဖြင့် သမန်းမြက်သည် ကိုင်သောလက်ကို ထိရှသကဲ့သို့ ကောင်းစွာ မကျင့်သုံးသော ရဟန်းတရားသည် မကျင့်သုံးသော ရဟန်းကို ငရဲသို့ ဆွဲချ၏၊ ရဟန်းတပါး၏ စပ်လျော့လျော့ ပြုအပ်သော ကိစ္စတခုခုသည်လည်းကောင်း ညစ်နွမ်းသော အကျင့်သည်လည်းကောင်း ယုံမှားသံသယ တွေးတောဖွယ်သော ရဟန်းအကျင့်သည် ၎င်းရဟန်းနှင့် ထိုရဟန်းအား လှူဒါန်းနေကြသော အလှူရှင်များအားလည်းကောင်း အကျိုးမကြီးနိုင်။

ကိစ္စတခုခုကို ပြုလျှင် တိတိကျကျ ပြုရာ၏၊ ၎င်းကိစ္စကို မြဲမြံစွာ အားထုတ်ရာ၏၊ ခပ်လျော့လျော့ ပြုသော ရဟန်းအကျင့်သည် ကိလေသာမြူကို မပယ်နိုင်သည့်အပြင် ထပ်မံ၍ ကြဲဖြန့်ရာရောက်နိုင်၏။
သာမညံ ဒုပ္ပရာမဋ္ဌံ— ၌ သာမညဟူသည် ရဟန်းတရားတည်း။
ဒုပ္ပရာမဋ္ဌ– ဟူသည် သီလကျိုးပျက်မှု စသည်တည်း။

ပါဠိသဒ္ဒါခက်ဆစ်

ကုသော = ကုသတိ ဆိန္ဒတိတိ ကုသော။ ကုသ် + အ။ ကဝတိ ဝါတေန နဒတိတိ ကုသော။ ကု + သ။
သာမညံ = သမဏဿ ဘာဝေါ သာမညံ။ သမဏ + ဏျ။
ဒုပ္ပရာမဋ္ဌံ = ဒု ပရာမသီယတေတိ ဒုပ္ပရာမဋ္ဌံ။ ဒု + ပရာ + မသိ + တ။
သိထိလံ = သိထိလယတီတိ သိထိလံ။ သိထိလ + အ။
သင်္ကဿရံ = သင်္ကာဟိ သရိတဗ္ဗန္တိ သင်္ကဿရံ။ သင်္ကာ + သရ် + အ။
ဗြဟ္မစရိယံ = ဗြဟ္မံ စရိယံ ဗြဟ္မစရိယံ။ ဗြဟ္မ + စရိယ။
ကယိရာထနံ = ကရိယာထ + ဧနံ။
ဒုဗ္ဗစဘိက္ခုဝတ္ထု ပြီး၏။
---
၂၂-နိရယဝဂ်
၆-ဣဿာပကတိတ္ထိဝတ္ထု
၃၁၄။ အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။
ကတဉ္စ သုကတံ သေယျော၊ ယံ ကတွာ နာနုတပ္ပတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိအရှင်ယောက်ျားသည် အိမ်ဖော်နှင့် ပေါင်းသင်းနေသောကြောင့် မိမိနိုင်ရာဖြစ်သော အိမ်ဖော်ကို နား နှာခေါင်းဖြတ်ပြီး မိမိမပြုဟန်ဆောင်ကာ အိမ်ရှင်နှင့်အတူ တရားနာသွားသော အမျိုးသမီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဇနီးမောင်နှံတို့ သောတာပန်ဖြစ်ကြသည်။

အနက်

ဒုက္ကဋံ၊ မကောင်းမှုကို။ အကတံ၊ မပြုခြင်းသည်သာလျှင်။ သေယျော၊ မြတ်၏။ ဒုက္ကဋံ၊ မကောင်းမှုပြုခြင်းသည်။ ပစ္ဆာ၊ နောင်အခါ၌။ တပ္ပတိ၊ ပူပန်ရတတ်၏။ သုကတံ၊ ကောင်းမှုကို။ ကတံ၊ ပြုခြင်းသည်။ သေယျော၊ မြတ်၏။ ယံ၊ အကြင်ကောင်းမှုကို။ ကတွာ၊ ပြုခြင်းကြောင့်။ ပစ္ဆာ၊ နောင်အခါ၌။ နာနုတပ္ပတိ၊ တဖန်မပူပန်ရချေ။

စကားပြေ

မကောင်းမှုပြုခြင်းသည် နောင်အခါ အောက်မေ့တိုင်း ပူပန်ရခြင်းကြောင့် မကောင်းကိုမပြုခြင်းသာမြတ်၏၊ ကောင်းမှုဟူသမျှသည် အောက်မေ့တိုင်း အောက်မေ့တိုင်း ဝမ်းမြောက်ရသည့်ပြင် နောင်တဖန်မပူပန်ရသောကြောင့် ကောင်းမှုပြုခြင်းသည် မြတ်၏။ အကတံ ဒုက္ကဋံ သေယျော—၌ ဒုက္ကဋဟူသည် အပြစ်ရှိ၍ အပါယ်သို့ရောက်စေနိုင်သောအမှု။
ကတဉ္စ သုကတံ သေယျော—၌ သုကတဟူသည် အပြစ်မရှိ ကောင်းကျိုးချမ်းသာကို ပေးတတ်သော သုဂတိ ရောက်စေတတ်သောအမှု။

ဣဿာပကတိတ္ထိဝတ္ထု ပြီး၏။
---

၂၂-နိရယဝဂ်
၇-သမ္ဗဟုလဘိက္ခုဝတ္ထု
၃၁၅။ နဂရံ ယထာ ပစ္စန္တံ၊ ဂုတ္တံ သန္တရဗာဟိရံ။
ဧဝံ ဂေါပေထ အတ္တာနံ၊ ခဏော ဝေါ မာ ဥပစ္စဂါ။
ခဏာတီတာ ဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တိုင်းပြည်အစွန်မြို့၌ ဝါတွင်းသုံးလတွင် တလတာချမ်းချမ်းသာသာ နေကြရ၍ ခိုးသူဘေးကြောင့် ဆင်းဆင်းရဲရဲ နေကြရသော များစွာသော အာဂန္တုကရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ အာဂန္တုကရဟန်းများသည် သံဝေဂဖြစ်ပြီးလျှင် ရဟန္တာဖြစ်ကြသည်။

အနက်

ပစ္စန္တံ၊ တိုင်းပြည်၏အစွန်ဖြစ်သော။ နဂရံ၊ မြို့ကို။ သန္တရဗာဟိရံ၊ အတွင်းအပြင်နှင့်တကွ။ ဂုတ္တံ ယထာ၊ လုံခြုံစေသကဲ့သို့။ ဧဝံ၊ ဤအတူ။ အတ္တာနံ၊ မိမိကိုယ်ကို။ ဂေါပေထ၊ သတိကိုဖြစ်စေပြီးလျှင် စက္ခုစသော တံခါးတို့ကို လုံခြုံအောင် စောင့်ရှောက်လော့။ ဝေါ၊ သင်တို့ကို။ ခဏော၊ ဘုရားဖွင့်ချိန်စသော အခါကောင်းသည်။ မာ ဥပစ္စဂါ၊ မလွန်ပါစေလင့်။ ဟိ၊ မှန်၏။ ခဏာတီတာ၊ အခါကောင်းကိုလွန်သူတို့သည်။ နိရယမှိ၊ ငရဲ၌။ သမပ္ပတာ၊ ကျရောက်ကုန်သည်ဖြစ်၍။ သောစန္တိ၊ စိုးရိမ်ရကုန်၏။

စကားပြေ

တိုင်းပြည်၏ အစွန်ဖြစ်သောမြို့ကို အတွင်းအပြင်လုံခြုံအောင် စောင့်ရှောက်သကဲ့သို့ မိမိကိုယ်ကို သတိကိုဖြစ်စေလျက် စက္ခုစသောတံခါးတို့ကို လုံခြုံအောင် စောင့်ရှောက်လော့၊ ဘုရားပွင့်ချိန်စသော အခွင့်အခါကောင်းသည် သင်တို့ကို မလွန်ပါစေလင့်၊ အခွင့်အခါကောင်းကို လွန်သောသူတို့သည် ငရဲ၌ကျရောက်ကာ စိုးရိမ်ရကုန်၏။

လူတို့သည် ပစ္စန္တရာဇ်မြို့ကို တံခါးတိုင်း တံခါးတိုင်း စသည်တို့ဖြင့် အတွင်း၌ ခိုင်ခံ့အောင် ပြုစီမံခြင်း၊ ပြအိုး ရင်းတား ကျုံး စသည်တို့ဖြင့် အပြင်၌လုံခြုံစေခြင်းဖြင့် လုံခြုံအောင်ပြုလုပ်သကဲ့သို့ သင်တို့သည် သတိကိုဖြစ်စေလျက် ခြောက်ပါးသော အဇ္ဈတ္တိကာယတန တံခါးတို့ကိုပိတ်ပြီး ဗာဟိရာယတနခြောက်ပါးမဝင်နိုင်အောင် မိမိကိုယ်ကို စောင့်ရှောက်ရမည်။
ခဏော ဝေါ မာ ဥပစ္စဂါ—၌ ခဏဟူသည် ဗုဒ္ဓုပ္ပါဒခဏ (ဘုရားပွင့်သောခဏ) မဇ္ဈိမဒေသ၌ ဖြစ်ရသောခဏ, သမ္မာဒိဋ္ဌိကို ရသောခဏ, အာယတန ခြောက်ပါး မချို့တဲ့သောခဏ။
ခဏကိုလွန်ပုံ—မိမိကိုယ်ကို အထက်ဖော်ပြပါအတိုင်း သတိဖြင့် အဇ္ဈတ္တိကာယတန တံခါးကိုပိတ်ပြီး ဗာဟိရာယတနခြောက်ပါးကို မဖြစ်စေသောနည်းဖြင့် မစောင့်ရှောက်က ဗုဒ္ဓုပ္ပါဒခဏ စသည်တို့ကို လွန်သည်မည်၏။

ပါဠိသဒ္ဒါခက်ဆစ်

နဂရံ = နဂါ ပါသာဒါဒယော အဿ သန္တိတိ နဂရံ။ နဂ + ရ ။ နံ သမ္ပုဏ္ဏံ ဂရံ’ဧတ္ထာတိ နဂရံ။ န + ဂရ + ဧတ။ (ဃ-ကို ဂ- ပြု။)
ပစ္စန္တံ = အန္တဿ (မဇ္ဈိမဒေသဿ) ပတိနိသေဓံ ပစ္စန္တံ။ ပတိ + အန္တ။
သန္တရဗာဟိရံ = အန္တရံ စ ဗာဟိရံ စ အန္တရဗာဟိရံ။ အန္တရ + ဗာဟိရ။ အန္တရဗာဟိရေဟိ ယန္တိ အန္တရဗာဟိရံ။ သဟ + အန္တရဗာဟိရ + ယ။
ခဏာတီတာ = ခဏံ အတီတာ ယေတိ ခဏာတီတာ။ ခဏ + အတီတ + ယ။
သမ္ဗဟုလဘိက္ခုဝတ္ထု ပြီး၏။
---

၂၂-နိရယဝဂ်
၈-နိဂဏ္ဌဝတ္ထု
၃၁၆။ အလဇ္ဇီတာယေ လဇ္ဇန္တိ၊ လဇ္ဇီတာယေ န လဇ္ဇရေ။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၃၁၇။ အဘယေ ဘယဒဿိနော၊ ဘယေ စာဘယဒဿိနော။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဝတ်လုံးဝမဝတ်သော တက္ကတွန်း, အဝတ်အနည်းငယ်မျှကိုသာ ဝတ်သော တက္ကတွန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ အနည်းငယ်မျှသာ ဝတ်သော နိဂဏ္ဌ တက္ကတွန်းတို့သည် သံဝေဂဖြစ်ပြီး ရဟန်းပြုကုန်၏။

အနက်

အလဇ္ဇီတာယေ၊ ရှက်ဖွယ်မဟုတ်သော ဆွမ်းခံသပိတ်၌။ လဇ္ဇန္တိ၊ ရှက်ကုန်၏။ လဇ္ဇီတာယေ၊ ရှက်ဖွယ်ဟုတ်သော အင်္ဂါကြီးငယ်၌။ န လဇ္ဇရေ၊ မရှက်ကုန်။ မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ မှားသောအယူရှိကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။

အဘယေ၊ ကြောက်ဖွယ်မဟုတ်သော ဆွမ်းခံသပိတ်၌။ ဘယဒဿိနော၊ ကြောက်ဖွယ်ဟု ရှုလေ့ရှိကုန်၏။ ဘယေ စ၊ ကြောက်ဖွယ်ဖြစ်သော အင်္ဂါကြီးငယ်၌လည်း။ အဘယဒဿိနော၊ ကြောက်ဖွယ်ဟု ရှုလေ့ရှိကုန်၏။ မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ မှားသောအယူရှိကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ ဂစ္ဆန္တိ၊ ရောက်ရကုန်၏။

စကားပြေ

ရှက်ဖွယ်လည်းမဟုတ် ကြောက်ဖွယ်လည်း မဟုတ်သော ဆွမ်းခံသပိတ်၌ ရှက်ကြောက်ကြ၍ ရှက်ဖွယ်လည်းဟုတ် ကြောက်ဖွယ်လည်းဟုတ်သော အင်္ဂါကြီးငယ်၌ ရှက်မကြောက်ကုန်သော မှားသောအယူရှိသော သူတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏။
အလဇ္ဇီတာယေ— အရှက်ကို မဖြစ်စေသော ဆွမ်းခံသပိတ်ခွက် စသည်။
လဇ္ဇီတာယေ— အရှက်ကို ဖြစ်စေသော အင်္ဂါကြီးငယ်။
အဘယေ— ရာဂ ဒေါသ ဋ္ဌိ မောဟ ကိလေသာဒုစရိုက်ဘေးတို့ကို မဖြစ်စေသော ဆွမ်းခံသပိတ် စသည်။
ဘယေ— ရာဂစသည်တို့ကို ဖြစ်နိုင်သော အင်္ဂါကြီးငယ်။

ပါဠိသဒ္ဒါခက်ဆစ်

လဇ္ဇီတာယေ = လဇ္ဇိတဗ္ဗန္တိ လဇ္ဇီတာယေ။ လဇ္ဇီ + တာယ။ နိရုတ္တိဒီပနီ (၇၂၁) လဇ္ဇ + တဗ္ဗ။ (သ္မိံ ဝိဘတ်နှင့်တကွ တဗ္ဗ ပစ္စည်းကို တာယေ။) (နီတိ-သုတ္တ ၄၅၅)
မိစ္ဆာဒိဋ္ဌိသမာဒါနာ = မိစ္ဆာဒိဋ္ဌိံ သမာဒါနော မိစ္ဆာဒိဋ္ဌိသမာဒါနာ။ မိစ္ဆာဒိဋ္ဌိ + သမာဒါန။ သမာဒါန = သံ + အာ + ဒါ + ယု။
ဘယဒဿိနော = ဘယံ ပဿတိ သီလေနာတိ ဘယဒဿီ။ ဘယ + ဒိသ် + ဏီ။
နိဂဏ္ဌဝတ္ထု ပြီး၏။
---

၂၂-နိရယဝဂ်
၉-တိတ္ထိယသာဝကဝတ္ထု
၃၁၈။ အဝဇ္ဇေ ဝဇ္ဇမတိနော၊ ဝဇ္ဇေ စာဝဇ္ဇဒဿိနော။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၃၁၉။ ဝဇ္ဇံ ဝဇ္ဇတော ဉတွာ၊ အဝဇ္ဇံ အဝဇ္ဇတော။
သမ္မာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တိတ္ထိတို့၏ တပည့်များကို အကြောင်းပြု၍ ဟောတော်မူ၏။
ဒေသနာတော်အဆုံး၌ တိတ္ထိတို့၏ တပည့်များနှင့် သားသမီးများပါ သရဏဂုံတည်ကြပြီး နောင်အခါ တရားများကို နာဖန်များလတ်သော် သောတာပန် ဖြစ်ကြသည်။

အနက်

အဝဇ္ဇေ၊ အပြစ်မရှိသော သမ္မာဒိဋ္ဌိ၌။ ဝဇ္ဇမတိနော၊ အပြစ်ဟုအယူရှိကုန်၏။ ဝဇ္ဇေ စ၊ အပြစ်ရှိသော မိစ္ဆာဒိဋ္ဌိ၌။ အဝဇ္ဇဒဿိနော၊ အပြစ်မရှိဟု ယူလေ့ရှိကုန်၏။ မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ မှားသောအယူရှိကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ ဂစ္ဆန္တိ၊ ရောက်ရကုန်၏။

ဝဇ္ဇံ၊ အပြစ်ရှိသော မိစ္ဆာဒိဋ္ဌိကိုလည်း။ ဝဇ္ဇတော၊ အပြစ်အားဖြင့်။ အဝဇ္ဇံ၊ အပြစ်မရှိသော သမ္မာဒိဋ္ဌိကိုလည်း။ အဝဇ္ဇတော၊ အပြစ်မရှိသောအားဖြင့်။ ဉတွာ၊ သိသောကြောင့်။ သမ္မာဒိဋ္ဌိသမာဒါနာ၊ ကောင်းသောအယူရှိကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ သုဂတိံ၊ သုဂတိဘဝသို့။ ဂစ္ဆန္တိ၊ ရောက်ရကုန်၏။

စကားပြေ

အပြစ်မရှိသော သမ္မာဒိဋ္ဌိကို အပြစ်ဟု အယူရှိ၍ အပြစ်ရှိသော မိစ္ဆာဒိဋ္ဌိကို အပြစ်မရှိဟု ရှုလေ့ရှိသော မှားသော အယူကို ယူသူတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏။ အပြစ်ရှိသောမိစ္ဆာဒိဋ္ဌိကို အပြစ်အားဖြင့် အပြစ်မရှိသော သမ္မာဒိဋ္ဌိကို အပြစ်မရှိသောအားဖြင့် သိသော ကောင်းသော အယူရှိသူတို့သည် သုဂတိဘဝသို့ ရောက်ရကုန်၏။
အဝဇ္ဇေ—ဆယ်ပါးသော အကြောင်းရှိသော သမ္မာဒိဋ္ဌိ၊ ထိုသမ္မာဒိဋ္ဌိ၏ အားကောင်းသော အကြောင်းဖြစ်သောတရား။
ဝဇ္ဇေ—ဆယ်ပါးသောအကြောင်းရှိသော မိစ္ဆာဒိဋ္ဌိ၊ ထိုမိစ္ဆာဒိဋ္ဌိ၏ ကောင်းသော အကြောင်းဖြစ်သောတရား။

ပါဠိသဒ္ဒါခက်ဆစ်

ဝဇ္ဇမတိနော = ဝဇ္ဇံ ဣတိ မတိ ယဿာတိ ဝဇ္ဇမတိ။ ဝဇ္ဇ + မတိ + ယ။
အဝဇ္ဇဒဿိနော = အဝဇ္ဇံ ဣတိ ပဿတိ သီလေနာတိ အဝဇ္ဇဒဿီ။ အဝဇ္ဇ + ဒိသ် + ဏိ။
တိတ္ထိယသာဝကဝတ္ထု ပြီး၏။
နိရယဝဂ် ပြီး၏။
---
၂၃-နာဂဝဂ်
၁-အတ္တဒန္တဝတ္ထု
၃၂၀။ အဟံ နာဂါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ။
အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလာ ဟိ ဗဟုဇ္ဇနာ။
၃၂၁။ ဒန္တံ နယန္တိ သမိတိံ၊ ဒန္တံ ရာဇာ အဘိရုဟတိ။
ဒန္တော သေဋ္ဌော မနုဿေသု၊ ယော အတိဝါကျံ တိတိက္ခတိ။
၃၂၂။ ဝရံ အဿတရာ ဒန္တာ၊ အာဇာနီယာ စ သိန္ဓဝါ။
ကုဉ္စရာ စ မဟာနာဂါ၊ အတ္တဒန္တော တတော ဝရံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကောသမ္ဗီပြည်၌ သီတင်းသုံးနေတော်မူစဉ် မာဂဏ္ဍီ၏ တန်စိုးလာဘ်ကိုယူ၍ နေရာအနှံ့ ဘုရားရှင်အား ဆဲရေးခြင်းကို သည်းခံရန် ငါ၏တာဝန်ဟု ပြောကြားသော ဘုရားရှင်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တန်စိုးလာဘ်ကိုယူ၍ ဆဲရေးသော လူအားလုံး သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သင်္ဂါမေ၊ စစ်မြေပြင်၌။ နာဂါဝ၊ ယဉ်ကျေးလိမ္မာသော ဆင်ပြောင်ကြီးသည်။ စာပတော၊ လေးမှ။ မုဉ္စိတွာ၊ လွှတ်၍။ ပတိတံ၊ မိမိအပေါ်သို့ ကျရောက်လာသော။ သရံ၊ မြားကို။ တိတိက္ခတိ ဣဝ၊ သည်းခံသကဲ့သို့။ အဟံ၊ ငါဘုရားသည်။ အတိဝါကျံ၊ လွန်ကျူးစော်ကားသော စကားကို။ တိတိက္ခိဿံ၊ သည်းခံအံ့။ ဗဟုဇ္ဇနာ၊ လောကီဘုံသား လူအများသည်။ ဒုဿီလာ ဟိ၊ သီလမရှိသည်သာတည်း။

ဒန္တံ၊ ယဉ်ကျေးပြီးသော ဆင် မြင်းစသည်ကို။ သမိတိံ၊ လူထုရှိရာပွဲသဘင်သို့။ နယန္တိ၊ ဆောင်ကုန်၏။ ဒန္တံ၊ ယဉ်ကျေးပြီးသော ဆင် မြင်းစသည်ကို။ ရာဇာ၊ မင်းသည်။ အဘိရူဟတိ၊ စီး၏။ ယော၊ အကြင်သူသည်။ အတိဝါကျံ၊ လွန်ကျူးစော်ကားသော စကားကို။ တိတိက္ခတိ၊ သည်းခံ၏။ သော၊ ထိုသည်းခံသောသူသည်။ ဒန္တော၊ ယဉ်ကျေးပြီးသည်ဖြစ်၍။ မနုဿေသု၊ လူတို့တွင်။ သေဋ္ဌော၊ အမြတ်ဆုံးသည်။ ဟောတိ၊ ဖြစ်၏။

အဿတရာ စ၊ အဿတရ်မြင်းတို့သည်လည်းကောင်း။ အာဇာနီယာ စ၊ အာဇာနည်မြင်းတို့သည်လည်းကောင်း။ သိန္ဓဝါ စ၊ သိန္ဓဝမြင်းတို့သည်လည်းကောင်း။ ကုဉ္စရာ၊ ကုဉ္စရမည်ကုန်သော။ မဟာနာဂါ စ၊ ဆင်ပြောင်ကြီးတို့သည်လည်းကောင်း။ ဒန္တာ၊ ယဉ်ကျေးမှသာလျှင်။ ဝရံ၊ မြတ်ကုန်၏။ အတ္တဒန္တော၊ မိမိကိုယ်ကို လေးပါးသော အရိယာမဂ်ဖြင့် ဆုံးမ ယဉ်ပြီးသူသည်။ တတော၊ ထိုဆင်ယဉ် မြင်းယဉ်တို့ထက်။ ဝရံ၊ အထူးမြတ်၏။

စကားပြေ

စစ်မြေပြင်ဝယ် ယဉ်ကျေးလိမ္မာသော ဆင်ပြောင်ကြီးသည် လေးမှလွှတ်၍ မိမိအပေါ်သို့ ကျရောက်လာသော မြားကို သည်းခံသကဲ့သို့ ငါဘုရားသည် လွန်ကျူးစော်ကားသော စကားကို သည်းခံမည်။ လောကီဘုံသား လူအများတို့သည် သီလမရှိသည်သာတည်း။

မင်းသည် ယဉ်ကျေးပြီးသော ဆင် မြင်းကို လူထုရှိရာ ပွဲသဘင်သို့ ယာဉ်၌တပ်ဆင်ပြီးလျှင် ဆောင်လည်းဆောင်၍ စီးလည်းစီးသည်။ လူတို့တွင် လွန်ကျူးစော်ကားသောစကားမျိုးကို သည်းခံသူသည် အမြတ်ဆုံးဖြစ်ရ၏။

အဿထိုရ်မြင်း အာဇာနည်မြင်း သိန္ဓဝမြင်း ကုဉ္စရမည်သော ဆင်ပြောင်တို့သည် ယဉ်ကျေးမှသာ မြတ်ကုန်၏။ မိမိကိုယ်ကို လေးပါးသော အရိယာမဂ်ဖြင့် ယဉ်ကျေးပြီးသူသည် ထိုဆင်ယဉ် မြင်းယဉ်တို့ထက် အထူးမြတ်၏။
အတိဝါကျံ— ရှစ်ပါးသော အနရိယ၏အစွမ်းအားဖြင့် ဖြစ်သော လွန်ကျူးသောစကား။
ဒန္တော သေဋ္ဌော မနုဿေသု— လူတို့တွင် လေးပါးသော အရိယာမဂ်တို့ဖြင့် ဆုံးမပြီး၍ ယဉ်ကျေးသူသည် အမြတ်ဆုံးဖြစ်၏။
အဿတရာ— မြည်းနှင့် မြင်းမမှ ပေါက်ဖွားသည်။
အာဇာနီယာ– မြင်းကိုဆုံးမသော ရထားထိန်း၏ ပြုစေလိုသောအမှုကို လျင်စွာသိစွမ်းနိုင်သည်။
သိန္ဓဝါ—သိန္ဓဝတိုင်း၌ မွေးဖွားသည်။

ပါဠိသဒ္ဒါခက်ဆစ်

နာဂါဝ = နဂေါ ပဗ္ဗတော၊ သော ဝိယ ဒိဿတီတိ နာဂါ။ နဂ + ဏ။
သင်္ဂါမေ = သင်္ဂါမယတီတိ သင်္ဂါမော။ သင်္ဂါမ (ဥရာဒိ) + အ။
စာပတော = စပတိ သန္တာပေတီတိ စာပေါ။ စပ် + ဏ။
အတိဝါကျံ = အတိက္ကမံ ဝါကျံ အတိဝါကျံ။ အတိ + ဝါကျ။ ဝါကျ = ဝစ် + ဏျ။
သမိတိံ = သမယန္တိ မိလန္တိ အဿန္တိ သမိတိ။ သံ + ဣ + တိ။
အဿတရာ = အဿာနံ ဝိသေသော အဿတရော။ အဿ + တရ။ အဿံ တရတိ အတိက္ကမတီတိ အဿတရော။ အဿ + တရ် + အ။ ဂဒြဘေန အဿာယံ ဥပ္ပါဒိတော အဿတရော။ အဿ + သရ။ (မောဂ် ၄။ ၅၆။)
အာဇာနီယာ = အာဘုသော ကာရဏာကာရဏံ ဇာနာတီတိ အာဇာနီယော။ အာ + ဉာ + အနီယ။ ဏျပစ္စယေန ပဝါ သိဒ္ဓံ။ တဒါကယာဒိ‌တောနာတိ နာ‌ဂမော၊ ဤကာရာဂမော စ။
သိန္ဓဝါ = သိန္ဓူနံ အဝိဒူရဘာဝေါ ဇနပဒေါပိ သိန္ဓဝေါ။ တတြ ဘ‌ဝေါ သိန္ဓဝေါ။ သိန္ဓု + ဏ။
ကုဉ္စရာ = ကု‌ဉ္ဇော ဟနု ဒန္တော စ ကု‌‌ဉ္ဇော အဿ အတ္ထိတိ ကုဉ္ဇရော။ ကုဉ္ဇ + ရ။ ကုံ (ပထဝီ) ရာဇာပေတီတိ ကုဉ္ဇရော။ ကု + ဇရ် + အ။ ကုဉ္ဇေ (ဂိရိကုဋေ) ရမတီတိ ကုဉ္ဇရော။ ကုဉ္ဇ + ရမု + ကွိ။
အတ္တဒန္တဝတ္ထု ပြီး၏။
---

၂၃-နာဂဝဂ်
၂-ဟတ္ထာစရိယပုဗ္ဗကဘိက္ခုဝတ္ထု
၃၂၃။ န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံ ဒိသံ။
ယထာတ္တနာ သုဒန္တေန၊ ဒန္တော ဒန္တေန ဂစ္ဆတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှေးအခါက ဆင်ဆရာဖြစ်ဖူးသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယာနိ ဟတ္ထိယာနာဒီနိ၊ အကြင်ဆင်ယာဉ် မြင်းယာဉ်စသော ယာဉ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတေဟိ ယာနေဟိ၊ ထိုဆင်ယာဉ် မြင်းယာဉ်စသော ယာဉ်တို့ဖြင့်။ အဂတံ၊ အိပ်မက်အဖြစ်ဖြင့်သော်မှ မရောက်ဖူးသော။ ဒိသံ၊ နိဗ္ဗာန်အရပ်ကို။ န ဟိ ဂစ္ဆေယျ၊ မရောက်နိုင်သည်သာတည်း။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ အတ္တနာ၊ မိမိသည်။ ဒန္တေန၊ ရှေ့ပိုင်းတွင် စက္ခုစသော ဣန္ဒြေတို့ကို ဆုံးမသဖြင့်လည်းကောင်း။ သုဒန္တေန၊ နောက်ပိုင်းတွင် အရိယာမဂ်ကို ဖြစ်ပွားစေ၍ စိတ်ကိုကောင်းစွာ ဆုံးမသဖြင့်လည်းကောင်း။ ဒန္တော၊ ယဉ်ကျေးပြီးသောသူသည်။ အဂတံ၊ မရောက်ဖူးသေးသော။ ဒိသံ၊ နိဗ္ဗာန်အရပ်သို့။ ဂစ္ဆတိ၊ မုချရောက်၏။

စကားပြေ

ဆင်ယာဉ် မြင်းယာဉ်စသော ယာဉ်တို့ဖြင့် တခါတခေါက်မျှ မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့ မရောက်နိုင်။ မိမိကိုယ်ကို ရှေ့ပိုင်းတွင် စက္ခုစသော ဣန္ဒြေကို ဆုံးမခြင်း နောက်ပိုင်းတွင် အရိယာမဂ်ကို ဖြစ်ပွားစေ၍ စိတ်ကိုဆုံးမခြင်းဖြင့် ယဉ်ကျေးပြီးသူသာ တခါတခေါက်မျှ မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့ မုချရောက်နိုင်သည်။
အဂတံ ဒိသံ— အိပ်မက်ဖြင့်သော်လည်း ရှေးက မရောက်ဖူးသေးသော ကြောင့် နိဗ္ဗာန်ကို အဂတဒိသခေါ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

အဂတံ = ဂမိယတ္ထာတိ ဂတံ။ ဂမု + တ။ ပကတိယာနေဟိ န ဂတန္တိ အဂတံ။ န + ဂတ။
ဟတ္ထာစရိယပုဗ္ဗကဘိက္ခုဝတ္ထု ပြီး၏။
---

၂၃-နာဂဝဂ်
၃-ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထု
၃၂၄။ ဓနပါလော နာမ ကုဉ္ဇရော၊
ကဋုကဘေဒနော ဒုန္နိဝါရယော။
ဗဒ္ဓေါ ကဗဠံ န ဘုဉ္ဇတိ၊
သုမရတိ နာဂဝနဿ ကုဉ္ဇရော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားလေးယောက်တို့အား ပထမ တသိန်းစီ နောက်တခါတသိန်းစီပေးရာ ငွေရှစ်သိန်းနှင့် ရှိသမျှပစ္စည်း ဥစ္စာတို့ကို အညီအမျှခွဲဝေယူပြီး ဖခင်ကြီးကို မကျွေးမွေးမပြုစုပဲ နေကြသော ပုဏ္ဏားအို၏ သားတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သား ချွေးမတို့နှင့်တကူ ပုဏ္ဏားအို ဖခင်ကြီးတို့ သောတာပန် ဖြစ်ကြသည်။

အနက်

ကဋုကဘေဦနော၊ ပြင်းထန်စွာ အမုန်ယစ်သော။ ဒုန္နိဝါရယော၊ နှိမ်နင်းရန် ခဲယဉ်းသော။ ဓနပါလော နာမ၊ ဓနပါလမည်သော။ ကုဉ္ဇရော၊ ဆင်သည်။ ဗဒ္ဓေါ၊ ချည်နှောင်ခံရသည်ဖြစ်၍။ ကဗဠံ၊ အစားအစာကို။ န ဘုဉ္ဇတိ၊ မစား။ ကုဉ္ဇရော၊ ဆင်သည်။ နာဂဝနဿ၊ မိမိနေရာဆင်တောကို။ သုမရတိ၊ အောက်မေ့၏။

စကားပြေ

ပြင်းထန်စွာ အမုန်ယစ်၍ နှိမ်နင်းရန်ခဲယဉ်းသော ဓနပါလမည်သော ဆင်သည် ချည်နှောင်ခံရသည်ဖြစ်၍ အစားအစာမစားပဲ မိမိနေရာ ဆင်တောကိုသာ အောက်မေ့နေ၏။
ဗဒ္ဓေါ ကဗဠံ န ဘုဉ္ဇတိ— ကြိုးစသည်ဖြင့် ချည်နှောင်ထားသော ဓနပါလဆင်ကို ဆင်းတင်းကုတ်သို့ဆောင်၍ ကျယ်သော ကန့်လန့်ကာဖြင့် ကာရန်ကာ ဆန်းကြယ်စွာ အမွှေးနံ့သာဖြင့် ထုံအပ်သော မျက်နှာကြက်ဖြင့်မိုး၍ မြေပေါ်တွင်ထား၏၊ မင်းတို့အား ထိုက်တန်သော အထူးထူးသော ဘောဇဉ်တို့ကို ကျွေးမွေးသော်လည်း တစုံတခုကိုမျှ မစား။
သုမရတိ နာဂဝနဿ ကုဉ္ဇရော— မိမိနေခဲ့ဖူးသော တောအုပ်သည် မွေလျော်ဖွယ်ရှိ၏ဟု တောကို အောက်မေ့သတိရ၏။ ငါ၏အမေသည် တောတို့၌ သားနှင့် ကွဲကွင်းနေရသဖြင့် ဆင်းရဲခြင်းသို့ ရောက်နေပေမည်၊ မိဘတို့အား လုပ်ကျွေးသော တရားကို မဖြည့်ကျင့်ရတော့ပြီ။
ဤကျွေးမွေးသော ဘောဇဉ်အစာဖြင့် ဘာအကျိုးရှိမည်နည်းဟု တရားသဖြင့် မိဘကို လုပ်ကျွေးမှုကိုသာ အောက်မေ့၏ သတိရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ကဋုကဘေဒနော = ကဋကံ ဘေဒနံ ယဿာတိ ကဋုကဘေဒနော။ ကဋက + ဘေဒန + ယ။
ဗဒ္ဓေါ = ဗန္ဓိယတေတိ ဗဒ္ဓေါ။ ဗန္ဓ် + တ။
ကဗဠံ = ကဝတိ သဒ္ဒံ ကရောတီတိ ကဗဠော။ ကု + အလ။ (လကို ဠ ပြု) ကော နတော ယေန ဗလံ အဿာတိ ကဗဠော။ က + ဗလ + တ။
သုမရတိ = သု + သရီ + အ + တိ။ (သ ကို မ ပြု။)
နာဂဝနဿ = နာဂါနံ ဝနံ နာဂဝနံ။ နာဂ + ဝန။
ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထု ပြီး၏။
---

၂၃-နာဂဝဂ်
၄-ပသေနဒိကောသလဝတ္ထု
၃၂၅။ မိဒ္ဓီ ယဒါ ဟောတိ မဟဂ္ဃသော စ၊
နိဒ္ဒါယိတာ သမ္ပရိဝတ္တသာယီ။
မဟာဝရာဟောဝ နိဝါပပုဋ္ဌော၊
ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒေါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆန်တစိတ်နှင့် တကွ လျော်သောဟင်းကို စားပြီးလျှင် အပန်းမဖြေပဲ ဘုရားရှေ့တွင် ကောင်းကောင်း မထိုင်နိုင်သဖြင့် ငိုက်မျဉ်းနေသော ပသေနဒိကောသလမင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဘုရားရှင်သည် ပသေနဒိကောသလမင်းအား ကျေးဇူးများစေသော ဂါထာကို ဥတ္တရလုင်အား သင်ကြားစေပြီး ဘုရင်ပွဲတော်တည်ချိန်ရွတ်သဖြင့် အစားလျှော့သောအခါ ပေါ့ပေါ့ပါးပါးကိုယ်ရှိသည်ဖြစ်၍ ချမ်းသာခြင်းသို့ ရောက်သောကြောင့် ခုနစ်ရက်တိုင်တိုင် အသဒိသအလှူ၏ အနုမောဒနာအပြီးတွင် လူအများ တရားထူးရကြသည်။

အနက်

ယဒါ၊ အကြင်အခါ၌။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ မိဒ္ဓီ စ၊ ထိနမိဒ္ဓနှိပ်စက်ခံရသည်လည်း။ ဟောတိ၊ ဖြစ်၏။ မဟဂ္ဃသော စ၊ အစာကြီးသည်လည်း။ ဟောတိ၊ ဖြစ်၏။ နိဝါပပုဋ္ဌော၊ အစားရိက္ခာဖြင့် ကျွေးမွေးထားသော။ မဟာဝရာဟောဝ၊ ဝက်ကြီးကဲ့သို့။ နိဒ္ဒါယိတာ၊ ငိုက်မျဉ်းလျက်။ သမ္ပရိဝတ္တသာယီ၊ တလူးလူးတလည်းလည်း အိပ်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ သော ပုရိသော၊ ထိုယောက်ျားသည်။ မန္ဒေါ၊ အနိစ္စအစရှိသော လက္ခဏာတို့ကို နှလုံးမသွင်းနိုင်သောကြောင့် ညံ့ဖျင်းသော ပညာရှိသည်ဖြစ်၍။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဂဗ္ဘံ၊ အမိဝမ်းသို့။ ဥပေတိ၊ ပဋိသန္ဓေနေရ၏။

စကားပြေ

ထိနမိဒ္ဓ အနှိပ်စက်ခံရသောသူနှင့် အစားကြီးသူတို့သည် အစားရိက္ခာ ကျွေးမွေးထားသော ဝက်ကြီးကဲ့သို့ ငိုက်မျဉ်းလျက် တလူးလူး တလည်းလည်း အိပ်လေ့ရှိသောကြောင့် အနိစ္စစသော လက္ခဏာတို့ကို နှလုံးမသွင်းနိုင်သဖြင့် ညံ့ဖျင်းသော ပညာရှိသည်ဖြစ်၍ အမိဝမ်းသို့ အဖန်တလဲလဲ ပဋိသန္ဓေနေရ၏။
မဟဂ္ဃသော— အစာလက်၌အပိုထားစားသောသူ ပုဆိုးကျွတ်အောင် စားသောသူ, စားရာ နေရာတွင် လျောင်းအိပ်ရသောသူ, ပါးစပ်ထဲမှ အစာကိုကျီးထိုးစားရလောက်အောင် စားသောသူ။
နိဝါပပုဋ္ဌော— ဆန်ကွဲစသည်ဖြင့် ဝက်ကိုငယ်စဉ်က ကျွေးမွေးလာသဖြင့် ဆူဖြိုးသောကြောင့် အိမ်မှအပြင်သို့ ထွက်ခွင့်မပေးပဲ ညောင်စောင်းအောက်တို့၌ လိမ့်ကာလိမ့်ကာအိပ်ပြီး ဘေးမရှိရန်မရှိ အသက်မှန်မှန်ရှူကာ အိပ်နေရသော ဝက်ရ၏။

အစားလွန်ပြီး ငိုက်မျဉ်းသောပုဂ္ဂိုလ်သည် အိမ်၌မွေးထားသော ဝက်ကဲ့သို့ အခြားသော ထိုင်ခြင်း ရုပ်ခြင်း သွားခြင်းဟူသော ဣရိယာပုထ်တို့ဖြင့် မမျှတနိုင်ပဲ အိပ်လျက်သာ လှိမ့်နေရ၏။ လက္ခဏာရေးသုံးပါးကို နှလုံးမသွင်းနိုင်သောကြောင့် ပညာနည်းပြီး ခဏခဏ ပဋိသန္ဓေနေရ၏။

ပါဠိသဒ္ဒါခက်ဆစ်

မိဒ္ဓီ = မိဒ္ဓံ အဿ အတ္ထီတိ မိဒ္ဓီ။ မိဒ္ဓ + ဤ။
မိဒ္ဓ = မေဓယတိ အကမ္မညဘာဝေန ဝိဟိံသတီတိ မိဒ္ဓံ။ (မိဓ + တ။)
မဟဂ္ဃသော = မဟန္တာနိ (ဘောဇနာနိ) ဃသတီတိ မဟဂ္ဃသော။ မဟန္တ + ဃသ် + အ။
နိဒ္ဒါယိတာ = နိဒ္ဒါယတီတိ နိဒ္ဒါယိတာ။ နိဒ္ဒါယ် + တု။
သမ္ပရိဝတ္တသာယီ = သမ္ပရိဝတ္တတီတိ သမ္ပရိဝတ္တော။ သံ + ပရိ + ဝတ္တ + အ။ သမ္ပရိဝတ္တံ သယတိ သီလေနာတိ သမ္ပရိဝတ္တသာယီ။ သမ္ပရိဝတ္တ + သိ + ဏီ။
မဟာဝရာဟော = မဟန္တော ဝရာဟော မဟာဝရာဟော။ မဟန္တ + ဝရာဟ။
နိဝါပပုဋ္ဌော = နိဝါပေန ပုဋ္ဌော နိဝါပပုဋ္ဌော။ နိဝါပ + ပုဋ္ဌ။ ပုဋ္ဌ = ပေါသီယတီတိ ပုဋ္ဌော။ ပုသ် + တ။
ဂဗ္ဘ = ဂဗ္ဘတိ ပတိဋ္ဌာတိ ဧတ္ထာတိ ဂဗ္ဘံ။ ဂဗ္ဘ + အ။
မန္ဒေါ = မန္ဒတိ အတိက္ခိဏဘာဝံ ဂစ္ဆတီတိ မန္ဒေါ။ မဒိ + အ။
ပသေနဒိကောသလဝတ္ထု ပြီး၏။
---
၂၃-နာဂဝဂ်
၅-သာနုသာမဏေရဝတ္ထု
၃၂၆။ ဣဒံ ပုရေ စိတ္တမစာရိ စာရိကံ၊
ယေနိစ္ဆကံ ယတ္ထကာမံ ယထာသုခံ။
တဒဇ္ဇဟံ နိဂ္ဂဟေဿာမိ ယောနိသော၊
ဟတ္ထိပ္ပဘိန္နံ ဝိယ အင်္ကုသဂ္ဂဟော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဥပါသိကာမ၏ တဦးတည်းသောသားသည် ငယ်ငယ်ရွယ်ရွယ်နှင့် သာမဏေဝတ်၍ သီလနှင့်လည်းပြည့်စုံ၏။ ဆရာ ဥပဇ္ဈာယ် အာဂန္တုကဝတ်တို့ကိုလည်း ဆောင်ရွက်၏။ ဥပုသ်နေ့တိုင်း ရေအိုးစင်ရေဖြည့်ခြင်း၊ တံမြက်လှည်းခြင်း၊ နေရာခင်းခြင်း၊ ဆီမီးထွန်းခြင်း ချိုသာသောအသံဖြင့် တရားနာရန် ကြွေးကြော်ခြင်းတို့ကိုလည်း ပြု၏။ တရားလည်းဟော၏။ သို့သော် ရဟန်းခံဖို့ နီးကပ်လာချိန်တွင် လူထွက်လိုသောအခါ ရှေးဘဝဟောင်း မိခင်ဘီလူးမ ပူးဝင်သောကြောင့်လည်းကောင်း ယခုဘဝမိခင်၏ ဩဝါဒကြောင့်လည်းကောင်း လူမထွက်ဖြစ်သော သာနုသာမဏေကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သာနုသာမဏေနှင့်တကွ တရားနာလာကြသော နတ်အများ တရားထူးရကြသည်။

အနက်

ဣဒံ စိတ္တံ၊ ဤစိတ်သည်။ ပုရေ၊ ရှေးအခါက။ ယေန၊ အကြင်အကြောင်းဖြင့်။ ဣစ္ဆကံ၊ အလိုရှိရာအာရုံကို။ စာရိကံ၊ လိုက်စားလျက်။ ယတ္ထကာမံ၊ အလိုရှိတိုင်း။ ယထာသုခံ၊ ချမ်းသာသည့်အလျောက်။ အစာရိ၊ ကျက်စားပြီ။ အင်္ကုသဂ္ဂဟော၊ ချွန်းကိုင်သော။ ဟတ္ထာစရိယော၊ ဆင်ထိန်းသည်။ ဟတ္ထိပ္ပဘိန္နံ၊ အမုန်ယစ်သောဆင်ကို။ နိဂ္ဂဟာတိ ဝိယ၊ နှိပ်သကဲ့သို့။ အဟံ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ တံ၊ ထိုမကောင်းသောစိတ်ကို။ ယောနိသော၊ အသင့်အတင့်နှလုံးသွင်းခြင်းဖြင့်။ နိဂ္ဂဟေဿာမိ၊ နှိပ်အံ့။

စကားပြေ

ရှေးအခါက အလိုရှိရာအာရုံကို လိုက်စားလျက် အလိုရှိတိုင်း ချမ်းသာသည့်အလျောက် ကျက်စားခဲ့သောစိတ်ကို ချွန်းကိုင်သောဆင်ထိန်းသည် အမုန်ယစ်သောဆင်ကိုနှိပ်သကဲ့သို့ ငါသည် ယနေ့ အသင့်အတင့်နှလုံးသွင်းခြင်းဖြင့် နှိပ်အံ့။

စိတ်သည် ရှေးအခါက ရူပါရုံစသော အာရုံတို့၌ ရာဂစသည်တို့တွင် တခုခုသောအကြောင်းဖြင့် အလိုရှိ၏။ စိတ်အလိုရှိတိုင်းခံစားပြီး ချမ်းသာမှုဖြစ်၏။ အချိန်များစွာ ချမ်းသာစွာခံစားခဲ့ပြီ။ ယနေ့မူကား ပျက်စီးပြီး မူးယစ်နေသောဆင်ကို လိမ္မာသောဆင်ဆရာသည် ချွန်းတောင်းကိုကိုင်လျက် နှိပ်ကွပ်သကဲ့သို့ ချွန်းတောင်းနှင့်တူသော ယောနိသောမနသိကာရဖြင့် နှိပ်ကွပ်၍ စိတ်၏လွန်ကျူးမှုကို မပေးတော့။

ပါဠိသဒ္ဒါခက်ဆစ်

ယေနိစ္ဆကံ = ယေန + ဣစ္ဆကံ။
တဒဇ္ဇဟံ = တံ + အဇ္ဇ + အဟံ။
ဟတ္ထိပ္ပဘိန္နံ = ဟတ္ထိ ပဘိန္နော ဟတ္ထိပ္ပဘိန္နော။ ဟတ္ထိ + ပဘိန္န။
ဟတ္ထိ = ဟတ္ထော (သောဏ္ဍော) အဿ အတ္ထီတိ ဟတ္ထိ။ ဟတ္ထ + ဣ။
အင်္ကုသဂ္ဂဟော = အင်္ကုသံ ဂဏှာတီတိ အင်္ကုသဂ္ဂဟော။ အင်္ကုသ + ဂဟ + အ။
သာနုသာမဏေရဝတ္ထု ပြီး၏။
---

၂၃-နာဂဝဂ်
၆-ပါဝေယျကဟတ္ထိဝတ္ထု
၃၂၇။ အပ္ပမာဒရတာ ဟောထ၊ သစိတ္တမနုရက္ခထ။
ဒုဂ္ဂါ ဥဒ္ဓရထတ္တာနံ၊ ပင်္ကေ သန္တောဝ ကုဉ္ဇရော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ စစ်ဆင်သည် ငယ်စဉ်က ခွန်အားအလွန်ကောင်းသော်လည်း အိုမင်းလာသောအခါ ညွှန်များသောအိုင်တွင်နစ်နေ၍ မတက်နိုင်သည်ကို စစ်တက်ရန် စည်ဖြင့် အားပေးသောအခါ ညွှန်မှ ထလာနိုင်သော ပါဝေယျကဆင်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ပါဝေယျကဆင် ညွှန်မှထလာနိုင်ကြောင်း လျှောက်ထားသောရဟန်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

အပ္ပမာဒရတာ၊ မမေ့မလျော့သော အပ္ပမာဒတရား၌ မွေ့လျော်ကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော့။ သစိတ္တံ၊ မိမိစိတ်ကို။ အနုရက္ခထ၊ စောင့်ရှောက်ကြကုန်လော့။ ပင်္ကေ၊ ညွှန်၌။ သန္နော၊ နစ်နေသော။ ကုဉ္ဇရော၊ ဆင်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒုဂ္ဂါ၊ ညွှန်မှ။ ဥဒ္ဓရတိ ဝိယ၊ ထုတ်သကဲ့သို့။ တုမှေ၊ သင်တို့သည်။ ဒုဂ္ဂါ၊ ကိလေသာညွှန်မှ။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥဒ္ဓရထ၊ ထုတ်နုတ်ကုန်လော့။

စကားပြေ

မမေ့မလျော့ အပ္ပမာဒတရား၌ မွေ့လျော်ကြလော့၊ မိမိစိတ်ကိုစောင့်ရှောက်ကြလော့၊ ညွှန်မှနစ်နေသောဆင်သည် မိမိကိုယ်ကို ညွှန်မှထုတ်သကဲ့သို့ သင်တို့သည် ကိလေသာညွှန်မှ မိမိကိုယ်ကို ထုတ်နုတ်ကြလော့။
ညွှန်ပျောင်း၌နစ်နေသောဆင်သည် လက်တို့ဖြင့်လည်းကောင်း ခြေတို့ဖြင့်လည်းကောင်း လုံ့လပြု၍ ညွှန်ပျောင်းမှလွတ်မြောက်အောင် မိမိကိုယ်ကို ထုတ်ဆောင်၍ ကြည်းကုန်း၌တည်စေသကဲ့သို့ သင်တို့သည် ကိလေသာဟူသော ညွှန်ပျောင်းမှ နိဗ္ဗာန်ဟူသောကုန်း၌ တည်စေရမည်။

ပါဠိသဒ္ဒါခက်ဆစ်

သစိတ္တံ = သဿ အတ္တနော စိတ္တံ သစိတ္တံ။ သ + စိတ္တ။
ပင်္ကေ = ကမ္မံ စလနေ ကော၊ ကမ္မဿ ပံ အာဒေသော။ ကမ္မတိ စလတီတိ ပင်္ကော။ ကမ္မ + တ။
ပါဝေယျကဟတ္ထိဝတ္ထု ပြီး၏။
---

၂၃-နာဂဝဂ်
၇-သမ္ဗဟုလဘိက္ခုဝတ္ထု
၃၂၈။ သစေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓုဝိဟာရီ ဓီရံ။
အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ၊
စရေယျ တေနတ္ထမနော သတီမာ။
၃၂၉။ နော စေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓုဝိဟာရီ ဓီရံ။
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ ،
ဧကော စရေ မာတင်္ဂရညေ ဝ နာဂေါ။
၃၃၀။ ဧကဿ စရိတံ သေယျော၊
နတ္ထိ ဗာလေ သဟာယတာ။
ဧကော စရေ န စ ပါပါနိ ကယိရာ၊
အပ္ပါဿုက္ကော မာတင်္ဂရညေ ဝ နာဂေါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ပါလိလေယျကဆင်သည် စောင့်ရှောက်သောတောအုပ်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရဟန်းငါးရာတို့ ရဟန္တာဖြစ်ကြသည်။

အနက်

နိပကံ၊ ရင့်ကျက်သောပညာနှင့်ပြည့်စုံသော။ သာဓုဝိဟာရိံ၊ ကောင်းစွာနေလေ့ရှိသော။ ဓီရံ၊ တည်ကြည်သော။ သဟာယံ၊ အတူကျင့်ဖက် အဆွေခင်ပွန်းကို။ သစေ လဘေထ၊ အကယ်ရလျှင်အံ့။ တေန၊ ထိုအဆွေခင်ပွန်းနှင့်တကွ။ သဗ္ဗာနိ ပရိဿယာနိ၊ အလုံးစုံသောဘေးရန်တို့ကို။ အဘိဘုယျ၊ နှိမ်နင်း၍။ အတ္ထမနော၊ ဝမ်းမြောက်သောစိတ်ရှိလျက်။ သတိမာ၊ သတိရှိသည်။ ဟုတွာ၊ ဖြစ်၍။ စရေယျ၊ ကျင့်ရာ၏။။

နိပကံ၊ ရင့်ကျက်သော ပညာနှင့်ပြည့်စုံသော။ သာဓုဝိဟာရိံ၊ ကောင်းစွာနေလေ့ရှိသော။ ဓီရံ၊ တည်ကြည်သော။ သဟာယံ၊ အတူကျင့်ဖက် အဆွေခင်ပွန်းကို။ နော စေ လဘေထ၊ အကယ်၍မရလျှင်အံ့။ ရာဇာ၊ မင်းသည်။ ဝိဇိတံ၊ နိုင်ပြီးသော။ ရဋ္ဌံ၊ တိုင်းပြည်ကို။ ပဟာယ၊ စွန့်၍။ ပဗ္ဗတေ ဝ၊ ရဟန်းပြုသကဲ့သို့လည်းကောင်း။ မာတင်္ဂော နာမ၊ မာတင်္ဂမည်သောဆင်မင်းသည်။ အရညေ၊ တော၌။ ဧကော၊ တကောင်တည်း။ စရတိ ဝိယ၊ လှည့်လည်သကဲ့သို့လည်းကောင်း။ ဧဝံ၊ ဤအတူ။ ဧကော၊ တယောက်တည်းသာလျှင်။ စရေ၊ ကျင့်ရာ၏။။

ဧကဿ၊ တယောက်တည်းသာလျှင်။ စရိတံ၊ ကျင့်ခြင်းသည်။ သေယျော၊ မြတ်၏။ ဗာလေ၊ သူမိုက်၌။ သဟာယတာ၊ အဆွေခင်ပွန်းအဖြစ်မျိုးသည်။ နတ္ထိ၊ မရှိ။ မာတင်္ဂေါ နာဂေါ၊ မာတင်္ဂဆင်မင်းသည်။ အရညေ၊ တော၌။ ဧကော၊ တကောင်တည်း။ အပ္ပါကုက္ကော၊ ကြောင့်ကြမဲ့။ စရတိ ဝိယ၊ လှည့်လည်သကဲ့သို့။ ဧကော၊ တယောက်တည်းသာလျှင်။ စရေ၊ ကျင့်ရာ၏။ ပါပါနိ၊ မကောင်းမှုတို့ကို။ န ကယိရာ၊ မပြုရာ။

စကားပြေ

ရင့်ကျက်သောပညာနှင့်ပြည့်စုံ၍ ကောင်းစွာနေလေ့ရှိသော အတူကျင့်ဖက် တည်ကြည်သော အဆွေခင်ပွန်းကို ရခဲ့သော် ထိုပုဂ္ဂိုလ်မျိုးနှင့် အတူတကွ ဘေးရန်အားလုံးကို နှိမ်နင်းလျက် ဝမ်းမြောက်သောစိတ်နှင့် သတိရှိသည်ဖြစ်၍ ကျင့်ရာ၏။

အထက်ပါ အဆွေခင်ပွန်းမျိုးကို မရခဲ့သော် မင်းသည် နိုင်ပြီးသော တိုင်းပြည်ကို စွန့်၍ တောထွက်ပြီး ရဟန်းပြုသကဲ့သို့လည်းကောင်း မာတင်္ဂဆင်မင်းသည် တော၌ တကောင်တည်း လှည့်လည်သကဲ့သို့လည်းကောင်း ဤအတူ တယောက်တည်းသာလျှင် ကျင့်ရာ၏။

တယောက်တည်းကျင့်ခြင်းသည် မြတ်၏။ သူမိုက်၌ သီလဓုတင်စသော အဆွေခင်ပွန်းအဖြစ်မျိုးသည် မရှိ၊ မာတင်္ဂဆင်မင်းသည် တကောင်တည်း ကြောင့်ကြမဲ့ လှည့်လည်သကဲ့သို့ တယောက်တည်း ကျင့်ရာ၏၊ မကောင်းမှုတို့ကို မပြုလုပ်ရာ။
ပရိဿယာနိ— ခြင်္သေ့ ကျား စသော ထင်ရှားသော ဘေးရန် ရာဂ ဒေါသ မောဟ စသော မထင်ရှားသော ဘေးရန်။
မင်းကဲ့သို့ကျင့်ပုံ— စစ်နိုင်သောမင်းအား မင်းစည်းစိမ်သည် မေ့လျော့ခြင်း၏အကြောင်းတည်း၊ မင်းစည်းစိမ်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု တိုင်းပြည်ကိုစွန့်၍ ရဟန်းပြုပြီး ဣရိယာပုထ်လေးပါးတို့ဖြင့် တပါးတည်းသာ နေသကဲ့သို့ တယောက်တည်း ကျင့်ရာ၏။
မာတင်္ဂဆင်ကဲ့သို့ကျင့်ပုံ— ဆင်ထီး ဆင်မ ဆင်ပေါက်တို့ဖြင့် ရောပြွမ်းနေရ၏။ အညွန့်မရှိသောမြက်ကို စားရ၏၊ ကျိုးပဲ့သောအခက်ကို စားရ၏၊ နောက်သောရေကို သောက်ရ၏။ ကံတက်အဆင်းတွင် ဆင်မများ၏ ကိုယ်ကို ပွတ်တိုက်သွားခြင်း ခံရ၏၊ ထိုကြောင့် ဆင်အပေါင်းမှ ခွဲခွာပြီး နေရပါမူကား ကောင်းလေစွဟု ဆင်အပေါင်းကို စွန့်ခွာပြီး အလုံးစုံသော ဣရိယာပုထ်တို့၌ တစီးတည်းချမ်းသာစွာနေထိုင်သကဲ့သို့ တယောက်ထီးတည်းကျင့်ရာ၏။
သဟာယတာ— စူဠသီလ, မဇ္ဈိမသီလ, မဟာသီလ ကထာဝတ္ထုဆယ်ပါး ဓုတင် (၁၃)ပါး, ဝိပဿနာဉာဏ်, မဂ်ဉာဏ်လေးပါး ဖိုလ်လေးပါး, ဝိဇ္ဇာသုံးပါး အဘိညာဉ်ခြောက်ပါး, နိဗ္ဗာန်များသည် သဟာယတာဂုဏ် ဖြစ်သည်။

ပါဠိသဒ္ဒါခက်ဆစ်

နိပကံ = နိဿေသတော ပါစေတိ ကုသလဓမ္မေတိ နိပကော။ နိ + ပစ် + ဏ။
သဟာယံ = သဟ အယတိ ကိစ္စေသူတိ သဟာယော။ သဟ + အယ + ဏ။ (သဟဿ သာဘာဝေါ)
သာဓုဝိဟာရီ = သာဓုံ ဝိဟရတိ သီလေနာတိ သာဓုဝိဟာရီ။ သာဓု + ဝိဟရ + ဏိ။
ပရိဿယာနိ = ပရိ (သမန္တတော) သေတိ ပဝတ္တတီတိ ပရိဿယံ။ ပရိ + သိ + ဏ။
အပ္ပေါသုက္ကော = အပ္ပေါ ဥသုက္ကော ယဿာတိ အပ္ပေါသုက္ကော။ အပ္ပ + ဥသုက္က + ယ။
ဥဿုက္ကော = ဥဋ္ဌာနံ သုဋ္ဌု ကာယတိတိ ဥသုက္ကော။ ဥ + သု + ကာ + အ။
သမ္ဗဟုလဘိက္ခုဝတ္ထု ပြီး၏။
---

၂၃-နာဂဝဂ်
၈-မာရဝတ္ထု
၃၃၁။ အတ္ထမှိ ဇာတမှိ သုခါ သဟာယာ၊
တုဋ္ဌီ သုခါ ယာ ဣတရီတရေန။
ပုညံ သုခံ ဇီဝိတသင်္ခယမှိ၊
သဗ္ဗဿ ဒုက္ခဿ သုခံ ပဟာနံ။
၃၃၂။ သုခါ မတ္တေယျတာ လောကေ၊
အထော ပေတ္တေယျတာ သုခါ။
သုခါ သာမညတာ လောကေ၊
အထော ဗြဟ္မညတာ သုခါ။
၃၃၃။ သုခံ ယာဝ ဇရာ သီလံ၊ သုခါ သဒ္ဓါ ပတိဋ္ဌိတာ။
သုခေါ ပညာယ ပဋိလာဘော၊ ပါပါနံ အကရဏံ သုခံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဟိမဝန္တာအရပ် တောကျောင်း၌ သီတင်းသုံးနေတော်မူစဉ် မတရားသဖြင့် တိုင်းသူပြည်သား လူအများအား အုပ်ချုပ်နေသော မင်းတို့ကိုလည်းကောင်း၊ ဒဏ် အခွန် စသည်တို့ဖြင့် အနှိပ်စက်ခံရသော လူထုကိုလည်းကောင်း သနားတော်မူ၍ ကြံစည်နေသော ဘုရားရှင်အား တရားသဖြင့် လူထုအပေါ် အုပ်ချုပ်သော မင်းပြုတော်မူပါဟု လျှောက်ထားသော မာရ်နတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောနတ်တို့ တရားထူးရကြသည်။

အနက်

သဟာယာ၊ အဆွေခင်ပွန်းတို့သည်။ အတ္ထမှိ၊ အရေးပေါ်ကိစ္စသည်။ ဇာတမှိ၊ ဖြစ်လတ်သော်။ သုခါ၊ ချမ်းသာကုန်၏။ ဣတရီတရေန၊ အနည်းအများ ရရသမျှပစ္စည်းဖြင့်။ ယာ တုဋ္ဌိ၊ အကြင်ရောင့်ရဲခြင်းသည်။ အတ္ထိ၊ ရှိ၏။ သာ တုဋ္ဌီ၊ ထိုရောင့်ရဲခြင်းသည်။ သုခါ၊ ချမ်းသာ၏။ ပုညံ၊ ကောင်းမှုသည်။ ဇီဝိတသင်္ခယမှိ၊ အသက်ကုန်ခါနီး၌။ သုခံ၊ ချမ်းသာ၏။ သဗ္ဗဿ ဒုက္ခဿ၊ ဆင်းရဲအားလုံးကို။ ပဟာနံ၊ ပယ်ခြင်းသည်။ သုခံ၊ ချမ်းသာ၏။

လောကေ၊ လောက၌။ မတ္တေယျတာ၊ မိခင်ကို ပြုစုလုပ်ကျွေးရခြင်းသည်။ သုခါ၊ ချမ်းသာ၏။ အထော၊ ထိုမှတပါး။ ပေတ္တေယျတာ၊ ဖခင်ကို လုပ်ကျွေးပြုစုရခြင်းသည်။ သုခါ၊ ချမ်းသာ၏။ လောကေ၊ လောက၌။ သာမညတာ၊ ရဟန်းတို့ကို ပြုစုလုပ်ကျွေးရခြင်းသည်။ သုခါ၊ ချမ်းသာ၏။ အထော၊ ထိုမှတပါး။ ဗြဟ္မညတာ၊ မကောင်းမှုတို့မှ လွတ်ပြီးသော ဘုရား ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့ကို ပြုစုလုပ်ကျွေးရခြင်းသည်။ သုခါ၊ ချမ်းသာ၏။
သီလံ၊ ငါးပါး ရှစ်ပါး စသောသီလသည်။ ယာဝ ဇရာ၊ ငယ်ရွယ်သည်မှ အိုသည်ကျအောင်။ သုခံ၊ ချမ်းသာ၏။ ပတိဋ္ဌိတာ၊ မတုန်မလှုပ် တည်သော။ သဒ္ဓါ၊ လောကီ လောကုတ္တရာ သဒ္ဓါတရားသည်။ သုခါ၊ ချမ်းသာ၏။ ပညာယ၊ လောကီ လောကုတ္တရာပညာကို။ ပဋိလာဘော၊ ရခြင်းသည်။ သုခေါ၊ ချမ်းသာ၏။ ပါပါနံ၊ အကုသိုလ်တို့ကို။ အကရဏံ၊ မပြုခြင်းသည်။ သုခံ၊ ချမ်းသာ၏။

စကားပြေ

အဆွေခင်ပွန်းတို့သည် အရေးပေါ်ကိစ္စရှိသော် ချမ်းသာစေသည်၊ အနည်းအများ ရရသမျှဖြင့် ရောင့်ရဲခြင်းသည် ချမ်းသာကြောင်းတည်း။ ကုသိုလ်ကောင်းမှုသည် အသက်ကုန်ခါနီး၌ ချမ်းသာစေသည်၊ ဆင်းရဲအားလုံးကို ပယ်နိုင်ခြင်းသည် ချမ်းသာကြောင်းတည်း။

လောကမှာ မိခင် ဖခင် ရဟန်း ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့ကို ပြုစုလုပ်ကျွေးရခြင်းသည် ချမ်းသာကြောင်းဖြစ်၏။

ငါးပါး ရှစ်ပါး စသော သီလသည် ငယ်ရွယ်သည်မှစ၍ အိုသည်ကျအောင် ချမ်းသာ၏၊ မတုန်မလှုပ် တည်သော သဒ္ဓါတရားသည် ချမ်းသာ၏၊ ပညာအမျိုးမျိုးကို ရခြင်းသည် ချမ်းသာ၏၊ အကုသိုလ်တို့ကို မပြုခြင်းသည် ချမ်းသာ၏။

အတ္ထမှိ— ရဟန်း၏ အတ္ထကား သင်္ကန်းချုပ်သောကိစ္စ ဆိုးသောကိစ္စ အဓိကရုဏ်းကို ငြိမ်းစေသောကိစ္စ။
လူ၏ အတ္ထကား— လယ်ထွန်သော အမှုကိစ္စ အားကြီးသော အသင်းအပင်းကို မှီ၍ နှိပ်စက် လွှမ်းမိုးသောအခါတို့၌ ဖြစ်သော ကူညီမှုကိစ္စ။
သဗ္ဗဿ ဒုက္ခဿ သုခံ ပဟာနံ— အလုံးစုံသော ဝဋ်ဆင်းရဲကို ပယ်ခြင်းဟု ဆိုအပ်သော အရဟတ္တဖိုလ်သည် ဤလောက၌ ချမ်းသာမည်၏။
မိဘကိုလုပ်ကျွေးသဖြင့် ချမ်းသာရ၏။ မလုပ်ကျွေးသဖြင့် ဆင်းရဲရ၏။ မိဘတို့သည် သားသမီးများက မပြုစုမစောင့်ရှောက်လျှင် မိဘတို့၏ ပစ္စည်းများကို မြေ၌မြုပ်၏။ သူတပါးအား စွန့်ကြဲပေးကမ်း၏။ မိဘတို့ကို မပြုစုဟု ကဲ့ရဲ့ခံရ၏။ မိဘတို့ကို မပြုစုသူသည် သေသောအခါ ဂူထငရဲ၌ ဖြစ်ရ၏။ မိဘတို့ကို ရိုသေစွာ ပြုစုစောင့်ရှောက်က မိဘတို့၏ ပစ္စည်းများ မိမိလက်သို့ ရောက်ရ၏။ ချီးမွမ်းခံရ၏။ သေသောအခါ နတ်ပြည်ရောက်ရ၏။
ဗြဟ္မညတာ— ၌ ဗြဟ္မ မကောင်းမှုတို့ကို အပြပြီးသော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ။
သုခံ ယာဝ ဇရာ သီလံ— ပတ္တမြားနားတောင်း နီသောအဝတ် စသည်တို့သည် ငယ်ရွယ်သူတို့အား တင့်တယ်စေ၏၊ ကြီးသောသူတို့အား မလျော်။ ညိုသောမည်းသော အဝတ်တန်ဆာတို့သည် လူကြီးအား တင့်တယ်၏။ လူငယ်အား မတင့်တယ်။ အရွယ်နှင့်မလျော်သော အဝတ်တန်ဆာကို ဝတ်ဆင်ပါက ကဲ့ရဲ့ခံရသဖြင့် စိတ်ဆိုးမှု ဖြစ်ပေါ်ရ၏။ ငါးပါး ဆယ်ပါးစသော သီလသည်ကား ငယ်သူအားလည်းကောင်း၊ ကြီးသူအားလည်းကောင်း အရွယ်အားလုံး တင့်တယ်၏။
သဒ္ဓါ ပတိဋ္ဌိတာ— ၌ သဒ္ဓါ လောကီသဒ္ဓါ လောကုတ္တရာသဒ္ဓါ။
သုခေါ ပညာယ ပဋိလာဘော— ၌ ပညာ လောကီပညာ လောကုတ္တရာပညာ။

ပါဠိသဒ္ဒါခက်ဆစ်

ဣတရီတရေန = ဣတရော စ ဣတရော စ ဣတရီတရော။ ဣတရ + ဣတရ။ ဣတရေန ဣတရေန။
ဇီဝိတသင်္ခယမှိ = ဇီဝိတဿ သင်္ခယော ဇီဝိတသင်္ခယော။ ဇီဝိတ + သင်္ခယ။ ဇီဝိတ = ဇီဝန္တိ အနေနာတိ ဇီဝိတံ။ ဇီဝိ + တ။
မတ္တေယျတာ = မာတုယာ (ပူဇိတံ) - (ဟိတံ) မတ္တေယျံ။ မာတု + တေယျ။ မတ္တေယျမေဝ မတ္တေယျတာ။ မတ္တေယျ + တာ။
ပေတ္တေယျတာ = ပိတုနော (ပူဇိတံ) - (ဟိတံ) ပေတ္တေယျံ။ ပိတု + တေယျ။ ပေတ္တေယျမေဝ ပေတ္တေယျတာ။ ပေတ္တေယျ + တာ။
သာမညတာ = သမဏဿ ဘာဝေါ သာမညံ။ သမဏ + ဏျ။ သာမညမေဝ သာမညတာ။ သာမည + တာ။
ဗြဟ္မညတာ = ဗြဟ္မနော ပူဇိတံ ဗြဟ္မညံ။ ဗြဟ္မ + ဏျ။ ဗြဟ္မညမေဝ ဗြဟ္မညတာ။ ဗြဟ္မည + တာ။
မာရဝတ္ထု ပြီး၏။
နာဂဝဂ် ပြီး၏။
---
၂၄-တဏှာဝဂ်
၁-ကပိလမစ္ဆဝတ္ထု
၃၃၄။ မနုဿဿ ပမတ္တစာရိနော၊ တဏှာ ဝဍ္ဎတိ မာလုဝါဝိယ။
သော ပ္လဝတိ ဟုရာဟုရံ၊ ဖလမိစ္ဆံဝ ဝနသ္မိံ ဝါနရော။
၃၃၅။ ယံ ဧသာ သဟတိ ဇမ္မိ၊ တဏှာ လောကေ ဝိသတ္တိကာ။
သောကာ တဿ ပဝဍ္ဎန္တိ၊ အဘိဝဋ္ဌံဝ ဗီရဏံ။
၃၃၆။ ယော စေတံ သဟ‌တေ ဇမ္မိံ၊ တဏှံ လောကေ ဒုရစ္စယံ။
သောကာ တမှာ ပပ‌‌တန္တိ၊ ဥဒဗိန္ဒုဝ ပေါက္ခရာ။
၃၃၇။ တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ၊ ယာဝန္တေတ္ထ သမာဂတာ။
တဏှာယ မူလံ ခဏထ၊ ဥသီရတ္ထောဝ ဗီရဏံ။
မာ ဝေါ နဠံဝ သောတောဝ၊ မာရော ဘဉ္ဇိ ပုနပ္ပုနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံပြီး သာဂတနှင့် ကပိလညီနောင်, အမိ သာဓိနီ,ညီမ တာပနာ ပေါင်းလေးယောက် ရဟန်းပြုကြသည်။ အစ်ကိုကြီး သာဂတသည် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံသွားသော်လည်း ညီငယ် ကပိလသည် ပိဋကတ်သုံးပုံကို သင်ကြားပို့ချ၍ အခြံအရံ လာဘ်လာဘ ပေါများလာသောအခါ မာန်မာနကြီးပြီးလျှင် လာဘ်လာဘကို ဦးစားပေးကာ သီလချစ်ခင်သော သူတို့ကို မထီမဲ့မြင်ပြုသဖြင့် မိခင်နှင့် ညီမတို့လည်း အလိုတူဖြစ်သောကြောင့် အဝီစိငရဲ၌ ကျသည်။ ဘုရားနှစ်ဆူအကြား၌ ငရဲ၌ ခံစား၍ ကပိလသည် အစိရဝတီမြစ်တွင်း၌ ရွှေအဆင်းရှိသော်လည်း ပါးစပ်ဖွင့်ဟသောအခါ အပုပ်နံ့ထွက်နေသော ငါးကြီးဖြစ်သည်။ ယင်းကပိလငါးကြီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တံငါသည်သား ငါးရာတို့ သံဝေဂရ၍ ဘုရားရှင်ထံ ရဟန်းပြုကြပြီးလျှင် မကြာမီပင် ရဟန္တာဖြစ်သွားကြသည်။

အနက်

ပမတ္တစာရိနော၊ မေ့မေ့လျော့လျော့နှင့် ကျင့်လေ့ရှိသော။ မနုဇဿ၊ သတ္တဝါအားလုံးအား။ မာလုဝါဝိယ၊ မာလောနွယ်ကဲ့သို့။ တဏှာ၊ တဏှာသည်။ ဝဍ္ဎတိ၊ တိုးပွား၏။ သော၊ ထိုတဏှာတိုးပွားသောသူသည်။ ဟုရာဟုရံ၊ တဘဝမှ တဘဝသို့။ ဥပ္လဝတိ၊ ပြေးသွား၏။ ဖလံ၊ သစ်သီးကို။ ဣစ္ဆံ-ဣစ္ဆ‌န္တော၊ အလိုရှိလော။ ဝါနရောဝ၊ မျောက်သည်။ ဝနသ္မိံ၊ တောအတွင်း၌။ ဓာဝတိ ဣဝ၊ တပင်မှ တပင်သို့ ခုန်လွှားကူးသန်းသကဲ့သို့တည်း။

ဗီရဏံ၊ ပြိန်းမြက်သည်။ အဘိဝဋ္ဌံ၊ မိုးအကြိမ်ကြိမ်ရွာသည်ရှိသော်။ ဝဍ္ဎတိ ဣဝ၊ ကြီးပွားသကဲ့သို့။ ဧဝံ၊ ဤအတူ။ လောကေ၊ လောက၌။ ဝိသတ္တိကာ၊ ရူပါရုံစသည်တို့၌ ကပ်ငြိတတ်သော။ ဇမ္မီ၊ ယုတ်မာသော။ ဧသာ တဏှာ၊ ဤတဏှာသည်။ ယံ၊ အကြင်ပုဂ္ဂိုလ်ကို။ သဟ‌တေ၊ ညှဉ်းဆဲ၏။ တဿ၊ ထိုတဏှာညှဉ်းဆဲခံရသူအား။ သောကာ၊ စိုးရိမ်ကြောင့်ကြမှုတို့သည်။ ပဝဍ္ဎန္တိ၊ ကြီးပွားကုန်၏။

လောကေ၊ လောက၌။ ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဒုရစ္စယံ၊ စွန့်လွှတ်ရန်ခဲယဉ်းသဖြင့် လွန်မြောက်နိုင်ခဲသော။ ဇမ္မိံ၊ ယုတ်မာသော။ ဧတံ တဏှံ၊ ထိုတဏှာကို။ သဟ‌တေ၊ ညှဉ်းဆဲ၏။ ဥဒဗိန္ဒု၊ ရေပေါက်သည်။ ပေါက္ခရာ၊ ကြာရွက်မှ။ ပတတိ ဣဝ၊ လျောကျသကဲ့သို့။ တမှာ၊ ထိုတဏှာကို ညှဉ်းဆဲနိုင်သော ပုဂ္ဂိုလ်မှ။ သောကာ၊ စိုးရိမ်ကြောင့်ကြမှုတို့သည်။ ပပတန္တိ၊ လျောကျကုန်၏။

တံ၊ ထို့ကြောင့်။ ဧတ္ထ၊ ဤအရပ်၌။ သမာဂတာ၊ စည်းဝေးလာကြသော။ ယာဝန္တာ၊ အကြင်မျှလောက်သော သူတို့သည်။ သန္တိ၊ ရှိကုန်၏။ တာဝ‌န္တေ၊ ထိုမျှလောက်ကုန်သော။ ဝေါ၊ သင်တို့ကို။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောအံ့။ ဝေါ၊ သင်တို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဥသိရတ္ထောဝ၊ ပန်းရင်းကို အလိုရှိသောသူသည်။ ဗီရဏံ၊ ပြိန်းမြက်ပင်ကို။ ခဏတိ ဣဝ၊ တူးရသကဲ့သို့။ ဧဝံ၊ ဤအတူ။ တဏှာယ၊ ခြောက်ဒွါရ၌ ဖြစ်သော တဏှာ၏။ မူလံ၊ အမြစ်အရင်းကို။ ခဏထ၊ တူးကြကုန်လော့။ သောတော၊ ရေအလျဉ်သည်။ နဠံ၊ ကျူပင်ကို။ ဘဉ္ဇတိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ မာရော၊ ကိလေသာမာရ်စသော မာရ်သုံးပါးသည်။ ဝေါ၊ သင်တို့ကို။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ မာ ဘဉ္ဇိ၊ မဖျက်ဆီးစေလင့်။

စကားပြေ

မာလောနွယ်သည် သစ်ပင်ကို ရစ်ပတ်၍ ကြီးပွားသကဲ့သို့ မေ့မေ့လျော့လျော့နေသူကို တဏှာသည် တိုးပွား၏။ အသီးကို အလိုရှိသော မျောက်သည် တောအတွင်း၌ တပင်မှ တပင်သို့ ခုန်လွှားကူးသန်းသကဲ့သို့ တဏှာတိုးပွားနေသူသည် တဘဝမှ တဘဝသို့ ပြေးသွားနေရ၏။

ပြိန်းမြက်သည် မိုးအကြိမ်ကြိမ်ရွာသည်ရှိသော် ကြီးပွားသကဲ့သို့ လောက၌ ရူပါရုံစသောအာရုံတို့၌ ကပ်ငြိလျက် ယုတ်မာသော တဏှာကို ညှဉ်းဆဲခံရသူအား စိုးရိမ်ကြောင့်ကြမှုတို့သည် ကြီးပွားကုန်၏။

ရေပေါက်သည် ကြာရွက်မှ လျောကျသကဲ့သို့ လောက၌ စွန့်လွှတ်ရန် ခဲယဉ်းသဖြင့် လွတ်မြောက်နိုင်သော ယုတ်မာသော တဏှာကို ညှဉ်းဆဲနိုင်သူအထံမှ စိုးရိမ်ကြောင့်ကြမှုတို့သည် လျှောကျကုန်၏။

ဤအရပ်၌ စည်းဝေးလာကြသော သင်တို့အား ငါဘုရားပြောအံ့။ သင်တို့အား ကောင်းခြင်းမင်္ဂလာဖြစ်ပါစေ။ ပန်းရင်းကို လိုသောသူသည် ပြိန်းမြက်ပင်ကို တူးဖြတ်သကဲ့သို့ တဏှာ၏ အရင်းအမြစ်ကို အရဟတ္တမဂ်ဉာဏ်ဖြင့် တူးလော့။ ရေအလျဉ်သည် ကျူပင်ကို ဖျက်ဆီးသကဲ့သို့ ကိလေသာမာရ်စသော မာရ်သည် သင်တို့ကို အဖန်ဖန် မဖျက်ဆီးစေလင့်။
မေ့လျော့သူ— မေ့လျော့သော ပုဂ္ဂိုလ်အား ဈာန် ဝိပဿနာ မဂ်ဖိုလ်တို့သည် မတိုးတက်မကြီးပွားကုန်။ မေ့လျော့သောပုဂ္ဂိုလ်အား မာလောနွယ်သည် သစ်ပင်ကို ရစ်ပတ်ပြီး ဖျက်ဆီးရန် ကြီးပွားသကဲ့သို့ ခြောက်ဒွါရ၌ ဖြစ်သော တဏှာသည် အဖန်ဖန် တိုးပွား၏။

မျောက်နှင့် တဏှာတူပုံ

သစ်သီးကို အလိုရှိသော မျောက်သည် တောအုပ်ထဲ၌ ပြေးပြီး သစ်ကိုင်း တကိုင်းကို ကိုင်၏။ ပထမကိုင်သော သစ်ကိုင်းကို လွှတ်ပြီး အခြားသစ်ကိုင်းကို ကိုင်၏။ သစ်ကိုင်းကို မကိုင်ရသဖြင့် ထိုင်နေရသည် မရှိသကဲ့သို့ တဏှာအလိုသို့ လိုက်သော ပုဂ္ဂိုလ်သည် ဟိုမှသည်မှ ပြေးလျက် အာရုံအမျိုးမျိုးကို ခံယူ၏။ အာရုံမရသဖြင့် တဏှာမဖြစ်သည် မရှိ။ အမြဲပင် အာရုံရှိရာသို့ လိုက်၍ တဏှာဖြင့် ကပ်ငြိနေ၏။

တဏှာယ မူလံ ခဏထ— ပန်းရင်းကို အလိုရှိသော ပုဂ္ဂိုလ်သည် ပေါက်တူးဖြင့် ပြိန်းမြက်ကို တူးသကဲ့သို့ ခြောက်ဒွါရ၌ ဖြစ်သော တဏှာ၏ အမြစ်ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြတ်ရာ၏။

မာရော— ကိလေသာမာရ် မစ္စုမာရ် ဒေဝပုတ္တမာရ် သုံးပါးရ၏။

ကပိလငါး— ကပိလငါးကြီးသည် ဘုရားစကားတော်များကို သင်ယူပြီး ဘုရားဂုဏ်များကို ပြောဆိုခဲ့မှုကြောင့် ရွှေရောင်အဆင်းရှိသော်လည်း ရဟန်းများကို ဆဲရေးခဲ့မှုကြောင့် ခံတွင်းမှ အပုပ်နံ့ထွက်ရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၉။)

ပါဠိသဒ္ဒါခက်ဆစ်

မနုဿဿ = မနတိ ဇာနာတီတိ မနု။ မန်+ဥ။ မနုမှာ ဇာတော မနုဇော။ မနု+ဇန်+ကွိ။
ပမတ္တစာရိနော = ပမတ္တေန စရတိ သီလေနာတိ ပမတ္တစာရီ။ ပမတ္တ+စရ်+ဏီ။
ပ္လဝတိ = ပ္လု+အ+တိ။
ဇမ္မိ = ဇမတိ အဒတီတိ ဇမ္မီ။ ဇမ်+မ+ဤ။
ဗီရဏံ = ဝီရ်+ယု။
ပေါက္ခရာ = ပေါသတိ ဝဍ္ဎတီတိ ပေါက္ခရံ။ ပုသ်+ခရ (သ-ကို က-ပြု)။ ပေါက္ခရေ (ဇလေ) ဇာတံ ပေါက္ခရံ။ ပေါက္ခရ+ဏ။
ယာဝန္တေတ္ထ = ယာဝန္တာ+ဧတ္ထ။
ဥသိရတ္ထော = ဥသတိ ဒဟတီတိ ဥသီရံ။ ဥသ်+ဤရ။ ဥသိရံ အတ္ထော ဥသိရတ္ထော။ ဥသီရ+အတ္ထ။
ပုနပ္ပုနံ = ပုန စ ပုန စ ပုနပ္ပုနံ။ ပုန+ပုန။

ကပိလမစ္ဆဝတ္ထု ပြီး၏။
---

၂၄-တဏှာဝဂ်။ ၂-သူကရပေါတိကာဝတ္ထု

၃၃၈။ ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠှေ၊
ဆိန္နောပိ ရုက္ခော ပုနရေဝ ရုဟတိ။
ဧဝမ္ပိ တဏှာနုသယေ အနူဟတေ၊
နိဗ္ဗတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။

၃၃၉။ ယဿ ဆတ္တိံသတိ သောတာ၊
မနာပသဝနာ ဘုသာ။
မဟာ ဝဟန္တိ ဒုဒ္ဒဋ္ဌိံ၊
သင်္ကပ္ပါ ရာဂနိဿိတာ။

၃၄၀။ သန္တိ သဗ္ဗဓိ သောတာ၊
လတာ ဥပ္ပဇ္ဇ တိဋ္ဌတိ။
တဉ္စ ဒိသွာ လတံ ဇာတံ၊
မူလံ ပညာယ ဆိန္ဒထ။

၃၄၁။ သရိတာနိ သိနေဟိတာနိ စ၊
သောမနဿာနိ ဟောန္တိ ဇန္တုနော။
တေ သာတသိတာ သုခေသိနော၊
တေ ဝေ ဇာတိဇရူပဂါ နရာ။

၃၄၂။ တသိဏာယ ပုရက္ခတာ ပဇာ၊
ပရိသန္တိ သ‌ဿောဝ ဗန္ဓိတော။
သံယောဇနသင်္ဂသတ္တကာ၊
ဒုက္ခပေန္တိ ပုနပ္ပုနံ စိရာယ။

၃၄၃။ တသိဏာပုရက္ခတာ ပဇာ၊
ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော။
တသ္မာ တသိဏံ ဝိနောဒယေ၊
အာကင်္ခန္တ ဝိရာဂမတ္တနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကကုသန်ဘုရားရှင်လက်ထက်မှာ ကြက်မ, ထိုနောက်သဌေးသမီး, ထိုနောက်ဗြဟ္မာဖြစ်ကာ ဘဝသံသရာလည်ပြီးလျှင် ဂေါတမဘုရားရှင်လက်ထက်၌ ဝက်မဖြစ်လာသူကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဒဠှေ၊ ခိုင်မြဲသော။ မူလေ၊ ငါးဖြာသော ရေသောက်မြစ်ကို။ အနုပဒ္ဒဝေ၊ မဖျက်ဆီးသည်ရှိသော်။ ဆိန္နောပိ၊ ပင်စည်ကိုဖြတ်သော်လည်း။ ရုက္ခော၊ သစ်ပင်သည်။ ပုနရေဝ၊ တဖန်သာလျှင်။ ရုဟတိ ယထာ၊ ပေါက်ရောက်စည်ကားသကဲ့သို့။ ဧဝမ္ပိ၊ ဤအတူသာလျှင်။ တဏှာနုသယေ၊ ကိန်းအောင်းသောတဏှာကို။ အနူဟတေ၊ မဖျက်ဆီးသည်ရှိသော်။ ဣဒံ ဒုက္ခံ၊ ဤပဋိသန္ဓေနေရခြင်း စသော ဆင်းရဲသည်။ ပုနပ္ပုနံ၊ အဖန်ဖန်။ နိဗ္ဗတ္တတိ ယထာ၊ ဖြစ်သည်သာလျှင်တည်း။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ဘုသာ၊ အားကြီးကုန်သော။ မနာပသဝနာ၊ နှစ်သက်ဖွယ်အာရုံတို့သို့ စီးကုန်သော။ ဆတ္တိံသတိ၊ သုံးဆဲ့ခြောက်ပါးသော။ သောတာ၊ တဏှာရေအလျဉ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဒုဒ္ဒိဋ္ဌိံ၊ အသိဉာဏ်ဖောက်ပြန်သဖြင့် မှားသောအယူရှိသော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ရာဂနိဿိတာ၊ ရာဂနှင့် စပ်ကုန်သော။ မဟာ၊ အားကြီးကုန်သော။ သင်္ကပ္ပါ၊ အကြံအစည်တို့သည်။ ဝဟန္တိ၊ ဆောင်ယူသွားကုန်၏။

သောတာ၊ တဏှာ ရေအလျဉ်တို့သည်။ သဗ္ဗဓိ၊ အလုံးစုံသော အာရုံတို့၌။ သဝန္တိ၊ ယိုစီးကုန်၏။ လတာ၊ တဏှာတည်းဟူသော နွယ်သည်။ ဥပ္ပဇ္ဇ၊ ခြောက်ဒွါရ၌ဖြစ်၍။ တိဋ္ဌတိ၊ အာရုံခြောက်ပါး၌ တည်၏။ ဇာတံ၊ ပေါက်လာသော။ တဉ္စ လတံ၊ ထိုတဏှာတည်းဟူသော နွယ်ကို။ ဒိသွာ၊ မြင်၍။ ပညာယ၊ မဂ်ပညာဖြင့်။ မူလံ၊ တဏှာနွယ်မြစ်ကို။ ဆိန္ဒထ၊ ဖြတ်ကြကုန်လော့။

ဇန္တနော၊ သတ္တဝါအား။ သရိတာနိ စ၊ အောက်မေ့ခြင်းတို့သည်လည်းကောင်း။ သိနေဟိတာနိ စ၊ ချစ်ခြင်းတို့သည်လည်းကောင်း။ သောမနဿာနိ စ၊ ဝမ်းမြောက်ခြင်းတို့သည်လည်းကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ၊ ထိုတဏှာအလိုသို့လိုက်သော သတ္တဝါတို့သည်။ သာတသိတာ၊ ကာမချမ်းသာကိုမှီကုန်သည်။ ဟုတွာ၊ ဖြစ်၍။ သုခေသိနော၊ ကာမချမ်းသာကိုရှာမှီးကုန်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧဝရူပါ၊ ဤသို့သဘောရှိကုန်သော။ ယေ နရာ၊ အကြင်လူတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ နရာ၊ ထိုလူတို့သည်။ ဝေ၊ စင်စစ်။ ဇာတိဇရူပဂါ၊ ပဋိသန္ဓေ နေရခြင်း, အိုခြင်းသို့ ကပ်ရောက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

တသိဏာယ၊ တဏှာဖြင့်။ ပုရက္ခတာ၊ ထက်ဝန်းကျင်ခြံရံအပ်ကုန်သော။ ပဇာ၊ သတ္တဝါတို့သည်။ လု‌ဒ္ဒေန၊ မုဆိုးသည်။ ဗန္ဓိတော၊ နှောင်ဖွဲ့ခံရသော။ သောဝ၊ ယုန်ကဲ့သို့။ ပရိသန္တိ၊ ကြောက်ရွံ့ထိတ်လန့်ကုန်၏။ သံယောဇနသင်္ဂသတ္တိကာ၊ ဆယ်ပါးသော သံယောဇဉ် ခုနစ်ပါးသော အမေးဖြင့် ကပ်ငြိကုန်သော သူတို့သည်။ စိရာယ၊ ကြာမြင့်စွာသော ကာလပတ်လုံး။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဒုက္ခံ၊ ပဋိသန္ဓေနေခြင်း စသော ဆင်းရဲသို့။ ဥပေန္တိ၊ ကပ်ရောက်ကြကုန်၏။

တသိဏာယ၊ တဏှာဖြင့်။ ပုရက္ခတာ၊ ထက်ဝန်းကျင် ခြံရံအပ်ကုန်သော။ ပဇာ၊ သတ္တဝါတို့သည်။ လုဒ္ဒေန၊ မုဆိုး။ ဗန္ဓိတော၊ နှောင်ဖွဲ့ခံရသော။ သသောဝ၊ ယုန်ကဲ့သို့။ ပရိသပ္ပန္တိ၊ ကြောက်ရွံ့ထိတ်လန့်ကုန်၏။ တသ္မာ၊ ထိုကြောင့်။ အတ္တနော၊ မိမိ၏။ ဝိရာဂံ၊ ရာဂကင်းရာနိဗ္ဗာန်ကို။ အာကင်္ခန္တော၊ တောင့်တသော သူသည်။ တသိဏံ၊ တဏှာကို။ ဝိနောဒယေ၊ ပယ်ဖျောက်ရာ၏။

စကားပြေ

ခိုင်မြဲသော ရေသောက်မြစ်ငါးခုကို မဖျက်ဆီးပဲ ပင်စည်ကိုသာ ဖြတ်သည်ရှိသော် သစ်ပင်သည် ထပ်မပေါက်ရောက်သကဲ့သို့ ဤအတူ ကိန်းအောင်းသော တဏှာကို မဖျက်ဆီးသည်ရှိသော် ပဋိသန္ဓေနေခြင်း စသော ဆင်းရဲသည် ထပ်ကာထပ်ကာ ဖြစ်ရ၏။

အားရှိသော နှစ်သက်ဖွယ်အာရုံတို့သို့စီးသော သုံးဆယ့် ခြောက်ပါးသော တဏှာရေအလျဉ်တို့သည် ရှိကုန်၏။ အသိဉာဏ် ဖောက်ပြန်သောသူကို အားကြီးသောရာဂနှင့် စပ်သော အကြံအစည်တို့သည် ဆောင်ယူသွားကုန်၏။

တဏှာတည်းဟူသောရေအလျဉ်တို့သည် အလုံးစုံသော အာရုံတို့၌ ယိုစီး၍ တဏှာတည်းဟူသောနွယ်သည် ခြောက်ဒွါရ၌ဖြစ်၍ အာရုံခြောက်ပါး၌ တည်၏။ ထိုသို့ပေါက်ရောက်သော တဏှာဟူသော နွယ်ကို မြင်၍ ထိုတဏှာနွယ်မြစ်ကို မဂ်ဉာဏ်ဖြင့် ဖြတ်ကြကုန်လော့။

သတ္တဝါအား အောက်မေ့ခြင်း, ချစ်ခြင်း, ဝမ်းမြောက်ခြင်းကို ဖြစ်ကုန်၏၊ ဤသို့ တဏှာအလိုသို့ လိုက်သော သတ္တဝါတို့သည် ကာမချမ်းသာကို မှီကုန်လျက် ကာမချမ်းသာကို ရှာမှီးကုန်သည်ဖြစ်၍ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ ဧကန် ကပ်ရောက်ကြရကုန်၏။

တဏှာဖြင့် ထက်ဝန်းကျင်ခြံရံအပ်သော သတ္တဝါတို့သည် မုဆိုးနှောင်ဖွဲ့ခံရသော ယုန်ကဲ့သို့ ကြောက်ရွံ့ ထိတ်လန့်ကြရကုန်၏။ သံယောဇဉ်ဆယ်ပါး အစေးခုနစ်ပါးတို့ဖြင့် ကပ်ငြိကုန်သော သူတို့သည် ကြာမြင့်စွာသောကာလပတ်လုံး အဖန်တလဲလဲ ပဋိသန္ဓေနေရခြင်း ဆင်းရဲသို့ ကပ်ရောက်ကြရကုန်၏။

တဏှာဖြင့် ထက်ဝန်းကျင် ခြံရံအပ်သော သတ္တဝါတို့သည် မုဆိုးနှောင်ဖွဲ့ခံရသော ယုန်ကဲ့သို့ ကြောက်ရွံ့ ထိတ်လန့်ကြရသောကြောင့် မိမိရာဂကင်းရာ နိဗ္ဗာန်ကို လိုလားသောသူသည် တဏှာကို ပယ်ဖျောက်ရာ၏။

မူလေ— သစ်ပင်၏ အရပ်လေးမျက်နှာတို့၌ လေးမြစ်၊ အောက်တည့်တည့်၌ တမြစ်ပေါင်း အမြစ် ငါးခုကို ဆိုလိုသည်။
အနုပဒ္ဒဝေ— ၌ ဥပဒ္ဒဝ အရ ဖြတ် ခွဲ မီးရှို့ ဖောက်ခွဲခြင်း။
ဆတ္တိံသတိ— အဇ္ဈတ္တိကာယတနခြောက်ပါး၌ ကာမတဏှာ(၆)ပါး ဘဝတဏှာ(၆)ပါး, ဝိဘဝတဏှာ (၆) ပါး-ပေါင်း (၁၈)ပါး၊ ဗာဟိရယတန ခြောက်ပါး၌ ကာမတဏှာ(၆)ပါး ဘဝတဏှာ (၆)ပါး ဝိဘဝတဏှာ (၆)ပါး ပေါင်း (၁၀)ပါး နှစ်မျိုးပေါင်း (၃၆)ပါး။
သဝန္တိ သဗ္ဗဓိသောတာ— ၌ သဗ္ဗဓိအရ အလုံးစုံသော အာရုံ၊ အလုံးစုံသော ဘဝ ရ၏။
တဏှာသည် ရေအလျဉ်ကဲ့သို့ အလုံးစုံသောအာရုံ ဘဝတို့၌ စီးသွားတတ်သောကြောင့် သောတ မည်၍ နွယ်ကဲ့သို့ ရစ်ပတ်ဖွဲ့နှောင်တတ်သောကြောင့် လတာ မည်၏။
မူလံ ပညာယ ဆိန္ဒထ = တော၌ ပေါက်သောနွယ်ကို ဓားဖြင့်ဖြတ်သကဲ့သို့ မဂ်ပညာဖြင့် တဏှာအမြစ်ကို ဖြတ်ရမည်။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အနူတေ = အနု+ဟန်+တ။
မနာပသဝနာ = မနာပံ သဝန္တီတိ မနာပသဝနာ။ မနာပ+သု+ယု။
သာတသိတာ— သာတေ သိတာ သာတသိတာ။ သာတ+သိတ။
သုခေသိနော = သုခံ သေတိ သီလေနာတိ သုခေသီ။ သုခ+ဧသု+ဏီ။
ဇာတိဇရူပဂါ = ဇာတိဇရံ ဥပဂစ္ဆန္တိတိ ဇာတိဇရူပဂါ။ ဇာတိဧရာ+ဥပ+ဂမု+ကွိ။
တသိဏာယ = တဿတိ ပရိတဿတီတိ တသိဏာ။ တသ်+ဣဏ။
သသော = သသတီတိ သသော။ သသ်+အ။

သူကရပေါတိကာဝတ္ထု ပြီး၏။
---

၂၄-တဏှာဝဂ်။ ၃-ဝိဗ္ဘန္တဘိက္ခုဝတ္ထု

၃၄၄။ ယော နိဗ္ဗနထော ဝနာဓိမုတ္တော၊
ဝနမုတ္တော ဝနမေဝ ဓာဝတိ။
တံ ပုဂ္ဂလမေထ ပဿထ၊
မုတ္တော ဗန္ဓနမေဝ ဓာဝတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လောကီဈာန်လေးပါးကိုရပြီးဖြစ်သော်လည်း ရွှေပန်းထိမ်သည်ဦးရီးအိမ်၌ အမျိုးသမီးကိုချစ်သဖြင့် လူထွက်၏။ သို့သော် မည်သည့်အလုပ်ကိုမျှ မလုပ်ကိုင်သဖြင့် အိမ်မှနှင်ထုတ်ခံရပြီးလျှင် ပါပမိတ္တတို့နှင့်ပေါင်းမိ၍ သူခိုးဘဝသို့ရောက်ကာ အဖမ်းခံရ၏၊ အရှင်မဟာကဿပက အတူနေတပည့်အပေါ်သနားသဖြင့် သတိပေးမှုကြောင့် စတုတ္ထဈာန်ကိုပြန်ရသော ရဟန်းလူထွက်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ရဟန်းလူထွက်သည် တံကျင်များအကြားတွင် မင်းပရိသတ်အလယ် သောတာပန်ဖြစ်၍ ကောင်းကင်ခရီးဖြင့် ဘုရားထံသွားပြီးနောက် ရဟန္တာဖြစ်သည်။

အနက်

ယော၊ အကြင်သူသည်။ နိဗ္ဗနထော၊ လူအဖြစ်၌ကပ်ငြိခြင်းဟူသော တောကိုစွန့်လျက်။ ဝနာဓိမုတ္တော၊ ဒိဗ္ဗဝိဟာရဟူသော အကျင့်တောသို့ သက်ဝင်၏။ ဝနမုတ္တော၊ အိမ်ရာထောင်မှု တဏှာတောမှ လွှတ်ပြီးလျက်။ ဝနမေဝ၊ အိမ်ရာထောင်မှုတဏှာတောသို့သာလျှင်။ ဓာဝတိ၊ ပြေးဝင်၏။ ဧထ၊ လာကြကုန်လော့။ တံ ပုဂ္ဂလံ၊ တဏှာတောသို့ပြေးဝင်သော ထိုပုဂ္ဂိုလ်ကို။ ပဿထ၊ ရှုကြကုန်လော့။ မုတ္တော၊ အိမ်ရာထောင်မှုဟူသော အနှောင်အဖွဲ့မှလွတ်ပြီးလျက်။ ဗန္ဓနမေဝ၊ အိမ်ရာထောင်မှုဟူသော အနှောင်အဖွဲ့သို့သာလျှင်။ ဓာဝတိ၊ ပြေးဝင်၏။

စကားပြေ

လူအဖြစ်၌ကပ်ငြိသော တဏှာတောသို့စွန့်လျက် ဒိဗ္ဗဝိဟာရဟူသော အကျင့်တောသို့ သက်ဝင်၏၊ အိမ်ရာထောင်မှုမှ လွတ်ပြီးလျက် အိမ်ရာထောင်မှုတဏှာတောသို့ ပြေးဝင်သောသူကို ကြည့်ရှုကြလော့။

နိဗ္ဗနထော— ၌ ဝနထဟူသည် လူအဖြစ်၌ တောင့်တမှုတဏှာရ၏။
ဝနာဓိမုတ္တော— ၌ ဝန-အရ ဒိဗ္ဗဝိဟာရအကျင့်ရ၏။
ဝနမုတ္တော—၌ ဝန, ဝနမေဝ၌ ဝန- အရ အိမ်ရာထောင်မှုဟူသော တဏှာရ၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

နိဗ္ဗနထော=နတ္ထိ ဝနထော ယဿာတိ နိဗ္ဗနထော။ န+ဝနထ+ယ။
ဝနထ=ဝနတိ ယေနာတိ ဝနထော။ ဝန်+ထ။ ဝနေ ဌိတော ဝနထော။ ဝန+ဌာ+အ။

ဝိဗ္ဘန္တဘိက္ခုဝတ္ထုပြီး၏။

၂၄-တဏှာဝဂ်။ ၄-ဗန္ဓနာဂါရဝတ္ထု

၃၄၅။ န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ယဒါယသံ ဒါရုပဗ္ဗဇဉ္စ။
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု၊
ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။

၃၄၆။ ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ဩဟာသိနံ သိထိလံ ဒုပ္ပမုဉ္စံ။
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊
အနပေက္ခိနော ကာမသုခံ ပဟာယ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပစ္စည်းယူ၍ လူသတ်ခြင်း အမှုတို့ကို ပြုလုပ်နေကြသော ခိုးသူတို့အား ကြိုး သံခြေချင်း ထောင်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အာယသံ၊ သံဖြင့်ပြုလုပ်အပ်သော။ ယံ ဗန္ဓနံ၊ အကြင် သံခြေချင်းစသော အနှောင်အဖွဲ့သည်လည်းကောင်း။ ယံ ဒါရုပဗ္ဗဇံ၊ သစ်သားဖြင့်လည်းကောင်း မြက်လျှော်ဖြင့် လည်းကောင်း ပြုလုပ်သော အကြင် ထိတ်တုံးကြိုး စသော အနှောင်အဖွဲ့သည် လည်းကောင်း၊ အတ္ထိ၊ ရှိ၏။ တံ ဗန္ဓနံ၊ ထိုသံခြေချင်း ထိတ်တုံး ကြိုးစသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ ခိုင်မြဲသောအနှောင်အဖွဲ့ဟု။ ဓီရာ၊ ဘုရားစသော ပညာရှိတို့သည်။ န အာဟု၊ မဆိုကုန်။ မဏိကုဏ္ဍလေသု စ၊ ပတ္တမြားနားတောင်း စသော ရတနာတို့၌လည်းကောင်း။ ပုတ္တေသု စ၊ သားသမီးတို့၌လည်းကောင်း။ ဒါရေသု စ၊ မယားတို့၌လည်းကောင်း။ သာရတ္တရတ္တာ၊ အလွန်တပ် နှစ်သက်အပ်သော။ ယာ အပေက္ခာ၊ အကြင်ငဲ့ကွက်မှုတဏှာသည်။ အတ္ထိ၊ ရှိ၏။

ဧတံ ဗန္ဓနံ၊ ဤကိလေသာ အနှောင်အဖွဲ့မျိုးကို။ ဒဠှံ၊ ခိုင်မြဲသောအနှောင်အဖွဲ့ဟု။ ဓီရာ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ အာဟု၊ ဆိုကြကုန်၏။ ဩဟာသိနံ၊ အပါယ်လေးပါးတည်းဟူသော ယုတ်နိမ့်ရာသို့ ဆောင်တတ်သော။ သိထိလံ၊ ဖွဲ့မှန်းမသိစေပဲ လျော့ဟန်ရှိသော။ ဒုပ္ပမုဉ္စံ၊ လွတ်မြောက်ရန် ခဲယဉ်းသော။ ဧတမ္ပိ၊ ဤတဏှာတည်းဟူသော အနှောင်အဖွဲ့ကို။ ဆေတွာန၊ ရုန်းကန်ဖြတ်၍။ အနပေက္ခိနော၊ မငဲ့ကွက်ပဲ။ ကာမသုခံ၊ ကာမချမ်းသာကို။ ပဟာယ၊ ပယ်စွန့်၍။ ပရိဗ္ဗဇန္တိ၊ တောထွက်ကုန်၏။

စကားပြေ

သံခြေချင်း ထိတ်တုံး ကြိုးစသော အနှောင်အဖွဲ့ကို ခိုင်မြဲသောအနှောင်အဖွဲ့ဟု ဘုရားစသော ပညာရှိတို့သည် မဆိုကုန်၊ ပတ္တမြား နားတောင်း စသော ရတနာ သားသမီး မယားတို့၌ အလွန်တပ်မက်မောသော တဏှာဟူသော အနှောင်အဖွဲ့ကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ဘုရားစသောပညာရှိတို့ဆိုကုန်၏။ အပါယ်လေးပါးတည်းဟူသော ယုတ်နိမ့်ရာသို့ ဆောင်တတ်သော ဖွဲ့မှန်းမသိစေပဲ လျော့ဟန်ရှိလျက် လွတ်မြောက်ရန်ခဲယဉ်းသော တဏှာဟူသော အနှောင်အဖွဲ့ကို ရုန်းကန်ဖြတ်တောက်ပြီးလျှင် မငဲ့ကွက်ပဲ ကာမချမ်းသာကို စွန့်၍ ပညာရှိများ တောထွက်ကြကုန်၏။

အာယသံ… သံဖြင့်ပြုအပ်သော သံခြေချင်း၊
ဒါရုပဗ္ဗဇံ… သစ်သားဖြင့်ပြုအပ်သော ထိတ်အနှောင်အဖွဲ့၊
ပဗ္ဗဇံ… မြက် လျှော်တို့ဖြင့် ကျစ်သောကြိုး။

သံခြေချင်း စသော အနှောင်အဖွဲ့ ထိတ်စသော အနှောင်အဖွဲ့ မြက်ကြိုး လျှော်ကြိုးစသော အနှောင်အဖွဲ့တို့သည် သန်လျက် သံဖြတ် လွှ စသည်တို့ဖြင့် ဖြတ်လျှင် ပြတ်နိုင်သောကြောင့် တင်းသော ခိုင်သော အနှောင်အဖွဲ့ဟုမဆိုပဲ လျော့သောအနှောင်အဖွဲ့ဟု ပညာရှိများ ဆိုကြကုန်၏။

ပတ္တမြားနားတောင်း စသည်တို့၌ နှစ်သက်သောတဏှာ သား မယားတို့၌ ငဲ့ကွက်သောတဏှာ ဤကိလေသာတို့ဖြင့် ပြီးသော အနှောင်အဖွဲ့သည် အပါယ်သို့ ကျစေတတ်သည်။ နှောင်ဖွဲ့ရာတွင် အရေအသားတို့ကို မထိခိုက်စေပဲ အမှုကြီးငယ်တို့ကို ပြုခွင့်ပေးပြီး အလွန်ခိုင်ခံ့၍ လွတ်နိုင်ခဲသောကြောင့် တင်းသောအနှောင်အဖွဲ့ ဟု ပညာရှိများ ဆိုကြကုန်၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ယဒါယသံ = ယံ+အာယသံ။ အာယသံ = အယသာ နိဗ္ဗတ္တံ အာယသံ။ အယသ်+ဏ။
ဒါရုပဗ္ဗဇံ = ဒါရုနာ ဇာတံ ဒါရုဇံ။ ဒါရု+ဇန+ကွိ။ ပဗ္ဗေဟိ ဇာတံ ပဗ္ဗဇံ၊ ပဗ္ဗ+ဇန+ကွိ။
သာရတ္တရတ္တာ= သံ+ရတ္တတ္တာ။ သာရတ္တာ ဟုတွာ ရတ္တာ သာရတ္တရတ္တာ။
မဏိကုဏ္ဍလေသု= မဏိ စ ကုဏ္ဍလံ စ (တနည်း) မဏိနာ (ဝိစိတ္တံ) ကုဏ္ဍလံ မဏိကုဏ္ဍလံ။
ဩဟာရိနံ= အဝဟရတိ ဟေဌာ ဟရတီတိ ဩဟာရီ။ အဝ+ဟရ+ဏီ။

ဗန္ဓနာဂါရဝတ္ထုပြီး၏။

၂၄-တဏှာဝဂ်။ ၅-ခေမာထေရီဝတ္ထု

၃၄၇။ ယေ ရာဂရုတ္တာ နုပတန္တိ သောတံ၊
သယံ ကတံ မက္ကဋကောဝ ဇာလံ။
ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊
အနပေက္ခိနော သဗ္ဗဒုက္ခံ ပဟာယ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရုပ်ဆင်းလှပ၍ မိမိ ရုပ်အပေါ် သာယာ နှစ်သက်နေသော ဗိမ္ဗိသာရမင်း၏ အဂ္ဂမဟေသီ ခေမာမိဖုရားကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ခေမာမိဖုရားသည် ရဟန္တာမ ဖြစ်ပြီး ရဟန်းပြုလေသည်။

အနက်

မက္ကဋကော၊ ပင့်ကူသည်။ သယံ ကတံ၊ မိမိပြုသော၊ ဇာလံ၊ ပိုက်ကွန်၌။ နိပဇ္ဇတိ ဣဝ၊ ကျရောက်လာသော ယင်၏ဦးနှောက်ကို သောက်ပြီးပြန်အိပ်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ ရာဂရုတ္တာ၊ ပြင်းစွာတပ်မက်ကုန်သည်ဖြစ်၍။ သောတံ၊ မိမိပြုလုပ်သော တဏှာအယဉ်သို့။ အနုပတန္တိ၊ ကျရောက်ကုန်၏။ ဓီရာ၊ ပညာရှိတို့သည်။ ဧတမ္ပိ၊ ဤတဏှာကို။ ဆေတွာန၊ ဖြတ်၍။ အနပေက္ခိနော၊ မငဲ့ကွက်ပဲ။ သဗ္ဗဒုက္ခံ၊ ဆင်းရဲအားလုံးကို။ ပဟာယ၊ ပယ်စွန့်၍။ ဂတန္တိ၊ သွားကုန်၏။

စကားပြေ

ပင့်ကူသည် မိမိကိုယ်တိုင် ပြုလုပ်ထားသော ပိုက်ကွန်အလယ်၌ကျလာသော ယင်ကောင်၏ ဦးဏှောက်ကို သောက်ပြီး ပြန်အိပ်သကဲ့သို့ ဤအတူ ပြင်းစွာ တပ်မက်မှုရှိသူတို့သည် မိမိပြုလုပ်သောတဏှာအယဉ်သို့ ကျရောက်ကုန်၏။ ပညာရှိတို့သည် တဏှာ အယဉ်ကို ဖြတ်ပြီးလျှင် မငဲ့ကွက်မှုမရှိပဲ ဆင်းရဲအားလုံးကို ပယ်စွန့်၍ သွားကုန်၏။

ပင့်ကူကောင်သည် ပင့်ကူမျှင်တို့ကို ပြု၍ အလယ်ချက်တွင်နေလျက် အစွန်ဖျားကြသော (ပဋင်္ဂ) နှံကောင် ယင်ကောင်တို့အထံသို့ မြန်စွာသွား၍ ဦးခေါင်းဖောက်ပြီး အရည်ကိုစုတ်၏။ ထို့နောက် မိမိနေရာအလယ်ချက်သို့သာလျှင် ပြန်နေ၏။ ထို့အတူ သတ္တဝါတို့သည် ရာဂဖြင့် တပ်မက်ခြင်း ဒေါသဖြင့် ပြစ်မှားခြင်း မောဟဖြင့် ထေဝေလျက် ကိုယ်တိုင်ပြုသော တဏှာအယဉ်သို့ ကျရောက်ကာ ထိုတဏှာအယဉ်ကို လွန်မြောက်အောင် မစွမ်းနိုင်၊ ထိုတဏှာဟူသော အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့မှုကို အရဟတ္တမဂ်မရမချင်း ခံကြရသည်။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

မက္ကဋကော=မက္ကဋော ဝိယ သာခါယံ အတ္တနော တန္တုမှိ ဂစ္ဆတိတိ မက္ကဋကော။ မက္ကဋ+က။

ခေမာထေရီဝတ္ထုပြီး၏။
---

၂၄-တဏှာဝဂ်။ ၆-ဥဂ္ဂသေနဝတ္ထု

၃၄၈။ မုဉ္စ ပုရေ မုဉ္စ ပစ္ဆတော၊ မဇ္ဈေ မုဉ္စ ဘဝဿ ပါရဂူ။
သဗ္ဗတ္ထ ဝိမုတ္တမာနသော၊ န ပုနံ ဇာတိဇရံ ဥပေဟိသိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘားကျွမ်း အမျိုးသမီးနှင့် ပေါင်းသင်း၍ ကျွမ်းအတတ်ကို ပရိသတ်အား ပြသနေသော ရာဇဂြိုဟ် သဌေးသား ဥဂ္ဂသေနကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ဥဂ္ဂသေနသဌေးသား ရဟန္တာ ဖြစ်ပြီးနောက် ရဟန်းပြုသည်။

အနက်

ပုရေ၊ ရှေးလွန်လေပြီးသောခန္ဓာ၌။ မုဉ္စ၊ တဏှာကိုစွန့်လော့။ ပစ္စတော၊ နောက်ဖြစ်မည့် အနာဂတ်ခန္ဓာ၌။ မုဉ္စ၊ တဏှာကိုစွန့်လော့။ မဇ္ဈေ၊ အလယ်ဖြစ်သော ပစ္စုပ္ပန်ခန္ဓာ၌။ ဝိမုတ္တမာနသော၊ တဏှာမှလွတ်သောစိတ်ရှိလျက်။ ဘဝဿ၊ ဘဝသုံးပါး၏။ ပါရဂူ၊ ကမ်းတဘက်အဆုံးသို့ ရောက်သည်ဖြစ်၍။ ပုန၊ တဖန်။ ဇာတိဇရံ၊ ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်းသို့။ န ဥပေဟိသိ၊ မကပ်ရောက်တော့အံ့။

စကားပြေ

လွန်လေပြီးသော အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာတို့၌ တဏှာကို စွန့်လော့ အလုံးစုံသောခန္ဓာ၌ တဏှာမှလွတ်သောစိတ်ရှိလျက် ဘဝသုံးပါး၏ ကမ်းတဘက်အဆုံးသို့ ရောက်သည် ဖြစ်၍ တဖန် ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်းသို့ မရောက်နိုင်ချေ။

မုဉ္စ ပုရေ—၌ ပုရေ-အရ အတိတ်ခန္ဓာ။
ပစ္စတော—အရ အနာဂတ်ခန္ဓာ။
မဇ္ဈေ—ပစ္စုပ္ပန်ခန္ဓာ။
ဘဝဿ—ကာမ ရူပ အရူပ ဘဝသုံးပါး။
ပါရဂူ—ဘဝသုံးပါးကို ထိုးထွင်းသောဉာဏ်ဖြင့် သိခြင်း ပိုင်းခြား၍သိခြင်း ပယ်ခြင်း ပွားများခြင်း မျက်မှောက်ပြုခြင်း၏ အစွမ်းဖြင့် ကမ်းတဘက်သို့ ရောက်သူ။
သဗ္ဗတ္ထ— ခန္ဓာ အာယတန ဓာတ် စသော အပြားရှိသော အလုံးစုံသော သင်္ခတတရား။

ဝစီပြစ်နှင့် အလှူအကျိုး

ရဟန္တာကို ကချေသည်ဖြစ်လိမ့်မည်ဟု ဇနီးကပြောလိုက်သည်ကို ဟုတ်လိမ့်မည်ဟု ယောက်ျားက လိုက်ပြောခဲ့မှုကြောင့် ဇနီးမောင်နှံ ၂-ယောက်လုံး ကချေသည် ဖြစ်ရသည်၊ ရဟန္တာကိုဆွမ်းလှူခဲ့မှုကြောင့် ရဟန္တာလည်း ဖြစ်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂။၃၄၄-၅)

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဝိမုတ္တမာနသော=ဝိမုတ္တံ မာနသံ ယဿာတိ ဝိမုတ္တမာနသော။ ဝိမုတ္တ+မာနသ+ယ။

ဥဂ္ဂသေနဝတ္ထုပြီး၏။
---

၂၄-တဏှာဝဂ်။ ၇-စူဠဓနုဂ္ဂဟပဏ္ဍိတဝတ္ထု

၃၄၉။ ဝိတက္ကမထိတဿ ဇန္တုနော၊
တိဗ္ဗရာဂဿ သုဘာနုပဿိနော။
ဘိယျော တဏှာ ပဝဍ္ဎတိ၊
ဧသ ခေါ ဒဠှံ ကရောတိ ဗန္ဓနံ။

၃၅၀။ ဝိတက္ကူပသမေ စ ယော ရတော၊
အသုဘံ ဘာဝယတေ သဒါ သတော။
ဧသ ခေါ ဗျန္တိ ကာဟိတိ၊
ဧသ ဆေစ္ဆတိ မာရဗန္ဓနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှေးအခါက စူဠဓနုဂ္ဂဟဖြစ်စဉ် သူခိုးကိုဓားရိုးပေးကမ်းခဲ့သော ဇနီးသည်သည် ယခုအခါ အမျိုးသမီးဖြစ်၍ လှည့်ပတ်သဖြင့် လူထွက်လိုသော ရဟန်းငယ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ရဟန်းငယ်သည် သောတာပန်ဖြစ်သည်။

အနက်

ဝိတက္ကမထိတဿ၊ ကာမဝိတက်စသော ဝိတက်တို့ နှိပ်စက်အပ်သော။ တိဗ္ဗရာဂဿ၊ ထူထပ်သောရာဂရှိသော။ သုဘာနုပဿိနော၊ တင့်တယ်သောအာရုံကို တင့်တယ်၏ဟု အဖန်ဖန် ရှုလေ့ရှိသော။ ဇန္တုနော၊ သတ္တဝါအား။ တဏှာ၊ ဆဒွါရိကတဏှာသည်။ ဘိယျော၊ လွန်စွာ။ ပဝဍ္ဎတိ၊ တိုးပွား၏။ ဧသ ဧသော ဤသူသည်။ ဗန္ဓနံ၊ တဏှာဟူသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ ခိုင်မြဲအောင်။ ကရောတိ၊ ပြု၏။

ယော၊ အကြင်သူသည်။ ဝိတက္ကူပသမေ၊ မိစ္ဆာဝိတက် ငြိမ်းစေခြင်း၌။ ရတော၊ မွေ့လျော်၏။ သတော၊ သတိရှိသည်ဖြစ်၍။ သဒါ၊ အခါခပ်သိမ်း။ အသုဘံ၊ အသုဘအာရုံကို။ ဘာဝယတေ၊ ပွားများ၏။ ဧသ-ဧသော၊ ဤသူသည်။ မာရဗန္ဓနံ၊ မာရ်၏အနှောင်အဖွဲ့ကို။ ဗျန္တိံ၊ ကင်းခြင်းကို။ ကာဟိတိ၊ ပြုလိမ့်မည်။ ဧသ-ဧသော၊ ဤသူသည်။ မာရဗန္ဓနံ၊ မာရ်၏အနှောင်အဖွဲ့ကို။ ဆေစ္ဆတိ၊ ဖြတ်လိမ့်မည်။

စကားပြေ

ကာမဝိတက်စသော ဝိတက်တို့ အနှိပ်စက်ခံရ၍ ထူထပ်သောရာဂရှိလျက် တင့်တယ်သောအာရုံကို တင့်တယ်၏ဟု အဖန်ဖန်ရှုလေ့ရှိသောသူအား ဆဒွါရိက ဟူသော အနှောင်အဖွဲ့သည် တိုးတက်သည့်အပြင် ခိုင်မြဲစေသည်။

မိစ္ဆာဝိတက်ငြိမ်းခြင်း၌ မွေ့လျော်၍ သတိရှိပြီးလျှင် အခါခပ်သိမ်း အသုဘအာရုံကို ပွားများသောသူသည် မာရ်၏အနှောင်အဖွဲ့ကို ကင်းအောင်ပြုပြီး ဖြတ်နိုင်၏။

သုဘာနုပဿိနော—ဣဋ္ဌာရုံ၌ သုဘနိမိတ်ဟု ယူခြင်း၏အစွမ်းဖြင့် ကပ်ငြိသော စိတ်ရှိသည်၏အဖြစ်ကြောင့် တင့်တယ်၏ဟု အဖန်တလဲလဲ ရှုလေ့ရှိသူ။
ဘိယျော တဏှာ ပဝဍ္ဎတိ—၌ တဏှာဟူသည် ခြောက်ဒွါရ၌ ဖြစ်သော တဏှာ။
ဝိတက္ကူပသမေ—မိစ္ဆာဝိတက် စသည်တို့၏ ငြိမ်းခြင်းဟု ဆိုအပ်သော အသုဘ ဆယ်ပါးလျှင် အာရုံရှိသော ပထမဈာန်ကို ရ၏။
မာရဗန္ဓနံ—တေဘူမကဝဋ်။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဝိတက္ကမထိတဿ = ဝိတက္ကေဟိ မထိတော ဝိတက္ကမထိတော။ ဝိတက္က+မထိတ။
တိဗ္ဗရာဂဿ = တိဗ္ဗော ရာဂေါ ယဿာတိ တိဗ္ဗရာဂေါ။ တိဗ္ဗ+ရာဂ+ယ။
ဝိတက္ကူပသမေ = ဝိတက္ကာနံ ဥပသမော ဝိတက္ကူပသမော။ ဝိတက္က+ဥပသမ။
ဗျန္တီ = ဝိဂတော အန္တော ဗျန္တော။ ဝိ+အန္တ။ ဗျန္တော အဿ အတ္ထီတိ ဗျန္တီ။ ဗျန္တ+ဤ။
မာရဗန္ဓနံ = မာရဿ ဗန္ဓနံ မာရဗန္ဓနံ။ မာရ+ဗန္ဓန။

စူဠဓနုဂ္ဂဟပဏ္ဍိတဝတ္ထုပြီး၏။
---

၂၄-တဏှာဝဂ်။ ၈-မာရဝတ္ထု

၃၅၁။ နိဋ္ဌင်္ဂတော အသန္တာသီ၊ ဝီတတဏှော အနင်္ဂဏော၊
အစ္ဆိန္ဒိ ဘဝသလ္လာနိ၊ အန္တိမောယံ သမုဿယော။

၃၅၂။ ဝီတတဏှော အနာဒါနော၊ နိရုတ္တိပဒကောဝိဒေါ။
အက္ခရာနံ သန္နိပါတံ၊ ဇညာ ပုဗ္ဗာပရာနိ စ။
သ ဝေ အန္တိမသာရီရော၊ မဟာပညော မဟာပုရိသောတိ ဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဂန္ဓကုဋီတိုက်မုခ်ဦး၌ လျောင်းနေသော ရာဟုလာသာမဏေကို ဆင်ယောင်ဖန်ဆင်း၍ နှာမောင်းဖြင့် ဦးထိပ်ပေါ်ပစ်ချပြီးလျှင် ထိတ်လန့်အောင် အော်ဟစ်သော မာရ်နတ်သားကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

နိဋ္ဌင်္ဂတော၊ ရဟန်းကိစ္စ ပြီးဆုံးခြင်းဟူသော အရဟတ္တဖိုလ်သို့ ရောက်ပြီးသူသည်။ အသန္တာသီ၊ ထိတ်လန့်ခြင်းမရှိသည်။ ဟောတိ၊ ဖြစ်၏။ ဝီတတဏှော၊ တဏှာကင်းသည်။ ဟောတိ၊ ဖြစ်၏။ အနင်္ဂဏော၊ ကိလေသာကင်းသည်။ ဟောတိ၊ ဖြစ်၏။ ဘဝသလ္လာနိ၊ အလုံးစုံသောဘဝသို့ရောက်ကြောင်း ရာဂစသော ငြောင့်တို့ကို။ အစ္ဆိန္ဒိ၊ ဖြတ်ပြီ။ အယံ သမုဿယော၊ ဤခန္ဓာကိုယ်သည်၊ အန္တိမော၊ အဆုံးစွန်ဖြစ်၏။

ဝီတတဏှော၊ တဏှာကင်းသော။ အနာဒါနော၊ စွဲလမ်းခြင်းမရှိသော။ နိရုတ္တိပဒကောဝိဒေါ၊ နိရုတ္တိပဋိသမ္ဘိဒါစသော ပဋိသမ္ဘိဒါလေးပါး၌ လိမ္မာသော။ အက္ခရာနံ၊ အက္ခရာတို့၏။ သန္နိပါတံ၊ အပေါင်းကိုလည်း။ ဇညာ၊ သိ၏။ ပုဗ္ဗာပရာနိ စ၊ ရှေ့အက္ခရာဖြင့် နောက်အက္ခရာကို နောက်အက္ခရာဖြင့် ရှေ့အက္ခရာဖွဲ့ကို။ ဇညာ၊ သိ၏။ အန္တိမသာရီရော၊ အဆုံးစွန်သော ကိုယ်ခန္ဓာရှိသော။ သော၊ ထိုပုဂ္ဂိုလ်ကို။ ဝေ၊ စင်စစ်။ မဟာပညောတိ ဝါ၊ ကြီးသော ပညာရှိသူဟူ၍လည်းကောင်း။ မဟာပုရိသောတိ ဝါ၊ မြတ်သော ယောက်ျားဟူ၍လည်းကောင်း။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။

စကားပြေ

ရဟန်းကိစ္စပြီးဆုံးခြင်း ဟူသော အရဟတ္တဖိုလ်သို့ ရောက်သူသည် ထိတ်လန့်ခြင်းလည်း မရှိ။ တဏှာစသော ကိလေသာလည်းကင်း၏။ အလုံးစုံသောဘဝသို့ ရောက်ကြောင်း ရာဂစသော ကြောင့်တို့ကို ဖြတ်ပြီးဖြစ်၍ ဤခန္ဓာကိုယ်သည် အဆုံးစွန်ဖြစ်၏။

တဏှာကင်း၍ စွဲလမ်းခြင်းမရှိပဲ ပဋိသမ္ဘိဒါ လေးပါး၌ လိမ္မာပြီးလျှင် အက္ခရာတို့၏ အပေါင်းကိုလည်းကောင်း၊ ရှေ့အက္ခရာဖြင့် နောက်အက္ခရာကို နောက်အက္ခရာဖြင့် ရှေ့အက္ခရာကို သိသည်ဖြစ်၍ အဆုံးစွန် ဖြစ်သော ခန္ဓာကိုယ်ရှိသူသည် စင်စစ် ကြီးမားသော ပညာရှိသူ ယောက်ျားမြတ်ဟူ၍ ခေါ်ဆိုထိုက်၏။

နိဋ္ဌင်္ဂတော—၌ နိဋ္ဌအရ အရဟတ္တဖိုလ်တည်း။
နိဋ္ဌင်္ဂတ—အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်တည်း။
နိရုတ္တိပဒကောဝိဒေါ— နိရုတ္တိ ပဋိသမ္ဘိဒါနှင့် တကွ ပဋိသမ္ဘိဒါ လေးပါးတို့၌ လိမ္မာသောပုဂ္ဂိုလ်။
မဟာပ‌ညော– အစသာရှိ၍ အလယ်အဆုံး မရှိသော်လည်းကောင်း၊ အဆုံးသာရှိ၍ အလယ်အစ မရှိသော်လည်းကောင်း၊ အလယ်သာရှိ၍ အစ အဆုံးမရှိသော်လည်းကောင်း၊ လျောက်ပတ်သော အက္ခရာကို ဖော်စွမ်းနိုင်သောကြောင့်လည်းကောင်း၊ ကြီးမြတ်သောပဋိသမ္ဘိဒါ လေးပါးနှင့် သီလက္ခန္ဓစသည်တို့ကို သိစွမ်းနိုင်သော ပညာနှင့် ပြည့်စုံသောကြောင့်လည်းကောင်း မဟာပညမည်၏။
မဟာပုရိသော— ကိလေသာတို့မှ လွတ်သော စိတ်ရှိသောကြောင့် ယောက်ျားမြတ်မည်၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

နိဋ္ဌင်္ဂတော = နိဋ္ဌိ(အရဟတ္တံ)ဂတော နိဋ္ဌင်္ဂတော။ နိဋ္ဌ+ဂတ။
အသန္တာသီ = သန္တာသော အဿ အတ္ထီတိ သန္တာသီ။ သန္တာသ+ဤ။ န သန္တာသီ အသန္တာသီ။ န+သန္တာသီ။
ဝီတတဏှော = ဝီတာ တဏှာ ယဿာတိ ဝီတတဏှော။ ဝီတ+တဏှာ+ယ။
အနင်္ဂဏော = နတ္ထိ အင်္ဂဏံ ယဿာတိ အနင်္ဂဏော။ န+အင်္ဂဏ+ယ။
ဘဝသလ္လာနိ = ဘဝံ(ဂါမိနီ)သလ္လာနိ ဘဝသလ္လာနိ။ ဘဝ+သလ္လ။
အနာဒါနော = နတ္ထိ အာဒါနံ ယဿာတိ အနာဒါနော။ န+အာဒါန+ယ။
နိရုတ္တိပဒကောဝိဒေါ = နိရုတ္တိ စ ပဒံ စ နိရုတ္တိပဒံ။ နိရုတ္တိ + ပဒ။ နိရုတ္တိပဒေသု ကောဝိဒေါ နိရုတ္တိပဒကောဝိဒေါ။ နိရုတ္တိပဒ+ကောဝိဒ။
အန္တိမသာရီရော = အန္တိမံ သရီရံ အန္တိမသရီရံ။ အန္တိမ+သရီရ။ အန္တိမသရီရံ အဿ အတ္ထီတိ အန္တိမသာရီရော။ အန္တိမသရီရ+ဏ။

၂၄-တဏှာဝဂ်။ ၉-ဥပကာဇီဝကဝတ္ထု

၃၅၃။ သဗ္ဗာဘိဘူ သဗ္ဗဝိဒူဟမသ္မိ၊ သဗ္ဗေသု ဓမ္မေသု အနူပလိတ္တော။
သဗ္ဗဉ္ဇဟော တဏှက္ခယေ ဝိမုတ္တော၊ သယံ အဘိညာယ ကမုဒ္ဒိသေယျံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် မိဂဒါဝုန်တောနှင့် ဗာရာဏသီပြည်အကြား ခရီးလမ်း၌ ဥပကမည်သော တက္ကတွန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဥပကသည် ဘုရားရှင်၏စကားကို နှစ်သက်ခြင်းလည်း မရှိ၊ ဆန့်ကျင်ခြင်းလည်း မပြုပဲ ခေါင်းကိုညိတ်ပြီး လျှာကိုထုတ်ပြီး ထွက်သွား၏။

အနက်

အဟံ၊ ငါသည်။ သဗ္ဗာဘိဘူ၊ အလုံးစုံသော တေဘူမကတရားကို နှိမ်နင်းသည်။ သဗ္ဗဝိဒူ၊ အလုံးစုံသော စတုဘူမက တရားသဘောကို သိသည်။ အသ္မိ၊ ဖြစ်၏။ သဗ္ဗေသု ဓမ္မေသု၊ အလုံးစုံသော တေဘူမက တရားတို့၌။ အနူပလိတ္တော၊ ကပ်ငြိတွယ်တာခြင်း မရှိသည်။ အသ္မိ၊ ဖြစ်၏။ သဗ္ဗဉ္ဇဟော၊ အလုံးစုံသော တေဘူမကတရားတို့ကို စွန့်လျက်။ ဌိတော၊ တည်၏။ တဏှက္ခယေ၊ တဏှာကုန်ခန်းရာ အရဟတ္တဖိုလ်၌။ ဝိမုတ္တော၊ ကိလေသာမှ လွတ်၏။ သယံ၊ ကိုယ်တိုင်။ အဘိညာယ၊ ထူးသော ဉာဏ်ဖြင့် သိ၍။ ကံ၊ အဘယ်သူကို။ ဥဒ္ဒိသေယျံ၊ ဆရာဟူ၍ ညွှန်ပြအံ့နည်း။

စကားပြေ

ငါသည် အလုံးစုံသော တေဘူမကတရားတို့ကို နှိမ်နင်း၍ အလုံးစုံသော စတုဘူမကတရားတို့ကို သိ၏။ အလုံးစုံသော တေဘူမက တရားတို့၌ ကပ်ငြိတွယ်တာခြင်း မရှိ၊ ထိုတရားတို့ကို စွန့်လျက်တည်၏။ တဏှာကုန်ခန်းရာ အရဟတ္တဖိုလ်၌ ကိလေသာမှ လွတ်သည်ဖြစ်၍ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ အဘယ်သူကို ဆရာဟု ညွှန်ပြအံ့နည်း။

သဗ္ဗာဘိဘူ—၌ သဗ္ဗ-အရ တေဘူမကတရား။
သဗ္ဗဝိဒူ—၌ သဗ္ဗ-အရ စတုဘူမကတရား ရ၏။
သဗ္ဗေသု ဓမ္မေသု—၌ သဗ္ဗ-အရ တေဘူမကတရား ရ၏။
သဗ္ဗဉ္ဇဟော—၌ သဗ္ဗ-အရ တေဘူမကတရား ရ၏။
တဏှက္ခယေ—အရ အရဟတ္တဖိုလ် ရ၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

သဗ္ဗာဘိဘူ = သဗ္ဗေ အဘိဘဝတီတိ သဗ္ဗာဘိဘူ။ သဗ္ဗ+အဘိ+ဘူ+ကွိ။
သဗ္ဗဝိဒူ = သဗ္ဗေ ဝိဒတိ ဇာနာတီတိ သဗ္ဗဝိဒူ။ သဗ္ဗ+ဝိဒ်+ရူ။
သဗ္ဗဉ္ဇဟော = သဗ္ဗံ ဇဟတီတိ သဗ္ဗဉ္ဇဟော။ သဗ္ဗ+ဟာ+ဏ။

ဥပကာဇီဝကဝတ္ထုပြီး၏။

၂၄-တဏှာဝဂ်။ ၁၀-သက္ကပဉှဝတ္ထု

၃၅၄။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒါန ရသ ရတိတို့တွင် အဘယ်ကြောင့် တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အမြတ်ဆုံး ဖြစ်သနည်းဟူသော ပြဿနာကို နှစ်ပေါင်းများစွာကြာမြင့်အောင် နတ်အများ အဖြေရှာမတွေ့သောကြောင့် နတ်တို့၏အရှင် သိကြားမင်း၏ ပြဿနာအဖြစ်ဖြင့် သိကြားမင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ တရားရကြသည်။

အနက်

သဗ္ဗဒါနံ၊ အလှူအားလုံးကို။ ဓမ္မဒါနံ၊ တရားအလှူသည်။ ဇိနာတိ၊ အောင်နိုင်၏။ သဗ္ဗရသံ၊ အရသာအားလုံးကို။ ဓမ္မရသော၊ တရားအရသာသည်။ ဇိနာတိ၊ အောင်နိုင်၏။ သဗ္ဗရတိံ၊ မွေ့လျော်ဖွယ်အားလုံးကို။ ဓမ္မရတိ၊ တရား၌ မွေ့လျော်ခြင်းသည်။ ဇိနာတိ၊ အောင်နိုင်၏။ သဗ္ဗဒုက္ခံ၊ အလုံးစုံသောဆင်းရဲကို။ တဏှက္ခယော၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည်။ ဇိနာတိ၊ အောင်နိုင်၏။

စကားပြေ

အလှူအားလုံးကို တရားအလှူသည် အရသာအားလုံးကို တရားအရသာသည် မွေ့လျော်ဖွယ်အားလုံးကို တရား၌မွေ့လျော်ခြင်းသည် အလုံးစုံဆင်းရဲကို တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အောင်နိုင်၏။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

ဆွမ်းအလှူ ဆေးအလှူ ကျောင်းအလှူ သင်္ကန်းအလှူတို့သည် တရားကို နာရ၍သာ ပြုနိုင်ကုန်၏။ တရားမနာရလျှင် ဆွမ်းစသောအလှူတို့ကို မပြုနိုင်။ ထို့ကြောင့် အလုံးစုံသောအလှူတို့ထက် တရားအလှူသည်သာ အမြတ်ဆုံးဟု ဆိုရပါသည်။ (တနည်း) ဘုရား ပစ္စေကဗုဒ္ဓါတို့ကို ချန်ထား၍ တကမ္ဘာလုံး ရွာသော မိုးရေမိုးပေါက်တို့ကို ရေတွက်နိုင်စွမ်းရှိတော်မူသော ပညာနှင့်ပြည့်စုံသော အရှင်သာရိပုတ္တရာ စသည်တို့ပင် မိမိ၏သဘောတရားဖြင့် သောတာပတ္တိဖိုလ်ကို ရခြင်းငှာ မစွမ်းနိုင်ချေ။ အဿဇိထေရ်ဟောသော တရားကြောင့် သောတာပန်ဖြစ်၍ ဘုရားရှင်၏ တရားတော်ကြောင့် သာဝကပါရမီဉာဏ်တော်ကို မျက်မှောက်ပြုရပေသည်။ ထို့ကြောင့် ဓမ္မဒါနတရားအလှူသည်သာ အမြတ်ဆုံးဟု ဆိုရာ၏။

သဗ္ဗရသံ ဓမ္မရသော ဇိနာတိ

အလုံးစုံသော ဂန္ဓရသစသည်တို့သည် နတ်တို့၏ နတ်သုဒ္ဓါအရသာပင် ဖြစ်သော်လည်း သံသရာဝဋ်ဆင်းရဲ၌ ကျစေ၍ ဆင်းရဲဒုက္ခကို ခံစားစံစားရခြင်း၏ အကြောင်းဖြစ်၏။ ဗောဓိပက္ခိယ (၃၇)ပါးတည်းဟူသော တရားအရသာသည်လည်းကောင်း လောကုတ္တရာ (၉)ပါး တည်းဟူသော အရသာသည်လည်းကောင်း သံသရာဝဋ်ဆင်းရဲကိုကျော်လွန်၍ အရဟတ္တဖိုလ်သို့ ရောက်စေနိုင်သောကြောင့် အလုံးစုံသော အရသာတို့တွင် တရားအရသာသည် အမြတ်ဆုံးဖြစ်ပေသည်။

သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ

သားနှင့်မွေ့လျော်ခြင်း သမီးနှင့်မွေ့လျော်ခြင်း မိန်းမနှင့်မွေ့လျော်ခြင်း ယောက်ျားနှင့်မွေ့လျော်ခြင်း အက အဆို အတီးနှင့်ပျော်ခြင်း စသော အပျော်တို့သည် သံသရာဝဋ်ဆင်းရဲ၌ ကျစေနိုင်ပြီး ဆင်းရဲကိုခံစားရခြင်း၏ အကြောင်းဖြစ်ပေသည်။ တရားဟောပုဂ္ဂိုလ် တရားနာသောပုဂ္ဂိုလ် စာချသောပုဂ္ဂိုလ်တို့၏ အတွင်း၌ဖြစ်ပေါ်လာသော ပီတိအဟုန်သည် တက်ကြွခြင်း မျက်ရည်ယိုခြင်း ကြက်သီးမွေးညင်းထခြင်းတို့ကို ဖြစ်စေကာ သံသရာဝဋ်ဆင်းရဲ၏ အဆုံးကိုပြု၍ အရဟတ္တဖိုလ်သို့ ရောက်စေနိုင်သည်။ ထို့ကြောင့် တရားဖြင့် ပျော်မွေ့ခြင်းသည် အမြတ်ဆုံးဖြစ်လေသည်။

တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ—တဏှာကုန်သဖြင့် ဖြစ်ပေါ်လာသော အရဟတ္တဖိုလ်သည် အလုံးစုံသော ဝဋ်ဒုက္ခကို လွှမ်းမိုးနိုင်သောကြောင့် အမြတ်တရားတို့ထက် အမြတ်ဆုံးဟု ဆိုရပေသည်။

သက္ကပဉှဝတ္ထုပြီး၏။
---

၂၄-တဏှာဝဂ်။ ၁၁-အပုတ္တကသေဋ္ဌိဝတ္ထု

၃၅၅။ ဟန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော။
ဘောဂတဏှာယ ဒုမ္မေဓော၊ ဟန္တိ အညေဝ အတ္တနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပစ္စည်းများစွာရှိသော်လည်း မစားရက် မဝတ်ရက်ပဲ သေသောအခါ ပစ္စည်းအားလုံး မင်းဘဏ္ဍာအဖြစ် အသိမ်းခံရသော သားသမီးမရှိသော သူဌေးကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဘောဂါ၊ စည်းစိမ်တို့သည်။ ဒုမ္မေဓံ၊ ပညာမဲ့သူကို။ ဟန္တိ၊ ဖျက်ဆီးကုန်၏။ ပါရဂဝေသိနော၊ နိဗ္ဗာန်တည်းဟူသော တဘက်ကမ်းကို ရှာမှီးသူတို့ကို။ ဘောဂါ၊ စည်းစိမ်တို့သည်။ နော ဟန္တိ၊ မဖျက်ဆီးကုန်။ ဒုမ္မေဓော၊ ပညာမဲ့သူသည်။ ဘောဂတဏှာယ၊ စည်းစိမ်ဥစ္စာ၌ တပ်မက်မောခြင်းဖြင့်။ အညေ၊ သူတပါးတို့ကို။ ဟန္တိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ အတ္တနံ-အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။ ဟန္တိ၊ ဖျက်ဆီး၏။

စကားပြေ

စည်းစိမ်တို့သည် ပညာမဲ့သူကို ဖျက်ဆီးနိုင်သော်လည်း နိဗ္ဗာန်ဟူသော ကမ်းတဘက်ကို ရှာမှီးသူတို့ကို မဖျက်ဆီးနိုင်။ ပညာမဲ့သောသူသည် စည်းစိမ်၌ တပ်မက်မောခြင်းဖြင့် သူတပါးတို့ကို ဖျက်ဆီးသကဲ့သို့ မိမိကိုယ်ကိုလည်း ဖျက်ဆီး၏။

နော စ ပါရဂဝေသိနော—၌ ပါရအရ နိဗ္ဗာန်ရ၏။
ပါရဂဝေသိနော = ပါရံ ဂဝေသတိ သီလေနာတိ ပါရဂဝေသီ။ ပါရ+ဂဝေသီ+ဏီ။

အပုတ္တကသေဋ္ဌိဝတ္ထုပြီး၏။

၂၄-တဏှာဝဂ်။ ၁၂-အင်္ကုရဝတ္ထု

၃၅၆။ တိဏဒေါသာနိ ခေတ္တာနိ၊ ရာဂဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတရာဂေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

၃၅၇။ တိဏဒေါသာနိ ခေတ္တာနိ၊ ဒေါသဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတဒေါသေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

၃၅၈။ တိဏဒေါသာနိ ခေတ္တာနိ၊ မောဟဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတမောဟေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

၃၅၉။ တိဏဒေါသာနိ ခေတ္တာနိ၊ ဣစ္ဆာဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝိဂတိစ္ဆေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် တုသိတာနတ်ပြည်တွင် ပဏ္ဍုကမ္ဗလာကျောက်ဖြာ၌ သီတင်းသုံးနေတော်မူစဉ် သာသနာပကာလတွင် ကြီးကျယ်သော အလှူပေးခဲ့သော်လည်း သာသနာတွင်း၌ အနည်းငယ်မျှသော အလှူကိုပေးသူ၏ တန်ခိုးအာနုဘော်ကို မမီနိုင်သော အင်္ကုရနတ်သားကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ အင်္ကုရနှင့် ဣန္ဒကနတ်သားတို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ခေတ္တာနိ၊ လယ်ယာတို့ကို။ တိဏဒေါသာနိ၊ မြက်ပေါင်းတို့သည် ဖျက်ဆီးကုန်၏။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းတို့ကို။ ရာဂဒေါသာ၊ ရာဂသည် ဖျက်ဆီး၏။ တသ္မာ၊ ထို့ကြောင့်။ ဝီတရာဂေသု၊ ရာဂကင်းသော ပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူခြင်းသည်။ မဟပ္ဖလံ၊ အကျိုးကြီးသည်။ ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်ယာတို့ကို။ တိဏဒေါသာနိ၊ မြက်ပေါင်းပင်တို့သည် ဖျက်ဆီးကုန်၏။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းကို။ ဒေါသဒေါသာ၊ ဒေါသသည် ဖျက်ဆီး၏။ တသ္မာ၊ ထို့ကြောင့်။ ဝီတဒေါသေသု၊ ဒေါသကင်းသော ပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူခြင်းသည်။ မဟပ္ဖလံ၊ အကျိုးကြီးသည်။ ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်ယာတို့ကို။ တိဏဒေါသာနိ၊ မြက်ပေါင်းတို့သည် ဖျက်ဆီးကုန်၏။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းကို။ မောဟဒေါသာ၊ မောဟသည် ဖျက်ဆီး၏။ တသ္မာ၊ ထို့ကြောင့်။ ဝီတမောဟေသု၊ မောဟကင်းသောပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူခြင်းသည်။ မဟပ္ဖလံ၊ အကျိုးကြီးသည်။ ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်ယာတို့ကို။ တိဏဒေါသာနိ၊ မြက်ပေါင်းတို့သည် ဖျက်ဆီးကုန်၏။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းကို။ ဣစ္ဆာဒေါသာ၊ အလိုရမက်သည် ဖျက်ဆီး၏။ တသ္မာ၊ ထို့ကြောင့်။ ဝိဂတိစ္ဆေသု၊ အလိုရမက်ကင်းသောပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူခြင်းသည်။ မဟပ္ဖလံ၊ အကျိုးကြီးသည်။ ဟောတိ၊ ဖြစ်၏။

စကားပြေ

လယ်ယာတို့ကို မြက်ပေါင်းတို့ ဖျက်ဆီးကုန်၏။ သတ္တဝါအပေါင်းကို ရာဂ ဒေါသ မောဟနှင့် အလိုရမက်တို့ ဖျက်ဆီးကုန်၏။ ထို့ကြောင့် ရာဂ ဒေါသ မောဟနှင့် အလိုရမက်ကင်းသော ပုဂ္ဂိုလ်တို့၌ လှူဒါန်းခြင်းသည် အကျိုးကြီး၏။

စပါးစိုက်ပျိုးသောလယ်တို့၌ ပေါင်းပင်မြက်ပင်များ ပေါများလျှင် အသီးများမဖွံ့ဖြိုးနိုင်သကဲ့သို့ သတ္တဝါတို့ကို အတွင်း၌ ဖြစ်သောရာဂစသည် ဖျက်ဆီး၏။ ထိုရာဂစသည်ဖြင့် နှိပ်စက်ခံရသော ပုဂ္ဂိုလ်တို့အား ပေးလှူခြင်းသည် အကျိုးမများ။ အာသဝေါကုန်ခန်းပြီးသော ရဟန်းပုဂ္ဂိုလ်တို့အား လှူဒါန်းခြင်းသည် အကျိုးများ၍ ဖွံ့ဖြိုးကြီးပွားနိုင်သည်၊

ပါဠိစကားလုံး ဖွဲ့စည်းပုံ

တိဏဒေါသာနိ = တိဏေဟိ ဒေါသာနိ တိဏဒေါသာနိ။ တိဏ+ဒေါသ။
မဟပ္ဖလံ = မဟန္တံ ဖလံ ယဿာတိ မဟပ္ဖလံ။ မဟန္တ+ဖလ+ယ။
ဝိဂတိစ္ဆေသု = ဝိဂတာ ဣစ္ဆာ ယဿာတိ ဝိဂတိစ္ဆော။ ဝိဂတိ+ဣစ္ဆာ+ယ။

အင်္ကုရဝတ္ထုပြီး၏။
တဏှာဝဂ်ပြီး၏။

၂၅-ဘိက္ခုဝဂ်။ ၁-ပဉ္စဘိက္ခုဝတ္ထု

၃၆၀။ စက္ခုနာ သံဝရော သာဓု၊ သာဓု သောတေန သံဝရော။
ဃာနေန သံဝရော သာဓု၊ သာဓု ဇိဝှါယ သံဝရော။

၃၆၁။ ကာယေန သံဝရော သာဓု၊ သာဓု ဝါစာယ သံဝရော။
မနသာ သံဝရော သာဓု၊ သာဓု သဗ္ဗတ္ထ သံဝရော။
သဗ္ဗတ္ထ သံဝုတော ဘိက္ခု၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စက္ခုစသော ငါးဒွါရတို့တွင် တခုခုကိုသာ စောင့်ထိန်းပြီးလျှင် မိမိစောင့်ထိန်းသောဒွါရသည်သာ အမြတ်ဆုံးဟု ငြင်းခုံနေကြသော ရဟန်းငါးပါးတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ရဟန်းငါးပါးတို့ သောတာပန်ဖြစ်ကြသည်။

အနက်

စက္ခုနာ၊ စက္ခုဒွါရဖြင့်။ သံဝရော၊ အကုသိုလ်မဖြစ်ရန် စောင့်စည်း ပိတ်ဆို့ခြင်းသည်။ သာဓု၊ ကောင်း၏။ သောတေန၊ သောတဒွါရဖြင့်။ သံဝရော၊ စောင့်စည်းပိတ်ဆို့ခြင်းသည်။ သာဓု၊ ကောင်း၏။ ဃာနေန၊ ဃာနဒွါရဖြင့်။ သံဝရော၊ စောင့်စည်းပိတ်ဆို့ခြင်းသည်။ သာဓု၊ ကောင်း၏။ ဇိဝှါယ၊ ဇိဝှါဒွါရဖြင့်။ သံဝရော၊ စောင့်စည်းပိတ်ဆို့ခြင်းသည်။ သာဓု၊ ကောင်း၏။ ကာယေန၊ ကာယဒွါရဖြင့်။ သံဝရော၊ စောင့်စည်းပိတ်ဆို့ခြင်းသည်။ သာဓု၊ ကောင်း၏။ ဝါစာယ၊ ဝစီဒွါရဖြင့်။ သံဝရော၊ စောင့်စည်းပိတ်ဆို့ခြင်းသည်။ သာဓု၊ ကောင်း၏။ မနသာ၊ မနောဒွါရဖြင့်။ သံဝရော၊ စောင့်စည်းပိတ်ဆို့ခြင်းသည်။ သာဓု၊ ကောင်း၏။ သဗ္ဗတ္ထ၊ အလုံးစုံသောဒွါရတို့၌။ သံဝုတော၊ စောင့်စည်း ပိတ်ဆို့နိုင်သော။ ဘိက္ခု၊ ရဟန်းသည်။ သဗ္ဗဒုက္ခာ၊ ဆင်းရဲအားလုံးမှ။ ပမုစ္စတိ၊ လွတ်မြောက်နိုင်၏။

စကားပြေ

စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟူသော ပသာဒဒွါရနှင့် ဝစီ ကာယ မနောဟူသော စောပနဒွါရ ဤရှစ်ပါးသောဒွါရတို့၌ အကုသိုလ်မဖြစ်ရန် စောင့်စည်းပိတ်ဆို့ခြင်းသည် ကောင်း၏။ ရှစ်ပါးသော သံဝရဒွါရတို့၌ စောင့်စည်းပိတ်ဆို့နိုင်သောရဟန်းသည် ဆင်းရဲအားလုံးမှ လွတ်မြောက်နိုင်သည်။

စက္ခုနာ သံဝရော သာဓု—စက္ခုဒွါရ၌ ဣဋ္ဌာရုံ ထင်လာသော် ရာဂမဖြစ်ရန် အနိဋ္ဌာရုံ ထင်လာသော် ဒေါသမဖြစ်ရန် အာရုံကို အသင့်အားဖြင့် မရှုသော် မောဟမဖြစ်ရန် ထိုဒွါရကို စောင့်ခြင်း ပိတ်ခြင်း လုံခြုံစေခြင်း ကိုဆိုလိုပါသည်။
မှတ်ဖွယ်—စက္ခုဒွါရစသော ဒွါရတို့၌ သံဝရ အသံဝရ မဖြစ်နိုင်၊ ဇောဖြစ်ချိန်၌သာ သံဝရ အသံဝရ ဖြစ်နိုင်သည်။
မစောင့်စည်းသော အကုသိုလ်ဇောဖြစ်လျှင် မယုံကြည်မှု သည်းမခံမှု ပျင်းရိမှု သတိကင်းမှု တွေဝေမှုတရား ငါးပါးဖြစ်ပေါ်သည်။
စောင့်စည်းသော ကုသိုလ်ဇောဖြစ်လျှင် ယုံကြည်မှု သည်းခံမှု လုံ့လရှိမှု သတိနှင့် ဉာဏ်တရား ငါးပါးဖြစ်ပေါ်လာသည်။
ကာယေန သံဝရော— ကာယအရ ပသာဒကာယ, စောပနာကာယဖြစ်သော ကာယဒွါရ ရ၏။ စောပနာဒွါရအရာ၌ ကာယဒွါရသည် စောပနာဒွါရလျှင် အကြောင်းရင်းရှိသော ပါဏာတိပါတ အဒိန္နာဒါန ကာမေသုမိစ္ဆာစာရတို့နှင့် တကွ အကုသိုလ်ဝီထိ၌ ဖြစ်လတ်သော် အသံဝရဖြစ်၍ ကုသိုလ်ဝီထိ၌ ပါဏာတိပါတ စသည်မှ ရှောင်ကြဉ်ခြင်းဖြစ်လတ်သော် သံဝရ ဖြစ်ပေသည်။
ဝါစာယ သံဝရော—ဝစီဒါရသည် စောပနာဝါစာနှင့်တကွ မုသာဝါဒစသည်တို့ ဖြစ်ပေါ်လတ်သော် အသံဝရဖြစ်၍ မုသာဝါဒစသည်မှ ရှောင်ကြဉ်လတ်သော် သံဝရဖြစ်ပေသည်။
မနသာ သံဝရော—မနောဒွါရသည် ဇောစိတ်မှတပါးသောစိတ်နှင့် အဘိဇ္ဈာ စသည်တို့ ဖြစ်ခြင်းမရှိ၊ မနောဒွါရဝယ် ဇောခဏ၌ဖြစ်သော အဘိဇ္ဈာစသည်တို့ဖြင့် အသံဝရဖြစ်၍ အနဘိဇ္ဈာ စသည်တို့ဖြင့် သံဝရဖြစ်ပေသည်။
သာဓု သဗ္ဗတ္ထ သံဝရော– ၌ သဗ္ဗတ္ထ အရ စက္ခု သောတ ဃာန ဇိဝှါ ကာယ မနဟူသော အလုံးစုံသော ဒွါရ ရ၏။

ပဉ္စဘိက္ခုဝတ္ထု ပြီး၏။
---

၂၅-ဘိက္ခုဝဂ်။ ၂-ဟံသဃာတကဘိက္ခုဝတ္ထု

၃၆၂။ ဟတ္ထသံယတော ပါဒသံယတော၊ ဝါစာသံယတော သံယတုတ္တမော။
အဇ္ဈတ္တရတော သမာဟိတော၊ ဧကောသန္တုသိတော တမာဟု ဘိက္ခုံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အစိရ၀တီမြစ်ကမ်းနားတွင် ရေချိုးနေစဉ် ဟင်္သာတကောင်ကို ထိမှန်အောင် ခဲဖြင့်ပစ်နိုင် မပစ်နိုင် ငြင်းခုံပြီး မိမိတို့ခြေရင်း၌ သေပြီးကျအောင်ပစ်သော ဗာရာဏသီပြည်သား ရဟန်းငယ်တပါးကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယော၊ အကြင်သူသည်။ ဟတ္ထသံယတော၊ လက်ကိုစောင့်စည်း၏။ ပါဒသံယတော၊ ခြေကိုစောင့်စည်း၏။ ဝါစာသံယတော၊ နှုတ်ကိုစောင့်စည်း၏။ သံယတုတ္တမော၊ ဦးခေါင်း မျက်ခုံးစသော တကိုယ်လုံးကိုစောင့်စည်း၏။ အဇ္ဈတ္တရတော၊ ကမ္မဋ္ဌာန်းပွားများခြင်း၌ မွေ့လျော်၏။ သမာဟိတော၊ တည်ကြည်သောစိတ်ရှိ၏။ ဧကော၊ တယောက်တည်းနေလေ့ရှိသည်။ ဟုတွာ၊ ဖြစ်၍။ သန္တုသိတော၊ မိမိရသောတရားဖြင့် အလွန်နှစ်သက်သောစိတ်ရှိ၏။ တံ၊ ထိုသူကို။ ဘိက္ခု၊ ရဟန်းဟူ၍။ အာဟု၊ ဆိုကုန်၏။

စကားပြေ

လက်, ခြေ နှုတ်, ဦးခေါင်း, မျက်ခုံးစသော တကိုယ်လုံးကိုစောင့်စည်း၏။ ကမ္မဋ္ဌာန်းပွားများမှု၌ မွေ့လျော်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ တယောက်တည်းနေကာ မိမိရသောတရား၌ အလွန်နှစ်သက်သော စိတ်ရှိသူကို ရဟန်းဟု ဆိုကြကုန်၏။

ဟတ္ထသံယတော—လက်ဖြင့် သူတပါးတို့အား ကစားလို၍ လည်းကောင်း၊ မုန်း၍လည်းကောင်း ရိုက်ခြင်းစသည်ကို မပြုပဲ စောင့်စည်းခြင်းတည်း။
ပါဒသံယတော—ခြေဖြင့် သူတပါးတို့အား ကစားလို၍ လည်းကောင်း၊ မုန်း၍လည်းကောင်း ကန်ခြင်းစသည်ကို မပြုပဲ စောင့်စည်းခြင်းတည်း။
ဝါစာသံယတော—ဝစီဒုစရိုက်လေးပါးကို မပြောမိရန် စောင့်စည်းခြင်းတည်း။
သံယတုတ္တမော—ကိုယ်လှုပ်ခြင်း ဦးခေါင်းလှုပ်ခြင်း မျက်ခုံးချိခြင်း စသည်ကို မပြုပဲ စောင့်စည်းခြင်းတည်း။
အဇ္ဈတ္တရတော—အဇ္ဈတ္တအရ ဂေါစရဇ္ဈတ္တဟု ဆိုအပ်သော ကမ္မဋ္ဌာန်းပွားများခြင်းရ၏။
သန္တုသိတ—အရ ကလျာဏပုထုဇဉ်နှင့်တကွ အရိယာ ၈-ယောက်ရ၏။
သန္တုသိတနှင့် ဧကန္တသန္တုသိတ—ကလျာဏပုထုဇဉ်မှစ၍ သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့သည် မိမိရသောတရားဖြင့် နှစ်သက်နေသောကြောင့် သန္တုသိတမည်၏၊ ရဟန္တာပုဂ္ဂိုလ်သည်ကား ဧကန္တသန္တုသိတမည်၏။
မိုးကောင်းခြင်း– ဘုရင်နှင့် မိဖုရားစသည်တို့ ငါးပါးသီလစောင့်ထိန်းသဖြင့် ကုရုတိုင်း ဣန္ဒပတ္တမြို့၌ မိုးကောင်းသည်။ (ဓမ္မ၊ဋ္ဌ၊၂။၃၆၁။)

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဟတ္ထသံယတော = ဟတ္ထေန သံယတော ဟတ္ထသံယတော။ ဟတ္ထ+သံယတ။
သံယတုတ္တမော = သံယတာနံ ဥတ္တမော သံယတုတ္တမော။ သံယတ+ဥတ္တမ။

ဟံသဃာတကဘိက္ခုဝတ္ထုပြီး၏။

၂၅-ဘိက္ခုဝဂ်။ ၃-ကောကာလိကဝတ္ထု

၃၆၃။ ယော မုခသံယတော ဘိက္ခု၊ မန္တဘာဏီ အနုဒ္ဓတော။
အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊ မဓုရံ တဿ ဘာသိတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဂ္ဂသာဝကနှစ်ပါးတို့ကို ဆဲရေးသောကြောင့် အရှင်လတ်လတ်မြေမျိုပြီး ပဒုမငရဲသို့ကျသော ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

ယော ဘိက္ခု၊ အကြင်ရဟန်းသည်။ မုခသံယတော၊ နှုတ်ကိုစောင့်စည်း၏။ မန္တဘာဏီ၊ ပညာဖြင့်ဆင်ခြင်ပြောဆိုလေ့ရှိ၏။ အနုဒ္ဓတော၊ မပျံ့လွင့်ပဲ ငြိမ်းအေးသောစိတ်ရှိ၏။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကိုလည်းကောင်း။ ဓမ္မဉ္စ၊ ပါဠိကိုလည်းကောင်း။ ဒီပေတိ၊ ဟောပြတတ်၏။ တဿ၊ ထိုရဟန်း၏။ ဘာသိတံ၊ ဟောပြသောစကားသည်။ မဓုရံ၊ သာယာနာပျော်ဖွယ်ရှိ၏။

စကားပြေ

စောင့်စည်းသောနှုတ်ရှိ၍ ပညာဖြင့်ဆင်ခြင်ပြောဆိုလေ့ရှိပြီးလျှင် မပျံ့လွင့်ပဲ ငြိမ်းအေးသောစိတ်ရှိကာ အနက်အဓိပ္ပာယ်ကို လည်းကောင်း ပါဠိကို လည်းကောင်း ဟောပြောတတ်သောရဟန်း၏ ဟောပြောသောစကားသည် သာယာနာပျော်ဖွယ်ရှိ၏။

မုခသံယတော—ကျွန် ဒွန်း စဏ္ဍားစသည်တို့ကိုပင် သင်သည် အမျိုးယုတ်တည်း၊ သီလမရှိဟုမပြောပဲ နှုတ်ကိုစောင့်စည်း၏။
မန္တဘာဏီ—၌ မန္တအရ ပညာရ၏။ မန္တဘာဏီ-အရ ပညာဖြင့်နှိုင်းချိန်၍ ပြောလေ့ရှိသူ။
အနုဒ္ဓတော— ငြိမ်းအေးသောစိတ်ရှိသူ။
အတ္ထံ ဓမ္မဉ္စ ဒီပေတိ— အတ္ထဟူသည် ဘာသိတတ္ထ ဆိုလိုရင်းအနက်အဓိပ္ပာယ်တည်း။
ဓမ္မ—အရ ဒေသနာဓမ္မဟူသော ဘုရားဟောတော်မူရင်း ပါဠိတော်တည်း၊
မဓုရဘာသိတ— ဘုရားဟောတော်မူသော ပါဠိတော်မူမှန်နှင့် ဆိုလိုရင်း အဓိပ္ပာယ်မှန်ကန်လျှင် မဓုရဘာသိတဖြစ်သည်။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

မန္တဘာဏီ = မန္တာယ ဘဏတိ သီလေနာတိ မန္တဘာဏီ။ မန္တာ+ဘဏ်+ဏီ။

ကောကာလိကဝတ္ထုပြီး၏။

၂၅-ဘိက္ခုဝဂ်။ ၄-ဓမ္မာရာမဝတ္ထု

၃၆၄။ ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တယံ။
ဓမ္မံ အနုဿရံ ဘိက္ခု၊ သဒ္ဓမ္မာ န ပရိဟာယတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နောင်လေးလလွန်လျှင် ဘုရားရှင်ပရိနိဗ္ဗာန်စံတော့အံ့ ဟူသောစကားကိုကြားသော် အချို့သောရဟန်းများက ဘုရားရှင်ကို ခြံရံလျက် လှည့်လည်ကြ၍ အချို့သောရဟန်းများက ငိုပြီး အချို့သောရဟန်းများက တရားသံဝေဂယူကြသော်လည်း ဘယ်ရဟန်းကိုမျှမကပ်ပဲ တရားကိုသာ ဆင်ခြင်နှလုံးသွင်းနေသော ဓမ္မာရာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ဓမ္မာရာမထေရ် ရဟန္တာဖြစ်သည်။

အနက်

ဓမ္မာရာမော၊ သမထဝိပဿနာတရားလျှင် မွေ့လျော်ရာရှိသော။ ဓမ္မရတော၊ သမထဝိပဿနာတရား၌ မွေ့လျော်တတ်သော။ ဓမ္မံ၊ တရားကို။ အနုဝိစိန္တယံ-အနုဝိစိန္တယန္တော၊ အဖန်ဖန်ကြံစည်သော။ ဓမ္မံ၊ တရားကို။ အနုဿရံ-အနုဿရန္တော၊ အောက်မေ့တတ်သော။ ဘိက္ခု၊ ရဟန်းသည်။ သဒ္ဓမ္မာ၊ ဗောဓိပက္ခိယတရား ၃၇-ပါးမှ။ န ပရိဟာယတိ၊ မဆုတ်ယုတ်။

စကားပြေ

သမထဝိပဿနာတရားကို အာရုံပြုသောအားဖြင့်မွေ့လျော်၍ အဖန်ဖန်ကြံစည်ကာ အောက်မေ့နေသောရဟန်းသည် သူတော်ကောင်းတရား ဗောဓိပက္ခိယမှ မဆုတ်ယုတ်နိုင်။

ဓမ္မာရာမော, ဓမ္မရတော, ဓမ္မံ အနုဝိစိန္တယံ, ဓမ္မံ အနုဿရံ ဘိက္ခု—-၌ ဓမ္မ-အရ သမထဝိပဿနာတရားရ၏။
သဒ္ဓမ္မာ န ပရိဟာယတိ—၌ သဒ္ဓမ္မာအရ ဗောဓိပက္ခိယတရား ၃၇-ပါးနှင့် လောကုတ္တရာတရား ၉-ပါးရ၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဓမ္မာရာမော = ဓမ္မော အာရာမော ယဿာတိ ဓမ္မာရာမော။ ဓမ္မ+အာရာမ+ယ။
ဓမ္မရတော = ဓမ္မေ ရတော ဓမ္မရတော။ ဓမ္မ+ရတ။
အနုဝိစိန္တယံ = အနု+ဝိ+စိန္တ+ဏယ+အန္တ။

ဓမ္မာရာမတ္ထေရဝတ္ထု ပြီး၏။
---

၂၅-ဘိက္ခုဝဂ်။ ၅-ဝိပက္ခသေဝကဘိက္ခုဝတ္ထု

၃၆၅။ သလာဘံ နာတိမညေယျ၊ နာညေသံ ပိဟယံ စရေ။
အညေသံ ပိဟယံ ဘိက္ခု၊ သမာဓိံ နာဓိဂစ္ဆတိ။

၃၆၆။ အပ္ပလာဘောပိ စေ ဘိက္ခု၊ သလာဘံ နာတိမညတိ။
တံ ဝေ ဒေဝါ ပသံသန္တိ၊ သုဒ္ဓါဇီဝိံ အတန္ဒိတံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ဂိုဏ်းဝင် ရဟန်းနှင့် ပေါင်းသင်းပြီးလျှင် ၎င်းတို့၏ လာဘ်ကို သုံးဆောင်နေသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သလာဘံ၊ မိမိရမည့်လာဘ်လာဘကို။ နာတိမညေယျ၊ မတရားရှာမှီးသော လာဘ်ကဲ့သို့ စက်ဆုပ်ဖွယ်မဖြစ်စေရာ။ အညေသံ၊ သူတပါးတို့၏။ လာဘံ၊ လာဘ်ကို။ ပိဟယံ-ပိဟယန္တော၊ နှစ်သက်တောင့်တလျက်။ န စရေ၊ မကျင့်ရာ။ အညေသံ၊ သူတပါးတို့၏။ လာဘံ၊ လာဘ်ကို။ ပိဟယံ-ပိဟယန္တော၊ နှစ်သက်တောင့်တသော။ ဘိက္ခု၊ ရဟန်းသည်။ သမာဓိံ၊ ဥပစာရသမာဓိ အပ္ပနာသမာဓိကို။ နာဓိဂစ္ဆတိ၊ မရနိုင်။

ဘိက္ခု၊ ရဟန်းသည်။ အပ္ပလာဘောပိ၊ လာဘ်လာဘနည်းသော်လည်း။ သလာဘံ၊ မိမိရမည့်လာဘ်လာဘကို။ စေ နာတိမညတိ၊ မတရားရှာမှီးသော လာဘ်ကဲ့သို့ စက်ဆုပ်ဖွယ် မဖြစ်စေငြားအံ့။ သုဒ္ဓါဇီဝိံ၊ အသက်မွေးမှုစင်ကြယ်သော။ အတန္ဒိတံ၊ မပျင်းရိ လုံ့လရှိသော။ တံ၊ ထိုရဟန်းကို။ ဒေဝါ၊ နတ်တို့သည်။ ဝေ၊ စစ်စစ်။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။

စကားပြေ

မိမိရမည့်လာဘ်လာဘကို မတရားရှာမှီးသော လာဘ်ကဲ့သို့ စက်ဆုပ်ဖွယ်လည်း မဖြစ်စေရာ၊ သူတပါးလာဘ်ကို မနှစ်သက် မတောင့်တရာ။ သူတပါးလာဘ်လာဘကို နှစ်သက်တောင့်တသူသည် ဥပစာရသမာဓိ အပ္ပနာသမာဓိကို မရနိုင်။

မတရားရှာမှီးသော လာဘ်သည် စက်ဆုပ်ဖွယ်ဖြစ်သကဲ့သို့ မိမိ၏ လာဘ်လာဘသည် နည်းသော်လည်း စက်ဆုပ်ဖွယ်မဖြစ်စေရာ၊ အသက်မွေးစင်ကြယ်၍ မပျင်းရိ လုံ့လရှိသောရဟန်းကို နတ်တို့သည် ဧကန်ချီးမွမ်းကုန်၏။

သလာဘံ နာတိမညေယျ—အိမ်စဉ်အတိုင်း ဆွမ်းခံခြင်းကို မပြုပဲ ဆေးကုခြင်းစသော ၂၁-ပါးသော အနေသနဖြင့် အသက်မွေးသောသူ၏ လာဘ်လာဘသည် စက်ဆုပ်အပ်သည်မည်၏။ ထိုစက်ဆုပ်ဖွယ် အသက်မွေးမှုကို မပြုပဲ အိမ်စဉ်အတိုင်းဆွမ်းခံ၍ မိမိ ရရသမျှလာဘ်လာဘကို မစက်ဆုပ်ရာ။
သမာဓိံ နာဓိဂစ္ဆတိ—သူတပါးတို့၏ လာဘ်လာဘကို တောင့်တသောပုဂ္ဂိုလ် သူတပါး၏ လာဘ်ကိုလည်းကောင်း သူတပါးလာဘ်နှင့် တူသော လာဘ်ကိုလည်းကောင်း ရမှု၌ ကြောင့်ကြစိုက်နေလျှင် ဥပစာရသမာဓိ အပ္ပနာသမာဓိကို မရနိုင်။
သလာဘံ နာတိမညတိ—ဆင်းရဲချမ်းသာမရွေး အိမ်စဉ်အတိုင်း ဆွမ်းခံသော ရဟန်းသည် လာဘ်နည်းသော်လည်း မိမိလာဘ်ကို မစက်ဆုပ်၊ ထိုရဟန်းကို မပျင်းရိ စင်ကြယ်သော အသက်မွေးဝမ်းကျောင်းမှု ရှိ၏ဟု နတ်များချီးမွမ်းကုန်၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

သလာဘံ = သဿ အတ္တနော လာဘော သလာဘော။ သ+လာဘ။
အပ္ပလာဘော = အပ္ပေါ လာဘော ဧတဿာတိ အပ္ပလာဘော။

ဝိပက္ခသေဝကဘိက္ခုဝတ္ထု ပြီး၏။

၂၅-ဘိက္ခုဝဂ်။ ၆-ပဉ္စဂ္ဂဒါယကဗြာဟ္မဏဝတ္ထု

၃၆၇။ သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ။
အသတာ စ န သောစတိ၊ သ ဝေ ဘိက္ခူတိ ဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လယ်ဦး တလင်းဦး စသောအဦးငါးမျိုးကို လှူလေ့ရှိသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ပုဏ္ဏား ဇနီးမောင်နှံနှစ်ယောက် အနာဂါမ်ဖြစ်ကြသည်။

အနက်

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ သဗ္ဗသော၊ အလုံးစုံသော။ နာမရူပသ္မိံ၊ နာမ်တရား ရုပ်တရား၌။ မမာယိတံ၊ ငါ, ငါ၏ ဥစ္စာဟုစွဲလမ်းမှုသည်။ နတ္ထိ၊ မရှိ။ အသတာ စ၊ နာမ်ရုပ်ပျက်စီးခြင်းသို့ ရောက်သဖြင့်။ န သောစတိ၊ မစိုးရိမ်။ သ သော၊ ထိုပုဂ္ဂိုလ်ကို။ ဝေ၊ စင်စစ်။ ဘိက္ခူတိ၊ ရဟန်းစစ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

စကားပြေ

အလုံးစုံသောနာမ်တရား ရုပ်တရား၌ ငါ ငါ၏ဥစ္စာဟု စွဲလမ်းမှုမရှိသဖြင့် နာမ်ရုပ်ပျက်သော်လည်း စိုးရိမ်မှုမရှိသူကို ရဟန်းစစ်ဟု ဆိုထိုက်၏။

အဦးငါးပါး

(၁) ခေတ္တဂ္ဂ-လယ်၌ ကောက်ဦး အလှူ၊
(၂) ခလဂ္ဂ-ကောက်နယ်တလင်းဦး အလှူ၊
(၃) ခလဘဏ္ဍဂ္ဂ-တလင်း၌ ကောက်စပါးဦးအလှူ၊
(၄) ကုမ္ဘဂ္ဂ-ထမင်းအိုးဦး အလှူ၊
(၅) ပါတဂ္ဂ-ထမင်းခူးဦး အလှူ။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

မမာယိတံ = မမာယတီတိ မမာယိတံ။ မမ+အာယ+တ။

ပဉ္စဂ္ဂဒါယကဗြာဟ္မဏဝတ္ထု ပြီး၏။

၂၅-ဘိက္ခုဝဂ်။ ၇-သမ္ဗဟုလဘိက္ခုဝတ္ထု

၃၆၈။ မေတ္တာဝိဟာရီ ယော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တိံ၊ သင်္ခါရူပသမံ သုခံ။

၃၆၉။ သိဉ္စ ဘိက္ခု၊ ဣမံ နာဝံ၊ သိတ္တာ တေ လဟုမေဿတိ။
ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊ တတော နိဗ္ဗာနမေဟိသိ။

၃၇၀။ ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ၊ ပဉ္စ စုတ္တရိ ဘာဝယေ။
ပဉ္စ သင်္ဂါတိဂေါ ဘိက္ခု၊ ဩဃတိဏ္ဏောတိ ဝုစ္စတိ။

၃၇၁။ ဈာယ ဘိက္ခု၊ မာ ပမာဒေါ၊ မာ တေ ကာမဂုဏေ ရမေ စိတ္တံ။
မာ လောဟဂုဠံ ဂိလီ ပမတ္တော၊ မာ ကန္ဒီ ဒုက္ခမိဒန္တိ ဒယှမာနော။

၃၇၂။ နတ္ထိ ဈာနံ အပညဿ၊ ပညာ နတ္ထိ အဈာယတော။
ယမှိ ဈာနဉ္စ ပညာ စ၊ သ ဝေ နိဗ္ဗာနသန္တိကေ။

၃၇၃။ သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
အမာနုသီ ရတီ ဟောတိ၊ သမ္မာ ဓမ္မံ ဝိပဿတော။

၃၇၄။ ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။
လဘတိ ပီတိပါမောဇ္ဇံ၊ အမတံ တံ ဝိဇာနတံ။

၃၇၅။ တတြာယမာဒိ ဘဝတိ၊ ဣဓ ပညဿ ဘိက္ခုနော။
ဣန္ဒြိယဂုတ္တိ သန္တုဋ္ဌိ၊ ပါတိမောက္ခေ စ သံဝရော။

၃၇၆။ မိတ္တေ ဘဇဿု ကလျာဏေ၊ သုဒ္ဓါဇီဝေ အတန္ဒိတေ။
ပဋိသန္ထာရဝုတျဿ၊ အာစာရကုသလော သိယာ။
တတော ပါမောဇ္ဇဗဟုလော၊ ဒုက္ခဿန္တံ ကရိဿတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောဋိကဏ္ဏရွာသား သောဏမည်သော ဥပါသကာသည် အရှင်မဟာကစ္စည်းကို ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုပြီးလျှင် တရားဟောပုဂ္ဂိုလ်ဖြစ်သောအခါ မိခင်ကြီးကို အဦးထား၍ တရားဟောစဉ် မိခင်အိမ်ကို ဖောက်ထွင်းကြသော ခိုးသားကိုးရာမှ ဖြစ်လာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ရဟန်းကိုးရာတို့ ရဟန္တာဖြစ်ကြသည်။

အနက်

မေတ္တာဝိဟာရီ၊ မေတ္တာတရားကို ပွားများလေ့ရှိသော။ ဗုဒ္ဓသာသနေ၊ ဘုရားသာသနာတော်၌။ ပသန္နော၊ ကြည်ညိုသော။ ယော ဘိက္ခု၊ အကြင်ရဟန်းသည်။ သင်္ခါရူပသမံ၊ သင်္ခါရတို့၏ ငြိမ်းရာဖြစ်သော။ သုခံ၊ အလွန်ချမ်းသာသော။ သန္တိံ၊ ငြိမ်သက်သော။ ပဒံ၊ နိဗ္ဗာန်ကို။ အဓိဂစ္ဆေ၊ ရနိုင်၏။

ဘိက္ခု၊ ရဟန်း။ ဣမံ နာဝံ၊ ဤခန္ဓာကိုယ်တည်းဟူသော လှေမှဖြစ်ပေါ်သော မိစ္ဆာဝိတက်ဟူသောရေကို။ သိဉ္စ၊ ပယ်ထုတ်လော့။ သိတ္တာ၊ လှေပေါက်ကိုပိတ်၍ ရေကိုထုတ်ခြင်းကြောင့်။ တေ၊ သင်၏။ နာဝါ၊ ခန္ဓာကိုယ်အတ္တဘောတည်းဟူသော လှေသည်။ လဟုံ၊ လျင်စွာ။ ဧဿတိ၊ သွားနိုင်လတ္တံ့။ ရာဂံ၊ ရာဂကိုလည်းကောင်း။ ဒေါသံ၊ ဒေါသကိုလည်းကောင်း။ ဆေတွာ၊ ဖြတ်၍။ တတော၊ ထိုနောင်မှ။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဧဟိသိ၊ ရောက်လိမ့်မည်။

ပဉ္စ၊ အောက်ပိုင်းသံယောဇဉ် ငါးပါးတို့ကို။ ဆိန္ဒေ၊ ဖြတ်ရာ၏။ ပဉ္စ၊ အထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို။ ဇဟေ၊ စွန့်ပယ်ရာ၏။ ပဉ္စ၊ သဒ္ဓါစသော ဣန္ဒြေငါးပါးတို့ကို။ ဥတ္တရိ၊ အလွန်။ ဘာဝယေ၊ ပွားများရာ၏။ ပဉ္စသင်္ဂါတိဂေါ၊ ရာဂစသော ငြိတွယ်ခြင်းငါးပါးမှ လွန်မြောက်သော။ ဘိက္ခု၊ ရဟန်းကို။ ဩဃတိဏ္ဏောတိ၊ သံသရာဩဃကို ကူးမြောက်ပြီးသူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဘိက္ခု၊ ရဟန်း။ တွံ၊ သင်သည်။ ဈာယ၊ နှစ်ပါးသောဈာန်၏ အစွမ်းဖြင့် ရှုလော့။ မာ ပမာဒေါ၊ ကာယကံစသောအမှု၌ မမေ့မလျော့လင့်။ ကာမဂုဏေ၊ ကာမဂုဏ် ငါးပါး၌။ တေ၊ သင်၏။ စိတ္တံ၊ စိတ်ကို။ မာ ရမေ၊ မမွေ့လျော်စေလင့်။ ပမတ္တော၊ သတိလွှတ်ကင်း၍။ လောဟဂုဠံ၊ သံတွေခဲကို။ မာ ဂိလိ၊ မမျိုလင့်။ ဒယှမာနော၊ ငရဲ၌အလောင်ခံရသည်ရှိသော်။ ဣဒံ၊ ဤ အလောင်ခံရခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲဟူ၍။ မာ ကန္ဒီ၊ မငိုလင့်။

အပညဿ၊ ပညာမရှိသူအား။ ဈာနံ၊ သမာဓိဈာန်သည်။ နတ္ထိ၊ မရှိ။ အဈာယတော၊ သမာဓိဈာန်မရှိသူအား။ ပညာ၊ ဝိပဿနာပညာသည်။ နတ္ထိ၊ မရှိ။ ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ ဈာနဉ္စ၊ သမာဓိဈာန်သည်လည်းကောင်း။ ပညာ စ၊ ဝိပဿနာပညာသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ နိဗ္ဗာနသန္တိကေ၊ နိဗ္ဗာန်၏ အနီး၌ တည်တော့၏။

သုညာဂါရံ၊ ဆိတ်ငြိမ်ရာအရပ်သို့။ ပဝိဋ္ဌဿ၊ ဝင်ရောက်၍။ သမ္မာ၊ ကောင်းစွာ။ ဓမ္မံ၊ တရားကို။ ဝိပဿတော၊ ရှုမှတ်သော။ သန္တစိတ္တဿ၊ ငြိမ်သက်သောစိတ်ရှိသော။ ဘိက္ခုနော၊ ရဟန်းအား။ အမာနုသီ ရတီ၊ သာမညလူတို့နှင့် မထိုက်သော ဝိပဿနာဈာန်သည်လည်းကောင်း သမာပတ်ရှစ်ပါး၌ မွေ့လျော်ခြင်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။

ခန္ဓာနံ၊ ခန္ဓာငါးပါးတို့၏။ ဥဒယဗ္ဗယံ၊ အဖြစ်အပျက်ကို။ ယတော ယတော၊ အကြင်အကြင် နှစ်သက်ရာအချိန် နှစ်သက်ရာကမ္မဋ္ဌာန်းဟူသော အချင်းအရာအားဖြင့်။ သမ္မသတိ၊ သုံးသပ်ဆင်ခြင်၏။ တတော တတော၊ ထိုထိုအချင်းအရာအားဖြင့်။ ပီတိပါမောဇ္ဇံ၊ နှစ်သက်မှု ဝမ်းမြောက်မှုကို။ လဘတိ၊ ရ၏။ တံ၊ ထိုနှစ်သက်မှု ဝမ်းမြောက်မှုသည်။ ဝိဇာနတံ၊ ပညာရှိတို့၏။ အမတံ၊ နိဗ္ဗာန်ရောက်ကြောင်းတည်း။

ဣဓ၊ ဤသာသနာတော်၌။ ယာ ဣန္ဒြိယဂုတ္တိ စ၊ အကြင်ဣန္ဒြေကို စောင့်ထိန်းမှုသည်လည်းကောင်း။ ယာ သန္တုဋ္ဌိ စ၊ အကြင်အာဇီဝနှင့် ပစ္စယသန္နိဿိတနှစ်ပါး၌ ရောင့်ရဲမှုသည်လည်းကောင်း။ ပါတိမောက္ခေ၊ ပါတိမောက္ခသံဝရသီလ၌။ ယော သံဝရော စ၊ အကြင်စောင့်စည်းမှုသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤစတုပါရိသုဒ္ဓိသီလသည်။ ပညဿ၊ ပညာရှိသော။ ဘိက္ခုနော၊ ရဟန်းအား။ တတြ၊ ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်၌။ အာဒိ၊ အဦးအစသည်။ ဘဝတိ၊ ဖြစ်၏။

သုဒ္ဓါဇီဝေ၊ စင်ကြယ်သော အသက်မွေးခြင်း ရှိကုန်သော။ အတန္ဒိတေ၊ မပျင်းရိကုန်သော။ ကလျာဏေ၊ ကောင်းကုန်သော။ မိတ္တေ၊ မိတ်ဆွေတို့ကို။ ဘဇဿု၊ ဆည်းကပ်လော့။ ပဋိသန္ထာရဝုတ္တဿ၊ အာမိသနှင့် ဓမ္မပဋိသန္ထာရတို့ကို ပြုလုပ်တတ်သော။ အဿ၊ ဖြစ်ရာ၏။ အာစာရကုသလော၊ ကျင့်ဝတ်သီလတို့၌ လိမ္မာသည်။ သိယာ၊ ဖြစ်ရာ၏။ တတော၊ ထိုဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့်။ ပါမောဇ္ဇဗဟုလော၊ ဝမ်းမြောက်မှုများသည်ဖြစ်၍။ ဒုက္ခဿ၊ ဆင်းရဲ၏။ အန္တံ၊ အဆုံးကို။ ကရိဿတိ၊ ပြုလိမ့်မည်။

စကားပြေ

မေတ္တာတရားကိုပွားများလေ့ရှိသည်ဖြစ်၍ ဘုရားရှင်သာသနာတော်ကို ကြည်ညိုသောသူသည် သင်္ခါရတို့၏ငြိမ်းရာ ငြိမ်သက်ချမ်းသာသော နိဗ္ဗာန်ကို ရနိုင်၏။

အို ရဟန်း မိစ္ဆာဝိတက်တည်းဟူသော ရေပြည့်နေသော အတ္တဘောတည်းဟူသော လှေမှ ရေကိုပယ်ထုတ်ပြီးလျှင် စက္ခုဒွါရစသော လှေပေါက်ကို ပိတ်ပါက လှေသည် လျင်စွာသွားမည်။ ရာဂ ဒေါသကို ပယ်ဖြတ်လျှင် နိဗ္ဗာန်သို့ ရောက်နိုင်သည်။

အောက်ပိုင်းသံယောဇဉ်ငါးပါး အထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို စွန့်၍ သဒ္ဓါစသော ဣန္ဒြေငါးပါးကို အလွန်ပွားပြီးလျှင် လောဘစသော ငြိတွယ်ရာငါးပါးတို့ကို လွန်မြောက်သော ရဟန်းကို သံသရာဩဃမှ ကူးမြောက်ပြီးသူဟု ဆိုထိုက်၏။

အိုရဟန်း ဈာန်နှစ်ပါးအစွမ်းဖြင့် ရှုလော့၊ ကာယကံ စသော အမှုတို့၌ မမေ့မလျော့လင့်၊ ကာမဂုဏ်၌ သင်၏စိတ်ကို မမွေ့လျော်စေလင့်၊ မေ့လျော့သည်ဖြစ်၍ သံတွေခဲကို မမျိုလင့်၊ ငရဲ၌ လောင်သည်ရှိသော် ဤအလောင်ခံရခြင်းသည် ဆင်းရဲစုဟူ၍ မငိုနှင့်။

ပညာမရှိသူအား သမာဓိဈာန်မရှိနိုင်။ သမာဓိဈာန် မရှိသူအား ဝိပဿနာပညာမရှိနိုင်။ သမာဓိဈာန်နှင့် ဝိပဿနာပညာရှိသူသည် နိဗ္ဗာန်၏အနီး၌ တည်၏။

ဆိတ်ငြိမ်ရာအရပ်သို့ ဝင်ရောက်ပြီးလျှင် ကောင်းစွာတရားကို ရှုမှတ်၍ ငြိမ်သက်သောစိတ်ရှိသူအား သာမညလူတို့နှင့် မတန်သော ဝိပဿနာဈာန် သမာပတ်ရှစ်ပါးတရား၌ မွေ့လျော်ရ၏။

ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို နှစ်သက်ရာအချိန်၌ နှစ်သက်ရာကမ္မဋ္ဌာန်းကို သုံးသပ်ဆင်ခြင်သည်ရှိသော် နှစ်သက်မှု ဝမ်းမြောက်မှုကိုရ၏။ ထိုနှစ်သက် ဝမ်းမြောက်မှုသည် နိဗ္ဗာန်ရောက်ကြောင်း ဖြစ်၏။

ဤသာသနာတော်၌ ဣန္ဒြေကို စောင့်ထိန်းမှု အာဇီဝနှင့် ပစ္စယ၌ ရောင့်ရဲမှု ပါတိမောက္ခသံဝရသီလ၌ စောင့်စည်းမှု ဟူသော စတုပါရိသုဒ္ဓိသီလသည် ပညာရှိရဟန်း၏ နိဗ္ဗာန်ရောက်ကြောင်း အကျင့်၌ အဦးအစဖြစ်၏။

အသက်မွေးမှုစင်ကြယ်၍ မပျင်းရိသော မိတ်ဆွေကောင်းတို့ကို ဆည်းကပ်လော့၊ အာမိသပဋိသန္ထာရကို ပြုလော့၊ ကျင့်ဝတ်နှင့် သီလ၌ လိမ္မာတော့၊ ဆိုခဲ့ပြီးအကြောင်းတို့ကြောင့် ဝမ်းမြောက်မှု ရှိသည်ဖြစ်၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့။

မေတ္တာဝိဟာရီ— မေတ္တာကမ္မဋ္ဌာန်းကို အားထုတ်သူသည်လည်းကောင်း၊ မေတ္တာ၏အစွမ်းဖြင့် တိက စတုက္ကဈာန်ကို ဖြစ်စေသောသူသည်လည်းကောင်း မေတ္တာဝိဟာရီမည်၏။
ပဒံ သန္တံ—နိဗ္ဗာန်၏ အမည်ဖြစ်သည်။
သိတ္တာ တေ လဟုမေဿတိ—မဟာသမုဒ္ဒရာ၌ ရေပြည့်သောလှေသည် အပေါက်များဖာခြင်း ရေပက်ခြင်းဖြင့် ပေါ့ပါးစွာ သမုဒ္ဒရာ၌ မနစ်မြုပ်ပဲ လျင်စွာဆိပ်ကမ်းသို့ ရောက်သကဲ့သို့ မိစ္ဆာဝိတက်တည်းဟူသော ရေဖြင့်ပြည့်သော အတ္တဘောတည်း ဟူသော လှေကို စက္ခုဒွါရစသော အပေါက်များကို ပိတ်ဆို့၍ မိစ္ဆာဝိတက်ရေကို သွန်ပြီးလျှင် ပေါ့ပါးစွာ သံသရာဝဋ်ဆင်းရဲ၌ မနစ်ပဲလျင်မြန်စွာ နိဗ္ဗာန်သို့ရောက်မည်။
တတော နိဗ္ဗာန မေဟိသိ—၌ နိဗ္ဗာန အရ အနုပါဒိသေသ နိဗ္ဗာန်ရ၏။
ပဉ္စ ဆိန္ဒေ—၌ ပဉ္စ အရ အပါယ်သို့ ရောက်စေနိုင်သော ဩရမ္ဘာဂိယသံယောဇဉ်ငါးပါးရ၏။
ပဉ္စ ဇဟေ—၌ ပဉ္စအရ အထက်နတ်ပြည်သို့ ရောက်စေနိုင်သော ဥဒ္ဓမ္ဘာဂိယသံယောဇဉ်ငါးပါး ရ၏။
ပဉ္စ ဥတ္တရိ—၌ ပဉ္စအရ သဒ္ဓါစသော ဣန္ဒြေငါးပါးရ၏။
ပဉ္စ သင်္ဂါတိဂေါ—၌ ပဉ္စအရ ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိဟူသော တရားငါးပါးရ၏။
မိတ္တေ ဘဇဿု ကလျာဏေ—၌ မိတ္တအရ ခြေသလုံးအားကိုး၍ မပျင်းမရိ စင်ကြယ်သော အသက်မွေးဝမ်းကျောင်းရှိသော မိတ်ဆွေကောင်းရ၏။
ပဋိသန္ထာရဝုတ္တဿ—၌ အာမိသပဋိသန္ထာရ, ဓမ္မပဋိသန္ထာရ နှစ်ပါးရ၏။
အာစာရကုသလော—၌ အာစာရ အရ သီလတည်းဟူသော အာစာရဝတ် အကျင့်ဟူသော အာစာရနှစ်ပါး ရ၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

မေတ္တာဝိဟာရီ = မေတ္တာယ ဝိဟရတိ သီလေနာတိ မေတ္တာဝိဟာရီ။ မေတ္တာ+ဝိ+ဟရ+ဏီ။
ပဉ္စသင်္ဂါတိဂေါ = ပဉ္စသင်္ဂေ အတိဂစ္ဆတိတိ ပဉ္စသင်္ဂါတိဂေါ။ ပဉ္စ+အတိ+ဂမု+ကွိ။
ဩဃတိဏ္ဏော = ဩဃေ တိဏ္ဏော ဩဃတိဏ္ဏော။ ဩဃ+တိဏ္ဏ။
လောဟဂုဠ = လောဟေန နိဗ္ဗတ္တော ဂုဠော လောဟဂုဠော။ လောဟ+ဂုဠ။
သုညာဂါရံ = သုညံ အဂါရံ သုညာဂါရံ။ သုည+အဂါရ။
အမာနုသီ = မာနုသာနံ အရဟတီတိ မာနုသီ။ မာနုသီ=မာနုသ+ဤ။ န မာနုသီ အမာနုသီ။ န +မာနုသီ။
ဣန္ဒြိယဂုတ္တိ = ဣန္ဒြိယာနံ ဂုတ္တိ ဣန္ဒြိယဂုတ္တိ။ ဣန္ဒြိယ+ဂုတ္တိ။
သန္တုဋ္ဌိ = သန္တုဿတီတိ သန္တုဋ္ဌိ။ သံ+တုသ်+တိ။
အာစာရကုသလော = အာစရေ ကုသလော အာစာရကုသလော။ အာစာရ+ကုသလ။
ပါမောဇ္ဇဗဟုလော = ပါမောဇ္ဇံ ဗဟုလံ ယဿာတိ ပါမောဇ္ဇဗဟုလော။ ပါမောဇ္ဇ+ဗဟုလ+ယ။

သမ္ဗဟုလဘိက္ခုဝတ္ထု ပြီး၏။

၂၅-ဘိက္ခုဝဂ်။ ၈-ပဉ္စသတဘိက္ခုဝတ္ထု

၃၇၇။ ဝဿိကာဝိယ ပုပ္ဖာနိ၊ မဒ္ဒဝါနိ ပမုဉ္စတိ။
ဧဝံ ရာဂဉ္စ ဒေါသဉ္စ၊ ဝိပ္ပမုဉ္စထ ဘိက္ခဝေါ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နံနက်ပိုင်းတွင် ပွင့်လန်းသော ပန်းတို့သည် ညနေချမ်း၌ ကြွေကျသည်တို့ကို ကြည့်၍ ကမ္မဋ္ဌာန်း ရှုပွားနေသော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ရဟန်းငါးရာတို့ ရဟန္တာဖြစ်ကြသည်။

အနက်

ဘိက္ခဝေါ၊ ရဟန်းတို့။ ဝဿိကာ၊ မုလေးပန်းပင်သည်။ မဒ္ဒဝါနိ၊ ရင့်ရော်ညှိုးနွမ်းကုန်သော။ ပုပ္ဖာနိ၊ ပန်းပွင့်တို့ကို။ ပမုဉ္စတိဝိယ၊ စွန့်လွှတ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တုမှေပိ၊ သင်တို့သည်လည်း။ ရာဂဉ္စ၊ ရာဂကိုလည်းကောင်း။ ဒေါသဉ္စ၊ ဒေါသကိုလည်းကောင်း။ ဝိပ္ပမုဉ္စထ၊ စွန့်လွှတ်ကြကုန်လော့။

စကားပြေ

ရဟန်းတို့ မုလေးပန်းတို့သည် ရင့်ရော်ညှိုးနွမ်းသော ပန်းပွင့်တို့ကို စွန့်လွှတ်သကဲ့သို့ သင်တို့သည် ရာဂနှင့် ဒေါသကို စွန့်လွှတ်ကြလော့။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဝဿိကာ = ဝဿေ ဇာတာ ဝဿိကာ။ ဝဿ+ဏိက။
မဒ္ဒဝါနိ = မုဒု+ဏ။ မ+ဝ။ မုဒုနော ဘာဝေါ မဒ္ဒဝံ။ ဥကို အပြု။

ပဉ္စသတဘိက္ခုဝတ္ထု ပြီး၏။
---

၂၅-ဘိက္ခုဝဂ်။ ၉-သန္တကာယတ္ထေရဝတ္ထု

၃၇၈။ သန္တကာယော သန္တဝါစော၊ သန္တဝါ သုသမာဟိတော။
ဝန္တလောကာမိသော ဘိက္ခု၊ ဥပသန္တောတိ ဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ခြင်္သေ့ဘဝမှလာသော လက်ခြေစသော အင်္ဂါကို ထိုင်နေသောအခါ မလှုပ်မရှား ငြိမ်သက်တည်ကြည်နေသော သန္တကာယထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ သန္တကာယထေရ် ရဟန္တာဖြစ်သည်။

အနက်

သုသမာဟိတော၊ ကိုယ် နှုတ် စိတ်ကို ကောင်းစွာထားသည်ဖြစ်၍။ သန္တကာယော၊ ကာယဒုစရိုက်မရှိခြင်းကြောင့် ငြိမ်သက်သောကိုယ်ရှိသော။ သန္တဝါစော၊ ဝစီဒုစရိုက်မရှိခြင်းကြောင့် ငြိမ်သက်သောနှုတ်ရှိသော။ သန္တဝါ၊ မနောဒုစရိုက်မရှိခြင်းကြောင့် ငြိမ်သက်သောစိတ်ရှိသော။ ဝန္တလောကာမိသော၊ ကာမဂုဏ်ကို ထွေးအန်ပြီးသော။ ဘိက္ခု၊ ရဟန်းကို။ ဥပသန္တောတိ၊ ငြိမ်အေးသောရဟန်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

စကားပြေ

ကိုယ် နှုတ် စိတ်တို့ကို ကောင်းစွာထိန်းသိမ်းထားသည်ဖြစ်၍ ကာယဒုစရိုက်မရှိခြင်းကြောင့် ငြိမ်သက်သောကိုယ် ဝစီဒုစရိုက်မရှိခြင်းကြောင့် ငြိမ်သက်သောနှုတ် မနောဒုစရိုက်မရှိခြင်းကြောင့် ငြိမ်သက်သောစိတ်ရှိ၍ ကာမဂုဏ်ကို ထွေးအန်ပြီးသူကို ငြိမ်းအေးသော ရဟန်းဟုဆိုထိုက်၏။

သန္တကာယော—ပါဏာတိပါတ စသော ကာယဒုစရိုက် သုံးပါးမရှိသောကြောင့် သန္တကာယမည်၏။
သန္တဝါစော—မုသာဝါဒစသော ဝစီဒုစရိုက်လေးပါး မရှိသောကြောင့် သန္တဝါစာမည်၏။
သန္တဝါ—အဘိဇ္ဈာစသော မနောဒုစရိုက် သုံးပါးမရှိသောကြောင့် သန္တဝါမည်၏။
ဝန္တလောကာမိသော—မဂ်လေးပါးတို့ဖြင့် လောကာမိသကို ထွေးအန်ပြီးသောရဟန်း။
ဥပသန္တော—ကိုယ်တွင်း၌ ရာဂစသည်တို့ ငြိမ်းအေးသောကြောင့် ဥပသန္တမည်၏။

ခြင်္သေ့တို့၏သဘော

ခြင်္သေ့များသည် တရက်အစာရှာစားပြီး ငွေ, ရွှေ, ပတ္တမြား, သန္တာ ဂူတို့တွင် တမျိုးမျိုးသောဂူသို့ ဝင်ကြပြီးလျှင် ဆေးဒါန်းမြင်းသီလာဖြင့်ပြီးသော ကျောက်ဖျာအပြင် ဆေးဒါန်းမှုန့်အပေါ်၌ ခုနစ်ရက်ပတ်လုံး လျောင်းစက်ကြသည်။ ခုနစ်ရက်မြောက်သောနေ့တွင် လျောင်းရာမှထပြီး ဆေးဒါန်းမြင်းသီလာမှုန့်သည် အမြီး လက် ခြေ နားရွက်များ လှုပ်ရှားသဖြင့် နေရာပျက်ပါက မိမိတို့၏အမျိုးဇာတ်အား မလျော်ဟု နှလုံးသွင်းကာ အစာမစားပဲ ခုနစ်ရက်ပြန်လျောင်းသည်။ နေရာမပျက်ပါက မိမိတို့၏ အမျိုးဇာတ်အား လျော်သည်ဟုနှလုံးသွင်းကာ နေရာဂူမှထွက်၍ ကိုယ်လက်ဆန့်တန်းကာ အရပ်မျက်နှာတို့သို့ ကြည့်သည်။ ထို့နောက်သုံးကြိမ်ခြင်္သေ့အသံကို မြည်ဟည်း၍ အစာရှာထွက်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၇၇။)

ပါဠိစကားလုံး ဖွဲ့စည်းပုံ

သန္တကာယော = သန္တော ကာယော ယဿာတိ သန္တကာယော။ သန္တ+ကာယ+ယ။
သန္တဝါစော = သန္တာ ဝါစာ ယဿာတိ သန္တဝါစော။ သန္တာ+ဝါစာ+ယ။
သန္တဝါ = သန္တံ အဿ အတ္တီတိ သန္တဝါ။ သန္တ+ဝန္တု။
ဝန္တလောကာမိသော = ဝန္တော လောကာမိသော ယေနာတိ ဝန္တလောကာမိသော။ ဝန္တလောကာမိသ+ယ။
ဥပသန္တော = ဥပသမိန္တိ ဥပသန္တော။ ဥပ+သမု+တ။

သန္တကာယတ္ထေရဝတ္ထု ပြီး၏။

၂၅-ဘိက္ခုဝဂ်။ ၁၀-နင်္ဂလကုလတ္ထေရဝတ္ထု

၃၇၉။ အတ္တနာ စောဒယတ္တာနံ၊ ပဋိမံသေထ အတ္တနာ။
သော အတ္တဂုတ္တော သတိမာ၊ သုခံ ဘိက္ခု ဝိဟာဟိသိ။

၃၈၀။ အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တာ ဟိ အတ္တနော ဂတိ၊ တသ္မာ သံယမမတ္တာနံ၊ အဿံ ဘဒြံဝ ဝါဏိဇော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ထွန်တုံးနှင့် ပုဆိုးစုတ်ကို ကျောင်းဝင်းသစ်ပင်တွင် တင်ထား၍ ရဟန်းပြုပြီးလျှင် လူထွက်လိုစိတ် ဖြစ်လာသောအခါ ၎င်းပစ္စည်းများရှိရာ သစ်ပင်သို့ သွား၍ "မိမိကိုယ်ကို မိမိဆုံးမသဖြင့် ရဟန္တာဖြစ်သွားသော နင်္ဂလကုလထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဘိက္ခု၊ ရဟန်း။ အတ္တနာဝ၊ မိမိကိုယ်တိုင်သာလျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ စောဒယ၊ စစ်ဆေးလော့။ အတ္တနာဝ၊ မိမိကိုယ်တိုင်သာလျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဋိမံသေထ၊ ဆင်ခြင်လော့။ အတ္တဂုတ္တော၊ မိမိကိုယ်တိုင်စောင့်ရှောက်သည်ဖြစ်၍။ သတိမာ၊ သတိရှိသော။ တွံ၊ သင်သည်။ သုခံ၊ ချမ်းသာစွာ။ ဝိဟာဟိသိ၊ နေရမည်။

အတ္တာ ဟိ၊ မိမိသည်သာလျှင်။ အတ္တနော၊ မိမိ၏။ နာထော၊ ကိုးကွယ်ရာတည်ရာဖြစ်၏။ ပရော၊ တပါးသောသူသည်။ ကော၊ အဘယ်မှာ။ နာထော၊ ကိုးကွယ်ရာတည်ရာသည်။ သိယာ၊ ဖြစ်မည်နည်း။ အတ္တာ ဟိ၊ မိမိသာလျှင်။ အတ္တနော၊ မိမိ၏။ ဂတိ၊ တည်ရာဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဝါဏိဇော၊ မြင်းကုန်သည်သည်။ ဘဒြံ၊ ကောင်းသော။ အဿံ၊ အာဇာနည်မြင်းမျိုးကို။ ပဋိဇဂ္ဂတိ ဣဝ၊ စောင့်ရှောက်သကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ သံယမ၊ စောင့်ရှောက်လော့။

စကားပြေ

ရဟန်း မိမိကိုယ်တိုင်သာလျှင် မိမိကိုယ်ကို စစ်ဆေးလော့၊ ဆင်ခြင်လော့၊ မိမိကိုယ်ကို မိမိကိုယ်တိုင်သာလျှင် စောင့်ရှောက်သည်ဖြစ်၍ သတိရှိသော သင်သည် ချမ်းသာစွာ နေရမည်။

မိမိသာလျှင် မိမိကိုးကွယ်ရာတည်ရာဖြစ်၏၊ တပါးသောသူသည် မိမိ၏ကိုးကွယ်ရာမဖြစ်နိုင်၊ မြင်းကုန်သည်သည် ကောင်းသော အာဇာနည်မြင်းမျိုးကို စောင့်ရှောက်သကဲ့သို့ မိမိကိုယ်ကို စောင့်ရှောက်လော့။

မြင်းကုန်သည်သည် ကောင်းသောမြင်းအာဇာနည်ကိုမှီ၍ လာဘ်ကိုတောင့်တလျက် မသင့်သောဌာနများ၌ ကျက်စားမှုကို ဖြတ်ပြီး တနေ့သုံးကြိမ်ရေပေးခြင်းအစာကြွေးခြင်းဖြင့် စောင့်ရှောက်ပြုစုသကဲ့သို့ သင်သည် မဖြစ်သေးသော အကုသိုလ်ဖြစ်မှုကို တားဆီးလျက် သတိလွတ်သဖြင့် ဖြစ်ပြီးသော အကုသိုလ်ကို ပယ်လျက် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်လျှင် ပထမဈာန်ကို အစပြု၍ လောကီလောကုတ္တရာ တရားထူးကို ရနိုင်၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

စောဒယတ္တာနံ = စောဒယံ+အတ္တာနံ။
ပဋိမံသေထ = ပဋိ+မာန်+သ+ဧထ။
ဝိဟာဟိသိ = ဝိ+ဟရ်+ဿတိ။

နင်္ဂလကုလတ္ထေရဝတ္ထုပြီး၏။

၂၅-ဘိက္ခုဝဂ်။ ၁၁-ဝက္ကလိတ္ထေရဝတ္ထု

၃၈၁။ ပါမောဇ္ဇဗဟုလော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တိံ၊ သင်္ခါရူပသမံ သုခံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိပြည်သား ပုဏ္ဏားအမျိုးသားသည် အရွယ်သို့ရောက်သောအခါ ဘုရားရှင်၏ သပ္ပာယ်သော ရုပ်အဆင်းကိုအမြဲဖူးမြင်လို၍ ရဟန်းပြုပြီးလျှင် ဘုရားရှင်ကို မြင်နိုင်လောက်သော အရပ်၌ နေ၍ ကြည့်ရှုနေကာ ပရိယတ်ကိုလည်းအားမထုတ်၊ ကမ္မဋ္ဌာန်းဘာဝနာကိုလည်း မပွားများသော ဝက္ကလိထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ဤဒေသနာတော်နှင့် အခြားသုံးဂါထာအဆုံး၌ ဝက္ကလိထေရ်သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်သည်။

အနက်

ဗုဒ္ဓသာသနေ၊ ဘုရားရှင်၏ သာသနာတော်၌။ ပသန္နော၊ ကြည်ညိုသည်ဖြစ်၍။ ပါမောဇ္ဇဗဟုလော၊ ပင်ကိုယ်ဝမ်းမြောက်ခြင်းများသော။ ဘိက္ခု၊ ရဟန်းသည်။ သင်္ခါရူပသမံ၊ သင်္ခါရတို့၏ ငြိမ်းရာဖြစ်သော။ သန္တံ၊ ငြိမ်သက်သော။ သုခံ၊ ချမ်းသာသော။ ပဒံ၊ နိဗ္ဗာန်ကို။ အဓိဂစ္ဆေ၊ ရရာ၏။

စကားပြေ

ဘုရားရှင်သာသနာတော်၌ ကြည်ညိုသည်ဖြစ်၍ ပင်ကိုယ်ဝမ်းမြောက်မှုများသော ရဟန်းသည် သင်္ခါရတို့၏ ငြိမ်းရာ ငြိမ်သက်ရာ ချမ်းသာသော နိဗ္ဗာန်ကို ရနိုင်၏။

ဝက္ကလိ ငါဘုရားကိုကြည့်လော့၊ မကြောက်လင့်၊ ညွန်၌ နစ်သော ဆင်ကို ထုတ်ဆောင်သကဲ့သို့လည်းကောင်း၊ ရာဟုဖမ်းမိသော နေကို လွှတ်စေသကဲ့သို့လည်းကောင်း၊ ရာဟုဖမ်းမိသော လကို လွှတ်စေသကဲ့သို့လည်းကောင်း သင့်ကိုထုတ်ဆောင်၍ လွတ်မြောက်စေအံ့ဟူသော တရားတို့ကို ဆက်ဟောသည်။

ပဒ,သန္တိ, သင်္ခါရူပသမ, သုခ ဤလေးပုဒ်သည် နိဗ္ဗာန်၏ အမည်တို့ပင်ဖြစ်သည်။

ဝက္ကလိတ္ထေရဝတ္ထုပြီး၏။

၂၅-ဘိက္ခုဝဂ်။ ၁၂-သုမနသာမဏေရဝတ္ထု

၃၈၂။ ယော ဟဝေ ဒဟရော ဘိက္ခု၊ ယုဉ္ဇတိ ဗုဒ္ဓသာသနေ။
သော ဣမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အနုရုဒ္ဓါ၏ တပည့် ခုနစ်နှစ်အရွယ် ခေါင်းရိတ်ပြီးသည့်အဆုံး ရဟန္တာဖြစ်သော သုမနသာမဏေကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယော ဘိက္ခု၊ အကြင်ရဟန်းသည်။ ဒဟရော၊ ငယ်ရွယ်သော်လည်း။ ဗုဒ္ဓသာသနေ၊ ဘုရားရှင်သာသနာတော်၌။ ဟဝေ၊ စင်စစ်။ ယုဉ္ဇတိ၊ လုံ့လကြိုးကုတ်အားထုတ်၏။ သော၊ ထိုရဟန်းသည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ မုတ္တော၊ လွတ်သော။ စန္ဒိမာ ဣဝ၊ လမင်းကဲ့သို့။ ဣမံ လောကံ၊ ခန္ဓာစသော ဤလောကကို။ ပဘာသေတိ၊ ထွန်းလင်းတောက်ပစေ၏။

စကားပြေ

ဘုရားရှင် သာသနာတော်၌ ငယ်ရွယ်သော်လည်း တကယ်လို့ လုံ့လကြိုးကုတ်အားထုတ်သော ရဟန်းသည် တိမ်တိုက်မှ လွတ်သော လမင်းကဲ့သို့ ထွန်းလင်းတောက်ပစေ၏။

ဘုရားရှင်သာသနာတော်၌ ကြိုးစားအားထုတ်သော ရဟန်းသည် မိမိ၏ အရဟတ္တမဂ်ဉာဏ်ဖြင့် တိမ်တိုက်စသည်မှ လွတ်မြောက်သော လကဲ့သို့ ခန္ဓာစသော လောကကို ထွန်းလင်းစေ၏။

သုမနသာမဏေရဝတ္ထုပြီး၏။

ဘိက္ခုဝဂ်ပြီး၏။
---

၂၆-ဗြာဟ္မဏဝဂ်။ ၁-ပသာဒဗဟုလဗြာဟ္မဏဝတ္ထု

၃၈၃။ ဆိန္ဒ သောတံ ပရက္ကမ၊ ကာမေ ပနုဒ ဗြာဟ္မဏ။
သင်္ခါရာနံ ခယံ ဉတွာ၊ အကတညူသိ ဗြာဟ္မဏ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်၏တရားကို နာရ၍ အလွန်ကြည်ညိုသဖြင့် နေ့တိုင်း တဆယ့်ခြောက်ပါးသော ရဟန်းတို့အား “ရဟန္တာအရှင်မြတ်များ ထိုင်တော်မူပါ ကြွတော်မူပါ”ဟု ပြောဆိုလျက်နေသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဗြာဟ္မဏ၊ သူတော်ကောင်း။ ပရက္ကမ၊ လုံ့လပြု၍။ သောတံ၊ တဏှာတည်းဟူသော အလျဉ်ကို။ ဆိန္ဒ၊ ဖြတ်လော့။ ကာမေ၊ ဝတ္ထုကာမ ကိလေသာကာမတို့ကို။ ပနုဒ၊ နုတ်ပယ်လော့။ ဗြာဟ္မဏ၊ သူတော်ကောင်း။ သင်္ခါရာနံ၊ ခန္ဓာငါးပါး သင်္ခါရတရားတို့၏။ ခယံ၊ ကုန်ရာကို။ ဉတွာ၊ သိ၍။ အကတညူ၊ ရွှေစသည်တို့ဖြင့် မပြုပြင်အပ်သော နိဗ္ဗာန်ကို သိသူသည်။ အသိ၊ ဖြစ်ပါလော့။

စကားပြေ

အို သူတော်ကောင်း-လုံ့လပြု၍ တဏှာတည်းဟူသောအလျဉ်ကို ဖြတ်လော့၊ ဝတ္ထုကာမ ကိလေသာကာမတို့ကို နုတ်ပယ်လော့၊ အို သူတော်ကောင်း-ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ကုန်ဆုံးရာကို သိ၍ ရွှေစသည်ဖြင့် မပြုပြင်အပ်သော နိဗ္ဗာန်ကို သိသူဖြစ်ပါလော့။

ဆိန္ဒ သောတံ ပရက္ကမ—၌ သောတအရ တဏှာတည်းဟူသော အလျဉ် ရ၏။
ကာမေ ပနုဒ ဗြာဟ္မဏ—၌ ဝတ္ထုကာမ ကိလေသာကာမ နှစ်ပါးသည် ကာမအရ ဖြစ်သည်။
ဗြာဟ္မဏ—ဟူသည် ရဟန္တာကိုခေါ်ဝေါ်သော အာလုပ်ပုဒ်ဖြစ်သည်။
သင်္ခါရာနံ—ခန္ဓာငါးပါးရ၏။
အကတညူသိ—၌ အကတအရ ရွှေစသည်တို့ဖြင့်မပြုပြင်အပ်သော နိဗ္ဗာန်ရ၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အကတညူ = အကတံ (နိဗ္ဗာနံ) ဇာနာတီတိ အကတညူ။ အကတ+ဉာ+ရူ။

ပသာဒဗဟုလဗြာဟ္မဏဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၂-သမ္ဗလဘိက္ခုဝတ္ထု

၃၈၄။ ယဒါ ဒွယေသု ဓမ္မေသု၊ ပါရဂူ ဟောတိ ဗြာဟ္မဏော။
အထဿ သဗ္ဗေ သံယောဂါ၊ အတ္ထံ ဂစ္ဆန္တိ ဇာနတော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ထိုထိုအရပ်၌နေကြကုန်သော သုံးဆယ်မျှလောက်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ သုံးဆယ်မျှလောက်သော ရဟန်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

ဗြာဟ္မဏော၊ သူတော်ကောင်းသည်။ ယဒါ၊ အကြင်အခါ၌။ ဒွယေသု ဓမ္မေသု၊ သမထ ဝိပဿနာတရား နှစ်ပါးတို့၌။ ပါရဂူ၊ ကမ်းတဘက်သို့ရောက်သည်။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ ဇာနတော၊ တရားမှန်ကိုသိသော။ အဿ၊ ထိုသူတော်ကောင်းအား။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သံယောဂါ၊ ဝဋ်ဆင်းရဲ၌ ဖွဲ့ချည်တတ်သော ကာမရာဂသံယောဇဉ်စသည်တို့သည်။ အတ္ထံ၊ ချုပ်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။

စကားပြေ

သူတော်ကောင်းသည် သမထ ဝိပဿနာတရားနှစ်ပါးတို့၌ ကမ်းတဘက်သို့ရောက်သည်ဖြစ်၍ တရားမှန်ကိုသိသော သူတော်ကောင်းအား အလုံးစုံသော ကာမရာဂသံယောဇဉ် စသည်တို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

ယဒါ ဒွယေသု ဓမ္မေသု—၌ ဓမ္မအရ သမထ ဝိပဿနာတရားရ၏။
ပါရဂူ—အရ သမထဝိပဿနာတရားနှစ်ပါး၌ တည်၍ ထူးသောဉာဏ်ဖြင့် ကမ်းတဘက်သို့ရောက်သော ရဟန္တာရ၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဒွယေသု = ဒွိန္နံ သမူဟော ဒွယံ။ ဒွိ+ဏ။

သမ္ဗလဘိက္ခုဝတ္ထုပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၃-မာရဝတ္ထု

၃၈၅။ ယဿ ပါရံ အပါရံ ဝါ၊ ပါရာပါရံ န ဝိဇ္ဇတိ။
ဝီတဒ္ဒရံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော ပုဂ္ဂိုလ်ယောင်ဆောင်၍ ပါရဂူဟူသည် အဘယ်ပါနည်းဟု မေးလျှောက်သော မာရ်နတ်ကိုအကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ပါရံ ဝါ၊ စက္ခုစသော အတွင်းအာယတနခြောက်ပါးတည်းဟူသော ဤမှာဘက်ကမ်းသည်လည်းကောင်း။ အပါရံ ဝါ၊ ရူပါရုံစသော အပြင်အာယတနခြောက်ပါးတည်းဟူသော ထိုမှာဘက်ကမ်းသည်လည်းကောင်း။ ပါရာပါရံ၊ ထိုမှာဘက် ဤမှာဘက်ကမ်း နှစ်ပါးအပေါင်းသည်လည်းကောင်း။ န ဝိဇ္ဇတိ၊ မရှိ။ ဝီတဒ္ဒရံ၊ ကိလေသာတို့ဖြင့် ပူပန်ခြင်းကင်းသည်ဖြစ်၍။ ဝိသံယုတ္တံ၊ ကိလေသာတို့နှင့် မယှဉ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

စက္ခုစသော အတွင်းအာယတန ရူပါရုံစသော အပြင်အာယတနတည်းဟူသော ထိုမှာဘက် ဤမှာဘက် မရှိသည့်အပြင် ကိလေသာပူပန်မှု ကိလေသာယှဉ်မှု မရှိသောသူကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။

ယဿ ပါရံ အပါရံ—၌ ပါရအရ အဇ္ဈတ္တိကာယတန ခြောက်ပါးရ၏။ အပါရအရ ဗာဟိရာယတန ခြောက်ပါးရ၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ပါရံ = ပါရယတိ တရုင်္ဂါဒယော ဝါရေတုန္တိ ပါရီ။ ပါရ်+အ။ ပါရံ ဝိယာတိ ပါရံ။ ပါရ+အ။
အပါရံ = န ပါရံ အပါရံ။ န+ပါရ။ အပါရံ ဝိယ အပါရံ။ အပါရ+ဏ။
ဝီတဒ္ဒရံ = ဝိတော (ဝိဂမော) ဒရော ယဿာတိ ဝီတဒ္ဒရာ။ ဝီတ+ဒရ+ယ။

မာရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၄-အညတရဗြာဟ္မဏဝတ္ထု

၃၈၆။ ဈာယိံ ဝိရဇ’မာသီနံ၊ ကတကိစ္စ’မနာသဝံ။
ဥတ္တမတ္ထ’မနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမျိုးအနွယ်၏ အစွမ်းအားဖြင့် ဗြာဟ္မဏခေါ်ထိုက်ကြောင်း လျှောက်ထားသော မထင်ရှားသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ လျှောက်ထားလာသော ပုဏ္ဏား သောတာပန်ဖြစ်သည်။

အနက်

ဈာယိံ၊ နှစ်ပါးသော ဈာန်ဖြင့် ရှုလေ့ရှိသော။ ဝိရဇံ၊ ကိလေသာမြူကင်းသော။ အာသီနံ၊ တပါးတည်းနေလေ့ရှိသော။ ကတကိစ္စံ၊ ရဟန်းကိစ္စပြီးပြီးသော။ အနာသဝံ၊ အာသဝေါကင်းသော။ ဥတ္တမတ္ထံ၊ အရဟတ္တဖိုလ်သို့။ အနုပ္ပတ္တံ၊ ရောက်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

နှစ်ပါးသော ဈာန်ဖြင့်ရှုလေ့ရှိ၍ ကိလေသာမြူကင်းလျက် တပါးတည်းနေလေ့ရှိသော ရဟန်းကိစ္စပြီးပြီးသော အာသဝေါကင်းကာ အရဟတ္တဖိုလ်သို့ ရောက်သူကိုသာ ငါဘုရားက ဗြာဟ္မဏဟု ဟောတော်မူသည်။

ဈာယိံ—အာရမ္မဏူပနိဇ္ဈာန် လက္ခဏူပနိဇ္ဈာန်နှစ်ပါးကို ဝင်စားသူ။
ဝိရဇံ—ကာမတည်းဟူသော မြူကင်းသူ။
အာသီနံ—တော၌ တပါးတည်း နေလေ့ရှိသူ။
ကတကိစ္စံ—မဂ်လေးပါးဖြင့် (၁၆) ပါးသော ကိစ္စတို့ကို ပြုပြီးသောသူ။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အာသီနံ = အာသတိ သီလေနာတိ အာသီ။ အာသ်+ဏီ။
ကတကိစ္စံ = ကတာနိ ကိစ္စာနိ ယေနာတိ ကတကိစ္စော။ ကတ+ကိစ္စ+ယ။
ဥတ္တမတ္ထံ = ဥတ္တမော အတ္ထော ဥတ္တမတ္ထော။ ဥတ္တမ+အတ္ထ။
အနုပ္ပတ္တံ = အနုပဇ္ဇတိတိ အနုပ္ပတ္တော။ အနု+ပဒ+တ။

အညတရဗြာဟ္မဏဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၅-အာနန္ဒတ္ထေရဝတ္ထု

၃၈၇။ ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရင်, ကာဠုဒါယီထေရ် လရောင်, နေရောင်တို့ထက် ဘုရားရှင်၏ အရောင်တော်သာ အတောက်ပဆုံးဟု လျှောက်ထားသော အရှင်အာနန္ဒာကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။

အနက်

အာဒိစ္စော၊ နေမင်းသည်။ ဒိဝါ၊ နေ့အခါ၌သာလျှင်။ တပတိ၊ တင့်တယ်၏။ စန္ဒိမာ၊ လမင်းသည်။ ရတ္တိံ၊ ညဉ့်အခါ၌သာလျှင်။ တပတိ၊ တင့်တယ်၏။ ခတ္တိယော၊ မင်းသည်။ သန္နဒ္ဓေါ၊ မင်းမြောက်တန်ဆာဆင်မှသာလျှင်။ တပတိ၊ တင့်တယ်၏။ ဗြာဟ္မဏော၊ ရဟန္တာပုဂ္ဂိုလ်သည်။ ဈာယီ၊ ဈာန်ဝင်စားမှသာလျှင်။ တပတိ၊ တင့်တယ်၏။ အထ၊ စင်စစ်သော်ကား။ ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ တေဇသာ၊ သီလ ဂုဏ ပညာ ပုည ဓမ္မဟူသော တန်ခိုးတော်ဖြင့်။ သဗ္ဗမဟောရတ္တိံ၊ အလုံးစုံသော နေ့ညဉ့်ပတ်လုံး။ တပတိ၊ တင့်တယ်၏။

စကားပြေ

နေမင်းသည် နေ့အခါ၌သာ, လမင်းသည် ညဉ့်အခါ၌သာ မင်းသည် မင်းမြောက်တန်ဆာဆင်မှသာ ရဟန္တာအရှင်သည် ဈာန်ဝင်စားမှသာ တင့်တယ်ကြ၍ ဘုရားရှင်သည် နေ့ရောညပါ အခါခပ်သိမ်း သီလ ဂုဏ ပညာ ပုည ဓမ္မဟူသော တန်ခိုးတော်ဖြင့် တင့်တယ်တော်မူ၏။

ဒိဝါ တပတိ အာဒိစ္စော—နေ့အခါ နေသည် ထွန်းလင်းတောက်ပ၏၊ ညအခါ သွားရာလမ်း မထင်ရှားပေ။
ရတ္တိမာဘာတိ စန္ဒိမာ—တိမ်တိုက်စသည်မှ လွတ်သော လသည် ညအခါ ထွန်းလင်းတင့်တယ်၏။ နေ့အခါ သွားရာလမ်း မထင်ရှားပေ။
သန္နဒ္ဓေါ ခတ္တိယော တပတိ—ရွှေ ငွေ ပတ္တမြား စသော ဆန်းကြယ်သော တန်ဆာတို့ဖြင့် ဆင်ယင်ပြီး လေးပါးသော စစ်သည်တော်များ ခြံရံမှသာလျှင် မင်းသည် ကျက်သရေရှိ၏။ မထင်ရှားသော အသွင်ရှိသော မင်းသည် ကျက်သရေ မရှိ။
ဈာယီ တပတိ ဗြာဟ္မဏော—ရဟန္တာသည် ဂိုဏ်းကို စွန့်ခွာ၍ ဈာန်ဝင်စားမှသာလျှင် ကြည်ညိုဖွယ်ရှိ၏။
ဗုဒ္ဓေါ တပတိ တေဇသာ—တေဇ အရ သီလတေဇ, ဂုဏတေဇ, ပညာတေဇ, ပုညတေဇ, ဓမ္မတေဇဟူသော တေဇငါးပါး ရ၏။ သီလတေဇဖြင့် ဒုဿီလတေဇကို, ဂုဏတေဇဖြင့် နိဂ္ဂုဏတေဇကို, ပညာတေဇဖြင့် ဒုပ္ပညတေဇကို, ပုညတေဖြင့် အပုညတေဇကို, ဓမ္မတေဇဖြင့် အဓမ္မတေဇကို နှိမ်နင်းပြီး နေ့ရော ညဉ့်ပါ အချိန်မရွေး အခါခပ်သိမ်း ဘုရားရှင်သည် တင့်တယ်တော်မူသည်။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အာဒိစ္စော = အာဘုသော ဒိပ္ပတီတိ အာဒိစ္စော။ အာ+ဒိပ်+ယ။ (ပကိုစပြု) အဒိတိယာ အပစ္စံ အာဒိစ္စော။ အဒိတိ+ဏျ။
သန္နဒ္ဓေါ = သန္နယှတီတိ သန္နဒ္ဓေါ။ သံ+နတ်+တ။
ခတ္တိယော = ခတ္တဿ အပစ္စံ ခတ္တိယော။ ခတ္တ+ဣယ။

အာနန္ဒတ္ထေရဝတ္ထုပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၆-အညတရဗြာဟ္မဏပဗ္ဗဇိတဝတ္ထု

၃၈၈။ ဗာဟိတပါပေါတိ ဗြာဟ္မဏော၊ သမစရိယာ သမဏောတိ ဝုစ္စတိ။
ပဗ္ဗာဇယမတ္တနော မလံ၊ တသ္မာ “ပဗ္ဗဇိတော”တိ ဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာသနာပ ရသေ့အဝတ်ကို ဝတ်ထားသော ပုဏ္ဏားသည် ဘုရားရှင်က တပည့်များကို ပဗ္ဗဇိတဟု ခေါ်သကဲ့သို့ မိမိကိုလည်း ပဗ္ဗဇိတ ခေါ်သင့်ကြောင်းကို လျှောက်ထားသော သာသနာပ ရသေ့ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ရသေ့ သောတာပန် ဖြစ်သည်။

အနက်

ယသ္မာ၊ အကြင်ကြောင့်။ ဗာဟိတပါပေါ၊ မကောင်းမှုအကုသိုလ်တို့ကို ပယ်ပြီးပြီ။ တသ္မာ၊ ထို့ကြောင့်။ ဗြာဟ္မဏောတိ၊ ဗြာဟ္မဏဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သမစရိယာ၊ မကောင်းမှုအကုသိုလ်တို့ကို ငြိမ်းစေတတ်သောကြောင့်။ သမဏောတိ၊ သမဏဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ယော၊ အကြင်သူသည်။ အတ္တနော၊ မိမိ၏။ မလံ၊ ရာဂစသော အညစ်အကြေးကို။ ပဗ္ဗာဇယံ-ပဗ္ဗာဇယန္တော၊ ထုတ်ပယ်လျက်။ စရတိ၊ ကျင့်၏။ သော၊ ထိုသူကို။ တသ္မာ၊ ထိုသို့ ရာဂစသော အညစ်အကြေးကို ထုတ်ပယ်၍ ကျင့်သောကြောင့်။ ပဗ္ဗဇိတောတိ၊ ပဗ္ဗဇိတဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

စကားပြေ

အလုံးစုံသော မကောင်းမှုအကုသိုလ်တို့ကို ပယ်ပြု၍ပြီးသူကို ဗြာဟ္မဏဟု ဆိုထိုက်၏၊ မကောင်းမှုတို့ကို ငြိမ်းစေသောသူကို သမဏဟု ဆိုထိုက်၏၊ မိမိ၏ ရာဂ စသော အညစ်အကြေးကို ထုတ်ပယ်၍ ကျင့်သောသူကို ပဗ္ဗဇိတဟု ဆိုထိုက်၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဗာဟိတပါပေါ = ဗာဟိတာနိ ပါပါနိ ယဿာတိ ဗာဟိတပါပေါ။ ဗာဟိတ+ပါပ+ယ။
သမစရိယာ = စရဏံ စရိယာ။ စရိ+ဏျ။ သမေန စရိယာ သမစရိယာ။ သမ+စရိယာ။
ပဗ္ဗဇိတော = ပဗ္ဗ‌ဇေတီတိ ပဗ္ဗဇိတော။ ပ+‌ပဇ်+တ။

အညတရဗြာဟ္မဏပဗ္ဗဇိတဝတ္ထုပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၇-သာရိပုတ္တတ္ထေရဝတ္ထု

၃၈၉။ န ဗြာဟ္မဏဿ ပဟရေယျ၊ နာဿ မုဉ္စေထ ဗြာဟ္မဏော။
ဓိ ဗြာဟ္မဏဿ ဟန္တာရံ၊ တ‌တော ဓီ ယဿ မုဉ္စတိ။

၃၉၀။ န ဗြာဟ္မဏဿေတဒကိဉ္စိ သေယျော၊ ယဒါ နိသေဓော မနသော ပိယေဟိ။
ယတော ယတော ဟိံသမနော နိဝတ္တတိ၊ တတော တတော သမ္မတိမေဝ ဒုက္ခံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ၏ ခန္တီဂုဏ်ကို စုံစမ်းလိုသော ပုဏ္ဏားသည် ဆွမ်းခံနေစဉ် နောက်ကျောကို လက်သီးဖြင့် ပြင်းပြင်းထန်ထန်ထိုးသော်လည်း ပြန်၍မကြည့်ပဲသွားသည့်အပြင် တောင်းပန်ပြီး မိမိအိမ်သို့ပင့်၍ ဆွမ်းလောင်းသည်ကို လက်ခံသော အရှင်သာရိပုတ္တရာကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဗြာဟ္မဏဿ၊ ရဟန္တာနှင့် ပကတိဗြာဟ္မဏကို။ န ပဟရေယျ၊ မပုတ်ခတ်ရာ။ ဗြာဟ္မဏော၊ ရဟန္တာသည်။ အဿ၊ မိမိကိုပုတ်ခတ်သူအား။ န မုဉ္စေယျ၊ အမျက်မထွက်ရာ။ ဗြာဟ္မဏဿ၊ ရဟန္တာအား။ ဟန္တာရံ၊ ပုတ်ခတ်ခြင်းသည်။ ဓီ၊ စက်ဆုပ်ဖွယ်ရှိ၏။ အဿ၊ ထိုပုတ်ခတ်သူအား။ ယော၊ အကြင်သူသည်။ ဝေရံ၊ ရန်ကို။ မုဉ္စတိ၊ လွှတ်၏ (ဝါ) အမျက်ထွက်၏။ တတော၊ တဖန်ပြန်၍ ပုတ်ခတ်ခြင်းကြောင့်။ ဓီ၊ စက်ဆုပ်ဖွယ်ဖြစ်၏။

ပိယေဟိ၊ ချစ်နှစ်သက်ခြင်းတို့ကြောင့်။ မနသော၊ ဖြစ်ပေါ်လာသော ဒေါသစိတ်ကို။ ယဒါ နိသေဓော၊ အကယ်၍မတားဖြစ်နိုင်ငြားအံ့။ ဧတံ၊ ဤမတားမြစ်နိုင်ခြင်းသည်။ ဗြာဟ္မဏဿ၊ သူတော်ကောင်းအား။ ကိဉ္စိ၊ အနည်းငယ်မျှ။ န သေယျော၊ မမြတ်။ ယတော ယတော၊ အကြင်အကြင်ဝတ္ထုမှ။ ဟိံသ မနော၊ ညှဉ်းဆဲလိုသောစိတ်သည်။ နိဝတ္တတိ၊ ဆုတ်နစ်သွား၏။ တတော တတော၊ ထိုထိုဝတ္ထုမှ။ ဒုက္ခံ၊ ဆင်းရဲသည်။ သမ္မတိမေဝ၊ ငြိမ်းသည်သာတည်း။

စကားပြေ

ရဟန္တာနှင့် ပကတိဗြာဟ္မဏကို မပုတ်ခတ်ရာ၊ ရဟန္တာသည် မိမိကို ပုတ်ခတ်သူအား အမျက်မထွက်ရာ၊ ရဟန္တာကို ပုတ်ခတ်ခြင်းသည် စက်ဆုပ်ဖွယ်ဖြစ်၍ ပုတ်ခတ်သူကို တဖန်ပြန်၍ ပုတ်ခတ်ခြင်းကြောင့် စက်ဆုပ်ဖွယ်ဖြစ်၏၊ ချစ်ခင်နှစ်သက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဒေါသစိတ်ကို မတားမြစ်နိုင်ခဲ့မှု ထိုမတားမြစ်နိုင်ခြင်းသည် ရဟန္တာအား အနည်းငယ်မျှပင် မမြတ်၊ အကြင်အကြင်ဝတ္ထုမှ ညှဉ်းဆဲလိုသောစိတ်သည် ဆုတ်နစ်သွား၏၊ ထိုထိုဝတ္ထုမှ ဆင်းရဲမှုငြိမ်းသည်သာတည်း။

န ဗြာဟ္မဏဿ ပဟရေယျ—ဗြာဟ္မဏ အရ ခီဏာသဝဗြာဟ္မဏ ဇာတိဗြာဟ္မဏနှစ်မျိုးရ၏။
နဿ မုဉ္စေထ ဗြာဟ္မဏော—ဗြာဟ္မဏ အရ ခီဏာသဝဗြာဟ္မဏသာ ရ၏။
ဓီ ဗြာဟ္မဏဿ ဟန္တာရံ—၌ ဗြာဟ္မဏအရ ခီဏာသဝဗြာဟ္မဏသာ ရ၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဟန္တာရံ = ဟနတိ ဝမတီတိ ဟန္တာ။ ဟန်+တု။
ဗြာဟ္မဏဿေတဒ ကိဉ္စိ = ဗြာဟ္မဏဿ+ဧတံ+ကိဉ္စိ။
ဟိံသ မနော = ဟိံသတီတိ ဟိံသော။ ဟိံသ+အ။ ဟိံသော မနော ဟိံသ မနော။ ဟိံသ+မန။

သာရိပုတ္တတ္ထေရဝတ္ထုပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၈-မဟာပဇာပတိဂေါတမီဝတ္ထု

၃၉၁။ ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။
သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆရာဥပဇ္ဈာယ်မရှိပဲ သင်္ကန်းကို ဝတ်သော ပဇာပတိဂေါတမီနှင့် ဥပုသ်အတူမပြုနိုင် ပဝါရဏာ အတူမပြုနိုင်ဟု ဘိက္ခုနီတို့၏ ကုက္ကုစ္စဖြစ်ခြင်းကို ခံရသော မဟာပဇာပတိဂေါတမီကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ၊ စိတ်ဖြင့်လည်းကောင်း။ ဒုက္ကဋံ၊ အပြစ်ရှိသောအမှုသည်။ နတ္ထိ၊ မရှိ။ တီဟိ ဌာနေဟိ၊ ကိုယ် နှုတ် စိတ်သုံးပါးတို့ဖြင့်။ သံဝုတံ၊ စောင့်ရှောက်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

ကိုယ်နှုတ်စိတ်တို့ဖြင့် စောင့်စည်းပြီးလျှင် အပြစ်ရှိသော အမှုကို မပြုသူကို ဗြာဟ္မဏဟု ငါဘုရားဟောတော်မူသည်။

မဟာပဇာပတိဂေါတမီဝတ္ထုပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၉-သာရိပုတ္တတ္ထေရဝတ္ထု

၃၉၂။ ယမှာ ဓမ္မံ ဝိဇာနေယျ၊ သမ္မာသမ္ဗုဒ္ဓဒေသိတံ။
သက္ကစ္စံ တံ နမဿေယျ၊ အဂ္ဂိဟုတ္တံဝ ဗြာဟ္မဏော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဿဇိထေရ်ထံမှ တရားနာရသဖြင့် သောတာပန်ဖြစ်သည်မှစ၍ ဆရာရှိရာအရပ်ကို ရှိခိုးပြီးလျှင် ၎င်းအရပ်သို့ ဦးခေါင်းထား၍ လျောင်းစက်တော်မူသော အရှင်သာရိပုတ္တရာ ထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယမှာ၊ အကြင်ဆရာထံမှ။ သမ္မာသမ္ဗုဒ္ဓဒေသိတံ၊ ဘုရားရှင် ဟောကြားအပ်သော။ ဓမ္မံ၊ တရားကို။ ဝိဇာနေယျ၊ သိရာ၏။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ အဂ္ဂိဟုတ္တံ ဣဝ၊ မီးကိုပူဇော်သကဲ့သို့။ တံ၊ ထိုဘုရားရှင်ကို။ သက္ကစ္စံ၊ ရိုသေစွာ။ နမဿေယျ၊ ရှိခိုးရာ၏။

စကားပြေ

မြတ်စွာဘုရား ဟောကြားအပ်သောတရားကို သိစေသောအရာကို ပုဏ္ဏားသည် မီးကို ပူဇော်သကဲ့သို့ ရိုသေစွာ ရှိခိုးရာ၏။

အတုယူဖွယ်

အရှင်သာရိပုတ္တရာသည် အရှင်အဿဇိထံမှ တရားနာ၍ သောတာပန်ဖြစ်သည်မှစပြီးလျှင် အရှင်အဿဇိရှိရာဘက်သို့ လှည့်၍ ကျိန်းစက်တော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၁။)

ပါဠိစကားလုံး ဖွဲ့စည်းပုံ

သက္ကစ္စံ = သက္ကရိယတီတိ သက္ကစ္စံ။ သံ+ကရ်+ရိစ္စ။
နမဿေယျ = နမဿိ+အ+ဧယျ။
အဂ္ဂိဟုတ္တံ = အဂ္ဂိံ ဟုတ္တော အဂ္ဂိဟုတ္တော။ အဂ္ဂိ+ဟုတ္တ။ ဟုတ္တ=ဟုံ+တ။

သာရိပုတ္တတ္ထေရဝတ္ထုပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၁၀-ဇဋိလဗြာဟ္မဏဝတ္ထု

၃၉၃။ န ဇဋာဟိ န ဂေါတ္တေန၊ န ဇစ္စာ ဟောတိ ဗြာဟ္မဏော။
ယမှိ သစ္စဉ္စ ဓမ္မော စ၊ သော သုစီ သော စ ဗြာဟ္မဏော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆံကျစ်ထုံး၍ အနွယ်ဇာတ်အားဖြင့် ဗြာဟ္မဏဟု မိမိကိုယ်ကို ခေါ်ရန်သင့်ကြောင်း လျှောက်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဇဋာဟိ၊ ဆံကျစ်ထုံးခြင်းတို့ဖြင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏသည်။ ၊ မဖြစ်နိုင်။ ဂေါတ္တေန၊ အနွယ်အားဖြင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏသည်။ ၊ မဖြစ်နိုင်။ ဇစ္စာ၊ ဇာတိအားဖြင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏသည်။ ၊ မဖြစ်နိုင်။ ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ သစ္စာဉာဏ်သည်လည်းကောင်း။ ဓမ္မော စ၊ ကိုးပါးသော လောကုတ္တရာတရားသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ သုစီ စ၊ စင်ကြယ်သူလည်း။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဗြာဟ္မဏော စ၊ ဗြာဟ္မဏသည်လည်း။ ဟောတိ၊ ဖြစ်၏။

စကားပြေ

ဆံကျစ်ထုံးခြင်းတို့ဖြင့်လည်းကောင်း အနွယ်အားဖြင့်လည်းကောင်း ဇာတ်အားဖြင့်လည်းကောင်း ဗြာဟ္မဏ မဖြစ်နိုင်။ သစ္စာဉာဏ်နှင့် လောကုတ္တရာတရား ကိုးပါးရှိသူသာ စင်ကြယ်သူလည်းဖြစ်၏ ဗြာဟ္မဏလည်း ဖြစ်၏။

ယမှိ သစ္စဉ္စ ဓမ္မော စ—သစ္စာလေးပါးတို့ကို ၁၆-ပါးသော အခြင်းအရာတို့ဖြင့် ထိုးထွင်းလျက်တည်သော သစ္စာဉာဏ်သည် သစ္စ မည်၏။ လောကုတ္တရာတရား ကိုးပါးသည် ဓမ္မ မည်၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဇစ္စာ = ဇာယနံ ဇာတိ။ ဇန+တိ။

ဇဋိလဗြာဟ္မဏဝတ္ထုပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၁၁-ကုဟကဗြာဟ္မဏဝတ္ထု

၃၉၄။ ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ကိံ တေ အဇိနသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဝေသာလီပြည်ကို အမှီပြု၍ ကုဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရေခံတက်ပင်တွင် လင်းနို့ကဲ့သို့ တွဲလဲဆွဲ၍ကျင့်လျက် စဉ်းလဲကောက်ကျစ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဒုမ္မေဓ၊ ပညာမဲ့သောရသေ့။ တေ၊ သင်အား။ ဇဋာဟိ၊ ဆံကျစ်ထုံးခြင်းတို့ဖြင့်။ ကိံ၊ ဘယ်အကျိုးရှိအံ့နည်း။ အဇိနသာဋိယာ၊ သစ်နက်ရေဝတ်ခြင်းဖြင့်။ တေ၊ သင်အား။ ကိံ၊ ဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်၏။ အဗ္ဘန္တရံ၊ ကိုယ်တွင်း၌။ ဂဟနံ၊ ရာဂစသော ကိလေသာတောသည်။ သမာနံ၊ ရှိသည်ဖြစ်ပါလျက်။ ဗာဟိရံ၊ အပြင်အပ၌။ မဋ္ဌံ၊ ပြေပြစ်နူးညံ့သိမ်မွေ့အောင်။ ပရိမဇ္ဇသိ၊ ထက်ဝန်းကျင်မှ သုံးသပ်၏။

စကားပြေ

ပညာမဲ့သောရသေ့ ဆံကျစ်ထုံးခြင်းတို့ဖြင့်လည်းကောင်း သစ်နက်ရေဝတ်ခြင်းတို့ဖြင့်လည်းကောင်း သင့်အား အဘယ်အကျိုး ရှိအံ့နည်း။ သင့်အား ကိုယ်တွင်း၌ ရာဂစသော ကိလေသာတောရှိပါလျက် အပြင်အပ၌ ပြေပြစ်နူးညံ့သိမ်မွေ့အောင် ထက်ဝန်းကျင်မှ သုံးသပ်ဘိ၏။

ကိံ တေ အဇိနသာဋိယာ—ခွာနှင့်တကွ သစ်နက်ရေကိုဝတ်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း၊ ဆင်ချေး မြင်းချေးသည် အပြင်က ပြေပြစ်သော်လည်း အတွင်းသဘောက ရွံရှာဖွယ် ဖြစ်သကဲ့သို့ ဆံကျစ်သစ်နက်ရေဝတ်ခြင်းဖြင့် အပြင်ကချောမောသော်လည်း အတွင်း၌ ကိလေသာတော ထနေ၏။
ဖွတ်စကား—ဘုရားမှတ်လို့ကိုးကွယ်နေတယ် ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်ဆိုရိုးရှိသော်လည်း ရဟန်းမှတ်လို့ ကိုးကွယ်နေတယ် ဒုတ်နဲ့ပေါက်တော့မှ ရဟန်းမဟုတ်မှန်း သိတယ်ဟု ဖွတ်က ပြောသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၄။)

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အဇိနသာဋိယာ = အဇိနေန နိဗ္ဗတ္တာ သာဋိ အဇိနသာဋိ။ အဇိန+သာဋိ။

ကုဟကဗြာဟ္မဏဝတ္ထုပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၁၂-ကိသာဂေါတမီဝတ္ထု

၃၉၅။ ပံသုကူလဓရံ ဇန္တုံ၊ ကိသံ ဓမနိသန္ထတံ။
ဧကံ ဝနသ္မိံ ဈာယန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် ကောင်းကင်ခရီးဖြင့် ဘုရားထံ ဖူးမြော်ကန်တော့လာသော ပံ့သကူဓူတင်ဆောင် ထေရီမတို့တွင် အမြတ်ဆုံးဖြစ်သော ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ပံသုကူလဓရံ၊ ပံ့သကူသင်္ကန်းကို ဆောင်သော။ ကိသံ၊ ပိန်သော။ ဓမနိသန္ထတံ၊ အကြောပြိုင်းပြိုင်း ထသော။ ဧကံ၊ တယောက်တည်း။ ဝနသ္မိံ၊ တော၌။ ဈာယန္တံ၊ ဈာန်ဝင်စားလေ့ရှိသော။ တံ ဇန္တုံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟော၏။

စကားပြေ

ပံ့သကူသင်္ကန်းကို ဆောင်၍ ပိန်သဖြင့် အကြောပြိုင်းပြိုင်း ထလျက် တယောက်တည်း တော၌ ဈာန်ဝင်စားလေ့ရှိသူကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ပံသုကူလဓရံ = ပံသုကူလံ ဓာရေတီတိ ပံသုကူလဓရော။ ပံသုကူလ+ဓရ်+အ+အာ။
ကိသံ = ကိဿတီတိ ကိသော။ ကိသ်+အ။
ဓမနိသန္ထတံ = ဓမ္မနီဟိ သန္ထတာ ဧတိဿာတိ ဓမနိသန္ထတာ။ ဓမနိ+သန္ထတ+ဧတာ။ သန္ထတာ=သံ+ထရ+တ+အာ။

ကိသာဂေါတမီဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၁၃-ဧကဗြာဟ္မဏဝတ္ထု

၃၉၆။ န စာဟံ ဗြာဟ္မဏံ ဗြူမိ၊ ယောနိဇံ မတ္တိသမ္ဘဝံ။
ဘောဝါဒီ နာမ သော ဟောတိ၊ သစေ ဟောတိ သကိဉ္စနော။
အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိကိုယ်ကို ဘုရားရှင်၏တပည့်များအတူ ဗြာဟ္မဏခေါ်ရန် လျှောက်ထားသော ပုဏ္ဏားတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ လျှောက်ထားသောပုဏ္ဏား သောတာပန် ဖြစ်သည်။

အနက်

ယောနိဇံ၊ ပုဏ္ဏားမျိုး၌ ဖြစ်သော။ မတ္တိသမ္ဘဝံ၊ ပုဏ္ဏေးမဝမ်း၌ ဖြစ်သူကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ န ဗြူမိ၊ မဟော။ သော၊ ထိုပုဏ္ဏားသည်။ သကိဉ္စနော၊ ရာဂစသော ကြောင့်ကြမှုရှိသည်။ သစေ ဟောတိ၊ အကယ်၍ဖြစ်အံ့။ ဘောဝါဒီ နာမ၊ ဘောဝါဒီအမည် ရှိသည်။ ဟောတိ၊ ဖြစ်၏။ အကိဉ္စနံ၊ ရာဂစသော ကြောင့်ကြမှုမရှိသော။ အနာဒါနံ၊ ဥပါဒါန်တရားတို့ဖြင့် စွဲလမ်းမှု မရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟော၏။

စကားပြေ

ပုဏ္ဏားမျိုး ဖြစ်သူကို ဗြာဟ္မဏဟု ငါဘုရားမဟော၊ ရာဂစသောကြောင့်ကြမှုရှိသည်ဖြစ်၍ ဘောဝါဒီအမည်ရှိနိုင်၏၊ ရာဂစသောကြောင့်ကြမှုနှင့် ဥပါဒါန်တို့ဖြင့် စွဲလမ်းမှု မရှိသူကိုသာ ဗြာဟ္မဏဟု ငါဘုရားဟော၏။

ယောနိဇံ မတ္တိသမ္ဘဝံ—ပုဏ္ဏားမျိုးဖြစ်သူသည် ယောနိဇ၊ အမိပုဏ္ဏေးမဝမ်း၌ ဖြစ်သူသည် မတ္တိသမ္ဘဝ ဖြစ်၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ယောနိဇံ = ယောနိယံ ဇာတံ ယောနိဇံ။ ယောနိ+ဇန်+ကွိ။
မတ္တိသမ္ဘဝံ = မာတုယာ သန္တကံ မာတိကံ။ မာတု+ဏိက။ မာတိကမှိ သမ္ဘဝံ မတ္တိသမ္ဘဝံ။ မာတိက+သမ္ဘဝ။ (က-ချေ)
ဘောဝါဒီ = ဘော ဘောတိ ဝဒတိ သီလေနာတိ ဘောဝါဒီ။ ဘော+ဝဒ်+ဏီ။
သကိဉ္စနော = သဟ ကိဉ္စနေန ယော ဝတ္တတီတိ သကိဉ္စနော။ သဟ+ကိဉ္စန+ယ။

ဧကဗြာဟ္မဏဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၁၄-ဥဂ္ဂသေနသေဋ္ဌိပုတ္တဝတ္ထု

၃၉၇။ သဗ္ဗသံယောဇနံ ဆေတွာ၊ ယော ဝေ န ပရိတဿတိ။
သင်္ဂါတိဂံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာသော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အတောင်ခြောက်ဆယ်မြင့်သော ဝါးလုံးထိပ်၌ပင် ရဟန်းဖြစ်သော ဥဂ္ဂသေန သဌေးသားကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ သဗ္ဗသံယောဇနံ၊ သံယောဇဉ် အားလုံးကို။ ဆေတွာ၊ ဖြတ်ပြီး၍။ န ပရိတဿတိ၊ မကြောက်ရွံ့။ သင်္ဂါတိဂံ၊ ကပ်ငြိတတ်သော ရာဂစသည်တို့ကို လွန်သော။ ဝိသံယုတ္တံ၊ ယောဂလေးပါးတို့နှင့် မယှဉ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

သံယောဇဉ် အားလုံးကို ဖြတ်ပြီး၍ မကြောက်ရွံ့ပဲ ကပ်ငြိတတ်သော ရာဂကို လွန်ကာ ယောဂလေးပါးနှင့် မယှဉ်သူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

သဗ္ဗသံယောဇနံ = သဗ္ဗ သံယောဇနံ သဗ္ဗသံယောဇနံ။ သဗ္ဗ+သံယောဇန။
ပရိတဿတိ = ပရိ+တသ+ယ+တိ။
သင်္ဂါတိဂံ = သင်္ဂါနံ အတိဂတော သင်္ဂါတိဂေါ။ သင်္ဂါ+အတိ+ဂမု+ကွိ။

ဥဂ္ဂသေနသေဋ္ဌိပုတ္တဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၁၅-ဒ္ဓေဗြာဟ္မဏဝတ္ထု

၃၉၈။ ဆေတွာ နဒ္ဓိံ ဝရတ္တဉ္စ၊ သန္ဒာနံ သဟနုက္ကမံ။
ဥက္ခိတ္တပလိဃံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် စူဠလောဟိတနွားနှင့် မဟာလောဟိတနွားတို့၏အရှင် နွားပြိုင်ကြသော ပုဏ္ဏား နှစ်ယောက်တို့ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ ငါးရာသောရဟန်းတို့ ရဟန္တာဖြစ်ကြသည်။

အနက်

နဒ္ဓိဉ္စ၊ ဒေါသတည်းဟူသော နှောင်ကြိုးကိုလည်းကောင်း။ ဝရတ္တဉ္စ၊ တဏှာတည်းဟူသော လွန်ကြိုးကိုလည်းကောင်း။ သဟနုက္ကမံ၊ ကိန်းအောင်းနေသောအနုသယနှင့် တကွသော။ သန္ဒာနံ၊ ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိတည်းဟူသော ထူးကြိုးကိုလည်းကောင်း။ ဆေတွာ၊ ဖြတ်၍။ ဥက္ခိတ္တပလိဃံ၊ အဝိဇ္ဇာတည်းဟူသော တံခါးကျည်မင်းတုပ်ကို နုတ်ပယ်၍။ ဗုဒ္ဓံ၊ သစ္စာလေးပါးကိုသိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

ဒေါသတည်းဟူသော နှောင်ကြိုး တဏှာတည်းဟူသော လွန်ကြိုး အနုသယနှင့်တကွ မိစ္ဆာဒိဋ္ဌိတည်းဟူသော ထူးကြိုးတို့ကို ဖြတ်ပြီးလျှင် အဝိဇ္ဇာတည်းဟူသော တံခါးကျည်မင်းတုပ်ကို နုတ်၍ သစ္စာလေးပါးကို သိသူကိုသာ ဗြာဟ္မဏဟု ငါဘုရားဟော၏။

ဆေတွာ နဒ္ဓိံ ဝရတ္တဉ္စ—နှောင်ဖွဲ့တတ်သော ကြိုးနှင့်တူသော အမျက်ဒေါသသည် နဒ္ဓိမည်၏။ ချည်နှောင်တတ်သော လွန်နှင့်တူသော လောဘသည် ဝရတ္တမည်၏။
သန္ဒာနံ—၆၂-ပါးသော ဒိဋ္ဌိရ၏။
ဥက္ခိတ္တပလိဃံ—၌ ပလိဃအရ တံခါးကျည်နှင့်တူသော အဝိဇ္ဇာမောဟ ရ၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

နဒ္ဓိံ = နယှတိ ဗန္ဓတီတိ နဒ္ဓိံ။ နဟ်+တိ။
ဝရတ္တံ = ဝရတိ ဗန္ဓတီတိ ဝရတ္တာ။ ဝရ်+တ။
သန္ဒာနံ = သံ ဒဒါတိ ဧတေနာတိ သန္ဒာနံ။ သံ+ဒါ+ယု။
သဟနုက္ကမံ = သဟ အနုက္ကမေန ယံ ဝတ္တတီတိ သဟနုက္ကမံ။ သဟ+အနုက္ကမ+ယ။
ဥက္ခိတ္တပလိဃံ = ပရိဟညတီတိ ပလိဃော။ ပရိ+ဟန်+ရ။ ဥက္ခိတ္တော ပလိဃော ယေနာတိ ဥက္ခိတ္တပလိဃော။ ဥက္ခိတ္တ+ပလိဃ+ယ။

ဒွေဗြာဟ္မဏဝတ္ထုပြီး၏။
---

၂၆-ဗြာဟ္မဏဝဂ်။ ၁၆-အက္ကောသကဘာရဒွါဇဝတ္ထု

၃၉၉။ အက္ကောသံ ဝဓဗန္ဓဉ္စ၊ အဒုဋ္ဌော ယော တိတိက္ခတိ။
ခန္တီဗလံ ဗလာနီကံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အား ဆဲရေးကြသော ဘာရဒွါဇပုဏ္ဏားတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အက္ကောသံ၊ ဆဲရေးခြင်းကိုလည်းကောင်း။ ဝဓဗန္ဓဉ္စ၊ ပုတ်ခတ်ခြင်း နှောင်ဖွဲ့ခြင်းကိုလည်းကောင်း။ အဒုဋ္ဌော၊ အမျက်မထွက်ပဲ။ တိတိက္ခတိ၊ သည်းခံ၏။ ခန္တီဗလံ၊ သည်းခံခြင်းတည်းဟူသော ဗိုလ်ပါရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

ဆဲရေးခြင်း ပုတ်ခတ်ခြင်း နှောင်ဖွဲ့ခြင်း တို့ကို အမျက်မထွက်ပဲ သည်းခံခြင်းတည်းဟူသော အားရှိသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

အက္ကောသံ ဝဓဗန္ဓဉ္စ—ဆယ်ပါးသော ဆဲရေးခြင်းတို့ဖြင့် ဆဲရေးခြင်းသည် အက္ကောသမည်၏။ လက်စသည်ဖြင့် ရိုက်ပုတ်ခြင်းသည် ဝဓမည်၏။ သံခြေချင်း ထိတ်ကြိုးတို့ဖြင့် နှောင်ဖွဲ့ခြင်းသည် ဗန္ဓမည်၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အက္ကောသံ = အက္ကောသနံ အက္ကောသော။ အာ+ကုသ်+ဏ။
ဝဓဗန္ဓံ = ဝဓဉ္စ ဗန္ဓဉ္စ ဝဓဗန္ဓံ။ ဝဓ+ဗန္ဓ။
အဒုဋ္ဌော = န ဒုဋ္ဌော အဒုဋ္ဌော။ န+ဒုဋ္ဌ။ ဒုဋ္ဌ=ဒုသ်+တ။
ခန္တီဗလံ = ခန္တီ ဧဝ ဗလံ ယဿာတိ ခန္တီဗလော။ ခန္တီ+ဗလ+ယ။
ဗလာနီကံ = ဗလံ အနီကံ ယဿာတိ ဗလာနီကော။ ဗလ+အနီက+ယ။

အက္ကောသကဘာရဒွါဇဝတ္ထုပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၁၇-သာရိပုတ္တတ္ထေရဝတ္ထု

၄၀၀။ အက္ကောဓနံ ဝတဝန္တံ၊ သီလဝန္တံ အနုဿဒံ။
ဒန္တံ အန္တိမသာရီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယ်တော်သာရီပုဏ္ဏေးမ က ကျိန်ဆဲသည်ကို စကားတခွန်းမျှ ပြန်မပြောပဲ သည်းခံတော်မူသော အရှင်သာရိပုတ္တရာကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အက္ကောဓနံ၊ အမျက်မထွက်သော။ ဝတဝန္တံ၊ ဓုတင်အကျင့်ရှိသော။ သီလဝန္တံ၊ စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံသော။ အနုဿဒံ၊ တဏှာပြန့်ပြောခြင်း မရှိသော။ ဒန္တံ၊ ဣန္ဒြေ ၆-ပါးကို ဆုံးမပြီးသော။ အန္တိမသာရီရံ၊ အဆုံးစွန်သောကိုယ်ရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

အမျက်လည်း မထွက် ဓုတင်အကျင့်လည်းရှိ၍ သီလနှင့်ပြည့်စုံသဖြင့် တဏှာပြန့်ပြောမှုမရှိပဲ ဣန္ဒြေခြောက်ပါးကို ဆုံးမပြီးသည်ဖြစ်၍ အဆုံးစွန်သောကိုယ်ရှိသူကို ဗြာဟ္မဏဟု ငါဘုရားဆို၏။

ဝတဝန္တံ—ဓုတင်အကျင့်နှင့် ပြည့်စုံသူ။
သီလဝန္တံ—စတုပါရိသုဒ္ဓိသီလရှိသူ။
ဒန္တံ—ဣန္ဒြေခြောက်ပါးကို ဆုံးမပြီးသူ။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အက္ကောဓနံ = နတ္ထိ ကောဓနော ယဿာတိ အက္ကောဓနော။ န+ကောဓန+ယ။
အနုဿဒံ = နတ္ထိ ဥဿဒေါ ယဿာတိ အနုဿဒေါ။ န+ဥဿဒ+ယ။
အန္တိမသာရီရံ = အန္တိမံ သရီရံ ယဿာတိ အန္တိမသာရီရော။ အန္တိမ+သရီရ+ယ။

သာရိပုတ္တတ္ထေရဝတ္ထုပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၁၈-ဥပ္ပလဝဏ္ဏာထေရီဝတ္ထု

၄၀၁။ ဝါရိ ပေါက္ခရပတ္တေဝ၊ အာရဂ္ဂေရိဝ သာသပေါ။
ယော န လိမ္ပတိ ကာမေသု၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန္တာတို့ ကာမဂုဏ်ကို မသာယာကြကုန်၊ ကာမဂုဏ်ကို မခံစားကြကုန်ဟု ဥပ္ပလဝဏ္ဏာထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည်ဖြစ်ကြသည်။

အနက်

ပေါက္ခရပတ္တေ၊ ကြာဖက်၌။ ဝါရိ၊ ရေသည်။ န လိမ္ပတိ ဣဝ၊ မတည်သကဲ့သို့လည်းကောင်း။ အာရဂ္ဂေ၊ ပွတ်ဆောက်ဖျား၌။ သာသပေါ၊ မုန်ညင်းစေ့သည်။ န လိမ္ပတိ ဣဝ၊ မတည်သကဲ့သို့လည်းကောင်း။ ယော၊ အကြင်သူသည်။ ကာမေသု၊ ဝတ္ထုကာမ ကိလေသာကာမတို့၌။ န လိမ္ပတိ၊ မလိမ်းကျံ မကပ်ငြိ။ တံ၊ ထိုသူကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

ကြာဖက်ပေါ်၌ ရေမတည်နိုင်သကဲ့သို့ လည်းကောင်း၊ ပွတ်ဆောက်ဖျားပေါ်၌ မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့ လည်းကောင်း ကာမဂုဏ်တို့၌ မကပ်ငြိသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဝါရိ = ပိပါသံ ဝါရေန္တိ ဧတေနာတိ ဝါရိ။ ဝရ+ဏိ။
ပေါက္ခရပ‌တ္တေ = ပေါက္ခရာ ပတ္တံ ပေါက္ခရပတ္တံ။ ပေါက္ခရ+ပတ္တ။
အာရဂ္ဂေ = အာရာယ အဂ္ဂံ အာရဂ္ဂံ။ အာရာ+အဂ္ဂ။
သာသပေါ = သာသိယန္တိ အနေနာတိ သာသပေါ။ သသ်+အပ။

ဥပ္ပလဝဏ္ဏာထေရီဝတ္ထုပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၁၉-အညတရဗြာဟ္မဏဝတ္ထု

၄၀၂။ ယော ဒုက္ခဿ ပဇာနာတိ၊ ဣဓေဝ ခယမတ္တနော။
ပန္နဘာရံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အိမ်ရှင် မသိအောင် ထွက်ပြေးပြီးလျှင် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ရောက်သော ကျွန်သည် ဘုရားရှင်နှင့်အတူ ဆွမ်းခံဝင်သောအခါ မိမိကျွန်ကိုမှတ်မိသဖြင့် သင်္ကန်းကိုဆွဲသောပုဏ္ဏားတဦးကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ အိမ်ရှင်ပုဏ္ဏား သောတာပန်ဖြစ်သည်။

အနက်

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓေဝ၊ ဤဘဝ၌ပင်။ အတ္တနော၊ မိမိ၏။ ဒုက္ခဿ၊ ဆင်းရဲ၏။ ခယံ၊ ကုန်ရာနိဗ္ဗာန်ကို။ ပဇာနာတိ၊ သိ၏။ ပန္နဘာရံ၊ ချပြီးသော ခန္ဓာဝန်ရှိ၍။ ဝိသံယုတ္တံ၊ ကိလေသာတို့နှင့် မယှဉ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

ဤဘဝ၌ပင် မိမိ ခန္ဓာဆင်းရဲကုန်ရာ နိဗ္ဗာန်ကိုသိသော ခန္ဓာဝန်ကိုချပြီး၍ ကိလေသာနှင့် မယှဉ်သူကို ဗြာဟ္မဏဟု ငါဘုရားဟောတော်မူ၏။

ပန္နဘာရံ ဝိသံယုတ္တံ—၌ ဝိသံယုတ္တဟူသည် ယောဂလေးပါးတို့နှင့် လည်းကောင်း၊ အလုံးစုံသော ကိလေသာတို့နှင့် လည်းကောင်း မယှဉ်ခြင်းတည်း။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ပန္နဘာရံ = ပန္နော ဘာရော ယေနာတိ ပန္နဘာရော။ ပန္န+ဘာရ+ယ။

အညတရဗြာဟ္မဏဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၂၀-ခေမာဘိက္ခုနီဝတ္ထု

၄၀၃။ ဂမ္ဘီရပညံ မေဓာဝိံ၊ မဂ္ဂါမဂ္ဂဿ ကောဝိဒံ။
ဥတ္တမတ္ထမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဂိဇ္ဈကုဋ်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်ထံ ဖူးမြော်ရန် ပထမယံအတွင်း၌ ကောင်းကင်ခရီးဖြင့် လာ၍ ကန်တော့ပြီး ချက်ချင်းပြန်သွားသော ဘိက္ခုနီမတို့တွင် ပညာအရာ ဧတဒဂ်ရသော ခေမာထေရီကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည်ဖြစ်ကြသည်။

အနက်

ဂမ္ဘီရပညံ၊ နက်နဲသော ပညာရှိသော။ မေဓာဝိံ၊ ထက်မြက်သော ပညာရှိသော။ မဂ္ဂါမဂ္ဂဿ၊ လမ်းမှန်ဟုတ်မဟုတ်၌။ ကောဝိဒံ၊ လိမ္မာသော။ ဥတ္တမတ္ထံ၊ အရဟတ္တဖိုလ်သို့။ အနုပ္ပတ္တံ၊ ရောက်ပြီးသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

နက်နဲ၍ ထက်မြက်သော ပညာရှိသောကြောင့် လမ်းမှန်ဟုတ် မဟုတ်၌ လိမ္မာသော အရဟတ္တဖိုလ်သို့ ရောက်သောသူကို ဗြာဟ္မဏဟု ငါဘုရားဟောတော်မူ၏။

ဂမ္ဘီရပညံ—၌ ဂမ္ဘီရအရ ခန္ဓာစသည်ရ၏။
ပညာ—အရ ဓမ္မောဇပညာရ၏။
ဂမ္ဘီရပညံ—အရ ဓမ္မောဇပညာနှင့် ပြည့်စုံသူရ၏။
မဂ္ဂါမဂ္ဂဿ ကောဝိဒံ—ဤကား သုဂတိရောက်ကြောင်း ဤကား ဒုဂ္ဂတိရောက်ကြောင်း ဤကား နိဗ္ဗာန်ရောက်ကြောင်း ဤကား သုဂတိရောက်ကြောင်း မဟုတ် စသည်ဖြင့် မဂ္ဂ အမဂ္ဂ၌ လိမ္မာသူ။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဂမ္ဘီရပညံ = ဂမ္ဘီရ-ဂမု+ဘီရ။ (ဏွာဒိ။ ၁၇ဝ) ဂမ္ဘီရာ ပညာ ယဿာတိ ဂမ္ဘီရပညော။ ဂမ္ဘီရာ+ပညာ+ယ။
ကောဝိဒံ = ကိံ နာမေန ဝိန္ဒတီတိ ကောဝိဒေါ။ ကိံ+ဝိဒ်+အ။ ကုံ (ပါပံ) ဝိန္ဒတီတိ ကောဝိဒေါ။ ကု+ဝိဒ်+အ။

ခေမာဘိက္ခုနီဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၂၁-ပဗ္ဘာရဝါသီတိဿတ္ထေရဝတ္ထု

၄၀၄။ အသံသဋ္ဌံ ဂဟဋ္ဌေဟိ၊ အနာဂါရေဟိ စူဘယံ။
အနောကသာရိမပ္ပိစ္ဆံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အထံမှ ကမ္မဋ္ဌာန်းကိုယူ၍ တောင်လိုဏ်ခေါင်း၌ နေလျက် မိမိ၏ စင်ကြယ်သောသီလကို အကြောင်းပြု၍ ပီတိကိုဖြစ်စေကာ အရဟတ္တဖိုလ်သို့ရောက်သော တိဿထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဂဟဋ္ဌေဟိ စ၊ လူတို့နှင့် လည်းကောင်း။ အနာဂါရေဟိ စ၊ ရဟန်းတို့နှင့် လည်းကောင်း။ ဥဘယံ ဥဘယေဟိ စ၊ နှစ်ပါးစုံတို့နှင့်လည်းကောင်း။ အသံသဋ္ဌံ၊ မရောယှက်သော။ အနောကသာရိံ၊ တဏှာကင်းကြောင်း အကျင့်ရှိသော။ အပ္ပိစ္ဆံ၊ အလိုနည်းသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

လူတို့နှင့် လည်းကောင်း ရဟန်းတို့နှင့် လည်းကောင်း နှစ်ပါးစုံတို့နှင့် လည်းကောင်း မရောမယှက်ပဲ တဏှာကင်းကြောင်း အကျင့်ရှိ၍ အလိုနည်းသောသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

အသံသဋ္ဌံ—ဒဿန သဝန သမုလ္လာပန ပရိဘောဂ ကာယသံသဂ္ဂတို့၏ မရှိခြင်းကို အသံသဋ္ဌဟု ဆိုပါသည်။ မြင်မှု ကြားမှု စကားလက်ဆုံကျမှု ပစ္စည်းဖလှယ်မှု ကိုယ်ဖြင့် နှီးနှောမှုမရှိခြင်း။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အသံသဋ္ဌံ = န သံသဋ္ဌံ အသံသဋ္ဌံ။ န+သံသဋ္ဌ။
သံသဋ္ဌ=သံ+သန္ဇ+တ။
ဂဟဋ္ဌေဟိ = ဂဟေ ဂေဟေ ပဉ္စကာမဂုဏေ ဝါ ဘဝနဝသေန တိဋ္ဌတီတိ ဂဟဋ္ဌော။ ဂဟ+ဌာ+ဏ။
အနာဂါရေဟိ = အဂါရေ (ဂေဟေ) ဝသတီတိ အာဂါရော။ အဂါရ+ဏ။ န အာဂါရော အနာဂါရော။ န+အာဂါရ။
အနောကသာရိံ = အနောကံ သရတိ သီလေနာတိ အနောကသာရီ။ အနောက+သရ်+ဏီ။ အနောက=န+ဩက။
အပ္ပိစ္ဆံ = အပ္ပါ ဣစ္ဆာ ယဿာတိ အပ္ပိစ္ဆော။ အပ္ပါ+ဣစ္ဆာ+ယ။

ပဗ္ဘာရဝါသီတိဿတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၂၂-အညုတရဘိက္ခုဝတ္ထု

၄၀၅။ နိဓာယ ဒဏ္ဍံ ဘူတေသု၊ တသေသု ထာဝရေသု စ။
ယော န ဟန္တိ န ဃာတေတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းယူ၍ တော၌ တရားအားထုတ်ရာ အရဟတ္တဖိုလ်သို့ ရောက်သဖြင့် မိမိရသော ဂုဏ်ကျေးဇူးကို လျှောက်ထားရန် ပြန်လာသောအခါ ခင်ပွန်းသည်နှင့် စိတ်ဆိုး၍ ထွက်လာသော အမျိုးသမီးလိုက်သည်ကို မသိပဲ ခင်ပွန်းသည်၏ အရိုက်အနှက်ခံရသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယော၊ အကြင်သူသည်။ တသေသု၊ ထိတ်လန့်တတ်ကုန်သော။ ဘူတေသု စ၊ ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တို့၌ လည်းကောင်း။ ထာဝရေသု၊ မကြောက်မလန့် တည်တံ့ကုန်သော။ ဘူတေသု စ၊ ရဟန္တာပုဂ္ဂိုလ်၌ လည်းကောင်း။ ဒဏ္ဍံ၊ တုတ်လက်ကို။ နိဓာယ၊ ပယ်ချထား၍။ သယံ၊ မိမိသည်။ န ဟန္တိ၊ မသတ်။ အညေ၊ သူတပါးတို့ကို။ န ဃာတေတိ၊ မသတ်စေ။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

ထိတ်လန့်တတ်သော ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်တို့၌ လည်းကောင်း၊ မကြောက်မလန့် တည်တံ့သော ရဟန္တာပုဂ္ဂိုလ် အသေက္ခတို့၌ လည်းကောင်း။ တုတ်လက်နက်ကို ပယ်ချပြီးလျှင် မိမိကိုယ်တိုင်လည်း မသတ် သူတပါးကိုလည်း မသတ်ခိုင်းသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

တသေသု—တဏှာဖြင့် ထိတ်လန့်သောပုဂ္ဂိုလ်။
ထာဝရေသု—တဏှာမရှိသောအားဖြင့် ခိုင်မြဲသောပုဂ္ဂိုလ်။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဒဏ္ဍံ = ဒဍတိ အာဏံ ကရောတိ ဧတေနာတိ ဒဏ္ဍော။ ဒဍိ+တ။ ဒမန္တိ အနေနာတိ ဒဏ္ဍော။ ဒမု+ဍ။
ထာဝရေသု = တိဋ္ဌတိ သီလေနာတိ ထာဝရော။ ဌာ-ဂတိနိဝတ္တိယံ။ ဝရော-ဝဏ္ဏ-ဝိကာရော။ ဌာ+ဝရ။

အညုတရဘိက္ခုဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၂၃-သာမဏေရာနံဝတ္ထု

၄၀၆။ အဝိရုဒ္ဓံ ဝိရုဒ္ဓေသု၊ အတ္တဒဏ္ဍေသု နိဗ္ဗုတံ။
သာဒါနေသု အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွမ်းညွှန်အလှည့်ကျသော သံကိစ္စ, ပဏ္ဍိတ, သောပါက, ရေဝတဟူသော ခုနစ်နှစ်အရွယ်သာရှိသော ရဟန္တာသာမဏေတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဝိရုဒ္ဓေသု၊ ဆန့်ကျင်ဘက်ပြုသူတို့၌။ အဝိရုဒ္ဓံ၊ မဆန့်ကျင်သော။ အတ္တဒဏ္ဍေသု၊ တုတ် ဓား စသောလက်နက်ချထားသူတို့၌။ နိဗ္ဗုတံ၊ လက်နက်ချထားပြီးဖြစ်၍ ရန်ငြိမ်းအေးသော။ သာဒါနေသု၊ ခန္ဓာတို့ကိုစွဲလမ်းသော သူတို့၌။ အနာဒါနံ၊ စွဲလမ်းခြင်းမရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

ဆန့်ကျင်ဘက်ပြုသူတို့၌ မဆန့်ကျင်သော တုတ် ဓား စသောလက်နက်ကိုချထားပြီး၍ ရန်ငြိမ်းသော ခန္ဓာတို့ကို စွဲလမ်းသူတို့၌ စွဲလမ်းခြင်းမရှိသောသူကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

ဝိရုဒ္ဓေသု—ရန်ငြိုးဖွဲ့ခြင်း အစွမ်းဖြင့် ဆန့်ကျင်သော လောကီလူအပေါင်း။
အတ္တဒဏ္ဍေသု—လက်ထဲတွင် တုတ်ဓားမရှိသေးသော်လည်း ရိုက်ပုတ်ခြင်းမှ ရှောင်ကြဉ်သောကြောင့် သူတပါးအားမရိုက်ပုတ်သောသူ။
အနာဒါနံ—ခန္ဓာငါးပါးသည် ငါဖြစ်၏၊ ငါ့ဥစ္စာဖြစ်၏ဟု စွဲလမ်းခြင်းမရှိသောသူ။
သာမဏေကျော်များ—သံကိစ္စ, ပဏ္ဍိတ, သောပါက, ရေဝတတို့လေးပါးသည် ခုနစ်နှစ်အရွယ်၌ပင် ရဟန္တာဖြစ်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂။၄၁၆)

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဝိရုဒ္ဓေသု = ဝိရုဇ္ဈတီတိ ဝိရုဒ္ဓေါ။ ဝိ+ရုဓ်+တ။
အတ္တဒဏ္ဍေသု = အတ္တော ဒဏ္ဍော ယေနာတိ အတ္တဒဏ္ဍော။ အတ္တ+ဒဏ္ဍ+ယ။ အတ္တ+အာ+ဒါ+တ။
သာဒါနေသု = သဟ အာဒါနေန ယော ဝတ္တတီတိ သာဒါနော။ သဟ+အာဒါန+ယ။

သာမဏေရာနံဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၂၄-မဟာပန္ထကတ္ထေရဝတ္ထု

၄၀၇။ ယဿ ရာဂေါ စ ဒေါသော စ၊ မာနော မက္ခော စ ပါတိတော။
သာသပေါရိဝ အာရဂ္ဂါ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ညီငယ် စူဠပန္ထကကို လေးလတိုင်တိုင် တဂါထာကို မတတ်မြောက်နိုင်သဖြင့် နှင်ထုတ်သောကြောင့် ရဟန္တာများ ဒေါသရှိသေးသလောဟု ယုံမှားတွေးတောခြင်းကို ခံရသော မဟာပန္ထကထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

သာသပေါ၊ မုန်ညင်းစေ့သည်။ အာရဂ္ဂါ၊ ပွတ်ဆောက်ဖျားမှ။ ပါတိတော ဣဝ၊ လျောကျသကဲ့သို့။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏သန္တာန်မှ။ ရာဂေါ စ၊ စွဲမက်မှုရာဂသည်လည်းကောင်း။ ဒေါသော စ၊ အမျက်ထွက်မှု ဒေါသသည်လည်းကောင်း။ မာနော စ၊ ထောင်လွှားမှု မာနသည်လည်းကောင်း။ မက္ခော စ၊ သူ့ကျေးဇူးဂုဏ်ကို ဖျက်ဆီးမှု မက္ခသည်လည်းကောင်း။ ပါတိတော၊ ကင်းစင်လျောဆင်း၏။ တံ၊ ထိုရာဂစသည်တို့ ကင်းစင်လျောဆင်းသူကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

မုန်ညင်းစေ့သည် ပွတ်ဆောက်ဖျားမှ လျောကျသကဲ့သို့ စွဲမက်မှု ထောင်လွှားမှု သူ့ကျေးဇူးကို ဖျက်ဆီးမှုတို့ ကင်းစင်လျောဆင်းသွားသူကို ဗြာဟ္မဏဟု ငါဘုရားဟောတော်မူ၏။

လည်သောပွတ်ဆောက်ဖျား၌ မုန်ညင်းစေ့သည် မတည်နိုင်သကဲ့သို့ ရာဂစသော ကိလေသာ သူ့ကျေးဇူးကို ဖျက်တတ်သော မက္ခတရားတို့သည် စိတ်၌ မတည်နိုင်။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

မာနော = သေယျာဒိဝသေန မညတီတိ မာနော။ မန်+ဏ။
မက္ခော = မက္ခတီတိ မက္ခော။ မက္ခ+အ။
ပါတိတော = ပါတာပိယတေတိ ပါတိတော။ ပတ်+ဏေ+တ။

မဟာပန္ထကတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၂၅-ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု

၄၀၈။ အကက္ကသံ ဝိညာပနိံ၊ ဂိရံ သစ္စမုဒီရယေ။
ယာယ နာဘိသ‌ဇေ ကဉ္စိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘဝပေါင်းများစွာ တပါးသူအား သူယုတ်ဟု ခေါ်သော ဝါသနာရှိသဖြင့် ရဟန္တာအဖြစ်သို့ ရောက်သော်လည်း သူယုတ်ဟု ခေါ်သော ဝါသနာကို မစွန့်သော ပိလိန္ဒဝစ္ဆထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အကက္ကသံ၊ နူးညံ့ပြေပြစ်သော။ ဝိညာပနိံ၊ သဘောအဓိပ္ပါယ် ပေါ်လွင်သော။ သစ္စံ၊ မှန်ကန်သော။ ဂိရံ၊ စကားကို။ ဥဒီရယေ၊ ပြောဆိုရာ၏။ ယာယ၊ အကြင်စကားဖြင့်။ ကဉ္စိ၊ တစုံတယောက်ကိုမျှ။ နာဘိသဇေ၊ မထိခိုက် မငြိစွန်းစေရာ။ တံ၊ ထိုမထိခိုက်သော စကားရှိသူကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

နူးညံ့ပြေပြစ်၍ သဘောအဓိပ္ပါယ်ပေါ်စေပြီးလျှင် မှန်ကန်သောစကားကို ပြောဆိုလျက် တစုံတယောက်ကိုမျှ မထိခိုက်သော စကားရှိသူကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

ရဟန္တာများပြောသောစကား

(၁) မကြမ်းတမ်းသောစကား၊
(၂) သိလွယ်သောစကား၊
(၃) မှန်ကန်သောစကား၊
(၄) ဒေါသသံမပါသောစကား။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အကက္ကသံ = န ကက္ကသော အကက္ကသော။ န+ကက္ကသ။
ကက္ကသ= ကိဗ္ဗိသံ ကရောတီတိ ကက္ကသော။ ကရ်+ကသ။
ဝိညာပနိံ = ဝိညာပေတီတိ ဝိညာပနီ။ ဝိ+ဉာ+ဏာပေ+ဏီ။
ဂိရံ = ဂိရန္တိ သဒ္ဒန္တိ န္တိ ဂိရာ။ ဂိရ+အ+အာ။ ဂါယိတဗ္ဗာတိ ဂိရာ။ ဂေ+ဣရ+အာ။

ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၂၆-အညတရတ္ထေရဝတ္ထု

၄၀၉။ ယောဓ ဒီဃံဝ ရဿံ ဝါ၊ အဏုံ ထူလံ သုဘာသုဘံ။
လောကေ အဒိန္နံ နာဒိယတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပုဏ္ဏ၏ ချွေးစိုအဝတ် နေလှမ်းထားသည်ကို ပံ့သကူအမှတ်ဖြင့် ကောက်ယူမိသောအခါ အရှင်ပြန်တောင်းသဖြင့် ပြန်ပေးလိုက်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဣဓ လောကေ၊ ဤလောက၌။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အဒိန္နံ၊ အရှင်မပေးသော သူတပါးဥစ္စာကို။ ဒီဃံ ဝါ၊ ရှည်သည်ဖြစ်စေ။ ရဿံ ဝါ၊ တိုသည်ဖြစ်စေ။ အဏုံ ဝါ၊ ငယ်သည်ဖြစ်စေ။ ထူလံ ဝါ၊ ကြီးသည်ဖြစ်စေ။ သုဘာသုဘံ ဝါ၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ။ နာဒိယတိ၊ မခိုးယူ။ တံ၊ ထိုမခိုးသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ ဗြူမိ၊ ဟော၏။

စကားပြေ

ဤလောကဝယ် အရှည် အတို အငယ် အကြီး ကောင်း မကောင်းသော ပိုင်ရှင်မပေးသောဥစ္စာကို မခိုးယူသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

အညတရရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၂၇-သာရိပုတ္တတ္ထေရဝတ္ထု

၄၁၀။ အာသာ ယဿ န ဝိဇ္ဇန္တိ၊ အသ္မိံ လောကေ ပရမှိ စ။
နိရာသာသံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အတူနေ တပည့်များအပေါ် တဏှာရှိသေးသည်ဟု စွပ်စွဲပြောဆိုခံရသော အရှင်သာရိပုတ္တရာထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အသ္မိံ လောကေ စ၊ ဤပစ္စုပ္ပန် လောက၌ လည်းကောင်း။ ပရမှိ စ၊ တမလွန်လောက၌လည်းကောင်း။ အာသာ၊ မက်မောမှု တဏှာတို့သည်။ န ဝိဇ္ဇန္တိ၊ မရှိကုန်။ နိရာသာသံ၊ မက်မောမှု အာသာကင်းသော။ ဝိသံယုတ္တံ၊ ကိလေသာတို့နှင့် မယှဉ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

ယခုဘဝ၌လည်းကောင်း နောင်ဘဝ၌လည်းကောင်း မက်မောမှုတဏှာလည်း မရှိ ကိလေသာတို့နှင့် မယှဉ်သောပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အာသာ = ဣစ္ဆတိ ဧတာယာတိ အာသာ။ ဣသု+အ+အာ (ဣကို အာပြု)
နိရာသာသံ = နတ္ထိ အာသာသာ ယဿာတိ နိရာသာသော။ နိ+အာသာသာ+ယ။ အာသာသာ=အာ+သာသ်+အ+အာ။

သာရိပုတ္တတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၂၈-မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု

၄၁၁။ ယဿာလယာ န ဝိဇ္ဇန္တိ၊ အညာယ အကထံကထီ။
အမတောဂဓမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်မဟာမောဂ္ဂလ္လာန်ထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အာလယာ၊ ကပ်ငြိတွယ်တာမှုတို့သည်။ န ဝိဇ္ဇန္တိ၊ မရှိကုန်။ အညာယ၊ တရားမှန်ကိုသိ၍။ အကထံကထီ၊ သို့လောသို့လောဟု တွေးတောမှုမရှိသည်။ အမတောဂဓံ၊ အမြိုက်နိဗ္ဗာန်သို့။ အနုပ္ပတ္တံ၊ ရောက်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

ကပ်ငြိတွယ်တာမှုလည်းမရှိပဲ တရားမှန်ကိုသိသဖြင့် သို့လောသို့လော တွေးတောမှုမရှိသည့်အပြင် အမြိုက်နိဗ္ဗာန်သို့ရောက်သော ပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

အာလယာ = အာ ပုနပ္ပုနံ လယတိ အာရမ္မဏေသူတိ အာလယော။ ပုနပ္ပုနံ လယတိ သံသိလသတိ ယေနာတိ အာလယော။ အာ+လိ+ဏ။
အကထံကထီ = ကထံ ဣဒမိတိ ကထယတိ ယာယာတိ ကထံကထာ။ (ဝိစိကိစ္ဆာ)။ ကထံကထာ အဿ အတ္ထီတိ ကထံကထီ။ ကထံကထာ+ဤ။ န ကထံကထီ အကထံကထီ။ န+ကထံကထိ။
အမတောဂဓံ = အမတံ (နိဗ္ဗာနံ) ဩဂါဟတီတိ အမတောဂတော။ အမတ+ဩ+ဂဟ+တ။

မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၂၉-ရေဝတတ္ထေရဝတ္ထု

၄၁၂။ ယောဓ ပုညဉ္စ ပါပဉ္စ၊ ဥဘော သင်္ဂမုပစ္စဂါ။
အသောကံ ဝိရဇံ သုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာမဏေ၏ လာဘ်လာဘဘုန်းကံတို့သည် အံ့ဩဖွယ်ရာပေတည်းဟု အချီးမွမ်းခံရသော အရှင်သာရိပုတ္တရာ၏ ညီအငယ်ဆုံး ရေဝတထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဣဓ၊ ဤလောက၌။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုညဉ္စ၊ ကုသိုလ်ကိုလည်းကောင်း။ ပါပဉ္စ၊ အကုသိုလ်ကိုလည်းကောင်း။ ဥဘော၊ နှစ်ပါးစုံတို့ကိုလည်းကောင်း။ သင်္ဂံ၊ ကပ်ငြိတတ်သော တဏှာကိုလည်းကောင်း။ ဥပစ္စဂါ၊ လွန်မြောက်၏။ အသောကံ၊ စိုးရိမ်ခြင်းမရှိသော။ ဝိရဇံ၊ ကိလေသာမြူ ကင်းသော။ သုဒ္ဓံ၊ စင်ကြယ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

ဤလောက၌ ကုသိုလ်အကုသိုလ် နှစ်ပါးစုံ ကုသိုလ်အကုသိုလ်နှင့် ကပ်ငြိတတ်သော တဏှာကို လွန်မြောက်ပြီးလျှင် စိုးရိမ်ခြင်းလည်းမရှိ ကိလေသာမြူလည်းမရှိသဖြင့် စင်ကြယ်သောသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ပုညံ = ပုနာတီတိ ပုညံ။ ပုနယ+ဏျ (န-လာ)
သင်္ဂံ = သဉ္ဇနံ သင်္ဂေါ။ သဇ်+ဏ။
ဥပစ္စဂါ = ဥ+အတိ+ဂမု+အ+အာ။

ရေဝတတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၃၀-စန္ဒာဘတ္ထေရဝတ္ထု

၄၁၃။ စန္ဒီဝ ဝိမလံ သုဒ္ဓံ၊ ဝိပ္ပသန္နမနာဝိလံ။
နန္ဒီဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရာဇဂြိုဟ်မြို့ ဗြာဟ္မဏ မဟာသာလအမျိုး၌ ဖြစ်၍ ချက်အလယ်၌ စန္ဒကူးဝိုင်းရောင်သည် အခြားနေရာတွင် တောက်ပသော်လည်း ဘုရားရွှေတော်တွင် မတောက်ပသဖြင့် ဘုရားရှင်ထံ မန္တာန်သင်ကြားလို၍ ရဟန်းပြုသော စန္ဒာဘထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာမဟောခင် စန္ဒာဘထေရ် ရဟန္တာဖြစ်၍ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဝိမလံ၊ အညစ်အကြေးကင်းသော။ စန္ဒံ ဣဝ၊ လကဲ့သို့။ သုဒ္ဓံ၊ ကိလေသာမရှိ၍ စင်ကြယ်သော။ ဝိပ္ပသန္နံ၊ အထူးသဖြင့် ကြည်လင်သောစိတ်ရှိသော။ အနာဝိလံ၊ နောက်ကျခြင်းမှ ကင်းသော။ နန္ဒီဘဝပရိက္ခီဏံ၊ ဘဝတို့၌ နှစ်သက်တတ်သော တဏှာကုန်ခန်းသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

အညစ်အကြေးကင်းသော လမင်းကဲ့သို့ ကိလေသာမရှိ၍ စင်ကြယ်ပြီး အထူးကြည်လင်သော စိတ်ရှိသည်ဖြစ်၍ နောက်ကျခြင်းမှ ကင်းပြီးလျှင် ဘဝတို့၌ နှစ်သက်သော တဏှာကုန်ခန်းသော ပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဝိမလံ = ဝိဂတံ မလံ ယဿာတိ ဝိမလော။ ဝိ+မလ+ယ။
ဝိပ္ပသန္နံ = ဝိပသီဒတီတိ ဝိပ္ပသန္နော။ ဝိ+ပ+သဒ်+တ။
အနာဝိလံ = နတ္ထိ အာဝိလော ယဿာတိ အနာဝိလော။ န+အာဝိလ+ယ။ အာဝိလ=အာ+ဗိလ်+အ။
နန္ဒီဘဝပရိက္ခီဏံ = နန္ဒီ ဘဝေသု ပရိက္ခီဏော ယဿာတိ နန္ဒီဘဝပရိက္ခီဏော။ နန္ဒီ+ဘဝ+ပရိက္ခီဏ+ယ။

စန္ဒာဘတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၃၁-သီဝလိတ္ထေရဝတ္ထု

၄၁၄။ ယောမံ ပလိပထံ ဒုဂ္ဂံ၊ သံသာရံ မောဟမစ္စဂါ။
တိဏ္ဏော ပါရင်္ဂတော ဈာယီ၊ အနေဇော အကထံကထီ။
အနုပါဒါယ နိဗ္ဗုတော၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကုဏ္ဍကောလိယပြည်ကို အမှီပြု၍ ကုဏ္ဍဓာနတော၌ သီတင်းသုံးနေတော်မူစဉ် ရဟန္တာဖြစ်မည့် ဘဝ၌ပင် အမိဝမ်းထဲ၌ ခုနစ်နှစ်ပတ်လုံး ဆင်းရဲစွာနေရသော သီဝလိထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣမံ ပလိပထံ၊ ရာဂတည်းဟူသော ဤဘေးကိုလည်းကောင်း။ ဣမံ ဒုဂ္ဂံ၊ ကိလေသာတည်းဟူသော အသွားခက်ခဲသော ဤခရီးကိုလည်းကောင်း။ ဣမံ သံသာရံ၊ ဝဋ်တည်းဟူသော အကူးခက်သော ဤသမုဒ္ဒရာကိုလည်းကောင်း။ ဣမံ မောဟံ၊ ဤမောဟတည်းဟူသော အမိုက်မှောင်ကိုလည်းကောင်း။ အစ္စဂါ၊ လွန်မြောက်ပြီ။ တိဏ္ဏော၊ ဩဃလေးပါးကို လွန်မြောက်သည်ဖြစ်၍။ ပါရင်္ဂတော၊ နိဗ္ဗာန်တည်းဟူသော ကမ်းတဘက်သို့ ရောက်၏။ ဈာယီ၊ ကိလေသာတို့ကို ရှို့မြိုက်ကာ ဈာန်ဝင်စားလေ့ရှိ၏။ အနေဇော၊ တဏှာကင်းသည်ဖြစ်၍။ အကထံကထီ၊ သို့လော သို့လောဟု တွေးတောမှုမရှိ။ အနုပါဒါယ၊ စွဲလမ်းမှုကင်း၍။ နိဗ္ဗုတော၊ ငြိမ်းအေး၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

ရာဂတည်းဟူသော ဘေး ကိလေသာတည်းဟူသော အသွားခက်သောခရီး သံသရာဝဋ်တည်းဟူသော အကူးခက်သည့် သမုဒ္ဒရာ မောဟတည်းဟူသော အမိုက်မှောင်တို့နှင့် ဩဃလေးပါးတို့ကို လွန်မြောက်ပြီးသည်ဖြစ်၍ ကိလေသာတို့ကို ရှို့မြိုက်လေ့ရှိသဖြင့် တဏှာကင်း၍ တွေးတောယုံမှားမှုနှင့် အစွဲအလမ်းမရှိသောကြောင့် နိဗ္ဗာန်တည်းဟူသော ကမ်းတဘက်သို့ ရောက်သောသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ပလိပထံ= တဏှာဟူသော ဘေး။
ဒုဂ္ဂံ= ကိလေသာဟူသော ခရီးခဲ။
မောဟံ= သစ္စာလေးပါးကို ထိုးထွင်းမသိနိုင်သော မောဟ။
တိဏ္ဏော= ဩဃလေးပါးကို လွန်သည်။
ဈာယီ= အာရမ္မဏူပဈာန် လက္ခဏူပဈာန် နှစ်ပါးရှိသူ။
အနေဇော= တဏှာမရှိသူ။
အကထံကထီ= ကထံကထီဟူသည် ဝိစိကိစ္ဆာရှိသူပင်တည်း။ အကထံကထီဟူသည် ဝိစိကိစ္ဆာ မရှိသူ။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ပလိပထံ= ပရိတော ပထတီတိ ပလိပထော။ ပရိ+ပထ+အ။ (ရကို လပြု)
ဒုဂ္ဂံ= ဒုက္ခေန ဂစ္ဆတိ ဧတ္ထာတိ ဒုဂ္ဂေါ။ ဒု+ဂမု+ကွိ။
အနေဇော= နတ္ထိ ဧဇာ ယဿာတိ အနေဇော။ န+ဧဇာ+ယ။
ဧဇာ=ဧဇာတိ ကမ္မတီတိ ဧဇာ။ ဧဇ်+အ+အာ။

သီဝလိတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၃၂-သုန္ဒရသမုဒ္ဒတ္ထေရဝတ္ထု

၄၁၅။ ယောဓ ကာမေ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
ကာမဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိပြည်၌ ကုဋေလေးဆယ် ကြွယ်ဝသော အမျိုး၏ အမျိုးသားသည် ခဲယဉ်းစွာ မိဘတို့ကို ခွင့်တောင်း၍ ရဟန်းပြုပြီးလျှင် မိဘတို့နှင့် ဝေးရာ ရာဇဂြိုဟ်မြို့သို့သွား၍ နေသောအခါ မိဘများ၏ စေခိုင်းမှုဖြင့် ပြည့်တန်ဆာမ၏ ဘုံစဉ်ခုနစ်ထပ် ပြာသာဒ်တွင် တံခါးပိတ်၍ ဖြားယောင်းခြင်းမှ လွတ်မြောက်သော သုန္ဒရသမုဒ္ဒထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ သုန္ဒရသမုဒ္ဒထေရ် ရဟန္တာဖြစ်သည်။

အနက်

ဣဓ၊ ဤလောက၌။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာမေ၊ ဝတ္ထုကာမ ကိလေသာကာမတို့ကို။ ပဟန္တွာန၊ ပယ်၍။ အနာဂါရော၊ အိမ်ရာမထောင်ပဲ။ ပရိဗ္ဗဇေ၊ ရဟန်းပြု၏။ ကာမဘဝပရိက္ခီဏာ၊ ကုန်ပြီးသော ကာမနှင့် ကုန်ပြီးသော ဘဝရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

ဤလောကဝယ် ဝတ္ထုကာမ ကိလေသာကာမတို့ကို ပယ်၍ အိမ်ရာမထောင်ပဲ ရဟန်းပြုပြီးလျှင် ကုန်ပြီးသော ကာမနှင့် ဘဝရှိသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ကာမဘဝပရိက္ခီဏံ = ကာမော စ ဘဝေါ စ ကာမဘဝါ။ ကာမ+ဘဝ။ ကာမဘဝါ ပရိက္ခီဏာ ယဿာတိ ကာမဘဝပရိက္ခီဏော။ ကာမဘဝ+ပရိက္ခီဏ+ယ။ ပရိက္ခီဏ = ပရိ+ခိ+တ။

သုန္ဒရသမုဒ္ဒတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၃၃-ဇဋိလတ္ထေရဝတ္ထု

၄၁၆။ ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အတောင်ရှစ်ဆယ်ရှိသော ရွှေတောင်ကြီးနှင့် သားတို့ကို နှစ်သက်မှု တဏှာရှိပါသေးသလားဟု အမေးခံရသော ဇဋိလထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဇဋိလထေရ်သည် ဘုရားရှင်ထံ ရဟန်းပြု၍ မကြာမီပင် ရဟန္တာဖြစ်သည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဣဓ၊ ဤလောက၌။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ တဏှံ၊ တဏှာကို။ ပဟန္တွာန၊ ပယ်၍။ အနာဂါရော၊ အိမ်ရာမထောင်ပဲ။ ပရိဗ္ဗဇေ၊ ရဟန်းပြု၏။ တဏှာဘဝပရိက္ခီဏံ၊ ကုန်ပြီးသော တဏှာ ကုန်ပြီးသော ဘဝရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

ဤလောကဝယ် တဏှာကို ပယ်၍ အိမ်ရာမထောင်ပဲ ကုန်ပြီးသော တဏှာနှင့် ဘဝရှိသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ယောဓ တဏှံ ပဟန္တွာန—၌ တဏှာအရ ခြောက်ဒွါရ၌ ဖြစ်သော တဏှာနှင့် မာန။

ဇဋိလ

ဇဋိလသည် ဗာရာဏသီပြည် သဌေးသမီးနှင့် ဝိဇ္ဇာဓိုရ်တို့၏ သားရတနာဖြစ်သည်။ မွေးဖွားသောနေ့တွင် အိုးသစ်တွင်ထည့်၍ အိုးဖြင့်ပိတ်ကာ ဂင်္ဂါမြစ်တွင်းသို့ မျောစေသည်။ ရှင်မဟာကစ္စည်းထေရ်၏ အလုပ်အကျွေးသည် ယင်းကလေးငယ်ကို ရရှိသည်။ ဇဋိလ- ရှုပ်ထွေးသောဆံပင်ရှိသေးသောကြောင့် ဇဋိလဟူသော အမည်မှည့်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၄၃။)

ကဿပဘုရားရှင်၏ စေတီတော်ကို ပြုရာတွင် ဇဋိလအလောင်း ရွှေပန်းထိမ်သည်သည် အလှူခံလာသော ရဟန္တာအရှင်မြတ်အား ဇနီးနှင့် ခိုက်ရန်ဖြစ်ချိန်ဖြစ်သဖြင့် ဘုရားရှင်ကို ရေမျှောလိုက်ပါဟု နှုတ်ဖြင့် ပြစ်မှားမိသောကြောင့် ဇဋိလဘဝတွင် ရေမျောခံရသည်။ စိတ်ပြေသောအခါ မိမိအပြစ်ကို ပြေပျောက်စေရန် ရွှေပန်းခိုင် သုံးခိုင်တို့ကိုပြု၍ ဓာတ်တော်တိုက်တွင် ထည့်၍ လှူဒါန်းပူဇော်သည်။ ပစ္စည်းများကို သားတို့အား ပေးအပ်ပြီး ရဟန်းပြုရာ နှစ်ရက်သုံးရက်အတွင်း ရဟန္တာဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၄၄)

ဇဋိလတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၃၄-ဇောတိကတ္ထေရဝတ္ထု

၄၁၇။ ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာဘဝပရိက္ခီနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နေအိမ်ပြာသာဒ်နှင့် အတုလကာရီ မြောက်ကျွန်းသူဇနီးကို နှစ်သက်မှုရှိပါသေးသလောဟု အမေးခံရသော ဇောတိကထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဇောတိကထေရ်သည် ဘုရားရှင်ထံ ရဟန်းပြု၍ မကြာမီပင် ရဟန္တာဖြစ်သည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဣဓ၊ ဤလောက၌။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ တဏှံ၊ တဏှာကို။ ပဟန္တွာန၊ ပယ်၍။ အနာဂါရော၊ အိမ်ရာမထောင်ပဲ။ ပရိဗ္ဗဇေ၊ ရဟန်းပြု၏။ တဏှာဘဝပရိက္ခီဏံ၊ ကုန်ပြီးသော တဏှာ ကုန်ပြီးသော ဘဝရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

ဤလောကဝယ် တဏှာကိုပယ်၍ အိမ်ရာမထောင်ပဲ ကုန်ပြီးသော တဏှာနှင့် ဘဝရှိသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ဇောတိကတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၃၅-နဋပုတ္တကတ္ထေရဝတ္ထု

၄၁၈။ ဟိတွာ မာနုသကံ ယောဂံ၊ ဒိဗ္ဗံ ယောဂံ ဥပစ္စဂါ။
သဗ္ဗယောဂဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်၏တရားကို နာ၍ ရဟန်းပြုပြီးလျှင် ရဟန္တာဖြစ်သွားသော သဘင်သည်၏သား နဋပုတ္တကထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ မာနုသကံ၊ လူ၌ဖြစ်သော။ ယောဂံ၊ အစီးအပွားကို။ ဟိတွာ၊ ပယ်စွန့်၍။ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော။ ယောဂံ၊ အစီးအပွားကို။ ဥပစ္စဂါ၊ လွန်မြောက်၏။ သဗ္ဗယောဂဝိသံယုတ္တံ၊ အလုံးစုံသော စီးပွားနှင့် မယှဉ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

လူ၏ စီးပွားရေးစည်းစိမ်၊ နတ်၏ စီးပွားရေးစည်းစိမ်တို့ကို လွန်မြောက်ကာ စည်းစိမ်တို့နှင့် မယှဉ်သောသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ဟိတွာ မာနုသကံ ယောဂံ−၌ ယောဂ−အရ လူ၌ဖြစ်သော အသက်၊ ကာမဂုဏ်ငါးပါး။
ဒိဗ္ဗံယောဂံ−၌ ယောဂ−အရ နတ်၌ဖြစ်သော အသက်၊ ကာမဂုဏ်ငါးပါး။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

မာနုသကံ=မာနုသေ ဘဝါ မာနုသကာ။ မာနုသ+ကဏ်။
ဒိဗ္ဗံ=ဒိဝိ ဘဝါ ဒိဗ္ဗာ။ ဒိဝ+ဏ။

နဋပုတ္တကတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၃၆-နဋပုတ္တကတ္ထေရဝတ္ထု

၄၁၉။ ဟိတွာ ရတိံ စ အရတိံ စ၊ သီတိဘူတံ နိရူပဓိံ။
သဗ္ဗလောကာဘိဘုံ ဝီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သဘင်သည်၏သား နဋပုတ္တကထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန် စသည်တို့ ဖြစ်ကြသည်။

အနက်

ရတိံ စ၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းကို လည်းကောင်း။ အရတိံ စ၊ ဆိတ်ငြိမ်ရာ၌ မမွေ့လျော်ခြင်းကို လည်းကောင်း။ ဟိတွာ၊ ပယ်စွန့်၍။ သီတိဘူတံ၊ ငြိမ်းအေးပြီးသော။ နိရူပဓိံ၊ ညစ်ညူးခြင်းကင်းသော။ သဗ္ဗလောကာဘိဘုံ၊ အလုံးစုံသော ခန္ဓာလောကကို ဖုံးလွှမ်းနိုင်သော။ ဝီရံ၊ ရဲရင့်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

ကာမဂုဏ်၌ မွေ့လျော်ခြင်း၊ ဆိတ်ငြိမ်ရာအရပ်၌ မမွေ့လျော်ခြင်းတို့ကို ပယ်၍ ညစ်ညူးခြင်းကင်းသဖြင့် ငြိမ်းအေးသော ခန္ဓာလောကကို လွှမ်းမိုးနိုင်၍ ရဲရင့်သောပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ရတိံ−ကာမဂုဏ်ငါးပါး၌ မွေ့လျော်ခြင်း။
အရတိံ−တော၌နေရသဖြင့် ပျင်းရိခြင်း။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

သီတိဘူတံ=သီတိ ဟုတွာ ဘူတော သီတိဘူတော။ သီတိ+ဘူတ။
နိရူပဓိံ=နတ္ထိ ဥပဓိ ယဿာတိ နိရူပဓိ။ နိ+ဥပဓိ+ယ။
သဗ္ဗလောကာဘိဘုံ=သဗ္ဗေ လောကာ သဗ္ဗလောကာ။ သဗ္ဗ+လောက။ သဗ္ဗလောကေ အဘိဘဝတီတိ သဗ္ဗလောကာဘိဘူ။ သဗ္ဗလောက+အဘိ+ဘူ+ကွိ။

နဋပုတ္တကတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၃၇-ဝင်္ဂီသတ္ထေရဝတ္ထု

၄၂၀။ စုတိံ ယော ဝေဒိ သတ္တာနံ၊ ဥပပတ္တိဉ္စ သဗ္ဗသော။
အသတ္တံ သုဂတံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

၄၂၁။ ယဿ ဂတိံ န ဇာနန္တိ၊ ဒေဝါ ဂန္ဓဗ္ဗမာနုသာ။
ခီဏာသဝံ အရဟန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရာဇဂြိုဟ်ပြည်သား ပုဏ္ဏားသည် လူသေတို့၏ ဦးခေါင်းတို့ကို ခေါက်၍ ငရဲ၊ တိရစ္ဆာန်၊ လူ၊ နတ် ဘုံတို့သို့ သွားသည်တို့ကို သိသော်လည်း ရဟန္တာ၏ ဦးခေါင်းကို မည်သည့်ဘုံသို့ သွားသည်ဟု မသိသဖြင့် ဘုရားရှင်အထံ မန္တန်သင်ကြားရန် ရဟန်းပြု၍ မကြာမီ ရဟန္တာဖြစ်သော ဝင်္ဂီသထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ သတ္တာနံ၊ သတ္တဝါတို့၏။ စုတိံ စ၊ သေခြင်းကို လည်းကောင်း။ ဥပပတ္တိဉ္စ၊ ပဋိသန္ဓေနေခြင်းကို လည်းကောင်း။ သဗ္ဗသော၊ ထင်ရှားသည်ကိုပြု၍ အလုံးစုံအားဖြင့်။ ဝေဒိ၊ သိ၏။ အသတ္တံ၊ ကပ်ငြိတွယ်တာခြင်း မရှိသော။ သုဂတံ၊ သူတော်ကောင်းအကျင့်ကို ကောင်းစွာကျင့်သော။ ဗုဒ္ဓံ၊ သစ္စာလေးပါးကိုသိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဂတိံ၊ လားရာဂတိကို။ ဒေဝါ၊ နတ်တို့သည်လည်းကောင်း။ ဂန္ဓဗ္ဗမာနုသာ၊ ဂန္ဓဗ္ဗနတ် လူတို့သည်လည်းကောင်း။ န ဇာနန္တိ၊ မသိကုန်။ ခီဏာသဝံ၊ အာသဝေါကုန်ခန်းသော။ အရဟန္တံ၊ ကိလေသာတို့မှ ဝေးကွာသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

သတ္တဝါတို့၏ သေခြင်း၊ ပဋိသန္ဓေနေခြင်းကို ထင်ရှားစွာပြု၍ သိသော ကပ်ငြိတွယ်တာမှုမရှိပဲ သူတော်ကောင်းအကျင့်ကို ကျင့်သဖြင့် သစ္စာလေးပါးကို သိသောသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

အာသဝေါကုန်ခန်း၍ ကိလေသာတို့မှ ဝေးကွာသော လူနှင့် ဂန္ဓဗ္ဗ စသော နတ်တို့ မသိနိုင်သော လားရာရှိသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ဝင်္ဂီသ−ရာဇဂြိုဟ်၌ ဝင်္ဂီသပုဏ္ဏားသည် လူသေတို့၏ ဦးခေါင်းကို ခေါက်ကြည့်လျှင် ငရဲ၌ ဖြစ်သူ၊ တိရစ္ဆာန်ဘုံ၌ ဖြစ်သူ၊ ပြိတ္တာဘုံ၌ ဖြစ်သူ၊ လူ့ဘုံ၌ ဖြစ်သူ၊ နတ်ဘုံ၌ ဖြစ်သူဟု သိနိုင်သော်လည်း ရဟန္တာ၏ ဦးခေါင်းကို ခေါက်ကြည့်ရာ၌ကား ဘယ်ဘုံသို့သွားမည်ဟု မသိနိုင်ပေ။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဥပပတ္တိ=ဥပပဇ္ဇနံ ဥပပတ္တိ။ ဥပ+ပဒ်+တိ။
အသတ္တံ=န သတ္တော အသတ္တော။ န+သတ္တ။ သတ္တ−သန္ဓ+တ။

ဝင်္ဂီသတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၃၈-ဓမ္မဒိန္နတ္ထေရီဝတ္ထု

၄၂၂။ ယဿ ပုရေ စ ပစ္ဆာ စ၊ မဇ္ဈေ စ နတ္ထိ ကိဉ္စနံ။
အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာဂါမ် ဝိသာခဥပါသကာ၏ ဇနီးသည် ခင်ပွန်း ဝိသာခထံ ခွင့်ပန်ပြီး ရဟန်းပြု၍ ဆိတ်ငြိမ်ရာတောသို့ ဘိက္ခုနီမတို့နှင့်အတူ တရားအားထုတ်ရာ မကြာမီ ရဟန္တာမဖြစ်သွားသော ဓမ္မဒိန္နာထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ပုရေ စ၊ အတိတ်ခန္ဓာ၌လည်းကောင်း။ ပစ္ဆာ စ၊ အနာဂတ်ခန္ဓာ၌လည်းကောင်း။ မဇ္ဈေ စ၊ ပစ္စုပ္ပန်ခန္ဓာ၌လည်းကောင်း။ ကိဉ္စနံ၊ တဏှာဖြင့် ကြောင့်ကြမှုသည်။ နတ္ထိ၊ မရှိ။ အကိဉ္စနံ၊ ကြောင့်ကြမှုမရှိသော။ အနာဒါနံ၊ စွဲလမ်းမှုမရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

အတိတ်ခန္ဓာ၊ အနာဂတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာတို့၌ တဏှာဖြင့် ကြောင့်ကြမှု စွဲလမ်းမှုမရှိသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ပုရေ−အတိတ်ခန္ဓာ ရ၏။
ပစ္ဆာ=အနာဂတ်ခန္ဓာ ရ၏။
မဇ္ဈေ − ပစ္စုပ္ပန်ခန္ဓာ ရ၏။
အကိဉ္စန − ရာဂကိဉ္စန စသည်ဖြင့် ကြောင့်ကြခြင်း မရှိသူ။

ဓမ္မဒိန္နတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၃၉-အင်္ဂုလိမာလတ္ထေရဝတ္ထု

၄၂၃။ ဥသဘံ ပဝရံ ဝီရံ၊ မဟေသိံ ဝိဇိတာဝိနံ။
အနေဇံ နှာတကံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပသေနဒီကောသလမင်း၏ အသဒိသအလှူတွင် လူထုအား ရှုံးစေသော ရဟန်းငါးရာအား ဆင်တို့ကို ထီးဆောင်းစေရာ အလွန်ကြမ်းတမ်းသော ဆင်ပေါက် ထီးဆောင်းခြင်းခံရသော အင်္ဂုလိမာလထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဥသဘံ၊ ရွှေဆောင်နွားလားဥသဘနှင့် တူသော။ ပဝရံ၊ မြတ်သော။ ဝီရံ၊ လုံ့လရှိသော။ မဟေသိံ၊ သီလက္ခန္ဓ စသည်ကို ရှာမှီးလေ့ရှိသော။ ဝိဇိတာဝိနံ၊ မာရ်သုံးပါးကို အောင်သော။ အနေဇံ၊ တဏှာကင်းသော။ နှာတကံ၊ ကိလေသာအညစ်အကြေးကို ဆေးလျှော်ပြီး၍။ ဗုဒ္ဓံ၊ သစ္စာလေးပါးကိုသိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

ရှေ့ဆောင်နွားလားဥသဘနှင့်တူ၍ မြတ်သောလုံ့လရှိသဖြင့် သီလက္ခန္ဓစသည်တို့ကို ရှာမှီးလေ့ရှိသောကြောင့် မာရ်သုံးပါးကို အောင်ကာ တဏှာစသော ကိလေသာအညစ်အကြေး ဆေးလျှော်ပြီး၍ သစ္စာလေးပါး သိသော ပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

ဥသဘံ−ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိသော ဥသဘနှင့်တူသော ရဟန္တာ။
မဟေသိ−မွန်မြတ်သော သီလက္ခန္ဓတို့ကို ရှာမှီးသူ။
ဝိဇိတာ−မာရ်သုံးပါးကို အောင်မြင်ပြီးသူ။
ဗုဒ္ဓံ−သစ္စာလေးပါးကို သိပြီးသောသူ။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ဥသဘံ=ဥသတိ ဒဟတိ တာမဂ္ဂိနာတိ ဥသဘော။ ဥသိ+အဘ။ ဥသဘော ဝိယ ဥသဘော။ ဥသဘ+ဏ။
ပဝရံ=ပကဋ္ဌံ ဝရံ ယဿာတိ ပဝရော။ ပ+ဝရ+ယ။
မဟေသိံ=မဟန္တေ သီလက္ခန္ဓာဒိကေ ဧသတိ ဂဝေသတိ သီလေနာတိ မဟေသီ။ မဟန္တ+ဧသ်+ဏီ။
ဝိဇိတာဝိနံ=တယော မာရေ ဝိဇိနိတ္ထာတိ ဝိဇိတာဝီ။ ဝိ+ဇိ+တာဝီ။
နှာတကံ=ကိလေသေ နှာယိတ္ထာတိ နှာတော။ နှာ+တ။ နှာတောယေဝ နှာတကော။ နှာတ+က။

အင်္ဂုလိမာလတ္ထေရဝတ္ထု ပြီး၏။

၂၆-ဗြာဟ္မဏဝဂ်။ ၄၀-ဒေဝဟိတဗြာဟ္မဏဝတ္ထု

၄၂၄။ ပုဗ္ဗေနိဝါသံ ယော ဝေဒိ၊ သဂ္ဂါပါယဉ္စ ပဿတိ။
အထော ဇာတိက္ခယံ ပတ္တော၊ အဘိညာဝေါသိတော မုနိ။
သဗ္ဗဝေါသိတဝေါသာနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင် လေနာသောအခါ ရေနွေးဖြင့် ရေချိုး၍ ရေနွေးတင်လဲကို မွှေနှောက်ကာ ရေနွေးအလှူကို ပေးရသော ဒေဝဟိတပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြ၍ ဒေဝဟိတပုဏ္ဏားသည် ကြည်ညိုသောစိတ်ဖြင့် သရဏဂုံတည်၍ ဥပါသကာအဖြစ် လျှောက်ကြားသည်။

အနက်

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုဗ္ဗေနိဝါသံ၊ ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို။ ဝေဒိ၊ ထင်ရှားသည်ကိုပြု၍ သိ၏။ သဂ္ဂါပါယဉ္စ၊ နတ်ပြည်နှစ်ဆယ့်ခြောက်ထပ်နှင့် အပါယ်လေးဘုံကိုလည်း။ ဒိဗ္ဗစက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်။ ပဿတိ၊ မြင်၏။ အထော၊ ထိုမှတပါး။ ဇာတိက္ခယံ၊ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့။ ပတ္တော၊ ရောက်၏။ အဘိညာဝေါသိတော၊ ထူးသောဉာဏ်ဖြင့် အဆုံးသို့ (နိဗ္ဗာန်သို့) ရောက်၏။ မုနိ၊ အာသဝက္ခယဉာဏ်ဖြင့် သိခြင်းသို့ရောက်သောကြောင့် မုနိလည်းမည်၏။ သဗ္ဗဝေါသိတဝေါသာနံ၊ အလုံးစုံကိလေသာတို့၏ ကုန်ရာကုန်ကြောင်း အရဟတ္တမဂ်ဉာဏ်ဟူသော အကျင့်ကို ကျင့်သုံးပြီးသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟော၏။

စကားပြေ

အကြင်ပုဂ္ဂိုလ်သည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို ထင်ရှားသည်ကိုပြု၍ သိ၏။ နတ်ပြည် (၂၆) ထပ်နှင့် အပါယ်လေးဘုံကို ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် မြင်၏။ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်၏။ ထူးသောဉာဏ်ဖြင့် အဆုံး (နိဗ္ဗာန်) သို့ရောက်၏။ အာသဝက္ခယဉာဏ်ဖြင့် သိခြင်းသို့ရောက်သောကြောင့် မုနိလည်းမည်၏။ အလုံးစုံသော ကိလေသာတို့၏ ကုန်ရာကုန်ကြောင်း အရဟတ္တမဂ်ဉာဏ်ဟူသော မြတ်သောအကျင့်ကို ကျင့်သုံးပြီး၏။ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

၁။ ရှေးခန္ဓာအစဉ်ကို ထင်ထင်ရှားရှားသိ၏။
၂။ (၂၆) ဘုံသော နတ်ပြည်၊ ဗြဟ္မာပြည်၊ အပါယ်လေးဘုံကို နတ်မျက်စိနှင့်တူသော မျက်စိဖြင့် မြင်ရ၏။
၃။ ဇာတိ၏ကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်၏။
၄။ ပိုင်းခြားသိသင့်သော တရားကို သိ၏။
၅။ ပယ်သင့်သောတရားကို ပယ်၍ မျက်မှောက်ပြုသင့်သော နိဗ္ဗာန်ကို မျက်မှောက်ပြု၏။
၆။ အာသဝက္ခယဉာဏ်နှင့် ပြည့်စုံ၏။
၇။ အလုံးစုံသော ကိလေသာတို့၏ အဆုံးဖြစ်သော အရဟတ္တမဂ်ဉာဏ် အကျင့်ကို ကျင့်သုံးပြီး၏။ ထိုပုဂ္ဂိုလ်မျိုးကို လှူလျှင် အကျိုးကြီး၏။

ပါဠိစကားလုံး ဖွဲ့စည်းပုံ

ပုဗ္ဗေနိဝါသံ=နိဝသီယိတ္ထာတိ နိဝါသော။ နိ+ဝသ်+ဏ။ ပုဗ္ဗေ နိဝါသော ပုဗ္ဗေနိဝါသော။ ပုဗ္ဗ+နိဝါသ။
အဘိညာဝေါသိတော=အဘိညာယ ဝေါသိတော အဘိညာဝေါသိတော။ အဘိညာ+ဝေါသ+ဣတ။
ဝေါသိတော=ဝေါသံ ဝေါသိတော။ ဝေါသ+ဣတ။
ဝေါသ= ဝိ+အဝ+သာ+ဏ။
သဗ္ဗဝေါသိတဝေါသာနံ=သဗ္ဗေသံ ဝေါသာနံ သဗ္ဗဝေါသာနံ။ သဗ္ဗ+ဝေါသာန။ ဝေါသာန=ဝိ+အဝ+သာ+ယု။ ဝေါသိတ=ဝသ+တ။ သဗ္ဗဝေါသာနံ ဝေါသိတော သဗ္ဗဝေါသာနဝေါသိတော။ သဗ္ဗဝေါသာန+ဝေါသိတ။ (ရှေ့နောက်ပြန်)

ဒေဝဟိတဗြာဟ္မဏဝတ္ထု ပြီး၏။
ဗြာဟ္မဏဝဂ် ပြီး၏။

ဆုတောင်း အမျှဝေ

နေ့စဉ်မှန်မှန်၊ ကျမ်းဂန်ပြုရ၊ မြတ်ပုညကြောင့်၊ ဗုဒ္ဓမြတ်စွာ၊ သာသနာကို၊ နေဝါလဝန်း၊ ထွန်းလင်းစေနိုင်သည့်ကိုယ် ဖြစ်ရပါလို၏။

ထိုထိုပုည၊ ဖို့ဘာဂကို၊ မိဘဆရာ၊ နတ်ဗြဟ္မာနှင့်၊ သတ္တဝါအနန္တ၊ ဝေနေယျအား၊ ရကြပါစေ၊ အမျှဝေ၏။

ကြားကြားသမျှ၊ ဝေနေယျများစွာ၊ သတ္တဝါမှန်သမျှ၊ အနန္တတို့သည်၊ ဝမ်းမြောက်နုမော်၊ သာဓုခေါ်၍၊ ကိုယ်စိတ်နှစ်ဖြာ၊ ကြည်သာရွှင်ပျ၊ လိုရာဆန္ဒ ပြည့်ဝခြင်းသို့ ရောက်ကြပါစေသော်။

ဒေါ်ဝိ‌ဇ္ဇေသီ (ဘီအေ)
ပထမကျော်, သာသနဓဇသိရီပဝရ ဓမ္မာစရိယ
သာသနဗိမာန်စာသင်တိုက်
ရှင်ဖြူရှင်လှဆိပ်ကမ်း
စစ်ကိုင်းတောင်ရိုး။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...