Skip to main content

အောင်ခြင်းရှစ်ပါး

အောင်ခြင်းရှစ်ပါး

မင်းယုဝေ


မင်းယုဝေ အောင်ခြင်းရှစ်ပါး ပုံနှိပ်မှတ်တမ်း

၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ပထမအကြိမ်

စာမူခွင့်ပြုချက်အမှတ်- ၃၂၀၁၉၁၀၃၀၈ နှင့်
မျက်နှာဖုံးခွင့်ပြုချက်အမှတ်- ၃၂၀၅၁၀၈၀၈ တို့ဖြင့် moat thone ၏ ပန်းချီကို မျက်နှာဖုံးပြုလုပ်၍ အတွင်းသရုပ်ဖော်ပုံများကို ဦးစန်းလှိုင်မှ ရေးဆွဲကာ ထုတ်ဝေသူ- ဦးစန်းဦး၊ စိတ်ကူးချိုချို စာအုပ်တိုက်၊ ၈၅၊ ၁၆၄ လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်နှင့် ပုံနှိပ်သူ- ဦးနိုင်ဦး၊ ငွေပြည်တော် ပုံနှိပ်တိုက်၊ သိမ်ဖြူလမ်း၊ ရန်ကုန်တို့က ပထမအကြိမ်အဖြစ် စောင်ရေ- ၅၀၀ ရိုက်နှိပ်ကာ ၂၀၀၈ ခု၊ စက်တင်ဘာလတွင် တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ဖြန့်ချိသည်။


မာတိကာ

၁။ အမှာစာ
၂။ မာရ်နတ်မင်းကို အောင်ခြင်း
၃။ အာဠဝကဘီလူးကို အောင်ခြင်း
၄။ နာဠာဂိရိဆင်ကို အောင်ခြင်း
၅။ အင်္ဂုလိမာလကို အောင်ခြင်း
၆။ စိဉ္စမာဏ မိန်းမမိုက်ကို အောင်ခြင်း
၇။ သစ္စကပရိဗိုဇ်ကို အောင်ခြင်း
၈။ နန္ဒောပနန္ဒ နဂါးမင်းကို အောင်ခြင်း
၉။ ဗကဗြဟ္မာမင်းကို အောင်ခြင်း
၁၀။ အောင်ခြင်းရှစ်ပါး ပါဠိနှင့် မြန်မာပြန် (မာဂဓီ-သာစည်)
၁၁။ အောင်ခြင်းရှစ်ပါး ကဗျာများ (အရှင်ကောသလ္လ-ဓမ္မာစရိယ၊ ဘီအေ)
၁၂။ အောင်ခြင်းရှစ်ပါး အချုပ်ဂါထာ (ဘားမဲ့ဆရာတော်)
၁၃။ အစွမ်းထက်သော ဂါထာတော် (ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ ရန်အောင်မြင် ဂါထာတော်)
၁၄။ အောင်ခြင်းရှစ်ပါးသီချင်း၏ နောက်ခံတေးဂီတ (မာဂဓီ-သာစည်)


အမှာစာ

ပိဋကတ်တော်တွင် ဗုဒ္ဓဘုရားရှင်၏ ထင်ရှားသော အောင်ခြင်းရှစ်ပါးကို ဖော်ပြထားသည်။ ယင်း အောင်ခြင်းရှစ်ပါးကို အပြင်အောင်ခြင်းရှစ်ပါးဟုလည်း ခေါ်သည်။ အပြင်အောင်ခြင်း ဟူသည်မှာ မံသစက္ခုဖြင့် မြင်စွမ်းနိုင်သော ပြင်ပမှ ပုဂ္ဂိုလ်၊ သတ္တဝါတို့ကို တန်ခိုးတော်အစွမ်း၊ ဉာဏ်တော်အစွမ်း၊ ပါရမီတော်အစွမ်းဖြင့် အောင်တော်မူခြင်း ဖြစ်သည်။

ကျွန်တော်သည် ထိုအောင်ခြင်းရှစ်ပါးအကြောင်းကို မြတ်မင်္ဂလာ စာစောင်တွင် ‘အယ်ဒီတာအဖွဲ့ဝင်တစ်ဦး' အမည်ဖြင့် ၁၉၉၉ ခုနှစ် နိုဝင်ဘာလမှ စ၍ ၂၀၀၀ ပြည့်နှစ် ဇွန်လအထိ ရှစ်လတိုင် လစဉ် ရေးသားတင်ပြခဲ့ပါသည်။ ထိုရေးသားချက်များကိုလည်း နာမည်ကျော် ပန်းချီဆရာကြီး ဦးစန်းလှိုင်က မြတ်မင်္ဂလာစာစောင် မျက်နှာဖုံးပန်းချီအဖြစ် လစဉ် ရေးဆွဲပေးခဲ့ပါသည်။

ယခုအခါ ချစ်ခင်လေးစားအပ်ပါသော စာဖတ်ပရိသတ်များ၏ ကြံပြုချက်အရ ယင်းတို့ကို စုပေါင်း၍ စာအုပ်အဖြစ် ထုတ်ဝေလိုက်ပါပြီ။ ယင်းသို့ ထုတ်ဝေရာ၌ နောက်ဆက်တွဲအဖြစ် လေ့လာနိုင်ရန် အောင်ခြင်းရှစ်ပါး ပါဠိနှင့် ဆရာတော် မာဂဓီ (သာစည်)၏ မြန်မာပြန်ကိုလည်း ဖော်ပြပါသည်။ ဆရာတော် အရှင်ကောသလ္လ (ဓမ္မာစရိယ၊ ဘီအေ) ရေးသားဖွဲ့ဆိုသော အောင်ခြင်းရှစ်ပါး ကဗျာများကိုလည်း ဖော်ပြပါသည်။ ဘားမဲ့ဆရာတော် ရေးသားစီရင်သော အောင်ခြင်းရှစ်ပါး အချုပ်ဂါထာကိုလည်း ဖော်ပြပါသည်။ ထွဋ်ခေါင်ဆရာတော်ဘုရားကြီး ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော အောင်ခြင်းရှစ်ပါး ရန်အောင်မြင် ဂါထာတော်ကိုလည်း ဖော်ပြပါသည်။ ထို့ပြင် မြတ်မင်္ဂလာစာစောင်၌ ဆရာတော် မာဂဓီ (သာစည်) ရေးသားခဲ့သော “အောင်ခြင်းရှစ်ပါး သီချင်း၏ နောက်ခံတေးဂီတ” ဆောင်းပါးကိုလည်း ဖော်ပြပါသည်။ ထိုသို့ ဖော်ပြခွင့်ရသဖြင့် ထိုထို ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို အထူးအောက်မေ့၍ ပူဇော်အပ်ပါသည်။

ဤစာအုပ် ဖြစ်ပေါ်လာရန် ကူညီသော မြတ်မင်္ဂလာစာစောင်မှ ဆရာ ဦးဉာဏ်လင်းအောင်၊ ဆရာ ဦးအောင်ဝင်း၊ ကိုစောမောင်မောင်လွင်၊ ကိုကျော်လှသန်းဦးနှင့် ပန်းချီဆရာကြီး ဦးစန်းလှိုင်တို့ကို ကျေးဇူးဥပကာရ တင်ရှိကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

မင်းယုဝေ (၃-၂-၂၀၀၇)


၁။ မာရ်နတ်မင်းကို အောင်ခြင်း

ဂေါတမဘုရား အလောင်းတော်သည် ဘုရားဖြစ်ရန် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီတော် ၁၀ ပါးကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သည်။ ထို့နောက် အလွန်ကျင့်နိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ကျင့်ပြီးနောက် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။

ဘုရားအလောင်းတော်သည် ဘုရားအဖြစ်သို့ ရောက်တော်မူအံ့ဆဲဆဲတွင် မာရ်နတ်မင်း၏ နှောင့်ယှက်ရန်ပြုခြင်းကို ခံခဲ့ရသည်။ တစ်ဖန် ဘုရားဖြစ်ပြီးနောက်တွင်လည်း အခြားရန်တို့၏ နှောင့်ယှက်ရန်ပြုခြင်းကို ခံခဲ့ရပြန်သည်။ မည်သို့ပင်ဖြစ်စေ မာရ်နတ်မင်းနှင့်တကွ ထိုထိုရန်အားလုံးကို တန်ခိုးတော်၊ ဉာဏ်တော်၊ ပါရမီတော်အစွမ်းတို့ဖြင့် အောင်မြင်သည်ချည်းသာ ဖြစ်သည်။

ထိုရန်တို့မှာ ရှစ်ဦး ဖြစ်သည်။ ယင်းတို့မှာ ပကတိမျက်စိဖြင့် မြင်နိုင်စွမ်းသော ပြင်ပမှ ပုဂ္ဂိုလ်၊ သတ္တဝါများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုရန်တို့အား ဘုရားရှင်အောင်မြင်ခြင်းကို အပြင်အောင်ခြင်းရှစ်ပါးဟု ခေါ်သည်။

ယင်းတို့မှာ (၁) မာရ်နတ်မင်းကို အောင်ခြင်း၊ (၂) အာဠဝကဘီလူးကို အောင်ခြင်း၊ (၃) နာဠာဂိရိဆင်မင်းကို အောင်ခြင်း၊ (၄) အင်္ဂုလိမာလ ခိုးသူကြီးကို အောင်ခြင်း၊ (၅) စိဉ္စမာဏ မိန်းမယုတ်ကို အောင်ခြင်း၊ (၆) သစ္စကပရိဗိုဇ်ကို အောင်ခြင်း၊ (၇) နန္ဒောပနန္ဒ နဂါးမင်းကို အောင်ခြင်း၊ (၈) ဗကဗြဟ္မာမင်းကို အောင်ခြင်းတို့ ဖြစ်သည်။

(၁) မာရ်နတ်မင်းကို အောင်ခြင်း

ဂေါတမဘုရားအလောင်းတော်သည် ကဆုန်လပြည့်နေ့ ညနေချမ်းအချိန်တွင် မဟာဗောဓိပင်ရင်း၌ သောတ္ထိယ မြက်ထမ်းသမား လှူလိုက်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သည်။

ထိုမြက်ရှစ်ဆုပ်တို့သည် မြက်၏အသွင် ကွယ်ပျောက်၍ (၁၄) တောင်ပမာဏရှိသော လွန်စွာ ဆန်းကြယ်သည့် ရတနာပလ္လင်ကြီး ဖြစ်သွားသည်။ အံ့ဖွယ်ပုံပန်းသဏ္ဌာန်ဖြင့် တည်ရှိသည်။

ဘုရားအလောင်းတော်သည် မဟာဗောဓိပင်ကို နောက်ထောက်ကျောခံထား၍ အရှေ့အရပ်သို့ မျက်နှာပြုကာ တင်ပလ္လင်ဖွဲ့ခွေ၍ ရတနာပလ္လင်တော်ပေါ်၌ ထိုင်တော်မူသည်။

ထိုပလ္လင်ထက်၌ပင် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းလျက် (၁) အရေမျှ ကျန်လိုလျှင် ကျန်စေ၊ (၂) အကြောမျှ ကျန်လိုလျှင် ကျန်စေ၊ (၃) အရိုးမျှ ကျန်လိုလျှင် ကျန်စေ၊ (၄) ငါ၏တစ်ကိုယ်လုံး အသွေးအသားအားလုံးတို့ ခန်းခြောက်၍ သွားလျှင် သွားစေ၊ ငါသည် ဘုရားမဖြစ်သမျှ ဤယခု ဖွဲ့ခွေထားသော တင်ပလ္လင်ကို အဘယ်နည်းနှင့်မျှ မဖျက် ဟူ၍ စွဲမြဲစွာ ဓိဋ္ဌာန်လျက် ထိုင်တော်မူခြင်း ဖြစ်သည်။

ထိုအခါ ဗြဟ္မာ၊ သကြား၊ နတ် အများလည်း ဘုရားအလောင်းတော် ထံပါးသို့ လာရောက်ကြသည်။ ပူဇော်ရပ်တည်နေကြသည်။

ထိုစဉ် မာရ်နတ်မင်းသည် နှောင့်ယှက်ဖျက်ဆီးရန် ရောက်လာသည်။ မာရ်နတ်ကား အနှောင့်အယှက် အဖျက်အဆီးသမားတည်း။ သူသည် ကာမ (၁၁) ဘုံကို လွှမ်းမိုးအုပ်စိုးနိုင်သော အစွမ်းတန်ခိုးရှိသူ ဖြစ်သည်။ မာရ်နတ်၏ အလိုကား သတ္တဝါများကို အာရုံဖြင့် မှိုင်းတိုက်ကာ ကာမဘုံ၌ ကျင်လည်နေစေလိုသည်။ သူ့နယ်ပယ်ဖြစ်သော ကာမ (၁၁) ဘုံမှ မည်သူ့ကိုမျှ ထွက်မြောက်မသွားစေလိုပေ။

ဘုရားအလောင်း ဗုဒ္ဓဘုရားအဖြစ် ရောက်၍ တရားဟောပါက သတ္တဝါအမြောက်အမြား ကျွတ်ကြမည်။ သံသရာမှ လွတ်မြောက်ကြမည်။ ဤသို့ဖြစ်မည်ကို သူ မနှစ်သက်ချေ။

ထို့ကြောင့်ပင် ဘုရားအလောင်း တောထွက်လာစဉ်က တားမြစ်ခဲ့သေးသည်။ ယခုအခါ၌ကား ဘုရားအဖြစ်သို့ ရောက်တော့မည့်ဆဲဆဲ ဖြစ်သောကြောင့် မာရ်နတ်သည် သောက လှိုက်ဖို ဗျာပါ ပိုလျက်ရှိသည်။ မရေမတွက်နိုင်အောင် များပြားလှသော သူ၏ စစ်သည်တပ်သားများကို ခေါ်ဆောင်၍ ဘုရားလောင်းကို နှောင့်ယှက်ဖျက်ဆီးရန် ချီတက်လာလေသည်။

မာရ်နတ်မင်းသည် ဂိရိမေခလာအမည်ရှိသော ဆင်ကြီးကို စီးသည်။ လက်ရုံးတစ်ထောင်ကို ဖန်ဆင်းသည်။ ထိုလက်ရုံးတစ်ထောင်၌ လက်နက်အမျိုးမျိုးကိုလည်း ကိုင်ဆောင်ထားသည်။

သူသည် မိမိနေထိုင်ရာ ဝသဝတ္တီနတ်ပြည်မှ ဘုရားအလောင်းရှိရာ ဗောဓိမဏ္ဍိုင်သို့ မာရ်နတ်စစ်သည်တို့ကို ဦးဆောင်၍ ချီတက်လာသည်။ ထိုအခါ ဘုရားလောင်းထံပါး၌ ပူဇော်နေကြကုန်သော နတ်၊ သကြား၊ ဗြဟ္မာတို့သည် အဝေးသို့ ထွက်ပြေးကြကုန်သည်။ “ဘုရားလောင်း ရှင်သိဒ္ဓတ်သည် မသေပါစေသတည်း” ဟူ၍သာ မေတ္တာပို့၍ နေကြလေသည်။

ဘုရားအလောင်းမူကား လုံးဝ တုန်လှုပ်ခြင်းမရှိ။ မာရ်စစ်သည်အပေါင်း၏ ရှေ့၌ ရဲရင့်စွာ၊ တင့်တယ်စွာ တစ်ပါးတည်းသာလျှင် နေတော်မူ၏။

မာရ်နတ်မင်းနှင့်တကွ မာရ်စစ်သည်တို့သည် ဘုရားအလောင်းထံပါးသို့ ရောက်ရှိလာကြသော်လည်း အနီးသို့ မချဉ်းကပ်ဝံ့ကြ။ အဝေးမှသာ နေကြရသည်။ ရဲရဲပြောင်ပြောင် တောက်လောင်သော သံတွေခဲကို ယင်ကောင်အပေါင်းတို့ မချဉ်းကပ်ဝံ့သကဲ့သို့ ဖြစ်နေလေသည်။

မာရ်နတ်မင်းနှင့် မာရ်စစ်သည်တို့သည် ဘုရားအလောင်းအပါးသို့ ကပ်၍ လက်ရုံးအားကိုးဖြင့် စစ်မပြုဝံ့သဖြင့် ဘုရားအလောင်း ပြေးစေအံ့ဟု စကားဖြင့် ကြုံးဝါးခြိမ်းခြောက်သည်။

“သိဒ္ဓတ္ထမင်းသားကို ဖမ်းကြကုန်လော့၊ နှောင်ဖွဲ့ကြကုန်လော့၊ လက်ကို ဖြတ်ကုန်လော့၊ ခြေကို ဖြတ်ကုန်လော့” စသည်ဖြင့် အော်ဟစ်ကြုံးဝါးကြသည်။

ဘုရားအလောင်းကား လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်းဆည်းပူးခဲ့သော ပါရမီ ၁၀ ပါးကို ဆင်ခြင်၍ မကြောက်မရွံ့ ထိုင်မြဲထိုင်နေတော်မူသည်။

ဘုရားအလောင်းတော် တင်ပလ္လင်ခွေ၍ ထိုင်နေခြင်းကို (ထိုင်နေသော တင်ပလ္လင်ခွေကို) ပါဠိဘာသာဖြင့် ပလ္လင်္ကဟု ခေါ်သည်။ ထိုထိုင်နေခြင်းကိုသာ မဟုတ်၊ ထိုင်နေရာကိုလည်း တင်ပလ္လင်ခွေ၍ ထိုင်နေရာဖြစ်သောကြောင့် ပလ္လင်္က (ပလ္လင်) ဟူ၍ပင် ခေါ်ကြသည်။ ယခု အလောင်းတော်မြတ် ထိုင်နေခြင်းကို ပျက်အောင်၊ ထိုနေရာမှ ထသွားအောင် မည်သူမျှ တိုက်ခိုက်၍ မရနိုင်ချေ။ မအောင်နိုင်ချေ။ ယင်းသို့ မည်သူမျှ မအောင်နိုင်သည့် ထိုင်နေခြင်း၊ မည်သူမျှ မအောင်နိုင်သည့် ထိုင်နေရာ ဖြစ်သောကြောင့် အပရာဇိတ ပလ္လင်ဟု ခေါ်သည်။ အပရာဇိတ ဆိုသည်မှာ မအောင်နိုင်ခြင်း ဟူ၍ အနက်ရသည်။

ဘုရားအလောင်းတော်သည် ပါရမီဖြည့်စဉ် ဘဝပေါင်းများစွာ၌ တစ်စုံတစ်ယောက်သောသူကိုမျှ သူနှင့်ထိုက်တန်သည့် ရာထူး၊ ဂုဏ်သိန်း၊ စည်းစိမ်ချမ်းသာ၊ နေရာအရပ်က ရွေ့လျောအောင် မည်သည့်အခါကမျှ မလုပ်ခဲ့ဖူးချေ။ မည်သူ့ကိုမဆို ထိုက်တန်သောနေရာ၌ ရောက်ရှိနေသည်ကို ကျေနပ်ဝမ်းသာသူ ဖြစ်သည်။ ယင်းစိတ်ကောင်းစေတနာကြောင့်လည်း ယခုအခါ ဘုရားလောင်းကို ဤနေရာက ရွေ့လျောအောင် မည်သူမျှ ပြုလုပ်နိုင်မည်မဟုတ်ပေ။ မာရ်နတ်တစ်ဦးတည်းသာ မဟုတ်။ မာရ်နတ်ပေါင်း အရာအထောင် ဖြစ်သော်လည်း အလောင်းတော်မြတ်ကို ဤနေရာမှ ထအောင် ပြုလုပ်နိုင်မည် မဟုတ်‌‌ချေ။

မာရ်နတ်မင်းကား ဤအကြောင်းကို မသိ။ မိမိရန်ပြုလျှင် အောင်မြင်မည်ဟုသာ ထင်မှတ်နေသည်။ ထို့ကြောင့် ရှေးဦးစွာ ဘုရားအလောင်းကို လေဖြင့် ပြေးစေအံ့ဟု ကြံကာ ဝေရမ္ဘလေတို့ကို ထစေသည်။ ဝေရမ္ဘလေတို့သည် ကြီးမားသော တောင်ထွတ်တို့ကို ထက်ခြမ်းကွဲစေ၏။ ရွာကြီး၊ ရွာငယ်တို့ကို မှုန့်မှုန့်ညက်ညက် ကြေအောင် တိုက်ခိုက်နိုင်စွမ်းရှိ၏။ သို့သော်လည်း ဘုရားအလောင်းထံပါးသို့ ရောက်သောအခါ သင်္ကန်းတော်စွန်းကိုမျှ လှုပ်အောင် မတတ်နိုင်။ ထိုအခါ မာရ်နတ်မင်းသည် ဘုရားလောင်းကို မိုးရေဖြင့် နစ်၍ သေစေအံ့ဟု ကြံပြန်သည်။ မိုးကြီးရွာစေသည်။

သို့ရာတွင် မိုးရေသည် ဘုရားလောင်း၏ သင်္ကန်းတော်ကို ဆီးနှင်းပေါက်မျှလောက်ပင် မစွတ်စိုနိုင်။ ဤတွင် မာရ်နတ်မင်းသည် ကျောက်ခဲမိုး၊ လက်နက်မိုး၊ သဲမိုး၊ ညှောင့်ပြောင်းမိုး၊ မီးကျီးစုမိုး၊ အမိုက်တိုက်မိုး၊ စက်လက်နက်မိုး စသည်တို့ဖြင့် တိုက်၏။

ဘုရားလောင်းသည် ဤကြောက်ဖွယ်ရန်တို့ကို မေတ္တာတော်အဟုန်ဖြင့် ငြိမ်းစေ၏။ ထိုအခါ မာရ်နတ်မင်းသည် ဂိရိမေခလာဆင်ဖြင့် တိုက်ဝှေ့တွန်းချရန် ဘုရားလောင်းအပါးသို့ ကပ်လာသည်။ သို့ရာတွင် ဘုရားအလောင်း၏ မေတ္တာပါရမီတော်၏ အာနုဘော်ကြောင့် ဂိရိမေခလာဆင်သည် ရန်မပြုနိုင်။ အနီးသို့ ရောက်သောအခါ မြေတွင် ပုဆစ်တုပ်ဝပ် ဦးချလျက်နေသည်။ ဦးခေါင်းကို မြေ၌ စိုက်ထားသည်။

ထိုအခါ မာရ်နတ်မင်းသည် ဆင်၏ဦးခေါင်းမှ လျှောကျကာ မြေပေါ်သို့ ရောက်သွားသည်။ မာရ်နတ်မင်းသည် အရှက်ရသွားသည်။ ပြေးရန် ကြံသည်။ ထို့နောက် သက်သေဖြင့် အောင်စေဦးအံ့ဟု ကြံကာ-

“သိဒ္ဓတ္ထ၊ ဤပလ္လင်မှ သင် ထ၍ သွားလော့၊ ဤပလ္လင်သည် သင်နှင့် မဆိုင်၊ သင် မပိုင်၊ ဤပလ္လင်သည် စွမ်းအင်နှင့် ပြည့်စုံ၍ တန်ခိုးဂုဏ်ရှိသော ငါ တစ်ဦးတည်းသာ ပိုင်ပေသည်” ဟု ဆို၏။

ဘုရားအလောင်းမူကား မာရ်နတ် ပြုလေသမျှသော ရန်တို့ကို သည်းခံတော်မူသည်။ ချစ်တတ်သော အဖသည် ချစ်သောစိတ်ဖြင့် သားကို ကြည့်သကဲ့သို့ ရွှင်သောမျက်စိဖြင့် မာရ်နတ်ကို ကြည့်တော်မူသည်။

“မာရ်နတ်မင်း၊ သင်သည် ပါရမီ ၁၀ ပါး၊ အပြား ၃၀၊ စွန့်ခြင်းကြီး ၅ ပါး၊ စရိယ ၃ ပါး တို့ကို တစ်ခါတစ်ရံမျှ ဖြည့်ကျင့်ခဲ့သည် မဟုတ်။ ငါသာလျှင် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အတန်တန် ဖြည့်ကျင့်ခဲ့ခြင်း ဖြစ်သည်။ သည်ဗောဓိပင်နှင့် သည်ရွှေပလ္လင်ကို ငါသာ ဆိုင်သည်။ ငါ တစ်ဦးတည်းသာ ပိုင်သည်။ သင် မဆိုင်၊ သင် မပိုင်၊ သင် ဆိုင်ကြောင်း၊ သင် ပိုင်ကြောင်း မည်သို့ သက်သေပြနိုင်သနည်း” ဟု ချိုသာစွာ မိန့်တော်မူသည်။

မာရ်နတ်မင်းသည် မိမိ ပိုင်ဆိုင်ကြောင်း နောက်ပါ စစ်သည်တော် တပ်သားများအား အသိသက်သေပြုသည်။ ဘုရားအလောင်းကိုလည်း သက်သေပြစေသည်။ ထိုအခါ ဘုရားအလောင်းက -

“ငါ၏ဘက်တွင် လူ၊ နတ်သက်သေ တစ်ဦးတစ်ယောက်မျှ မရှိ။ သို့သော် ဤဝသုန်မြေကြီးသည် ငါ၏အလှူကို သိသူ၊ ငါ၏ သက်သေဖြစ်တော့သည်” ဟု ဆိုတော်မူကာ မြေကြီးကို ရှေးရှု လက်ညှိုးညွှန်ပြတော်မူလေသည်။

ထိုအခါ ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော ပံသုသီလာ မြေနှစ်လွှာသည် အိုးထိန်းစက်ကဲ့သို့ ဝန်းဝန်းလည်လျက် သည်းစွာသော အသံကို ပြု၏။ မြေကြီး၏အသံကြောင့် ကောင်းကင်သည်လည်း မိုးကြိုးထစ်သကဲ့သို့ ပြင်းစွာမြည်လေသည်။ အလုံးစုံသော စကြဝဠာတိုက်သည် ပြင်းစွာမြည်လေသည်။ မိုးမရွာဘဲ တိမ်တောင်မတက်ဘဲ အလုံးစုံသော ကောင်းကင်၌ နတ်စက်တို့သည် ပစ်ကုန်၏။ မိုးကြိုးစက်တို့လည်း ကျကုန်၏။

ထိုအခါ မြေကြီးနှင့် ကောင်းကင်နှစ်ပါးတို့ အကြား၌ မာရ်နတ်သည် ကိုးကွယ်ရာမရှိ၊ ကြီးစွာ ထိတ်လန့်ခြင်းဖြစ်၏။ ဂိရိမေခလာဆင်၌ စိုက်ထောင်သော အောင်တံခွန်ကိုလှဲ၍ လက်နက်တစ်ထောင်ကို ပစ်ချလိုက်သည်။ ဂိရိမေခလာဆင်ကိုမျှ မကြည့်။ ဦးတည်ရာအရပ်သို့ ထွက်ပြေးသည်။ နောက်မှ ရန်သူတို့ လိုက်သကဲ့သို့ ကြောက်လန့်ကြီးစွာဖြင့် မိမိနေရာ ဝသဝတ္တီဘုံတိုင်အောင် ပြေးလေ၏။

မာရ်နတ်မင်း၏ စစ်သည်အပေါင်းတို့လည်း ဆင်မြန်းလာသော တန်ဆာတို့ကိုမျှ မယူနိုင်။ စွန့်ပစ်၍ မျက်နှာမူရာအရပ်သို့သာ ရှေးရှု၍ ပြေးကြလေ၏။

ဤသို့ ဘုရားအလောင်းတော်သည် မာရ်နတ်မင်းနှင့် မာရ်နတ်စစ်သည်တို့ကို အောင်ခြင်းမှ အစပြု၍ အလုံးစုံသော လောကကို အောင်ခြင်းသို့ ရောက်တော်မူသည်။

အကိုးအကား
၁။ မဟာဗုဒ္ဓဝင် (ဒုတိယတွဲ) တိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ။
၂။ ဂေါတမဗုဒ္ဓ၊ ဒဂုန်ဦးထွန်းမြင့်။
၃။ မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၅)


၂။ အာဠာဝကဘီလူးကို အောင်ခြင်း

ဗုဒ္ဓဘုရားရှင်သည် အင်္ဂုလိမာလ ခိုးသူကြီးကို အောင်တော်မူပြီးနောက် ကပ္ပိလဝတ်ပြည်သို့ ကြွတော်မူသည်။ နိဂြောဓာရုံကျောင်း၌ (၁၅) ဝါမြောက် ဝါကပ်တော်မူသည်။

ထို့နောက် ဝါကျွတ်သောအခါ လူ၊ နတ်၊ ဗြဟ္မာတို့ကို တရား ဟောကြား ဆုံးမတော်မူရန် ဒေသစာရီ ကြွချီတော်မူခဲ့ရာ အာဠဝီပြည် သို့ ရောက်တော်မူသည်။

အာဠဝီပြည်သည် ဟိမဝန္တာအနီးတွင် ရှိသည်။ ထိုပြည်အတွင်း မင်းနေပြည်နှင့် မနီးမဝေးသောအရပ်၌ ညောင်ပင်ကြီးတစ်ပင် ရှိသည်။ ထိုညောင်ပင်အနီးရှိ ဗိမာန်၌ အာဠဝကဘီလူး နေထိုင်သည်။ ထိုဗိမာန်ကို သာမန်လူတို့ မမြင်နိုင်။ တန်ခိုးရှိသူတို့သာ မြင်နိုင်သည်။ အာဠဝကဘီလူးသည် စတုမဟာရာဇ် နတ်မင်းတို့ထံတွင် ကျိုးနွံခယလေ့ရှိသည်။ ထို့ကြောင့် မွန်းတည့်ကာလ ထိုညောင်ပင်ရိပ် ကျရာနေရာသို့ ရောက်ရှိ လာသော သတ္တဝါတို့ကို စားပိုင်ခွင့် ရရှိလေသည်။ သို့ဖြင့် အာဠဝကဘီလူးသည် ညောင်ပင်ရိပ်သို့ ရောက်လာသော သတ္တဝါတို့ကို စားသောက်နေထိုင်၏။

တစ်နေ့တွင် အာဠဝီပြည့်ရှင် အာဠဝီဘုရင်သည် နောက်ပါ အခြွေအရံတို့နှင့်အတူ တောကစား ထွက်တော်မူသည်။ အခြွေအရံတို့အား “မိမိတို့တာမှ သားကောင်ကို မလွတ်အောင် ဖမ်းကြစတမ်း” ဟု ဆိုကာ သားကောင်များကို လိုက်လံ ရှာဖွေကြသည်။ ထိုအခါ သမင်တစ်ကောင်ကို တွေ့လေသည်။ ထိုသမင်ကို ဝိုင်းဝန်းဖမ်းကြရာ သမင်သည် မင်းကြီးတာမှ လွတ်ထွက်ပြေးလေသည်။

ဤတွင် မင်းကြီးသည် လေး၊ မြား၊ သန်လျက်တို့ကို ကိုင်ဆောင်လျက် သမင်နောက်သို့ အပြေးလိုက်လေ၏။ မကြာမီပင် သမင်ကို မိရာ မောပန်းစွာဖြင့် ပြန်လာခဲ့သည်။ လမ်းခရီးအကြားတွင် နားနေဦးမည်ဟု နှလုံးပိုက်၍ အာဠဝကဘီလူး၏ ညောင်ပင်ရိပ်သို့ ဝင်ခဲ့လေသည်။

ထိုအခါ အာဠဝကဘီလူးသည် ညောင်ပင်ပေါ်က ဆင်းသက်လာသည်။ “အသင်မင်းကြီး၊ မသွားနှင့်တော့၊ သင်ကား ငါ၏အစာ ဖြစ်ချေပြီ” ဟု ဆို၏။

မင်းကြီးလည်း များစွာ ကြောက်ရွံ့သွားသည်။ သူ၏ကိုယ်စား သမင်ကို စားရန် ပြောသည်။ အာဠဝက က “သမင်ရော လူပါ ငါ့အရိပ်သို့ ဝင်လာကြပြီ၊ နှစ်ဦးစလုံးကို ငါ ပိုင်ပြီ” ဟု ဆို၏။

မင်းကြီးက “ငါ့ကို လွှတ်လော့၊ ငါသည် သင့်အား နေ့တိုင်း၊ နေ့တိုင်း လူတစ်ယောက်နှင့် ထမင်းချက်ပြီး ထမင်းအိုး တစ်အိုး ပို့ဆက်ပါမည်၊ မပို့ဆက်သောနေ့၌ ငါ့ကိုဖမ်း၍ စားလော့” ဟု ကတိပေး ပြောဆို၏။ အာဠဝကလည်း မင်းကြီး၏ ကတိစကားကို လက်ခံကာ သွားခွင့်ပြုလိုက်လေ၏။

မင်းကြီးသည် နန်းတော်သို့ ရောက်သောအခါ မြို့ဝန်ကို ခေါ်သည်။ ဘီလူးနှင့် ကတိကဝတ် ထားခဲ့ရသော အကြောင်းကို လျှို့ဝှက်စွာ ပြောကြားသည်။

မြို့ဝန်က “ဘီလူးထံ လူများကို နေ့စဉ် ပို့လွှတ်ရန် နေ့ရက် အပိုင်းအခြား ပြုခဲ့ပါလော” ဟု မေးမြန်း၏။ မင်းကြီးလည်း “နေ့ရက် အပိုင်းအခြား မထားမိခဲ့ပါ” ဟု ပြန်ပြောသည်။

မြို့ဝန်က “ဤသို့ဖြစ်လျှင် အရှင်မင်းကြီး အပြုမှားခဲ့လေပြီ၊ နေ့ရက် အပိုင်းအခြား မထားသဖြင့် လူပေါင်းများစွာ ဒုက္ခရောက်တော့မည်။ သို့ရာတွင် မည်သို့မျှ မတတ်နိုင်၊ ဇွတ်မှိတ်၍ ပြုရချေတော့မည်” ဟု ဆို၏။

ဤသို့ဆိုကာ မြို့ဝန်သည် နေ့စဉ် နှောင်အိမ်မှ ရာဇဝတ်သားတစ်ယောက်ကျ ထုတ်သည်။ ထိုရာဇဝတ်သားကို အိမ်သို့ ခေါ်ဆောင်သွား၍ ရေချိုးပေးသည်။ ထမင်းကျွေးသည်။ ထို့နောက် “ဤထမင်းချက်အိုးကို ဘီလူးအား သွားရောက်ပေးလော့” ဟု ပြောဆိုကာ လွှတ်လိုက်သည်။ ထို ရာဇဝတ်သားသည် ညောင်ပင်ရိပ်သို့ ဝင်မိလျှင် ဝင်မိချင်းပင် အာဠဝကသည် ကြောက်မက်ဖွယ် ကိုယ်အတ္တဘောကို ဖန်ဆင်း၍ ထိုသူကို ကျွတ်ကျွတ်ဝါးကာ စားလေတော့သည်။

နှောင်အိမ်တွင်းမှ လူကုန်လတ်သော် မြို့ဝန်သည် ဥစ္စာထုပ်ကို တစ်နေရာတွင် ချထားစေသည်။ ကောက်ယူသူကို ခိုးသူဟု စွပ်စွဲကာ နှောင်အိမ်သို့ ပို့သည်။ ရှေးနည်းအတိုင်း ဘီလူးထံ စေလွှတ်ပြန်သည်။ ကာလကြာသော် ထိုအကြောင်းကို ပြည်သူတို့ သိကြသဖြင့် ဥစ္စာထုပ်ကို မကောက်ယူကြတော့ပေ။ ဤတွင် မွေးဖွားစ ပုခက်တွင်းရွယ် သူငယ်များကို ဘီလူးထံ ပို့ပြန်လေသည်။

ဤနည်းအားဖြင့် ၁၂-နှစ်တိုင်ကြာမျှ လူပေါင်းများစွာတို့ ဘီလူးစားခံရလေသည်။ နောက်ဆုံး၌ အာဠဝီပြည်၌ သူငယ်တစ်ယောက်ကိုမျှ ရှာ၍မရနိုင်သောအဖြစ်သို့ ရောက်လေသည်။ မြို့ဝန်သည် မင်းကြီး၏ သားတော် အာဠဝကကုမာရ မင်းသားငယ်တစ်ယောက်သာလျှင် ပြည်တော်တွင် ကျန်ရှိကြောင်း ဘုရင်ကို လျှောက်ထားသည်။ မင်းကြီးလည်း ထို မင်းသားငယ်ကိုပင် ပို့ရန် အမိန့်ချမှတ်လိုက်လေသည်။

အာဠဝကမင်းသားကို ဘီလူးစာအဖြစ် မပို့မီ တစ်နေ့နံနက်ကပင် ဘုရားရှင်သည် မဟာကရုဏာသမာပတ်ကို ဝင်စားတော်မူ၍ သဗ္ဗညုတဉာဏစက္ခုဖြင့် လောကကို ရှုတော်မူသည်။ ထိုအခါ အာဠဝကမင်းသား၏ အနာဂါမိဖိုလ်သို့ ရောက်မည့်အကြောင်း၊ အာဠဝကဘီလူး၏ သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်မည့်အကြောင်းနှင့် သတ္တဝါအများ တရားရအံ့သော အကြောင်းတို့ကို မြင်တော်မူသည်။ ထို့ကြောင့် လကွယ်နေ့ ညချမ်းအချိန်ကပင် ပရိက္ခရာရှစ်ပါးကို ယူဆောင်လျက် အာဠဝကဘီလူး၏ ညောင်ပင်သို့ တစ်ပါးတည်း ကြွတော်မူသည်။ ညောင်ပင်အနီးသို့ ရောက်သောအခါ သာမန်လူတို့ မမြင်နိုင်သော အာဠဝကဘီလူး၏ ဗိမာန်ကို ဘုရားရှင် ကောင်းစွာ မြင်တော်မူသည်။ သို့ဖြင့် ဗိမာန်တံခါးဝ၌ ရပ်လျက် တံခါးစောင့် ဂဒြဘဘီလူးအား တစ်ညဉ့်မျှ တည်းခိုခွင့်ပြုရန် မိန့်ကြားသည်။

ထိုအချိန်၌ အာဠဝကဘီလူးသည် ဗိမာန်၌ မရှိ။ နတ်သဘင် အစည်းအဝေးသို့ တက်နေသည်။ တံခါးစောင့် ဂဒြဘဘီလူးက “ကျွန်ုပ်မှာ ခွင့်မပိုင်၊ အာဠဝကဘီလူးထံ ယခုပင် သွားရောက် ခွင့်ပန်ကြားပေးပါမည်” ဟု ဘုရားရှင်အား လျှောက်ထားသည်။ ချက်ချင်းပင် အာဠဝကဘီလူးရှိရာသို့ ထွက်ခွာသွားသည်။

ထိုစဉ် ဘုရားရှင်သည် အာဠဝက၏ ဗိမာန်တွင်းသို့ ဝင်လိုက်သည်။ အာဠဝက၏ ရာဇပလ္လင်ထက်သို့ တက်၍ ထိုင်တော်မူသည်။ ထိုအခါ အာဠဝကဘီလူး၏ မောင်းမမိဿံ အခြွေအရံ ဘီလူးမများသည် စုရုံးလာရောက်ကြသည်။ ဘုရားရှင်ကို ရှိခိုးကြပြီးလျှင် ဝိုင်းဝန်းခြံရံလျက် ထိုင်နေကြသည်။ ဘုရားရှင်ကလည်း သင့်တော်သည့် တရားစကားများကို မိန့်ကြားဟောပြောနေလေသည်။

နတ်သဘင် အစည်းအဝေးတွင် သာတာဂိရိနှင့် ဟေမဝတ နတ်ဘီလူးနှစ်ယောက်တို့က အာဠဝကဘီလူးအား သူ့ဗိမာန်၌ ဘုရားရှင် စံပယ်တော်မူနေကြောင်း၊ လျင်မြန်စွာသွား၍ ရှိခိုးပူဇော်သင့်ကြောင်း ပြောကြားကြသည်။ ထိုစဉ် အာဠဝကထံ ဂဒြဘ ရောက်ရှိလာသည်။ ဗိမာန်၌ ဘုရားရှင် ကြွရောက်တော်မူနေကြောင်း အကျိုးအကြောင်း လျှောက်ထားသည်။

အာဠဝကဘီလူးကား မခံမရပ်နိုင်။ ဘုရားရှင်ကို ရန်ပြုရန်အတွက် မိမိ ဗိမာန်သို့ အလျင်အမြန် ပြန်သွားသည်။ မိမိ၏ ပလ္လင်ထက်၌ စံပယ်တော်မူနေသော ဘုရားရှင်ကို မြင်သော် ဒေါသအမျက် ခြောင်းခြောင်းထွက်သည်။ သို့ဖြင့် ဘုရားရှင်အား ကြိမ်းမောင်း ခြိမ်းခြောက်ကာ ထိုဗိမာန်အတွင်းမှ လွင့်စဉ်သွားရန် အစွမ်းရှိသမျှ ပြုလုပ်လေသည်။ အာဠဝကသည် လေကြီး၊ မိုးကြီး တိုက်စေခြင်း၊ ကျောက်ခဲမိုး ရွာစေခြင်း စသည်ဖြင့် အမျိုးမျိုး ရန်ပြုသည်။ မအောင်မြင်။ နောက်ဆုံးတွင် သူ၏ လက်စွဲဖြစ်သော ဘွတ်ဖြူပုဆိုးလက်နက်ဖြင့် ပစ်လေသည်။ ထိုလက်နက်သည်ကား သမုဒ္ဒရာထဲသို့ ပစ်ချပါက မီးဟုန်းဟုန်း ထတောက်စေနိုင်သည့် လက်နက် ဖြစ်သည်။ ထိုလက်နက်သည် ဘုရားရှင်၏ တန်ခိုးတော်ကြောင့် အစွမ်းမထက်တော့။ ဘုရားရှင်၏ ခြေတော်ရင်း၌ ခြေသုတ်ပုဆိုးပမာ ကျရောက်နေလေသည်။

ဤသို့ အစွမ်းရှိသမျှ တိုက်ခိုက်၍ မရသောအခါ အာဠဝကသည် အလွန်ပြင်းထန်သော အသံကြီးဖြင့် “ရဟန်း ဂေါတမ၊ အခုချက်ချင်း ထွက်သွားလော့” ဟု ကြိမ်းမောင်း နှင်ထုတ်လေသည်။ ဘုရားရှင်သည် မည်သို့မျှပင် မဆိုဘဲ ညင်သာစွာ ထွက်သွားလေသည်။ ထိုအခါ အာဠဝက အံ့ဩသွားသည်။ သူသည် ဘုရားရှင်က သူ့အား ငြင်းဆန် ခုခံလိမ့်မည်ဟု မှတ်ထင်ထားခဲ့သည်။ ယခုမူ သူထင်ထားသကဲ့သို့ မဟုတ်။ တစ်ခွန်းတည်း ပြောရုံမျှနှင့် ထွက်သွားသည်ကို တွေ့ရသောအခါ အံ့ဩသွားသည်။ ဤမျှလောက် အပြောရလွယ်သော ဘုရားရှင်အား တန်ခိုးအမျိုးမျိုးဖြင့် သူ ပြုမူတိုက်ခိုက်ခဲ့သည်ကို နောင်တရကာ ရှက်သွားလေသည်။ သို့ရာတွင် သူသည် ရှက်ရှက်ဖြင့်ပင် ဘုရားရှင်၏စိတ်ကို သိလိုသဖြင့် “ရဟန်း ဂေါတမ၊ ဗိမာန်ထဲသို့ ပြန်ဝင်လော့” ဟု ဆိုပြန်သည်။ ဘုရားရှင်ကလည်း မည်သို့မျှမဆို ပြန်ဝင်တော်မူသည်။ ဤသို့လျှင် ဘုရားရှင်သည် သုံးကြိမ်တိုင် ထွက်ခြင်း၊ ဝင်ခြင်းကို ပြုတော်မူသည်။ ဤသို့ ပြုသည်မှာ ဘီလူး၏ ဒေါသစိတ်ကို တားမြစ်၍ တရားတည်လွယ်စိမ့်သောငှာ ပြုခြင်းဖြစ်သည်။

ထို့နောက် အာဠဝက က “ဤရဟန်းကား ငါ့စကားကို နားထောင်ပေသည်။ ဤသို့ နားထောင်သည်ကို ယခင့်ယခင်က ငါ သိရမူ တစ်ညဉ့်လုံး ထွက်စေ ဝင်စေ ပြုစေမည်။ မောပန်းသောအခါမှ ခြေနှစ်ချောင်းကို ကိုင်လျက် မြစ်တစ်ဖက်သို့ ပစ်ရသော် ငါ အောင်မြင်ရာ၏။ ယခုတစ်ကြိမ် ထွက်ခါမှ ခြေကို ကိုင်၍ ငါ ပစ်တော့မည်” ဟု ကြံသည်။ သို့ဖြင့် “ရှင်ကြီး ဂေါတမ၊ ထွက်ဦးလော့” ဟု ဆို၏။ ဤအကြိမ်တွင်ကား ဘုရားရှင်သည် မထွက်တော့။ “ငါ မထွက်လိုပြီ။ သင်ဘီလူးသည် ငါဘုရားကို ခြေဖျားနှစ်ဖက်ကို ကိုင်လျက် မြစ်တစ်ဖက်သို့ ပစ်အံ့ဟု ကြံနေပြီ။ ထို့ကြောင့် ငါ မထွက်လို” ဟု မိန့်တော်မူသည်။

ဤတွင် အာဠဝက က “ဤရဟန်းကား တန်ခိုးကြီးမားရုံသာမက ငါ့စိတ်အကြံကိုလည်း သိနေပြီ။ ပညာဉာဏ် ရှိလှသည်။ ထိုသို့ ပညာဉာဏ်ရှိသော သူမြတ်ကို ပြဿနာများ မေးရသော် ကောင်း၏။ ပြဿနာများကို မဖြေနိုင်သောအခါတွင်မှ သူ၏စိတ်ကို ရူးသွပ်သွားအောင်သော်လည်း ပြုအံ့။ သူ့အသက်ကိုသော်လည်း ခွင်းအံ့။ သမုဒ္ဒရာထဲသို့သော်လည်း ပစ်အံ့” ဟု ကြံ၏။

ဘုရားရှင်သည် ဤအကြံကို သိတော်မူလျှင် “အချင်း အာဠဝက၊ ငါဘုရားအား ဤလောကတွင် မည်သူမျှ ရန်မပြုနိုင်။ သင်မေးလိုသမျှသော ပြဿနာကိုသာ လျင်စွာ မေးလော့” ဟု မိန့်တော်မူသည်။

အာဠဝက မေးလိုသော ပြဿနာကို အာဠဝကဘီလူး၏ အမိအဖများသည် ကဿပဘုရားထံမှ အဖြေနှင့်တကွ သင်ကြားခဲ့သည်။ သားဖြစ်သူ အာဠဝကအား ငယ်စဉ်ကပင် သင်ကြားပေးခဲ့ကြသည်။ သို့သော် အာဠဝကသည် ကာလရှည်ကြာသဖြင့် အဖြေကို မေ့နေသည်။ ပုစ္ဆာကိုမူကား မမေ့ရလေအောင် ရွှေပြားထက်၌ ဆေးဒန်းမြင်းသီလာဖြင့် သေချာစွာ ရေးကူး၍ ဗိမာန်ဦး၌ ထားလေသည်။ ထို့ကြောင့် အာဠဝကသည် အောက်ပါပုစ္ဆာများကို ဘုရားရှင်အား သေချာကျနစွာ မေးမြန်းနိုင်ခြင်း ဖြစ်သည်။

အာဠဝက က မေးမြန်းသည်မှာ -
(၁) လောကသုံးပါး၌ ယောက်ျား၊ မိန်းမ ဟူသမျှတို့၏ မြတ်လှစွာသော ဥစ္စာရတနာကား အဘယ်နည်း။
(၂) လေ့ကျက်ထားခြင်းတကာဝယ် မည်သည့် အလေ့အကျက်သည် ချမ်းသာကို ဆောင်သနည်း။
(၃) အရသာတို့တွင် မည်သည့်အရသာကို သာလွန်ကောင်းမြတ်သည်ဟု ဆိုအပ်သနည်း။
(၄) အသက်မွေးခြင်းတို့တွင် အဘယ်မည်သော အသက်မွေးခြင်းကို မြတ်သည်ဟု ဆိုအပ်သနည်း။
ဟူသည်တို့ ဖြစ်သည်။

ထိုအခါ ဘုရားရှင်သည် ကဿပဘုရား ဖြေကြားတော်မူခဲ့သကဲ့သို့ပင် ဤသို့ ဖြေကြားတော်မူသည်။
(၁) ဤလူ့ရွာ၌ ယောက်ျား၊ မိန်းမ ဟူသရွေ့၏ မြတ်လှစွာသော ဥစ္စာရတနာကား ရတနာသုံးပါးတို့၏ ဂုဏ်၌ မတုန်မလှုပ် ယုံကြည်ခြင်း သဒ္ဓါ ဖြစ်သည်။
(၂) လေ့ကျက်ခြင်းတို့အနက် ကောင်းစွာ လေ့ကျက်ကျင့်သုံးအပ်သော ကုသိုလ် ၁၀-ပါး ကောင်းမှုတရားသည် (ဝါ) ဒါန၊ သီလ၊ ဘာဝနာ တည်းဟူသော ကောင်းမှုတရားသည် လူ၊ နတ်၊ နိဗ္ဗာန် ချမ်းသာသုံးတန်ကို ဆောင်ရွက်နိုင်ပေသည်။
(၃) အရသာတကာတို့တွင် မှန်ကန်ဖြောင့်မတ်သော စကားသည် အလွန် ကောင်းမြတ်သော အရသာ ဖြစ်သည်။
(၄) အသက်မွေးခြင်းတကာတို့တွင် ပညာဖြင့် အသက်မွေးခြင်းကို လိမ္မာကုန်သော ပညာရှိတို့က မြတ်၏ဟု ဆိုကုန်သည်။

ထိုသို့ ဘုရားရှင် ဖြေဆိုသည်ကို ကြားရသောအခါ အာဠဝကသည် အလွန်နှစ်သက်ဝမ်းမြောက်သွားသည်။ ကျန်ပုစ္ဆာ ပြဿနာတို့ကို ဆက်လက် မေးမြန်းပြန်သည်။

(၁) အဘယ်သို့သော အကြောင်းအရာဖြင့် သံသရာဟူသော ဝဲဩဃကို ကူးမြောက်နိုင်ပါအံ့နည်း။
(၂) အဘယ်သို့သော အကြောင်းအားဖြင့် ဝဋ်ဆင်းရဲဟူသော သမုဒ္ဒရာကို ကောင်းစွာ လွန်မြောက်နိုင်ပါအံ့နည်း။
(၃) အဘယ်သို့သော အကြောင်းဖြင့် ဆင်းရဲအပေါင်းမှ ကောင်းစွာ လွတ်ပါအံ့နည်း။
(၄) အဘယ်ရေအေးဖြင့် ကိလေသာဟူသော အညစ်အကြေးကို ဆေးကြော သုတ်သင်၍ စင်ကြယ်စေပါအံ့နည်း။

ထိုအခါ ဘုရားရှင်က ဤသို့ ဖြေဆိုတော်မူသည်။
(၁) သဒ္ဓါတရားဖြင့် သံသရာတည်းဟူသော ဝဲဩဃကို ကူးမြောက်နိုင်သည်။
(၂) ကုသိုလ်ကောင်းမှု ပြုရာ၌ ပျော်မွေ့၍ မမေ့မလျော့ခြင်းဖြင့် သမုဒ္ဒရာပမာထက် ကဲလွန်သော ဝဋ်ဆင်းရဲကို လွန်မြောက်နိုင်သည်။
(၃) ပါရမီ ၁၀-ပါး၊ တရားမြတ်ဓမ္မ၌ ကြိုးကုတ်အားထုတ်ခြင်းဖြင့် ဆင်းရဲအပေါင်းမှ လွတ်မြောက်စေနိုင်သည်။
(၄) ဝိပဿနာပညာ၊ ဉာဏ်တရားဖြင့် ကိလေသာမြူမွှား အညစ်အကြေးကို စင်ကြယ်စေနိုင်သည်။

ထိုသို့ ဘုရားရှင် ဖြေဆိုတော်မူသည်ကို အာဠဝကဘီလူးကြားသိသောအခါ ပါရမီဘုန်းကံ ရှိသည့်အလျောက် သောတာပတ္တိဖိုလ်၌ တည်လေသည်။

ထိုသို့ အာဠဝကဘီလူးအား ဘုရားရှင် တရားဟော၍ ပြီးဆုံးခြင်း၊ ထိုညဉ့်ကုန်၍ နေအရုဏ်တက်လျက် မိုးသောက်ခြင်းနှင့် အာဠဝီပြည်သားတို့က အာဠဝကမင်းသားငယ်ကို ဘီလူးစာအဖြစ် ပို့လာ၍ ရောက်ခြင်းတို့သည် တစ်ပြိုင်နက် ဖြစ်လေသည်။

မင်းချင်းတို့သည် အာဠဝကမင်းသားကလေးကို ဘီလူး အလိုရှိသလို ပြုလုပ်ရန် ပေးအပ်လိုက်လေသည်။ သောတာပန်အဖြစ် တည်ပြီးဖြစ်သော ဘီလူးက သူငယ်ကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ချီယူလိုက်သည်။ “အရှင်ဘုရား .. ဤသူငယ်ကို အလိုရှိရာ ပြုတော်မူပါ၊ အကျွန်ုပ် ကပ်လှူပါသည်”ဟု ဆိုပြီးလျှင် ဘုရားရှင်အား သူငယ်ကို ကပ်လှူလေသည်။

ထိုအခါ ဘုရားရှင်က သူငယ်ကို ချီယူလက်ခံတော်မူ၍ မင်းချင်းများကို ခေါ်သည်။ မင်းသားအား ကောင်းစွာ ကျွေးမွေး၍ ကြီးရင့်သည့်အခါမှ မိမိထံသို့ ယူဆောင်လာရန် မှာကြားသည်။ မင်းချင်းတို့၏ လက်သို့ မင်းသားသူငယ်အား ပြန်၍ ပေးအပ်လေသည်။

ဤကဲ့သို့ မင်းချင်းတို့လက်မှ အာဠဝကလက်၊ အာဠဝကလက်မှ တစ်ဆင့် ဘုရားရှင်လက်တော်၊ ဘုရားရှင် လက်တော်မှ မင်းချင်းတို့လက်သို့ ပြန်ရောက်သည်ကို အစွဲပြု၍ ထိုမင်းသားငယ်သည် ထိုအခါမှစ၍ ဟတ္ထာဠဝကမင်းသားဟု တွင်လေသည်။

ဘုရားရှင်သည် အာဠဝကဘီလူးအား သပိတ်ကို ပိုက်စေလျက် အာဠဝီပြည်တွင်းသို့ ဆွမ်းခံဝင်လေသည်။ ယင်းသို့ ဘုရားရှင်သည် အလွန်ကြမ်းတမ်းခက်မာသော အာဠဝကဘီလူးကို အောင်တော်မူခြင်းသည် ဘုရားရှင်၏ ဒုတိယမြောက် အောင်ခြင်း ဖြစ်ပေသည်။

ဟတ္ထာဠဝကမင်းသား အရွယ်သို့ ရောက်သောအခါ ခမည်းတော် မင်းကြီးနှင့်တကွ မှူးမတ်တို့က ထိုအကြောင်းကို ပြောပြကြသည်။ ဘုရားရှင်ကို ဆည်းကပ်ကိုးကွယ်ရန် တိုက်တွန်းကြသည်။ သို့ဖြင့် မင်းသားသည် ဘုရားရှင်ထံသို့ အခြံအရံ ငါးရာနှင့်တကွ သွားရောက်သည်။ ဆည်းကပ် ကိုးကွယ်သည်။ မကြာမီပင် အနာဂါမိဖိုလ်၌ တည်လေသည်။ ဟတ္ထာဠဝကမင်းသားသည် အခြံအရံငါးရာနှင့်အတူ ယဉ်ကျေးသိမ်မွေ့သော ဣန္ဒြေအမှုအပြင် သွားလာလှုပ်ရှားသည်။ ဘုရားရှင်သည် မင်းသားနှင့် သူ၏ အခြံအရံတို့ကို မြင်၍ များစွာ အားရနှစ်သက်တော်မူသည်။

ထို့ကြောင့် “ချစ်သား ဟတ္ထာဠဝက၊ သင်၏ ပရိသတ်ကား များလည်း များ၏။ ယဉ်ကျေးသိမ်မွေ့ခြင်းလည်း ရှိ၏။ သင်သည် အဘယ်သို့ ပရိသတ်ကို ချီးမြှောက်သနည်း” ဟု မေးတော်မူ၏။

မင်းသားက “အရှင်ဘုရား...တပည့်တော်သည် ဒါန၌ နှစ်သက်သူကို ဒါနဖြင့် ချီးမြှောက်ပါသည်။ ချစ်ဖွယ်သောစကားကို ဆိုခြင်း၌ နှစ်သက်သူကို ချစ်ဖွယ်သောစကားကို ဆိုခြင်းဖြင့် ချီးမြှောက်ပါသည်။ တစ်ပါးသူအား ကူညီခြင်း၌ နှစ်သက်သူကို တစ်ဖန် ပြန်လည်ကူညီခြင်းဖြင့် ချီးမြှောက်ပါသည်။ တစ်ပါးသူအား ကိုယ်တူထပ်မျှ ချီးမြှောက်ခြင်း၌ နှစ်သက်သူကို ကိုယ်တူထား၍ ချီးမြှောက်ခြင်းဖြင့် ချီးမြှောက်ပါသည်” ဟူ၍ လျှောက်ထားသည်။

ဤတွင် ဘုရားရှင်သည် နောင်အခါ အရိယာသာဝကတို့၏ အလယ်၌ ဧတဒဂ်ဆု ချီးမြှင့်ရာတွင် ဟတ္ထာဠဝကမင်းသားကိုလည်း ပရိသသင်္ဂဏှန္တအရာ၌ ဧတဒဂ်ထား၍ ဆုချီးမြှင့်တော်မူသည်။ သို့ချီးမြှင့်ရာ၌ ဘုရားရှင်က “ရဟန်းတို့ သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် ပရိသတ်ကို ချီးမြှောက်ထောက်ပံ့ကုန်သော ငါ၏ သာဝက ဥပါသကာတို့တွင် ဟတ္ထာဠဝကသည် အမြတ်ဆုံး ဖြစ်၏” ဟူ၍ မိန့်တော်မူသည်။

အကိုး
၁။ မဟာဗုဒ္ဓဝင် (မင်းကွန်း တိပိဋက ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ)
၂။ ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ် ဆရာတော်)
၃။ မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၄)
၄။ ဂေါတမဗုဒ္ဓ (ဒဂုန်ဦးထွန်းမြင့်)
၅။ ဧတဒဂ်ဝတ္ထု (ဦးသော်ဇင်)

နိဒါန်း: ဤစာစုသည် မြတ်စွာဘုရားရှင်၏ ဘုရားဖြစ်တော်မူပြီးနောက် အဓိကအောင်ခြင်းကြီး သုံးပါးအကြောင်း ဖြစ်ပါသည်။


၃။ နာဠာဂိရိဆင်မင်းကို အောင်ခြင်း

ဘုရားရှင်သည် အာဠဝကဘီလူးကို အောင်တော်မူပြီးနောက် အာဠဝီပြည်အနီး မဟာဝုန်တော၌ (၁၆) ဝါမြောက် ဝါကပ်တော်မူသည်။ ဝါကျွတ်သောအခါ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူသည်။ (၁၇) ဝါမြောက် ဝါကပ်တော်မူသည်။ ထို့နောက် ရာဇဂြိုဟ်ပြည်အနီး စာလိယတောင်၌ (၁၈) ဝါနှင့် (၁၉) ဝါမြောက်ကို ဝါကပ်တော်မူသည်။ ဝါ (၂၀) မြောက်ကိုကား ရာဇဂြိုဟ်ပြည်၌ပင် ဝါကပ်တော်မူသည်။

ထိုစဉ် ဘုရားရှင်အပေါ် အမျက်အာဃာတ ပြင်းစွာထားလျက်ရှိသော ဒေဝဒတ်သည် အဇာတသတ်မင်းသားကို ဦးဆောင်၍ ဘုရားရှင်အား သတ်ရန် အမျိုးမျိုး အားထုတ်လေသည်။ ဒေဝဒတ်သည် သူတစ်ပါးအား စေခိုင်း၍လည်း ဘုရားရှင်အား သတ်ရန် ရန်ပြုသည်။ သို့ရာတွင် ဘုရားရှင်၏ ကြီးမားသော တန်ခိုးနှင့် မေတ္တာတော်တို့ကြောင့် မအောင်မြင်ခဲ့။

ဤတွင် ဒေဝဒတ်ကိုယ်တော်တိုင် ဘုရားရှင်အား သတ်ရန် အားထုတ်ပြန်သည်။ ဘုရားရှင် စင်္ကြံကြွနေစဉ် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်ကို လှိမ့်ချခဲ့သည်။ ဘုရားရှင်ကိုယ်တော်ကို မထိ။ ခြေမတော်မှ ဒဏ်ရာသည်လည်း နှစ်ရက်၊ သုံးရက်နှင့် ပျောက်ကင်းသွားလေသည်။

နောက်ဆုံး၌ ဘုရားရှင်အား အဇာတသတ်မင်း၏ အလွန်ကြမ်းကြုတ်သော နာဠာဂိရိဆင်ဖြင့် တိုက်သတ်ရန် ကြံလေ၏။ ယခင်က နာဠာဂိရိဆင်ကို အရက် ရှစ်အိုး နေ့စဉ် တိုက်နေကျ ဖြစ်သည်။ ယခုမူ ဒေဝဒတ်က နာဠာဂိရိဆင်ကို အရက် ၁၆ အိုး တိုက်၍ ရှင်ဂေါတမ လာသောအခါ လွှတ်တော့ဟု မှာကြား၏။ ဆင်ထိန်းတို့ကလည်း “အရှင်ဘုရား ... မစိုးရိမ်လင့်၊ ရှင်ဂေါတမ အသက်သည် ဆင်စွယ်ဖျားထက်သို့ မနက်ဖြန် ရောက်လတ္တံ့” ဟု ဆို၍ ဝန်ခံလိုက်၏။ အဇာတသတ်မင်းလည်း မင်းချင်းတို့ကိုခေါ်၍ မှာကြား၏။ “ဤနေပြည်တော်၌ နေကုန်သော လူအပေါင်းတို့သည် မနက်ဖြန်နံနက်၌ မိမိတို့အိမ်မှ အပြင်သို့ မထွက်ကြလင့်” ဟု စည်လည်စေ၏။

ရာဇဂြိုဟ်ပြည်သားတို့လည်း ဒေဝဒတ်၏ အကြံကို ရိပ်မိသဖြင့် ဘုရားရှင်ထံ ချဉ်းကပ်၍ ဆွမ်းတော်မကြွရန် လျှောက်ထားသည်။ ဘုရားရှင်လည်း ဆင်ခြင်တော်မူလတ်သော် အကြောင်းစုံကို သိရှိတော်မူသည်။ သို့ရာတွင် နာဠာဂိရိဆင်ကြီးကို ရင်ဆိုင်ရန် ဆုံးဖြတ်တော်မူလိုက်သည်။ “ဥပါသကာတို့ ... နက်ဖြန်နံနက် ရောက်သောအခါ ငါသည် နာဠာဂိရိဆင်ကို ယဉ်ကျေးအောင် ဆုံးမ၍ ကြွတော်မူမည်။ ရာဇဂြိုဟ်ပြည်သူ၊ ပြည်သားတို့ ကျောင်းသို့လာ၍ ကပ်သော ဆွမ်းသြဇာကို ငါ ဆွမ်းဘုဉ်းပေးတော်မူမည်” ဟု မိန့်တော်မူလိုက်သည်။

နောက်တစ်နေ့ မိုးသောက်သော် ဘုရားရှင်သည် ရာဇဂြိုဟ်အနီး ကျောင်းကြီး ၁၈-ရပ်၌ နေကုန်သော ရဟန်းသံဃာတို့ ခြံရံ၍ ရောင်ခြည်တော်ခြောက်သွယ်ကို လွှတ်လျက် ရာဇဂြိုဟ်ပြည်၏ အချက်အချာဖြစ်သော မင်းလမ်းသို့ ကြွ၍ ဆွမ်းခံဝင်တော်မူသည်။ ဆင်ထိန်းတို့လည်း ဒေဝဒတ် စီစဉ်သည့်အတိုင်းပင် နာဠာဂိရိဆင်ကို အရက် ၁၆-အိုး တိုက်ကာ လွှတ်လိုက်ကြသည်။ နာဠာဂိရိဆင်လည်း ဘုရားရှင် ကြွလာသည်ကို အဝေးကပင် မြင်သည်။ ဤတွင် ပြင်းစွာ အသံပြု၍ ဘုရားရှင်ကို ရန်ပြုရန် တစ်ဟုန်တည်း ပြေးလာလေသည်။

အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် စသော နောက်ပါ သံဃာများက ဘုရားရှင်အား “လမ်းလွှဲ၍ ကြွတော်မူပါ။ အကယ်၍ မကြွလျှင် နာဠာဂိရိဆင်ကို တပည့်တော်တို့ ယဉ်ကျေးအောင် အရှင်ဘုရားကိုယ်စား ဆုံးမပါရစေ” ဟု လျှောက်ထားကြသည်။

ဘုရားရှင်က ခွင့်မပြုပေ။ အရှင်အာနန္ဒာကမူ သေချင်းသေလျှင် ငါ အသေခံမည် ဟူသော စိတ်ဓာတ်ဖြင့် ဘုရားရှင်၏ ရှေ့တော်သို့ တက်၏။ ဘုရားရှင်က “ချစ်သား အာနန္ဒာ ... ဖယ်ရှားလော့” ဟု ဆိုတော်မူကာ အရှင်အာနန္ဒာကို ဖယ်ရှား၍ ဆင်အပါးသို့ ကပ်တော်မူ၏။

ထိုအခိုက် သားငယ်ကို ပိုက်၍လာသော မိန်းမတစ်ယောက်သည် အလွန်ကြောက်လန့်သဖြင့် သားငယ်ကို ဘုရားရှင် ရှေ့တော်၌ ချ၍ ပြေးလေသည်။ ဆင်လည်း ထိုမိန်းမနောက်သို့ လိုက်လေသည်။ ဘုရားရှင်လည်း ရပ်တန့်တော်မူလျက် နာဠာဂိရိဆင်ကို မေတ္တာပို့လျက် “ချစ်သား နာဠာဂိရိ ... သင့်အရှင်တို့သည် သင့်အား သေအရက်တို့ကို အလွန်အကြူးတိုက်၍ လွှတ်လိုက်သည်မှာ အခြားသူများအား သတ်ဖြတ်ရန် မဟုတ်၊ ငါဘုရားကိုသာ သတ်ရန် ဖြစ်သည်၊ သင့်အရှင်စကားကို လိုက်နာသည့်အနေဖြင့် ငါဘုရားထံသို့သာ လျင်စွာလာလော့” ဟု ခေါ်တော်မူသည်။

နာဠာဂိရိဆင်လည်း ဘုရားရှင် စကားကိုကြားသော် မှိတ်ထားသော မျက်စိကို ဖွင့်၍ ကြည့်ရှုသည်။ ဘုရားရှင်၏ အရှိန်အဝါတော်ကို တွေ့မြင်သွားသည်။ ဤတွင် ကြည်လင်သော စိတ်စေတနာ ဖြစ်ကာ သေအရက်မူးခြင်း ပျောက်သွားသည်။ သတိဝင်လာသည်။ ချက်ချင်းပင် အမြီး၊ နားရွက်တို့ကို ချလျက် ခံတွင်းဝသို့ နှာမောင်းကိုသွင်းကာ ဘုရားခြေတော်ရင်း၌ ငုပ်ဆင်းတုပ်ပျပ်လေသည်။

ဘုရားရှင်လည်း နာဠာဂိရိဆင်၏ ဦးကင်းကို လက်တော်ဖြင့် သပ်လျက် “ဆင်မြတ် နာဠာဂိရိ၊ သင်သည် ယနေ့မှစ၍ ကြမ်းတမ်းရုန့်ရင်းခြင်းကို မပြုလင့်၊ လူတို့အား သတ်ဖြတ်ညှဉ်းဆဲခြင်းကို မပြုလင့်၊ မေတ္တာစိတ်ကိုသာ များစွာ ပွားစေလော့၊ မေတ္တာမပွားဘဲ သူ့အား နှိပ်စပ် ဖျက်ဆီးတတ်သော သတ္တဝါတို့သည် လူ့ရွာဘဝ၊ မျက်မှောက်ဘဝ၌ များလှသော ဘေးရန်တို့ကိုလည်း ကြုံတွေ့တတ်၏။ ဘဝပြောင်းသော် ဆင်းရဲသောဘဝ အပါယ်လေးပါး၌သာ ကာလရှည်ကြာ ခံရပေသည်” စသည်ဖြင့် တရားဟောပြော ဆုံးမတော်မူသည်။

ဘုရားရှင်၏ တရားတော်ကို နာကြားရသော နာဠာဂိရိဆင်လည်း သဒ္ဓါပွားလျက် ချမ်းမြေ့ကြည်လင်သွားသည်။ ဘုရားခြေတော်ကို ဦးတိုက်၍ နှာမောင်းဖြင့် ပိုက်ထွေးသည်။ ခြေတော်ရင်း၌ရှိသော မြေကိုယူ၍ မိမိဦးခေါင်း၌ ကြဲဖြန့်ပြီးလျှင် သရဏဂုံ၊ ပဉ္စသီကို ယူလေသည်။

ထိုအခါ ရာဇဂြိုဟ်ပြည်သူ၊ ပြည်သားတို့လည်း အားရဝမ်းသာ ဟစ်ကြွေး၍ ကောင်းချီးပေးကြသည်။ အနီးသို့လာ၍ ရတနာခုနစ်ပါးတို့ဖြင့် ကြဲချ ပူဇော်ကြသည်။ ကြဲချသဖြင့် စုပုံနေကြသော ရွှေ၊ ငွေ၊ ကျောက်သံရတနာတို့သည် နာဠာဂိရိဆင်၏ ကိုယ်အလုံးကို ဖုံးလွှမ်းမိလေသည်။ ထိုအခါမှစ၍ နာဠာဂိရိဆင်လည်း “ဓနပါလ”ဟု အမည်တွင်လေသည်။

ထိုဆင်မင်းအား တရားဟောရာတွင် အနီးဝန်းကျင်မှ ကြားနာရသော ပရိသတ်တို့သည်လည်း အကျွတ်တရား ရကြလေသည်။ နာဠာဂိရိဆင်သည် ဘုရားရှင်၏ ခြေတော်ကို ပူဇော်ဦးခိုက်လျက် နောက်ဆုတ်၍ သွားပြီးလျှင် မိမိ တင်းကုတ်သို့ ဝင်လေသည်။ မည်သည့်သတ္တဝါကိုမျှ ညှဉ်းဆဲခြင်းမပြု။ လိမ္မာယဉ်ကျေးစွာ နေလေသည်။ ဤသည်လျှင် ဘုရားရှင်၏ တတိယအောင်ခြင်းပေတည်း။

ဘုရားရှင်သည် ထိုနေရာတွင် ရပ်တော်မူကာ ပူဇော်သမျှသော ဤရတနာတို့သည် ဥစ္စာရှင်တို့လက်သို့သာ ရောက်စေသော်ဟု အဓိဋ္ဌာန်ပြုသည်။ ယင်းသို့ အဓိဋ္ဌာန်ပြုသည့်အတိုင်းပင် ရတနာတို့သည် သက်ဆိုင်ရာ ဥစ္စာရှင်တို့လက်သို့ ပြန်ရောက်လေသည်။ ဘုရားရှင်လည်း ဆက်လက်၍ ဆွမ်းခံကြွတော်မမူဘဲ ကျောင်းတော်သို့ ပြန်ခဲ့လေသည်။ ပြည်သူ၊ ပြည်သားတို့လည်း ကျောင်းတော်သို့သွား၍ များစွာသော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ဖြင့် ကပ်လှူပူဇော်ကြလေသည်။

ကျမ်းကိုး
(၁) ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ် ဆရာတော်)
(၂) မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၅)


၄။ အင်္ဂုလိမာလကို အောင်ခြင်း

အင်္ဂုလိမာလ၏ အမည်အရင်းမှာ အဟိံသက ဖြစ်သည်။ သူ၏ဖခင်သည် သာဝတ္ထိပြည်ကြီးကို အစိုးရသော ပသေနဒီကောသလမင်း၏ ပုရောဟိတ် ပုဏ္ဏားကြီး ဘဂ္ဂဝ ဖြစ်သည်။ မိခင်မှာ မန္တာနီပုဏ္ဏေးမ ဖြစ်သည်။

အဟိံသကကို ဖွားမြင်သည့်ညဉ့်၊ ဖွားဆဲခဏ၌ သာဝတ္ထိပြည် အားလုံး၌ရှိသော လေး၊ မြား၊ ဓား၊ လှံ၊ သန်လျက်၊ ခက်ရင်း စသော လက်နက်တို့သည် တစ်ပြိုင်နက် အလျှံတပြောင်ပြောင် တောက်ပကုန်၏။ မင်းကြီး၏ အိပ်ရာဘေး၌ထားသော လက်စွဲတော် မင်္ဂလာသန်လျက်သည်လည်း အလျှံတပြောင်ပြောင် တောက်ပ၏။

ဖခင်ပုဏ္ဏားကြီးသည် သားဖွားသည့်အခိုက် ကောင်းကင်နက္ခတ်ကို ကြည့်သော် ခိုးသူနက္ခတ် ယှဉ်သည်ကို မြင်လေသည်။ ပုဏ္ဏားကြီးလည်း မိမိ၌ အန္တရာယ် မရှိစေလိုသဖြင့် နံနက်လင်းလျှင်လင်းချင်း မင်းကြီးထံသို့ အကျိုးအကြောင်း သွားရောက် လျှောက်ထားသည်။

ထိုအခါ မင်းကြီးက “ဤသူငယ်သည် တစ်ယောက်တည်းသော ခိုးသား ဖြစ်အံ့လော၊ သို့တည်းမဟုတ် အခြွေအရံအများနှင့် စုပေါင်းကာ နိုင်ငံကို ပုန်ကန်သော ခိုးသား ဖြစ်အံ့လော” ဟု မေးသည်။

ပုဏ္ဏားကြီးက “အရှင်မင်းကြီး ဤသူငယ်သည် တစ်ယောက်တည်းသော ခိုးသားသာ ဖြစ်လိမ့်မည်၊ ဤသူငယ်ကို အရှင်မင်းကြီး အလိုရှိရာ ပြုတော်မူပါ” ဟု အပ်နှံ၏။

မင်းကြီးလည်း “တစ်ယောက်တည်းသော ခိုးသားဖြစ်မူ ငါမရွံ့၊ ဂရုမပြု၊ စပါးတစ်သိန်း ထွက်သောလယ်၏ အတွင်း၌ တစ်နှံတည်းသော အဖျင်းသီးသကဲ့သို့ ဖြစ်ရသည် မဟုတ်လော၊ စိုးရိမ်ရန်မရှိ၊ သင့်သားကို ကောင်းမွန်စွာလျှင် ကျွေးမွေးစောင့်ရှောက်ပါလော့” ဟု ဆိုလေသည်။

ဤသို့ဖြင့် ပုဏ္ဏားကြီး ဇနီးမောင်နှံသည် သားငယ်ကို ကောင်းစွာ မွေးမြူ၍ စောင့်ရှောက်လာခဲ့သည်။ အမည်မှည့်မည့်နေ့သို့ ရောက်သောအခါ “ဤသူငယ်သည် ငါတို့၏ အမျိုးအနွယ်ကို မညှဉ်းဆဲလတ္တံ့” ဟူသော ပုဗ္ဗနိမိတ်ကိုယူ၍ အဟိံသက ဟူသော အမည်ကို မှည့်၏။

အဟိံသကသည် အရွယ်သို့ ရောက်လတ်သော တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာထံ၌ တပည့်ခံ၍ အတတ်ပညာ သင်ယူလေသည်။ စင်စစ် သူသည် စိတ်ကောင်းနှလုံးကောင်းရှိသူ ဖြစ်သည်။

ဆရာကို ချစ်ခင်ရိုသေသည်။ ကျိုးနွံသည်။ လေးစားချစ်ခင်ဖွယ်ကောင်းသော အမူအကျင့်နှင့် ပြည့်စုံသည်။ လုံ့လဝီရိယလည်း ရှိသည်။ တစ်နေ့တစ်ရက်မျှ မပြတ်အောင် အတတ်ပညာကိုလည်း နာယူမှတ်သားသည်။

အဟိံသက ရောက်သည်မှစ၍ အခြားသော တပည့်တို့သည် ဆရာ့ကိစ္စကို ဆောင်ရွက်ခွင့်မရ။ အဟိံသကကသာ အားလုံး ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးသည်။

ဆရာလည်း အဟိံသကအား သားအရင်းကဲ့သို့ ချစ်ခင်လေးမြတ်သည်ဖြစ်၍ အတတ်အမျိုးမျိုးကို သင်ပေးသည်။ ဤတွင် အဟိံသကသည် သူတစ်ပါးထက် ကဲလွန်၍ တတ်မြောက်၏။

ထိုအခါ တပည့်အချို့သည် ဝန်တိုစိတ် ဖြစ်လာကြသည်။ အဟိံသက နှင့် ဆရာ ကွဲပြားအောင် ယုတ်မာသော အကြံကို ကြံစည်ကြသည်။ “အဟိံသကသည် ဆရာ၏ မယားနှင့် ဖောက်ပြန်နေပြီ” ဟူ၍ ဆရာ့ကို ကုန်းချောကြသည်။

ဤသို့ အကြိမ်ကြိမ် ကုန်းချောစကား ပြောပါများသော် ဆရာသည် နားယောင်လာသည်။ စူးစမ်း ဆင်ခြင်ခြင်း မပြု။ အဟိံသက ကို အထင်လွဲမှားလေတော့သည်။ ထို့ကြောင့် အဟိံသက ကို သတ်ရန် ကြံစည်လေတော့သည်။

သို့ရာတွင် မိမိထံ အတတ်သင်လာသော တပည့်ကို သတ်သည် ဟူသော သတင်းသည် လူကြား၍မလျော်ဟု ဆင်ခြင်မိသည်။ အဟိံသက ကို ဥပါယ်တံမျဉ်ဖြင့် သေစေရန် ကြံစည်လေသည်။

ဆရာမိုက်သည် တပည့်လိမ္မာအား ခေါ်ယူ၍ “တပည့် အဟိံသက၊ ငါ့အား လူတို့၏ လက်ညှိုးတစ်ထောင်ဖြင့် ပူဇော်ပါ၊ ပညာအားလုံးကို အကြွင်းမထား၊ တတ်သိသမျှသော အတတ်ဟူသရွေ့ကို လွန်ကဲ ထူးမြတ်စွာ သင်ပေးမည်” ဟု ဆို၏။

အဟိံသက သည် ဆရာ၏ အကြံကို မရိပ်မိ။ မသိရှိ။ ဆရာ စေခိုင်းတိုင်း ပြုမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့ဖြင့် လက်နက် ငါးပါးကို ယူ၍ ဆရာကို ရှိခိုးကာ တောအုပ်သို့ ဝင်သည်။ တွေ့သမျှသော ခရီးသွား မိန်းမ၊ ယောက်ျားတို့ကို ဖမ်း၍ သတ်သည်။

တစ်ဦးစီ၏ လက်ညှိုး နှစ်ချောင်းစီကို ဖြတ်၍ယူသည်။ ရရှိသော လက်ချောင်းများကို မရေမတွက်၊ သစ်ရွက်၊ သစ်ခွ စသည်တို့၌သာ စုထားလေသည်။

ထိုအခါ လက်ညှိုးတို့ကို ကျီးငှက် စသည်တို့ စားကြသဖြင့် ပျောက်ပျက်ကုန်ကြသည်။ ဤတွင် အဟိံသက သည် နောက်ထပ် ရသမျှသော လက်ညှိုးများကို ဖောက်၍ ကြိုးဖြင့် သီကုံးကာ လည်၌ ပန်းကုံးသဖွယ်ပြု၍ ဆောင်ထား၏။ ဤသို့ လက်ညှိုးတို့ကို ပန်းကုံး ကဲ့သို့ လည်တွင် ဆွဲထားသည်မှ အစပြု၍ အဟိံသက ဟူသော အမည် ပျောက်၍ ‘အင်္ဂုလိမာလ’ ဟူသော အမည်တွင်လေသည်။

တောအုပ်၌ အင်္ဂုလိမာလ နှောင့်ယှက်ဖန်များသော် လူတို့သည် တောသို့ မသွားဘဲ နေကြ၏။ ထိုအခါ အင်္ဂုလိမာလ သည် ရွာတွင်းသို့ ဝင်၍ လူတို့ကို သတ်ပြန်၏။ ရွာနေသူတို့လည်း နိဂုံးဇနပုဒ်သို့ ရွှေ့နေကြပြန်၏။ အင်္ဂုလိမာလ သည် နိဂုံးဇနပုဒ်သို့ဝင်၍ သတ်ပြန်၏။ နိဂုံးဇနပုဒ် နေသူတို့လည်း မြို့၌ ပေါင်းဆုံ စုဝေးနေလာကြ၏။

တစ်ဖန် မြို့၌နေသော သူတို့သည်လည်း အိမ်တို့ကိုစွန့်၍ သားမြေးတို့ကို လက်ဆွဲလျက် သာဝတ္ထိမြို့ကို လာကြသည်။ သာဝတ္ထိမြို့ကို ရံ၍ သစ်ခက်တဲတို့ကို ဆောက်၍ နေပြီးနောက် မင်းရင်ပြင်၌ စည်းဝေးကြသည်။ ဘုရင်ကြားအောင် အင်္ဂုလိမာလ အကြောင်း ငိုကြွေးဟစ်တမ်း ကြကုန်၏။

ကောသလမင်းသည် အလွန် ထိတ်လန့်သွားသည်။ သူကိုယ်တိုင် မဖမ်းဝံ့။ သို့သော် ပြည်သူပြည်သားတို့ နှလုံးသက်သာရာ ရစိမ့်သောငှာ နောက်တစ်နေ့တွင် “မြင်းစီးသူရဲ ၅ဝဝ ဖြင့် အင်္ဂုလိမာလ ကို ဖမ်းယူမည်” ဟု နှစ်သိမ့်ပြောဆိုလိုက်လေသည်။

ထိုအကြောင်းကို အင်္ဂုလိမာလ မိခင် မန္တာနီပုဏ္ဏေးမကြီးသည် ခင်ပွန်းသည် ပုဏ္ဏားကြီးထံမှ တစ်ဆင့် ကြားသိသွားသည်။ ထိုအခါ မိမိသား ဘေးဖြစ်မည်ကို စိုးရိမ်မိသည်။ မိခင်၏ ချစ်ခြင်းဖြင့် သားကို ခေါ်ရန် တိတ်တဆိတ် ထွက်ခဲ့လေသည်။

ထိုအချိန်၌ မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူသည်။ ဘုရားသည် လောကကို ကြည့်တော်မူသော် အင်္ဂုလိမာလ၏ ဥပနိဿယ သမ္ပတ္တိကို မြင်တော်မူ၏။ “ငါဘုရား ကြွသွားသည်ရှိသော် ထိုခိုးသူသည် ချမ်းသာခြင်း ဖြစ်ပေလတ္တံ့၊ ရွာမဟုတ်သော တော၌ နေလျက်ပင် ဂါထာလေးပုဒ်ကို ကြားနာရရုံမျှဖြင့် ငါဘုရား၏ထံ၌ ရဟန်းပြုလိမ့်မည်။ ခြောက်ပါးသော အဘိညာဉ်တို့ကို မျက်မှောက်ပြုရလိမ့်မည်။ အကယ်၍ ငါဘုရား မကြွသွားသော် အမိကို ပြစ်မှားသတ်မိကာ သံသရာဝဋ်ဒုက္ခမှ မလွတ်မြောက်နိုင်၊ မည်သို့မျှ မထုတ်ဆောင် မကယ်နိုင်သည့် ဘဝကို ရောက်ပေတော့မည်။ ထိုခိုးသူကို ငါဘုရား ကယ်တင်အံ့”ဟု ဆင်ခြင်တော်မူသည်။

သို့ဖြင့် သပိတ်၊ သင်္ကန်းကို ပြင်၍ သာဝတ္ထိမြို့တွင်း ဆွမ်းခံ ဝင်တော်မူ၏။
ဆွမ်းခံပြီးသော် တစ်ပါးတည်းသာလျှင် အင်္ဂုလိမာလ ရှိရာ တောအုပ်သို့ ရှေးရှု ကြွတော်မူ၏။

ထိုနေ့၌ပင် အင်္ဂုလိမာလ သည် လည်၌ ဆွဲထားသော လက်ညှိုးများကို ရေတွက်ကြည့်သည်။ တစ်ထောင်ပြည့်ရန် တစ်ချောင်းသာ လိုကြောင်း တွေ့ရှိရသည်။ ထိုနေ့အဖို့ ရှေးဦးစွာ မြင်သောသူ တစ်ယောက်ယောက်ကို မရရအောင် သတ်မည်။ လက်ညှိုးအရေအတွက် တစ်ထောင်ပြည့်အောင် ဖြည့်ပြီးသော် ဆရာကို ပူဇော်မည်။ ကြီးမြတ်သော အတတ်ကို လျင်စွာသင်ပြီးလျှင် မိခင်၊ ဖခင်တို့ထံ ပြန်တော့အံ့ဟု ကြံသည်။ တောအုပ်လယ်မှထွက်၍ တစ်ခုသောနေရာ၌ ပုန်းကွယ်၍ စောင့်နေသည်။

ထိုစဉ် မိခင်ဖြစ်သော မန္တာနီပုဏ္ဏေးမ သည် တောအနီးသို့ ရောက်လာသည်။ “ချစ်သား အဟိံသက... ကောသလမင်းကြီးသည် ယနေ့ပင် မောင့်ကို ဖမ်းယူရန် မြင်း ၅၀၀-ဖြင့် ထွက်လာလိမ့်မည်။ ငါ့သား သတ်ဖြတ်ခြင်း ခံရတော့မည်။ မိခင်ထံသို့ အမြန်လာခဲ့လော့” ဟု ဟစ်အော်၍ လာ၏။

အင်္ဂုလိမာလ ကလည်း မိခင်၏ အော်သံကို မကြားရသေး။ အဝေးက မိန်းမတစ်ယောက် လာနေသည်ဟုသာ ထင်မှတ်သည်။ ထို့ကြောင့် ဤမိန်းမကို သတ်၍ လက်ညှိုးကို ဖြတ်ယူအံ့ဟု ကြံလျက် စောင့်နေ၏။

ထိုစဉ် မြတ်စွာဘုရားသည် အင်္ဂုလိမာလ နှင့် မိခင်၏ အကြားသို့ စင်္ကြံ ကြွလာတော်မူသည်။ အင်္ဂုလိမာလ လည်း မထင်ရှားသော အသွင်ဖြင့် ကြွလာသော မြတ်စွာဘုရားကို မြင်လျှင် “ဤရဟန်းကိုပင် သတ်တော့အံ့” ဟု ကြံလျက် ပုန်းကွယ်ရာမှ လျင်စွာ ထွက်လာ၏။

မြတ်စွာဘုရားသည် အင်္ဂုလိမာလ မမီစိမ့်သောငှာ တန်ခိုးတော်ဖြင့် ရေညွှန်ကိုလည်းကောင်း၊ ချောက်ကမ်းပါးပြတ်ကိုလည်းကောင်း၊ သုံးယူဇနာတိုင်အောင် ဖန်ဆင်း၍ ကြွတော်မူ၏။

အင်္ဂုလိမာလ သည် ရေကို ကူး၍ လိုက်၏။ ညွှန်ကို ရုန်း၍ လိုက်၏။ ချောက်ကိုဆင်း၍ လိုက်၏။ တောင်ကို တက်၍ လိုက်၏။ မည်သို့ပင် လိုက်သော်လည်း ဘုရားရှင်ကို မမီနိုင်။ အလွန် မောပန်းလှသဖြင့် “အရှင်ရဟန်း... ရပ်ဦးလော့... ရပ်ဦးလော့” ဟုဆို၍ တား၏။

ထိုအခါ ဘုရားရှင်က “အင်္ဂုလိမာလ... ငါကား ရပ်၏။ သင်သာလျှင် မရပ်ပေ” ဟုဆို၏။

“အသင်ရဟန်း... သင်သည် မတန့်မနား သွားလျက် ရှိသည်ကိုပင် ‘ငါ ရပ်၏။ သင်ကား မရပ်’ဟု အဘယ့်ကြောင့် ဆိုပါသနည်း။ စင်စစ် ရပ်နေသူမှာ အကျွန်ုပ်သာ ဖြစ်သည်။ မုသာဝါဒသည် ရဟန်းတို့၏ အလေ့အထပင်လော”

“အချင်း အင်္ဂုလိမာလ၊ ငါသည် အလုံးစုံသော သတ္တဝါတို့ကို နှိပ်စက် ညှဉ်းဆဲခြင်း မပြု၊ ပါဏာတိပါတ စသော မကောင်းမှု ဒုစရိုက်တို့ကို မလိုက်စား၊ ကြဉ်ရှောင်ရှားသည်သာ ဖြစ်၏။ အပါယ်လားခြင်း မရှိ၊ သုဂတိဘဝတို့၏ အထွတ်အထိပ်ဖြစ်သော နိဗ္ဗာန်၌သာ ရပ်တည်နေ၏။ ထို့ကြောင့် ငါကား ရပ်သောသူမည်၏။ သင်ကား ဒုစရိုက်တရားတို့ကို များစွာပြုလေ့ရှိသည်။ သတ္တဝါ ခပ်သိမ်းတို့ကို သနားချစ်ခင်ခြင်း မရှိ၊ ဓား၊ လှံစသော လက်နက်ဖြင့် ထိုးခုတ် သတ်ပုတ် ညှဉ်းဆဲခြင်းပြုသူ ဖြစ်သည်။ သူတော်ကောင်းတရား၌ မတည်။ ထို့ကြောင့် သင်သည် မရပ်ဟု ငါဆိုသည်”

ဤသို့ ဘုရားရှင်၏ ရဲရင့်တည်ကြည်သော စကားကို ကြားရသောအခါ အင်္ဂုလိမာလ သည် အံ့ချီးမဆုံး ရှိသွားသည်။ “ဤရဟန်း၏ စကားသည် အနှစ်သာရ ရှိလှပေသည်။ ဤကဲ့သို့သော် စကားကို ဆိုတတ်ပေသော သူကား လူသာမည မဟုတ်။ သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာစံ ဒေဝီ မဟေသီမိဖုရားကြီး မဟာမာယာ၏ သားတော် ဘုရား ဆိုသောပုဂ္ဂိုလ် ဖြစ်ပေရာသည်။ ရှင်တော်ဘုရားသည် ငါ သူတော်ကောင်းတရား၌ မတည်သည်ကို မြင်တော်မူပြီး ငါ့ကို သနားတော်မူလှ၍ ဤတောကြီး မြိုင်ဝှမ်းကို ကြွလာတော်မူပေသည်” ဟု မှတ်ယူလိုက်သည်။

ဘုရားရှင်ကို အလွန်ကြည်ညို မြတ်နိုးလှရကား ရှေ့တော်၌ ဝပ်လျက် ရိုသေကျိုးနွံစွာ ရှိခိုးသည်။
“အရှင်သူမြတ်သည် အကျွန်ုပ်အား သနားချီးမြှောက်တော်မူပါ။ ယုတ်မာသော အကျင့်ဟူသမျှကို အကျွန်ုပ် ပယ်ချပါတော့မည်” ဟု လျှောက်ကြား၏။

ထို့နောက် သူသည် လည်၌ဆွဲထားသော လက်ညှိုးများကိုလည်းကောင်း၊ လက်နက် ငါးပါးကိုလည်းကောင်း အနီးရှိ ချောက်ကမ်းပါးပြတ်၌ စွန့်ပစ်လိုက်လေသည်။ ဘုရားခြေတော် အစုံကို ရိုသေစွာ ဦးတိုက် ရှိခိုးသည်။ “ဘုန်းတော်ကြီးသော အရှင်ဘုရား... အရှင်ဘုရားသည် အကျွန်ုပ်ကို ရဟန်းပြုပေးတော်မူပါလော့” ဟု တောင်းပန်၏။

မြတ်စွာဘုရားသည် လက်ယာလက်မောင်းတော်ကို ဆန့်၍ “ဧဟိ ဘိက္ခု သမ္ပဒါ” အစရှိသဖြင့် ခေါ်တော်မူသည်။ ထိုအခါ အင်္ဂုလိမာလ ၏ ဆံမုတ်ဆိတ်၊ လူဝတ်ပုဆိုးတို့ကို ကွယ်လေ၍ သပိတ်၊ သင်္ကန်း စသော ရဟန်းပရိက္ခရာရှစ်ပါးနှင့် ပြည့်စုံလေသည်။ အင်္ဂုလိမာလ သည် ဝါတော် ခြောက်ဆယ် ရှိပြီးသော မထေရ်ကြီးကဲ့သို့ မြတ်စွာဘုရားကို ဦးညွတ်ရှိခိုးလျက် ပဉ္စင်းရဟန်း ဖြစ်လာလေသည်။

အင်္ဂုလိမာလ သည် ရဟန်းဖြစ်ပြီးနောက် မြတ်စွာဘုရား၏ နောက်လိုက် အလုပ်အကျွေးအဖြစ် သပိတ်၊ သင်္ကန်းတို့ကိုယူ၍ ဇေတဝန်ကျောင်းတော်သို့ လိုက်ပါသွား၏။ ထိုသို့ အင်္ဂုလိမာလထေရ်ကို ဒဏ်ဖြင့်လည်းကောင်း၊ လက်နက်ဖြင့်လည်းကောင်း မကူမဖက် သက်သက် ယဉ်ကျေးအောင် ဆုံးမနိုင်ခြင်းသည် ဘုရားရှင်၏ အောင်ခြင်းရှစ်ပါးအနက် တစ်ပါး အပါအဝင် ဖြစ်ပေသည်။

အင်္ဂုလိမာလ မိခင်လည်း တောအုပ်တစ်လျှောက်ရှိ သားကို ခေါ်ယူမည်တမ်း၍ လှည့်လည်ရှာဖွေ မရသဖြင့် အိမ်သို့ ပြန်လေသည်။ ပသေနဒီ ကောသလမင်းကြီးမူကား အခြားသူတို့ ကဲ့ရဲ့မည်စိုးသောကြောင့် အင်္ဂုလိမာလ ကို ဖမ်းရန် ထွက်ကြွခဲ့သည်။ သို့သော်လည်း အင်္ဂုလိမာလ နှင့် ရင်ဆိုင်ရမည်ကို ရွံ့ကြောက်သဖြင့် တောအုပ်သို့ တိုက်ရိုက်မသွားသေး။ ဇေတဝန်ကျောင်းတော်သို့ ဘုရားရှင်၏ အမိန့်တော်ကို နာယူရန် အလျင်ဝင်လေသည်။

ထိုအချိန်၌ အင်္ဂုလိမာလရဟန်း သည် မြတ်စွာဘုရား အနီး၌ ထိုင်နေလေသည်။ ဘုရားရှင်လည်း မင်းကြီးအား အင်္ဂုလိမာလ ၏ အဖြစ်မှန်ကို ပြောကြားတော်မူ၍ “ထိုသူသည် အင်္ဂုလိမာလခိုးသူပင်တည်း” ဟု ညွှန်ပြသည်။

မင်းကြီးသည် မယုံနိုင်အောင် ဖြစ်သွားသည်။ ကြောက်ရွံ့တုန်လှုပ်သွားသည်။ မင်းကြီး၏ နောက်ပါ အခြွေအရံများသည်လည်း ထိတ်လန့်ကြောက်ရွံ့ကြသဖြင့် လက်နက်တို့ကိုချကာ ပြေးကြလေသည်။

ထိုအခါ ဘုရားရှင်က မင်းကြီးအား “ဒကာတော်မင်းကြီး၊ မကြောက်ရွံ့လေနှင့်၊ အင်္ဂုလိမာလ သည် သင်တို့အား မည်သည့် ဘေးရန်ကိုမျှ ပြုလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။

ထိုအခါတွင်မှ မင်းကြီးသည် ကြောက်ရွံ့ခြင်း ကင်းပျောက်သွားသည်။ အင်္ဂုလိမာလထံ ချဉ်းကပ်ပြီးလျှင် ပစ္စည်းလေးပါး လှူဒါန်း ထောက်ပံ့လိုကြောင်း လျှောက်ထားသည်။

အင်္ဂုလိမာလထေရ်က အရညကင်ဓုတင်၊ ပိဏ္ဍပါတ်ဓုတင်၊ ပံ့သကူဓုတင်၊ တိစီဝရိက်ဓုတင် တို့ ဆောက်တည်သည် ဖြစ်သောကြောင့် မည်သည့်ပစ္စည်းမျှ မလို၊ ပြည့်စုံပြီဖြစ်ကြောင်း မိန့်တော်မူသည်။ မင်းကြီးသည် အင်္ဂုလိမာလထေရ်၏ ကြည်ညိုဖွယ်ရှိပုံကို အံ့မဆုံး ဖြစ်မိသည်။ ဘုရားရှင်အား ကန်တော့ကာ ကျောင်းတော်မှ ထွက်ခဲ့လေသည်။

အင်္ဂုလိမာလထေရ်ကို အကြောင်း မသိကြသေးသူများကမူ မြင်ရုံဖြင့် ထိတ်လန့်ထွက်ပြေးကြကုန်၏။ သာဝတ္ထိမြို့တွင်း ဆွမ်းခံကြွလာသည်ကို မြင်သောအခါ အိမ်တံခါးကို ပိတ်၍ နေကြကုန်၏။ အင်္ဂုလိမာလမထေရ်သည် ဆွမ်းကောင်းစွာ မရရှိပေ။

တစ်နေ့သ၌ အင်္ဂုလိမာလထေရ်သည် ဆွမ်းခံထွက်ရင်း အိမ်တစ်အိမ်၌ မီးမဖွားနိုင်သော မိန်းမငယ်တစ်ယောက်ကို မြင်သည်။ “ပင်ပန်းဆင်းရဲပေစွ” ဟု စိတ်၌ ဖြစ်ပေါ်မိ၏။ ညဉ့်အခါ၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တွေ့ရှိခဲ့ရပုံကို လျှောက်ထား၏။ ဘုရားရှင်လည်း အင်္ဂုလိမာလထေရ်ကို လူတို့ ကြောက်ရွံ့ကြဉ်ရှောင်သဖြင့် ဆွမ်းအခက်အခဲ ကြုံရပုံကို သိပြီးဖြစ်သည်။ ထို့ကြောင့် မီးမဖွားနိုင်သူ အမျိုးသမီးများအား အင်္ဂုလိမာလထေရ်က ချမ်းသာအောင် လက်တွေ့ကူညီဆောင်ရွက်ပေးနိုင်ပါက မထေရ်ကို မှီဝဲဆည်းကပ်ကြလိမ့်မည်၊ ဆွမ်းအာဟာရ ပြည့်စုံပေလိမ့်မည်ဟု ဆင်ခြင်တော်မူမိသည်။
သို့ဖြင့် အင်္ဂုလိမာလထေရ် သစ္စာပြုရွတ်ဆိုရန်-
ယတောဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊
နာဘိ ဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စေန သောတ္ထိ တေ ဟောတု၊ သောတ္ထိ ဂဗ္ဘဿ” ဟူသော ပရိတ်တော်ကို သင်ပေးတော်မူလေသည်။

အဓိပ္ပာယ်ကား “ငါသည် အကြင်အခါမှစ၍ အရိယာဇာတိ ဖြစ်၏။ ထိုအရိယာဇာတိ ဖြစ်သောအခါမှစ၍ သေစေလိုသော စေတနာဖြင့် စေ့ဆော်၍ သတ္တဝါတို့၏ အသက်ကို မသတ်ခဲ့၊ ထိုသို့ မှန်သောစကားကြောင့် အသင်ချစ်နှမအား ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း၊ ကိုယ်ဝန်၏ ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း”ဟူ၍ ဖြစ်ပေသည်။

ထိုနေ့မှစ၍ အင်္ဂုလိမာလ သည် မီးမဖွားနိုင်ဘဲ ပင်ပန်းဆင်းရဲနေသော မိန်းမကို ကြုံတွေ့ပါက ထိုမိန်းမထံသွားသည်။ အကာအရံအပြင်ဘက်မှနေ၍ ထိုပရိတ်တော်ကို ရွတ်ဆိုကာ သစ္စာပြုလိုက်သည်။ ထိုအခါ ထိုမိန်းမသည် ကောင်းစွာ မီးဖွားနိုင်လေတော့သည်။

နောင်အခါ၌ အင်္ဂုလိမာလထေရ် သစ္စာပြုသော နေရာ၌ အင်းပျဉ်ကို ခင်းထားကုန်၏။ မီးမဖွားနိုင်သော မိန်းမတို့ကို ထိုအင်းပျဉ်၌ အိပ်စေရုံဖြင့် ချမ်းသာစွာ မီးဖွားနိုင်၏။ အင်းပျဉ်အထိ မလာနိုင်လောက်အောင် အားနည်းသော မိန်းမတို့ကိုမူ အင်းပျဉ်ဆေးရည်ဖြင့် ဦးခေါင်းမှ သွန်းလောင်းပေးရုံဖြင့် ကောင်းစွာ မီးဖွားနိုင်၏။ ထိုအခါမှစ၍ “အရှင်အင်္ဂုလိမာလသည် တန်ခိုးကြီးပေစွ” ဟု ဆိုကာ ဆွမ်းစသည်တို့ လှူဒါန်းပူဇော်ကြကုန်၏။

အင်္ဂုလိမာလထေရ်သည် ဤသို့ဖြင့် ဆွမ်းအာဟာရ ပြည့်စုံလာသည်။ ရဟန်းတရားကို ကြိုးစားအားထုတ်လာနိုင်သည်။ မကြာမီ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားသည်

တစ်နေ့သောအခါ အင်္ဂုလိမာလထေရ်သည် မြို့တွင်းသို့ ဆွမ်းခံဝင်သည်။ လူအချို့သည် တစ်စုံတစ်ခုကို ခဲဖြင့် ပစ်ကြသည်။ မထေရ်၏ ကိုယ်ကို ခဲများ ထိမှန်သည်။ မထေရ်၏ ဦးခေါင်းကွဲ၍ သွေးတို့ ယိုစီးလေသည်။

ထိုအချင်းအရာကို ဘုရားရှင်မြင်သော် “ချစ်သား သည်းခံလော့၊ အသင်ပြုခဲ့သော မကောင်းမှုကံ၏ အကျိုးဆက်တို့သည် အထောင်မက များပြားလှစွာသော နှစ်ပေါင်းများစွာ ငရဲ၌ ခံစားခဲ့ပေရာသည်။ ယခုမူ သင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့ပြီဖြစ်၍ ထိုသို့ မခံစားရတော့၊ ထိုကံ၏ အကျိုးကို ယခု မျက်မှောက် ပစ္စုပ္ပန်ဖြစ်သော ကိုယ်အတ္တဘော၌သာလျှင် ခံစားရလေသည်” ဟု မိန့်တော်မူ၏။

အင်္ဂုလိမာလမထေရ်သည် စိတ်ကွယ်ရာသို့ ကပ်၍ တစ်ယောက်တည်း နေလျက် ကာလဝိမုတ္တိချမ်းသာကို ခံစားတော်မူ၏။ သို့ခံစားရာမှ “အကြင်သူသည် ဘဝရှေ့ပိုင်း၌ မေ့မေ့လျော့လျော့ နေခဲ့ပြီးလျှင် နောက်ပိုင်းတွင်ကား မမေ့လျော့တော့ချေ။ တိမ်တိုက်မှ လွတ်လာသော လဝန်းကဲ့သို့ ထိုသူသည် ဤလောကကို ထွန်းလင်းတောက်ပစေ၏” စသည်ဖြင့် ဥဒါန်းကျူးရင့်တော်မူပြီးနောက် ပရိနိဗ္ဗာန် ပြုတော်မူလေသည်။

ကျမ်းကိုး
(၁) ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ် ဆရာတော်)
(၂) တထာဂတ ဥဒါနဒီပနီ (တတိယတွဲ) (ဒီပဲယင်း ဆရာတော်)
(၃) ထေရီထေရာ ရဟန္တာပုဂ္ဂိုလ်ကြီးများ (ဝဏ္ဏသီရိ)
(၄) မြန်မာ့စွယ်စုံကျမ်း (အတွဲ- ၁၂)


၅။ စိဉ္စမာဏမိန်းမယုတ်ကို အောင်ခြင်း

မြတ်စွာဘုရားသခင်သည် တာဝတိံသာ နတ်ပြည်၌ ခုနစ်ဝါမြောက် ဝါဆိုတော်မူသည်။ ထို့နောက် သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူကာ သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသည်။ ထိုစဉ် စိဉ္စမာဏဝိကာ အမည်ရှိသော ပရိဗိုဇ်မ၏ ရန်ပြုခြင်းကို ခံရသည်။

မြတ်စွာဘုရားသခင်အဖို့ ပထမဗောဓိ ခေါ်သော ဝါတော် နှစ်ဆယ်အတွင်း၌ တပည့်သာဝကများ ဒီရေအလား တစ်နေ့တခြား တိုးပွားလာသည်။ ဘုရားရှင်အား ကြည်ညိုသူ ပရိသတ်များ အထူး များပြားလာသည်။ ထိုသူတို့၏ ပူဇော်သက္ကာရပြုမှုကို ခံယူရရှိကာ အတိုင်းမသိ လာဘ်သပ္ပကာ ပေါများလာသည်။

နေမင်းထွက်သောအခါ ပိုးစုန်းကြူးတို့ မှေးမှိန်သွားကြသကဲ့သို့ တိတ္ထိတို့မှာ မှေးမှိန်သွားကြသည်။ တန်ခိုးအရှိန်အဝါ လျော့နည်းသွားကြသည်။ လာဘ်ပူဇော်သက္ကာရများ တစ်နေ့တစ်ခြား ခေါင်းပါးလာသည်။ ဤတွင် တိတ္ထိတို့သည် ဝန်တိုစိတ် ဖြစ်လာကြကာ ဘုရားရှင် ဂုဏ်သတင်း ပျက်ရန် အားထုတ်ကြသည်။

သူတို့သည် သာဝတ္ထိပြည်ရှိ စိဉ္စမာဏ အမည်ရှိသော ပရိဗိုဇ်မကို စည်းရုံးကြသည်။ စိဉ္စမာဏ သည် အလွန် ချောမောလှပသည်။ အရွယ်လည်း နုပျိုသည်။ ရုပ်အဆင်းလည်း အလွန်တင့်တယ်သည်။ ကျက်သရေ မင်္ဂလာနှင့်လည်း ပြည့်စုံသည်။

တိတ္ထိတို့သည် စိဉ္စမာဏ ကိုခေါ်၍ “နှမ စိဉ္စမာန်... ငါတို့ကို ရဟန်းဂေါတမက နှိပ်စက်ညှဉ်းပန်းကာ လာဘ်လာဘ ခေါင်းပါးအောင် ပြုလုပ်နေသည်ကို သင် မသိလော” ဟု အပြစ်တင် ပြောကြား၏။

စိဉ္စမာဏ လည်း “အရှင်ကောင်းတို့... ထိုအကြောင်းကို တပည့်တော်မ မသိရပါ။ ဤကိစ္စ၌ တပည့်တော်မသည် အဘယ်သို့သော အမှုကို ပြုလုပ်ပေးရမည်နည်း” ဟု မေးမြန်း၏။

တိတ္ထိတို့က “နှမ စိဉ္စမာဏ... သင်သည် ငါတို့၏ ချမ်းသာရေးကို အလိုရှိပါလျှင် ရဟန်းဂေါတမ၏ မကောင်းသတင်း ဖြစ်ပေါ်အောင် ပြုပါလော့၊ ရဟန်းဂေါတမ၏ လာဘ်ပူဇော်သက္ကာရကို ပျက်ပြားစေပါလော့” ဟု ပြောဆိုကာ တာဝန်ပေးကြသည်။

စိဉ္စမာဏ ကလည်း “ကောင်းပါပြီ အရှင်ကောင်းတို့၊ ရဟန်းဂေါတမ၏ မကောင်းသတင်း ဖြစ်ပေါ်စေရန် တပည့်တော်မ တာဝန်ယူပါသည်” ဟု ရဲရဲတောက် တာဝန်ယူစကား ပြောကြားသည်။

ထို့နောက် စိဉ္စမာဏ သည် တိတ္ထိတို့ထံမှ ထွက်ခွာခဲ့သည်။ မိန်းမမာယာတို့၌ လိမ္မာပါးနပ်သူ ဖြစ်ရကား သာဝတ္ထိပြည်သူ လူအပေါင်းတို့ ယုံမှားသံသယ ဖြစ်စေရန် စတင် ဆောင်ရွက်သည်။ သူသည် ပိုးပရံအသွေး နီတွေးသော အဆင်းရှိသော အဝတ်ကို ဝတ်ရုံသည်။ နံ့သာ၊ ပန်း စသည်တို့ကို လက်စွဲလျက် တရားနာ ပရိသတ်များ ဇေတဝန်ကျောင်းတိုက်မှ ထွက်လာကြသော အချိန်တွင် ကျောင်းတိုက်သို့ ရှေးရှုသွားသည်။

လမ်း၌တွေ့သူ လူအများက “အို... စိဉ္စမာန်၊ ယခုအချိန်၌ သင် ဘယ်အရပ်သို့ သွားမည်နည်း” ဟု မေးကြသည်။ စိဉ္စမာဏ က “ကျွန်ုပ် သွားမည့်အရပ်ကို သိသဖြင့် သင်တို့အတွက် အဘယ်အကျိုးရှိမည်နည်း”ဟု ထင်မှားဖွယ်ရာ စကားကို ပြောကြားသည်။ ထို့နောက် ဇေတဝန်ကျောင်းတိုက်အနီး တိတ္ထိတို့ကျောင်း၌ ညအိပ်နေထိုင်သည်။

သာဝတ္ထိမြို့မှ ဒါယကာ၊ ဒါယိကာမတို့သည် ဘုရားရှင်ထံ အလျင်လက်ဦး ဖူးမြော်ရန် နံနက်စောစော သွားကြသည်။ ထိုအချိန်၌ စိဉ္စမာဏ သည် တိတ္ထိကျောင်းမှ ထွက်လာခဲ့သည်။ ဇေတဝန်ကျောင်းတိုက်ဝယ် ညဉ့်အိပ်နေခဲ့သည့်ပုံ ဟန်ဆောင်၍ သာဝတ္ထိမြို့တွင်းသို့ ဝင်သည်။

လမ်း၌ တွေ့သူ လူအပေါင်းတို့က “အို... စိဉ္စမာန်၊ အဘယ်အရပ်၌ သင် ညဉ့်အိပ်နေခဲ့သနည်း” ဟု မေးကြသည်။

“ကျွန်ုပ် အိပ်ခဲ့သည့်နေရာကို သင်တို့သိသဖြင့် အဘယ်အကျိုး ရှိမည်နည်း၊ မသိချင်ကြပါနှင့်” ဟူ၍ စိဉ္စမာဏ က အထင်မှားဖွယ် စကားကို ပြောကြားလေသည်။

ဤနည်းနှင်နှင် နေ့စဉ် သွားလာ ပြောဆိုသည်။ တစ်လခန့်ကြာသောအခါ လမ်း၌တွေ့သူ လူအများက ရှေးနည်းအတူ မေးမြန်းကြသော် စိဉ္စမာဏ က “အကျွန်ုပ်သည် ဇေတဝန်ကျောင်းတိုက်အတွင်းဝယ် ဂန္ဓကုဋီကျောင်း တစ်ခုတည်း၌ ရဟန်းဂေါတမနှင့်အတူ ညဉ့်အိပ်နေခဲ့ရပါသည်” ဟု စွပ်စွဲစကား စတင် ပြောကြားလေ၏။

ဤသို့ဖြင့် သုံးလ၊ လေးလ လွန်သောအခါ စိဉ္စမာဏ သည် ပုဆိုးကြမ်းတို့ဖြင့် ဝမ်းကို ရစ်ပတ်သည်။ မိမိကိုယ်ကို ကိုယ်ဝန်ဆောင်သော မိန်းမအသွင် ပြုသည်။ ထို့နောက် နီမြန်းသော အဝတ်ကို ဝတ်ရုံကာ “ရဟန်းဂေါတမကို အစွဲပြု၍ ကျွန်ုပ်သည် ကိုယ်ဝန်ရှိနေပါပြီ” ဟု စွပ်စွဲပြောကြားသည်။ ထိုအခါ အချို့သူတို့ ယုံမှားသံသယ ဖြစ်စပြုလာ၏။

ဤနည်းဖြင့် ရှစ်လ၊ ကိုးလ လွန်သောအခါ စိဉ္စမာဏ သည် တစ်မျိုးဟန်ဆောင် ပြန်သည်။ သူသည် တကယ့် ကိုယ်ဝန်အရင့်အမာ ရှိနေဟန် ပြုသည်။ ဘဲဥတစ်ခြမ်းပုံ သစ်သားဖုကို ဝမ်းဗိုက်၌ ကပ်၍ ကြိုးများဖြင့် ချည်နှောင်သည်။ အဝတ်ဖြင့် ပတ်သည်။ ထို၏အထက်၌ နီမြန်းသော အဝတ်ကို ဝတ်ရုံသည်။ ထို့နောက် လက်ဖမိုး၊ ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ထုနှက်သည်။

မွေးဖွားခါနီး၍ ခြေလက်များ အမ်းနေသည့်ဟန် ပြုသည်။ ပင်ပန်းနွမ်းနယ်နေဟန် ဆောင်သည်။

စိဉ္စမာဏ သည် ညနေချမ်း အချိန်ဝယ် မြတ်စွာဘုရားသခင် ဗုဒ္ဓါသန ဓမ္မပလ္လင်၌ ထိုင်နေတော်မူ၍ ပရိသတ်အား တရားဟောနေတော်မူစဉ် သွားရောက်သည်။

ဘုရားရှင်၏ ရှေ့တည့်တည့်မှ ရပ်၍ “ရဟန်းကြီး... သင်သည် လူအပေါင်းတို့အား တရားဟော၍သာနေသည်၊ ကျွန်တော်မမှာမူ သင်ရဟန်းကြီးကိုစွဲ၍ ကိုယ်ဝန်ရှိနေပြီ၊ ကိုယ်ဝန်မှာလည်း ယခု ရင့်မာနေပြီ၊ သင်ရဟန်းကြီးကား ကျွန်တော်မအတွက် သားဖွားရန် အိမ်ကိုလည်း မစဉ်းစား၊ ထောပတ်ဆီ စသည်များကိုလည်း မရှာဖွေ၊ နေနိုင်အားတော့သည်၊ ထိုကိစ္စများကို ကိုယ်တိုင်မပြုလျှင်လည်း သင်၏ ဒါယကာ၊ ဒါယိကာမများအနက် တစ်ဦးဦးကို ပြုလုပ်စောင့်ရှောက်စေသင့်ပါသည်၊ ယခုမူ သင်ရဟန်းကြီးသည် ထိုသို့လည်း မပြုခဲ့၊ သင်ရဟန်းကြီးကား မွေ့လျော်ပျော်ပါးဖို့ရန်သာ စဉ်းစားသည်၊ ကိုယ်ဝန်သားကို စောင့်ရှောက်ရန်ကိုမူ မစဉ်းစားတော့ပါတကား” ဟု ပရိသတ်အလယ်၌ စွပ်စွဲပြောဆိုလေတော့သည်။

ထိုအခါ ဘုရားရှင်သည် ဟောနေသော တရားစကားကို ခေတ္တ ရပ်နားလိုက်သည်။ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သော အသံဖြင့် “နှမ စိဉ္စမာန်... သင် ယခုပြောသောစကား မှန်၊ မမှန်ကို သင်နှင့် ငါသာ သိကြကုန်၏” ဟူ၍ မိန့်တော်မူသည်။

စိဉ္စမာဏ ကား အလျှော့မပေး။ “ဟုတ်ပေသည် ရဟန်းကြီး၊ သင်နှင့် ငါတို့နှစ်ဦးသာ သိကြသောကြောင့် ယခုလို ကိုယ်ဝန်အရင့်အမာ ဖြစ်ရပေသည်” ဟူ၍ တစ်ဖန် ထပ်၍ စွပ်စွဲပြန်သည်။

ထိုအခါ၌ ထိုဖြစ်ရပ်ကို သိကြားမင်း သိရှိသွားသည်။ “စိဉ္စမာဏမိန်းမယုတ်သည် ဘုရားရှင်ကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲနေပြီ၊ ပရိသတ်အလယ်၌ အဖြစ်မှန်ကို သိအောင် ငါ ရှင်းရတော့မည် ဟု ကြံစည်သည်။ ချက်ချင်းပင် နတ်သားလေးယောက်တို့နှင့်အတူ ဇေတဝန်ကျောင်းတော်ရှိ ဘုရားရှင် တရားဟောရာ ဌာနသို့ လာရောက်ကြလေသည်။ ထိုနေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် နတ်သားလေးယောက်တို့သည် ကြွက်ငယ်အယောင် ဆောင်ကြသည်။ စိဉ္စမာဏ ဝှက်ချည်ထားသော သစ်သားဖု၏ ကြိုးများကို တစ်ပြိုင်နက် ကိုက်ဖြတ်ကြလေသည်။ လေကလည်း စိဉ္စမာဏ ဝတ်ရုံထားသော အဝတ်ကို အထက်သို့ တိုက်လွှင့်လေသည်။ တစ်ခဏအတွင်းမှာပင် သစ်သားဖုကို ဝှက်ချည်ထားသော ကြိုးများ ပြတ်ကုန်ကြသည်။ သစ်သားဖု လည်း အောက်သို့ ကျသွားသည်။ စိဉ္စမာဏ ခြေဖမိုးထက်၌ ကျလေရာ ခြေများ နှစ်ဖက်တို့ သွင်သွင် ကျိုးလေ၏

တရားနာပရိသတ်တို့လည်း အဖြစ်မှန်ကို သိရှိသွားကြသည်။ စိဉ္စမာဏ အား ဆဲဆိုလျက် ခဲ၊ တုတ်၊ လှံကန် တို့ဖြင့် ပစ်ခတ်ရိုက်နှက်ကြကာ ကျောင်းတော်မှ နှင်ထုတ်လိုက်လေသည်။ စိဉ္စမာဏ သည် ဘုရားရှင် မျက်ကွယ်ရာသို့ ရောက်သော ခဏ၌ မြေမျိုခံရသည်။ အဝီစိမှ မီးလျှံများသည် စိဉ္စမာဏ အား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားလေသည်။

ကျမ်းကိုး
(၁) ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး)
(၂) မဟာဗုဒ္ဓဝင် (တိပိဋကဓရ ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ)
(၃) မြန်မာ့စွယ်စုံကျမ်း (အတွဲ- ၁၅)

၆။ သစ္စကပရိဗိုဇ်ကို အောင်ခြင်း

မြတ်စွာဘုရားသည် ငါးဝါမြောက်တွင် ဝေသာလီပြည်၌ သီတင်းသုံးတော်မူသည်။ ထိုစဉ် အတ္တအယူဝါဒ ရှိသော သစ္စကပရိဗိုဇ် ကို အောင်မြင်တော်မူခဲ့သည်။

ဘုရားပွင့်တော်မမူမီက ဝေသာလီပြည်၌ ကြွယ်ဝသော အမျိုးသားတစ်ယောက် ရှိသည်။ သူသည် တစ်ပြည်ရပ်ခြားသို့ သွား၍ နိဂဏ္ဌ အယူရှိသော သူတို့ထံတွင် ပညာသင်ကြားသဖြင့် ဝါဒအမျိုးပေါင်း ၅၀ဝ ကို တတ်မြောက်သွားသည်။ ထိုသူသည် ထင်ရှားသော မြို့ပေါင်းများစွာသို့ လှည့်လည်၍ မိမိ သင်ကြားတတ်မြောက်သော ဝါဒတို့ကို ချေပနိုင်သူတို့အား ရှာဖွေခဲ့သည်။ မည်သူမျှ သူ တတ်မြောက်သော ဝါဒတို့ကို ချေပခြင်း မပြုနိုင်ခဲ့ပေ။

သို့ဖြင့် သူသည် မိမိနေရင်းအရပ်ဖြစ်သော ဝေသာလီပြည်သို့ ပြန်လာသည်။ မိမိ တတ်မြောက်ခဲ့သော ဝါဒတို့အား လိစ္ဆဝီမင်းသားတို့ကို သင်ကြားပြသကာ မင်းဆရာပြု၍ နေ၏။ မကြာမီပင် နိဂဏ္ဌ အယူရှိသော ပရိဗိုဇ်မ တစ်ဦးသည်လည်း ဝေသာလီပြည်သို့ ရောက်ရှိလာသည်။ ထိုပရိဗိုဇ်မ သည်လည်း ဤနည်းတူ အယူဝါဒ ၅၀ဝ ကို တတ်မြောက်သည်။ အရပ်ရပ်သို့ လှည့်လည်ပြီး သူ တတ်မြောက်သော ဝါဒတို့ကို ချေပနိုင်စွမ်းရှိသူကို ရှာသည်။ မတွေ့သဖြင့် ဝေသာလီပြည်သို့ ရောက်လာခြင်း ဖြစ်သည်။

ဤတွင် လိစ္ဆဝီမင်းသားတို့က သူတို့၏ နိဂဏ္ဌဆရာနှင့် ထိုပရိဗိုဇ်မ တို့ကို ဝါဒပြိုင်စေသည်။ သူတို့နှစ်ဦး ဝါဒပြိုင်ရာ တစ်ဦး၏ ပြဿနာကို တစ်ဦး မဖြေနိုင်။ ပညာတူ ဖြစ်နေကြသည်။ ထိုအခါ လိစ္ဆဝီမင်းသားတို့က “ဆရာနှစ်ပါးလုံးပင် ပညာရှိချည်း ဖြစ်ကြပေသည်။ နှစ်ဦးပေါင်းဆုံနေပါက ငါတို့ ဝေသာလီပြည်သို့ မည်သည့်ပညာရှိမျှ ချဉ်းကပ်ယှဉ်ပြိုင်ဝံ့မည် မဟုတ်။ ထို့ကြောင့် အသင်ပညာရှိနှစ်ပါးတို့ ပေါင်းသင်း နေထိုင်ကြပါလော့” ဟု တောင်းပန်တိုက်တွန်း၏။

သို့ဖြင့် နိဂဏ္ဌ ယောကျာ်းနှင့် နိဂဏ္ဌ မိန်းမတို့ နှစ်ဦးသည် ထိမ်းမြားလက်ထပ်ကြ၏။ လိစ္ဆဝီမင်းသားတို့ကလည်း မြှောက်စားထားကြ၏။ အတန်ကြာသော် သူတို့နှစ်ဦးတွင် သားသမီးငါးယောက် ထွန်းကားလာကြသည်။ ထိုငါးယောက်တို့တွင် သမီးလေးယောက်မှာ အကြီးများ ဖြစ်ကြသည်။ သားတစ်ယောက်ကား အငယ်ဆုံး ဖြစ်သည်။ သမီးလေးယောက်၏ အမည်မှာ သဇ္ဈာလောကာဂေါစရာအာစာရတ ဟု အမည်တွင်၏။ အားလုံးပင် အမိသင်ကြားပေးသော ဝါဒ ၅၀ဝ ကို တတ်မြောက်ကြ၏။ သားထွေးကား သစ္စက ဟု အမည်တွင်၏။

သမီးများ အရွယ်ရောက်ကြသောအခါ မိဘနှစ်ပါးက “ချစ်သမီးတို့... ငါတို့အမျိုး၌ သမီးမိန်းကလေးတို့အား မိဘတို့က ရွှေငွေဥစ္စာ အသုံးအဆောင်ပေး၍ လင်၏အိမ်သို့ ပို့ရသည်ဟူ၍ မရှိ၊ မိမိတို့ တတ်မြောက်ထားသော ဝါဒကို နှလုံးပိုက်၍ နီးဝေးဝန်းကျင်သို့ လှည့်လည်သွားရသည်။ အကြင်သူသည် ဤအယူဝါဒကို ပြောပြနှိမ်နင်းနိုင်သူ ဖြစ်အံ့၊ ထိုသူအား မိမိကိုယ်ကို အပ်နှင်း၍ ခြေရင်း အလုပ်အကျွေးပြု နေရသည်။ အကယ်၍ ထိုသူသည် ရဟန်းဖြစ်၍ သင်တို့၏ ဝါဒကို နှိမ်နင်းဖြေဆိုနိုင်သူ ဖြစ်အံ့၊ ထိုရဟန်း၏အထံ၌ နည်းခံ၍ ရဟန်းမပြုရ၏။ ဤကား ငါတို့အနွယ်၏ အကျင့်တည်း” ဟု ပြောပြ၏။

ဤတွင် သမီးလေးယောက်တို့က “မိမိတို့ မိဘအနွယ်၏ ထုံးနည်းအတိုင်းသာ ကျင့်ပါအံ့” ဟူ၍ ဝန်ခံပြောဆို၏။ ထို့နောက် ပရိဗိုဇ်တို့၏ သဏ္ဌာန် ဝတ်ဆင်ပြီးသော် မြို့ရွာအသီးသီးသို့ လှည့်လည်သွားလာကြသည်။ မိမိတို့၏ အယူဝါဒကို ယှဉ်ပြိုင်နိုင်သူကို ရှာကြသည်။ ထိုအခါ မည်သည့်ယောကျာ်းမျှ သူတို့ကို မယှဉ်ပြိုင်နိုင်။ သူတို့သည် နောက်ဆုံး၌ သာဝတ္ထိပြည်သို့ ရောက်ကာ အရှင်သာရိပုတ္တရာမထေရ်မြတ်နှင့် တွေ့ဆုံကြသည်။ ဝါဒပြိုင်ကာ ရှုံးနိမ့်ကြသဖြင့် ဘိက္ခုနီမ အဖြစ်သို့ ကူးပြောင်း သွားကြလေသည်။

ထိုသူတို့၏ မောင်အငယ်ဖြစ်သော သစ္စကမူကား အစ်မတို့ထက် ပို၍ ဝါဒတတ်ကျွမ်းသည်။ အဖတတ်ကျွမ်းသော ဝါဒ ၅၀ဝ နှင့် အမိတတ်ကျွမ်းသော ဝါဒ ၅၀ဝ တို့ကို ကောင်းစွာ သင်ယူ၍ ဝါဒ ၁၀ဝ၀ ကို တတ်ကျွမ်းသည်။ ထို့ပြင် လောကီဆိုင်ရာ ဝတ္ထု၊ ပုံပြင်၊ ဗေဒင်၊ ဓမ္မသတ် တို့ကိုလည်း တတ်ကျွမ်းသည်။ အရပ်ထက်ဝန်းကျင်၌ ပညာရှိကြီးဟု ထင်ရှားသည်။ လိစ္ဆဝီမင်းသားတို့၏ ဆည်းကပ်ကိုးကွယ်ရာ ဖြစ်သည်။ ဤဝေသာလီပြည်၌ပင် နေထိုင်သည်။

သစ္စကပရိဗိုဇ်က “ငါ၏ ဝမ်း၌ရှိသော ပညာကား အလွန်များ၏။ ဆန်စပါးထည့်သော အိတ်သည် ပြည့်သိပ်လွန်းလျှင် ပေါက်ကျသကဲ့သို့ ငါ့ဝမ်း၌လည်း ပညာအလွန် ပြည့်လွန်းသဖြင့် မခံနိုင်ဘဲ ကွဲပေါက်လေတော့မည်” ဟု မှတ်ယူသည်။ ဝမ်းကွဲမည်ကို စိုးသောကြောင့် သံပြားနှင့် ရစ်ပတ်၍ ထား၏။ သူသည် ဝေသာလီပြည်သို့ မြတ်စွာဘုရား ရောက်လာလျှင် ဝါဒပြိုင်မည်ဟူ၍ ကြံရွယ်ထားသည်။ သို့ဖြင့် ဘုရားရှင်၏ ဝါဒကို သိရအောင်ပြုအံ့ဟု ကြံ၍ အရှင်သာရိပုတ္တရာ၏ ဆရာ အရှင်အဿဇိထံ သွားရောက်စုံစမ်းသည်။ အရှင်အဿဇိက သစ္စကအား ဘုံသုံးပါး၌ ဖြစ်သော သတ္တဝါတို့၏ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တရား တို့သည် အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော သာတည်းဟု ငါတို့ဘုရားရှင် ဟောကြားဆုံးမ၏” ဟု ပြော၏။

ထိုအခါ သစ္စကက “ရှင်ဂေါတမ၏ ဝါဒကို ငါ သိရပြီ၊ နှိမ်နင်းချေပတော့အံ့” ဟု ကြံစည်သည်။ ထို့နောက် ဘုရားရှင်နှင့် ဝါဒပြိုင်၍ စကားစစ်ထိုးရန် တပည့်များ ဖြစ်ကြသော လိစ္ဆဝီမင်းသားတို့ကိုခေါ်၍ ဘုရားရှင်ထံ သွားရောက်သည်။ လိစ္ဆဝီမင်းသားတို့နှင့်အတူ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ဆင်းရဲသားများ လည်း အတူလိုက်ပါသွားသည်။ ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် မဟာဝုန်တောရှိ ကူဋာဂါရ ကျောင်းတော်၌ သီတင်းသုံးလျက် ရှိသည်။ ဘုရားရှင်သည် နံနက်အာရုံတက်၌ မဟာကရုဏာသမာပတ်မှ ထတော်မူ၍ တစ်သောင်းစကြာဝဠာတိုက်၌ ကျွတ်ထိုက်သော ဝေနေယျတို့ကို သမန္တစက္ခုဖြင့် ရှုတော်မူလျှင် သစ္စကပရိဗိုဇ်၏ အကြံအစည်၊ အပြုအမူတို့ကို ကုန်စင်စွာ သိတော်မူသည်။ ထို့ကြောင့် ပြုသင့်သမျှသော အမှုကိစ္စတို့ကို ပြည့်စုံစေပြီးသော် ကျောင်းတော်နှင့် မနီးမဝေး ကြီးစွာသော သစ်ရိပ်အတွင်း၌ သီတင်းသုံး၍ နေ၏။ သစ္စကပရိဗိုဇ်ကို စောင့်နေတော်မူသည်။

မကြာမီ သစ္စကပရိဗိုဇ် သည် နောက်ပါများနှင့်အတူ ဘုရားရှင်ရှေ့တော်မှောက်သို့ ရောက်ရှိလာသည်။ သစ္စကပရိဗိုဇ်က ဘုရားရှင်အား “အရှင်ဂေါတမ... တပည့်သာဝကတို့ကို မည်သို့ ဆုံးမတော်မူပါသနည်း၊ အကျွန်ုပ် သိလိုပါသည်” ဟူ၍ လျှောက်၏။ ဘုရားရှင်က “အချင်းသစ္စက... ငါသည် တပည့်သာဝကတို့အား လောက၌ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါဟု သမုတ်ကြသည်ကား ခန္ဓာငါးပါး၏ အစုသာ ဖြစ်သည်။ ထိုခန္ဓာငါးပါးတည်းဟူသော ရုပ်သည် အမြဲမရှိ၊ ဝေဒနာသည် အမြဲမရှိ၊ သညာသည် အမြဲမရှိ၊ သင်္ခါရတို့သည် အမြဲမရှိ။ ထိုနည်းတူ ဝိညာဉ်ခြောက်ပါး သည်လည်း အမြဲမရှိ။ ထို့ကြောင့် ရုပ်သည် အတ္တမဟုတ်၊ ဝေဒနာသည် အတ္တမဟုတ်၊ သညာသည် အတ္တမဟုတ်၊ သင်္ခါရတို့သည် အတ္တမဟုတ်၊ ဝိညာဉ်ခြောက်ပါး သည် အတ္တမဟုတ်၊ အလုံးစုံသော သင်္ခါရတို့သည် အမြဲမရှိကုန်၊ အလုံးစုံသော သင်္ခါရတို့သည် အတ္တမဟုတ်ကုန် ဟူ၍ ဆုံးမပေသည်” ဟူ၍ ဖြေကြားတော်မူသည်။

ထိုအခါ သစ္စက သည် ဘုရားရှင်၏ အနတ္တဝါဒကို ချေဖျက်လိုသဖြင့် “အို... အရှင်ဂေါတမ၊ အရှင်ဘုရား၏ ဝါဒသည် မဟုတ်မမှန်ပါတကား။ ဥပမာအားဖြင့် မျိုးစေ့အပေါင်း၊ သစ်ပင်အပေါင်းသည် မြေကြီး၌ တည်၍သာလျှင် ကြီးပွားစည်ပင် ပြန့်ပြော ခြင်းသို့ ရောက်ကြကုန်သည် မဟုတ်ပါလော။ ထို့အတူ သတ္တဝါတို့သည်လည်း ခန္ဓာငါးပါး၌ တည်၍သာလျှင် ချမ်းသာဆင်းရဲကို ခံစားရသည် မဟုတ်ပါလော။ ကုသိုလ်၊ အကုသိုလ်တရားတို့ကို အားထုတ်ရသည် မဟုတ်ပါလော။ မဂ်ဖိုလ် ချမ်းသာကို ဖွေရှာကြသည် မဟုတ်ပါလော။ မပျက်စီးသေးသော ကာလ၌ အတ္တဟု ထင်ရှားရှိပါလျက် အဘယ်ကြောင့် အနတ္တဟု ပြောပါသနည်း” ဟူ၍ ချေပပြောဆိုသည်။

ထိုအခါ ဘုရားရှင်က “အချင်းသစ္စက... ဤငါးဖြာသော ရုပ်ခန္ဓာကို ငါ၏ကိုယ် ဟူ၍ပင် သင် အယူရှိသလော” ဟု မေး၏။ သစ္စက ကလည်း “အရှင်ဂေါတမ... အကျွန်ုပ်သာ ငါ၏ကိုယ်ဟူ၍ အယူရှိသည် မဟုတ်။ ဤပရိသတ်လေးပါး လူအများပင် ငါ၏ကိုယ်ဟု မှတ်ထင်ခေါ်ဆိုကြပါ၏” ဟု ဆို၏။ ဘုရားရှင်က “အချင်းသစ္စက... သူတစ်ပါးအကြောင်းကို သင် မဆိုနှင့်၊ သင်၏အယူကိုသာ ထင်ရှားစွာ ဖြေလော့” ဟု ဆို၏။ သစ္စက လည်း အခြားသူများကို လွှဲချခြင်းငှာ မတတ်သာရကား “အရှင်ဂေါတမ... အကျွန်ုပ်လည်း ဤရုပ်နာမ်ခန္ဓာကို ငါ၏ကိုယ်ဟု အယူရှိပေသတည်း” ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဘုရားရှင်က ကြည်ရွှင်သော မျက်နှာဖြင့် “အချင်းသစ္စက... ငါးဖြာသော ခန္ဓာကို ငါ၏ကိုယ်ဟု သင် ဝန်ခံသော် တစ်ဖန် သင့်ကို ငါ မေးဦးအံ့။ သင်၏ ရုပ်တရားသည် မတင့်တယ်သောအားဖြင့် ငါ မဖြစ်လို၊ ကြည်ညိုနှစ်သက်စဖွယ် တင့်တယ်လှပသည် ဖြစ်လို၏ ဟူ၍ လည်းကောင်း၊ ဆံဖြူသွားကြွေ၊ သားရေတွန့်တို၊ အိုခြင်းသို့ မရောက်ဘဲ ၁၆-နှစ် အရွယ်သာ တည်ပါလို၏ ဟူ၍ လည်းကောင်း အလိုရှိမူ ထိုအလိုရှိတိုင်း သင်၏ရုပ်သည် ဖြစ်ပါလော။ သင်၏ရုပ်ကို သင့်အလိုအတိုင်း လိုက်စေခြင်းငှာ အစိုးရပါ၏လော” ဟု မေး၏။

ထိုအမေးကိုကြားသောအခါ သစ္စက လည်း “အကယ်၍ ငါ၏ရုပ်သည် ငါ၏အလိုသို့ လိုက်၏ဟု ဖြေချေသော် လိစ္ဆဝီမင်းသားအပေါင်းက ထ၍ ဆရာ့ရုပ် သည် ငါတို့ကဲ့သို့ တင့်တယ်လှပစေပါတော့လော့ဟု ဆိုရာ၏။ အလိုသို့ မလိုက်ပေဟု ဆိုချေလျှင်လည်း အရှင်ဂေါတမ၏ အနတ္တ ဟူသော စကားသည် ဆိုပိုင်၍ ငါ့ကို နိုင်ဘိလေမည်” ဟု စဉ်းစားလျက် မည်သည့်စကားကိုမျှ မဆိုဘဲ ဆိတ်ဆိတ် သာ နေလေ၏။

ထိုအခါ ဘုရားရှင်က “အချင်းသစ္စက... ငါမေးသည်ကို သင် ဖြေဦးလော့” ဟု နှစ်ကြိမ်မြောက် တိုက်တွန်းတော်မူသည်။ သစ္စက မလှုပ်ချေ။ ထိုအခါ သိကြားမင်းသည် ဘီလူးအသွင် ဖန်ဆင်းလျက် သံတင်းပုတ်ဖြင့် နှက်အံ့သကဲ့သို့ ရွယ်လျက်... “ဟယ် သစ္စက၊ အဘယ်ကြောင့် ဘုရားရှင် မေးတော်မူသည်ကို မလျှောက်ဆိုသနည်း၊ လျှောက်ဆိုလော့” ဟု ခြိမ်းခြောက်သည်။ ထိုသို့ ခြိမ်းခြောက်လာသော သိကြားမင်းကို အခြားသူတို့ မမြင်ရ။ ဘုရားရှင်နှင့် သစ္စက သာ မြင်ရ၏။

သစ္စကပရိဗိုဇ် လည်း ဆိတ်ဆိတ် မနေဝံ့တော့သဖြင့် “အရှင်ဘုရား... အကျွန်ုပ်ကား မှားခြင်းကြီး မှားပေပြီ။ အရှင်၏ ဝါဒကို အသက်ရှင်သမျှ ယုံမှတ်ကိုးကွယ် ပါတော့မည်” ဟု ဝန်ခံလျှောက်ထား၏။

ဤသို့လျှင် အယူဝါဒပြိုင်လာသော သစ္စကပရိဗိုဇ် အား ချွတ်တော်မူနိုင်ခြင်း၊ အောင်မြင်ခြင်းသည် ဘုရားရှင်၏ အောင်မြင်ခြင်း ဖြစ်ပေသည်။


မှတ်ချက်
ရုပ် -အအေးအပူ စသော ဆန့်ကျင်ဘက် အကြောင်းများ ကြောင့် ဖောက်ပြန်တတ်သော သဘော၊
ဝေဒနာ -အာရုံ အရသာကို ခံစားခြင်း သဘော၊
သညာ -အာရုံကို မှတ်သားခြင်း သဘော၊
သင်္ခါရ -ပြုပြင် စီရင်တတ်သော သဘော၊ ပြုပြင် စီရင်ခြင်း ခံရသော သဘော၊ ကုသိုလ် အကုသိုလ်၊ ကံ၊ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု၊
ဝိညာဉ် -အသိစိတ် (၁) စက္ခုဝိညာဉ် – မျက်စိ အသိစိတ်၊ (၂) သောတ ဝိညာဉ်’နားအသိစိတ်၊ (၃) ဃာနဝိညာဉ်-နှာခေါင်း အသိစိတ်၊ (၄) ဇိဝှါဝိညာဉ်- လျှာ အသိစိတ်၊ (၅) ကာယဝိညာဉ်-ကိုယ်အတွေ့ အသိစိတ်၊ (၆) မနော ဝိညာဉ်-အာရုံ အသိစိတ်၊

ကျမ်းကိုး
(၁) ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး)
(၂) မဟာဗုဒ္ဓဝင် (တိပိဋကဓရ ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ)
(၃) မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၅)


၇။ နန္ဒောပနန္ဒနဂါးမင်းကို အောင်ခြင်း

မြတ်စွာဘုရားသခင်သည် ပါလိလေယျက တောအုပ် (ပလလဲ) တွင် ဒသမဝါ ဆိုတော်မူပြီးနောက် ဝါကျွတ်သောအခါ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ကြွရောက် သီတင်းသုံးတော်မူသည်။ ထိုစဉ် အနာထပိဏ် သူဌေးသည် ဘုရားရှင်အား တပည့်သား ရဟန္တာငါးရာနှင့်တကွ နေအိမ်သို့ ဆွမ်းဘုဉ်းပေး ကြွတော်မူပါရန် ပင့်ဖိတ်သည်။ ဘုရားရှင်လည်း လက်ခံတော်မူလိုက်သည်။

ဆွမ်းစားမကြွမီ နံနက်တွင် ဘုရားရှင်သည် လောကဓာတ်စကြာဝဠာပေါင်း တိုက်တစ်သောင်းကို ကြည့်ရှုတော်မူလေသော် နန္ဒောပနန္ဒနဂါးမင်း သည် ဉာဏ်တော်၌ ထင်လာသည်။ ဤနဂါးမင်းကား ဘဝထိုထိုက ကုသိုလ်ပုညသမ္ဘာရ အဆောက်အအုံ ရှိပါလျက်နှင့် အယူမှားသဖြင့် ဒုဂ္ဂတိဘဝသို့ ရောက်နေရှာသည်။ တိရစ္ဆာန်အဖြစ်သို့ ရောက်၍ မိစ္ဆာဒိဋ္ဌိ ဖြစ်နေရှာသည်။ ထိုနန္ဒောပနန္ဒနဂါးမင်း အား နှိပ်ရုံ ဆုံးမစေရပါမူ သမ္မာဒိဋ္ဌိ အယူသို့ ရောက်၍ ကောင်းကျိုးချမ်းသာ ရရှိပေလိမ့်မည်။ ဤနန္ဒောပနန္ဒနဂါးမင်းကို နှိပ်နွံ ဆုံးမနိုင်သည်မှာလည်း အရှင်မဟာမောဂ္ဂလာန်မထေရ်သည်သာ ဖြစ်ပေသည်” ဟူ၍ ဆင်ခြင်တော်မူသည်။

သို့ဖြင့် ဆွမ်းစားချိန် နီးသော် ရဟန္တာငါးရာနှင့်အတူ တာဝတိံသာ နတ်ပြည်သို့ ရှေးရှုကြွတော်မူသည်။ ထိုစဉ် နန္ဒောပနန္ဒနဂါးမင်း သည် နတ်မင်းကြီးအလား ကြီးကျယ်ခမ်းနားလှစွာသော စည်းစိမ်ကို ခံစားလျက် ရှိသည်။ နဂါးကညာတို့နှင့် နဂါးပေါင်းများစွာ ခြံရံလျက် ဆန်းကြယ်ထူးမြတ်သော ဘောဇဉ်ချိုချဉ် ရသာတို့ကို သုံးဆောင်လျက် ရှိသည်။

ထိုအခိုက် နဂါးတို့အပေါ်မှ ဘုရားရှင်နှင့် ရဟန္တာတို့ ကြွသွား သဖြင့် နဂါးမင်း၏ ဦးခေါင်းပေါ်သို့ မြေမှုန့်များ ကျလာသည်။ နဂါးမင်းသည် ပြင်းထန်စွာ အမျက်ဒေါသ ဖြစ်သည်။ “ဤ ဦးပြည်းရဟန်းတို့သည် ငါတို့၏အထက် ဘုံဗိမာန်များသို့ မကြာခဏ သွားလာကြသည်။ သူတို့၏ ဖဝါးခြေမှုန့်တို့ ငါတို့၏ ဦးခေါင်းထက်သို့ ကျလေ့ရှိသည်။ ယနေ့မှစ၍ ထိုသူတို့၏ အသွားအလာကို ငါ ခွင့်မပေးအံ့။ အကယ်၍ မရှောင်ကွင်းမူ ငါ့ခံတွင်း၌ သေစေအံ့” ဟု ကြုံးဝါးသည်။ ထို့နောက် ကြီးစွာသော ကိုယ်ကို ဖန်ဆင်း၍ မြင့်မိုရ်တောင်ကို အရင်းမှ အဖျားတိုင်အောင် ကိုယ်ဖြင့်ခွေ၍ ထားသည်။ တာဝတိံသာ နတ်ပြည်အားလုံးကိုလည်း ပါးပျဉ်းဖြင့် အုပ်ဖုံးထားလိုက်သည်။

ဘုရားရှင်နှင့် သံဃာတော်မြတ်တို့လည်း ယုဂန္ဓိုရ်တောင်ထွတ် ရှိရာ မိုးထက်သို့ရောက်သော် တာဝတိံသာ နတ်ပြည်ကို မမြင်ရတော့ပေ။ ဤတွင် ယုဂန္ဓိုရ်တောင်ထိပ်၌ ခေတ္တစံပယ်တော်မူနေကြသည်။ ထိုအခါ အရှင်ရဋ္ဌပါလက ဘုရားရှင်အား “အရှင်ဘုရား၊ နန္ဒောပနန္ဒနဂါးမင်းကို အကျွန်ုပ် တန်ခိုးပြ၍ ဆုံးမပါအံ့” ဟု လျှောက်၏။ ဘုရားရှင်လည်း ခွင့်ပေးတော်မမူ။ ထို့နောက် အရှင်ရာဟုလာ၊ အရှင်ဘဒ္ဒိယ စသော မထေရ်တို့သည် အသီးသီး ခွင့်တောင်းကြသည်။ ဘုရားရှင်က ထိုမထေရ်တို့ကိုလည်း ခွင့်ပေးတော်မမူပေ။ နောက်ဆုံး အရှင်မဟာမောဂ္ဂလာန်က “အရှင်ဘုရား သားကြီးဟူသမျှသည် မိဘတို့ဝန်ကို ဆောင်ထိုက်ပါသည်။ ထို့အတူ တပည့်ကြီးဟူသမျှသည် လည်း ဆရာ့ဝန်ကို အလွန်ဆောင်ထိုက်ပါသည်။ တိရစ္ဆာန်သာ ဖြစ်သော ဤနန္ဒောပနန္ဒနဂါးကို အရှင်ဘုရားကိုယ်တိုင် မဆုံးမသင့်ပါ။ တပည့်တော် ဆုံးမပါမည် ဘုရား” ဟူ၍ လျှောက်ထားသည်။

ဘုရားရှင်ကလည်း “ချစ်သား မောဂ္ဂလာန်... သင်ပင် ဆုံးမလော့” ဟူ၍ ခွင့်ပေးတော်မူလိုက်သည်။ ဤတွင် အရှင်မောဂ္ဂလာန်သည် စတုတ္ထဈာန်ကို ဝင်စားတော်မူပြီးလျှင် နဂါးမင်းထက်ကြီးသော နဂါးအဖြစ်သို့ ဖန်ဆင်းလိုက်သည်။ ထို့နောက် နဂါးမင်း၏ ကိုယ်အထက်၌ ၁၄-ထပ် ပတ်ရစ်လိုက်သည်။ ပြီးသော် နဂါးမင်းခေါင်းပေါ်မှ မိမိ၏ ပါးပျဉ်းကို အုပ်လျက် မလွတ်နိုင်အောင် မြင်းမိုရ်တောင်ဖြင့် ညှပ်၍ ကြိတ်၏။ နန္ဒောပနန္ဒ လည်း အမျက်ပြင်းစွာထ၍ အခိုးအလျှံ လွှတ်၏။ အရှင်မောဂ္ဂလာန်ကလည်း ထိုအလျှံထက် ကဲလွန်၍ လွှတ်သည်။ နဂါး၏ အလျှံသည် အရှင်မောဂ္ဂလာန်ကို မနှိပ်စက်နိုင်။ အရှင်မြတ်၏ အလျှံသာလျှင် နဂါးမင်း၏ အရေအသားကို ဖောက်ခွဲ၍ ညှဉ်းဆဲနှိပ်စက်လေသည်။

ထိုအခါ နဂါးမင်းက “ငါ့အား မြင့်မိုရ်တောင်ဖြင့် ကြိတ်၍ နှိပ်စက်လာသူကား အဘယ်သူနည်း” ဟု မေး၏။ အရှင်မောဂ္ဂလာန်သည် ဖန်ဆင်းထားသော နဂါးအသွင်ကို ဖျောက်၍ ရဟန်းအသွင်ကို ပြသည်။ ထိုအခါ နဂါးမင်းသည် အံသွားကြိတ်၍ အဆိပ်နှင့်တကွသော နှာခေါင်းလေကို မှုတ်၏။ အရှင်မြတ်လည်း မတုန်မလှုပ် တည်နေစွာ ရှိ၏။ နဂါးမင်းလည်း အရှင်မြတ်အား ခံတွင်းဖြင့် ဟပ်မျို ၏။

ထိုအခါ မြတ်စွာဘုရားက “ချစ်သား မောဂ္ဂလာန်... ဤနန္ဒောပနန္ဒ ကား တန်ခိုးကြီးလှ၏။ စတုတ္ထဈာန်သမာပတ်ကို ကြပ်ကြပ် နှလုံးသွင်းပေလော့” ဟု သတိပေးတော်မူ၏။

အရှင်မောဂ္ဂလာန်ကလည်း “အရှင်ဘုရား စိုးရိမ်တော်မမူပါလင့်။ တပည့်တော်ကား လေးပါးသော တန်ခိုး ဣဒ္ဓိပါဒ်တို့ကို မပြတ်လေ့လာပြီး ဖြစ်ပါသည်။ ဤနဂါးထက် တန်ခိုးသာသော မည်သည့်နဂါးမျိုးကိုမဆို တပည့်တော် ဆုံးမနိုင်ပါ၏” ဟု လျှောက်၏။

ထို့နောက် အရှင်မောဂ္ဂလာန်သည် နဂါးမင်း၏ ခံတွင်းမှဝင်၍ လက်ဝဲနားတွင်းမှ ထွက်၏။ တစ်ဖန် လက်ယာနားတွင်းမှ ဝင်လျက် လက်ဝဲနားတွင်းမှ ထွက်၏။ ထို့နောက် လက်ဝဲနားတွင်းမှ ဝင်လျက် နှာခေါင်းပေါက်မှ ထွက်ပြန်၏။ နဂါးမင်း ခံတွင်းကို ဟသော ထိုခံတွင်းမှ ဝင်လျက် ဝမ်းတွင်း အူအစဉ်တစ်လျှောက် စင်္ကြံကြွ ၏။

နဂါးမင်းကလည်း “ဝင်စဉ်က ငါ မမြင်လိုက်၍သာ သင် ရဟန်း ချမ်းသာရာရသည်။ ထွက်သောအခါ ငါ၏ အစွယ်ဖျား၌ ကြေစေအံ့” ဟု ကြံ၍ “ရဟန်း... ထွက်လှည့်ဦး၊ ရွံရှာဖွယ် အတိပြီးသော ဝမ်းတွင်း၌သာ မနေပါလင့်” ဟု ဆို၏။ အရှင်မောဂ္ဂလာန်လည်း အစွယ်နှစ်မြွာကို ပုတ်ခတ်လျက် အပြင်သို့ ထွက်၏။ နဂါးမင်းလည်း ပြင်းစွာသော နှာခေါင်းလေကို မှုတ်၍ လျင်စွာ ကိုက်ပြန်သည်။ အရှင်မြတ်လည်း ခံတွင်းသို့ဝင်၍ လျှာပေါ်တွင် စင်္ကြံကြွ ပြီးမှ သွားကို ပုတ်ခတ်လျက် ထွက်လာပြန်သည်။

နဂါးမင်းသည် ပြင်းစွာသော ဒေါသဖြင့် အစွမ်းကုန် ညှဉ်းဆဲပါသော်လည်း အရာမထင်။ မွေးညှင်းတစ်ပင်မျှ မလှုပ်သည်ကို မြင်လျှင် လွန်စွာ တုန်လှုပ်ကြောက်ရွံ့သွားသည်။ “ဤအရှင်ကား တန်ခိုးကြီးမားလှ၏။ ငါပြုသမျှ အချည်းအနှီးသာ ဖြစ်ချေသည်။ ဤအရှင်နှင့် တန်ခိုးပြိုင်၍ မနိုင်ပေရာ။ ပြေးမှသာ ဖြစ်တော့မည်” ဟု ကြံ၏။ ချက်ချင်းပင် နဂါးကြီးသဏ္ဌာန်ကို ပယ်လျက် နဂါးငယ်ဟန် ဖန်ဆင်း၍ ရေသို့ သက်၏။ ရှင်မောဂ္ဂလာန် ကလည်း ဂဠုန်အဟန် ဖန်ဆင်း၍ လိုက်၏။

ထိုအခါ နဂါးမင်းသည် လူသားအဟန် ဖန်ဆင်း၍ နေ၏။ အရှင်မြတ်ကလည်း နတ်ဘီလူးကြီးအဟန် ဖန်ဆင်း၍ ကိုက်စားဟန် ပြု၏။ ထိုအခါမှ နဂါးမင်းသည် အရှုံးပေးကာ လုလင်ဟန် ဖန်ဆင်း၍ “အရှင်ဘုရား... အကျွန်ုပ်ကား မှားခြင်းကြီး မှားချေပြီ။ ဤနေ့မှစ၍ အရှင်မြတ်တို့အား လေးမြတ်ရိုကျိုး ကိုးကွယ်ပါတော့မည်” ဟု ဆိုလျက် အရှင်မြတ်၏ ခြေရင်း၌ ဦးဖြင့်တိုက်၍ နေလေသည်။

အရှင်မြတ်က “အချင်းပနန္ဒ... ထလော့... ထလော့။ လူသုံးပါး၏ စီးပွားချမ်းသာကို လွန်စွာ ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် သင့်အား သနားကရုဏာဖြင့် ကြွတော်မူလာ၍ ယုဂန္ဓိုရ်တောင်ထိပ်ဝယ် စံပယ်တော်မူသည်။ သင်လိုက်ခဲ့လော့” ဟု မိန့်တော်မူ၍ ဘုရားရှင်၏ ရှေ့တော်သို့ ခေါ်ဆောင်လာသည်။ ဘုရားရှင်သည် နဂါးမင်းအား နဂါးနှင့်လျောက်ပတ်သော ဓမ္မကထာဖြင့် ကောင်းစွာ ဆုံးမတော်မူသည်။ နဂါးမင်းအား ဥပါသကာ အဖြစ် ခံယူစေသည်။ ဤသို့လျှင် နန္ဒောပနန္ဒနဂါးမင်း အား အောင်တော်မူခြင်းသည် ဗုဒ္ဓမြတ်စွာ၏ စတုတ္ထအောင်ခြင်းပင် ဖြစ်ပေသည်။

ဘုရားရှင်သည် ဤသို့ နဂါးမင်းကို နှိမ်နင်းချေချွတ်တော်မူပြီးသော် ရဟန္တာငါးရာနှင့်အတူ အနာထပိဏ် သူဌေးအိမ်သို့ ကြွတော်မူသည်။ သူဌေးကြီးလည်း ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုဆိုလျက် “အရှင်ဘုရားသည် အဘယ်အကြောင်းကြောင့် နေမြင့်မှ ကြွတော်မူပါသနည်း” ဟု လျှောက်ထားသည်။ ဘုရားရှင်လည်း “နန္ဒောပနန္ဒနဂါးမင်း အား သွား၍ ချေချွတ်တော်မူရသောကြောင့် နေမြင့် ပေသည်” ဟု မိန့်တော်မူကာ ဖြစ်ပျက်ပုံ အလုံးစုံကို ပြန်လည်ဟောကြားတော်မူသည်။ အနာထပိဏ် သူဌေးလည်း ထိုအကြောင်းကို ကြားသိရသောအခါ လွန်စွာ ဝမ်းသာကြည်နူးပြီး သဒ္ဓါတရား ပိုမိုတက်သွားသည်။ “အရှင်ဘုရား တပည့်တော်၏အိမ်၌ ခုနစ်ရက်တိုင်တိုင် အရှင်မြတ်တို့ ဆွမ်းဘုဉ်းပေးတော်မူပါ” ဟု လျှောက်၍ လုပ်ကျွေးပြုစုလေသည်။

ကျမ်းကိုး
(၁) ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး)
(၂) မဟာဗုဒ္ဓဝင် (စတုတ္ထတွဲ) (တိပိဋကဓရ ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ)
(၃) မြန်မာ့စွယ်စုံကျမ်း (အတွဲ- ၁၅)


၈။ ဗကဗြဟ္မာမင်းကို အောင်ခြင်း

မြတ်စွာဘုရားသခင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ်တွင် မိစ္ဆာဒိဋ္ဌိ အယူရှိသော ဗကဗြဟ္မာမင်းနှင့် ခုနစ်ကျိပ်နှစ်ပါး သော ဗြဟ္မာတို့ကို ဟောပြောချေချွတ်ရန် မြင်တော်မူသည်။ သို့ဖြင့် ဗြဟ္မာ့ပြည်သို့ ကြွတော်မူ၍ ဟောပြောချေချွတ်တော်မူခဲ့သည်။

ဗကဗြဟ္မာကြီးသည် ရှေးအခါ တစ်ခုသော ကမ္ဘာဝယ် လူတို့နေရာ ဗာရာဏသီပြည်၌ ကေသဝ မည်သော ပုဏ္ဏားသူကြွယ် ဖြစ်ခဲ့သည်။ အိမ်ရာထောင်မှု၏ အပြစ်ကို မြင်သဖြင့် တောအုပ်ကြီးတစ်ခုဝင်၍ ရသေ့ပြုသည်။ စတုတ္ထကသိုဏ်းဝန်းကို ရှု၍ လောကီဖြစ်သော ဈာန်သမာပတ်တို့ကို မပြတ် ကြိုးစားလေ့လာသည်။

ထိုစဉ် လှည်းကုန်သည်ငါးရာသည် သဲကန္တာရကို ဖြတ်ကူးရာ ခုနစ်ရက်ပတ်လုံး လမ်းမှားနေသည်။ ရိက္ခာပြတ်လပ်ကာ ပင်ပန်းကြီးစွာ ရောက်နေကြရရှာသည်။ ထိုအခါ ဗကဗြဟ္မာလောင်း ကေသဝရသေ့က “ဤသူတို့ ချမ်းသာရာရရန် ငါကယ်မည်” ဟူ၍ ကြံ၏။ အဘိညာဉ်တန်ခိုးဖြင့် သောက်ချိုးမကုန်နိုင်သော ဂင်္ဂါမြစ်ရေကို စီးစေသည်။ အသီးအပွင့်နှင့် ပြည့်စုံသော တောအုပ်ကို ဖန်ဆင်းပေးသည်။ ထိုအခါမှ ကုန်သည်တို့လည်း အလိုဆန္ဒပြည့်ဝသွားကြသည်။ အလိုရှိရာ ခရီးသို့ ချမ်းသာစွာ သွားနိုင်ကြသည်။

တစ်ခါကလည်း ကေသဝရသေ့သည် ဧဏီမြစ်ဘေးရှိ ပစ္စန္တရစ်ရွာကို မှီ၍ နေထိုင်သည်။ ထိုစဉ် ရွာသူရွာသားတို့အား ခိုးသားတို့ လုယက်တိုက်ခိုက် ခေါ်ဆောင်သွားသည်ကို သိရှိရသည်။ ကေသဝရသေ့သည် ရွာသူရွာသားတို့၏ ငိုကြွေးသံကိုကြားကာ ကရုဏာဖြစ်မိသည်။ ဤတွင် ရသေ့သဏ္ဌာန်ကို ဖျောက်၍ မင်း၏သဏ္ဌာန်ကို ဖန်ဆင်းလိုက်သည်။ ရဲမက်ဗိုလ်ပါ အခြံအရံတို့ကို လည်း ဖန်ဆင်းလိုက်သည်။ ခိုးသားတို့ မြင်ရာ ကြောက်လန့်၍ ထွက်ပြေးသွားကြသည်။ ရွာသူရွာသားတို့ ချမ်းသာရာရခဲ့သည်။

တစ်ခါကလည်း မြစ်အတွင်းသို့ စားကြွင်းစားကျန် စွန့်ပစ်သည့် အမတ်မင်းချင်းငါးရာတို့အား ဂင်္ဂေယျနဂါးမင်း အမျက်ကြီးစွာ ထွက်၍ ရန်ပြုသည်။ နဂါးမင်းသည် ကြီးစွာသော ကိုယ်ကို ဖန်ဆင်းလျက် ပါးပျဉ်းဖြန့်ကာ မင်းချင်းတို့ စီးနင်းလိုက်ပါလာသော ဖောင်ရှိရာသို့ ရှေးရှုလာသည်။ မင်းချင်းတို့ ထိတ်လန့်ကြသဖြင့် အော်ဟစ်ကြသည်။ ဤတွင် ကေသဝရသေ့သည် ဂဠုန်ဟန် ဖန်ဆင်းလိုက်သည်။ နဂါးမင်းအား ခြိမ်းခြောက်၍ လိုက်ရာ နဂါးကြီး ထွက်ပြေးသွားရသည်။ မင်းချင်းတို့ သေဘေးမှ ကင်းလွတ်ခဲ့ကြသည်။

ထိုစဉ်အခါက ဂေါတမဘုရားလောင်းသည် ကေသဝရသေ့၏ အန္တေဝါသိက တပည့် ဖြစ်ဖူးသည်။ ကပ္ပရရသေ့ အမည်တွင်ခဲ့သည်။ ဤသို့လျှင် ကြီးစွာသော ဇီဝိတဒါနကို အခါခါ ပြုခဲ့ရုံမက အနှစ်တစ်သိန်းမျှလောက် ရသေ့ပြု၍ လောကီဈာန်သမာပတ်တို့ကို မပြတ်လေ့လာသဖြင့် ဗကဗြဟ္မာလောင်းသည် ခန္ဓာကြွေသောအခါ ဝေဟပ္ဖိုလ်ဘုံ ဟု ခေါ်သော စတုတ္ထဈာန်ဘုံ၌ ဗြဟ္မာမင်း ဖြစ်လာခဲ့သည်။ ထိုဘုံ၌ မဟာကပ်ငါးရာပတ်လုံး ဗြဟ္မာတို့၏ ချမ်းသာကို ခံစားခဲ့သည်။ တစ်ဖန် စုတေသော် တတိယဈာန်ဘုံတွင် ၆၄-ကမ္ဘာ အသက်ရှည်သော သုဘကိဏှာဘုံ၌ ဖြစ်၏။ ထိုမှ စုတေပြန်သော် ဒုတိယဈာန်သုံးဘုံတွင် ရှစ်ကမ္ဘာ အသက်ရှည်သော အာဘဿရာဘုံ၌ ဖြစ်၏။

ထိုဘုံမှ စုတေသော် ပထမဈာန်သုံးဘုံတွင် မဟာဗြဟ္မာ့ဘုံ၌ ဖြစ်၍ ဗကဗြဟ္မာမင်း ဖြစ်လာသည်။ အသင်္ချေယျတစ်ကပ်ပတ်လုံး အသက်ရှည်၏။

ဤသို့ တစ်ဆင့်အောက်တစ်ဆင့် အသက်တိုသောဘုံ၌ ဖြစ်လာရသော်လည်း အထက်အထက်ဘုံမှ စုတေရသော ရုပ်နာမ်အစဉ်ကိုလည်း မမှတ်မိ။ ပဋိသန္ဓေကိုလည်း မထင်။ လက်ရှိဘဝအတိုင်းပင် တည်သည်ဟု မှတ်နေသည်။ “ငါတို့ ဗြဟ္မာဇာတ်ကား မြတ်သော၊ မြဲသော၊ နိစ္စဓူဝ ချမ်းသာပင်တည်း။ ဤအဖြစ်ထက် လွန်၍ရှာရန် နိဗ္ဗာန်မည်သည် မရှိပြီ။ ဤဗြဟ္မာကိုယ်သည် အိုခြင်း၊ နာခြင်း၊ သေခြင်း စသော ဆင်းရဲမရှိ။ သုခအတိဖြစ်သော နိဗ္ဗာန်ပင်တည်း” ဟု အယူရှိ၏။ ဗကဗြဟ္မာ၏ အနီးအပါး၌ရှိသော ခုနစ်ကျိပ်နှစ်ပါးသော ဗြဟ္မာတို့သည်လည်း ဤနည်းပင် အယူရှိကြသည်။

ထိုအကြောင်းကို ဂေါတမဘုရားရှင် သိမြင်တော်မူသဖြင့် ဗြဟ္မာ့ပြည်သို့ ရုတ်ခြည်းကြွ၍ ထင်စွာ ရပ်တော်မူ၏။ ဘုရားရှင်အား ဗကဗြဟ္မာကြီး မြင်လတ်သော် “အရှင်ဂေါတမ၊ ဗြဟ္မာ့ရွာသို့ လာခြင်းကား ကောင်းသော လာခြင်းတည်း။ လုံ့လပြု၍ ကျင့်တော်မူပါ။ ကျွန်ုပ်တို့ ဗြဟ္မာ့ရွာ၌ ဖြစ်တည်လျှင် ဆင်းရဲခြင်း ကင်းပါတော့သည်” ဟု လျှောက်၏။ ဘုရားရှင်ကလည်း ထက်ဝန်းကျင်မှ လာကြကုန်သော ဗြဟ္မာတို့အား သက်သေထား၍ “အို... များစွာကုန်သော ဗြဟ္မာအပေါင်းတို့၊ ဤ ဗကဗြဟ္မာသည် အဝိဇ္ဇာ တည်းဟူသော အမှောင်တိုက်အတွင်းသို့ ဝင်နေပြီတကား။ ပြုံးအတွင်း၌ ရှိသော ငှက်သည် လွတ်ထွက်ပြီးသော သတ္တဝါကို ချမ်းသာလိုကြလျှင် ငါ့ထံလာလှည့်ဟု ခေါ်သကဲ့သို့ ဖြစ်နေသည်။ ချွတ်ချော်သော မိစ္ဆာဉာဏ်ဖြင့် ဗြဟ္မာ့သဏ္ဌာန်ကို နိဗ္ဗာန် ဟု ထင်မှတ်နေပြီ။ မှားလေစွတကား။ ဖြစ်လတ္တံ့သော ဘေးကို မမြင်။

အနိစ္စကိုပင် နိစ္စအသုခကိုပင် သုခဟု ပြောနေရှာပြီ။ နိဗ္ဗာန်သည် ဧကန်ရှိလျက် မသိရှိလေတကား” ဟု မိန့်တော်မူသည်။

ထိုအခါ ဗကဗြဟ္မာကြီးက “ဤအယူဝါဒကို ကျွန်ုပ်တစ်ပါးတည်းသာ ယူသည်မဟုတ်၊ ကျွန်ုပ်နှင့် ရှေးကောင်းမှု ပြုဖော်ဖြစ်သည့် ဗြဟ္မာ ခုနစ်ကျိပ်နှစ်ပါးတို့သည်လည်း ကျွန်ုပ်နည်းတူ ခံယူကြသည်။ ဗြဟ္မာ့ဘဝသည် ဇာတိဇရာဗျာဓိမရဏ လွတ်ကြသောကြောင့် နိစ္စထာဝရ တည်သော နိဗ္ဗာန်ဟု ကျွန်ုပ်တို့ ခံယူထားကြသည်” ဟု လျှောက်ထားသည်။

ဘုရားရှင်က “ချစ်သား ဗက... ဤဗြဟ္မာ့ရွာ၌ သင်ကြာသော ကာလကား အန္တရကပ် အရေအတွက်အားဖြင့် ၁၃၆၄၃၂-ကပ်သာ ဖြစ်သည်။ နှစ်အရေအတွက်အားဖြင့် နိရဗ္ဗုဒ (တစ် ၁-လုံး သုည ၃၆-လုံး) တစ်သိန်းမျှသာ ရှိသေးသည်။ ဇာတိဇရာမရဏကိုလည်း မလွန်သေး။ စုတေရမည် မချွတ်ဟု ငါမြင်တော်မူသည်။ သင်သည် ပညာကင်းသောကြောင့် အသက်ကြွင်းကိုမျှ မမြင်ဖြစ်နေပြီ” ဟု မိန့်တော်မူသည်။

ဗကဗြဟ္မာက “ကျွန်ုပ်တို့၏ ရှေးကောင်းမှုနှင့် ကျွန်ုပ်တို့ အကြောင်းကို သင် အမှန် ဟောဆိုနိုင်လျှင် ဘုရားဟု ယုံကြည်ပါမည်” ဟု လျှောက်ထား၏။

ထိုအခါ ဘုရားရှင်က ကေသဝမည်သော ပုဏ္ဏားသူကြွယ် ဖြစ်စဉ်ဘဝမှစ၍ ဗကဗြဟ္မာကြီး၏ ရှေးဘဝဖြစ်စဉ်ကို ဟောတော်မူသည်။ ဗကဗြဟ္မာကြီး မေးတိုင်းကိုလည်း ဖြေဆိုတော်မူသည်။ နောက်ဆုံး၌ ဗကဗြဟ္မာကြီးသည် မေးမြန်းစရာ မရှိ။ မိမိအရှုံးကို ဖုံးလွှမ်းရန် ဝါဒစကား ယှဉ်ပြိုင် ပြောဆိုခြင်းကို ပယ်ရှားလိုက်သည်။ ပုန်းကွယ် ပျောက်လျှိုး တန်ခိုးပြိုင်ခြင်း ပြုလိုရကား “အချင်း ငါသည် သင့်မျက်မှောက်၌ပင် ကိုယ်ကိုဖျောက်၍ ပုန်းကွယ်ပြမည်၊ သင် ရှာကြည့်လော့” ဟု ဆို၏။

ဘုရားရှင်ကလည်း “ဗက... စွမ်းနိုင်လျှင် ပုန်းကွယ်လော့”ဟု မိန့်တော်မူသည်။

ဗကဗြဟ္မာသည် ဘုရားရှင်၏ မျက်မှောက်တော်မှ ကိုယ်ဖျောက်၍ ပျောက်ကွယ်ရန် အားထုတ်ကြိုးပမ်း၏။ သို့သော်လည်း မရ။ ဘုရားရှင် မမြင်အောင် ပုန်းနိုင်စွမ်း မရှိချေ။

ဤတွင် ဘုရားရှင်က “ဗက.... ငါ ပုန်းကွယ်အံ့၊ သင်ရှာကြည့်လော့” ဟု ဆို၏။ ဗကဗြဟ္မာကြီးကလည်း “စွမ်းနိုင်က ပုန်းကွယ်လော့” ဟု ဆို၏။

ထိုအခါ ဘုရားရှင်သည် ဗကဗြဟ္မာနှင့်တကွ ဗြဟ္မာပရိသတ်၊ ဗြဟ္မာ အခြံအရွေတို့ မျက်မှောက်၌ တန်ခိုးဖြင့် ကိုယ်ဖျောက်၍ ပျောက်ကွယ်ပြ၏။ ပုန်းကွယ်ပြ၏။

ဘုရားရှင်ကို ဗြဟ္မာအားလုံး မမြင်ကြကုန်။ ဘုရားရှင်သည် သို့ပုန်းကွယ်ရာမှ “ဘဝ၌ ငါသည် ဘေးမြင်သည်။ ဘဝအတွက် ငါသည် မတပ်မက်၊ စွဲလမ်းချက် တစ်ကွက်မျှ မထား” ဟူသော အနက်အဓိပ္ပာယ်ဆောင်သည့် ဂါထာကို ကျူးရင့်သည်။ ဗကဗြဟ္မာနှင့်တကွ ဗြဟ္မာအားလုံးတို့သည် ဘုရားရှင် ရွတ်ဆိုသော ဤဂါထာသံကိုသာ ကြားရသည်။ ဘုရားရှင်၏ ကိုယ်တော်ကိုကား မမြင်ရချေ။

ဤတွင်မှ ဗကဗြဟ္မာနှင့် ဗြဟ္မာအားလုံးတို့သည် များစွာ အံ့ဩခြင်း ပြုကြသည်။ ဘုရားရှင်အား “လောကသုံးပါးတွင် အတုမရှိ၊ အလုံးစုံသော ဘုန်းပညာဖြင့် ပြည့်စုံပါပေသည်”ဟု ဝန်ခံ ပြောဆိုကြသည်။ အားလုံး မိစ္ဆာအယူကို ပယ်၍ သမ္မာအယူကို ပြောင်းလဲကြသည်။ “ဘုရားရှင်၏ တရားတော်အတိုင်း လိုက်နာကျင့်ကြံ ပါတော့မည်” ဟု တညီတညွတ်တည်း ဝန်ခံကြသည်။

ဘုရားရှင်သည် ဗကဗြဟ္မာကြီးနှင့် ဗြဟ္မာအားလုံးအား သစ္စာလေးပါးကို ဟောပြော၍ ပြန်လည် ကြွသွားတော်မူသည်။

ဤသို့ ဗကဗြဟ္မာအား ချေချွတ်တော်မူနိုင်ခြင်းကား ဘုရားရှင်၏ အောင်ခြင်းပင်တည်း။

ကျမ်းကိုး
(၁) မဟာဗုဒ္ဓဝင် (တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ)
(၂) မြန်မာ့စွယ်စုံကျမ်း (အတွဲ-၇)
(၃) ပါဠိ-မြန်မာ အဘိဓာန် (လယ်တီပဏ္ဍိတ ဦးမောင်ကြီး)
မင်းယုဝေ (၁-၅-၂၀၀၀)


အောင်ခြင်းရှစ်ပါး (ပါဠိနှင့် မြန်မာပြန်)

၁။ မာရ်နတ်သားကို အောင်မြင်ခြင်း
ဗာဟုံသဟဿမဘိနိမ္မိက သာဝုဓန္တံ
ဂိရိမေခလံ ဥဒိတဃောရံ သသေနမာရံ
ဒါနာဒိဓမ္မဝိဓိနာ ဇိတဝါမုနိန္ဒော
တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ

လက်ရုံးတစ်ထောင် လက်နက်တစ်ထောင် ဖန်ဆင်းကာ ဂိရိမေခလာဆင်ကို စီး၍လာသော ကြမ်းတမ်းသော စစ်သည် ဗိုလ်ပါနှင့်တကွ မာရ်နတ်သားကို မြတ်စွာဘုရားသည် ဒါနပါရမီစသော တရားတော် အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ မာရ်နတ်သားကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၂။ အာဠဝကဘီလူးကို အောင်မြင်ခြင်း
မာရာတိရေကမတိယုဇ္ဈိတ သဗ္ဗရတ္တိံ
ယောရံပနာဠဝကမက္ခမထဒ္ဓယက္ခံ
ခန္တီသုဒန္တဝိဓိနာ ဇိတဝါ မုနိန္ဒော
တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ

မာရ်နတ်သားထက် လွန်ကဲစွာ ညဉ့်လုံးပေါက် စစ်ထိုးနိုင်၍ ကြောက်ဖွယ်ကောင်းပြီး သူတစ်ပါးတို့ သည်းမခံနိုင်အောင် ကြမ်းတမ်းခက်မာသော အာဠဝကဘီလူးကြီးကို မြတ်စွာဘုရားသည် သည်းခံတော်မူခြင်း၊ ကောင်းစွာ ယဉ်ကျေးစေတော်မူခြင်း အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ အာဠဝကဘီလူးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၃။ နာဠာဂိရိဆင်ကို အောင်မြင်ခြင်း
နာဠာဂိရိ ဂဇဝရံ အတိမဒ္ဒဘူတံ
ဒါဝဂ္ဂိစက္ကမသနီဝ သုဒါရုဏန္တိ
မေတ္တမ္ဗုသေကဝိဓိနာ ဇိတဝါ မုနိန္ဒော
တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ

တောမီး မိုးကြိုးစက်ကဲ့သို့ ကြမ်းကြုတ်၍ အလွန် မုန်ယစ်နေသော အဇာတသတ်မင်း၏ စီးတော်ဆင် နာဠာဂိရိကို မြတ်စွာဘုရားသည် မေတ္တာတော်ရေသွန်းခြင်း အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ နာဠာဂိရိဆင်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၄။ အင်္ဂုလိမာလကို အောင်မြင်ခြင်း
ဥက္ခိတ္တခဂ္ဂမဘိဟတ္ထ သုဒါရုဏန္တံ
ဓာဝံ တိယောဇနပထင်္ဂုလိမာဝန္တံ
ဣဒ္ဓိဘိသင်္ခတမနော ဇိတဝါ မုနိန္ဒော
တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ

သန်လျက်ကို လက်၌ မြှောက်မိုး၍ အလွန် ကြမ်းကြုတ်ရက်စက်သူ၊ သုံးယူဇနာ ခရီးကို မမောမပန်း တစ်ဟုန်တည်း ပြေးနိုင်စွမ်းသူ၊ လက်ညှိုးပန်းကုံး ဆွဲထားသူ အင်္ဂုလိမာလလူဆိုးကြီးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၅။ စိဉ္စမာဏကို အောင်မြင်ခြင်း
ကတွာန ကဋ္ဌမုဒရံ ဣဝ ဂဗ္ဘိနိယာ
စိဉ္စာယ ဒုဋ္ဌဝစနံ ဇနကာယမဇ္ဈေ
သန္တေန သောမဝိဓိနာ ဇိတဝါ မုနိန္ဒော
တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ

တရားနာကြသော လူရှင်ရဟန်း ပရိသတ်တို့၏ အလယ်၌ သစ်သားကို ကိုယ်ဝန်ဆောင်မိန်းမ၏ ဝမ်းဗိုက်ကဲ့သို့ အတုပြု၍ လုပ်ဆောင်လာသူ စိဉ္စမာဏဝိကာ အမည်ရှိသော မိန်းမယုတ်၏ မဟုတ်တရား စွပ်စွဲဖျက်ဆီးသော စကားကို မြတ်စွာဘုရားသည် ငြိမ်သက်ဖြူစင် ချမ်းအေးသော အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ စိဉ္စမာဏမိန်းမယုတ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၆။ သစ္စကပရိဗိုဇ်ကို အောင်မြင်ခြင်း
သစ္စံ ဝိဟာယ အတိသစ္စကဝါဒကေတုံ
ဝိဒါဘိရောပိတမနံ အတိအန္ဓဘူတံ
ပညာပဒီကဇလိတော ဇိတဝါ မုနိန္ဒော
တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ

မှန်သောစကားကို ပယ်၍ မမှန်ကို အမှန်လုပ်ကာ ဝါဒမှားကို တံခွန်အလား လွှင့်ထူသွားသူ၊ မိမိ၏ ဝါဒဖြင့် သူတစ်ပါးတို့အား နှိမ်နင်းလိုသော စိတ်ထားရှိသူ၊ အလွန်မိုက်မဲသည့် ကူဋဒန္တ ခေါ်သော သစ္စကပရိဗိုဇ်ကို မြတ်စွာဘုရားသည် ပညာတန်ဆောင် ဆီမီးရောင်ကို ညှိထွန်းတော်မူခြင်းဖြင့် အောင်တော်မူလေပြီ။ သစ္စကပရိဗိုဇ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၇။ နန္ဒောပနန္ဒနဂါးကို အောင်မြင်ခြင်း
နန္ဒောပနန္ဒဘုဇဂံ ဝိဝိဓံ မဟိဒ္ဓိံ
ပုတ္တေန ထေရဘုဇဂေန ဓုနာပယန္တော
ဣဒ္ဓူပဒေသဝိဓိနာ ဇိတဝါ မုနိန္ဒော
တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ

အထူးထူးအပြားပြား တန်ခိုးကြီးမားသော နန္ဒောပနန္ဒနဂါးမင်းကို မြတ်စွာဘုရားသည် တပည့်သားဖြစ်သူ ရှင်မောဂ္ဂလာန်ကို နှစ်ဆကြီးသော နဂါးအသွင်ဖြင့် အခိုးအလျှံကို လွှတ်စေလျက် တန်ခိုးဖန်ဆင်းခြင်း၌ နည်းညွှန်ဥပဒေပေးသော အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ နန္ဒောပနန္ဒနဂါးမင်းကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၈။ ဗကဗြဟ္မာကို အောင်မြင်ခြင်း
ဒုဂ္ဂါဟဒိဋ္ဌိဘုဇဂေန သုဒဋ္ဌဟတ္ထံ
ဗြဟ္မံ သုတံ ဇုတိမဟိဒ္ဓိံ ဗကာဘိဓာနံ
ဉာဏာဂဒေန ဝိဓိနာ ဇိတဝါ မုနိန္ဒော
တံတေဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ

မကောင်းသောအယူ မိစ္ဆာဒိဋ္ဌိ မြွေဆိုး လက်၌ ကိုက်ခဲခြင်း ခံရသူ၊ ကျော်စော၍ ထွန်းလင်းတောက်ပသော ကြီးမားသော တန်ခိုးရှင် ဗကဗြဟ္မာကြီးကို မြတ်စွာဘုရားသည် ဉာဏ်တော်တည်းဟူသော အဆိပ်ဖြေဆေး အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ ဗကဗြဟ္မာကြီးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

အောင်ခြင်းရှစ်ပါး ပါဠိနှင့် မြန်မာပြန် ပြီး၏။


အောင်ခြင်းရှစ်ပါး ကဗျာများ

ပါရမီတော်ခန်းပျို့ဋီကာကျမ်းပြု ဆရာတော် အရှင်ကောသလ္လ (ဓမ္မာစရိယ၊ ဘီအေ) ရေးသား ဖွဲ့ဆိုသော

၁။ မာရ်နတ်အောင်ပွဲ
လက်ရုံးတစ်ထောင် အသွင်ဆန်းနဲ့၊ ဆင်ကြမ်းကိုတဲ့ စီးလို့လာ။
မာရ်နတ်ဘုရင် ပလ္လင်လုဖို့၊ သေနင်္ဂါထုနဲ့ တိုက်ခိုက်လာ။
ပါရမီတွေ သက်သေပြုလို့၊ ဝသုန်မြေထု ညွှန်ပြရာ။
မာရ်စစ်သည်တွေ ကျေကာပျက်လို့၊ ဟိုထွက်သည်ထွက် ပြေးရရှာ။
နဘေလွှမ်းမိုး ဖြန်းဖြန်းကျိုး၊ ပန်းမိုးချလို့ရွာ။
အဲဒါက ဘဂဝါအရဟ ပထမအောင်စဉ်ပါ။

၂။ အာဠဝကအောင်ပွဲ
ဒေါသပြင်းစွာ တင်းမာလှ၊ မင်းမာရထက် ကြမ်းတမ်းစွာ။
လက်နက်ကိုးဖြာ မိုးရွာလစ်၊ ဘွဲ့ဖြူပစ်လို့ စစ်ထိုးတာ။
ဗုဒ္ဓမြတ်စွာ မေတ္တာပွားလို့၊ သစ္စာတရားနဲ့ ချေပရာ။
လက်နက်တွေဟာ ခြေတော်အနီး၊ ပန်းစည်းပန်းဆုပ် ခြေသုတ်ပမာ။
အာဠဝက မာန်စွယ်ကျ၊ ဦးချဝပ်တွားလာ။
အဲဒါက ဘဂဝါသုဂတ ဒုတိယအောင်စဉ်ပါ။

၃။ နာဠာဂိရိဆင်အောင်ပွဲ
နာဠာဂိရိ ဆင်ပြောင်မိုက်ကို၊ သေရည်တိုက်လို့ ခိုင်းတဲ့ခါ။
လောင်မီးစံပုံ မာန်ဟုန်ပြင်းလို့၊ နင်းဖို့သတ်ဖို့ အတင်းလာ။
ဓာတ်ဗြဟ္မစိုရ် လှစ်ကာနိုး၊ မေတ္တာမိုးနဲ့ သွန်းလိုက်တာ။
နှာမောင်းလေးကို ကွေးကာကုပ်လို့၊ ဒူးတုပ်ဝပ်တွား သွက်သွားရှာ။
တိုက်ဆင်ပြောင်ကြီး လိမ္မာပြီး၊ ငြိမ်ကြီး ငြိမ်သက်လာ။
အဲဒါက ဘဂဝါဇိန တတိယအောင်စဉ်ပါ။

၄။ အင်္ဂုလိမာလအောင်ပွဲ
သန်လျက်ကို ယမ်းကာဝှေ့လို့၊ လမ်းလာသရွေ့ သတ်ဖြတ်ကာ။
လက်ချောင်းတွေကို သီကာတွဲလို့၊ လည်မှာဆွဲတဲ့ လူကြမ်းဟာ။
ဘုရားရှင်ကို လမ်းဝယ်တွေ့တော့၊ ဖမ်းမယ်ဟေ့လို့ ပြေးလိုက်ရာ။
တန်ခိုးတော်ဘိညာဉ် ထင်စွာပြမှ၊ အင်္ဂုလိမာလ ညွှတ်တွားလာ။
တရားရေအေး အမြိုက်ဆေး၊ တိုက်ကျွေးကျွတ်စေတာ။
အဲဒါက ဘဂဝါနုတ္တရ စတုတ္ထအောင်စဉ်ပါ။

၅။ စိဉ္စမာဏအောင်ပွဲ
ပျဉ်ချပ်တွေကို ခံခွေပြုလို့၊ သန္ဓေအတုနဲ့ စိဉ္စမာန။
အရှက်ကွဲရုံ ဂုဏ်တော်ဖြုတ်ဖို့၊ သမုတ်စွပ်စွဲ လူထဲမှာ။
ငြိမ်းအေးမကွာ ဓာတ်တရားကြောင့်၊ နတ်သိကြားတို့ မနေသာ။
ပျဉ်ကြိုးဖြေကာ ခြေကိုဖြတ်လို့၊ မြေမျိုဟပ်တော့ ငရဲမှာ။
ဂုဏ်တော်တန်ခိုး ဆထက်ပိုး၊ တိုးလို့တက်လို့လာ။
အဲဒါက ဘဂဝါယှဉ်မရ ပဉ္စမအောင်စဉ်ပါ။

၆။ သစ္စကပရိဗိုဇ်အောင်ပွဲ
ဝါဒချင်းပြိုင် နိုင်မလားလို့၊ ဘုရားကိုတဲ့ အန်တုလာ။
အယူတစ်ထောင် ဆောင်ကာမိုက်တဲ့၊ ပရိဗိုဇ်ဘွဲ့ သစ္စကာ။
မိမိကိုယ်ဟာ အတ္တလားလို့၊ မြတ်စွာဘုရား မေးတဲ့ခါ။
မသိတွေမှိုင် ဖြေနိုင်ဘဲမို့၊ ခွေယိုင်လဲလို့ ရှုံးရတာ။
တိတ္ထိအမျိုး မာန်စွယ်ကျိုး၊ ငုံ့လျှိုးနေရရှာ။
အဲဒါက ဘဂဝါမြတ်လှ ဆဋ္ဌမအောင်စဉ်ပါ။

၇။ နန္ဒောပနန္ဒနဂါးမင်းအောင်ပွဲ
နန္ဒောပနန္ဒ မျက်မာန်ကြွ၊ ခက်ထန်လှတဲ့ နဂါးဟာ။
မြင်းမိုရ်တောင်ကို ခွေပတ်ပြီးတော့၊ ကတ်သီးကတ်သတ် ရန်ပြုတာ။
ဘုရားသခင် မယှဉ်လောက်တော့၊ ရှင်မောဂ္ဂလာန်နဲ့ ပြိုင်စေရာ။
လက်ဝဲတော်ရံ ဈာန်ဂုဏ်တန်ခိုးနဲ့၊ မာန်ဟုန်ချိုးလို့ ဆုံးမတာ။
နတ်နဂါးမင်း ခြေတော်ရင်း၊ ဝပ်စင်းခယလာ။
အဲဒါက ဘဂဝါမြတ်လှ သတ္တမအောင်စဉ်ပါ။

၈။ ဗကဗြဟ္မာအောင်ပွဲ
ဗကဆိုသူ မူတစ်မျိုးနဲ့၊ အယူဆိုးတဲ့ မိုးဗြဟ္မာ။
အနိစ္စကို နိစ္စပဲလို့၊ စိတ်ကစွဲလို့ လွဲခဲ့တာ။
တို့ဘုရားရှင် လျင်စွာကြွလို့၊ ထင်စွာပြတော့ မြတ်ဓမ္မာ။
တန်ခိုးချင်းတောင် တူသလားလို့၊ လူဘုရားက ပြတဲ့ခါ။
မိုးဗြဟ္မာကြီး မာန်ကွာပြီး၊ ရှုံးကြီးရှုံးရရှာ။
အဲဒါက ဘဂဝါမြတ်လှ အဋ္ဌမအောင်စဉ်ပါ။


အောင်ခြင်းရှစ်ပါး ဂါထာ+အနက်နှင့်

မာရံ ယက္ခံ ဂဇံ စောရံစိဉ္စမာနဉ္စ သစ္စကံ
နာဂံ ဗကံ ဇိနိ ဇိနောဟောတု မေ ဇယမင်္ဂလံ
ယောဇိနော - အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော်ချီအပ်သော မြတ်စွာဘုရားသည်။
(၁) မာရံ=ယူဇနာတရာ့ငါးဆယ် အံ့ဖွယ်ကြီးဘိ ဂိရိမေခလာ မည်သာတွင်ခြင်း နတ်ဆင်မင်းထက် စီးနင်းတက်၍ ကြောက်မက်ဖွယ်သာ စစ်ဗိုလ်ပါနဲ့ ဝဲယာစီယှက် လက်ရုံးတထောင် ဖန်ဆင်းဆောင်၍ နိုင်ယောင်စစ်ထိုး ကျော်လွံ့ဟိုးသား တန်ခိုးတောက်ပ တေဇထန်ပြင်း မာရ်နတ်မင်းကိုလည်းကောင်း။

(၂) ယက္ခံ - စွယ်ရှည်ငေါငေါ မြင်သူမောမျှ နက်ကျောနီကျင် မွေးမျှင်မုတ်ဆိတ် ဖွားလျားမြိတ်သား လန့်ထိတ်ဖွယ်သာ ကြီးဧရာနှင့် သင်္ချာမြားမြောင် လေးထောင်သုံးရာ နှစ်ဆယ်သာအောင် များစွာလူသား နေ့တိုင်းစားသည့် စွမ်းအားကြီးလှ အာဠာဝကတွင်ခြင်း ဘီလူးမင်းကိုလည်းကောင်း။

(၃) ဂဇံ- ခြောက်မောင်းအိုး ဖြိုးဖြိုးပြည့်နှက် သေအရက်ကို တိုက်လျက်ထန်ပြင်း နင်းစိမ့်ရည်မှတ် ဒေဝဒတ်တို့ တိုက်လွှတ်သောအား ဘုရားမြတ်စွာ ဆွမ်းခံရာ၌ ပက်ပါဦးတည် စူးစူးရည်၍ သတ်မည်ဧကန် အမြန်ပြေးလာ သံဆိုးစွာဖြင့် နာဠာဂီရိ မည်ရှိခေါ်တွင် မင်းစီးဆင်ကိုလည်းကောင်း။

(၄) စောရံ- သုံးယူဇနာ ရှည်စွာချင့်မှန်း ခရီးလမ်းကို မပန်းမဟိုက် မရှိုက်လျက် ပြင်းတစ်ဟုန်ခြင်းဖြင့် ပြေးနင်းစွမ်းနိုင် ပြိုင်သူဘက်ရှား လူအများကို လှံဓားစွဲကာ ဖမ်းသတ်ခါလျှင် ယူကာ လက်ညှိုး ကြိုးဖြင့်သီရုံး ပန်းကုံးအသွင် လည်ဝယ်ဆင်သောကြောင့် အင်္ဂုလိမာလ မည်ရတွင်ပြီး ခိုးသူကြီးကို လည်းကောင်း။

(၅) စိဉ္စမာနဉ္စ- ပရိသတ်အား မြတ်ဘုရားလျှင် တရားဟောကာ နေစဉ်ခါ၌ သေချာပွေ့ဖက် ပတ်ရစ်ဖွဲ့နှောင် ကိုယ်ဝန်ဆောင်၍ ဘုန်းခေါင်လူဖျား၊ ကျွန်ုပ်အားကို ပြစ်မှားပြီးခါ ဘယ့်ကြောင့်သာလျှင် အိမ်ရာမပြင် သူတော်စင်တို့ မမြင်သောထွေ ဣန္ဒြေနှင့် နေသနည်းဟု အမှုဖွေရှာ စွပ်စွဲလာသော စိဉ္စမာမည်ထုတ် မိန်းမယုတ်ကို လည်းကောင်း။

(၆) သစ္စကံ- ဝါဒတစ်ထောင် အာဂုံဆောင်၍ ဂုဏ်ထောင်လွှားပ မိုက်မာနကြောင့် အနိစ္စ အနတ္တ သင်္ခါရကို နိစ္စနတ္တ ထင်၍သာလျှင် မြတ်စွာရှင်စော တရားဟောလည်း သဘောမကျ မှားလေစွဟု ရှုတ်ချခါသာ ပြစ်တင်လာသော မိစ္ဆာယူကြိုက် ပရိဗိုဇ်သစ္စက ကူဋဒန္တကို လည်းကောင်း။

(၇) နာဂံ- လေးလျှံရောင်စို တောင်မြင်းမိုရ်ကို ကိုယ်ဖြင့် ခုနစ်ထပ် ရစ်ပတ်ကာလွှမ်း တတ်နိုင်စွမ်းသား ကြမ်းတမ်းခက်ထန် မျက်စောင်းမာန်နှင့် ပဋ္ဌမံအာလိန္ဒ နေသမျှတလွှား နတ်နဂါးကို ပိုင်ကာစိုးရ တန်ခိုးပသည် နန္ဒောပနန္ဒတွင်ခြင်း နဂါးမင်းကို လည်းကောင်း။

(၈) ဗကံ- သဿတဒိဋ္ဌိ များဘိအယူ မိစ္ဆာဟူသား ဘူဇဂါမြေတိုက်လေတုံလတ် အာဘဿရ ဗြဟ္မာရွာ၌ ဗြဟ္မာခပင်း တုန့်ဝပ်ခြင်းနှင့် ကြီးမားတေဇ တန်ခိုးပသား ဗကမည်သာ ထိုဗြဟ္မာကို လည်းကောင်း။

အဇိနိ- တန်ခိုးဉာဏ်ရှိန် ဝရဇိန်စက်မြတ် အတုလွတ်ဖြင့် မချွတ်အောင်တော်မူလေပြီ၊ တံတေဇသာ- ထိုသို့အောင်ခြင်း တရားမင်း၏ ကွန့်လင်းတေဇော် အာနုဘော်ဖြင့်၊ မေ- အကျွန်ုပ်အား၊ ဇယျမင်္ဂလံ- ရောဂါဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်၊ ဟောတု- ဖြစ်ပါစေသတည်း။

[တို့မြန်မာဝတ်ရွတ်စဉ် (ဆရာကြီး သခင်ကိုယ်တော်မှိုင်း) မှ]


အစွမ်းထက်သော ဂါထာတော်

(ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ ရန်အောင်မြင် ဂါထာတော်)

၁။ ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ
ဓမ္မော မေ ရက္ခတု သဒါ
သံဃော မေ ရက္ခတု ဒိနေ
သုခီ ဒီဃာယုကော ဘဝ
၂။ မာရာဠဝက နာဠာဂြိံ
အင်္ဂုလိ စိဉ္စ သစ္စကံ
နန္ဒောပနန္ဒ ဗြဟ္မဉ္စ
ဇယော ဇယတုမင်္ဂလံ

၁။ ဗုဒ္ဓေါ= မြတ်စွာဘုရားသည်။ မေ= အကျွန်ုပ်အား။ နိစ္စံ= အမြဲမပြတ်။ ရက္ခတု= စောင့်ရှောက်တော်မူပါစေသတည်း။ ဓမ္မော= မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သော တရားတော်မြတ်သည်။ မေ= အကျွန်ုပ်အား။ သဒါ- အခါခပ်သိမ်း။ ရက္ခတု= စောင့်ရှောက်တော်မူပါစေသတည်း။ သံဃော= သမ္မုတိ၊ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည်။ မေ= အကျွန်ုပ်အား။ ဒိနေ= နေ့တိုင်း။ ရက္ခတု= စောင့်ရှောက်တော်မူပါစေသတည်း။ အဟံ= အကျွန်ုပ်သည်။ သုခီ= ချမ်းသာခြင်း ရှိသည်။ ဒီဃာယုကော= အသက်ရှည်ခြင်း ရှိသည်။ ဘဝါဟံ= ဖြစ်ရပါလို၏။

၂။ မုနိန္ဒော= မြတ်စွာဘုရားသည်။ မာရာဠဝက နာဠာဂိဂြိံစ= မာရ်နတ်မင်း၊ အာဠဝကဘီလူး၊ နာဠာဂိရိဆင်ကို လည်းကောင်း။ အင်္ဂုလိဉ္စ= အင်္ဂုလိမာလကို လည်းကောင်း။ နန္ဒောပနန္ဒ ဗြဟ္မဉ္စ= နန္ဒောပနန္ဒနဂါးမင်းနှင့် ဗကဗြဟ္မာကို လည်းကောင်း။ ဇယော= အောင်မြင်ခြင်းသည်။ (ဟောတိ ယထာ= ဖြစ်သကဲ့သို့) တထာ= ထို့အတူ။ မေ= အကျွန်ုပ်အား။ မင်္ဂလံ= အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းသည်။ ဇယတု= အောင်မြင်ပြီးစီးပါစေသတည်း။

ဤဂါထာသည် ထွဋ်ခေါင်ဆရာတော်ဘုရားကြီး ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ဂါထာတော်ကြီး ဖြစ်ပါသည်။ ဤဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အောင်မြင်မှုအမျိုးမျိုး လက်တွေ့ခံစားရသည်။ ရန်အမျိုးမျိုး အောင်နိုင်သည်။

[သာသနာရေး ဦးစီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာ လက်စွဲကျမ်း (ပထမတွဲ) မှ ထုတ်နုတ်ဖော်ပြပါသည်]

အောင်ခြင်းရှစ်ပါးသီချင်း၏ နောက်ခံတေးဂီတ

မာဂဓီ (သာစည်)

မိမိ (မာဂဓီ) သည် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးခန်းမ၊ သာသနာရေးဦးစီးဌာန ဓမ္မာရုံ၊ ပိဋကတိုက် စသည်တို့၌ သာသနာရေးဦးစီးဌာန၏ အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများကို ဦးဆောင်ဖွင့်လှစ် သင်ကြားပေးခဲ့ရပါသည်။

ယင်းသို့ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာတွင် ပြီးခဲ့သော ၁၄-၇-၉၁ နေ့က နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အစည်းအဝေးခန်းမကြီး၌ ဆယ်စောင်တွဲ သင်တန်းကို ပို့ချပေးခဲ့ပါသည်။ ဆယ်စောင်တွဲ၌ ပါရှိသော အောင်ခြင်းရှစ်ပါးအကြောင်းကို သင်ကြားရာတွင် သင်တန်းသူ၊ သင်တန်းသားများ သင်လွယ်၊ မှတ်လွယ်၊ တတ်လွယ်နိုင်စေရန် ပါဠိမြန်မာကဗျာလင်္ကာသီချင်း စသည်တို့ဖြင့် စိတ်ဝင်စားမှု ရှိလာအောင် သင်ကြားပြသပေးရပါသည်။

ခေတ်ဟောင်း အဆိုတော် မေရှင် သီဆိုခဲ့သော အောင်ခြင်းရှစ်ပါးသီချင်းကို ကက်ဆက်ခွေဖြင့် ဖွင့်ပြရာ ကလေးများမှာ ပိုမိုစိတ်ဝင်စားလာကြပြီး၊ သံပြိုင်လိုက်လံ သီဆိုကြကာ ပျော်ရွှင်စွာ သင်ယူခဲ့ကြပါသည်။ သံစဉ်နှင့် စာသားကလည်း ကောင်းမွန်လှပြီး အဆိုရှင်ကလည်း ပိုင်နိုင်စွာ သီဆိုခြင်းကြောင့် သင်ကြားရာတွင် များစွာ အထောက်အကူ ဖြစ်ခဲ့ပါသည်။

ယင်းသီချင်းကို မွေးထုတ်ပေးခဲ့သော နောက်ခံဂီတပညာရှင်များကိုလည်း လေ့လာ သိရှိခဲ့ရပါသည်။ သိရှိရသည်မှာ-
စန္ဒရား - အေဝမ်းခင်မောင်
ပတ္တလား - ဆရာမြိုင်
ဂီတာ - ဂီတဝိဇ္ဇာ ဘစောကြည်
ဒုံမင်း - ဦးအုန်းသာ
မယ်ဒလင် - ခေတ္တရာအေး
စောင်း - (မသိပါ)
ပလွေ - ဝိဇ္ဇာညွန့်
တယော - ရွှေပြည်အေး
တေးပြု - သဟာယ ဆရာတင်
စာသား - ပထမကျော် လယ်တီဦးကောဝိဒ
အဆို - မေရှင် ဟူ၍ သိရပါသည်။

ယင်းသီချင်းများ၏ ဂီတတူရိယာ အသုံးပြုမှုတို့လည်း အောက်ပါအတိုင်း တွေ့ရပါသည်။
ပထမအပိုဒ်တွင် စန္ဒရား၊ ဂီတာ၊ တယော၊
ဒုတိယအပိုဒ်တွင် စန္ဒရား၊ တယော၊
တတိယအပိုဒ်တွင် စန္ဒရား၊ တယော၊ ဒုံမင်း၊
စတုတ္ထအပိုဒ်တွင် စန္ဒရား၊ တယော၊ ပတ္တလား၊ ပလွေ၊
ပဉ္စမအပိုဒ်တွင် စန္ဒရား၊ တယော၊ စောင်း၊
ဆဋ္ဌမအပိုဒ်တွင် စန္ဒရား၊ ဂီတာ၊ တယော၊
သတ္တမအပိုဒ်တွင် စန္ဒရား၊ တယော၊ မယ်ဒလင်၊
အဋ္ဌမအပိုဒ်တွင် စန္ဒရား၊ တယော၊ ပလွေ
စသည့် တူရိယာပစ္စည်းများဖြင့် အားဖြည့်ကာ မြိုင်မြိုင်ဆိုင်ဆိုင် ငြိမ့်ငြိမ့်ညောင်းညောင်း တီးမှုတ်ထားကြသည်။


အောင်ခြင်းရှစ်ပါးသီချင်း စာသား

စာသား - ပထမကျော် လယ်တီ ဦးကောဝိဒ
တေးပြု - သဟာယ ဆရာတင်
ဆို - မေရှင်

အောင်ခြင်းရှစ်ပါး... အသံကြားတဲ့အခါ... စီးပွားဥစ္စာ အဟုတ်မကြာအောင်မှာ ကျန်းမာ... ချမ်းသာပါလို့... ဘေးရန်မဝိုင်း ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မှာ ခုနစ်ရက် သားသမီးများနဲ့ နတ်၊ လူ၊ ဗြဟ္မာ။

သက္ကရာဇ်ကောဇာ တစ်ရာ့သုံးခုမှာ လပြည့်နွေကဆုန် ရွှေဘုန်းတော်ခြောက်ဖြာ တောက်ခါ မဟာဗောဓိ ညောင်ပင်အောက်မှာ ဘုရားအဖြစ် တရားအစစ်နဲ့ ရွှေပလ္လင်ထက်မှာ စံပယ်ချိန်ခါ ပြောင်မာတင် မေခလာဆင်ရတနာ စီးလို့ မာရ်နတ်မင်းရယ် အားမာန်တင်းကာ ဝသဝတ္တီနတ်ပြည်က လာ၊ စစ်ချီကာ မာန်တွေမူလို့ ဘုရားကို ယှဉ်တု ပလ္လင်လုနေတာ၊ သည်းခံပါ၍ အမျက်မထား... ပါရမီဆယ်ပါးနဲ့... မာရ်နတ်ရန် နင်းနှိမ်ပေရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းပထမပါ။

အာဠဝီပြည်အနီး ညောင်ပင်ကြီးမှာ တစ်ဦးတည်း ဘီလူးကြီး အာဠဝကစံရာ တစ်နေ့သော် မြတ်စွာဘဂဝါ သူ့စံနန်း မြန်းတော်မူလာ၊ ဘီလူးကြီး အာဠဝက ယမ်းပုံမီးကျ တားမရ ဆီးမနိုင်... ဒေါသလှိုင်ကာ၊ ဘုရားကို ပြိုင်ဆိုင် မနိုင်ငြား မာန်စွယ်များလည်း ကျရရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းဒုတိယပါ။

အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်လမ်းမှာ ဆွမ်းခံကြွလာခိုက် သတ်လိုက်မယ်တဲ့ ဒေဝဒတ်မိုက်ရယ် ကြံစည်ပြန်တာ၊ နာဠာဂိရိ အမည်ရှိတဲ့ ဆင်ကို အရက်အမျိုးမျိုးတွေ အတင်းတိုက်လို့သာ၊ ဘုရားမြတ်စွာကိုပင် အနင်းခိုင်းလိုက်တာ၊ သို့ပါသော်လည်း ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းတတိယပါ။

(ရှေးသရောအခါ သာဝတ္ထိပြည်ဌာနမှာ လူဆိုးဗိုလ် အင်္ဂုလိမာလဟာ သန်လျက်ဓားကို သူ့လက်ထဲက မချပါ)၊ ဓားပြကြီး လုပ်၍ ဆိုးယုတ်ပုံမှာ လက်ညှိုးတွေ ခုတ်လို့သာ၊ ထိုအခါ ဘုရားကြွလို့ မမှားရဖို့ တရားပြတော်မူရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းစတုတ္ထပါ။

မြတ်တရားတော်... မွတ်ရှာပါလို့ သိကြားဗြဟ္မာ အများသတ္တဝါ ဗိုလ်ပုံပရိသတ်စုံတဲ့ မင်္ဂလာပွဲမှာ စိဉ္စမာဏ မိန်းမယုတ်မာ သူ့ဗိုက်ကို ပျဉ်ချပ်ဖုံးကာ ဘုရားဂေါတမနဲ့ ကမ္မဋ္ဌန်းဇောကျကာ... ငိုကြွေး... အရှက်မွန် ကိုယ်လေး... လက်ဝန်ရှိတဲ့ပုံ ဟန်ဆောင်လို့ သူစွပ်စွဲလာ၊ အပြစ်တော်မယူဘဲ လူပုံထဲမှာ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းပဉ္စမပါ။

သုံးလူ့ထွတ်ထား... မြတ်ဘုရားဒေသနာ မှတ်သားဖွယ် ဝေနေယျ အနိစ္စရယ်၊ ဒုက္ခရယ်၊ အနတ္တတရားကို မှားတယ်ဆို၍ မကြည်ညိုပြန်တာ၊ အယူလွဲတဲ့ ငရဲမိစ္ဆာ သစ္စကပရိဗိုဇ် မလိမ္မာ၊ ဒေသနာတော် အနန္တကို မြတ်ဘုရားက နောင်မမှားအောင် သစ္စကကို တရားပြရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းဆဋ္ဌမပါ။

ဇမ္ဗူကျွန်း မြင်းမိုရ်ရွှေတောင်ခါးပန်းမှာ ကြမ်းတမ်းတဲ့ နတ်နဂါးပါ မှတ်သား... လောက်စရာ၊ နန္ဒောပနန္ဒ လျှပ်တစ်ပြက် အသက်ရာကုဋေ ချွေခင်း မြွေမင်းရာဇာ မြတ်ဘုရားရဲ့ သားတော် ရှင်မောဂ္ဂလာန် နှိမ်နင်းဖို့ လွှတ်လို့သာ၊ စိတ်နှလုံး သိမ်မွေ့ကာ နဂါးကြီး ခေါင်းငိုက် ဦးစိုက်ပါ၍ ခစားဖို့ ရောက်လို့သာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းသတ္တမပါ။

ဗြဟ္မာ့ဘုံမှာ... တန်ခိုးဂုဏ် မာန်သတင်း နေဆယ်စင်းသို့... ပုံပမာ၊ ဗကဗြဟ္မာကြီးဟာ အမှားကြီးမှားလို့ အယူသည်းနေရှာ၊ ငါသာမြဲတယ် စိတ်မှာစွဲကာ ဘုရားကိုပင် ကန့်လန့်တိုက်၍ မိုက်နေပုံကို၊ ဆိုးနေပုံကို ဘဂဝါဘုရားကသာ ဒေသနာတရားပြကာ အဲဒီတော့ ဗကဗြဟ္မာ မာန်စွယ်ကျလို့ ရှိခိုးရတာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းအဋ္ဌမပါ။

မာဂဓီ (သာစည်)

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကလမ်းညွှန် (တ) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂...