Skip to main content

သြဝါဒဓမ္မကထာများ

ဂဏသမုဋ္ဌာပက

ပထမရွှေကျင်ဆရာတော်ဘုရားကြီး
ရေးသားဆုံးမတော်မူအပ်သော

သြဝါဒဓမ္မကထာများ

▬▬▬▬▬▬▬

ဥုးသောဘိတာလင်္ကာရ (မင်္ဂလာဗိမာန်)
ဥုးဇနိတာလင်္ကာရာဘိဝံသ (စည်ရှင်) တို့ စီစဉ်ရိုက်နှိပ်သည်။

ဩဝါဒဓမ္မကထာ စာရင်း

၁။ ခတ္တိယောဝါဒကထာ
ပဉ္စမသံဂါယနာတင် မင်းတုန်းမင်းထံ ရေးသားပေးပို့ ဆုံးမသည်။
စစ်ကိုင်းကြံခင်းချောင် ပထမဆရာတော်ထံမှ ရွှေဟင်္သာဆရာတော် ကူးယူ ထားသော လက်ရေးစာမူ။

၂။ ရာဇောဝါဒကထာ
သီပေါမင်းထံ ရေးသားပေးပို့ ဆုံးမသည်။
မတ္တရာမြို့စကျင်ရွာမဟာသိမ်ကျောင်းရှိ ပေစာမှ ဥုးမာန်တသိရီ ကူးယူထားသော လက်ရေးစာမူ။

၃။ သူသတ်ဩဝါဒ မေတ္တာစာ
တပည့်ဖြစ်သူ ရွှေဘိုမြင်းမြေ မြင်းတပ်ဗိုလ်မောင်တုတ်ကြီးသို့ ရေးသား ဆုံးမတော်မူသည်။
ဥုးမာနိတသိရီ၏ “ပထမရွှေကျင်ဆရာတော်” စာအုပ်၊ နှာ-၁၅၀၊

၄။ ရွှေခဲပျံမေတ္တာစာ
မတ္တရာမြို့ဝန်နှင့် ကိုးရွာမြို့အုပ် တပည့်ဒါယကာအပေါင်းတို့ကို ဆုံးမတော်မူသည်။
ဥုးမာနိတသိရီ၏ “ပထမရွှေကျင်ဆရာတော်” စာအုပ်၊ နှာ-၂၃၄။

၅။ ကေဝေဋ္ဋောဝါဒ မေတ္တာစာ။ (ပထမ)

၆။ ကေဝေဋ္ဋောဝါဒ မေတ္တာစာ (ဒုတိယ)
မြစ်ရိုးတစ်လျောက် မြစ်အောက်မြစ်ညာနေ လူအများအား ရေးသား ဆုံးမ တော်မူသည်။
၁၂၃၇- ခုနှစ်၊ တန်ခူးလ၊ ရန်ကုန်ရတနာပုံ သတင်းစာတိုက်မှ ရိုက်နှိပ်သည့်စာမူနှင့် ဥုးမာနိတသိရီ၏ “ပထမရွှေကျင်ဆရာတော်”စာအုပ်၊ နာ-၄၁၁။

၇။ တောထွက်ကာနီး တိုက်တွင်းရှိ တပည့်သံဃာတို့အား မှာထား ဆုံးမသည့် ဩဝါဒစာတမ်း။
၁၂၃၆-ခုနှစ်၊ ရေတံခွန်တောင် တောရသို့ တောထွက်ကာနီး ရေးသား ဆုံးမတော်မူသည်။
ဥုးမာနိတသိရီ စုဆောင်းသိမ်းဆည်းထားသော လက်ရေးစာမူမှ

၈။ တောထွက်ကာနီး ဧကရာဇ်မင်းမြတ်အား ပန်ကြားဆုံးမသည့် ဩဝါဒ မေတ္တာ စာတမ်း။
၁၂၃၆-ခုနှစ်၊ ရေတံခွန်တောင်တောရသို့ တောထွက်ကာနီး ရေးသား ဆုံးမ တော်မူသည်။
ဥုးမာန်တသိရီ- ၏ “ပထမရွှေကျင်ဆရာတော်” စာအုပ်၊နှာ - ၃၉၄။

၉။ ဓမ္မပတိသန္ထာရကထာ ဩဝါဒမေတ္တာစာ။ (ပထမ)

၁ဝ။ ဓမ္မပတိသန္ထာရကထာ ဩဝါဒမေတ္တာစာ။ (ဒုတိယ)
၁၂၄၇-ခုနှစ်၊ မယ်တော် ဆင်ဖြူမရှင်မိဖုရားကြီး တောင်းပန်၍ ရေးသား ဆုံးမတော်မူသည်။
ဥုးမာနိတသိရီ-၏ “ပထမရွှေကျင်ဆရာတော်”စာအုပ်၊ နှာ – ၄၅၂။

၁၁။သိဿကောဝါဒစာတမ်း
၁၂၅၂-ခုနှစ်၊ ပဲခူးသို့ကြွရာ တပည့်သံဃာတို့ တောင်းပန်၍ ရေးသား ဆုံးမ တော်မူသည်။
၁၂၅၂- ခုနှစ်၊ ကဆုန်လ၊ ရန်ကုန် ရတနာသီရိ ပုံနှိပ်တိုက်မှ ရိုက်နှိပ်သည့်စာမူ။

၁၂။ ပထမောဝါဒစာတမ်း

၁၃။ ဒုတိယောဝါဒစာတမ်း
၁၂၅၄-ခုနှစ်၊ ရှိမ်းမကားဒါယကာတို့အား ဆုံးမတော်မူသည်။
ဥုးမာနိတသိရီ- ၏ “ပထမရွှေကျင်ဆရာတော်”စာအုပ်၊ နှာ-၄၅၇။

၁၄။ သာသနာတော်လျှောက် ဩဝါဒကထာ စာတမ်း။ (ရှင်နန္ဒမဉ္ဇူလျှောက်)

၁၅။ သာသနာတော်လျှောက် ဩဝါဒကထာ စာတမ်း။ (ရှင်အဂ္ဂဓမ္မလျှောက်)

၁၆။ သာသနာတော်လျှောက် ဩဝါဒကထာစာတမ်း။ (ရှင်ပဏ္ဍိတလျှောက်)
၁၂၅၄ - ခုနှစ်တွင်၊ သာမဏေငယ်ကျောင်းသားငယ်တို့ကျက်မှတ် လျှောက်ထားရန် ရေးသားတော်မူသည်။
ဥုးမာနိတသိရီ-၏ “ပထမရွှေကျင်ဆရာတော်” စာအုပ်၊နှာ-၃၇၄။

၁၇။ သုလဒ္ဓံဝတဘော - ချီ ဩဝါဒ
မလှိုင်မြို့ကျော်ခေါင်ကျောင်း ဆရာတော်ထံမှ ရွှေဟင်္သာဆရာတော် ကူးယူ ထားသော လက်ရေးစာမူ။

၁၈။ ခင်ကြီးထီပေါက်ဆေးဖော်နည်း။

၁၉။ ခင်ကြီးပျက်ဆေးဖော်နည်း။

၂ဝ။ အဖိုးမထိုက် ခင်ကြီးဆေးဖော်နည်း၊

၂၁။ ခင်ကြီးနှိမ်ကျမ်း (၁)

၂၂။ ခင်ကြီးနှိမ်ကျမ်း (၂)

၁၃၃၈-ခုနှစ်၊ တော်သလင်းလတွင် ပုသိမ်ကြီး ဗဟိုမြို့မကျောင်း ဆရာတော် စုဆောင်း ပေးပို့သော လက်ရေးစာမူများ၊

အမှာစကား

ဤ “ဂဏသမုဋ္ဌာပက ပထမရွှေကျင်ဆရာတော်ကြီး၏ သြဝါဒဓမ္မ ကထာများ” ကျမ်းစာကို ရွှေကျင်နိကာယ စာပေထိန်းသိမ်းရေးအဖွဲ့၏ အကျိုးဆောင်များ ဖြစ်ကြသော ဥုးသောဘိတာလင်္ကာရ (မင်္ဂလာဗိမာန်)နှင့် ဥုးဇနိတာလင်္ကာရာဘိဝံသ (စည်ရှင်) တို့စီစဉ်ကြပါသည်။

ဤကျမ်းစာအုပ်၌ ဩဝါဒကထာပေါင်း (၂၂)ပုဒ် ပါဝင်သည်။

မင်းကို ပေးသည့် ဩဝါဒ (၃)ပုဒ်၊
မိဖုရားကြီးကို ကုသိုလ်ဖြစ်စေရန် ဆုံးမသည့် ဩဝါဒ (၂)ပုဒ်၊
တပည့်သံဃာများကို မှာထားဆုံးမသည့် သြဝါဒ (၁၃)ပုဒ်၊
တပည့်ဖြစ်သူ ရွှေဘိုမြင်းမြေ မြင်းတပ်ဗိုလ်ကို ဆုံးမသည့် ဆုံးမစာ (၁)ပုဒ်၊
အင်္ဂလိပ်တက်စ အခြေအနေကို ညွှန်ပြသည့် ရွှေခဲပျံ မေတ္တာစာ (၁)ပုဒ်၊
မြစ်ရိုးတစ်လျှောက် မြစ်အောက် မြစ်ညာ လူအများအတွက် ရေးသား ဆုံးမတော် မူသည့် ကေဝေဋ္ဋောဝါဒမေတ္တာစာ (၂)ပုဒ်-
ဤသို့အမျိုးအစားစုံလင်သည်။

အမျိုးအစား စုံလင်ရုံတွင်မက ထိထိမိမိလည်း ရှိလှသည်။ မင်းကိုပေးသည့် ဩဝါဒ (၃)ပုဒ်တွင် ၁၂၃၆-ခုနှစ် တောထွက်ခါနီး မင်းတုန်းမင်းကြီးကို ဆုံးမရာ၌ –

ကေသရာဇာခြင်္သေ့မင်း၏ အာခေါင်ကြား၌ ကပ်ငြိစူးဝင်သော အရိုးဆူးကို နှုတ်ဝံ့သူ အလွန်ရနိုင်ခဲသကဲ့သို့ ပြည်ကြီးသနင်း မင်းဧကရာဇ်တို့ သတိမှောက်မှားသည့် အရာဌာနများကို ဆီးတား တန့်မြစ်ဝံ့သူ အလွန်ရနိုင်ခဲသည်များကို နှလုံးထား၍ ရာဇဓမ္မတရား မပျက်ပြားရအောင် အခါခပ်သိမ်း သတိဆောင်အပ်သည့်အကြောင်း” ဟု ထိထိမိမိ ဆုံးမတော်မူသည်။

ထို့အတူ ရာဇောဝါဒ နှင့် ခတ္တိယောဝါဒတို့လည်း ထိမိသည်တို့ချည်း ဖြစ်သည်။ တပည့်သံဃာများကို ဆုံးမသည့် အရာ၌လည်း ထိမိလှ၏။ သာသနာလျှောက် ဒုတိယောဝါဒ၌-

“အရှင်မြတ်တို့ ကျမ်းတတ်ခေါင်ထိ ကထိကအကျော် ပုဂ္ဂိုလ်တို့သော်လည်း ကျမ်းတတ်စော်မနံ ဉာဏ်ရှိဟန်မထွက် မာန်မာနဖျက်ဆီး ဒေါသမီးလောင်၍ ဗဟုသုတဂုဏ် တက်တက်ပြောင်ရုံမျှမက ကပိလ ရဟန်းမျိုး ဒေဝဒတ်ရဟန်းဆိုး နည်းတူ သူတော်တကာကို နှိပ်စက် မိမိကျမ်းတတ်သည့် အတွက်နှင့်ပင် အဝီစိမှာ ပက်လက်လန် ရတတ်သည့် အရေးများကိုလည်း ထောက်တွေးဆင်ခြင်တော်မူမိကြ သည်ဖြစ်၍”
ဟု မိန့်ဆို သတိပေးထားသည်။

ရွှေဘိုမြင်းမြေမြင်းတပ်ဗိုလ်ကိုဆုံးမရာ၌လည်း-
“ရွှေကျင်ဆရာတော်၏ တပည့်ကောင်း ပဉ္စင်းလောင်း လူထွက်မို့ ချက်စရာ ငရဲအိုးတစ်လုံး၊ တစ်စောင်က ကယ်ရအုံးမည်ကြောင့် ငရဲမင်းကြီး မုန်းစရာ” ဟု နာအောင် ဆိုမည်တော်မူသည်။

ရွှေခဲပျံမေတ္တာစာ၌ အင်္ဂလိပ်တက်စ အုပ်ချုပ်ရေး အခြေမကျမီ အခြေအနေကို -

“အင်္ဂလိပ်မင်းတို့က ဝန်းကျင်အလုံးစုံကို သိုင်းခြုံ၍ မအုပ်ချုပ်နိုင် သေးသည့်အတွင်း ချင်းတို့ချင်းလုယူ မင်းသားလူတို့ကလည်း ဓားမိုး၊ လူဆိုးဓားပြတို့ကလည်း တိုက်ဖျက်၊ တောကြီး နက်ရာတို့ကို အခါခါပြေး ထွက်၍လည်း မလွတ်၊ ပုဆိုးအဝတ် တက်တက်ဖြူ” - စသည်ဖြင့် အခြေအနေမှန်ကို ရေးသားတော်မူသည်။

ခြုံငုံပြောဆိုရလျှင် ဤကျမ်းစာပါ ဩဝါဒကထာ အားလုံးသည် “မည်မျှလောက် ကောင်းပါသည်” ဟုပြောဆိုသော်လည်း မလုံလောက်၊ “ကိုယ်တိုင် ပိုဒ်စိတ်တိုက် ဖတ်ပြီး အံ့ဩကြပါ၊ ဆရာတော်ကြီးကို ကြည်ညိုကြပါ၊ လိုက်နာ ကျင့်သုံးကြပါ” ဟု မှာကြားတိုက်တွန်းရင်း နိဂုံးချုပ်ပါသည်။

ဘုန်းကြီးဥုးမာနိတသိရီဘိဝံသ

မာတိကာ

(က) ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိအကျဉ်း

၁။ ခတ္တိယောဝါဒ ကထာ
၁။ အာသီသနှင့်ပဏာမ
၂။ အဂတိလေးပါး လိုက်စားအပြစ်၊ မလိုက်စား အကျိုး
၃။ ရင်ဝယ်သားပမာ စောင့်ရှောက်ပါ
၄။ ဓားပြခိုးသား နှိမ်နင်းပယ်ရှား
၅။ ဒုဿီလများ နှိမ်နင်းပယ်ရှား
၆။ တိုင်းရေးပြည်ရာ သတိပြုပါ
၇။ လဇ္ဇီသီလဝါ မြှောက်စားပါ
၈။ လူလိမ်မရှိရန် ခိုင်းစီမံ
၉။ သာသနာတွင် စင်ကြယ်စေ
၁၀။ ဆွမ်းဆန်တော်များ မြဲလှူဒါန်း
၁၁။ ဥပုသ်သီလ စောင့်ထိန်းကြ
၁၂။ ဒေါသထိန်းကာ ပြောလိုက်ပါ
၁၃။ ကျေးကျွန်တော်များ ကျယ်မပွား
၁၄။ ဆွေမျိုးများစွာ ချီးမြှောက်ပါ
၁၅။ မွေးသည့်မယ်တော် မြဲပူဇော်
၁၆။ ရဟန်းသံဃာ ဖူးမြင်ပါ
၁၇။ ရဟန်းသံဃာ ရှိခိုးပါ
၁၈။ တရားဒေသနာ နာယူပါ
၁၉။ ဆုံးမပြောလာ နားထောင်ပါ
၂၀။ ရဟန်းသံဃာ ကိုးကွယ်ပါ
၂၁။ လူမိုက်မလိမ္မာ ရှောင်ဝေးစွာ
၂၂။ ကြားမြင်သုတ ရှိအပ်စွ
၂၃။ ဒုက္ခရောက်ရှာ ထောက်ပံ့ပါ
၂၄။ တိရစ္ဆာန်များ ဘေးမဲ့ပေး
၂၅။ ကောင်းအမိန့်မြန်အောင် ကြိုးစားဆောင်
၂၆။ အကျဉ်းခံကျသူ ဘေးမဲ့ပေး
၂၇။ ရာဇဝတ်သင့်သူအားလုံး ဘေးမဲ့ပေး
၂၈။ သားကြီးငါးကြီး မပေါ်စေရ
၂၉။ ရှစ်ပါးသီလ အထူးစောင့်ကြ
၃ဝ။ ရာဇဓမ္မာ စောင့်ရှောက်ပါ
၃၁။ ဒုစရိုက်နည်းပါး ကုသိုလ်ပွား
၃၂။ တရားစည်ကြီး ရိုက်တီးစေ
၃၃။ ဥပုသ်စောင့်သူအား ကျွေးလှူဒါန်း
၃၄။ လူသူတော်များအား ချီးမြှောက်ပါ
၃၅။ ပြိုပျက်နေလျှင် ပြုပြင်ဆင်
၃၆။ လောင်းကစားပွဲတွေ မရှိစေနှင့်
၃၇။ အကုသိုလ်ပယ်ရှား ကုသိုလ်ပွားနိုင်အောင် ကြိုးစား
၃၈။ နိုင်ငံစည်ပင် သာသနာတွင် ထွန်းလင်းအောင်
၃၉။ ပညာရှိ မှူးမတ်များကို အစဉ်ချီးမြှောက်ပါ

၂။ ရာဇောဝါဒကထာ
၄၀။ ဖြည်းညင်းသက်သာ အခွန်ဆောင်ပါ
၄၁။ အခွန်ကောက်ရာ ပမာဏသိပါ
၄၂။ မိမိဒေါသဖျက်တတ်လှ
၄၃။ ဒေါသစကားသတိထား
၄၄။ ဆိုဆုံးမဝံ့သူ ရခဲသည်
၄၅။ ဆိုဆုံးမသူ ကင်းလျှင်
၄၆။ အကျင့်ကောင်းမှာ တည်စေရာ

ဩဝါဒတဗ္ဗ တပည့်တို့ နှလုံးထားရန်
၄၇။ ကိုယ့်အကျိုးစီးပွား ရှာလိုငြားက
၄၈။ ပညာရှိဩဝါဒ နာယူကြ
၄၉။ ပညာရှိထံမှာ ဆည်းကပ်ပါ
၅ဝ။ ဆရာမကောင်းလျှင် ဝေးစွာကြဉ်
၅၁။ စင်ကြယ်ပါလျှက် မစင်ကြယ်နိုင်
၅၂။ “ကျားကိုကြောက်၍ရှင်ကိုခိုး၊ ရှင်အိုကျားထက်ဆိုး”
၅၃။ ပညာရှိဆရာ ဆည်းကပ်ပါ
၅၄။ နည်းစုံခံယူ နည်းကောင်းကျင့်
၅၅။ ဆရာ့ကျေးဇူး မချေဖျက်ရ
၅၆။ ဆရာ့အပြစ်တွေ သည်းခံလေ
၅၇။ တပည့်မိုက်သည် ဆရာကိုပြိုင်
၅၈။ မာနရှေ့ထား မှားတတ်သည်
၅၉။ သီလရနံ့မှ ဝေးလေရ
၆ဝ။ လူမိုက်မှာ သူတော်တရားမတည်
၆၁။ ဆိုဆုံးမခက် မာရ်ကဖျက်
၆၂။ ပညာရှိများ စိတ်ကောင်းထား

ဩဝါဒက ဆရာတို့ နှလုံးထားရန်
၆၃။ သူတစ်ပါးကို ဆုံးမလိုလျှင်
၆၄။ ဒေါသရှေ့ထား၍ မဆုံးမရာ
၆၅။ ဆဲရေးမည်တွန်၍ မဆုံးမရာ
၆၆။ တပည့်ပျက်ဆုံးမ ဒေါသမဖြစ်ရာ

သူခပ်သိမ်း ပညဝါတို့ သတိထားရန်
၆၇။ ပညာမျက်စိကန်းပုထုဇဉ် သစ္စာလေးပါးကိုမသိ
၆၈။ မာရ်လှည့်ပတ်သည်ကို မသိသောပုထုဇဉ်
၆၉။ ထိတ်လန့်ခြင်း၏အကျိုး

ယောဂီပုဂ္ဂိုလ်တို့ နှလုံးသွင်းရန်
၇၀။ ပျင်းရိသူကို မာရ်နှိပ်စက်
၇၁။ ထိနမိဒ္ဓပယ်ဖျောက် နိဗ္ဗာန်ရောက်
၇၂။ ကမ္မဋ္ဌာန်းပျက်ကြောင်း အပေါက်(၆)ပါး
၇၃။ မိမိစိတ်ကိုသာ ဆုံးမပါ
၇၄။ ဓမ္မလက်နက် အမြဲသွေး

ပညာရှိတို့ နှလုံးသွင်းရန်
၇၅။ ခြင်္သေ့မင်း၊ နေမင်း၊ ဂဠုန်မင်းအသွင် ပညာရှင်
၇၆။ ကမ္မဋ္ဌာန်းမပွားလျှင် အညစ်အကြေးထင်
၇၇။ ကိလေသာကာမ မွတ်သိပ်သော်လည်း
၇၈။ ဝဋ်ဆင်းရဲကြောက်တတ် ဝဋ်မြစ်ဖြတ်
၇၉။ ဘာဝနာကမ္မဋ္ဌာန်း မထုံမွမ်းက
၈ဝ။ အကျိုးလိုလျှင် အကြောင်းရှာ
၈၁။ မဂ်ဖိုလ်ရခြင်း အကြောင်းရင်း
၈၂။ ဝိပဿနာဉာဏ်စဉ် (၁၀) ပါး
၈၃။ ရူပက္ခန္ဓာ ဖြစ်ခြင်း (၅) ပါး
၈၄။ ရူပက္ခန္ဓာပျက်ခြင်း (၅) ပါး
၈၅။ ခန္ဓာငါးပါးတို့၌ ဥဒယဗ္ဗယ (၅ဝ)စီ
၈၆။ ဝီရိယထား ကြိုးစားမှ မဂ်ဖိုလ်ရနိုင်မည်

၃။ သူသတ်ဩဝါဒမေတ္တာစာ
၈၇။ ဩဝါဒမေတ္တာရေ
၈၈။ တပည့်မို့ ဆိုလိုက်မည်
၈၉။ သာမဏေငယ်ကာလ
၉၀။ နဂ္ဂဟနှစ်ပါးနှင့် ချီးမြှောက်
၉၁။ စိတ်လိုရာကိုင်
၉၂။ ဆုံးပါးချက်နာ
၉၃။ ရာထူးနှင့် မြှောက်ပေးလျှင်
၉၄။ မင်းမှုရပ် အခါခါ
၉၅။ အနိစ္စ ဒုက္ခ အနတ္တ
၉၆။ တစ်ညဉ့် ကုန်
၉၇။ အရုဏ်တက် မိုးသောက်ချိန်
၉၈။ နေ့လည်ချိန်
၉၉။ ညနေချမ်းချိန်
၁၀၀။ ဆုံးမစကား
၁၀၁။ ကိုယ်ကျိုးကြီးနည်းစရာ
၁၀၂။ လူသတ်အလုပ် မြိန်လို့လား
၁၀၃။ နင်မသိ
၁၀၄။ လူမြင်တိုင်းက နှလုံးနှင့်
၁၀၅။ ဟော့ရမ်းပျော်မြူး
၁ဝ၆။ ဆရာတော် နားမချမ်းသာ
၁၀၇။ လူသတ်မှု ဝန်လေးကြ
၁၀၈။ မှားလိုက်လေ ဗလချာ
၁၀၉။ မှားရသည့်တွက်တာ
၁၁၀။ မောင်မင်းပြုသည့် သာသနာ
၁၁၁။ အကုန်ဟောလိုက်မည်
၁၁၂။ မေတ္တာရေ ပေး
၁၁၃။ နောင် မပူပင်ရအောင်

၄။ ရွှေခဲပျံမေတ္တာစာ
၁၁၄။ မိုးခါးရေ ရှုးသောက်ကြ
၁၁၅။ အင်္ဂလိပ်ခေတ် ဘေးဒုက္ခ
၁၁၆။ ထွက်၍လည်း မပြေးနိုင်
၁၁၇။ ကြွက်ကြွက်ဆူ သောသောညံ
၁၁၈။ မယုံတစ်ချက် ယုံတစ်ချက်
၁၁၉။ သီတာရေချို လောင်းလိုက်သည်

၅။ ကေဝေဋ္ဋောဝါဒ မေတ္တာစာ
၁၂၀။ အာသီသနှင့် အဘိပတ္တနာ
၁၂၁။ မေတ္တာဖြင့် ရန်ကို အောင်မြင်ပါစေ
၁၂၂။ အန္တရာယ် ကင်းပါစေ
၁၂၃။ နာခံမှတ်သား အကျွတ်တရား ရကြပါစေ
၁၂၄။ ဩဝါဒမေတ္တာစာ သီတာရေအေး
၁၂၅။ လူအပေါင်းကို ဖုံးလွှမ်း နှိပ်စက် စူးဝင်
၁၂၆။ ဒုက္ခရောက်လာ သတ္တဝါများ
၁၂၇။ အာဇီဝ သက်မွေးမှု
၁၂၈။ ကြင်နာသနားတော်မူ
၁၂၉။ ဒုက္ခကြောက်လျှင် မကောင်းမှုမပြုနှင့်
၁၃၀။ မကောင်းမှု မပြုမှားမိကြလင့်
၁၃၁။ ဝက်သတ်သမားဒုက္ခ
၁၃၂။ နွားသတ်သမားဒုက္ခ
၁၃၃။ ငှက်သတ်သမားဒုက္ခ
၁၃၄။ အာဏာပါးကွက်သား လူသတ်သမားဒုက္ခ
၁၃၅။ သံချွန်တပ်၍ နွားကိုရိုက်သည့် လှည်းသမားဒုက္ခ
၁၃၆။ ကုန်းချောသည့် လူဒုက္ခ
၁၃၇။ ကုန်းချောသည့် ရဟန်းဒုက္ခ
၁၃၈။ ဆိတ်သတ်၍ ဧည့်သည်ကျွေးမိသူဒုက္ခ
၁၃၉။ တံငါသည် ဇနီးမောင်နှံနှစ်ဦးဒုက္ခ
၁၄၀။ မြေခိုးသည့် ယာသမားဒုက္ခ
၁၄၁။ မပန်မကြား သံဃိကဆန် ချက်စားမိသည့် ရဟန်းဒုက္ခ
၁၄၂။ ကာမကျင့်မှား သူဌေးသားလေးယောက်ဒုက္ခ
၁၄၃။ ခွေးနှင့်မှားခဲ့သည့် မလ္လိကာမိဖုရားဒုက္ခ
၁၄၄။ မုသားပြောသည့် သီတင်းသည်မ ငါးရာဒုက္ခ
၁၄၅။ သုရာသောက်မိသည့် ရဟန်းဒုက္ခ
၁၄၆။ လာဘ်စားသည့် တရားသူကြီးဒုက္ခ
၁၄၇။ ကောက်ကျစ်စဉ်းလဲသည့် တရားသူကြီးဒုက္ခ
၁၄၈။ ဘေးဒုက္ခကြောက်လျှင်
၁၄၉။ လွတ်ကင်းအောင်ရှောင်ကြဉ်

၆။ ကေဝေဋ္ဋောဝါဒ ဒုတိယမေတ္တာစာ
၁၅၀။ မလိမ္မာစဉ်ပြုမိ အကုသိုလ် အဟောသိကံ ဖြစ်နိုင်
၁၅၁။ ထောင်မှူးကြီး နတ်ပြည်ရောက်
၁၅၂။ မကောင်းမှု ကြီးသော်လည်း အသေလှစရာရှိ
၁၅၃။ မေတ္တာဖြင့်အထပ်ထပ် ဆုံးမ
၁၅၄။ ဒါနသီလကုသိုလ် ရှိပါသော်လည်း
၁၅၅။ မီးပုံဆင်းသွား ရေများ မကယ်နိုင်
၁၅၆။ ခိုးမှားသတ်သူ အထက်လူမကယ်နိုင်
၁၅၇။ ပြုဖူးသည့်ကုသိုလ်က မကယ်နိုင်
၁၅၈။ သီလစောင့်ဖူးလျှက် ပြိတ္တာဖြစ်
၁၅၉။ လှူဒါန်းပါလျှက် ငရဲရောက်
၁၆၀။ သီလစောင့်လျှက် တိရစ္ဆာန်ဖြစ်
၁၆၁။ သီလစောင့်လျှက် ပြိတ္တာဖြစ်
၁၆၂။ ဒါနသီလရှိသော်လည်း သီလဖောက်ပြန်လျှင်
၁၆၃။ သီလပျက်လျှင် ယခုဘဝ၌ပင် ဒုက္ခရောက်
၁၆၄။ သီလပျက်သူ ဒွန်းစဏ္ဍားစာရင်းဝင်
၁၆၅။ အယုတ်တရား ငါးပါးရှိလျှင် ဒွန်းစဏ္ဍား
၁၆၆။ သူ့အသက် သတ်လေ့ရှိ
၁၆၇။ သူ့ဥစ္စာ ခိုးယူလေ့ရှိ
၁၆၈။ သူ့သားမယား ပြစ်မှားလေ့ရှိ
၁၆၉။ မုသားစကား ပြောကြားလေ့ရှိ
၁၇ဝ။ အရက်သေစာ သောက်စားလေ့ရှိ
၁၇၁။ အယုတ်တရား ငါးပါးရှိလျှင် ဒွန်းစဏ္ဍား
၁၇၂။ ပညာဉာဏ်ထင်ကိုယ်ဆင်ခြင်
၁၇၃။ ဘယ်သူမှ မကယ်နိုင်
၁၇၄။ နောင်တ မရကြအောင်
၁၇၅။ ကိုယ်ကျိုးကြီး မနည်းရအောင်
၁၇၆။ ငရဲမင်းကြီးလူ မဖြစ်ရအောင်
၁၇၇။ တစ်မှားတည်း မမှားရအောင်
၁၇၈။ ယမမင်းလက်မှ ရွေးနှုတ်ကြ
၁၇၉။ ကျင့်ယုတ်ပယ်ဖျောက် သီလစောင့်
၁၈၀။ ရွှေအိုးပမာရတနာ သြဝါဒ လိုက်နာကြ
၁၈၁။ သီလပဋိပတ် အကျင့်မြတ်ဖြင့် အမြတ်ဆရာ ပူဇော်ပါ

၇။ ဩဝါဒစာတမ်း
၁၈၂။ ဖလသမာပတ် ခံစားနေစဉ်
၁၈၃။ တစ်ပါးတည်းနေ ဘုရားမချီးမွမ်း
၁၈၄။ တပည့်မွေးစောင့်ရှောက် ဘုရားဝမ်းမြောက်
၁၈၅။ ဆရာသမားကိုယ်စား စောင့်ရှောက်
၁၈၆။ ညှိနှိုင်းတိုင်ပင် စီရင်ဆုံးမ
၁၈၇။ ကွဲပြားမရှိရ ညီညွတ်ကြ
၁၈၈။ အထက်ဆရာတို့ကို မကဲ့ရဲ့
၁၈၉။ မိမိအတွက် အဓိကရုဏ်း မဖြစ်အောင်
၁၉၀။ ပရိယတ်ပဋိပတ် အားထုတ်
၁၉၁။ စာပေကျမ်းဂန် ကြိုးစားပို့ချ
၁၉၂။ ပြန်လာစရာရှိသည်
၁၉၃။ ဆရာ့ထံ မလာကြနှင့်
၁၉၄။ ပလိဗောဓ ကင်းကင်း နေလိုခြင်း

၈။ ဩဝါဒမေတ္တာစာတမ်း
၁၉၅။ တောအရပ်၌သာ နေထိုင်လိုသည်
၁၉၆။ စိတ္တသုခ ရလိုသည်
၁၉၇။ ပညာရှိ သတိဖြစ်ခဲ
၁၉၈။ နှိပ်သင့် နှိပ်၊ ချီးမြှောက်သင့် ချီးမြှောက်
၁၉၉။ မင်းကျင့်တရား မပျက်ပြားအောင်
၂ဝဝ။ သူတပါးအပြစ်မကြည့်၊ မိမိအပြစ်ကိုသာကြည့်
၂၀၁။ အကုသိုလ်များ စွန့်ပယ်ရှား
၂၀၂။ ကရုဏာသနား ဗြဟ္မစိုရ်ပွား
၂၀၃။ အကုသိုလ်ကံကြောင့် အနိဋ္ဌာရုံနှင့် တွေ့
၂၀၄။ အားလုံး အနိစ္စ
၂၀၅။ သင်္ခါရုပေက္ခာဉာဏ်ဖြစ်အောင် သတိဆောင်

၉။ ဓမ္မပတိသန္ထာရကထာ ဩဝါဒမေတ္တာစာ
၂၀၆။ လှူဖွယ်လှူစေ၍ တရားနာယူစေ
၂ဝ၇။ ဆရာတော်မိန့်ကြား သြဝါဒစကား
၂၀၈။ “ဗုဒ္ဓပဏာမ (၃)ဂါထာ”
၂၀၉။ မြတ်စွာဘုရား၏ သမာဓိဂုဏ်
၂၁၀။ မြတ်စွာဘုရား၏ ခန္တီဂုဏ်
၂၁၁။ မြတ်စွာဘုရား၏ ပညာဂုဏ်
၂၁၂။ ဆုတောင်းအတွက် ကျက်မှတ်ရန်

၁၀။ ဓမ္မပတိသန္ထာရကထာ ဩဝါဒမေတ္တာစာ(ဒုတိယ)
၂၁၃။ တရားရေအေး အမြိုက်ဆေး
၂၁၄။ အကုသိုလ်ပယ်၊ မမေ့လွယ်နှင့်
၂၁၅။ နှလုံးအညစ်အကြေး ပယ်ရှားပေး
၂၁၆။ အသုဘကမ္မဋ္ဌာန်း လွန်ကြိုးပမ်း
၂၁၇။ လူသေကောင်ကို ခေါင်းလှောင်၍ ထားသည်နှင့် မကွဲ
၂၁၈။ မရဏဿတိကမ္မဋ္ဌာန်း ပွားများပါ
၂၁၉။ သေမင်းနိုင်ငံ လိုက်ရမည့်အရေး
၂၂ဝ။ သေမင်းအတင်း ယူလာမည့်အရေး
၂၂၁။ သေမင်းနိုင်ငံ လိုက်ရတော့မည့်အရေး
၂၂၂။ သေမင်းနိုင်ငံ ရောက်မည့်အရေး
၂၂၃။ အထူးသတိဆောင်
၂၂၄။ သေရာညောင်စောင်း ထင်မြင်နိုင်အောင်

၁၁။ သိဿကောဝါဒစာတမ်း
၂၂၅။ သာသနာကြီးပွားရေး ဩဝါဒပေး

လာဘသက္ကာရ အာဒီနဝကထာ
၂၂၆။ လာဘသက္ကာရ
၂၂၇။ အပါယ်ဘေးကြီး မထိကြရအောင်
၂၂၈။ အပ္ပမာဒတရား အားထုတ်ကြိုးစား

အက္ခန္တိယ အာဒီနဝကထာ
၂၂၉။ သည်းမခံနိုင်ခြင်း အပြစ်ငါးပါး

ခန္တီအာနိသံသကထာ
၂၃၀။ ရန်အောင်လက်နက်
၂၃၁။ ဘုရားအဆုံးအမ မလိုက်နာသူ
၂၃၂။ အမြဲသည်းခံနိုင်ကြအောင်
၂၃၃။ ကိုယ့်ပမာဏမသိဘ ဲမိုက်မဲသူနှင့် ဘက်မပြိုင်လို
၂၃၄။ ဆဲဆိုသူများအား ဘုရားသည်းခံ
၂၃၅။ ကောဓတုတ် မဆောင်မိအောင်
၂၃၆။ မြင်သော်လည်း မမြင်သလို
၂၃၇။ သံသရာဘေးကိုကြောက်လျှင်
၂၃၈။ မျက်ကွယ်တစောင်း မျက်မှောက်မကဲ့ရဲ့
၂၃၉။ သူ့အပြစ်သာမြင်၍ မကဲ့ရဲ့ရ
၂၄ဝ။ သူတစ်ပါးကိုမကြည့် မိမိကိုသာကြည့်
၂၄၁။ သိလျက်ဒေါသမလှန် သည်းခံနေလျှင်
၂၄၂။ ရန်မလိုမှ ရန်ပြိုသည်၊ ရန်လိုက ရန်ပိုမည်
၂၄၃။ ညီညွတ်သင့်စွာနေထိုင်ပါ
၂၄၄။ ငြင်းခုံခြင်းတို့၏ အကြောင်းရင်း
၂၄၅။ သာမဂ္ဂီသာ ဖြစ်နိုင်
၂၄၆။ သံဃာညီညွတ်မှသာ
၂၄၇။ လမ်းနှစ်သွယ်
၂၄၈။ ဆိတ်ငြိမ်ရာကြွ အထက်လမ်းမကို လိုက်နိုင်အောင်
၂၄၉။ ကိလေသာ ကြားချပ်စရာ မရှိအောင်
၂၅ဝ။ ဝမ်းမြောက်ဝမ်းသာ
၂၅၁။ စာရင်းပေးသွင်းစေချင်

အပ္ပမာဒ ကထာ
၂၅၂။ သမ္မာဆန္ဒ ဖြစ်စေရာသည်
၂၅၃။ ရဟန်းအကျင့် ကောင်းစွာကျင့်
၂၅၄။ ကိုယ့်တရားကိုယ်ကျင့်
၂၅၅။ သဒ္ဓါစသည်လျော့လျှင်
၂၅၆။ မကောင်းမှုနှင့် ကောင်းမှု ထူးခြားချက်
၂၅၇။ သဒ္ဓါကိုအရင်းပြု
၂၅၈။ သမဏ=ရဟန်းဟူသည်
၂၅၉။ သမဏဘွဲ့ရ ဧကန်ဖြစ်ကြရအောင်
၂၆၀။ အာသဝတရားတိုးပွား၊ ချုပ်ငြိမ်းသည့်ရဟန်း
၂၆၁။ ရဟန်းတရား ကြိုးစားရွက်ဆောင်
၂၆၂။ ကရုဏာသခင် ဘုရားရှင်
၂၆၃။ ပရိနိဗ္ဗာန် ဝင်စံတော့မည်
၂၆၄။ ကျွတ်ထိုက်လိုသော် အပါခေါ်
၂၆၅။ မိမိစိတ်ကို စောင့်ရှောက်ပါ
၂၆၆။ နောက်ထပ် မိန့်တော်မူ
၂၆၇။ အပ္ပမာဒတရား လက်ကိုင်ထား
၂၆၈။ ဘုရားရှင်နောက် လိုက်ကြရအောင်
၂၆၉။ သစ္စာလေးပါး

၁၂။ ပထမောဝါဒ စာတမ်း
၂၇ဝ။ ဆုတောင်း
၂၇၁။ သာသနာ ထွန်းလင်းအောင် ရွက်ဆောင်
၂၇၂။ အလဇ္ဇီပါပဓမ္မများ မှတ်သား
၂၇၃။ အလဇ္ဇီများကို ကိုးကွယ်မိသည့်အခါ
၂၇၄။ လွန်စွာသတိထား
၂၇၅။ ဆိုးကောင်းယုတ်မြတ် မသိတတ်၍သာ
၂၇၆။ ကိုးကွယ်ကျိုး နပ်အောင်
၂၇၇။ အလဇ္ဇီများကို ကိုးကွယ်မိ၍
၂၇၈။ သာသနာ ထွန်းလင်းစရာ ရှိသည်
၂၇၉။ အကျိုးထူး ဖြစ်ပွားအောင်
၂၈ဝ။ အလဇ္ဇီများ အားရှိနေ
၂၈၁။ အလဇ္ဇီကိုချီးမြှောက် လဇ္ဇီကိုနှိပ်နင်းနေ
၂၈၂။ ရှိမ်းမကားသာသနာ ထွန်းလင်းစေချင်
၂၈၃။ ဩဝါဒစာ နာယူပါ

၁၃။ ဒုတိယောဝါဒ စာတမ်း
၂၈၄။ ဆိုးကောင်းယုတ်မြတ်
၂၈၅။ ကုလဒူသနအမှုများ
၂၈၆။ ကုလဒူသနကြောင့် အာပတ်များသင့်
၂၈၇။ အကြောင်းမရှိဘဲ ဖိနပ်မစီးကောင်း
၂၈၈။ မအပ်သောသင်္ကန်း မဝတ်ရုံကောင်း
၂၈၉။ တိုက်ရိုက် မတောင်းကောင်း
၂၉၀။ အလဇ္ဇီချည်းသာ
၂၉၁။ မဟာအလဇ္ဇီ
၂၉၂။ မှားခြင်းကြီး မှားနေကြ
၂၉၃။ အများနည်းတူ မိုးခါးရေ မသောက်နှင့်
၂၉၄။ ဒါနပြုလျှင်သတိပြု
၂၉၅။ သီလဆောက်တည်လျှင်သတိပြု
၂၉၆။ နိဗ္ဗာန်ရည်မှန်း ပြုပါ

ကုလဒူသန ဝိနိစ္ဆယအကျဉ်း
၂၉၇။ လာဘ်ကိုငဲ့+မငဲ့ ပေးသမျှ ကုလဒူသန
၂၉၈။ လာဘ်ကိုမတောင့်တမူ၍ ပေးသော်လည်း
၂၉၉။ လာဘ်ကိုငဲ့+မငဲ့ ထူး+မထူး
၃၀၀။ ကုလဒူသန အနေသနပစ္စည်း အပ်စပ်အောင်ပြု၍မရ
၃၀၁။ လူတို့အား အနေပေက္ခစွန့်လျှင်
၃၀၂။ ပဗ္ဗာဇနိယကံ ပြုရမည်တော့မည်လော
၃ဝ၃။ ဒကာတို့က ပစ္စည်းအသစ်လှူလျှင်

၁၄။ သာသနာလျှောက် ပထမောဝါဒ ကထာစာတမ်း
၃ဝ၄။ သာသနာနှင့် ကောဇာ
၃ဝ၅။ စဉ်းစားဆင်ခြင်
၃၁၆။ အပ္ပမာဒတရား လက်ကိုင်ထား
၃ဝ၇။ ပါတိမောက္ခသံဝရသီလ
၃၀၈။ အလဇ္ဇီပါပဓမ္မများ
၃၀၉။ မာယာသာဌေယျ အယုတ်တရား
၃၁၀။ ဂိဇ္ဈကုဋ်တောင်မှ ပြိတ္တာကြီးများ
၃၁၁။ ပါတိမောက္ခသံဝရသီလ လုံခြုံအောင် သတိဆောင်
၃၁၂။ ဣန္ဒြိယသံဝရသီလ ပြည့်စုံအောင်
၃၁၃။ လှည့်ပတ်မသွား စကားမများ
၃၁၄။ ကိုယ်တွင်းရန်များ အယုတ်တရား
၃၁၅။ ဆိုဆုံးမလွယ်
၃၁၆။ ရိုသေလေးစား ဂါရဝထား
၃၁၇။ ကျေးဇူးသိတတ် ကျေးဇူးဆပ်
၃၁၈။ ငြင်းခုံရှောင် ညီညွတ်အောင်
၃၁၉။ ရန်တိုက်စကား မပြောကြား
၃၂၀။ ယုံမှားရှိလာ မေးမြန်းပါ
၃၂၁။ နားမခံသာဖွယ် မချုပ်ချယ်
၃၂၂။ ခန္တီတရား လက်ကိုင်ထား
၃၂၃။ ခိုက်ရန်ကွဲပြား မပြစ်မှား
၃၂၄။ သူ့အပြစ်မကြည့် ကိုယ့်အပြစ်သာကြည့်
၃၂၅။ မဂ်ဖိုလ်ကိစ္စ ပြီးလွယ်ကြအောင်
၃၂၆။ သီဟိုဠ်ရုံနည်း ရုံကြရမည့်အခါများ
၃၂၇။ သီဟိုဠ်တစ်ဖက်ရုံနည်း
၃၂၈။ ပရိမဏ္ဍလသိက္ခာပုဒ် ပြည့်စုံ
၃၂၉။ ရိုသေဝပ်တွား လျှောက်ထား
၃၃ဝ။ ရှိခိုးတောင်းပန်

၁၅။ သာသနာလျှောက် ဒုတိယောဝါဒကထာစာတမ်း
၃၃၁။ သာသနာနှင့် ကောဇာ
၃၃၂။ မျှော်တွေးစဉ်းစား နှလုံးထား
၃၃၃။ စိတ်မချရသည့် ခြင်းရာ
၃၃၄။ လောင်မီးတွင်းသို့ မဆင်းမိအောင်
၃၃၅။ လာဘသက္ကာရ
၃၃၆။ မိမိကိုယ်ကို ချစ်သည်ဆိုလျှင်
၃၃၇။ ကာမလက်နက် မထိမိအောင်
၃၃၈။ ပါပိစ္ဆာကုလဒူသနတွေ လုံးထွေးစေ
၃၃၉။ လဇ္ဇီပေသလ ဖြစ်အောင်
၃၄၀။ ထိနမိဒ္ဓကောသဇ္ဇ တပ်ဖျားတပ်ရင်း
၃၄၁။ ပညာဂုဏ်ရောင် ထွန်းလင်းပြောင်
၃၄၂။ ကောဓဥပနာဟ လက်နက်ဖြင့်
၃၄၃။ ထောက်တွေးဆင်ခြင်
၃၄၄။ မာရ်မင်းလက်နက် မထိအောင်
၃၄၅။ ပညာရှိဂုဏ်ရောင် ထွန်းပြောင်ဖွယ်
၃၄၆။ မာနကို ဖြိုဖျက်
၃၄၇။ သံဃသာမဂ္ဂီဖြစ်အောင်
၃၄၈။ ဒေါဝစဿတာ အယုတ်တရား ပယ်ရှား
၃၄၉။ ပမာဒ လာဘ သက္ကာရ ရန်သူ
၃၅ဝ။ လာဘသက္ကာရ နိုင်နင်းအောင်
၃၅၁။ အဝိဇ္ဇာတပ်မကို အားပေးလျက်
၃၅၂။ သတိပဋ္ဌာန် ဘွဲ့ဖြူလက်နက်
၃၅၃။ ပတ္တမြားကျော်လွှား မြက်ကိုစား
၃၅၄။ သတိလွတ်သွား သင်္ဘောသား
၃၅၅။ ဘာဝနာတရား လက်လွတ်ငြား
၃၅၆။ နိဗ္ဗာန်သောင်ကမ်း ခတ်နိုင်အောင်
၃၅၇။ သင်္ကန်းနှင့် အရိုးထုတ်
၃၅၈။ လဇ္ဇီပေသလဂုဏ် ပြည့်စုံအောင်
၃၅၉။ ပရိယတ္တိဝိသာရဒဂုဏ် ပြည့်စုံအောင်
၃၆၀။ မာန်မာန မတက်မိအောင်
၃၆၁။ သံဃဖာသုဖြစ်အောင်
၃၆၂။ တောအရပ်၌ ပျော်နိုင်အောင်
၃၆၃။ တရားများနှင့် ပြည့်စုံအောင်
၃၆၄။ အရိယာဖြစ်အောင်
၃၆၅။ သုရက္ခိတဖြစ်နိုင်
၃၆၆။ ပဗ္ဗဇ္ဇိတဒုလ္လဘ ရကျိုးနပ်အောင်
၃၆၇။ မဝံ့မစား လျှောက်ကြား
၃၆၈။ မိုက်မှားနေသည်ကို မြင်တော်မူက
၃၆၉။ လိုက်နာ ကျင့်ဆောင်ပါမည်

၁၆။ သာသနာလျှောက် တတိယောဝါဒကထာစာတမ်း
၃၇ဝ။ သာသနာနှင့် ကောဇာ
၃၇၁။ သံဝေဂတရား ပွားများ
၃၇၂။ အာဂမပဋိညာဏ်
၃၇၃။ မရဏခံတွင်း သက်ဆင်းကြရခြင်း၌
၃၇၄။ သဒ္ဓါပဗ္ဗဇ္ဇိတပင် မှန်သော်လည်း
၃၇၅။ သီလပျက်လင့် မပေါင်းနှင့်
၃၇၆။ လဇ္ဇီသီလဝန္တတို့နှင့်သာ ပေါင်း
၃၇၇။ မိမိကိုယ်ကို ချစ်သည်ဆို
၃၇၈။ သာသနာဝယ် ပျော်မွေ့အောင်
၃၇၉။ လဇ္ဇီပေသလ သိက္ခာကာမ ဖြစ်အောင်
၃၈၀။ ပရိယတ္တိဝိသာရဒ ဖြစ်အောင်
၃၈၁။ ဗဟုဿုတဂုဏ် မပျက်စီးအောင်
၃၈၂။ ရသင့်ရထိုက်သည့်ဂုဏ် ပြည့်စုံအောင်
၃၈၃။ ဝိဝါဒဘေး သံဃဘေဒဘေး မဖြစ်စေရအောင်
၃၈၄။ တောကျောင်း မှီနိုင်အောင်
၃၈၅။ ပရိယတ် ပဋိပတ်တို့နှင့် ပြည့်စုံအောင်
၃၈၆။ ဧကစာရ ဘာဝနာဘိရတ ဖြစ်အောင်
၃၈၇။ သောတာပန်ဖြစ်အောင်
၃၈၈။ သကဒါဂါမ်ဖြစ်အောင်
၃၈၉။ အနာဂါမ်ဖြစ်အောင်
၃၉ဝ။ ရဟန္တာဖြစ်အောင်
၃၉၁။ ကောင်းစွာ စောင့်ရှောက်ခြင်း ဖြစ်အောင်
၃၉၂။ သူတော်ကောင်းများထံ မှီဝဲဆည်းကပ်
၃၉၃။ တရားတော်ကို နာယူခြင်း
၃၉၄။ ဆရာ့စကား လိုက်နာခြင်း
၃၉၅။ ဆုံးမသည့်အတိုင်းကျင့်၊ တရားအားထုတ်
၃၉၆။ အရုဏ်လေးချက်တက် မဂ်ဖိုလ်နိဗ္ဗာန် နေထွက်
၃၉၇။ ဓမ္မာနုဓမ္မပဋိပတ္တိ
၃၉၈။ ရှိခိုးလျှောက်ကြား
၃၉၉။ ဒုနိဝတ္ထဒုပါရုတ ဝတ်ရုံခြင်းများ
၄၀၀။ လေးတောင်ထက်ပို၍ ကြည့်မိခြင်း
၄၀၁။ သာမဏေတို့ ကျင့်ရမည့် ကျင့်ဝတ်များ
၄ဝ၂။ အသနားတော်မြတ်ခံပါသည်

၁၇။ သုလဒ္ဓံ ဝတ ချိဩဝါဒ
၄၀၃။ ဝမ်းမြောက်ဖွယ်
၄၀၄။ နိဗ္ဗာန်ရောက်မည်အမှန်
၄၀၅။ သဒ္ဓါကယုတ် တရားဆုတ်
၄ဝ၆။ ခင်မင်စကား နှုတ်ချိုပျား
၄ဝ၇။ သူငယ်ချော့
၄၀၈။ သစ်သီးပေး ပန်းပေး
၄၀၉။ မလျောက်မပတ် မအပ်
၄၁၀။ ပျက်စီးရာတွင် လူတို့သွင်
၄၁၁။ တေးချင်း လွမ်းချင်း အဖျင်းဖျင်း
၄၁၂။ ပွဲသဘင်ခံ ကြည့်ရှုပြန်
၄၁၃။ မကောင်းကျင့်ခြင်း တရားကင်း
၄၁၄။ နှုတ်ဖြင့်ရိုသေ
၄၁၅။ မဆိုထိုက်ဘဲ ပြောဆိုလိုက်
၄၁၆။ ပတ္တမြားပြည်တန် ပေါင်နှံရောင်းစားသို့
၄၁၇။ ဂရုကင်းကွာ ဝမ်းတစ်ထွာကြောင့်
၄၁၈။ ကိုယ့်သိက္ခာကို လုံစွာစောင့်ရှောက်

၁၈။ ခင်ကြီးထီပေါက်ဆေးဖော်နည်း

၄၁၉။ ခင်ကြီး ထီပေါက် ဆေးဖော်နည်း

၁၉။ ခင်ကြီးပျက်ဆေးဖော်နည်း
၄၂ဝ။ ခင်ကြီးပျက် ဆေးဖော်နည်း

၂၀။ အဖိုးမထိုက် ခင်ကြီးဆေးဖော်နည်း
၄၂၁။ အဖိုးမထိုက် ခင်ကြီး ဆေးဖော်နည်း

၂၁။ ခင်ကြိးနှိမ်ကျမ်း(၁)
၄၂၂။ ဩဝါဒစကား
၄၂၃။ သက္ကာရရန် ပယ်လှန်နိုင်မှ ဦးပြည်းကျိုးနပ်မည်
၄၂၄။ ခင်ကြီးပီပီ မနေ
၄၂၅။ ဆွမ်းစားချိန်
၄၂၆။ နေ့လည်ချိန်
၄၂၇။ ဘုန်းကြီးကောင်းယောင် ဟန်ပန်သွေး
၄၂၈။ နောက်ဘဝကြည့်လျှင်
၄၂၉။ မျက်နှာရှိရာ ချိုမေတ္တာ
၄၃၀။ မင်းခိုင်းလေလေ စိတ်ပျော်မြူး
၄၃၁။ စားသောက်ကာ ကာလမျော
၄၃၂။ ဗြောသံကြားရာ နာနာချဉ်း
၄၃၃။ ဆွမ်းခံချိန်

၂၂။ ခင်ကြီးနှိမ်ကျမ်း(၂)
၄၃၄။ ပဗ္ဗဇ္ဇဒုလ္လဘ မရကောင်းရပါလျှက်
၄၃၅။ အချို့ငါတကောကော
၄၃၆။ လူကုန်သည်နှင့် မခြားနား
၄၃၇။ ကျွေးမွေးပေးကမ်း ပရိယတ်ကျွမ်းသကဲ့
၄၃၈။ ဒေါသသာတင် အပြစ်မမြင်
၄၃၉။ သဘောဆိုးရဟန်း
၄၄ဝ။ ဩဝါဒပေးလိုက်လျှင်
၄၄၁။ နေချင်တိုင်း နေရသတဲ့
၄၄၂။ အတက်ခက် အဆုတ်ခက်
၄၄၃။ အောက်နယ်ရပ်ကျေး တိမ်းရှောင်ပြေး
၄၄၄။ ရဟန်းကောင်းများ အားမကျ
၄၄၅။ သိက္ခာများပျက်လေသလား
၄၄၆။ တပည့်တို့အတွက် ဆရာအလွန်ခက်
၄၄၇။ ထွက်ပြေးအောင် မလုပ်
၄၄၈။ ညံ့ဖျင်းသောကြောင့် ပြေး
၄၄၉။ သိုက်စာတမ်း
၄၅၀။ သြဒိဿမေတ္တာ

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိအကျဉ်း

ရွှေကျင်ဆရာတော်ကြီးသည် သက္ကရာဇ် ၁၁၈၄-ခုနှစ်၊ ဝါဆိုလ ဝါဆိုလပြည့်ကျော် (၁၂) ရက် ညဉ့် သုံးချက်တီးကျော် (၁၃) ရက်အင်္ဂါနေ့သို့ အဝင်တွင် ဖွားမြင်တော်မူသည်။

၁၁၉၁-ခုနှစ်၊ အသက် (၇) နှစ်အရွယ်တွင် ရွှေကျင်ရွာ မဟာဗောဓိကျောင်း ဆရာတော် အရှင်ဝရဗုဒ္ဓိထံရောက်၍ ပညာစတင် သင်ကြားသည်။

၁၁၉၈-ခုနှစ်၊ အသက် (၁၄)နှစ် အရွယ်တွင် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဆရာတော် အရှင်ဝရဗုဒ္ဓိကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ အဖြစ်သို့ ရောက်သည်။ ဘွဲ့တော်မှာ “ရှင်ဇာဂရ” ဖြစ်၏။

၁၁၉၉-ခုနှစ်၊ သက်တော် (၁၅)နှစ် အရွယ်တွင် ရွှေဘိုမြို့ဝင်္ကဘာ ဆရာတော်ထံသို့ ရောက်၍ အထက်တန်း ကျမ်းစာများကို သင်ယူသည်။

၁၂ဝ၂-ခုနှစ်၊ အသက် (၁၈)နှစ်အရွယ်တွင် ဂဏဝိမုတ် သီးလုံးဆရာတော်ဘုရားကြီး ၏ခြေတော်ရင်းသို့ရောက်၍ ပရိယတ္တိဓမ္မနှင့် လက်တွေ့ ကျင့်သုံးမှု ပဋိပတ္တိဆိုင်ရာ တို့ကို နည်းခံသင်ယူသည်။

၁၂ဝ၄-ခုနှစ်၊ အသက်(၂ဝ)ပြည့်သောအခါ ရွှေကျင်ရွာ ဆုတောင်းပြည့်ဝင်း အတွင်းရှိ ဗဒ္ဓသိမ်၌ ဆရာတော် အရှင်ဝရဗုဒ္ဓိကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်သည်။ ထိုနှစ်မှာပင် မန်ကျည်းကန် ဆရာတော်ထံသို့ ကြွရောက်နည်းခံသည်။ တိစီဝရိက် ဓုတင်နှင့် ပိဏ္ဍပါတ်ဓုတင်တို့ကို အမြဲဆောင်သည်။

၁၂၀၅- ခုနှစ်ခန့်တွင် အမရပူရမြို့တော်သို့ ကြွရောက်၍ ပညာ သင်ယူသည်။

၁၂ဝ၉- ခုနှစ်၊ ၅-ဝါ ရသည်မှစ၍ အရညကင်ဓုတင်နှင့် ခလုပစ္ဆာ ဓုတင်တို့ကို အမြဲ ဆောင်သည်။ ကြွင်းဓုတင်တို့ကို ရံဖန်ရံခါ ဆောင်သည်။

၁၂၁ဝ-ခုနှစ်တွင် ရှမ်းကလေးကျွန်း ဆရာတော် အရှင်နန္ဒ၊ ဂူဖြူ ဆရာတော် လောင်းလျာ အရှင်မေဓာတို့နှင့် ရှမ်းကလေးကျွန်းတိုက်သစ် တည်ထောင်ကြသည်။

၁၂၁၁-ခုနှစ်၊ ရှမ်းကလေးကျွန်း ဆရာတော် နယ်နှင်ခံရ၍ ခေါတောရွာ အနောက် ဘက် ကောင်းပင်ကုန်းတောရ၌ သီတင်းသုံး သိမ်သမုတ်သည်။ ရွှေကျင်ဆရာတော် စစ်ကိုင်းအနောက် မန်ကျည်းစဉ်တောရ၌ စာချသီတင်းသုံးသည်။

၁၂၁၃-ခုနှစ်တွင် ရွှေကျင်လောင်းလျာ ကောင်းပင်ကုန်း တောရကျောင်းသို့ ရွှေ့ပြောင်း သီတင်းသုံးသည်။

၁၂၁၇-ခုနှစ် ခေမာသီဝအဘယဂီရိ အမည်ရှိသော ရှိမ်းမကား မြောက်တောရတိုက်၌ သိမ်သမုတ်သည်။ ရွှေဘိုမြင်းမြေကိုလည်း သာသနာပြု အပ်ခံရ၏။ ၎င်းနှစ်မှာပင် မင်းတုန်းမင်းကြီးက ရွှေကျင်တိုက်ကို စတင် တည်ဆောက်၏။ ရွှေကျင်လောင်းလျာ ဥုးဇာဂရ ရှိမ်းမကားရွာ၏ တောင်ဘက် သရက်ချောင်တောရသို့ ပြောင်းရွှေ့ သီတင်းသုံးသည်။

၁၂၁၉-ခုနှစ်၊ ရူပဝိဘာဝနီ မည်သော ပါဠိသဒ္ဒါကျမ်းကို ပြုစုပြီးစီးသည်။ (၁၂၄၆- ခုနှစ်မှ ယင်း၏နိဿယပြီးသည်)။

၁၂၂၁-ခုနှစ်၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ခက်သင်တောရ ကျောင်းသို့ ရွှေ့ပြောင်း သီတင်းသုံးသည်။

၁၂၂၂-ခုနှစ်၊ ဝါဆိုလပြည့်နေ့ မန္တလေး ရွှေကျင်တိုက်သို့ ကြွရောက် ဝါဆို သီတင်း သုံးသည်။ ထိုနှစ်ကို ရွှေကျင်ဂိုဏ်းကြီး စတင်ပေါ်ပေါက်သည့် နှစ်ထူးနှစ်မြတ်အဖြစ် အသိအမှတ် ပြုကြရသည်။

၁၂၂၅-ခုနှစ်၊ ရှိမ်းမကားတောင် တောရတိုက်ကြီး၌ အောင်မြေလွှတ် စံကျောင်းတော် ကြီးကို မင်းတုန်းမင်းက ဆောက်လုပ်လှူဒါန်းသည်။

၁၂၂၆-ခုနှစ်၊ တပို့တွဲလဆန်း (၄)ရက် အခွန်ဘဏ္ဍာနှင့် စပ်၍ မင်းဧကရာဇ်၏ မေးလျှောက်ချက်ကို ဖြေကြားသည်။ အုပ်ဖိုဆရာတော်ထံ မေတ္တာစာပို့သည်။

၁၂၂၇-ခုနှစ်၊ နိဿယင်္ဂဝိနိစ္ဆယနှင့် ဗောဇ္ဈင်္ဂဒိပနီကျမ်းများ ပြုစု ပြီးဆုံး အောင်မြင်သည်။

၁၂၂၉ - ခုနှစ်၊ ရွှေစက်တော်သို့ ဘုရားဖူးကြွ၊ ရွှေစက်တော် ဘုရားရှိခိုး ရေးသည်။

၁၂၃ဝ-ပြည့်နှစ်၊ အလုံ, ဒီပဲယင်းစသော မြို့နယ်များ သာသနာပြုရန် အပ်နှင်းခြင်း ခံရသည်။

၁၂၃၄-ခုနှစ်၊ သီမာသင်္ကရကျမ်း ပုံနှိပ်ပြီးသည်။ မင်းတုန်းမင်းက သားတော်များကို ရွှေကျင်ဆရာတော်ထံ အပ်နှံသည်။

၁၂၃၅-ခုနှစ်၊ သီတင်းကျွတ်လတွင် ဒသဓမ္မာလင်္ကာရဝဏ္ဏနာ ကျမ်းကို နန်းတွင်း ပုံနှိပ်တိုက်၌ ပုံနှိပ်ပြီး ထွက်ပေါ်လာသည်။

ထိုကျမ်း၌-

  • (၁) သီလဝိသောဓနီ
  • (၂) ဂဏဘေဒဒီပနီ
  • (၃) ရူပဘေဒဝိဘာဝနီ
  • (၄) ဗောဇ္ဈင်္ဂဒီပနီ
  • (၅) အဋ္ဌိကဒီပနီ
  • (၆) နိဿယင်္ဂဝိနိစ္ဆယ
  • (၇) သီဟဠသီမာသင်္ကရဝဏ္ဏနာ
  • (၈) နေတ္တိလီနတ္ထသင်္ဂဟဝဏ္ဏနာ
  • (၉) ဝဉ္စနာဒီပနီကျမ်း

ကိုပြုစုပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုနှစ်မှာပင် သီဟဠောဝါဒ သန္ဒေသကထာကျမ်း, သီဟဠမဟာသန္ဒေသကထာ ကျမ်းတို့ကိုလည်း ပြုစုပြီးဖြစ်သည်။

၁၂၃၆ -ခုနှစ်၊ ကိန္နရာတောင် စသည်သို့ တောထွက်တော်မူသည်။

၁၂၃၇-ခုနှစ်၊ သိဿကောဝါဒါလင်္ကာရဓမ္မကထာ ပြုစုပြီးသည်။ စူဠသိဿကောဝါဒ-ဟူသော အမည်မှာ မဟာသိဿကောဝါဒ ကိုထောက်၍ ခေါ်ကြသော အမည် ဖြစ်သည်။ ကေဝေဋ္ဋောဝါဒမေတ္တာစာကိုလည်း ရေးသား ပုံနှိပ်ထုတ်ဝေသည်။

၁၂၃၈-ခုနှစ် စူဠဂဏ္ဌိ မဟာဂဏ္ဍိတို့ အငြင်းပွားမှုကို ဆုံးဖြတ်၍ ထိုဖြတ်ထုံးကို “ဓမ္မောသဓဒီပနီ” အမည်ဖြင့် ပုံနှိပ်ထုတ်ဝေသည်။

၁၂၃၉-ခုနှစ်၊ မင်းလှ နွားလန်တောင် မဟာပါသာဒတောင်ထိပ်၌ “သီလသောဓနိ-ကလျာဏသိမ်” ကိုသမုတ်၍ သီရိလင်္ကာနိုင်ငံသို့ကြွသည်။

၁၂၄ဝ-ပြည့်နှစ်၊ သိရိလင်္ကာနိုင်ငံ ဝါလုကာတိတ္ထရွာ၌ ဝါကပ်သည်း ထိုနှစ် သီတင်းကျွတ် မြန်မာပြည်၌ မင်းတုန်းမင်းနတ်ရွာစံ၍ သီပေါမင်း နန်းတက်သည်။

မြန်မာပြည်သို့ ပြန်ကြွ၊ မင်းလှ နွားလန်တောင် တောရ၌ သီတင်းသုံး လင်္ကာသာသနဝိသုဒ္ဓိကျမ်း ပုံနှိပ်သည်။

၁၂၄၂-ခုနှစ်၊ နွားလန်တောင်တောရ၌ နေ၍ အရှင်သာသနအား ရန်ကုန်မြို့ ကျောင်းတော်ရာ ရွှေကျင်တိုက်ကို အုပ်ချုပ်ရန် အပ်နှံသည်။

၁၂၄၃-ခုနှစ်၊ သီပေါမင်း ပင့်လျှောက်ချက်အရ မန္တလေး ရွှေကျင်တိုက်သို့ ပြန်ကြွ၍ ၉-ဌာန သာသနာပြု၊ ယင်းနှစ် တောင်တော်ဆရာတော် နှင့်တွဲ၍ သာသနာပြုအပ်၊ ဝိစိတြဝန္ဒနာဘုရားရှိခိုး ရေးပြီးသည်။

၁၂၄၅-ခုနှစ်၊ ရွှေကျင်တောရကျောင်းကို အလှူခံ။

၁၂၄၆-ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော်(၆)ရက်၊ မင်းကွန်း၊ ငွေတောင်တောရသို့ ဒုတိယအကြိမ် တောထွက်တော်မူသည်။

၁၂၅၁-ခုနှစ်၊ ရွှေကျင်ရွာသို့ကြွ၍ လှတောအုတ်ကျောင်းကို အလှူခံသည်။ (ဆိုခဲ့ပြီး ရွှေကျင်တောကျောင်း အတွင်း၌ ဆောက်လုပ်လှူသော အုတ်ကျောင်း)။ ရန်ကုန်သို့ လှေနှင့်ကြွသည်။

၁၂၅၁-ခုနှစ်၊ ရန်ကုန်မှ ပဲခူးသို့ကြွ၊ ထိုမှ ဆက်၍ သုံးဆယ်မြို့သို့ကြွ၊ ရွှေကျင် မောင်းထောင်ကျောင်းတိုက် စပေါ်၊ မဟာသိဿကောဝါဒကျမ်း ပြုစုပြီးသည်။

၁၂၅၄-ခုနှစ်၊ ပထမောဝါဒဒုတီယောဝါဒ စာတမ်းများ ရေး၍ ရှိမ်းမကားရွာသို့ ပေးပို့တော်မူသည်။ ၎င်းနှစ်မှာပင် သခွတ္တောရေလယ်ကျောင်း ဘုန်းကြီးအမှုနှင့်စပ်၍ တိုက်အုပ် ဥုးဉာဏထံသို့ လည်းကောင်း၊ ဥုးပုညတို့ထံသို့ လည်းကောင်း စာပေးသည်။ မန်လည်ဆရာတော်ထံသို့ သုသင်္ခေပ သန္ဓေသကထာပါဠိ ပေး၍ မစ္စတာဂျိမ်းဂရေးသို့ ဣန္ဒြိယောဝါဒကထာကျမ်းကို ပေးပို့သည်။

၁၂၅၅-ခုနှစ်၊ ပဲခူးသို့ကြွ၊ ရွှေကျင်ဂိုဏ်းနှင့် တောရဂိုဏ်းတို့ ပေါင်းမိ၊ ဂမ္ဘီရာဂမ္ဘီရ မဟာနိဗ္ဗုတဒီပနီကျမ်းကြီး, စူဠသိဿကောဝါဒကျမ်း မဟာသိဿကောဝါဒကျမ်း ဝဉ္စနာဒီပနီကျမ်း ဝိစိတြဝန္ဒနာ ၅-ကျမ်းတွဲစာအုပ်ကြီး ပုံနှိပ်ထွက်ပေါ်လာ၏။

၎င်းနှစ် တပေါင်းလပြည့်ကျော် ၇-ရက်၊ ညဉ့် ၁၂-နာရီ ခန့် လဝန်းပေါ်ချိန်တွင် ဤ ဘဝခရီးကို အပြီးသတ်တော်မူသည်။

ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏

ခတ္တိယောဝါဒကထာ

နိဒါန်း

ရိပုံ ဇယတု။ ။

ရေမြေသေဌ်နင်း ပြည့်ရှင်မင်း၏ အကျိုး၊ ဒုက္ခိတဟူ ပြည်သူသတ္တဝါ များ၏အကျိုး၊ သာသနာတော်မြတ်၏ အကျိုး၊ ပေါင်းသုံးပါး အလို့ငှါ ကရုဏာရှေ့ထား လွန်သနား သဖြင့် ရေမြေ့ရှင်အား ဆရာတော်ဆုံးမ ဩဝါဒပေးအပ်သည်။

ရေမြေ့ရှင်အနီးအပါး အမြဲထား၍ ကြေးမုံမှန်ကြီးမခြား မပြတ်မလပ် ကြည့်ရှုမှတ်သား လက်ရင်းဩဝါဒများနှင့် ညီညွတ်အောင် နှလုံးထား၍ ရွှေကျင်ဆရာတော် ရေးသွင်းအပ်သော --

ခတ္တိယောဝါဒကထာ

ပဏာမနှင့် အာသီသ

နမတ္ထု အတုလရာဇဿ

သုခံ ပါလေတု နော ရာဇာ၊ ရဋ္ဌံ ဇောတေတု သာသနံ။
ဓမ္မံရက္ခတု သော ရာဇာ၊ သီဃံသောဓေတု တံမလံ။

နော - သုနာပရန် တမ္ပဒီပ တိုင်းဌာန၌ ဗုဒ္ဓသာသနာ ရောင်ဝါခိုမှီး အသီးအသီး နေထိုင်ကြကုန်သော ရဟန်းသာမဏေဖြစ်သူ ငါတို့၏။
ရာဇာ - သာသနာ့ဒါယကာ မဟာဓမ္မရာဇ် တစ်ပြည်လုံး၏ ပဲ့ကိုင်ဦးစီး နာယက ဖြစ်သော မင်းကြီးသည်။
ရဋ္ဌံ - မွှေးကြိုင်သင်းထုံ ကြာပဒုံတိုက် ငုံအာပွင့်၍ ပွင့်လန်းကြီးပွားရာ ရေသီတာနှင့် ပမာတုနှိုင်း ကျယ်ဝန်းစွာသော တိုင်းပြည်ကြီးကို။
သုခံ - ရန်သူမမှောင့် ဘေးမနှောင့်ဘဲ အမြဲအေးကြည် တစ်ပြည်လုံး ချမ်းသာအောင်။
ပါလေတု - ဘုန်းဟောင်းတက်တိုး ဘုန်းသစ်နှိုး၍ ပြည့်ဖြိုး သာယာကောင်းစွာ စောင့်ရှောက်နိုင်ပါစေသော်။

နော - မြန်မာတိုင်းခွင် ခိုဝင်နေထိုင်ကြကုန်သူ ငါတို့၏။
သောရာဇာ - ထိုသာသနာတော်ဦးစီး ပြည့်ရှင်မင်းကြီးသည်။
သာသနံ - သမုဒ္ဒရာ ရေသီတာကို လွန်စွာတင့်တယ် ရှုဖွယ်စေနိုင် သင်းကြိုင် မွှေးထုံကြာပဒုံပမာ ဘုရားရှင်၏ သာသနာတော်မြတ်ကို။
ဇောတေတု - ကာဠာသောက ဓမ္မာသောက စသော ရှေးမင်းကောင်း မင်းမြတ်တို့နှင့် မသွေ တစ်ပြည်လုံး ကျက်သရေ ဖြစ်အောင် စင်စစ် တောက်ပနိုင်စေသော်။

နော - သာသနာတော်အမှုထမ်း ရဟန်းသာမဏေဖြစ်သူ ငါတို့၏။
သော ရာဇာ - ထိုသာသနာ့ဒါယကာ ဖြစ်သူ ရေမြေ့သေဌ်နင်း ပြည့်ရှင်မင်းသည်။
ဓမ္မံ - မင်းကျင့်တရား မြတ်ဆယ်ပါးကို။
ရက္ခတု - မကျိုးမပေါက် ကောင်းစွာ စောင့်ရှောက်နိုင်ပါစေသော်။

တံ မလံ - တိုင်းနိုင်ငံနေသူ လူရှင်ရဟန်းတို့၏ မှီခိုအားထားရာ သာသနာတော်၏ အညစ်အကြေး အသူရိန် ရန်ဘေးကို။
သုခံ - အလွယ်တကူ ချမ်းသာစွာ။
သီဃံ သောမေတု - တင့်တယ်ထွန်းပြောင် လဝန်းရောင်သို့ မှောင်အတိကင်း အမိုက်လင်းအောင် မနှေးပယ်ဖျက် သုတ်သင်နိုင်ပါစေသော်။

အဂတိလေးပါး လိုက်စားအပြစ်၊ မလိုက်စားအကျိုး

ဆန္ဒာဒေါသာ ဘယာမောဟာ၊ ယောဓမ္မံ အတိဝတ္တတိ။
နိဟီယတိ ယသော တဿ၊ ကာဠပက္ခေ၀ စန္ဒိမာ။

ဆန္ဒာဒေါသာ ဘယာမောဟာ၊ ယောဓမ္မံ နာတိဝတ္တတိး
အာပူရတိ ယသောတဿ၊ သုက္ကပက္ခေ၀ စန္ဒိမာ။

(အံ၊၁၊၃၂၆။ ဒီ၊၃၊၁၄၇။)

ယော - အကြင်ပြည့်ရှင်ဦးစီး နာယကဖြစ်သော မင်းကြီးသည်။
ဆန္ဒာ - တဏှာကပ်ခဲ ချစ်အားသံခြင်းကြောင့် လည်းကောင်း။
ဒေါသာ - ငြိုးထားရန်မက် ဒေါသထွက်ခြင်းကြောင့် လည်းကောင်း၊
ဘယာ - ဘေးကြီးမားစွာ တွေ့မည်တာကို လွန်စွာ ကြောက်ခြင်းကြောင့် လည်းကောင်း။
မောဟာ - ကျိုးကြောင်းတီတွင် မဆင်ခြင်မိ မောဟပိခြင်းကြောင့် လည်းကောင်း။
ဓမ္မံ - ကျင့်ထိုက်ကျင့်အပ်သော တရားကို။
အတိဝတ္တတိ - လွန်ကျူးကျင့်မိ၏။

တဿ - ထိုအဂတိလေးပါး လိုက်မှားသော ပြည့်ရှင်မင်းကြီး ဦးစီး နာယကဖြစ်သူ၏။
ယသော - စည်းစိမ်ဥစ္စာ ခြွေရံသင်းပင်း တည်းဟူသော အခြံအရံသည်။
ကာဠပက္ခေ - လဆုတ်ပက္ခ၌။
စန္ဒိမာဣဝ - အရောင်လျော့ပါး ဆုတ်၍သွားသော လမင်းသို့။
နိဟီယတိ - တစ်နေ့တခြား လျော့ပါး ဆုတ်ယုတ်လေ၏။

ယော - အကြင်နာယကဖြစ်သူ လူကြီးသည်။
ဆန္ဒာ - ချစ်ခြင်း လောဘကြောင့်။
ဒေါသာ - မုန်းခြင်းဒေါသကြောင့်။
ဘယာ - ဘေးကို ကြောက်ခြင်းကြောင့်။
မောဟာ - တွေဝေခြင်းကြောင့်။
ဓမ္မံ - နာယကဦးစီး လူကြီးတို့၏ ကျင့်အပ်ကျင့်ထိုက်သော တရားကို။
နာတိဝတ္တတိ- လွန်ကျူး၍ မကျင့်။

တဿ - ထိုအဂတိတရားကို မလိုက်မှားသောသူ၏။
ယသော - စည်းစိမ်ဥစ္စာ ခြွေရံသင်းပင်းသည်။
သုက္ကပက္ခေ - လဆန်းပက္ခ၌။
စန္ဒိမာဣဝ - ကောင်းကင်အဝန်း တက်၍ထွန်းသော လဝန်းပမာကဲ့သို့။
အာပူရတိ - တစ်နေ့တခြား တိုးပွားပြည့်ဖြိုးလေ၏။

ရင်ဝယ်သားပမာ စောင့်ရှောက်ပါ

၁။ ဤသို့ ဘုရားဟောတော်မူအပ်သော ဒေသနာတော်မြတ်နှင့် အညီ ပြည်ကြီး သေဌ်နင်း ပြည့်ရှင်မင်း ဖြစ်သောသူသည် ရှေးရှေးမင်းကောင်း မင်းမြတ်တို့တံထွာ အခါမပြတ် မင်းကျင့်တရားဆယ်ပါး တို့ကို ကိုယ်၌ အမြဲထား၍ အဂတိလေးပါး မလိုက်မလား ပြည်သူ သတ္တဝါများကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်လေ့ရှိခြင်း။

ဓားပြခိုးသား နှိမ်နင်းပယ်ရှား

၂။ အဂတိလေးပါး မလိုက်မလား ခိုးသားဓားပြစသော ပြည်လှေးပြည်မွှားတို့ကို တရားသဖြင့် နှိမ်နင်းပယ်ရှားလေ့ရှိခြင်း၊

ဒုဿီလများ နှိမ်နင်းပယ်ရှား

၃။ အဂတိလေးပါး မလိုက်မလား ပါပပုဂ္ဂလဒုဿီလ ဟူသော သာသနာတော် အလှေးအမွှားတို့ကို တရားသဖြင့် နှိမ်နင်းပယ်ရှားလေ့ရှိခြင်း။

တိုင်းရေးပြည်ရာ သတိပြုပါ

၄။ တိုင်းနိုင်ငံ ပြည်ရေး ပြည်ရာတို၌ မှူးကြီးမတ်ကြီးတို့နှင့် တိုင်ပင် ဆင်ခြင် စုံစမ်း၍ အထူးကြည့်ရှု သတိပြုလေ့ရှိခြင်း၊

လဇ္ဇီသီလဝါ မြှောက်စားပါ

၅။ သာသနာတော်ရေး၌ ကျိုးကြောင်းမျှော်သိ တရားရှိသော လဇ္ဇီသီလဝန် ပညာဝန် ပုဂ္ဂိုလ်တို့ကို ရွေးကောက်ရှာဖွေ၍ အထူးမြှောက် စားလေ့ရှိခြင်း၊

လူလိမ်မရှိရန် ခိုင်းစီမံ

၆။ တိုင်းနိုင်ငံအတွင်း ထိုထိုပွဲကင်း ကုတို့များမှာ အလွန်အကဲ အကောက်အစား ငွေပိုကြေးပို ခွဲခံတောင်းယူ၊ အလောင်းအစားကြွေ အံကစား၊ အရက်သောက် ဆေးခြောက်ရှူ လူလိမ်လူရှုပ်တို့ မရှိစေရအောင် သူလျှိုတမန်တို့ဖြင့် အတန်တန် ထောက်လှမ်းလေ့ရှိခြင်း။

သာသနာတွင် စင်ကြယ်စေ

၇။ သာသနာတော်ရေး ၌လည်း ရဟန်းတို့နှင့် မအပ်မရာ ဘုရားရှင် လွန်စွာ စက်ဆုပ်တော်မူသော ရွှေငွေခံခြင်း၊ ပရိက္ခရာ ရောင်းဝယ်ခြင်း၊ ကြွေးမြီ အတိုးအပွါး ချထားခြင်း၊ ကုန်သည် လယ်လုပ် လှည်းစီး နွားမွေး ဆေးကု ဗေဒင်ဟော လှေပြိုင် လှည်းပြိုင်ပွဲပြုလုပ်ခြင်း-

စသော အလဇ္ဇီအမှု ပြုကျင့် လွန်ကျူး ကျော်နင်းတတ်သူ ဒုဿီလမသူတော်များကို တရားသဖြင့် နှိမ်နှင်းပယ်ရှားခြင်းငှါ မဟာဒါန်ဝန် မဟာဒါန်စာရေးတို့ကို လစဉ်မပြတ် စေလွှတ်ကြည့်ရှုစေ၍ မပြတ်မလပ် သံတော်ဦးတင်စေခြင်း။

ဆွမ်းဆန်တော်များ မြဲလှူဒါန်း

၈။ လစဉ် ဆွမ်းဆန်တော် လှူနေကြ သံဃာတော်တို့အားလည်း မမေ့မလျော့ မပြတ်မလပ် မဂ်ဖိုလ် နိဗ္ဗာန်ကို အထူးရည်မှတ်၍ လှူဒါန်းလေ့ရှိခြင်း၊

ဥပုသ်သီလ စောင့်ထိန်းကြ

၉။ ဝါတွင်းဝါပ မဆို တစ်လလေးသီတင်း ရှစ်သီတင်း ဥပုသ် မပြတ်ရအောင် အထူး သတိထားလျက် စောင့်ရှောက်လေ့ရှိခြင်း၊

ဒေါသထိန်းကာ ပြောလိုက်ပါ

၁၀။ အခါခပ်သိမ်း အော်အင်ငေါက်ငမ်း ကြမ်းတမ်းသည့် အမူအရာ မထင်ရှားစေရ အမျက်ဒေါသ မာန်မာနကို ထိန်းချုပ်လျက် ဖြေးညှင်းသာယာ ပီယဝါစာ ဖြစ်အောင် ပြောလေ့ရှိခြင်း။

ကျေးကျွန်တော်များ ကျယ်မပွား

၁၁။ သူပုန်ရန်သူ အဝင်အပါဆို၍ ထိုထိုစကားအမှု ဖြစ်ပွားလာသော ကျွန်တော် မျိုးများကိုသော်လည်း အဝိဟိံသန ရာဇဓမ္မတရားကို ထောက်ဆလျက် အမှု ကျယ်ပွား မဖြစ်ရအောင် ထောက်ဆလေ့ရှိခြင်း။

ဆွေမျိုးများစွာ ချီးမြှောက်ပါ

၁၂။ ခမည်းတော် မင်းတရားကြီး ချစ်ခင်သနား ချီးမြှောက်ထောက်ပံ့၍ ထားသော မင်းညီမင်းသား မင်းမိဖုရား ဆွေတော်မျိုးတော်တို့ကို ခမည်းတော်မရှိလျှင် ရှိသကဲ့သို့ ခမည်းတော်ကိုယ်စား အထူးအားဖြင့် ချီးမြှင့် မ,စ၍ ဉာတကနဉ္စ သင်္ဂဟ မင်္ဂလာကို အထူးနှလုံးထားလေ့ရှိခြင်း။

မွေးသည့်မယ်တော်မြဲပူဇော်

၁၃။ မွေးသည့် မိခင် မယ်တော်များကို အထူးသဖြင့် ရိုသေကော်ရော်ပူဇော် ချီးမြှောက်ခြင်း ဟူသော မာတာပိတုဥပဌာန မင်္ဂလာ တရားကိုအမြဲ နှလုံးထားလေ့ ရှိခြင်း။

ရဟန်းသံဃာ ဖူးမြင်ပါ

၁၄။ သီလဝန် ပညာဝန် သံဃာတော်တို့ကို နန်းတော်သို့ ပင့်ဆောင်ဖူးမြင်ခြင်း ဟူသော သမဏာနဉ္စ ဒဿန မင်္ဂလာ တရားတို့ကိုကောင်းစွာ နှလုံးထားလေ့ရှိခြင်း၊

ရဟန်းသံဃာ ရှိခိုးပါ

၁၅။ ရဟန်းသံဃာတော်တို့ကို မြင်လျှင်မြင်ခြင်း လက်အုပ်ချီခြင်း၊ ရှိခိုးဦးချခြင်းကို ပြုသဖြင့် ဂါရဝါ နိဝါတမင်္ဂလာ တရားတို့ကို ကောင်းစွာ နှလုံးထားလေ့ရှိခြင်း။

တရားဒေသနာ နာယူပါ

၁၆။ နန်းတော်သို့ ကြွရောက်လာသော ရဟန်းသံဃာတော်တို့ထံ ကျိုးနွံ ရိုသေစွာ တရားစကားကို မကြာမကြာ နာယူသဖြင့် ဓမ္မဿဝန မင်္ဂလာတရားကို ရိုသေစွာ ပြုလေ့ရှိခြင်း။

ဆုံးမပြောလာ နားထောင်ပါ

၁၇။ အလေးပြုလောက် ယုံကြည်စလောက်သော ဆရာတော် သံဃာတော်တို့ ပြောဆို ဆုံးမရာ မသွေမလှန် နာခံကျင့်ဆောင်သဖြင့် သောဝဿတာ မင်္ဂလာ တရားနှင့် ပြည့်စုံအောင် အထူးနှလုံးထားလေ့ရှိခြင်း၊

ရဟန်းသံဃာ ကိုးကွယ်ပါ

၁၈။ “ခြင်္သေ့ခံတွင်း အာခေါင်ကြား၌ စူးဝင်သော ဆူးညှောင့်တို့ကို နှုတ်ယူခြင်းငှါ ရဲဝံ့သောသူ ပေါ်လာနိုင်သကဲ့သို့”

ရေမြေ့ရှင်တို့ တိမ်းစောင်း မှောက်မှားသော အရာဌာနတို့ကို လူသာမာန် ရဟန်း သာမာန်တို့ သက်စွန့်ကြိုးပမ်း သံတော်ဦးထား ပြောကြားခံရမည့်အရာ လွန်စွာ ရခဲသည်နှလုံးထား၍ -

ယင်းသို့ ကြောက်ရွံ့ခံ့ညားသော အရာတို့၌ သက်စွန့်ကြိုးပမ်း ကိုယ့်ဘေးဘျမ်းကို မငဲ့ဘဲ တိုင်းနိုင်ငံအကျိုး, သာသနာတော်အကျိုး ရေမြေ့ရှင်အကျိုး များအံ့ သည်နှင့်စပ်၍ -

တိမ်းစောင်း မှောက်မှား မရှိရအောင် တရားနေရာကျ ပြောကြား ဆုံးမပေးသော ဆရာတော် သံဃာတော်တို့ကို အထူးသဖြင့် အလေးမူလျက် အသက်ထက်ဆုံး ကိုးကွယ်ရာ မှတ်သဖြင့် “ပဏ္ဍိတာနဉ္စ သေဝနာ မင်္ဂလာ” တရားကို ကောင်းစွာ နှလုံးထားလေ့ ရှိခြင်း။

လူမိုက်မလိမ္မာ ရှောင်ဝေးစွာ

၁၉။ မလိမ္မာသူ လူငယ်တို့ကို လွန်စွာ အားပေးအားမြှောက် မပြုမူ၍ ရှေးတစ်မူ နောက်တစ်မူ ကျင့်မဖြူသော လူမသမာ ရဟန်းမသမာတို့အား ပေါင်းဖော်မြှောက်စား မရှိစေရ၊ ဗာလာနံ အသေဝနာ မင်္ဂလာ တရားကို နှလုံးထားလျက် ကျင့်ဆောင် လေ့ရှိခြင်း။

ကြားမြင်သုတ ရှိအပ်စွ

၂ဝ။ ရှေးမင်းကောင်းမင်းမြတ်တို့ ကျင့်ရိုးကျင့်စဉ် ရာဇဝင်ထုံး နည်းဥပဒေများကို အထူးနားလည်အောင် ကြည့်ရှုမေးမြန်း စူးစမ်းမှတ်သား ဘုရား မုခပါဌ် ပိဋကတ် ကျမ်းလာ ခန္ဓာ အာယတန ဓာတ် သစ္စာနှင့် စပ်သောအဘိဓမ္မာ၊

ဒါနသီလနှင့် စပ်သော သုတ္တန်ဓမ္မများကိုလည်း ဉာဏ်စွမ်းအလျောက် နားလည် သည်ထက် နားလည်အောင် လေ့ကျက်မှတ်သား အထူး အားထုတ်သဖြင့် ဗာဟုဿစ္စ မင်္ဂလာတရား နှင့်ပြည့်စုံအောင် ကောင်းစွာ နှလုံးထားလေ့ရှိခြင်း။

ဒုက္ခရောက်ရှာ ထောက်ပံ့ပါ

၂၁။ သည်မှတစ်ပါး နိုင်ငံတော်အတွင်း ထိုထိုအရပ်တို့၌ အိုနာ ကျိုးကန်း ဒုက္ခိတ ရဟန်းရှင်လူများကို စာရင်းမှတ်သား လစာရိက္ခာပေးထား ချီးမြှောက်ထောက်ပံ့ မ,စခြင်း။

တိရစ္ဆာန်များ ဘေးမဲ့ပေး

၂၂။ မစ္ဆပိုးမွှား သားငှက်တိရစ္ဆာန်တို့အား သင့်ရာသင့်ရာ အရပ်၌ ပိုင်းခြားမှတ်သား ဘေးမဲ့ပေးထားလေ့ရှိခြင်း။

ကောင်းအမိန့်မြန်အောင် ကြိုးစားဆောင်

၂၃။ ယင်းသို့ ဘေးမဲ့ပေးရန် ထုတ်ပြန်အပ်သော ဘေးမဲ့ အမိန့်တော်စာ၊ သံဃသုဋ္ဌု သံဃဖာသု အလို့ငှါ ထုတ်ပြန်အပ်သော ဝိသုံဂါမ အမိန်တော်များကို ငွေကြေး မကုန်မကျ ကာလကြန့်ကြာ မရှိစေရ၊ အလျင်အမြန် မိန့်တော်ထွက်အောင် အားထုတ် လုံ့လပြုစေခြင်း။

အကျဉ်းခံကျသူ ဘေးမဲ့ပေး

၂၄။ ထောင်တန်း နှောင်အိမ်တို့၌ အကျဉ်းခံနေရသူတို့ကို အနုအရင့် ရွေးချယ်၍ မကြာမကြာ ဘေးမဲ့ပေးလေ့ရှိခြင်း။

ရာဇဝတ်သင့်သူအားလုံး ဘေးမဲ့ပေး

၂၅။ ယခုအခါကဲ့သို့ မုဒ္ဓါဘိသေက ခံယူသည့်အခါများ၌ကား အထူးသဖြင့် စင်ကြယ်သော မုဒ္ဓါဘိသိက်ဖြစ်စေခြင်းငှါ နှလုံးထား၍ -

“ဘုရားပွင့်တော်မူသောအခါ သောင်းစကြဝဠာ သတ္တဝါတို့အားလုံး အဝီစိငရဲပြည် တိုင်အောင် ငရဲမီးငြိမ်းအေးသော နိမိတ်ဩဘာ မင်္ဂလာဖြစ်ပေါ်ရသို့”

ဘုန်းဟောင်းတက်တိုး ဘုန်းသစ်နိုး၍ တစ်ပြည်လုံး ရေမိုးကြီး ပမာ လွန်စွာအေးမြ ချမ်းသာကြောင်း နိမိတ်ဩဘာ မင်္ဂလာဖြစ်စေခြင်းငှါ နိုင်ငံတော်အတွင်း အဝေး အနီး မဆို အနုအရင့် မရွေးမချယ် ရာဇဝတ်သင့်ရောက်သူ လူသူဟူသမျှကို ဥပဒေပေါက် သည်မဆိုစေရ။

မဟာဘိသေက မဟာသမယ” အခါတွင် အခွင့်ကြုံ၍ အလုံးစုံ တပေါင်းတည်း ဘေးမဲ့ပြုသဖြင့် လူသာဓုခေါ် နတ်သာဓုခေါ် “အဟောဝတ” တစ်ပြည်လုံး ညီညာကြလျက် အဘယစည်ကြီး ကောင်းသံဟည်း၍ ရိုက်တီးကြွေးကြော်စေခြင်း၊

သားကြီးငါးကြီးမပေါ်စေရ

၂၆။ ယင်းသို့သော မုဒ္ဓါဘိသေက မဟာဘိသိက်အခိုက် အယုတ်အားဖြင့် (၇)ရက် အတွင်းဝယ် ကြက်ဝက်စသော သားကြီးငါးကြီး မပေါ်ပေါက်စေရ၊ နိုင်ငံတော် အလုံး၌ အဘယစည်ကြီး ရိုက်တီးစေခြင်း၊

ရှစ်ပါးသီလ အထူးစောင့်ကြ

၂၇။ ယင်း(၇)ရက်အတွင်း သီလဝန် ပညာဝန် မှူးမတ်တို့နှင့်တကွ မင်းညီ မင်းသား မင်းမိဖုရားတို့ပါ ရေမြေ့ရှင်ကို ဦးတည်ပြု၍ အဋ္ဌင်္ဂဥပုသ်ကို အထူးစောင့်ရှောက် ထိန်းစေခြင်း၊

ရာဇဓမ္မာ စောင့်ရှောက်ပါ

၂၈။ ဘိသိက်ခံခြင်း နောက်လည်း မဟာဘိသေကမင်္ဂလာ သစ္စာအဘိသိက် ပညာရှိ သည့်အတိုင်း မကျိုးမပေါက်စေရ၊ ရာဇဓမ္မ မတိမ်းပါး အထူးအားဖြင့် စောင့်ရှောက် လေ့ရှိခြင်း၊

ဒုစရိုက်နည်းပါး ကုသိုလ်ပွား

၂၉။ မှူးတော် မတ်တော်တို့နှင့်တကွ ပြည်သူသတ္တဝါတို့အား အကုသိုလ် ဒုစရိုက် နည်းပါး ကုသိုလ်တရား ဖြစ်ပွားကြရအောင် လစဉ်မပြတ် တစ်လ လေးသီတင်း နှိုးဆော် တိုက်တွန်းလေ့ရှိခြင်း။

တရားစည်ကြီး ရိုက်တီးစေ

၃၀။ မြို့တော်လေးမျက်နှာ ဓမ္မာရုံတို့၌ တစ်လလေးသီတင်း ဓမ္မကထိက ဆရာတော် သံဃာတော်တို့ကို ပင့်ဆောင်ကာ မြို့သူမြို့သား လူအများတို့အား တရားစည်ကြီး ရိုက်တီးစေခြင်း၊

ဥပုသ်စောင့်သူအား ကျွေးလှူဒါန်း

၃၁။ ယင်းသို့ တရားနာသူ ဥပုသ်သီတင်း စောင့်သူတို့အား ရေမြေ့ရှင်က အထိုက် အလျောက် ချီးမြှောက်ပေးကမ်း လှူဒါန်းကျွေးမွေးလေ့ရှိခြင်း

လူသူတော်များအား ချီးမြှောက်ပါ

၃၂။ သည်မှတစ်ပါး ခမည်းတော် လက်ထက်က လစာရိက္ခာ အလွန်အေးမြချမ်းသာ ကြဖူးသော လူသူတော် ဖိုးသူတော်အချို့ကို ယခုအခါ ငြိုငြင် ဆင်းရဲကြသည်ဖြစ်၍ သင့်လျော်ရုံ လစာရိက္ခာ ချီးမြှောက် ပေးကမ်းလေ့ရှိခြင်း၊

ပြိုပျက်နေလျှင်ပြုပြင်ဆင်

၃၃။ သည်မှတစ်ပါး ထိုထိုကျောင်းတိုက် စေတီတို့၌ ဘုရားပျက် ကျောင်းပျက် များကို မကြာမကြာ စာရင်းမှတ်သား ပြင်ဆင်အားထုတ်လေ့ရှိခြင်း၊

လောင်းကစားပွဲတွေ မရှိစေနှင့်

၃၄။ သည်မှတစ်ပါး ရှေးမင်းကောင်းမင်းမြတ် နှိပ်ကွပ်ကွပ်ညှပ် ဆုံးမအပ် ဆုံးမ မြဲသော “အကွက်ခြောက်ဆယ်ကစားခြင်း” စသော အက္ခဓုတ္တ ပရာဘဝအရာများ၌

“ဆီမီးအရောင်ကို ရွှေရောင်ထင်မှား ပိုးပရန်နှင့် ပုံဟန်မခြား”

တစ်ပြည်လုံး လိုက်စား၍ သားသမီးကျွန်ဖြစ်ခြင်း၊ ထောင်တန်းအကျဉ်းခံနေရခြင်း၊ သူခိုးဓားပြ ထက်ဝန်းကျင်မှထခြင်း၊ စီးပွားရှာကြံ ပြုလုပ်သောသူ ဥပုသ်သီလ စောင့်ထိန်းသူ အလှူဒါနပြုကြသောသူများမရှိ၊

တစ်မြို့လုံး တစ်ပြည်လုံး မောဟပိတ်ဖုံး၍ ကစားပွဲ၌သာ တရုံးရုံး နေကြသဖြင့် ပမာဒတရား နှိပ်စက်လျက် များမကြားခင် လူအလုံးပြုန်းတီး ပျက်စီးကြစရာ အရေးကို ရဟန်းပညာရှိ လူပညာရှိများတို့ သောကမကင်း နေကြသော်လည်း ရေမြေ့ရှင်အား တစ်စုံတစ်ယောက်သော သူလူရှင်ရဟန်းတို့ တင်ထားပြောကြားဝံ့သူ မရှိသည့် အရာကို ယခုအခါ ရေမြေ့ရှင် ဟုတ်တိုင်းကြားသိရသဖြင့် -

“တက်တစ်စင်း တိမ်းစောင်းယွင်းက တစ်သင်္ဘောလုံး တက်တက် ပြုန်းသည်”

ဆိုဘိသည်များကို နှလုံးကြပ်ကြပ်ထား၍ ယင်းအလုံးစုံများကို ဘေးမဲ့ချမ်းသာ လျင်စွာဖြစ်ကြရအောင် အထူး သတိဆောင်ရခြင်း။

အကုသိုလ်ပယ်ရှား ကုသိုလ်ပွားနိုင်အောင် ကြိုးစား

၃၅။ နေဝင်တိမ်တောင် လျှပ်စစ်ရောင်နှင့်မခြား လောကီစည်းစိမ် ကာမဂုဏ်များ၏ လျင်စွာပျက်စီး ဆုတ်ယုတ်တတ်သည့် အဓုဝသင်္ခါရ ခြင်းရာကိုအခါအခါစဉ်းစား၍

အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ

မိန့်ခွန်းတော် ပြသည့်အတိုင်း ဗုဒ္ဓုပ္ပါဒနဝမ ခေတ်အခါ မနုဿတ္တဒုလ္လဘကို လှလှကြီး ရသဖြင့် ဆရာတော် သံဃာတော်တို့၏ သဒ္ဓမ္မဝစနကို အခါခါ ကြားနာရသော ဓမ္မဿဝန အတိဒုလ္လဘ နှင့်လည်း လှလှကြီးပြည့်စုံ၍ -

ပညာရှိခမည်းတော် မင်းတရားကြီး အရိုက်အရာ ဓားမကျိုး လှံမရှ ပျိုရွယ်စဉ် အခါကပင် နိုင်ငံအလုံးကို ဝိဇယဖြစ်၍ထူးမြတ်သော မုဒ္ဓါဘိသေက မဟာဘိသေက အဖြစ်ကို ခံရသော သမ္ဘာရင့်ညောင်း မင်းကောင်းဓမ္မရာဇ် ဖြစ်လာသည်နှင့်အညီ-

ကာမဂုဏ်ညှိဟောင် တဏှာဘောင်ထဲ ပျော်အားသဲ၍ ပွဲလမ်းသဘင်ပျော်ရွှင်မှုတို့၌ မြူးတူးဟော့ရမ်း သော့သွမ်းမရှိစေရ၊

အဇ္ဇေဝါ သုဝေ ဝါ ပရသုဝေ ဝါ

သေဘေးကြီး မလာခင် ရှေးဦးတင်သဖြင့် နတ်လမ်းသုတ် သင်မဂ်လမ်းပြင်၍နေမှ မနုဿတ္တဒုလ္လဘကို ကောင်းစွာလှလှကြ၍ ရဇ္ဇသမ္ပတ္တိကို ရကျိုးနပ်မည်ဟု အမြဲ နှလုံးသွင်းလျက်၊

ဖြစ်ပြီးသော အကုသိုလ်ကို ပယ်ရှားရလေအောင်၊
မဖြစ်သေးသော အကုသိုလ်တရား တို့ကိုလည်း မဖြစ်စေရအောင်၊
ဖြစ်ပြီးသော ကုသိုလ်တရားကိုလည်း တိုးပွားအောင်၊
မဖြစ်သေးသော ကုသိုလ်တရားကိုလည်း ဖြစ်ပေါ်လာအောင် အထူး အားထုတ်လေ့ ရှိခြင်း။

နိုင်ငံစည်ပင် သာသနာတွင် ထွန်းလင်းအောင်

၃၆။ ယင်းသို့သော သမ္မပ္ပဓာန်ဝါယာမနှင့်ပြည့်စုံစွာ အခါမပြတ်ကြပ်ကြပ် နှလုံးထား၍ တစ်ပြည်လုံးပဲ့မှူး သာသနာဦးစီး တကယ့်ဝန်ကြီးကို ရွက်ဆောင်ရသော ပြည်ကြီး သေဌ်နင်းပြည့်ရှင်မင်းပီပီ -

တိုင်းနိုင်ငံ စည်ပင် သာယာကြောင်း သာသနာတော် ထွန်းလင်းတောက်ပကြောင်း ကိုသာ အခါမပြတ် မှူးကောင်း မတ်ကောင်း ရဟန်းပညာရှိတို့ နှင့်ညှိနှိုင်းတိုင်ပင် ပြုပြင် အားထုတ်လေ့ရှိခြင်း။

ပညာရှိမှူးမတ်များကို အစဉ်ချီးမြှောက်ပါ

ယင်းသို့လိမ္မာရေးရာ အထူးပညာရှိသော မှူးမတ်များကို ပုထုဇဉ် တို့တံထွာ တစ်ခါ တစ်ရံ မတော်မသင့်ပြုမှား ထင်မှားရှိ၍ ရာဇဝတ် မင်းဒဏ်ဖြင့် နှိမ်နင်းဆုံးမသည့် အခါများ၌ -

သေလေ သေလေ နမဏိကံ၊ ဂဇေ ဂဇေ နှ မုတ္တိကံ။ ဝနေ ဝနေ န စန္ဒနံ၊ ဌာနေ ဌာနေ န ပဏ္ဍိတံ။ (လောကနီတိ၊ ဂါထာ၊၇။)

ကျမ်းဂန်လာသည့်အတိုင်း

“စန္ဒကူး တောချောင် အမြုတေ ဆင်ပြောင် ပတ္တမြား တောင်ကြီးပမာ”

ယင်းသို့သော ပညာရှိတို့၏ လွန်စွာရခဲသည်၏ အဖြစ်ကို နှလုံးထားသဖြင့် လည်းကောင်း၊

“ညွန်ပုပ်တွင်းသို့ ကျသော ပတ္တမြားလုံးကိုသော်လည်း လုံးလုံး မပစ်၊ ညွန်ပုပ်ကို သုတ်သင်ဆေးလျော်၍ တစ်ဖန် သုံးစွဲအပ်သကဲ့သို့သော”

အခြင်းအရာများကို အခါခါ ဆင်ခြင်စဉ်းစား သတိထားသဖြင့်လည်းကောင်း၊

“ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓာ ပညာရှိအမတ်ကို အမျက်ညိုသဖြင့် ထိုထို ရာဇဝတ်ဒဏ် ပေးပြီးနောက် အမျက်မာန်ကို ဖျောက်၍ နောက်တစ်ဖန် ချီးမြှောက် သုံးစွဲပြန်သဖြင့် စူဠနီရန်သူကို ပုန်ကန်နိုင်ရုံသည် သာမက ပဉ္စာလစန္ဒီ စူဠနီ၏ ရင်သွေးကိုပင် ရသည့်ခြင်းရာ” (ဇာ၊ဋ္ဌ၊၆၊၂၁၁။)

“နန္ဒိသေန အမတ်ပညာရှိ လက်ရုံးဖြင့် ရန်သူဖြစ်သော ကာလိင်္ဂရာဇ် ပြည်အလုံးကို ဘုန်းတောက်နိုင်သော အဿကမင်းတို့ခြင်းရာ” (ဇာ၊ဋ္ဌ၊၃။၃။)

အဖြာဖြာကို စာနာထောက်ဆလျက် ပညာရှိ မှူးမတ်တို့ကို သည်းခံ၍ ပေါင်းဖော် ချီးမြှောက်ခြင်း၌ အကျိုးများစွာရှိသည်ကို အခါခါ နှလုံးထားသဖြင့် လည်းကောင်း ယင်းသို့သော ပညာရှိ မှူးကြီးမတ် ကြီးများကို အထူးသည်းခံ ချီးမြှင့်လေ့ရှိခြင်း၊

ယင်းသို့သော ရဟန်းပညာရှိ လူပညာရှိတို့ စကားကို အခါခါ မပြတ် နာခံမှတ်သား၍ ဆိုအပ်ခဲ့ပြီးသော ဂုဏ်ကျေးဇူးအင်္ဂါတို့နှင့် ပြည့်စုံအောင် အားထုတ် ကျင့်ဆောင်သမျှ ကာလပတ်လုံး -

“ရတနာရွှေဂူအတွင်းဝယ် ခြင်္သေ့မင်း၏သားကို ကျားရဲဝင်၍ မချီနိုင်သကဲ့သို့”

နိုင်ငံတစ်ပါးက သူပုန် သူကန်များတို့ မဝင့် မစားနိုင်အောင် ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဘေးကင်းကြောင်း ဘုန်းဟောင်းတက်တိုး ဘုန်းသစ်နှိုး၍ တစ်ပြည်လုံး ရေပြည့်အိုးပမာ လွန်စွာချမ်းသာကြသဖြင့် -

နိုင်ငံတစ်ပါး ကျွန်းတစ်ခြားနှင့်တကွ ဇမ္ဗူဒီပကျွန်းအလုံးအုံး အုံးတက် သောသောညံ အတန်တန် ကောင်းကြီးညံလျက် လူသာဓုခေါ် နတ်သာဓုခေါ်- သာသနာတော် လည်း

“အသူရိန်လက်မှ လွတ်သော ရွှေလမင်းပမာ”

လွန်စွာတိုးတက် ထွန်းလင်း သာသနာတော်အတွင်း မှီတင်း ခို၍နေကြကုန်သော ရဟန်းရှင်လူ အပေါင်းတို့အား ကောင်းကောင်းကြီး နတ်ရွာတံခါး အထူးအားဖြင့် ပွင့်ကြတော့မည် ဧကန်အမှန် ဖြစ်ကြောင်းများနှင့် ဆရာတော် ဆုံးမဩဝါဒ ပေးအပ်သည် သာသနာ့ ဒါယကာရေမြေ့ရှင်။

မှတ်ချက်။

မန္တလေးမြို့ နန်းတော်တွင်းဇာတိ စစ်ကိုင်းတောင်ရိုး ကြံခင်းချောင် ပထမ ဆရာတော်ကြီး သက်တော် (၈၆)နှစ်ရှိ အရှင်ဝိစိတ္တ ဆရာတော်ထံမှ ကျေးဇူးရှင် ရွှေဟင်္သာတိုက်သစ် ဆရာတော် ကြီး ရရှိ၍ သိမ်းဆည်းထားအပ်သောစာ ဖြစ်သည်။

ကြံခင်းချောင် ဆရာတော်ကြီးသည် ရွှေကျင (၅)တိုက် အဝင် ထရံကာတိုက်သား ဖြစ်သည်။ ရွှေကျင်ဆရာတော်ကြီးကို ကောင်းစွာ သိမီလိုက်ပါသည်။

ရာဇောဝါဒကထာ

ရာဇောဝါဒ

နမော တဿာတိ -

ဖြည်းညင်းသက်သာ အခွန်ဆောင်ပါ

(၁) ဥယျာနသာမိ ယော ပေါသော၊ အာမံ ဖလံ န ဆိန္ဒယေ။
တနရဋ္ဌံ သုဘုဉ္ဇန္တော၊ သဏိကံ ဗလိံ ဂဏှေ။

(၁) ဥယျာနသာမိ - ဥယျာဉ်၏အရှင်ဖြစ်သော။
ယောပေါသော - အကြင် ယောက်ျားသည်။
အတ္ထိ - ရှိ၏။
သောပေါသော - ထိုဥယျာဉ်ရှင်ယောက်ျားသည်။
အာမံ ဖလံ - အသီးနုကို။
န ဆိန္ဒယေ - မဆွတ်ရာ။
တနရဋ္ဌံ - နိုင်ငံသစ်ကို။
သုဘုဉ္ဇန္တော- ကောင်းစွာ တည်ထောင် ပွားများစေလိုသော။
ခတ္တိယော- ပြည့်ရှင်မင်းသည်။
သဏိကံ - ဖြည်းညင်းသက်သာ။
ဗလိံ - အခွန်ကို၊
ဂဏှေ - ကောက်ယူရာ၏။

အခွန်ကောက်ရာ ပမာဏသိပါ

(၂) မဂံ ခါဒံ မိဂရာဇာ၊ သဗ္ဗံ နဒံ န ခါဒတိ၊
အာယံ ဂဏှံ သုဘုဉ္ဇန္တော၊ ရာဇာ မတ္တညု ဇာယယေ။

(၂) မဂံ -သားကို။
ခါဒံ-ခါဒန္တော - စားသော။
မိဂရာဇာ- ခြင်္သေ့မင်းသည်။
သဗ္ဗံ - အလုံးစုံသော သားအပေါင်းကို။
နဒံ-နဒန္တော- ဟောက်လျက်။
နု ခါဒတိ - မစား။
အာယံ - အခွန်ကို။
ဂဏံှ-ဂဏှန္တော - ကောက်ယူလျက်။
သုဘုဉ္ဇန္တော - ကောင်းစွာ သုံးဆောင်သော။
ရာဇာ - ပြည့်ရှင်မင်းသည်။
မတ္တညူ- အတိုင်းအရှည်ကို သိသည်။
ဇာယယေ - ဖြစ်ရာ၏။

မိမိဒေါသ ဖျက်တတ်လှ

(၃) ကောဓံ ဝါရေယျ ဇနိန္ဒော၊ သစေ ကောဓံ နဝါရယေ။
နုလ္လောကေယျ ဇနော အညော၊ သကဒေါသေန နဿတိ။

(၃) ဇနိန္ဒော - ပြည့်ရှင်မင်းသည်။
ကောဓံ - အမျက်ကို။
သစေ နဝါရယေ - အကယ်၍ မတားမြစ်ငြားအံ့။
အညောဇနော - မှူးမတ်စသား သူတစ်ပါးသည်။
နုလောကေယျ - မော်၍ မကြည့်ဝံ့ရာ။
တထာပိ - ထိုသို့သူတစ်ပါးတို့ မဝံ့စားသော်လည်း။
သော ဇနိန္ဒော - ထိုပြည့်ရှင်မင်းသည်။
သကဒေါသေန - မိမိ ဒေါသဖြင့်။
နဿတိ - ပျက်လေခဲ့၏။

ပြည့်ရှင်မင်းတို့မှာ --

“များစွာသော သစ်ကျားစသော သားရဲအပေါင်းသည် ခြင်္သေ့မင်းကို မဝံ့သော်လည်း ထိုခြင်္သေ့မင်း၏ ပိုးလောက်အလှေးသည် ထိုခြင်္သေ့မင်းကို ဖျက်ဆီးနိုင်သကဲ့သို့”

အရပ်ဝန်းကျင် မြင်မြင်သမျှ ဘယ်သည်ရန်သူ မပြုဝံ့သော်လည်း ကိုယ်တွင်း သန္တာန်ဝယ် ဒေါသရန်ဖျက်ဆီး၍ ပျက်စီးတတ်သည်ကို သတိကြပ်ကြပ်ပြုအပ်သည် ဟူလိုး

ဒေါသစကား သတိထား

(၄) ကုဒ္ဓေါ ရာဇာ ဝါစာဝုဓော၊ နာပရဇ္ဈံ အပရဇ္ဈတိ။
ဝါစာဝုဓေန သောရာဇာ၊ သဗ္ဗရဋ္ဌံ ဝိနာယယေ။

(၄) ကုဒ္ဓေါ - အမျက်ထွက်သော။
ရာဇာ - မင်းသည်။
ဝါစာဝုဓော - စကားလက်နက် ရှိသည်ဖြစ်၍။
နာပရဇ္ဈံ - မပြစ်မှားထိုက်သူကို။
အပရဇ္ဈတိ - ပြစ်မှားမိ၏။
သောရာဇာ - ထိုမင်းသည်။
ဝါစာဝုဓေန - စကားလက်နက်ဖြင့်။
သဗ္ဗရဋ္ဌံ - နိုင်ငံအလုံးကို။
ဝိနာသယေ - ဖျက်ဆီးနိုင်၏။

“ဝေဿဝဏ္ဏနတ်မင်း၏ မျက်စောင်းသည် ကုမ္ဘန်တစ်ထောင် ပျက်စီးကြောင်း ဖြစ်သကဲ့သို့”

ပြည့်ရှင်မင်းတို့၏ ကောဓဖြစ်၍ စကားလက်နက် တစ်ခွန်းလွှတ်မိခါမျှဖြင့် နိုင်ငံအလုံး ပြုန်းတီးပျက်စီးကြောင်း ဖြစ်ချေသည် ဟု နှလုံးပြု၍ ပြည့်ရှင် မင်းတို့ဟူက ကောဓကို အထူး ချုပ်တည်းအပ်သည် ဟူလိုသည်။

ဆိုဆုံးမ,ဝံ့သူ ရခဲသည်

(၅) ယဿ ကဿစိ ကုဒ္ဓဿ၊ အကုဒ္ဓဿ ဝါ ရာဇိနော။
ဩဝါဒေါ ဒုလ္လဘော ဇာတော၊ ကုဒ္ဓရာဇဿ ကာ ကထာ။

(၅) ကုဒ္ဓဿ - အမျက်ထွက်သော။
ယဿ ကဿစိ ဝါ - အကြင်လူသာမန်အား လည်းကောင်း။
အကုဒ္ဓဿ - အမျက်မထွက်သော။
ရာဇိနော ဝါ - မင်းအားလည်းကောင်း။
ဩဝါဒေါ - ဆိုဆုံးမဝံ့သူကို။
ဒုလ္လဘော - ရခဲသည်။
ဇာတော - ဖြစ်၏။
ဗုဒ္ဓရာဇဿ - အမျက်ထွက်သောမင်းအား။
ကာ ကထာ - အဘယ်ဆိုဘွယ် ရှိအံ့နည်း။

“ခြင်္သေ့မင်း၏အာခံတွင်း၌ စူးဝင်သော အရိုးငြောင့်ကို ဝင်၍နှုတ်ယူရမည်ကလောက် လန့်အပ်သော”

ပြည့်ရှင်မင်းတို့၏ ကောဓပါပဓမ္မကို သူတစ်ပါး ဆိုဆုံးမဝံ့သူ အလွန် ခဲယဉ်းသည် ဖြစ်ရကား ပြည့်ရှင်မင်းတို့ဟူက အလွန် ကောဓပါပဓမ္မ မဖြစ်ရအောင် သတိရှိစေ အပ်သည် ဟူလို။

ဆိုဆုံးမသူ ကင်းလျှင်

(၆) ဝိဂတေ ဘိသဂ္ဂဇာတေ၊ ဂိလာနဿ ကုတော သုခံ။
အလဒ္ဓေါ ဝါဒဿ ရာဇိနော၊ မာရော ယထိစ္ဆိတံ ကရေ။

(၆) ဘိသဂ္ဂေ - ဆေးသမားသည်။
ဝိဂတေ - ကင်းခြင်းသည်။
ဇာတေ - ဖြစ်လတ်သော်။
ဂိလာနဿ - သူနာအား။
ကုတော သုခံ - အဘယ်မှာ ချမ်းသာနိုင်တော့အံ့နည်း။
အလဒ္ဓေါ ဝါဒဿ - ဆိုဆုံးမသူ ကင်းသော။
ရာဇိနော - မင်း အား။
မာရော - ဒေါသပါပဓမ္မမာရ်သည်။
ယထိစ္ဆိတံ - အလိုရှိတိုင်း။
ကရေ - ပြုရာ၏။

“ဘောဂဝတီပြည်တွင် နဂါးမင်းတို့ ပျော်စံရာ ဘုံပြာသာဒ်ဝယ် တင့်တယ်စွာ မကျက်စား၊ လက်ပန်တောဝယ် ကျက်စားမိသော နဂါးမင်းသည် အသောင်း မကသော ကျွန်တော်မျိုး နဂါးအပေါင်း မကယ်နိုင်၊ ဂဠုန်လက်ဝယ် ပျက်စီးရလေ သကဲ့သို့။”

အယောနိသော မနသိကာရဒေါသ စားကျက်သို့ ဝင်မိသောကြောင့် အသောင်း မကသော မှူးမတ် ကျွန်တော်မျိုးတို့ အလယ်တွင် ဒေါသပါပဓမ္မ မာရ်မင်းလက်ဝယ် ပျက်စီးတတ်သည်ကို သတိကြပ်ကြပ် ထားအပ်သင့်လှ တော့သည် ဟူလိုသတည်း။

အကျင့်ကောင်းမှာ တည်စေရာ

(၇) ဤဒိသံ နိဝေသေ ရာဇာ၊ ဓမ္မညူ ဓမ္မမာမကော။
ဘိယျောသော ယေဝ အတ္တာနံ၊ ပဋိရူပေ နိဝေသယေ။

(၇) ဓမ္မညူ - တရားကိုသိသော။
ဓမ္မမာမကော - တရားကို မြတ်နိုးတတ်သော။
ရာဇာ - ပြည့်ရှင်မင်းသည်။
ဤဒိသံ - ဤသို့သောသဘောကို။
နိဝေသေ - နှလုံးသွင်းရာ၏။
နိဝေသေတွာန - နှလုံးသွင်းပြီး၍။
ဘိယျောသော ယေဝ - လွန်စွာလျှင်။
အတ္တာနံ - မိမိကိုယ်ကိုလည်း။
ပဋိရူပေ - ယောနိသော မနသိကာရ သဒ္ဓမ္မာစာရ ဟုဆိုအပ်သော သင့်လျော် လျောက်ပတ် ကောင်း မြတ်သောအကျင့်၌။
နိဝေသယေ - တည်ရာ၏။

ဩဝါဒေတဗ္ဗ တပည့်တို့ နှလုံးထားရန်

ကိုယ့်အကျိုးစီးပွား ရှာလိုငြားက

(၈) အတ္တဟိတံ ဂဝေသန္တော၊ သံသာရဘီရုကော ဇနော။
နိဂ္ဂယှ ဝါဒိံ မေဓာဝိံ၊ တတ္ထ တတ္ထ ဂဝေသယေ။

(၈) အတ္တဟိတံ - ကိုယ်ကျိုးကိုယ့်စီးပွားကို။
ဂဝေသန္တော - ရှာသော။
သံသာရဘီရုကော - သံသရာကို ကြောက်တတ်သော၊။
ဇနော - လူရှင်ရဟန်းသည်။
နိဂ္ဂယှ ဝါဒိံ - နှိပ်နင်း၍သာ ကောင်းစွာဆုံးမလေ့ရှိသော။
မေဓာဝိံ - ကျိုးကြောင်းသိမြင် ပညာရှင်ကို။
တတ္ထ တတ္ထ - ထိုထိုနိဂုမ်းမြို့ရွာ ကျေညာအရပ်တို့၌။
ဂဝေသယေ - အပတ်တကုတ် ကြိုးအားထုတ်၍ ရှာရာ၏။

“ငါးဆင်ငါးမန်း ငါးရဲမိကျောင်းတို့ဖြင့် ပြွမ်းသော မြစ်ဝှမ်းသမုဒ္ဒရာ ထိုမှာ ဖက်ကမ်းသို့ ကူးသန်းလိုသော သေဘေးကို အလွန်ကြောက်သောသူသည် ရေကြောင်းခရီးအရာ ကျွမ်းကျင်လိမ္မာသော ပဲ့သူကြီးကို အလွန် အလိုရှိအပ်သကဲ့သို့၊”

အဆုံးမရှိသော ဘေးအတိပြွမ်းသော မြစ်ဝှမ်းသမုဒ္ဒရာပမာ သံသရာ သမုဒ္ဒရာကို ကူးသန်းရသော အန္ဓပုထုဇဉ်တို့မှာလည်း နိဗ္ဗာန်လမ်းကြောင်း ခရီးအရာ အလွန် လိမ္မာသော ပညာရှိကို အလွန် အလိုရှိအပ်သည် ဟူလိုသည်။ “တက်ကိုပစ်၍ လက်ပစ်ကူးသကဲ့သို့” မဖြစ်စေရာ ဟူလိုသည်။

ပညာရှိဩဝါဒ နာယူကြ

(၉) ယတ္တ ပဿတိ မေဓာဝိံ၊ တတ္ထ တံ ပဏ္ဍိတံ ဘဇေ၊
သုဏိတွာ စ ဩဝါဒ၊ သကံ စိတ္တံ ကူဋံ ဒမေ။

(၉) သော - ထိုပညာရှိကိုရှာသော ယောက်ျားသည်။
ယတ္ထ - အကြင် အရပ်၌။
မေဓာဝိံ - ပညာရှိကို။
ပဿတိ - တွေ့မြင်၏။
တတ္ထ - ထိုအရပ်၌။
ပဏ္ဍိတံ - ကျိုးကြောင်းသိမြင် ဆင်ခြင်ဆုံးမတတ်သော။
တံ မေဓာဝိံ - ထိုပညာရှိကို။
ဘဇေ - မှီဝဲဆည်းကပ်ရာ၏။
ဩဝါဒဉ္စ - ဆုံးမပဲ့ပြင် သွန်သင်အပ်သည်ကိုလည်း။
သုဏိတွာ - ကောင်းစွာနာ၍။
ကူဋံ - တရားလမ်းကြောင်း ဖြောင့်တန်းမသွား ကောက်ကျစ်များသော။
သကံ စိတ္တံ - မိမိစိတ်ကို။
ဒမေ - တရားလမ်းကြောင်း ဖြောင့်တန်းစိမ့်ငှာ ဆုံးမရာ၏။

“ပန်းဘဲသူကြီး တွေ့သည်အခါတွင် သံကြေးစားသော ဓားမကို မီးနာနာချ၍ ပြင်ဆင်ပြုပြင်အပ်သကဲ့သို့။”

နိဂ္ဂယှဝါဒီ ဆရာမြတ်တို့ တွေ့ကြိမ်သည့်အခါတွင် ဘဝအဆက်ဆက် မဆုံးမအပ်, ပေါက်လွှတ်ထားအပ်သော စိတ်ကောက် စိတ်ကြမ်းများကို နာနာဆုံးမအပ်သည် ဟူလို။

မီးနာနာပြ၍ တူချက်များများ ချသမျှသည် ဓားကောင်း ဓားလှရခြင်း၏ အကြောင်း ဖြစ်သကဲ့သို့ အပြစ်ကို နာနာပြ၍ ဆုံးမသမျှကို ပစ္စုပ္ပန်သံသရာ လောကီ လောကုတ္တရာ အရေးလှကြောင်းချည်းသာတည်း ဟု နှလုံးပိုက်၍ ဝမ်းမြောက် ဝမ်းသာ ဆုံးမအပ်သည်ဟူလိုသည်။

ပညာရှိထံမှာ ဆည်းကပ်ပါ

(၁ဝ) ဧဒိသံ ဘဇမာနော သော၊ ပေမေန ဂါရဝေန စ။
ဝတ္တာဝတ္တေန တောသေန္တော၊ သဒ္ဓမ္မေန ရတိံ ကရေ။

(၁၀) ဧဒိသံ - ဤသို့သဘောရှိသော။
မေဓာဝိံ - ပညာရှိကို။
ဘဇမာနော - ဆည်းကပ်သော။
သောဇနော - ထိုသူသည်။
ပေမေန စ - ချစ်ခြင်းမေတ္တာဖြင့် လည်းကောင်း။
ဂါရဝေန စ - ကိုယ်၏ရိုသေခြင်း နှုတ်၏ရိုသေခြင်းဖြင့် လည်းကောင်း။
ဝတ္တာ-ဝတ္တေန စ - ဝတ်ကြီးဝတ်ငယ်ဖြင့် လည်းကောင်း။
နံ အာစရိ ယံ - ထိုပညာရှိကို ဆရာမြတ်ကို။
တောသေန္တော - နှစ်သိမ့်စေလျက်။
သဒ္ဓ ဓမ္မေန - ပရိယတ်, ပဋိပတ် သူတော်တရားမြတ်ဖြင့်။
ရတိံ - မွေ့လျော်ခြင်းကို။
ကရေ - ပြုရာ၏။

သဒ္ဓိဝိဟာရိကေန ဘိက္ခဝေ ဥပဇ္ဈာယမှိ ပိတု စိတ္တံ ဥပဋ္ဌပေတဗ္ဗံ

အစိန္တေယျ အမိန့်တော်မြတ်အတိုင်း ဆရာ၌ အဖအမှတ် ချစ်မြတ်နိုးခြင်း၊ အရှင်အမှတ် တုပ်ဝပ်ရိုသေခြင်း၊ ဝတ်ကြီးဝတ်ငယ် ပြုခြင်းမျှဖြင့် ဆရာမြတ်တို့ သား ဟူသော အမှတ်ဖြင့် အထူးမြတ်နိုးခြင်း၊ ကြင်နာခြင်း ပါဠိအဋ္ဌကထာ သင်ကြား ပို့ချခြင်း ဩဝါဒအနုသာသနီတို့ဖြင့် ချီးမြှောက်ခြင်း စသော လောကီလောကုတ္တရာ များစွာသော အကျိုးရလတ္တံ့သည်ကို နှလုံးထား၍ ဆရာမြတ်တို့ နှစ်သက်ဖွယ်ရာကို အခါမပြတ် ပြုအပ်သည် ဟူလိုသည်။

“ကျားရဲသော တောအုပ်တွင် ပန်းတစ်ညွန့် ကွမ်းတစ်ရာ နတ်ပွဲရကာ တင်ကာမျှဖြင့် အသက်သေဘေးမှ မရောက်ရအောင် ကွယ်ကာ စောင့်ရှောက်ပေသော တောစိုးနတ်ကြီးကဲ့သို့။”

အနည်းငယ်သော အဉ္ဇလီကမ္မ စသော ရိုသေမြတ်နိုးခြင်းကို ပြုကာမျှဖြင့် နိဗ္ဗာန်တိုင်အောင် အဆုံးမရှိ အတိုင်းမသိသော အကျိုးကို ပေးလတ္တံ့သော ဆရာမြတ်တို့ကို အထူးရိုသေအပ် မြတ်နိုးအပ်လှတော့သည်မှတ် ဟူလို။

ဆရာမကောင်းလျှင် ဝေးစွာကြဉ်

(၁၁) နှာယိတုကာမော ယော ပေါသော၊ ဂူထောဒကံ ဝိဝဇ္ဇတိ၊
ဝိသုဒ္ဓိံ ဧသမာနော သော၊ ပါပါစေရံ န သံဘဇေ။

(၁၁) နှာယိတုကာမော - ရေချိုးလိုသော။
ယောပေါသော - အကြင်ယောက်ျားသည်။
အတ္ထိ - ရှိ၏။
သောပေါသော - ထိုယောက်ျားသည်။
ဂူထောဒကံ - မစင်ရေကို။
ဝိဝဇ္ဇတိ ယထာ - ကြဉ်သကဲ့သို့။
တထာ - ထိုအတူ။
ဝိသုဒ္ဓိံ - စင်ကြယ်ခြင်းကို။
ဝါ- - စင်ကြယ်ရာနိဗ္ဗာန်ကို။
ဧသမာနော - ရှာသော။
သော နရော - ထိုသူသည်။
ပါပါစေရံ - ဆရာယုတ်ကို။
န သံဘဇေ - မမှီဝဲရာ။
ဝိဝဇ္ဇယေ - ဝေးစွာကြဉ်ရာ၏။

စင်ကြယ်ပါလျှက် မစင်ကြယ်နိုင်

(၁၂) တာဒိသံ ဘဇမာနော သော၊ သယံ သုဒ္ဓေါ န သုဇ္ဈတိ။
ဂူထကူပေ ဟိ နိမုဂ္ဂေါ၊ ကထံ ကော တတ္ထ သုဇ္ဈတေ။

(၁၂) တာဒိသံ - ထိုသို့သဘောရှိသော ဆရာကို။
ဘဇမာနော - ဆည်းကပ် မိသော။
နရော - ထိုသူသည်။
သယံ - မိမိသည်။
သုဒ္ဓေါ - စင်ကြယ်ပါ လျက်။
န သုဇ္ဈတိ - မစင်ကြယ်နိုင်။
ကသ္မာ - အဘယ့်ကြောင့်လျှင် မိမိ စင်ကြယ်ပါလျက် မစင်ကြယ်ဘဲရှိသနည်း ဟူမူကား။

ဟိ ယသ္မာ - အကြင့် ကြောင့်။
ဂူထကူပေ - မစင်တွင်း၌။
နိမုဒ္ဓေါ - နစ် သောသူသည်။ (ဝါ) နှစ်သည်ရှိသော်။
တတ္ထ - မစင်တွင်း၌။
ကထံ - အဘယ် သို့လျှင်။
ကော - အဘယ်သူသည်။
သုဇ္ဈတိ - စင်ကြယ်နိုင်အံ့နည်း။
တသ္မာ - ထိုသို့ မစင်တွင်း၌ နစ်သောသူလျှင် ဥပမာရှိသည်၏အဖြစ်ကြောင့်။
နရော - ထိုဆရာယုတ်ကို ဆည်းကပ်သောသူသည်။
သယံ - မိမိသည်။
သုဒ္ဓေါ - စင်ကြယ်ပါလျက်။
န သုဇ္ဈတိ - မစင်ကြယ်နိုင်။

“ကျားကို ကြောက်၍ ရှင်ကိုခိုး၊ ရှင်အို ကျားထက်ဆိုး”

ဥဒါန်းစကားကဲ့သို့ ကိုးကွယ်ရာမရ၍ ကိုးကွယ်ရာ ရှာပါသည်တွင် ကိုးကွယ်ရာမှ ဘေးဇရာဖြစ်တတ်သည်၊ ကြပ်ကြပ်သတိရှိပါကြဟူလို။ ဗင်္ဂျတ္ထ။

ထို့ကြောင့် မဟုတ်လော အစိန္တေယျဘုရားရှင်သည် -

အသပ္ပုရိသသံသေဝေါ ပရိပူရော အသဒ္ဓမ္မဿဝနံ ပရိပူရေတိ၊ အသဒ္ဓမ္မဿဝနံ ပရိပူရံ အဿဒ္ဓိယံ ပရိပူရေတိ၊ အဿဒ္ဓိယံ ပရိပူရံ အယောနိသောမနသိကာရံ ပရိပူရေတိ၊ အယောနိသောမနသိကာ ရော ပရိပူရော ... တီဏိ ဒုစ္စရိတာနိ ပရိပူရေတိ။

(အံ၊၃၊၃၄၆။)

အစရှိသော ဒေသနာတော်မြတ်ကို ဟောတော်မူသည်။

မသူတော်ကို မှီဝဲက မသူတော်တို့စကားကို ကြားရဖန်များသည်၊ ထိုသို့ ကြားရဖန် များက နှလုံးသွင်းချွတ်ယွင်း သတိလွတ်ကင်းဖန် များတတ်သည်။

ထိုသို့ဖြစ်က “လက်နက်မရှိသောသူကို ရန်သူ မလေးသကဲ့သို့”

အယောနိသော မနသိကာရ ပုဗ္ဗင်္ဂမ အကုသိုလ် ကိလေသာ ရန်သူတို့၏ အစာဖြစ်၍ သံသရာ၌ နစ်လေတော့သည်။ ဤသို့မဖြစ်အောင် သတိ ကြပ်ကြပ်ဆောင်အပ်သည် ငါ၏ချစ်သားတို့ ဟူလိုသည်။

“သစ်ကျား သားရဲတို့သည် လူသူတို့ကို တွေ့လျှင် လက်နက်မပါသူ ဖြစ်အံ့၊ မလောက်မလား ကိုက်စားလေတော့သည်။ လက်နက်ပါသူ ဖြစ်အံ့၊ အတန်ငယ် ကြံစည် ရပ်တန့်ပြီးမှ လက်နက်ကို ပုတ်ချ၍ လက်နက် လွတ်လျှင်လွတ်ခြင်း မိမိ၏ အစာအဖြစ်သို့ ရောက်စေသကဲ့သို့၊”

ထို့အတူ သူတော်ကောင်း ဆရာတို့ထံ နည်းမခံဘူး၍ ယောနိသော မနသိကာရ သဒ္ဓါ သတိ အစရှိသော လက်နက်အထူး မပါလှာသူတို့ကိုကား ထိုအသပ္ပုရိသ ပါပါစေရ ဖြစ်သော ဆရာသည် အသပ္ပုရိသ ဒုဿီလ ပါပပုဂ္ဂလအဖြစ်သို့ ဆောလျင်စွာ ရောက်စေနိုင်သည်။

သူတော်ကောင်းတို့ထံမှ နည်းဥပဒေသ ရခဲ့ဖူး၊ ဤယောနိသော မနသိကာရ သဒ္ဓါ သတိ စသောလက်နက်အထူး ပါရင်းရှိသော သူတို့ကိုမူကား အသဒ္ဓမ္မဿဝန ဟု ဆိုအပ်သော ဣဿာမစ္ဆေရ မက္ခီ ပဠာသီ အစရှိသည်နှင့် စပ်သော မသူတော်တို့ စကားကို အဖန်ဖန်ကြားစေ၍ ယောနိသောမနသိကာရ သဒ္ဓါ သတိ စသော လက်နက် လွတ်ကျပြီးသည့်နောက် မသူတော် အဖြစ်သို့ ရောက်စေနိုင်သည်။

“ရေဝေးသောငါးသည် ရေနားကို မသီနိုင်သကဲ့သို့”

သူတော်ကောင်းနှင့် ဝေးစ,ရှိ၍ သုဝိဒူရ သုဝိဒူရ ဝေးသည်ထက် ဝေးကြတော့သည်။

“တံငါသည် ယောက်ျားသည် ရေနှင့်ဝေးဝေးထား၍ ငါးကိုသေစေသကဲ့သို့”

ထို အသပ္ပုရိသ ဆရာသည် မိမိထံ ဆည်းကပ် ရောက်လှာသူ တပည့် ဒကာတို့ကို သူတော်ကောင်းနှင့် တစ်ရွေ့တစ်ရွေ့ ဝေးစေ၍ အကျိုးစီးပွားကို တစ်နေ့တစ်ပါး ဆုတ်ယုတ် ပျက်စီးစေတတ်သည်။

ထို့ကြောင့် အသပ္ပုရိသ ဒုဿီလ ပုဂ္ဂိုလ်တို့ကို သစ်ကျား သားရဲမက ကြောက်အပ် ရှောင်ကြဉ်အပ်သည်ဟူ၍ နေယျတ္ထ။

ပညာရှိဆရာ ဆည်းကပ်ပါ

(၁၃) သီလဝန္တဿ သုဒ္ဓဿ၊ ပညဝန္တဿ သတ္ထုနော။
တဿောဝါဒံ သံဂဏှေယျ၊ ရတ္တိန္ဒိဝ မတန္ဒိတော။

(၁၃) သီလဝန္တဿ - သီလရှိသော။
သုဒ္ဓဿ - ကိုယ်နှုတ်နှလုံး ဖြူစင်သော။
ပညဝန္တဿ - ပညာရှိသော။
သတ္ထုနော - ဆရာမြတ်အား၊ (ဝါ) ဆရာမြတ်ကို။
ဘဇေ - ဆည်းကပ်ရာ၏။
ဧဝံ - ဤသို့။
ဘဝိတဿ – ဆည်းကပ်မှီခိုအပ်သော။
တဿ သတ္ထုနော - ထိုဆရာ၏။
ဩဝါဒံ - အဆုံးအမကို။
ရတ္တိန္ဒိဝံ - နေ့ညဉ့် မပြတ်။
အတန္ဒိတော - ပျင်းရိခြင်း မရှိသည်ဖြစ်၍။
သံဂဏှေယျ - ကောင်းစွာ ခံယူရာ၏။ (ဝါ)ခံယူကြပါလော့။

“အကြင်ရေကို သောက်ချိုးလို၍ ဧရာဝတီမြစ်ကြီးမှီ၏။ ထိုမြစ်ရေကို မသောက် မချိုးက ၎င်းမြစ်ကို မှီကျိုး နပ်တော့မည် မဟုတ်သကဲ့သို့” တရားပြသ ဆုံးမခံလို၍ သီလဝန္တဆရာတို့ထံဝယ် မှီဝဲလာလျက် အနီးအပါး ဆည်းကပ်ခစား၍ တရားဆုံးမ မခံရ၊ အကျိုးမရှိ ဟူလိုသည်။

“မြစ်ကမ်းသို့သာ ရောက်၍ ရေသို့မရောက်သေးက ရေသောက်ရတော့မည် မဟုတ် သကဲ့သို့” ဟူလိုသည်။ (နေယျတ္တ)

နည်းစုံခံယူ နည်းကောင်းကျင့်

(၁၄) ဘမရော နာနာရုက္ခေဟိ၊ ပုပ္ဖရေဏုံ မဓုံ ကရေ၊
ကုသလော နာနာဝိညူဟိ။ နယံ ဂဏှံ ဝရံ စရေ။

(၁၄) ဘမရော - ပျားပိတုန်းသည်။
နာနာရုက္ခေဟိ – အထူးထူးသော ပန်းသစ်ပင်တို့မှ။
ပုပ္ဖရေဏုံ - ပန်းဝတ်ရက်ကို။
မဓုံ - ပျားကို (ဝါ) ပျားဖြစ်အောင်။
ကရေ - ပြုနိုင်သေး၏။
(ဝါ) ကရေ ယထာ - ပြုလေသကဲ့သို့။
ကုသလော - လိမ္မာသောတပည့်သည်။
နာနာဝိညူဟိ - အထူးထူးသော ဆရာပညာရှိတို့မှ။
နယံ - နည်းကို။
ဂဏှံ- ဂဏှန္တော - ခံယူလျက်။
ဝရံ - ကောင်းမြတ်သော။
နယံ -နည်းကို။
စရေ - ကျင့်ရာ၏။

“ပျားပိတုန်းသည် အထူးထူးသော ပန်းပွင့်တို့မှ မဓုရတရ အလွန်ချိုမြိန်လှသော ပန်းဝတ်ရည်ကို စုဆောင်းပြီးလျှင် မိမိနေရာ၌ အကောင်းတကာ အနှစ်တကာတို့၏ အစု ပျားအုံကြီးပြု၍ ထားသကဲ့သို့။”

အထူးထူးသော သီလဝန္တ ပညဝန္တ သုတဆရာတို့မှ ရအပ်သော ကောင်းမြတ်သော နည်းတို့ကို တစ်ပေါင်းတည်း ပြု၍ မိမိနှလုံးသွင်းခြင်း သူတစ်ပါးကို ဟောပြော ဆုံးမခြင်း အလွန်လိမ္မာသော ဂိုဏ်းဆရာ၏ အဖြစ်သို့ရောက်၍ သာသနာတော် စည်ပင် ထွန်းလင်းကြောင်း နည်းကောင်းအထူး ဖြစ်အောင် ရွက်ဆောင် အားထုတ် အပ်သည်ဟူလိုသည်။

ဆရာ့ကျေးဇူး မချေဖျက်ရ

(၁၅) မာတုခီရံ သုပါယေန္တော၊ ထနမူလံ နဆိန္ဒယေ။
သတ္ထုပညံ ဥဂ္ဂဏှာန္တော၊ သတ္ထုဝဏ္ဏံ န မက္ခယေ။

(၁၅) မာတုခီရံ - အမိနို့ရည်ကို။
သုပါယေန္တော - ကောင်းစွာစို့သော သူငယ်သည်။
ထနမူလံ - သားမြတ်ရင်းကို။
နဆိန္ဒယေ - မကိုက်ဖြတ်ရာ။
သတ္တု ပညံ - ဆရာ့ပညာကို။
ဥဂ္ဂဏှန္တော - သင်ယူသောတပည့်သည်။
သတ္ထုဝဏ္ဏံ - ဆရာ့ဂုဏ်ကျေးဇူးကို။
န မက္ခယေ - မချေဖျက်ရာ၊

“သားမြတ်ကို ကိုက်တတ်သော သားကို အမိ နို့တိုက်ဝံ့တော့သည် မဟုတ်၊ အမိနို့ မတိုက်က နို့ငတ်၍ သေရတော့မည် ဆိုအပ်သကဲ့သို့။

ပညာရှင်ဆရာ၌ ကတညုတ ကတဝေဒီ မရှိသော ပညာရှင် ဆရာမြတ်၏ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်ခြင်း စသည်ဖြင့် ပညာသင် မလိမ္မာက ပညာရတော့မည် မဟုတ်ဟူလိုသည်။

ဆရာ့အပြစ်တွေ သည်းခံလေ

(၁၆) အစ္ဆောဒကံ ပါတုကာမော၊ သေဝါလကံ ဥပေက္ခယေ။
သတ္ထုသိပ္ပံ ဥဂ္ဂဏှန္တော၊ သတ္ထုဒေါသံ တိတိက္ခယေ။

(၁၆) အစ္ဆောဒကံ - ရေကြည်ကို။
ပါတုကာမော - သောက်လိုသော သူသည်။
သေဝါလကံ - မပြောပလောက် အပေါ်ယံတွင် ရောက်သောမှော်ကို။
ဥပေက္ခယေ - လျစ်လျူရှုရာ၏။
တထာ - ယင်းနည်းအတူ။
သတ္ထုသိပ္ပံ - ဆရာ့အတတ်ကို။
ဥဂ္ဂဏှန္တော - သင်ယူသော တပည့်သည်။
သတ္ထုဒေါသံ - မပြောပလောက် ဆိုငေါက် မြည်းတမ်းသော ဆရာအပြစ်ကို။
တိတိက္ခယေ - သည်းခံရာ၏။

“မှော်ကိုမြင်၍ ရေကိုရွံလျှင် ရေငတ်၍ သေရကြောင်းဖြစ်သကဲ့သို့” နှလုံးထား အပ်သည် ဟူလိုသည်။

“မြစ်လယ်တွင် မျောသွားသည့် သုနခပုတိ = ခွေးသေကောင်ပုပ် တစ်ခုကို မြင်လျှင် တစ်မြစ်လုံး ပုပ်ညှီအံ့ထင်၍ ရေကို မသောက်ချင် မရှိစေရသကဲ့သို့” လည်း နှလုံးထား။

“အလွန်ချိုမြိန်သော အရသာရှိသော ငှက်ပျော သရက် ပိန္နဲ ဟုဆိုအပ်သော မဓုရ ပဏီတ ဖလ တို့၌သော်လည်း စွန့်ပယ်အပ်သော အခွံဟု ဆိုအပ်သော ဒေါသ မကင်းနိုင်သေး” ဟု

ယောနိသောမနသိကာရ ပြုသဖြင့် ဆရာမြတ်တို့၏ အနည်းငယ်သော အပြစ်ကို သည်းခံအပ်သည် ဟူလိုသည်။ သတိရှိပါစေ

တပည့်မိုက်သည် ဆရာကိုပြိုင်

(၁၇) သောဏော သီဟဝိယာသာဒေါ၊ အဟံ သီဟောတိ မညတိ။
သတ္ထုသိပ္ပံ မနံ လဒ္ဓေါ၊ သတ္ထုဗာလော ယုဂဂ္ဂလော။

(၁၇) သီဟဝိယာသာဒေါ - ခြင်္သေ့စားကြွင်းကို စားရသော။
သောဏော - ခွေးသည်။
အတ္တနော - မိမိ၏။
ကာယဗလတရတ္တာ - ကိုယ်အားရှိသည်၏ အဖြစ်ကြောင့်။
အဟံ - ငါသည်။
သီဟော - ခြင်္သေ့တည်း။
ဣတိ - ဤသို့။
မညတိ ယထာ - အောက်မေ့သကဲ့သို့။
တထာ - ထိုအတူ။
သတ္ထုပညံ - ဆရာ့ပညာကို။
မနံ – စဉ်းငယ်။
လဒ္ဓေါ - ရအပ်သည်ရှိသော် (ဝါ) ရအပ်သော။
ဗာလော - လူမိုက်သည်။
သတ္ထု - ဆရာအား (ဝါ) ဆရာကို။
ယုဂဂ္ဂဟော - အဖက်ပြိုင်တတ်၏။

“ကိုယ့်ပမာဏကို မသိ၊ အနည်းငယ် အားရှိကာမတ္တဖြင့် ငါသီဟ တည်း ဟု ထင်မှတ်သော တောခွေးမိုက်သည် အစာပေး၍ မွေးထားပေသော အသက်သခင် ခြင်္သေ့မင်း၏ အတုပြု၍ ဟောက်မည်အကြံနှင့် အားအံထုတ်ပါသော်လည်း မိမိ၏ ဇာတိခွေးတို့အသံ ပကတိသာ ဖြစ်လေ၍ ခွေးသံကို ကြားလျှင် သမင်ပြေးထွက်သွား သဖြင့် မံသအရသာမှ ဆုတ်ယုတ်လေဖူးသည်နှင့် အတူ။”

ကိုယ့်ပမာဏကို မသိ၊ မာန အတိမာန မက္ခိ ပဠာသီ အားကြီး၍ လောကီ လောကုတ္တရာ အကျိုးနှစ်ပါး ဆုတ်ယုတ်ပျက်စီးတတ်သည်။ သတိရှိပါစေဟူလို။

မာနရှေ့ထား မှားတတ်သည်

(၁၈) ယေန သုတေန ဝိညူနံ၊ ကလိံဉတွာ ဒုက္ခံ ဇဟေ။
တေနသုတေန ဒုဋ္ဌဿ၊ အယောနိသော ဘဝကလိ။

(၁၈) ယေနသုတေန - အကြင်သုတဖြင့်။
ဝိညူနံ - ပညာရှိတို့အား။
ကလိ - ဆင်းရဲခြင်းကို။
ဉတွာ - သိ၍။
ဒုက္ခ - တေဘူမက ဝဋ်ဒုက္ခကို။
ဇဟေ-ဇဟေယျုံ – စွန့်ကြကုန်၏။
တေနသုတေန - ထိုပညာရှိတို့ဒုက္ခကို စွန့်ကြောင်း ဖြစ်သောသုတဖြင့်။
အယောနိသော - မာန အတိမာန ရှေ့သွားရှိသော မသင့်သော နှလုံး သွင်းခြင်းရှိသည် ဖြစ်၍။
ဒုဋ္ဌဿ - ပျက်သောသူအား။
ကလိ - ဆင်းရဲဒုက္ခ ရောက်ရခြင်းသည်။
ဘဝေ - ဖြစ်လေ၏။

ဆေးကြောင့်ဖြစ်သော ရောဂါကို ကုစားစရာဆေး မရသကဲ့သို့လည်းကောင်း၊ ရေလောင်းတိုင်း ဟုန်းဟုန်းထသော မီးကို ငြိမ်းသတ်စရာ ရေရှာကျိုး မရှိသကဲ့သို့ လည်းကောင်း။”

သုတများတိုင်း တက်ပွားသော မာန, အတိမာနကို ပယ်စရာ သုတ ပညာရှာ၍ အကျိုးနပ်တော့မည် မဟုတ်ဟု နှလုံးထား၍ သုတပညာတွက်နှင့် မာန, အတိမာန မဖြစ်ရအောင် သတိရှိကြစေဟူလို။

သီလရနံ့မှ ဝေးလေရ

(၁၉) မဏ္ဍကောပိ ဇလေ ဇာတော၊ ဇလပုပ္ဖံ နဃာယတိ။
သန္တေသုဘဇန္တောဗာလော၊ ဓမ္မဂန္ဓန အာရကာ။

(၁၉) ဇလေ - ရေ၌။
ဇာတော - ပေါက်ဖွားသော။
မဏ္ဍုကောပိ - ဖားသူငယ်သည်လည်း။
ဇလပုပ္ဖံ - ရေ၌ဖြစ်သော ကြာမျိုးငါးပါး စသောပန်းကို။
နဃာယတိ - မနမ်းရ။
သန္တေသု - သူတော်ကောင်းတို့၌။
ဘဇဒန္တော - ဆည်းကပ်သော။
ဗာလော - လူမလိမ္မာသည်။
ဓမ္မဂန္ဓေန - သီလစသော ပန်းအနံ့မှ။
အာရကာ - ဝေးလေခဲ့၏။

“ရေ၌ပေါက်ဖွားသောဖားသည်ရေပန်းကိုမနမ်းလိုသကဲ့သို့။”

သူတော်ကောင်းတို့ထံ ဆည်းကပ်မိတပြီးလျက် သူတော်ကောင်းတို့၏ တရား စကားကို မနာလိုဘဲ မရှိစေရာ ဟူလိုသည်။

လူမိုက်မှာ သူတော်တရား မတည်

(၂ဝ) ဒဏ္ဍရာဇိ ဇလေ နတ္ထိ၊ ပင်္ကေ အဂ္ဂိန ဇာလယေ။
နူဒဗိန္ဒုယဋေတတ္ထေ၊ ဗာလော ဓမ္မော နတိဋ္ဌယေ။

(၂၀) ဇလေ - ရေ၌။
ဒဏ္ဍရာဇိ - လှန်ကန်ရေးသည်။
နတ္ထိ - မရှိ။
ပင်္ကေ - ညွန်၌။
အဂ္ဂိ - မီးသည်။
န ဇာလယေ - မတောက်။
တတ္ထေ - ခြစ်ခြစ်ပူသော။
ဃဋေ - အိုး၌။
ဥဒဗိန္ဒု - ရေပေါက်သည်။
နတ္ထိ - မရှိ။
ဗာလေ - လူမိုက်၌။
ဓမ္မော - သူတော်ကောင်းတို့၏ တရားသည်။
န တိဋ္ဌယေ - မတည်နိုင်။

ဆရာမြတ်တို့ အထပ်ထပ် ဆုံးမပါလျက် အမှတ်မရှိ သတိမမူ မနေမိစေရာ ဟူလိုသည်၊ ပဌမ ပုံ။

ထိန မိဒ္ဓ ပဒ ပမာဒ ကောသဇ္ဇ အစရှိသော ညွန်နစ် ညွှန်ပျောင်း၌ သူတော်ကောင်း တရား တည်းဟူသော မီးမတောက်နိုင် ရှိတတ်သည်။ ဆုံးမအပ်သော သူတော်ကောင်း တရား တည်းဟူသော မီးလာလျှင် ကောင်းစွာ တောက်ပ စေခြင်းငှါ ထိန မိဒ္ဓ ပျင်းရိ ငိုက်မျဉ်းခြင်း စသော ညွန်နစ်အား မကြီးရအောင် သတိရှိပါစေ ဟူလိုသည်။ ဒုတိယ ပုံ။

ကာမတဏှာ အစရှိသော မီးပူအားကြီးလွန်းက တရားတော် တည်းဟူသော ရေပေါက်အရှည် မတည်ရာသည်ဖြစ်၍ ဆရာမြတ်တို့ သွန်းလောင်းအပ်သော တရားရေပေါက်၏ ကိုယ့်သန္တာန်၌ အဓွန့်ရှည်စွာ တည်ပါစေခြင်းငှါ ပကတိအားဖြင့် ကာမဝိတက် ကာမတဏှာ စသော ကိလေသာမီး အပူ မကြီးလွန်းရအောင် အသုဘသညာ, မရဏဿတိ အစရှိသည်တို့ကို ပွားများအပ်သည် ဟူလိုသည်။ တတိယ ပုံ။

“မဟာသမုဒ္ဒရာရေသည် အဝီစိငရဲအထက် ကျည်တောက်သွန် စီး၍ ကျသော်လည်း ဤလူ့ပြည်တွင် မီးအိုးကင်း၌ ရေပေါက်တစ်စက် တစ်စက် ကျသကဲ့သို့သာ ဖြစ်၍ ငရဲမီး မအေးနိုင်သကဲ့သို့။

ဘဝအဆက်ဆက် လောင်ဖန်များ၍ အားကြီးလှသော ကိလေသာ မီးကိုငြိမ်းအောင် ပြုရမည် အလွန်ခဲသည်။

ယင်းသို့ဖြစ်ခဲ့သော်လည်း -

“ကမ္ဘာဖျက်မိုးကြီးသည် စကြဝဠာ တစ်သန်းအတွင်း များစွာ မရေတွက်နိုင်သော ငရဲငယ်တို့နှင့် တကွ တစ်သိန်းသော အဝီစိငရဲတို့ကို တစ်ပေါင်းတည်း ငြိမ်းအေး စေနိုင်သကဲ့သို့။”

အနုတ္တရမြတ်လှစွာသော ဘုရားသခင်၏ အတုမရ များပြားကြီးကျယ် သိမ်မွေ့နက်နဲ လှစွာသော တရားတော် တည်းဟူသော မဟာမေဃ မိုးကြီးအတွင်း၌ ကာမတဏှာ ငါ၏ ကိလေသာတို့သည် ငြိမ်းသင့်လှတော့သည်။ အေးမြသင့်လှတော့သည်။ မငြိမ်း ငြိမ်းအောင် ပြုသင့်လှတော့သည်။ နှလုံးပိုက်၍ ဆရာမြတ်တို့ ဓမ္မဒေသနာ မိုးရွာ သည့်အခါ ကောင်းစွာ အရိုအသေ မှတ်သား နာခံအပ်သည်ဟူလိုသည်။ စတုတ္ထ ပုံ။ ဗျဂျုၤတ္ထ။

ဆိုဆုံးမခက် မာရ်ကဖျက်

(၂၁) အသုဒ္ဓေါ သော ဟိ ဒုဗ္ဗစော၊ ပဏ္ဍိတေန နိကဍ္ဎိတော၊
နိကဍ္ဎိတံ ဟိ တံ ဗာလံ၊ မာရောသကဝ သံ နယေ။

(၂၁) ဒုဗ္ဗစော - ဆိုဆုံးမခက်သော။
အသုဒ္ဓေါ - ကိုယ်နှုတ်နှလုံး မစင်ဖြူထသော။
သော နရော - ထိုသူကို။
ပဏ္ဍိတေန - ပညာရှိသည်။
ဟိ ယသ္မာ - အကြင်ကြောင့်။
နိကဍ္ဎိတော - နှင်ထုတ်အပ်၏။
တသ္မာ - ထိုသို့ပညာရှိတို့ နှင်ထုတ်ထိုက်သည်၏ အဖြစ်ကြောင့်။
သောနရော - ထိုပညာရှိကို မှီဝဲဆည်းကပ်သော သူသည်။
ဒုဗ္ဗစော - ဆိုနိုင်ခက်သည်အဖြစ်သည်။
န ဘဝေ - မဖြစ်ရာ။ (ထည့်)။

ဟိ - ပညာရှိတို့ နှင်ထုတ်အပ်သည်၏အဖြစ်ကိုဆိုအံ့။
နိကရိတံ - ပညာရှိတို့နှင်ထုတ်လိုက်သော။
တံဗာလံ - ထိုသူမိုက်ကို။
မာရော - မာရ်မင်းသည်။
သကဝသံ - မိမိနိုင်ငံသို့။
နယေ - ဆောင်လေ၏။

ပညာရှိများ စိတ်ကောင်းထား

(၂၂) နိဝေသေ ဤဒိသံ ဝိညူ၊ အဓိမာနံ ယုဂဂ္ဂဟံ။
မာရဘင်္ဂံ ဝိဘဉ္ဇန္တော၊ ဒုက္ခဿန္တံ ကရိဿတိ။

(၂၂) ဝိညူ - ပညာရှိသည်။
ဤဒိသံ - ဤသို့သဘောရှိသော စိတ်ကောင်း စိတ်ထားကို။
နိဝေသေ - မိမိသန္တာန်၌ တည်နေစေရာ၏။
နိုဝေသေတွာ - တည်နေစေပြီး၍။
ယုဂဂ္ဂဟံ- ဆရာကို အဖက်ပြိုင်ခြင်း ဟူသော။
အဓိမာနံ - လွန်ကဲသော မာနုဖြစ်သော။
မာရဘင်္ဂံ - ချိုးဖဲ့ဖျက်ဆီးအပ်သည့် မာရ်ယုတ်ကို။
ဝိဘဉ္ဇန္တော - ချိုးဖဲ့ဖျက်ဆီးလျက်။
ဒုက္ခဿ - ဝဋ်ဒုက္ခ၏။
အန္တံ - အဆုံးကို။
ကရိဿတိ - ပြုနိုင်ရလတ္တံ့။

“ရေမှလွတ်သော ငါးကို ကျီးချီ၍ သွားသကဲ့သို့ ဟူလိုသည်။ ဤသို့သောနည်းကို နှလုံးသွင်း၍ ငါးရဲမိကျောင်း ဘေးအတိပြွမ်းသော သမုဒ္ဒရာ ပင်လယ်တွင်း၌ သင်္ဘော လှေဖောင်ကို အလွန်ကိုးကွယ်ရာ မှတ်အပ်သကဲ့သို့။”

သံသရာ သမုဒ္ဒရာတွင် ကျင်လည်ရသော သူတို့သည်လည်း ကလျာဏမိတ္တ ဆရာမြတ်တို့ကို အလွန်ကိုးကွယ်ရာမှတ်၍ အခါမပြတ် ဆရာမြတ်တို့ နှစ်သက်ဖွယ် သက္ကစ္စ ဂါရဝ နိဝါတ သောဝစဿတာ ဂုဏ်တို့နှင့်ပြည့်စုံကြပါစေ ဟူလိုသည်တည်း။

ဩဝါဒက ဆရာတို့ နှလုံးထားရန်

သူတစ်ပါးကို ဆုံးမလိုလျှင်

(၂၃) ဒမေတုကာမော ယော အညံ၊ အတ္တာနံ ပဌမံ ဒမေ။
အသုဒ္ဓဿဟိပေါသဿ၊ အညော ဝါစံ န သက္ကရေ။

(၂၃) ယော ဝိညူ - အကြင်ပညာရှိသည်။
အညံ - သူတစ်ပါးကို။
ဒမေတု ကာမော - ဆုံးမလို၏။
သော ဝိညူ - ထိုပညာရှိသည်။
ပဌမံ - ရှေးဦးစွာ။
အတ္တာနံ - မိမိကိုယ်ကို။
ဒမေ – ဆုံးမရာ၏။

ဟိ - “သူ့ကိုဆုံးမလိုလျှင် ကိုယ့်ကိုယခင် ရှေးဦးတင်၍ ဆုံးမရမည် ဟူသော စကားသည် သင့်လှ၏။
(ဝါ) ဟိ=ယသ္မာ - အကြင့်ကြောင့်။
အသုဒ္ဓဿ - ကိုယ်နှုတ်အမူ မစင်ဖြူသော။
ပေါသဿ - ယောက်ျား၏။
ဝါစံ - ဆိုဆုံးမသောစကားကို။
အညေ - တပည့်စသား သူတစ်ပါးသည်။
န သက္ကရေ - အရိုအသေ မလိုက်နာ။
တသ္မာ - ထိုသို့ ကိုယ်နှုတ်အမူ မစင်ဖြူသော သူ၏စကားကို သူတစ်ပါးတို့ မလိုက်နာသောကြောင့်။
အညံ - သူ တစ်ပါးကို။
ဒမေတုကာမော - ဆုံးမလိုသောသူသည်။
ပဌမံ - ရှေးဦးစွာ။
အတ္တာနံ - မိမိကိုယ်ကို။
ဒမေ - ဆုံးမရာ၏။

ဒေါသရှေ့ထား၍ မဆုံးမရာ

(၂၄) မောဟဂ္ဂိနာ သယံ ဒဍ္ဎံ၊ ဗာလံ ဒန္တော သုပဏ္ဍိတော။
မေတ္တောဒကေန သိဉ္စေယျ၊ ဒေါသဂ္ဂိနာ န တံဒဟေ။

(၂၄) သယံ - အလိုလို။
မောဟဂ္ဂိနာ - မောဟမီးဖြင့်။
ဒဍ္ဎံ - လောင်သော။
ဗာလံ - သူမိုက်ကို။
ဒေန္တော-ဒမေတော - ဆုံးမသော။
သုပဏ္ဍိတော - ကောင်းသော ပညာရှိသည်။
မေတ္တောဒကေန - မေတ္တာရေဖြင့်။
သိဉ္စေယျ - သွန်းလောင်း၍သာ ဆုံးမရာ၏။
တံ - ထိုသူ့အလိုလို မောဟမီးဖြင့် လောင်ပြီးသော သူမိုက်ကို။
ဒေါသဂ္ဂိနာ - ဒေါသမီးဖြင့်။
ပုန - တစ်ဖန်။ န ဒဟေ - မတိုက် မလောင်စေရာ။

ဒေါသစိတ်ရှေ့ထား၍ သူတစ်ပါးကို မဆုံးမရာ ဟူလိုသည်။ ဗျင်္ဂျတ္တ။

ဆဲရေးမည်တွန်၍ မဆုံးမရာ

(၂၅) နရကေ ပတိတံ ပုတ္တံ။ ခေမေဌိကော သုဥဒ္ဓရေ။
ဆိန္နပါတေ ဌိတော ဗာလော၊ ပိတာ ပုတ္တေနနုဿယေ။

(၂၆) အာစေရော ဩဝါဒံ သိဿံ၊ သယံ ဒန္တော ဩဝါဒယေ။
ကောဓေ ဌိတော ဩမသေယျ၊ ဥဘော မာရေန ဝံသိတာ။

(၂၅) နရကေ - နရက်ချောက်ကမ်းပါး၌။
ပတိတံ - လိမ့်၍ကျသွားသော။
ပုတ္တံ – ချစ်လှစွာသော သားကို။
ခေမေ - ကမ်းပါးဝေးဝေး ဘေးမရှိရာ၌။
ဌိတော - တည်လျက်။
သုဥဒ္ဓရေ - ကောင်းစွာ ထုတ်ဆယ် ကယ်တင်ရာ၏။
ဆိန္နပါတေ - ကမ်းပါးပြတ်၌။
ဌိတော - တည်သည်ဖြစ်၍။
သစေ ဥဒ္ဓရေ - အကယ်၍ ထုတ်ဆယ်ငြားအံ့။
ဗာလော - မလိမ္မာသော။
ပိတာ - အဖသည်။
ပုတ္တေန - သားနှင့်တကွ။
တတ္ထ - ထိုကမ်းပါး၌။ နဿယေ ယထာ - ပျက်စီးရာသကဲ့သို့။

(၂၆) ဧဝံ တထာ - ထို့အတူ။
သိဿံ - တပည့်ကို။
ဩဝါဒံ- ဩဝါဒန္တော - ဆိုဆုံးမသော။
အာစေရော - ဆရာသည်။
သယံ - မိမိသည်။
ဒန္တော - ယဉ်ကျေးသည် ဖြစ်၍။
ဩဝါဒယေ - ဆုံးမရာ၏။
ကောဓေ - အမျက်ထွက်ခြင်း၌။
ဌိတော - တည်သည်ဖြစ်၍။
ဩမသေယျ - ဆဲရေးမြည်တွန်ငြားအံ့။
ဥဘော - ဆရာတပည့် နှစ်ဦးလုံးတို့ကို။
မာရေန - မာရ်မင်းသည်။
ခံသိတာ- ဖျက်ဆီးအပ်ကုန်၏။

“အဆယ်မတတ်လျှင် ဆယ်သူပါ ရေဝယ် နစ်သကဲ့သို့”

“အဆုံးအမ နေရာမကျက ငါဆုံးမသူပါ မာရ်မင်းနိုင်ငံသို့ လိုက်ရချေမည်” ဟု နှလုံးထား၍ သူတစ်ပါးကိုဆုံးမသည့်အခါ ကိုယ့်သန္တာန်၌ဒေါမနဿ မဝင်လာအောင် သတိကြပ်ကြပ် ဆောင်အပ်သည် ဟုလိုသည်။

တပည့်ပျက်ဆုံးမ ဒေါသမဖြစ်ရာ

(၂၇) ဒယှမာနံ သကံ ပုတ္တံ၊ အဂ္ဂိနာဝ သုဥဒ္ဓရေ။
သောစေမော နိခေမာဝါ၊ သယံ အဂ္ဂိံ န အက္ကမေ။

(၂၈) ပါပေနဒုဋ္ဌမာနေဝံ၊ သိဿံ ဒမေယျ ပဏ္ဍိတော။
သောဒန္တောဝါ အဒန္တောဝါ၊ သယံ ကောဓော န ဒုဿယေ။

(၂၇) ဒယှမာနံ - မီးလောင်သော။
သကံ ပုတ္တံ - မိမိသားကို။
အဂ္ဂိနာ - မီးမှ။ သုဥဒ္ဓရေ - ကောင်းစွာ ထုတ်ဆယ်ရာ၏။
သော - ထိုသားသည်။
ခေမောဝါ - ဘေးကင်းသည်မူလည်း ဖြစ်စေ။
နိခေမော ဝါ - ဘေးမကင်းသည်မူလည်း ဖြစ်စေ။
သယံ - မိမိသည်။
အဂ္ဂိံ - မီးကို။
နအက္ကမေ - မနင်းရာ။

(၂၈) တထာ - ထို့အတူ။
ပါပေန - မကောင်းညစ်ကြေး သူ့အလှေးဖြင့်။
ဒုဋ္ဌ မာနံ - ပျက်သော။
သိဿမ္ပိ - တပည့်ကိုလည်း။
ပဏ္ဍိတော - ပညာရှိသည်။
ဒမေယျ - ဆုံးမရာ၏။
အထ - ထိုသို့ ဆုံးမသည်ရှိသော်။
သော - ထိုတပည့်သည်။
ဒန္တော ဝါ ယဉ်ကျေးသည်မူလည်း ဖြစ်စေ။
အဒန္တော ဝါ - မယဉ်ကျေးသည်မူလည်းဖြစ်စေ။
သယံ - မိမိသည်။
ကောဓော - ဆုံးမ,မရ အမျက်ထသည်ဖြစ်၍။
နဒုဿယေ - မပျက်စေရာ။

“မီးပုံတွင်းမှ ဆယ်၍မရသော သား၏တွက်တာနှင့် ကိုယ်ပါ မီးမလောင်ရအောင် သတိဆောင်အပ်သကဲ့သို့

သူ၏ ပါပဓမ္မဖြင့် ပါပိဋ္ဌဖြစ်သော ဒုဗ္ဗစ တပည့်တွက်တာနှင့် ကိုယ်ပါ မပျက်ရအောင် သတိဆောင်အပ်သည် ဟူလိုသည်။

သူခပ်သိမ်း ပညဝါတို့ သတိထားရန်

ပညာမျက်စိကန်း ပုထုဇဉ် သစ္စာလေးပါးကို မသိ

(၂၉) ကုတ္တဋိယာ ယထာ အဏ္ဍော၊ ဒယှမာနောပိ အဂ္ဂိနာ။
သော တံ အဂ္ဂိံ န ဇာနာမိ၊ ဒဟတိ ခံ အယန္တိစ။

(၃ဝ) ဧဝံပုထုဇ္ဇနော အန္ဓော၊ နေကဒုက္ခေန ဗာဓိတော။
သော တံ ဒုက္ခံ န ဇာနာတိ၊ ဣဒံ ဒုက္ခန္တိ အာဒိနာ။

(၂၉) ကုတ္တဋိယာ - ကြက်မ၏။
အဏ္ဍော - ဥသည်။
အဂ္ဂိနာ - မီးဖြင့်။ ဒယှ မာနောပိ - တိုက်အပ် လောင်အပ်သော်လည်း။
သော - ထိုကြက်ဥသည်။ (ဝါ) ကြက်ဥတွင်းဝယ် ကြက်သူငယ်သည်။
တံ အဂ္ဂိံ - ထိုမိမိကို လောင်သောမီးကို။
အယံ - ဤမီးသည်။
မံ - ငါ့ကို။
ဒဟတိ - လောင်၏။
ဣတိ စ - ဤသို့ လည်းကောင်း။
ဣမိနာ - ဤမီးသည်။
အဟံ - ငါ့ကို။
ဒဍ္ဎော - တိုက်အပ်၏။
ဣတိ စ - ဤသို့လည်းကောင်း။
န ဇာနာတိ ယထာ - မသိနိုင်သကဲ့သို့။

(၃ဝ) ဧဝံ တထာ - ထို့အတူ။
အန္တော - ပညာမျက်စိကန်းသော။
ပုထုဇ္ဇနော - ပုထုဇဉ်သည်။
နေကဒုက္ခေန - များစွာသော ဒုက္ခဖြင့်။
ဗာဓိတော - နှိပ်စက်အပ်လျက်။
တံ ဒုက္ခံ - ထိုဒုက္ခကို။
ဣဒံ - ဤသည်ကား။
ဒုက္ခံ - ဒုက္ခတည်း။
အယံ - ဤသည်ကား။
ဒုက္ခသမုဒယော - ဒုက္ခဖြစ်ကြောင်းတည်း။
ဣတိ အာဒိနာ - ဤသို့စသည်ဖြင့်။
န ဇာနာတိ - မသိ။

(စသဒ္ဒါ အာဒိသဒ္ဒါ တို့ဖြင့် သစ္စာလေးပါးလုံးကို မသိသည်ကို ဆည်း။)

“ကြက်ဥသည် မီးပုံတွင်း၌ ပစ်ချအံ့သောငှါ ရှေ့ရှုလာသော ရန်သူကိုလည်း မသိ။ မီးပုံတွင်း၌ ပစ်ချဆဲ အခါ၌လည်း မသိ။ မည်သည့်အရပ်သို့ ပြေးသည်ရှိသော် ဘေးမှလွတ်၏ ဟူ၍လည်း မသိ။ ပြေးလည်း မပြေးသွားတတ်၊ မီးအပူလောင်ခြင်း ဒုက္ခကိုသာ စင်စစ် ခံစားရသကဲ့သို့။”

လူချမ်းသာ နတ်ချမ်းသာဟူ၍ ခေါ်ဆိုအပ်သော ပညတ်၌သာ ရှေ့ရှု ထင်၍၎င်း ဇာတိဇရာ စသော ဘေး, သောကပရိဒေဝ စသော မီးတို့ဖြင့် လည်းကောင်း၊ အပါယိကဒုက္ခ ဝိပရိဏာမဒုက္ခ သင်္ခါရဒုက္ခ ဘေးကြီးတို့ဖြင့် နှိပ်စက်ဆဲ နှိပ်စက်လတ္တံ့ နှိပ်စက်ပြီးဖြစ်သော ထို လူနတ်စည်းစိမ်ဒုက္ခကို ဒုက္ခမှန်းမသိ၊ ထိုလျှင် အာရုံရှိသော သောမနဿဝိပရိဏာမဒုက္ခကိုလည်း ဒုက္ခမှန်းမသိ။

“ဥခွံဖြင့် ဖုံးလွှမ်း၍ကမ်း လမ်းမမြင်သော ကြက်ဥနှစ်ကဲ့သို့”

ကာမတဏှာ ကာမရတိ မဒ ပမာဒ စသောမာရ်မင်းတို့ ပြုတ်လိုတိုင်း သုတ်လိုတိုင်း ခံနေကြရသည်ကို ပညဝါတို့ သတိကြပ်ကြပ် ထားစေအပ်သည် ဟူလိုသည်။

မာရ်လှည့်ပတ်သည်ကို မသိသော ပုထုဇဉ်

(၃၁) စောရေန ထေနိတော အဿော၊ သခန္ဓေ စောရမာဒိယ။
စောရေန ဣစ္ဆိတံ သီဃံ၊ ဓာဝတေ အဿ ဃာတနံ။

(၃၂) ဧဝံ ပုထုဇ္ဇနော ဗာလော၊ မုဠှော မာရေန ဝဉ္ဇိတော။
မာရကိစ္စံ သကိစ္စန္တိ၊ အနုတ္ထုနော ကရောတိ သော။

(၃၁) စောရေန - ခိုးသူသည်။
ထေနိတော - ခိုးအပ်သော။
အဿော - မြင်းသည်။
စောရံ - ခိုးသူကို။
သခန္ဓေ - မိမိကျောက်ကုန်း၌။
အာဒိယ - တင်ယူ၍။
စောရေန − ခိုးသူသည်။
ကုစ္ဆိတံ - အလိုရှိအပ်သော။
အဿဃာတနံ - မြင်းတို့ သတ်ဖြတ်ရာ သေရာ သင်္ချိုင်းသို့။
သီဃံ - လျင်စွာ။
ဓာဝတေ ယထာ - ပြေးသွားလေသကဲ့သို့။

(၃၂) ဧဝံတထာ - ထို့အတူ။
ဗာလော - မလိမ္မာသော။
မာရေန - ကာမတဏှာ စသော မာရ်မင်းသည်။
ဝဉ္ဇိတော- လှည့်ပတ် ယူဆောင်အပ်သော။
မုဠှော - တွေဝေသော။
ပုထုဇ္ဇနော - ပုထုဇဉ်သည်။
မာရကိစ္စံ - ကာမတဏှာ ကိလေသာတို့ တိုက်တွန်းအပ်သော ကာမဂုဏ်ခံစားခြင်း စသောမာရ်၏ ကိစ္စကို။
သကိစ္စန္တိ - မိမိကိစ္စဟူ၍၊ (ဝါ) မိမိကိစ္စဟု နှလုံးပြု၍။
သော - ထို ကိလေသာကျွန်ဖြစ်သော ပုထုဇဉ်သည်။
အနုတ္ထုနော - မညည်းမညူ။
နာနာ ကမ္မာနိ - အထူးထူးသော ကာမဂုဏ်အမှုတို့ကို။
ကရောတိ - ပြုစွမ်းနိုင်လေ၏။

“ဤလောက၌ မြင်းတို့သည် ရန်သူတို့မခိုးမယူမီသာ ရန်သူကိုရှောင်သည်။ ရန်သူ မိမိကျောပေါ်သို့ ရောက်လျှင်ရောက်ခြင်း ရန်သူအထူး ဆောင်ရတော့သည် မဟုတ်၊ ရန်သူကိစ္စကို မိမိကိစ္စကလောက်ပြု၍ မရပ်မဆိုင်း မြင်းသင်္ချိုင်းသို့ ရန်သူနှင့် အတူတကွ ပြေးသွား၍ သေဘေးသို့ ဆောလျင်စွာ ရောက်သကဲ့သို့။

ပုထုဇဉ်တို့ဟူက ကာမအာရုံနှင့် မတွေ့မရောက်မီ ကိလေသာပွား ငရဲများမည့် အမှုဖြစ်သည် နှလုံးထား၍ ပကတိ ရှောင်ကြဉ်၍ပင် နေပါသော်လည်း ပညာ လွတ်ကင်း သတိချွတ်ယွင်းခိုက် ကာမတဏှာ ဆိုက်ရောက်လာလျှင် အလွန် လွတ်အောင် ရှောင်ကြဉ်နိုင်ခဲရကား ကာမတဏှာ မဝင်လာက သတိကြပ်ကြပ် ပြုအပ်သည် ဟုလိုသည်။

ထိတ်လန့်ခြင်း၏ အကျိုး

(၃၃) သံဝိဂ္ဂေါ ပဏ္ဍိတော ဧဝံ၊ ဒုက္ခံ ဒုက္ခနိဒါနကံ။
ဇာနိတွာ တံ ပဟာနာယ၊ ဒုက္ခဿန္တံ ကရိဿတိ။

(၃၃) ဧဝံ - ဤသို့ နှလုံးသွင်း၍။
သံဝိဂ္ဂေါ - ထိတ်လန့်တတ်သော။
ပဏ္ဍိတော - ပညာရှိသည်။
ဒုက္ခဉ္စ - ဒုက္ခကို၎င်း။
ဒုက္ခနိဒါနဉ္စ - ဒုက္ခအကြောင်းကို လည်းကောင်း။
ဇာနိတွာ - သိ၍။
တံ - ထိုဒုက္ခ ဒုက္ခသမုဒယအကြောင်းကို။
ပဟာနာယ- ပယ်ခြင်းငှါ။
ပဟာနေန - ပယ်သဖြင့်။
ဒုက္ခဿ - ဒုက္ခ၏။
အန္တံ - အဆုံးကို။
ကရိဿတိ- ပြုရလတ္တံ့။

ယောဂီဝုဂ္ဂိုလ်တို့ နှလုံးသွင်းရန်

ပျင်းရိသူကို မာရ်နှိပ်စက်

(၃၄) နိဒ္ဒံ တန္ဒိံ ဝိဇမ္ဘိတံ၊ ကုသီတံ ဟီန ဝီရိယံ။
တံဝေ ပသဟတိ မာရော၊ ဝါတော ရုက္ခံဝ ဒုဗ္ဗလံ။

(၃၄) နိဒ္ဒံ - ငိုက်မျဉ်းတတ်သော။
တန္ဒိံ - ပျင်းရိသော။
ဝိဇမ္ဘိတံ - တဆန့် ငင်ငင်ရှိသော။
(ဝါ) အိပ်ရာမှမထ မကြွနိုင်သော။
ကုသီတံ - ဆုတ်နစ်သော။
ဟီနဝီရိယံ- ယုတ်သောဝီရိယ ရှိသော။
တံနရံ - ထိုသူကို။
မာရော - မာရ်မင်းသည်။
(ဝါ) နီဝရဏမာရ် ညှိုးထားရန်သည်။
ပသဟတိ – နှိပ်စက်ညှဉ်းဆဲလေ၏

ကိမိ၀ - ပျင်းရိသောသူကို မာရ်ညှဉ်းရာ ဥပမာအသို့နည်း ဟူမူကား။
ဝါတော- လေမုန်တိုင်းသည်။
ဒုဗ္ဗလံ - အားနည်းသော။
ရုက္ခံ - သစ်ပင်ကို။
ပသဟတိ ဣဝ - ညှဉ်းဆဲ၏သို့တည်း။

“ဥစ္စာကိုအလိုရှိ၍ ရှာမည်သွားရာ လမ်းထက်ဝက်တွင် ရန်သူဖမ်း၍ နှိပ်စက်အပ် သောသူသည် လိုအပ်သော ဥစ္စာကိုရအောင် မရှာနိုင်ဘဲ ရန်သူလက်ထဲတွင် ပျက်စီး ရသကဲ့သို့”

လောကုတ္တရာ မြတ်လှစွာသော ဥစ္စာကို လို၍ ထိုထိုဆိတ်ငြိမ်ရာ သစ်ပင်ရင်းသို့ ကပ်၍ မြတ်တရားကို ပွားများစဉ် ထိနမိဒ္ဓ မာရ်ဝင်၍ နှိပ်စက်တတ်သည်ကို သတိကြပ်ကြပ် ပြုအပ်သည် ဟူလိုသည်။

“သဲကမ်းပါးပြတ်၌ ပေါက်ရောက်၍ အစဉ်မပြတ် ရေအယဉ် စားသဖြင့် အားနည်းသော သစ်ပင်ကို လေမုန်တိုင်းဝင်၍ ဖျက်ဆီးအပ်သကဲ့သို့” ဟူလိုသည်။

ထိနမိဒ္ဓ ပယ်ဖျောက် နိဗ္ဗာန်ရောက်

(၃၅) နိဒ္ဒံ တန္ဒိံ ဝိဇမ္ဘိတံ၊ အရတိံ ဘတ္တ သမ္ပဒံ။
ဝီရိယေန ပဏာမေတွာန၊ အဂ္ဂမဂ္ဂေါဝိသုဇ္ဈတိ။

(၃၅) နိဒ္ဒံ - ငိုက်မျဉ်းခြင်းကို လည်းကောင်း။
တန္ဒိံ - ပျင်းရိခြင်းကို လည်းကောင်း။
ဝိဇမ္ဘိတံ- တဆန့်ငင်ငင် ရှိခြင်းကို လည်းကောင်း။
(ဝါ) အိပ်ရာမှ မထ,မကြွနိုင်ခြင်းကို လည်းကောင်း။
အရတိံ - ဘာဝနာ၌ မမွေ့လျော်ခြင်းကို လည်းကောင်း။
ဘတ္တသမ္ပဒံ - ဆွမ်းဆိပ်ယစ်ခြင်းကို လည်းကောင်း။
ဝိရိယေန - စင်္ကြန်သွားခြင်းစသော ဝီရိယဖြင့်။
ပဏာမေတွာ - ဖျောက်၍။
အဂ္ဂမဂ္ဂေါ- အရဟတ္တမဂ်သို့ ရောက်၍။
ဝိသုဇ္ဈတိ - စင်ကြယ်လေ၏။

စင်္ကြန်သွားခြင်းစသော ဣရိယာပုထ်ဖြင့် ပြောင်းလှည့်ခြင်း, လွင်တီးခေါင် အာကာသ၌နေခြင်း, ဆီမီးစသော အလင်းကိုမှီခိုခြင်း အစရှိသော ဝီရိယဖြင့် ထိနမိဒ္ဓ ရန်ကို ပယ်လှန်အပ်သည်၊ ထိနမိဒ္ဓရန်ကို ပယ်လှန်နိုင်မှ နိဗ္ဗာန် ရောက်နိုင်မည် ဟူလိုသည်။

ကမ္မဋ္ဌာန်းပျက်ကြောင်း အပေါက် (၆)ပါး

(၃၆) အလသောစ ပမာဒေါစ၊ အနုဋ္ဌာနံ အသံယမော။
နိဒ္ဒံ တန္ဒိံ စ တေ ဆိဒ္ဒေ၊ သဗ္ဗသော နံ ဝိဝဇ္ဇယေ။

(၃၆) အလသောစ - ပျင်းရိခြင်း လည်းကောင်း။
ပမာဒေါစ - မေ့လျော့ခြင်း လည်းကောင်း။
အနုဋ္ဌာနံ - ထကြွလုံ့လ မပြုခြင်းလည်းကောင်း။
အသံယမော - ကိုယ်နှုတ်နှလုံး မစောင့်သုံးခြင်း လည်းကောင်း။
နိဒ္ဒံ - ငိုက်မျဉ်းခြင်းလည်းကောင်း။
တန္ဒိံ စ - ထိုင်းမှိုင်း တွေဝေခြင်း လည်းကောင်း။
ဧတေ ဆိဒ္ဒေ - ထို အပေါက်ခြောက်ပါးတို့ကို။
သဗ္ဗသော- အချင်းခပ်သိမ်း။
ယောဂိ - ယောဂီ ပုဂ္ဂိုလ်သည်။
ဝိဝဇ္ဇယေ - ကြဉ်ရာ၏။

“သူခိုးဝင်ရာ အပေါက်ကို သိမှ အိမ်တွင်းဥစ္စာကို လုံခြုံစွာ ထိန်းသိမ်းနိုင်သကဲ့သို့”

ကမ္မဋ္ဌာန်းဘာဝနာ ပေါက်ပြား ပျက်စီးကြောင်း ၎င်းအပေါက် ၆-ပေါက်ကို ကောင်းစွာမှတ်၊ လွတ်အောင်ကြဉ် ဟူလိုသည်။

မိမိစိတ်ကိုသာ ဆုံးမပါ

(၃၇) သသမ္ပတ္တိံ သုရက္ခန္တော၊ ဒုဋ္ဌေ စောရေ နိဝါရယေ။
သီလာစာရံ သုဂေါပေန္တော၊ သကံစိတ္တံ ကူဋံဒမေ။

(၃၇) သသမ္ပတ္တိံ - မိမိ၏စည်းစိမ်ကို။
သုရက္ခန္တော - ကောင်းစွာ စောင့်ရှောက်လိုသောသူသည်။
ဒုဋ္ဌေ စောရေ - သူဆိုးသူခိုးတို့ကို။
နိဝါရယေ - စောင့်ရှောက် တားမြစ်ရာ၏။
တထာ - ထို့အတူ။
သီလာစာရံ - သီလသမာဓိ စသော ရအပ်ပြီးသော အကျင့်မြတ်ကို။
သုဂေါပေန္တော - ကောင်းစွာ စောင့်ရှောက်လိုသော။
ပဏ္ဍိတော - ပညာရှိသည်။
ကူဋံ - သီလသမာဓိဘာဝနာလမ်း ဖြောင့်တန်းမသွား ကောက်ကျစ်များသော။
သကံ စိတ္တံ - မိမိစိတ်ကို။
ဒမေ - ဆုံးမရာ၏။

“ကုက္ကုစ္စကို သိက္ခာကာမ ထင်တတ်သည်။
ထိနမိဒ္ဓကို သမာဓိ မှတ်တတ်သည်။
ဝဉ္စနာကို ပညာထင်တတ်သည်။
ကမ္မာရာမကို ပုညာရာမထင်တတ်သည်။
နှလုံးမသာ ဗျာပါဒကို ဝိရာဂသညာရပြီး ထင်တတ်သည်”

စသည်ဖြင့် နေတ္တိအဋ္ဌကထာလာတိုင်း မသူတော်တရား လှည့်ပတ်၍ သူတော်ကောင်း တရား ပျက်စီးမှန်းမသိ ပျက်စီးတတ်သည်။ သတိကြပ်ကြပ် ထားအပ် ဆုံးမအပ်သည် ဟူလိုသည်။

ဓမ္မလက်နက် အမြဲသွေး

(၃၈) ပရသေနံ သံယုဇ္ဈန္တော၊ ယောဓော သတ္ထံ နနိက္ခိပေ။
မာရသေနံ ပမဒ္ဒေန္တော၊ ဓမ္မာဝုဓံ နိစ္စံနိသေ။

(၃၈) ပရသေနံ - စစ်သည်တစ်ဖက်ကို။
သံယုဇ္ဈန္တော - စစ်ထိုးသော။
ယောဓော - သူရဲသည်။
သတ္ထံ - လက်နက်ကို။
နနိက္ခိပေ - မချရာ။
မာရသေနံ - မာရ်စစ်သည်ကို။
ပမဒ္ဒေန္တော - နှိပ်နင်းလိုသော။
ယောဂိ - ဘာဝနာကမ္မဋ္ဌာန်း ကြိုးပမ်းသော ပုဂ္ဂိုလ်သည်။
ဓမ္မာဝုဓံ - သတိ, ပညာ, သဒ္ဓါ ဝီရိယ ဟူသော ဓမ္မလက်နှက်ကို။
နိစ္စံ - အမြဲ။
နိသေ - သွေးရာ၏။
ဝါ - သတိ, ပညာ, သဒ္ဓါပွားကြောင်း ထုံးနည်းကောင်းကို ကောင်းစွာမပြတ် ပွားများ အားထုတ်ရာ၏။

“ရန်သူနှင့် တေ့ဆိုင်၍ အရေးကြီးခိုက်တွင် လက်နက်လွတ်ကျ ပျောက်ရှ၍ သွားသကဲ့သို့ ကိလေသာကို ပုန်လှန်မည့် အရေးဆိုက်တုန်းကို သဒ္ဓါ ပညာ - လက်နက်တုံး၍ မနေစေရာ ဟူလိုသည်။

ပညာရှိတို့ နှလုံးသွင်းရန်
ခြင်္သေ့မင်း၊ နေမင်း ဂဠုန်မင်းအသွင်ပညာရှင်

(၃၉) နေဝဟိံသေ မဂေါ သီဟံ၊ နာပိဟိံသေ တမော ရဝိံ။
နာဂေါဝိန္ဒမ္ပိ နောဟိံသေ၊ ဇညေဒိံ သံဒမေ ဓိမာ။

(၃၉) မဂေါ - သားသမင်သည်။
သီဟံ - ခြင်္သေ့ကို။
နေဝ ဟိံသေ - မညှဉ်းဆဲနိုင်။
တမောပိ - အမိုက်တိုက်သည်လည်း။
ရဝိံ - နေကို။
နာပိ ဟိံသေ - မညှဉ်းဆဲနိုင်။
နာဂေါပိ - နဂါးသည်လည်း။
ဝိန္ဒံ - ဂဠုန်ကို။
နော ဟိံသေ - မညှဉ်းဆဲနိုင်။
ဧဒိံ ဤဒိသံ - ဤသို့သော သဘောကို။
ဇညာ-ဇနိတွာ - သိ၍။
(ဝါ) အောက်မေ့ဆင်ခြင်၍။
ဓိမာ - ခြင်္သေ့နေမင်း ဂဠုန်မင်းအသွင် ပညာရှင်သည်။
သံ-အတ္တာနံ - မိမိကိုယ်ကို။
ဒမေ - ကိလေသာဟူ ရန်သူ မဝင်နိုင်ကြောင်း ကောင်းမွန်စွာ ဆုံးမရာ၏။

“ပညာရှင်မှန်က ခြင်္သေ့မင်းသည် သားသမင်ကို ပမာဏမလောက်၊”

ပညာရှိလျက် သတိချွတ်ယွင်းခိုက် တစ်ရံတစ်ခါ ဝင်ရောက်လာသော ကိလေသာကို ပမာဏ မလောက် ဖြတ်တောက်အပ်သည် ဟူလိုသည်။

ကမ္မဋ္ဌာန်းမပွားလျှင် အညစ်အကြေးထင်

(၄၀) အလောဏောစ အတေလောစ၊ သုနောပါဏက အာသယော။
အဘာဝိတော စ ဒုပ္ပညော၊ ရာဂမလာနံ အာသယော။

(၄ဝ) အလောဏောစ - ဆားအငန်ဖြင့် မနှယ်ထားအပ်သည်လည်း ဖြစ်သော။
အတေလော စ- ဆီဖြင့် မနယ်အပ်သည်လည်းဖြစ်သော။
သုနော - သားစိုငါးစိုသည်။
(ဝါ) သားကောင်း ငါးကောင်းသည်။
ပါဏသယော - ပိုးလောက်တို့ တည်ရာဖြစ်၏။
တထာ - ထို့အတူ။
အဘာဝိတော - သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများခြင်း မရှိသော။
ဒုပ္ပညော - ပညာနည်းသော သူသည်။
ရာဂမလာနံ - ရာဂအညစ်အကြေးတို့၏။
အာသယော - တည်ရာဖြစ်၏။

ကိလေသာကာမ မွတ်သိပ်သော်လည်း

(၄၁) ကန္တာရေပိပါသော ပေါသော၊ ခါရောဒကံ နပါယယေ။
ကာမေနတု ဝိပါသိတ္တော၊ ကာမဝသံ နဂစ္ဆယေ၊

(၄၁) ကန္တာရေ - ခရီးခဲ၌။
ပိပါသေ - ရေငတ်သော။
ပေါသော - ယောက်ျားသည်။
ခါရောဒကံ - အငန်ရေကို။
နပါယယေ - မသောက်မိစေရာ။
ကာမေနတု - ကိလေသာ ကာမဖြင့်လည်း။
ပိပါသိကော - မွတ်သိပ်သောသူသည်။
ကာမဝသံ - ကာမနိုင်ငံသို့။
နဂစ္ဆယေ - မလိုက်ရာ။

ဝဋ်ဆင်းရဲကြောက်တတ် ဝဋ်မြစ်ဖြတ်

(၄၂) ဝိသရုက္ခံ ဟန္တုကာမော၊ ပံသုံ ဒကံ န တံ ဒဒေ။
ဝဋ္ဋဒုက္ခံ သုဘာယန္တော၊ ဝဋ္ဋမူလံ န ဝဍ္ဎယေ။

(၄၂) ဝိသရုက္ခံ - အဆိပ်ပင်ကို။
ဟန္တုကာမော - သတ်လိုသောသူသည်။
တံ - ထိုအဆိပ်ပင်ကို။
ပံသုံ - မြေမှုန့်ကိုလည်းကောင်း။
ဒကံ - ရေကိုလည်းကောင်း။
နဒဒေ - မဖို့မလောင်းရာ။
ဝဋ္ဋဒုက္ခံ - ဝဋ်ဆင်းရဲကို။
သုဘာယန္တော - အလွန်ကြောက်တက်သောသူသည်။
(ဝါ) ကြောက်သည်ဖြစ်လျက်။
ဝဋ္ဋမူလံ - ဝဋ်၏အမြစ်အသစ်အသစ်သောမကောင်းမှုကို။
နဝဍ္ဎယေ-မပွားစေရာ။

ဘာဝနာကမ္မဋ္ဌာန်း မထုံမွမ်းက

(၄၃) ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝဿော တပေါ ဝိဗာဓတိ။
ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂေါ ဒေါသော ဝိဟိံသတိ၊

(၄၃) ဒုစ္ဆန္နံ - အမိုးမလုံသော။
အဂါရံ - အိမ်ကို။
ဝဿော - မိုးရေသည်လည်းကောင်း။
တပေါ - နေပူသည်လည်းကောင်း။
ပိဗာဓတိ - ညှဉ်းဆဲနှိပ်စက်နိုင်၏။
ဧဝံတထာ - ထို့အတူ။
အဘာဝိတံ - ဘာဝနာကမ္မဋ္ဌာန်း မထုံမွှမ်းအပ်သော။
စိတ္တံ - စိတ်ကို။
ရာဂေါ - ရာဂမိုးသည်လည်းကောင်း။
ဒေါသော - ဒေါသသည်လည်း။
ဝိဟိံသတိ - ညှဉ်းဆဲနှိပ်စက်တတ်၏။

မနှိပ်စက်ရအောင် ဘာဝနာကမ္မဋ္ဌာန်းကို ကြိုးပမ်းရမည် ဟူလိုသည်။

အကျိုးလိုလျှင် အကြောင်းရှာ

အရဟတ္တမဂ် အရဟတ္တဖိုလ်ဉာဏ်ကို အလိုရှိသော အမျိုးကောင်းသားသည် ယထာဘူတဉာဏ်တို့ ရအောင် အားထုတ်ရမည်။

ယထာဘူတဉာဏ်ကို အလိုရှိသော အမျိုးကောင်းသားသည် ဝိပဿနာပညာကို ရအောင် အားထုတ်ရမည်။

ဝိပဿနာပညာကို အလိုရှိသော အမျိုးကောင်းသားသည် သမာဓိတရားကို ရအောင် အားထုတ်ရမည်။

သမာဓိတရားကို အလိုရှိသော အမျိုးကောင်းသားသည် သီလကို ပြည့်စုံအောင် အားထုတ်ရမည်။

သီလကို အလိုရှိသော အမျိုးကောင်းသားသည် ဣန္ဒြေ ၆-ပါးကို စောင့်ထိန်းရမည်။

ဣန္ဒြေ ၆-ပါးကို ထိန်းသိမ်း စောင့်ရှောက်လိုသောအမျိုးကောင်းသားသည် ဟိရီ သြတ္တပ္ပတရား ကိုယ်တွင်ရှိအောင် အားထုတ်ရမည်။

မဂ်ဖိုလ်ရခြင်းအကြောင်းရင်း

ဤဒေသနာတော်၌ မဂ်ဖိုလ်ရခြင်း၏ အကြောင်းရင်းမူလသည် ဟိရီ ဩတ္တပ္ပ ဖြစ်၍ ကောင်းမှု ကုသိုလ်တရားကို ပြုကျင့်ခြင်း၌ ရှက်ကြောက်ခြင်း ကင်းလျှင် – ဟိရီ ဩတ္တပ္ပ မရှိ၊

ဟိရီသြတ္တပ္ပ မရှိလျှင် - ဣန္ဒြေမရှိ။

ဣန္ဒြေ မရှိလျှင် - သီလမရှိ၊

သီလ မရှိလျှင် - ကောင်းမြတ်သောအာရုံ၌ တည်ကြည်ခြင်း သမာဓိမရှိ၊

ကောင်းမြတ်သော အာရုံ၌တည်ကြည်ခြင်း သမာဓိမရှိလျှင် - ဝိပဿနာပညာမရှိ၊

ဝိပဿနာပညာ မရှိလျှင် ဟုတ်မှန်တိုင်းကို သိတတ်သော ယထာဘူတဉာဏ် မရှိ၊

ဟုတ်မှန်တိုင်းကို သိတတ်သော ယထာဘူတဉာဏ် မရှိလျှင် - သံသရာဝဋ်ဒုက္ခမှ မုချထွက်မြောက်ခြင်းငှါ စွမ်းနိုင်သော မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုမရ။

ဝိပဿနာဉာဏ်စဉ်(၁ဝ) ပါး

သမ္မသနဉာဏံ ဥဒယဗ္ဗယဉာဏံ ဘင်္ဂဉာဏ် ဘယဉာဏံ အာဒီနဝဉာဏံ နိဗ္ဗိဒါဉာဏံ၊ မုစ္စိတုကမျတာဉာဏံ ပဋိသင်္ခါဉာဏံ သင်္ခါရုပေက္ခာဉာဏံ အနုလောမဉာဏေဉ္စတိ ဒသဝိပဿနာဉာဏာနိ။

(အဘိဓမ္မတ္ထသင်္ဂဟ)

သမ္မသနဉာဏဉ္စ - နာမ်ရုပ်တို့ကို အပေါင်းအစည်းအားဖြင့် ပိုင်းခြား သိမ်းဆည်း အဖန်တလဲလဲ သုံးသပ်သည်၏ အစွမ်းဖြင့် ဖြစ်သောသမ္မသနဉာဏ် လည်းကောင်း။

ဥဒယဗ္ဗယဉာဏဉ္စ - နာမ်ရုပ်တို့၏ ဥပါဒ် ဘင်ဟု ဆိုအပ်သော ဖြစ်ခြင်း ပျက်ခြင်းကို အဖန်တလဲလဲ ရှုသည်၏အစွမ်းဖြင့်ဖြစ်သော ဥဒယဗ္ဗယဉာဏ်လည်းကောင်း၊

ဘင်္ဂဉာဏဉ္စ - ဝိပဿနာရှုသော ယောဂီပုဂ္ဂိုလ်အား နာမ်ရုပ်တရားတို့၏ ဥပါဒ် ဟုဆိုအပ်သော ဖြစ်ခြင်းကို အဿာဒ (သာယာမှု) ကဲ့သို့ ထင်၍ထို ဥပါဒ်ဟု ဆိုအပ်သော ဖြစ်ခြင်းကို လွှတ်၍ ဘင်ဟု ဆိုအပ်သော ပျက်ခြင်းကိုသာ အဖန် တလဲလဲ ရှုသည်၏ အစွမ်းဖြင့်ဖြစ်သော ဘင်္ဂဉာဏ်လည်းကောင်း။

ဘယဉာဏဉ္စ - သင်္ခါရတရားတို့၏ ဘင်ဟု ဆိုအပ်သော ပျက်ခြင်းကို ဘေးအားဖြင့် အဖန်တလဲလဲ ရှုသည်၏အစွမ်းဖြင့် ဖြစ်သော ဘယဉာဏ် လည်းကောင်း။

အာဒီနဝဉာဏဉ္စ - မြင်အပ်ပြီးသော ဘေးရှိသော နာမ်ရုပ်တရားတို့ကို အပြစ် အားဖြင့် အဖန်တလဲလဲ ရှုသည်၏ အစွမ်းအားဖြင့်ဖြစ်သော အာဒီနဝဉာဏ် လည်းကောင်း။

နိဗ္ဗိဒါဉာဏဉ္စ - နာမ်ရုပ်တို့ကို အပြစ်အားဖြင့် အဖန်တလဲလဲ ရှုတတ်သည်ဖြစ်၍ ဝဋ်၌ငြီးငွေ့သည်၏ အစွမ်းဖြင့်ဖြစ်သော နိဗ္ဗိဒါဉာဏ်လည်းကောင်း၊

မုစ္စိတုကမျတာဉာဏဉ္စ - ဝဋ်၌ ငြီးငွေ့သည်ဖြစ်၍ နာမ်ရုပ်တရားတို့မှ လွတ်ခြင်းငှါ အလိုရှိသည်၏ အစွမ်းဖြင့်ဖြစ်သော မုစ္စိတုကမျှတာဉာဏ် လည်းကောင်း။

ပဋိသင်္ခါဉာဏဉ္စ - လွတ်ခြင်း၏ အကြောင်းနှင့်ပြည့်စုံစိမ့်သောငှါ မြင်အပ်ပြီးသော အပြစ်ရှိသော နာမ်ရုပ်တရားတို့ တစ်ဖန်သိမ်းဆည်း၍ အဖန် တလဲလဲ သုံးသပ် သည်၏ အစွမ်းဖြင့် ဖြစ်သော ပဋိသင်္ခါဉာဏ်လည်းကောင်း။

သင်္ခါရုပေက္ခာဉာဏဉ္စ - သိမ်းဆည်းအပ်ပြီးသော နာမ်ရုပ်တရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းကို ကြဉ်၍ လျစ်လျူရှုသည်၏ အစွမ်းအားဖြင့် ဖြစ်သော သင်္ခါရုပေက္ခာ ဉာဏ်လည်းကောင်း၊

အနုလောမဉာဏဉ္စ - ရှေးဉာဏ် ကိုးပါးတို့၌ ကိစ္စပြီးခြင်းအား လည်းကောင်း၊ သစ္စာလေးပါး ဗောဓိပက္ခိယတရား ၃၇-ပါးအား လည်းကောင်း လျောက်ပတ်စွာ ဖြစ်သော အနုလောမဉာဏ်လည်းကောင်း။

ဣတိ - ဤသို့။
ဒသ - ဆယ်ပါးကုန်သော။
ဝိပဿနာ ဉာဏာနိ - ဝိပဿနာဉာဏ်တို့ကို။
ယုတ္တယောဂိနော- ကမ္မဋ္ဌာန်းစီးဖြန်း ခြင်း လုံ့လနှင့်ယှဉ်သော ယောဂီပုဂ္ဂိုလ်သည်။
ဝေဒိတဗ္ဗာနိ - သိအပ်ကုန်၏။

ရူပက္ခန္ဓာ ဖြစ်ခြင်း (၅) ပါး

အဝိဇ္ဇာ တဏှာ ကံ အာဟာရ ဟူသော အကြောင်းလေးပါးတို့ကြောင့် ရူပက္ခန္ဓာ ဖြစ်ရကား --
အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရူပက္ခန္ဓာဖြစ်ခြင်း၊
တဏှာဖြစ်ခြင်း ကြောင့် ရူပက္ခန္ဓာဖြစ်ခြင်း၊
ကံဖြစ်ခြင်းကြောင့် ရူပက္ခန္ဓာဖြစ်ခြင်း၊
အာဟာရ ဖြစ်ခြင်းကြောင့် ရူပက္ခန္ဓာဖြစ်ခြင်း

ဟူ၍ အကြောင်းလေးပါးတို့၏ ဖြစ်ခြင်း ဥပ္ပါဒက္ခဏ လေးပါး၊
အကြောင်း ဖြစ်ခြင်းကြောင့် ရူပက္ခန္ဓာဟူသော အကျိုးတရား၏ ဥပ္ပါဒက္ခဏ တစ်ပါး၊
ဤသို့ ရူပက္ခန္ဓာ၌ ဥပ္ပါဒက္ခဏ ငါးပါးတည်း။

ရူပက္ခန္ဓာ ပျက်ခြင်း(၅) ပါး

ဝယ-ဟူသော ဘင်္ဂက္ခ၌လည်း --

အဝိဇ္ဇာ၏ ချုပ်ခြင်းကြောင့် ရူပက္ခန္ဓာချုပ်ခြင်း၊
တဏှာ ချုပ်ခြင်းကြောင့် ရူပက္ခန္ဓာချုပ်ခြင်း၊
ကံ ချုပ်ခြင်းကြောင့် ရူပက္ခန္ဓာချုပ်ခြင်း၊
အာဟာရ ချုပ်ခြင်းကြောင့် ရူပက္ခန္ဓာချုပ်ခြင်း
ဟူ၍ အကြောင်းလေးပါးတို့၏ ချုပ်ခြင်း ဘင်္ဂက္ခဏ လေးပါး၊
အကြောင်း ချုပ်ခြင်းကြောင့် ရူပက္ခန္ဓာဟူသော အကျိုးတရားပျက်ခြင်း ဘင်္ဂက္ခဏ တစ်ပါး၊
ဤသို့ ရူပက္ခန္ဓာ၌ ဘင်္ဂက္ခဏ ငါးပါးတည်း။

ဤသို့ ရူပက္ခန္ဓာ တစ်ပါး၌ ဥဒယဝယ ဖြစ်ခြင်းပျက်ခြင်း တစ်ဆယ် ဖြစ်သတည်း။
ခန္ဓာငါးပါး၌ ဥဒယ ဝယ ငါးဆယ် ဖြစ်၏။
ဤငါးဆယ်အားဖြင့် ဝိပဿနာရှုမှ မဂ်ဖိုလ်ရနိုင်မည်၊

ခန္ဓာငါးပါးတို့၌ ဥဒယဗ္ဗယ (၅ဝ) စီ

ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့၌ အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿ ဟု အကြောင်းလေးပါး ဖေါ်လေ။
ဝိညာဏက္ခန္ဓာ၌ အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ နာမ်ရုပ် ဟု အကြောင်းလေးပါး ဖေါ်လေ။
ရူပက္ခန္ဓာဆိုတိုင်း တစ်ဆယ်စီ ယူလေ။
ဥဒယဗ္ဗယ ငါးဆယ်စီ

ဝီရိယထား ကြိုးစားမှ မဂ်ဖိုလ်ရနိုင်မည်

သဗ္ဗရတ္တိံ သုပိတွာန၊ ဒိဝါ သင်္ဂဏိကေ ရတော။
ကုဒါဿု နာမ ဒုမ္မေဓော၊ ဒုက္ခဿန္တံ ကရိဿတိ။
(ထေရ၊၂၃၈၊ထေရ၊ဋ္ဌ၊၁၊၂၂၇။)

ဘိက္ခဝေ - ရဟန်းတို့။
ယော ဘိက္ခု - အကြင်ရဟန်းသည်။
သဗ္ဗ ရတ္တိံ - ညဉ့် သုံးယာမ်ပတ်လုံး။
သုပိတွာန- အိပ်၍။
ဒိဝါ - နေ့အခါ၌။
သင်္ဂဏိကေ- ကိလေသာ တည်းဟူသော အပေါင်းအဖော်, အခြံအရံ ပရိသတ် တည်းဟူသော အပေါင်းအဖော်၌။
ရတော - မွေ့လျော်သည်။
ဟောတိ - ဖြစ်၏။

ဒုမ္မေဓော - ဝိပဿနာပညာ မရှိသော။
သော ဘိက္ခု - ထို ရဟန်းသည်။
ကုဒါဿု နာမ- အဘယ်နံယောအခါ၌။
ဒုက္ခဿန္တံ - ဆင်းရဲ အဆုံးကို။
ကရိဿတိ - ပြုနိုင်လတံ့နည်။
န ကရိဿတိ ဧဝ - မပြုနိုင်လတ္တံ့ သည်သာတည်း။

ပုရေဘတ္တ ပစ္ဆာဘတ္တ ပုရိမယာမ မဇ္ဈိမယာမ ပစ္ဆိမယာမ ဂမန ဌာန နိသဇ္ဇ သယန ဤကိုးပါးသော အရာတို့၌ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဝီရိယကိုဖြစ်စေ၍ ကမ္မဋ္ဌာန်းကို အားထုတ်မှ မဂ်ဖိုလ်ရနိုင်မည်။

ယထာဟ ဝိနယော သံဝရတ္ထာယ၊ သံဝရော အဝိပ္ပဋိသာရတ္ထာယ၊ အဝိပ္ပဋိသာရော ပါမောဇ္ဇတ္ထာယ၊ ပါမောဇ္ဇံ ပီတတ္ထာယ၊ ပီတိ ပဿဒ္ဓတ္ထာယ၊ ပဿဒ္ဓိ သုခတ္ထာယ၊ သုခံ သမာဓတ္ထာယ၊ သမာဓိ ယထာဘူတဉာဏ ဒဿနတ္ထာယ၊ ယထာဘူတဉာဏဒဿနံ နိဗ္ဗိဒတ္ထာယ၊ နိဗ္ဗိဒါ ဝိရာဂတ္ထာယ၊ ဝိရာဂေါ ဝိမုတ္တတ္ထာယ၊ ဝိမုတ္တိ ဝိမုတ္တိ ဉာဏဒဿနတ္ထာယ၊ ဝိမုတ္တိဉာဏဒဿနံ အနုပါဒါယ ပရိနိဗ္ဗာနတ္ထာယ။

ဧတဒတ္ထာ ကထာ ဧတဒတ္ထာ မန္တနာ ဧတဒတ္ထာ ဥပနိသာ၊ ဧတဒတ္ထံ သောတာဝဓာနံ၊ ယဒိဒံ အနုပါဒါစိတ္တဿ ဝိမောက္ခောတိ၊

(ဝိ၊၅။၁၈၈၊ ဝိ၊ဋ္ဌ၊၁။၇၇။ ဝိသုဒ္ဓိ၊၁။၁၃။)

ဤရာဏေဝါဒ ခေါင်းစီးပါ “ပေ” ကို မတ္တရာမြို့နယ် စကျင်ရွာ မဟာသိမ်ကျောင်းမှ ရခဲ့၍ ရွှေကျင်စာပေ သိန်းသိမ်းရေးအဖွဲ့ဌာန၌ စုဆောင်းထားခဲ့ရာမှ ၁၃၅၆- ခုနှစ် နယုန်လပြည့်ကျော်(ဂ)ရက်နေ့တွင် ရေးကူးပြီးသည်

ဥုးမာနိတသိရီ

သူသတ်သြဝါဒ မေတ္တာစာ
ဩဝါဒမေတ္တာရေ

ဩဝါဒေယျာနုသာသေယျ၊ အသဗ္တာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။

(ဓမ္မ၊ဋ္ဌ၊၁။၃၄၉။) (ဂါထာ၊၇၇။)

ပါဠိတော်နှင့်အညီ - မကောင်းမြစ်တာ၊ ကောင်းရာတိုက်တွန်း၊ ညွန်ပြသင့်သော ဆရာ ဖြစ်သည်နှင့် လျော်စွာ ဩဝါဒကထာ ကရုဏာတိုက်ကျွေး၊ မေတ္တာရေ ပေးလိုက်သည်။

တပည့်မို့ ဆိုလိုက်မည်

မကြိုက်လျှင် ဆုတ်ဖျက်၊ ကြိုက်လျှင်လည်း ဦးထိပ်ရွက်၊”

တရားလမ်း သက်ရာကို၊ တပည့်မို့ ဆိုလိုက်မည်။

အရာရှိသော အရိရှာသော၊ မြင်းတပ်ဗိုလ်သော ဆင်တပ်ဗိုလ်သော၊ ထိုသော ဤသော၊ ငါနားမလယ်၊ ဟယ် - တပည့်ငယ် ငတုတ်ကြီး၊

သာမဏေငယ် ကာလ

ဆယ့်ငါးနှစ်အရွယ်၊ သာမဏေငယ်ကာလ၊ နှုတ်စနှင့်တလျားလျား၊ အာစနှင့် တမားမား၊

ကိုယ်ကျင့်တရားမှာလည်း ခြောက်ပြစ်ကင်း၊”ပဉ္စင်းခံမည်” ဟူ၍အတန်တန်၊ ပဋိညာဉ် ခံဝန်ချက်ကြောင့်၊

နုဂ္ဂဟနှစ်ပါးနှင့်ချီးမြှောက်

“သာသနာတော်တွင် ကျမ်းဂန်သိမြင်၊ သီလဝင်သူ တစ်ယောက်၊ ကိုးကွယ်ရာ ဖြစ်လောက်သည်” ငါထင်စား၍၊

“စက္ကဝတ္တီ ရာဇလောင်းကို၊ သိကြားမင်းကြီး စောင့်ရှောက်ဘိသည့် အလား၊

နုဂ္ဂဟနှစ်ပါးနှင့်၊ တပြောစားစား၊ ချီးမြှောက်၍ ထားပါသည်ကို။

စိတ်လိုရာကိုင်

ဘဝ အဆက်ဆက်၊ ဆက်သတ်၍ မဖြစ်၊
မြင်းကြမ်းညစ်ခြင်းရာကို၊
မုန်ယိုသည့် ဆင်ရူးသွင်၊”
တဏှာသခင် သဘက်ပူး၊ ရူးခြင်းကြီး ရူး၍လာ၊
ဟောပါသော်လည်း နားမတင်၊
ပြောပါသော်လည်း နားမဝင်၊
နွားသိုးကို ထမ်းပိုး တင်ရဘိသည့် အလား
မဟားတယား၊ တားမရ ဆီးမနိုင်၊
ဆရာကျေးဇူးကိုလည်း မတင်နိုင်၊
သံသရာဘေးကိုလည်း မမြင်နိုင်၊
စိတ်လိုရာကိုင်ပြီးလျှင်၊
နိဗ္ဗူတာရပ်ခွင်ကို၊ ယခုပင်တင်တော့မည်၊

ဆုံးပါးချက်နာ

ကျေးဇူးရှင် ဆရာကို၊ မနေသာ စွန့်သွား၊
ငရဲဘောင်ကို သွေးဆောင် မျှားတတ်သည့်၊
ဗိုလ်ပုံလယ် လူတွေကြားတွင်၊
မင်းခစား ဖြစ်ရသည် တစ်ခုနှင့်ပင်၊
ဆုံးပါးချက် နာလှပြီ
သို့ကိုပါ အထဝါ တစ်ပုံကူး၍၊
ရူးရ မြူးရသည့် ခြင်းရာကို၊

ရာထူးနှင့်မြှောက်ပေးလျှင်

ဥပမာပုံဆိုသော်၊
ယုန်ဆယ်ကောင်ကို၊ သေအောင် လိုက်ရမှ၊
ယုန်ရိုးကို တစ်ခါကိုက်ရသည့်၊ မိဂမုဆိုး ခွေးအလား၊”
မစားရ ငရဲခံ၊”
အများသူတို့ ဘေးရန်ကာ မပြောလောက်၊ တဆိတ်စာ ဗိုလ်ပိန်တား ရာထူး ကလေးနှင့်၊ စူးစူးတိုက်၍မြှောက်ပေးလျှင်၊
နတ်ရူးကို ဗုံနှင့် မြှောက်၊”
သွေးလုံးလုံးမြောက်ပြီးခါ၊

မင်းမှုရပ် အခါခါ

မြောက်မြင်းနယ်ရပ်တစ်ကျေးတွင်၊
ငါးတကာတို့ မစင်၊ ပုဇွန်ဆိတ်ခေါင်းပေါ်တွင် စုဝင်သည် ဆိုသည့်အလား

သူတစ်ပါးတို့ တွက်တာများနှင့်၊
ကိုယ့်ဖို့တရားကို ဝိကပ္ပနာထား၊
သူခိုးဖမ်းလား၊ ဓားပြဖမ်းလား၊
အမွေတရား၊ လယ်တရားနှင့်၊
လင်မယားတရားကိုမျှ
မချန်လှပ်၊ မင်းမှုရပ်အခါခါ
မပြောလိုလည်း မနေသာ၊
မဆိုလိုလည်း မနေအား။

အနိစ္စ ဒုက္ခ အနတ္တ

များတကာ သူတော်တို့မှာ၊
ဪ- ငါကား များမကြာ၊ သေရချေ အနိစ္စံ အနိစ္စံ

ငါ့ဒကာ ဗိုလ်မင်းများမှာ၊
ငါသို့သော မင်းယောက်ျား၊ ပြဒါးသေမှ သေမည်ပ၊ နိစ္စ နိစ္စ

များတကာ သူတော်တို့မှာ၊
ဪ- ငါကား ဆင်းရဲလှချေ၊ ဒုက္ခံ ဒုက္ခံ

ငါ့ဒကာဗိုလ်မင်းမှာ၊
ကာမဂုဏ်ပွဲစုံကျင်း၍ အဟောသုခံ သုခံ

များတကာ သူတော်တို့မှာ၊
ဪ- ငါကား အစိုးမရ၊ အနတ္တ အနတ္တ

ငါ့ဒကာ ဗိုလ်မင်းမှာ၊
ကြိမ်မာမာ တစ်လုံးနှင့်၊ ဟဲ့ - ငါကား အစိုးရ အစိုးရ

တစ်ညဉ့်ကုန်

နင် မကြောက်လား၊ သင့်မေ့ဟာ၊
ထိတ်ခတ်လား ဝါးညှပ်လား၊
ဘာဝနာ ပြန်ပြောင်းနှင့်၊
ကာလညောင်း၍ သန်းခေါင်တိုင်၊
အချိန်ကုန်လို့မှ မအိပ်နိုင်၊
နက်ဖြန်ခါ ချိုင်မည့်ပုံ၊
ဗျာပါဒဝိတက်နှင့်တစ်ည၌ကုန်

အရုဏ်တက် မိုးသောက်ချိန်

နေအရုဏ် မိုးသောက်ပြန်လျှင်လည်း၊
များတကာ သူတော်တို့မှာ၊
ဗုဒ္ဓေါဘုရား ဗုဒ္ဓေါဘုရား”နှင့်၊
ဘုရားရှိခိုးကြ၍ တစာစာ၊

ငါ့ဒကာ ဗိုလ်မင်းမှာ၊
ဟဲ့ - ညဦးက ထောင်မှာ ထားသည့်လူ၊ ဟဲ့ - ယူခဲ့ဦး ငါစစ်မေး၊

“ဟဲ့ - ငမိုက်ခွေး မှန်အောင်လျှောက်၊
ငါသို့သော မင်းယောက်ျား၊ လှည့်စားပြန်ပြီ နင်နော်၊
ကလအော်နှင့် နှုတ်ချိုးလို့၊ သွားအားလုံး ကျိုးတော့မည်၊

မော့လဟဲ့ နင့်လည်ပင်း၊
နှင်းလိုက်ကြလဟဲ့ သေအောင်၊
ယောင်တောင်တောင် ဟို ငမိုက်သားကလည်း၊
သနားသလို ညှာတာတာ၊
ထောင်းကြပါလဟဲ့ သင့်ကိုလဲ၊
ဆွဲခဲ့ပါဟဲ့ - သင့်ဦးသျှောင်၊
လားလားဟယ် ငါတတောင်စာ ကျွေးရော့မည်၊
ခွေးမသား ဟိုတတွေကလည်း၊
ကြည့်လို့သာ နေနိုင်လေ၊”

အထွေထွေ အလာလာ၊
ဘုရားတကာကို ဆဲ၊ ကျောင်းတကာကို မဲ၊
ဆင်းရဲသားတရာ၊ ငိုမျက်နှာမြင်ရမှ
မင်းမျက်နှာတစ်ကိုယ်ရသည့်၊” ရာဇကိစ္စနှင့် တစ်မနက်မျော

နေ့လည်ချိန်

ရောတစ်ခါ၊ နေ့လယ်ချမ်း တိုင်ရောက်လျှင်၊
များတကာ သူတော်တို့မှာ၊
ဘာဝနာ ကြွက်ကြွက်ညံ၊
စာအံသံနှင့် တအုံးအုံး၊

ငါ့ဒကာဗိုလ်မင်းမှာ၊
ကြိမ်တံဖျာရိုက်သံများနှင့်တဘုံးဘုံး၊
ဟေးလားဝါးလား၊ ပျော်ပွဲစား၍တပြုံးပြုံး၊
အရပ်နီး သူတော်တို့ မုန်းစရာ၊
သမ္ဖပ္ပလာနှင့် တစ်နေ့ကုန်

ညနေချမ်းချိန်

အချိန်လွန် ညနေချမ်း ရောက်ပြန်ခါ၊
များတကာ သူတော်တို့မှာ၊
ပန်း ကလပ်ထွေထွေလာ၊
ပန်းညောင်ရေအဖြာဖြာနှင့်၊
သူ့ထက်ငါ ဘုရားသွား၊

ငါ့ဒကာဗိုလ်မင်းမှာ၊
ကြေးစည်သံမြိုင်မြိုင်ကြား၍သော်မှလည်း၊
မေးတင်းမျှ မပြုအား၊
ဆင်ပြင်လား မြင်းပြင်လား၊
သူခိုးဖမ်းလား ဓားပြဖမ်းလား၊
သူသတ်ထောင်ကိုသာ ခါခါသွား၊

ဥပုသ်သီလများကို၊ ဆိုပြန်လျှင်လည်း၊
လပြည့်နေ့သော လကွယ်နေ့သော၊
သူပြောလာမှ ဟုတ်ဟန်ရှိ၊
မသိတစ်ခါ သိတစ်ခါ၊
ရှင်-နှစ်ဝါ သုံးဝါရ ပတ်လုံး၊
ဆုံးမခဲ့သည့် ငါ့တရား၊
မင်းမြှောက်စား၍ တက်တက်ဖြူ

ဆုံးမစကား

ကျောင်းစာရေးသူငယ်ဖြစ်လာစဉ် အခါဝယ်လည်း-

၁။ မဟော့ရမ်းနှင့် မဟော့ရမ်းနှင့်
ဟော့ရမ်း ပရမ်းပတာဖြစ်တတ်သည်။

၂။ မပေါ့သွမ်းနှင့် မပေါ့သွမ်းနှင့်
ပေါ့သွမ်း ဥစ္စာကုန်ခန်းတတ်လှသည်။

၃။ မကြော့ကြမ်းနှင့် မကြော့ကြမ်းနှင့်
ကြော့ကြမ်း သူများ ရယ်သွမ်းသွေးတတ်သည်။

၄။ မရုန့်ကြမ်းနှင့် မရုန့်ကြမ်းနှင့်
ရုန့်ကြမ်း သူများမုန်း၍ ပမ်းတတ်သည်။

၅။ မသော့သွမ်းနှင့် မသော့သွမ်းနှင့်
သော့သွမ်း အဝီစိမှာ ခါးပန်းသတ်လိမ့်မည်။

ကိုယ်ကျိုးကြီးနည်းစရာ

အတန်တန် ဆုံးမခဲ့သည့် ငါ့စကား၊
နောက်ဝယ် နားတွင်မှ နင်မထား၊
သားမယားဘောပုံဟာ၊
တစ်ဘဝတွက်တာနှင့်၊
သံသရာမှာ ဂျွမ်းစောက်ထိုး၊
အဝီစိမှာအောက်ဆုံးမျိုး၊
ကိုယ်ကျိုးကြီးနည်းစရာ

အဒန္တေန၊ အသတ္ထေန။
ဓားမကျိုး လှံမရှ၊” နန္ဒိသေနတို့ ထုံးပုံ၊
တရားမပျက်မှုကုန်အောင်၊
နှလုံးရည်နှင့် မကြံဆောင်၊
အစွယ်နှင့် လက်သဲကို အားခဲသည့်၊
တောကျားရဲ အကောင်လို၊”

လူသတ်အလုပ် မြိန်လို့လား

သံတတောင် အနုတွင်း၊
ကားတိုင်မှာ လူကိုညှဉ်းရမှ၊
မင်းမှုခင်း ကိစ္စ ပြေ၊
ဆရာတော့် တပည့်အနေ၊
ပညာရည်နှင့်မှုမထမ်း၊
လူဟော့ရမ်း လူကြော့ကြမ်း၊
လူသော့သွမ်း ပါးကွက်လို၊
လူတစ်ယောက် သက်ဇီဝိန်ကို၊
မံသဖုတ် ဆီစိုစိုနှင့်၊
ထန်းရေကို နှိမ်သလို၊
မြိန်ပေလို့ ပြုသလား၊”
ငါလားလား မေးလိုက်ချင်။

နင်မသိ

ဘိ ထောင်ချောက်တွင်၊ ဝင်မိသည် ကြွက်၏ပုံ

ယခုပင် ကံကုန်၍၊ အဝီစိ ဘုံအကျော်၊
ယမမင်းကြီး နန်းပေါ်မှာ၊ တစာစာ တအော်အော်နှင့်၊
အမှုတော်ထမ်းရခါနီးကို နင်မသိ

လူမြင်တိုင်းက နှလုံးနှင့်

အဝိဇ္ဇာမာန်ဖိစီး၍၊ ထီးမိုးနှင့်နောက်လိုက်တွေ၊
ဘိနပ်ကိုင်ခြွေရွေကို၊ နိဗ္ဗူပြေ ထင်စနိုး၊
ပိုးအိမ်လိုဗလာရှုပ်၊ ဖြုတ်ခနဲပျက်မည်ကိုမဆင်ခြင်၊
မှင်ကြောင်ကို တသသ၊ တတောင်ကို တပြပြ၊
သိဉ္ဇိုဇ်းနှင့် ကာလသုတ် အကြား၊ ငရဲထိန်းကြီး အလားလို၊”
ဓားကြီးနှင့် တဝင့်ဝင့်၊ ရွှေထီးနှင့် တစွင့်စွင့်၊
လူမြင်တိုင်းက နှလုံးနင့်
တပည့်ကောင်း မင့်- ခြင်းရာကို၊

ဟော့ရမ်းပျော်မြူး

ဥပမာပုံဆိုသော်၊
တဏှာချည် အဖျည် ခဲလှချည့် သံသရာဝဲ
သို့မို့ပလေ၊ တို့များမှာ ခွေးတိုး၊
ကြည့်လိုက်ကြ ဟိုးဟိုး၊ အဘိုးကြီး ကာလသား၊
ခါးတောင်း မြိတ်နှင့်တမြားမြား၊ ဒုံးရှေ့ကသွားသည့်သွင်၊”
တွင်တွင်ကြီး ကြော့ကြမ်း၊ ထင်ထင်ကြီး ဟော့ရမ်း၊

ကာမတဏှာ သဘက်ဖမ်း၍၊
လောကန္တရိက်တွင် နန်းသိမ်းရမည့် အရေးကို၊
မတွေးနိုင် မထင်နိုင်၊ ထီးမိုးနှင့် ဘိနပ်ကိုင်၊
နောက်လိုက်တွေတဖြိုင်ဖြိုင်၊
မိန်းမငယ်တွေတလှိုင်လှိုင်နှင့်၊
မြိုင်မြိုင်ကြီးပျော်မြူး

ဆရာတော် နားမချမ်းသာ

သည်လောက်တောင် ရူးမည်ဟု၊ တစ်ခါဘူးမျှ ငါမထင်၊
ငါဆရာပင် အထင်လွဲ၊ လူကဲခပ် မှားလိုက်လေ၊
ဖြစ်ပလေသည့် မင့်ခြင်းရာ၊ တပည့်ကောင်းမောင်ရှင်မှာ၊
မထောင်းသာ ကြားရသည့် ဆရာမှာနားမချမ်း

လှံဖျားမှာပဇင်းနား၊” “ကျီးကန်းက မစင်ပါ
ယိုသူမရှက်မြင်သူရှက်၊ ရွာသူဝက်” တို့ ပုံပမာ
မမြင်ဝံ့ဆေးသမား၊” “မကြားဝံ့ တရားမလူကြီး” ဆိုသည့်သွင်၊

တပည့်ကောင်း ဖြစ်အင်ကို၊ မဆိုချင် မနေအား၊
ကားတိုင်မှာ လူကိုတင်၊ အဆုံးတိုင် စီရင်ကြောင်းများနှင့်၊
ငါဆရာ ကြားရသည်၊ မဟုတ်လေသိ ဟုတ်လေသိ၊
မဟုတ်ဘိလျှင် ဆရာအဆို လွဲ၊ ဟုတ်ပြန်ဘိလျှင်လည်း၊
တပည့်မဲ၍မှောင်၊ မဟုတ်ဘဲ ဆရာမဟောယောင်၊

လူသတ်မှု ဝန်လေးကြ

ဆိတ်တစ်ကောင် သတ်မှား၍၊ သေလျှင်လည်း ငရဲလား၊
ဘဝငါးရာလည်း ဇက်ဖြတ်ခံ၊” ဝတ္ထုလာထုံးစံ။
ကျမ်းဂန်နှင့်ဝေဘန်လျှင်၊
ဆိတ်ငရဲထက် နွား၊ နွားငရဲထက် ကျွဲ၊
ကျွဲငရဲထက် ဆင်၊ ဆင်ငရဲထက် လူ၊

မကောင်းမှုကြီး၊ ထူး၍ငါတို့မြန်မာ၊
သူတော်တို့မှာမဆိုထား၊
မိစ္ဆာဒိဋ္ဌိလူမျိုးများတို့ သော်မှလည်း၊
ဤသို့သော အရေး၊ သူ့သတ်မှု ပဂေးတွင်၊
ဝန်လေးသည် လွန်ထင်ကြသည်
ထောင်တန်းတွင်သော်လည်း တစ်သက်နေ၊
တိုင်းတစ်ပြေကိုသော်လည်း ပို့၍ထား၊
စီရင်ပုံထုံးများနှင့် ကိုယ်လွတ်အောင် ရှောင်ရှား၍နေကြပါ။

မှားလိုက်လေ ဗလချာ

ငါ့ဒကာဗိုလ်မင်းမှာ၊
နောက်နောင်လာပါယ်ရွာဆင်းတော့၊
ယမမင်းထံတော်မှာ၊ မေတ္တာစာအကျော်နှင့်၊
ဆရာတော်ကယ်လာလိမ့်မည်၊”
စိတ်ရည်လို့ဟော့ရမ်း၊ ပဉ္စင်းလောင်းလူထွက်မို့ ရုန့်ကြမ်း၊
လူရွယ်သွမ်း ပေးစရာ၊ ဤဘဝမှာ အရာရှိ၊
နောင်ဘဝဖို့ အရိရှာ၊ တပည့်ကောင်း လူလိမ္မာ၊
မှားလိုက်လေ ဗလချာ၊ ရူးရှာလေ သွက်ချာတော
ငါကောလို့ ကောလိုက်လေ၊ သူအသေသေ ငါအကျေကျေ၊
ဖြစ်ပလေသည့် မင့်ခြင်းရာ၊

မှားရသည့်တွက်တာ

သားမယား ဘုံဟာကြောင့်၊ ရေတိမ်မှာ နစ်ရဘိသည့်အလား၊”
မမှားတန် မှားရသည့်တွက်တာ၊ ရွှေကျင်ဆရာတော်၏ တပည့်ကောင်း၊
ပဉ္စင်းလောင်း လူထွက်ဖို့၊ ချက်စရာ ငရဲအိုးတစ်လုံး၊
တစောင်းက တယ်ရအုံးမယ်ကြောင့်၊

မောင်မင်းပြုသည့် သာသနာ

ငရဲမင်းကြီး မုန်းစရာ၊ မီးကိုယုံလို့ ခွေးမတိုး၊
မီးအိုးကြီး ကွဲလိုက်တာ၊ သူ့ဥစ္စာကိုလည်း မညှာတာ၊
သူ့သက်လျာ သားရွှေဥတို့ကိုလည်း မရှောင်ရှား၊
မုသားမှာမဆိုသာ၊ သေသူရာကို ခါခါမှား၊
အဝီစိသွားတွေနှင့် ခါခါပေါင်း၊
သူတော်ကောင်းတွေကို ဝေးဝေးရှောင်၊
ပြိတ္တာဘောင်ဝယ် ကျောင်းကြီးဆောက်၊
အဝီစိအောက်တွင် သင်္ကန်းချုပ်၊
ငါဆရာကို ဝိကပ္ပနာ လုပ်၍ထား၊
သားမယားကို ဓိဋ္ဌာန်တင်၊
ယမမင်းကြီး သိမ်ပေါ်တွင်၊
သံဃာတော်တစ်ရာနှင့် အဗ္ဘာန်သွင်း၊
ပဉ္စင်းလောင်းလူလိမ္မာ၊ မောင်မင်းပြုသည့် သာသနာ

အကုန်ဟောလိုက်မည်

ငါဆရာ အသဲတုန်လှ၍၊
ဤသည့်ပုံ လူဟော့ရမ်း၊
သူသတ်မှု အခန်းတွင်၊
နောင်တစ်သက် ကျောချမ်းလောက်စရာ၊
ငယ်ဆရာမာန်ဂုဏ်နှင့်၊
ငယ်တပည့်ဗိုလ်ယုံကို အားမနာ ပါးမနာ၊
သည်တစ်ခါ အကုန်ဟောလိုက်သည်

မေတ္တာရေပေး

ငါသို့သော မင်းယောက်ျား၊
မထောက်ထား ဆိုလိုက်လေ၊ စိတ်ထဲက မနာစေနှင့်၊
ရေနစ်သည့်လူ ထိုးဝါး ကူပုံအလား၊”
ကြောင်ပါးလက်ဝယ် ကြွက်သူငယ်ကို ကယ်ယူရသလို၊”
ဗိုလ်မာန မာန်ဟုန်၊ ဒုစရိုက် ရန်သူပုန်၊
သည်တစ်ခါ ကုန်လောက်အောင်၊ ပဂ္ဂဟ နိဂ္ဂဟ အဖုံဖုံ၊
ဆေးမျိုးစုံတိုက်ကျွေး၊ မေတ္တာရေပေးလိုက်သည်
သူငယ်ကို ပိဿာလေးနှင့်၊ နံဘေးကို ပစ်သလို၊”
အောင့်အစ်အစ် မရှိလင့်။

နောင်မပူပင်ရအောင်

တပည့်ကောင်း မောင်ရှင်ကြောင့်၊
နောင်ပူပင် ငါမရှိရအောင်
သောဝစဿတာ၊” မင်္ဂလာအောင်ပန်းနှင့်၊
ပဋိညာဉ်ညောင်ရေဖျန်း၍၊ “အာမဘန္တေ” လျှောက်လွှာကမ်းလိုက်မှ၊
ငါ့တပည့်ကောင်းတွက်တာ၊ ငါဆရာ နာချမ်းမည်၊
ငါ့တပည့် “ဗိုလ်ကြမ်း။”

သူသတ်ဩဝါဒ မေတ္တာစာပြီး၏။

ရွှေခဲပျံ မေတ္တာစာ

မိုးခါးရေ ရှုးသောက်ကြ

“ဇမ္ဗူကျွန်းတစ်ဝိုက် မြန်မာဦးစွန်းတစ်သိုက် ရတနာပုံ ဤသည့်တိုက်တွင် သူတော်စင်တံခွန် ဆရာတော့်တပည့်အမွန် ပညာချွန်ကြသည့် မတ္တရာဝန် စေဝ ကိုးရွာမြို့အုပ် စ သဟာဒွန္ဒ ဘုရားသာဝက အစုံတို့သည် ယခုမူတစ်ပုံထူး၍ ပါပယုဂ် ဤအကူး ပျက်ကျိန်းကြီး ဤအပူးတွင် လူဗာလအထူးတို့ မိုးခါးရေ ရူးသောက်ကြ သည့်အတွင်း မစင်ကြယ်သည့် ရှေးဒါနဖန်ဆင်း၍ ဣင်္ဂိလိင်္ဃမင်းတို့၏ လူရင်း သာဝကအစုံ ယမမင်းကြီး သူယုံ ဘုရားရှင် သူပုန်ပြုကြပြီးလျှင် -

အင်္ဂလိပ်ခေတ် ဘေးဒုက္ခ

ဘုရားရှင် ဒါယကာသံဃာတော်တို့ ပိဏ္ဍပါတ် အလုပ်အကျွေး မြစ်ရိုးတလျှောက် ရွာပဂေးတို့၌ အင်္ဂလိပ်သခင် ပြည့်ရှင်မင်းတို့က ဝန်းကျင် အလုံးစုံကို သိုင်းခြုံ၍ မအုပ်ချုပ်နိုင် သေးသည့်အတွင်း ချင်းတို့ချင်း လုယူ မင်းသားလူတို့ကလည်း ဓားမိုး လူဆိုးဓားပြ တို့ကလည်း တိုက်ဖျက် တောကြီးနက်ရာ တောင်နက်ရာတို့ကို အခါခါ ပြေးထွက်၍မှလည်း မလွတ် ပုဆိုးအဝတ်တက်တက်ဖြူ လူ့အသက်ကိုမျှလည်း မခြွင်းချန် နောက်တစ်ဖန် လာပြန်ဦးမည့် ဘေးဘျမ်းကြောင့်လည်း ကျယ်ကျယ်မှ မချည်သမ်းဝံ့ကြ ကျောတချမ်းချမ်း နေသောကြောင့်၊

ထွက်၍လည်းမပြေးနိုင်

အင်္ဂလိပ် မင်းရာဇာတို့က ဂတ်တဲတော်လျင်စွာထား၍ ကယ်လာတော်မူနိုင်ညားအံ့ လည်းမသိ အာသာကြီးရှိနေကြသည့်အတွင်း ယင်းလူဆိုး ဓားပြမင်းတို့ တစ်ကြိမ်ပင် အနိုင်ညှင်း၍ ထမင်းကျွေး ရမည် ဓားမိုးပြန် လာသည့်အချက်တွင် “လှည်းနှင့် ဆင် ပက်ပင်းမိသလို” ထွက်၍လည်းမပြေးနိုင် ဖက်၍လည်းမတွေ့နိုင် ထမင်းကို အနိုင်နိုင် ကျွေးမိသည့်အရေးကြောင့်၊

ကြွက်ကြွက်ဆူ သောသောညံ

ဣင်္ဂလိဿ်စစ်သည်တော် လူပဂေးတို့နှင့်တကွ ဆရာတော်တပည့် ဣင်္ဂလိင်္ဃ သာဝကအစုံ ရှေ့ပြေးတို့ သေးသေးနုတ်နုတ် ငပိပလုပ်ကိုမျှမချန် သံဃာတော်တို့ ဆွမ်းတော် ငတ်အောင်ကြံသလို ကြွက်ကြွက်ဆူ သောသောညံ မြစ်ရိုးတလျှောက် ဗြောင်းဆန်အောင် သင်္ဘောကြီးငယ် အတန်တန်နှင့် ရွှေခဲပျံဆီတခိုမှာ မြေကြီးကို လှန်သလိုလို အဝီစိကိုလှန်သလိုလို ဓားမြှောင်ကိုတသသ တတောင်ကို တပြပြ မာန်စောင်နှင့်တမားမား ခါတောင်းကျိုက် တကြားကြား ထိုမှ ဤမှ ပြောစကား ကြားရသည့် ယောင်ယောင်၊

မယုံတစ်ချက် ယုံတစ်ချက်

“ခရုဆယ်ကောင်လောက်ကို စိန်အမြောက် ဗုံးဆံကျဲ၍၊ တိုက်ပွဲကြီး ဆင်သည့်ပုံ” မယုံရသည့် တစ်ချက် ယုံရမည့်တစ်ချက် အိပ်မက်များပင် ဖြစ်လေယောင်ယောင် တောင်တွေးမြောက်တွေး မဖြစ်စကောင်း ဖြစ်လာသည့် အရေးများကြောင့်၊

သီတာရေချို လောင်းလိုက်သည်

မကြားကောင်း မနာသာ မဟုတ်ရာရှိ ဟုတ်ရာရှိ၊ ဧဝကန် အတတ် သိရအောင် ကပ္ပိယဖိုးရှမ်းအို ဖိုးသူတော်တခိုတို့ အပြန်တွင် ကာလသား လိမ်ဉာဏ်ဝင်္ကဝုစ်မကြံ ဥဇုဝုစ်အမှန်နှင့် လျင်မြန်စွာ အလွှာပါး၍ သော့မကြာ လျှောက်ထားလိုက်စေကြောင်း၊ သီတာရေချို လောင်းလိုက်သည် တပည့်ကောင်း ဒါယကာ မတ္တရာဝန် စေဝ ကိုးရွာ မြို့အုပ်စ ဣင်္ဂလိဿ်မင်းတို့ သာဝကကျော် ယမမင်းကြီး လူယုံတော်တို့။

ပဌမောဝါဒရွှေခဲပျံ မေတ္တာစာ။

ကေဝေဋ္ဋောဝါဒ မေတ္တာစာ (ပထမ)

အာသီသ နှင့် အဘိပတ္ထနာ

ရိပုံဇယတုမေ မေတ္တံဝိနဿန္တု အန္တရာယာ
သီဃံ သုဏန္တု မေကေဝဋ္ဋာ သာဓုကံ

မှတ်ချက်။ ။ရန်ကုန် BRITISH BURMANEWS, “ရန်ကုန် ရတနာပုံ သတင်းစာတိုက် ပုံနှိပ်တိုက်”က ၁၃၂၇-ခု၊ တန်ခူးလ ရိုက်နှိပ်သည့် စာမူ၌လည်း အောက်ပါ အတိုင်း ရှိသည်။

ရိပုံဇယတုမေ မေတ္တံဝိနဿန္တု အန္တရာယာ
သီဃံ သုဏန္တု မေကေဝဋ္ဋာ သာဓုကံ

မေတ္တာဖြင့်ရန်ကို အောင်မြင်ပါစေ

ရိပုံ - သုံးဘုံဘ၀ သုံးလောကသား လူအများကို လေးပါးအပါယ် ကပ်သုံးသွယ်နှင့် ရှစ်သွယ်ရပ်ပြစ် ဘေးအစစ်၌ ဆွဲလွဲနှစ်တတ် နစ်စေတတ်သည့် ကြောက်အပ်လှစွာ အဝိဇ္ဇာနှင့် တဏှာဟူသော ရန်သူအပေါင်းကို။

(ဝါ) - ယခုအခါ ဧရာဝတီ နဒီဝင်လျှိုး မြစ်ရိုးတစ်လျှောက် မြစ်အောက်မြစ်ညာ အရွာရွာတို့၌ မုဆိုးတံငါ ကျင့်ယုတ်မာဟူ လူအပေါင်းတို့အား သနားကြင်နာ လွန်ပြင်းစွာသည့် ကရုဏာကြောင့် သီလဝန် ဂုဏဝန် ထေရ်မွန်များစွာ သံဃာတော် အပေါင်းမေတ္တာလောင်း၍ ကောင်းမွန်လှစွာ ကယ်ဆယ်ရာဝယ် မလိုက်နာချင် နားမတင်အောင် ပူးဝင်နှိပ်စက် နှောင့်ယှက်တားမြစ် တတ်သော ပြင်းထန်လှစွာ လွန်ယုတ်မာသည့် အဝိဇ္ဇာနှင့် တဏှာရင်ခြုံ ရန်သူပုန်ကို။

မေ - မုဆိုးတံငါ မှားယွင်းရှာသူ လူအပေါင်းတို့အား လွန်စွာသနားခြင်း ရှိသော ငါ၏။
မေတ္တံ - တံငါမုဆိုး အကျင့်မျိုးကြောင့် ဇောက်ထိုးအပါယ် ကျမည်ရွယ်သူ ကျင့် မဖြူသည့် လူခပ်သိမ်းကို အလွန် ချမ်းသာစေလိုသော အနောဓိဿ ချစ်မေတ္တာသည်။
ဇယတု - သုံးပါးရတနာ ကိုးကွယ်ရာကြောင့် ကောင်းစွာအောင်မြင်ပါစေသတည်း။
(ဝါ) မကြာချက်ချင်း အောင်စေသော်။

အန္တရာယ် ကင်းပါစေ

မေ - မုဆိုးတံငါ လူများစွာကို လေးဖြာအပါယ် ကပ်သုံးသွယ်နှင့် ရှစ်သွယ်ရပ်ပြစ် မမွန်းနစ်အောင် ယူဆောင်ကယ်တင်မည် စိတ်ရည်ရော်ရမ်း မေတ္တာရေဖြန်းရသော ငါ့အား။
အန္တရာယာ - တံငါဖလောင်း လူပေါင်းများစွာ သားခမြာကို ကောင်းစွာလှလှ တရား ကျအောင် မကယ်ဆောင်ရသေးခင် ခိုဝင် ကပ်ရောက်လာမည့် ကိုးဆယ်ခြောက်ဖြာ အန္တရာယ်တွေလာတို့သည်။
သီဃံ- လျင်စွာ။
ဝိနဿန္တု - ကိုးဂုဏ်သခင် ကျေးဇူးရှင်ကို ဦးတင်ညွတ်ခ အလွန်ကြည်ညိုသော ပဏာမဖြင့် မွမွကြေ၍ ဆုတ်စေရှားစေ ပျောက်စေကုန်သတည်း။

နာခံမှတ်သား အကျွတ်တရား ရကြပါစေ

မေ - မုဆိုးတံငါ ယုတ်မာညစ်ညမ်း လူ့သော့သွမ်းတို့အား သနားသဖြင့် ကျိုးကြောင်း ပြသ တရားချရသော ငါ၏။ (ဝါ) - ငါသည်။
ကထိတံ - ဟောပြောပြသ ဆုံးမအပ်သော။
သဒ္ဓမ္မံ - ဘုရားဟောဖေါ် ပါဠိတော်အဖြာဖြာ ဒေသနာအရပ်ရပ် သူတော်ကောင်း တို့၏ ကောင်းမြတ်သော တရားတော်မြတ်ကို။

ကေဝဋ္ဋာ-
“ဘိထောင်ချောက်ကို ထီမထင်, အစာကိုသာ ခင်မင်သည့်ကြွက်၊ လေးလက်နက်ကို မမြင်မကြောက်, သားတစ်ကိုသာ ခင်မင် ကောက်ချီမှားသည့် ကျီးငှက်တို့ အသွင်”

သံသရာရေး လွန်ရှုတ်ထွေးသည့် ဘေးကိုမမြင် သားမယားကိုသာ ခင်မင်၍ အဝိဇ္ဇာ တဏှာ ဆွဲငင်ရာ လိုက်ကြရှာကုန်သော တံငါမုဆိုး ထိုလူမျိုးတို့သည်။

သာဓုကံ - ကောင်းမွန်စွာ။
သုဏန္တု - မငြင်းမဆန် ရှေးမှုဖျောက်၍ နောက်မူကျင့်ကြံ နာခံမှတ်သား အကျွတ်တရား ရကြပါစေကုန်သတည်း။
(ဝါ) - ညီညာဖြဖြ တရားကျကျ နားဝဝနှင့် ပဋိညာဉ် ဝန်ခံချက်ချ၍ လျင်စွာ လှလှ ကျွတ်ကြပါစေကုန်သတည်း။

ဩဝါဒမေတ္တာစာ သီတာရေအေး

ရွှေကျင်ဆရာတော် နာပျော်သာယာ “ဩဝါဒမေတ္တာစာ” ဘုရားဟော ဒေသနာဖြင့် သီတာရေအေး တိုက်ကျွေး ဆုံးမအပ်သည် မြစ်ရိုးတစ်လျှောက် မြစ်အောက်မြစ်ညာ ရွာကြီးရွာငယ် အသွယ်သွယ်တို့၌ နေထိုင်ကြကုန်သော ဆရာတော် သံဃာတော် တို့၏ ဥပါသကာ ဖြစ်ကြလာသူ အို ... လူအများ အပေါင်းတို့။

လူအပေါင်းကို ဖုံးလွှမ်းနှိပ်စက်စူးဝင်

အဝိဇ္ဇာယ နိဝုတော လောကောဇရာယ ပရိဝါရိတော
တဏှာသလ္လေန ဩတိဏ္ဏောဣစ္ဆာဓူပါယိတော သဒါ

(သုတ္တနိ၊၄၃၄။ စူဠနိ၊၆၊၂၅၊၂၈။ နေတ္တိ၊ ၁၁၊၆၀၊စသည်)

မစ္စုနာဗ္ဗာဟတော လောကောဇရာယ ပရိဝါရိတော
တဏှာသလ္လေန သြတိဏ္ဏောဣစ္ဆာရူပါသိတော သဒါ

(သံ၊၁။၂၇။ ထေရ၊၂၈၉။ မဟာနိ၊၃၂၂။ နေတ္တိ၊၂၀။)

ယင်းသို့လာသောပါဠိတော်ဓမ္မဖြင့်

ဘော ဒေဝပုတ္တ - ရှည်လျားလှစွာ သံသရာမှ လွတ်ရာလွတ်ကွက် လွတ်ချက် မပေါ် လွတ်စော်မနံ လွတ်ဟန်နှင့်ဝေး ဘေးကြီးဧရာ သင့်ရောက်၍ နေကြရှာကုန်သော သတ္တဝါများအပေါင်းတို့၏ သဘောဓမ္မတာ ကြောင်းခြင်းရာကို ကောင်းစွာ လျှောက်ထား မေးမြန်းလာသည့် အို ဒကာနတ်သား။

အယံလောကော - ဝဋ်ဆင်းရဲမှ မထွက်မြောက်နိုင် ကြံပိုင်မရ နေကြရှာသော ဤလူအများအပေါင်းကို။
အဝိဇ္ဇာယ - သံသရာဘေး လာမည့်ရေးကို ထောက်တွေးမြော်မြင် မဆင်ခြင်ဘဲ မိုက်အား သဲစေတတ်သော အဝိဇ္ဇာဟူ ထူလှသည့် မှောင်ကြီးသည်။
နိဝုတော - တံငါဖလောင်း ဝက်ရောင်း သားထိုး ကျင့်မျိုးယုတ်မာ မိစ္ဆာဇီဝဖြင့် အသက်မွေးခြင်း စသော မကောင်းမှု၏ အပြစ်ကို မမြင်ရအောင် လှည့်ဆောင် ကွယ်ကာ လွန်စွာ ဖုံးလွှမ်းအပ်၏။

ဇရာယ - အိုပြန်နာရ သေရဆင်းရဲ တည်မမြဲသည့် ဖောက်လွဲခါခါ ဘေးကြီးစွာသည်။
ပရိဝါရိတော - ဝန်းဝိုင်း နှိပ်စက်အပ်၏။

တဏှာသလ္လေန - ထိုထိုကာမဂုဏ် အာရုံငါးပါး သားမယား၌ မောဟိုက်ပင်ပန်း ကိုယ်လုံးနွမ်းအောင် တသမ်းလျလျ စွဲလမ်းကြသော တဏှာ ငြောင့်ကြီးသည်။
သြတိဏ္ဏော - ဘုရားအဆူဆူ ချွတ်ယူမရ စူးဝင်ကြ၏။

ဣစ္ဆာ ဣစ္ဆာယ - “သောက်လေ သောက်လေ ငတ်မပြေသည့် ဆားငန်ရေကို သောက်လေမှားသော ယောက်ျားသဏ္ဌာန် ဘဝအဆက်ဆက် အဖန်ဖန် ခံစား၍ အားမရနိုင်သော အလိုဆိုးဖြင့်။

သဒါ - အခါခပ်သိမ်း။
ဓူပါသိတော - “ကမ္ဘာပျက်မီးကြီး လောင်လုနီးသောအခါ မဟာပထဝီ ဤမြေထဲမှ အလွန် ပူလှသည့်အတွက် အခိုးခြောင်းခြောင်း ထွက်သကဲ့သို့ “ ကိုယ်တွင်းတဏှာ မီးကြီးစွာကြောင့် တံငါဖလောင်း မကောင်းယုတ် မာမိစ္ဆာဇီဝ စသည်တလျိုး အကျင့်မျိုးဖြင့် အခိုးလွှတ်၏။

ဒုက္ခရောက်လာ သတ္တဝါများ

ဤသို့ မိန့်ဟထွေလာ ဒေသနာတော်မြတ်နှင့်အညီ အဝိဇ္ဇာမှောင်ကြီး ပိတ်ဆီး ကာမှောင် တဏှာငြောင့် စူးဝင်ကြကုန်သည် ဖြစ်၍ ထိုထိုကာမဂုဏ် အာရုံငါးမျိုး အလိုဆိုးဖြင့် အခိုးခြောင်းခြောင်း ထကြကုန်ရကား

ဟောတရားကို နားမဝင် ပြောစကားကို နားမတင်
“လေးမြားကို မမြင် သားတစ်ကိုသာ ခင်မင်သည့် ကျီးမိုက်ပမာ”

သံသရာဘေး လာမည့်အရေးကို မထောက်စာ သူတော်တကာ ရွံရှာ ကဲ့ရဲ့မည်ကို မထောက်လှမ်း ဝမ်းတစ်ထွာ တွက်တာ သားမယားဘုံဟာကြောင့် ဝါသနာဆိုးလည်း ဝင်စွက်၍ ဘဝအဆက်ဆက် အပါယ်ဘေးကြီးမှ မထ မလွတ်နိုင်ကြစရာ -

သူတော်တကာ မြင်မသာသည့် တံငါဖလောင်း ကြားမကောင်းသည့် ဝက်ရောင်း သားထိုး သတင်းဆိုးသည့် နွားခိုးကြက်တိုက် လွန်စွာမိုက်သည့် ယုန်လိုက်ငါးဖမ်း လွန်ရုန့်ကြမ်းသည့် ဟော့ရမ်းသူရာ လွန်ယုတ်မာသည့် မိစ္ဆာစာရ လူရွံ့ကြသည် လူညစ်တေ၊

ရွာလုံးကြေအောင် ရွာကိုမွှေသည် လူလေလူလွင့် အကျင့်လော်လည် ကုန်သည် စဉ်းလဲ၊

မိုက်ချက်သဲသည် စမဲမုဆိုး ငှက်မုဆိုးနှင့် လူတိုင်းငြိုးသည့် သူခိုးတောပုန်း လူမုန်း လောက်အောင် ကျေးရွာထဲမှာ ကြေးပိုငွေပို တောင်းယူခွဲသည့် စဉ်းလဲကောက်ကျစ် ရွာသူကြီး၊

တစ်ဖက်စီးနင်း ဆင်ခြေလောင်း တရားစောင်းသည့် သက်သေခုံ၊ လူယုံ လောက်အောင် နှုတ်ဉာဏ်စွမ်းနှင့် ပလီဆန်ရိုးသည့် ရှေ့နေလိမ်၊

အာဇီဝ သက်မွေးမှု

“ယုန်ရိုးကို တစ်ကြိမ် ကိုက်ရခါမျှဖြင့် ယုန်ဆယ်ကောင်ကို သေအောင်လိုက်ရသည့် မိဂမုဆိုးခွေးပမာ၊”

အရာရှိမင်း စည်းစိမ် တစ်ဆိတ်စာနှင့် လူများစွာကို ခါခါသတ် အရပ်မုန်းအောင် ဆိုမြည်ဆဲ၍ လူကြီးလူငယ် ရိုက်နက်ခွဲလျက် ဆင်းရဲသားတစ်ရာ ငိုမျက်နှာမြင်ရမှ မင်းမျက်နှာ တစ်ခါရသည့် အာဇီဝအသက်မွေးမှု၊

ဤသို့ အစုစုအဖြာဖြာ သားမယားမျက်နှာ ကာမဂုဏ် တွက်တာကြောင့် မရေမရာ မိစ္ဆာဇီဝအသက်မွေးကြ၍ ခဏမကြာလျင်စွာ အပါယ်ဘေးကြီး သင့်ရောက်ကြ ကုန်သော သတ္တဝါတို့အား -

ကြင်နာသနားတော်မူ

“မီးပုံတွင်းသို့ ခုန်ဆင်း၍ စင်းစင်းသေရမည့် သားငယ် မလိမ္မာကို လွန်စွာသနားသော မွေးမိခင်အလား”

ကြင်နာ သနားတော်မူလှသော၊ ဗြဟ္မာမှာ တစ်ဆယ့်ခြောက်ရွာတို့၏ အထွဋ်သရဖူ အနတ်နုတ်တို့၏မှန်ကူ အလူလူတို့၏ထိပ်နင်း အမင်းမင်းတို့၏ သာမိ မုနိများစွာ အရိယာ သံဃာတော်တို့၏ထိပ်ထား ဘုရားသဗ္ဗညု အရှင်သည်

သတ္တဝါများအပေါင်းတို့ကို ယခင်ဆိုခဲ့ပြီးသော တံငါဖလောင်း ဝက်ရောင်းသားထိုး ကျင့်မျိုးယုတ်မာ မိစ္ဆာဇီဝ သက်မွေးမှားကြ၍ သေသည်မှ နောက်ကာလ၌ ကြီးလှ စွာသော အပါယ်ဘယ ဘေးဒုက္ခနှင့် မတွေ့မရောက် ကြစေခြင်းငှါး

ဒုက္ခကြောက်လျှင် မကောင်းမှူမပြုနှင့်

သစေ ဘာယထ ဒုက္ခဿသစေ ဝေါ ဒုက္ခ မပ္ပိယံ
မာကတ္ထ ပါပကံ ကမ္မံအာဝိ ဝါ ယဒိဝါ ရဟော။”

ဟူသော ဒေသနာတော်ဓမ္မဖြင့်၊

ဘောန္တော မနုဿာ - “ပိုက်တွင်းမိသည့် သမင်”ပုံ၊ ဘေးဘျမ်းတွေ့လျှင် ဆွေ့ဆွေ့ ခုန် ဆတ်ဆတ်တုန် ကြောက်ကြကုန်သော အို လူများတို့။

ဝေါ - ဘေးကိုကြောက်လျက် ဘေးကြီးထိမည့် အချက်ကိုသာ နက်နက်နာနာ နင်းမိရှာတတ်ကြကုန်သော သင်တို့သည်။
(ဝါ) - ဘေးကိုကြောက်လျက် ကိုယ်မိုက်ချက်ကြောင့် ချမ်းသာမငွေ့ ဘေးကြီးနှင့် သာ အခါခါ တွေ့၍ နေကြရှာကုန်သော သင်တို့သည်။

ဒုက္ခဿ - သိဉ္ဇိုဇ်း ကာလသုတ် ရောရုဝ မဟာရောရုဝ အစရှိသော ငရဲကြီး ငရဲငယ် အသွယ်သွယ်သော နိရယဘုံ၌ ဖြစ်သောဒုက္ခ၊ အရိုးစုပြိတ္တာ အသားစုပြိတ္တာ အပ်အမွှေးရောက် လှံအမွှေးပေါက် ကိုယ်အလုံး၌ မီးတောက်သော ပြိတ္တာ စသော ပြိတ္တာဘုံ၌ ခံရသောဘေးဒုက္ခ စသောအဆုံးမရှိ ကြီးမားစွာသော ဘေးဒုက္ခမှ။
သစေ ဘာယထ - အကယ်၍ ဆွေ့ဆွေ့ခုန် ဆတ်ဆတ်တုန် ကြောက်ကြ ကုန်သည်ဖြစ်အံ့။

ဒုက္ခံ - အလုံးစုံသော ဆင်းရဲခြင်းကို။
သစေအပ္ပိယံ - အကယ်စင်စစ် မချစ်မကြိုက်ကြ ကုန်သည်ဖြစ်အံ့။

ဧဝံ - ဤသို့စဉ်ကလောက် ဆင်းရဲကြောက်ကြကုန်သည်ရှိသော်။
ပါပကံ - အကျင့်ယုတ်မာ တံငါဖလောင်း ဝက်ရောင်းသားထိုး နွားခိုးကြက်တိုက် ယုန်လိုက်သူရာ မိစ္ဆာစာရ ကာမဖောက်လဲ စဉ်းလဲကုန်သည် မတည် စကား ချွတ်မုသားနှင့် တရားတိမ်းစောင်း မကောင်းမှုမျိုး ဟူသမျှကို။
မာအကတ္ထ - သားမယား မျက်နှာဖုံး၍ သံသရာဘေး အားလုံးကို မမြင်ဘဲ ပြုမှားချက် မသဲကြကုန်လင့်။

ဝေါ - ဘေးကိုကြောက်၍ငါ ဘုရားမျက်မှောက် ဆည်းကပ်ကိုးကွယ် ရောက်လာ ကြကုန်သောသင်ဥပါသကာတို့သည်။
အာဝိဝါ - သူတော်တကာ မြင်မသာသည့် မရာမတန် ကျောင်းကန်ဘုရား ရွာနား တစ်လျှောက် လူမြင်လောက်သည့် လူတို့ မျက်မှောက်၌လည်းကောင်း။

ရဟော ဝါ - လူမမြင်အောင် သန်းခေါင်ညဉ့် ချိန် အိမ်နှင့်ဝေးဝေး ရပ် တစ်ကျေးမှာ ဆိတ်ကွယ်ရာ၌ လည်းကောင်း။
သဗ္ဗတ္ထ - မျက်မှောက်မျက်ကွယ် အဘယ်အရပ်မဆို ထိုထိုအရပ်ဟူသမျှ၌ လည်းကောင်း။

တံ ပါပကံ - ထိုတံငါဖလောင်း ဝက်ရောင်းသားထိုး လွန်ယုတ်မာသည့် အကျင့်မျိုးကို၊
မာ အကတ္ထ - သားမယားဘုံဟာတွက် ဘဝအဆက်ဆက် လူမဖြစ်နိုင်ကြအောင် တဏှာမြှောင်ဆွဲ မိုက်အားသဲ၍ ဖောက်လွဲ ညစ်ကျု မပြုမိကြစေကုန်လင့်။

ဤသို့ဟောဖော် ဒေသနာတော်မြတ်၏ လိုအပ်ရင်း ဗျဂျုၤတ္ထ အဓိပ္ပါယ်မှာကား-

မကောင်းမှု မပြုမှားမိကြလင့်

ဆင်းရဲမလို ချမ်းသာလိုသည့် အိုလူအများအပေါင်းတို့၊ သင်တို့သည် ဘေးကင်း ချမ်းသာ ကောင်းစွာ နေကြလိုကုန်သည် ဖြစ်အံ့။ ပါပညစ်ကျု မကောင်းမှုကို မပြုမှားမိကြစေနှင့်။

ဝက်သတ်သမားဒုက္ခ

ညစ်ညမ်းယုတ်မာ မိစ္ဆာဇီဝ စသည်စုစု မကောင်းမှုကို ပြုမှားမိကြ၍ရှိလျှင် ရှေးကဿပ ရှင်တော်ဘုရား လက်ထက်တော်က ဆင်းရဲသား လူတစ်ယောက်၏ ဝမ်းတစ်ထွာလောက် တွက်တာ သားမယား မျက်နှာကြောင့် သံသရာဘေး လာမည့် ရေးကို မထောက်စာ ဝက်များစွာကို အိမ်မှာမွေး၍ သားမယားကို လုပ်ကျွေးလျက် ဝက်သားထိုးသည် ပြုမိသည့်အတွက်ကြောင့်

ငရဲဘုံ၌ နေ့ရက်တာရှည် အထွေထွေ ဆင်းရဲခံရပြီးနောက် ပြိတ္တာဘုံသို့ ရောက်ပြီး သည့်အခါ လှံအမွေးပေါက်သော အသိလောမပြိတ္တာ-ဖြစ်၍ ထက်လှစွာသော မိမိ၏ အမွေးလှံတို့ဖြင့် မိမိကိုယ်ကိုပြန်၍ အဖန်ဖန်အစူးခံရသော ဒုက္ခကဲ့သို့ ကြီးမား စွာသော ဘေးဒုက္ခနှင့် တွေ့ကြုံရတတ်သည်။

နွားသတ်သမားဒုက္ခ

ဤနည်းအတူ ရှေးလူဖြစ်စဉ်အခါ နွားကိုသတ်မှား နွားအသားဖြင့် သားမယားကို လုပ်ကျွေးသည့် ငမိုက်ခွေးနွားသတ်ယောက်ျား၏ သေသည်မှ အခြားမဲ့၌ ငရဲပြည်သို့ ရောက်ပြီးသည့်အခါ ပြိတ္တာဘုံသို့ တစ်ဖန်ရောက်ရပြန်၍

ဂိဇ္ဈကုဋ်တောင်ယံထက်၌ နွားသားအမဲညှင်းပမာ အရိုးမပါ အသားမျှသာရှိသော သားညှင်းပြိတ္တာ ဖြစ်လျက် သားတစ်ကို ဆွဲငင်ကြဘိသည့် အလား ကြီးမား ထက်မြက်လှစွာသော သံနှုတ်သီးတို့ဖြင့် ငရဲကျီးငှက်လင်းတတို့ ဝန်းဝိုင်းခါခါ ထိုးဆိတ် ဆွဲငင်လာကြသည်ကို နာကျင်စွာ အော်ငင်ခံနေရသော ဒုက္ခကဲ့သို့ လည်းကောင်း၊

ငှက်သတ်သမားဒုက္ခ

ဤနည်းမသွေ တောကိုမွှေ၍ မြိုင်ခြေနက်ရာ ငှက်များစွာကို ခါခါသတ်လျက် ငှက်ကောင် ရောင်းသဖြင့် အသက်မွေးမှားသော ငမိုက်သား ငှက်မုဆိုးမိုက်၏ သေသည်မှ အခြားမဲ့၌ ငရဲပြည်ဝယ် အထွေထွေသော ငရဲဒုက္ခကို ခံရပြီးနောက်

ပြိတ္တာဘုံသို့ ရောက်သောအခါ အရေမပါ အသားအရိုးချည်းသာ ရှိသော နိစ္ဆဝိကပြိတ္တာ ဖြစ်၍ အရေပါးအရေထူ ထက်ထက်ဖြူအောင် ယမ်းမီးလောင်သည့် သူ၏ပမာ အရေလုံးလုံး မပါသည်ဖြစ်၍ အလွန်နာကျင်စွာသော အသားစု အသားပုံကို ကျီးငှက်လင်းတတွေ ဝိုင်းအုံ၍ အဖုံဖုံအထွေထွေ နေ့ရက်တာရှည် ခံနေရသော ဒုက္ခကဲ့သို့ လည်းကောင်း၊

အာဏာပါးကွက်သား လူသတ်သမားဒုက္ခ

ဤနည်းနှင်နှင် သံသရာဘေးကို ထီမထင် သားမယားမျက်နှာကိုသာ မြင်၍ ထောင်တန်းတွင် မင်းပြစ်မင်းဒဏ် သင့်ရောက်လာသူ လူအပေါင်းတို့၏ ဦးခေါင်းကို အခါခါသတ်ဖြတ်ရသော စောရဃာတက အာဏာသားပါးကွက် ယောက်ျား၏

သေသည်မှအခြားမဲ့၌ ငရဲပြည်ဝယ် ကြောက်မက်ဖွယ်သော ငရဲဒုက္ခကို နေ့ရက် ရှည်ကြာ ခံနေရပြီးနောက် ပြိတ္တာဘုံသို့ ရောက်သည့်အခါ ကိုယ်ချည်း ဟောင်းလောင်း ဦးခေါင်းမပါ ရင်ဘတ်မှာသာ မျက်လုံးပေါက်၍ ခံနေရရှာသော “အသီသကပြိတ္တာ” ဖြစ်လျက် အနှစ်တာရှည် အထွေထွေသော ဘေးဒုက္ခကို ခံရဘိသကဲ့သို့ လည်းကောင်း။

သံချွန်တပ်၍ နွားကိုရိုက်သည့် လှည်းသမားဒုက္ခ

ဤနည်းမခြား နွားတံဖျာ၏အဖျား၌ အသွားသံချွန်တပ်၍ နွားကိုရိုက်နှက်တတ်သော လှည်းသမား ယောက်ျား၏ သေသည်မှ အခြားမဲ့၌ ငရဲပြည်ဝယ် “အမိ အမယ်” - တ.၍ နာကျင်လှသော ဒုက္ခကို ခံပြီးနောက်

ပြိတ္တာဘုံသို့ ရောက်သည့်အခါ မြှားအမွေးပေါက်သော ဥသုလောမ ပြိတ္တာ ဖြစ်ရပြီးလျက် မိမိအမွေး မြှားတို့ဖြင့် မိမိကိုယ်ကို ပြန်လှန် စူးဝင်ခံ နေရသောဒုက္ခ ကဲ့သို့လည်းကောင်း၊

ကုန်းချောသည့် လူဒုက္ခ

ဤနည်းအတူ ဆင်းရဲသားလူဖြစ်စဉ် လူနှစ်ယောက်တို့ အကြား ကုန်းတိုက်စကား ပြောကြား၍ သေသည်မှ အခြားမဲ့၌ - အပ်အမွေးပေါက်သော ပြိတ္တာ ဖြစ်သဖြင့် မိမိ၏ အမွေးအပ်တို့သည မိမိကိုယ်ကိုပင် အတန်တန်အပြန်ပြန် အချုပ်အစူး ခံနေရသော ဒုက္ခကဲ့သို့သော ဘေးဒုက္ခကိုလည်းကောင်း

ကုန်းချောသည့် ရဟန်းဒုက္ခ

ဤနည်းတူ ရဟန်းငယ်ဖြစ်ခဲ့ဖူးစဉ် ရဟန်းနှစ်ပါးတို့၏ အကြား ကုန်းတိုက်စကား ပြောကြား၍ သေသည်မှ အခြားမဲ့၌ ကျောလယ်အရပ်က မီးလျှံ နှစ်ဖြာ ထွက်လတ်၍ အထပ်ထပ် ပူလောင်ခံနေရသော ဝက်ပြိတ္တာကြီး၏ ဒုက္ခ ကဲ့သို့သော ဒုက္ခကို လည်းကောင်း။

ဆိတ်သတ်၍ ဧည့်သည်ကျွေးမိသူဒုက္ခ

သည်မှတစ်ဖြာ ဒိသာပါမောက္ခ တက္ကသိုလ်ဆရာကြီး အိမ်တွင် ချစ်ခင်မွေးစား အပ်သော ဘုရားအလောင်းတော် ဆိတ်မင်း၏သခင် ဆရာကြီးအိမ်တွင်း၌ ဧည့်သည် မိတ်ဆွေ ရောက်လာသည့်အခါ

ဧည့်ဝတ်ပြုစရာ ဟင်းလျာတစ်ပါး မရငြား၍ အိမ်တွင် မွေးစားအပ်သော ဘုရား အလောင်း ဆိတ်မင်းကိုပင် ဟင်းလျာလက်သုတ် ပြုလုပ်ကြစရာ ဝန်းဝိုင်းဖမ်းဆီး လာသော လူအပေါင်းတို့အား ငြိုးထားရန်မက် မကွက်မစောင်း သမ္ဘာတော် ရင့်ညောင်းသည့် အလောင်းတော်ဆိတ်မင်း မိမိ၏ ရှေးဝိပါက် ကံအရင်းကို ဆင်ခြင်တော်မူလျှင် -

“ငါသည်တမူ ဤသူတို့နှင်နှင် တက္ကသိုလ်ဆရာကြီး ဖြစ်စဉ် ငါ၏အိမ်တွင် မွေးစား အပ်သော ဆိတ်တစ်ကောင်ကို သတ်၍ ဧည့်သည် အာဂန္တုကဝတ် ပြုမှားသည့် အတွက် ဘဝအဆက်ဆက် ဦးခေါင်းဆက်ပြတ် အထပ်ထပ်ခံခဲ့ရသည့် ဘဝငါးရာ ဤအခါစေ့ ဤယနေ့ပင် ဝိပါကဝဋ် ကင်း၍ ရှင်းရှင်း ကျွတ်လွတ်ပေတော့မည်” ဟု နှလုံးနှစ်ခြိုက် ရယ်မောလိုက်သော အခြင်းအရာကိုပြပြီးလျှင် -

“ဤ သူတို့ပင်သော်လည်း ငါ့ကိုသတ်စား ပြုမိမှားသည့် အတွက်ကြောင့် အဆက်ဆက်သော ဘဝများစွာတို့၌ အလွန်ဆိုးရွားကြီးမား ဒုက္ခ ဝိပါကဝဋ် မလွတ်နိုင်ကြရှိရှာကြလိမ့်မည်”

ကြံစည် အောက်မေ့မိသည့်အခါ ထိုသူတို့အား သနားသဖြင့် ငိုကြွေးပြန်လေလျှင် -

ရယ်မောမူရာ ငိုမူရာနှင့် မူရာနှစ်ရပ်ကို မေးမြန်းလတ်ကြသည်ရှိသော် သမ္ဘာတော်မြင့် ပါရမီရင့်ပြီးသည့် ကိုယ်တော်အလောင်းသည် ဟုတ်တိုင်းသော ယင်းအကြောင်း တို့ကို ကောင်းမွန်သေချာ ပြန်ပြောရာတွင်

“အရှင်ဆိတ်မင်းအား အကျွန်ုပ်တို့ သတ်မစားဝံ့ပါ၊ အရှင်ကို ချမ်းသာပေးပါ၏” ဟု-

သေဘေးက လွတ်မည်ပြုကြသည့်အခါ ကောင်းကင်ဝေဟာ မိုးကြိုး ဝရဇိန် တိုက်ဖျက်ခွဲ၍ သေဘေးမှ မလွတ်ဘဲ ဆင်းရဲစွာခံရရှာသော ဒုက္ခကဲ့သို့သော ဘေးဒုက္ခကိုလည်းကောင်း ဆင်းရဲစွာ ခံစားရတတ်ကြသည်။

တံငါသည်ဇနီးမောင်နှံ နှစ်ဦးဒုက္ခ

သည်မှတစ်ပါး တံငါဖလောင်း မကောင်းယုတ်မာ ကျင့်မိသည့်အတွက် ကဿပ ဘုရားရှင် လက်ထက်တော်အခါ ဆင်းရဲစွာသော ဇနိးမောင်နှံနှစ်ယောက် သားနှစ်ယောက်နှင့် မိသားစု လေးယောက်တို့သည် တံငါသည် အမှုဖြင့်သာ ဝမ်းတစ်ထွာတွက်တာ အသက်မွေးမိ မှားချေ၍ သေလွန်ပြီးနောက် -

ငရဲပြည်သို့ ရောက်ကြသည့်အခါ အလျှံပြောင်ပြောင်တောက်သည့် သံမီးပြားကြီး ပေါ်တွင် ပက်လက် အိပ်နေလျက် အထက် အာခေါင်မှသည် အောက်ဒွါရ ဆိုက်အောင် -

“ငါးသေကောင်ကို တံစို့ထိုး၍ မြိုက်ကင်ထားသည့် အလား”

ကြီးမားစွာသော သံချောင်းတံကျင် လျှိုထားပြီးလျှင် “ထန်းပင်လုံးလောက်” သံမယ်န ငါးချောင်းတို့ဖြင့် တစ်ဖန် နံပါးလက်ခြေတို့ကို လျှိုထား ရိုက်နှက်ပြန်သဖြင့် ယင်းသို့သော သံတံကျင် ခြောက်ချောင်းနှင့် အနှစ် ခြောက်သောင်း ရှည်ကြာအောင် ဝင်းဝင်းတောက် ပူလောင်သည့် သံပြား မီးကျီးပေါ်တွင် တအော်အော် တအင်အင် ခံနေပြီးနောက် အနှစ်ခြောက် သောင်းစေ့သည့်အခါ ပြိတ္တာအမျိုးဝယ် ဖြစ်ကြလာ၍ -

ထမင်းအစာကို မဆိုထားဘိ ရေတစ်ပေါက်ကိုမျှ မသောက် မတွေ့ရ၊
တစ်မိုက် တစ်ထွာလောက်မျှ ကိုယ်၌ဝတ်ခြုံစရာ မရှိ၊
ကြက်မတစ်ဝပ်လောက် အရိပ်ခိုစရာ သစ်ပင်ရိပ်မြုံရိပ်ကိုမျှ မတွေ့ရ၊
အလွန်ဆင်းရဲလှသော ပြိတ္တာဒုက္ခကို နှစ်,အသင်္ချေမက ခံရကြသကဲ့သို့သော ဒုက္ခကြီး ဧရာနှင့် မကြာခဏ ဧကန္တ တွေ့ရတတ်ကြသည်။

မြေခိုးသည့် ယာသမားဒုက္ခ

အဒိန္နာဒါန် ကျင့်ကြံယုတ်မာ သူ၏ဥစ္စာကို ခိုးယူမှားသော သူတို့သည်လည်း မိမိ လယ်ယာမြေအရပ်နှင့် သူတစ်ပါး လယ်ယာမြေအရပ် နှစ်ခုစပ်ကြား ပိုင်းခြား မှတ်သားအပ်သော ကျောက်ဖျာတစ်ခုကို နေရာရွေ့၍ ကျောက်ဖျာ တစ်ဖျာရာမျှ မြေကို ခိုးယူမိသော ယာထွန်ယောက်ျားတစ်ယောက်၏ သေသည်မှ နောက်အခါ –

ဟိမဝန္တာတော၌ ပူအိုက်လှစွာ အစာရေစာ ရံခါမရ ဒုက္ခကြီးစွာ ခံနေရသော ကျောက်ပြိတ္တာကြီး ဖြစ်ပြီးသည့်နောက် အဝီစိငရဲသို့ ရောက်ပြန်၍ မီးတောက်မီးလျှံ တို့ဖြင့် အမြဲပူလောင်ခံနေရသော ဒုက္ခကဲ့သို့သော ဒုက္ခကိုလည်းကောင်း။

မပန်မကြား သံဃိကဆန် ချက်စားမိသည့် ရဟန်းဒုက္ခ

မိမိနေရာ ကျောင်းတိုက်သို့ ဆိုက်ရောက်လာသော အဘ ဒကာကြီးအား သံဃိက ဆန်တစ်ခွက်ကို သံဃာတို့ထံ မပန်မကြား ချက်စားစေမိသော မကောင်းမှုကြောင့် ထို ရဟန်းဘဝမှ သေလွန်သည်၏ အခြားမဲ့၌

ကျောက်နွား ပြိတ္တာကြီးဖြစ်၍ အစာရေစာ ရံခါမရ၊ နေ့ရက်ရှည်စွာ ပြိတ္တာဒုက္ခကြီးနှင့် လှလှတွေ့ရသကဲ့သို့ လည်းကောင်း၊ သူ၏ဥစ္စာကို အနည်းငယ် ခိုးယူမိကာမျှဖြင့် အဆမတန် ဘေးကြီးခံရတတ်သည်။

ကာမကျင့်မှား သူဌေးသားလေးယောက်ဒုက္ခ

သူမယားနှင့်သူ့သားအိမ်ယာ ယုတ်မာညစ်ကျူ မှားယွင်းမှုကို ပြုကျင့်မိသူတို့မှာလည်း -

ကဿပ ရှင်တော်ဘုရား လက်ထက်တော်ဝယ် - ကုဋေရှစ်ဆယ် ကြွယ်သော သူဌေးကြီး သေလွန်သည့်နောက် သူဌေးသား လေးယောက်တို့ အကြံမှောက်မှား သဖြင့် များစွာသော အဘ၏အမွေ ဥစ္စာနှစ်ကို ကုသိုလ် တရား ဖြစ်ပွားရအောင် မကြံဆောင်မူ၍ သူ၏သမီးပျိုများကို ဥစ္စာရွှေငွေဖြင့် ဖျားယောင်းလျက် မကောင်း မိစ္ဆာ ကျင့်မိကြသည့်တွက်တာကြောင့် -

သေလွန်ကြသည့်အခါ လောဟကုမ္ဘီငရဲသို့ ရောက်၍ အနှစ်ခြောက်သောင်းကြာမှ ငရဲအိုးကြီး အောက်ဆုံးအစ စရိုဝသို့ရောက်၍ တစ်ခေါက် တစ်ဖန် ပေါ်လာပြန် လျှင်လည်း အနှစ်ခြောက်သောင်း ကြာမှ ငရဲအိုးထိပ်ဝ အထက်အပေါ်စသို့ ခဏရောက်၍ တစ်ဖန်ပင် ငရဲအိုးကြီး အောက်ဆုံးတိုင် အောင်ငုပ်ပြန်ရ၍

ဤသို့ အခေါက်ခေါက် အပြန်ပြန် ငုပ်ချည်ပေါ်ချည် ပြောင်ပြောင် တောက်လောင် သော သံပူရည်ထဲ၌ ဆင်းရဲစွာ ခံနေရသော ဘေးဒုက္ခကဲ့သို့သော ဒုက္ခကို လည်းကောင်း။

ခွေးနှင့်မှားခဲ့သည့် မလ္လိကာမိဖုရားဒုက္ခ

သည်မှတစ်ပါး မင်းမိဖုရားဖြစ်လျက် ခွေးနက်ကြီးတိရစ္ဆာန်နှင့် မှောက်မှား၍ အဝီစိ ငရဲသို့ ကျရောက်သွားရသော ကောသလပြည့်ရှင်မင်း၏ မယား မလ္လိကာမိဖုရား၏ ဒုက္ခကဲ့သို့သော ဒုက္ခကိုလည်းကောင်း ကြီးမားစွာ ခံရသော ဘေးဒုက္ခနှင့် အဆမတန် ခံရ တွေ့ရတတ်ကြသည်။

မုသားပြောသည့် သီတင်းသည်မငါးရာ ဒုက္ခ

ချွတ်ယွင်းမုသား စကားမမှန် ဖောက်ပြန် လိမ်လည်တတ်သော သူတို့မှာလည်း ကဿပရှင်တော်ဘုရား လက်ထက်တော်အခါ -

သီတင်းသည် ယောက်ျားငါးရာတို့၏ မယားဖြစ်ကြသူ သီတင်းသည်မ ငါးရာတို့သည် အကြီးဆုံး သီတင်းသည်မ၏ သီလပျက်ပြားမိစ္ဆာစာရ အယုတ်တရား ပြုကျင့်သည်ကို ကိုယ်တိုင်မြင်လျက် “မမြင်မိပါ” သစ္စာစကား လှည့်ဖျား ပြောဆိုမိခြင်းကြောင့် လည်းကောင်း၊

အကြီးဆုံး သီတင်းသည်မ၏လည်း သီလပျက်ပြားလျက် “မပျက်ပြားပါ” သစ္စာစကား မုသားကျိန်ဆိုမိခြင်းကြောင့် လည်းကောင်း သေသည်မှ အခြားမဲ့၌ -

သီလစောင့်စည်းဖူးသည့်အတွက်ကြောင့် နေ့ကိုချမ်းသာခံစားလျက် လှည့်ဖျားမိသည့်အတွက် ညဉ့် အခါ ဆင်းရဲကြီးဧရာနှင့် တွေ့ရ၍ ခွေးနက်ကြီး စားခံရသော ဝေမာနိက နတ်ပြိတ္တာမျိုး၌ ဖြစ်ကြရသော ဒုက္ခကဲ့သို့သော ဒုက္ခကို ခံရ တွေ့ရ တတ်သည်။

သုရာသောက်မိသည့် ရဟန်းဒုက္ခ

သည်မှတစ်ပါး စပ်ခါးရသာ နံစွာယစ်မူး အထူးရုန့်ကြမ်း ဟော့ရမ်း သုရာ လွန်ယုတ်မာသည့် သုရာပါနအမှုများကို သောက်စား လွန်ကြူးမိသော သူတို့ မှာလည်း -

ရှေးသာသနာတော် အမှုထမ်း ရဟန်းဖြစ်စဉ်အခါ သုရာ သောက်ကြူးမိသည့် မကောင်းမှုကြောင့် သေသည်မှ နောက်အခါ ကာလကိဉ္စိက ပြိတ္တာကြီး ဖြစ်သဖြင့် နေ့ရက်ရှည်စွာ ရေတစ်ခါတစ်ပေါက်မျှ မသောက်ပါရ လွန်ငတ်လှ၍ ရေရနိုးနိုး အကျိုးတစ်လျောက် သမုဒ္ဒရာ ကမ်းနားကိုလျှောက်၍ ခေါက်ခေါက်ခါခါ ရေကို ရှာပါသော်လည်း -

ရှေးသရောအခါ သုရာကိုကြိုက် လျှာအလို လိုက်မိသည့်အတွက်ကြောင့် ရှစ်သောင်း လေးထောင်နက်သော သမုဒ္ဒရာ ရေများစွာကို မမြင်ရသည်နှင့် ရေငတ်လှ၍ သမုဒ္ဒရာပင်လယ်ထဲ၌ တုံးလုံးလဲ၍ နေသည့်အခါ

ရဟန်းတော်များစွာတို့ ဆွမ်းခံအလာနှင့် ကြုံကြိုက်ကြ၍ ရေသောက်ရပုံ မရသေးသော ပြိတ္တာကြီးအား သနားသဖြင့် သပိတ်များစွာနှင့် အခါခါရေကို ဆောင်၍ အာခေါင်တွင်းသို့ လောင်းကြပါသော်လည်း -

“ရဲရဲတောက်ချစ်ချစ်ပူနေသော သံပူမီးအိုးကင်းထဲ၌ ရှဲခနဲကျ၍ ပျောက်ရသော ရေပေါက်ပမာ” အနည်းငယ်မျှ ထိုပြိတ္တာ၏ လည်မျိုမရောက် အာခေါင်ထဲ၌သာ ဝင်ဝင်သမျှ ရေပေါက်ပျောက်ရ ခြောက်ရလေသော ဒုက္ခကဲ့သို့သော ဒုက္ခကြီး ဧရာနှင့် လွန်စွာတွေ့ရတတ်ကြသည်။

လာဘ်စားသည့် တရားသူကြီးဒုက္ခ

တံစိုးသုံးပါး လာဘ်ယူစား၍ တရားတိမ်းစောင်း မကောင်းကျင့်မိသော သူတို့မှာလည်း ရှေးတရားသူကြီး ဖြစ်စဉ်အခါ လက်ဆောင်စား၍ တရားမမှန် အဂတိ နိုင်ငံသို့ လိုက်သဖြင့် စီရင်ဖူးခဲ့သည့်အတွက် နောင်ဘဝ အဆက်ဆက်တွင် တူးရွင်းပြား လောက် လက်သည်းကြီးနှင့် မိမိ၏ အသွေးအသားကို မိမိ ကုတ်ခြစ် စားရသော ဝေမာနိက ပြိတ္တာကြီး ကဲ့သို့ ကြီးမားစွာသော ဒုက္ခကိုလည်းကောင်း။

ကောက်ကျစ်စဉ်းလဲသည့် တရားသူကြီးဒုက္ခ

ယင်းနည်းအတူ တရားသူကြီးတစ်ယောက် ကောက်ကျစ်စဉ်းလဲ တရားလွဲကို စီစဉ်မိသည့်အတွက် ပြိတ္တာဘုံသို့ ရောက်သည့်အခါ အိုးစရည်းကြီးလောက် ဝှေးစေ့ကြီး ပေါက်၍ မိမိဝှေးစေ့ကြီးကို ပခုံးပေါ်၌ထမ်း၍ ပင်ပန်းစွာ သွားလာရာဝယ် ကြီးလှစွာသော ကျီးငှက်လင်းတတို့သည် ကြီးစွာသော သံနှုတ်သီးတို့ဖြင့် ထိုးဆိတ် ဆွဲငင်လာသည်ကို တအော်အော် တစာစာ နေ့ရက်ရှည်စွာ ခံနေရသော ဒုက္ခ ကဲ့သို့သော ဒုက္ခကိုလည်းကောင်း ကြီးမားစွာသော ဘေးဒုက္ခကို ခံရ တွေ့ရ တတ်ကြကုန်သည်။

ဘေးဒုက္ခ ကြောက်လျှင်

ယင်းသို့ဖြစ်၍ ဘေးဒုက္ခကို ကြောက်ကြကုန်သည်ရှိသော် ကြောက်ကြကုန်သော သင်တို့သည် ကြောက်အပ်လှစွာ တံငါဖလောင်း ဝက်ရောင်း သားထိုး ငှက်မုဆိုးနှင့် နွားခိုး ကြက်ခိုး မိစ္ဆာဇီဝ အမျိုးမျိုး စသော ယုတ်မာ ညစ်ကျု မကောင်းမှုကို မပြုမိကြရအောင်

ပစ္စုပ္ပန်တစ်ဘဝ သားမယား ဘုံဟာတွက်ကြောင့် အဆက်ဆက် လူမဖြစ်နိုင်ကြစရာ ယုတ်မာစွာသည့်အမှုကို မပြုမိကြရအောင် သတိထား၍ ကြဉ်ရှောင်ကြရမည် – ဟု

သစေ ဒုက္ခဿ ဘာယထ - စသော ယခင် ဒေသနာတော်ဝယ် လိုရင်း ဗျင်္ဂျတ္ထ အဓိပ္ပါယ်လာသည့် ယင်းသို့သော ဒေသနာ ဘုရားရှင် အဓိပ္ပါယ် လာသည်ကို ကောင်းစွာ ဆင်ခြင်စဉ်းစား သတိထားကြကုန်သည် ဖြစ်၍ –

လွတ်ကင်းအောင် ရှောင်ကြဉ်

ဘဝအဆက်ဆက် အပါယ်ငရဲမှ မတက် မထမြောက်နိုင် ကြီးခိုင်ရုန့်ကြမ်းသော သံသရာဘေး လာမည်ရေးကို ထောက်တွေး ဆင်ခြင်ကြကုန်သဖြင့် လည်းကောင်း ဆိုအပ်ခဲ့ပြီးသော တံငါဖလောင်း မကောင်းယုတ်မာ မိစ္ဆာဇီဝ အကျင့်မျိုးမှ အထူး သဖြင့် လွတ်ကင်းအောင် ရှောင်ကြဉ်ရမည် အကြောင်းနှင့်-

အနောဓိဿ ဧမြစွာသော မေတ္တာဖြင့် သီဒါရေမောင်း ဆရာတော် သံဃာတော် အပေါင်း သွန်းလောင်းအပ်သည် မြစ်ရိုးတစ်လျှောက် မြစ်အောက်မြစ်ညာ ရွာကြီး ရွာငယ်တို့၌ နေထိုင်ကြကုန်သော ဒါယကာယောက်ျား ဒါယိကာမမိန်းမကြီးငယ် တစ်စုတို့။

ဩဝါဒမေတ္တာစာ တစ်ပုဒ်ပြီး။

ကေဝေဋ္ဋောဝါဒ ဒုတိယမေတ္တာစာ

မလိမ္မာစဉ်ပြုမိ အကုသိုလ် အဟောသိကံ ဖြစ်နိုင်

ဆရာတော်တစ်ဖန် ထပ်မံ ဆုံးမအပသည် အို ... ဒကာကြီးငယ်တို့၊

ယခင် ဆရာတော် ဆုံးမသည်အတိုင်း တံငါဖလောင်း မကောင်းမှုတို့ကို ရှောင်ကြဉ် ကြ၍ ရှိလျှင် ရှေးမသိ မလိမ္မာစဉ်အခါ ယုတ်မာညစ်ကျု ပြုမှားမိသော မကောင်းမှု တို့သည် အကျိုးပေးခွင့်မရ၊ “အဟောသိကံ”ဖြစ်၍ နောက်အသစ် စောင့်ရှောက် ဆောက်တည်မိသော သီလတို့၏ အစွမ်းအားဖြင့် နတ်ပြည်ခြောက်ထပ် ဘုံအရပ်၌ ထူးမြတ်ဆန်းကြယ်စွာ နတ်ချမ်းသာကိုပင် ဧကန်ရရာသောအကြောင်း ရှိသည်။

ထောင်မှူးကြီး နတ်ပြည်ရောက်

တစ်နေ့တည်းကိုလျက် ခိုးသား လူနှစ်ထောင်ကို အပြောင်သတ်၍ နောက်ကိုလည်း အနှစ် ငါးဆယ်ပတ်လုံး လူကိုသတ်သော “တမ္ဗဒါဌိက” အမည်ရှိသော ထောင်မှူးကြီး သည် နောက် အရှင်သာရိပုတ္တရာ မထေရ်မြတ် တရားကို နာကြားရ၍ အကျွတ် တရားရသဖြင့် စင်ကြယ်စွာသော သီလနှင့် သေရသောကြောင့် နတ်ဘုံသုဂတိသို့ ရောက်ရသော ဝတ္ထုများကို ထောက်ထားသဖြင့် -

မကောင်းမှု ကြီးသော်လည်း အသေလှစရာရှိ

ရှေးမိုက်လှ၍ ပြုမှားမိသော မကောင်းမှု အားကြီးစွာပင် ရှိသော်လည်း နောက် အသက်ထက်ဆုံး ရှောင်ကြဉ်၍ စင်ကြယ်သော သီလနှင့် သေရပြန်လျှင် အပါယ် မကျ အသေလှစရာ အကြောင်းရှိသေးသည်

“စိန်သံပရာ အဆိပ်ဆေးကို များများကြီး စားသောက်မိသော်လည်း ဇီဝက ဆေးဆရာကြီး လက်သို့ရောက်၍ ဇီဝဆေးကို သောက်ရပြန်လျှင် အသက်ရှင်ရသေး သကဲ့သို့” တည်း။

မေတ္တာဖြင့် အထပ်ထပ် ဆုံးမ

ဤသည်များကို နှလုံးထားကြကုန်၍ –

“ငါတို့မှာလည်း ရှေးမှားယွင်းဖူးသော မကောင်းမှု အကုသိုလ်အစုနှင့်ပင် စင်စစ် အပါယ်လားရမည် တစ်လမ်းသွားလူသာ ဖြစ်တော့သည်” ဟု တနှစ်ထဲ မိမိကိုယ်ကို မနှစ်လိုက်ကြရအောင်၊

“တစ်တက်စား ကြက်သွန်၊ နှစ်တက်စား ကြက်သွန်၊ သည့်ထက်ပင် ပိုလွန်ဆိုး အဝီစိအောက်ဆုံး “ချိုး” မဖြစ်ရအောင်၊ အနည်းနည်း အစောင်စောင် ဝတ္ထုသက်သေ ဆောင်ပြ၍ ဆရာတော် သံဃာတော်တို့ ဆုံးမအပ်သည်။

ဒါနသီလကုသိုလ် ရှိပါသော်လည်း

ယင်းသို့စင်ကလောက် သနားခြင်းမေတ္တာရောက်၍ ဆုံးမဩဝါဒပေးပါသော်လည်း -

“သူရဲမင်းရဲ သဘက်ပူးသကဲ့သို့” အဝိဇ္ဇာနှင့်တဏှာသခင် သူတို့ပူးဝင်သောကြောင့် ဟောတရားကိုနားမဝင် ပြောစကားကိုမျှ နားမကြားချင် “နွားသိုးကို ထမ်းပိုးတင် ရသည်အလား” တားမရ ဆီးမနိုင် အတင့်ရဲ၍ ကိုင်ကြဦးမည် ဖြစ်လျှင်လည်း –

“ဇီဝဆေးကို တစ်ပဲသားလောက် သောက်ပြီးသည့်နောက် စိန်သံပရာကို တစ်ပိဿာ ကျော်ကျော်လောက် သောက်စားမိသောသူ၏အလား”

ရှေးဘုရားဒကာ ကျောင်းဒကာ ပဉ္စင်းဒကာခံ၍ အလှူပေးဖူးသော ဒါန၊ တစ်ကြိမ် တစ်ခါ ဆောက်တည်ဖူးသော ဥပုသ်သီလ ရှိပါသော်လည်း နောက် ယုတ်မာသည့် တံငါဖလောင်း ဝက်ရောင်း သားထိုး အမှုမျိုးနှင့်သာ အသက်ကုန်ကြရမည်ဖြစ်လျှင် ငရဲပြိတ္တာဘုံသို့ ဧကန် ရောက်ကြလိမ့်မည်

မီးပုံဆင်းသွား ရေများမကယ်နိုင်

“ရေအလုံးတစ်ရာ အေးမြစွာ ချိုးပြီးသည်နောက် အလျှံရဲရဲ တောက်သော မီးပုံ တွင်းသို့ ဆင်းမိသောသူတို့အား ယခင်က ချိုး၍ ထားအပ်သော ရေ - အလုံးတစ်ရာ လာ၍ မကယ်နိုင်ဘိသကဲ့သို့” ဖြစ်ကြလိမ့်မည်။

ခိုးမှားသတ်သူ အထက်လူ မကယ်နိုင်

တစ်နည်းမှာသော်လည်း “မြို့ဝန်အရာကို ရပါနိုးနိုးနှင့် လွှတ်တော်မင်းကြီးကို လက်ဆောင်ထိုးပြီးလျှင် ဆင်ဖြူတော်ကို ခိုးမှားသတ်မိသော ယောက်ျားမိုက်အား ယခင် လက်ဆောင်ယူစားသော လွှတ်တော်မင်းကြီး လိုက်၍ မြို့ဝန်အရာကို ရအောင် မဆောင်နိုင်ဘိသကဲ့သို့”

ပြုဖူးသည့် ကုသိုလ်က မကယ်နိုင်

အလွန်ယုတ်မာသော တံငါဖလောင်း ဝက်ရောင်း သားထိုး သက်မွေးမျိုးနှင့်သာ သေမင်းခံတွင်း ဆင်းကြရမည်ဖြစ်လျှင် ယခင်ပြုကြဖူးသော ပဒေသာပင် တစ်ရာ လောက်နှင့် ကျောင်းဆောက် ဘုရားတည် ထိုထိုကုသိုလ် ကယ်နိုင်တော့မည် မဟုတ်၊ အပါယ်ငရဲ၌သာ စင်စစ်မြုပ်ရမည်အဖြစ်ကို -

ပဉ္စဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော ယထာဘတံ နိက္ခိတ္တော ဧဝံ နိရယေ၊ ကတမေဟိ ပဉ္စဟိ? ပါဏာတိပါတီ ဟောတိ၊ အဒိန္နာဒါယီ ဟောတိ၊ ကာမေသုမိစ္ဆာစာရီ ဟောတိ၊ မုသာဝါဒီ ဟောတိ၊ သုရာမေရယမဇ္ဇပမာဒဋ္ဌာယီ ဟောတိ။” (အံ၊၂။၁၅၁။)

ဟူသော ပါဠိဓမ္မဖြင့် မုချဆတ်ဆတ် သိအပ် ယုံကြည်အပ်လှတော့သည်

သီလစောင့်ဖူးလျှက် ပြိတ္တာဖြစ်

ရှေးယခင် ဆိုအပ်ခဲ့ပြီးသော သီတင်းသည်မ ငါးရာတို့၏ ဥပုသ်သီလ အခါခါ စောင့်ထိန်းဖူးပါလျက် နောက်ပြီးအခါ သီလပျက်၍ သေသဖြင့် ဝေမာနိကပြိတ္တာ ဖြစ်ရသည့်ဝတ္ထု

လှူဒါန်းပါလျှက် ငရဲရောက်

မလ္လိကာ မည်သော မိဖုရားလည်း မြတ်စွာဘုရားကို အဖန်ဖန် ဆည်းကပ်ပူဇော် လှူဒါန်းဖူးသူ ဖြစ်ပါလျက် နောက်ပြီးတစ်ဖန် မိစ္ဆာစာရ မှားယွင်းသည့်အတွက် အဝီစိငရဲသို့ ကျရောက်ပြန်သောဝတ္ထု

သီလစောင့်လျှက် တိရစ္ဆာန်ဖြစ်

ကဿပ ဘုရားရှင်လက်ထက် အသက်နှစ်သောင်း ကာလပတ်လုံး သီလစောင့်သုံး ဖူးပါလျက် သေခါနီးတွင် ပါစိတ်အာပတ် တစ်ချက် ကုက္ကုစ္စ မကင်းသည့်အတွက် ဧရာမ နဂါးတိရစ္ဆာန် ဖြစ်ရသည့်ဝတ္ထု

သီလစောင့်လျှက် ပြိတ္တာဖြစ်

ရှေးရဟန်းဖြစ်စ ကာလတွင် အလွန်စင်ကြယ်စွာ ပါတိမောက္ခသံဝရ သီလကြီးကို စောင့်ထိန်းဖူးပါလျက် နောက်သဒ္ဓါတရား လျော့ပါး၍ သီလ ပေါက်ကြားသဖြင့် - လူတို့၏လာဘ်အများကို မြားယူလို၍ လူတို့အား ဝိနည်းတော်နှင့် မအပ်မရာ သစ်သီး ပေးခြင်း၊ ထမင်းကျွေးခြင်း လောကဝတ်ပျူငှာပြုခြင်း၊ ပစ္စည်းလာဘ်ကိုလိုလားသဖြင့် လူကိုမြင်လျှင်ရှေးဦးတင်၍နှုတ်ခွန်းဆက်ခြင်း၊ ပစ္စည်းလှူချင်စဖွယ် နာခံသာအောင် ချိုသာစကားနှင့် မိမိကိုယ်ကို နှိမ်ချပြောကြားခြင်း၊ ရွာမှုကိစ္စကိုဆောင်ရွက်ခြင်း, မအပ်မရာ ကုန်စလယ် ရောင်းဝယ် ဖောက်ကားပြုခြင်း၊ ရွှေငွေခံခြင်း၊ မဖိတ်ကြား သော ဒါယကာတို့အား ဝစီဝိညတ် မအပ်မရာ တောင်းယူခြင်း- အစရှိသော ကုလဒူသက အနေသန မိစ္ဆာဇီဝအမှုတို့ကို အထူးထူးအပြားပြားပြုကျင့်၍ –

သေသည့်မှ အခြားမဲ့၌ ငရဲဒုက္ခကို ခံရပြီးသည့်နောက် ပြိတ္တာဘုံသို့ ရောက်ကြ၍ ရာဇဂြိုဟ်ပြည်၏အနီး ဂိဇ္ဈကုဋ်တောင်ကြီး အနားတွင် အလျှံ ပြောင်ပြောင် တောက်လောင်သော သံမီးပြားကြီးသင်္ကန်းကို ရုံပတ်လျက် ထိုထိုအရပ်သို့ လှည့်ပတ် ပြေးသွားသဖြင့် ဆင်းရဲကြီးစွာ ခံနေရသော ကဿပဘုရား၏ တပည့် အလဇ္ဇီရဟန်း ဝတ္ထုများကိုလည်းကောင်း ထောက်ထားသဖြင့်လည်း -

ဒါနသီလရှိသော်လည်း သီလဖောက်ပြန်လျှင်

“ရှေးအခါ ပြုဖူးကြသော ဒါနသီလ ရှိကြစေကာ နောက်ပြီး တစ်ဖန် သီလ ဖောက်ပြန်၍ အလဇ္ဇီကျင့်ကြံကြသဖြင့် သေမင်းနိုင်ငံသို့ လိုက်ကြရလျှင် စင်စစ်ပင် အပါယ်ဒုက္ခကြီးနှင့် တွေ့ကြမည်” ဟု မုချ နိဿံသယ ဧကန္တ မှတ်ကြရမည်။

သီလပျက်လျှင် ယခုဘဝ၌ပင် ဒုက္ခရောက်

ယင်းသို့ ညစ်ညမ်းယုတ်မာ တံငါဖလောင်း ဝက်ရောင်း သားထိုး မကောင်းမှုမျိုးကို ပြုကျင့်သော သူတို့သည် သံသရာ၌သာလျှင် ဘေးဧရာတွေ့ရသည် မဟုတ်။

ဤဘဝ၌ပင်သော်လည်း မရသေးသော စည်းစိမ်ဥစ္စာတို့ကိုသော်လည်း တိုးတက်၍ မရ၊ ရအပ်ပြီးသော စည်းစိမ်ဥစ္စာတို့သည်လည်း အမြဲမတည် မကြာခင် ပျက်စီး ပြုန်းတီးရကြောင်းကိုလည်း-

ဒုဿီလဿ ဘိက္ခဝေ သီလဝိပန္နဿ မဟန္တံ ဘောဂက္ခန္ဓံ ပရိဟာနိံ နိဂစ္ဆတိ။ ဣဓ ဘိက္ခဝေ ဒုဿီလော သီလဝိပန္နော ပမာဒါဓိကရဏံ မဟတိံ ဘောဂဇာနိံ နိဂစ္ဆတိ။” (အံ၊၂။၂၂၁။)

- ဟူ၍ အင်္ဂုတ္တိုရ်နိကာယ်ကျမ်းမှာ ဘုရားဟောဖော် ပါဠိတော်လာသည်။

ဘိက္ခဝေ - ချစ်သား ရဟန်းတို့။
ဒုဿီလဿ - တံငါဖလောင်း မကောင်းယုတ်မာ မိစ္ဆာဇီဝ စသည်ညစ်ကျု ယင်း အမှုကြောင့် သီလမရှိထသော။
သီလဝိပန္နဿ - သီလဖောက်ပြန် ပျက်စီးသောသူအား။
မဟန္တံ - များစွာသော။
ဘောဂက္ခန္ဓံ - တံငါဖလောင်းမကောင်းသဖြင့် ရအပ်ပြီးသော ဥစ္စာအစုသည်လည်း။
ပရိဟာနိံ - တစ်နေ့တစ်ပါး တစ်လ တစ်ခြားပျက်ပြား ဆုတ်ယုတ်ခြင်းသို့။
နိဂစ္ဆတိ- ရောက်၏။

ဤသို့ အနက်အဓိပ္ပါယ် လာသည်။

သီလပျက်သူ ဒွန်းစဏ္ဍားစာရင်းဝင်

သည်သာမက တံငါဖလောင်း ဝက်ရောင်းသားထိုး စသောမကောင်းမှု အယုတ် တရားများကို ကျင့်မှားမိသော သူတို့သည် ဤပစ္စုပ္ပန် ဘဝထဲ၌သော်လည်း ဒွန်းစဏ္ဍား စဏ္ဍာလ လူမျိုးတို့၌ စာရင်းဝင်၍ လူချင်းမတူ လူရာမဝင် လူစဉ်မမီ ဖြစ်ရကြောင်းများကိုလည်း -

ပဉ္စဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော ဥပါသကော ဥပါသက စဏ္ဍာလော စ ဟောတိ ဥပါသကပဋိကုဋ္ဌောစ။

ကတမေဟိ ပဉ္စဟိ? ပါဏာတိပါတီ ဟောတိ။ အဒိန္နာဒါယီ ဟောတိ၊ ကာမေသုမိစ္ဆာစာရီ ဟောတိ၊ မုသာဝါဒီ ဟောတိ၊ သူရာမေရယ မဇ္ဇပါယီ ဟောတိ။ ဣမေဟိ ခေါ ဘိက္ခဝေ ပဉ္စဟိ ဓမ္မေဟိ သမန္နာဂတော ဥပါသကော ဥပါသက စဏ္ဍာလော စ ဟောတိ ဥပါသကပဋိကုဋ္ဌောစ။

- ဟူ၍ အင်္ဂုတ္တိုရ်နိကာယ်ကျမ်း၌ ဘုရားဟောဖော် ပါဠိတော်လာသည်။

အယုတ်တရား ငါးပါးရှိလျှင် ဒွန်းစဏ္ဍား

ဘောန္တော ဥပါသကာ - ဘေးကင်းလို၍ ငါ့ကိုဆည်းကပ် ကိုးကွယ်တတ်သူ အို .... ဥပါသကာ လူအများအပေါင်းတို့။
ဥပါသကော - ရတနာသုံးရပ် ဆည်းကပ်တတ်သော ဥပါသကာပင် ဖြစ်သော်လည်း။
ပဉ္စဟိ ဓမ္မေ ဟိ - ငါးပါးသော တရားယုတ်တို့နှင့်။
သမန္နာဂတော - ပြည့်စုံခဲ့သည်ရှိသော်။
ဥပါသကစဏ္ဍာလော- အမျိုးသန့်စင်ပင် ဖြစ်ငြား ဒွန်းစဏ္ဍား လူမျိုးတို့တွင် စာရင်း ပါဝင်သွားရလေသည်။
ဟောတိ - ဖြစ်၏။

ဥပါသကပဋိကုဋ္ဌော - “နူဖြူ နူနက် စွဲသောသူကို ပကတိလူကောင်းတို့ စက်ဆုပ် သကဲ့သို့” ကျေးရွာလူကြီး အရပ်လူကြီး အိမ်နီးချင်းလျှင် သူတော်စင်တို့ အလွန်ပင် စက်ဆုပ်ထိုက်သည်။
ဟောတိ - ဖြစ်၏။

ကတမေဟိ ပဉ္စဟိ - အဘယ်ငါးပါးသော တရားယုတ်တို့နှင့်။
သမန္နာဂတော - ပြည့်စုံသည်ရှိသော်။
ဥပါသကစဏ္ဍာလော - မူလရင်းက အမျိုးသန့်စင်ပါလျက် ဒွန်းစဏ္ဍားဥပါသကာ ဖြစ်ရလေသနည်း ဟူမူကား?။

သူ့အသက် သတ်လေ့ရှိ

ဥပါသကော - သူ့တော်ပုံပုံ ငါဘုရားကို ခိုလှုံဆည်းကပ်သော ဥပါသကာသည်။
ပါဏာတိပါတီ - ကိုယ်ချင်းမစာ ကိုယ့်သားမယားလို မညှာတာ ငါးတိရစ္ဆာန်ပင် ဖြစ်ကြစေကာ သူ၏မယား သူ၏သားနှင့် သနားစဖွယ် ချစ်ခင်တွယ်တာနေကြ ရှာသော သတ္တဝါတို့အား သနားမေတ္တာ ကင်း၍ ညှဉ်းပန်း သတ်စားလေ့ရှိသည်။
ဟောတိ - ဖြစ်၏။

(ဝါ) - တံငါဖလောင်း ဝက်ရောင်း သားထိုး ငှက်မုဆိုးတို့ကဲ့သို့ ကိုယ်ကျိုးကြီး နည်းစရာ သန်းဥ ကြမ်းပိုးဥမှ စ၍ သတ္တဝါတို့ကို ဖျက်ဆီး သတ်ဖြတ်လေ့ရှိသည်။
ဟောတိ - ဖြစ်၏။

သူ့ဥစ္စာ ခိုးယူလေ့ရှိ

အဒိန္နာဒါယီ - သူ့မယားနှင့် သူ့သားတစ်ထွေ သည်းအူကြွေမှ ကိုယ်၏ သားမယား မဝတစ်ချက် ဝ,တစ်ချက်နှင့် တစ်သက်လုံးဆင်းရဲ၍ သံသရာ၌လည်း ငရဲပြိတ္တာ ဘေးကြီးစွာနှင့် မကြာတွေ့ရတတ်သဖြင့် ကြောက်လှစွာ သူတစ်ပါး၏ဥစ္စာကို ခိုးယူ တတ်လေ့ရှိသည်

(ဝါ) - လူတိုင်းမုန်းသည့် တောပုန်းသူခိုး၊ လူတိုင်းငြိုးသည့် မင်းဆိုးညစ်တေ၊ ရွာကိုမွှေ၍ ငွေယူစားသည့် တရားမစောင့် ရွာသူကြီး၊ တစ်ဖက်စီးနင်း ဆင်ခြေ လောင်း၍ တိမ်းစောင်းမှောက်မှား မတရား စားသည့် ရှေ့နေခုံ၊ စဉ်းလဲမျိုးစုံ ရောင်းဝယ်စားသည့် လှည်းလှေသမားကုန်သည်လိမ်၊ အလေးချိန်ခွင် မဖြောင့်သား၍ ငရဲလားမည့်ဈေးသည်မ - ဤသို့ အစရှိသော အသွယ်သွယ်သော အဒိန္နာဒါန် အမျိုးမျိုးတို့ဖြင့် သူ၏ဥစ္စာကို ခိုးယူလေ့ရှိသည်။
ဟောတိ - ဖြစ်၏။

သူ့သားမယား ပြစ်မှားလေ့ရှိ

ကာမေသုမိစ္ဆာစာရီ - “မပြောပလောက်သည့် ကောက်ရိုးရုပ်ကို နွားချေးစိုမံ ဆေးလိမ်းကျံသည့် ပုံဟန်မပြ” အသွေးအသား အူသိမ်အူမ ပုပ်လှ ရွံဖွယ် မတင့်တယ်သည့် ကျင်ငယ်ကျင်ကြီး ယိုစီးထွက်သွား ကိုးတံခါးမှ ဆီးတားမနိုင် “သဲကမ်း ယိုင်သည့်နှယ်” အပုပ်ရည်တို့အိုင်စုရာ”မစင်တွင်း ဘင်တွင်းကြီးပမာ” အလွန်ရွံ့ရှာဖွယ်သော အကောင်ပုပ်၌ တဏှာဝင်မြိုက် လောဘတိုက်၍ သူ့ သား မယားကိုလွန်ကျူး မိုက်မှားလေ့ရှိသည်
ဟောတိ - ဖြစ်၏။

မုသားစကား ပြောကြားလေ့ရှိ

မုသာဝါဒီ - “ထောင်တန်သောပတ္တမြားကို ဟင်းရွက်တစ်ဆုပ် ငါးပိကောင် တစ်ပုပ်နှင့် လဲမှားမိသောသူရူးမိုက်တို့ပမာ” မြတ်လှစွာသောသီလကို ချိုးဖျောက်၍ တစ်မူးတစ်ပဲလောက်ဥစ္စာ”နှင့်မရှက်နိုင်ဘဲ ချွတ်လွဲစကား မုသားဆိုလေ့ရှိသည်

(ဝါ) – “အပ်တစ်စင်း ဝင်လာသည့် အတွက် ပုဆိန်ဆယ်စင်း ထွက်သည် ဆိုဘိအလား” တစ်မှူးတစ်ပဲလောက် ဥစ္စာကြောင့် မြတ်လှစွာသော ကိုယ့်ကျင့် သီလကို ဖျက်၍ နတ်ရွာတက်ကြောင်း စောင်းတန်းတံခါးကို ကန့်ကွက် ပိတ်ထား စေတတ်သော ချွတ်ယွင်းဖျောက်ပြန် မမှန်စကား မုသားပြောကြားလေ့ရှိသည်
ဟောတိ- ဖြစ်၏။

အရက်သေစာ သောက်စားလေ့ရှိ

သုရာမေရယမဇ္ဈပါယီ - ဘုရားရှင်၏ ဥပါသကာ ဒကာတော်အနေနှင့် မေ့ခြင်းကြီး မေ့လျော့စေတတ်သော ကြောက်အပ်လှစွာ သေသူရာကို သောက်စား လွန်ကျူးလေ့ ရှိသည်

(ဝါ) - “ရှေးလူဖြစ်စဉ်အခါ သူရာပျော်ကြိုက် လျှာအလိုလိုက်၍ မိုက်မိသည့်အတွက် နောက်တစ်ဆက် တစ်ဘဝဝယ် အသွယ်သွယ်သောပြိတ္တာ ဒုက္ခကြီးစွာကို ခံစားရ၍ ထမင်းတစ်လုပ် ရေတစ်ပေါက်ကိုမျှ မစားရသော ကာလကဉ္စိက ပြိတ္တာကြီးပမာ -

ငရဲပြိတ္တာဘုံတို့၌ ဆင်းရဲစုံ ခံစား၍ တိရစ္ဆာန်ဘဝများ၌သော်လည်း ခွေးရူး ဝက်ရူး ကြက်ရူးများစွာ အခါခါ ဖြစ်ပြီးသည့်နောက် လူ့ပြည်သို့ တစ်ခေါက် တစ်ခါ ရောက်လာပါသော်လည်း ပါဒရက်ရူး သည်းခြေရူးနှင့် စုန်းရူး နတ်ရူး အရူးထွေလာ အခါခါ ဖြစ်ပြီးသည့်နောက် ကြက်ရူး ဝက်ရူးနာ ပေါ်ပေါက်လျက် ပျောက်ပျက် သေကျေရသည်ဖြစ်၍ ကြောက်အပ်လှစွာ ယင်းသူရာကို လွန်စွာ သောက်ကြူးလေ့ ရှိသည်
ဟောတိ- ဖြစ်၏။

အယုတ်တရား ငါးပါးရှိလျှင် ဒွန်းစဏ္ဍား

ဥပါသကာ ... အို .. ငါဘုရား၏ ဒကာတော် ဥပါသကာအကျော်တို့။
ဣမေဟိ ပဉ္စဟိ ဓမ္မေဟိ - ဤ ဆိုအပ်ခဲ့ပြီးသော သူ၏အသက်ကို သတ်ဖြတ်ခြင်း အစရှိသော ငါးပါးသော တရားယုတ်တို့နှင့်။
သမန္နာဂတော - ပြည့်စုံသည် ဖြစ်မူကား။
ဥပါသကော - ငါ့ဘုရား၏ ဒကာတော် ဥပါသကာအကျော် ဖြစ်သော်လည်း။
ဥပါသကစဏ္ဍာလော - မွေးသည့်မိခင် အမျိုးစင်လျက် ကိုယ့်မိုက်ချက် သဲခြင်းကြောင့် ဒွန်းစဏ္ဍားဥပါသကာသည်
ဟောတိ - ဖြစ်၏။

ဥပါသကပဋိကုဋ္ဌော - “ကုဋ္ဌနူနာ စွဲရောက်လာသောသူကို ကျေးရွာစက်ဆုပ် ရွာမှ ထုတ်သကဲ့သို့” ထိုသူတို့နေရာ ကျေးရွာထဲမှ ခဏမကြာ လျင်စွာ ဆွဲထုတ် လောက်အောင် သူတော်ဒကာတို့ စက်ဆုပ်အပ်သော ဒကာပျက်သည်
ဟောတိ - ဖြစ်ရလေ၏။

(ဤကား ယခင်အင်္ဂုတ္တိုရ်ပါဠိတော်၏အနက်။)

ပညာဉာဏ်ထင် ကိုယ်ဆင်ခြင်

ဤသို့ဟောဖော် ပါဠိတော်ဓမ္မကို အနက်ပါဠိအားဖြင့် နှစ်ပါးအစုံ နှုတ်ငုံအရ မွမွ ကြေကျက်ပြီးလျှင် အဓိပ္ပါယ်အသွားကို ရှေ့နောက် ဆင်ခြင်ပြီးကာ -

“အကျင့်ယုတ်မာ တံငါဖလောင်း ဝက်ရောင်း သားထိုး အမျိုးမျိုးသော မိစ္ဆာဇီဝဖြင့် အသက်မွေးရခြင်း၏ နောင်ဘဝမှာ မဆိုထား၊ ဤဘဝတွင်ပင် အထင်အရှား ဒွန်းစဏ္ဍားသူယုတ် လူစက်ဆုပ်စရာ ဖြစ်ရပါတော့မည်တကား။”

“ငါတစ်ယောက်လျှင် ဒွန်းစဏ္ဍား စာရင်းဝင်က -
ငါ့သမီး ငါ့သား ငါ့မယား တစ်တွေလည်း ဒွန်းစဏ္ဍား၏ သားမယား အခြေအနေ၊
ငါ့၏အမိအဖသည်လည်း ဒွန်းစဏ္ဍား၏ အမိအဖ၊
ငါ၏နေရာ ရွာသည်လည်း ဒွန်းစဏ္ဍားတို့ရွာ အခြေအနေ ဖြစ်ရချေ၍။

“ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်သည် ဆိုဘိသည့် အလား”

ငါတစ်ယောက် မိုက်မှားသည့် အတွက်ကြောင့် တစ်ရွာလုံး ကျက်သရေ တစ်ဆွေလုံး ဂုဏ်သိရ် ညှိုးမှိန်ပျက်စီး အကျိုးကြီး နည်းကြပေတော့မည်” ဟု ပညာဖြင့် ဆင်ခြင် ကြကုန်သည်ဖြစ်၍

ဘယ်သူမှ မကယ်နိုင်

ပစ္စုပ္ပန် ဘဝတွင်သော်လည်း ဒွန်းစဏ္ဍား လူယုတ်မာမျိုး အကျော်ဖြစ် သဖြင့် “လူစော်မနံ လူဟန်နှင့်ဝေး၊” သံသရာရေး ရောက်ပြန်လျှင်လည်း ဆိုအပ်ခဲ့ပြီးသော ငရဲပြိတ္တာဘုံတို့၌ ပက်လက်မှောက်ခုံ အသည်းတုန်အောင် နေ့မီးညမီး မစဲ၊ တလောင်တည်း လောင်၊ တပူတည်း ပူ၊ ကြွက်ကြွက်ဆူ ငိုကြွေးလျက် ဘယ်သား မယား တစ်ယောက်မရွေး မကယ်လာကြနိုင်၊ ဘုရားအဆူတစ်ရာ ကယ်လာ၍ သော်မှလည်း မလွတ်နိုင်စရာ၊ ကြီးလှစွာသော ငရဲပြိတ္တာဘေးကြီးဧရာ မသင့်ရောက် ကြအောင်။

နောင်တ မရကြအောင်

အဇ္ဇေဝ သုဝေဝါ ပရသုဝေ ဝါ” သေဘေးလာမှ ထိုခါနောင်တ မရှိကြရအောင်၊ အသက်ကုန်ပျောက် သေခါနီးသို့ ရောက်မှ တောက်တခေါက်ခေါက် မနေကြ ရအောင်

မာပမာဒတ္ထ ဘိက္ခဝေ” မိန့်ခွန်းတော်အထွေထွေကို စေ့ရေနှလုံး ထားမိရအောင်၊

မာပစ္ဆာ ဝိပ္ပဋိသာရိနော” ကို သဘောနားဝယ် စိုက်မိကြရအောင်၊

ကိုယ်ကျိုးကြီး မနည်းရအောင်

ငရဲပြိတ္တာ ဘေးကြီးလာမှ ဆရာတော်ကြီး-ကယ်ပါ အမိ-ကယ်ပါ အဘ-ကယ်ပါနှင့် ပူဆာနှလုံး “ကြိမ်မီးအုံးသို့” မရှိကြရအောင်၊

“မိုက်ပင်စိုက်ထား မိုက်သီးစား မိုက်အားမကြီး” ကြရအောင်၊

သားမယားဘုံဟာ ဝမ်းတစ်ထွာ တွက်တာကြောင့် သံသရာမှာ တစ်ယောက်ထဲ ကိုယ်ကျိုးကြီး မနည်းကြရအောင်

ငရဲမင်းကြီးလူ မဖြစ်ရအောင်

“ရေနှစ်သောသူကို ထိုးဝါးကူပုံပမာ”
ဆရာတော် သံဃာတော်များစွာ ကယ်တော်မူလာသည့် အခိုက် ရိုသေစွာ လိုက်နာ ကြရအောင်

“အမုန်ရစ်သော တောဆင်ပေါက်ကို ချွန်းကောက်၍ မရသလို”
မရှိကြရအောင်၊ ဘုရားတပည့်သား တရားနာ လာကြသော ဥပါသကာတို့ ဖြစ်ကြလျက် တောကျားဗျဂ္ဃ ဝိဠာရတို့နှင့်အတူတူ ငရဲမင်းကြီးလူ မဖြစ်ကြရအောင်

တစ်မှားတည်း မမှားရအောင်

“တောင်ဝှေးဆွဲသောသူ၏ နောက်သို့ ကောက်ကောက် မလိုက်နာသော သူကန်း ငမိုက်သားကဲ့သို့” အထူးထူးအပြားပြား သက်သေကြား၍ ဆရာတော် သံဃာတော် များ တရားညွန်ချရာ ကောင်းစွာမလိုက်နာဘဲ သားမယားမျက်နှာဆွဲ၍ တစ်မှားထဲ မမှားရအောင်

ယမမင်းလက်မှ ရွေးနှုတ်ကြ

ဒါယကာတို့ ကုသိုလ်အခွင့်ပေးခိုက် ဆရာတော်တို့ ကယ်ခွင့် ကြုံကြိုက်၍ ကယ်ဆယ် ဆုံးမသည့်အခါ အပါယ်တံခါးပိတ်သွား၍ နတ်ရွာတံခါး ဟင်းလင်း ဖွင့်ကြရအောင်၊ အလျင်အမြန် ဆရာတော် သံဃာတော်များထံ ပဋိညာဏ် ခံဝန်ချက် ပေး၍ ယမမင်းကြီးလက်မှ ဆက်ဆက်ယခု ရွေးနှုတ်ကြရမည့်အကြောင်း

တရားစာလည်းနာ၊ သေမင်းရွာကိုလည်း ဆင်ခြင်

ဆရာဆုံးမ ရေးသားအပ်သော ဆရာတော်၏ “ဧကဝဋ္ဋောဝါဒ ဓမ္မကထာ မေတ္တာစာ” ကိုလည်း တစ်လလျှင် သုံးခါ လေးခါ သီတင်းနေ့တိုင်း ဝတ်တက်ရာ ဇရပ် တန်ဆောင်းတို့၌ အထပ်စည်းဝေး ဖတ်ကြား၍ ရွာလုံးကုန် မကြာမကြာ တရားစာ နာကြပြီးလျှင်။

အပ္ပမိဒံ ဘိက္ခဝေ မနုဿာနံ အာယု၊ ဂမနိယော သမ္ပရာယော၊ ကတ္တဗ္ဗံ ကုသလံ။” (သံ၊၁၊၁ဝ၉။)

ဟူသော ဒေသနာတော်အဖုံဖုံကို ကြည်ယုံသော စိတ်ဇောနှင့် နေ့လော ညလော သေမင်းရွာကို လျင်စွာ လိုက်ကြရမည့် သဘောအရေးကို ထောက်တွေး ဆင်ခြင်ကြ ကုန်သဖြင့်။

ကျင့်ယုတ်ပယ်ဖျောက် သီလစောင့်

ရှေးမလိမ္မာမှီအခါ အဝိဇ္ဇာတဏှာအလျောက် မှောက်မှားချွတ်ယွင်းမိသော တံငါ ဖလောင်း ဝက်ရောင်း သားထိုး လွန်ယုတ်မာသည့် အကျင့်မျိုးကို ယခုအခါ အကုန်အစင် လုံးလုံးကြီး ကြဉ်၍ နေ့စဉ်မပြတ် ငါးပါးသီလခံ စောင့်ထိန်းကြပြီးလျှင် တစ်လလျှင် နှစ်သီတင်း လေးသီတင်း ရှစ်သီတင်း ဝါတွင်းဝါပ စောင့်ထိန်းကြ ကုန်သည်ဖြစ်၍ –

ရှေးသရောအခါ ရွာလုံးကျွတ် ငါးပါးသီလ စောင့်ထိန်းကြ၍ ရွာလုံးကျွတ် နတ်ပြည် တက်ကြလေဖူးသော ဘုရားအလောင်းတော် နှိုးဆော်နေထိုင်ရာ ဓမ္မပါလရွာ ကဲ့သို့ ဤနည်းအတူ ယခုအခါ ဆရာတော်သံဃာတော်တို့ တရားပြသ အတန်တန်နားချ၍ ကယ်တော်မူလာပေသည့်အခိုက် ရွာလုံးကျွတ် အပါယ်တံခါး ပိတ်လိုက်ကြရအောင်၊ နတ်ရွာတံခါး ထင်ရှားဟင်းလင်း ဖွင့်လိုက်ကြရအောင်၊ မြို့ရွာလူကြီး တို့နှင့်တကွ ရွာလုံးကုန် ညီညာဖြဖြ သူထက်ငါ အားကျ နှလုံးထားကြရမည့် အကြောင်း၊

ရွှေအိုးပမာ ရတနာဩဝါဒ လိုက်နာကြ

ဩဝါဒါယကောပန နိဓိ အာစိက္ခဏကောဝိယ ဒဋ္ဌဗ္ဗော။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄၇။)

ကျမ်းဂန်လာသည့်အတိုင်း သနားကြင်နာ ကောင်းစွာ ဆုံးမလာပေသော ဆရာတော် သံဃာတော်တို့ စကားကို “ရွှေအိုးကြီး ရတနာကို ပေးလာပေသော သူ၏ပမာ” ဝမ်းမြောက်ဝမ်းသာ လိုက်နာရမည့်အကြောင်း၊

ငါတို့ကုသိုလ်အခွင့် ကောင်းလှ၍ ဆရာတော် သံဃာတော်တို့ ဤမျှ လောက်စင် တရားပြ၍ အတန်တန် ဆုံးမကြပေသည်ကို ငါတို့ အဘယ်မူ၍ မလိုက်နာနိုင်ဘဲ -

  • “ကျွဲပါးနွားနီး စောင်းတီးလာသည့်အသွင်”
  • “ချင်း၊ ကရင်တို့ပမာ”
  • “ကျောက်ဖျာကို ရေစိမ်သည်အလား”
  • “တောကြောင် တောကျား တောသားငါးတို့နှင့် မသွေ
    တပေထဲပေ တညစ်ထဲညစ်၍ ငရဲပြည်ကို ဇွတ်တရွတ် ဗရပွေ သွားရပေအံ့ တော့နည်း?

“ငါတို့ကုသိုလ်ကံ စီမံနှိုးဆော်သဖြင့် ငါတို့ကျွတ်ချိန် အခွင့်လျော်၍ ဆရာတော်ကြီး ငါတို့တွက်တာ သနားကြောင့်ကြရှာသဖြင့် အထူးထူး အပြားပြား ဝတ္ထုသက်သေ ကြား၍ တရားဆုံးမရာ ကောင်းစွာ လိုက်နာကြစရာ ကောင်းလှပါပေသည်” ဟု သဘောကျကြကုန်သည်ဖြစ်၍ –

သီလပဋိပတ် အကျင့်မြတ်ဖြင့် အမြတ်ဆရာ ပူဇော်ပါ

သံဃာတော်ပုံတို့ အလယ်တွင် မိမိတို့ ရှောင်ကြဉ်နိုင်လောက်သော ဒုစရိုက် အမှုများကို ရှောင်ကြဉ်ဝန်ခံ ပဋိညာဉ်ပြုကြကုန်သဖြင့် ယင်းသို့သော ပဋိညာဉ်ဝန်ခံ ဆောက်တည်ခြင်း ပဋိပတ္တိသီလ အကျင့်မြတ်ဖြင့် ဆရာတော် သံဃာတော်တို့အား ပူဇော်လှူဒါန်း စေချင်အကြောင်းများနှင့် မေတ္တာရေအေး တိုက်ကျွေးဆုံးမအပ်သည်။

သာသနာတော်မြတ်ကို ကြည်ညို မြတ်နိုးလေ့ ရှိကြကုန်သော ဗန်းမော် ကောင်းတုံ ရန်ကုန် ပဲခူး မြစ်ရိုးတစ်လျှောက် မြစ်အောက်မြစ်ညာ ရွာကြီးရွာငယ် မြို့ကြီးမြို့ငယ် တို့၌ နေထိုင်ကြကုန်သော ဥပါသကာ ဥပါသကီ ဖြစ်ကြလာသူ လူအများ အပေါင်းတို့။

ရွှေကျင်ဆရာတော် စီစဉ်အပ်သည့်
ဧကဝဋ္ဋောဝါဒ မည်သော
မြစ်စဉ်မေတ္တာစာ နိဋ္ဌိတာ။

ကိန္နရာ, ရေတံခွန်, ကျောက်ကြီးတောင်တောရသို့ ကြွခါနီး တိုက်တွင်းရှိ တပည့် သံဃာတို့အား မှာထားဆုံးမသည့်

သြဝါဒစာတမ်း

ဖလသမာပတ် ခံစားနေစဉ်

တိုက်သံဃာများကို ဆရာမှာထားအပ်ခဲ့သည်ကား-

တိုက်အုပ်ဆရာ ဥုးဝိစာရမှာ တစ်ရံရောအခါ ငါတို့ ဘုရားရှင်သည် တစ်စုံ တစ်ယောက်သော လူသူပရိသတ် တပည့်သံဃာတို့ ကိုယ်တော်မြတ်ထံတွင် ထွက်ဝင် ခ,စား တရားနာကြ၍မျှ လက်မခံဘဲ တစ်ပါးထဲ ကိုယ်တော်ထီးသာ ဖလသမာပတ် ချမ်းသာကိုခံစား၍ ကိန်းအောင်းပျော်မွေ့ တော်မူစဉ်-

တစ်ပါးတည်းနေ ဘုရားမချီးမွမ်း

အရှင်သာရိပုတ္တရာမထေရ်မြတ်သည် “တစ်ယောက်ထီး ကိန်းအောင်း၍ နေရသော် သင့်လျော်၏” - ဟု နှလုံးသွင်း၍ တစ်ယောက်ထီးထီး ကိန်းအောင်း နေထိုင် ပါကြောင်း” ကို ဘုရားရှင်ထံ လျှောက်ကြားသည့်အခါ ဘုရားရှင် ချီးမွမ်းတော်မမူ ဆိတ်ဆိတ်နေတော်မူ၍။

တပည့်မွေး စောင့်ရှောက် ဘုရားဝမ်းမြောက်

အရှင်မောဂ္ဂလာန်မထေရ်က “ဘုန်းတော်ကြီးတော်မူသော ကိုယ်တော်ဘုရား၊ တပည့်သံဃာများကို ကြိုးစား အားထုတ်ဆုံးမ စောင့်ရှောက်၍ နေပါကြောင်း”ကို လျှောက်သည့်အခါမှ ဘုရားရှင် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ခေါ်တော်မူသည် အခြင်းအရာများကို နှလုံးကြပ်ကြပ်ထား၍ -

ဆရာသမားကိုယ်စား စောင့်ရှောက်

ဆရာသမား မရှိသည့်အခါ ဆရာသမားကိုယ်စား တိုက်သားတပည့် သံဃာများတို့ ရှေးရှေးအခါများထက် ဝီရိယထား အားထုတ်၍ ဆရာဆုံးမပေးထားရင်း ဥပဒေ အတိုင်း နေရာကြအမြဲတည်အောင် တင်းတင်းကြပ်ကြပ် ဆုံးမ စောင့်ရှောက် ရစ်ရမည့်အကြောင်း။

ညှိနှိုင်းတိုင်ပင် စီရင်ဆုံးမ

အဝေးမြို့ကျေးရွာဆိုင်ရာ ဂိုဏ်းသံဃာအမှု ပေါ်ပေါက်လာလျှင်လည်း မြတောင် ဆရာတော် စသော (၄) တိုက် ဆရာတော်၊ ၎င်းတိုက်မ ဥုးဂန္ဓမာ- စသော တိုက်အုပ် တိုက်ကြပ်ဆရာတို့နှင့် ညှိနှိုင်းတိုင်ပင်၍ နေရာတကျစီရင် ဆုံးမ ဆင့်ဆိုရစ်ကြရမည့် အကြောင်း။

ကွဲပြားမရှိရ ညီညွတ်ကြ

ဥုးဝိစာရမှ စ၍ တိုက်အုပ်တိုက်ကြပ် ဆရာတို့၊ ဆရာ မရှိသည့်အခါ ဆရာရှိသည့် အခါများထက် အားထုတ်၍ တိုက်သံဃာတို့ကို ဆုံးမကြည့်ရှု စောင့်ရှောက်၊ မိမိတို့ချင်းလည်း ကွဲပြားခြင်းမရှိစေရ၊ သမဂ္ဂ အထူးဖြစ်အောင် ကျင့်ဆောင်ရစ် ကြရမည့် အကြောင်း။

အထက်ဆရာတို့ကို မကဲ့ရဲ့

တိုက်သားသံဃာတို့ကလည်း တိုက်အုပ် တိုက်ကြပ် ဆရာကြီးတို့ တရားတစ်ခု အမှု အဓိကရုဏ်းကို ဆုံးဖြတ်ကြသည့်အခါ ဘယ်ဟာတစ်ခု ကဲ့ရဲ့ပြစ်တင်ခြင်းကိုမပြု၊ တိုက်အုပ် တိုက်ကြပ် ဆရာကြီးတို့ ဆုံးဖြတ် ဆင့်ဆိုတိုင်းသာ ရိုသေစွာလိုက်နာ ကြရမည့် အကြောင်း။

မိမိအတွက်အဓိကရုဏ်း မဖြစ်အောင်

ဆရာမရှိစဉ်တွင် ကိုယ်တွက်တာနှင့် တစ်စုံတစ်ရာ အမှုအဓိကရုဏ်း မဖြစ်ရအောင် အထူးသတိထား၍ နေရစ်ကြရမည့်အကြောင်း။

ပရိယတ် ပဋိပတ် အားထုတ်

ဆရာပင် မရှိသော်လည်း ဆရာရှိသကဲ့သို့ ဆရာရှိသည်သာသာ စာပေသင်ချခြင်း ပရိယတ် ပဋိပတ်ဆိုင်ရာ တရားတို့ကို မဆိတ်မညံ အားထုတ်ရစ်ကြရမည့် အကြောင်း၊

စာပေကျမ်းဂန်ကြိုးစားပို့ချ

ဥုးဂန္ဓမာ ဥုးဝိမလ စသော စာချလေးပါးတို့ကလည်း ဆရာရှိ စဉ်ထက်သာ စာပေ ကျမ်းဂန်တို့ကို ကြိုးစား အားထုတ် ပို့ချရစ်ကြရမည်အကြောင်း၊

ပြန်လာစရာရှိသည်

ဆရာလည်း မကြာမကြာ ရောဂါဝေဒနာ သည်းထန်စွာ ပေါ်လာတတ်သောကြောင့် သပ္ပါယအကြောင်းကို မရသဖြင့် အရှည်အကြာ မစွမ်းနိုင်ရှိလျှင် အခွင့်သာလျှင် များများကြီး မကြာရအောင် ပြန်လည် လာစရာရှိသည် အကြောင်း။

ဆရာ့ထံ မလာကြနှင့်

ဆရာမရှိမီ အတွင်းလည်း အလွန်ကြီးကျယ်လှသော အကြောင်းမှတစ်ပါး အခြား သာမညကိစ္စများနှင့် ဆရာ့ထံ တစ်စုံတစ်ယောက်သော တပည့် ရဟန်းသာမဏေတို့ မလာမရောက်စေရမည့် အကြောင်း။

ပလိဗောဓ ကင်းကင်းနေလိုခြင်း

အခွင့်သာ၍ တောအရပ်ဝယ် နေစဉ်အခါ အလုံးစုံ ပလိဗောဓကင်း၍ နေလို သေးသည့် အကြောင်းများနှင့် မှာထားဆုံးမခဲ့သည် တိုက်တွင်းရှိ သံဃာကြီးငယ် အပေါင်းတို့။

ကိန္နရာတောင် ရေတံခွန်တောင် ကျောက်ကြီးတောင်များသို့ တောထွက်ခါနီး ရေး၍
တပည့် သံဃာတော်တို့အားမှာထား ဆုံးမခဲ့သည့် “သြဝါဒစာတမ်း”တည်း။

တောထွက်ခါနီး ဧကရာဇ်မင်းမြတ်အား ပန်ကြားဆုံးမအပ်သည့်

သြဝါဒမေတ္တာစာတမ်း

တောအရပ်၌သာ နေထိုင်လိုသည်

ဆရာတော် မေတ္တာစာသွင်းအပ်သည် သာသနာဒါယကာ မဟာဓမ္မရာဇ်။

အရညေ ရုက္ခမူလေ ဝါ

ဒေသနာတော်မြတ်အတိုင်း ဆရာမှာ ရှေးအခါ ကြံစည်းရင်းရှိသည် အားလျော်စွာ ယခုအခါ ကိုယ်ခန္ဓာ ရောဂါဝေဒနာ သက်သာရာရခိုက် သပ္ပါယ အကြောင်း ကြုံကြိုက်၍ သဒ္ဓါဆန္ဒအလိုက် စွမ်းနိုင်သမျှ တောအရပ်သို့လှည့်လည် သွားလာ နေထိုင်လိုသေးသည် အကြောင်း၊

စိတ္တသုခ ရလိုသည်

ရံခါရံခါလည်း ဒူလာဝေဒနာ ရောဂါကြီးပေါ်လာတတ်သည်ဖြစ်၍ ရောဂါဝေဒနာ မသက်မသာ မစွမ်းနိုင်သည့်အခါ အခွင့်သာ၍ ရှိလျှင် များများကြီးမကြာ နေရင်း တိုက်တာသို့လည်း လာစရာရှိသည် အကြောင်း၊ မလာမီ အတွင်းလည်း မင်းဧကရာဇ်အထံမှ အဆီးအတား အပင့်အခေါ် ပလိဗောဓ မပေါ်လာစေရ၊ စိတ္တသုခ ရလို၍ လွန်စွာနေလိုသေးသည် အကြောင်း။

ပညာရှိ သတိဖြစ်ခဲ

မင်းဧကရာဇ်မှာလည်း

သတိ ပန သဗ္ဗဗျဉ္စနေသု လောကာဓူပနံ ဝိယ သဗ္ဗတ္ထဣစ္ဆိတဗ္ဗာ။”

(မ၊ဋ္ဌ၊၂၊၃၇၈။ သံ၊ဋ္ဌ၊၁၉၅၊) အဋ္ဌကထာပါဠိ လာသည်အတိုင်း

“ပညာပင် ရှိသော်လည်းသတိဖြစ်ခဲသည်” ဆိုသည့် ဥဒါန်းစကားများကိုလည်း နှလုံး ကြပ်ကြပ်ထား၍-

နှိပ်သင့်နှိပ်၊ ချီးမြှောက်သင့်ချီးမြှောက်

နိဂ္ဂဏှေ နိဂ္ဂဟာရဟံ၊ ပဂ္ဂဏှေ ပဂ္ဂဟာရဟံ
မာစဝေဂေန ကိစ္စာနိ၊ ကရောသိကာရယေသိဝါ
ဝေဂသာ ဟိ ကတံ ကမ္မံ၊ မန္ဒော ပစ္ဆာနုတပ္ပတိ။ (ဇာ၊၂၊၃။)

တေသကုဏဇာတ်ပါဠိ လာရှိသည့်အတိုင်း မနှိပ်သင့်သော မှူးမတ် ပညာရှိ အမှုတော်ထမ်း ကျွန်တော်မျိုးတို့ကို နှိပ်နင်းပယ်ချ နိဂ္ဂဟမပြုမိအောင်၊ မချီးမြှောက် ထိုက်သောသူတို့ကိုလည်း အလွန်အကြူး အထူးမြှောက်စားခြင်း ပဂ္ဂဟ မပြုမိအောင် အထူး သတိထားရန်ရှိသည် အကြောင်း။

မင်းကျင့်တရား မပျက်ပြားအောင်

“ကေသရာဇာခြင်္သေ့မင်း၏ အာပေါင်ကြား၌ ကပ်ငြိစူးဝင်သော အရိုးဆူးကို နှုတ်ယူ ဝံ့သူ အလွန်ရနိုင်ခဲ” သကဲ့သို့ ပြည်ကြီးသနင်း မင်းဧကရာဇ်တို့ သတိမှောက်မှား သည့် အရာဌာနများကို တားဆီးကန့်မြစ်ဝံ့သူ အလွန်ရနိုင်ခဲသည်များကို နှလုံးထား၍ ရာဇဓမ္မ တရားမပျက်ပြားရအောင် အခါခပ်သိမ်း သတိဆောင်အပ်သည်အကြောင်း။

သူတပါးအဖြစ် မကြည့်၊ မိမိအပြစ်ကိုသာ ကြည့်

နပရေသံ ဝိလောမာနိ၊ နပရေသံ ကတာကတံ
အတ္တနောဝ အဝေက္ခေယျ၊ ကတာနိ အကတာနိစ။ (ဓမ္မ၊ဂါထာ၊၂ဝ။)

ပါဠိတော်မြတ်အတိုင်း ရှေးဘုရားလောင်း မင်းကောင်းမင်းမြတ်တို့တံထွာ

အပညတ္တံ ပညာပေတဗ္ဗံ၊ ပညတ္တံ နသမုစ္ဆိန္တိ တဗ္ဗံ။”

ညွန်ပြအပ်သော ရာဇဓမ္မတရား မယုတ်မလျော့ စေရအောင် မိမိကျင့်ဆောင် မိသည်များကို အခါခပ်သိမ်း စဉ်းစားဆင်ခြင်ရန် ရှိသည်အကြောင်း၊

အကုသိုလ်များ စွန့်ပယ်ရှား

ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ
မာပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ။”(မ၊၁။၁၆၇။) (အံ၊၃။၁၉၄။)

ဒေသနာတော်မြတ်အတိုင်း အတ္တဟိတပရဟိတ ကျိုးနှစ်ဝပျက်စီး၍ သောကမီး လောင်သဖြင့် နောင်တပူပန် ဖြစ်စရာ အကြောင်းဖြစ်သော

  • ကောဓ - အမျက်ထွက်ခြင်း၊
  • ဥပနာဟ - ရန်ငြိုးဖွဲ့ခြင်း၊
  • မက္ခ - သူ့ကျေးဇူးဂုဏ်ကိုချေဖျက်ခြင်း၊
  • ပလာသ - အဖက်မတန် အဖက်ပြိုင်ခြင်း၊
  • မာန - ထောင်လွှားခြင်း၊
  • အတိမာန - လွန်စွာထောင်လွှားတက်ကြွခြင်း၊

ဤသို့နှလုံး၏အညစ်အကြေး အယုတ်တရားတို့ကို တိုးပွားစေတတ်သော လောဘ ဒေါသ မောဟ အကုသိုလ်တရားတို့ကို ကိုယ့်သန္တာန်၌ မဖြစ်ပေါ်လာစေရအောင် ဥပစာရဘာဝနာဈာန်ဖြင့် သော်လည်း အဖန်တလဲလဲ အမြဲ ဖုတ်ကြည်းနိုင်အောင် သတိဆောင်အပ်သည် အကြောင်း။

ကရုဏာသနား ဗြဟ္မစိုရ်ပွား

သဗ္ဗေ သတ္တာ ကမ္မဿကာ (အံ၊၂။၆၆။)

စသည်လာသော ဒေသနာတော်မြတ်ကိုလည်းကောင်း၊

အတ္တနာဝ ကတံ ပါပံ၊ အတ္တနာ သံကိလိဿတိ
အတ္တနာအကတံ ပါပံ၊ အတ္တနာဝ ဝိသုဇ္ဈတိ။ (ဓမ္မ၊၃၈)(ဂါထာ၊၁၆၅)

စသည်လာသော ဒေသနာတော်မြတ်ကိုလည်းကောင်း နှလုံးထား၍ -

အမှုထမ်း ကျွန်တော်မျိုးတို့ ပုထုဇဉ်သဘာဝ လောဘဒေါသ - အလျောက် ရှေးကံ မှောက်၍ မမှားလောက် သင့်ဘဲလျက် မှားယွင်းလျက်ရှိသော အရာဌာနများနှင့် တွေ့ကြုံရသည့်အခါလည်း -

“ဤသတ္တဝါသည် မိမိချမ်းသာရာကို လွန်စွာတောင့်တသည် ဖြစ်လျက် မိမိ၏ အသက်စည်းစိမ် အန္တရာယ် ကြီးကျယ်စွာသော ဘေး ရန်ရောက်မည်ကို လွန်စွာ ကြောက်လန့်တတ်ရှာသည် ဖြစ်လျက် ယခုဘဝ လောဘ ဒေါသ အကုသိုလ်အတွက် ရှေးဝိပါက် ကံဟောင်းလည်း နှိပ်စက်၍ မိမိပျက်စီးစရာ အကြောင်းကို မိမိ ပြုမိရှာလေသည်” ဟု နှလုံးထား၍ -

မင်းဒဏ်ရာဇဝတ် အပြစ်သင့်ရောက်သော သတ္တဝါကို လွန်စွာသနား ကရုဏာ ဗြဟ္မစိုရ်တရား အထူးပွားများ သည်းခံမိအောင်၊

အကုသိုလ်ကံကြောင့် အနိဋ္ဌာရုံနှင့် တွေ့

ငါ့အားလည်း ရှေးအကုသိုလ်တရား နှိပ်စက်၍ငါ မနှစ်သက်သော အနိဋ္ဌာရုံနှင့် တွေ့ရမြင်ရ ကြားနာရလျက်ရှိသည်။

အကြင်ရွေ့လောက် ယင်းသို့သော အကုသိုလ်ကံ အဘိသင်္ခါရမာန်ကို အရဟတ္တမဂ် ဉာဏ်ဖြင့် မဖုံးလွှမ်းရသေး၊ ထိုလောဘ ဒေါသအလျောက် ရှေးမှောက်၍ ရာဇဝတ် အပြစ်ပေးစရာ ပေါ်လာတိုင်း ပေါ်လာတိုင်း နှလုံးမသာ ဗျာပါဒတရား မဖြစ်ပွားစေရ၊ သံဝေဂ တရားကိုသာ လွန်စွာ ပွားများမိအောင် သတိဆောင်အပ်သည် အကြောင်း။

အားလုံး အနိစ္စ

သဗ္ဗေ သင်္ခါရာ ရိတ္တာ တုစ္ဆာ သုညာ၊ နာဟံ န မမ န အညဿ န ကဿစိ
(ဝိသုဒ္ဓိ၊၂၊၂၉၃။)

မှတ်ချက်။

  • သုညာတိရိတ္တာ တုစ္ဆာ။ (မူလပဏ်၊ဋ္ဌ၊၃၁၁။ အံ၊ဋ္ဌ၊၁။၃၉၂။)
  • နနု ရိတ္တာ သဗ္ဗသင်္ခါရား (ဗုဒ္ဓဝံ၊၂၊၃၂၂။)
  • ရိတ္တာ တုစ္ဆာစ သုညာစ။ (နာမရူပပရိစ္ဆေဒ)

သင်္ခါရုပေက္ခာဉာဏ်အရာ ဒေသနာ လာရှိသည်အတိုင်း၊ ခပ်သိမ်းကုန်သော သင်္ခါရ တရားဟူသမျှတို့သည် မဖြစ်လို မနေသာ၊ ရှေးအဝိဇ္ဇာ တဏှာ ကံ စသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်လာကြရ ကုန်သည်ဖြစ်၍ ဖြစ်တိုင်းဖြစ်တိုင်းလည်း မျက်စိတစ်မှိတ် လျှပ်စစ်တစ်ပြက် အတွင်း၌ အရာ အထောင်မက အကြိမ်များစွာ ပျက်စီး၍ အကြွင်းမဲ့ကုန်သော အနိစ္စ ဒုက္ခ အနတ္တ တရားအစုမျှသာတည်း။

သင်္ခါရုပေက္ခာဉာဏ်ဖြစ်အောင် သတိဆောင်

“ပုဂ္ဂိုလ်သတ္တဝါ၊ ငါသူတစ်ပါး၊ ငါ၏ဥစ္စာ ဘယ်ဟာတစ်ခုမရှိ” ဟု သင်္ခါရုပေက္ခာ ဘာဝနာဉာဏ်ကို အဖန်ဖန် ဖြစ်စေလျက် အလုံးစုံနှစ်သက် တပ်စွမ်းအပ်သော ရဇ္ဇနိယအာရုံ၊ ဖြစ်မှားအပ်သော ဒုဿနီယ အာရုံ ဟူသမျှတို့၌ပင်လျှင် ပြင်းပြစွာ တပ်စွမ်းခြင်း ပြစ်မှားခြင်း အကုသိုလ်တရား မနှိပ်စက်ရအောင်၊ အခါခပ်သိမ်း သင်္ခါရုပေက္ခာဉာဏ် ဖြစ်စေခြင်းငှါ လွန်စွာ သတိဆောင်အပ်သည် အကြောင်း၊

သာသနာ့ဒါယကာ မဟာဓမ္မရာဇ် တရားမင်းမြတ်။

ရေတံခွန်တောင် တောရသို့ ကြွတော်မူခါနီး မင်းဧကရာဇ်ထံ ပန်ကြားဆုံးမခဲ့သည့် ဩဝါဒမေတ္တာစာတမ်း၊

၁၂၃၆-ခုနှစ်၊

မယ်တော် ဆင်ဖြူမရှင်မိဖုရားကြီး တောင်းပန်၍ ရေးတော်မူအပ်သော

ဓမ္မပတိသန္ထာရကထာ ဩဝါဒမေတ္တာစာ (ပထမ)

လှူဖွယ်လှူစေ၍ တရားနာယူစေ

၁၂၄၇-ခု၊ ပထမ ဝါဆိုလပြည့်ကျော် (၅) ရက်နေ့တွင် ဒါယကာ “ငရွန်း” ဆိုသူ နောက်ပါ လူတစ်ယောက်နှင့် တကွ မင်းကွန်းငွေတောင် တောရကျောင်းတိုက်သို့ လာရောက်။

“ဆင်ဖြူမရှင် ဒါယိကာမကြီး အလှူတော်ဖြစ်ကြောင်းနှင့် လျှောက်ထား၊ ပိတ်သင်္ကန်းလျာ စသော လှူဖွယ်ဝတ္ထုများကို လှူဒါန်းပြီးလျှင် ဆရာတော်ဘုရား ဟောကြားတော်မူအပ်သော တရားတော်မြတ်ကို နာခံမှတ်သားခဲ့ရမည့်အကြောင်း၊

သည်မှတစ်ပါး ဆရာတော်ဘုရား အလိုရှိရာ ပစ္စည်းဝတ္ထုများကိုလည်း လျှောက်ထား မှတ်သားခဲ့ရမည့် အကြောင်းများ” နှင့် လျှောက်ထားလာရာ -

ဆရာတော်မိန့်ကြား သြဝါဒစကား

ဆရာတော် မိန့်ရှိလိုက်သည်ကား -

“ဒါယိကာမကြီးမှာ ယခု အိုမင်းမစွမ်းရှိပြီ ဖြစ်၍ ဤဘဝတွက်တာဖို့ စားရန်ဝတ်ရန် အိပ်နေရန်များကို အကယ်၍ ခေါင်းပါး ဆင်းရဲသော်လည်း စိတ်ဆင်းရဲဖွယ်မရှိ၊

နောင်ဘဝဖို့ငှါသာ စင်စစ် လိုတော့သည်။ နောင်ဘဝဖို့ငှါသာ သေလမ်း ကောင်းအောင် အထူးပြုပြင်ချိန် တန်လှပြီ။ နောင်ဘဝဖို့ငှါသာ စွမ်းအားရှိသမျှ ကုသိုလ်ကောင်းမှုကို ကြိုးစားအားထုတ်အပ်လှသည့် အကြောင်း။

သည်မှတစ်ပါး “တရားစာ” လည်းရ၊ “ဘုရားရှိခိုး”လည်းရ၊ နှစ်ထွေရသော ဗုဒ္ဓပဏာမ ၃-ဂါထာကိုလည်း နှုတ်တက်ရအောင်ကျက်၍ နေ့စဉ်မပြတ်ဘုရား ရှိခိုးဝတ်ပြု ရမည့်အကြောင်းများနှင့် ဆရာမိန့်ကြားလိုက်သည်ကား --

ဗုဒ္ဓပဏာမ (၃) ဂါထာ

စာလေယျုံဝိဓသိန္နေရုံ၊ စာဝေယျုံ ဝါမဟိံ မဟိံ
ဓီတိံ ဓီတိံ ဓီတိမန္တ၊ နဝေါသက္ကာစလေ တဝေ

နဒိံ နဒိံ ပိ သောသေတုံ၊ ခိယေတုံ ဝါ မဟောဒဓိံ
ခန္တိံ ခန္တိံ ခန္တီမန္တ၊ န ဝေါ သက္ကာ ခီယေတဝေ

ဝါရေယျုံ ဝါ ဥက္ကာပါတံ၊ ဗာဓေယျုံ ကုလိသံ သတံ
ဉာဏံ ဉာဏံ မဟာပည၊ နဝေါသက္ကာဗာဓေတဝေ
ဧတာဒိသံ ဓိတိမန္တံ၊ ခန္တိမံ ပညဝံ နမေ

မြတ်စွာဘုရား၏ သမာဓိဂုဏ်

ဘန္တေ - ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရား။
ဣဓ - ဤလောက၌။
ယေ ကေစိ - အမှတ်မရှိ တစ်စုံတစ်ယောက်သော သိကြားဗြဟ္မာ စသည်တို့သည်။
သိန္နေရုံ - မြင်းမိုရ်တောင်မင်းကို။
စာလေယျုံဝါ - လှုပ်ရှားစေသော်လည်း လှုပ်ရှားစေနိုင်ကုန်ရာ၏။

မဟိံ မဟိံ - အဆုံးမရှိ ကြီးကျယ်လှစွာသော။
မဟိံဝါ – မဟာပထဝီ ဤမြေကြီးကိုသော်လည်း။
စာလေယျုံ ဝါ - နေရာတစ်ပါး ရွေ့လျားစေသော်လည်း ရွေ့လျားစေနိုင်ကုန်ရာ၏။

ဓိတိမန္တ - တည်ကြည်ခြင်းသမာဓိ အထူးရှိတော်မူသော မြတ်စွာဘုရား။
ဝေါ - ကိုယ်တော်မြတ်စွာဘုရားတို့၏။
ဓီတိံ ဓီတိံ - အတုမရှိသော သမာဓိတော်မြတ်ကို။
စလေတဝေ - တစ်စုံတစ်ယောက်သောသူတို့ လှုပ်ရှားစေခြင်းငှါ။
န သက္ကာ - မတတ်နိုင်စကောင်း။

မြတ်စွာဘုရား၏ ခန္တီဂုဏ်

ဘန္တေ - ရွှေဘုန်းတော်ရှင်။
ဣဓလောကေ - ဤလောက၌။
ယေ ကေစိ - အမှတ်မရှိ တစ်စုံတစ်ယောက်သောသိကြားဗြဟ္မာစသည်တို့သည်။
နဒိံ နဒိံ - မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ လာသမျှ ရေကို။
သောသေတုံ ဝါ - ခန်းခြောက်စေခြင်းငှါ လည်းကောင်း။
မဟောဒဓိံ − မဟာသမုဒ္ဒရာရေကို။
ခီယေ တုံ ဝါ – ကုန်ခမ်းစေခြင်းငှါလည်းကောင်း။
သက္ကာ - တတ်ကောင်းမူလည်း တတ်ကောင်းနိုင်ကုန်ရာ၏။

ခန္တီမန္တ - သည်းခံခြင်း ဂုဏ်ကျေးဇူး အထူးရှိတော်မူသော မြတ်စွာဘုရား။
ဝေါ - ကိုယ်တော်မြတ်ဘုရားတို့၏။
ခန္တိံ ခန္တိံ – အတုမရှိသော သည်းခံတော်မူခြင်း ကျေးဇူးဂုဏ်တော်မြတ်ကို။
ခီယေတဝေ - တစ်စုံတစ်ယောက် သောသူတို့ ကုန်ခန်းစေခြင်းငှါ။
န သက္ကာ - မတတ်နိုင်စကောင်း။

မြတ်စွာဘုရား၏ ပညာဂုဏ်

သတံ - အရာမကသော။
ဥက္ကာပါတံ - ဥက္ကာပျံကျခြင်းကို။
ဝါရေယျုံ - တစ်စုံတစ်ယောက်သော သိကြားဗြဟ္မာ စသည်တို့ တားမြစ်နိုင် သော်လည်း တားမြစ်နိုင်ကုန်ရာ၏။
သတံ - အရာမကသော။
ကုလိသံ - မိုးကြိုးစက်ကို။
ဗာဓေယျုံ ဝါ - တစ်စုံတစ်ယောက်သော သိကြားဗြဟ္မာ စသည်တို့ တားဆီးနိုင် သော်လည်း တားဆီးကုန်နိုင်ရာ၏။

မဟာပည - ကြီးသောပညာ ရှိတော်မူသော မြတ်စွာဘုရား။
ဝေါ - ကိုယ်တော်မြတ်ဘုရားတို့၏။
ဉာဏံ ဉာဏံ - သဗ္ဗညုတဉာဏ်တော်မြတ်ကို။
ဗာဓေတဝေ - တစ်စုံတစ်ယောက်သောသူတို့ တားမြစ်ခြင်းငှါ။
န သက္ကာ - မတတ်စကောင်း။

ဧတာဒိသံ - ဤသို့သဘောရှိသော။
ဓိတိမန္တံ -အတုမရှိသော တည်ကြည်ခြင်းသမာဓိ ရှိတော်မူသော။
ခန္တိမံ - အတုမရှိသော သည်းခံခြင်းလည်း ရှိတော်မူသော။
ပညဝံ - အတုမရှိသော ပညာလည်းရှိတော်မူသော မြတ်စွာဘုရားသခင်ကို။
အဟံ - အကျွန်ုပ်သည်။
နမေ - ရိုသေမြတ်နိုး ဥုးနှိမ်ကျိုး၍ ရှိခိုးပါ၏အရှင်ဘုရား။

ဆုတောင်းအတွက် ကျက်မှတ်ရန်

ဤသို့ အတုမရှိသော သမာဓိရှိတော်မူသော မြတ်စွာဘုရားသခင်အား ရိုသေမြတ်နိုး ရှိခိုးပူဇော်ရသော ကောင်းမှုကြောင့် ကုသိုလ်ကောင်းမှ သုစရိုက်အာရုံတို့၌ အထူး သဖြင့် တည်ကြည်ငြိမ်သက်ခြင်း သမာဓိတရားနှင့် ပြည့်စုံရပါလို၏။

ဤသို့အတုမရှိသော သည်းခံခြင်းရှိတော်မူသော မြတ်စွာဘုရားအား ရှိခိုးပူဇော် ရသော ကောင်းမှုကြောင့် လောကဓံတရား (၈) ပါးနှင့် ကြုံတွေ့သော်လည်း မတုန်မလှုပ် မဖောက်မပြန် သည်းခံသောခန္တီတရားနှင့် ပြည့်စုံရပါလို၏။

ဤသို့အတုမရှိသော ပညာရှိတော်မူသော မြတ်စွာဘုရားအား ရှိခိုးပူဇော်ရသော ကောင်းမှုကြောင့် သမထဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း တရားတို့၌ အလွန် ထင်မြင်သော သမထဉာဏ် ဝိပဿနာဉာဏ်တို့နှင့် ပြည်စုံသဖြင့် သစ္စာလေးပါး တရားတို့ကို ထိုးထွင်း၍ သိနိုင်စွမ်းသော စတုသစ္စာဉာဏ်ပညာနှင့် ပြည်စုံသည်ဖြစ်၍ ဘေးခပ်သိမ်းတို့ ကင်းငြိမ်းရာ နိဗ္ဗာန်ချမ်းသာမြတ် ရပါလို၏။

နှုတ်တက်ဆောင်ရွက်ရန်။ (ပထမ)

မယ်တော် ဆင်ဖြူမရှင်မိဖုရားကြီး တောင်းပန်၍ ရေးတော်မူအပ်သော

ဓမ္မပတိသန္ထာရကထာ ဩဝါဒမေတ္တာစာ (ဒုတိယ)

တရားရေအေး အမြိုက်ဆေး

“ဆင်ဖြူမယ်” ခေါ်တွင် အထက်ရေမြေ့ရှင် မင်းတရားကြီး၏ မိဖုရားကြီးက ဘုရားရှင်နှင့် အလွန်တင့်တယ် လျှောက်ပတ် ထူးမြတ်သော ကျောက်ဖယောင်း တိုင်ကြီး စသော လှူဒါန်းဖွယ် ဝတ္ထုများနှင့်တကွ မင်းချင်းယောက်ျား ဥပါသကာ လူများတို့ကို လျှောက်ထား တောင်းပန်စေသည်အရ “ဓမ္မပတိ သန္ထာရကထာ ဩဝါဒ မေတ္တာစာ”ဖြင့် ဆရာ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးလိုက်သည်ကား-

အကုသိုလ် ပယ်၊ မမေ့လွယ်နှင့်

ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ၊ မာ ပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ။
(မ၊၁၊၁၆၇။ အံ၊၃။၁၉၄။)

ဘိက္ခဝေ - ရဟန်းတို့။
ဈာယထ - လောဘ ဒေါသ မာန်မာန အစရှိသော ကိုယ်တွင်း ရန်သူတို့ကို မနိုင် နိုင်အောင် ပယ်လှန် ဖျက်ဆီးကြကုန်လော့။
မာ ပမာဒတ္ထ - မအိုမသေ အမြဲနေရတော့မည်ကဲ့သို့ ကုသိုလ်တရားကို အားမခဲ မေ့အားသဲ၍ မနေကြကုန်လင့်။
ပစ္ဆာ - ငရဲဘေးကြီး ပြိတ္တာဘေးကြီးတို့နှင့်တကွ တွေ့သော နောင်ကာလ၌။
ဝိပ္ပဋိသာရိနော - “ရှေးလူဖြစ်တုန်းက ကုသိုလ်တရား ကြိုးစားအားထုတ်ခြင်း မရှိ အကုသိုလ်တရားကိုသာ လွန်စွာ ပြုမှားမိသည့်အတွက် ဤကဲ့သို့ သောဘေးကြီး တို့နှင့် ပက်မိတွေ့မိရလေခြင်းတကား” ဟု စိုးရိမ်ပူဆွေး ငိုကြွေးပင်ပန်းခြင်း ရှိကြရကုန်သည်။
မာခေါအဟုဝတ္ထ - မဖြစ်ကြကုန်လင့်။

နှလုံးအညစ်အကြေး ပယ်ရှားပေး

ဤသို့ ဘုရားဟော ဒေသနာတော်ကို မပြတ်နှလုံးထားသဖြင့် ဗုဒ္ဓုပ္ပါဒ နဝမ အခိုက် မနုဿဒုလ္လဘနှင့် လှလှကြီး ကြုံကြိုက်သည့်အခါ –

အဇ္ဇေ ဝါ သုဝေ ဝါ
သေဘေးကြီး မလာမီအကြား သံသရာ၌ လွန်စွာနစ်စေတတ်သည် ဖြစ်၍ အလွန် ကြောက်အပ်လှစွာသော ဒုစရိုက် ဒုရာဇီဝတို့နှင့်တကွ-

  • ကောဓ - အမျက်ဒေါသကြီးခြင်း၊
  • ဥပနာဟ - သူတစ်ပါးတို့အား ရန်ငြိုးမပြေ စိတ်မကျေဘဲ အခဲအမဲ ကြီးတတ်ခြင်း။
  • မက္ခ - သူတစ်ပါးတို့၏ ဂုဏ်ကျေးဇူးကို ချေဖျက်နှိပ်နှင်းခြင်း၊ အတင်း အဖျင်း ပြောမိတတ်ခြင်း။
  • မာန - အစိုးရဂုဏ် ဇာတိဂုဏ်နှင့် ဥစ္စာဂုဏ်မောက် စိတ်ကြီးဝင်ပေါက်၍ မာန ရောက်မိတတ်ခြင်း။
  • အတိမာန - “ငါသာ ငါ့ပြင်, ငါ မမြင်, ဘုရင်တစ်ဆူ” အလွန်မာန်မူတတ်ခြင်း။
  • ဣဿာ - လူတို့ ပြည်သူတို့ဂုဏ်ကို မလိုတမူ ငြူစူမိတတ်ခြင်း။
  • မစ္ဆေရ - မိမိဟာကို သူတကာနှင့် မဆက်ဆံလို ဝန်တိုကန့်ကွက် တငဲ့ငဲ့ပြုလုပ် တတ်ခြင်း၊
  • မာယာ - လိမ်လည်လှည့်ဖျား ပရိယာယ် မာယာများခြင်း။
  • သာဌေယျ - ထတ်ဖျားလူသည့် ကျူပင်ပမာ ဝင့်ဝါ ပလွှားတတ်ခြင်း၊

ဤသို့ ဘုရားဟောဖော် ဒေသနာတော်အရ တစ်ဆယ့်နှစ်ဝသော မနောမယ နှလုံး အညစ်အကြေး ဟူသမျှကို တစ်စတစ်စ ဝေးဝေးကြီးပယ်ချ နှိပ်နင်းနိုင်အောင် အထူး သတိဆောင်အပ်သည့် အကြောင်း

အသုဘကမ္မဋ္ဌာန်း လွန်ကြိုးပမ်း

ယင်းသို့သော အယုတ်တရားတို့ ပယ်ရှား ဖျောက်ဖျက်စေခြင်းငှါလည်း-

ရာဂဿ ဘိက္ခဝေ ပဟာနာယ အသုဘသညာ ဘာဝေတဗ္ဗာ။
(အံ၊၂။၃၈၈။)

ဤသို့စသည်ဖြင့် လာသော ဒေသနာတော်မြတ်ကို နှလုံးကြပ်ကြပ်ထား၍ –

“မိမိသူတစ်ပါးမဆို ထိုထို လူဟူသမျှတို့၏ ကောက်ရိုးရုပ်ကို နွားချေး စိုမံ ဆေးလိမ်း ကျံသည့် ပုံဟန်မခြား၊”

အသားအသွေး ဥုသေးဥုမ ပုပ်၍ ရွံဖွယ် မတင့်တယ်သည့် ကျင်ငယ် ကျင်ကြီး ယိုစီး ထွက်ကျ ကိုးတံခါးက ဆီးတားမနိုင် အပုပ်ရေတို့၏ မပြတ်အိုင်စုရာ အပုပ်နံ့တို့၏ မပြတ်လှိုင်ရာ ဤကိုယ်ခန္ဓာ၏အဖြစ်၊

“လူသေကောင်ကို ခေါင်းလှောင်၍ ထားသည်နှင့် မကွဲ”

အဝတ်ပုဆိုးတို့ဖြင့် အမြဲဖုံးဖိနိုင်မှ အနိုင်, လူမြင်သူမြင် ခံဝံ့ရသည့် ခြင်းရာကို အခါခါ အောက်မေ့, တစေ့စေ့စူးစမ်း, ပွားများခြင်းဟု ဆိုအပ်သော အသုဘဘာဝနာ ကမ္မဋ္ဌာန်းကို မပြတ်မလပ် ကြိုးပမ်းမိအောင် အထူးသတိ ဆောင်အပ်သည့် အကြောင်း

မရဏဿတိကမ္မဋ္ဌာန်း ပွားများပါ

မရဏဿတိ ဘိက္ခဝေ ဘာဝေထ၊ ဘာဝိတာ ဗဟုလီကတာ မဟပ္ဖလာ ဟောတိ မဟာနိသံသာ။
(အံ၊၂။၂၆၈၊ အံ။၃။၂၃၅။)

ဘိက္ခဝေ - ရဟန်းတို့။
မရဏဿတိ - “ငါသည် ယနေ့ နက်ဖြန် မဆို မသေကိုမနေရ သေခြင်းကြီး သေဥုးမည်တကား”ဟူ၍ အောက်မေ့ခြင်း မရဏဿတိ ကမ္မဋ္ဌာန်းကို။
ဘာဝေထ - ပွားများကြကုန်လော့။
ဘာဝိတာ - ပွားများ အားထုတ်အပ်သည်ရှိသော်။
မဟပ္ဖလာ - များသောအကျိုးရင်းရှိ၏။
မဟာနိသံသာ - အဆက်ဆက်သော များသော အကျိုးအာနိသင် တည်ရှိ၏။

သေမင်းနိုင်ငံ လိုက်ရမည့်အရေး

ဤသို့ ဒေသနာတော်မြတ်ကို အလွန်ယုံကြည်ကိုးစားသဖြင့် မိမိ ကိုယ်ခန္ဓာ၏ လျင်မြန်စွာ သေကျေရမည့်အရေး၊ အသက်ထက်ဆုံး ယုံကြည် လှောင်ထား အပ်သော မိမိ သက်ရှိသက်မဲ့ ဥစ္စာတို့ကိုလည်း ဘယ်ဟာတစ်ခု အစိုးပိုင်မပြုရ၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့်သာ သူ၏နိုင်ငံ သေမင်းထံသို့ အမြန်လိုက်ရမည့် အရေး

“ယခုပင် ထိုးတော့မည်စိုက်စိုက် နောက်မှလိုက်၍လာသော အမုန်ရစ်သောက် တောဆင်ပေါက်ကြီး၏ အစွယ်နား၌ မဟားတရား သေလုနီးပါး နေရသည့်လူပုံ။”

သေမင်းအတင်း ယူလာမည့်အရေး

ဘေးတကာရစ်ခြုံရန် တကာပေါင်းဆုံသည့် ကာမဂုဏ် ညွန်တွင်းဝယ် ကိုးဆယ့် ခြောက်ဖြာ ရောဂါနှိပ်နှင်းလျက် ယခုပင် သေမင်း အတင်းယူလာမည့် အရေး

“နွားသတ်ယောက်ျား နွားသင်္ချိုင်းသို့ ဆောင်ယူသွားအပ်သည့် နွားလား၏ ပုံဟန်။”

သေမင်းနိုင်ငံ လိုက်ရတော့မည့်အရေး

ယနေ့ထက် နက်ဖြန် သူအားသန်၍ သူ့နိုင်ငံသို့ ဧကန် လိုက်ရတော့မည့်အရေး

ခါးကြိုး နားကြိုး လက်ပြန်ကြိုးနှင့် သူခိုးဓားပြ သောက်ရစ်ဝတို့ ခဏချက်ချင်း ခုတ်စင်းတော့မည့် လူသတ်ယောက်ျား ဆောင်ယူသွားဘိ အလား။

သေမင်းနိုင်ငံ ရောက်မည့်အရေး

အသားလျော့ကျွေး အရေလျော့ပါး သွားကျိုးဆံဖြူ သူလုပ်ချင်တိုင်း သူညှဉ်းတိုင်းခံ သူ့နိုင်ငံသို့ ဧကန်အပြီး ရောက်မည့်အရေး

“တစ်ည၌လုံးကျသော ဆီးနှင်းပေါက်၏ နေရှိန် ကြောက်သည်နှင့် မရှေးမနှောင်း တပေါင်းတည်း ပျောက်ပျက်ရလေသည်ပမာ။”

အထူးသတိဆောင်

တစ်သက်လုံး ဆည်းပူးရသည့် ဥစ္စာ၊
နေ့ဆက်ရက်ဆက် ကျွေးမွေးရသည့် ကိုယ်ခန္ဓာ၊
အခါခါ အားထုတ်ရသည့် ဗဟုသုတ၊
အကြိမ်ကြိမ် ကြံဖန်ရသည့် ပညာရေး၊
အထွေထွေ ဆင်ပြင်ရသည့် အဋ္ဌာရသအတတ်၊
အားပါးတကုတ် အားထုတ်ရသည့် စည်းစိမ် ဟူသမျှနှင့်တကွ

မရဏမင်း၏ ဝရဇိန်လက်နက် တစ်ချက်ယုံမှားသဖြင့် တစ်လုံးတစ်ဝတည်း ဆုံးရှုံး ပျက်စီးကြရမည့် အရေးတို့ကို အဖန်ဖန် တွေးတောဆင်ခြင်ခြင်း ဟု ဆိုအပ်သော မရဏဿတိဘာဝနာကို နေ့ရော ညဉ့် ပါ အခါခါ ပွားများမိအောင် အထူးသတိ ဆောင်အပ်သည့် အကြောင်း

သေရာညောင်စောင်း ထင်မြင်နိုင်အောင်

သည်မှတစ်ပါး အလုံးစုံ ယခုဤဘဝ ပြုပြုသမျှသော ကုသိုလ်ပုည ဟူသမျှတို့ကို လည်း သေရာညောင်စောင်း လဲလျောင်းရသည့်အခါ သေခါနီး ဆဲဆဲတွင် တစ်ပေါင်းတည်း ထင်မြင်နိုင်အောင် ယခုနှယ်က နေ့တိုင်းမပြတ် အထပ်ထပ် အောက်မေ့ဆင်ခြင်၍ နေအပ်နေထိုက်သည့် အကြောင်းနှင့် တရားရေအေး တိုက်ကျွေးအပ်သည် မယ်တော်ဆင်ဖြူရှင် ဒါယိကာမကြီး၊

သိဿကောဝါဒ စာတမ်း

သာသနာကြီးပွားရေး ဩဝါဒပေး

ဇယတု သဗ္ဗမင်္ဂလံ။ ။ ၁၂၅၂-ခု၊ တန်ခူးလပြည့်ကျော် (၈)ရက်နေ့ ပဲခူးမြို့ ရွှေမော်ဓောဘုရား ဖူးမြော်ရောက်ရာ တရားသဘင်အစည်းအဝေးတွင် ပဲခူးသံဃာတို့ လျှောက်ထား တောင်းပန်ခြင်းကို အရင်းပြုသဖြင့် -

အလုံးစုံ ရာမညတိုင်းတလိုင်း သုံးရပ်အတွင်း သီတင်းသုံးနေကြသော ဆရာ၏ တပည့် ရွှေကျင်တိုက်သွေး အဝေးအနီး တပည့် သံဃာကြီးငယ် တစ်စုကို သာသနာတော်၌ ဝုဍ္ဎီ ဝိရုဠှီဘာဝ အထူးဝိသေသ ဖြစ်ကြစေခြင်းငှါ ဆရာဩဝါဒ ပေးထားခဲ့သည်

လာဘသတ္ထာရ အာဒီနဝကထာ

လာဘသက္ကာရ

ဒါရုဏော ဘိက္ခဝေ လာဘသက္ကာရော၊ ကဋုကော ဖရုသော အန္တရာယိကော ယောဂက္ခေမဿ အဓိဂမာယ၊ ယံ ဘိက္ခဝေ အသနိဝိစက္ကံတံ သေခံ အပတ္တမာနသံ အနုပါပုဏာတု၊ အသနိဝိစက္ကန္တိ ဘိက္ခဝေ လာဘသက္ကာရဿေ တံ အဓိဝစနံ။
(နိဒါနသံ၊၁။၄၂၇။)

(မှတ်ချက်။ ။ ဆဋ္ဌမူ ပါဠိတော်၌ “ဒါရုဏော ဘိက္ခဝေ လာဘသက္ကာရ သိလောကော ကဋုကော ဒါရုဏော အန္တရာယိကော အနုတ္တရဿ ယောဂက္ခေမဿ အဓိဂမာယ၊ တံ ဘိက္ခဝေ အသနိဝိစက္ကံ အာဂစ္ဆတု၊ သေခံ အပ္ပတ္တမာနသံ လာဘ သက္ကာရ သိလောကော အနုပါပုဏာတု။ အသနိဝိစက္ကန္တိ ခေါ ဘိက္ခဝေ လာဘ သက္ကာရသိလောကော။” - ဟု ရှိသည်။)

ဘိက္ခဝေ - ငါ၏ချစ်သား ရဟန်းများတို့။
လာဘသက္ကာရော - ပစ္စည်း လေးပါး လာဘ်ပူဇော်သက္ကာရသည်။
ဒါရုဏော - သီလသိက္ခာ၏အန္တရာယ် ဖြစ်၍ကြမ်းတမ်းလှစွာ၏
ဖရုသော- သမာဓိ၏ အန္တရာယ်ဖြစ်၍ ကြမ်းကြုတ် လှစွာ၏
ယောဂက္ခေမဿ - ဩဃ ယောဂ နီဝရဏ ကိလေသာတို့၏ ကုန်ရာ အေးမြစွာသော နိဗ္ဗာန်ချမ်းသာကို။
အဓိဂမာယ - ရခြင်း၏။
အန္တရာယိကော - အန္တရာယ်ကို ပြုတတ်၏။

ဘိက္ခဝေ - ငါ၏ချစ်သား ရဟန်းများတို့။
ယံ အသနိုဝိစက္ခံ - အကြင် မိုးကြိုးမီးစက်ကွင်းသည်။
အတ္ထိ - ရှိ၏။
တံ - ထိုမိုးကြိုးမီးစက်ကွင်းသည်။
အပတ္တမာနသံ - မရောက်သေးသော အရဟတ္တဖိုလ်ရှိသော။
သေခံ - သောတာပန် သကဒါဂါမ် အနာဂါမ်ပုဂ္ဂိုလ် တိုင်အောင်။
အနုပါပုဏာတု- အနုပါပုဏာတိ - အမှန်ရောက်တတ်၏။

ဘိက္ခဝေ - ချစ်သား ရဟန်းများတို့။
အသနိဝိစက္ကန္တိ ဧတံ - မိုးကြိုးစက်ကွင်း ဟူသော ဤအမည်သည်။
လာဘသက္ကာရဿ - လာဘ်ပူဇော် သက္ကာရ၏။
အဓိဝစနံ - အမည်တည်း။

အပါယ်ဘေးကြီး မထိကြရအောင်

ဤသို့ ဟောတော်မူအပ်သော ဒေသနာတော်မြတ်ကို ကြပ်ကြပ် နှလုံးထားကြ ကုန်သည်ဖြစ်၍ ယင်းသို့သော သီလသမာဓိ မဂ်ဖိုလ်အန္တရာယိက စတုပစ္စယ မိုးကြိုး စက်ကွင်း လောင်မီးတွင်းသို့ ဝင်ဆင်းချက် အားကြီး၍ အပါယ်ဘေးကြီး မထိကြ ရအောင်

အပ္ပမာဒတရား အားထုတ်ကြိုးစား

သာဓုခေါဘိက္ခဝေ ဥပ္ပန္နံ လာဘံ အဘိဘုယျ အဘိဘုယျ ဝိဟရေယျ၊
(အံ၊၃။၁ဝ။ ဝိ၊၃။၃၈၅)

ဘိက္ခဝေ - ငါ၏ချစ်သားရဟန်းများတို့။
သာဓု - ငါတောင်းပန်ပါ၏။
ဥပ္ပန္နံ - ဖြစ်ပေါ်လာသော။
လာဘံ - လာဘ်လာဘ စတုပစ္စယကို။
အဘိဘုယျ အဘိဘုယျ - လွှမ်းမိုး၍ လွှမ်းမိုး၍။
(ဝါ) နိုင်အောင် နိုင်အောင်
ဝိဟရေယျ - နေကြပါလော။

ဤသို့သော ဩဝါဒကထာ အာဏာတော်မြတ်ကို ကြပ်ကြပ်နှလုံး ထားကြကုန်သဖြင့် ယင်းသို့သော ဥပ္ပန္နလာဘ စတုပစ္စယကို အမှီပြု၍ သီလ သမာဓိတရား ပျက်ပြား ဣဿာမစ္ဆေရတရား အားကြီး၍ အပါယ်ဘေးကြီး မထိကြရအောင် အပ္ပမာဒ တရားကို အားထုတ်ကြိုးစား ပွားများကြရမည်

အက္ခန္တိယ အာဒီနဝကထာ

သည်းမခံနိုင်ခြင်းအပြစ်ငါးပါး

ပဉ္စိမေ ဘိက္ခဝေ အာဒီနဝါ အက္ခန္တိယာ။ ကတမေ ပဉ္စ? ဗဟုနော ဇနဿ အပ္ပိယော ဟောတိ အမနာပေါ။ ဝေရဗဟုလော စ ဟောတိ။ ဝဇ္ဇဗဟုလော စ ဟောတိ။ သံမူဠှော ကာလံ ကရောတိ၊ ကာယဿ ဘေဒါ ပရံ မရဏာ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။
(အံ၊၂၊၂၂၂၊)

ဘိက္ခဝေ - ချစ်သားတို့။
အက္ခန္တိယာ - သူတစ်ပါးတို့ ကဲ့ရဲ့ပြစ်တင်ခြင်းကို သည်းမခံနိုင်ခြင်း၌။
အာဒီနဝါ – အပြစ်တို့သည်။
ဣမေ ပဉ္စ - ဤဆိုလတံ့သော ငါးပါးတို့တည်း။
ကတမေပဉ္စ - အဘယ်ငါးပါးတို့နည်း ဟူမူကား။

ဗဟုနောဇနဿ - များစွာသော သူအပေါင်း၏။
အပ္ပိယော- မချစ်အပ်သည်။
အမနာပေါ - မနာလိုအပ်သည်။
ဟောတိ - ဖြစ်၏။
ဝေရဗဟုလော စ - မိမိ၌ ငြိုးထားသော ရန်သူများသည်။
ဟောတိ - ဖြစ်၏။
ဝဇ္ဇဗဟုလော စ - အပြစ်များသည်။
(ဝါ) အချွတ်ချွတ် အယွင်းယွင်း ပြောဆိုပြုကျင့်မိခြင်းများသည်။
ဟောတိ - ဖြစ်၏။
သံမူဠှော - တွေဝေသည် ဖြစ်၍။
ကာလံ ကရောတိ - သေရတတ်၏။
ကာယဿ - ခန္ဓာကိုယ်၏။
ဘေဒါ - ပျက်သည်မှ။
ပရံ မရဏာ - စုတိနောက်၌။
အပါယံ - ချမ်းသာကင်းသော။
ဒုဂ္ဂတိံ - မကောင်းသော သူတို့၏မကောင်းသဖြင့် လားရာဖြစ်သော။
ဝိနိပါတံ - အကျင့်ဖောက်ပြန်သူတို့၏ ကျရောက်ရာဖြစ်သော။
နိရယံ - ငရဲဘုံ၌။
ဥပပဇ္ဇတိ - ဖြစ်ရ၏။

ဤသို့သော ဒေသနာတော်မြတ်ကို ကြပ်ကြပ် နှလုံးထားကြကုန်သဖြင့် သူတစ်ပါးတို့ ကဲ့ရဲ့ပြစ်တင် ခံရသည်အတွက် မိမိ၏ ကောဓမီး နှိပ်စက်၍ အပါယ်ငရဲနှင့် မပက်မိကြရအောင် အပ္ပမာဒတရားကို အားထုတ် ပွားများကြရမည်

ခန္တီအာနိသံသ ကထာ

ရန်အောင်လက်နက်

အက္ကောဓန ဇိနေကောဓံ၊
အသာဓုံ သာဓုနာ ဇိနေ။

(ဓမ္မ၊၄၀၊) (ဂါထာ၊၂၂၃။}

ကောဓံ - အမျက်ထွက်လာ ဆဲရေးပုတ်ခတ် လာသောသူကို။
အက္ကောဓေန - ကိုယ်က ပြန်၍ အမျက်မထွက်မှ။
ဇိနေ - အောင်နိုင်၏
အသာဓုံ - မကောင်းသဖြင့် ပြုကျင့် ပြောဆိုလာသူကို။
သာဓုနာ - ကိုယ်က ကောင်းအောင် ပြုကျင့် ပြောဆိုမှသာလျှင်။
ဇိနေ - အောင်နိုင်၏

ဤသို့သော ဒေသနာတော်ဓမ္မစက် ရန်အောင်လက်နက်ကို မပြတ် အမြဲ ကိုင်စွဲ မိကြအောင် -

ဘုရားအဆုံးအမ မလိုက်နာသူ

ဥဘတော ဒဏ္ဍကေန ဘိက္ခဝေ ကကစေန စောရာ ဩစရကာ အင်္ဂမင်္ဂါနိ ဩက္ကန္တေယျုံ၊ တတြာပိ ယော မနောပဒေါသေယျ၊ သောမမသာသနံနကရောတိ။
(မ၊၁၊၁၈၁။)

ဘိက္ခဝေ- ရဟန်းတို့။
ဩစရကာ- ဘဏ္ဍာတိုက်တွင်း ဝင်လျှိုး ခိုးတတ်ကုန်သော။
စောရာ - ခိုးသားဓားပြတို့သည်။
ဥဘတော ဒဏ္ဍကေန - အရိုးနှစ်ဘက်တပ်သော။
ကကစေန - လွှကြီးဖြင့်။
အင်္ဂမင်္ဂါနိ - အင်္ဂါကြီးငယ်တို့ကို။
ယံ ဩက္ကန္တေယျုံ- အကြင်တိုက်ဖြတ်လာကုန်ငြားအံ့။

တတြာပိ - ထိုသို့ တိုက်ဖြတ်လာရာ၌လည်း။
ယော - အကြင်သူသည်။
မနောပဒေါသေယျ - နှလုံးမသာ စိတ်ဖောက်ပြန် ပြစ်မှားလာငြားအံ့။
သော - ထိုသူသည်။
မမ - ငါဘုရား၏။
သာသနံ - အဆုံးအမတော်ကို။
န ကရောတိ- လိုက်နာသောသူ မဟုတ်။

မှတ်ချက်။ မနောပဒူသေယျ၊ န မေ သော တေန သာသနကရော - ဟု ဆဋ္ဌမူ၊ ကကစူပမသုတ်၌ ရှိသည်။

အမြဲသည်းခံနိုင်ကြအောင်

ဤသို့သော ဒေသနာတော်မြတ်ကို ထိပ်ထက်သံမှို အမြဲ သိုမိကြကုန်သည်ဖြစ်၍ သူတစ်ပါးတို့၏ ပြစ်တင်ကဲ့ရဲ့ အရွဲ့တစောင်း မကောင်းပြုကျင့် ပြောဆိုခံရသမျှကို “ရှေးမိမိပြုခဲ့ဖူးသော အကုသလ အနိဋ္ဌဝိပါကသာတည်း” ဟု နှလုံးပြုသဖြင့် ထို သူတို့အား ခွန်းတုံ့မပြန် မလှန်ဆံဘဲ အမြဲသည်းခံနိုင်ကြအောင်

ကိုယ့်ပမာဏ မသိဘဲ မိုက်မဲသူနှင့် ဘက်မပြိုင်လို

ဘယာ နု မဃဝါ သက္က၊ ဒုဗ္ဗလျာ နော တိတိက္ခသိ။
သုဏန္တော ဖရုသံဝါစံ၊ သမ္မုခါ ဝေပစိတ္တိနော။
နာဟံဘယာ နဒုဗ္ဗလျာ၊ ခမာမိ ဝေပစိတ္တိနော။
ကထဉှိ မာဒိသော ဝိညူ၊ ဗာလေန ပဋိသံယုဇေ။

(သံ၊၁၊၂၂၃၊)

မဃဝါ - မဃ အမည်ရှိတော်မူသော။
သက္က - အရှင်သိကြားမင်း။
သမ္မုခါ - ကိုယ်တော်မျက်မှောက်တော်၌။
ဖရုသံ ဝါစံ – ကြမ်းတမ်းသော စကားကို။
ဘဏံ-ဘဏန္တဿ- ဆိုမြည်ဆဲရေး၍နေသော။
ဝေပစိတ္တိနော - ဝေပစိတ္တိ အသူရာအား။
ဘယာ - ကြောက်တော်မူသောကြောင့်။
ဒုဗ္ဗလျာ - ကိုယ်တော်ခွန်အား ကိုယ်တော်၏ ရဲမက်တော်များ အားနည်းသည် ထင်တော်မူသောကြောင့်။
တိတိက္ခသိနု - သည်းခံ၍ နေတော်မူပါသလော?

မာတလိ - မာတလိနတ်သား။
အဟံ - ငါသိကြားမင်းသည်။
ဘယာ - ကြောက်တော်မူသောကြောင့်။
ဒုဗ္ဗလျာ - ငါ၏ခွန်အား ငါ၏ရဲမက်တော်များကို အားနည်းလှပြီ ထင်တော်မူ သောကြောင့်။
ဝေပစိတ္တိနှော - ဝေပစိတ္တိ အသူရာ ငါ့ကိုကျိန်ဆဲသောသူအား။
န ခမာမိ - ခံ၍နေတော်မူသည်မဟုတ်။

အထ ခေါ - စင်စစ်သော်ကား။
မာဒိသော - ငါကဲ့သို့သဘောရှိသော။
ဝိညူ - ပညာရှိသည်။
ဗာလေန - ကိုယ်၏ပမာဏကို မသိမိုက်မဲဘိသောသူနှင့်။
ကထံ ပဋိသံယုဇေ - အသို့ ဘက်ပြိုင်လိုပါတော့မည်နည်း

ဤသို့ ဘုရားဖော်ပြ “သိကြားမင်းကြီး၏ နှလုံးထားနည်းများ” ကို အားကျနိုင်ကြ ကုန်သည်ဖြစ်၍ မိမိကို ဆိုမည်ဆဲရေးလာသူ လူမလိမ္မာတို့နှင့် ဘက်ပြိုင်အန်တု ခိုက်ရန်ဖြစ်ပွားမှုကို မပြုမိကြရအောင်

ဆဲဆိုသူများအား ဘုရားသည်းခံ

အဟံ နာဂေါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ၊
အဘိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလော ဟိ ဗဟုဇနော။

(ဓမ္မး၅၉။) (ဂါထာ၊၃၂၁။)

အာနန္ဒ - ဤကောသမ္ဘီခေါ် ပြည်တော်တွင်း၌ သူအများတို့ ဆဲရေး မြည်တွန်ခံရသည့် အတွက် တိုင်းတစ်ပါးကို ထွက်ပြေးစိမ့်ငှါ လျှောက်ထားလာသော ချစ်သား အာနန္ဒာ။
သင်္ဂါမေ - စစ်မြေပြင်၌။
နာဂေါ - ဆင်ပြောင်ကြီးသည်။
စာပတော - စစ်သည်တစ်ဘက် လေးလက်နက်မှ။
ပတိတံ - ကိုယ်ပေါ်ထိပ်ဝ ကျ၍လာသော။
သရံ - မြားကြီးမြားငယ် အသွယ်သွယ်ကို။
တိ တိက္ခတိ ဣဝ - မဆုတ်မပြန် ခံနိုင်ဘိသကဲ့သို့။

အဘိဝါကျံ - သူတစ်ပါးတို့ အလွန်အကဲ ဆဲဆိုကြအပ်သော စကားသွမ်း စကားကြမ်း ဟူသမျှကို။
အဟံ - ငါဘုရားသည်။
တိတိက္ခိဿံ - ခွန်းတုံ့ မပြန် ဒေါသမထန် သည်းခံတော်မူအံ့
ဟိ - သည်းခံနိုင်မှသာ သင့်မည်မှန်၏။
ဣဓ - ဤလောက၌။
ဒုဿီလော ဇနော - ဆဲရေးတတ်သူ ဒုဿီလလူမျိုးသည်သာလျှင်။
ဗဟု - များလှစွာ၏။

ကောဓတုတ် မဆောင်မိအောင်

ဤသို့သော “ဒေသနာတော်မကိုဋ်” ကို ဦးထိပ်၌ အမြဲဆင်ရွက်ကြကုန်သည်ဖြစ်၍

“ဟောင်တတ်သောအရပ် ခွေးပုံထဲသို့ ဒုတ်ဆွဲ၍ ဝင်သူကို ခွေးတအူအူ ဟောင်တတ် သောသဘော” ကိုလည်း

နှစ်နောထင်ထင် နှလုံးစွဲဝင်ကြကုန်လျက် လူပျက်လူကြမ်း လူသရမ်း အလွန် ပေါများသော လူ့ဗာလ သုနခတွေကြားဝယ် ကောဓတုတ် တမြားမြားနှင့် မနေမိကြရအောင်

မြင်သော်လည်း မမြင်သလို

စက္ခုမာပိ ယထာ အန္ဓော၊ သောတဝါ ဗဓိရော ယထာ။
ပညဝါဿ ယထာ မူဂေါ၊ ဗလဝါ ဒုဗ္ဗလောရိဝ။
အထ အတ္ထေ သမုပ္ပန္နေ၊ သယေယျ မတသယိကံ။

(ထေရ၊၂၉၅။ မိလိန္ဒ၊၃၄၉။)

စက္ခုမာပိ - မျက်စိပင်ရှိသော်လည်း။
(ဝါ) မိမိအကျိုးမဲ့ကို ပြုလာသူကို မြင်သော်လည်း။
အန္ဓော ယထာ - အကန်းကဲ့သို့ ကျင့်ရာ၏
(ဝါ) ကန်းသည့်အသွင် မမြင်ယောင်မူ၍ နေရာ၏။

သောတဝါပိ - နားပင် ရှိသော်လည်း။
(ဝါ) မိမိအကျိုးမဲ့ကို ပြောဆို ဆဲရေးသံကို ကြားလာသော်လည်း။
ဗဓိရော ယထာ - နားထိုင်းကြီးကဲ့သို့ ကျင့်ရာ၏
(ဝါ) မကြားယောင်မူ၍နေရာ၏။

ပညဝါပိ - လူကဲရိပ်မိတက်သော ပညာရှိပင်ရှိသော်လည်း။
ဧဠမူဂေါ ယထာ- လူကဲ မရိပ်မိ မသိတတ်သော အထိုင်းအမှိုင်းကဲ့သို့ ကျင့်ရာ၏

ဗလဝါပိ - မိမိ၏အကျိုးမဲ့ကို ပြုကျင့်ပြောဆိုသူတို့ကို နှိပ်နင်းနိုင်လောက်သော ခွန်အားပင် ရှိသော်လည်း။
ဒုဗ္ဗလောယထာ - သူကိုဘက်ပြိုင် နိုင်စရာမရှိ၊ အားနည်းဘိသကဲ့သို့ ကျင့်ရာ၏

အတ္ထေ - အကျိုးစီးပွားသည်။
သမုပ္ပန္နေ – ဖြစ်လာလတ္တံ့သည်ရှိသော်။
မတသယိကံဝ - သူသေ၏ အိပ်ခြင်းကဲ့သို့။
(ဝါ) အသေကောင်ကဲ့သို့။
သယေထ - အိပ်ရာ၏။
(ဝါ) သေယောင်မူ၍ နေရာ၏

သံသရာဘေးကို ကြောက်လျှင်

ဤသို့ ဟောဖော် ထေရပါဠိတော်လာ ဒေသနာကို ကောင်းစွာအမြဲ နှလုံးစွဲကြ ကုန်သဖြင့်လည်း မိမိတို့၏အကျိုးမဲ့ကို ပြုကျင့်ပြောဆို ထိုထို ဂရဟာ စကားများကို ကြားသိရသည့်အတွက် မိမိတို့၏ ပရိယတ် ပဋိပတ် နိဗ္ဗာန်လမ်းသွား မပျက်ပြား ကြရအောင်၊

“ကျားကိုက်မည်ကို ကြောက်လျှင် ကြောင်ကိုက်သည်ကို မထောက်သာသကဲ့သို့၊”

သံသရာရေး တကယ့်ဘေးကို ကြောက်ကြသည်မှန်လျှင် ဒုဋ္ဌဇန အက္ကောသက လူဗာလတို့ကို ဘက်ပြိုင်မိသည့် အတွက်နှင့် သံသရာဘေး အပါယ်ဘေး သက်သက် မထိကြရအောင်

မျက်ကွယ်တစောင်း မျက်မှောက်မကဲ့ရဲ့

ရဟော ဝါဒံ နု ဘာသေယျ၊ န သမ္မုခါ ခီဏံ ဘဏေ။
အတရမာနောဝ ဘဏေယျ၊ တရမာနောဝ နောဘဏေ။

(နရဒက္ခဒီပနီ၊၂၆၈၊ ဂါထာ၊၁၃၆။)

(မှတ်ချက်။ ။ မ၊၃။၂၇၃-၌စုဏ္ဏိယရှိသည်။ အနည်းငယ် ကွဲလွဲသည်။)

ရဟောဝါဒံ - သူမကြားဘွယ် မျက်ကွယ်တစောင်း မကောင်းပြောဆို ခြင်းကို။
န ဘာသေယျ - အတင်းစကား မပြောကြားမိစေရာ
သမ္မုခါ - သူတို့ မျက်မှောက် သူကြားလောက်ရာ အရပ်၌။
ခီဏံ - သူမခံနိုင်ဘွယ် ချုပ်ချယ် ကဲ့ရဲ့သောစကားကို။
နဘဏေ - မဆိုရာ

အတရမာနောဝ - ဖြည်းညင်းသက်သာ ဆင်ခြင်စဉ်းစား၍သာလျှင်။
ဘဏေယျ - ပညာရှေ့သွား မေတ္တာအားဖြင့် တစ်ဘက်သား နာခံသာအောင် ကြံဆောင် ပြောဆိုရာ၏။
တရာမာနောဝ - ဆောဆောလျင်လျင် မဆင်ခြင်ဘဲ ဆိုအားသဲ၍မူကား။
နောဘဏေ - မဆိုရာ။
(ဝါ) မဆိုမိကြစေလင့်

ဤသို့ဟောဖော် “ပါဠိတော်ရေချမ်း”ကို အခါခါ ဆွတ်ဖျန်းမိကြရအောင်

သူ့အပြစ်သာမြင်၍ မကဲ့ရဲ့ရ

ပရဝဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသဝါတဿ ဝဍ္ဎန္တိ၊ အာရာသော အာသဝက္ခယံ၊

(ဓမ္မ၊၅၉။) (ဂါထာ၊၂၅၃။)

ပရဝဇ္ဇာနုပဿိဿ - မိမိအပြစ်ကိုမထင် သူအပြစ်ကိုသာ မြင်လေ့ ရှုလေ့ရှိထသော
နိစ္စံ - အခါမပြတ်။
ဥဇ္ဈာနသညီနော - မကဲ့ရဲ့အပ်ရာ၌သော်လည်း ကဲ့ရဲ့စရာဟူ၍သာ အမှတ်သညာ ရှိတတ်ထသော။
တဿ - ထိုသူအား။
အာသဝါ - ဒေါသ ဒေါမနဿ မာန အတိမာန ကောဓုပနာဟ စသော အာသဝေါ ဘေးရန်တို့သည်။
ဝဍ္ဎန္တိ - တိုးပွားကုန်၏

သော - ထိုအာသဝေါတရား တိုးပွားရာ ဖြစ်သောသူသည်။
အာသဝက္ခယာ - အာသဝေါကုန်ရာ နိဗ္ဗာန်ချမ်းသာမှ။
အာရာ-အာရကာ - ဝေးကြီး ဝေးရလေ၏

ဤသို့ဟောဖော် “ဒေသနာတော် ရန်အောင်ပန်း”ကို အခါခါ ဆွတ်လှမ်းပန်ဆင် မိကြရအောင်

သူတစ်ပါးကို မကြည့် မိမိကိုသာ ကြည့်

နပရေသံ ဝိလောမာနိ၊ နပရေသံ ကတာကတံ။
အတ္တနောဝ အဝေက္ခယျ၊ ကတာနိ အကတာနိ၊

(ဓမ္မ၊၂ဝ။) (ဂါထာ၊၅ဝ။)

ပရေသံ - သူတစ်ပါးတို့၏။
ဝိလောမာနိ - မတော်မလျော်သည်တို့ကို။
နအဝေက္ခေယျ - ကဲ့ရဲ့သမျှမရှုရာ
ပရေသံ - သူတစ်ပါးတို့၏။
ကတာကတံ - မပြုသင့်သည်၌ပြု၊ ပြုသင့်သည်၌ မပြုခြင်းအမှုကို။
နအဝေက္ခေယျ - ကဲ့ရဲ့သမှု မရှုရာ

အတ္တနောဝမိမိ၏သာလျှင်
ကကာနိစ - မပြုသင့်ဘဲ ပြုအားသဲ၍ နေသည့်အရာတို့ကို လည်းကောင်း။
အကတာနိစ - ပြုသင့်ရာ၌ မပြုမိဘဲ မေ့အားသဲ၍ နေအပ်သည့်အရာတို့ကို လည်းကောင်း။
အဝေက္ခေယျ - ပညာသက်ဝင် ဟုတ်တိုင်းထင်အောင် ဆင်ခြင်အောက်မေ့ရာ၏

ဤသို့ဟောဖော် “ဒေသနာတော် အမြိုက်ဆေး”ကို အလေးတမူ အမြဲသုံးယူ စားသောက်မိကြအောင် -

သိလျက်ဒေါသမလှန် သည်းခံနေလျှင်

ဥဘိန္န မတ္ထံ စရတိ၊ အတ္တနော စ ပရဿစ။
ပရံ သကုပ္ပိတံ ဉတွာ၊ ယောသတော ဥပသမ္မတိ။

(စတုရာရက္ခဒီပနီ၊ ၁၄၈။)

ယော - အကြင်သူသည်။
ပရံ - သူတစ်ပါးကို။
သကုပ္ပိတံ - မိမိ၌ အမျက်ထွက်၍နေသည်ကို။
ဉတွာ - သိလျက်။
သတော - မိမိက တစ်ဖန် ပြန်၍ အမျက်မထွက်မိအောင် သတိဆောင်သည် ဖြစ်၍။
ဥပသမ္မတိ - ငြိမ်းအေးချမ်းသာ သည်းခံလျက်သာ နေသည်ဖြစ်အံ့

သော - ထိုဒေါသမလှန် သည်းခံ၍နေသောသူသည်။
အတ္တနော စ - မိမိ၏လည်းကောင်း။
ပရဿ စ - သူတစ်ပါး၏ လည်းကောင်း။
ဥဘိန္နံ - နှစ်ဦးလုံးတို့၏။
အတ္ထံ - အကျိုးစီးပွားကို။
စရတိ - ကျင့်နိုင်ပေသောသူ ဖြစ်လေ၏

ဤသို့ဟောဖော် “ဒေသနာတော် ရေခမိုး”ကို အဖန်ဖန် ချိုးသုံးမိကြရအောင်

ရန်မလိုမှ ရန်ပြိုသည်၊ ရန်လိုက ရန်ပိုမည်

ပရေစ နဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။
ယေစ တတ္ထဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

(ဓမ္မ၊၁၄။ မ၊၃။၁၉၂။ ဇာ၊၁။၁၈၈။)

ပရေစ - ငါဘုရား၏ စကားကို နားမထောင်လူ တစ်ပါးသူတို့သည်။
ဧတ္ထ - ဤဝိဝါဒါဓိကရုဏ်းဖြစ်၍ နေကြဆဲအခိုက်၌။
မယံ - ငါတို့သည်။
ယမာမသေ - သေမင်းနိုင်ငံသို့ လိုက်ကြရကုန်တော့အံ့။
ဣတိ - ဤသို့။
နဝိဇာနန္တိ - မသိနိုင်ကြကုန်။
တေသံ - ထိုသူမလိမ္မာတို့၏။
တတော - ထိုသို့ သေဘေးမထင် အပါယ်ဘေးကို မမြင်နိုင်ခြင်းကြောင့်။
မေဓဂါ - ခိုက်ရန်ဖြစ်ခြင်း ငြင်းခုံခြင်း ဘေးရန်တို့သည်။
န သမ္မန္တိ - မငြိမ်းနိုင်ကြကုန်

တတ္ထ - ထိုဝိဝါဒါဓိကရုဏ်း ဗရုံးဗရင်း ဖြစ်ကြရာ၌။
ယေစ - အကြင် သူတို့သည်ကား။
မယံ - ငါတို့သည်။
ဧတ္ထ - ဤတစ်ယောက်သည် တစ်ယောက်အရှုံးမခံ ငြင်းအားသန်၍ နေကြသည် အတွင်း၌။
ယမာမသေ - “ကြွက်နှစ်ကောင် ငြင်းခုံခိုက်ကို ကြောင်ပါးကြီးဝင်၍ ကိုက်သည့် အသွင်” သေမင်းခံတွင်းသို့ ဝင်ကြရကုန်လတ္တံ့။
ဣတိ- ဤသို့။
ဝိဇာနန္တိ - သိကြကုန်သည် ဖြစ်ငြားအံ့။
တေသံ - ထို သူမလိမ္မာတို့၏။
တတော - ထိုသေဘေးကိုထင် အပါယ်ဘေးကြီးကို မြင်နိုင်ကြခြင်းကြောင့်။
မေဓဂါ - ခိုက်ရန်ဖြစ်ခြင်းတို့သည်။
သန္တိ - ငြိမ်းကုန်၏

ဤသို့ဟောဖော် “ဒေသနာတော် အမြိုက်ဆေး”ကို အခါခါ သွေးလိမ်း၍ ဝိဝါဒဘေး အချင်းခပ်သိမ်း ကင်းငြိမ်းနိုင်ကြအောင်

ညီညွတ်သင့်စွာနေထိုင်ပါ

ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ၊ ဧသာ ဗုဒ္ဓါနုသာသနီ။

(အပ၊၁။၇။ စရိယ၊၂၊၂၄ဝ။)

ဘိက္ခဝေ - ငါ၏ချစ်သား ရဟန်းများတို့။
ဝိဝါဒံ - အရှုံးမခံ ငြင်းအားသန်ခြင်းကို။
ဘယတော - မိမိသူတစ်ပါး နှစ်ဦးသားပင် ဆုံးရှုံးပျက်စီးကြောင်း မကောင်းစွာသော ဘေးကြီးဟူ၍၎င်း။
အဝိဝါဒဉ္စ - သူသဘောကို လိုက်လျောညီစွာ ချိုသာပြောဟော ငြင်ခုံခြင်း မရှိသည့် သဘောကို။
ခေမတော - မိမိသူတစ်ပါး နှစ်ဦးသားလုံး ဘေးငြိမ်းကြောင်းဟူ၍၎င်း။
ဒိသွာ - ဟုတ်တိုင်း ထင်ထင် ရှုမြင်ကြကုန်သည်ဖြစ်၍။
သမဂ္ဂါ - ညီညီညွတ်ညွတ် သင့်သင့်မြတ် မြတ်နေကြကုန်သည်
ဟောထ - ဖြစ်ကြကုန်လော့။

သခိလာ - တစ်ပါးနှင့်တစ်ပါး ငြိုးထားနှောင့်နှင်း စိတ်၏ ငြောင့်တံသင်း မရှိကြ ကုန်သည်။
ဟောထ - ဖြစ်ကြကုန်လော့။
ဧသာ - ဤသို့ဆုံးမခြင်းသည်။
ဗုဒ္ဓါနုသာသနီ - သင်ချစ်သားတို့၏ ကိုးကွယ်ရာ ငါဘုရားတို့၏ အဆုံးအမတော် တည်း

ဤသို့သော “ဒေသနာတော်အောင်ပန်း” ကို အမြဲ ဆွတ်လှမ်းပန်ဆင် ကြကုန်သည် ဖြစ်၍ သကပက္ခ ပရပက္ခ ဂိုဏ်းသား နှစ်ဝတို့၌ပင် ချင်းတို့ချင်း ဝိဝါဒဘေးဘျမ်း တစ်ကြိမ်တစ်ခါမျှ မသန်းလာစေရအောင်

ငြင်းခုံခြင်းတို့၏ အကြောင်းရင်း

ယင်းသို့သော ဝိဝါဒဘေးတို့၏ အမြစ်မူလဖြစ်သော --

ကောဓော -”လှံကန်ဖြင့် ခတ်မိသော မြွေပွေးပမာ” လွန်စွာအမျက် ထွက်လွယ် တတ်ခြင်း။

ဥပနာဟော - “ဖားကိုခဲသည့် မြွေဟောက်ပမာ” လွန်စွာအကျိတ်အခဲ ရန်ငြိုးဖွဲ့ ထားတတ်ခြင်း။

မက္ခော - သူတစ်ပါးတို့၏ သီလ သမာဓိ ပညာဂုဏ်ရောင် မထွန်းပြောင်အောင် ကြံဆောင် ချေဖျက် ပြောကြားမိတတ်ခြင်း။

ပလာသော - မိမိနှင့် အဖက်မတန် ဂုဏ်ပိုလျှံသူတို့အား ဖက်ပြိုင် အန်တု ပြုမိတတ်ခြင်း။

ထမ္ဘော - အသက်သိက္ခာ ဂုဏ်ဝါကြီးသူတို့အား ရှိမခိုးနိုင် မညွတ်ကြိုးနိုင် ခိုင်ခန့် မာန်မြင့်တတ်ခြင်း။

သာရမ္ဘော - ကြားရသူတို့ နားမချမ်းဖွယ် ချုပ်ချယ် စောင်းမြောင်းခြင်း၊

မာနော - “ငါသာတတ်သည် မြတ်သည် ဥစ္စာရှိသည်” ဟု ထောင်လွှားတတ်ခြင်း။

အတိမာနော - မိမိတော်တန်ရုံမျှ ဂုဏ်ကို ပိုပိုလျှံလျှံ လွန်စွာ အထင်ကြီးတတ်ခြင်း၊

ဣဿာ - သူတို့ပြည့်စုံ သူတို့ဂုဏ်ကို မလိုတမူ ငြူစူခြင်း

မစ္ဆေရော - မိမိဥစ္စာ မိမိတပည့် အလုပ်အကျွေး ဒကာတို့ကို သူတစ်ပါးတို့နှင့် မဆက်ဆံစေလို ဝန်တိုတတ်ခြင်း။

မာယာ - မိမိပြုမှား ပြောဆိုမှားသော မကောင်းမှုကို မပြုမိ မပြောမိ လေဘိအဟန် ကြံဖန် ဖုံးထားတတ်ခြင်း၊

သာဌေယျော - တရားမကျင့် ကျင့်ယောင်ကား, စာမတတ်ဘဲ တတ်ပုံများနှင့် ဝါကြွား စဉ်းလဲခြင်း

အာဒါနဂါဟိတာ - “ဤ ငါ့အယူသာ ဟုတ်သည်၊ သူအယူကား အချည်းနှီးသာ တည်း” ဟု စီးစီးဝါးဝါး တင်းတင်းကြီး ယူမိတတ်ခြင်း။

ဒုပ္ပဋိနိဿဂ္ဂတာ - များစွာသော ယုတ္တိအာဂုမ်တို့ဖြင့် အနည်းနည်း အဖုံဖုံ ယုံကြည် လောက်အောင် သူတစ်ပါးတို့ ပြောကြားပါသော်လည်း စွန့်နိုင်ခဲသော အယူ ရှိတတ်ခြင်း-

ဤသို့သော နှလုံးအညစ်အကြေး ကိလေသာ ရန်အလှေးတို့ကို ဖွေးဖွေးဖြူဖြူ သုတ်သင်နိုင်ကြအောင် များများကြီး သတိ ဆောင်ကြရမည့်အကြောင်း။

သာမဂ္ဂီသာ ဖြစ်နိုင်

ယင်းသို့ သတိဆောင်နိုင်ကြမှသာလျှင်လည်း အချင်းခပ်သိမ်း ဝိဝါဒ ဘေးအတွင်း အပြင် ကင်းဝေးနိုင်ကြမည့်အကြောင်း။

ယင်းသို့ ဝိဝါဒဘေး ကင်းဝေးကြမှသာလျှင်လည်း အခါခပ်သိမ်း သံဃသုဋ္ဌု သံဃဖာသုတာဖြစ်၍ ချင်းတို့ချင်း သံဃသာမဂ္ဂီဘာဝ ဖြစ်နိုင်ကြမည့် အကြောင်း။

သံဃာ ညီညွတ်မှသာ

ယင်းသို့ သံဃသာမဂ္ဂီဘာဝ ရနိုင်ကြမှသာလျှင်လည်း -

သုခါသံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။

(ဓမ္မ၊၄၂။) (ဂါထာ၊၁၉၄။)

ပါဠိတော်နှင့်အညီ ချမ်းမြေ့သာရန် ပရိယတ် ပဋိပတ် တရားတို့ကို ကြိုးစား အားထုတ်နိုင်ကြမည့် အကြောင်း၊

ယင်းသို့ အားထုတ်နိုင်ကြမှသာလျှင်လည်း

သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ၊”

အဘိယာစန အာဂမသုဒ္ဓိ ရှိကြသည့်အတိုင်း မိမိတို့လိုရင်း အကျိုးတရားနှင့် ပြည့်စုံနိုင်ကြမည့်အကြောင်း။

လမ်းနှစ်သွယ်

အညာဟိလာဘူပနိသာ၊ အညာနိဗ္ဗာနဂါမိနီ။
ဧဝမေတံ အဘိညာယ၊ ဘိက္ခုဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ဝိဝေက မနုဗြူဟယေ။

(ဓမ္မ၊၂၄၈။) (ဂါထာ။၇၅။)

လာဘူပနိသာ - ဘုန်းကံကြီးကြောင်း လာဘ်ပေါကြောင်းသည်လည်း။
အညာ - ဂါမဝါသီ ရာဇဌာနီ မင်းမှီစိုးကပ် အာရုံတွေ ထူထပ်၍ သီလသမာဓိ ပျက်စီးတတ်ရာ ရှုတ်ထွေးစွာသော အောက်လမ်းတည်း။

နိဗ္ဗာနဂါမိနီ - ဘေးခပ်သိမ်းတို့၏ ကင်းငြိမ်းရာ နိဗ္ဗူတာအောင်နန်း စံမြန်းရာ သည်လည်း။
အညာ - အလုပ်အကျွေး ဒါယကာတို့ကို မညှာတာ ဆွေမျိုးဉာတကာကို မငဲ့ကွက်၊ တောကြီးနက်ရာ ဝိဝေကချမ်းသာကို ရှာခြင်း ဟူသော မရှုတ်မထွေး အေးမြချမ်းသာ လိုတိုင်းပါသည့် သာယာထူးဆန်း အထက်လမ်းတည်း။
ဧဝံ - ဤသို့ ဆိုခဲ့ပြီးသောအတိုင်း။
ဧတံ - ဤသို့ ဆိုးကောင်းယုတ်မြတ် လမ်းနှစ်ရပ်ကို။
အဘိညာယ - နဖူးလက်တင် ဆင်ခြင်အောက်မေ့ ဟုတ်တိုင်းသိသည်ဖြစ်၍။
(ဝါ) သိကြပြီးသည်ရှိသည်နှင့်လျော်စွာ။
ဗုဒ္ဓဿ - ငါဘုရား၏။
သာဝကော - တပည့်သားတော် ငါ့စကားကို နားထောင်ဖော်ရသော။
ဘိက္ခု - ရဟန်းသည်။
သက္ကာရံ - “အပ်တစ်စင်း ဝင်လာသည့်အတွက် ပုဆိန်ဆယ်စင်း ထွက်သည်” ဆိုသကဲ့သို့၊ “အဖိုးမထိုက် အမှိုက်ပမာ” အပါယ်လေးပါးအစာ သက္ကာရတွက်တာ ဖြင့် မဂ်ဖိုလ်နှင့်ဖီလာ ဖြစ်တတ်စွာသော လာဘ်ပူဇော်ထွေးရှုပ် သက္ကာရလမ်း ယုတ်ကို။
နာဘိနန္ဒေယျ - မနှစ်သက် မတွယ်တာရာ။

ဝိဝေကံ-ဝိဝေကမေဝ - ဈာန်မဂ်ဖိုလ်တို့၏ အန္တရာယ် ဆင်သံ မြင်းသံ ရထားသံ အသွယ်သွယ်တို့ဖြင့် မနှောင့်ယှက်နိုင် စိမ့်မြိုင်ကြီးစွာ လူဝေးရာဝယ် ဘာဝနာ စခန်းဘေးမသမ်းသည့် ဝိဝေကလမ်းကိုသာလျှင်။
အနုဗြူဟယေ - သက်စွန့်ကြိုးပမ်း နိဗ္ဗူလှမ်းအောင် ကောင်းကောင်းကြီး အားထုတ် ကြရာ၏။
(ဝါ) အားထုတ်ကြရမည်။

ဆိတ်ငြိမ်ရာကြွ အထက်လမ်းမကို လိုက်နိုင်အောင်

ဤသို့သော မုနိန္ဒသခင် ဘုရားရှင် ညွှန်ကြားရာဝယ် ဝိဝေကာရာမ အရညာဝါသ အထက်လမ်းမကို မလိုက်နိုင် လိုက်နိုင်ကြရအောင်လည်း အထူးကြံဆောင် အားထုတ်အပ်လှသည့် အကြောင်း။

ကိလေသာ ကြားချပ်စရာ မရှိအောင်

ယင်းသို့စဉ်လောက် ရှောင်တခင် ခြီးမရောက်နိုင်သော်လည်း ယင်းသို့သော ဝိဝေက၏ အခြေ လေးထွေသော သီလကို ဖွေးဖွေးဖြူ ခဝါချ၍ မိမိတို့ တပည့် တိုက်တာ သံဃာတို့နှင့်တကွ ပရိယတ်ပဋိပတ်ကို မလစ်မလပ် ရာဂ ဒေါသ ကိလေသာ ကြားချပ်စရာ မရှိအောင် နေ့နေ့ညည ကြိုးစား အားထုတ်ကြရမည့် အကြောင်း။

ဝမ်းမြောက်ဝမ်းသာ

ယင်းသို့ အားထုတ်ကြသော ပရိယတ် ပဋိပတ် ဝတ်တက် ဝတ်ကပ် သင်စာ ချစာ ဆောင်စာ စေတီယင်္ဂဏဝတ် ဗောဓိယင်္ဂဏဝတ် ဆွမ်းတော်တင် ပန်းတော်တင် ရေချမ်းကပ် ပုတီးပတ်အရေအတွက် တစ်လလေးသီတင်း ရှစ်သီတင်း ဧကာသနိက် စသော ဓုတင်အကျင့် ဒွေမာတိကာစသည် နှစ်စဉ် မပြတ်ပြန်ဆိုကြပုံ၊

ကျောင်းသား လူငယ်တို့ကိုသော်လည်း ရိုက်နှက်ပုတ်ခတ်ခြင်းကို မပြု၊ မုဒုဘာဝ-အဇ္ဇဝဂုဏ်နှင့်ပြည့်စုံရခြင်း၊

အခါခပ်သိမ်း သြော်အင် ငေါက်ငမ်း နှုတ်ကြမ်းတမ်းခြင်းကို မပြုရခြင်း၊ အချေကျယ် အရယ်ကျယ် အအိပ်ကြမ်း အစားကြမ်း စသည်ကို မပြုရခြင်း - ဤသို့စသော ရွှေကျင်တိုက် ဥပဒေကြီးများနှင့် အညီ ကျင့်ဆောင်ကြပုံ၊

အလုံးစုံ အကြောင်းမျိုးတို့ကို ဆရာ ကြားသိရသဖြင့် ဝမ်းမြောက်ဝမ်း သာဓု အနုမောဒနာ ကုသိုလ်ဖြစ်ပွားခြင်း၊

စာရင်းပေးသွင်းစေချင်

တပည့်တို့လည်း အထူးအားတက် အားသစ်နိုင်ကြအောင် ဝါဝင်ဝါကျွတ် တစ်နှစ်လျှင် တစ်ကြိမ်တန် နှစ်ကြိမ်တန် ဆရာ့ထံ စာရင်းပေးသွင်း လိုက်ကြစေချင်ကြောင်းများ နှင့် တရားရေအေး တိုက်ကျွေးဆုံးမ ဩဝါဒပေးထားခဲ့သည်။

ရာမညတိုင်း တလိုင်းသုံးရပ်အတွင်း သီတင်းသုံးနေကြသော ရွှေကျင်တိုက်ထွက် ရွှေကျင်တိုက်သွေး အဝေးအနီး တပည့်ကြီးငယ် တစ်စုတို့။

အပ္ပမာဒ ကထာ

သမ္မာဆန္ဒ ဖြစ်စေရာသည်

အနမတဂ္ဂ အစမထင် များဖြင်ရှည်ကြာ သံသရာဝယ် ဘဝါဘဝ ကြုံသမျှ၌ အဋ္ဌက္ခဏ ရှစ်ဝသောအဖြစ်ကို ပယ်လှစ်စင်ကွာ၍ ငါးဖြာသောဒုလ္လဘ တရဖြစ်ရခဲကို မလွဲစေ့စုံ ကြိုက်ကြုံတွေ့ကြရသည်မှာ -

ပုညာဗလဝ ရှေးကပြုဟောင်း ကောင်းမှုကြီးမြတ်ကြောင်းကို ထပ်လောင်း၍ တွေးတော ဆေးကြောရန် မရှိပြီ၊ သုံးလီသောသိက္ခာ သာသနာဝယ် အာစာရပုတ္တ သဒ္ဓါပဗ္ဗဇ္ဇိတ သိက္ခာကာမ လဇ္ဇီပေသလဖြစ်ကြောင်း ကောင်းသော သမ္မာဆန္ဒ ဖြစ်စေရာသည်။

ရဟန်းအကျင့် ကောင်းစွာကျင့်

ကုသော ယထာ ဒုဂ္ဂဟိတော၊ ဟတ္ထမေဝါနုကန္တတိ။
သာမညံ ဒုပ္ပရာမဋ္ဌံ၊ နိရယာယု ပကဍ္ဎတိ။
ယံကိဉ္စိ သိထိလံ ကမ္မံ၊ သံကိလိဋ္ဌဉ္စ ယံ ဝတံ၊
သင်္ကဿရံ ဗြဟ္မစရိယံ၊ န တံ ဟောတိ မဟပ္ဖလံ။
ကယိရာ စေ ကယိရာထေ၊ ဒဠှမေနံ ပရက္ကမေ။
သိထိလော ဟိ ပရိဗ္ဗဇော၊ ဘိယျော အာကိရတေ ရဇံ၊

(ဓမ္မ၊၅၇၊) (ဂါထာ၊၃၁၁-၃၁၃။)

ဒုဂ္ဂဟိတော - မကောင်းသဖြင့် ကိုင်အပ်သော။
ကုသော - သမန်းမြက်သည်။
ဟတ္ထမေဝ - လက်ကိုသာလျှင်။
အနုကန္တတိ ယထာ - စူးရှသကဲ့သို့။
ဒုပ္ပရာမဋ္ဌံ - မကောင်းသဖြင့် သုံးသပ်အပ်သော။
သာမညံ - ရဟန်းအဖြစ်သည်။
သမဏောဝ - ရဟန်းကိုသာလျှင်။
အနုကန္တတိ - စူးရှ၏။
နိရယာယ - ငရဲသို့ ရောက်ခြင်းငှါ။
ဥပကဍ္ဎတိ - ငင်၏။

ယံကိဉ္စိ - အလုံးစုံသော။
သိထိလံ ကမ္မံ - လျော့လျော့ ပြုအပ်သော။
သံကိလိဋ္ဌဉ္စ - ညစ်ညူးသည်လည်း ဖြစ်သော။
သင်္ကဿရံ - သီတင်းသုံးဖော်တို့ တွေးတော၍ အောက်မေ့အပ်သော။
ယံ ဗြဟ္မစရိယံ - အကြင်ရဟန်း အကျင့်ကို။
ကတံ - ပြုအပ်၏။
တံ ဗြဟ္မစရိယံ - ထိုရဟန်းအကျင့်သည်။
မဟပ္ဖလံ - အကျိုးကြီးသည်။
နဟောတိ - မဖြစ်။

သာမညံ - ရဟန်းအဖြစ်ကို။
စေ ကယိရာ - အကယ်ပြုသည် ဖြစ်၍။
ဧနံ သာမညံ - ထိုရဟန်းအဖြစ်ကို။
ကယိရာထ ဧ၀ - ကြပ်ကြပ်မြဲစွာ ပြုရာသည် သာလျှင်တည်း။
ဧနံသာမညံ - ထိုရဟန်းအဖြစ်ကို။
ဒဠှံ - မြဲစွာ။
ပရက္ကမေ - လုံ့လပြုရာ၏။
ဟိ - သင့်စွ။
သိထိလော - လျှော့သော။
ပရိဗ္ဗဇော - ရဟန်းအဖြစ်သည်။
ဘိယျော - လွန်စွာ။
ရဇံ - ကိလေသာမြူကို။
အာကိရတေ - ကျဲတတ်၏။

ကိုယ့်တရား ကိုယ်ကျင့်

ဤသို့လျှင် သုံးလူရှင်ချစ် ရွှေနှုတ်လှစ်မြွက်ဖော် အမိန့်တော်ကို ကော်ရော်ကြည်ရွှင် ဦးထိပ်တင်လျက်

“လူတွင်လည်း လူတရား” “ရဟန်းတွင်လည်း ရဟန်းတရား”

ထိုနှစ်ပါးလည်းမမှား ဧကန် နိဗ္ဗာန်ရောက်ကြောင်းပင် ဖြစ်တော့သည်။

သဒ္ဓါစသည် လျော့လျှင်

ထိုတွင်မုချ “လူသီလထက် ပဗ္ဗဇ္ဇအဖြစ်သည် အနှစ်ပြည့်ဖြိုး အကျိုး ကြီးမြတ်လှ၏” ဟု သာသနာ့အမှုထမ်း ကြိုးပမ်း အားထုတ်ရာ သဒ္ဓါ သတိ သမာဓိ ဝီရိယ တွေးဆသည့်ပညာ လျော့ညံ့ပါလျှင် လေးရွာကို လမ်းမှား၍ “ဘုရားကြီးထီးတင် မမြင်ရပွဲပြီး၊ ဘကြီးကိုမတွေ့ ဆိုလေ့စကား သည်ပုံနှင့် ညား၍ အမှားကြီး မဖြစ်ကြရအောင် -

(မှတ်ချက်။ “ဘကြီးလည်းမမိ၊ ထီးတင်ပွဲလည်းမတွေ့”၊
“ဘကြီးနှင့်လည်းလွဲ၊ ထီးတင်ပွဲလည်း မမီ” ဟူ၍လည်း အသုံးရှိသည်။)

မကောင်းမှူနှင့် ကောင်းမှု ထူးခြားချက်

အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။
ကတဉ္စ သုကတံ သေယျော၊ ယံ ကတွာ နာနုတပ္ပတိ၊

(ဓမ္မ၊၅၇။) (ဂါထာ၊၃၁၄။)

ဒုက္ကဋံ - မကောင်းမှုကို။
အကတံ - မပြုမိခြင်းသည်။
သေယျော - မြတ်၏။
ဒုက္ကဋံ - မကောင်းမှုသည်။
ပစ္ဆာ - နောက်၌။
တပ္ပတိ - ပူပန်စေတတ်၏။
သုကတံ - ကောင်းမှုကုသိုလ်ကို။
ကတဉ္စ - ပြုခြင်းသည်သာလျှင်။
သေယျော - မြတ်၏။
ယံ - အကြင်ကုသိုလ်ကောင်းမှုသည်။
ကတွာ - ပြု၍။
န အနုတပ္ပတိ - မပူပန်-ဟု

သဒ္ဓါကို အရင်းပြု

လူသုံးတန်ပတ္တမြား မြတ်ဘုရားလျှင် ရှစ်ပါးသံတော် မြွက်ဖော် ရင့်ကျူး ဟောတော် မူအပ်သော တရားကို ဦးဖျားထိပ်ဆုံး သက်လုံးကြည်ရွှင် ထားတင် မြတ်နိုးလျက် ကိုယ်ကျိုး ကိုယ့်စီးပွားကို အားထုတ်မမေ့ ညဉ့် နေ့ မပျက် နှစ်သက်လှစွာ သဒ္ဒါကို အရင်းပြု၍ ပါတိမောက္ခတရားကို ကြိုးစား ရွက်ဆောင်ကြရအောင်။

သမဏ = ရဟန်းဟူသည်

နမုဏ္ဍကေန သမဏော၊ အဗ္ဗတော အလိကံ ဘဏံ။
ဣစ္ဆာလောဘ သမာပန္နော၊ သမဏော ကိံ ဘဝိဿတိ။
ယောစ သမေတိ ပါပါနိ၊ အဏုံထူလာနိ သဗ္ဗသော။
သမိတတ္တာ ဟိ ပါပါနိ၊ “သမဏော”တိ ပဝုစ္စတိ။

(ဓမ္မ။၅၁။) (ဂါထာ၊၂၆၄။၂၆၅။)

မုဏ္ဍကေန - ဦးပြည်းရိတ်ကာမျှဖြင့်။
သမဏော - သမဏမည်သည်။
- မဟုတ်။
အဗ္ဗတော - သီလအကျင့် ဓုတင်အကျင့်မှ ကင်းသော။
အလိကံ - ချွတ်ယွင်းသောစကားကို။
ဘဏံ-ဘဏန္တော - ဆိုသော။
ဣစ္ဆာလောဘ သမာပန္နော - အလိုရမက်နှင့် ပြည့်စုံသောသူသည်။
သမဏော - သမဏမည်သည်။
ကိံ ဘဝိဿတိ - အဘယ်မှာဖြစ်အံ့နည်း?

ယော စ ပုဂ္ဂလော - အကြင်ပုဂ္ဂိုလ်သည်ကား။
သဗ္ဗသော - အလုံးစုံ အခြင်းအရာအားဖြင့်။
အဏုံထူလာနိ - ငယ်ငယ်ကြီးကြီး ဖြစ်ကုန်သော။
ပါပါနိ - မကောင်းမှုတို့ကို။
သမေတိ - ငြိမ်းစေတတ်၏။
သော - ထို ပုဂ္ဂိုလ်ကို။
ပါပါနိ - မကောင်းမှုတို့ကို။
သမိတတ္တာ ဟိ = သမိတတ္တာဧဝ - ငြိမ်းစေတတ်သည်၏ အဖြစ်ကြောင့်သာလျှင်။
သမဏောတိ - “သမဏ” ဟူ၍။
ဝုစ္စတိ - ဆိုအပ်၏။

သမဏဘွဲ့ရ ဧကန်ဖြစ်ကြရအောင်

“ကတုံးဦးပြည်း ရိတ်လှည်းကာမတ္တဖြင့် “သမဏ” မမည်ရ၊ သီလဓုတင်အကျင့်နှင့် မယှဉ် လွတ်ကင်းစင်လျှင်လည်း အလျှင်းပင် “သမဏ” အမည်ကို မရဟု သုံးလောက မှန်ကင်း လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ ဝပ်စင်းညွတ်တွား မကိုဋ် ဦးထွဋ်ဖျားဝယ် တင်ထားပူဇော်အပ်သော ဘုရား မိန့်ကြားတော်မူအပ်သော ဗျာဒိတ်ဖြင့် မုတ်ဆိတ် ဆံပင် လူတွင်ဝတ်စား အနဓိဝရ သုံးလောက မာရဇိန်မုနိန္ဒရာဇ် ရှင်ချစ်ထွဋ်ဖျား ထံတော်ပါးမှာ –

ဘုရား ပစ္စေကာ ရဟန္တာတို့မှ ဝတ်ဆင်ရသည့် အနဂ္ဃဖိုးတန် ဖန်ရည်စွက်သင်္ကန်းကို ဆင်မြန်းဝတ်ရုံ ရွှေစက်စုံကို ခိုလှုံညွတ်ခ.၍ “သမဏ”ဘွဲ့ရ သာဝကကျွန်တော်မျိုးတို့ နည်းလိပ်ကမ္ပည်းရွှေဘွဲ့သ ဧကန်ဖြစ်ကြရအောင်၊

အာသဝတရားတိုးပွား၊ ချုပ်ငြိမ်းသည့်ရဟန်း

ယဉှိ ကိစ္စံ အပ္ပဝိဋ္ဌံ၊ အကိစ္စံ ပန ကရိယတိ။
ဥန္နဠာနံ ပမတ္တာနံ၊ တေသံ ဝဍ္ဎန္တိ အာသဝါ။
ယေသဉ္စ သုသမာရဒ္ဓါ၊ နိစ္စံ ကာယဂတာသတိ။
အကိစ္စံ တေန သေဝန္တိ၊ ကိစ္စေ သာတစ္စကာရိနော။
သတာနံ သမ္ပဇာနာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ။

(ဓမ္မ၊၅၅။) (ဂါထာ၊၂၉၂။၂၉၃။)

ယံ (ယေန) - အကြင်အကြောင်းကြောင့်။
ကိစ္စံ - ရဟန်းတို့၏ ပြုဖွယ်ဖြစ်သော သီလစောင့်ခြင်း တောကျောင်းနေခြင်း ဓုတင် ဆောင်ခြင်း ဘာဝနာမွေ့လျော်ခြင်းအမှုကို။
အပ္ပဝိဋ္ဌံ - စွန့်ပစ်၍။
အကိစ္စံပန - ရဟန်းတို့ပြုဖွယ် မဟုတ်သော သပိတ် ဘိနပ် ယပ်ကို တန်ဆာဆင်ခြင်း အမှုကိုကား။
ကရီယတိ - ပြုငြားအံ့၊။
ဥန္နဠာနံ - မာနဟူသောကျူကို ထောင်ကုန်သော။
ပမတ္တာနံ - မေ့လျော့ကုန်သော။
တေသံ ဘိက္ခူနံ - ထိုရဟန်းတို့အား။
အာသဝါ - အာသဝေါတရားတို့သည်။
ဝဍ္ဎန္တိ - ပွားကုန်၏။

ယေသဉ္စ – အကြင်ရဟန်းတို့အားကား။
နိစ္စံံ - အမြဲ။
ကာယဂတာသတိ- ကိုယ်၌ အဖန်တလဲလဲ ရှုသည်၏ အစွမ်းဖြင့်ဖြစ်သော။
သတိ - သတိကို။
သုသမာရဒ္ဓါ - ကောင်းစွာ အားထုတ်အပ်၏။
တေ ဘိက္ခူ - ထို ကာယဂတာသတိကို အားထုတ်ကုန်သော ရဟန်းတို့သည်။
အကိစ္စံ - ရဟန်းကိစ္စ မဟုတ်သော ဗာဟီရအမှုကို။
န သေဝန္တိ - မမှီဝဲကုန်။
ကိစ္စေ - ရဟန်းတို့ကိစ္စ၌။
သာတစ္စကာရိနော - မပြတ်ပြုလေ့ရှိကုန်၏။

သတာနံ - သတိရှိကုန်သော။
သမ္ပဇာနာနံ - အမြော်အမြင်ရှိကုန်သော။
တေသံ ဘိက္ခူနံ - ထိုရဟန်းတို့အား။
အာသဝါ- အာသဝေါတရားတို့သည်။
အတ္တံ - ချုပ်ခြင်းသို့။
ဂစ္ဆန္တိ - ရောက်ကုန်၏။

ရဟန်းတရား ကြိုးစားရွက်ဆောင်

အဓိပတိ တုမရှိသည့် မုနိထိပ်ပန်း ရဟန်းတို့သခင် ကိုးဂုဏ်ရှင် ဘုရားသည် သနား လှစွာ ကြီးမြတ်သော ကရုဏာဖြင့် သံသရာဘေးဝဋ်၌ မွန်းနစ်ကြသူ သုံးပါးလူကို နိဗ္ဗူကမ်းသောင် ပို့ဆောင်ကယ်ယူ တင်တော်မူရာ တပည့်သား သံဃာကို။

သမာရဒ္ဓ လုံ့လကြိုးကုတ် အားထုတ်ကြိုးပမ်း ရဟန်းတရားကို ပွားများ ရွက်ဆောင် စေခြင်းငှါ ရွှေနှုတ်ထွက် ဒေသနာကို ရိုသေစွာ နာခံ၍ ပြုရန်ကိစ္စမှန်သမျှကို နေ့ည ဆင့်တိုး အားကိုးရွက်ဆောင်ကြရအောင်။

ကရုဏာသခင် ဘုရားရှင်

ဘုန်းခေါင်ထွဋ်ဖျား ငါတို့သခင် ကျေးဇူးရှင်ဘုရားသည် ငါးပါးသော ဗုဒ္ဓကိစ္စ ကုံင ပြည့်စုံ၍ ရွှေဘုံနိဗ္ဗာန် ယူစံတော်မူရာ မလ္လာရဋ္ဌ ကုသိန္နပြည်တွင် မြိုင်ဥယျာဉ်ဝယ် နှစ်ပင်သော အင်ကြင်ပင်အကြား မြောက်ဦးခေါင်း အလားဖြင့် ခင်းထားအပ်သော ရတနာ ညောင်စောင်း၌ စက်လျှောင်းတော်မူလျက် ပစ္ဆိမယာမ် အထက်တွင် ပြည့်နက်ဝန်းရံ မိန့်တော်သံကို နာခံကြရာ ထေရ်သံဃာကို ကရုဏာတော်ငြိမ့်လေး ဆုံးမတော်ပေးသည်မှာ -

ပရိနိဗ္ဗာန် ဝင်စံတော့မည်

ပရိပက္ကော ဝယော မယှံ၊ ပရိတ္တံ မမ ဇီဝိတံ။
ပဟာယ ဝေါ ဂမိဿာမိ၊ ကတံ မေ သရဏ မတ္တနော။

(ဒီ၊၂။၁၀၁။ အပ၊၂၊၂၆၅)

ဘိက္ခဝေ - ငါ၏ချစ်သား ရဟန်းများတို့။
မယှံ - ငါဘုရား၏။
ဝယော - အရွယ်တော်သည်။
ပရိပက္ကော - ရှစ်ဆယ်ပြည့်သဖြင့် ရင့်လှပြီ။
မမ – ငါဘုရား၏။
ဇီဝိတံ - ဇီဝိတိန္ဒြေဟု ဆိုအပ်သောရုပ်သည်။
ပရိတ္တံ - ချုပ်လတ္တံ့ဖြစ်သောကြောင့် ကာလအနည်းငယ်သာ ရှိတော့သည်။

ဝေါတုမှာကံ – သင်ချစ်သားတို့ကို။
ပဟာယ-- ပယ်စွန့်၍။
ဂမိဿာမိ - ပရိနိဗ္ဗာန် ဝင်စံ ကြွသွားတော်မူတော့အံ့။
မေ - ငါဘုရားသည်။
သရဏံ - ကိုးကွယ်ရာဖြစ်သော တရားကို။
ကတံ - ပြုတော်မူပြီးပြီ။

(တစ်နည်းကား)
သရဏံ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာအောင် ဘုရားဖြစ်ကြောင်းဖြစ်သော ပါရမီစာဂ စရိယတို့ကို လုံ့လကြိုးကုတ် အားထုတ် ကျင့်ဆောင်ခြင်းကိစ္စ၊

မဟာဗောဓိမဏ္ဍိုင်ဝယ် ကြံ့ခိုင်မြဲမြံ ငါးပါးရန်ကို တိုက်လှန်ဖြိုလှစ် ဘုရားဖြစ်တော် မူပြီးသည်မှ ကာလနှစ်ဖွဲ့ လေးဆဲ့ငါးဝါ ရှည်မြင့်ကြာအောင် ငါးဖြာသောကိစ္စ နေ့ည ပိုင်းခြား ဘုရားတို့ကျင့်တမ်းဖြင့် သုံးခန်းတိုက်သူ နတ်လူဗြဟ္မာ ဝေနေယျာက မြိန်စွာရသ ဓမ္မနက်လေး တိုက်ကျွေးဝေငှ အမတ, သာခေါင် နိဗ္ဗာန်ဘောင်သို့ ပို့ဆောင်တော်မူခြင်းကိစ္စ၊

အရဟတ္တဖလ သုခချမ်းသာကို နာရီနေ့ညမခြား ဝင်စားတော်မူခြင်းတည်း ဟူသော ကိုးကွယ်ရာ တရားတို့ကို၊
ကတံ - ပြုတော်မူပြီးပြီ။

ကျွတ်ထိုက်လိုသော် အပါခေါ်

ငါးထောင်သင်္ချာ နှစ်ပေါင်းကြာအောင် သာသနာမှုထမ်း ရဟန်းနုနှယ် သားတော်ငယ် တို့ကို မျက်ကွယ်နောက်နောင် ရှောင်အပ်သော လမ်းကိုပိတ်၊ မခက်ကျိတ်အောင် ဘောင်ဘောင်ကြီး လမ်းထား၍ ဖဝါးခြေထပ် ထက်ကြပ် နောက်တော် မချော် စိုက်စိုက် လမ်းပိုက်မယူ ကျွတ်လိုသူကို အတူနောက်တော် အပါခေါ်အံ့သောငှါ -

မိမိစိတ်ကို စောင့်ရှောက်ပါ

အပ္ပမတ္တာ သတီမန္တော၊ သုသီလာ ဟောထ ဘိက္ခဝေါ။
သုသမာဟိတသင်္ကပ္ပါ၊ သစိတ္တ မနုရက္ခထ။ (ဒီ၊၂။၁၀၁၊)

ဘိက္ခဝေါ - ငါ၏ချစ်သား ရဟန်းများတို့။
အပ္ပမတ္တာ - မမေ့မလျော့။
သတီမန္တော- အောက်မေ့ဆင်ခြင်ခြင်း သတိနှင့် ပြည့်စုံကုန်သည် ဖြစ်၍။
သုသီလာ - ကောင်းသော စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံကုန်သည် ဖြစ်၍။
ဟောထ - ဖြစ်ကြကုန်လော့။

သုသမာဟိတသင်္ကပ္ပါ - မိစ္ဆာဝိတက်ကို ခွါလျက် ကောင်းသောစိတ် အကြံရှိသည် ဖြစ်၍။
သစိတ္တံ - မိမိစိတ်ကို။
အနုရက္ခထ - လွန်လွန်ကဲကဲ ဆင်းရဲသော အပါယ်ဘေးကြီးကို မနီးမကပ်ရအောင် အဖန်တလဲလဲ စိတ်စွဲ၍ စောင့်ရှောက်ကြကုန်လော့။

နောက်ထပ် မိန့်တော်မူ

မလျော့မမေ့ ညဉ့် နေ့မဟူ စင်ဖြူသီလဖြင့် အပါယဘေး မညှိကောင်း ကြံရှိလျက် သတိမကွာ သုံးပါးသော သိက္ခာကို ကောင်းစွာကျင့်မြောက်က ငါ့နောက်တော်လမ်း ဖြောင့်တန်းမဝေး မှီသင့်ရေး ရှိကြောင်းကို သံညောင်း မွှေးကြူ နောက်ထပ်၍ မိန့်တော်မူသည်မှာ –

အပ္ပမာဒတရား လက်ကိုင်ထား

ယောဣမသ္မိံ ဓမ္မဝိနယေ၊ အပ္ပမတ္တော ဝိဟဿတိ။
ပဟာယ ဇာတိသံသာရံ၊ ဒုက္ခဿန္တံ ကရိဿတိ။ (ဒီ၊၂၊၁ဝ၁။)

ဘိက္ခဝေ - ငါ၏ချစ်သား ရဟန်းများတို့။
ယော ပုဂ္ဂလော - အကြင် သံသရာဘေးမှ ကင်းလွတ်လိုသော ပုဂ္ဂိုလ်သည်။
ဣမသ္မိံ ဓမ္မဝိနယေ - ဤငါဘုရား အဆုံးအမတော် တည်းဟူသော သိက္ခာသုံးပါး၌။
အပ္ပမတ္တော - ကောင်းစွာ မမေ့လျော့ အပ္ပမာဒတရားနှင့် ပြည့်စုံသည်ဖြစ်၍။
ဝိဟဿတိ - နေလတ္တံ့။

သော ပုဂ္ဂလော - ထိုပုဂ္ဂိုလ်သည်။
ဇာတိသံသာရံ - ဇရာ ဗျာဓိ မရဏ စသော ဆင်းရဲတို့၏ အကြောင်းဖြစ်သော ပဋိသန္ဓေနေခြင်းဟု ဆိုအပ်သော သံသရာကို။
ပဟာယ - လွတ်လွတ်ကင်းကင်း အလျင်းပယ်စွန့်၍။
ဒုက္ခဿန္တံ - ဒုက္ခတို့ အဆုံးဖြစ်သော နိရောဓသစ္စာကို။
ကရိဿတိ - လေးဝသော မဂ် လေးချက်သော ဖိုလ်ဉာဏ်ဖြင့် ဧကန်မျက်မှောက် ပြုရလတ္တံ့ - ဟု

ဘုရားရှင်နောက် လိုက်ကြရအောင်

နောက်ပါထက်ကြပ် ခြေထပ်ဖဝါး လမ်းမမှားအောင် ရဟန်းများသခင် သုံးလူရှင် ဘုန်းခေါင် ခြောက်ရောင်ဝင်းပ အတုလဓမ္မရာဇ် ရှင်ချစ်မြွက်ဖော် အမိန့်တော်ကို ထိပ်ပေါ်ထားတင် လျင်လျင်မကြာ ခုဘဝ မလွတ်သာလျှင် ဇာတိဘေး လှိုင်းဂယက် သုံးကြိမ်ထက်မလွန်ရ ခံပြီးမှလျှင် ဘေးဆိုသမျှ ကင်းကုန်သည့် သီမြုံ ရွှေနန်းကို ကိုးဂုဏ်ရှင်ကြွလမ်း စခန်းထောက် မဝေးမီတူညီစုရုံး၍ လမ်းဆုံးကိုလိုက်ကြရအောင်၊

သစ္စာလေးပါး

ဤခန္ဓာကိုယ် အကောင်ပုပ်ကြီးသည် ကိုးဆယ့်ခြောက်ဖြာ ရောဂါထူထပ် ဥပါဒ် များစွာ ရန်တကာရစ်ထွေး ဘေးတကာဝိုင်းအုံ အလုံးစုံ ဆင်းရဲအတိ ဖြစ်သော ကြောင့် ဒုက္ခသစ္စာ မည်၏။

လောဘ ဒေါသ မာန ကောဓ ဥပနာဟ အစရှိသော အကုသိုလ်တရား အပေါင်းသည် လည်းကောင်း၊ နိဗ္ဗာန်ကိုမလို လူ့ပြည်နတ်ပြည်ကိုသာ တောင့်တ.၍ ပြုအပ်သော လောကီကုသိုလ် တရားအပေါင်းသည် လည်းကောင်း ဤဒုက္ခအိုးကြီးကို ဖြစ်စေ တတ်သောကြောင့် သမုဒယသစ္စာ မည်၏။

နိဗ္ဗာန်သည် ဘေးဒုက္ခအပေါင်းတို့၏ တပေါင်းတည်းငြိမ်းရာ ချုပ်ရာဖြစ်သောကြောင့် နိရောဓသစ္စာ မည်၏။

နိဗ္ဗာန်ကို တောင့်တ၍ ပြုအပ်သော ဒါန သီလ ဘာဝနာ ကုသိုလ်တရား အပေါင်း သည် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောကြောင့် လောကိယမဂ္ဂသစ္စာ မည်၏။

(ဝိဘင်းပါဠိတော်လာ သစ္စာလေးပါး)

ဆုတောင်း

ဤကုသိုလ် ကောင်းမှုကြောင့် ဤဘဝ နောက်ဘဝ နှစ်ဘဝ သုံးဘဝထက်မကြာ မလွန်စေရ၊ ပဋိသမ္ဘိဒါလေးပါး အဘိညာဏ်ခြောက်ပါး သမာပတ် ရှစ်ပါးတို့နှင့် တကွ ရဟန္တာဖြစ်၍ ဇာတိဇရာ ဗျာဓိမရဏ စသော တစ်ဆယ့်တစ်သီး မီးအပေါင်းတို့မှ ကောင်းကောင်းကြီး ငြိမ်းအေးရာ နိဗ္ဗူတာ ချမ်းသာမြတ်ကို မြန်မြန်ကြီး ရပါလို၏။

(ဤအတိုင်းချည်း ဆုတောင်းကြရမည်။)

ပုံနှိပ် နိဂုံး

ရတနာရောင်ခြည် ပတ်ဝန်းလည်သား မြန်ပြည်ပထမ အာဒိကဖြင့် ပဉ္စမ သံဂါယနာတင် ဆဒ္ဒန်ရှင်သည် ဦးတင်ညွှတ်ခ ကျိုးကြောင်းပြလျက် ဓမ္မလောကီ အဆီမြိုက်နှစ် ရသာစစ်ဟု ယက်နစ်ယူရာ မှန်လှစွာတည့် ရူပါရမ္မဏ စသည်လုံးစုံ အာရုံမကပ် တောရပ်ပျော်မွေ့ မုနေ့သီလဝင် ရွှေကျင်မြတ်စွာ ထေရ်မဟာသည် -

ဧရာဝတီ နဒီတရိုး တရားမိုးကို စွေကြိုးရွာဆွတ် သုံးဘုံလွှတ်လျက် မြတ်လှကေသီ သရီမွေပုံ ဒဂုံထွတ်ဦး ကော်ရော်ဖူး၍ ပဲခူးနဂရ ဌာနသာလွင် မော်ဓောရှင်ကို ကြည်လင်ဝန္ဒာ ရောက်ကြိုက်ခါဝယ် သံဃာအများ တပည့်သားတို့ လျှောက်ထား ခွင့်ပြု တောင်းပန်မှုကြောင့်

ပွင့်နုချပ်စုံ ကြာတော်ရုံဟု သုံးပုံပိဋကတ် ဝက်ရည်မြတ်ကို လျောက်ပတ်လျော်ရာ ထုတ်နှုတ်ခါဖြင့် လာဘာသက္က စသည်အပြစ် မြှေးရစ်ကပ်ငြိ အာဒီနဝကထာ စီစဉ် လာသား မင်္ဂလာအောင်ဟိတ် ရွှေဗျာဒိတ်ဝယ် သိဿကောဝါဒ မည်ရတွင်မှန်း ဤစာတမ်းကို -

မဂ်နန်းရွယ်ကာ စေတနာနှင့် သဒ္ဓါလွန်မင်း အောက်စာရင်းဝယ် ရေးသွင်းလျက်ပါ ဒါယကာတို့ “ရတနာသီရိ” မည်ရှိပတ်ဝိုက် စာရွှေတိုက်ဝယ် ညွန့်ကိုက်ပီပြင် ပုဒ်ပါဌ် စင်၍ စက်တင်နှိပ်ခါ သန့်ရှင်းစွာဖြင့် အက္ခရာဝန်းဝန်း လွှမ်းရိုက်မွှန်းသည် မော်ကွန်းတင်ရစ်စေကြောင်းတည်း။

၁၂၅၂- ခုနှစ်၊ ကဆုန်လဆန်း (၁၅) ရက်နေ့တွင် လူရှင်နှစ်ပါး အကျိုးစီးပွား များကြစေရန် စီမံရေးသားအပ်သော သိဿကောဝါဒစာတမ်း နိဋ္ဌိတံ

ပထမောဝါဒ စာတမ်း

ဆရာဩဝါဒစကား တရားရေအေး တိုက်ကျွေးလိုက်သည် ရှိမ်းမကားရွာ ဒါယကာ ကြီးငယ် တစ်စုတို့ ... ။

သာသနာထွန်းလင်းအောင် ရွက်ဆောင်

ယခု တပည့်တပန်း ရဟန်းသံဃာတို့အား ဆရာဩဝါဒ ပေးထားလိုက်သည့်အတိုင်း မိမိတို့ဆရာများ အထူးနေရာကျအောင် ဒါယကာတို့တွက်တာ အားထုတ်သင့်သော အရာများကို အားထုတ်၍ မိမိတို့ကျေးရွာ၌ သာသနာတော် အထူးစင်ကြယ် ထွန်းလင်းအောင် ရွက်ဆောင်အားထုတ် ကြရမည့်အကြောင်း။

အလဇ္ဇီ ပါပဓမ္မများ မှတ်သား

သာသနာတော် အတိမ်အနက် ဆိုးကောင်းယုတ်မြတ် ပုဂ္ဂိုလ်များကိုလည်း အထူး သိနိုင်ကြအောင်၊ ယခုဆရာ ပေးထားလိုက်သည့် ဩဝါဒစာတွင် ပါရှိသောဝိနည်း အရာ၊ အထက်နတ်ရွာစံ မင်းတရားကြီး ၁၂၁၇-ခုနှစ်၊ ဆရာတော်ဘုရားကြီးများနှင့် တိုင်ပင်လျှောက်ထား ထုတ်ပြန်အပ်သော အမိန့်တော်ပြန်တမ်းကြီးတွင် ပါဝင်သော အလဇ္ဇီပါပဓမ္မ အရာများကိုလည်း အတန်အရာ လူတို့ကြားဖူးနားဝ ရှိကြအောင် အထူး ကြည့်ရှုမှတ်သားကြစရာ လွန်စွာကောင်းလှသည့်အကြောင်း။

အလဇ္ဇီများကို ကိုးကွယ်မိသည့်အခါ

ကိုးကွယ်သင့် မကိုးကွယ်သင့်၊ ဆိုးကောင်းယုတ်မြတ် မသိတတ်၊ အမှတ်မဲ့ ကျောင်းကန် ဆောက်လုပ်ကိုးကွယ်ကြရာ အလဇ္ဇီမသူတော်များကို ကိုးကွယ်မိကြ သည့်အခါ ထိုမိမိဆရာ ပုဂ္ဂိုလ်တို့က လဇ္ဇီသူတော်ကောင်းတို့၏ အပြစ် အာဒီနဝကို ပြောကြားနာခံရသဖြင့် မိမိတို့မှာ သူတော်ကောင်း ရဟန်းတို့ကို မကိုးကွယ်ရရုံမက ထိုလက်ဇ္ဇီ သူတော်ကောင်းတို့အား ကဲ့ရဲ့ပြစ်မှား အပါယ်လားကြရမည့် အရာလွန်စွာ ပေါများကြောင်း၊

လွန်စွာ သတိထား

“ဘုရားရှင် လက်ထက်တော်အခါက မိစ္ဆာဒိဋ္ဌိများကို ကိုးကွယ်မှား၍ မိမိတို့ဆရာ ပုရာဏကဿပ စသော မိစ္ဆာဒိဋ္ဌိတို့ထံမှ ဘုရားရှင်အပြစ်ကို အခါခါ ကြားနာရသည့် အတွက် ၎င်းဒကာတို့မှာ ဘုရားရှင်ကို မကိုးကွယ်ရရုံမက ဘုရားရှင်ကို ပြစ်မှား၍ အပါယ်လား ကြသူတို့ပင် အလွန်ပေါများကြသည်ကို ထောက်ထားသဖြင့် - ယခုအခါ ရဟန်းသာမာန်တို့ လက်ထက်မှာ မဆိုသာလွန်စွာ သတိထားကြရမည့်အကြောင်း

ဆိုးကောင်းယုတ်မြတ် မသိတတ်၍သာ

ရာမညတိုင်း အောက်ပြည် မြို့ရွာတို့၌ စူဠ-မဟာ၊ ကံနှင့်ဒွါရ ကွဲပြားကြရာ မလိမ္မာသော ဒကာအပေါင်းတို့ ဘုန်းကြီးကောင်းများကို ပြစ်မှားကဲ့ရဲ့ တရွဲ့ တစောင်း ပြုသဖြင့်မှားခြင်းကြီးမှား၍ နေကြသည့် အရာများလည်း ဤကဲ့သို့ ဆိုးကောင်း ယုတ်မြတ် မသိတတ်ရှာကြ၍သာ ဖြစ်ရှာကြသည့် အကြောင်း။ ယင်းကဲ့သို့ မမှားကြရအောင် အထူး သတိဆောင်ကြရမည့် အကြောင်း

ကိုးကွယ်ကျိုးနပ်အောင်

“လယ်ကောင်း လယ်ညံ့ကို သိ၍ စပါးလုပ်မိမှသာ စပါးလုပ်ကြိုးနပ်သကဲ့သို့။” ကိုးကွယ်သင့်၊ မကိုးကွယ်သင့်၊ ဆိုးကောင်းယုတ်မြတ် ပုဂ္ဂိုလ်တို့ကို သိတတ်မှ မိမိတို့ကျောင်းကန် ဆောက်လုပ်၍ ဘုန်းကြီးကိုးကွယ်ကျိုး နပ်နိုင်မည်။

အလဇ္ဇီများကို ကိုးကွယ်မိ၍

ယင်းသို့ မသိတတ် အမှတ်မဲ့ အလဇ္ဇီ ဒုမ္မင်္ကုပုဂ္ဂိုလ်များကို ကျောင်းဆောက် ကိုးကွယ် မိသည့်အတွက် - “ဘုရားရှင်၏ လက်ထက်တော်အခါ မိမိဆရာ၏ စကားကို နာယူ မှားသဖြင့် သူတော်ကောင်းရဟန်းများကို ကဲ့ရဲ့ပြစ်မှား၍ သေသည်မှ အခြားမဲ့၌ ယင်းမိမိကျောင်းတိုက်ရှိ ဝစ္စကုဋီအိမ် မစင်တွင်းထဲ၌ ဆရာဒကာ နှစ်ဦးစလုံး ပြိတ္တာကြီးဖြစ်၍ အနှစ်များစွာ ပြိတ္တာ ဒုက္ခကို ခံစားနေရကြောင်းနှင့်” ပေတဝတ္ထု ပါဠိတော်တွင် လာသည့်အတိုင်း မဖြစ်ကြရအောင်၊

သာသနာ ထွန်းလင်းစရာ ရှိသည်

သာသနာတော် အတိမ်အနက် ဆိုးကောင်းယုတ်မြတ်ကို သိအောင် ပြုသဖြင့် မိမိတို့ အကျိုး သာသနာတော် အကျိုး၊ နှစ်ပါး ပြီးစေခြင်းငှါ
ယောနိသောမနသိကာရ တရားများကို ကောင်းကောင်းကြီး နှလုံးထား၍ အလဇ္ဇီ ဒုမ္မင်္ကုပုဂ္ဂိုလ်တို့ကို အားပေး အားမြှောက် မပြုမိကြရအောင် ကြံဆောင် အားထုတ်နိုင်ကြလျှင် ယခုကဲ့သို့ အထက်ဓမ္မရာဇာ သာသနာပြုမင်း ဦးစီးကင်း၍ နေသော်လည်း သာသနာပြုမင်း ရှိသကဲ့သို့ပင် သာသနာတော် စင်ကြယ်ထိန်ဝင်းထွန်း လင်းတောက်ပစရာ ရှိသေးသည့် အကြောင်း။

အကျိုးထူးဖြစ်ပွားအောင်

ဒါယကာတို့ ရှိမ်းမကားရွာတွင် ဆရာ ရှေးက သာသနာပြုဖူး၍ အထူး ထွန်းလင်း ဖူးသည့်အတိုင်း ယခုလည်း အထူး ထွန်းလင်းသဖြင့် ဘုန်းကြီးကိုးကွယ် လှူဒါန်း ရသော ဒါယကာတို့အား အကျိုးထူး ဖြစ်ပွားကြရအောင် ကြံဆောင်အားထုတ်ကြ စေချင်ကြောင်း၊

အလဇ္ဇီများအားရှိနေ

ယခုအခါ ပြည့်ရှင်မင်း ကင်း၍နေသည့်အတွင်း ခိုးသားဓားပြတွေ အလွန်နိုင်နင်း တိုက်ဖျက်ခွင့် ရသကဲ့သို့ သာသနာပြု ပြည့်ရှင်မင်းကင်းသည့် အခိုက် အလဇ္ဇီ ဒုမ္မင်္ကုပုဂ္ဂိုလ်တို့သာ လွန်စွာ အခွင့်ရသည်ဖြစ်၍ “ဆိတ်တစ်ကောင်ကို ကျားတစ်ထောင် ကြောက်ရသည့်” ကောသလမင်းကြီး အိပ်မက်ခန်ုး ဆိုက်သဖြင့် လဇ္ဇီသူတော်ကောင်း မှန်သမျှ အလွန် အားနည်းသည်ဖြစ်၍ အလဇ္ဇီပုဂ္ဂိုလ်တို့သာ လွန်စွာ အားရှိသဖြင့် -

“တစ္ဆေကို လူ-ကပူး၊ ခွေးရူး- က တုတ်ဆောင် ဆိုသကဲ့သို့”

ထိုလဇ္ဇီ ရဟန်းကောင်းကိုပင် အလဇ္ဇီဒုမ္မင်္ကု အစိုးရဂိုဏ်းအုပ်၊ ဂိုဏ်းထောက် ပြုလုပ်ကြသူတို့၏ ဆင့်ဆိုဆုံးမ နှိမ်နင်းသည်များကို ခံနေကြရသည် ဖြစ်၍ သာသနာတော် အလွန်အားနည်း၍ နေသည့်အပေါ်တွင်

အလဇ္ဇီကိုချီးမြှောက် လဇ္ဇီကိုနှိပ်နင်းနေ

သာသနာတော် အတိမ်အနက် ဆိုးကောင်းယုတ်မြတ် မသိတတ်ကြသူ လူဒါယကာ လူဆင်းရဲ လူမွဲ လူရတတ် အထက်မှူးမတ် အစိုးရမင်းတို့ပါ ယင်းသို့သော အလဇ္ဇီ ဒုမ္မင်္ကုပုဂ္ဂိုလ်တို့ကို လွန်စွာချီးမြှောက် ကျောင်းဆောက် ကိုးကွယ်ကြ၍နေကြရုံမက – အချို့သောအရပ်များ၌ များသောအားဖြင့် လဇ္ဇီ သူတော်ကောင်းများကိုပင် ပြစ်တင် ကဲ့ရဲ့ချိုးဖဲ့နှိပ်နင်း ပြုပြန်ကြသည့် အတွက်ကြောင့် --

ရှိမ်းမကားသာသနာ ထွန်းလင်းစေချင်

“မြွေကိုက်သည့် အပေါ်တွင် စုန်းနတ်ပယောဂ ဝင်စွက်ပြန်သည် ဆိုသကဲ့သို့ နေသဖြင့်၊”
သာသနာတော်ရေးရာတွင် လွန်စွာအကြံခက်၍ နေသောကြောင့် အလုံးစုံအရပ်ရပ် သာသနာတော် တွက်တာကို ဆရာ မတတ်နိုင်သော်လည်း “ရှေးနတ်ရွာစံ မင်းတရားကြီးလက်ထက် လက်ျာဗိုလ်များနှင့် တကွ သာသနာပြုဖူး၍ အထူးထွန်းလင်း၊ ဘုရားဒါယကာတို့ ရှိမ်းမကားရွာတွင် သာသနာဖြစ်ထွန်းရန် ရှိသရွေ့ ဖြစ်ထွန်းစေဦးတော့”ဟု အထူး နှလုံးပြုသဖြင့် ဒါယကာတို့အား အထူး ကွက်မှတ် ပိုင်းခြား တရားရေအေး တိုက်ကျွေးလိုက်ကြောင်း၊

ဩဝါဒစာ နာယူပါ

ယခု ပေးထားလိုက်သော အရပ်ရပ် ဩဝါဒစာများကိုလည်း တောင်တောရကြီး သံဃာ၊ သရက်ချောင်၊ ဘုန်းပွင့်တိုက်သံဃာများ စည်းဝေးဖတ်ရွတ်ကြရာ ကျောင်း ဒါယကာတို့နှင့်တကွ ရွာလုံးကျွတ် သွားလာနာခံကြစေ ချင်ကြောင်းများနှင့် – ကရုဏာရှေ့ထား တရားရေးအေး တိုက်ကျွေးလိုက်သည် ရှိမ်းမကား ရွာနေ ဆရာကို ယုံကြည်ကိုးစားရင်းရှိကြသူ “ဦးဖြူ” “ဦးနက်”မဆို ထိုထို ဒါယကာကြီးငယ် တစ်စုတို့

၁၂၅၄- ခုနှစ်နယုန်လပြည့်ကျော် (၈) ရက်၊ သောကြာနေ့တွင် မင်းကွန်းငွေတောင် တောရ ရွှေကျင်ဆရာတော်ဘုရားကြီး၏ ပထမောဝါဒစာတမ်း ပြီး၏။

ဒုတိယောဝါဒ စာတမ်း

ဆရာ ဒုတိယောဝါဒ ဓမ္မရေအေး တိုက်ကျွေးအပ်သည် ရှိမ္မကားရွာ ဒါယကာကြီးငယ် တစ်စုတို့ ..

နိဒါန်း

ယခင် ဆရာပေးထား ဆုံးမအပ်သည့် ပထမောဝါဒစာတမ်းတွင် “သာသနာတော် ဖြစ်ဟန် အတိမ်အနက် ဆိုးကောင်းယုတ်မြတ်ကို ဂဟဋ္ဌဖြစ်သူ လူတို့လည်း အတန်အရာ သိနိုင်ကြမှ ကျောင်းတန်ဆောင်းလုပ် ဘုန်းကြီး ကိုးကွယ် လှူဒါန်းကျိုး အထူးရှိကြမည်” ဟူသောအချက်ဝယ်

ဆိုးကောင်း ယုတ်မြတ်

သာသနာ အတိမ်အနက် ဆိုးကောင်းယုတ်မြတ်ကို အဘယ်သို့သိအပ်သနည်း? ဟူသော် “ဘုရားဝိနည်းတော်နှင့် မလျော်မညီ အလဇ္ဇီပြုကျင့်သည့် ပုဂ္ဂိုလ်ဟူ သမျှသည်ပင် ပုဂ္ဂိုလ်ဆိုးချည်းတို့တည်း၊”

ကုလဒူသန အမှုများ

ယင်းဝိနည်းတော်ဟူသည်လည်း-
အဋ္ဌဟိ ဝတ္ထူဟိ ကုလာနိ ဒူသေတိ ပုဗ္ဖေနဝါ။ (ဝိ၊၁။၂၁၈)
အစရှိသော ပါရာဇိကဏ် ပါဠိတော်မြတ်အတိုင်း ရဟန်းတို့မှာ ဒါယကာတို့အား ငှက်ပျောသီးပေးခြင်း၊ ထမင်းကျွေးခြင်းစသည်တို့ကိုပြုကျင့်မိက ထိုရဟန်းသည် ထိုဒါယကာတို့ကို မှိုင်းမ ချီးမြှောက်သည် မမည်။ စင်စစ်မူကား ဖျက်ဆီးသည်သာ မည်လေတော့သည်။

ယင်း ကုလဒူသနအားဖြင့် ထိုရဟန်းအား ထိုရပ် ထိုရွာ ထိုနေရာ ကျောင်းတိုက်မှ ပဗ္ဗာဇနိယ ဝိနည်းကံဖြင့် နှင်ထုတ်ကြရမည် - ဟု ဘုရားရှင် ပညတ်တော်မူသည်။

ကုလဒူသနကြောင့် အာပတ်များသင့်

ရဟန်းတို့မှာ ဒါယကာတို့အား သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ဖြင့် ကုလဒူသနအမှုကို ပြုကျင့်သည်အခါ --

  • လာဘ်ကိုမငဲ့ မတောင့်တဘဲ အမှတ်မဲ့ ပေးသည်ဖြစ်အံ့၊ ကုလဒုသန ဒုက္ကဋ် အာပတ် တစ်ချက်၊
  • သဒ္ဓါဒေယျ ဝိနိပါတ ဒုက္ကဋ်အာပတ် တစ်ချက်၊
  • လာဘ်ကို တောင့်တပြန်သည်ဖြစ်အံ့ အနေသနမိစ္ဆာဇီဝအာပတ် တစ်ချက်၊

အားဖြင့် ရှေးဦးစွာ အာပတ် ၂-ချက်၊ ၃-ချက် သင့်သည်။

ထို့နောင် ထိုဒါယကာတို့ ပစ္စည်းဝတ္ထုကို အလှူခံ၍ သုံးဆောင်သည့်အခါ ဆွမ်းစား ရာဝယ် ဆွမ်းလုပ်တိုင်း၊ သင်္ကန်းကိုင်ရာ သင်္ကန်းပြင်၍ဝတ်တိုင်း ရုံတိုင်း၊ ကျောင်းပေါ်သို့ တက်တိုင်း ဝင်တိုင်း၊ နေထိုင်သွားလာတိုင်း ဒုက္ကဋ် အာပတ်တွေ အသင်္ချေယျမက အခါခါအထပ်ထပ် သင့်၍နေသဖြင့် ထိုပုဂ္ဂိုလ် ရဟန်းမှာ မိစ္ဆာဇီဝ ဆေးကုနည်းဖြင့် မကုသရွေ့ ထိုအမှုကို မရှောင်ကြဉ်သရွေ့ ကာလပတ်လုံး အလဇ္ဇီ အမှုမှ မထမြောက်နိုင် ဖြစ်လေတော့သည်။

နေလွဲအခါ ဆေးဝါး ကွမ်းစား ပြုမိသူတို့မှာ ပြောပလောက်သော အနာရောဂါရှိ၍ စားသောက်သည်မှတစ်ပါး စားတိုင်း ဝါးတိုင်း ဆေးရည် ကွမ်းရည် လည်မျို တစ်ဖက်သို့ ဝင်တိုင်းဝင်တိုင်း ဝိကာလဘောဇန သိက္ခာပုဒ် ဒုက္ကဋ်ဝါရဖြင့် ဒုက္ကဋ် အာပတ်သင့်သည်။ ထိုပုဂ္ဂိုလ် ထိုအမှုမှ ရှောင်ကြဉ်ပါတော့မည်-ဟု “အာယတိ သံဝရ မရှိသရွေ့ ကာလပတ်လုံး ထိုကွမ်းစား ဆေးဝါးမှု အလဇ္ဇီအဖြစ်မှမထနိုင်။

အကြောင်းမရှိဘဲ ဖိနပ်မစီးကောင်း

ရဟန်းတို့မှာ ပြောပလောက်သော အနာ အကြောင်းမရှိဘဲလျက် မြို့တွင်း ရွာတွင်း၌ ဖိနပ်စီး၍ မသွားကောင်း၊ သွားလျှင် ဖဝါးလှမ်းတိုင်း လှမ်းတိုင်း ဒုက္ကဋ်အာပတ် သင့်သည်။ ထိုပုဂ္ဂိုလ် ထိုအမှုမှ ရှောင်ကြဉ်ပါတော့မည်ဟု “အာယတိံ သံဝရ” မရှိသရွေ့ ကာလပတ်လုံး ထိုဖိနပ်စီးခြင်း အလဇ္ဇီအမှုမှ မထနိုင်။

မအပ်သောသင်္ကန်း မဝတ်ရုံကောင်း

မအပ်သော ဆိုးရည်ရှိသော နနွင်းဆိုး၊ ပေါက်ပွင့်ဆိုး၊ ပိုးပိတ်နီ၊ သက္ကလပ်သင်္ကန်း၊ မဟာလှေခါးပန်းထက်မက အရောင် အဆင်းရှိသော ဖဲကတ္တီပါ သင်္ကန်းတို့ကို ဝတ်ရုံ မိသည်ဖြစ်အံ့၊ ဝတ်ရုံတိုင်း ဝတ်ရုံတိုင်း ထိုသင်္ကန်းပြင် ဆင်၍ ဝတ်တိုင်း ရုံတိုင်း ဒုက္ကဋ်အာပတ်များစွာ သင့်သည်။ ထိုအမှုကို ထို ပုဂ္ဂိုလ် မရှောင်ကြဉ်သရွေ့ ကာလ ပတ်လုံး ထိုသင်္ကန်းရုံ အလဇ္ဇီအမှုမှ အချင်း ခပ်သိမ်း မထနိုင်။

တိုက်ရိုက် မတောင်းကောင်း

ရဟန်းတို့မှ ဆွမ်း သင်္ကန်း ပရိက္ခရာများကို မဖိတ်မကြားသော အပဝါရိတ ဒါယကာ အဆွေမတော်ရာ ဒါယကာ လူတို့အား ဝိညတ်အားဖြင့် တိုက်ရိုက် မတောင်းရုံမက “ကျောင်း၌ ဆွမ်းရှားသည်၊ သင်္ကန်းနွမ်းပါးသည်” ဟူ၍ ဒါယကာတို့ရှေ့ ပရိယာယ် ဩဘာနိမိတ်ကိုမျှ မပြုကောင်း၊

ယင်းသို့ပြုလျှင်ပြုခြင်း အနေသနဒုက္ကဋ်အာပတ် သင့်သည်။ ထိုဆွမ်း သင်္ကန်း တို့ကို သုံးဆောင်သည့်အခါ ဆွမ်းစားစဉ် လုပ်တိုင်းလုပ်တိုင်း သင်္ကန်းဝတ်ရာ သင်္ကန်းပြင်၍ ဝတ်တိုင်းဝတ်တိုင်း အာပတ်သင့်သည်။ ထိုအမှုကို ထိုပုဂ္ဂိုလ် မရှောင်ကြဉ်သရွေ့ ကာလပတ်လုံး ထိုအလဇ္ဇီအမှုမှ မထနိုင်၊ ထာဝရ အလဇ္ဇီဖြစ်၍ နေတော့သည်း

မိမိထံ ရှင်ပြုလာသမျှ ပဉ္စင်းခံလာသမျှ ပုဂ္ဂိုလ်တို့လည်း ယေဘုယျ အားဖြင့် မိမိကဲ့သို့ အလဇ္ဇီကြီး ဖြစ်၍နေလေတော့သည်။

အလဇ္ဇီချည်းသာ

အထက်အစိုးရ ပုဂ္ဂိုလ်တို့တွင် အလဇ္ဇီဖြစ်အံ့၊ ထိုပုဂ္ဂိုလ်တို့ထံ မျက်နှာ လိုလား သွားလာဆည်းကပ် စားသောက် သုံးဆောင် လက်ဆောင်ပေးလှူရာ ခံယူကြသူ ပုဂ္ဂိုလ် ဟူသမျှ အရာအထောင်မက အလဇ္ဇီချည်းသာ ဖြစ်ကြရလေသည်။

မဟာအလဇ္ဇီ

၎င်း အစိုးရပုဂ္ဂိုလ်တို့ထံ ကြေးငွေ လက်ဆောင်ထိုး၍ ဂိုဏ်းအုပ် ဂိုဏ်းထောက် အရာခံကြပြီးကာ ၎င်းဂိုဏ်းအုပ် ဂိုဏ်းထောက်ပြု၍ လဇ္ဇီရဟန်းကောင်းတို့ကို ချိုးဖဲ့ နှိပ်ရင်း ဆင့်ဆိုခေါ်ကြ ငွေလက်ဆောင်စား၍ တရားမဟုတ် စီရင်ကြသဖြင့် အလွန် အပြစ်ကြီးစွာ မဟာသာဝဇ္ဇ မဟာအလဇ္ဇီ ဗိုလ်ကြီးတိုင်အောင် ဖြစ်ကြလေသည်။

မှားခြင်းကြီး မှားနေကြ

ဤသို့ အလဇ္ဇီဗိုလ်ချုပ်ဖြစ်၍ လဇ္ဇီရဟန်းကောင်းတို့ကို ဆင့်ဆိုခေါ်ကြ အဓမ္မ အဝိနယကို အခါခါပြု၍ သာသနာတော်ကို ဖျက်ဆီး နေထိုင်ကြသော အလဇ္ဇီဗိုလ်ချုပ် မဟာအလဇ္ဇီ ပုဂ္ဂိုလ်တို့အား အလဇ္ဇီပုဂ္ဂိုလ်မှန်း အထင်အရှား အများ သိကြလျက် သိလောက်လျက် မသိလျှင် မောဟာဂတိ

သိပါလျက်လည်း လောကမျက်နှာ ဆန္ဒာဂတိ လိုက်သဖြင့် အမြဲ ကျောင်းဆောက် ကိုးကွယ် အားပေးအားမြှောက် ပြုမိကြသူ လူဒါယကာတို့ မှာလည်း သာသနာ တော်ပျက်စီးကြောင်းကို ပြုမိသည့်အတွက် အလဇ္ဇီပဂ္ဂဟ ဒါယကာဗာလ ဖြစ်သဖြင့်

“မုဆိုးအားပေး မုဆိုးခွေး” အလား မှားခြင်းကြီး မှား၍နေကြသော သူသာ အလွန် ပေါများလျက်ရှိကြောင်း။

အများနည်းတူ မိုးခါးရေ မသောက်နှင့်

ယင်းသို့ ဆရာဗာလတို့ကို စွဲ၍ ယခုအခါ ဘုရားသာသနာတော် အလွန် ပျက်စီး အကျိုးကြီးနည်း၍ နေထိုင်သည့်အခိုက်တွင် အထက်နတ်ရွာစံ မင်းတရားကြီး လက်ထက် သာသနာပြုဖူးရာ ဆရာ၏ တရားစကားများကို အခါခါ နာကြားဖူးသော ရှိမ္မကားကျေးရွာ ဒါယကာလိမ္မာတို့လည်း “အများနည်းတူ မိုးခါးရေသောက် မမှောက် မှားကြအောင်” အထူး သတိဆောင်အပ်ကြသည့် အကြောင်း။

ဒါနပြုလျှင် သတိပြု

သည်မှတစ်ပါး ကုသိုလ်ကိုလိုလား၍ အလှူဒါနပြုလုပ်ကြရာ ရုပ်သေးဇာတ်ပွဲသဘင် တို့နှင့် တကွ ပြုမိကြလျှင်-

“အဆိပ်နှင့် ရောသော ဘောဇဉ်၊”
“မစင်နှင့်ရောသော ဝက်သား”ကဲ့သို့
“ကုသိုလ်တစ်ပဲ ငရဲတစ်ခွဲ”

နေတတ်သည်ဖြစ်၍ ယင်းသို့လည်း မမှားကြရအောင် အထူး သတိဆောင်အပ် လှသည့်အကြောင်း၊ မိမိတို့ အလှူပေးသည့်အတွက် ကြက်ဝက် တိရစ္ဆာန်များ မသေ ရအောင်လည်း သတိအထူး ဆောင်အပ်လှသည့် အကြောင်း။

သီလဆောက်တည်လျှင် သတိပြု

ဥပုသ်သီလ စောင့်ထိန်းကြသည့် အခါ၌လည်း အနာမဲ့ နေလွဲကွမ်းစား ဆေးဝါး ဆေးသောက် အကြောင်းမဲ့ ဖျော်ရည်သောက် အမှုတို့ကို ပြုမိသည့် အကွက် မိမိတို့ တစ်ရံတစ်ခါ စောင့်ရှောက်ရသည့် သီလ ညှိုးနွမ်းပျက်စီး မရှိကြရအောင် အထူး သတိဆောင်အပ်လှကြောင်း၊

ယင်းသို့ ဥပုသ်စောင့်သုံးကြသည့်အခါ မဂ်ဖိုလ်မှ ဖီလာဖြစ်သောတိရစ္ဆာနကထာ၊ ထမင်းစကား၊ ဟင်းစကား၊ စစ်မက်စကား စသော တရားအလွတ် စကားများကို မပြောကြားမိစေရ၊ ဒေါသ မာန မာန်စောင်ချ၍ အရိယာဥပုသ် ကောင်းကောင်းကြီး မြောက်အောင် အထူး သတိဆောင်အပ်လှကြောင်း၊

နိဗ္ဗာန်ရည်မှန်းပြုပါ

ယင်းသို့ စောင့်အပ်သော ဥပုသ်သီလ အကျိုးကိုလည်း လူနတ်စည်းစိမ် ဒုက္ခအိမ်ကို မတောင့်တဘဲ နိဗ္ဗာန်ချမ်းသာကိုသာ လွန်စွာတောင့်တ၍ စောင့်မိကြအောင် အထူး သတိဆောင်ကြရမည့် အကြောင်းနှင့် ဆရာ တရား ရေအေးတိုက်ကျွေးလိုက်သည်။

ရှိမ်းမကားကျေးရွာ ဒါယကာကြီးငယ် တစ်စုတို့။

ကုလဒူသန ဝိနိစ္ဆယအကျဉ်း

လာဘ်ကိုငဲ့+မငဲ့ ပေးသမျှ ကုလဒူသန

ဆိုအပ်ခဲ့ပြီးသော ကုလဒူသန အရာဝယ် -

“အပစ္စာသီသန္တေနာပိ ဒါတုံ န ဝဋ္ဋတိ၊ သဒ္ဓါဒေယျဝိပါတတ္တာ၊ ပစ္စာ သာယပန သတိ ကုလဒူသနမ္ပိ ဟောတိ။” (ဝိမတိ၊၁။၂၃၇။)

ဟု လာဘ်ကိုငဲ့၍ ပေးမှ ကုလဒူသနဖြစ်သည့် အခြင်းအရာအားဖြင့် ဝိမတိ ဋီကာ လာသော်လည်း ၎င်းအတိုင်း ပါဠိအဋ္ဌကထာ တေရသကဏ်ဋီကာ၊ ဝဇီရဗုဒ္ဓိဋီကာကြီး တို့၌မလာ။

“သစေ ပန ကုလသင်္ဂဟတ္ထာယ ဒေတိ၊ ကုလဒူသနဒုက္ကဋ်။ (ဝိ၊ဋ္ဌ၊၁။၃၃၆။)

စသည်ဖြင့်သာမညသာ လာသောကြောင့် လာဘ်ကိုမငဲ့သော်လည်း ဒါယကာတို့ သဒ္ဓါတရား ပျက်စီးသောကြောင့် ဖြစ်တော့သည်ဖြစ်၍ ကုလဒူသန အာပတ် သင့်ကြောင်းနှင့် ငါတို့ကျေးဇူးရှင် မြောက်ဘက် သီးလုံး ဆရာတော်, နတ်ရွာစံ မင်းတရားကြီး ဆရာ သာသနာပြု ရှမ်းကလေးကျွန်း ဆရာတော်တို့ မိန့်ဆို ဆုံးဖြတ် သည့်အတိုင်း လာဘ်မငဲ့ မတောင့်တသော်လည်း ကုလဒူသန ဒုက္ကဋ်အာပတ် သင့်တော့သည်။

လာဘ်ကို မတောင့်တမူ၍ ပေးသော်လည်း

ယင်းသို့ ကုလဒူသန ဖြစ်လျှင်လည်း -

“ဣမေဟိ ပန အဋ္ဌဟိ ကုလဒူသနကမ္မေဟိ ဥပ္ပန္နပစ္စယာ ပဉ္စန္နမ္ပိ သဟဓမ္မိကာနံ နကပ္ပန္တိ။” (ဝိ၊ဋ္ဌ၊၂၊၂၁၁။ ဝိ၊သင်္ဂဟ၊၂၄။)

ဟူသော ပါရာဇိကကဏ္ဍ အဋ္ဌကထာအတိုင်း ထိုဒါယကာတို့က မိမိအား သစ်သီး ပေးဖူးခြင်း ထမင်းပေးဖူးခြင်းကြောင့် လှူဖူးသည်မှန်လျှင် ရဟန်း ပေးစဉ်အခါ “ဤသို့ ပေးလှူပါစေ”ဟု စိတ်မရှိဘဲ ပေးစေကာ ထိုပုဂ္ဂိုလ်အား ထိုဒါယကာတို့ ပစ္စည်းကို သုံးဆောင်ခြင်းငှါ မအပ်သည်သာ ဧကန်အမှန် မှတ်လေကြကုန်။

လာဘ်ကိုငဲ့+မငဲ့ ထူး+မထူး

လာဘ်ကို တောင့်တ၍ ပေးသော် မိစ္ဆာဇီဝ အနေသန ဒုက္ကဋ်အာပတ် သင့်သည်၊
လာဘ်ကို မငဲ့ဘဲ ပေးလျှင် မိစ္ဆာဇီဝ အနေသနဒုက္ကဋ် လွတ်သည်၊
ဤသို့ပေးစဉ်အခါ မိစ္ဆာဇီဝ အနေသနဒုက္ကဋ် သင့်+မသင့်သာ ထူးကွဲသည်။

နောင် ထိုဒါယကာတို့ ပစ္စည်းကို သုံးဆောင်၍ အကပ္ပိယ ပရိဘုဉ္ဇန ဝိနယဒုက္ကဋ် သင့်ရာ၌ကား ပေးစဉ်အခါတုန်းက လာဘ်ကိုငဲ့+မငဲ့ အထူးမရှိ အာပတ်သင့်သည် ချည်း၊ အတူတူသာတည်း ဟု သိကြလေကုန်။

ကုလဒူသန အနေသနပစ္စည်း အပ်စပ်အောင်ပြု၍မရ

ယင်းသို့သော ကုလဒူသန အနေသန ပစ္စည်းတို့မှာ အဘယ်သို့သော အခြင်းအရာ အားဖြင့် ကပ္ပိယဖြစ်နိုင်ပါအံ့နည်း? ဟူသော်- ကုလဒူသန အနေအနပစ္စည်းမှန်က တစ်စုံတစ်ခုသော အခြင်းအရာအားဖြင့် အပ်အောင်ပြုခြင်းငှါ မတတ်ကောင်း၊

“ရွှေငွေ အနာမာသ နိဿဂ္ဂိယဝတ္ထုဖြင့် ရသော မဟာအကပ္ပိယ သပိတ်ကြီး” ကဲ့သို့သာ ဖြစ်လေတော့သည်။

“ယထာ စာယံ ဧတဿ န ဝဋ္ဋတိ၊ တတ္ထ ကုလဒူသနကမ္မေန ဝါ ကုဟနာ ဒီဟိ ဝါ ဥပ္ပန္နပစ္စယာ နေဝ တဿ န အညဿ ဝဋ္ဋန္တိ၊ ရူပိယ သံဝေါဟာရဒိ ပစ္စယသဒိသာဟောန္တိ။”(ဝိ၊ဋ္ဌ၊၂၊၂၇၂။ ဝိသင်္ဂဟ၊၆၇။)

ဟူသော အဋ္ဌကထာသည် သာဓကတည်း။

လူတို့အား အနေပေက္ခစွန့်လျှင်

ယင်းသို့သော် ကုလဒူသန အနေသနပစ္စည်းများကို လူထုတို့အား အနပေက္ခစွန့်၊ နောက်တဖန်ပြန်ရပြန်လျှင် မရှိအပ်ပါပြီလော? ဟူသော်

“သော ဟိ စောရေဟိ အစ္ဆိန္နောပိ ပုနု လဒ္ဓေါ ဇာနန္တဿ ကဿစိပိ န ဝဋ္ဋတိ။” (ဝိမတိ၊၁။၃၄၅။)

ဟူသော ဝိမတိဋီကာကို ထောက်သဖြင့် ထိုစွန့်ရင်း ရဟန်းက “ငါစွန့်လိုက်သည့် ပစ္စည်းတည်း”ဟု မသိအပ်၊ မသိသော်ကား အပ်၏။ တစ်ပါး ရဟန်းတို့အားလည်း ဤနည်းသာတည်းဟု သိကြလေကုန်။

ပဗ္ဗာဇနိယကံ ပြုရမည်တော့မည်လော

ထိုကုလဒူသန ပြုမိသောပုဂ္ဂိုလ်တို့မှာ ပဗ္ဗာဇနိယကံကြီး ဧကန်ပြုရတော့မည်လော? ဟူငြားအံ့။

“အာယတိံ သံဝရေ ဌာတုကာမဿ ကတံ တဇ္ဇနိယာဒိကမ္မံ အဓမ္မ ကမ္မံ နာမ အဒန္တဒမနတ္ထံ ဟိ ကမ္မနိမိတ္တန္တိ ဝုတ္တံ။” (ဝိမတိ၊၂။၂၁၃။)

ဟူသော ဝိမတိဋီကာ

“ယေ တုမှာကံ ဝစနံ ကရောန္တိ တေ အနုသာသိတဗ္ဗာ၊ ယေ တုမှာကံ ဝစနံ နကရောန္တိတေ ပဗ္ဗာဇေတဗ္ဗာ။” (ဓမ္မ၊ဋ္ဌ၊၁။၃၄၉။)

ဟူသော ဓမ္မပဒအဋ္ဌကထာများကို မြင်သဖြင့် “နောက် ဤကဲ့သို့ မပြုပါ”ဟု “အာယတိံ သံဝရ” ရှိသော ပုဂ္ဂိုလ်အား ကံမပြုထိုက်ကြလေကုန်။

ဒကာတို့က ပစ္စည်းအသစ်လှူလျှင်

ထိုကုလဒူသန ပြုဖူးရာ ဒါယကာတို့က ပစ္စည်းအသစ် လှူလာရာ အဘယ်သို့သော အခြင်းအရာအားဖြင့် အပ်နိုင်သနည်း ဟူသော်-

“ကသ္မာ န နဂဏှထာတိ ပုစ္ဆိတေန ပုဗ္ဗေ ဧဝံ ကတတ္တာ”တိ ဝုတ္တေန မယံ တေနကာရဏေန ဒေမ၊ ဣဒါနို သီလဝန္တတာယ ဒေမာ”တိ ဂဟေတဗ္ဗာ။ (ဝိ၊ဋ္ဌ၂။၂ဝ၈။ ဝိ၊သင်္ဂဟ။၂၄။)

ဟု အဋ္ဌကထာလာ အတိုင်း

ထိုဒါယကာတို့ပစ္စည်း အလှူခံရာ အလှူမခံ ပယ်လှန်အပ်၏၊ ယင်းသို့ ပယ်လှန်သည့် အခါ “အဘယ့်ကြောင့်ပါနည်း?”ဟု မေးသော် “ဒါယကာတို့အား သစ်သီးပေးခြင်း စသော အမှုကိုငါပြုဖူးသောကြောင့်ဒကာတို့အလှူကို အလှူမခံထိုက်၍ မခံသည်”ဟု ပြောကြားအပ်၏။

ယင်းသို့ ပြောသည့်အခါ “ဤသို့သော အကြောင်းကြောင့် လှူသည် မဟုတ်ပါ။ အရှင်ဘုရား သီလတော်ကို ယုံကြည်၍ လှူဒါန်းပါသည်” ဟု ဒါယကာတို့ လျှောက်ထားပါလျှင် ထိုလျှောက်ထားသော အခါမှစ၍ ထိုဒါယကာတို့ ပစ္စည်းကို အလှူခံအပ်၊ သုံးဆောင်အပ်တော့သည်ဟု မှတ်ကြလေကုန်။

ဤကား ပညာရှိသူ လူပဏ္ဍိတ ရဟန်းပဏ္ဍိတတို့ မှတ်ကြရန် ကုလဒူသန ဝိနိစ္ဆယ အကျဉ်းတည်း။

၁၂၅၄ - ခု၊ နယုန်လပြည့်ကျော် (၁၄) ရက်နေ့ ရှိမ်းမကား ဒါယကာတို့အား ဆုံးမအပ်သည့် ဒုတိယသြဝါဒစာတမ်း

ဒုတိယောဩဝါဒစာတမ်း ပြီးပြီ။

သာသနာလျှောက် ဩဝါဒကထာစာတမ်း (ရှင်နန္ဒမဉ္ဇူလျှောက်)

သာသနာနှင့်ကောဇာ

ဘုရားတပည့်တော် “နန္ဒမဉ္ဇူ” ရှိခိုးလျှောက်ကြား အသနားတော်မြတ် ခံပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။

အရှင်မြတ်တို့ ကျေးဇူးသခင် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသည့်နေ့မှ စ၍ ထားတော်မူခဲ့သော သာသနာတော် ငါးထောင်အနက် ယခုအခါ လွန်လေပြီးသော သာသနာတော် နှစ်ထောင့်လေးရာ သုံးဆယ့်ခြောက်ခု လွန်ပါပြီ ဘုရား၊ ကြွင်း သေးသော သာသနာတော်မြတ်သည်ကား နှစ်ထောင့်ငါးရာ ခြောက်ဆယ့်လေးခု မျှသာ ကြွင်းပါတော့သည်ဘုရား။

ယခုအခါ မြန်မာ့ဝေါဟာ ကောဇာသက္ကရာဇ် နှစ်အရေအတွက်သော်ကား ၁၂၅၄-ခု၊ ဥတု ဝသန္တ၊ သီတင်းကျွတ်လဆန်း ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါသည်ဘုရား။

စဉ်းစားဆင်ခြင်

ဤသို့လျှင် ဘုရားရှင်သာသနာ လွန်စွာ ဆုတ်ယုတ် လျော့သွား၊ အရှင်မြတ်တို့ သေရခြင်းတရားလည်း တစ်နေ့ထက်တစ်နေ့ အားကြီး၍ လာသည်များကို စဉ်းစား ဆင်ခြင်တော်မူကြပါကုန်သည် ဖြစ်၍လည်းကောင်း၊

အပ္ပမာဒတရား လက်ကိုင်ထား

ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူခါနီးအခါ-

“အာမန္တယာမိဝေါ ဘိက္ခဝေ။ ပဋိဝေဒယာမိ ဝေါဘိက္ခဝေ၊ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ။” (ဒီ၊၂။၁၂၈။)

မြွက်ဟမိန့်ကြား မှာတော်မူခဲ့သော ပစ္ဆိမဝစန မြတ်ဗုဒ္ဓအမိန့်တော်ကို ထိပ်ထက်သံမှို အမြဲဆိုတော်မူကြကုန်သည် ဖြစ်၍လည်းကောင်း၊

ပါတိမောက္ခသံဝရသီလ

“ပါတိမောက္ခသံဝရသံဝုတာ ဝိဟရထ၊ အာစာရ ဂေါစရသမ္ဗန္နာ အဏုမတ္တေသု ဝဇ္ဇေသု ဘယဿာဝိနော သမာဒါယ သိက္ခထ သိက္ခာ ပဒေသု၊” (အန္ဓကဝိန္ဒသုတ်၊ အံ၊၂။၁၂၂။)

ဒေသနာတော်ကို အခါခါ နှလုံးပြုတော်မူကြကုန်သည် ဖြစ်၍လည်းကောင်း၊ ယခုအခါ အာကာသ ဝေဟာတွင် တင့်တယ်စွာ ထွန်းလင်းသော ရွှေလဝန်းကို မိုးတိမ်ပုပ် လွှမ်းသကဲ့သို့ အလွန်စင်ကြယ်လှစွာသော ဘုရားရှင် သာသနာတော်ကို အချို့ပုဂ္ဂိုလ်တို့ ကျော်နင်းပြုမှားသော =

အလဇ္ဇီပါပဓမ္မများ

အနနုညာတ - မအပ်မရာ ဒါယကာတို့အား ပန်း, သစ်သီးပေးခြင်း ဆွမ်းတုံ့ပေးခြင်း ထမင်းကျွေးခြင်း စသော ကုလဒူသန, အနေသနအမှု၊

ဒါယကာတို့ကို တွေ့မြင်လျှင် ရှေ့ဦးတင်၍ နှုတ်ခွန်းဆက်ခြင်း = ပုဗ္ဗဘာသိတတာ မိစ္ဆာဇီဝ

လူတို့ကဲ့သို့ ပြုံးခြင်းရှေ့ ရှိသည်ဖြစ်၍ စကားပြောဆိုလေ့ရှိသော = မိဟိတပုဗ္ဗင်္ဂမတာ မိစ္ဆာဇီဝ

ဒါယကာတို့အောက် မိမိကို နှိမ့်ချ၍ “ဗျာ မွန် ကျွန်ုပ် ကျုပ်” စသည်တို့ဖြင့် ပြောဆိုလေ့ရှိခြင်း = စာတုကမျတာမိစ္ဆာဇီဝ

လူတို့အမှုကို ရွက်ဆောင်သယ်ပိုးခြင်း = ဂီဟိကမ္မ မိစ္ဆာဇီဝ

လူတို့ကဲ့သို့ ရောင်းဝယ် ဖောက်ကားခြင်း၊ ရွှေငွေခံခြင်း၊ လှည်းစီး၊ နွားမွေး၊ ဆေးကု၊ ဆေးပေး၊ ဆေးနည်းပေး၊ သူနာမေးမြန်းခြင်းကိုပြုခြင်း ၊အဂ္ဂိရပ်ထိုးခြင်း စသော = အလဇ္ဇီပါပဓမ္မ

အကြောင်းမရှိဘဲ နေလွဲ ကွမ်းစားဆေး ဝါးဆေးသောက်၊ အနာမရှိဘဲ မြို့တွင်း ရွာတွင်း ထီးဖိနပ်ဆောင်၍ စီးသွားခြင်း၊

နနွင်းဆိုး ပေါက်ပွင့်ဆိုး ပိုး, ပိတ်နီသင်္ကန်း အရောင်အဆင်း ဆိုးရေနှစ်ပါးတို့ဖြင့် သံသယမကင်း စကောင်းသော ဖဲကတ္တီပါ သက္ကလပ် သင်္ကန်းတို့ကို ဝတ်ရုံခြင်း၊

ကွမ်းသီးပတ်ခံ ဝါပတ်ခံ ဖိနပ်အသည်းနီ, အသည်းနက်တပ်သော ဖိနပ်စသော မအပ်မရာသော ဖိနပ်တို့ကို စီးနင်းခြင်း၊

လထက်ဝက်, တောင်သဏ္ဌာန်ပြုလုပ် ကိုက်ဖြတ်အပ်သော ဖဲထီး ပိုးစုံထီး စသော မအပ်မရာသော ထီးတို့ကိုဆောင်းခြင်း၊

သင်္ကန်းမရုံဘဲ မြို့တွင်းရွာတွင်းသို့ ဝင်ထွက်သွားလာခြင်း၊

လေးတောင်ထက်မက ပိုလွန်၍ ထိုထိုအရပ်သို့ ကြည့်ရှုလျှက် ရွာတွင်းမြို့တွင်း သွားလာခြင်းကိုပြုသဖြင့် ဩက္ခိတ္တစက္ခု သိက္ခာပုဒ်တော်ကို အခါခါလွန်ကျူး ကျော်နင်းခြင်း -

စသော အလဇ္ဇီပါပဓမ္မ ဟူသော မိုးတိမ်ပုပ် ဖုံးလွှမ်း၍ သာသနာတော် နေဝင်းလဝင်း ညှိုးနွမ်းပျက်စီးရှိကြသည့် အရာများကို တရားသံဝေဂ ပြုတော်မူကြပါကုန်သည် ဖြစ်၍လည်းကောင်း၊

မာယာသာဌေယျ အယုတ်တရား

ဆိတ်ကွယ်ရာ၌ သိက္ခာပုဒ်တော်ကို ကျော်နင်းလွန်ကျူး သူတထူး မသိရအောင် ကြံဆောင်ပြောကြား မိမိအပြစ်ကို ဖုံးထားတတ်ခြင်း၊ စာမတတ်ဘဲ တတ်ယောင်ကား, တရားမကျင့် ကျင့်ယောင်ကားနှင့် ဝါကြွားစဉ်းလဲခြင်း = မာယာ သာဌေယျ အယုတ်တရား

ဂိဇ္ဈကုဋ်တောင်မှ ပြိတ္တာကြီးများ

“ကဿပမြတ်စွာဘုရား သာသနာတော် ဆုတ်ယုတ် ပျက်စီးတုန်းအခါ သာသနာ၌ ရဟန်းပြုမိကြသော ပုဂ္ဂိုလ်တို့ ဤဆို အပ်ခဲ့ပြီးသော အလဇ္ဇီ ပါပဓမ္မများကို ပြုကျင့် မိကြသည့်အတွက် သေသည်မှအခြားမဲ့၌ အဝီစိငရဲကြီးသို့ ရောက်သွားပြီးနောက် ပြိတ္တာဘုံသို့ ရောက်ကြပြန်သဖြင့် ယခုထက်ထိ ဂိဇ္ဈကုဋ်တောင်ကြီး၌ အလျှံညှီးညှီး သံပြားသင်္ကန်းကြီးကို ဝတ်ရုံပတ်လွှမ်း အော်မည်တမ်းလျက် ပင်ပန်းကြီးစွာ ဆင်းရဲ ခံနေရသော”-

ပါရာဇိကဏ်ပါဠိတော်လာ ဝတ္ထုကို အခါခါ နှလုံးပြုတော်မူကြပါကုန်သည် ဖြစ်၍ လည်းကောင်း၊

ပါတိမောက္ခသံဝရသီလ လုံခြုံအောင် သတိဆောင်

“တင်လဲအိုးထဲ၌ သေဘေးဆိုက်ရသော ပိုး ပရွက်မိုက်များကဲ့သို့” မိမိတို့ အလဇ္ဇီ ပါပဓမ္မအတွက် ကိုးကွယ်ရာ သာသနာတော်မှ ဘေးကြီးလက်နက် မထိကြစေရ၊ လဇ္ဇီပေသလ ကုက္ကုစ္စက သိက္ခာကာမ ဂုဏ်တော်များနှင့် ပြည့်စုံ၍ ပါတိမောက္ခ သံဝရသီလ လုံခြုံအောင် အမြဲသတိ ဆောင်မူကြပါမည့်အကြောင်း၊

ဣန္ဒြိယသံဝရသီလ ပြည့်စုံအောင်

ထိုထိုကာမဂုဏ် ဝိသဘာဂ အာရုံကြမ်းကြီးများနှင့် တွေ့တိုင်းတွေ့တိုင်း ခြင်္သေ့ သစ်ကျား သားရဲဘီလူးများကို တွေ့ဘိသည့်အလား အလွန် ကြောက်ရွံ့သော စိတ်ထားဖြင့် –

“ဤ အကောင်ပုပ်မတို့သည်ကား လူယောင်ဖန်ဆင်း၍ လူကို ကိုက်စားတတ်သော ရက္ခိုသ်ဘီလူးမတို့ကဲ့သို့ ဘဝအဆက်ဆက် ငါ့ကို လိမ်လည်လှည့်ဖျား အဝီစိသို့ အခါခါ ရောက်သွားစေတတ်သော ရန်သူစင်စစ်၊ အလွန် ကြောက်အပ်သော, စက်ဆုပ်အပ်သော အသုဘ အနိစ္စ ဒုက္ခ အနတ္တအစုမျှသာတည်း” ဟု

နှလုံးပြုတော်မူကြကုန်သဖြင့် ယင်းသို့သော ဝိသဘာဂ အာရုံတို့ကြောင့် တုန်လှုပ် ခြောက်ချားမရှိစေရ၊ ဣန္ဒြိယသံဝရ သီလကြီးများနှင့်ပြည့်စုံအောင် အထူး သတိ ဆောင်တော်မူကြပါမည့်အကြောင်း၊

လှည့်ပတ်မသွား စကားမများ

အရှင်မြတ်တို့ ပရိယတ်ပဋိပတ် အန္တရာယ်မဖြစ်စေခြင်းငှါ အကြောင်းထူး ကိစ္စမရှိဘဲ တစ်ကျောင်းမှ တစ်ကျောင်း ကူးသန်း, တစ်ခန်းမှ တစ်ခန်းသို့ လှည့်ပတ်သွားလာ စကားများစွာ ပြောကြား၍နေခြင်း ဟူသော = သင်္ဂဏိကာ ရာမတာ, ဘဿာရာမတာ, အယုတ်တရားများကိုလည်း ပယ်ရှားနိုင်ကြရအောင် များများကြီး သတိဆောင်တော်မူ ကြပါမည့် အကြောင်း၊

ကိုယ်တွင်းရန်များ အယုတ်တရား

အရှင်မြတ်တို့ သူတော်ကောင်းဂုဏ်ကို ဖျက်ဆီးတတ်သော -

အနည်းငယ်မျှ သူတစ်ပါးတို့ အဆိုအမည် မခံနိုင်၊ အလွန်စိတ်တို စိတ်ဆိုးလွယ်ခြင်း = ကောဓ အယုတ်တရား၊
ရန်ညှိုးဖွဲ့ထားခြင်း = ဥပနာဟ အယုတ်တရား၊
သူတစ်ပါးတို့ဂုဏ်ကို ချေဖျက်၍ ပြောဆိုလေ့ရှိခြင်း = မက္ခ အယုတ်တရား၊
မိမိနှင့် အဖက်မတန် သုတပညာ ပိုလွန်သူတို့နှင့် ဖက်ပြိုင်အန်တု ပြုလုပ်ပြောဆို မိတတ်ခြင်း = ပလာသ အယုတ်တရား၊
မိမိထက် သိက္ခာဝါကြီးသူတို့အား သော်လည်း နဖူးမြေဝယ်ကျ ဝပ်မချနိုင် ရှိမခိုးနိုင် ခိုင်ခန့်မြင့်မားခြင်း = ထမ္ဘ အယုတ်တရား၊
သူတစ်ပါးတို့ နား, မချမ်းသာဖွယ် ချုပ်ချယ် ဆိုမြည်တတ်ခြင်း = သာရမ္ဘ အယုတ်တရား၊
မိမိ၏ အနည်းငယ် သီလမနသုတ ပညာဂုဏ်ကို ပိုပိုလျှံလျှံ အထင်ကြီး၍ သူတစ်ပါးတို့အား ဖိစီးပြောဆိုမိတတ်သော = မာန အတိမာန အယုတ်တရား၊
ဝင့်ဝါပလွှား ဝါကြွား ပြောဆိုမိတတ်သော = အတ္တုက္ကံသန ပကာသန အယုတ် တရား၊
သူတစ်ပါးဂုဏ်ကို မလိုတမူငြူစူ ဝန်တိုတတ်သော = ဣဿာမစ္ဆေရ အယုတ်တရား၊
မိမိအယူဝါဒ နေရာမကျသည်ကို သီတင်းသုံးဖေါ် ဆရာသမားတို့ တရားနှင့်လျော်စွာ ပြောဆိုအပ်ပါသော်လည်း မိမိအယူကို မစွန့်နိုင် အယူလွန်အား ငြင်းအားသန်သော = အာဒါနဂါဟီ ဒုပ္ပဋိနိဿဂ္ဂတာ အယုတ်တရား၊
သီတင်းသုံးဖေါ် ဆရာသမား သံဃာတော်များသို့ တရားအလျောက် ပြောဆိုဆုံးမရာ ရိုသေစွာမလိုက်နိုင်၊ အလွန် ဆိုဆုံးမခက်သော = ဒေါဝစဿတာ အယုတ်တရား၊
အလွန်သိက္ခာ ဂုဏ်ဝါကြီးသော မထေရ်ကြီးတို့သော်မှလည်း ဆုံးမ ချိုးဖျက်၍မရ၊ အလွန်ခက်ထန်လှသော ဓမ္မသင်္ဂဏီဝိဘင်း ပါဠိတော်လာ = ဒေါဘဂ္ဂတာ အယုတ် တရား။
သာသနာတော်မှ ရွေ့လျားပျက်စီး အဝီစိတိုင်အောင် ကျွမ်းထောင် ဇောက်ထိုး သွားစေတတ်သော ရုန့်ကြမ်းသော = ကာမဝိတက်, ဗျာပါဒဝိတက် အယုတ်တရား၊

ဤသို့သော အရှင်မြတ်တို့အကျိုး၊ သူတစ်ပါးတို့ အကျိုးနှစ်ပါးကို ဖျက်ဆီးတတ်သော အရှင်မြတ်တို့၏ ကိုယ်တွင်းရန်ကို တိုက်ဖျက်နိုင်သော အထူး သတိဆောင် တော်မူကြပါမည့်အကြောင်း။

ဆိုဆုံးမလွယ်

အရှင်မြတ်တို့အား သီတင်းသုံးဖော် သံဃာတော်တို့ ကြည်ညိုနှစ် သက်ဖွယ်ရှိအောင် အလွန်ဆုံးမလွယ်ခြင်း = သောဝစဿတာ မင်္ဂလာဂုဏ်နင့် အထူးပြည့်စုံအောင်၊

ရိုသေလေးစား ဂါရဝထား

သီတင်းသုံးဖော် ဆရာသမားတို့၌ ပြုသင့်ပြုထိုက်သော ဝတ်ကြီး ဝတ်ငယ်တို့နှင့် ပြည့်စုံအောင် သီတင်းသုံးဖော် ဆရာသမားတို့အား အလွန် ကြည်ညိုရိုသေ လေးမြတ် တုံ့ဝပ်ခြင်း = သက္ကစ္စ၊ သင်္ဂါရဝ၊ သပ္ပတိဿ တရားများနှင့် အထူး ပြည့်စုံအောင်၊

ကျေးဇူးသိတတ် ကျေးဇူးဆပ်

သီတင်းသုံးဖော် သံဃာတော် ဆရာသမားတို့ ဂုဏ်ကျေးဇူးများကို အထူးတင်လေ့ ပြောကြားလေ့ရှိခြင်း = ကတညုတ ကတဝေဒိတာ ဂုဏ်နှင့် ပြည့်စုံအောင် များများကြီး သတိဆောင်တော်မူကြပါမည့်အကြောင်း။

ငြင်းခုံမှုရှောင် ညီညွတ်အောင်

သံဃသာမဂ္ဂီ” အထူးဖြစ်စေခြင်းငှါ အချင်းချင်းငြင်းခုံခြင်း = နာနာဝါဒ ဝိဝါဒ ဘေးကြီး မသင့်စေရ၊ သီတင်းသုံးဖော် ဆရာသမားတို့နှင့် အကျင့်သီလ အယူဝါဒ တူမျှ၍”သဘာဂဝုတ္တိ ဖြစ်အောင် များများကြီး သတိဆောင်တော်မူကြ ပါမည့်အကြောင်း၊

ရန်တိုက်စကား မပြောကြား

သံဃဘေဒ၊ သံဃရာဇီ” ဖြစ်ကြောင်း သူတစ်ပါး မကောင်းသည်ကို မြင်လျှင် ကွယ်ရာအတင်းအဖျင်း ရန်တိုက်စကား မပြောကြားမိစေရ၊ ထိုပုဂ္ဂိုလ်ထံ သွား၍ အကျိုးစီးပွားကို တောင့်တသော စိတ်ထားဖြင့် လူမသိ ရှင်မကြား ဖြည်းညင်းသာယာ တိုးတိုးသက်သာ ကောင်းစွာဟောကြား သတိပေးတော်မူမိကြအောင် များများကြီး သတိဆောင်တော်မူကြပါမည့်အကြောင်း။

ယုံမှားရှိလာ မေးမြန်းပါ

မိမိထံ သူတစ်ပါးတို့လာ၍ အကျိုးလိုဟန် ရန်တိုက်စကား ပြောကြားလာတိုင်း နားမယောင်မိစေရ၊ အကယ်၍ ယုံမှားရှိလျှင် ထိုပုဂ္ဂိုလ်ထံသွား၍ ယုံမှားကင်းအောင် မေးမြန်းသဖြင့် ဒေါသအာဃာတ ကင်းအောင် အထူး သတိဆောင်တော်မူကြ ပါမည့်အကြောင်း။

နားမခံသာဖွယ် မချုပ်ချယ်

မိမိကလည်း သူတစ်ပါးတို့ နားမခံသာဖွယ် ချုပ်ချယ် မည်တွန်ခြင်းကို မပြုမိစေရ၊ သူတစ်ပါးတို့က မိမိအား နားမခံသာဖွယ် ချုပ်ချယ် မြည်တွန်ခံရသည့် အခါလည်း ထိုပုဂ္ဂိုလ်တို့အား ငြိုးထားရန်မက် စိတ်မကွက်မိစေရ၊

ခန္တီတရား လက်ကိုင်ထား

အက္ကောဓေန ဇိနေကောဓံ
ဒေသနာတော် အောင်လံဖြင့် ထိုတစ်ဖက်ရန်ကို အောင်စေခြင်းငှါ ထိုပုဂ္ဂိုလ်တို့အား အလွန်သည်းခံနိုင်ခြင်း = ခန္တီသံဝရ တရားများနှင့် ပြည့်စုံ အာင်ပြုသဖြင့် သူမလိမ္မာတို့ ကဲ့ရဲ့သည်အတွက် မိမိ ခန္တီသံဝရ ဂုဏ်ရောင် ထွက်၍ ပညာရှိ သူတော်ကောင်း အပေါင်းတို့ နှစ်သက် ကြည်ညိုခံတော်မူကြရအောင် များများကြီး သတိဆောင် တော်မူကြ ပါမည့်အကြောင်း။

ခိုက်ရန်ကွဲပြား မပြစ်မှား

“ကြောင်ပါဘေးကိုကြောက်၍ ကျားဘေးရှိရာ နောက်ဆုတ်သွား မှားသော ယောက်ျား တောကျားကိုက်၍ သေဘေးဆိုက်ရ သကဲ့သို့၊” သူတစ်ပါးတို့ အနည်းငယ် အဆို အမြည် အကဲ့ရဲ့ ခံရမည်ဘေးကို ကြောက်၍ ထိုပုဂ္ဂိုလ်တို့အား ခိုက်ရန်ဖြစ်ပွား ပြစ်မှားမိ၍ အဝီစိငရဲကြီးသို့ ရောက်တတ်လှသည် အရေးများကို မျှော်တွေးစဉ်းစား များများကြီး သတိထားတော်မူကြပါမည့် အကြောင်း၊

သူ့အပြစ်မကြည့် ကိုယ့်အပြစ်သာကြည့်

“လေပြင်းမုန်တိုင်း လှိုင်းကြမ်းမိသည် လှေသူကြီးယောက်ျားသည် သူတစ်ပါးလှေကို မော်၍ မကြည့်အားဘဲ မိမိလှေကိုသာ မမှောက်သွားရအောင် သတိအထူးကြံဆောင် အားထုတ်ရသကဲ့သို့”

နပရေ သံဝိလောမာနိ၊ နပရေသံ ကတာကတံ။
အတ္တနောဝ အဝေက္ခေယျ ကတာနိ အကတာနိ စ။

ဓမ္မပဒပါဠိတော်မြတ် (ဓမ္မ၊၂၁။ ဂါထာ-၅ဝ။) နှင့်အညီ
သူတစ်ပါးတို့၏ ကတာကတ ပြစ်ဒေါသကို မရှုမိစေရ၊ မိမိတို့၏ ကတာကတ ပြစ်ဒေါသကိုသာ အခါခါ ရှုတော်မူမိကြအောင်၊ များများကြီး သတိ ဆောင်တော်မူကြ ကုန်သည်ဖြစ်၍

မဂ်ဖိုလ်ကိစ္စ ပြီးလွယ်ကြအောင်

ကိုယ်တော်မြတ်တို့ အားထုတ်သင့် အားထုတ်ထိုက်သော လိုရင်း ရည်ရွယ်တိုင်း သော မဂ်ဖိုလ်ကိစ္စ မြန်မြန်ကြီး ပြီးလွယ်ကြရအောင်၊ နေ့ည၌မခြား မလပ်မအား ပရိယတ်ပဋိပတ်ဓုတင် သမထဝိပဿနာ ဘာဝနာတရားများကို လွန်စွာကြိုးကုတ် အားထုတ်တော်မူမိကြရအောင် များများကြီး သတိ ဆောင်တော်မူကြပါမည့် အကြောင်း။

သီဟိုဠ်ရုံနည်း ရုံကြရမည့်အခါများ

နေ့တိုင်း သင်္ကန်းဝတ်ရုံကြရာဝယ် --
ဘုရားရှိခိုး ဝတ်တက်ကြသည့်အခါ၊
စာချပုဂ္ဂိုလ်များထံ စာတက်ကြသည့်အခါ၊
မထေရ်ကြီးများထံ ဆည်းကပ်ကြသည့်အခါ၊
ဥပုသ်ပဝါရဏာ ကံကြီးကံငယ် ရွက်ဆောင်ကြသောအခါ၊
အာဂန္တု မထေရ်ကြီးများ ရောက်လာ၍ ရှိခိုးဝပ်ချသည့်အခါ
များတို့၌ တစ်ဖက်ရုံနည်းအစစ် သီဟိုဠ်ကိုင်, သီဟိုဠ်ရုံနည်း မရုံနိုင်, မရုံတတ်လျှင် -

သီဟိုဠ်တစ်ဖက်ရုံနည်း

ယထာ စ ပါဠိကာရကော ဘိက္ခု ဧတံ သပါရူပနေန ပါရုတံ ဝါမဗာဟံ ဝိဝရိတွာ စီဝရံ အံသကုဋေ ထပေတိ။

စသည့် အဋ္ဌကထာ(ကင်္ခါ၊ဋ္ဌ၊ ၂၇၈။) လာအတိုင်း
ကျောင်းသံဃာ စည်းဝေးရာ သံဃာအစဉ်ကို နေရာချထား ကိစ္စများခိုက် လက်ဝဲမောင်းကို ဖော်ရုံမိသော ပါဠိကာရက ရဟန်း ကဲ့သို့ မဖြစ်စေရ၊
လက်ဝဲမောင်း တံတောင်ဆစ်ကို လွန်အောင်ဖုံးလွှမ်း၍ ရုံမိလျှင် အာပတ် လွတ်လောက်ရာသည်ဟု ဆရာတော် သင်ပြပေးထားသည့် ဥပဒေအတိုင်း တတ်စွမ်းနိုင်လျှင် ပဌမသီဟိုဠ်တစ်ဖက်ရုံနည်း ရုံနိုင်ကြရအောင်၊
ယင်းသို့ မတတ်နိုင်သည်အခါ ဒုတိယ ဆရာတော် သင်ပြသည့်နည်းအတိုင်း တစ်ဖက်ရုံ လက်ဝဲမောင်း တတောင်ဆစ်ကို ဖုံးလွှမ်း၍ ရုံတော်မူမိကြရအောင်၊

ပရိမဏ္ဍလသိက္ခာပုဒ်ပြည့်စုံ

ပုဆစ်ဒူးဝန်းအောက် လက်ရှစ်သစ်ထက် မရှည်လွန်းစေရ၊ လက်ရှစ်သစ်အောက် လည်း မတိုလွန်းစေရ၊ သင်းပိုင်ကိုယ်ဝတ်တို့ကို အဝန်းသုံးပါးနှင့် ပြည့်စုံစွာဝတ်ရုံ၍ ပရိမဏ္ဍလ သိက္ခာပုဒ်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံအောင် အခါခပ်သိမ်း သတိဆောင် တော်မူကြပါမည့်အကြောင်း။

ရိုသေဝပ်တွား လျှောက်ထား

“ဤအတိုင်း နေ့စဉ်မပြတ် သံဃာတော်တို့ ဝတ်တက် ဝတ်ကပ်ပြီး အဆုံး၌ သတိပေး လျှောက်ကြားရမည်”
ဆရာတော်ဘုရားကြီး အမိန့်တော်များကို ဥုးထိပ်ထားရပါသည့် အတိုင်း ဘုရား တပည့်တော်လူငယ် “နန္ဒမဉ္ဇူ” ရိုသေဝပ်တွား သတိပေးတရား လျှောက်ကြားဝံ့ ပါသည် သံဃာတော်အရှင်မြတ်တို့ဘုရား။

ရှိခိုးတောင်းပန်

ဤသို့မဝံ့မစား လျှောက်ထားပါရသော ဘုရားတပည့်တော် “နန္ဒမဉ္ဇူ” အားလည်း သနား သည်းခံတော်မူကြပါမည့် အကြောင်းနှင့် အရှင်မြတ်တို့၏ ခြေတော်အစုံကို ဥုးတင်မိုး၍ ရှိခိုးတောင်းပန်ပါသည် အရှင်မြတ်တို့ဘုရား။
ယင်းသို့ ရှိခိုးလျှောက်ကြား တောင်းပန်ရသော ဘုရားတပည့်တော် လူငယ် “နန္ဒမဉ္ဇူ”အားလည်း မတော်မတရား ပြုကျင့်မှားသည်တို့ကို မြင်တော်မူကြပါလျှင် ကာလဌာနမရွေး တွေ့မြင်ရာအရပ်၌ပင် နွံနာအောင် သဲဒဏ် ရေဒဏ်ပေး၍ ဆုံးမတော်မူကြပါမည့် အကြောင်းများနှင့် လျှောက်ထား အသနားမြတ်ခံပါသည် သံဃာတော် အရှင်မြတ်တို့ဘုရား၊
သာမဏေငယ် ကျောင်းသားငယ်တို့ နှုတ်ဝယ်အရ ရွရွကျေအောင် ကျက်ကြပြီးကာ တစ်ယောက်တစ်လှည့်စီ နေ့စဉ်မပြတ် လျှောက်ထားအပ်သော -

“သာသနာလျှောက် ဩဝါဒကထာ စာတမ်းကြီး” ပြီး၏။

သာသနာလျှောက် ဒုတိယောဝါဒကထာ စာတမ်း (ရှင်ဓမ္မပါလ လျှောက်)

သာသနာနှင့် ကောဇာ

ဘုရားတပည့်တော် လူငယ် “ဓမ္မပါလ” ရှိခိုးလျှောက်ထား အသနားတော်မြတ် ခံပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား...
အရှင်မြတ်တို့ ကျေးဇူးတော်သခင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သည့်နေ့မှ စ၍ ထားတော်မူခဲ့သော သာသနာတော်မြတ် ငါးထောင်အနက် ယခုအခါ လွန်လေ ပြီးသော အတိတ် သာသနာတော်မြတ်သည်ကား ၂၄၃၆-ခု လွန်ပါပြီ ဘုရား၊ ကြွင်းကျန်သေးသော အနာဂတ် သာသနာတော်မြတ်သည်ကား ၂၅၆၄-ခုမျှသာ ကြွင်းပါတော့သည်ဘုရား။
ယခု မြန်မာ့ဝေါဟာ ကောဇာသက္ကရာဇ် နှစ်၏အရေအတွက် သော်ကား ၁၂၅၄-ခုနှစ်၊ ဥတု-ဝသန္တ၊ သီတင်းကျွတ် လပြည့်ကျော် (၁၅)ရက် ဗုဒ္ဓဟူးနေ့ ဖြစ်ပါသည် သံဃာတော်အရှင်မြတ်တို့ဘုရား။

မျှော်တွေးစဉ်းစား နှလုံးထား

ဤသို့လျှင် ဘုရားရှင် သာသနာတော် အလွန်လျော့သွားသဖြင့် အရှင်မြတ်တို့ မရဏာသန္နမင်းကြီး ခံတွင်း ဆင်းသက်ရမည့်အရေး တစ်နေ့ထက် တစ်နေ့နီးပါး သံသရာဝယ် မျောသွားရမည့်အရေးကို အခါခါ မျှော်တွေးစဉ်းစား များများကြီး နှလုံးထား တော်မူကြကုန်သည်ဖြစ်၍ –

စိတ်မချရသည့် ခြင်းရာ

သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ
ပဗ္ဗဇ္ဇပဋိညာဏ်ကို အဖန်ဖန်ပြန်လည် အောက်မေ့တော်မူကြပြီးကာ ပုထုဇ္ဇန အန္ဓဗာလ မကင်း သေရခြင်းတရား ငါးပါးဂတိ အဝီစိလွတ်ရုံမျှ စိတ်မချရသေးသည့် အခြင်းအရာများကို အခါခါမြော်တွေး စဉ်းစား များများကြီး သတိထားတော်မူကြ ပါမည့်အကြောင်း။

လောင်မီးတွင်းသို့ မဆင်းမိအောင်

“ဝေဘူသာခေါင် ပတ္တမြားတောင်တွင် ပတ္တမြားကို မစုံမက် မြက်မှိုက်ကိုသာ အတွင် စားသည့် တောသမင်ကဲ့သို့”
အသင်္ချေယျ အဘိုးနဂ္ဃ ထိုက်တန်သော အရှင်မြတ်တို့ ... သီလ လေးပါး ဘာဝနာ ကမ္မဋ္ဌာန်း တရားများကို ပေါ့ပါးလက်လွတ်၍ အဘိုးမထိုက် အမှိုက်ပမာ ငရဲရွာ တိုင်အောင် ဌာနန္တရ မိုးကြိုးစက်ကွင်း မင်းမှူးမတ်တို့ ချီးမြှောက်ခံရခြင်း စသော လောင်မီးတွင်းသို့ မဆင်းမှားမိကြရအောင် -

လာဘသက္ကာရ

ဒါရုဏော ဘိက္ခဝေ လာဘသက္ကာရော ကဋုကော ဖရုသော အန္တရာယိကော ယောဂက္ခေမဿ အဓိဂမာယ၊ ယံ ဘိက္ခဝေ အသနိဝိစက္ကံ၊ တံ သော အပတ္တမာနသံ အနပါပုဏာတု၊ အသနိဝိစက္ကန္တိ ဘိက္ခဝေ လာဘသက္ကာရတံ အဓိဝစနံ။ (သံ၊၁၊၄၂၇)
(မှတ်ချက်။ ။ သံ၊၁၊၄၂၇။ ၌ကား ဒါရုဏော ဘိက္ခဝေ လာဘသက္ကာရ သိလောကော- စသဖြင့်” သိလောက”သဒ္ဒါပါသည်။)
ဟု ကျမ်းဂန်ပါဠိတော်မြတ်ကို အထပ်ထပ်အခါခါ မကြာမကြာ နှလုံးထားတော် မူကြပါမည့်အကြောင်း၊

မိမိကိုယ်ကို ချစ်သည်ဆိုလျှင်

အထူးအားဖြင့်လည်း –
အတ္တာနဉ္ဇ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ။ (ဓမ္မ၊၃၇။)
အတ္တာနံ- မိမိကိုယ်ကိုး။
ပိယံ - သံသရာ၌မနစ်ဒုက္ခမဖြစ်စေရ သုခဖွံ့ ဖြိုး ချစ်စနိုးအပ်သည် ဟူ၍။
စေ ဇညာ - အကယ်တစ်စိ သိကြအောက်မေ့မိကြငြားအံ့။
နံ အတ္တာနံ - ထိုဒုက္ခမပို ချမ်းသာလိုသော မိမိကိုယ်ကို။
သုရက္ခိ တံ သုရက္ခိတေန - ကောင်းကောင်းကြီး စောင့်ရှောက်ခြင်းဖြင့်။
ရက္ခေယျ - ရှစ်ပါးအင်္ဂါပြည့်စုံလာ၍ အောင်ချာနိဗ္ဗူ ယူစံကြရအောင် သတိရှေ့သွား ပညာအားဖြင့် များများကြီး စောင့်ကြရမည်။ စောင့်ကြလေး

ကာမလက်နက် မထိမိအောင်

ဤသို့ အမိန့်တော်အာဏာစက်ကို သံမှိုထိပ်ထက် ရွက်တော်မူမိကြသည့်အတိုင်း အရှင်မြတ်တို့ ပဗ္ဗဇ္ဇိတ ဒုလ္လဘကို ကောင်းစွာလှလှ ရကြသည့်အတွင်း မာရ်မင်း မုန်သို မနာလို၍ ထိုထိုကာမဂုဏ် ကာမတဏှာ စစ်မြေကျင်းလျက် အရှင်မြတ်တို့အား နှိမ်နင်းဖျက်ဆီး သာသနာတော်မှ ရွေ့လျောပျက်စီး အကျိုးကြီး နည်းတော် မမူကြရအောင်၊
အရဟတ္တဖိုလ်၏ တံခွန် သူတော်မွန်တို့၏ မကိုဋ်အောင်ပန်း ဖန်ရည်စွန်း သင်္ကန်း တော်မြတ်ဖြင့်သာ နိဗ္ဗာန်သောင်ကမ်း ခတ်တော်မူကြရအောင် များများကြီး သတိ ဆောင်တော်မူကြပါမည့်အကြောင်း....ပဌမ။

ပါပိစ္ဆာ ကုလဒူသနတွေ လုံးထွေးစေ

ယင်းသို့ မာရ်မင်းဖျက်ဆီးတိုင်း သာသနာတော်မှ မပျက်မစီးစေရ၊ အသုဘသညာ မရဏဿတိ လက်နက်ကြီးတို့ဖြင့် ပဌမပွဲတော်ကြီး အောင်စည် တီးခတ်နိုင်ကြ ပြီးသော အရှင်မြတ်တို့အား ပဌမတစ်ပွဲ ရှုံးလေပြီးသော မာရ်နတ်မင်းက အခင်းမလှ စိတ်မချနိုင်၊ တစ်နည်း ကိုင်ပြန်လိုသောကြောင့် -
အရှင်မြတ်တို့ သန္တာန်ဝယ် ငြိတွယ်ကပ်မြှေး ပါပိစ္ဆာ၊ မဟိစ္ဆာ၊ အတြိစ္ဆာ အညစ် အကြေးတို့ဖြင့် အခါခါ လုံးထွေးစေလျက် ကုလဒူသန အနေသန ရူပိယ ပဋိဂ္ဂဟဏ အညစ်အကြေးတိုင်အောင် ဖျက်ဆီး၊ အာပတ်ကြီးတိုင်အောင် သင့်စေလျက် -

လဇ္ဇီပေသလ ဖြစ်အောင်

“လှော်လျက်နှင့် မှောက်၍သွားသော လှေသူကြီးတစ်နှုန်း၊”
ဤသင်္ကန်း ခေါင်းတုံးနှင့်ပင် အဝီစိ၌ စုံးစုံးနစ်စေဦးမည်၊
အတည်တည် အားထုတ်သည့် ပါပိမ မာရ်ယုတ် အဝိဇ္ဇာ ဗိုလ်ချုပ်တို့ကိုလည်း သတိ ရှေ့သွား သံဝေဂတရား ပညာအားဖြင့် လဇ္ဇီသူတော်ကောင်း ဆရာကောင်းများထံ ဆည်းကပ်လျက် မပြတ်မပြတ် တရားနာခြင်း ဆုံးမခံခြင်းကို ပြုသဖြင့် အလဇ္ဇီ ဒုမ္မင်္ကုပုဂ္ဂလ အဖြစ်ကို လွန်မြောက်၍ “လဇ္ဇီပေသလ သိက္ခာကာမ သုဝိသုဒ္ဓသီလ” အဖြစ်သို့ ရောက်အောင် များများကြီး သတိ ဆောင်တော်မူကြပါမည့်အကြောင်း .. ဒုတိယ၊

ထိနမိဒ္ဓ ကောသဇ္ဇ တပ်ဖျားတပ်ရင်း

ယင်းသို့တဖန် ဒုတိယပွဲတော်လှန်၍ တစ်ဖန်ပြေးရသော မာရ်မင်းက အခင်းမပြေ စိတ်မကျေနိုင် တစ်ပုံကိုင်မည်ဟု အရှင်မြတ်တို့ သီလဂုဏ်သိရ်ကို ညှိုးမှိန်အောင် မတတ်နိုင်သော်လည်း --
“အရှင်မြတ်တို့ ဗဟုသုကဂုဏ်သိရ် ပညာရှိန်မထွက်ရအောင် ကြံဆောင်လှည့်ပတ် ထိနမိဒ္ဓ ကောသဇ္ဇနိန္ဒ တန္ဒိ ဝိဇမ္ဘိတ တပ်ဖျားတပ်ရင်း သူ့လူ တစ်သင်းတို့ဖြင့် တစ်ကြိမ်နင်းဦးမည်” ဟု စစ်တက်လာပြန်သည်များကိုလည်း

ပညာဂုဏ်ရောင် ထွန်းလင်းပြောင်

သမ္မာဒိဋ္ဌိမဂ္ဂင် သမ္မာဝါယာမဗောဇ္ဈင် လက်နက်တော်ကြီး ဘုန်းမီး အမြောက်တို့ဖြင့် နိုင်အောင် ဖျက်ဆီးတော်မူနိုင်ကြဦးမှလည်း အရှင်မြတ်တို့ ဝိနည်းသုတ္တန် ကျမ်းဂန် မြင်သိ အဘိဓမ္မာ အကျော်ဖြစ်၍ အရှင်မြတ်တို့ ဗဟုသုတ ပညာဂုဏ်ရောင် ထွန်းပြောင်၍ အတ္တဟိတ ပရဟိတ အကျိုးနှစ်ပါး ပြီးစေနိုင်အောင်မြှော်တွေး စဉ်းစား၍ များများကြီး သတိဆောင်တော်မူကြပါမည့်အကြောင်း ... တတိယ။

ကောဓ ဥပနာဟ လက်နက်ဖြင့်

ဤသို့တစ်ချက် တတိယပွဲတော် ပျက်သဖြင့် ထွက်ပြေးပြန်ရသော မာရ်မင်းက အားမရ စိတ်မပြေ ရှိပစေဦး၊
“ပျံလေသည့်ငှက်ခါး နားကာမှ သိစေမည်၊ အလျင်စားလျှင်ဖား နှောက်စားလျှင် ကျား၊”
ငါ့စစ်သည်လူများနှင့် ငါကြံလျှင် အရှင်ဂေါတမ တပည့်တို့ ခံနိုင်မည်လားဟု ယခင် ပျက်ပြား ထွက်ပြေးသော သူ့လူအပေါင်းတို့ ထက်ဝန်းကျင် စုဆောင်းလျက် ကောဓု ပနာဟ မက္ခ ပလာသ ထမ္ဘ သာရမ္ဘ မာန အတိမာန လက်နက်ကြီးတို့ဖြင့် မာရ်မင်းတစ်ဖန် ဖျက်ဆီးခံရပြန်လျှင်လည်း -

ထောက်တွေးဆင်ခြင်

အရှင်မြတ်တို့ ကျမ်းတတ်ခေါင်ထိ ကထိကအကျော် ပုဂ္ဂိုလ်တို့သော်လည်း ကျမ်းတတ်စော်မနံ ဉာဏ်ရှိဟန်မထွက် မာန်မာနဖျက်ဆီး ဒေါသမီး လောင်၍ ဗဟုသုတဂုဏ် တက်တက်ပြောင်ရုံမျှမက -
ကပိလရဟန်းမျိုး ဒေဝဒတ်ဆိုး နည်းတူ” သူတော်တကာကိုနှိပ်စက် မိမိ ကျမ်းတတ် သည့်အတွက်နှင့်ပင် အဝီစိမှာ ပက်လက်လန် ရတတ်သည့် အရေးများကိုလည်း ထောက်တွေး ဆင်ခြင်တော်မူမိကြကုန်သည်ဖြစ်၍ –

မာရ်မင်းလက်နက် မထိအောင်

“မိမိလက်နက် ဓားထက်သည့်အတွက် မိမိဇက်ကို မိမိပင် ခုတ်ဖြတ်၍ အလျင်အမြန် သေရသော ယက္ခုမ္မတ္တ ကဲ့သို့” အရှင်မြတ်တို့ ဗဟုသုတ ကျမ်းတတ်ကြသည့် အတွက်နှင့်ပင် ယခင် ကောဓမာန်မာနဟူသော မာရ်မင်းလက်နက်မထိကြရအောင် -

ပညာရှိဂုဏ်ရောင် ထွန်းပြောင်ဖွယ်

ယင်းသို့သော ကောဓု ပနာယ မက္ခ ပလာသ မာန်မာနတို့၏ အာဒီနဝကို ကောင်းစွာပြ၍ ဆုံးမတတ်သော ဆရာကောင်း သပ္ပုရိသတို့ထံ အတန်တန် ဆည်းကပ် အထပ်ထပ် ဆုံးမခံတော်မူကြ ကုန်သည်ဖြစ်၍ ယင်းသို့ အရှင်မြတ်တို့ ကျမ်းဂန်မြင်သိ ပညာရှိဂုဏ်ရောင် ထွန်းပြောင် မြတ်နိုးဖွယ်ရာ ဖြစ်တော်မူကြ ရအောင် များများကြီး သတိဆောင်ကြပါမည့်အကြောင်း ... စတုတ္ထ။

မာနကိုဖြိုဖျက်

ယင်းသို့ လေးကြိမ်လေးဖန် တပ်လန်သော်လည်း မသူတော် မာရ်ယုတ် စိတ်မဆုတ်လို မိမိတပ်ပျက် လူအပေါင်းကို ရသမျှ စုဆောင်းကာ ယင်းသို့ ဒေါသ ပယ်ပြီး၊ မာန်မာနကိုပယ်နိုင်ပြီးသော ကျမ်းတတ် ပုဂ္ဂိုလ်များတို့သော်လည်း သီတင်းသုံးဖော် သံဃာတော်အများနှင့် သဘောထားမတူ အယူကွဲပြား ဝိဝါဒ ဘေးကြီးများ သင့်ရောက်အောင် လှည့်ဆောင်တတ်သော မာနကြမ်းကို သတိ သံဝေဂ လက်နက် စွမ်းဖြင့် ကောင်းကောင်းကြီး ဖြိုဖျက်တော်မူနိုင်ကြဦးမှလည်း -

သံဃ သာမဂ္ဂီဖြစ်အောင်

အရှင်မြတ်တို့ ကျမ်းတတ်ပညာရှိ ပုဂ္ဂိုလ်အချင်းချင်း သဘောစင်ဖြူ အယူသီလ တူနိုင်ကြသဖြင့် သဘာဝဝုတ္တိ၊ ခီရောဒကီဘူတ၊ သံဃသာမဂ္ဂီ၊ သံဃသုဋ္ဌု၊ သံဃဖာသု ဖြစ်၍ ချမ်းမြေ့သာယာ ပရိယတ်ပဋိပတ် တရားများကို ကြိုးစား အားထုတ်ခွင့် ရတော်မူနိုင်ကြရမည့် အရေးများကိုလည်း မြော်တွေး စဉ်းစား သတိ အထူး ထားတော်မူကြကုန်သည်ဖြစ်၍ –

ဒေါဝစဿတာ အယုတ်တရား ပယ်ရှား

ယင်းသို့ သံဃဘေးကြီး သင့်ရောက်ကြောင်း အာဒါနဂ္ဂါဟိတာ၊ ဒုပ္ပဋိ နိဿဂ္ဂိတာ၊ ဒေါဘဂျတာ၊ ဒေါဝစဿတာ အယုတ်တရား များကိုလည်း ပယ်ရှား နှိမ်နင်း တော်မူနိုင်ကြရအောင် များများကြီး သတိဆောင်တော်မူပါမည့် အကြောင်း.. ပဉ္စမ။

ပမာဒ လာဘ သက္ကာရ ရန်သူ

ယင်းသို့ငါးတန်ငါးကြိမ် တပ်ဦးနှိမ်ပြီး၍ တပ်လန်ပြီးသော်မှလည်း စိတ်မချလို။
“ဤဂေါတမသားတို့ကို မနိုင်လျှင်ငါမနေ”ဟု -
တစ်ဖန် ခြွေရွေစုရုံး ဗိုလ်လုံးဗိုလ်ခဲ ပမာဒတရားကို စစ်မှူးအရာ လွဲ၍ လာဘသက္ကာရ သိလောက ပါပိစ္ဆတာ မဟိစ္ဆတာ စစ်ကဲနာခံတို့ဖြင့် တစ်ဖန် တိုက်ဖျက်ပြန် သောကြောင့် –

လာဘသက္ကာရ နိုင်နင်းအောင်

ဂါမဝါသီ ရာဇဌာနီ အာညှီရာကိုခို၊ အာစိုရာသို့ကပ်၊ တောရပ်မမှီး ဤမြို့ကြီး၌ပင် အပြီးသတ်တော့မည်” ဟု –
နေလိုသောစိတ်ထားဖြင့် သံဝေဂစိတ်များ နဲနဲမျှမပေါ်လာနိုင်အောင် ကြံဆောင် လှည့်ဖျားတတ်သော လာဘသက္ကာရ သိလောက မဟိစ္ဆတာ အတြိစ္ဆတ ာ စစ်သည်တစ်သင်း တို့ကိုလည်း နိုင်နင်းအောင် များများကြီး သတိဆောင်တော် မူကြပါမည့်အကြောင်း ... ဆဋ္ဌမ။

အဝိဇ္ဇာတပ်မကို အားပေးလျက်

ဤသို့ ခြောက်ကြိမ် ခြောက်ထပ် အရပ်ရပ်သူပုန်ကို မဖြုန် ချိုးဖျက်နိုင်သဖြင့် ခြောက်ကြိမ်တိုင်တိုင် တပ်လန်ပြီးသော်လည်း မရှက်သည့် မာရ်နတ် အာလယ မပြတ်နိုင် တစ်ပုံကိုင်ဦးမည်ဟု
ယခင် ဦးလှည့်ဆုံမိရာ အကုန်ပျက်ပြား သူ့လူများကို အားပေးစုရုံး ပမာဒဗိုလ်မှူးကို လုံးလုံးကြီးလွှဲအပ် အဝိဇ္ဇာတပ်မကို လှလှကြီး အားပေးလျက် “သည်တစ်ခါ ခံနိုင်တော့မည်လား” ဟု ထောင့်ငါးရာ စစ်သည်များနှင့် အားကြီးစွာတက်၍ လာပြန် လျှင်လည်း ယင်းသို့သော ပမာဒဗိုလ်မှူးကို-

သတိပဋ္ဌာန် ဘွဲ့ဖြူလက်နက်

ဌိတေ နိသိန္နေ သမ္ပဇာနကာရီ ဟောတိ၊ သမိဉ္ဆိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ။ (ဒီ၊၂၊၂၃၃။) ဟု -
သတိပဋ္ဌာန် ဘွဲ့ဖြူလက်နက်တော်ကြီးဖြင့် ဖိစီးနှိပ်နင်းတော်မူနိုင်ကြရအောင်

ပတ္တမြားကျော်လွှား မြက်ကိုစား

အရညေ စေပိ ပဿန္တော၊ တိကန္တရေ မိဂေါမဏိ။
သော တံ မဏိ ဝိမဒ္ဒန္တော၊ တိဏံ ခါဒံဝဂစ္ဆတိ။
...ဟု
သီလဝိသောဓနီကျမ်းဂန် လာသည့်အတိုင်း --
“ပတ္တမြားတောင်ပေါ်၌ ပတ္တမြားတွေကို ကျော်နင်း၍ အပေါ်ယံ မြက်ပင်မျှနှင့် တင်းတိမ်ရသော ဝနုမိဂတို့ထုံးပုံ”
သင်္ဂဏိကာရာမ၊ ကမ္မာရာမ၊ ဘဿာရာမတို့ဖြင့် အရညာဝါသ နေ့ရက် မကုန် မကျွမ်းမိစေရ၊ ဘာဝနာဘိရတ အပ္ပမာဒ ဖြစ်တော်မူနိုင်ကြရအောင်၊

သတိလွတ်သွား သင်္ဘောသား

“မြစ်ပင်လယ် လှိုင်းကြီအတွင်း သင်္ဘောစီးနင်း၍ သွားရသော သင်္ဘောသားတို့ သတိ လွတ်ကင်းသည့်အခိုက် ကျောက်ဆောင်နှင့် တိုက်မှား ရွက်ကိုင်တွေ လဲသွားကာ လှေပျက်ပြားသဖြင့် ငါးလိပ် မကာရ်းတို့ အစာဖြစ်ရပုံ၊”

ဘာဝနာတရား လက်လွတ်ငြား

တောနေရုံနှင့် တင်းတိမ်အားရ ဘာဝနာဓမ္မကို လက်လွတ်၍ ထားတော်မမူကြ လျှင်လည်း တစ်ရွေ့ တစ်ရွေ့ - သမာဓိရွက်တိုင် မခိုင်လှုပ်ရှား၊ သဒ္ဓါတရား ရွက်ပြတ်၍၊ သတိပညာ စက်ကြိယာအပေါင်း ပျက်စီး၊ အဓိသီလ သင်္ဘောလှေကြီး အကုန်မှောက်သွား၊ အချို့တောရကိုယ်တော် လူထွက်များကဲ့သို့ ဟီနာယာဝတ္တန တိုင်အောင်ပျက်ပြား၊ အပါယ်လေးပါး ငါးလိပ် မကာရ်းအစာ ဖြစ်ရတတ်သည့် အရေး များကိုလည်း မြော်တွေးစဉ်းစား နှလုံးထားတော်မူကြပါမည့် အကြောင်း ...

နိဗ္ဗာန်သောင်ကမ်း ခတ်နိုင်အောင်

ယင်းသို့သော သတ္တမ ပမာဒ ရန်သူပုန်ကို သတိပဋ္ဌာန်ဘာဝနာ အဟုန်ဖြင့် အကုန် တိုက်ဖျက်၍ သမာဓိရွက်တိုင်ပေါ်တွင် သဒ္ဓါလင်းယဉ် အကုန်ဖြန့်တန်း၍ သတိပညာ ဝီရိယ စက်ကြိယာအစွမ်းတို့ဖြင့် နိဗ္ဗာန်သောင် ကမ်းခတ်တော် မူနိုင်ကြရအောင် များများကြီး သတိဆောင်တော်မူကြပါမည့် အကြောင်း ...

သင်္ကန်းနှင့် အရိုးထုတ်

ဤသို့လျှင် ဘုရားရှင် သာသနာတော်ဝယ် အသက်ထက်ဆုံး ဤသင်္ကန်းနှင့် အရိုးထုတ်တော်မူမိကြရအောင် စောင့်ရှောက်တော်မူနိုင်ကြခြင်း... ပဌမ။

လဇ္ဇီပေသလဂုဏ် ပြည့်စုံအောင်

အလဇ္ဇီပုဂ္ဂလ မဖြစ်စေရ၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ်နှင့် ပြည့်စုံအောင် စောင့်ရှောက်တော်မူနိုင်ကြခြင်း.. ဒုတိယ၊

ပရိယတ္တိဝိသာရဒဂုဏ်ပြည့်စုံအောင်

မပျင်းမရိ ဝီရိယတရား လွန်ကြိုးစားလျက် နေ့ရောညဉ့် ပါ အခါခါသင်ကြား၍ သုတ္တန် ဝိနည်း အဘိဓမ္မာ ကျမ်းဂန်မြင်သိ ပရိယတ္တိ ဝိသာရဒဂုဏ်နှင့် ပြည့်စုံအောင် စောင့်ရှောက်တော်မူနိုင်ကြခြင်း ... တတိယ၊

မာန်မာန မတက်မိအောင်

ကျမ်းဂန်တတ်သည့်အခါ ယင်းသို့ကတ်သိလိမ္မာ ဗဟုသုတ ပညာအတွက် မာန်မာနု မတက်မိကြရအောင် မိမိတတ်သမျှထက် ပိုပိုလျှံလျှံ အထင်ကြီးတတ်သော အတိမာန ထမ္ဘ သာရမ္ဘ ပကာသန စသော အယုတ်တရား မဝင်လာရအောင် စောင့်ရှောက်တော်မူနိုင်ကြခြင်း ... စတုတ္ထ၊

သံဃဖာသု ဖြစ်အောင်

သီတင်းသုံးဖော် သံဃာတော်များနှင့် သဘောတူ သဘာဂဝုတ္တိ ဖြစ်အောင် အထူးသဖြင့် သက္ကစ္စ သဂါရဝ နိဝါတ နိမာန အဇ္ဇဝ မဒ္ဒဝတာ ခန္တီ သောဝစဿတာ စသော သာမဏဓမ္မ ဂုဏ်ဝိသေသတို့နှင့် ပြည့်စုံအောင် ပြုသဖြင့် အခါခပ်သိမ်း သံဃသုဋ္ဌု သံဃဖာသု ဖြစ်တော်မူနိုင်ကြအောင် အထူး စောင့်ရှောက်တော် မူနိုင်ကြခြင်း ... ပဉ္စမ။

တောအရပ်၌ ပျော်နိုင်အောင်

ရွာကျောင်းမကပ် တောအရပ်၌သာ ပျော်နိုင်အောင် စောင့်ရှောက်တော်မူနိုင်ကြခြင်း ... ဆဋ္ဌမ၊

တရားများနှင့်ပြည့်စုံအောင်

တောအရပ်၌ပျော်သော်လည်း “တောမျောက် တောသမင်တို့ အလား” တရား လက်လွတ် ပရိတ်ရွတ် ဆွမ်းစဉ်နှင့်သာ ကာလမျောပါး တောရအာရုံကိုမျှမခံ၊ မြို့ရွာရှိရာသို့ အခါခါလည့်ပတ် လာဘ်များကြောင်းကိုသာ အခါခါ လိုက်စား၊ ဤသို့ မပြုမှားမိစေရ၊ သမထ ဘာဝနာ ပရိယတ် ပဋိပတ်တရားများနှင့် များများကြီး ပြည့်စုံအောင် အထူး သတိဆောင်တော်မူနိုင်ကြခြင်း .... သတ္တမ။

အရိယာဖြစ်အောင်

ယင်းသို့ ဘာဝနာဘိရတ ဖြစ်ရုံမျှနှင့် တင်းမတိမ် အရိယာဘူမိန်သို့ ရောက်အောင် အထူးကြံဆောင် စောင့်ရှောက်တော်မူနိုင်ကြခြင်း...အဋ္ဌမ။

သုရက္ခိတဖြစ်နိုင်

ဤသို့ရှစ်ပါးအင်္ဂါ ပြည့်စုံစွာ စောင့်ရှောက်တော်မူနိုင်ကြမှ “အတ္တာနေဉ္စ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ” (ဓမ္မ၊၃၇။) ဟူသော ဒေသနာတော်အရ သုရက္ခိတ ကောင်းကောင်းကြီး ဖြစ်တော်မူနိုင်ကြပါမည့် အကြောင်း။

ပဗ္ဗဇိတ ဒုလ္လဘ ရကျိုးနပ်အောင်

ဤသို့ သုရက္ခိတဖြစ်မှ အရှင်မြတ်တို့ ပဗ္ဗဇိတ ဒုလ္လဘကို ကောင်းစွာ လှလှ ရကျိုးနပ်တော်မူပါမည့် အကြောင်း။

မဝံ့မစား လျှောက်ကြား

ဤအတိုင်း “ဘုရားရှင်ရှေ့တော်တွင် သံဃာတော်တို့ ဝတ်တက် ဝတ်ကပ်ပြီး အဆုံး နိဂုံးချုပ်တရား နေ့စဉ်မပြတ်လျှောက်ကြားရမည်” ဆရာတော်ဘုရားကြီး အမိန့်တော်မြတ်အတိုင်း မဝံ့မစား လျှောက်ကြားပါရသည် သံဃာတော် အရှင်မြတ်တို့ဘုရား။

ဤသို့ အရှင်မြတ်တို့အား မဝံ့မစား လျှောက်ကြားရပါသော ဘုရားတပည့်တော် လူငယ် “ဓမ္မပါလ” အားလည်း သနားသည်းခံတော်မူကြပါမည့် အကြောင်းနှင့် အရှင်မြတ်တို့ ခြေတော်စုံကို ဦးတင်မိုး၍ ရှိခိုးလျှောက်ထားပါသည်ဘုရား။

မိုက်မှားနေသည်ကို မြင်တော်မူက

ဤသို့လျှောက်ထားရပါသော ဘုရားတပည့်တော်လူငယ် “ဓမ္မပါလ” အားလည်း အခြားကျောင်းသား လူငယ်များနှင့်မတူ အမူကွဲပြား ကစားမြူးတူး ရေကူးလှေလှော် အသရော်အဖျင်း ဂုံညင်းထိုး ဇယ်တောက် ထုပ်ပေါက် ထွေပစ် အမှုညစ်ညမ်း သော့သွမ်းတိုင်းထွာ စာမအံ ပေမအံ နေ့စဉ်မှန်အောင် ဘုရားရှိခိုး ဝတ်တက်မလိုက် ပြုနေကြဝဘ်နိဗဒ် လပ်လျား ရိုသေခြင်း ဂါရဝတရားနည်းပါး မှိုက်မှား ပေါ့စား၍ နေသည်များကို မြင်တော်မူ သိတော်မူကြသည့်အခါ၊

လိုက်နာ ကျင့်ဆောင်ပါမည်

နေရာမရွေး တွေ့မြင်ရာအရပ်၌ပင် နွံနာအောင် ဒဏ်ပေးရုံမျှနှင့်မက ဦးခေါင်း လည်ပင်း ဇက်ကိုနင်း၍ ဆုံးမတော်မူကြသော်လည်း အရှင်မြတ်တို့ ဆုံးမတော် မူတိုင်း ဝမ်းမြောက်ဝမ်းသာ ကောင်းမွန်စွာ လိုက်နာ ကျင့်ဆောင်ပါမည့် အကြောင်းနှင့် ရှိခိုးလျှောက်ထား အသနားတော်မြတ် ခံပါသည် သံဃာတော် အရှင်မြတ်တို့ဘုရား၊

ကျောင်းသားလူငယ်တို့ ဝါစုဂ္ဂတ ရွရွအောင်ကျက်၍ နေ့စဉ်မပြတ် တစ်လှည့်စီ လျှောက်ထားအပ်သော သာသနာလျှောက်ဒုတိယောဝါဒကထာ ပြီး၏။

သာသနာလျှောက် ဒုတိယပိုင်း

သာသနာလျှောက်
တတိယောဝါဒကထာစာတမ်း
(ရှင်ပဏ္ဍိတလျှောက်)

သာသနာနှင့် ကောဇာ

နမော တဿတိ” ...

ဘုရားတပည့်တော် သာမဏေ “ရှင်ပဏ္ဍိတ” ရှိခိုးဝပ်တွား လျှောက်ထား အသနားတော်မြတ် ခံဝံ့ပါသည် သံဃာတော်သခင် အရှင်မြတ်တို့ဘုရား၊

အရှင်မြတ်တို့ ကျေးဇူးတော်သခင် ဘုရားရှင် ပရိနိဗ္ဗာန် စံယူတော်မူသည့်နေ့မှ စ၍ ထားတော်မူခဲ့သော သာသနာတော်မြတ် ငါးထောင်အနက် ယခုအခါ လွန်လေ ပြီးသော အတိတ်သာသနာတော် ၂၄၃၆-ခု လွန်ပါပြီ ဘုရား၊ ကြွင်းကျန်သေးသော အနာဂတ် သာသနာတော်မြတ်သည်ကား ၂၅၆၄-ခုမျှသာ ကြွင်းပါတော့သည်ဘုရား။

ယခုအခါ မြန်မာ့ဝေါဟာ ကောဇာသက္ကရာဇ် နှစ် – အရေအတွက်သော်ကား ၁၂၅၄-ခု၊ ဥတု - ဝသန္တ၊ သီတင်းကျွတ် လပြည့်ကျော် (၄) ရက် ကြာသပတေးနေ့ ဖြစ်ပါသည် ဘုရား။

သံဝေဂတရားပွားများ

ဤသို့လျှင် ဘုရားရှင် သာသနာတော် တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လျော့သွား အရှင်မြတ်တို့ မရဏာသန္နမင်းကြီးခံတွင်း ဆင်းသက်ရမည့် အရေးလည်း တစ်နေ့ထက် တစ်နေ့နီးပါး သံသရာဝယ် အတည်မကျ မျောသွားကြရမည့် အရေးကို အခါခါ မြော်တွေးစဉ်းစား များများကြီး သံဝေဂတရား ပွားများတော်မူကြပါ မည့်အကြောင်း။

အာဂမပဋိညာဏ်

သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇ” အရှင်မြတ်တို့ အာဂမပဋိညာဏ်ကို အဖန်ဖန်ပြန်လည်၍ တစေ့စေ့ အောက်မေ့တော်မူကြပါမည့် အကြောင်း၊

မရဏခံတွင်း သက်ဆင်းကြရခြင်း၌

ပုထုဇဉ် အနွဗာလအဖြစ်ဖြင့် မရဏမင်းခံတွင်း ဆင်းသက်ကြရခြင်း၌ ငါးပါးဂတိ အမြဲမရှိ၊ အဝီစိတိုင်အောင် ကျွမ်းထောင် ဇောက်ထိုး မကျရုံမျှ စိတ်မချရသေး။ ဤအရေးများကို တရေးရေး မြော်တွေးစဉ်းစား များများကြီးသတိ ထားတော် မူကြပါမည့်အကြောင်း။

သဒ္ဓါပဗ္ဗဇ္ဇိတပင် မှန်သော်လည်း

အရှင်မြတ်တို့ မူလရင်းက သဒ္ဓါတရား အရင်းခံဖြင့် ရဟန်းပြုတော်မူကြရင်း သဒ္ဓါပဗ္ဗဇ္ဇိတပင် မှန်တော်မူကြသော်လည်း ရဟန်းဖြစ်တော်မူကြပြီး သည့်နောက် မလျော် မလျောက်ပတ်သော ပါပမိတ္တ၊ ပါပသဟာယ၊ ပါပါစရိယတို့နှင့် ပေါင်းဖက်မိက တစ်ရွေ့တစ်ရွေ့ သဒ္ဓါတရားလျော့ပါး သီလတရားပျက်ပြား အပါယ် လေးပါး တိုင်အောင် သွားရတတ်သည့် အရေးများကို အထူး သတိထားတော်မူကြပါ မည့်အကြောင်း။

သီလပျက်လင့် မပေါင်းနှင့်

တစ်ဘဝတွက်တာ တစ်သက်လျာကို ငဲ့မှား၍ ဘုန်းကံကြီးမား လာဘ်ပေါများ သော်လည်း တရားယွင်းကွက် သီလပျက်ပြား ပုဂ္ဂိုလ်များနှင့် ပေါင်းဖော်မှား၍ အပါယ်လားကြသူ အလွန်ပေါများသည်များကို ထောက်ထား ဆင်ခြင်တော်မူကြ ကုန်သဖြင့် ယင်းသို့သော ပါပမိတ္တ ပါပါစရိယတို့ထံ ပေါင်းဖက်ဆက်ဆံ မပြုမိအောင် များများကြီး သတိဆောင်တော်မူကြပါမည့် အကြောင်း။

လဇ္ဇီ သီလဝန္တတို့နှင့်သာပေါင်း

နိုမီနံဝ ပဝတ္တာရံ၊ ယံ ပဿေ ဝဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
(ဓမ္မ၊၂၄။) (ဂါထာ၊၇၆။)

ဟူသော ဒေသနာတော်မြတ်ကို မပြတ် ဆင်ခြင်တော်မူကြပါသဖြင့် မကောင်းမြစ်တာ ကောင်းရာတိုက်တွန်း ညွှန်ပြ ဆုံးမတော်မူတတ်ကြသော နိဂ္ဂယှဝါဒီ လဇ္ဇီ သီလဝန္တ ပညာဝန္တ ပုဂ္ဂိုလ်များနှင့်သာ အခါခပ်သိမ်း ပေါင်းဖော် ဆည်းကပ်မိအောင် များများကြီး သတိဆောင်တော်မူကြပါမည့် အကြောင်း၊

မိမိကိုယ်ကို ချစ်သည်ဆို

အတ္တာနဉ္စေ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ။ (ဓမ္မ၊၃၇။)

ဟူသော ဒေသနာတော်မြတ်အရ ..

အတ္တာနံ - မိမိကိုယ်ကို။
ပိယံ - ချစ်အပ်သည်ဟူ၍။
စေ ဇညာ - အကယ်တစ်စိ သိပါငြားအံ့။
နံ အတ္တာနံ - ထို မိမိကိုယ်ကို။
သုရက္ခိတံ သုရက္ခိတေန - ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့်။
ရက္ခေယျ - စောင့်ရှောက်ကြရာ၏။

သာသနာဝယ် ပျော်မွေ့အောင်

ဤသို့ မြွက်ဟတော်မူသည့်အတိုင်း ဘုရားရှင် သာသနာတော်ဝယ် အသက် ထက်ဆုံး အရိုးထုတ်နိုင်အောင် ကာမဂုဏ်သံနှောင် ချစ်ချစ်ပူ မီးလောင်သည့် လူတို့ ဘောင်သို့ ခွါရှောင်လည်းသွား မှားခြင်းကြီး မမှားမိကြရအောင် ရှေးဦးစွာ သတိ ဆောင်ရခြင်း၊

လဇ္ဇီပေသလ သိက္ခာကာမ ဖြစ်အောင်

သာသနာတော်ဘောင်ဝယ် အရှည်အကြာ မွေ့လျော်နိုင်ပါသော်လည်း အလဇ္ဇီ ဒုဿီလ ဒုမ္မင်္ကုအဖြစ်သို့ မရောက်စေရ၊ လဇ္ဇီပေသလ သိက္ခာကာမ သီလဝန္တပုဂ္ဂလ အဖြစ်သို့ရောက်အောင် ဒုက္ကဋ်ဒုဗ္ဘာသီအာပတ် ကိုသော်မျှလည်း မြင်းမိုရ်တောင်ကြီး ဖိနင်းတော့မည်လောက် အလွန် ကြောက်တတ်သော စိတ်ကိုရအောင် နှစ်ကြိမ်မြောက် သတိဆောင်ရခြင်း၊

ပရိယတ္တိဝိသာရဒ ဖြစ်အောင်

ထိုသို့ လဇ္ဇီပေသလ သိက္ခာကာမ သဘောကို ကောင်းကောင်းကြီး ရပြီးသည့်အခါ ပျင်းရိ ထိုင်းမှိုင်းခြင်းကို မဖြစ်စေရ၊ ကြီးစွာသော လုံ့လဝီရိယ ဒဠှပရက္ကမတို့ဖြင့် နေ့ညမပြတ် စာပေကျမ်းဂန် သင်ကြား အားထုတ်၍ ဗဟုသုတ၊ ပညဝန္တ၊ ပရိယတ္တိဝိသာရဒ ဖြစ်အောင် သုံးကြိမ်မြောက် သတိဆောင်ရခြင်း။

ဗဟုဿုတဂုဏ် မပျက်စီးအောင်

ဤသို့ ဗဟုဿုတပညဝန္တဖြစ်၍ ကျမ်းဂန်နှံ့စပ် ကျမ်းတတ်သည့်ဂုဏ်ကို စွဲ၍လည်း မာန၊ အတိမာန၊ အတ္ထုက္ကံသန၊ ပကာသန၊ ပါပိစ္ဆ၊ မဟိစ္ဆ အညစ်အကြေးတက်၍ မိမိ ဗဟုဿုတဂုဏ်သိရ် ညိုးမှိန်ပျက်စီးခြင်း မရှိရအောင် -

ရသင့်ရထိုက်သည့်ဂုဏ် ပြည့်စုံအောင်

ထိုဗဟုဿုတကို စွဲ၍ ရသင့်ရထိုက်သော အပို့စ္ဆဂုဏ်၊ သန္တုဋ္ဌီဂုဏ်၊ သလ္လေခဂုဏ် အလွန်နှိမ့်ချခြင်း နိဝါတ နိမာနဂုဏ်၊ သက္ကစ္စ သဂါရဝဂုဏ်၊ အလွန်ဖြောင့်မတ် နူးညံ့ခြင်း ဟူသော အဇ္ဇဝတာဂုဏ်၊ မဒ္ဒဝတာဂုဏ်နှင့် ပြည့်စုံအောင် လေးကြိမ်မြောက် သတိဆောင်ရခြင်း။

ဝိဝါဒဘေး သံဃဘေဒဘေး မဖြစ်စေရအောင်

ယင်းသို့ သတိဆောင်နိုင်ပြီးသည့်အခါ မိမိတို့ကျမ်းဂန် တတ်သိ ကဝိ ပုဂ္ဂိုလ်တို့ သော်လည်း စရိုက်အားလျော်စွာ နာနာဝါဒ ငြင်းခုံပြောကြား ဝိဝါဒဘေးကြီး သံဃဘေဒ ဘေးကြီးများ မဖြစ်စေရအောင် ငါးကြိမ်မြောက် သတိဆောင်ရခြင်း။

တောကျောင်း မှီနိုင်အောင်

ယင်းသို့ သံဃဘေဒဘေးကြီး ကင်းဝေးပြီးသည့်နောက် ရွာကျောင်းမမှီ၊ အသက် ထက်ဆုံး တောကျောင်း မှီနိုင်အောင် ခြောက်ကြိမ်မြောက် သတိဆောင်ရခြင်း။

ပရိယတ် ပဋိပတ်တို့နှင့် ပြည့်စုံအောင်

ယင်းသို့ ရွာကျောင်းမမှီ တောကြီးဧရာ မြိုင်ကြီးစွာ၌ အခါခပ်သိမ်း မွေ့လျော်နိုင် သော်လည်း ရွာကျောင်းမှီတုန်း အခါနှင့် မခြား ဆွမ်းစဉ်ဆွမ်းစား ပရိတ်ရွတ် များနှင့်သာ ကာလကုန်သွား၊ လူပုံကြား၌ စကားများစွာ ပြောဆို၍ နေမိတတ်ခြင်း စသော သင်္ဂဏိကာရာမတာ ဘဿာရာမတာ အယုတ်တရားများနှင့် ကာလ မကုန်ကျွမ်းစေရ၊ ပရိယတ် ပဋိပတ်တရားများနှင့် အထူး ပြည့်စုံအောင် ခုနစ်ကြိမ်မြောက် သတိဆောင်ရခြင်း။

ဧကစာရ ဘာဝနာဘိရတ ဖြစ်အောင်

ယင်းသို့ သတိဆောင်ပြီးသည့်နောက် ဆိတ်ငြိမ်ရာ ရုက္ခမူလ ပဗ္ဗတဂုဟ ကန္ဒရသို့ ကပ်၍ နေ့ရောညဉ့် ပါ ဧကစာရ ဘာဝနာဘိရတ ဖြစ်နိုင်အောင် ရှစ်ကြိမ်မြောက် သတိဆောင်ရခြင်း။

သောတာပန် ဖြစ်အောင်

ယင်းသို့ သတိဆောင်ပြီးသည့်အခါ မိန်းမယောက်ျား ပုဂ္ဂိုလ်သတ္တဝါ ငါသူတစ်ပါး ဟူသော သက္ကာယကို အတန်တန် အားကြီးစွာ လွန်မြောက်၊ ဤသင်္ခါရုပေက္ခာဉာဏ် သို့ပင် အခါခါ ရောက်သော်လည်း ယင်းသို့သော ပုထုဇဉ်ဉာဏဘာဝနာမျှနှင့် တင်းတိမ် အားရခြင်းကို မဖြစ်စေရ၊ သောတာပန္န အရိယာ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်အောင် ကိုးကြိမ်မြောက် သတိဆောင်ရခြင်း၊

သကဒါဂါမ်ဖြစ်အောင်

ယင်းသို့ သောတာပန်ပုဂ္ဂိုလ်ပင် ဖြစ်၍ အပါယ်ဘေးဒုက္ခကို စိတ်ချရသော်လည်း နောင် ခုနှစ်ဘဝတိုင်အောင် ဒုက္ခဘောင်ဝယ် ကျင်လည်ရဦးမည့် အရေး အလွန် ဝန်လေးသော စိတ်ထားဖြင့် နေ့ညဉ့် မခြား ဘာဝနာတရားကို ပွားများသဖြင့် သကဒါဂါမ်အဖြစ်သို့ ရောက်အောင် ဆယ်ကြိမ်မြောက် သတိဆောင်ရခြင်း။

အနာဂါမ်ဖြစ်အောင်

ယင်းသို့ သတိဆောင်သဖြင့် သကဒါဂါမ်တိုင်အောင် ဖြစ်ရသော်လည်း နောင် ဤကာမသံနှောင် ဒုက္ခဘောင်သို့ တစ်ကြိမ်တစ်ခါ လာ၍ ဇာတိ၊ ဇရာ ဗျာဓိ မရဏ ဘေးကြီး သင့်ရောက်ဦးမည့် အရေးကို အလွန်ဝန်လေး ကြောက်ရွံ့သော စိတ်ထားဖြင့် နေ့ညဉ့် မခြား ဘာဝနာတရားကို အားထုတ်၍ အနာဂါမ်ပုဂ္ဂိုလ် လျင်မြန်စွာ ဖြစ်ကြရအောင် ဆယ့်တစ်ကြိမ်မြောက် သတိဆောင်ရခြင်း၊

ရဟန္တာဖြစ်အောင်

ယင်းသို့ သတိဆောင်၍ အနာဂါမ်ပုဂ္ဂိုလ် တိုင်အောင်ပင် ဖြစ်သဖြင့် ဤကာမဘုံသို့ တစ်ကြိမ်မျှ မလာ၊ ကာမရာဂ ဒေါသမီးကြီး ဝေးကွာသော်လည်း နောင်အဖန်ဖန် ဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေအစ စုတိအဆုံးတိုင်အောင် ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ခြင်းပျက်ခြင်း ဥပါဒ် ဌီ ဘင်ဟူသော သင်္ခါရဒုက္ခ ဗြဟ္မာ့ဘုံ၌ တပ်ခြင်းမကင်းရသေးသော ရာဂမီးတို့ဖြင့် တငြီးငြီး တပြောင်ပြောင် ခံနေရဦးမည် ကိုသော်လည်း ငရဲပြည်ကို ကျဦးတော့မည်လောက် အလွန်ကြောက်ရွံ့သော စိတ်ထားဖြင့် မနေမနားကြိုးစား အားထုတ်ခြင်းကို ပြုသဖြင့် ရဟန္တာအဖြစ်သို့ ရောက်အောင် တစ်ဆယ့် နှစ်ကြိမ် မြောက် သတိဆောင်ရခြင်း၊

ကောင်းစွာ စောင့်ရှောက်ခြင်း ဖြစ်အောင်

ဤသို့သော သတိဆောင်ခြင်းတို့ဖြင့် တစ်ဆယ့်နှစ်ကြိမ်ရောက် ဘေးခပ်သိမ်း လွန်မြောက်အောင် မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြမှသာလျှင်
အတ္တာနေဉ္စ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ” (ဓမ္မ၊၃၇။)
ဟူသော ပါဠိတော်အရ ကောင်းမွန်စွာ စောင့်ရှောက်ခြင်း သုရက္ခဏ ဖြစ်တော် မူနိုင်ကြမည်များကို များများကြီး သတိဆောင်တော်မူကြပါမည့် အကြောင်း။

သူတော်ကောင်းများထံ မှီဝဲဆည်းကပ်

ယင်းသို့ သုရက္ခဏဖြစ်အောင် စောင့်ရှောက်ရမည်မှာလည်း အသပ္ပရိသ သံသေဝ အဖြစ်ကို ထင်ရှားစွာပြ၍ ဆုံးမတတ်သော သူတော်ကောင်း လဇ္ဇီပေသလ သိက္ခာကာမ နိဂ္ဂယှဝါဒီသခင် အရှင်ကောင်း ဆရာများထံ နိယံ မပြတ် ဆည်းကပ် မှီဝဲမိခြင်း ဟူသော သံယုတ်ပါဠိတော်လာ ရှေးဦးစွာသော ရောင်ဖြူ ပဌမအရုဏ် တက်ခြင်း။

တရားတော်ကို နာယူခြင်း

ထိုသို့ဆရာကောင်း ပညာရှင်တို့ သွန်သင်ဆုံးမ တရားပြသသည်များကို အခါခါ နာခံရခြင်းဟူသော နှစ်ကြိမ်မြောက် ရောင်ဖြူလာခြင်း တည်းဟူသော ဒုတိယ အရုဏ်တက်ခြင်း။

ဆရာ့စကား လိုက်နာခြင်း

ထိုသို့ မကောင်းမြစ်တာ ကောင်းရာတိုက်တွန်း ညွှန်ပြဆုံးမတတ်သော ဆရာကောင်း မိတ်ဆွေခင်ပွန်းကောင်းတို့ စကားကို မသွေမလှန် ရိုသေစွာ လိုက်နာခံခြင်း ဟူသော သုံးကြိမ်မြောက် နီညှင်းညှင်း လာခြင်းတည်း ဟူသော တတိယ အရုဏ်တက်ခြင်း။

ဆုံးမသည့်အတိုင်း ကျင့်၊ တရားအားထုတ်

ထိုသူတော်ကောင်း ဆရာကြီး ဆရာငယ်, အသွယ်သွယ် အဝဝ ကလျာဏမိတ္တတို့ ဆိုဆုံးမခံရရာ ဝမ်းမြောက်ဝမ်းသာ နေရာတကျ ကောင်းမွန်စွာ ကျင့်ဆောင်နိုင်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ တရားများကို လွန်စွာ အားထုတ်နိုင်ခြင်း ဟူသော လေးကြိမ် မြောက် ရောင်နီကြီးလာခြင်း တည်းဟူသော စတုတ္ထ အရုဏ်တက်ခြင်း။

ယင်းသို့ လေးကြိမ်လေးခါ အရုဏ်တက်လာကြအောင် အထူးသတိ ဆောင်တော် မူကြပါမည့်အကြောင်း။

အရုဏ်လေးချက်တက် မဂ်ဖိုလ်နိဗ္ဗာန် နေထွက်

ယင်းသို့လေးကြိမ်လေးချက် အရုဏ်တက်လျှင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တည်းဟူသော နေမင်းသူရိယာ ကောင်းကောင်းကြီး ထွက်လာပါတော့မည့် အကြောင်း၊ ဤသို့သော အရုဏ်လေးချက်တက်၍ မဂ်ဖိုလ်နိဗ္ဗာန် နေထွက်လာသည်ကို ရည်တော်မူ၍-

သူရိယာ ဘိက္ခဝေ ဥဒယာယ ဧတမေဝ ပုဗ္ဗင်္ဂမံ၊ ဧတံ ပုဗ္ဗနိမိတ္တံ ယဒိဒံ အရဏုဂ္ဂမနတာ။ ဧဝမေဝ ခေါ ဘိက္ခဝေ အရိယသာဝကာနံ ယောဂက္ခေမဿ အဓိဂမာယ ဧတမေဝ ပုဗ္ဗင်္ဂမံ၊ ဧတံ ပုဗ္ဗနိမိတ္တံ။
ယဒိဒံ သပ္ပုရိသူပနိဿယတာ သဒ္ဓမ္မသဝနတာ ယောနိ သောမနသိကာရတာ ဓမ္မာနုဓမ္မပဋိပတ္တိ။

(သံ၊၂။၂၃-၄။ ၇ဝ-၁။ ၃၈၆။)

ဟူ၍ သံယုတ်ပါဠိတော်တွင် အရှင်မြတ်တို့ ထိပ်ခေါင်တင် ဘုရားရှင် ဟောတော် မူပါကြောင်း။

ဓမ္မာနုဓမ္မပဋိပတ္တိ

ယင်းသို့ အရုဏ်လေးချက်တွင် ပဌမ ဒုတိယ တတိယ အရုဏ်သုံးချက် အရှင်မြတ်တို့ တက်တော်မူပြီး ရှိတော်မူကြသည့်အတိုင်း ဓမ္မာနုဓမ္မ ပဋိပတ္တိ စတုတ္ထအရုဏ် ကောင်းကောင်းကြီး တက်၍ နေမင်းသူရိယ မြန်မြန် ထွက်လာရအောင် များများ သတိဆောင်တော်မူကြပါမည့်အကြောင်း။

ရှိခိုးလျှောက်ကြား

ဤနည်းအတိုင်း -
“နေ့စဉ်မလပ် သံဃာတော်တို့ ဘုရားဝတ်တက် ပတ်ကပ်ပြီးအဆုံး နိဂုံးအစသတ် အပ္ပမာဒတရား သတိပေးထား လျှောက်ကြားရမည်”
ဆရာတော်ကြီး အမိန့်တော်များကို ဦးထိပ်ထားရပါသည့်အတိုင်း ဘုရားတပည့်တော် သာမဏေ “ရှင်ပဏ္ဍိက” တုပ်ကွရိုကျိုး အရှင်မြတ်တို့ခြေတော်စုံကို ဦးတင်မိုး၍ ရှိခိုးလျှောက်ကြား အသနားတော်မြတ်ခံပါသည် သံဃာတော် အရှင်မြတ်တို့ဘုရား။

ဒုနိဝတ္ထ ဒုပါရုတ ဝတ်ရုံခြင်းများ

ဤသို့လျှောက်ထား အသနားတော်မြတ် ခံရပါသော ဘုရားတပည့်တော် သာမဏေ “ရှင်ပဏ္ဍိတ” အားလည်း ဘုရားရှင် ပညတ်တော်မှုအပ်သော ရှင်သာမဏေ ကျင့်ဝတ်တို့နှင့်မညီ အလဇ္ဇီသာမဏေအချို့ ဝတ်ရုံကြသော -

သင်းပိုင်နှာမောင်းရှေ့မှ တွဲလျားရှည်ရှည် ချထား၍ဝတ်ခြင်း ဟူသော ဟတ္ထိသောဏ္ဍ ဝတ်နည်း
သင်းပိုင်ရှေ့ နှာမောင်းက တို၍ နောက်မှရှည်၍နေခြင်း ဟူသော တာလဝဏ္ဍ ဝတ်နည်း
ပုဆစ်ဒူးဝန်းအောက် လက်ရှစ်သစ်ထက် ပိုလွန်၍ ရှည်လွန်းစွာ ဝတ်ခြင်း၊
လက်ရှစ်သစ်ထက် တို၍ သင်းပိုင်ဝတ်ခြင်း၊
လူတို့ကဲ့သို့ ခါးပုံထိုး၍ သင်းပိုင်ဝတ်ခြင်း၊
နေ့ကိုင်သင်္ကန်း ရန်းသောအခါ လက်ဝဲလက်မောင်း တတောင်ဆစ်ကို ဖော်၍ ကိုင်ရုံခြင်း၊
လက်ဝဲလက်ယာ ရှေ့နောက် တစ်ဖက်က ရှည်၍ တစ်ဖက်က တို၍ ဝတ်ရုံခြင်း၊
နှစ်ဖက်လုံးတွင် ခြေသလုံး ကြွက်သား အောက်ထက် အလွန်ရှည်လွန်းစွာ တွဲလျားချ၍ ရုံခြင်း၊
သင်္ကန်းကို စွန်တောင်ချ၍ ရုံခြင်း၊

ဤသို့သော ဒုနိဝတ္ထ ဒုပါရုကဖြင့် ဝတ်ရုံနေသည်များကို လည်းကောင်း၊

လေးတောင်ထက် ပို၍ကြည့်မိခြင်း

မြို့တွင်း ရွာတွင်းတို့သို့ ထွက်ဝင်သွားလာနေသည့်အခါ ထမ်းပိုးတစ်ပြန် လေးတောင် ထက်မက ပိုလွန်၍ ကြည့်သွားသဖြင့် သြက္ခိတ္တစက္ခု သိက္ခာပုဒ်ပေါက်ကြား၍ နေသည်များကို မြင်တော်မူကြ သိတော်မူကြသည့် အခါများ၌လည်းကောင်း။

သာမဏေတို့ ကျင့်ရမည့်ကျင့်ဝတ်များ

သာမဏေတို့က ဥုးပဉ္စင်းများအနား ဖိနပ်စီး၍ မသွားရခြင်း၊
ဥုးပဉ္စင်းများရှေ့ တင်ပလ္လင်ခွေလျက် ခြေဆင်းလျက် မရိုမသေ မနေမိစေခြင်း၊
အခါခပ်သိမ်း ဥုးပဉ္စင်းများနှင့် စကားပြောတိုင်းပြောတိုင်း မရိုမသေ မပြောမိအောင်
“ဥုးထိပ်ရွက်ပါသည်ဘုရား။”
“တင်ပါသည် ဘုရား”ဟု “ပါ” ဟူသော စကားတစ်လုံးကို စကားပြောတိုင်း ပြောတိုင်း ထည့်၍ အရိုအသေ ပြောဆို လျှောက်ထားရမည်။

ဥုးပဉ္စင်း သံဃာတော်များတို့ စေခိုင်းရာ မပျင်းမရိ မငြီးမငြူ ဝမ်းမြောက်ဝမ်းသာ ရိုသေစွာ ရွက်ဆောင် အားထုတ်ရမည်၊
အာဂန္တုက ရဟန်းသံဃာ အဝေးက ရောက်လာသည်ကို မြင်လျှင် ရိုသေစွာ သပိတ် သင်္ကန်း လှမ်းယူ ခရီးဦးကြိုဆိုခြင်း၊ နဖူးမြေကျ ရှိခိုး ဝပ်ချရခြင်း၊ သောက်ရေဖြင့် မေးရကပ်ရခြင်း၊ ဆွမ်းခံရာ ဝစ္စကုဋိ ပဿာဝကုဋိ နေရာဌာန ညွန်ကြားရခြင်း၊

အခါခပ်သိမ်း အာစရိယဝတ် ဥပဇ္ဈာယဝက်တို့ ပြည်စုံအောင် ပြုရခြင်း၊ တစ်စုံ တစ်ယောက်သော ကျောင်းသားလူငယ် ကပ္ပိယ လူကြီးစသည်တို့နှင့် ဆိုမြည် ငေါက်ငမ်း ခိုက်ရန်ဖြစ်ပွား မဖြစ်ရခြင်း၊

အခါခပ်သိမ်း ဥုးပဉ္စင်းများ သံဃာတော်များတို့အား “မီးနှင့် မသွေ မြွေနှင့်မခြား” ခန့်ညား ရိုသေလေ့ရှိခြင်း၊ အခါခပ်သိမ်း သီတင်းသီလ ပြည့်စုံအောင် အထူးသတိ ဆောင်ရခြင်း၊ သီတင်းသုံးဖော်တို့ အလွန်ဆိုလွယ် သောဝစ္စဿတာ ဂုဏ်နှင့် ပြည်စုံအောင် အထူး သတိဆောင်ရခြင်း၊

နေ့စဉ်မပြတ် ဘုရားရှင်အား ပန်းတော် ဆွမ်းတော် ရေချမ်းတော်များကို မလပ်မလျှား လှူဒါန်းပူဇော်ရခြင်း၊ ဘုရားရှိခိုးဝတ်တက် ဝတ်ကပ်အမှန် လိုက်ရခြင်း၊

သံဃာတော်တို့ ကိစ္စကြီးငယ် ရှိသည့်အခါ ညီညာဖျဖျ သူ့ထက်ငါ နောက်မကျ အားထုတ်ရွက်ဆောင်ရခြင်း၊ နေ့ရောညဉ်ပါ စာပေကျမ်းဂန် မပြတ်မလပ် သင်အံ အားထုတ်ရခြင်း၊

လိင်ဒဏ် သေခိယဝတ် ခန္ဓကဝတ်ပိုင်းများကို ရအောင် ကျက်မှတ် မပြတ်မပြတ် သရဇ္ဈာယ်ရခြင်း၊ မြို့တွင်းရွာတွင်း အရပ်တစ်ပါး ကျောင်းတစ်ပါးသို့ မလည်မပတ် အသွားအလာ မများစေရခြင်း... အစရှိသဖြင့် -

အသနားတော်မြတ် ခံပါသည်

ဆရာတော်ဘုရားကြီး ဆုံးမထားအပ်သော ဥပဒေကျင့်ဝတ်များနှင့် မညီဖောက်ပြန် ချွတ်ယွင်းရှိသည့် အရာများကို အရှင်မြတ်တို့ သံဃာတော်များ ကြားသိတော်မူ မြင်တော်မူကြ၍ရှိလျှင် ဘုရားတပည့်တော် သာမဏေ “ရှင်ပဏ္ဍိက” အား သနား သဖြင့် နွံနာအောင် ဒဏ်ပေး၍ ဆုံးမတော်မူကြပါမည် အကြောင်းနှင့် အရှင်မြတ် တို့၏ ခြေတော်စုံကို ဦးတင်မိုး၍ ရှိခိုးလျှောက်ထား အသနားတော်မြတ်ခံပါသည် သံဃာတော် အရှင်မြတ်တို့ဘုရား။

ရှင်သာမဏေတို့ နှုတ်ဝယ်အရ ရွရွကျေအောင် ကျက်၍ တစ်လှည်စီ နေ့စဉ်မပြတ် လျှောက်ထားအပ်သည့် သာသနာလျှောက် တတိယောဝါဒကထာ ပြီး၏။

၁၂၅၄-ခု၊ သီတင်းကျွတ်လပြည့်နေ့
သာမဏေ ရှင်ပဏ္ဍိတထံ ပေးထားအပ်သော
မင်းကွန်း ငွေတောင်တောရ ရွှေကျင်ဆရာတော်ဘုရားကြီး
ဆုံးမသြဝါဒကထာ။

ရွှေကျင်ဆရာတော်ဘုရားကြီး ၏
သုလဒ္ဓံ ဝတ ချီ သြဝါဒ

ဝမ်းမြောက်ဖွယ်

“သုလဒ္ဓံ ဝတ ဘော၊ သုလဒ္ဓံ ဝတ ဘော” ဟု၊ မြိုင်တောကြီးလယ်၊ ဝမ်းမြောက် ဖွယ်ကို၊ တကယ်ရဟန်း၊ ညနေချမ်းတွင်၊ ဥဒါန်းမြွက်ဆို၊ ငါ၏ကိုယ်၌၊ နဂိုရ်သီလ၊ စင်ကြယ်လှ၏။

နိဗ္ဗာန်ရောက်မည်အမှန်

တေရသလျှင်၊ မြဲဓုတင်နှင့်၊ ဆင်ခြင် ပစ္စဝေက်၊ ည နံနက်လည်း၊ တံမြက်လှည်းဝတ်၊ ရေတည်ဝတ်ကို၊ မချွတ်စေရ၊ သန္တောသ မှီ၊ သန္တုဋ္ဌီ ဟု၊ ဖြည့်ညီ ပျော်မွေ့၊ ရသရွေ့ဖြင့်၊ ညနေ့ရောင့်ရဲ၊ ဖော်သဟဲကင်း၊ ယောက်ထဲ ချင်းသာ၊ အားထုတ်ပါမှ၊ ပြည်သာနိဗ္ဗာန်၊ ရောက်မည်မှန်၏။

သဒ္ဓါက ယုတ် တရားဆုတ်

ကျမ်းဂန် သေချာ၊ မိန့်ခဲ့မှာလျက်၊ သဒ္ဓါက ယုတ်၊ တရားဆုတ်၍ ကိုယ်နှုတ်ချွတ်ယွင်း၊ ပေးကမ်းခြင်းနှင့်၊ ထိုးကွင်းလက်ဖွဲ့၊ စုပ်မန်းတဲ့၍၊ ခါးလှဲ့ အင်းအိုင်၊ အတတ် ပြိုင်လျက်၊ ဆေးကိုင် ဆေးပေး၊ သူနာမေး၏။

ခင်မင်စကား နှုတ်ချိုပျား

ကျွေးမွေး ခေါ်ငင်၊ ဒကာမြင်မူ၊ ခင်မင် စကား၊ နှုတ်ချိုပျားသို့၊ “မာရဲ့လား” နှင့်၊ “သာရဲ့လား”ကွယ်၊ မင်းအိမ်ဝယ်၌၊ “မင်းဘယ်နှယ်ရှိ၊ ကျန်းမာ ဘိ၍၊ မင်းမိမင်းဘ၊ ဘာလုပ်ကြဟု၊ ငါကမမြင်၊ သင်၏လင်နှင့်၊ သင်ပင်မအား၊ ဘယ်သို့ သွားသည်၊ သင့်သား အကြီး၊ သင့် သမီးလည်း၊ အကြီး အငယ်၊ မောင်မောင်မယ်တို့၊ အိမ်ဝယ်မမြင်၊”

သူငယ်ချော့

သူငယ်ပင်ကို၊ ပိုက်ငင် ချီထား၊ နမ်းရှုတ်ငြား၍၊ “မုန့်စားမည်လော၊” ရယ်ရွှင် မောလျက်၊ ငှက်ပျော သစ်သီး၊ ပြ၍ပြီးကာ၊ ချော့မော့ရှာ၏။

သစ်သီးပေး ပန်းပေး

ဆွမ်းမှာကျွေးမွေး၊ သစ်သီးပေးနှင့်၊ ပန်းပေးဆေးကု၊ ရွာလူစုတို့၊ လှူမှု မသာ၊ ရှိသောခါလျှင်၊ ဖျာနှင့် ကော်ဇော၊ သင်ဖြူးချောနှင့်၊ သင်္ဘော မွေ့ရာ၊ ကန့်လန့်ကာ အုပ်ခွက်၊ လက်ဘက် ကရား၊ လင်ပန်းများကို၊ ငှားရမ်း ကြထွေ၊ ရောင်းဝယ်လေ၍၊

မလျောက်မပတ် မအပ်

ရွှေငွေ နည်းများ၊ ခံယူငြားလျက်၊ သိမ်းထား တိုက်ထဲ၊ မနာဘဲလည်း၊ နေလွဲကွမ်းစား၊ ဖျော်ရည်များနှင့်၊ ဆေးဝါးဆေးသောက်၊ သီလပေါက်လျက်၊ မလျောက်မပတ်၊ မအပ်လေပါ၊ လှူလာသမျှ၊ ထုံးကွမ်းစသည်၊ နေ့ညအများ၊ ကပ်ခံထားဘိ၊ သန္နိဓိက၊ ဝိကာလတို့၊ စသည်သိက္ခာ၊ ပျက်စီးရာပင်၊

ပျက်စီးရာတွင် လူတို့သွင်

လူတို့သွင်သို့၊ လှည်းယာဉ် လှော်လောင်း၊ နွားကောင်းကောင်းနှင့်၊ လှည်းကောင်း လှေကောင်း၊ ပယ်တုံ ရှောင်း၍၊ အကြောင်း မရှိ၊ စီးကြဘိ၏။ အဂ္ဂိရတ်နှင့်၊ ဘုမ္မိရပ်က၊ နက္ခတ်ခါရွေး၊ အခါပေးလျက်၊

တေးချင်း လွမ်းချင်း အဖျင်းဖျင်း

ကလေးကျောင်းသား၊ စသည်များကို၊ သံထားသံနေ၊ အထွေထွေဖြင့်၊ ဆိုစေ သီချင်း၊ တေးချင်း လွမ်းချင်း၊ အဖျင်းဖျင်းနှင့်၊ ချွတ်ယွင်း စကား၊ ရယ်ဖွယ်များလျက်၊ “တဟားဟား” “တဟီဟီ”၊ ဗာဟီက အမျိုးမျိုး၊ တန္ဒီ-က ကဲမိုး၍၊

ပွဲသဘင်ခံကြည့်ရှုပြန်

အကျိုးမရှိ၊ အဟီရိကင်း၊ ကြောက်ရှက်ခြင်းမူ၊ အလျှင်းမကပ်၊ ဇာတ်အုပ် ဇာတ်စီး၊ ပြုလုပ်ပြီးလျှင်၊ ဆရာကြီး သဖွယ်၊ ရှေ့က တယ်လျက်၊ သူငယ် အများ၊ မင်းသား မင်းသမီး၊ ပြုစေပြီးလျှင်၊ ဇာတ်စုံခင်း၍၊ လင်းကွင်းပုံသာ၊ ခရာ စည်နှဲ၊ ကျောင်းရံ ထဲတွင်၊ ပွဲသဘင်ခံ၊ ကြည့်ရှုပြန်ကြ၊ များလေစွတည့်။

မကောင်းကျင့်ခြင်း တရားကင်း

ဗုဒ္ဓမြတ်စွာ၊ သာသနာကို၊ ဆိတ်စာ မငဲ့၊ မိစ္ဆာ ဖွဲ့၍၊ တရွဲ့တစောင်း၊ စိတ်က ပြောင်းလျက်၊ မကောင်းကျင့်ခြင်း၊ တရားကင်းသော်၊ ရွာတွင်း ခရီး၊ ဘိနပ် စီး၏၊ ထီးလည်း ဆောင်းကာ၊ မှားမိစ္ဆာကြောင့်၊ ဥစ္စာ ဆည်းစု၊ လူအတုဖြင့်၊ ပြုစုဥယျာဉ်၊ ထိုသစ်ပင်ကို၊ ရေလျှင်သွင်းလောင်း၊

နှုတ်ဖြင့်ရိုသေ

အပေါင်းဒါယကာ၊ တွေ့ပြန်ခါလည်း၊ “ဗျာ မွန် ကျွန်ုပ်” လူ့အောက်ရှုပ်လျက်၊ နှုတ်ဖြင့် ရိုသေ၊ ဒကာတွေ အောက်၊ ကျွန်သပေါက်သို့၊ ချီးမြှောက်၍သာ၊ ဒါယကာကို၊ ဦးစွာခေါ်ငင်၊ အရင်တင်သည်၊

မဆိုထိုက်ဘဲ ပြောဆိုလိုက်

နှုတ်လျှင်ဆက်ပြီး၊ “ရွာသူကြီးမင်း”၊ “စာရေးမင်း” နှင့်၊ “ ခုံမင်း” တထွေ၊ “လှေသူကြီးမင်း”၊ “ပွဲစားမင်း”က၊ “ဗိုလ်မင်း”ရာထူး၊ “ဗိုလ်တပ်မှူးမင်း”၊ “မြေတိုင်းမင်း”ဟု၊ ဆိုခြင်းများထူ၊

တွေ့မြင်သူကို၊ “အလှူကြီးရှင်”၊ရှေ့ဦးတင်၍၊ အလျင်ငါအား၊ ပင့်မည်လားဟု၊ စကားသွယ်ဝိုက်၊ မဆိုထိုက်ဘဲ၊ ဆိုလိုက်ပြန်ကြ၊ ပြုသမျှကို၊ လေး၀ အပါယ်၊ ထိုသူဝယ်မူ၊ တကယ် ဧကန်၊ ရောက်မည် မှန်၏။

ပတ္တမြားပြည်တန် ပေါင်နှံရောင်းစားသို့

နှိုင်းစံပုံမှာ၊
“မလိမ္မာ၍၊ ဗာလာ တွင်ငြား၊ ငမိုက်သားလျှင်၊ မိဘ စင်က၊ အိမ်တွင် သိမ်းထား၊ မြတ်ထွတ်ငြားသည့်၊ ပတ္တမြားပြည်တန်၊ တစ်စလယ်ဆန် နှင့်၊ ပေါင်နှံရောင်းစား၊ ကဲ့အလားသို့၊”

ဂရုကင်းကွာ ဝမ်းတစ်ထွာကြောင့်

များသည်ပြည်ထောင်၊ ရာထောင်မက၊ ဗြဟ္မာမှလွန်၊ မဂ်ဖိုလ်မွန်နှင့်၊ ဆုံးစွန် နိဗ္ဗာန်၊ အဖိုးတန်သည်၊ လေးတန် သီလ၊ သမထ ဟု၊ ရသည် သိက္ခာ၊ မြတ်ရတနာကို၊ စားရာဝတ်မှူ၊ ပစ္စည်းစု၍၊ ဂရုကင်းကွာ၊ ဝမ်းတစ်ထွာကြောင့်၊ ဒကာကိုငဲ့၊ မိစ္ဆာ ဖဲ့လျက်၊ ချို့တဲ့ သိက္ခာ၊ ပါယ်လေးရွာသို့၊ ရောက်ရာ အမှန်၊

ကိုယ့်သိက္ခာကို လုံစွာစောင့်ရှောက်

မိစ္ဆာဉာဏ်ဖြင့်၊ “ဆန်ငှက်ပျော အုန်း၊ လဲ၍သုံးသို့၊ ပုံနှန်းမခြား၊” အပါယ်လားမည်၊ သို့ဖြစ်သည်ကြောင့်၊ တည့်တည့်မတ်မတ်၊ ကြပ်ကြပ်မြဲစွာ၊ ကိုယ့်သိက္ခာကို၊ လုံစွာစောင့်ရှောက်၊ မဖေါက်မပြန်၊ စိတ်ရည်သန်၍၊ မှန်ကန် သေချာ၊ အားထုတ် ရာသည်၊ နတ်ရွာမက၊ ပြည်မနိဗ္ဗာန်ရောက်စေသော်။

ဤဩဝါဒကထာ မိန့်ခွန်းတော်ကို
သက်တော်(၇ဝ) သိက္ခာတော် (၅၁) ဝါရ
မလှိုင်မြို့ ကျော်ခေါင်ကျောင်း ဆရာတော်
ဥုးကောသလ္လ ထံတော်မှ
စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော် ရှင်ပဏ္ဍိတ
ကူးယူရရှိသည်။ ၎င်းထံမှ မိမိကူးယူသည်။
(အရှင်နန္ဒမာလာဘိဝံသ၊ ၂ဝ-၃-၁၉၇၄။)

ခင်ကြီးထီပေါက် ဆေးဖော်နည်း

၁။ ဤဘဝ အသက်ထက်ဆုံး ငါ လူမထွက်ပြီ

၂။ ဤဘဝ အသက်ထက်ဆုံး အလဇ္ဇီပုဂ္ဂိုလ်ထံ ငါ ဆည်းကပ်မနေပြီ။

၃။ ဤဘဝ အသက်ထက်ဆုံး လဇ္ဇီပုဂ္ဂိုလ်အဖြစ်ကို မစွန့်ပြီ။

၄။ ဤဘဝ အသက်ထက်ဆုံး စာသင်ဖြစ်သော်လည်း ရွာကျောင်းတိုက်၌ မနေပြီ

၅။ ဤဘဝ အသက်ထက်ဆုံး ငါ ကျောင်းမထိုင်ပြီ

၆။ ဤဘဝ အသက်ထက်ဆုံး တောကျောင်း၌ပင် သော်လည်း မှီခို လောက်သောဆရာကြီးအမှီသဟဲနှင့် ခွဲ၍ငါမနေပြီ

၇။ ဤဘဝ အသက်ထက်ဆုံး အသက်မွေး လိုလားသဖြင့် ဆွမ်းစဉ် ပရိတ်ရွတ် လိုက်ခြင်းများ ငါမပြုပြီ

၈။ ဤဘဝ အသက်ထက်ဆုံး သပိတ်နှင့်သာ တစ်ယောက်ထီးထီး ဆွမ်းစားခြင်း အမှုကို ငါမစွန့်ပြီ။

၉။ ဤဘဝ အသက်ထက်ဆုံး သူတစ်ပါးတို့နှင့် ခိုက်ရန်ဖြစ်ပွား ဝိဝါဒစကား မပြောကြားမိစေပြီ

၁၀။ ဤဘဝ အသက်ထက်ဆုံး သူတစ်ပါးတို့အား ဆိုမည်ငေါက်ငန်း အကြမ်းပတမ်း မပြောကြားမိစေပြီ

၁၁။ ဤဘဝ အသက်ထက်ဆုံး တိုက်အုပ်၊ ဂိုဏ်းထောက် စသောဌာနန္တရ အရာကို ငါမယူပြီ

၁၂။ ဤဘဝ အသက်ထက်ဆုံး သံတုံးတံဆိပ် ထိပ်ကို အရိုက်မခံပြီ

၁၃။ ဤဘဝ အသက်ထက်ဆုံး မှူးမတ်တို့ဆရာ ရာဇဝလ္လဘပုဂ္ဂိုလ် ငါ မလုပ်ပြီ

၁၄။ ဤဘဝ အသက်ထက်ဆုံး တစ်နေ့မပြတ် စာပေကျမ်းဂန် သင်အံ ကြည့်ရှုခြင်း ပရိယတ် ပဋိပတ်အမှုကို လက်မလွှတ်ပြီ။

၁၅။ ဤဘဝ အသက်ထက်ဆုံး သူတစ်ပါးတို့ ဂုဏ်ပျက်အောင် အဖျင်းတိုက်စကား မပြောကြားမိစေပြီ

၁၆။ ဤဘဝ အသက်ထက်ဆုံး ငါ၏ အသက်အန္တရာယ် တိုင်အောင် အကျိုးမဲ့ကို ပြုလုပ်လာသူ ရန်သူကိုသော်လည်း မေတ္တာရှေ့ထား သနားသည်းခံ ရန်တုံ့မပြန်ပြီ

၁၇။ ဤဘဝ အသက်ထက်ဆုံး အတ္တုက္ကံသန ပရဝမ္ဘစကား မပြောကြားမိစေပြီ

၁၈။ ဤဘဝ အသက်ထက်ဆုံး ဝင့်ဝါပလွှား ဝါကြွားသံစကား မပြောကြားမိစေပြီ

၁၉။ ဤဘဝ အသက်ထက်ဆုံး ငါ့ထက်သိက္ခာ (၁) နာရီမျှ ကြီးသော သူကိုသော် လည်း နဖူးမြေကျ ရှိမခိုးနိုင် ခိုင်ခန့်မာမြင့်ခြင်း ထမ္ဘ တရားယုတ်ကို ငါမဖြစ်စေပြီ

၂၀။ ဤဘဝ အသက်ထက်ဆုံး ကပ္ပိယတို့ထံမှ စ၍ သူတစ်ပါးတို့ နားမချမ်းသာဖွယ် ဆိုမည် တောက်တီးခြင်း ပရိဘာသနအမှုကို ငါမပြုပြီ

၂၁။ ဤဘဝ အသက်ထက်ဆုံး အဟုတ်အဟတ် ဝီတိက္ကမ စေတနာနှင့် တကွ အာပတ္တိဝီတိက္ကမကို ငါမပြုပြီ

၂၂။ ဤဘဝ အသက်ထက်ဆုံး သူတစ်ပါး နားကြားလောက်အောင် အသံကျယ်စွာ ရယ်မောမှုကို ငါမပြုပြီး

ဤကား ခင်ကြီးထီပေါက် ဆေးဖော်နည်းပြီး၏။

မှတ်ချက်။

ရှေးက ဘုန်းကြီးကို “ခင်ကြီး- ဟု သုံးနှုန်းသည်၊ ယခုခေတ်တွင် “ခင်ကြီး” ဝေါဟာရသည် ပေါရာဏစကားဖြစ်၍ နေပါပြီ။

အနည်းငယ် ဆက်ပါဥုးမည်၊ ထီသည် မြန်မာမင်း (သီပေါမင်း) လက်ထက်ကပင် ရှိနေပါသည်။ ခရ်နှစ် ၁၈၇၉ (မြန်မာသက္ကရာဇ် ၁၂၄၁) ခုနှစ်တွင် ထီ ၂-မျိုး စဖွင့်သည်။

ထီကြီးက လက်မှတ်တစ်စောင် ၅၀-ကျပ် တစ်လတစ်ကြိမ် ဖွင့်၍ တစ်သောင်းဆုကြီး ပေးသည်။ ထီလေးမှာ လက်မှတ်တစ်စောင် ၁ပဲ (တစ်ပဲ) ပေးရ၍ ယင်းကြေးထက် ၄၈ - ဆ လျော်ခြင်း + ဆုပေးခြင်း ဖြစ်သည်။ နေ့စဉ်ဖွင့်သည်ဟု အဆိုရှိသည်။

ယင်းကြောင့် ပထမရွှေကျင် ဆရာတော်ဘုရားကြီးက ကာလညူ ဖြစ်တော်မူသည် အားလျော်စွာ ခင်ကြီးထီပေါက် ဆေးဖော်နည်း-ဟု သုံးစွဲတော်မူထားခြင်း ဟု မှတ်ယူဖွယ် ရှိပါသည်။

ဤစာမူကို မြင်းမူမြို့နယ် ငကင်းမင်းရွာ အရှေ့တောရကျောင်းမှ လွန်ပြီးသော ဘုန်းတော်ကြီး၏ မှတ်စု စာအုပ်မှ ကူးယူရခြင်း ဖြစ်ပါသည်။

၁၂၆၂-ခုနှစ်တွင် ကူးသည်” ဟုသာ အမှတ်အသား တွေ့ရပါသည်။

ကျန်စာမူများ --
ခင်ကြီးပျက် ဆေးဖော်နည်း၊
အဖိုးမထိုက်ခင်ကြီး ဆေးဖော်နည်း၊
ခင်ကြီးနှိမ်ကျမ်း(၁)၊
ခင်ကြီးနှိမ်ကျမ်း(၂) လည်း ယင်း မှတ်စုစာအုပ်မှပင် ကူးယူရရှိပါသည်။

မှ -
အရှင်အရိယဝံသ
ဗဟိုမြို့မကျောင်း ပုသိမ်ကြီးမြို့
မန္တလေးတိုင်း

ခင်ကြီးပျက်ဆေးဖော်နည်း

၁။ တောကျောင်းကို ခွါ

၂။ ရွာကျောင်းကို မှီ

၃။ မြို့ကြီးကို ကပ်

၄။ မင်းမှူးမတ်တို့ ဆရာလုပ်

၅။ ဂိုဏ်းအုပ် ဂိုဏ်းထောက် အရာခံ

၆။ သံတုတ်နှင့် တံဆိပ်ကို ချ

၇။ သံဃာ့ရာဇ ဘွဲ့ကြီးယူ

၈။ ရဟန်း မသူတော်ကို လက်သတ်မွေး

၉။ လူ့နောက်ပိတ်ခွေးကို ခါခါပေါင်း

၁၀။ သူတော်ကောင်းကို ဝေးဝေးခွါ

၁၁။ လာဘ်ပေါအောင်ကို ခါခါကြံ

၁၂။ စာပေကျမ်းဂန် ဝိကပ္ပနာထား

၁၃။ သူမြှောက်စားတိုင်း တပြုံးပြုံး

ဤတစ်ဆယ့်သုံးသည်လုံးလုံး ခင်ကြီးပျက် ဆေးဖော်နည်းတည်း၊

မပျက်စီးလိုကြလျှင် ဤတစ်ဆယ့်သုံးဝမှ လှလှဝေးအောင် ရှောင်ကြရမည်” ဟူလို။

အဖိုးမထိုက် ခင်ကြီး ဆေးဖော်နည်း

၁။ စွန်ထောင် သင်းပိုင်

၂။ ဗရပိုင် ကိုယ်ရုံ

၃။ ဗရပိုင် နေ့ရမ်း

၄။ စကားကြမ်းကို ကြပ်ကြပ်ပြော

၅။ ရယ်တသောသော ခါခါနေ

၆။ လူလေရှင်လေ ကြပ်ကြပ်မွေး

၇။ လူကလေးကို ချစ်ခင်တွယ်

၈။ လူငယ်ရှင်ငယ် ရိုက်နှက်တတ်

၉။ အရပ်ထဲကို ခါခါသွား

၁၀။ ဗြောသံကြားရာ ခါခါလိုက်

၁၁။ လူမိုက်တွေ့တိုင်း အကျွမ်းဝင်

၁၂။ သူတော်စင်ကို နောက်ဘက်ထား

၁၃။ ဝင့်ဝါပလွှား ခါခါပြော

၁၄။ နင်သောဟယ်သော မာနထောင်

၁၅။ ဒကာ”ချစ်”အောင် ချိုစကား

၁၆။ မာတုဂါမများကို ကျောင်းသားအတူ လက်ခံ

၁၇။ ကြွက်ကြွက်ညံအောင် စကားပြော

၁၈။ မီးဖိုကြားကို ခါခါဝင်

၁၉။ လူရှင်ထူရာ ခါခါတိုး

ဤကား အဖိုးမထိုက် ခင်ကြီး ဆေးဖော်နည်းတည်း။

အဖိုးထိုက်လိုကြလျှင် ဤတစ်ဆယ့်ကိုးမှ လွတ်အောင် ရှောင်ကြဉ်ကြရမည်” ဟူလို။

ခင်ကြီးနှိမ်ကျမ်း (၁)

ဩဝါဒစကား

ဇေယျတု။ ။ ဆရာဩဝါဒစကား ပေးထားအပ်သည်ကား-

သီလေပတိဋ္ဌာယ နရော သပညော စိတ္တံ ပညဉ္စ ဘာဝယံ။ အာတာပီ နိပကော ဘိက္ခု သောမံဝိဇဋယေ ဇဋန္တိ
(သံ၊၁။၁၂။ ဝိသုဒ္ဓိ၊၁။၁။ သီ၊ဋ္ဌေ။၅၆။)

မိန့်တော်အရ၊ အနေသန ဒူသန၊ စသည်များစွာ၊ ကျင့်မိစ္ဆာကို၊ ကောင်းစွာ တွန်းသတ်၍၊

သက္ကာရရန် ပယ်လှန်နိုင်မှ ဦးပြည်းကျိုးနပ်မည်

စတုပါရိသုဒ္ဓိ တည်းဟူသော၊ အောင်မြေရပ်ဝယ်၊ တည့်မတ်စွာ၊ “တပ်မတော်” ချစွဲလျှက်၊
သတိပဋ္ဌာန် တည်းဟူသော”သူရဲခို မြေအထု”ဝယ်၊
သမ္မပ္ပဓာန် တည်းဟူသော “သူရဲဗိုလ်” စုပြီးလျှင်၊
ဣဒ္ဓိပါဒ်လေးအင် တည်းဟူသော၊ “ဗိုလ်မှူးလေးယောက်”ကို၊ လေးမျက်နှာ စစ်ဦး၊ စစ်တံခွန် လွင့်စေလျှက်၊
ဣန္ဒြေ ဗိုလ် ဗောဇ္ဈင်နှင့်၊ မဂ္ဂင်စသော “ဆင်လုံး မြင်းလုံး၊ စိန်ဗုံး အမြောက်” တို့ဖြင့်၊ ဒိုးဒိုးဒေါင်ဒေါင် ညိုးညိုးညံညံ၊ ပစ်ခတ်သံမစဲ၊ အက္ခောဘဏီ၊ စစ်သည်ချပြီးခါ၊

“အာရမ္ဘထ နိက္ကမထ”၊ အစိန္တေယျ၊ “တိုက်မောင်းစည်သံ”ကို၊ နာခံစွဲယူ၍၊ သူ့ထက်ငါ အပြိုင်ခဲသဖြင့်၊

သက္ကာရ သူပုန်ရဲကို၊ ကြွင်းမကျန် ပယ်လှန်လှဲနိုင်မှ၊ ဦးပြည်းကျိုး နပ်ကြမည်။

ခင်ကြီးပီပီမနေ

စွန်တောင် သင်းပိုင်၊ နေ့ကို ဗလပုံ၊
ကိုယ်ရုံ တွဲလျား၊ စကား ဗလဖွာ
ဥဒ္ဓံတာ ဥပဉ္စလာလောစပလာ
မုခါတနဲ၊ ခင်ကြီးပီပီ မနေဘဲနှင့်

အရပ်ခေါင်းသူ လူကဲပဲ-ဟု၊
ဆွမ်းချက်တဲမှာ တစ်ခါစား၊
ဟင်းချက်ရာမှာ ဆီဆားမြည်း
ငါးပိနည်းသော ဆားနည်းသော
ချိုသော ချဉ်သော၊ ရိုက်နှက်လောနှင့်၊
ဆွမ်းချက်သာ ကြာကြာမခံ

ဆွမ်းစားချိန်

ဆွမ်းစားပြန် ဆိုမည်ငေါက်၊
တတောက်တောက်နှင့် ခဲမကြေ
“ဟဲ့ငမွဲ ဘယ်ကိုသွား”၊
“ဆားယူခဲ့လဟဲ့” လားလားနော်
“တအော်အော်”နှင့် စား၍ပြီး၊
နှုတ်သီးနီအောင် ကွမ်းကိုစား
တံပူမစား အချိန်လွန်

နေ့လည်ချိန်

စား၍ ပြီးပြန် နေ့လည်ချမ်း၊
ဥယျာဉ်ပန်းမန် စိုက်ပျိုးချ
နဝကမ္မ ကျွတ်ကျွတ်ဆူ
တူးလား ဆွလား ဗလပူ

“ရေယူခဲ့တဲ့ လောင်းပါလား။”
ငမိုက်သား မှုန်တေတေ
“နင့်အမေ”“ဘယ်နှယ်လောင်း၊”
ထောင်းသက်တော့မလို သူ့အနေ၊

လူလေရှင်လေ ရှာ၍မွေး
လူကလေးကို ချစ်ခင်တွယ်
လူငယ်ရှင်ငယ်နှင့် တစ်ဆောင်ထဲ
ကျဲကျဲလင်းအောင် အိပ်မပြေ
နေ့အခါလည်း မြင်မတော်၊
အချစ်တော်ဆို လူကလေးနှင့်

ဘုန်းကြီးကောင်းယောင် ဟန်ပန်သွေး

ဘုန်းကြီးကောင်းယောင် ဟန်ပန်သွေးလို့၊
ပစ္စည်းလိပ်ကို ကြပ်ကြပ် ပေး၍၊
တရားကလေး ဟောသလိုလို၊
ဟိုဟိုသည်သည် ဘယ်မသွားနှင့်၊
ငါ အပါးကြပ်ကြပ်နေ
မြို့ပြည်ရွာတွင်း ဝင်ပြန်သော်၊
အချစ်တော်ကို စိတ်မချ

နိစ္စမပြတ် သုဘလို၊
ပြုံးချိုချိုနှင့် နေလယ်ကြော
ရယ်တမောမော ကာလကုန်
အချိန်ကုန်အောင်သူ့အပါးမှာ၊
လူပျိုအပျိုသူ့စကားလို
ရဟန်းရှင် လူ မခံသာအောင်
တစ်နေ့ဆယ်ခါ ထက်မနားဘူး
မခံအားအောင် အလွန် ကြား၍၊
ဆရာတပည့်လင်မယားဟု၊
သူပေးစား ရှက်စဘွယ်

နောက်ဘဝကြည့်လျှင်

ဂိဇ္ဈကုဋ်သို့ ခေါင်းကိုရွယ်
ငရဲလယ်သို့ မျက်စောင်းထိုး
ငရဲအိုးမတ်မတ်ကြည့်အဝီစိကြပ်ကြပ်ချဉ်း
ခင်ကြီးကောင်း ဟန်ပန်ကျင်း၍၊
ခေါင်းပြောင်ကြီးနှင့် ကျောင်းတော် တွင်းမှာ
မြို့တွင်းရွာတွင်း ကြပ်ကြပ်လယ်
လူငယ်ရှင်ငယ် ရိုက်နှက်တတ်
ပစ္စည်းလာဘ် ကြပ်ကြပ်ရှု
ပရိက္ခရာကို ကြပ်ကြပ်ရောင်း

မျက်နှာရှိရာ ချိုမေတ္တာ

သူတောင်းစားကိုကျောင်းဝင်းပြင်
မြင်ကထဲကဆိုမြည်ဆဲ
ကျေးရွာထဲက ဒကာလာ၊
မျက်နှာရှိရာ ချိုမေတ္တာနှင့်၊
စားလားသောက်လား လောကွတ်ပြု
လူမြင်တိုင်းနှင့် ရောယှက်ပြု

သားကလေး ချော့ခေါ်ရှင်၊
တင်ပြင်ခွေပေါ်လာ၍တက်
မရက်မစက် ချစ်လေဟန်
နပန်းဆံကို တသပ်သပ်
လာဘ်ကိုလို၍ခင်ကြီးမျှား
သားသည်အမေ အရိပ်သိ၍ နောက်ပြန်ရယ်
လူမှုကြီးငယ် ဆက်ဆံပြော
ဥယျာဉ်လယ်တော ဝင်ဝိုင်းပျော်
တစ်ခါခေါ်လျှင် နှစ်ခါရောက်၊
သုံးခါရောက်၍ နားမလည် မတန်ချင်

မင်းခိုင်းလေလေ စိတ်ပျော်မြူး

မင်းမှူးမတ်နှင့်ကျွမ်းဝင်ရန်
မင်းစိုးအိမ်ထံ ခါခါသွား
မင်းခယောက်ျား ပုံအတူ
ရိုသေသမှု စာတုကမျတာ သိက္ခာပုဒ် ဘယ့်နှယ်နေ
မင်းကြိုက်လေအောင်အလိုကျ
မုဂ္ဂသူပြနားမလည်
ချစ်ကြည်ဘွယ် မျက်နှာထားနှင့်၊

ပီယဘာဏီ-ပြ သိက္ခာကို၊
ဝိကပ္ပနာ တော်လှန်ထားမှ၊
မင်းမြှောက်စားလိမ့် စိတ်အနေနှင့်၊
မင်းခိုင်းလေလေ စိတ်ပျော်မြူး
နတ်ဆေးရူး ဗုံနှင့် မြောက်
သံသေမြောက်၍ ခင်ကြီးပျို

ပျံတော့မလို ယပ်ခါဝင်နှင့်၊
မြေကိုနင်း၍ ချက်မမှန်
မင်းအိမ်တော်ပြန် ရွာသို့ရောက်၊
ထီးမိုးနောက်လိုက် ခြွေရံခေါ်
လယ်ဥယျာဉ် လှည့်ပတ်သွား၍၊
အရပ်ကိုကား နားပါးထောင်
လူမှုရှင်မှု အတွက်ဆောင်

စားသောက်ကာ ကာလမျော

မှုမအောင်လျှင် ဆိုမည်ဆဲ
ငမိုက်ငမဲ အော်အင်နှင့်၊
ငခွေးငဝက် တိုင်းထွာနေ
လူတွေရှင်တွေတသောသောနှင့်၊
စားကာသောက်ကာ ကာလမျော၍၊
ရင်တမောမော ခင်ကြီးလေ
စာပေတလီ စိတ်မမှန်းနှင့်၊

လယ်တော်ပြန်ကိုယ်တော်ပန်း၍၊
ပိတ်နီသင်္ကန်းခေါင်မြီးခြုံ
အချိန်ကုန်အောင် ခါခါအိပ်
စိတ်ပုတီးနှင့် လုံးလုံးကွာ
အိပ်ရာထကာ ဘယ်ဘုရား၊
ဘယ်ဝတ်တက်သွား နားမလည်

ဗြောသံကြားရာ နာနာချဉ်း

တစ်နေ့ဆယ်ခါ ယပ်တစ်စင်းနှင့်၊
ထီးမိုးနောက်လိုက် ခြွေရံကျင်းလို့၊
ဗြောသံကြားရာ နာနာချဉ်းလျှက်၊
မြို့တွင်းရွာတွင်း ကြပ်ကြပ်လည်
ပရိက္ခရာ နှင်းကာ တိုးတိုးထား
တစ်ပြားဖိုး နှစ်ပြားဖိုး ဆို၍ ဈေးဝယ်ပြန်
ငါးကိုရ- က ခုတိုင်းရေးကိုချ
သုဿာန်ဝ ကြပ်ကြပ်မှီ

ဆွမ်းခံချိန်

ကပ္ပိယကြီး စကားကမ်း
ပိတ်နီသင်္ကန်း တရဲရဲနှင့်၊
ကျောက်ချဉ်ဘိုးကို ခါးဝတ်မြဲ၍၊
အရပ်ထဲကို ဆွမ်းခံဝင်
အိမ်ဦးရောက်လျှင် ရှေ့တော်ပြေးနှင့်၊
ကျောင်းသားလူကလေး ဆွမ်းဟင်းအော်

“ဆွမ်းတော်ဟင်းတော် လာပြီဗျို့၊”
“ဆွမ်းဟင်းခွက်အိုး ဘယ်နှယ်များ၊
“ထည့်ကြအုံးမလား အို ခင်ဗျား၊”

ဟိုမေးမြန်း သည်မေးမြန်း၊
တစာစာနှင့်ပေးအုံးမလား၊
တောင်းယူငြားက၊
ဝိညတ်တရားဘယ်နယ်နေ
စက္ခုန္ဒြေ ခါမငွေ့
သပိတ်ပြည့်ကျောင်းသို့ပြန်၊
ဆွမ်းကြွင်းကျန် စုပုံလှမ်း
ခင်ကြီးနှိမ်ကျမ်း နိဋ္ဌိတံ

ခင်ကြီးနှိမ်ကျမ်း ဘုန်းကြီးနှိမ်ကျမ်း- ဆိုရာ
တစ်နည်းတစ်ပုံ ပြီး၏

၁၂၆၂-ခု သီတင်းကျွတ်လဆုတ် (၈) ရက်နေ့တွင် ရေးကူးသည်

ခင်ကြီးနှိမ်ကျမ်း (၂)

ဇေယျတု
ဆရာ မှာကြားလိုက်သည် တပည့်တို့၊

ပဗ္ဗဇ္ဇဒုလ္လဘ မရကောင်းရပါလျှက်

ခြောက်ရောင်မြို့သခင် တို့ချစ်ရှင်၏၊
နေလုလင် တက်သစ်၊
တောက်ရောင်ခြည် လှစ်သကဲ့သို့၊
ဣဿရိယ၊ ရသရှစ်တန်
ဆုံးမဟန်ဖြင့်၊ မွေ့လျော်ရန် သာသနာ၊
မဟာသမယ၊” ဤခေတ္တတွင်၊

ပဗ္ဗဇ္ဇ ဒုလ္လဘံ”ကို၊
ရှေးကံထောက်မ၊ မရကောင်း ရလျှက်၊
ဗာလတို့ အမူ၊ မသူတော်တို့ နိသျည်း၊
လူကလေးများ နည်းကို၊ တသမတ်တည်း စိုက်စိုက်၊
အတုလိုက်၍၊ ကြိုက်ရာစား ကြိုက်ရာသွား

အချို့ငါတကောကော

အချို့များကလည်း၊
ကျောင်းသား သာမဏေငယ်များနှင့်၊
အကယ် အရောင်၊
ကျောင်းတစ်ဆောင်စီနှင့်အရေးပုံခင်း

ခေါင်းတုံးခြင်းအတူတူ၊ သူတို့လည်း ကျောင်းထိုင်၊
ငါတို့လည်းကျောင်းပိုင်၊ ကိုင်သော်ကော ချိုင်သော်ကော၊”
ငါတကော ကောကြလျှင်

လူကုန်သည်နှင့်မခြားနား

အကောက အင်မတန်
သတိတော် ဉာဏ်မဟာက၊
ပရိတ္တံ တံ ဘဏာမ”၊
သည်ဟာမျှ မရ,တစ်ချက်၊
ရ တစ်ချက်နှင့်၊
နှုတ်တက်ဆောင်ရာ၊ ဒွေမာတိကာများမှာ၊ ဝေးကွာဘိခြင်း

အဖျင်းပြော အတင်းပြော
လောဘဇော တောင်လိုမူ
ရွှေကိုယူ ငွေကိုရှာ
ပရိက္ခရာကို ရောင်းချ
လှေလှလှကို အရဝယ်
လူကုန်သည်နှင့် မခြားမနား

ကျွေးမွေးပေးကမ်း ပရိယတ်ကျွမ်းသတဲ့

လူသူများမွေးလားကျွေးလား
ပေးလားကမ်းလား၊ စားလားသောက်လား
စားရသူများကလည်း၊
“ဒို့ဘုန်းကြီး သဘော၊ အနှမျောမရှိ၊ ရှိတိုင်းကျွေးရှိတိုင်းပေး
ဒို့ကျေးဇူးအရှင်၊ တို့ဘုန်းခင်ကဲ့သို့၊ ဘယ်တွင်မရှိ၊
ပရိယတ္တိကျွမ်းကျင်၊ ကျမ်းတတ်ပင်”ဟုး
ဝမ်းရွှင်သာမော၊ စားရသူတိုင်းအံ့သြ၍၊
ထောမနာသူ၊ အူအူသောင်းသောင်း၊

ဒေါသသာတင် အပြစ်မမြင်

တန်ဆောင်းကျောင်းနှင့်၊ ဘုန်းကြီးကောင်းလုပ်သူ
ယမမင်း သူကလည်း၊
ကုလသော အနေသနသော
သဘောများကလည်းမရှိ
သိရင်းကလည်း မသိ၊ ထိုသတ္တိကြောင့်၊
ရမိရင်း ပစ္စယာ၊ အာမိသာများကို၊
သုံးစားလျှင် တကယ်ပင် ဖြစ်သည်” ဟု၊
ဆန်တရက် အလေး၊ သိမွှေးတော် မပေါက်၊
ဂိုဏ်းထောက် ဂိုဏ်းအုပ် ဆရာတို့က၊
သရုပ်နှင့်တကွ၊ ပြောဆိုပြသော်လည်း၊
ဒေါသသာတင်၊ အပြစ်သာမြင်သောကြောင့်

သဘောဆိုးရဟန်

ရှောင်ကြဉ်မကြံ၊ ဂုဏ်ခံမည်စိတ်ထား
မှုန်စီစီမျက်နှာထားနှင့်၊ အံသွားတခဲခဲ
ငရဲကို ခေါင်းငြိမ့်ဂိဇ္ဈကုဋ်ကိုခေါင်းလျှိုး
ဉာဏ်ကော့လံထိုးသဘောဆိုးကျသည့်၊
ရဟန်းတို့အလေ့၊ ပြကတေ့ကို၊
စေ့စေ့စုံလင်၊ သက်သက်ဝင်၍၊

ဩဝါဒပေးလိုက်လျှင်

တို့ထံတွင်ပျော်ပါး၊ တို့တပည့်များလည်း၊
ဘုရားရှင်သာသနာ၊ စည်ပင်သာအောင်၊
ဂဏာစရိယ၊ ဂဏပါမောက္ခ
ဂိုဏ်းထောက်သခင်၊ ဂိုဏ်းအုပ်ရှင်တို့က၊
ဝိနည်းတော်နှင့်လျော်သဖြင့်
စာပေသင်ခြင်း၊ ကျင့်ခန်းကြံခန်း၊
စာပြန်ခန်းကို၊ ရဟန်းတို့ပီပီ၊
လဇ္ဇီဘာဝ ဖြူစင်ကြအောင်
ဩဝါဒရင့်ကျွေး၊ ထပ်ဆင့်ကာ ပေးလိုက်လျှင်၊

အရေးကြီးတစ်ခု၊ အမှုကြီးဧရာ
ပတိန်းအရေးတွင်၊ ကြောက်သွေးကြီးဖြာသလို၊”
မျက်ကလဲ ဆံပြာ၊ မျက်နှာများမဲကြ၍၊
တွဲကာပူးကာ၊ စုဝေးကာနှင့်၊

“လာလတ္တံ့အရေး၊ ပြီးလေသေးဘူး၊
စ,ရုံကလေးသည်တစ်ခါ၊ နောင်ဘယ့်နှယ်လာမည်လို့၊
နေရာကျမသိနိုင်၊ ကိုင်လိမ့်မည်စင်စစ်၊
ဧကန္တ ဓားထစ်၊ သစ္စာပြုဝန်ခံ
ဘုရားထံမှာ ဆိုကြရမတဲ့”၊

အကြောင်းမဲ့ ကွမ်းစား၊ နေလွဲဆေးသောက်
ဆေးဝါးများ တဘက်၊ လက်ရောက် လက်ရှိ
ပစ္စည်း အနည်းအများ၊ သုံးစားရန်အလို့ငှါ
ဒကာကို ကျွေးမွေးကံပြု၍ဆေးကြောမှ၊
အလဇ္ဇီသဘော၊ လဇ္ဇီသဘော သက်မတဲ့၊”

ခက်ဘိခြင်း ခဲဘိခြင်း၊“ရွှေငွေကင်းမှ, ရှင်းမှ,တဲ့၊”
“သည်ကိစ္စအရေး၊ ပြီးပြန်သေးလျှင်၊
ဒွေမာတိကာ နှစ်ဆောင်ကို၊
နှုတ်မှာရွရွ၊ပြန်ဆိုရမတဲ့၊”
သည်ဘဝလုံး၊ လက်စတုံး ဆုံးနိုင်မည်မထင်

နေချင်တိုင်းနေရသတဲ့

အောက်ရပ်ခွင်များမှာ၊ နေချင်တိုင်း လေချင်တိုင်း
ဘယ်ဂိုဏ်းထောက် ဘယ်ဂိုဏ်းအုပ်၊
ဘယ်သူမှ မလုပ်ကြဘူး
ရွှေလုပ် ငွေလုပ်၊ အဂ္ဂိရတ်ထိုး
ကွမ်းစားမျိုး၊ ဆေးသောက်မျိုး
ပွဲလမ်းရှုပ၊ ရုပ်သေးခံ၊ ဗုံရှေတိုသံမစဲ
ကျောင်းထဲမှာ၊ တသဲသဲအုံကြွ
တမြဲမြဲပြုံးကြကြားမှမကြားဘူး
မနောရှိသမျှ၊ အပွဲပွဲမှန်းလှပေါ့

ဘယ်ကိစ္စ မရှိ၊ ရှင်အသိလူအမြင်၊
ဗေဒင်ကို ဟောသူ ဟော၊ ဗိန္ဒောကိုကုသူကု
ဓာတ်ကျမ်းကိုရှသူရှု၊ ဓာတ်စာကိုပေးသူပေး
ထိုးကွင်းဆေးကို စုသူစု၊ မျက်နှာပွင့် အနုကို လုပ်သူလုပ်
ဘယ်ကုလ ဘယ်ဒူသ၊ ဘယ်ကိစ္စ မရှိ၊
ဒွေမာတိကာသော၊ဝိဘင်းသော၊နိသျည်းသော

သဘောရှိရာ၊ နေသာထိုင်သာ၊ ကျဉ်းကြုတ်ရပါဘူး
အောက်ရပ်ထံများသို့၊ လျင်မြန်ပြေးမှ

အတက်ခက် အဆုတ်ခက်

တစ်ကျောင်းကြီးသွေသွေ၊ ကြာကြာနေလျှက်၊
စာပေပြန် သစ္စာပြု၊ ဝန်ခံမှုများနှင့်၊
ခုမကြာတွေ့ခန်း၊ မယုံဘူးစမ်းမလား
“ပုတ်ထမ်းသမား၊ လမ်းကျဉ်းကြားမှာ၊
အသွားကပ်ကပ်၊ တစ်လစ် ညပ်သည့်နှယ်
အတက်ခက်အဆုတ်ခက်လူရုပ်ပျက်၍၊
ရှက်စရာဟန်ပုံ၊ အရေးကြီး ကြုံမှလည်း၊

အောက်နယ်ရပ်ကျေး တိမ်းရှောင်ပြေး

မလုံသည့် အိုး၊ ဒုတ်မိုးလျှင် အာ၊ ပုံပမာကဲ့သို့၊
ကိုယ့်သိက္ခာ ကိုယ်မယုံ၊ ကိုယ်စွမ်းအင် ကိုယ်အားမရ၊
အပြစ်ကို ရှာကြ၍၊ သောကကြီးစွာ၊ ညှိုးမျက်နှာနှင့်၊
ဆရာကိုမျှခွင့်မပန်၊ လျှောက်ထားရန်ကိုမျှ မလျှောက်ထား၊
သူရူးနာချင်းပေါင်း၊ လူတစောင်းချင်းတွဲ
လူမဲတစ်စု လှေတစ်ခုနှင့်၊
လူလေ စုဝေး၊ အောက်ရပ်ကျေးသို့
ကျွန်ပြေးသက်သက်၊ တိမ်းရှောင်ကာ ထွက်၍၊
အောက်နယ် အဝီစိ၊ ဆိုက်ရောက် ထိမှ၊
စိတ်ရှိ ပျော်ပါး၊ တန့်ရပ်ခါနားမတဲ့

ရဟန်းကောင်းများ အားမကျ

ငမွှားတို့ပြုဟန်၊ အင်မတန် ရိုင်းစိုင်း
ပုံပမာခိုင်းလိုက်လျှင်၊ စစ်ကိုင်းအင်းဝ၊ ရူးကြသည် အနဲနဲ၊ သည်အရူးကဲ့သို့၊
အို တကွဲ ဆိုမြဲစကား၊ ပုံစံ ထားသလို၊

ဘုရားရှင် သာသနာ၊ ကျင့်သိက္ခာနှင့်၊
နေရှာသူအပေါင်း၊ ရဟန်းကောင်း အများ၊ ရှိလျှက်သားကို၊ အားအင် မကျ
တို့က လူချော၊ ငသတ်ပေါ တို့မှာ၊
အကြံကော အကြံညစ်၊ အကြံဆိုးများ ဖြစ်လျှက်

သိက္ခာများ ပျက်လေသလား

ထစ်ကနဲရှိ ကွင်း၊ ထင်းကနဲရှိ ရှောင်
ချောင်ကနဲရှိ တလန်းလန်း
ပေါက်လွှတ် ပျော်ရမှ၊ စိတ် မပင်ပန်းကြသည့်၊
ရဟန်းတို့ အတု၊ အဝ စားရရုံ ဝတ်ရရုံ
သင်္ကန်းဂုဏ်နှင့်၊ ဟန်ပုံ တသသ၊
ဂုဏ်လုပ်ကြ၍၊ ပေသလ သီလဝန်၊
သူတော်မွန်တို့အား၊ အလွန်သံသယ၊
ကုက္ကုစ္စ ဖြစ်ခန်း၊ သည်ရဟန်းများမှာ၊
ကြမ်းတမ်းမှေးယှက်၊ သိက္ခာများပျက်ကရော့ထင့်

ရှက်စရာ မူရာ၊ မိစ္ဆာဇီဝဗုဒ္ဓပဋိကုတ်
(ဗုဒ္ဓပဋိကုတ် = ဗုဒ္ဓဿ ပဋိကူလော- ဗုဒ္ဓပဋိကူလောတိ သမာသဝိဂ္ဂဟော ကာရေတဗ္ဗော)
အကျင့်ယုတ်ကြောင့်၊ သုတ်သုတ်ပြေးရှာရော့ထင့်

တပည့်တို့အတွက် ဆရာအလွန်ခက်

ဆရာပေါ့ဆရာဖျင်း၊ သူ့တပည့်ရင်းကိုမျှ၊
အလင်းမပြသ၊ မဆုံးမ၍၊
ရေမရလယ်ပျိုး၊ ကောက်ပင် ညှိုးသည့်နှယ်
အကျိုးမဲ့ ပျက်စီး၍၊ အချည်းအနှီး ဖြစ်ရှာရော့ထင့်
ဆိုခွင့်ဆိုရန်၊ ဆိုစရာမှန်သောကြောင့်၊
တပည့်ထန် တပည့်ခွေး
တပည့်ပြေး တပည့်ယုတ်တို့ အတွက်ကြောင့်၊
ဆရာ အလွန်ခက်၍၊ ကဲ့ရဲ့အပ် ကဲ့ရဲ့ကွက်၊
ကဲ့ရဲ့ရန် ပေါ်လာ ပြန်လျှင်၊
ကျွန်နှင့် သူကောင်း၊ အတူပေါင်း၊ သူကောင်းကျွန်စော်နံ
ရှေးထုံးစံနှင့်၊ တစ်ဆံမျှ မယွင်း

တပည့်ဖျင်းအတွက်၊ ဆရာရှင်သက်သက်၊ မျက်နှာပျက်၍၊ အရှက်ကြီးရချေပြီ

ထွက်ပြေးအောင် မလုပ်

ဂိုဏ်းသီလဝါ၊ ဂိုဏ်းဆရာတို့ကလည်း၊
သိက္ခာပုဒ်နှင့် မတော်၊ ဝိနည်းတော်နှင့်မတန်
ကြံဖန်၍အဓမ္မ၊ ထွက်ပြေးရအောင်လုပ်ကြသည်မဟုတ်ပေ

အစိန္တေယျ၊ သုံးလူအထွဋ်၊ သဗ္ဗညုတ၊ ဂရုဓမ္မ၊ ဝိနယ စာကို၊ လဇ္ဇီတို့ ကျင့်ဟန်၊
တရားမှန်ကို၊ ကျမ်းဂန်နှင့်မသွေ၊ ဆင့်ပါလေသည်ကို၊

ညံ့ဖျင်းသောကြောင့်ပြေး

ရေဖြင့်ပြည့်သောတောခြုံ၊”
ကတ္တီပါပုံနှင့် တွေ့သော ဝက်ကဲ့သို့၊”
နန်းစံရုံစည်းစိမ်နှင့်၊ကြိမ်ကြိုက်သော နေသာဒ၊”
ကံ မလှ၍၊ မစံရ လိုက်သလို၊”
တကယ်တမ်း ဆိုကြလျှင်၊ လှိုက်ဖို၍ တစ်ချီ
နကိုယ်ရင်း ဇာတိက၊ မိမိတို့ညံ့ဖျင်းသောကြောင့်
မိုးသဲသဲရွာရုံမျှနှင့်၊ တပြုံလုံးပြိုလဲသော၊ ထန်းကလက်တဲ အိမ်ဆွေးလို၊”
အရေးရှိလျှင် ပြေးဉာဏ်
အောက်ရပ်ထံသို့ လှည့်၍၊ သိုက်အရ သုံးရလျှင် –

သိုက်စာတမ်း

၁။ ဘုန်းကြီးကောင်းယောင်၊ ဟန်ပန်ဆောင်၊ ထိပ်ပြောင်ကြီးနှင့် ဝင့်လတ္တံ့

၂။ ကျောင်းပေါ်ကန်ပေါ်၊ ကိန်းစက်ပျော်၊ စိတ်တော်မိုးထိ မြင့်လတ္တံ့

၃။ သာသနာပြုရေး၊ အသံပေး၊ အောက်ကြေး အောက်ရွာ၊ လွင့်လတ္တံ့

၄။ အောက်သို့ ရောက်ပြန်၊ ကျမ်းတတ်ဟန်၊ လိမ်ဉာဏ်တစ်ဖုံ ဖွင့်လတ္တံ့

၅။ ထိုခါ အောက်သား၊ လူအများ၊ ယုံမှားကိုးကွယ်ကြလတ္တံ့

ဩဒိဿမေတ္တာ

ဤသို့သိုက်ရ၊ စာတမ်းပြနှင့်၊
မုချမယွင်း၊ ပြေးရှောင်ကွင်းကြသည့်၊
ငဖျင်းတို့ပုံ၊ အောက်ရပ်ရွာဝယ်၊
ကြည်သာရွှင်လန်း၊ ဘဝင်ချမ်းမြလျှက်၊
ကျီးကန်း ကာက၊ ကြက်ဥရသလို၊”
မူသိကမုတ်သွေး၊ ကြောင်ကလေး တွေ့သလို” ဆိုသကဲ့သို့၊
ချမ်းမြေ့ကြည်လင်၊ နေပျော်ရွှင်လိမ့်မည်
ဒို့ခွင်ကပြေးရှောင်၊ ရသာမောင်တို့မှာ၊ ကံဆောင်ရာဖြစ်စေသော”ဟု၊
ဩဒိဿမေတ္တာနှင့်၊ မြစ်ညာက နေရပ်လို့၊
ဖြန်းဆွတ်လိုက်သည် တပည့်တို့

ပထမရွှေကျင်ဆရာတော်

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကလမ်းညွှန် (တ) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂...