Skip to main content

ရတနာ့ဂုဏ်ရည်

ရတနာ့ဂုဏ်ရည်

▬ஜ۩۞۩ஜ▬

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

သဗ္ဗညုတဉာဏ်တော်၏ အစွမ်း ၃-ပါး”

၁။ သိရန်မှန်က မကျန်ရအောင်
လုံးဝစုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။

၂။ သိသည့်တရား များအပြား၌
ဟောထားစဖွယ် နည်းသွယ်သွယ်ကို
ခြယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣန္ဒြေစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။

၄။ သဗ္ဗဉ်ဉာဏ်အား စွမ်းသုံးပါးကြောင့်
အများဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ရှိ၍
ပရိနိဗ္ဗာန် စံသည့်တိုင်အောင်
သယ်ယူဆောင် ဘုန်းခေါင် ငါတို့ဘုရားတည်း။

…..

အချီ နိဒါန်း

▬▬

ဥုံ နမော တေ ဝိဇေတုံ မေ
ဇ ယတော ဒဒတော ဇယံ
န ဋ္ဌထမ္ဘံ သဗ္ဗသန္တံ
က ရ မေ ဇယမင်္ဂလံ

ဗုဒ္ဓဘာသာဝင် ဖြစ်ခွင့်

▬▬

သဗ္ဗညုဘုရားရှင်ကို “ဗုဒ္ဓ” ဟု ခေါ်၏၊ ထို ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို “ဗုဒ္ဓဘာသာ” ဟု ခေါ်၏၊ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာ နေထိုင်သူကို “ဗုဒ္ဓဘာသာဝင်” ဟူ၍ ခေါ်၏၊

ထိုဗုဒ္ဓဘာသာဝင် ဖြစ်လိုသူ သို့မဟုတ် ဖြစ်နေသူသည် ဗုဒ္ဓ ဓမ္မ သံဃ (ဘုရား, တရား, သံဃာ) ရတနာမြတ် သုံးပါး၏ အကြောင်းအရာကို ကောင်းစွာ နားလည်ရမည်၊ ထိုသို့ နားလည်ပြီးနောက် ထိုရတနာသုံးပါးကို မိမိယုံကြည်သလား - မယုံကြည်ဘူးလား ဟု စဉ်းစားထိုက်၏။ မယုံကြည်လျှင် “ဗုဒ္ဓဘာသာဝင်” ဟု ပြောဆိုဝန်ခံ နေသော်လည်း “ဗုဒ္ဓဘာသာဝင်” မဖြစ်နိုင်သေးပါ။ ယုံကြည်လျှင်ကား “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော သရဏဂုံ သုံးပါးကို ဆောက်တည်ရ၏၊ ထိုအခါ ဗုဒ္ဓဘာသာဝင်အစစ် ဖြစ်၏။

ပညာ ဗုဒ္ဓဘာသာဝင်

▬▬

ထို ဗုဒ္ဓဘာသာဝင်တို့တွင် ဂုဏ်နှင့် ယှဉ်၍ နစ်နစ်ကာကာ ယုံကြည်သူကား ဘုရားရှင်ကို ကိုးကွယ်ရာ၌ သက်တော်ထင်ရှား မြတ်ဘုရားကို စိတ်ထဲ၌ ထင်လာ မြင်လာအောင် ကိုးကွယ်သည့် အပြင် ရုပ်ပုံစေတီတော်များကိုလည်း (ရွှေရှိသည် ဖြစ်စေ - မရှိသည်ဖြစ်စေ) ကျေကျေနပ်နပ် လေးမြတ်လေ့ရှိ၏၊

တရားကို ကိုးကွယ်ရာ၌လည်း တရားအစစ်အမှန် ကျမ်းဂန်ပိဋကတ်နှင့် မဂ်ဖိုလ် နိဗ္ဗာန်တရားကို မှန်းဆ၍ အားရပါးရ ပူဇော်၏။ သံဃာကို ကိုးကွယ်ရာ၌လည်း သုပ္ပဋိပန္နတာ စသောဂုဏ်တို့နှင့် အတော်အတန် ပြည့်စုံသော ပုထုဇဉ်များကို လည်းကောင်း အမှန်းအတားအားဖြင့် အရိယာ သံဃာတော်ကို လည်းကောင်း ကိုးကွယ်၏၊ ထိုရတနာသုံးပါးအတွက် ဆိုလျှင် အသက်ကိုပင် စွန့်ဝံ့၏၊

ဤသူကား ဉာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင် ဖြစ်သူပေတည်း။

သဒ္ဓါ ဗုဒ္ဓဘာသာဝင်

▬▬

သူများ အပြောကောင်း၍ ယုံကြည်သော သဒ္ဓါဖြင့်၊ သို့မဟုတ် မိရိုးဖလာဖြင့် ဗုဒ္ဓဘာသာဝင် ဖြစ်နေသူတို့ကား ဘုရားစစ် တရားစစ် သံဃာစစ်တို့၌ ထိထိရောက်ရောက် သဒ္ဓါစိတ်ပေါက်သူ နည်းပါး၏။ (လုံးလုံးမရှိဘူးဟု မဆိုလိုပါ။)

ဘုရားကို ကြည်ညိုရာ၌ သက်တော်ထင်ရှား မြတ်စွာဘုရား ထိအောင် စိတ်မရောက် နိုင်ပဲ ရုပ်ပုံ စေတီတော် လောက်သာ စိတ်ရောက်၏၊ ရုပ်ပုံစေတီတော်များတွင်လည်း ဆွေဘုရား မျိုးဘုရား မိမိပူဇော်ထားသော ရုပ်ပွားစေတီတော်များကို ပိုမို၍ ကြည်ညို တတ်ကြသေး၏။ ရွှေပြောင်ပြောင် စေတီရုပ်ကိုလည်း သာ၍ ကြည်ညိုကြသေး၏။

ထို့ ကြောင့်ပင် မိမိတို့၏ရပ်ရွာ၌ ရွှေမရှိသော ရုပ်ပွားစေတီတော်များကို ပစ်ထားခဲ့၍ မြို့ကြီးပြကြီးသို့ ဘုရားဖူးသွားကြ၏၊ အခါတစ်ပါး၌ တောက မိန်းမတစ်စု မန္တလေးသို့ သွားခါနီးဝယ်“ဘုရားဖူး သွားမလို့ ဘုရားဖူး သွားမလို့”ဟု ကျယ်လောင် ကျယ်လောင်နှင့် ပြောဆိုနေကြသည်ကို အတော် နားလည်သော ကျောင်းဒကာကြီးက “တိုးတိုးပြောကြပါဟရို့ တို့ရွာက ကိုယ်တော်မြတ်တွေ ကြားလျှင် အားနာစရာ ဖြစ်နေမယ်”ဟု ပြက်ရယ်ပြုလိုက်သတဲ့။

ထိုသဒ္ဓါ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားကြည်ညိုပုံသာ စည်းကမ်း မကျသည် မဟုတ်သေး, တရား သံဃာ ကြည်ညိုကြရာတွင်လည်း စည်းကမ်း မဲ့လှချေ၏၊ ထို စည်းကမ်းမဲ့တို့ကို တရားဂုဏ်တော်နှင့် သံဃာ့ဂုဏ်တော် အဆုံးမှာ ပြထားသည်။

သရဏဂုံနှင့်
သီလရှိသူ အပါယ်မကျ

▬▬

“ဆင်းတု-စေတီတော်များကို ဖူးမြော်ရသည်မှာ ကုသိုလ်မရ”ဟု မဆိုလိုပါ၊ များစွာ ကုသိုလ်ရပါပေသည်။ သို့သော် ဆင်းတုတော် - စေတီတော်များသည် သက်တော် ထင်ရှား မြတ်စွာဘုရားကို ထင်မြင်ဖို့ရာ တည်ထား ကိုးကွယ်အပ်သော အတုအပွား မျှသာ ဖြစ်သောကြောင့် ဘုရားရှင်တိုင်အောင် အာရုံပြုနိုင် မှန်းဆနိုင်မှသာ စနစ်ကျန သာ၍အကျိုးရသော ဖူးမြော်ခြင်းဟု ဆိုလိုပါသည်။

ထိုသို့ဘုရားရှင်၏ ဂုဏ်တော်များနှင့်တကွ တရား သံဃာတော်၏ ဂုဏ်တော်များကို လေးလေးစားစား အာရုံပြုတတ် ကြည်ညိုတတ်သည့်ပြင် ဒုစရိုက် ဆယ်ပါးမှ ရှောင်သော ကိုယ်ကျင့်တရားနှင့် ပြည့်စုံလုံခြုံပါမူကား ..

ဣဓ မဟာနာမ ဧကစ္စော ပုဂ္ဂလော န ဟေ၀ ခေါ ဗုဒ္ဓေ အဝေစ္စ ပသာဒေန သမန္နာဂတော ဟောတိ။ န ဓမ္မေ, န သံယေ။ န ဟာသပညော, န ဇဝနပညော, န စ ဝိမုတ္တိယာ သမန္နာဂတော။ အပိ စဿ ဣမေ ဓမ္မာ ဟောန္တိ၊ သဒ္ဓြိန္ဒိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ၊ တထာဂတေ စဿ သဒ္ဓါမတ္တံ ဟောတိ ပေမ မတ္တံ၊ အယမ္ပိ ခေါ မဟာနာမ ပုဂ္ဂလော အဂန္တာ နိရယံ, အဂန္တာ တိရစ္ဆာနယောနိံ, အဂန္တာ ပေတ္တိဝိသယံ, အဂန္တာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ” ဟူ၍ ....

ဟောတော်မူအပ်သော (မဟာဝဂ္ဂ သောတာပတ္တိသံယုတ် သရဏာနိဝဂ်, ပထမ သရဏာနိသက္ကသုတ်) ပါဠိတော်နှင့် လျော်ညီစွာ အပါယ်လေးပါးမှ တစ်ခါတည်း ကင်းလွတ်သော သောတာပန် အခြေသို့ ရောက်လေပြီဟု ယုံကြည် စိတ်ချထိုက် ပေတော့သည်။

ထိုစကားမှန်၏၊

ပင်ကိုက အောက်အကြေသို့ စီးနေသော မြစ်ရေအယဉ်သည် သမုဒ္ဒရာနှင့် ကြာလေ နီးလေ ဖြစ်သကဲ့သို့ အနိစ္စ ဒုက္ခ အနတ္တ သဘောကို ထင်မြင်၍ သံသရာ၌ ငြီးငွေ့ လက်စရှိသော ထိုသူတော်စင်၏ စိတ်အစဉ်သည်လည်း နိဗ္ဗာန်သို့ ညွတ်ကိုင်းရင်း ရှိရကား နိဗ္ဗာန်နှင့် ကြာလေ နီးလေပင် ဖြစ်တော့၏။

အရှေ့ဘက်သို့ ကိုင်းညွှတ်လျက်ရှိသော သစ်ပင်သည် လှဲသည့်အခါ အရှေ့ဘက် သို့သာ လဲဖွယ်ရာ ရှိသကဲ့သို့ နိဗ္ဗာန်သို့ ကိုင်းညွတ်နေသော စိတ်အစဉ်သည် ကုသိုလ် ကောင်းမှုပြုသမျှ၌ နိဗ္ဗာန်ဘက်သို့ ညွတ်လျက် ရှိသည်ဖြစ်၍ ထိုသူတော်စင်သည် အဘယ်မှာ အပါယ်လေးပါးသို့ သွားဖွယ် ရှိပါတော့အံ့နည်း။

သရဏဂုံ သီလလုံသူ
သောတာပန်နှင့်တူ

▬▬

ဆိုအပ်ပြီး စကား၌ “ကိုယ်ကျင့်လုံခြုံ”ဟူရာဝယ် “ငယ်စဉ်ကစ၍ လုံခြုံမှသာ လုံခြုံရာ ရောက်သည်” ဟု မဆိုလိုပါ။ သတိတရား ရသည်ကစ၍ စိတ်ချလက်ချ လုံခြုံလာလျှင် လုံခြုံသည်ပင် မည်နိုင်ပါသည်။

ဘုရားလက်ထက်တော်၌ “သရဏာနီ” မည်သော ဥပါသကာသည် ရတနာသုံးပါးကို အသည်းစွဲ ကြည်ညိုနေသော်လည်း ငယ်ရွယ်စဉ် ကာလက ငါးပါးသီလလောက်မျှ မလုံခြုံဘဲရှိခဲ့ရာ စုတေခါနီးကျမှ သတိရ၍ လူ့သိက္ခာကို စောင့်ထိန်းလျက် စုတေသည်၊

ထို့နောက် ကျန်ရစ်သူတို့က ထိုသူ၏ လားရာဂတိကို ဘုရားရှင်အား လျှောက်ကြရာ ဘုရားရှင်က ထိုဥပါသကာကို အပါယ်လေးပါးမှ လွတ်သော သောတာပန် ဖြစ်ရကား သုဂတိသို့ ရောက်နေခြင်းကို မိန့်တော်မူပါသည်။

ကြိုးစားဖွယ်

▬▬

ထို့ကြောင့် မကောင်းသော မြေရေ၌ စိုက်ပျိုးလေသမျှ မျိုးစေ့သည် မည်မျှပင် အောင်မြင်စေကာမူ အကျိုးမပြီး အချည်းနှီး ပျက်ပြား၍ ဆုံးပါးရသကဲ့သို့ မူလ မမှန်သော ဘုရား တရား၌ အားထား ကိုးကွယ်လေသမျှသည် အချည်းနှီး အကျိုးမဲ့ ဖြစ်ရုံသာမက ထိုဘုရား တရားဘက်၌ အားတက်သရော ဟောပြောမှုကြောင့် အထု အထည် ကြီးမားလှသော မကောင်းမှုအကျိုးကိုပင် ခံရှာရချေဦးမည်။

ထိုမျှလောက် အပြစ်များ၍ ဆုံးပါးဖွယ်ရှိသော ဘာသာတစ်ပါး အယူရှိကြသူများသည် သူတို့၏ ဘုရား တရားကို အားထားမှီခို ကြည်ညို လေးမြတ်ကြကုန်သေး၏။

ကောင်းသော ရေမြေ၌ကား အားပါးတစိုက် မဟုတ်ဘဲ မလိုလဲ လိုလဲ စိုက်ပျိုးရုံမျှဖြင့် ကြီးမြင့်ထွားကျိုင်းသော အပင်ကြီးများကို ရနိုင်သကဲ့သို့ ဘုရား တရား သံဃာမှန်တို့၌ ပြုစုထုတ်လိုက် သမျှသည် “ညောင်စေ့ ကလေးမှ ညောင်ပင်ကြီး ပေါက်သည့်ပမာ” ယုံကြည်ဖွယ်ရာ မရှိလောက်အောင် မြင့်ခေါင်ကြီးမားသော အကျိုးတရားကို ခံစားရပေမည်၊

စိတ်ပါ လက်ပါ အားရပါးရဂရုစိုက်၍ ကိုးကွယ်ဆည်းကပ် လိုက်ပါမူကား တစ်သံသရာ လုံး စိတ်ချ လက်ချ နိဗ္ဗာန်တိုင်အောင် အကျိုးကို မုချရနိုင်သည်ဖြစ်၍ အကြောင်း အကျိုး စိစစ်က အပြစ်ဆိုဖွယ် မရှိသော ဗုဒ္ဓဘာသာအယူကြီးကို လက်ကိုင် ရကြပါလျက် ယုံကြည်ချက်၍ အဘယ်မှာ ခပ်ပေါ့ပေါ့နေ ထိုက်ပါအံ့နည်း၊ နေ့စဉ် ရက်ဆက် နှစ်သက် ကျေနပ်အောင် အထပ်ထပ် စဉ်းစား၍ တရားတော်အရ ကျကျနန လိုက်နာထိုက်ကြသည် မဟုတ်ပါလော။

ဤသို့လျှင် ဘုရား တရား သံဃာ ရတနာသုံးပါးကို လွန်စွာအားထားလျက် ကိုယ်ကျင့် တရား လုံခြုံပါမူ နောင်သံသရာရေးဝယ် စိတ်ချဖွယ် ကောင်းလှသောကြောင့် ရတနာ သုံးပါး၏ ဂုဏ်တော်များကို အာရုံပြုတတ် - မှန်းဆတတ်ဖို့ရာ ရေးသားပေးဖို့ အကြောင်း တောင်းပန်အပ်ဖူးလှလေပြီ။

သို့သော် အဘိဓမ္မတ္ထ သင်္ဂြိုဟ်ကျမ်း၏ အဖွင့်ဖြစ်သော “သဂြိုဟ်ဘာသာဋီကာကို ရေးသား ဆဲဖြစ်၍ အားလပ်ခွင့် မရသောကြောင့် ရှေးဆရာတော်များ၏ ဂုဏ်တော်ဖွင့် ကိုသာ ကြည့်ရှုကျက်မှတ်ဖို့ရန် ညွှန်ပြခဲ့ရပေသည်။

ယခုတစ်ဖန် ရှေးခေတ်က ရှေးစနစ်ဖြင့် ရေးသားအပ်ပြီးသော ဘုရားရှင် ဂုဏ်တော်ဖွင့် များတွင် အသိဉာဏ် မသက်ဝင်သူတို့က တောင်းပန်ကြပြန် သောကြောင့် ကျမ်းဂန်ဖွင့် လည်း လက်မလွတ်စေရ ခေတ်ကာလနှင့်လည်း လိုက်လျောအောင် ညက်ညောသော အနက်သွား, ထင်ရှားသော အဓိပ္ပာယ် ဖြင့် ခပ်လွယ်လွယ် ရေးသားဖို့ရန် စိတ်အကြံ ဖြစ်သည့်အားလျော်စွာ ရတနာ မြတ်သုံးပါး၏ ဂုဏ်တော် အရည်အချင်းများကို ပဓာနထားပြီးလျှင် “ရတနာ့ ဂုဏ်ရည်”ဟူသောအမည်ဖြင့် ရေးသားပါအံ့။

…..

ရေးသားပုံ အစီအစဉ်

▬▬

ဘုရားဂုဏ်တော်

▬▬

ဘုရားဂုဏ်တော်အဖွင့်ကို ရေးသားရာ၌ ဘုရားရှင်၏ အဖြစ်တော်စဉ် ဘုရားရှင်၏ ရုပ်ပုံတော် ရောင်ခြည်တော် ခြောက်သွယ်ဖြင့် သပ္ပါယ်တော်မူပုံ လုံ့လဝီရိယနှင့် မဟာ ကရုဏာတော် ကြီးမားသဖြင့် သတ္တဝါတို့၏ အကျိုးစီးပွားကို အားလပ်ခွင့် မရအောင် ရွက်ဆောင်တော်မူပုံ ဤအလုံးစုံကို သိစေပြီးမှ ဂုဏ်တော်၏ အရည်အချင်းကို ပြရလျှင် သပ္ပါယ်သော ရုပ်ပုံတော်တွင် ဂုဏ်တော်များ ထင်မြင်လာဖွယ် ရှိသော ကြောင့် ရုပ်ပုံတော်ဖွင့် ရောင်ခြည်တော်ဖွင့် စေတီတော်ဖွင့်များကို ရှေးဦးစွာပြလျက် ဂုဏ်တော်ဖွင့်ကို ဆက်လက်ရေးသားပါသည်။

ဘုရားအဖြစ်တော်စဉ်ကို အနည်းငယ် ရှည်လျားသဖြင့် ဤကျမ်း၏အဆုံးမှာ ပြထား ပါသည်။]

တရားဂုဏ်တော်

▬▬

တရားဂုဏ်တော်ဖွင့်ကို ရေးသားရာ၌ ပုံသဏ္ဌာန် မထင်ရှားသော တရားဂုဏ်တော် အစဉ်သည် စိတ်ထဲ၌ ထင်မြင်နိုင်ရန် ခဲယဉ်းသောကြောင့် နက်နဲသော တရား ဂုဏ်တော်ကို ဝတ္ထုပုံ သက်သေများဖြင့် ထင်ရှားအောင် ရေးသားထားပါသည်။

သံဃာ့ဂုဏ်တော်

▬▬

သံဃာ့ဂုဏ်တော် အဖွင့်၌လည်း ယခုကာလ မျက်မြင် သံဃာလောက်တွင် စိတ်ဝင်စား မှုကို အထူးတားမြစ်၍ ရှေးရှေးက အရိယာ သံဃာတော်များနှင့် ပုထုဇဉ် သီလရှိသော သံဃာတော်များကို ရည်မှန်း၍ အာရုံပြုတတ်ဖို့ရာ ဝတ္ထုပေါင်း များစွာကို အချုပ် အချုပ်မျှ ထုတ်ပြထားပါသည်။

သရဏဂုံနှင့် ငါးပါးသီလ

▬▬

ထိုနောက် ရတနာသုံးပါးဂုဏ်ရည်ကို ယုံကြည်ကျေနပ်၍ ဆည်းကပ်ကိုးကွယ် သူသည် “သရဏဂုံတည်သူ”ဖြစ်ရကား သရဏဂုံတည်လျှင် ငါးပါးသီလကိုလည်း နေ့စဉ်မပြတ် စောင့်ထိန်းမှသာ သူတော်ကောင်း ပီသရာ ရောက်သောကြောင့် ယခု ကာလ အများသုံး“သြကာသ”မှစ၍ ငါးပါးသီလတိုင်အောင် ဖွင့်ပြထားပါသည်။

ရှစ်ပါးသီလ

▬▬

ထိုနောက် ရံဖန်ရံခါ ဥပုသ်စောင့်ရာဝယ် လိုက်နာဖွယ်ရာ အချက်များနှင့်တကွ စောင့်ထိန်းအပ်သော သိက္ခာပုဒ်များ၏ အကျိုးကို အမျိုးမျိုး ယုတ္တိပြလျက် ခေတ် ကာလ စဉ်းစားသူတို့၏ဉာဏ်နှင့် သင့်တင့်အောင် မှန်းထား၍ တခမ်းတနား ရေးသား ထားပါသည်။

အာဇီဝဋ္ဌမကသီလ

▬▬

ထိုနောက် ဗုဒ္ဓဘာသာစစ်စစ် သူတော်ကောင်း ဖြစ်ရိုးမှန်လျှင် မိမိ၏အသက်မွေးမှုကို တရားနည်းလမ်းကျအောင် ပြုထိုက်သောကြောင့် “အာဇီဝဋ္ဌမကသီလ”ကိုလည်း ဖွင့်ပြထားပါသည်။

နဝင်္ဂသီလ ၁၀-ပါးသီလ

▬▬

ထိုနောက် ယခုအခါ အချို့ သူတော်ကောင်းတို့ ၉-ပါး ၁၀-ပါး သီလများကို ဆောက်တည်လေ့ ရှိသောကြောင့် ထိုသီလများ ဆောက်တည်ရာဝယ် စောင့်ရှောက် ဖွယ်များကို အချုပ် ရေးသားထား ပါသည်။

ဒုစရိုက်စသည်

▬▬

ထိုနောက် ဗုဒ္ဓဘာသာဝင်တိုင်း သိဖွယ် ကျင့်ဖွယ် ဖြစ်သော ဒုစရိုက် သုစရိုက် ပုညကိရိယ ဝတ္ထုများကို အကျဉ်းအကျယ် ခွဲခြား၍ သိသာရုံ အချုပ်မှ ထုတ်ပြ ထားသည်။

ကံ ကံ၏အကျိုး

▬▬

ထိုနောက် အများမျက်မြင် နေ့စဉ်အကျိုးပေးဟန်ကို ရှေးကံနှင့် ဆက်သွယ်၍ လူငယ် များပင် နားဝင်လောက်အောင် ကံ ကံ၏ အကျိုးကို ယုံကြည်သော သမ္မာဒိဋ္ဌိ (ကမ္မဿကတာဉာဏ်) ဖြစ်ပေါ်စေနိုင်သော ပဏ္ဏာသပါဠိတော်ကြီးလာ ကမ္မဝိဘင်္ဂ သုတ်တော်ကို ဘာသာပြန်ထားပါသည်။

ကံဉာဏ်ဝီရိယ

▬▬

ထို့နောက် အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ရှေးကံကိုသာ တထစ်ချ အားကိုး တတ်ကြလေရာ ထိုသို့အားမကိုးဖို့ရန် ဉာဏ်နှင့် ဝီရိယ အချက်များကိုလည်း အမြွက် အားဖြင့် ထင်ရှားအောင် ဖော်ပြထားပါသည်။

ဆုတောင်းခန်း

▬▬

ထို့နောက် အများနှင့်ဆိုင်သော ဆုတောင်းနည်းကို ပါရမီဖြည့်ဖို့ အရေး၌ လေးလေး ပင်ပင် စီစဉ်ညွှန်ပြ၍ နေ့စဉ် ဒါနမှုဝယ် အတိုချုပ် ဆုတောင်းဟန်ကိုလည်း စီမံ ရေးသားထားပါသည်။

နိဂုံး

▬▬

ဤမျှလောက်သော အစီအစဉ်ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ သိဖွယ်များ အထိုက် အလျောက် လုံလောက်ပြီးဖြစ်ရကား ဘုရားအဖြစ်တော်စဉ်နှင့် တကွ စာရှုသူအများ ပင် သတိပြုဖွယ်ကောင်းလှသော “သမုဒ္ဒဝါဏိဇ”ဇာတ်တော်ကို အကျဉ်းချုပ်၍ နိဂုံး အုပ်လိုက်ပါသည်။

အရှင်ဇနကာဘိဝံသ

၁၂၉၃-ခု၊ တပို့တွဲလ။

ရတနာ့ဂုဏ်ရည်

▬ஜ۩۞۩ஜ▬

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

မာတိကာ

▬▬

(က) ဘုရားဂုဏ်တော်ဖွင့်များ

၁။ ရုပ်ပုံတော်ဖွင့်
၂။ ရောင်ခြည်တော်ဖွင့် [ရောင်ခြည်တော် ပြဿနာ ပါသည်]
၃။ စေတီတော်ဖွင့် [ဘုရားပုထိုးခေါ်ပုံနှင့် ဘုရားဒြပ်တော်ကို အာရုံပြုသင့်ပုံ။]
၄။ ဘုရားဂုဏ်တော်ပြ ပါဠိတော်ဖွင့်
၅။ အရဟံ ဂုဏ်တော်ဖွင့်
၆။ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့်
၇။ ဝိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော်ဖွင့်
၈။ သုဂတ ဂုဏ်တော်ဖွင့်
၉။ လောကဝိဒူ ဂုဏ်တော်ဖွင့်
၁၀။ အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်ဖွင့်
၁၁။ သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်ဖွင့်
၁၂။ ဗုဒ္ဓဂုဏ်တော်ဖွင့်
၁၃။ အိမ်သုံးမဂ္ဂင်ရှစ်ပါးနှင့် ဗုဒ္ဓနုဿတိ မဂ္ဂင်ရှစ်ပါး
၁၄။ ဘဂဝါ ဂုဏ်တော်ဖွင့် [အရပ်တော် အဆုံးအဖြတ်]
၁၅။ ဘုရားရှိခိုး ဂါထာဖွင့်
၁၆။ ဂုဏ်တော် ၉-ပါး ဆက်သွယ်နည်း
၁၇။ ဂုဏ်တော်အကျိုး [မိဖုရားစောလုံဝတ္ထု၊ ]

(ခ) တရားဂုဏ်တော်ဖွင့်များ

၁။ တရားဂုဏ်တော်ပြ ပါဠိတော်ဖွင့်
၂။ သြာက္ခာတ ဂုဏ်တော်ဖွင့်
၃။ သန္ဒိဋ္ဌိက ဂုဏ်တော်ဖွင့်
၄။ အကာလိက ဂုဏ်တော်ဖွင့်
၅။ ဧဟိပဿိက ဂုဏ်တော်ဖွင့်
၆။ သြပနေယျိက ဂုဏ်တော်ဖွင့်
၇။ ပစ္စတ္တံ ဝေဒိတဗ္ဗ ဂုဏ်တော်ဖွင့်
၈။ တရားရှိခိုး ဂါထာဖွင့်
၉။ တရားပူဇော်နည်း

(ဂ) သံဃာ့ဂုဏ်တော်ဖွင့်များ

၁။ သံဃာ့ဂုဏ်တော်ပြ ပါဠိတော်ဖွင့်
၂။ သုပ္ပဋိပန္န ဂုဏ်တော်ဖွင့်
၃။ ဥဇုပ္ပဋိပန္န
၄။ ဉာယပ္ပဋိပန္န
၅။ သာမိစိပ္ပဋိပန္န
၆။ ပုရိသယုဂါနိ ပါဠိ
၇။ အာဟုနေယျ ဂုဏ်တော်ဖွင့်
၈။ ပါဟုနေယျ
၉။ ဒက္ခိဏေယျ
၁၀။ အဉ္စလိကရဏီယ
၁၁။ အနုတ္တရပုညခေတ္တ ဂုဏ်တော်ဖွင့်
၁၂။ သံဃာ့ရှိခိုးဂါထာဖွင့်
၁၃။ သာသနာတော် ဆောင်ရွက်ခဲ့ပုံအစဉ်

(ဃ) သရဏဂုံသီလဆောက်တည်မှုနှင့်ဆိုင်ရာများ

၁။ ဩကာသအဖွင့် [အခါကြီးရက်ကြီးများ၌ ကန်တော့နည်း အမျိုးမျိုးပါသည်]
၂။ ငါးပါးသီလယူကြပုံအစဉ်
၃။ ငါးပါးသီလတောင်းအဖွင့်
၄။ သရဏဂုံအဖွင့်
၅။ ငါးပါးသီလသိက္ခာပုဒ်များ
၆။ ပါဏာတိပါတအဖွင့်
၇။ အဒိန္နာဒါနအဖွင့်
၈။ ကာမေသုမိစ္ဆာစာရအဖွင့်
၉။ မုသာဝါဒအဖွင့် (စေတိယဇာတ်)
၁၀။ သုရာမေရယအဖွင့်

(င) ဥပုသ်သီလဆိုင်ရာများ

၁။ သီလတောင်းအဖွင့်
၂။ ရှစ်ပါးသီလသိက္ခာပုဒ်များ
၃။ အဗြဟ္မစရိယအဖွင့်
၄။ ကောမာရဗြဟ္မစရိယ သီလဆောက်တည်ပုံ
၅။ ဝိကာလဘောဇနအဖွင့်
၆။ နစ္စ ဂီတနှင့် ဥစ္စာသယန သိက္ခာပုဒ်အဖွင့်
၇။ ဥပုသ်သီလများ၌စဉ်းစားဖွယ်
၈။ ဥပုသ်စောင့်ပုံ အစီအစဉ်
၉။ ဥပုသ်အမျိုးမျိုး
၁၀။ အာဇီဝဋ္ဌမကသီလအဖွင့်
၁၁။ နဝင်္ဂဥပုသ်သီလအဖွင့်
၁၂။ ဆယ်ပါးသီလအဖွင့်

(စ) ဒုစရိုက်-သုစရိုက် အဖွင့်

(ဆ) ပုညကိရိယဝတ္ထု အဖွင့်

(ဇ) ကံ ကံ၏အကျိုး အဖွင့်

(စျ) ကံ ဉာဏ် ဝီရိယ အဖွင့်

(ည) ဆုတောင်းခန်း အဖွင့်

(ဋ) ဘုရားအဖြစ်တော်စဉ်
၁။ သူဌေးသား သုမေဓာ
၂။ စဉ်းစားတော်မူခန်း
၃။ တောထွက်၍ ဈာန်အဘိညာဉ် ရတော်မူခန်း
၄။ ဘုရားဆုပန်တော်မူခန်း
၅ ဗျာဒိတ်ရတော်မူခန်း
၆။ ပါရမီတော်များကို ဆင်ခြင်တော်မူခန်း
၇။ ကြင်ရာတော်ရွေးခန်း
၈။ ကြင်ရာတော်၏ ဂုဏ်အင်္ဂါများ
၉။ ထီးနန်းစံတော်မူခန်း
၁၀။ သံဝေဂယူတော်မူခန်း
၁၁။ တောထွက်တော်မူရန်အစီအစဉ်
၁၂။ တောထွက်တော်မူခြင်း
၁၃။ ရဟန်းပြုတော်မူခြင်း
၁၄။ နန်းတော် ဖြစ်ပျက်ပုံ
၁၅။ ယသော်ဓရာတမ်းတခန်း
၁၆။ ဒုက္ကရစရိယာ ကျင့်တော်မူခြင်း
၁၇။ မာရ်နတ်ကိုအောင်မြင်တော်မူခြင်း
၁၈။ ဘုရားဖြစ်တော်မူခန်း

(ဌ) ကျမ်းပြီးနိဂုံး

မာတိကာ ပြီး၏။

... (အလွန်ရှည်သော နေရာလွတ်များ) ...

ရတနာ့ဂုဏ်ရည်

▬ஜ۩۞۩ஜ▬

ရုပ်ပုံတော်ဖွင့်

▬▬

ကျက်မှတ်ရန်

ပစ္ဆိမံ ဖလဒါနေန
ဗဟုံ ပစိတ ပါရမီ
ယဿ ဝေသံ သုမာပေန္တိ
ကေနာပိ အသမံ သမံ

ဗဟုံ၊ ဤ၍ ဤမျှ ဂဏန်းချ၍ မရနှိုင်းညှိ အတိုင်းမရှိရလေအောင်။
ပစိတ ပါရမီ၊ လေးသင်္ချေကိန်း, ကပ်တစ်သိန်းက ထိန်းသိမ်းစုဆောင်း ပါရမီတော် အပေါင်းတို့သည်။
ပစ္ဆိမံ ဖလဒါနေန၊ ဖြစ်ပျက်ဖန်ခါ သံသရာဝယ် ခန္ဓာကိုယ်ရေး, အဆုံးစွန်း အကျိုးပေး သောအားဖြင့်။
ယဿ ဘဂဝတော၊ အကြင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
ဝေသံ၊ ရွှေမျက်နှာတော် လက် ခြေတော်နှင့် ကိုယ်တော်သဏ္ဌာန် ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်ကို။
ကေနာပိ၊ လူမင်း နတ်မင်း ဗြဟ္မာမင်းဝယ် ဘယ်သူတစ်ယောက်နှင့်မျှ။
အသမံ၊ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် ဘယ်ဝယ်တိုင်းတာ မနှိုင်းသာ သည် ဖြစ်၍။
သမံ၊ တစ်ကိုယ်တော်လုံး ရွှေတုံး ရွှေနှစ် ဇမ္ဗူရာဇ်သိင်္ဂီ နာရဏီမျှ သာကီစင်သွေး, အယဉ်ကျေးဆုံး ဖြစ်ရလေအောင်။
သုမာပေန္တိ၊ တက်သစ် နေဝန်း ထွန်းသစ်လစန်း, ပွင့်သစ်ပန်းသို့ ဆန်းအဖုံဖုံ စခန်း စုံအောင် အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည်တကား။

ကြည့်ရှုရန် အဓိပ္ပာယ်

ဘုရားရှင်၏ ကောင်းမှုပါရမီတော်များသည် “ဤ၍ ဤမျှရှိ၏”ဟု ဂဏန်း ချလျက် နှိုင်းဆ ရေတွက်၍ မရလောက်အောင် များမြောင်လှပါပေ၏၊ ကမ္ဘာလောက၌ ရှိသမျှ သတ္တဝါအပေါင်း၏ ကောင်းမှုပါရမီတွေကို စုပေါင်း၍ အဆတစ်ရာ မြှောက်ပြီးလျှင် တစ်ဆူသော ဘုရားရှင်၏ ပါရမီကုသိုလ်နှင့်နှိုင်းယှဉ်သည်ရှိသော် ဘုရားရှင် တစ်ဆူ၏ ကုသိုလ်ကောင်းမှုတော်ကပင် သာလွန်ဖွယ် ရှိသည်ဟု ကျမ်းဂန်များ၌ ဆို၏၊

ထိုမျှလောက် များပြားသော ပါရမီတော်တို့ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ ပတ်လုံး စုဆောင်းတော်မူခဲ့သောကြောင့်“ဤ၍ ဤမျှ = မည်၍မည်မျှရှိသည်”ဟု ပါရမီတော်များကို ရေတွက်၍ မရနိုင်တော့ပြီ။

အသင်္ချေတွက်ပုံ

ကမ္ဘာကြီး တည်၍ ပျက်စီးသည့် တိုင်အောင်သော အခါကို “တစ်ကပ်-တစ်ကမ္ဘာ”ဟု ခေါ်၏၊

အလျား အနံ တစ်ယူဇန့်ရှိသော “ဂိုဒေါင်” တိုက်ကြီးအတွင်း၌ မုန်ညင်းစေ့များကို သွင်းပြီးလျှင် အနှစ်တစ်ရာ ကြာမှ တစ်စေ့ကျယူပစ်ရာ ထိုမုန်ညင်းစေ့များ ကုန်သွား သော်လည်း တစ်ကမ္ဘာ မကုန်သေးဟု ဘုရားရှင်မိန့်တော်မူသည်။

[နိဒါနဝဂ္ဂ-အနမတဂ္ဂသံယုတ်၊ သာသပသုတ် ပါဠိတော်။]

“ထိုမျှကြာသော ကမ္ဘာပေါင်း မည်မျှရှိပြီဟု ရေတွက်၍ မရလောက်အောင် များမြောင် သောကမ္ဘာကို အသင်္ချေဟု ဆိုသည်။ ထိုသို့ ရေတွက်၍ မရသောကြောင့် ဘုရား တစ်ဆူနှင့် တစ်ဆူ အကြား၌ တစ်သင်္ချေဟု မှတ်ထားရသော လေးကြိမ်ကို “လေးသင်္ချေ” ဟု ဆိုရသည်။

ထို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းသည် ဘုရားတစ်ဆူ တစ်ဆူ၏ ပါရမီဖြည့်ရာ အမြန်ဆုံး အချိန်အခါတည်း၊ အချို့ ဘုရားရှင်များမှာ ပါရမီ ဖြည့်ဖို့ရန် ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ တစ်ဆယ့်ခြောက် အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာသည်။

ထိုလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး စုဆောင်းတော် မူအပ်ခဲ့သော ပါရမီတော် တို့သည် အလွန့်အလွန် များပြားရကား အကျိုးပေးခွင့် အလှည့် မရဘဲ အကျိုး ပေးမည်ဟု တခဲခဲနေခဲ့ကြရာ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်မည့် ဘဝ၌ကား ခန္ဓာကိုယ် အရေးနှင့်စပ်၍ နောက်ထပ် အကျိုးပေးခွင့်မရှိ၊ အဆုံးစွန် အကျိုးပေးရမည့်အခါကြီး ဖြစ်ပေသည်။

ထို့ကြောင့့်် ထိုပါရမီများသည် ရှင်တော်ဘုရားကို မျက်နှာတော်ကျက်သရေ ရှိအောင် လည်းကောင်း လက်တော် ခြေတော် ပြေပြစ် ညက်ညော ချောမောအောင် လည်း ကောင်း၊ ကိုယ်လုံးတော်နှင့် အရပ်တော် ခန့်ညား ညီညွတ်အောင် လည်းကောင်း၊ ဤသို့အားဖြင့် တစ်ကိုယ်လုံး၏ အသွင်အပြင် အရပ်ရပ်၌ ယောက်ျားမြတ်တို့၏ အမှတ်အသားဖြစ်သော လက္ခဏာတော်ကြီး ၃၂-ပါး ရှစ်ဆယ်သော လက္ခဏာတော် ငယ်များဖြင့် တံဆိပ်ခတ်လျက် အလွန်တင့်တယ် သပ္ပါယ်စွာ ဖန်ဆင်းလိုက်ရကား လူမင်း နတ်မင်း, ဗြဟ္မာမင်းဝယ် ဘယ်သူ တစ်ယောက်နှင့် နှိုင်းပြိုင်၍မရဘဲ ဇမ္ဗူရာဇ်သိင်္ဂီ နာရဏီ ရွှေတုံး ရွှေနှစ်ကဲ့သို့ သာကီဝင်မင်းမျိုးတွင် အလှပဆုံး အယဉ်ကျေးဆုံး ဖြစ်ပါပေသည်။

ထိုသို့ ဖန်ဆင်းရာ၌ ပါရမီတော်များသည် သူမရ ငါမရ အလုအယက် အကျိုးပေးကာ လောက၌ ဆန်းလေသမျှ စခန်းစုံအောင် အစွမ်းကုန်ဖန်ဆင်း လိုက်သည့် အခါကြီး ဖြစ်၍ ဘုရားရှင်၏ ပုံဟန်တော်သည် ဖူးမျှော်၍ မဝနိုင်အောင် တက်သစ်စနေဝန်း ထွန်းသစ်စလစန်းနှင့် ပွင့်ကာစပန်းကဲ့သို့ လန်းလန်း ဆန်းဆန်း ရွှန်းရွှန်း ဝေဝေ အလွန် ကျက်သရေ ရှိတော်မူပါပေသည်။

ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး၍ တာဝတိံသာ နတ်ပြည်ဝယ် နတ် ဗြဟ္မာတို့၏ အလယ်မှာ အဘိဓမ္မာတရားကို ဟောတော်မူ၏။ ထိုအခါ ထိုနတ် ဗြဟ္မာတို့၏ ရုပ်ဆင်းထက် ဘုရားရှင် အဆင်းတော်က သာလွန်၍ တင့်တယ်တော် မူပါသတဲ့။

ထိုစကားကို ဆိုသင့်ပါပေ၏၊

နတ် ဗြဟ္မာတို့သည် အလွန်လှကြပါပေလိမ့်မည်၊ သိုသော် သူတို့၏ကိုယ်တွင်း၌ ရာဂ, ဒေါသစသော အညစ်အကြေး မကင်းပါ၊ ဘုရားရှင်ကား အညစ်အကြေးကင်း၍ သန့်ရှင်းသော စိတ်တော်ဝယ် သဗ္ဗညုတဉာဏ်တော်နှင့် မေတ္တာ ကရုဏာတော် ထုံမွမ်းလျက်ရှိသောကြောင့် သာလွန်နိုင်ပါသည်။

ထိုမျှလောက် သပ္ပါယ်၍ တင့်တယ်သော ရုပ်ပုံတော်သခင် ဘုရားရှင်ကို မျက်မြင် ကိုယ်တွေ့ ဖူးမြင်ရလျှင် တရားစစ် တရားမှန်ကို အနားဝပ်လျက် မြတ်နိုးလှစွာ မနာလိုက်ရခြင်းမှာ ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့ လွန်စွာ ကံဆိုးလှချေတကား၊

သို့သော် ဘုရားရှင်၏ ဓမ္မစကြာ အနတ္တလက္ခဏသုတ် သတိပဋ္ဌာန် စသည်ဖြင့် အဖိုးတန် တရားတော်ကြီးများ မပျက်မပြား တည်ရှိ နေသေးသောကြောင့် ထို တရားတော်များကို ကိုယ်တွေ့လိုက်စား၍ တရားထူး ရအောင်၊ တရားထူး မရသေးလျှင် နောင် ပွင့်တော်မူလာမည့် အရိမေတ္တေယျ ဘုရားရှင်ကို ဖူးမြင်နိုင်အောင် ယခုကပင် ကြိုးစားကြပါလေ။

ရောင်ခြည်တော်ဖွင့်

ကျက်မှတ်ရန်

နီလာယော နီလဋ္ဌာနမှာ၊
ပီတော ဒါတာ စ လောဟိတာ၊
တမှာ တမှာ စ မဉ္ဇိဋ္ဌာ၊
နိက္ခမိံ သု ပဘဿရာ။

ယ ဿ ဘဂဝတော၊ အကြင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
နီလဋ္ဌာနမှာ၊ ဆံမုတ်ဆိတ်၌ မျက်နက်တော်မှ စ၍ ထိုထို ညိုရောင် ဖိတ်ဖိတ် ကိုယ်အင်္ဂါတော် အစိတ်စိတ်မှ။
နီလာယော၊ နီလာရွဲညို ဖဲအညိုနှင့် ကြာညို ပွင့်ချပ် မြညိုယပ်သို့ လျှပ်လျှပ်စိုပြောင် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိက္ခမိံ သုံ၊ ဝန်းကျင်အထက် ဝဲယာယှက်၍ မြန်းထွက် ကွန့်မြူးတော် မူကြလေကုန်ပြီ။

ပီတဋ္ဌာနမှာ၊ ကိုယ်အရေတော် မျက်လုံးတော်မှ စ၍ ထွေထွေ ရွှေရောင်ဖိတ်ဖိတ် ကိုယ်အင်္ဂါတော် အစိတ်စိတ်မှ။
ပီတာ စ၊ ရွှေနှစ်သိင်္ဂီ, ရွှေအထည်နှင့် ရွှေရည်ယဉ်သန်း, ရွှေစင်ပန်းသို့ လျှမ်းလျှမ်း ထိန်ဝေ, ဝါရွှေသော ရောင်ခြည်တော် တို့သည်လည်း။
နိက္ခမိံ သုံ၊ ဝန်းကျင်အထက် ဝဲယာယှက်၍ မြန်းထွက် ကွန့်မြူးတော် မူကြလေကုန်ပြီ။

ဩဒါတဋ္ဌာနမှာ၊ အရိုးတော် သွားတော် မျက်ဖြူတော်မှစ၍ ဖွေးလူ ဖြူရောင်ဖိတ်ဖိတ် ကိုယ်အင်္ဂါတော် အစိတ်စိတ်မှ။
ဩဒါတာ စ၊ ငွေလရောင်ခြည် ငွေအထည်နှင့် ငွေရည်ယဉ်သန်း ငွေစင်ပန်းသို့ လျှမ်းလျှမ်းဖွေးလူ ဖြူဝင်းသော ရောင်ခြည်တော် တို့သည်လည်း။
နိက္ခမိံ သု၊ ဝန်းကျင် အထက် ဝဲယာယှက်၍ မြန်းထွက် ကွန့်မြူးတော်မူကြလေကုန်ပြီ။

လောဟိတဋ္ဌာနမှာ၊ အသားတော် အသွေးတော် နှုတ်ခမ်းတော်မှ စ၍ ထိုဤ, နီရောင် ဖိတ်ဖိတ် ကိုယ်အင်္ဂါတော် အစိတ်စိတ်မှ။
လောဟိတာ စ၊ ကမ္ဗလာနီ သန္တာနီနှင့် ကြာနီပွင့်ချပ် ပတ္တမြားယပ်သို့ လျှပ်လျှပ် ထိန်ကြည် နီသောရောင်ခြည်တော် တို့သည်လည်း။
နိက္ခမိံ သု၊ ဝန်းကျင်အထက် ဝဲယာယှက်၍, မြန်းထွက် ကွန့်မြူးတော်မူကြလေကုန်ပြီ။

တမှာ တမှာ၊ လက်ခြေ ဖဝါးတော် လက်သည်းတော်မှ စ၍ခပင်း မကြွင်းထိုထို ကိုယ်အင်္ဂါတော် အစိတ်စိတ်မှ။
မဉ္ဇိဋ္ဌာ စ၊ ထန်းကျင့် နီပဆေး ပန်းရောင်သွေးသို့ နီတွေးလွင်လွင် ဝါကြင်ကြင်လောင်း မောင်းသော ရောင်ခြည်တော် အပေါင်းတို့သည် လည်းကောင်း။
ပဘဿရာစ၊ နဘံ အဇဋာ*, ဝသန္တာဝယ် သံဝါထစ်ချုန်း မိုးရွာတုန်း၌, ရုန့်ရင်း ပြက်သန်း, လျှပ်စစ်ပန်းသို့ ပျံမြန်း ဖြိုးပြက် တလက်လက် ထွက်သော ရောင်ခြည် တော်တို့သည် လည်းကောင်း။
နိက္ခမိံ သု၊ ဝန်းကျင်အထက်, ဝဲယာယှက်၍ မြန်းထွက် ကွန့်မြူးတော်မူကြလေ ကုန်ပြီ။

[*မှတ်ချက်။ ။ အထက်ကောင်းကင်ကို ““နဘံအဇဋာ”၊ မိုးအခါကို “ဝသန္တာ” ဟုခေါ်သည်။ မိုးလအခါ အထက် ကောင်းကင်ဝယ် မိုးရွာတုန်း၌ လျှပ်စစ်များ ပျံသန်းသလို ဝင်းကနဲ လက်ကနဲလည်း ရောင်ခြည်တော်များ ထွက်တော်မူကြသည်။]

ကြည့်ရှုရန် အဓိပ္ပာယ်

နီလရောင်ခြည်တော်

ဘုရားရှင်၏ ဆံမုတ်ဆိတ်တော်နှင့် မျက်လုံးတော် အတွင်းက မျက်နက်ဝန်းတော် တို့သည် အညိုရောင် တောက်ပ၍ တင့်တယ်တော်မူကြကုန်၏။ ထိုကဲ့သို့ ပင်ကို အားဖြင့် ညိုမှောင်နေသော ကိုယ်အင်္ဂါတော်၏ အစိတ်အပိုင်းမှ နီလရောင်ခြည် တော်များ ထွက်တော်မူကြသည်။

ဤနီလရောင်ခြည် ထွက်တော်မူသောအခါ ဣန္ဒနီလာကျောက် ရကနာအဆင်း, ရွဲညို အဆင်း တဖိတ်ဖိတ် တောက်သော ပဝါညိုအဆင်း ကြာညိုပွင့်ချပ် အဆင်း မြရတနာဖြင့် ပြုအပ်သော ယပ်တောင်အဆင်း စသည်နှင့်တူစွာ အလွန် ကြည်နူးဖွယ် ကောင်းသော ညိုညိုမှောင်မှောင် အရောင်တို့သည် ရှင်တော်ဘုရား၏ ဝဲယာဘက်နှင့် အထက်အောက် (ထက်ဝန်းကျင်) အရပ်တို့၌ အိပ်လုံး တောင်လုံး ခန့်မျှလည်းကောင်း၊ ထို့ထက်ကြီးမားစွာ လည်းကောင်း အနှံ့အပြား ပျံသန်းကွန့်မြူးကာ အထူး ကျက်သရေ ရှိပါပေသည်။

ပီတရောင်ခြည်တော်

ဘုရားရှင်၏ ကိုယ်အရေတော်နှင့် မျက်လုံးတော် အထက်က မျက်ခွံတော် စသော အရေတော်ဘိုသည် ဝါဝါ ဝင်းဝင်း ရွှေအဆင်းကဲ့သို့ လွန်မင်းစွာ တင့်တယ် ကြကုန်၏။ ထိုသို့ ပင်ကိုအားဖြင့် ရွှေအဆင်းရှိနေသော ကိုယ်အင်္ဂါ အစိတ်အပိုင်းမှ ပီတရောင်ခြည်တော်များ ထွက်တော်မူကြသည်။

ဤ ပီတရောင်ခြည် ထွက်တော်မူသောအခါ “သိင်္ဂနိက်” ဟု ခေါ်သော သိင်္ဂီရွှေစင် ရွှေနှစ်အဆင်း ရွှေပြား ရွှေထည် အဆင်း တသွင်သွင် စီးသွားသော ရွှေရည်အဆင်း, ရွှေပန်းအဆင်း စသည်နှင့်တူစွာ အလွန် ကြည်နူးဖွယ်ရှိသော ဝါရွှေရွှေ အရောင်တော် တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင်အရပ်၌ အိမ်လုံး တောင်လုံးခန့်မျှလည်းကောင်း ထို့ထက်ကြီးမားစွာ လည်းကောင်း ပျံသန်း ကွန့်မြူလျက် အထူး ကျက်သရေ ရှိပါပေသည်။

ဩဒါတရောင်ခြည်တော်

ဘုရားရှင်၏ အသားတော် အတွင်း၌ရှိသော အရိုးတော် သွားတော် မျက်ဖြူတော် စသည်တို့မှာ လွန်စွာ ဖြူဝင်း သန့်ရှင်း တင့်တယ်ပါပေကုန်၏၊ ထိုသို့ ပင်ကိုအားဖြင့် ဖြူဝင်းသော ကိုယ်အင်္ဂါ အစိတ်အပိုင်းမှ ဩဒါတရောင်ခြည်တော်များ ထွက်တော် မူကြသည်။

ဤဩဒါတရောင်ခြည် ထွက်တော်မူသောအခါ ငွေအရောင်တောက်ပသော လရောင် အဆင်း, ငွေပြား ငွေထည်အဆင်း, ကူးသန်းသွားလာသော ငွေရည် အယဉ် ငွေပန်း အဆင်း စသည်တို့နှင့်တူစွာ အလွန်ကြည်နူးဖွယ်ရှိသော ဖြူဝင်းသော အရောင်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင်အရပ်တို့၌ အိမ်လုံးတောင်လုံး ခန့်မျှလည်းကောင်း ထို့ထက် ကြီးမားစွာ လည်းကောင်း အနှံ့အပြား ပျံသန်း ကွန့်မြူလျက် အထူး ကျက်သရေ ရှိပါပေသည်။

လောဟိတ ရောင်ခြည်တော်

ဘုရားရှင်၏ အရေတော်အတွင်းက အသားတော် အသွေးတော်နှင့် နှုတ်ခမ်းတော် စသည်တို့မှာ လွန်စွာ နီမြန်းပါပေကုန်၏။ ထိုကဲ့သို့ ပင်ကိုအားဖြင့် နီနီတွေးတွေး ဟင်္သပြဒါးသွေးနှင့် တူသော ကိုယ်အင်္ဂါ အစိတ်အပိုင်းမှ လောဟိတရောင်ခြည်များ ထွက်တော်မူကြသည်။

ဤ လောဟိတရောင်ခြည် ထွက်တော်မူသောအခါ ကမ္ဗလာနီအဆင်း “သန္တာ”ဟု ခေါ်အပ်သော ရတနာနီအဆင်း ကြာနီပွင့်အဆင်း ပတ္တမြားယပ်အဆင်း စသည်တို့နှင့် တူစွာ ကြည်နူးဖွယ်ကောင်းသော အနီရောင်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင် အရပ်၌ အိမ်လုံး တောင်လုံးခန့်မျှ လည်းကောင်း ထို့ထက် ကြီးမားစွာ လည်းကောင်း ပျံသန်းကွန့်မြူလျက် အထူးကျက်သရေ ရှိပါပေသည်။

မဉ္ဇိဋ္ဌ ရောင်ခြည်တော်

မောင်းသော အဆင်းရှိသော မဉ္ဇိဋ္ဌ ရောင်ခြည်တော် များကား အဝါဘက်လည်း မကျ အနီရင့်ဘက်လည်း မကျ နီကြင်ကြင် ဝါကြင့်ကြင့်ရှိသော ကိုယ်အင်္ဂါတော်၏ ထိုထို အရပ်မှ ထွက်တော်မူကြသည်။

ဤ မဉ္ဇိဋ္ဌရောင်ခြည် ထွက်တော်မူသောအခါ အချို့ အရပ်တို့၌ ရှိသော ထန်းကျင့်ပင် သို့မဟုတ် “နီပဆေး” ဟု ခေါ်အပ်သော သစ်ပင်၏အတွင်းသား အဆင်းကဲ့သို့ အဝါရင့် ပန်းရောင်အစု အနီနုပုံသဏ္ဌာန် အင်မတန်ကြည်နူးဖွယ် ကောင်းသော ရောင်ခြည်တော်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင် အရပ်တို့၌ အိမ်လုံး တောင်လုံး ခန့်မျှလည်းကောင်း, ထိုထက်ကြီးမားစွာ လည်းကောင်း, အနှံ့အပြား ကွန့်မြူးလျက် အထူး ကျက်သရေရှိပါပေသည်။

ပဘဿရ ရောင်ခြည်တော်

ပြိုးပြိုးပြက် ထွက်သော “ပဘဿရ”ရောင်ခြည်တော်၏ အဆင်းကား ရှေးရောင်ခြည် တော်ငါးသွယ်၏ အဆင်းပင်ဖြစ်သည်။ ထွက်တော်မူပုံ ထူးသောကြောင့် ရောင်ခြည်တော် တစ်ပါးဟု ခွဲထားရသည်။

ရွှေရောင်ခြည်တော်များမှာ အဆက်မပြတ်ဘဲ အိမ်လုံး တောင်လုံးခန့် စသည်ဖြင့် ကြီးကြီး မားမား ကျယ်ဝန်းစွာ ပျံ့နှံ့ ကွန့်မြူးလျက် ထွက်တော်မူကြသည်။ ဥပမာ-ညိုသော ရောင်ခြည်တော်ဆိုလျှင် လကွယ်သန်းခေါင် အခါ၌ ညိုမှောင်နေသကဲ့သို့ တဆက်တည်း ညိုမှောင်နေသည်။

ဤ“ပဘဿရ”ရောင်ခြည်တော်ကား တစ်ဆက်တည်းမဟုတ် ကောင်းကင်ဝယ် လျှပ်စစ် ပြက်သလို ပြိုးကနဲ ပြက်ကနဲ လက်ကနဲဖြစ်ကာ အရောင် အမျိုးမျိုးဖြာလျက် တစ်မျိုးအားဖြင့် ကျက်သင့်ရရှိအောင် ထွက်တော်မူကြသည်။

ဤကဲ့သို့ လင်းကနဲ လက်ကနဲနှင့်ပြိုးပြိုးပြက် ထွက်တော်မူရာဝယ်“ပိုးစုန်းကြူး”ဟု ခေါ်အပ်သော ပိုးကောင်ကလေးများ ညအခါ၌လက်သလို သေးသေးသိပ်သိမ် မဟုတ်၊ မှန်အပြင် ကြေးမုံအပြင်ပေါ်မှာ လရောင် ဓာတ်မီးရောင် ဟပ်သကဲ့သို့ ကတ်ကတ် သတ်သတ် မထင်မရှားဖြင့် မလင်း တလင်းမျိုးလည်း မဟုတ်၊ ကြီးကြီး မားမား ထင်ရှားစွာ ထွက်တော်မူကြပေသည်။

ရောင်ခြည်တော်ပြဿနာ

ပြခဲ့သည့်အတိုင်း “ရောင်ခြည်တော်”ဟူသည် ဘုရားရှင်၏ ကိုယ်၌ တည်ရှိသော အဆင်းတော်နှင့် တူစွာ အတွင်း စိတ်တော်၏ ကြည်လင်သန့်ရှင်းမှုကြောင့် တန်ခိုး ဣဒ္ဓိပါဒ်၏ အစွမ်းဖြင့် အဆက်ဆက်ဖြာ၍ ထွက်သောအရောင်များပင်ဖြစ်သည်။

ယခုအခါ၌ လရောင် ဓာတ်မီးရောင် စသည်တို့ ဟပ်သဖြင့် ဘုရားရှင်နှင့် စပ်သော အရာဝတ္ထုများ၌တစ်ခုခု အရောင်ကလေးတွေ့လျှင် “တကယ် ရောင်ခြည်တော်ပဲ”ဟု ပြောကြ ဆိုကြ ကောလဟာလ ဖြစ်နေကြသည်မှာ ဘာသာခြား လူမျိုးတို့ ပြက်ရယ် ပြောင်လှောင်စရာ ဖြစ်သောကြောင့် အဆင်ခြင် နည်းပါးသူ အချို့လူများ အတွက် ဘုရားရှင် ကိုယ်တော်မြတ်မှာ ဂုဏ်တော်မဘက်ဘဲ ဂုဏ်ပျက်ဖွယ်သာ ရှိသဖြင့် ဝမ်းနည်းဖွယ် ကောင်းလှချေသည်။

မင်းတုန်းမင်းတရားကြီး လက်ထက်က ရွှေသည်များ၏ ပယောဂဖြင့် မန္တလေး မဟာမြတ်မုနိ ရုပ်ပုံတော်မှ ခဏခဏ ရောင်ခြည်တော် လွှတ်နေကြောင်းကို မင်းတရားကြီး ကြားသိတော်မူ၍ “ယနေ့ကစပြီး ဘုရားက ရောင်ခြည်တော် မလွတ်စေနှင့်” ဟု တားမြစ်ရဖူးသတဲ့။

မိလိန္ဒမင်းအား
အရှင်နာဂသိန် ဖြေပုံ

[ဤနေရာဝယ် စေတီယပါဋိဟာရိယ အခန်း၌ မိလိန္ဒမင်းအား အရှင်နာဂသိန် မိန့်တော်မူပုံကို မှတ်သားသင့်၏။]

ရှင်နာဂသိန်။ ။ မဟာရာဇာ .... အကြောင်း ၃-မျိုးတွင် တစ်မျိုးမျိုးနှင့် စေတီတော်မှ ရောင်ခြည်တော် စသော တန်ခိုးများကို ဖူးမြင်ကြရသည်။

(၁) ရဟန္တာတစ်ပါးသည် ပရိနိဗ္ဗာန် စံတော်မမူမီကပင် လူနတ်တို့ကို သနားတော် မူသောကြောင့် “ငါ၏ အရိုးဓာတ် ဌာပနာရာ စေတီတော်မှ မည်သည့် တန်ခိုးမျိုး ထွက်ပေါ်ရစ်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူတတ်၏၊ ထိုဓိဋ္ဌာန်တော်မူချက် ကြောင့်လည်း စေတီတော်မှ ရောင်ခြည်တော် စသော တန်ခိုးများ ပေါ်ထွက်တတ် ပေသည်။

(၂) သာသနာအကျိုးကို များစွာလိုလားသော နတ်တို့သည် ““စေတီတော်၌ တန်ခိုး ပြရလျှင် သာသနာတော်ကို ပိုမို၍ ကြည်ညိုကြလိမ့်မည်၊ ကြည်ညိုသူတို့မှာ ကုသိုလ် တရားတိုးပွားလိမ့်မည်”ဟု ကောင်းမြတ်သော ဆန္ဒဖြင့် တန်ခိုးပြတတ်ကြ၏။ ထိုသို့ နတ်များ၏ တန်ခိုးပြမှုကြောင့်လည်း စေတီတော်မှ တန်ခိုးပေါ်ထွက်တတ်ပေသည်။

(၃) သဒ္ဓါတရား ထက်သန်သော အမျိုးသား အမျိုးသမီး လူကြီး လူကောင်း တိုသည် ပန်းနံ့သာ အဝဘ်စသော လှူဖွယ်ဝတ္ထုများကို စေတီတော်သို့ တင်လှူလျက် “မည်သည့် တန်ခိုးများ ပြပါစေသား” ဟု ဓိဋ္ဌာန်တတ်ကြ၏။ ထိုသို့ သဒ္ဓါ ထက်သန် သူတို့၏ ထူးခြားသော ဓိဋ္ဌာန်မှုကြောင့်လည်း စေတီတော်မှ တန်ခိုးထွက်ပေါ်တတ် ပေသည်။

ဤသို့ မိလိန္ဒမင်းအား အရှင်နာဂသိန် မိန့်တော်မူသည်။

ဤအမိန့်တော်ကို ထောက်ထားလျှင် ဘုရားရှင်နှင့် ရဟန္တာများ၏ အထူးအဓိဋ္ဌာန် ထားချက် မရှိသော စေတီတော်မှ ရောင်ခြည်တော်များ ထွက်ရန် မဖြစ်နိုင်၊ အကယ်၍ ရောင်ခြည်တော် ထွက်ရိုး မှန်လျှင်လည်း ဆိုင်ရာ နတ်များက ဆောင်ပြခြင်းသာ ဖြစ်ရာ၏၊

ဘုရားရှင်၏ ဓိဋ္ဌာန်တော်မူချက်ကြောင့် မဟာဗောဓိပင်မှ လည်းကောင်း၊ အရိုး ဓာတ်တော်များမှ လည်းကောင်း, ရောင်ခြည်တော်များ ခမ်းနားစွာ ကွန့်မြူးကြောင်း, သာသနာ ကွယ်သောအခါ ဓာတ်တော်အားလုံး စုရုံး၍ ဘုရားပွင့်တော်မူရာ မူလ မဟာဗောဓိပင်သို့ ကြွတော်မူပြီးလျှင် ရောင်ခြည်တော်များ ကွန့်မြူးကြလိမ့်မည့် အကြောင်းမျှသာ ကျန်းဂန်၌လာသည်။

ထို့ကြောင့် ရုပ်ပွားစေတီတော်များမှ ထွက်သော ရောင်ခြည်တော်ကို ဖူးရသည် ဖြစ်စေ, မဖူးရသည်ဖြစ်စေ ဤရောင်ခြည်တော်ဖွင့် ဘုရားရှိခိုးမှလာသည့် အတိုင်း သက်တော် ထင်ရှား ဘုရားရှင်၏ ထက်ဝန်းကျင်ငယ် အလွန်ကြည်နူးဖွယ် ကောင်းသော ရောင်ခြည်တော် ခြောက်သွယ်တို့၏ စံပယ်ကွန့်မြူးနေပုံကို စိတ်ကူးဉာဏ်ဖြင့် မှန်းဆ၍ မိမိတို့အိမ်မှာဖြစ်စေ, စေတီတော် ဆင်းတုတော် အနီးအပါးမှာဖြစ်စေ ဘုရား အာရုံပြုယင်း ရောင်ခြည်တော်များ ထွက်တော်မူနေပုံကို ထင်ယောင် မြင်ယောင် ဖြစ်လာအောင် ကြိုးစားကြပါ။

သူက ငါက လုပ်၍ပြသော အတုရောင်ခြည်များကို ဘုရားရောင်ခြည်တော် ဟု မထင်မှားမိပါစေနှင့်။

စေတီတော်ဖွင့်

ကျက်မှတ်ရန်

စရံ ယော ယဒိ ဝါ တိဋ္ဌံ၊
နိသိန္နော ဥဒ ဝါ သယံ။
နိဗ္ဗာယံ ဓာတုဘာဝေန၊
ဟိတံ သတ္တာနံ မာစရေ။

ယော ဘဂဝါ၊ အကြင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။
စရံ ဝါ၊ သံဃာတော်များ, ရှေ့တော်ဖျားက ကြွသွားထိုဤ, စက်တော် ချီလျက် လည်းကောင်း။
ယဒိ ဝါတိဋ္ဌံ၊ မကြွမသွား, ရွှေတောင်သို့ မားမားမတ်မတ် ရပ်တော်မူလျက် လည်းကောင်း။
နိသိန္နော ဝါ၊ ပရိသတ် အလယ်, ရောင်ခြောက်သွယ်ဖြင့် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် လည်းကောင်း။
ဥဒ ဝါ သယံ၊ အမေးပုစ္ဆာ, ဖြေရှင်းကာဖြင့် ညဉ့်ခါ ကျောင်းပေါ်, လျောင်းတော် မူလျက် လည်းကောင်း။
နိဗ္ဗာယံ၊ ဝါလေးဆယ့်ငါး, သက်တော်အားဖြင့် ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍ ပရိနိဗ္ဗာန် ဝင်စံတော်မူခါနီးသည်ရှိသော်။
ဓာတုဘာဝေန၊ နောင်ခါ စင်စစ် ကိုးကွယ်ရစ်ဖို့ အနှစ်အမွေ ဓာတ်တော်အနေဖြင့် လည်းကောင်း။
သတ္တာနံ၊ သုံးတိုက် ဝေနေ ဗိုလ်ခြေများစွာ, သတ္တဝါတို့၏။
ဟိတံ၊ လူ့ရွာနတ်ထံမှ နိဗ္ဗာန် အထိ ချမ်းသာရှိကြောင်း ကောင်းသော အစီးအပွားကို။
အာစရေ၊ ရင်သွေး ရာဟု ပမာရှုလျက် အမှုသင့်စွာ, ပြုကျင့်ပါပေသည်တကား။

ကြည့်ရှုရန် အဓိပ္ပာယ်

ဘုရားရှင်သည် “သတ္တဝါအများကို သံသရာ ရေယဉ်မှ ကယ်တင်တော်မူမည်” ဟု ရည်ရွယ်တော်မူပြီးလျှင် ဘုရားဖြစ်ဖို့ရန် ပါရမီတော်များကို ဖြည့်ကျင့်တော်မူခဲ့သည် အားလျော်စွာ ဘုရားဖြစ်သောအခါ တည်နေရမည့် အသက်တမ်းကလည်း လွန်စွာ တိုလှ, သတ္တဝါများ၏ သန္တာန်မှာလည်း တရားကင်းမဲ့လှသဖြင့် လေးဆယ့်ငါးနှစ် ပတ်လုံး နေ့စဉ်နှင့်အမျှ အားလပ်ခွင့် ရတော်မမူဘဲ သတ္တဝါတို့၏ အကျိုးကို ပြုကျင့်ယင်း အချိန်ကုန် စေတော်မူပါသည်။

နေ့အချိန်

ဆွမ်းဘုဉ်းပေးတော် မမူမီ ဆွမ်းခံကြွတော်မူရင်းလည်း လူအပေါင်းကို သင့်လျော် အောင် ဟောပြ ဆုံးမတော်မူရ၏၊ “ဆွမ်းဘုဉ်း ပေးတော်မူပြီးနောက် ရဟန်းသံဃာ တော်များ ဆည်းကပ်လာကြသောအခါ ဆုံးမဩဝါဒနှင့် ကမ္မဋ္ဌာန်းတရားကို ပေးတော် မူရ၏၊

ထိုနောက် ရဟန်းများ ပြန်ကြွကြသဖြင့် ခေတ္တမျှ ကိန်းအောင်းတော်မူပြီး၍ ထတော် မူသောအခါ တစ်လောကလုံးကို သိမ်းကျုံးလျက် ချေချွတ်သင့်သော သတ္တဝါအများကို ကြည့်ရှုတော်မူရ၏။

ထို့နောက် ဆိုင်ရာ မြို့ရွာမှ ရောက်လာသော လူပရိသတ်ကို တရားဟောတော်မူရ၏။ ထိုနောက် ညနေစောင်း၍ လူအများ ပြန်သွားသော အခါ ရေသုံးသပ်တော် မူပြီးလျှင် ခေတ္တခဏ နားနေတော်မူစဉ် နေဝင်လေ၏။

ညဉ့်အချိန်

နေဝင်ပြီးနောက် ညဉ့်ဦးယံ အခါ၌ ရောက်လာသော ရဟန်းတော်များတွင် အချို့က ကမ္မဋ္ဌာန်းတောင်း၊ အချို့က ပုစ္ဆာလျှောက်၊ အချို့ကလည်း တရားတောင်းလေရာ အားလုံး၏ အလိုဆန္ဒကို ပြည့်ဝစေလျက် ညဉ့်ဦးယုံကို ကုန်စေတော်မူပါသည်၊

သန်းခေါင်ယံအခါ ရဟန်းတော်များ ပြန်ကြွ၍ မကြာမီပင် လူခြေတိတ်ချိန်မှာ စကြာဝဠာတစ်သောင်းမှ အချို့သော နတ်ဗြဟ္မာ အပေါင်းတို့ လာရောက်၍ ပုစ္ဆာမေးကြ, တရား တောင်းပန်ကြပြန်ရာ ဖြေရှင်းယင်း ဟောပြတော်မူယင်းဖြင့် သန်းခေါင်ယံ အချိန်ကို ကုန်လွန်စေတော်မူ၏။

မိုးသောက်ယံအခါ

မိုးသောက်ယံအခါကို သုံးပိုင်းပိုင်း၍ ရှေးဦးတစ်ပိုင်း အချိန်၌ စင်္ကြံကြွတော်မူ၏၊ အလယ်ပိုင်း၌ ကျိန်းစက်တော် မူပြီးလျှင် အရုဏ် မတက်ခင် ခပ်စောစော အပိုင်း၌ ရှေးရှေးသော သာသနာက ဖြည့်ကျင့်ခဲ့၍ ကောင်းမှုပါရမီ စုံညီ ပြည့်ဝသဖြင့် ချေချွတ် သင့်သူတို့ကို ကြည့်ရှု ဆင်ခြင်တော်မူ၏။ ထို့နောက် အလင်းရောက်၍ အချိန်ကျက ဆွမ်းခံ ကြွတော်မူရ၏၊

ဤသို့လျှင် ရင်သွေးတော် ရာဟုလာနှင့် မခြားဘဲ သတ္တဝါ အများကို သနားတော် မူသဖြင့် သတ္တဝါတို့၏ အကျိုးကိုသာ အမြဲပြုကျင့်တော် မူပေသည်။

ကြွချီတော်မူပုံ

နောက်တော်ပါ သံဃာတော်များ၏ ရှေ့တော်က စက်လက္ခဏာတို့ဖြင့် တင့်တယ်သော ခြေတော်ကို ကြွချီလျက် ထိုထို ဤဤ ဒေသစာရီ လှည့်တော်မူယင်းလည်း ဝေနေယျတို့၏ အကျိုးကို သယ်ပိုး ရွက်ဆောင်တော်မူ၏၊

ထို့ကြောင့် ယခုအခါ ကြွသွားတော်မူပုံ ရေးသားထုလုပ် ထားအပ်သော ရုပ်ပုံ ရုပ်ပွား ဆင်းတုတော်များကို ဖူးရသည်ရှိသော် ရုပ်ပွားတော်လောက်သာ စိတ်မထားဘဲ (မိမိ အိမ်၌ မိဘ ဘိုးဘွားတို့၏ ဓာတ်ပုံကို မြင်ရလျှင် ဓာတ်ပုံတွင်မက အသက်ရှင်တုန်းက မိဘ ဘိုးဘွားကိုပါ တစ်ခါတည်း သတိရလျက် ပြောဆိုဆုံးမပုံတွေပါ ထင်ယောင် မြင်ယောင် ဖြစ်လာသကဲ့သို့) သက်တော်ထင်ရှား မြတ်စွာဘုရား၏ ကြွသွားတော်မူပုံ ကိုပါ ထင်ယောင်မြင်ယောင် ဖြစ်လာစေလျက် နှစ်သက်ကြည်နူးစွာ ဖူးမြော်ကြပါ။

ရပ်တော်မူပုံ

ကြွသွားတော်မမူဘဲ ရွှေတောင်ကြီး အလားကဲ့သို့ မားမားမတ်မတ် တန့်ရပ်တော် မူလျက်လည်း ဝေနေယျတို့၏ အကျိုးစီးပွားကို သယ်ပိုး ရွက်ဆောင်တော်မူ၏။

ထို့ကြောင့့်် ယခုအခါ ရပ်တော်မူနေပုံကို ရေးသား ထုလုပ်အပ်သော ရုပ်ပုံ ရုပ်ပွား ဆင်းတုတော်များကို ဖူးမြော်ရသည်ရှိသော် သက်တော်ထင်ရှား ဘုရားရှင် ကိုယ်တော်မြတ်က ရပ်တော်မူလျက် မိမိအား ဆုံးမတော် မူနေပုံကို ထင်ယောင် မြင်ယောင် ဖြစ်လာအောင် အလွန်ရိုသေစွာ ဖူးမြော်ကြပါ။

ထိုင်နေတော်မူပုံ

ပရိသတ်အလယ်မှာ ရောင်ခြည်တော် ခြောက်သွယ်ကို တစ်ခါတစ်ရံ လွှတ်တော် မူပြီးလျှင် ထက်ဝယ် တင်ပျဉ်ဖွဲ့ခွေတော် မူလျက်လည်း တရားဟောပြောကာ သတ္တဝါများ၏ အကျိုးကို သယ်ပိုး ရွက်ဆောင်တော် မူခဲ့ပါသည်။

ထို့ကြောင့့်် ယခုအခါ တင်ပျဉ်ဖွဲ့ခွေ ထိုင်နေတော်မူပုံကို ရေးသား ထုလုပ်အပ်သော ရုပ်ပုံ ရုပ်ပွား ဆင်းတုတော်များကို ဖူးမြော်ရသည် ရှိသော် ရုပ်ပွားတော်လောက် တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်ဘုရား၏ အနီး၌ တရားဓမ္မ ဩဝါဒ တော်ကို နာနေရသကဲ့သို့ ထင်မြင်လာအောင် ဖူးမြင်ကြပါ။

လျောင်းတော်မူပုံ

ညဉ့်အခါ ဂန္ဓကုဋိတိုက်တော်ဝယ် ရံဖန် ရံခါ လျောင်းတော်မူလျက်လည်း နတ် ဗြဟ္မာများ၏ လျှောက်ထားသမျှ ပုစ္ဆာတို့ကို ဖြေရှင်းဟောပြ၍ သတ္တဝါတို့၏ အကျိုးကို ဆောင်တော်မူပါသည်။

ထို့ကြောင့် ယခုအခါ “ရွှေသာလျောင်း”ဟုခေါ်အပ်သော လျောင်းတော်မူပုံကို ဖူးမြော် ရသည်ရှိသော် သက်တော်ထင်ရှား မြတ်ဘုရား၏ အမေးပုစ္ဆာများကို ဖြေရှင်း ဟောပြောနေပုံကို ထင်မြင်လာအောင် ဖူးမြော်ကြပါ။

ဓာတ်မွေတော်များ

ဘုရားရှင်သည် ၂၉-နှစ် အရွယ်တော်၌ တောထွက်တော်မူ၍ ၃၅-နှစ်အရွယ်မှာ ဘုရား ဖြစ်တော်မူပြီးလျှင်၊ သက်တော် ၈ဝ-အပြည့်မှာ ပရိနိဗ္ဗာန် စံတော်မူသောကြောင့် ဘုရားအဖြစ်၌ ဝါတော် ၄၅-ဝါမျှသာ သီတင်းသုံးတော်မူရသည်။

ထို ၄၅-ဝါမျှဖြင့် ကာလ မကြာရကား နောင်အခါ ဗုဒ္ဓသာသနာတော်ကို ယုံကြည် သူတို့ ကိုးကွယ်ရစ်ကြဖို့ရာ အမွေအနှစ် ပေးခဲ့သည့် အနေအားဖြင့် ရှင်တော်မြတ်၏ အရိုးဓာတ်တော်များကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဓိဋ္ဌာန်တော် မူခဲ့ပါသည်။

(သက်တော်ရှည်သော ဘုရားရှင်၏ အရိုးဓာတ်တော်ကား အစိတ်စိတ် အမွှာမွှာ မဖြစ်ဘဲ တစ်လုံးတစ်ခဲတည်း တည်ရစ်တော်မူလေ၏။)

ထို့ကြောင့် ဓာတ်တော်များကို ဖူးမြော်ရသော အခါ၌ လည်းကောင်း, ဓာတ်တော် များကို ဌာပနာထားသော စေတီ ပုထိုးတော်ကို ဖူးမြင်ရသော အခါ၌လည်းကောင်း, ဓာတ်တော် စေတီတော် လောက်တွင် စိတ်မထားဘဲ (မိဘ ဘိုးဘွား၏အရိုး သို့မဟုတ် အရိုးအိုးကို မြင်ရသောအခါ မိဘ ဘိုးဘွားများလည်း ထင်ယောင် မြင်ယောင် ဖြစ်လာသကဲ့သို့) သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်အောင် ဖူးမြော်ကြပါ။

စေတီတော် ၄ ပါး

လူတို၏ အမြတ်တနိုး ကိုးကွယ်ရာဌာနကို ပါဠိလို “စေတိယ” မြန်မာလို “စေတီ” ဟု ခေါ်သည်။

မိမိတို့ အယူဝါဒအားလျော်စွာ ကိုးကွယ်အပ်သော သစ်ပင်ကြီး, တောကြီး, တောင်ကြီး, သဲပုံ, အုတ်ပုံ, ရုပ်တု ဟူသမျှတို စေတီမည်ကြသည်သာ၊ ထို့ကြောင့် ယခုအခါ မြန်မာနိုင်ငံ၌ အုတ်ပုံ, သဲပုံများကိုသာ စေတီဟု ခေါ်ဝေါ်နေခြင်းသည် မစုံလင်သော ခေါ်ဝေါ်ခြင်းသာတည်း၊ ထိုသို့ စေတီတော် အမျိုးမျိုး ရှိသည်တွင် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်အပ်သော စေတီသည် ဓာတုစေတီ, ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂ စေတီ ဟု ၄-မျိုး ရှိ၏။

ဓာတုစေတီတော်

ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ကျန်ရှိရစ်သော အရိုးဓာတ်တော်များသည် ဓာတုစေတီမည်၏၊ အမွေအနှစ်အဖြစ်ဖြင့် ဘုရားရှင် ထားတော်မူခဲ့သောကြောင့် “မွေတော်” ဟုလည်း ခေါ်၏၊ အမွေအနှစ်တော်ဟု ဆိုလိုသည်။
ထိုဓာတ်တော် များတွင် အကြီးဆုံးသည် ပဲနောက်ခြမ်းခန့်ရှိ၏၊ အလတ်စား ဓာတ်တော်မှာ ဆန်ကျိုး ဆန်ကွဲခန့်ရှိ၏၊ အငယ်ဆုံး ဓာတ်တော်ကား မုန်ညင်းစေ့ခန့် ရှိသည်။

ဓမ္မစေတီတော်

ဘုရားရှင်၏ တရား ပိဋကတ်တော်များသည် ဓမ္မစေတီတော် မည်၏၊ ထို ပိဋ္ဋကတ် တော်ဖြစ်သော တရားဓမ္မများသည် ရိုသေမြတ်နိုး ရှိခိုး ကိုးကွယ်ထားရုံသာမက ထို တရားတော်အတိုင်း ကျင့်ကြရသဖြင့် ဗုဒ္ဓဘာသာဝင်တို့ အဖို့မှာ လွန်စွာ အားကိုး လောက်သော စေတီတော်ပါပေတည်း။

ဥဒ္ဒိဿစေတီတော်

ဥဒ္ဒိဿဟူသော ပါဠိသည် ရည်စူးအပ် - ရည်မှန်းအပ်သော အရာဝတ္ထုကိုဟော၏။ ထို့ကြောင့် သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်း၍ ဘုရားရှင် ပုံဟန်တော်၏ အတု ပြုအပ်သော ရပ်တော်မူပုံ ထိုင်တော်မူပုံ လျောင်းတော်မူပုံကို ဥဒ္ဒိဿစေတီတော် ဟုမှတ်ပါ၊ ထို ဥဒ္ဒိဿစေတီတော်များကို ရုပ်ပွားတော် ဆင်းတုတော်ဟုလည်း အမည် ပေးကြသည်။

(ဘုရားရှင်၏ ရုပ်ပုံတော်ကို အတုပွား၍ ထားသောကြောင့် “ရုပ်ပွားတော်” ဟု လည်းကောင်း၊ ဘုရားရှင်၏ အဆင်းသဏ္ဌာန်တော်ကို အတုပြုထားသောကြောင့် “ဆင်းတုတော်” ဟု လည်းကောင်း အမည်ပေးခြင်းတည်း၊ ရုပ်ပုံတော် ဆင်းတုတော် မပါဘဲ စိတ်ထဲ၌မှန်း၍ အာရုံပြုအပ်သော ပုံတော်ကိုလည်း “ဥဒ္ဒိဿစေတီတော်” ဟု ခေါ်နိုင်ပါသည်။)

ပရိဘောဂ စေတီတော်

ဘုရားရှင်၏ အသုံးအဆောင်ကို ပါဠိလို “ပရိဘောဂ” ဟုခေါ်၏။ ထို့ကြောင့် ဓာတ်တော် ဌာပနာထားသော အုတ်သားစေတီတော်၊ ရုပ်ပွားတော် ကိန်းဝပ်ရာ ဖြစ်သော ပြာသာဒ်စသည်၊ ဗောဓိပင်၊ ဘုရားရှင်၏ အသုံးဆောင်ဖြစ်သော သင်္ကန်း သပိတ်တော်များကို “ပရိဘောဂ စေတီတော်” ဟု မှတ်ပါ။

ဘုရား-ပုထိုး

“ဘုရားပုထိုး” ဟူသော အသုံးအနှုန်းကို ယိုးဒယားမှ ကူးစက်လာသော အသုံးဟု ကြံကြ၏၊ ယိုးဒယားလူမျိုးများက ဆင်းတုစေတီတော် များကို စာရေးသောအခါ “၀ရား-ဗုဒ္ဓေါ” ဟု ရေး၍၊ စာဖတ်သောအခါ ““ဖရား-ဗုတ်ထိုး”” ဟု အသံထွက်၏၊ ထိုအသံထွက်ကိုလိုက်၍ မြန်မာတို့က “ဘုရား-ပုထိုး”” ဟု ရေးဟန်တူ၏။

ထို ယိုးဒယား အသုံးဖြစ်သော “၀ရား-ဗုဒ္ဓေါ” စကား၌လည်း “ဝရ-မြတ်သော + ဗုဒ္ဓေါ-ဘုရား၊ မြတ်သောဘုရား = မြတ်စွာဘုရား” ဟုဆိုလိုသည်။

ထို့ကြောင့် “ဝရ = ဗရား = ဘုရား” ဤ ၃-မျိုးသည် ပါဠိ ယိုးဒယား မြန်မာ အသုံး အားဖြင့် ကွဲပြားသော်လည်း “မြတ်” ဟူသောအနက်အားဖြင့်တူမျှ၏။

ဗုဒ္ဓေါ = ဗုတ်ထိုး = ပုထိုး” ဤ ၃-မျိုးလည်း ပါဠိ ယိုးဒယား မြန်မာ အသုံးအဖြစ် ကွဲပြားသော်လည်း “ဘုရားရှင်” ဟူသော အနက်အားဖြင့် တူမျှသည်-ဟု မှတ်ပါ။

(ယခုကာလ၌ “မုခ်ဝမပါလျှင် စေတီ၊ မုခ်ဝပါလျှင် ပုထိုး”ဟု ပြောကြသည်မှာ အခြေ အမြစ်ကို မစဉ်းစားနိုင်ခြင်းကြောင့် ဖြစ်ရလေသည်)။

ဘုရားပုံတော်ကို အာရုံပြုသင့်ပုံ

ဗုဒ္ဓါနုဿတိ

ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများရာ၌ “ဘုရားရှင်၏ ပုံဒြပ်တော်ကို အာရုံပြု၍ မစီးဖြန်းရ၊ ဂုဏ်တော်ကိုသာ အာရုံပြု၍ စီးဖြန်းရမည်” ဟု ပြောကြသည်။

ဘုရားရှင်၏ ရုပ်ပုံတော် သပ္ပါယ်ပုံသည် ဘဂဝါ ဂုဏ်တော်၌ ပါဝင်သော သိရီ ဘုန်းတော်ပင်တည်း၊ ထို့ကြောင့် ရုပ်ပုံတော်ဖွင့် ရောင်ခြည်တော်ဖွင့် စေတီတော်ဖွင့် အခန်း ၃ ပိုင်းကို ပြန်၍ စဉ်းစားသောအခါ ဗုဒ္ဓရှင်တော်၏ အမျိုးဇာတ်ကားဖြင့် ပင်ကိုအတိုင်းပင် အလွန်တင့် တယ်တော်မူဖို့ တစ်ခါတစ်ရံ ရောင်ခြည်တော် ၆-သွယ် ဖြင့်သာ၍သပ္ပါယ်တော်မူပုံ၊ ထိုမျှလောက် တင့်တယ် သပ္ပါယ်တော်မူသော ကိုယ်တော်ဖြင့် အားလပ်ခွင့် မရအောင် သတ္တဝါများ၏ အကျိုးကို ပရိနိဗ္ဗာန် စံတော် မူချိန်အထိ ဆောင်တော်မူပုံများကို စိတ်ထဲ၌ ကြည်နူးဖွယ်ရာ ထင်မြင်လာပါလိမ့်မည်။

ထိုသို့ ထင်မြင်လာသော ဘုရား အာရုံကို ပျောက်ကွယ် မသွားစေဘဲ အဖန်တလဲလဲ စွဲမြဲစွာ အာရုံယူနေမှုကို “ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းတစ်မျိုး” ဟု မှတ်ပါ၊

ဗုဒ္ဓ = ဘုရားကို + အနု = အဖန်ဖန်အထပ်ထပ် + သတိ = အမှတ်ရနေခြင်း၊ ထိုအာရုံ ယူမှု၏ ရှေးသူတော်ကောင်းတို့ ထုံးဟောင်း တစ်ခု ဖြစ်ကြောင်းကို မှတ်သားဖို့ရာ ဗုဒ္ဓအပဒါန် ပါဠိတော်မှ ထုတ်ပြပါဦးမည်။

စကြာမင်း စိတ်ကူးပုံ

ရှေးလွန်လပြီးသောအခါ ငါတို့၏ ဘုရား အလောင်းတော်သည် တစ်ခုသော ဘဝဝယ် “တိလောက ဝိဇယ” မည်သော စကြာမင်း ဖြစ်ခဲ့ဖူး၏။

ထိုမင်းသည် သံဃာတော် အများနှင့်တကွ ရှေးရှေးသော ဗုဒ္ဓရှင်တော်မြတ်တို့ကို လည်းကောင်း၊ ပစ္စေကဗုဒ္ဓါ တို့ကိုလည်းကောင်း စိတ်ထဲ၌ ထင်မြင်လာအောင် စိတ်ကူး၏။

စိတ်ကူးသည့်အတိုင်း ထင်လာသော ဘုရားရှင်ကို လက်အုပ်ချီ၍ ဦးခေါင်း ညွတ်လျက် နှစ်သက်ကြည်ညို ရိုသေစွာ ရှိခိုးဦးချ၏။

ထိုမျှဖြင့် အားမရသေးဘဲ ရတနာမျိုးစုံဖြင့် ခြယ်လှယ်အပ်သော “ဝေဇယန္တာ” မည်သော ရတနာဗိမာန် ပြာသာဒ်တော်ကြီးကို အထပ်ပေါင်း များစွာ ဆင့်လျက် စိတ်ကူးဖြင့် ဖန်ဆင်းလိုက်၏။

ထိုဗိမာန်ကြီးဝယ် တင့်တယ် သားနားသော အခင်း အမျိုးမျိုးကိုလည်း စိတ်ကူးဖြင့် ခင်းထား၏။

သူ့နေရာနှင့်သူ ရေပြည့်အိုး၊ ပန်းပြည့် ရေတကောင်းများကိုလည်း တည်ထား၏။

ထို့နောက် ကျယ်ပြန့်သော တံခါးကြီးများမှ နောက်ပါ သံဃာတော်များနှင့်တကွ ဘုရားရှင်များစွာ၊ ပစ္စေကဗုဒ္ဓါ များစွာတို့၏ မိမိ၏ ပင့်ဖိတ်ချက်အရ ကြွတော်မူလာ ကြ၍ ရွှေသားအတိပြီးသော ပလ္လင်တော်များဝယ် အသီးသီး ထိုင်နေတော်မူပုံကို စိတ်ကူးလေသည်။

လှူဒါန်းပုံ

ထို့နောက် လူ့ပြည်နတ်ပြည်၌ ရှိသမျှ အထည်ကောင်းတို့ကို စုပေါင်းဆောင်ယူလျက် ထိုဘုရား ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ သံဃာတော်တို့အား ၃ ထည်သော (တိစီဝရိတ်) သင်္ကန်းကို လှူဒါန်း၍ မွန်မြတ်သော ခဲဖွယ် ဘောဇဉ် ချိုချဉ်ဩဇာ အဖြာဖြာတို့ဖြင့် သပိတ် အသီးသီးသို့ အပြည့် ထည့်၍ ဆက်ကပ်နေပုံကို စိတ်ကူးပြန်လေသည်။

အသီးသီး ဆွမ်းဘုဉ်းပေးပြီးသောအခါ ဘုရား ပစ္စေကာ အရိယာသံဃာတော် တို့သည် ဗိမာန်ကြီး၌ အသီးသီးသော ရတနာ တိုက်ခန်းသို့ ဝင်ကာ ခေတ္တခဏမျှ ကိန်းအောင်းတော် မူကြပြီးနောက် ကိန်းအောင်းရာမှ ထ၍ တချို့က ဈာန်ဝင်စားနေပုံ တချို့က ပြဿနာမေးပုံ ဖြေပုံများကို စိတ်ကူးလေသည်။

မွမ်းမံခြယ်လှယ်ပုံ

ဘုရား ပစ္စေကာ အရိယာ သံဃာတော်တို့သည် ဈာန်ဝင်စားမှု စသော အလိုတော်ရှိရာ ကိစ္စဖြင့် မွေ့လျော်တော်မူနေကြစဉ် -

  • ထိုအရှင်မြတ်တို့၏ အထက်တွင် ရတနာ ထီးဖြူ ဆောင်းလျက် မွှေးကြိုင်သော ပန်းမျက်နှာကြက်တွေ တဝေဝေနှင့် ထီးများ၏ ပတ်ဝန်းကျင်ဝယ် နီမြန်းသော ဇာပန်းတွေ တွဲလျားကျနေပုံ၊
  • ရတနာဗိမာန်၏ အရပ်လေးမျက်နှာတို့၌ ကြာမျိုး ငါးပါးဖြင့် တင့်တယ်သော ရေကန်ကြီးများ တည်နေပုံ၊
  • ပတ်ဝန်းကျင်ဝယ် တည်ရှိနေသော ပန်းဥယျာဉ်၏ ပန်းပင်များမှ ပန်းဝတ်မှုန်တို့သည် အထက်သို့ လွင့်တက်ကာ ဗိမာန်တော်ကြီးကို လွှမ်းဖုံးနေပုံ၊
  • ရွှေခုံပေါ်၌ ရောင်စုံမီးတိုင်များကို စကြဝဠာအနှံ့ စိုက်၍ ညှိထွန်းထားပုံ၊
  • သစ်ပင်ဖျားနှင့် တောင်ထိပ်တိုင်း၌ အလံတလူလူ စိုက်ထူထားပုံ -

တို့ကိုပါ စိတ်ကူးလေသည်။

ပရိသတ်များ

ထိုမျှလောက် ကြည်နူးဖွယ်ကောင်းသော ဗိမာန်တော် ကြီး၏ အနီးအပါး၌ သီဆိုတတ် ကပြတတ်သူတို့လည်း မနေနိုင် မထိုင်နိုင် ပျော်မြူး၍ ကြည်နူးသောစိတ်ဖြင့် ကကြ သီဆိုကြ တီးမှုတ်ကြပုံ၊

လူ နတ် သိကြားနဂါး ဂဠုန် ကုမ္ဘဏ် ယက္ခ ဂန္ဓဗ္ဗမကျန် သူတော်ကောင်း မှန်သမျှလည်း အသီးသီး လက်အုပ်ချီကာ အရိယာတို့ သီတင်းသုံးရာ ဖြစ်သော ထို ဗိမာန်အနီးသို့ ချဉ်းကပ်လာကြ ထိုပရိသတ်အား စကြာမင်းကြီးက မိမိ ပြုအပ်သော ကုသိုလ်၏ အဖို့ကို အမျှဝေ စကား ပြောကြားနေပုံ၊

ဤနေရာသို့ မရောက်သေးသူတို့အား နတ်များက တစ်ဆင့် ပြောပြနေပုံ -

တို့ကိုပါ စိတ်ကူးလေသည်။

အကျိုးရပုံ

ထိုကဲ့သို့ အလှူဒါနကြီးကို စိတ်ကူးဖြင့် ပေးလှူသော စကြာမင်းကြီး သည် နတ်ရွာစံ ကံတော်ကုန်သောအခါ ထိုကောင်းမှုကြောင့် တာဝတိံသာ ၌ ဖြစ်ရလေသည်၊

ထိုကောင်းမှု စေတနာစုကြောင့် နတ်ပြည်မှ လူ့ပြည်သို့လည်းကောင်း၊ လူပြည်မှ နတ်ပြည်သို့လည်းကောင်း၊ စုတေ ရွှေ့ပြောင်း၍ ဖြစ်လေရာ၌ ပညာအရည်အချင်း ရုပ်အဆင်းအားဖြင့် နတ်ချင်းလည်းသာလွန် လူချင်းလည်း သာလွန်သူသာ ဖြစ်ခဲ့ ရလေသည်။

ထို့ကြောင့် ယခုအခါ သူတော်ကောင်း စိတ်ဓာတ် ကိန်းဝပ်တည်ရှိသော အမျိုးသား အမျိုးသမီး၊ လူကြီးသူမတို့သည် သန့်ရှင်းသော ဘုရား အနီးမှာ ဖြစ်စေ အခြား တစ်နေရာမှာဖြစ်စေ သက်တော်ထင်ရှား ဘုရားရှင်ကို ထင်မြင်လာအောင် စိတ်ကူး လျက် အထူးကြည်ညိုသော သဒ္ဓါတရားဖြင့် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ဖြစ်အောင် စီးဖြန်း ပွားများ၍ ပန်းဆီမီး အမွှေးတိုင်စသော ပူဇော်ဖွယ်များကို ပူဇော်ကြပါကုန်။

ပုံအတွင်း ဂုဏ်သွင်းပါ

သက်တော်ထင်ရှား မြတ်စွာဘုရားကို ထင်မြင်လာအောင် မှန်းဆနိုင်သူသည် ဘုရားရှင်ကို အထူး ကြည်ညိုလေးစားသူ ဖြစ်ပေရကား ဘုရားရှင်၏ ကိုယ်စား ရုပ်ပွား ဆင်းတုတော်နှင့် ဓာတ်တော် ဌာပနာထားသော စေတီတော်များ အနီးအပါး၌ မလေးမစား မနေဝံ့တော့ပါ၊ ဘာသာရေး၌ အလွန်အချိုးကျသော လူကောင်း ရှင်ကောင်း ဖြစ်လောက် ပါပြီ။

သို့ရာဝယ် လောက၌ ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ ဂုဏ်ထူးကို မသိခင်က ကြည်ညိုပြီး နောက် ဂုဏ်ထူးကို သိရပြန်သောအခါ အတိုင်းထက်အလွန် ကြည်ညို လေးစား အားထား ကိုးကွယ်လိုသောစိတ်များ ဖြစ်ပေါ်လာသကဲ့သို့ ထို့အတူ မြတ်စွာဘုရား၏ ချီးမွမ်း၍ မကုန်နိုင်သော ဂုဏ်တော်များတွင် လူချင်း နတ်ချင်း ဗြဟ္မာချင်း ပြောကြလျက် တသောသော ချီးမွမ်းအပ်သော ဂုဏ်တော် ၉-ပါး လောက်ကိုပင် မိမိဉာဏ်မီသမျှ သိရှိကြရလျှင် သဒ္ဓါ ပညာတို့သည် ရှေးကထက် တိုးပွားကြ ပါလိမ့်မည်။

ဆက်ပါဦးမည် ...

မိမိတို့သည် ဘဝများစွာ သံသရာဝယ် ကျင်လည်ခဲ့ရ သော်လည်း မိမိတို့စိတ်ထဲ၌ ဤဘုရားရှင် ဟူသော အာရုံမျိုးကို ယူနိုင်ဖို့ရာ ခဲယဉ်းပါသည်။

ယခုအခါ ကံကောင်းလှသဖြင့် ဘုရားရှင်၏ အကြောင်းအရာနှင့် ဂုဏ်တော်များကို ကြားသိရပါသည်။ ထို့ ကြောင့် အေးအေး ဆေးဆေး မိမိအိမ်၌ ဘုရားရှင်ကို အာရုံပြုယင်း ရွတ်ဖတ်ရှိခိုးဖို့ရာ မကျဉ်းမကျယ် အနက်များကို နှုတ်တက်ဆောင် ထား၍ အဓိပ္ပာယ်များကို ကြည့်ရှုမှတ်ထားပြီးလျှင် ထင်မြင်လာသော ဘုရားရှင်၏ ပုံတော်အတွင်း၌ ဤပြအပ်လတ္တံ့သော ဂုဏ်တော်များကို သွင်း၍ သန့်ရှင်း စင်ကြယ် သော သီလကို ဆောက်တည်ကာ ကြိုးစား၍ အာရုံပြုကြပါကုန်။

အမှာ

ဂုဏ်တော် အနက်များကို ကျက်သောအခါ အရွတ် အဖတ် ကောင်းသော ဆရာသမား ထံ၌ စနစ်ကျကျ ဖတ်ပြီးမှ ကျက်ကြပါလေ၊ အရွတ်အဖတ်လည်း မမှန် အသံလည်း မကောင်းလျှင်ကား အသံကျယ်ကျယ် မရှိခိုးဘဲ ခပ်တိုးတိုး ရွတ်ဆို၍ ရှိခိုးကြပါလေ၊ အရမကျက်နိုင်လျှင် ဘုရားစေတီတော် ရှေ့၌ စာအုပ်ကြည့်၍ ဖတ်ကြပါလေ။

ဘုရားဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

ဂုဏ်တော် ၉ ပါး ပါဠိတော်

ဣတိပိ သော ဘဂဝါ အရဟံသမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူအနုတ္တရော ပုရိသ ဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ

ကြည့်ရှုရန် အဓိပ္ပာယ်

ဣတိပိ သော ဘဂဝါ”၌ -

ဣတိပိ” သည် မိမိ၏ ဉာဏ်ထဲမှာ ထင်လာသော အကြောင်း တစ်ခုခုကို ညွှန်ပြ အပ်သော ပါဠိ၊

သော ဘဂဝါ” ကား မြတ်စွာဘုရားကို ညွှန်ပြသော ပါဠိတည်း။

ထို့ကြောင့် ထိုပါဠိ ၂-ရပ်ကို ဂုဏ်တော် ၉-ပါးလုံးနှင့် တွဲစပ်ပါ။

  1. ဣတိပိ သောဘဂဝါ အရဟံ,
  2. ဣတိပိ သောဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ,
  3. ဣတိပိ သောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော,
  4. ဣတိပိ သောဘဂဝါ သုဂတော,
  5. ဣတိပိ သောဘဂဝါ လောကဝိဒူ,
  6. ဣတိပိ သောဘဂဝါ အနုတ္တရော ပုရိသ ဒမ္မသာရထိ
  7. ဣတိပိ သောဘဂဝါ သတ္ထာဒေဝမနုဿာနံ
  8. ဣတိပိ သောဘဂဝါ ဗုဒ္ဓေါ
  9. ဣတိပိ သောဘဂဝါ ဘဂဝါ,

အရဟံဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၁) သော ဘဂဝါ- ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။
ဣတိပိ ဣမိနာ စ ကာရဏေန- တစ်ထောင့်ငါးရာ၊ ကိလေသာတို့ ဝါသနာ ဓလေ့ အထုံငွေ့မျှ မငွေ့မရိပ်၊ ဝင်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍ မင်းမင်း ပြည်သူ့ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤ အကြောင်းကြောင့်လည်း။
အရဟံ - အရဟံ-ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

ကြည့်ရှုရန်အဓိပ္ပာယ်

အရဟံ ဂုဏ်တော်သည် -

  1. “ကိလေသာတို့မှ ဝေးကွာတော်မူ၏” ဟူသော အနက်
  2. “လှူဒါန်း ပူဇော်သမျှကို ခံယူတော်မူထိုက်၏” ဟူသော အနက်ကို ပြသည်။

တစ်ထောင့်ငါးရာ ကိလေသာတို့

ပုထုဇဉ်တို့၏ သန္တာန်၌ ကိလေသာသည် အကျဉ်းအားဖြင့် ဆယ်ပါးရှိ၍ အကျယ် အားဖြင့် တစ်ထောင့်ငါးရာ ရှိ၏။

[ထို ၁၅၀၀-တွက်ပုံကို အလိုရှိက သဂြိုဟ် သင်ဖူးသူများကို မေးပါ၊ အခြေပြုသင်္ဂြိုဟ် သမုစ္စည်းပိုင်းမှာလည်း ပြထားပါသည်။]

ဝါသနာဓလေ့ အထုံငွေ့မျှ

သတ္တဝါတို့၏ သန္တာန်၌ အငွေ့အသက် ထုံလျက်ပါသော ကိလေသာတို့၏ သတ္တိကို “ဝါသနာ - အထုံ”ဟု ခေါ်သည်။ ရဟန္တာများ သန္တာန်၌ ကိလေသာ ကုန်သွား သော်လည်း ဘဝဆက်တိုင်းက ပါလာသော အထုံဝါသနာမှာ မကုန်တတ်ချေ။

ဥပမာ - စူးရှသော အရက် ထည့်ရာပုလင်း၌ အရက်ကုန်သွားသော်လည်း အရက်နံ့ အထုံမပျောက်သကဲ့သို့တည်း၊ ဘုရားရှင်ကား ထိုကိလေသာတွေကို အငွေ့အသက် အထုံဝါသနာ ပျောက်ကင်းအောင် ပယ်တော်မူပြီးဖြစ်၍ စိတ်တော်အစဉ်သည် အမြဲ အားဖြင့် ဝင်းဝင်းဖိတ်ဖိတ် အရောင် တောက်နေသလို ကြည်လင် သန့်ရှင်းတော်မူ ပေသည်။

ပူဇော်ခံထိုက်ပုံ

ထို့ကြောင့် အမှိုက်သရိုက်ကင်း၍ သန့်ရှင်းသော ဥယျာဉ်လယ်ယာ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် သန်မာကြီးမား ထွားကျိုင်းဖွံ့ဖြိုး အကျိုးများသောကြောင့် ထိုမြေမျိုး ၌သာ စိုက်ပျိုးကြဲချသင့်သကဲ့သို့ ထို့အတူ ကိလေသာ အနောက်အကျ မရှိသဖြင့် စိတ်တော် အစဉ် ကြည်လင်သော ဘုရားရှင်၌ လှူဒါန်းပူဇော်ခြင်း ဟူသော မျိုးစေ့ များကို ကြဲချစိုက်ပျိုးလိုက်လျှင် ရည်ရွယ်သလောက် အကျိုး ရရှိနိုင်သောကြောင့် ရှင်တော်ဘုရားသည် လှူဒါန်း ပူဇော်သမျှကို ကောင်းစွာ ခံယူတော်မူထိုက်ပါပေသည်။

ဤသို့ အမင်းမင်းတို့၏ ပူဇော်ခြင်းကို ခံယူတော်မူထိုက်သော “အရဟံ” ဂုဏ်တော် ကြောင့် ဘုရားရှင် လက်ထက်တော်အခါ၌ “သဟမ္ပတိ” ဗြဟ္မာမင်းကြီးသည် မြင်းမိုရ် တောင်မျှ ပမာဏရှိသော ရတနာပန်းကုံးကြီးဖြင့် ပူဇော်ဖူးလေပြီ၊ “ဗိမ္ဗိသာရမင်း လည်း ဝေဠုဝန် ကျောင်းတိုက်တော်ကြီးဖြင့် ပူဇော်ဖူးလေပြီ၊ ပရိနိဗ္ဗာန် စံတော် မူပြီးမှလည်း “ဓမ္မာသောက” မင်းသည် ၉၆-ကုဋေသော ဥစ္စာတို့ကို (စုတေခါနီးမှ ၄-ကုဋေ ထပ်ဖြည့်၍ ကုဋေတစ်ရာ ဥစ္စာတို့ကို) အကုန်အကျခံလျက် ရှစ်သောင်း လေးထောင်သော ကျောင်းတို့ဖြင့် ရှင်တော်မြတ်ဘုရားကို ရည်မှန်း၍ လှူဒါန်း ပူဇော် ဖူးလေပြီ။

ယခုအခါ ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါန ပြုမှုတို့၌လည်း ဘုရားရှင်ကို ကြည်ညိုမှုက အရင်းခံလျက် ရှိ၏။ ယခုတိုင်အောင် အပူဇော် ခံနေရပါသည် ဟူလို၊ ဤသိုလျှင် ဘုရားရှင်၏ “အရဟံ” ဂုဏ်တော်ရနံ့သည် လူအဆင့်ဆင့် နတ်အဆင့်ဆင့် သင်းပျံ့လျက် ဗြဟ္မာပြည်တိုင်အောင် ပျံ့မွှေးကြူပါသည်။

တိုက်တွန်းချက်

ဘုရားရှင်၏ “အရဟံ” ဂုဏ်တော်ကို အောက်မေ့ ကြည်ညိုသူသည် ပြအပ်ခဲ့သော ဘုရားရှင်၏ ပုံတော်အတွင်း၌ ရင်ချိုင့်အလယ် နှလုံးအိမ်ဝယ် ဘုရားရှင်စိတ်တော်၏ ကိလေသာ အနောက်အကျုတို့မှ ကင်းသဖြင့် သန့်ရှင်း ကြည်လင်တော်မူပုံကို ထင်မြင် အောင် အာရုံပြုပါ၊

ထိုကြည်လင်သော စိတ်တော်ကို အတုယူကာ မိမိစိတ်၌လည်း လောဘ၊ ဒေါသ မာန်မာနနှင့် ဣဿာ မစ္ဆရိယစသော ကိလေသာ အနောက်အကျု ကင်းစင်၍ အမြဲ ကြည်လင် သန့်ရှင်းအောင် သတိထားကြပါလေ၊

ဤသို့ ဘုရားရှင်၏ ကိလေသာ ကင်း၍ စိတ်တော် သန့်ရှင်းမှုကို အာရုံပြုဖန် များလာလျှင် ထိုသန့်ရှင်းမှုသည် မိမိစိတ်၌ ဓာတ်သဘော ကူးစက်၍ မိမိမှာလည်း သန့်ရှင်းသောစိတ်များ ဖြစ်လာပါလိမ့်မည်၊

ဥပမာ သူတော်ကောင်းနှင့် ပေါင်းသူသည် သူတော်ကောင်း ဖြစ်သကဲ့သို့တည်း။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၂) သော ဘဂဝါ- ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။
ဣတိပိ ဣမိနာ စ ကာရဏေန - သဗ္ဗဉ်ဉာဏ်အား စွမ်းပကားဖြင့် များသင်္ခါရ ဝိကာရနှင့် လက္ခဏပညတ် နိဗ္ဗာန်ဓာတ်ဟု ငါးရပ်သိရန် ဉေယျဓမ်ကို ဖောက်ပြန် မရှိ ကိုယ်တော်တိုင် သိတော်မူသော ဤအကြောင်းကြောင့်လည်း။
သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပေသည်တကား။

ကြည့်ရှုရန်အဓိပ္ပာယ်

သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်သည် “အလုံးစုံသော တရားကို ကိုယ်တော်တိုင် သိတော် မူနိုင်၏” ဟူသော အနက်ကို ပြသည်၊

[သမ္မာ + သံ + ဗုဒ္ဓ
သမ္မာ = မဖောက်မပြန် (အမှား မရှိအောင်) +
သံ = ကိုယ်တော်တိုင်+
ဗုဒ္ဓ = သိတော်မူနိုင်သည်။]

သဗ္ဗဉ်ဉာဏ်အား စွမ်းပကားဖြင့်

ဘုရားရှင်သည် သဗ္ဗညုတဉာဏ်ကို ရဖို့ရန် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ကောင်းမှု ပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့် အားလျော်စွာ ဘဝအဆင့်ဆင့် ရင့်လာသော ပညာသည် ဘုရားဖြစ်သည့်အခါ သဗ္ဗညုတ ဉာဏ်တော်အဖြစ်သို့ ရောက်၍ လွန်စွာ အစွမ်းသတ္တိ ထက်မြက်ပါပေသည်။

ယခုလောက၌ သေးငယ်သော မြူမှုန်တို့ကို လူအပေါင်းတို့ ဝိုင်း၍ကြည့်သော အခါ မျက်စိကောင်းသူများသာ မြင်၍ မျက်စိမှုန်သူတို့ကား ဘယ်လိုပင် ကြည့်သော်လည်း မမြင်ရတော့ဘဲ မျက်စိကွယ်နေသူမှာ ဆိုဖွယ်ရာ မရှိတော့သကဲ့သို့ ထို့အတူ သိဖွယ်အာရုံများကို သတ္တဝါဟူသမျှတို့ သိဖို့ရန် အားထုတ် ကြပါသော်လည်း ပင်ကို ဉာဏ်မျက်စိ ရှိသလောက်သာ သိမြင်နိုင်ကြသည်။

လုံးလုံး ဉာဏ်မျက်စိ မရှိသူတို့မှာ အရှေ့ အနောက် တောင် မြောက်နှင့် တင်းတောင်း ပမာဏကိုမျှ မသိနိုင်ကြပေ။

ဗုဒ္ဓရှင်တော်၏ ဉာဏ်တော်သည်ကား သိသင့် သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှ ယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိတော်မူပါသည်။ ထိုသိဖွယ် တရားများကို “ဉေယျဓမ်” ဟု ခေါ်၏၊ (ဉေယျ = သိသင့် သိထိုက်သော + ဓမ် = ဓမ္မ တရား။)

ဉေယျဓမ်တရား ၅-ပါးကား

  1. သင်္ခါရ = စိတ်စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ဖန္နရုပ်များ။
  2. ဝိကာရ = ဝိကာရရုပ် ငါးပါး။
  3. လက္ခဏ = လက္ခဏရုပ် လေးပါး။
  4. ပညတ် = လူ နတ် ဗြဟ္မာ ဆင် မြင်း ကျွဲ နွား တော တောင် ရေ မြေ စသော ပညတ်များ။
  5. နိဗ္ဗာန် = ရုပ် နာမ် ပညတ်မှတစ်ပါး ငြိမ်းအေးဓာတ်ကြီးတစ်မျိုး။

ဤ ငါးမျိုးမှတစ်ပါး သိဖွယ်ရာ မရှိပြီ၊ [ဝိကာရနှင့် လက္ခဏကို ရုပ်ချင်း တူပါလျက် ခွဲထားသည်မှာ ပရမတ်အစစ် မဟုတ်သောကြောင့်တည်း။] ဤ ဉေယျဓမ် ငါးပါးသည် ဇိနာလင်္ကာရဋီကာ အသာဓာရဏကထာ၌ ပါသည်။

ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိ

ဤ ဉေယျဓမ်တရား ၅-ပါးကို ဘုရားရှင် သိတော်မူရာ၌ ဖောက်ပြန် မှားယွင်း သွားသည်ဟူ၍ မရှိ။ နည်းပေး လမ်းပြမည့် ဆရာလည်းမရှိ ကိုယ်တော်တိုင် သိတော်မူပေသည ...၊

ဤနေရာဝယ် ရပ်တန့်၍ စာဖတ်သူသည် ဗုဒ္ဓ ရှင်တော်မြတ်၏ သပ္ပါယ်သော ရုပ်အဆင်းတော်အတွင်း “အရဟံ ဂုဏ်တော်”အရ စိတ်တော်၏ ကြည်လင်သန့်ရှင်း နေပုံ၊ ထိုကြည်လင်နေသော စိတ်တော်အစဉ်ဝယ် အလွန် ထက်မြက်သော ဉာဏ်တော် တည်နေပုံကို အာရုံယူကာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို ပွားများကြပါလေ။

တိုက်တွန်းချက်

အသိ အလိမ္မာ ဉာဏ်ပညာ ဟူသည် အလွန် အရေး ကြီး၏၊

  • ပညာသင်ရာဝယ် ဆရာ တစ်ဦးထံမှာ အတူသင်ယူပါလျက် အတတ်ချင်း ကွာခြား နေပုံတို့ကို လည်းကောင်း၊
  • စီးပွားဥစ္စာ ရှာဖွေရာဝယ် အရင်းအနှီးချင်း တူပါလျက် ဉာဏ်ရှိသူမှာ ကြီး၍ ဉာဏ်နည်း သူမှာ မကြီးပွားနိုင်ဘဲ ဉာဏ်မရှိသူမှာ ဆုံးရှုံးရပုံကိုလည်းကောင်း၊
  • မိဘချင်း တူပါလျက် အချို့ သားသမီးများ လိမ္မာ၍ အချို့ယုတ်မာပုံကိုလည်းကောင်း၊

ထိုကဲ့သို့ကွာခြားသည် အားလျော်စွာ လောကီဆိုင်ရာနှင့် သံသရာရေးတို့၌ ဉာဏ်ရှိ သူကား ကြီးကျယ်ထွန်းကား ဉာဏ်မရှိသူက ပျက်ပြား နစ်မွန်းရပုံကို လည်းကောင်း -

စဉ်းစား၍ ဤ “သမ္မာသမ္ဗုဒ္ဓ” ဂုဏ်တော်ကို ကြည်ညိုကာ မိမိ၏ ပညာပါရမီကို အမြဲ တိုးပွားအောင်ကြိုးစားကြပါလေ။

“မရှိတာထက် မသိတာခက်၏”

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ဖွင့်

▬▬

ကျက်မှတ်ရန်

(၃) သော ဘဂဝါ - ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။
ဣတိပိ ဣမိနာ စ ကာရဏေန - သုံးပါး ရှစ်ပါး ၂-မျိုးအားဖြင့် ဟောထား ပညာ ဉာဏ်ဝိဇ္ဇာတည်း၊ နိဗ္ဗာနဓာတ် အမြိုက်ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့် အကျင့်စရဏ ဆယ့်ငါးဝနှင့် တကွဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်း ကြောင့်လည်း။
ဝိဇ္ဇာစရဏသမ္ပန္နော - ဝိဇ္ဇာစရဏသမ္ပန္န ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပေသည်တကား။

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်သည် “ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံတော်မူ၏” ဟူသောအနက်ကိုပြ၏။

[ဝိဇ္ဇာ = အသိဉာဏ် + စရဏ = အကျင့် + သမ္ပန္န = ပြည့်စုံ၏။]

သုံးပါး, ရှစ်ပါး ဉာဏ်ဝိဇ္ဇာတည်း

အသိဉာဏ်ပညာဟူသော ဝိဇ္ဇာကို အချို့သုတ္တန် ဒေသနာတော်၌ ၃-ပါး၊ အချို့သုတ္တန် ဒေသနာတော်၌ ၈-ပါးဟု နှစ်မျိုးအားဖြင့် ဟောထားတော် မူသောကြောင့် “ဝိဇ္ဇာ ၃-ပါး၊ ဝိဇ္ဇာ ၈-ပါး” ဟု ကွဲနေသည်။

[ဆောင်]
သုံးပါး ဝိဇ္ဇာ, ပု-ဒိ-အာ-နှင့်,
ဝိဇ္ဇာရှစ်ရပ်, ဝိပသ်စေတော,
မနော မယိဒ်, ဒိနှင့်, ဣဒ်,
ထည့်သိပ် ရေတွက်လေ။

ဝိဇ္ဇာ သုံးပါး

▬▬

၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်

ရှေးရှေးဘဝ၌ တွေ့ကြုံခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သော ဉာဏ်။

၂။ ဒိဗ္ဗစက္ခုဉာဏ်

နတ်မျက်စိကဲ့သို့ ဝေးကွာသော အဆင်း သေးငယ်သော အဆင်းကို မြင်နိုင်သော ဉာဏ်။

၃။ အာသဝက္ခယဉာဏ်

ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဉာဏ်။

ဝိဇ္ဇာ ရှစ်ပါး

▬▬

၄။ ဝိပဿနာဉာဏ်

“အနိစ္စ ဒုက္ခ အနတ္တ” ဟု ရုပ်နာမ် တရားအားလုံးကို သိမြင်နိုင်သော ဉာဏ်။

၅။ စေတောပရိယဉာဏ်

သူတစ်ပါး၏ စိတ်ကို သိနိုင်သော ဉာဏ်။

၆။ မနောမယိဒ္ဓိဉာဏ်

မိမိ ခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သော ဉာဏ်။

၇။ ဒိဗ္ဗသောတဉာဏ်

နတ်တို့၏နားကဲ့သို့ ဝေးသောအသံ, သေးငယ်သော အသံကို ကြားနိုင်သော ဉာဏ်။

၈။ ဣဒ္ဓိဝိဓဉာဏ်

မြေလျှိုးမိုးပျံ စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဉာဏ်၊

[ရှေ့သုံးပါးတွင် ဤငါးပါးကိုထည့်လျှင် ဝိဇ္ဇာရှစ်ပါး ဖြစ်၏။]

နိဗ္ဗာနဓာတ်.. အကျင့်စရဏ

▬▬

မပျက်စီးနိုင်သောအရာကို “အမြိုက်” ဟု ခေါ်၏၊ ထိုအမြိုက်နှင့်တူသော နိဗ္ဗာနဓာတ် သို့ ရောက်ဖို့ရန်သင့်သော အကျင့်ကို “စရဏ”ဟု ခေါ်သည်။

စရဏ ၁၅-ပါး

▬▬

[ဆောင်]
သဒ္ဓါ, သတိ ဟိရိ, ဩတ္တ, ဝီရိယနှင့်၊
သုတ ပညာ, ခုနစ်ဖြာ, သဒ္ဓမ္မာဟု ပြ။
ထို သဒ္ဓမ္မာ, ခုနစ်ဖြာနှင့်
ဘော, ဇာ, သီ, ဣန် ဈာန်လေးကြိမ်ထား၊
ဤ ဆယ့်ငါး, မှတ်သား စရဏ။

၁။ သဒ္ဓါ = “ကုသိုလ် အကုသိုလ် ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိသည်၊ ရတနာသုံးပါး ရှိသည်၊ နောင်ဘဝ ရှိသည်” ဟု ယုံကြည်မှု။

၂။ သတိ = ကုသိုလ်ကောင်းမှုဆိုင်ရာ၌ အမှတ်ရမှု။

၃။ ဟိရိ = မကောင်းမှု ဒုစရိုက်မှ ရှက်မှု။

၄။ ဩတ္တပ္ပ = မကောင်းမှု ဒုစရိုက်မှ ကြောက်လန့်မှု။

၅။ ဝီရိယ = ကုသိုလ်ကောင်းမှုကိစ္စ၌ အားထုတ်မှု။

၆။ သုတ = အကြားအမြင်များမှု။

၇။ ပညာ = အရာရာ၌ တတ်သိ လိမ္မာမှု။

ဤကား “သဒ္ဓမ္မ”ဟု ခေါ်အပ်သော သူတော်ကောင်းတရား ၇-ပါးတည်း၊

[သူတော်ဥစ္စာ၌ကား သတိနှင့် ဝီရိယကို နုတ်ပြီးလျှင် သီလ (သီလစောင့်မှု)၊ စာဂ (စွန့်ကြဲလှူဒါန်းမှု) ထည့်၍ရေတွက်သည်။]

၈။ ဘောဇနေ မတ္တညုတာ

စားသောက်ရာ၌မိမိနှင့် သင့် မသင့် နှိုင်းချင့်၍ အတိုင်းအရှည် သိမှု။

၉။ ဇာဂရိယာနုယောဂ

နိုးနိုးကြားကြား အိပ်မှု အအိပ်အနေနည်းမှု။

၁၀။ သီလ

ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းမှု။

၁၁။ ဣန္ဒြိယသံဝရ

တွေ့မြင်ကြားသိသမျှ၌ လောဘ ဒေါသစသည် မဖြစ်စေဘဲ မျက်စိ နား နှာ စသော ဣန္ဒြေများကို ငြိမ်သက်အောင် စောင့်စည်းမှု။

၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။ စတုတ္ထဈာန်

ပေါင်း စရဏ ၁၅-ပါး ဖြစ်၏။

ဝိဇ္ဇာ”ဟူသော အသိဉာဏ် ရှိသော်လည်း “စရဏ” ဟူသော အကျင့် မရှိက နိဗ္ဗာန် မရနိုင်။ “စရဏ” အကျင့်သာရှိ၍ “ဝိဇ္ဇာ”ဟူသော အသိဉာဏ် မရှိလျှင် လမ်းမှန် မရောက်ဘဲ အလွဲကို ကျင့်နေသဖြင့် ခရီးမတွင်ဘဲ ရှိမည်။

ရှင်တော်မြတ်ဘုရားကား အထွတ်အထိပ်ဖြစ်သော ဝိဇ္ဇာဉာဏ် စရဏ အကျင့်နှင့် ပြည့်စုံတော်မူပါပေသည်။

တိုက်တွန်းချက်

▬▬

အရာရာ၌ အသိဉာဏ်ဖြင့် အမှန်ကို ကျင့်ကြံအားထုတ်မှသာ ထမြောက်နိုင်သည်။ ယခုအခါ၌ကား အသိဉာဏ်ရှိပါလျက် သိသလောက် ကျင့်ကြံ အားထုတ်မှု “စရဏ” မရှိသောကြောင့် အောက်ကျနောက်ကျ ဖြစ်နေသူတွေ များလှ၏၊

ထို့ကြောင့် ဘုရားရှင်၏ “ဝိဇ္ဇာစရဏသမ္ပန္န” ဂုဏ်တော်ကို အာရုံပြုလျက် ကြည်ညို ကြပြီးလျှင် မိမိသန္တာန်၌ အသိရော အကျင့်ပါ ၂-ဖြာ လုံး ပြည့်စုံအောင် ကြိုးစား သင့်ကြသတည်း။

.

သုဂတ ဂုဏ်တော်ဖွင့်

▬▬

ကျက်မှတ်ရန်

(၄) သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဒီပင်္ကရာ, ထွတ်ချာသနင်း, ခြေတော်ရင်းမှ မှန်ကင်းသီရိ, ဗောဓိမဏ္ဍိုင် ခန်းဝပိုင်အောင် ဆယ်ခိုင်ပါရမီ စုံဖြည့်ညီလျက် သုံးလီဘဝ များသတ္တ၏ သုခစီးပွား ကျင့်သောအားဖြင့် မိုက်မှားအယူ၊ မိစ္ဆာဟူက ဆံမြူတစ်စိ မကပ်ငြိဘဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျက် သဗ္ဗဉ်ဉာဏ်တော် ရကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း။
သုဂတော၊ သုဂတ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပေသည်တကား။

ကြည့်ရှုရန်အဓိပ္ပာယ်

▬▬

သုဂတ ဂုဏ်တော်သည် “ကောင်းစွာ ကြွတော်မူခဲ့၏”ဟူသော အနက်ကို ပြသည်။

[သု = ကောင်းစွာ + ဂတ = ကြွတော်မူခဲ့သည်။]

ထွတ်ချာသနင်း

▬▬

အထွတ် အထိပ် အချုပ် အချာ - မြင့်မြတ်သော ဘုရားရှင်။

မှန်ကင်းသီရိ

▬▬

ပြာသာဒ် စသည်တို့၏ အထွတ်၌ တပ်ထားအပ်သော “တုရင်မှန်ကင်းကဲ့သို့ မိုမောက် နေသော မြေပေါ်ဝယ် ကျက်သရေရှိသော ဗောဓိပင်။

ဗောဓိမဏ္ဍိုင်

▬▬

ဗောဓိပင်ပေါက်ရာ မြေအရပ်သည် ဇမ္ဗူဒီပကျွန်း၏ အလယ်ဗဟို မဏ္ဍိုင်ဖြစ် သောကြောင့် ဗောဓိပင်ကိုလည်း “မဏ္ဍိုင်”ဟု ဆိုသည်။ တစ်နည်း - ဗောဓိပင်ကိုပင် သဗ္ဗညုတာဉာဏ်၏ ကြည်လင်ရာဖြစ်၍ ဗောဓိမဏ္ဍိုင်ဟု ဆိုသည်။

[ဤနည်း၌ “ကြည်လင်ခြင်း” အနက်ကို ဟောသော “မဏ္ဍာ” ဟူသော ပါဠိမှ မဏ္ဍိုင် ဖြစ်လာသည်ဟုကြံပါ။)

ခန်းဝါပိုင်အောင်

▬▬

အရောင်အဝါ ရှိသော ခန်းဆောင် နေရာကို “ခန်းဝါ” ဟု ခေါ်သည်၊ ဤ၌ ဗောဓိပင်ကို အရောင်အဝါ ရှိသော အခန်းဆောင်ကဲ့သို့ ဥပမာပြုထားသည်။

“ရောင်ဝါ ထိန်လျှမ်းသည့် အဆောင်ခန်းသို့ ရောက်လျှင် အင်မတန် အဖိုးတန်သော ရတနာကို ရသကဲ့သို့ သဗ္ဗညုတဉာဏ် တည်းဟူသော အဖိုးတန် ရတနာကိုလည်း ဗောဓိမဏ္ဍိုင် တည်းဟူသောနေရာ၌ ရတော်မူသည်” ဟူလို။

ဘုရားရှင်သည် ဘုရားဆုပန်တော်မူရာ ဒီပင်္ကရာ ထွတ်ချာသနင်း တရားမင်း၏ ခြေတော်ရင်းမှ စ၍ “ဗောဓိမဏ္ဍိုင်” တည်းဟူသော ခန်းဝဆောင်နန်းကို စိုးပိုင် စံမြန်းတော်မူလျက် ဘုရားဖြစ်သည့်တိုင်အောင် (ကာမ ရူပ အရူပ အားဖြင့် ဘ၀သုံးပါး ၌ရှိသော) သတ္တဝါ အများ၏ စီးပွား ချမ်းသာအလို့ငှာ ပါရမီ ဆယ်ပါးကို အစုံအညီ ဖြည့်ကျင့်တော်မူခဲ့ပေသည်။

ထို ဖြည့်ကျင့်စဉ် အခါ၌ မိုက်မှားသော မိစ္ဆာဒိဋ္ဌိ အယူဆိုးကြီး များလည်း ကိုယ်တော်၏သန္တာန်၌ တစ်ဆံချည်မျှ မြူမှုန်ကလေး တစိုးတစ်စိ မကပ်ငြိရအောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပတ်လုံး ဘဝဆက်တိုင်း လွန်ကဲသော သတိ “သမ္ပဇဉ်”ဟု ခေါ်အပ်သော ပညာ တရားတို့ကို အမြဲလက်ကိုင်ထားတော်မူ၍ သဗ္ဗညုတ ဉာဏ်တော်သခင် ဘုရားရှင်အဖြစ်သို့ ရောက်ဖို့ရန်သာ ဖြောင့်ဖြောင့် မှန်မှန် ကျင့်ကြံတော်မူခဲ့ပေသည်။

(ဤနေရာ၌ ရပ်တန့်၍ “ဘုရားရှင်သည် ပါရမီဖြည့်တော်မူစဉ်က မိစ္ဆာအယူကို မယူမိအောင် သတိနှင့်ဉာဏ် အမြဲရှိပုံကို အာရုံပြုလိုက်ပါ။)

တိုက်တွန်းချက်

▬▬

သာသနာပ အခါဝယ် မိစ္ဆာအယူမှားတွေ လွန်စွာ လွှမ်းမိုးလာမည်ဖြစ်၍ ဘုရားရှင်၏ “သုဂတ” ဂုဏ်တော်ကို ကြည်ညိုပြီးလျှင် မိမိတို့လည်း မိစ္ဆာအယူဟူသမျှကို ဘဝ ဆက်တိုင်း မကပ်ငြိ မယူမိအောင် သတိပညာတရားကို သန်သန်ကြီး ထားတတ်ဖို့ရန် “ကုသိုလ်ကံ အကုသိုလ်ကံရှိ၏၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးရှိ၏”ဟု ကံနှင့် ကံ၏အကျိုးကို နားလည်သော “ကမ္မဿကတာဉာဏ်”ကို မိမိသန္တာန်၌ ဖြစ်အောင် ပထမကြိုးစားသင့်၏။

ထို့ နောက် “ဤခန္ဓာကိုယ်၌ ရုပ်တရား နာမ်တရားသာ ရှိ၏” ဟု သိအောင် ဆရာသမားအထံ မေးမြန်း၍ ထိုရုပ်နာမ်၏ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပုံကို နားလည်သော ဝိပဿနာဉာဏ် ဖြစ်အောင် ကြိုးစားပါ။

ထိုသို့သိလျှင် ပါရမီဖြည့်လိုသော သို့မဟုတ် ကမ္မဋ္ဌာန်း အားထုတ်လိုသော ဆန္ဒ ပြင်းပြ၍ မိစ္ဆာအယူသာမက, ဂုဏ်ပကာသန စိတ်တွေပါ ကင်းဝေးသွားပါလိမ့်မည်။

.

လောကဝိဒူ ဂုဏ်တော်ဖွင့်

▬▬

ကျက်မှတ်ရန်

(၅) သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်ဘော်မြတ်ဘုရားသည်။
ဣတိပိ ဣမိနာ စ ကာရဏေန၊ သတ္တောကာသ, သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့် ကောင်းစွာကုန်စင် သိမြင်တော်မူသော ဤအကြောင်း ကြောင့်လည်း။
လောကဝိဒူ၊ လောကဝိဒူ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပေသည်တကား။

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬

လောကဝိဒူဂုဏ်တော်သည် “လောကအားလုံးကို သိမြင်တော်မူနိုင်ပေ၏”ဟူသော အနက်ကို ပြသည်။

[လောက = ကမ္ဘာလောကကြီးကို + ဝိဒူ = သိတော်မူနိုင်သည်။]

လောကသုံးပါး

▬▬

သတ္တလောက ဩကာသလောက သင်္ခါရလောကဟု လောကသုံးပါးရှိ၏၊

သက်ရှိ သတ္တဝါ အပေါင်းသည် သတ္တလောက မည်၏၊

သတ္တဝါတို့၏တည်နေရာ ဘုံဌာနသည်လည်းကောင်း၊ ဘုံမရှိသော နေရာဌာနသည် လည်းကောင်း ဩကာသလောက မည်၏။

ရုပ်တရား နာမ်တရား အားလုံး သည် သင်္ခါရလောကမည်၏။

သတ္တလောက သိတော်မူပုံ

▬▬

“ဤကမ္ဘာလောကကြီး၌ အပါယ် ၄-ပါးတွင် -
ခြတောင်ပို့တစ်ခု၌ သတ္တဝါပေါင်း များစွာ၊
ပုရွက်တွင်း တစ်တွင်း၌ ပုရွက်သတ္တဝါပေါင်းများစွာ၊
ငါးဥတစ်ဥ၌ ငါးသတ္တဝါလေးတွေ များစွာ၊
ပြိတ္တာသတ္တဝါတွေ များစွာ၊
ငရဲသတ္တဝါတွေ များစွာ၊
လူ နတ် ဗြဟ္မာ သတ္တဝါတွေ များစွာ ရှိသည်” ဟု သိမှုမှာ ဆန်းကြယ်လှသည် မဟုတ်ပါ၊

ဘုရားရှင်ကား ထိုသိမှုမျိုးထက် လွန်၍ သတ္တဝါ တစ်ယောက်ကို -

“ဤသူသည် စရိုက် အမျိုးမျိုးတွင် မည်သည့် စရိုက်က လွန်ကဲနေ၏၊
အနုသယအမျိုးမျိုးတွင် မည်သည့် အနုသယက ထက်သန်နေ၏၊
ပင်ကိုဆန္ဒ ညံ့ဖျင်း၏၊ သိုမဟုတ် ထက်သန်၏၊
သဒ္ဓါ စသော ဣန္ဒြေ ၅-ပါးတွင် မည်သည့် ဣန္ဒြေက ထက်မြက်၍ မည်သည့် ဣန္ဒြေက ညံ့သေး၏”

စသည်ဖြင့် သိတော်မူပါသည်။

ထိုသို့ သိတော်မူရာ၌ အတွေးအဆ အားဖြင့် မှန်းဆ၍ သိတော်မူခြင်း မဟုတ်၊ ဆရာဝန်သည် ပြဒါးတိုင်ဖြင့် သူနာ၏ အပူဒီဂရီကို ချိန်ကြည့်သောအခါ တက်သော အပူဒီဂရီကို သိနိုင်သကဲ့သို့ ထိုသတ္တဝါ၏ အတွင်းဓာတ် အခြေအနေ အားလုံးကို ကွဲကွဲ ပြားပြားနှင့် ထင်ရှားစွာ သိမြင်တော်မူနိုင်ပါ သည်၊

[စရိုက် - အနုသယ - ဣန္ဒြေတို့၏ အကြောင်းများမှာ အဘိဓမ္မာနှင့် သက်ဆိုင် သောကြောင့် မိမိတို့ လေ့လာနေကျ အဘိဓမ္မာ ကျမ်းစာများ၌ ရှာဖွေကြည့်ရှု၍ လည်းကောင်း၊ မေးမြန်း၍လည်းကောင်း သိကြပါလေ။]

ဩကာသလောက သိတော်မူပုံ

▬▬

သတ္တဝါတို့ နေရာ ကမ္ဘာလောကကြီး တည်နေပုံကို ပြရာ၌ ကျမ်းဂန်အဆိုသည် ယခုခေတ် လောကဓာတ် ဆရာတို့၏ အယူအဆနှင့် မတူမျှဘဲ ရှိနေ၏။

ကမ္ဘာတည်နေဟန်ကို ပါဠိကျမ်းဂန်များ၌ ဆိုပုံကား ဤမြေကြီးသည် အထု (အထူ) အားဖြင့် ယူဇနာပေါင်း ၂-သိန်း ၄-သောင်းရှိ၏၊ အထက်တစ်ဝက်သည် ပကတိ မြေသားဖြစ်၍ အောက်တစ်ဝက်မှာ ကျောက်မြေသား ဖြစ်သတဲ့၊

ဤ မြေကြီး၏အောက်၌ ယူဇနာ ၄-သိန်း ၈-သောင်း ထူသော ရေပြင်ကြီး တည်ရှိ၏၊ “ရေပြင်”ဟု ဆိုသော်လည်း အရည်ဟုတ်ဟန်မတူ အလွန် အေး၍ ခဲနေသော ရေခဲတုံးကြီး ဖြစ်ဟန်ရှိ၏။

မြေအထုထက် ၂-ဆ လောက်ထူသော ရေခဲတုံးကြီးက မြေအပြင်ကို ပင့်မြှောက် ခံယူ ထားနိုင်သည်မှာ အံ့သြစရာ မရှိတော့ပြီ၊

ထိုရေပြင်ကြီးကိုကား ယူဇနာ ၉-သိန်း ၆-သောင်း ထူသော လေပြင်ကြီးက အောက် မကျအောင် ပင့်မြှောက် တိုက်ခတ်လျက်ရှိ၏၊ ဤလေပြင်ကြီး၏ အောက်၌လည်း မဆုံးနိုင်အောင် ဟင်းလင်း ဟာလာ အာကာသ ကောင်းကင် ရှိလေသည်။

ဤကား ကမ္ဘာမြေ၏ အောက်ပိုင်း မြေပုံတည်း။

စကြဝဠာတစ်ခု ဟု သတ်မှတ်အပ်သော ဤကမ္ဘာမြေကြီး၏ အဝန်း ယူဇနာမှာ ၃-သန်း ၆-သိန်း ၁-သောင်း ၃-ရာ့ ငါးဆယ်ရှိ၏၊ ကမ္ဘာမြေဝန်းကို ကျောက်တောင်ကြီး များက တံတိုင်းခတ်သလို ရံပတ်၍ နေ၏၊ ထို ကျောက် တောင်ကြီးများ ဆက်စပ်၍ ရံပတ်နေသည်ကိုပင် စကြဝဠာ မဟာရံတံတိုင်းဟု ခေါ်စမှတ်ပြုကြ၏၊

ဤကမ္ဘာမြေဝန်း၏ အတွင်း၌ကား သမုဒ္ဒရာရေပြင်ကြီး ရှိ၏၊ ထိုရေပြင်၏ အနက်ဆုံး နေရာသည် ယူဇနာ ၈-သောင်း ၄-ထောင် နက်၏။ အလယ်ဗဟို တည့်တည့်၌ကား ရေ၏အထက်၌ ယူဇနာ ၈-သောင်း ၄-ထောင်၊ ရေ၏အတွင်း၌ ယူဇနာ ၈-သောင်း ၄-ထောင် ရှိ၍ ယူဇနာပေါင်း တစ်သိန်း ၆ သောင်း ၈-ထောင်မြင့်သော မြင်းမိုရ်တောင် တည်ရှိ၏။

ထိုမြင်းမိုရ်တောင်၏ ပတ်ဝန်းကျင်၌ “သီဒါ” ခေါ်သော မြစ်တစ်ခုခြား၍ မြင်းမိုရ် တောင်၏ အောက် တစ်ဝက်လောက် နိမ့်သော ယုဂန္ဓိုရ်တောင် တည်ရှိ၏။ ဤနည်း အတိုင်း “သီဒါမြစ်” တစ်ခုခြားကာ ခြားကာ တောင်စဉ် ခုနစ်ထပ် မြင်းမိုရ်တောင်ကို ရံပတ်၍ တည်လေသည်။

ထိုမြင်းမိုရ်တောင်နှင့် တောင်စဉ် ၇-ထပ်တို့၏ လေးမျက်နှာ အရပ်ရှိ ရေလယ်ခေါင်၌ ကျွန်းကြီး ကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိ၏။ ထို ကျွန်းမြေများသည်ပင် လူစသော သတ္တဝါတို့၏ တည်နေရာ မြို့ရွာ တောတောင်များ ဖြစ်ကြလေသည်၊

အရှေ့ဘက်၌ပေါ်ထွန်းသော ကျွန်းမြေကို အရှေ့ကျွန်း၊ တောင်ဘက် အနောက်ဘက် မြောက်ဘက်တို့၌ ပေါ်ထွန်းသော ကျွန်းမြေများကို တောင်ကျွန်း အနောက်ကျွန်း မြောက်ကျွန်း ဟုခေါ်သည်။

ထိုမြင်းမိုရ်တောင်၏ ထက်ဝက်လောက်၌ ယုဂန္ဓိုရ် တောင်ထိပ်နှင့် ညီမျှသော အရပ်ဝယ် စတုမဟာရာဇ် နတ်ပြည် တည်ရှိ၏၊

မြင်းမိုရ်တောင်ထိပ် အောက်၌ တာဝတိံသာနတ်ပြည် တည်ရှိ၏၊

ဤ နတ်ပြည် ၂-ထပ်သာလျှင် မြေနှင့် ဆက်စပ်လျက်ရှိသည်။

ယာမာ တုသိတာ နိမ္မာနရတိ ပရနိမ္မိတဝသဝတ္တိ နတ်ပြည်နှင့် အထက် ဗြဟ္မာဘုံ တို့ကား မြေနှင့်မဆက်စပ်ဘဲ ကောင်းကင်အရပ်မှာပင် တည်ရှိကြ၏၊

ဤကား ကမ္ဘာ၏ အထက်ပိုင်း မြေပုံတည်း။

[လောကဓာတ် ဆရာတို့၏ ကမ္ဘာမြေပုံကို လောကဓာတ် ကျမ်းစာများ၌ ရှုပါ။]

ဤ ဘုံအမျိုးမျိုးတို့ တည်နေဟန် နှင့်တကွ နတ် ဗြဟ္မာတို့ စံစားပုံကို ရိုက် နှိပ်ပြီး“သဂြိုဟ်ဘာသာဋီကာ”နှင့် ဒုတိယအကြိမ်ရိုက် “ကိုယ်ကျင့်အဘိဓမ္မာ” တို့၌ ထည့်သွင်း ပြထားပြီ၊

ဤပြခဲ့သော ကမ္ဘာကဲ့သို့ အခြားသော စကြဝဠာ ကမ္ဘာကြီးများလည်း မရေတွက် နိုင်အောင် မြားမြောင်စွာ ရှိသေး၏၊ ဘုရားရှင်သည် ထို ပြအပ်ခဲ့သော စကြဝဠာ ကမ္ဘာ လောကဓာတ်ကြီးများကိုလည်း အကုန်အစင် သိမြင်တော်မူနိုင်ပေသည်။

သင်္ခါရလောကကို သိမြင်တော်မူပုံ

▬▬

ရုပ်နာမ် တရားတွေ ပေါင်းစပ်နေသည်ကို “ပုဂ္ဂိုလ် သတ္တဝါ သူ ငါ ယောက်ျား မိန်းမ အထီး အမ” စသည်ဖြင့် ခေါ်ဝေါ်ကြရသည်။

ထို ရုပ်နာမ်ကို ဖယ်ထားလျှင် - သို့မဟုတ် ရုပ်နာမ်အားလုံး အဆုံးသတ် ချုပ်သွားလျှင် ပုဂ္ဂိုလ် သတ္တဝါ သူ ငါဟူ၍ မရှိတော့ပြီ၊

ခန္ဓာကိုယ်၌ မြေဓာတ် ရေဓာတ် လေဓာတ် မီးဓာတ် ဟုအမာခံဓာတ်ကြီး ၄-ပါး ရှိပါ၏၊ ထိုအမာခံဓာတ် ကြီး ၄-ပါးကို မွမ်းမံခြယ်လှယ်သော အမွှန်းတင်ရုပ်များလည်း ရှိ၏။

ထိုရုပ် အစိတ်အစိတ် ကလေးတွေပေါင်းစပ်၍ နေသော အစုအခဲကို “ရုပ်ကလာပ်”ဟု ခေါ်၏၊ ရုပ်ကလပ်မှုန့် တစ်ခုတစ်ခုသည် ပကတိ မျက်စိရှိဖြင့် မမြင်ရလောက်အောင် သိမ်မွေ့သေးငယ်၏၊

“လောက ဓာတ်ဆရာတို့သည် သူတို့၏ မှန်ပြောင်းအားဖြင့် အသေးအမွှားဆုံး ရုပ်မှုန့် ကလာပ်များကို မြင်နိုင်၏”ဟု ဆိုသော်လည်း ကလပ်တစ်ခု တည်းကို မြင်ရသည် မဟုတ် ကလာပ်မှုန့်ကလေးတွေ အတော်များများ ပေါင်းစပ်နေသည်ကိုသာ မြင်သည်၊

ကလာပ် တစ်ခုတစ်ခု၌ “ပထဝီ အာပေါ တေဇော ဝါယာ ဝဏ္ဏ ဂန္ဓ ရသ ဩဇာ”ဤရုပ် ၈-ခု စုပေါင်းနေကြောင်း သိဖို့ကား လောကဓာတ်ပညာ၏ အရာ မဟုတ်တော့ပြီ၊

ဘုရားရှင်ကား ထိုကဲ့သို့ အသေးအမွှား ရုပ်ကလေးများအပြင် ထိုရုပ်ကလေးများ ဖြစ်ပေါ်လာဖို့ အကြောင်းနှင့်တကွ လက္ခဏ ကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော် မူနိုင်ပသည်။

ထို့ပြင် ထိုရုပ်ကလာပ် ကလေးတွေ စုပေါင်း တွေခဲနေသဖြင့် သတ္တဝါဟု ခေါ်သော ဤခန္ဓာကိုယ်အတွင်း၌ စိတ်, စေတသိက် ဟူသော နာမ်တရားရှိသေး၏။ ထိုနာမ် တရား၏ အစွမ်းကြောင့်အဆင်း, အသံ အနံ့ အရသာ, အတွေးနှင့် သိဖွယ် ဟူသမျှကို သိမြင်ကြရပေသည်၊

ထိုနာမ်တရားတို့၏ အကြောင်းကိုကား လောကဓာတ် ပညာရှိတို့ ထိမိအောင် သိဖို့ကို မဆိုထားဘိ ဖဿ ဝေဒနာ သညာစသော နာမည်ကိုပင် မသိမြင်နိုင်ကြတော့ချေ။

ရှင်တော်ဘုရားကား ထို နာမ်တရားတို့ ဖြစ်ခြင်း၏ အကြောင်းနှင့် တကွ လက္ခဏ ကိစ္စ တို့ကိုပါ အကုန်အစင် သိမြင်တော်မူနိုင်ပါပေသည်။

ဤသို့ ရှင်တော်ဘုရားသည် သတ္တလောက သြကာသလောက သင်္ခါရလောကတို့ကို အကုန်အစင် သိမြင်တော်မူရကား “အလွန့်အလွန် သိနိုင်ပါပေ၏” ဟု ချီးကျူးရသော ဗြဟ္မာမင်း တို့ကပင် ဘုရားရှင်ကို “လောကဝိဒူ = လောကအားလုံးကို သိမြင်တော် မူသော ဘုရား”ဟု ဦးထိပ်ပေါ်တွင် မြှောက်တင် ကိုးကွယ်ကြပေသည်။

တိုက်တွန်းချက်

ဘုရားရှင်၏ လောကသုံးပါး သိတော်မူရာ၌ သတ္တလောကကို သိတော်မူခြင်းမှာ သတ္တဝါကို ချေချွတ်ဖို့ အရေး၀ယ် အလွန် အရာရောက်သော အချက်ပေတည်း၊

ဟောပြောချေချွတ်တော်မူရာ၌ ထိုသတ္တဝါတို့၏ ပင်ကိုစရိုက် အနုသယနှင့် ဣန္ဒြေ အနု အရင့်ကို နှိုင်းချင့်ပြီးမှ သင့်တော်သော တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး၍ ချေချွတ်တော်မူပေသည်၊

ဥပမာ - ဆေးကု ကျွမ်းကျင်သော သမားတော်သည် သူနာ၏ရောဂါကို အခြေအမြစ် နှင့်တကွ သိပြီးမှ သင့်တော်သောဆေးကို တိုက်ကျွေးသကဲ့သို့တည်း၊

ထို့ကြောင့် ယခု သာသနာတော်တွင်း၌ တရားထူး မရကြသေးလျှင် နောင်ဘုရားရှင် တို့နှင့် တွေ့ကြုံသောအခါ လွယ်ကူစွာ ချေချွတ်ထိုက်သူ ဖြစ်အောင် ယခုနှယ်က ဆိုးဝါးသော အနုသယ ကိလေသာဓာတ်တွေကို ပါးလှပ်သည်ထက် ပါးလှပ်စေပြီးလျှင် သဒ္ဓါ ပညာ စသော ဣန္ဒြေများ ရင့်သန် ထက်မြက်ဖို့ရန် ကြိုးစားကြပါကုန်။

ဤနေရာဝယ် စာဖတ်ရင်း ရပ်တန့်၍ ဘုရားရှင်၏ သပ္ပါယ်သော ရုပ်ပုံတော်၏ အတွင်း၌ သန့်ရှင်းသော စိတ်တော်မှာ ယှဉ်နေသော သဗ္ဗညုတဉာဏ်တော်ဖြင့် လောကအားလုံးကို သိတော်မူပုံ၊ မိမိကိုယ်တိုင် ဘုရားရှင်ကို ဖူးရလျှင် မိမိစိတ်ကို ကြည့်၍ မိမိနှင့် သင့်တော်သော တရားကို ဟောတော်မူမည့်ပုံ ထိုတရားတော်နာယင်း တရားထူးရမည့် ပုံကိုပ“မစားရ ဝခမန်း”“အာရုံပြုလိုက်စမ်းပါ။

လောက၌ နေမင်းသာ ပေါ်ထွက်မလာလျှင် ခလုပ် ကန်သင်း ကုန်းကျင်း အရပ်တို့ကို ခွဲခြား၍ မသိနိုင်ဘဲ သွားတိုင်း သွားတိုင်း တိုက်မိ ခိုက်မိ ကျင်းထဲ ကျဖွယ် ရှိသကဲ့သို့ ထို့အတူ - ဘုရားရှင် နေမင်းသာ ပေါ်ထွက်၍မလာလျှင် ကုသိုလ် အကုသိုလ် ခွဲခြား၍ မသိဘဲ အကုသိုလ်တွေကိုသာ ပြုမိကာ သတ္တဝါအများပင် အပါယ်လားဖို့ ရှိပါတော့သည်။

အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၆) သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဆုံးမသင့်ရန် သတ္တဝါမှန်သော် ခြောက်တန်လျှင် ခြောက် မြှောက်တန်မြှောက်၍ အောက်အောက် ထက်ဂုဏ်, ဆင့်ဆင့် စုံဖို့, ဖုံဖုံသင်ပေး အစဉ်ဖေးလျက်, ယဉ်ကျေးလေအောင် သွေးဆောင် ဆုံးမတော်မူတတ်သော ဤ အကြောင်းကြောင့်လည်း။
အနုတ္တရော ပုရိသ ဒမ္မ သာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပေသည်တကား။

ကြည့်ရှုရန် အဓိပ္ပာယ်

အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်သည် “ဆုံးမထိုက်သော သတ္တဝါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိ စွမ်းနိုင်ပါပေသည်”ဟူသော အနက်ကို ပြသည်၊

(အနုတ္တရော + ပုရိသဒမ္မ + သာရထိ
အနုတ္တရော = အတုမရှိ မြတ်သည် +
ပုရိသ = ယောက်ျား (သတ္တဝါ) +
ဒမ္မ = ဆုံးမတတ်သူ +
သာရထိ = ဆုံးမနိုင်သည်။)

အောက်အောက် ထက်ဂုဏ်

အောက်အောက် သီလဂုဏ်နှင့် အထက် အထက် ဈာန်မဂ်ဖိုလ် ဂုဏ်များကို အဆင့်ဆင့် စုံလင်အောင် အဖုံဖုံ သင်ပေးပြီးလျှင် အစဉ်မပြတ် ဖေးဖေးမမ စောင့်ရှောက်တော်မူသည်။

တောဆင်ရိုင်း မြင်းရိုင်းများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိ ကျွမ်းကျင်သော ဆင်ဆရာ မြင်းဆရာတို့သည် အလွန်ရိုင်းပျသော ဆင်မြင်း များကို တဖြည်းဖြည်း ယဉ်ကျေးလာအောင် ဆုံးမပြီးလျှင် မင်းတို့၏ စီးတော်ဆင် စီးတော်မြင်းများ အဖြစ်သို့ ရောက်ရှိစေနိုင်သကဲ့သို့ ရှင်တော်မြတ်ဘုရားလည်း “လောကဝိဒူ” ဂုဏ်တော်၌ ပြခဲ့သည့်အတိုင်း သတ္တဝါတို့၏ အတွင်းစိတ်ကို ရှေ့နောက်ကုန်စင် သိမြင်တော် မူသောကြောင့် ဆုံးမဖို့ရန် သင့်တော်သော သတ္တဝါများကို တွေ့မြင်တော်မူသောအခါ ခြောက်၍ဆုံးမမှ အကျွတ်တရား ရမည့်သူဖြစ်လျှင် ခြောက်၍ ဆုံးမတော်မူ၏၊ မြှောက်ပင့်၍ ဆုံးမမှ အကျွတ်တရား ရမည့်သူဖြစ်လျှင် မြှောက်ပင့်၍ ဆုံးမတော် မူသည်။

ထိုသိုဆုံးမရာ၌ ပင်ကိုက သီလမရှိသူဖြစ်လျှင် သီလ၌ တည်စေတော် မူ၏၊

သီလရှိပြန်လျှင်လည်း အထက်အထက် ဈာန်တရား မဂ်တရားတို့ကို ထိုသူ၏ ပါရမီ အားလျော်စွာ တိုးတက်၍ ရအောင်ဆုံးမတော်မူ၏။

ထိုဘဝ၌ မည်သည့်တရားထူးကိုမျှ မရထိုက်လျှင် နောက်နောက်ဘဝ၌ အထုံပါအောင် ဆုံးမတော်မူ၏။

ဘုရားရှင်၏ အဆုံးအမကို သီးခြားခံယူရလျှင် မယဉ်ကျေးသူ မရှိ ယဉ်ကျေးသူချည်း သာ ဖြစ်ကြလေသည်။

ဤနေရာဝယ် ရပ်တန့်၍ -
ဘုရားရှင်၏ စိတ်တော်ကြည်လင်ပုံ၊
ဉာဏ်တော် ထက်မြက်ပုံ၊
ထိုဉာဏ်တော်ဖြင့် ဟောပြောဆုံးမဖို့ရန် တရားမျိုးစုံကို သိတော်မူပုံ၊
ထိုတရားမျိုးစုံမှ သင့်တော်သော တရားတို့ကို ရွေးချယ်၍ သတ္တဝါ တစ်ယောက်အား ဆုံးမတော်မူလျှင် တရားအထူးရပုံ၊
ကို အာရုံပြုကာ ဘုရားရှင်၌ ကြည်ညိုစိတ် တိုးပွားအောင် ကြိုးစားကြပါလော။

တိုက်တွန်းချက်

ဤ စကားအစဉ်ဖြင့် “ဘုရားရှင်သည် တွေ့သမျှ သတ္တဝါတိုင်းကို အကျွတ်တရား ရအောင် ဆုံးမတော်မူသည် မဟုတ်၊ အထိုက်အလိုက် တရားထူး ရလောက်သော ပါရမီအခံ ရှိသူကိုသာ ဉာဏ်တော်ဖြင့် ကြည့်ရှု၍ အထူး ဆုံးမတော်မူသည်”ဟု နားလည်ကြပါ၊

ဘုရားရှင် လက်ထက်တော်၌ သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းနှင့် မိဖုရား ခေါင်ကြီး မလ္လိကာတို့သည် ဘုရားကျောင်းဒကာ ကျောင်းအမ ဖြစ်၍ တရားကို လွန်စွာ ကြည်ညိုကြ တရားကိုလည်း မကြာမကြာ နာရပါလျက် မည်သည့်တရားထူး ကိုမျှ ရကြသည်ဟု ကျမ်းဂန်၌ မတွေ့ရပါ။

ယခုကာလ၌ သဒ္ဓါလွန်၍ ပညာနည်းပါးသူတို့က “ဘုရားနှင့်တွေ့လျှင်ပင် ဧကန် တရားထူး ရနိုင်မည်”ဟု မျှော်လင့်နေကြရုံမျှမက ယခု ဘဝမှာပင် အတော်အတန် တတ်သိ နားလည်သူကို ဆည်းကပ်ရလျှင် “ထိုသူ၏တရားတွေ မိမိမှာ အလိုလို ကူးစက်လာလိမ့်မည်”ဟု တွေးဆကြ၏၊

ကိုယ်အားထုတ်မှ ကိုယ်ရနိုင်သည်ကိုကား မသိရှာကြကုန်၊

ထို့ကြောင့် နောင်ပွင့်တော်မူလာမည့် ဘုရားရှင်နှင့် တွေ့ရသောအခါ၌လည်း ဆုံးမ ထိုက်သော ပါရမီအခံ လုံလောက် ပြီးသူဖြစ်အောင် ယခုလို အတော်အတန် တတ်သိ နားလည်သော ဘဝကောင်းက ဖြစ်ခွင့်ကြုံသော ပါရမီအားလုံးကို သိမ်းကျုံး၍ ဖြည့်ကျင့်ကြပါကုန်။

သတ္ထာ ဒေဝမနုဿာနံ အဖွင့်

ကျက်မှတ်ရန်

(၇) သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။
ဣတိပိ ဣမိနာ စ ကာရဏေန၊ သတ္ထဝါဟော် ကုန်သည်ကျော်သည် ဖော်လှော် ငယ်သား, နောက်ပါများကို ရေဘေး, ကန္တာရမှ ခေမမြေငူ ထုတ်ကယ်ယူသို့ ထို့တူတစ်စိ ခဲယဉ်းဘိသည့် ဇာတိဇရာ မရဏာဟု ကန္တာရကြမ်း ခရီးလမ်းမှ ရွှေနန်းမြေငူ ပြည်နိဗ္ဗူသို့ နတ်လူဗြဟ္မာ သတ္တဝါကို ကောင်းစွာ ဆောင်ယူ ကယ်တင်တော် မူတတ်သော ဤအကြောင်းကြောင့်လည်း။
သတ္ထာ ဒေ၀မနုဿာနံ၊ သတ္ထာ ဒေဝမနုဿာနံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍ မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပေသည် တကား။

ကြည့်ရှုရန် အဓိပ္ပာယ်

သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော်သည် “နတ်လူတို့၏ ရှေ့ဆောင်ဦးစီး ကုန်သည်ကြီးနှင့် တူတော်မူ၏” ဟူသော အနက်ကိုပြသည်။

[ဒေဝမနုဿာနံ - နတ်လူတို၏ + သတ္ထာ - (ဆရာဖြစ်၍) ကုန်သည်ကြီးနှင့် တူတော် မူသည်။ ]

သတ္တဝါဟော် ကုန်သည်ကျော်သည်

သတ္တဝါဟ ဟူသော ပါဠိကို “သတ္တဝါဟော်”ဟု စပ်ဆိုသည်၊ ကုန်သည်ငယ်များ၏ အကြီးအမှူးဖြစ်၍ ကူးသန်း ရောင်းဝယ်မှု၌ ကျွမ်းကျင် နားလည်သော “ကုန်သည်ကြီး” ဟူလို။

ကန္တာရမှ

ခြင်္သေ့ သစ်ကျား ခိုးသား ဓားပြ ပေါများ၍ အစာရေစာ ရှားသောခရီးကို “ကန္တာရ”ဟု ခေါ်သည်။ အသွားအလာ ခက်ခဲသောကြောင့် “ခရီးခဲ”ဟုလည်း ခေါ်သည်။ (ခေမမြေငူ - ဘေးရန် မရှိသော ကုန်းမြင့်မြေအရပ်။)

ဇာတိဇရာ မရဏာဟု

ဇာတိ = ပဋိသန္ဓေနေရမှု၊ ဇရာ = အိုရမှု၊ မရဏ = သေရမှု ဟူသော ဘေးကြီးတို့ဖြင့် မရှောင်သာ မတိမ်းသာအောင် ကြမ်းတမ်းသော သံသရာခရီး ကန္တာရကြီးမှ။

ရွှေနန်းမြေငူ ပြည်နိဗ္ဗူသို့

ရွှေထီးရွှေနန်း၌ စံမြန်းရသကဲ့သို့ အေးမြ ချမ်းသာသော နိဗ္ဗာန်ပြည် တည်းဟူသော မြေအငူသို့။

ရှေးအခါ၌ လှည်းမြင်းများစွာ ငါးရာ တစ်ထောင်စသည် စုပေါင်း၍ ကုန်များကို တင်ဆောင်လျက် ကူးသန်းရောင်းဝယ်လေ့ ရှိကြ၏။ အကြီး အမှူးဖြစ်သော ကုန်သည် ကြီးလည်း ပါရှိရသည်။ လမ်းစခန်း၌ ခြင်္သေ့ သစ် ကျား ဘီလူး ခိုးသူ ဓားပြ စသော ဘေးတို့ဖြင့် အလွန် ဆိုးရွား၍လည်းကောင်း၊ အစာရေစာ ရှားပါး၍လည်းကောင်း၊ နေ အလွန်ပူသော သဲပြင်ကြီးဖြစ်၍ လည်းကောင်း၊ အကူး အသန်း အသွား အလာ ခက်၍ “ကန္တာရ” ခေါ်သော ခရီးဆိုး ခရီးကြမ်းများလည်း ရှိတတ်လေသည်။

ကုန်သည်မှူးကြီးသည် ထိုခရီးဆိုးကြီးမှ လွတ်မြောက်၍ ဘေးမရှိရာသို့ ရောက်အောင် အဖော်ငယ်သား ကုန်သည်များကို ပို့ဆောင်သကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်လည်း အိုရမှု နာရမှု သေရမှု စိုးရိမ် ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲ တကွဲတပြား ဖြစ်ရမှု စသော ဘေးဒုက္ခတို့ဖြင့် မရှောင်သာအောင် ဆိုးသွမ်းသော သံသရာတည်း ဟူသော ကန္တာရကြီးမှ သတ္တဝါအများကို ကယ်တင်၍ နိဗ္ဗာန်တိုင်အောင် ပို့ဆောင် တော်မူရကား ကုန်သည်ကြီးနှင့် တူတော်မူပါပေသည်။

တိုက်တွန်းချက်

ဘုရား တစ်ဆူတစ်ဆူ ပွင့်တော်မူလာသောအခါ များစွာသော သတ္တဝါကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူပါလျက် ငါတို့တစ်တွေ မလိုက်ပါနိုင်ဘဲ ကျန်ရစ်ခဲ့ကြရသည်မှာ လွန်စွာ ဝမ်းနည်းဖွယ် ကောင်းလှလေပြီ။

သို့ပါလျက် ယခုခေတ်၌ သူတော်ကောင်း အခေါ်ခံရသူတို့မှာ ကိုယ့်တာဝန်ဖြစ်သော တရား အားထုတ်မှု ပါရမီဖြည့်မှုကို မကြိုးစားဘဲ “နိဗ္ဗာန်ကို မြန်မြန်ရလိုပါ၏”ဟု ဆုတောင်းတုန်းပင်။

ထိုသို့ဆုတောင်းယင်း ကျန်ရစ်ခဲ့ကြသည်ကိုကား သတိရကြဟန် မတူ၊ သတိရ၍ ကြိုးစားလိုသူ အတွက်မှာမှ ယခုလည်း အချိန်ရပါသေး၏။

ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက်မှ သတိရ၍ တရားတော်လာအတိုင်း ကြိုးစား သူတွေ အရှင်မဟိန္ဒထေရ် သံဃမိတ္တာထေရီ စသည်ကဲ့သို့ များစွာ ကျွတ်တမ်း ဝင်ခဲ့ကြပါသည်၊

ထို့ကြောင့် ဘုရားကို အာရုံပြုယင်း ဖြစ်လာသော နှစ်သက်မှု (ပီတိ) စိတ်ကိုပင် အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာ ကမ္မဋ္ဌာန်း ရှုကာ မိမိ၏ ခန္ဓာကိုယ်နှင့် တကွ တစ်လောက လုံးကိုငြီးငွေ့စရာဟု ဆင်ခြင်စမ်းပါတော့။

ပီတိဘစ်ခုကိုပင် အနိစ္စ ဒုက္ခ အနတ္တဟု မြင်လာသောအခါ တစ်ကိုယ်လုံးရှိ ရုပ်တရား နာမ်တရားတွေကိုလည်း ကူးစက်၍ အနိစ္စ ဒုက္ခ အနတ္တဟု မြင်လာနိုင်ပါသည်။

ဗုဒ္ဓဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၈) သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။
ဣတိပိ ဣမိနာ စ ကာရဏေန၊ ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂမည်သာ လေးသစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်၍ သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မသွေအတူ သိစေတော် မူနိုင်သော ဤအကြောင်းကြောင့်လည်း။
ဗုဒ္ဓ၊ ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့လှိုင် ကျော်ကြား ထင်ရှားတော်မူပေသည်တကား။

ကြည့်ရှုရန် အဓိပ္ပာယ်

ဗုဒ္ဓဂုဏ်တော်သည် “ကိုယ်တော်တိုင် သိ၍ သူတစ်ပါးကိုလည်း သိစေတော် မူနိုင်သည်” ဟူသော အနက်ကို ပြ၏။

၁။ ဒုက္ခသစ္စာ

(ဒုက္ခ = ဆင်းရဲခြင်း + သစ္စာ = အမှန်၊)

ရုပ်ခန္ဓာနှင့် စိတ်စေတသိက် ဟူသော နာမ်ခန္ဓာ တရားတွေ ပေါင်းစပ်နေသည်ကို “ခန္ဓာကိုယ်” ဟု ခေါ်၏၊

ဤခန္ဓာကိုယ်သည် ဒုက္ခတုံး ဒုက္ခခဲ ဆင်းရဲခြင်းအမှန် ဖြစ်၏။

ဤခန္ဓာကိုယ်ကြီး ရှိလို့သာ စားဖို့သောက်ဖို့ ဝတ်ဖို့ နေဖို့ ရှာဖွေ သွားလာရ၏၊

အိုရ နာရ သေရ ကျေရ၏၊

အရှာ အဖွေ အနေ မတရားသဖြင့် အပါယ်လေးပါးသို့ ကျရောက်ကာ ဒုက္ခခံရ၏၊

စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲရ၏၊

ထောင်တန်းကျသဖြင့် အရှက်တကွဲအကျိုးနဲလည်း ဖြစ်ကြရ၏။

အလွန့် အလွန် စီးပွားတွေ စုဆောင်းပြီးမှ စွန့်ပစ်ထားခဲ့ရ၏၊

မခွဲချင်ဘဲနှင့် တကွဲတပြားဖြစ်ရ၏၊

ခေတ္တခဏ ချမ်းသာသလို ထင်ရသော်လည်း အစ အဆုံး ကြည့်လိုက်လျှင် ချမ်းသာ စစ်စစ်ဟူ၍ မမြင်ရချေ။

“အလွန်ချမ်းသာသည်”ဟု ဆိုရသော နတ်ပြည် ဗြဟ္မာပြည်များသို့လည်း ရောက်ဖို့ရန် အားထုတ်ရသော ဒုက္ခ၊

ရောက်ပြီးသည့်နောက်၌ ပျက်စီးသောအခါ ဒုက္ခ၊

(နတ်ပြည်၌ “ပျက်စီးလိမ့်မည်ဟု စောစောက အချို့ သိနှင့်ကြသဖြင့် “ဤမျှလောက် ကြီးကျယ်သော စည်းစိမ်ကို စွန့်ရတော့မှာပါတကား” ဟု ဇောချွေးများ ကျပြီးလျှင် အလွန့်အလွန် ဆင်းရဲရလေသည်။

ဤသို့ဆင်းရဲ ဧကန် စင်စစ် မှန်သောကြောင့် ငါ၏ ခန္ဓာကိုယ်နှင့် သတ္တဝါအားလုံး၏ ခန္ဓာကိုယ်သည် ဒုက္ခသစ္စာချည်းပါတကား။

၂။ သမုဒယသစ္စာ

(သမုဒယ = ဒုက္ခဖြစ်ကြောင်း + သစ္စာ = အမှန်၊)

ထိုဒုက္ခ၏ အကြောင်းရင်းကား “တဏှာလောဘ”ခေါ်သော နှစ်သက်ခင်မင် လိုချင် တောင့်တမှုသည် အကြောင်းအမှန် ဖြစ်တော့၏၊

ဒုက္ခသစ္စာ၌ ပြခဲ့သော ဒုက္ခဟူသမျှသည် ဤ လိုချင်တောင့်တမှုကို အကြောင်းပြု၍ ဖြစ်၏။ ထိုတောင့်တ လိုချင်မှုကြောင့် တစ်ခါတစ်ရံ မတရားပြုမိ၍ ဤလောက၌ပင် မင်းပြစ်မင်းဒဏ် နောက်သံသရာ၌ အပါယ်လေးပါးသို့ ကျရောက်လျက် အတိုင်းမသိ ဆင်းရဲဒဏ်ကို ခံရသည်၊ သံသရာ ဝဋ်ဆင်းရဲမှ မလွတ်ဘဲ တဝဲလည်လည် ကျင်လည်ရချက်သည် ထိုထိုဘဝကို တောင့်တလိုချင်သော လောဘတဏှာ၏ စနက်သာတည်း။

တောင့်တလိုချင်မှု ဟူသော တဏှာလောဘလည်း တရားဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလိုအလျောက်သာဖြင့် မည်သည့်အခါမျှ နောက်ဆုတ် လိမ့်မည်မဟုတ်။

“သံပရာသီး ကြီးလေချဉ်လေ” ဖြစ်သကဲ့သို့ လည်းကောင်း၊

“ငယ်စဉ်က ပေါက်သော ဦးချို သည် ကြီးလေရှည်လေ” ဖြစ်သကဲ့သို့ လည်းကောင်း

“မီးသည် လောင်စာများလေ မီးတောက်ကြီးလေ”ဖြစ်သကဲ့သို့ လည်းကောင်း၊

ဤတဏှာလောဘ၏ သဘောသည်လည်း “ရလေ လိုလေ ရဖန် များလေ လောဘ တိုးလာလေပင်” ဖြစ်တော့သည်၊

တဏှာလောဘ ကြီးလာသလောက်လည်း ဒုက္ခကြီးကြီးပင် ရောက်ကြမည်သာ။

မန္ဓာတ်စကြာမင်း ဝတ္ထု

ဤကမ္ဘာ၏ အစပိုင်းလောက်က ဘုရားအလောင်းတော်သည် လေးကျွန်းလုံးကို အစိုးရသော မန္ဓာတ် စကြာမင်း ဖြစ်၏။

တစ်နေ့သ၌ စကြာရတနာဖြင့် ပရိသတ် ခြံရံလျက် ကောင်းကင်ခရီး၌ လေးကျွန်းလုံး လှည့်လည်စဉ် စတုမဟာရာဇ် နတ်ပြည်၏ ကြီးကျယ် ခမ်းနားကြောင်းကို ကြားရ၍ အခြွေအရံ ပရိသတ်များနှင့်တကွ စတုမဟာရာဇ် နတ်ပြည်သို့ ချီတက်လေသော် စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါးက ခရီးဦး ကြိုဆိုလျက် နတ်ပြည်ကို ဆက်သကြ၏၊

ထိုအခါ နတ်စည်းစိမ်ကို ခံစားရသော်လည်း တာဝတိံသာ နတ်ပြည်သည် ဤ နတ်ပြည်ထက်ပင် အဆတစ်ရာမက သာလွန် ကြီးကျယ်ကြောင်း ကြားရပြန်၍ တာဝတိံသာသို့ ချီပြန်လေသော် စကြာရတနာနှင့် ပရိသတ်တို့ မလိုက်နိုင်ကြဘဲ လမ်းခုလပ်မှ လူ့ပြည်သို့ ပြန်ကြရလေသည်၊

ထိုအခါ တစ်ကိုယ်တည်း ကြွလာသော မန္ဓာတ်မင်းအား သိကြားကိုယ်တိုင် နတ်ပြည်ကို တစ်ဝက်ခွဲ၍ လွှဲအပ် စံစားစေလေသည်။

ထိုအခါ လူတို့၏ အသက်တမ်းမှာ အလွန် ရှည်ကြာသော အသင်္ချေတန်း အခါ ဖြစ်၍ ပကတိ သိကြားပေါင်း ၃၆-ယောက် ပြောင်းလဲသည့်တိုင်အောင် ထိုမန္ဓာတ်စကြာမင်း သည် စုတေတော်မမူသေးဘဲ ခံစားမြဲ ခံစားနေရပါလျက် နတ်ပြည် တစ်ဝက်မျှ အုပ်စိုး ရရုံဖြင့် တင်းတိမ်တော် မမူသောကြောင့် ရောက်ခါစ သိကြားသစ်ကို သတ်ဖြတ် လိုသော အကြံဆိုး ပေါ်ပေါက်လာသဖြင့် ထိုနတ်ပြည်မှ ကွယ်ပျောက်ခဲ့၍ လူ့ပြည်သို့ အရောက်တွင် စုတေပွဲ ဝင်ရဖူးလေသည်။

(ဇာတကဋ္ဌကထာ၊ တိကနိပါတ်၊ သင်္ကပ္ပဝဂ်၊ မန္ဓာတုဇာတ်။)

ဤဝတ္ထု၌ သိကြားပေါင်း ၃-ကျိပ် ၆-ယောက် ပြောင်းလဲအောင် နတ်စည်းစိမ်ကို စံရ ပါလျက် အားမရနိုင်သော လောဘ၏ ကြီးကျယ်ပုံကို မှန်းဆသင့်တော့သည်၊

ထို့ကြောင့် တဏှာလောဘ မည်သည် တရားဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလို အလျောက် မည်သည့်အခါမှ နောက်ဆုတ်လိမ့်မည် မဟုတ်၊

တဏှာလောဘ နောက်မဆုတ်သမျှလည်း ပြခဲ့သော ဒုက္ခအပေါင်းမှ လွတ်နိုင်ကြဦး မည်မဟုတ်၊ ထို့ကြောင့် နှစ်သက်ခင်မင် လိုချင်တောင့်တမှု ဟူသော တဏှာလောဘ သည် အားလုံးသော ဒုက္ခအပေါင်း၏ အကြောင်းရင်းခံ စင်စစ်မှန်သော သမုဒယသစ္စာ ပေတည်း။

၃။ နိရောဓသစ္စာ

(နိရောဓ = ဒုက္ခ၏ချုပ်ဆုံးရာ + သစ္စာ = အမှန်၊)

ထို ဒုက္ခအားလုံး၏ ချုပ်ဆုံးရာ အမှန်ကား နိဗ္ဗာန်တည်း၊ ထိုနိဗ္ဗာန်၏ ဒုက္ခမရှိပုံ မည်ကဲ့သို့ ချမ်းသာပုံကိုမူ နိဗ္ဗာန်ကို မြင်နိုင်သော ဉာဏ်ရမှသာ ကျနစွာ သိနိုင်ရာ၏၊ သောတာပန်အဖြစ်သို့ ရောက်လျှင်ပင် နိဗ္ဗာန်၏အရသာကို သိမြင်နိုင်ပေပြီ၊

သောတာပန်များသည် နိဗ္ဗာန်၏အရသာကို ကျနစွာ သိမြင်ပြီးဖြစ်၍ ရဟန္တာအဖြစ်သို့ ရောက်အောင်သာ တိုးတက် အားထုတ်ကြရတော့သည်။ ပုထုဇဉ်အဖြစ်သို့ ဆုတ်နစ်ခဲ့သူ မရှိ၊ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် ဝင်စံခါနီးမှာလည်း ဒုက္ခ ရုပ်နာမ်ကို စွန့်ရတော့မည် ဖြစ်၍ ကြည်လင် ရွှင်ပျတော်မူကြသည်။

နိဗ္ဗာန်သည် ယခု ပုထုဇဉ်တို့ အတွေးမျိုးဖြင့် တွေးကာ ပျင်းစရာဖြစ်နေလျှင် နိဗ္ဗာန် ဝင်ခါနီး၌ မည်သူမျှ ရွှင်ပျနိုင်ကြမည် မဟုတ်ပါ၊ မိမိတို့ သွားရမည့် နိဗ္ဗာန်၏ ချမ်းသာပုံကို ထိုပုဂ္ဂိုလ်မြတ်တို့၏ အာရုံ၌ ရှင်းရှင်းလင်းလင်း သိပြီးဖြစ်၍သာ ရွှင်ပျတော်မူနိုင်ကြပေသည်။

မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန် စံခါနီး၌ နတ်ရော လူပါ လွမ်းဆွတ် တသ ငိုပွဲကြီး ကျင်းပကြသော်လည်း မိထွေးတော်ကား အနည်းငယ်မျှ ဝမ်းနည်းခြင်းမရှိဘဲ သားတော် သမီးတော်များ ဤအခါမျိုးကား ငိုရမည့်အခါ မဟုတ် ဝမ်းမြောက်ရမည့် အခါ ဖြစ်သည်”ဟု တရားချလျက် တန်ခိုးပင် ပြခဲ့ပေသေးသည်။

အမျိုးဇာတ် ဂုဏ်သိန် စည်းစိမ်အားဖြင့် အထက်တန်း ကျ၍ ပါရမီ ကြီးမားလှသော ရှင်တော်ဘုရားနှင့် သူတော်ကောင်းကြီးများ သွားရာ လမ်းကောင်းကိုငါတို့တစ်တွေ အဘယ်မှာ မလိုက်လိုဘဲ ရှိသင့်အံ့နည်း၊

တပျော်တပါး မနားမနေ ပါရမီတွေကို ဖြည့်ကာ ဖြည့်ကာ ကောင်းစွာ စိုက်စိုက် လိုက်ကြဖို့ရာ ယခုနှယ်က ပြင်ဆင်ထားကြပါကုန်။

၄။ မဂ္ဂသစ္စာ

(မဂ္ဂ = နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း + သစ္စာ = အမှန်၊)

နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း အမှန်ကား မဂ္ဂင်ရှစ်ပါးတည်း။

မဂ္ဂင် ရှစ်ပါး

သမ္မာဒိဋ္ဌိ = ကောင်းသော အလိမ္မာ ဉာဏ်ပညာ။

သမ္မာသင်္ကပ္ပ = ကောင်းသော အကြံအစည်။

သမ္မာဝါစာ = ကောင်းသော စကားကို ဆိုခြင်း။

သမ္မာကမ္မန္တ = ကောင်းသောအမှုကို ပြုခြင်း။

သမ္မာအာဇီဝ = ကောင်းသော အသက်မွေးခြင်း။

သမ္မာဝါယာမ = ကောင်းသော အားထုတ်ခြင်း။

သမ္မာသတိ = ကောင်းသော အမှတ်ရခြင်း။

သမ္မာသမာဓိ = ကောင်းသော တည်ကြည်ခြင်း။

[အပြစ်ကင်း၍ ကုသိုလ် ကိရိယာနှင့် ဆိုင်သမျှကိုသာ “အကောင်း” ဟု ဆိုလိုသည်။]

[ဆောင်]
အလိမ္မာဉာဏ်, ကောင်းအောင်ကြံ၍,
အမှန်ပြောပြ, ပြုသမျှကောင်း,
သက်မွေးကြောင်းပင်,
ကောင်းကောင်းအားစိုက်,
စိတ်၌စွဲမှတ်, ကောင်းမြတ်တည်ကြည်,
ကောင်းရှစ်လီသည်.....
ရွှေပြည်နိဗ္ဗာန် ရောက်ကြောင်းတည်း။

ဘုရားရှင်၏သန္တာန်တော်၌... “ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ ၊ အာလောကောဥဒပါဒိ”ဟူသော ဓမ္မစကြာ နှင့်အညီ၊ ဘုရားမဖြစ်မီ ရှေးအခါက ကြားမျှ မကြားအပ်ဖူးသော ဤ သစ္စာလေးပါး တရားတို့၌ သိမြင်နိုင်သော ပညာ၊ ဝိဇ္ဇာ၊ အရောင်အလင်း ဟူသော ဉာဏ်စက္ခုသည် ဘုရား ဖြစ်တော်မူခါနီးဝယ် ထင်ရှားစွာ ပေါ်လာ၏၊

သစ္စာလေးပါးကို ကိုယ်တော်တိုင် သိမြင်တော်မူပြီးနောက် ဘုံသုံးပါး၌ ရှိကြသော ဝေနေယျ သတ္တဝါတို့ကိုလည်း ကိုယ်တော်ကဲ့သို့ သိကြဖို့ရာ ဟောပြတော်မူပေသည်။

[ယခုကာလ ဉာဏ်ထက်မြက်သူတို့သည် ရှေးက မသိဖူးသော အရာကို စူးစူး စိုက်စိုက် ကြံသောအခါ ထိုအရာကို သိနိုင်သောဉာဏ်များ ထင်ရှား ပေါ်လာတတ်ပုံကို သတိထား၍ ဘုရားရှင်၏ သန္တာန်တော်၌လည်း ရှေးကမရှိသော ဝိဇ္ဇာဉာဏ် ပေါ်လာပုံကို ယုံကြည်ပါကုန်။]

တိုက်တွန်းချက်

ဒုက္ခများစွာ သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန်ရောက်ဖို့ရာ တဏှာလောဘကို တစ်စ တစ်စ ပယ်ရှားလျက် မဂ္ဂင် ၈-ပါးတည်းဟူသော လမ်းကောင်းကြီးကိုသာ လိုက်သွား မိအောင် သတိတရား ကောင်းစွာထား၍ ကြိုးစားသင့်ကြသည်။ ထိုသို့ ကြိုးစားရာ၌ တကယ်တမ်း တောထွက်၍ အားတက်သရော မလိုက်နိုင်သေးလျှင် အိမ်သုံးမဂ္ဂင် များကို ကြိုးစားပါ။

အိမ်သုံးမဂ္ဂင် ရှစ်ပါး

သမ္မာဒိဋ္ဌိ

ဘယ်ကိစ္စ၌မဆို ပြုသမျှ ကောင်းမှု မကောင်းမှု ကံတွေသည် ငါ၏သန္တာန်၌ အဖတ်တင်ရစ်သည်၊ နောင်အခါ အခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည် - ဟုကံနှင့်ကံ၏ အကျိုးကို နားလည်သောဉာဏ် ဖြစ်ပါစေ၊

တစ်ခါတစ်ရံ၌ကား ရုပ် နာမ် နှစ်ရပ် ပေါင်းစပ်၍ လူဟု ခေါ်ဆိုအပ်သော ခန္ဓာကိုယ်၏ ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင်အောင် ဝိပဿနာ ဉာဏ်ဖြစ်ပါစေ။

သမ္မာသင်္ကပ္ပ

မိမိအတွက်ဖြစ်စေ သူများအတွက်ဖြစ်စေ စိတ်သဘော ကြီးကြီးထားလျက် အပြစ် မရှိဘဲ အကျိုးများမည့် အကြံကိုသာ ကြံပါ။ သူတစ်ပါးတို့ ပျက်စီးသွားမည့်အကြံ ဆင်းရဲသွားမည့် အကြံများကို မကြံမိပါစေနှင့်၊

မေတ္တာကရုဏာထား၍ သနားပါ စောင့်ရှောက်ပါ၊ တစ်ခါ တစ်ရံ၌ကား “လူ့လုပ်ငန်း ကိစ္စစုကို ဖြတ်၍ သင့်တော်ရာအရပ်၌ (ဥပုသ်ရက်ရှည်စောင့်ကာ) ဆိတ်ဆိတ်ငြိမ်ငြိမ် တရားကျင့်မည်”ဟု ကြံပါ။

သမ္မာဝါစာ

မိမိမှာဖြစ်စေ သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာ ပြောပါ၊ မုသားစကား ကြမ်းတမ်းသော စကား အပျက်အချော် အပြောင်အလှောင် စကားနှင့် ရန်တိုက်စကား တို့ကို မပြောမိပါစေနှင့်၊

အိပ်ရာဝင် အိမ်ရာထ အခါတို့၌ မိမိ ကျက်မှတ်ထားသော ဘုရား နှုတ်တော်ထွက် တရားစာများကို ရွတ်နိုင်လျှင် သာ၍ ကောင်းပါသည်။

သမ္မာကမ္မန္တ

မိမိမှာဖြစ်စေ သူများမှာဖြစ်စေ အကျိုးရှိသောအလုပ် များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ၊ သတ်မှု ခိုးမှုစသော ကိုယ်နှင့် စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားကိစ္စ (ရေလဲ ပန်းကပ်) စသည်တို့ကို နေ့စဉ် ပြုမိပါစေ။

သမ္မာအာဇီဝ

မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ် ကင်းပါစေ၊

သူတစ်ပါး မျက်ရည်ကျမှ မိမိ ဝမ်းဝမည့်အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ၊

စွမ်းနိုင်လျှင် ရောင်းဝယ်ရေး၌ ဆင်းရဲသူ များကို ညှာနိုင်သမျှ ညှာပါ။

သမ္မာဝါယာမ

စီးပွားရှာရာ၌ဖြစ်စေ ကုသိုလ်ကိစ္စ၌ ဖြစ်စေ ဝီရိယ အမြဲရှိပါစေ၊

လောကီ စီးပွားရေးဖြစ်စေ သံသရာကြီးပွားရေး ဖြစ်စေ, မဂ်ဖိုလ် နိဗ္ဗာန် ရဖို့အရေး ဖြစ်စေ “အေးအေးစက်စက်နှင့် ကံစီမံသလိုဖြစ်လိမ့်မည်”ဟု ကံတစ်ခုကို အားကိုးလို့ ရနိုင်ရိုး မရှိပါ၊ ရေလာမြောင်းပေး ဆိုသလို ဝီရိယဖြင့် ကူညီပေးမှ ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။

သမ္မာသတိ

နေ့စဉ် ပြုစုနေကျ ဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်၊ အမြဲ သတိရပါစေ၊ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချ ရပါတော့မည်။

သမ္မာသမာဓိ

စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နှုတ်အပြောလည်း စဉ်းစဉ်းစားစား သတိထား လျက် တည်ကြည်စွာ ပြောပါ၊

မျက်နှာ အနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက် တည်ကြည် နေလျှင် မြင်ရသူ လူအများက ခန့်ညား ကြည်ညိုလျက် မျက်နှာအနေ မတင်းသည့် အတွက်လည်း တစ်မျိုး ကျက်သရေတိုးကာ ချစ်ခင်စရာ ဖြစ်လာပါလိမ့်မည်။

ဤသို့လျှင် အိမ်မှာပင် နေထိုင်ယင်း ဖြစ်နိုင်သော မဟာကုသိုလ် အကြမ်းစား အိမ်သုံး မဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့် တက်၍ ဈာန်မဂ်ဖိုလ် မဂ္ဂင်များသို့ ရောက်အောင် သမ္မာသတိ ကြီးစွာထားလျက် သမ္မာဝါယာမဖြင့် ကြိုးကြိုးစားစားအား ထုတ်နေကြသူတို့မှာ အိပ်ရာဝင် အိပ်ရာထ၍ ဘုရားအာရုံပြုယင်း ဘုရားရှိခိုးယင်း ရေ ပန်း ဆီမီးတော် ကပ်ယင်း ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဖြစ်၍ ထို ကမ္မဋ္ဌာန်းတွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေပုံကို ပြပါဦးမည်။

ဗုဒ္ဓါနုဿတိ မဂ္ဂင်ရှစ်ပါး

“အမျိုးသား အမျိုးသမီး လူကြီးသူမ တစ်ယောက်သည် ဘုရားကို ပန်း ရေချမ်းတို့ဖြင့် ရွှင်လန်း ကြည်ဖြူ ပူဇော်ကန်တော့နေသည်”ဟု ဆိုကြစို့၊ ထိုအချိန်မှာ ထို သူတော်ကောင်း၏ စိတ်ဝယ် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းမဂ္ဂင် ရှစ်ပါးလုံး ပါဝင်နေပုံကား -

သမ္မာဒိဋ္ဌိ

ဘုရားရှင်သည် ငါတို့လို သတ္တဝါ အပေါ်မှာ မေတ္တာ ကရုဏာ ကြီးမားတော် မူသောကြောင့် ၄၅-ဝါ ကာလကြာအောင် မနေမနား တရားတော်များကိုလည်း ဟောပြ ဆုံးမတော်မူခဲ့ပေ၏။

ငါသည် ထို တရားတော်များကို တစ်ဆင့်ကြားနေရသဖြင့် မကောင်းမှုများကို ရှောင်ရှား၍ ကောင်းမှုကုသိုလ်များကို ပြုတတ်ပေသည်။ ရှင်တော်မြတ်ဘုရား၏ တရားတော်များကြောင့် ငါသည် အပါယ် ၄-ပါးမှ လွတ်၍ ကောင်းရာဘဝနှင့်နိဗ္ဗာန်ကို အမှန် ရတော့မည်၊

ဘုရားရှင်သည် ငါ၏ ကျေးဇူးတော်ရှင် အစစ်ပေတည်း၊ ကျေးဇူးရှင်ကို ရည်မှန်း၍ ငါသည် ပန်း ရေချမ်းတို့ကို လှူဒါန်းပူဇော်နေပါတကား၊ ဤသို့ စိတ်ထဲ၌ အသိဉာဏ် ဖြစ်နေခြင်းသည် သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်နေခြင်းပင်တည်း။

သမ္မာသင်္ကပ္ပ စသည်

ပြခဲ့သည့်အတိုင်းပင် ဘုရားရှင်၏ ကျေးဇူးတော်များကို စဉ်းစား ကြံစည်၍ နေခြင်းသည် မိမိ၏စိတ်၌ သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်နေ၏၊

ဘုရားဂုဏ်တော်များကို ရွတ်ဆို ရှိခိုးနေခြင်းသည် သမ္မာဝါစာမဂ္ဂင် ဖြစ်နေ၏၊

ပန်း ရေချမ်း အမွှေးတိုင် ဆီမီးတို့ကို သန့်ရှင်းအောင် သားနားအောင် လှပအောင် ပြုလုပ်နေခြင်းသည် သမ္မာကမ္မန္တမဂ္ဂင် ဖြစ်နေ၏၊

ဘုရား ကိစ္စကို ပြုလုပ်နေချိန်ဝယ် အသက်မွေးဝမ်းကျောင်းအတွက် မကောင်းသော စီးပွားရှာမှု မရှိသောကြောင့် သမ္မာအာဇီဝမဂ္ဂင်လည်း ဖြစ်နေသည်ဟု ဆိုသင့်ပေ၏။

ဘုရားကိစ္စကို ပြုလုပ်အားထုတ်နေခြင်းသည်ပင် သမ္မာဝါယမမဂ္ဂင် ဖြစ်နေ၏။

ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်များကို သတိရနေခြင်းသည် (ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း များနေခြင်းသည်) သမ္မာသတိမဂ္ဂင် ဖြစ်နေ၏။

(တစ်ခြားကိစ္စကို အမှတ်မရတော့ဘဲ) ဘုရားကိစ္စ တစ်ခု၌သာ စိတ်တည်နေခြင်းသည် သမ္မာသမာဓိမဂ္ဂင် ဖြစ်နေ၏။

ဤသို့လျှင် ဘုရားရှင်ကို ရှိခိုးကန်တော့သောအခါ, ပန်း၊ ဆီမီး စသည်ဖြင့် ပူဇော် နေသောအခါ ဘုရားကို အာရုံပြု၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်း ပွားများလျက် (ပုတီးစိပ်) နေသောအခါတို့၌ ထိုသူတော်ကောင်း၏ စိတ်တွင် မဂ္ဂင် ရှစ်ပါး ပါဝင်နေပါသည်၊

ထိုမဂ္ဂင်ရှစ်ပါးကား နိဗ္ဗာန်ကို (မျက်စိဖြင့် မြင်ရသလို) မျက်မှောက်ပြုနိုင်ကြောင်း လမ်းကောင်း အမှန်ပင် ဖြစ်၏။

မှန်သောလမ်းကို မှန်မှန်သွားနေသူသည် ထိုလမ်းအဆုံးတွင် နိဗ္ဗာန်ကို မြင်ရတော့မည်သာ။

ဤနေရာဝယ် ဘုရား အာရုံပြုသော မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန် မြင်သော “ဖုဿဒေဝ” ရဟန်းတော်၏ ဝတ္ထုကို သတိပြုပါ။

ဖုဿဒေဝ ဝတ္ထု

ရှေးတုန်းက ရဟန်းတော်တစ်ပါးသည် စေတီအပြင်ကို တံမြက်လှည်းပြီးလျှင် သန့်ရှင်းသော စေတီအပြင်ကိုကြည့်ကာ သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံပြုလျက် နှစ်သက်သော (ပီတိ)စိတ် ဖြစ်နေ၏။

ထိုအခါ မာရ်နတ်သည် နှောင့်ယှက်လိုသော သဘောဖြင့် မျောက်ညိုကြီး ဟန်ဆောင်၍ နွားချေး တွေကို စေတီရင်ပြင်တော်၌ ကြဲဖြန့်ပြေး၏၊

ထိုနှောင့်ယှက်မှုကြောင့် ထိုနေ့၌ တရားထူးရအောင် အာရုံမပြုနိုင်တော့ချေ၊

ဒုတိယနေ့၌လည်း နွားအိုယောင်ဆောင်၍ နှောင့်ယှက်ပြန်၏။

တတိယနေ့၌ကား အလွန် အရုပ်ဆိုးသော ယောကျ်ားယောင်ဆောင်၍ နှောင့်ယှက်စဉ် “ဒီလူမျိုး ဒီနယ်မှာ မမြင်ဘူးချေ မာရ်နတ် ဖြစ်လေသလား” ဟု စဉ်းစား၍ မေးလေရာ “မာရ်နတ် ဟုတ်ကြောင်း” ဝန်ခံလေသည်။

“မာရ်နတ်ဖြစ်လျှင် ဘုရားရှင်၏ ပုံတော်ကို ဖန်ဆင်းစမ်းပြပါ”ဟု တောင်းပန် သောကြောင့် “တကယ် တူအောင်တော့ မဖန်ဆင်းနိုင်ပါ အတုလောက်သာ ပြပါမည်” ဟု ပြော၍ ဘုရားပုံတော်ကို ဖန်ဆင်းပြလေသည်။

ထိုအခါ “အတုဖြစ်သော ပုံတော်သည်ပင် ဤမျှလောက် သပ္ပါယ်တော်မူသေး၏၊ အတွင်းစိတ်တော်၌ ရာဂ ဒေါသ မောဟ စသော အညစ်အကြေး ကင်း၍ သန့်ရှင်းသော ဘုရားအစစ်မှာ ဘယ်လောက် သပ္ပါယ်တော် မူမည်နည်း” ဟု စိတ်ထဲ၌ တွေးတောကာ လွန်စွာ နှစ်သက်ကြည်ညိုသော (ပီတိ) စိတ် ဖြစ်လေရာ ထို ပီတိစိတ်ကိုပင် စိတ်တစ်ခုပြီးတစ်ခု ပြောင်းလွဲ၍ ဖြစ်သောကြောင့် မမြဲသော အနိစ္စ ဘရား၊ စိတ်တစ်ခု တစ်ခု ချုပ်ဆုံးခြင်းသည် (လူတစ်ယောက် သေဆုံးခြင်းကဲ့သို့ ဆင်းရဲ ဒုက္ခတရား၊ တစ်ခုပြီးတစ်ခု ပျက်နေသည့်အတွက် ခိုင်မြဲစရာ အနှစ်အသား (အသက်) မပါသော အနတ္တ တရား) ဟု ဝိပဿနာ ကမ္မဋ္ဌာန်း ရှုလေသည်။

ထိုအခါ ပီတိစိတ်ကို အနိစ္စ ဒုက္ခ အနတ္တဟု မြင်နေသကဲ့သို့ လည်းကောင်း၊ တစ်ကိုယ်လုံးလည်း အနိစ္စ ဒုက္ခ အနတ္တဟု ထင်နေရကား ထိုအချိန်မှာ အလွန် နက်နဲသော အသိ အမြင်မှန် (သမ္မာဒိဋ္ဌိမဂ္ဂင်) ဖြစ်နေသောကြောင့် ထို ပီတိစိတ်၏ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပုံကို အထပ်ထပ် အမှတ်ရနေသော သမ္မာသတိ မဂ္ဂင်နှင့် တည်ကြည်နေသော သမ္မာသမာဓိ မဂ္ဂင်ကို လက်မလွတ်ဘဲ သမ္မာဝါယာမ မဂ္ဂင်ဖြင့် အစဉ်တစိုက် ကြိုးစားလေရာ တစ်ခဏချင်းပင် ရဟန္တာဖြစ်၍ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင်လေတော့သည်၊

ထို့ကြောင့် ယခုအခါ ဤရဟန်းတော်၏ထုံးကို နှလုံးသွင်းကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်သို့ လှမ်းနိုင်အောင် ကြိုပမ်းကြပါကုန်။

(ပရိဝါရအဋ္ဌကထာ၊ ဧကုတ္တရိကနယ၊ ပဉ္စကဝါရ။)

တိုက်တွန်းချက်

ဘုရားကို အာရုံပြု၍ စီးဖြန်းရသော ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းသည် တရားမပေါက်သေး သော်လည်း မိမိ၏စိတ်ကို အလွန်ထူးခြားသော ဘုရားအာရုံ၌ ချထားရသောကြောင့် အမြဲ ရွှင်လန်းသော ပီတိ သောမနသစိတ် အမြဲ ကြည်လင်သော သဒ္ဓါစိတ်များ ဖြစ်ပေါ်နေရကား ထိုသူ၏ မျက်နှာသည် အလွန်ကြည်လင်၏။

မျက်နှာ ကြည်လင်သကဲ့သို့ တစ်ကိုယ်လုံး ရုပ်လည်း ကြည်လင်၏၊ ဤသို့လျှင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းသည် ကိုယ်ရောစိတ်ပါ ချမ်းသာစေနိုင်၏၊

ထိုသို့ ချမ်းသာလျှင် အလွန်ကောင်းသော ကျန်းမာရေးကိုလည်း ရနိုင်သောကြောင့် ဤစာအုပ်ကို ကြည့်ရှု၍ ဖြစ်စေ စာအုပ်ကို မကြည့်ဘဲဖြစ်စေ မကြာခဏ အားလပ်ချိန် ရသမျှဝယ် မိမိစိတ်ကို ဘုရားအာရုံ၌ ချထားကြပါလေ။

ဘဂဝါ ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၉) သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။

ဣတိပိ ဣမိနာ စ ကာရဏေန၊ အဏုမြူ သဖွယ် ပျောက်ကွယ် သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင် ဖန်ဆင်းနိုင်သော “အဏိမာ” ဘုန်းတော်၊

စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန် ဈာန်ပျံကြွသွားနိုင်သော “လဃိမာ” ဘုန်းတော်၊

ကိုယ်တော်သဏ္ဍာန် ပုံဟန်တိုင်း မနှိုင်းအားဖို့ ကြီးမားလေအောင် ရုပ်ဆောင် ဖန်ဆင်းနိုင်သော “မဟိမာ” ဘုန်းတော်၊

ဆီးတား ကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက် တစ်ခဏလောက်ဖြင့် ကြွရောက် နိုင်သော “ပတ္တိ” ဘုန်းတော်၊

အဆင်း အတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တစ်ခဏတည်းဖြင့် ပြီးစီးနိုင်သော “ပါကမ္မ” ဘုန်းတော်၊

ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း လူနတ်မင်းကို ပိုင်နင်း အုပ်စိုး လွှမ်းမိုးနိုင်သော “ဤသိတာ” ဘုန်းတော်၊

သမာပတ် ဈာန် အဘိညာဏ်ကို ဝင်စံလိုက တစ်ခဏချင်းပိုင် ဝင်စားနိုင်သော “ဝသိတာ” ဘုန်းတော်၊

ကိစ္စတစ်ခု၊ ပြုစုတုန်းပင်၊ ပြီးဆုံးချင်သော်၊ ဆောလျင်မသွေ၊ ပြီးဆုံးစေနိုင်သော “ယတ္ထကာမာဝသာယိတာ” ဘုန်းတော်၊

ရှစ်ဖော်အပြား၊ ဤသို့အားဖြင့် ထင်ရှားလေဘိ“ဣဿရိယ”ဘုန်းတော် -

ကိလေသာရန်၊ ပယ်ဖျက်ရန်ဖို့၊ နိဗ္ဗာန် ဖိုလ် မဂ်၊ ကိုးချက် အပြား၊ လောကုတ္တရာ တရားဟူသော “ဓမ္မ” ဘုန်းတော်...

ဟုတ်တိုင်းမှန်စွာ၊ ဖြစ်ပေါ်လာ၍၊ ကမ္ဘာတိုက်ပေါင်း၊ သောင်းလောကဓာတ်၊ ပဲ့တင်ထပ်မျှ၊ နှံ့စပ်သတင်း၊ ကျော်စောခြင်းဟူသော “ယသ” ဘုန်းတော် ...

ရွှေမျက်နှာတော်၊ လက်တော်မှ စ၍မကြွင်း၊ ပင်လုံးဝင်းသည့်၊ ပန်းမင်းအနေ .. ကျက်သရေ မင်္ဂလာ၊ စုဝေးကာဖြင့်၊ လွန်စွာတင့်တယ်၊ သပ္ပါယ်တော်မူသော “သိရီ” ဘုန်းတော်...

အလိုတော်အတိုင်း၊ တောင့်တတိုင်းပင်၊ မဆိုင်းမတွ ပြီးစီးရသည့်“ကာမ” ဘုန်းတော် …

တစ်လောကလုံး၊ ညွှတ်ရုံးကိုးစား၊ အားထားဖို့ရာ၊ လွန်စွာကြိုးကုတ်၊ အားထုတ်တော် မူသော “ပယတ္တ” ဘုန်းတော် …

ဤခြောက်ဖော်ဂုဏ်၊ ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော၊ ဤအကြောင်း ကြောင့်လည်း။

ဘဂဝါဘဂဝါဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပေသည်တကား။

ကြည့်ရှုရန် အဓိပ္ပာယ်

ဘဂဝါဂုဏ်တော်သည် ““ဘုန်းကံကြီးတော်မူ၏” ဟူသော အနက်ကို ပြသည်။

[ဘဂ + ဝါဘဂ = ဘုန်းကံ + ဝါ = ရှိသည်, ကြီးသည်။]

အဏိမာ ဘုန်းတော်

ဘုရားရှင်သည် ဖန်ဆင်းတော် မူလိုပါလျှင် ကိုယ်တော်ကို အဏုမြူမှုန်မျှ အလွန် ငယ်အောင် ဖန်ဆင်းတော်မူပြီးလျှင် ပရိက္ခရာ ရှစ်ပါးကို လွယ်တော်မူ၍ မုန်ညင်းစေ့ အတွင်း စင်္ကြံကြွတော်မူ၏၊

ထိုအခါဝယ် သေးငယ်သော မှန်အတွင်း၌ တိုက်ရိပ် အိမ်ရိပ် ထင်နေသလို ဘုရားရှင်ကို ဖူးမြင်ကြရ၏၊ အနီးအပါး၌ ရှိနေသူတို့ မမြင်ရအောင်လည်း ကိုယ်တော်ကို ကွယ်ဖျောက်တော်မူနိုင်၏။

ကွယ်ဖျောက်တော်မူသော ဝတ္ထု

ဘုရားရှင်လက်ထက်တော်က “ဗက” မည်သော ဗြဟ္မာမင်းကြီးသည် သူ့ကိုယ်သူ “အမြဲတည်၍ တန်ခိုးအကြီးဆုံး”ဟု အထင်ကြီးရုံမက “ဤလောကကြီးနှင့်တကွ သတ္တဝါအပေါင်းကိုပင် သူ ဖန်ဆင်းထားသည်”ဟု အယူရှိနေ၏၊ လက်အောက် ဗြဟ္မာငယ်များကလည်း ဤအတိုင်းပင် သူ့အပေါ်မှာ ထင်နေကြသည်။

ထိုအကြောင်းကို ရှင်တော်မြတ်ဘုရား သိတော်မူ၍ ဗြဟ္မာပြည်သို့ ကြွတော်မူပြီးလျှင် ဗြဟ္မာပရိသတ် အလယ်တွင် ဗကဗြဟ္မာကြီးအား “အသင်သည် ရှေ့နောက် အလုံးစုံကို အကုန်မသိနိုင်” စသော ခပ်နှိပ်နှိပ်စကားကို မိန့်တော်မူသောအခါ -

ဗြဟ္မာကြီး ရှက်သဖြင့် ကြံမိကြံရာ ကြံပြီးလျှင် “အသင်ရဟန်းကြီးအား အကျွန်ုပ် တန်ခိုး သိရအောင် ကိုယ်ပျောက်ပြမည်” ဟု ပြောဆို၍ ကိုယ်ကို ဖျောက်စမ်းသော် လည်း မပျောက်နိုင်ရကား ဗိမာန်အတွင်း ဝင်လိုဝင်၊ ပဒေသာပင်အောက် ပုန်းလိုပုန်း တစ်ကိုယ်လုံး ပုပြီးလျှင် ငုတ်စုစု ဆောင့်ကြောင့် ထိုင်သော်လည်း ဘယ်နည်းနှင့်မျှ ပျောက်ကွယ်မသွားသဖြင့် အရှက်ကွဲရလေသည်။

ထို့နောက် ဘုရားရှင်က တစ်ဖန်“ကိုယ်တော်ကို ဖျောက်ပြမည်”ဟုမိန့်တော် မူပြီးလျှင် ထိုနေရာတွင်ပင် ဖျောက်လိုက်ရာ တစ်ခါတည်း ပျောက်သွားလေသည်။ “တစ်ခြားများ ကြွသွားရော့သလား” ဟု ထင်မှတ်မည်စိုးသောကြောင့် -

ဘဝေ ဝါဟံ ဘယံ ဒိသွာ၊
ဘဝဉ္စ ဝိဘဝေသိနံ။
ဘဝံ နာဘိဝဒိံ ကိဉ္စိ၊
နန္ဒိံ စ န ဥပဒိယိံ။

ဟု ဂါထာကိုပင် ရွတ်ပြတော်မူ၍ တရားတော်၏အဆုံး၌ ဗြဟ္မာတစ်သောင်းမျှ မဂ်ဖိုလ်ရကြလေ၏၊ ဤသို့အနည်းငယ်မျှ သေးငယ်အောင် လည်းကောင်း၊ လုံးလုံး ပျောက်ကွယ်သွားအောင် လည်းကောင်း၊ ဖန်ဆင်းနိုင်သော ဘုန်းတော်ကို “အဏိမာ” ဘုန်းတော်ဟု ခေါ်သည်။

ဂါထာအနက်

အဟံ၊ သင်လိုထပ်တူ နတ် လူ ဗြဟ္မာ သတ္တဝါ တို့၏ ဆရာစင်စစ် ဖြစ်တော်မူသော ဘုရားသည်။

ဘဝေ၊ ဖြစ်လျှင် ပျက်မြဲ မလွဲတံထွာ သံသရာနှောင်တွင်း ထောင်အကျဉ်း၌။

ဘယံ၊ အိုနာ သေရေး, ဒုက္ခဘေးမှ စ၍ ရန်စွယ်, အန္တရာယ်ဟု ဘေးအစုကို။

ဒိသွာ ဧဝ၊ ကောင်းစွာပိုင်နင်း သိမြင်တော်မူခြင်း ကြောင့်သာလျှင်။

ဘဝဉ္စ၊ ကာမ ရူပ အရူပဟု လောက သုံးဘုံ အလုံးစုံကိုလည်းကောင်း။

ဝိဘဝေသိနံ၊ ဘဝကင်းရာ ရှာကြံပါလည်း သုံးဖြာဘဝ, ကျင်လည်ရသည့် များလှ သောင်းသောင်း သတ္တဝါအပေါင်းကိုလည်းကောင်း။

ဒိသွာ၊ ဆုံးစကုန်စင် သိမြင်တော်မူသည်ဖြစ်၍။

ကိဉ္စိ ဘဝံ၊ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံဟူ သုံးဘုံဌာန တစ်စုံ တစ်ခုသော ဘဝကို။

နာဘိဝဒိံ၊ စုံစုံမက်မက် နှစ်သက်ခင်မင် လိုချင် တောင့်တတော်မမူ။

နန္ဒိံ စ၊ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံငယ်, စုံစုံမက်မက် နှစ်သက်တွယ်တာ ဘဝတဏှာ ကိုလည်း။

န ဥပဒိယိံ၊ စွဲလမ်း လွတ်ကင်း အမြစ်ရင်းက အလျင်းပြတ်စေ, ဖြတ်တောက်တော် မူခဲ့ပေသတည်း။

(မူလပဏ္ဏာသ၊ စူဠယမကဝဂ်၊ ဗြဟ္မနိမန္တနိကသုတ်။]

လဃိမာဘုန်းတော်

စိတ်၏ လျင်မြန်ခြင်းကဲ့သို့ ခန္ဓာ ကိုယ်တော်ကို ပေါ့ပါး လျင်မြန်အောင် ဖန်ဆင်း နိုင်သော ဘုန်းတော်ဖြစ်သည်။ (ဈာန်ပျံ၍ ကြွတော်မူခြင်းမျိုးတည်း။)

မဟိမာဘုန်းတော်

ကိုယ်တော်ကို ပကတိ အနေထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော် ဖြစ်သည်။

ကြီးမားအောင် ဖန်ဆင်းတော်မူပုံ

“ရာဟု”ခေါ်သော အသူရိန်နတ် ကြီးသည် အလွန်ကြီးမား၏။ အမြင့်အားဖြင့် ယူဇနာ ၄-သောင်းရှစ်ထောင် ရှိသတဲ့။

ထိုမျှ ကြီးမားသော အသူရိန်ကြီးသည် ဘုရားရှင်၏ ဂုဏ်သတင်းတော်ကို ကြားရသဖြင့် သွား၍ ဖူးမြော်လိုသော်လည်း “လူသားဖြစ်သော ဘုရားကို သွား၍ ဖူးမြော်ရလျှင် ငုံ့၍ပင် ကြည့်ရှုရလိမ့်မည်”ဟု အထင်ရ၍ မဖူးမြင်ဘဲ နေခဲ့ရာ ဂုဏ်တော်ကြီးမားလှသဖြင့် သင့်သလိုပင် ဖူးမြော်အံ့ဟု ကြံပြီးလျှင် ဘုရားရှင်၏ အထံတော်သို့ ရောက်လာလေသည်။

မြတ်စွာဘုရားက “မဟိမာ” ဘုန်းတော်ဖြင့် သူ့ထက်ကြီးမားအောင် ဖန်ဆင်းတော် မူလျက် လျောင်း၍ အဖူးမြော် ခံတော်မူလေလျှင် လွန်စွာမြင့်သော အသူရိန်ကြီးသည် တစ်အားကုန်မော်၍ ဖူးမြော်သော်လည်း ဘုရားရှင်၏ အထက်ပိုင်း အဆုံးကို မမြင်နိုင်ရှာချေ၊

ဤသို့ ပင်ကိုအနေထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ကို “မဟိမာ” ဘုန်းတော်ဟု ခေါ်သည်။

[ဤရာဟုအသူရိန်ကိုပြရာ၌ “မဟိမာ” ဘုန်းတော်မဟုတ်၊ ပါရမီတော်၏အစွမ်းသာ
ဟု ဋီကာမှာပင် အဆိုကွဲ၏။]

ဣစ္ဆန္တော သာသပ ဂဗ္ဘေ၊
စင်္ကမတိ ဣတောစိတော။
ဣစ္ဆန္တော လောကဓာတုမှိ၊
အတ္တဘာဝေန ဆာဒယေ။

ဘဂဝါ၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။

ဣစ္ဆန္တော၊ သေးငယ်လေဟန် ပုံသဏ္ဌာန်သွင်း ဖန်ဆင်းတော်မူလိုသည်ရှိသော်။

သာသပ ဂဗ္ဘေ၊ သေးငယ်သိမ်မွေ့ မုန်ညင်းစေ့အတွင်း၌။

ဣတောစိတော၊ တုံ့ပြန် ထိုဤ လှည့်လည်တော်မူလျက်လည်း။

စင်္ကမတိ၊ ပရိက္ခရာရှစ်ဘန် ကိုယ်လုံးရံ၍ စင်္ကြံ တွားတွား ကြွသွားတော်မူနိုင်၏။

ဣစ္ဆန္တော၊ ကြီးမားလေဟန် ပုံသဏ္ဌာန်သွင်း, ဖန်ဆင်းတော်မူလိုသည်ရှိသော်။

လောကဓာတုမှိ၊ စကြဝဠာ, ကမ္ဘာ စဆုံး တစ်ခုလုံး၌။

အတ္တဘာဝေန၊ ကြီးမားမြင့်မော်, ရွှေကိုယ်တော်ဖြင့်။

ဆာဒယေ၊ အကုန်သိမ်းကျုံး, လွှမ်းဖုံးတော်မူနိုင်သတည်း။

ပကတိ ကိုယ်တော်မှာ အဋ္ဌာရသဟတ္ထုဗ္ဗေဓ - တစ်ဆယ့် ရှစ်မိုက် အမြင့်တော် ရှိ၍ အတောင်အားဖြင့် ခြောက်တောင်ခန့်ရှိ၏။ “တစ်ဆယ့်ရှစ်တောင် မြင့်တော်မူသည်” ဟု ဆိုသော စကားကို လူသားပကတိဖြစ်၍ အခြားလူများထက် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မကွာခြားသင့်သောကြောင့် စဉ်းစားရာ၏” ဟု

ပထမရိုက်နှိပ်အပ်သော စာအုပ်၌ ကျမ်းဂန်ကို ဖော်ထုတ်၍ အကျယ်မရေးသား လိုသောကြောင့် အထက်ပါအတိုင်း အကျဉ်းမျှ သာ ရေးသားလိုက်သည့် အတွက် “အချို့မြို့ရွာတို့၌ ၁၈-တောင် ယူသူတို့က တစ်ဖက် ၁၈-မိုက်ယူသူတို့က တစ်ဖက်ဖြင့် ငြင်းခုံချက် ရန်ပွား၍ စကားများကြသည်” ဟု ကြားရသောကြောင့် -

“အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းတွေ့” ဆိုသော စကားကဲ့သို့ “အများ အကျိုးရှိအောင် ရေးသားရာတွင် ထိုသူများအတွက် အကျိုးမဲ့ ဖြစ်ရလေခြင်း”ဟု သံဝေဂ ဖြစ်မိပါသည်။

ယခုအခါ မိမိအယူကို အကျယ် ရေးမှပင် သင့်မည် ထင်သောကြောင့် ပါဠိ-အဋ္ဌကထာ ဆိုစဉ်နှင့်တကွ ဉာဏ်မြင်သမျှ ထုတ်ဖော်ရေးပြပါအံ့။

အရပ်တော် အဆုံးအဖြတ်

ဘုရားရှင်၏အရပ်တော်ကို ဗုဒ္ဓဝင်ပါဠိတော်ကြီး၌ “သောဠသဟတ္ထုဗ္ဗေဒ ၁၆.တောင်” ဟုဆို၏။ များသော အဋ္ဌကထာတို့၌ “အဌာရသဟတ္ထုဗ္ဗေဒ ၁၈-တောင်”ဟု ဆို၏၊

သုတ်မဟာဝါဋီကာ၌ “ဒွါဒသ ဟတ္ထော = ၁၂ တောင်မြင့်၏” ဟု အပရေဝါဒရှိ၏။

၁၈-တောင် ယူသူတို့က ဘယ်ဝါဒကို အတည်ပြုကြမည်နည်း၊ ၁၈-တောင်ဟူသည် တော်တော်မြင့်သော အိမ်၏ ခေါင်မိုးလောက်ရှိ၏။

ထိုအတိုင်းမှန်လျှင် ဘုရားရှင်ကို ဆွမ်းလောင်းလိုသောအခါ လှေခါးထောင်လျက် အတော်မြင့်အောင် တက်၍ လောင်းကြရပေလိမ့်မည်၊ ဘုရားအရပ်တော်ကို စဉ်းစားကြပါလေ။

သီဟိုဠ်ကျွန်းရှိ အချို့ မထေရ်တို့သည် “ဟတ္ထသဒ္ဒါ” အတွက် “မိုက်” ဟူသော အနက်ကိုယူ၍ “၁၈-မိုက်”(ခြောက်တောင်) ရှိ၏” ဟု ယူကြ၏။

[ပထမရိုက်စာအုပ်၌ ထိုသီဟိုဠ်ဝါဒအတိုင်း ရေးခြင်းဖြစ်၏၊ ဤကျမ်းက ဟတ္ထ သဒ္ဒါ အတွက် “မိုက်” ဟူသော အနက်ကို ဝန်မခံ။]

“အော်လကောက်” အမည်ရှိသော အမေရိကန်သား ဗုဒ္ဓဘာသာဝင် တစ်ယောက် ရေးသားသော စာအုပ်၌ကား “ဂေါတမမြတ်စွာဘုရားသည် ပကတိ လူများထက် ထူးခြားစွာ မမြင့်” ဟု ယုတ္တိပြလျက် ရေးသားလေ၏။

ယိုးဒယားပြည် သာသနာပိုင် ဆရာတော်လည်း ““မြတ်စွာဘုရား အရပ်တော်သည် ပကတိ လူများထက် ထူးခြားစွာမမြင့်” ဟု အကျယ်တဝင့် ဆုံးဖြတ်ထား၏။

ဤ “ရတနာ့ဂုဏ်ရည်” ကျမ်းကလည်း သူများယောင်လို့ ယောင်သည် မဟုတ်၊ ညွှန်ပြအပ်လတ္တံ့သော ကျမ်းဂန်ယုတ္တိများအရ “မြတ်စွာဘုရား အရပ်တော်သည် ပကတိ လူများထက် ထူးခြားစွာ မြင့်တော်မမူ” ဟုပင် ယူလိုပါသည်။

[ကျေးဇူးရှင် ဆရာတော်များလည်း ဤအတိုင်းယူကြပါသည်။]

ထောက်ထားချက်များ

(၁) ဘုရားပရိနိဗ္ဗာန် စံတော်မူသည်မှာ နှစ်ပေါင်း ၂၄၆၇-နှစ် ကျော်ခဲ့ပြီဖြစ်၍ ထို ခေတ်က လူများသည် ယခုခေတ် လူများထက် အနည်းငယ် ကြီးမားချင် ကြီးမား ပေလိမ့်မည်။ သို့သော် ယခုကာလ ထောင်ထောင် မောင်းမောင်း လူများထက် ၂-တောင် ၃-တောင် ပိုလွန်အောင် မခြားနိုင်ပါ။

ကျောက်စာဘက်ဌာနနှင့်စပ်၍ ရှေးဟောင်း အသုံးအဆောင် အရိုးများကို တွေ့ရသူ တို့ကား ဘုရားရှင် သီတင်းသုံးတော်မူဖူးသော ကျောင်းတော်တံခါး ပေါက်များ၏ ယခု သံတံခါးပေါက်ထက် ပို၍မကျယ်ဝန်းခြင်း ဘုရားလက်ထက်တော်က သပိတ်များ ကိုလည်း ငယ်ငယ်ပင် တွေ့ရခြင်း ထိုရှေးက လူရိုးများသည် ယခုလူရိုးများထက် မကြီးမားခြင်း, ပဌမသင်္ဂါယနာတင်ရာ စရည်းပင်လိုဏ်ဂူ အပေါက်၏ (အထက် အောက် အားလုံး) ၆-ပေလောက်သာ ရှိခြင်းတို့ကို ထောက်၍ “ဘုရားလက်ထက်က လူများသည် ယခုလူတို့ထက်မမြင့်”ဟု အယူရှိကြသည်။

ဘုရားရှင်လည်း ထိုခေတ်က လူအများတွင် မားမားမတ်မတ် ပုဂ္ဂိုလ် တစ်ပါးပင်တည်း၊ အကယ်၍ မြတ်စွာဘုရားသည် ထိုခေတ်က လူများထက် ထူးခြားစွာ မြင့်တော်မူအံ့၊ “မည်းဖြူဆူကြုံ နိမ့်မြင့်တုံ မှတ်ကုန် ပြစ် ၆-ပါး” ဟူသော အပြစ်တို့တွင် မြင့်လွန်းသောအပြစ် ရှိရာ၏၊ စင်စစ်ကား ဘုရားရှင်၏ အရပ်တော်သည် မနိမ့်မမြင့် အဆင်သင့်ရုံသာ။

(၂) ဘုရားရှင်သည် နတ်အဖြစ် ဗြဟ္မာအဖြစ်ဖြင့် တန်ခိုးပြ၍ တရားဟောမည်ဆိုလျှင် ဖြစ်နိုင်ဖွယ်ရှိပါ၏၊ သို့သော် အများက တအံ့တသြ လိုက်နာကြမည် မဟုတ်ပါ၊ “နတ်ပဲ ဟောနိုင်မှာပေါ့, ဗြဟ္မာပဲ တန်ခိုးကြီးမှာပေါ့” ဟု ဆိုကြပေလိမ့်မည်၊

လူစင်စစ်မှန်းသိဖို့ရာ မယ်တော် ခမည်းတော် ဆွေတော် မျိုးတော်များနှင့်တကွ သားတော်တစ်ပါး ရသည့်တိုင်အောင် ထီးနန်းစံပြီးမှ ဘုရားဖြစ်ဖို့ရာ တောထွက်တော် မူပါသည်။

အကယ်၍ ၁၈-တောင် အရပ်တော် မြင့်နေလျှင် “တန်ခိုးကြီးမှာပေါ့ကွာ အရပ်တော် ကြီးကိုက နဲတာမှ မဟုတ်ဘဲ လူသား စင်စစ် ဟုတ်ချင်မှလဲဟုတ်မှာ”ဟု ပြောစရာ ဖြစ်ပေလိမ့်မည်။

[မဟာပဒါနသုတ်ဋီကာ။]

(၃) ဘုရားရှင်သည် မင်းသားဖြစ်စဉ်က ကြင်ယာတော် မိဖုရားလောင်း ရွေးချယ်ဖို့ရာ အခွင့်ကြုံလာ၏၊ ထိုအခါ ခမ်းနားကြီးကျယ်သော မဏ္ဍပ်ကို ဆောက်လုပ်စေပြီးလျှင် သာကီဝင် မင်းသမီးများအား မင်းသား ကိုယ်တိုင် ဆုလာဘ်ပေးဖို့ရန် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက စီမံလေသည်။

ထိုမဏ္ဍပ်အတွင်း၌ မင်းသားမှတစ်ပါး အခြား ယောက်ျားတစ်ယောက်မျှ မရှိစေရ။ သို့သော် မင်းချင်းယောက်ျားတို့အား ပြောသမျှ စကားတို့ကို ချောင်း၍ နားထောင်ကြဖို့ရာ စေခိုင်းထားလေသည်။

ထိုအခါ သာကီဝင် မင်းသမီးအများပင် တစ်ချိန်တည်း ဆုလာဘ်တော်များကို လာယူကြသော်လည်း“ယသော်ဓရာ”မင်းသမီးကား သူများနှင့်အတူ မလာဘဲ တစ်ယောက်တည်းနောက်ချန်၍ အများပြန်မှ မိမိအခြွေအရံနှင့် ရောက်လာရာ ဆုလာဘ်တွေ ကုန်သွားပြီ ဖြစ်နေသောကြောင့် မင်းသမီးက ပြုံးကြည်သော မျက်နှာထားဖြင့် “ဘယ်နှယ်လဲ .... မောင်တော်က နှမတော်ကို မုန်းလို့ ဆုလာဘ် သနားဖို့ စာရင်း၌ မသွင်းဘဲ ထားတော်မူပါသလား”

အလောင်းဘုရား။ ။ “မုန်းလို့ မဟုတ်ပါ, နောက်ကျနေသောကြောင့် မရခြင်း ဖြစ်ပါတယ်”ဟု ပြောပြီးလျှင် သိန်းပေါင်းများစွာ ထိုက်တန်သော လက်စွပ်ကိုချွတ်၍ သနားတော်မူသည်။

ယသော်မေ။ ။“ဒီလက်စွပ်ကို တကယ်ပဲ ယူသွားရမှာလား”။

အလောင်းဘုရား။ ။ “မောင်တော် တစ်ကိုယ်လုံးမှာ ဝတ်ဆင်ထားတဲ့ တန်ဆာ အားလုံးကို ယူနိုင်ပါတယ်”။

ယသော်မေ။ ။“နှမတော်က မောင်တော်ကို တန်ဆာမဲ့ ဖြစ်အောင် မလုပ်ရက်ပါ၊ တကယ်ဆိုလျှင် နှမတော်က တိုး၍ဆင်ပေးဖို့ တာဝန် ရှိပါတယ်”ဟု ပြောကာ ပြုံးရွှင်သောမျက်နှာ ကျေနပ်သောလက္ခဏာဖြင့် ပြန်သွားလေ၏။

[လလိတဝိတ္ထာရ ခေါ် မြောက်ပိုင်းဗုဒ္ဓဘာသာ သုတ္တန်။]

အကယ်၍ အလောင်းတော် မင်းသားသည် သူများထက် ထူးခြား၍ ၁၈-တောင် တိုင်အောင် မြင့်ငြားအံ့၊ ယသော်ဓရာ မင်းသမီးသည် ထိုကဲ့သိုသော စကားမျိုးကို မပြောဝံ့တန်ရာ၊ သူ့လို-ကိုယ်လို သက်တူ ရွယ်မျှ ဖြစ်သောကြောင့်သာ ပြောဆိုဝံ့ခြင်း ဖြစ်ရာ၏။

ထိုပြင် အရပ်တော် ၁၈-တောင်ရှိနေလျှင် ကိုယ်လုံးတော်ပမာဏ၏ ရှေ့ပိုင်း ထက်ဝက် မှာပင် ၄-တောင်ခန့်ရှိရာ၏၊ ထိုမျှကြီးကျယ်ခဲ့သော် ယခုကာလ မိန်းမများထက် အလွန်မကြီးမားသော မိဖုရားများနှင့်အတူ ထီးနန်း စံတော်မူလိုမှ သင့်လျော် ပါမည်လော၊ (ဤနေရာ၌ တန်ခိုးတော်ဟု ဆိုကြဦးမည်လား။)

(၄) “ဘုရားဖြစ်မှ အရပ်တော် မြင့်သွားသည်၊ လူတုန်းကတော့ "သူ့ လိုကိုယ့်လိုပါပဲ” ဟု ဆိုပြန်အံ့၊ ဘုရားဖြစ်မှလည်း ထူးခြား၍ မမြင့်ပါ၊ ဘုရားဖြစ်ပြီး၍ မကြာမီပင် ဥပကတက္ကတွန်းကြီးနှင့် လမ်းခရီးမှာ တွေဖူး၏၊ ဥပက-က သပ္ပါယ်သော ရဟန်း တစ်ပါးဟုသာ မှတ်ထင်လေသည်။

[မဇ္ဈိမပဏ္ဏာသ ပါဠိတော်, ရာဇဝဂ်, ဗောဓိရာဇကုမာရသုတ်။]

(၅) ပုဏ္ဏားတစ်ယောက်သည် ယဇ်ပူဇော်ပြီးနောက် ပုဏ္ဏားတို့အား ကြွင်းကျန်သော ယဇ်စာကို ကျွေးဖို့ရန် လိုက်အရှာတွင် ခေါင်းမြီးခြုံ၍ သစ်ပင်အောက်မှာ နေသော ဘုရားရှင်ကို ပုဏ္ဏားထင်၍ အနီးသို့ ချဉ်းကပ်လေရာ ခေါင်းမြီးခြုံကို ဖွင့်လိုက်မှ ရဟန်းမှန်း သိသဖြင့် ပြန်သွားမည် ပြုလေ၏။

အကယ်၍ ၁၈-တောင်မြင့်အံ့၊ ထိုင်တော်မူနေသော ဘုရားရှင်သည် မန္တလေးမြို့-မဟာမြတ်မုနိ ရုပ်ပွားတော်လောက် မြင့်ဖွယ်ရှိသောကြောင့် “ပုဏ္ဏားလေလား”ဟု အထင်မမှားထိုက်။

[သံယုတ်ပါဠိတော်။]

(၆) ဘုရားရှင်သည် ကောသမ္ဗိပြည်မှ “ပါလိလေယျက” တောသို့ အကြွတွင် တောကျောင်း၌ သီတင်းသုံးနေထိုင်ကြသော အရှင်နန္ဒိယ အရှင်ကိမိလ အရှင်အနုရုဒ္ဓါ မထေရ် ၃-ပါးတို့အထံ ဝင်တော်မူရာ တောစောင့်ယောက်ျားက “ရဟန်းကြီး-မဝင်ပါနှင့်၊ အမျိုးကောင်းသားတွေ တရားအားထုတ် နေပါသည်” ဟု တားမြစ် လေသည်။

အကယ်၍ ၁၈-တောင်မြင့်ငြားအံ့၊ ထို တောစောင့် ယောက်ျားသည် ဘုရားရှင်ကို မဝံ့ရာ။

[ဥပရိပဏ္ဏာသ-ဥပက္ကိလေသသုတ်ပါဠိတော်။]

(၇) ပက္ကုသာတိ မည်သော ဘုရင်သည် ဘုရားရှင်ကို မမြင်ဖူးဘဲ သတင်းကြားဖြင့် ကြည်ညို၍ ရဟန်းပြုပြီးလျှင် ဘုရားရှင်အထံ လာခဲ့လေရာ ညဉ့်အခါ အိုးထိန်းသည် ဇရပ်မှာ ဘုရားနှင့် တွေ့သော်လည်း ဘုရားမှန်း မသိသေး, ရဟန်းတစ်ပါးဟုသာ အထင်ရှိနေသေး၏။ ထို့ နောက် တရားဟောမှ သဘောကျ၍ ဘုရားမှန်း သိလေသည်။

[ဥပရိပဏ္ဏာသ, ဓာတုဝိဘင်္ဂသုတ် ပါဠိတော်။]

(၈) မာဂဏ္ဍီမည်သော ပုဏ္ဏားသည် သမီးများအတွက် သမက်လိုက် ရှာလေရာ ဘုရားရှင်ကို တွေ့လေသည်၊ အကယ်၍ သမီးနှင့် အရွယ် အရပ်ချင်း အလွန်အမင်း ကွာခြား၍နေလျှင် သမက်ဖမ်းဖို့ မမှန်းတန်ရာ။

[ဓမ္မပဒ အဋ္ဌကထာ, သာမာဝတီဝတ္ထု။]

(၉) ဘုရားရှင်သည် အရှင်မဟာကဿပနှင့် သင်္ကန်းချင်းလဲ၍ ဝတ်တော်မူဖူးပါသည်။ အကယ်၍ ဘုရားရှင်သည် တစ်ဆယ့်ရှစ်တောင် မြင့်တော်မူအံ့၊ အရှင်မဟာကဿပ သည် ဘုရားရှင်၏ သင်္ကန်းတော်ကို ဝတ်ရုံ၍ မဖြစ်တန်ရာ၊ ဘုရားရှင်လည်း အရှင်မဟာကဿပ၏ သင်္ကန်းကို မဝတ်ရုံလောက်ရာ၊

[နိဒါနဝဂ္ဂကဿပသံယုတ်၊ စီဝရသုတ်ပါဠိတော်။]

(၁၀) ပုဏ္ဏားတစ်ယောက်သည် မိမိ ဝတ်နေကျဖြစ်သော အဝတ်ကို ဘုရားရှင်အား လှူဖူး၏၊ ဘုရားဝတ်ရုံလောက်သည်သာ။

[သုတ်မဟာဝဂ္ဂ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်။]

(၁၁) ဘုရားရှင်၏ ညီတော်အရင်း ဖြစ်သော အရှင်နန္ဒ (နန္ဒမင်းသား) သည် အခါတစ်ပါး၌ ဘုရားရှင် သင်္ကန်းတော်နှင့်ညီမျှသော သင်္ကန်းကို ဝတ်ရုံလာ၏၊ ထိုအခါ ရဟန်းတို့က အဝေးမှလာသည်ကို မြင်ရလျှင် ဘုရားဟု ထင်မှတ်၍ နေရာမှ ထကြ၏၊ အနားကျမှ အရှင်နန္ဒ ဖြစ်ကြောင်းကို သိကြလေ၏၊

ဤစကားကို ထောက်လျှင် မြတ်စွာဘုရားသည် အရှင်နန္ဒထက် များစွာမမြင့်ဟု သိသာပြီ၊

ထို့ကြောင့် ပါဠိတော်၌ “စတုရင်္ဂုလောမကော-ရှင်နန္ဒက ဘုရားအောက် လက် ၄-သစ် သာ ငယ်သည်”ဟု မိန့်တော်မူသည်။

[ဝိနည်း-ပါစိတ်ပါဠိတော် ရတနဝဂ်။]

(၁၂) လူ့ပြည် လောကဝယ် ရှိသော ခြေရာတို့တွင် ဆင်သတ္တဝါ၏ ခြေရာကို အကြီးဆုံးဟု ဘုရားရှင် ဟောတော်မူ၏၊

အကယ်၍ ၁၈ တောင်မြင့်အံ့၊ ဘုရားရှင်၏ ခြေရာတော်သည် ၂-တောင်ကျော်ကျော် ရှိမည်ဖြစ်၍ ဆင်၏ခြေရာထက် ကြီးရာသောကြောင့် “ငါဘုရား ခြေရာသည်သာ အကြီးဆုံး”ဟု ဟောတော်မူသင့်၏၊

[မူလပဏ္ဏာသ, မဟာဟတ္ထိပဒေါပမသုတ် ပါဠိတော်။]

(၁၃) ပရိနိဗ္ဗာန် စံတော်မူခါနီး၌ ကုသိနာရုံပြည်သို့ ကြွ၍ အင်ကြင်း ဥယျာဉ် အတွင်းဝယ် မလ္လာမင်းတို့ အသုံးပြုနေကျ ညောင်စောင်း(ခုတင်ငယ်) ပေါ်မှာပင် လျောင်းတော် မူလေသည်။

အကယ်၍ ၁၈-တောင် မြင့်အံ့၊ ရိုးရိုးလူတို့ အသုံးပြုအပ်သော နေရာမှာ မနေလောက်ရာ၊ တန်ခိုးတော် အရာလည်း မဟုတ်။

[ပရိနိဗ္ဗာနသုတ် ပါဠိတော်။]

(၁၄) ပရိနိဗ္ဗာန်စံတော်မူခါနီး၌ နတ်ဗြဟ္မာ အများတို့ အဖူးမြော်လာကြရာ ရှင်ဥပဝါဏမထေရ်က ရှေ့တည့်တည့်မှ ကွယ်နေသောကြောင့် ဘုရားမျက်နှာတော်ကို မဖူးကြရသဖြင့် နတ်များက မထေရ်ကို ကဲ့၍ကြ၏၊ ၁၈-တောင် မြင့်တော်မူလျှင် ထိုမထေရ်က မျက်နှာတော်ကို မကွယ်နိုင်ရာ။

[ပရိနိဗ္ဗာနသုတ် ပါဠိတော်။]

(၁၅) ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာသည် သူ ဆင်မြန်းနေကျ ဖြစ်သော “မဟာလတာ” တန်ဖြင့် အလောင်းတော်ကို ပူဇော်လေရာ, ဦးခေါင်းတော်မှ ခြေဖျားတိုင်အောင် ဖုံးလွှမ်းနိုင်သည်ဟု မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ ဆိုသည်။

၁၈-တောင် မြင့်ရိုးမှန်လျှင် ထိုတန်ဆာသည် အလောင်းတော်၏ တစ်ကိုယ်လုံးကို မဖုံးလွှမ်းနိုင်ရာ။

ဤသို့ စသည်ဖြင့် ပိဋကတ်တော်မှ ကောက်နုတ်ဖွယ်ရာ များစွာရှိသေးသည်၊ ကျယ်ဝန်းမည်စိုး၍ လျစ်လျူရှုရပါတော့သည်။

ဤ ကောက်နုတ်ချက်များအရ “ဘုရားရှင်သည် ထိုခေတ် လူများထက် တအံ့တဩ ထူးခြားစွာ မြင့်တော် မမူ”ဟု အတိအလင်း ယူလိုပါသည်။

ထိုခေတ်က လူအများမှာလည်း ယခုခေတ် ထောင်ထောင်မောင်းမောင်း ရှိသူများထက် များစွာ မကွာခြား သင့်သောကြောင့် “ဘုရားရှင်၏ အရပ်တော်သည် ၁၈-တောင် မြင့်၏” စသော အယူဝါဒ၌ ယုတ္တိယုတ္တာကို ရှာကြပါလေ။

ဘုရားရှင်သည် ဝါဝင်းသော အဆင်းတော် ရှိ၏၊ ကိုယ်တော်မြတ်၏ ဝါဝင်းသော အရောင်တော်သည် ထက်ဝန်းကျင်နှင့်တကွ အထက်သို့ တက်နေရာ မှောင်သော အရပ်၌ ၁၈-တောင် ၁၆-တောင်ခန့် ရှိသည်ဟု-ထင်ရပေမည်။

ထို့ကြောင့် ပါဠိတော်နှင့် အဋ္ဌကထာတို့၌ အထက်သို့ အမြဲ တက်နေသော ကိုယ်ရောင်တော်နှင့် တကွ မှန်းဆရေတွက်၍ ၁၈-တောင် ၁၆-တောင် မြင့်ကြောင်းကို မိန့်ဆိုကြဟန်တူသည် ဟု မိမိသဘောမှာ ထင်မိပါသတည်း။

အရပ်တော် အဆုံးအဖြတ် ပြီး၏။

ပတ္တိဘုန်းတော် စသည်

ပတ္တိဘုန်းတော်

▬▬

ကြွတော်မူလိုရာ အရပ်သို့ ဆီးတား ကာကွယ်ခြင်း မရှိ, တစ်ခဏချင်း ကြွရောက် နိုင်သော ဘုန်းတော်ဖြစ်သည်၊ ဘုရားရှင်သည် ချေချွတ်ထိုက်သော သတ္တဝါကို မြင်တော်မူလျှင် နတ်ပြည် ဗြဟ္မာပြည်၌ပင် ဖြစ်စေကာမူ ထိုသူ၏အထံသို့ တစ်ခဏချင်း အရောက် ကြွတော်မူနိုင်သည်။

ပါကမ္မဘုန်းတော်

▬▬

အဆင်းအမျိုးမျိုး ပုံသဏ္ဌာန် အမျိုးမျိုးကို ဖန်ဆင်းတော်မူလိုပါလျှင် တစ်ခဏတည်း ဖြင့် ပြီးစေနိုင်သော ဘုန်းတော် ဖြစ်၏။ ဘုရားရှင်သည် တစ်ခါတစ်ရံ မြောက်ကျွန်းသို့ ကြွတော်မူပြီးလျှင် ထိုကျွန်းသားတို့၏ ဘုရင်သဏ္ဌာန် ဖန်ဆင်းလျက် တရား ဟောတော်မူသည်။

ဤသိတာဘုန်းတော်

▬▬

မိမိ၏စိတ်တော်ကို လည်းကောင်း၊ များစွာသော သတ္တဝါတွေကို လည်းကောင်း အုပ်စိုး နိုင်သော ဘုန်းတော် ပေတည်း၊ ဤ ဘုန်းတော်ကြောင့်ပင် ဘုရားရှင်ကိုများစွာသော သတ္တဝါတို့က ရိုသေခန့်ညား ကြရပေသည်။

ဝသိတာဘုန်းတော်

▬▬

ဈာန်သမာပတ် အဘိညာဉ်ကို ဝင်စားတော်မူလိုလျှင် အဆိုင်းအငံ့ မရှိဘဲ တစ်ခဏချင်းပင် ဝင်စားနိုင်သော ဘုန်းတော်ပေတည်း။

ယတ္ထကာမာဝသာယိတာ ဘုန်းတော်

▬▬

ဈာန်ဝင်စားခြင်း၊ ကောင်းကင် ပျံကြွခြင်း စသော ကိစ္စတစ်စုံတစ်ခုကို ပြုတော်မူစဉ် ပြီးဆုံးစေလိုသောအခါ ဆိုင်းငံ့တော်မမူရဘဲ ပြီးဆုံးစေလိုသည်နှင့် တစ်ပြိုင်နက် ထိုကိစ္စကိုပြီးဆုံးစေနိုင်သော ဘုန်းတော်ပေတည်း။

(ယတ္ထကာမ = အလိုရှိရာခဏ၌ + အဝသာယိတာ = ပြီးစေနိုင်ခြင်း။)

(၁) ဣဿရိယဘုန်းတော်

▬▬

ဤပြခဲ့သော ဘုန်းတော် ရှစ်ပါးသည် အများပြောဆိုအပ်သော ဘုန်းတော် ခြောက်ပါး တွင် “ဣဿရိယ” ဘုန်းတော်ချည်းသာတည်း။

(၂) ဓမ္မဘုန်းတော်

▬▬

တစ်ထောင့်ငါးရာ ကိလေသာ ရန်ဆူး ရန်ငြောင့်တွေကို ပယ်ရှား သုတ်သင်နိုင်သော မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ နိဗ္ဗာန် အားဖြင့် ၉-ပါးသော လောကုတ္တရာ တရားတို့ကို “ဓမ္မ”ဘုန်းတော်ဟု ခေါ်သည်။

(၃) ယသဘုန်းတော်

▬▬

ပျံ့နှံ့ ကျော်စောသော ဂုဏ်သတင်းတော်ကို “ယသ”ဘုန်းတော်ဟုခေါ်သည်၊ ဘုရားရှင်၏ ဂုဏ်သတင်းတော်သည် သူတကာတို့ကဲ့သို့ အသိုင်းအဝိုင်းတို့ဖြင့် မဟုတ်မမှန်လုပ်ကြံ၍ ဖြစ်ရခြင်းမျိုးမဟုတ်၊ ဟုတ်မှန်သော ဂုဏ်တော်ကြောင့် အလိုလို ထင်ပေါ်လျက် လူ့ပြည်လောကထက် နတ်ပြည်လောက၌ သာ၍ နှံ့စပ် ကျော်စောပေသည်။

[အခြား စကြဝဠာက နတ် ဗြဟ္မာများလည်း ဤ စကြဝဠာသို့ လာနိုင်သဖြင့် နတ်ဗြဟ္မာ အချင်းချင်း ဂုဏ်သတင်း ဖြန့်သောကြောင့် “စကြဝဠာတစ်သောင်း တိုင်အောင် ပျံ့နှံ၏၊ လူ့လောက၌ကား ထိုမျှလောက် ဂုဏ်သတင်း မပျံ့နှံ့”ဟု ဆိုလာ ပါသည်။]

(၄) သိရီဘုန်းတော်

▬▬

ကျမ်းအစ၌ ပြခဲ့သည့်အတိုင်း အလွန်ကြီးမားသော ပါရမီရှင် ဖြစ်ပေရကား ဖူးမြော်၍ မဝနိုင်အောင် လွန်သပ္ပါယ်သော ကျက်သရေကို “သိရီ” ဘုန်းတော်ဟု ခေါ်သည်။

[ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းသောအခါ ဤ “သိရီ” ဘုန်းတော်ဖြစ်သော ရုပ်ပုံတော်ကိုလည်း အာရုံပြုနိုင်ပါသည်။]

ရှင်တော်ဘုရား၏ မျက်နှာဝယ် ညိုမှောင်သော မျက်ခုံးတော် နှစ်သွယ်၏ အကြား၌“ဥဏ္ဏလုံ”ဟု ခေါ်အပ်သော ဆွတ်ဆွတ်ဖြူသာ အမွေးတော်သည် ဆန့်ထားလျှင် လက်မောင်း တစ်ဝက်ခန့် ရှည်၍ ပင်ကိုအတိုင်း ထားလျှင် ငွေနန်းမျှင်ကို ခွေထားသကဲ့သို့ လက်ယာရစ်ခွေလျက် ကျက်သရေ အလွန်ရှိပါပေ၏၊

ဝါဝင်းသော အရေပေါ်ဝယ် မျက်ခုံး အမွေးတော်နှစ်ဘက်၏ မည်းနက်သော အရောင် တော်ကြောင့် ဆွတ်ဆွတ်ဖြူသော ဤ ဥဏ္ဏလုံ မွေးရှင်တော်သည် အလွန် ထင်ပေါ်၍ နေလေတော့၏၊

ဥဏ္ဏလုံ မွေးရှင်တော်၏ အောက်နားဝယ် ဝဲယာနှစ်ဖက်က မျက်တောင်တော် များလည်း အထက်သို့ အဖျားကော့ကာ မွေးရှင်တော်ကို မော်၍ ဖူးမြော်သလို ထင်ရပေသည်။

ပတ္တမြားလုံး တပ်ထားသကဲ့သို့ ခပ်မို့မို့ ထင်လင်းသည့် မျက်လုံးတော် အတွင်းဝယ် နှစ်သွယ်သော မျက်ဖြူတော်၏ အလယ်ချက်က မျက်နက်ဝန်းတော်မှာမူ ကုမုဒြာ ကြာဖြူပန်း အတွင်းမှ ပိတုန်းကလေးများ ထွက်ပြူနေ သလို တင့်တယ်ပါပေသည်။

မျက်လုံးတော်နှစ်သွယ်၏ အလယ်မှ အောက်သို့ သက်သော နှာတံတော်သည်ကား မပိ မပြား ထင်ရှားပေါ်လွင်၍ မျက်နှာတော်ကို တန်ဆာဆင်သလို ရှိပါပေသည်။

နှုတ်ခမ်းတော် အစုံမှာ ဟင်္သပြဒါးရည် ပက်ဖျန်းသကဲ့သို့ နီမြန်းတော်မူပြီးလျှင် စိန်အဆင် စီထားသလို ထင်ရသော သွားတော်အစဉ်၏ ဆွတ်ဆွတ် ဖြူပုံကိုပင် ပြုံးတော်မူသောအခါ ကျက်သရေချင်း ပြိုင်ယှဉ်မည်ကဲ့သို့ ထင်ရပေသည်။

ဤသို့ အမြွက်မျှ ပြအပ်သော မျက်နှာတော်နှင့် ကိုယ်တော်၏ ကျက်သရေတော်သည် နတ် လူ ဗြဟ္မာ တို့၏ မျက်လုံးကို ဆွဲငင်ထားသကဲ့သို့ ဖူးမြော်၍ မဝနိုင်အောင် ရှိပါပေ သတည်း။

[ဤအကြိမ်ရိုက် စာအုပ်၌ ဘုရားရှင်၏ ကျက်သရေတော်ကို ထင်ပေါ်အောင် ရှေးဆရာတို့က ဖွဲ့စီအပ်သော လက္ခဏာတော်ကြီး ဘုရားရှိခိုး ထည့်ထားပါသည်။]

ဆက်ဦးအံ့ --

ကျက်သရေ” ဆိုသည်မှာ အလှကို ဆိုလိုသည်မဟုတ်၊ မလှသော်လည်း တချို့မှာ ရုပ်အနေအထား အချိုးကျ၍ဖြစ်စေ၊ အနေအထိုင် အပြောအဆို အချိုးကျ၍ဖြစ်စေ ကျက်သရေရှိပါပေသည်”ဟု ချီးမွမ်းခံကြ ရပေသည်။

ဘုရားရှင်ကား ပင်ကိုအဆင်းလည်း တင့်တယ်၏။ လှမ်းကြွတော်မူပုံ နေထိုင်တော်မူပုံ ဟောပြောတော်မူပုံ စသည်တို့မှာလည်း ရှု၍ မပြီး နာ၍မငြီးအောင် ကျက်သရေကို ဆောင်တော်မူ၏။

ထို့ကြောင့် လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ပရိသတ်အလယ်၌ ထိုင်တော်မူကာ တရားဓမ္မ ဟောပြတော်မူသော ဘုရားရှင်သည် ဝင်းစက် ညက်ညောသော အသား အရေပေါ်တွင် ကြည်လင်ပြတ်သားသော အသံတော်ကို တန်ဆာဆင်သလို ဖြစ်ရကား များစွာသော မင်းပရိသတ်ထက် ကျက်သရေ သာလွန်၍ ထူးချွန် တင့်တယ်တော် မူပေသည်။

သေလသုတ်မှ ကောက်နုတ်ချက်

▬▬

လုလင်ငယ် သုံးရာလောက်ကို စာပြနေသော ဗြာဟ္မဏဇာတ်ရှိသူ “သေလ” မည်သော ကျောင်းအုပ် ဆရာကြီး တစ်ယောက်သည် အခါတစ်ပါးဝယ် ဘုရားရှင် အကြောင်းကို ကြားရ၍ တပည့်သုံးရာနှင့်အတူ ဘုရားရှင် အထံသို့ ရောက်လာလေရာ ရှင်တော်ဘုရား၏ ကျက်သရေ ရှိလှသော ရုပ်အဆင်းတော်ကို မြင်ရုံမျှဖြင့် “ဤမျှလောက် ကျက်သရေရှိသော အရှင့်မှာ ရဟန်းပြုနေလို့ ဘာအကျိုးရှိမှာလဲ လေးကျွန်းလုံးကို လွှမ်းမိုး၍ အုပ်စိုးနိုင်သော စကြာမင်းဖြစ်ဖို့ရာ ရုပ် လက္ခဏာတွေ ပြည့်စုံနေပါတယ်၊ ထို့ကြောင့် ရဟန်း အဖြစ်၌ မနေဘဲ လူ့ဘောင်မှာနေ၍ မင်းတကာတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်သော စကြာမင်း လုပ်တော်မူပါ”ဟု လျှောက်ထားလေသည်။

[သုတ္တနိပါတ် မဟာဝဂ္ဂ သေလသုတ် ပါဠိတော်။]

ဤ မျက်စိဖြင့် အလှအပတွေကို ကြည့်ရာ၌ မကောင်းစိတ်တွေ တိုးပွား၍ အကျိုး မများသော်လည်း ဘုရားရှင်၏ သပ္ပါယ်သော အာရုံကို ကြည့်ရှုဖူးမြော်ရာ၌ကား အကောင်းစိတ်တွေ တိုးပွားသဖြင့် အကျိုးများလှပေသည်။

ဤမျှလောက် ကြီးကျယ်သော ကျက်သရေတော် အရှင်ကို ငါတို့ မဖူးမြင်လိုက် ရသည်မှာ များစွာ ဝမ်းနည်းဖွယ် ကောင်းလှပေသည်တကား။

(၅) ကာမဘုန်းတော်

▬▬

ရှင်တော်မြတ်၏ အလိုတော်ရှိလေသမျှ လုံးဝ ဥဿုံ အကုန် ပြီးစီးနိုင်ခြင်းကို “ကာမ” ဘုန်းတော်ဟု ခေါ်သည်၊ ဘုရားရှင်သည် ဘုရားဖြစ်၍ သတ္တဝါတို့ကို ချေချွတ်နိုင်ဖို့ရန် တောင့်တတော်မူခဲ့ရာ ထိုတောင့်တတော်မူသည့်အတိုင်း ပြည့်စုံပေသည်။

(၆) ပယတ္တ ဘုန်းတော်

▬▬

ကြီးမားလှစွာသော လုံ့လဝီရိယတော်ကို “ပယတ္တ” ဘုန်းတော်ဟုခေါ်သည်။ ဤ ကျမ်းအစ “စရံ ယော ယဒိ ဝါ တိဋ္ဌံ” ဂါထာ၌ ပြခဲ့သည့်အတိုင်း နေ့ရော ညဉ့်ပါ အားလပ်ခွင့် ရတော်မမူဘဲ ဝေနေယျတို့၏ အကျိုးငှာ လွန်စွာ အားထုတ်တော် မူပေသည်။

ဘုရားရှိခိုး ဂါထာဖွင့်

▬▬

ကျက်မှတ်ရန်

ဧဝံ နဝဟိ ဂုဏေဟိ၊
လောကမှိ ကိတ္တိဗျာပိတံ။
အတုလံ ဓမ္မရာဇာနံ၊
ဝန္ဒာမိ တီဟိ သာဒရံ။

ဧဝံ နဝဟိ ဂုဏေဟိ၊ ဤအရဟတာ အစလာသည့် ကိုးဖြာသော ဂုဏ်တော်တို့ဖြင့်။
လောကမှိ၊ ဘဝဂ်ဆုံးအောင် ဘုံသုံးဆောင်၌။
ကိတ္တိဗျာပိတံ၊ သိမ့်သိမ့် တုန်ခတ်, ပဲ့တင်ထပ်မျှ, နှံစပ် ကျော်စောတော်မူထသော။
အတုလံ၊ သီလ ခေါင်ထိ သမာဓိနှင့် ကြီးဘိပညာ လွန်ကဲသာ၍, ပြိုင်လာ နှိုင်းသူ အတူ လည်း ရှိတော်မမူထသော။
ဓမ္မရာဇာနံ၊ သုံးဘုံမကိုဋ်, သုံးတိုက်သရဖူ သုံးလူ သင်းကျစ်, ဓမ္မရာဇ် ထွတ်ထား ရှင်တော်မြတ်ဘုရားကို။
တီဟိ၊ လက်အုပ် အဉ္ဇလီ နှုတ်သံချီလျက် ရွှင်ကြည်မနော သုံးပါးသော ဒွါရတို့ဖြင့်။
သာဒရံ၊ လေးမြတ် ကြည်ညို ရိုသေခြင်းရှိသည် ဖြစ်၍။
ဝန္ဒာမိ၊ ဂုဏ်တော် ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုး … ကန်တော့ပါ၏ ဘုရား။

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬

၁-အရဟံ ဂုဏ်တော်ကိုပင် သဒ္ဒါနည်းအရ “အရဟတာ”ဟု ဆိုသည်။

၂- “ထောမနာ”ကား ချီးမွမ်းခြင်းကို ဟောသော ပါဠိစကား၊

၃-ကိုင်းညွှတ်ခြင်း = ရှိခိုးခြင်းကို ဟောသော“ပဏာမ”ပါဠိကိုပင် “ပဏာမ” ဟု ဆိုထားသည်။

ဘဝဂ်ဆုံးအောင် ဘုံသုံးဆောင်၌

▬▬

ဘုံဘဝတို့၏ အထက်ဆုံးဖြစ်သော “နေဝသညာ နာသညာယတန” ဘုံကို “ဘဝဂ်”ဟုခေါ်သည်။ ကာမ ရူပ အရူပ ဘုံသုံးဆောင်၏ အဆုံး ဘဝဂ်တိုင်အောင် ဘုရားရှင်၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်များသည် သူတစ်ပါးထက် ထိပ်ခေါင် ထိမျှ လွန်ကဲတော်မူပေသည်။ ထို့ကြောင့် တိတ္ထိအများပင် ဘုရားရှင်ကို ပြိုင်လာ နှိုင်းလာ ကြသော်လည်း သီလ သမာဓိ ပညာဂုဏ်အားဖြင့် တစ်စုံတစ်ယောက်မျှ တူတန်သူ မရှိခဲ့ကြပေ။

သုံးဘုံမကိုဋ်

▬▬

မင်း, မိဖုရားတို့၏ ဦးခေါင်း၌ ဆောင်းအပ်သော အရာကို “မကိုဋ် သရဖူ”ဟု ခေါ်၏၊ နဖူး၌ ရစ်ပတ်အပ်သော ရွှေပြားကို “သင်းကျစ်”ဟုခေါ်၏၊ ဘုရားရှင်သည် ဦးထိပ်တင်ကာ ရိုသေရာဖြစ်၍ သုံးဘုံသားတို့၏ မကိုဋ်သရဖူ သင်းကျစ်နှင့် တူစွာ တရားမင်းကြီး ဖြစ်ပါပေသည်။

လက်အုပ် အဉ္ဇလီ

▬▬

လက်အုပ်ကို ပါဠိလို “အဉ္ဇလီ”ဟုခေါ်၏၊

ကိုယ်ဖြင့် ရှိခိုးကြောင်း ဖြစ်သော ကာယဝိညတ်ကို ကာယဒွါရဟု ခေါ်၏။

နှုတ်ဖြင့် ရွတ်ဆို၍ ရှိခိုးကြောင်း ဝစီဝိညတ်ကို ဝစီဒွါရဟု ခေါ်၏။

ကိုယ်နှုတ်မပါဘဲ ဘာဝနာ ပွားသကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြုနေသော ကုသိုလ်ဇောစိတ်ကို မနောဒွါရဟု ခေါ်၏၊

ဂုဏ်တော်အပေါင်းဖြင့် ထုံမွှမ်းအပ်သော သက်တော် ထင်ရှား မြတ်ဘုရား၏ ရုပ်ပုံတော်ကို စိတ်ဖြင့်မှန်း၍ နှုတ်ဖြင့် ချီးမွမ်းပြီးလျှင် ကိုယ်ဖြင့် ကိုင်းညွှတ်ကာ ထို ၃-ဖြာသော ဒွါရတို့ဖြင့် ရှိခိုးပါ၏-ဟူလို။

“ဂုဏ်တော်ကိုးပါးကို ဆက်သွယ်၍ အကျဉ်းချုပ် အာရုံပြုနည်း”

ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုလျက် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်း ပွားများရာ၌ ရှေးဦးပထမ သမာဓိ မရသေးခင် ဂုဏ်တော်တစ်ပါး တည်းကိုသာ စွဲ၍ အထပ်ထပ် အာရုံပြုနေလျှင် ပျော်မွေ့ဖွယ် ကောင်းသော်လည်း ကျဉ်းမြောင်းသော ဥယျာဉ်တွင် ကြာရှည်စွာ မကြည့်ချင်သကဲ့သို့ ထိုဂုဏ်တော်တစ်ပါးတည်း၌ စိတ်အစဉ် မပျော်မွေ့ဘဲပျံလွင့်နေတတ်ပါသည်။

ဂုဏ်တော်ကိုးပါးကို တစ်ပါးနှင့်တစ်ပါး ဆက်သွယ်လျက် လှဲ့ကာဖယ်ကာ အာရုံပြုနေရသောအခါ သာယာကျယ်ဝန်း၍ ပန်းမျိုးစုံ ဥယျာဉ်ကြီးတွင် ပျော်ပြီးယင်း ပျော်ယင်း ဖြစ်သကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြုသူတို့၏ စိတ်ဓာတ်လည်း မပြတ်ကြည်နူးရွှင်ပြုံး ချမ်းမြေ့ရုံသာမက အတော်ကြာလျှင် ဂုဏ်တော် တစ်ပါးပါး၌ သမာဓိ စူးစိုက်လာလိမ့်မည်။

ထို့ကြောင့် ဤနည်းအတိုင်းပင် ဘုရားရှင်၏ ဂုဏ်တော် များကို ဆက်သွယ်၍ အာရုံပြုလိုကြသော အမျိုးသား အမျိုးသမီးတို့သည် ရှေးဦးစွာ မိမိ၏ သီလကို ၅-ပါး ဖြစ်စေ, ၈-ပါးဖြစ်စေ, ၁၀-ပါးဖြစ်စေ, အထူး လုံခြုံစွာ ရှိစေရမည်၊

ထို့နောက် ဆိတ်ငြိမ်သော အရပ်ကို ရစေရမည်။ မိမိ အိမ်မှာ ဖြစ်လျှင်လည်း အားလုံး တိတ်ဆိတ်သောအခါ ဖြစ်စေရမည်။ ရုပ်ပွားတော် စေတီတော် အနီးအပါး ဖြစ်လျှင်လည်း ပွဲလမ်းအခါ မဟုတ်ဘဲ ဆိတ်ငြိမ်သောအခါ ဖြစ်စေရမည်၊

သို့သော် အမျိုးသမီးဖြစ်လျှင် မည်သည့် နည်းနှင့်မျှ ယုံကြည်စိတ်ချလောက်သော အဖော်မပါဘဲ စေတီ ရုပ်ပွားအနီး သို့မဟုတ် တောတောင်ပိတ်ပေါင်း ကမ္မဋ္ဌာန်း ကျောင်းတို့၌ နေထိုင်၍ အာရုံ မပြုသင့်ပါ။

အရပ်ရပ် အပြစ်ကင်းသော နေရာကောင်းကို ရွေးချယ်ပြီးနောက် တကယ့် ယောဂီ စိတ်ကို ရောက်စေလျက် မိမိရှေ့မှောက်၌ ဘုရားရှင် ရောက်တော်မူနေသကဲ့သို့ ထင်မြင်စေကာ အောက်ပါအတိုင်း အာရုံပြုပါ။

(၁) ဗုဒ္ဓဂုဏ်တော်

▬▬

ဘုရားရှင်သည် အလောင်းတော် သုမေဓာဘဝက ဒီပင်္ကရာ ဘုရားရှင်ကို ဖူးတွေ့ခါစ၌ သတ္တဝါတို့ကို ကယ်တင်လိုသော ဆန္ဒတော် ပြင်းပြလှသဖြင့် “ဗုဒ္ဓေါ-ကိုယ်တိုင် သိရသောအခါဝယ်၊ ဗောဓေယျံ - သတ္တဝါတို့ကိုလည်း သိစေတော်မူမည်” ဟု ဓိဋ္ဌာန်တော်မူခဲ့ပါသည်။

(၂) သုဂတဂုဏ်တော်

▬▬

ထိုသို့ ဓိဋ္ဌာန်တော်မူခဲ့သည် အားလျော်စွာ အသက်ပေါင်းများစွာနှင့် စည်းစိမ်ပေါင်း များစွာတို့ကို စွန့်တော်မူလျက် သတိတရား ကြီးစွာထားပြီးလျှင် အမှားမရှိအောင် ဉာဏ်ဖြင့်ရှောင်၍ ပါရမီတော်များကို ဖြည့်ကာဖြည့်ကာ ကောင်းစွာ ကြွတော် မူခဲ့ပါသည်။

(၃) ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်

▬▬

ထိုကဲ့သို့ ပါရမီဖြည့်၍ ဘုရားဖြစ်တော့မည့်ဘဝ၌ သီလစောင့်ခြင်း, ဣန္ဒြေ စောင့်စည်းခြင်း စသော ကိုယ်ကျင့်တရား စရဏ ၁၅-ပါးနှင့် ပြည့်စုံတော်မူရကား,

ဘုရားမဖြစ်မီ ကဆုန်လပြည့် ညဉ့်ဦးယံဝယ် ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်,

သန်းခေါင်ယံဝယ် နတ်ဗြဟ္မာ လောကရှိ သတ္တဝါများနှင့် ငရဲ ပြိတ္တာ သတ္တဝါဟူသမျှကို မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်တော်,

မိုးသောက်ယံဝယ် ကိုယ်တော်၏ သန္တာန်၌ ကိလေသာ ဓာတ်ခိုး ဓာတ်ငွေများ လုံးဝ ခြောက်ခန်းစေနိုင်သော “အာသဝက္ခယ” ခေါ် အရဟတ္တမဂ်ဉာဏ်တော်

ဟူသော ဉာဏ်တော်ကြီးများ အဆင့်ဆင့် ပေါ်ပေါက်လာပါသည်။

(၄) အရဟံဂုဏ်တော်

▬▬

ထို ဉာဏ်တော်များကြောင့် ဘုရားရှင်၏ စိတ်တော် အစဉ်သည် ကိလေသာ အနောက်အကျုမှ ကင်းစင်သဖြင့် အမြဲ ကြည်လင်တော်မူပါသည်။

(၅) သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်

▬▬

ထိုကဲ့သို့ ကြည်လင်သော စိတ်တော် အစဉ်ဝယ် တွဲယှဉ်၍ မကြာမကြာ ဖြစ်ပေါ် လာသော ဉာဏ်တော်ကား သိဖွယ်ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင် လုံးဝကုန်စင် သိမြင်တော်နိုင်ပါ သည်။

(၆) လောကဝိဒူဂုဏ်တော်

▬▬

ထိုကဲ့သို့ ကြီးကျယ်သော ဉာဏ်တော်ကြီးက စိတ်အစဉ်ဝယ် တွဲယှဉ်၍ မကြာမကြာ ပါဝင်သောကြောင့် ရှင်တော်မြတ်ဘုရားသည် ကမ္ဘာလောကဓာတ် အရပ်ရပ်ကို လည်းကောင်း သတ္တဝါအနန္တကို လည်းကောင်း ရုပ်နာမ်ဓမ္မ သင်္ခါရလောကကို လည်းကောင်း သိမြင်တော်မူပါသည်။

(၇) အနုတ္တရော ပုရိသဒမ္မ
သာရထိ ဂုဏ်တော်

▬▬

သတ္တလောက (သတ္တဝါ ဟူသမျှ၏) လိုအင်ဆန္ဒနှင့် သဒ္ဓါ ပညာ စသော ဣန္ဒြေတို့၏ အနု အရင့်ကို နှိုင်းချင့် ခွဲခြမ်း သိစွမ်းတော်မူရကား ထို သတ္တဝါ အများ၏ အလို ကျအောင် သင့်လျော်သော တရားတော်ကို ဟောပြော ပြသ ဆုံးမတော် မူနိုင်ပါသည်။

(၈) သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်

▬▬

ထိုကဲ့သို့ မိမိတို့အလို လိုက်၍ အကြိုက်ကျအောင် ဟောပြော ဆုံးမတော်မူသော ဘုရားရှင်ကို ဆရာ မတင်လျှင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆရာတင်တော့မည်နည်း၊

ဘုရားရှင်သည် မိမိတို့၏ ဆရာ စင်စစ် ဖြစ်တော်ပါပေသည်။

(၉) ဘဂဝါ ဂုဏ်တော်

▬▬

ထိုကဲ့သို့ လူရော နတ် ဗြဟ္မာ မလပ် အရပ်ရပ် ဆုံးမ၍ ယဉ်ကျေးကြသော သတ္တဝါတို့၏ တစ်ပါးတည်းသာ ဖြစ်သော ဆရာသခင် ဘုရားရှင်၏ ဘုန်းတော် ဉာဏ်တော် ကျက်သရေတော် တန်ခိုးတော် ကြီးမားပုံကို အာရုံပြု၍ ကုန်နိုင်ဖွယ် မရှိတော့ပြီ တကား။

အားတက်ဖွယ်

▬▬

ထိုမျှလောက် ထူးခြားသော ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်မိကြသည်မှာ မိမိတို့ ရှေးကံ ကောင်းလှပေပြီ။

ထို ဘုရားရှင်၏ ဂုဏ်တော် များကို အာရုံ ပြုနေရ အောက်မေ့ နေရသည်မှာ စိတ်စက် ချမ်းသာလှပေ၏၊ ဘုရားရှင်ကို ရည်မှန်းလျက် လှူဒါန်း ပူဇော်နေရသည်မှာ အကျိုး ကြီးမားလှပေ၏၊

ထို ဘုရားရှင်ဂုဏ်တော်များကို အာရုံပြုလိုက်ရလျှင် မိမိသန္တာန်မှာ ကိလေသာ အနောက်အကျုကို ကင်းဝေးစေလျက် ကုသိုလ် စိတ်တွေ များလှသောကြောင့် အထပ်ထပ် အာရုံပြုနေပါမူ ကိလေသာတွေ နည်းပါးသည်ထက် နည်းပါးပေလိမ့်မည်၊

လုံးဝလွတ်လပ်ခွင့် မရသေးသော အိမ်ရှင်တို့ကား အလုပ်ကိစ္စ အားလပ်တိုင်းမှာပင် သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ပြီးလျှင် ဘုရား ရှေ့တော်မှာ ဖြစ်စေ, သို့မဟုတ် ဆိတ်ငြိမ်သော အိမ်ခန်းမှာဖြစ်စေ ငြိမ်သက်စွာ နေလျက် ဘုရားဂုဏ်တော်များကို အထပ်ထပ် အာရုံပြုကြပါလေ၊

အာရုံမပြုတတ်သေးပါလျှင် အားလပ်ခွင့် ရချိန်မှာ ဤဂုဏ်တော် ၉-ပါးလုံး ဆက်သွယ်၍ အာရုံပြုနည်းကို ကြည့်ရှု ရွတ်ဖတ်နေကြပါကုန်၊ လူမှုရေးကိစ္စ များပြားလှ၍ အချိန်မရလျှင်လည်း ဂုဏ်တော် တစ်ပါးပါးကို စိတ်ထဲမှာစွဲ၍ အလုပ် လုပ်ယင်း အာရုံပြုနေပါလျှင် လောက သံသရာ နှစ်ဖြာသော အကျိုးများကို ရနိုင်ပါသည်။

“ဂုဏ်တော်ကို အာရုံပြု၍ အကျိုးရသော
မိဖုရားစောလုံ ဝတ္ထု”

ပုဂံပြည်“နရသီဟပတေ့” မင်း၏ “စောလုံ”မည်သော မိဖုရားသည် အပြစ် ကင်း၍ ကောင်းခြင်းအင်္ဂါ လက္ခဏာ အသွင်အပြင်နှင့် ပြည့်စုံသောကြောင့် မိဖုရားအများတွင် ဘုရင်အမြတ်နိုးဆုံး မိဖုရားတစ်ဦးပေတည်း၊

ထိုမင်းသည် နွေလအခါဝယ် ဧရာဝတီမြစ်ကမ်းတွင် စံနန်းတော်တည်၍ မောင်းမမိဿံ အခြွေအရံများနှင့်အတူ ရေကစားတော်မူမြဲ ဖြစ်၏၊ အခါတစ်ပါးဝယ် မိဖုရား စောလုံကို ကျီစယ်သလိုဖြင့် မျက်နှာ ဆံပင်ပါမကျန် တစ်ကိုယ်လုံး ရွှဲရွှဲစိုအောင် ရေဖြင့် ပက်စေတော်မူသည်။

စောလုံမိဖုရားလည်း ကျီစယ်သည်ကို အပြစ်ဟု ထင်မှား၍ ရန်ငြိုးထားပြီးလျှင် “မိန်းမတို့ဓမ္မတာ သာမန် အပြစ်မျိုးဖြင့် အငြိုးကြီးတတ်သည်”အားလျော်စွာ အနာကြီး နာသောကြောင့် စားတော်ပွဲတွင် အဆိပ်ခတ်၍ ဆက်သစေလေသည်၊

ဘုရင်မင်းလည်း ပွဲတော် မတည်သေးဘဲ ခွေးကိုကျွေးစေရာတွင် တစ်ခဏချင်း ခွေးသေသည်ကိုမြင်၍ ပွဲတော်ဆက်သူကို စစ်ဆေးသောအခါ မိဖုရား စောလုံအပေါ် ကျရောက်၏၊

မိဖုရားကို စစ်ဆေးပြန်ရာ “မိမိကို တစ်ကိုယ်လုံး စိုအောင် ရေပက်စေလျက် အရှက်ခဲ့သောကြောင့် မကျေနပ်သည့်အတွက် အသက်ကို လုပ်ကြံကြောင်း”ဟု ပြတ်တောင်းတောင်း ခပ်မာမာနှင့် သံတော်ဦး တင်သဖြင့် မင်းတို့မျက်စောင်း အကြောင်းမရွေးတတ်သည့် အတိုင်း ဆိုင်းငံ့ စဉ်းစားခြင်းမရှိ အမြတ်နိုးဆုံး မိဖုရားကိုပင် ထောက်ထားတော်မမူဘဲ ပန်းပဲသမားကို ခေါ်၍ သံကျပ်စင် (ကျပ်ခိုးစင်) ကို လုပ်စေပြီးလျှင်“မီးရဲရဲသီး "ကျပ်စင်ပေါ်တင်၍ သတ်စေဟု အမိန့်ချမှတ်သည်။

မိဖုရားလည်း ပန်းပဲသမားကို ရွှေငွေများစွာ ပေး၍ ခုနစ်ရက်ကြာအောင် ကျပ်စင်ကို ပြုလုပ်စေပြီးလျှင် တရားနာ၍ နေ့ရောညဉ့်ပါ သီလကိုဆောက်တည်လျက် ၇-ရက် ပတ်လုံး ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော် များကို ရွတ်ဖတ် အာရုံပြု၍နေလျက် ၇-ရက်စေ့သောအခါ ရဲရဲညီသော သံကျပ်စင်ထက်သို့ မကြောက် မရွံ့ တက်လေရာ အလွန်အေးမြ မွှေးကြိုင်လှသော ဂေါသီတစန္ဒကူးကို ထည့်ခတ် လိုက်သလိုတစ်ခါတည်း မီးငြိမ်း၍သွားလေသည်။

ဤနည်းအတိုင်း ရတနာသုံးပါး၏ ဂုဏ်တော်များကို အာရုံပြုနေမှုကြောင့် သုံးကြိမ် တိုင်အောင် ထပ်ကာထပ်ကာ မီးငြိမ်းပြီးနောက် “ချမ်းသာခွင့်ရမည် မဟုတ်လျှင် တစ်ခဏချင်း လောင်ကျွမ်းစေတော့” ဟု စိတ်ကိုလျှော့ချ ဓိဋ္ဌာန်သည့်အခါကျမှ တစ်ခဏချင်း ကွယ်ပျောက်ရရှာလေသည်။

မိဖုရား မရှိသည့်နောက် ဘုရင်လည်း စက်တော်ခေါ်ရာ၌ ကယောင်ကတမ်း ဖြစ်ပြီးလျှင် မိဖုရားကို တမ်းတ၍ နေရစ်ရှာလေသတည်း။

[ဤဝတ္ထု၌ ရာဇဝင်ဆရာတို့ ယူပုံနှင့် အနည်းငယ်ကွဲလွဲ၏၊ တွေ့ဖူးသော စာအတိုင်း ရေးသားလိုက်သည်။]

အထူးသတိပေးချက်

▬▬

ဤပြဆိုခဲ့ပြီးသော စကားအစဉ်ဖြင့် ဘုရားရှင်နှင့် စပ်၍ တတ်သိ နားလည် ထိုက်သော အချက်များကို အထိုက်အလျောက် နားလည်လောက်ပေပြီ၊ ဗုဒ္ဓဘာသာဝင်တို့သည် သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းလျက် ဆွမ်း ရေချမ်း ပန်း ဆီမီး နံ့သာတိုင် စသည်တို့ကို ပူဇော်လေ့ရှိကြ၏၊

ထိုသို့ပူဇော်ရာ၌ ဝတ်ကျေတန်းကျေ အိမ်နီးချင်း ရိုသေရုံသဘော မထားဘဲ ရုပ်ပုံတော် စေတီတော်ကို ပူဇော်သောအခါ ဘုရားကျောင်းတော်ကို သွား၍ သက်တော်ထင်ရှား ရှင်တော်ဘုရားအား လှူဒါန်း ပူဇော်ရသကဲ့သို့ စိတ်ထဲ၌ ထင်ယောင်မြင်ယောင် ဖြစ်လာအောင် ပူဇော်ရာ၏။

ထိုသို့ ပူဇော်ရာဝယ် ဆွမ်းကို နေလွဲသောအခါ ပူဇော်လျှင် အပြစ်တင်လေ့ ရှိသကဲ့သို့ ထို့အတူ မှောင်သောအခါ မှောင်သောနေရာ မဟုတ်ဘဲ “နေ့လည်ကြောင်တောင်အခါ ဆီမီးပူဇော်မှုကို ပြုသင့်သည်”ဟု မထင်ပေ။

ထို့ပြင် ရုပ်ပွားတော်တည်ရာ ဂူလိုဏ်-အာရုံခံရာတန်ဆောင်း စေတီရင်ပြင်တော် စသည်၌ ဖယောင်းစက်တွေ ဗလပွေကျအောင် ပူဇော်မှု၊ ပန်းတွေကို ဖရိုဖရဲ ပစ်ထားခဲ့မှု၊ ရေတွေ ပုပ်နံအောင် ရက်ရှည်လများ ထားမှုကို ယခုအခါ တန်ခိုး ကြီးသော ဘုရားတိုင်းမှာလိုပင် တွေမြင်ရ၏။

ထိုအမှုများကို မိမိတို့အိမ်မှာ ပြုလျှင် ကျေနပ်နိုင်ကြမည် မဟုတ်ပါဘဲလျက် ဘယ်အတွက် ဘုရားနှင့်စပ်သော အဆောက်အဦမှာ ပြုဝံ့ကြပြုရက်ကြလိမ့်မည်နည်း။

ထို့ကြောင့် ပန်းဆီမီးစသည်ကို ပူဇော်ရာ၌ မိမိတို့၏ ပစ္စည်းဝတ္ထုအတွက် ဘုရားနှင့် စပ်သော အဆောက်အဦ၌ မညစ်မပေစေဘဲ ဖူးမြင်သူ လူအများတို့ သဒ္ဓါတိုးပွားအောင် သားနား သပ်ရပ်စွာ ပူဇော်ကြမှသာ နောင်သံသရာ၌ အကျိုးပေး စင်ကြယ်နိုင် ပါသည်။

ထို့ပြင် ဘုရားနှင့်စပ်သော အဆောက်အဦများ၌လည်း ခမ်းနားသပ်ရပ်သော ဝတ္ထုမှ တစ်ပါး တိုလီမှိုက်စ မလှပသော ပစ္စည်းဝတ္ထု မရှိမှသာ ပို၍ ကျက်သရေရှိရာ သောကြောင့် တစ်ယောက်တည်း မတတ်နိုင်လျှင် လူအများ စုပေါင်း၍ ကြီးကျယ် ခမ်းနားသော ဘုရား ကျောင်း စေတီတော် စသည်များကိုသာ တည်ထား ကိုးကွယ်ခြင်း, ကြည်ညိုဖွယ် မဖြစ်လောက်အောင် ပျက်စီးယိုယွင်းနေသော ဘုရား ကျောင်း စသည်များကို စုပေါင်းပြုပြင်ခြင်း ရှိပြီးနေရာများ၌ နောက်ထပ် တည်မည့် အစား မရှိသေးသော နေရာဝယ် တည်ထား ကိုးကွယ်ခြင်း စသည်တို့ဖြင့် အရှည်ကို မြင်မြော်၍ ပူဇော်ကိုးကွယ် သင့်ကြသည်။

အမှာ

▬▬

ယခုအခါ တချို့ ကိုးကွယ်ပုံမှာ မိမိအတွက် ကုသိုလ်ရမှု တစ်ခုကိုသာ ရည်ရွယ်ဟန် တူ၏၊ ဘာသာ သာသနာ အသရေရှိမှုကို ရည်ရွယ်ဟန် မတူ၊ ထို့ကြောင့် ထိုသူ၏ အလှူဝတ္ထု ပူဇော်ကိုးကွယ်မှုအတွက် အမျိုးဘာသာ သာသနာမှာ ဂုဏ်မတက်ဘဲ ဂုဏ်ပျက်ရလေသည်။

ယခုခေတ်သည် သူတစ်ပါး အလုပ်ကို ဝေဖန်ကြသောခေတ်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓ ဘာသာဝင်တို့သည် မိမိတို့၏ ရှင်ပြု ရဟန်းခံ ဘုန်းကြီးပျံ စသော အလုပ်တို့၌ သူတစ်ပါး၏ ဝေဖန် ခံနိုင်အောင် ပြုပြင်ကြဖို့ရန် တိုက်တွန်းပါသည်။

တရားဂုဏ်တော်ဖွင့်

ကျက်မှတ်ရန် ပါဠိတော်

သွာက္ခာတော ဘဂဝတာ ဓမ္မော
သန္ဒိဋ္ဌိကောအကာလိကော
ဧဟိပဿိကောသြပနေယျိကော
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ

ကြည့်ရှုရန် အဓိပ္ပာယ်

ဘဂဝတာ ဓမ္မော - ကား ဂုဏ်တော်ကို ပြသော ပါဠိမဟုတ်၊ “ဘုရား ဟောအပ်သော တရား” ဟု တရားနာမည်တော်ကို ပြသော စကားတည်း။

ထို့ပြင် - “တရား” ဟူသော အသုံးအနှုန်းလည်း ပို့ဆောင်ခြင်း အနက်ကို ဟောသော“ဓရ”ဟူသော ပါဠိမှ ကူးပြောင်းခဲ့ဟန်တူသောကြောင့် “တရား” ဟု မရေးဘဲ“ဓရား”ဟုရေးလျှင် သာ၍ကောင်းမြတ်ဖွယ်ရှိ၏ဟု ယူဆကြသည်။

တရားဂုဏ်တော် ၆-ပါး

  1. သွာက္ခာတ ဂုဏ်တော်
  2. သန္ဒိဋ္ဌိက ဂုဏ်တော်
  3. အကာလိက ဂုဏ်တော်
  4. ဧဟိပဿိက ဂုဏ်တော်
  5. သြပနေယျိက ဂုဏ်တော်
  6. ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ ဂုဏ်တော်

သွာက္ခာတ ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

ဘဂဝတာ၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။
ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်မြတ်ကို။
သွာက္ခာတော၊ ကြားနာရုံပင် အပူစင်၍ ကျင့်လျှင် ချမ်းသာ၊ ကျင့်ပြီးခါလည်း လွန်စွာ ငြိမ်းချမ်း၊ နိဗ္ဗာန်နန်းနှင့် စခန်းသင့်အောင် မှန်းလင့်ရည်ရော်၊ ကောင်းစွာ ဟောတော် မူအပ်ပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

သွာက္ခာတ ဂုဏ်တော်သည် “ကောင်းစွာ ဟောတော်မူအပ်၏” ဟူသောအနက်ကို ပြ၏။

(သု+ အက္ခာတသု = ကောင်းစွာ + အက္ခာတ = ဟောအပ်သည်။)

မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်

မဂ် ၄-ပါး၊
ဖိုလ် ၄-ပါး
နိဗ္ဗာန် ၁၊
ဓမ္မက္ခန္ဓာဟု ခေါ်သော ပိဋကတ်တော် ၁၊
ပေါင်း ၁ဝ-ပါးတည်း။

မဂ် ၄-ပါး
(၁) သောတာပတ္တိမဂ်
(၂) သကဒါဂါမိမဂ်
(၃) အနာဂါမိမဂ်
(၄) အရဟတ္တမဂ်

ဖိုလ် ၄-ပါး
(၁) သောတာပတ္တိဖိုလ်
(၂) သကဒါဂါမိဖိုလ်
(၃) အနာဂါမိဖိုလ်
(၄) အရဟတ္တဖိုလ်

ဤစကားအရ ယခုပြအပ်လတ္တံ့သော ဂုဏ်များနှင့် ပြည့်စုံသော တရား ဟူသည် ဘုရားရှင် ဟောတော်မူအပ်သော ပိဋကတ်ပါဠိတော် အဋ္ဌကထာ အစဉ်နှင့် မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားများသာ ဖြစ်သည်ဟု မှတ်ပါ။

စာအုပ် စာပေတို့သည် ထိုတရားတော်များကို မှတ်သားထားရာ “တရား ဘဏ္ဍာတိုက်”များသာတည်း၊ “ဓမ္မစေတီတော်”ဟုလည်း ခေါ်၏။ ထိုတရားတော် များကို ပို့ချသော ပုဂ္ဂိုလ်များကား တရားဘဏ္ဍာတိုက်ကို စောင့်သော ဘဏ္ဍာစိုးများ ဖြစ်၏။

ကြားနာရုံပင် အပူစင်၍

ရှင်တော် ဘုရား၏ တရားတော်များသည် -

၁-နာကြားရခြင်းတည်းဟူသော အစ၏ ကောင်းခြင်း

၂-ကျင့်ကြံ အားထုတ်ခြင်း တည်းဟူသော အလယ်၏ ကောင်းခြင်း

၃-ကျင့်ပြီးသောအခါ တရားထူးကိုရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ခြင်း၊

တည်းဟူသော အဆုံး၏ ကောင်းခြင်းများနှင့် ပြည့်စုံရကား မကျင့်နိုင်သေးစေကာမူ ကြားနာရုံမျှဖြင့် ဟုန်းကနဲထနေသော ကိလေသာ မီးပူကြီးများကို ငြိမ်းစေနိုင်ပါသည်။

ကိလေသာမီး ၁၀-ပါး

၁။ လောဘ = လိုချင်မှုမီး။

၂။ ဒေါသ = စိတ်ဆိုးမှုမီး။

၃။ မောဟ = မသိ မလိမ္မာမှုမီး။

၄။ မာန = မာနကြီးမှုမီး။

၅။ ဒိဋ္ဌိ = အယူမှားမှုမီး။

၆။ ဝိစိကိစ္ဆာ = ဘုရား တရား သံဃာ ကံ-ကံ၏အကျိုးများ၌ ယုံမှားမှု။

၇။ ထိန = အိပ်ချင်အားကြီး ထိုင်းမှိုင်းမှုမီး။

၈။ ဥဒ္ဓစ္စ = ပျံလွင့်မှု မတည်ကြည်မှုမီး။

၉။ အဟိရိက = အကုသိုလ် ဒုစရိုက်မှ မရှက်မှုမီး။

၁၀။ အနောတ္တပ္ပ = ဒုစရိုက်မှ မကြောက်လန့်မှုမီး။

ဤ ကိလေသာ ဆယ်ပါး မီးပူကြီးများသည် ငါတို့ ပုထုဇဉ်များ၏ သန္တာန်၌ လောင်မှန်းမသိ လောင်ကျွမ်းလျက်ရှိရာ တစ်ခါတစ်ခါ သိသိ သာသာ အပြင်းအထန် လောင်ကျွမ်းမှ “သြော် ... တယ်ပူတဲ့ မီးပါတကား”ဟု အထင်အရှား သိကြ ရလေသည်။

လောဘမီးလောင်ပုံ

ဘိက္ခုနီမတစ်စု သိမ်တွင်းသို့ ဥပုသ်ပြုသွားကြရာ ဘိက္ခုနီမ တစ်ယောက်သည် သိမ်အပေါက်၌ ထားသော လုလင်ပျို၏ ရုပ်တုကိုမြင်၍ စွဲလမ်းခင်မင် လောဘမီး ဝင်လာသောကြောင့် အများ ပြန်သော်လည်း မပြန်နိုင်သေးဘဲ ကြည့်ရှုမြဲ ကြည့်ရှု နေလေသော် အဖော် တစ်ယောက်က လာရောက် ခေါ်ငင်သောအခါ မတ်တတ် ရပ်လျက် အသက် မရှိတော့ဘဲ လက်ဆွဲ၍ အခေါ်တွင် ဝုန်းခနဲ လဲကျသွားလေသည်။

ဒေါသမီးလောင်ပုံ

နတ်ပြည်၌ နတ်တို့သည် မိမိတို့၏ အခြွေအရံများနှင့် ဥယျာဉ်သို့ တပျော်တပါး သွားတတ်ကြလေရာ အခါတစ်ပါး၌ နတ်သားတစ်ယောက်သည် အခြွေအရံများနှင့် ရထားစီး၍ ဥယျာဉ်သို့ သွားနေစဉ် နောက် မလှမ်းမကမ်းမှ လိုက်လာသော နတ်သား မြင်၍ “ရှေ့ကသူသွားနေသော နတ်သားသည် မဖြစ်စလောက် သူ့ စည်းစိမ်ကလေးကို ဧရာမ စည်းစိမ်ကြီးထင်ကာ လွန်စွာ ဟန်ကြီးလေသည်”ဟု ကဲ့ရဲ့သောအသံကို ရှေ့ကနတ်သားကြား၍ တစ်ယောက်တစ်ခွန်း စကားများပြီးလျှင် နတ်သမီးတို့က တောင်းပန်တုန်းမှာပင် အလွန် နုနယ်သော နတ် ၂-ယောက်၏ ခန္ဓာကိုယ်သည် ဒေါသမီး အရှိန်ကြောင့် ဇီဝိန်ချုပ်ပျောက် ဆုံးခန်းရောက်ကြရရှာလေသည်။

အမှာ

ဝမ်းနည်းမှု = သောကမီး၊
ငိုကြွေးမှု = ပရိဒေဝမီး၊
ကိုယ်ဆင်းရဲမှု = ဒုက္ခမီး၊
စိတ်ဆင်းရဲမှု = ဒေမနဿမီး၊
ရှိုက်ကာငင်ကာ ပြင်းစွာ ပူပန်ရမှု = ဥပါယာသမီးလည်း
ဤ ဒေါသမီး၌ ပါဝင်လေပြီ။

ယခု လူ့ပြည်၌လည်း တစ်စုံတစ်ခု ပျက်စီးခြင်းကြောင့် သောက ပရိ ဒေဝဟူသော ဒေါသမီးများ လောင်လျက် စိတ် ကတောက်ကတက်ဖြစ်ကာ မစားနိုင် မသောက်နိုင် တမှိုင်မှိုင် နေပြီးလျှင် အစဆုံး၍ ဘဝ တုံးသူတွေ အများပင်ရှိလေသည်။ ဤ ကိလေသာမီးပူကို တရားတော်က ကြားနာရုံမျှဖြင့် အေးငြိမ်းအောင် ငြိမ်းနိုင် ပါသည်။

ဤကား တရားတော်၏ “ကြားနာမှု” ဟူသော အစ၏ ကောင်းခြင်းတည်း။

ကျင့်လျှင် ချမ်းသာ

များစွာသော လူအပေါင်းက “ဘုရား၏တရားတော် လာသည့်အတိုင်း စောင့်စည်း ကျင့်ကြံ နေရလျှင် စိတ်ကျဉ်း ကျပ်၍ ဆင်းရဲလိမ့်မည်၊ ဘုရားရှင်၏ အလိုတော်နှင့် ဆန့်ကျင်သော လောကီ အာရုံများကို လိုက်စားနေရမှသာ ပျော်ရွှင်ဖွယ်ရှိသည်” ဟု ထင်မှား နေတတ်ကြသည်၊

ဥပမာ-ညဉ့်အခါ၌ မီးထွန်းထားလျှင် မီးရောင်ကို ရွှေတောင်ထင်၍ ဝင်ရောက် တိုးဝှေ့ သော ပိုးပရန်ကောင်များနှင့် တူလှချေ၏။

စင်စစ်မှာ ထိုထင်ကြသည့်အတိုင်း မဟုတ် ဘုရားရှင် အလိုတော်နှင့် ဆန့်ကျင်ဘက် ဖြစ်သော လောကီအာရုံကို လိုက်စားမှုကြောင့် ယခု ဘဝမှာပင် လူချင်းမတူ သူချင်းမမျှ၊ နလံမထူနိုင်အောင် အောက်ကျ သွားသူတွေကို မြင်ကြရလေပြီ။

ပါးနပ်လှ၍ ဤဘဝ၌ လူတွင်ကျယ် ဖြစ်နေစေကာမူ နောင်သံသရာဝယ် လူပါး လူလည်လုပ်၍ ရမည် မဟုတ် မုချ ဆိုးဝါးသော ဒုက္ခကြီးနှင့် တွေ့ကြရတော့မည်။

ဘုရားရှင်၏ အလိုတော်ကျအောင် တရားကို လိုက်နာ ကျင့်ကြံ၍ နေထိုင်ပါမူ လွန်စွာ ချမ်းသာပေမည်။ သားသမီးနှင့်တကွ တစ်အိမ်သားလုံး သူတော်ကောင်းချည်း ဖြစ်လျှင် မည်မျှ ချမ်းသာလိမ့်မည်။

ထို့ထက် အလွန် စိတ်တူ သဘောတူ ပါရမီဖြည့်မှုကိုသာ လိုရင်းထားလျက် တရားဘက် လိုက်စား၍ အေးအေးဆေးဆေး နေနိုင်ကြပါလျှင် မည်မျှချမ်းသာလိမ့် မည်ကို ဆင်ခြင်တွေးဆ၍ ကြည့်ကြပါကုန်။

ဥဒယဘဒ္ဒဇာတ်တော်

ဘုရားရှင်နှင့် ယသော်ဓရာ လောင်းလျာနှစ်ပါးသည် ဥဒယဘဒ္ဒမင်းသား ဥဒယဘဒ္ဒမင်းသမီး ဟူသော အမည်ဖြင့် “သုရုန္ဓန”ပြည်ကြီးကို အုပ်ချုပ်လျက် မင်း မိဖုရား ပြုလုပ်ခဲ့ဖူးကြလေသည်။

ပါရမီဖြည့်ဘက်များ ဖြစ်ကြသည့် အားလျော်စွာ မည်မျှကြင်နာ ကြမည်ကိုကား စာဖြင့် ရေးသား၍ပင် ကုန်ဖွယ်မရှိ၊ သိုသော် ဖတူ မိကွဲ မောင်နှမလည်း ဖြစ်ကြ အသိ အလိမ္မာတွင် အထွတ်အထိပ် ရောက်သော ပါရမီရှင်လည်း ဖြစ်ကြသည့် အတိုင်း မင်းမိဖုရား အဖြစ်ဖြင့် နေကြရသော်လည်း လောကီ လူ့ကိစ္စ လူ့အာရုံများ၌ စိတ်စက် မညွတ်ကြဘဲ၊ နန်းဆောင်တစ်ခန်းတည်းမှာပင် ဖြူဖြူစင်စင် စံတော်မူကြသတဲ့။

ထိုကဲ့သို့ စံနေစဉ် နောင်ရေးနောင်တာကို တွေး၍ တစ်နေ့သ၌ “မင်းမိဖုရားနှစ်ပါးတွင် အလျင် နတ်ရွာစံသူက ‘ရောက်ရာဘဝမှ လာ၍ ပြောကြစတမ်း”ဟု (အချင်းချင်း မခွဲလိုသောကြောင့်) ကတိစကား သစ္စာထားကြလေသည်။ ထိုသို့ ကတိထားပြီး နောက် ဘုရင်မင်းမြတ်က ရှေးဦးစွာ နတ်ရွာစံနှင့်၍ တာဝတိံသာ နတ်ပြည်ဝယ် သိကြားမင်း ဖြစ်လေသည်။

ထို့နောက် အတော်ကြာမှ သတိရသဖြင့် မိဖုရားအထံသို့ လာ၍ နတ်ပြည်၌ သိကြားမင်းဖြစ်ခြင်း၊ ကိုယ် နှုတ် စိတ်များကို စောင့်စည်း၍ စွန့်ကြဲ လှူဒါန်းနေပါလျှင် အတူတကွ ဖြစ်ဖို့ရန်ရှိကြောင်းနှင့် တကွ သံဝေဂတရား စကားများကို ပြောဆိုဆုံးမ၍ နတ်ပြည်သို့ ပြန်ကြွလေသော် မိဖုရားလည်း ဆုံးမသည့်အတိုင်း လိုက်နာ၍ ကံကုန်သည့်အခါ သိကြားမင်း၏ အထံတော်၌ မိဖုရားပင် ဖြစ်လေသည်။

ဤကား ကျင့်ကြံမှုဟူသော အလယ်၏ကောင်းခြင်းတည်း။

ကျင့်ပြီးခါလည်း စခန်းသင့်အောင်

အစွမ်းကုန် ကျင့်ပြီးသည့်အခါလည်း ကိလေသာမီးများ တစ်ခါတည်း ချုပ်ငြိမ်းသဖြင့် ထီးနန်းစည်းစိမ်မက သာလွန် ငြိမ်းချမ်းသော နိဗ္ဗာန်နန်းနှင့် စခန်းသင့်အောင် ရွှေဉာဏ်တော်ဖြင့် ချိန်၍ ဟောတော်မူထားရကား ဟောတော်မူသည့် အတိုင်း ကျင့်လျက် နိဗ္ဗာန်ကို ဧကန် ရနိုင်ပေသည်။

ဤကား “ကျင့်ပြီးခြင်း”ဟူသော အဆုံး၏ ကောင်းခြင်းတည်း။

တိုက်တွန်းချက်

ယခုအခါ၌ အသိအလိမ္မာ နောက်ကျ၍ ဥစ္စာစည်းစိမ် ဂုဏ်သိန် ပျက်ပြီးခါမှလည်း ကောင်းမှု အကုသိုလ် ဒုစရိုက်တွေ တင်းကျပ်အောင် ပြည့်နေမှလည်းကောင်း နောင်တရ၍ အထိုက်အလိုက် လိမ္မာသူတွေ ရှိကြပါပေ၏၊

တကယ်တမ်း ဒုက္ခနှင့် တွေ့ကြုံရသောအခါ ဘယ်လို ဖြေဖျောက်ရမှန်း မသိကြ၍ ကြံမိကြံရာ စိတ်နောက် ကိုယ်ပါ ကြံလျက် အသက်ဆုံးအောင် စီမံသူတွေကိုလည်း အများပင် ကြားဖူးလေပြီ။

ထိုသို့ အကြံဆိုးပေါ်လာလျှင် ဆရာကောင်းထံ ချဉ်းကပ်၍ တရားကို နာပါတော့လား ဘုရားရှင်၏ တရားတော်သည် သေချာစွာ သဘောကျလျှင် ယခုဘဝ တွေကြုံကြရိုး ဒုက္ခမီးမျိုးကိုလည်း ငြိမ်းစေနိုင် သံသရာ၌ တွေ့ရမည့် ဒုက္ခမီးကိုလည်း မုချငြိမ်းစေ နိုင်ပါသည်။

ထိုတရားတွေကို နားလည်ဖို့ရာလည်း ရဟန်းတော်များ စာသင်သလို ၁၀-နှစ် အနှစ် ၂၀-မျှလေ့လာ နေကြရမည် မဟုတ်ပါ။ တရားလမ်းကြောင်း သက်သက်ကို ဟောပြော ပြသသော ပညာရှိ သူတော်ကောင်း ယုံကြည်စိတ်ချရသော ဆရာသမား၊ တတ်သိနား လည်သော မိခင် ဖခင် အိမ်ရှင်အိမ်သူ၏ စကားကို လိုက်နာမှု့ တရား လမ်းမှန် ရေးထားသော ပညာရှိတို့၏ စာများကို စိတ်ပါလက်ပါ ကြည့်ရှုမှုဖြင့် သူတော်ကောင်း ပညာရှိကလေးများဖြစ်နိုင်ပါသည်။

ထို့ကြောင့့်် “မိုးကုန်မှ ထွန်ချခြင်း၊ မျက်စိကန်းမှ ရက်ကန်းသင်ခြင်း၊ နေဝင်မှ စပါးလှန်းခြင်း၊ သူခိုးပြေးမှ ထိုးကွင်းထ၍ လူမိုက်နောက်မှ အကြံရခြင်းမျိုး” မဖြစ်စေဘဲ ဗုဒ္ဓဘာသာတရား၌ သိထိုက်သော လိုရင်းအချက်များကို လက်မလွန်ခင် စောစောက ကြိုတင်၍ သိရှိနားလည်အောင် ကြိုးစားကြဖို့ရန် အထူးတိုက်တွန်း ပါသည်။

သန္ဒိဋ္ဌိက ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်။
သန္ဒိဋ္ဌိကော၊ ဟောပြောသလောက် ကျင့်တိုင်းပေါက်၍ မဂ်ရောက်ဖိုလ်ထိ ပညာရှိသည့် များအရိယာ သူတော်စွာတို့ သူတကာ ယုံကြည်သောကြောင့် သဘောချင်းထပ် မဆည်းကပ်ဘဲ တပ်အပ်ထင်ထင် ကိုယ်တိုင်လည်း သိမြင်ထိုက်ပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

သန္ဒိဋ္ဌိက ဂုဏ်တော်သည် “ကိုယ်တိုင် သိမြင်တော်မူထိုက်၏” ဟူသော အနက်ကို ပြ၏။

[သံ = ကိုယ်တိုင် + ဒိဋ္ဌ = သိမြင်ခြင်း + ဣက = ထိုက်သည်။]

ဘုရားရှင် ဟောတော်မူအပ်သော တရားတော်သည် ဟောတော်မူထားသည့် အတိုင်းသာ ကျင့်ကြံအားထုတ်ကြလျှင် မဂ်ဖိုလ်အထိ ပေါက်ရောက်နိုင် ပေ၏၊ မဂ်ဖိုလ်ရလျှင် နိဗ္ဗာန်ကို ကိုယ်တိုင်သိနိုင်၏၊

ထို့ကြောင့် များစွာသော အရိယာအပေါင်း သူတော်ကောင်းတို့သည် သူတကာ အပြောကောင်း၍ ယုံကြည်ကျေနပ် သဘောချင်းထပ်မိ၍ ဆည်းကပ်ကျင့်ကြံရသည် မဟုတ်ဘဲ မဂ်ဖိုလ်နိဗ္ဗာန် ဟူသော လောကုတ္တရာ တရားကိုးပါးကို တပ်အပ်ထင်ထင် ကိုယ်တိုင် သိမြင်နိုင်ကြပေသည်။

အမှာ

ဓမ္မက္ခန္ဓာ တရားတော်များသည် ဘုရားရှင်၏ စကားတော် အစဉ်သာ ဖြစ်၍ ကိုယ်တိုင် သိရ မြင်ရ၊ ကိုယ့်သန္တာန်၌ ဖြစ်စေရမည့်တရား မဟုတ်သောကြောင့် ဤ သန္ဒိဋ္ဌိက ဂုဏ်တော်၌ မပါဝင်ချေ။

တိုက်တွန်းချက်

ဤဗုဒ္ဓဘာသာ တရားတော်သည် ကိုယ်တိုင်ဒိဋ္ဌ သိမြင်နိုင်လောက်အောင် ထင်ရှားသော ဂုဏ်တော်ရှိ၏။ အခြား တရားများတွင် ဟိန္ဒူတရား၌သာ လောကီဈာန် အဘိညာဉ် ရစေနိုင်သော အစီအစဉ်ရှိ၏။ လောကီမှ လွတ်မြောက်ကြောင်း ဖြစ်သော မဂ်တရား ဖိုလ်တရားတို့ကား မရှိချေ။

အခြားသော ဘာသာတို့၌ကား ဈာန်အဘိညာဉ်ကိုမျှ ရနိုင်သော အစီအစဉ် မရှိချေ။ သူတို့ တရားတွေကို မည်မျှလောက် ကျင့်နေသော်လည်း ကိုယ်တိုင် ဒိဋ္ဌ သိမြင်ရမည် မဟုတ်ချေ၊ တရားဟောဆရာတို့၏ အဟောဖြင့်သာ ကျေနပ်နေကြရပေမည်။

တရားတော်ကို ထားလိုက်ပါဦး၊ ထိုတရားကို ဟောပြ ပညတ်ခဲ့သော ဘုရား လုပ်သူကိုပင် အချို့ဘာသာတို့၌ အထင်အရှား ပြနိုင်သော အစွမ်းမရှိကြ။ ကောင်းကင်ဘုံမှာ နေသလိုလို၊ ဟိုမှာလိုလို သည်မှာလိုလိုနှင့် ရီးတီးရားတား ဖြင့်သာ ကျေနပ်ကြရသည်။

ထိုသူတို့ ဘုရား၌ “ဘုရားဖြစ်ဖို့ရာ မည်သည့် ကောင်းမှုပါရမီကို ဆည်းပူး ဖြည့်ကျင့်လျက် မည်သည့်အမျိုးမြတ် အဆွေမြတ်တွင် ဖွားပြီးလျှင် မည်ကဲ့သို့ တရား အားထုတ်၍ မည်သည့်အရပ်၌ ဘုရားဖြစ် ပြီးနောက် မည်မျှလောက်ကြာအောင် တရားတော၍ မည်မျှသတ္တဝါတွေကို အကျွတ်တရား ရစေသည်” ဟု ကျကျနန ပြစရာ မရှိပါချေ။

ဗုဒ္ဓဘာသာဝင်တို့၏ ရှင်တော်မြတ်အတွက်ကား ထိုအားလုံးကို စေ့စေ့ငင ပြနိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့် လေးရာ ခုနစ်ဆယ်ကျော် လောက်က အိန္ဒိယ ပြည်ဝယ် ငါတို့၏ ဘုရားရှင် ပွင့်ထွန်းတော်မူခဲ့ကြောင်းကို ဘုရားရှင်၏ သီတင်းသုံး တော်မူရာ အရပ်နှင့် အဆောက်အအုံ အစအနများ ယခုတိုင် ထင်ရှားရှိသေးသဖြင့် မည်သူမျှ ငြင်းဆန်ဖွယ်ရာမရှိပြီ။

သို့ဖြစ်၍ ဗုဒ္ဓဘာသာဘုရားသည် “လေဖမ်း ဒန်းစီး - ကောင်းကင်မှာ တိုက်ကြီး တည်သလို” ရီးတီးရားတား ဟိုလိုလို သည်လိုလိုနှင့် လှည့်ပတ်၍ ထားအပ်သော ကလီကမာ ဘုရားမဟုတ်ပါ၊ တကယ်ပင် ထင်ရှားခဲ့သော ဘုရားဖြစ်ပါသည်။

ထို ဘုရားရှင်၏ တရားတော်များကိုလည်း ယခုတိုင် ထင်ရှား ရှိကြသေး၏။ ထို တရားတော် လာသည့်အတိုင်း ကျင့်ပါလျှင် ကိုယ်တိုင်ဒိဋ္ဌ သိမြင်နိုင်၏။ ကိုယ့် သန္တာန်မှာ မဂ်တရား ဖိုလ်တရား ဖြစ်ပေါ်နေသည်ကို ကိုယ်တိုင်သိနိုင်၏၊ ထို မဂ်ဖိုလ်ကို ရသောအခါ နိဗ္ဗာန်ကို ကိုယ်တိုင် မြင်နိုင်၏၊

ဤသို့ ကိုယ်တိုင် မြင်နိုင်သောတရား ဖြစ်ရကား အခြား ဘာသာတို့က လောကီ ဂုဏ်ကို ပြ၍ မည်မျှပင် သွေးဆောင်ကြသော်လည်း ကိုယ်ပိုင်ဉာဏ်ကို အသုံးပြု၍ လည်းကောင်း အခြား ပညာရှင်များနှင့် ဆွေးနွေးသောအားဖြင့် လည်းကောင်း ယုံကြည်မှု သဒ္ဓါအစစ် ဖြစ်ကြပါစေ။

ဆက်ပါဦးမည်...

ဗုဒ္ဓဘာသာ၌ ပဋိစ္စသမုပ္ပါဒ် (ကြောင်း ကျိုး ဆက်စပ်) တရားတော်မြတ်သည် သတ္တဝါ တိုင်း၏ ဖြစ်ပျက်ပုံကို စုံစုံလင်လင် ပြတော်မူ၏၊ ထို တရားတော်ကိုလည်း အဘိဓမ္မာ အခြေခံ မရှိသူသည် ပိုင်ပိုင်နိုင်နိုင် နားမလည်ပါ၊ ထိုတရားတော်ကို နားမလည်သမျှ ဤဘဝ နောင်ဘဝ အရေးကို အမှန်ကျအောင် မတွေးနိုင်ပါ။ ထို့ကြောင့် အဘိဓမ္မာကို အခြေ ရအောင် သင်ပြီးမှ ပညာရှိများနှင့် ဆွေးနွေးကြလျှင် သာ၍ သဘောကျ ပါလိမ့်မည်။

အကာလိက ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

ဓမ္မော၊ သောတာပတ္တိ စသည် ဆင့်တက် လေးချက်အပြား မဂ်တရားသည်။
အကာလိကော၊ ငါးရက် ခုနစ်ရက် စသည်ဘက်၍ ငံ့လျက်ရှည်ဝေး အကျိုးပေးရာ၊ အခါမငဲ့ အခြားမဲ့ဖိုလ် အကျိုးကိုလည်း ပေးတော်မူတတ် ပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

အကာလိကဂုဏ်တော်သည် “အကျိုးပေးဖို့ အချိန်ဆွဲ၍ ဖင့်နွှဲခြင်းမရှိ” ဟူသော အနက်ကို ပြ၏။

[အ + ကာလ + ဣက = မ + ကာလ = အချိန်+ ဣက = ရှိ၊]

ဤ “အကာလိက”ဂုဏ်တော်ကား မဂ် ၄-ပါးနှင့်သာ ဆိုင်၏၊ မဂ်တရား ဟူသည် ကုသိုလ်ကံတရားတည်း၊ ဖိုလ်တရားကား ထိုမဂ်ကုသိုလ်၏ အကျိုးတရားတည်း၊

ပုဂ္ဂိုလ်တစ်ဦးသန္တာန်၌ မဂ်ရအောင် ကမ္မဋ္ဌာန်းအားထုတ်၍ မဂ် ကုသိုလ်စိတ် ဖြစ်လျှင် ချက်ခြင်း ဖိုလ်စိတ်တည်းဟူသော အကျိုးလည်း တစ်ဆက် တည်း ပေါ်လာ၏၊

“လောကီ ကုသိုလ်ကံများကဲ့သို့ ၅-ရက် ၇-ရက် ၁-ဘဝ ၂-ဘဝ စသည်ဖြင့် အချိန်ဆွဲ၍ ဖင့်နွှဲခြင်းမရှိ၊ ချက်ခြင်း အကျိုးပေးနိုင်သော ဂုဏ်ထူးရှိသည်” ဟူလို၊

ဤ “အကာလိက” ဂုဏ်တော်ကား အဘိဓမ္မာ သဘောတရားကို လေ့လာဖူးသူ တို့သာ ကျကျနန သဘောကျနိုင်စရာ ရှိပါသည်။

ဧဟိပဿိက ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်။
ဧဟိပဿိကော၊ ဝေဟာတက်ထွန်း၊ ယုဂန်စွန်း၌ လဝန်းအလား ပတ္တမြားသဖွယ်၊ စင်ကြယ် ထင်ရှား ရှိသည်များကြောင့် အားရရွှင်လန်း လိုက်ခဲ့စမ်းပါ၊ ရှုစမ်းပါဟု သံသာချိုမြ၊ ဖိတ်ခေါ်ပြဖို့ မုချဧကန် အမှန်သင့်လျော် ထိုက်တန်တော်မူပါပေ၏။

ကြည့်ရှုရန်အဓိပ္ပာယ်

ဧဟိပဿိကဂုဏ်တော်သည် “လိုက်စမ်းပါ။ ကြည့်ရှုလှည့်စမ်းပါ””ဟု ဖိတ်ခေါ် ထိုက်၏ ဟူသောအနက်ကိုပြသည်။

[ဧဟိ + ပဿ + ဣကဧဟိ = လိုက်ခဲ့ပါ + ပဿ= ရှုလှည့်စမ်းပါ + ဣက = ဤသို့ ဖိတ်ခေါ်ထိုက်။]

လောက၌ သေတ္တာ စသည်တို့၏ အတွင်းဝယ် ဘာမျှ မရှိလျှင် “လာစမ်းပါ ကြည့်စမ်းပါ”ဟု ခေါ်ယူပြသခြင်းငှာ မထိုက်၊ ရှိပင် ရှိသော်လည်း ထိုဝတ္ထုက ကြည့်ရှုဖွယ် ကောင်းလောက်အောင် အဖိုးထိုက် အဖိုးတန် လှပသော အရာဝတ္ထုမျိုး မဟုတ်ဘဲ သာမန် ဝတ္ထုမျိုး ဖြစ်နေပြန်လျှင်လည်း အရေးတကြီး ခေါ်ငင် ပြသခြင်းငှာ မထိုက်။

ဘုရားရှင်၏ တရားတော်ကား ဝေဟာသ (ကောင်းကင်) ဗဟိုဝယ် ယုဂန္ဓိုရ် တောင်စွန်းမှ တက်ထွန်းလာသော လပြည့်ဝန်းကြီးအလား ပတ္တမြားရတနာ သဖွယ် အလွန် စင်ကြယ် သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “လိုက်ခဲ့စမ်းပါ မည်မျှ အဖိုးတန်၍ အကျိုးများတဲ့တရား ဟု ကိုယ်တိုင်သိရအောင် ကျင့်ကြည့်စမ်း”ဟု ခေါ်ငင်၍ ပြသ တိုက်တွန်းခြင်းငှာ ထိုက်တန်သော ဂုဏ်တော် ရှိပါသည်။

တိုက်တွန်းချက်

ဤဂုဏ်တော်၌ လောကုတ္တရာတရား ကိုးပါးသာ ကျမ်းဂန်တို့၌ လာ၏၊

သို့သော် ဤဂုဏ်တော်ကို အတုလိုက်၍ စာပေ ပရိယတ် တရားတော်မြတ်ကိုလည်း ကောင်း ကောင်းမွန်စွာ ကျင့်ကြံနေသော သံဃာတော်များကို လည်းကောင်း “လိုက်ခဲ့စမ်းပါ နာကြည့်စမ်းပါ ဖူးမြော်လှည့်စမ်းပါ” ဟု မိတ်ကောင်း ဆွေကောင်း များကို တိုက်တွန်းသင့်ပေသည်။

အလောင်းတော် ဇောတိပါလနှင့် ဃဋိကာရ

“သိဒ္ဓတ်မင်းသား ဘုရားအလောင်း တောထွက်တော် မူလာသောအခါ ဃဋိကာရ ဗြဟ္မာကြီးက သင်္ကန်း ကပ်လှူလာသည်”ဟု ပြောစမှတ်ပြုကြသော ဃဋိကာရ ဗြဟ္မာ အလောင်းသည် ကဿပဘုရား လက်ထက်တော်တုန်းက မျက်မမြင် မိဘတို့ကို ပြုစုနေသော ဃဋိကာရ အိုးထိန်းသည် ဖြစ်၏၊ ဘုရားရှင်ကို အလွန်ကြည်ညိုသော သီတင်းသည် သူတော်ကောင်းကြီးပေတည်း။

ငါတို့ ဘုရားအလောင်းကား အမျိုးအားဖြင့် အထက်တန်းကျ၍ အလွန် မာနကြီးသော ဇောတိပါလလုလင် ဖြစ်လျက် ထိုစဉ်က ဗုဒ္ဓဘာသာ မဟုတ်သေးဘဲ ဃဋိကာရ၏ အသည်းစွဲ မိတ်ဆွေ တစ်ယောက်တည်း။

ဃဋိကာရသည် ဘုရားရှင်ကို ဖူးမြော်ဖို့ရန် ဇောတိပါလကို အတန်တန် တိုက်တွန်း၏။ သို့သော် အမျိုးဂုဏ် မာန်တက်၍ ဘုရားကိုပင် အဖက် မထင်သေးချေ။

ဃဋိကာရလည်း “ဘုရားအထံ မရောက်လျှင် မနေ”ဟု အမြဲ ကြံစည်ကာ မြစ်ဆိပ်သို့ ရေချိုးဖို့ရန် ခေါ်သွားပြီးလျှင် “မိတ်ဆွေ ... ကဿပ ဘုရားရှင်သည် အနီးမှာပင် သီတင်းသုံးတော် မူနေ၏၊

ထိုဘုရားရှင်ကို ဖူးမြင်ရခြင်းသည် ကျွန်ုပ်စိတ်၌ အမြတ်ဆုံး ဟု ထင်၏၊ လိုက်ခဲ့ပါ ဖူးချေကြစို”ဟု သုံးကြိမ် တိုင်အောင် ခေါ်သော်လည်း ရှေးနည်းအတူ ပယ်ရှား၍ နေသဖြင့် နောက်ဆုံး၌ “မလိုက်လျှင် မနေရ”ဟု ဆံပင်ကို အတင်းဆွဲ၍ ခေါ်လေသော်...

“ဃဋိကာရသည် အမျိုးအားဖြင့် ငါ၏ အောက်ကျသူဖြစ်ပါလျက် ဆံပင်ကို ဆွဲနိုင်သည်မှာ အံ့ဩစရာကြီး ဖြစ်ပေသည်၊ ဧကန် အကျိုးရှိ၍သာ မရမက ခေါ်ပေသည်”ဟု သဘောကျ၍ ဘုရားအထံသို့ လိုက်သွားပြီးလျှင် တရားတော်ကို နာရသောအခါ လွန်စွာအားရ နှစ်သက်လှသဖြင့် သာသနာ့ဘောင်သို့ ဝင်လေသည်။

ဤသို့ ဝမ်းမြောက်လောက်အောင် “ဧဟိ ပဿိက” ဂုဏ်တော်နှင့် အထိုက်အလိုက် ပြည့်စုံပါလျက် ယခုကာလ ဘုရားဟောရာ အရပ်နှင့် သံဃာတော်များ အထံသို့လည်း ခေါ်ငင် ပြသထိုက်ပေသည်။

[မဇ္ဈိမပဏ္ဏာသ၊ ရာဇဝဂ်၊ ဃဋိကာရသုတ်။]

သို့သော် စဉ်းစားရန် တစ်ချက်မှာ - ယခုကာလ၌ ဘာသာအမျိုးမျိုးက မိမိတို့ ဘာသာကိုသာ မှန်ကန်ကြောင်း အခြား ဘာသာ မှားယွင်းကြောင်းကို ဟောပြကြ၏၊ ဗုဒ္ဓဘာသာ တရားတွင်လည်း “သူတိုဂိုဏ်းက ကောင်းသည်၊ ငါတိုဂိုဏ်းက ကောင်းသည်၊ သူ့ကိုယ်တော်က ကြည်ညိုဖွယ်ကောင်း၏၊ ငါ့ကိုယ်တော်က ကြည်ညိုဖွယ်ကောင်း၏၊ ငါ့ကိုယ်တော်က စာတတ်၏ တရားဟော ကောင်း၏၊ ကမ္မဋ္ဌာန်းပေးကောင်း၏ ဓာတ်ရိုက် ယတြာဆင် ကောင်း၏” စသည်ဖြင့် “(ဧဟိ) လိုက်ခဲ့စမ်းပါ (ပဿ) ဖူးမြော်လှည့်စမ်းပါ” ဟုသွေးဆောင် ခေါ်ငင်ကာ ကိုယ့် ငါးချဉ်ကိုသာ ကိုယ်ချဉ်လျက် ရှိကြလေသည်။

ဤမျှလောက် ရှုပ်ထွေးသော လောကကြီးဝယ် ကိုယ်ပိုင်ဉာဏ်ကို အသုံး ပြုနိုင်သူ ကလည်း နည်းပါးလှ၏၊ သာသနာတော် ဆိုင်ရာဝယ် များစွာသော ကိစ္စတို့၌ မာတုဂါမတွေသာ ခေါင်းဆောင် ဖြစ်နေကြ၏။

မာတုဂါမဟူသည် မိမိက သူတစ်ပါးတို့ကို လှည့်ပတ်ရမည့် အရာ၌ လွန်စွာ ဉာဏ်များ သလောက် သူတစ်ပါးက မိမိကို ဖျားယောင်းသည်ကိုလည်း ယုံကြည်လွယ်ရုံမက မပြော ပလောက်သော ဂုဏ်ကလေးကိုပင် တကယ် ဂုဏ်ကြီးဟု ထင်တတ်ကြ လေသည်။

ထို့ကြောင့် မာတုဂါမတွေ ခေါင်းဆောင်၍နေသော သာသနာ့ ကိစ္စ အဝဝတို့၌ မကျန မသန့်ရှင်းဘဲ ချွတ်ယွင်းသော အချက်တွေ အလွန် များနေ၏၊ အမှန်ကို ဟောပြလိုသူ တို့မှာလည်း မိုးခါးရေသောက် ကာလကြီးမို့ မတတ်နိုင်ဘဲ လက်မှိုင်ချရလေပြီ။ သို့ဖြစ်၍ ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များကို ဆည်းကပ်မိဖို့ရန်မှာ ရှေးကံကောင်း လှမှ ဖြစ်ရတော့ မလောက် ရှိတော့သည်။

အချုပ်မျှ သတိပေးရလျှင် ပုဂ္ဂိုလ်တစ်ပါးပါးကို ကိုးကွယ်မိက အသိ အလိမ္မာ ဉာဏ်ပညာနှင့် သူတော်ကောင်းစိတ်များ တိုးပွား မတိုးပွား စဉ်းစားကြပါလေ၊ တိုးပွားလျှင် ကိုးကွယ်သူမှာ အမြတ်ရ၏။

ကုသိုလ် မတိုးပွားဘဲ မိမိတို့နှင့် ဆန့်ကျင် ဘက် ပုဂ္ဂိုလ်များကို ပြိုင်ရ ဆိုင်ရ တိုက်ခိုက်ရ သဖြင့် မတရားမှု ဒုစရိုက်တွေသာ တိုးပွား၍ အကုသိုလ် များနေပါလျှင် အရင်းပင် ဆုံးရှုံးသေး၏၊

တချို့ကား ပြိုင်ရင်း ဆိုင်ရင်း ရန်ခိုက်ဒေသ ဖြစ်ကြ၍ ရုံးသို့ ရောက်ရသောကြောင့် ငွေကုန် လူပန်း စိတ်မချမ်းသာစရာ တွေလည်း ဖြစ်ကြရရှာလေ၏၊ ထို့ကြောင့် “ကိုးကွယ်ရာမှ ဘေးမဖြစ်အောင်” ကြိုးစား၍ သတိဆောင်ကြပါလေ။

ဘုရားချင်းပေါက်

အဝမြို့၌ ရှေးအခါက ရဟန်းတော် နှစ်ပါး ဒက္ခိဏသာခါ ရုပ်တုတော်ကို ကိုးကွယ်ကြပြီးလျှင် ရုပ်တုတော်ချင်း အသပ္ပါယ် ပြိုင်စဉ် မခံချင်သဖြင့် “သတ္တိရှိလျှင် ဘုရားချင်းပေါက်ကြစို့” ဟုပြောဆိုကာ ရုပ်တုတော်ချင်း တစ်ယောက် တစ်လှည့် ပေါက်ကြဖူးသတဲ့။

ယခု ကာလလည်း ဒကာကို ဆရာက မြှောက်၊ ဆရာကို ဒကာကမြှောက်၍ ဒကာချင်းပေါက် ဆရာချင်းပေါက်လျက် ကမောက်ကမ ဖြစ်နေကြသည်မှာ ဘာသာခြားတွေကို ရှက်ဖွယ် ကောင်းလှပေသည်။

ထို့ကြောင့် မိမိတို့ရပ်ရွာ မြို့နယ်၌ သံဃာချင်း ရပ်ရွာသားချင်း ဆန့်ကျင်ဘက် မဖြစ်ရအောင် စောင့်ရှောက်နိုင်လျှင် အကောင်းဆုံး ဖြစ်၏။

မိမိမှာ ထိုကဲ့သို့ စောင့်ရှောက်နိုင်လောက်အောင် သြဇာမရှိလျှင် မည်သည့်ဘက်ကိုမျှ အရေးတကြီး အားမပေးဘဲ “ကိုယ့်ဝန် ကိုယ်ထမ်း၍ ကိုယ့်လမ်း ကိုယ်သွားရမည်” ကို နှလုံးသွင်းကာ အေးအေး နေနိုင်ခြင်း အပြစ်ကင်းပေမည်။

မနေသာ၍ ပါဝင် ရလျှင်လည်း အကောင်းဆုံးစိတ် ထားနိုင်အောင် သတိပြုပါလေ။

သြပနေယျိက ဂုဏ်တော်ဖွင့်

▬▬▬▬▬▬▬▬▬▬

ကျက်မှတ်ရန်
ဓမ္မော၊ မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်သည်။
သြပနေယျိကော၊ မိမိစိတ်တွင် တစ်ကြိမ်ထင်က လေးခွင်အပယ် ဝဋ်မီးကွယ်သဖြင့် ကိုယ်ဝယ်ဝတ်နှောင် ဆံဦးသျှောင်ကို မီးလောင်သော်မှ မငြိမ်းအားဘဲ တရားမျက်ရှင် စိတ်စွဲထင်အောင် ကျင့်ဆောင်ခြင်းငှာ ထိုက်တော်မူပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬▬▬▬▬▬▬

သြပနေယျိက ဂုဏ်တော်သည် “မိမိစိတ်သို့ ကပ်၍ ဆောင်ယူထိုက်၏” ဟူသော အနက်ကို ပြသည်။
[ဥပ + နေယျ + ဣကဥပ = မိမိစိတ်သို့ ကပ်၍ + နေယျ = ဆောင်ယူခြင်း + ဣက = ထိုက်သည်။]

မဂ်ဖိုလ် နိဗ္ဗာန် တရားတော်များသည် ပုထုဇဉ်တို့ သန္တာန်၌ တစ်ခါတစ်ရံမျှ မဖြစ်ခဲ့ဖူးပေ။

မိမိ၏စိတ်တွင် တစ်ကြိမ်တစ်ခါမျှ အထင်အရှား ဖြစ်ပေါ်လာလျှင် [“သောတာပန်ဖြစ်လျှင်”ဟု ဆိုလိုသည်။] အပါယ် ၄-ပါး၌ ခံစား ရမည့် ဝဋ်ဒုက္ခ အပူမီးတို့ကို တစ်ခါတည်း ငြိမ်းစေနိုင်သောသတ္တိ (မည်သည့်အခါမျှ အပါယ်သို့ မကျအောင် စောင့်ရှောက်နိုင်သောသတ္တိ) ရှိခြင်းကြောင့် …

မဂ်ဖိုလ်ရအောင် ကမ္မဋ္ဌာန်းကို အားထုတ်နေတုန်းဝယ် ကိုယ်၌ ဝတ်ဆင်ထားသော အဝတ်ကို သို့မဟုတ် ဦးသျှောင် (ဆံထုံး) ကို မီးလောင်စေကာမူ ထို မီးကို မငြိမ်းအားဘဲ ကမ္မဋ္ဌာန်းကိုသာ အတွင်း ကြိုးစား၍ …

ပတ္တမြား မျက်ရှင်နှင့် အလားတူသော ထို မဂ်ဖိုလ်တရားတော်များကို စိတ်ထဲ၌ စွဲလမ်းအောင် ထင်မြင်လာအောင် (မဂ်ဖိုလ်ရအောင်) အားထုတ်ထိုက်ပါသည်။

အပြင်မီးကို မငြိမ်းနိုင်သော်လည်း တစ်ခါသာ လောင်နိုင်မည်၊ အတွင်း ကိလေသာ မီးတွေကား မဂ်ဖိုလ်မရသေးလျှင် ဘဝများစွာ လောင်နေကြမည်-ဟူလို။

တိဿမထေရ် ဝတ္ထု

▬▬▬▬▬▬▬

သာဝတ္ထိပြည်၌ တိဿမည်သော သူကြွယ်တစ်ယောက်သည် ရဟန်းဘောင်သို့ ဝင်ပြီးလျှင် တောကျောင်း၌ တရားအားထုတ်နေ၏၊ ခယ်မဖြစ်သူ (ညီ မယား)က ခဲအို ရဟန်းတော် လူထွက်လာလျှင် အမွေ ခွဲပေးရမည် စိုးသောကြောင့် လူဆိုးများကို လာဘ်ပေးလျက် ဖျောက်ဖျက်ခိုင်း လေသည်။

လူဆိုးများက သွား၍ သတ်မည့်အကြောင်းကို ပြောကြရာ “သည်တညဉ့်မျှ ခွင့်ပေးကြပါ, အာမခံ ပေးပါမည်”ဟု ပြောလေသည်၊

“ကိုယ်တော်ကို အာမခံမည့်သူ အဘယ်မှာ ရနိုင်မှာလဲ”ဟု ပြောကြလေသော် ကျောက်ခဲ ကြီးကိုယူကာ ခြေနှစ်ဖက်ကို ကိုယ်တိုင်ပေါက်ချိုး၍ ထွက်မပြေးနိုင် ကြောင်းကို အာမခံ ပေးလေသည်။ ထိုနောက် သေလုမြောပါး နာကျင်သော ခြေကို ဂရုမစိုက်အားဘဲ တရားကို အားထုတ်လေရာ အရုဏ် တက်ချိန်မှာ ရဟန္တာ ဖြစ်ပါသည်။

[ဒီဃနိကာယ်, မဟာဝဂ္ဂ, မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ။]

တိုက်တွန်းချက်

▬▬▬▬▬▬

ဤဝတ္ထု၌ လာသည့်အတိုင်း အရေးကြီးသောအချက်ဝယ် အသက်ကိုပင် ပဓာန မထားဘဲ ကြိုးကြိုး စားစား အားထုတ်လိုက်အောင် “တရားတော်မှာ ကောင်းသော ဂုဏ်တော်ရှိပေသည်”ဟု တရားတော်၏ ဤ သြပနေယျိကဂုဏ်တော်ကို အာရုံပြု ကြပြီးလျှင် မိမိသန္တာန်၌လည်း “ဤမဂ် ဖိုလ်တရားများကို တစ်ဖြည်းဖြည်း ဖြစ်ပေါ် လာအောင် အားထုတ်လိုက်သည်။

အားထုတ်မှသာ အမှန် ချမ်းသာခွင့် ရတော့မည်” ဟု နှလုံးပြုကာ ရဟန်း သီလရှင် သူတော်စင်တို့ တရားအားထုတ်ဖြစ်အောင် ကြိုးစားသင့်ကြပါသည်။

လူဝတ်ကြောင် များကလည်း တစ်သက်တာ တစ်ခဏမျှ အပျော်အပါးနှင့် မော်ကြွား စားသောက်ဖို့အတွက် စက်ဆုပ်ဖွယ်ရာ မတရားသော နည်းတို့ဖြင့် ပစ္စည်းရှာဖွေမှု များကို အရေးတကြီး သတိထားလျက် ပယ်ရှားရှောင်ကြဉ်၍ တရားတော် နည်းလမ်း အရ စည်းကမ်းကျအောင် ရှာဖွေ စုဆောင်းပြီးလျှင် ဆင်ခြင်တိုင်းထွာ၍ သုံးစွဲကာ မကြာ မကြာ အိမ်မှထွက်၍ ဥပုသ်ရက်ရှည် စောင့်ရင်း တရားအားထုတ် သင့်ကြပါသည်။

ထို့ပြင်-မိမိတို့ ယခုဘဝ၌ အစွမ်းကုန် ရှာဖွေ၍ ရသော ဥစ္စာစုကား ယခုဘဝ၌သာ အကျိုးပေး၏၊ ပါရမီစီးပွားမှာ နောင်သံသရာ တစ်လျှောက်လုံး ကောင်းကျိုး ပေးလိမ့်မည်။

ထို့ကြောင့် “မိမိတို့မှာ ပင်ပန်းကြီးစွာ အားထုတ် ကြရာ၌ ယခုဘဝအတွက် စီးပွားစုမှုက များသလား, တစ်သံသရာလုံးအတွက် ပါရမီကုသိုလ် စီးပွားစုမှုက များသလားဟု ကြပ်ကြပ် စဉ်းစားပြီးလျှင် “ကမ္မဿကာ - ကံသာကိုယ်ပိုင်ဥစ္စာ”ဟု သဘောပေါက်၍ သံသရာစီးပွားက ယခု တစ်ဘဝစီးပွားထက် များအောင် ကြိုးစား၍ ပါရမီဖြည့်သင့်ကြပါသည်။

[အဟံ - ငါသည်။
ကမ္မဿကာ - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်။
အမှီ - ဖြစ်ပါတကား။]

ပစ္စတ္တံ ဝေဒိတဗ္ဗ ဂုဏ်တော်ဖွင့်

▬▬▬▬▬▬▬▬▬▬▬

ကျက်မှတ်ရန်
ဓမ္မာ၊ မဂ်ဖိုလ် နိဗ္ဗာန် ကိုးတန်သော တရားတော်မြတ်ကို။
ဝိညူဟိ၊ ပုထုဇန်နှင့် မတန်သင့်စွာ လေးသစ္စာကို ကောင်းမြင်သိ ပညာရှိအပေါင်း အရိယာ သူတော်ကောင်းတို့သည်။
ပစ္စတ္တံ ဝေဒိတဗ္ဗော၊ ကိုယ်စီ ကိုယ်င လိုတိုင်းရ၍ နိဗ္ဗာနဓာတ် သမာပတ်ဖြင့် မပြတ် သိပိုင် ခံစားနိုင်ပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬▬▬▬▬▬▬

ပစ္စတ္တံ ဝေဒိတဗ္ဗ ဂုဏ်တော်သည် “ကိုယ်စီ ကိုယ်င သိအပ်ခံစားအပ်၏”ဟူသော အနက်ကို ပြ၏။

[ပစ္စတ္တံ + ဝေဒိတဗ္ဗပစ္စတ္တံ = ကိုယ်စီ ကိုယ်င + ဝေဒိတဗ္ဗ = သိနိုင် ခံစားနိုင်သည်။]

ဤ မဂ်ဖိုလ် နိဗ္ဗာန်တရားတော်သည် ပုထုဇဉ် ပုဂ္ဂိုလ်များနှင့် မတန်မရာချေ၊ သစ္စာလေးပါး သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော သူတော်ကောင်းကြီးတို့သာ ကိုယ်စီ ကိုယ်င အလိုရှိတိုင်းရ၍, နိဗ္ဗာန်ကို အာရုံပြုကာ ဖလသမာပတ် ဝင်စားသော အားဖြင့် ခံစားကြရပေသည်။

(အခြားစိတ်တွေ မပါစေဘဲ ဖိုလ်စိတ်ချည်းသာ ဆက်ကာဆက်ကာ ဖြစ်စေမှုကို “ဖလသမာပတ် ဝင်စားသည်”ဟု ခေါ်၏၊)

အရိယာတို့သည် ဖလသမာပတ်ကို ၀င်စား၍ နိဗ္ဗာန်ကို အာရုံပြုလေ့ရှိကြ၏။ ထိုအခါ ပုထုဇဉ်များ စည်းစိမ်ခံစားသလောက် မက လွန်စွာ ချမ်းသာတော်မူကြသည်။

တရားရှိခိုး ဂါထာဖွင့်

▬▬▬▬▬▬▬▬

ဣစ္စေဝံ ဆဟိ ဂုဏေဟိ
ပါကဋံ ဇိနပူဇိတံ
သမ္ပတ္တိဒါယကံ ဓမ္မံ
ဝန္ဒာမိ တီဟိ သာဒရံ

ဣစ္စေဝံ ဆဟိ ဂုဏေဟိ၊ ဤ သွာက္ခာတတာ, အစလာသည့် ခြောက်ဖြာသော ဂုဏ်တော်တို့ဖြင့်။
ပါကဋံ၊ တိတ္ထိတို့ဘောင် လွန်မြားမြောင်သည့် ဟန်ဆောင်တရား အစားစားထက် မားမားစွင့်စွင့် ဂုဏ်ရည်တင့်၍ ကြီးမြင့် ထင်ရှားပေထသော။
ဇိနပူဇိတံ၊ ကိုယ်တိုင်သိငြား ကိုယ့်တရားလည်း ငါးပါးမာရ်နှိမ် မာရဇိန်ပင် ကြိမ်ကြိမ် လေးမြတ် မှီဝဲ ပူဇော်တော်မူအပ်ထသော။
သမ္ပတ္တိဒါယကံ၊ ကျင့်ကြံလိုက်နာ, ဝေနေယျာအား လူ့ရွာနတ်ထံမှ နိဗ္ဗာန်အထိ သမ္ပတ္တိကို မိမိရရ ပေးစွမ်းနိုင်ပေထသော။
ဓမ္မံ၊ မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန် ဆယ်တန်သော တရားတော်မြတ်ကို။
တီဟိ၊ လက်အုပ် အဉ္ဇလီ နှုတ်သံချီ၍ ရွှင်ကြည်မနော, သုံးပါးသော ဒွါရတို့ဖြင့်။
သာဒရံ၊ လေးမြတ် ကြည်ညို ရိုသေခြင်းရှိသည် ဖြစ်၍။
ဝန္ဒာမိ၊ စိတ်ဖြင့်ဦးတန်း ဂုဏ်တော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

[ဂုဏ်တော် ၆ ပါးကို တရားဂုဏ်တော်ဖွင့် အစ၌ ပြခဲ့ပြီ၊ ဗုဒ္ဓရှင်တော်မှာ ပုံသဏ္ဌာန် ထင်ရှားရှိသကဲ့သို့ တရားတော်မှာ ရုပ်ပုံသဏ္ဌာန် အထင်အရှား မရှိပါ။ ထို့ကြောင့် “ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက်”ဟု မဆိုဘဲ “စိတ်ဖြင့်ဦးတန်း, ဂုဏ်တော် မှန်းလျက်” ဟု ဆိုလိုက်ပါသည်။]

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬▬▬▬▬▬▬

“တိတ္ထိတို့ဘောင် ဟန်ဆောင်တရား”

ဗုဒ္ဓဘာသာမှ တစ်ပါးသော အယူရှိသူကို “တိတ္ထိ”ဟု ဆိုလိုပါသည်၊ ထိုတိတ္ထိတို့ သာသနာ့ဘောင်၌ အလွန် များသော ဟန်ဆောင်တရားတွေ ရှိ၏၊ ပြောပုံဆိုပုံကို ကြားရလျှင် များစွာ အားထားကိုးကွယ် ယုံကြည်ဖွယ် ကောင်းလှ၏၊

“ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ဗြဟ္မာမင်းကြီးက ဖန်ဆင်းသည်, သုခ ဒုက္ခကိုလည်း ထိုဗြဟ္မာမင်း အလိုအတိုင်း ခံစားရသည်”ဟု ယူဆ၍ ထိုဗြဟ္မာ မင်းကြီးကား ဘယ်တော့မှ မသေနိုင်ဘဲ ခိုင်မြဲသော “ထာဝရ”ဟု ယူဆကြရသည်။

[သီလက္ခန် ပါဠိတော် ဗြဟ္မဇာလသုတ်၊]

ဤတရားကို ကြားရသောအခါ ဗြဟ္မာမင်းကြီးကို “အလွန် တန်ခိုးကြီးသော ဗြဟ္မာ မင်းကြီး ဖြစ်ပါပေသည်” ဟု ဘုရားကဲ့သို့ အားထားမိကြ ကိုးကွယ်မိကြရှာ ပေလိမ့်မည်။

ဤကမ္ဘာလောကကို မဖန်ဆင်း ထို … ဗြဟ္မာမင်းသည် ဘယ်ဆီမှာ နေသနည်း၊ “ကောင်းကင်ဘုံမှာ နေသည်” ဟု ဆိုလျှင် ထိုကောင်းကင်ကို ဘယ်သူဖန်ဆင်းသလဲ၊ ဗြဟ္မာမင်းဖန်ဆင်းလျှင် ကောင်းကင်ဘုံ မရှိခင်က ဘယ်မှာနေသလဲ၊ ဤကမ္ဘာလောကကြီးကို ဖန်ဆင်းသည်မှာ ဘယ်မျှ ကြာပြီနည်း၊

အဘယ်ကြောင့် အို နာ သေရေး ကြီးလေးသော ဒုက္ခဘေးတွေကို ဖန်ဆင်းထားပါ လိမ့်မည်နည်း၊ မည်သူမျှမလွတ်နိုင်ပါချေတကား၊ ပထမကမ္ဘာစစ်ကြီး အတွင်းက သတ်ကြဖြတ်ကြသူတွေမှာ ထာဝရ ဗြဟ္မာမင်း၏ တပည့်တွေချည်းသာ များပါတကား၊ ယခုအခါ၌ အလုပ်လက်မဲ့ဖြစ်၍ အနောက်နိုင်ငံ၌ ငတ်ပြတ်နေသူ့တွေကို တပည့်ရင်းများဖြစ်ပါလျက် ဘယ်အတွက် ကြည့်နေရက်ပါသနည်း။

အနန္တ တန်ခိုးတော်ကို ဘယ်လိုနေရာမှာ အသုံးချပါသနည်း၊ မိမိကို ကိုးကွယ်သော တပည့်များကိုသာ သေသောအခါ ကယ်တင်၍ အခြား ဘာသာဝင်ကိုကား မကယ်တင်နိုင်ဘူး၊ သို့မဟုတ် မကယ်တင်ချင်ဘူးဟု ဆိုပါလျှင် ထိုဗြဟ္မာမင်း၏ ကရုဏာ မေတ္တာသည် မျှမျှတတ လုံလုံလောက်လောက် မရှိပါတကား။
မိဘတို့အစွမ်းကြောင့် အမိဝမ်း၌ အတော်ကြာညောင်းအောင် ကောင်းခဲ့ပြီး၍ လက်သည် ဆရာမတို့၏ ကူညီချက်ဖြင့် ထွက်ခဲ့ရသည်ကို အများအသိ ဖြစ်ပါလျက် ဗြဟ္မာမင်း၏ ပယောဂကို အားကိုးနေရသည်မှာ သဘာဝမကျပါ။

ဖန်ဆင်းသော ဗြဟ္မာဟူသည် ဘယ်လိုအရာပါနည်း၊ ဤသို့ စသည်ဖြင့် ကြိတ်ကြိတ်နယ်နယ် သွယ်သွယ် ဝိုက်ဝိုက် ဆင်ခြင်လိုက်သောအခါ အကြိတ် အနယ်ကို မခံနိုင်ရကား ဘာသာခြားတရားသည် မျောက်ကလေးကို ပင်းမင်း ပေးသည်နှင့် တူလှချေ၏။

မျောက်ပင်းမင်း ပေးသည့်ပုံ

▬▬▬▬▬▬▬▬▬▬

ရှေးက မိန်းမကို အလွန်ကြောက်ရသည့်ပြင် အင်မတန် ချစ်ခင်သော ယောက်ျားကို ကိုယ်ဝန်အရင့်အမာ ရှိသော အိမ်ရှင်မက “ကလေး မျက်နှာမြင်သောအခါ ကစားဖို့ရာ ဒီမျောက်ကလေးကို ပင်းမင်းဆိုင် အပ်ချေပါ”ဟု ခိုင်းလိုက်သဖြင့် သွား၍ “မျောက်ကလေးကို ပင်းမင်း(ဆေး) ဆိုးပေးပါ”ဟု ပြောဆို အပ်နှံလေသည်။

ပင်းမင်းဆရာက “ခင်ဗျား၏ မျောက်ကလေးသည် လှအောင် ဆေးဆိုးခြင်းကိုသာ ခံနိုင်မည်။ ဖြူအောင် ဖွပ်ဖို့ရာ အထုအရိုက် မခံနိုင်ပါ”ဟု ပြောသဖြင့် ပြန်ယူသွား ရသတဲ့၊ ထို့အတူ ဘာသာခြားတို့ တရားတွေသည် အပေါ်ယံ နားထောင် ကောင်းသလောက် ကြိတ်ကြိတ်နယ်နယ် စဉ်းစားခြင်းကိုကား မခံနိုင်ပါချေ။

“မားမားစွင့်စွင့် ဂုဏ်ရည်တင့်၍ ကြီးမြင့် ထင်ရှားပေထသော”

ဘုရားရှင်၏ တရားတော်ကား အမျိုးမျိုးသော ထို တိတ္ထိဘုရားတို့ တရားထက် ဂုဏ်အရည်အချင်းအားဖြင့် မားမားစွင့်စွင့် ကြီးမြင့်ထင်ရှားပေသည်။ ဗုဒ္ဓဘာသာ တရားတော်သည် ဉာဏ်ပညာ ကြီးမားသူတို့၏ ကြိတ်ကြိတ်နယ်နယ် စဉ်းစားမှုကို ခံနိုင်၏။

တကယ် ဉာဏ်ကြီးသူမှန်လျှင် “ထမင်းအငတ်ခံ၍ ဥပုသ်စောင့်တာ ဘာအကျိုးရှိသလဲ အုတ်ပုံကြီးနှင့် အရုပ်တွေကို ကိုးကွယ်နေတာ ဘာကျေးဇူးရှိသလဲ”ဟု အောက်တန်း တရား ကလေးတွေကို ဗုဒ္ဓဘာသာ အသေးစားကလေးများထံ စုံစမ်းမနေဘဲ တကယ့် ပညာရှိ အခေါ်ခံရသော ဆရာတော်များထံ ချဉ်းကပ်၍ အရေးကြီးသော အထက်တန်း တရားများကို စုံစမ်းကြပါလား

[အုတ်ပုံ အတွင်း၌ ဘုရားရှင်၏ အရိုးဓာတ်တော် ရှိ၏။ အရုပ်မှာ ဘုရားရှင်၏ ပုံတော်ကို တတ်နိုင်သမျှ ပြုလုပ်အပ်သော ပုံတော်သာ ဖြစ်ပါသည်၊ ထိုပုံတော်များကို ဘုရားအစစ်နှင့်မတူသော်လည်း မှန်း၍အာရုံပြု နိုင်အောင် ထုလုပ်ကြပါသည်။]

ငါးပါးမာရ်နှိမ် မာရဇိန်

▬▬▬▬▬▬▬▬

မာရ်ငါးပါးကို နှိမ်နင်းတော်မူနိုင်သော မာရ်ငါးပါးကို အောင်တော်မူသော ဘုရားရှင်။

[မာရ - မာရ် + ဇိန် (ဇိန) = အောင်တော်မူ၏။

မာရ်ငါးပါးကား

▬▬▬▬▬

၁။ ဒေဝပုတ္တမာရ် = မာရ်နတ်မင်း။
၂။ ကိလေသမာရ် = တစ်ထောင့်ငါးရာ ကိလေသာ။
၃။ ခန္ဓမာရ် = ခန္ဓာကိုယ်။
၄။ မစ္စုမာရ် = သေခြင်း။
၅။ အဘိသင်္ခါရမာရ် = ကုသိုလ် အကုသိုလ်ကံတည်း။

ကြိမ်ကြိမ်လေးမြတ် မှီဝဲပူဇော်တော်မူအပ်ထသော

▬▬▬▬▬▬▬▬▬▬▬

ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် “လောက၌ ရိုသေကိုင်းညွှတ်ဖို့ရာ အကြီးအကဲ မရှိဘဲနေခြင်းသည် မသင့်လျော်ချေ၊ ငါသည် ဘယ်သူ့ကို ဆည်းကပ် ရပါမည်နည်း”ဟု ဆင်ခြင်တော်မူလေရာ ဘုရားရှင်၏ ဆည်းကပ် ရိုသေမှု ခံနိုင်မည့် သူကို မြင်တော်မမူ။

ထိုအခါ “ကိုယ်တော်တိုင် သိမြင်အပ်သော တရားတော်ကိုပင် အကြိမ်ကြိမ် အထပ်ထပ် ဆင်ခြင်သောအားဖြင့် လေးလေး မြတ်မြတ် ပူဇော်ရတော့မည်”ဟု ကြံတော်မူခဲ့ဖူးပါသည်။

[တရားတော်ကို မပြတ်ဆင်ခြင်၍ နေခြင်းကိုပင် “တရားပူဇော်သည်”ဟု ဆိုသည်။]

ကျင့်ကြံလိုက်နာ ပေးစွမ်းနိုင်ပေထသော

▬▬▬▬▬▬▬▬

တရားတော်သည် ကျင့်ကြံ လိုက်နာသော ဝေနေယျအပေါင်းအား လူ နတ်တို့၏ စည်းစိမ်ချမ်းသာ ဟူသော သမ္ပတ္တိ၊ နိဗ္ဗာန်ချမ်းသာ ဟူသော သမ္ပတ္တိကို ပေးစွမ်းနိုင်၏၊ တရားတော်ကို သိသော်လည်း မကျင့်မလိုက်နာလျှင် စည်းစိမ်ချမ်းသာကို ပေးဖို့ရန် တာဝန် မရှိချေ။ “ကိုယ်ကျင့်မှ ကိုယ်ရမည်”ဟူလို၊

(ကြွင်းသော အနက်၏ အဓိပ္ပာယ် များကို ဘုရားဂုဏ်တော်အဖွင့်၌ ရေးခဲ့ပြီ။)

တရားပူဇော်နည်း

▬▬▬▬▬▬

“ဘုရားရှင်နှင့် သံဃာတော်သည် ပုံသဏ္ဌာန်အထင် အရှား ရှိတော်မူသောကြောင့် ပူဇော်၍ဖြစ်၏၊ တရားတော်ကား ပုံသဏ္ဌာန် မထင်ရှားသောကြောင့် မည်ကဲ့သို့ ပူဇော်ရပါအံ့နည်း”ဟု အကြံဖြစ်၍ ပုဏ္ဏား တစ်ယောက်သည် ဘုရားအထံ လျှောက်ဖူးလေ၏။

ဘုရားရှင်ကလည်း “ပုဏ္ဏား … တရားတော်ကို ပူဇော်လိုလျှင် တရားတော်ကို များစွာ သိ၍ ဗဟုသုတရှိသော ရဟန်းတော်ကို ပူဇော်လေ”ဟု မိန့်တော်မူသဖြင့် သံဃာများ အထံ ဗဟုသုတ ရှိသော ရဟန်းတော်ကို မေးလျှောက်လေရာ အရှင်အာနန္ဒာကို ညွှန်ပြကြသဖြင့် တရားတော်ကို ရည်မှန်း၍ တစ်ထောင်တန် သင်္ကန်းဖြင့် လှူဒါန်း ပူဇော်လေသည်။

ထို့ကြောင့် ယခုကာလ၌ ဗုဒ္ဓဘာသာဝင် ဟူသမျှတို့သည် ကိုယ်စီကိုယ်င ရဟန်းတော် များကို ဆည်းကပ်ကိုးကွယ်ကြရာ၌ ဘုရားရှင် ဟောပြတော်မူအပ်သော စာပေ ပရိယတ် သင်ယူခြင်း တတ်မြောက်၍ ပို့ချခြင်း, ဟောပြခြင်း, ကျမ်းရေးခြင်း တို့ဖြင့် သာသနာ့တာဝန်ကို အမြဲထမ်းဆောင်နေသော ပုဂ္ဂိုလ်များကို ဆည်းကပ်ကိုးကွယ်၍ ဆွမ်း၊ သင်္ကန်း၊ ကျောင်း, ဆေးတို့ဖြင့် ထောက်ပံ့ပြုစု ဂရုစိုက်နေသူတို့မှာ “ငါတို့သည် တရားတော်ကိုလည်း အမြဲ ပူဇော်၍ နေရပေသည်၊ ငါတို့သာ မထောက်ပံ့လျှင် ငါတို့ အရှင်သည် တတ်သိသော ပညာတွေကို သူတစ်ပါးအား ရေးသားဝေငှ ပိုချနိုင်မည် မဟုတ်။

ငါတို့၏ ကူညီမှုကြောင့်သာ အဆက်ဆက် တိုးပွားအောင် သာသနာ့ဝန်ကို ဆောင်နိုင်ပေသည်။ ငါတို့အရှင် ရွက်ဆောင်သမျှ တာဝန်တွေကို ငါတို့ကလည်း ကူညီ ထမ်းဆောင်ရာ ရောက်သဖြင့် တို့အရှင် ရသမျှ ပညာပါရမီကို ငါတို့လည်း မုချ ရတော့မည်”ဟု ဟုတ်မှန်သည့်အတိုင်း ဉာဏ်ကိုချဲ့ထွင်၍ ဆင်ခြင် စဉ်းစားလျက် အားတက်သရော ရှိသင့်ကြပေသည်။

ထို့ကြောင့်-သာသနာကို ပြုစုနိုင်သော အင်အားရှိသူ ဒကာ ဒကာမတို့ ကလည်း မိမိတို့ ရပ်ရွာ မြို့နယ်၌ စာချနိုင်မည့် ပုဂ္ဂိုလ်ကို ရွေးချယ်၍ဖြစ်စေ၊ မြို့ကြီး ပြကြီးမှ ယုံကြည် စိတ်ချရလောက်သော စာချပုဂ္ဂိုလ်ကို ပင့်၍ဖြစ်စေ၊ အသီးအသီး စာသင်တိုက် တည်လျှင် စာသင်သားတွေ မြို့ကြီးပြကြီးသို့ တက်၍ မသင်ရဘဲ မိဘဆရာတို့ အနီးမှာပင် သင်ကြရသဖြင့် ယခုလို အပျက်အစီး မများရကား သာသနာ တော်ကြီးသည် အတော်သန့်ရှင်းလျက် တိုးတက်လာ ပေလိမ့်မည်၊ ထို့ကြောင့် ယခုပြခဲ့သော တရားပူဇော်နည်းကို သတိထား၍ တရားတော်ကို ပူဇော်တတ်သော သာသနာ့ ဒါယကာ သာသနာ့ ဒါယိကာမများ ဖြစ်ကြပါစေသား။

အထူးသတိပေးချက်

▬▬▬▬▬▬▬▬

ဤ ပြခဲ့ပြီးသော စကားအစဉ်ဖြင့် တရားစစ် တရားမှန်ကို အတော်အတန် ရိပ်မိလောက်ပေပြီ။

ယခုအခါ မြန်မာနိုင်ငံ၌ အများအပြား အသုံးပြုနေကြသော အချို့ တရားစာအုပ်နှင့် တချို့သော တရားဟော ပုဂ္ဂိုလ်များ၏ ဟောပြချက်တွေကို “တရားလား -မတရားလား”ဟု စဉ်းစားကြဖို့ရန် ထပ်မံ၍ သတိပေးလိုသည်မှာ...

ဘုရားရှင် ပွင့်တော်မမူမီ ရှေးက ဟိမဝန္တာမှ မျော၍လာသော ပုဇွန်လက်မကြီး တစ်ခုကို “ဒသာရဟ”မင်းတို့သည် မင်္ဂလာစည်တော်အဖြစ်ဖြင့် အသုံးပြုကြ လေသည်။ ထို စည်တော်ကြီး၏ အသံသည် ၁၂-ယူဇနာတိုင်အောင်ပင် ပျံ့နှံ့ပါသတဲ့၊

ထို့နောက် တရွှေ့တရွှေ့ ဆွေးမြည့်သဖြင့် စည်တော်ကြီး ပေါက်တိုင်း ရွှေပြား ငွေပြားတို့ဖြင့် ဖာထေးလာခဲ့ရာ အတော်ကြာလျှင် ပုစွန်လက်မ အသား ကုန်၍ အဖာ တွေချည်း ဖြစ်လေ၏။ တီးခေါက်သောအခါ ၁၂-ယူဇနာကို မဆိုထားဘိ စည်တော်ကြီး၏ ထက်ဝန်းကျင် အနီးအပါးမှာပင် ကောင်းစွာ မကြားရတော့ချေ။

ထို့အတူ ဘုရားရှင်၏ တရားစစ်တွေကို လက်သစ် ဓမ္မကထိကတို့က အဆန်းတကြယ် ထည့်သွင်းဖာထေးမှုကြောင့် အစစ်အမှန် အရင်းခံတရားတော်တွေ ကွယ်ပျောက် ရချေပြီ။

ထိုကွယ်ပျောက်သည့်အတိုင်း စည်ကြီးမှ အသံကောင်း မထွက်သလို ဓမ္မကထိကတွေ ဖာထေးထားသော တရားအတုမှ မဂ်ဖိုလ် နိဗ္ဗာန် အကျိုးရဖို့ကို မဆိုထားဘိ အထိုက်အလျောက် လောဘ ဒေါသ နည်းပါး၍ အသိအလိမ္မာတိုးပွားမှု အကျိုးကိုမျှ မရတော့ဘဲ အသံကျယ်သလောက် အဆန် မပါသော သင်္ကြန်အမြောက်လို ဖြစ်ရလေ တော့သည်။

(နိဒါနဝဂ်, ဩပမ္မသံယုတ် အာဏိသုတ်။)

အို-ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ .... ဗုဒ္ဓဘာသာစစ်စစ် ဖြစ်လိုလျှင် အမြန် ပြုပြင်ကြလော၊ ဘုရား တရား သံဃာ့ကိစ္စများနှင့် ဆိုင်ရာ၌ မဟာကုသိုလ် သောမနဿဖြင့် ပျော်ရွှင်ဖို့သာ ရှိသည်၊ တဏှာ သဘော လောဘဇော တိုက်တွန်း ကာ “အသံက သာယာလိုက်တာ၊ ဘယ်ဂါထာ ရွတ်ပုံမှာ ဇာတ်မင်းသားတောင် မသာဘူး၊ ဘယ်အချက် စကားသုံးပုံလေးဟာ လွန်စွာ ထိတာပဲ”စသော ချီးမွမ်း စကားသည် ပြောသူ မရှက်သော်လည်း ကြားရသူများမှာ နားရှက်ဖွယ် ကောင်းလှ ချေ၏။

တရားဟော ပုဂ္ဂိုလ်ကလည်း ထိုကဲ့သို့ ချီးမွမ်းသံကို အရသာ ခံပြီးလျှင် အသံ သာအောင်လည်း ဂရုစိုက်ရှာ၏၊ လွမ်းခန်း ဆွေးခန်းကိုလည်း မပါ ပါအောင် ထည့်သွင်းရှာရ၏၊ ဘုရားဟောမဟုတ် ယုတ္တိလည်း မရှိသော သီဟိုဠ်ကျွန်းဖြစ် ဝတ္ထု များစွာနှင့် ဇင်းမယ်ပဏ္ဏာသ တို့၌လာသော ဒဏ္ဍာရီဝတ္ထုတို့ကို များများကြီး အသုံးပြုရရှာ၏။

ဒုတိယကမ္ဘာစစ်ကြီးပြီးသော ယခုခေတ်၌ကား ကမ္မဋ္ဌာန်းတရားတွေပင် အတော်များ၍ လာပြန်၏၊ ထိုတရားများဖြင့် တရားပေါက်သည်ဟု ဆိုကြသူများလည်း အတော် များများ ကြားသိရ၏၊

ထိုသို့ ကြားသိရာ၌ အတော် စဉ်းစားဖွယ်ကောင်းသော အချက်တစ်ခုကား တရား ပေါက်သောအခါ ဘုန်းကြီးတွေကို မကြည်ညိုနိုင် မလှူဒါန်းနိုင်သော အချက် ပင်တည်း။

တရားအစစ် ပေါက်ပြီးဖြစ်သော ဝိသာခါသည် မကောင်းဘုန်းကြီးနှင့် တွေ့သော အခါ “ဒီလို မနေပါနှင့်”ဟု ပြော၍ ရဟန်းတော်များကိုကား ကြည်ညိုမြဲ ကြည်ညို ခဲ့ပါပေသည်၊ ထို့ကြောင့် တရားပေါက်ခြင်းနှင့် သံဃာ မကြည်ညိုခြင်းကို စဉ်းစား သင့်ကြသည်။

ယခုအခါ သာသနာတော်ကြီး ဖြစ်နေပုံသည် ရေစုံ လေစုံမှာ ရွက်ကုန်ဆင်ပြီးလျှင် တက်ကုန် နှင်နေသော လှေ၏ သဘောကဲ့သို့ ကောင်းကောင်းကြီး မျောနေတော့၏၊

“ဘုရားသိကြားမလို့” ငါတို့လက်ထက်မှာ ပြုပြင်နိုင်သူများ ပေါ်ထွက်ပါစေသတည်း။

တရားဂုဏ်တော်ဖွင့် ပြီးပြီ။

သံဃာ့ဂုဏ်တော်ဖွင့်

▬▬▬▬▬▬▬▬

ကျက်မှတ်ရန် ပါဠိတော်

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃောဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃောဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃောသာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃောယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃောအာဟုနေယျောပါဟုနေယျောဒက္ခိဏေယျောအဉ္ဇလိကရဏီယျောအနုတ္တရံ ပုညက္ခေတ္တံ လောကဿ

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬▬▬▬▬▬▬

သံဃ-ဟူသော ပါဠိစကားကို မြန်မာလို“သံဃာ”ဟုခေါ်၏။ အနက်အဓိပ္ပာယ်မှာ “အပေါင်းအစု - အသင်းအဖွဲ့”ဟု ဖြစ်၏။ ထို့ကြောင့် အယူဝါဒ သိက္ခာ အားဖြင့် တူကြသော ရဟန်းတော်၏ အပေါင်းအစု အသင်းအဖွဲ့ကို “သံဃာ”ဟု မှတ်ပါ၊ သံဃိက မြောက်အောင် လှူဒါန်းရာ၌ တစ်သင်းလုံး တစ်ဖွဲ့လုံး တစ်သာသနာလုံးကို ရည်မှန်းရသည်။

သံဃာ့ဂုဏ်တော် ၉-ပါး

▬▬▬▬▬▬▬▬

၁။ သုပ္ပဋိပန္နဂုဏ်
၂။ ဥဇုပ္ပဋိပန္နဂုဏ်
၃။ ဉာယပ္ပဋိပန္နဂုဏ်
၄။ သာမိစိပ္ပဋိပန္နဂုဏ်
၅။ အာဟုနေယျဂုဏ်
၆။ ပါဟုနေယျဂုဏ်
၇။ ဒက္ခိဏေယျဂုဏ်
၈။ အဉ္စလိကရဏီယဂုဏ်
၉။ အနုတ္တရ ပုညက္ခေတ္တဂုဏ်

သုပ္ပဋိပန္န ဂုဏ်တော်ဖွင့်

▬▬▬▬▬▬▬▬▬

ကျက်မှတ်ရန်

(၁) ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
သာဝက သံဃော၊ ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ, အရိယာဟု သင်္ချာ ရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။
သုပ္ပဋိပန္နော၊ တရားသဖြင့် ဆုံးမသင့်ရာ သာသနာဝယ် လျော်စွာထုံးပြ ဆုံးအမကို လုံးဝ လိုက်နာ ကောင်းမွန်စွာလည်း ကျင့်တော်မူတတ်ပါပေ၏။

ကြည့်ရှုရန်အဓိပ္ပာယ်

▬▬▬▬▬▬▬▬

သုပ္ပဋိပန္နဂုဏ်တော်သည် “ကောင်းစွာ ကျင့်တော်မူတတ်၏” ဟူသော အနက်ကို ပြသည်။ [သု = ကောင်းစွာ + ပဋိပန္န = ကျင့်သည်။]

အရိယာ ဟု … သံဃာတော်အပေါင်း

မဂ် ဖိုလ်၌ တည်သော (မဂ် ဖိုလ် ရပြီးသော ပုဂ္ဂိုလ်ကို“အရိယာ”ဟု ခေါ်၏။

(အရိယ = မြတ်သူ၊ တစ်နည်း = ဖြူစင်သူ။)

မဂ္ဂဋ္ဌ ၄-မျိုး

၁။ သောတာပတ္တိမဂ်ရပုဂ္ဂိုလ်
၂။ သကဒါဂါမိမဂ်ရ ပုဂ္ဂိုလ်
၃။ အနာဂါမိမဂ်ရ ပုဂ္ဂိုလ်
၄။ အရဟတ္တမဂ်ရ ပုဂ္ဂိုလ်

ဖလဋ္ဌ ၄-မျိုး

၁။ သောတာပတ္တိဖိုလ်ရပုဂ္ဂိုလ်
၂။ သကဒါဂါမိဖိုလ်ရ ပုဂ္ဂိုလ်
၃။ အနာဂါမိဖိုလ်ရ ပုဂ္ဂိုလ်
၄။ အရဟတ္တဖိုလ်ရပုဂ္ဂိုလ်

ရှေးခေတ်က အရိယာ သံဃာတော်သည် ထောင်သောင်းများစွာ ရှိကြပါသော်လည်း အမျိုးအားဖြင့် ဤရှစ်မျိုးတွင် အားလုံးပါဝင်ကြ၏၊ ထို့ကြောင့် “အရိယာရှစ်ယောက်” ဟု ပြောစမှတ်ပြုကြသော်လည်း စင်စစ်မှာ ရှစ်ယောက် မဟုတ် ရှစ်မျိုးသာ ဖြစ်သည်။

တရားသဖြင့် ဆုံးမသင့်ရာ

▬▬▬▬▬▬▬▬▬

ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူကြသော အရိယာသံဃာ အပေါင်းသည် တရားသဖြင့် ဆုံးမရာ သာသနာတော်၌ သင့်လျော်အောင် ထုံးဟောင်း သက်သေပြ၍ ဆုံးမအပ်သော အဆုံးအမတော်ကို လုံးဝဥသုံ အကုန်အစင် လိုက်နာ၍ ကောင်းမွန်စွာ ကျင့်ကြံတော်မူကြပေသည်။

အနည်းငယ် အပြစ်ကိုပင် အလွန်ကြီးသော အပြစ်ဟု ထင်လျက် ရှောင်ကြဉ်တော် မူကြပေသည်။ ထိုသို့ အဆုံးအမကို လိုက်နာသော အရိယာပုဂ္ဂိုလ်များလည်း ဘုရား လက်ထက်တော်မှ စ၍ များစွာ ရှိခဲ့ဖူးပါသည်။

အရှင်သာရိပုတ္တရာ ဝတ္ထု

ယခုကာလ ဘုရားပွဲစသည် ကျင်းပသောအခါ ထိုထိုနေရာတို့၌ အလှူ မဏ္ဍပ် ဆောက်၍ နေ့ရက်များစွာ စာတုဒ္ဒိသာ ကျွေးသကဲ့သို့ ရှေးလက်ထက် ကလည်း လူအများ စုပေါင်းလျက် ဧည့်သည်များ အတွက် စာတုဒ္ဒိသာ ကျွေးလေ့ ရှိကြသည်။

ထိုအရပ်၌ အချို့ ရဟန်းတော်များ နေ့စဉ်နေ့စဉ် သွား၍ စားသောက်ကြသည့်အတွက် လူတို့က ကဲ့ရဲ့သောကြောင့် “ယနေ့ကစ၍ တစ်ရက်တည်းသာ စားရမည်ဟု”ဟု ဘုရားရှင် ပညတ်တော်မူသည်။ အရှင်သာရိပုတ္တရာသည် ဒေသစာရီ လှည့်လည်ယင်း ထိုစတုဒိသာရုံ၌ မကျန်းမမာ ဖြစ်နေ၏။

ထိုအခါ တစ်ရက်စာ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် နောက်ရက်၌ လူအများက ကပ်လှူကြပါသော်လည်း “ဘုရားရှင် တားမြစ်တော်မူသည်”ဟု ဘုဉ်းပေးတော်မမူဘဲ ရှောင်လွှဲတော်မူကာ ဆွမ်းအပြတ် ခံတော်မူခဲ့ရှာသည်။

ထိုနောက် ဘုရားရှင်သိတော်မူ၍ မကျန်းမမာလျှင် နေ့စဉ် စားနိုင်ကြောင်းကို ထပ်လောင်း ခွင့်ပြုတော်မူရလေသည်။

[ပါစိတ် ဘောဇနဝဂ် အာဝသထပိဏ္ဍ သိက္ခာပုဒ်။]

ဤသို့လျှင် ဘုရားရှင်၏ တပည့်ကောင်းများသည် အဆုံးအမတော်ကို လုံးဝ လိုက်နာလျက် ကျင့်တော်မူကြပေ၏၊ နောက်နောက် ဆရာအစဉ်အဆက် များလည်း “ကိစ္စတစ်ခု ကြုံတွေ့လာလျှင် အသက်ကိုသာ အသေခံပါ၊ သီလ သိက္ခာကိုတော့ မပျက်ပါစေနှင့်”ဟု ဆုံးမတော်မူကြရုံမက ထိုအတိုင်းလည်း လိုက်နာခဲ့ကြပေသည်။

သတိထားဖွယ်

ဤစကားစဉ်အရ ယခု ပြအပ်လတ္တံ့သော ဂုဏ်နှင့် ပြည့်စုံသော သံဃာဟူသည် မဂ်ဖိုလ်ရပြီးသော သံဃာတော်များသာ ဖြစ်သည်။ မဂ်ဖိုလ် မရသေးသော်လည်း မဂ်ဖိုလ်ရအောင် ပါရမီကို ဖြည့်ကျင့်နေကြသော သူတော်စင် ရဟန်းတော်များလည်း သောတာပန် အောက်တန်းတွင် ပါဝင် နိုင်ပါသေး၏။

ဘုရားရှင်၏ အဆုံးအမတော်ကို ကောင်းမွန်စွာ မလိုက်နာဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ကြသော ရဟန်းအပေါင်းကား ယခုပြအပ်လတ္တံ့သော သံဃာ့ ဂုဏ်တော်များနှင့် လားလားမျှမဆိုင်။

ထို့ကြောင့့်် သံဃာ့ဂုဏ်တော်ကို အာရုံပြုသောအခါ ရှေးရှေးက အဟုတ်အမှန် ကျင့်တော် မူကြသော အရိယာသံဃာတော်များနှင့် ယခုကာလ ကောင်းမွန်စွာ နေထိုင် တော်မူကြသော ပုထုဇဉ်သံဃာတော်များ၏ ဂုဏ်ကိုသာ မှန်းဆ၍အာရုံပြုပါ။

ဥဇုပ္ပဋိပန္န ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၂) ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
သာဝက သံဃော၊ ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ, အရိယာဟု သင်္ချာ ရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။
ဥဇုပ္ပဋိပန္နော၊ စဉ်းလဲသမှု မာယာစုဖြင့် ဖုဖုထစ်ထစ် မကောက်ကျစ်ဘဲ စင်စစ်နိဗ္ဗာန် လမ်းဖြောင့်မှန်အောင် လျော်ကန်ချင့်မျှော် ကျင့်ကြံတော်မူတတ်ပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

ဥဇုပ္ပဋိပန္န ဂုဏ်တော်သည် ““ဖြောင့်မတ်စွာ ကျင့်တော်မူ၏”ဟူသော အနက်ကို ပြသည်။

[ဥဇု = ဖြောင့်မတ်စွာ + ပဋိပန္န = ကျင့်သည်။]

မာယာ သာဌေယျ

မိမိမှာ အပြစ်ရှိပါလျက် အပြစ်မရှိသူ ထင်အောင် ဖုံးကွယ်မှုကို “မာယာ”ဟု ခေါ်၏၊ ဥပမာ - ယောက်ျား မသိအောင် အပြစ် ကျူးလွန်မိသော မိန်းမသည် ထိုအပြစ်ကို မာယာဖြင့် လှည့်ပတ်သကဲ့သို့တည်း။

မိမိမှာ ဥစ္စာဂုဏ် သီလဂုဏ်မရှိဘဲ ရှိဟန်ဆောင်မှုကို “သာဌေယျ”ဟု ခေါ်၏။ လူမရှိသောအခါ တော်သလိုနေ၍ လူလာသောအခါ ဟန်လုပ်နေသူ ကဲ့သို့တည်း။

အရိယာသံဃာတော်အား သူတစ်ပါးတို့ အထင်ကြီးအောင် ပစ္စည်းလာဘ်နှင့် ဒကာ ဒကာမ များအောင် ဟန်ဆောင်မှု ပရိယာယ် မာယာတို့ဖြင့် ဖုဖုထစ်ထစ် စဉ်းလဲ ကောက်ကျစ်ခြင်း မရှိဘဲ နိဗ္ဗာန်လမ်းနှင့် ဖြောင့်တန်းအောင် ရိုးသားဖြောင့်မတ်စွာ ကျင့်တော်မူကြပေသည်။

ထိုသို့ ဖြောင့်မတ်စွာ ကျင့်တော်မူသော အရှင်မြတ်များမှာ လွန်စွာ ပေါများခဲ့ပါ၏။ သို့သော် ယခုအခါ မရိုးမသား ကျင့်သူများနှင့် ဝမ်းရေးအတွက် သာသနာတော်ကို ဖျက်သူတွေ အတော်များနေသဖြင့် စဉ်းစားတတ်ကြဖို့ရာ ကျမ်းဂန်လာ လှည့်ပတ်ပုံကို ပြပေအံ့။

အိုးစရည်း ရဟန္တာ

ဘုန်းကြီးတစ်ပါးသည် မိမိအပေါ်၌ လူအများ အထင်ကြီးစေလိုသောကြောင့် သူ့နေရာ ကျောင်းခန်းအတွင်းမှာ လူမမြင် နိုင်အောင် အိုးစရည်းကြီး (အိုးအကြီး) ကို မြှုပ်ထား လေ၏။ အပြင်က ဒကာ ဒကာမများ လာသံကြားလျှင် ထိုအိုးကြီးအတွင်း၌ ဝင်နေ၏၊

လူများက “ဘုန်းကြီးဘယ်မှာလဲ”ဟုမေးလျှင် တပည့်များက“ကျောင်းခန်း တွင်းမှာ”ဟု ပြော၍ အခန်းအတွင်းသို့ ဝင်ကြည့်သောအခါ မတွေ့ရသောကြောင့် “မရှိဘူး ဘယ်ကြွသလဲ”ဟု မေးမြန်းလျှင် “ယခုတင်ကပဲ အခန်းထဲမှာ ရှိပါသေး တယ်”ဟုပြောသဖြင့် ထပ်၍ကြည့်ကြပြန်လေရာ ညောင်စောင်း (ကုလားထိုင်) ပေါ်မှာ ထိုင်လျက်နေသည်ကို တွေ့ကြရ၍ “ဘယ်ကြွနေပါသလဲဘုရား” ဟု လျှောက်ထားလျှင် “ရဟန်းဆိုတာ သည်လိုပဲ အလိုရှိရာ ကြွနိုင်ကြတယ်” ဟု ဈာန် အဘိညာဉ်ရသည့် လေသံဖြင့် ပြောပြလေသော် အားလုံးကပင်“ရဟန္တာ” ဟု အထင်ကြီးကြလေသည်။

တိုက်တွန်းချက်

အို လူအပေါင်းတို့.... ဘုန်းကြီးဖြစ်စေ လူဖြစ်စေ၊ မဖြူစင် မဖြောင့်မတ်ခြင်းကား ဆိုးဝါးလှ၏၊ မရိုးသားများ မဖြောင့်မတ်သူကို ဘယ်အခါ ယုံကြည်ထိုက်တော့ မည်နည်း၊ သို့ဖြစ်၍ မိမိတို့ ကိုးကွယ်အပ်သော ဘုန်းတော်ကြီးများကို စာမတတ် သော်လည်း အကျင့်သိက္ခာ လုံလောက်၍ ရိုးဖြောင့်လျှင် ကိုးကွယ်သင့်လှပေပြီ၊ စာမတတ်ဘဲနှင့် တတ်ဟန်ဆောင်သော ပုဂ္ဂိုလ်, အကျင့်မကောင်းဘဲနှင့် ကောင်းဟန် ဆောင်နေသော ပုဂ္ဂိုလ်များကိုကား လုံးလုံး မကိုးကွယ်ထိုက်ပါ

ယခုအခါ၌ကား“ကြောင်သူတော်”ကဲ့သို့ အတော်အတန် ပညာရှိပါလျက် အတွင်း စိတ် မဖြောင့်သူတွေ များလှချေ၏၊ ထိုသို့ ပညာရှိ၍ မရိုးသား သူတို့ကား သာမန် မရိုးသားသူများထက်ပင် ကြောက်မက်ဖွယ် ကောင်းပါသေးသည်

သို့ဖြစ်၍ အတွင်းအပြင် မသိရဘဲ “ဆေးဝါးစွမ်းသလို စာတတ်သလို လုပ်ရပ် ပေါက်သလို” ညာနေသူများကို ယုံကြည်လွယ်သော မိန်းမသားတွေသာမက ပညာ နည်းပါး၍ မစဉ်းစားတတ်သော ယောက်ျားအများပင် သတိထားထိုက်လှပေသည်

မိမိတို့ ကိုယ်တိုင်လည်း ရိုးဖြောင့်ဖို့ အရေးကြီးလှ၏၊ ပစ္စည်းမရှိဘဲ ရှိဟန်ဆောင်မှု သီလမရှိဘဲ ရှိဟန်ဆောင်မှု နားမလည်ဘဲ နားမလည်ဟန်ဆောင်မှု တို့မှာ မရိုးသားသော သဘောချည်းသာ ဖြစ်သည်။

သို့ဖြစ်၍ အရိယာသံဃာတော်များ၏ “ဥဇုပ္ပဋိပန္န” ဂုဏ်တော်ကို အာရုံပြုကြပြီးလျှင် မိမိတို့ ကိုယ်တိုင် ကလည်း ရိုးသားသူ ဖြောင့်မတ်သူ ဖြစ်အောင် မိမိနှင့် အဆက် အသွယ် ရှိသူတို့ကိုလည်း ရိုးသားသူများဖြစ်အောင် ညွှန်ပြကြပါ။

မရိုးသားသူမှန်လျှင် ရဟန်းရှင်လူ မည်သူမဆို စွမ်းနိုင်သမျှ ရှောင်ကြပါကုန်၊ မတတ်သာ၍ ဆက်ဆံရလျှင်လည်း ကိုယ်ပေါင်း စိတ်ခွာ ဆက်ဆံကြပါကုန်။

ဉာယပ္ပဋိပန္န ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၃) ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
သာဝက သံဃော၊ ဆုံးမထားဟန်, တရားမှန်ကို နာခံလိုက်နာ, အရိယာဟု သင်္ချာ ရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။
ဉာယပ္ပဋိပန္နော၊ ကိုယ်ဝယ်ဝတ်နှောင် ဆံဦးသျှောင်ကို မီးလောင်သော်ငြား မငြိမ်း အားဘဲ ကြီးမားလောင်မီး, ဒုက္ခကြီးတို့ အပြီးဧကန်, ငြိမ်းရာမှန်သည့် နိဗ္ဗာန်အလို့ငှာ ကျင့်တော်မူတတ်ပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

ဉာယပ္ပဋိပန္န ဂုဏ်တော်သည် “နိဗ္ဗာန်အလို့ငှာ ကျင့်တော်မူ၏”ဟူသော အနက်ကို ပြသည်။

[ဉာယ = နိဗ္ဗာန်+ ပဋိပန္န = ကျင့်သည်]

အရိယာဖြစ်သော သံဃာတော်အပေါင်းသည် အလွန်ကြီးမား များပြားသော သံသရာ၀ဋ်ကြီးဒုက္ခမီးတွေကို မြင်ကြပြီးဖြစ်၍ မိမိကိုယ်၌ ဆင်အပ်သော အဝတ် ဦးသျှောင်(ဆံထုံး)ကို မီးလောင်စေကာမူ မငြိမ်းဘဲ သံသရာဝဋ်ကြီး ဒုက္ခမီး၏ အပြီး ချုပ်ငြိမ်းရာ နိဗ္ဗာန်အလိုငှာ ကျင့်တော်မူကြပေသည်။

ထို့ကြောင့် အရိယာဖြစ်ပြီးသောအခါ သံသရာထဲ၌ ကြာရှည်စွာ မကျင်လည် ရတော့ဘဲ ကာမဘုံ၌ အကြာဆုံး ခုနစ်ဘဝသာ နေပြီးလျှင် ပရိနိဗ္ဗာန် စံဝင်ကြရပေသည်။

ရဟန်းတစ်ပါးဝတ္ထု

ရဟန်းတစ်ပါး သစ်ပင်ချိုင်ရာ၌ ဘုမ္မစိုးနတ်သမီး၏ကလေး နတ်ငယ်ကို ခုတ်ဖြတ်မိ သောကြောင့် နတ်သမီးက ဘုရားထံ လျှောက်ထားသဖြင့် “ယနေ့ကစ၍ သာသနာ တော်ထမ်း ရဟန်းမှန်လျှင် သစ်ပင်ကို မခုတ်ရ”ဟု ပညတ်တော်မူသည်၊

ဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရဟန်းတော်တစ်ပါးကို ခိုးသူများက နွယ်ပင် ကလေးဖြင့် တုပ်နှောင်၍ တောထဲ၌ ထားခဲ့စဉ်, တောမီး လောင်လာလေသော် နွယ်ပင်ကို ဖြတ်မည်ဆိုလျှင် ဖြစ်နိုင်လောက်သော်လည်း နွယ်ပင်ကို ဖြတ်လျှင် ပါစိတ်အာပတ် သင့်၏၊

အာပတ်သင့်လျှင် တရားရတော့မည်မဟုတ်၊ ထို့ကြောင့် ပညတ်တော်ကို စောင့်စည်း၍ တရားကို နှလုံးသွင်းကာ ရဟန္တာ ဖြစ်ပြီးမှ တောမီးလောင်၍ ပရိနိဗ္ဗာန် စံဝင် တော်မူသည်။

တိုက်တွန်းချက်

ဤသို့လျှင် တစ်ကိုယ်လုံး မီးလောင်သည်ကို လျစ်လျူရှု၍ နိဗ္ဗာန် အကျိုးငှာ ကျင့်တော်မူပုံကို ကြည်ညိုလျက် “အသက်တစ်ရာ မနေရသော်လဲ အမှုတစ်ရာ တွေ့နိုင်သည်”ဟု ဆိုသည့်အတိုင်း မလွှဲသာသဖြင့် ဒုက္ခကြုံလာခဲ့သော် “သက်သာရာ ရစေတော့”ဟု ကြံ၍ မကောင်းမှုကို မပြုမိစေဘဲ “နိဗ္ဗာန်၌ ဤဒုက္ခမျိုး၏ တည်ရာ ရုပ် နာမ် ခန္ဓာကိုယ် မရှိ၊ ဤခန္ဓာကိုယ် ရှိနေလို့သာ သားတွေ သမီးတွေ ဆွေတွေ မျိုးတွေ ရှိရသည်။

ထိုသို့ ရှိသောကြောင့် သားဒုက္ခ သမီးဒုက္ခ ဆွေမျိုးဒုက္ခကို တွေ့ရသည်၊ ထို ရုပ်နာမ် မရှိသော နိဗ္ဗာန်သည် ဧကန် အေးမြပေလိမ့်မည် ဟု တွေးတောကာ သူလဲ မပါ ငါလဲမရှိ သန္တိသုခ အေးမြမည့် နိဗ္ဗာန်ကို သိမြင်နိုင်အောင် ကြိုးစားကြပါကုန်။

သာမိစိပ္ပဋိပန္န ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၄) ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
သာဝက သံဃော၊ ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ, အရိယာဟု သင်္ချာ ရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။
သာမိစိပ္ပဋိပန္နော၊ ရိုသေသမှု လူတို့ပြုသည့် သာမိစိကံ လျောက်ထိုက်တန်အောင် ကျင့်ကြံတော် မူတတ်ပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

သာမိစိပ္ပဋိပန္န ဂုဏ်တော်သည် “ရိုသေသမှုနှင့် လျော်အောင် ကျင့်ပေ၏” ဟူသော အနက်ကို ပြသည်။

[သာမိစိ = ရိုသေမှု + ပဋိပန္န = လျော်အောင်ကျင့်သည်။]

ဒကာ ဒကာမတို့သည် မိမိတို့ မစားရက် မသောက်ရက် မသုံးရက်သော အစား အသောက် ကျောင်း အိပ်ရာ နေရာများကို ရိုသေသမှု ပြုစုလှူဒါန်းကြ၏။ အရိယာ ဖြစ်ပြီးသော(အရိယာဖြစ်အောင် အားထုတ်နေသော) သံဃာတော်များကလည်း ထိုကဲ့သို့ ရိုသေသမှုပြုစု လှူဒါန်းခြင်းနှင့် ထိုက်တန်အောင် ကျင့်ကြံ အားထုတ်တော် မူကြပါပေသည်

အယျမိတ္တမထေရ် ဝတ္ထု

ရှေးအခါက လိုဏ်ဂူတစ်ခု၌ နေသော “အယျမိတ္တ” မထေရ်ကို ဆွမ်းခံရွာ၌ ဒါယိကာမကြီး တစ်ယောက်က သားအရင်း အမှတ်ထား၍ လေးစားသမှု ပြုစုနေ၏၊ တစ်နေ့သ၌ လုပ်ငန်း ဆောင်တာ အတွက် နံနက်စောစော တောသို့ သွားခါနီးဝယ် -

“ချစ်သမီး ... မည်သည့်နေရာ၌ နှစ်ချို့ဆန်ကလေးနှင့် နွားနို့ ထောပတ် တင်လဲများ ရှိရစ်တယ်၊ သမီးမောင်တော် လာတဲ့အခါ ဆွမ်းချက်၍ ကပ်ပြီးလျှင် သမီးလဲ စားရစ်နော်”ဟု သမီးကို ပြောဆိုမှာထား၏။

“မေမေကော ဘာစားမလဲ”ဟု သမီးကမေးရာ “မေမေတော့ ပုန်းရည်ဟင်းနှင့် ညကကျန်တဲ့ ထမင်းကြမ်းကို စားပြီးပြီ”ဟု ပြော၏။

“နေ့စာကော ဘာစားမလဲ မေမေ”ဟု ထပ်၍မေးလျှင် “နေ့စာတော့ သမီးရယ် ... ဟင်းရွက်ကလေးရောပြီး ဆန်ကွဲကို ယာဂု ကျိုထားလိုက်တာ” ဟု ပြောဆိုမှာထား၍ တောသို့ သွားရှာလေသည်။

ထိုသားအမိနှစ်ယောက် ပြောဆိုသံကို အယျမိတ္တမထေရ် ဆွမ်းခံအလာတွင် ရွာအနီးမှ ကြား၍ မိမိကို ဆုံးမသည်မှာ “နားထောင်စမ်း အယျမိတ္တ ..... ဒါယိကာမကြီးမှာ မိမိအတွက် ပုန်းရည်ဟင်း ထမင်းကြမ်းနှင့် ဟင်းရွက် တွဲသည့် ဆန်ကွဲ ယာဂုကို စားသောက်လျက် သင့်အတွက်မှာ နှစ်ချို့ ဆန်ကောင်းနှင့် နွားနို့ ထောပတ် တင်လဲကို ကပ်ဖို့ရန် မှာနေရှာသည်။

သင်၏ အပေါ်၌ ဝတ်စားတန်ဆာနှင့် လယ်ယာမိုးမြေ ပစ္စည်းတွေကို မျှော်၍ ယခုလောက် ဂရုစိုက်သည် မဟုတ်၊ လူ နတ် နိဗ္ဗာန်ကို မှန်း၍သာ ဂရုစိုက်ခြင်း ဖြစ်သည်။ သူရည်ရွယ်တဲ့ ချမ်းသာကို အသင် ပေးနိုင်ပါ့မလား။

ကိလေသာ အာသဝေါ မကုန်သမျှ ဧကာမကြီး၍ ဆွမ်းကို အသင်မစားထိုက် ဟု ဆုံးမပြီးလျှင် ဆွမ်းခံမဝင်ဘဲ ပြန်၍ တရားကို အားထုတ်လေရာ ပင်ကိုယ်က စင်ကြယ်သော သီလနှင့်အားထုတ်၍ အသားကျနေသော ကမ္မဋ္ဌာန်း ဘာဝနာ အစွမ်းကြောင့် သိပ်ကြာကြာ အားမထုတ်ရဘဲ ချက်ချင်းပင် ရဟန္တာ ဖြစ်လေသည်

ထို့နောက် ဆွမ်းခံဖို့ အချိန်ရှိသေး၍ ဆွမ်းခံဝင်လေသော် စောင့်မျှော် နေသော နှမတော်က ဆွမ်းလောင်း အပြီးတွင် အထူးကြည်လင်သော မျက်နှာကို မြင်လိုက်ရ၍ မိခင်ပြန်လာသောအခါ“မေမေ … ယနေ့ မောင်တော်ရဲ့ မျက်နှာ လွန်စွာ ကြည်လင် နေပါတယ်”ဟု ပြောပြလေရာ “ယနေ့ ငါ သားကြီးမှာ ရဟန်းကိစ္စပြီးစီးလေပြီ”ဟု ပြောဆိုကာ ဝမ်းမြောက်သတဲ့။

ဒါယိကာမကြီးနှင့် သမီးလဲ ရဟန္တာ အရှင်မြတ်ကို ဆွမ်းလှူရာ ရောက်ပေသည်။

[ဒီဃနိကာယ, မဟာဝဂ္ဂ, မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ။]

တိုက်တွန်းချက်

ဤသို့လျှင် သူတော်စင် သံဃာတော် အပေါင်း၏ လူတို့ ရိုသေမှုနှင့် ထိုက်တန်အောင် ကျင့်ကြံတော်မူကြသည်ကို အာရုံပြုကာ ယခုကာလ ရဟန်းတော်များလည်း မိမိတို့ ဘက်က မလိုရအောင် သတိထား နိုင်မှ တာဝန် ကျေကြပေမည်။

“ငါ့လှေ ငါထိုး ပဲခူး ရောက်ရောက်”ဆိုတာလို ကိုယ်ထင်ရာ ကြဲနေလျှင် နောင် သံသရာရေးကို မဆိုထားဘိ ယခုဘဝ အရေးမှာပင် တဖြည်းဖြည်း မလွယ်ကူသော အခြေအနေကို တွေရတော့မည်။

ယခုအခါ ဘာသာမရှိဟူသော ဝါဒ, ဘာသာ ရှိသော်လည်း အရေးမစိုက်သော ဝါဒများ ခေတ်စားလာပုံကို ဆင်ခြင်ကာ နောင်ရေး ခက်ကြတော့မည်မှာ ဗေဒင် မေးစရာ မလိုပါသဖြင့် “ပညာရှိသော်လည်း သတိ ဖြစ်ခဲရကား” သတိကြီးစွာ ထားကြရန် ထပ်မံ၍ သတိပေးပါသည်။

ပုရိသယုဂါနိ ပါဠိအဖွင့်

ကျက်မှတ်ရန်

စတ္တာရိ၊ မဂ် ဖိုလ် နှစ်ပါး အစုံအားဖြင့် လေးပါးကုန်သော။
ယဒိဒံ ပုရိသယုဂါနိ၊ အကြင် ယောက်ျား အစုံတို့သည်။
အဋ္ဌ၊ အသီးအခြား ခွဲသောအားဖြင့် ရှစ်ပါးကုန်သော။
ပုရိသပုဂ္ဂလာ၊ ပုရိသပုဂ္ဂလ, ခေါ်ကြထိုထို မြင့်မြတ်သော ပုဂ္ဂိုလ်ပါပေတည်း။

ကြည့်ရှုရန် အဓိပ္ပာယ်

ဤ“စတ္တာရိ ပုရိသယုဂါနိ” စသော စကားတို့ကား သံဃာ့ဂုဏ်တော်ကို ပြသော စကားမဟုတ်။

သောတာပတ္တိမဂ်ကို ရသော ပုဂ္ဂိုလ်နှင့် သောတာပတ္တိဖိုလ်ကိုရသော ပုဂ္ဂိုလ် နှစ်ပါး တွဲလျှင် တစ်စုံ ဤသို့ စသည်ဖြင့်“မဂ်ဖိုလ်ကို ရသော ပုဂ္ဂိုလ်နှစ်ပါးကို တစ်စုံစီ တွဲလျှင် အရိယာ လေးစုံဖြစ်၍ အသီးအခြား ခွဲလျှင် ၈-မျိုးဖြစ်၏”ဟု ပြသော စကားတည်း။

ထိုသို့ ပြခြင်းသည်လည်း မဂ်ကိုရလျှင် ချက်ချင်း ဖိုလ်ရသောကြောင့် မဂ်ပုဂ္ဂိုလ်နှင့် ဖိုလ်ပုဂ္ဂိုလ်၏ တစ်ယောက်တည်းသာ ဖြစ်ကြောင်းကို သိစေတော်မူလိုရင်း ဖြစ်ဟန် တူပါသည်။

အစုံ ၄-ပါးကား

၁။ သောတာပတ္တိမဂ်ရ ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ရ ပုဂ္ဂိုလ်။

၂။ သကဒါဂါမိမဂ်ရ ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ရ ပုဂ္ဂိုလ်။

၃။ အနာဂါမိမဂ်ရ ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ရ ပုဂ္ဂိုလ်။

၄။ အရဟတ္တမဂ်ရ ပုဂ္ဂိုလ် အရဟတ္တဖိုလ်ရ ပုဂ္ဂိုလ်။

အာဟုနေယျ ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၅) ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
ဧသ ဧသော သာဝကသံဃော၊ အစုံလေးပါး, သီးခြားရှစ်ဖော် သံဃာတော်အပေါင်း, ဤ အရိယာ သူတော်ကောင်းသည်။
အာဟုနေယျော၊ တုံ့ပြန်ကြီးလေး, အကျိုးပေးသဖြင့် အဝေးမှ ဆောင်၍မူလည်း ကြည်ဖြူလေးမြတ် ပူဇော်အပ်သည့် လာဘ်သပ်ပကာ အဖြာဖြာကို ကောင်းစွာ သိမ်းပိုက် ခံယူခြင်းငှာလည်း ထိုက်တော်မူပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

အာဟုနေယျ ဂုဏ်တော်သည်“အဝေးမှ ယူဆောင်၍ ပူဇော်အပ်သော ပစ္စည်းကို ခံယူထိုက်၏”ဟူသောအနက်ကို ပြသည်။

[အာ + ဟုန + ဧယျအာ= အဝေးမှ ယူဆောင်၍ + ဟုန = ပူဇော်အပ်သောပစ္စည်း + ဧယျ = ခံယူထိုက်သည်။]

အရိယာ သံဃာတော်သည် လှူဒါန်း ပူဇော်သူတို့အား အတုံ့ပြန်၍ ကြီးကျယ် မြင့်မြတ်သော သံသရာကျိုးကို ပေးစွမ်းနိုင်ကြသဖြင့် အနီးအပါးကို မဆိုထားဘိ တစ်နယ်တစ်ကျေး ဝေးသော မြို့ရွာတို့မှသော်လည်း လှူဖွယ်များကို တမင်္ဂလာ ဆောင်ယူ၍ ပေးလှူ ပူဇော်ခြင်းငှာ ထိုက်တန်တော်မူပေသည်

ထို့ကြောင့့်် ရှေးက ဒါနအကျိုး နားလည်ကြသော သူတော်ကောင်းတို့သည် ထိုသို့ ဆောင်ယူကာ များစွာ ပူဇော်ဖူးကြလေပြီ။

သိကြားမင်းနှင့်
သုဇာမိဖုရားတို့ဉာဏ်

နတ်ပြည်၌ နတ်အများရှိကြလေရာ သာသနာပ အခါက ဖြစ်နှင့်သော နတ်များထက် သာသနာတွင်းကျမှ ဖြစ်ရသော နတ်တို့က အစစအရာရာ ခပ်သာသာ ဖြစ်နေ၏၊ အချို့နတ်များကား သိကြားမင်းထက်ပင် ကိုယ်ရောင်အဆင်း နှင့် စည်းစိမ် အခြွေအရံ သာလွန်လျက် ရှိ၏။

ထို့ကြောင့့်် အခါတစ်ပါး၌ အရှင်မဟာကဿပမထေရ် နိရောဓသမာပတ်မှ ထတော် မူပြီးလျှင် ဆင်းရဲသူတို့၏နေရာ ရပ်ကွက်၌ ဆွမ်းခံဝင်တော်မူလေရာ သိကြားမင်းနှင့် သုဇာမိဖုရားတို့သည် အိုမင်းသော လူဆင်းရဲသမီး ခင်ပွန်း ယောင်ဆောင်၍ ထို ရပ်ကွက်၏ အစဆုံး၌ အိမ်ငယ်တစ်ဆောင်ကို ဖန်ဆင်းလျက် နေနှင့်လေသည်။

ရဟန္တာ အရှင်မြတ်လည်း အထူးအထွေ ဆင်ခြင် စဉ်းစားတော်မမူဘဲ အိပ်ကုပ် ကလေး၌ အဘိုးအိုနှင့် အမယ်အိုတို့ အလုပ်လုပ် နေကြပုံကို မြင်၍ သနားသဖြင့် ရပ်တော်မူလေသည်။

အဘိုးကြီးသည် မျက်စိများကို ပွတ်ကာ သပ်ကာနှင့် “အိမ်ပေါက်မှာ ကိုယ်တော် တစ်ပါး ဆွမ်းရပ်နေပါကလား, ဒုက္ခ ဒုက္ခ ဘာမှလဲ ရှိမယ်မထင်ဘူး” ဟု ညည်းညူ လျက် အနားသို့ လာပြီးလျှင် “အင်-တို့ ကိုယ်တော်ကြီးပါတကား ဟေ့ရှင်အဝှါ ... ဘာများရှိသေးတုန်း”ဟု မေးရာ, အမယ်အိုကလည်း ထိုထို ဤဤ ရှာဖွေနေဟန်ဖြင့် အတန်ကြာမှ “ရှိသေးရဲ့တော့”ဟု ပြောပြော ဆိုဆို လာ၍ ဆွမ်းလောင်းလေလျှင် တစ်ရပ်လုံး မွှေးကြိုင်သွားလေသည်

ထိုအခါကျမှ သိကြားမှန်းသိ၍ “ဆင်းရဲသူကို ချီးမြှောက်လိုသဖြင့် ဆွမ်းခံ ဝင်ရာ၌ သင့်လို သိကြားက လူဆင်းရဲ လုပ်ရသလား” ဟု အပြစ်တင်တော်မူလျှင် “တပည့်တော်မှာ သာသနာပက ဖြစ်ရတဲ့ သိကြားမို့ စည်းစိမ်မကြီးပါ၊ သာသနာတော် တွင်းမှရောက်လာသော နတ်မင်းများလောက် အရှိန်မတောက် သဖြင့် နတ်ဆင်းရဲပင် ဖြစ်ပါသည်”ဟု လျှောက်၍ “အဟောဒါနံ ပရမဒါနံ၊ ကဿပေ သုပ္ပတိဋ္ဌိတံ = ဝမ်းမြောက်စရာ အလှူဒါန အလွန်မြတ်သော အလှူဒါနသည် အရှင်မဟာကဿပ၌ တည်လေပြီ”ဟု ဥဒါန်းကျူးလျက် နတ်ပြည်သို့ တက်သွားလေသည်။

ဤသို့လျှင် အရိယာ သံဃာတော်များသည် အဝေးရပ်မှ ယူဆောင်၍ ပေးလှူသမျှကို ခံယူထိုက်ကြပေသည်

တိုက်တွန်းချက်

ဤ ဝတ္ထုသွားကို ထောက်လျှင် ပညာရှိမှန်သမျှသည် နတ်စည်းစိမ်ကို စံနေရ သော်လည်း ဒါနအကျိုးကို သိမြင်ကြသဖြင့် ဝေးကွာသော နတ်ပြည်ခရီးမှပင် တမင် လာလျက် လှူဒါန်းကြသောကြောင့် ယခုကာလ စည်းစိမ်ရှင်များလည်း ကံနှင့်ကံ၏ အကျိုးကို နားလည်ကြပါမူ ကုသိုလ်ကောင်းမှုများကို ကြိုးစားပြုကျင့်ကြပါလော့

တစ်သက်လျာမျှ တစ်ဝမ်းဝဖို့ စီးပွားအတွက် ယခုဘဝတွင် ရရှိပြီး အခြေအနေမှ မလျောကျရအောင် နေ့စဉ် ကြိုးစားသကဲ့သို့ တစ်သံသရာလုံး စီးပွားအတွက် အဆက်ဆက် တန်းမြင့်၍ ပါရမီ ရင့်အောင် ကြိုးစားကြပါ

ဤလူ့ဘဝသည် ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် အလိုရှိရာ ရနိုင်သော ဘဝ ပဒေသာပင်ကြီး ဖြစ်ပါသည်။

ပါဟုနေယျ ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၆) ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
ဧသ ဧသော သာဝကသံဃော၊ အစုံလေးပါး, သီးခြားရှစ်ဖော် သံဃာတော်အပေါင်း, ဤ အရိယာ သူတော်ကောင်းသည်။
ပါဟုနေယျော၊ ဝေးရပ်မျိုးနွယ် များဧည့်သည်ဖို့ ရည်ရွယ်မှန်းထား, ပစ္စည်းများကို ဘုရားတစ်ဆူ ပွင့်တော်မူမှ ပေါ်လာကြသည့် ကမ္ဘာ့ဧည့်ကောင်း, သူတော်ကောင်းမို့ အကြောင်းတိုက်စွာ, ပေးလှူခြင်းငှာလည်း ထိုက်တော်မူပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

ပါဟုနေယျဂုဏ်တော်သည် “ဧည့်သည်တို့ဖို့ စီမံအပ်သော ပစ္စည်းကို ခံယူထိုက်၏” ဟူသောအနက်ကိုပြသည်။

( + အာ + ဟုန + ဧယျ = အရပ်တစ်ပါးမှ + အာ = လာသော ဧည့်သည်တို့အား + ဟုန = ပူဇော်အပ်သော ပစ္စည်း + ဧယျ = ခံယူထိုက်သည်။)

ယခုကာလ ရိုးရာ ဧည့်သည်များမှာ တွေ့ကြုံဖို့ လွယ်ကူပါ၏၊ ဧည့်ဝတ်ပြုဖို့လည်း လွယ်ကူပါ၏။ အရိယာ သံဃာတော်များကား ဘုရား တစ်ဆူ တစ်ဆူ ပွင့်တော်မူမှ ပေါ်လာကြသဖြင့် တွေ့ကြုံခဲသော ကမ္ဘာ့ဧည့်သည်တော်ကြီးများ ဖြစ်ကြပေသည်။ ထိုဧည့်သည်တော်များသည် ရိုးရာဧည့်သည်များ အတွက် ချက်ပြုတ်စီမံထားအပ်သော ပစ္စည်းများကိုလည်း ခံယူထိုက်ကြပေသည်

ဒက္ခိဏေယျ ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၇) ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
ဧသ ဧသော သာဝကသံဃော၊ အစုံလေးပါး, သီးခြားရှစ်ဖော် သံဃာတော်အပေါင်း, ဤ အရိယာ သူတော်ကောင်းသည်။
ဒက္ခိဏေယျော၊ တမလွန်စခန်း, ကြီးပွားလမ်းဖို့ မျှော်မှန်းရည်ရွယ် ပေးလှူဖွယ်ကို ရည်ရွယ်သမျှ, အကျိုးရသဖြင့် တစ်စမချန် အလှူခံခြင်းငှာလည်း ထိုက်တော် မူပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

ဒက္ခိဏေယျဂုဏ်တော် “အလှူကိုခံထိုက်၏” ဟူသောအနက်ကို ပြသည်။

[ဒက္ခိဏ+ ဧယျဒက္ခိဏ = အလှူ (လှူဖွယ်ဝတ္ထု) + ဧယျ = ခံယူထိုက်သည်။]

နောင်တမလွန်ဘဝ၌ ကြီးပွားချမ်းသာဖို့ ရည်မှန်း၍ လှူဒါန်းအပ်သော အလှူကို “ဒက္ခိဏာ”ဟု ခေါ်၏၊ အရိယာ သံဃာတော်များသည် ရည်မှန်းတိုင်းသော အကျိုးကို ရစေနိုင်သောကြောင့် ထိုဒက္ခိဏာကို ခံယူခြင်းငှာ ထိုက်တန်တော်မူကြပေသည်

ထိုဒက္ခိဏာသည် -
မိမိအတွက် ချမ်းသဖို့ရန် လှူဒါန်းခြင်း တစ်မျိုး
သေလွန်သူ မိဘ ဆွေမျိုးများအတွက် လှူဒါန်းခြင်းတစ်မျိုး
ဟု နှစ်မျိုးရှိ၏။

(၁) မိမိအတွက် အလှူသည် အခွင့်သာလျှင် သင့်ရာဘဝ၌ နိဗ္ဗာန်မရမချင်း အကျိုး ပေးမည်။ ယခုအခါ ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့ ကောင်းကျိုး ခံစားနေကြရ သည်မှာလည်း သူတို့သန္တာန်မှာ ရှေးက ထို“ဒက္ခိဏာ”အလှူမျိုး ပါရှိခဲ့သောကြောင့် ဖြစ်သည်။ ရှေးက ကုသိုလ်ကံဟောင်း၏ ကောင်းကျိုးကို ခံစားနေကြရသည်။

ယခုဘဝ၌ ပြုမိသော မကောင်းမှုများအတွက် နောက်နောက်ဘဝ၌ သိသာလတ္တံ့၊ ၉၁-ကမ္ဘာအတွင်းဝယ် မိစ္ဆာဒိဋ္ဌိ ဖြစ်ပါလျက် နတ်ပြည်သို့ ရောက်သူမှာ တစ်ယောက်သာ ဘုရားရှင် တွေ့မြင်တော်မူပါသတဲ့။

[မိစ္ဆာဒိဋ္ဌိ ဟူရာ၌ သဲသဲမဲမဲ သူတို့အယူ၌ စွဲလမ်းသူကိုသာ ဆိုလိုသည်၊ ဗုဒ္ဓဘာသာ မဟုတ်ရုံမျှကို မဆိုလို။]

(၂) သေလွန်သူ ဆွေမျိုးများကိုမှန်းလျက် လှူဒါန်းရာ၌ကား သေသူက -

  • ငရဲကျသော် လည်းကောင်း၊
  • တိရစ္ဆာန်အမိဝမ်း၌ ဖြစ်သော်လည်းကောင်း၊
  • အလွန်ဝေးသော တော, တောင်, မြစ် သမုဒ္ဒရာကမ်း၌ ပြိတ္တာ ဖြစ်နေသော် လည်းကောင်း၊
  • လူ့ အမိဝမ်း၌ ဖြစ်ရသော်လည်းကောင်း၊
  • နတ် ဗြဟ္မာ ဖြစ်ရသော်လည်းကောင်း,

ဤကလှူဒါန်းသော ကုသိုလ်ကို သူတို့မသိနိုင်ကြ၊ သိနိုင်သော်လည်း သူတို့မှာ အကျိုးထူး မရကြ

သို့သော် လှူဒါန်းသူ ဆွေမျိုးတို့မှာကား ထုံးစံအတိုင်း ဒါနကုသိုလ် ဖြစ်ကြရပါသည်။

သေလွန်သူသည် မိမိအိမ် ရွာ မြို့ အနီးပါး အကြိုအကြား၌ သွားလာလျက် စားရမဲ့ သောက်ရမဲ့ ပြိတ္တာမျိုး( အစိမ်း တစ္ဆေ သူရဲ) ဖြစ်နေလျှင် ကျန်ရစ်သောဆွေမျိုးများက ဆွမ်း သင်္ကန်း စသည်ကို လှူဒါန်း၍“ဤအလှူသည် သွားလေသူ (အမိ-အဘ-ဆွေမျိုး) အတွက် ဖြစ်ပါစေသတည်း။

သွားလေသူ (အမိ-အဘ-ဆွေမျိုး) မည်သူ မည်ဝါသည် ချမ်းသာပါစေသတည်း” “ဤ ကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုခေါ်ပါလော့, အညီအမျှ ကုသိုလ်ရအောင် အယူပါလော့ အမျှပေးပါ၏”ဟု ပြောဆို၍ အမျှဝေသောအခါ ထိုပြိတ္တာ များတွေမြင် ကြားသိလျှင် သာဓုခေါ်၍ အဝတ်အစားတို့ကို နတ်သမီး နတ်သားများကဲ့သို့ပင် ရရှိနိုင်ကြသည်

မိမိအတွက် လှူဒါန်းနေသော်လည်း မမြင်မကြားရသဖြင့် သာဓုမခေါ်နိုင်လျှင် မရကြသေး၊ ထို့ကြောင့် သေလွန်သူကို ရည်မှန်း၍ “ဒက္ခိဏာ”ကို ပြုသောအခါ၊ မပြုမီကပင် အချို့ အရပ်၌ သုသာန် စသည်သွား၍ “ယနေ့ အလှူဒါန ပြုမှာမို့ လိုက်ခဲ့ပါ”ဟု ဖိတ်မန်ကာ အိမ်သို့ ခေါ်လာကြသည်။

ထိုကုသိုလ်ကို အလွန်ဝေးသော ရှေးရှေးဘဝက ပြိတ္တာဖြစ်ကြသော ဆွေမျိုးဟောင်း များလည်း သာဓုခေါ်နိုင်လျှင် အဖို့ရခွင့် ရှိပါ၏၊ ထို့ကြောင့် တစ်စုံတစ်ယောက် ဆုံးသောအခါ ဆူဆူပူပူနှင့် ပကာသနအတွက် သုသာန်မှာ လှူခြင်းထက် မိမိ အိမ်မှာပင် ဆုံးသည့်နေ့ကစ၍ လှူဒါန်းလျက် အမျှဝေသောနည်းသာ ကောင်းမြတ် ပါသည်

ရက်လည်ဆွမ်း

တချို့ အရပ်၌ ဆွေမျိုးတစ်ယောက် အနိစ္စရောက်ပြီးသောအခါ ရက်လည်ဆွမ်း ကျွေးမှုကို ပြုကြ၏၊ ထိုသို့ပြုရာ၌ အကြောင်းရင်းကား “လူတစ်ယောက် သေဆုံး သောအခါ ကံပစ်ချရာဘဝသို့ ချက်ချင်း မပြောင်းသေးဘဲ ဘဝဟောင်း၌ ရှိရစ်သော အိမ်နှင့် ဆွေမျိုးများ၏ အနီးအပါးဝယ် တဝဲလည်လည်နှင့် လှည့်လည် ကြည့်ရှုကာ ခုနစ်ရက်ကြာအောင် နေသည်”ဟု အယူရှိကြ၏၊

ထို့ကြောင့် ခုနစ်ရက်ပြည့်သောအခါ “ဘဝတစ်ပါးသို့ အပြောင်းတွင် ဘဝဟောင်းက ဆွေမျိုးများ ပြုသောကုသိုလ်ကို ဝမ်းမြောက် သာဓုခေါ်ပြီးလျှင် ကောင်းရာဘဝသို့ ရောက်ပါစေတော့”ဟု ရည်စူးလျက် ၇-ရက်လည်မှ ဆွမ်းသွတ်ကြသည်။

နည်းလမ်းမဟုတ်

စင်စစ်မှာ ထိုသို့ မှတ်ထင် စွဲလမ်းသည့်အတိုင်း ၇ ရက်မျှ မိမိအိမ်၏ အနီးအပါးတွင် စောင့်စား လှည့်လည် နေတော့သည် မဟုတ်ပါ၊ ကံစီမံရာ ဘဝသို့ ချက်ချင်းပင် ပြောင်းကြရပါသည်။

ငရဲရောက်မည့် သူကို ကံက ဆိုင်းငံ့ စောင့်စားနေမည် မဟုတ်၊ ချက်ချင်း ပစ်ချ လိမ့်မည်။ နတ်ပြည်ရောက်မည့် သူကလည်း ဆွေမျိုးဟောင်းများကို ငဲ့ညှာနေမည် မဟုတ်။

အိမ်အနီးအပါး၌နေ၍ ဤဘဝဆွေမျိုးများက ပြုမည့်ကုသိုလ်ကို မျှော်လင့်နေသူ ပြိတ္တာဘဝ ရောက်နေသူသာတည်း၊ ထို့ကြောင့် ရက်လည်အောင် ဆိုင်းငံ့ခြင်းသည် နည်းမှန် မဟုတ်ပါ၊ ဆုံးသည့်နေ့ကစ၍ တတ်အားသမျှ ကုသိုလ်ပြု အမျှဝေခြင်းသာ နည်းလမ်းကျပါသည်။

ပြိတ္တာ ရှစ်သောင်း လေးထောင်

ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် ၉၂-ကမ္ဘာထက်၌ “ဖုဿ” မည်သော ဘုရားရှင် ပွင့်တော်မူပါသည်၊ ထိုဘုရားရှင်၏ ညီတော် မင်းသား သုံးယောက်တို့သည် စည်းစိမ် များကို ဘဏ္ဍာရေး မင်းကြီးနှင့် အခွန်ဝန်အား လွှဲအပ်၍ အရပ်ရပ် ကိစ္စတို့ကို မှာထားပြီးလျှင် ကျွန်တော်ရင်း တစ်ထောင်နှင့်တကွ တစ်ဝါတွင်းလုံး * ဆယ်ပါးသီလ စောင့်ထိန်းလျက် ကျောင်းတော်မှာ နေကြလေသည်။ လွှဲအပ်သော ဝန်ကြီးများက ဘုရား အမှူးရှိသော သံဃာတော်များနှင့်တကွ မင်းသားတို့၏ အခြွေအရံများ အတွက် ချက်ပြုတ်၍ ပြုစုကြရ၏။

[*ဤစကားကို ထောက်၍ “ရှိရင်း ရွှေငွေကို တစ်ခါတည်း မပေး မစွန့်သော်လည်း သီလစောင့်ခိုက် မကိုင်မခံလျှင် ၁၀-ပါး သီလကို စောင့်ကောင်း၏” ဟု သိသာ၏။]

ထိုအခါ ကိစ္စကြီးငယ် ရွက်ဆောင်ပြုလုပ် ချက်ပြုတ်ကြသူ ဝန်မင်းဆွေမျိုး တို့သည် ရှစ်သောင်း လေးထောင်ခန့် ရှိသတတ်၊ သူတို့သည် သံဃာတော်များ အတွက် ချက်ပြုတ်ထားသော စားသောက်ဖွယ်မှ သံဃာတော်များ မကပ်ရခင် နေ့စဉ်မပြတ် သားသမီးများကိုလည်း ကျွေးမွေးကြ, မိမိတို့လည်း စားသောက်မိကြသဖြင့် ဤ ကမ္ဘာ၏ အစလောက်ကပင် အားလုံး ပြိတ္တာများဖြစ် ကြ၍ စားရမဲ့ သောက်ရမဲ့ နေကြရလေသည်၊

[ဤဝတ္ထုကိုထောက်၍ သူများ ဒါနပြုရာ၌ မိမိတို့က ဦးဦးဖျားဖျား မစားမိအောင် ကလေးများကိုလည်း မကျွေးမိအောင် သတိပြုကြပါ။]

ထို့နောက် ပွင့်တော်မူလာသော ရှေးဘုရားရှင်များ အထံတော်သို့ ချဉ်းကပ်လျက် စားသောက်ရမည့် ကာလကို လျှောက်ထားကြရာ “ဂေါတမဘုရား ပွင့်တော်မူလျှင် သင်တို့၏ ဆွေမျိုး ဖြစ်ခဲ့ဖူးသော အခွန်ဝန်သည် ဗိမ္ဗိသာရမင်း ဖြစ်၍ ဒါနပြုသောအခါ သင်တို့အား အမျှပေးဝေလိမ့်မည်။ ထိုအခါ၌ သင်တို့ စားသောက်ကြရပေ လိမ့်မည်”ဟု မိန့်တော်မူခဲ့သဖြင့် အပျော်ကြီး မျှော်လင့်၍ နေခဲ့ကြလေသည်။

ထို့နောက် ငါတို့ဘုရားရှင် ပွင့်တော်မူလာ၍ ဗိမ္ဗိသာရမင်းသည် ရှေးဦးစွာ လှူဒါန်း ကျွေးမွေးသောအခါ အမျှမဝေမိသဖြင့် အဖို့မရ၍ ညဉ့်အခါ အသံပြုလျက် ကိုယ်ထင် ပြကြလေသည်။

ဗိမ္ဗိသာရမင်းလည်း ဘုရားအထံတော် လာ၍ အကြောင်းကို လျှောက်ထားရာ အကြောင်းစုံကို ဟောတော်မူသောကြောင့် နောက်ထပ် သင်္ကန်း ဆွမ်း တို့ကို လှူ၍ အမျှပေးမှ သာဓုခေါ်ကြ သဖြင့် ပြိတ္တအဖြစ်မှ လွတ်မြောက်၍ နတ်အဝတ်အစားများ ပေါ်ပေါက်ရလေသတဲ့။

သတိထားဖွယ်

အမျှပေးဝေမှုနှင့် စပ်၍ သတိထားဖွယ် တစ်ရပ်ကို ဥပရိပဏ္ဏာသ ဒက္ခိဏဝိဘင်္ဂသုတ် အဋ္ဌကထာ၌ တွေ့ရ၏။

မုဆိုးတစ်ယောက်သည် သေလွန်၍ ပြိတ္တာ ဖြစ်နေသော ဆွေမျိုးကို ရည်စူးလျက် သီလသိက္ခာ မရှိသော (ရဟန်းအတု) ကိုယ်တော်အား ၂-ကြိမ်တိုင်အောင် အလှူပေး၍ အမျှပေးဝေသော်လည်း အမျှမရဘဲရှိရာ ၃-ကြိမ်မြောက် ပေးလှူပြန်သောအခါ ပြိတ္တာက “ငါ့ဖို့ ဥစ္စာကို ဒုဿီလကြီးက လုယူထားသည်”ဟု အော်ဟစ်သတဲ့။

[ဒုဿီလကို လှူ၍ အမျှပေးဝေသောကြောင့် “ငါ့မှာ အဖို့မရဘူး”ဟု ဆိုလိုသည်။]

ထို့ကြောင့် ဆွေမျိုးဟောင်းကို ရည်မှန်း၍ လှူဒါန်းကြရာ၌ မိမိကိုယ်တိုင် သီလ ဆောက်တည်လျက် သီလရှိသူအား လှူဒါန်း၍ အမျှပေးဝေမှ အဖို့ရဖွယ် ရှိကြောင်း ကောင်းကောင်းကြီး သတိ ပြုသင့်ကြပေသည်၊ သီလရှိသော ပုဂ္ဂိုလ်ကို မရွေးချယ် တတ်လျှင် လည်းကောင်း ရွေးချယ်ရမှာ အားနာလျှင် လည်းကောင်း, သံဃာအကုန်ကို ရည်မှန်းလှူဒါန်း၍ အမျှဝေသင့်ပါသည်။

သံဃာ”ဟူရာ၌ ရဟန်းတော်များ စုမိမှ “သံဃာ”ဟု မမှတ်ရ၊ ရဟန်း တစ်ပါးပင် ဖြစ်သော်လည်း မိမိက “သံဃာအား လှူပါ၏”ဟု သံဃာကို ရည်စူး၍ ဆွမ်းတစ်ထပ် လှူလျှင်လည်း သံဃိကဒါန ဖြစ်နိုင်ပါ၏၊ ရဟန်းတော်များကိုပင့်၍ လှူရာ၌မူ အထူး ပြောဖွယ် မလိုပါ၊ ထို့ပြင် သေလွန်သူကို အကျိုးရစေလိုသော ဆန္ဒဖြင့် ကုသိုလ်ပြုရာ၌ မည်သည့်နည်းနှင့်မျှ ဂုဏ် ပကာသနတွေ မပါရအောင် သတိပြုသင့်ပါသည်

အဉ္စလိ ကရဏီယ ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၈) ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
ဧသ ဧသော သာဝကသံဃော၊ အစုံလေးပါး, သီးခြားရှစ်ဖော် သံဃာတော်အပေါင်း, ဤ အရိယာ သူတော်ကောင်းသည်။
အဉ္စလိကရဏီယော၊ တစ်လောကလုံး ကိုင်းညွှတ်ရုံးလျက်, ရွှင်ပြုံးကြည်ညို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးခြင်းကိုလည်း ထိုက်တော်မူပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

အဉ္စလိကရဏီယ ဂုဏ်တော်သည် “လက်အုပ်ချီမှုကို ပြုထိုက်၏” ဟူသောအနက်ကို ပြသည်။

[အဉ္စလိ = လက်အုပ်ချီမှု + ကရဏီယ = ပြုထိုက်သည်။ ]

အရိယာ သံဃာတော်အပေါင်းသည် တစ်လောကလုံးရှိ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ကြင်လင် ရွှင်ပျ မြတ်နိုးလှ ကိုင်းညွတ် ရိုသေမှု လက်အုပ်ကို နဖူးပေါ် ရောက်အောင် မိုးလျက် ရှိခိုးမှုကို ခံထိုက်ပေ၏

ပုထုဇဉ် သံဃာတို့ကား အရိုအသေ ခံထိုက်လောက်အောင် သီလ သမာဓိ ပညာဂုဏ် မရှိပါလျှင် လူတို့က အရိုအသေ ပြုမှုကြောင့် မိမိတို့ အပေါ်၌ ကြီးလေးသော တာဝန်များ တက်ရောက်လာဖွယ် ရှိသည်။

ဝိသုဒ္ဓိမဂ်လာ အောက်ပါ ဂါထာသည် အလွန် သံဝေဂဖြစ်ဖွယ် ကောင်းသော ဂါထာပေတည်း။

ပိဏ္ဍောပိဿ အယောဂုဠော၊
အယောပဋ္ဋော၀ စီဝရံ။
ဝိဟာရော အယောကုမ္ဘီဝ၊
သတ္တိဝေဓော၀ အဉ္စလီ။

အဿ၊ ထို သီလသိက္ခာ ကောင်းစွာ မစင် ပုထုဇဉ်ဆိုး, ရဟန်းမျိုး၏။
ပိဏ္ဍောပိ၊ ဒကာ ဒကာမ, သဒ္ဓါကြွ၍, ထာဝရ လှူဒါန်း, စားဖွယ် ဆွမ်းသည်လည်း။
အယောဂုဠော၀၊ အရှိန်ရဲရဲ မီးလျှံစွဲသည့် သံခဲ သံလုံး, သံတုံးတွေနှင့် တူလှပေ၏။
စီဝရံ၊ ကိုယ်ဝယ် ဆင်မြန်း ဝတ်သင်္ကန်းသည်။
အယောပဋ္ဋော၀၊ အရှိန်ကြီးမား, မီးလျှံဝါးသည့် သံပြားကြီးနှင့် တူလှလေ၏။
ဝိဟာရော၊ သွား ရပ် ထိုင် လျောင်း နေရာကျောင်းသည်။
အယောကုမ္ဘီဝ၊ ဝန်းကျင် တောက်ပြောင် ရဲရဲလောင်ဦး, သံအိုးကြီး နှင့် တူလှလေ၏။
အဉ္စလီ၊ လူသူအားလုံး များညွှတ်ရုံး၍, ရွှင်ပြုံးကြည်ညို ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကြခြင်းသည်။
သတ္တိဝေဓော၀၊ အရောင် လက်လက် မြမြထက်သည့် လှံရွက်ကိုမိုး ဝိုင်း၍ထိုးသည်နှင့် တူလှလေသတည်း။

မိမိ၏ သီလသိက္ခာ မလုံလောက်လျှင် ရဟန်းအဖြစ်၌ နေထိုင်ရန်ပင် မသင့်တော့ပြီ၊ ရဟန်းအဖြစ်ဟူသည် အလွန်ကြီးမားသော ဆုထူးကို ရည်ရွယ် မှန်းထားသော အဂ္ဂသာဝက မဟာသာဝကအလောင်း ဘုရားအလောင်း များနှင့်သ၁ သို့မဟုတ် နိဗ္ဗာန်ကို မြန်မြန်ရလို၍ သံသရာ၌ ငြီးငွေ့သော သူတော်ကောင်းတို့နှင့်သာ ထိုက်တန်၏၊ အမှတ် တမဲ့ နေသူတို့မှာ ဗုဒ္ဓ သာသနာတော်နှင့် မတန်မရာချေ။

သို့ပါလျက် အမြင်တိုသော ဆွေမျိုးများက “လူ့ဘောင်၌ တေလေ လုပ်နေလျှင် အိမ်မှာ အနှောင့်အယှက် ပေးလိမ့်မည်, ရာဇဝတ်မှု ကျူးလွန်လျှင် ထောင်ကျ၍ ဆင်းရဲ လိမ့်မည်။ ဘာမှ အလုပ်အကိုင် မတတ်လျှင် အသက်မွေး ခက်လိမ့်မည်၊ ဘုန်းကြီး လုပ်နေလျှင် အစားအသောက် အနေအထိုင် မကြောင့်ကြရ, ဘာမျှ မလုပ်မကိုင်ဘဲ ဘုရားထူး ဦးချခံ၍ ဟန်ဟန် ပန်ပန်ကြီး နေနိုင်သည်ဟု”ဟု သူတို့တွက်ကိန်းအရ အိမ်၌ အသုံးကျပုံ မပေါ်သူကို ဘုန်းကြီးလုပ်ဖို့ တိုက်တွန်းလိုက်ကြသဖြင့် သာသနာ့ ဝန်ကို မဆောင်နိုင်ဘဲ သာသနာတော်ကြီးကို “ဖိစီး” နေသော သာသနာ့ ဝန်စီးတွေ ပေါများ၍ နေသည်မှာ လွန်စွာ ဝမ်းနည်းဖွယ် ကောင်းလှတော့၏

လောကကောင်းကျိုးကို ဆောင်ရွက်နေသော ပုဂ္ဂိုလ်ကောင်း များနှင့် ဆက်ဆံခွင့် မရသော ခေတ်လူငယ် တချို့က ထို သာသနာ့ဝန်စီးများကို ကြည့်၍ သာသနာရေးကို ပစ်ပယ်လိုသော စိတ်ထားများလည်း ယခုအခါ ပေါ်ပေါက်လာသဖြင့် သာ၍ ကြောက်ဖွယ် ဘေးကြီးနှင့် ရင်ဆိုင်ရတော့မလို ဖြစ်နေချေပြီ။

ဝန်ဆောင် ပုဂ္ဂိုလ်များသည် သာသနာ သန့်ရှင်းရေးကို ကြိုးစားနိုင်ကြလျှင် ကြိုးစားဖို့ အချိန် ရောက်နေပါပြီ၊ မကြိုးစား နိုင်ကြလျှင်ကား တခြားနိုင်ငံက ဘုန်းကြီးများ၏ အခြေအနေသို့ ရောက်ဖို့ရန် အချိန်ကြာကောင်းမှ ကြာပေမည်။

[တခြားနိုင်ငံ၌ ဘုန်းကြီး အခေါ်ခံရသူများကို အထက်တန်းမှာ မထားကြ၊ ထိုဘုန်းကြီး များလည်း သင့်တော်သလို ရှာဖွေ၍ အသက်မွေးကြရရှာသည်။]

အနုတ္တရ ပုညက္ခေတ္တ ဂုဏ်တော်ဖွင့်

ကျက်မှတ်ရန်

(၉) ဘဂဝတော၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
ဧသ ဧသော သာဝကသံဃော၊ အစုံလေးပါး, သီးခြားရှစ်ဖော် သံဃာတော်အပေါင်း, ဤ အရိယာ သူတော်ကောင်းသည်။
လောကဿ၊ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်း၏။
အနုတ္တရံ၊ အတူမရှိ, မြတ်ခေါင်ထိသော။
ပုညက္ခေတ္တံ၊ ကုသိုလ် ကောင်းမှု မျိုးစေ့စု၏ ကြီးထုမြင့်မား စွင့်စွင့်ကားလျက်, ဖွံ့ထွားဖွယ်ရာ လယ်ယာမြေကောင်းအတူ ဖြစ်တော်မူပါပေ၏။

ကြည့်ရှုရန် အဓိပ္ပာယ်

အနုတ္တရံ ပုညက္ခေတ္တဂုဏ်တော်သည် “ကောင်းမှုမျိုးစေ့ကို ကြဲချ စိုက်ပျိုးဖို့ရာ မြတ်သော လယ်ယာနှင့် တူတော်မူ၏”” ဟူသော အနက်ကို ပြ၏။

[အနုတ္တရ = မြတ်သော + ပုည = ကောင်းမှု + ခေတ္တ = လယ်ယာ]

အရိယာ သံဃာတော်သည် လယ်ယာမြေကောင်းနှင့် တူ၏။ ကောင်းမှုရှင်များကား လယ်ယာရှင်နှင့်တူသည်၊ ကောင်းမှုရှင်များပြုကြသော လှူဒါန်းမှု ရဟန်းတော်များ၏ အဆုံးအမ အတိုင်း သီလဆောက်တည်မှု့ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းမှုမှာ အောင်အောင်မြင်မြင် အနှစ်ပြည့်ဝသော မျိုးစေ့နှင့် တူသည်။

လယ်ယာ စိုက်ပျိုးရာ၌ မြက် သစ်ပင် စသော အနှောင့်အယှက် ကင်း၍ သန့်ရှင်းသော လယ်ယာ၌ စိုက်ပျိုးသော မျိုးစေ့များသည် စည်ပင်ပြန့်ပွား ဖွံ့ထွား ကြီးမားသကဲ့သို့ ကောင်းမှုရှင်များသည် လှူဒါန်းမှု အစရှိသော မျိုးစေ့တို့ကို ကိလေသာ အညစ်အကြေး တို့မှ ကင်းဝေးစင်ကြယ်ပြီးသော အရိယာ သံဃာတော်၌ စိုက်ပျိုးကြဲချလိုက်မှသာ နောင်အချိန်ကျသောအခါ အလွန်ကြီးမားသော အကျိုးများကို စံစားကြရပါလိမ့်မည်။

ထို့ကြောင့် ယခုနှယ်အခါ အရိယာသံဃာဟူ၍ သိသိသာသာ မထင်ရှားရကား သံဃာအများနှင့် စပ်ဆိုင်သော ကထိန်သင်္ကန်း လှူဒါန်းမှု, နေ့စဉ် ဆွမ်းလောင်းမှု စသော ကိစ္စ၌ ပရိနိဗ္ဗာန် စံဝင်ပြီးသော သံဃာတော်များနှင့် တစ်သာသနာလုံး သံဃာတော်များကို ရည်မှန်း၍ လှူဒါန်းကြပါ။

တစ်ပါး နှစ်ပါး စသည် လှူဒါန်းရာ၌ကား သီလ သမာဓိ ပညာ ကောင်းစွာ လုံလောက်သော ပုဂ္ဂိုလ်များကို ရွေးချယ်၍ လှူဒါန်းမှသာ အကျိုးများများ ရနိုင်မည်၊ ပုထုဇဉ် သူတော်ကောင်းများလည်း သောတာပန်လောက်နီးနီး ခရီး ရောက်ကြ ပေသည်။

လာဇာနတ်သမီးဝတ္ထု

ဘုရားလက်ထက်တော်က ဆင်းရဲသူ အမျိုးသမီး တစ်ယောက်သည် လယ်တော စောင့်ယင်း သွားရည်စာ အဖြစ်ဖြင့် စားဖို့ရာ ပေါက်ပေါက် ကလေးများကို လှော်ထား၏၊ အရှင်မဟာကဿပ မထေရ်မြတ်လည်း နိရောဓသမာပတ်မှ ထလျှင် ဆင်းရဲသူမလေးကို မြင်သဖြင့် လယ်တောသို့ ဆွမ်းခံ ကြွတော်မူသည်။

အမျိုးသမီးကလေးသည် မိမိစားဖို့ရာ ပေါက်ပေါက် ကလေးများကို လာရောက် လှူဒါန်းပြီးလျှင် ဝမ်းမြောက် ဝမ်းသာ မိမိ၏ အလှူကို အောက်မေ့လျက် လယ်စောင့် တဲသို့ အပြန်တွင် ကစင်း (ကန်သင်း)ရိုးမှ မြွေကိုက်သဖြင့် ချက်ချင်းသေဆုံးလေသည်။

ထိုအခါ မိမိ ကုသိုလ်ကို ဝမ်းမြောက်သောစိတ်က စွဲနေသဖြင့် အလွန်မဆင်းရဲဘဲ နတ်ပြည်သို့ ရောက်၍ ပေါက်ပေါက်တွေ တွဲရရွဲ ဆွဲနေသောဘုံ၌ နတ်သမီးဖြစ်ကာ “လာဇာနတ်သမီး” ဟု ထင်ရှားလေသည်။ (ပေါက်ပေါက်ကို ပါဠိလို “လာဇာ” ဟု ခေါ်သည်။)

ထို့နောက် အရှင်မဟာကဿပ မထေရ်ကို ကျေးဇူးတင်လှ၍ ဝတ်ကြီး ဝတ်ငယ် ပြုစုလိုသောကြောင့် အရှင်မဟာကဿပ နေရာ လိုဏ်ဂူသို့ ဆင်းလာသောအခါ အရှင်မဟာကဿပက အပြုအစုမခံသဖြင့် ငိုငိုရီရီနှင့် နတ်ပြည်သို့ အပြန်တွင် ဘုရားရှင် မြင်တော်မူ၍ တရားဟောတော်မူရာ “သောတာပန်” အဖြစ်သို့ ရောက်လေသည်။

ဤသို့လျှင် အရိယာ သံဃာတော်သည် ကောင်းမှု တည်းဟူသော မျိုးစေ့ကို စိုက်ပျိုးဖို့ရာ အတူမရှိသော လယ်ယာမြေကောင်းနှင့် တူပါပေသည်။

[ဓမ္မပဒ အဋ္ဌကထာ ပါပဝဂ်။]

ဤဝတ္ထု၌ အနည်းငယ်သော ပေါက်ပေါက် ကလေးများကို လှူဒါန်းမှုကြောင့် နတ်စည်းစိမ် ရရုံမျှမက သောတာပန် ဖြစ်သည့် တိုင်အောင် ကြီးကျယ်သော အကျိုး ထူးကို ရသည်မှာ ညောင်စေ့ကလေး စိုက်ပျိုးလိုက်ရာ ညောင်ပင်ကြီးပေါက်လာ သည်နှင့် တူသောကြောင့်“ညောင်စေ့လောက် လှူလိုက်လျှင် ညောင်ပင်ကြီးလောက် ရ၏”ဟု ပြောစမှတ်ပြုကြပေသည်။

တိုက်တွန်းချက်

ယခုကာလ မိကောင်း ဖကောင်း သားသမီးတို့မှာ ရှေးကပြုခဲ့သော အကုသိုလ်တွေ ရှိစေကာမူ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် (အပါယ် ၄-ပါးသို့ မချရလျှင် မနေနိုင်လောက်အောင်) ကြီးကျယ်သော အကုသိုလ်ကံများကား အကျိုးပေးသင့်သမျှ ပေးပြီးဖြစ်၍ နောက်ထပ် အကျိုးပေးရာ အကုသိုလ်ကံကြီးများ မရှိသလောက် နည်းပါးလေပြီ

ထို့ကြောင့် ယခုဘဝ၌ ကြီးကျယ်သော အကုသိုလ် ကံများကို နောက်ထပ် မဖြစ်ရအောင် စောင့်စည်း၍ ကြိုးကြိုးစားစား ပါရမီဖြည့်သွားလျှင် ကောင်းသောဘ၀ သို့ ရောက်ဖို့ရန်မှာ မလွဲနိုင်တော့ပြီ၊ တကယ်တမ်း လိုချင်ပါမူ နိဗ္ဗာန်နှင့် နီးလှပေပြီ

ယခုဘဝကား သေရေး ရှင်ရေးထက် အရေးကြီးသော ဘဝပေတည်း

ယခုဘဝ၌ မေ့မေ့ လျော့လျော့နှင့် ခပ်ပေါ့ပေါ့ နေသွားကြလျှင် သံသရာမှ ကျွတ်လွတ်ဖို့အတွက် မျှော်လင့်ချက် ဝေးလှ၏၊

ယခုဘ၀၌ အားရပါးရ ကြိုးစားကြလျှင်ကား အထက်တန်းရောက်ဖို့လည်း မခက် သံသရာမှ လွတ်ဖို့လည်း မခက်တော့ပြီ၊ သို့အတွက် ကိုယ်စီကိုယ်င စိတ်ထား မြင့်မြတ်အောင် ပြုပြင်လျက် အကုသိုလ်များကို အထူးဆင်ခြင်ကြပြီးလျှင် ပြခဲ့သော ဝတ္ထုကို ထောက်ထား၍ ကုသိုလ်ကောင်းမှုကို နေ့စဉ်ကြိုးစားကြပါ

ထိုကဲ့သို့ကြိုးစား၍ စိတ်ကောင်းထားသူသည် ဘဝအဆက်ဆက်၌ သူတော်ကောင်းနှင့် တွေ့၍ ထိုသူတော်ကောင်းအထံမှ ကောင်းသော ဩဝါဒကို ရနိုင်ပါ၏၊ ထိုဩဝါဒ အတိုင်း နေထိုင်လျှင် အပါယ် မကျနိုင်တော့ဘဲ ပါရမီ အဆင့်ဆင့် ရနိုင်ပါသည်။

သူတော်ကောင်း ဆိုသည့်မှာ-

(၁) ငါးပါးသီလကိုလုံခြုံသူ
(၂) ငါးပါး သီလ၌ မပါသေးသော ဒုစရိုက်များကို ရှောင်လေ့ရှိသူ
(၃) ဣဿာ မစ္ဆရိယ မဖြစ်အောင် သတိထားသူ
(၄) ဒါနစသော ပုညကိရိယဝတ္ထုကို စွမ်းနိုင်သမျှ ပြုလေ့ရှိသူသာတည်း။

သံဃာရှိခိုး ဂါထာအဖွင့်

ကျက်မှတ်ရန်

ဧဝံ နဝဟိ ဂုဏေဟိ၊
လောကမှိ ဝိဿုတံ ဂဏံ။
သာသနံ စိရဓာတာရံ၊
ဝန္ဒာမိ တီဟိ သာဒရံ။

ဧဝံ နဝဟိ ဂုဏေဟိ၊ ဤသုပ္ပဋိပန္န အစလာသည့် ကိုးဖြာသော ဂုဏ်တော် အပေါင်းတို့ဖြင့်။
လောကမှိ၊ ဘဝဂ်ဆုံးအောင် ဘုံသုံးဆောင်၌။
ဝိဿုတံ၊ တိတ္ထိတို့ဘောင် လွန်မြားမြောင်သည့် ဟန်ဆောင်သံဃာ အဖြာဖြာထက် အရာရာဖြင့် ဂုဏ်ရည်တင့်၍ ကြီးမြင့် ထင်ရှားပေထသော။
သာသနံ၊ ကမ္ဘာ့ကမ္ဘာ လွန်လေပါလည်း တစ်ခါတစ်ဖန် ကြုံရန်ခဲကပ် အမြတ်ရတနာ ဤသာသနာတော်မြတ်ကြီးကို။
စိရဓာတာရံ၊ ဘုရားလက်ထက် အဆက်ဆက် မပျက်ရအောင် ပို့ချသင်ယူ ဆောင်ရွက်တော်မူလာပေထသော။
ဂဏံ၊ အတွင်းစိတ်ဓာတ် မြင့်မြတ်ကြည်လင်, သူတော်စင်ကောင်း, အရိယာ သံဃာတော် အပေါင်းကို။
တီဟိ၊ လက်အုပ်အဉ္စလီ နှုတ်သံချီ၍ ရွှင်ကြည်မနော, သုံးပါးသော ဒွါရတို့ဖြင့့််။
သာဒရံ၊ လေးမြတ်ကြည်ညို ရိုသေခြင်း ရှိသည်ဖြစ်၍။
ဝန္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။

[ဂုဏ်တော် ၉-ပါးကို သံဃာ့ ဂုဏ်တော်ဖွင့် အစ၌ ပြခဲ့ပြီ။]

ကြည့်ရှုရန် အဓိပ္ပာယ်

တိတ္ထိတို့ဘောင် ကြီးမြင့်ထင်ရှားပေထသော

ဘာသာတိုင်း၌ ဘုရားအပြင် တပည့် သံဃာများလည်း ရှိကြရိုးပင် ဖြစ်ပေ၏၊ တိတ္ထိ တပည့် ဟူသမျှတို့ထက် ဘုရားရှင်၏ အရိယာ ဖြစ်ပြီးသော တပည့် သံဃာတော် များက အရာရာ၌ ဂုဏ်အရည်အချင်း သာလွန် ကျော်စောတော်မူကြပေသည်

ရာဇဂြိုဟ်သူဌေးကြီး

ဘုရားရှင် လက်ထက်တော်အခါ ရာဇဂြိုဟ်ပြည်၌ သူဌေးတစ်ဦးသည် ရေချိုးရာမှ စန္ဒကူးနံ့သာတုံးကို ရသဖြင့် သပိတ်လုပ်စေပြီးလျှင် “ယခုကာလ၌ ရဟန္တာတွေ အလွန်ပေါများနေပေသည်၊ ရဟန္တာအစစ် ရှိလျှင် ဤသပိတ်ကို တန်ခိုးဖြင့် ဆောင်ယူပါလော့”ဟု ကြော်ငြာပြီးလျှင် အတောင် ၆ဝ-မြင့်သော ဝါးကြီးကို စိုက်ထောင်ကာ သပိတ်ကို ဆွဲထားလေသည်။

ထိုအခါ တပည့် သံဃာများနှင့်တကွ တိတ္ထိဘုရား ဆရာကြီးများ ကိုယ်တိုင် လာ၍ ဈာန်ပျံတော့မည့် ဟန်ကိုပြရာ တပည့်များက “အရှင်ဘုရား သပိတ်ကလေး တစ်လုံး အတွက် အဖိုးများစွာ ထိုက်သော တန်ခိုးတော်ကို ပြတော် မမူပါနှင့်ဘုရား”ဟု ဆွဲကြ ငင်ကြ တောင်းပန်ကြ၍ ဟန်ကိုပြလျက် ပြန်ကြလေသည်။

ဤနည်းအတိုင်း ဟန်ပြလျက် အချိန်ကုန်ပြီးနောက် ၇-ရက်မြောက်၌ကား အရှင် မောဂ္ဂလ္လာန်၏ တိုက်တွန်းချက်အရ အရှင်ပိဏ္ဍောလ မထေရ်သည် သုံးဂါဝုတ်လောက် ရှိသော ကျောက်ဖျာကြီးကို ခြေမဖြင့်တို့ယူ၍ ရာဇဂြိုဟ်ပြည်၏ အထက်ကောင်းကင်၌ ဈာန်ပျံလေရာ -

တစ်ပြည်လုံး အုတ်အုတ် ကျက်ကျက် ဆူကာ “အရှင်ဘုရား သတိထားတော်မူပါ, ကျောက်ကြီးကျလာပါမည် သတိထားတော်မူပါ” ဟု လက်နှစ်ဖက်ဖြင့် ဦးခေါင်း ပေါ်မှာ ကွယ်ကာကြလျက် တောင်းပန်သူက တောင်းပန် ဗန်း ဆန်ကော စသည်ကို ဦးခေါင်းပေါ် တင်၍ ကွယ်ကာသူက ကွယ်ကာ အိမ်တွင်းမှာ ပုန်းသူကပုန်းနှင့် တရုန်းရုန်း လှုပ်ရှားနေလေသည်။

[ဈာန်အဘိညာဉ်၏ တန်ခိုးသည် လေးသောအရာ ပေါ့ - ပေါ့သောအရာ လေးအောင် ပြုနိုင်၏။]

ထို့နောက် အတော်ကြာအောင် လှည့်ဝဲပြီးမှ သူဌေးကြီး၏ ပင့်လျှောက်ချက်အရ ကျောက်ဖျာကြီးကို သူ့နေရာချ၍ ကောင်းကင်မှ ဆင်းသက်တော်မူသည်၊ ဤသို့လျှင် ဘုရားရှင်၏ သာဝကဖြစ်သော သံဃာတော်များသည် တိတ္ထိတို့၏ ဟန်ဆောင်သံဃာ များနှင့် အနေအထိုင်မှစ၍ ဂုဏ်အရည်အချင်းအားဖြင့် အရာရာ ကွာခြားလျက် ကြီးကျယ် ထင်ရှားပါပေသည်

[စူဠဝဂ္ဂပါဠိတော် ခုဒ္ဒကဝတ္ထု ခန္ဓက။]

သာသနာ သုံးရပ်

(၁) ပရိယတ္တိသာသနာ - ပါဠိတော်နှင့် အဋ္ဌကထာ ကျမ်းစာများ
(၂) ပဋိပတ္တိသာသနာ - တရားတော်အတိုင်း ကျင့်ကြံအားထုတ်မှု။
(၃) ပဋိဝေဓသာသနာ - မဂ်ဖိုလ် နိဗ္ဗာန်တရားကို သိကြ ရကြမှု။

သံဃာတော်သည် သာသနာတော် မဟုတ်၊ သာသနာ့ဝန်ဆောင်များသာတည်း၊ ထို သာသနာ့ဝန်ဆောင် ဖြစ်ကြသော သံဃာတော်များ၏ တာဝန်ကား အထက်ပါ သာသနာသုံးမျိုးကို ကိုယ်တိုင် အားထုတ်ခြင်းသူတစ်ပါးတို့ကို နားလည်အောင် ပို့ချဟောပြခြင်းအားဖြင့် ကွယ်ပျောက် မသွားအောင် စောင့်ရှောက်ရခြင်းတည်း။

ဘုရားလက်ထက် ဆောင်ရွက်တော်မူ

ဤသာသနာသုံးရပ်ကို မကွယ်ပအောင် ဘုရား လက်ထက်တော်မှစ၍ ကျမ်းဂန် တတ်သည့်ပညာရှိ အပေါင်းတို့သည် အဆက်ဆက် ဆောင်ရွက်တော် မူလာခဲ့ကြ လေသည်

အကယ်၍ ရှေးရှေးက သံဃာတော်များသည် ကိုယ်ကျိုးအတွက် သက်သက်ကြည့်၍ တရားကိုချည်း အားထုတ် နေခဲ့ကြသော် လည်းကောင်း, ရဟန်း သံဃာများကို အဆက်ဆက်စာပေမချဘဲ အေးအေးနေခဲ့ကြသော် လည်းကောင်း, ဒကာ ဒကာမတွေ ကိုသာ ဟောပြော၍ နေခဲ့ကြသော် လည်းကောင်း ဤသာသနာ သုံးရပ်သည် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် မကြာခင် ကွယ်ပျောက်ခဲ့ရာ၏။

စာချဆရာတော်တို့၏ အပင်ပန်းခံလျက် ကျမ်းဂန်ပြုခြင်း အဆက်ဆက် စာပို့ချခြင်း ကြောင့်သာ ယခုတိုင်အောင်ပင် ဤ သာသနာတော်ကြီးကို အားလုံး တွေ့ကြုံ ရပေသည်၊ သာသနာတော် တည်တံ့ရေးကို သတိပြုမိသောအခါ ကျမ်းပြု စာချ ဆရာတော်များသည် အထူးကြည်ညိုလေးစားစရာ ကောင်းလှပါပေသည်

ထို့ကြောင့့်် ကျမ်းဂန်တတ်သိ ပညာရှိများကို “ဘုရားအရာ ထား၍ ဘုရားရှင် ကိုယ်တော်အား သာသနာပြု ပုဂ္ဂိုလ်များ”ဟု မြှောက်စားခဲ့ကြပေသည်။

သာသနာဆောင်ရွက်ခဲ့ပုံအစဉ်

ပထမ သင်္ဂါယနာ တင်ခြင်း

ဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး နောက်၌ ၃-ရက်လောက်အကြာမှာ အရှင်မဟာကဿပ ရှေ့တွင် ရဟန်းတစ်ပါးက မဖွယ်မရာစကားဖြင့် ရှင်တော်ဘုရားကို ထိပါးပုတ်ခတ် ခြင်းကြောင့် ပရိနိဗ္ဗာန်စံပြီး၍ လေးလမြောက်မှာ အရှင်မဟာကဿပ ကိုယ်တိုင် ကြီးကြပ်၍ ပိဋကတော်များကို စီစဉ်ကာ သင်္ဂါယနာတင်ခဲ့ရသည်။

အားလုံးပေါင်း၍ တညီတညွတ် တည်း ရွတ်ဆိုကြခြင်းကို “သင်္ဂါယနာတင်ခြင်း”ဟု ခေါ်ရသည်။

သံ+ ဂါယနာသံ = စုပေါင်း၍ + ဂါယနာ = ရွတ်ဆိုခြင်း။

ဒုတိယ သင်္ဂါယနာ တင်ခြင်း

ထိုနောက် အနှစ်တစ်ရာလောက် ကြာပြန်လျှင် ရဟန်းအချို့တို့ ငွေအလှူခံမှုကြောင့် “အရှင်မဟာယသ”တိုက်တွန်းချက်အရ ဒုတိယသင်္ဂါယနာ တင်ခဲ့ရပြန်သည်။

[မအပ်ရာ ငွေအလှူခံမှုကား သို့ကလောက်ပင် အရေးကြီး၏။ ]

တတိယ သင်္ဂါယနာ တင်ခြင်း

ထိုနောက် ဘုရားရှင် ပရိနိဗ္ဗာန်စံ၍ အနှစ် ၂၃၅-နှစ်မြောက်တွင် ဓမ္မာသောက မင်းကြီး၏ လက်ထက်မှာ သာသနာတော်ဝင်၍ တိတ္ထိတို့ နှောင့်ယှက်မှုကြောင့် “အရှင် မောဂ္ဂလိပုတ္တတိဿ” အမှူးပြုလျက် တတိယ သင်္ဂါယနာ တင်ခဲ့ရပြန်သည်။

စတုတ္ထ သင်္ဂါယနာ တင်ခြင်း

ထိုသင်္ဂါယနာ တင်ပြီးနောက် သာသနာတော်သည် သီဟိုဠ်ကျွန်းနှင့်တကွ အရပ်ရပ် ပျံ့နှံ့လေရာ သထုံပြည် တိုင်အောင် ရောက်လာလေသည်၊ သီဟိုဠ်ကျွန်း၌ များစွာ စည်ပင်ထွန်းကားစဉ် “ဗြာဟ္မဏတိဿ” သူပုန်ဘေးကြီး ဖြစ်ပေါ်လာ၍ ပြည်ရွာ မငြိမ်မသက်ရကား ရဟန်း အများပင် မဇ္ဈိမဒေသ အိန္ဒိယပြည်ဘက်သို့ ကူးသွားကြ ရလေသည်။

ထိုအခါ ကျမ်းတတ်အကျော် အချို့ ဆရာတော်တို့သည် သီဟိုဠ်ကျွန်းမှာ ကျန်ရစ် ခဲ့ကြ၍ လူအများလည်း တောထဲ၌ ပုန်းအောင်းနေရကား ဆွမ်း ဘောဇဉ်ကို မျှတအောင် မဆိုထားဘိ စားကောင်းရာရာ သစ်သီးသစ်ရွက်ကိုမျှ မှန်မှန် လှူနိုင်သူ မရှိသဖြင့် ရံဖန်ရံခါ အစာအာဟာရကို မရကြပါ။

သို့သော် နှုတ်တက်ဆောင်ထားသော ကျမ်းဂန်များကို မေ့မည်စိုးသောကြောင့် ရေစိုသော သဲပြင်ပေါ်မှာ လျောင်းပြီးလျှင် ရင်မပူရအောင် ရင်ဘတ်ပေါ်မှာ သဲစုတင်၍ ပိဋကတော်များကို ရွတ်အံ သရဇ္ဈာယ်ကာ ဆောင်ရွက်ခဲ့ရှာကြ ပေသည်

(လုံ့လတော် ကြီးမား၍ သာသနာတော်မှာ ကျေးဇူးတော် များကြပါပေစွာ့။)

ထို့နောက် သူပုန်ဘေးကြီး ငြိမ်းအေးသွားသောအခါ အားလုံး သံဃာတော်များ သီဟိုဠ်ကျွန်းသို့ ပြန်ရောက်ကြသဖြင့် နောက်နောင်အခါ ယခုလို ဘေးကြီး ဖြစ်လာ ခဲ့လျှင် နောင်လာ နောက်သားတို့ ပိဋကတော်ကို နှုတ်တက် ဆင်နိုင်ရန် ခဲယဉ်းမည်ကို မြင်တော်မူကြ၍ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အနှစ် ၄၅၀-လောက်မှာ ဝဋ္ဋဂါမဏိ မင်း၏ လက်ထက်၌ ပိဋကတ်တော်များကို ပေရွက်ပေါ် ရေးသားစေ၍ စတုတ္ထ သင်္ဂါယနာ တင်တော်မူခဲ့ရပြန်သည်။

[စတုတ္ထ သင်္ဂါယနာ မတင်မီက ယခုကာလလို စာဖြင့် ရေးသား၍ မထားဘဲ နှုတ်တက် ရအောင် ဆောင်ခဲ့ကြပါသည်။]

ပဉ္စမ သင်္ဂါယနာ တင်ခြင်း

စတုတ္ထသင်္ဂါယနာ တင်ပြီးနောက် မြန်မာနိုင်ငံတွင် သထုံမှ ပုဂံသို့ သာသနာဆက်၍ အဝနေပြည်တော်၌ “ရွှေနန်းကျော့ရှင် နရပတိ” မင်း၏ လက်ထက်ရောက်သောအခါ “သိုဟန်ဘွား”ခေါ် ရှမ်းလူမျိုး နှောင့်ယှက် အုပ်စိုးလာသဖြင့် သာသနာတော် ကစဉ့်ကရဲ ဖြစ်ကာ ကျမ်းစာများကို မီးရှို့ပြီးလျှင် ရဟန်းတော် အမြောက်အများကို သတ်ဖြတ်ကြရာတွင် စာတတ် ပုဂ္ဂိုလ်ချည်းပင် သုံးရာကျော်လောက် ပါသွားသတဲ့

ထိုအခါ ကျန်ရစ်သော ရဟန်းတော်များက စာပေများကို စုဆောင်းကြရာ ဝိနည်း ငါးကျမ်းတွင် ပရိဝါ ပါဠိတော်ကို ရှာဖွေမရဘဲ ရှိလေသော် အတော်ကြာအောင် လိုက်၍ ရှာကြမှ နှုတ်လွတ်ရသော တောကျောင်း ဘုန်းတော်ကြီး “အရှင် ဒီပ” ကို တွေ့၍ ကူးယူကြရလေသတဲ့။

ထိုသို့ ကြိုးကြိုးစားစားနှင့် မြန်မာဆရာတော်များ ဆောင်ရွက်လာခဲ့ကြရာ မင်းတုန်းမင်း လက်ထက်မှာ “ပဉ္စမသင်္ဂါယနာတင်” အနေသို့ရောက်အောင် တံဆိပ်ရ ဆရာတော်ကြီးများ ပြင်ဆင်လျက် ကျောက်ထက်အက္ခရာ တင်တော်မူခဲ့ကြပေသည်

ထိုမင်းတရား၏ သာသနာကို မြှောက်စား ချီးမြှင့်မှုကြောင့် ယခုအခါ မြန်မာနိုင်ငံ သာသနာတော်သည် အဘိဓမ္မာဘက်နှင့် ဝိနည်းဘက်၌ သီဟိုဠ် ယိုဒယား တိဘက် ဂျပန် တရုတ်ပြည်၌ရှိသော သာသနာထက် သာလွန် ကောင်းမြတ်လျက် ရှိပေသည်

ဤသို့ ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူသည်မှစ၍ သာသနာတော်ကြီး ကွယ်ပျောက် သင့်ပါလျက် မကွယ်ပျောက်ရလေအောင် ဆောင်တော်မူလာကြသော အရိယာ သံဃာတော်များနှင့် ပုထုဇဉ် ပညာရှိအပေါင်း သူတော်ကောင်းတို့သည် နောင်လာ နောက်သား ဗုဒ္ဓဘာသာဝင်များအဖို့မှာ လွန်စွာ ကျေးဇူးများကြပါပေသည်

အထူးသတိပေးချက်

ဤ ပြခဲ့သော စကားစဉ်အရ သံဃာရတနာ၏ အကြောင်းအရာနှင့်တကွ သာသနာ့ ဝန်ဆောင် ပုဂ္ဂိုလ်များကို ရွေးချယ်တတ်လောက်ပါပြီ။ တစ်ရံတစ်ခါ သံဃာကုန် ရည်မှန်း၍ လှူဒါန်းရာ၌ ပုဂ္ဂိုလ်ကောင်း ဆိုးကို ရွေးချယ်ဖို့မလိုပါ၊ ပုဂ္ဂိုလ်ကို မမှန်းဘဲ သံဃာအားလုံးကို မှန်းနိုင်ပါလျှင် သင်္ကန်းတစ်ထည်လောက်ဖြင့်လည်း သံဃိကဒါန မြောက်ပါ၏။

ကျောင်းကန်တိုက်တာ တည်ဆောက် ကိုးကွယ်ကြရာ၌ကား အတွင်းအပြင် စိတ်နေ သဘောထားနှင့်တကွ အနေအထိုင် ပညာအရည်အချင်းတို့ကို အတော်ကြာအောင် စုံစမ်းပြီးမှ ကိုးကွယ်သင့်ပါသည်။

မလုံလောက်သော ပုဂ္ဂိုလ်ကို ကိုးကွယ်မိလျှင် ကျောင်းပေါ်က နှင်ချဖို့လည်းအခက် ဆက်လက်၍ လှူဒါန်းနေဖို့လည်း စိတ်မပါဘဲ “အေးစေဖို့ တရားနာ ပူဇာစ အကျိုး” ဖြစ်နေတတ်သည်။

ယခုကာလ၌ကား အပြင်ပန်း အပြောကောင်းကို ရွေးကာ အသံသာသာနှင့် ဂါထာ ကလေး ရွတ်တတ် မိမိတို့နှင့် အလိုက်သင့် ပြောတတ် ဟောတတ်သူကို တကယ် ကျမ်းတတ်ကြီးဟု ထင်လျက် ဆက်လက် ကိုးကွယ်ကာ ပြင်၍မရအောင် “ဖွတ်ထွက် လာမှ တောင်ပို့မှန်း” သိကြရလေသည်။

ဒကာ ဒကာမတွေက အပြောအဟောကောင်းကို နှစ်သက်မှုကြောင့် ရိုးရိုးကုပ်ကုပ်နှင့် စာပေပို့ချနေသော သာသနာ့တာဝန်ဆောင် ပုဂ္ဂိုလ်များမှာ ပစ္စည်းလေးဖြာ နည်းပါး သလောက် ဟောပြောနိုင် အိမ်ပေါက်စေ့ လည်နိုင်သော ပုဂ္ဂိုလ်များ၌ ပေါများ ပိုမောက်လျက် ရှိလေသည်။

ထင်ရှားသော တိုက်တာ၌ စာချဘုန်းတော်ကြီး ဖြစ်ဖို့ရန်မှာ ၁၀-နှစ် ၁၅-နှစ်ခန့်မျှ ပင်ပန်းကြီးစွာ ကြိုးစားရ၏၊ ထင်ရှားသော တရားဟောပုဂ္ဂိုလ် ဖြစ်ဖို့ရာ ပင်ကိုက အသံကောင်းလျှင် လပေါင်း အနည်းငယ်မျှဖြင့် လုံလောက်ဖွယ် ရှိ၏၊

စာချဘုန်းကြီး ဖြစ်သည့်တိုင်အောင် ထောက်ပံ့မည့် ဒကာ ဒကာမများ ရနိုင်ခဲ၏၊ ယခင် ပုဂ္ဂိုလ်များမှာ ရောက်လေရာ အရပ်တိုင်း၌ ထောက်ပံ့မည့်သူ မရှားတော့ချေ၊ ပစ္စည်းလေးပါး ချို့တဲ့သော စာချ ဘုန်းတော်ကြီး အချို့မှာ ယခင် ပုဂ္ဂိုလ်များ၏ အောက်သို့ ကြို့ကြ၏။

ထို့ကြောင့် ယခုအခါဝယ် စာပေပို့ချလျက် သာသနာ့တာဝန်ကို ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များ နည်းပါးရုံသာမက ရှိသမျှ အချို့မှာလည်း သာသနာ့တာဝန်ကို ခရီး တွင်အောင် မဆောင်နိုင်တော့ချေ။

ဤကဲ့သို့ ဖြစ်ရာ၌ ချွတ်ယွင်းချက်မှာ နှစ်ဖက်လုံး၌ပင် မကင်းဟု ထင်၏။ စာချ ပုဂ္ဂိုလ်များသည် စာကိုသာ ပို့ချ၍ လုံးဝပင် မဟောလိုကြ၊ သာသနာတော်၏ အခြေအမြစ် အမှန်ကို နားလည်သူက မဟောပြလျှင် လူပုဂ္ဂိုလ်တို့ သိနိုင်ပါတော့ မည်လော၊ ထို့ကြောင့် စာချပုဂ္ဂိုလ်များ၏ ဟောပြောမှု မရှိခြင်းသည် သာသနာ့ ဝန်ဆောင်များအတွက် ချွတ်ယွင်းချက်တစ်ရပ်ပင် ဖြစ်၏၊

လူအများကလည်း တရားနာရာ၌ အသံကောင်းမှ နာယူလိုကြ၏၊ လှူဒါန်းရာ၌လည်း သာသနာပြုလိုသောစိတ် မရှိကြ၊ သူတို့မှာ ဒါနဖြစ်လျှင် ပြီးရောဟု သဘောထား ကြသည်။ သာသနာတော်အကြောင်းကို ဟောပြောသော်လည်း ဂရုတစိုက် မနာလိုကြ၊

ဘုရားလက်ထက်တော်က နန္ဒိယသူဌေး ကျောင်းရေစက်ချ၌ နတ်ပြည်မှာ ဘုံပေါက် ကြောင်းကို နာယူကာ သူတို့၏ တွေ့ကရ ဆောက်လုပ် လှူဒါန်းသော ကျောင်းအတွက် ဘုံပေါက်လိမ့်မည်ဟု မျှော်လင့်ချက် ထားဟန် တူ၏၊ ဤနေရာဝယ် ဘာသာခြားတို့၏ သာသနာပြုကြပုံကို သတိ ပြုစေလိုပါသည်။

ဘာသာခြား အလှူရှင်တို့သည် ငွေစသည်ကို လှူကြသောအခါ သာသနာကိုသာ လှူကြ၏၊ ပုဂ္ဂိုလ်ကို မလှူကြ၊ ဘုန်းကြီး သီလရှင် အခေါ်ခံသူတို့ကလည်း မိမိတို့၏ စားဝတ် နေရေးထက် ပိုမို၍ မတောင့်တဘဲ ဆိုင်ရာ အလုပ်များကိုသာ တာဝန် ပေးသည့်အတိုင်း လုပ်ကြ၏။ ထို့ကြောင့် သူတို့၏ သာသနာသည် နေရာအနှံ့ ပျံ့လျက်ရှိ၏၊

ဗုဒ္ဓဘာသာဝင်တို့ကား ပုဂ္ဂိုလ်ကို လှူကြ၏၊ အလှူပစ္စည်း အသုံးကျ - မကျကို မစဉ်းစားဘဲ အများလှူနေကျ ပစ္စည်းကိုသာ လှူကြ၏၊ အလှူခံဘက်မှာလည်း သာသနာ ကြီးပွားရေးအလုပ်ကို လုပ်သောပုဂ္ဂိုလ်သည် တဖြည်းဖြည်း နည်းလာ၏၊ မိမိ၏ ကြီးပွားရေးကိုသာ လုပ်သူ များကြသည်။

သို့ဖြစ်၍ နောင်လာ နောက်သား စဉ်းစားတတ်သူများ လက်ထက်၌ နည်းလမ်းကျကျ ဒါနပြုလျက် စည်းကမ်းကျကျ ဟောပြောသည်ကိုသာ ဂရုတစိုက် လိုက်နာသော သာသနာပြု ဒကာ ဒကာမများ, သာသနာ့ဝန်ဆောင် ဆရာသမားများ ပေါ်ထွန်း ပါစေသား။

ဤမျှလောက် စကားအစဉ်ဖြင့် ဘုရား တရား သံဃာ ရတနာ ၃-ပါး ဂုဏ်တော်များ၏ အကြောင်းကို ပြဆိုရာအခန်း ပြီးပေပြီ။

ထိုနောက် ဆက်၍ အများ မှတ်သားဖွယ်ရာ ဩကာသ-စသော ရှိခိုးခန်းနှင့် သရဏဂုံ သီလ စသော အခန်းများ ရှိပေသေး၏၊ ထိုအခန်းများကို နားမလည်လျှင် ဘာသာရေး ဘက်၌ အောက်ကျ နောက်ကျ ဖြစ်ရလိမ့်မည်။ ထို့ကြောင့် စာချပုဂ္ဂိုလ်များ၏ ဟောပြောမှု မရှိခြင်းသည် သာသနာ့ ဝန်ဆောင်များအတွက် ချွတ်ယွင်းချက်တစ်ရပ်ပင် ဖြစ်၏၊

ထို့ကြောင့် ဘာသာရေးဘက်၌ အချက်ကျကျ နားလည်ဖို့ရာ ထိုအခန်းများကို ဆက်လက် လေ့လာကြပါကုန်လော့။

ဩကာသအဖွင့်

ကျက်မှတ်ရန်

သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံ တည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို ပြုမှားမိသည်ရှိသော် ပျောက်ပါစေခြင်းအကျိုးငှာ, ပဌမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို ရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏၊ ... ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး ဝိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ဘုရား။

ကြည့်ရှုရန် အဓိပ္ပာယ်

ဩကာသ သြကာသ

ပါဠိစကားတည်း၊ မြန်မာလို“အခွင့်”ဟူသော အနက်ကို ဟော၏။

“ရှိခိုးပါရစေ၊ အခွင့်ပြုတော်မူပါ” ဟု ဆိုလိုရင်း ဖြစ်သည်။

ပါဠိတော်များ၌ကား “ဩကာသံ ကရောဟိ, ဩကာသံ ဒေဟိ”စသည်ဖြင့် လာ၏။ “အခွင့်ပြုတော်မူပါ” အခွင့် ပေးတော်မူပါ မေးလျှောက်ပါရစေ”ဟု တစ်စုံတစ်ခုကို မေးလိုသောအခါ အသုံးပြုသော ပါဠိဖြစ်သည်။

သီဟိုဠ်ကျွန်း၌ အခွင့်တောင်းသော စကားကို “အဝကာသိ”ဟု သုံးစွဲကြ၏။ ထို စကားသည် “သြကာသ”ဟူသော ပါဠိနှင့် အတူပင်ဖြစ်သည်။

ထို့ကြောင့် ဤရှိခိုးခန်း၌ပါသော “သြကာသ”သဒ္ဒါသည် “အခွင့်”ဟူသော အနက်တို “အခွင့်ပေးတော်မူပါ” ဟူသော အနက်အရှည်ကို ပြသော ပါဠိစကားတည်း၊

အလေးပြုသောအားဖြင့် “သြကာသ သြကာသ”ဟု ၂-ကြိမ် ဆိုခြင်းဖြစ်သည်၊ အချို့အရပ်၌ ၃-ကြိမ် တိုင်အောင် ဆိုသေး၏၊ အပြစ်မရှိပါ။

ကာယကံ ဝစီကံ မနောကံ တို့တွင်

(ကာယ = ကိုယ် + ကံ = အမှု၊) ကိုယ်ပြုမှုကို “ကာယကံ”၊ နှုတ်ပြောမှုကို“ဝစီကံ”၊ စိတ်ကြံမှုကို“မနောကံ”ဟု ဆိုသည်။

“ထိုကံသုံးပါးတို့တွင် တစ်ပါးပါးသောကံကို ဘုရား တရား သံဃာ များ၌လည်းကောင်း, ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမ များ၌လည်းကောင်း အပြုမှား အပြောမှား အကြံမှား ဖြစ်လို့ရှိလျှင် ထိုအပြစ်များ ကင်းရှင်း ပြေပျောက်ပါစေခြင်း အကျိုးငှာ ရိုသေစွာ ကန်တော့ပါ၏”ဟူလို။

ပဌမ ဒုတိယ တတိယ

ပါဠိစကားများပင် ဖြစ်၏၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်ဆိုသော စကားနှင့် သဘော တူပင် ဖြစ်၏။ ၁-ကြိမ်က ၂-ကြိမ်၊ ၂-ကြိမ်က ၃-ကြိမ်တိုင်အောင် ရှိခိုး ကန်တော့ခြင်းသည် အထူးလေးစားရာ ရောက်သဖြင့် “သုံးကြိမ် တိုင်အောင် ရှိခိုးကန်တော့ပါ၏”ဟု ဆိုလိုသည်။

ဘုရားရတနာ

ရတန”သဒ္ဒါလည်း ပါဠိစကားပင်တည်း၊

“နှစ်သက် မွေ့လျော်ခြင်းကို ဖြစ်စေတတ်၏”ဟူသောအနက်၊
“အလေးအမြတ်ပြုအပ်၏” ဟူသောအနက်၊
“အဖိုးများစွာ ထိုက်တန်၏” ဟူသောအနက်၊
“အတူမရှိ မြတ်၏” ဟူသောအနက်၊
“အလွန်ရခဲ၏” ဟူသောအနက်၊
“မြင့်မြတ်သူ အထက်တန်း လူတို့၏ အသုံးအဆောင်” ဟူသော အနက်-
များကို ဟော၏။

ထို့ကြောင့် လောက၌ စိန်ကျောက်စသော အရာဝတ္ထု, ဆင် မြင်းစသော အရာဝတ္ထု, သားကောင်း သမီးကောင်းစသော အရာဝတ္ထုများကို “ရတနာ” ဟု ခေါ်ကြသည်။ ထိုရတနာကို ရသူတို့မှာ နှစ်သက်မွေ့လျော် အပျော်ကြီး ပျော်ကြ၏၊

ရပြီးသော ရတနာကိုလည်း လွန်စွာ လေးမြတ်ကြ၏၊ အဖိုးများစွာ ထိုက်သည့် အားလျော်စွာ ရဖို့ရန်လည်း ခဲယဉ်းလှ၏၊ ရှေးဘုန်း ရှေးကံ ရှိသူတို့သာ ရနိုင်ကြ၏၊ ဘုန်းကံနည်းသူတို့မှာ မရနိုင်ပါ။

ထိုအတူ ဆိုင်ရာ ဂုဏ်တော်များနှင့် ပြည့်စုံကြသော ဘုရားစစ် တရားစစ်နှင့် အရိယာ သံဃာတော်များသည်လည်း ရတနာပင် ဖြစ်တော်မူကြ၏။ ကမ္ဘာ များစွာ လွန်သော်လည်း တစ်ခါတစ်ရံ တွေကြုံဖို့ရန် ခဲယဉ်းလှ၏၊ တွေ့ကြုံရသောအခါ လွန်စွာ ကျက်သရေရှိ၏၊ ကိုးကွယ် ဆည်းကပ်သူမှာလည်း ထိုရတနာ သုံးပါးကြောင့် လွန်စွာ နှစ်သက် မွေ့လျော် ရွှင်ပျော်ရ၏၊

အတုအယောင် ရတနာ ရှိသကဲ့သို့ ဟန်ဆောင် ဘုရား တရား သံဃာများလည်း အလွန် ပေါများ၏၊ မမှန်သော ရတနာကို ကိုးကွယ်မိပြန်လျှင် ဤ တစ်ဘဝတွင် ကိစ္စ မရှိလှသော်လည်း နောင်သံသရာအရေးမှာ ကြောက်ရွံ့ဖွယ် ကောင်းလှ၏။

ထို့ကြောင့် ကိုယ်ပိုင်ဉာဏ်ဖြင့် လည်းကောင်း, တကယ်နားလည်သော ပညာရှိများနှင့် လည်းကောင်း တိုင်ပင်၍ ကိုးကွယ်ရာ၏။

“ပညာရှိ”ဟူရာ၌လည်း လောကီအရာမှာ ပညာရှိသော်လည်း ကိုးကွယ်ဖို့အရေး၌ ပညာရှိချင်မှ ရှိမည်။ ယခုခေတ်၌ အနောက်တိုင်းသားတို့သည် လောကီပညာရှိများ ဟုတ်ကြပေ၏၊ ကိုးကွယ် ဆည်းကပ်မှု ပညာရှိကား လွန်စွာ နည်းပါးသည်။

မကြာမီက မြန်မာနိုင်ငံ၌ ဘုရင်ခံ လုပ်သွားသူသည် “မြန်မာများသည် စေတီ ပုထိုး ကိုးကွယ်ရာ၌ ကုသိုလ်ရသည်ဟု အယူရှိကြ၏” စသော စကားကို သူတို့နိုင်ငံမှာ ပြောလေ၏၊ မြန်မာတို့သည် စေတီ ပုထိုးကို ကိုးကွယ်ရာ၌ ဘာကိုရည်ရွယ်၍ ကိုးကွယ်ကြောင်းကို သူတို့ စစ်ဗိုလ် အရာရှိ သင်းချိုင်းသွား၍ အရိုအသေ ပေးခြင်းနှင့် နှိုင်းယှဉ်၍မျှ မကြည့်မိရှာလေ။

ရှိခိုး-ပူဇော် ဖူးမြော်-မာန်လျှော့-ကန်တော့ပါ၏

လက်အုပ်မိုး၍ ရှိခိုးပါ၏၊ ပစ္စည်းလေးပါး လှူသောအားဖြင့် လည်းကောင်း ဟောပြော သမျှကို လိုက်နာသောအားဖြင့် လည်းကောင်း ပူဇော်ပါ၏၊ ကြည့်ရှု ဖူးမြော်ပါ၏။ ရတနာသုံးပါးနှင့်စပ်လျှင် ဟိတ်ဟန်မပြဘဲ မာန်မာနလျှော့၍ ကန်တော့ပါ၏။ “အပြစ်ရှိလျှင် ပြေပျောက်ပါစေသတည်း” ဟူလို။

အပြစ်ပြေ~မပြေ

ထိုကဲ့သို့ ကန်တော့လျှင် အပြစ်ပြေနိုင် - မပြေနိုင်ကို စဉ်းစားရာ၏၊ ဆရာမိဘ ဘိုးဘွား စသည်တို့နှင့် ရတနာ သုံးပါးအပေါ်၌ ပြစ်မှားမိသော သာမန် အပြစ်တွေမှာ ပြစ်မှား ခံရသူ၏ ရှေ့၌ လည်းကောင်း ထိုသူ မရှိတော့လျှင် ထိုသူ၏ သင်္ချိုင်းသို့ သွား၍ လည်းကောင်း၊ ထိုသို့ မသွားနိုင်လျှင် ဘုရားထံ သံဃာများ အထံ၌လည်းကောင်း နောင်တရသဖြင့် စိတ်ပါ လက်ပါ မာန်မာနလျော့၍ ကန်တော့ရိုးမှန်လျှင် ပြေပျောက် နိုင်၏။

အင်မတန် ကြီးလေးသော အပြစ်နှင့် သူ့အသက်သတ်ခြင်း သူ့ဥစ္စာခိုးယူခြင်း စသော အပြစ်များကား တောင်းပန် ကန်တော့ရုံမျှဖြင့် မပြေပျောက်နိုင်၊ သိုသော် နောင်တ-ရသဖြင့် ထို အကုသိုလ်မျိုး ထပ်၍ မဖြစ်နိုင်အောင် ကုသိုလ်ကိုသာ အားထုတ်နေလျှင် အချို့ အကုသိုလ်များ အကျိုး ပေးခွင့် မရတော့ဘဲ ပြေပျောက်တတ်ပါသည်။

ကန်တော့ရသော
အကျိုးအားကြောင့်

ဤ ကန်တော့ရသော ကုသိုလ်၏ အကျိုးအား အစွမ်းကြောင့် ပြစ်မှားမိသော အပြစ်များ ပျောက်စေလိုသည့် အပြင် အပါယ်လေးပါးမှ လွတ်ခြင်းစသော နောက်ထပ် အကျိုးကိုလည်း အလိုရှိ၍ ဆုတောင်းပြန်သော စကားဖြစ်သည်။

အပါယ်လေးပါး

ငရဲ

ကုသိုလ်ကောင်းမှု များစွာပြုခွင့် မရသော အရပ်ကို ပါဠိလို “အပါယ”၊ မြန်မာလို “အပါယ်”ဟု ခေါ်၏။ အပါယ် ၄-ပါးကား ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တည်း၊

ထိုတွင် ငရဲသည် ဤကမ္ဘာ မြေကြီး၏အောက် ယူဇနာ တစ်သောင်း ငါးထောင် ကွာဝေးသော အရပ်၌ ဥမင်လိုဏ်ကြီးသဖွယ် ဖြစ်လျက် အစဆုံး သဉ္ဇိုင်းငရဲ တည်ရှိ၏၊ ထိုအောက် အဆင့်ဆင့် ယူဇနာ တစ်သောင်း ငါးထောင်စီ ကွာခြားလျက် -
ကာဠသုတ်ငရဲ
သံဃာတငရဲ
ရောရုဝငရဲ
မဟာရောရုဝငရဲ
တာပနငရဲ
မဟာတာပနငရဲ
အဝီစိငရဲ
ဟု ငရဲကြီးရှစ်ထပ် တည်ရှိသည်။

ထို ငရဲကြီးရှစ်ထပ်ဝယ် တစ်ထပ်တစ်ထပ်၌ -
ဘင်ပုပ်ငရဲ တစ်ထပ်၊
ပြာပူငရဲ တစ်ထပ်၊
လက်ပံတောငရဲ တစ်ထပ်၊
သန်လျက်ရွက်တောငရဲ တစ်ထပ်၊
ကြေးနီရေတွေ စီးနေသော “ကြိမ်ပိုက်ချောင်း” ခေါ် ဝေတ္တရဏီ ငရဲတစ်ထပ်
အားဖြင့် ငရဲငယ် ငါးထပ် တံတိုင်းခတ်သလို ရံပတ်၍ နေကြလေသတဲ့။

[အကျယ်ကို သင်္ဂြိုဟ် ဘာသာဋီကာ၌ ပြထားသည်။

တိရစ္ဆာန်- ပြိတ္တာ- အသူရကာယ်

ဆင် မြင်း ကျွဲ နွား ခွေး ကြက် ငှက် ငါး လိပ်စသော ကုန်းနေရေနေ အခြေ ၄-ချောင်း, အခြေ ၂-ချောင်း သတ္တဝါတို့နှင့် မြွေ စသော အခြေမရှိ သတ္တဝါတွေကို “တိရစ္ဆာန်” ဟု ခေါ်၏၊

တစ္ဆေ မှင်စာ သရဲ သဘက် အစိမ်း ဖုတ်ကောင် ကျတ်ကောင် များကို “ပြိတ္တာ”ဟု ခေါ်၏၊ အသူရကာယ် ဟူသည်ကား ပြိတ္တာ အကြီးစားပင်တည်း၊

ထို့ကြောင့် အချို့ ကျမ်းစာများ၌ အပါယ် ၄-ပါးဟု မပြဘဲ “ဗုဒ္ဓုပ္ပါဒေ တယောပါယာ” စသည်ဖြင့် အပါယ် ၃-ပါးဟု ပြပေသည်။ ထို တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့၏ နေရာဘုံမှာ သီးခြားမရှိ၊ တိရစ္ဆာန်တို့ကား လူ၏ အနီးအပါးနှင့် တောတောင် စသည်၌ နေကြသည်။

ပြိတ္တာတို့တွင် အချို့ပြိတ္တာတို့မှာ သင်္ချိုင်းစသော အရပ်၊ ရေစ ကမ်းစ သား ငါး ရလောက်သော အရပ်၌နေ၍၊ တချို့ကား သစ်ပင် အိမ် အကြိုအကြား စသည်၌ နေလျက် စိတ်နေစိတ်ထား ငယ်သော ယောက်ျား မိန်းမ ကလေးသူငယ် စသူတို့ကို ခြောက်လှန့်ပူးကပ်၍ တစ္ဆေစာ ပစ်သောအခါ စားသောက်ကြရ၏။ တချို့ကား လူတို့၏ ထမင်းအကျန် ဟင်းအကျန် တံတွေး အန်ဖတ် အပုပ်အစပ်များကို ရှာဖွေ စားသောက်ရ၏။

အသူရကာယ်တို့ကား လူတို့နှင့် အတော်ဝေးကွာသော သမုဒ္ဒရာ မြစ်ကမ်းစ တို့၌ နေတတ်ကြ၏၊ ရေနားမှာ နေရသော်လည်း ရေမသောက်ရ၊ “ရေသောက်မည်”ဟု သွားလျှင် သူတို့၏ အကုသိုလ်ကံကြောင့် ရေခန်းခြောက်နေသော သဲသောင်ကိုသာ တွေရလေသည်။

တချို့ ပြိတ္တာ အသူရကာယ် တို့မှာ ဘုရားတစ်ဆူနှင့် တစ်ဆူ အကြား၌ မစား မသောက်ရဘဲ အငတ်ခံ၍ နေရရှာသတဲ့။

ကပ်သုံးပါး

ပျက်စီးခြင်းကို ပါဠိလို “ကပ္ပ”၊ မြန်မာလို “ကပ်”ဟုခေါ်၏၊ ထိုပျက်ခြင်းသည် ကမ္ဘာကြီးတစ်ခုလုံး ပြုတ်ပြုတ်ပြုန်းအောင် ပျက်စီးခြင်းလည်း ရှိ၏။ ကမ္ဘာကြီး မပျက်သေးဘဲ အကြားအကြား၌ တရားကင်းမဲ့၍ အသေဆိုးသေရသော ပျက်စီးခြင်း လည်း ရှိ၏။

ဤနေရာ၌ ကမ္ဘာကြီးမပျက်ခင် အကြား၌ သေခြင်းဆိုးနှင့် သေရခြင်းကို “ကပ်”ဟု ဆိုလိုသည်။ “မည်သည့်မြို့ မည်သည့် ရွာ၌ ကပ်တိုက်နေတယ်”ဟု ပြောကြရသော ကပ်မျိုးတည်း။

ထို ကပ်သည် “သတ္ထန္တရကပ် ရောဂန္တရကပ် ဒုဗ္ဘိက္ခန္တရကပ်”ဟု ၃-မျိုးရှိ၏၊

ထိုတွင် တုတ် ဓား သေနတ် ဗုံး အမြောက် စသော လက်နက်ဖြင့် ပျက်စီးရခြင်းသည် သတ္ထန္တရကပ် တိုက်ခြင်းပင်တည်း။

ပလိပ်ရောဂါ ကာလရောဂါ ကျောက်ရောဂါ အဖျားရောဂါ စသည်ဖြင့် မြို့နယ် အနှံ့ဖြစ်၍ ပျက်စီးရခြင်းသည် ရောဂန္တရကပ်တိုက်ခြင်းတည်း။

မြို့နယ်အနှံ့အပြားတို့၌ အစားအသောက် ပြတ်ငတ်၍ (ရှေးကလို သရောကြီးခိုင်း၍) သေရခြင်းသည် ဒုဗ္ဘိက္ခန္တရကပ် တိုက်ခြင်းပင်တည်း။

ဤကပ်များတွင် ၁၀-နှစ်တမ်း ကျရောက်သောအခါ ကပ်တစ်မျိုးမျိုး တိုက်မည်ဟု ကျမ်းဂန်တို့၌ ဆိုသော်လည်း ယခုအခါမှာပင် အချို့ အခါ အချို့ တိုင်းပြည်များတွင် ထိုကပ် ၃-ပါးတို့ မကြာမကြာ တိုက်လျက်ရှိသည်။

ရပ်ပြစ်ရှစ်ပါး

အပြစ်ရှိသောအရပ်ကို မြန်မာတို့က “ရပ်ပြစ်”ဟု ခေါ်ကြ၏၊ အပြစ်ဆိုသော်လည်း ထူးထူးခြားခြား ဆိုးရွားသောအပြစ် မဟုတ်၊ ထိုအရပ်သို့ ရောက်နေလျှင် မဂ်ဖိုလ် ရအောင် တရားအားထုတ်ခွင့် မရသောကြောင့် မဂ်ဖိုလ်ရခွင့် မရှိခြင်းကို“အပြစ်”ဟု ဆိုသည်။

ထိုကြောင့် ဤ ရပ်ပြစ်ရှစ်ပါးကို ပါဠိတော်များ၌ “အက္ခဏ”ဟု မိန့်တော်မူသည်။

[အက္ခဏ = အခွင့်ကောင်း ခဏကောင်း မဟုတ်သော ကာလဒေသ။]

ဤ ရပ်ပြစ်ရှစ်ပါးကို အမျိုးမျိုးပြသော်လည်း သုတ်ပါထေယျ ပါဠိတော်လာ တစ်မျိုး ကိုသာ ပြအံ့။

[ဆောင်]
ဘုရားပွင့်ခါ, ပါယ်သုံးရွာနှင့်,
ဒီဃာယုနတ်, ဖြစ်လတ်ပစ္စန်,
မိစ္ဆာဉာဏ်ရှိ, ဉာဏ်မရှိသား,
ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ်,
ကျမ်းဂန် လှစ်သည်,
ရပ်ပြစ်ရှစ်ပါး သရုပ်တည်း။

၁,၂,၃။ ဘုရားပွင့်ခါ, ပါယ်သုံးရွာနှင့်,

ဘုရားပွင့်နေဆဲ အခါ ငရဲ တိရစ္ဆာန် ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ၊
(အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)

၄။ ဒီဃာယုနတ်

အသက်ရှည်သော နတ်ဗြဟ္မာကို “ဒီဃာယုနတ်”ဟု ဆိုသည်။ ဘုရားပွင့်ဆဲအခါ လွန်စွာ အသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အသညသတ် ဗြဟ္မာများနှင့် အရူပ ဗြဟ္မာများတည်း၊

[အသညသတ် ဗြဟ္မာများသည် ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဉ် မရှိ၊ အရူပဗြဟ္မာ များကား စိတ်ဝိညာဉ်သာရှိ၏၊ ခန္ဓာကိုယ်မရှိ။ ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည် ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။]

၅။ ဖြစ်လတ်ပစ္စန်

ဘုရားရှင်နှင့် ရဟန်းတော်များ မရောက်နိုင်ရာ အစွန်အဖျား တောတောင်အကြား (ပစ္စန္တရစ်သား) လူရိုင်းများကို ဆိုသည်။

[ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရစ် မဟုတ်။]

၆။ မိစ္ဆာဉာဏ်ရှိ

ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိ ဉာဏ်ရှိသူများ။

၇။ ဉာဏ်မရှိသား

ဘုရားပွင့်ဆဲအခါ တရားကို နားလည်လောက်သော ဉာဏ်မရှိသူများ။

(ဤ ဆိုခဲ့သော ၇-မျိုးသည် ဘုရားပွင့်ဆဲအခါ၌ ဖြစ်သူများတည်း။)

၈။ ဉာဏ်ရှိငြားလည်း ဘုရားမဖြစ်

တတ်သိ နားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရား မပွင့်သောအခါ လူဖြစ်ရသူများ။

ရန်သူမျိုးငါးပါး

၁-ရေ၊
၂-မီး၊
၃-ခိုးသူ၊
၄-အမွေခံ သားသမီးဆိုး၊
၅-မင်းဆိုး၊

[မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏။ မိမိက မုန်းနေရုံဖြင့် ရန်သူ မဟုတ်နိုင်၊ အမွေခံ သားဆိုး သမီးဆိုးသာလျှင်(မိဘကို မကြာခဏ ဒုက္ခပေးတတ် စုဆောင်းထားသော ပစ္စည်းများကို ဖြုန်းသုံးပစ်တတ်သောကြောင့်) ရန်သူအစစ် ဖြစ်သည်။]

[ဆောင်]
ရေ-မီး-သူခိုး, မွေခံဆိုးနှင့်,
မင်းဆိုးအပြား, ရန်မျိုးငါး,
မှတ်သားလေကွဲ့ အမှန်တဲ့။

ဝိပတ္တိတရား လေးပါး

ဖောက်ပြန် ချွတ်ယွင်းချက်ကို “ဝိပတ္တိ”ဟု ခေါ်၏၊ ဝိပတ္တိတရား လေးပါးကား..

၁။ ကာလဝိပတ္တိ

မင်းဆိုး မင်းယုတ် အုပ်စိုးသောအခါ။

၂။ ဂတိဝိပတ္တိ

အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို မကောင်းသော ဂတိဖြစ်၍ “ဂတိဝိပတ္တိ”ဟု ဆိုသည်။

၃။ ဥပဓိဝိပတ္တိ

ရုပ်အဆင်း-အင်္ဂါကို “ဥပဓိ”ဟု ခေါ်သည်၊ အင်္ဂါ ချို့တဲ့ခြင်းကို “ဥပဓိဝိပတ္တိ”ဟု ဆိုသည်။

၄။ ပယောဂဝိပတ္တိ

ကိုယ်မှု နှုတ်မှုကို “ပယောဂ”ဟု ဆို၏၊ အသိအလိမ္မာ မရှိ သတိ ဝီရိယလည်း မရှိဘဲ ပြုမှု ပြောမှု ကြံစည်မှုကို “ပယောဂ ဝိပတ္တိ” ဟု ဆိုသည်။

[ဆောင်]
ဖောက်ပြန် ချို့ယွင်း၊
ပျက်စီးခြင်း၊ ခေါ်လျှင်း ဝိပတ္တိ
ကာလ-ဂတိဥပဓိမှ၊
ပယောဂ၊ လေးဝ မှတ်လေဘိ။

ဗျသနတရားငါးပါး

ပျက်စီးခြင်း ဆုံးပါးခြင်းကို ပါဠိလို““ဗျသန”ဟု ခေါ်၏၊ ဗျသနတရား ငါးပါးကား...

၁။ ဉာတိဗျသန - ဆွေမျိုးများ ပျက်စီးခြင်း။

၂။ ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။

၃။ ရောဂဗျသန - အနာရောဂါ ဖြစ်ခြင်း။

၄။ ဒိဋ္ဌိဗျသန - မိစ္ဆာအယူကို ယူခြင်း။

၅။ သီလဗျသန - သီလ ပျက်ခြင်း။

[ဆောင်]
ဆုံးရှုံးပျက်ပြား၊ ပြစ်မှုများ၊
ခေါ်ငြား ဗျသန
ဉာတိ-ဘောဂရောဂ-ဒိဋ္ဌိ
သီလထည့်၊ ငါးရှိသရုပ်ပြ။

အခါခပ်သိမ်း...ရပါလို၏

ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်း ဘဝတိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ “သံသရာ၌ ကြာရှည် မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏” ဟု ဆုတောင်းသည်။

[တောင်းတိုင်းရ-မရကို ဆုပေးအဖွင့်၌ ပြမည်။]

ဩကာသရှိခိုး အမျိုးမျိုး

ဤ “သြကာသ” ရှိခိုးပုံသည် ယခုအခါ မြန်မာနိုင်ငံ၌ အမျိုးမျိုးရှိနေ၏၊

စာလာပေလာ မဟုတ်သောကြောင့် “မည်သည့်နည်းက မှန်၍ မည်သည့်နည်းက မှားသည်”ဟု မဆိုသာ၊ အများနှင့် ဆိုင်အောင် ရှေး ဆရာကြီးတို့ သင့်လျော်ရုံ ရေးပေးရာမှ တွင်ကျယ်၍ သုံးစွဲလာဟန်တူသည်။

ယခုအခါ ဘုရားရှိခိုးတိုင်း သီလခံယူတိုင်း၌ ဗုဒ္ဓဘာသာ မှန်လျှင် အားလုံးလိုပင် သုံးစွဲနေကြ၍သာ အဓိပ္ပာယ် ရေးလိုက်ရပါသည်။ ကိုယ်တိုင်က ကျေနပ်လှ၍ ရေးခြင်း မဟုတ်ပါ။

လက်ထက်တော်က ရှိခိုးပုံ

ဘုရားလက်ထက်တော်၌ကား ဘုရားအထံတော် သံဃာအထံတော်သို့ ဆည်းကပ် ရှိခိုး လာသောအခါ ရိုသေစွာ လက်အုပ်ချီပြီးနောက် သင့်ရာအရပ်က ထိုင်လျက် လျှောက်ထားဖွယ် စကားများကို လျှောက်ထားကြရိုး ရှိပါသည်။

ပြန်သောအခါ၌လည်း ပင်ကိုက ဘုရား တရား သံဃာကို ကိုးကွယ်သူ မဟုတ်ဘဲ ယခုမှကြည်ညိုသဖြင့် ကိုးကွယ်မည့်သူ ဖြစ်လျှင် “တပည့်တော်သည် ဘုရား တရား သံဃာများကို ကိုးကွယ်ဆည်းကပ်ပါ၏။ ယနေ့မှစ၍ ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါ” ဟု လျှောက်ထား၍ အရိုအသေ ပေးကာ ပြန်သွားလေ့ ရှိကြသည်။

ယခုအခါ သင်္ကြန်တွင်း ဝါဆိုဦးစသာ နေ့ကြီး ရက်ကြီးများ၌ ဆရာမိဘ ဘိုးဘွား စသူတို့ကို ကန်တော့ကြရာမှာလည်း “သြကာသ သြကာသ”က စ၍ အချို့ ကန်တော့ကြ၏၊ သူ့နေရာနှင့်သူ မသုံးတတ်ကြ။

ထို့ကြောင့် အချိန်၏ တန်ဖိုးကို နားလည်ကြသော အမျိုးသား အမျိုးသမီးတို့သည် “သြကာသ” အစချီသော ရှိခိုးခြင်းကို နေရာတိုင်း အသုံးမပြုကြဘဲ ရိုသေစွာ အနားသို့ ချဉ်းကပ်ပြီးနောက် လျှောက်ထားဖွယ် နာယူဖွယ်များကို လျှောက်ထား နာယူ ပြီးလျှင် ရှိခိုးဝတ်ချ၍ ပြန်ဖို့ရာပင်ဖြစ်သည်။

အထူး ရိုသေလောက်သော ဆရာသမား, သံဃာအများ ရုပ်ပွားစေတီတော် အထံမှ ပြန်လာသောအခါ ထိုဆရာသမား စသည်ကို ကျောပေး၍ မပြန်ဘဲ လက်အုပ်ချီကာ ခပ်စောင်းစောင်း ပြန်လာပြီးနောက် သင့်တော်လောက်သော နေရာရောက်မှ ဖြောင့်ဖြောင့် ပြန်လှည့်ကြလျှင် သာ၍ပင် ယဉ်ကျေးရာ ရောက်ပါလိမ့်မည်။

ယခုကာလ များစွာသော မြို့ရွာတို့၌ကား ရုပ်ပွားတော် ဆရာတော်ကြီး စသော ရိုသေလောက်သော ဌာနကို ဖူးမြော်ပြီးနောက် ရုပ်ပွားတော် ဆရာတော်ကြီးတို့၏ မျက်မှောက်မှာပင် ကျောပေး၍ ပြန်သွားတတ်ကြသည်။

ထိုသို့ ပြန်သွားခြင်းကား လူမျိုးခြားများ၏ သူတို့ဘုရားကို အရိုအသေပြုခြင်းနှင့် ကွာခြားလှသဖြင့် အဘက်ဘက်က လူမျိုးဘာသာ တန်းမြင့်လိုသော အမျိုးသမီး အမျိုးသားတို့ ပြုပြင်သင့်ကြပါသည်။

အခါကြီး ရက်ကြီးများ၌
ကန်တော့နည်း အမျိုးမျိုး

မိဘကို ကန်တော့ပုံ

မိခင် ဖခင် (မိဘ၂ပါး) တို့၏ ကျွေးမွေး သုတ်သင်ပဲ့ပြင်ဆုံးမ စောင့်ရှောက်ခဲ့သမျှ ကျေးဇူးများကို ရည်စူး၍ ဤရေချမ်းဖြင့် (ဤမုန့်ဖြင့်) (ဤပန်းဖြင့်) (ဤ ဖယောင်းတိုင်ဖြင့်) ရိုသေလေးမြတ်စွာ ကန်တော့ပါ၏၊ ဤကန်တော့ရသော ကုသိုလ် ကောင်းမှုကြောင့် ပြစ်မှားမိသော အပြစ် တစ်စုံတစ်ခု ရှိခဲ့သော် ပြေပျောက်၍ ကိုယ်စိတ် ၂-ဖြာ ကျန်းမာ ချမ်းသာစွာ နေနိုင်သူ ဖြစ်ရပါလို၏။

မိဘကဆုပေး

▬▬

ဤကန်တော့ရသော ကောင်းမှုကြောင့် အမေ့သား (သမီး), အဖေ့သား (သမီး) သည် တောင့်တသောဆုနှင့် ပြည့်စုံ၍ မိဘတို့၏ အမျိုးအနွယ်ကို မတိမ်ကောအောင် စောင့်ရှောက်နိုင်သော အမျိုးကောင်းသား (အမျိုးကောင်းသမီး) ဖြစ်နိုင်ဖို့ရာ လိမ္မာ တတ်သိ ပညာရှိတစ်ယောက် ဖြစ်ပါစေသတည်း။

အဘိုးအဘွား ကန်တော့

▬▬

အဘိုးကို ကန်တော့လျှင် မိခင် ဖခင်နေရာ၌ “အဘိုး၏”ဟု ထည့်၊
အဘွားကို ကန်တော့လျှင် “အဘွား၏”ဟု ထည့်၊
၂-ယောက်လုံးကို ကန်တော့လျှင် “အဘိုး အဘွား၏”ဟု ထည့်၍
မိဘ ကန်တော့တုန်းကအတိုင်း ဆိုပါ။

အဘိုးအဘွားကဆုပေး

▬▬

ဤကန်တော့ရသော ကုသိုလ်ကောင်းမှုကြောင့် အဘိုးရဲ့မြေး (အဘွားရဲ့မြေး) သည် တောင့်တသော ဆုနှင့် ပြည့်စုံ၍ အဘိုး အဘွားတို့၏ အမျိုးအနွယ်ကို မတိမ်ကောအောင် စောင့်ရှောက်နိုင်သော အမျိုးကောင်းသား (သမီး) ဖြစ်နိုင်ဖို့ရာ လိမ္မာတတ်သိ ပညာရှိတစ်ယောက် ဖြစ်ပါစေသတည်း။

ဆွေမျိုးများ ကန်တော့

▬▬

ဦးကြီး ဦးလေး ဘကြီး ဘထွေး အဒေါ် အရီး အဘွားကြီး အဘွားလေး ဘိုးကြီး ဘိုးလေး စသော ဆွေမျိုးများကို ကန်တော့ရာ၌လည်း ဦးကြီး၏ (ဦးလေး၏) စသည်ဖြင့် ဆို၍ ကန်တော့ပါ။

ဦးကြီးကဆုပေး

▬▬

ဤ ကန်တော့ရသော ကောင်းမှုကြောင့် ဦးကြီးရဲ့ တူကြီး (တူမကြီး) သည် တောင့်တသောဆုနှင့် ပြည့်စုံ၍ ဦးကြီးတို့၏ အမျိုးအနွယ် မတိမ်ကောအောင် စောင့်ရှောက်နိုင်သော အမျိုးကောင်းသား (အမျိုးကောင်းသမီး) ဖြစ်နိုင်ဖို့ရာ လိမ်မာ တတ်သိ ပညာရှိတစ်ယောက် ဖြစ်ပါစေသတည်း။

[ဦးလေး စသူတို့ကလည်း ဤအတိုင်းဆုပေး။]

သက်ကြီးဝါကြီးကန်တော့

▬▬

ဆွေမျိုးမတော်စပ်သော သက်ကြီးဝါကြီး များကိုလည်း အဘိုး အဘွား ဦးကြီးအဒေါ် စသည်ခေါ်၍ “အဘိုး၏ ကြီးရင့်သော အသက်နှင့် ကိုယ်ကျင့်သိက္ခာကို ရည်စူး၍ (ဤအဝတ်ဖြင့် ဤစားဖွယ် သောက်ဖွယ်တို့ဖြင့်) လေးမြတ်စွာ ကန်တော့ပါ၏၊ ဤ ကန်တော့ရသော ကောင်းမှုကြောင့်...စသည်ဆို။”

သက်ကြီး ဆုပေး

▬▬

ဤ ကန်တော့ရသော ကောင်းမှုကြောင့် ငါ့မြေး (ငါ့တူ) သည် တောင့်တသော ဆုနှင့် ပြည့်စုံ၍ အမျိုးဘာသာ သာသနာ အကျိုးကို ဆောင်နိုင်သော အမျိုးကောင်းသား (အမျိုးကောင်းသမီး) ဖြစ်နိုင်ဖို့ရာ လိမ္မာတတ်သိ ပညာရှိတစ်ယောက် ဖြစ်ပါစေသတည်း။

ပညာသင်ဆရာကို ကန်တော့

▬▬

ဆရာ၏ သွန်သင်ပြသ ဆုံးမခဲ့သော ကျေးဇူးများကို ရည်စူး၍ စသည်ဆို။

ဆရာက ဆုပေး

▬▬

ဤ ကန်တော့ရသော ကောင်းမှုကြောင့် ဆရာ၏ တပည့်သည် အမျိုးဘာသာ စသည်ဖြင့် သက်ကြီး ဆုပေးအတိုင်း ပေးပါ။

ဆရာဘုန်းကြီး ကန်တော့

▬▬

ဆရာတော်၏ သီလ သမာဓိ ပညာဂုဏ်ကို ရည်စူး၍ (ဤ လှူဖွယ်ဝတ္ထုဖြင့်) ရိုသေ လေးမြတ်စွာ ကန်တော့ပါ၏ ... “ဤ ကန်တော့ရသော ကောင်းမှုကြောင့်”စသည် ဆက်၍ဆို။

ဆရာဘုန်းကြီး ဆုပေး

▬▬

ဤ ကန်တော့ရသော ကောင်းမှုကြောင့် တောင့်တအပ်တိုင်း ပြည့်စုံ၍ အမျိုးဘာသာ သာသနာ၏ အကျိုးကို စွမ်းဆောင်နိုင်သော အမျိုးကောင်းသား (အမျိုးကောင်းသမီး) ဖြစ်နိုင်ဖို့ရာ လိမ္မာတတ်သိ ပညာရှိ ဖြစ်ပါစေသတည်း။

လက်ထပ်မင်္ဂလာ

▬▬

လက်ထပ်မင်္ဂလာ ပြုကြရာ၌ လူကြီးမိဘတို့ကို ကန်တော့ကြ၏၊ ထိုအခါ လူကြီး မိဘတို့က ဆုပေးရန်....“နို့ရည်နှင့်ရေကို ရောနှောသည့်အခါ ၂-မျိုး ၂-စား မကွဲပြားဘဲ တစ်သားတည်း တည်နေသကဲ့သို့ ငါ့သား-ငါ့သမီး (ငါ့မြေး ငါ့တူ စသည်) ၂-ဦး တို့လည်း မေတ္တာရေ မကွဲပြားဘဲ တစ်သားတည်း တည်စေပြီးလျှင် အိမ်ရှင် အိမ်သူတို့၏ ကျင့်ဝတ်များကို မယွင်းချွတ်အောင် စောင့်ထိန်းလျက် စိတ်ရော ကိုယ်ပါ ချမ်းသာစွာဖြင့် ဥစ္စာစည်းစိမ် တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေသတည်း”

ဤသို့ စသည်ဖြင့် နေရာဌာနလိုက်၍ ကန်တော့သင့် ဆုပေးသင့်ကြသည်။

ကုန်းဘောင် ရာဇဝင်၌ အလောင်းမင်းတရားကြီးကို သမီးကညာ ဆက်၍ မင်းသမီးက ကန်တော့သောအခါ “ကန်တော့ရသော ဤကောင်းမှုကြောင့် ငါမင်းမြတ်နှင့်အတူ တိုင်းသူပြည်သား လူအများကို သနားစောင့်ရှောက် ချီးမြှောက်နိုင်ပါစေ” ဟူသော အဓိပ္ပာယ်မျိုးဖြင့် ဆုပေးသည်ကို သတိပြုလိုက်ဖူးပါသည်။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကား -

ဣစ္ဆိတံ ပတ္ထိတံ တုယှံ
ခိပ္ပ မေ၀ သမိဇ္ဈတု
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊၊
စန္ဒော ပန္နရသော ယထာ

“သင်၏ အလိုရှိအပ် တောင့်တအပ်သော ဆုသည် လျင်မြန်စွာ ပြီးစီးပါစေ၊ တစ်ဆယ့် ငါးရက်လ၏ ပြည့်ဝခြင်းကဲ့သို့ ကောင်းသော အကြံ မှန်သမျှ ပြည့်ဝပါစေ”ဟု ဆုပေးတော်မူကြသည်။

ဩကာသအဖွင့် ပြီး၏

ငါးပါးသီလ ခံယူပုံအစဉ်

▬▬

အလှူကိစ္စ စသည်၌ ရဟန်းတော်တစ်ပါးထံ (တရားမနာမီ ရေစက်မချမီ) ငါးပါး သီလကို ဆောက်တည်တတ်ကြ၏

ထိုသို့ဆောက်တည်ရာဝယ် ရည်ရွယ်ချက်ကား - ဒါနပြုရာ၌ အရင်းခံ သီလရှိမှ သာ၍ အကျိုးပေး စင်ကြယ်သောကြောင့် အရင်းခံ သီလရှိသူဖြစ်အောင် ဆောက်တည်ခြင်း ဖြစ်သည်။

နဂိုက သရဏဂုံနှင့် သီလရှိသူဖြစ်လျှင် မဆောက်တည်သော်လည်း အကျိုး မယုတ်ပါ။ သို့ရာတွင် မြဲရာသံပတ် ဆိုသလို ထုံးစံအတိုင်း သီလယူကြစို့။

လူများ။ ။“သြကာသ သြကာသ” စသည်ဖြင့် ထုံးစံအတိုင်း ရှိခိုး ဆုတောင်း။

ဘုန်းကြီး။ ။“ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ စေတနာ တို့ကြောင့်” စသည်ဖြင့် အလိုရှိရာ ဆုကိုပေး။

လူများ။ ။“အဟံ ဘန္တေ တိသရဏေန သဟ” စသည် ဆို၍ သရဏဂုံ သီလတောင်း၊

[တချို့နေရာ၌ ဤ အဟံ ဘန္တေကို ဘုန်းကြီးက ချပေးသည်။]

ဘုန်းကြီး။ ။“ယ မဟံ ၀ဒါမိ၊ တံ ၀ဒေထ”

လူများ။ ။“အာမ ဘန္တေ”

ဘုန်းကြီး။ ။“နမော တဿ ဘဂဝတော အရဟတော” စသည် တစ်ခေါက်ချ။

လူများ ။ ။“နမော တဿ ဘဂဝတော”စသည် ၃-ခေါက် လိုက်ဆို။

ဘုန်းကြီး။ ။“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည် ချပေး။

လူများ။ ။လိုက်ဆို။

ဘုန်းကြီး။ ။“ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသည် ချပေး။

လူများ ။ ။လိုက်ဆို။

ဘုန်းကြီး။ ။“တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသည် ချပေး။

လူများ ။ ။လိုက်ဆို။

ဘုန်းကြီး။ ။“သရဏ ဂမနံ ပရိပုဏ္ဏံ”

လူများ ။ ။“အာမ ဘန္တေ”

ဘုန်းကြီး။ ။“ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”ဟု ချပေး။

လူများ ။ ။လိုက်ဆို။

[အစဉ်အတိုင်း “အဒိန္နာဒါနာ”စသည် ချပေး လိုက်ဆို။]

ဘုန်းကြီး။ ။“တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္မာဒေထ”

လူများ ။ ။“အာမ ဘန္တေ”

ဆုပေး အဖွင့်

▬▬

သီလခံယူရာ၌ ရှေးဦးအစ “သြကာသ” စသော ရှိခိုးစဉ်ကို ဖွင့်ပြခဲ့၍ ထို ဩကာသ စသည်ကို ဆိုပြီးနောက် ဘုန်းကြီးက “ရှိခိုးပူဇော် ဖူးမြော် မာန်လျော့ ကန်တော့ ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်” စသည်ဖြင့် ဆုပေး၏၊

ထိုဆုပေးတိုင်း ရ-မရကို ပဌမ စဉ်းစားသင့်၏။

ဇာတ်ဝတ္ထုများ၌ ပစ္စေကဗုဒ္ဓါ ရဟန္တာစသော အရှင်များအား တစ်စုံတစ်ရာ ဝတ္ထုကို လှူဒါန်းပြီးနောက် အလှူရှင်ကိုယ်တိုင် မိမိလိုရာဆုကို တောင်း၏။ ထိုတောင်းသော ဆုများကား သံသရာ၌ ထူးထူးခြားခြား ဖြစ်လိုခြင်း, ထိုပစ္စေကဗုဒ္ဓါ ရဟန္တာတို့ကဲ့သို့ သစ္စာ ၄-ပါးကို သိမြင်လိုခြင်းများတည်း။

အလှူခံဖြစ်သော ပစ္စေကဗုဒ္ဓါ ရဟန္တာ အရှင်မြတ်တို့ကလည်း ထိုတောင်းသော ဆုကိုပင် “တောင့်တတိုင်း ပြည့်စုံပါစေ”ဟု ပေးတော်မူခဲ့ကြသည်။

ထိုသို့ အလှူဒါန တစ်ခုခုကို လိုလိုချင်ချင် တောင့်တအပ်သော ဆုကား ထိုတောင့်တ တိုင်းပင် သင့်လျော်သော ဘဝ၌ အကျိုးပေးတတ်ပါ၏၊ ဤကဲ့သို့ အကျိုးပေးရာ၌ ဆုပေးမှုကြောင့် အကျိုးရသည် မဟုတ်၊ သူ၏ ကုသိုလ်ကံကြောင့် အကျိုးရခြင်း ဖြစ်သည်ဟု မှတ်ပါ။

ယခုကာလ၌ကား “သြကာသ”စသည်ဖြင့် ရှိခိုးပြီးနောက် “အပါယ် ၄-ပါး, ကပ် ၃-ပါး” စသည်မှ လွတ်မြောက်၍ မဂ်ဖိုလ် နိဗ္ဗာန်ကို လျင်မြန်စွာ ရလိုပါကြောင်း ဆုတောင်းကြ၏၊ ဆုပေးသော ဘုန်းကြီးကမူ “အသက်ရှည်ခြင်း၊ အဆင်းလှခြင်း” စသည်ဖြင့် မတောင်းသော ဆုကိုပါ အပိုပေး၏။

ဆုတောင်းတိုင်း ဆုပေးတိုင်း (ကောင်းကောင်း မကျင့်ဘဲ) အကျိုးရနိုင် - မရနိုင်ကို စဉ်းစားလျှင် မရနိုင်ဟုပင် မှတ်ပါ။

မိမိတောင်းသော ဆုနှင့် ထိုက်တန်အောင် (အပါယ်လေးပါး စသည်ဖြင့် လွတ်အောင်) ဒုစရိုက်ကို ရှောင်ကြဉ်၍ သုစရိုက် ကုသိုလ် ပုညကိရိယဝတ္ထု ကုသိုလ်များကို ပြုမှသာ (နိဗ္ဗာန်မြန်မြန် ရအောင် ကမ္မဋ္ဌာန်းကို အားထုတ်မှု သို့မဟုတ် ပါရမီကို ကြိုးစား ဖြည့်မှာ) ဆုတောင်းအားလျော်စွာ အကျိုးရနိုင်မည်။

အကယ်၍ ဆုတောင်းတိုင်း ဆုပေးတိုင်း ရမည်ဆိုလျှင် ရှေးရှေး ဘဝတို့၌လည်း တောင်းဖူးလှသည် သာမက ယခုဘဝ၌ ယုံကြည်လောက်သော ဘုရားဒကာ ကျောင်း အမ လူဝင်စားတွေမှာလည်း လွန်ခဲ့သော ဘဝက အကြိမ် ရာထောင်မက ဆုတောင်း ခဲ့လှပြီဖြစ်၍ ထိုဆုတောင်း အားလျော်စွာ ယခုဘဝ၌ ကြွယ်ဝ ချမ်းသာသော ရွှေသူဌေးတွေ ဖြစ်နေဖွယ် ရှိသည့်အပြင် ယနေ့ နက်ဖြန်ဆိုသလို မဂ်ဖိုလ်နိဗ္ဗာန်ကို (အလျင်အမြန်) ရသူတွေ ဖြစ်ပေရာ၏။

သို့ရာတွင် ယခုအခါ ထိုသို့ ဖြစ်သူကို မတွေမြင် မကြားသိရပါ တကား ... “နိဗ္ဗာန်ကို မြန်မြန်ရမည်”ဟု ဆိုလျှင်လည်း သူတို့တစ်တွေ လိုချင်ကြမည် မဟုတ်ချေ။

ထို့ကြောင့် စိတ်မပါ့တပါနှင့် တောင်းသောဆု ဘုန်းကြီးက နှုတ်တက် ချပေးသော ဆုများကို အားကိုးနေကြခြင်းထက် “မိမိတို့ကိုယ်တိုင် ပိုင်ပိုင်ကြီး အလုပ်လုပ်ခြင်းက အကျိုးရမည်”ဟု မှတ်ပါ။

သို့သော် အများနှင့် မဆန့်ကျင်အောင် ထုံးစံအတိုင်း “သြကာသ”ရှိခိုးပြီးနောက် ဆုတောင်း၍ ဘုန်းကြီးပေးသော ဆုကိုလည်း “အာမဘန္တေ”လိုက်ကြပါလေတော့။

[အပြစ်မရှိသော ကိစ္စ၌ အများနှင့် မဆန့်ကျင်သင့်ပါ။]

သရဏဂုံနှင့် ငါးပါးသီလတောင်း အဖွင့်

▬▬

ကျက်မှတ်ရန်

(၁) အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ

(၂) ဒုတိယမ္ပိ၊ အဟံ ဘန္တေ … မေ ဘန္တေ။

(၃) တတိယမ္ပိ၊ အဟံ ဘန္တေ … မေ ဘန္တေ ။

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬

(၁) ဘန္တေ၊ အရှင်ဘုရား။
အဟံ၊ တပည့်တော်(တပည့်တော်မ)သည်။
တိသရဏေန၊ သရဏဂုံသုံးပါးနှင့်။
သဟ၊ တကွ။
ပဉ္စသီလံ၊ ငါးပါးသီလ ဟူသော။
ဓမ္မံ၊ သိက္ခာပုဒ်တရားတော်ကို။
ယာစာမိ၊ တောင်းပါ၏။
ဘန္တေ၊ အရှင်ဘုရား။
မေ၊ တပည့်တော်(တပည့်တော်မ)အား။
အနုဂ္ဂဟံ၊ ချီးမြှောက်ခြင်းကို။
ကတွာ၊ ပြု၍။
သီလံ၊ သီလကို။
ဒေထ၊ ပေးတော်မူပါကုန်ဘုရား။

(၂) ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။
ဘန္တေ၊ အရှင်ဘုရား စသည် ရှေ့အတိုင်းဆို။

(၃) တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။
ဘန္တေ၊ အရှင်ဘုရား စသည် ရှေ့အတိုင်းဆို။

ဤ သီလတောင်းပုံ၌ မြန်မာလို ဆိုလိုရင်းမှာ --

“အရှင်ဘုရား... တပည့်တော်သည် သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလကို တောင်းပါ၏၊ တပည့်တော်အား သနားသဖြင့် သီလပေးတော်မူပါ”ဟု ဆိုလိုရင်း ဖြစ်၏။

အလေးပြုရာ ရောက်အောင် သုံးကြိမ်တောင်းရိုး ပြုကြသည်။ ပါဠိလိုမဆိုဘဲ “တပည့်တော်အား သီလပေးတော်မူပါ” ဟု မြန်မာလို ရိုးရိုးတောင်းလည်း ပြီးစီး နိုင်၏။

(ယခုအခါ အချိန်တိုတိုနှင့် လိုရာကိစ္စ၏ ပြီးစီးခြင်းကို လိုလားသောအခါ ဖြစ်ကြောင်းကို သတိပြုသင့်ပြီ။)

လူတို့က သီလတောင်းပြီးအဆုံး၌ သီလပေးကိုယ်တော်က.. “ယ မဟံ ဝဒါမိ တံ ဝဒေထ”ဟု ဆိုပြန်၏၊

ယံ၊ အကြင်စကားကို။
အဟံ၊ ငါသည်။
ဝဒါမိ၊ ဆို၏။
တံ၊ ထိုငါဆိုသွားသော စကားကို။
ဝဒေထ၊ လိုက်၍ ဆိုကြကုန်။

“ဆိုတာကို လိုက်ဆိုကြ”ဟု ဆိုလိုသည်။ ထိုနောက် လူတို့က “အာမ ဘန္တေ”ဟု ဆိုလိုက်ကြ၏၊ ဘန္တေ၊အရှင်ဘုရား။ အာမ၊ အမိန့်တော်အတိုင်းပါ။ “မှန်ပါ အရှင်ဘုရား ဆိုသွားသမျှကို လိုက်၍ ဆိုပါမည်”ဟု ဝန်ခံခြင်း ဖြစ်သည်။

ဤစကားဖြင့် “သင်တို့သည် သရဏဂုံကိုလည်း ကိုယ့်ဘာသာ မဆောက်တည် တတ်ကြ၊ သီလကိုလည်း မယူတတ်ကြ၊ ထို့ကြောင့် ငါက-ရှေ့က ဆိုပေးမည် လိုက်ဆိုကြ”ဟု ဆိုရာရောက်၏၊

ဗုဒ္ဓသာသနာတော် ရောက်စက သရဏဂုံ - သီလကိုမျှ မဆောက်တည်တတ် မခံယူတတ်၍ နှုတ်ဖြင့် ချပေးရသောအခါမှ ဖြစ်လာခဲ့သော စကား ဖြစ်ဟန်တူသည်၊

ကိုယ့်ဘာသာကိုယ် ဆိုတတ်လျှင် ယခုလို နှုတ်တက်ချပေးဖွယ် မလိုပါ၊ သီလတောင်း များကိုလည်း ဆိုဖွယ်မလိုပါ။

သီလပေးမှု

▬▬

ရဟန်း တစ်ပါးပါးက “သီလ ပေးသည်” ဟူရာ၌ ထိုရဟန်းက မိမိမှာရှိသော သီလကို “ဝေငှပေးတဲ့” အပေးမျိုး မဟုတ်။ သီလ တောင်းပုံကို မဆိုတတ်၍ “ချပေးတဲ့” အပေးမျိုး ဖြစ်သည်။

ထို့ကြောင့် လူအချင်းချင်းလည်း သီလပေးကောင်း၏၊ ကိုယ့်ဘာသာ ဆိုတတ်လျှင် ရုပ်ပွားတော် စေတီတော်အထံ၌ မိမိဘာသာလည်း သရဏဂုံသီလကို ဆောက်တည် ကောင်း၏၊ ထိုသို့ မိမိဘာသာ သီလယူရာ၌ “ယ မဟံ ၀ဒါမိ တံ ဝဒေထ”ဟု မိန့်တော်မမူသောကြောင့် “အာမ ဘန္တေ”လိုက်နေဖွယ်မလို။

ထို့ နောက် သီလပေးပုဂ္ဂိုလ်က “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟု ချပေး၍ လူအများက ၃-ခေါက် လိုက်ဆိုကြပြန်၏။

“နမော တဿ ဘဂဝတော” စသည်ကို ရှေးက သူတော်ကောင်းများ ဘုရားရှင်ကို သတိရသောအခါ ရွတ်ဆိုလေ့ရှိသောကြောင့် ယခုကာလ နေရာတိုင်းမှာ မင်္ဂလာရှိသော စကားတစ်မျိုး အနေဖြင့် အသုံးပြုကြပေသည်။

နမော တဿ အနက်

▬▬

အရဟတော၊ ပူဇော်သမျှကို ခံယူတော်မူထိုက်သော။
သမ္မာသမ္ဗုဒ္ဓဿ၊ အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူသော။
တဿ ဘဂဝတော၊ ထိုမြတ်စွာဘုရားအား။
နမော၊ ရှိခိုးပါ၏။

ရှေးထုံးကိုမပယ်

▬▬

“သြကာသ သြကာသ”မှ စ၍ “နမော တဿ” တိုင်အောင် စကားများသည် သရဏဂုံသီလ ဆောက်တည်ရာ၌ အရေးတကြီး သက်ဆိုင်သော စကားများမဟုတ်၊ ရှေးဆရာတို သိုင်းသိုင်းဝိုင်းဝိုင်း ရှိအောင် စီစဉ်ခဲ့သော စကားများသာ ဖြစ်၏။

သို့သော် အပြစ်လည်း မရှိ၊ ဩကာသ စသည်ကို ရွတ်ဆိုခိုက်၌ ထိုက်သင့်သမျှ ကုသိုလ် ရဖွယ်လည်း ရှိသောကြောင့် ယခုအခါ စဉ်းစားဉာဏ် ရှိသူတို့က (အပိုမှန်း သိပါလျက်) မပယ်ဖျက်ကြဘဲ ရှေးစဉ်လာအတိုင်း လိုက်နေကြသည်

ဗုဒ်ဂိုဏ်းနှင့် ဘန်းဂိုဏ်း

▬▬

ရှေးအခါက အောက်နိုင်ငံမှာ -

အဟံ ဘန္တေ ဟု ဘန္တေ-က စသောကြောင့် “ဘန်းဂိုဏ်း” ဟု လည်းကောင်း,
ဗုဒ္ဓံ သရဏံ ဟု ဗုဒ္ဓက စသောကြောင့် “ဗုဒ်ဂိုဏ်း” ဟု လည်းကောင်း
၂-ဂိုဏ်း ကွဲဖူးသတဲ့။

သရဏဂုံ သီလကို ဆောက်တည်သောအခါ -

ဘန်းဂိုဏ်းဝင်သူများသည် “အဟံ ဘန္တေ တိသရဏေန”က စပြီး ယခုဆိုရိုး အတိုင်းဆို၍၊
ဗုဒ်ဂိုဏ်းဝင်သူများက “အဟံ ဘန္တေ” စသည်ကို မဆိုတော့ဘဲ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”က စ၍ ဆိုလေ့ရှိကြသတဲ့။

ဤ ၂-နည်းတွင် ဗုဒ်ဂိုဏ်းနည်းက လိုရင်းပြီးအောင် အကျဉ်းရုံး၍, ဘန်းဂိုဏ်း နည်းက ရှေးစနစ်အတိုင်း လိုက်သော နည်းဖြစ်သည်။

အမှာ

▬▬

အပြစ်မရှိသော ရှေးနည်းကို လိုက်သင့်ပါ၏။ သို့သော် သြဇာ အာဏာနှင့် ပညာရှိသူ ဖြစ်လျှင် အကျိုးမများသော ရှေးစနစ်တို့ကို ပြင်ရမည်သာ။ ထိုသို့ပြင်သည့်အတွက် အငြင်းပွား၍ ခိုက်ရန် မများအောင် အုပ်စီးနိုင်ဖို့ကား အရေးကြီး၏၊ မအုပ်စီးနိုင်ဘဲ ရှေးစနစ်ကို ပြင်လျှင်ကား မိမိလည်း ကုသိုလ်မရ လူအများလည်း အကုသိုလ်ပွား၍ အကျိုးမဲ့သာ ဖြစ်ပါလိမ့်မည်။

သရဏဂုံ အဖွင့်

▬▬

ကျက်မှတ်ရန်

(၁) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ

(၂) ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ...ဂစ္ဆာမိ

(၃) တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ..ဂစ္ဆာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

▬▬

(၁) ဗုဒ္ဓံ မြတ်စွာဘုရားကို။
သရဏံ၊ ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။
ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။
ဓမ္မံ၊ တရားတော်မြတ်ကို။
သရဏံ၊ ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။
ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။
သံဃံ၊ အရိယာ သံဃာတော်မြတ်ကို။
သရဏံ၊ ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။
ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။

(၂) ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း....ရှေ့အတိုင်းဆို။

(၃) တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း...ရှေ့အတိုင်းဆို။

သရဏဂုံ

▬▬

“သရဏ + ဂမန”ဟူသော ပါဠိမှ “သရဏဂုံ”ဟု မြန်မာစကား ဖြစ်လာသည်၊

(သရဏ = ကိုးကွယ်ရာဟူ၍ + ဂမန = အသိအမှတ်ပြုလျက် ဆည်းကပ်ခြင်း။)

“ဘုရား တရား အရိယာသံဃာသည် ကိုးကွယ်ရာ အစစ် ဖြစ်၏” ဟု အသိအမှတ် ပြုလျက် ရိုသေလေးမြတ် ဆည်းကပ်လိုသော ကုသိုလ် စေတနာကို “သရဏဂုံ”ဟု ခေါ်၏။

၁-ဘုရား ကိုးကွယ်မှု
၂-တရား ကိုးကွယ်မှု
၃-အရိယာသံဃာ ကိုးကွယ်မှုအားဖြင့် ၃-ပါးရှိသည်။

“သရဏဂုံ ၃-ပါး”ဟု ယခုကာလ ခေါ်ကြသည်မှာလည်း ဤ ၃-ပါးပင်တည်း၊

မိမိ သန္တာန်၌ ထိုရတနာ ၃-ပါးကို ဆည်းကပ် ကိုးကွယ်လိုသော စိတ်စေတနာ ဖြစ်နေကြောင်း ထင်ရှားပြဖို့ရာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသော ပါဠိစကားကို ဖြစ်စေ, “ဘုရား ကိုးကွယ်ပါ၏” စသော မြန်မာစကားကို ဖြစ်စေ ရွတ်ဆိုခြင်းသည် သရဏဂုံ ဆောက်တည်ခြင်းမည်၏၊ ထိုသို့ ဆောက်တည်ရာဝယ်...

ဗုဒ္ဓံ

▬▬

ဗုဒ္ဓံ-အရ ဘုရားဟု ဆိုရာ၌ ရုပ်ပုံ ရုပ်ပွား ဆင်းတု စေတီတော် များလောက်တွင် စိတ်မထားဘဲ ဘုရားဂုဏ်တော်ဖွင့်၌ပြခဲ့သော “ဘုရားရှင်” ကို ရည်မှန်း၍ ထားရာ၏။

ဓမ္မံ

▬▬

ဓမ္မံ-အရ တရားဟု ဆိုရာ၌ ယခုကာလ ဓမ္မကထိကတွေ သံရှည် သံတိုဆွဲ၍ ယပ်လှဲ ယပ်ထောင်တရားများနှင့် စာအုပ် ပေစာတွေလောက်တွင် စိတ်မထားဘဲ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ မဟာသတိပဋ္ဌာန် စသော ဘုရားဟော ပါဠိတော် အဋ္ဌကထာ ကျမ်းစာအစဉ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်တရားကို ရည်မှန်းထားရာ၏။

သံဃံ

▬▬

သံဃံ-အရ သံဃာဟုဆိုရာ၌ ယခုကာလ ရဟန်းသံဃာလောက်တွင် စိတ်မထားဘဲ သံဃာ့ဂုဏ်၌ပြခဲ့သော အရိယာသံဃာကို ရည်မှန်းထားရာ၏။ ဤသို့ရည်မှန်းနိုင်မှသာ “သရဏဂုံ” အစစ်အမှန်ကိုရမည်။

ကိုး-ကွယ်-လဲလျောင်း-ပုန်းအောင်း-မှီခိုရာ

▬▬

ရတနာ မြတ်သုံးပါးသည် အပါယ်ဆင်းရဲ သံသရာဆင်းရဲတို့၌ မကျမရောက်အောင် ဟောတော်မူသောအားဖြင့် စောင့်ရှောက်တော် မူပေရကား...

ကိုး = ရတနာသုံးပါးကို ကိုးစားရာ (အားကိုးစရာ) ဟူ၍ လည်းကောင်း,
ကွယ် = ဘေးရန်ပေါ်လာလျှင် ကာကွယ်ဖို့ရာ ဟူ၍လည်းကောင်း,
လဲလျောင်း = (မိဘအပေါ်မှာ ယုံကြည်၍ သားသမီးများ လဲလျောင်း အိပ်နေသလို) ရတနာသုံးပါးကို ကောင်းစွာ ယုံကြည်၍ လဲလျောင်းဖို့ရာ ဟူ၍လည်းကောင်း
ပုန်းအောင်း = အပါယ်ဘေး မရောက်အောင် ပုန်းအောင်းနေ့ဖို့ရာ ဟူ၍လည်းကောင်း,
မှီခို = မိဘကို သားသမီးက မှီခိုသကဲ့သို့ မှီခိုဖို့ရာ ဟူ၍လည်းကောင်း

အသိအမှတ်ပြုလျက် “နှစ်နှစ်သက်သက် မှီဝဲဆည်းကပ်ပါ၏”ဟု ဆိုလိုသည်။

တစ်ကြိမ်ဆောက်တည် တစ်သက်တည်

▬▬

ဤသို့ ယုံကြည်လေးမြတ်စွာ တစ်ကြိမ်လောက် ဆောက်တည်ထားလျှင် ယုံကြည် စိတ်မပျက်သမျှ တစ်သက်လုံး “သရဏဂုံတည်သူ” မည်တော့၏။

ထပ်ခါထပ်ခါ ဆောက်တည်နေဖွယ် မလိုပါ၊ ယခု ကာလ၌ကား သီလဆောက်တည် တိုင်း ထပ်၍ သရဏဂုံ ဆောက်တည်လေ့ ရှိကြသည်၊ သို့သော် အပြစ်မရှိ၍ ထိုနည်းကို မပယ်ဖျက်လိုပါ။

သရဏဂုံတင်ကြပုံ

▬▬

ရတနာ သုံးပါးကို မကိုးကွယ်လိုသောအခါ အသက်ဆုံးသောအခါ၌ သရဏဂုံပျက်၏။ ထို့ကြောင့် တစ်စုံတစ်ယောက် အနိစ္စ ရောက်သောအခါ “ရောက်ရာ ဘဝက သတိ ရနေလျှင် သရဏဂုံ ယူပါစေတော့” ဟု ရည်မှန်း၍ အလောင်းကို သရဏဂုံ တင်ရိုး ပြုကြသည်။ စိတ်မရှိသော အလောင်းအတွက်ကား သရဏဂုံ တင်သော်လည်း သရဏဂုံမရပါ

သတိပြုဖွယ်

▬▬

ယခုကာလ သရဏဂုံ ဆောက်တည်သူတို့တွင် တချို့မှာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော ပါဠိကိုရွတ်နေသော်လည်း မြန်မာလို ဘာကို ဆိုလိုကြောင်း မသိကြ၊ ဗုဒ္ဓံ ဓမ္မံ သံဃံဟု နှုတ်ကရွတ်နေသော်လည်း ဘုရား တရား သံဃာအစစ်ကို နားမလည်ကြချေ၊

ထိုသို့နားမလည်သူတို့မှာ ဉာဏ်နှင့် ယှဉ်သော ဉာဏသမ္ပယုတ် မဟာကုသိုလ်သရဏဂုံ မရနိုင်၊ အတော်အတန် နားလည်သူ ဘုရား တရား သံဃာကို ကိုးကွယ်လိုစိတ် ရှိသူ၌ကား ဉာဏဝိပ္ပယုတ် သရဏဂုံကိုမျှသာ ရဖွယ်ရှိ၏၊

လုံးလုံး နားမလည်သူတို့မှာ သရဏဂုံကိုမျှ လုံးလုံးရဖွယ် မရှိသရဏဂုံမတည်လျှင် ဗုဒ္ဓဘာသာဝင် မဟုတ်သေး၊ ထို့ကြောင့် သရဏဂုံအကြောင်းကို ကောင်းကောင်း နားလည်အောင် လေ့လာကြပါကုန်

ရတနာ ၃-ပါးနှင့်စပ်၍ မှတ်ဖွယ်

▬▬

ဘုရား တရား

ယခုအခါ စဉ်းစားလေ့ရှိသူတို့သည် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော သရဏဂုံ၌ “သက်တော်ထင်ရှား မြတ်ဘုရားကို ကိုးကွယ်ရမည်။ စေတီတော်များကား ဘုရားရှင် ၏ အရိုးဓာတ်တော်ကို ဌာပနာထားရာ ဖြစ်၍လည်းကောင်း, ရုပ်ပုံ ဆင်းတုတော် များမှာ ဘုရားရှင်၏ ပုံတော်ကို စွမ်းနိုင်သမျှ အတုပြုလုပ်ထားသော ပုံတော်များဖြစ်၍ လည်းကောင်း ဘုရား ရှင်ကိုရည်မှန်း၍ ကိုးကွယ်ပူဇော်ရာဌာနများဖြစ်ကြသည်”ဟု နားလည်ကြပေပြီ။

တရားကို ကိုးကွယ်ရာ၌လည်း “ကိလေသာ အညစ်အကြေးတို့ကို ပယ်ရှားနိုင်သော မဂ်တရား - ဖိုလ်တရား - နိဗ္ဗာန်တရားတော်များနှင့် ဘုရားဟောတော်မူ အပ်သော တရားစစ် တရားမှန်များကို ကိုးကွယ်ရမည်”ဟု နားလည်ကြပေပြီ။

သံဃာ

“သံဃာကို ကိုးကွယ်ပါ၏”ဟု သရဏဂုံတည်ဆောက်ရာ၌ကား စိတ်ထဲမှာ ရဟန်း သံဃာ အမျိုးမျိုး ပေါ်လာသောကြောင့် ကျေကျေနပ်နပ် ဆည်းကပ် ကိုးကွယ်လိုစိတ် မဖြစ်နိုင်ကြ။

ထိုသို့ ဖြစ်ရာ၌ ဘုန်းကြီးတို့ ကလေးအရွယ်က စိတ်နေစိတ်ထားကို ပြန်၍ သတိရတော့သည်၊ ဘုရားရှိခိုးရာ၌ ကလေး၏ စိတ်သည် ရှေ့မှာရှိသော စေတီတော် ဆင်းတုတော်ထက် ပိုလွန်၍ ဘုရားရှင် အစစ်တိုင်အောင် မမှန်းနိုင်ခဲ့ပါ၊

အထက်တန်းစာကို သင်ရသော အခါကျမှ စေတီတော် ဆင်းတုတော်များကို ရှိခိုးတိုင်း ဘုရားရှင် အစစ်ရောက်အောင် ထွင်းဖောက်၍ အာရုံပြုနိုင်ပါသည်။

ထိုအတူ ပုထုဇဉ် ရဟန်းသံဃာများကို စေတီတော် ဆင်းတုတော်များကဲ့သို့ သဘော ထား၍ အရိယာဖြစ်ပြီးသော ရဟန်းသံဃာများကို ဘုရားအစစ်လို သဘောထားလျက် စဉ်းစားကြည့်သောအခါ အတော် စိတ်ရှင်းသွားပါလိမ့်မည်၊

စေတီတော် ဆင်းတုတော်များကို ရွှေတိဂုံ - မဟာမြတ်မုနိ တို့ကဲ့သို့ အလွန် အဆင့်အတန်း မြင့်နေသည်ကိုလည်း ဖူးတွေ့ကြရ၏၊ ဘုရားဒကာ ဘုရားအမနှင့် ကိုးကွယ်သူ ရွာသားတို့ အပြုအပြင် မတတ်မှုကြောင့် မသပ္ပါယ်သော စေတီတော် ဆင်းတုတော်များကိုလည်း (မလွှဲမရှောင်သာ) မြင်ရတွေ့ရ၏။

သပ္ပါယ်သော စေတီတော် ဆင်းတုတော်များကို ဖူးမြင်ရသောအခါ လွန်စွာ အားရ၍ သက်တော်ထင်ရှား ဘုရားကိုလည်း သတိရသကဲ့သို့ အဆင့်အတန်း မြင့်မြင့်နှင့် တရား ကျင့်နေသော သာသနာ့ တာဝန်ကို အားသွန် ကြိုးစားနေသော ရဟန်းသံဃာတော် များကို ဖူးမြော်ရာအခါ “ဪ ... ဘုရားလက်ထက်တော်၌ အရှင်မဟာကဿပ စသော သံဃာတော်များသည် ဤသို့ ကျင့်တော်မူကြပေလိမ့်မည်။

အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် အရှင်ဥပါလိ အရှင်အနုရုဒ္ဓါ, အရှင်အာနန္ဒာ, အရှင်ရာဟုလာ စသော သံဃာတော်များသည် ဤသို့ပင် သာသနာ့ တာဝန်ကို အားသွန်ကြိုးစားတော် မူကြပေလိမ့်မည်”ဟု အရိယာသံဃာတော်များ ထင်မြင် လာအောင် နှစ်သက်ခြင်းကို ဆောင်နိုင်ကြပေလိမ့်မည်။

ထိုကဲ့သို့ ထင်မြင်လာအောင်လည်း သတိ ထားမိကြပါစေ။

မသပ္ပါယ်သော စေတီ ဆင်းတုတော်များကို တွေ့ရသောအခါ “ဒီ ရပ်သူ နယ်သားတွေ အသိအလိမ္မာ နည်းသေးလို့ ယခုလို စေတီ ဆင်းတုတော်များ မသပ္ပါယ် မတင့်တယ်ဘဲ ရှိနေကြရသည်။

ရပ်သူနယ်သားတို့ အသိအလိမ္မာ တိုးပွားလာလျှင် ဤစေတီ ဆင်းတုတော်များကို သားနား သပ္ပါယ်အောင် ခြယ်လှယ်နိုင်ပေလိမ့်မည်”ဟု ရပ်သူ နယ်သားတို့၏ အသိဉာဏ်ကို မြှင့်တင်လိုသော စိတ်ဆန္ဒသာ ဖြစ်ပေါ်လာ၍ ဆင်းတု စေတီတော် များ၏ မသပ္ပါယ်မှုကို အပြစ်မမြင်နိုင်သကဲ့သို့ ထိုအတူ အဆင့်အတန်း မမြင့် မကြွယ် မသပ္ပါယ်သော ရဟန်းသံဃာတော်များကို တွေ့ရပြန်လျှင်လည်း သာသနာကို ကိုးကွယ်သော လူတစ်စု၏ အသိဉာဏ် နည်းမှုကိုသာ အပြစ်တင်ကာ မတော်မလျော် သွားလာ နေထိုင်သူတို့ အပေါ်မှာ အပြစ်မတင်သာဘဲ ရှိပါလိမ့်မည်။

ဘုရားပေးသော သရဏဂုံ

▬▬

ဘုရားရှင်သည် “ဆတ္တ”မည်သော တက္ကသိုလ် ကျောင်းသားတစ်ယောက်အား ဗုဒ္ဓ-ဓမ္မ-သရဏဂုံ ပေးတော်မူပြီးနောက် သံဃာ့ သရဏဂုံ ပေးတော်မူရာ၌ “အရိယာ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်လော့” ဟု မိန့်တော်မူပါသည်။

(ဆတ္တမာဏဝက ဝိမာနဝတ္ထု)

ထို့ကြောင့့်် ယခုအခါ “သံဃံ သရဏံ ဂစ္ဆာမိ = သံဃာတော်ကို ဆည်းကပ်ကိုးကွယ် ပါ၏”ဟု သရဏဂုံ ဆောက်တည်ရာ၌ အရိယာ သံဃာကိုသာ ရည်မှန်း၍ ဆောက်တည်ကြပါလေ၊

သံဃာနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းသော အခါလည်း သုပ္ပဋိပန္နတာ စသော ဂုဏ်တော် များနှင့် ပြည့်စုံပြီးသော အရိယာ သံဃာတော်များကိုသာ အာရုံပြုရပါသည်၊ သံဃာ့ ဂုဏ်တော်ဖွင့်၌ အရိယာ သံဃာတော်များချည်း ပါဝင်ပုံကို ပြန်၍ သတိပြုပါ၊

ရတနသုတ် ပရိတ်တော်လာ သံဃာ့ဂုဏ်ကို ပြရာ၌လည်း အရိယာ သံဃာတော် များသာ ဖြစ်ပါသည်။

ပုထုဇဉ်သံဃာလည်း မလွတ်

▬▬

သက်တော်ထင်ရှား ဘုရားမရှိသော ယခုအခါ၌ ဘုရားရှင်ကို လှူဒါန်းပူဇော်လိုလျှင် ဘုရားကိုရည်မှန်း၍ စေတီတော် ဆင်းတုတော်ကိုသာ လှူဒါန်း ပူဇော်ရတော့သကဲ့သို့ ထို့အတူ အရိယာ သံဃာကို ရည်မှန်း၍ လှူဒါန်း ပူဇော်လိုလျှင် တွေ့ရာကြုံရာ ပုထုဇဉ် သံဃာကိုလည်း လှူဒါန်း ပူဇော်ကြရတော့သည်။

အနုတ္တရံ ပုညက္ခေတ္တံ = အရိယာ သံဃာတော်သည် အတူမရှိ ကောင်းသော လယ်ယာမြေပင်တည်း”ဟု မိန့်ဆိုတော်မူချက်အရ ပဌမတန်း လယ်မြေကိုမရလျှင် ဒုတိယတန်း လယ်ယာမြေမှာပင် စိုက်ပျိုးရသကဲ့သို့ ပဌမတန်း သံဃာကို မရလျှင် သီလ သမာဓိ ပညာအားဖြင့် ဒုတိယတန်း ပုထုဇဉ် သံဃာတော်ကိုရှာ၍ ကိုးကွယ် ဆည်းကပ်ဖို့ တာဝန်မှာ တိုင်းသူပြည်သားတို့ အသိဉာဏ်ပေါ်၌သာ တည်၏၊

အချုပ်မှာ - ပုဂ္ဂိုလ်ကောင်းကို ရွေးချယ်၍ ကိုးကွယ်နိုင်မှသာ အကျိုးများများရမည်ဟု ဆိုလိုပါသည်။

ဒုတိယတန်း လယ်ယာမြေမရှိလျှင် တတိယတန်း လယ်ယာမြေ၌လည်း စိုက်ပျိုးကြရ သကဲ့သို့ ထို့အတူ တတိယတန်း ပုထုဇဉ် သံဃာများကိုလည်း (သံဃာကိုရည်မှန်း၍ လှူဒါန်းပူဇော်နိုင်လျှင်) ထိုက်သင့်သမျှ အကျိုးရမည့် အကြောင်းကိုလည်း ချဲ့ထွင် စဉ်းစားကြပါလေ။

သာသနာ ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ် လာသောအခါ “လည်ပင်း၌ သင်္ကန်း ပတ်ထားသော ရဟန်းအတုကိုပင် သံဃာမှန်း၍ လှူဒါန်းနိုင်လျှင် မရေမတွက် နိုင်အောင် အကျိုး ရနိုင်၏”ဟု ဒက္ခိဏဝိဘင်္ဂသုတ်၌ ဟောတော်မူပါသည်။

ဤ သရဏဂုံကို ဆောက်တည်ပြီးသည့် အဆုံး၌ သီလပေး ကိုယ်တော်က ... “သရဏဂမနံ ပရိပုဏ္ဏံ”ဟု ဆို၏။ သရဏဂမနံ - သရဏဂုံသည်။ ပရိပုဏ္ဏံ - သင်တို့ သန္တာန်မှာ ပြည့်စုံပြီ၊ “သရဏဂုံတည်”ဟု ဆိုလိုသည်။

ထိုနောက်လူများက “အာမ ဘန္တေ - မှန်ပါဘုရား”ဟု လိုက်ကြပြန်၏။

ဘုရားရှေ့မှာ မိမိဘာသာ သရဏဂုံကို ဆောက်တည်ရာ၌ကား ရုပ်ပွားတော်က “သရဏဂမနံ ပရိပုဏ္ဏံ”ဟု မိန့်တော်မမူသောကြောင့် “တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ”” အဆုံး၌ “အာမ ဘန္တေ”ဟု ဆိုဖွယ်မလိုတော့ပါ။

ငါးပါးသီလ

▬▬

ကျက်မှတ်ရန် သိက္ခာပုဒ်များ

▬▬

(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

(၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

(၃) ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬

ဤ သိက္ခာပုဒ်ငါးပါးကို “ငါးပါးသီလ”ဟူ၍ လည်းကောင်း လူတို့ အမြဲ စောင့်ထိန်း ကြရသောကြောင့် “နိစ္စသီလ”ဟူ၍ လည်းကောင်း တစ်သက်လုံး မကျိုးမပေါက် ရအောင် သူတော်ကောင်းတို့ အလေးပြုရမည့်အကျင့် ဖြစ်သောကြောင့် “ဂရုဓမ္မ သီလ” ဟူ၍လည်းကောင်း အမျိုးမျိုးပင် ခေါ်ကြပါသည်။

သရဏဂုံတည်သူ (ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်သူ)ကို ဥပါသကာ ဥပါသိကာမ ဟု ခေါ်၏၊ ထိုဥပါသကာ ဥပါသိကာမ မှန်လျှင် ၅-ပါးသီလကို လုံခြုံစေမှသာ သင့်လျော်ပါသည်၊

ထို့ကြောင့် သူတော်ကောင်း ပီသအောင် ၅-ပါး သီလကိုလည်း လုံခြုံစေရပါသည်။

၁။ ပါဏာတိပါတ အဖွင့်

▬▬

ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

▬▬

ပါဏာတိပါတာ၊ သူတစ်ပါးအသက်ကို သတ်ခြင်းမှ။
ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။
သမာဒိယာမိ၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

“သူတစ်ပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ် ပါ၏” ဟူလို။

သူတစ်ပါးအသက် သတ်ခြင်းမှ - ဟူရာ၌ လူ၏ အသက်ချည်းသာမက မိမိမှ တစ်ပါး အသက်ရှိသော သတ္တဝါအားလုံး၏ အသက်ကို “သူတစ်ပါး အသက်” ဟု ဆိုလိုသည်၊ ထို့ကြောင့် သက်ရှိသတ္တဝါမှန်လျှင် တိရစ္ဆာန် အမျိုးမျိုး ကြမ်းပိုး သန်းဥ ခရု ယောက်သွားမှ ကျွဲ၊ နွား စသည်တို့၏ အသက် ဟူသမျှကို မသတ်ရ။

သတ်-ဟူရာ၌ တကယ် သေစေလို၍ ကိုယ်တိုင်သော် လည်းကောင်း သူတစ်ပါးကို စေခိုင်း၍သော် လည်းကောင်း သတ်မှသာ သတ်ရာရောက်သည်။ လမ်းသွားယင်း မတော်တဆ နင်းမိ၍ သေသွားခြင်း စသည်များမှာ သတ်ရာ မရောက်ပါ။

ရှောင်ကြဉ်ရကြောင်း, ကောင်းမြတ်သော - ဟူရာ၌ ဤသိက္ခာပုဒ်ကို ဆောက်တည် ထားလျှင် သူ့အသက် သတ်မှုမှ ရှောင်ကြဉ်ရသည်၊ မရှောင်ကြဉ်လျှင် သိက္ခာပုဒ် ပျက်၏။ ထို့ကြောင့် ဤသိက္ခာပုဒ်သည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း၏ အကြောင်းဖြစ်သည်။

သိက္ခာပုဒ်

▬▬

ကုသိုလ်အကျင့်ကို “သိက္ခာ”ဟု ခေါ်သည်၊ ပုဒ်-ဟူသည်ကား မြန်မာလို “တည်ရာ” ဟူသော စကားနှင့် အဓိပ္ပာယ်တူသော (ပဒ) ပါဠိ ပျက်စကားတည်း၊ ထို့ကြောင့် များစွာသော ကုသိုလ်အကျင့်တို့၏ တည်ရာကို “သိက္ခာပုဒ်”ဟုမှတ်ပါ၊

ဤသိက္ခာပုဒ်တစ်ပါး လုံခြုံလျှင် ကုသိုလ်အကျင့်တွေ များစွာ တိုးတက်၍ရမည် ဖြစ်သောကြောင့် “များစွာသော ကုသိုလ်တရား၏ တည်ရာ အခြေခံဖြစ်သော အကျင့် သိက္ခာ”ဟု ဆိုလိုသည်။

ဆောက်တည်ပါ၏

▬▬

“ဤသိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ထိန်းမည်” ဟု (ခိုင်မြဲအောင် အိမ်ကြီး တိုက်ကြီးများကို မြေအောက်၌ စိုက်တည်ထားသလို) စိတ်ထဲ၌ စွဲစွဲမြဲမြဲ နှလုံး သွင်းထားခြင်းကို “ဆောက်တည်” ဟု ခေါ်သည်။

ထို့ကြောင့် သူတစ်ပါးထံသို့ မသွားဘဲလည်း မိမိဘာသာ “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”ဟု ပါဠိလို ရွတ်ဆို၍ ဖြစ်စေ “သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏”ဟု မြန်မာလို ရွတ်ဆို၍ ဖြစ်စေ ဆောက်တည်ကောင်း၏။

[ဇနကမင်းသားလေး ပင်လယ်၌မျောနေစဉ်က ကိုယ့်ဘာသာ ဆောက်တည်၍ ၇-ရက် ပတ်လုံး ဥပုသ် စောင့်သုံးခဲ့ပါသည်။]

ယခုကာလ၌ကား - “ဘုရား ရှေ့တော် ရဟန်း သံဃာတော်များ ရှေ့၌ ဆောက်တည်မှ သီလရသည်” ဟု ထင်နေကြ၏၊ သို့သော် ဘုရားရှေ့တော် ရဟန်းသံဃာ၏ ရှေ့၌ ဆောက်တည်ထားလျှင် ဘုရားနှင့် သံဃာကို ရိုသေသော အားဖြင့် သိက္ခာပုဒ်ကို လုံခြုံအောင် အထူး စောင့်ရှောက်ဖွယ် ရှိရကား စေတီတော် ရုပ်ပွားတော်နှင့် သံဃာတော် ရှေ့၌ ဆောက်တည်ခြင်းသည် သာ၍ ခိုင်မြဲဖွယ် ရှိသောကြောင့် ယခုကာလ ဆောက်တည် ကြပုံကိုလည်း အပြစ် မရှိ၍ ကောင်းလှပါပေသည်။

မဆောက်တည်သူ လွန်ကျူးပြစ်

▬▬

ဤ သိက္ခာပုဒ်ကို မဆောက်တည်ဘဲ သူ့ အသက်ကို သတ်လျှင် သိက္ခာပုဒ်များသည် ဆောက်တည်သည် ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ၊ လွန်ကျူးလျှင် အပါယ် ၄-ပါး သို့ ကျရောက်စေနိုင်သောကြောင့် မည်သူမဆို အမြဲစောင့်ထိန်းရမည့် ကိုယ်ကျင့်တရား ဖြစ်သည်။

ဝိကာလဘောဇန နစ္စ ဂီတ စသော အခြား သိက္ခာပုဒ်များကိုကား မဆောက် တည်နိုင်လျှင် အပြစ် မကြီးလှ အပါယ်သို့ မကျစေနိုင်၊ ဆောက်တည်နိုင်လျှင်ကား ဆောက်တည် ထားသော သိက္ခာပုဒ်ကို အကြောင်းပြု၍ အကုသိုလ်ဖြစ်ခွင့် မရတော့ဘဲ ကုသိုလ်တရားသာ တိုးပွားဖွယ် ရှိသောကြောင့် မည်သည့် သိက္ခာပုဒ်မဆို ဆောက်တည် နိုင်လျှင် အကျိုးများ၏၊

အပြစ်နှင့် အကျိုးကို ပြသော အောက်ပါ ဆောင်ပုဒ်ကို နှုတ်တက်ဆောင်ထားပါ။ [နောက် သိက္ခာပုဒ်များ၌ တူသော ပါဠိများ၏ အဓိပ္ပာယ်ကို မရေးတော့ဘဲ ထူးရာ ကိုသာ ရေးတော့မည်။]

[ဆောင်]
ပါဏာတိပါတ်၊ သူ့သက်သတ်က၊
ချို့တတ်အင်္ဂါ၊ မွဲပြာ ရုပ်သွင်၊
အားအင်ချို့ယွင်း၊ လျင်ခြင်းလည်းဝေး၊
ဘေးကို ကြောက်တတ်၊ အသတ်ခံရာ၊
အနာများလျက်၊ ခြွေရံ ပျက်၍၊
အသက်တိုလျ၊ ပြစ်များစွာ့သည်။
ရှောင်က အပြန် အကျိုးတည်း။

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬

ပါဏာတိပါတပြုလျက် သူ့အသက်ကို သတ်လို့ရှိက...
၁။ မျက်စိ-နား-နှာ-အင်္ဂါ ခြေလက် ချို့ယွင်းတတ်ခြင်း။
၂။ ဖြစ်ရာဘဝ၌ အရုပ်-အသွင် မွဲပြာ ခြောက်သွေ့၍ စိုစိုပြည်ပြည် မရှိတတ်ခြင်း။
၃။ အားအင် ချို့ယွင်းခြင်း (အားနည်းခြင်း)။
၄။ လျင်မြန် ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း။
၅။ ဘေးရန် ပေါ်ပေါက်လျှင် ကြောက်ရွံ့ခြင်း။
၆။ သူများအသတ်ကို ခံရတတ်ခြင်း၊ ကိုယ့်ကိုယ်တိုင် အဆိပ် စသည် စားလျက် သေရတတ်ခြင်း။
၇။ အနာရောဂါ များတတ်ခြင်း။
၈။ အခြွေအရံ ပျက်စီးတတ်ခြင်း။
၉။ အသက်တိုတတ်ခြင်း,
ဤသို့ စသည်ဖြင့် အပြစ်တွေ များပြားလှလေသည်။

မူရင်းအပြစ်

▬▬

ပြခဲ့သော အပြစ်တို့မှာ ဝဋ်လိုက်သော အနေအားဖြင့် ဖြစ်လေရာဘဝ၌ ရတတ်သော အဖျားအနား အပြစ်များတည်း။

ထိုအပြစ်များအပြင် ငရဲ၌ကျခြင်း စသော ကြီးလေးသော အပြစ်လည်း ရှိသေး၏။

ရှေးတုန်းက အိမ်ရှင်မတစ်ယောက်သည် ဧည့်သည်အတွက် ချက်ပြုတ်ကျွေးဖို့ရာ ဟင်းလျာ မရှိသောကြောင့် အိမ်မှာရှိသော သိုးမကလေးကို သတ်လျက် ချက်ပြုတ် ကျွေးခဲ့၏။

ထို မကောင်းမှု ပါဏာတိပါတကံကြောင့် သေသောအခါ ထို သိုးမကလေး၏ အမွေး အရေအတွက်နှင့်အမျှ နှစ်ပေါင်း ကြာအောင် ငရဲ၌ ကျက်ခဲ့ရ၏။ ငရဲမှ လွတ်သော အခါလည်း ဘ၀များစွာ သူတစ်ပါး အသတ်ခံရ၍ သေရလေသည်။

အပြစ်ကြီး အပြစ်ငယ်

▬▬

အပြစ်ကြီး အပြစ်ငယ်မှာ အသတ်ခံရသော သတ္တဝါ၏ ခန္ဓာကိုယ်ပမာဏနှင့် ဂုဏ်ကိုလိုက်၍ ဖြစ်၏။

ခန္ဓာကိုယ်ငယ်လျှင် သတ်ဖြတ်ရာ၌ အားစိုက်မှု နည်းသောကြောင့် လည်းကောင်း, ဂုဏ်မရှိလျှင် သူ၏ ဂုဏ်သိက္ခာကို များစွာ ဖျက်ဆီးရာ မရောက်သောကြောင့် လည်းကောင်း သတ်ဖြတ်သူမှာ အပြစ် သက်သာ၏။

အသတ်ခံရသူက ခန္ဓာကိုယ်ကြီးလျှင် သတ်ဖြတ်ရာ၌ လုံ့လများစွာ စိုက်ရသောကြောင့် လည်းကောင်း, ဂုဏ်ကြီးလျှင် သူ၏ ဂုဏ်သိက္ခာ အများကို ဖျက်ဆီးရာ ရောက်သောကြောင့် လည်းကောင်း, သူ့အသက် သတ်သူမှာ ကြီးလေးသောအပြစ်ကို ခံရမည်။

ရှောင်ကအပြန် အကျိုးတည်း

▬▬

ရှောင်ကြဉ်လို့ရှိက ဤအပြစ်တွေမှ ပြန်၍ …
၁-ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း
၂-ရုပ်အဆင်း စိုပြည်လှပခြင်း,
၃-လျင်မြန် သွက်လက်ခြင်း,
၄-ဘေးရန်ကို မကြောက်ရွံ့ခြင်း
၅-သူများ လက်ချက်ဖြင့် အသက် မသေရခြင်း,
၆-အနာရောဂါကင်းခြင်း,
၇-အခြွေ အရံ မပျက်စီးခြင်း,
၈-အသက် ရှည်ခြင်း
စသော အကျိုးများကို ရနိုင်ပေသည်။

လူတစ်ယောက်ကို မြင်လျှင် ဤအကျိုးအပြစ်ရပုံကို ကြည့်၍ ရှေးက ပါဏာတိပါတကံ ရှိမရှိကို သိနိုင်ပါသည်။ ဤ အကျိုးအပြစ်တွေကို ဆင်ခြင်၍ ကြိုးစား ရှောင်ကြဉ် ကြပါကုန်။

၂။ အဒိန္နာဒါန အဖွင့်

▬▬

အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

▬▬

အဒိန္နာဒါနာ၊ မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ။
ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။
သမာဒိယာမိ၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

“သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏” ဟူလို။

မိမိမှတစ်ပါး အခြားသော လူ နတ် တိရစ္ဆာန် ဟူသမျှကို သူတစ်ပါးဟု ချည်းမှတ်ပါ၊

ထို သူတစ်ပါးဥစ္စာကို ခိုးယူခြင်း ဓားပြတိုက်ယူခြင်း, ညာဖြန်း လှည့်ပတ်ယူခြင်း ကူးသန်း ရောင်းဝယ်ရာ၌ တင်း တောင်း ချိန်ခွင် အလေး စသည်ဖြင့် လည်းကောင်း ရောင်းကုန်တိုးအောင် ရေထိုးခြင်း စသည်ဖြင့် လည်းကောင်း မရိုးမသား ယူခြင်းသည် အဒိန္နာဒါနချည်းတည်း။

[ဆောင်]
အဒိန္နာဒါ၊ ခိုးမိပါမူ၊
ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊
လိုရှိမရ၊ ဘောဂ ပျက်စီး၊
ရေ-မီး-သူခိုး၊ မွေခံဆိုးနှင့်၊
မင်းဆိုးအပြား၊ ရန်မျိုး ငါးကြောင့်၊
ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊
ရှောင်ခါ အပြန် အကျိုးတည်း။

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬

၁။ အဒိန္နာဒါနကို ပြုမိသူသည် မွဲတတ်ခြင်း။
၂။ ဆင်းရဲတတ်ခြင်း။
၃။ ငတ်မွတ်ခြင်း။
၄။ အလိုရှိသောအရာကို မရနိုင်ခြင်း။
၅။ ကူးသန်း ရောင်းဝယ်မှု မတတ်ခြင်း စသည်တို့ကြောင့် စည်းစိမ် ပျက်စီးတတ်ခြင်း။
၆။ ရေ မီး သူခိုး အမွေခံသားသမီးဆိုး မင်းဆိုးဟူသော ရန်သူမျိုး ငါးပါး၏ ဖျက်ဆီးမှုကြောင့် ဥစ္စာပျက်ပြားရခြင်း၊
ဤ မကောင်းကျိုးများကို ရတတ်၏။

မူရင်းအမြစ်

▬▬

ဤ၌ပြခဲ့သော အပြစ်တို့ကား ဝဋ်လိုက်သော အားဖြင့် ဖြစ်ရာဘဝ၌ ရတတ်သော အပြစ်များတည်း၊ ထိုအပြစ်များထက် ကြီးလေးစွာ ငရဲ ပြိတ္တာတို့၌လည်း ဖြစ်တတ် သည်သာ။

ရှေးတုန်းက ဈေးသည်မိန်းမ ၄-ယောက်တို့သည် အလေး ချိန်ခွင် စဉ်းလဲခြင်း စသည်ဖြင့် ပစ္စည်းများကို စုဆောင်းပြီးနောက် အရွယ်ကောင်းတုန်းမှာပင် သေကြ၍ ပြိတ္တာ ဖြစ်ကြလေသော် မိမိတို့ ရှေးဟောင်း နှောင်းဖြစ်တွေကို မြင်ကြရုံသာမက ကျန်ရစ်သော ယောက်ျားတို့က နောက်မယားယူကြ၍ မိမိတို့ စုဆောင်းထားခဲ့သော ပစ္စည်းတွေ သုံးဖြုန်းနေကြသည်ကို မြင်ရသဖြင့် မခံနိုင်ကြ သောကြောင့် “တရားရော မတရားရော ငါတို့ စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေကို နောက်သား နောက်မယား တွေက အပင်းဆို့ နေကြသတဲ့၊ ငါတို့တော့ ဒုက္ခရောက်ကုန်ပြီ” ဟု မြို့ရိုးပေါ်က နေပြီး ဟစ်အော်ကြသတဲ့။

ဤသို့ စသည်ဖြင့် အဒိန္နာဒါန အတွက် အပြစ်များစွာ ရှိ၏၊ ဥစ္စာရှင်က ဂုဏ်ရှိ သလောက် အပြစ်ပို၍ ကြီးလေး၏၊ ဥစ္စာ၏ တန်ဖိုး အလိုက်လည်း အပြစ် အကြီး အငယ် ကွဲပြားသည်၊ ရှောင်ကြဉ်လျှင် ဤအပြစ်မျိုးမှ လွတ်ကင်း ၍ “ဥစ္စာပေါခြင်း” စသော အပြန်အကျိုး (၆)ပါး စသည်ကို ရနိုင်၏။

အကျိုးအပြစ်ကို သတိထား၍ ကြိုးစား စောင့်ထိန်းကြပါကုန်။

၃။ ကာမေသု မိစ္ဆာစာရ အဖွင့်

▬▬

ကာမေသု မိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

▬▬

ကာမေသု မိစ္ဆာစာရာ၊ ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်, ယုတ်မာသော အကျင့်မှ။
ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။
သမာဒိယာမိ၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

“သူ့မယားကို လွန်ကျူးခြင်း (ကိုယ့်လင်မူ တစ်ပါးသော ယောက်ျားနှင့် ဖောက်ပြား ခြင်းမှ ရှောင်ကြဉ်ပါ၏” ဟူလို။

ကာမဂုဏ်

▬▬

မိန်းမ ယောက်ျား နှစ်ဦးသားတို့ ပျော်ပါးရွှင်ပြုံး ကြည်နူး ပေါင်းဖက်ခြင်းကို “ကာမဂုဏ်”ဟု ဆိုသည်၊ ဤသို့ ဆက်ဆံမှုကို မပြုမကျင့် ရှောင်ကြဉ်၍ စင်စင် ကြယ်ကြယ်နေနိုင်က အကောင်းဆုံးဖြစ်၏၊

သွာက္ခာတ ဂုဏ်တော်အဖွင့်၌ ပြခဲ့သော ဥဒယဘဒ္ဒမင်းသား မင်းသမီးတို့ကို အတုလိုက်၍ ကျင့်ရာ၏၊ မရှောင်ကြဉ်နိုင်ပါမူ ကိုယ်ပိုင် အိမ်သူ အိမ်ရှင် (ဇနီး မောင်နှံချင်း) မွေ့လျော် တင်းတိမ်ရောင့်ရဲရ၏၊ ထိုသို့ မွေ့လျော်ခြင်းကို လောက အလိုက် ပညာရှိတို့ မကဲ့ရဲထိုက်ပါ။

ကဲ့ရဲထိုက်စွာ ယုတ်မာသော အကျင့်

▬▬

ကိုယ်ပိုင် ဇနီးမောင်နှံချင်းမှ လွန်ကျူးဖောက်ပြား၍ သူများပိုင် ဇနီးနှင့်လည်းကောင်း ဆွေနီးမျိုးစပ်တို့ စောင့်ကြပ် ထိန်းသိမ်းထားသော အမျိုးသမီးများနှင့် လည်းကောင်း အချင်းချင်း သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ လွန်ကျူးဖောက်ပြားသော ယောက်ျား၏ အကျင့်၊ မိမိကို ပိုင်သောယောက်ျားမှ ဖောက်ပြား လွန်ကျူး၍ တစ်ပါးသော ယောက်ျားနှင့် ပျော်မြူးသော မိန်းမ၏အကျင့်သည် ကဲ့ရဲ့ဖွယ်ရာ ယုတ်မာသော အကျင့်တည်း။

[ဆောင်]
မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊
မုန်းကြသူများ၊ ရန်သူပွား၍၊
ရှားပါး လာဘ်တိတ်၊ ချမ်းသာဆိတ်၏၊
ဣတ္ထိ ပဏ္ဍုက်၊ မျိုးယုတ် ခါခါ၊
မျက်နှာမလှ၊ အရှက်ရလျက်၊
လက္ခဏဣန္ဒြေ၊ ယွင်းသွေချို့သိမ်၊
စိုးရိမ်များစွာ၊ ချစ်သူရှာသည်....
ရှောင်ခါအပြန် အကျိုးတည်း။

ကြည့်ရှုရန် အဓိပ္ပာယ်

▬▬

၁။ ကာမေသုမိစ္ဆာစာရ အားကြီးသောသူ၌ မလို မုန်းထားသူ ပေါများခြင်း။
၂။ မုန်းရုံမက ရန်သူလည်း များခြင်း။
၃။ လာဘ်ပစ္စည်းများ ပါးရှားတိတ်ဆိတ်ခြင်း။
၄။ ချမ်းသာမှ ကင်းဆိတ်ခြင်း။
၅။ မိန်းမဖြစ်ရခြင်း။
၆။ မိန်းမ မဟုတ်-ယောက်ျားမဟုတ် ပဏ္ဍုက် ဖြစ်ရခြင်း။
၇။ ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း။
၈။ မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း။
၉။ အင်္ဂါ လက္ခဏာ ဣန္ဒြေတို့ ယွင်းချို့သေးသိမ်ခြင်း။
၁၀။ စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း။
၁၁။ ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း။

မူရင်းအပြစ်

▬▬

ဤပြခဲ့သော အပြစ်တို့သည် ဝဋ်လိုက်သော အားဖြင့် ဖြစ်ရာဘဝ၌ တွေကြုံ ရတတ်သော အပြစ်များသာတည်း၊ ထိုအပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏၊

ကာမေသုမိစ္ဆာစာရ အားကြီးသော သူဌေးသား လေးယောက်တို့၏ “လောဟကုမ္ဘီ” ခေါ် သံရည်ပူငရဲမှ “ဒု-သ-န-သော” ဟု ဟစ်အော်ကြပုံကိုလည်း လူအများပင် ကြားဖူးကြလေပြီ၊

အထူး ဆင်ခြင်ဖွယ် ကောင်းသော အရှင် အာနန္ဒာအလောင်း၏ ဖြစ်ပုံလည်း ရှိသေး၏။ အရှင် အာနန္ဒာ အလောင်းသည် ကမ္ဘာ တစ်သိန်းမျှ ပါရမီ ဖြည့်ပြီးနောက် ကျွတ်တမ်း ဝင်တော့မည့် ဤကမ္ဘာမှာပင် တစ်ခုသော ဘဝ၌ ရွှေပန်းထိမ်သည်သား ဖြစ်၏။ ထို ဘဝ၌ကား လူလေ လူလယ်တို့နှင့် ပေါင်းမိ၍ ကာမေသုမိစ္ဆာစာရ အမှုကို ပြုလေသည်။

[လူမိုက်နှင့်ပေါင်းခြင်းကား ဤမျှလောက် အပြစ်များ၏။]

ထို အကုသိုလ်ကံကြောင့် ရောရုဝငရဲ၌ နှစ်ပေါင်းများစွာ ကျက်ပြီးနောက် လွတ်မြောက်လာသောအခါ မျောက်ဖြစ်၍ ဝှေးစေ့ကို ကိုက်ဖောက်ခံရ၏။ ထိုနောက် တစ်ဘဝ၌ နွားဖြစ်၍ သင်းကွပ် (ဝှေးစေ့အထုတ်) ခံရ၏၊ ထိုနောက် လူဖြစ်သော်လည်း မိန်းမ မဟုတ် ယောက်ျား မဟုတ် ပဏ္ဍုက် ဖြစ်ရ၏။

ထိုနောက် ၅-ဘဝမြောက်၌ ကုသိုလ်ကံ အခွင့်ရ၍ နတ်ပြည်၌ ဖြစ်သော်လည်း ထို ကာမေသုမိစ္ဆာစာရကံ နှောင့်ယှက်မှုကြောင့် နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘဝ လုံးလုံး ဖြစ်ရသေး၏၊ ထိုဘဝတို့ နောက်၌ လူ့ပြည်မှာ ဘုရင့်သမီး ဖြစ်ရပြန်၏၊ ထို ဘဝနောက်မှ ယောက်ျား ဘဝကို ပြန်၍ရလေသည်။

ဤသို့လျှင် ကာမေသုမိစ္ဆာစာရ ကံအတွက် ပါရမီရှင်ကြီးသော်မှ ငရဲကျရ, ဘဝ များစွာပင် အောက်ကျ နောက်ကျ ဖြစ်ရသေးသည်ကို သတိပြုလျက် တစ်သံသရာလုံး က ပါလာခဲ့သော ဝါသနာဆိုးကြီးကို တရားဖြင့် မထိန်းသိမ်းနိုင်လျှင် တကယ်တမ်း ကြည်ဖြူ၍ ချစ်သွေးတူသော အိမ်ရှင် အိမ်သူချင်းသာ ပေါင်းသင်းမိဖို့ရာ သတိပြုသင့် လှတော့သည်။

အိမ်ထောင်စုံ ၄-မျိုး

၁-မြင့်မြတ်သော ယောက်ျားက သီလလုံ၍, အိမ်သူ မယားက သီလ မလုံခြုံလျှင် နတ်သားလင်နှင့် သူသေ မယားတို့ ပေါင်းသင်းခြင်းနှင့် တူ၏။

(သီလ မရှိသူသည် အသက်ရှင်နေသော်လည်း
သေသူနှင့် မထူးပြီ။)

၂-ယောက်ျားက သီလမစင်ကြယ်ဘဲ အိမ်ရှင်ဇနီးက သီလစင်ကြယ်နေလျှင် သူသေ လင်နှင့် အိမ်ရှင်နတ်သမီးတို့ ပေါင်းသင်းခြင်းနှင့် တူ၏။

၃-နှစ်ယောက်စလုံး သီလမစင်ကြယ်မူ သေသူချင်း ပေါင်းသင်းရခြင်းနှင့် တူ၏။

၄-ဇနီးမောင်နှံ နှစ်ဦးလုံး သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ ဩတ္တပ္ပ ဟူသော သူတော်ကောင်း ဥစ္စာ ၇-ပါးနှင့် ပြည့်စုံ၍ စိတ်တူ သဘောတူ ကြည်ကြည်ဖြူဖြူနှင့် နေထိုင်ကြလျှင် ယခုဘဝ၌လည်း စည်းစိမ်ဥစ္စာ အရှိန် အဝါ တိုးတက်လျက် နောင် သံသရာ၌လည်း ချစ်စည်းမပြေဘဲ ဘုရားအလောင်း ဥဒယဘဒ္ဒမင်းသား မင်းသမီးနှင့် မဟာကပ္ပိနမင်း အနော်ဇာ မိဖုရားတို့ကဲ့သို့ နိဗ္ဗာန်ကိုပင် အတူတကွ စံမြန်း ရလိမ့်မည်ဖြစ်၍ ယခုအခါ နတ်သမီး နတ်သား အသွင် ကြည်လင် ရွှင်မြူး တစ်ဦးကို တစ်ဦး လွန်ကျူး ဖောက်ပြားခြင်း မရှိပါလျှင် ပြခဲ့သောအပြစ်မှ ပြောင်းပြန်ပြန်၍ အကျိုး အတန်တန်ကို စံရပေလိမ့်မည်။

၁။ လင်နတ်သားနှင့် မယားသူသေ

*ဓိမိုင်းရာဇ၊ သီလကျင့်ဝတ်၊
ဆွတ်ဆွတ်စင်ဖြူ၊ အိမ်သူမယ်လျ၊
သီလ မစင်၊ ဖြစ်ချေလျှင်မူ၊
လင်ကား နတ်သား၊ မယားသူသေ
မည်ရှာပေ၏။

[“ဓိမိုင်း = အထွတ်အထိပ်၊ အမြတ်။]

၂။ သူသေလင်နှင့် အိမ်ရှင် နတ်သမီး

ဘုန်းဝေနတ်ရှင်၊ မစင်သီလ၊
နန်းမနေသူ၊ ဖြူသည့်သီလ၊
ဖြစ်ချေကမူ၊ ဘဝ သခင်၊
သူသေ တွင်လျက်၊ အိမ့်ရှင် ဇနီး၊
နတ်သမီးအနေ၊ တည်ရှာလေ၏။

၃ ။ သူသေ လင် မယား

နှစ်ဆွေလင်မိတ်၊ သီလဆိတ်မှု၊
ကောင်းဟိတ်မဖွေ၊ သူသေချင်းသာ
မေတ္တာမျှပေ၊ ကြည်ရှာလေ၏။

၄။ နတ်သား နတ်သမီး ဇနီးမောင်နှံ

လူ့မြေရပ်ခွင်၊ အိမ့်ရှင်အိမ်သူ၊
မြတ်ရည်တူလျက်၊ ဆုယူညီမျှ၊
လှူဒါနနှင့်၊ သီလမယိုင်၊
သဒ္ဓါပြိုင်မှု၊ ဘုန်းလှိုင် ကျော်ကြား၊
မိုးနတ်သားနှင့်၊ ဆွေဝါးအနီး၊
နတ်သမီးသို့၊ ကောင်းချီးအံ့ရာ၊
စုမိရှာလျက်၊ သံသာနောင်လည်း၊
ချစ်စည်းမပြေ၊ ရှည်ကြာလေ၏၊
ဘုန်းဝေပြည့်ရှင်၊ မောင့်သခင်လည်း၊
အင်ခွင်မသုံ၊ တန်ခိုး ဂုဏ်နှင့်၊
သုရုန္ဓန၊ ပြည်လုံး ခသည့်၊
ဥဒယ ဘဒ်၊ မင်းမြတ်ထွတ်ချာ၊
မဟာကပ္ပိန်၊ နရိန်တို့လို၊
မညို သဒ္ဓါ၊ မကွာသီလ
များသုတနှင့်၊ စာဂငံစွာ၊
ပညာမကွေ၊ အနေတော်သင့်၊
ချစ်ပန်းပွင့်သည်.....
နတ်နှင့် တူစေချင်လှသောဝ်။

[ပဉ္စာဝုဓပျို့]

၄။ မုသာဝါဒ အဖွင့်

မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

မုသာဝါဒ၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ။
ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။
သမာဒိယာမိ၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

လိမ်လည်လှည့်ပတ်ခြင်းမှ ရှောင်ကြဉ်ပါ၏”ဟူလို။

မဟုတ်မမှန်သော စကား - ဟူရာ၌ နှုတ်ဖြင့် လည်းကောင်း, စာဖြင့် ရေး၍ လည်း ကောင်း၊ ကိုယ်လက် စသည်ကို လှုပ်ပြ၍ လည်းကောင်း လိမ်သမျှ ညာဖြန်းသမျှ ပါဝင်၏။

သို့သော် သူတစ်ပါး အကျိုးပျက်သွားအောင် လိမ်သော မုသားမျိုးသာ အပါယ် ရောက်ကြောင်း ဖြစ်၏။

ကိုယ်ဥစ္စာ မပေးလို၍ လိမ်လည်သော မုသားမျိုး
ပြက်ရယ် ပြောင်လှောင်သော မုသားမျိုး
သူတစ်ပါး၏ အကျိုး စီးပွားကို မပျက်စေဘဲ မိမိအပြစ်လွတ်အောင် လိမ်ရသော မုသားမျိုး,
မိမိ၏ သားသမီးများ ပွဲလမ်း စသည်သို့ သွားလျှင် အပြစ်ဖြစ်မည်ကို မြင်၍ မသွား ချင်အောင် လှည့်ပတ် ပြောဆို အကျိုးလိုသော မိဘ၏ မုသားမျိုးမှာ

ပြောလောက်အောင် အပြစ်မကြီးပါ
သို့သော် သိက္ခာပုဒ်ကား ပျက်ဖွယ်ရှိ၏။

[ဆောင်]
မုသားစကား၊ ပြောဆိုငြားမူ၊
စကားမပီသွား မညီတည်း၊
ပုပ်ညှီ ပါးစပ်ခြောက်ကပ် ကိုယ်ရေ
ဣန္ဒြေနောက်ပုံယွင်း ဖောက်၏၊
မရောက်သြဇာနှုတ် လျှာ ကြမ်းထော်
လျှပ်ပေါ် လော်လည်စိတ်မတည်သည်....
ရှောင်ကြဉ် အပြန် အကျိုးတည်း

ရှေးက မုသားအားကြီးသူသည်..

၁။ ယခုဘဝ၌ စကား ပီပီသသ မပြောတတ်ခြင်း

၂။ သွားများ မညီမညွတ် ရှိခြင်း။

၃။ ခံတွင်း ပါးစပ် ပုပ်ညှီခြင်း

၄။ ကိုယ် အရေအသား ပူရှိန်ခြောက်ကပ် စိုဖတ်ဖတ် မရှိခြင်း။

၅။ မျက်စိ-နား- စသော ဣန္ဒြေများ နောက်ကျုကျု ရှိခြင်း။

၆။ ပုံဟန်မလှဘဲ ဆိုးဝါးချွတ်ယွင်း ဖောက်ပြန်ခြင်း

၇။ သူတစ်ပါးအပေါ်၌ သြဇာအာဏာ မတည်ခြင်း

၈။ အပြောအဆို နှုတ်လျှာများ ထော်လော် ကြမ်းတမ်းခြင်း

၉။ စိတ်မတည်ဘဲ လျှပ်ပေါ်လော်လည်တတ်ခြင်း

ဤသို့ စသည်ဖြင့် အပြစ် များ၏။

[မုသားပြောသူသည် ဘယ်ကိစ္စ၌မျှ မယုံကြည် ရသောကြောင့် အကြီးအကဲ မဖြစ်နိုင်။]

မူရင်းအပြစ်

ဤပြခဲ့သော အပြစ်တို့ကား ဝဋ်လိုက်သောအားဖြင့် ရောက်လေရာဘဝ၌ ရတတ်သော အပြစ်များတည်း၊ တချို့ မုသားစကားမှာ ငရဲရောက်အောင်ပင် အပြစ်ကြီး၏။

အရှင်ဒေဝဒတ်သည် သံဃာ အသင်းခွဲရာ၌ မုသားပြော၍ ခွဲရ၏၊ ထိုမုသားကြောင့် အဝီစိငရဲသို့ ရောက်ရလေသည်။ ဤသို့လျှင် တချို့မုသားများသည် ငရဲသို့ ပစ်ချနိုင် လောက်အောင် သတ္တိကြီးမားလေသည်။

စေတိယဇာတ်

ဤကမ္ဘာ၏ ရှေ့ပိုင်းလောက်က စေတိယတိုင်းပြည်ဝယ် “ဥပဝရ” ခေါ် စေတိယ မင်း၏ မုသားစကားမှာ ဖြူစင်သော ကောင်းကင်၌ ညိုမှိုင်းသော တိမ်တိုက်ပမာ တစ်ကမ္ဘာလုံး သစ္စာတည်သော အခါဝယ် ရှေးဦးစွာ ပေါ်လာသော မုသားဖြစ်၍ နစ်နစ်ကာကာ လွန်စွာဆိုးဝါးလျက် ယခုတိုင်အောင်ပင် ထင်ရှားခဲ့လေသည်။

ထိုမင်းကား သာမန်မဟုတ် -
၁။ ကောင်းကင် ပျံနိုင်ခြင်း
၂။ နတ်သားလေးယောက် သက်တော်စောင့်ရခြင်း
၃။ ကိုယ်မှ စန္ဒကူးနံ့မွှေးခြင်း
၄။ ခံတွင်းမှလည်း ကြာညိုနံ့မွှေးခြင်း
 ဟူသော တန်ခိုး ၄-မျိုးနှင့် ပြည့်စုံသူတည်း။

တက္ကသိုလ်၌ ပညာသင်တုန်းက ပုရောဟိတ်ကြီး၏ ညီဖြစ်သော ကောရကလမ္ဗ သည် အကျွမ်းတဝင် ချစ်ခင် ရင်းနှီးသူဖြစ်၏။ မိမိရှင်ဘုရင်ဖြစ်လျှင် ကောရကလမ္ဗ ကိုပင် ပုရောဟိတ်ရာထူး တင်မည်ဟု ဝန်ခံခဲ့၏။

သို့သော် ရှင်ဘုရင် ဖြစ်သောအခါ၌ကား ပုရောဟိတ်ဟောင်းကို ရာထူးမှ မချနိုင်၊ ပုရောဟိတ် ဟောင်းကမူ သူ၏ ရာထူးကို သားအား လွှဲအပ်၍ ရသေ့ ရဟန်း ပြုသွား လေသည်။

ကောရကလမ္ဗသည် ပုရောဟိတ်ရာထူးကို မရသောကြောင့် သူ၏နောင်တော် ပုရောဟိတ်ဟောင်း အပေါ်မှာ ရန်ငြိုးဖွဲ့၏၊ ထုံးစံအားဖြင့်လည်း ပုရောဟိတ် ရာထူးမှာ နောင်တော်သာ လက်ကိုင် ဖြစ်၏၊ ထို့ကြောင့့်် နောင်တော်က အခွင့်မပြုသမျှ ထို ရာထူးကို အတင်း မပြောင်းလွှဲနိုင်ချေ။

သို့ဖြစ်၍ ထိုရာထူး အတွက် ဘုရင်နှင့် ကောရကလမ္ဗ (သူငယ်ချင်း ၂-ယောက်တို့မှာ) အခက် ကြုံကြရတော့၏၊ တစ်နေ့သ၌ကား -ထိုရာထူးအတွက် စဉ်းစားယင်း ဘုရင်က သူ၏ သူငယ်ချင်းကို ပြောသည်မှာ -

ဘုရင်။ ။ ကောရကလမ္ဗ ရာထူးအတွက် မပူနှင့်၊ ငါကိုယ်တိုင် ပရိသတ် အလယ်မှာ “သင့်ကို အစ်ကိုကြီး … သင်၏ နောင်တော်ကို အငယ်” ဟု မုသားပြောမည်၊ သည်လို ဆိုလျှင် သင်က အကြီးဖြစ်၍ ရာထူးကို ရခွင့်ရှိသည်။

ကောရ။ ။ မင်းမြတ်သည်အကြံဟာ ကောင်းပါ၏။ သို့သော် နောင်တော်က တန်ခိုးကြီးသူ ဖြစ်၏၊ ယခုလို မုသားပြောလျှင် နောင်တော်က အရှင်မြတ်၏ တန်ခိုး တွေကို (တကယ် မကွယ်ဘဲ) ကွယ်ပျောက်သလို ဖြစ်အောင် လုပ်ပါလိမ့်မည်၊ မြေကြီးထဲသို့ တကယ်မဝင်ဘဲနှင့် ဝင်သလို ဖြစ်နေအောင် လုပ်ပါလိမ့်မည်၊ ထိုအခါ၌ အရှင်မင်းမြတ်က မုသားစကား မတည်ဘဲ စကား ပြောင်းလွှဲသွားလျှင် အကျိုး မရှိနိုင်ပါ။

[ဤကား- နောင် ဖြစ်ခဲ့လျှင် ဘုရင် စိတ်မပျက်ရအောင် ကြိုတင်၍ တုပ်နှောင်သော စကားများတည်း။]

ဘုရင်။ ။ ကောရ ... သည်လို စကား ပြောင်းလိမ့်မည်ဟု မထင်ပါနှင့် မုသားကို ငါ ပြောမြဲ ပြောမည်

ကောရ။ ။ ဘယ်အခါ ပြောမည်နည်း။

ဘုရင်။ ။ ယနေ့မှ နောက် ၇-ရက်မြောက်၌ ပြောမည်။

ဤသို့ ဘုရင်နှင့် ကောရကလမ္ဗတို့ တိုင်ပင်ကြသော စကားသည် တစ်မြို့လုံး ပျံ့နှံ့ သွား၏၊ ထိုအခါကား မုသားကို မကြားဘူးကြ၊ အထူး သစ္စာ တည်သောအခါ ဖြစ်၍ ဘုရင်ပြောမည့် မုသားဆိုတာ ဘယ်လိုဟာပါလိမ့်၊ “ညိုညိုလား - ရွှေရွှေလား”ဟု မုသား၏ အဆင်း အရောင် အကောင် အထည်ကိုပင် ကြိုတင်၍ စဉ်းစား ကြလေ၏။

ထိုမျှလောက် သတင်းကြီးနေသော မုသားကို ကြည့်ရှု ကြားသိလိုကြသော မြို့သူ မြို့သားတို့သည် ဘုရင် မုသားပြောမည့်ဌာန၌ ခုတင် ကြီး, ငယ် အသွယ်သွယ် ခင်းလျက် အလုအယက် နေရာယူကာ ၇-ရက်မြောက် နေ့ဝယ် စောစောကပင် ပရိသတ်တွေ ပြည့်ကြပ် ကျိတ်ခဲ နေလေသည်။

ထိုသို့ ပရိသတ်စုံညီဝယ် အခြွေအရံများနှင့်တကွ ဘုရင်နှင့် ကောရကလမ္ဗတို့အပြင် ပုရောဟိတ်ဟောင်း ရသေ့လည်း ဈာန် အဘိညာဉ်ဖြင့် ကောင်းကင်မှ ဆိုက်ရောက် လာ၏၊ ထိုအခါ...

ရသေ့။ ။ မင်းမြတ် .. အငယ်ကို အကြီး အကြီးကို အငယ်ဟု မုသားပြောမည်ဆိုတာ မှန်ပါသလား။

ဘုရင်။ ။ မှန်ပါတယ်။

ရသေ့။ ။ မင်းမြတ် .. မုသာဝါဒ ဆိုတာ လွန်စွာ အပြစ်ကြီးပါတယ်။ ရှိသမျှဂုဏ်ကို ဖျက်ဆီးပစ်ရုံမက အပါယ်သို့ပင် ချတတ်ပါတယ်၊ မုသာဝါဒ ပြောဆိုသူမှန်လျှင် မိမိ ကိုယ်ကျင့်တရားကို သတ်ပစ်ရာ ရောက်ပါတယ်၊ ကိုယ်ကျင့်တရားတွေ သတ်ပစ်တဲ့ သူဟာ မိမိကိုယ်လဲ မိမိသတ်ရာ ရောက်ပါတယ်၊

မုသားပြောသူကို ကိုယ်စောင့်နတ်များလဲ မစောင့်လိုကြပါ၊ ခံတွင်းက အပုပ်နံ့များလဲ ထွက်တတ်ပါတယ်။ ရာထူးလဲ လျှောတတ်ပါတယ်၊

[ထိုစကားကို ကြားလျှင် ဘုရင်သည် ကြောက်ရွံ့လာ၏၊ ထို့ကြောင့့်် သူ၏ သူငယ်ချင်း ကောရကလမ္ဗကို (ဘယ့်နှယ်လဲဟု မေးသောသဘောဖြင့်) ကြည့်ရှာလေသည်။]

ကောရ။ ။ မင်းမြတ် ... အစတုန်းကပင် သည်လို ပြောပါလိမ့်မည်ဟု တင်ကြို သံတော်ဦး တင်ခဲ့သည် မဟုတ်ပါလား။

ဘုရင်။ ။ (အနည်းငယ် ရဲလာ၍ ပုရောဟိတ်ရသေ့ကို ပြောသည်မှာ) အရှင်ရသေ့... အရှင်က အငယ် ကောရကလမ္ဗ အကြီး ဖြစ်တယ်။

ဤ မုသားကား ယခုကမ္ဘာတွင် ပဌမဆုံး မုသားတည်း။

ထိုမုသား စကား ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဘုရင်ကို စောင့်နေကျ ဖြစ်သော သက်တော်စောင့် နတ် ၄-ယောက်တို့ သန်လျက်ကိုပစ်ချ၍ ကွယ်ပျောက်ကြတော့၏၊

ဘုရင်၏ ခံတွင်းမှ ကြညိုနံ့ကွယ်ပ၍ ကြက်ဥ အပုပ်နံ့ ထွက်လာ၏။

တစ်ကိုယ်လုံးမှာလည်း စန္ဒကူးနံ့ ကွယ်ပျောက်၍ အိမ်သာနံ့ကြီး ပေါ်ပေါက်လာ လေသည်၊

ကောင်းကင် မှာလည်း မသွားနိုင်တော့ဘဲ မြေပေါ်သို့ ကျရောက်ရှာလေသည်။ ထိုအခါ

ရသေ့။ ။ (သနားကြင်နာသော မျက်နှာဖြင့်) မင်းမြတ်...မုသား မပြောပါနှင့်၊ အမှန်ကို ပြင်၍ပြောလျှင် တန်ခိုးဣဒ္ဓိများ မူလအတိုင်း ရှိလိမ့်မည်။

ဘုရင်။ ။“အသင်ရသေ့တို့က ငါ့ကို တန်ခိုးဖြင့် လှည့်ပတ်ကြသည်။ ငါတော့ နောက်ဆုတ်လိမ့်မည် မဟုတ်၊ သင် ရသေ့က အငယ် ကောရကလမ္ဗက အကြီးဘဲ” ဟု မုသား ပြောပြန်၏။

[ဤ ဒုတိယ မုသားပြောသည့် အတွက် ခြေမျက်စိ ထိအောင် ခြေ ၂-ချောင်း မြေသို့ ဝင်သွားလေသည်၊ “မြေမျိုးစပြုလေပြီ”ဟု ဆိုလိုသည်။]

ရသေ့။ ။ မင်းမြတ် ... မုသား မပြောပါနှင့်၊ မုသားပြောလျှင် မိုးလေများလဲ မမှန်မကန်ဖြစ်ကာ သတ္တဝါများ ဆင်းရဲတတ်ပါသည်။ မှန်မှန် ပြောပါ, ဘယ်သူ အကြီး ပါလဲ။

ဘုရင်။ ။“ငါ့နန်း ငါထိုင် မခိုင် ကျိုးဟ”ဆိုသော သဘောမျိုးဖြင့် “သင်က အငယ်, ကာရကလမ္ဗက အကြီးပဲ

[ဤ တတိယ မုသား အပြောတွင် ဒူးဆစ်ထိအောင် မြေသို့ ဝင်သွားလေသည်။]

ရသေ့။ ။ မင်းမြတ်... မုသားပြောသူမှာ မြွေများလို လျာ ၂-ခွ ဖြစ်တတ်ပါတယ်၊ မှန်မှန် ပြင်လျှင် နဂိုအတိုင်း ဖြစ်နိုင်ပါသေးတယ်။ မှန်မှန်ပြောပါ, ဘယ်သူက အကြီးပါလဲ။

ဘုရင်။ ။“ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်”ဆိုတဲ့ သဘောမျိုးဖြင့် “သင်ရသေ့က အငယ် ကောရကလမ္ဗက အကြီးပဲ

[ဤ စတုတ္ထ မုသားအပြောတွင် ခါးထိအောင် မြေသို့ ဝင်သွားလေသည်။]

ရသေ့။ ။ မုသား ပြောသူတို့မှာ ဖြစ်လေရာ ဘဝ၌ စကား ပီပီသသ ဖြစ်အောင် မပြောတတ်ဘဲ စကားထစ်သူ ဖြစ်တတ်ပါတယ်၊ မှန်မှန် ပြောပါ။ ကျွန်ုပ်တို့ ၂-ယောက်တွင် ဘယ်သူက အကြီးပါလဲ။

ဘုရင်။ ။“ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်”ဆိုတဲ့ သဘောဖြင့် “သင်ရသေ့က အငယ် ကောရကလမ္ဗက အကြီးပဲ”ဟု ပြောပြန်၏။

[ဤ ပဉ္စမအကြိမ် မုသားအတွင် ချက်ထိအောင် မြုပ်သွားလေသည်။]

ရသေ့။ ။ မင်းမြတ် .... မုသား ပြောသူတို့မှာ ဖြစ်လေရာ ဘဝ၌ သားရတနာ မထွန်းကားဘဲ သမီး မိန်းမသာ ရတတ်ပါသည်။ မှန်မှန် ပြောလျှင် နဂိုအတိုင်း ပြန်ဖြစ်နိုင်ပါသေးသည်။ မှန်မှန် ပြောပါ။ ဘယ်သူက အကြီးပါလဲ။

ဘုရင်။ ။“ပေါက်တဲ့နဖူး မထူးဘူး”ဆိုတဲ့ သဘောဖြင့် “သင်ရသေ့က အငယ် ကောရကလမ္ဗက အကြီး”ဟု ပြောပြန်သည်။

[ဤ ဆဋ္ဌမ အကြိမ် မုသားအဝတွင် သားမြတ်ထိအောင် မြုပ်သွားလေသည်။]

ရသေ့။ ။ မင်းမြတ် .... မုသားပြောသူတို့မှာ ဖြစ်လေရာ ဘဝ၌ သားရသော်လည်း သားများက ကျေးဇူးမသိတတ်ဘဲ တော်ရာအရပ်သို့ ရှောင်လွှဲ၍ နေတတ်ပါသည်။ မှန်မှန် ပြောလျှင် နဂိုအတိုင်း ဖြစ်နိုင်ပါသေးသည်။ မှန်မှန်ပြောပါ။ ဘယ်သူ အကြီးပါလဲ။

ဘုရင်။ ။“သန်းခေါင်ထက်ဖြင့် ညဉ့်မနက်တော့ဘူး” ဆိုတဲ့ သဘောဖြင့် “သင်ရသေ့က အငယ် ကောရကလမ္ဗက အကြီး” ဟု ပြောပြန်၏။

[ဤ သတ္တမအကြိမ် မုသားအပြောတွင် အဝီစိမှ မီးတောက် မီးလျှံတို့က အဝီစိ တိုင်အောင် ယူဆောင် သွားလေသည်။]

[အဋ္ဌကနိပါတ်, စေတိယဇာတ်။]

ဝတ္ထုမှတ်ချက်

ဤဝတ္ထု၌ မုသာဝါဒ၏ အပြစ်ကား လွန်လွန်းလှ၏ ဟု မှတ်ထင်ကြပေလိမ့်မည်၊ မလွန်လွန်းပါ၊ ထိုစေတိယမင်း၏ မုသား ပြောသော အချိန်ကား တစ်စုံတစ်ယောက်မှ မုသားပြောသူမရှိသေး။ အားလုံး သစ္စာတည်သောအခါ ဖြစ်သည်၊

ညစ်စုတ်ပေတေနေသော လက်နှီး၌ အိုးမဲထိသော်လည်း မထူး, ဖြူစင်သော ပဝါ၌ကား မြူမှုန်လောက် အကွက်ကလေးပင် ထင်ရှားသကဲ့သို့ အားလုံး သစ္စာတည် ကြသော ကာလ၌ ပဌမဖြစ်သော ထိုမုသားသည် အလွန်ထင်ရှား၍ အပြစ်လည်း ကြီးမား လေသည်။

ယခုခေတ်ကား အချို လူကြီး လူကောင်း ပညာရှိ သူတော်ကောင်းတွေပင် “မုသားမပါ လင်္ကာ မချော” ဟူသော စကားကို လက်ကိုင်ပြုလျက် မုသားကို ရေလဲနှင့် သုံးစွဲနေကြသောခေတ် ဖြစ်၏။

သို့ကလောက် မုသားပါသော ခေတ်၌ မုသား ပြောသူတိုင်း မြေမျိုရလျှင် မြေကြီးပင် အားလပ်ခွင့် ရတော့မည် မဟုတ်ချေ။ ထိုပြင်-ကမ္ဘာဦး၌ မုသားလောက် ကြီးသော အပြစ်များလည်း မရှိသေး၊ ယခုခေတ်၌ကား မုသားလောက် အပြစ်မျိုးကို အပြစ်ဟုပင် မဆိုသာ၊ ထိုထက်ဆိုးဝါးသော အပြစ်ကြီးတွေက လွှမ်းမိုးနေသဖြင့် မုသားလောက် အပြင်မှာ သာမန် အပြစ်မျှ ဖြစ်ရသည်။

သိုရာဝယ် ခေတ်အလျောက် မုသားအပြစ်က မျက်မှောက်ဘဝ၌ အကျိုးမထင်ရှား စေကာမူ သံသရာ၌ ဝဋ်လိုက်သောအပြစ်မှာ စေတိယ မင်း၏ အဖြစ်မျိုးထက် သက်သာလှမည် မဟုတ်သည့်အပြင်၊ တကယ် သူတော်စင် ပါရမီရှင် မှန်လျှင် သစ္စာ ပါရမီကို လိုလို ချင်ချင် ဖြည့်ရမည် ဖြစ်သောကြောင့် မုသားမှန်သမျှကို အသေးအဖွဲ ကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကိုသာ နှစ်နှစ် သက်သက် ဖြည့်ကျင့် ကြပါလျှင် မိမိ၌ တည်သော သစ္စာနှင့် အလိုလို အရှိန်အဝါ တက်လာပါလိမ့်သတည်း။

၅။ သုရာမေရယအဖွင့်

သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ၊ မေ့လျော့ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးယစ်စေ တတ်သော သေရည်အရက်ကို သောက်စားခြင်းမှ။
ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။
သမာဒိယာမိ၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

သေရည်အရက်သောက်ခြင်းမှ ရှောင်ကြဉ် ပါ၏” ဟူလို။

[သုရာ = သေရည် + မေရယ = အရက် + မဇ္ဇ = မူးယစ်စေတတ် + ပမာဒ = ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်း၏ + ဌာန = အကြောင်း။]

သေရည်အရက်

မူးယစ်စေတတ်သော အဆောက်အဦ၊ ထည့်ခတ်၍ စီရင်အပ်သော ထန်းရည် ပေရည် ဓနိရည် စသည်တို့ကို“သေရည်”ဟု ခေါ်၏။ မူးယစ်အောင် စီရင်အပ်သော ပန်းပွင့်ရည် စပျစ်ရည် စသည်ကို “အရက်”ဟု ခေါ်၏။

သေရည် အရက်သာမက ယခုကာလ သုံးစွဲနေကြသော ကဇော် ဘိန်း ကုတ်ကင်း ဆေးခြောက် မာဖီယား စသော အားလုံးကိုလည်း ဤသိက္ခာ ပုဒ်၌ ယူကြသည်။

ထို သေရည်အရက်ကို သောက်စားမိလျှင် မူးယစ်၍ တွေးချင်ရာတွေးကာ ကုသိုလ်ကောင်းမှုနှင့် အလုပ်ကိစ္စတို့၌ မေ့လျော့တတ်၏။

ထို့ကြောင့့်် သေရည် အရက်နှင့် ဘိန်း ကဇော်စသော အစာများကို “မေ့လျော့ခြင်း၏ အကြောင်း” ဟု ဆိုသည်။

[ဆောင်]
သေရည်သောက်လင့်၊ သင့်မသင့်၌၊
ရေးခွင့်မသိပျင်းရိမေ့ရူး
ကျေးဇူး မဆပ်ဟိရောတ္တပ်ကင်း
ခပင်းများထို၊ အကုသိုလ်ကို၊
မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်....
ရှောင်ခါအပြန် အကျိုးတည်း

သေရည် အရက် စသည်ကို သောက်စားမိလျှင်...

၁။ အရေးအခွင့် သင့် မသင့်ကို မသိတတ်ခြင်း

၂။ ပျင်းရိတတ်ခြင်း

၃။ မေ့လျော့ မူးရူးတတ်ခြင်း။ နောက်ဘဝ အဆက်ဆက်၌ အရူးအနှမ်းလည်း ဖြစ်တတ်ခြင်း

၄။ သူများက ပြုဖူးသော ကျေးဇူးကို မသိတတ်ခြင်း

၅။ ဟိရီ ဩတ္တပ္ပ ဟူသော အရှက်အကြောက်မှ ကင်းခြင်း

၆။ သေရည်အရက်ကို သောက်မိလျှင် မည်သည့် အကုသိုလ်မှ မရှောင်ကြဉ်ဘဲ အလုံးစုံ မကောင်းမှုကို ပြုမိလွယ်ခြင်း

ကာမေသုမိစ္ဆာစာရကဲ့သို့ ဤ သေရည်အရက် သောက်မှုကို မိစ္ဆာစာရ တစ်မျိုးဟု ကျမ်းဂန်တို့၌ ဆိုထားသည်။ ထို့ကြောင့့်် သေရည်အရက် သောက်ခြင်း၌ အပြစ် ရှိသည်မှာ သေချာပြီ၊ သို့သော် မည်မျှလောက် အပြစ်ရှိနိုင်ပါ လိမ့်နည်းဟုကား စဉ်းစားဖွယ်ရှိ၏။

ယခုခေတ် အချို့ ဆေးရည်များ၌ မထင်မရှား အရက်ပါတတ်၏၊ သုရာမေရယ သိက္ခာပုဒ်၌ ဟင်းလျာကောင်းစေလိုသဖြင့် ဟင်း၌ သေရည် အနည်းငယ်မျှခတ်၍ ချက်ရာဝယ် (သေရည် အနံ့ မထင်ရှားလျှင်) ထိုဟင်းကို ရဟန်းများပင် စားကောင်း၏ ဟု ခွင့်ပြုတော်မူ၏၊

အမျိုးသမီးများကို ဆရာဝန်တို့က အရက်ချိုတစ်မျိုး ပေးကြ၏။ တကယ့်ကို ဆေး အဖြစ်ဖြင့် သောက်ကြရ၏၊ တချို့လူများ အရက်ကို သောက်ချင်လို့ပင် သောက်ကြ၏။

ဤစကားစုကို ကောက်ချက်ချလိုက်လျှင်

၁-မထင်မရှား သေရည်အရက် ပါသော ဟင်း ဆေးများကို စားသောက်မှု
၂-မလွှဲသာ၍ ဆေးအဖြစ်ဖြင့် သောက်မှု
၃-သောက်ချင်၍သောက်မှု
 ဟု ၃-မျိုးထွက်လာ၏။

ထို ၃-မျိုးတွင် -

၁-နံပါတ်သောက်ခြင်းမျိုးသည် လုံးဝအပြစ်မရှိ

၂-နံပါတ်သောက်ခြင်းမျိုးကား တကယ်အရက် ဟုတ်မဟုတ် သောက်ခြင်းကြောင့် မူး-မမူးကို ပဌမဆုံး စဉ်းစားသင့်၏။ သက္ကတ ဆေးကျမ်းတို့၌ ကြာမြင့်စွာ စိမ်ထားသော စိမ်ရည်ကို “အာသ၀”ဟု ခေါ်၏၊ ထိုအာသဝကို မြန်မာလို “အရက် = စိမ်ရည်” ဟုပင် ပြန်ဆိုကြ၏၊ ထို့ကြောင့် မျက်နှာမြင်ပြီးစ အမျိုးသမီးတို့ သောက်ရသော အရက်ချိုသည် မူးလျှင် အရက်စစ် မမူးလျှင် စိမ်ရည် အမျိုးအစားတည်း၊ အရက်စစ် ဖြစ်လျှင် ဤ သုရာမေရယ သိက္ခာပုဒ် ပျက်ဖွယ်ရှိသည်။ သို့သော် မလွှဲသာ၍ ဆေး အဖြစ်သောက်ရသောကြောင့် အပြစ်ကြီးလှမည် မဟုတ်ပါ

အရက်အစစ်ကို တကယ်သောက်ချင်၍ သောက်သော ၃-နံပါတ် သောက်ခြင်း၌ မည်မျှအထိ အပြစ်ကြီးသည်ကို ရှင်တော်ဘုရားသာ သိမြင်တော်မူပေလိမ့်မည်

ဘုရားလက်ထက်တော်က ရှင်သာဂတမည်သော မထေရ်သည် ဈာန် အဘိညာဉ် ရပြီးသော ပုထုဇဉ်တစ်ပါးပေတည်း၊ အခါတစ်ပါး၌ သရက်ပင်ဆိပ်ဝယ် နဂါးကြီးနှင့် တန်ခိုးပြိုင်လေရာ နဂါးကို အနိုင်ရကြောင်း ကောသမ္ဘီ ပြည်သူတို့ ကြားသဖြင့် လွန်စွာ ကြည်ညိုကြ၍ ဆွမ်းခံ ဝင်လာသောအခါ အိမ်ပေါက်စေ့လိုပင် သေရည်ကို ကပ်လှူကြ၏။

ထိုအခါ သိက္ခာပုဒ် ပညတ်တော် မမူသေးသောကြောင့် “ကပ်လှူသမျှ သေရည်များကို အရှင်သာဂတ သောက်လေရာ သေရည်မူးသဖြင့် ဈာန်အဘိညာဉ် ကွယ်ပလျက် မြို့ပေါက်ဝတွင် လဲရှာလေ၏။

ထို့နောက် ဘုရားရှင် တွေ့မြင်တော်မူ၍ တွဲခေါ်ဖို့ရန် အမိန့်ပေးသဖြင့် ရဟန်းတော် များ တွဲယူလာပြီးလျှင် ဘုရားရှင် ဘက်သို့ ဦးခေါင်းလှည့်၍ အချတွင် ဦးခေါင်းကို ပြောင်းပြန်ပြန်လျက် ဘုရားဘက်သို့ ခြေလှည့်ထားလေသည်။

ဤမျှလောက် တန်ခိုးရှင်ကိုပင် အရှက်တစ်ကွဲ အကျိုးနဲဖြစ်အောင် ပြုတတ်သော သေရည်အရက်သည် ယခုခေတ် သာမန်လူမျိုးကို အဘယ်မှာ အကျိုး များအောင် ပြုနိုင်တော့အံ့နည်း။

ရှေးအခါတုန်းက ဘုရင်တစ်ဦးသည် သေရည် မူးခိုက်၌ အသားဟင်းမပါသော ပွဲတော်စာကို ဆက်လာသဖြင့် ရင်ခွင်ထက်က သားငယ်ကို သတ်၍ ချက်စေအပ် ဖူးလေသည်။

သောက်ချင်၍ သောက်သူမှာ တစ်ခါနှစ်ခါ သောက်ရုံမျှဖြင့် တင်းတိမ်မည် မဟုတ်၊ သောက်စရှိလျှင် သောက်ချင်ချင်ပင် ဖြစ်လိမ့်မည်။ တိကအင်္ဂုတ္တိုရ် ပါဠိတော်၌ “သေရည်အရက်သောက်မှု မေထုန်မှု အိပ်မှု” ဤ ၃-ခုကို မတင်းတိမ်နိုင် အားမရနိုင် မဝနိုင်သော အမှုများဟု ဟောတော်မူသည်။

ထို့ပြင် “သေရည်အရက် များစွာသောက်သူသည် အပါယ်ကျတတ်၏။ အပါယ်မှ လွတ်၍ လူဖြစ်လာသော် အရူးအနှမ်း ဖြစ်တတ်၏” ဟုလည်း ဟောတော်မူ၏။

ထို့ကြောင့် သိက္ခာရှိသူ ဖြစ်လိုလျှင် ဘုရားမကြိုက်သော သေရည်ကို ရှောင်ကြဉ်ထိုက် ပါသည်။

အေ စီ ဆလ်မုန်းမည်သော ဆရာဝန်ကြီး၏ “ပါဏာဓုဝ”ဆေးကျမ်းမှ ထုတ်နုတ်ချက်”

၁။ အရက်သောက်ခြင်းသည် မူရင်းရှိ မေတ္တာကို လျော့ပါးစေ၍ သား လင်တို့၏ ဝတ္တရားကို တိမ်းပါးစေပါသည်။ မိမိအလုပ်အကိုင်၌ ညံ့ဖျင်းစေပြီး ခိုးခြင်း လုယက်ခြင်း စသော ရာဇဝတ်မှုများကို ကျူးလွန်စေပါသည်။ ရောဂါ တချို့တို့မှာ... သွက္ချာပါဒ (အင်္ဂါသေခြင်း), အစာအိမ်ရောင်ခြင်း, အသဲ ကျောက်ကပ် အဆုတ် ရောင်ခြင်းချောင်းဆိုးသွေးပါနှင့် ရူးသွပ်တတ်သော ရောဂါများ ဖြစ်ပွားစေပါသည်။

၂။ အရက်သောက်သူတို့ကား “အရက်သောက်ခြင်းသည် မိမိတို့စိတ်ကူးကို ထက်မြက် စေသည်” ဟု ထင်မြင်တတ်ကြ၏၊ မုချအားဖြင့် အရက်သောက်စ ၁၀-မိနစ် လောက်၌ စိတ်ကူးသွက်လာဟန် ရှိသော်လည်း သူ၏ ထင်မြင်ချက်နှင့် နှုတ်ထွက် စကားတို့မှာ ပရမ်းပတာ မလိမ္မာသော အနက်ကို ပေးကြသည်။

နှုတ်စောင့်စည်းသူ အကျင့်ကောင်းသူပင် မူးယစ်လာသောအခါ လုံးလုံး တစ်မျိုး ဖြစ်သွားသည်၊ စကားနည်းသူ အရက်သောက်လျှင် စကား ပေါ်လာ၏၊ အရက် သောက်ပြီး မူးဝေ ခေါင်းလေးသဖြင့် အိပ်ချင်လာ၏။

၃။ အရက်သည် သောက်သူ၏ သားသမီးများကိုလည်း ရောဂါ ဖြစ်စေတတ်၏၊ ကလေးအရူးထောင်တွင် တစ်ရာလျှင် ၄၁-ယောက်သည် အရက်သမား၏ သားသမီး များ ဖြစ်ကြ၏။ အရက်သမားသည် မသောက်သူတို့ထက် ၂-ဆလောက် ရောဂါ ထူကြောင်းကို တွေ့ရ၏၊

များမကြာမီ ကာလတုန်းက ဆေးဆရာတို့သည် ရောဂါကို သက်သာစေလိမ့်မည် အထင်နှင့် အရက်ကိုပေးကြ၏၊ သို့သော် အရက်သည် ရောဂါကိုမသက်သာစေ သည့်အပြင် သာ၍ တိုးတက်စေကြောင်း သိကြရ၏။

ဤသို့ စသည်ဖြင့် အရက်၏ အပြစ်များကို ရေးသားထားပေသည်။

(ဤသိက္ခာပုဒ်အဆုံး၌ ငါးပါးသီလပေး ကိုယ်တော်က ...“တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ” ဟု ဆို၏။)

အနက်

တိသရဏေန၊ သရဏဂုံ သုံးပါးနှင့်။
သဟ၊ တကွ။
ပဉ္စသီလံ၊ ငါးပါးသီလကို။
သာဓုကံ၊ လေးလေးစားစား။
ကတွာ၊ ပြု၍။
အပ္ပမာဒေန၊ မမေ့မလျော့သော သတိတရားဖြင့်။
သမ္ပာဒေထ၊ ကောင်းစွာ ပြီးစီးစေကြကုန်လော့...

ယခု ဆောက်တည်အပ်သော သရဏဂုံ သုံးပါးနှင့်တကွ ငါးပါး သီလအကျင့်ကို လေးလေးစားစားပြု၍ စောင့်ထိန်းကြ”ဟု တိုက်တွန်းသော စကားဖြစ်သည်။

ထိုနောက် လူများက “အာမဘန္တေ”ဟု လိုက်ဆိုကြပြန်၏၊ “မှန်ပါဘုရား စောင့်ထိန်းပါမည်”ဟု ဝန်ခံသောစကားဖြစ်၏။

ထို့ကြောင့့်် ဘုရားရှေ့တော်မှာ ကိုယ့်ဘာသာ သီလယူရာ၌ ရုပ်ပွားတော်က တိုက်တွန်း စကားကို မိန့်တော်မမူသောကြောင့် “အာမဘန္တေ”ဟု ဆိုဖွယ်မလို၊ အချုပ်မှာ ဘုရားရှေ့ သီလ ယူရာ၌ “အာမဘန္တေ”ဟူသောစကားကို “မည်သည့်နေရာ၌မျှ ထည့်သွင်းဖွယ် မလိုတော့”ဟု မှတ်ပါ။

ဥပုသ်သီလတောင်း အဖွင့်

ကျက်မှတ်ရန်

အဟံ ဘန္တေ၊ တိသရဏေန သဟ၊ အဋ္ဌင်္ဂသမန္နာဂတံ၊ ဥပေါသထ သီလံ၊ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ၊ သီလံ ဒေထ မေ ဘန္တေ။ ဒုတိယမ္ပိ၊ အဟံ ဘန္တေ … မေ ဘန္တေ ... စသည် ဆက်ဆို

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

(၁) ဘန္တေ၊ အရှင်ဘုရား။
အဟံ၊ တပည့်တော် (တပည့်တော်မ)သည်။
တိသရဏေန၊ သရဏဂုံသုံးပါးနှင့်။
သဟ၊ တကွ။
အဋ္ဌင်္ဂသမန္နာဂတံ၊ ရှစ်ပါးသော အင်္ဂါနှင့်ပြည့်စုံသော။
ဥပေါသထသီလံ၊ ဥပုသ်သီလ တည်းဟူသော။
ဓမ္မံ၊ သိက္ခာပုဒ်တရားတော်ကို။
ယာစာမိ၊ တောင်းပါ၏။
ဘန္တေ၊ အရှင်ဘုရား။
တပည့်တော်(တပည့်တော်မ)အား။
အနုဂ္ဂဟံ၊ ချီးမြှောက်ခြင်းကို။
ကတွာ၊ ပြု၍။
သီလံ၊ သီလကို။
ဒေထ၊ ပေးတော်မူပါကုန် ဘုရား။

အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့် တကွ အင်္ဂါရှစ်ပါး ရှိသော ဥပုသ်သီလကို တောင်းပါ၏၊ တပည့်တော်အား သနားသဖြင့် သီလပေးတော်မူပါ”ဟု ဆိုလိုသည်။

ဤသို့ စသည်ဖြင့် ငါးပါးသီလ၌ ပြခဲ့သည့်အတိုင်း သိရာ၏၊ သရဏဂုံ ဆောက်တည်ပုံ တိုင်အောင် မထူးပါ၊ “အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော”ဟူရာ၌ “ပါဏာတိပါတာ ဝေရမဏိ”စသော သိက္ခာပုဒ်ရှစ်ပါးကို “အင်္ဂါရှစ်ပါး” ဟု ဆိုသည်။

ရှစ်ပါးသီလ

▬▬

ကျက်မှတ်ရန် သိက္ခာပုဒ်များ

▬▬

၁။ ပါဏာတိပါတာ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။

၂။ အဒိန္နာဒါနာ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။

၃။ အဗြဟ္မစရိယာ၊ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၄။ မုသာဝါဒါ၊ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၆။ ဝိကာလဘောဇနာ၊ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၇။ နစ္စ- ဂီတ- ဝါဒိတ္တ- ဝိသူကဒဿန- မာလာ- ဂန္ဓ- ဝိလေပန- ဓာရဏ- မဏ္ဍန-ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။

၈။ ဥစ္စာသယန မဟာသယနာ၊ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၁-၂-၄-၅ သိက္ခာပုဒ်များ၏ အဓိပ္ပာယ်ကို ပြခဲ့ပြီ။]

အဗြဟ္မစရိယအဖွင့်

▬▬

အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

▬▬

အဗြဟ္မစရိယာ၊ မမြတ်သော မေထုန်အကျင့်မှ။
ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။
သမာဒိယာမိ၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

“မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏”ဟူလို၊

“မမြတ် သော မေထုန်အကျင့်” ဟူရာ၌ “မေထုန” ဟူသော ပါဠိကို မြန်မာလို “မေထုန်”ဟု ခေါ်သည်။ “အချင်းချင်းကိစ္စ”ဟု အဓိပ္ပာယ်ရ၏။

ထို့ကြောင့့်် မိန်းမ-ယောက်ျား နှစ်ဦးတို့၏ ပျော်မြူးပေါင်းဖက် ဆက်ဆံခြင်းကို “မမြတ်သော မေထုန်အကျင့်”ဟု မှတ်ပါ။

ကာမေသုမိစ္ဆာစာရ အတွက်မှာ မိမိတို့ ဇနီး ခင်ပွန်း အချင်းချင်း ပေါင်းသင်း ဆက်ဆံခွင့် ရသေး၏။ ဤ အဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ရှောက်သူကား ဇနီး ခင်ပွန်းချင်း ဆက်ဆံမှုကိုသော်မှ ရှောင်ကြဉ်ရသည်။

ထို့ကြောင့် ဥပုသ်စောင့်သူများသည် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် အရာ၌ အဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ကြရ၏၊ အိမ်ထောင်မရှိသော သူတော်စင် များကား ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် အထူး မဆောက်တည်တော့ဘဲ ဤ အဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ထားလျှင် သာ၍ အကျိုးများ၏။

[ဆောက်တည်ပုံကို နောက်၌ ပြထားသည်။]

ညီမ ခုနစ်ဖော်

▬▬

ကဿပ ဘုရားရှင် လက်ထက်တော်၌ ခေမာထေရီ ဥပ္ပလဝဏ်ထေရီ ပဋာစာရီ ဓမ္မဒိန္နာ ကုဏ္ဍလကေသီ ကိသာဂေါတမီ ဝိသာခါတို့၏ အလောင်းလျာများ ဖြစ်ကြသော ညီမခုနစ်ဖော် ကိကီမင်း၏ သမီးတော်တို့သည် ငယ်စဉ်ကပင် အနှစ် ၂ သောင်းတိုင်အောင် ငယ်သွေးငယ်မူ ဖြူဖြူစင်စင်ဖြင့် ဤသိက္ခာပုဒ်ကို စောင့်သုံးလျက် အသက်ထက်ဆုံးနေခဲ့ ကြလေသည်။

ဤအကျင့်မျိုးကို မိန်းမများ၌ “ကောမာရိဗြဟ္မစရိယ”ဟုခေါ်၍ ယောက်ျားများ အတွက်“ကောမာရဗြဟ္မစရိယ”ဟုခေါ်၏။

(ကောမာရ = ငယ်သွေးငယ်မူ ဖြူစင်သူတို့၏ ဥစ္စာဖြစ်သော + ဗြဟ္မစရိယ = ကောင်းမြတ်သော အကျင့်။)

ဤ မေထုန်အကျင့်မျိုးသည် လူ့ဘဝ၌သာ ရှိသည်မဟုတ် နတ်ပြည်မှာလည်း ခမ်းနားစွာ ရှိ၏၊ အောက်တန်းကို ကြည့်လျှင် ရေနေ-ကုန်းနေ ကောင်းကင်နေသော တိရစ္ဆာန်တွေမှာလည်းရှိ၏၊ မျက်စိဖြင့်ကြည့်၍ မမြင်နိုင်လောက်အောင် သေးငယ် သော ပိုးကလေးများမှာလည်း ရှိကြပေသည်။

ဤ အကျင့်ကို မစွန့်နိုင်ကြ၍ သံသရာဆင်းရဲ၌ တဝဲလည်လည် နေရရုံမက ယခု မျက်မြင်ပင် ရိုက်နှက်သတ်ပုတ် ထိုးခုတ် လုယက်မှုကြောင့် ထောင်တန်းကျရ အသက် ဆုံးရသူတွေ အများပင် ရှိကြသည်၊ ဆင်းရဲဟူသမျှသည် ဤအကျင့်ကို မရှောင်နိုင်မှုမှ စ၍ ဖြစ်၏။

တကယ် သူတော်ကောင်း ဖြစ်သူတို့ကား ဤအကျင့်၏ ဆိုးရွားပုံကို အလုံးစုံ မြင်ကြသဖြင့် ရပြီးသော အာရုံများကို စွန့်လွှတ်၍ တောထွက်တော်မူကြသည်။ သွာက္ခာတဂုဏ်အဖွင့်၌ ပြအပ်သော ဥဒယဘဒ္ဒမင်းသား မင်းသမီး အလောင်းတော် ကြီး ၂-ပါးကား ထီးနန်းစည်းစိမ်ကြီး၏ အလယ်မှာ ခန်းဆောင်ကြီးတစ်ခုတည်းဝယ် စက်တော် ခေါ်ရပါသော်လည်း ကျူးကျော် ဖောက်ပြားခြင်းမရှိ ပကတိခိုင်မြဲသော မေတ္တာစိတ်ဓာတ်ဖြင့် ရစ်ပတ်ဖွဲ့နှောင်လျက် အသက်ဆုံးသည့် တိုင်အောင် စောင့်စည်း၍ နေကြသည်မှာ လွန်စွာ နည်းယူဖွယ် ကောင်းပါပေသည်။

ထို့ကြောင့် သူတော်စင်တို့ စက်ဆုပ်ဖွယ်ရာ ယုတ်မာသောအကျင့်ကို ယခုလိုလူ့ ဘဝ၌ကျေကျေနပ်နပ် ရှောင်ရှား၍ ပါရမီကိုသာ အားရပါးရ ဖြည့်ကျင့်လျက် အဆင့်ဆင့် မြင့်မြတ်အောင် အထူး သတိဆောင်နိုင်မှ ပါရမီရှင် ပီသကြပေလိမ့်မည်။

ကောမာရ ဗြဟ္မစရိယ သီလ ဆောက်တည်ပုံ

▬▬

အဟံ ဘန္တေ၊ တိသရဏေန သဟ၊ ကောမာရဗြဟ္မစရိယ သီလံ၊ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ၊ သီလံ ဒေထ၊ မေ ဘန္တေ၊ ဒုတိယမ္ပိ… တတိယမ္ပိ…. ဆက်ဆို။

အနက်

ကောမာရ ဗြဟ္မစရိယသီလံ၊ ငယ်သွေး ငယ်ဖြူစင်သူတို့၏ မြတ်သော အကျင့်သီလ ဟူသော။ ဓမ္မံ၊ သိက္ခာပုဒ် အကျင့်ကို”ဟု အနက်ဆိုပါ။

ဤမှနောက်၌ ငါးပါးသီလအတိုင်းဆို၍ ကာမေသုမိစ္ဆာစာရ နေရာ၌ အဗြဟ္မစရိယကို ထည့်၍ ဆိုရုံသာသည်။

အမှာ

ပါဠိလို မဆိုတတ်လျှင် မြန်မာလို“တပည့်တော်မသည် အဗြဟ္မစရိယကို ရှောင်ကြဉ်သော ငါးပါးသီလကို ဆောက်တည်ပါ၏” ဟု ဘုရားရှေ့မှာ ဆိုပါ၊

သဒ္ဒါနည်းမှန်မှန်ဆိုလိုလျှင် အမျိုးသမီးများအတွက် “ကောမာရိ ဗြဟ္မစရိယသီလံ ဓမ္မံ ယာစာမိ” ဟု ဆိုပါ။

ဝိကာလဘောဇနအဖွင့်

▬▬

ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

▬▬

ဝိကာလဘောဇနာ၊ နေလွဲအခါ စားခြင်းမှ။
ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။
သမာဒိယာမိ၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

“နေလွဲ ညစာစားခြင်းမှ ရှောင်ကြဉ်ပါ၏” ဟူရာ၌ နေ့လယ် မွန်းတည့် ၁၂-နာရီ အချိန်မှ နောက်ကို “နေလွဲ မွန်းလွဲ”ဟု ဆို၏။ ထို နေလွဲသည်ကစ၍ ညဉ့်အတွက် စားခြင်းသာမက အရုဏ်တက်သည့်တိုင်အောင် အဖျော်ရည် ဆေး စတုမဓု စသည် တို့မှတစ်ပါး ထမင်း ဟင်းလျာ ကွမ်း ဆေး လက်ဖက် သစ်သီးဟူသမျှ မစားရတော့ပြီ။

ထမင်း ဟင်း (ဟင်းချက်၍ရသော သွားရည်စာဖြစ်သော) အသီးအရွက် များကို စားလျှင် ဤ ဝိကာလဘောဇန သိက္ခာပုဒ် ပျက်၏၊

အကြောင်းမရှိဘဲ ဖျော်ရည် စတုမဓု ထန်းလျက် သကြား ဂျင်းသုပ် ကွမ်း ဆေး စသည်ကို စားသောက်လျှင် ဤသိက္ခာပုဒ်ညှိုး၏ လုံးလုံးကား မပျက်ပါ၊ သစ်ပင်လျှင် အသီးနည်းသကဲ့သို့ ဥပုသ်ညှိုးလျှင် အကျိုးရနည်း၏။

ဆာလောင်မွတ်သိပ်လျှင် မန်ကျည်းဖျော်ရည် ဘိလပ်ရည်စသော အရည်ကို သောက်ကောင်း၏၊ အဖတ်ကို မစားကောင်း၊ မိမိအိမ်မှာစိမ်သော မန်ကျည်းဖျော်ရည် စသည်ကို အမှုန့်အဖတ် မပါအောင် စင်ကြယ်စွာစစ်ပြီးမှ သောက်ရသည်။

လေနာသော်လည်းကောင်း အခြားသော တစ်စုံတစ်ရာ ရောဂါရှိသော် လည်းကောင်း စတုမဓု ထန်းလျက် သကြားစသော ဆေးဖက်ဝင်သည့် အရာဝတ္ထုနှင့် ဆေးအမျိုးမျိုး ကိုသာ စားသောက်ကောင်း၏၊ ထိုသို့ စားသောက်ခြင်းကြောင့် သီလညှိုးသည်ဟု မမှတ်ပါနှင့်၊ နေမလွဲခင်၌ကား မည်သည့် အရာမဆို စားသောက်ကောင်းပါသည်။

ညစာ မစားခြင်းအကျိုး

▬▬

ဝိကာလဘောဇနသိက္ခာပုဒ်အရ “ညစာ မစားဘဲ ကျင့်ခြင်းသည် ဘာအကျိုး ရှိသနည်း၊ ထမင်း အငတ်ခံခြင်းကိုပင် ဥပုသ်စောင့်သည် - ကျင့်သည်ဟု ဆိုလို သလား”ဟု မေးကြ၏၊

ညစာမစားဘဲ ရှောင်ကြဉ်ခြင်းသည် အင်္ဂါရှစ်ပါးသော ဥပုသ်သီလတွင် တစ်ပါး မျှသာဖြစ်၏။

ညစာ မစားမှု တစ်ခုတည်းကို “ဥပုသ်စောင့်”ဟု မဆိုနိုင်ပါ၊ ထို ညစာမစားမှုသည် ရှစ်ပါးသီလတွင် အပေါ့ဆုံး အကျင့်မျှသာ ဖြစ်သည်။

ထို သီလ၏ ရည်ရွယ်ချက်အကျိုးကား ...
၁-ကိစ္စနည်း၍ တရားအာရုံပြုဖို့ရန် အချိန်များစွာ ရစေခြင်း
၂-လောကီအာရုံ ကာမဂုဏ်သို့ စိတ်စက် မဝင် စားအောင် ချုပ်တည်းပြီးသား ဖြစ်ခြင်း
ဤ ၂-မျိုးတည်း။

ထင်ရှားအောင်ပြပါဦးမည်၊ ညစာစားဖို့ ချက်ပြုတ်မှုစသော အလုပ်သည် အတော် ကိစ္စများသော အလုပ်ဖြစ်၏၊ ထို အလုပ်များကို လုပ်ကိုင်စားသောက် နေရာ အချိန်အတွင်း၌ ဘုရားအာရုံ တရားအာရုံ စသည်တို့ကို အာရုံပြုနိုင်ဖို့ရာ အချိန်မရတော့။

(ယခုအခါ အများစောင့်နည်း မဟုတ်ဘဲ) တကယ် စောင့်ရမည့် အရိယဥပုသ်ကား သီလ ဆောက်တည်ပြီးနောက် ဘုရားအာရုံ စသော အာရုံအမျိုးမျိုးကိုသာ အာရုံပြု နေရသည်။ ထိုကြောင့် ညစာမစားခြင်းသည် ကိစ္စနည်း၍ တရားအာရုံကို ယူနေရာ၌ အချိန်များစွာ ရစေခြင်း အကျိုးရှိသည်။

ထိုသို့ ညစာမစားဘဲ ရှောင်ကြဉ်နေသော်လည်း ဆာလောင်လျှင် ဖျော်ရည် စသည်ကို စားသောက်နိုင်သောကြောင့် မွတ်သိပ်ဆာလောင်လျက် အငတ် ခံနေရမည်လည်း မဟုတ်ပါ။

ထို့ပြင်-လူအများထုံးစံမှာ နံနက်စာနှင့် ညစာတွင် နံနက်စာကို သင့်တော်ရုံသာ စီမံ၍ ညစာကိုကား အထူးတလည် စီမံ စားသောက်ရိုး ရှိသည်ဟု ကျမ်းဂန်တို့၌ ဆို၏။ [ယခုအခါ ဟော်တယ်များ၌ ညစာက တန်ဖိုးများသည် ကိုလည်း သတိပြုရာ၏။]

“ထိုသို့ ညစာကိုမှ အထူးတလည် စီမံ စားသောက်ခြင်းသည် အဘယ် အကျိုးနည်း”ဟု စဉ်းစားသော် (မကွယ်မထောင့် ဖြောင့်ဖြောင့် ဖြေဆိုရလျှင်) ကောင်းမွန်သော အစားအသောက်များကို စား၍ ပျော်ပါးဖို့ပင် ဖြစ်၏။

ထို့ကြောင့် ညစာမစားမှုသည် လောကီအာရုံ ကာမဂုဏ်ဘက်ကိုသာ စိတ်စက် ညွှတ်စေတတ်ရကား အဗြဟ္မစရိယ သိက္ခာပုဒ်တော်ကို ထိန်း၍ မေထုန် စောင့်စည်းလျှင် ညစာစားမှုကိုလည်း ရှောင်နိုင်မှသာ အမြီး အမောက် အဖုံး အပိတ် ညီသော အကျင့်ကို ကျင့်ရာ ရောက်ပေမည်။ အစာ အာဟာရ ကောင်းကောင်း စားရလျှင် ကာမစိတ်ကို အားပေးတတ်၏။

ထို့ကြောင့့်် ဤဝိကာလဘောဇန သိက္ခာပုဒ်သည် -

၁-ကိစ္စနည်း၍ တရားကို အာရုံပြုရာ၌ အချိန်များစွာရစေခြင်း,
၂-လောကီအာရုံ ကာမဂုဏ်ဘက်သို့ စိတ်စက်မဝင်စားရအောင် ချုပ်တည်းပြီးသား ဖြစ်ခြင်းဟူသော အကျိုး နှစ်မျိုးကို ရစေနိုင်သည်ဟု မှတ်ပါ။

နစ္စဂီတသိက္ခာပုဒ်အဖွင့်

▬▬

နစ္စ ဂီတ ဝါဒိတ္တ ဝိသူကဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

▬▬

နစ္စ ဂီတ ဝါဒိတ္တ ဝိသူကဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ၊ အကုသိုလ်များကြောင်း မကောင်းမှုဖြစ်သော ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း၊ ဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက် စို့ပမာ ဖီလာ ဖြစ်သော ကြည့်ရှု နားထောင်ခြင်း ပန်းပန်ခြင်း နံ့သာပျစ်ကို နိမ့်ရာအရပ်သို့ ဖို့သိပ်ခြင်း, နံ့သာရည် နံ့သာမှုန့် တို့ကို လိမ်းကျံခြယ်လှယ်ခြင်းမှ။
ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။
သမာဒိယာမိ၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

နစ္စ = ကိုယ်တိုင် ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း။

[မျောက် ဒေါင်း စသော တိရစ္ဆာန်များ၏ ကခြင်းများကိုပါယူ။]

ဂီတ = ကိုယ်တိုင် သီဆိုခြင်း သူတစ်ပါးကို အဆိုခိုင်းခြင်း။

ဝါဒိတ္တ = ကိုယ်တိုင် တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း။

ဝိသူကဒဿန = [ဝိသူက = ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက် စို့ပမာ ဖီလာဖြစ်သော + ဒဿန = ကြည့်ရှုနားထောင်ခြင်း၊ သူတစ်ပါးတို့ အလိုအလျောက်သော် လည်းကောင်း အခြားသူကခိုင်း၍သော် လည်းကောင်း, က-ဆို-တီးမှုတ်နေသည်ကို တမင်္ဂလာ သွား၍ ကြည့်ရှုနားထောင်ခြင်း။

[မိမိဘာသာနေစဉ် မြင်လောက် ကြားလောက်သော အရပ်သို့ လာ၍ ကပြသီဆို တီးမှုတ်သံကို ကြည့်ရှုမိ နားထောင်မိသော် လည်းကောင်း၊ အခြားအလုပ်ကိစ္စဖြင့် သွားရင်း လာရင်း တွေ့မြင်သော်လည်းကောင်း သီလ မပျက်ပါ၊ သို့သော် မမြင်-မြင်အောင် တမင်္ဂလာလှည့်၍ မကြည့်ရ။

[မာလာ ဂန္ဓ စသည်၌“မာလာနှင့် ဓာရဏ ဂန္ဓနှင့် မဏ္ဍန ဝိလေပနနှင့် ဝိဘူသန”ကို အစဉ်အတိုင်း တွဲ၍လည်းကောင်း ဖြစ်သင့်သလို တွဲ၍လည်းကောင်း အဓိပ္ပာယ် ယူကြသည်။]

မာလာ = ပန်းအမျိုးမျိုး + ဓာရဏ = ပန်ဆင်ခြင်း။ ။

ဂန္ဓ = နိမ့်ရာအရပ်၌ ဖို့သိပ်၍ရကောင်းသော သနပ်ခါးစသော နံ့သာပျစ်-နံ့သာပျောင်းကို + မဏ္ဍန = ကျောက်ပေါက်မ စသော နိမ့်ရာ အရပ်၌ ဖို့သိပ်ခြင်း။

ဝိလေပန = လိမ်းကျံ ခြယ်လှယ်ခြင်းငှာ လည်းကောင်း အနံ့ထုံခြင်းငှာ လည်းကောင်း, ရကောင်းသော အရောင်တင်ဆေး ရေမွှေး နံ့သာဆီ မျက်နှာပေါင်ဒါကို + ဝိဘူသန = လိမ်းကျံခြယ်လှယ်ခြင်း, အနံ့ထုံ ခြင်း၊ “ဆပ်ပြာမွှေးလည်း မတိုက်ကောင်း”။

ဌာနာ = ကာမစိတ်ဓာတ်ကို တိုးပွားခြင်း၏ အကြောင်း။

အမှာ

ဤနံ့သာလိမ်းမှု စသည်ကို သာယာသောအားဖြင့် မပြုကောင်း၊ အနာရောဂါရှိသော် လိမ်းကျံကောင်း၏။ အနာရောဂါဆိုသော်လည်း ထိုနံ့သာများနှင့် သင့်မြတ်သော ရောဂါရှိမှ လိမ်းကောင်းသည်၊ မဖြစ်လောက်သော ရောဂါကို ရိုးမယ်ဖွဲ့ကာ မျက်နှာ စသော မဆိုင်ရာအရပ်၌ နံ့သာမလိမ်းကောင်း၊ သို့သော် ရဟန်းများ၌ ကိုယ်နံ့ မကောင်းလျှင် နံ့သာ (ရေမွှေး ဆပ်ပြာ စသည်) ကို ခွင့်ပြုသောကြောင့် ဥပုသ်သည် များလည်း ကိုယ်၌ အနံ့မကောင်းသောအခါ ထိုအနံ့ကို ကာကွယ်ဖို့ရာ လိမ်းကောင်း, ဆပ်ပြာမွှေးကို သုံးကောင်းသည်ဟု ဆိုသင့်သည်။

ဂ။ ဥစ္စာသယန မဟာသယနအဖွင့်

▬▬

ဥစ္စာသယန မဟာ သယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

▬▬

ဥစ္စာသယန မဟာသယနာ၊ မြင့်သောနေရာ မြတ်သောနေရာ၌ အိပ်ခြင်း နေထိုင်ခြင်းမှ။
ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။
သမာဒိယာမိ၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

ဥစ္စာသယန = မြင့်သောနေရာ၌အိပ်ခြင်း နေထိုင်ခြင်း၊

[အခြေ တစ်တောင့်ထက် ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်ကြီးများတည်း၊ “လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်၌ မနေကောင်း” ဟူသော အမြင့်မျိုး မဟုတ်။]

မဟာသယန = မြတ်သောနေရာ၌ အိပ်စက်နေထိုင်ခြင်း၊

[ဤနေရာမျိုးကား စည်းစိမ်အားလျော်စွာ ခံစား စံစားလေ့ရှိကြသော စည်းစိမ်ရှင်ကြီး များ၏ အိမ်ဝယ် ရှိတတ်သော လက်လေးသစ်မက အမွေးရှည်သော သားမွေးအခင်း ခြင်္သေ့ သစ်ကျား အရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း ရွှေချည် ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း။ (ရိုးရိုးပိုးအခင်းမဟုတ်) လဲ ဝါဂွမ်းမျိုး သူ့တ်ထားသော မွေ့ရာတည်း။]

မှတ်ချက်

ဤမွေ့ရာကို ယခုကာလ ဥပုသ်သည်များ သုံးစွဲနေကြသည်မှာ မသင့်တော်ပါ၊ အုန်းဆံသွတ်မွေ့ရာ, အဝတ်အဆာ ပိုးချည် အဆာပါသော မွေ့ရာကိုကား သုံးကောင်းပါ၏။ သင်ဖြူချောချော ကော်ဇောနုနု စသည်နှင့် ရဟန်းသံဃာ ဂုဏ်ဝါကြီးသူတို့၏ နေရာ စသည်များကို ဤသိက္ခာပုဒ်အရ “မြတ်သော နေရာ”ဟု မဆိုထိုက်။

ဥပုသ်သီလများ၌ စဉ်းစားဖွယ်

▬▬

ဥပုသ်စောင့်သောအခါ ရိုးရိုးငါးပါး သီလထက် အပိုယူကာ ကာမေသု မိစ္ဆာစာရ အရာ၌ အဗြဟ္မစရိယကိုသွင်း၍ ဆောက်တည်ရ၏၊ ထိုနောက် ဝိကာလဘောဇန-နစ္စ-ဂီတ-ဥစ္စာသယန သိက္ခာ ပုဒ်များကို ဆောက်တည်ရ၏၊

ဤသိက္ခာပုဒ် ၄-ပါးကို ခြုံ၍ စဉ်းစားလျှင် ဥပုသ်စောင့်သောအခါ မဖြစ်အောင် ထိန်းရမည့် အကုသိုလ်စိတ်များ ထင်ရှားစွာ ပေါ်လာသည်၊ ထိုစိတ်များကား ကာမဂုဏ်စိတ် (ကိလေသာ တဏှာစိတ်) ပင်တည်း။

ထင်ရှားစေအံ့ - ခမ်းနားသောအိပ်ရာ နေရာ၌ အိပ်စက်နေထိုင်ခြင်း, ဖီးလိမ်း ပန်ဆင်ခြင်း, ကပြ သီဆို တီးမှုတ်ခြင်း ညစာထမင်း စားခြင်းတို့သည် ကိလေသာ (တဏှာ လောဘ) စိတ်ကို သွေးဆောင် ခေါ်ယူသော အပြုအမူများတည်း။

ထို့ကြောင့် တဏှာလောဘ ကိလေသာ ကာမစိတ်ကို ဆို့ပိတ်ဖို့ရာ ဥစ္စာသယန သိက္ခာပုဒ်ဖြင့် ခမ်းနားသော အိပ်ရာနေရာတို့၌ အိပ်စက် နေထိုင်ခြင်းကို တားမြစ်၏၊ နစ္စ ဂီတ သိက္ခာပုဒ်ဖြင့် ကပြ သီဆို တီးမှုတ်မှုနှင့် တကွ ဖီးလိမ်းပန်ဆင်မှုများကို တားမြစ်၏၊ ဝိကာလဘောဇန သိက္ခာပုဒ် ဖြင့် ညစာထမင်းစားမှုကို တားမြစ်၏၊

ထိုသိက္ခာပုဒ် ၃-ရပ်ဖြင့် ကာမ စိတ်ဓာတ်ကို တွန်းလှန်ပိတ်ဆို့မှသာ အဗြဟ္မစရိယ သိက္ခာပုဒ်တော်အရ မေထုန်မှုမှ ကျကျနန ရှောင်ကြဉ်နိုင်မည်၊ ထို့ကြောင့် ဥပုသ် စောင့်သောအခါ အဗြဟ္မစရိယစသော သိက္ခာပုဒ်တော်များကို (ငါးပါးသီလထက်ပို၍) ထိန်းခြင်းသည် အဖုံးအပိတ် ညီညွတ်သော အကျင့်ကောင်း ဖြစ်ပေသတည်း။

ဥပုသ်စောင့်ပုံ အစီအစဉ်

▬▬

ဥပုသ်စောင့်ပုံ

▬▬

“ဥပုသ်”ဟူသောစကားသည် “ဥပေါသထ”ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကားတည်း၊ “ဥပ + ဝသထ” ဟု ပုဒ်ခွဲ။

ဥပ-ညစာ မစားခြင်း, သူ့အသက် မသတ်ခြင်းစသော အကျင့်ကောင်းနှင့် ပြည့်စုံ၍ + ဝသထ = နေခြင်း၊

ညစာမစားခြင်း အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရားဂုဏ်တော် တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ (ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ် အောင် စောင့်စည်းနေထိုင်မှုကို “ဥပုသ်စောင့်”ဟု ခေါ်သည်။

[ဆောင်]
မိမိစိတ်မှာ၊ စင်ကြယ်လာအောင်၊
အင်္ဂါရှစ်တန်၊ သီလခံ၍၊
ခြိုးခြံအောင့်အည်း၊ တဖြောင့်တည်းဖြင့်၊
စောင့်စည်းအားထုတ်၊ တရားကုတ်၊
ဥပုသ်စောင့် ဟု မှတ်။

၁။ နက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သော သူတော်စင်သည် ဥပုသ် စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ရွက်ဆောင်ခြင်းငှာ မလျော်သောကြောင့် ယနေ့လိုအခါ ကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။

၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန် မိမိစားဖို့ အတွက် ပြောပြ စီစဉ် ထားရာ၏။

[ဥပုသ်စောင့်ခိုက် ခါတိုင်းထက် ကောင်းကောင်း စားဖို့ကား မစီမံသင့်။]

၃။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်းအောင် ပြီးစီးကောင်းသော စားဖွယ်သောက်ဖွယ်များကို ပြီးစီးအောင် စီမံထားရာ၏။

၄။ နက်ဖြန်နံနက် အရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။

၅။ ပန်းပန်မှု နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။

၆။ ထိုနောက် ခပ်စောစောကပင် သီလ ဆောက်တည်ရာ၏။

[သီလ ဆောက်တည်သော အခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည် နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် “ဘုရားပညတ်တော် မူအပ်သော ဥပုသ် သီလကို ဆောက်တည် ပါ၏” ဟု နှုတ်က မိမိဘာသာ ဆို၍လည်း ဆောက်တည် နိုင်၏။]

၇။ သီလဆောက်တည်ပြီးလျှင် ကျွေးမွေးလှူဒါန်းဖွယ် ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍, မရှိက မိမိအတွက် သင့်တင့်ရုံသာ စီမံ၍ စားသောက်ရာ၏။

[တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏။]

၈။ ကျွေးမွေး စားသောက်ပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏။

[ကိုယ်စင်ကြယ်မှ စိတ်ကြည်လင် စိတ်ကြည်လင်မှ တရားအာရုံပြု၍ ကောင်းသည်။]

၉။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင် တစ်ကိုယ်တည်း နေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာ ဌာန၌ ဗြဟ္မဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။

၁၀။ တာရှည် ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု ရွတ်ဖတ်နေရာ၏။

[ထိုင်၍ချည်း နေရမည်ဟု မဆိုလို့ လှဲကာ စင်္ကြံသွားကာ အမျိုးမျိုး မျှတအောင် နေစေလို၏။]

၁၁။ နည်းလမ်း ကျကျ ဟောပြောမည့် ပုဂ္ဂိုလ်ရှိလျှင် တရားနာရာ၏။

၁၂။ အချင်းချင်းလည်း တရား စကား ဆွေးနွေး မေးမြန်း စုံစမ်းရာ၏။

၁၃။ ညဉ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။

အောက်မေ့ပုံ

“ရဟန္တာအရှင်မြတ်သည် သူ့အသက်ကို သတ်ခြင်း သူ့ဥစ္စာကို ခိုးယူခြင်း၊ လောကီ အာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဉ့်စာစားမှု ပန်းနံ့သာ စသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမှုအမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာ အရှင်မြတ်များနှင့် တူပေသည်တကား”ဟု မိမိကိုယ်ကို အလွန်မြှောက်တင်ကာ ရဟန္တာယောက်ျား ရဟန္တာမိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည်ဟု ဆင်ခြင်ရာ၏။

၁၄။ နံနက် အရုဏ်တက်၌ မိမိ ရည်မှန်းထားသော အချိန်စေ့သောအခါ အလို အလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလ သာ ကျန်ရစ်တော့သည်။ [ယခုကာလ အချို့ အရပ်မှာလို ငါးပါးသီလ ယူကာ ဥပုသ်ချနေဖွယ် မလိုပါ။]

ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။

ဥပုသ်ကာလ အပိုင်းအခြား

▬▬

ဥပုသ်သည် ကာလပိုင်း၍ စောင့်အပ်သော ဥပုသ် အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂-မျိုး ရှိ၏။

ကာလခြား၍ စောင့်အပ်သော ဥပုသ်မှာ ၂-ရက် ၃-ရက် စသည် ဖြစ်စေ တစ်နေ့ တစ်ညဉ့်လုံးဖြစ်စေ, နေ့ဝက် ညဉ့်၀က်ဖြစ်စေ၊ တစ်ခဏမျှ (တရားနာ ခိုက်) ဖြစ်စေ စောင့်ကောင်းပါသည်။

အနာထပိဏ်သူဌေး၏ အလုပ်သမား၊ တစ်ယောက်သည် ဥပုသ်နေ့၌ လယ်ထွန်သွား ပြီးနောက် ပြန်လာ၍ သူများ ဥပုသ်စောင့်ကြောင်း သိရကား ထမင်းကိုပင် မစားတော့ဘဲ နေ့တစ်ဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေသော် ရုက္ခစိုးနတ် ဖြစ်ရသည်။

ထို့ကြောင့် တစ်သက်လုံး မစောင့်နိုင်လျှင် လ, ရက် အချိန် ပိုင်းခြား၍လည်း စောင့်ကောင်းပါသည်။

သို့သော် ယခုကာလ အချို့ တရားပွဲ အလှူမဏ္ဍပ် စသည်၌ကား“မဏ္ဍပ်က မထွက်ခင် ၈-ပါးသီလ ဆောက်တည်ကြ”ဟု ဆိုပြီးလျှင် ဖီးလိမ်း ပြင်ဆင်ထား သူတို့အား မာလာဂန္ဓ ဝိလေပန စသော သိက္ခာပုဒ်ကို ဓမ္မကထိကတို့က ချပေးကြ၏။

“ဥပုသ်မစောင့်ခင်က ဖီးလိမ်းထားမှုကြောင့် မာလာဂန္ဓ ဝိလေပန သိက္ခာပုဒ် မပျက်” ဟုလည်း ပြောဆိုကြပြန်သေး၏၊

ထိုအားလုံးကို နည်းလမ်း ကျ-မကျ စဉ်းစားကြပါလေ။

ဥပုသ်အမျိုးမျိုး

ဥပုသ်အမျိုးမျိုး

▬▬

ဥပုသ်သည် အချုပ်အားဖြင့် အရိယ (မြတ်သော) ဥပုသ်, ဂေါပါလ (နွားကျောင်းသား စောင့်နည်း) ဥပုသ် ဟု ၂-မျိုး ရှိ၏၊

ထိုတွင် အရိယာဥပုသ်သည် ဗြဟ္မဥပုသ် ဓမ္မဥပုသ် စသည်ဖြင့် အမျိုးမျိုးရှိ၏။

၁။ ဗြဟ္မဥပုသ်

ဘုရားရှင်သည် “ဗြဟ္မ” မည်တော်မူ၏၊ ရှစ်ပါးသီလယူပြီးလျှင် ထိုဗြဟ္မမည်သော ဘုရားရှင်ကို အာရုံပြုနေခြင်းကို “ဗြဟ္မဥပုသ်” ဟု ခေါ်၏၊ အလွတ် အာရုံမပြု တတ်လျှင် ဘုရားဂုဏ်တော်ဖွင့်ကို ရွတ်ဖတ် ကြည့်ရှုနေရာ၏။

၂။ ဓမ္မဥပုသ်

ဥပုသ်သီလကို ခံယူပြီးလျှင် တရားတော်၏ ဂုဏ်တော်တစ်ပါးပါးကို အရုံပြု၍၎င်း, တရားဂုဏ်တော် အဖွင့်ကို ကြည့်ရှု ရွတ်ဖတ်၍၎င်း နေခြင်းကို “ဓမ္မဥပုသ်” ဟု ခေါ်သည်။

၃။ သံဃာ့ဥပုသ်

ဥပုသ်သီလကို ခံယူပြီးလျှင် သံဃာ့ဂုဏ်တော် တစ်ပါးပါးကို အာရုံပြု၍၎င်း, သံဃာ့ဂုဏ်တော် အဖွင့်ကို ကြည့်ရှု ရွတ်ဖတ်၍၎င်း, နေခြင်းကို “သံဃာ့ ဥပုသ်” ဟု ခေါ်သည်။

၄။ သီလဥပုသ်

သီလယူပြီးလျှင် မိမိ သီလ၏ မကျိုးမပေါက် မပြောက် မကျားပုံကို အာရုံပြု၍ ဝမ်းမြောက်စွာ နေထိုင်ခြင်းကို “သီလဥပုသ်” ဟု ခေါ်သည်။

မကျိုး - ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အစ သိက္ခာပုဒ်သော်၎င်း, အဆုံးသိက္ခာပုဒ် သော်၎င်း ပျက်စီးလျှင် “ဥပုသ်ကျိုး” သည် မည်၏၊ ထိုသို့ မပျက်စီးလျှင် ဥပုသ်မကျိုး မပြတ်သည် မည်၏။

[ဆောင်]
အင်္ဂါရှစ်ပါး, စွန်အဖျားက,
တစ်ပါးပါးကျိုး, ဥပုသ်မျိုး
အကျိုးအပြတ်” ခေါ်။

မပေါက် - အဝတ်၌ အလယ်က ပေါက်သကဲ့သို့ သိက္ခာပုဒ်တို့တွင် အလယ်က တစ်ပါးပါးပျက်လျှင် “ပေါက်သည်” ဟု ခေါ်၏၊ ထိုသို့ မပျက်လျှင် “မပေါက်”သည် မည်၏။

[ဆောင်]
အင်္ဂါရှစ်ပါး, အလယ်ကြားက,
တပါးပါးပျက်, ဥပုသ်တွက်,
ပေါက်ပျက်” သည်ဟုခေါ်။

မပြောက် - ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အလယ်၌တစ်ပါးလည်း မက, အစဉ်အတိုင်း တစ်ဆက်တည်းလည်း မဟုတ်ဘဲ နွား၌ “ဝါစေ့” ပြောက်ကဲ့သို့ အဒိန္နာဒါနနှင့် မုသာဝါဒ သော်၎င်း, ဗြဟ္မစရိယနှင့် သုရာမေရယသော်၎င်း ဤသို့ ပြောက်ကျား ပြောက်ကျား ပျက်သည်ကို “ပြောက်သည်” ဟု ခေါ်၏။

[ဆောင်]
အင်္ဂါရှစ်ပါး, တစ်မျိုးအားဖြင့်,
ကြိုးကြား-ပြိုးပြောက်,
ယွင်းသွေဖောက်,
အပြောက်” ဥပုသ် ခေါ်။

မကျား - ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် ပါဏာတိပါတနှင့် အဒိန္နာဒါန ဆက်၍၎င်း, အဗြဟ္မစရိယနှင့် မုသာဝါဒ ဆက်၍၎င်း၊ ဤသို့ နှစ်ပါး, သုံးပါး ဆက်၍ ပျက်သည်ကို နွားကြောင် နွားကျားကဲ့သို့ “အကျားထင်သော ဥပုသ်” ဟု ခေါ်၏။

[ဆောင်]
နွားကြောင်-နွားကျား,
ပုံအလားသို့, နှစ်ပါး သုံးပါး,
အများဆက်လျက်, တရားပျက်,
ကျားကွက်” သည်ဟု ခေါ်။

ဤသို့သောနည်းဖြင့် မိမိဥပုသ်၏ မကျိုး မပေါက် မပြောက် မကျားပုံကို အာရုံပြု၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းကိုပင် “သီလဥပုသ်”ဟု ခေါ်သည်။

မှတ်ချက်

▬▬

ယခုကာလ သီလဆောက်တည်တုန်းက တစ်ပါး စီခွဲ၍ ဆောက်တည်ကြသောကြောင့် ရှစ်ပါးသီလတွင် တစ်ပါးပါး ပျက်သော်လည်း ကျန်သီလအတွက် အကျိုးရှိသေး၏၊ တစ်ပါးပျက်ရုံ ဖြင့် အားလုံး ပျက်သွားသည်ဟု မမှတ်နှင့်။

၅။ နတ်ဥပုသ်

သီလယူပြီးလျှင် နတ်တို့ကို ပမာတင်၍ မိမိသန္တာန်၌ရှိသော သဒ္ဓါ သီလစသော သူတော်ကောင်း တရားများကို အောက်မေ့ဆင်ခြင်လျက် ကြည်လင်ဝမ်းမြောက် နေခြင်းကို “နတ်ဥပုသ်” ဟု ခေါ်သည်။

ဆင်ခြင်ပုံ

▬▬

“နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ရှိကြသော နတ်ဗြဟ္မာ တို့သည် လူ့ပြည်တုန်းက သဒ္ဓါ သီလ သုတ စာဂ ဟိရီ သြတ္တပ္ပ ဟူသော သူတော်ကောင်း တရားတို့နှင့် ပြည့်စုံကြသောကြောင့် ဘဝအသစ်ကူးသောအခါ နတ်ပြည် ဗြဟ္မာ့ပြည်၌ ချမ်းသာစွာ ဖြစ်ကြရသည်၊ ထိုသူတော်ကောင်း ဥစ္စာများသည် ငါ့မှာလည်း ရှိ၏၊ ဗုဒ္ဓမြတ်စွာ၏ တရားတော်နှင့်အညီ မိဘဆရာတို့၏ အဆုံးအမကြောင့် ဤသို့ သူတော်ကောင်း ဖြစ်ရခြင်းသည် နောင်ရေး နောင်တာ သံသရာအတွက် စိတ်ချဖွှယ်ရာ လွန်စွာ လူဖြစ်ကျိုး နပ်ပါပေစွ တကား”ဟု ကိုယ့်ဂုဏ်တွေကို အာရုံပြုကာ ဝမ်းမြောက်စွာ ဆင်ခြင်ရာ၏၊ ရံဖန်ရံခါ ဆင်ခြင်ရုံမျှဖြင့် အားမရသေးဘဲ အလွန့်အလွန် ဝမ်းမြောက် လာအောင် အောက်၌ပြထားသော ဥဒါန်းဂါထာကို ကျူးရင့်ရာ၏။

ယေဟိ သဒ္ဓါဒိဂုဏေဟိ,
ဒေဝတာ ဒေဝတ္တံ ဂတာ
မယှံပိ တေ သံဝိဇ္ဇန်္တိ,
အဟော မေ ဂုဏဝန္တတာ

ဒေဝတာ - စတုမဟာ ဝတိံသာနှင့် နတ်ရွာခြောက်လီ ဗြဟ္မာ့ ပြည်ဝယ် ကိုယ်စီစံစား နတ်ဗြဟ္မာအများတို့သည်၊

ယေဟိ သဒ္ဓါဒိ ဂုဏေဟိ - သဒ္ဓါ သီလ များသုတနှင့် စာဂ ပညာ စဉ်လာပြည့်စုံ အကြင်ဂုဏ်တို့ကြောင့်၊

ဒေဝတ္တံ - ရောဂါမကပ် ဥပဒ်မတွယ် စားသောက်ဖွယ်ရေး ဝတ်ဆင်ရေးနှင့် မင်းဘေး စိုးတာ ကင်းစင်ကွာလတ် ဗြဟ္မာနတ်၏အဖြစ်သို့၊

ဂတာ - ဤလူ့ပြေမှ စုတေကြလျှင် ခဏမနေ ကပ်ရောက်ကြရလေကုန်ပြီ၊

တေ ဂုဏာ - နတ်ဗြဟ္မာနန်း ကပ်ခါမြန်းဖို့ အစွမ်းလောက်လုံ ထိုကဲ့သို့ ဂုဏ်တို့သည်၊

မယှံပိ - ဘုရားအကြိုက် တရားလိုက်၍ အားစိုက်နှစ်လို ဤ ငါ့ကိုယ်မှာလည်း၊

သံဝိဇ္ဇန်္တိ - အမြဲမပြတ် သတိချပ်သဖြင့် မလတ်ပုံသေ ရှိကြပေကုန်၏၊

မေ - ငါ၏၊

ဂုဏဝန္တတာ - သဒ္ဓါ သီလ များသုတနှင့် စာဂ ပညာ စဉ်လာလောက်လုံ ဂုဏ်ပေါင်းစုံ သူတို့၏အဖြစ်သည်၊

အဟောဝတ - တမလွန်အရေး ကြံတိုင်အေးဖို့ လေးလေးပင်ပင် အစဉ်မျိုးမှန် သြော်.... အဖိုးတန် လေစွတကား။

ဤသို့ ဥဒါန်းကျူးကာ နတ်တို့ကို သက်သေအရာ၌ထားလျက် မိမိ၏ သူတော်ကောင်း ဖြစ်ပုံကို အာရုံပြု၍ ဝမ်းမြောက်နေခြင်း သည်“နတ်ဥပုသ်” မည်၏၊

ဤ ဗြဟ္မာ့ဥပုသ် စသည်ကို ပုဗ္ဗာရုံတိုက်အမ ဝိသာခါအား ဘုရားရှင် ဟောတော် မူသည်၊ တိတ်္ထိ တက္ကဒွန်းတို့ စောင့်ကြသော နိဃဏ္ဌဥပုသ် တစ်မျိုးလည်း ရှိသေး၏၊ အများနှင့် မဆိုင်၍ မရေးတော့၊

ဗုဒ္ဓဘာသာဝင်တို့ စောင့်အပ်သော ဥပုသ်ကား အရိယာဥပုသ် ဖြစ်လျှင်ဖြစ်, မဖြစ်လျှင် ဂေါပါလဥပုသ်သာ ဖြစ်စရာရှိသည်။
[တိက အင်္ဂုတ္တိုရ်။]

ဥပုသ်အကျိုး

▬▬

ဤသို့ ကျနစွာ စောင့်သုံးအပ်သော အရိယ ဥပုသ်မျိုး၏ အကျိုးမှာ ဇမ္ဗူဒိပ် တကျွန်းလုံးကို အုပ်စိုးရသော မင်း မိဖုရား အဖြစ်မျိုးထက် ကြီးကျယ်ခမ်းနားသည်ဟု ဟောတော်မူ၏၊ မှန်၏ - မင်းမိဖုရားအဖြစ်ဖြင့် ဇမ္ဗူဒိပ်ကျွန်းကို အုပ်စိုးရခြင်းမှာ လူ့စည်းစိမ်မျှသာဖြစ်၍ နတ်စည်းစိမ်ကို ထောက်လျှင် အောက်ကျ နောက်ကျ သေးနုပ်လှသေး၏၊ ထိုစည်းစိမ်လည်း တစ်ဘဝသာ၊ ကျနစွာ စောင့်ထိန်းအပ်သော ဥပုသ်၏အကျိုးကား လူမင်း, နတ်မင်းစည်းစိမ် အကြိမ်အများ ပင်တည်း၊ ထို့ကြောင့် ကောင်းမွန်စွာ စောင့်ထိန်းအပ်သော ဥပုသ်၏အကျိုးကို “ဇမ္ဗူဒိပ်တစ်ကျွန်းလုံး အုပ်စိုးရ ခြင်းထက်ပင် သာ၏” ဟု ဟောတော်မူပေသည်။

ကောင်းစွာစောင့်မှ အကျိုးရ

▬▬

ဥပုသ်စောင့်ရာ၌ ရှစ်ပါးသီလကို စောင့်ရုံမျှဖြင့် အကျိုးများသင့်သလောက် မများသေးပါ၊ သီလကို စောင့်ထိန်းပြီးနောက် မိမိစိတ်ကို စင်ကြယ်သန့်ရှင်းနေအောင် အားထုတ်နိုင်မှသာ အကျိုးရ များပါသည်၊ [တိကအင်္ဂုတ္တရ, ဒုတိယပံ, မဟာဝဂ္ဂဋ္ဌ။]

ဥပမာ - ဦးခေါင်းကို တန်ဆာဆင်လိုသော အမျိုးသမီးသည် ဆံပင်ကို စင်ကြယ်အောင် ခေါင်းလျှော် ရ၏၊

ခေါင်းမလျှော်ဘဲ ဖီးလိမ်း ပြင်ဆင်လျှင် အနံ့မကောင်း၊ ထို့အတူ သီလ တန်ဆာဖြင့် ဆင်ထားသူသည် မိမိ၏စိတ်ကို လောဘ (တဏှာရာဂ) ဒေါသ-မာန်မာန-ဣဿာ-မစ္ဆရိယ စသော ကိလေသာ အညစ်အကြေး တု့ိမှ စင်ကြယ်အောင် ဗြဟ္မဥပုသ် ကိုဖြစ်စေ ဓမ္မဥပုသ် စသည်တို့တွင် တစ်မျိုးမျိုးကိုဖြစ်စေ စောင့်သုံးနိုင်မှသာ ရသင့် သမျှ အကျိုးကို အပြည့်အစုံရနိုင်ပါသည်။

ထို့ကြောင့် နဂိုက (လောဘ) ကြီးသူဖြစ်လျှင် ဥပုသ်စောင့်ရင်း ထိုလောဘကြောင့် ယခုဘ၀ တွေ့ခဲ့ (တွေ့တတ်ကြသော) အပြစ်ကို ၎င်း, နောက်ဘဝ၌ အပါယ်ငရဲအထိ ဖြစ်နိုင်သည့် အပြစ် များကို၎င်း ဆင်ခြင်၍ လောဘနည်းအောင် အထူးကြိုးစား၍ ဘုရားဂုဏ်တော် စသည်ကို ပွားများနေပါလော့၊ ထိုသို့ ဥပုသ်စောင့်ပြီးနောက် ဥပုသ်ထွက်သောအခါလည်း လောဘကြောင့် အမှားအယွင်း မရှိရအောင် နေ့စဉ်သတိထားပါလော့၊ ဤသို့ ကြိုးစားလျှင် မကြာခင် လောဘနည်းသူ (တဏှာရာဂ နည်းသူ) ဖြစ်လာပါလိမ့်မည်၊ ဒေါသ - မာန - ဣဿာ - မစ္ဆရိယ အားကြီးသူများလည်း ဤ နည်းအတိုင်း ကြိုးစားပါ။

နွားကျောင်းသားဥပုသ်

▬▬

ထိုကဲ့သို့ ကျနစွာမစောင့်နိုင်ဘဲ “ယနေ့ မည်သည့်နေရာ၌ နွားများ ရေသောက်ကြ၏၊ နက်ဖြန် မည်သည့် နေရာ မြက်စား၍ မည်သည့်နေရာ၌ ရေသောက်လိမ့်မည်” ဟု နွား ကျောင်းသား ကြံစည်ခြင်းကဲ့သို့ “ယနေ့ မည်သည့်စားဖွယ်ကို စား၍ နက်ဖြန် မည်သည့် စားဖွယ် စားသောက်မည်” ဟု အစားအသောက်နှင့် လောကီရေးရာ ကိုသာ ကြံစည်နေသော ဥပုသ်သည် “ဂေါပါလ ဥပုသ်” (နွားကျောင်းသား ဥပုသ်) မည်၏၊ ဤနွားကျောင်းသား ဥပုသ်ကို လုံးလုံးအကျိုးမရှိဟု မဆိုရသော်လည်း အကျိုးမများလှဟု ဟောတော်မူသည်။

သတိပေးချက်

▬▬

ထို့ကြောင့် နွားကျောင်းသားဥပုသ် မဖြစ်စေဘဲ အရိယဥပုသ်မျိုး ဖြစ်အောင် ကြိုးစား၍ စောင့်သုံးမှသာ လောက အကျိုး သံသရာအကျိုး ၂-ပါးစုံ တိုးဖွယ်ရှိ၏၊ ယခုအခါ၌ကား ဥပုသ် စောင့်ရင်း စားသောက်ကြ ပျော်ရွှင်ကြသဖြင့် စဉ်းစားတတ်သူ အဖို့မှာ စိတ်ပျက်စရာ ကောင်းလှသည့်အပြင် ဘာသာခြားတို့က များစွာသော မြန်မာတို့ ဥပုသ်စောင့်ပုံကို ကြည့်ကာ “ဆင်ခြင် စဉ်းစားဉာဏ် မရှိသော လူမျိုး” ဟု အထင် သေးကြပေလိမ့်မည်၊ ထို့ကြောင့် အမျိုး ဘာသာ အဆင့်အတန်းမြင့်ရေးကို တွေးကာ စည်းကမ်းကျကျ ဥပုသ်စောင့်ဖို့ သတိပေးပါသည်။

ဇီဝဋ္ဌမကသီလ အဖွင့်

▬▬

ကျက်မှတ်ရန် ဆောက်တည်ပုံအစဉ်

▬▬

အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ၊ “ဒုတိယမ္ပိ အဟံ ဘန္တေ”စသည် ဖြင့် ၅-ပါးသီလ တောင်းပုံအတိုင်း “တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ”တိုင်အောင် ဆိုပါ။

  1. ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ
  2. အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ
  3. ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ
  4. မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ
  5. ပိသုဏဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ
  6. ဖရုသဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ
  7. သမ္ဖပ္ပလာပ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ
  8. မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

▬▬

ဘန္တေ၊ အရှင်ဘုရား။
အဟံ၊ တပည့်တော် (တပည့်တော်မ) သည်။
တိသရဏေန၊ သရဏဂုံသုံးပါးနှင့်။
သဟ၊ တကွ။
အာဇီဝဋ္ဌမကသီလံ၊ အာဇီဝဋ္ဌမကသီလ ဟူသော။
ဓမ္မံ၊ သိက္ခာပုဒ်တော်ကို။
ယာစာမိ၊ တောင်းပန်ပါ၏။

ဤသို့စသည်ဖြင့် ရှေ့အတိုင်းဆိုပါ။ ပါဏာတိပါတာ စသည်၏ အနက်ကိုလည်း ၅-ပါး သီလအတိုင်း ဆိုပါ။

ပိသုဏဝါစာ၊ ပိသုဏဝါစာမှ။
ဖရုသဝါစာ၊ ဖရုသဝါစာမှ။
သမ္ဖပ္ပလာပါ၊ သမ္ဖပ္ပလာပမှ။
မိစ္ဆာဇီဝါ၊ ယုတ်မာသောအသက် မွေးမှုမှ။
ဝေရမဏိသိက္ခာပဒံ၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်တော်ကို။
သမာဒိယာမိ၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

သတိပြုရန်

▬▬

ရဟန်းများထံ သီလမတောင်းဘဲ မိမိဘာသာ ရုပ်ပွားတော် စေတီတော် ရှေ့ဝယ် ဆောက်တည်ကြရာ၌ “အဟံဘန္တေ”စသောသီလတောင်း များကို ဆိုဖွယ်မလို၊

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ကစ၍ “မိစ္ဆာဇီဝါ ဝေရမဏိ” တိုင်အောင် ဆိုပါလေ၊

ငါးပါးသီလ, ရှစ်ပါးသီလ တစ်မျိုးမျိုးကိုယူပြီးမှ ဤ အာဇီဝဋ္ဌမကသီလကို ဆက်၍ ဆောက်တည်ရာ၌ကား မုသာဝါဒါ ဝေရမဏိ တိုင်အောင် ရှေ့သီလများ၌ ပါဝင်ပြီး ဖြစ်၍ နောက်ထပ် ဆိုဖွယ်မလို။

ပိသုဏဝါစာ ဝေရမဏိ”ကစ၍ နောက်သိက္ခာပုဒ် ၄-ပါးကိုသာ ဆက်၍ ဆိုရာ၏။

အာဇီဝဋ္ဌမကသီလလည်း တစ်ကြိမ်လောက် ဆောက်တည်ပြီးလျှင် အသက်မွေး စင်ကြယ်သမျှ ပိသုဏဝါစာစသည်ကို မပြောဆိုသမျှ သီလမပျက် သောကြောင့် နေ့စဉ် ဆောက်တည်ဖွယ် မလို၊ အခြားသော ၅-ပါး ၈-ပါး သီလများလည်း မကျိုးမပျက်သမျှ ထပ်၍ ဆောက်တည်ဖွယ်မလို၊ သို့သော် ထပ်၍ ဆောက်တည်ခြင်းကြောင့် အပြစ် မရှိပါ။

အာဇီဝဋ္ဌမက

▬▬

အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်အကိုင် အရောင်း အဝယ် ဟူသမျှကို ပါဠိလို “အာဇီဝ”ဟု ခေါ်၏၊ မတရားသော ပစ္စည်းရှာဖွေမှုကို မိစ္ဆာဇီဝဟု ခေါ်၏၊ ထိုမိစ္ဆာဇီဝမှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရအောင် ရှာဖွေမှုကို“သမ္မာအာဇီဝ”ဟု ခေါ်၏။

ရှစ်ပါးမြောက် သိက္ခာပုဒ်တော်ကို ပါဠိလို “အဋ္ဌမ” ဟု ခေါ်၏။ ပါဏာတိပါတာ ဝေရမဏီမှစ၍ ရေတွက်လျှင် မိစ္ဆာဇီဝ ဝေရမဏိသည် ရှစ်ပါးမြောက် သိက္ခာပုဒ်တည်း၊ ထို့ကြောင့့်် မိစ္ဆာဇီဝမှ ရှောင်ကြဉ်မှုလျှင် ရှစ်ပါးမြောက်ရှိသော သီလကို “အာဇီဝဋ္ဌမက သီလ” ဟုခေါ်သည်။

အာဇီဝဋ္ဌမကသီလ ဆောက်တည်ပုံကို ပါဠိတော်နှင့် အဋ္ဌကထာတို့၌ တိုက်ရိုက် မပြကြ၊ ငါးပါးသီလ စသည် ဆောက်တည်ပုံကို နည်းယူ၍ ရှေးပညာရှိတို့ ဆောက်တည်ပုံကို ပြထားကြသည်။

ပါဏာတိပါတာ ပတိ ဝိရမာမိ” စသည်ဖြင့်လည်း ဆောက်တည်နိုင်ပါ၏၊

ထိုသိက္ခာပုဒ် ရှစ်ပါးတွင် ၁-နံပါတ်မှစ၍ ၇-နံပါတ် အထိ သိက္ခာပုဒ်တို့မှာ သုစရိုက် ၁၀ ပါးတွင် ကာယကံ ၃-ပါးနှင့် ဝစီကံ ၄-ပါးတည်း၊ ထို ၇-ပါး လုံခြုံပြီးသော သူတော်ကောင်း၌ အသက်မွေး ဝမ်းကျောင်းနှင့် ဆိုင်သော အရောင်းအဝယ် အလုပ် အကိုင် များလည်း စင်ကြယ်ပါမူ အာဇီဝဋ္ဌမကသီလ ဆောက်တည်သည်ဖြစ်စေ၊ မဆောက်တည်သည် ဖြစ်စေ၊ အမြဲ လုံခြုံနေပါသည်။

[ထို သိက္ခာပုဒ်များတွင် ၁-၂-၃-၄-နံပါတ် သိက္ခာပုဒ်များကိုငါးပါး သီလ၌ ဖွင့်ပြခဲ့ပြီ၊ ၅-၆-၇ နံပါတ် သိက္ခာပုဒ်များကို ဒုစရိုက် သုစရိုက် အဖွင့်ကျမှ ပြမည်။]

ငါးပါးသီလကို ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည် ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိသကဲ့သို့ ဤအာဇီဝဋ္ဌမက သီလကိုလည်း ဆောက်တည်သည် ဖြစ်စေ၊ မဆောက်တည်သည် ဖြစ်စေ လွန်ကျူးလျှင် အပြစ် ရှိ၏။

ငါးပါးသီလသည် သူတော်ကောင်းတို့ အမြဲ စောင့်ထိန်းရမည့် ကိုယ်ကျင့်သီလ ဖြစ်သကဲ့သို့ ဤ အာဇီဝဋ္ဌမက သီလလည်း အထက်တန်း သူတော်စင်တို့ အမြဲ ထိန်းရမည့် ကိုယ်ကျင့်သီလ ဖြစ်သည်။

ဤအာဇီဝဋ္ဌမကကို ကျမ်းဂန်၌ အာဒိဗြဟ္မစရိယက သီလဟုလည်း ခေါ်သေး၏။

(ဗြဟ္မစရိယ = မဂ္ဂဗြဟ္မစရိယ၏ + အာဒိ = အစဖြစ်သော သီလ။)

အာဇီဝဋ္ဌမကသီလ လုံခြုံမှ မဂ်ဖိုလ်ကို ရနိုင်၏။ အာဇီဝဋ္ဌမကသီလ မလုံခြုံလျှင် မဂ်ဖိုလ်မရနိုင်၊ ထို့ကြောင့့်် “ဤ အာဇီဝဋ္ဌမက သီလသည် မဂ်ဟူသော မြတ်သော အကျင့်၏ အစ အခြေခံသီလဖြစ်သည်”ဟု မှတ်ပါ။

အမှာ

အာဇီဝဋ္ဌမက သီလကို စောင့်ကောင်း - မစောင့်ကောင်း ငြင်းခုံကြ၏။ မစောင့်ကောင်းစရာ အကြောင်းကို ရှာ၍မရပါ။ ပါဠိတော်မှာ တိုက်ရိုက်သီလ အဖြစ်ဖြင့် မပြသော်လည်း အာဇီဝ စင်ကြယ်ဖို့နည်းလမ်းနှင့် အာဇီဝ စင်ကြယ်ခြင်း၏ (သမ္မာအာဇီဝ ဖြစ်ခြင်း၏ အကျိုးကို များစွာပြရုံမျှမက ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဋီကာ တို့၌ကား အာဇီဝဋ္ဌမကသီလကို “ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိသုဒ္ဓေါ ဟောတိ”ဟူသော ပါဠိတော်အရ အကျယ်ထုတ်ပြလျက် ရှိ၏၊ ထို့ကြောင့်အာဇီဝဋ္ဌမက သီလကို အမြဲ လုံခြုံအောင် စောင့်ထိန်းသင့်ကြပါသည်။

မိစ္ဆာဇီဝအဖွင့်

▬▬

မုဆိုး တံငါအလုပ်တို့ဖြင့် သူ့အသက်ကို သတ်၍ ပစ္စည်းရှာဖွေရသော ပါဏာတိပါတမှု

သူခိုး ဓားပြလုပ်၍ ပစ္စည်းရှာဖွေရာ အဒိန္နာဒါနမှု

သူတစ်ပါးက ပစ္စည်းဥစ္စာပေးသဖြင့် ဖျက်ဆီးရသော ကာမမှု

မတရားရှေ့နေ မတရားသက်သေ လိုက်၍ဖြစ်စေ၊ လိမ်လည် လှည့်ပတ် ရောင်းဝယ်၍ ဖြစ်စေ ပစ္စည်းရှာရသော မုသာဝါဒမှု

ပစ္စည်းရအောင် ရန်တိုက်ပေးရသော ပိသုဏဝါစာမှု

ကွက်စိပ်စာဆရာ၊ လူပြက် အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုး မရှိသော (ကြားရသူတို့ ပျော်ရွှင်ရရုံ စိတ်လေလွင့်ရုံသာ ဖြစ်သော) ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို ပြောဆိုသော သမ္ဖပ္ပလာပမှု-များသည် မိစ္ဆာဇီဝမှုများတည်း။

မိစ္ဆာဇီဝမျိုးကို ပါဏာတိပါတာ ဝေရမဏိ စသော ရှေ့သိက္ခာ ပုဒ် ၇-ပါးဖြင့် ရှောင်ကြဉ်ပြီး ဖြစ်တော့သည်။ သို့သော် “မြဲရာသံပတ်” ဆိုသလို ရှေ့သိက္ခာပုဒ် များဖြင့် ရှောင်ကြဉ်ရာဝယ် သာ၍ ခိုင်မြဲအောင် ဤ မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပုဒ် ဖြင့်လည်း ရှောင်ကြဉ်ရသည်။

ရှေ့သိက္ခာပုဒ် ၇-ပါးဖြင့် မရှောင်ကြဉ်ရသေးသော မိစ္ဆာဇီဝများလည်း ရှိသေး၏၊

ထိုမိစ္ဆာဇီဝများကား --

  • သတ္တဝါဏိဇ္ဇာ = ဓား လှံ သေနတ် ပိုက်ကွန် စသော လက်နက်ရောင်းမှု၊
  • သတ္တဝါဏိဇ္ဇာ = လူ သတ္တဝါကို သွေးဆောင် ခေါ်ယူလျက် သူတစ်ပါးထံ ကျွန် အဖြစ်ဖြင့် ရောင်းမှု၊ (ပြည့်တန်ဆာများကို မွေး၍ ခေါင်းလုပ်မှုများလည်း ပါဝင်၏။)
  • မံသဝါဏိဇ္ဇာ = ကျွဲ နွား ဝက် ဆိတ် ကြက် ငှက် စသည်တို့ကို မွေး၍ အသားစားဖို့ရာ သတ်ဖြတ်သူအား ရောင်းမှု၊
  • မဇ္ဇဝါဏိဇ္ဇာ = ထန်းရည် အရက် ဘိန်း စသည်ကိုရောင်းမှု (ဘုံဆိုင်တည်မှု)၊
  • ဝိသဝါဏိဇ္ဇာ = အဆိပ်ရောင်းမှု

ဟု ကျမ်းဂန်၌ ၅-မျိုးလာ၏။

ထို၅-မျိုးကို ရတနာသုံးပါး ကိုးကွယ်သူ ဥပါသကာ ဥပါသိကာမတို့ မပြုရဟုလည်း ဆိုသည်။

ထိုပြင်-မြင်းလောင်း နွားလောင်း ကျွဲတိုက် ဖဲရိုက်၍ ပစ္စည်းရှာမှု များလည်း မိစ္ဆာဇီဝပင်တည်း၊ “မိမိကိုယ်တိုင် မိစ္ဆာဇီဝမှုဖြင့် ပစ္စည်းမရှာပါ သော်လည်း စီးပွားတူ ဖြစ်သော ညီအစ်ကို မောင်နှမတို့၏၊ မိစ္ဆာဇီဝကို ဝမ်းမြောက် သဘောတူလျှင် မိစ္ဆာဇီဝ ပင်ဖြစ်၏၊ သဘောမတူလျှင် မိမိမှာ မိစ္ဆာဇီဝ မဖြစ်။

ဓမ္မိယလဒ္ဓပစ္စည်းနှင့် သမ္မာအာဇီဝ

▬▬

ပြခဲ့သောမိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ တရားသဖြင့်ရရှိသော ပစ္စည်းဥစ္စာကို ဓမ္မိယလဒ္ဓ ပစ္စည်းဟုခေါ်သည်။

[ဓမ္မိယ = တရားနှင့် လျော်စွာ + လဒ္ဓ = ရအပ်သော ပစ္စည်း။]

မိဘ စသူတို့အထံမှ အမွေအနှစ်ရာ ပစ္စည်း၊ ကူလီလုပ်၍ စာရေး စာချီလုပ်၍ ကျောင်းဆရာ လုပ်၍ လယ်လုပ်၍ အတိုးအပွားချ၍ရသော ပစ္စည်းသည် များသော အားဖြင့် ဓမ္မိယလဒ္ဓ ပစ္စည်းတည်း၊ ထိုပစ္စည်းဖြင့် အသက်မွေးသူ၏ သမ္မာအာဇီဝ ဖြစ်ကြောင်းမှာ ဆိုဖွယ်ရာမရှိပြီ။

အချို့ကား နားမလည်ခင် မတရား ပစ္စည်း ရှာ၍ နားလည်သောအခါ ထို ပစ္စည်းဖြင့် စားသောက် နေထိုင်ရသောကြောင့် “မိမိ၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်လေ သလား, မဖြစ်လေသလား” ဟု စဉ်းစားတတ်ကြပေသည်။

သမ္မာအာဇီဝ ၂-မျိုး

▬▬

သမ္မာအာဇီဝသည် သုတ္တန် ပါဠိတော်၌ လာသော သမ္မာအာဇီဝ, အဘိဓမ္မာ ပါဠိတော်၌ လာသော သမ္မာအာဇီဝဟု ၂-မျိုးရှိ၏၊

ထိုတွင် တရားသဖြင့် ရအပ်သော ပစ္စည်းများကို စားသောက် သုံးစွဲခြင်း တရားလမ်း အတိုင်း ပစ္စည်းရှာဖွေခြင်းသည် သုတ္တန် သမ္မာအာဇီဝ မည်၏၊

မတရားသဖြင့် ပစ္စည်းရဖို့ အခွင့်ကြုံလာလျှင် ထိုပစ္စည်းရမည့် လုပ်ငန်းကို မလုပ်ဘဲ ရှောင်ကြဉ်နေခြင်းသည် အဘိဓမ္မာ သမ္မာအာဇီဝမည်၏။

ထို့ကြောင့့်် နားမလည်ခင်က မတရားသဖြင့် ရအပ်သော ပစ္စည်းများကို သုံးစွဲနေ သော်လည်း နားလည်သောအခါ ထိုကဲ့သို့ မတရားမှုများကို ရှောင်ကြဉ်နေလျှင် အဘိဓမ္မာ သမ္မာအာဇီဝ ဖြစ်သေး၏။

ဆိုလိုရင်း “မတရားသဖြင့် ရခဲ့သော ပစ္စည်းဥစ္စာကို သုံးစွဲနေရာ၌ သုတ္တန်အလို မိစ္ဆာဇီဝ ဖြစ်သော်လည်း နောက်ထပ်တွေ့ကြုံသော မတရား ပစ္စည်းရှာမှုကို ရှောင်ကြဉ် နိုင်လျှင် အဘိဓမ္မာ သမ္မာအာဇီဝ ဖြစ်နိုင်ပါသေး၏” ဟု ဆိုလိုသည်။

ထို့ကြောင့့်် သုတ္တန် သမ္မာအာဇီဝ ဖြစ်အောင် မတတ်နိုင်ပါလျှင် အဘိဓမ္မာ သမ္မာအာဇီဝ ဖြစ်နိုင်အောင် နောက်ထပ် မတရား ပစ္စည်းရှာမှုမှ ရှောင်ကြဉ်၍ ဤ အာဇီဝဋ္ဌမက သီလကို ထိန်းသိမ်းနိုင်ပါသေး၏။

ဘုရား လက်ထက်တော်တုန်းက “ကုက္ကုဋမိတ္တ”မုဆိုးသည် တစ်သက်လုံး မုဆိုးလုပ်၍ အသက်မွေးခဲ့သောကြောင့် သူ၏ အသက်မွေးမှုမှာ မိစ္ဆာဇီဝ ပင်တည်း။

သို့သော် ဘုရားနှင့်တွေ့သောအခါ တရားတော်ကိုနာရ၍ သား ၇-ယောက် ချွေးမ ၇-ယောက်တို့နှင့် အတူ သောတာပန် ဖြစ်လေသည်။

ထိုသူတို့သည် ရှေးက မိစ္ဆာဇီဝဖြင့် ရခဲ့သော ပစ္စည်းတွေကို ရှောင်ကြဉ် စွန့်ပစ်သည်ဟု ကျမ်းဂန်တို့၌ မလာချေ၊ စွန့်ပစ်မည်လည်း မဟုတ်၊ ထို့ကြောင့့်် တတ်သိ နားလည်သော အခါမှစ၍ မိစ္ဆာဇီဝကို ရှောင်လျှင် ဤအာဇီဝဋ္ဌမက သီလ လုံခြုံနိုင် သည်ဟု ဆိုထိုက်ပေသည်။ သူတော်ကောင်းဖြစ်လိုသူများ သတိပြုပါလေ။

မိစ္ဆာဇီဝဖြင့် ရရှိအပ်သော ပစ္စည်းများကို လှူဒါန်းရာ၌လည်း အကျိုးမရဟု မမှတ်ရ၊ ထိုက်တန်သမျှ အကျိုးရသည်သာ၊ သို့သော် ဓမ္မိယ လဒ္ဓ ပစ္စည်းများလောက်ကား အကျိုးပေး မထက်သန်လှချေ။

ရဟန်းများ၏ အာဇီဝ

▬▬

ရဟန်းများ၌ကား မတရားသဖြင့် ရအပ်သော ပစ္စည်းများကို လုံးဝ စွန့်ပယ်နိုင်မှသာ သမ္မာအာဇီဝ ဖြစ်သည်။ ဆေးကုမှု ဗေဒင်ဟောမှု ကြည်ညိုအောင် ဟိတ်ဟန်ဆောင်မှု စသော မတရားမှုဖြင့် ရအပ်သော ပစ္စည်းကို သုံးစွဲနေလျှင် သုံးတိုင်း သုံးတိုင်း အာပတ် သင့်ရုံမက ထိုပစ္စည်းများကို အခြား ရဟန်းတော်များ သုံးလျှင်လည်း အာပတ်သင့် သည်သာ။

ထို့ကြောင့့်် ရဟန်းတော်များ၏ မိစ္ဆာဇီဝသည် လူတို့၏ မိစ္ဆာဇီဝထက် သာ၍ အပြစ်ကြီးသည်ဟု မှတ်ပါ။

ထို့ကြောင့့်် တကယ်စင်စစ် သူတော်ကောင်း ဖြစ်လိုသူမှန်လျှင် လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ မိစ္ဆာဇီဝကို အထူးရှောင်ကြဉ်လျက် သမ္မာအာဇီဝဖြစ်အောင် အသက် မွေးကာ ဤ အာဇီဝဋ္ဌမက သီလကို စောင့်ထိန်းမှသာ အစစ်အမှန် သူတော်ကောင်းဟု ဆိုထိုက်ရကား သူတစ်ပါးမြင်လှို ကောင်းရုံကောင်းသော သူတော်ကောင်း မဟုတ်ဘဲ အစစ်အမှန် သူတော်ကောင်းဖြစ်အောင် ကိုယ်တိုင် ကြိုးစားကြပါကုန်။

နဝင်္ဂဥပုသ်သီလအဖွင့်

▬▬

ကျက်မှတ်ရန် ဆောက်တည်ပုံ

▬▬

အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ၊ ဒုတိယမ္ပိ တတိယမ္ပိ စသည်ကို ဆက်၍ ဥစ္စာသယန မဟာသယန တိုင်အောင် ရှစ်ပါး သီလအတိုင်း ဆိုပါ။

ထိုနောက်“ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗာဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ” ဟု ဆောက်တည်ရာ၏။

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

▬▬

နဝင်္ဂသမန္နာဂတံ၊ အင်္ဂါ ၉-ပါးနှင့် ပြည့်စုံသော”

ဟုဆိုပါ၊ ထို့နောက် ရှစ်ပါးသီလအတိုင်း ဆို၍ မေတ္တာအတွက် -

ယထာဗလံ၊ စွမ်းနိုင်သလောက်။
မေတ္တာသဟဂတေန၊ မေတ္တာနှင့်တကွဖြစ်သော။
စေတသာ၊ စိတ်ဖြင့်။
သဗ္ဗာဝန္တံ၊ အလုံးစုံ သတ္တဝါ အပေါင်းရှိသော။
လောကံ၊ သတ္တလောကကို။
ဖရိတွာ၊ ပျံ့နှံ့စေ၍။
ဝိဟရာမိ၊ နေပါအံ့။”

“စွမ်းနိုင်သမျှ မေတ္တာစိတ်ဖြင့် သတ္တဝါတို့အပေါ်၌ ဖြန့်၍ နေပါမည်”ဟု ဆိုလိုသည်။

အမှာ

အချို့ကား “မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏ ဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ” ဟု ဆောက်တည်ပုံကို ပြကြ၏။

ဤကျမ်း၌ကား ပါဠိတော်နှင့် ညီနိုင်သမျှ ညီအောင် “သဗ္ဗာဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ”ဟု ပြလိုက်ပါသည်။

နဝဂ်

[နဝ + အင်္ဂ။ န၀ = ၉-ပါး + အင်္ဂ = အင်္ဂါအစိတ်အပိုင်း၊ အစိတ်အပိုင်း အားဖြင့် ၉-ပါးရှိသော သိက္ခာပုဒ်များ။]

ဤ အင်္ဂါ ၉-ပါး ရှိသော ဥပုသ်ကို “နဝင်္ဂဥပုသ်”ဟု ခေါ်သည်။

ယခုကာလ အများစောင့်သုံးရိုး ရှစ်ပါးသီလတွင် မေတ္တာကိုထည့်လျှင် ၉-ပါး သီလ“နဝင်္ဂဥပုသ်”ဖြစ်၏၊ ဤနဝင်္ဂဥပုသ်မှာ နဝက အင်္ဂုတ္တိုရ် ပါဠိတော်၌ တိုက်ရိုက် လာ၏။

နဝင်္ဂဥပုသ်၌ မေတ္တာကို ထည့်ထားခြင်းမှာလည်း ထိုခေတ်က ဥပုသ်သည်တို့၏ အလိုကျအောင် ထည့်ရခြင်း ဖြစ်သည်။

စင်စစ်မှာ - ပါဏာတိပါတစသော သိက္ခာပုဒ်များကဲ့သို့ မေတ္တာသည် သိက္ခာပုဒ် တစ်ပါး မဟုတ်ပါ၊ “ပါဏာတိပါတမှ ရှောင်ကြဉ်ပါ၏”ဟု ဆောက်တည်ရာ၌ တစ်နေ့လုံး ရှောင်ကြဉ်နိုင်သလို “မေတ္တာဖြင့်နေပါမည်””ဟု ဆောက်တည်သူသည် တစ်နေ့လုံး မေတ္တာစိတ်ဖြင့် မနေနိုင်။

ထို့ကြောင့် မေတ္တာသည် သိက္ခာပုဒ် မဟုတ်။ သို့သော် မေတ္တာကို အမွှမ်းတင်လျက် စောင့်အပ်သော ဥပုသ်သည် ရိုးရိုးဥပုသ်ထက် အကျိုးများသောကြောင့် မေတ္တာနှင့် တကွသော နဝင်္ဂဥပုသ်ကို ဘုရားလက်ထက်တော် မှာပင် အချို့စောင့်သုံးကြသည်။

စောင့်ထိန်းရပုံ

▬▬

ဤ နဝင်္ဂဥပုသ်ကို စောင့်ထိန်းလိုသူသည် သီလ ဆောက်တည်ပြီးနောက် စားဖွယ်, သောက်ဖွယ်ကို စားသောက်ပြီးလျှင် ဆိတ်ငြိမ်ရာအရပ်၌ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများနေမှသာ နဝင်္ဂဥပုသ်ကို ကျနစွာ စောင့်သုံးရာ ရောက်မည်။

ယခု တွေ့ရသလောက်ကား နဝင်္ဂဥပုသ်ကို ခံယူပြီးနောက် အိမ်ရောက်လျှင် သားသမီး စသူတို့ကို ဆူပူကြိမ်းမောင်းလျက် ဒေါသထွက်ရ၏၊ မိမိနှင့် မတဲ့သူများကို တွေ့ရ မြင်ရ၍ ဒေါသဖြစ်ရ၏။

မေတ္တာ”ဆိုသည်ကား ဒေါသနှင့် ဆန့်ကျင်ဘက်တည်း။ ထို့ကြောင့် အမှတ်တမဲ့ ဒေါသဖြစ်လျှင် ဆောက်တည်မှု မပျက်ရအောင် “ယထာဗလံ = စွမ်းနိုင်သမျှ မေတ္တာဖြင့် နေပါမည်” ယထာဗလံပုဒ်ကို ထည့်၍ နဝင်္ဂဥပုသ် ဆောက်တည်ပုံကို ပြလိုက်ရပါသည်။

ဆယ်ပါးသီလအဖွင့်

▬▬

ကျက်မှတ်ရန်

ခံယူဆောက်တည်ပုံ

▬▬

အဟံ ဘန္တေ တိသရဏေန သဟ ဒသ ဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ၊ (ဒုတိယမ္ပိ စသည် ဆက်၍ ဆိုပါ။ ဝိကာလ ဘောဇန တိုင်အောင် ရှေ့သိက္ခာပုဒ် ၆-ပါးကို ၈-ပါးသီလအတိုင်း ဆိုပါ။)

၇။ နစ္စ ဂီတ ဝါဒိတ္တ ဝိသူက ဒဿနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

၈။ မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ

၉။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ

ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်

▬▬

ဘန္တေ၊ အရှင်ဘုရား။
အဟံ၊ အကျွန်ုပ်သည်။
တိသရဏေန၊ သရဏဂုံသုံးပါးနှင့်။
သဟ၊ တကွ။
ဒသဂဟဋ္ဌသီလံ၊ လူတို့၏ ဆယ်ပါးသီလဖြစ်သော။
ဓမ္မ၊ သိက္ခာပုဒ်တရားတော်ကို။
ယာစာမိ၊ တောင်းပါ၏။

(နစ္စ ဂီတ စသည်တို၏အနက်ကို ရှစ်ပါးသီလ၌ပြခဲ့ပြီ၊)

ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ၊ ရွှေငွေကိုကိုင်ခြင်း ခံယူခြင်း စီမံခြင်းမှ။
ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို။
သမာဒိယာမိ၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

[ဥစ္စာသယန မဟာသယန အထိ ၈-ပါးသီလ၌ ဖွင့်ပြခဲ့ပြီ။]

နစ္စ ဂီတနှင့် မာလာဂန္ဓ ခွဲခြင်းအကြောင်း

▬▬

နစ္စ ဂီတ သိက္ခာပုဒ်အရ ကခြင်း သီဆိုခြင်း, တီးမှုတ်ခြင်းမှ ကြည့်ရှုနားထောင်ခြင်း တို့သည် တစ်ခုနှင့်တစ်ခု သဘောချင်း ဆက်သွယ်နေ၏၊ ထို့ကြောင့် ထိုအမှုများမှ ရှောင်ကြဉ်ခြင်းကို သိက္ခာပုဒ် တစ်ပါး အဖြစ်ဖြင့် ထားသည်။

မာလာဂန္ဓ သိက္ခာပုဒ်အရ ပန်းပန်မှု စသည်တို့လည်း တစ်ခုနှင့်တစ်ခု သဘောချင်း ဆက်သွယ်လျက်ရှိ၏။ ထို့ကြောင့် ပန်းပန်မှုစသည်မှ ရှောင်ကြဉ်ခြင်းကို သိက္ခာပုဒ် တစ်ပါးအဖြစ်ဖြင့် ထားရသည်။

နစ္စ ဂီတ သိက္ခာပုဒ်၌ ပါဝင်သော အမှုများနှင့် မာလာဂန္ဓ သိက္ခာပုဒ်၌ ပါဝင်သော အမှုများကား တစ်ခုနှင့်တစ်ခု သဘောချင်း မဆက်သွယ်လှ။ ထို့ကြောင့် နစ္စ ဂီတနှင့် မာလာဂန္ဓဆိုင်ရာကို ခွဲခြား၍ သိက္ခာပုဒ် ၂-ပါး ဖြစ်ရပေသည်။

ရှစ်ပါးသီလ၌ကား နစ္စ ဂီတဆိုင်ရာ၊ မာလာဂန္ဓဆိုင်ရာ ၂-ရပ်လုံးကိုပင် (ရှစ်ပါးဖြစ်အောင်) ပေါင်းစပ်ထားရသည်၊ ဆိုလိုရင်းကား နစ္စ ဂီတနှင့် မာလာဂန္ဓတို့ သိက္ခာပုဒ် ၂-ပါးအဖြစ်ဖြင့် ဧကန်ခွဲခြားသင့်၏။

သို့သော် ရှစ်ပါးသီလ၌ကား ရှေးရိုးစဉ်လာ ထုံးစံအားဖြင့် ၉-ပါးမဟုတ် ၈-ပါးသာ ဖြစ်၍ ထိုရှစ်ပါးတွင် အားလုံးပါဝင်ဖို့ရာ နစ္စဂီတနှင့် မာလာဂန္ဓတို့ ပေါင်း၍ ဆောက်တည်ရသည်ဟု ဆိုလိုသည်။

ဤကား ဤကျမ်း၏ အကြံတည်း။

သည့်ထက်ကောင်းမွန်၍ သေချာသော အကြံကိုလည်း ပညာရှိတို့ ကြံစည်ကြပါလေ။

ဇာတရူပသိက္ခာပုဒ်အဖွင့်

▬▬

ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ

[ဇာတရူပ = ရွှေ + ရဇတ = ငွေ + ပဋိဂ္ဂဟဏ = ခံယူခြင်း]

ဇာတရူပအရ ရွှေတုံး ရွှေခဲသာမက, ရွှေဖြင့် ပြုလုပ်ထားသော အဝတ် တန်ဆာ အားလုံးကိုပင် မခံယူရ၊ ရဇတ အရလည်း ငွေအသပြာသာမက ရောင်းဝယ် သုံးစွဲရိုး ဖြစ်သော ငွေစက္ကူပိုက်ဆံ အားလုံးကိုပင် မခံယူရ၊ ပဋိဂ္ဂဟဏ အရ လက်ဖြင့်ကိုင်ခြင်း ခံယူခြင်းသာမက ရှောင်ကြဉ်ဖွယ် ၅-မျိုးကို ကျမ်းဂန်တို့၌ပြသည်။

ဤနေရာ၌ လွန်စွာထင်ရှား ပြတ်သားသော လယ်တီ ဆရာတော်ဘုရားကြီး၏ သီလဝိနိစ္ဆယ အခန်းတစ်ခန်းကို ထုတ်ပြပါအံ့။

ရွှေငွေ ရတနာနှင့်စပ်၍ ဝိနည်းတော်၌ ပယ်တော်မူသော အမှု ၅-ပါးရှိ၏။

၁။ ဥဂ္ဂဟ တစ်ပါး
၂။ ဥဂ္ဂဟာပဏ တစ်ပါး
၃။ ဥပနိက္ခိတ္တသာဒယန တစ်ပါး
၄။ ဒုဗ္ဗိစာရဏ တစ်ပါး
၅။ အာမသန တစ်ပါး၊
ထိုတွင် -

၁။ အရှင်မရှိသော ရွှေ ငွေ ရတနာကို တွေ့မြင်၍ ကိုယ်တိုင် ကိုင်ယူခြင်းသည် လည်းကောင်း, လက်ရောက် လှူသည်ကို ကိုယ်တိုင်ခံယူခြင်းသည် လည်းကောင်း ဥဂ္ဂဟ မည်၏။

[ဥဂ္ဂဟ = ကိုယ်တိုင် ခံယူခြင်း။]

၂။ အရှင်မရှိသော ရွှေ ငွေ ရတနာကို တွေ့မြင်၍ (သို့မဟုတ် လာလှူ၍) မိမိဖို့ရာ သူတစ်ပါးကို အယူခိုင်းခြင်းသည် လည်းကောင်း မိမိဖို့ရာ သူတစ်ပါးကို အလှူခိုင်းခြင်း သည်လည်းကောင်း ဥဂ္ဂဟာပဏ မည်၏။

[ဥဂ္ဂဟာပဏ = ယူစေခြင်း။]

၃။ ဒါယကာက ရွှေ ငွေ ရတနာကို ယူဆောင်ခဲ့၍ ရဟန်း၏ရှေ့၌ ချထားပြီးလျှင် ဤရွှေ ငွေကို အလိုရှိရာ သုံးဆောင်တော်မူပါဟု လည်းကောင်း၊

သင်္ကန်းဖိုးပါ ဖိနပ်ဖိုးပါ ရထားခ သင်္ဘော ခပါဟု လည်းကောင်း လျှောက်၍ လှူသည်ကို ကိုယ် နှုတ်ဖြင့်မပယ်ဘဲ စိတ်ဖြင့်သာ ခံယူခြင်းသည်လည်းကောင်း၊

ဒါယကာက မိမိ၏ အိမ်တွင်သော် လည်းကောင်း တစ်ပါးသော ဌာန၌သော် လည်းကောင်း ရှိ၍နေသော ရွှေငွေကို ကိုယ်တော် အလိုရှိသောအခါ ယူပါ-သုံးပါ” ဟူ၍ လှူသည်ကို ကိုယ်နှုတ်ဖြင့် မပယ်ဘဲ စိတ်ဖြင့် သာယာ ခံယူခြင်းသည် လည်းကောင်း၊

ဥပနိက္ခိတ္တ သာဒယန မည်၏။

[ဥပနိက္ခိတ္တ = ဘဏ်စသည်၌ ထားအပ် အနီး၌ ထားအပ်သည်ကို + သာဒယန = သာယာခြင်း။

၄။ ကပ္ပိယနည်းလမ်းဖြင့် ရှိနေသော (ကပ္ပိယထံ ဝိနည်းတော်နှင့်အညီ အပ်နှံ ထားသော) ရွှေငွေကို “ဤရွှေငွေဖြင့် ဘယ်ဟာ ဝယ်လော့ ဘယ်လောက်ပေး လိုက်လော့ သေတ္တာထဲမှာ ထားလိုက်လော့ ထုတ်လိုက်လော့ ယူလိုက်လော့” အစ ရှိသည်ဖြင့် စီမံခြင်းသည် ဒုဗ္ဗိစာရဏ မည်၏။

[ဒု = မကောင်းသော (ဝိနည်းတော်နှင့် မလျော်သေ) + ဝိစာရဏ = စီမံခြင်း။]

၅။ သူတစ်ပါးဥစ္စာဖြစ်သော ရွှေ ငွေကိုပင် သာယာသောစိတ်ဖြင့် ထိပါး သုံးသပ်ခြင်း သည် အာမသန မည်၏၊ (ကိုယ့်ဥစ္စာကို သုံးသပ် ကိုင်ရာ၌ကား ပြောဖွယ်မလို၊)

[အာမသန = သုံးသပ် ထိပါးခြင်း၊ မသာယာဘဲ မတော်တဆ ထိမိလျှင် အပြစ် မရှိပါ။]

ရဟန်းသာမဏေတို့မှာ ဤ ၅-ပါးစလုံးကို လွတ်ကင်းစေရ၏။

လူဖြစ်စဉ်က ရှိနေသော ရွှေငွေရတနာ, ကပ္ပိယ နည်းလမ်းဖြင့် ရဟန်းဖြစ်မှရသော ရွှေငွေရတနာတို့ကို ထိုအချက်တို့မှ လွတ်ကင်းစေ၍ ကပ္ပိယ နည်းလမ်းဖြင့် နေရာတကျ ပြုပြင်ပြီးလျှင် အသက်ထက်ဆုံး စိတ်ဖြင့်သာယာ၍ ထိုရွှေငွေမှ ဖြစ်သော ကပ္ပိယဘဏ္ဍာ (အပ်သောပစ္စည်း) များကို သုံးဆောင်၍ နေငြားသော်လည်း ဝိနည်းတော်နှင့် အပြစ်ဆိုခွင့်မရှိပြီ။

ဆယ်ပါးသီလ စောင့်ထိန်းကြသူတို့မှာလည်း ထို ၅-ပါးသော အမှုတို့ကို လွတ်ကင်း စေလျှင် ပြီးတော့သည်၊ နဂိုက ရှိ၍နေသော ရွှေငွေရတနာတို့ကို စိတ်သက်သက်ဖြင့် အာရုံပြုကာ (ရွှေငွေ)ဟု သာယာသော်လည်း အပြစ်မရှိ၊ သိက္ခာပုဒ်မပျက်၊

ဤကား လယ်တီဆရာတော်ဘုရားကြီး၏ သီလဝိနိစ္ဆယမှ ထုတ်နုတ်ဖော်ပြ ချက်တည်း။

ဤအချက်ကို ထောက်၍ ဆယ်ပါးသီလ စောင့်သူ လူတို့သည် မိမိ၌ရှိသော ရွှေငွေကို ယုံကြည်လောက်သူ အထံ အပ်၍ ထားရမည်၊

ဆယ်ပါးသီလ စောင့်ထိန်းသည့် အတောအတွင်းမှာ ထိုရွှေငွေကိုမကိုင်ရ၊ “ဖယ်ထား လိုက်ပါ။ သိမ်းထားလိုက်ပါ” ဟုလည်း မပြောရ၊ ထိုရွှေငွေဖြင့် “ဘာဝယ်လိုက်ပါ” စသည်ကိုလည်း မပြောရ၊

မိမိအသုံးလိုနေသော ပစ္စည်းကိုသာ “ဘာလိုချင်သည် ဘာစားချင်သည်” စသည်ဖြင့် ပြောဆိုရမည်။ သူတစ်ပါးက ငွေလာပေးခဲ့သေ၌ ထိုငွေကို ကိုယ်တိုင်လည်း မယူရ, သူများကိုလည်း မခိုင်းရ၊ နားလည်သူတစ်ယောက် (သို့မဟုတ် ကပ္ပိယလုပ်သူက) ယူထားလျှင် မိမိမှာ အပြစ်မရှိပါ၊ စာတိုက်မှ မန်းနီးအော်ဒါလာလျှင် ငွေရရှိကြောင်း လက်မှတ်ထိုးရုံဖြင့် အပြစ်မရှိပါ၊

လက်မှတ်ထိုးပြီးနောက် စာပို့ကပေးသော ငွေကိုသာ ကိုယ်တိုင်လည်း မကိုင်မယူနှင့် သူများကိုလည်း အယူမခိုင်းနှင့်၊ နားလည်သူ ကပ္ပိယက ယူထားလျှင် မိမိမှာ အပြစ် မရှိပါ၊

၁၀-ပါးသီလ စောင့်ထိန်းနေ သောအခါ “ရွှေငွေသာမက စိန် ကျောက် ပုလဲ ပတ္တမြား စသော ရတနာများကိုလည်း မကိုင်မခံရချေ။

ဤ ၁၀-ပါးသီလနှင့် စပ်၍ စောင့်ကောင်း - မစောင့်ကောင်း ဝါဒကွဲပြား၏၊

တချို့က သစ်ခေါက်ဆိုး ဝတ်၍ အမြဲစောင့်နိုင်မှ စောင့်ကောင်း သည်ဟု ဆိုကြ၏၊

တချို့ကလည်း မိမိ၌ ရှိသော ရွှေ ငွေ ဥစ္စာ များကို စွန့်ပစ်နိုင်မှ စောင့်ကောင်းသည်ဟု ဆိုကြ၏၊

သို့သော် ဒက္ခိဏေယျ သံဃာ့ ဂုဏ်တော်၌ ပြခဲ့သော မင်းသားတို့ကား မိမိ၌ရှိနေသော ရွှေငွေပစ္စည်းများကို တစ်ခါတည်း ပြတ်အောင် သူတစ်ပါးအား အပိုင်မပေးကြဘဲ ကပ္ပိယထံ အပ်နှံထားရုံမျှဖြင့် (တစ်စုံ တစ်ခုကိုမျှလည်း မစီမံတော့ဘဲ) ဆယ်ပါးသီလ စောင့်ကြပေသည်။

ထို့ကြောင့့်် ရွှေငွေဥစ္စာကို လုံးဝမစွန့်ပစ်ဘဲ ကပ္ပိယထံ အပ်နှံထားရုံမျှဖြင့် တစ်နေ့ တစ်ရက်ဖြစ်စေ ဆယ်ပါးသီလ စောင့်ကောင်းကြောင်းကို ဆရာများ ဆုံးဖြတ်ကြသည်၊ အဘိဓမ္မာသဖြင့် စဉ်းစားလျှင်လည်း ကုသိုလ်စိတ် ပို၍ ဖြစ်ဖွယ်ရာ ရှိသဖြင့် မစောင့်ကောင်းစရာ အကြောင်း မမြင်ပါ။

သို့သော် လက်မှာ ရွှေလက်စွပ် စသည်ကို ဝတ်ခြင်း၊ နားမှာလည်း ပန်ဆင်ခြင်းသည် မာလာဓာရဏတွင် ပါဝင်သောကြောင့် ဆယ်ပါးသီလကို မဆိုထားဘိ ရှစ်ပါးသီလ နှင့်ပင် မသင့်လျော်ချေ။

ဒုစရိုက်-သုစရိုက် အဖွင့်

▬▬

(ဒု = မကောင်းသော + သု = ကောင်းသော + စရိတ = စရိုက် အကျင့်။)

ထို ဒုစရိုက် သုစရိုက် ၁၀-ပါးစီ ရှိ၏။ ထိုတွင်...

ကာယကံ ၃-ပါး

▬▬

၁။ ပါဏာတိပါတ = သူ့ အသက်သတ်မှု။

၂။ အဒိန္နာဒါန = သူဥစ္စာခိုးမှု။

၃။ ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ ယုတ်ယုတ်မာမာ ကျင့်မှု။

ဒုစရိုက် ဝစီကံ ၄-ပါး

▬▬

၄။ မုသာ = မုသားပြောမှု။

၅။ ပိသုဏဝါစာ = ချောပစ်ကုန်းတိုက်မှု

[ချစ်သူ ၂-ဦး ကွဲသွားအောင် သို့မဟုတ် မိမိအား ချစ်ခင်လာအောင် ချစ်သူ ၂-ဦးကို ရန်တိုက်ပေးမှု။]

၆။ ဖရုသဝါစာ = အယုတ်တမာ ဆဲဆိုမှု။

၇။ သမ္ဖပ္ပလာပ = ပိန်ဖျင်းသောစကားကို ပြောဆိုမှု။

စပါးပိန် စပါးဖျင်းသည် အတွင်း၌ အနှစ်အဆန် မရှိသကဲ့သို့ အနှစ်လည်း မဖက် အနက်အဓိပ္ပာယ်လည်း မဟုတ်မမှန်, ဒဏ္ဍာရီဝတ္ထုသွား “ရွှေယုန်နှင့် ရွှေကျားတို့ သက်ကယ်ရိတ် သွားရောတဲ့” စသော စကားတည်း။

မဟုတ်သော်လည်း ဥပမာသဘောဖြင့် အကျိုးရှိအောင် ပြောဆို ရေးသားမှုမျိုးမှာ “သမ္မပ္ပလာပ”မဖြစ်ပါ။

ဒုစရိုက် မနောကံ ၃-ပါး

▬▬

၈။ အဘိဇ္ဈာ
= သူတစ်ပါး၏ စည်းစိမ်ကို “ငါ့ဟာ ဖြစ်လျှင် ကောင်းလေစွ”ဟု မတရား ကြံစည်မှု၊
[တောင်း၍ ငှား၍ ဝယ်၍ ယူမည်ဟု ကြံစည်မှုမှာ အဘိဇ္ဈာ အပြစ် မရှိ။]

၉။ ဗျာပါဒ
= သေကြေပျက်စီးသွားလျှင် ကောင်းလေစွဟု သူတစ်ပါးကို ပြစ်မှားမှု။

၁၀။ မိစ္ဆာဒိဋ္ဌိ
= အယူမှားမှု။
[ကံကံ၏အကျိုးမယုံမှု။]

ဤ ဒုစရိုက် ၁၀-ပါးကို “အကုသလ ကမ္မပထ ၁၀-ပါး” ဟု လည်း ခေါ်၏၊ “အပါယ်ရောက်ကြောင်း မကောင်းသော လမ်းဖြစ်သော အကုသိုလ်ကံများ” ဟူလို၊

ထိုဆယ်ပါးကို -
၁-ကိုယ်တိုင်ပြုလုပ်ခြင်း “သာဟတ္ထိက
၂-သူတစ်ပါးကို အပြုခိုင်းခြင်း “အာဏတ္တိက
၃-ဒုစရိုက်ပြုလျှင် ရနိုင်မည့် လောကီအကျိုးကို ပြောပြခြင်း “ဝဏ္ဏဘာသန
၄-သူတစ်ပါးတို့ အလို အလျောက် ပြုနေသည်ကို သဘောတူခြင်း “သမနုည

ဤ ၄-မျိုးဖြင့် မြှောက်လျှင် ဒုစရိုက် ၄၀-ဖြစ်၏။

[ဆောင်]

၁။ သက်သတ် ခိုးမှု၊ ကာမေသု၊
သုံးခု ကာယကံ။

၂။ လှည့်စား ရန်တိုက်၊ မိုက်မိုက် ကန်းကန်း၊
နှုတ်ကြမ်းလေခြင်း၊ ပိန်ဖျင်းစကား၊
ပြောဆိုငြား၊ လေးပါး ဝစီကံ။

၃။ သူ့ဥစ္စာမှန်၊ မတရားကြံ၍၊
ဖောက်ပြန်သေကြေ၊ ပျက်စေလိုငြား၊
အယူမှား၊ သုံးပါးမနောကံ။

သုစရိုက် ကာယကံ ၃-ပါး

▬▬

၁။ ပါဏာတိပါတဝိရတိ = ပါဏာတိပါတမှ ရှောင်ကြဉ်မှု။

၂။ အဒိန္နာဒါနဝိရတိ = အဒိန္နာဒါနမှ ရှောင်ကြဉ်မှု။

၃။ ကာမေသုမိစ္ဆာစာရဝိရတိ = ကာမေသုမှ ရှောင်ကြဉ်မှု။

သုစရိုက် ဝစီကံ ၄-ပါး

▬▬

၄။ မုသာဝါဒဝိရတိ = မုသာဝါဒမှ ရှောင်ကြဉ်မှု။

၅။ ပိသုဏဝါစာဝိရတိ = ပိသုဏဝါစာမှ ရှောင်ကြဉ်မှု။

၆။ ဖရုသဝါစာဝိရတိ = ဖရုသဝါစာမှ ရှောင်ကြဉ်မှု။

၇။ သမ္ဖပ္ပလာပဝိရတိ = သမ္ဖပ္ပလာပမှ ရှောင်ကြဉ်မှု။

သုစရိုက် မနောကံ ၃ပါး

▬▬

ဂ။ အနဘိဇ္ဈာ = အဘိဇ္ဈာကို မပြုခြင်း။

၉။ အဗျာပါဒ = ဗျာပါဒကို မပြုခြင်း။

၁၀။ သမ္မာဒိဋ္ဌိ = ကောင်းသောအယူကို ယူခြင်း၊

ဤသုစရိုက် ၁၀-ပါးကို “ကုသလကမ္မပထ ၁ဝ-ပါး”ဟုလည်း ခေါ်၏။

[ပထ = လူ့ပြည် နတ်ပြည်သို့ ရောက်ကြောင်း။]

၁-ကိုယ်တိုင်ပြုခြင်း
၂-သူများကိုပြုဖို့ရန် စေခိုင်းခြင်း
၃-သုစရိုက်၏အကျိုးကို ပြောပြခြင်း
၄-သူတစ်ပါးတို့ အလိုအလျောက်ပြုနေသည်ကို သဘောတူခြင်း

ဤ ၄-မျိုးဖြင့်မြှောက်လျှင် ၄၀- ဖြစ်၏။

[ဆောင်]

ဒုစရိုက်နှင့်၊ သုစရိုက်ပြိုင်၊
ဤဆယ်ခိုင်ကို၊ ကိုယ်တိုင်ပြုငြား၊
သူများ ခိုင်းတုံ၊ ဂုဏ်ကို ပြောပြ၊
ဝမ်းမြောက် ကြပြန်၊ လေးဆယ်မှန်၊
မြှောက်ဟန် သဘောပိုက်။

ပုညကိရိယဝတ္ထု အဖွင့်

▬▬

[ကိရိယ = ပြုထိုက်သော + ဝတ္ထု = စီးပွားချမ်းသာ၏ တည်ရာ။]

စီးပွားချမ်းသာ နောင်သံသရာအကျိုး၏ တည်ရာဖြစ်၍ စင်စစ်ပြုထိုက်သော ကုသိုလ် ကောင်းမှုများလည်း ၁ဝ-ပါးပင် ရှိ၏။

၁။ ဒါန = စွန့်ကြဲပေးကမ်း လှူဒါန်းမှု။

၂။ သီလ = ဆိုင်ရာသီလများကို စောင့်ထိန်းမှု။

၃။ ဘာဝနာ = ဘုရားဂုဏ်တော် စသည်ကို အာရုံပြုနေမှု၊ (ကမ္မဋ္ဌာန်း အားထုတ်မှု။)

၄။ အပစာယန = ရိုသေထိုက်သူကို ရိုသေမှု။

၅။ ဝေယျာဝစ္စ = သူတစ်ပါး၏ ကုသိုလ်ကိစ္စ၌ ကူညီမှု။

၆။ ပတ္တိဒါန = မိမိ ကုသိုလ်အဖို့ကို အမျှဝေမှု။

၇။ ပတ္တာနုမောဒန = သူတစ်ပါးက အမျှ ပေးဝေသောအခါ ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်မှု။

၈။ ဓမ္မဿဝန = တရားစကားကို နားထောင်မှု။

၉။ ဓမ္မဒေသနာ = ပစ္စည်းလာဘ် မငဲ့ဘဲ တရားဟောမှု။

၁၀။ ဒိဋ္ဌိဇုကမ္မ = အယူကို ဖြောင့်မှန်စွာ ယူမှု။ (ကံ-ကံ၏အကျိုးကို ယုံကြည်မှု။)

အမျှဝေ-သာဓုခေါ်

▬▬

ပတ္တိဒါန ပတ္တာနုမောဒန ဖြစ်ပုံ - ကုသိုလ်ကောင်းမှုပြုရာ၌ မိမိကုသိုလ်ရသကဲ့သို့ အခြားလူတို့လည်း မိမိနှင့်အညီအမျှ ကုသိုလ်အဖို့ ရစေရန် ဝေငှခြင်းကို “ပတ္တိဒါန = အမျှဝေခြင်း”ဟု ခေါ်သည်။

ထိုအမျှဝေသံကို ကြားရသူတိုက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လျှင် ကောင်းမှုရှင်နှင့် အလားတူ ကုသိုလ်အဖို့ ရ၏၊ ပြိတ္တာဖြစ်နေသူကို သာဓုခေါ်ရာ၌ကား ချက်ချင်းအကျိုး ခံစားကြရ၏၊ ဝမ်းမြောက်ဝမ်းသာ မဟုတ်ဘဲ ဝတ်ကျေ တမ်းကျေ ခေါ်လျှင် တော်ရုံသာ အဖို့ရ၏။

သူတစ်ပါးလှူနိုင်သည်ကို မနာလိုလျှင်“ဣဿာ” အကုသိုလ်ပင် ဖြစ်သေး၏။

ပြခဲ့သော ပုညကိရိယဝတ္ထု ဆယ်ပါးကို ကိုယ်တိုင် ပြုခြင်းစသော ၄-မျိုးဖြင့် မြှောက်လျှင် ၄၀ - ဖြစ်၏၊

တစ်နည်း ဤ ၁၀-ပါးကို ပုဗ္ဗစေတနာ မုဉ္စစေတနာ, အပရစေတနာဟူသော စေတနာ ၃-တန်ဖြင့် မြှောက်လျှင် ပုညကိရိယဝတ္ထု ၃၀-ဖြစ်၏၊

မပြုခင် ရှေးအဖို့၌ ဖြစ်သော စေတနာကို “ပုဗ္ဗစေတနာ” ဟု ခေါ်၏။

ပြုတုန်း စွန့်လွှတ်တုန်း၌ဖြစ်သော စေတနာကို “မုဉ္စစေတနာ”ဟုခေါ်၏၊

ပြုပြီးနောက်၌ ဝမ်းမြောက်မှုကို “အပရစေတနာ” ဟု ခေါ်သည်။

ငါးပါးသီလနှင့် အာဇီဝဋ္ဌမကသီလကို စောင့်ထိန်း၍ ဒုစရိုက် ၁၀-ပါးကို ရှောင်ကြဉ် ပြီးလျှင် သုစရိုက် ၁၀-ပါး, ပုညကိရိယဝတ္ထု ၁၀-ပါးကို တွေ့ကြုံရာ၌ ပြုကျင့် အားထုတ်၍ နေသူသည် ဧကန် သူတော်ကောင်းဖြစ်၍ စင်စစ် သုဂတိဘဝကို ရပေလိမ့်မည်။

[ဆောင်]

၁။ ဒါနသီလာဘာဝနာနှင့်၊
အပစာယနာ၊ ရိုသေစွာ၊
ဝေယျာဝစ္စဖြင့်။

၂။ ပတ္တိဒါန၊ အမျှပေးဝေ၊
ခေါ်လေသာဓု၊ ပတ္တာနုမော
ဟောလေသမျှ၊ နာယူက၊
ဓမ္မဿဝနနှင့်။

၃။ ကိုယ်တိုင်ဟောပြ၊ ဓမ္မဒေသနာ
ဖြောင့်စွာယူမှု၊ ဒိဋ္ဌိဇုကမ်
ဤဆယ်တန်၊ မှတ်ရန် အဆင့်ဆင့်။

ကံ ကံ၏ အကျိုးအဖွင့်

▬▬

ဘုရားရှင်လက်ထက်တော်တုန်းက “သုဘ”လုလင်သည် လူချင်းတူပါလျက် တစ်ဦး နှင့်တစ်ဦး အကျိုးပေး ထူးခြားပုံကို မြင်ရသဖြင့် မရှင်းလင်းသည့် အတွက် မေးလျှောက်အပ်သော ပြဿနာ တစ်ဆယ့်လေးချက်ကို ဘုရားရှင် ဖြေတော်မူပုံမှာ ယခုခေတ်လူတို့ နားလည်ဖို့ ကောင်းလှသောကြောင့် ပါဠိတော် အတိုင်းဝယ် အနည်းငယ်မျှ ရှေ့နောက်ထား၍ အတိုချုပ် ရေးသားပေအံ့။

[ဆောင်]

ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊
ဆင်ပြင်သမှု၊ နေ့စဉ် ရှုသို့၊
ယခုအခန်း၊ မှန်လိုမှန်း၍၊
ရှုစမ်းစေချင်၊ စိတ်အစဉ်ကို၊
ဆင်ပြင်လေရဲ့၊ နေ့စဉ်တဲ့။

သုဘလုလင်၏ အမေး

▬▬

(က) ၁-လူချင်းတူလျက် အဘယ့်ကြောင့် အချို့မှာ အသက်တို၍၊
၂-အချို့က အသက်ရှည်ပါသနည်း။

ဘုရားရှင်၏ အဖြေ

▬▬

၁။ ဤလောက၌ အချို့သော မိန်းမတို့သည် သတ္တဝါတို့ အပေါ်၌ သနားကြင်နာ ကရုဏာ ကင်းလျက် ရက်စက်ဆိုးဝါး သူများ အသက်ကို သတ်ဖြတ်လေ့ရှိကြ၏၊ ထိုသူမျိုးသေလျှင် ငရဲသို့ ရောက်ရတတ်၏။

(ရှေးက ကုသိုလ်ကံတစ်စုံတစ်ခု၏ ထောက်ပံ့မှုကြောင့်) ငရဲသို့ မကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် ကြာရှည်နေခွင့်မရ၊ အသက်တိုရလေသည်။

၂။ ဤလောက၌ အချို့သော မိန်းမ ယောက်ျားတို့ကား သတ္တဝါတို့ အပေါ်၌ သနားကြင်နာ ကရုဏာအားကြီးလျက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြ၏၊ ထိုသူမျိုး စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏၊ နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း အသက်ရှည်စွာ တည်နေရပေသည်။

(ခ) ၃-အဘယ့်ကြောင့် အချို့မှာ အနာရောဂါများ၍၊
၄-အချို့မှာ အနာရောဂါ ကင်းရှင်းပါသနည်း။

၃။ ဤလောက၌ အချို့သော မိန်းမ ယောက်ျားတို့သည် တစ်ပါးသော သတ္တဝါကို လက်ဖြင့်သော်လည်းကောင်း ခဲ တုတ် ဓား စသောလက်နက်ဖြင့် သော်လည်းကောင်း ညှဉ်းဆဲလေ့ရှိကြ၏၊ (သေအောင်ကား မသတ်၊) ထိုသူမျိုး သေလျှင် ငရဲကျတတ်၏၊ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် ရောဂါထူပြော အနာပေါလေသည်။

၄။ ထိုကဲ့သို့ ညှဉ်းဆဲ နှိပ်စက်လေ့ မရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်ရ တတ်၏၊ နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်ကား အနာရောဂါ ကင်းရှင်း ရပေသည်။

(ဂ) ၅ - အဘယ့်ကြောင့် အချို့မှာ အရုပ်ဆိုး၍၊
၆ - အချို့မှာ အဆင်းလှပါသနည်း။

၅။ ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် အလွန် ဒေါသ ကြီးကြ၏။ အနည်းငယ် စကားပြောစရာရှိလျှင် သူတစ်ပါးကို ထိပါးပုတ်ခတ်၍ ပြောဆိုလေ့ ရှိကြ၏၊ ထိုလူမျိုးသေလျှင် ငရဲကျတတ်၏၊ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် မျက်နှာပုပ်သိုး အရုပ်ဆိုးတတ်လေသည်။

၆။ ထိုကဲ့သို့ ဒေါသမထွက်ဘဲ စိတ်စက်ကြည်လင် အစဉ်အေးမြသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏၊ နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း ကြည်လင်လှပသော အဆင်းကို ရပေသည်။

(ဃ) ၇-အဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍၊
၈-အချို့မှာ တန်ခိုးအာဏာ ကြီးမားပါသနည်း။

၇။ ဤလောက၌ အချို့သော မိန်းမ ယောက်ျား တို့သည် ဣဿာ အားကြီးကြ၏၊ ထိုသူမျိုးသေလျှင် ငရဲသို့ ကျတတ်၏၊ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် ခြွေရံစိုးမိုး တန်ခိုးနည်းပါးလေ၏။

၈။ ထိုကဲ့သို့ ဣဿာ မရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်တတ်၏။ နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်ရပြန်လျှင် နာမည်ကျော်ကြား ခြွေရံ များ၍ တန်ခိုးအာဏာ ဩဇာကြီးမားပေသည်။

ကံ ဉာဏ် ဝီရိယ

မှတ်ချက်

သူတစ်ပါး၏ ကံ ဉာဏ် ဝီရိယ အားလျော်စွာ စည်းစိမ် ဥစ္စာပေါခြင်း၊ ဂုဏ်သိန် ကြီးမားခြင်း၊ ထင်ရှားကျော်စောခြင်း၊ တတ်သိ လိမ္မာခြင်း စသည်ကို မနာလိုမှု၊ စောင်းမြောင်းမှု၊ (မျက်စောင်းထိုး၍ ကြည့်မှု) ငြူစူမှု (သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့၊ ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့) စသည်ဖြင့် နှုတ်ခမ်းစူ၍ ပြောဆိုမှုများသည် အတွင်းက ဣဿာ၏ အစွမ်းပင်တည်း။

(င) ၉-အဘယ့်ကြောင့် အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍၊
၁၀- အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။

၉။ ဤလောက၌ အချို့သော မိန်းမ ယောက်ျားတို့သည် စွန့်ကြဲ ပေးကမ်း လှူဒါန်းလေ့ မရှိကြ, မစ္ဆေရတရား အလွန် အားကြီးကြ၏၊ ထိုလူမျိုး သေလျှင် ငရဲ၌ဖြစ်တတ်၏၊ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် ဥစ္စာမဲ့မွဲ ဆင်းရဲရလေ၏။

၁၀။ ထိုသို့ မစ္ဆေရမရှိဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်ပြန်လျှင်လည်း ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပေသည်။ မိမိ၌ရှိသော ပစ္စည်း မိမိနှင့် ဆိုင်သောပစ္စည်း များကို သူတစ်ပါးနှင့် မဆက်ဆံစေလိုမှု မပေးကမ်း မလှူဒါန်းရက်မှုကိုလည်းကောင်း၊ မိမိ၏ စည်းစိမ်ဂုဏ်သိန်မျိုးကို သူတစ်ပါးရမှာ စိုးခြင်းကို လည်းကောင်း၊ “မစ္ဆေရ”ဟု ခေါ်သည်။]

(စ) ၁၁ - အဘယ်ကြောင့် အချို့မှာ အမျိုးယုတ်၍၊
၁၂ - အချို့မှာ အမျိုးမြတ်ပါသနည်း။

၁၁။ ဤလောက၌ အချို့သော မိန်းမ ယောက်ျားတို့သည် အလွန်မာန ကြီးကြ၏၊ (သူတစ်ပါးကို အထင်သေး၏၊ ကိုယ့်ကိုယ်ကို အထင်ကြီး၏။) ရိုသေ လေးစားထိုက် သူကိုမျှ ရိုသေလေးစားရမှန်း မသိတတ်၊ ထိုလူမျိုး သေလျှင် ငရဲသို့ ကျရတတ်၏၊ ငရဲ မကျဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း အောက်ကျ နောက်ကျနှင့် ယုတ်ညံ့သော အမျိုး၌ ဖြစ်တတ်သည်။

၁၂။ ထိုသို့ မာန်မာနမကြီးဘဲ ရိုသေလေးစားထိုက်သူကို ရိုသေလေးစားလေ့ ရှိသူသည် နတ်ပြည်သို့ ရောက်ရ၏၊ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း မြင့်မြတ်သော အမျိုး၌ ဖြစ်ရရိုး ရှိသည်

(ဆ) ၁၃-အဘယ့်ကြောင့် အချို့မှာ အသိ အလိမ္မာ ဉာဏ်ပညာ နည်းပါး၍၊
၁၄-အချို့မှာ ဉာဏ်ပညာ ကြီးမားပါသနည်း။

၁၃။ ဤလောက၌ အချို့သော မိန်းမ ယောက်ျားတို့သည် ပညာရှိ အထံသို့ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကို လည်းကောင်း၊ အပြစ်ရှိ မရှိ၊ မိမိ မှီဝဲထိုက် - မမှီဝဲထိုက်သော အရာ, နောင်သံသရာဝယ် ရှည်လေးမြင့် ဖွံ့ဖွံ့ ဖြိုးဖြိုး အကျိုးပေးမည့် တရား အချက် တို့ကိုလည်းကောင်း မေးမြန်းလေ့ မရှိကြ၊ ထိုလူမျိုးသည် ထင်မိထင်ရာပြုလုပ်၍ ဒုစရိုက်များသဖြင့် သေလျှင် ငရဲသို့ သွားရ တတ်၏၊ ငရဲသို့ကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် အသိအလိမ္မာ ဉာဏ်ပညာကင်း လူဖျင်း လူအ လူမိုက် ဖြစ်ရလေသည်။

၁၄။ ထိုကဲ့သို့သော တရားအချက်ကို နှစ်သက်ကြည်ဖြူ နာယူ မေးမြန်းလေ့ ရှိသူတို့ကား စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏၊ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်ရောက်ရလျှင်လည်း အသိအလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရတတ် ပေသည်

လိုရင်းအချုပ်မှာ - “ဘယ်သူ မပြု မိမိမှု” ဟူသည်နှင့်အညီ ရှေးက မိမိ ပြုခဲ့သော ကံအားလျော်စွာ ကောင်းကျိုး - မကောင်းကျိုးကို ရကြပေသည်။

ဤကား အကျဉ်းမျှသာ ဟောအပ်သော ပါဠိတော် အရတည်း၊ ဤပြခဲ့သော အမေး အဖြေများကို စဉ်းစားပြီးလျှင် ဆုတောင်းရုံမျှဖြင့် လိုရာအကျိုးကို မရနိုင်သောကြောင့် ဆုတောင်းအားလျော်စွာ သတိထားလျက် ကြိုးစား၍ ပြင်ဆင်ကြပါကုန်။

နံပါတ်စဉ်အတိုင်း ဆောင်ပုဒ်များ

▬▬

၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက် ကိုယ့်မှာတို။

၂။ မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျား အသက်ကို။

၃။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။

၄။ သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။

၅။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှ ပျက်မည်ဆို။

၆။ ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင် လှသကို။

၇။ မနာလိုပြန်၊ ဣဿာ ထန်၊ ခြံရံ ကင်းမည်ဆို။

၈။ ဣဿာ မထား၊ ဝမ်းမြောက်မြား၊ ပေါများ ခြွေရံကို။

၉။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခန်းဥစ္စာဆို။

၁၀။ စွန့်ကြဲလေ့ထုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။

၁၁။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။

၁၂။ ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။

၁၃။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်း အ ပညာဆို။

၁၄။ ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင် တတ်သိလို။

ကံ ဉာဏ် ဝီရိယအဖွင့်

▬▬

ကံ-ကံ၏ အကျိုးကို ရေးသားပြီးနောက် ဉာဏ် ဝီရိယတို့၏ အကြောင်းကို မရေးသားလျှင် မစုံလင်သေးသောကြောင့် ကံ ဉာဏ် ဝီရိယ သုံးပါးစုံ ပေါင်းလျက် အကျဉ်းအမြွက်မျှ ရေးသားဦးအံ့၊

ကံအကြောင်း

▬▬

ကမ္မ-ဟူသော ပါဠိစကားကို မြန်မာလို “ကံ” ဟု ခေါ်၏၊ ထို့ကြောင့် ကိုယ်ဖြင့် ပြုလုပ်မှု နှုတ်ဖြင့်ပြောဆိုမှု စိတ်ဖြင့် ကြံစည်မှု များကို “ကံ”ဟု မှတ်ပါ၊ ထိုကံသည် ရှေးရှေးဘဝ၌ ပြုအပ်ခဲ့သော ကံ, ယခု ဘဝမှ ပြုအပ်သောကံဟု နှစ်မျိုးရှိ၏၊

ထိုနှစ်မျိုးတို့တွင် အကျိုး တစ်ခုကို ပေးရာ၌ ရှေးရှေးကံသည် လိုရင်းအကြောင်းတည်း

ယခုဘဝကံမှာ ယခု ဘဝအတွက် ရှေးကံ အခွင့်ရအောင် သို့မဟုတ် အားရှိအောင် ကူညီ ထောက်ပံ့ရုံသာ၊ နောက်ဘဝများ၌ကား ဆိုင်ရာအကျိုးကို ကိုယ်တိုင် ပေးခွင့်ရှိသည်။

ထို ရှေးကံများသည် အလွန်အားကောင်းသောကံ သာမန်လောက်သာ အားရှိသော ကံဟု နှစ်မျိုးရှိပြန်၏။

ထိုတွင် -

၁-ကံ၏ အကျိုးပေးပုံသည် အလွန် ထင်ရှား၏၊ ဥပမာ - ရှင်ဘုရင် သူဌေးမှူးမတ် စသည်ကို ဖြစ်စေနိုင်၏။ ဆင်းရဲသားအမျိုး၌ ဖြစ်ရစေကာမူ တစ်နည်းနည်းဖြင့် ကြွယ်ဝ ချမ်းသာစေနိုင်၏၊

၂-ကံမျိုး၏ အကျိုးပေးပုံမှာ မထင်ရှားလှ၊ သူများနည်းတူ အကျိုးမျိုးကိုသာ ရစေနိုင်၏၊ ထိုကံများသည် ဤလူ့ပြည်လောက၌ မိမိတို့ချည်းသက်သက် အကျိုးပေးဖို့ ခဲယဉ်းသဖြင့် အကျိုးပေးခွင့်ရအောင် ဉာဏ် ဝီရိယနှင့် သတိ ဟူသော ပယောဂကို ကူညီပေးရသည်

ဉာဏ်အကြောင်း

▬▬

အဘိဓမ္မာနည်းအရ အကုသိုလ် အပြစ် မရှိသော တတ်သိ လိမ္မာမှုကို “ဉာဏ်”ဟု ဆိုရသော်လည်း ကံ အကျိုးပေးခွင့်သာအောင် ကြံဆောင်ရသည့် အရာ၌မူ အပြစ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တတ်သိမှု့ ပါးနပ်မှု၊ ဖျတ်လတ်သွက်လက် ချက်ချက်ချာချာနှင့် အရာရာနှံ့စပ်မှု များကို “ဉာဏ်” ဟု ခေါ်ရပေသည်၊

ထိုဉာဏ်သည် -

၁-မိမိဘာသာ တတ်သိလိမ္မာသော “ဇာတိဉာဏ်”၊
၂- နောက်မှ ဖြစ်ပေါ်လာသော “ပဝတ္တိ ဉာဏ်” ဟု နှစ်မျိုးရှိပြန်သည်။

ထိုနှစ်မျိုးတွင် “ဇာတိဉာဏ်”ရှိသူမှာ ပြောဖွယ်မလို၊ ဇာတိဉာဏ်ကို အခြေခံ၍ ပဝတ္တိဉာဏ်လည်း တိုးပွားအောင် ကြိုးစားပါလျှင် လူတွင် တစ်ယောက် ဆိုရ လောက်အောင် ထွန်းတောက်လတ္တံ့၊

ဇာတိဉာဏ် မရှိသူတို့ အတွက်မှာမူ ကျမ်းစာ အမျိုးမျိုးကို ကြည့်ရှုသင်ယူခြင်း၊ မိမိထက် တတ်သိ နားလည်သော ပညာရှိထံ ဆည်းကပ်ခြင်းတို့ဖြင့် ပဝတ္တိဉာဏ် ဖြစ်ပေါ်လာအောင် ကြံဆောင် အားထုတ်တော် ယခုအခါ စာသင်ခြင်း ဒေသန္တရ ဗဟုသုတ ရှိခြင်းတို့ကြောင့် ပဝတ္တိဉာဏ် တိုးပွားလျက် လောကီ ကြီးပွားရေး သံသရာ ကြီးပွားရေး၌ ထိပ်တန်း ရောက်နေသူများကို ကြည့်ပါ။

[နီတိပျို့]
ကောင်းစွာမရှောင်၊ နားထောင်သူကား၊
အကြားအမြင်၊ မြားမြောက် စင်၏။
ဂုဏ်အင်ပွား၍၊ ပညာလွေ့မှု၊
အောက်မေ့ဉာဏ်ဖြင့်၊ ဆင့်ဆင့် မနား၊
ကျိုးစီးပွားကို၊ ထောက်ထားစာနာ၊
သိလိမ္မာ၏။
သိပသူသည်၊ အရှည်ချမ်းသာ၊
မင်္ဂလာကို၊ အခါလေးမြင့်၊
ဆောင်နိုင်သင့်။

အသိ အလိမ္မာ ဉာဏ်ပညာနှင့် ကံ ရှိပါသော်လည်း လုံ့လ မရှိလျှင် မည်သည့် အကျိုးကိုမျှ မပြီးစေနိုင်

ဟိ၊ ထိုစကားမှန်ကြောင်းကား။
သုတ္တဿ၊ အပျင်းအားကြီး၍ တအိပ်တည်း အိပ်နေသော။
သိံ ဟဿ၊ ခြင်္သေ့၏။
မုခေ၊ ပါးစပ်ထဲသို့။
မိဂါ၊ သမင်တို့သည်။
န ပဝိသန္တိ၊ အလိုအလျောက် မရောက်လာကုန်။

ထ၍ ဖမ်းမှု လုံ့လပြုရဦးမည်”ဟူလို။
[ဟိတောပဒေသ။]

ဝီရိယအကြောင်း

▬▬

ကိစ္စတစ်ခု ပေါ်ပေါက်လျှင် မကြောက်မရွံ့ စွန့်စွန့် စားစား အားထုတ်မှုကို “ဝီရိယ - လုံ့လ”ဟု ခေါ်၏။ ဤ ဝီရိယသည် -

၁-ပင်ကို “ဇာတိဝီရိယ
၂-နောက်မှဖြစ်ပေါ်လာသော “ပဝတ္တိဝီရိယ”ဟု နှစ်မျိုးရှိ၏၊

ရှေးရှေးဘဝက ဝီရိယအထုံပါခဲ့သဖြင့် ဇာတိ ဝီရိယရှိသူမှာ ဉာဏ်ရှိပါလျှင် သူတကာ နှင့် မယှဉ်သာအောင် အကျိုး ခံစားရမည်၊

ဇာတိ ဝီရိယ မရှိသူကား ပဝတ္တိဝီရိယရှိအောင် ပြုပြင်ရပေလိမ့်မည်။

[ဆောင်]
အကျိုး အပြစ်၊ အမျိုးစစ်လျက်၊
ဆိုးညစ် ရိပျင်း၊ သူကို ကွင်း၍၊
ထန်ပြင်း လုံ့လ၊ ရှိသူ ခမူ၊....
ဝီရိယ ဧကန် တိုးမည်တည်း။

၁။ လုံ့လဝီရိယရှိလျှင် ရနိုင်မည့်အကျိုး။

၂။ လုံ့လဝီရိယမရှိလျှင် ဤဘဝ နောက်ဘဝ၌ အောက်ကျ နောက်ကျ ဖြစ်ရမည့် အပြစ်။

၃။ ငါတို့ အမျိုးသည် အထက်တန်းကျ၍ ထက်မြက်သော အမျိုး ဖြစ်ခဲ့၏၊ ငါတို့လက်ထက်ကျမှ အောက်မကျထိုက်ဟု အမျိုးအရိုးကို စိစစ် ဆင်ခြင်ရသည်

၄။ ပျင်းရိသူများကို မပေါင်းဘဲ ရှောင်ရမည်။ ထိုသူများနှင့် အပေါင်းများလျှင် “တံငါ နားနီး တံငါ”ဟူသကဲ့သို့ အပျင်းဓာတ်ကူးစက်၍ အပျင်းဘက်၌ ပါနေတတ်သည်။

၅။ လုံ့လ ပြင်းထန်သူကို ဆည်းကပ် ခယခြင်းပြုလျှင် “ဘုရားဒကာ နားနီး ဘုရားဒကာ” ဟူသကဲ့သို့ ဝီရိယဓာတ် ကူး၍ အထူး အားတက်သည်။

ငါးသုံးကောင် ဝတ္ထု

▬▬

မြစ်တစ်စင်း၌ ကံယုံ၊ ဉာဏ်ယုံ၊ ဝီရိယယုံ ငါးသုံးကောင်ရှိရာ အခါတစ်ပါး၌ တံငါသည်များ ရောက်လာလျှင် ဝီရိယယုံငါးသည် စောစောက တင်ကြို၍ အဝေးသို့ ပြေးလေ၏

ဉာဏ်ယုံငါးသည် စောစောကမပြေးဘဲ တံငါသည်များအမိတွင် သေချင်ဟန်ဆောင်၍ နေပြီးလျှင် “သေပြီ”ဟူသော အမှတ်ဖြင့် ကုန်းပေါ်ရေစပ်၌ တံငါသည်တို့ ချထား သောအခါ ရေနက်ရာသို့ အမြန် ဆင်းပြေးလေ၏

“ကံရှိသလို ဖြစ်လိမ့်မည်”ဟု ကံတစ်ခုကိုသာ ယုံသော ကံယုံငါးကား တံငါသည် များ၏ ပြုသမျှကိုခံရကာ အသက်ဆုံးရှာလေသည်

ဤငါးသုံးကောင်တို့တွင် ဝီရိယယုံး၌ လွတ်လောက်သော ကံလည်း ရှိ၏၊ ပြေးလျှင် လွတ်မည်ဟု ဉာဏ်လည်း ရှိ၏။ ထို့ကြောင့် ဝီရိယထုတ်၍ ပြေးသည့်အတွက် လွတ်၏

ဉာဏ်ယုံငါးမှာလည်း လွှတ်လောက်သော ကံနှင့် ဉာဏ်သာမက ရေထဲသို့ဆင်းပြေးမှု လုံ့လကိုလည်းပြု၏၊ ထို့ကြောင့် လွတ်၏။

ကံယုံငါးမှာ (ကံရှိစေကာမူ) ဉာဏ်နှင့် လုံ့လကို အသုံးမချသောကြောင့် အသက် ဆုံးရလေသည်

ထို့ကြောင့် ကံပေးသမျှ ပဋိသန္ဓေ နေခဲ့ရပြီးနောက် တစ်စုံတစ်ခု ကောင်းကျိုး ပေးရာ၌ -

ကံသည် ဝေးသောအကြောင်း,
ဉာဏ်သည် အလယ်ကြောင်း,
ဝီရိယသည် အနီးဆုံးသော အကြောင်း

ဟုသဘောကျပြီးလျှင် ရှေးကံ၏အကျိုးပေးမှု ကို အလေးဂရုမမျှော်လင့်ဘဲ လောကီ လောကုတ္တရာ ဆိုင်ရာ၌ အသိအလိမ္မာ ဉာဏ်ပညာတိုးပွားအောင် ကြိုးစား၍ ကိုယ်နှင့်တန်သော လုံ့လကို အသုံးချပါမူ ကျက်သရေမင်္ဂလာ အလိုအလျောက် ပေါ်ပေါက် လာပါလိမ့်မည်

ဥယျောဂီနံ၊ ကြိုးစားအားထုတ်လေ့ရှိသော။
ပုရိသသိံဟံ၊ ယောက်ျားမြတ်သို့။
လက္ခီ၊ ကျက်သရေမင်္ဂလာသည်။
ဥပေတိ၊ ကပ်ရောက်လာ၏။
(ဟိတော ပဒေသ။)

သတိအကြောင်း

▬▬

ကံအကျိုးပေးခွင့် ရအောင် ဉာဏ် ဝီရိယသာမက ထိုထိုကိစ္စ၌ အမြဲအမှတ်ရသော သတိလည်း အရေးကြီး၏၊ ပြုဖွယ်ကိစ္စကို အမှတ်မရဘဲ မေ့နေလျှင် ဉာဏ်နှင့်ဝီရိယကို အသုံးမပြုနိုင်တော့၊ ထို့ကြောင့် ပယောဂသမ္ပတ္တိကို ပြရာ၌ ဉာဏ် ဝီရိယ သတိ ၃-မျိုး လုံးကို ပြသင့်ပါသည်

[ပယောဂ = ကိုယ်မှု စိတ်မှု၏ + သမ္ပတ္တိ = ပြည့်စုံခြင်း။]

မဃဒေဝလင်္ကာမှ ထုတ်နုတ်ချက်

▬▬

၁။ ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်

၂။ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း။

၃။ ကာလ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းဟု၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏။

၄။ လုံ့လမထူ၊ ဉာဏ်မကူဘဲ၊ အယူတစောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး

၅။ ပညာဉာဏ်ဖြင့်၊ သင့်-မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့လ၊ ရှိအပ်စွတည့်၊ တံငါ့လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင်ငါးကို၊ မှတ်သားဝမ်းထဲ၊ နည်းယူ စွဲလော

၆။ ကံမွဲဉာဏ်နုံ့၊ မလုံ့မလ၊ နတ် မ-မဘူး၊ အလသမျိုး၊ အကျိုးယွင်းယို၊ အလိုရော့ရည်း၊ မကျော့ကျည်းနှင့်၊ ကိုယ်လည်း လုံ့လ၊ နတ်လည်း မ၍၊ တောင့်တကြံရာ၊ မြန်မကြာ လျှင်၊ လွယ်ကာကိစ္စ၊ ပြီးနိုင်ကြ၏။

၇၊ အန္ဓ ဗာလ၊ လူ့ထိုမျှတို့၊ ကမ္မဝီရိယ၊ မယုံကြဘူး၊ သိဝမဟေ၊ ပရမေသွာ၊ ဗြဟ္မာ ဗိဿနိုး၊ ကမ္ဘာစိုးနှင့်၊ တန်ခိုးကြီးမား၊ နတ်ဘုရားတို့၊ ပေးစားဖန်ဆင်း၊ ဖြစ်တုံလျှင်းဟု၊ ချွတ်ယွင်းသမှု၊ အမှားရှုသည်... တောင်သူ့ ယူလေ့ ယူလာတည်း။

ဤခန္ဓာကိုယ်ကြီး၏ အတွင်း၌ ကောင်းမြတ်သော အရာ မြဲခိုင်သောအရာ ဟူ၍ ဘာတစ်ခုမျှ မရှိပါ၊ အလိမ္မာစသော ဂုဏ်များကား အလွန် စင်ကြယ်၏။ မစင်ကြယ်သော ခန္ဓာကိုယ်ကြီးဖြင့် စင်ကြယ်သော ဂုဏ်သတင်းများကို ရအောင် အားထုတ်လိုက်ကြလော့

ငါတို့ ဗုဒ္ဓဘာသာဝင် များသည် မအို မသေ အမြဲနေရာ နိဗ္ဗာန်ကိုပင် မြော်မြင် မှန်းဆ၍ မရ ရအောင် အားထုတ်ကြကုန်သေး၏၊ ယခု ဘဝ ကြီးပွားရေး စီးပွားရေး ပညာရေး လောက်ကို ပဇာမူ၍ ကြောက်ရမည်နည်း၊ လုံ့လဝီရိယကင်း၍ အဖျင်းစား အပေါစား လုပ်နေသော်လည်း ဤခန္ဓာကိုယ်ကြီး ပို၍ မကျန်းမာ, ပို၍ အသက်မရှည်တော့ပြီ

စင်စစ်သော်ကား ပျင်းနေသည့်အတွက် ခန္ဓာကိုယ်မှ အခိုးအငွေ့တွေ အပြင်သို့ မထွက်ရသောကြောင့် အေးစက်စက်ဖြစ်ကာ ပို၍ မကျန်းမမာ ဖြစ်သေး၏၊ ထို မကျန်းမာမှုကြောင့် အပျင်းထူသူမှာ အသက်တိုဖွယ်သာ များ၏။ ပျင်း၍ အလုပ်-မလုပ်သူသည် သာ၍ ပျင်းစရာ ဖြစ်နေပါလိမ့်မည်

လုံ့လ ဝီရိယ မှန်မှန်ဖြင့် အလုပ်လုပ်နေသူကို လူတွေကလည်း ကြည်ညို နတ်တွေ ကလည်း စောင့်ရှောက်လို၏၊ ရှေးကံတွေကလည်း အကျိုးပေးခွင့် သာ၍ လှလှပပ အကျိုးပေးကြသည်။ ထို့ကြောင့် လုံ့လရှိသူတို့အဖို့မှာ လောကကြီး၌ ပျော်စရာကိုသာ တွေ့ရပါလိမ့်မည်

တစ်နေ့အဖို့၌ -

၁-ကုသိုလ်၊
၂-ဥစ္စာ၊
၃-ကျန်းမာရေး၊
၄- အတတ်ပညာ၊
၅-တန်ခိုးဂုဏ်သိန်၊

ဤ ၅-မျိုးတွင် တစ်မျိုးမျိုးမှ အကျိုး မရဘဲ ကုန်သွားသော နေ့သည် ဝမ်းနည်းစရာ လွန်စွာ အသုံးမကျ, မသေခင်က အသေဖြစ်ရသော နေ့ပင်တည်း

[ဆောင်]
ကုသိုလ်ဥစ္စာ၊ ကျန်းခံ့သာ၍၊
ပညာတန်ခိုး၊ တစ်မျိုးမျိုးမှ၊
အကျိုးမထွက်၊ ထိုနေ့တွက်၊
သက်သက် ဝမ်းနည်းဖွယ်

ဆုတောင်းခန်းအဖွင့်

▬▬

ယခုကာလ အမြီးအမောက် ရှေ့နောက် မတည့်ဘဲ ရောက်မိ ရောက်ရာ၊ ဆုတောင်းရှာ ကြပုံတို့ကို ကြားသိရသဖြင့် အများနှင့် သင့်လျော်စွာ သံသရာ စခန်းဝယ် နိဗ္ဗာန်နှင့် ဖြောင့်တန်းအောင် ဆုတောင်းခန်း ထည့်သွင်း၍ အကျဉ်းမျှ ပြအံ့။

[ဆောင်]
ဓာတ်မရိုက်ခင်၊ ကောင်းပြင်မှ၊
ပုံတွင်ကျန၊ ရုပ်သွင်လှသို့၊
မုချမှန်စွာ၊ သံသရာဟု၊
ကမ္ဘာရပ်ခွင်၊ ဓာတ်အပြင်၌၊
စိတ်စဉ်ကျန၊ ရုပ်သွင်လှ၍၊
ခေမ မြို့နန်း၊ အရောက်မြန်းဖို့
ပြင်စမ်းစေချင်၊ ဆုပန်းစင်ကို၊ ပန်ဆင်လေကွဲ့ - နေ့စဉ်တဲ့

၁။ ပုညေနာ နေန စညေန
သိဝံ ပတ္ထေ တဒန္တရေ
ဓီရံ ပဿေ သုဏေ မီရံ
ဓီရေန သဟ သံဝသေ

အနေန ပုညေန၊ ယခုခဏ ပြုစုရသည့် သုခအကျိုး ကောင်းမှုမျိုးကြောင့် လည်းကောင်း။
အညေန စ၊ ရှေးရှေးကပြု ကောင်းမှုထိုထို ကုသိုလ်မူလ တူသမျှကြောင့် လည်းကောင်း။
သိဝံ၊ အရိယအပေါင်း သူတော်ကောင်းတို့ ပျော်အောင်းရာမှန် အေး နိဗ္ဗာန်ကို
ပတ္ထေ ပတ္ထေေယျာမိ၊ ရည်ရွယ်လိုအင် ဆုထူးဆင်လျက် ဆောလျင် မြန်စွာ ပန်ထွာ ဆုတောင်းပါ၏။
တဒန္တရေ၊ ဆုထူးဂုဏ်အင် မစုံလင်၍ ကြုံတင်ပြရ, ဘဝဖန်ခါ, သံသရာ၌။
ဓီရံ၊ ရိုးသားထက်မြက် အချက်ချက်၌ သွက်လက် ပေတောင်း ပညာရှိ သူတော်ကောင်းကို
ပဿေ ပဿေယျာမိ၊ ထို ဤ ဘုံဓလေ့, ကြုံသရွေ့ပင် တွေ့မြင်ရပါလို၏
မီရံ၊ ပညာရှိများ ဆိုစကားကို။
သုဏေ, သုဏေယျာမိ၊ နှစ်သက် ကြည်ညို နာယူရပါလို၏
ဓီရေန၊ ရိုးသား ထက်မြက် အချက်ချက်၌ သွက်လက် ပေတောင်း ပညာရှိ သူတော်ကောင်းနှင့်။
သဟသံဝသေ၊ ရေစက်ဟောင်းချင်း အကြောင်းရင်းကြောင့် ပေါင်းသင်း နေထိုင် ရပါလို၏

[ပညာရှိ သူတော်ကောင်း ပညာရှိ သူယုတ်မာဟု နှစ်မျိုးရှိကြရာ ဤဂါထာဖြင့် -

(၁) နိဗ္ဗာန်ကို လိုအပ်သောဆုဖြင့် ရဖို့ရန်,
(၂) ပညာရှိသူတော်ကောင်းကို တွေ့မြင်ဖို့ရန်
(၃) ထိုသူ၏ စကားကို နာယူဖို့ရန်,
(၄) ထိုပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်း ဆက်ဆံမိရန် ဆုတောင်းသည်

မရိုးမသား ဆိုးရွားသော ပညာရှိသူများကား သူယုတ်မာထက်ပင် ကြောက်စရာ ကောင်း၏။]

၂။ ဓီရော အဿံ သယံစာပိ
ဓီရော ကုသလ ကရဏေ
ဥစ္စေ အဍ္ဎေ စ အခဏ္ဍ
ပဉ္စသီလောဝ ဇာတိယာ

သယံစာပိ၊ မိမိကိုယ်တိုင်ကလည်း။
ဓီရော၊ ရိုးသားထက်မြက် အချက်ချက်၌ သွက်လက်ပေတောင်း ပညာရှိ သူတော်ကောင်းသည်
အဿံ၊ စင်စစ်မကွာ, ဖြစ်ရပါလို၏
ကုသလ ကရဏေ၊ ကုသိုလ်ပြုရန် ပေါ်ပေါက်ပြန်သည်ရှိသော်။
ဓီရော၊ မကြောက်မရွံ့ နောက်မတွန့်ဘဲ သက်စွန့်ကြိုးပမ်း ရဲစွမ်းသတ္တိ လုံ့လရှိသည် ဖြစ်၍
ဇာတိယာ၊ မီးရှူးသန့်စင် ဖွားမြင်သည်မှ စ၍။
အခဏ္ဍ ပဉ္စသီလော၀၊ ကိုယ်ဝတ်သဖွယ်, မကွယ်မပ ငါးဝ ပဉ္စသီ အစဉ်တည်လျက် သာလျှင်
ဥစ္စေစ၊ ဂုဏ်သိန် မောက်မိုး မြင့်မြတ်သော အမျိုး၌လည်းကောင်း။
အဍ္ဎေ စ၊ ဥစ္စာ ပြည့်ဖြိုး ကြွယ်ဝသော အမျိုး၌လည်းကောင်း၊
အဿံ၊ တမြင့်ထဲမြင့် ဆင့်ကဲတင့်၍ အသင့်မကွာ ဖြစ်ရပါလို၏

[ဤဂါထာဖြင့် -
(၁) မိမိကိုယ်တိုင်လည်း ပညာရှိသူတော်ကောင်း ဖြစ်ရန်,
(၂) ကုသိုလ်ကောင်းမှု ပြုစုရေး၌ ရဲရင့်ရန်,
(၃) မြင့်မြတ်သောအမျိုး,
(၄) ကြွယ်ဝသော အမျိုး၌ ဖြစ်ရန်
(၅) ဝတ်ဆင်ထားအပ်သော အဝတ်ကဲ့သို့ ငယ်စဉ်က စ၍ ငါးပါးသီလ မြဲရန် ဆုတောင်းသည်

(အမျိုးမသန့်လျှင် စိတ်ဓာတ်လည်း ညံ့တတ်၏။)]

၃။ ဒဒတော မေ န ခီယေထ
ဒတွာ နာနုတပေယျ ဟံ
ဒဒံ စိတ္တံ ပသာဒေယျံ
အဒိန္နံ န ဗလံ ဟရေ

မေ၊ တပည့်တော်၏။
ဓနံ၊ စည်းစိမ်ဥစ္စာ ရတနာသည်။
ဒဒတော၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းသော်လည်း။
န ခီယေထမကုန်ခန်းနိုင်ပါစေသတည်း
ဒတွာ၊ စွန့်ကြဲပေးကမ်း လှူဒါန်းပြီး၍လည်း။
နာနုတပေယျနောင်တ တစ်ဖန် မပူပန်ရပါလို
အဟံ၊ တပည့်တော်သည်။
ဒဒံ၊ စွန့်ကြဲပေးကမ်း လှူဒါန်းဆဲ အခိုက်မှာလည်း။
စိတ္တံ၊ မိမိစိတ်ကို။
ပသာဒေယျံကြည်လင် ရွှင်လန်း ဝမ်းမြောက်စေနိုင်ရပါလို၏
အဒိန္နံ၊ ကိုယ်ထိလက်ရောက် မျက်မှောက် ကြည်ဖြူ မပြုမပေးအပ်သည်ရှိသော်။
န ဗလံ ဟရေအနိုင်အထက် နှိပ်စက်ကလူ မယူမဖျက် မခိုးဝှက်နိုင်ပါစေသတည်း

[ဤဂါထာဖြင့်
(၁) စွန့်ကြဲလှူဒါန်း၍ မကုန်ခန်းနိုင်ဖို့ရန်
(၂) ပေးကမ်း လှူဒါန်းပြီးနောက် “လှူဒါန်း ပေးကမ်းမိတာ မှားလေခြင်း” ဟု နောင်တ တစ်ဖန် မပူပန်ဖို့ရန်,
(၃) လှူဒါန်းပေးကမ်းဆဲ အခိုက်မှာလည်း ဝမ်းမြောက် ဝမ်းသာရှိဖို့ရန်,
(၄) ကြည်ကြည်ဖြူဖြူ မပေးဘဲ ရန်သူများ မဖျက်ဆီးနိုင်ဖို့ရန် ဆုတောင်းသည်

၄။ ဖုသိတေ လောက ဓမ္မေဟိ
ယထာကမ္မံ ဘဝါ ဘဝေ
ယေန စိတ္တေန ကမ္ပေန္တိ၊၊
တံ စိတ္တံ န မယိ ဝသေ

ဘဝါ ဘဝေ၊ ဘဝကြီးငယ် အသွယ်သွယ်၌။
ယထာကမ္မံ၊ ရှေးရှေးကဖန် အကြောင်းကံ အားလျော်စွာ။
လောကဓမ္မေဟိ၊ ဖြစ်က ပျက်တုံ တွေ့ကြုံရရိုး လောကဓံ တရားမျိုးတို့သည်
ဖုသိတေ၊ တစ်နေ့မထိ တစ်နေ့ထိဖြင့် တွေ့ထိနှိပ်စက်အပ်သည်ရှိသော်
ယေန စိတ္တေန၊ မတည်တံ့နိုင် မခံ့ခိုင်လတ် အကြင်သို့သော စိတ်ဓာတ်ကြောင့်။
ကမ္ပေန္တိ၊ တရားမမြင် နားမဝင်ဘဲ အားအင်ရိနွမ်း ပင်ပန်း တုန်လှုပ်ကြရလေ၏
တံ စိတ္တံ၊ ထိုကဲ့သို့သော စိတ်မျိုးသည်။
မယိ၊ တပည့်တော်၏ သန္တာန်၌။
န ဝသေတစ်ရံတစ်ဆစ်, မဖြစ်ရပါစေသတည်း

[ဤဂါထာဖြင့် ဆွေမျိုးဉာတိ စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း ဟူသော လောကဓံနှင့် တွေ့ကြုံလျှင် မတုန်လှုပ်ဖို့ ဆုတောင်းသည်။]

၅။ အဘိဇ္ဈာ ဣဿာ မစ္ဆေရ
မိစ္ဆာဒိဋ္ဌိဘိ ပါပတော
မာနကောဓာ ကာမလောလာ
ယာပျရောဂါ ဂေတော သဒါ

ပါပတော၊ အပါယ် လေးတန် ရောက်ရန်ညစ်ကျု, မကောင်းမှုဖြစ်သော။
အဘိဇ္ဈာ စ၊ သူများစည်းစိမ်ကို မတရား လိုချင်တတ်သော လောဘမှ လည်းကောင်း။
ဣဿာ စ၊ သူများဂုဏ်သိန် သူ့စည်းစိမ်ကို မမြိန်နိုင်တောင်း စောင်းမြောင်း ငြူစူ တတ်သော ဣဿာမှ လည်းကောင်း။
မစ္ဆေရ မိစ္ဆာဒိဋ္ဌိဘိ စ၊ ကိုယ့်စည်းစိမ်ကို ဝန်တိုတတ်ခြင်း မှားယွင်းသော အယူတို့မှ လည်းကောင်း။
မာန ကောဓာ၊ မောက်မာတက်ကြွ မာန်မာနနှင့် ဒေါသထန်ပြင်း, ကြမ်းတမ်းခြင်းမှ လည်းကောင်း။
ကာမလောလာ၊ ကာမဂုဏ် အာရုံတွက်ကြောင့် ရောက်ရက် ခတ်ပျော် လျှပ်ပေါ် လော်လည်ခြင်း မှလည်းကောင်း
ယာပျရောဂါ၊ ကုစားဖေးမ မအေးရအောင် ဘေးဘယစုံ အဖုံဖုံသော ရောဂါမျိုးမှ လည်းကောင်း။
သဒါဂေတော၊ ပိန်းကြာဖက်ပြင် ရေမတင်သို့ ကင်းစင်လွင့်ပျောက် မကပ်ရောက် ပါစေသတည်း

[ဤ ဂါထာဖြင့် အဘိဇ္ဈာ ဣဿာ မစ္ဆရိယ မိစ္ဆာဒိဋ္ဌိ မာန ဒေါသတို့နှင့် ကာမဂုဏ် အတွက် လျှပ်ပေါ် လော်လည်ခြင်း, အနာရောဂါ များခြင်းမှ ကင်းဖို့ရန် ဆုတောင်းသည်။]

၆ ။ ပါယေန ပေါရာဏာ သန္တာ
နေက္ခမ္မာ ဘိရတာ သဒါ
တသ္မာ နေက္ခမ္မ နိန္နောမှိ
သုဒိဋ္ဌာဒီနဝေါ ဃရေ

ပေါရာဏာ၊ ရှေးအထက်က ဖြစ်ပေါ်ကြကုန်သော။
သန္တာ၊ ပါရမီနှင့် ညာညီတင့်၍, အရင့်အမာ, လောင်းလျာ ဂိုဏ်းဝင် သူတော်စင် တို့သည်။
ပါယေန၊ တွေ့ကြ ဆုံကြ ဘုံဘဝဝယ် ကြုံရလေငြား များသောအားဖြင့်
သဒါ၊ ဖြစ်ရဖန်ခါ, သံသရာဟု ခန္ဓာဖြင့်ပိုင်း, ဘဝတိုင်း၌။
နေက္ခမ္မာ ဘိရတာ၊ ရွက်ဟောင်း ကျကြွေ ရွက်သစ်ဝေသည့် အောင်မြေရဂုံ ရိပ်မြုံ ခင်တန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်းမွေ့လျော် စံပျော်တော်မူကြလေကုန်ပြီ
တသ္မာ၊ ရှေးသောခါတွင် သူတော်စင်တို့ တောဝင်အောင်းခို ဗြဟ္မစိုရ်ဖြင့် အလိုပြည့်ဝ, ပြည့်တော်မူကြလေကုန်သောကြောင့်။
ဃရေ၊ စားသောက် နေရေး ဖွေရှာရေးနှင့် မင်းဘေးစိုးတာ လွန်စွာမြားမြောင် လူတို့ဘောင်၌။
သုဒိဋ္ဌာဒီနဝေါ၊ ပစ္စည်းဥစ္စာ အရာရာဝယ်, မရှာမကောင်း ရှာမကောင်းနှင့် မစုဆောင်းခက် စုဆောင်းခက်သည့် သက်သက် ဖြစ်ချေ အပြစ်တွေကို စစ်လေ ရိပ်မိ တွေးတိုင်းသိသည် ဖြစ်၍
နေက္ခမ္မ နိန္နော၊ အခွင့် အခါ မသင့်ပါလည်း ချင့်စာ ရော်ယမ်း တောကို မှန်းသည်
အမှိ၊ စင်စစ်မကွာ ဖြစ်ရပါလို၏

[သူတော်ကောင်းတို့သည် လူ့ဘောင်၌ နေရသော်လည်း မပျော်မွေ့ကြ။ ထို့ကြောင့် ဤဂါထာဖြင့် တောထွက်ခွင့် မရစေကာမူ ဘဝတိုင်း တောထွက်လိုသောစိတ် ဖြစ်ဖို့ရန် ဆုတောင်းသည်။]

၇။ သံသာရမှာ သာမညေန
န မုစ္စေယျ တဟိံ တဟိံ
ဂတိံ ဂတိံ ဘဉ္ဇနတ္ထာပိ
သဉ္စယဿာမိ ပါရမိံ

တဟိံ တဟိံ၊ တွေ့ကြ ဆုံကြ ဘုံဘဝဝယ် ကြုံရလေတောင်း သောင်းပြောင်း အာရုံ အဖုံဖုံ၌။
သာမညေန၊ သူများနည်းတူ သူ့မူမပျက် သူ့ထက်မသာ လိမ္မာဟန်ပြ, စံမပြလောက် သေးပါမူကား။
သံသာရမှာ၊ မဟာဗြဟ္မေ လျှာကုဋေဖြင့် ရှာဖွေမှန်းဆ ဂဏန်းပြဖို့ နှမ်းမျှ မလွယ် တကယ်မှန်စွာ မကြံသာသည့် သံသရာခရီး, ကန္တာကြီးမှ
န မုစ္စေယျ၊ ဘုန်းစ ကံချွန် သမ္ဘာမွန်၍ တံခွန်ဆောက်ကိုင် မလွန်မြောက်နိုင်သေးရာ
အမုတ္တတ္တာ၊ လွတ်ဖို့ဝေးရဲ့ မတွေးနဲ့တော့ ဘေးတကဲ့စုံ အဖုံဖုံ ဇာတ်ပြား၍ ထပ်မနား အပါယ်ခရီး၌, တလယ်တည်း လယ်နေရမည့် အရေးကြောင့်။
ဂတိံ ဂတိံ၊ ဒေ၀ မနုဿ နိရယနှင့် ပေတ တိရစ္ဆာန် လားရန် အရှိ ငါးတန် ဂတိကို
ဘဉ္ဇနတ္ထာပိ၊ ကောင်းရာ မြန်းလင့် စခန်းတင့်လည်း ငြမ်းဖြင့်တက်ပြီး ငြိမ်းဖျက်နည်း သို့ ဖျက်ဆီးလွန်မြောက် နိဗ္ဗာန်ရောက်ဖို့ အကျိုးငှာ
ပါရမိံ၊ နိဗ္ဗာန်နန်းခွင် စခန်းဝင်ဖို့ လမ်းစဉ်အကျ ဒါနစသည် ပါရမီအကျိုး ကောင်းမှုမျိုးကို
သဉ္စယဿာမိ၊ တမြင့်ထဲမြင့် ဆင့်ကဲတင်ဖို့ အသင့်မကွာ ချင့်စားတိုးပွား တစ်မျိုး အားဖြင့် ကြိုးစား ဖြည့်ကျင့်ပါတော့မည် ဘုရား

[ဤဂါထာ၌ သာမည အနေမျိုးဖြင့် သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန် မရောက်နိုင် သောကြောင့် ငြမ်းဖြင့် အထက်ရောက်အောင် တက်ပြီးလျှင် အထက်သို့ ရောက်က ငြမ်းကို ဖျက်ချလိုက်သကဲ့သို့၊ အထက်တန်း ဂတိကောင်း ဂတိမြတ် ဖြစ်လျက် ပါရမီကို ဖြည့်ပြီးလျှင် ဂတိကောင်းတွေကိုပင် ဖျက်ဆီးကာ နိဗ္ဗာန် ရောက်ရန် အရာရာ သတိထားလျက် အများထက် သာအောင် ပါရမီ ဖြည့်ပါမည်-ဟု ဝန်ခံသည်။]

ဤကား ဖြည်းဖြည်း သက်သာ ဆုတောင်းဖို့ရာ အများနှင့် ဆက်ဆံသော ဆုတောင်းတည်း၊

ထိုထို ကောင်းမှုကို ပြုတုန်းခါ ကြည်ညိုလျက် ပရိသတ် အလယ်မှာ ဖြစ်လျှင် တိုးတိုးရွတ်၍ ဆုတောင်းရန် အကျဉ်းချုပ်ကား -.

ဆုတောင်းများနှင့် ဘုရားအဖြစ်တော်စဉ်

ဆွမ်းလှူသောအခါ ဆုတောင်း

▬▬▬▬▬▬▬▬▬▬▬

ရသာ မွှေးကြူ၊ ဆွမ်းဖွေးဖြူကို၊
ပေးလှူပါရ၊ ဤပုညကြောင့်၊
ဘဝတိုင်းဝယ်၊ ပညာကြွယ်လျက်၊
မြနှယ်ရွှေနှင့်၊ အနေတင့်၊
အဆင့်ဆင့်မြင်ရလို။

ပန်းလှူသောအခါ ဆုတောင်း

▬▬▬▬▬▬▬▬▬▬▬

အနံ့လည်းသင်း၊ အဆင်းလည်းလှ၊
ပန်းလှူရ၍၊ ဘဝတိုင်းဝယ်၊
ပညာကြွယ်လျက်၊ သွယ်သွယ်ဂုဏ်နှင့်၊
အစုံတင့်၊ ထုံသင်းကြိုင်ရလို။

ရေချမ်းလှူသောအခါ ဆုတောင်း

▬▬▬▬▬▬▬▬▬▬▬

ကြည်လင်အေးမြ၊ ရေလှူရ၍၊
ဘဝတိုင်းဝယ်၊ ပညာကြွယ်လျက်၊
ကိုယ်ဝယ် တွင်းပြင်၊ ညစ်ကြေးစင်၊
ကြည်လင်အေးမြလို။

(ကိလေသာကို “အတွင်းအညစ်အကြေး”ဟု ဆိုသည်။)

ဆီမီးလှူသောအခါ ဆုတောင်း

▬▬▬▬▬▬▬▬▬▬▬

ထွန်းလင်းတောက်ပ၊ မီးလှူရ၍၊
ဘဝတိုင်းဝယ်၊ ပညာ ကြွယ်လျက်၊
လနှယ် နေနှင့်၊ အသရေတင့်၊
ဆင့်ဆင့် ထွန်းတောက်လို။

နံ့သာတိုင်လှူသောအခါ ဆုတောင်း

▬▬▬▬▬▬▬▬▬▬▬

သင်းပျံ့ လွှမ်းကြိုင်၊ ဤပန်းတိုင်ကို၊
လှိုင်ပစေဟု၊ ပူဇော်ပါရ၊
ဤပုညကြောင့်၊ ဘဝစဉ်လာ၊
မယှဉ်သာအောင်၊ ပညာဆင်းနံ့၊
သတင်းနှံ့၊ သင်းပျံ့ ကြိုင်ရလို။

ဆုတောင်းမှု

▬▬▬▬

ဆုတောင်းဟူသည် မိမိလိုသော အကျိုးကို စိတ်ဖြင့် မှန်းဆ၍ဖြစ်စေ၊ နှုတ်ဖြင့် တမ်းတ၍ ဖြစ်စေ၊ တောင်းဆိုခြင်း ဖြစ်သည်။ ကောင်းမှုကိုလည်းပြု ဆုကိုလည်း တောင်းလျှင် လိုရာအကျိုး ပြီးစီးတတ်၏။ ကောင်းသောဆုနှင့် ထိုက်တန်အောင်ကား ကုသိုလ်ကောင်းမှုကို ပြုကြရပေမည်။

ဘုရားအဖြစ်ကို အလိုရှိလျှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင်အောင် အရှင် သာရိပုတ္တရာကဲ့သို့ အဂ္ဂသာဝကအဖြစ်ကို အလိုရှိလျှင် တစ်သင်္ချေနှင့် ကမ္ဘာ တစ်သိန်း တိုင်အောင် အရှင် မဟာကဿပ အရှင်အာနန္ဒာ စသည်ကဲ့သို့ မဟာသာဝက အဖြစ်ကို လည်းကောင်း, မိထွေးတော် ဂေါတမီ - ခေမာ - ဥပ္ပလဝဏ် ထေရီမတို့ ကဲ့သို့ ထင်ရှားသော ရဟန္တာမိန်းမအဖြစ်ကို လည်းကောင်း အလိုရှိလျှင် ကမ္ဘာတစ်သိန်း တိုင်အောင် ပါရမီဖြည့်ကြရလိမ့်မည်။

အထူးအထွေ ဂုဏ်ထူးကို မလိုလားဘဲ သာမညအနေမျိုးဖြင့် နိဗ္ဗာန်ကို အမြန်လိုချင် သူကား ကြိုးကြိုးစားစား အားထုတ်ပါမူ ယခုဘဝမှာပင် ရနိုင်ခွင့် ရှိပါ၏၊

မရနိုင်သေးလျှင် ဤဘုရားရှင်၏ သာသနာမှာပင် ရခွင့်ရှိ၏၊ အရိမေတ္တေယျ ဘုရားရှင်၏ လက်ထက်တော် ကျလျှင်ကား မုချရနိုင်စရာရှိ၏၊ ဆုတောင်းသော အခါလည်း မိမိအလိုရှိရာဆုကို မိမိဘာသာ တောင်းခြင်းသာလျှင် လမ်းမှန်ကျ၏။

ယခုကာလ၌ကား ကောင်းမှုပြုရာဝယ် ဘုန်းတော်ကြီးက ရေစက်ချနှင့် ဆုတောင်းကို ချပေးသောကြောင့် ဘုန်းကြီးနှုတ်တက်ရသော ဆုတောင်းနှင့် အလှူရှင်၏အလိုမှာ သဘောတူဖို့ ခဲယဉ်း၏။ စိတ်မပါဘဲ လိုက်နေလျှင်လည်း ပြည့်စုံဖို့ ခဲယဉ်းလှ၏။

အောက်နိုင်ငံ ရှင်ပြုတစ်ခု၌ တော်တော်နာမည်ကြီးသော ဘုန်းကြီးတစ်ပါး ရေစက် ချပေးရာဝယ် အဂ္ဂသာဝက, မဟာသာဝကကြီးများ ရသမျှအကျိုး ဂုဏ်များကို အလှူ ဒကာ တစ်ဦးတည်းက အစုံအလင်ရဖို့ရန် ရေစက်ချ၍ (ဆုတောင်း) ပေးသောကြောင့် အတော်နားလည်သော ဒကာတစ်ယောက်က “တကယ့် ရဟန္တာကြီးများတောင်မှ တစ်မျိုးစီသာ ရနိုင်ကြတဲ့ အကျိုးကို အရှင် ဘုရားဒကာမှာ အလုံးစုံ ရနိုင်ပါမည်လား ဘုရား” ဟု လျှောက်ထားသဖြင့် ထိုဆရာတော်မှာ မျက်နှာညို၍ အလိုမကျဘဲ ရှိဖူးသတဲ့။

ရွှေတိဂုံ ကုန်းတော်ပေါ်ကဲ့သို့ အချို့ မြို့ကြီးများ၏ ဘုရားများ၌ကား ရေလှူ ပန်းလှူ သည့်အခါမှစ၍ ဆုတောင်းကို ရေသည်အား ငွေပေး၍ ခိုင်းကြသေး၏၊ အားလုံး လုပ်ငန်းများ နည်းလမ်းမကျချေ၊ ရှေးက အလောင်းအလျာတို့ ကောင်းမှုပြုကြရာ၌ ရေအဆင်သင့်ရှိလျှင် ရေစက်သွန်းချ၍ မရရှိလျှင် ရေစက်ပင် မချတော့ဘဲ လိုရာဆုကို အတိုချုပ် တောင်းကြ၏၊

ယခုကာလလို “ဘန္တေ”၊ အရှင်ဘုရား။ “မယံ”၊ အကျွန်ုပ်တို့သည်”ဟု တခမ်းတနား သွယ်ဝိုက် နေသည်မဟုတ်။ ထို့ကြောင့် မိမိဘာသာ လိုရာဆုကို တောင်းခြင်းသာလျှင် ရှေးထုံးကျသဖြင့် ဘုန်းကြီးချပေးတိုင်း လိုက်ဆိုရသော ယခုကာလ ဆုတောင်း နည်းကို ရှောင်ကြဉ်သင့်ကြပါပေသည်။

ရေစက်ချ စဉ်းစားဖွယ်

▬▬▬▬▬▬▬▬

ယခုခေတ် အလှူဒါနပြုကြသောအခါ ရေဖလား ရေကရား စသည်၌ ရေထည့်၍ အောက်ခံခွက် တစ်ခုပေါ်မှာ ရေတစ်စက်စက်ချရင်း ဘုန်းကြီးချပေးသော“ဘန္တေ”၊ အရှင်ဘုရား။ “မယံ”၊ တပည့်တော်တို့သည်။ “သံသာရ ဝဋ္ဋ ဒုက္ခတော”၊ သံသရာဝဋ် ဆင်းရဲမှ” စသော စာတမ်းကိုလိုက်၍ ဆိုကြရ၏။

ထိုသို့ ရေတစ်စက်စက်ချရင်း ဆိုနေခြင်းကိုပင် “ရေစက်ချ”ဟုခေါ်တွင်နေသည်။ ထိုရေစက်ချနည်းကို ဘုန်းကြီး မသင်္ကာသလို ဖြစ်နေသောကြောင့် ကျမ်းစာများကို ကြည့်ရှုပို့ချရင်း ကျမ်းစာအသုံးအနှုန်းများကို သတိထားလေ့ရှိရာ -

၁။ ဝေဿန္တရာဇာတ်ဝယ် ဆင်ဖြူတော် လှူခန်း၌ “သုဂန္ဓောဒက ပူရိတံ သုဝဏ္ဏ ဘင်္ကာရံ ဂဟေတွာ ဟတ္ထိသောဏ္ဍံ ဂဟေတွာ တေသံ ဟတ္ထေ ထပေတွာ ဥဒကံ ပါတေတွာ အဒါသိ” - နံ့သာရေဖြင့်ပြည့်သော ရွှေကရားကိုယူ၍ ဆင်ဖြူတော်၏ နှာမောင်းကိုကိုင်ပြီးလျှင် ထို ပုဏ္ဏားတို့ လက်၌ထား၍ ရေကို ကျစေလျက် လှူပြီ” ဟု တွေ့ရ၏။ သားတော် သမီးတော်လှူခန်း မဒ္ဒီမိဖုရားကို လှူခန်း၌လည်း ဤနည်း ပင်တည်း။

၂။ ဝိနည်းမဟာဝါ, စီဝရက္ခန္ဓကအဖွင့် ဝိမတိဋီကာ၌ “ပဌမံ ဥဒကံ ပါတေတွာ ပစ္ဆာဒေန္တိ” = ရေကို ပထမကျစေ၍ နောက်မှ (သင်္ကန်းတို့ကို) လက်ရောက် လှူကုန်၏” ဟု လည်းကောင်း, ပဉ္စက အင်္ဂုတ္တိုရ်- ဗြာဟ္မဏဝဂ် ဋီကာ၌ “ဥဒကံ ပါတေတွာ ဒေန္တီတိ - ဗြာဟ္မဏဿ ဟတ္ထေ ဥဒကံ အာသိဉ္စန္တာ ဒေန္တိ” - ပုဏ္ဏား၏လက်၌ ရေကို လောင်းထည့်၍ (သတို့သမီးကို) ပေးလှူကုန်၏” ဟု လည်းကောင်း တွေ့ရ၏။

ဤအားလုံးကို ကောက်ချက်ချလိုက်လျှင် ရှေးအခါက အလှူဒါန ပြုရာတိုင်းဝယ် ကြည်လင် အေးမြသော လက္ခဏာကို ဖော်ပြရာ ရေကို အလှူခံပုဂ္ဂိုလ်၏ လက်၌ လောင်းထည့် သွန်ချ၍ ပေးလှူလေ့ ရှိကြဟန်တူသည်။

ယခုကာလ တစ်စက်တစ်စက် ချနေသော ရေစက်ချသည် ထိုထုံးစံကို လိုက်ဟန် ရှိသော်လည်း ထိုရှေးစနစ်နှင့် မတူချေ။ ထို့ကြောင့် ဘာသာရေးကိစ္စ၌ သဘာဝကျကျ ပြုပြင်လိုသော အမျိုးသား အမျိုးသမီးတို့သည် ဘုန်းကြီးက ချပေးတိုင်း လိုက်ဆို ရသော ဆုတောင်းနှင့် တစ်စက် တစ်စက်ချရသော ရေစက်ချနည်းကို ပြုပြင်၍ ကြည်လင်သော ရေကို အလှူခံပုဂ္ဂိုလ်၏ လက်ပေါ်မှာဖြစ်စေ, မြေပေါ်မှာဖြစ်စေ, သွန်းလောင်း၍ အလိုရှိရာဆုကို ကိုယ့်ဘာသာ တောင်းသော ရှေးအကျဆုံး မူဟောင်းကိုသာ လိုက်သင့်ကြပါသည်။

….

ဘုရားအဖြစ်တော်စဉ်

▬▬▬▬▬▬▬▬▬

“နိဒါန်း”

ဤမျှလောက်သော စကားအစဉ်ဖြင့် ဘုရားဖြစ်တော်မူသောအခါ ရရှိသော ဂုဏ်တော် များနှင့် တရား သံဃာတော်အပြင် ဗုဒ္ဓဘာသာဝင်တို့၏ ကျင့်စဉ် သိဖွယ် အသွယ်သွယ် သော အချက်များကို ထင်ရှားပြခဲ့ပြီ၊

ထိုကဲ့သို့ ဂုဏ်ရှိသော တရား သံဃာတော်တို့၏အရှင် ဗုဒ္ဓဘာသာဝင် အပေါင်း၏ အားထား ကိုးကွယ်ရာ “မြတ်စွာဘုရား” ဟူသည်

“လူလော-နတ်-ဗြဟ္မာလော၊
အဘယ်အရပ်မှာ ဖွားမြင်သော အဘယ်အမျိုးသား ဖြစ်သနည်း၊
ဘုရားဖြစ်ဖို့ရာ အဘယ်မျှလောက် အချိန်ကစ၍ အဘယ်အရာများကို အားထုတ်တော် မူခဲ့သနည်း၊
ထိုသို့ အားထုတ် ဆည်းပူးတော်မူအပ်သော အရာကို အခြားသော လူ-နတ်-ဗြဟ္မာ တို့က ထို ဘုရားရှင်နှင့် တန်းတူအောင် အားထုတ်နိုင်မည်လော၊
ဘုရားဖြစ်အောင် အားထုတ်တော်မူခြင်းသည် သံသရာမှာကြာရှည်စွာ နေလို၍ ပေလော၊ (သို့မဟုတ်) ဂုဏ်ပကာသနအတွက် သူတစ်ပါး အထက်က သက်သက် ကိုးကွယ်ခံလို၍ပေလော”

ဤသို့သော မေးမြန်းဖွယ် စဉ်းစားဖွယ် အချက်တွေကို ဖြေဆိုရှင်းလင်းပြီးဖြစ်အောင် ထိုထိုကျမ်းဂန်တို့မှ ထုတ်ဆောင် ၍ “ဘုရားအဖြစ်တော်စဉ်”ကို ပြဦးအံ့။

[အချို့ မကြားနာဖူး ထူးဆန်းသော စကားများကို မြောက်ပိုင်း ဗုဒ္ဓ ဘာသာဝင် တို့၏“လလိတဝိတ္ထာရ သုတ္တန်စကား”ဟု မှတ်ပါ။]

သူဌေးသား သုမေဓာ

▬▬▬▬▬▬▬▬

ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်၌ “အမရဝတီ”မင်းနေပြည်တော်ဝယ် သူဌေး အမျိုးအရိုး အစဉ် အဆက်မှ ဆင်းသက်၍ လာခဲ့သော သတိုသားတစ်ယောက်သည်“သုမေဓာ” ဟူသော အမည်ဖြင့် ထင်ရှား ခဲ့လေ၏၊

ထိုသတို့သား ငယ်စဉ်ကပင် မိဘများ ကွယ်လွန်ကြသဖြင့် ရွှေ-ငွေ-စိန်ကျောက် အစ ရှိသော ရတနာတိုက်ပေါင်း များကို ဘဏ္ဍာတော်ထိန်း အမတ်က ထိန်းသိမ်း စောင့်ရှောက် ထားရလေသည်။

ထိုသတို့သား သုမေဓာသည် အတတ်ပညာကို သင်ကြားလေရာ ၁၆-နှစ် အရွယ်မှာပင် ဆိုင်ရာအားလုံးတို့ကို ပြီးဆုံး လုံလောက် တစ်ဖက်ကမ်း ရောက်မျှ တတ်မြောက်ပြီး ဖြစ်၍ ပစ္စည်းများကို စာရင်းနှင့်တကွ ပစ္စည်းထိန်းအမတ်က လွှဲအပ်သည်ကို လက်ခံ ပြီးနောက် ပစ္စည်းရှင်ဖြစ်ကြသော မိဘ ဘိုးဘွားတို့ အဆက်ဆက် ကွယ်လွန်ကြကာ ပစ္စည်းတွေသာ ကျန်ရစ်ပုံကို အကြောင်းပြုလျက် ပင်ကိုက ပညာပါရမီဓာတ်ခံ ရင့်သန်ပြီး အပေါ်ဝယ် သင်ယူတတ်မြောက်ထားသော ကျမ်းစာအသိတို့ကို ရောစွက်၍ ဆိတ်ငြိမ်ရာအရပ် အုတ်တိုက်၏ အထက်ထပ်သို့ တက်ပြီး ကမ္မဋ္ဌာန်း အားထုတ်သည့် အသွင် တင်ပျဉ်ခွေ ထိုင်နေလျက် လေးနက်စွာ စဉ်းစားလေသည်။

[ပင်ကိုဉာဏ်ရှိ၍ ကျမ်းစာတတ်သိသူ၌ ထူးထူးခြားခြား စဉ်းစားဉာဏ် ပေါ်လာတတ် သည်မှာ ထုံးစံ ဖြစ်၏။ သို့သော် သင်ယူအပ်သော ပညာသည် လမ်းမှန်ကို ညွှန်ပြ နိုင်သော ပညာဖြစ်မှ အမှန်ကို စဉ်းစားနိုင်ပေမည်။]

စဉ်းစားတော်မူစဉ်

▬▬▬▬▬▬

အိုကြရ, နာဖျားကြရ မိန်းမောတွေဝေလျက် သေကြေ ပျက်စီးကြရ သေလွန်ပြီးနောက် ပဋိသန္ဓေ တည်နေကြရသဖြင့် ဤ သတ္တလောကကြီးသည် သက်သာခွင့် မရလောက်အောင် ဆင်းရဲလှပါတကား၊

ငါသည်လည်း ဤ ဆင်းရဲမျိုးမှ မလွတ်သေး၊ ဤဆင်းရဲမှ လွတ်ရာ လွတ်ကြောင်း ဖြစ်၍ ကောင်းမြတ်သော သဘောတစ်မျိုးကား ဧကန်မုချ ရှိရပေလိမ့်မည်၊ အပူရှိလျှင် အအေးလည်းရှိရ, မကောင်းမှုရှိလျှင် ကောင်းမှုလည်းရှိရ ဆင်းရဲရှိလျှင် ချမ်းသာလည်း ရှိရသကဲ့သို့ အို နာ သေရေး ဒုက္ခဘေးတို့ဖြင့် ကြီးလေးစွာ ဆင်းရဲခံနေရသော ဤ ခန္ဓာကိုယ်ရှိလျှင် မအို မနာ မသေရာ ဖြစ်သော ဓာတ်တစ်မျိုးလည်း ဧကန် ရှိသင့် သေး၏၊ ထိုတရားထူးကို မရမနေ ရှာဖွေတော့အံ့။

“ထင်ရှားရှိသော တရားကို မရှာဘဲနေခြင်းသည် တရား၏ အပြစ်မဟုတ်၊ မရှာသူ၏ အပြစ်သာတည်း၊ မိဘ ဘိုး ဘွား အဆက်ဆက် ဆွေမျိုးများသည် စီးပွားဥစ္စာတွေကို ရှာဖွေစုဆောင်းပြီးလျှင် အနည်းငယ်မျှ မယူနိုင်ဘဲ စွန့်ခဲ့ကြကုန်ပြီ၊ ငါ၏ ဆွေမျိုး များသည် ပစ္စည်းကို ရှာသာ ရှာတတ်၍ မယူတတ် ကြပေ၊ ငါကား ဤ ပစ္စည်း ဥစ္စာ တွေကို စွန့်ကြဲ ပေးကမ်းသော အားဖြင့် ယူသွားတော့အံ့၊”ဤသို့ ကြံစည် စဉ်းစား လေသည်။

[“လှူဒါန်းပေးကမ်းလျှင် မိမိသန္တာန်၌ ဒါနကုသိုလ် ကျန်ရစ်၏၊ ထိုဒါနဖြင့် နောက်နောက် ဘဝ၌ ဤကဲ့သို့သော ပစ္စည်းများကို ရနိုင်သည်”ဟု ကြံစည်လိုရင်း ဖြစ်သည်၊ ထိုသို့ ကြံစည်ပုံကို ထောက်လျှင် “ကမ္မသကတာ သမ္မာဒိဋ္ဌိဉာဏ်” ရနေပြီဟု သိသာ၏။

တောထွက်၍
ဈာန်အဘိညာဏ် ရတော်မူခန်း

▬▬▬▬▬▬▬▬▬▬▬

ဤသို့လျှင် သတို့သား သုခမိန်သည် မအို မနာ မသေရာကို ရှာလိုသော ဇောဆန္ဒက ပြင်းထန် ကြီးမားလှသောကြောင့် မရေမတွက် နိုင်အောင် မြားမြောင်လှသော စည်းစိမ်တွေ အပေါ်မှာ အနည်းငယ်မျှ တွယ်တာတော် မမူဘဲ ရွှေငွေ ဘဏ္ဍာ ရတနာ အပြည့်ဖြစ်သော တိုက်ကြီးများကို ဖွင့်လှစ်ကာ “အလိုရှိရာကို ယူရစ်ကြတော့” ဟု စွန့်ကြဲတော်မူပြီးနောက် ဝတ်ဆင်မြဲ အဝတ် တစ်စုံမျှဖြင့် ဟိမဝန္တာသို့ မြန်းကြွပြီးလျှင် ဝိသကြုံနတ်သား ဖန်ဆင်း၍ ထားနှင့်သော ကျောင်းသင်္ခမ်းနှင့် ရဟန်းပရိက္ခရာတို့ကို တွေ့မြင်၍ ရသေ့ ရဟန်း အသွင်ကို ယူတော်မူလေသည်။

ထိုနောက် ကမ္မဋ္ဌာန်းကို အားထုတ်လေရာ ပင်ကိုထက်မြက်သော ဉာဏ် ပါရမီနှင့် သင်ကြား တတ်မြောက်ထားသော ကျမ်းစာတို့၏ အစွမ်း အပြင် ဈာန်အဘိညာဏ်ကို အထက် ဟိုဘက် နိဗ္ဗာန်ကို ရှာကြံလိုသော ဆန္ဒတော်ကြောင့် “လောကီဈာန် အဘိညာဏ်”အတွက်မှာ ရက်များမကြာဘဲ ခုနစ်ရက် အတွင်းဝယ် အလွယ်တကူ ထမြောက်တော် မူလေသည်။

[* အဘိညာဏ်၏ အစွမ်းကား မြေလျှိုး-မိုးပျံ, ပုံသဏ္ဌာန်အမျိုးမျိုး ဖန်ဆင်းခြင်းနှင့် တကွ ဝေးဝေးလံလံ သေးငယ်သောအသံကို ကြားနိုင်ခြင်း၊ သေးငယ်သော အဆင်း, ငရဲသူ ငရဲသား ပြိတ္တာများနှင့် အထက်နတ်များကို မြင်နိုင်ခြင်း စသည်တည်း။]

ထိုနောက် ရအပ်ပြီးသော ဈာန်အဘိညာဉ်ဖြင့် မွေ့လျော်ကာ နိဗ္ဗာန်ကို ရှာကြံ သော်လည်း ကောင်းစွာ အထမမြောက်သေးချေ။ သို့သော် ပင်ကို ပညာပါရမီ ရင့်သန်ပြီး ဖြစ်သည့်အပြင် ဈာန်အဘိညာဉ်တို့၏ အတွက် တိုးတက်လာသော ဘာဝနာ ဉာဏ်စွမ်းကြောင့် အနည်းငယ်မျှ သဲလွန်စ ရလျှင် နိဗ္ဗာန်ကို ဘွားကနဲ မြင်နိုင်ဖို့ရာ ကောင်းကောင်း ကြီး လုံလောက်သော အခြေအနေသို့ ရောက်လေပြီ။

ဘုရားဆုပန်တော်မူခန်း

▬▬▬▬▬▬▬▬▬

ထိုသို့ ဈာန်အဘိညာဉ်ဖြင့် မွေ့လျော်ကာ တစ်ခါတရံ ကောင်းကင်ခရီးဖြင့် လှည့်လည် တော်မူလေရာ နှစ်ပေါင်း အတော်ကြာလျှင် “ဒီပင်္ကရာ”ဘုရားရှင်လည်း ပွင့်တော်မူ လာသောကြောင့် “ရမ္မာ” နေပြည်တော်သား တို့သည် ဘုရားရှင်ကို ပင့်ဖိတ်လျက် ကြွတော်မူရန် လမ်းပြင်နေကြသည်ကို မြင်သဖြင့် ကောင်းကင်မှ ဆင်းသက်၍ မေးမြန်းလေလျှင် အကြောင်းအရာကို ကောင်းစွာ သိရသည့်အတွက် နှစ်သက် ဝမ်းမြောက်ခြင်း ပြင်းစွာဖြစ်ရကား မိမိလည်း လမ်းပြင်လိုကြောင်း ခွင့်တောင်း လေသည်။

ထိုအခါ “ဤရသေ့သည် တန်ခိုးကြီးသူ ဖြစ်၏၊ တန်ခိုးဖြင့် လမ်းကို ပြင်လိမ့်မည်၊ ရွှံ့ညွှန်ရှိသော နေရာကို ပေးကြစို့” ဟု တိုင်ပင်လျက် အပြုအပြင်ခက်သော နေရာကို ပေးကြလေသတဲ့။

အရှင်ရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျှင် လွယ်ကူစွာ ပြီးနိုင်သော်လည်း ကိုယ်ဖြင့် ပင်ပန်းခံ၍ပြုမှ သာ၍ အကျိုးများဖွယ် ရှိသောကြောင့် သူများနည်းတူ မြေကိုထမ်း၍ ရွှံ့ညွှန်ဗွက်ကို ဖို့နေစဉ် ရဟန္တာ ၄-သိန်း အခြံအရံဖြင့် ဘုရားရှင် ကြွတော်မူလာ လေသည်။

ထိုအခါ ဘုရားရှင်၏ ကျက်သရေတော်ကို ဖူးမြော်၍ လွန်စွာ ဝမ်းမြောက်လှသဖြင့် ယခင်က မပြီးသေးသော ရွှံ့ညွှန် အပြင်ဝယ် ဘုရားရှင်နှင့်တကွ နောက်ပါ ရဟန္တာ အပေါင်းကို နင်းတော်မမူစေဘဲ မိမိအပေါ်၌ နင်း၍ ကြွတော်မူရန် တံတားအသွင် ခင်းလျက် ဝပ်စင်းနေလေသည်။

ထိုနောက် မိမိဦးခေါင်းရင်းသို့ ဘုရားရှင် ရောက်တော်မူလာသောအခါ ဆင်ခြင် စဉ်းစားတော်မူသည်မှာ “ငါသည် တစ်ကိုယ်ရေ တစ်ကာယဖြင့် နိဗ္ဗာန်ကို အလိုရှိလျှင် ယခုပင် ကိလေသာ အာသဝေါတိုကို ကုန်ခန်းစေလျက် ရဟန္တာအဖြစ်သို့ ရောက်နိုင် လောက်ပေပြီ။

သို့သော် အို နာ သေရေး ဒုက္ခဘေး တို့ဖြင့် နစ်မွန်းမျောပါ နေကြရရှာသော သတ္တဝါတွေကို ကယ်ဆယ်နိုင်လောက်သော စွမ်းရည်သတ္တိ ရှိသူတစ်ယောက်က မကယ်မယူ လျစ်လျူ ပစ်ထား၍ ကိုယ်လွတ်ရုန်းသွားခြင်းကို တရားနည်းလမ်း ကျသည်ဟု မဆိုနိုင်ချေ။

ဥပမာ - လူပေါင်းများစွာ ပင်လယ်ကြောဝယ် မျောနေကြရာ၌ ကိုယ်ပိုင်သင်္ဘောဖြင့် လာသူက မကယ်ဆယ်ဘဲ ရှောင်လွှဲ၍ သွားသကဲ့သို့ ရှိရာ၏”ဟု ကြံတော်မူသည်။

[ဤအကြံသည် သတ္တဝါများ အပေါ်၌ ကရုဏာ အားကြီးသူ မှန်လျှင် ဧကန် ဖြစ်ထိုက်သော အကြံတည်း။]

ဤသို့လျှင် အရှင်ရသေ့သည် ရှေးတုန်းက မိမိအတွက်သာ နိဗ္ဗာန်ကို ရှာခဲ့ပါသော် လည်း နိဗ္ဗာန်ကို ညွှန်ပြမည့် ဘုရားရှင်နှင့် တွေ့ရသောအခါ သတ္တဝါအပေါင်းကို ကယ်တင်နိုင်လောက်သော ဘုရားရှင်၏ အသရေတော်ကိုလည်း ဖူးမြော်ရ၊ အပါယ် လေးပါး၌ အလွန်အမင်း ဆင်းရဲနေကြရှာသော သတ္တဝါတွေကို အဘိညာဉ်စွမ်းဖြင့် မျက်ဝါးထင်ထင် လှမ်း၍လည်း မြင်ရ၊ မိမိ၏ စွမ်းရည်ကိုလည်း ယုံကြည် စိတ်ချ သောကြောင့် သတ္တဝါတို့၌ လွန်မင်းစွာ သနားတော်မူသော မဟာကရုဏာတော်က အားကြီးလှသဖြင့် ဆန္ဒတော် တစ်မျိုးတက်ကာ ကြာပန်း ၅-စည်းကို လှူပြီးလျှင် ဘုရားဆုကို ပန်တော်မူလေသည်။

အမှာ

▬▬▬▬

ဒီပင်္ကရာဘုရားရှင်ကို ဖူးမြော်ကန်တော့ရန် ထွက်လာကြသော အမျိုးသမီးများတွင် “သုမိတ္တာ” မည်သော အမျိုးသမီးသည် အလောင်းတော် ရှင်ရသေ့ကို မြင်လျှင် မြင်ချင်း ရေစက်မကင်းသည့် အတွက် ထူးခြားသော မေတ္တာစနက်ဖြင့် သွယ်ဆက် မိလေသည်။ ထို့ကြောင့် မိမိမှာပါသော ကြာပန်း ရှစ်စည်းတွင် မိမိပူဇော်ဖို့ ၃-စည်း ချန်ထား၍ အလောင်းတော် ရသေ့အား ကြာ ၅-စည်းကို ဆက်ကမ်း လေသတဲ့။

ဗျာဒိတ်ရတော်မူခန်း

▬▬▬▬▬▬▬

ဒီပင်္ကရာဘုရားရှင်သည် အရှင်ရသေ့၏ ဦးခေါင်းရင်း၌ ရပ်တန့်တော်မူပြီးလျှင် နောင်ရေးနောင်တာကို ဆင်ခြင်တော်မူရာ ရသေ့၏ ဘုရားအလောင်း ဖြစ်ကြောင်းကို မြင်တော်မူသောကြောင့် -

“မိမိကိုယ်ကို တံတားလိုခင်းလျက် ထက်မြက်သော အကျင့်ဖြင့် တင့်တယ်သော ဤရသေ့ကို ကြည့်ရှုကြလော့။ ဤရသေ့သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း လွန်သောအခါ ငါဘုရား ကဲ့သို့ “ဂေါတမ ဗုဒ္ဓ” ဟူသော အမည်ဖြင့် ဘုရားတစ်ဆူ ဖြစ်လိမ့်မည်။ ဤ ရသေ့နှင့်အတူ ကြာပန်းပူဇော်သူ အမျိုးသမီးကား ပါရမီကို ကူညီ ဖြည့်ဘက် အသက်ပမာ ကြင်ရာတော် ဖြစ်လိမ့်မည်”

ဟု ဘုရားတံဆိပ် ဗျာဒိတ်တော်မြတ်ကို ခတ်နှိပ်တော်မူပြီးလျှင် ယခင် ကြာပန်း ရှစ်စည်းဖြင့် ရသေ့အပေါ် ကြဲဖြန့်ကာ ရသေ့နံပါးမှ ရှောင်လွှဲ၍ ကြွတော်မူသည်။

ဗျာဒိတ်ပွဲတော်သို့ ရောက်လာကြသော လူရောနတ်၊ ဗြဟ္မာအပေါင်းလည်း ကောင်းချီး သြဘာ မင်္ဂလာစကားကို အသီးအသီး ပြောဆိုချီးကျူးရုံသာမက ရှေးရှေးက ဗျာဒိတ် ပွဲကို နွှဲလိုက်ဖူးသော ဗြဟ္မာမင်းတို့ကမူ မိမိတို့ တွေ့ဖူးသော စနည်း တစ်ဘောင် အထောက်အထားတို့ဖြင့် “ဧကန်မုချ ဗုဒ္ဓ ဖြစ်ပါလိမ့်မည်”ဟု အားပေးကြလေသည်။

ပါရမီတော်များကို
ဆင်ခြင်တော်မူခန်း

▬▬▬▬▬▬▬

အလောင်းတော်သည် ဗျာဒိတ်တော်မူပြီးနောက် ညွှန်ပျောင်းမှ ထတော်မူ၍ တင်ပျဉ် ဖွဲ့ခွေ ထိုင်နေတော်မူကာ စဉ်းစား ဆင်ခြင်သည်မှာ . “များစွာသော သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ ကယ်တင်ဖို့ရာ လွန်စွာ မြင့်မြတ်သော ဘုရားအဖြစ်သည် သာမန် ကောင်းမှုပါရမီဖြင့် ပြည့်နိုင်သော အဖြစ်မျိုးမဟုတ်။

ဘုရားဖြစ်ဖို့ အကြောင်း ကောင်းမှုပါရမီတော်ကား ဘယ်လောက်များပါလိမ့် မည်နည်း” ဤသို့ စဉ်းစား ဆင်ခြင်တော်မူရာ ..

ဒါနံ သီလဉ္စ နေက္ခမ္မံ၊
ပညာ ဝီရိယပဉ္စမံ။
ခန္တိ သစ္စာ အဓိဋ္ဌာနံ၊
မေတ္တု ပေက္ခာတိမာ ဒသ။

ဟူသော ဤ ပါရမီဆယ်ပါးကို အစဉ်အတိုင်း မြင်တော်မူလေသည်။ “ပါရမီ”ဟူသည် မြင့်မြတ်သူဘို၏ နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းမှု သီလစောင့်မှု စသည်တို့သာတည်း၊

လောကီစည်းစိမ်ချမ်းသာကို ရည်မှန်း၍ လှူဒါန်းမှု စသည်ကို ပါရမီကုသိုလ်ဟု မဆိုထိုက်၊ ထိုပါရမီများတွင်...

၁။ ဒါနဟူသည် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းတည်း။

၂။ သီလဟူသည် ၅-ပါး၊ ၈-ပါးစသော ၁၀-ပါးဆိုင်ရာ သီလများကို စောင့်ထိန်းမှု တည်း။

၃။ နေက္ခမ္မဟူသည် စည်းစိမ်ကိုစွန့်ခွာ၍ တောထွက်မှုတည်း။

၄။ ပညာဟူသည် အရာရာ၌ တတ်သိနားလည်မှုတည်း။

၅။ ဝီရိယဟူသည် ကုသိုလ်ကိစ္စတို့၌ မကြောက်မရွံ့ သက်စွန့် ကြိုးပမ်း အားထုတ်မှု တည်း။

၆။ ခန္တီဟူသည် သူတစ်ပါးက နှိပ်စက်လျှင် သည်းညည်း ခံနိုင်မှုနှင့် အအေး အပူစသော ဒဏ်ကို ခံနိုင်မှုတည်း။

၇။ သစ္စာဟူသည် မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်မှုတည်း။

၈။ အဓိဋ္ဌာနဟူသည် မိမိ ရည်မှန်းအပ်သော ကောင်းသော အလုပ်၌ “မဖြစ်မနေ” ဟု စွဲစွဲမြဲမြဲ ဇွဲကောင်းမှုတည်း။

၉။ မေတ္တာဟူသည် သတ္တဝါတို့အပေါ်၌ ချစ်ခင်သောအားဖြင့် ကောင်းကျိုးလိုလားမှု တည်း။

၁၀။ ဥပေက္ခာ ဟူသည် မုန်းအောင် ပြုသည်ကိုလည်း မမုန်း၊ ချစ်အောင်ပြုသည် ကိုလည်း မချစ်ဘဲ လျစ်လျူရှုမှုတည်း။

ဤဆယ်ပါး၌ -

သာမန်ဖြည့်ကျင့်မှုကို “ပါရမီ”ဟု ခေါ်၏။

မျက်စိ နား နှာ အင်္ဂါ ခြေလက်တို့ အပျက်အစီးခံ၍ ဖြည့်ကျင့်မှုကို “ဥပပါရမီ”ဟု ခေါ်၏။

အသက်ကိုပင် မငဲ့ညှာဘဲ လွန်စွာဖြည့်ကျင့်မှုကို “ပရမတ္ထပါရမီ”ဟု ခေါ်၏။

ယခင် ဆယ်မျိုးကို ဤ ၃-မျိုးဖြင့် မြှောက်လျှင် ပါရမီ ၃၀-ဖြစ်၏၊ ထိုပါရမီ များ၏ အရေးတကြီး ဖြည့်ကျင့်ထိုက်ကြောင်းကို ဉာဏ်မြင်သည့် အတိုင်း ပြပါဦးမည်။

ဒါနပါရမီ

▬▬▬

သတ္တဝါအပေါင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးဆုံးမလိုလျှင် စွန့်ကြဲ ပေးကမ်း လှူဒါန်းမှု၌ အထူးရက်ရောမှ သင့်လျော်၏၊ ပေးကမ်းမှု ဟူသည် မယဉ်ကျေးသူကို ယဉ်ကျေး စေနိုင်၏၊ ရန်သူပင်ဖြစ်သော်လည်း ထိုက်တန်သော ဝတ္ထုကိုပေးလျှင် မိမိအလိုသို့ ပါလာတတ်၏၊ ပေးကမ်းမှုတစ်ခုဖြင့် များစွာသော အကျိုးကို ပြီးစေနိုင်၏။

အားရပါးရ ပေးကမ်းစွန့်ကြဲနေရခြင်းသည် အလွန် ပျော်စရာကောင်း၏၊ ပေးသူ ကလည်း အားရ ရသူကလည်း ရွှင်ပျသဖြင့် ဤဘဝ၌ အရှိန်အဝါ သြဇာအာဏာ တိုးတက်လျက် ဂုဏ်သတင်း ပျံ့နှံ့ဖို့ အချက်မှာ ပေးကမ်းမှုထက် သာသောအရာ မရှိချေ၊ သံသရာဝယ် ကြီးကျယ်ခမ်းနား ပေါများလေသမျှ၌ ဤဒါနမှု၏ လက်ရာ ခြေရာတွေသာ များပေသည်။

“အူမတောင့်မှ သီလစောင့်နိုင်သည်”ဟု ပြောဆိုရိုးအတိုင်း ဒါနမရှိလျှင် သီလ ပါရမီ ကိုပင် လုံခြုံအောင်စောင့်ဖို့ ခဲယဉ်း၏၊ ပညာပါရမီ ဖြည့်ဖို့ရာ လုံလောက်သော အထက်တန်းပညာကို ရှာလျှင်လည်း ဒါနချို့ငဲ့ ပစ္စည်းမဲ့သူမှာ တော်ရာက မျှော်ရှာရ၏။

ပစ္စည်းမရှိလျှင် သူတစ်ပါးက ရိုးရိုးသားသား ပြောသည်ကိုပင် အလွဲထင်လျက် မခံချင် တတ်သဖြင့် ခန္တီပါရမီပြည့်ဖို့ရန် အနှောင့်အယှက် များလှ၏၊ “ဥစ္စာမရှိ ကတိမတည်” ဆိုသည့်အတိုင်း “ကတိသစ္စာ” ခေါ်သော သစ္စာပါရမီ ပြည့်စုံဖို့အရေးမှာ သာ၍ ဝေးလေတော့၏၊

မိမိက အောက်ကျ နောက်ကျနေပြန်လျှင်လည်း “ကိုယ့်ထက်သာ မနာလိုတတ်သည့် အတိုင်း” တွေ့သမျှအပေါ်မှာ မေတ္တာပါရမီရောက်ဖို့ ခဲယဉ်းပြန်၏၊

ထို့ကြောင့် “ဒါနပရမီသည် ပါရမီအားလုံး၏ အခြေ”ဟု ဆိုထိုက်ရကား အလောင်းတော် အရှင်ရသေ့သည် ဖြည့်ကျင့်ဖွယ် အများတွင် ဤဒါနပါရမီကို ပဌမ မြင်တော်မူသည်။

သီလပါရမီ

▬▬▬▬

မည်သူမဆို ကောင်းသော သုဂတိဘဝသို့ ရောက်ဖို့အတွက် သီလကိုသာ အားထား ရ၏၊ ဒါန အဆောက်အအုံက မည်မျှကြီးကျယ် နေသော်လည်း သီလ မလုံခြုံလျှင် (ဒုစရိုက် မလုံခြုံလျှင်) အပါယ်လေးဘုံက တက်နိုင်ဖွယ် မရှိချေ၊ အပါယ်လေးပါး၌ ဖြစ်သမျှသည် သီလကင်းမဲ့မှု၏ လက်ချက်သာတည်း။

မြောက်ကျွန်းသူ ကျွန်းသားတို့သည် ၅-ပါးသီလ အမြဲ လုံခြုံနေကြသောကြောင့် တစ်စုံတစ်ယောက် အပါယ်မကျပေ၊ သီလအတွက် ဂတိကောင်းသို့ ရောက်ပြီးမှ ဒါနက စည်းစိမ်ဥစ္စာကို ကြွယ်ဝချမ်းသာစေသည်။

ထို့ကြောင့် မြင့်မြတ်လိုသူမှန်လျှင် ဤသီလပါရမီကိုလည်း အရေးတကြီး အားထုတ် ရမည် ဖြစ်သောကြောင့် ဒါန၏ အခြားမဲ့၌ သီလပါရမီကို ဆက်၍ မြင်တော်မူကာ ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို ကောင်းစွာ စောင့်သုံးလျက် လုံခြုံသော ကိုယ်ကျင့် သီလဖြင့် နေထိုင်ဖို့ရာ ဆုံးဖြတ်တော်မူသည်။

နေက္ခမ္မပါရမီ

▬▬▬▬▬

လောကီအာရုံ ကာမဂုဏ်ထူထပ်သော လူတို့၏အရပ်၌ အလွန် မြင့်မြတ်သော အထက်တန်း တရားကို မရနိုင်၊ လူသူ မခို မြိုင်ညို စိမ့်စမ်း တောတောင်တန်း၌ ပန်းရနံ့ တကြူကြူနှင့် သမာဓိကို မွေးမြူပြီးလျှင် ဖြူစင်သော သီလဖြင့် တကယ်တမ်း အားထုတ်မှ အထက်တန်းတရားကို ရနိုင်၏။

ထို့ကြောင့် “နေက္ခမ္မ”ဟု တောထွက်မှု ကိုလည်း ဂရုတစိုက် ပြုကျင့်ထိုက်သည်ဟု ဆုံးဖြတ်တော်မူသည်။

ပညာပါရမီ

▬▬▬▬

အသိအလိမ္မာ ပညာဉာဏ် ရှိမှသာ ဒါန သီလ စသော ပါရမီများ၏ အကျိုးကို သိမြင်၍ ဖြည့်ကျင့်လိုသော စိတ်များ ဖြစ်ပေါ်နိုင်ပေမည်။ “ပညာရဲရင့် ပွဲလယ်တင့်”ဆိုသည့်အတိုင်း တကယ် ပညာရှိသူတို့၏ အလယ်မှာ တကယ်ပညာ ရှိသူသာ တင့်တယ်နိုင်သည်။

ဘူးလုံး နားမထွင်း အဖျင်း အ-အ ပညာပိုင်းက အောက်တန်း ကျနေလျှင် စည်းစိမ်ရှင်ပင် ဖြစ်သော်လည်း အထက်တန်းသို့ မတက်လှမ်းနိုင် ကမ္ဘာကိုလွှမ်း၍ အုပ်စိုးနိုင်သော သတ္တိမှာ ဉာဏ်ပညာတည်း၊ မြေလျှိုးမိုးပျံနိုင်သော ဈာန် အဘိညာဉ် ဟူသည်လည်း ဤဉာဏ်ပင် ဖြစ်၏။

တစ်သံသရာလုံးက ပါလာသော ကိလေသာ အာသဝေါတွေကို ကုန်ခန်းစေနိုင်သော တရား ဟူသည်လည်း မဂ်ပညာ ဖိုလ်ပညာပင် ဖြစ်၏၊ အချုပ် အားဖြင့် ဘုရားအဖြစ် ဟူသည်မှာ သဗ္ဗညုတဉာဏ် ပညာတော်ကြီးပင် ဖြစ်၏၊

ဤပညာပါရမီ ရင့်သန်လာအောင်ကား ထိုထို ကောင်းမှုကို ပြုတိုင်းလည်း မိမိစိတ်က ဉာဏ်ပညာဘက်သို့ ညွတ်ကိုင်း တောင့်တလျက် ရှိရမည်။ တကယ့် ပညာရှိထံ ချဉ်းကပ်၍ မပြတ်မလတ် စုံစမ်းမေးမြန်းလေ့ ရှိရမည်။

ထို့ကြောင့် အလောင်းတော် အရှင်ရသေ့သည် ဤ ပညာပါရမီကိုလည်း ၄-ကြိမ် မြောက် မြင်တော်မူ၍ ကောင်းစွာ ဖြည့်ကျင့်ဖို့ ဆုံးဖြတ်တော်မူ ပြန်သည်။

ဝီရိယပါရမီ

▬▬▬▬

ပညာက မည်မျှလောက် ရှိနေသော်လည်း လုံ့လဝီရိယ ကင်းမဲ့ပြန်လျှင် စိတ်ကူး နေရုံမျှဖြင့် မည်သည့်အကျိုးကိုမျှ ရလိမ့်မည် မဟုတ်ပါ၊ ယခင်က ပညာတွေသည် ဝီရိယအဖော် ကောင်းမှသာ လိုရာအကျိုးကို ပြီးစေနိုင်ပါသည်။ အထက်တန်း ရောက်သူဟူသမျှ ဝီရိယကင်းသည့် အပျင်းသမား အပြောသမား မဟုတ်ကြချေ။

ထို့ကြောင့် ပညာနှင့် အတူ ဝီရိယ ပါရမီကိုလည်း ဖြည့်ကျင့်တော်မူဖို့ရန် ၅-ကြိမ် မြောက် ဆုံးဖြတ်တော် မူပြန်သည်။

ခန္တီပါရမီ

▬▬▬

မြင့်မြတ်သော အထက်တန်းကို ရည်မှန်းသော ပုဂ္ဂိုလ်သည် ဆန့်ကျင်ဘက် ရန်သူနှင့် မတွေ့နိုင်ဟူ၍ မမှတ်သင့်၊ ကိုယ့်ထက်သာလျှင် မနာလိုလေ့ ရှိကြသော ဤသံသရာ ကြီးထဲမှာ သာ၍ပင် တွေကြုံတတ်သေး၏၊

မိမိ၏ ဆန့်ကျင်ဘက်တွေကို တုပြိုင်နေ ပြန်လျှင်လည်း ခရီးတွင်မည် မဟုတ်ပါ။ မိမိကို မနာလိုသူ ဟူသမျှ ရန်သူဟု သဘောမထားဘဲ ခန္တီပါရမီ ပြည့်အောင် တစ်ဖက် တစ်လမ်းက ကူညီနေသူဟုသာ သဘောထားလျှင် အလွန် စိတ်သက်သာပါသည်။

ထို့ကြောင့် ခန္တီပါရမီကိုလည်း တွေ့ကြုံရာတိုင်း၌ ဖြည့်ကျင့်ဖို့ရန် ၆-ကြိမ်မြောက် ဆုံးဖြတ်တော်မူသည်။

သစ္စာပါရမီ

▬▬▬▬

ဤလောကဝယ် သစ္စာမရှိသူလောက် ကြောက်စရာ ကောင်းသူ မရှိပါ၊ “လူယုံသတ် သေတတ်” ဟူသော စကားသည် သစ္စာ မတည်သူများကို စွဲ၍ ဖြစ်လာသော စကားတည်း၊ သစ္စာ မရှိသူသည် မည်သည့်အခါမျှ အထက်တန်းသို့ မရောက်နိုင်၊ သစ္စာတရားသည် လွန်စွာ အစွမ်းထက်မြက်၏၊ လောင်လာသောမီး၊ တိုးလာသောရေ၊ တက်နေသော အဆိပ်ကိုပင် သစ္စာစကားဖြင့် လျှော့ကျစေနိုင်၊ ရပ်တန့်စေနိုင်သည်။

တကယ် မြင့်မြတ်သူ မှန်လျှင် ဧကန် သစ္စာရှိထိုက်ရကား သစ္စာပါရမီ ဖြည့်ဖို့ရန် ကိုလည်း ၇-ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။

အဓိဋ္ဌာန ပါရမီ

▬▬▬▬▬

မြင့်မြတ်သော အကျိုးကို မျှော်ကိုးသူသည် တော်တော်တန်တန်နှင့် စိတ်မပျက်ဘဲ စွဲစွဲမြဲမြဲ ဇွဲကောင်းကောင်းနှင့် အားထုတ်ရ၏၊ ထိုသို့ အားထုတ်မှသာ ထိထိ ရောက်ရောက် ပြီးမြောက်နိုင်၏။

ထို့ကြောင့် ကုသိုလ်ကောင်းမှု၌ ဇွဲကောင်းဖို့ရန် အဓိဋ္ဌာန် ပါရမီကိုလည်း ၈ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။

မေတ္တာပါရမီ

▬▬

မြင့်မြတ်သောအဖြစ်ကို ရလိုလျှင် သတ္တဝါတိုင်း၏ အပေါ်၌ မေတ္တာကင်းမဲ့လို့ မတော်ပါ၊ အချို့အပေါ်မှာ အကျိုးလိုလား မေတ္တာပွားလျက် အချို့အတွက်မှာ မေတ္တာ ကင်းပြီးလျှင် ကွက်တိ ကွက်ကျား မေတ္တာပွားသူကို မြင့်မြတ်သူဟု မဆိုထိုက်ပါ၊

ထို့ကြောင့် အားလုံးသတ္တဝါတို့၏ အကျိုးကို အညီအမျှ လိုလားသော မေတ္တာပါရမီ ကိုလည်း ကြိုးစား ဖြည့်ကျင့်ဖို့ရန် ၉-ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။

ဥပေက္ခာပါရမီ

▬▬

မြင့်မြတ်သော တရားထူးကို ကြိုးစား၍ ရှာဖွေသူသည် မိမိကို ဂရုစိုက်ကာ အရေးပါနေသူများ အတွက် နောက်ဆံတင်းလျက် မခွာရက်အောင် ဗျာပါရ များနေလိုလည်း မဖြစ်၊ မလိုမုန်းထားသူ များကိုလည်း ဂရုတစိုက် အရေးမယူထိုက်၊ ပန်းနံ့သာ တင်သ၍ နေသော်လည်း ဝမ်းမသာ၊ မစင်ဘင်ပုပ် စွန့်ချ သွားသည် ကိုလည်း အရေးမကြီးသော မဟာပထဝီ မြေကြီးကဲ့သို့ မုန်းချစ်မပြု လျစ်လျူရှုနိုင် ရပေသည်။

ထို့ကြောင့် ဥပေက္ခာ ပါရမီကိုလည်း အခွင့်အားလျော်စွာ ဖြည့်ကျင့်ဖို့ရန် ၁၀-ကြိမ် မြောက် ဆုံးဖြတ်တော်မူပြန်သည်။

အလောင်းဘုရားသည် ဤပါရမီတော်များအပြင် ဆင်ခြင်သော်လည်း ဖြည့်စရာ မြင်တော်မမူသောကြောင့် ဤပါရမီဆယ်ပါးကို အစက အဆုံး၊ အဆုံးက အစ၊ ထပ်ကာ ထပ်ကာ ဆင်ခြင်တော်မူပြန်ရာ လွန်စွာ အားရတော် မူလှသဖြင့် ဆင်ခြင်တော် မူသော ဉာဏ်တော်၏ အစွမ်းကြောင့် ဤမဟာပထဝီ မြေကြီးသည် (မြေစောင့်နတ်သည်) ကောင်းချီးမင်္ဂလာ ဩဘာပေးသော အနေဖြင့် ယန္တရားစက်ကို လှည့်လိုက်သကဲ့သို့ သွက်သွက် ခါအောင် တုန်လှုပ်ရလေသည်။

အလောင်းဘုရားလည်း ထိုပါရမီများကို ဖြည့်ကျင့်ဖို့ရန် ဟိမဝန္တာသို့ ပြန်ကြွတော် မူလေသည်၊ ထိုဘဝမှ စုတေသော် ဗြဟ္မာပြည်သို့ ရောက်၍ ထို့နောက် ကမ္ဘာပေါင်း များစွာ၌ သင့်ရာ သင့်ရာ ပါရမီတော်များကိုလည်း ထူးထူးခြားခြား ဖြည့်ကျင့်တော် မူခဲ့ပေသည်။

သိဝိဇာတ်တော်နှင့် ဒါနပါရမီ

▬▬

အလောင်းဘုရားသည် သိဝိမင်း ဘဝ၌ နေ့စဉ်နှင့်အမျှ သိန်းပေါင်း များစွာကို အကုန်ခံ၍ လှူနေရသော်လည်း တင်းတိမ် အားရတော် မမူနိုင်သောကြောင့် “ငါမှာ လှူရိုး လှူစဉ် ဒါန၌ မလှူဖူးတာ မရှိတော့ပြီ၊ ယခုအခါ မျက်လုံးကို အလှူခံ လာလျှင် လှူချင်စမ်းပါဘိ” ဟု အကြံဖြစ်လေသည်။

အကြံကို သိကြားမင်း သိသဖြင့် မျက်မမြင် ပုဏ္ဏားယောင် ဟန်ဆောင်ပြီးလျှင် မျက်လုံးတစ်ဖက်ကို အလှူခံရန် လာလေသော် “ငါ၏အကြံ အထမြောက် တော့မည်” ဟု ဝမ်းမြောက်တော်မူလျက် သမားတော်ကို ခေါ်စေပြီးလျှင် မျက်လုံး တစ်ဖက်ကိုသာ အလှူခံသော်လည်း ၂-ဖက်လုံးကို ထုတ်၍ ဆက်သဖို့ရန် အမိန့်ပေးတော် မူသောအခါ...

သမားတော်။ ။အရှင်မင်းမြတ် … မျက်လုံးတော်ကို မလှူသင့်ပါ၊ အခြားနည်းဖြင့် ဤပုဏ္ဏားကို ချမ်းသာအောင် ထားနိုင်ပါသည်။ ဘုရင်မင်းမြတ် ဆိုသည်မှာ မျက်လုံး ကွယ်နေလို့ မတင့်တယ်ပါ။

မင်းတရား။ ။သမားတော် ... စကားမများနဲ့၊ မျက်လုံးကိုသာ ထုတ်၍ ဆက်ပါ။
[အမျိုးမျိုးသော နည်းဖြင့် တောင်းပန်သော်လည်း မရသောကြောင့် သမီးတော်သည် မျက်လုံးအစုံကို ဆေးဖြင့် သုတ်လိမ်းလိုက်ရာ တစ်ခါတည်းဖြင့် မျက်လုံးများ စူ၍ လာလေသည်။]

သမားတော် ။ ။အရှင်မင်းမြတ် .. ပင်ကိုအတိုင်း ဖြစ်အောင် တတ်နိုင်ပါသေးသည်၊ စဉ်းစားတော်မူပါ။

မင်းတရား။ ။ သမားတော် .... စကားမများနဲ့ ထုတ်သာထုတ်လိုက်၊ ထိုနောက် ဆေးဖြင့် ထပ်၍ တို့လိုက်ပြန်ရာ မျက်လုံးတော်နှစ်ဖက် အပြင်သို့ ထွက်၍ မျက်ကျောမျှင်များဖြင့် အောက်သို့ ကျလာလေသည်။

သမားတော်။ ။ အရှင်မင်းမြတ် ... စဉ်းစားတော်မူပါ၊ ပင်ကိုအတိုင်း ဖြစ်အောင် တတ်နိုင်ပါသေးသည်။

မင်းတရား။ ။ (ဆတ်ဆတ်တုန်အောင် နာကျင်သည်ကိုမျှ ဂရုစိုက်တော် မမူဘဲ) စကားမများနဲ့ သမားတော်... ဖြတ်သာ ဖြတ်လိုက်ပါ။

ထိုနောက် မည်သည့်နည်းနှင့်မျှ တောင်းပန်၍မရသောကြောင့် မျက်ကြောများကို ဓားဖြင့်ဖြတ်လျက် မျက်လုံး ၂-ဖက်ကို ဆက်ရရှာလေသည်၊ ထိုအခါ မင်းတရားသည် မျက်စိမမြင်ဘဲလျက် နှစ်သက်ရွှင်ပျစွာ မျက်လုံးတော် ၂-ဖက် ကို ပုဏ္ဏားလက်သို့ လှူတော်မူရှာသည်။

[သိဝိမင်းကား ဘုရားအလောင်း၊ သမားတော်ကား အရှင်အာနန္ဒာအလောင်းတည်း။

ဤသို့လျှင် မျက်လုံးကို ထုတ်၍ထုတ်၍ လှူခဲ့သည်မှာ မိုးပေါ်က ကြယ်တွေထက်ပင် များပါသေး၏၊ အသားတော်ကို လှူခဲ့သည်မှာ ဤ မဟာပထဝီ မြေကြီးထက်ပင် များပါသေး၏၊ အသွေးတော်ကို လှူခဲ့သည်မှာ သမုဒ္ဒရာရေထက်ပင် များပါသေး၏၊ ဝေဿန္တရာမင်း အဖြစ်၌ကား ဘုရားရှင်၏ ဒါနတော်ကို ကြည်ညို၍ အားမရအောင် ရှိပါတော့သတည်း။

သင်္ခပါလ နဂါးမင်းနှင့် သီလပါရမီ

▬▬

ဘုရားအလောင်းတော်သည် သင်္ခပါလ နဂါးမင်း ဖြစ်စဉ်က “ငါ၏ အရေ အသား အကြောရိုးများကို အလိုရှိသူ ယူစေတော့”ဟု မိမိကိုယ်ကိုစွန့်၍ လူတို့သွားလာရာ လမ်း၏အနီး တောင်ပို့ကြီးအပေါ်မှာ သီလဆောက်တည်၍ နေလေသည်။

မုဆိုး၏ သားတို့သည် ထိုနဂါးကိုမြင်လျှင် အနီးသို့ ချဉ်းကပ်၍ အချို့က လှံဖြင့်ထိုး အချို့က စို့ဖြင့်နှက် နှာခေါင်းနှစ်ဖက်ကိုထိုး၍ နဖားကြိုးတပ်သူကတပ်ပြီး ဆိုင်းဖြင့် ထမ်းဆောင်သွားကြလေရာ, ရန်မူလိုပါလျှင် နှာခေါင်းမှ လေကို မှုတ်လိုက်ရုံမျှဖြင့် တောတောင်နှင့်တကွ သမုဒ္ဒရာရေပြင်ကိုပါ မီးဟုန်းဟုန်း ထစေနိုင်ပါသော်လည်း အသက်ကိုစွန့်၍ သီလကို စောင့်တော်မူရှာပေသည်။

ဤသို့ သီလပါရမီ ဖြည့်ကျင့်တော်မူရာ ဇာတ်တော်ပေါင်း များစွာကိုလည်း ကြည်ညို၍ အားမရအောင် ရှိပါတော့သတည်း။

မဟာဇနက ဇာတ်တော်ကဲ့သို့ ထီးနန်း စည်းစိမ်ကြီးကိုပင် စွန့်ခွာတော်မူလျက် တောသို့ထွက်ကြွ၍ နေက္ခမ္မပါရမီကို ဖြည့်ကျင့်တော်မူပုံ၊ မဟောသဓ ဇာတ်တော်ကဲ့သို့ ပညာပါရမီတော်အစွမ်းဖြင့် သတ္တဝါများ ချမ်းသာအောင် ဆောင်ရွက်တော်မူပုံတို့မှာ အားရဖွယ်ရာ ကြည်ညိုဖွယ်ရာ ကောင်းလှ ပါပေ သည်။

ဝီရိယပါရမီနှင့် မဟာဇနက

▬▬

အလောင်းဘုရားသည် မဟာဇနက မင်းသား ဖြစ်စဉ်က ၁၆-နှစ် အရွယ်၌ ကြီးကျယ်သော ရွက်သင်္ဘောကြီးဖြင့် လူပေါင်း ခုနစ်ရာနှင့်အတူ သမုဒ္ဒရာကို ကူးတော်မူလေသည်၊

ခုနစ်ရက်လောက် အကြာ၌ လှိုင်းလေ အဟုန်အတွက် ရွက်သဘောကြီး ပျက်သဖြင့် လှိုင်းဂယက် အလယ်မှာ လူပေါင်း ခုနစ်ရာလုံး ပြုတ်ပြုတ်ပြုန်းလျက် လုံးလုံးကြီး ငါးလိပ်တို့၏အစာ ဖြစ်ကြလေသည်၊ ကျယ်ဝန်းသော ရေအပြင်သည် သွေးချင်းချင်း နီနေ၏။

အလောင်းတော်ကလေးကား အနည်းငယ် ကြောက်ရွံ့တွန့်ဆုတ်ခြင်း မရှိဘဲ ဝီရိယသန်သန်ဖြင့် မှန်မှန်ကြီး ကူးတော်မူကာ ဝီရိယအစွမ်းကို ပြတော်မူခဲ့ပါသည်။

ဓမ္မပါလဇာတ်တော်နှင့် ခန္တီပါရမီ

▬▬

ဘုရားအလောင်းတော်၏ ဓမ္မပါလ မင်းသားကလေး ဘဝတုန်းက ခန္တီပါရမီ ဖြည့်ကျင့် တော်မူပုံမှာ ကြားရသူတို့၏ စိတ်နှလုံးကို တုန်လှုပ်စေပါသည်။ ခမည်းတော်သည် ဒေဝဒတ်အလောင်း ဖြစ်သော မဟာတာပမင်းဖြစ်၍, မယ်တော်ကား မိထွေးတော် ဂေါတမီ အလောင်းဖြစ်သော စန္ဒာဒေဝီမိဖုရားတည်း။

တစ်နေ့သ၌ မိဖုရားသည် ၇-လအရွယ်မျှသာ ရှိသေးသော သားတော် ကလေးကို ရေမိုးချိုးပေးကာ နံ့သာလိမ်းကျံ၍ အလွန်ပျော်ရွှင်စွာဖြင့် ချော့မြူနေတုန်းဝယ် မိမိအဆောင်တော်သို့ မဟာပပမင်း ရောက်လာသည်ကို ခရီးဦးကြို မပြုမိချေ၊

ထိုအခါ၌ “သူ့သား ငယ်စဉ်ကပင် ငါ့ကို ဂရုမစိုက်လျှင် သူ့သား ကြီးရင့်သောအခါ ငါ့ကို လူထင်တော့မှာမဟုတ်” ဟု မဆိုင်သော သားအပေါ်မှာ ရန်သူလုပ်လျက် ပြင်းစွာ အမျက်ထွက်၍ မိမိအဆောင်တော်သို့ ပြန်သွားပြီးလျှင် လူသတ်ယောက်ျား အာဏာသားတို့ကိုခေါ်၍ သားတော်ကို အယူခိုင်းပြီးနောက် နန်းကြမ်းပြင်မှာ ချထား စေလေသည်။

မိဖုရားသည်လည်း ရှင်ဘုရင် စိတ်ဆိုးသွားသည်ကို သိ၍ ပြင်းစွာငိုကြွေးလျက် သားတော်ကလေးနောက်မှ လိုက်လာ၍ အမျိုးမျိုး တောင်းပန်တုန်းမှာပင် လက်ကလေးနှင့် ခြေကလေးများကို အဖြတ်ခိုင်း၏။

ထိုအခါ မိဖုရားက လက်ပြတ် ခြေပြတ်ကလေးများကို ကောက်ယူလျက် ရင်ခွင်မှာ ထားပြီးလျှင် “ကိုင်း ... ယခုဖြင့် သားတော်ကလေးက အရှင်မင်းကြီးကို ရန်မပြု နိုင်တော့ပါ၊ သည်ကလေးနှင့်ပင် တော်ရာကိုသွားပြီး လုပ်ကိုင် စားသောက်ပါရစေ” ဟု ပြောဆိုကာ သားတော်ကို တောင်းရှာလေသည်။

သားကလေးက မိမိဖခင် ရှင်ဘုရင့် အပေါ်မှာ စိတ်မျှ မပြစ်မှား၊ လက်ခြေကို ဖြတ်ထား သော်လည်း သနားစဖွယ် မျက်ရည်မျှမလည်မူ၍ တင့်တယ်သော မျက်နှာဖြင့် သည်းခံခြင်း တရားကိုသာ များများကြီး အသုံးပြုတော်မူပေသည်။

[အို ... အလောင်းတော် ကလေးဘုရား “အားရပါးရ နှိပ်စက်သောဒဏ်ကို သည်းခံ၍ နေရခြင်းသည် ခန္တီပါရမီတစ်မျိုး ပြည့်တာပဲ” ဟု စိတ်ထဲ၌ တွေးကာ စိတ်မနာဘဲ ဝမ်းသာတော်မူပါသလား ဘုရာ့၊ ဤမျှလောက်ဒုက္ခကြီးကိုပင် ပါရမီဖြည့်မယ့်အရေးကို တွေးကာ ကျေနပ်တော် မူနေပါသလား ဘုရား။]

ထိုမျှနှင့် အားမရသေးဘဲ ဦးခေါင်းကို အဖြတ်ခိုင်းပြန်လေရာ၊ မယ်တော်မှာ မခံသာလှ၍ “မိမိ၏ ဦးခေါင်းကိုသာ ဖြတ်လိုက်ပါတော့”ဟု အာဏာသားအထံ ချဉ်းကပ်ကာ ဦးခေါင်းကို စင်းထားလေ၏၊

သို့သော် မိဖုရားကို မဖြတ်ဘဲ သားတော်ကလေးကို အဖြတ်လိုက်တွင် မိဖုရား အသဲကွဲ၍ စုတေပွဲ ဝင်ရှာလေသည်၊ မိဖုရားကြီး စုတေပြီးနောက် ရှင်ဘုရင်လည်း မနေတတ် မထိုင်တတ်ဖြစ်ကာ ရာဇပလ္လင်ပေါ်မှ ဆင်း၍ နန်းကြမ်းပြင်သို့ လျှောက် လေရာ ပျဉ်ချပ်တွေကွဲရာမှ မြေသို့အကျတွင် မြေတွင်းသို့ဝင်ကာ အဝီစိသို့ သွားရလေ တော့သည်။

မဟာသုတသောမ ဇာတ်နှင့် သစ္စာပါရမီ

▬▬

အလောင်းတော်၏ မဟာသုတသောမမင်း ဖြစ်စဉ်တုန်းက သစ္စာပါရမီကို ဖြည့်ကျင့် တော်မူပုံမှာလည်း အတုယူစရာ ကြည်ညိုစရာ ကောင်းလှပေသည်၊ ဗြဟ္မဒတ်မင်း အဖြစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေရာမှ လူသားစားမှုအတွက် တိုင်းပြည်က နှင်ထုတ် ခံရ၍ “ပေါရိသာဒ” ဟု ထင်ရှားခဲ့သော နန်းကျဘုရင်သည် ပညောင်ပင် အောက်မှာ နေလျက် တောသွား တောလာ လူအများကို ဖမ်းယူစားသောက် လေ့ရှိ၏။

အခါတစ်ပါးဝယ် အတော်ဝဖြိုးသော ပုဏ္ဏားကို ဖမ်းယူ၍ ပြေးစဉ် ရှားငုပ်တို့စူးသဖြင့် မသွားနိုင်၍ လူသားကို မစားရသောကြောင့် ညောင်ပင်စောင့် နတ်အား “အရှင် နတ်မင်း ... ကျွန်ုပ် အနာ ပျောက်အောင် စောင့်ရှောက်တော်မူပါ၊ ၇-ရက်အတွင်း အနာ ပျောက်လျှင် တစ်ရာ့ တစ်ယောက်သော မင်းတို့၏ အသွေးအသားဖြင့် ယဇ်ပူဇော်ပါမည်” ဟု တိုင်ကြားလေသည်။

အစာ မစားရသဖြင့် ၇-ရက် အတွင်းမှာ အနာသွေ့ခြောက်၍ အလိုလို ပျောက်သည်ကို ညောင်ပင်စောင့် နတ်က ကယ်မသည်ဟု ထင်သဖြင့် မဟာ သုတသောမမင်းမှ တစ်ပါး အခြားသော မင်းများကို ဖမ်းယူပြီးလျှင် *ယဇ်ပူဇော်ရန် ပြင်ဆင်၍ ထားလေသည်။

[* ရှင်ဘုရင်များကို ဖမ်းရာ၌ ရှေးဘဝက မိတ်ဆွေဖြစ်ခဲ့ဖူးသော ဘီလူးထံမှ မန္တန်ကို ရ၍ ထိုမန္တန် အစွမ်းဖြင့် အလွယ်တကူ ဖမ်းယူနိုင်သည်၊ သုတသောမမင်း ကိုကား တက္ကသိုလ်ပြည်၌ ပညာသင်စဉ်တုန်းက မိတ်ဆွေလည်းဖြစ်၊ လက်ထောက် ဆရာ လည်း ဖြစ်ဖူးသောကြောင့် မဖမ်းယူဘဲ ချန်ထားလေသည်။]

ထိုနောက် ညောင်ပင်စောင့်နတ်ကလည်း မင်းတို့၏ အသွေးအသားများကို ပူဇော် မခံလိုသောကြောင့် သိကြားမင်း၏ အကြံပေးချက်အရ ကိုယ်ထင်လျက် သုတသောမ မင်းမပါလျှင် သင်၏ အပူဇော် မခံနိုင်ကြောင်းကို ပြောပြလေသော် ထိုစကားအရ သုတသောမမင်းကို မဖမ်းလျှင် မဖြစ်တော့။

ထို့ကြောင့် သုတသောမမင်း ခေါင်းဆေး မင်္ဂလာ ပြုမည့်နေ့၌ မင်္ဂလာကန်တော် အတွင်းဝယ် ပုန်းအောင်းလျက် ရေသုံးသပ် အပြီးတွင် ဖြုန်းခနဲ ထွက်၍“ငါဟ.... ပေါရိသာဒတဲ့”ဟု ကျယ်စွာသောအသံကိုပြုလျက် သန်လျက်ကို ဝင့်ကာ သုတသော မမင်းကို ဖမ်း၍ စစ်တပ်အကြားမှ ထွက်သွားလေသည်။

(ထိုခေတ်က ပေါရိသာဒ ဆိုလျှင် အားလုံးလိုလို လန့်နေကြသော ခေတ်ဖြစ်၍ မည်သူမျှ မလှုပ်ဝံ့ဘဲ ပြားပြားဝပ် နေကြသတဲ့။)

သုတသောမမင်း ခေါင်းဆေးမင်္ဂလာပြုရန် ထွက်လာစဉ်တုန်းက ပုဏ္ဏား တစ်ယောက် သည် တစ်ဂါထာလျှင် တစ်ရာတန်သော ဂါထာ ၄-ပုဒ်ကို ရွှေနားတော် သွင်းလို ကြောင်း ခွင့်တောင်းလေသော် “ခေါင်းဆေးမင်္ဂလာ ပြုပြီး နောက်တစ်ရက်မှ ကြားနာ ပါမည်”ဟုဝန်ခံထား၏၊ ပေါရိသာဒက ဖမ်းသွားစဉ် ထိုဝန်ခံချက်ကို သတိရ၍ ညောင်ပင်အောက်သို့ ရောက်သောအခါ ထိုဂါထာကိုနာယူပြီးလျှင် ပြန်လာခဲ့ပါမည်ဟု ယုံကြည်လောက်အောင်ပြောပြ၍ ပေါရိသာဒထံမှ ခွင့်ရလေသည်။

ထို့နောက် တိုင်းပြည်သို့ ပြန်သွား၍ ဂါထာများကို နာယူကာ တစ်ဂါထာကို တစ်ထောင်ကျ ဆုတော်များကို ပေးသနားလေသည်။ ထို့နောက် တိုင်းပြည်ကို ခမည်းတော်ထံ အပ်နှံ၍ တိုင်းသူပြည်သား လူအများတို့က တားကြသော်လည်း “ပြန်လာပါမည်” ဟူသော ကတိသစ္စာကို မဖျက်ဘဲ “ဧကန် သတ်မှာပဲ”ဟု သိတော် မူလျက်နှင့် ပေါရိသာဒအထံသို့ ဆက်ဆက်ကြီး ပြန်လာတော် မူခဲ့ပေသည်။

[ဤနေရာ၌ အသက်စွန့်၍ သစ္စာပါရမီ ဖြည့်ပုံကို သတိထားရာ၏။]

ပေါရိသာဒလည်း မကြောက်မရွံ့ ရဲဝံ့စွာ ပြန်လာပုံကို အံ့ဩ၍ “ဘယ်အတွက် မကြောက်ပါလိမ့်မည်နည်း”ဟု စဉ်းစားရာ ထိုနာယူခဲ့သော ဂါထာ၏ တန်ခိုးများပင် ဖြစ်ရော့သလားဟု အောက်မေ့၍ ထိုဂါထာများကို နာယူလိုကြောင်း ခွင့်တောင်း လေသည်။

ထိုဂါထာများကို နာယူပြီးသောအခါ စိတ်ပြောင်းသွားကာ “ထိုဂါထာများကို ပြောပြသည့်အတွက် အလိုရှိရာဆုကို ယူပါ”ဟု တောင်းပန်လေသော် ... သုတသောမ မင်းသည် ဖမ်းထားသော မင်းအများကို လွှတ်ဖိုးနှင့်တကွ အခြားဆုများကို တောင်း၏၊

ထိုအခါ အစက ငြင်းသော်လည်း တဖြည်းဖြည်း စိတ်ပြောင်းကာ တစ်ရာသော မင်းအပေါင်းကို လွှတ်ပြီးနောက် သုတသောမမင်း၏ အဆုံးအမကို နာခံ၍ လူသား စားမှုကို ရှောင်ကြဉ်လေသည်။ ထို့နောက် မူလ တိုင်းပြည်သို့ ပြန်ရောက်၍ မင်းအဖြစ်ကို ရပြီးနောက်မှ တစ်ရာသော မင်းများလည်း ဆိုင်ရာ တိုင်းပြည်သို့ ပြန်သွားကြလေသည်။

အမှာ

ဤဇာတ်၌ အလောင်းတော်၏ သစ္စာပါရမီသည် အသက်စွန့်၍ ဖြည့်ကျင့်အပ်သော ပါရမီတော်တည်း။ ထိုပါရမီတော်၏ အစွမ်းကြောင့် အားလုံးသော မင်းများလည်း လွတ်လပ်ချမ်းသာခွင့် ရကြလေသည်။

အဓိဋ္ဌာန်ပါရမီ စသည်

▬▬

အလောင်းတော်၏ တေမိမင်းသား ဘဝတုန်းက တောထွက်လိုသော ဆန္ဒတော် ကြောင့် “အ-ယောင် ဆွံ့-ယောင် နားပင်းယောင် ဆောင်မည်”ဟု အဓိဋ္ဌာန် ပြုပြီးလျှင် တစ်ဆယ့်ခြောက်နှစ် တိုင်အောင် စမ်းသပ်မှု အမျိုးမျိုးကို သည်းခံ အောင့်အည်းလျက် အဓိဋ္ဌာန်ပါရမီကို ဖြည့်ကျင့်တော် မူပုံမှာလည်း အံ့သြဖွယ် ကောင်းလှပါသည်။

မေတ္တာပါရမီ ဥပေက္ခာပါရမီကို ဖြည့်ကျင့်တော် မူခဲ့ရသည်မှာလည်း ဘဝပေါင်း များစွာတည်း၊ ထို ပါရမီ ၁၀-ပါးကို လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတိုင်အောင် ဖြည့်ကျင့်တော် မူပြီးနောက် ဝေဿန္တရာမင်း အဖြစ်သို့ အရောက်မှာ ပြည့်စုံ လုံလောက်ပြီ ဖြစ်၍ ထိုမှတစ်ဖန် တုသိတာနတ်ပြည်၌ နတ်မင်းအဖြစ်ဖြင့် စိုးစံတော် မူလေသည်။

ပဋိသန္ဓေ တည်နေတော်မူခန်း

▬▬

နတ်သက် စေ့သောအခါ တစ်သောင်းသော စကြဝဠာမှ နတ်ဗြဟ္မာ အပေါင်းတို့သည် လူ့ပြည်၌ ပဋိသန္ဓေ တည်နေတော်မူလျက် ဘုရားဖြစ်တော်မူ၍ သတ္တဝါအများကို ကယ်ဆယ် တော်မူပါရန် တောင်းပန်ကြသဖြင့် ကပိလဝတ် *နေပြည်တော်ဝယ် မယ်တော်မာယာ မိဖုရား၏ ဝမ်းတိုက်၌ စွဲပိုက် သန္ဓေ တည်နေတော် မူလေသည်။

[* ကပိလ၀တ် နေပြည်တော်ကား ယခုအခါ အိန္ဒိယမြောက်ပိုင်း နီပေါနယ်တွင်းမှာ ရှိ၏၊ ဟိမဝန္တာနှင့် တော်တော်နီးသတဲ့၊ ထိုစဉ်က ကပိလဝတ် နေပြည်တော်ကို သုဒ္ဓေါဒန မဟာရာဇာသည် “မာယာဒေဝီ, ဂေါတမီ”ဟူသော ညီမတော် ၂-ပါး ကို သိမ်းပိုက်၍ စိုးစံတော်မူလေသည်။

ကမ္ဘာဦးက မင်းမျိုး အစဉ်အဆက်မှ ဆင်းသက်လာခဲ့သော သာကီဝင်မင်းမျိုးဖြစ်၍ အမျိုးအားဖြင့် အမြတ်ဆုံးဟု ထင်ရှား ကျော်စောလေ၏။ မြန်မာများလည်း ထို သာကီဝင်မင်းမျိုးနှင့် အဆက်အနွယ် တူသည်ဟု ရာဇဝင်က ယူရုံသာမက လူပုံပန်းနှင့် တချို့ စကားသုံးများ ခပ်ဆင်ဆင် ဖြစ်ပုံကိုထောက်၍ ယုံမှာမရှိသင့်။]

မီးရှူးသန့်စင်တော်မူခန်း

▬▬

ဝါဆိုလပြည့်နေ့ဝယ် ပဋိသန္ဓေ နေတော်မူခဲ့၍ ဆယ်လစေ့ရာ ကဆုန်လပြည့်နေ့၌ မယ်တော်မာယာသည် ဆွေတော် မျိုးတော်များ နေထိုင်ရာ ဒေဝဒဟပြည်သို့ သွားလို ပါကြောင်း သုဒ္ဓေါဒနမင်းထံ ခွင့်တောင်း၍ မင်းခမ်းမင်းနား ခင်းကျင်းလျက် ထွက်တော်မူခဲ့ပြီးလျှင် “လုမ္ဗိနီ”ခေါ် အင်ကြင်း ဥယျာဉ်တော်၏ သာယာပုံကို မြင်တော်မူသဖြင့် ရှုစားတော်မူရန် ခေတ္တဝင်တုန်းမှာပင် ကမ္မဇလေ လှုပ်ရကား အင်ကြင်းခက်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ကောင်းမွန်စွာ ရပ်တော်မူနေရင်းမှာပင် အလောင်းဘုရားကို မီးရှူးသန့်စင် ဖွားမြင်တော် မူလေသည်။

သန့်စင်သောအခါ သုဒ္ဓါဝါသဘုံသား ရဟန္တာ ဗြဟ္မာမင်းက ဇာတဘက်ဖြင့်ခံယူ၍ မယ်တော်၏ရှေ့၌ပြကာ “အရှင်မိဖုရား ... ဝမ်းမြောက်တော်မူပါ သားရတနာကို ဖွားမြင်ပါပြီ”ဟု ပြောဆိုကြလေ၏၊ ထိုနောက် စတုမဟာရာဇ် နတ်မင်းကြီးများက သစ်နက်သားမွှေးထည်ဖြင့် လှမ်းယူ၍ လူတို့လက်ကို လှမ်းလိုက်လေသည်။

ထိုနောက် လူတို့လက်မှ ဆင်းလျက် မြေ၌ တည့်မတ်ရပ်တော်မူ၍ အရပ် ဆယ်မျက်နှာကို ရှုစားတော်မူလေရာ အားလုံးသော နတ်ဗြဟ္မာတို့က အရိုအသေ ပေးကြသဖြင့် မြောက်အရပ်သို့ ခုနစ်လှမ်းလောက် ကြွလှမ်းပြီးလျှင် “အဂ္ဂေါဟမသ္မိ လောကဿ = တစ်လောကလုံး၌ ငါသာလျှင် အမြတ်ဆုံး” ဟူသောစကားသံကို ခန့်ခန့်ညားညား မိန့်မြွက်တော် မူလေသည်။

အကျိုးအားလုံးကို ပြီးစီးစေနိုင်သောကြောင့် အလောင်းဘုရားကို “သိဒ္ဓတ္ထ” ဟု နာမည်တော် တင်သကြလေသည်။ ထိုနောက် ရုပ်လက္ခဏာကို ကြည့်ရှုစစ်ဆေး ကြသော ပုရောဟိတ် ပုဏ္ဏားတို့တွင် ပုဏ္ဏားခုနစ်ယောက်တို့က လက် ၂-ချောင်း ထောင်ပြလျက် “လူ့ဘောင်မှာ နန်းစံလျှင် စကြာမင်း၊ တောထွက်တော်မူလျှင်ကား ဘုရားဖြစ်လိမ့်မည်”ဟု ဟောကြ၍ အညာသိ- ကောဏ္ဍညမထေရ် အလောင်း ဖြစ်သော အငယ်ဆုံး ပုဏ္ဏားကမူ လက်တစ်ချောင်းသာ ထောင်ပြလျက် “ဧကန်မုချ ဗုဒ္ဓဖြစ်လိမ့်မည်”ဟုဟောလေသည်။

[ထိုအဟောကို အခြားပုရောဟိတ်တို့ကလည်း သဘောတူကြလေသည်။]
[* အချို့က ဘုရားအလောင်းကို နားမှဖွားသည်ဟု ထင်ကြလေသည်၊ မြောက်ပိုင်း ဗုဒ္ဓဘာသာ ကျမ်းစာများ၌ကား လက်ယာနံပါးမှ ဖွားသည်ဟုဆို၏။ မဟုတ်ပါ။ ထုံးစံ အတိုင်းသာတည်း။ ဘုရားအလောင်း ဖွားမြင်ပြီးနောက် ၇-ရက်မြောက်မှာ မယ်တော် မာယာ နတ်ရွာစံ၏၊ သို့သော် ဖွားမြင်ရခြင်းကြောင့် စံရသည်မဟုတ်၊ ကံကုန်၍ စံရခြင်းဖြစ်သည်။]

ကြင်ရာတော်ရွေးခန်း

▬▬

အလောင်းဘုရားသည် ၁၆-နှစ်အရွယ်သို့ ရောက်သောအခါ သာကီဝင် မင်းမျိုး အားလုံးကပင် တောထွက်သွားမည်ကို စိုးရိမ်ကြ၏၊ စကြာမင်း စည်းစိမ်ကြီးဖြင့် လေးကျွန်းလုံးကို အုပ်စိုးလျက် သာကီဝင် တစ်မျိုးလုံး အထက်တန်းက နေလိုကြ၏။

ထို့ကြောင့့်် တစ်နေ့သ၌ သုဒ္ဓေါဒနမင်းကြီးထံ ညီလာခံယင်း စကားစပ်မိကြသဖြင့် “အလောင်းဘုရားကို သင့်လျော်သော ကြင်ရာတော်နှင့် ဖက်စပ်၍ ထီးနန်းကို အပ်နှင်းမှ သာ၍ စိတ်ချရမည်။ သို့မဟုတ်လျှင် တောထွက်သွားလိမ့်မည်”ဟု ပြောဆိုကြရာ သမီးရှင်ဖြစ်သော မင်းကြီး အများကပင် မိမိ၏ သမီးတော်နှင့် သင့်လျော်ကြောင်းကို အသီးသီး ပြောဆိုကြသတဲ့။

ထိုအခါ သုဒ္ဓေါဒနမင်းက “သား၏အလိုကို သိဖို့ခဲယဉ်းပေသည်။ သားတော်၏ အလို မကျလျှင် သင့်လျော်မည်မဟုတ်၊ သားတော်ကို စုံစမ်းကြရမည်”ဟု အမိန့်တော်ရှိ၏၊

အလောင်းဘုရားထံ စုံစမ်းကြလေရာ ရှေးဦးစွာ “ထီးနန်း မစံလိုကြောင်း ငြင်းပယ် သော်လည်း အမျိုးမျိုး တောင်းပန်ကြသဖြင့် ဤဂုဏ်အင်္ဂါများနှင့် ပြည့်စုံသော ကြင်ရာ တော်ကိုရလျှင် ထီးနန်း လက်ခံပါမည်”ဟု ခမည်းတော်ထံ သံတော်ဦးတင်လေသည်။

ကြင်ရာတော်၏ ဂုဏ်အင်္ဂါများ

▬▬

၁။ အဆင်းအရွယ် တင့်တယ်လှပခြင်း။

၂။ အလှဆုံးဖြစ်သော်လည်း ရုပ်အဆင်းအတွက် မာန်မာန မတက်ခြင်း။

၃။ မိမိအပေါ်မှာ မိခင်အလား မေတ္တာစိတ် များများဖြင့် လေးလေး စားစား ယုယ တတ်ခြင်း။

၄။ စွန့်ကြဲပေးကမ်း လှူဒါန်းနေရသည်ကိုပင် အလွန်ပျော်စရာဟု မှတ်ထင်လေ့ရှိခြင်း။

၅။ သူတစ်ပါးကို မထီလေးစား မပြုသည့်ပြင် မာယာ သာဌေယျ အမှုမှလည်း ကင်းရှင်းခြင်း။

(မိမိမှာရှိသော အပြစ်ကို မရှိဟန်ဆောင်ခြင်းကို “မာယာ” ဟု ခေါ်၍, မရှိသော ဂုဏ်ကို ရှိဟန်ဆောင်ခြင်းကို“သာဌေယျ”ဟု ခေါ်သည်။)

၆။ မာန်မာန မကြီးရသော်လည်း သူတစ်ပါး၏ အစေအပါးကဲ့သို့ အောက်ကျ နောက်ကျလည်း မရှိရခြင်း။

(အားလုံးအပေါ်၌ သဘောထား ကြီးကြီးဖြင့် ခန့်ခန့်ကြီး နေတတ်ရမည်ဟူလို။)

၇။ လောကီအာရုံ ကာမဂုဏ်၌ မက်မက်မောမော မရှိရခြင်း။

၈။ မိမိ၏ စီးပွားဥစ္စာ မိမိ၏ အရှင်သခင်နှင့်သာ တင်းတိမ်ရခြင်း။

၉။ ယောက်ျားတစ်ပါးနှင့် ဆိုလျှင် အိပ်မက်ကိုသော်မျှ မမက်မိအောင် စောင့်စည်း ရခြင်း။

၁၀။ သစ္စာကတိ ကောင်းစွာရှိ၍ တရားပြည့်ဝခြင်း။

၁၁။ ကိုယ် နှုတ် နှလုံး သုံးပါးလုံး စောင့်စည်းလေ့ရှိရခြင်း။

ဤသို့စသော ဂုဏ်အင်္ဂါများတည်း။

ဤဂုဏ်တို့နှင့်ပြည့်စုံသော မင်းသမီးကို လှည့်လည်ရှာဖွေလေရာ သုပ္ပဗုဒ္ဓမင်း၏ အိမ်တော်သို့ ရောက်သောအခါ“ယသော်ဓရာ”အမည်ရှိသော မင်းသမီးကို တွေ့လေလျှင် မင်းသမီးကစတင်၍ စုံစမ်းလာသော အမတ်တို့ကို လောကွတ် ပျူငှာ ပြုလျက် “မည်သည့်ကိစ္စဖြင့် အိမ်တော်သို့ ကြွလာကြပါသလဲ”ဟု မေး၍ အကြောင်းစုံကို သိရလေသော် တော်တော် သွက်လက်သော အာဇာနည် မင်းသမီး ဖြစ်သည့် အားလျော်စွာ ဂုဏ်အင်္ဂါတို့ကို တောင်းယူ ကြည့်ရှုပြီးလျှင် “ဤဂုဏ်များနှင့် ပြည့်စုံသူမှာ မိမိတစ်ယောက်သာ ရှိကြောင်းကို မောင်တော်ဘုရားအား သံတော်ဦး တင်လိုက်ကြပါ၊ မောင်တော်ဘုရားမှာ ဂုဏ်မဲ့သိန်ကင်း ညံ့ဖျင်းရိုးအသော ကြင်ရာနှင့် အတူ ထီးနန်းစံနေတာကို မမြင်ပါရစေနှင့်” ဟု မှာထား ပြောဆိုလိုက်လေသည်။

မှတ်ချက်

ယသော်ဓရာ မင်းသမှီးကား သာမညပါရမီရှင် မဟုတ်ပေ။ ဘုရားအလောင်း သုမေဓာ ဘဝက ကြာပန်းများကို ဆက်ကပ်ပြီးလျှင် အတူ ဆုပန်လာခဲ့သော “သုမိတ္တာ” အမျိုးသမီးပင် ဖြစ်သည်။

လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင်အောင် အလောင်းတော်၏ ပါရမီကို ကူညီ ခဲ့ရသဖြင့် သူ့အတွက် ပါရမီတွေမှာ ပိုလွန်၍ နေလေပြီ၊ ပရိနိဗ္ဗာန်စံခါနီး၌ မိန်းမ အများတွင် မိမိသည် အလှဆုံး အချောဆုံးဟု ထုတ်ဖော် ပြောဆိုသွားသဖြင့် ရုပ်အဆင်းဘက်က “မိန်းမအားလုံးတို့၏ မျက်နှာဖုံး”ဟု ဆိုရပေမည်။

ပါရမီတော် ဖြည့်စဉ်အခါဝယ် အလောင်းတော်ဘုရား၏ တတွတ်တွတ် သွန်သင်ပြသ ဆုံးမသံတွေကို စိတ်ရော ကိုယ်ပါ နာခံခဲ့ရလှသဖြင့် လိမ္မာရေးခြား ပါးပါးနပ်နပ် ဖျတ်လတ်သည့်ဘက်ကမူ မည်သူနှင့်မျှ မတူနိုင်ပါ။

ဣန္ဒြေ စောင့်စည်းသည့်ဘက်က ဆိုလျှင်မူ အမရာဒေဝီ ကိန္နရီနှင့် မန္ဒီမိဖုရား စသော ဘဝတုန်းကပင် အားရ ကျေနပ်ဖွယ် ကောင်းလှပြီဖြစ်၍ အထွတ်အထိပ် ရောက်နေသော ယခုဘဝမှာ အပြစ်ရှာသော်လည်း တွေ့ရတော့မည် မဟုတ်ပါ။

အချုပ်အားဖြင့် ဆိုရလျှင် “အမျိုးသမီးအားလုံး၏ တစ်မျိုးစီ တစ်မျိုးစီ အစွမ်းကုန် ရှိနေသော ဂုဏ်အင်္ဂါတွေကို ယသော်ဓရာ တစ်ယောက်တည်း၌ အပြည့်အစုံ ခြုံပြီး ဖြစ်နေသည်”ဟု ဆိုလိုပါသည်။

ထီးနန်း စံတော်မူခန်း

▬▬

ခမည်းတော် သုဒ္ဓေါဒနမင်းသည် ပြခဲ့သော ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံသော ယသော်ဓရာ မင်းသမီးကို သာကီဝင်မင်းသမီး လေးသောင်းတို့၏ ထိပ်ထား မိဖုရားခေါင်အရာ၌ မြှောက်စား၍ အလောင်းတော် ဘုရားနှင့်အတူ ဘိသိက် ခံစေတော်မူပြီးလျှင် -

ဆောင်းဥတုအခါတွင် စံမြန်းတော်မူရန် “ရမ္မ”မည်သော ၉-ဆင့် တိုက်နန်းကို လည်းကောင်း,

နွေဥတုအခါတွင် စံမြန်းတော်မူရန် “သုရမ္မ” မည်သော ၅-ဆင့် တိုက်နန်းကို လည်းကောင်း,

မိုးဥတုအခါတွင် စံမြန်းတော်မူရန် “သုဘ” မည်သော ၇-ဆင့် တိုက်နန်းကို လည်းကောင်း

ခမ်းနားစွာ တည်ဆောက်စေတော်မူသည်။

[ဇိနာလင်္ကာရ ဋီကာ။]

ဆောင်း နွေ မိုး ဥတုသုံးပါးအလိုက် သိုက်မြိုက်သော အသုံးအဆောင် ဥယျာဉ် ရေကန် တို့ကို တည်ဖန်ပြီးနောက် နွေဥတုရောက်သောအခါ စိတ်ကြည်နူးဖွယ်ရာ ရေပြွန်တို့မှ ရေပန်းတို့ကို ထွက်ဖြာစေလျက် အထက် ကောင်းကင်၌လည်း သားရေကြက်ပြီးလျှင် ထိုသားရေ မျက်နှာကြက်တို့ အပေါ်၌ မိုးရွာသံ ထင်ရအောင် ကျောက်ခဲကလေး များဖြင့် အသံပေးကာ ဥယျာဉ်၏ အလယ်မှာ စိတ်ဓာတ်ကို လွန်စွာ အေးမြစေသည့် အပြင် နန်းတော်၏ အရှေ့ အနောက် ကန်တော်ကြီးတို့၌ ပျံသန်းမျှော်မှူးကြသော ငှက်တို့၏ အသံက ထပ်မံအေးမြစေသည့်အတွက် အထက် နတ်နန်း၌ စံမြန်းရသည့် ပမာ လွန်စွာ ချမ်းမြေ့စေတော်မူပေသည်။

နန်းတော်ကြီး၏ အတွင်းမှာလည်း မကင်းစကောင်းသော ဆန္နအမတ်တို့လို အမတ် အချို့ ကလွဲ၍ အားလုံးသောနေရာ၌ တင့်တယ်လှပသော အမျိုးသမီး များကိုသာ အမှုတော်ထမ်းစေရုံမျှမက “သူအို သူနာ သူသေတို့ကို မြင်လျှင် တောထွက် လိမ့်မည်”ဟု နိမိတ်ဖတ်ထားသဖြင့် ထို သူအို စသည်တို့ကို မမြင်ရအောင် နန်းတော်၏ အနီးအပါး၌ အစောင့်အကြပ် ထားသည့်ပြင်၊ တိတ်တဆိတ် ထွက်သွား မည်စိုးသဖြင့် လူတစ်ထောင်ဖွင့်မှ ပွင့်နိုင်မည့် မြို့တံခါး ကြီးကိုလည်း လှဲလှယ် တပ်ဆင်ထားလေသည်။

သုဒ္ဓေါဒနမင်းကြီး၏ စီမံချက်အရ အလောင်းဘုရား၏ ရှေး ဘုန်းရှေးကံကြောင့် စိုးစံတော်မူရသော စည်းစိမ်ကား ကြီးကျယ်လှပါပေသည်၊ သာကီဝင် မင်းသမီး အပေါင်းတို့၏ အလယ်မှာ ယသော်ဓရာ မိဖုရား၏ ထူးခြားသော အသရေတော်သည် ကြယ်အပေါင်းတို့၏အလယ်၌ လရတနာ တင့်တယ်သလို ရှိပါပေ၏၊

ကြီးမားသော မေတ္တာဖြင့် အရာရာ ယုယလေ့ရှိသော ယသော်ဓရာ မိဖုရားနှင့် အလောင်းဘုရား၏ နေက္ခမ္မဓာတ် မြင့်မြတ်သော စိတ်တော်သည် အိပ်ပျော်နေသကဲ့သို့ ထင်စရာရှိပေ၏။

သို့သော် အလောင်းဘုရားကား ထိုမျှနီးနီး လူ့စည်းစိမ်ကြီးကို ဘဝပေါင်း များစွာ၌ စွန့်ခဲ့ပေါင်း များပြီဖြစ်၍ ထိုကဲ့သို့ စည်းစိမ်ကြီးများကို စွန့်ခွာရာ၌ လွန်စွာ ကျင့်သား ရပြီးဖြစ်၏၊ မူလ ဓာတ်ခံမှာလည်း သတ္တဝါတို့ကို ချမ်းသာအောင် ကယ်တင်လိုသော မဟာကရုဏာ ဓာတ်တော်ကြီးပေတည်း၊

ထို မဟာကရုဏာတော် အလိုကျအောင် သတ္တဝါအများကို မကယ်ရသေးသမျှ အေးအေး လူလူ စည်းစိမ် ခံစားနိုင်မည် မဟုတ်ပါ၊

အထက်မြစ်ညာမှ အဟုန်ပြင်းစွာ စီးလာသော ရေအယဉ်သည် လမ်းတွင် တွေ့သမျှ အရာဝတ္ထုတွေကို ဒလဟော တိုက်လွှင့်၍ သမုဒ္ဒရာရောက်အောင် စီးသကဲ့သို့ ဘုရားအလောင်း၏ သဗ္ဗညုတဉာဏ် ဘုရားဖြစ်ရန် အကြောင်း စုဆောင်းခဲ့သော ပါရမီတော်အဟုန်သည်လည်း ကာမဂုဏ် စည်းစိမ် ကြီးကို အပြီးသတ် တိုက်လွှင့်၍ တောထွက်ခွင့် ရဖို့ရန် စီစဉ်လိမ့်မည်။

သံဝေဂ ယူတော်မူခန်း

အလောင်းဘုရားသည် ပြခဲ့သော ထီးနန်းစည်းစိမ်ကြီးကို ခံစားတော်မူစဉ် သက်တော် ၂၉-နှစ်အရွယ်သို့ ရောက်သောအခါ များစွာသော အခြွေအရံတို့ဖြင့် ဥယျာဉ်သို့ ထွက်တော်မူလေသော် ... အလောင်းဘုရား၏ တောထွက်ဖို့ အခွင့်အခါကို မကြာခဏ ကြည့်ရှုနေကြသော ဗြဟ္မာမင်းတို့က သူအို သူနာ သူသေ ရဟန်းဟု ၄-ပါးသော နိမိတ်ကြီးများကို အစဉ်အတိုင်း ဖန်ဆင်းလျက် အလောင်းဘုရားနှင့် ရထားထိန်း မြင်ရုံမျှ ပြကြလေသည်။

ထိုအခါ သူအို-သူနာ-သူသေ တို့ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ရဖူးသော အလောင်း ဘုရားသည် ကိုယ်တော်နှင့်တကွ ဆွေတော် မျိုးတော် အားလုံးပင် အိုကြရ-နာကြရ-သေကြရဦးမည့် အချက်ကိုဆက်လက်တွေးဆ သံဝေဂဖြစ်တော်မူတုန်းဝယ် သပ္ပါယ်သော ရဟန်းတော်ကို ဖူးမြော်ရသောအခါ ကမ္ဘာအဆက် ဆက်က နှစ်သက် ခဲ့သော အသွင်ဖြစ်ပေရကား အားရရွှင်လန်းလျက် ရဟန်းပြုဖို့ရန် အဓိဋ္ဌာန်ပြုတော် မူလေသည်၊

ထို့နောက် ညနေချမ်း၌ ဥယျာဉ်တော် မင်္ဂလာရေကန်မှ ရထားစီး၍ ပြန်တော်မူ လေသည်။ ထိုပြန်ခါနီး၌ သားတော် ရတနာ ဖွားမြင်တော်မူကြောင်းကို သံတော်ဦး တင်မောသဖြင့် * “ရာဟု ဇာတော” - အနှောင်အဖွဲ့ ဖြစ်ပါပကော”ဟု ညည်းတွား တော်မူလေသည်။

*ရာဟုဇာတော-ဟူသော စကားတော်ကြောင့် သားတော်ကို “ရာဟုလာ”ဟု နာမည် မှည့်ကြလေသည်။

တောထွက်တော်မူခန်း အစီအစဉ်

အလောင်းဘုရားသည် နန်းတော်သို့ ရောက်တော်မူပြီးနောက် ကချေစည် မောင်းမတို့ ကပြ တီးမှုတ်လျက် ဖြေဖျော်ကြသည်ကို ရှေးကလို စိတ်ဝင်စားတော်မမူဘဲ သလွန်တော်၌ စက်တော်ခေါ်တော်မူလေသည်။ ထိုအခါ ကချေသည် မောင်းမအပေါင်း လည်း သီဆိုတီးမှုတ်မှုများကို ရပ်တန့်၍ အိပ်ပျော်နေကြစဉ် ဒူးပေါ် ပေါင်ပေါ် စသည် တို့ဖြင့် မလျော်သော အိပ်ပျော်နေပုံကို အလောင်းဘုရား စက်တော်ခေါ်ရာမှ အထတွင် မြင်တော်မူ၍ ရှေးကထက် သံဝေဂ ရပြီးလျှင် “ယနေ့ညပင် တောထွက်တော့အံ့”ဟု ကြံတော်မူကာ ငယ်ကျွန်တော်ရင်း ဆန္နအမတ်မင်းကို နှိုးလျက် ကဏ္ဍကမြင်းကို ဆက်ဖို့ရန် အမိန့်ပေးလေသည်။

ထိုအခါ နန်းတော်၏ အတွင်းအပြင်၌ နတ် ဗြဟ္မာ အများကို ရောက်နေကြ၏၊ နန်းတော်တွင်းရှိ လူများနှင့်တကွ တစ်မြို့လုံး မနိုးကြရအောင် နတ်များက စီမံထား၏၊ ကဏ္ဍကမြင်းတော်ကို ဆက်သဖို့ရန် ဆန္ဒသည် အတော် ဝန်လေး၏၊ တောထွက် မည်ကို အမှန်ပင် မလိုလား၊ သူ၏သခင် စကြာရှင် ဖြစ်သည်ကိုသာ မြင်လို၏၊ သို့သော် အမိန့်တော်ကို မလွန်ဆန်ဝံ့ရုံသာမက မည်သူမျှလည်း မနိုးကြသဖြင့် ကဏ္ဍက စီးတော်မြင်းကို ပြင်ဆင်ရရှာလေသည်။

အလောင်းဘုရားသည် တောသို့ ထွက်ခွာတော်မူခါနီးဝယ် သားတော်ကို ရှုစားတော် မူလိုသောကြောင့် ယသော်ဓရာ မိဖုရား၏ အဆောင်တော်သို့ ကြွတော်မူလေသည်၊ ထိုအခါ အဆောင်တော် အတွင်းဝယ် နံ့သာတိုင် များကို ညှိထွန်းထား၏။ ယသော်ဓရာ မိဖုရားသည် မြလေးပန်းတို့ဖြင့် ရောပြွမ်းနေသော သလွန်ပေါ်၌ သားတော်ကလေး၏ ဦးခေါင်းပေါ်မှာ ရွှေလက်တော် တင်လျက် စက်တော်ခေါ်နေ၏။

အလောင်းဘုရားသည် အဆောင်တော်၏ တံခါးခုံ အတွင်းသို့ ချင်းနင်းမိသောအခါ လွန်စွာ ကျက်သရေရှိသော တိုက်ခန်းဝယ် တင့်တယ်သော သလွန်တော်ထက်၌ မြလေးပန်းတို့၏ အလယ်တွင် ရင်သွေးတော် ရတနာနှင့် ကြင်ရာတော် မိဖုရား စက်တော်ခေါ်နေပုံကို ရှုစားတော် မူရသောအခါ တော်တော် တန်တန် ပါရမီရှင် ဆိုလျှင် ထိုနေရာ တစ်ချက်နှင့် တောထွက်ဖို့ အထမြောက်တော့မည် မဟုတ် တော့ပါချေ။

မိဖုရားကား ရှိသမျှ အမျိုးသမီးတို့တွင် အသာဆုံး ဖြစ်ရုံသာမက, လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထက်ကစ၍ ပါရမီကို ကူညီလာခဲ့ရှာသူ ဖြစ်သည့်ပြင် မီးရှူးသန့်စင် ပြီးခါစ အားတော် ခပ်နွဲ့နွဲ့ဖြင့် သားတော်ကလေး အပေါ် လက်တော်တင်လျက် တောထွက်မည့် အကြောင်းကို လုံးလုံး မသိရှာဘဲ စက်တော်ခေါ်နေ၏၊

သားကလေးကား ရင်သွေးတော် ရတနာ စကြာမင်း လောင်းလျာကလေး ဖြစ်ရုံသာ မက တစ်ခါမျှလည်း အားရပါးရ ရှုစားတော် မမူရသေး၊ ရင်သွေးတော်ရတနာကို အားရပါးရ ပွေ့ယူတော်မူလို သော်လည်း မိဖုရား နိုးတော်မူလျှင် ထွက်နိုင်ဖို့ လမ်း မမြင်သောကြောင့် “ဘုရားဖြစ်မှ သားချစ်ကို ရှုတော့အံ့” ဟု အာရုံတော်ရုပ်သိမ်း၍ အဆောင်တော်မှ ထွက်ခွာပြီးလျှင် မင်္ဂလာမြင်းတော်ထက်သို့ ရွှေစက်တော် တင်ရ လေသည်။

တောထွက်တော်မူခန်း

မင်္ဂလာမြင်းတော်ထက်သို့ ရောက်ပြီးနောက် ကဆုန်လပြည့် သန်းခေါင်အချိန်မှာ နတ်ဗြဟ္မာများ ခြံရံလျက် ဖွားဖက်တော် ဆန္နအမတ်အား မြင်းမြီးကို ကိုင်ဆွဲစေ ပြီးလျှင် မြို့တော်တံခါးအနီးသို့ ရောက်သောအခါ တံခါးစောင့်နတ်များက အဆင်သင့် တံခါးကိုဖွင့်ကြလေသည်။

ထိုအခါ မာရ်နတ် မင်းသား “အသင်မင်းသား တောထွက်ဖို့ မလိုပါ၊ မကြာခင် ၇-ရက် မြောက်၌ စကြာရတနာ ဆိုက်ရောက်ပါလိမ့်မည်”ဟု ပြော၍ တားသော်လည်း ဂရုမပြု၊ စကြာမင်းစည်းစိမ်ကိုပင် လျစ်လျူရှုတော်မူလျက် မင်္ဂလာတံခါးမှ ထွက်တော် မူလေသည်။

ထိုအခါ အချို့နတ်ဗြဟ္မာတို့သည် မီးရောင်စုံများကို ရှေ့နောက် ဝဲယာ ညှိထွန်းလျက် အချို့က ပန်းနံ့သာတို့ကို ကြဲဖြန့်ပူဇော်ပြီးလျှင်၊ အချို့က ဘုန်းတော်ဘွဲ့ သီချင်းနှင့် တူရိယာမျိုးစုံတို့ကို တီးမှုတ်သီဆိုကာ လွန်စွာ ကြည်နူးဖွယ် ကောင်းပါပေသည်။

ရဟန်းပြုတော်မူခန်း

ထိုအစီအစဉ်ဖြင့် ထွက်တော်မူလာရာ အနော်မာမြစ်ကမ်းသို့ ရောက်တော်မူလျှင် မြင်းတော်ကို အချက်ပေး၍ ရှစ်ဥသဘလောက် ဝေးသော ဟိုဘက်ကမ်းသို့ ပျံသန်း စေပြီးနောက် ဟိုဘက်ကမ်းအရောက်တွင် ငွေသား အဆင်းရှိသော သဲသောင်ပြင်ဝယ် ထိုင်တော်မူ၍ သန်လျက်ဖြင့် ဆံတော်ကို ကိုယ်တိုင် ပယ်တော်မူလေသည်။

ထိုနောက် ဆံတော်ကို ကောင်းကင်သို့ မြှောက်လိုက်သောအခါ သိကြားမင်း ခံယူ၍ တာဝတိံသာ နတ်ပြည်၌ “စူဠာမဏိစေတီ” တည်ထားလေသည်။ ထိုနောက် ဃဋိကာရ ဗြဟ္မာမင်းက ကပ်လှူအပ်သော ရဟန်း ပရိက္ခရာတို့ကို ဆင်မြန်းတော် မူပြီးလျှင် ဝတ်လဲတော်ကို ကောင်းကင်သို့ မြှောက်ပြန်ရာ ဃဋိကာရဗြဟ္မာမင်း ခံယူ၍ ဗြဟ္မာပြည် ၌ “ဒုဿစေတီ” တည်ထားကိုးကွယ်လေသည်။

အလောင်းဘုရားသည် ရဟန်းပြုတော်မူပြီးနောက် ဆန္နအား တိုင်းပြည်သို့ ပြန်ဖို့ရန် အမိန့်ပေးသံကို ကဏ္ဍက မြင်းတော်ကြားရသဖြင့် မိမိ၏သခင်နှင့် ခွဲခွာရမည့် အချက်ကြောင့် စိတ်မသက်သာ နှလုံးနာသဖြင့် စုတေရှာပြီးနောက် တာဝတိံသာ နတ်ပြည်သို့ ရောက်လေ၏၊

ဆန္နအမတ်လည်း မိမိသခင်ကို ခွဲရမှာကတစ်ဖက်, မြင်းတော်စုတေသည်က တစ်ဖက်နှင့် အခက်ကြုံကာ တိုင်း ပြည်သို့ မပြန်လိုပါသော်လည်း အရှင်၏အာဏာကို မလွန်ဆန်ဝံ့သောကြောင့်သာ တိုင်းပြည်သို့ ပြန်ရရှာလေသည်။

နန်းတော်၌ ဖြစ်ပျက်ပုံ

အလောင်းဘုရား တောထွက်သွားတော် မူပြီးနောက် အလင်းသို့ ရောက်သောအခါ အလောင်းဘုရားကို မတွေ့မြင်ရ၍ ယသော်ဓရာမိဖုရား ရုတ်ခနဲ တ,သ ငိုကြွေး လိုက်သောအသံကို မောင်းမအများ ကြားသဖြင့် ဆင့်ကာ ဆင့်ကာ ငိုကြွေးကြလေရာ အလောင်းဘုရား တစ်နန်းတော်လုံး ဆူညံသွားလေသည်။

အလောင်းဘုရား၏ စံနန်းက ဆူညံသံကို ခမည်းတော်မင်းကြီး ကြားသဖြင့် ချက်ချင်း စေလွှတ်၍ မေးမြန်းစေရာ “အလောင်းဘုရား မရှိကြောင်း”ကို ကြားတော်မူပြီးလျှင် မြို့တံခါးတို့ကို အပိတ်ခိုင်း၍ လိုက်လံရှာဖွေ ကြစဉ် မိထွေးတော် ဂေါတမီသည် လူးကာလှိမ့်ကာနှင့် သားတော်ကို ရှာပေးရန် သုဒ္ဓေါဒန မင်းကြီးထံ ပူဆာလေသည်၊

သုဒ္ဓေါဒနမင်းကြီးလည်း မိဖုရားကြီး ပူဆာသည်က တစ်တန်၊ ယသော်ဓရာ စုဖုရားတို့ လှိုက်လှိုက်လှဲလှဲ ငိုသံက တစ်ဖက်၊ သားတော် ထွက်သွား၍ ရတက်မအေးရသည်က တစ်ဖုံနှင့် ဝိုင်းအုံ၍နေသော ဒုက္ခသည်တွေ အကြားဝယ် မြင်းလျင်တော်များကို ဆင့် ခေါ်စေ၍ သားတော်ကို မတွေ့-တွေ့အောင်ရှာဖို့ရန် အမြန်စေခိုင်းတော် မူရလေသည်။

မြင်းလျင်တော်များသည် မင်္ဂလာတံခါးမှ အထွက်တွင် ညဉ့်က ပူဇော်ကြသော ပန်းတွေ ကိုမြင်၍ လမ်းစဉ်အဘိုင်း လိုက်သွားကြရာ၊ ပြန်လာသော ဆန္နအမတ်နှင့် တွေ့ကြသဖြင့် အကြောင်းစုံကို သိကြရသောကြောင့် အတင်း ပင့်သော်လည်း လိုက်တော့မည် မဟုတ်ဟု ဆန္ဒ၏ပြောချက်အရ တိုင်းပြည်သို့ ပြန်ခဲ့ကြရလေသည်။

ဆန္နအမတ် ဥယျာဉ်တော်သို့ ရောက်လျှင် သုဒ္ဓေါဒန မင်းကြီးနှင့်တွေ့၍ အလောင်း ဘုရားက ခမည်းတော် မယ်တော်ဘုရားများထံ မှာလိုက်သော စကားနှင့် အဖြစ် အပျက်ကို သံတော်ဦးတင်ပြီးနောက် အလွန် ပူဆွေးနေသော ယသော်ဓရာကို သက်သာနိုင်သမျှ သက်သာစေဖို့ရာ ယသော်ဓရာ စံနန်းသို့ ဆက်လက် သွားလေသည်။

ယသော်ဓရာ တမ်းတခန်း

အလောင်းဘုရား တောထွက်သွားသော်လည်း ယသော်ဓရာ မိဖုရား၏ စိတ်၌ “သုဒ္ဓေါဒနမင်းကြီး အရှာခိုင်းလိုက်သော မြင်းလျင်တော်များနှင့်အတူ ဆန္နရော အလောင်းတော်ဘုရားပါ ပြန်ပါလာလိမ့်မည်”ဟု မျှော်လင့်ချက်ဖြင့် စိတ် သက်သာခွင့် ရရှာပေသေး၏၊

ထိုကဲ့သို့ မျှော်လင့်ချက်ဖြင့် အလောင်းဘုရား ပြန်လာမည့် လမ်းသို့ စိတ်အား ထက်သန်စွာ မျှော်နေစဉ် ဆန္ဒ တစ်ယောက်တည်း ပြန်လာသည်ကို မြင်လိုက်ရလျှင် ရွှေရင်မှာ အပူခွေ့ သဖြင့် မျောမွေ့၍ သွားရှာလေတော့သည်။

ရံရွေတော်များက နှာတော်ဆက်သ၍ သတိရသောအခါ အလောင်းဘုရား၏ ဂုဏ်ကို ဖွဲ့နွဲကာ ပြင်းစွာငိုကြွေးလျက် “ညဉ့်အခါတုန်းက မောင်တော်ဘုရား တောထွက်တော့ မည်ဟု မြင်းတော်ကို တောင်းတဲ့အခါ အနှိုးတော် မဆက်ကောင်းလား”ဟု ဆန္ဒကို အပြစ်တင်လေသော် ...

ဆန္နအမတ်က သံတော်ဦးတင်သည်မှာ “သခင်မဘုရား ... ညဉ့်အခါ၌ ဖြစ်ပျက် ခဲ့ရပုံကို အလုံးစုံ သံတော်ဦးတင်ပါမည် ရွှေနားဆင်တော်မူပါ၊ သန်းခေါင်ယံ အချိန်လောက်တွင် အားလုံးသော ရံရွေတော်များ အိပ်ပျော်နေကြစဉ်ဝယ် ဘုရာ့ ကျွန်ကို ခေါ်တော်မူ၍ “ကဏ္ဍက မြင်းတော်ကို ဆက်ရမည် ́ဟု အမိန့်ပေးပါသည်၊

ထိုအခါတုန်းက သလွန်ပေါ်မှာ စက်တော်ခေါ် နေသော သခင်မဘုရားကို ဘုရာ့ကျွန် အမှန်ပင် အနှိုးတော် ဆက်ပါသည်။ သို့ရာဝယ် နတ်အများက ပိတ်ချုပ်ထားသဖြင့် မည်သူတစ်ယောက်မျှ မနိုးကြပါ၊

သခင်မဘုရား ... ငိုကြွေးခြင်းဖြင့် အကျိုးမရှိတော့ပါ။ အမြတ်ဆုံးဘုရား အဖြစ်ကို မကြာခင် ရပါတော့မည်၊ ထိုဘုရားအဖြစ်ကျမှ အားရပါးရ ဖူးမြော်ဖို့ရာ ဤရွှေနန်း တော်ကနေ၍ မျှော်လင့်တော်မူပါ” ဟု သံတော်ဦး တင်လေသည်။

လလိတဝိတ္ထာရကျမ်းလာ ယသော်ဓရာ တမ်းတပုံ

ဟာ မယှံ ပီတိ ဇနနာ
ဟာ မမ နရပုင်္ဂဝါ
ဟာ မမ သုရူပ ရူပါ
ဟာ မမ ဝရလက္ခဏာ

မယှံ၊ မဒ္ဒီအဖြစ် မောင့်ကိုချစ်၍ တောပြစ်ကိုခံ တောမှာစံလျက် တောဒဏ်ဖြင့်ပျော် နှမတော်၏။
ပီတိဇနနာ၊ အသုံးယဉ်ယဉ် မမုန်းချင်အောင် ပြုံးရွှင်စေတတ် အို ... မောင်တော် မြတ်ဘုရား။
ဟာ၊ ယခုမှာပင် မပျော်ရွှင်အောင် တမင်ရှောင်လျက် တောတောင်သာခန်း မောင်တော်လှမ်း၍ မြန်းရက်လေခြင်း ဘုရား။

မမ၊ ကိန္နရီဘဝတုန်းက ချန်းချန်းချလျက် တမ်းတနှောင့်နှေး မောင့်အရေးကြောင့် တွေးကာတွေးကာ ငိုကြွေးရပါသော နှမတော်၏။
နရပုင်္ဂဝါ၊ လူ နတ် ကောင်းအောင် သောင်းအထောင်၏ ခေါင်းဆောင်ရှေ့သွား အို..... မောင်တော်မြတ်ဘုရား။
ဟာ၊ တစ်ဖန်ယခု ငိုအောင်ပြုလျက် စုစုကိုရှောင် တောတောင်သာခန်း မောင်တော်လှမ်း၍ မြန်းရက်လေခြင်း ဘုရား။

မမ၊ အမရာမည် အခါဆီဝယ် သာကြည်ရွှင်ပျော် အရှင်ကျော်အောင် ထင်ပေါ်စေမှု ကူညီ၍ပြုခဲ့ရသော နှမတော်၏။
သုရူပ ရူပါ၊ ပန်းတော်အင်ကြင်း ပင်လုံးဝင်းမျှ ပွင့်လင်းယှက်ဝေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာရှုပျော် အို.. မောင်တော်မြတ်ဘုရား။
ဟာ၊ သွေးတော်နုနု သားရွှေဥမျှ မရှုနိုင်အောင် တမင်ရှောင်လျက် တောတောင် သာခန်း မောင်တော် လှမ်း၍ မြန်းရက်လေခြင်း ဘုရား။

မမ၊ လေးအသင်္ချေထက် ဟို့ဟိုဘက်က မပျက်နှစ်ကိုယ် မောင်တော့်ကို ပြု မောင်တော်ရှုလျက် ယခု ယသော် နှမတော်၏။
ဝရလက္ခဏာ၊ ယောက်ျားမြတ်၏ အမှတ်တံဆိပ်ဖြင့် ခပ်နှိပ်စုံလင် ဂုဏ်အင်ပြည့်မော် အို… မောင်တော် မြတ်ဘုရား။
ဟာ၊ တရားအသစ် ဘုရားဖြစ်မှ သားချစ်နှင့်အတူ နာယူမည် မှန်းဆလျက် တမ်းတ ကာ တစ်ကိုယ်ရေဖြင့် ငိုကြွေး၍ ကျန်ရစ်ရချေပေါ့ ဘုရား။

အမှာ

ကျမ်းရင်းက မဖွင့်သော်လည်း တမ်းတပုံ သရုပ်ပေါ်အောင် အမရာ ကိန္နရီ မဒ္ဒဘဝနှင့် ယသော်ဓရာ ဘဝတို့ကို တန်ဆာဆင်လျက် အနက်ရေးထားသည်။

ထိုနောက် ယသော်ဓရာမိဖုရားသည် အလောင်းဘုရား ဝတ်စားနေထိုင် တော်မူပုံကို မေးလေရာ ညဉ့်စာမစား၊ ပန်းနံ့သာမဆင် ခမ်းနားသောအိပ်ရာတွင် မအိပ်ကြောင်းကို ကြားရသောကြောင့် အလောင်းဘုရားကို အတုလိုက်ပြီးလျှင် ညဉ့်စာအတွက် ပွဲတော်တည်မှု၊ ပန်းနံ့သာလိမ်းကျံမှု၊ ကြီးကျယ် ခမ်းနားသော အိပ်ရာနေရာ၌ စက်တော်ခေါ်မှု ဟူသော ဝိကာလဘောဇန နစ္စ ဂီတ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်တော်များကို စောင့်ထိန်းကာ ၂၉-နှစ် အရွယ်တော်ပင် ဥပုသ်သည်ကလေး ဖြစ်၍ နေရစ်ရှာလေသတည်း။

ဒုက္ကရစရိယာ ကျင့်တော်မူခန်း

ဘုရားအလောင်းတော်သည် ရဟန်းပြုပြီးနောက် ဒေသစာရီ လှည့်လည်တော်မူစဉ် အာဠာရနှင့် ဥဒကရသေ့တို့ထံ ဝင်၍ တရားထူးကို စုံစမ်းတော်မူရာ လောကီဈာန် လောက်ကိုသာ ထိုရသေ့တို့အထံမှ ရရှိသဖြင့် တင်းတိပ်အားရတော် မမူသေး သောကြောင့် ဥရုဝေဠတောသို့ကြွ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူသည်။

* ဒုက္ကရ = ပြုကျနိုင်ခဲသော အကျင့်ကို + စရိယာ = ပြုကျင့်ခြင်း၊ အခြားသူကို ပြုကျင့်နိုင်ခဲသော အကျင့်ကို ကျင့်တော်မူခြင်းသည် “ဒုက္ကရစရိယာ” မည်၏။ “ဒုက္ခ စရိယာ” ဟု ပြောကြသည်မှာ ကျမ်းဂန်လာ မဟုတ်ပါ။

အလောင်းတော်၏ ၆-နှစ်မျှ ခန္ဓာကိုယ်ကို အလွန်ပင်ပန်းစေလျက် ကျင့်တော်မူ ခြင်းသည် စင်စစ် လမ်းမှန်ကျသော အကျင့်မဟုတ်ပါ၊ ထိုစဉ်က ခန္ဓာကိုယ်ပင်ပန်း ခံနိုင်သော (အတ္တကိလမထ) အကျင့်ဖြင့် အသားယူ၍ ဘုရားတစ်ဆူလုပ်နေကြသော ခေတ်ကြီးပေတည်း။

အလောင်းတော်လည်း ဇောတိပါလဘဝက ကဿပဘုရားရှင်အား “ဗောဓိဉာဏ်နှင့် ဝေးပါသေး၍”ဟု နှုတ်ကြွေးတော် ဝစီပြစ်ကြောင့် ထိုအတ္တကိလမထ အကျင့်မှား ကိုပင် ကျင့်တော်မူလေသည်။

“ဇောတိပါလ, ဖြစ်စဉ်ကလျှင်,
ကဿပဘုန်းရှိ, စောမုနိကို,
ဗောဓိဉာဏ်ရေး, အလွန်ဝေး-ဟု,
နှုတ်ကြွေးတင်လစ်, ဝစီပြစ်ကြောင့်,
ခြောက်နှစ်ဒုက္ကရ, ကျင့်လွှဲရ၏”

ကျင့်တော်မူပုံ အစီအစဉ်မှာ

ရှေးဦးစွာ “သေနာ” မည်သော နိဂုံးသို့ ဆွမ်းခံဝင်ကာ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် မေတ္တာဘာဝနာကို ပွားများလျက် ထိုနေ့ကာလကို လွန်စေတော်မူသည်။

ထို့နောက် ဆွမ်းအာဟာရကို သုံးဆောင်တော်မမူဘဲ အလိုအလျောက် ကြွေကျ လာသော သစ်သီးကိုသာ ကောက်ယူ၍ ဘုဉ်းပေးတော်မူ၏၊

ထိုနောက် ထိုထို ဤဤ သစ်ပင်အောက် လှည့်လည် ကောက်ယူ၍ စားရခြင်းကိုပင် အလုပ်ပျက်သည်ဟု အယူရှိသဖြင့် ကိုယ်တော်မြတ်နေရာ သစ်ပင်အောက်၌သာ ကြွေကျသော သစ်သီးများဖြင့် မျှတတော်မူလေသည်။

ထိုနောက် အစာအာဟာရ စားသောက်နေခြင်းကိုပင် အလုပ်ပျက်သည်ဟု ထင်တော် မူ၍ လုံးလုံး အစာမစားဖို့ရန် ကြံစည်သော်လည်း “အစာမစားဘဲနေလျှင် နတ်သြဇာ သွင်းပေးမည်” ဟု နတ်တို့က လျှောက်ထားကြသဖြင့် နတ်သြဇာ အသွင်းလည်း မခံလိုသောကြောင့် တစ်လက်ခုပ်လောက် ပဲရည်-ဆီးသီးကလေးကိုမျှ ဘုဉ်းပေးတော် မူလေသည်။

ထိုသို့ အာဟာရလည်း ဆုတ်ယုတ် တရားကိုလည်း အားထုတ်မှုကြောင့် အလောင်း ဘုရား၏ ရွှေအဆင်းသို့ ဝါဝင်းပြည့်ဖြိုးသော ကိုယ်တော်သည် ညိုမဲခြောက်ကပ်၍ နေလေတော့၏၊ သွေးသားဟူ၍ မရှိတော့ဘဲ အရိုးနှင့် အရေသာ ကျန်လေတော့သည်၊

ထိုကဲ့သို့ ခြောက်ကပ်မှုကြောင့် ဝစ္စမဂ် (စအို) သည် အတွင်းသို့ တွန့်နေရကား ကျင်ကြီး စွန့်လိုသောအခါ မစွန့်နိုင်ဘဲ မူးမိုက်၍ ထိုင်နေရာမှာပင် လဲရှာလေသည်။

ဤသို့သော နည်းများဖြင့် ၆-နှစ်ခန့်ကြာအောင် ဒုက္ကရစရိယာကျင့်တော် မူသော်လည်း တရားထူးကို မရနိုင်သောကြောင့် အတိုင်းထက်အလွန် ခန္ဓာကိုယ်ကို အပင်ပန်း ခံခြင်းသည် သမာဓိရဖို့ရန် နည်းလမ်းမဟုတ်သေးသဖြင့် နောက်တစ်ဖန် သေနာနိဂုံး၌ ဆွမ်းခံ၍ အာဟာရကို မှီဝဲပြန်ရာ မကြာခင် အားအင် တိုးပွား၍ ပင်ကိုက အရေ အသားများ ဖြစ်ပေါ်လာလေသည်။

မာရ်နတ်ကို အောင်မြင်တော်မူခန်း

ဘုရားအလောင်းတော်သည် ၂၉-နှစ်အရွယ်တွင် တောထွက်တော်မူ၍ ၆-နှစ်ပတ်လုံး ဒုက္ကရစရိယာကို ကျင့်တော်မူပြီးနောက် ၃၅-နှစ်အရွယ်တော်သို့ ရောက်တော်မူရာ ကဆုန်လပြည့်နေ့ဝယ် သေနာနိဂုံးသူ သူဌေးကတော် ကလေး သုဇာတာ၏ *နို့ဃနာဆွမ်းကို ရွှေခွက်ပါ ခံယူတော်မူ၍ နေရဉ္စရာ မြစ်ကမ်း၌ ၄၉-လုတ်မျှ ဘုဉ်းပေး တော်မူပြီးလျှင်။“ယနေ့ဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက် စေသား”ဟု အဓိဋ္ဌာန်၍ မျောလိုက်ရာ, ရွှေခွက်လည်း ဝမ်းဘဲအလား ရေညာသို့ ဆန်သွား၍ ကာဠနဂါးမင်း ဗိမာန်တွင်းသို့ သက်ဆင်းနစ်မြုပ်လျက် ရှေးဘုရားရှင်တို့ ရွှေခွက်အောက်၌ တည်လေသတဲ့။

ထိုနောက် ဘုရားအလောင်းသည် နေရဉ္ဇရာ မြစ်ကမ်းဝယ် အင်ကြင်း ဥယျာဉ်၌ နေ့အဖို့ သီတင်းသုံး၍ ညနေအချိန်တွင် ဗောဓိပင်သို့ ကြွတော်မူစဉ် လမ်းခရီးအကြား မြက်ရိတ်သမား ပုဏ္ဏားအထံမှ မြက်ရှစ်ဆုပ်ကို အလှူခံလျက် ဗောဓိညောင်ပင် အောက်သို့ ရောက်သောအခါ ထို မြက်များကိုပင် ခင်းတော်မူကာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသည်။

* သုဇာတာသည် အပျိုဘဝတုန်းက “အမျိုးတူ သူဌေးသားနှင့်ရ၍ သားဦး ဖွားအောင် စောင်မလျှင် အရှင် နတ်မင်းအား နှစ်စဉ်ပူဇော်ပါမည်” ဟု ဝန်ခံခဲ့၍ သူတောင့်တ တိုင်း အကျိုးရသောကြောင့် ညောင်ပင်စောင့်နတ်က မ,စသည်ဟု ထင်၍ နှစ်စဉ် ညောင်ပင်ကို ပူဇော်၏၊

ထိုနှစ်၌ ဘုရားအလောင်းနှင့် တွေ့၍ ညောင်ပင်စောင့်နတ်ဟုပင် မှတ်ထင်လျက် နို့ဃနာကို ရွှေခွက်ပါ ပူဇော်သွားလေသည်။ ဤနေရာ၌ “မြက်ရှစ်ဆုပ်ကို ဖြန့်ခင်းသောအခါ ၁၄-တောင် မြင့်သော ပလ္လင်တော် ပေါက်လာသည်ဟု လည်း ကောင်း, ၁၄-တောင်ကျယ်ပြန့်သော ပလ္လင်တော် ဖြစ်နေသည်ဟု လည်းကောင်း” ဝါဒကွဲပြားလျက် ရှိသည်။ အမြင့်မဟုတ် အကျယ်ဖြစ်ကြောင်းကို သီလက္ခန်ဋီကာသစ် ဗြဟ္မဇာလသုတ်အဖွင့်၌ ဆုံးဖြတ်၏။

ထိုကဲ့သို့ နွေကာလဝယ် စိမ်းစိုသော မြက်ခင်းပေါ်မှာ အေးမြသာယာသော ဗောဓိ ညောင်ပင်ရိပ်၌ “ဘုရားမဖြစ်သမျှ ဤထက်ဝယ် တင်ပျဉ်ကို မဖျက်တော့အံ့” ဟု ဓိဌာန်၍ နေထိုင်သောအခါ -

သိကြားမင်းသည် “ဝိဇယုတ္တရ” မည်သော ခရုသင်း ကြီးကိုမှုတ်လျက် အောင်သံပေး နေ၏၊

ပဉ္စသီခနတ်သားကား “ဗေဠုဝ” မည်သော စောင်းကြီးကို တီးလျက်နေ၏၊

သုယာမနတ်မင်းနှင့် သန္တုသိတ နတ်မင်းတို့ကမူ သားမြီးယပ်နှင့် ပတ္တမြားယပ်များကို တငြိမ့်ငြိမ့် ခတ်၍နေ၏၊

သဟမ္ပတိဗြဟ္မာမင်းမှာ ထီးဖြူတော်ကို ဆောင်းမိုးနေ၏၊

ကာဠ နဂါးမင်း၏ ကိုယ်ရံတော် နဂါးပျိုမကလေးများက ဘုန်းတော်ဘွဲ့များကို သာယာစွာ ရွတ်ဆိုနေကြ၏၊

အခြားသော နတ် ဗြဟ္မာ အပေါင်းတို့သည် ပန်းနံ့သာ အမျိုးမျိုးဖြင့် ပူဇော်ကာ ကောင်းချီးပေးကြလေသည်။

ထိုကဲ့သို့ အခြင်းအရာကို မာရ်နတ်မင်း မြင်လျှင်မြင်ချင်း နတ်ပြည်တက်၍ မိမိ စစ်သည်တပ်သားများကို စုရုံးလျက် မိမိကိုယ်တိုင်က လက်နက်အမျိုးမျိုး စွဲကိုင်သော လက်ရုံးတစ်ထောင် ဖန်ဆင်းပြီးလျှင် “ဂိရိမေခလာ”မည်သော ဆင်ပြောင်ကြီးကို စီးနင်းကာ ဗောဓိပင်သို့ ရှေးရှုလာ၍ မိမိစစ်သည်များကို “တက်ကြလော့ လက်ရ ဖမ်းကြလော့” ဟု တိုက်တွန်း ဆော်သြလေသည်။

သို့သော် ဗောဓိပင်နားသို့ မကပ်ဝံ့ကြ၊ အဝေးကနေ၍သာ အမျိုးမျိုးသော လက်နက် များဖြင့် ပစ်ခတ်ကြလေသည်။

မာရ်နတ်၏ စစ်သည်များ တက်လာခါစကပင် ဗြဟ္မာ သိကြား စသည်တို့လည်း ဝေးရာအရပ်မှ ရှောင်လွှဲ၍ အောင်ပွဲကို ကြည့်ရှုနေကြ၏၊

ဘုရား အလောင်းတော်မှာ တစ်ပါးတည်း ကျန်ရစ်တော်မူသော်လည်း အနည်းငယ်မျှ စိုးလှုံတော်မမူဘဲ “သားသည်မိခင်သည် ရင်ခွင်ထဲမှာနေသော သားငယ်က ဆံပင်ကိုဆွဲ မျက်နှာကိုကုပ် ပါးကိုပုတ်လျက် တလှုပ်လှုပ် နှိပ်စက်သော်လည်း မပြယ်နိုင်သော အချစ်မျိုးဖြင့် တိုး၍သာ ပွေ့ပိုက်သကဲ့သို့” ထိုအတူ မာရ်နတ်ကို မေတ္တာမကင်းဘဲ သနားသော ကြည့်ခြင်းဖြင့် ကြည့်တော်မူလျက် နှစ်သက်ဖွယ် စကားများကို တုံ့ပြန်ပြောဆိုတော် မူပြီးလျှင် -

“ဤပလ္လင် နေရာကိုရဖို့အတွက် မရေမတွက်နိုင်သော ကာလတုန်းက စွန့်လွှတ်ခဲ့ရသည်ကို ထားလိုက်ပါဦးတော့၊ နောက်ဆုံးဖြစ်သော ဝေသန္တရာ ဘဝဝယ် ကြင်ရာတော်မြောက်သား မဒ္ဒီမိဖုရားကို လှူတုန်းက ဤ မဟာပထဝီ မြေကြီးသည် ပဲ့တင်ဟီးလျက် ရိုက်တီးခတ် အသိအမှတ် ပြုခဲ့ဖူးလေပြီ”ဟု မိန့်တော်မူလျက် လက်တော်ဖြင့် မြေကို သုံးသပ်တော်မူသောအခါ ယန္တရား စက်ခလုတ်ကို ဖြတ်လိုက် သည့်ပမာ ပြင်းစွာ တုန်လှုပ်လေသည်။

[ဤနေရာဝယ် လလိတ ဝိတ္ထာရသုတ္တန်က “မြေစောင့်နတ်သားသည် ကိုယ့်တစ်ဝက်မျှ ဖော်ထွက်ပြ၍ သက်သေခံသည်” ဟု ဆို၏။ ထိုအဆိုအတိုင်းပင် ဘုရားပရဝုဏ် အတွင်း၌ “ဝသုန္ဒြေ အရုပ်” လုပ်ထားကြလေသည်။

မဟာပထဝီမြေကြီး၏ တုန်လှုပ်သံမှာ ပဲ့တင်ထပ်မျှ တောသံ တောင်သံတို့ ပြင်းစွာ ဆူညံသည့်အပြင် ကောင်းကင် တစ်ပြင်လုံးလည်း တဂျုံးဂျုံး ထစ်ကြိုးလျက် မိုးကြိုးများ ကျရောက်လေ၏၊

ထိုသို့ တစ်ပြိုင်နက် အကြီးအကျယ် ကြောက်မက်ဖွယ်များ ဖြစ်ပေါ်သောအခါ “ဂိရိမေခလာ” ဆင်ပြောင် ကြီးသော်မှ မကြည့်ရှုအားတော့ဘဲ လက်ရုံးပေါင်း တစ်ထောင်ကို ဖယ်ရှား၍ မာရ်နတ်ကြီး ထွက်ပြေးလေရာ နောက်လိုက် နောက်ပါ စစ်သည်တော်များ အားလုံးလည်း အစုအရုံး ပျက်ပြား၍ ဝသဝတ္တီနတ်ပြည်သို့ တက်ပြေးကြသော်လည်း သိကြား ဗြဟ္မာတို့၏ အောင်သံဖြင့် ဆူညံသွားလေသတည်း။

ဘုရား ဖြစ်တော်မူခန်း

အလောင်းဘုရားသည် “ဒေဝပုတ္တမာရ်”ဟု ခေါ်အပ်သော မာရ်နတ်၏ ရန်ကို နေမဝင်မီ အောင်မြင်တော်မူ၍ တရားတော်ကို အားထုတ်တော်မူရာ ညဉ့်ဦးယံအချိန်၌ ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်ကို ရတော်မူ၏၊

ထို့နောက် သန်းခေါင်ယံအချိန်ဝယ် တစ်လောကလုံး၌ရှိသော သတ္တဝါအပေါင်းတို့ကို မျက်ဝါးထင်ထင် သိမြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူ၏၊

ထို့နောက် အတွင်းသန္တာန်က တစ်ထောင့်ငါးရာ ကိလေသာမာရ် သူပုန်ရန်ကို အနည်း ငယ်မျှ မကျန်ရအောင် ဖြိုဖျက်နိုင်ဖို့ရာ သဒ္ဓါ ပညာ ဝီရိယ သမာဓိ သတိ ဟူသော တရား ၅-ဦးကို ဗိုလ်မှူးတင်၍ မဂ်လေးပါး တည်းဟူသော စက်အမြောက်များကို အသုံးပြုလျက် ဖြိုဖျက်တော် မူလေရာ အရုဏ်တက်မည့်ဆဲဆဲ အချိန်မှာ ကိလေသာ အလုံး ပြုတ်ပြုတ်ပြုန်းသဖြင့် သုံးလောကခပင်း အမင်းမင်းတို့၏ ဝပ်စင်းပူဇော်ရာ သဗ္ဗညုတာ ဉာဏ်ပညာ တည်းဟူသော ထီးဖြူတော်ကို စိုက်ထူဘောင်နွှဲ၍ အောင်ပွဲ ယင်တော်မူသတည်း။

မှတ်ချက်

ဘုရားဖြစ်တော်မူပြီးနောက် နတ် ဗြဟ္မာတို့ ပူဇော်ရာတွင် “အချို့က မြေပြင်ကို ကောင်းစွာရှင်းလင်း၍ နံ့သာရေဖြင့် သွန်းဖျန်းလျက် ပန်းများဖြင့် ပူဇော်ကြသည်။

အချို့က ဗောဓိပင်နှင့်တကွ ဘုရားရှင်ကို ရေသပ္ပါယ်ကြ၍ ဘုရားရှင်မှ ကျလာသော ရေဖြင့် မိမိတို့ကိုယ်ကို သုတ်လိမ်းကြသည်”ဟု လလိတဝိတ္ထာရက ဆို၏၊

ထိုအဆိုကိုလိုက်၍ ယခုအခါ သင်္ကြန်တွင်း၌ ရေသပ္ပါယ်ကြခြင်း, ကဆုန်ညောင်ရေ သွန်းခြင်းကို ပြုကြဟန်တူသည်။

ဥုံ နမော တေ ဝိဇေတုံ မေ
ဇယတော ဒဒတော ဇယံ
နဋ္ဌထမ္ဘံ သဗ္ဗသန္တံ
ကရ မေ ဇယမင်္ဂလံ

ဥုံ၊ အန္တရာယ်ကင်း ရန်စွယ်ရှင်း၍ ကောင်းခြင်းစဉ်က မယှဉ်သာအောင် မင်္ဂလာကြီး ဖြစ်ပါစေသတည်း။

နဋ္ဌထမ္ဘံ၊ ထောက်ပံ့မည့် ကူညီမည့်နတ် ရံပတ်ဝဲယာ, ဗြာလည်း မရှိပါဘဲ။

သဗ္ဗသန္တံ၊ ကိုယ်နေရှိန်မပျက်, တသိရိ ထွက်ဖို့ ငြိမ်သက်ဖေး အေးအေးလူသာလျှင်။

ဇယတော၊ ပါရမီစက်ဟုန် လက်နက်စုံဖြင့် ချက်ကုန်မလွဲ ပွဲတိုင်းမရှောင် နွှဲတိုင်းပင် အောင်တော် မူပေထသော။

ဇယံ ဒဒတော၊ အောင်ရာစည်းကမ်း အောင်နည်းလမ်း၌ မှီငြမ်းမလစ် အသစ်အဆန်း တစ်ဂဏန်းက မှန်းဆ၍မျှော် ပန်းရအောင်လည်း လမ်းပြ ပေးသနားတော် မူပေထသော။

တေ တဝ၊ မကိုဋ်ရောင်လျှံ သျှောင်ပျံမှာ အောင်လံ စွင့်စွင့် လွှင့်တလူလူ အောင်တော်မူ မြတ်ဘုရားအား။

မေ၊ မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်၌ တပည့်တော်၏။

ဝိဇေတုံ၊ မရှောင်ခပင်း, အခေါင်နင်း၍ အောင်ခြင်းကြီး အောင်ပါရခြင်း အကျိုးငှါ။

နမော၊ အောင်ခဲ့သည့် တန်ခိုးဂုဏ်ကို အမျိုးစုံမှန်းဆ၍, တမ်းတ ရှိခိုးပါ၏ ဘုရား။

မေ၊ မအောင်သေးခင် အောင်ကြွေးတင်၍, အောင်မြင်ရန်မျှော် တပည့်တော်အား။

ဇယမင်္ဂလံ၊ အောင်ရန်အတိတ် အောင်နိမိတ်ဖြင့် အောင်ဘိသိက်သွင်း, အောင်ဟိတ် ကျင်း၍, အောင်ခြင်းဆင်ကာ မင်္ဂလာကို။

ကရ၊ သပြေအနု, ငွေခရုဖြင့် ဇေယတုပုံ မေရုတုန်အောင် အဖုံဖုံအမှုအေးဖို့ ပြုပေးတော်မူပါ … အောင်တော်မူ အရှင်မြတ်ဘုရား။

အမှာ

ပါဠိရော အနက်ပါ ဤဂါထာကို ကောင်းစွာ နှုတ်တက်အရ ကျက်၍ ဘုရားရှင်၏ အောင်မြင်တော်မူပုံကို အာရုံပြုကာ အိပ်ရာဝင် အိပ်ရာထ ရွတ်ဆိုကြပါလေ။

ဘုရားအဖြစ်တော်စဉ် ပြီး၏။

ကျမ်းပြီး နိဂုံး

ယခုအခါ ဗုဒ္ဓဘာသာဝင် ဟူသမျှကို မသိလျှင် မတော်၊ သိမှသာ လျော်မည်ဖြစ်သော ဘာသာရေးနှင့် ဆိုင်ရာတို့ကို လုံလောက်စွာ စီစဉ်ပြီးပေပြီ၊

ဤကျမ်း၏ ညွှန်ပြချက်များကို လိုက်နာမှု မလိုက်နာမှုမှာ ဗုဒ္ဓဘာသာဝင်တို့၏ တာဝန်သာ ဖြစ်၏။

အို… ဗုဒ္ဓဘာသာဝင် အပေါင်းတို့ .... “ငါတို့ လေးမြတ် ကိုးကွယ်အပ်သော ဗုဒ္ဓရှင်တော်ဘုရား”ဟူသည် ဘာသာခြား ဘုရားကဲ့သို့ “အရေးပေါ်မှ ကိုယ်တော်တိုင် ကယ်ဆယ်မည်”ဟု တာဝန်ခံ ထားသော ဘုရားမဟုတ်၊

စောစောစီးစီးက ကိုယ်စီကိုယ်င ကျင့်ကြဖို့ရန် လမ်းမှန်ကပ်မှန် ညွှန်ပြတော်မူသေ ာဘုရား ဖြစ်သည်။

ထိုကဲ့သို့ ညွှန်ပြတော်မူသဖြင့် အားရသင့်သော အချက်ကို အမြွက်မျှ ပြဦးအံ့။

သမုဒ္ဒဝါဏိဇဇာတ်

ရှေးတုန်းက ကုန်သည် တစ်ထောင်ကို ခေါင်းဆောင် နှစ်ယောက် ခွဲ၍ ငါးရာစီ အုပ်ချုပ်ပြီးလျှင် သမုဒ္ဒရာအလယ် ကျွန်းငယ်တစ်ခုကို တွေ့၍ ပျော်မွေ့စွာ နေထိုင်စဉ် အတော်ကြာလျှင် ကျွန်းပေါ်မှာ အညစ်အကြေးတွေ ပျံ့နှံ့လျက် မသန့်မရှင်း နေထိုင်ကြခြင်းကြောင့် ကျွန်းစောင့်နတ်တို့ အမျက်ထွက်သဖြင့် စည်းဝေးတိုင်ပင်သော အခါ ပင်လယ်ရေကို လွှမ်းမိုးစေပြီးလျှင် တစ်ကျွန်းလုံး ဆေးကြောလျက် လူတွေကို များပစ်ဖို့ရန် ဆုံးဖြတ်ကြလေသည်။

ထိုနောက် တရားစောင့်သော ဓမ္မနတ်သားက မြောက်ဘက် ကောင်းကင်မှ ကိုယ်ထင်ပြ၍ “နောက် ၁၅-ရက်လောက်ကြာလျှင် ပင်လယ်ရေလွှမ်းသဖြင့် နစ်မွန်း မျောပါ ကုန်လိမ့်မည်။ စောစောက တင်ကြိုလျက် လှေများကို အဆင်သင့် ပြင်ထားကြကုန်လော့” ဟု ပြောဆို၍ ကွယ်လွန်သူ့သွားပြီးနောက် လူအများလည်း ညှိုးငယ်စွာ ကျန်ရစ်ကြလေသည်။

ထိုနောက် အဓမ္မနတ်သားက တောင်အရပ်မှ ကိုယ်ထင်ပြ၍ “ယခင် နတ်သား ပြောသွားတဲ့ စကားဟာ မဟုတ်ဘူး၊ အသင်တို့ ပျော်ပျော်ပါးပါး နေမြဲတိုင်းသာ နေကြပါ” ဟု ပြောပြီးနောက် ကွယ်ပျောက်သွားလေသော် ခေါင်းဆောင်လူကြီး ၂-ယောက်တွင် တစ်ယောက်က “ပဌမ နတ်သားသည် ငါတို့ကို သက်သက် လာ၍ ခြောက်လှန့်ခြင်းဖြစ်သည်၊ သင်တို့ ပျော်ပျော် ပါးပါးသာ နေကြ”ဟု ပြောဆိုလျက် မည်သည့် ကိစ္စကို မဆောင်ရွက်ဘဲ နောက်လိုက် ငါးရာနှင့်အတူ နေမြဲတိုင်း နေလေသည်။

ခေါင်းဆောင်တစ်ယောက်ကမူ မိမိနောက်လိုက်များကို ပြောဆိုသည်မှာ “အမောင်တို့ ... လှေများ တက်များကို အဆင်သင့် ရှာထားကြစို့ရဲ့ ဒုတိယ နတ်သား၏စကားက မှန်လျှင်လည်း လှေတက်များကို ရှာရသည့်အတွက် ငါတို့မှာ တာဝန်မတက်လှပါ၊ အလိုရှိသောအခါ အသုံးချစရာ ဖြစ်ပါလိမ့်မည်။ ပဌမနတ်သား၏ စကားမှန်လျှင် ပြင်ဆင်ထားသော လှေ တက်များဖြင့် အဆင်သင့် ထွက်သွားကြရလိမ့်မည်”

ဤသို့ ပြောဆိုပြီးလျှင် လပြည့်နေ့အချိန်ဝယ် ခါတိုင်းထက်ပိုမို၍ ရေတက်လာ ကတည်းက အသင့်ရှာထားသော လှေပေါ်သို့တက်ကြပြီးလျှင် ရေလွှမ်း၍ အလာတွင် လွတ်ရာကို ထွက်သွားကြလေသည်။

အခြား ခေါင်းဆောင်နှင့် နောက်လိုက် ငါးရာတို့ကား ရေပို၍တက်အလာတွင် မျက်လုံးများပြူးကာ ကိုးကွယ်ရာမရဘဲ သမုဒ္ဒရာထဲသို့ မျောရှာကြလေသည်။

ဤဇာတ်တော်၌ ဓမ္မနတ်သား၏ လမ်းမှန်ကို ညွှန်ပြမှုအတွက် မည်မျှ အသက် ချမ်းသာခွင့်ရ၍ အဓမ္မနတ်သား၏ လမ်းမှားညွှန်ပြမှုအတွက် မည်မျှ အသက်ဆုံးရှုံး ရပုံကို စဉ်းစားပြီးလျှင် ဘာသာခြားတို့ ဘုရားက “ကယ်တင်မည်”ဟု ဝန်ခံရာ ဝန်ခံသည့်အတိုင်း ကယ်တင်မည် မှန်လျှင် တော်တန်ဖို့ ရှိပါသေး၏၊

အချက်ကျမှု မကယ်တင်နိုင်လျှင် အားလုံးပင် ခက်ရှာကြတော့မည်။

ငါတို့ဘုရားကား “ကယ်တင်မည်”ဟု ဝန်မခံပေ။

ကိုယ်တိုင်ကျင့်လျှင် ရနိုင်သော အကျိုးများကို အဆင့်ဆင့် ညွှန်ပြတော်မူ၏။

လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာတို့အပြင် နိဗ္ဗာန်ကိုပင် လိုချင်သော ဆုထူးဖြင့် ရနိုင်သော လမ်းစဉ်ကိုညွှန်ပြတော်မူသည်။

အပါယ်လေးပါးသွားရမည့် လမ်းဆိုးများကိုလည်း မသွားမိအောင် ညွှန်ပြတော်မူ၏၊

ကယ်တင်မည်ဟု ဝန်ခံထားအပ်သော ဘုရားက ကယ်တင်နိုင်တယ်ဘဲ ဆိုဦးတော့ သူနှင့် အလားတူဖြစ်အောင် ဘယ်တော့မှမကယ် သူ့အောက်ရောက်ရုံသာ ကယ်တင်မည်။

ငါတို့ဘုရားကား တကယ်ကျင့်နိုင်လျှင် ကိုယ်တော်နှင့် အလားတူ ဘုရားတစ်ဆူ ဖြစ်အောင်ပင် ညွှန်ပြတော်မူ၏၊ ထိုမျှလောက် အဆိုးအကောင်းကို အကျိုးအကြောင်း စုံစွာဖြင့် ပြန်ညွှန်ပြတော်မူခြင်းထက် သာလွန် လုံလောက်သော အချက် ရှိဦး မည်လော။

ခုကာလ၌ သေမည့်ဘေးမှ တစ်ခါလောက် ကယ်ဆယ်ဖူးလျှင် “အင်မတန် အသက် သခင် ကျေးဇူးရှင်ကြီး”ဟု ပြောဆိုကာ လွန်စွာအားထားကြ မြတ်နိုးကြ, အသက် ကိုပင် အပ်နိုင်ကြ၏၊

ဘုရားရှင်ကား တစ်သက် တစ်ဘဝ လောက်ကိုသာ ကယ်ဆယ်သည် မဟုတ်သေး ဘ၀ပေါင်းများစွာ တစ်သံသရာလုံး ကယ်မ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် စောင့်ရှောက်ရာ ကျသဖြင့် အသက်ပေါင်းများစွာ၏ ကျေးဇူးရှင်ကြီးပေတည်း။

ဤနေရာ၌ “ကယ်တင်မည်”ဟူသောစကားနှင့် “ကိုယ်တိုင်ကျင့်”ဟူသော စကား နှစ်ရပ်ကို လေးနက်စွာ စဉ်းစားပြန်လျှင် “ကယ်တင်မည်” ဆိုသော စကားက အဓမ္မ နတ်သား၏ “အေးအေးနေကြ” ဟူသော စကားမျိုးဖြစ်၍ “ကိုယ်တိုင်ကျင့်”ဟူသော စကားက ဓမ္မနတ်သား၏ စကားမျိုးဖြစ်၏။

ကိုယ်တိုင်ကျင့်ခြင်းသည် လှေ တက်များကို အဆင်သင့် ရှာထားခြင်းနှင့် တူ၏။

ထိုကဲ့သို့ ကိုယ်တိုင်ကျင့်ရသည့်အတွက် တာဝန်လည်း မတက်လှပါ။

လှေတက်များကို ရှာရကြသကဲ့သို့ မကောင်းမှုတို့မှရှောင်ရ ကောင်းမှုတို့ကို ပြုကျင့် နေရသောကြောင့် အနည်းငယ် တာဝန်တက်သည်မှာ မှန်ပါ၏၊

သို့သော် ထိုတာဝန်တက်သည်ကား ဤဘဝအတွက် လူကောင်း သူကောင်းဖြစ်ဖို့ အချက်သာဖြစ်၍ အချည်းအနှီး အကျိုးမဲ့မဖြစ်ဘဲ ကောင်းကျိုးရဖို့ အကြောင်းသာ ဖြစ်ပါပေသည်၊

ထို့ကြောင့် ဘုရားရှင်၏ အလိုတော်ကျ ဤကျမ်း၏ ညွှန်ပြချက်ကို ဦးထိပ်ရွက် ပန်ဆင်ကာ မိမိလိုရာ ဆုထူးဖြင့် နိဗ္ဗာန်ကူးလိုလျှင် ကယ်တင်မည့်သူကို အားမကိုးဘဲ အဖိုးတန် ပါရမီတရား သင်္ဘော လှေတက်များကိုသာ သားနားသည်ထက် သားနားအောင် အပြီးအစီး တည်ထောင် ထားနှင့်ကြစေလို။

နိဂုံးချုပ် လင်္ကာ

▬▬▬▬▬▬

ကျမ်းပြီးမှတ်ထုံး၊ ကမ္ပတ်ဖုံး၍၊
နိဂုံးအရာ၊ အကျဉ်းမှာပိမ့်၊
မြန်မာတို့ဆွေ၊ မွန်တို့တွေကား၊
တို့မြေဌာနီ၊ နေပါပြီလည်း၊
မဆီ မဆိုင်၊ မသီနိုင်ဘဲ၊
ဤတိုင်အောက်ကျ၊ ဖြစ်ကုန်ရ၍၊
ဒေသ ဘာသာ၊ သာသနာလည်း၊
အာဏာ တန်ခိုး၊ ညှိုးကြီး ညှိုးခဲ့။

လူမျိုး ကွယ်ပျောက်၊ အပါယ်ရောက်ဖို့၊
အနောက်တိုင်းသား၊ ဘာသာများက၊
ထိပါး ထိုဤ၊ လွှမ်းမိုးပြီမို့၊
ကိုယ်စီဆောင်စွမ်း၊ တာဝန်လမ်းကို၊
ထမ်းမ သင့်မည်၊ ထင်မိသည်ကြောင့်၊
တိုင်းပြည် အတွက်၊ ဘာသာဘက်က၊
ရာသက်ပန်မှု၊ ကောင်းအောင်ပြုဖို့၊
ဂရု တစိုက်၊ ရေးသားလိုက်၏။

သိထိုက် သိရာ၊ သိပြီးခါဝယ်၊
စဉ်လာထင်မြင်၊ ပြင်ကာ ဆင်၍၊
စည်ပင်သာယာ၊ သာသနာနှင့်၊
ဘာသာအမျိုး၊ တိုးကြီးတိုးဖို့၊
ကိုယ်ကျိုးလည်းအောင်၊ သူ့ကျိုးဆောင်လျက်၊
နောက်နောင်ဂတိ၊ ကောင်းစေဘိလော့။

မရှိ မခက်၊ မသိ ခက်မို့၊
သိချက်ဖွယ်ဖွယ်၊ ဖွင့် သွယ်သွယ်ကို၊
ဘယ်ဝယ် မလပ်၊ စဉ်တိုင်းလှပ်၍၊
လက်ထပ်ပြီးစ၊ ဇနီးလှသို့၊
ကျန စေ့ငု၊ တွေ့တိုင်း ရှုက၊
သိမှုကုန်စင်၊ ခန်းတိုင်းမြင်မည်၊
ဤတွင် မှာတမ်း နိဂုံးတည်း။

ရတနာ့ဂုဏ်ရည် ပြီးပြီ။

အရှင်ဇနကာဘိဝံသ
၁၃၂၇-ခု။

လက္ခဏာတော်ကြီး ဘုရားရှိခိုး

▬▬▬▬▬▬▬▬▬▬▬

“နိဒါန်း”

လက္ခဏ

▬▬

လက္ခဏ” ဟူသော ပါဠိစကားသည် မြန်မာလို “အမှတ် အသား” ဟု အဓိပ္ပာယ် ထွက်၏၊ ထို အမှတ်အသားသည် ရှေးဘဝက ကံနှင့်ဆိုင်၏၊ မျက်လုံး၊ မျက်ခုံး၊ လက်၊ ခြေ စသော ကိုယ်ခန္ဓာ အစိတ် အပိုင်းနှင့် တစ်ကိုယ်လုံး ပုံသဏ္ဌာန်ရှိဝယ် ရှေးကံအားလျော်စွာ ကောင်း မကောင်း အမှတ်အသားများ ပါရှိ၏၊ ထိုအမှတ်အသားကို ကြည့်၍ ဝေဒ သိမြင် ဗေဒင် ပညာရှိတို့သည် ယောက်ျားမြတ် ယောက်ျားယုတ်-မိန်းမမြတ် မိန်းမယုတ် ဟု အတပ် ဟောနိုင်ကြကုန်၏။ ယခုအခါ လက် ခြေ ကိုသာ ကြည့်၍ ခြင်းမှာ မပြည့်စုံသေးပါ။

ဗုဒ္ဓလက္ခဏာ

▬▬

ဝေဒကျမ်းတို့၌ ဗုဒ္ဓဖြစ်ထိုက်သော (သို့မဟုတ် စကြာမင်း ဖြစ်ထိုက်သော) ယောက်ျားမြတ်၏ လက္ခဏာများကို ဖော်ပြထား၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသော သေလမည်သော ဝေဒ ပညာရှိ သည် ဗုဒ္ဓကို မြင်သောအခါ “စကြာမင်းဖြစ်ထိုက်သော ပုဂ္ဂိုလ်ပါတကား၊ စကြာမင်း လုပ်တော်မူပါ” ဟု လျှောက်ထားလေသည်။

သပ္ပါယ်ခြင်း၏ အကြောင်း

▬▬

ဗုဒ္ဓမြတ်၏ သပ္ပါယ်တော်မူခြင်းသည် ယခု ပြအပ်လတ္တံ့သော လက္ခဏာတော်ကြီး-လက္ခဏာတော်ငယ် များကြောင့် သာ ဖြစ်ရကား ထိုလက္ခဏာတော်များ အကြောင်းအရာတို့ကို ကောင်းကောင်းသိလေ၊ “ငါတို့ဘုရား”ဟု အားရပါးရ ကိုးကွယ်၍ ကောင်းလေ ဖြစ်ရုံသာမက၊ ဗုဒ္ဓနုဿတိ ဘာဝနာ ကမ္မဋ္ဌာန်းကို ကြိုးပမ်းသော ယောဂီ ပုဂ္ဂိုလ် အတွက်လည်း ဗုဒ္ဓမြတ်စွာကို အာရုံပြု၍ အလွန် ထင်လွယ်သောကြောင့် ယောက်ျားမြတ်၏ ၃၂-ပါးသော အထိမ်းအမှတ် လက္ခဏာတော် များကို ဘုရားရှိခိုးအဖြစ်ဖြင့် ရှေးဆရာတို့ ရေးသားတော် မူခဲ့ကြပါသည်။

ဗုဒ္ဓါနုဿတိ ဘာဝနာ

▬▬

ထိုလက္ခဏာတော်ကြီး ဘုရားရှိခိုးကို ရွတ်ဆို၍ ဘုရားရှိခိုးသောအခါ ဗုဒ္ဓမြတ်စွာ၏ ထူးခြားသော လက္ခဏာတော်ကို စိတ်ထဲ၌ အလွန်ထင်မြင်လာပါလိမ့်မည်။ ထိုသို့ ထင်မြင်လာသော အာရုံကို အာရုံပြုနေခြင်းသည် ဗုဒ္ဓမြတ်စွာ၏ သိရီဘုန်းတော်ကို အာရုံပြုခြင်းဖြစ် သောကြောင့် အလွန် လွယ်ကူစွာဖြင့် ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများ ရာလည်းရောက်ပါသည်၊ ထို့ကြောင့် ဤလက္ခဏာတော်ကြီး ဘုရားရှိခိုးကို နှုတ် တက်ရအောင် မကျက်နိုင်သေးလျှင် စာအုပ်ကိုကြည့်၍ ရွတ်ဆိုရှိခိုးကြပါလေ။

မှီရာကျမ်းဂန်

▬▬

ရှေးဆရာတော်များသည် ဤ လက္ခဏာတော်ကြီး ဘုရားရှိခိုးကို ရေးသားခဲ့ရာ၌ သုတ်မဟာဝဂ္ဂ မဟာပဒါနသုတ် ပါဠိတော်နှင့် အဋ္ဌကထာတို့ကိုလည်းကောင်း, သုတ်ပါထေယျ လက္ခဏသုတ် ပါဠိတော်နှင့် အဋ္ဌကထာတို့ကိုလည်းကောင်း အမှီပြုခဲ့ရပါသည်။ ထို့ကြောင့် ဤဘုရားရှိခိုး သည် အလွန်အခြေခံကောင်းရကား မိမိငယ်စဉ်က သင်ခဲ့ရသည်ကို ကျေးဇူး ဆပ်သောအားဖြင့် အကူးအပြောင်းများ၍ မှားနေသော အချို့ ကိုပြင်ဆင်၍ လည်းကောင်း၊ ဘုရားရှိခိုးမူရင်းကို အဓိပ္ပာယ်ပေါ်လွင်အောင် တန်ဆာဆင်၍ လည်းကောင်း စီစဉ်ထားသဖြင့် သူတော်ကောင်းများကို အားရ နှစ်သက် စေပါလိမ့်မည်။

…..

လက္ခဏာတော်ကြီး ဘုရားရှိခိုး

▬▬

သုပ္ပတိဋ္ဌိတ ပါဒတာ လက္ခဏာတော်

▬▬

၁။ ပုဗ္ဗေ ပုညသု သမ္ဗုဒ္ဓေါ
သမာဒါနေန ဒဠတော
သုပ္ပဘိဋ္ဌိတပါ စ
အက္ခမ္မိယော စ တံ နမေ

ယော သမ္ဗုဒ္ဓေါ၊ အကြင် မြတ်စွာဘုရားသည်။ ပုဗ္ဗေ၊ ဘဝများ, ရှေးရှေးအခါ၌။ ပုညသု၊ ဒါနသီလ, စသည် ပေါင်းစု ကုသိုလ်ကောင်းမှု တို့၌။ ဒဠတော၊ မတွန့်ဆုတ်ဘဲ ခိုင်မြဲသော အားဖြင့်။ သမာဒါနေန၊ အားရ ရွှင်ပျော် ဆောက်တည်တော်မူခဲ့ခြင်းကြောင့်။ သုပ္ပတိဋ္ဌိတ ပါဒေါ စ၊ ခြေတော်ချရာ ရပ်တိုင်းမှာဝယ် ကောင်းစွာအညီ တည်သော ခြေတော်ရှိသည် လည်းကောင်း၊ အက္ခမ္ဘာစ၊ ရလတ္တံ့ရပြီး ကျိုးသီးသီးဝယ် ဘယ်ရန်သူမျှ ခါ၍ မချနိုင်သည်လည်းကောင်း။ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက် ၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏။ တံ သန္တု၊ သုပ္ပတိဋ္ဌိတ ပါဒတာ ခေါ်, လက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် အလောင်းအလျာ ဖြစ်ခဲ့သော ဘဝများစွာတို့၌ ကုသိုလ်ကောင်းမှု ကိစ္စစုကို ပြုလုပ်ရာဝယ် လွန်စွာ ခိုင်မြဲတော်မူ ၏၊ မိမိပြုနေသော ကောင်းမှုကို အခြားသူတို့က နောက်ဆုတ်အောင် ပြောကြသော် လည်း မည်သည့်အခါမျှ တွန့်ဆုတ်ခြင်းမရှိချေ၊ ဤသို့ ကုသိုလ်ကောင်းမှု ကိစ္စစု၌ နောက်မဆုတ်ဘဲ ခိုင်မြဲတော် မူခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေး အကြောင်း ကောင်းမှုတော်တစ်ပါး ဖြစ်ပါသည်။

အကျိုးလက္ခဏာတော်

ထိုကဲ့သို့ ကုသိုလ်ကောင်းမှု ကိစ္စစု ခိုင်မြဲစွာ ဆောက်တည်ခဲ့ခြင်းကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ ခြေတော်၏ ခိုင်မြဲစွာတည်ခြင်းတည်းဟူသော (သုပ္ပတိဋ္ဌိတပါဒာ လက္ခဏာတော်) အကျိုးကို ရတော်မူသည်။ မြတ်စွာဘုရား၏ ခြေတော်သည် မည်သည့်အရပ်၌မဆို နှင်းတော်မူသောအခါ ဖနောင့်တော်ဘက်ကလည်း အလျင်းကျ၊ ခြေဖျားတော်ဘက်ကလည်း အလျင်မကျ၊ ခြေဖဝါးတစ်ပြင်လုံး တစ်ပြိုင်နက်ကျ၍ တည်ရာအရပ်၌ ဖဝါးတော် တစ်ပြင်လုံး ထိတော်မူ၏၊ ယခုလူများ၏ ခြေဖဝါးကဲ့သို့ အလယ်၌ ဟော၍ ဟိုက်၍ မနေ။ [သုပ္ပတိဋ္ဌိတ၊ ကောင်းစွာတည်သော။ ပဒတာ၊ ခြေတော်ရှိခြင်း။]

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ပြီးသော လက္ခဏာတော်သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော်ကို ရတော်မူ ခြင်း၏ အကျိုးဆက်မှာ အကျိုးပေးရန် ရှေးရှုနေသော အကျိုးကို မာရ်နတ် တိတ္ထိ ဆရာကြီးစသော မည်သည့်ရန်သူမျှ မတားမြစ်နိုင်ခြင်း, ပေးအပ်ပြီးသော အကျိုးကိုလည်း မည်သည့်ရန်သူမျှ ဖယ်၍ ခွာ၍ မချနိုင်ခြင်းတည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်း ကုသိုလ်ကောင်းမှု, အကျိုးလက္ခဏာ တော် လက္ခဏာတော်၏အကျိုးဆက်, ဤသုံးချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ သုပ္ပတိဋ္ဌတပါဒတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများ ကြပြီးလျှင် မိမိတို့လည်း ကုသိုလ်ကောင်းမှု ကိစ္စစုဝယ် ပြုရန် အခွင့်ရောက်လာ လျှင် နောက်မဆုတ်ဘဲ ခိုင်မြဲအောင် ကြိုးစားကြပါလေ။

စက္ကနင်္ကိတပါဒတာ လက္ခဏာတော်

▬▬

၂။ သပရိဝါရက ဒါနေန
တထာဂတာ ပုရေဘဝေ
စက္ကနကိတပဒေ စ
ပရိဝါရော စ တံ နမေ

ယော တထာဂတော၊ အကြင် မြတ်စွာဘုရားသည်။ ပုရေဘဝေ၊ ဘဝများ , ရှေးရှေးအခါ၌။ သပရိဝါရကနေန၊ ဆိုင်ရာမချန် အခြံအရံနှင့်တကွ ပြုအပ်ခဲ့သော အလှူဒါနနှင့်။ စက္ခေန၊ တစ်ရာ့ရှစ်ကွက် ခြေတော်စက်ဖြင့်။ အကိတပါဒေါ စ၊ အမှတ် တံဆိပ်, ခပ်နှိပ် အပ်သော ခြေတော်ရှိသည် လည်းကောင်း၊ ပရိဝရော စ၊ ဗြဟ္မာ လူ နတ် ပရိသတ်တို့ မပြတ်မှန်မှန် အခြံအရံရှိသည်လည်းကောင်း၊ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်းတော်မူ၏။ တံ တထာဂတံ၊ စက္ကန့်ကိတ ပါဒ တာခေါ်, လက္ခဏာတော်နှင့်ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

အကြောင်း ကုသိုလ်ကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာ့များစွာဖြစ်ခဲ့ရာ များစွာသော ဘဝတို့ဝယ် အလှူဒါနပြုသောအခါ မူလဒါန၏ အခြံအရံ အဖြစ်ဖြင့် ဆိုင်ရာပစ္စည်းကိုပါ ထည့်၍ လှူလေ့ရှိတော်မူ၏။ ဥပမာ-သင်္ကန်းလှူသောအခါ အခြံ အရံ အဖြစ်ဖြင့် ဆွမ်းကိုထည့်၍လှူခြင်း, ကျောင်းလှူသောအခါ ကျောင်းအသုံး အဆောင်ကိုပါ ထည့်လှူခြင်းတည်း။ ။

အကျိုးလက္ခဏာတော်

ထိုကဲ့သို့ အခြံအရံနှင့်တကွ ပေးလှူလေ့ရှိခြင်းကြောင့် ဘုရား ဖြစ်တော်မူမည့် နောက်ဆုံး ဘ၀၌ ခြေဖဝါးတော် အပြင်ဝယ် ခြေတော်၏ အခြံအရံအဖြစ်ဖြင့် စက်လက္ခဏာများ ပေါ်ထင်၍ လာခြင်းတည်း ဟူသော အကျိုးကို ရတော်မူ သည်၊ မြတ်စွာဘုရား၏ ခြေဖဝါးတော်အပြင်၌ စက်ဝိုင်း ပုံသဏ္ဌာန်ပါသော အရပ်ဝယ် အမျိုးမျိုးသော အရုပ်များ ပေါ်လွင်ထင်ရှားနေသည် ကို စက္ကလက္ခဏ ( စက်လက္ခဏာ) ခေါ်၏၊ ထိုစက်လက္ခဏာသည် လူအများ၏ ခြေဖဝါး၌ မပါဘဲ ဘုရားအလောင်း စကြာမင်းလောင်းတို့၌သာ ပါနိုင်သော ထူးခြားသော လက္ခဏာတော်တည်း။ စက္ကန = စက် လက္ခဏာဖြင့် + အကိတ ပါဒတာ-အမှတ်တံဆိပ် ခပ်နှိပ်အပ်သော ခြေတော်ရှိခြင်း

လက္ခဏာ၏ အကျိုးဆက်

ဤ ပြအပ် ပြီးသော လက္ခဏာတော် သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော်ကို ရတော် မူခြင်း၏ အကျိုးဆက်မှာ လူ အဖြစ်၌ များစွာသော လူအခြံအရံကိုရခြင်း, ဗုဒ္ဓဖြစ်သော အခါလည်း ဗြဟ္မာ နတ် လူ, ဘိက္ခု ဘိက္ခုနီ ပရိသတ်ဟူသော များသော အခြံအရံတို့ကို ရတော်မူခြင်းတည်း။

တိုက်တွန်းချက်

ဤ အကြောင်း ကုသိုလ်ကောင်းမှု , အကျိုးလက္ခဏာ တော်, လက္ခဏာတော်၏ အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ စက်လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားပြီးလျှင် မိမိတို့ လည်း ကုသိုလ်ပြုရာအခါ၌ ကုသိုလ်ဒါန၏ အခြံအရံ ပင် သတိပြုကြပါလေ။

မှတ်ချက်

ဤ စက်လက္ခဏာကို ပါ သော ခြေတော်ရာသည် နှင်းတော်မူရာ အရပ်တိုင်း၌ ထင်တော်မမူပါ၊ ဘုရားရှင်က ထင်စေတော်မူလိုမှသာ ထင်ပါသည်။ ထိုသို့ စက်လက္ခဏာ အပြည့် အစုံ ထင်တော်မူခြင်းမှာလည်း သုပ္ပတိဋ္ဌိတပဒတာ လက္ခဏာတော်အတွက် ခြေချတော်မူရာအရပ်၌ ခြေဖဝါးအပြင်တော်၏ အညီအမျှ ထိတော်မူခြင်းကြောင့်သာ ဖြစ်ပါသည်၊ ယခု လူတို့ကဲ့သို့ အလယ်၌ ဟာနေလျှင် စက်လက္ခဏာများ ထင်နိုင်မည် မဟုတ်ပါ၊ ဤသို့ လက္ခဏာတော် ၂-ရပ် ဆက်စပ် နေပုံကို သတိပြုပါ။

…..

ဒီဃပဏှိတာ အာယတင်္ဂုလိတာ ဗြဟ္မဇုဂတ္တတာ လက္ခဏာတော် ၃-ပါး

▬▬

၃။ ပါဏာတ ဝိရတိယာ
ဒီသပဏီ ယတိုလိ
ဗုဒ္ဓေါ ဗြဟ္မဇုဂတ္တာ စ
ဒီဃာယုကော စ တံ နမေ

ယာ ဗုဒ္ဓေါ၊ အကြင် မြတ်စွာဘုရားသည်။ ပုရေ ဘဝေ၊ ဘဝများ, ရှေးရှေးအခါ၌၊ ပါဏာတဝိရတိယာ၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင် ကြဉ်ခဲ့ခြင်းကြောင့်။ ဒီသပဏ္ဍိစ၊ ရှည်သောဖနောင့်တော်ရှိသည်လည်းကောင်း။ အာယတင်္ဂုလိ စ၊ ရှည်သွယ်သော လက်ချောင်းတော် ရှိသည်လည်းကောင်း။ ဗြဟ္မဂတ္တာ စ၊ ဗြဟ္မမင်းလို့ ဖြေဖြောင့်မတ်သော ကိုယ်တော်ရှိသည် လည်းကောင်း၊ ဒီဃာယုကောစ၊ ရှည်သောအသက်တော်ရှိသည်လည်းကောင်း။ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍, သိုက်မြိုက်ထင်, ဖြစ်ထွန်းတော်မူ၏။ တံဗုဒ္ဓံ၊ ဒီသပဏ္ဍိတာ, အစဖြာသည့် လက္ခဏာ ၃-ဖော်, ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော်(တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသောဘဝတို့ဝယ် ပါဏာတိပါတမှ ရှောင်ကြဉ်တော်မူ၏။ [ဘဝတိုင်း ရှောင်ကြဉ် တော်မူခဲ့သည်ဟု မဆိုလိုသော်လည်း များစွာသောဘဝတို့၌ ရှောင်တော်မူခဲ့သည် ဟု ဆိုလိုပါသည်။ ဤသို့ ပါဏာတိပါတမှ ရှောင်တော်မူခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါး ဖြစ်၏။

အကျိုးလက္ခဏာတော်

ထိုသို့ ပါဏာတိပါတမှ ရှောင်တော် မူခဲ့ခြင်း ကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ -

(၁) ဖနောင့်တော် ရှည်ခြင်းဟူ သော ဒီဃပဏ္ဍိတ လက္ခဏာတော်,
(၂) ရှည်သွယ်သောလက်ချောင်းရှိခြင်းဟူသော အာယဘင်္ဂလီတာ လက္ခဏာတော်,
(၃) ဖြောင့်မတ်သောကိုယ် ရှိခြင်းဟူသော ဗြဟ္မဇုဂတ္တတာ လက္ခဏာတော်,
ဤလက္ခဏာတော် ၃-ပါးကို ရတော်မူသည်။

ဖနောင့်တော် ရှည်ပုံ

▬▬

ပါဏာတိပါတကို ပြုသူတို့သည် ချောင်း၍ သူတစ်ပါး ကို သတ်သောအခါ ခြေသံကြားမည်စိုးသောကြောင့် ခြေဖျားထောက်၍ သွားရ တတ်၏။ ထိုသို့ ခြေဖျားထောက်သောအခါ ခြေတို့သည် ကြောက်ရွံ့သော်လည်း နေတတ်၏၊ ဖနောင့်တို့၍သော်လည်း နေတတ်၏။ ဗုဒ္ဓမြတ်စွာ အလောင်းတော် သည် ထိုကဲ့သို့ ခြေဖျားထောက်၍သွားလျက် သူတစ်ပါးကို မသတ်ခဲ့ကြောင်းထင် အောင် ခြေဖနောင့်တော်သည် ရှည်တော်မူ၏၊ ဖနောင့် အစွန်သည် လုံးဝိုင်း သော ပုံသဏ္ဌာန်ဖြင့် လွန်စွာတင့်တယ်တော်မူ၏၊ ခြေတော်ကို ၄-ခွဲလျှင် နောက် တစ်သည် ဖနောင့်ဖြစ်၏။ ဒုတိယတစ်ပိုသည် ခြေသလုံးပေါ် ထွက် နေရာ ဖြစ်၏၊ ရှေ့ ၂-ဖို့သည် ခြေသလုံးနေရာ၏ ရှေ့ဘက်ဖြစ်၏။

လက်ချောင်းများ ရှည်သွယ်ပုံ

▬▬

ပါဏာတိပါတကို ပြုသောအခါ လွက်နက် ကို ဆုပ်ကိုင်ရ၏။ ထိုသို့ ဆုပ်ကိုင်ရသဖြင့် လက်ချောင်း တို့သည် တိုသူကဲ့သို့ ဖြစ်ကုန်၏။ ဗုဒ္ဓမြတ်စွာ၏ အလောင်းတော် ထိုကဲ့သို့ လက်နက်ကို ဆုပ်ကိုင်၍ မသတ်ခဲ့ကြောင်း ထင်ရှားအောင် လက်ချောင်းတို့သည် အများလူတို့၏ လက်ချောင်း တိုထက် ရှည်လည်း ရှည်၍ အရင်းမှ အဖျားတိုင်အောင် သွယ်လည်း သွယ်တော် မူသည်။

ဖြောင့်မတ်သော ကိုယ်တော်ရှိပုံ

▬▬

ပါဏာတိပါတ ပြုရန် သွားသော အခါ သူတစ်ပါး မြင်မည်စိုးသောကြောင့် ကိုယ်ကို မတ်မတ်မထားဘဲ ပုအောင် နိမ့်အောင်လုပ်၍ ကောက်လျက် ကွေးလျက်သွားရ၏။ ဗုဒ္ဓမြတ်စွာ အလောင်းတော်သည် ထိုကဲ့သို့ ပုအောင် နိမ့်အောင်လုပ်၍ မသွားခဲ့ရကြောင်း ထင်ရှားဖို့ရာ ကိုယ်အရပ်တော်သည် ကောက်ကွေး၍မနေဘဲ ဗြဟ္မာမင်း၏ကိုယ်ကဲ့သို့ ဖြောင့်ဖြောင့်စင်းစင်း မားမားမတ်မတ် ထောင်ထောင်မောင်းမောင်း ရှိတော်မူရကား လွန်စွာ တင့်တယ် သပ္ပါယ်တော်မူသည်။

လက္ခဏာတော်၏ အကျိုးဆက်

ပြခဲ့သောလက္ခဏာတော် ၃-ပါးသည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် ၃-ပါးအတွက် အကျိုးဆက်မှာ သက်တော် ရှည်ခြင်း ဟူသော အကျိုးတည်း။ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ချွတ်ထိုက်သော ဝေနေယျ သတ္တဝါ ရှိသေးလျှင် သက်တော် ၈၀ ကျော်သည့်အပြင် အာယုကပ်ကုန်အောင်ပင် တည်နိုင်ပါ၏။ သို့သော် ဘုရားချွတ်မှ ကျွတ်မည့် ဝေနေယျများ ပြည့်စုံပြီဖြစ်သောကြောင့် သက်တော် ရှစ်ဆယ်ပြည့်ရုံမျှ ဖြင့် ပရိနိဗ္ဗာန် စံတော်မူပါသည်။ ]

တိုက်တွန်းချက်

ဤသို့ အကြောင်းကောင်းမှုမှ အကျိုးလက္ခဏာ, လက္ခဏာ တော်၏ အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ-ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော် ၃-ပါး ကိုအာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများကြပြီးလျှင် မိမိတို့လည်း သန်းဥ ကြမ်းပိုး ပိုးမွှားကလေးကိုမျှ ပါဏာတိပါတအမှု မပြုမိအောင် ရှောင်ကြပါလေ။

ဆက်ပါဦးမည်-ပါဏာတိပါတ အမှုကို ပြုရာ၌ အသက်မွေးမှု ချောင်လည် အောင်ပြုခြင်း, အခြားနည်းဖြင့် အသက်မွေးစရာမရှိ၍ မရှောင်သာသောကြောင့် ပြုရခြင်း သက်သက် နှိပ်စက်လိုသောကြောင့် ပြုခြင်းဟု ၃-မျိုးရှိ၏၊ ထို ၃မျိုးတွင် မည်သည့် ပါဏာတိပါတမဆို ငရဲသို့ ချနိုင်၏၊ ပြိတ္တာလည်း ဖြစ်စေနိုင်၏။ ထို့ ကြောင့် ဘုရားအလောင်းသည် မည်သည့်အကြောင်းနှင့်မျှ ဘဝများစွာဝယ် ပါဏာတိ ပါတကို မပြုခဲ့ပါ။

သတ္တုဿဒတာ လက္ခဏာတော်

▬▬

၄။ ဝရာဇနဒါနေန
ဗုဒ္ဓေါ ပုရိမ ဇာတိယံ
ဟောတိ သတ္တုဿဒေစေဝ
ဝရဘော စ တံ နမ

ယာ ဗုဒ္ဓေါ၊ အကြင်မြတ်စွာဘုရားသည်။ ပုရိမာတိယံ၊ ဘဝများစွာ ရှေးရှေးအခါ၌။ ဝရဘောဇနဒါနေန၊ စားဖွယ် ခဲဖွယ် လျက်ဖွယ်နှင့် သောက်ဖွယ်ဖြာဖြာ ပေးလှူရာဝယ် သြဇာပြည့်ဝ မွန်မြတ်သော အာဟာရကို ပေးလှူခဲ့ခြင်းကြောင့်။ သတ္တုဿဒေစေဝ၊ လက်ဖမိုးတော် ၂-ဖက် ခြေဖမိုးတော် ၂-ဖက်, ပခုံးတော် ၂-ဖက် လည်ကုပ်တော်အားဖြင့် ခုနစ်ပါးသော အရပ်တို့၌ ပြည့်ဖြိုးသော အသားရှိသည်လည်းကောင်း။ ဝရဘောဇီ စ၊ ခဲဖွယ်ဘောဇဉ်ချိုချဉ်ရသာမွန်မြတ်သောအစာကိုရတော်မူသည်လည်းကောင်း။ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်း တော်မူ၏။ တံ ဗုဒ္ဓ၊ သတ္တု သာဒတာ လက္ခဏာနှင့် ကောင်းစွာကုံလုံ ပြည့်စုံတော် မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော်(တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ များ စွာသော ဘဝတို့ဝယ် စားဖွယ် မုန့်ခဲဖွယ် သောက်ဖွယ် လျှာဖြင့်လျက်ဖွယ် ဖြစ်သော အစာအာဟာရတို့ကို ပေးလှူသောအခါ မိမိတတ်နိုင်ပါလျှင် အဆီဩဇာအရသာ ရှိသော အစာ အာဟာရတို့ကိုသာ ပေးလှူတော်မူ၏။ အဆီဩဇာ ခြောက်ခန်းသော အာဟာရတို့ကို မပေးမလှူခဲ့ချေ၊ အကောင်း မလှူနိုင်သော အခါ၌ကား ထိုကဲ့သို့ အညံ့ကိုလည်း လှူရပေလိမ့်မည်။ ဤသို့ မွန်မြတ်သော အာဟာရတို့ကို ပေး လှူတော်မူခဲ့ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော် တစ်ပါး ဖြစ်သည်။

အကျိုးလက္ခဏာတော်

ထိုသို့ဘဝများစွာ၌ အဆီဩဇာ အရသာရှိသော အစာအာဟာရတို့ကို ပေးလှူတော်မူခဲ့သောကြောင့် ဘုရားဖြစ်တော်မူမည့် ဘဝ၌ သတ္တုဿဒတော လက္ခဏာတော်ကို ရတော်မူသည်၊ ဗုဒ္ဓမြတ်စွာ၏ လက်ဖမိုးတော် ၂-ဖက်သည် ပြားချပ်ချပ်မနေဘဲ အသားအရေပြည့်ဖြိုး၍ မိုမိုမောက်မောက်ရှိတော် မူ၏။ ခြေဖမိုးတော် ၂-ဖက်လည်း ငပိပြားမနေဘဲ အသားအရေ ပြည့်ဖြိုး၍ မိုမောက်တော်မူ၏၊ ပခုံးတော် ၂-ဖက်လည်း ချိုင့်လျက်မနေဘဲ အသားအရေ ပြည့် ဖြိုးတော်မူ၏။ လည်ကုပ်တော်လည်း အရိုးမထင်ပေါ်ဘဲ အသားအရေ ပြည့်ဖြိုး တော်မူ၏၊ ဤသို့လျှင် ၇-ပါးသော အရပ်တို့၌ သူတစ်ပါးထက် အသားအရေ ပြည့်ဖြိုး၍ မိုမိုမောက်မောက် ရှိတော်မူခြင်းကို သတ္တုဿာဒတာ လက္ခဏာတော်ဟု ခေါ်သည်။ [သတ္တ= ၇-ပါးသော အရပ်တို့၌၊ ဥဿတာ =အသားတို့၏များသည်၏ အဖြစ် (ပြည့်ဖြိုးခြင်း) ။]

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ပြီးသော သတ္တုဿဒာလက္ခဏာ တော်သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းပေတည်း၊ ထိုလက္ခဏာတော် အတွက် မွန်မြတ်သော အဆီဩဇာ အရသာရှိသော စားဖွယ် ခဲဖွယ် သောက်ဖွယ် လျက်ဖွယ်ဟူသော အကျိုးဆက်ကိုလည်း ရတော်မူပေသည်။

တိုက်တွန်းချက်

ဤသို့အကြောင်းကုသိုလ် အကျိုးလက္ခဏာတော်, လက္ခဏာ တော်၏အကျိုးဆက် ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ သတ္တုဿတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓနုဿတိ ဘာဝနာကို ပွားများပြီးလျှင် မိမိတို့ လည်း တတ်နိုင်ပါမူ အဆီဩဇာရှိသော မွန်မြတ်သော အာဟာရတို့ကိုသာ စွန့်ကြဲ ပေးကမ်း လှူဒါန်းကြပါလေ။

မုဒု တလုဏ ဟတ္ထပဒတနှင့် ဇာလဟတ္ထပါဒတာ လက္ခဏာတော် ၂-ပါး

▬▬

၅။ ဇနသင်္ဂဟတော ပုဗ္ဗ
မုဒုဟတ္ထပဒေ ဇိနော
ဇာလဟတ္ထပဒေ စေဝ
သုသင်္ဂဟ ဇနာ နမေ

ယာ ဇိနော၊ အကြင် မြတ်စွာဘုရားသည်။ ပုဗ္ဗေ၊ ဘဝများစွာ ရှေးရှေး အခါ၌။ ဇနသင်္ဂဟတော၊ သင်္ဂဟ ၄-ပါးဖြင့် လူအများကို ချီးမြှောက်ခဲ့ ခြင်းကြောင့် မုဒုဟတ္ထပဒေစေဝ၊ နုပျိုသော လက်ခြေတော် ရှိသည် လည်းကောင်း၊ ဇာလဟတ္ထပဒေစေဝ၊ ဇာကွန်ရက်ပမာ ညီစ္စာတည်သော လက်ချောင်း ခြေချောင်းတော်ရှိသည် လည်းကောင်း၊ သုသင်္ဂဟဇနော စ၊ မခွဲမခွာ အမြဲပင် ကောင်းစွာ သိမ်းသွင်းအပ်သော အခြွေအရံရှိသည် လည်းကောင်း၊ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်းတော်မူ၏။ တံ ဇိနံ၊ မုဒုဗာလဟတ္ထပါဒတာ လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များ စွာသောဘဝတို့ဝယ် လူတို့ကို သင်္ဂဟ ၄-ပါးဖြင့် ချီးမြှောက်ခဲ့ပေသည်၊ ချီးမြှောက်ဟု ဆိုသော်လည်း မိမိကို မမုန်းအောင် ချစ်ခင်အောင် သိမ်းသွင်းခြင်းပင်တည်း၊ ထို သိမ်းသွင်းနည်းသည် ၄-မျိုးရှိ၏၊ ထို ၄-မျိုးကား ဒါန, ပိယဝါစာ, အတ္ထစရိယာ, သမာနတ္တတာတည်း၊ ဤ ၄-မျိုးကိုပင် သင်္ဂဟဝတ္ထု ၄-ပါးဟုလည်း ခေါ်သည်။

ဒါနဖြင့် သိမ်းသွင်းပုံ

အချို့လူများသည် ပစ္စည်းဥစ္စာမရှိ ဆင်းရဲနွမ်း ပါး၏၊ ထိုသူတို့သည် ပေးကမ်းခြင်းကို သဘောကျ၏၊ ထိုသူတို့အား ဘုရား အလောင်းသည် စွန့်ကြဲ ပေးကမ်းခြင်းဖြင့် မိမိကို မမုန်းအောင် ချစ်ခင်အောင် သိမ်းသွင်းခဲ့ပါသည်။

ပိယဝါစာဖြင့် သိမ်းသွင်းပုံ

အချို့ လူတို့သည် အထိုက်အလိုက် ပြည့်စုံရ ကား စွန့်ကြဲပေးကမ်းမှုကို မမျှော်လင့်ကြ၊ ချစ်ခင်ဖွယ်ရာ ချိုသာသော စကားဖြင့် ပြောဆိုဆက်ဆံမှုကိုသာ အလိုရှိကြ၏။ ဘုရားအလောင်းတော်သည် ထိုသူတို့ကို သင့်တော်သော စကားအသုံးအနှုန်းဖြင့် ချိုချိုသာသာ သုံးနှုန်း၍ မိမိကို မမုန်းအောင် ချစ်ခင်အောင် သိမ်းသွင်းခဲ့ပါသည်။

အတ္ထစရိယာဖြင့် သိမ်းသွင်းပုံ

▬▬

[အတ္ထ = အကျိုးစီးပွား တိုးတက်အောင် + စရိယာ = ပြုကျင့်ခြင်း] အချို့ လူတို့သည် စွန့်ကြဲပေးကမ်းခြင်းကိုလည်း မလိုလား၊ ပိယဝါစာဖြင့် ပြောဆိုခြင်းကိုလည်း အရေးတကြီးဟု သဘောမထား၊ လောကကြီး ပွားရေး နောင်တမလွန်ချမ်းသာရေးကိုသာ နည်းပေးလမ်းပြ ညွှန်ပြပြောဆိုခြင်းကို အလိုရှိကြ၏၊ ဘုရားအလောင်းတော်သည် ထိုသူတို့ကို ပစ္စုပ္ပန်ကြီးပွားရေး တမလွန် ချမ်းသာရေးတို့ကို နည်းပေးလမ်းပြသောအားဖြင့် သိမ်းသွင်းခဲ့ပါသည်။

သမာနတ္တတာဖြင့် သိမ်းသွင်းပုံ

▬▬

[သမာန= မိမိနှင့်တန်းတူသော + အတ္တတာ = သဘောရှိသူ၏အဖြစ်။] အချို့ လူတို့သည် စွန့်ကြဲပေးကမ်းခြင်းကိုလည်း မတောင့်တ၊ ပိယဝါစာကိုလည်းမတောင့်တ၊ အတ္ထစရိယာကိုလည်းညွှန်ပြဖွယ်မလို၊ သူတို့ဘာသာ ပြည့်စုံပြီးဖြစ်ကြသည်။ ထိုသူတို့သည် အတူသွား အတူလာ အတူနေ အတူစားခြင်း စသည်ဖြင့် မိမိကိုမနှိမ်ချဘဲ တန်းတူထား၍ ဆက်ဆံခြင်းကို အလိုရှိကြ၏။ ဘုရား အလောင်းတော်သည် ထိုသူတို့ကို အရာရာ၌ တန်းတူထား၍ သိမ်းသွင်းခဲ့ပါသည်။

အကျိုးလက္ခဏာတော်

▬▬

ပြအပ်ခဲ့သည့်အတိုင်း သူတစ်ပါးစိတ်ချမ်းသာအောင် စိတ်နုညံ့အောင် အမျိုးမျိုးသောနည်းလမ်းဖြင့် ချီးမြှောက် သိမ်းသွင်းခဲ့သောကြောင့် ဘုရားဖြစ်တော်မူမည့် ဘဝ၌ မုဒုဘလုဏဟတ္ထပါဒတာနှင့် ဇာလဟတ္ထပါဒတာ လက္ခဏာတော် ၂ -ပါးကို ရတော်မူသည်။

မုဒုတလုဏ ဟတ္ထပဒတာ ဖြစ်ပုံ

မြတ်စွာဘုရား၏ လက်တော် ခြေတော် တိုသည် များစွာသော လူတို့၏ လက်ခြေကဲ့သို့ မကြမ်းတမ်းဘဲ (မုဒု) နုနုညံ့ညံ့ ရှိတော်မူ၏၊ သက်တော် ရွယ်တော် ကြီးရင့်သော်လည်း နုပျိုတော်မူ၏၊ ဤသို့ လက်တော် ခြေတော်တို၏ နုပျိုခြင်းကို မုဒုတရဏဟတ္ထပါဒတာဟု ခေါ်သည်၊ မုဒု-နုညံ့သော+တလုဏ = နုပျိုသော +ဟတ္ထပါဒတော =လက်တော်ခြေတော်ရှိခြင်း။]

ဇာလဟတ္ထပါဒတာ ဖြစ်ပုံ

မြတ်စွာဘုရား၏ လက်မ ခြေမမှ တစ်ပါးသော လက်ချောင်း ခြေချောင်းတို့သည် အရှည်ပမာဏ အားဖြင့် ညီမျှကြကုန်၏။ အလွန်ကျွမ်းကျင်သော လက်သမားသည် လေသာပြတင်းပေါက်၌ ဇာကွန်ရက်ကို တပ်သောအခါ အဖျားညီညီ စီရရီရှိအောင် တပ်၏။ ထို့ကြောင့် ဗုဒ္ဓဖြတ်စွာ၏ လက်ချောင်း ခြေချောင်းတော် ညီပုံကို လေသာပြတင်းဝယ် ဇာကွန်ရက်နှင့်တူ၏ဟု ဥပမာပြုကြသည်။

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ပြီးသော မုဒုတလုဏ ဟတ္ထပဒ တာလက္ခဏာ, ဇာလဟတ္ထပါဒတာ လက္ခဏာတော် ၂-ပါးသည် ရှေးကံကြောင့် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် ၂-ပါးအတွက် ရအပ်သောအကျိုး ဆက်ကား မခွဲမခွာ အမြဲပါအောင် ကောင်းစွာ သိမ်းသွင်းအပ်ပြီးသော ပရိသတ် အခြံအရံ ရှိခြင်းတည်း။

တိုက်တွန်းချက်

ဤသို့အကြောင်းကောင်းမှု အကျိုးလက္ခဏာ,လက္ခဏာတော် အတွက် အကျိုးဆက်, ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း မိမိ ဆိုင်ရာ လူအများကို သင်္ဂဟ ၄-ပါးဖြင့် ချီးမြှောက်နိုင်, သိမ်းသွင်းနိုင်ကြောင် အမြဲ သတိထား၍ ကြိုးစားကြပါလေ။

ဥဿင်္ခပါဒတာ, ဥဒ္ဓဂ္ဂလောမတာ လက္ခဏာတော် ၂-ပါး

၆။ ဗုဒ္ဓေါ ဥဂ္ဂတဝါစာယ၊ ဘာသတုဿ့် ပါဒကာ။ ဥဒ္ဓစ္စလာမကော စေဝ၊ လောကဂ္ဂ စာပိ တံ နမေ။

ယာ ဗုဒ္ဓ၊ အကြင်မြတ်ာဘုရားသည်။ ပုရိမာတိယံ၊ ဘဝ များ ရှေးရှေးအခါ၌။ ဥဂ္ဂတဝစာယ၊ လူအများတို့ စီးပွားမြင့်လျက် တိုးတက်ကြောင်း တရားစကားကို။ ဘာသတာ၊ ဟောပြောတော်မူခဲ့ခြင်းကြောင့်။ ဥဿ့်ပါဒကော စ၊ အောက်သွေမသက်, အထက်တက်သည့် ဖမျက်အနေ, ခြေတော်ရှိသည်လည်းကောင်း၊ ဥဒ္ဓဂ္ဂလောမကော စေဝ၊ ရွှေမျက်နှာတော် ဖူးမြော်လိုဘိ ငမော်၍ကြည့်သို့ အဖျားလှည့်၌ မွေးညင်းတော်သည် လည်းကောင်း။ လောကော စာပိ၊ သတ္တလောက ဟူသမျှဝယ် အစစအရာရာ အာဆုံး အမြတ်ဆုံးသည်လည်းကောင်း၊ ဟောတိ၊ အကြောင်း အလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်းတော်မူ၏။ တံ ဗုဒ္ဓ၊ ဥဿခံပါဒ ဥဂ္ဂလောမတာ လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာ ဘုရားကို။ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသောဘဝတိုဝယ် ဆရာမိဘအဖြစ်, မိတ်ဆွေအဖြစ်ဖြင့်တပည့်တို့အားလည်းကောင်း, သားသမီးတို့အားလည်းကောင်း မိတ်ဆွေတို့အားလည်းကောင်း ဤဘဝ နောက် ဘဝ၌ ကြီးမြင့်ခြင်း ကောင်းသော တရားစကားကိုသာ ဟောလေ့ ပြောလေ့ ရှိခဲ့ပေသည်၊ ဤကား ရှေးရှေးကောင်းမှုတော်တစ်ပါး ဖြစ်သည်။

အကျိုးလက္ခဏာတော်

ထိုကဲ့သို့ မြင့်မြတ်သော တရားစကားကို ပြောဟော တော်မူခဲ့ခြင်းကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ ဥဿခ်ပါဒတာနှင့် ဥဒ္ဓစ္စလာမတာ,လက္ခဏာတော် ၂-ပါးကို ရတော်မူသည်။ [= အထက်သိုမြင့်တက်သော+သခ်တ=အမျက်တော်ရှိခြင်း၊ ဥဒ္ဓစ္စ= အထက်သို့ အဖျားလှည့်သော+လောမတာ - မွေးညင်းတော်ရှိခြင်း။]

မြင့်သော ဖဖျက်တော်ရှိပုံ

များစွာသော လူတို့၌ ခြေမျက်စိဟု ခေါ်အပ် သော ဖမျက်သည် ခြေဖမိုးနှင့် နီးကပ်၍ အနည်းငယ်အောက်ကျလျက်ရှိ၏၊ ဗုဒ္ဓမြတ် စွာ၏ ဖမျက်တော်သည်ကား ခြေဖမိုးအထက်၌ လက် ၂-သစ် (လက် ၄-သစ်) လောက် မြင့်တက်နေ၏။ ထိုသို့ မြင့်တက်နေသော်လည်း ဘုကြီးအဖြစ်ဖြင့် ထင်ရှား၍ မနေ၊ မသိမသာ ပြေနေ၏။

မွေးညင်းတော်တို့၏ အထက်သို့ အဖျားလှည့်ပုံ

များစွာသောလူတို့၏ မွေး ညင်းတို့သည် အောက်ဘက်သိုအဖျားလှည့်ကုန်၏။ ဗုဒ္ဓမြတ်စွာ၏ မွေးညင်းတော်များ ကား မျက်နှာတော်ကို မော်၍ကြည့်သကဲ့သို့ အထက်သို့ အဖျားလှည့်၍ နေကုန်၏။

လက္ခဏာတော် ၂-ပါး အကျိုးဆက်

ပြခဲ့သော လက္ခဏာတော် ၂-ပါး သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် ၂-ပါး အတွက် ရအပ်သောအကျိုးဆက်မှာ လူ နတ် ဗြဟ္မာ သတ္တဝါဟူသမျှထက် အသာဆုံး အမြတ်ဆုံး ဖြစ်ရခြင်းတည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်းကောင်းမှု, အကျိုးလက္ခဏာ, လက္ခဏာ တော်အတွက် အကျိုးဆက် ၍ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ အထက်သို့ မြင့်တက်သော ဖမျက်တော်နှင့် အထက်သို့ အဖျားလှည့်သော မွေးညင်းတော်သာ လက္ခဏာတော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားပြီးလျှင် မိမိတို့လည်း လက်အောက် ငယ်သားတို့အား မြင့်မြတ်သော ဩဝါဒစကားကို ပြောပြကြပါလေ။

ဧဏီဇင်္ဂတာ လက္ခဏာတော်

၇။ သက္ကစ္စ သိပ္ပ ၀စေတာ၊ တေနေဏီဇော် လက္ခဏာ။ အဏ္ဏဝိကလာဘော စ၊ သမ္ဗုဒ္ဓေါ ဟောတိ တံ နမေ။

ယော သမ္ဗုဒ္ဓေါ၊ အကြင် မြတ်စွာဘုရားသည်။ ပုရိမာတိယံ၊ ဘဝ များရြာ, ရှေးရှေးအခါ၌။ သက္ကစ္စံ၊ တပည့်အပေါင်း ကြမညောင်းတဲ့ နည်းကောင်းခြယ်လှယ် တတ်သိလွယ်မှု ကောင်းစွာပြု၍။ သိပ္ပံ၊ ဝိဇ္ဇာသိပ္ပံ စရဏ နှင့် ကမ္မဿကတာ ဉာဏ်ပညာ အထိ သိဖွယ် တတ်ဖွယ်, ကျင့်ဖွယ် အပေါင်း အတတ်ကောင်းကို။ ဝစေတာ၊ မေတ္တာ ကရုဏာ ရှေးရှုဖြင့် ဆရာအနေ ပို့ချခဲ့ပေ၏။ တန၊ ထိုညို လေးလေးစားစား အတတ်များကို သင်ကြားပြသ ပို့ချခဲ့ခြင်းကြောင့်။ ဧဏီဇော် လက္ခဏာ စဧဏီ မည်သော သားကောင်၏ သလုံးအသွင် အစဉ်အထက် လုံး၍တက်သော ခြေသလုံးတော် ရှိသည်လည်းကောင်း။ အနုဋ္ဌဝိကလာဘော စ၊ ရဟန်းတော်နှင့် သင့်လျော် လျောက်ပတ်, ကောင်းသောလာဘ် ရှိတော်မူသည်လည်းကောင်း၊ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏။ တံ သမ္ဗုဒ္ဓံ၊ ဧဏီဇော်တာ လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာ ဘုရားကို၊ အဟံ၊ ဘုရားတပည့်တော်(တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာ သော ဘဝတိုဝယ် ဆရာသမားအဖြစ်ဖြင့် အတတ်ပညာကို သင်ပေးသောအခါ မိမိ တပည့်အပေါင်းကို ဒူးတုပ်စေခြင်းအားဖြင့်လည်းကောင်း, အစေအပါး ခိုင်း ခြင်းအားဖြင့်လည်းကောင်း, ဒူးတိုကို ညောင်းစေ၍ ကြာရှည်စွာ မသင်ရဘဲ တတ်လွယ်အောင် နည်းကောင်း, လမ်းကောင်း, စည်းမျဉ်းကောင်းတိုကို ညွှန်ပြလျက် သင်ပေးခဲ့၏၊ ဤသို့ တတ်လွယ်အောင် သင်ပေးတော်မူခဲ့ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေး ကောင်းမှုတော်တစ်ပါး ဖြစ်သည်။

အကျိုးလက္ခဏာတော်

ထိုသို့ အတတ်ပညာ တတ်လွယ်အောင် သင်ပေး သောကောင်းမှုကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ ဧဏီဇယ်လက္ခဏာတော်ကို ရတော်မူ၏။ ဧဏီဇယ်=ဧဏီမည်သော သားကောင်၏ ခြေသလုံးနှင့် တူသော ခြေသလုံးတော်။]

သလုံးမြင်းခေါင်း၏ တင့်တယ်ပုံ

များစွာသော လူတို့၏ ခြေသလုံးသည် နောက်ဘက်က ဆန်အိတ်ကလေးကဲ့သို့ ကွဲ၍ ရှေ့ဘက်၌ အရိုးချောင်းချောင်းပေါ် ထင်နေ၏၊ ဘုရားရှင်သည်ကား ထိုခြေသလုံးကို မညောင်းစေအောင် အတတ်ပညာ သင်ပြခဲ့သော ကောင်းမှုကြောင့် ရှေ့ရောနောက်ပါ အသားမျှလျက် တစ်ခဲနက် လုံးဝန်း၍ နေ၏၊ ထိုကဲ့သို့ လုံးဝန်း၍နေပုံကို ဧဏီမည်သော တောဆိတ်နက်၏ ခြေသလုံးဖြင့် ဥပမာပြုကြသည်။

လက္ခဏာတော်၏ အကျိုးဆက်

ပြခဲ့ပြီးသော လက္ခဏာတော်သည် ရှေးကံ အတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော်အတွက် အကျိုးဆက် ကား မင်းဖြစ်လျှင် မင်းနှင့်ထိုက်တန်သော အသုံးအဆောင်ကို ရရှိ၍ ရဟန်းဖြစ်လျှင် ရဟန်းတော်နှင့် ထိုက်တန်သော ပစ္စည်းလာဘ်ကို ရတော်မူခြင်းတည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်းကုသိုလ်၊ အကျိုးလက္ခဏာ, လက္ခဏာ တော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ ထို ဧဏီ ဇော်တာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားပြီးလျှင် မိမိ တိုလည်း ဆရာဖြစ်သောအခါ တပည့်တို့အား တတ်လွယ်အောင် သင်ပြကြပါလေ။

သုခုမစ္ဆဝိတာ လက္ခဏာတော်

၇။ ပရိပုစ္ဆနတော ပုဗ္ဗ၊ ပဏ္ဍိတံ ကုသလာဒိကံ။ သုခုမစ္ဆဝိ ဗု၊ မဟာပညာ စ တံ နမေ။

ယော ဗုဒ္ဓေါ၊ အကြင် မြတ်ဘုရားသည်။ ပုရိမာတိယံ၊ ဘဝများ ရှေးရှေးအခါ၌။ ပဏ္ဍိတံ၊ လောကဓမ္မ ၂-ဌာန၌ ကျနမြင်သိ ပညာရှိပုဂ္ဂိုလ်ကို။ ကုသာဒိကံ၊ ကုသိုလ် အကုသိုလ် ထိုထိုများငှာ အကြောင်းအရာကို ပရိပုစ္ဆနတော၊ အမှန်သိရေး, အဖန်ဖန် မေးခဲ့ခြင်းကြောင့် သုခုမစ္ဆဝိကာ၊ နုညံ့သိမ်မွေ့သော အသားအရေတော်ရှိသည်လည်းကောင်း၊ မဟာပညာစ၊ ကြီးကျယ်သော ပညာတော်ရှိသည် လည်းကောင်း၊ ဟောတိ၊ အကြောင်း အလိုက် အကျိုးဆိုက်၍, သိုက်မြိုက်ထင်, ဖြစ်ထွန်းတော်မူ၏။ တံ ဗုဒ္ဓံ၊ သုခုမဝိတာ, လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော်(တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည် မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာဖြစ်ခဲ့ရာ၌ များစွာသော ဘဝတိုဝယ် ပညာရှိပုဂ္ဂိုလ်အထံ ချဉ်းကပ်၍ ““ကုသိုလ်တရားဟူသည် အဘယ် ပါနည်း၊ အကုသိုလ်တရားဟူသည် အဘယ်ပါနည်း။ အဘယ်တရားကို ပြုကျင့်လျှင် မကောင်းကျိုးကိုရ၍ အဘယ်တရားကိုပြုကျင့်လျှင် ကောင်းကျိုးကို ရပါသနည်း””ဟု သိမ်မွေ့သော အကြောင်းအရာတို့ကို မေးမြန်းလေ့ရှိ၏၊ ထိုသို့ မေးမြန်းခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါး ဖြစ်သည်။

အကျိုးလက္ခဏာတော်

ထိုကဲ့သို့ မိမိထက်တတ်သိသော ပညာရှိအထံ၌ သိမ် မွေ့သော အကြောင်းအရာ တရားစကားကို မေးမြန်းခဲ့ခြင်းကြောင့် ဘုရားဖြစ်မည့် နောက်ဆုံးဘဝ၌ သုခုမစ္ဆဝိတာ(သိမ်မွေ့သော အသားအရေတော်ရှိခြင်းဟူသော) လက္ခဏာတော်ကို ရတော်မူပေသည်။ [သုခုမ = သိမ်မွေ့သော နုညံ့သော၊ဆတာ အသားပေါ်က အရေတော်ရှိခြင်း။ ]

သိမ်မွေ့သော အရေတော်ရှိပုံ

များစွာသော လူတို့၏အသားအရေသည် သိမ်မွေ့နူးညံ့ခြင်း မရှိလှ၊ တစ်ချို့မှာ ကြမ်း၍ပင် နေသေး၏၊ စိုပျိုပျိုးလည်း မရှိ၊ မွဲခြောက်ခြောက်ဖြစ်နေတတ်၏၊ ဗုဒ္ဓမြတ်စွာ၏ အသားအရေတော်ကား သိမ်မွေ့သော အကြောင်းအရာကို မေးမြန်း၍ ကျင့်လည်းကျင့်ခဲ့သည့် ကုသိုလ်ကံကြောင့် သိမ်မွေ့ နုညံ့တော်မူပေသည်။

လက္ခဏာတော်၏ အကျိုးဆက်

ပြခဲ့သော လက္ခဏာတော်သည် ရှေးကံ အတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော်အတွက် အကျိုးဆက်မှာ အရာရာ၌ သူတစ်ပါးထက်သာအောင် ကြီးကျယ်သော ဉာဏ်ပညာ ရှိတော်မူ ခြင်းတည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာ တော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ ထို သုခုမ ဗိတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း ပညာရှိများအထံ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကံနှင့် ထိုကံတို၏ အကျိုးရပုံကို မေးမြန်းကြပါလေ။

ကံနှင့် ကံ၏အကျိုးအဖွင့်၌ အောက်ပါလင်္ကာကို ဆိုခဲ့ပါသည်။

၁။ သိရန် မှန်သမျှ၊ မမေးက၊ ဖျင်း အ ပညာဆို။

၂။ ကြား မြင် များအောင်၊ မေးလေ့ဆောင်၊ ခုနောင် တတ်သိလို။

သုဝဏ္ဏဝဏ္ဏတာ လက္ခဏာတော်

၉။ သုခုမဝတ္ထဒါနေန၊ အ မေန ပုရေ ဘဝေ။ ဟေမဝဏ္ဏာ ဇိနာ လာဘီ၊ မုဒုဝဏ္ဌာနဉ္စ တံ နမေ။

ဇိနာ၊ အကြင်မြတ်စွာဘုရားသည်။ ပုရေဘဝေ၊ ဘဝများစ္စာ ရှေး ရှေးအခါ၌။ သုခုမဝတ္ထနေန၊ သိမ်မွေ့နုညံ့သော အဝတ်အနံ့ အခြုံအခင်း တို့ကို ပေးလှူခဲ့ခြင်းကြောင့်လည်းကောင်း။ အ ခေန စ၊ အမျက်ဒေါသ မထွက်ရအောင် နိစ္စချုပ်တည်း စောင့်စည်းခဲ့ခြင်းကြောင့် လည်းကောင်း။ ဟေမဝဠာ၊ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိသည် လည်းကောင်း။ဒုဝတ္ထာနံ၊နုညံ့သောအဝတ်အရုံ ခြုံအခင်းတိုကို။လာဘီ စ၊ရခြင်း ရှိတော်မူသည် လည်းကောင်း၊ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်းတော်မူ၏။ တံ ဇိနံသုဝဏ္ဏဝဏ္ဏာ လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ) သည် ။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတိုဝယ် အဝတ်ကိုလှူသောအခါ လှူရန် အဆင်သင့်ရှိလျှင် နုညံ့သော အဝတ်အရုံ ခြုံထည်အခင်းတို့ကို ပေးလှူလေ့ရှိ၏။ ထိုသို့ အနုအညံ့မရှိလျှင်ကား ကြမ်းသော အငတ်ကိုလည်း ပေးလှူရပေလိမ့်မည်။]ထို့ ပြင် များစွာသော ဘဝတို့၌ အမျက်ဒေါသကို မဖြစ်အောင်၊ ဖြစ်ပြန်လျှင်လည်း အပြင်မထွက်အောင် စောင့်စည်း ချုပ်တည်းလေ့ ရှိခဲ့ပေသည်။ ဤသို့ နုညံ့သော အဝတ်တို့ကို ပေးလှူခဲ့ခြင်းနှင့် အမျက် ဒေသ မဖြစ်ရအောင်၊ ဖြစ်ပြန်လျှင်လည်း အပြင်မထွက်ရအောင် စောင့်စည်း ချုပ်တည်းခဲ့ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော် တစ်ပါး ဖြစ်သည်။

အကျိုး လက္ခဏာ

ထိုကဲ့သို့သော ကောင်းမှုကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ သုဝဏ္ဏဝဏ္ဏတာ လက္ခဏာတော်ကို ရတော်မူသည်၊ များစွာသော လူတို့၏ အရေအဆင်းသည် အမျိုးမျိုး ရှိကြသော်လည်း ရွှေအဆင်းရှိသူက နည်းပါးလှ၏။ ဗုဒ္ဓမြတ်စွာ၏ အရေအဆင်းတော်သည် ဇမ္ဗူရစ်ရွှေ့, သို့ရွှေ့, နာရဏီရွှေအဆင်းတိုကဲ့သို့ ဝင်းဝင်းဝါ၀) လွန်စွာ တင့်တယ်တော်မူသည်။

အမှာ

ဆွမ်း စသော အာမိသ အကောင်းအမွန်ကို ပေးလှူခဲ့ခြင်း၊ ဘုရား တန်ဆောင်းအတွင်းမှ ကျောင်းဝိုင်း အတွင်းတို့ ဖြစ်စေ၊ လူအများ သွားလာရာ လမ်း၌ဖြစ်စေ၊ သန့်သန့်ရှင်းရှင်းရှိအောင် တံမြက်လှည်းလေ့ ရှိခြင်းကြောင့်လည်း ထိုကဲ့သို့ ရွှေအဆင်းရှိသူများ ဖြစ်တတ်ပါသည်။

လက္ခဏာတော်၏ အကျိုးဆက်

ပြခဲ့သော လက္ခဏာတော်သည် ရှေးကံ အတွက်ရအပ်သောအကျိုးရင်းတည်း၊ ထိုလက္ခဏာတော်အတွက် အကျိုးဆက်ကား နုညံ့သိမ်မွေ့သော အဝတ်အရုံ အခြုံ အခင်းတွိကို ရတော်မူခြင်းတည်း။

တိုက်တွန်းချက်

ဤသို့အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာ တော်အတွက် အကျိုးဆက်၊ ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ ရွှေအဆင်း ကဲ့သို့ ဝါဝင်းသော ကိုယ်တော်ရှိပုံကို အာရုံပြု၍ ဗုဒ္ဓါနုဿဘိဘာဝနာ ပွားပြီးလျှင် မိမိတ္တီလည်း တတ်နိုင်ပါလျှင် နုညံ့သော အဝတ်အရုံ အအခင်းတို့ကို ပေးလှူနိုင်အောင် ကြိုးစားကြပါလေ၊ ထိုညို ပေးလှူရာ၌ ရွှေအဆင်းရဖို့အရေးကို တွေးတော၍ ဆုမတောင်းမိစေဘဲ နိဗ္ဗာန်ကိုသာ ရည်စူးကြပါစေ။

ကောသောဟိတ ဝတ္ထဂုယှတာ လက္ခဏာတော်

၁၀။ ဉာတိမိတ္တေ သမာနေတာ၊ ပုဗ္ဗေ တေန တထာဂတော။ ကောသောဟိတ ဝတ္ထလှော်၊ ဗဟုပု စ တံ နမေ။

ယော တထာဂတော၊ အကြင် မြတ်စွာဘုရားသည်။ ပုဗ္ဗ၊ ဘဝများစွာ ရှေးရှေးအခါ၌။ ဉာတိမိတ္တေ၊ အမိတခြား သားတခြားသို့ ကွဲပြား၍နေ ဆွေမျိုး မိတ်ဆွေတိုကို။ သမာနေတာ၊ ပြန်၍ပေါင်းဆုံ တွေ့ကြုံမိအောင် ပိုဆောင်တော်မူ၏။ တေန၊ ထိုသို့ ပြန်၍တွေအောင် ပို့ဆောင်ခဲ့ခြင်းကြောင့်။ ကောသောဟိတဝတ္ထဂုမ္ဘော စ၊ ဥသဘနွားမြတ် အင်္ဂဇာတ်သို့ အအိမ်ဖြင့် ဖုံးအပ်သော အင်္ဂါဇာတ်တော်ရှိသည် လည်းကောင်း။ ဗဟုပုတ္တာ စ၊ များသော သားတော်ရှိသည်လည်းကောင်း၊ ဟောတိ၊ အကြောင်းအလိုက် အကျိုး ဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်းတော်မူ၏။ တံ တထာဂတံ၊ ကောသော ဟိတ ဝတ္ထဂုယှာ လက္ခဏာတော်နှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ သည်။ နမေ နမာမိ၊ ယုံကြည် မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာဖြစ်ခဲ့ရာ၌ များစွာ သော ဘဝတိုဝယ် မိဘနှင့်ကွဲနေသော သားသမီးတို့ကိုလည်းကောင်း၊ သားသမီး နှင့်ကွဲနေသော မိဘတို့ကိုလည်းကောင်း၊ ကွဲနေသော ဆွေမျိုးတို့ကို လည်းကောင်း အချင်းချင်း ပြန်၍ တွေ့အောင် ကိုယ်တိုင်လည်း ပို့ဆောင်ခဲ့၏၊ ရှင်ဘုရင်စသည် ဖြစ်သောအခါ ကွဲနေသူတို့ကို ပြန်၍ဆွေအောင် ဆောင်ပေးဖို့ရာ မြို့တံခါးပေါက် စသော အရပ်တို့၌ မင်းချင်းယောက်ျား အစေအပါးတို့ကို ထားခဲ့ပေ၏။ ဤကား ဗုဒ္ဓမြတ်စွာ၏ ရှေးကောင်းမှုတည်း။

အကျိုးလက္ခဏာတော်

ထိုကုသိုလ်ကောင်းမှုကြောင့် ဗုဒ္ဓဖြစ်မည့် နောက် ဆုံးဘဝ၌ နွားလားဥသဘ၏ အင်္ဂါဇာတ်ကဲ့သို့ အအိမ်ဖြင့် ဖုံးအပ်သော အင်္ဂါ) ဇာတ်တော်ရှိခြင်း ဟူသော လက္ခဏာတော်ကို ရတော်မူသည်၊ ဆက်ဦးအံ့၊ သား သမီးနှင့် မိဘ၊ ဆွေမျိုးအချင်းချင်းတို့သည် တစ်ယောက်အပြစ်ကိုတစ်ယောက် ကာ ကွယ်ဖိုးထားလေ့ရှိ၏။ ထို့ကြောင့် ဆွေမျိုးအချင်းချင်း ပေါင်းမိအောင် ဆောင်တော်မူခြင်းသည် အပြစ်ကို ကာကွယ်နိုင်ခြင်း၏ အကြောင်းကိုပြုရာရောက်၏၊ လူကို အင်္ဂါဇာတ်လည်း မမြင်အပ်သော အပြစ်တစ်မျိုးပင်တည်း၊ ထိုအင်္ဂါဇာတ်ကို တိုးလို တွဲလ် မနေစေဘဲ နွားလားဥသဘ၏ အင်္ဂါဇာတ်ကဲ့သို့ အိမ်ဖြင့် ဖုံးထားခြင်းသည် အပြစ်ကိုဖုံးကွယ်ရာရောက်၏။ထို့ကြောင့် ဤလက္ခဏာတော်သည်အများယောက်ျား တို့ထက် ထူးခြားသော လက္ခဏာတော် ဖြစ်ရပေသည်။ [ကာသ = အအိမ်၌။ ဩဟိတ = အပ်သော။ ဝတ္ထရာယု = အင်္ဂါဇာတ်။]

လက္ခဏာတော်၏ အကျိုးဆက်

ပြခဲ့သော လက္ခဏာတော်သည် ရှေးကံ အတွက်ရအပ်သော အကျိုးရင်းတည်း။ ထိုလက္ခဏာတော်အတွက် အကျိုးဆက်မှာ သားရတနာများစွာနှင့် ပြည့်စုံခြင်းတည်း။ မှန်၏။ လူမင်းဖြစ်လျှင် တစ်ဖက် စစ်တပ် ကို အလွယ်တကူ နှိမ်နင်းနိုင်သော သားပေါင်း တစ်ထောင်နှင့် ပြည့်စုံနိုင်၏။ ဗုဒ္ဓမြတ်စွာ ဖြစ်သောအခါလည်း အရှင်သာရိပုတ္တရာ အစရှိသော သားရတနာ များစွာနှင့် ပြည့်စုံတော်မူသည်။

တိုက်တွန်းချက်

ဤသိုအကြောင်းကုသိုလ်၊ အကျိုးလက္ခဏာ၊လက္ခဏာတော် အတွက် အကျိုးဆက်၊ ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ ကောသော ဟိတဝတ္ထီၾတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာ ဝနာကို ပွားပြီး လျှင် မိမိတို့လည်း ဆွေမျိုးချင်း သားအမိ သားအဘချင်း သမီး ခင်ပွန်းချင်း ကွဲနေသည်ကို မြင်ရသောအခါ ပြန်၍ ပေါင်းမိအောင် စွမ်းနိုင်သမျှ ရွက်ဆောင်ကြ ပါလေ။

နိဂြောဓပရိမဏ္ဍလ၊ ဇာဏုပရာမသန လက္ခဏာတော် ၂-ပါး

၁၁။ ဂုဏာနုရူပ ကာရာ၊ နိဓ ပရိမဏ္ဍလော။ ဌ်တောဝါမသန္တာ ဇာဏု၊ မဟဒ္ဓနာ စ တံ နမေ။

ယော တထာဂတော၊ အကြင်မြတ်ဘုရားသည်။ ပုဗ္ဗ၊ ဘဝများစွာ ရှေးရှေးအခါ၌။ ဂုဏာနုရူပ ကာရတာ၊ သူ၏ဂုဏ်နှင့် လျော်ကန်သင့်အောင် ချီးမြှင့်မှုကို ပြုခဲ့ခြင်းကြောင့်။ နိဓ ပရိမဏ္ဍလော စ၊ ဝန်းဝိုင်းသော ပညောင်ပင်ကဲ့သို့ ကိုယ်တော်နှင့် အလံ လျော်ကန်ညီညီ ဝန်းဝိုင်းတော် မူသည် လည်းကောင်း။ ဌိတောဝ၊ မကိုင်းမညွတ် မတ်မတ် ရပ်တော်မူ လျက်သာလျှင်။ ဇာဏ္ဍ၊ ပဆစ်ဒူးဝန်း ၂-ဖက်တိုကို၊ မသန္တာ၊ သုံးသပ်တော်မူနိုင်သည်လည်းကောင်း။ မဟဒ္ဓနော စ၊ ပြည့်စုံရုံမျှ မကတိုးပွား အလွန် များသော လောကီ လောကုတ္တရာ ဥစ္စာရှိသည် လည်းကောင်း။ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်းတော်မူ၏။ တံ တထာဂတံနိဓပရိမဏ္ဍလတာ ဇာဏုပရာမသန လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာဖြစ်ခဲ့ရာ၌ များစွာ သော ဘဝတိုဝယ် သူတစ်ပါး၏ဂုဏ်ကို အမှန်အတိုင်း သိတော်မူရကား ဂုဏ်ထူး ရှိသူတိုကို ဂုဏ်ထူးအလိုက် ပေးကမ်းချီးမြှောက်ခဲ့၏။ လျှော့၍လည်း မချီးမြှောက်၊ ပို၍လည်း မချီးမြှောက်ပါ။ ဥပမာ-တစ်ကျပ်တန်သူအား ငါးမူးလည်းမပေး, ၂-ကျပ် လည်းမပေး, တစ်ကျပ်သာ ပေးသကဲ့သို့တည်း၊ ဤသို့ သူ၏ ဂုဏ်အားလျော်စွာ ချီးမြှောက်ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါး ဖြစ်သည်။

အကျိုး လက္ခဏာတော် ၂-ပါး

ထို အကြောင်း ကောင်းမှုကြောင့် ဗုဒ္ဓဖြစ်မည့် နောက်ဆုံးဘဝ နိဂြောဓပရိမဏ္ဍလ လက္ခဏာနှင့် ဇာဏုပရာမသန လက္ခဏာတော် ၂-ပါးကို ရတော်မူ၏။ အရပ်တော် ၄-တောင်ရှိလျှင် လက် ၂ ဖက် အလံတော်လည်း ကိုယ်လုံးနှင့်တကွ ၄-တောင်ပင်ရှိ၏။ ဤသို့ အရပ်တော်နှင့် အလံတော် ညီမျှခြင်းကို အဝန်းညီမျှသော ပညောင်ပင်နှင့် တူသောကြောင့် နိဝ်ဓပရိမဏ္ဍလ လက္ခဏာ ဟု ခေါ်၏။ (ပညောင်ပင်သည် အမြင့် အတောင် ငါးဆယ်ရှိလျှင် ဘေးပတ်ဝန်းကျင် အပြန့်လည်း အတောင် ငါးဆယ်ပင် ရှိ၏။) ထို့ပြင်-ဗုဒ္ဓမြတ်စွာသည် ကိုင်းမညွှတ်ဘဲ မတ်မတ် ရပ်တော်မူလျက် ပုဆစ်ဒူးဝန်း ၂-ဖက်တို့ကို လက်တော် ၂-ဖက်ဖြင့် ထိအောင်သုံးသပ်တော်မူနိုင်၏။

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ပြီးသော လက္ခဏာတော် ၂-ပါး သည် ရှေးကံအတွက်ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော် ၂-ပါး အတွက် အကျိုးဆက်မှာ လူမင်းဖြစ်လျှင် လောကီ ဥစ္စာ ရတနာတိုနှင့် ပြည့်စုံခြင်း၊ တရားမင်း ဘုရားဖြစ်လျှင် သဒ္ဓသီလစသော လောကုတ္တရာ ရတနာတိုနှင့် ပြည့်စုံ ခြင်းတည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာ တော် အတွက် အကျိုးဆက် ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာ တော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း ကိုယ့်အောက် ငယ်သားတိုကို ဂုဏ်အားလျော်စွာ ချီးမြှောက်တတ်ကြပါစေ။

ဝတ္တက္ခန္ဓတာ စိတန္တရတာ သီဟပုဗ္ဗဒ္ဓကာယတာ လက္ခဏာတော် ၃-ပါး

၁၂။ မဟာဇနတ္ထကာမေန၊ ဝတ္တက္ခန္ဓာ စိတန္တရော။ သီဟပုဗ္ဗဒ္ဓကာယာ စ၊ အဟာနိယော စ တံ နမေ။

ယော တထာဂတော၊ အကြင် မြတ်စွာဘုရားသည်။ ပုရေဘဝေ၊ ဘဝ များစွာ ရှေးရှေးအခါ၌။ မဟာဇိနတ္ထကာမေန၊ သတ္တဝါအပေါင်း ကြီးပွား ကြောင်းကို ငဲ့စောင်းလိုလား ကြိုးစားတော်မူခဲ့ခြင်းကြောင့်။ ဝတ္တက္ခန္ဓာစ၊ ရွှေမုရိုးစည်ကဲ့သို့ အညီပတ်ဝင်းလုံးသော လည်ပင်းတော်ရှိသည်လည်းကောင်း။ စိတန္တရော စ၊ လက်ပြင်ရိုး ၂- ဖက်အကြား၌ စီ၍ ထားသကဲ့သို့ ပြည့်သော အသားတော်ရှိသည် လည်းကောင်း။ သီဟပုဗ္ဗဒ္ဓကာယော စ၊ ခြင်္သေ့မင်း၏ ရွှေထက်ဝက်ကိုယ်ကဲ့သို့ အထက် အောက် ၂-ဌာန၌ ပြည့်ဝသော ကိုယ်တော် ရှိသည်လည်းကောင်း၊ အဟာနိယာ စ၊ သဒ္ဓါစသည် အလီလီနှင့် လောကီဓန ဟူသမျှလည်း လျော့ကျ ဆုတ်ယုတ်ခြင်း မရှိသည်လည်းကောင်း၊ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်းတော်မူ၏။ တံ တထာဂတံဝတ္တက္ခ စိတန္တရနှင့် သီဟပုဗ္ဗဒ္ဓကာယာ ၃-ဖြာသော လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရား တပည့်တော်(တပည့်တော်မ) သည်။ နမေ နမာမိ၊ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသောဘဝတိုဝယ် သတ္တဝါများ၏ ကြီးပွားချမ်းသာကြောင်းကို အလိုရှိတော်မူရ ကား ပြုလေသမျှ ကိစ္စအဝဝတို့၌ ပရဟိတ အမှုကိုသာ ပြုကျင့်တော်မူခဲ့ပေသည်။ လောကကြီးပွားရေးသာမက သဒ္ဓသီလ သုတ စသော သူတော်ကောင်းဥစ္စာတို့၏ တိုးပွားရေးကိုလည်း မျှော်တွေး၍ ဟောပြောပြသ ဆုံးမတော်မူခဲ့ပေသည်။ ဤကား ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော် တစ်ပါးဖြစ်သည်။

စရိယာ ၂-ပါး

ဗုဒ္ဓမြတ်စွာ၏ စရိယာ ၃-ပါးတွင် အလောင်းအလျာဘဝ တုန်းက ဉာတတ္ထစရိယာ-ဆွေမျိုးတို့၏စီးပွားကိုကျင့်ခြင်း၊ လောကတ္ထစရိယာ = ဆွေ မျိုးဟု မခွဲခြားဘဲ သတ္တဝါအများ၏ စီးပွားကိုကျင့်ခြင်း, ဤ ၂-ပါးကို များစွာသောဘဝတို့၌ ပရဟိတအကျိုးငှာ ကျင့်တော်မူခဲ့ပါသည်။

အကျိုး လက္ခဏာတော် ၃-ပါး

ထို အကြောင်းကောင်းမှုကြောင့် ဗုဒ္ဓဖြစ် မည့် နောက်ဆုံးဘဝ၌ ဝတ္တက္ခမ္မတာလက္ခဏာ, စိတန္တ ရတာလက္ခဏာ, သီဟပုဗ္ဗဒ္ဓ ကာယတာလက္ခဏာအားဖြင့်လက္ခဏာ ၃-ပါးကိုရတော်မူသည်။ ( ဝတ္တ-လုံးသော+ ခန္ဓတာ-လည်ပင်းရှိခြင်း၊ စိတ-အသားတွေကို စီထားသကဲ့သို့ ပြည့်သောအသား ရှိသော + အန္တရတာ-လက်ပြင်ရိုး –ဖက်အကြားရှိခြင်း၊ (လက်ပြင်တော် ၂-ဖက်၏ အကြား၌ အသားတော်ပြည့်ခြင်း)။ သီဟပုဗ္ဗဒ္ဓခြင်္သေ့မင်း၏ ထက်ဝက်ကိုယ်ကဲ့သို့ အထက်ပိုင်း အောက်ပိုင်း ၂-ပိုင်းလုံး၌ ပြည့်ဖြိုးသော ကိုယ်တော်ရှိခြင်း။)

လုံးသောလည်ပင်းတော် ရှိခြင်း

အချို့ သူတို့၏ လည်ပင်းသည် ကြိုးကြာ (ဂျိုးဂျာ ၏ လည်ပင်းကဲ့သို့ ရှည်၍ နေတတ်၏။ အချို့ လည်ပင်းကား ဗျိုင်း၏ လည်ပင်းကဲ့သို့ ကောက်၍နေတတ်၏။အချို့ လည်ပင်းမှာ တောဝက်၏လည်ပင်းကဲ့သို့ ပြန့်ကျယ်၍နေတတ်၏။ ဘုရားအလောင်း၏ လည်ပင်းသည် လည်ကုတ်တော် လှပ ရကား ကောင်းစွာလုံးအပ်သော ရွှေမရိုးစည်ကဲ့သို့ တင့်တယ်တော်မူ၏၊ စကား ပြောသောအခါ လည်ပင်းအကြောများ မထင်ရှားဘဲ မိုးခြိမ်းသကဲ့သို့ အသံတော် ဟိန်း၍ နေပါသည်။

လက်ပြင်ရိုး ၂-ဖက် အကြား၌ အသားပြည့်ပုံ

နောက်ကျောပြင်ဝယ် လည်ကုတ်၏အောက်၌ ပေါ်ထွက်၍နေသော အရိုး ၂-ဖက်ရှိ၏၊ လက်ပြင်ရိုးဟုခေါ် ၏၊ များစွာသောလူတို့၏ လက်ပြင်ရိုး ၂-ဖက်အကြား၌ များသောအားဖြင့် အသား မပြည့်ချေ၊ ဘုရားအလောင်းမှာ ခါးမှ အထက်ပခုံးတိုင်အောင် အသားလွှာပြည့်နေ သောကြောင့် ထို လက်ပြင် ၂-ဖက်အကြား၌လည်း ရွှေပျဉ်ပြားကဲ့သို့ အသားပြည့် လျက် ရှိပေသည်။ ။

ခြင်္သေ့မင်း၏ကိုယ်နှင့် တူပုံ

ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်သာ တုတ်ခိုင်၏။ နောက်ပိုင်းကိုယ်ကား သေးငယ်သည်။ ဗုဒ္ဓမြတ်စွာကား အထက်ပိုင်းအောက်ပိုင်း ၂-ပိုင်းလုံးမှာပင် တုတ်တုတ်ခိုင်ခိုင် ရှိတော်မူ၏။ (“တုတ်တုတ်ခိုင်ခိုင်” ဟု ဆိုသော် လည်း ကြည့်ရှု၍ မလှပအောင် ဝဝဖိုင့်ဖိုင့် ဘုတ်ထိုင်းထိုင်း မဟုတ်ပါ၊ ပြည့်ပြည့်ဖြိုးဖြိုး ပြေပြေပြစ်ပြစ် သွက်သွက်လက်လက်သာတည်း။

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ပြီးသော လက္ခဏာတော် ၃-ပါး သည် ရှေးကံအတွက် ရအပ်သော အကျိုးတည်း၊ ထိုလက္ခဏာ ၃-ပါးအတွက် အကျိုးဆက်မှာ လူဖြစ်လျှင် ပြည့်စုံပြီးသော ရွှေ ငွေ စသော ရတနာတိုမှ မဆုတ် မယုတ်ခြင်း တရားမင်းဖြစ်သောအခါ) သဒ္ဓါစသော ဥစ္စာတို့မှ ယုတ်လျော့၍ မသွားခြင်းတည်း။

တိုက်တွန်းချက်

ဤသို့အကြောင်းကုသိုလ်, အကျိုးလက္ခဏာတော်, လက္ခဏာတော်အတွက် အကျိုးဆက် ၅၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏လက္ခဏာတော် ၃-ပါးကို အာရုံပြု၍ ဗုဒ္ဓနုဿတိ ဘာဝနာ ပွားများပြီးလျှင် မိမိတို့လည်း လူအများ၏ အကျိုးစီးပွားကို လိုလိုလားလား ဆောင်ရွက်ကြပါလေ။

ရသဂသဂ္ဂိတာ လက္ခဏာတော်

၁၃။
အဝိဟေဌနတော ပုဗ္ဗေ
ပါဏိနံ ပဏိ အာဒိနာ
ဇိနာ ရသဂသဂ္ဂီ စ
အပ္ပာဓော စ တံ နမေ

ယော ဇိနော။ အကြင်မြတ်စွာဘုရားသည်။ ပုဗ္ဗ၊ ဘဝများစွာ ရှေးရှေး အခါ၌။ ပါဏီနံ၊ သတ္တဝါတို့ကို။ ပဏီအာဒီနာ၊ လက် အစရှိသည်ဖြင့်။ အဝိဟေဌနတော၊ မညှဉ်းဆဲခဲ့ခြင်းကြောင့်။ ရသဂသဂ္ဂီ စ၊ အရသာကိုဆောင်ယူနိုင်သော အကြောတို့တွင် အမြတ်ဆုံးဖြစ်သော ခုနစ်ထောင်သော အကြော တော်ရှိသည်လည်းကောင်း။ အပ္ပါဗာဓော စ၊ အနာရောဂါများစွာလွတ်ကင်း ကျန်းမာခြင်း ရှိသည်လည်းကောင်း ၊ ဟောတိ၊ အကြောင်းအလိုက် အကျိုး ဆိုက်၍ သိုက်မြိုက်ထင်ပေါ်ကို ဖြစ်ထွန်းတော်မူ၏။ တံ ဇိနံ၊ ရသဂသဂ္ဂီတာ လက္ခဏာတော်နှင့်ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ဘုရားတပည့်တော် (တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ များစွာသောဘဝဝယ် လက်ဖြင့်လည်းကောင်း၊ လက်နက် တစ်စုံတစ်ခုဖြင့်လည်းကောင်း, သတ္တဝါတို့ကို မညှဉ်းဆဲမိ မနှိပ်စက် မိအောင် ရှောင်ကြဉ်တော်မူ၏။ ညှဉ်းဆဲနှိပ်စက်လျှင် ညှဉ်းဆဲခံရသူ၏ အကြော တို့သည် ပျက်စီးကုန်၏၊ အကြောတွေ ပျက်စီးလျှင် စားအပ်သမျှ အာ၏အရသာကို ကောင်းစွာမခံယူနိုင်၊ မနှိပ်စက် မညှဉ်းဆဲခြင်းကြောင့် ထိုအကြောတို့ကို မပျက်စီးစေ, အကြောများ မပျက်စီးလျှင် စားလိုက် သမျှ အစာတို့၏ အရသာကို ခံယူနိုင်၏၊ ဤကား ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တည်း။

အကျိုးလက္ခဏာတော်

ထိုအကြောင်းကောင်းမှုကြောင့် ဗုဒ္ဓဖြစ်မည့် နောက် ဆုံးဘဝ၌ စားအပ်သမျှအစာ၏ အရသာကို ကောင်းစွာဆောင်ယူနိုင်သော အကြော ပေါင်း ခုနစ်ထောင်သည် အထက်သို့ အဖျားလှည့်၍ လည်ပင်းမှာ စွပ်ထားသကဲ့သို့ တည်ကုန်၏၊ ထို အ ပေါင်း ခုနှစ်ထောင်ကြောင့် နှမ်းတစ်စေ့မျှလောက်သော အာဟာရကို လျှာဖျား၌တင် ဝါးလိုက်လျှင် အရသာ၏ အဆီဩဇာသည် တစ်ကိုယ် လုံးနှံ့အောင် ပြန့်နိုင်ပါသတဲ့၊ ထို့ ကြောင့် ဒုက္ကရစရိယာ ကျ တော်မူသောအခါ၌ ဆီးသီးတစ်လုံး, ပဲပြုတ်ရေတစ်ခွက် စသော အာဟာရဖြင့် မျှတတော်မူနိုင်ပါသည်။ ( ရသ-အရသာကို၊ ဝသ-ဆောင်နိုင်သောအကြောတို့တွင်၊ အဂ္ဂ-မြတ်သောအရာတော်များ။)

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ပြီးသော လက္ခဏာ တော်သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော်အတွက် အကျိုး ဆက်မှာ အနာရောဂါကင်း၍ ကျန်းမာခြင်းတည်း။

မှတ်ချက်

ယခုအခါ များစွာသောလူတို့၏ အသီး အရွက် အစာ ချက်ရိုး ချက်စဉ်အားဖြင့် အရသာ မရှိသောကြောင့် အရသာ ရှိစေအောင် သားငါးတို့ကို များစွာထည့်၍ချက်ကြရ၏၊ထိုကဲ့သို့ချက်ပါလျက်လည်း အရသာမရှိ၊ထိုညိုအရသာမရှိ ခြင်းသည် စောကြောင့်ချည်းမဟုတ်ပါ၊ အစာကလည်း ရှေးကလောက် အဆီ အရ သာ မရှိခြင်း, မိမိမှာရှိသော အကြောများကလည်း ချို့ယွင်းခြင်း, ဤ ၂- မျိုးကြောင့် ဖြစ်သည်ဟု မှတ်ပါ။

တိုက်တွန်းချက်

ဤသို့အကြောင်းကုသိုလ် အကျိုးလက္ခဏာတော် လက္ခဏာ တော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာ တော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားပြီးလျှင် မိမိတို့လည်း သတ္တဝါတို့ကို မညှဉ်းဆဲမိအောင် သတိထားကြပါလေ။

အဘိနီလနေတ္တာ, ဂေါပခုမတာ လက္ခဏာတော် ၂-ပါး

၁၄။
ဩလောကနေန သတ္တာနံ
ပိယက္ခိနာ နီလက္ခဏာ
ဗုဒ္ဓေါ ဂေါပခုမာ စေဝ
ပိယဒဿာ စ တံ နမေ

ယော ဗုဒ္ဓေါ ၊ အကြင် မြတ်စွာဘုရားသည်။ ပုရေ ဘဝေ၊ ဘဝများစွာ ရှေးရှေးအခါ၌။ သတ္တာနံ၊ တွေရာ မြင်ရာ သတ္တဝါတို့ကို။ ပိယက္ခိနာ၊ ချစ်ဖွယ်သော မျက်လုံးတော်ဖြင့်။ ဩလောကနေန၊ မေတ္တာအပြည့်ကြည့်တော် မူခဲ့ခြင်းကြောင့်။ နီလက္ခိကာစ၊ အောက်မဲညိုပွင့် နှမ်းကြက်ပွင့်သို့ ညိုသင့် ထိုထို ရွှမ်းရွှမ်းစိုမျှ ညိုသောမျက်လုံးတော်ရှိသည်လည်းကောင်း။ ပခုမာ စေဝ၊ မွေးစအရွယ် နွားနီငယ်၏ တင့်တယ်ကြည်အေး မျက်လုံးကလေးသို့ မျက်မွေးစီရရီ အလွန်ကြည်သော မျက်လုံးတော် ရှိသည်လည်းကောင်း။ ပိယဒသာစ၊ ချစ်ခင်ကြည်နူးဖူး၍မဝ လှပတင့်တယ် အလွန်သပ္ပါယ်သည် လည်းကောင်း၊ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက် ထင်ပေါ် ဖြစ်ထွန်းတော်မူ၏။ တံ ဗုဒ္ဓံ၊ နီလနေတ္တဂေါပမတာ လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရား တပည့်တော် (တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံ မိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် ထွေရာ ကြုံရာ သတ္တဝါတို့ကို ကြည့်သောအခါ မေတ္တာအပြည့် ချစ်ဖွယ်သော မျက်စိဖြင့် ကြည့်လေ့ရှိတော်မူခဲ့၏။ ဤသို့ ကြည့်တော်မူခြင်းကား ဗုဒ္ဓ မြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော် တစ်ပါးပေတည်း။

အကျိုးလက္ခဏာတော် ၂-ပါး

ထိုအကြောင်း ကောင်းမှုကြောင့် ဗုဒ္ဓဖြစ် မည့် နောက်ဆုံးဘဝ၌ မျက်လုံးတော်၏ ညိုသင့်ရာအရပ်ဝယ် အောက်မညှိုးပန်း နှမ်း ကြက်ပန်း အသွေးကဲ့သို့ ညိုသောမျက်လုံးတော်လည်း ရှိတော်မူ၏၊ မွေးဖွားခါစ နွားနီငယ်၏မျက်လုံးကဲ့သို့ မျက်တောင်မွေး စီရရီဖြင့် အလွန်ကြည်လင်သော မျက်လုံး လည်း ရှိတော်မူ၏။ အဘိနီလ-ညိုသင့်ရာအရပ်၌ အလွန်ညိုသော။ နေတ္တတာ မျက်လုံးတော်ရှိခြင်း။ ဂေပခုမတာ- မွေးဖွားခါစ နွားနီငယ်၏ မျက်တောင်မွှေးနှင့် တူသော မျက်တောင်မွေးတော် ရှိခြင်း။

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ပြီးသော လက္ခဏာတော် ၂-ပါး သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော် ၂-ပါး အတွက် အကျိုးဆက်မှာ ဖူးမြင်၍ မဝအောင် လှပ တင့်တယ် သပ္ပါယ်တော်မူခြင်း တည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာ တော်အတွက် အကျိုးဆက် ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာ တော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများပြီးလျှင် မိမိတို့ လည်း ချစ်ဖွယ်သော မျက်လုံးဖြင့် သူတစ်ပါးကို ကြည့်မိအောင် မေတ္တာဘာဝနာအလုပ်ကို အားထုတ်ကြပါလေ။

ဆက်ပါဦးမည်

သတ္တဝါအများကို ချမ်းသာစေဖို့ရန် နေ့စဉ်မှန်မှန် မေတ္တာ နေ, မေတ္တာဘာဝနာ ပွားများနေပါလျှင် ရှေးဦးစွာ မိမိစိတ် ကြည်လင်၏၊ စိတ်ကြည် လင်သောအခါ စိတ်ကြောင့်ဖြစ်သော ရုပ်လည်း ကြည်လင်၏။ ဤနည်းအားဖြင့် မျက်နှာတစ်ရပ်လုံး ကြည်လင်ရကား သူတစ်ပါးကို ကြည်လင်သော စက္ခု ဖြင့်သာ ကြည့်ရှုလေ့ ရှိရပါတော့သည်။

ဥဏှီသသီသတာ လက္ခဏာတော်

၁၅။
ဒါနာဒိ ပုညကမ္မေသု
ပုဗ္ဗင်္ဂမော တထာဂတော
တေန ဥဏီသသီသော စ
ဇနာနုဝတ္တီ စ တံ နမေ

ယော တထာဂတော၊ အကြင် မြတ်ဘုရားသည်။ ပုရေ ဘဝေ၊ ဘဝ များစွာ ရှေးရှေးအခါ၌။ ဒါနာဒိ ပုညကမ္မေသု၊ ဒါနစသည် အလီလီသော ကုသိုလ် ကောင်းမှုတို့၌။ ပုဗ္ဗင်္ဂမာ၊ တက်တက်ကြွားကြွား, ရှေ့ကသွား၍, အများလိုက်အောင် ခေါင်းဆောင်တော်မူ၏။ တေန၊ ထိုသို့ ကုသိုလ်ကောင်း မှု ကိစ္စစု၌ လူထုပါအောင် ခေါင်းဆောင်တော် မူခဲ့ခြင်းကြောင့်။ ဥဏီသသီသော စ၊ သင်းကျစ်အပြား ဖွဲ့ပတ်ထားသို့ သီခြားဆန်းထူး, မဟာ နဖူးကြောင့် ဖူးရရွှင်ပျော် လုံးသော ဦးခေါင်းတော်ရှိသည်လည်းကောင်း။ ဇနနုဝတ္တီ စ၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့ နောက်မှာစိုက်စိုက် လိုက်ပါခြင်း ရှိသည် လည်းကောင်း။ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်းတော်မူ၏။ တံ တထာဂတံ၊ ဥဏီသသီသတာ လက္ခဏာနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရား တပည့်တော် (တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝ တို့ဝယ် ဒါန အစရှိသော ကုသိုလ် ကောင်းမှုကို ပြုသောအခါ ခေါင်းဆောင်၍ ပြုလေ့ရှိ၏။ ကောင်းသော အလုပ်ဝယ် ရှေ့သွားခေါင်းဆောင်ဖြစ် သောကြောင့်လည်း ပရိသတ်အပေါင်းဝယ် ဦးခေါင်း တနော်မော်နှင့် ပျော်ပျော် ကြီး လှည့်လည်နိုင်ခဲ့၏။ ဤကား ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော် တစ်ပါး ဖြစ်သည်။

အကျိုးလက္ခဏာတော်

ထိုအကြောင်း ကောင်းမှုကြောင့် ဦးခေါင်းတော်၏ လှပတင့်တယ်ဖို့ရာ နဖူးတော်အပြင်ဝယ် သင်းကျစ်ပြား ပတ်ထားသကဲ့သို့ လွန်စွာ တင့်တယ်တော်မူ၏၊ ထင်ရှားစေအံ့-လက်ယာအစွန်းမှစ၍ တက်သော အသား လျှာသည် အထက်သိုတက်ပြီးလျှင် နဖူးတော်အပြင်ကို ပြည့်စေလျက် လက်ဝဲနား အစွန်း တိုင်အောင် တည်တော်မူ၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏ နဖူးတော်သည် လွန်စွာ တင့်တယ်တော်မူ၏။ ထိုတင့်တယ်ပုံကို အတုပြု၍ ယခုအခါ အချို့ဆင်းတုတော်၏ နဖူးတော်၌လည်းကောင်း, ရှင်ဘုရင်တို့၏နဖူး၌လည်းကောင်း, သင်းကျစ် အပြားကို တပ်ထားကြသည်၊ နဖူးတော်၌သာမက ထိုနဖူးတော်ကို အကြောင်း ပြု၍ ဦးခေါင်းတော် တစ်ရပ်လုံးလည်း ပွတ် ဆောက် အဖျားဖြင့် လှည့်ပတ်၍ ပွတ်ခံ ထားသကဲ့သို့ ရေပွက်လုံးကလေးပမာ လွန်စွာ လုံးဝန်းတော်မူပါသည်။

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ခဲ့ပြီးသော လက္ခဏာတော်သည် ရှေး ကံအတွက်ရအပ်သော အကျိုးရင်းတည်း၊ထိုလက္ခဏာတော်အတွက် အကျိုးဆက်မှာ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ နောက်တော်ပါးက ခစားမကွာ လိုက်ပါရခြင်းတည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်းကုသိုလ်, အကျိုး လက္ခဏာတော်, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ ဥဏီသ သီသတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများ ပြီးလျှင် မိမိတို့လည်း ကုသိုလ်ကောင်းမှု ကိစ္စစု၌ ခေါင်းဆောင်နိုင်လျှင် ခေါင်းဆောင်၍, ခေါင်းမဆောင်နိုင်လျှင် မခိုမကပ်ဘဲတက်တက်ကြွကြွ ကြိုးစားကြပါလေ။

ဧကေကလောမတာ, ဥဏ္ဏာလောမတာ လက္ခဏာတော် ၂-ပါး

၁၆ ။
မုသာဝါဒဝိရတိယာ
ဗုဒ္ဓေါ ဧကကလောမကော
သောဒါဘ ဥဏ္ဏလာမော စ
ဇနာပဝတ္တိ တံ နမေ

ယော ဗုဒ္ဓေါ၊ အကြင် မြတ်စွာဘုရားသည်။ ပုဗ္ဗ၊ ဘဝများစွာ ရှေးရှေး အခါ၌။ မုသာဝါဒ ဝိရတိယာ၊ မဟုတ်မတရား, မုသားပြောခြင်းမှ ရှောင်တော်မူခဲ့ခြင်းကြောင့်။ ဧကကလောမကော စ၊ မွေးတွင်း တစ်တွင်းလျှင် တစ်ပင်စီ တစ်ပင်စီသာ အမွေးတော်ရှိသည် လည်းကောင်း၊ သောဒတ ဥဏ္ဏလာမော စ၊ မျက်ခုံးတော် ၂-ပါး အလယ်ကြား၌ ထူးခြားပေါ်လွင် အလွန်ဖြူစင်သော မွေးရှင်တော်ရှိသည် လည်းကောင်း၊ ဇနောပဝတ္တိ စ၊ လူအများပင် ဘုရားရှင်၏ အစဉ်လိုသမျှလိုက်ပါရခြင်းရှိသည် လည်းကောင်း။ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်း တော်မူ၏။ တံ ဗုဒ္ဓံ၊ ဧကေကာမဥက္ကာလာမတာ လက္ခဏာတော် ၂-ပါး နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများဖြစ်ခဲ့ရာ၌ များစွာ သော ဘဝတို့ဝယ် မုသာဝါဒမှ ရှောင်ကြဉ်တော်မူ၍ မှန်ကန်သောသစ္စာစကားကို သာ ပြောဆိုတော်မူခဲ့သည်။ ဟိုတစ်မျိုး သည်တစ်မျိုး စကား ၂-မျိုးကို ပြောလေ့ မရှိခဲ့ပါ။ ဤသို့ မုသာဝါဒမှ ရှောင်ခြင်းသည် ဗုဒ္ဓံမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါးတည်း။

အကျိုးလက္ခဏာတော်

ထိုအကြောင်းကောင်းမှုကြောင့် ဘုရားဖြစ်တော် မူမည့်ဘဝ၌ မွေးညင်းတော်တို့သည် မွေးညင်းတစ်တွင်းလျှင် တစ်ပင်စီသာပေါက် ခြင်းဟူသော ဧကေကာမတာ လက္ခဏာတော်ကို လည်းကောင်း, ဥဏ္ဏလုံမွေး ရှင်တော်ဟူသော ဥဏ္ဏာမတာ လက္ခဏာတော်ကို လည်းကောင်း ရတော်မူ သည်။

ဥဏ္ဏလုံမွေးရှင်တော်

ဥဏ္ဏလောမ ဟူသောပါဠိကို မြန်မာလို ““ဥဏ္ဏလုံ”” ဟုပြန်ဆိုကြသည်၊ ထိုအမွေးတော်သည် မျက်ခုံးတော် ၂-သွယ်၏ အလယ်ဗဟိုတယ် နှာခေါင်းတော်၏ အဆုံးအထက်၌ ပေါက်တော်မူပြီးလျှင် အထက်သိုတက်၍ နဖူး အလယ်မှာ လ်ဝါဂွမ်းအစုကဲ့သို့ အလွန်ဖွေးဖွေးပြုလျက် တင့်တယ်တော်မူ၏။ဆွဲ၍ ဆန့်လိုက်သောအခါ လက်ယာရစ်လည်၍ လုံးသွားပြီးလျှင် အထက်သို့ အဖျားလှည့် လျက် တည်တော်မူသောကြောင့် အသက်ရှင်နေသကဲ့သို့ ထင်ရ၏။ ထို့ကြောင့် “ဥဏ္ဏလုံမွေးရှင်တော်”ဟု ခေါ်စမှတ်ပြုကြသည်၊ ရွှေအဆင်းရှိသော နဖူးတော် အပြင်၌ တည်ရကား နံနက်စောစောအခါ အရုဏ်ရောင်ခိုက်ငယ် သောကြာ ကြယ်ကဲ့သို့ လွန်စွာတင့်တယ်တော်မူပါသတဲ့။

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ခဲ့ပြီးသော လက္ခဏာတော်သည် ရှေးကံအတွက်ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော်အတွက် အကျိုး ဆက်မှာ နောက်တော်ပါးက ခစားမကွာ လိုက်ပါသူဟူသမျှတို့၏ ဘုရားအလိုတော် ကျအောင် နေကြကျင့်ကြခြင်းတည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်းကုသိုလ်, အကျိုး လက္ခဏာတော်, လက္ခဏာတော်အတွက် အကျိုးဆက်, ၍ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း မုသားမှရှောင်ကြဉ်၍ စကား ၂-ခွ မပြောကြဘဲ သစ္စာစကားကိုသာ ပြောမိအောင် သတိပြုကြပါလေ။

စတ္တာလီသဒန္တတာ အဝိရဠဒန္တတာ လက္ခဏာတော် ၂-ပါး

၁၇။
ပေသုည ဝိရမဏတော
သမစလီသ ဒန္တော
ဇိနော အဝိရဋ္ဌန္တော စ
အဘဗ္ဗပရိသော နမေ

ယော ဇိနာ၊ အကြင် မြတ်စွာဘုရားသည်။ ပုရေ ဘဝေ၊ ဘဝများစွာ ရှေးရှေးအခါ၌။ ပေသညဝိရမဏတာ၊ ချစ်ခင်သူများ ကွဲ၍သွားလျက် ကိုယ့်ချစ်အောင် ချောပစ်ကုန်းတိုက်ခြင်းမှ ရှောင်တော်မူခြင်းကြောင့်။ သမစာလီသဒန္တာ၊ အလေးဆယ် လွန်တင့်တယ်သော သွားတော် ရှိသည်လည်းကောင်း၊ အဝိရ စ၊ ရွှေပြားအပြင် ဝရဇိန်တင်သို့ အစဉ်မကွဲ မ သွားတော်မြို့သည် လည်းကောင်း။ အဘဇ္ဇပရိသော စ၊ မပျက်မကွဲ သံဖြင့်တဲသို့ တစ်ခဲနက်လုံး စည်းရုံးသောပရိသတ်ရှိသည် လည်းကောင်း။ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင် ပေါ် ဖြစ်ထွန်းတော်မူ၏၊ တံ ဇိနံ၊ သမစာလီသဒန္တ အဝိရဋဒန္တတာ လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ) သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာဖြစ်ခဲ့ရာ၌ များစွာ သော ဘဝတို့ဝယ် ချစ်သူ ၂-ယောက် ကွဲအောင်လည်းကောင်း၊ ထိုသိုကွဲပြီး နောက် မိမိကို ချစ်အောင်လည်းကောင်း, ကုန်းတိုက်ခြင်းဟူသော ပိသုဏဝါစာမှ ရှောင်တော်မူ၏၊ သူတစ်ပါးတို့ ညီညီမျှမျှ ချစ်ခင်နေသည်ကိုမြင်လျှင် ငမ်းမြောက် နှစ်သက်ခဲ့၏၊ ချစ်ခင်နေသူများကို ကွဲ၍မသွားစေသည့်ပြင် စည်းလုံးညီညွှတ်ခြင်း၏ အကျိုးကိုသာ ဟောပြောလေ့ရှိ၏၊ ဤသို့ ပိသုဏဝါစာမှ ရှောင်ကြဉ်တော်မူခြင်း သည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါးတည်း။

အကျိုး လက္ခဏာတော်

ပိသုဏဝါစာမှမင်ဘီ ချစ်သူတွေ စည်းစည်း လုံးလုံးမနေနိုင်အောင် ကုန်းတိုက်ခဲ့သူတို့၏ သွားတို့သည် မပြည့်မစုံ ဖြစ်ရုံသာမက ကျိုးတိုးကျိတ်လည်း ဖြစ်တတ်၏၊ များစွာသောလူတို့၏သွားသည် အများဆုံးအား ဖြင့် ၃၂-ချောင်းရှိ၏။ ဗုဒ္ဓမြတ်စွာသည်ကား ပါရမီဖြည့်စဉ်အခါဝယ် သူတစ်ပါး ကို ကွဲပြားအောင် ကုန်းတိုက်စကားကို မပြောဆိုဘဲ၊ အချင်းချင်းညီညွှတ်အောင် ပြောဆိုခဲ့ခြင်းကြောင့် ဗုဒ္ဓဖြစ်မည့်ဘ၀၌ သွားတော် ၄၀-တိတိ ပြည့်ပြည့်စုံစုံရှိခြင်း ဟူသော သမစတ္တာလီသဒကာ, အကြားတိုင်း၌ မကျသော အဝိရူဒန္တတာ လက္ခဏာတော် ၂-ပါးကို ရတော်မူသည်။ [ဤနေရာ၌ သမ သဒ္ဒါသည် ၄ဝ အတိအကျ အပြည့်ဟူသောအနက်ကို ဟော၏။ သဂြိုဟ်၌လာသော သမသတိ မဂ္ဂစိတ္တာနိ၌ သမသဒ္ဓကဲ့သိုတည်း။

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ပြီးသောလက္ခဏာတော်သည် ရှေးကံ အတွက်ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏ်တော် ၂-ပါးအတွက် အကျိုးဆက်ကား အခြွေအရံပရိသတ်ကို မကွဲမပြားဘဲ တသားတည်း စည်းစည်းလုံးလုံး ရှိကြခြင်းတည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်းကုသိုလ်, အကျိုး လက္ခဏာတော်, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ ဤလက္ခဏာတော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း ကုန်းတိုက်ခြင်း ဝိသုဏဝါစာမှ ရှောင်ကြဉ်မိအောင် အမြဲ သတိပြုကြ ပါလေ။

ပဟူပဇိဝှတာ, ဗြဟ္မဿရတာ လက္ခဏာတော် ၂-ပါး

၁၈။
ဖရုသဝါစာ ဝိရတိယာ
ပုဗ္ဗေ ပဟူတဇိဝှကော
ဗြဟ္မဿရော စ သမ္ဗုဒ္ဓေါ
အာဒေယျဝစနာ နမေ

သော သမ္ဗုဒ္ဓေါ၊ အကြင် မြတ်စွာဘုရားသည်။ ပုဗ္ဗ၊ ဘဝများ ရှေးရှေးအခါ၌။ ဖရုသဝါစာဝိရတိယာ၊ စိတ်ကြမ်း နှုတ်ကြမ်း, က်ငမ်း ဆဲမှု ဖရုသဝါစာမှ ရှောင်တော်မူခဲ့ခြင်းကြောင့်။ ပတဇိဝှကော စ၊ ရှည် လျားနုနယ် ပြန့်ကျယ်သောလျှာတော်ရှိသည်လည်းကောင်း၊ ဗြဟ္မဿရော စ၊ ဗြဟ္မာမင်း၏ အသကဲ့သို့ သာယာနာပျော်, အသံတော်ရှိသည်လည်းကောင်း။ အာဒေယျဝစနော စ၊ အများကြည်ဖြူ နာယူဖွယ် စကားတော်ရှိသည် လည်းကောင်း၊ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက် ထင်ပေါ်ကို ဖြစ်ထွန်းတော်မူ၏။ တံ သမ္ဗုဒ္ဓံ၊ ပဟူတ, ဗြဟ္မဿရတာ လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ)သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ဘဝများစွာဖြစ်ခဲ့ရာ၌ များစွာ သော ဘဝတို့ဝယ် သူတစ်ပါးတို့စိတ်ကို ထိခိုက်အောင် ဆဲဆိုက်ငမ်း ကြမ်းတမ်းသော ဖရုသဝါစာမှ ရှောင်တော်မူ၍ ကြားရသူကို ချမ်းသာဖွယ်ရာ နုညံ့သော စကားကိုသာ ပြောဆိုတော်မူခဲ့၏။ ဤသို့ ဖရုသဝါစာမှ ရှောင်တော်မူခဲ့ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါးပေတည်း။

အကျိုး လက္ခဏာတော်

ဖရုသဝါစာမှ မရှောင်ဘဲ ဆဲဆိုခဲ့သူတို့၏ လျှာသည် တစ်စုံတစ်ခုဖြင့်ဖွဲ့ထားသကဲ့သို့ လေးတွဲတွဲဖြစ်နေ၏။ အချို့ တို့ နေသကဲ့သို့ ဖြစ်၏။ အချို့မှာ စကားပြောရာ၌ လျှာဒရွတ်ဆွဲလျက် မန်းစွဲသကဲ့သို့ ဖြစ်နေ၏။ ဗုဒ္ဓမြတ်စွာသည်ကား ဖရုသ၁iစာမှရှောင်၍ နုညံ့သောစကားကို ပြောဆိုခဲ့သောကြောင့် ဘုရားဖြစ်မည့်ဘဝ၌ လျှာတော် နုနုညံ့ညံ့ ပြန့်ပြန့်ကျယ်ကျယ် ရှိတော် မူခြင်းဟူသော ပဟူတဇိဝှဘာ လက္ခဏာတော်နှင့် နုညံ့သော စကားသံကိုပြောဆိုခဲ့ ခြင်းနှင့် သာယာသော အသံတော်ရှိခြင်းဟူသော ဗြဟ္မဿရတာ လက္ခဏာတော် ၂-ပါးကို ရတော်မူသည်။ သာယာနာပျော်သော အသံကို “ “ဗြဟ္မာမင်း၏ အသံနှင့် တူသောအသံ”ဟု ပြောစမှတ်ပြုကြသည်။]

လက္ခဏာတော်၏ အကျိုးဆက်

ပြခဲ့ပြီးသော လက္ခဏာတော် ၂-ပါးသည် ရှေးကံအတွက်ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် ၂-ပါးအတွက် အကျိုးဆက်မှာ ပြောသမျှ ယုံကြည်ထိုက်သော စကားတော်ရှိခြင်းတည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာတော်, လက္ခဏာတော်အတွက် အကျိုးဆက်, ၃-ပါးကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဂနာကို ပွားများစေပြီးလျှင် မိမိကိုလည်း ဖရုသဝါစာမှ ရှောင်ကြဉ်ဖို့ရန် အမြဲသတိပြုကြလေ့။ ဆက်ဦးအံ့-ဖရုသဝါစာသည် ဝစီဒုစရိုက် ၄-ပါးတွင် ဒေသကို အရင်းခံ၍ ဖြစ်ရသော ဒုစရိုက် ၁-ပါးတည်း၊ နဂိုက ဒေါသစရိုက် ဓာတ်ခံရှိသော ပုဂ္ဂိုလ် သည် ဒေါသဖြစ်စရာ ကိစ္စ ကြုံလာတိုင်း ဖရုသဝါစာဖြင့် ပြောဆိုတတ်ရ နောက်နောက်ဘဝ၌ ဒေါသနည်းအောင် ယခုဘဝက မေတ္တာကို လေ့လာကြ ပါလေ။

သီဟဟနုတာ လက္ခဏာတော်

၁၉။
သမ္မပ္ပလာပဝိရတာ
ပုရေ တေန တထာဂတော
မိန္ဒဟနုရူပါ စ
အဓသိသော စ တံ နမေ

ယော တထာဂတော၊ အကြင်မြတ်စွာဘုရားသည်။ ပုရေ၊ ဘဝများစွာ ရှေးရှေးအခါ၌။ သမ္မပ္ပလာပဝိရတော၊ သုခမဖက် စီးပွားပျက်ဖို့ သက်သက် အပျော် ပျက်နော် ပြောင်လှောင် ပိန်ဖျင်းသော စကားကို ရှောင်တော် မူ၏။ တေန၊ ထိုသို့ ပိန်ဖျင်းသောစကားကို ရှောင်တော်မူခဲ့ခြင်းကြောင့်။ မိရွိန္ဒဟနုရူပေ စခြင်္သေ့မင်း၏ အောက်မေးအလား ထက်အောက်အားဖြင့် ၂-ပါးထင်ပေါ်,ပြည့်ဝသော မေးတော်ရှိသည် လည်းကောင်း၊ အရံသိယော စ၊ ရပြီးရာထူး ဂုဏ်အထူးမှ တစ်ဦးတစ်ယောက်မျှ မဖယ်ချ မဖျက်ဆီးနိုင် သည် လည်းကောင်း၊ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက် မြိုက်ထင်ပေါ် ဖြစ်ထွန်းတော်မူ၏။ တံ တထာဂတံ၊ သီဟဟန္တာ လက္ခဏာနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ)သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာ သော ဘဝတို့ဝယ် သမ္မပ္ပလာပမှ ရှောင်တော်မူ၏။ [အကျိုးလည်းမရှိ မှန်လည်း မမှန်ဘဲ ပျော်ရရုံ ရယ်မောရရုံမျှသာ ဖြစ်သော အပျက်အော်စကား အပြောင် အလှောင်စကားကို ပြောဆိုခြင်းကို ““သမ္မပ္ပလာပ”ဟု ခေါ်သည်။ ဤသိုသော သမ္ဖပ္ပလာပမှ ရှောင်ကြဉ်တော်မူခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါး ဖြစ်သည်။

အကျိုး လက္ခဏာတော်

သမ္မပ္ပလာပမှ မရှောင်ဘဲ မေးကလေးလှုပ်ကာ လှုပ်ကာ အပျက်အချော် ပြောဆိုခဲ့သူတွိ၏ မေးသည် အတွင်းသို့ ပု၍ သော်လည်း ဝင်နေတတ်၏။ ကောက်၍သော်လည်း ဝင်နေတတ်၏။ အတွင်းသို့ ချိုင့်၍ သော် လည်း နေတတ်၏။ ဗုဒ္ဓမြတ်စ္စာသည်ကား ထို သမ္မပ္ပလာပမှ ရှောင်တော်မူခဲ့ခြင်းကြောင့် ခြင်္သေ့မင်း၏ မေးနှင့်တူစွာ ပြည့်မေး ရှိတော်မူ၏။ ဆက်ဦးအံ့ ခြင်္သေ့မင်း၏ မေးသည် အောက်ဘက်၌သာ ပြည့်၏၊ ဘုရားရှင်၏ မေးတော် အောက်ဘက် အထက်ဘက် ပြည့်၍ နေသောကြောင့် လဆန်း ( ၁၂) ရက် ည၌ အခါ၌ ထွက်ပေါ်လာသော လနှင့် တူတော်မူ၏။ ထို့ကြောင့် ခြင်္သေ့မင်း၏ မေး ထက်ပင် သာ၍ တင့်တယ်တော်မူပါသည်။

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ပြီးသော လက္ခဏာတော်သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော်အတွက် အကျိုး ဆက်မှာ ရအပ်ပြီးသောဂုဏ်၊ ရအပ်ပြီးသော ဌာနန္တရ ရာထူးကို မည်သည့်ရန်သူမျှ မဖျက်ဆီးနိုင်ခြင်းတည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာ တော်အတွက် အကျိုးဆက် ၅၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ (၁၂) ရက် ညဉ့်၌ ထွက်သော လက်သို့ ပြည့်ဝသော မော်တော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားစေပြီးလျှင် မိမိတို့လည်း အကျိုးမရှိသော အပျက်အချော် အောင် အာင် စကားကို ရှောင်ကြဉ်မိအောင် သတိထားကြပါလေ။

ဆက်ဦးအံ့- အတွင်း၌ အနှစ်အဆန် မပါသော စပါးခွံကို “ဇွဲ၊ အနု်ပ် အဖွဲ့၊ အဖျင်း””ဟု ခေါ်၏၊ ထို့ အတူ ပြောအပ်သော စကား၌ အကျိုးမရှိ အနက် မမှန်ဘဲ ပြောင်လှောင်သော စကားကိုလည်း ““ပိန်ဖျင်းသော စကား” ဟု ခေါ် သည်၊ ဝစီဒုစရိုက် တစ်ပါးပင်တည်း။

သမဒန္တတာ သုသုက္ကဒဌာ လက္ခဏာတော် ၂-ပါး

၂၀။
မိစ္ဆာဇီဝ ဝိရတိယာ
သုမဒန္တ တထာဂတော
ဟောတိ သုသုက္ကာ စ
ဝိသုဒ္ဓပရိသော နမေ

ယော တထာဂတော၊ အကြင်မြတ်စွာဘုရားသည်။ ပုရေ။ ဘဝများစွာ ရှေးရှေးအခါ၌။ မိစ္ဆာဇီဝ ဝိရတိယာ၊ ကိုယ်နှုတ်ဖောက်ပြား ဒုစရိုက်များ ဖြင့် မှားမှားယွင်းယွင်း အသက်မွေးခြင်းတို့မှ ရှောင်တော်မူခဲ့ခြင်းကြောင့်။ သမဒ စ၊ ဝရဇိန်များ စီ၍ထားသို့ ထက်စီရရီ ညီသောသွားတော် ရှိသည်လည်းကောင်း၊ သုသုက္ကဒဌာ စ၊ သောကြာကြယ်ဝန်း ထွန်းသည့် အသွင် အလွန်ဖြူစင်သော စွယ်တော်ရှိသည်လည်းကောင်း။ ဝိသုဒ္ဓပရိသော စ၊ စင်ကြယ်သပ်ယပ် လွန်စွာမြတ်သည့် ပရိသတ်အခြံအရံ ရှိသည်လည်းကောင်း။ ဟောတိ၊ အကြောင်းအလိုက် အကျိုးဆိုက်၍ သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်း တော်မူ၏။ တံ တထာဂတံ၊ သမဒန္တတာ သုသုက္ကဒဌတာ လက္ခဏာတော် ၂-ပါးနှင့်ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ၊ ဘုရားတပည့်တော် (တပည့်တော်မ သည်။ နမေ နမာမိ၊ ယုံကြည်မြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။

အကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာဖြစ်ခဲ့ရာ၌ များစွာ သော ဘဝတို့ဝယ် မိစ္ဆာဇီဝမှ ရှောင်ကြဉ်တော်မူ၏။ [ပါဏာတိပါတ စသော ကာယ ဒုစရိုက် ၃-ပါးတွင် တစ်ပါးပါးဖြင့် ဖြစ်စေ၊ မုသာဝါဒ စသော ဝစီဒုစရိုက် ၄-ပါးတွင် တစ်ပါးပါးဖြင့် ဖြစ်စေ၊ ပစ္စည်းဥစ္စာရှာ၍ အသက်မွေးမှုကို မိစ္ဆာဇီဝ ဟု ခေါ်သည်။ ဤသိုသော ဒုစရိုက်တို့မှ ရှောင်ကြဉ်တော်မူ၍ လယ်ယာလုပ်ကိုင် ခြင်း, တရားသဖြင့် ကူးသန်းရောင်းဝယ်ခြင်း, ကိုယ့်တွက် သူ့တွက် မျှအောင် အတိုး အပွား ချထားခြင်းဟူသော သမ္မာအာဇီဝဖြင့် အသက်မွေးခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါး ဖြစ်သည်။

အကျိုး လက္ခဏာတော်

မိစ္ဆာဇီဝဖြင့်အသက်မွေးသူတို့သည် ညစ်နွမ်းသော အသက်မွေးမှုကို ပြုရာရောက်၏၊ သူ့တွက် ကိုယ့်တွက် မညီမျှသော အသက် မွေးရာလည်း ရောက်၏၊ ထိုကဲ့သို့ အသက်မွေးခဲ့သူတို့၏ သွားသည် အတို အရှည် အနိမ့် အမြင့် ဖြစ်နေတတ်၏၊ ဖြူဖြူစင်စင်လည်း မရှိဘဲ ညစ်ပုပ်ပုပ် ဖြစ်နေတတ်၏။ ဗုဒ္ဓမြတ်စွာသည်ကား သန့်ရှင်းစင်ကြယ်စွာ သူ ကိုယ့်ဖို့ မျှအောင် အသက်မွေးခဲ့ ခြင်းကြောင့် သွားတော် စွယ်တော် တို့သည် ရွှေနီအင်းပျဉ်ပေါ်ဝယ် ဝရဇိန်တင်၍ စီထားသကဲ့သို့ နီမြန်းသော သွားဖုံးတော်ဝယ် ဖွေးဖွေးညီညီ စီရရီ ရရှိတော်မူ၏။

လက္ခဏာတော်၏ အကျိုးဆက်

ပြအပ်ပြီးသော လက္ခဏာတော်သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း။ ထိုလက္ခဏာတော်အတွက် အကျိုး ဆက်မှာ သန့်ရှင်းစင်ကြယ်သော ရဟန်းတော် ပရိသတ်၊ ဥပါသကာ၊ ဥပါသိကာ ပရိသတ် ရှိတော်မူခြင်းတည်း။

တိုက်တွန်းချက်

ဤသို့ အကြောင်း ကုသိုလ်၊ အကျိုး လက္ခဏာတော်, လက္ခဏာတော်အတွက် အကျိုးအဆက်၊ ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ ဖွေးဖွေးညီညီ စီရ ရီရရှိသော သွားတော် စွယ်တော်များကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားစေပြီးလျှင် မိမိတို့လည်း မတရားသဖြင့် အသက်မွေးခြင်းဟူသော မိစ္ဆာဇီဝကိုရှောင်ကာ တရားသဖြင့် အသက်မွေးခြင်းဟူသော သမ္မာအာဇီဝဖြင့်သာ အသက်မွေးကြပါလေ

လက္ခဏာတော်ကြီး ဘုရားရှိခိုး ပြီးပြီ။

၈ဝ-သော လက္ခဏာတော်ငယ်

▬▬

အမှာ။ ။ဇိနာလင်္ကာရဋီကာ ဝိဇာတမင်္ဂလာ အဖွင့်၌ တွေရသော ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော်ငယ် (၈၀) တို့ကို ပြာ)ဦးမည်။

၁။ စိတဂ်လိတာ၊ စီ၍ထားသကဲ့သို့ လက်ချောင်း ခြေချောင်းတော်များ၏ တင့်တယ်တော်မူခြင်း။

၂။ အနုပုဗ္ဗင်္ဂုလိတာ၊ တစ်ချောင်းစီ တစ်ချောင်းစီမှာလည်း အရင်းကစ၍ အစဉ်အတိုင်း သွယ်လျက် တင့်တယ်သော လက်ချောင်းတော်၊ ခြေချောင်းတော်ရှိခြင်း။

၃။ ဝဋင်္ဂလိတာ၊ (လူအများ၏ လက်ချောင်း ခြေချောင်းများကဲ့သို့ ခပ်ပြားပြား မနေဘဲ) လုံးသော လက်ချောင်း ခြေချောင်းတော်ရှိခြင်း၊ ဤကား လက်ချောင်း ခြေချောင်းတော်၏ လက္ခဏာတော်ငယ် ၃-ပါးတည်း။

၄။ တမ္ဗနခတာ၊ နီသော လက်သည်း ခြေသည်းတော်ရှိခြင်း၊ (လက်သည်း ခြေသည်းတော်အတွင်းက အသားတော်များသည် နီ၍နေသောကြောင့် ထိုအရောင်ဟပ်သဖြင့် ခြေသည်း လက်သည်းတော်များလည်း နီရောင် သမ်းလျက် ရှိရပေသည်။)

၅။ တုဂ်နခတော၊ ရှည်သော လက်သည်း ခြင်း။ (များစွာသော လူတို့၏ လက်သည်းသည် များစွာ ရှည်လှ၊ တချို့ လက်သည်းများမှာ တို၍ပင် နေသေး၏။ ဗုဒ္ဓမြတ်စွာ၏ လက်သည်းတော်ကား တင့်တင့်တယ်တယ် သပ္ပါယ်ရုံမျှ ရှည်တော်မူသည်။ ထိုလက်သည်းရှည်ခြင်းကို သဘောကျ၍ အချို့သော အမျိုးသမီးများသည် လက်သည်း မဖြတ်ဘဲ ရှည်အောင် ထားတတ်ကြပါသေးသည်။)

၆။ သိနိဒ္ဓနခ၊ ညက်ညက် ညာညာ ချောမောသော လက်သည်း ခြေသည်းတော်ရှိခြင်း။ (များစွာသော လူတို့၏ လက်သည်း ခြေသည်း သည် ချောချောမောမော မရှိသည့်ပြင် ပ်ကြမ်းကြမ်း ဖြစ်နေပါသေးသည်။)

[ဤကား လက်သည်း ခြေသည်းတော်အတွက် လက္ခဏာတော်ငယ် ၃-ပါးတည်း။]

၇။ နိဂုဠပ္ပံကတာ၊ များစွာသော လူတို့၏ ဖမျက်ကဲ့သို့ (ထင်ထင်ရှားရှား ပေါ်ထွက်၍မနေဘဲ အသားတော်အတွင်းဝယ် မြုပ်လျက် မထင်ရှားသော ဖမျက်တော်ရှိခြင်း-ဤကား ဖမျက်တော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။

၈။ သမပဒတာ၊ ညီညီမျှမျှ လှပသော ခြေတော်ရှိခြင်း၊ (လူအများ၏ ခြေကဲ့သို့ အလယ်၌ ဟိုက်မနေဘဲ ညီ၍နေသည်ကို ဆိုလိုဟန်တူပါသည်။ ာလဟတ္ထပါဒတာ လက္ခဏာတော်နှင့် ယှဉ်ကြည့်ပါ။) ဤကား ခြေ၏ ပုံသဏ္ဌာန်လက္ခဏာ တစ်ပါးတည်း။]

၉။ ဂဇသမာနက္ကမတာ၊ ဆင်၏ ခြေလှမ်းပုံနှင့်တူစွာ ညင်ညင်သာသာ ခြေလှမ်းတော်ရှိခြင်း။ (ခြေသံမကြားရ-ဟူလို)

၁၀။ သီဟသမာနက္ကမတာ၊ ခြင်္သေ့မင်း၏ခြေလှမ်းနှင့်တူစွာ ဣန္ဒြေရရ လှမ်းကြွတော်မူခြင်း။

၁၁။ ဟံသသမာနုက္ကမတော၊ ဟင်္သာမင်းလှမ်းပုံကဲ့သို့ မကျေမစိပ်သော ခြေလှမ်း တော်ရှိခြင်း။

၁၂။ ဥသဘသမာနက္ကမ်တာ၊ နွားလားဥသဘ၏ ခြေလှမ်းပုံကဲ့သို့ ခြေအချင်းချင်း မထိမိဘဲ ရှင်းလင်းသော ခြေလှမ်းတော်ရှိခြင်း။

၁၃။ ဒက္ခိဏာဝဋ ဂတိတာ၊ လက်ယာရစ်လည်သည့်ပမာ လက်ယာခြေတော် ကို စ၍ ကြွတော်မူခြင်း၊ ဤကား ခြေလှမ်းခြင်းနှင့်စပ်၍ လက္ခဏာတော်ငယ် ၅-ပါးတည်း။]

၁၄။ သမန္တတော စာရုံ ဇာဏုမန္တတာ၊ ပုဆစ်ဒူးဝန်း၏ ဝန်းကျင်အရပ်ဝယ် တင့်တယ် ဝန်းဝိုင်းတော်မူခြင်း။ [ဤကား ပုဆစ်ဒူးဝန်းတော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။

၁၅။ ပရိပုဏ္ဏပုရိသ ဗျဉ္ဇနတာ၊ ယောက်ျားအင်္ဂါဇာတ်၏ အောင်မြင်ပြည့်ဝ လှပတော်မူခြင်း။ ဤကား အင်္ဂါဇာတ်တော်အတွက် လက္ခဏာတော် ငယ် တစ်ပါးတည်း။]

၁၆။ အဒ္ဒနာဘိ၊ ချက်တ်ခ်၌ အပေါက်မရှိခြင်း။

၁၇။ ဂမ္ဘီ ရန္ဓာဘိဘဲ၊ ( အပေါ်သို့ စူ၍ မထွက်) နက်သောချက်တော်ရှိခြင်း၊

၁၈။ ဒက္ခိဏာဝဋ်နာဘိုဟာ၊ လက်ယာရစ်လည်သော ချက်တော်ရှိခြင်း။

[ဤကား ချက်တော်၏ လက္ခဏာတော်ငယ် ၃-ပါးတည်း]

၁၉။ ဒွါရဒကရသဒိသဒီရုဘုဇကာ၊ ဆင်၏ အရင်း၌ ဟုတ်၍ အဖျားသေးသော နှာမောင်း သဖွယ် သွယ်တန်းသော ပေါင်တော် လက်မောင်းတော် ရှိခြင်း၊ (ဤကား ပေါင်တော် လက်မောင်း၏ လက္ခဏာတော်ငယ် တစ်ပါးတည်း။ (ဒွိ + ရသ = ၂-ချောင်းသော အစွယ် ရှိသော ဆင်။ ကရ- လက်၊ ၀-နှာမောင်း။)

၂၀။ သုဝိဘတ္တ ဂတ္တတာ၊ ဆိုင်ရာကိုယ်အင်္ဂါတို့၌ သူ့အပိုင်းနှင့်သူ ကောင်းစွာ ဝေဖန် အပ်သော ကိုယ်တော်ရှိခြင်း။

၂၁။ အနုပုဗ္ဗဂတ္တဘာ၊ ဦးခေါင်းနှင့် လည်ပင်းတော် လိုက်လျောခြင်း, လည်ပင်း ဘော်နှင့် ပခုံးတော် လိုက်လျောခြင်း စသည်ဖြင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း တ္တိ လိုက်လျောသော ကိုယ်တော်ရှိခြင်း၊ [ပုဗ္ဗ = ရှေ့အဂ်အား (အထက် အဂ်)) + အနု - လိုက်လျောသောနောက် (အောက် ) အဂ်တော် ရှိခြင်း။

၂၂။ မဋ္ဌဂတ္တတာ၊ အင်္ဂါ အစိတ်အပိုင်းတိုင်းမှာပင် ပြေပြစ် ညက်ညော ချောမောသော ကိုယ်တော် ရှိခြင်း။ (ဤကဲ့သိုသော ပုဂ္ဂိုလ်မျိုးကို “လူချောကြီး”ဟု ခေါ်ကြသည်။)

၂၃။ အနုဿန္ဓာ နာနုဿဠဂတ္တတာ၊ တစ်ကိုယ်လုံးဝယ် အသားနည်း သင့်ရာ ဌာန၌ နည်း၍ များသင့်ရာဌာန၌ များသော ကိုယ်တော် ရှိခြင်း (များမှ ကြည့်ကောင်းမည့် နေရာ၌ အသား များ၍ နည်းမှ ကြည့်ကောင်းမည့် နေရာ၌ အားနည်းခြင်း-ဟူလို)

၂ ၄။ အလီနဂတ္တတာ၊ လူအများ စုမိရာဝယ် တိမ်မြုပ် ငုပ်၍ မနေဘဲ ပေါ်လွင် ထင်ရှားသော ကိုယ်တော်ရှိခြင်း၊ (လူအများ စုမိရာတွင် ဤကဲ့သို့သော ကိုယ်မျိုးကိုသာ ပထမဆုံး မြင်ကြရသည်။)

၂ ၅။ တိုလကာဒီရဟိတ ဂတ္တတာ၊ မဲ့ပြောက် တင်းတိတ် ဝက်ခြံ အစရှိသော အညစ်အကြေးတို့မှ ကင်း၍ သန့်ရှင်းသော ကိုယ်တော်ရှိခြင်း။

၂ ၆။ အနုပုဗ္ဗရုစိဂတ္တတာ၊ ကိုယ်အင်္ဂါ အစိတ် အပိုင်းဝယ် ရှေ့နောက် လိုက်လျော တင့်တယ်သော ကိုယ်တော်ရှိခြင်း။

၂၇။ ဝိသုဒ္ဓဂတ္တတာ၊ အလွန်ဖြူစင်သော ကိုယ်တော်ရှိခြင်း၊ (ဤကား ကိုယ်တော်နှင့် တိုက်ရိုက်သက်ဆိုင်သော လက္ခဏာတော်ငယ် ၉-ပါးတည်း။ ]

၂ ဂ။ ကော သဟဿ ဟတ္တိဗလ ဓာရဏတာ၊ ကုဋေ တစ်ထောင်သော ကာဠာဝက ဆင်ပြောင်ကို ဆောင်သော အားခွန် ရှိခြင်း။ (ယခု ခေတ်၌ အနုမြုတို့၏ အားကို သိကြရသကဲ့သို့ ဗုဒ္ဓမြတ်စွာ လည်း သာမန် လူတို့ထက် ထူးခြားသော ဓာတ်အားတော် ရှိကြောင်းကို သိနိုင်ပါ သည်။) [ဤကား ကာယဗလ တော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။]

၂၉။ တုဂ်နာသတာ၊ အချို့ လူတို့၏ နှာတံသည် နိမ့်၍လည်းကောင်း, အဖျား၌ ပု၍ လည်းကောင်း နေတတ်သော်လည်း ဗုဒ္ဓမြတ်စွာ၏ နှာတံဘော်ကား ထိုသို့ မနမ မပုဘဲ မြင့်မြင့် မားမား ရှည်လျားတော် မူခြင်း၊ (ထိုကဲ့သို့ မြင့်ခြင်းကို ဆင်ထိန်းသော ချွန်းနှင့် တူသောကြောင့် “နာသာမကို သော-မ မပြား ရွှေ့ချွန်း လားသို”ဟု အလင်္ကာကျမ်း၌ ဆိုသည်။)
[ဤကား နှာတံတော်အတွက် လက္ခဏာတော်ငယ်တစ်ပါးတည်း။]

၃၀။ သူရတ္တဒိဇူမံသတာ၊ အလွန်နီသော သွားဖုံးတော် ရှိခြင်း။ [ဤကား သွားဖုံးတော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။ ] (ဒိုဇမံသ= သွား၏အသား။ ဝါ၊ သွားဖုံး၊)

၃၁။ သုဒန္တတာ၊ စင်ကြယ်သော သွားတော်ရှိခြင်း။

၃ ၂။ သိနိဒန္တတာ၊ ညက်ညော ချောမောသော သွားတော်ရှိခြင်း။ [ဤကား သွားတော်၏ လက္ခဏာတော်ငယ် ၂-ပါးတည်း။]

၃၃။ ဝိသုန္ဒိယတာ၊ မျက်စိ, နား, နှာခေါင်း, ဗျာ ဟူသော ဣန္ဒြေ တို့၏ သန့်ရှင်းစင်ကြယ်ခြင်း။ (ကာယိနြေ အတွက်မှာ ရှေ့၌ “ဂတ္တ” ဟူသော နာမည်ဖြင့် ဆိုခဲ့ပြီ။ ) ။

၃၄။ ဝဋဒါဌတာ၊ လုံးသော စွယ်တော်ရှိခြင်း။ (““လုံး” ဟူရာ၌ မြတ်လေးပန်းငုံကဲ့သို့ လုံးခြင်းဟု မှတ်ပါ။) [ဤကား စွယ်တော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။] ”

၃၅။ ရတ္တသြတာ၊ နီမြန်းသော နှုတ်ခမ်းတော် ရှိခြင်း၊ (ဤကား နှုတ်ခမ်းတော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။ “အဓရောရဦတာရုဏာ၊ နှုတ်ခမ်း အစုံသည် ဆေးမဆိုးရဘဲ အရုဏ်ရောင် အသွေးကဲ့သို့ နီထွေးတော်မူသည်””ဟု သုဗောဓာလင်္ကာရကျမ်း၌ ဆိုသည်။ ဤစကား အရ ဆေးဆိုးထားသဖြင့် ရဲနေအောင် နီသော အနီမျိုး မဟုတ်ဟုမှတ်ပါ။)

၃၆။ အာယတဝဒနတာ၊ ရှည်လျား၍ ကျယ်ပြန့်သော ခံတွင်းတော် ရှိခြင်း။ [ဤကား ခံတွင်းတော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။]

၃၇။ ဂမ္ဘီရပါဏိလေတော၊ လက်၌ အရေးအသားတို့၏ နက်ခြင်း။ (လက္ခဏာ ဟု ခေါ်အပ်သော အရေး အသားတို့သည် အချို့လူများ၌ မထင်ရှားဘဲ တိမ်၍ နေတတ်၏၊ ဘုရားရှင်၏ လက်အရေး အကြောင်းတို့ကား ထိုသို့ တိမ်၍မနေဘဲ နက်သည်ဟူလို။)

၃၈။ အာယတနလေခတော၊ ရှည်သော လက်အရေး အကြောင်း ရှိတော်မူခြင်း။ [လ်က္ခဏာဟု ခေါ်သော အရေး အသားတို့သည် အချို့ ပုဂ္ဂိုလ်တို့၌ ခပ်တိုတိုနှင့် ပြတ်၍နေတတ်၏။]

၃၉။ ဥဇုကလေခတာ၊ ဖြောင့်မတ်သော အရေးအကြောင်း ရှိခြင်း။

၄၀။ သုရုစိရသဏ္ဌာနလေခတာ၊ လက္ခဏာ အရေး အကြောင်းတို့၏ အလွန် တင့်တယ်သော ပုံသဏ္ဌာန် ရှိခြင်း။ [ဤကား လက္ခဏာဟု ခေါ်ရသော အရေးအကြောင်းတို့၏ လက္ခဏာတော်ငယ် ၄-ပါးတည်း။]

၄၁။ ပရိမဏ္ဍလကာယ ပဘာဝန္တတာ၊ ကိုယ်တော်၏ ပတ်ဝန်းကျင်၌ တစ်လံမျှလောက် အရောင်အဝန်း ရှိခြင်း။ ဤကား ကိုယ်တော် အရောင်၏ လက္ခဏာတော်ငယ် တစ်ပါးတည်း။}

၄၂။ ပရိပုဏ္ဏကပေါ်လတာ၊ ပြည့်ဖြိုးသော ပါးစောင်တော်ရှိခြင်း။ [ဤကား ပါးတော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။] ( အချို့ လူတို့၏ ပါးစောင်သည် ပိုမိုမောက်မောက် မရှိဘဲ ပြားချပ်ချပ် နေတတ်၏။)

၄၃။ အာယတဝိသာလနေတ္တဏှာ၊ ရှည်လည်းရှည် ကျယ်လည်း ကျယ်သော မျက်လုံးတော် ရှိခြင်း။ ။

၄၄။ ပဉ္စပသာဒန္တ နေတ္တတာ၊ အကြည်ဓာတ် ၅-မျိုးပါသော မျက်လုံးတော် ရှိခြင်း။ [ရောင်ခြည်တော်ဖွင့် ဂါထာ၌ ပြခဲ့သည့်အတိုင်း နီလ ပီတ လောဟိ တ ဩဒါတ မဉ္ဇိဋ္ဌ အရောင် ၅-မျိုး ပါသည်ကို ဆိုလိုဟန် တူပါသည်။) (ဤကား မျက်လုံးတော်အတွက် လှက္ခဏာတော်ငယ် ၂-ပါးတည်း။)

၄၅။ အာကုဉ္စိတဂ္ဂပခုမတာ၊ ကော့၍ အထက်သို့ အဖျားလှည့်သော မျက်တောင် မွေးတော်ရှိခြင်း။ [ဤကား မျက်တောင်မွေးတော်အတွက် လက္ခဏာတွေ ငယ် တစ်ပါးတည်း။

၄၆။ မုဒုတနုကရတ္တဇိတာ၊ နုလည်း ပါးလည်းပါး နီလည်းနီသော လျှာတော် ရှိခြင်း။ [၍ကား လျှာတော်၏ လက္ခဏာတော်ငယ် တစ်ပါးတည်း။]

၄၇။ အာယတရုစိရကဏ္ဏတာ၊ ရှည်သော တင့်တယ်သော နားရွက်တော် ရှိခြင်း။ (ဤကား နားရွက်တော် အတွက် လက္ခဏာတော်ငယ် တစ်ပါး တည်း။][“ရှည်”ဟု ဆိုသော်လည်း အချို့ ဆင်းတုတော်များ၌ ထုထား သကဲ့သို့ ပခုံးတော် ထောက်အောင် ရှည်လျားသည် မဟုတ်ပါ။ ကျိုး၍ မသွားအောင် ရုပ်တုတော် ပြုလုပ်သော ဆရာတို့က ထောက်ထားဟန် တူပါသည်။

၄၈။ နိဂ္ဂဏှိသိရတော့၊ အဖုအထစ်မရှိသော အကြောတော် ရှိခြင်း။

၄ ၉။ နိဠသိရတာ၊ အသားအထက်၌ ပေါ်တက်၍မနေဘဲ အသားအတွင်း၌ မြုပ်နေသော အကြောတော်ရှိခြင်း။ (များစွာသောလူတို့၏ အကြာကား ပေါ်ထင်နေသည်။)

၅ဝ။ ဝိုဆတ္တနိဘစာရုသီသတာ၊ လုံးဝိုင်းသောထီးကဲ့သို့ အရောင်ဖြင့် တင့်တယ်သော ဦးခေါင်း ရှိခြင်း၊ ဦးခေါင်းတော်၌ ထီးဝိုင်းကဲ့သို့သော အရောင်ပိုင်း ရှိတော်မူခြင်း။ (သီဟိုဠ်ရေး ရုပ်တုတော်များ၌ ဤကဲ့သို့သော အရောင်ဝိုင်း ပုံသဏ္ဌာန် ဦးခေါင်းတော်၌ ပါရှိသည်။) ဤကား ဦးခေါင်းတော်၏ လက္ခဏာတော်ငယ် တစ်ပါးတည်း။]

၅၁။ အာယတပုထုနလာ၃ သောဘတာ၊ ရှည်လျား ပြန့်ကျယ်သော နဖူးတော်ဖြင့် တင့်တယ်တော်မူခြင်း။ [ဤကား နဖူးတော်၏ လက္ခဏာတော်ငယ် တစ်ပါးတည်း]

၅၂။ သုသဏ္ဌာနဘကတာ၊ ကောင်းသော ပုံသဏ္ဌာန်ရှိသော မျက်ခုံးတော် ရှိခြင်း၊ သုဗောဓာလင်္ကာရကျမ်း၌၊ “သမာနတာ ဘမုစာယံ၊ဇိနာ နာဝဒ္ဓိတာ တဝ၊ (အို မြတ်စွာဘုရား) ရှင်တော်ဘုရား၏ မျက်ခုံးတော်သည် မဆွဲမငင်အပ်ပါဘဲ လ၏အရေးကဲ့သို့ ကွေးနေပါသည်ဘုရား”ဟု ဆိုသည်။

၅၃။ သထုံဘမုကတာ၊ သိမ်မွေ့သော မျက်ခုံးတော် ရှိခြင်း = မျက်ခုံးမွေးများ မကြမ်းတမ်းဘဲ သိမ်မွေ့သော မျက်ခုံးတော်ရှိခြင်း။

၅၄။ အနုလောမဘကတာ၊ အရင်း အဖျား လျော်သော မျက်ခုံးတော် ရှိခြင်း။

၅၅။ မဟန္တဘကတာ၊ ကြီးသော မျက်ခုံးတော်ရှိခြင်း။

၅၆။ အာယတဘမုကတာ၊ ရှည်သော မျက်ခုံးတော် ရှိခြင်း။ [ဤကား မျက်ခုံးတော်၏ လက္ခဏာတော်ငယ် ၅-ပါးတည်း။]

၅၇။ သုခုမာလဂတ္တတာ၊ ကိုယ်တော် အလွန်နုပျိုခြင်း၊ သက်တော်ကြီးစေ - ကာမူ အိုရုပ် ပုံသဏ္ဌာန်မပေါ်, နုပျိုသော ပုံသဏ္ဌာန် ရှိတော်မူခြင်း၊ ]

၅၈။ အတိဝိယ သာမ္မဂတ္တတာ၊ အလွန်အေးမြသော ကိုယ်တော်ရှိခြင်း။

၅ ၉။ အတိဝိယ ဥဇ္ဇလိတ ၀တ္တတာ၊ ညိုညိုမှိန်မှိန် မဟုတ်ဘဲ အလွန်တောက်ပသော ကိုယ်တော်ရှိခြင်း။ ။

၆၀။ ဝိမလဂတ္တတာ၊ ညစ်ကြေးမတင် သန့်စင်သော ကိုယ်တော်ရှိခြင်း။

၆၁။ ကောမလဂတ္တတာ၊ နုညံ့သော ကိုယ်တော်ရှိခြင်း၊ [“ပါဒေ တုမှ နမဿာမိ၊ ဒုဝေ ကမာလကာမလေ၊ အရှင်ဘုရားတို့၏ ကြပဒုမ္မာကဲ့သို့ နုညံ့သော ခြေတော်တို့ကို ရှိခိုးပါ၏”” ဟု ရှေးပညာရှိတို့ စပ်ဆိုကြသည်။]

၆၂။ သိနိဒ္ဓ ဂတ္တတာ၊ ပြေပြစ် ညက်ညှာ ချောမောသော ကိုယ်တော် ရှိခြင်း။

၆၃။ သုဂန္ဓတနုတာ၊ ကောင်းသော အနံ့ရှိသော ကိုယ်တော်ရှိခြင်း၊ ဤကား ကိုယ်တော်၏ ဂုဏ်နှင့်စပ်၍ လက္ခဏာတော်ငယ် ၇-ပါးတည်း။] (ရှေ့၌ ကိုယ်ဒြပ်နှင့် စပ်၍ လက္ခဏာတော် ဂ-ပါးကို ပြခဲ့သည်။)

၆၄။ သမလောမတာ၊ အနိမ့်အမြင့် ညီမျှသော မွေးညင်းတော်ရှိခြင်း။ ( များစွာသော လူတို့၏ မွေးညင်းများသည် အနိမ့်အမြင့် မညီကြချေ။)

၆၅။ ကောမလာမ်တာ၊ နုညံ့သော အမွေးတော် ရှိခြင်း၊ တချို လူများ၏ အမွေးသည် ကြမ်းနေ၏။ ]

၆ ၆။ ဒက္ခိဏာဝဋလောမတာ၊ လက်ယာရစ်လည်သော အမွေးတော်ရှိခြင်း။

၆၇။ ဘိန္နဉ္စန သဒိသ နီလကလော၊ ကွဲသော မျက်စဉ်းကျောက် အဆင်းနှင့် တူသော ညိုသော အမွေးတော်ရှိခြင်း၊

၆၈။ ဝဋလောမတာ၊ လုံးသော အမွေးတော်ရှိခြင်း။

၆၉ သိနိဒ္ဓလောမတာ၊ ညက်ညောသော မွေးညင်းတော်ရှိခြင်း။ [ဤကား မွေးညင်းတော်၏ လက္ခဏာတော် ၆-ပါးတည်း။]

၇၀။ အတိသုခုမ အသ ပဿာသ ဓာရဏတာ၊ အလွန် သိမ်မွေ့သော ထွက်သက် ဝင်သက်ကို ဆောင်တော်မူခြင်း၊ * “အသက် အရှူ အရှိုက် မကြမ်း”” ဟူလို၊ [ဤကား အဿာသ ပဿာသ၏ လက္ခဏာတော်ငယ် တစ်ပါးတည်း။]

မှတ်ချက် ။ ။အာနာပါနု ကမ္မဋ္ဌာန်း အားထုတ်သော ပုဂ္ဂိုလ်များ၏ ထွက်သက် ဝင်သက်များလည်း တဖြည်းဖြည်း ငြိမ်သက်၍ ကမ္မဋ္ဌာန်း အသားကျသောအခါ မှန်း ရှိုက်မှန်း မသိရလောက်အောင် ငြိမ်သက်ကြပေသည်။

၇၁။ သုဂန္ဓမုခတာ၊ ကောင်းသော အနံ့ရှိသော ခံတွင်းတော်ရှိခြင်း။ ဤကား ခံတွင်းတော်၏ လက္ခဏာတော်ငယ်တစ်ပါး။] [သဒ္ဓမ္မဒေသနာကာလေ၊ သာဓု သာဓုတိ ဘာသတော။] မုခတော ဇာယတေ ဂန္ဓာ၊ ဥပ္ပလုံ ယထာဒကေ။ သူတော်ကောင်း တရားကို ဟောတော်မူသောအခါ “သာဓုခေါ်သော ကောင်းမှုသည် နောက်ဘဝဝယ် အာခံတွင်းမှ ကြာညိုပန်းနံ့သင်းပါသတဲ့။]

၇၂။ သုဂန္ဓမုဒ္ဓနတာ၊ ဦးထိပ်တော်၏ မွှေးကြိုင်သော အနံ့ရှိခြင်း။ [ဤကား ဦးထိပ်တော်၏ လက္ခဏာတော် တစ်ပါးတည်း၊ ]

၇၃။ သုနီလကေသတာ၊ အလွန်ညိုသော ဆံတော်ရှိခြင်း။

၇၄။ ဒက္ခိဏာဝရူကေသတာ၊ လက်ယာရစ်လည်သော ဆံတော်ရှိခြင်း။

၇၅။ သုသဏ္ဌာနကေသတာ၊ ကောင်းသော ပုံသဏ္ဌာန်ရှိသော ဆံတော် ရှိခြင်း။

၇၆။ သိနိဒ္ဓသဏ္ဍကေသတာ၊ ညက်ညော သိမ်မွေ့သော ဆံတော်ရှိခြင်း။ [စာအုပ်တို့၌ “သိနိဒ္ဓကေသကာ, သဏုကေသတာ”ဟု ၂-ပုဒ် ခွဲလျက် ရှိသည်။]

၇၇။ အလုဠိတကေသတာ၊ မရှုပ်သော ဆံတော်ရှိခြင်း။

၇၈။ သမ်ကေသတာ၊ အနိမ့်အမြင့် ညီမျှသော ဆံတော်ရှိခြင်း၊

၇၉။ ကာမလကေသတာ၊ နုညံ့သော ဆံတော်ရှိခြင်း။ [ဤကား ဆံတော်၏ လက္ခဏာတော်ငယ် ၇-ပါးတည်း။]

ဂ၀။ ကေတုမာလာ ရတနဝိစိတ္တတာ၊ ကေတုမာလာ”ဟု ခေါ်ဆိုအပ်သော ရတနာရောင်ဖြင့် လွန်စွာသပ္ပါယ် ဆန်းကြယ်တော်မူခြင်း။

မှတ်ချက်။ ။ဦးခေါင်းတော်မှထွက်၍ အထက် ဦးထိပ်၌ အစုံဖြစ်လျက် ထင်လင်း နော အရောင်ကို “ကေတုမာလာရောင်””ဟု ခေါ်ကြ၏။ ထို အရောင်တော်ကို ပုံသဏ္ဌာန်ပေါ်အောင် ယခုခေတ် ဆင်းတုတော် များ၏ ဦးထိပ်တော်၌ စုနေသော အရောင်ပုံကို ထုလုပ်ကြ၏။ သို့သော် ထို အရောင်ပုံသည် များသော အားဖြင့် ဆံပင်တော် အရောင်ကဲ့သို့ ညိုမှောင်နေရကား တချို့က ““သောင်ပုံ သျှောင်ထုံး ပုံ””ဟု ထင်မှားကြလေသည်။ ထိုသို့ မထင်မှားရအောင် ဦးထိပ်တော်၌ အရောင်အဝစုနေပုံကို ပြနိုင်လျှင် သာ၍ သဘာဝကျပေ လိမ့်မည်။

လက္ခဏာတော်ငယ် (၈၀) ပြီးပြီ။

တိုက်တွန်းချက်

▬▬

ဤလက္ခဏာတော်ငယ်များကိုလည်း တစ်ပါးစီ တစ်ပါးစီ စဉ်းစား၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများကြပါလေ။ ဤနေရာဝယ် ရတနာ့ဂုဏ်ရည်၏ အစဉ် ပြအပ်ခဲ့သော အောက်ပါ ဂါထာကိုလည်း အနက်နှင့်တကွ ဘုရားအာရုံ ရအောင် ရွတ်ကြ ဖတ်ကြပါလေ။

ပ မံ ဖလ ဒါနေန၊
ဗဟို ပစိတ ပါရမီ၊
တဿ ဝေသံ သုမာပေန္တိ၊
ကေနာ အသမံ သမံ။

ဗဟုံ၊ ဤ၍ ဤမျှ ဂဏန်းချ၍ မရနှိုင်းညှိ အတိုင်းမရှိရလေအောင်။ ပစိတပါရမီ၊ လေးသင်္ချေကိန်းကပ်တစ်သိန်းက ထိန်းသိမ်းစုဆောင်းပါရမီတော်အပေါင်းတို့သည်။ ပန္တိမံ ဖလဒါနေန၊ ဖြစ်ပျက်ဖန်ခါ) သံသရာဝယ် ခန္ဓာကိုယ်ရေး အဆုံးစွန် အကျိုး ပေးသောအားဖြင့် တဿ ဘဂဝတော၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ် ဘုရား၏။ ဝေသံ၊ ရွှေမျက်နှာ လက်ခြေတော်နှင့် ကိုယ်တော်သဏ္ဌာန် ပုံဟန် ထင်ပေါ် အသွင်အပြင်တော်ကို။ ကေနာ၊လူမင်း နတ်မင်း ဗြဟ္မာမင်းဝယ် ဘယ်သူ တစ်ယောက်နှင့်မျှ အသမံ၊ လက္ခဏာကြီးငယ် အသွယ်သွယ်ဖြင့် ဘယ်ဝယ် တိုင်းကာ မနှိုင်းသာသည်ဖြစ်၍၊ သမံ၊ တစ်ကိုယ်တော်လုံး ရွှေတုံး ရွှေနှစ် ဇမ္ဗူရစ် သိ နာရဏီမျှ သာကီစင်သွေး အယဉ်ကျေးဆုံး ဖြစ်ရလေအောင်။ သုမာပေန္တိ၊ တက်သစ်နေဝန်း ထွန်းသစ်လစန်းပွင့်သည့်ပန်းသို့ ဆန်းအဖုံဖုံ စခန်းစုံအောင် အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည် တကား။

ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏
ဝိစိတြဝန္ဒနာ ဘုရားရှိခိုး

▬▬

[ဤဘုရားရှိခိုးကို ထူးဆန်းနက်န်၍ ကြည်ညိုဖွယ်ကောင်းလှသောကြောင့် “မစ္စတာ ဂျေဂရေး” မည်သော ပါဠိဆရာကြီးသည် အင်္ဂလိပ်လို ပြန်ဆို ဖူးသော ဘုရားရှိခိုးဖြစ်၏၊ “မစ္စတာ ဂျေဂရေး” အင်္ဂလိပ်လို ပြန်ဆိုထားသောစာအုပ်သည် တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်ထံ၌ ရှိရာမှ ပျောက်ဆုံးသွားသဖြင့် ရှာဖွေမတွေ့ရှိသောကြောင့်ဆရာကြီးဦးဖေမောင်တင် သည် မိမိကိုယ်တိုင် အင်္ဂလိပ်ဘာသာ ပြန်ဆို ရေးသားခဲ့ရာ ဂါထာပေါင်း ငါးဆယ်ကျော် ပြီးခဲ့သည်ဟု သိရပါသည်။]

၁။ ပညပံ ပညဝါ ဗုဒ္ဓ၊
သုတဝံ သုတဝါတုလ။
ဘဂဝံ ဘဂဝါ ဘောန္တ၊
ဘာ ဝန္ဒာမိ ဘောန္တဂုံ။

သုတဝံ သုတဝါ၊ သုတရှိသူ နတ်လူအပေါင်းတို့ထက် အထူးသုတ ရှိတော် မူထသော။ ပညပံ ပညဝ၊ ပညာရှိသူ နတ်လူအပေါင်းတို့ထက် အထူး ပညာ ရှိတော်မူထသော။ ဘဂဝံ ဘဂဝါ၊ ဘုန်းတော်ရှိသောသူ နတ် လူ့ အပေါင်း တို့ထက် အထူး ဘုန်းရှိတော်မူထသော။ အတုလ၊ တုဖက်လွတ်ကင်း, သုံးလူ မင်းလည်းဖြစ်တော်မူထသော။ ဗုဒ္ဓ၊ သဗ္ဗညုမြတ်ာဘုရား။ ဘောန္တ အဘဝန္တ၊ သံသရာဘဝ မဆုံးနိုင်သူ နတ်လူအပေါင်းကို။ ဘောန္တ ဘဝန္တ၊ ဆုံးသောဘဝ ရှိသည်ကို။ ဘောန္တ ဘာဝေနွဲ့၊ ဖြစ်စေတော်မူတတ်ထသော။ ဘောန္တဂုံ ဘဝန္တဂုံ၊ ဘဝဆုံးရာ နိဗ္ဗတာသို့ ရှေးဦးစွာ ရောက်တော်မူပြီးထသော။
ဘောန္တ၊ ကိုယ်တော်သခင် ဘုရားရှင်ကို။ ဝန္ဒာမိ၊ ရိုသေမြတ်နိုး ဦးနှိမ်ကျိုး၍ ရှိခိုးပါ၏။

၂။ လောဏံ လာဏမ္ပိ ပစန္တ၊
ဥပဂ္ဂတာ မဟောဒ°။
သုတံ သုတမ္ပိ သော၊
ဧသန္တာ ဝေဝ သာသနံ။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းတောက်ပတော်မူသော မြတ်စွာဘုရား။ လောက၊ လောက၌။ လောဏံ လောဏမ္ပိ၊ ဆားထက် ဆားကိုလည်း။ ဝါ၊
များကိုလည်း။ ပစ၊ချက်လိုကုန်သောသူတို့သည်။ မဟောဒဓိ”၊ မဟာ သမုဒ္ဒရာသို့။ ဥပဂတာ ယထာ၊ ကပ်ကြရကုန်သကဲ့သို။ တထာ၊ ထိုအတူ။ သုတံ သုတမှို၊ သုတထက် သုတကိုလည်း ၊ ၀၊ သုတ များကိုလည်း။
သန္တာ ဧသန္တာ၊ ရှာကုန် ရှာကုန်သော သူတို့သည်။ ၁၊ ကိုယ်တော် ဘုရားတို့၏သာလျှင် ။ သာသနံ၊ သာသနာတော်သို။ ဥပဂတာ၊ ကပ်ကြရ ကုန်၏။

၃။ ပတံ ပဘမ္ပိ ဣန္တာ၊
ဣစ္ဆာပို ဒိဝ ကရံ။
ပညံ ပညမ္မိ ဧသ၊
သော ဝေါဝ သန္တိကံ။

ဘန္တေ၊ ဘုန်းတော်အရှိန် ထိန်ထိန်တောက်ပတော်မူသော မြတ်စွာဘုရား။ လောကေ၊ လောက၌။ ပတံ ပတံ၊ အရောင်ထက်အရောင်ကို။ ဣစ္ဆန္တ ဣန္တာပို၊ အလိုရှိကုန် အလိုရှိကုန်သောသူတို့သည်လည်း။ ဒိဝါကရံ၊နေမင်းညို။ ဥပဂတာ ယထာ၊ ကပ်ကြရကုန်သကဲ့သို့။ တထာ၊ ထိုအတူ။ ပည် ပညမှို၊ ပညာထက်ပညာကိုလည်း။ ဧသော ဧသန္တာ၊ ရှာကုန်ရှာကုန်သောသူတို့သည်။ ဝေဝ၊ကိုယ်တော်ဘုရားတို့၏သာလျှင် ၊ သန္တိကံ၊ ထံတော်ပါးသို။ ဥပဂတာ၊ ကပ်ကြရကုန်၏။

၄။ ပုပ္ပံ ပုပ္ပမ္ပိ ဆိုနန္တ၊
ဆိနန္တ ဝနမုပ္ပလံ။
သီလံ သီလမ္မိ သန္တာ၊
သန္တ ဝေဒ သာသနံ။

ဘန္တေ၊ ဘုန်းတော်နေလ ထိန်ထိန်ပသော လောကထွတ်တင် ကျေးဇူး ရှင်ဘုရား။ လောကေ၊လောက၌။ ပုညံ ပုပ္ပဗွီ၊ ပန်းထက်ပန်းကိုလည်း။ အိနန္တာ ဆိနာ၊ ဆွတ်ခူး ဆွတ်ခူးကုန်သော သူတို့သည်။ ဝနမုပ္ပလံ၊ ကြာမျိုးငါးစုံ ဝန်းကျင်ရုံသော ကြာတာကြီးသို။ ဥပဂတာ ယထာ၊ ကပ်ကြရကုန်သကဲ့သို့။ တထာ၊ ထိုအတူ။ သီလံ သီလမှို၊ သီလထက် သီလကိုလည်း။ ဧသန္တ သေ၊ ရှာမှီးသော သူတို့သည်။ ဝေဝ၊ ကိုယ်တော် ဘုရားတို့၏ သာသနံ၊ အဓိသီလ တုမရသော သာသနာတော်မြတ်သို့။ ဥပ ဂတာ၊ ကပ်ကြရကုန်၏။

၅။ ဂန္ဓ ဂန္ဓမ္မိ စိန၊
စိနန္တာ ဝနစန္ဒနံ။
တပံ တပမ္ပိ သန္တာ၊
သေ ဝေဝ သာသနံ။

ဘန္တေ၊ ဘုန်းတော်နေရောင်ပြောင်ပြောင်တောက်တော်မူသော မြတ်စွာ ဘုရား။ လောကေ၊ လောက၌။ ဂ ဂမ္ပိ၊ နံ့သာထက် နံ့သာကိုလည်း။ စိနန္တ စိနာ၊ ဆည်းစု ဆည်းစုကုန်သော သူတို့သည်။ ဝနစန္ဒနံ၊ စန္ဒကူးတောသို့။ ဥပဂတာ ယာ၊ ကပ်ကြရကုန်သကဲ့သို့၊ တာ၊ ထိုအတူ။ တပံ တပမ္ပိ၊အကျင့်သီတင်းကောင်းထက်အကျင့်သီတင်းကောင်းကိုလည်း သန္တာ ဧသန္တာ၊ ရှာကုန်ရာကုန်သော သူတို့သည်။ ၁၊ ကိုယ်တော်ဘုရားတို့၏ သာလျှင် သာသနံ၊ အဓိစိတ္တ သိက္ခာ သာသနာတော်မြတ်သို့၊ ဥပဂတာ၊ ကပ်ကြရကုန်၏။

၆။ မဏိ" မဏိပ္ပိ ဣစ္ဆန္တာ၊
ဣစ္ဆန္တ မဏိပဗ္ဗတံ။
ဓမ္မံ ဓမ္မမ္မိ ပတ္တေန္တာ၊
ပတ္တေန္တ ဝေဒ သန္တိကံ၊

ဘန္တေ ရွှေဘုန်းတော်ရှင်။ လောကေ၊လောက၌။ မဏိ” မဏိမ္မိ၊ ပတ္တမြား ထက် ပတ္တမြားကိုလည်း၊ ဣစ္ဆန္တ ဣန္တာ၊ အလိုရှိကုန် အလိုရှိကုန်သော သူတို့သည်။မဏိပဗ္ဗတံ၊ ဝေဘူယျာခေါင် ပတ္တမြားတောင်သို့။ဥပဂတိယထာ။ ကပ်ကြရကုန်သကဲ့သို။ တာ၊ထိုအတူ။ဓမ္မ ဓမ္မမ္မိ၊တရားထက်တရားကိုလည်း။ ပတ္တေန္တာ ပဗ္ဗေန္တာ၊ တောင့်တကုန် တောင့်တကုန်သောသူတို့သည်။ ဝေဝ၊ ကိုယ်တော်ဘုရားတို့၏ သာလျှင်။ သန္တိကံ၊ ထံတော်ပါးသို။ ဥပဂတာ။ ကပ်ကြရကုန်၏။

၇။ ဆာယံ ဆာယမ္ပိ သန္တာ၊
ဧသ မဏိဂူဟကံ။
သုခံ သုခမြွေ ပတ္တေ၊
ပဗ္ဗော ၀၀ သာသနံ။

ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ လောက၊ လောက၌။ ဆာလံ ဆာယမ္ပိ၊ အရိပ်ထက် အရိပ်ကိုလည်း။ သန္တ ဧသန္တာ၊ ရှာကြကုန် ရှာကြကုန်သော သူတို့သည်။ မဏိဂူဟကံ၊ပတ္တမြားဂူသို။ ဥပဂတာယထာကပ်ကြရကုန်သကဲ့သို။ တာ၊ ထိုအတူ။ သုခံ သုခမွီး၊ ချမ်းသာထက် ချမ်းသာကိုလည်း။ ပစ္ဆေ ပတ္တော၊ တောင့်တကုန် တောင့်တကုန်သောသူတို့သည်။ ဝေဝ၊ ကိုယ်တော် ဘုရားတို့၏သာလျှင်။ သာသနံ၊ သာသနာတော်မြတ်သို။ ဥပာာ၊ ကပ်ကြ ရကုန်၏။

၈။ သုတဝံ သုတဝံ ဧတံ၊
ပညဝံ ပညစံ တုလံ။
သီလဝံ သီလဝံ သန္တ၊
တပံ တပတံ နမေ။

ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဧတံ ဧတာဒိသံ၊ ဤသို့စဉ်လောက် ဘုန်းတန်ခိုး ထွန်းတောက်ပတော်မူသော။ သုတဝံ သုတဝံ၊ သုတရှိသူတို့ထက် သုတရှိတော် မူသော။ ပညပံ ပညဝံ၊ ပညာရှိသူတို့ထက် ပညာရှိတော်မူထာ။ သီလဝံ သီလဝံ၊ သီလရှိသူတို့ထက် သီလရှိတော်မူထသော။ တပဝံ တပတံ၊ ခြိုးခြံသော အကျင့်သီတင်းကောင်း ရှိသောသူတို့ထက် အကျင့်သီတင်းကောင်း ရှိတော်မူသော။ အတုလံ၊ အတုမရှိသော။ သန္တ၊ ငြိမ်သက်တည်ကြည်စွာသော။ဘောန္တ၊ ကိုယ်တော်သခင် ဘုရားရှင်ကို နမေ၊ ရိုသေမြတ်နိုး ဦးနှိမ်ကျိုး၍ ရှိခိုးပါ၏။

၉။ သုဝဏ္ဏမ္ပိ မဟာဝီရ၊
ရန္ ရမ္ပိ ခန္တိမ။
ပဘာပတံ ဝဒြာဝတ္တံ၊
န စ သ သဘာဝတံ။

မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော။ ခန္တိမ၊ သည်းခံခြင်း အထူး ရှိတော်မူသော။သဗ္ဗညု၊သဗ္ဗညုမြတ်စွာဘုရား။လာက၊လောက၌ သုဝဏ္ဏမ္ပိ၊ ရွှေရတနာသည်လည်း။ ရန္ ရမ္ပိ၊တိုင်းကျိုတိုင်းလည်း။ပဘာပတံ၊ အရောင် ထက်အရောင် ပြိုးပြိုးပြောင်ပြောင်၊ ဝဏ္ဏဝဏ္ဏ၊ အဆင်းထက် အဆင်း ဝိုင်း ဝင်းဝင်း။ ဇာတံ၊ ဖြစ်၏။ သ သဘာဝတံ၊ မိမိ၏အရောင်အဆင်းသဘောကို။ န စေ၊ မစွန့်။

၁၀။ မဏိဇောတိ မဟာဝီရ၊
ဓာတာ ပိ ခန္တိမ
ဇာတန္တိ ဇောတန္တိ ဇာတာ၊
န စ သ သဘာဝတံ။

မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော။ ခန္တိမ၊ အထူးသည်းခံခြင်းရှိ တော်မူသော။သဗ္ဗညု၊သဗ္ဗညုမြတ်စွာဘုရား။လောကေ၊လောက၌။မဏိဇောတိ၊ ပတ္တမြားစစ်သည်။ဓာတာ ေတာပို၊ သွေးတိုင်းသွားတိုင်းလည်း။ဇာတန္တိ ဇောတန္တိ၊ တောက်ပသည်ထက် တောက်ပသည်သာလျှင်။ ဇာတာ၊ ဖြစ်၏။ သ သဘာဝ၊ မိမိသဘောကို။ န စေ၊ မစွန့်။ ။

၁၁။ ဧဝံ လောကေ မဟာပည၊
ဒုဋ္ဌ ဒုဋ္ဌေဟိ မီတိမ။
ဒု ဒုပိ ဘဝန္တာ၊
အဒုဋေ ဒုဋ္ဌ ဒုဋ္ဌတာ။
ဧတာဒိသံ ခန္တိ” ခန္တိ၊
သန္တိ ́ သန္တိ" ဘဝံ နမေ။

ဧဝံ၊ ဤနည်းအတူ။ မဟာပည၊ ကြီးပညာရှိတော်မူသော။ မီတိမ တည်ကြည်ခြင်း အထူးရှိတော်မူသော မြတ်စွာဘုရား။ လောကေ၊ လောက၌။ ဒုဋ္ဌ ဒုဋ္ဌေဟိ၊ အလွန်ညစ်ညမ်းကုန်သော သူတို့သည်။ ဘဝန္တာ၊ ကိုယ်တော် ဘုရားရှင်ကို။ဒု ဒုပိ၊ ဆဲရေးစွပ်စွဲ ညှဉ်းဆဲဖျက်ဆီးအပ်တိုင်း ဖျက်ဆီး အပ်တိုင်းလည်း။ ဒုဋ္ဌဋ္ဌတော၊ လူညစ်ညမ်းတို့ ဆိုးသွမ်းဖျက်ဆီးခြင်းကြောင့်။ ဘဝန္တာ၊ကိုယ်တော်မြတ်ဘုရားသည်။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်။ အို၊ ငြိုငြင်စိတ်ကွက် ပျက်စီးတော်မမူ။ တောဒိသံ၊ ဤသို့သဘောရှိသော။ ခန္တိ ခန္တိ ၊ အတုမရှိ သည်းခံခြင်းရှိတော်မူသော။ သန္တိ သန္တိ၊ အတုမရှိ ငြိမ်သက် တည်ကြည်ခြင်း ရှိတော်မူသော။ ဘဝံ၊ ကိုယ်တော်မြတ်ဘုရားကို။ နမေ။ ရိုသေမြတ်နိုး ဦးနှိမ်ကျိုး၍ ရှိခိုးပါ၏။

၁၂။ စာလေယျ ဝိဓ သိန္ဓေရုံ၊
စလေယျ မဟိ” မဟိ”။
မီတိ” မီတိ” မီတိမန္တ၊
န ဝေ သက္ကာ စလေတဝေ။

ဘန္တေ၊ မြတ်စွာဘုရား။ ဣဓ ဤလောက၌။ ယေကေစိ၊ တစ်စုံတစ်ယောက် ကုန်သောလူတို့သည်။ သိန္နရုံ၊သိကြားဘုံတိုင်လွန်ကြီးခိုင်သာမြင်းမိုရ်တောင် မင်းကို။စာလေယျဝ၊ လှုပ်ရှားစေနိုင်ကုန်ရာ၏။မဟိ၊ အဆုံးမရှိ ကြီးကျယ် လှစွာသော။မဟိ”ဝမဟာပထဝီ ဤမြေကြီးကိုသော်လည်း။စာလေယျ ဝါ၊ ရွှေစေသော်လည်း ရွှေစေကုန်နိုင်ရာ၏။မီဘိမန္တ၊တည်ကြည်ခြင်းအထူးရှိတော် မူသော။ ဘန္တေ၊ မြတ်စွာဘုရား။ ဝေ၊ ကိုယ်တော်ဘုရားရှိ၏။ မီတိ” မီတိ”၊ အတုမရှိသော သမာဓိတော်မြတ်ကို။ စလေတဝေ၊ လှုပ်ရှားစေခြင်း။ န သက္ကာ၊ မတတ်ကောင်း။

၁၃။ နဒီ" နဒိမ္မိ သောသေတုံ၊
ဒီယေတုံဝ) မဟောဒဓိ။
ခန္တိ' ခန္တိ” ခန္တိမန္တ၊
န ဝေ သက္ကာ ဒီယေတဝေ။

ဘန္တေ၊ မြတ်စွာဘုရား။ ဣဓ၊ ဤလောက၌။ ယေကစိ၊ အမှတ်မရှိကုန် သော သူတို့သည်။ နဒီ" နဒီ၊ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ လာလာ သမျှ ရေကို။ သောသေတုံဝါ၊ ခြောက်ကပ်စေခြင်းငှာ လည်းကောင်း။ မဟောဒဓိ'၊ မဟာသမုဒ္ဒရာရေကို။ ဒီယေတုံဝ၊ ကုန်ခန်းစေခြင်းငှာ လည်းကောင်း။ သက္ကာ၊ တတ်ကောင်းကုန်ရာ၏။ ခန္တိမန္တ၊ သည်းခံခြင်း အထူး ရှိတော်မူသော။ ဘန္တေ၊ မြတ်စွာဘုရား။ ဝေ၊ ကိုယ်တော်မြတ်တို့၏။ ခန္တိ" ခန္တိ၊ အတုမရှိသော သည်းခံခြင်း ဂုဏ်တော် ကျေးဇူးတော်မြတ်ကို။ ဒီယေတဝေ၊ ကုန်စေခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။

၁၄။ ဝါရေယျ o7 ဥက္ကာပတံ
ဗ၁ယျ ကုလိသံ သတံ
ဉာဏံ ဉာဏံ မဟာပည
န ဝေ သက္ကာ ဗာတဝေ
ဧတာဒိသံ ဓိတိမန္တ
ခန္တိမံ ပညဝံ နမေ။ ။

ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဣဓ လောကေ၊ ဤလောက၌။ ယေကေစိ၊ ခပ်သိမ်းကုန်သော သူတို့သည်။ ဥက္ကာပတံ၊ အဟုန်ပြင်းစွာ ဝင်းဝင်းလာ သော ဥက္ကာပျံသွားခြင်းကို။ ဝါရေယျဝါ၊ ရွှေဘိုမဆန် နောက်သို့ ပြန် အောင် ကြံဖန်တားမြစ်သော်လည်း တားမြစ်နိုင်ကုန်ရာ၏။ ကုလိသံ သတံ၊ အရာမက ကောင်းကင်ထက်မှ ကျ၍လာသော မိုးကြိုးစက်သွားကို။ ဗာ ၀၊ မြေညှိမကျ မရောက်ရအောင် ကြံဆောင် ဆီးတားသော်လည်း ဆီးထားနိုင်ကုန်ရာ၏။ မဟာပည၊ အလွန်ကြီးသော ပညာရှိတော်မူသော မြတ်စွာဘုရား။ ဝေ၊ ကိုယ်တော်ဘုရားတို့၏ ။ ဉာဏံ ဉာဏံ၊ အဆုံးမသိ တုမရှိသော သဗ္ဗညုတ ဉာဏ်တော်မြတ်ကို။ ဗာတဝေ၊ လိုသော်မရောက် ပြီးမမြောက်အောင် ဖျောက်ဖျက် တားမြစ်ခြင်း၊ န သက္ကာ၊ မတတ် စကောင်း။ ဧတာဒိသံ၊ ဤသို့သဘောရှိသော။ မီတိမန္တ၊ အတုမရှိသော သမာဓိတော် သခင် ဖြစ်တော်မူသော။ ခန္တိမံ၊ အညီမရှိသော ခန္တိအရှင် ဖြစ်တော်မူသော။ ပညဝံ၊ အတုမရှိသော သဗ္ဗညုတ ဉာဏ်တော်ရှင် ကိုယ်တော်မြတ်ကို။ နမေ၊ ကာယဝစီ မနောချီ၍ သုံးလီဍရ ပဏာမဖြင့် ကြည်စု သဒ္ဓါ ရှိခိုးပါ၏။

၁၅ ။ ဒုမ္မရေ ဒုမ္မရေ ပုပ္ပံ
သသ သသေပိ ဝိသာဏကံ
ပဒုမံ နဂဂ္ဂ ဇာယေ
န သစ္ဆိ ဝေါ ကုဒါ ဘဝေ
ဧတာဒိသံ ယထာရိ
တထာဝ3" မုန်” နမေ

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းတောက်ပတော်မူသော မြတ်စွာဘုရား။ ဣဓ လောကေ၊ ဤလောက၌၊ ပဒုမ္မရေ ပဒုမ္မရေ၊ ရေသဖန်းပင် ဟူဟူသမျှ ၌လည်း။ ပုပ္ပံ၊ တစ်ရံတစ်ဆစ် မဖြစ်စဖူး အထူးပွင့်လာခြင်းသည်။ ဇာယေ၊ ဖြစ်ခဲ့ရာ၏။ သသေ သသေပိ၊ ယုန်ဟူသမျှ၌လည်း။ ဝိသာဏကံ၊ ဦးချိုပေါက် ရောက်ခြင်းသည်။ ဇာယေ၊ ဖြစ်ခဲ့ရာ၏၊ နဂဂျေပိ၊ တောင်ထိပ်ဖျား၌ သော် လည်း။ ပဒုမံ၊ ပဒုမ္မာကြာသည်။ ဇာယေ၊ ရေမရောက်ဘဲ ပေါက်ခဲ့ရာ၏။ ဝေ၊ ကိုယ်တော်မြတ်တို့အား။ အသစ္၊ စကားမမှန် ဖောက်ပြန်ခြင်းသည်။ ကုဒါ၊ တစ်ရံတစ်ခါမျှ။ န ဘဝေ၊ ဖြစ်တော်မမူ။ ဧတာဒိသံ၊ ဤသို့သဘော ရှိသော။ ယထာကာရိ၊ ကိုယ်တော် ပြုတော်မူသည့်အတိုင်း။ တထာဝ73"၊ မဖောက်မပြန် မှန်သည်ကိုသာ မြဲစွာဆိုလေ့ရှိတော်မူသော။ မုနိ၊ ကိုယ်တော်ဘုရားကို။ အဟံ၊ ကိုယ်တော်ပိုက်ပေါ့ ကိုယ်တော်ငွေကြောင့် ယနေ့ ထက်တိုင် ချမ်းသာလှိုင်သော ကျွန်ုပ်သည်။ နမေ၊ ခြေတော်အစုံ ကြာပဒုံကို ကြည်ယုံဝပ်တွား ခစားညွတ်ကျိုး ဦးနှိမ်ချိုး၍ မြတ်နိုးလှစွာ ရှိခိုးပါ၏။

၁ ၆ ။ ယောဇေန္တိ ဩသခံ ဗုဒ္ဓံ
မဂ္ဂင်္ဂါ ညာဓ ဓမ္မံ
ပိဝေနွဲ့ ဩသံ သံဃ
ရောဂိကော တမဟံ ၀န္ဒ

မဂ္ဂင်္ဂ၊ မဂ္ဂင်တည်းဟူသော။ ဩသဓ၊ ရောဂါပျောက်ကြောင်း ဆေး ကောင်း ဆေးတော်မြတ်ကို။ ငယာန္တ၊ ကောင်းစွာ ဖော်စပ်တော် မူပေ တတ်သော။ ဗုဒ္ဓ မြတ်စွာဘုရားကိုလည်းကောင်း။ဩ သခံ၊ ဆေးတော်သဖွယ် ဖြစ်။ မဂ္ဂင်္ဂါ ဓမ္မံ၊ မဂ္ဂင်ရှစ်ပါး တရားတော်မြတ်ကို လည်းကောင်း၊ ဩသဓ၊ တရားတည်းဟူသော ဆေးတော်မြတ်ကို။ ပိန္တ၊ တိုက်တော် မူပေ တတ်သော။ သံ၊ သံဃာတော်မြတ်ကို လည်းကောင်း။ ရောကော၊ ကိလေသာဟူ နူနာအမြဲ စွဲရောက်သော။အဟံ၊ အကျွန်ုပ်သည်။တံ ရတနတ္တယံ။ ထို ဆေးတော်တတ် ဆေးတော်မြတ်နှင့် ဆေးတော် တိုက်တတ်သော ရတနာမြတ်သုံးပါးအပေါင်းကို ဝန္ဒ၊ ရှိခိုးပါ၏။

၁၇။ ကရောန္တ ဥစ္စုခွံ ဗုဒ္ဓံ
မဂ္ဂင်္ဂ ဥဠုဓံ ဓမ္မံ
ပါစေန္တ ဥဠုဓံ သံဃ
ဒကိကော တမဟံ ဝန္ဒ

မဂ္ဂင်္ဂါ၊ မဂ္ဂင်တည်းဟူသော။ ဥဠုဗွီ၊ ဖောင်တော်မြတ်ကို။ ကရောန္တ၊ ပြုလုပ်တော်မူတတ်ပေသော။ ဗုဒ္ဓံ၊ ဘုရားရှင်ကိုလည်းကောင်း၊ မဂ္ဂင်္ဂ”၊ မဂ္ဂင် တည်းဟူသော။ ဥဠုဓံ ဓမ္မံ၊ တရား တည်းဟူသော ဖောင်တော်မြတ်ကို လည်းကောင်း၊ ဥဠုမ္ပ၊ တရားတည်းဟူသော ဖောင်တော်မြတ်ကို။ ပါစေန္တ၊ လိုရာရောက်အောင် ထိုးဆောင်ခတ်လှော်ပေတတ်သော။ သံဃ၊ သံဃာတော် ကိုလည်းကောင်း၊ တံ ရတနတ္တယံ၊ ထိုဖောင်တော် တည်တတ် ဖောင်တော် မြတ်နှင့် ဖောင်တော်ဆောင်တတ်သည့် ရတနာမြတ်သုံးပါးအပေါင်းကို ဒကိကော၊ သံသရာဝဲစုပ် ရေဝယ်မြုပ်သာ။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒ၊ ရှိခိုးပါ၏။

၁ဂ။ သာလာ သာာ သုဝနန္တိ
ဟိမဝံ ဟိမဝံ စလံ
သုနိဿိတာ သုပုပ္ပ
ဘဝတံ သာသနေ တထာ

သာလာ သာလာ၊ အနှစ်မရှိကုန်သော သစ်ပင် ကြီးငယ်ရှိသည်။ ဟိမဝံ ဟိမဝံ၊ဆီးနှင်းရှိသည်ထက် ဆီးနှင်းရှိသာ။ အစလံ၊ဟိမဝန္တာတောင်မင်းကို။ သုနိဿိတာ၊ ကောင်းစွာ အမှီ ရကြကုန်သောကြောင့်။ သုပု၊ ခက်မ ခက်သေး ဖွေးဖွေးတက်ကြွ သီးပွင့်ကြကုန်လျက်။ သုဝခုန္တိ၊ ကောင်းစွာ ကြီးပွားကြရကုန်၏။ တထာ၊ ထိုနည်းအတူ။ သဗ္ဗညု၊ သဗ္ဗညုမြတ်စွာဘုရား။ ဘဝတံ၊ ကိုယ်တော်ဘုရားတို့၏။ သာသနေ၊ သာသနာတော်၌။

၁၉။ ဘိက္ခု ဘိက္ခု သီလဝန္တာ
သမာတပေန ပုပ္ပိနော
ဧတာဒိသေ ခုဋ္ဌဌာနေ
သာသနေ န ရမေ ကော နု

ဘိက္ခု ဘိက္ခု၊ ရဟန်း ကြီးငယ်တို့သည်။ သီလဝန္တာ၊ စတုပါရိသုဒ္ဓိသီလ ရှိကြကုန်လျက်။ သမာတပေန၊ ဓူတင် စသော ကောင်းမြတ်သော အကျင့် သီတင်း ခြိုးခြံခြင်း ဖြင့် ပုပ္ပါးနာ၊ သီးပွင့်ကြကုန်သည်ဖြစ်၍။ ဝခုန္တိ၊ ကြီးပွား ကြကုန်၏။ ဧတာဒိသေ၊ ဤသို့ ဟိမဝန္တာတောင်ကြီးနှင်နှင်သဘောရှိသော။ ဝုဋ္ဌာနေ၊ သူတော်တရားတို့ဖြင့် လွန်စွာကြီးပွားရာဖြစ်သော။ သာသနေ၊ သူတော်တရားတို့၏ ကောင်းကောင်းကြီးနေရာ ကိုယ်တော်မြတ် သာသနာတော်၌။ ကော၊ အဘယ်ကြီးပွားလိုသောသူသည်။ န ရမေ၊ မမွေ့လျော် နိုင်ဘဲ ရှိတော့အံ့နည်း။

၂၀။ မာမဂါ သုဇီဝန္တိ
မေရုမှီ အစလေ စလေ
သုနိဿိတာ သုမေဓန္တ
ဘဝတံ သာသနေ တထာ

မဂ မဂါ၊ သားကြီး သားငယ် ဟူသမျှတို့သည်။ မေရုမှီ အစလေ၊ မြင်းမိုရ်တောင် ခြေရင်း၌။ သုနိဿိတာ၊ ကောင်းစွာ မှီနေကြကုန်သည်ဖြစ်၍။ သုမေဓ၊ ချမ်းသာကြရကုန်လျက်။ သုဝန္တိ၊ မိထုဘေဒ ဘယကင်းစင် အလွန်လျှင် အသက်ရှည်ကြကုန်၏။ တထာ၊ ထိုနည်းအတူ။ သဗ္ဗညု၊ သဗ္ဗညု မြတ်စွာဘုရား၊ ဘီဝတံ၊ ကိုယ်တော်ဘုရားရှိ၏။ သနေ၊ သာသနာတော်၌။

၂၁။ မုနီ မုနီ ဓမ္မကာမာ
သမာစာရာ သုမေဓိနော
ဧတာဒိသေ သုခဋ္ဌာနေ
သာသနေ န ရမေ ကာ နု

မုနီ မုနီ၊ ရဟန်းတော်ကြီးငယ်ရှိသည်။ ဓမ္မကာမာ၊ တရားကို လိုလား ကုန်သည်ဖြစ်၍။ သမာစာရာ-သမာစာရေန၊ ကောင်းသောအကျင့် သီတင်း ဖြင့်။ သုမေဓိနော၊ ချမ်းသာရကြကုန်လျက်။ သုဇီဝန္တိ၊ မင်းဘေး မင်းဒဏ် ရန်မာန်မနှောင့် ကောင်းစွာ အသက်ရှည်ကြကုန်၏။ ဘာဒိသ၊ ဤသို့ မြင်းမိုရ်တောင်ကြီးလျှင် ဥပမာရှိသော။ သုခဌာနေ၊ ချမ်းသာသာ သူတို့၏ ချမ်းချမ်းသာသာ တည်နေရာဖြစ်သော။ သာသနေ၊ သာသနာတော်၌။ကော၊ အဘယ်ချမ်းသာလိုသော သူသည်။ န ရမေ နု၊ မမွေ့လျနိုင်ဘဲ ရှိတော့ အံ့နည်း။

၂၂။ ပက္ခိ ပက္ခ သုရမန္တိ
သုနိဓံ သုနိဿိတာ
တံ တံ ဖလံ သုဘုဥ
ဘဝတံ သာသနေ တထာ

ပက္ခ ပက္ခိ၊ ငှက်ကြီး ငှက်ငယ်ဟူသမျှတို့သည်။ သုနိဓ၊ အသီးကြွယ်ဝ ကောင်းမြတ်လှသာ ပညောင်ပင်ကြီးကို။ သုနိဿိတာ၊ ကောင်းစွာ အမှီရကြ ကုန်သည်ဖြစ်၍။ တံ တံ ဖလံ၊ ထိုထို ပညောင်သီးကို။ သုဘုဉ္ဇန္တာ၊ ချမ်းမြေ့ သာယာ ကောင်းစွာခိုမှီး စားသောက်ကြ ကုန်လျက်။ သုရမန္တိ၊ အလွန် မွေ့လျော်ကြကုန်၏။ တထာ၊ ထိုနည်းအတူ၊ ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဘဝတံ၊ ရှင်တော်မြတ်ဘုရားတို့၏။ သာသနေ၊ သာသနာတော်၌။

၂၃။ တုမှီ ဒယံ သုဘုဥာ
သာမဏေရာ မုနီ မုနီ
ဧတာဒိသေ ရမ္မဌာနေ
သာသနေ န ရမေ ကော နု

မုနီ၊ ချမ်းသာရာကို ကောင်းစွာသိတတ်ကုန်သော။ မုနီ၊ ရဟန်းတို့သည် လည်းကောင်း။ သာမဏေရာ၊ သာမဏေတို့သည် လည်းကောင်း။ တုဓံ၊ ကိုယ်တော်ဘုရားရှိ၏။ ဒါယံ၊ အမွေတော်နှစ်ပါးကို။ သုဘုဉ္ဇန္တာ၊ကောင်းစွာ သုံးဆောင်ကြကုန်လျက်၊ သုရမန္တိ၊ အလွန်မွေ့လျော်ကြကုန်၏။ ဧတာဒိသေ။ ဤသို့ ပညောင်ပင်ကြီးလျှင် ဥပမာရှိသော။ ရမ္မဌာနေ၊ မွေ့လျော်သူတို့၏ လွန်စွာမွေ့လျော်ရာဖြစ်သော။ သာသနေ။ သာသနာတော်၌၊ ကော၊ အဘယ် ချမ်းသာ လွန်စွာရွှင်ပျော် မွေ့လျော်လိုသူသည်။ န ရမေ နု၊ မမွေ့လျော်ဘဲ ရှိနိုင်တော့အံ့နည်း။

၂၄။ ပ ပာ သုပုဗ္ဗန္တိ
သုတကံ သုနိဿိတာ
သမန္တာ နာနာ ဒိသာ
ဝါယေ သုရဘိ” သဒါ

ပဠာ ပ၊ ဝတ်ဆံရနံ့ သင်းပျံမွှေးထုံကြာပဒုံဟူသမျှတို့သည်။သုတကံ၊ ထက်အောက်တင်းကြမ်း ရေပြည့်လျှမ်းရာ ကောင်းမြတ်စွာသာတစ်ဖက်ဆည် ရေကန်ကြီးကို။ သုနိဿိတာ၊ ကောင်းစွာအညီ ရကြကုန်သည်ဖြစ်၍။ သမန္တာ၊ ထက်ဝန်းကျင်မှ။ နာနာဒိာသု၊ အထူးထူးသော အရပ်တို့၌။ သုရဘိ”၊ မွှေးကြိုင်သင်းပျံ ပန်းရနံ့ကို။ သဒါ၊ အခါခပ်သိမ်း၊ ဝါယေန္တ၊ လှိုင်စေ ကုန်လျက်။ သုမုန္တိ၊ လွန်စွာပွင့်ကြကုန်၏။

၂၅။ သာလီ ဘေလီ သုဖလန္တိ
မဟာမေယံ သုနိဿိတာ
သမ နာနာခေတ္တသု
ဘဝတံ သာသနေ တထာ

သာလီ လီ၊ အနှစ်အရသာရှိသည်ထက် ရှိကြကုန်သော။ သာလီ သာလီ၊ သလေးစပါးကြီးငယ်ရှိသည်။ သမန္တာ၊ ထက်ဝန်းကျင်မှ။ နာနာခေတ္တသု၊ အထူးထူးသော လယ်တို့၌။ မဟာမေသံ၊ ခြိမ့်ခြိမ့်သဲသဲ တစ်ခဲနက် တက်၍ ရွာသော မိုးကြီးကို။ သုနိဿိတာ၊ ကောင်းစွာ အမှီ ရကြကုန်သည် ဖြစ်၍။ သုပ္ပလန္တိ၊ နို့ရည်ဖြိုင်ဖြိုင် နို့ဆန်းလှိုင်လျက် မြိုင်မြိုင်ကြီး သီးကြကုန်၏။ တထာ၊ ထိုနည်းအတူ။ ဘန္တေ၊ ရွှေဘုန်းတော်အရှင်။ ဘဝတံ၊ ရှင်တော်မြတ် ဘုရားတို့၏။ သာသနေ၊ သာသနာတော်၌။

၂ ၆။ ဘိက္ခု ဘိက္ခု သုဝခုန္တိ
သီလဝန္တာ သမာဝတာ
ဖလာ ဖလေဟိ ဖလာ
မဂ္ဂ မဂ္ဂဟိ ပုပ္ပိနော
ဧတာဒိသေ ခုနေ
သာသနေ န ရမေ ကာ နု

ဘိက္ခု ဘိက္ခု၊ သံသရာဘေးကို ရှုသည်ထက် ရှုနိုင်ကြကုန်သော။ ဘိက္ခု ဘိက္ခု၊ ရဟန်းကြီးငယ်ရှိသည်။ သီလဝန္တာ၊ စတုပါရိသုဒ္ဓိသီလ ရှိကြကုန် သည်ဖြစ်၍။ သမာ၁တာ၊ ဓူတင်ကမ္မဋ္ဌာန်း မဂ်ဖိုလ်လှမ်းအောင် ကောင်းမြတ်သောအကျင့်ရှိကြကုန်သည်ဖြစ်၍။ မဂ္ဂါမဂ္ဂဟိ၊ မဂ်ကြီးမဂ်ငယ် အသွယ်သွယ် တို့ဖြင့်။ ပုပ္ပီနော၊ ပွင့်ကုန်လျက်။ ဖလာဖလေဟိ၊ ဖိုလ်ကြီး ဖိုလ်ငယ်တို့ဖြင့်။ ဖလန္တာ၊ သီးကုန်လျက်။ သုဝခုန္တိ၊ လွန်စွာ ကြီးပွားကြကုန်၏။ ဧတာဒိသေ၊ ဤသို့သဘောရှိသော။ ဝခုနေ၊ လောကီ လောကုတ္တရာ ပစ္စုပ္ပန်သံသရာ နှစ်ဖြာအကျိုးတို့ဖြင့် လွန်စာကြီးပွားရာဖြစ်သော။ သာသနေ၊သာသနာ တော်မြတ်၌။ ကော၊ အဘယ် ကြီးပွားလိုသောသူသည်။ န ရမေနု၊ မမွှေလျော်ချင်ဘဲ ရှိပါတော့အံ့နည်း။

၂၇။ သသာပိ သီဟာယန္တိ
မေရုမှီ ပဗ္ဗတေ ဌိတာ
အဟိ” သိတာ ဗျ ဒီဟိ
ခေမိနော အကုတော ဘယာ

မေရုညှိ ပဗ္ဗတေ၊ မြင်းမိုရ်တောင်ခြေ မြိုင်ရေ၌။ ဌိတာ၊ တည်နေရကုန် သည်ရှိသော်။ ဗျဂ္ဃ ဒီဟိ၊ ကျားအစရှိသော သတ္တဝါတို့သည်။ အဟိ”သိတာ၊ မကိုက်မခဲ မညှဉ်းဆဲ အပ်ကုန်သည် ဖြစ်၍။ ခေမိနော၊ ဘေးကင်းကုန်သည် ဖြစ်၍။ အကုတာဘယာ၊ တစ်စုံတစ်ရာ ဘေးမလာကုန်သည် ဖြစ်၍။ သသကာပိ၊ ယုန်ငယ်တို့သည်လည်း။ သီဟာယန္တိ၊ ခြင်္သေ့ယောင် ပြေးနိုင် ကြကုန်၏။

၂၈။ ပုထုဇ္ဇနာရိယာယန္တိ
ဘဝတံ သာသနေ ရတာ
ပယဗ္ဗယံ အတိက္ကန္တာ
သီလဝန္တ သမားစရာ
ဧတာဒိသေ ခေမဋ္ဌာနေ
သာသနေ န ရမေ ကော နု

တထာ၊ ထိုနည်းအတူ၊ ဘန္တေ၊ သဗ္ဗညုမြတ်စွာဘုရား။ ဘဝတံ၊ ကိုယ် တော်မြတ်ဘုရားရှိ၏။ သာသနေ၊ သာသနာတော်၌။ ရတာ၊ မွေ့လျော် နိုင်ကြကုန်သော ပုဂ္ဂိုလ်တို့သည်။ သီလဝန္တာ၊ သီလ ရှိကြကုန်သည်ရှိသော်။ သမာစာရာ၊ ကောင်းသောအကျင့် ရှိကြကုန်သည်ရှိသော်။ အပါယဗ္ဗယံ၊ လူသာမန်တို လွန်မြောက်နိုင်ခဲသော အပါယ်ဘေးကြီးကို။ အတိက္ကန္တ၊ လွန်မြောက်နိုင်ကြကုန်သည်ဖြစ်၍၊ ပုထုဇ္ဇနာပိ၊ ပုထုဇဉ်တို့သော်မှလည်း။ အရိယာ ယန္တိ၊အရိယာယောင် ပြေးနိုင်ကြကုန်၏။ ဧတာဒိသ၊ ဤသို့သဘောရှိသော။ ခေမဌာနေ၊ ဘေးကင်းရာဖြစ်သော။ သာသနေ၊ သာသနာတော်၌။ ကော၊ အဘယ်ဘေးကင်းလိုသော သူသည်။ န ရမေ နု၊ မမွေ့လျချင်ပဲ ရှိတော့ အံ့နည်း။

၂၉။ စာတကာပိ တာယန္တိ
ဝောသ ဝိဟင်္ဂမာ
ဗုဘုက္ခံ ဥဒ္ဒိဝံ သာနံ
လာပေန္တာ ယထာဂတာ

ဘန္တေ၊ မြတ်စွာဘုရား၊ လောကေ၊ လောက၌။ ဝေဟာသ၊ ကျောင်း ကင်၌ တည်ကုန်သော။ ဝိဟင်္ဂမာ၊ ငှက်ရှိသည်။ ဗုဘုက္ခံ၊ အလွန်ကိုက်စား လိုသည်ဖြစ်၍။ ဥဂ္ဂိဝံ၊ လည်တထောင်ထောင် လိုက်၍လာသော။ သာနံ၊ မြေ၌တည်သော ခွေးကို။ လာပေ၊ အရှက်ခွဲကုန်လျက်။ ယထာ ဂတာ၊ လိုရာပျံသွားကုန်သည်ဖြစ်၍။ စာတကာပိ၊ စာဝတီးငှက်ငယ်ရှိသော် မှလည်း။ တက္ခာယန္တိ၊ ဂဠုန်ယောင် ပြေးပျံနိုင်ကြကုန်၏။

၃၀။ ပုထုဇ္ဇနာ ယာယန္တိ
ဘဝတံ သာသနေ ရတာ
ရာဂံ သံ `ဝိက္ခမ္ဘန္တာ
လာပေန ပါပိယံ
ဧတာဒိသေ ဇယဋ္ဌာနေ
သာသနေ နံ ရမေ ကော နု

တထာ၊ ထိုနည်းအတူ။ ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဘဝတ၊ ကိုယ်တော် မြတ်ဘုရားရှိ၏။သာသနေ၊ သာသနာတော်၌။ ရာ၊ မွေ့လျော်ကြကုန်သော ပုဂ္ဂိုလ်တို့သည်။ ရာဂံဒေသံ၊ ရာဂဒေသကို။ဝိက္ခမ္ဘန္တာ၊ခွာနိုင်ကြကုန်သည် ဖြစ်၍။ ပါပီမံ၊ မာရ်မင်းကို။ လာပေန၊ အရှက်ခွဲကုန်လျက်။ ပုထုဇ္ဇနာပို၊ ပုထုဇဉ်တို့သော်မှလည်း။ အရိယာယန္တိ၊ အရိယာယောင် ပြေးနိုင်ကြကုန်၏။ ဧတာဒိသေ၊ ဤသိုသဘောရှိသော။ဇလဌာနေ၊ ရန်အောင်ရာစင်စစ်ဖြစ်သော။ သာသနေ၊ သာသနာတော်၌၌၊ ၊ အဘယ်ရန်အောင်လိုသောသူသည်။ န ရမေ နု၊ မမွေ့လျော်ဘဲ ရှိနိုင်တော့အံ့နည်း။

၃၁။ ဂိ ကာကာ ဟံသာယန္တိ
နေရုမှီ အစလေ ́ လှိတာ
သောဝဠာ အဘိရူပါဝ
ဒဿနီယာ ပါသာဒိကာ

ဘန္တေ၊ မြတ်စွာဘုရား ။နေရုမှိ အစလေ၊ နေရုမည်သော ရွှေတောင်ကြီး၌။ ငြိတာ၊ တည်ကြကုန်သော ငှက်ရှိသည်။ သာဝက္ကာဝ၊ ရွှေအဆင်းကဲ့သို့ ထွန်းလင်းသော အရောင်အဝ ရှိကြကုန်သည်ဖြစ်၍သာလျှင်။ အဘိရူပဝ၊ အလွန်အဆင်းလှကြကုန်သည် ဖြစ်၍သာလျှင်။ ဒသနိယာ၊ ရှုဖွယ်ရှိကြကုန် လျက်။ ပါသာဒိကာ၊ ကြည်ညိုဖွယ် ရှိကြကုန်လျက်။ ဂိဇ္ဈာပိ၊ လင်းတတို့သည် လည်းကောင်း၊ ကာကာပိ၊ ကျီးတို့သည်လည်းကောင်း။ ဟံသာယန္တိ၊ ဟင်္သာ ယောင် ပြေးနိုင်ကြကုန်၏။

၃၂။ သန္တ သန္တာ ရိယာယန္တိ
ဘဝတံ သာသနေ ရတာ
ဥတ္တမာရဟတ္တာ
နရာနရေဟိ ပူဇိတာ
ဧတာဒိသေ ဂုဏိနေ
သာသနေ န ရမေ ကော နု

တထာ၊ ထိုအတူ၊ ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဘဝတံ၊ ကိုယ်တော်ဘုရား တို့၏။ သာသနေ၊ သာသနာတော်၌။ ရတာ၊ မွေ့လျော်ကြကုန်သော ပုဂ္ဂိုလ် ရှိသည်။ ဥတ္တမာရဟတ္တာ၊ အရဟတ္တဖိုလ်တံခွန် အလွန်ထူးဆန်း ဖန်ရည် စွန်းသော အဝတ်သင်္ကန်း ရှိကြကုန်သည်ဖြစ်၍။ နရာနရေဟိ၊ လူကြီးလူငယ် ရှိသည်။ ပူဇိတာ၊ ပူဇော်အပ်ကုန်သည် ဖြစ်၍။ သန္တာသန္တာပိ၊ သူတော် မသူတော် နှစ်ရပ်ရှိသည်ပင်လျှင် အရိယာယန္တိ၊ အရိယာယောင် ပြေးကြ ကုန်၏။ ဧတာဒိသေ၊ ဤသို့ သဘောရှိသော။ ဂုဏိဋ္ဌာနေ၊ ဂုဏ်ရှိရာဌာန ဖြစ်သော။ သာသနေ၊ သာသနာတော်၌။ ငကာ၊ အဘယ်ဂုဏ်ရှိလိုသော သူသည်း၊ န ရငမ နု၊ မပျော်မွေ့ဘဲ ရှိတော့အံ့နည်း၊

၃၃။ အန္ဓမ္မံ အနန္ဒိယန္တိ
ဘူပါလာနံ ကုမာရကံ
သုဂရ သုဘာယန္တာ
နာဂရိကာ ဇနာ ဇနာ

ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ လောကေ၊ လောက၌။ ဘူပါလာနံ၊ ပြည့်ရှင် မင်းတို့၏။ ကုမာရကံ၊ မင်းသားငယ်ကို။ နာဂရိကာ၊ ပြည်သူပြည်သားဖြစ်ကုန်သော။ ဇနာ ဗနာ၊ လူကြီးလူငယ်တို့သည်။ သုဂါရဝ၊ အလွန်ရိုသေကုန်သည် ဖြစ်၍။ သုဘာယန္တာ၊ အလွန်ကြောက်ကြကုန်သည်ဖြစ်၍။ အန္ဓမ္မိ ကုမာရံ၊ မင်းသားမျက်မမြင်ကိုသော်လည်း။ အနန္ဒိယန္တိ၊ မျက်စိမြင်သော မင်းသားတို့ ကဲ့သို့ ရိုသေခန့်ညား ဝပ်တွားကြကုန်၏။

၃၄။ ဒုပ္ပညာ ပညဗီယန္တိ
ဘဝတံ သာသနေ ရတံ
ဝုမှကပ္ပဗ္ဗဇိတမှို
နရာ နရာ သုပူဇကာ
ဧတာဒိသေ ပုဌာနေ
သာသနေ န ရမေ ကာ နု

တထာ၊ ထိုအတူ။ ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဘဝတံ၊ ရှင်တော်မြတ်ဘုရား တို့၏။ သာသနေ၊ သာသနာတော်၌။ ရတံ၊ မွေ့လျော်သောသူကို ပုခုကပ္ပဗ္ဗ ဇိတမှို၊ ပညာမငြီး တောထွက်ရဟန်းကြီးကိုသော်မှလည်း။ နရာ နရာ၊ လူကြီး လူငယ်တို့သည်။ သုပူဇကာ၊ ကောင်းစွာပူဇော်ကြကုန် သည်ဖြစ်၍။ ဒုပ္ပညမ္မိ၊ ပညာမရှိသော သူကိုသော်လည်း။ ပညဝီယန္တိ၊ ပညာရှိသော သူကိုကဲ့သို့ ပူဇော်မြတ်နိုးကြရကုန်၏။ ဧတာဒိသေ၊ ဤသို့ သဘောရှိသော။ ပုဌာနေ၊ နတ်လူတို့ ပူဇော်ရာဖြစ်သော။ သနေ၊ သာသနာတော်၌။ ကော၊ အဘယ်ပူဇော်ခံလိုသောသူသည်။န ရမေ နု၊မမွေ့လျော်နိုင်ဘဲရှိတော့အံ့နည်း။

၃၅။ ဒုဿီလာ သီလဝါယန္တိ
ဘဝတံ သာသနေ ရတာ
သင်္ချေယျ ဂုဏံ ဇနော်
သံဃဂတံ ဒက္ခိဏကံ

ဘန္တေ၊ မြတ်စွာဘုရား။ ဘဝတံ၊ရှင်တော်မြတ်စွာဘုရားရှိ၏။ သာသနေ။ သာသနာတော်၌။ ရတာ၊ မွေ့လျော်သော ပုဂ္ဂိုလ်တို့သည်။ သံဃဂတံ၊ သံဃာတော်ကို ရည်မှန်း၍ လှူဒါန်းအပ်သော။ ဒက္ခိဏကံ၊ အလှူကို။ အသင်္ချေ ပျံဂုဏ်၊ အကျိုးအသင်္ချေရှိသည်ကို၊ နေ၊ ဖြစ်စေကုန်လျက်။ ဒုဿီလာပိ၊ သီလမရှိသော ပုဂ္ဂိုလ်တို့သော်မှလည်း။ သီလ၀ယန္တိ၊ သီလရှိယောင် ပြေးနိုင် ကြကုန်၏။

၃၆။ ဒုဿီလံ သီလဝီယန္တိ
ဘဝတံ သာသနေ ရတံ
ကာလေ ကာလေ ဒါနံ ဒေ
သံဃ ဥဒ္ဒိဿ ဒါယကာ

ဘန္တေ၊ မြတ်စွာဘုရား၊ ဘဝတံ၊ ကိုယ်တော်ဘုရားရှိ၏။ သာသနေ။ သာသနာတော်၌။ ရတံ၊ မွေ့လျော်သောသူကို၊ ဒါယကာ၊ အလှူပေးကြကုန် သူ နတ် လူအပေါင်းတို့သည်။ သံဃ၊ ပရမတ္ထ သံဃာတော်ကို။ ဥဒ္ဒိဿ။ ရည်မှတ်၍။ ကာလေ ကာလေ၊ `အခါ အခါ၌။ ဒါနံ၊ အလှူကို။ ဒေ၊ ပေးလှူကြကုန်လျက်။ ဒုဿီလမ္မိ၊ ဒုဿီလပုဂ္ဂိုလ်ကိုသော်လည်း၊ သီလယန္တိ၊ သီလဝန္တပုဂ္ဂိုလ်ကဲ့သို့ ကျင့်ကြကုန်၏။

၃၇။ ဧတာဒိသေ လာဘဌာနေ
ပုညက္ခေတ္တ အနုတ္တရေ
သဗ္ဗေသမို့ သုံခံ ဒေန္တိ
သာသနေ န ရမေ ကာ နု

ဧတာဒိသေ၊ ဤသို့သဘောရှိသော၊ သဗ္ဗသမ္ပိ၊ သူခပ်သိမ်းတို့၏လည်း။ ပုညက္ခေတွေ့၊ ကုသိုလ်ပြုရာခေတ်စင်စစ်ဖြစ်သော။ သဗ္ဗသမ္ပိ၊ ရဟန်းရှင်လူ ခပ်သိမ်းသူတို့အားလည်း။ သုခံ၊ ချမ်းသာကို ဒေန္တိ၊ ပေးပေတတ်သော။ လာဘဌာနေ၊ လာဘ်ရှိရာ ဌာနဖြစ်သော။ သာသနေ၊ သာသနာတော်၌။ ကော၊ အဘယ်ချမ်းသာ ခိုလှုံလိုသောသူသည်။ န ရမေ နု၊ မမွေ့လျော်နိုင်ဘဲ ရှိတော့အံ့နည်း။

၃ဂ။ ယာဒိသော မာတုမာယာယံ
သုန္ဒရိယမ္ပိ ာဒိသော
ယာဒိသော ပိတုရာဇမှိ
သုပ္ပဗုဒ္ဓေဖို့ တာဒိသော

ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဘဝံ၊ ရှင်တော်မြတ်ဘုရားသည်။ မာတုမာ ယာယံ၊ မယ်တော်မာယာမိဖုရား၌။ ယာဒိသော၊ အကြင်သို့ ချစ်ခင်မေတ္တာ လွန်စွာသနားတော်မူခြင်း သဘောရှိတော်မူ၏။ သုန္ဒရိယမ္ပိ၊ ကိုယ်တော်စင်ကို လင်ဟုစွပ်စွဲ မိုက်မဲမထီ သုန္ဒရီတွင်ထ ပရိဗိုဇ်မ၌သော်လည်း။ တာဒိသော၊ ထိုမယ်တော်သဖွယ် သဘောထားတော်မူနိုင်ပါပေ၏။ပိုတူရာဇမို၊ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၌လည်း ယာဒိသော၊ အကြင်သို့ သဘောရှိတော်မူ၏။ သုပ္ပဗုပိ၊ ရန်သူတစ်ယောက် အပြစ်ကောက်၍နေသော သုပ္ပဗုဒ္ဓမင်းကြီး၌သော်လည်း။ တာဒိသော၊ ထိုခမည်းတော်ကြီးသဖွယ် သဘောထားတော် မူနိုင်ပါပေ၏။

၃၉။ ယာဒိသော ရာဟုလာ နန္ဒ
ဒေဝဒတွေပိ တာဒိသော
ဒိသော အာနန္ဒ နန္ဒ
သုနက္ခတ္တေပိ တာဒိာ

ရာဟုလေ၊ ရာဟုလာခေါ် ရင်သွေးတော်၌ လည်းကောင်း၊ နန္ဒ၊ နန္ဒ တွင်ခေါ် ညီရင်းတော်၌ လည်းကောင်း။ ယာဒိသော၊ အကြင်သူသဘော ရှိတော်မူ၏။ ဒေဝဒတ္တပိ၊ ကိုယ်တော်မြတ်ကို သတ်အံ့သောငှာ အပေါက်ရှာ၍ နေသော ဒေဝဒတ်၌လည်း။ တာဒိသော၊ ထိုသားတော်သဖွယ် ညီတော် နှယ်နှယ် သဘောကြွယ်တော်မူနိုင်ပါပေ၏။ အာနန္ဒ၊ အလုပ်အကျွေးအရာ လွန် နှစ်သက်အပ်သော။ အာနန္ဒ၊ အာနန္ဒာမထေရ်၌။ ယာဒိသော၊ အကြင်သို့ ချစ်ခင်စုံမက် နှစ်သက်ခြင်း သဘောရှိတော် မူပေ၏။ အနန္ဒ၊ အလုပ်အကျွေးအရာ လွန်စွာ မနှစ်သက်အပ်သော။ သုနက္ခတ္တပိ၊ အလွန် ညစ်ညမ်း သုနက္ခတ် ရဟန်း၌ သော်လည်း။ တာဒိသော၊ ထို အရှင်အာနန္ဒာ သဖွယ် သဘောထားတော် မူနိုင်ပါပေ၏။

၄၀။ ယာဒိသော ပါလိလေယျမှီ
ဓနပလေပိ တာဒိသော
ယာဒိသော ဝချဉာတီသု
ဝိဋလှူဘေပိ တာဒိသော

ပါလိလေယျမှီ၊ ကိုယ်တော်မြတ်အား ဝပ်တွားရိုသေ လုပ်ကျွေးနေသော ပါလိလေယျက ဆင်တော်၌။ ယာဒိသော၊ အကြင်သို့ သနားခြင်းသဘော ရှိတော်မူ၏။ ဓနပါလေပို့၊ ကိုယ်တော်မြတ်ကို ထိုးမည်စိုက်စိုက် လိုက်၍ လာသော ဓနပလ ဆင်၌သော်လည်း။ တာဒိသော၊ ထို ပလိလေယျက ဆင်တော်နှင့်မခြား သနားခြင်းသဘော ရှိတော်မူပါပေ၏။ ၀ချဉာတီသု ဝဇ္ဈဉာတီသု၊ အသတ်ခံရသော ဆွေတော် မျိုးတော်တို့၌။ ယာဒိသော၊ အကြင်သို့အလွန်လျှင် ကြင်နာသနားခြင်း သဘောရှိတော်မူ၏။ ဝိဇ္ဇောပိ၊ ဆွေတော် မျိုးတော်တို့အား ရန်ငြိုးထား၍ သတ်သော ဝိဘ၌ သော် လည်း။ တာဒိသော၊ ထိုသို့ အသတ်ခံရသော ဆွေတော် မျိုးတော်တို့နှင့် မခြား သနားခြင်းသာ ရှိတော်မူ၏။

၄၁။ ယာဒိသော သသာဝကေသု
တိတ္ထိယေသု တာဒိသာ
ယာဒိသော ဝေဝ အတ္တမှိ
သဗ္ဗသတ္တေပိ တာဒိသော

သာဝကေသုပ်၊ ကိုယ်တော်မြတ်၏ တပည့် သားတော်တို့၌လည်း။ ယာဒိသော၊ အကြင်သို့ ချစ်ခင်သော သဘောရှိတော်မူ၏။ တိတ္ထိယေသုပ်၊ ဝိသဘာဂတိတ္တိတို့၌ သော်လည်း၊ တာဒိသော၊ ထိုကိုယ်တော်၏ တပည့် သားတော်တို့နှင့် ထပ်တူ ထပ်မျှ နှလုံးသားတော် မူနိုင်ပါပေ၏။ ။ ကိုယ်တော်ဘုရားတိုး၏။ အတ္တမှိ၊ ကိုယ်တော်မြတ်၌။ ယာဒိသာ၊ အကြင်သို့ ဥပဒ်ကင်းကွာ ချမ်းသာလိုသော သဘောရှိတော်မူ၏။ သဗ္ဗသတ္တပိ၊ အလုံး စုံသော သတ္တဝါများ၌လည်း ၊ တာဒိသော၊ ထိုသို့ ကိုယ်တော်မြတ်နှင့် ထပ်တူ ထပ်မျှ နှလုံးထားတော် မူနိုင်ပါပေ၏။

၄၂။ ဧတာဒိသံ မေတ္တီ မေတ္တံ
သဗ္ဗသုပ် ဒယ့် ဒယံ
သဗ္ဗသမ္ပိ သုခံ ဒေန္တ
ကော သက္ကာ အပိယေတဝေ

ဧတာဒိသံ၊ ဤသို့သဘောရှိတော်မူသော။ အမေတ္တံ၊ မချစ်နိုင်စလောက် သော သူဆိုး သူသွမ်းကိုလည်း ၊ မေတ္တီ မေတ္တံ၊ အလွန်ချစ်တော်မူပေသော။ သဗ္ဗေသုပိ၊ သူခပ်သိမ်းတို့၌လည်း။ ဒယံ ဒယံ၊ အလွန် သနားလေ့ရှိတော်မူ။ ၁။ သဗ္ဗသမ္ပိ၊ ခပ်သိမ်းသော သူတို့အားလည်း။ သုခံ၊ ချမ်းသာကို။ ဒေန္တ၊ ပေးတော်မူနိုင်ပေသော။ ဘဝန္တ၊ ကိုယ်တော်မြတ်ဘုရားကို။ ကော၊ အဘယ်မည်သောသူသည်။ အပိယေတဝေ၊ မချစ်ဘဲ နေခြင်း။ သက္ကာ၊ တတ်ကောင်းနိုင်ပါတော့အံ့နည်း။

၄၃။ ယာဒိသော ဝေရဉ္စ ဝဿ
တာဝတိံသေပိ တာဒိသော
ယာဒိသော သင်္ကဿ ပုရေ
ပါလိလေယျပိ တာဒိသော

ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဘစံ၊ ရှင်တော်မြတ်ဘုရားသည်။ ဝေရဉ္စ၊ ဝေရဉ္စ တိုင်း၌။ ဝသော၊ ဒုက္ခအရပ် ဆွမ်းတော်ပြတ်လျက် ဝါကပ်တော် မူသောအခါ၌။ ယာဒိသာ၊ အကြင်သို့ ဘောဇနသပ္ပယတရား မရငြားလျက် ညည်းတွားခြင်းမရှိ ပကတိသော သဘော ရှိတော်မူ၏။ တာဝတိ” သေပိ၊ သိကြားစံရာ ဝတီ ́ာဝယ် ဗြဟ္မာနတ်အပေါင်း သောင်းသောင်း အုတ်အာ ခြံရံကာလျက် ဝါကပ်တော်မူရာ အခါ၌လည်း တာဒိသော၊ ထိုဝေရဉ္စတိုင်းငယ် ဝါကပ်တော်မူသည်နှင့်မခြား မတက်ကြားအောင် နှလုံး ထားတော် မူနိုင်ပါပေ၏။ သင်္ကဿ ပုရေ၊ တာဝတ်”သာ နတ်ပြည်မှ ဆင်းသက်တော်မူပြီးနောက် သင်္ကဿနဂိုရ်ပြည်ကြီးသို့ ရောက်ရာ၌။ ယာဒိသာ၊ အကြင်ပတ္တမြားစောင်းတန်းဦးဝယ် အထူး နတ်လူတို့ပူဇော်ရာ ကောင်းစွာ ဝမ်းမြောက် ဝမ်းသာသော သဘောရှိတော်မူ၏။ ပါလိလေယျပိ၊ ပါလိ လေယျကတောဝယ် ကိုယ်တော်ထီးတည်း ဝါကပ်မီးတော်မူသော အခါ ၌လည်း။ ဒိသာ၊ ထို သင်္ကဿနဂိုရ် ပြည်ကြီးဝယ် ကပ်မှီတော်မူရသည်နှင့်မခြား သဘောထားတော်မူနိုင်ပါပေ၏။

၄၄။ ယာဒိသော ဧကကော မဂ္ဂ
ဝေသာလီ မဏ္ဏပိ တာဒိသော
ဧတာဒိသံ တာ" တာဒီ”
ကော သက္ကာ သဒ္ဒဟေတဝေ

ဧကကော မဆွေ၊ ကိုယ်တော်ထီးတည်း ခရီးကြွသွားတော်မူရာ အခါ၌ လည်း။ ယာဒိသော၊ အကြင်သို့ တက်ကြွ ထောင်လွှားခြင်းမရှိသော သဘော ထားတော်မူ၏။ ဝေသာလီ မပိ၊ ဗြဟ္မာနတ်လူ ထီးဖြူမိုးကာ ပန်းမိုးရွာ လျက် ဝေသာလီခေါ် ပြည်တော်အလှမ်း မြိုင်စခန်း၌ သော်လည်း။ တာဒိသော၊ ထိုသို့ ကိုယ်တော်ထီးတည်း ခရီးကြွသွားရသော အခါကဲ့သို့ပင် နှလုံးထားတော် မူနိုင်ပါပေ၏။ ဧတာဒိသံ၊ ထိုသို့ လာဘာ လာဘ ယသာယသ ယင်းနှစ်ကြောင့် မခွဲသောနှလုံး သဘောရှိတော်မူသော။ တာဒီ” ဒီ°၊ တာဒိ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော။ ဘဝန္တ၊ ကိုယ် တော်မြတ်ဘုရားကို။ကာ၊ အဘယ်သူသည်။ အသဟေတဝေ၊မယုံကြည်ဘဲ နေခြင်းငှာ။ သက္ကာ၊ တတ်စကောင်းပါတော့ အံ့နည်း။

၄၅။ ဧကေနာပိ ဝါ ပုညေန
အမဟန ကေန
ဧကရမ္ပိ ပူဇေန္တာ
သုခိတောဝ ဘဝ ဘဝေ
ဧဒီ” ဇာနံ ဘိသမ္ဗုဒ္ဓ
ဏာ သက္ကာ န ပူဇေတဝေ

ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဘဝန္တ၊ ရှင်တော်မြတ်ဘုရားကို။ အမဟတ္တေန၊ အဖိုးများစွာ မထိုက်။ ဧကေန ပုညေန၊ ပန်းတစ်ပွင့်ဖြင့်လည်းကောင်း။ ဧကေန ကေန၀၊ ရေတစ်လုံးဖြင့်လည်းကောင်း။ ဧကဝ ရမ္ပိ၊ တစ်ကြိမ်မျှ သော်လည်း။ပူဇော်၊ ပူဇေမိသောသူသည်။ ဘဝ ဘဝေ၊ ဘဝများ၌။ သုခိတာဝ၊ အလွန်တရာချမ်းသာခြင်းသို့ ရောက်သည် သာလျှင်တည်း။ ဧဒီ၊ ဤသို့သော သဘောကို။ ဇာနံ ဇာနန္တာ၊ ကျိုးကြောင်းထင်ထင် ဟုတ်တိုင်း သိမြင်သည်ရှိသော်။အဘိသမ္ဗုဒ္ဓံ၊ သမ္ဗုဒ္ဓသခင် ကိုယ်တော်အရှင်မြတ်ဘုရားကို။ ကော၊ အဘယ်သူသည်။ န ပူဇေတဝေ၊ မပူဇော်ဘဲ နေခြင်းငှာ။ သာ၊ တတ်ကောင်းပါတော့အံ့နည်း။

၄၆။ ဘိက်ပေါ၁ ဆဒ္ဒန္တ
ဂရုဠ် ဝိယ ဒေဘော
သိတုံ ဥဿဟန္တိပိ
နေဝ သာ ဝိဒ်သိတုံ

၄၇။ နောနန္တ မာရသေနာ
ဧ3" ဇာနံ တထာဂတံ
ဣဒ္ဓိမန္တော ဇုတိမန္တ
ကာ သာ နာ နမေတဝေ

ဘန္တေ၊ မြတ်စွာဘုရား။ ဘိက်ရွှံ-ပေါ, ဖွားစနုနယ် ဆင်သူငယ်သည်။ ဆဒ္ဒန္တ၊ ဆဒ္ဒဆင်မင်းကို၊ ဒေဘော ၊ ရေမြေ့သည်။ ဂရုဠ်၊ ဂဠုန်မင်း။ ဒ်သိတုံ၊ ဖျက်ဆီးခြင်း။ န သက္ကာ ယထာ၊ မတတ်နိုင်သကဲ့သို့၊ အနန္တာ၊ အတိုင်းမသိလွန်သော။ အနေကာ၊ များစွာလွန်သေ။ မာရသေနာ၊ မာရ်စစ် သည်ရှိသည်။ တထာဂတံ၊ ကိုယ်တော်ဘုရားကို။ ဒီသိတုံ၊ ဖျက်ဆီးခြင်း။ ဥဿဟန္တိပိ၊ လွန်စွာအားထုတ်ကြသော်လည်း၊ ဝိဒသိတုံ၊ ဖျက်ဆီးခြင်းငှာ။ နေဝ သက္ကာ၊ မတတ်နိုင်ကြကုန်။ ဧဒီ°၊ ဤသို့သော အခြင်းအရာကို။ ဇာနံ ဇာန၊ သိသည်ရှိသော်။ ဣဒ္ဓိမန္တ၊ တန်ခိုးကြီးသော။ ဇုတိမန္တာ၊ အာနုဘော်ကြီးသော။ ကာ၊ အဘယ်သူသည်။ တထာဂတံ၊ ကိုယ်တော်မြတ် ဘုရားကို။ နာ နမေတဝေ၊ မညွတ်ကျိုးဘဲ နေခြင်းငှာ။ သာ၊ တတ် ကောင်းပါတော့အံ့နည်း။

၄၈။ မဏယော ကေတဝေ1 လောကေ
ဒိဝ ကရေန ဇောဘရေ
| ပဒုမာနိ စ ပုပ္ပာနိ
ဧတေနေဝ သုပုပ္ပါရေ

ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ လောကေ၊ လောက၌။ မဏယာ ကေတ ဝေ၊ ပတ္တမြားမှန်ကင်းရှိသည်။ ဒိဝါကရေနံ၊ နေမင်းအရောင်ကြောင့်သော်သာလျှင်။ ဇောတရေ၊ အရောင်ဖြိုးပြက် တလက်လက် ထွန်းတောက် ပနိုင်ကုန်၏။ ပဒုမာနိ စ ပုပ္ပာနိ၊ ပဒုမ္မာကြာပန်းတို့သည်လည်း။ ဧတေနေဝ၊ ထိုနေရောင်ကြောင့်သာလျှင်။ သုပ္ပရေ၊ ကားကားရင့်ရင့် ပွင့်နိုင်ကြကုန်၏။

၄၉။ သုတဝန္တ ပညဝ
သီလဝန္တာ စ သဗ္ဗယော
ဘောန္တ နိဿာယ တန္တိ
နရာနရေဟိ ပူဇိတာ

တထာ၊ ထိုနည်းအတူ။ လောကေ၊ လောက၌။ သုတဝန္တာ၊ သုတရှိကုန်သော။ ပညဝပညာရှိကုန်သော။ သီလဝန္တာ၊သီလရှိကုန်သော။သတ္တာ၊ သူတော်ကောင်းဟူသမျှတို့သည်။ န္တ၊ ကိုယ်တော်မြတ်ကို။ နိဿယ၊ အမှီပြုကြကုန်သည်ဖြစ်၍သာလျှင်။ နရာ နရေဟိ၊ နတ်လူတို့သည်။ ပူဇိတာ၊ ပူဇော်အပ်ကုန်သည်ဖြစ်၍။ တန္တိ၊ မိမိတို့ ဂုဏ်ရောင် ပြောင်ပြောင် တောက်ကြရကုန်၏။

၅၀။ 3” ဇာနံ ဘိသမ္ဗုဒ္ဓံ
သာသနေ ဗာဟိရေပိ ဝါ
သုတန္တ ပညဝ
ကေ သက္ကာ ဥဿာယေတဝေ

ဧဒီ°၊ ဤသိုသော သဘောကို။ ာနံ ဇာန၊ သိကြကုန်သည်ရှိသော်။ သာသနေဝါ၊ သာသနာတော်၌လည်းကောင်း၊ ဗာဟိရေ ၀၊ ပရိဗ္ဗာဇက တိတ္ထိတို့ဘောင်၌သော်လည်းကောင်း။ ကေ သုတဝန္တာ၊ အဘယ် သုတ ရှိကုန်သော သူတို့သည်။ ကေ ပညဝန္တာ၊ အဘယ်ပညာရှိကုန်သော သူတို့သည်။ အဘိသမ္ဗ၊ ကိုယ်တော်မြတ်ဘုရားကို။ ဥသယေတဝေ၊ ငြူစူခြင်း။ သက္ကာ၊ တတ်ကောင်းကုန်အံ့နည်း။

၅၁။ ယံ ယံသာ သုကရေဟိ
မဏိဂုဟာ ပာပဘာ
မက္ မက္ခမ္မိ နတ္တေဟိ
ဗုဒ္ဓဝဏ္ဏ ပဘာပဒံ
ဧတသူ ဥဿယပို
ကာ တံ စိန္တ မကွေ့တဝေ

သုကရေဟိ၊ ပတ္တမြားရောင် တောက်သဖြင့် ကျားကို ကြောက်ကုန်သော ဝက်ရှိသည်။ မဏိဂုဟာ၊ ပတ္တမြားဂူကို သံသာ သံဃာ၊ အရောင် ပျက်စိမ့်သော အခါခါ ပွတ်တိုင်းပွတ်တိုင်း။ မဏိဂုဟာ၊ ပတ္တမြားဂူသည်။ ပဘာ ပဘာ၊ အရောင်ထက် အရောင်သည် သာလျှင်။ ဇာတာ၊ ဖြစ်လေ၏။ တထာ၊ ထိုနည်းအတူ။ နဟိ၊ နဂ္ဂတိတ္ထိငါးရာတို့သည်။ ဗုဒ္ဓဝဏ္ဏ၊ မြတ်စွာ ဘုရား ဂုဏ်ကျေးဇူးတော်ကို။ မကံ မက္ခမ္ပိ၊ ငြူစူစိတ်ထွက် ချေဖျက်တိုင်း ချေဖျက်တိုင်းလည်း။ ဗုဒ္ဓဝဏ္ဏ၊ ဘုရားဂုဏ်ကျေးဇူးတော်သည်။ ပဘာပတံ၊ အရောင်ထက် အရောင်သာလျှင်။ ဇာတံ၊ ဖြစ်ခဲ့လေ၏။ ဧတည့၊ ဤသိုသော အဖြစ်ကို သိသည်ရှိသော်။ ဥဿယပိ၊ ငြူစူကြသော်လည်း။ တံ၊ ထို ကိုယ်တော်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို။ ကော၊ အဘယ်သူသည်။ မကွေ တဝေ၊ ချေဖျက်ခြင်းငှာ။ စိန္တေ၊ ကြံ့ဝံ့တော့ပါအံ့နည်း။

၅ ၂။ မေရုပတ္တဟိ ဒါမေဟိ
ဗြဟ္မာ ဗြဟ္မာ သုပူဇယ်
သမ္ဗု ဒိနေ ဒိနေပို
ဝိသာခါ နာထပိဏ္ဍိကာ

မေမတ္တေဟိ၊ မြင်းမိုရ်တောင်လုံးမျှ ပမာဏရှိကုန်သော။ဒါမေဟိ၊ရတနာ ပန်းဆိုင်း ပန်းကုံးတို့ဖြင့် ဗြဟ္မာ ဗြဟ္မာ၊ ဗြဟ္မာသေဌ်နင်း သဟမ္ပတိ ဗြဟ္မာ မင်းသည်။ သမ္မ၊ သုံးလူ့ထွတ်တင်ဘုရားရှင်ကို။ သုပူဇယိ၊ပူဇော်လာလေပြီ။ ဝိသာခါနာထပိဏ္ဍိကာ၊ ဝိသာခါ အနာထပိဏ် သူဌေးရှိသည်။ ဒိနေ ဒိနေ။ နေ့တိုင်း နေ့တိုင်း။ အပူဇ၊ အထူးထူး အထွေထွေ ပူဇော်ကြလေကုန်ပြီ။

၅ ၃။ ဧဒီ” ဇာနံ ဓိမာသဒ္ဓါ
ပုညေန ဥဒကေန ဝါ
ဒိနေ ဒိနေ ပူဇေန္တာ
ကော သ သန္တဿတဝေ

ဒိ၊ ဤသို့သော အခြင်းအရာကို။ ဇာနံ ဇာန၊ သိသော။ ဓိမာ သန္ဓေ၊ သဒ္ဓါတရားရှိသော ပညဝါပုဂ္ဂိုလ်သည်။ ဘဝန္တ၊ ကိုယ်တော်မြတ် ဘုရားကို။ ပုပ္နဝါ၊ ပန်းဖြင့်လည်းကောင်း၊ ဥဒကေန ၊ ရေဖြင့်လည်းကောင်း။ ဒိနေဒိနေ၊ နေ့တိုင်းနေ့တိုင်း။ ပူဇော်ပို၊ ပူဇော်ရသော်လည်း။ သန္တဿတဝေ၊ တင်းတိမ်အားရနိုင်ခြင်းငှာ။ ကော သက္ကာ၊ အဘယ်သူ တတ်ကောင်းပါအံ့နည်း။

၅၄။ ဂဗ္ဗတော မာတု နိက္ခန္တ
ဗောဓိသတ္တိ အပူဇယုံ
နေကဆတ္တေဟိ ဗြာနော
ဒေဝ ဒေဝါ သဣန္ဒကာ

မာတုဂဗ္ဗတော၊ မယ်တော်ဝမ်းမှ။ နိက္ခန္တု၊ ဖွားတော်မူသော။ ဗောဓိ သတ္တံ့၊ အလောင်းတော်မြတ်ကိုသဣန္ဒကာ၊သိကြားနှင့်တက္ခကုန်သော။ ဒေဝါ၊ နတ်တကာတို့သည်လည်းကောင်း၊ ဗြဟ္မာ၊ ဗြဟ္မာတို့သည်လည်းကောင်း၊ နေကဆတ္တေဟိ၊ များစွာသော ထီးအဆင့်ဆင့်တို့ဖြင့်။ အပူဇယုံ၊ ပူဇော်ကြလေကုန်ပြီ။

၅၅။ ဧ3" သရံ ဓိမာသရွေ့
အနေကေဟိ ဆတ္တဒီဟိ
ဒိနေ ဒိနေ ပူဇော်ပိ
ကော သက္ကာ သန္တ'သောတဝေ

၊ ဤသို့သော အခြင်းအရာကို။ သရံ သရ၊ အောက်မေ့သော။ သန္ဓေ၊ သဒ္ဓဘရားရှိသော၊ ဓိမာ၊ ပညာရှိသည်။ အနေကေဟိ၊ များစွာ ကုန်သော။ ဆတ္တာဒီဘိ၊ ထီး အစရှိသည်တို့ဖြင့်။ ဒိနေ ဒိနေ၊ နေ့တိုင်း နေ့တိုင်း။ ပူဇော်ပိ၊ ပူဇော်ရသော်လည်း ၊ အဘယ်သူသည်။ သန္တဿတဝေ၊ တင်းတိမ်အားရခြင်း။ သက္ကာ၊ တတ်ကောင်းပါအံ့နည်း။

၅၆ ။ ယာဒိသော ကောသလဘတ္တေ
ပုဏ္ဏပူဇော်ပိ တာဒိသော
ယာဒိသော ကပ္ပစီဝရေ
ပံသုကူလေပိ တာဒိသော

ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဘစံ၊ ရှင်တော်မြတ်ဘုရားသည်။ ကောသလ ဘတွေ၊ ကောသလမင်းကြီး၏ သုဓာဘုတ်ဆွမ်း၌၊ ဃာဒိသော၊ အကြင်သို့ မဆန့်ကျင် ကြည်လင် နှစ်သက်သော သဘောရှိတော်မူ၏။ ပုဏ္ဏပူဝေပိ၊ ပုဏ္ဏမည်ရ ကျွန်မပြုလုပ် ရဲမုန့်ဆုပ်၌သော်လည်း။ တာဒိသော၊ ထိုကောသလ မင်းကြီးဆွမ်းနှင့်အတူ ကြည်ဖြူနှစ်သက်တော် မူနိုင်ပါပေ၏။ ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဘဝံ၊ ရှင်တော်မြတ်ဘုရားသည်။ ကပ္ပစီဝရေ၊ ကမ္ဘာ့တန်ဆာ ဗြဟ္မာလှူသည့်ရွှေသင်္ကန်း၌။ ယာဒိသော၊အကြင်သို့ နှစ်သက်ဝမ်းမြောက် တော်မူသော သဘောရှိတော်မူ၏။ ပံသုကူလေပိ၊ လူသေကောင်မှ ပိုးလောက် ချ၍ ခွာယူရသော ပံ့သကူသင်္ကန်း၌သော်လည်း။ တာဒိသော၊ ထိုသို့ ဗြဟ္မာ လှူဒါန်း ကြာသင်္ကန်းနှင့်မခြား နှလုံးထားတော်မူနိုင်ပါပေ၏။

၅၇။ ဃာဒိသော လောဟပသာဒေ၊
ရုက္ခမူလေပိ တာဒိသော။
ယာဒိသော ပုတိဂေါမုတ္တေ၊
ဒိာသပိ တာဒိုသော။
ဧဒို” ဇာနံ ဓိမာသဒ္ဓါ၊
ကော ဝေါ သာ အဒတဝေ။

ဘန္တေ၊ မြတ်စွာဘုရား။ ဘဝံ၊ ကိုယ်တော်မြတ်ဘုရားသည်။ လောဟပါး သာဒေ၊ ဝိသာခါသည် သဒ္ဓပြတ်ပြတ် ဆောက်လုပ်အပ်သော ကြေးပြာသာဒ် ကျောင်းတော်၌။ ယာဒိသော၊ အကြင်သို့ ချမ်းမြေ့သာယာ ကောင်းစွာ မွေ့လျော်တော်မူသော သဘောရှိတော်မူ၏၊ ရုက္ခမူလေပိ၊သစ်ပင်ရင်း၌လည်း။ တာဒိသော၊ ထိုကြေးပြာသာဒ်နှင့်အတူ ကြည်လင်တော်မူသောသဘောရှိတော် မူ၏။ ဘန္တေ၊ မြတ်စွာဘုရား။ ဘဝံ၊ ရှင်တော်မြတ်ဘုရားသည်။ ပုတိဂေါ မုတ္တ၊ နွားကျင်ငယ်ပုပ်ဆေး၌။ ယာဒိသော၊ အကြင်သို့ နှစ်သက်ခြင်း ကင်း ဝေးသော သဘောရှိတော်မူ၏။ ဒိာသခေပိ ၊ ဩဇာကြိုင်မွှေး နတ်တိုဆေး၌သော်လည်း။ တာဒိသော၊ ထိုဂေါ်မုတ်ဆေးနှင့်အဘူ နှလုံးထားတော်မူနိုင် ပါပေ၏။ ဧ3°၊ဤသို့ ရောင့်ရဲလွယ်တော်မူသော သဘောကို။ာနံ ဇာနာ၊ သိသည်ရှိသော်။ ဓိမာ၊ ပညာရှိသော၊ ကော သန္ဓေ၊ အဘယ်သဒ္ဓါတရား ရှိသောသူသည်။ ဝေ၊ ကိုယ်တော်ဘုရားတို့အား။ အဒ တဝေ၊ မလှူဘဲ နေခြင်း။ သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။

၅၈။ ဒုဋ္ဌ ဇနံ ကလုဿီယံ၊
ဧကန္တ ပါယဂါမိနံ။
ဧကပုညေန ပူဇေ၊
သက္ကာပယာ သုဘာရိတုံ။
" ဇာနံ ဓိမာသ၊
သော ပေ သာ အဒါတဝေ။

ဧကန္တ၊ စင်စစ်။ ဒုဋ္ဌ၊ ဆိုးသွမ်းညစ်ညမ်းသော။ ကာလသိယံ၊ မကောင်းမှု တို့ဖြင့် ညစ်ညူး ။ အပါယာမိနံ၊ အပါယ်ဘိုလားလတ္တံ့ သော။ ဇနမှို၊ လူကိုသော်လည်း၊ ဝေ၊ ကိုယ်တော်မြတ်တို့အား။ ဧကပုညေန၊ ပန်းတစ်ပွင့် ဖြင့်။ ပူဇေန္တ၊ ပူဇော်လာသောသူကို။ အပါယာ၊ အပါယ်ဘေးကြီးမှ။ သုတာရိတုံ၊ ကောင်းစွာ ကယ်တင်တော်မူခြင်း။ သက္ကာ၊ တတ်စွမ်းတော် မူနိုင်ပေ၏။ ဧဝံ၊ ဤသို့ အနည်းငယ်လှူဒါန်းအပ်သည့် ဝတ္ထုနှင့် အဆမတန် အကျိုးပေးတော်မူနိုင်သော သဘောကို။ ဇာနံ ဇာနာ၊ သိသည်ရှိသော်။ ဓိမာ၊ ပညာရှိသော၊ ကော သဒ္ဓ၊ အဘယ်သဒ္ဓါတရားရှိသူသည်။ ဝေ၊ ကိုယ်တော်ဘုရားတို့အား။ အဒတဝေ၊ မလှူဘဲနေခြင်း။ သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။

၅၉။ လာဘေန ဥန္ဒတော လောကော၊
အလာဘေန စဝေါနတော။
လာဘာလာဘာ ဧကာနံ၊
ကော သက္ကာ အမာနေတဝေ။

ဘန္တေ၊ရွှေဘုန်းတော်ရှင်လောကော၊ လူများအပေါင်းသည်။ လာဘေန၊ လာဘ်ရခြင်းကြောင့်။ ဥမ္မတော၊ ထက်လူသည် ကျူပင်ပမာ ဝင့်ဝါတက်ကြွား ထောင်လွှားတတ်၏။ အလာဘေန၊ လာဘ် မရခြင်းကြောင့်လည်း ၊ ဝေါနတော၊ ဆုတ်နစ်စိတ်ကွက် နှောင့်ယှက်လျော့ပါး ပျက်ပြားတတ်၏။ လာဘာ လာဘာ၊ ဇာဘ်ရခြင်း လာဘ်မရခြင်း နှစ်ပါးကြောင့်။ ဧကာနံ၊ မထူးမခြား တစ်ပါးတည်း အဖြစ်၌ တည်တော်မူနိုင်ပေကုန်သော။ ဝေ၊ ကိုယ်တော်ဘုရား တို့အား။ ကော၊ အဘယ် သူသည်။ အမာနေတဝေ၊ မမြတ်နိုးဘဲ နေခြင်းငှာ။ သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။

၆၀။ ယသေန ဥမ္မာ လောကော၊
အယသေန စ ဝေါနတော။
ယသာ ယာ ဧကဌာနံ၊
သက္ကာ အမာနေတဝေ။

လောကော၊ လူများအပေါင်းသည်။ယသေန၊ မိမိ၌ဆိုက်ရောက်လာသော ကောင်းသောသတင်း ကျော်စောခြင်းကြောင့်။ ဥမ္မတော၊ ဝမ်းမြောက် ကြည်လင် ပျော်ရွှင်တက်ကြွတတ်၏။ အယသေန၊ မကောင်းသတင်း နှံခြင်းကြောင့်။ ဝေါနတော၊ နှလုံးမသာ မျက်နှာမရွှင် ဆန့်ကျင် ဆုတ်နစ်တတ်၏။ ယသာ ယသာ၊ မိမိ၌ဆိုက်ရောက်လာသော မကောင်းသတင်း ကောင်းသတင်း နှစ်ပါးကြောင့်။ ဧကာနံ၊ အထူးရှိတော်မမူကုန်သော။ ဝေါ၊ ကိုယ်တော် ဘုရားတို့အား။ ကော၊ အဘယ်သူသည်။ အမာနေတဝေ၊ မမြတ်နိုးဘဲနေခြင်း။ သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။

၆၁။ ပသံသာ ဥစ္စတော လောကော၊
နိဒ္ဒနာပိ စ ဝေနတာ။
သံဃာနိန္ဒာ ကာနံ၊
ကော သက္ကာ အမာနေတဝေ။

လောကော၊ လူအပေါင်းသည်။ ပသံသာ၊ ချီးမွမ်းခံရခြင်းကြောင့် ဥမ္မတော၊ ဝမ်းသာဝမ်းမြောက် တက်ကြွခြင်းသို့ ရောက်တတ်၏။ နိဒ္ဒန၊ ကဲ့ရဲ့ရှုတ်ချခံရခြင်းကြောင့်။ ဝေါနတော၊ စိတ်ဆိုးစိတ်ကွက် စိတ်ပျက်တတ်၏။ သံသာနိန္ဒာ၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း နှစ်ပါးကြောင့်။ ဧကနံ၊ အထူးမရှိ သည်းခံတော်မူနိုင်ပါကုန်သော။ ဝေါ၊ ကိုယ်တော်မြတ်ဘုရားတို့အား။ ကော၊ အဘယ်သူသည်။ အမာနေတဝေ၊ မမြတ်နိုးဘဲနေခြင်းငှာ။ သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း ။

၆၂။ သုခေန ဥန္တာ လောကော၊
ဒုက္ခေနာပို စ ဝေါနတော။
သုခါ ဒုက္ခာ ကာနံ၊
ကော သက္ကာ အမာနေတော။

လောကော၊ လူအပေါင်းသည်။ သုခေန၊ ပစ္စည်း ဥစ္စာ ချမ်းသာ ကြွယ်ဝခြင်းကြောင့်။ ဥန္တ၊ ဝမ်းမြောက်ဝမ်းသာ ဝင့်ဝါကျော့ကြမ်း ကုသိုလ်ရေး၌ လျှမ်းတတ်၏။ ဒုက္ခေန၊ ရာထူးလက်မဲ့ ဥာဖွဲ့၍ ကျိုးမဲ့ ဖြစ်ရ ဒုက္ခတွေကြုခြင်းကြောင့် ဝေဒနာ၊ စိတ်ပျက်ပူပင် မရွှင်ညှိုးနွမ်း အကုသိုလ်ရေး၌ သော့သွမ်းတတ်၏။ သုခါ ဒုက္ခာ၊ ချမ်းသာဆင်းရဲ နှစ်ပါး လုံးကြောင့်၊ ဧကဋ္ဌဌာနံ၊ မဆူးမခြား တသားတည်း၌ တည်တော်မူနိုင်ပေကုန် သာ။ဝေ၊ ကိုယ်တော်မြတ်တို့အား။ကော၊အဘယ်သူသည်။ အမာနေတဝေ၊ မမြတ်နိုးဘဲနေခြင်းငှာ။ သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။

၆၃။ ဒတ္တိံသ မဟာပုရိသ၊
လက္ခဏေဟိ ဥပေတကံ။
သောဝဏ္ဏ ကာယံ ပဿန္တော၊
ကော သက္ကာ နပ္ပသီဒိတုံ။

ဘန္တေ၊ မြတ်စွာဘုရား။ ဝေ၊ ကိုယ်တော်မြတ်ဘုရားရှိ၏။ ဒွတ္တိံသမဟာ ပုရိသလက္ခဏေဟိ၊သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော် တိုနှင့်။ ဥပေတကံ၊ ပြည့်စုံတော်မူသော။ သောဝဏ္ဏ၊ ရွှေအဆင်းကဲ့သို့ ပြောင်ပြောင်ဝင်းသော အဆင်းရှိတော်မူသော။ ကာယံ၊ ကိုယ်တော်မြတ်ကို။ ပဿ၊ မြင်တော်မူသည်ရှိသော်။ ကော၊ အဘယ်သူသည်။ ဘောန္တ၊ ကိုယ်တော်မြတ်ဘုရားကို။ နပ္ပသီဒိတုံ၊ မကြည်ညိုဘဲ နေခြင်းငှာ။ သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။

၆၄ ။ ဗုဒ္ဓေါ ဗီဂျေတိ ဿာပို၊
ဒုလ္လဘော ဣဓ ဘူဝနေ။
ဧဒီ” ဇာနံ ဘောန္တ ပဿ၊
ကော သက္ကာ နပ္ပသီဒိတုံ။

ဣဓ ဘူတနေ၊ ဤလောကဓာတ်၌။ ဗုဒ္ဓေါ ဗုဒ္ဓတိ သပိ၊ ဘုရား ဘုရားဟူသော အသံကို သော်လည်း။ ဒုလ္လဘော၊ အလွန်ရခဲ၏။ ဧဒီ”၊ ဤသို့ ဘုရားသခင်တို့အား ကြားရမြင်ရ တွေရခဲသည်၏ အဖြစ်ကို။ ဇာနံ ဇာနန္တ၊ သိကြသည်ရှိသော်။ ဘဝန္တ၊ ဘဝဂ်တိုင်အောင် ပြန့်လှိုင်ကျကျော်စော တော်မူဘဲ ကိုယ်တော်ဘုရားကို၊ ပဒံ ပဿန္တိ၊ ဖူးမြင်ရသာ။ ကော၊ အဘယ်သူသည်။ ဘောန္တ၊ ကိုယ်တော်မြတ်ကို။ နပ္ပသီဒိတုံ၊ မကြည်ညိုဘဲ နေခြင်း။ သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။

၆ ၅။ နက္ခတ္တာနံ ခံ စန္ဒာ၊
အာဒိစ္စေ တပတံ မုခံ။
ပဗ္ဗတာနံ သုခံ မေရု၊
သမ္ဗုဒ္ဓေါ ဓိမတံ သုခံ။ ။
ဧ° ဇာနံ ဓိမာ သန္တာ၊
ကော သက္ကာ နပ္ပသီဒိတုံ။

ဘန္တေ၊ ရွှေဘုန်းတော်ရှင်။ ဣဓ ဘူတနေ၊ ဤလောကဓာတ်၌။ နက္ခတ္တာနံ၊ နက္ခတ်အပေါင်းတို့တွင်။ စန္ဒာ၊ လမင်းသည်။ မုခံ၊ အကြီးအမှူးတည်း။ တပတံ၊ တောက်ပတတ်သော ဝတ္ထုဟူသမျှ အပေါင်းတို့တွင်။ အာဒိ၊ နေမင်းသည်။ မုခံ၊ အကြီးအမှူးတည်း။ ပဗ္ဗာနံ၊ တောင်ဟူသမျှတို့တွင် မေရု၊ မြင်းမိုရ်တောင်မင်းသည်။ မုခံ၊ အကြီးအမှူးတည်း။ ဓိမတံ၊ ပညာ ရှိကုန်သော သူတို့တွင်။ သမ္ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ မုခံ၊ အကြီးအမှူးတည်း။ ဧဒီ“ ဤသို့သော သဘောကို။ ဇာနံ အနန္တ၊ သိသည်ရှိသော်။ မိမာ၊ ပညာရှိသော။ ကော သန္တာ၊ အဘယ်သူတော်ကောင်းသည်။ ဘောန္တ၊ ကိုယ်တော်မြတ်ဘုရားကို။ နပ္ပသီတုံ၊ မကြည်ညိုဘဲ နေခြင်းငှာ။ သက္ကာ၊ တတ်ကောင်းပါတော့အံ့နည်း။

၆ ၆။ ဒုဗ္ဗနေပိ သတ္တသု၊
အနုကမ္မန္တိ သာဓဝေါ။
ကုဋီနမ္ပိ နာသိကဆွေ၊
ကုက္မံ သုရဘိ” ဇနေ။

ဒုဇ္ဇနေသုပိ သတ္တသု၊ မသူတော်ဖြစ်ကုန်သော သတ္တဝါတို့၌သော်လည်း။ သာဓဝေါ၊ သူတော်ကောင်းရှိသည်။ အနုကမ္မန္တိ၊ ချီးမြှောက်နိုင်ကြကုန်၏။ ကုဋီနမ္မိ၊ နူနာရှိကုန်သော သူတို့၏လည်း။ နာသိကဆွေ၊ နှာခေါင်းဖျား၌။ ကုဋ်မံ၊ မာလာကို နံ့သာမှုန့်သည်။ သုရဘိ”၊ သင်းပျံမွှေးကြိုင် ရနံ့လှိုင် သည်ကို။ ဇနေ၊ ဖြစ်စေနိုင်၏။

၆၇။ ဗာလကေသုပိ သတ္တသု၊
ဒယံ ကုဗ္ဗန္တိ သာဓဝေါ။
မာနမ္ပိ ဟိ သမ္မခေ၊
နှ စန္ဒာ ကောမုဒံ ဟရေ။

ဗာလကေသုပိ သတ္တသု၊ မိုက်လှစွာသော သတ္တဝါတို့၌ သော်လည်း။ သာဓဝေါ၊ သူတော်ကောင်းရှိသည်။ ဒယံ၊ သနားခြင်း ကရာကို။ ကုဗ္ဗန္တိ၊ ပြုနိုင် ပွားနိုင်ကြကုန်၏။ ဟိ၊ ဆိုသင့်စ္စ၊ မဂနမ္မိ၊ သားသမင်တို့၏လည်း။ သမ္မခေ၊ မျက်မှောက်၌။ စန္ဒာ၊ ကောင်းကင် အဝှန်း၌ တက်၍ ထွန်းသော လမင်းသည်။ ကောမုဒုံ၊ မိမိထိန်းနေကျအရောင်အလင်းကို။ န ဟရေ၊ မပယ်။

၆၈။ ဝေရီသုပိ စ သတ္တသု၊
န ဝိဟိ”သန္တိ သာဓဝေါ။
သုဝဏ္ဏမ္ပိ ဟိ အတ္တာနံ၊
ရခယံ န ကုဒါ ဒဟေ။

ဝေရီသုပ် စ သတ္တသု၊ ရန်သူဖြစ်သော သတ္တဝါတို့၌ သော်လည်း။ သာဓဝေါ၊ သူတော်ကောင်းရှိသည်။ န ဝိဟိ”သန္တိ၊ မညှဉ်းဆဲကြကုန်။ ဟိ၊ ဆိုသင့်။ သုဝဏ္ဏ၊ ရွှေရတန ၁သည်။ အတ္တာနံ၊ မိမိကို။ ရန္တ၊ ကျိုချက် ညှဉ်းဆဲသောသူကို သော်လည်း။ ကုဒ၊ တစ်ရံတစ်ခါမျှ။ န ဒဟေ၊ မလောင်။

၆၉။ ဒုပ္ပညသုညိ သတ္တေသု၊
နာမညန္တိ ပဏ္ဍိတာ။
အန္ဓာနမ္ပိ ဟိ သမ္မခေ၊
စက္ခုမာ နမ္မတံ ဂတော။

ဒုပ္ပညသုပိ သတ္တသု၊ သုတဝေးကွာ ပညာမရှိသော သူတို့၌သော်လည်း။ ပဏ္ဍိတာ၊ ကျိုးကြောင်းမျှော်ဘိ ပညာရှိကုန်သော သူတို့သည်။ နာမညန္တိ၊ မထီမဲ့မြင် မရိုမသေ မပြုကြကုန်။ ဟိ၊ ဆိုသင့်၏။ အန္ဓာနမ္ပိ၊ သူကန်းတို့၏ လည်း။ သမ္မခေ၊ မျက်မှောက်၌။ စက္ခုမာ၊ မျက်စိအမြင်ရှိသောသူသည်။ အတံ၊ ကန်းသည်၏ အဖြစ်သို။ န ဂတော၊ မရောက်။

၇၀။ ဒုဿီလေသုပိ သတ္တေသု၊
န ဝိရောသေန္တိ သီလဝါ။ ။
နဉ္စနမ္ပိ ဟိ သမ္မခေ၊
န ပေသော နဂ္ဂတံ ဂတော။

ဒုဿီလေသုပိ သတ္တသု၊ သီလမရှိသော သူတို့၌သော်လည်း။ သီလဝါ သီလဝန္တာ၊ သီလရှိသော သူတို့သည်။ န ဝိရောသေန္တိ၊ မချုပ်မချယ် မစောင်းခြင်းကြကုန်။ ဟိ၊ ဆိုသင့်။ နဂ္ဂနမ္ပိ၊ အဝတ်မရှိ နေနိုင်ဘိသော သူရူး တို၏လည်း။ သမ္မခေ၊ မျက်မှောက်အနီး၌။ ပေါသော၊ လူတန်းစေ့သော သူသည်။ နဂ္ဂတံ၊ အဝတ်မရှိ အချည်းနှီး၏ အဖြစ်သို။ န ဂတော၊မရောက်။

၇၁။ ဒုဗ္ဗစေသုပိ သတ္တသု၊
နာဝကုဇ္ဈန္တိ ပဏ္ဍိတာ။
အတေကိစ္ဆဿ သမ္မခေ၊
ဘိသဏ္ဌာ န မတံ ဂတော။

ဒုဗ္ဗစေသုပို သတ္တသု၊ ဆိုနိုင်ခက်သူ ကျင့်မဖြူသော သူတို့၌သော်လည်း ။ ပဏ္ဍိတာ၊ ဆုံးမတတ်သူ ပညာရှိတို့သည်။ နာဝကုန္တိ၊ ဆုံးမ၍ မရသည့်တွက်ကြောင့် စိတ်ကွက်စိတ်ပေါက် ဒေါသမရောက်ကြကုန်။ ဟိ၊ ဆိုသင့်။ အတေ ကိစ္ဆဿ၊ ဆေးကု၍မရသော သူနာ၏။ သမ္မခေ၊ မျက်မှောက်၌။ ဘိုသက္ကာ၊ ဆေးသမားသည်။ မတံ၊ သေခြင်းသို။ န ဂတာ၊ မရောက်။

၇၂။ အဇာနန္တသုပိ သတ္တေသု၊
ဓမ္မံ ဒေသေန္တိ သာဓဝေါ။
အဂမ္ဘီရေသုပ် ခေတ္တသု၊
မဟာဒေဝေါ ဘိဝဿယေ။

အဇာနန္တသုပို သတ္တေသု၊ ဟောအပ်သော တရားကို နားမဝင် နား မလည်ကုန်သော သူတို့၌သော်လည်း။ သာဓဝေါ၊ သူတော်ကောင်းရှိသည်။ ဓမ္မံ၊ တရားတော်ကို၊ ဒေသန္တိ၊ ဝါသနာပစိမ့်သောငှာ ကျောင်းဟာ ပြောကြကုန်၏။ ဟိ၊ ဆိုသင့်စူး၊ အဂမ္ဘီရေသုပ် ခေတ္တသု၊ လယ်တိမ် လယ်၌သော်လည်း။ မဟာဒေဝေ၊ မိုးကြီးသည်။ အဘိဝဿဃော၊ ရွာလေတော့၏။

၇၃။ နိဂ္ဂဏေသုပိ သတ္တသု၊
ပညံ သိက္ခန္တိ သာဓဝေ။
စာလာနမ္ပိ ဂမေသု၊
မဟာမေဃ န ဝဇ္ဇယေ။

နိဂ္ဂုဏေသုပိ သတ္တသု၊ ဂုဏ်မရှိကုန်သော သူတို့၌သော်လည်း။ သာဓဝေါ၊ သူတော်ကောင်းရှိသည်။ ပညံ၊ အတတ်ပညာကို။ သိက္ခန္တိ၊ သင်ပြင် ပြသကြ ကုန်၏။ ဟိ၊ ဆိုသင့်စွဲ။ စာလာနံ၊ ဒွန်းစဏ္ဏားတို၏။ ဂမေသုပ်၊ ရွာတို့၌သော်လည်း၊ မဟာမော၊ ကောင်းကင်အလုံး ချုန်း၍ရွာသော မိုးကြီး သည်။ န ဝဇ္ဇယေ၊ မကွင်းမကြည်။

၇၄။ ° သရံ သန္တ သန္တာ၊
သဗ္ဗေသံ ဒုဇ္ဇနာဒိနံ။
ဒယံ မေတ္တီ သုဇနော၊
အနုဂ္ဂဏှန္တိ သဗ္ဗဒါ။

ဧဒိ'၊ ဤသို့သော သဘောခြင်းရာကို သရံ သရ၊ အောက်မေ့ကြ ကုန်သည်ဖြစ်၍။ သန္တာ၊ သူတော်ကောင်း သာမန်ထက်။ သန္တာ၊ သူတော်ကောင်းဝိသေသ ဖြစ်ကြကုန်သော သူတို့သည်။သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော။ ဒုဇ္ဇနာနံ၊ မသူတော်အစရှိကုန်သော သူတိုအားသော်လည်း။ ဒယံ ၊ သနား ခြင်း ကရုဏာကိုလည်းကောင်း၊ မေတ္တံ့၊ ချစ်ခြင်းမေတ္တာကို လည်းကောင်း။ သုဇနေ၊ ကောင်းစွာ ဖြစ်နိုင်ကြကုန်သည်ဖြစ်၍။ သဗ္ဗဒ၊ အချင်းခပ်သိမ်း။ အနုဂ္ဂဏှန္တိ၊ ပညာရှိ သူတော်ကောင်းအဖြစ်သို့ ရောက်စိမ့်သောငှာ ကောင်းစွာ ချီးမြောက်နိုင်ကြကုန်၏။

၇၅။ ယေ တေ သန္တ သန္တတရာ၊
တေသံ အဂ္ဂိ တထာဂတာ။
သရံ မီမာ ကော တံ၊
" န သက္ကာ အပ္ပိယေတဝေ။

လောကေ၊ လောက၌။ သန္တာ၊ သူတော်ကောင်းထက်။ သန္တတရာ၊ လွန်သော သူတော်ကောင်းဖြစ်ကုန်သော။ ယေ တေ ပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ် ရှိသည်။ သန္တိ၊ ထင်ရှားရှိကြကုန်၏။ တေသံ၊ ထိုသူတော်ကောင်းထက် သူတော်ကောင်း ဖြစ်ကြကုန်သော ပုဂ္ဂိုလ်တိုတွင်၊ ဝ၊ သူတော်ကောင်းထက် သူတော်ကောင်း ဖြစ်ကြကုန်သော ပုဂ္ဂိုလ်တိုလက်။ တထာဂတော၊ ကိုယ်တော်မြတ်ဘုရားသည်။ အဂ္ဂ၊ အလွန်ဆုံးဖြစ်တော်မူ၏။ ဒိ၊ ဤသို့ သော သဘောကို။ သရံ သရ၊ အောက်မေ့သား မာ၊ ပညာရှိ ဘဲ။ ကော၊ အဘယ်သူသည်။ တံ၊ ထိုကိုယ်တော်မြတ်ဘုရားကို။ အပ္ပိယေ တဝေ၊ နှလုံး အသဲ ဝင်၍စွဲအောင် မချစ်ဘဲနေခြင်း၊ သက္ကာ၊ တတ်ကောင်း ပါတော့အံ့နည်း။

၇၆။ ဧဝံ ဂုဏူပေတော နာထော၊
သမာ ဒတု မာမတံ။
နတသာ ဇာမှီ မေ ဟောတု၊
မနာကုလံ သုခံ ခလု။

ဧဝံ ဂုဏူပေတော၊ ဤသိုသော သုတ သုတဝါ စသော မရေမတွက် နိုင်သော ဂုဏ်တော် ကျေးဇူးတော်တို့နှင့် ပြည့်စုံတော်မူသော။ နာထော၊ မြတ်စွာဘုရားသခင်သည်။ တမှိ၊ ထိုဆိုအပ်ခဲ့ပြီးသော ဂုဏ်ကျေးဇူး ရှိသော ကိုယ်တော်မြတ်ဘုရား၌။ နတသာ၊ ရိုသေညွတ်ကျိုး ရှိခိုးဝပ်ကြသူ နတ် လူအပေါင်းတို့အား အမတံ၊ သေခြင်းကင်းရာနိဗ္ဗာန်ကို။ ဒတုံ၊ ပေးခြင်း။ ခလု၊ ဧကန်စင်စစ်၊ သမ၊ စွမ်းတော်မူနိုင်၏။ ဧဝံဂုဏူပေတော၊ ဤသို့သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော် မူပေသော။ တမှိ၊ ထိုကိုယ်တော်မြတ် ဘုရား၌။ နတသာ၊ ရိုသေမြတ်နိုး ရှိခိုးကြသူ နတ်လူအပေါင်းအား အမတံ၊ သေခြင်းကင်းရာ နိဗ္ဗာန်ကို။ ဒတုံ၊ ပေးခြင်းငှာ။ သမတ္တာ၊ စွမ်းတော်မူ နိုင်သော။ သော နာထော၊ ထိုမြတ်စွာဘုရားသည်။ တမှိ၊ ထိုကိုယ်တေ၌ ထံပါး ဝပ်တွားသည့်သူ ခပ်သိမ်းသူအား နိဗ္ဗာန်တရားကို ပေးတတ်သော ဘုရားရှင်၌။ နတသာ၊ ရိုသေမြတ်နိုး ရှိခိုးရသော။ မေ၊ အကျွန်ုပ်အား။ အမတံ၊ နိဗ္ဗာန်ကို။ ဒတု၊ ပေးတော်မူပါစေသတည်း။ တမှိ၊ ထိုဆိုခဲ့ပြီးအပ် အရပ်ရပ်သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်၌။ အနာကုလံ၊ နှောင့်ယှက်ခြင်းမရှိ။ သုခံ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းသည်။ ဟောတုံ၊ ဖြစ်စေခြင်း။ နတသာ၊ ရိုသေမြတ်နိုး ရှိခိုးရသော။ မေ၊ အကျွန်ုပ်အား။ အနာကုလံ၊ နှောင့်ယှက်ခြင်းမရှိ၊ သုခံ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းသည်။ ခလု၊ စင်စစ်။ ဟောတု၊ ဖြစ်ပါစေသတည်း။

ဝိစိတြဝန္ဒနာ ဘုရားရှိခိုး ပြီးပြီ။

ဆရာတော် အရှင်ဇနကာဘိဝံသထံသို့ လျှောက်ထားသည့် သရဏဂုံနှင့် ပရိတ်တော်များ စိစစ်ချက်

အမေး နှင့် အဖြေများ

▬▬

၁။ အမေး။ ။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ရန် အနိမ့်ဆုံးအဆင့် မည်သည့်အင်္ဂါနှင့် ပြည့်စုံရမည်နည်း။

အဖြေ။ ။ရတနာ သုံးပါး၌ ကြည်ညိုသော သဒ္ဓါတရား သည် ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ရန် အနိမ့်ဆုံးအဆင့် ဖြစ်၏။

၂။ အမေး။ ။ သရဏဂုံ တည်သူဟု ဆိုနိုင်လောက်အောင် အနိမ့်ဆုံး မည်သည့် အဆင့် ရှိရမည်နည်း။

အဖြေ။ ။ယုံကြည်သော သဒ္ဓါကို အရင်းခံ၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော သရဏဂုံစကားကို ပါဠိလိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ရွတ်ဆို ခြင်းသည် သရဏဂုံတည်သူဟု ဆိုနိုင်လောက်အောင် အနိမ့်ဆုံးအဆင့် ဖြစ်၏။

ရှင်းပြဦးအံ့။ ။“သရဏ+ဂမန”ဟူသော ပါဠိကို သရဏဂုံဟု မြန်မာပြန် ထားသည်။ သရဏ=ကိုးကွယ်ရာဖြစ်သော ဘုရား တရား အရိယာ သံဃာ+ဂမန=(ကိုးကွယ်စရာဆည်းကပ်မြတ်နိုးစရာဟု)သိသောစိတ်၊ ထိုစိတ်၌ ယုံကြည်မှု သဒ္ဓပရမည်။ ဂုဏ်တော်များကို နားလည်သိရှိသော ဉာဏ်ရှိပါလျှင် သာ၍ ထက်မြက်သော သရဏဂုံ ဖြစ်၏။

၃။ အမေး။ ။ရတနာ သုံးပါး၏ အဓိပ္ပာယ်ကို မသိသေးသော်လည်း သရဏဂုံကို ပါဠိလိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ သူတစ်ပါးက ချပေး၍ လိုက်ဆိုသူမှာ သရဏဂုံ ရနိုင်-မရနိုင်။

အဖြေ။ ။သဒ္ဓါယုံကြည်စိတ် မရှိပါဘဲ လိုက်၍ ဆိုရုံမျှဖြင့် ကြက်တူရွေး စကားသင်သလိုသာ ဖြစ်ပါလိမ့်မည်။ သရဏဂုံအစစ်တော့ မရနိုင်ပါ။ ကုသိုလ်စိတ်ဖြင့်ဆိုလျှင်ကား သာမန် သရဏဂုံတော့ ရနိုင်စရာရှိပါ၏။

၄။ အမေး။ ။ဘာသာခြား ပုဂ္ဂိုလ်သည် မိမိဘာသာကိုစွန့်၍ ဗုဒ္ဓဘာသာဝင် မိတ်ဆွေများ၏ စောင့်ရှောက်မှုဖြင့် သရဏဂုံ အဓိပ္ပာယ်ကို မသိဘဲ ပါဠိ မြန်မာ တစ်မျိုးမျိုးဖြင့် ချပေးသော သရဏဂုံကိုလိုက်၍ စေတီတော် စသည် ရွှေမှာဆိုလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်-မဖြစ်။

အဖြေ။ ။ရတနာသုံးပါး၏ဂုဏ်ကို မသိသေးသော်လည်း မိမိဘာသာကို စွန့်လိုက်ကတည်းကပင် ဗုဒ္ဓဘာသာသို့ ကိုင်းညှိတ်ပြီး ဖြစ်နေ၏။ ဗုဒ္ဓ စသော ရတနာသုံးပါးအပေါ်၌ သာမန်အားဖြင့် ယုံကြည်မှုရှိနေ၏။ ထို့ကြောင့့်် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ကို ချပေး၍ လိုက်ဆိုလျှင် သာမန် ဗုဒ္ဓဘာသာဝင် ဖြစ်လောက်ပါပြီ။

၅။ အမေး။ ။သာမဏေလုပ်သူသည် ရတနာသုံးပါး အဓိပ္ပာယ်ကိုမသိဘဲ သရဏဂုံကို ပီအောင် ဆိုနိုင်ရုံမျှဖြင့် သာမဏေဖြစ်-မဖြစ်။ ဖြစ်ခဲ့သော် လူဗုဒ္ဓဘာသာဝင် ဖြစ်ခြင်းနှင့် ခြားနားချက် ရှိ-မရှိ။

အဖြေ။ ။ရတနာသုံးပါး အဓိပ္ပာယ် မသိသော်လည်း ဆရာ တပည့် နှစ်ဦးလုံး သရဏဂုံ ပီအောင်ဆိုလျှင် သာမဏေဖြစ်ပါ၏။ ဤနေရာ၌ ကျမ်းစာတို အလိုမှာ သရဏဂုံ အဓိပ္ပာယ်ကို သိပြီး အနေအားဖြင့် ဆိုထားဟန် တူပါသည်။ သို့သော် သရဏဂုံ ပီခြင်းသာ လိုရင်းဟု ယူဆရပါတော့မည်။

လူဗုဒ္ဓဘာသာဝင်တို့မှာ သရဏဂုံ တည်သော်လည်း သီလကို အထူး မဆောက်တည်လျှင် သီလမရှိသေးပါ။ သာမဏေတိုကား သရဏဂုံ ပီလျှင်ပင် ၁၀-ပါးသီလ ၊ သေခိယသိက္ခာပုဒ်စသော သိက္ခာပုဒ်များကို အထူးမဆောက် တည်ရတော့ဘဲ တည်ပြီးဖြစ်နေ၏။ ဤသို့ သိက္ခာပုဒ်များကို မဆောက်တည် ရဘဲ တည်ပြီးဖြစ်ခြင်းသည် လူဝတ်ကြောင် ဗုဒ္ဓဘာသာဝင်တို့မှ ခြားနားချက် ဖြစ်ပါသည်။

၆။ အမေး။ ။ဗောဓိမင်းသားသည် အမိဝမ်း၌ရှိစဉ်ကပင် မိခင်က ဝမ်း၌ ရှိသော သားအတွက် သရဏဂုံ ဆောက်တည်ခဲ့သည်ဆိုသော အချက်၌ ကလေးမှာ သရဏဂုံကို ရ မရ။

အဖြေ။ ။ဗောဓိမင်းသား၏ မိခင်က ဝမ်းထဲမှာရှိသော သားအတွက် သရဏဂုံ ဆောက်တည်ရာ၌ သားမှာ ဘာမျှ မသိသေးသောကြောင့် သရဏဂုံမရပါ၊ မိခင်၏ဗုဒ္ဓဘာသာစိတ်ပြင်းပြကြောင်းကိုသာ ထင်ရှား စေပါသည်။(ဗောဓိမင်းသား ဖွားပြီးနောက် အထိန်းတော်က ရင်ခွင် ၌ နေသော သားအတွက် နောက်တစ်ကြိမ် သရဏဂုံ ယူပါသေး၏။ ထိုအခါ၌လည်း မင်းသားမှာ သရဏဂုံ မရသေးပါ။)

ကိ”ပနေဝံ သရဏံ ဂဟိတံ ဟောတိ=ဒီနည်းဖြင့် သရဏဂုံ ယူလို့ ရပါ သလား။

န စ ဟောတိ၊ အစိတ္တက သရဏဂမနံနာမ နတ္ထိ= မရပါ၊ စိတ်မပါသော သရဏဂုံမည်သည် မရှိပါ။

အာရက္ခာ ပနဿ ပစ္စုပဋ္ဌိတော ဟောတိ=သို့သော်(နောင်ခါ သရဏဂုံ ရဖို့ရန်) အစောင့်အရှောက်ကတော့ ရှေ့ရှုတည်နေပြီးသား ဖြစ်နေ၏။

အထ နံ ယဒါ မဟလ္လကကာလေ မာတာပိတရော တာတ ကုစ္ဆိဂတ - မေဝ တံ သရဏံ ဂဏှာပယိမှာတိ သာရေန္တိ=ထိုနောက် သရဏဂုံ၏ အနက် အဓိပ္ပာယ်ကို နားလည်လောက်သော ကြီးရင့်ရာအခါ၌ မိဘတို့က “ချစ်သား သင့်ကို ဝမ်း၌ တည်နေတုန်းကပင် သရဏဂုံကို ယူစေခဲ့ကုန်ပြီ”ဟု အမှတ်ရစေ ကြကုန်၏။

သော စ သလ္လရော့ အတံ သရဏံ ဂတော ဥပါသကာတိ သတိ” ဥပ္ပါဒေတိ၊ တဒါ သရဏံ ဂဟိတံ နာမ တိ=ထိုမင်းသားသည်လည်း မိဘတို့ စကားအရ မှတ်သား၍ ငါသည် ရတနာသုံးပါးကို ဆည်းကပ်သော ဥပသကာ ဖြစ်ပြီ-ဟု သတိကို ဖြစ်စေ၏။ ထိုအခါ သရဏဂုံ ယူအပ်ပြီး ဖြစ်တော့၏။ (မဇ္ဈိမပဏ္ဏာသ၊ ဗောဓိရာဇကုမာရသုတ် အဋ္ဌကထာ။)

၇။ အမေး။ ။ဗုဒ္ဓဘာသာဝင် စင်စစ် အမှန်ဖြစ်အောင် (ဗုဒ္ဓဘာသာဝင် ခေါ်နိုင်အောင်) အနိမ့်ဆုံးအဆင့် မည်ကဲ့သို့ ကျင့်သုံး၍ တစ်ဆင့်ထက် တစ်ဆင့် အမြင့်ဆုံး ဗုဒ္ဓဘာသာဝင်ဖြစ်အောင် မည်ကဲ့သို့ ကျင့်သုံး ရမည်ကို အထူး အဓိပ္ပာယ် ရှင်းလင်းဖော်ပြ ညွှန်ကြားပြသပေးရန်။

အဖြေ။ ။ဗုဒ္ဓဘာသာဝင်စင်စစ် အမှန်ဖြစ်အောင် အနိမ့်ဆုံး အဆင့်မှာ ရတနာသုံးပါး၏ ဂုဏ်တော်ကို ယုံကြည်စွာဖြင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသော သရဏဂုံကို ဆောက်တည်ခြင်းတည်း။

ထိုနောက် ငါးပါးသီလ၊ ဒုစရိုက်ရှောင်သော သုစရိတသီလ၊ အာဇီဝဋ္ဌမက သီလတို့ကို အဆင့်ဆင့် စောင့်ထိန်းခြင်း။

ထိုနောက် ပုညကိရိယဝတ္ထု ဆယ်ပါးကို စွမ်းနိုင်သမျှ သတိ ထား၍ ကြိုးစားခြင်းတည်း။(ထို၌ ဘာဝနာပါနေပြီ)ဤကား လူဝတ်ကြောင် အိမ်ထောင်ရှင်တို့၏ အမြင့်ဆုံး ဗုဒ္ဓဘာသာဝင်တည်း။

အဗြဟ္မစရိယကို ထိန်းသိမ်း၍ ဥပုသ်သီလ စောင့်ခြင်း (၉-ပါး ၁၀-ပါးအထိ စောင့်ခြင်း) ကမ္မဋ္ဌာန်းဘာဝနာ ပွားများခြင်း၊ ရဟန်း သာဏေပြု၍ ဆိုင်ရာသီလများကို စောင့်ခြင်း၊ ကမ္မဋ္ဌာန်းကျင့်ခြင်းမှ စ၍ ရဟန္တာတိုင်အောင် ကျင့်နိုင်ခြင်းစသော အမြင့်ဆုံး ဗုဒ္ဓဘာသာဝင် ဖြစ်ပါသည်။

၈။ အမေး။ ။ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် လာဘ်ကြောင့်သော်လည်းကောင်း၊ အန္တရာယ်ကြောင့်သော် လည်းကောင်း၊ မိရိုးဖလာ နတ်ကိုးကွယ်သည့်အတွက် သရဏဂုံ ပျက် မပျက်။

အဖြေ။ ။သရဏဂုံ မပျက်ပါ။ ဧဝံ ဂဟိတသရဏဿ ဥပါသကဿ on ဥပသိကာယ ဝါ အညတိတ္ထိယေသု ပဗ္ဗဇိတမှို ဉာတိ” “ဉာတကာ မေ အယ”န္တိ ဝန္ဒတော သရဏဂမနံ န ဘိဇ္ဇတိ၊ ပဂေဝ အပဗ္ဗဇိတံ။

ဤသို့ သရဏဂုံ ယူပြီးသော ဥပါသကာ ဥပါသိကာမသည် သာသနာပတိတ္ထိတို့၌ ရဟန်းပြုနေသော ဆွေမျိုးကို ဤသူသည် ငါ၏ ဆွေမျိုးတည်းဟု နှလုံးသွင်း၍ ရှိခိုးလျှင် သရဏဂုံမပျက်၊ (ကိုးကွယ်ဖို့ နှင့်မဆိုင်သော)ရဟန်းမဟုတ်သော ဆွေမျိုးကိုရှိခိုးခြင်း၌ကား သရဏ ဂုံ မပျက်ဟု အထူးပြောဖွယ်မလို။ တထာ ရာဇာနံ ဘယဝသေန ဝန္ဒ တော=မင်းကို ကြောက်သဖြင့် ရှိခိုးသူမှာလည်း ဤနည်းအတိုင်းပင်။

(သီလက္ခန်၊ သာမညဖလသုတ် အဋ္ဌကထာ။)

ဤအဋ္ဌကထာကိုထောက်၍ တစ်စုံတစ်ခုလာဘ်ကြောင့် အန္တရာယ်ကင်းလို သောကြောင့် နတ်ကို ကိုးကွယ်ရာ၌ ရတနာသုံးပါးကိုးကွယ်မှုကို မစွန့်သော ကြောင့်လည်းကောင်း, ရတနာသုံးပါး၌ အထင်မသေးသောကြောင့်လည်း ကောင်း သရဏဂုံမပျက်ဟု သိသာပါသည်။ သို့သော် နတ်ကို ရတနာသုံးပါး ထက်ပင် အမြတ်တနိုး ပန်းဆီမီးစသည်ဖြင့်ပူဇော်သူများအတွက်ကား သရဏဂုံ မပျက်သော်လည်းအရိုအသေပေသည့်အတွက်သရဏဂုံညှိုးနွမ်းစရာရှိပါသည်။

၉။ အမေး။ ။သရဏဂုံ ဆောက်တည်မှု (ရတနာသုံးပါး ကိုးကွယ်မှု) သည် ထိုနတ်တိုလောက် လောကီကျိုးပေးနိုင်-မပေးနိုင်။ ထိုနတ်ဆိုး တို့၏ အန္တရာယ်ကို ကာကွယ်နိုင်-မကာကွယ်နိုင်။

အဖြေ။ ။ဤပြသနာနှင့် စပ်လျဉ်း၍ ကိုးကွယ်သူ၏ ယုံကြည်မှုစိတ်ဓာတ်ကို လိုက်ရပေလိမ့်မည်။ ကိုးကွယ်သူက ရတနာသုံးပါးကို ယုံကြည်စွာ ဖြင့် နေ့စဉ် ရတနာ သုံးပါး သတိရနေလျှင် လောကီကျိုးလည်း နတ်ကိုးကွယ်မှုထက် မလျော့သော အကျိုးကို ရနိုင်စရာ ရှိပါ၏။ သင်္ချိုင်းအနီး ထင်းလှည်းအောက်၌ အိပ်ပျော်နေသော ကလေးသည် မိစ္ဆာဒိဋ္ဌိ ဘီလူးက ခြေကိုဆွဲသောအခါ သူ၏ အလေ့အကျင့်ရနေသော ဗုဒ္ဓါနုဿတိဘာဝနာကို “နမော ဗုဒ္ဓဿ”ဟု ယောင်ယမ်း ရွတ်ဆိုရုံမျှ ဖြင့် ဘီလူး လွှတ်ပေးရပါသည်။

(ဓမ္မပဒ အဋ္ဌကထာ- ဒ ာကဋ္ဌိက ဝတ္ထု)

ထိုဝတ္ထု၌ပင် ဗိမ္ဗိသာရမင်း မေးလျှောက်ချက်အရ ဗုဒ္ဓါနုဿတိ၊ ဓမ္မာ နုသတိ၊ သံဃာနုသာတိ၊ ကာယဂတာသတိ (ဆံပင်၊ မွေးညင်း စသည်ဖြင့် ခန္ဓာကိုယ်၌ ဖြစ်သော ကောဋ္ဌာသ စသည်ကို မပြတ် အာရုံပြုသော သတိ) ကရုဏာဖြင့် သတ္တဝါတို့ကို သနားခြင်းဟူသော ကရုဏာဘာဝနာ၊ မေတ္တာဖြင့် သတ္တဝါတို့အကျိုး လိုလားခြင်းဟူသော မေတ္တာဘာဝနာ ဤ ၆ပါးတွင် တစ်ပါးပါးကို နေ့စဉ်ပွားများနေသူမှာ အန္တရာယ်ကင်းဖို့ရန် အခြား အစောင့် အရှောက် မန္တန်ဆေးဝါး မလိုတော့ဟု ဘုရားရှင် ဟောတော်မူပါသည်။ ထိုကဲ့သို့ ဗုဒ္ဓါနုဿတိ စသော တစ်ပါးပါးကို နေ့စဉ်မှန်မှန် များများဘဲ သာမန်အားဖြင့် သရဏဂုံတည်သူအတွက်ကား ထိုအစောင့်အရှောက်မျိုး ရနိုင် မည် မဟုတ်သောကြောင့် မန္တန် ဆေးဝါး (နတ်) စသော အစောင့် အရှောက်များကို ရပေလိမ့်မည်။

၁၀။ အမေး။ ။ဝေသာလီမင်းတို့အား ဟောတော်မူရာ၌ ဗလိကို ပြုမြဲ ပြုရခြင်း ပါရှိ၏။ ထိုဗလိကို ပူဇော်ခြင်းဟု မြန်မာပြန်သောကြောင့် ဗလိုနှင့် ပူ ပူဇာနှင့် ဒါန ဘယ်သို့ ထူးပါသနည်း။ မိမိလောက်မျှ ကိုယ်ကျင့်မရှိသူ၌ ပူဇော်ခွင့်-ရှိမရှိ။

အဖြေ။ ။“ဗလ” ဟူသည် ပူဇော်ခြင်း ပေးကမ်းခြင်း ပင်တည်း။ ထို့ကြောင့့်် “ဗလီ” နှင့် “ပူဇာ” သည် တချို့နေရာ၌ တူ၏။ သို့သော် ပူဇာက အဓိပ္ပာယ်ကျယ်သည်။ “ဗလိ-ပူဇော်” ဟူသော စကားကို နတ်ပူဇော်ရာ၌သာ အသုံးပြုလေ့ရှိကြ၏။ ထိုသို့ ပူဇော်ရာ၌ နတ်ရုပ် လုပ်၍ ဖြစ်စေ၊ နတ်ရှိသည်ဟု ယူဆအပ်သော သစ်ပင်ကို ဖြစ်စေ၊ စားဖွယ်သောက်ဖွယ် ပန်း ဆီမီး တို့ဖြင့် ပူဇော်လေ့ ရှိကြ၏။ ဤသို့ ပူဇော်မှုကို ဗလိနတ်စာပေးသည်၊ နတ်ပူဇော်သည်ဟု ပြောစမှတ် ပြုကြ၏။ သဘောကျသောကြောင့် သူတို့ တတ်နိုင်လျှင် မကောင်း ဆိုးဝါးတို ဘေးမှ စောင့်ရှောက် ကြ၏။ မတတ်နိုင်သောကြောင့် လည်းကောင်း ကျေးဇူးမသိသောကြောင့် လည်းကောင်း မစောင့် ရှောက်ဘဲလည်း ရှိကြ၏။ (ကြီးမားသော ကံကြောင့် ဖြစ်လာသော အဖြစ်ကိုကား သူတို့နတ်တွေ မစောင့်ရှောက်နိုင်ကြပါ။)

ရတနသုတ် ပရိတ်တော်၌ နဂိုကပင် လူတို့သည် နတ်တို့အား ဗလိနတ်စာ ပေး၍ ပူဇော်နေသောကြောင့် အသင်နတ်တို့သည် ပူဇော်သူ မဟုတ်စေကာမူ မေတ္တာ ကရုဏာဖြင့် ဆင်းရဲဒုက္ခရောက်နေသူတိုအား စောင့်ရှောက်သင့်ကြ၏။ ယခု ဝေသာလီပြည်၌ကား အသင်တို့အား ဗလိ (ပူဇော်ဖွယ်) များကို ပိုဆောင်နေကြသည့်အတွက် မမေ့မလျော့မပျက်မကွက် စောင့်ရှောက်ထိုက်၏။ စောင့်ရှောက်ကြပါဟု တိုက်တွန်းသောအားဖြင့် “ဟရန္တိယေ ဗလိ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ”ဟု မိန့်တော်မူပါသည်။ ဘုရားရှင်က အသစ်ပူဇော်ဖို့ရန် တိုက်တွန်းခြင်း မဟုတ်ပါ။ ဘုရားပွင့်လာသော အခါ၌ကား - အိမ်သစ်တက် သောအခါ သီလရှိသော ပုဂ္ဂိုလ်တို့အား ဆွမ်းလုပ်ကျွေး၍ ထိုအိမ်၌ရှိကြသော နတ်တို့အား ကုသိုလ်အဖို့ကို အမျှဝေရမည်ဟု တိုက်တွန်းတော်မူပါသည်။ထိုသို့ အမျှဝေခြင်းကိုပင် ပူဇော်ရာရောက်သည်ဖြစ်၍“ပူဇိတာ ပူဇယန္တိ”အိမ်ရှင်က ပူဇော်အပ်ကုန်သော နတ်တို့သည် ထိုအိမ်ရှင်ကို စောင့်ရှောက်သောအားဖြင့် ပြန်၍ ပူဇော်ကြ၏ဟု မိန့်တော်မူပါသည်။ ဤစကားအရ တချို့နေရာ၌ ဗလိနှင့် ပူဇာသည် သဘာတူကြောင်း သိသာပြီ။

ပူဇာ စ ပူဇနေယျာန”ဟူသော မင်္ဂလသုတ်အဖွင့်၌ ပူဇော်ထိုက်သူတို့ ကား ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသံဃာတော်များ ဆွေမျိုးတို့တွင် မိမိထက် ကြီးသူများတည်း။ ထိုပုဂ္ဂိုလ်တို့အား ဆွမ်း၊ သင်္ကန်း ကျောင်း ဆေး ပန်း ဆီမီးတို့ဖြင့် ပူဇော်ခြင်း၊ အဝတ် စားဖွယ်သောက်ဖွယ်တို့ဖြင့် ပူဇော်ခြင်း တည်း။ ဤပူဇော်ခြင်းကို အာမိသ (အသုံးအဆောင်) ဖြင့် ပူဇော်ခြင်းဟု ခေါ်၏။

ယေ ကုလပုတ္တာ သရဏဂမနသိက္ခာပဒပဋိဂ္ဂဟဏေန ဥပေါသထဝ်သမာ ဒါနေန စတုပါရိသုဒ္ဓိသီလာဒီဟိ စ အတ္တနော ဂုဏေဟိ ဘဂဝန္တ ပူဇေန္တိ၊ ကာ တေသံ ပူာဖလံ ဝဏ္ဏယိဿတိ= အမျိုးကောင်းသား (သမီး) တို့သည် သရဏဂုံ သိက္ခာပုဒ်တို့ကို ခံယူခြင်း၊ ဥပုသ်စောင့်ခြင်း (ရဟန်းများ အတွက်) စတုပါရိသုဒ္ဓိသီလကို ကျင့်သုံးခြင်း စသော ကုသိုလ်တို့ဖြင့် ဘုရားရှင်ကို ပူဇော်ကုန်၏၊ (တရား-သံဃာ-မိဘ စသည်တို့ကိုလည်း ပူဇော်နိုင်၏။) ဤသို့ တရားအကျင့်ဖြင့် ပူဇော်ခြင်း၏ အကျိုးကိုကား-မည်၍မည်မျှ အကျိုးရနိုင် သည်ဟု မည်သူမျှ ကုန်စင်အောင် မဖွင့်ဆိုနိုင်၊ အလွန် အကျိုးများသည်ဟူလို။

ဤစကားအစဉ်ကို ကြည့်လျှင် ဗလိ-ဟူသော အသုံးအနှုန်းနှင့် ပူဇာ၏ အသုံးအနှုန်းတွင် ပူဇာ၏ အသုံး အနှုန်းက ကျယ်ဝန်းကြောင်း သိသာ၏။ သို့သော် ဤပူဇာသည် မိမိထက် မြင့်မြတ်သူကို ပေးလှူပူဇော်ရာ၌သာ ဖြစ်၏။ ဒါန-ကား မြင့်မြတ်သူ မဟုတ်သော်လည်း စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း အားလုံးနှင့် ဆိုင်၏။ ထို့ကြောင့့်် ဒါနသည် ပူဇာထက် ကျယ်ဝန်း၏ဟု သိသာ ပြန်၏။ မိမိလောက်မျှ အကျင့်စာရိတ္တ မကောင်းသူအား ပူဇော်ဖို့ မလိုကြောင်း အကြောင်းအားလျော်စွာ ဒါနပြုလိုလျှင် ပြုဖို့သာလိုကြောင်း ကိုလည်း ကောင်းကောင်း သိနိုင်ပါသည်။

၁ ၁ ။ အမေး။ ။အလှူကုသိုလ် ပြုပြီးနောက် နတ်တို့အား အမျှပေးဝေခြင်းသည် ပူဇော်ခြင်း ။

အဖြေ။ ပူဇော်ဟူသော စကား၌ မိမိပြုအပ်သော ဒါန သီလဖြင့် ပူဇော်ခြင်းလည်း ပါဝင်ရကား အမျှပေးဝေခြင်းလည်း ပူဇော်ခြင်း တစ်မျိုးပင်ဟု သိသာ၏၊ ဘုရားရှင်လည်း နတ်တို့အား ဗလိနတ်စာ ပြုရိုးပြုစဉ်ကို မပျက်ဖို့ရန်သာ တိုက်တွန်းတော်မူ၏။ ရိုးရာကိုဖျက်လျှင် အပူဇော်ခံနေကျ နတ်များက မကျေနပ်၍ အကျိုးမပြုချင်လျှင် ပြုစရာ ရှိ၏၊ ထို့ကြောင့့်် ရိုးရာပူဇော်မြဲကိုသာ မဖျက်ဖို့ တိုက်တွန်းတော် မူပါသည်။ အသစ်အဆန်း ဗလိနတ်စာ ကျွေးခြင်း အကျိုးကိုကား တိုက်တွန်းတော်မမူပါ။ အမျှဝေခြင်းကို လိုလားတော် မူပါသည်။ (ထို အပူဇော်ခံနေကျ နတ်များလည်း အများစုက ရိုးရာဖျက်ကြလျှင် လှူနေကျဘုန်းတော်ကြီးအား မလှူဘဲထားသလိုသာ ဖြစ်ပါလိမ့်မည်။)

၁၂။ အမေး။ ။ရတနသုတ် ပရိတ်နိဒါန်းတွင် နေ့စဉ် မပြတ် သင်နတ်တို့ကို ပူဇော်ပသနေကြသော သူတို့ကို မမေ့မလျော့ စောင့်ရှောက် ကြလော့ဟု ဆိုခြင်းသည် ဗုဒ္ဓဘာသာဝင်များကို ရည်ညွှန်းသလော၊ သို့မဟုတ် ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့ မိမိတို့ မိရိုးဖလာ ဓလေ့ထုံးစံ အန္တရာယ် ပျောက်ရန် ပြုကြရာ ရောဂါမပျောက်၍ ရတနသုတ် ရွတ်မှ ပျောက်ကင်းသည်။ နတ်တင်သောကြောင့် ပျောက်ကင်းသည် မဟုတ်ကြောင်းကို ထင်ရှားစေလို၍ပါလော။

အဖြေ။ ။ရတနသုတ် ပရိတ်တော်၌ “ဒိဝါ စ ရာ စ ဟရန္တိ ယေ ဗလိံ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ”ဟူသော စကားတော်သည် ဗလီပိုဆောင်ဖို့ရန် တိုက်တွန်းသောစကား မဟုတ်ပါ။ ဗလီကို ပို့ဆောင် နေကြသောလူတို့အား အသင်နတ်တိုက(ကျေးဇူးဆပ်သောအားဖြင့်) မမေ့မလျော့ စောင့်ရှောက် ကြပါဟု နတ်တို့ကို တိုက်တွန်းသော စကားတော် ဖြစ်ပါ သည်။ ထို့ကြောင့့်် ထိုစကားကို ဗုဒ္ဓဘာသာဝင် အတွက်ဟု လည်းကောင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူ အတွက် လည်းကောင်း ခွဲခြားဖွယ် မလိုပါ။

၁၃။ အမေး။ရတနသုတ် ဌာနာဋိယသုတ် မေတ္တသုတ် ခန္ဓသုတ် ဓဇဂ္ဂသုတ်တို့သည် ဗုဒ္ဓဘာသာဝင်တို့၏ ဆိုင်ရာ အန္တရာယ်ကို ကာကွယ်နိုင်၊ မကာကွယ်နိုင်၊ ကာကွယ်နိုင်သော် အနည်းဆုံး အာနိ သင်နှင့် အများဆုံး အာနိသင်ကို ညွှန်ပြပါ။

အဖြေ။ ။ရွတ်သော ပုဂ္ဂိုလ်က ပုဒ်၌ အက္ခရာ မှန်အောင် ရွတ်ခြင်း၊ အနက်အဓိပ္ပာယ်ကို နားလည်ခြင်း၊ အန္တရာယ် ရောက်နေသူ့ အပေါ်၌ ကရုဏာရှိခြင်း၊ ဤသို့ အင်္ဂါသုံးပါးနှင့်ညီညွတ်၍ နာယူသောပုဂ္ဂိုလ်က အကုသိုလ်ကံ အကြီးအကျယ် (ပနရိယကံ) မရှိခြင်း၊ မိစ္ဆာ အယူမရှိခြင်း၊ ယုံကြည်မှုသဒ္ဓါရှိခြင်း၊ ဤအင်္ဂါ ၃-ပါးနှင့် ညီလျှင် ဆိုင်ရာအန္တရာယ်ကို ကာကွယ်နိုင်၏ဟု ကျမ်းစာတိုက ဆိုပါသည်။ အနည်းအများ ဟူရာ၌ကား အန္တရာယ်၏ အကြီးအငယ်ကို လိုက်၍ ဆုံးဖြတ်ရပါမည်။ ရဟန်းတော်တစ်ပါးသည် စေတီတော် အထက်မှ ကျလာရာ၌ (သေလောက်သော အန္တရာယ်ပင်ဖြစ်၏။) ထိုရဟန်း သည် “ဓဇဂ္ဂသုတ်က ငါ့ကို စောင့်ရှောက်ပါစေသတည်း”ဟု ဆိုရုံဖြင့် (သုတ်ကို မရွတ်ရဘဲ) စေတီတော်ပေါ်မှာပင် တည်နေပါသတဲ့။

မှတ်ချက်

ဤပြခဲ့သော အဖြေများသည် သုတ္တန်ပါဠိတော် အဋ္ဌကထာကိုမှီး၍ ဖြေရသော အဖြေများ ဖြစ်၏။ အများအားဖြင့်လည်း ထိုအဖြေအတိုင်း အကျိုး အနည်း အများ ရရှိနိုင်စရာရှိ၏။ သို့သော် အစစ်အမှန်အားဖြင့်ကားအဘိဓမ္မာသဘောအတိုင်းသာဖြစ်ရပေမည်။ ကံနှင့် ကံ၏အကျိုးကိုနားလည်သော ကမ္မသကတာဉာဏ်ကို အမြဲသတိ ပြု၍ စဉ်းစားကြရမည်။ သတ္တဝါတိုင်းမှာ အကောင်း အဆိုး ကံအမျိုးမျိုး ပါရှိခဲ့၏။ ထိုကံသည် ကာလ (အချိန်)၊ ဂတိ(ဘဝ)၊ ဥပဓိ (ရုပ်အဆင်း)၊ ပယောဂ (အကောင်းအဆိုး ကိုယ်မှု နှုတ်မှု တို့ကို ဖြစ်စေနိုင်သော လုံ့လဝီရိယ အသိအလိမ္မာ ဉာဏ်ရှိ မရှိ)၊ ဤ ၄-ပါး အထောက်အကူရလျှင် ဆိုင်ရာ ကောင်းကျိုး မကောင်း ကျိုးကို ပေး၏။ ထိုသို့ ပေးရာဝယ် သာမန် အကုသိုလ်ကံကိုသာ ပရိတ်တော်က ကာကွယ်နိုင်၏၊ ကြီးကျယ်သော အကုသိုလ်ကံကို မကာကွယ်နိုင်ပါ။ ဘုရားရှင်သော်မှ ရှေးကံ (ရှေးဝဋ်)ပလာ အရာ၌ မကင်းလွတ်နိုင်ဘဲ ရှိရပါသည်။

အရှင်ဇနကာဘိဝံသ
၁၃၂၇-ခု။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကလမ်းညွှန် (တ) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂...