Skip to main content

ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ

ဓမ္မပဒမြန်မာပြန် ဒုတိယအုပ်

֍ * ၁။ စူဠဧကသာဋကပုဏ္ဏားဝတ္ထု

အဘိတ္ထရေထ ကလျာဏေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စူဠဧကသာဋကပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အပေါ်ရုံတစ်ထည်သာရှိသော ပုဏ္ဏားလင်မယား

ဝိပဿီမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ မဟာ ဧကသာဋကပုဏ္ဏားမည်သည် ဖြစ်ဖူး၏။ ဤပုဏ္ဏားသည်ကား ယခုဘုရားရှင်လက်ထက်တော်အခါ၌ သာဝတ္ထိပြည်ကြီးဝယ် စူဠဧကသာဋကပုဏ္ဏားမည်၏။ ဧကသာဋက မည်ကြောင်းကား- ထိုပုဏ္ဏားအား ခါး၌ဝတ်ရန် ပုဆိုးမည်သည် တစ်ထည်ရှိ၏။ ပုဏ္ဏေးမအားလည်း တစ်ထည်ရှိ၏။ နှစ်ယောက်စလုံးသောသူတို့အား အပေါ်ရုံပုဆိုးမှာ တစ်ထည်တည်းသာရှိလေ၏။ အိမ်ပြင်ပသို့ သွားသောအခါ ပုဏ္ဏားကြီးသည်လည်းကောင်း၊ ပုဏ္ဏေးမသည်လည်းကောင်း ထိုအပေါ်ရုံပုဆိုးကို ခြုံရုံရလေ၏။ ထိုအခါ တစ်နေ့သ၌ ကျောင်းတော်ကြီးဝယ် တရားနာခြင်းကို ကြွေးကြော်လတ်သည်ရှိသော် ပုဏ္ဏားကြီးသည် “အိုရှင်မ- တရားနာခြင်းကို ကြွေးကြော်၏။ အသို့နည်း၊ နေ့အခါ၌ တရားနာခြင်းသို့ သွားအံ့လော၊ ထိုသို့မဟုတ် ညဉ့်အခါ၌သွားအံ့လော။ အပေါ်ရုံပုဆိုး မရှိခြင်းကြောင့် ငါတို့သည် တစ်ပြိုင်နက် အတူသွားခြင်းငှာ မတတ်ကောင်း”ဟု ဆိုလေ၏။ ပုဏ္ဏေးမသည် အရှင်- ကျွန်မသည် နေ့၌ သွားပါအံ့”ဟု ဆို၍ အပေါ်ရုံပုဆိုးကိုခြုံလျက် သွားလေ၏။

တစ်ထည်တည်းသော အပေါ်ရုံကို လှူရန် စဉ်းစားခြင်း

ပုဏ္ဏားကြီးသည် နေ့အဖို့ကို အိမ်၌လွန်စေ၍ ညဉ့်အခါ၌ သွားပြီးလျှင် ဘုရားရှင်၏ရှေ့တော်၌ နေလျက်သာ တရားနာလေ၏။ ထိုအခါ ပုဏ္ဏား၏ကိုယ်အလုံးကို ပျံ့နှံ့လျက် ငါးပါးအပြားရှိသော ပီတိသည် ဖြစ်လေ၏။ ထိုပုဏ္ဏားကြီးသည် မြတ်စွာဘုရားကို ပူဇော်ခြင်းငှာ အလိုရှိသည်ဖြစ်၍ “ဤအပေါ်ရုံပုဆိုးကို အကယ်၍ လှူချေငြားအံ့၊ ပုဏ္ဏေးမအားလည်းကောင်း, ငါ့အားလည်းကောင်း ခြုံရုံခြင်းသည် မဖြစ်တော့လတ္တံ့”ဟု ကြံစည်လေ၏။ ထိုအခါ ပုဏ္ဏားကြီးအား ဝန်တိုသောစိတ်တို့၏ တစ်ထောင်သည် ဖြစ်လေ၏။ တစ်ဖန် တစ်ကြိမ်သော ကြည်ညိုသောစိတ်သည် ဖြစ်ပြန်၏။ ထိုသဒ္ဓါစိတ်ကို နှိပ်စက်လျက် တစ်ဖန် ဝန်တိုခြင်းတစ်ထောင် ဖြစ်ပြန်လေ၏။ ဤသို့လျှင် ထိုပုဏ္ဏားကြီး၏ အားကြီးသော ဝန်တိုခြင်းသည် နှောင်ဖွဲ့ ကာ ဖမ်းယူသကဲ့သို့ ကြည်ညိုသောစိတ်ကို တားမြစ်သည်သာလျှင်တည်း။ ပုဏ္ဏားကြီးသည် “လှူအံ့, မလှူအံ့”ဟု ကြံဆစဉ်ပင်လျှင် ပထမယာမ် လွန်သွားလေ၏။ မဇ္ဈိမယာမ်သို့ ရောက်သောအခါ၌လည်း လှူခြင်းငှာ မတတ်နိုင်၊ ပစ္ဆိမယာမ်သို့ ရောက်သည်ရှိသော် ထိုပုဏ္ဏားသည် “ငါသည် သဒ္ဓါစိတ်နှင့်လည်းကောင်း၊ ဝန်တိုစိတ်နှင့်လည်းကောင်း အတူတကွ စစ်ထိုးစဉ်ပင်လျှင် နှစ်ယာမ်လွန်ကုန်ပြီ။ ငါ့အား ဤမျှသော ဤဝန်တိုစိတ်သည် တိုးတက်ပွားများလတ်သည်ရှိသော် အပါယ်လေးပါးတို့မှ ဦးခေါင်းကို ကြွချီမြှောက်ပင့်ခြင်းငှာ မပေးလတ္တံ့၊ ထိုအပေါ်ရုံပုဆိုးကို လှူဒါန်းပေတော့အံ့”ဟု ကြံ၍ ပုဏ္ဏားကြီးသည် ဝန်တိုသောစိတ်တစ်ထောင်ကို နှိပ်စက်ဖျက်ဆီးသဖြင့် သဒ္ဓါစိတ်ကို ရှေ့သွားပြု၍ ပုဆိုးကိုယူပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ထားလျက် “ငါအောင်ပြီ,ငါအောင်ပြီ”ဟု သုံးကြိမ် သည်းစွာသောအသံကို ပြုလေ၏။

ဘုရင်က ပုဏ္ဏားအား ဆုချခြင်း

ပသေနဒီ ကောသလမင်းတရားကြီးသည် တရားနာစဉ် ထိုအသံကိုကြားရသဖြင့် “ထိုပုဏ္ဏားကို မေးကြကုန်လော့၊ ထိုပုဏ္ဏားကား အဘယ်အရာ တစ်စုံတစ်ခုကို အောင်သတဲ့နည်း”ဟု မိန့်ဆိုလေ၏။ ထိုပုဏ္ဏားကို မင်းချင်းယောက်ျားတို့သည် မေးအပ်သည်ရှိသော် ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုစကားကိုကြားရလျှင် မင်းကြီးသည် “ဤပုဏ္ဏားကား ပြုနိုင်ခဲသောအမှုကို ပြုဘိ၏။ ထိုပုဏ္ဏားအား ချီးမြှောက်ခြင်းကို ပြုပေအံ့”ဟု ပုဆိုးတစ်စုံကို ဆုချစေ၏။ ပုဏ္ဏားကြီးသည် ထိုပုဆိုးတစ်စုံကိုလည်း မြတ်စွာဘုရားအားသာလျှင် လှူဒါန်းလေ၏။ တစ်ဖန် မင်းကြီးသည် နှစ်စုံ, လေးစုံ, ရှစ်စုံ, တစ်ဆယ့်ခြောက်စုံ, ဤသို့ နှစ်ဆတက်ပြု၍ ဆုချစေတော်မူလေ၏။ ပုဏ္ဏားကြီးသည် ထိုပုဆိုးစုံတို့ကိုလည်း မြတ်စွာဘုရားအားသာလျှင် လှူဒါန်းလေ၏။ ထိုအခါ ပုဏ္ဏားကြီးအား မင်းတရားကြီးသည် သုံးဆယ့်နှစ်စုံသော ပုဆိုးတို့ကို ဆုချစေတော်မူပြန်၏။ ပုဏ္ဏားကြီးသည် မိမိအားပေးသည်ကိုယူ၍ ရတိုင်းရတိုင်းကို စွန့်သည်သာလျှင်တည်းဟု ပြောဆိုခြင်းမှ လွတ်စိမ့်သောငှာ ထိုသုံးဆယ့်နှစ်စုံသောပုဆိုးမှ မိမိအတွက် တစ်စုံ၊ ပုဏ္ဏေးမအတွက်တစ်စုံ ဤနှစ်စုံတို့ကို ယူ၍ အစုံသုံးဆယ်တို့ကို မြတ်စွာဘုရားအားသာလျှင် လှူဒါန်းလေ၏။ မင်းကြီးသည် ထိုပုဏ္ဏားကြီးအား အကြိမ်တစ်ရာပင် ဆုချပြီးသော်လည်း တစ်ဖန် ဆုချလိုသေးသည်သာလျှင် ဖြစ်ခဲ့လေ၏။

မင်းကြီးသည် မင်းလုလင်တို့ကို “အချင်းတို့- ပုဏ္ဏားကြီးသည် ပြုနိုင်ခဲ့သောအမှုကို ပြုဘိ၏။ နန်းတော်တွင်း၌ ငါ၏ကမ္ဗလာနှစ်ထည်တို့ကို ဆောင်ယူစေကြကုန်လော့”ဟု မိန့်ဆိုသဖြင့် ထိုမင်းလုလင်တို့လည်း မင်းကြီး မိန့်ဆိုတော်မူတိုင်း ပြုကြလေကုန်၏။ မင်းကြီးသည် အဖိုးတစ်သိန်းထိုက်ကုန်သော ကမ္ဗလာနှစ်ထည်တို့ကို ဆုချစေပြန်၏။ ပုဏ္ဏားကြီးသည် “ဤကမ္ဗလာတို့သည် ငါ၏ကိုယ်၌ တင်ခြင်းငှာ မထိုက်တန်ကုန်၊ ဤကမ္ဗလာတို့သည် ဘုရားရှင်၏ သာသနာတော်အားသာ လျော်ကန်သင့်မြတ်ကုန်၏”ဟု ကမ္ဗလာတစ်ထည်ကို ဂန္ဓကုဋိတိုက်တွင်း ဘုရားရှင်၏ ကိန်းစက်တော်မူရာ အိပ်ရာထက် ဗိတာန်ပြု၍ ဖွဲ့ကြက်လေ၏။ တစ်ထည်ကို မိမိ၏အိမ်၌ မပြတ် ဆွမ်းဘုဉ်းပေးသော ရဟန်း၏ ဆွမ်းဘုဉ်းပေးရာအရပ်၌ ဗိတာန်ပြု၍ ဖွဲ့ကြက်လေ၏။

မျက်နှာကြက်လှူသဖြင့် သဗ္ဗစတုက္ကဆုရပြန်ခြင်း

ပသေနဒီ ကောသလမင်းတရားကြီးသည် ညချမ်းသောအခါ မြတ်စွာဘုရား၏အထံတော်သို့ သွားသည်ရှိသော် ထိုကမ္ဗလာကို မှတ်သားမိသဖြင့် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်သူပူဇော်ခြင်းကို ပြုပါသနည်းဘုရား”ဟု မေးလျှောက်ခြင်းကြောင့် “ဧကသာဋကပုဏ္ဏား ပူဇော်၏”ဟု မိန့်တော်မူလျှင် “ဤပုဏ္ဏားသည် ငါကြည်ညိုရာ၌သာ ကြည်ညိုဘိ၏”ဟု ဆိုပြီးလျှင် ဆင်လေးစီး, မြင်းလေးစီး, အသပြာလေးထောင်, မိန်းမလေးယောက်, ကျွန်မိန်းမလေးယောက်, မင်းချင်းယောက်ျား လေးယောက်, ရွာကြီးလေးရွာ, ဤသို့ ခုနစ်ခုမြောက်တိုင်အောင် လေးခု,လေးခုပြု၍ သဗ္ဗစတုက္ကမည်သောဆုတော်ကို ပုဏ္ဏားကြီးအား ဆုချစေတော်မူလေ၏။

ရဟန်းတို့သည် တရားသဘင်၌ “စူဠဧကသာဋကပုဏ္ဏား ပြုအပ်သောကောင်းမှုသည် အံ့ဖွယ်ရှိပေစွ၊ တစ်ခဏချင်းသာလျှင် အလုံးစုံသော လေးခုအပေါင်းကို ရလေ၏။ ယခုအခါ၌ ပြုအပ်သော ကောင်းမှုကုသိုလ်ကံသည် ယခုနေ့ပင်လျှင် ကောင်းကျိုးကို ပေးဘိ၏တကား”ဟု စကားကို ပြောဆိုကြလေကုန်၏။ ဘုရားရှင်သည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤဧကသာဋကပုဏ္ဏားသည် ပထမယာမ်၌ ငါဘုရားအား လှူခြင်းငှာ အကယ်၍ တတ်နိုင်သည်ဖြစ်အံ့၊ အလုံးစုံ တစ်ဆယ့်ခြောက်ခုစီရှိသော သဗ္ဗသောဠသကဆုကို ရလေရာ၏။ မဇ္ဈိမယာမ်၌ တတ်နိုင်သည်ဖြစ်အံ့၊ အလုံးစုံ ရှစ်ခုစီရှိသော သဗ္ဗဋ္ဌကဆုကို ရလေရာ၏။ ပစ္ဆိမယာမ်အတွင်း၌ အချိန်များစွာ ကုန်လွန်ပြီးမှ လှူခြင်းကြောင့် ဤပုဏ္ဏားသည် အလုံးစုံ လေးခုစီရှိသော သဗ္ဗစတုက္ကဆုကို ရလေ၏။ ကောင်းမှုကုသိုလ်ကို ပြုလိုသောသူသည်ကား ဖြစ်သောစိတ်ကို မယုတ်စေမူ၍ ထိုခဏချင်းသာ ပြုအပ်၏၊ နှေးနှေးပြုသောကုသိုလ်သည် စည်းစိမ်ချမ်းသာကို ပေးသည်ရှိသော် နှေးစွာသာလျှင် အကျိုးပေး၏။ ထို့ကြောင့် စိတ်ဥပါဒ်သည့်အခြားမဲ့၌သာလျှင် ကောင်းမှုကံကို ပြုအပ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၁၆] အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတိ မနော။

ပုညံ၊ ကုသိုလ်ကောင်းမှုကို။ ဒန္ဓံ၊ နုန့်နုန့်နှေးနှေး။ ကရောတော၊ ပြုတတ်သောသူ၏။ မနော၊ စိတ်သည်။ ပါပသ္မိံ၊ မကောင်းမှု၌။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ ရမတိ၊ မွေ့လျော်တတ်၏။ တသ္မာ၊ ထို့ကြောင့်။ ကလျာဏေ၊ ကုသိုလ်ကောင်းမှုတို့ကို။ အဘိတ္ထရေထ၊ လျင်မြန်ဆောစွာပြုလုပ်ရာ၏။ ပါပါ၊ မကောင်းမှုမှ။ စိတ္တံ၊ စိတ်ကို။ နိဝါရယေ၊ တားမြစ်ရာ၏။

ဒေသနာတော်၏အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

စူဠဧကသာဋကပုဏ္ဏားဝတ္ထုပြီး၏။

֍ * ၂။ သေယျသကမထေရ်ဝတ္ထု

ပါပဉ္စေ ပုရိသောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သေယျသက မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မကောင်းမှုသည် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်

ထိုသေယျသကသည်ကား လာဠုဒါယီမထေရ်၏ အတူနေ သဒ္ဓိဝိဟာရိကတပည့်ဖြစ်၏။ မိမိ၏ မမွေ့လျော်ခြင်းကို ထိုလာဠုဒါယီအား ပြောကြားလျှောက်ထားသဖြင့် ထိုလာဠုဒါယီသည် ပထမ သံဃာဒိသိသ်အာပတ် သင့်လောက်သောအမှု၌ ဆောက်တည်စေအပ်သည်ဖြစ်ရကား မမွေ့လျော် မပျော်ပိုက်ခြင်းဖြစ်တိုင်းဖြစ်တိုင်း ထိုပထမ သံဃာဒိသိသ်အာပတ် သင့်လောက်သောအမှုကို ပြုပေ၏။ မြတ်စွာဘုရားသည် ထိုသေယျသကရဟန်း၏ ထိုအပြုအမူအကြောင်းကို ကြားရလျှင် သေယျသကရဟန်းကို ခေါ်တော်မူစေ၍ “သင်သည် ဤသို့ပြုလေ့ရှိ၏ဟူသည် မှန်သလော”ဟု မေးတော်မူခြင်းကြောင့် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မှန်ပါသည်ဘုရား”ဟု လျှောက်ကြားသည်ရှိသော် “အဘယ့်ကြောင့် ဝန်လေးသောအမှုကို ပြုဘိသနည်း။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား-- မလျောက်ပတ်၊” ဤသို့ စသည်ဖြင့် အထူးထူးအပြားပြား ကဲ့ရဲ့ပြီးလျှင် သိက္ခာပုဒ်ကို ပညတ်တော်မူ၍ “ဤသို့ သဘောရှိသော မကောင်းမှုသည်လည်း မျက်မှောက်၌လည်းကောင်း၊ တမလွန်၌လည်းကောင်း ဆင်းရဲသောအကျိုးကို ဖြစ်စေတတ်သည်သာလျှင် ဖြစ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၁၇] ပါပဉ္စေ ပုရိသော ကယိရာ၊ န နံ ကယိရာ ပုနပ္ပုနံ။
န တမှိ ဆန္ဒံ ကယိရာထ၊ ဒုက္ခော ပါပဿ ဥစ္စယော။

ပုရိသော၊ ယောက်ျားသည်။ ပါပံ၊ မကောင်းမှုကို။ စေ ကယိရာ၊ အကယ်၍ တစ်ကြိမ်တစ်ခါ ပြုမိငြားအံ့။ နံ၊ ထိုမကောင်းမှုကို။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ န ကယိရာ၊ မပြုရာ။ တမှိ၊ ထိုမကောင်းမှု၌။ ဆန္ဒံ၊ ပြုလိုခြင်းကို။ ဝိနောဒေတွာ၊ ပယ်ဖျောက်၍။ န ကယိရာထ၊ မပြုရာ။ ကိံ ကာရဏာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ ပါပဿ၊ မကောင်းမှု၏။ ဥစ္စယော၊ တိုးပွားခြင်းသည်။ ဒုက္ခာ၊ ဆင်းရဲသို့ရောက်အောင် ဆောင်တတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သေယျသကမထေရ်ဝတ္ထုပြီး၏။

֍ * ၃။ လာဇာနတ်သမီးဝတ္ထု

ပုညဉ္စေ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လာဇာနတ်သမီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပေါက်ပေါက်လှူသော လယ်တောသူ

အရှင်မဟာကဿပသည် ပိပ္ပလိလိုဏ်ဂူ၌ နေတော်မူလျက် ဈာန်ဝင်စားသဖြင့် ခုနစ်ရက်မြောက်သောနေ့၌ ဈာန်မှထတော်မူပြီးလျှင် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ဆွမ်းခံရာအရပ်ကို ကြည့်လတ်သည်ရှိသော် သလေးကောက်ကြီးခင်းစောင့်သော မိန်းမတစ်ယောက်သည် သလေးနှံတို့ကိုယူ၍ ပေါက်ပေါက်လှော်သည်ကို မြင်ရလျှင် “သဒ္ဓါတရားရှိသလော, သဒ္ဓါတရား မရှိသလော”ဟု စူးစမ်းဆင်ခြင်လေ၏။ “သဒ္ဓါတရားရှိ၏”ဟု သိတော်မူသဖြင့် “ငါ့အား ထောက်ပံ့ခြင်းငှာ တတ်နိုင်အံ့လော, မတတ်နိုင်အံ့လော”ဟု စူးစမ်းဆင်ခြင်တော်မူပြန်၏။ “သတို့သမီးသည် ကြောက်ရွံ့ခြင်းကင်းလျက် ရဲရဲရင့်ရင့် ငါ့ကို ထောက်ပံ့ခြင်းပြုလတ္တံ့၊ ပြုပြီးလတ်သော်ကား စည်းစိမ်ကြီးကို ရပေလတ္တံ့”ဟု သိတော်မူ၍ သင်္ကန်းရုံသဖြင့် သပိတ်ကိုကိုင်ယူလျက် သလေးစပါးခင်းအနီး၌သာ ရပ်တော်မူလေ၏။ အမျိုးသမီးသည်လည်း မထေရ်ကို မြင်လျှင်မြင်ချင်း ကြည်လင်သောစိတ်ရှိရကား ငါးပါးအပြားရှိသောပီတိ နှံ့ထိသောကိုယ်ရှိသဖြင့် “အရှင်ဘုရား- ရပ်တော်မူပါဦးဘုရား”ဟု လျှောက်ဆို၍ ပေါက်ပေါက်တို့ကိုယူလျက် လျင်မြန်စွာသွားပြီးမှ မထေရ်၏သပိတ်၌ လောင်းထည့်၍ ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သိမြင်အပ်သော တရားတော်သို့ ကပ်ရောက်နိုင်သောသူ ဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းလေ၏။ ရှင်မဟာကဿပသည်လည်း “တောင်းသည့်ဆုအတိုင်း ပြည့်စုံစေ”ဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူလေ၏။

မြွေကိုက်ခံရ၍ ကွယ်လွန်ကာ နတ်ပြည်၌ဖြစ်

ထိုသတို့သမီးသည်လည်း မထေရ်ကိုရှိခိုး၍ မိမိပေးလှူအပ်သောအလှူကို ဆင်ခြင်လျက် ပြန်လည်ခဲ့လေ၏။ ထိုလယ်ကန်သင်း၏ သွားရာလမ်းခရီး၌ တစ်ခုသောတွင်းဝယ် အဆိပ်ထန်သောမြွေသည် အိပ်နေလေ၏။ ထိုမြွေသည် အရှင်မဟာကဿပမထေရ်၏ သင်္ကန်းဖြင့် ဖုံးလွှမ်းအပ်သော သလုံးမြင်းခေါင်းကို ကိုက်ခြင်းငှာ မတတ်နိုင်၊ သတို့သမီးသည် အလှူကို ဆင်ခြင်အောက်မေ့လျက် ပြန်လည်ခဲ့သည်ရှိသော် ထိုအရပ်သို့ ရောက်လေ၏။ မြွေသည် တွင်းမှထွက်သဖြင့် သတို့သမီးကိုကိုက်၍ ထိုအရပ် လယ်ကန်သင်း၌ပင် လဲစေလေ၏။ ထိုလယ်စောင့်သတို့သမီးသည် ကြည်ညိုသော စိတ်ဖြင့်သာလျှင် တာဝတိံသာနတ်ပြည်ဝယ် ယူဇနာ သုံးဆယ်ရှိသော ရွှေဗိမာန်၌ အိပ်ရာမှ နိုးလာသကဲ့သို့ အလုံးစုံ တန်ဆာဖြင့် ဆင်ယင်အပ်သောကိုယ်ရှိသော သုံးဂါဝုတ်မျှသော အတ္တဘောဖြင့် ဖြစ်လေ၏။ တစ်ဆယ့်နှစ်ယူဇနာရှိသော နတ်ပုဆိုးကိုဝတ်လျက် တစ်ထည်ကိုရုံလျက် နတ်သမီးတစ်ထောင် ခြံရံအပ်သဖြင့် ရှေးကောင်းမှုကို ထင်ရှားပြခြင်းငှာ ရွှေပေါက်ပေါက်ဖြင့်ပြည့်သော တွဲရရွဲဆွဲသော ရွှေခွက်ဖြင့် တန်ဆာဆင်အပ်သော ဗိမာန်တံခါး၌ရပ်လျက် မိမိ၏ စည်းစိမ်ကိုကြည့်ရှုပြီးလျှင် “ငါသည် အဘယ်ကောင်းမှုကိုပြု၍ ဤစည်းစိမ်ကို ရဘိသနည်း”ဟု နတ်မျက်စိဖြင့် စူးစမ်းဆင်ခြင်လတ်သည်ရှိသော် “ငါ့အရှင်ကောင်းဖြစ်သော ရှင်မဟာကဿပမထေရ်မြတ်အား လှူအပ်သော ပေါက်ပေါက်၏ အကျိုးဆက်ကြောင့် ရ၏”ဟု သိလေ၏။

နတ်စည်းစိမ်အမြဲတည်ရန် ကုသိုလ်ပြုခြင်း

ထိုနတ်သမီးသည် “ဤသို့ အနည်းငယ်သော ကုသိုလ်ဖြင့် ဤသို့သဘောရှိသော စည်းစိမ်ကိုရပြီးလျှင် ယခုအခါ ငါသည် မေ့လျော့ခြင်းငှာမသင့်၊ ထို့ကြောင့် အရှင်ကောင်းအား ဝတ်ကြီးဝတ်ငယ်ကိုပြု၍ စည်းစိမ်ကို အမြဲတည်အောင်ပြုအံ့”ဟု ကြံလျက် နံနက်စောစောကပင်လျှင် ရွှေဖြင့်ပြီးသော တံမြက်စည်းနှင့် တံမြက်ချေးစွန့်စရာ တောင်းကိုယူသွား၍ အရှင်မဟာကဿပမထေရ်မြတ်၏ ပရိဝုဏ်ကျောင်းကို တံမြက်လှည်းပြီးလျှင် သောက်ရေသုံးဆောင်ရေကို တည်ထားလေ၏။ မထေရ်သည် ထိုအခြင်းအရာကို မြင်ရလျှင် “တစ်စုံတစ်ယောက်သော ပဉ္စင်းငယ်သည်လည်းကောင်း၊ သာမဏေသည်လည်းကောင်း ဝတ်ကိုပြုသည်ဖြစ်လတ္တံ့”ဟု မှတ်သားကာ နေလေ၏။ နတ်သမီးသည် နှစ်ရက်မြောက်သောနေ့၌လည်း ထိုရှေးအတူသာလျှင် ပြုပြန်လေ၏။ မထေရ်သည်လည်း ထို့အတူသာ မှတ်သားလေ၏။

လာဇာနတ်သမီးအား မလာရန် တား

သုံးရက်မြောက်သော နေ့၌ကား မထေရ်မြတ်သည် ထိုနတ်သမီး၏ တံမြက်လှည်းသံကို ကြားရသဖြင့်လည်းကောင်း၊ သံကောက်ပေါက်တို့ဖြင့် ဝင်လာသောကိုယ်ရောင်ကို မြင်ရသဖြင့်လည်းကောင်း တံခါးကို ဖွင့်တော်မူပြီးလျှင် “ဤတံမြက်လှည်းသူကား အဘယ်သူနည်း”ဟု မေးတော်မူလေ၏။ “အရှင်ဘုရား- တပည့်တော်မသည် အရှင်ဘုရားတို့၏ အလုပ်အကျွေးဖြစ်သော လာဇာနတ်သမီးပါဘုရား”ဟု လျှောက်ကြားလျှင် “ငါ့အား ဤသို့အမည်ရှိသော အလုပ်အကျွေး ဒါယိကာမမည်သည် မရှိသည် မဟုက်ပါလော”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား- တပည့်တော်မသည် သလေးခင်းလယ်တောကို စောင့်ရှောက်လျက် ပေါက်ပေါက်တို့ကိုလှူ၍ ကြည်ညိုသောစိတ်ရှိသဖြင့် ပြန်လည်လာသည်ရှိသော် မြွေကိုက်၍ သေခြင်းကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ရပါသည်။ တပည့်တော်မသည် အရှင်မြတ်ကိုမှီ၍ ဤစည်းစိမ်ကို ရပါသည်။ အရှင်ဘုရားတို့အား ဝတ်ကြီးဝယ်ငယ်ကိုပြု၍ စည်းစိမ်ကို အမြဲတည်အောင်ပြုအံ့ဟု နှလုံးပြုသဖြင့် လာပါသည်ဘုရား”ဟု လျှောက်ကြားလေသော် “ယမန်နေ့၌လည်းကောင်း တစ်ဖန် ယမန်နေ့ (တစ်မြန်မနေ့)၌လည်းကောင်း သင်သည်သာလျှင် ဤအရပ်ကို တံမြက်လှည်းသလော၊ သင်သည်သာလျှင် သောက်ရေ သုံးဆောင်ရေ တည်ထားသလော”ဟု မေးပြန်လေ၏။ “အရှင်ဘုရား- ဟုတ်မှန်လှပါသည်”ဟု လျှောက်လတ်သော် “နတ်သမီး- ဖဲလော့၊ ဆုတ်လေလော့၊ သင်ပြုသောဝတ်သည် ပြုပြီးတိုင်းပင် ဖြစ်စေတော့။ ဤအခါမှစ၍ ဤအရပ်သို့ မလာလေနှင့်တော့”ဟု မိန့်ဆိုတော်မူလေ၏။

ဓမ္မကထိကတို့ ကဲ့ရဲ့ခြင်းမှ လွတ်စေရန်

နတ်သမီးက “အရှင်ဘုရား- တပည့်တော်မကုသိုလ်ကို ဖျက်ဆီးတော်မမူပါနှင့်။ အရှင်ဘုရားတို့အား ဝတ်ပြု၍ တပည့်တော်မ၏စည်းစိမ်ကို မြဲမြံစွာတည်အောင် ပြုခြင်းငှာ အခွင့်ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်ပြန်ရှာလေ၏။ “နတ်သမီး- ဖဲလော့၊ ငါ့အား နောင်သောအခါ ဆန်းကြယ်သောယပ်ကိုကိုင်လျက် နေထိုင်ကုန်သော တရားဟော ဓမ္မကထိကပုဂ္ဂိုလ်တို့သည် “အရှင်မဟာကဿပ မထေရ်ကြီးအား နတ်သမီးတစ်ယောက် လာရောက်၍ ဝတ်ကြီးဝတ်ငယ်ပြုလျက် သောက်ရေသုံးဆောင်ရေ တည်သတတ်”ဟု ပြောဆိုစရာ မပြုလာနှင့်၊ ဤနေ့မှစ၍ ဤအရပ်သို့ မလာလေနှင့်တော့၊ ဆုတ်ခွာဖဲသွားလေလော့”ဟု မိန့်ဆိုလတ်သော် နတ်သမီးသည် “အရှင်ဘုရား- တပည့်တော်မ ကုသိုလ်ကို ဖျက်ဆီးတော်မမူပါနှင့်ဘုရား”ဟု အဖန်တလဲလဲ တောင်းပန်ရှာ၏။ မထေရ်သည် “ဤနတ်သမီးကား ငါ့စကားကို မနာယူ”ဟု ကြံ၍ “သင်နတ်သမီးသည် အတိုင်းအရှည်ကို မသိ”ဟု လက်ဖျစ်တီးလေ၏။

(နှုတ်ဖြင့်ပြော၍ မရသောအခါ လက်ဖျစ်တီးလေ့ရှိကြသည်။ ရဟန္တာတို့လက်ဖျစ်တီးလိုက်လျှင် မည်သည့်နတ်မဆို မနေနိုင်ကြ၊ ပြန်သွားကြရ၏။)

ထိုနတ်သမီးသည် ထိုအရပ်၌ တည်တံ့စွာ နေခြင်းငှာ မတတ်နိုင်ရကား ကောင်ကင်သို့ပျံတက်၍ လက်အုပ်ချီလျက် “အရှင်ဘုရား- တပည့်တော်မရအပ်သော စည်းစိမ်ကို မဖျက်ဆီးပါလင့်၊ အမြဲတည်အောင် ပြုခြင်းငှာ အခွင့်ပေးတော်မူကြပါဘုရား”ဟု ငိုကြွေးမြည်တမ်းလျက် ကောင်းကင်၌ တည်နေရှာလေ၏။

ကိုယ့်တာဝန်နှင့် ကိုယ်သာ

မြတ်စွာဘုရားသည် ဂန္ဓကုဋိတိုက်၌ သီတင်းသုံးတော်မူလျက်သာလျှင် ထိုနတ်သမီး၏ ငိုကြွေးသံကို ကြားတော်မူသဖြင့် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူလျက် နတ်သမီး၏မျက်မှောက်၌နေ၍ တရားဟောတော်မူဘိသကဲ့သို့ “နတ်သမီး- စောင့်စည်း,တားမြစ်ခြင်းကို ပြုခြင်းသာလျှင် ငါ့သားကဿပ၏ တာဝန်တည်း။ “ဤကောင်းမှုသည် ငါတို့အား အကျိုးရှိ၏”ဟု မှတ်သားသဖြင့် ကောင်းမှုကိုပြုခြင်းသည်ကား ကောင်းမှုကုသိုလ်ဖြင့် အလိုရှိသော သူတို့၏ တာဝန်တည်း။ ကုသိုလ်ကောင်းမှုပြုခြင်းသည် ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ချမ်းသာခြင်း၏အကြောင်းသာ ဖြစ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၁၈] ပုညဉ္စေ ပုရိသော ကယိရာ၊ ကယိရာ နံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊ သုခေါ ပုညဿ ဥစ္စယော။

ပုရိသော၊ ယောက်ျားသည်။ ပုညံ၊ ကောင်းမှုကို။ စေ ကယိရာ၊ အကယ်၍ ပြုငြားအံ့။ နံ၊ ထိုကောင်းမှုကို။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ကယိရာ၊ ပြုရာ၏။ တမှိ၊ ထိုကောင်းမှု၌။ ဆန္ဒံ၊ နှစ်သက်ခြင်း အားထုတ်ခြင်းကို။ ကယိရာထ၊ ပြုလေရာ၏။ ကိံကာရဏာ၊ အဘယ့်ကြောင်းနည်းဟူမူကား။ ပုညဿ၊ ကောင်းမှု၏။ ဥစ္စယော၊ တိုးပွားခြင်းသည်။ သုခေါ၊ ချမ်းသာသို့ရောက်အောင် ဆောင်တတ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ နတ်သမီးသည် လေးဆယ့်ငါးယူဇနာရှိသော ကောင်းကင်ထက်၌ တည်လျက်သာလျှင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

လာဇာနတ်သမီးဝတ္ထု ပြီး၏။

֍ * ၄။ အနာထပိဏ်သူဌေးကြီးဝတ္ထု

ပါပေါပိ ပဿတီ ဘဒြံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေးကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အနာထပိဏ်သူဌေးကြီး စီးပွားပျက်ခြင်း

အနာထပိဏ် သူဌေးကြီးသည် ဇေတဝန်ကျောင်းတော်ကြီးကို ရည်မှန်းသဖြင့် ငါးဆယ့်လေးကုဋေသော ဥစ္စာကို ဘုရားရှင်သာသနာတော်၌ စွန့်ကြဲ၍ မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ နေတော်မူလတ်သည်ရှိသော် နေ့တိုင်း သုံးကြိမ် ကြီးစွာသော ဆည်းကပ်ခစားခြင်းတို့သို့သွားရောက်လေ၏။ သွားလေတိုင်းပင် “အဘယ်ဝတ္ထုကိုယူ၍ လာလေသနည်း”ဟု “သာမဏေတို့သည်လည်းကောင်း, ပဉ္စင်းငယ်တို့သည်လည်းကောင်း ငါ၏လက်ကိုသော်လည်း ကြည့်ရှုကုန့်ရာ၏”ဟု အချည်းနှီးသောလက်ရှိလျက် သွားဖူးသည်မည်သည် မရှိစဖူး။

၁။ နံနက်စောစောက သွားသည်ရှိသော် ယာဂုကို ယူစေ၍သာ သွား၏။
၂။ နံနက်စာ စားပြီးလတ်သော် ထောပတ်ဆီဦး အစရှိသော ဆေးတို့ကို၊
၃။ ညချမ်းအခါ ပန်းနံ့သာ နံ့သာပျောင်း အဝတ်ပုဆိုး စသည်တို့ကို ယူစေ၍ ကျောင်းသို့ သွား၏။

ဤသို့လျှင် နေ့တိုင်း,နေ့တိုင်း အမြဲကာလပတ်လုံးသာ အလှူလှူ၍ သီလကိုစောင့်ရှောက်၏။ နောက်အဖို့၌ ဥစ္စာ ကုန်ဆုံး ပျက်စီးပြုန်းတီးခြင်းသို့ ရောက်လေ၏။ ကုန်သွယ်ခြင်းကိုမှီ၍ အသက်မွေးသောသူတို့သည်လည်း ထိုအနာထပိဏ် သူဌေးကြီး၏လက်မှ ဥစ္စာ တစ်ဆယ့်ရှစ်ကုဋေဖြစ်သော ကြွေးမြီကို ချေးယူကြကုန်၏။ ထိုသူဌေးကြီး၏ အမျိုးအနွယ်မှရသော ဥစ္စာ, သို့မဟုတ် ပေါင်းစုထားသောဥစ္စာ ငွေတစ်ဆယ့်ရှစ်ကုဋေတို့ကိုလည်း မြစ်ကမ်းနား၌ မြှုပ်၍ထားလေရာ ရေကြောင့် ကမ်းပြိုလတ်သော် ထိုဥစ္စာအားလုံး သမုဒ္ဒရာသို့ ပါဝင်သွားကြကုန်၏။

ဤသို့ ဤအနာထပိဏ်သူဌေးကြီးအား အစဉ်အားဖြင့် ပစ္စည်းဥစ္စာကုန်ခြင်းသို့ ရောက်လေ၏။ ထိုသူဌေးကြီးသည် ဤသို့ပင်ဖြစ်သော်လည်း သံဃာတော်အပေါင်းအား အလှူ လှူမြဲ လှူသည်သာတည်း။ မွန်မွန်မြတ်မြတ်ပြု၍ကား လှူခြင်းငှာ မစွမ်းနိုင်ရှာလေ။ ထိုသူဌေးကြီးသည် တစ်နေ့သ၌ ဘုရားရှင်က “ဒါယကာ သူဌေးကြီး- ဒါယကာကြီး၏အိမ်၌ အလှူလှူရ၏လော”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- လှူရပါ၏၊ လှူရပါသော်လည်း ထိုအလှူသည် ပုန်းရည်ဟင်းလျှင် နှစ်ခုမြောက်ရှိသော ဆန်ကွဲဆွမ်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

ဒါနဟူသည် နည်းသည်ဟူ၍ မရှိ

ထိုအခါ သူဌေးကြီးကို ဘုရားရှင်သည် “ဒါယကာကြီး- “ခေါင်းပါးသောအလှူကို လှူရ၏တကား”ဟု မကြံလင့်။ စိတ်မွန်မြတ်သည်ရှိသော် ဘုရားစသည်တို့အား လှူသောအလှူသည် ခေါင်းပါးသောမည်သည် မရှိ။ စင်စစ်မူကား သင်ဒါယကာကြီးသည် ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူရလေပြီ။ ငါဘုရားသည် ဝေလာမပုဏ္ဏား ဖြစ်သောအခါ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို ထွန်တုံးကင်းအောင်ပြု၍ ကြီးစွာသောအလှူကို ဖြစ်စေလတ်သည်ရှိသော် သရဏဂုံတည်သော တစ်စုံတစ်ယောက်သော သူကိုမျှလည်း မရခဲ့။ မြတ်သော အလှူခံပုဂ္ဂိုလ်တို့မည်သည် ဤသို့လျှင် ရခဲကြကုန်၏။ ထို့ကြောင့် ငါ၏အလှူသည် ခေါင်းပါးလှ၏တကားဟူ၍ မကြံလင့်”ဟု မိန့်တော်မူ၍ ဝေလာမသုတ်ကို ထိုသူဌေးကြီးအား ဟောကြားတော်မူလေ၏။

တံခါးစောင့်နတ်၏အကြံ

ထိုအခါ သူဌေးကြီး၏ တံခါးမုခ်ဦး၌စောင့်သော နတ်သည် မြတ်စွာဘုရားသည်လည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သားတို့သည်လည်းကောင်း အိမ်သို့ ဝင်ကြွလာကြကုန်သည်ရှိသော် ထိုဘုရားနှင့် သာဝကတို့၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် တည်တံ့စွာနေခြင်းငှာ မတတ်နိုင်ရကား “ဤသူတို့သည် ဤအိမ်သို့ မဝင်လာနိုင်ကြရအောင် သူဌေးကြီးကို ကွဲပြားပျက်စီးစေအံ့”ဟု ကြံ၍ သူဌေးကြီးကို ပြောဆိုလိုသော်လည်း အစိုးတရ စည်းစိမ်ရှင်ဖြစ်သောကာလ၌ တစ်စုံတစ်ခုသောစကားကို ဆိုခြင်းငှာ မတတ်နိုင်။ “ယခုအခါ၌ကား ဤသူဌေးကြီးသည် ဆင်းရဲခဲ့လေပြီ။ ငါ့စကားကို နာယူပေလတ္တံ့”ဟု နှလုံးပြုလျက် ညဉ့်အဖို့၌ သူဌေးကြီး၏ ကျက်သရေရှိသော တိုက်ခန်းသို့ဝင်၍ ကောင်းကင်၌ ရပ်တည်နေလေ၏။

နတ်ကို သူဌေးကြီး နှင်ထုတ်ခြင်း

ထိုအခါ နတ်ကိုမြင်လျှင် “သင် အသူနည်း”ဟု မေးလေ၏။ “အို..အရှင် သူဌေးကြီး- အကျွန်ုပ်ကား သင်သူဌေးကြီး၏ လေးခုမြောက်သော တံခါးမုခ်၌စောင့်သော နတ် ဖြစ်သည်။ အသင့်အား ဆုံးမခြင်းငှာ လာခဲ့ပေ၏”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ မိန့်ဆိုပါ နတ်မင်း”ဟု တောင်းပန်လေ၏။ “သူဌေးကြီး- သင်သည် နောက်ကာလကို မကြည့်မူ၍သာလျှင် ရဟန်းဂေါတမ၏သာသနာ၌ ဥစ္စာများကို ဖရိုဖရဲ ဖြန့်ကြဲလေဘိ၏၊ ယခုအခါ ဆင်းရဲသောသူ ဖြစ်၍သော်လည်း ထိုဖြန့်ကြဲခြင်းကို မလွှတ်ဘဲ နေသေးသည်သာတည်း၊ ဤသို့ဖြစ်လျှင် နှစ်ရက်,သုံးရက်ချည်းဖြင့်သာလျှင် စားစရာ ဝယ်စရာမျှကိုလည်း သင်မရတော့လတ္တံ့၊ သင့်အား ရဟန်းဂေါတမဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လွန်စွာ စွန့်ကြဲခြင်းမှရှောင်ကြဉ်၍ ကုန်သွယ်,လယ်လုပ်စသော အမှုတို့ကို အားထုတ်လျက် စည်းစိမ်ဥစ္စာကို ကောင်းစွာ တည်စေဦးလော့”ဟု ဆုံးမစကား ပြောကြားလေ၏။ “ဤသည်ကား အသင်နတ်မင်းသည် အကျွန်ုပ်အားပေးအပ်သော အဆုံးအမလော”ဟု ပြန်မေးလတ်သော် “သူဌေးကြီး- ဟုတ်မှန်ပေ၏”ဟု ဆိုလေ၏။ “သွားချေလော့- ငါကား သင်နတ်ကဲ့သို့ သဘောရှိကုန်သောသူတို့၏ အရာသည်လည်းကောင်း၊ အထောင်သည်လည်းကောင်း၊ အသိန်းသည်လည်းကောင်း တုန်လှုပ်ချောက်ချားစိမ့်သောငှာ မတတ်ကောင်းသောသူ ဖြစ်၏၊ သင်သည် မသင့်လျော်သောစကားကို ဆိုဘိ၏၊ ငါ့အိမ်၌ သင်နေခြင်းဖြင့်လည်း အကျိုးမရှိ၊ လျင်မြန်သည်ထက် လျင်မြန်စွာ ငါ၏နေအိမ်မှ ထွက်ခွာသွားလေလော့”ဟု နှင်ထုတ်လေ၏။

အနှင်ခံနတ် မြို့စောင့်ထံ အကူအညီတောင်း

ထိုနတ်သည် သောတာပန်ဖြစ်သော ဘုရားရှင်၏တပည့်အရိယာသာဝက၏စကားကို ကြားရလျှင် တည်နေခြင်းငှာ မတတ်နိုင်ရကား သားငယ်သမီးငယ်တို့ကို ခေါ်ငင်လျက် ထွက်သွားရရှာလေ၏။ ထွက်သွားပြီးသော်ငြားလည်း တစ်ပါးသောအရပ်၌ နေရာအရပ်ကိုမရသဖြင့် “သူဌေးကြီးကို သည်းခံစေပြီးလျှင် ထိုသူဌေးကြီးအိမ်၌သာ ပြန်နေပေအံ့”ဟု ကြံ၍ မြို့ကိုစောင့်ရှောက်သော နတ်သားသို့ချဉ်းကပ်၍ မိမိပြုအပ်သော ပြစ်မှားခြင်းကို ပြောကြားပြီးလျှင် “လာလှည့်ပါလော့၊ အကျွန်ုပ်ကို သူဌေးကြီး၏အထံသို့ ဆောင်ကာ သည်းခံစေ၍ နေရာအရပ်ကို ပေးစေပါလော့ (ပြန်ပေးအောင် ပြုပေးပါ)”ဟု ဆိုရှာလေ၏။ ထိုမြို့စောင့်နတ်သားသည် “သင်ကား မလျောက်ပတ်သောစကားကို ဆိုခဲ့၏။ ငါသည် ထိုသူဌေးကြီး၏ အိမ်သို့သွားခြင်းငှာ မဝံ့”ဟု ဆို၍ ထိုနတ်ဆိုသောစကားကို ပယ်လေ၏။

သိကြားမင်း အကြံပေးပုံ

ထိုနတ်သည် နတ်မင်းကြီးလေးယောက်တို့၏အထံသို့ သွားသဖြင့် ထိုနတ်မင်းကြီးတို့သည် ပယ်အပ်ပြန်လတ်သော် သိကြားနတ်မင်းသို့ ချဉ်းကပ်ပြန်သဖြင့် ထိုအကြောင်းကို ပြောကြားလျှောက်ထားပြီးလျှင် “အရှင်မင်းကြီး- အကျွန်ုပ်သည် နေစရာနေရာ မရပါသဖြင့် သားငယ်,သမီးငယ်တို့ကို လက်ဖြင့်ယူလျက် ခိုကိုးရာမဲ့ လှည့်လည်နေရပါသည်။ အကျွန်ုပ်အား နေစရာနေရာကို ပြန်ပေးစေပါလော့”ဟု အထူးကောင်းမွန်စွာ တောင်းပန်လေ၏။ ထိုအခါ ထိုနတ်ကို သိကြားမင်းသည် “ငါသည်လည်း သင်၏အကြောင်းကြောင့် သူဌေးကြီးကို ပြောဆိုခြင်းငှာ မစွမ်းဆောင်နိုင်၊ တစ်ခုသော အကြောင်းကိုကား သင့်အား ပြောပြလို၏”ဟု ဆိုလေသော် ထိုနတ်သည် “ကောင်းပါပြီ၊ မိန့်တော်မူပါ”ဟု အသနားခံလျှောက်လေ၏။ “သွားချေ- သူဌေးကြီး၏ စာရင်းကိုင်, ဘဏ္ဍာစိုးအသွင်ကို ဖန်ဆင်း၍ သူဌေးကြီး၏လက်မှ ကမ္ပည်းစာရင်းသို့ တင်ထားမှတ်သား၍ ထိုကုန်သွယ်ခြင်းကိုမှီ၍ အသက်မွေးသောသူတို့ ယူသွားသော တစ်ဆယ့်ရှစ်ကုဋေသော ဥစ္စာကို မိမိ၏အာနုဘော်ဖြင့် တောင်းခံ၍ အချည်းနှီးသော တိုက်ခန်းတို့ကို ပြည့်စေပြီးလျှင် မဟာသမုဒ္ဒရာ၌ ပါဝင်သွားလေသော တစ်ဆယ့်ရှစ်ကုဋေသော ဥစ္စာလည်း ရှိ၏။ ဤမှတစ်ပါးဖြစ်သော ဤမည်သောအရပ်၌ ဥစ္စာရှင်မရှိသော တစ်ဆယ့်ရှစ်ကုဋေသော ဥစ္စာလည်း ရှိသေး၏။ ထိုအလုံးစုံကို ဆောင်ယူသဖြင့် သူဌေးကြီး၏ အချည်းနှီးသော တိုက်ခန်းတို့ကို ပြည့်စေလျက် ဒဏ်အမှုပြု၍ သည်းခံကန်တော့ချေလော့”ဟု မိန့်ဆိုလိုက်လေ၏။

သူဌေးကြီးအား တောင်းပန်ခြင်း

ထိုနတ်သည် “ကောင်းပါပြီ.. အရှင်သိကြားမင်း”ဟု ဝန်ခံ၍ ဆိုအပ်ပြီးသောနည်းအားဖြင့် အလုံးစုံကိုပြုပြီးလျှင် တစ်ဖန် သူဌေးကြီး၏ ကျက်သရေရှိသောတိုက်ခန်းကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေလျက် ကောင်းကင်၌ ရပ်တည်၍ “ဤသူကား အသူနည်း”ဟု မေးလျှင် “အကျွန်ုပ်ကား အသင်သူဌေးကြီး၏ လေးခုမြောက်သော တံခါးမုခ်၌စောင့်သော အလွန်မိုက်မဲတွေဝေသောနတ် ဖြစ်ပါသည်။ အကျွန်ုပ်သည် အလွန်မိုက်မဲတွေဝေခြင်းကြောင့် အရှင်သူဌေးကြီးတို့၏အထံ၌ အကြင်အပြစ်ကို ပြုမိပါချေပြီ၊ ထိုအပြစ်ကို သည်းခံတော်မူပါ၊ အကျွန်ုပ်သည် သိကြားမင်း၏စကားဖြင့် ငါးဆယ့်လေးကုဋေသော ဥစ္စာကို စုရုံးဆောင်ယူ၍ အချည်းနှီးသော တိုက်ခန်းပြည့်အောင် ဒဏ်အမှုကို ပြုပြီးပါပြီ။ နေစရာနေရာကို မရခြင်းကြောင့် ပင်ပန်းလှပါ၏”ဟု ဆိုလေ၏။ အနာထပိဏ်သူဌေးကြီးလည်း “ဤနတ်ကား “ဒဏ်အမှုကိုလည်း အကျွန်ုပ် ပြုပြီးပါပြီ”ဟု ဆို၏၊ မိမိ၏အပြစ်ကိုလည်း ဝန်ခံ၏၊ ဘုရားသဗ္ဗညုအား ထိုနတ်ကို ပြဦးအံ့”ဟု ကြံပြီးလျှင် အနာထပိဏ် သူဌေးကြီးသည် ထိုနတ်ကို ဘုရားရှင်အထံသို့ ခေါ်ဆောင်သွား၍ ထိုနတ်ပြုအပ်သောအမှုကို လျှောက်ကြားလေ၏။

မကောင်းမှုရှောင် ကောင်းမှုဆောင်

နတ်သည် ဘုရားရှင်၏ခြေတော်ရင်း၌ ဦးခေါင်းဖြင့်ဝပ်လျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်သည် အလွန်မိုက်မဲတွေဝေခြင်းကြောင့် ရှင်တော်မြတ်ဘုရားတို့၏ ဂုဏ်ကျေးဇူးတို့ကို မသိသဖြင့် ယုတ်မာသော အမှုဖြစ်သော စကားကို ဆိုမိပါချေပြီ။ ထိုအပြစ်ကို တပည့်တော်အား သည်းခံတော်မူကြပါဘုရား”ဟု ဘုရားသဗ္ဗညုကို ကန်တော့ပြီးလျှင် သူဌေးကြီးကို ကန်တော့လေ၏။ မြတ်စွာဘုရားသည် ကောင်းမှု မကောင်းမှုဖြစ်သော ကံတို့၏ အကျိုးအစွမ်းဖြင့် သူဌေးကြီးကိုလည်းကောင်း၊ နတ်ကိုလည်းကောင်း ဆုံးမလိုသဖြင့် “အနာထပိဏ်သူဌေးကြီး- ဤလောက၌ ယုတ်မာသော ပုဂ္ဂိုလ်သည်လည်း အကြင်ရွေ့လောက် မကောင်းမှုသည် အကျိုးကို မဖြစ်စေသေး၊ ထိုရွေ့လောက် ကောင်းသောအကျိုးကို မြင်ရသေး၏။ အကြင်အခါ ထိုသူအား မကောင်းမှုသည် အကျိုးကို ဖြစ်စေ၏။ ထိုအခါ မကောင်းသော အကျိုးကိုသာလျှင် မြင်ရချေ၏။ ကောင်းမှုနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်လည်း အကြင်ရွေ့လောက် ကောင်းမှုသည် အကျိုးမပေးသေး၊ ထိုရွေ့လောက် မကောင်းကျိုးကို မြင်ရသေး၏။ အကြင်အခါ ကောင်းမှုသည် အကျိုးကို ပေး၏၊ ထိုအခါ ကောင်းကျိုးကိုသာလျှင် မြင်ရ၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၁၉] ပါပေါပိ ပဿတီ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတီ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။

֍ * [၁၂၀] ဘဒြောပိ ပဿတီ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။
ယဒါ စ ပစ္စတီ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။

ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ပါပံ၊ မကောင်းမှုကံ အသစ်သည်။ န ပစ္စတိ၊ အကျိုးကို မပေးသေး။ တာဝ၊ ထိုမျှလောက်။ ပါပေါပိ၊ မကောင်းမှုနှင့်ယှဉ်သော သူသည်လည်း။ ဘဒြံ၊ ကောင်းသောအကျိုးကို။ ပဿတိ၊ မြင်ရသေး၏။ ယဒါ စ၊ အကြင်အခါ၌ကား။ ပါပံ၊ မကောင်းမှုကံသည်။ ပစ္စတိ၊ အကျိုးကိုပေး၏။ အထ၊ ထိုအခါ၌။ ပါပေါ၊ ယုတ်မာသော သူသည်။ ပါပါနိ၊ မကောင်းကျိုးတို့ကို။ ပဿတိ၊ မြင်ရ၏။

ယာဝ၊ အကြင်ရွေ့လောက်။ ဘဒြံ၊ ကောင်းမှုကံ အသစ်သည်။ န ပစ္စတိ၊ အကျိုးကို မပေးသေး။ တာဝ၊ ထိုရွေ့ လောက်။ ဘဒြောပိ၊ ကောင်းမှုရှိသော သူသည်လည်း။ ပါပံ၊ မကောင်းကျိုးကို။ ပဿတိ၊ မြင်ရသေး၏။ ယဒါ စ၊ အကြင်အခါ၌ကား။ ဘဒြံ၊ ကောင်းမှုကံသစ်သည်။ ပစ္စတိ၊ အကျိုးကို ပေး၏။ အထ၊ ထိုအခါ၌။ ဘဒြော၊ ကောင်းမှုရှိသော သူသည်။ ဘဒြာနိ၊ ကောင်းကျိုးတို့ကို။ ပဿတိ၊ မြင်ရ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုနတ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အနာထပိဏ်သူဌေးကြီးဝတ္ထု ပြီး၏။

֍ * ၅။ အသညတ ပရိက္ခာရရဟန်းဝတ္ထု

မာဝမညေထ ပါပဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မဲ့ မစောင့်စည်းသော ပရိက္ခရာရှိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မကောင်းမှုဟူသည် နည်းသည်ဟူ၍ မရှိ

ထိုရဟန်းသည် အမှတ်မရှိသော ညောင်စောင်း,အင်းပျဉ် အစရှိသော ပရိက္ခရာကို အပ၌သုံးဆောင်ပြီးလျှင် ထိုအပ၌ပင်လျှင် စွန့်ပစ်ထားလေ့ ရှိသတတ်။ ပရိက္ခရာသည် မိုးရေကြောင့်လည်းကောင်း၊ နေပူခြင်းကြောင့်လည်းကောင်း၊ ခြစသည်တို့ကြောင့်လည်းကောင်း ပျက်စီး၏။ ထိုရဟန်းကို ရဟန်းအများတို့သည် “ငါ့ရှင်- ပရိက္ခရာမည်သည်ကို သိုမှီးအပ်သည် မဟုတ်လော”ဟု ဆိုဆုံးမအပ်သည်ရှိသော် “ငါ့ရှင်တို့- ငါပြုအပ်သောအမှုသည် အနည်းငယ်သာတည်း၊ ထိုပရိက္ခရာအတွက် ပျက်လိုပျက်စီး မသိုမှီးလိုသောစိတ်လည်း မရှိ၊ အမှတ်အသားလည်း မရှိ”ဟု ဆို၍ ထိုရှေးနည်းအတူ ပြုသည်သာလျှင်တည်း။ ရဟန်းတို့လည်း ထိုရဟန်း၏အပြုအမူကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်စေတော်မူ၍ “ချစ်သားရဟန်း- သင်..ဤသို့ ပြုသတတ်ဟူသည် မှန်သလော”ဟု မေးတော်မူလေ၏။ ထိုရဟန်းသည် မြတ်စွာဘုရား မေးအပ်သော်လည်း “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤအမှုကား အဘယ်ပါနည်း၊ တပည့်တော် အနည်းငယ်မျှကို ပြုမိပါသည်။ ထိုပရိက္ခရာအတွက် ပျက်လိုပျက်စီး မသိုမှီးလိုသောစိတ် မရှိပါ၊ အမှတ်လည်း မရှိပါ”ဟု ရှေးအတူသာလျှင် မထီမဲ့မြင်ပြုလျက် လျှောက်ကြားလေ၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် “ရဟန်းတို့မည်သည်ကား ဤသို့ပြုခြင်းငှာ မသင့်၊ မကောင်းမှုမည်သည်ကို အနည်းငယ်ဟူ၍ မထီမဲ့မြင် မအောက်မေ့အပ်၊ လွင်တီးခေါင်၌ထားအပ်သော ဟင်းလင်းပွင့်သော အဝရှိသော အိုးခွက်သည် မိုးရွာသောအခါ တစ်ပေါက်မျှဖြင့် အကယ်၍ကား မပြည့်ငြားသော်လည်း အဖန်တလဲလဲ ရွာသည်ရှိသော် ပြည့်လျှံသည်သာလျှင်တည်း။ ဤအတူ မကောင်းမှုကိုပြုသော ပုဂ္ဂိုလ်သည် အစဉ်သဖြင့် များစွာသော မကောင်းမှုအစုကြီးကို ပြုသည်မည်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၂၁] မာဝမညေထ ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကံပိ အာစိနံ။

မန္ဒံ၊ အနည်းငယ်ပြုအပ်သော အကုသိုလ်ကံသည်။ န အာဂမိဿတိ၊ အကျိုးပေးသောအားဖြင့် မရောက်လာလတ္တံ့။ ဣတိ၊ ဤသို့။ ပါပဿ၊ မကောင်းမှုကို။ မာဝမညေထ၊ မထီမဲ့မြင် မမှတ်ထင်ရာ။ ဥဒဗိန္ဒုနိပါတေန၊ ရေတစ်ပေါက် တစ်ပေါက်မျှ ကျခြင်းဖြင့်။ ဥဒကုမ္ဘောပိ၊ ရေအိုးကြီးသည်လည်း။ ပူရတိ ယထာ၊ အစဉ်သဖြင့် ပြည့်သကဲ့သို့။ ဗာလော၊ မလိမ္မာသောသူသည်။ ထောကံထောကံပိ၊ အနည်းငယ် အနည်းငယ်မျှလည်းဖြစ်သော အကုသိုလ်ကို။ အာစိနံ-အာစိနန္တော၊ ပွားများစေမှု လုံ့လပြုသည်ရှိသော်။ ပါပဿ၊ မကောင်းမှုဖြင့်။ ပူရတိ၊ ပြည့်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဘုရားရှင်သည်လည်း လွင်တီးခေါင်၌ အိပ်ရာနေရာကို ခင်း၍ ထားမြဲတိုင်းကို ပြန်မပြုသော ရဟန်းအား “ဤမည်သော အာပတ်သို့ ရောက်၏”ဟူ၍ သိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။

အသညတပရိက္ခာရရဟန်းဝတ္ထုပြီး၏။

֍ * ၆။ ဗိဠာလပါဒကသူဌေးဝတ္ထု

မာဝမညေထ ပုညဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဗိဠာလပါဒကသူဌေးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဒါနပြုသူ ၄-မျိုး၊ ဒါနအကျိုး ၄-မျိုး

တစ်ပါးသော အခါကာလ၌ သာဝတ္ထိမြို့သူမြို့သားတို့သည် အပေါင်းအစုဖွဲ့သဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကို ပေးလှူကြကုန်၏။ ထိုအခါ တစ်နေ့သ၌ ဘုရားရှင်သည် တရားအနုမောဒနာ ပြုလတ်သည်ရှိသော် “ဒါယကာတို့- ဤသာသနာ၌ အချို့သောသူသည် မိမိသာလျှင် အလှူကို လှူ၏။ သူတစ်ပါးကို မတိုက်တွန်း, မနှိုးဆော်၊ ထိုသူသည် ဖြစ်လေရာ, ဖြစ်လေရာသောဘဝ၌ စည်းစိမ်ပြည့်စုံခြင်းကို ရ၏၊ အခြံအရံ ပြည့်စုံခြင်းကို မရ။ အချို့သောသူသည် မိမိကား မပေးလှူ၊ သူတစ်ပါးကိုကား တိုက်တွန်းနှိုးဆော်၏၊ ထိုသူသည် ဖြစ်လေရာဘဝ၌ အခြံအရံ ပြည့်စုံခြင်းကို ရ၏၊ စည်းစိမ် ပြည့်စုံခြင်းကို မရ။ အချို့သောသူသည် မိမိလည်း မပေးမလှူ၊ သူတစ်ပါးကိုလည်း မတိုက်တွန်း, မနှိုးဆော်၊ ထိုသူသည် ဖြစ်လေရာ, ဖြစ်လေရာဘဝ၌ စည်းစိမ် ပြည့်စုံခြင်းကိုလည်း မရ၊ အခြံအရံ ပြည့်စုံခြင်းကိုလည်း မရ၊ စားကြွင်းစားသူ လူဆင်းရဲဖြစ်၍ လှည့်လည်ရ၏။ အချို့သောသူသည် မိမိလည်း ပေးလှူ၏၊ သူတစ်ပါးကိုလည်း တိုက်တွန်း နှိုးဆော်၏၊ ထိုသူသည် ဖြစ်လေရာ ဖြစ်လေရာ ဘဝ၌ စည်းစိမ် ပြည့်စုံခြင်းကိုလည်း ရ၏၊ အခြံအရံပြည့်စုံခြင်းကိုလည်း ရ၏ဟု ဟောတော်မူလေ၏။

ကိုယ်လည်း လှူ, သူတစ်ပါးကိုလည်း တိုက်တွန်းသူ

ထိုအခါ၌ ပညာရှိသော ယောက်ျားတစ်ယောက်သည် ထိုတရားဒေသနာကို ကြားရသဖြင့် “ဤအကြောင်းကား ဪ.. အံ့ဖွယ်ရှိပေစွတကား၊ ငါသည် ယခုအခါ နှစ်ပါးပြည့်စုံခြင်းကို ဖြစ်စေတတ်သော ကုသိုလ်ကံကို ပြုအံ့”ဟု ကြံလျက် ထ၍ ကြွသွားတော်မူသောအခါ မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- နက်ဖြန် တပည့်တော်တို့၏ဆွမ်းကို ခံယူတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ “အဘယ်မျှလောက်ကုန်သော ရဟန်းတို့ဖြင့် သင့်အား အလိုရှိသနည်း”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- အလုံးစုံသော ရဟန်းတို့ဖြင့် အလိုရှိပါသည်ဘုရား”ဟု လျှောက်ကြားသဖြင့် ဘုရားရှင်သည် သည်းခံတော်မူလေ၏။ ထိုပညာရှိ ယောက်ျားသည်လည်း ရွာသို့ဝင်၍ “အိုမိခင်ဖခင်တို့- ကျွန်တော်သည် နက်ဖြန် ကောင်းမှုအကျိုးငှာ ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်အပ်ပြီ၊ အကြင်သူသည် အကြင်မျှလောက်သော ရဟန်းတို့အား လှူခြင်းငှာ စွမ်းနိုင်၏၊ ထိုသူသည် ထိုမျှလောက်သော ရဟန်းတို့အတွက် ယာဂုစသည်တို့၏အကျိုးငှာ ဆန်အစရှိသည်တို့ကို ပေးလှူကြပါလော့။ တစ်ခုတည်းသောအရပ်၌ ချက်စေ၍ အလှူကို လှူကြပါကုန်အံ့”ဟု ကြွေးကြော်ကာ လှည့်လည်လေ၏။

သူဌေးကြီး ဗိဠာလပါဒက အမည်ရပုံ

ထိုအခါ နိဗ္ဗာန်ဆော်ယောက်ျားကို သူဌေးတစ်ဦးသည် မိမိ၏ဈေးဆိုင်တံခါးသို့ ရောက်လာသည်ကို မြင်ရလျှင် “ဤသူသည် မိမိစွမ်းနိုင်သမျှ ရဟန်းတို့ကိုသာ မပင့်ဖိတ်မူ၍ တစ်ရွာလုံးကို နှိုးဆော်လျက် လှည့်လည်လာဘိ၏”ဟု ဆို၍ အမျက်ထွက်လျက် “သင်ယူခဲ့သောခွက်ကို ဆောင်ခဲ့”ဟု ဆိုပြီးလျှင် လက်သုံးချောင်းတို့ဖြင့်ယူ၍ အနည်းငယ်သော ဆန်တို့ကို ပေးလေ၏။ ပဲနောက်,ပဲလွန်းတို့ကိုလည်း ထို့အတူ ပေးလေ၏။ ထိုနေ့မှစ၍ ထိုသူဌေးသည် ဗိဠာလပါဒက (ဗိဠာလ+ပါဒက = ကြောင်+ခြေရာ။ လက်သုံးချောင်းဖြင့် ဆန်ကိုယူရာ ကြောင်ခြေရာလောက်သဏ္ဌာန် ထင်သွားသဖြင့် သူ့ကို ဗိဠာလပါဒက) သူဌေးဟူသော အမည်ရှိသည် ဖြစ်လေ၏။ ထောပတ်,တင်လဲ စသည်တို့ကို ပေးသော်လည်း ပခြုပ်ဖုံးအထွတ်၌ထည့်၍ တစ်ခုသောအထောင့်ကို ပြုလုပ် စောင်းငဲ့ပြီးလျှင် အပေါက်,အပေါက်ယိုကျစေလျက် အနည်းငယ်မျှကိုသာလျှင် ပေးလေ၏။ နိဗ္ဗာန်ဆော် ဒါယကာသည် ကြွင်းသောသူတို့ပေးလှူအပ်သော လှူဖွယ်ဝတ္ထုကို တစ်ပေါင်းတည်းပြု၍ ဤဗိဠာလပါဒကသူဌေး ပေးလှူအပ်သော လှူဖွယ်ဝတ္ထုကိုကား အသီးအခြားသာလျှင် ယူခဲ့လေ၏။

ဗိဠာလပါဒက၏ ရိုင်းစိုင်းသော အကြံ

ထိုဗိဠာလပါဒကသူဌေးသည် ထိုနိဗ္ဗာန်ဆော်ပညာရှိ၏ အမူအရာကိုမြင်ရလျှင် “ဤသူသည် ငါပေးအပ်သော အလှူဝတ္ထုကို အသီးအခြား အဘယ်ကြောင့် ယူဘိသနည်း”ဟု ကြံ၍ နိဗ္ဗာန်ဆော် ဥပါသကာ၏ သွားလေရာနောက်၌ တစ်ယောက်သော ကျွန်ယုံ အလုပ်အကျွေးငယ်ကို “သွားတဲ့ချေ၊ ဤနိဗ္ဗာန်ဆော်သည် အကြင်အမှုကို ပြု၏၊ ထိုအမှုကို သိလေလော့”ဟု စေလွှတ်လိုက်၏။ ထိုနိဗ္ဗာန်ဆော်လည်း သွားပြီးလျှင် “သူဌေးအား ကြီးမြတ်သော အကျိုးသည် ဖြစ်ပါစေ”ဟု နှလုံးပြုလျက် ယာဂု,ဆွမ်း,မုန့်တို့၏အကျိုးငှာ ဆန်တစ်စေ့,နှစ်စေ့တို့ကို အနှံ့ထည့်၍ ပဲနောက်, ပဲလွန်းစေ့တို့ကိုလည်းကောင်း၊ ဆီ,တင်လ်စသော အပေါက်အစက်တို့ကိုလည်းကောင်း အလုံးစုံသော ဘောဇဉ်တို့၌ ထည့်လေ၏။ ကျွန်ယုံအလုပ်အကျွေးငယ်သည် ပြန်သွား၍ သူဌေးအား ပြောကြားလေ၏။ ထိုစကားကိုကြားရလျှင် သူဌေးသည် “ထိုနိဗ္ဗာန်ဆော်သည် ပရိသတ်အလယ်၌ ငါ၏ကျေးဇူးမဲ့ကို အကယ်၍ ဆိုသည် ဖြစ်အံ့၊ ငါ့အမည်ကို ဆိုကာမျှ၌သာလျှင် ထိုနိဗ္ဗာန်ဆော်ကို ပုတ်ခတ်ကာ သတ်ပစ်အံ့”ဟု ပုဆိုးအဝတ်ကြား၌ ဓားကိုဖွဲ့ချည်၍ တစ်ဖန် မိုးသောက်သောနေ့၌ သွားပြီးလျှင် ဆွမ်းလုပ်ကျွေးရာအရပ်၌ နေလေ၏။

နိဗ္ဗာန်ဆော် စိတ်ထားကောင်းပုံ

ထိုနိဗ္ဗာန်ဆော် ပညာရှိယောက်ျားသည် ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို ဆွမ်းလုပ်ကျွေးပြီးလျှင် ဘုရားရှင်ကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် လူအများကို တိုက်တွန်းနှိုးဆော်သဖြင့် ဤအလှူကို လှူဒါန်းအပ်ပါသည်ဘုရား၊ ထိုအလှူ၌ တိုက်တွန်း နှိုးဆော်အပ်သော လူတို့သည် မိမိ၏အားအစွမ်းဖြင့် အများလည်းဖြစ်, အနည်းလည်း ဖြစ်ကုန်သော ဆန်စသည်တို့ကို လှူဒါန်းကြပါသည်ဘုရား၊ ထိုအလုံးစုံသောသူတို့အား အကျိုးထူး အကျိုးမြတ်သည် ဖြစ်ပါစေဘုရား”ဟု လျှောက်ကြားလေ၏။

ဗိဠာလပါဒက တောင်းပန်ခြင်း

ထိုစကားကိုကြားရလျှင် ဗိဠာလပါဒက သူဌေးသည် “ငါကား “ဤအမည်ရှိသောသူသည် လက်သုံးချောင်းဖြင့်ယူ၍ ဆန်စသည်တို့ကို ပေးလှူအပ်ကုန်၏”ဟူ၍ ငါ့အမည်ကို ဆိုကာမျှဖြစ်သောအခါ၌ ဤသူကို သတ်ပစ်အံ့ဟု နှလုံးပြု၍ လာခဲ့ပေ၏၊ ဤနိဗ္ဗာန်ဆော်သည်ကား အလုံးစုံသော သူတို့အား ချီးမြှောက်ခြင်းကိုပြုလျက် အကြင်သူတို့သည် ပြည်တောင်းစသည်တို့ဖြင့် ခြင်၍ ပေးလှူ၏။ အကြင်သူတို့သည်လည်း လက်သုံးချောင်းဖြင့်ယူ၍ ပေးလှူ၏၊ ခပ်သိမ်းသော ထိုသူတို့အား အကျိုးထူး,အကျိုးမြတ်သည် ဖြစ်ပါစေဘုရားဟု ဆိုဘိ၏တကား၊ ငါသည် ဤသို့ သဘောရှိသော သူတော်ကောင်းကို အကယ်၍ မကန်တော့ချေသည်ဖြစ်အံ့၊ နတ်ဒဏ်မည်သည် ငါ၏ထိပ်ထက်၌ ကျလတ္တံ့”ဟု ပူပန်ကြံစည်လျက် သူဌေးသည် နိဗ္ဗာန်ဆော်၏ ခြေရင်း၌ဝပ်၍ “အရှင်- ငါ့အား သည်းခံပါ”ဟု ဆိုလေ၏။ နိဗ္ဗာန်ဆော် ဥပါသကာက “ဤအကြောင်းကား အဘယ်အကြောင်းပါနည်း”ဟု ဆိုလတ်သော် အလုံးစုံသော ထိုအကြောင်းကို ပြောကြားလေ၏။

ကောင်းမှုဟူသည် နည်းသည်မရှိ

ထိုအမူအရာကို မြင်တော်မူလျှင် မြတ်စွာဘုရားသည် “ဤအကြောင်းကား အဘယ်နည်း”ဟု အလှူ၌ အမှုကြီးငယ်ပြုသော နိဗ္ဗာန်ဆော်ကို မေးတော်မူလေ၏။ ထိုနိဗ္ဗာန်ဆော်သည် လွန်လေပြီးသောနေ့မှစ၍ အလုံးစုံသော ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုအခါ သူဌေးကို မြတ်စွာဘုရားသည် “ဒါယကာသူဌေး- ဤသို့ ဆိုသောအတိုင်း ဟုတ်မှန်သလော”ဟု မေးတော်မူသဖြင့် “မြတ်စွာဘုရား- ဟုတ်မှန်လှပါသည်ဘုရား”ဟု လျှောက်ထားလတ်သော် “ဒါယကာသူဌေး- “ကောင်းမှုမည်သည်ကို အနည်းငယ်မျှတကား”ဟု မအောက်မေ့သင့်၊ ပညာရှိသောသူတို့သည် ကောင်းမှုကို ပြုကြကုန်လျက် ဟင်းလင်းပွင့်သော အိုးကို ရေဖြင့်ပြည့်စေသကဲ့သို့ အစဉ်အတိုင်းအားဖြင့် ကောင်းမှုဖြင့် ပြည့်စေကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၂၂] မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကံပိ အာစိနံ။

မန္ဒံ၊ အနည်းငယ်ပြုသော ကုသိုလ်ကံသည်။ န အာဂမိဿတိ၊ အကျိုးပေးသောအားဖြင့် မရောက်လာလတ္တံ့။ ဣတိ၊ ဤသို့။ ပုညဿ၊ ကောင်းမှုကို။ မာဝမညေထ၊ မထီမဲ့မြင် မမှတ်ထင်ရာ။ ဥဒဗိန္ဒုနိပါတေန၊ ရေတစ်ပေါက် တစ်ပေါက်မျှ ကျခြင်းဖြင့်။ ဥဒကုမ္ဘောပိ၊ ရေအိုးကြီးသည်လည်း။ ပူရတိ ယထာ၊ ပြည့်သကဲ့သို့။ ဓီရော၊ ပညာရှိသည်။ ထောကံ ထောကံပိ၊ အနည်းငယ် အနည်းငယ်မျှလည်းဖြစ်သော ကုသိုလ်ကို။ အာစိနံ-အာစိနန္တော၊ ပွားများစေမှု လုံ့လပြုသည်ရှိသော်။ ပုညဿ၊ ကောင်းမှုဖြင့်။ ပူရတိ၊ ပြည့်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်အဆုံး၌ ဗိဠာလပါဒက သူဌေးသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဗိဠာလပါဒကသူဌေးဝတ္ထု ပြီး၏။

֍ * ၇။ မဟာဓနကုန်သည်ကြီးဝတ္ထု

ဝါဏိဇောဝအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မဟာဓနမည်သော ကုန်သည်ကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကုန်ရောင်းသွားရာ သံဃာများပင့်ဆောင်

ထိုကုန်သည်ကြီး၏အိမ်၌ ခိုးသူငါးရာတို့သည် အခွင့်ကို ရှာကုန်သည်ရှိသော် အခွင့်ကို မရကြလေကုန်။ တစ်ပါးသောအခါ၌ ကုန်သည်ကြီးသည် လှည်းငါးရာတို့ကို ဥစ္စာဘဏ္ဍာဖြင့်ပြည့်စေ၍ ရဟန်းတို့အား “ဘုရားတပည့်တော်သည် ဤမည်သောအရပ်သို့ ကုန်သွယ်ခြင်းငှာ သွားပါအံ့၊ ထိုအရပ်သို့ ကြွသွားလိုသော အရှင်ကောင်းတို့သည် ထွက်ကြွတော်မူကြပါဘုရား၊ လမ်းခရီး၌ ဆွမ်းဖြင့် မပင်ပန်းကြရပါကုန်လတ္တံ့”ဟု လျှောက်ကြားစေလေ၏။ ထိုစကားကို ကြားရလျှင် ငါးရာသော ရဟန်းတို့သည်လည်း ထိုကုန်သည်ကြီးနှင့် အတူတကွ ခရီးသွားကြကုန်၏။ ခိုးသူတို့သည်လည်း ထိုကုန်သည်ကြီး ထွက်သွားသတတ်ဟု သွား၍ တောအုပ်၌ နေနှင့်ကြလေကုန်၏။ ကုန်သည်ကြီးသည်လည်းသွား၍ တောအုပ်အဝ တစ်ခုသောရွာ၌ နေခြင်းကိုပြုလျက် နှစ်ရက်သုံးရက်တို့ပတ်လုံး နွားလှည်းစသည်တို့ကို ပြုပြင်စီရင်လေ၏။ ထိုရဟန်းတို့အားကား မပြတ်ဆွမ်းကို လှူသည်သာလျှင်တည်း။ ခိုးသူတို့သည် ထိုကုန်သည်ကြီး ကြာမြင့်လွန်းသည်ရှိသော် “သွားချေ၊ ထိုကုန်သည်ကြီး ထွက်လာအံ့သောနေ့ကို သိပြီးမှ လာခဲ့လော့”ဟု ခိုးသူတစ်ယောက်ကို စေလွှတ်ကြကုန်၏။

ကုန်သည်ကြီးသွားလမ်း ခိုးသားတို့ ထောက်လှမ်း

ထိုခိုးသူသည် ထိုရွာသို့ရောက်လျှင် တစ်ယောက်သော အဆွေခင်ပွန်းကို “အဘယ်အခါ ကုန်သည်ကြီး ထွက်လတ္တံ့နည်း”ဟု မေးလေ၏။ ထိုအဆွေခင်ပွန်းသည် “နှစ်ရက်သုံးရက် လွန်သောအခါ ထွက်လတ္တံ့”ဟု ပြောပြ၍ “အဘယ်အကျိုးငှာ မေးသနည်း”ဟု ပြန်၍ မေးလေ၏။ ထိုအခါ ထိုအဆွေခင်ပွန်းအား ခိုးသူယောက်ျားက “ငါတို့သည် ငါးရာကုန်သော ခိုးသူတို့ဖြစ်၍ ထိုကုန်သည်ကြီး၏အကျိုးငှာ တောအုပ်၌ နေကြကုန်၏”ဟု ပြောကြားလေ၏။ ရွာသား အဆွေခင်ပွန်းသည် “ထိုသို့ဖြစ်မူ လျင်မြန်စွာ သွားချေလော့၊ ထွက်လာလတ္တံ့”ဟု ပြောဆိုကာ လွှတ်လိုက်ပြီးလျှင် “ခိုးသူတို့ကို တားမြစ်ရအံ့လော၊ ထိုသို့မဟုတ် ကုန်သည်ကြီးကို တားမြစ်ရအံ့လော”ဟု ကြံ၍ “ငါ့အား ခိုးသူတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ကုန်သည်ကြီးကိုမှီ၍ ငါးရာသော ရဟန်းတို့သည် အသက်ရှင်ကြကုန်၏၊ ကုန်သည်ကြီးအား အမှတ်သညာကို ပေးအံ့”ဟု နှလုံးပြုလျက် ရွာနေ အဆွေခင်ပွန်းသည် ထိုကုန်သည်ကြီး၏အထံသို့ သွား၍ “အဘယ်နေ့၌ သွားကြပါကုန်အံ့နည်း”ဟု မေးလတ်သော် “သုံးရက်မြောက်နေ့၌ သွားကြပါကုန်အံ့”ဟု ဆိုလျှင် “အကျွန်ုပ်၏စကားကို လိုက်နာကြပါကုန်လော့၊ တောအုပ်၌ ခိုးသူငါးရာတို့သည် အသင်တို့အလာကို စောင့်၍ နေနှင့်ကြကုန်၏၊ အဆောတလျင် မသွားကြပါလင့်”ဟု တားမြစ်လေ၏။

ခိုးသားတို့ ကြံစည်နေပုံ ရွာသား သတင်းပေး

“အသင်သည် အဘယ်အကြောင်းဖြင့် သိသနည်း”ဟု မေးသဖြင့် “ထိုခိုးသူငါးရာတို့အတွင်း၌ အကျွန်ုပ်၏ အဆွေခင်ပွန်း ရှိ၏၊ ထိုအဆွေခင်ပွန်းခိုးသူ၏ ပြောဆိုသောစကားဖြင့် အကျွန်ုပ် သိအပ်၏”ဟု ဆိုလေလျှင် “ထိုသို့ဖြစ်မူ ငါ့အား ဤအရပ်သို့ သွားခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ပြန်လည်၍ အိမ်သို့သာလျှင် သွားတော့အံ့”ဟု ဆိုလေ၏။ ထိုကုန်သည်ကြီး ကြာမြင့်လတ်သည်ရှိသော် တစ်ဖန် ထိုခိုးသူတို့စေခိုင်းအပ်သော ယောက်ျားသည် လာပြီးလျှင် ထိုရွာနေ အဆွေခင်ပွန်းကို မေးပြန်သဖြင့် ထိုအကြောင်းကို ကြားရခြင်းကြောင့် “ပြန်လည်၍ အိမ်သို့သာလျှင် သွားလိမ့်သတတ်”ဟု ပြောဆိုလေသော် ပြန်သွား၍ ခိုးသူတို့အား ပြောကြားလေ၏။ ထိုစကားကို ကြားရလျှင် ခိုးသူတို့သည် ထိုတောအုပ်မှထွက်ခဲ့၍ တစ်ပါးလမ်းခရီး၌ နေကြကုန်၏။ ကုန်သည်ကြီး ကြာမြင့်ပြန်သည်ရှိသော် တစ်ဖန်လည်း ထိုငါးရာသော ခိုးသူတို့သည် ထိုအဆွေခင်ပွန်း၏အထံသို့ စေလွှတ်ကြပြန်ကုန်၏။ ထိုအဆွေခင်ပွန်းသည် ထိုခိုးသူတို့ ထိုလမ်းခရီး၌ နေသည့်အဖြစ်ကို သိပြန်လျှင် တစ်ဖန် ကုန်သည်ကြီးအား ပြောကြားသိစေပြန်လေ၏။ ကုန်သည်ကြီးသည် “ဤရွာ၌လည်း ငါ့အား ချို့တဲ့ခြင်းမရှိ၊ ဤသို့ မချို့တဲ့သည်ရှိသော် ဤအရပ်သို့လည်း မသွားတော့အံ့၊ ထိုအရပ်သို့လည်း မသွားတော့အံ့၊ ဤအရပ်၌သာလျှင် နေတော့အံ့”ဟု ကြံလေ၏။

ထို့နောက် ကုန်သည်ကြီးသည် ရဟန်းတို့၏အထံသို့ သွားပြီးလျှင် “အရှင်ဘုရားတို့- ခိုးသူတို့သည် လုယက် တိုက်ခိုက်လိုကုန်သည်ဖြစ်၍ လမ်းခရီး၌ နေကြကုန်သတတ်၊ “တစ်ဖန် ပြန်လည်လတ္တံ့”ဟု ကြားပြန်၍ ဤမှတစ်ပါးသော လမ်းခရီး၌ နေကြပြန်သတတ်၊ တပည့်တော်သည် ထိုအရပ်သို့လည်းကောင်း၊ ဤအရပ်သို့ လည်းကောင်း မသွားသေးမူ၍ အတန်ငယ် ကာလပတ်လုံး ဤအရပ်၌သာလျှင် နေဦးအံ့။ အရှင်ကောင်းတို့သည် ဤအရပ်၌ နေလိုကုန်သည်ဖြစ်အံ့၊ နေတော်မူကြပါ၊ ကြွလိုကုန်သည်ဖြစ်အံ့၊ မိမိ၏အလိုရှိရာကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။

ကုန်သည်ကိုပမာပြု၍ ရဟန်းထုအား ဗုဒ္ဓဆုံးမ

ရဟန်းတို့သည်လည်း “ဤသို့ဖြစ်လတ်သော် ငါတို့သည် ပြန်လည်ကုန်အံ့”ဟု ကုန်သည်ကြီးကိုပန်ကြား၍ တစ်ဖန် သာဝတ္ထိပြည်သို့သာ ပြန်သွား၍ ဘုရားရှင်ကိုရှိခိုးကာ နေကြကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ကုန်သည်ကြီးနှင့်အတူတကွ မသွားကြကုန်ပြီလော”ဟု မေးတော်မူခြင်းကြောင့် “မြတ်စွာဘုရား- မသွားကြသည် မှန်ပါ၏၊ မဟာဓနကုန်သည်ကြီးအား လုယက်တိုက်ခိုက်ခြင်းငှာ လမ်းခရီးနှစ်သွယ်တို့၌ ခိုးသူတို့သည် နှောင့်ယှက်ပိတ်ပင်ကြပါကုန်၏၊ ထို့ကြောင့် ကုန်သည်ကြီးသည် ထိုအရပ်၌သာလျှင် နေရခြင်းကြောင့် တပည့်တော်တို့သည် တစ်ဖန် ပြန်လာကြပါသည်ဘုရား”ဟု လျှောက်လတ်သော် “ချစ်သားရဟန်းတို့- မဟာဓနကုန်သည်ကြီးသည် ခိုးသူတို့ ရှိသည်၏အဖြစ်ကြောင့် လမ်းခရီးကို ကြဉ်ရှောင်ခဲ့၏၊ အသက်ရှင်ခြင်းငှာ အလိုရှိသော ယောက်ျားသည် လတ်တလော သေစေတတ်သော အဆိပ်ကို ကြဉ်ရှောင်သကဲ့သို့ ရဟန်းသည်လည်း “ဘဝသုံးပါးတို့သည် ခိုးသူတို့ လုယက်တိုက်ခိုက်ရန် ထကြွသော လမ်းခရီးနှင့် တူကုန်၏”ဟု သိသဖြင့် မကောင်းမှုကို ကြဉ်ရှောင်ခြင်းငှာ သင့်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၂၃] ဝါဏိဇောဝ ဘယံ မဂ္ဂံ၊ အပ္ပသတ္ထော မဟဒ္ဓနော။
ဝိသံ ဇီဝိတုကာမောဝ၊ ပါပါနိ ပရိဝဇ္ဇယေ။

အပ္ပသတ္ထော၊ နည်းသော ကုန်သည်အပေါင်းအဖော်ရှိသော။ မဟဒ္ဓနော၊ များသော ဥစ္စာရှိသော။ ဝါဏိဇော၊ ကုန်သည်သည်။ ဘယံ၊ ဘေးဘျမ်းရှိသော။ မဂ္ဂံ၊ လမ်းခရီးကို။ ပရိဝဇ္ဇေတိ ဣဝ၊ ကြဉ်ရှောင်သကဲ့သို့လည်းကောင်း။ ဇီဝိတုကာမော၊ အသက်ရှင်လိုသောသူသည်။ ဝိသံ၊ လတ်တလော သေစေတတ်သော အဆိပ်ကို။ ပရိဝဇ္ဇေတိဣဝ၊ ကြဉ်ရှောင်သကဲ့သို့ လည်းကောင်း။ ပဏ္ဍိတော ဘိက္ခု၊ ပညာရှိသော ရဟန်းသည်။ ပါပါနိ၊ အနည်းငယ်သော မကောင်းမှုတို့ကိုသော်လည်း။ ပရိဝဇ္ဇယေ၊ ကြဉ်ရှောင်ရာ၏။

ရဟန်းများ ရဟန္တာဖြစ်

ဒေသနာတော်အဆုံး၌ ထိုရဟန်းတို့သည် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။ ရောက်လာသော လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မဟာဓနကုန်သည်ကြီးဝတ္ထု ပြီး၏။

֍ * ၈။ ကုက္ကုဋမိတ္တမုဆိုးဝတ္ထု

ပါဏိမှိ စေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ကုက္ကုဋမိတ္တအမည်ရှိသော မုဆိုးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူဌေးသမီးနှင့် မုဆိုးတို့ဘဝအစ

ရာဇဂြိုဟ်ပြည်၌ သူဌေးသမီးတစ်ယောက်သည် အရွယ်သို့ ရောက်လတ်သည်ရှိသော် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏အထက် ကျက်သရေရှိသော တိုက်ခန်း၌ စောင့်ရှောက်ခြင်းငှာ အလုပ်အကျွေး ကျွန်မငယ်တစ်ယောက်ကိုပေး၍ ကျွေးမွေးပြုစုအပ်သည်ဖြစ်လျက် တစ်နေ့သ၌ ညချမ်းသောအခါ လေသာတံခါးဖြင့် လမ်းမအလယ်ကို ကြည့်ရှုနေစဉ် ကျော့ကွင်းငါးရာ, ငြောင့်တံစို့ငါးရာတို့ကို ယူလျက် သားသမင်တို့ကိုသတ်ဖြတ်၍ အသက်မွေးသော တစ်ယောက်သော ကုက္ကုဋမိတ္တ အမည်ရှိသော မုဆိုးကြီးကို ငါးရာသော သမင်တို့ကိုသတ်၍ ထိုသမင်တို့၏အသားဖြင့် လှည်းကြီးကို ပြည့်စေလျက် လှည်းဦး၌ထိုင်ပြီးလျှင် အမဲသားကို ရောင်းခြင်းငှာ မြို့သို့ ဝင်လာသည်ကို မြင်ရလျှင် ထိုမုဆိုး၌ တပ်သောစိတ် ရှိသည်ဖြစ်၍ အလုပ်အကျွေး ကျွန်မငယ်၏လက်၌ စာလွှာကိုပေးကာ “သွားချေ၊ ထိုမုဆိုးကြီး၏ ပြန်သွားအံ့သော အချိန်ကာလကို သိပြီးမှ လာခဲ့ချေလော့”ဟု စေလွှတ်လိုက်လေသတတ်။ ထိုကျွန်မငယ်သည် သွား၍ မုဆိုးကြီးအား စာလွှာကို ပေးပြီးလျှင် မေးမြန်းလေ၏။ “ယနေ့ အမဲသားဟင်းမျိုးကိုရောင်း၍ နံနက်စောစောကျမှ ဤမည်သော တံခါးဖြင့်ထွက်၍ ပြန်သွားအံ့”ဟု ဆိုလတ်သော် ကျွန်မငယ်သည် ထိုမုဆိုးကြီးဆိုအပ်သော စကားကိုကြားရ၍ ပြန်သွားပြီးလျှင် သူဌေးသမီးအား ပြောကြားလေ၏။

ရုပ်ဖျက်၍ သူဌေးသမီး လိုက်ပုံ

သူဌေးသမီးသည် မိမိ ယူအပ်သည်နှင့်ယှဉ်သော အဝတ်တန်ဆာအပေါင်းကို စီရင်ပြီး နံနက်စောစောပင်လျှင် ညစ်နွမ်းသောထဘီကိုဝတ်၍ ရေအိုးကိုရွက်လျက် ကျွန်မတို့နှင့်အတူတကွ ရေဆိပ်သို့ သွားလေဟန်ကဲ့သို့ထွက်၍ ထိုအရပ်သို့သွားပြီးလျှင် မုဆိုးကြီး၏လာခြင်းကို ကြည့်ရှုမျှော်လင့်လျက် နေနှင့်လေ၏။ ထိုမုဆိုးကြီးသည်လည်း စောစောကပင်လျှင် လှည်းကိုနှင်လျက် ထွက်လာလေ၏။ သူဌေးသမီးသည် မုဆိုးကြီး၏နောက်သို့ လိုက်သွားလေ၏။

အလိုလို ရောက်လာသောမင်္ဂလာ မတားသင့်

မုဆိုးကြီးသည် သူဌေးသမီးကိုမြင်လျှင် “ချစ်နှမ- သင်ကား အဘယ်သူ၏သမီး ဖြစ်သနည်း”ဟု မေးပြီးလျှင် “ငါကား သင့်ကို ဤမည်သောသူ၏သမီးဟု မသိ၊ ငါ၏နောက်သို့ မလိုက်လာပါလင့်”ဟု ဆိုလေ၏။ “အရှင်သည် ကျွန်မကို ခေါ်ဆောင်သည် မဟုတ်ပါ။ ကျွန်မသည် မိမိ၏သဘောအားဖြင့် လာခဲ့ပါသည်။ အရှင် ဆိတ်ဆိတ်နေ၍ မိမိ၏လှည်းကိုသာ မောင်းနှင်ပါလော့”ဟု ဆိုလတ်သော် ထိုမုဆိုးကြီးသည်လည်း အဖန်တလဲလဲ သူဌေးသမီးကို တားမြစ်သည်သာတည်း။ ထိုအခါ မုဆိုးကြီးကို သူဌေးသမီးသည် “အရှင့်သား- ကျက်သရေမင်္ဂလာမည်သည် မိမိအထံသို့လာသည်ရှိသော် တားမြစ်ခြင်းငှာ မသင့်”ဟု ဆိုလေ၏။

သား(၇)ယောက် ထွန်းကားပုံ

မုဆိုးကြီးသည် ထိုသူဌေးသမီးအပေါ်၌ ယုံမှားကင်းသဖြင့် လာခြင်းအကြောင်းကို သိရလျှင် သူဌေးသမီးကို လှည်းထက်သို့တင်လျက် သွားလေ၏။ ထိုသူဌေးသမီး၏ မိခင်ဖခင်တို့သည် ထိုမှဤမှ ရှာဖွေ၍ မမြင်ကုန်သည်ရှိသော် “သေသည်ဖြစ်လတ္တံ့”ဟု သေသူအလို့ငှာ ဆွမ်းကျွေးခြင်း မတကဘတ်အလှူကို ပြုလုပ်ကြလေကုန်၏။ သူဌေးသမီးသည်လည်း ထိုမုဆိုးနှင့်အတူတကွ ပေါင်းသင်းနေထိုင်ခြင်းကို အစွဲပြု၍ အစဉ်အတိုင်း သားခုနစ်ယောက်ကို ဖွားမြင်ပြီးလျှင် ထိုသားတို့ကို အရွယ်သို့ ရောက်လတ်သည်ရှိသော် အိမ်ရာထောင်ခြင်းဖြင့် နှောင်ဖွဲ့လေ၏။

ကျော့ကွင်းအနီးမှ ဗုဒ္ဓခြေတော်ရာ

ထိုအခါ တစ်နေ့သ၌ ဘုရားရှင်သည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုသည်ရှိသော် ကုက္ကုဋမိတ္တကို သားခုနစ်ယောက်နှင့်တကွ ကိုယ်တော်မြတ်၏ ဉာဏ်တော်ကွန်ယက်အတွင်းသို့ ဝင်လာသည်ကို မြင်တော်မူရလေ၏။ “ဤအကြောင်းကား အဘယ်နည်း”ဟု စူးစမ်း ဆင်ခြင်တော်မူသဖြင့် တစ်ကျိပ်ငါးယောက်ကုန်သော ထိုသူတို့၏ သောတာပတ္တိမဂ်ရကြောင်း ဥပနိဿယကို မြင်တော်မူခြင်းကြောင့် နံနက်စောစောကသာလျှင် သပိတ်သင်္ကန်းကို လွယ်ယူကာ မုဆိုးကြီး၏ ကျော့ကွင်းထောင်ရာအရပ်သို့ ကြွသွားတော်မူလေ၏။ ထိုနေ့၌ကား ကျော့ကွင်းတွင်မိသော တစ်ကောင်သော သမင်မျှလည်း မရှိ။ ဘုရားရှင်သည် ထိုမုဆိုးကြီး၏ ကျော့ကွင်းအနီး၌ ခြေတော်ရာရွှေစက်ကို ပြထားပြီးလျှင် ရှေ့မှ ချုံတစ်ခု၏ အရိပ်အောက်၌ နေတော်မူနေ၏။ ကုက္ကုဋမိတ္တသည် နံနက်စောစောကသာလျှင် လေးကိုယူ၍ ကျော့ကွင်းထောင်ရာသို့ သွားသဖြင့် အစမှစ၍ ကျော့ကွင်းတို့ကို ကြည့်ရှုလတ်သော် ကျော့ကွင်းမိသော သမင်တစ်ကောင်ကိုမျှလည်း မမြင်ရမူ၍ ဘုရားရှင်၏ ခြေတော်ရာရွှေစက်ကို မြင်လေ၏။

ဗုဒ္ဓကို မြားဖြင့်ပစ်ရန် ကြံပုံ

ထိုအခါ မုဆိုးကြီးအား “အဘယ်သူသည် ငါထောင်အပ်သော သမင်တို့ကို လွှတ်ပစ်၍ သွားလေဘိသနည်း”ဟု အကြံဖြစ်ပေါ်လာ၏။ မုဆိုးကြီးသည် ခြေတော်ရာရှင်ဖြစ်သော မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့၍ သွားလေသော် ချုံအောက်၌ သီတင်းသုံးနေတော်မူသော ဘုရားကို မြင်လေလျှင် “ဤသူသည် ငါ၏သမင်တို့ကို လွှတ်ပစ်အပ်သည် ဖြစ်လတ္တံ့၊ ထိုသူကို သတ်တော့အံ့”ဟု လေးကို တင်လေ၏။ ဘုရားသဗ္ဗညုသည် လေးကို တင်နိုင်စိမ့်သောငှာ ပေး၍ လွှတ်စိမ့်သောငှာ မပေးဘဲ ထားလေ၏။ ထိုမုဆိုးကြီးသည် မြားကိုလွှတ်ခြင်းငှာ မတတ်နိုင်ရကား နံရိုးတို့မှာ ကျိုးပဲ့ကွဲအက်လေသကဲ့သို့ ခံတွင်းမှ တံတွေးတစီစီ ယိုထွက်သဖြင့် ပင်ပန်းသော သဘောရှိလျက် နေရရှာလေ၏။ ထိုအခါ မုဆိုးကြီး၏သားတို့သည် အိမ်သို့သွားကြကုန်သဖြင့် “ငါတို့ဖခင်သည် ကြာမြင့်လှ၏၊ ဤသို့ ကြာမြင့်ရခြင်းကား အဘယ့်ကြောင့်နည်း”ဟု ဆိုလတ်သော် “ချစ်သားတို့- ဖခင်၏အထံသို့ လိုက်သွားကြကုန်ဦး”ဟု မိခင် စေခိုင်းအပ်သောကြောင့် သားခုနစ်ယောက်တို့သည် လေးတို့ကို ကိုယ်စီယူကာ သွားကြသဖြင့် နံရိုးကျိုးလုမတတ် လေးကိုင်လျက် တံတွေးယိုဆင်းနေသော အခြင်းအရာဖြင့် ရပ်နေသောဖခင်ကို မြင်လေလျှင် “ဤသူကား ငါတို့ဖခင်၏ ရန်သူဖြစ်လတ္တံ့”ဟု နှလုံးပြုလျက် သားခုနစ်ယောက်တို့ကလည်း လေးတို့ကို တင်ကြပြီးလျှင် ဘုရားရှင်၏ တန်ခိုး အာနုဘော်တော်အားဖြင့် မုဆိုးသားတို့၏ဖခင် ရပ်တည်နေရသကဲ့သို့ ထို့အတူသာလျှင် ရပ်တည်နေကြရလေကုန်၏။

မုဆိုးနှင့် သားသမီးတစ်စု သောတာပန်တည်ခြင်း

ထိုအခါ သားတို့၏မိခင်သည် “ငါ့သားတို့ကား ကြာမြင့်လှကုန်၏၊ အကြောင်းအသို့နည်း”ဟု ချွေးမခုနစ်ယောက်တို့နှင့်အတူတကွ လိုက်သွား၍ ထိုအခြင်းအရာဖြင့် ရပ်နေကြကုန်သော ထိုရှစ်ယောက်သောသူတို့ကို မြင်သဖြင့် “အဘယ်သူ့အားပစ်ရန် ဤသူတို့သည် လေးတို့ကိုတင်၍ ရပ်နေကြကုန်ဘိသနည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် ဘုရားသဗ္ဗညုကိုမြင်ရလျှင် လက်တို့ကိုမြှောက်ချီလျက် “ငါ့ဖခင်ကို မသတ်ကြပါနှင့်”ဟု သည်းစွာသောအသံကို ပြုလေ၏။ ကုက္ကုဋမိတ္တမုဆိုးကြီးသည် ထိုအသံကိုကြားရလျှင် “ငါကား ချွတ်ချော်ပျက်စီး မှားယွင်းကြီး မှားယွင်းလေစွတကား၊ သူကား ငါ၏ယောက္ခမ ဖြစ်လေသတတ်၊ ငါသည် အလွန်ဝန်လေးသောအမှုကို ပြုမိရလေခြင်း”ဟု ကြံစည်မိလေ၏။ ထိုမုဆိုးကြီး၏ သားတို့သည်လည်း “ဤသူကား ငါတို့၏ အဘိုးပါတကား”ဟု ချစ်ခင်မြတ်နိုးသောစိတ်ကို ဖြစ်စေကြလေကုန်၏။ ထိုအခါ ထိုသူတို့၏မိခင်ဖြစ်သော သူဌေးသမီးသည် “လေးတို့ကို မြန်မြန်စွန့်ပစ်၍ ငါ့ဖခင်ကို ကန်တော့ကြ”ဟု ပြောဆိုလေ၏။ ဘုရားရှင်သည် ထိုသူတို့၏ နူးညံ့သောစိတ်ကို သိတော်မူသဖြင့် လေးကို ချနိုင်စိမ့်သောငှာ ပေးလေ၏။ ထိုအလုံးစုံကုန်သော သူတို့သည် ဘုရားရှင်ကိုရှိခိုး၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့အား သည်းခံတော်မူကြပါဘုရား”ဟု တောင်းပန်ကန်တော့ပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ နေကြလေကုန်၏။ ထိုအခါ ထိုသူတို့အား ဘုရားရှင်သည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ဒေသနာတော်အဆုံး၌ ကုက္ကုဋမိတ္တမုဆိုးကြီးသည် သားခုနစ်ယောက်, ချွေးမခုနစ်ယောက်တို့နှင့် အတူတကွ မိမိလျှင် တစ်ဆယ့်ငါးယောက်မြောက်ဖြစ်၍ သောတာပတ္တိဖိုလ်၌ တည်လေ၏။

မိဘအိမ်မှာ နေစဉ်ကပင် သောတာပန်ဖြစ်ခဲ့

ဘုရားရှင်သည်လည်း ဆွမ်းအလို့ငှာ လှည့်လည်တော်မူပြီးလျှင် ဆွမ်းစားချိန်မှ နောက်အချိန်တွင် ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ထိုအခါ ဘုရားရှင်သဗ္ဗညုကို ရှင်အာနန္ဒာမထေရ်သည် “မြတ်စွာဘုရား- အဘယ်အရပ်သို့ ကြွသွားတော်မူပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ချစ်သား အာနန္ဒာ- ကုက္ကုဋမိတ္တမည်သော မုဆိုးကြီး၏အထံသို့ ကြွသွား၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် သူ့အသက်သတ်ခြင်းအမှုကို မပြုအောင် ပြုအပ်၏လောဘုရား”ဟု မေးလျှောက်လေ၏။ “ချစ်သားအာနန္ဒာ- ထိုကုက္ကုဋမိတ္တသည် မိမိလျှင် တစ်ဆယ့်ငါးယောက်မြောက် ရှိသည်ဖြစ်၍ မတုန်မလှုပ်သော ကြည်ညိုခြင်း၌ တည်သဖြင့် ရတနာသုံးပါးတို့၌ ယုံမှားခြင်းမရှိဘဲ သူ့အသက်သတ်ခြင်းအမှုကို မပြုသောသူ ဖြစ်ပြီ”ဟု မိန့်တော်မူလျှင် ထိုရဟန်းတို့သည် “မြတ်စွာဘုရား- ထိုမုဆိုးအား မယားရှိသည် မဟုတ်ပါလောဘုရား”ဟု လျှောက်ကြကုန်၏။ “ချစ်သား ရဟန်းတို့- ရှိသည် မှန်၏၊ ထိုမယားကား မိဘအိမ်၌ သတို့သမီးငယ်ဖြစ်စဉ် သောတာပတ္တိဖိုလ်သို့ ရောက်လေပြီ”ဟု မိန့်လတ်သော် ရဟန်းတို့သည် “ကုက္ကုဋမိတ္တမုဆိုးကြီး၏ မယားသည် သတို့သမီးငယ် ဖြစ်စဉ်ကာလကပင်လျှင် သောတာပတ္တိဖိုလ်သို့ ရောက်လျက် ထိုမုဆိုးအိမ်သို့ ရောက်သွား၍ သား,ခုနစ်ယောက်တို့ကို ရသတတ်၊ ထိုသတို့သမီးသည် ဤမျှကာလပတ်လုံး လင်မုဆိုးကြီးက “လေးကို ဆောင်ခဲ့လော့၊ မြားတို့ကို ယူခဲ့လော့၊ လှံကို ယူခဲ့လော့၊ ပိုက်ကွန်ကို ယူခဲ့လော့”ဟု ဆိုအပ်သည်ရှိသော် ထိုလေးမြားစသည်တို့ကို ပေးရလေ၏။”

သေစေလိုသော စေတနာပါမှ အကုသိုလ်ဖြစ်

“ထိုမုဆိုးကြီးသည် မယားပေးအပ်သော လေး,မြားစသည်တို့ကို ယူသွား၍ သူ့အသက် သတ်ခြင်းကို ပြုပေ၏။ အသို့နည်း၊ သောတာပန်တို့သည်လည်း သူ့အသက်သတ်ခြင်းကို ပြုကြကုန်သလော”ဟု စကားကို ဖြစ်စေကြလေကုန်၏။ ဘုရားရှင်သည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- သောတာပန်တို့မည်သည် သူ့အသက် သတ်ခြင်းကို မပြုကြကုန်။ ထိုမိန်းမသည်ကား “လင်ယောက်ျားစကားကို လိုက်နာအံ့”ဟု လင်ကဆိုတိုင်း ပြုဘိ၏၊ “ဤလေး,မြားစသည်ကိုယူ၍ ဤမုဆိုးကြီး သွားပြီးလျှင် သူ့အသက်သတ်ခြင်းကို ပြုနိုင်ပါစေသတည်း”ဟူသော စိတ်သည် ထိုမိန်းမအား မရှိ။ လက်ဝါးပြင်၌ အနာမရှိသော် အဆိပ်ကို ကိုင်ယူသောသူအား ထိုအဆိပ်သည် လောင်ခြင်းငှာ မတတ်နိုင်။ ဤအတူသာလျှင် အကုသိုလ်စေတနာမရှိခြင်းကြောင့် မကောင်းမှုကို မပြုလိုသောသူအား လေး,စသည်တို့ကို ထုတ်၍ပေးသော်လည်း မကောင်းမှုမည်သည် မဖြစ်”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၂၄] ပါဏိမှိ စေ ဝဏော နာဿ၊ ဟရေယျ ပါဏိနာ ဝိသံ။
နာဗ္ဗဏံ ဝိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။

ပါဏိမှိ၊ လက်ဝါးပြင်၌။ ဝဏော၊ အနာသည်။ စေနာဿ၊ အကယ်၍ မဖြစ်ငြားအံ့။ ပါဏိနာ၊ လက်ဖြင့်။ ဝိသံ၊ အဆိပ်ကို။ ဟရေယျ၊ ကိုင်ယူနိုင်ရာ၏။ အဗ္ဗဏံ၊ အနာမရှိသောလက်ကို။ ဝိသံ၊ အဆိပ်သည်။ န အနွေတိ၊ အစဉ်မလိုက်နိုင်။ အကုဗ္ဗတော၊ စေတနာမရှိခြင်းကြောင့် ပြုသော်လည်း မပြုသည်မည်သောသူအား။ ပါပံ၊ မကောင်းမှုသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်အဆုံး၌ များစွာသောလူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မုဆိုးမိသားစုတို့၏ ရှေးကောင်းမှု

တစ်ပါးသောအခါ၌ ရဟန်းတို့သည် “ကုက္ကုဋမိတ္တမုဆိုးကြီး၏ သား,ချွေးမတို့နှင့်တကွ သောတာပတ္တိမဂ်ရခြင်း၏အကြောင်း ဥပနိဿယသည် အဘယ်နည်း၊ အဘယ်အကြောင်းကြောင့် မုဆိုးအမျိုး၌ ဖြစ်ရှာလေဘိသနည်း”ဟု စကားကို ပြောကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ရှေးလွန်လေပြီးသောအခါ ကဿပဘုရားရှင်၏ ဓာတ်တော်စေတီကို စီရင်ပြုစုကြကုန်သည်ရှိသော် ဤသို့ ပြောဆိုကြကုန်၏။ “ဤစေတီအလို့ငှာ မြေညက်သည် အဘယ်ဝတ္ထုဖြစ်လတ္တံ့နည်း၊ ရေသည် အဘယ်ဝတ္ထုဖြစ်လတ္တံ့နည်း”ဟု ပြောဆိုသောအခါ ထိုသူတို့အား ဤသို့သော အကြံဖြစ်ပေါ်လေ၏။ “ဆေးဒန်းမြင်းသီလာသည် မြေညက်ဖြစ်လတ္တံ့၊ နှမ်းဆီသည် ရေဖြစ်လတ္တံ့”ဟု အကြံဖြစ်၍ ထိုသူတို့သည် ဆေးဒန်းမြင်းသီလာကို ထောင်းကြိတ်၍ နှမ်းဆီဖြင့်နယ်၍ အုတ်နှင့်စပ်လျက် ရွှေဖြင့်ခြယ်စီပြီးလျှင် အတွင်း၌ စီကြကုန်၏။ အပြင်ပမျက်နှာ၌ကား တခဲနက်ရွှေအုတ်တို့သည်သာလျှင် ဖြစ်ကြကုန်၏။ အုတ်တစ်ချပ် တစ်ချပ်သည် အဖိုးတစ်သိန်း ထိုက်တန်၏။ ထိုလူတို့သည် ဓာတ်တော် ဌာပနာသည်တိုင်အောင် စေတီပြီးလတ်သည်ရှိသော် ဓာတ်တော်ဌာပနာသောအခါ များစွာသောဥစ္စာဖြင့် အလိုရှိ၍ “အဘယ်သူကို အကြီးအမှူးပြုကြရကုန်အံ့နည်း”ဟု ကြံစည်ကြကုန်၏။ ထိုအခါ တောရွာနေ သူဌေးတစ်ဦးသည် “ငါကား အကြီးအမှူးဖြစ်အံ့”ဟု ဓာတ်တော်ဌာပနာရာ၌ ငွေတစ်ကုဋေကို ထည့်လေ၏။ ထိုအခြင်းအရာကို မြင်လျှင် ပြည်သူပြည်သားတို့သည် “ဤမြို့နေ သူဌေးကား ဥစ္စာကိုသာလျှင် စုဆောင်းတတ်၏၊ ဤသို့သဘောရှိသောစေတီ၌ အကြီးအမှူးဖြစ်ခြင်းငှာ မတတ်နိုင်၊ တောရွာနေ သူဌေးသည်ကား တစ်ကုဋေသော ဥစ္စာကိုထည့်၍ အကြီးအမှူးဖြစ်လေ၏”ဟု ကဲ့ရဲ့ကြကုန်၏။ မြို့နေသူဌေးသည် ထိုသူတို့စကားကိုကြားရလျှင် “အကြီးအမှူးဖြစ်အံ့”ဟု နှစ်ကုဋေသောဥစ္စာတို့ကို ပေးလေ၏။ တောရွာနေသူဌေးသည် “ငါသည်သာလျှင် အကြီးအမှူးဖြစ်အံ့”ဟု သုံးကုဋေတို့ကို ပေးလေ၏။ ဤသို့ ပွားစေသဖြင့် မြို့နေသူဌေးသည် ရှစ်ကုဋေတို့ကို ပေးလေ၏။ တောရွာနေသူဌေးအား အိမ်၌ ကိုးကုဋေသော ဥစ္စာသည်လျှင် ရှိ၏၊ မြို့နေသူဌေးအား ကုဋေလေးဆယ်ရှိ၏။ ထို့ကြောင့် တောရွာနေသူဌေးသည် “ငါကား ကိုးကုဋေသောဥစ္စာကို ပေးအံ့ဟု အကယ်၍ ဆိုချေသည်ဖြစ်အံ့။ ထိုအခါ ငါ့အား ဥစ္စာမရှိသော အဖြစ်သည် ထင်ရှားလတ္တံ့”ဟု ကြံစည်မိလေ၏။ ထို့ကြောင့် တောရွာနေသူဌေးသည် ဤသို့ဆိုလေ၏။ “ငါကား ဤမျှလောက်သော ဥစ္စာကိုပေးအံ့၊ သားမယားနှင့်တကွလည်း စေတီကျွန်ဖြစ်အံ့”ဟု ဆို၍ သားခုနစ်ယောက်တို့ကိုလည်းကောင်း၊ ချွေးမခုနစ်ယောက်တို့ကိုလည်းကောင်း၊ မယားကိုလည်းကောင်း ခေါ်၍ မိမိနှင့်တကွ စေတီအား ဆောင်နှင်းလေ၏။

ပြည်သူပြည်သားတို့သည် “ဥစ္စာမည်သည်ကား ဖြစ်စေခြင်းငှာ တတ်နိုင်ကောင်း၏၊ သားမယားနှင့်တကွလည်းဖြစ်သော ဤတောရွာနေ သူဌေးသည်ကား မိမိကိုယ်ကို ဆောင်နှင်းပေ၏၊ ဤသူသည်သာလျှင် အကြီးအမှူးဖြစ်စေသတည်း”ဟု ဆို၍ ထိုတောရွာနေသူဌေးကို အကြီးအမှူးပြုကြလေကုန်၏။ ဤသို့လျှင် ထိုတစ်ကျိပ်ခြောက်ယောက်စလုံးလည်းဖြစ်သော သူတို့သည် စေတီ၏ကျွန်ဖြစ်ကြကုန်၏။ ပြည်သူပြည်သားတို့သည်ကား ထိုသူတို့ကို တော်လှန်သည် (ကျွန်မဟုတ်သည်)တို့ကို ပြုကြလေကုန်၏။ ဤသို့ တော်လှန်သော်လည်း စေတီကိုသာလျှင် သုတ်သင်ပြုစုလျက် အသက်ထက်ဆုံးနေ၍ ထိုကိုယ်အဖြစ်မှ စုတေကြကုန်သည်ရှိသော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ထိုသူတို့သည် ဘုရားရှင်နှစ်ဆူတို့၏ တစ်ခုသောအကြားကာလပတ်လုံး နတ်ပြည်တို့၌ နေကြကုန်လျက် ဤငါတို့မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ မယားသည် ထိုနတ်ပြည်မှစုတေ၍ ရာဇဂြိုဟ်ပြည်ဝယ် သူဌေးသမီးအဖြစ်ဖြင့် ဖြစ်လာ၏။ ထိုသူဌေးသမီးသည် သတို့သမီးငယ်ဖြစ်လျက်ပင်လျှင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ သစ္စာလေးပါးကို မသိမမြင်ရသေးသောသူ၏ ပဋိသန္ဓေနေခြင်းမည်သည် ဝန်လေးလှ၏။ ထို့ကြောင့် ထိုသတို့သမီး၏ လင်ယောက်ျားသည် တပြောင်းပြန်ပြန် ကျင်လည်ကာသွား၍ မုဆိုးအမျိုး၌ ဖြစ်ရရှာလေ၏။ ထိုမုဆိုးအား မြင်သည်နှင့် တစ်ပြိုင်နက်သာလျှင် သူဌေးသမီးကို ရှေး၌ဖြစ်သော ချစ်ခင်ခြင်းသည် လွမ်းမိုးဖိစီးလေ၏။ ထို့ကြောင့် ဤဂါထာကို ဟောတော်မူအပ်သည်သာတည်း။

ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ဥပ္ပလံ ဝါ၊ ဥပ္ပလကြာမျိုးသည်လည်းကောင်း။ သေသံဝါ၊ ကြွင်းသောပဒုမ္မာကြာမျိုးသည်လည်းကောင်း။ ဥဒကေ၊ ရေ၌။ ဇာယမာနံ၊ ဖြစ်လတ်သည်ရှိသော်။ ဥဘောဟိ၊ ရေနှင့်ညွန်ပျောင်း အကြောင်းနှစ်ပါးတို့ကြောင့်။ ဇာယတေ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တံ ပေမံ၊ ထိုချစ်ခြင်းသည်။ ဇာယမာနံ၊ ဖြတ်လတ်သည်ရှိသော်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ သန္ဒိဝါသေန ဝါ၊ ကောင်းစွာပေါင်းသင်း နေဖူးခြင်းကြောင့်လည်းကောင်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ မျက်မှောက်စီးပွားရေး အကျိုးများမြောင် ရွက်ဆောင်ဖူးခြင်းကြောင့်လည်းကောင်း။ ဧဝံ၊ ဤအကြောင်းနှစ်ပါးတို့ကြောင့်။ ဇာယတေ၊ ဖြစ်၏။

(ဒုကနိပါတ် သာကေတဇာတ်လာ ဤဂါထာကို ဤပုံတော်စုံ ဓမ္မပဒဝတ္ထု ၂-အပ္ပမာဒဝဂ် သာမာဝတီဝတ္ထု၌လည်း မိန့်ဆိုလေပြီ။ အရိုး၌ ဆူးမရှိလျှင် ဥပ္ပလကြာမည်၏။ ဆူးရှိလျှင် ပဒုမ္မာကြာမည်၏။)

ထိုသူဌေးသမီးသည် ရှေး၌ဖြစ်သော ချစ်ခြင်းအားဖြင့်သာလျှင် မုဆိုးအိမ်သို့ ရောက်သွားရလေ၏။ သူဌေးသမီး၏ သားတို့သည်ကား နတ်ပြည်မှ စုတေခဲ့ကြ၍ ထိုသူဌေးသမီး၌သာလျှင် ပဋိသန္ဓေစွဲယူနေကြကုန်၏။ ထိုသူဌေးသမီး၏ချွေးမတို့သည်လည်း ထိုထိုအရပ်၌ ဖြစ်ခဲ့ကြပြီးလျှင် အရွယ်သို့ရောက်ကုန်သည်ရှိသော် ထိုသူတို့၏အိမ်သို့သာလျှင် ရောက်သွားကြလေကုန်၏။ ဤသို့လျှင် ထိုအလုံးစုံသော သူတို့သည်လည်း ထိုအခါ ကဿပဘုရားရှင် စေတီတော်ကို သုတ်သင်ပြုစုကြခြင်းကြောင့် ထိုကောင်းမှု၏အာနုဘော်အားဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်ကြလေကုန်၏။

ကုက္ကုဋမိတ္တမုဆိုးဝတ္ထုပြီး၏။

֍ * ၉။ ကောကခွေးမုဆိုးဝတ္ထု

ယော အပ္ပဒုဋ္ဌဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကောကအမည်ရှိသော ခွေးမုဆိုးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းကို ခွေးဖြင့် ကိုက်စေသူ

ထိုမုဆိုးသည် တစ်နေ့သ၌ နံနက်အခါ လေးကိုထမ်း၍ ခွေးအပေါင်းခြံရံလျက် တောသို့ ထွက်သွားလတ်သည်ရှိသော် လမ်းခရီးအကြား၌ ဆွမ်းအလို့ငှာ ကြွဝင်လာသော ရဟန်းတော်တစ်ပါးကိုမြင်ရလျှင် အမျက်ထွက်လှသဖြင့် “ငါကား သူယုတ်ကို မြင်အပ်၏၊ ယနေ့ တစ်စုံတစ်ခုရခြင်းမဖြစ်တော့လတ္တံ့”ဟု ကြံလျက် ဖဲသွားလေသတတ်။ မထေရ်သည်လည်း ရွာ၌ဆွမ်းအလို့ငှာ လှည့်လည်ပြီးလျှင် ဆွမ်းစားခြင်းကိစ္စ ပြုပြီးလတ်သော် တစ်ဖန်ကျောင်းသို့ ပြန်သွားလေ၏။ မုဆိုးသည်လည်း တောသို့ သွားလာလှည့်လည်၍ တစ်စုံတစ်ခုကိုမရဘဲ ပြန်လာသည်ရှိသော် တစ်ဖန် မထေရ်ကို မြင်ပြန်လျှင် “ယနေ့ ငါသည် ဤသူယုတ်ကို မြင်ရသဖြင့် တောသို့သွားရာ တစ်စုံတစ်ခုကိုမျှ မရ၊ ယခုတစ်ဖန်လည်း ငါ၏ ရှေးရှုမျက်မှောက်ဖြစ်ပြန်ပြီ၊ ထိုရဟန်းကို ခွေးတို့ဖြင့် ကိုက်ခဲစေတော့အံ့”ဟု အချက်ပေး၍ ခွေးတို့ကိုလွှတ်လေ၏။ မထေရ်သည် “ဒါယကာ- ဤသို့မပြုပါလင့်”ဟု တောင်းပန်လေ၏။ “ယနေ့ ငါကား သင်၏ မျက်မှောက်ရှေးရှုဖြစ်ခြင်းကြောင့် တစ်စုံတစ်ခုကိုမျှ မရ၊ တစ်ဖန်လည်း ငါ၏မျက်မှောက် ရှေးရှုအဖြစ်သို့ ရောက်လာပြန်သည်၊ သင့်ကို ကိုက်ခဲစေအံ့”ဟုဆို၍ ခွေးတို့ကိုလွှတ်လိုက်သည်သာလျှင်တည်း။ မထေရ်မြတ်သည် သစ်ပင်တစ်ခုသို့ လျင်မြန်စွာတက်ပြီးလျှင် တစ်သူ(လက်ခုပ်တစ်ဖောင်) အတိုင်းအရှည်ရှိသောအရပ်၌ နေတော်မူရလေ၏။ ခွေးတို့လည်း သစ်ပင်ကိုခြံရံလျက် နေကြလေကုန်၏။ မုဆိုးသည် လိုက်သွား၍ “သစ်ပင်ကို တက်သော်လည်း အသင့်အား သေဘေးမှ လွတ်ခြင်းသည် မရှိ”ဟုဆိုလျက် ထိုရဟန်းကို မြားဦးချွန်ဖြင့် ခြေဖဝါးအပြင်၌ ထိုးလေ၏။ မထေရ်သည် “ဤသို့ မပြုပါလင့်”ဟု မုဆိုးကိုတောင်းပန်လေ၏။ မုဆိုးသည် ထိုရဟန်းတောင်းပန်ခြင်းကို နားမထောင်, မနာယူမူ၍ အဖန်တလဲလဲသာလျှင် ထိုးလေ၏။

မုဆိုးအသားကို မုဆိုးခွေးတို့ စားခြင်း

မထေရ်သည် တစ်ဖက်သောခြေဖဝါးအပြင်ကို ထိုးသည်ရှိသော် ထိုခြေကိုကြွ၍ နှစ်ခုမြောက်သောခြေကို အောက်သို့ တွဲလျားချသဖြင့် ထိုချသောခြေကို ထိုးပြန်သည်ရှိသော် ထိုခြေကိုလည်း ကြွ၍ထားရ၏။ ဤသို့မုဆိုးသည် ရဟန်း၏တောင်းပန်ခြင်းကို နားမထောင် မနာယူမူ၍သာလျှင် ခြေဖဝါးပြင်နှစ်ဖက်တို့ကို ထိုးလေ၏။ မထေရ်၏ ကိုယ်အလုံးသည် မီးဖြင့်ရှို့မြိုက်သကဲ့သို့ ဖြစ်ရှာလေ၏။ ထိုမထေရ်သည် ဆင်းရဲခြင်းဝေဒနာသို့ အစဉ်ရောက်သည်ဖြစ်ရကား သတိကို ရှေးရှုထင်စေခြင်းငှာ မတတ်နိုင်သဖြင့် ရုံသောသင်္ကန်း လျှောကျသည်ကိုမျှလည်း မမှတ်သားနိုင်၊ လျှောကျသော ထိုသင်္ကန်းသည် ကောကမည်သော မုဆိုးကို ဦးခေါင်းမှစ၍ ခြုံရုံရစ်ပတ်လျက်သာ ကျလာလေ၏။ ခွေးတို့သည် “မထေရ်ကြီး ကျလာပြီ”ဟူသော အမှတ်ဖြင့် သင်္ကန်းကြားသို့ ဝင်ပြီးလျှင် မိမိသခင်ဖြစ်သောမုဆိုးကို ဆွဲထုတ်နုတ်ယူကာ စားကြကုန်လျက် အရိုးမျှလောက်သာ ကြွင်းကျန်အောင် ပြုကြလေကုန်၏။ ခွေးတို့သည် သင်္ကန်းကြားမှထွက်၍ အပ၌နေကြကုန်၏။ ထိုအခါ မထေရ်သည် ခွေးတို့အား သစ်ကိုင်းခြောက်တစ်ခုကိုချိုး၍ ပစ်လေ၏။ ခွေးတို့သည် မထေရ်ကိုမြင်လျှင် “ငါတို့ကား သခင်ကိုသာလျှင် ကိုက်၍ စားမိခဲ့ချေပြီ”ဟု သိသဖြင့် တောသို့ ဝင်ပြေးလေကုန်၏။ မထေရ်သည်လည်း “ငါ၏ သင်္ကန်းကြားသို့ဝင်၍ ဤမုဆိုးသည် သေကျေပျက်စီးရလေ၏၊ ငါ၏သီလသည် အပြစ်အနာကင်းပါ၏လော”ဟု ပူပန်ခြင်းကို ဖြစ်စေလေ၏။ ထိုမထေရ်သည် သစ်ပင်ထက်မှဆင်းသက်၍ ဘုရားရှင်၏အထံတော်သို့ သွားပြီးလျှင် အစမှစ၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်၏ သင်္ကန်းကိုမှီ၍ ထိုဒါယကာသည် ပျက်စီးရရှာလေ၏၊ ထို့ကြောင့် တပည့်တော်အား ရဟန်း၏အဖြစ်သည် မရှိပါပြီလောဘုရား” ဟူ၍လည်း မေးလျှောက်လေ၏။

မပြစ်မှားသင့်သူကို ပြစ်မှား၍ ပျက်စီးခြင်း

ဘုရားရှင်သည် ထိုရဟန်း၏စကားကိုကြားရလျှင် “ချစ်သားရဟန်း- သင်၏သီလသည် အပြစ်အနာမရှိ၊ သင့်အား ရဟန်း၏အဖြစ်သည် ရှိ၏၊ ထိုမုဆိုးကား မပြစ်မှားအပ်သောသူကို ပြစ်မှားမိခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ရလေ၏။ ထိုမုဆိုးသည် ယခုသာလျှင် မဟုတ်သေး၊ ရှေးလွန်လေပြီးသောအခါ၌လည်း မပြစ်မှားအပ်သောသူတို့ကို ပြစ်မှားခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ထိုအကြောင်းကို ထင်ရှားပြလိုရကား အတိတ်ကို ဆောင်တော်မူလေ၏။

အတိတ်ဘဝကလည်း ယုတ်မာခဲ့သူ

လွန်လေပြီးသောအခါ ဆေးသမားတစ်ယောက်သည် ဆေးကုခြင်းငှာ ရွာသို့ လှည့်လည်လတ်သော် တစ်စုံတစ်ခုသော ဆေးကုဖွယ်အမှုကို မရခြင်းကြောင့် မွတ်သိပ်ဆာလောင်သောသဘောရှိသဖြင့် ထွက်လာခဲ့ပြီးလျှင် ရွာတံခါး၌ များစွာသောသူငယ်တို့ ကစားနေကြသည်တို့ကို မြင်ရလျှင် “ဤသူငယ်တို့ကို မြွေဖြင့်ကိုက်စေ၍ ဆေးကုရသည်ရှိသော် ထမင်းအာဟာရကို ရပေလတ္တံ့”ဟု တစ်ခုသောသစ်ပင်၌ သစ်ခေါင်းဝတွင် ဦးခေါင်းကိုထုတ်၍ အိပ်နေသောမြွေကို ပြပြီးလျှင် “အိုသတို့သားငယ်တို့- ဤငှက်သည် သာလိကာငယ်တည်း၊ ထိုသာလိကာကို ဖမ်းကြကုန်လော့”ဟု ဆိုလေသတတ်။ ထိုအခါ သတို့သားငယ်တစ်ယောက်သည် မြွေကို လည်ပင်း၌ မြဲစွာဆုပ်ကိုင်သဖြင့် ထိုသတ္တဝါ၏ မြွေဖြစ်ခြင်းကိုသိရလျှင် ဟစ်ကြွေးမြည်တမ်းလျက် မနီးမဝေးသောအရပ်၌ ရပ်နေသော ဆေးသမား၏ ဦးထိပ်ထက်သို့ ပစ်မိလေ၏။ မြွေသည် ဆေးသမား၏ပခုံးရိုးကို ရစ်ပတ်လျက် ပြင်းစွာကိုက်ခဲခြင်းကြောင့် ဆေးသမား ထိုအရပ်၌ပင် အသက်ကုန်ခြင်းသို့ ရောက်စေလေ၏။ ဤသို့လျှင် ကောကမည်သော ဤခွေးမုဆိုးသည် ရှေး၌လည်း မပြစ်မှားအပ်သောသူကို ပြစ်မှားခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ဖူးသည်သာလျှင်တည်းဟု မြတ်စွာဘုရားသည် လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၂၅] ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊ သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊ သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

ယော၊ အကြင်မလိမ္မာသောသူသည်။ အပ္ပဒုဋ္ဌဿ၊ ဘယ်သူအားမျှ မပြစ်မှားတတ်သော။ သုဒ္ဓဿ၊ ပြစ်မှုလွတ်ကင်း စင်ကြယ်ခြင်းရှိသော။ အနင်္ဂဏဿ၊ ညစ်ကျကိလေ ကင်းကွေပြီးသော။ ပေါသဿ၊ မွေးမြူပူဇော်ထိုက်သော။ နရဿ၊ သတ္တဝါအား။ ဒုဿတိ၊ ပုတ်ခတ်ခြင်း စသည်ဖြင့် ပြစ်မှား၏။ တမေဝ ဗာလံ၊ ထိုမလိမ္မာသောသူ၏ အထံသို့သာလျှင်။ ပါပံ၊ ပြစ်မှားသော ထိုမကောင်းမှုသည်။ ပဋိဝါတံ၊ လေညာသို့။ ခိတ္တော၊ ပစ်အပ်သော။ သုခုမော၊ သိမ်မွေ့သော။ ရဇော ဣဝ၊ မြူကဲ့သို့။ ပစ္စေတိ-ပတိဧတိ၊ မကောင်းကျိုးအဖြစ်ဖြင့် ရှေးရှုလှည့်ကာ ပြန်၍လာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ကောကခွေးမုဆိုးဝတ္ထုပြီး၏။

֍ * ၁၀။ မဏိကာရကုလူပကတိဿမထေရ်ဝတ္ထု

ဂဗ္ဘမေကေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရွဲထွင်းသမား၏ ဆရာဖြစ်သော တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပတ္တမြားပျောက်၍ မထေရ်ကိုစွပ်စွဲ

ထိုတိဿမထေရ်သည် ရွဲထွင်းသမားတစ်ယောက်၏အိမ်၌ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ဆွမ်းဘုဉ်းပေးသတတ်။ ထိုအိမ်၌ ဇနီး, ခင်ပွန်းတို့သည် မိဘအရာ၌တည်၍ မထေရ်ကို လုပ်ကျွေးသမှု ပြုစုကြလေကုန်၏။ ထိုအခါ တစ်နေ့သ၌ ထိုရွဲထွင်းသမားသည် မထေရ်၏ရှေ့၌ ဟင်းမျိုးအမဲသားကို စဉ်းခုတ်ဖြတ်လှီးလျက် နေလေ၏။ ထိုခဏ၌ ပသေနဒီကောသလမင်းကြီးသည် တစ်ခုသော ပတ္တမြားရတနာကို “ဤပတ္တမြားကိုသွေး၍ ထွင်းပြီးလျှင် ပို့လိုက်ရမည်”ဟု စေလိုက်လေ၏။ ရွဲထွင်းသမားလည်း သွေးရှိသောလက်ဖြင့်သာလျှင် ထိုပတ္တမြားကိုခံယူ၍ ပခြုပ်၏အထက်၌တင်၍ လက်ဆေးခြင်းငှာ အတွင်းသို့ဝင်သွားလေ၏။ ထိုအိမ်တွင်ကား မွေးစားထားသော ကြိုးကြာငှက်သည် ရှိ၏။ ထိုကြိုးကြာငှက်သည် သွေးအနံ့ကြောင့် သားတစ်ဟူသောအမှတ်ဖြင့် ထိုပတ္တမြားရတနာကို မထေရ်မြင်စဉ်သာလျှင် မျိုလေ၏။ ရွဲထွင်းသမားသည် ပြန်လာ၍ ပတ္တမြားကို မမြင်လေလျှင် “ပတ္တမြားကို အဘယ်သူ ယူသနည်း”ဟု မယားကိုလည်းကောင်း, သားတို့ကိုလည်းကောင်း အစဉ်အတိုင်းမေး၍ ထိုသား,မယားတို့သည် “မယူကြကုန်”ဟု ဆိုသော် “မထေရ်ယူသည် ဖြစ်လတ္တံ့”ဟု ကြံ၍ မယားနှင့် တိုင်ပင်လေ၏။

ကြိုးနှင့်တုပ်, တုတ်နှင့်ရိုက်

“အရှင်- ဤသို့မဆိုပါလင့်၊ ဤမျှလောက် ကာလပတ်လုံး မထေရ်၏ တစ်စုံတစ်ခုသောအပြစ်ကို ကျွန်မ မမြင်ရစဖူးပါ။ ထိုမထေရ်သည် ပတ္တမြားကိုယူသည် မဟုတ်နိုင်”ဟု ဆိုလျှင် ရွဲထွင်းသမားသည်လည်း မထေရ်ကို “အရှင်ဘုရား- ဤအရပ်၌ထားသော ပတ္တမြားရတနာကို အရှင်ဘုရားတို့ ယူသလော”ဟု မေးလေ၏။ “ဒါယကာ- ငါမယူ”ဟု ဆိုလျှင် “အရှင်ဘုရား- ဤအရပ်၌ တစ်ပါးသောသူမရှိ၊ အရှင်ဘုရားတို့သည်သာလျှင် ယူသည်ဖြစ်လတ္တံ့၊ တပည့်တော်အား ပတ္တမြားရတနာကို ပေးကုန်လော့”ဟု စွပ်စွဲတောင်းဆိုလေ၏။ ထိုရွဲထွင်းသမားလည်း ဆရာမထေရ် ဝန်မခံသည်ရှိသော် တစ်ဖန် “မထေရ်သည် ပတ္တမြားကို ယူ၏၊ နှိပ်စက်ညှဉ်းပန်း၍ မထေရ်ကို မေးအံ့”ဟု မယားကို ဆိုပြန်လေ၏။ “အရှင် ကျွန်မတို့ကို မဖျက်ဆီးပါလင့်၊ ကျွန်မတို့သည် ကျွန်အဖြစ်သို့ရောက်ရခြင်းကား သင့်မြတ်သေး၏။ ဤသို့သဘောရှိသော မထေရ်ကို ပြစ်မှားပြောဆိုခြင်းကား မသင့်မြတ်”ဟု ဆိုလျှင် ရွဲထွင်းသမားသည် “အလုံးစုံသာဖြစ်သော ငါတို့သည် ကျွန်အဖြစ်သို့ရောက်ရကုန်သော်လည်း ပတ္တမြားအဖိုးကို မမီနိုင်ကြကုန်”ဟု ဆိုလျက် ကြိုးကိုယူ၍ မထေရ်၏ဦးခေါင်းကို ရစ်ပတ်ပြီးလျှင် တုတ်ဖြင့် ရိုက်နှက်လေ၏။

ကြိုးကြာဝမ်းမှ ပတ္တမြားပြန်ရခြင်း

မထေရ်မြတ်၏ ဦးခေါင်းတော်မှလည်းကောင်း, နားရွက်, ဦးခေါင်းတို့မှလည်းကောင်း သွေးသည် ယိုစီးလေ၏။ မျက်စိတို့သည် ပြုတ်ထွက်လုမတတ်ဖြစ်သော အခြင်းအရာသို့ ရောက်ကုန်၏။ ထိုမထေရ်သည် ဆင်းရဲခြင်းဝေဒနာခံစားရသော အခြင်းအရာသို့ ရောက်သဖြင့် မြေ၌လဲလေ၏။ ကြိုးကြာငှက်သည် သွေးအနံ့ဖြင့် လာလတ်၍ သွေးကိုသောက်လေ၏။ ထိုအခါ၌ ကြိုးကြာငှက်ကို ရွဲထွင်းသမားသည် မထေရ်အပေါ်၌ဖြစ်သော အမျက်ဒေါသ၏အစွမ်းအားဖြင့် “နင်ငှက်မိုက်သည် အဘယ်ကိုပြုလာဘိသနည်း”ဟု ဆိုလျက် ခြေဖြင့်ကန်ကျောက်၍ ပစ်လိုက်လေ၏။ ကြိုးကြာငှက်သည် တစ်ချက်တည်းဖြင့်သာလျှင် သေ၍ ပက်လက်ဖြစ်နေလေ၏။ မထေရ်သည် ထိုပက်လက်ဖြစ်နေသော ကြိုးကြာငှက်ကိုမြင်လျှင် “ဒါယကာ- ဦးခေါင်း၌ ရစ်၍ချည်သောကြိုးကို ရှေးဦးစွာ ငါ့အား လျှော့ခြင်းကိုပြု၍ ဤကြိုးကြာငှက်ကို “သေသလော, မသေလော”ဟု ကြည့်ရှုပါဦးလော့”ဟု ဆိုလေ၏။ ထိုအခါ မထေရ်ကို ရွဲထွင်းသမားသည် “ဤကြိုးကြာငှက်ကဲ့သို့ အရှင်သည်လည်း သေရလတ္တံ့”ဟု ဆိုလေ၏။ “ဒါယကာ- ဤကြိုးကြာငှက်သည် ထိုပတ္တမြားကို မျိုအပ်၏၊ ထို့ကြောင့် ဤကြိုးကြာငှက်သည် အကယ်၍ မသေသည်ဖြစ်အံ့၊ ငါသည် သေသော်လည်း သင့်အား ပတ္တမြားကို မပြောကြားလတ္တံ့”ဟု ဆိုလျှင် ရွဲထွင်းသမားသည် ထိုကြိုးကြာငှက်သေကောင်၏ဝမ်းကို ဖောက်ခွဲရာ ပတ္တမြားကို မြင်ရလေ၏။ ထို့နောက် ရွဲထွင်းသမားသည် ထိတ်လန့်သောစိတ်ရှိသည်ဖြစ်၍ မထေရ်၏ ခြေရင်း၌ဝပ်လျက် “အရှင်ဘုရား- တပည့်တော်အား သည်းခံတော်မူပါ။ မသိခြင်းကြောင့် တပည့်တော် ပြုမိပါသည်ဘုရား”ဟု လျှောက်လေ၏။ “ဒါယကာ- သင့်အားလည်း အပြစ်မရှိ၊ ငါ့အားလည်း အပြစ်မရှိ၊ သံသရာဝဋ်အားသာလျှင် အပြစ်ရှိ၏၊ သင့်အား ငါသည် သည်းခံ၏”ဟုဆိုလျှင် “အရှင်ဘုရား- တပည့်တော်အား အကယ်၍ သည်းခံသည်ဖြစ်ပါအံ့၊ ပြကတေ့ ရှေးနည်းအားဖြင့်သာလျှင် တပည့်တော်၏အိမ်၌ နေထိုင်လျက် ဆွမ်းကို ခံယူတော်မူကြပါဘုရား”ဟု လျှောက်လေ၏။

တိဿမထေရ် ပရိနိဗ္ဗာန်စံတော်မူခြင်း

“ဒါယကာ- ယခုအခါ ငါကား ဤနေ့မှစ၍ သူတစ်ပါးအိမ်အမိုးတွင်းသို့ မဝင်တော့အံ့”ဟု ဆိုပြီးလျှင် “အိမ်တွင်းသို့ဝင်သောသူအားသာလျှင် ဤအပြစ်သည် ဖြစ်ရပေ၏။ ဤနေ့မှစ၍ ခြေတို့ကို သယ်ပိုးနိုင်ကုန်သေးသည်ရှိသော် အိမ်တံခါး၌ ရပ်လျက်သာလျှင် ဆွမ်းကို ခံယူတော့အံ့”ဟု မိန့်တော်မူပြီး၍ ပိဏ္ဍပါတ်ဓုတင် ဆောက်တည်လျက် ဤဂါထာကို မိန့်ဆိုလေ၏။

ပစ္စတိ မုနိနော ဘတ္တံ၊ ထောကံ ထောကံ ကုလေ ကုလေ။
ပိဏ္ဍိကာယ စရိဿာမိ၊ အတ္ထိ ဇင်္ဃဗလံ မမံ။

မုနိနော၊ ရဟန်း၏အကျိုးငှာ။ ထောကံ ထောကံ၊ အနည်းငယ် အနည်းငယ်သော။ ဘတ္တံ၊ ဆွမ်းသည်။ ကုလေ ကုလေ၊ အိမ်တိုင်း အိမ်တိုင်း၌။ ပစ္စတိ၊ အဆင်သင့်ကျက်လျက်ရှိ၏။ ပိဏ္ဍိကာယ၊ ဆွမ်းအလို့ငှာ။ စရိဿာမိ၊ ငါသွားလာလှည့်လည်တော့အံ့။ မမံ၊ ငါ့အား၊ ဇင်္ဃဗလံ၊ သလုံးမြင်းခေါင်းအားအစွမ်းသည်။ အတ္ထိ၊ ရှိ၏။

ဤစကားကိုသာလျှင် မိန့်ဆိုတော်မူ၍ မထေရ်သည် ထိုအနာဖြင့်သာ မကြာမြင့်မီ ပရိနိဗ္ဗာန် စံဝင်တော်မူလေ၏။

ကြိုးကြာငှက်သည် ရွဲထွင်းသမား၏ မယားဝမ်း၌ ပဋိသန္ဓေ တည်နေဆွဲယူလေ၏။ ရွဲထွင်းသမားသည် စုတေမနေ သေလွန်လေသော် ငရဲ၌ ဖြစ်ရရှာလေ၏။ ရွဲထွင်းသမားမယားသည် မထေရ်၌ ကြည်နူးသိမ်မွေ့သောစိတ်ရှိခြင်းကြောင့် သေ၍ နတ်ပြည်၌ ဖြစ်လေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားကို ထိုသူတို့၏ တမလွန်ဘ၀ လားရာဂတိကို မေးလျှောက်ကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤလောက၌ အချို့သောသူတို့သည် အမိဝမ်း၌ ဖြစ်ကုန်၏။ အချို့သော သူတို့သည် မကောင်းမှုကို ပြုလေ့ရှိကုန်သည်ဖြစ်၍ ငရဲ၌ ဖြစ်ကြကုန်၏။ အချို့သောသူတို့သည် ပြုအပ်သောကောင်းမှု ရှိကုန်သည်ဖြစ်၍ နတ်ပြည်၌ ဖြစ်ကြကုန်၏။ အာသဝေါကင်းကွာ ရဟန္တာတို့သည်ကား ပရိနိဗ္ဗာန် စံလွန်တော်မူကြကုန်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၂၆] ဂဗ္ဘမေကေ ဥပ္ပဇ္ဇန္တိ၊ နိရယံ ပါပကမ္မိနော။
သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗန္တိ အနာသဝါ။

ဧကေ၊ အချို့သောသူတို့သည်။ ဂဗ္ဘံ၊ လူဖြစ်သော မိခင်၏ဝမ်း၌။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကြကုန်၏။ ပါပကမ္မိနာ၊ မကောင်းမှုကိုပြုကုန်သော။ ဧကေ၊ အချို့သော သူတို့သည်။ နိရယံ၊ ငရဲ၌။ နိဗ္ဗတ္တန္တိ၊ ဖြစ်ကြကုန်၏။ သုဂတိနော၊ ကောင်းသော သဘောရှိကုန်သော သူတို့သည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ယန္တိ၊ သွားကြကုန်၏။ အနာသဝါ၊ ရဟန္တာတို့သည်။ ပရိနိဗ္ဗန္တိ၊ ပရိနိဗ္ဗာန်ပြုတော်မူကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မဏိကာရကုလူပကတိဿမထေရ်ဝတ္ထုပြီး၏။

֍ * ၁၁။ တယောဇနဝတ္ထု

န အန္တလိက္ခေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုံးယောက်သောသူတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လည်ပင်း မီးကွင်းစွပ်၍ သေရသော ကျီးကန်း

ဘုရားသဗ္ဗညုသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်တော်မူစဉ် များစွာသောရဟန်းတို့သည် ဘုရားအား ဖူးမြင်ခြင်းငှာ လာကြကုန်လျက် ရွာတစ်ခုသို့ ဆွမ်းအလို့ငှာ ဝင်ကြလေကုန်သတတ်။ ရွာနေသူတို့သည် ထိုရဟန်းတို့၏ သပိတ်တို့ကိုယူ၍ ဆွမ်းစားဇရပ်၌ နေစေပြီးလျှင် ယာဂုခဲဖွယ်ကို လှူသဖြင့် ဆွမ်းအချိန်ကို ဆိုင်းငံ့ကုန်လျက် တရားနာကာ နေကြလေကုန်၏။ ထိုခဏ၌ ဆွမ်းကိုချက်ပြီး၍ ဟင်းလျာကိုချက်သော တစ်ယောက်သော မိန်းမ၏အိုးမှ မီးလျှံထလတ်၍ အမိုးကို စွဲလောင်လေ၏။ ထိုမီးလျှံထရာမှ တစ်ခုသော မြက်ဆုပ်ကရွတ်ခွေသည် တက်၍ တောက်လောင်လျက် ကောင်းကင်သို့ လွင့်ပျံသွားလေ၏။ ထိုခဏ၌ ကျီးတစ်ကောင်သည် ကောင်းကင်ခရီးဖြင့် ပျံသွားစဉ် ထိုမီးလျှံကရွတ်ခွေ၌ လည်ပင်းကို စွပ်သွင်းမိသဖြင့် မြက်နွယ်ရစ်ပတ်လျက် မီးလောင်ကာ ရွာလယ်၌ ကျလေ၏။ ရဟန်းတို့သည် ထိုကျီးကိုမြင်ရလျှင် “ဪ.. အလွန်ဝန်လေးသော အမှုပါတကား။ ငါ့ရှင်တို့- ကျီးသည်ရအပ်သော ဖောက်ပြန်ခြင်းကို ကြည့်ရှုကြကုန်လော့၊ ဤကျီး၏ ပြုအပ်သောကံကို ဘုရားသဗ္ဗညုကိုထား၍ အဘယ်သူသိနိုင်အံ့နည်း၊ မြတ်စွာဘုရားကို ဤကျီး၏ ရှေးမကောင်းမှုကံကို မေးလျှောက်ကြကုန်အံ့”ဟု ကြံ၍ ဖဲသွားကြလေကုန်၏။

လည်ပင်း သဲအိုးဆွဲ၍ သမုဒ္ဒရာထဲ ပစ်ချခံရသူ

တစ်ပါးသောရဟန်းတို့သည်လည်း ဘုရားရှင်အား ဖူးမြင်ခြင်းငှာ လှေစီး၍ သွားကြကုန်စဉ် လှေသည် သမုဒ္ဒရာအလယ်၌ မတုန်မလှုပ်ရပ်တည်လေ၏၊ “ဤလှေစီးသူတို့တွင် လူယုတ်ရှိသည်ဖြစ်ရာ၏”ဟု စာရေးတံကို စီရင်ကြကုန်၏။ လှေသူကြီး၏မယားသည် ပထမအရွယ်၌ တည်သဖြင့် ရှုချင်စဖွယ် ကြည်လင်သန့်ရှင်းသောကိုယ်ရှိ၏။ စာရေးတံသည် ထိုလှေသူကြီးကတော်အား ရောက်လေ၏။ “စာရေးတံကို တစ်ဖန်ပြန်၍ စီရင်ကြကုန်ဦးလော့”ဟု ဆိုခြင်းကြောင့် သုံးကြိမ်တိုင်အောင် စီရင်ကြကုန်၏။ သုံးကြိမ်တိုင်အောင်လည်း ထိုမိန်းမအားသာလျှင် ရောက်လေ၏။ လူတို့သည် “အရှင်လှေသူကြီး- အသို့ပြုမည်နည်း”ဟု လှေသူကြီးမျက်နှာကို ကြည့်ရှုကြကုန်၏။ လှေသူကြီးသည် “ဤမိန်းမ၏အတွက် လူအများ သေကျေပျက်စီးစိမ့်သောငှာ မတတ်ကောင်း၊ ရေ၌ မိန်းမကို ပစ်ချကြကုန်လော့”ဟု ဆိုလေ၏။ ထိုမိန်းမကို ဆွဲယူ၍ “ရေ၌ပစ်ချအံ့”ဟု ပြုအပ်သည်ရှိသော် သေဘေးမှ ကြောက်လန့်လှသောကြောင့် သည်းစွာ မြည်တမ်း ဟစ်အော်ခြင်းကို ပြုလေ၏။ ထိုမြည်တမ်းဟစ်အော်သံကို ကြားရလျှင် လှေသူကြီးသည် “ဤမိန်းမအား ဆင်ယင်သော တန်ဆာတို့ ပျက်စီးကြသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အလုံးစုံသော တန်ဆာတို့ကို ချွတ်ယူပြီးလျှင် အဝတ်နွမ်းတစ်ထည်ကို ဝတ်စေ၍ ထိုမိန်းမကို စွန့်ပစ်ကြကုန်လော့။ ငါသည်ကား ဤမိန်းမ ရေပြင်၌ ပေါလောမျောပေါ်သည်ကို မြင်ရခြင်းငှာ မတတ်နိုင်။ ထို့ကြောင့် ထိုမိန်းမကို ငါမမြင်ရအောင် သဲအိုးတစ်လုံးကို လည်ပင်း၌ချည်ဖွဲ့၍ သမုဒ္ဒရာ၌ ပစ်ချကြကုန်လော့”ဟု ဆိုလျှင် လူတို့သည် လှေသူကြီးဆိုတိုင်း ပြုလုပ်ကြရလေကုန်၏။ ထိုမိန်းမကိုလည်း ကျရာအရပ်၌သာလျှင် ငါး,လိပ်တို့သည် လုယက်စားသောက်ကြလေကုန်၏။ ရဟန်းတို့သည် ထိုအကြောင်းကို သိမြင်ကြရကုန်လျှင် “မြတ်စွာဘုရားကိုထား၍ ဘုရားမှတစ်ပါး အဘယ်သူသည် ဤမိန်းမကံကို သိနိုင်လတ္တံ့နည်း၊ မြတ်စွာဘုရားကို ထိုမိန်းမ၏ကံကို မေးမြန်းလျှောက်ထားကြကုန်အံ့”ဟု ကြံ၍ လိုရာလိုရာအရပ်သို့ ရောက်လျှင် လှေမှဆင်းသက်၍ ဖဲကြလေကုန်၏။

လိုဏ်ခေါင်းတွင်း ပိတ်မိနေသူ ရဟန်း (၇)ပါး

ထိုမှတစ်ပါး ခုနစ်ပါးသော ရဟန်းတို့သည်လည်း ဘုရားရှင်အား ဖူးမြင်ခြင်းငှာ သွားကြကုန်စဉ် ညချမ်းသောအခါ၌ ကျောင်းတစ်ခုသို့ဝင်၍ နေထိုင်ရန်အရပ်ကို မေးမြန်းကြကုန်၏။ တစ်ခုသော ဥမင်လိုဏ်ခေါင်း၌လည်း ညောင်စောင်းခုနစ်ခုတို့သည် ရှိကုန်၏။ ထိုရဟန်းတို့သည် ထိုနေရာကိုသာလျှင်ရ၍ ထိုလိုဏ်ခေါင်း၌ ကျိန်းစက်ကြကုန်စဉ် ညဉ့်အဖို့၌ အထွတ်တပ်သောအိမ်မျှ အတိုင်းအရှည်ရှိသော ကျောက်တုံးကြီးသည် လိမ့်လာ၍ လိုဏ်တံခါးကို ပိတ်မိလေ၏။ ကျောင်းနေရဟန်းတို့သည် “ငါတို့ကား ဤလိုဏ်ကို အာဂန္တုရဟန်းတို့အား နေရာပေးထားအပ်ကုန်ပြီ။ ဤကျောက်တုံးကြီးသည်လည်း လိုဏ်တံခါးကို ပိတ်လျက် တည်လေပြီ။ ထိုကျောက်တုံးကြီးကို ဖယ်ရှားကြကုန်စို့အံ့”ဟု ထက်ဝန်းကျင် ခုနစ်ရွာတို့မှလူတို့ကို စည်းဝေးစေ၍ လုံ့လပြုကုန်သော်လည်း တည်ရာမှ ရွေ့စေခြင်းငှာ မတတ်နိုင်ကြကုန်။ လိုဏ်တွင်း၌ ဝင်ရောက်နေကုန်သော ရဟန်းတို့သည်လည်း လုံ့လပြုကြကုန်သည်သာတည်း။ ဤသို့ ပြုကြကုန်သော်လည်း ခုနစ်ရက်ပတ်လုံး ကျောက်တုံးကြီးကို ရွေ့စေခြင်းငှာ မတတ်နိုင်ကြလေကုန်။ ထိုအာဂန္တုရဟန်းတို့သည် ခုနှစ်ရက်ပတ်လုံး ဆာလောင်ငတ်မွတ်ခြင်းသို့ ရောက်ကြရကုန်လျက် ကြီးစွာသောဆင်းရဲကို ခံစားကြရလေကုန်၏။ ခုနစ်ရက်မြောက်သောနေ့၌ကား ကျောက်တုံးကြီးသည် အလိုလိုသာလျှင် လိမ့်၍ဖဲသွားလေ၏။ ရဟန်းတို့လည်း ထွက်ခဲ့ကြ၍ “ငါတို့၏မကောင်းမှုကို ဘုရားသဗ္ဗညုမှတစ်ပါး အဘယ်သူသိနိုင်အံ့နည်း၊ ဘုရားရှင်ကို မေးမြန်းလျှောက်ထားကြကုန်အံ့”ဟု ကြံ၍ ဖဲသွားကြလေကုန်၏။ ထိုခုနစ်ပါးသော ရဟန်းတို့သည်လည်း ရှေးရဟန်းတို့နှင့် အတူတကွ လမ်းခရီးအကြား၌ ပေါင်းဆုံမိကြသဖြင့် ခပ်သိမ်းသောရဟန်းတို့သည် တစ်ပေါင်းတည်းသာလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်ကာရှိခိုး၍ တင့်အပ်လျောက်ပတ်သောအရပ်၌ နေကြကုန်လျက် မြတ်စွာဘုရားသည် ပဋိသန္ဓာရ အစေ့အစပ်စကား ပြောကြားအပ်ကုန်ရကား မိမိတို့ကိုယ်တိုင် မြင်ရသောအကြောင်း, ခံစားရသောအကြောင်းတို့ကို အစဉ်အတိုင်း မေးမြန်းလျှောက်ထားကြလေကုန်၏။ ဘုရားရှင်သည်လည်း ထိုရဟန်းတို့အား လျှောက်သည့်အစဉ်အတိုင်း ဤသို့ မိန့်ကြားတော်မူလေ၏။

ကျီး၏အတိတ်ကြောင်း မကောင်းမှု

ချစ်သားရဟန်းများတို့- ရှေးဦးစွာ ထိုကျီးသည် မိမိပြုအပ်သော ကံအကျိုးကိုသာလျှင် ခံစားရပေ၏။ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ လယ်ထွန်ယောက်ျားတစ်ယောက်သည် မိမိနွားကို ဆုံးမသည်ရှိသော် ဆုံးမခြင်းငှာ မတတ်နိုင်။ ထိုလယ်ထွန်ယောက်ျား၏ ထိုနွားသည် အတန်ငယ်သွားပြီးလျှင် ဝပ်လေ၏။ ပုတ်ခတ်ရိုက်နှက်၍ ထစေအပ်သော်လည်း အတန်ငယ်သာသွားပြီးလျှင် တစ်ဖန် အိပ်မြဲ အိပ်ပြန်လေ၏။ ထိုလယ်ထွန်ယောက်ျားသည် လုံ့လပြု၍ ထိုနွားကို ဆုံးမခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အမျက်ဒေါသ ပြင်းစွာထွက်ခြင်းဖြင့် နှိပ်စက်အပ်သောကြောင့် “ဤအခါမှစ၍ ချမ်းသာစွာ အိပ်စက်ရပေတော့လတ္တံ့”ဟု ဆိုကာ ကောက်ရိုးအပေါင်းအစုကိုကဲ့သို့ ပြုလျက် ကောက်ရိုးဖြင့် ထိုနွား၏လည်ကို ရစ်ပတ်ပြီးလျှင် မီးတိုက်လေ၏။ နွားသည် ထိုနေရာ၌ပင်လျှင် မီးလောင်၍ သေရှာလေ၏။ “ချစ်သားရဟန်းတို့- ထိုအခါ ထိုလယ်ထွန်ယောက်ျားသည် ထိုအကြောင်းကြောင့် ထိုမကောင်းမှုကို ပြုမိလေ၏။ ထိုလယ်ထွန်ယောက်ျားသည် ထိုအကုသိုလ်ကံ၏ အကျိုးအားဖြင့် ရှည်ကြာစွာသော နေ့,ညဉ့်ပတ်လုံး ငရဲ၌ခံရပြီးမှ အကျိုးကြွင်း၏အစွမ်းဖြင့် ခုနစ်ကြိမ် ကျီးအမျိုး၌ဖြစ်၍ ဤအတူ ကောင်းကင်၌ မီးလောင်သဖြင့်သာလျှင် သေရဖူးလေပြီ။ ဤသို့ မိမိပြုအပ်သော ကံအကျိုးကို ခံစားရလေ၏။”

လှေသူကြီးကတော်၏ အတိတ်

ချစ်သားရဟန်းတို့- ထိုမိန်းမသည်လည်း မိမိပြုအပ်သော ကံအကျိုးကိုသာလျှင် ခံစားရပေ၏။ ထိုမိန်းမသည် လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သူကြွယ်တစ်ဦး၏မယားဖြစ်၍ ရေခပ်ခြင်း, ဆန်ဖွပ်, မောင်းထောင်းခြင်း, ထမင်းချက်ခြင်း အစရှိသော ခပ်သိမ်းသောအမှုကိစ္စတို့ကို မိမိလက်ဖြင့်သာလျှင် ပြုလေ၏။ ထိုမိန်းမ၏ခွေးတစ်ကောင်သည် အိမ်၌ အမှုခပ်သိမ်းတို့ကိုပြုသော ထိုမိန်းမကို ကြည့်လျက်သာနေလေ၏။ လယ်သို့ ထမင်းပို့ဆောင်သော်လည်းကောင်း၊ ထင်း,ဟင်းရွက် စသည်အကျိုးငှာ တောသို့သွားသော်လည်းကောင်း ထိုမိန်းမနှင့်အတူတကွသာလျှင် သွားလေ၏။ ထိုသို့ အတူသွားသော အခြင်းအရာကိုမြင်လျှင် လူငယ်တို့သည် “အချင်းတို့- ခွေးမုဆိုး ထွက်သွားလေပြီ၊ ယနေ့ ငါတို့သည် အမဲဟင်းဖြင့် စားကြရကုန်လတ္တံ့”ဟု ပြက်ရယ်ပြုကြကုန်၏။ ထိုမိန်းမသည် ထိုလူငယ်တို့၏ ပြက်ရယ်စကားကြောင့် မျက်နှာမသာဖြစ်သဖြင့် ခွေးကို ခဲ,လှံတံစသည်တို့ဖြင့် ပုတ်ခတ်၍ ထွက်ပြေးစေလေ၏။ ခွေးသည် ပြန်လည်၍ တစ်ဖန် အမီလိုက်ပြန်လေ၏။

(ထိုခွေးသည်ကား သုံးခုမြောက်သော ကိုယ်အဖြစ်၌ ထိုမိန်းမ၏ လင်ယောက်ျားဖြစ်ဖူးသတတ်။ ထို့ကြောင့် ချစ်ခင်ခြင်းကို ဖြတ်တောက်ခြင်းငှာ မတတ်နိုင်။ အစမထင်သော အနမတဂ္ဂသံသရာကြီး၌ မယားသည်လည်းကောင်း၊ လင်ယောက်ျားသည်လည်းကောင်း မဖြစ်စဖူးကြသော သူတို့မည်သည် အကယ်၍ကား မရှိကြကုန်။ ယင်းသို့ မရှိကြကုန်သော်လည်း နီးကပ်သော အတ္တဘော၌ဖြစ်သော ဆွေမျိုးတို့အပေါ်၌ အတိုင်းအရှည်ထက်လွန်သော ချစ်ခင်ခြင်းသည် ဖြစ်တတ်၏။ ထို့ကြောင့် ထိုခွေးသည် ထိုမိန်းမအပေါ်၌ဖြစ်သော ချစ်ခင်ခြင်းကို စွန့်ပစ်ခြင်းငှာ မတတ်နိုင်ရှာ။)

ထိုမိန်းမသည် ခွေးအား အမျက်ထွက်လှသဖြင့် လယ်ထွန်ရာ၌ လင်ယောက်ျားအဖို့ ယာဂုပို့ဆောင်လတ်သည်ရှိသော် ကြိုးကို ရင်ခွင်၌ထား၍ သွားလေ၏။ ခွေးသည်လည်း ထိုမိန်းမနှင့်သာလျှင် အတူတကွ လိုက်သွား၏။ ထိုမိန်းမသည် လင်အား ယာဂုကိုပေးပြီးလျှင် အချည်းနှီးသောအိုးကိုယူလျက် တစ်ခုသော ရေရှိရာအရပ်သို့သွားသဖြင့် အိုးကို သဲဖြင့်ပြည့်စေ၍ အနီး၌ ကြည့်လျက်နေလေသောခွေးအား အသံကို ပြုလေ၏။ ခွေးသည် “ငါ့အား ကြာမြင့်လှလေပြီတကား၊ ယနေ့မှ ချိုသာသောစကားကို ရအပ်ဘိ၏”ဟု အမြီးနန့်လျက် ထိုမိန်းမထံသို့ ချဉ်းကပ်လေ၏။ ထိုမိန်းမသည် ထိုခွေးကို လည်ပင်း၌ မြဲစွာကိုင်လျက် တစ်ခုသောကြိုးစွန်းဖြင့် အိုးကိုဖွဲ့ချည်၍ တစ်ခုသောကြိုးစွန်းကို ခွေး၏လည်ပင်း၌ ဖွဲ့ချည်၍ အိုးကို ရေသို့ရှေးရှု လိမ့်စေလေ၏။ ခွေးသည် အိုနောက်သို့ အစဉ်လိုက်ပါလျက် ရေ၌ကျ၍ ထိုရေ၌ပင် သေရရှာလေ၏။ ထိုမိန်းမသည် ထိုအကုသိုလ်ကံ၏အကျိုးဖြင့် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး ငရဲ၌ကျက်ပြီးမှ အကျိုးအကြွင်း၏ အစွမ်းဖြင့် တစ်ရာသောကိုယ်အဖြစ်၌ သဲအိုးကို လည်ပင်း၌ဖွဲ့ချည်သဖြင့် ရေ၌ပစ်ချခြင်းကြောင့် သေရဖူးလှလေပြီ။ ဤသို့ မိမိပြုအပ်သော ကံ၏အကျိုးကို ခံစားရလေ၏။

လိုဏ်ခေါင်းတွင်းပိတ်မိသော ရဟန်း (၇) ပါးတို့၏အတိတ်

ချစ်သားရဟန်းတို့- ခုနစ်ပါးသော သင်တို့သည်လည်း မိမိပြုအပ်သောကံ၏ အကျိုးကိုသာလျှင် ခံစားရလေ၏။ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌နေကုန်သော နွားကျောင်းသားသူငယ် ခုနစ်ယောက်တို့သည် တစ်ခုသော တောအုပ်အရပ်၌ ခုနစ်ရက်စီအလှည့်အားဖြင့် နွားတို့ကို လှည့်လည်စေကြ, ထိန်းကျောင်းကြကုန်သည်ရှိသော် တစ်နေ့သ၌ နွားတို့ကို စိစစ်ရေတွက်၍ ပြန်လာကြစဉ် ဖွတ်ကြီးတစ်ကောင်ကိုမြင်၍ အစဉ်လိုက်ကြလေကုန်၏။ ဖွတ်ကြီးသည် ထွက်ပြေး၍ တောင်ပို့တစ်ခုသို့ ဝင်လေ၏။ ထိုတောင်ပို့ကြီး၌ အပေါက်ခုနစ်ခုတို့ ရှိကုန်၏။ သူငယ်တို့သည် “ငါတို့အား ယနေ့ ဖမ်းယူခြင်းငှာ မတတ်နိုင်ကြကုန်၊ နက်ဖြန်လာ၍ ဖမ်းယူကြကုန်အံ့”ဟု ဆိုလျက် တစ်ယောက်,တစ်ယောက်သော သူငယ်သည် တစ်ခု,တစ်ခုသော သစ်ခက်ကို ချိုးယူ၍ ခုနစ်ယောက်စလုံးဖြစ်သော နွားကျောင်းသားတို့သည် ခုနစ်ခုသောအပေါက်တို့ကို ဆို့ပိတ်ကာ ဖဲသွားကြလေကုန်၏။

ထိုနွားကျောင်းသားတို့သည် တစ်ဖန် မိုးသောက်သောနေ့၌ ထိုဖွတ်ကို သတိမရသဖြင့် တစ်ပါးသောအရပ်၌ နွားတို့ကိုထိန်းကျောင်းပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ နွားတို့ကိုယူ၍ သွားကြကုန်သည်ရှိသော် ထိုတောင်ပို့ကိုမြင်လျှင် သတိတစ်ဖန် ရပြန်သဖြင့် “ထိုဖွတ်ကြီး၏ ဖြစ်ပျက်ပုံအကြောင်းကား အဘယ်သို့နည်း”ဟု နှလုံးပြုလျက် မိမိ မိမိတို့ကိုယ်တိုင် ပိတ်အပ်ကုန်သော အပေါက်တို့ကို ဖွင့်လှစ်ကြလေကုန်၏။ ဖွတ်သည် မိမိ၏ အသက်ရှင်ခြင်း၌ တွယ်တာကပ်ငြိ မျှော်လင့်ဖွယ်မရှိသည်ဖြစ်၍ အရိုးနှင့် အရေမျှသာ ကြွင်းကုန်လျက် တုန်တုန်လှုပ်လှုပ် ထွက်လာလေ၏။ နွားကျောင်းသားတို့ ထိုဖွတ်ကြီးကိုမြင်ရလျှင် အစဉ်သနားခြင်းကိုပြု၍ “ထိုဖွတ်ကြီးကို မသတ်ကြပါကုန်လင့်၊ ခုနစ်ရက်ပတ်လုံး အစာပြတ်သည် ဖြစ်ခဲ့၏”ဟု ထိုဖွတ်ကြီး၏ကျောက်ကုန်းကို ဆုပ်နယ်သုံးသပ်ပြီးလျှင် “ချမ်းသာစွာ သွားပါလေတော့”ဟု ဆိုကာ လွှတ်လိုက်ကြလေကုန်၏။ ထိုနွားကျောင်းသား ခုနစ်ယောက်တို့သည် ဖွတ်ကို မသတ်ခြင်းကြောင့် ငရဲ၌ မခံကြရကုန်သေး။ သို့ရာတွင် ထိုနွားကျောင်းသား သူငယ်ခုနှစ်ယောက်တို့သည် တစ်ပေါင်းတည်းဖြစ်၍ တစ်ဆယ့်လေးခုသော ဘဝတို့၌ ခုနစ်ရက်,ခုနစ်ရက်တို့ပတ်လုံး ထမင်းအစာပြတ်သောသူတို့ ဖြစ်ကြရဖူးကုန်၏။ “ချစ်သားရဟန်းတို့- ထိုအခါ သင်တို့သည် နွားကျောင်းသား ခုနစ်ယောက်ဖြစ်ကြ၍ ထိုအကုသိုလ်ကံကိုပြုဖူးပြီ။ ဤသို့ မိမိပြုအပ်သော ကံအကျိုးကို ခံစားရလေ၏”ဟု မြတ်စွာဘုရားသည် ထိုရဟန်းတို့မေးအပ်သော ပြဿနာကို ဖြေကြားတော်မူလေ၏။

ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အသို့ပါနည်း။ မကောင်းမှုကံကို ပြုပြီးလျှင် ကောင်းကင်၌ ပျံသန်းသွားသော သူအားလည်းကောင်း၊ သမုဒ္ဒရာသို့သွားသော သူအားလည်းကောင်း၊ တောင်ကြား လိုဏ်ခေါင်းသို့သက်ဝင်သော သူအားလည်းကောင်း လွတ်မြောက်ခြင်းမည်သည် မရှိပါတကားဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤရဟန်း လျှောက်ကြားသည့်အတိုင်း ဟုတ်မှန်ပေ၏။ ကောင်းကင် စသည်တို့တွင်လည်း အကြင်အရပ်၌တည်သောသူသည် မကောင်းမှုကံအကျိုးမှ လွတ်ကင်းနိုင်ရာ၏၊ ထိုအရပ်သည် တစ်ခုမျှလည်း မရှိ”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၂၇] န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတော မုစ္စေယျ ပါပကမ္မာ။

အန္တလိက္ခေ၊ ကောင်းကင်၌။ ဥပ္ပတိတဿပိ၊ ပျံသန်းသွားသောသူအားလည်း။ ၊ မကောင်းကျိုးမှ မလွတ်။ သမုဒ္ဒမဇ္ဈေ၊ သမုဒ္ဒရာအလယ်၌။ ဝါ၊ သမုဒ္ဒရာအလယ်သို့။ ပက္ခန္ဒဿပိ၊ သွားသောသူအားလည်း။ ၊ မကောင်းကျိုးမှမလွတ်။ ပဗ္ဗတာနံ၊ တောင်တို့၏။ ဝိဝရံ၊ အကြားလိုဏ်ခေါင်းသို့။ ပဝိဿ-ပဝိဋ္ဌဿပိ၊ သက်ဝင်ကိန်းအောင်းသော သူအားလည်း။ ၊ မကောင်းကျိုးမှ မလွတ်။ ယတ္ထ ဇဂတိပ္ပဒေသေ၊ အကြင်အရှေ့အရပ်စသော မြေအဖို့၌။ ဌိတော၊ တည်သောသူသည်။ ပါပကမ္မာ၊ မကောင်းမှုကံအကျိုးမှ။ မုစ္စေယျ၊ လွတ်ရာ၏။ သော ဇဂတိပ္ပဒေသော၊ ထိုအရှေ့အရပ်စသော မြေအဖို့သည်။ န ဝိဇ္ဇတိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ ရောက်လာသော လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

တယောဇနဝတ္ထုပြီး၏။

֍ * ၁၂။ သုပ္ပဗုဒ္ဓ သာကီဝင်မင်းကြီးဝတ္ထု

န အန္တလိက္ခေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် နိဂြောဓာရုံကျောင်းတော်၌ နေတော်မူစဉ် ဒေဝဒဟပြည်ကြီးရှင် သုပ္ပဗုဒ္ဓအမည်ရှိသော သာကီဝင်မင်းကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သုပ္ပဗုဒ္ဓ ဘုရားရှင်အား ပြစ်မှားခြင်း

ထိုသုပ္ပဗုဒ္ဓသာကီဝင်မင်းကြီးသည် “ဤသိဒ္ဓတ္ထမင်းသား ဂေါတမဘုရားသည် ငါ၏သမီးတော် ယသော်ဗိမ္ဗာကို စွန့်ပစ်လျက် တောထွက်၏ဟူ၍လည်းကောင်း၊ ငါ၏သားတော် ဒေဝဒတ်ကို ရဟန်းပြုပေးပြီးလျက် ငါ့သားတော်၏ ရန်သူအရာ၌ တည်၏ဟူ၍လည်းကောင်း” ဤသို့ အကြောင်းနှစ်ပါးတို့ကြောင့် မြတ်စွာဘုရားအပေါ်၌ ရန်ငြိုးဖွဲ့ထားသဖြင့် တစ်နေ့သ၌ “ထိုဘုရားသဗ္ဗညုအား ဆွမ်းပင့်ဖိတ်ရာအရပ်သို့သွား၍ ဘုဉ်းပေးစိမ့်သောငှာ မပေးအံ့”ဟု သွားရာလမ်းခရီးကို ပိတ်လျက် ခရီးမ၌ သေသောက်ကာ နေလင့်၏။ ထိုအခါ၌ ဘုရားရှင်သည် ရဟန်းသံဃာအပေါင်း ခြံရံလျက် ထိုသုပ္ပဗုဒ္ဓမင်းကြီးရှိရာအရပ်သို့ ရောက်လာသည်ရှိသော် “မြတ်စွာဘုရားကြွလာပြီ”ဟု သုပ္ပဗုဒ္ဓမင်းကြီးအား ကြားလျှောက်ကြကုန်၏။ ထိုစကားကိုကြားလျှင် ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် “ရှေ့မှ သွားကြချေ။ ထိုဂေါတမအား ဆိုကြကုန်လော့၊ ဤဂေါတမသည် ငါ့ထက်ကြီးသောသူ မဟုတ်၊ ထို့ကြောင့် ထိုဂေါတမအား လမ်းခရီးကို မပေးနိုင်”ဟု ဆိုလေ၏။ အဖန်တလဲလဲ လျှောက်ဆိုအပ်သော်လည်း ထိုရှေးအတူသာလျှင် နေလေ၏။ ဘုရားရှင်သည် ဦးရီးအထံမှ လမ်းခရီးကိုမရသဖြင့် ထိုအရပ်မှ ဆုတ်နစ်ပြန်ကြွတော်မူခဲ့ရလေ၏။

(ဇယသေနမင်း၏သားတော် သီဟဟနုမင်းကို ဒေဝဒဟမင်း သမီးတော် ကဉ္စနာနှင့် စုံဖက်ရာတွင် သုဒ္ဓေါဒန, ဓောတောဒန, သက္ကောဒန, သုက္ကောဒန, အမိတောဒန၊ နှမတော် အမိတာ, ပါလိတာ၊ သားတော်ငါးပါး, သမီးတော်နှစ်ပါး၊ ပေါင်း-ခုနစ်ပါး မြင်သည်။ ဇယသေနမင်း သမီးတော် ယသောဓရာနှင့် ဒေဝဒဟမင်း သားတော် အဉ္စနမင်းသား စုံဖက်ရာတွင် မဟာမာယာ, ပဇာပတိဂေါတမီ၊ မောင်တော်ဒဏ္ဍပါဏိ, သုပ္ပဗုဒ္ဓ၊ သမီးတော်နှစ်ပါး, သားတော်နှစ်ပါး၊ ပေါင်း-လေးပါးမြင်သည်။ ၎င်းတို့တွင် သုပ္ပဗုဒ္ဓနှင့် အမိတာတို့မှ ဘဒ္ဒကဉ္စနာခေါ် ယသောဓရာနှင့် ဒေဝဒတ် မောင်နှမ နှစ်ပါးမြင်သည်။)

မြေမျိုလိမ့်မည်ဟု မိန့်တော်မူခြင်း

ထိုသုပ္ပဗုဒ္ဓသည်လည်း သူလျှိုယောက်ျားတစ်ယောက်ကို “သွားချေ။ ထိုဂေါတမ၏စကားကို နားထောင်ပြီးမှ လာလှည့်”ဟု စေလွှတ်လေ၏။ ဘုရားရှင်သည်လည်း ပြန်လည်ခဲ့သည်ရှိသော် ပြုံးတော်မူခြင်းကို ပြုခြင်းကြောင့် ရှင်အာနန္ဒာမထေရ်က “မြတ်ဘုရား- ပြုံးခြင်းကို ထင်ရှားစွာပြုခြင်း၏ အကြောင်းကား အဘယ်ပါနည်းဘုရား”ဟု မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- သုပ္ပဗုဒ္ဓကိုမြင်၏လော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- မြင်ပါသည်ဘုရား”ဟု လျှောက်လေသော် “ငါကဲ့သို့သော ဘုရားရှင်အား ကြွရာလမ်းခရီးကို မပေးခြင်းအားဖြင့် ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် ဝန်လေးသောအမှု ပြုဘိ၏တကား၊ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ပြာသာဒ်အောက် စောင်းတန်းခြေရင်း၌ မြေမျိုလတ္တံ့”ဟု မိန့်တော်မူလေ၏။ သူလျှိုယောက်ျားသည် ထိုမိန့်တော်မူသောစကားကို ကြားရပြီးလျှင် သုပ္ပဗုဒ္ဓမင်းကြီးအထံသို့ သွားရောက်သဖြင့် “ငါ့တူဂေါတမသည် အဘယ်စကားကို ဆိုသနည်း”ဟု မေးအပ်သည်ရှိသော် ကြားခဲ့တိုင်းသောစကားကို ကြားလျှောက်လေ၏။

(နောက်မှလိုက်သော ရှင်အာနန္ဒာသည် ဘုရားရှင်ပြုံးခြင်းကို အဘယ်သို့သိသနည်းဟူမူ။ ဘုရားရှင်ရှေ့တော်သို့ ထွက်သန်းသွားသော ဖြူဖွေးသောရောင်ခြည်တော်ကို မြင်ရသဖြင့် ရိပ်မိလေ၏။ ဤဖြူဖွေးသော ရောင်ခြည်တော်ကား ဖြူဖွေးသော သွားတော်မှ ထွက်၏။ စေ့စပ်စွာ ဖုံးထားသော နှုတ်ခမ်းတော်တို့ကို ရောင်ခြည်တော်တိုး၍ ထွက်နိုင်ခြင်းကား နှုတ်ခမ်းတော် လျော့လျော့ဖြစ်ခြင်းကြောင့်တည်း။ နှုတ်ခမ်းတော် လျော့လျော့ဖြစ်ခြင်းကား အနည်းငယ်ပြုံးခြင်းကြောင့်တည်းဟု ထောက်ဆ၍ ရိပ်မိ၏ဟူလို။ ၎င်းကား အမိတောဒနမှ ဖွားမြင်သည်။)

မြေမမျိုနိုင်အောင် နေထိုင်ခြင်း

သုပ္ပဗုဒ္ဓမင်းကြီးသည် ထိုသူလျှို၏ လျှောက်စကားကို ကြားရလျှင် “ယခုအခါ ငါ့တူဂေါတမဘုရား ဆိုသောစကား၌ အပြစ်မရှိသေး၊ အကြင်စကားကို ထိုဂေါတမဘုရားသည် ဆို၏၊ ထိုစကားသည် ထိုသို့ဆိုတိုင်း မချွတ်ဧကန် ဖြစ်တန်စေ၊ ဤသို့ပင် ဖြစ်စေကာမူ ထိုရှင်ဂေါတမကို ယခုအခါ မုသာဝါဒဖြင့် နှိပ်ကွပ်ပြောဆိုမည်ဟူ၍လည်းကောင်း၊ ထိုဂေါတမသည် ငါ့ကို ခုနစ်ရက်မြောက်သောနေ့၌ မြေမျိုခံရလတ္တံ့ဟု အမှတ်မရှိ သာမန်အားဖြင့် မဆိုမူ၍ ပြာသာဒ်အောက် စောင်းတန်းခြေရင်း၌ မြေသို့ဝင်ရလတ္တံ့ဟု နေရာအမှတ်အသားပြု၍ ဆိုဘိ၏။ ယခုအခါ ထိုငါသည် ဤနေ့မှစ၍ ထိုအရပ်သို့မသွားဘဲ နေပေအံ့ဟူ၍လည်းကောင်း၊ ထိုသို့မသွားဘဲ နေသည်ရှိသော် ထိုစောင်းတန်းခြေရင်းနေရာ၌ မြေသို့မဝင်ရခြင်းကြောင့် ထိုဂေါတမဘုရားကို မုသာဝါဒဖြင့် နှိပ်စက်ရပေတော့အံ့ဟူ၍ လည်းကောင်း” ပြောဆိုပြီးလျှင် ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် မိမိ၏ အသုံးအဆောင်အပေါင်း အားလုံးကို ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏အထက်သို့တင်၍ စောင်းတန်းလှေကားကို ဖယ်ရှားဖြုတ်ထားစေပြီးလျှင် တံခါးကို ပိတ်စေသဖြင့် တံခါးတစ်ခု,တစ်ခု၌ နှစ်ယောက်,နှစ်ယောက်သော လက်ဝှေ့လက်ပန်းသည်တို့ကိုထား၍ “ငါကား မေ့လျော့သဖြင့် အောက်သို့ သက်ဆင်းလိုသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ ငါ့ကို တားမြစ်ကြကုန်လော့”ဟု ဆို၍ ခုနစ်ဆင့်မြောက်သော ပြာသာဒ်၏အပြင်ဝယ် ကျက်သရေရှိသော တိုက်ခန်း၌ နေလေ၏။ ဘုရားသဗ္ဗညုသည် ထိုအကြောင်းကို ကြားတော်မူလျှင် “ချစ်သားရဟန်းတို့- သုပ္ပဗုဒ္ဓမင်းကြီးသည် သက်သက် ပြာသာဒ်အပြင်၌လည်းကောင်း၊ ကောင်းကင်သို့ပျံတက်၍ ကောင်းကင်၌လည်းကောင်း နေသည်မူလည်းဖြစ်စေ၊ လှေဖြင့် သမုဒ္ဒရာသို့ ကူးဝင်သည်မူလည်းဖြစ်စေ၊ တောင်ကြားဥမင် လိုဏ်ခေါင်းသို့ ဝင်သည်မူလည်းဖြစ်စေ ဘုရားရှင်တို့ မိန့်မြွက်အပ်သောစကားတော်၏ နှစ်မျိုးဖြစ်သော မည်သည်မရှိ၊ ငါဘုရား မိန့်ဆိုအပ်သောအရပ်၌သာလျှင် သုပ္ပဗုဒ္ဓမင်းကြီးသည် မြေမျိုခံရလတ္တံ့”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၂၈] န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတံ နပ္ပသဟေယျ မစ္စု။

အန္တလိက္ခေ၊ ကောင်းကင်၌။ နိသီဒတု၊ နေသည်ဖြစ်စေ။ ၊ သေခြင်းမှမလွတ်။ သမုဒ္ဒမဇ္ဈေ၊ သမုဒ္ဒရာအလယ်၌။ ဝါ၊ သမုဒ္ဒရာအလယ်သို့။ ပက္ခန္ဒတု၊ ကူးဝင်သွားသည်ဖြစ်စေ။ ၊ သေခြင်းမှမလွတ်။ ပဗ္ဗတာနံ၊ တောင်တို့၏။ ဝိဝရံ၊ အကြားလိုဏ်ခေါင်းသို့။ ပဝိဿ-ပဝိသတု၊ ဝင်၍နေသည်ဖြစ်စေ။ ၊ သေခြင်းမှမလွတ်။ ယတ္ထ ဇဂတိပ္ပဒေသေ၊ အကြင်အရှေ့အရပ်စသော မြေအဖို့၌။ ဌိတံ၊ တည်သောသူကို။ မစ္စု၊ သေမင်းသည်။ နပ္ပသဟေယျ၊ မနှိပ်စက်မညှဉ်းဆဲနိုင်ရာ။ သော ဇဂတိပ္ပဒေသော၊ ထိုအရှေ့အရပ်စသော မြေအဖို့သည်။ န ဝိဇ္ဇတိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ခုနစ်ရက်မြောက်၌ မြေမျိုခြင်း

ခုနစ်ရက်မြောက်သောနေ့၌ ဆွမ်းအလို့ငှာ ကြွရာလမ်းခရီးကို ပိတ်ဆီးတားမြစ်သော အချိန်အခါတွင် ပြာသာဒ်အောက်၌ သုပ္ပဗုဒ္ဓမင်းကြီး၏ မင်္ဂလာစီးတော်မြင်းသည် ထိတ်ထိတ်လန့်လန့်ဖြစ်လျက် ထိုထိုနံရံကို ကန်ကျောက်လေ၏။ သုပ္ပဗုဒ္ဓမင်းကြီးသည် ပြာသာဒ်အထက်၌ နေလျက်သာလျှင် မြင်း၏ဟီသံကို ကြားရလျှင် “ဤအသံကား အဘယ်အသံနည်း”ဟု မေးလေ၏။ မင်္ဂလာမြင်းတော် ထိတ်ထိတ်လန့်လန့်ဖြစ်ကြောင်းကို သံတော်ဦးတင်ကြလေကုန်၏။

(ထိုမြင်းသည်ကား သုပ္ပဗုဒ္ဓမင်းကြီးကို မြင်ရမှသာလျှင် ငြိမ်သက်စွာ နေတတ်၏။)

ထိုအခါ မြင်းကို သုပ္ပဗုဒ္ဓမင်းကြီးသည် ကိုင်လိုသည် သုံးသပ်လိုသည်ဖြစ်၍ နေရာအရပ်မှထသဖြင့် တံခါးသို့ ရှေးရှုဖြစ်လေ၏။ တံခါးတို့သည် အလိုလိုသာလျှင် ဟင်းလင်းပွင့်ကုန်၏။ ဖယ်ရှားဖြုတ်ထားသော စောင်းတန်းလှေကားသည်လည်း မိမိတည်မြဲတိုင်း အရပ်၌သာလျှင် တည်လာ၏။ တံခါး၌ နေကြကုန်သော လက်ဝှေ့လက်ပန်းသည်တို့သည် ထိုသုပ္ပဗုဒ္ဓမင်းကြီးကို လည်ပင်း၌ကိုင်၍ အောက်သို့ရှေးရှု ပစ်ချလိုက်ကြလေကုန်၏။ ဤသို့သောနည်းအားဖြင့် ခုနစ်ဆင့်သော ပြာသာဒ်အပြင်တို့၌လည်း တံခါးတို့သည် အလိုလိုသာလျှင် ပွင့်ကြကုန်၏။ စောင်းတန်း လှေကားတို့သည်လည်း တည်မြဲတိုင်းသောအရပ်၌ တည်ကြကုန်၏။ ထိုထိုအရပ်၌ နေကြကုန်သော လက်ဝှေ့လက်ပန်းသည်တို့သည်လည်း ထိုသုပ္ပဗုဒ္ဓမင်းကြီးကို လည်ပင်း၌သာလျှင်ကိုင်၍ အောက်သို့ရှေးရှု ပစ်ချလိုက်ကြလေကုန်၏။ ထိုအခါ ပြာသာဒ်၏အောက် စောင်းတန်းခြေရင်း၌ ရောက်လာသည်သာလျှင်ဖြစ်သော ထိုသုပ္ပဗုဒ္ဓသာကီဝင်မင်းကြီးကို မဟာပထဝီမြေကြီးသည် ဟင်းလင်းပွင့်ကာ ကွဲအက်လျက် ခံယူလေ၏။ ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် ဝင်သွား၍ အဝီစိငရဲ၌ ဖြစ်ရရှာလေ၏။

သုပ္ပဗုဒ္ဓသာကီဝင်မင်းကြီးဝတ္ထုပြီး၏။

֍ * ၁။ ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု

သဗ္ဗေ တသန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဆ+ဝဂ္ဂိယ= ခြောက်ပါး+အစုရှိသော ရဟန်းအပေါင်း။ သာဝတ္ထိမြို့သား ပဏ္ဍုက, လောဟိတက, မေတ္တိယ, ဘုမ္မဇက, အဿဇိ, ပုနဗ္ဗသုက-ဟူသော ရဟန်းကြီးခြောက်ပါးတို့၏ တပည့်များဟူလို။)

ရိုက်လျှင် အာပတ်သင့်

တစ်ပါးသောအခါ၌ သတ္တရသဝဂ္ဂီရဟန်းတို့သည် အိပ်ရာနေရာကျောင်းတို့ကို သုတ်သင်ပြုပြင်သည်ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့သည် “ငါတို့ကား သင်တို့ထက် သိက္ခာဝါ ကြီးကြကုန်၏။ ငါတို့အား ဤကျောင်းသည် ရောက်၏”ဟု ဆိုလျှင် ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် “ငါတို့ကား မပေးနိုင်ကြကုန်။ ငါတို့သည် ရှေးဦးစွာ ပြုပြင်သုတ်သင်အပ်၏”ဟု ဆိုလတ်သော် ထိုဆဗ္ဗဂ္ဂီရဟန်းတို့သည် ရိုက်နှက်ပုတ်ခတ်ကြလေကုန်၏။ သတ္တရသဝဂ္ဂီရဟန်းတို့သည် သေဘေးမှ ကြောက်လန့်ကြကုန်သောကြောင့် သည်းစွာသော မြည်တမ်းခြင်းကို မြည်တမ်းကြကုန်၏။ ဘုရားရှင်သည် ထိုသတ္တရသဝဂ္ဂီရဟန်းတို့၏ အသံကို ကြားတော်မူလျှင် “ဤအသံသည် အဘယ်အသံနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောအသံ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤအခါမှစ၍ ရဟန်းမည်သည် ဤသို့ မပြုအပ်၊ အကြင်ရဟန်းသည် ပြု၏၊ ထိုရဟန်းသည် ဤမည်သောအာပတ်သို့ ရောက်၏”ဟု ရိုက်နှက်ပုတ်ခတ်ခြင်းကြောင့် ပါစိတ်အာပတ်သင့်စေဟူသော ပဟာရဒါနသိက္ခာပုဒ်ကို ပညတ်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ရဟန်းမည်သည် “ငါကဲ့သို့ တစ်ပါးသောသူတို့သည်လည်း ဒဏ်မှ ကြောက်လန့်ကြကုန်၏။ သေခြင်းမှ ကြောက်လန့်ကြကုန်၏”ဟု အသိအလိမ္မာ ဉာဏ်ရှိသည်ဖြစ်၍ သူတစ်ပါးကို မပုတ်ခတ်အပ်၊ မသတ်မညှဉ်းဆဲအပ်”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၂၉] သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
အတ္တာနံ ဥပမံ ကတွာ၊ န ဟနေယျ န ဃာတယေ။

သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။ ဒဏ္ဍဿ၊ ဒဏ်မှ။ တသန္တိ ၊ ထိတ်လန့်ကြကုန်၏။ သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။ မစ္စုနော၊ သေခြင်းမှ။ ဘာယန္တိ၊ ကြောက်ရွံ့ကြကုန်၏။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပမံ ကတွာ၊ ကိုယ်ချင်းစာနာ ဥပမာပြု၍။ န ဟနေယျ၊ မညှဉ်းဆဲရာ။ န ဃာတယေ၊ မသတ်ပုတ်ရာ။

ဒေသနာတော်၌ မှတ်ဖွယ်

၁။ ဆင်အာဇာနည်
၂။ မြင်းအာဇာနည်
၃။ နွားလားဥသဘအာဇာနည်
၄။ ရဟန္တာ

ဤလေးဦးတို့ကို ချန်ထား၍ ကြွင်းသောသူတို့သာ ကြောက်လန့်ကြကုန်၏ဟု မှတ်အပ်၏။ ထိုလေးဦးတို့တွင် ရဟန္တာတို့ကား သက္ကာယဒိဋ္ဌိ ပယ်ပြီးဖြစ်၍ မသေကောင်းသော သတ္တဝါကို မမြင်ရသောကြောင့် မကြောက်ကုန်၊ ကျန်သုံးဦးတို့ကား သက္ကာယဒိဋ္ဌိ အလွန်အားကြီးလှသည်ဖြစ်၍ မိမိအား ဆန့်ကျင်အန်တု ရန်ခုခံဝံ့သောသတ္တဝါကို မမြင်ရသောကြောင့် မကြောက်ကြကုန်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၂။ ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု

သဗ္ဗေ တသန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရိုက်ရန် လက်ဖြင့်ရွယ်လျှင် အာပတ်သင့်

တစ်ပါးသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုကျောင်းဟူသော အကြောင်းကြောင့်သာလျှင် ရှေးသိက္ခာပုဒ်၌ သတ္တရသဝဂ္ဂီရဟန်းတို့ကို ရိုက်နှက်ပုတ်ခတ်ကြလေကုန်၏။ ထိုကျောင်းဟူသော အကြောင်းကြောင့်သာလျှင် ထိုသတ္တရသဝဂ္ဂီရဟန်းတို့အား လက်ဝါးပြင်ကို ချီမိုးကြကုန်၏ (ရွယ်ကုန်၏)။ ဤအရာ၌လည်း မြတ်စွာဘုရားသည် ထိုသတ္တရသဝဂ္ဂီရဟန်းတို့၏အသံကို ကြားတော်မူရလျှင် “ဤအသံသည် အဘယ်အသံနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောအသံ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားသည်ရှိသော် “ချစ်သားရဟန်းတို့- ဤအခါမှစ၍ ရဟန်းမည်သည် ဤသို့ မပြုအပ်၊ အကြင်ရဟန်းပြု၏၊ ထိုရဟန်းအား ဤမည်သောအာပတ်သို့ ရောက်၏”ဟု လက်ဝါးပြင် မိုးခြင်းကြောင့် ပါစိတ်အာပတ်သင့်စေဟူသော တလသတ္တိက သိက္ခာပုဒ်ကို ပညတ်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ရဟန်းမည်သည် “ငါကဲ့သို့ ထို့အတူ တစ်ပါးသောသူတို့သည်လည်း ဒဏ်မှ ထိတ်လန့်ကြကုန်၏၊ ငါ့အသက်ကဲ့သို့ ထို့အတူ ထိုသူတို့၏အသက်ကို ချစ်မြတ်နိုးအပ်၏”ဟု အသိအလိမ္မာ ဉာဏ်ရှိသည်ဖြစ်၍ သူတစ်ပါးကို မပုတ်ခတ်အပ်၊ မညှဉ်းဆဲအပ်”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၃၀] သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေသံ ဇီဝိတံ ပိယံ။
အတ္တာနံ ဥပမံ ကတွာ၊ န ဟနေယျ န ဃာတယေ။

သဗ္ဗေ၊ ရဟန္တာတို့မှတစ်ပါး အလုံးစုံသော သတ္တဝါတို့သည်။ ဒဏ္ဍဿ၊ ဒဏ်မှ။ တသန္တိ၊ ထိတ်လန့်ကြကုန်၏။ သဗ္ဗေသံ၊ ရဟန္တာတို့မှတစ်ပါး အလုံးစုံသော သတ္တဝါတို့သည်။ ဇီဝိတံ၊ အသက်ကို။ ပိယံ၊ ချစ်မြတ်နိုးအပ်၏။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပမံကတွာ၊ ကိုယ်ချင်းစာနာ ဥပမာပြု၍။ န ဟနေယျ၊ မညှဉ်းဆဲရာ။ န ဃာတယေ၊ မသတ်ပုတ်ရာ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

(ဆဗ္ဗဂ္ဂီရဟန်းတို့တွင်- ပဏ္ဍုက,လောဟိတကတို့ကား တပည့်ပရိသတ်နှင့်တကွ သီလရှိကုန်၏၊ ဘုရားရှင်နှင့်အတူ ဒေသစာရီ လှည့်လည်ကြရ၏၊ မပညတ်သေးသော အမှုမျိုးကို ဖြစ်ပေါ်စေတတ်သော အလေ့ရှိကုန်၏၊ ပညတ်ပြီးသော သိက္ခာပုဒ်ကိုကား လွန်ကျူးလေ့မရှိကြ၊ သာဝတ္ထိပြည်၌ အမြဲနေကြ၏။ (မေတ္တိယ, ဘူမဇကတို့ကား ရာဇဂြိုဟ်ပြည်၌ အမြဲနေကြ၏။ အဿဇိ, ပုနဗ္ဗသုကတို့ကား ကီဋာဂိရိဇနပုဒ်၌ အမြဲနေကြ၏၊ မကောင်းကြကုန်။) ဥပါလိသူငယ်စသော တစ်ဆယ့်ခုနစ်ယောက်သော သတို့သားတို့သည် ရဟန်းပြုကြသောအခါ သတ္တရသဝဂ္ဂီရဟန်းတို့ဟု ခေါ်ဝေါ်ကြရကုန်၏။ ကလေးသူငယ်တို့ကို ရဟန်းပြုပေးကြသဖြင့် နံနက်စောစောထ၍ “စားစရာပေးကြပါ”ဟု ငိုကြ၏၊ အိပ်ရာ၌လည်း အလေးအပေါ့သွားကြကုန်၏။ ထိုအခါမှစ၍ “အသက်နှစ်ဆယ်မပြည့်ဘဲ ရဟန်းပြုမပေးရ”ဟု သိက္ခာပုဒ် ပညတ်တော်မူသည်။ ပြုပေးပြီးသော ထိုတစ်ဆယ့်ခုနစ်ပါးကိုကား ရဟန်းအဖြစ်မှ ပယ်ဖျက်တော်မမူ။)

ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထုပြီး၏။

֍ * ၃။ များစွာသော သတို့သားငယ်တို့ဝတ္ထု

သုခကာမာနိ ဘူတာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော သတို့သားငယ်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိမိချမ်းသာဖို့ သူတစ်ပါးကို ဒုက္ခမပေးရာ

တစ်ပါးသောအခါ၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှာ ကြွဝင်တော်မူသည်ရှိသော် လမ်းခရီးအကြား၌ များစွာကုန်သော သတို့သားငယ်တို့သည် အဆိပ်မရှိသော အိမ်မြွေမျိုးဖြစ်သော မြွေတစ်ကောင်ကို လှံတံဖြင့် ပုတ်ခတ်နေကြသည်တို့ကို မြင်တော်မူရလျှင် “သတို့သားငယ်တို့- အဘယ်အမှုကို ပြုကြကုန်သနည်း”ဟု မေးတော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မြွေကို လှံတံဖြင့် ပုတ်ခတ်ကြပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် “အဘယ့်ကြောင့်နည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ကိုက်အံ့သည်မှ ကြောက်လန့်သောကြောင့်ပါဘုရား”ဟု လျှောက်ပြန်သည်ရှိသော် “သင်တို့သည် “မိမိ၏ချမ်းသာခြင်းကို ပြုကြကုန်အံ့”ဟု ဤမြွေကို ပုတ်ခတ်သည်ရှိသော် ဖြစ်ရာဌာန ဘုံဘဝတို့၌ ချမ်းသာခြင်းရကုန်သည် မဖြစ်ကြရကုန်လတ္တံ့။ မိမိ၏ချမ်းသာခြင်းကို တောင့်တသဖြင့် သူတစ်ပါးကို ပုတ်ခတ်ခြင်းငှာ မသင့်”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၃၁] သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ဝိဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော န လဘတေ သုခံ။

֍ * [၁၃၂] သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန န ဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော လဘတေ သုခံ။

ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အတ္တနောသုခံ၊ မိမိ၏ချမ်းသာခြင်းကို။ ဧသာနော၊ ရှာမှီးလျက်။ သုခကာမာနိ၊ မိမိကဲ့သို့ ချမ်းသာခြင်းကို အလိုရှိကုန်သော။ ဘူတာနိ၊ သတ္တဝါတို့ကို။ ဒဏ္ဍေန၊ တုတ်လှံတံဖြင့်။ ဝိဟိံသတိ၊ ညှဉ်းဆဲပုတ်ခတ် ရိုက်ကာသတ်၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ပေစ္စ၊ တမလွန်ဘဝ၌။ သုခံ၊ ချမ်းသာခြင်းကို။ န လဘတေ၊ မရနိုင်။

ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အတ္တနော သုခံ၊ မိမိချမ်းသာခြင်းကို။ ဧသာနော၊ ရှာမှီးလျက်။ သုခကာမာနိ၊ မိမိကဲ့သို့ ချမ်းသာခြင်းကို အလိုရှိကုန်သော။ ဘူတာနိ၊ သတ္တဝါတို့ကို။ ဒဏ္ဍေန၊ တုတ်လှံတံဖြင့်။ န ဟိံသတိ၊ မညှဉ်းဆဲ မပုတ်ခတ် မရိုက်သတ်။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ပေစ္စ၊ တမလွန်ဘဝ၌။ သုခံ၊ ချမ်းသာခြင်းကို။ လဘတေ၊ ရနိုင်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာမျှ အတိုင်းအရှည် ရှိသည်လည်းဖြစ်ကုန်သော ထိုသတို့သားငယ်တို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

များစွာသော သတို့သားငယ်တို့ဝတ္ထု ပြီး၏။

֍ * ၄။ ကောဏ္ဍဓာနမထေရ်ဝတ္ထု

မာဝေါစ ဖရုသံ ကိဉ္စိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ကောဏ္ဍဓာန အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မထေရ်သွားရာ လိုက်နေသူ မိန်းမ

အရှင်ကောဏ္ဍဓာနမထေရ်၏ ရဟန်းပြုသောနေ့မှစ၍ တစ်ခုသော မိန်းမအရုပ်သည် မထေရ်နှင့်အတူတကွ သွားလာလှည့်လည်လျက် ရှိလေ၏။ ထိုမိန်းမအရုပ်ကို မထေရ်သည် မမြင်၊ လူများအပေါင်းသည်ကား မြင်၏။ ရွာတွင်းသို့ ဆွမ်းအလို့ငှာ ကြွသွားသည်ရှိသော်လည်း ထိုမထေရ်အား လူတို့သည် ဆွမ်းတစ်ဇွန်းကို ပေးလှူ၍ “အရှင်ဘုရား- ဤဆွမ်းသည် အရှင်ဘုရားတို့အလို့ငှာ ဖြစ်ပါစေ၊ ဤဆွမ်းသည်ကား အရှင်ဘုရား၏ အပေါင်းအဖော်မအလို့ငှာ ဖြစ်ပါစေဘုရား”ဟု ဆိုလျက် နှစ်ခုမြောက်သော ဆွမ်းတစ်ဇွန်းကိုလည်း ပေးကမ်းလှူဒါန်းကြကုန်သတည်း။

အတိတ်မှ မထေရ်၏ လုပ်ရပ်

ထိုရဟန်း၏ ရှေးမကောင်းမှုကံအကြောင်းသည် အဘယ်နည်းဟူမူကား ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ အဆွေခင်ပွန်းဖြစ်သော နှစ်ဦးသော ရဟန်းတို့သည် တစ်မိဝမ်းတွင်းမှ သက်ဆင်းသောသူတို့နှင့်တူစွာ အလွန်တရာ ညီညွတ်ကြလေကုန်၏။ သက်တော်ရှည် ဘုရားရှင်တို့၏ လက်ထက်တော်တို့၌လည်း နှစ်တိုင်း တစ်နှစ် တစ်ကြိမ်သော်လည်းကောင်း၊ ခြောက်လ တစ်ကြိမ်သော်လည်းကောင်း ရဟန်းတို့သည် ဥပုသ်ပြုခြင်းအကျိုးငှာ စည်းဝေးကြကုန်၏။ ထို့ကြောင့် ထိုနှစ်ဦးသော ရဟန်းတို့သည်လည်း ဥပုသ်အိမ်သို့ သွားကြကုန်အံ့ဟု နေရာအရပ်မှ ထွက်ခဲ့ကြလေ၏။ ထိုနှစ်ဦးသော ရဟန်းတို့ကို တာဝတိံသာ နတ်ပြည်၌ဖြစ်သော နတ်သားတစ်ယောက်သည် မြင်ရလျှင် “ဤရဟန်းတို့သည် အလွန်တရာ ညီညွတ်ကြကုန်၏။ ဤရဟန်းတို့ကို ကွဲပြားစိမ့်သောငှာ တတ်နိုင်ကောင်းအံ့လော”ဟု ကြံစည်ပြီးလျှင် မိမိ၏ မိုက်မဲတွေဝေသည့်အဖြစ်ကြောင့် ကြံစည်ပြီးသည့် အခြားမဲ့၌သာလျှင် ရောက်လာသဖြင့် ထိုနှစ်ဦးသော ရဟန်းတို့တွင် တစ်ဦးသော ရဟန်းသည် “ငါ့ရှင်- တစ်ခဏမျှ ဆိုင်းငံ့ပါဦးလော့၊ ကိုယ်လက်သုတ်သင်ခြင်းကိစ္စဖြင့် အလိုရှိပါသည်”ဟု ဆိုလတ်သော် ထိုနတ်သည် တစ်ယောက်သော လူမိန်းမရုပ်အဆင်းကို ဖန်ဆင်းတဲ့၍ မထေရ် ချုံတစ်ခုအတွင်းသို့ဝင်၍ ပြန်ထွက်သွားသောကာလ၌ လက်တစ်ဖက်ဖြင့် ဆံပင်အပေါင်းကို, လက်တစ်ဖက်ဖြင့် ထဘီရင်ဝတ်ကို တည်မြဲအောင် ကောင်းစွာ ဖေးဖေးမမ ပြုပြင်လျက် ထိုမထေရ်၏နောက်နားမှ ထွက်လာခဲ့လေ၏။ ထိုကိုယ်လက် သုတ်သင်သော ရဟန်းသည် ထိုမိန်းမကိုမမြင်၊ ထိုရဟန်းကို ဆိုင်းငံ့လျက် ရှေ့၌နေသော ရဟန်းသည် ပြန်လည်၍ ကြည့်လတ်သည်ရှိသော် ထိုဆိုခဲ့ပြီးသော အခြင်းအရာဖြင့် ပြုပြင်လျက် ထွက်လိုက်လာသော မိန်းမကို မြင်ရလေ၏။ ထိုမိန်းမသည် ထိုရဟန်း မြင်သောအဖြစ်ကိုသိလျှင် ကွယ်ပျောက်လေ၏။

ရဟန်းနှစ်ပါး ညီညွတ်မှု ပျက်ခြင်း

ဆိုင်းငံ့နေသော ရဟန်းသည် ထိုကိုယ်လက်သုတ်သင်သော ရဟန်းကို မိမိထံသို့ ရောက်လာသောအခါ “ငါ့ရှင်- သင်၏သီလ ပျက်ခဲ့ပြီ”ဟု ဆိုလေ၏။ “ငါ့ရှင်- ငါ့အား ဤသို့ သဘောရှိသော သီလပျက်ခြင်းဟူသည် မရှိရပါတကား”ဟု ဆိုလတ်သော် “ယခုပင်လျှင် ငါသည် သင်၏နောက်မှ ထွက်လိုက်လာသော ဤမည်သောအမှုကို ပြုလျက်ရှိသော မိန်းမပျိုကို မြင်ရ၏။ သင်သည် ငါ့အား “ဤသို့သဘောရှိသော သီလပျက်ခြင်းဟူသည် မရှိရပါတကား”ဟူ၍ အဘယ့်ကြောင့် ဆိုလေဘိသနည်း”ဟု မေးလေ၏။ ထိုရဟန်းသည် ထိပ်ထက်၌ မိုးကြိုး လွှမ်းမိုး ပစ်ချဘိသကဲ့သို့ “ငါ့ရှင်- ငါ့ကို မဖျက်ဆီးလင့်၊ ငါ့အား ဤသို့ သဘောရှိသော သီလပျက်ခြင်းဟူသည် မရှိ”ဟု ဆိုပြန်သည်ရှိသော် ဆိုင်းငံ့နေသော ရဟန်းကလည်း “ငါသည် ကိုယ်တိုင် မျက်စိတို့ဖြင့် မြင်အပ်၏။ သင့်အား အဘယ့်ကြောင့် ယုံကြည်နိုင်ပါအံ့နည်း”ဟု ဆိုပြီးလျှင် တုတ်လှံတံကျိုးသကဲ့သို့ တခြားစီကွဲ၍ ဖဲသွားလေ၏။

နတ်သား တောင်းပန်

ဥပုသ်အိမ်၌လည်း “ငါသည် ဤရဟန်းနှင့် အတူတကွ ဥပုသ်မပြုအံ့”ဟု နှလုံးသွင်းလျက် နေလေ၏။ အစွပ်စွဲခံရသော ရဟန်းသည် “အရှင်ဘုရား- တပည့်တော်၏သီလ၌ အဏုမြူမျှလည်းဖြစ်သော မည်းနက်ခြင်းသည် မရှိပါဘုရား”ဟု ရဟန်းတို့အား လျှောက်ကြားလေ၏။ ထိုရဟန်းသည်လည်း “ငါကိုယ်တိုင် မြင်အပ်၏”ဟု ဆိုလေ၏။ နတ်သားသည် ဆိုင်းငံ့သောရဟန်းကို ထိုကိုယ်လက်သုတ်သင်သောရဟန်းနှင့် အတူတကွ ဥပုသ်ပြုခြင်းငှာ အလိုမရှိသည်ကို မြင်ရလျှင် “ငါပြုအပ်သော အမှုသည် ဝန်လေးလှ၏တကား”ဟု ကြံစည်၍ “အရှင်ဘုရား- တပည့်တော်၏အရှင်မြတ်အား သီလပျက်စီးခြင်းမရှိပါ၊ တပည့်တော်သည်ကား စူးစမ်းခြင်း၏အစွမ်းဖြင့် ဤအမှုကို ပြုမိပါသည်၊ ထိုရဟန်းနှင့် အတူတကွ ဥပုသ်ပြုတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ ထိုဆိုင်းငံ့နေသောရဟန်းသည် ကောင်းကင်၌ရပ်လျက် ပြောဆိုသော ထိုနတ်၏စကားကို ယုံကြည်သောကြောင့် ဥပုသ်ပြုလေ၏။ ထိုသို့ပင် ပြုသော်လည်း မထေရ်အပေါ်၌ ရှေးကကဲ့သို့ နူးညံ့သောစိတ်ရှိသည်မဖြစ်။ နတ်၏ ရှေးမကောင်းမှုကံကား ဤမျှသာလျှင်တည်း။ အသက်ကုန်ဆုံးသော အခါ၌ကား မထေရ်တို့သည် အကြင်အကြင်ချမ်းသာခြင်းဖြင့် ဖြစ်ကြလေကုန်၏။

ယခု ရဟန်းဘဝ၌ ဝဋ်လိုက်ခံရပုံ

နတ်သားသည် အဝီစိငရဲ၌ ဖြစ်ရရှာ၍ နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသောအကြား ကာလပတ်လုံး ထိုအဝီစိ၌ ကျက်ပြီးမှ ဤဂေါတမဘုရား ထင်ရှားပွင့်တော်မူသောအခါ သာဝတ္ထိပြည်၌ဖြစ်၍ ကြီးပွားခြင်းကို အစွဲပြုလျက် သာသနာတော်၌ ရှင်ပြုသဖြင့် ရဟန်းပဉ္စင်းအဖြစ်ကို ရလေ၏၊ ထိုသူ၏ ရှင်ရဟန်းပြုသောနေ့မှစ၍ ထိုမိန်းမ၏အရုပ်သည် ထို့အတူသာလျှင် ထင်ရှားလာလေ၏။ ထို့ကြောင့် ထိုမထေရ်အား “ကောဏ္ဍဓာနမထေရ်”ဟူသော အမည်ကို မှည့်ခေါ်ကြကုန်၏။

(ကောဏ္ဍ+ဓာန= လူစတုံးသော+ဓာနမထေရ်ဟူလို။ ငယ်မည်ရင်းကား ဓာန၊ ရဟန်းပြုမှ “ကောဏ္ဍ”တိုး၍ ကောဏ္ဍဓာန တွင်သည်။ အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ ကုဏ္ဍဓာနဟု ရှိ၏။)

ထိုကောဏ္ဍဓာနမထေရ်သည် ထိုအခြင်းအရာဖြင့် သွားလာလှည့်လည်သည်ကိုမြင်ရလျှင် ရဟန်းတို့သည် အနာထပိဏ်သူဌေးကြီးကို “သူဌေးကြီး- ဤသီလမရှိသော ရဟန်းကို သင်၏ကျောင်းမှ နှင်ထုတ်လော့၊ ဤသီလမရှိသော ရဟန်းကိုမှီ၍ ကြွင်းသောရဟန်းတို့အား အကျော်အစောမဲ့ဖြစ်၏”ဟု ဆိုကြကုန်၏၊ “အရှင်ဘုရားတို့- ကျောင်းတော်၌ မြတ်စွာဘုရား ရှိပါသလောဘုရား”ဟု လျှောက်ထားသဖြင့် “ဒါယကာကြီး- ရှိ၏”ဟု ဆိုလျှင် “အရှင်ဘုရားတို့- ထိုသို့ဖြစ်မူ မြတ်စွာဘုရားသည်သာလျှင် သိတော်မူပါလိမ့်မည်ဘုရား”ဟု လျှောက်ဆိုလေ၏။ ရဟန်းတို့သည် သွား၍ ဝိသာခါအားလည်း ပြောကြားကြပြန်ကုန်၏။ ဝိသာခါသည်လည်း ထိုရဟန်းတို့အား ရှေးအတူသာလျှင် စကားတုံ့ပေးလေ၏။

မထေရ်ကိုဖမ်းရန် ကောသလမင်းကြီး ကြံ

ရဟန်းတို့သည်လည်း ထိုအနာထပိဏ်, ဝိသာခါတို့သည် စကားကို ဝန်မခံကြသောကြောင့် ကောသလမင်းကြီးအား ပြောကြားကြကုန်၏။ “မြတ်သောမင်းကြီး- ကောဏ္ဍဓာန အမည်ရှိသောမထေရ်သည် မိန်းမတစ်ယောက်ကိုယူ၍ သွားလာလှည့်လည်လျက် အလုံးစုံသော ရဟန်းတို့၏ အကျော်အစောမဲ့ကို ဖြစ်စေလေ၏။ ထိုမထေရ်ကို သင်မင်းကြီးတို့၏နိုင်ငံမှ နှင်ထုတ်ကြကုန်လော့”ဟု ပြောကြားကြလေကုန်၏။ “အရှင်ဘုရား- ထိုမထေရ်သည် အဘယ်အရပ်၌ နေပါသနည်းဘုရား”ဟု မေးလတ်သော် “မြတ်သောမင်းကြီး- ကျောင်းတိုက်တော်ကြီး၌ နေ၏”ဟု ဆိုကြကုန်၏။ “အဘယ်ကျောင်း၌ နေပါသနည်းဘုရား”ဟု မေးပြန်သော် “ဤမည်သောကျောင်း၌ နေ၏”ဟု ဆိုကြကုန်၏။ “ထိုသို့ဖြစ်မူ ကြွနှင့်တော်မူကြပါ၊ ဒကာတော်သည် ထိုရဟန်းကို ဖမ်းယူပါမည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် ကောသလမင်းကြီးသည် ညချမ်းသောအခါ ကျောင်းတိုက်တော်ကြီးသို့သွား၍ ထိုကျောင်းကို ယောက်ျားတို့ဖြင့် ဝန်းရံစေလျက် မထေရ်၏ နေရာအရပ်သို့ ရှေးရှုသွားလေ၏။

ပျောက်လိုက် ပေါ်လိုက် မိန်းမအတု

မထေရ်သည် လူသံအများကို ကြားရလျှင် ကျောင်းမှ ထွက်၍ ကျောင်းဦး၌ ရပ်နေလေ၏၊ ထိုမထေရ်၏ နောက်နံပါး၌တည်သော ထိုမိန်းမအရုပ်ကို ကောသလမင်းကြီး မြင်ရလေ၏။ မထေရ်သည် ကောသလမင်း လာခြင်းကိုသိသဖြင့် ကျောင်းပေါ်သို့တက်လျက် နေလေ၏။ ကောသလမင်းကြီးသည် မထေရ်ကို ရှိမခိုး၊ ထိုမိန်းမကိုလည်း မမြင်၊ မင်းကြီးသည် တံခါးအကြား၌လည်းကောင်း၊ ညောင်စောင်းအောက်၌လည်းကောင်း ကြည့်သည်ရှိသော် မမြင်ရ၍သာလျှင် မထေရ်ကို “အရှင်ဘုရား- ဤအရပ်၌ မိန်းမတစ်ယောက်ကို မြင်ရ၏၊ ထိုမိန်းမသည် အဘယ်မှာနည်း”ဟု မေးလေ၏။ “မြတ်သောမင်းကြီး- ငါမမြင်”ဟု ဆိုလျှင် “ယခုပင် ဒကာတော်သည် အရှင်ဘုရားတို့၏ နောက်နံပါး၌ တည်နေသည်ကို မြင်ရပါသေး၏”ဟူ၍ ဆိုသော်လည်း “မြတ်သောမင်းကြီး- ငါမမြင်”ဟူ၍ ဆိုပြန်သဖြင့် “ဤအကြောင်းအရာကား အသို့နည်း”ဟု ကြံပြီးလျှင် “အရှင်ဘုရား- ဤအရပ်မှ ရှေးဦးစွာ ထွက်တော်မူကြပါဦးလော့”ဟု ဆိုသောကြောင့် မထေရ်သည် ထွက်၍ ကျောင်းဦး၌ ရပ်သည်ရှိသော် တစ်ဖန် မိန်းမသည် မထေရ်၏ နောက်နံပါး၌ ရပ်လာလေ၏။ ကောသလမင်းကြီးသည် ထိုမိန်းမကိုမြင်၍ တစ်ဖန် အထက်အပြင်သို့ တက်လေ၏။ မင်းကြီးလာသောအဖြစ်ကို သိလျှင် မထေရ်သည် ထိုင်နေလေ၏၊ တစ်ဖန် မင်းကြီးသည် ထိုမိန်းမကို အလုံးစုံသော အရပ်တို့၌ ကြည့်ရှုပြန်သော်လည်း မမြင်ရသောကြောင့် “အရှင်ဘုရား- ထိုမိန်းမ အဘယ်မှာနည်း”ဟု တစ်ဖန် မထေရ်ကို မေးပြန်လေ၏။

“မြတ်သောမင်းကြီး- ငါမမြင်”ဟု ဆိုသည်ရှိသော် “အရှင်ဘုရား- အသို့ ဆိုဘိသနည်း၊ ဒကာတော် ယခုပင်လျှင် အရှင်ဘုရားတို့၏ နောက်နံပါး၌ မြင်အပ်၏”ဟု ဆိုလေ၏။ “မြတ်သောမင်းကြီး- လူများ အပေါင်းသည်လည်း ငါ၏နောက်မှ,နောက်မှ မိန်းမလိုက်၏ဟု ဆိုဘိ၏။ ငါသည်ကား မမြင်”ဟု ဆိုလျှင် ကောသလမင်းတရားကြီးသည် “အတုအပအရုပ် ဖြစ်တန်ရာ၏”ဟု မှတ်သားလေ၏၊ တစ်ဖန် မထေရ်ကို “အရှင်ဘုရား- ဤအရပ်မှ ရှေးဦးစွာ ထတော်မူကြပါဦးလော့”ဟု ဆိုပြန်သောကြောင့် မထေရ်သည် ဆင်းသက်၍ ကျောင်းဦး၌ ရပ်ပြန်သည်ရှိသော် တစ်ဖန် ထိုရဟန်း၏ နောက်နံပါး၌တည်သော မိန်းမကို မြင်ပြန်သဖြင့် အထက်အပြင်သို့ တက်ပြန်လေ၏။ တစ်ဖန် မမြင်ပြန်လေ။ ကောသလမင်းကြီးသည် တစ်ဖန် မထေရ်ကို မေးပြန်သဖြင့် ထိုမထေရ်သည် “မင်းကြီး- ငါ မမြင်”ဟု ဆိုလတ်သော် “ထိုမိန်းမကား အတုအပအရုပ်သာလျှင်တည်း”ဟု ဆုံးဖြတ်ခြင်းကိုပြု၍ မထေရ်ကို ဤသို့ လျှောက်ကြားလေ၏။ “အရှင်ဘုရား- ဤသို့ သဘောရှိသော သာသနာတော်၏ အညစ်အကြေးသည် အရှင်ဘုရားတို့၏နောက်မှ လိုက်နေသည်ရှိသော် တစ်ပါးသော တစ်စုံတစ်ယောက်သောသူသည် အရှင်ဘုရားတို့အား ဆွမ်းကို မလှူဒါန်းလတ္တံ့။ အမြဲမပြတ် တပည့်တော်၏ နန်းတော်သို့ ဝင်တော်မူကြပါဘုရား၊ ဒကာတော်သည်သာလျှင် ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးပါမည်ဘုရား”ဟု ဆို၍ မထေရ်ကို ပင့်ဖိတ်ပြီးလျှင် ဖဲသွားလေ၏။

ကောဏ္ဍဓာနမထေရ်အား ဘုရားရှင် ဆုံးမပုံ

ရဟန်းတို့သည် “ငါ့ရှင်တို့- ယုတ်မာသောမင်း၏ အမူအရာကို ကြည့်ကြကုန်လော့၊ ဤကောဏ္ဍဓာနရဟန်းကို ကျောင်းတော်မှနှင်ထုတ်ပါဟု ဆိုအပ်ပါလျက် ရောက်လာ၍ ပစ္စည်းလေးပါးတို့ဖြင့် ဖိတ်ကြားကာ သွားလေဘိ၏”ဟု ကဲ့ရဲ့ကြလေကုန်၏။ ထိုမထေရ်ကိုလည်း “အို သီလမရှိသောရဟန်း- ယခုအခါ၌ ကောသလမင်းကြီးသည် လူစတုံးသောသူ ဖြစ်ပြီ”ဟု ဆိုကြကုန်၏။ ထိုကောဏ္ဍဓာနမထေရ်သည်လည်း ရှေးကာလ၌ ရဟန်းတို့ကို တစ်စုံတစ်ခုသော စကားကိုဆိုခြင်းငှာ မတတ်နိုင်သည်ဖြစ်ရကား “အရှင်ဘုရားတို့သာ သီလမရှိကုန်၊ အရှင်ဘုရားတို့သာ လူစတုံးကြကုန်၏၊ အရှင်ဘုရားတို့သာ မိန်းမကို ခေါ်၍ လှည့်လည်သွားလာကြကုန်၏”ဟု ဆိုလေ၏။ ထိုအဆိုခံရသော ရဟန်းတို့သည် သွား၍ မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏။ “မြတ်စွာဘုရား- ကောဏ္ဍဓာနမထေရ်သည် တပည့်တော်တို့ ပြောဆိုအပ်သည်ရှိသော် ဒုဿီလအစရှိသော စကားတို့ကိုဆို၍ ဆဲရေးပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုကောဏ္ဍဓာနမထေရ်ကို ခေါ်တော်မူစေ၍ “ချစ်သားရဟန်း- သင်သည် ရဟန်းတို့ကို ဤသို့ဆိုသည်ဟု ငါကြားတော်မူရသည် မှန်သလော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- မှန်ပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သော် “အဘယ့်ကြောင့် ဆိုသနည်း”ဟု မေးတော်မူ၏။ “တပည့်တော်နှင့် အတူတကွ စကားပြောဆိုခြင်းကြောင့် ဆိုပါသည်ဘုရား”ဟု လျှောက်လတ်သော် “ချစ်သားရဟန်းတို့- သင်တို့သည် ဤကောဏ္ဍဓာနနှင့် အတူတကွ အဘယ့်ကြောင့်ပြောဆိုကြကုန်ဘိသနည်း”ဟု မေးတော်မူလေ၏။

“မြတ်စွာဘုရား- ဤကောဏ္ဍဓာနမထေရ်၏နောက်မှ မိန်းမလိုက်နေသည်ကို မြင်ရသောကြောင့် ပြောဆိုကြပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သော် “ဤရဟန်းတို့သည် သင်နှင့်အတူတကွ မိန်းမလိုက်နေသည်ကို မြင်သောကြောင့် ဆိုကုန်သတတ်၊ သင်သည် သူတို့မြင်သကဲ့သို့ မမြင်ဘဲလျက်သာလျှင် ဤရဟန်းတို့နှင့် အတူတကွ အဘယ်ကြောင့် ပြောဆိုဘိသနည်း၊ ရှေးဘဝ၌ သင်၏ ယုတ်မာသောအယူကိုမှီ၍ ဤသို့သော သဘောသည် ဖြစ်ရသည် မဟုတ်လော၊ ယခုအခါ အဘယ့်ကြောင့် ယုတ်မာသောအယူကို ယူပြန်ဘိသနည်း”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့သည် “မြတ်စွာဘုရား- ဤရဟန်းသည် ရှေးဘဝ၌ ပြုအပ်သော မကောင်းမှုကံကား အဘယ်ပါနည်း”ဟု မေးလျှောက်ကြလေကုန်၏။ ထိုအခါ ရဟန်းတို့အား မြတ်စွာဘုရားသည် ကောဏ္ဍဓာနမထေရ်၏ ရှေးမကောင်းမှုကံကို ဟောတော်မူပြီးလျှင် “ချစ်သားရဟန်း- ဤမကောင်းမှုကံကို အမှီပြု၍ သင်သည် ဤဖောက်ပြန်သော အခြင်းအရာသို့ ရောက်ရ၏။ ယခုအခါ သင့်အား တစ်ဖန် ထိုသို့သဘောရှိသော ယုတ်မာသောအယူကို ယူခြင်းငှာ မသင့်၊ တစ်ဖန် ရဟန်းတို့နှင့်အတူတကွ တစ်စုံတစ်ခုသောစကားကို မဆိုလင့်၊ အနားရေး၌ ပြတ်သော ကြေးခွက်နှင့်တူစွာ အသံမရှိသည် ဖြစ်ဘိလော့၊ ဤသို့ ပြုသည်ရှိသော် နိဗ္ဗာန်သို့ ရောက်သောသူမည်သည် ဖြစ်လတ္တံ့”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ထိုရဟန်းကို ဆုံးမတော်မူလျက် ဤဂါထာတို့ကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၃၃] မာဝေါစ ဖရုသံ ကိဉ္စိ၊ ဝုတ္တာ ပဋိဝဒေယျု တံ။
ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျု တံ။

֍ * [၁၃၄] သစေ နေရေသိ အတ္တာနံ၊ ကံသော ဥပဟတော ယထာ။
ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ န ဝိဇ္ဇတိ။

ကိဉ္စိ၊ တစ်စုံတစ်ယောက်သော သူကိုမျှ။ ဖရုသံ၊ ကြမ်းကြုတ်သော စကားကို။ မာ အဝေါစ၊ မဆိုလင့်။ ဝုတ္တော၊ အဆိုခံရသော သူတို့သည်။ တံ၊ သင့်ကို။ ပဋိဝဒေယျုံ၊ ဆိုတုံ့ဆိုကုန်ရာ၏။ ဟိ၊ ထိုစကားသင့်စွ။ သာရမ္ဘကထာ၊ ချုပ်ချယ်လျက် အတူပြု၍ဆိုသော စကားသည်။ ဒုက္ခာ၊ ဆင်းရဲကြောင်း ဖြစ်၏။ ပဋိဒဏ္ဍာ၊ ရန်တုံ့ရန်လှည့်ဖြစ်သော ဒဏ်ပြန်တို့သည်။ တံ၊ သင့်ကို။ ဖုသေယျုံ၊ ရောက်ကုန်ရာ၏။

ဥပဟတော၊ အနာရေး၌ ဖြတ်၍ထားအပ်သော။ ကံသောယထာ၊ ကြေးခွက်ကဲ့သို့ (ကြေးခွက် အသံမထွက်အံ့သို့ ဟူလို)။ အတ္တာနံ၊ မိမိကိုယ်ကို။ သစေ နေရေသိ-န ဤရေသိ၊ အကယ်၍ မတုန်မလှုပ်အောင် ပြုခြင်းငှာ တတ်နိုင်သည် ဖြစ်အံ့။ ဧဝံ သတိ၊ ဤသို့ တတ်နိုင်သည်ရှိသော်။ ဧသ တွံ၊ ဤသို့ တတ်နိုင်သော သင်သည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ပတ္တော၊ မရောက်သေးသော်လည်း ရောက်သောသူမည်သည်။ အသိ၊ ဖြစ်၏။ တေ၊ သင့်အား။ သာရမ္ဘော၊ ချုပ်ချယ်ခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။ ဝါ၊ မဖြစ်လတ္တံ့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြကုန်၏။ ကောဏ္ဍဓာန မထေရ်သည်လည်း မြတ်စွာဘုရား ပေးသနားတော်မူအပ်သော အဆုံးအမဩဝါဒ၌တည်၍ ရဟန္တာအဖြစ်သို့ ရောက်တော်မူလေ၏။ မကြာမြင့်မီသာလျှင် ကောင်းကင်သို့ပျံတက်၍ ရှေးဦးစွာ စာရေးတံကို ခံယူလေ၏။

(ဥဂ္ဂမြို့ မဟာသုဘဒ္ဒါပင့်ရာသို့ “အရိယာပုဂ္ဂိုလ်ချည်းသာ သွားအံ့”ဟု စာရေးတံပေးစဉ် အရှင်အာနန္ဒာက မပေးဘဲ ထား၏။ နောက်မှ “ယူသူအား ပေး”ဟု ဘုရားရှင်မိန့်သောအခါ ကောင်းကင်၌တည်လျက် စာရေးတံ ယူလေ၏။ ရှေးဦးစွာ စာရေးတံ ယူသူတို့တွင် အတော်ဆုံးဟု ဘုရားရှင်က ဧတဒဂ် ပေး၏။ အင်္ဂုတ္တိုရ်။)

ကောဏ္ဍဓာနမထေရ်ဝတ္ထု ပြီး၏။

֍ * ၅။ ဝိသာခါစသော ဥပါသိကာမတို့၏ ဥပုသ်သုံးသော ဝတ္ထု

ယထာ ဒဏ္ဍေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ အစရှိကုန်သော ဥပါသိကာမတို့၏ ဥပုသ်ကျင့်သုံးသောအမှုကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဥပုသ်သည်မိန်းမတို့၏ ရည်ရွယ်ချက်

သာဝတ္ထိပြည်ဝယ် တစ်ခုသော ဥပုသ်နေ့ကြီး၌ ငါးရာမျှ အတိုင်းအရှည်ရှိကုန်သော မိန်းမတို့သည် ဥပုသ် ဆောက်တည် ကျင့်သုံးလိုကြကုန်သည်ဖြစ်၍ ကျောင်းတော်သို့ သွားကြကုန်သတတ်။ ဝိသာခါ ဒါယိကာမကြီးသည် ထိုငါးရာသော မိန်းမတို့တွင် အသက်အရွယ် ကြီးရင့်ကြကုန်သော မိန်းမကြီးတို့သို့ ချဉ်းကပ်၍ “အမယ်အိုကြီးတို့- ဘယ်အကျိုးငှာ ဥပုသ်ကျင့်သုံးကြပါကုန်သနည်း”ဟု မေးမြန်းလေ၏။ ထိုမိန်းမကြီးတို့သည် “နတ်တို့၏ စည်းစိမ်ချမ်းသာကို လိုလားတောင့်တကြသဖြင့် ဥပုသ်ကျင့်သုံးကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် အသက်အရွယ် အလယ်အလတ်ဖြစ်သော မိန်းမတို့ကို မေးပြန်လေ၏။ ထိုမိန်းမလတ်တို့သည် “လင်တူမိန်းမတည်းဟူသော ရန်သူမတို့နှင့် အတူနေရခြင်းမှ လွတ်ကင်းပါစိမ့်သော အကျိုးငှာ ဥပုသ်ကျင့်သုံးကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် အသက်အရွယ် ငယ်ရွယ်နုပျိုသော မိန်းမတို့ကို မေးပြန်လေ၏၊ ထိုမိန်းမငယ်တို့သည် “ရှေးဦးစွာသောကိုယ်ဝန်၌ သားယောက်ျားကို ရပါစိမ့်သောအကျိုးငှာ ဥပုသ်ကျင့်သုံးကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် သတို့သမီးပျိုတို့ကို မေးပြန်လေ၏။ ထိုသတို့သမီးပျိုတို့သည် “ငယ်ရွယ်နုပျိုစဉ်သာလျှင် အမျိုးကောင်းသား လင်ယောက်ျား၏အိမ်သို့ လိုက်သွားရပါစိမ့်သော အကျိုးငှာ ဥပုသ်ကျင့်သုံးကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် ထိုငါးရာသော မိန်းမတို့၏ အလုံးစုံသော ထိုစကားကို ကြားရပြီးလျှင် ထိုမိန်းမတို့ကိုခေါ်သဖြင့် ဘုရားရှင်၏အထံတော်သို့သွား၍ အစဉ်အတိုင်းအားဖြင့် နားတော် လျှောက်ကြားလေသတည်း။ ထိုစကားကို ကြားတော်မူရလျှင် မြတ်စွာဘုရားသည် “ဝိသာခါ- ဤသတ္တဝါတို့၏ကိုယ်တွင်း၌ ဇာတိ အစရှိသော တရားတို့မည်သည်ကား လှံတံလက်စွဲသော နွားကျောင်းသားနှင့် တူကုန်၏၊ ပဋိသန္ဓေ နေခြင်းသည် အိုခြင်းအထံသို့၊ အိုခြင်းသည် နာခြင်းအထံသို့၊ နာခြင်းသည် သေခြင်းအထံသို့ ပို့လွှတ်ပြီးလျှင် ဓားမဖြင့် ဖြတ်ပိုင်းကြကုန်သကဲ့သို့ အသက်ကို ဖြတ်ပိုင်းကြ၏။ ဤသို့ပင် ဖြစ်သော်လည်း ဝဋ်ကင်းရာနိဗ္ဗာန်ကို တောင့်တသောသူတို့မည်သည် မရှိကြကုန်၊ သံသရာဝဋ်ကိုသာလျှင် တောင့်တကြကုန်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူ၏။

ဒေသနာတော်

֍ * [၁၃၅] ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။
ဧဝံ ဇရာ စ မစ္စုစ၊ အာယုံ ပါဇေန္တိ ပါဏိနံ။

ဂေါပါလော၊ နွားကျောင်းသားသည်။ ဒဏ္ဍေန၊ လှံတံဖြင့်။ ဂါဝေါ၊ နွားတို့ကို။ ဂေါစရံ၊ ကျက်စားရာအရပ်သို့။ ပါဇေတိယထာ၊ မောင်းနှင်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ဇရာ စ၊ အိုခြင်းသည်လည်းကောင်း။ မစ္စု စ၊ သေခြင်းသည်လည်းကောင်း။ ပါဏိနံ၊ သတ္တဝါတို့၏။ အာယုံ၊ အသက်ကို။ ပါဇေန္တိ၊ မောင်းနှင်ကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝိသာခါစသော ဥပါသိကာမတို့၏ ဥပုသ်သုံးသောဝတ္ထု ပြီး၏။

֍ * ၆။ စပါးကြီးမြွေ ပြိတ္တာဝတ္ထု

အထ ပါပါနိ ကမ္မာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် စပါးကြီးမြွေပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မီးလျှံညီးညီး မြွေပြိတ္တာကြီး

တစ်ပါးသောအခါ ရှင်မောဂ္ဂလာန်မထေရ်သည် လက္ခဏမထေရ်နှင့် အတူတကွ ဂိဇ္ဈကုဋ်တောင်မှ သက်ဆင်းလတ်သည်ရှိသော် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် နှစ်ဆယ့်ငါးယူဇနာ အတိုင်းအရှည်ရှိသော စပါးကြီးမြွေပြိတ္တာကို မြင်တော်မူလေ၏၊ ထိုစပါးကြီးမြွေပြိတ္တာ၏ ဦးခေါင်းမှ မီးလျှံတို့သည် ထ၍ အဆုံး အမြီးဖျားသို့ သွားကုန်၏။ အဆုံးမှထ၍ ဦးခေါင်းသို့ သွားကုန်၏။ ဦးခေါင်းအမြီးဖျား နှစ်ပါးသော နေရာတို့မှ ထ၍ အလယ်၌ သက်ဝင်စုဝေးကြကုန်၏၊ ရှင်မောဂ္ဂလာန်မထေရ်သည် ထိုစပါးကြီးမြွေပြိတ္တာကို မြင်ရလျှင် ပြုံးရယ်ခြင်းကို ထင်ရှားစွာ ပြုတော်မူလေ၏။ လက္ခဏမထေရ်သည် ပြုံးတော်မူခြင်းအကြောင်းကို မေးအပ်သည်ရှိသော် “ငါ့ရှင်လက္ခဏ- ဤပြဿနာကို ဖြေဆိုခြင်းငှာ အခါမဟုတ်သေး၊ မြတ်စွာဘုရား၏အထံတော်၌ ငါ့ကို မေးလော့”ဟု ဆို၍ ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်ပြီးလျှင် မြတ်စွာဘုရား၏အထံတော်သို့ ရောက်သောအခါ ရှင်လက္ခဏမထေရ် မေးအပ်သည်ဖြစ်၍ ဖြေဆိုဟန်ကား “ငါ့ရှင်လက္ခဏ- ငါကား ထိုဂိဇ္ဈကုဋ်တောင်၌ တစ်ကောင်သော မြွေပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာ၏ အတ္တဘောသည် ဤသို့ သဘောရှိသည်မည်၏၊ ငါသည် ထိုပြိတ္တာကိုမြင်ရလျှင် ဤသို့ သဘောရှိသော အတ္တဘောကို ငါမမြင်စဖူးပါတကားဟု ပြုံးရယ်ခြင်းကို ထင်ရှားစွာ ပြု၏”ဟု ဆိုလေ၏။ မြတ်စွာဘုရားသည်လည်း “ချစ်သားရဟန်းတို့- ငါဘုရား၏ တပည့်သာဝကတို့သည် မျက်စိအမြင် ရှိကြသည်ဖြစ်၍ နေကုန်စွတကား”ဟု ဤသို့ အစရှိသော စကားဖြင့် မိန့်ဆိုတော်မူလျက် ရှင်မောဂ္ဂလာန်မထေရ်၏စကားကို တန့်ရပ်စေပြီးလျှင် “ချစ်သားရဟန်းတို့- ငါဘုရားသည်လည်း ထိုပြိတ္တာကို ဗောဓိမဏ္ဍိုင်၌ နေတော်မူစဉ်သာလျှင် အကယ်၍ကား မြင်အပ်၏၊ ထိုသို့ မြင်သော်လည်း အကြင်သူတို့သည် ငါ့စကားကို မယုံကြည်ကုန်ရာ၊ ထိုမယုံကြည်သောသူတို့အား စီးပွားမရှိခြင်းဖြစ်ရာ၏ဟု ဟောတော်မမူ၊ ယခုအခါ၌ကား မောဂ္ဂလာန်ကို သက်သေရ၍ ဟောတော်မူရ၏”ဟု မိန့်တော်မူ၏၊ ရဟန်းတို့သည် ထိုစပါးကြီးမြွေပြိတ္တာ၏ ရှေးက ပြုအပ်သော မကောင်းမှုကံကို မေးအပ်သည်ရှိသော် ဟောကြားတော်မူလေ၏။

ကျောင်းမီးလောင်၍ ကျောင်းဒါယကာ လက်ပန်းပေါက်ခတ်

ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ သုမင်္ဂလ အမည်ရှိသော သူဌေးကြီးသည် ရွှေအုတ်တို့ဖြင့် မြေကို ခင်း၍ ဥသဘနှစ်ဆယ် အတိုင်းအရှည်ရှိသော အရပ်၌ ထိုမျှလောက် အတိုင်းအရှည်ရှိသော ဥစ္စာဖြင့် ကျောင်းကို ဆောက်လုပ်စေပြီးလျှင် ထိုမျှလောက် အတိုင်းအရှည် ရှိသော ဥစ္စာဖြင့် ကျောင်းပူဇော်ခြင်းကိုလည်း ပြုစေလေ၏။ ထိုသုမင်္ဂလသူဌေးကြီးသည် တစ်နေ့သ၌ နံနက်စောစော၌သာလျှင် ကဿပမြတ်စွာဘုရား၏ အထံတော်သို့ သွားလတ်သည်ရှိသော် မြို့တံခါးအနီး တစ်ခုသောဇရပ်၌ ဖန်ရည်စွန်းသောအဝတ်ကို ဦးခေါင်းနှင့်တကွခြုံလျက် ရွှံ့ညွန်အလိမ်းလိမ်း ကပ်ကုန်သော ခြေတို့ဖြင့် အိပ်နေသော ခိုးသူတစ်ယောက်ကို မြင်ရလျှင် “ဤသူကား ရွှံ့ညွန်အလိမ်းလိမ်းကပ်သော ခြေရှိ၏။ ညဉ့်၌ သွားလာလှည့်လည်၍ အိပ်သောသူဖြစ်လတ္တံ့”ဟု ဆိုလိုက်မိလေ၏။ ခိုးသူသည် မျက်နှာကိုဖွင့်သဖြင့် သူဌေးကြီးကို မြင်လေလျှင် “ဆိုတိုင်း ဟုတ်ပါစေ၊ သင့်အား ပြုအပ်သောအမှုကို ငါသိရပေတော့အံ့”ဟု ရန်ငြိုးဖွဲ့ပြီးလျှင် ခုနစ်ကြိမ်တိုင်တိုင် လယ်ကို မီးတိုက်၏။ ခုနစ်ကြိမ်တိုင်တိုင် နွားခြံ၌ နွားတို့၏ခြေတို့ကို ခုတ်ဖြတ်၏။ ခုနစ်ကြိမ်တိုင်တိုင် အိမ်ကိုမီးတိုက်၏။ ထိုခိုးသူသည် ဤမျှဖြင့်လည်း အမျက်ဒေါသကို ငြိမ်းအေးစေခြင်းငှာ မတတ်နိုင်ရကား ထိုသူဌေးကြီး၏ အလုပ်အကျွေးငယ်နှင့် အတူတကွ အဆွေခင်ပွန်းဖွဲ့၍ “သင်၏သူဌေးကြီး နှစ်သက်မြတ်နိုးအပ်သော အရာကား အဘယ်နည်း”ဟု မေးအပ်သည်ရှိသော် “ဂန္ဓကုဋိမှတစ်ပါး ထိုသူဌေးကြီး လွန်စွာ နှစ်သက်မြတ်နိုးအပ်သောအရာ မရှိ”ဟု ဆိုလေ၏။ ထိုစကားကို ကြားရလျှင် “ထိုအတိုင်း ဟုတ်ပါစေ၊ ဂန္ဓကုဋိကို မီးတိုက်ပြီးမှ အမျက်ဒေါသကို ငြိမ်းအေးစေရတော့အံ့”ဟု ကြံ၍ မြတ်စွာဘုရား ဆွမ်းအလို့ငှာ ဝင်လတ်သည်ရှိသော် သောက်ရေ,သုံးဆောင်ရေ အိုးတို့ကိုခွဲ၍ ဂန္ဓကုဋိကျောင်းတော်ကြီး၌ မီးတိုက်လေ၏။ သူဌေးကြီးသည် “ဂန္ဓကုဋိ မီးလောင်သတတ်”ဟု ကြားရလျှင် လာလတ်သည်ရှိသော် မီးကျွမ်းသောအခါမှ ရောက်လာသဖြင့် ဂန္ဓကုဋီမီးလောင်ကျွမ်းသည်ကို ကြည့်ရှုလျက် ဆံချည်တစ်ပင်ဖျားမျှလည်း နှလုံးမသာယာခြင်းကို မပြုမူ၍ လက်ဝဲလက်ရုံးကို ခွေပြီးလျှင် လက်ျာလက်ဖြင့် ကြီးစွာသော လက်ပန်းပေါက်ခတ်ခြင်းကို ခတ်လေ၏။

လက်ပန်းပေါက် ခတ်နိုင်လောက်အောင် ဝမ်းသာပုံ

ထိုအခါ သူဌေးကြီးကို အနီး၌နေသော သူတို့သည် “အရှင်သူဌေးမင်း- အဘယ့်ကြောင့် ဤမျှလောက်သောဥစ္စာကို စွန့်လွှတ်၍ ဆောက်လုပ်အပ်သော ဂန္ဓကုဋိကြီး မီးလောင်ကျွမ်းသောအခါ လက်ပန်းပေါက်ခတ်လေဘိသနည်း”ဟု မေးမြန်းကြလေကုန်၏။ သူဌေးကြီးသည် “အမောင်တို့- ငါသည် ဤမျှလောက်သော ကောင်းမှုကံကိုပြု၍ မီး,အစရှိသည်တို့နှင့် မဆက်ဆံသော ဘုရားရှင်၏ သာသနာတော်၌ ဥစ္စာကို မြှုပ်နှံသိုမှီးသိမ်းဆည်းရအပ်ပေပြီ၊ တစ်ဖန် ဤမျှလောက်သော ဥစ္စာကိုစွန့်၍ မြတ်စွာဘုရား၏အလို့ငှာ ဂန္ဓကုဋိကို ဆောက်လုပ်ခြင်းငှာ ရပေတော့လတ္တံ့”ဟု နှစ်သက်ဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍ လက်ပန်းပေါက်ခတ်ရပေသည် အမောင်တို့”ဟု ပြောဆိုလေ၏။ ထိုသုမင်္ဂလသူဌေးကြီးသည် တစ်ဖန် ထိုမျှလောက်သော ဥစ္စာကို စွန့်လွှတ်သဖြင့် ဂန္ဓကုဋိကို ဆောက်လုပ်စေပြီးလျှင် နှစ်သောင်းမျှသော ရဟန်းအပေါင်း အခြံအရံရှိသော ကဿပမြတ်စွာဘုရားအား အလှူ လှူဒါန်းပြန်လေ၏။

ရန်သူကို အမျှဝေခြင်း

သူဌေးကြီး ထိုသို့ပြုလုပ်ပုံကို မြင်ရလျှင် ခိုးသူသည် ဤသို့ ကြံစည်လေ၏။ “ငါကား ဤသူဌေးကြီးကို မသတ်မူ၍ မျက်နှာပျက်အောင် ပြုခြင်းငှာ မတတ်နိုင်သေးပါတကား၊ ထိုသို့ မတတ်နိုင်သေးသည် ရှိပါစေ၊ ထိုသူဌေးကြီးကို သတ်တော့အံ့”ဟု ကြံစည်လျက် ဝတ်သော ပုဆိုးအကြား၌ ဓားငယ်ကို ဖွဲ့ချည်လျက် ခုနစ်ရက်ပတ်လုံး ကျောင်း၌ သွားလာလှည့်လည်သော်လည်း အခွင့်ကို မရခဲ့ပေ။ သူဌေးကြီးသည်လည်း ခုနစ်ရက်တို့ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကြီးကို ပေးလှူ၍ မြတ်စွာဘုရားကို ရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ယောက်ျားတစ်ယောက်သည် ခုနစ်ကြိမ်တိုင်တိုင် တပည့်တော်၏လယ်ကို မီးတိုက်အပ်ပါပြီ၊ ခုနစ်ကြိမ်တိုင်တိုင် နွားခြံ၌ နွားတို့၏ခြေတို့ကို ခုတ်ဖြတ်ပါပြီ၊ ခုနစ်ကြိမ်တိုင်တိုင် အိမ်ကို မီးတိုက်အပ်ပါပြီ၊ ယခုအခါ ဂန္ဓကုဋိကိုလည်း ထိုသူသာလျှင် မီးတိုက်သည် ဖြစ်ပါလိမ့်မည်ဘုရား၊ တပည့်တော်သည် ဤအလှူ၌ ရှေးဦးစွာ အလှူအဖို့အမျှကို ထိုယောက်ျားအား ပေးဝေပါ၏ဘုရား”ဟု လျှောက်ဆိုလေ၏။

ခိုးသူယောက်ျား တောင်းပန်ခြင်း

ထိုခိုးသူသည် သူဌေးကြီး လျှောက်ဆိုသော ထိုစကားကို ကြားရလျှင် “ငါပြုအပ်သောအမှုသည် စင်စစ် ဝန်လေးလေစွတကား၊ ဤသို့ အပြစ်ပြုသော ငါ့အပေါ်၌ ဤသူဌေးကြီးအား အနည်းငယ်သော အမျက်ထွက်ခြင်းမျှလည်း မရှိ၊ ဤအလှူ၌လည်း ငါ့အားသာလျှင် ရှေးဦးစွာ အလှူအဖို့ကို ပေးဝေဘိ၏။ ငါသည် ဤသူဌေးကြီးအပေါ် ပြစ်မှားမိ၏။ ဤသို့ သဘောရှိသော ယောက်ျားကို ငါမကန်တော့သည်ရှိသော် နတ်တို့လက်နက် မိုးကြိုးစက်ဟူသော နတ်ဒဏ်သည်လည်း ငါ၏ထိပ်ထက်၌ ကျရာ၏”ဟု ဆိုပြီးလျှင် သူဌေးကြီး၏ခြေရင်း၌ ဝပ်လျက် “အရှင်သူဌေးမင်း- ကျွန်တော်အား သည်းခံတော်မူပါ”ဟု ဆိုသဖြင့် “ဤအမှုကား အဘယ်နည်း”ဟု ဆိုလတ်သော် “အရှင်သူဌေးမင်း- ဤသို့ ဤမျှလောက်သောအမှုကို ကျွန်တော် ပြုလုပ်မိပါသည်၊ ထို့ကြောင့် ကျွန်တော်အား သည်းခံတော်မူပါ”ဟု ဆိုလေ၏။ ထိုအခါ ခိုးသူကို သူဌေးကြီးသည် “ငါ့အား ဤမည်,ဤမည်သော အမှုကို ဤမျှလောက် သင်ပြုသလော”ဟု အလုံးစုံကို မေးမြန်းသည်ရှိသော် “ကျွန်တော် ပြုမိသည် မှန်ပါသည်”ဟု ပြောဆိုလျှင် “သင့်ကို ငါမမြင်အပ်စဖူးပါတကား၊ အဘယ့်ကြောင့် ငါ့အား အမျက်ထွက်၍ ဤသို့ ပြုဘိသနည်း”ဟု မေးပြန်လေ၏။ ထိုခိုးသူသည် တစ်နေ့သ၌ မြို့မှထွက်လာသော ထိုသူဌေးကြီးဆိုအပ်သော စကားကို ပြန်လည် သတိရစေပြီးလျှင် “ဤသို့သော အကြောင်းကြောင့် ကျွန်တော်အား အမျက်ဒေါသကို ဖြစ်စေအပ်ပါသည်”ဟု ဆိုလေ၏။ သူဌေးကြီးသည် မိမိဆိုအပ်သောစကားကို ပြန်လည် သတိရ၍ “အမောင်- ဪ... ဟုတ်ပေ၏။ ငါသည် ဆိုမိ၏၊ ထိုအပြစ်ကို ငါ့အား သည်းခံပါလော့”ဟု ခိုးသူကို သည်းခံစေပြီးလျှင် “အမောင်- ထလော့၊ သင့်အား သည်းခံပါ၏၊ သွားလေတော့ အမောင်”ဟု ဆိုလေ၏။ “အရှင်သူဌေးမင်း- ကျွန်တော်အား အကယ်၍ သည်းခံတော်မူသည်ဖြစ်ပါအံ့၊ သားမယားနှင့်တကွ ကျွန်တော်ကို အိမ်၌ ကျွန်ပြုတော်မူပါ”ဟု ဆိုလတ်သော် “အမောင်- ငါ ဤမျှလောက်သော စကားကို ဆိုသည်ရှိသော် သင်သည် ဤသို့ သဘောရှိသော ဖျက်ဆီးခြင်းကို ပြုဘိ၏၊ အိမ်၌နေသဖြင့်ကား အတူတကွ တစ်စုံတစ်ခုကို ပြောဆိုခြင်းငှာ မတတ်ကောင်း၊ အိမ်၌ သင် နေသဖြင့် ငါ့အား ပြုဖွယ်ကိစ္စမရှိ၊ သင့်အား သည်းခံပါ၏၊ သွားလေတော့ အမောင်”ဟု ဆိုလေ၏။ ခိုးသူသည် ထိုအမှုကို ပြုမိခြင်းကြောင့် အသက်သေဆုံးသောအခါ အဝီစိငရဲ၌ ဖြစ်ရရှာလေ၏။ ရှည်မြင့်စွာသော ကာလပတ်လုံး ထိုအဝီစိငရဲ၌ ကျက်ပြီးမှ ကြွင်းသော အကျိုးအားဖြင့် ယခုအခါ ဂိဇ္ဈကုဋ်တောင်၌ မီးဖြင့်ကျက်လျက် ဆင်းရဲကို ခံစားရလေ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ထိုစပါးကြီးမြွေ ပြိတ္တာ၏ ရှေး၌ပြုအပ်သော မကောင်းမှုကံကို မိန့်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- သူမိုက်တို့မည်သည်ကား ယုတ်မာသောအမှုတို့ကို ပြုကုန်စဉ် မသိတတ်ကြကုန်၊ နောက်အခါ၌ကား မိမိသည် ပြုအပ်သောကံတို့ဖြင့် လောင်ကျွမ်းကုန်လျက် မိမိသည်ပင်လျှင် မိမိ၏ တောမီးနှင့်အတူ ဖြစ်ကြကုန်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၃၆] အထ ပါပါနိ ကမ္မာနိ၊ ကရံ ဗာလော န ဗုဇ္ဈတိ။
သေဟိ ကမ္မေဟိ ဒုမ္မေဓော၊ အဂ္ဂိဒ ဍ္ဎောဝ တပ္ပတိ။

ဗာလော၊ မလိမ္မာသော သူမိုက်သည်။ ပါပါနိ၊ ယုတ်မာကုန်သော။ ကမ္မာနိ၊ မကောင်းမှုတို့ကို။ ကရံ ကရောန္တော၊ ပြုလုပ်နိုင်၏။ အထ၊ ထိုသို့ ပြုလုပ်နိုင်သော်လည်း။ န ဗုဇ္ဈတိ၊ ပြုအပ်သော မကောင်းမှု၏အကျိုးကို မသိ။ သေဟိ၊ မိမိဥစ္စာ ဖြစ်ကုန်သော။ ကမ္မေဟိ၊ မကောင်းမှုတို့ကြောင့်။ ဒုမ္မေဓော၊ ပညာကင်းသူ လူမိုက်သည်။ အဂ္ဂိဒဍ္ဎောဝ၊ မီးလောင်လျက်သာလျှင်။ နိရယေ၊ ငရဲ၌။ တပ္ပတိ၊ ပူပန်ရ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေကုန်၏။

စပါးကြီးမြွေပြိတ္တာဝတ္ထု ပြီး၏။

֍ * ၇။ ရှင်မဟာမောဂ္ဂလာန်မထေရ်ဝတ္ထု

ယော ဒဏ္ဍေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်မဟာမောဂ္ဂလာန်မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်မဟာမောဂ္ဂလာန်ကို လုပ်ကြံရန်

တစ်ပါးသောအခါ၌ တိတ္ထိတို့သည် စည်းဝေးကြကုန်လျက် “ငါ့ရှင်တို့- အဘယ်အကြောင်းကြောင့် ရဟန်းကြီးဂေါတမအား လာဘ်ပူဇော်သက္ကာရ များစွာဖြစ်ဘိသနည်း၊ သိကြကုန်၏လော”ဟု မေးမြန်းပြောဆိုသဖြင့် “ငါတို့ကား မသိကုန်၊ သင်တို့ကား သိကြပါသလား”ဟု ပြန်၍ မေးလတ်သော် “ဪ.. သိကြပါကုန်၏။ ရှင်မဟာမောဂ္ဂလာန်မည်သော မထေရ်တစ်ပါးကို မှီ၍ဖြစ်၏၊ ထိုရှင်မဟာမောဂ္ဂလာန်သည် နတ်ပြည်သို့သွား၍ နတ်တို့ပြုအပ်သော ကုသိုလ်ကံကို မေးပြီးလျှင် ပြန်လာ၍ လူတို့အား “ဤမည်သော ကုသိုက်ကံကို ပြုခြင်းကြောင့် ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာကို ခံစားကြရကုန်၏”ဟု ပြောဟောလေ၏၊ ငရဲပြည်၌ဖြစ်သော သူတို့၏လည်း အကုသိုလ်ကံကို မေးပြီးလျှင် ပြန်လာ၍ လူတို့အား “ဤမည်သော အကုသိုလ်ကံကို ပြုခြင်းကြောင့် ဤသို့သဘောရှိသော ဆင်းရဲကို ခံစားကြရကုန်၏”ဟု ပြောဟောလေ၏။ လူတို့သည် ထိုရှင်မဟာမောဂ္ဂလာန်၏စကားကို ကြားရလျှင် များစွာသော လာဘ်ပူဇော်သက္ကာရကို ရှေးရှုဆောင်ကြကုန်၏။ ထိုရှင်မဟာမောဂ္ဂလာန်ကို သတ်အံ့သောငှာ အကယ်၍ ငါတို့ တတ်နိုင်ကုန်သည်ဖြစ်အံ့၊ ထိုလာဘ်ပူဇော်သက္ကာရသည် ငါတို့အား ဖြစ်လတ္တံ့”ဟု ကြံစည်တိုင်ပင်ကြလေကုန်၏၊ ထိုတိတ္ထိတို့သည် “ဤအကြောင်းကား ရှိ၏”ဟု အလုံးစုံ တူသောဆန္ဒ ရှိကြကုန်သည်ဖြစ်၍ “အမှတ်မရှိ တစ်ခုခုကို ပြုလျက် ထိုရှင်မဟာမောဂ္ဂလာန်ကို သတ်ကြကုန်စို့အံ့”ဟု မိမိ၏အလုပ်အကျွေးဖြစ်သောသူတို့ကို တိုက်တွန်း နှိုးဆော်သဖြင့် အသပြာတစ်ထောင်ကို ရသည်ရှိသော် လူသတ်အမှုကိုပြု၍ လှည့်လည်သွားလာကုန်သော ခိုးသူတို့ကိုခေါ်စေ၍ “အရှင်မဟာမောဂ္ဂလာန်မည်သော မထေရ်သည် ကာလသိလာမည်သောအရပ်၌ (ရာဇဂြိုဟ်ပြည်အနီး ဣသိဂိလိတောင်၏နံပါး ကာလမည်သော ကျောက်ဖျာ ဖြစ်၏) နေ၏။ ထိုအရပ်သို့သွား၍ ထိုမထေရ်ကို သတ်ကြကုန်လော့”ဟု ခိုးသူတို့အား အသပြာတို့ကို ပေးကြလေကုန်၏။

ရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်စံခြင်း

ခိုးသူတို့သည် ဥစ္စာ၌ တပ်မက်မောသဖြင့် ဝန်ခံပြီးလျှင် “မထေရ်ကို သတ်ကုန်အံ့”ဟု သွား၍ ထိုမထေရ်၏ နေရာအရပ်ကို ဝန်းရံကြကုန်၏။ မထေရ်လည်း ခိုးသူတို့ ဝန်းရံသည့်အဖြစ်ကို သိတော်မူလျှင် သံကောက်ပေါက်ဖြင့် ထွက်၍ ဖဲသွားလေ၏။ ထိုခိုးသူတို့သည် ထိုနေ့၌ မထေရ်ကို မမြင်ရခြင်းကြောင့် တစ်ဖန် နောက်တနေ့၌ သွား၍ ဝန်းရံကြပြန်၏။ မထေရ်လည်း သိတော်မူသဖြင့် အထွတ်ချက်ဝန်းကို ဖောက်ခွဲ၍ ကောင်းကင်သို့ ပျံတက်ကြွသွားတော်မူလေ၏။ ဤသို့လျှင် ခိုးသူတို့သည် ရှေးဦးစွာသောလ၌လည်းကောင်း၊ အလယ်ဖြစ်သော လ၌လည်းကောင်း ရှင်မဟာမောဂ္ဂလာန်မထေရ်ကို ဖမ်းယူအံ့သောငှာ မတတ်နိုင်ကြကုန်၊ နောက်ဆုံးဖြစ်သောလသည် ရောက်လတ်သည်ရှိသော် မထေရ်မြတ်သည် မိမိပြုအပ်သော မကောင်းမှုကံ၏ ဆွဲငင်သောအဖြစ်ကို သိတော်မူ၍ ဖဲကြွတော်မမူဘဲ နေလေ၏၊ ခိုးသူတို့သည် သွား၍ ရှင်မဟာမောဂ္ဂလာန်မထေရ်ကို ဖမ်းပြီးလျှင် ဆန်ကွဲတို့မျှလောက်ကဲ့သို့ အရိုးတို့ကိုပြုကုန်လျက် ချိုးဖဲ့ကြလေကုန်၏၊ ထိုအခါ မထေရ်ကို “သေပြီ”ဟူသော အမှတ်ဖြင့် တစ်ခုသော ချုံနောက်ဖေး၌ ပစ်ထား၍ ဖဲသွားကြလေကုန်၏။ မထေရ်မြတ်သည်လည်း “မြတ်စွာဘုရားကို ဖူးမြင်ပြီးမှသာလျှင် ပရိနိဗ္ဗာန်ပြုပေအံ့”ဟု အတ္တဘောကို ဈာန်၏ရစ်ပတ်ခြင်းဖြင့် ရစ်ပတ်၍ မြဲမြံခိုင်ခံ့အောင် ပြုပြီးလျှင် ကောင်းကင်ခရီးဖြင့် မြတ်စွာဘုရားအထံတော်သို့သွား၍ ဘုရားရှင်ကိုရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော် ပရိနိဗ္ဗာန်ပြုပါတော့မည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သား မောဂ္ဂလာန်- သင် ပရိနိဗ္ဗာန်ပြုတော့မည်လော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ပြုပါတော့မည်ဘုရား”ဟု လျှောက်ကြားလေ၏။ “အဘယ်အရပ်သို့သွား၍ ပရိနိဗ္ဗာန်ပြုမည်နည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ကာလသိလာမည်သော အရပ်သို့သွား၍ ပြုပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားမောဂ္ဂလာန်- ထိုသို့ဖြစ်မူ ငါဘုရားအား တရားဟောပြီးမှ သွားလော့၊ သင်ကဲ့သို့ သဘောရှိသော ငါဘုရား၏တပည့်သာဝကကို ယခုအခါ မြင်တွေ့ဖွယ်ရာ မရှိပြီ”ဟု မိန့်တော်မူလျှင် ထိုရှင်မဟာမောဂ္ဂလာန်မထေရ်သည် “မြတ်စွာဘုရား- ဤသို့ မိန့်တော်မူတိုင်း ပြုပါမည်ဘုရား”ဟု မြတ်စွာဘုရားကို ရှိခိုးလျက် ကောင်းကင်သို့ပျံတက်ပြီးလျှင် ပရိနိဗ္ဗာန်စံတော်မူအံ့သောနေ့၌ ရှင်သာရိပုတြာမထေရ်ပြုသကဲ့သို့ ထိုရှင်မဟာမောဂ္ဂလာန်မထေရ်သည် အထူးထူးအပြားပြားရှိကုန်သော တန်ခိုးတို့ကိုပြသဖြင့် တရားဟောပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ ကာလသိလာအရပ်၏ တောအုပ်သို့ကြွသွား၍ ပရိနိဗ္ဗာန်ပြုတော်မူလေ၏။

သူသတ်ခိုးသူနှင့် တိတ္ထိတို့ကို မီးလောင်တိုက်သွင်းခြင်း

“ရှင်မဟာမောဂ္ဂလာန်မထေရ်ကို ခိုးသူတို့သည် သတ်ကုန်သတတ်”ဟူသော ဤစကားသည်လည်း ဇမ္ဗူဒိပ်ကျွန်း တစ်ကျွန်းလုံး ပျံ့နှံ့လေ၏။ အဇာတသတ်မင်းသည် ခိုးသူတို့ကို ရှာဖွေအံ့သောအကျိုးငှာ သူလျှိုယောက်ျားတို့ကို စေလွှတ်လေ၏။ ထိုခိုးသူတို့သည်လည်း သေတင်းကုပ်၌ သေသောက်ကြကုန်သည်ရှိသော် တစ်ယောက်သောသူသည် တစ်ယောက်သောသူ၏ ကျောက်ကုန်းကို ရိုက်နှက်ကာ ပုတ်ခတ်လေ၏။ ထိုပုတ်ခတ်ခံရသော ယောက်ျားသည် ပုတ်ခတ်သောယောက်ျားကို ကြိမ်းမောင်းလျက် “ဟယ် ဆုံးမခက်သော သူယုတ်မာ- နင် အဘယ့်ကြောင့် ငါ့ကျောက်ကုန်းကို ပုတ်ခတ်ဘိသနည်း”ဟု ဆိုလေ၏။ “ဟယ် ခိုးသူပျက်- အသို့နည်း၊ နင်သည် ရှင်မဟာမောဂ္ဂလာန်မထေရ်ကို ရှေးဦးစွာ ပုတ်ခတ်ဘိ၏လော”ဟု မေးလျှင် “အသို့နည်း၊ ငါပုတ်ခတ်သောအဖြစ်ကို နင်မသိလေသလော”ဟု ဆိုလေ၏။ ဤသို့လျှင် “ငါပုတ်ခတ်သည်၊ ငါပုတ်ခတ်သည်”ဟု ဆိုကုန်သော ခိုးသူတို့၏စကားကို ကြားရလျှင် ထိုသူလျှိုယောက်ျားတို့သည် အလုံးစုံသော ထိုခိုးသူတို့ကိုဖမ်း၍ အဇာတသတ်မင်းကြီးအား လျှောက်ကြားကြလေကုန်၏။ အဇာတသတ် မင်းကြီးသည်လည်း ခိုးသူတို့ကို ခေါ်စေပြီးလျှင် “သင်တို့သည် ရှင်မဟာမောဂ္ဂလာန် မထေရ်ကို သတ်မိလေသလော”ဟု မေးစစ်တော်မူလေ၏။ “အရှင်မင်းကြီး- သတ်မိသည်မှန်လှပါ၏”ဟု လျှောက်တင်လေသော် “အဘယ်သူသည် သင်တို့ကို တိုက်တွန်း စေခိုင်းအပ်ကုန်သနည်း”ဟု မေးစစ်ပြန်လေ၏။ “အရှင်မင်းကြီး- အစေလက တိတ္ထိတက္ကတွန်းတို့သည် တိုက်တွန်းစေခိုင်းအပ်ပါကုန်၏”ဟု လျှောက်တင်လတ်သော် အဇာတသတ်မင်းသည် ယင်းတက္ကတွန်း ငါးရာတို့ကိုဖမ်းစေ၍ ခိုးသူငါးရာတို့နှင့် အတူတကွ မင်းရင်ပြင်၌ ချက်အတိုင်းအရှည်ရှိကုန်သော တွင်းတို့၌ စိုက်ထောင်မတ်တတ် မြှုပ်နှံစေပြီးလျှင် ကောက်ရိုးတို့ဖြင့် ဖုံးလွှမ်းစေသဖြင့် မီးတိုက်စေလေ၏။ ထိုအခါ ထိုတိတ္ထိတို့နှင့် ခိုးသူတို့၏ မီးလောင်သောအဖြစ်ကိုသိလျှင် သံထွန်ဖြင့်ထွန်စေလျက် အားလုံးတို့ကို အပိုင်းပိုင်းပြုစေလေ၏။

ရဟန်းတို့သည်လည်း တရားသဘင်၌ “ရှင်မဟာမောဂ္ဂလာန် မထေရ်သည် မိမိအား မလျောက်ပတ်သည်သာလျှင်ဖြစ်သော သေခြင်းသို့ ရောက်တော်မူရ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား လာတော်မူသောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်ကြားသည်ရှိသော် “ချစ်သားရဟန်းတို့- မောဂ္ဂလာန်သည် ဤအတ္တဘောအားသာလျှင် မိမိနှင့် မလျောက်ပတ်သော သေခြင်းသို့ ရောက်ရ၏၊ ရှေးဘဝ၌ ထိုမောဂ္ဂလာန်ပြုအပ်သော မကောင်းမှုကံနှင့်သော်ကား လျောက်ပတ်သောသေခြင်းကို ရလေ၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုရှင်မောဂ္ဂလာန်၏ ရှေး၌ပြုအပ်သော မကောင်းမှုကံသည်ကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်အပ်သည်ဖြစ်ရကား အကျယ်ချဲ့၍ ဟောကြားတော်မူလေ၏။

ရှင်မောဂ္ဂလာန်၏ အတိတ်ကံ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌နေသော တစ်ယောက်သော အမျိုးကောင်းသားသည် ကိုယ်တိုင်သာလျှင် မောင်းထောင်းခြင်း, ထမင်းချက်ခြင်း အစရှိသော အမှုတို့ကိုပြုလျက် မိခင်ဖခင်တို့ကို လုပ်ကျွေးသတတ်။ ထိုအခါ ထိုအမျိုးကောင်းသား၏ မိခင်ဖခင်တို့သည် ထိုအမျိုးကောင်းသားကို “ချစ်သား- သင်သည် တစ်ယောက်တည်းသာလျှင် အိမ်၌လည်းကောင်း, တော၌လည်းကောင်း အမှုကိုပြုရသဖြင့် ပင်ပန်းလှ၏။ သင့်အား တစ်ယောက်သော သတို့သမီးကို ဆောင်ယူကြကုန်အံ့”ဟု ဆိုလေလျှင် အမျိုးကောင်းသားသည် “မိခင်ဖခင်တို့- ကျွန်တော်အား ဤသို့ အိမ်ရာထောင်ခြင်းသဘောဖြင့် အလိုမရှိသေးပါ၊ ကျွန်တော်သည် သင်-မိခင်ဖခင်တို့ အသက်ရှည်သမျှကာလပတ်လုံး သင်-မိခင်ဖခင်တို့အား မိမိလက်ဖြင့် လုပ်ကျွေးပါမည်”ဟု ဆို၍ အမျိုးကောင်းသား ပယ်ရှားအပ်ကုန်ရကား အဖန်တလဲလဲ ထိုအမျိုးကောင်းသားကို တောင်းပန်၍ သတို့သမီးကို ဆောင်ယူထိမ်းမြားကြကုန်၏။ ထိုသတို့သမီးသည် နှစ်ရက်,သုံးရက်မျှပတ်လုံးသာလျှင် ထိုမိခင်ဖခင်တို့ကို ကောင်းစွာလုပ်ကျွေးသဖြင့် နောက်အဖို့၌ ထိုမိခင်ဖခင်တို့အား မြင်ခြင်းကိုမျှလည်း အလိုမရှိလတ်သည်ဖြစ်၍ “သင်၏ မိခင်ဖခင်တို့နှင့် အတူတကွ တစ်ခုတည်းသောအရပ်၌ နေခြင်းငှာ မတတ်နိုင်”ဟု စောင်းမြောင်းပြောဆိုလေရာ ထိုအမျိုးကောင်းသားသည် မိမိ၏စကားကို မယူသည်ရှိသော် ထိုအမျိုးကောင်းသား ပြင်ပသို့ သွားသောအခါ၌ သင်ပေါင်းလျှော်အပိုင်း အမှိုက်တို့ကိုလည်းကောင်း၊ ယာဂုမြှုပ်ကိုလည်းကောင်း ယူ၍ ထိုထိုအရပ်၌ကြဲလျက် ထိုအမျိုးကောင်းသား ပြန်ရောက်လာသဖြင့် “ဤအမှုကား အဘယ်အမှုနည်း”ဟု မေးအပ်သည်ရှိသော် “ထိုအမှုသည် ဤမျက်မမြင် အသက်ကြီးတို့၏ အမှုတည်း၊ အလုံးစုံသောအိမ်ကို ညစ်နွမ်းသည်ကိုပြုလျက် လှည့်လည်ကြကုန်၏။ ဤသက်ကြီး မျက်မမြင်တို့နှင့် အတူတကွ တစ်ခုတည်းသောအရပ်၌ နေခြင်းငှာ မတတ်နိုင်”ဟု ထိုမယားသည် အမျိုးကောင်းသားကို အဖန်တလဲလဲ ဆိုလေသည်ရှိသော် ဤသို့သဘောရှိသော ဖြည့်ဆည်းဖူးအပ်ပြီးသော အဂ္ဂသာဝက ပါရမီရှိသော အမျိုးကောင်းသားသော်မှလည်း မိခင်ဖခင်တို့နှင့် အတူတကွ ချစ်ခင်မြတ်နိုးသော မိတ်၏အဖြစ်သည် ပျက်စီးခဲ့လေသတည်း။

မိဘနှစ်ပါးကို ရိုက်နှက်သတ်ဖြတ်ခဲ့မှု

ထိုအမျိုးကောင်းသားသည် “ဤအတိုင်းဖြစ်ပါစေ၊ ထိုသက်ကြီး မျက်မမြင်တို့အား ပြုအပ်သောအမှုကို သိရပေတော့လတ္တံ့”ဟု ဆို၍ မိခင်ဖခင်တို့ကို ထမင်းကျွေးမွေးပြီးလျှင် “မိခင်ဖခင်တို့ ဤမည်သောအရပ်၌ သင်-မိခင်ဖခင်တို့၏ အဆွေအမျိုးတို့သည် လာရောက်ခြင်းကို တောင့်တကြပါကုန်၏။ ထိုအရပ်သို့ သွားကြကုန်အံ့”ဟု ဆို၍ မိဘတို့ကို ယာဉ်ထက်၌တင်ကာ ဆောင်ယူသွားသည်ရှိသော် တောအုပ်အလယ်သို့ ရောက်သောကာလ “ဖခင်- ကြိုးတို့ကို ကိုင်ထားကြပါ၊ နွားတို့သည် လှံတံအမှတ်ဖြင့် သွားကုန်လတ္တံ့၊ ဤအရပ်၌ ခိုးသူတို့သည် နေကုန်၏။ ကျွန်တော် သက်ဆင်းဦးအံ့”ဟု ဆို၍ ဖခင်၏လက်၌ ကြိုးတို့ကိုပေးသဖြင့် သက်ဆင်းကာသွားလျက် အသံကို ပြောင်းလွဲပြီးလျှင် ခိုးသူတို့ထသောအသံကို ပြုလ၏။ သက်ရွယ်ကြီးပြင်း အလင်းမရ မိနှင့်ဘတို့သည် အသံကိုကြားရလျှင် ခိုးယူတို့ထပြီဟူသော အမှတ်ဖြင့် “ငါတို့သားချစ်- ငါတို့ကား အိုမင်းပြီ၊ သင်သည် မိမိကိုယ်ကိုသာလျှင် စောင့်ရှောက်လေလော့”ဟု ဆိုကြလေကုန်၏။ ထိုအမျိုးကောင်းသားသည် မိခင်ဖခင်တို့ ထိုသို့သော အခြင်းအရာဖြင့် မြည်တမ်းကြကုန်သော်လည်း ခိုးသူသံကိုပြုလျက် ထောင်းထုရိုက်နှက်၍ သတ်ဖြတ်ပြီးလျှင် တောအုပ်၌ စွန့်ပစ်ပြီးမှ ပြန်လာခဲ့လေ၏။ မြတ်စွာဘုရားသည် ထိုရှင်မောဂ္ဂလာန်၏ ရှေး၌ပြုအပ်သော မကောင်းမှုကံကို ဟောတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- မောဂ္ဂလာန်သည် ဤမျှလောက်သော အကုသိုလ်ကံကိုပြုသောကြောင့် အသိန်းမက များပြားလှစွာသော နှစ်တို့ပတ်လုံး ငရဲ၌ကျက်ပြီးမှ အကျိုးကြွင်းအားဖြင့် အရာသော ကိုယ်၏အဖြစ်၌ ဤအတူသာလျှင် ထောင်းထုရိုက်နှက်ခြင်းကြောင့် မှုန့်မှုန့်ညက်ညက်ကြေလျက် သေခြင်းကိုရလေပြီ။ ဤသို့လျှင် မောဂ္ဂလာန်သည် မိမိကံအား လျော်စွာသာလျှင်ဖြစ်သော သေခြင်းကို ရအပ်ပြီ။ ငါးရာသော ခိုးသူတို့နှင့်တကွ ငါးရာသော တိတ္ထိတို့သည် မပြစ်မှားအပ်သော ငါ့သားတော် မောဂ္ဂလာန်၌ ပြစ်မှားမိခြင်းကြောင့် လျော်စွာသာလျှင်ဖြစ်သော သေခြင်းကို ရကြလေကုန်၏။ မပြစ်မှားအပ်သော၊ ဝါ၊ ပြစ်မှားခြင်းမရှိသောသူအား ပြစ်မှားသောသူသည် ဆယ်ပါးသော အကြောင်းတို့ဖြင့် အကျိုးမရှိသော ပျက်စီးခြင်းသို့ ရောက်ရသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

မပြစ်မှားသင့်သူ ပြစ်မှားက ဒဏ် ၁၀-ပါးထိနိုင်

֍ * [၁၃၇] ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေ၀ နိဂစ္ဆတိ။

֍ * [၁၃၈] ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ စ ဘေဒနံ။
ဂရုကံ ဝါပိ အာဗာဓံ၊ စိတ္တက္ခေပံဝ ပါပုဏေ။

֍ * [၁၃၉] ရာဇတော ဝါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနဉ္စ ဒါရုဏံ။
ပရိက္ခယံဝ ဉာတီနံ၊ ဘောဂါနံဝ ပဘင်္ဂုနံ။

֍ * [၁၄၀] အထ ဝါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။

ယော၊ အကြင်သူသည်။ အဒဏ္ဍေသု၊ ကာယဒဏ္ဍ စသည်မှ ကင်းကြကုန်သော။ အပ္ပဋ္ဌေသု၊ ဘယ်သူအားမျှ ပြစ်မှားခြင်းမပြုသော ပုဂ္ဂိုလ်တို့၌။ ဒဏ္ဍေန၊ ကိုယ်ဒဏ်စသည် ပေးခြင်းဖြင့်။ ဒုဿတိ၊ ပြစ်မှား၏။ သော၊ ထိုသူသည်။ ဒသန္နံ ဌာနာနံ၊ ဆယ်ပါးသော ဒုက္ခရောက်ကြောင်း ဒဏ်သင့်ခြင်းတို့တွင်။ အညတရံ၊ တစ်ပါးပါးသော။ ဌာနံ၊ ဒဏ်သင့်ခြင်းသို့။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ နိဂစ္ဆတိ၊ ရောက်တတ်၏။

ဖရုသံ၊ ကြမ်းကြုတ်သော။ ဝေဒနံ၊ ဦးခေါင်းနာစသော ဆင်းရဲဝေဒနာသို့လည်းကောင်း။ ဇာနိံ၊ ငြိုငြင်စွာရအပ်သော ဥစ္စာ၏ ဆုံးရှုံးခြင်းသို့လည်းကောင်း။ သရီရဿ၊ လက်,ခြေစသော ကိုယ်၏။ ဘေဒနံ ဝါ၊ ပျက်စီးခြင်းသို့လည်းကောင်း။ ဂရုကံ၊ ကြီးလေးသော။ အာဗာဓံ ဝါပိ၊ ခြေလက်ကွေးခြင်း, ဆွံ့ခြင်းစသော အနာနှိပ်စက်ခြင်းသို့လည်းကောင်း။ စိတ္တက္ခေပံ ဝါ၊ စိတ်ပျံ့လွင့်၍ ရူးသွပ်ခြင်းသို့လည်းကောင်း။ ပါပုဏေ၊ ရောက်ရာ၏။

ရာဇတော၊ မင်းမှ။ ဥပသဂ္ဂံ ဝါ၊ စည်းစိမ်ပျက်ချော ရာထူးလျောခြင်းစသော ဘေးသို့လည်းကောင်း။ ဒါရုဏံ၊ ကြမ်းကြုတ်သော။ အဗ္ဘက္ခာနံ ဝါ၊ သမုတ်တလွဲ စွပ်စွဲခံရခြင်းသို့လည်းကောင်း။ ဉာတီနံ၊ အားထားလောက်သော ဆွေမျိုးတို့၏။ ပရိက္ခယံ ဝါ၊ ကုန်ပျောက်ပြုန်းတီး ပျက်စီးခြင်းသို့လည်းကောင်း။ ဘောဂါနံ၊ ပစ္စည်း ဥစ္စာတို့၏။ ပဘင်္ဂုနံ ဝါ၊ ပျက်စီးခြင်းသို့လည်းကောင်း။ ပါပုဏေ၊ ရောက်ရာ၏။

အထ၊ ထိုမှတစ်ပါး။ အဿ၊ ထိုသူ၏။ အဂါရာနိ၊ အိမ်တို့ကို။ အဂ္ဂိ ဝါ၊ ပကတိမီး, မိုးကြိုးမီးသည်လည်းကောင်း။ ပါဝကော၊ အလိုလိုထလောင်သော မီးသည်လည်းကောင်း။ ဍဟတိ၊ လောင်၏။ ဒုပ္ပညော၊ ပညာမရှိသော။ သော၊ ထိုဒဏ်ဆယ်ပါး တစ်ပါးပါးသင့်ပြီးသောသူသည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ နိရယံ၊ ငရဲသို့။ ဝါ၊ ငရဲ၌။ ဥပပဇ္ဇတိ၊ ကျရောက်တတ် ဖြစ်တတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ရှင်မဟာမောဂ္ဂလာန်မထေရ်ဝတ္ထုပြီး၏။

֍ * ၈။ ဗဟုဘဏ္ဍိကရဟန်းဝတ္ထု

န နဂ္ဂစရိယာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များသော အသုံးအဆောင် ဘဏ္ဍာရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူကြွယ်ရဟန်း ကိုယ်ရုံစွန့်၍ အရွဲ့တိုက်နေပုံ

သာဝတ္ထိပြည်၌နေသော တစ်ယောက်သောသူကြွယ်သည် မယားသေလွန်သည့်အဖြစ်ကြောင့် ရဟန်းပြုသတတ်။ ထိုသူကြွယ်သည် ရဟန်းပြုလိုလတ်သည်ရှိသော် မိမိ၏နေစရာ ကျောင်းပရိဝုဏ်ကိုလည်းကောင်း၊ မီးတင်းကုပ်ကိုလည်းကောင်း၊ ဘဏ္ဍာတိုက်ကိုလည်းကောင်း ပြုစေပြီးလျှင် ဘဏ္ဍာတိုက်တစ်ခုလုံးကိုလည်း ဆီ,ထောပတ် အစရှိသည်တို့ဖြင့် ပြည့်စေပြီးမှ ရဟန်းပြုလေ၏။ ရဟန်းပြုပြီးသော်ကား မိမိ၏ကျေးကျွန်တို့ကို ခေါ်စေပြီးလျှင် အလိုရှိတိုင်း အစာအာဟာရကို ချက်စေ၍ သုံးဆောင်လေ၏။ များသော အသုံးအဆောင် ဘဏ္ဍာလည်းရှိ၏။ များသော ပရိက္ခရာလည်းရှိ၏။ ညဉ့်၌ ဝတ်ရုံသောသင်္ကန်း တခြားဖြစ်၏။ နေ့၌ ဝတ်ရုံသောသင်္ကန်း တခြားဖြစ်၏။ နေ့အခါ အသီးအခြား အစွန်အဖျားဖြစ်သောကျောင်း၌ နေ၏။ တစ်နေ့သ၌ ထိုဗဟုဘဏ္ဍိကရဟန်း၏ သင်္ကန်း,အိပ်ရာခင်းတို့ကို နေပူလှန်းစဉ် ကျောင်းစဉ် ဒေသစာရီ လှည့်လည်ကြကုန်သော ရဟန်းတို့သည် မြင်ရလျှင် “ငါ့ရှင်တို့- ဤသင်္ကန်း အိပ်ရာခင်းတို့ကား အဘယ်သူ၏ သင်္ကန်း အိပ်ရာခင်းတို့နည်း”ဟု မေးသောကြောင့် “တပည့်တော်၏သင်္ကန်း အိပ်ရာခင်းတို့ပါတည်း”ဟု ဆိုသည်ရှိသော် “ငါ့ရှင်- မြတ်စွာဘုရားသည် သင်္ကန်းသုံးထည်တို့ကို ခွင့်ပြုတော်မူအပ်ကုန်၏။ သင်သည် အလိုနည်းသော ဘုရားရှင်၏ သာသနာတော်၌ ရဟန်းပြုလျက် ဤသို့သော ပရိက္ခရာရှိသည်ဖြစ်ဘိ၏”ဟု ဆို၍ ထိုဗဟုဘဏ္ဍိက ရဟန်းကို မြတ်စွာဘုရား၏အထံတော်သို့ ခေါ်ဆောင်၍ “မြတ်စွာဘုရား- ဤရဟန်းသည် အလွန်များသော ဘဏ္ဍာရှိပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း “ချစ်သားရဟန်း- သင်သည် အဘယ့်ကြောင့် ငါ့ဘုရား အလိုနည်းစေခြင်းငှာ တရားဟောအပ်လျက် ဤသို့ များသောဘဏ္ဍာရှိသည် ဖြစ်ဘိသနည်း”ဟု မိန့်တော်မူလေ၏။ ထိုဗဟုဘဏ္ဍိက ရဟန်းသည် ထိုမျှလောက်ဖြင့် အမျက်ထွက်သည်ဖြစ်၍ “ယခုအခါ ဤသို့သောနည်းဖြင့် ကျင့်ပါတော့မည် ဘုရား”ဟု ဆိုလျက် ကိုယ်ရုံသင်္ကန်းကိုစွန့်၍ ပရိသတ်အလယ်၌ တစ်ထည်သော သင်္ကန်းသာရှိသဖြင့် ရပ်နေလေ၏။ ထိုအခါ ဗဟုဘဏ္ဍိကရဟန်းကို မြတ်စွာဘုရားသည် ထောက်ပံ့တော်မူလျက် “ချစ်သားရဟန်း- သင်သည် ရှေးအခါ၌ ဟိရိဩတ္တပ္ပကို ရှာမှီးဖူး၏။ ရေစောင့်ဘီလူးဖြစ်သော ကာလ၌သော်လည်း ဟိရိဩတ္တပ္ပကို ရှာမီးလျက် တစ်ဆယ့်နှစ်နှစ်တို့ကာလပတ်လုံး နေဖူး၏။ အဘယ့်ကြောင့် ယခုအခါ အလေးအမြတ်ပြုအပ်သော ဘုရားရှင်သာသနာတော်၌ ရဟန်းပြုလျက် ပရိသတ်လေးပါးအလယ်၌ ကိုယ်ရုံသင်္ကန်းကို စွန့်ပစ်သဖြင့် ဟိရိဩတ္တပ္ပကို ပယ်စွန့်လျက် ရပ်နေဘိသနည်း”ဟု မိန့်တော်မူလေ၏။ ထိုဗဟုဘဏ္ဍိကရဟန်းသည် မြတ်စွာဘုရား၏ စကားတော်ကို ကြားရလျှင် ရှက်ကြောက်ခြင်း ဟိရိဩတ္တပ္ပကို ဖြစ်စေသဖြင့် ထိုသင်္ကန်းကိုရုံ၍ မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ်လျောက်ပတ်သောအရပ်၌ နေလေ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်ရှားစွာ ဖြစ်စိမ့်သောငှာ မြတ်စွာဘုရားကို လျှောက်ထား တောင်းပန်ကြကုန်၏။ ဘုရားရှင်သည် လွန်လေပြီးသော အတိတ်ကိုဆောင်၍ ဟောကြားတော်မူလေ၏။

မင်းသားသုံးယောက် တိုင်းပြည်မှ ထွက်သွားရခြင်း

လွန်လေပြီးသောအခါ ဗာရဏသီမင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားကြီး ဝမ်းတိုက်၌ ဘုရားအလောင်း ပဋိသန္ဓေတည်နေ စွဲယူလေသတတ်။ ထိုဘုရားလောင်းကို အမည်မှည့်အံ့သောနေ့၌ မဟိံသမင်းသားဟူသောအမည်ကို မှည့်ကြလေကုန်၏။ ထိုမဟိံသမင်းသား၏ ညီတော်သည် စန္ဒမင်းသား အမည်ရှိလေ၏။ ထိုမင်းသားတို့၏မယ်တော် နတ်ရွာလားသည်ရှိသော် မင်းကြီးသည် တစ်ပါးသော မိဖုရားငယ်ကို မိဖုရားကြီးအရာ၌ ထားလေ၏။ ထိုမိဖုရားသည်လည်း သားတော်ကို ဖွားမြင်သန့်စင်လေ၏။ သူရိယမင်းသားဟု ထိုမင်းသား၏အမည်ကို မှည့်ကြလေကုန်၏။ ထိုသူရိယမင်းသားကိုမြင်ရလျှင် မင်းကြီးသည် ကြည်လင်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ “သင်၏ သားတော်အလို့ငှာ ဆုတော်ကို ငါပေးမည်”ဟု ဆိုလေ၏။ မိဖုရားကြီးသည်လည်း “အရှင်မင်းကြီး- အလိုရှိသောကာလ၌ ယူပါမည်ဘုရား”ဟု လျှောက်တင်၍ အရွယ်သို့ ရောက်သောကာလ၌ မင်းကြီးကို “အရှင်မင်းကြီး- ဘုရားနှမ၏သားတော် ဖွားသန့်စင်သောကာလ၌ ဆုတော်ကို ပေးပါသည်။ ယခုအခါ ဘုရားနှမ၏သားတော်အား ပြည်စည်းစိမ်ကို ပေးတော်မူပါဘုရား”ဟု လျှောက်ကြား သံတော်ဦးတင်လေ၏။ မင်းကြီးသည် “ငါ၏သားတော် နှစ်ယောက်တို့ကား မီးပုံကြီးကဲ့သို့ တောက်ပကုန်လျက် သွားလာလှည့်လည်ကြကုန်၏။ ထိုသူရိယမင်းသားငယ်အား ပြည်စည်းစိမ်ကို ပေးခြင်းငှာ မတတ်နိုင်”ဟု ဆို၍ ပယ်သော်လည်း ထိုမိဖုရားသည် အဖန်တလဲလဲ တောင်းသည်ကိုသာလျှင် မြင်ရ၍ “ဤမိဖုရားသည် သားတော်ကြီးတို့၏ အကျိုးမရှိခြင်းကိုလည်း ပြုရာ၏”ဟု သားတော်တို့ကို ခေါ်စေ၍ “ချစ်သားတို့- ငါကား သူရိယမင်းသား ဖွားမြင်သောကာလ၌ ဆုတော်ကို ပေးမိ၏။ ယခုအခါ ထိုသူရိယမင်းသား၏ မယ်တော်သည် ပြည်စည်းစိမ်ကို တောင်း၏၊ ငါကား ထိုသူရိယမင်းသားအား ပေးခြင်းငှာ အလိုမရှိ၊ ထိုသူရိယမင်းသား၏ မယ်တော်သည် သင်ချစ်သားတို့၏ အကျိုးမရှိခြင်းကိုလည်း ပြုရာ၏၊ သွားလေကုန်၊ သင်တို့သည် တော၌နေ၍ ငါလွန်သောအခါမှ ပြန်လာသဖြင့် ပြည်စည်းစိမ်ကို ယူရစ်ကြကုန်လော့”ဟု ဆို၍ လွှတ်လိုက်လေ၏။ ထိုမင်းသားတို့သည်လည်း ဖခမည်းတော်ကို ရှိခိုး၍ ပြာသာဒ်မှ ဆင်းသက်သည်ရှိသော် မင်းရင်ပြင်၌ ကစားလျက်နေသော သူရိယမင်းသားသည် မြင်လတ်၍ ထိုအကြောင်းကိုသိလျှင် နောင်တော်တို့နှင့် အတူတကွသာလျှင် ထွက်လိုက်လေ၏။ ထိုမင်းသားတို့ ဟိမဝန္တာသို့ ဝင်သောအခါကာလ၌ ဘုရားလောင်းသည် ခရီးမှဖဲ၍ အမှတ်မရှိသော သစ်ပင်ရင်း၌နေပြီးလျှင် သူရိယမင်းသားကို “အမောင် ညီတော်ချစ်- ဤအိုင်သို့ သွားသဖြင့် ရေချိုး၍လည်းကောင်း၊ သောက်၍လည်းကောင်း ငါတို့အလို့ငှာလည်း ပဒုမာကြာဖက်တို့ဖြင့် ရေကို ဆောင်ခဲ့ချေလော့”ဟု ဆိုလေ၏။

မင်းသားတို့ကို ရေစောင့်ဘီလူးဖမ်းခြင်း

ထိုအိုင်သည်ကား ဝေဿဝဏ်နတ်မင်း၏အထံမှ ရေစောင့်ဘီလူးတစ်ယောက် အပိုင်စားရအပ်သော အိုင်ဖြစ်၏။ ဝေဿဝဏ် နတ်မင်းသည်လည်း ထိုဘီလူးကို “ဒေဝဓမ္မတရားသိကုန်သော သူတို့ကိုသာလျှင် ဖယ်ထား၍ မသိကုန်သော သူတို့သည် ဤရေအိုင်သို့ ဆင်းသက်ကြကုန်သည်ဖြစ်အံ့၊ ထိုသူတို့ကို စားခြင်းငှာ သင်ရ၏”ဟု ဆိုလေ၏။ ထိုအခါမှစ၍ ဘီလူးသည် ထိုအိုင်သို့ ဆင်းကုန်,ဆင်းကုန်သောသူတို့ကို ဒေဝဓမ္မတရားတို့ကို မေးသဖြင့် မသိသောသူတို့ကိုစား၏။ သူရိယမင်းသားသည်လည်း ထိုအိုင်သို့ မစူးစမ်း မဆင်ခြင်မူ၍သာလျှင် ဆင်းသက်မိလေ၏။ ဘီလူးသည် “ဒေဝဓမ္မတရားတို့ကို သင်သိသလော”ဟု မေးအပ်သည်ရှိသော် “ဒေဝဓမ္မတရားမည်သည်ကား လနှင့် နေတည်း”ဟု ဖြေဆိုလေ၏။ ထိုအခါ ထိုသူရိယမင်းသားကို “သင်သည် ဒေဝဓမ္မတရားတို့ကို မသိ”ဟု ရေထဲသို့သွင်း၍ မိမိ၏ဗိမာန်၌ ထားလေ၏။ ဘုရားလောင်း မဟိံသမင်းသားသည်လည်း ထိုသူရိယမင်းသား ကြာမြင့်သည်ကို မြင်သိရလျှင် ညီတော် စန္ဒမင်းသားကို စေပြန်လေ၏။ ထိုစန္ဒမင်းသားကိုလည်း ဘီလူးသည် “ဒေဝဓမ္မတရားတို့ကို သိ၏လော”ဟု မေးပြန်သည်ရှိသော် “ဒေဝဓမ္မတရား မည်သည်ကား အရပ်လေးမျက်နှာတည်း”ဟု ဖြေဆိုလေ၏။ ရေစောင့်ဘီလူးသည်လည်း ထိုစန္ဒမင်းသားကို ရေထဲသို့သွင်း၍ ထို့အတူသာလျှင် ထားလေ၏။ ဘုရားလောင်းသည်လည်း ထိုစန္ဒမင်းသား ကြာမြင့်လတ်သည်ရှိသော် အန္တရာယ်ဖြစ်တန်ရာ၏ဟု ကိုယ်တိုင်သွား၍ နှစ်ယောက်သော ညီတော်တို့၏လည်း သက်ဆင်းသော ခြေရာကိုသာမြင်ရလျှင် “ဤအိုင်ကို ဘီလူးသိမ်းဆည်းအပ်၏”ဟု သိသဖြင့် သန်လျက်ကိုဖွဲ့လျက် ရပ်လေ၏။ ဘီလူးသည် ထိုမဟိံသမင်းသား မသက်ဆင်းသည်ကိုမြင်ရလျှင် တောအမှုလုပ် ယောက်ျားအသွင်ဖြင့် လာလတ်၍ “အိုယောက်ျား- သင်သည် ခရီးပင်ပန်းလျက် အဘယ့်ကြောင့် ဤအိုင်သို့ သက်ဆင်းကာ ရေချိုး၍လည်းကောင်း၊ သောက်၍လည်းကောင်း၊ ကြာစွယ်ကြာရင်းကို စားလျက် ပန်းတို့ကို ပန်ဆင်လျက် မသွားဘိသနည်း”ဟု ဆိုလေ၏။ ဘုရားလောင်းသည် ထိုယောက်ျားကို မြင်ကတည်းက “ဤသူကား ထိုဘီလူးတည်း”ဟု သိသဖြင့် “သင်သည် ငါ၏ညီတော်တို့ကို ဖမ်းယူအပ်သလော”ဟု မေးလေ၏။ “ငါသည် ဖမ်းယူသည်မှန်၏”ဟု ဆိုလတ်သော် “အဘယ့်ကြောင့် ဖမ်းယူသနည်း”ဟု မေးပြန်၏။ “ငါကား ဤအိုင်သို့ဆင်းကုန်သော ဆင်းကုန်သောသူတို့ကို ရ၏”ဟု ဆိုလတ်သော် “အသို့နည်း၊ အလုံးစုံသော သူတို့ကိုပင် သင်ရလေသလော”ဟု မေးပြန်လေ၏။ “ဒေဝဓမ္မတရားတို့ကို သိကုန်သောသူတို့ကို ဖယ်ထား၍ ကြွင်းကုန်သောသူတို့ကို ရ၏”ဟု ဆိုလတ်သော် “သင့်အား ဒေဝဓမ္မတရားတို့ဖြင့် အလိုရှိသလော”ဟု မေးလေ၏။ “အလိုရှိသည် မှန်၏”ဟုဆိုလတ်သော် “ငါဟောကြားပေအံ့”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ ဟောပါလော့”ဟု ဆိုလတ်သော် “ညစ်နွမ်းသောကိုယ်ရှိသဖြင့် ဟောခြင်းငှာ မတတ်နိုင်”ဟု ဆိုလေ၏။

ဒေဝဓမ္မတရား

ဘီလူးသည် ဘုရားလောင်းကို ရေချိုးစေ၍ ရေကိုသောက်စေပြီးမှ တန်ဆာဆင်စေ၍ တန်ဆာဆင်အပ်သော မဏ္ဍပ်အလယ်၌ ပလ္လင်သို့တင်ပြီးလျှင် မိမိသည် ထိုဘုရားလောင်း၏ခြေရင်း၌ နေလေ၏။ ထိုအခါ ဘီလူးကို ဘုရားလောင်းသည် “ရိုသေစွာ နာလေလော့”ဟု ဆို၍ ဤဂါထာကို ဟောလေ၏။

ဟိရိဩတ္တပ္ပသမ္ပန္နာ၊ သုက္ကဓမ္မသမာဟိတာ။
သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ။

ဟိရိဩတ္တပ္ပသမ္ပန္နာ၊ အရှက်အကြောက်နှင့် ပြည့်စုံကြကုန်သော။ သုက္ကဓမ္မသမာဟိတာ၊ ဖြူစင်သောတရားကို ဆောက်တည်ကြကုန်သော။ သန္တော၊ ကာယကံမှုစသည် ငြိမ်သက်ကြကုန်သော။ သပ္ပုရိသာ၊ သူတော်ကောင်းတို့ကို။ လောကေ၊ လောကသုံးပါး၌။ ဒေဝဓမ္မာတိ၊ ဒေဝဓမ္မတို့ဟူ၍။ ဝုစ္စရေ၊ ဆိုအပ်ကုန်၏။

ဘုရားလောင်းနှင့် ဘီလူး အပြန်အလှန်ဆွေးနွေး

ဘီလူးသည် ဤတရားဒေသနာကို ကြားနာရလျှင် ကြည်ညိုလှသည်ဖြစ်၍ ဘုရားလောင်းကို “ပညာရှိသုခမိန်- ကျွန်ုပ်သည် သင်သုခမိန်အား နှစ်သက်ကြည်ညိုလှပါ၏။ ညီတော်တစ်ယောက်ကို ပေးပါမည်။ အဘယ်ညီတော်ကို ဆောင်ခဲ့ရပါအံ့နည်း”ဟု မေးလေ၏။ “ညီငယ်ဖြစ်သော သူရိယမင်းသားကို ဆောင်ခဲ့ပါလော့”ဟု ဆိုလျှင် “ပညာရှိသုခမိန်- သင်ကား သက်သက် ဒေဝဓမ္မတရားတို့ကို သိရုံသာသိဘိ၏။ ထိုသို့သိသော်လည်း သင်သည် ဒေဝဓမ္မတရားတို့၌ မကျင့်လတ္တံ့”ဟု ဆိုလေ၏။ “အကြောင်းကား အဘယ်နည်း”ဟု ဆိုသည်ရှိသော် “ညီတော်အကြီးကိုထား၍ ညီတော်အငယ်ကို ဆောင်ယူစေအပ်သော သင်သည် ကြီးသောသူအား အလေးအမြတ်ပြုအပ်သောအမှုကို မပြုဘိ၏”ဟု ဆိုလေ၏။ “ဒကရက္ခိုသ်ဘီလူး- အကျွန်ုပ်သည် ဒေဝဓမ္မတရားတို့ကို သိပါသည်။ ထိုဒေဝဓမ္မတရားတို့၌လည်း ကျင့်ပါသည်”ဟု ဆို၍ “အကျွန်ုပ်တို့သည် ထိုညီတော်အငယ်ကိုမှီ၍ ဤတောသို့ ဝင်လာကြရပါသည်။ ထိုမင်းသား၏အကျိုးငှာ အကျွန်ုပ်တို့၏ ဖခမည်းတော်ကို မင်းသားငယ်၏မယ်တော်သည် ပြည်စည်းစိမ်ကို တောင်းပါသည်။ အကျွန်ုပ်တို့အားလည်း ထိုဆုတော်ကို မပေးမူ၍ အကျွန်ုပ်တို့ကို စောင့်ရှောက်ခြင်းငှာ တော၌နေခြင်းကို ခွင့်ပြုတော်မူပါသည်။ ထိုမင်းသားငယ်သည် မပြန်လည်မူ၍ အကျွန်ုပ်တို့နှင့်အတူတကွ လိုက်ပါလာသည်။ ထိုမင်းသားငယ်ကို တော၌ ဘီလူးတစ်ယောက် စားပြီဟု ဆိုသော်လည်း တစ်စုံတစ်ယောက်သောသူသည် မယုံကြည်ပါလတ္တံ့။ ထို့ကြောင့် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းဘေးမှ ကြောက်လှသောကြောင့် ထိုမင်းသားငယ်ကိုသာလျှင် ဆောင်ယူစေပါ၏”ဟု ဆိုလေ၏။ ဘီလူးသည် ဘုရားလောင်းအား ကြည်ညိုပြန်၍ “ပညာရှိသုခမိန် ကောင်းလှပါပေ၏။ သင်သည်သာလျှင် ဒေဝဓမ္မတရားတို့ကို သိပေ၏”ဟု ဆိုပြီးလျှင် ညီတော်နှစ်ယောက်တို့ကိုဆောင်၍ ပေးလေ၏။ ထိုအခါ ဘီလူးကို ဘုရားလောင်းသည် ဘီလူး၏အဖြစ်၌ အပြစ်ကို ဟောကြားပြောဆို၍ ငါးပါးသီလတို့၌ တည်စေလေ၏။

မင်းဖြစ်သောအခါ ဘီလူးအား ချီးမြှောက်ခြင်း

မဟိံသမင်းသားသည် ထိုရက္ခိုသ်ဘီလူး စီရင်အပ်သော စောင့်ရှောက်ခြင်းရှိသည်ဖြစ်၍ ထိုတော၌သာလျှင်နေလျက် ဖခမည်းတော် နတ်ရွာလားသည်ရှိသော် ဘီလူးကိုခေါ်၍ ဗာရာဏသီပြည်သို့ သွားသဖြင့် ပြည်စည်းစိမ်ကို သိမ်းပိုက်လျက် စန္ဒမင်းသားအား အိမ်ရှေ့မင်းအဖြစ်၊ သူရိယမင်းသားအား စစ်သူကြီးအရာကို ပေးပြီးလျှင် ဘီလူးအား မွေ့လျော်ဖွယ်ဖြစ်သောအရပ်၌ နေရာနတ်ကွန်းကို ဆောက်လုပ်စေ၍ အကြင်အခြင်းအရာဖြင့် ထိုလာဘ်သပ်ပကာ ပြန့်ပြောခြင်းသို့ ရောက်သည်ဖြစ်၏။ ထိုအခြင်းအရာဖြင့် ပြုလေ၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို အောင်တော်မူပြီးလျှင် ထိုအခါ ရေစောင့်ဘီလူးသည် ပရိက္ခရာများသော ရဟန်းဖြစ်လာ၏။ သူရိယမင်းသားသည် အာနန္ဒာဖြစ်လာ၏။ စန္ဒမင်းသားသည် သာရိပုတြာဖြစ်လာ၏၊ မဟိံသမင်းသည်ကား ငါဘုရားသာလျှင် ဖြစ်တော်မူလာ၏ဟု ဇာတ်ကိုပေါင်းတော်မူလေ၏။ ဤသို့လျှင် ဘုရားရှင်သည် (ဧကနိပါတ် ၁-အပဏ္ဏကဝဂ်၌ ၆-ဒေဝဓမ္မ) ဇာတ်တော်ကို ဟောကြားတော်မူ၍ “ချစ်သားရဟန်း- ဤသို့လျှင် သင်သည် ရှေးအခါ၌ ဒေဝဓမ္မတို့ကို ရှာမှီးလျက် အရှက်အကြောက်နှင့် ပြည့်စုံစွာ သွားလာလှည့်လည်ပြီးလျှင် ယခုအခါ ပရိသတ်လေးပါးအလယ်၌ ဤသင်္ကန်းတစ်ထည်ကို ဆောင်သောနည်းဖြင့် ရပ်လျက် ငါဘုရား၏ရှေ့တော်၌ အလိုနည်းသောသူ ဖြစ်ပါတော့မည်ဟုဆိုသော သင်ချစ်သားသည် မသင့်သောအမှုကို ပြုဘိ၏။ အဝတ်သင်္ကန်းကို ပယ်စွန့်ခြင်း အစရှိသည်မျှဖြင့် ရဟန်းမည်သည် မဖြစ်သေး”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၄၁] န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ၊ နာနာသကာ ထဏ္ဍိလသာယိကာ ဝါ။
ရဇောဇလ္လံ ဥက္ကုဋိကပ္ပဓာနံ၊ သောဓေန္တိ မစ္စံ အဝိတိဏ္ဏကင်္ခံ။

အဝိတိဏ္ဏကင်္ခံ၊ မကူးမြောက်နိုင်သေးသော ယုံမှားခြင်းရှိသော။ မစ္စံ၊ သတ္တဝါကို။ နဂ္ဂစရိယာ၊ အဝတ်မဆီး အချည်းနှီးကျင့်သော အကျင့်တို့သည်။ န သောဓေန္တိ၊ စင်ကြယ်အောင် မသုတ်သင်နိုင်ကြကုန်။ ဇဋာ၊ ဆံကျစ်တို့သည်။ န သောဓေန္တိ၊ မသုတ်သင်နိုင်ကြကုန်။ ပင်္ကာ၊ ရွံ့ညွန်အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်။ န သောဓေန္တိ၊ မသုတ်သင်နိုင်ကြကုန်။ အနာသကာ၊ အစာကိုဖြတ်၍ အငတ်ကျင့်ခြင်းတို့သည်။ န သောဓေန္တိ၊ မသုတ်သင်နိုင်ကြကုန်။ ထဏ္ဍိလသာယိကာ ဝါ၊ မြေ၌အိပ်၍ ကျင့်ခြင်းတို့သည်။ န သောဓေန္တိ၊ မသုတ်သင်နိုင်ကြကုန်။ ရဇောဇလ္လံ၊ လိမ်းကျံအပ်သော မြူညစ်ကြေးသည်။ န သောဓေတိ၊ မသုတ်သင်နိုင်။ ဥက္ကုဋိကပ္ပဓာနံ၊ ဆောင့်ကြောင့်ထိုင်၍ အားထုတ်ခြင်းသည်။ န သောဓေတိ၊ မသုတ်သင်နိုင်။ (မှားသောအကျင့်ဖြစ်၍ ကိုယ်ပင်ပန်းခြင်းအဖို့သာ ရှိ၏ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဗဟုဘဏ္ဍိကရဟန်းဝတ္ထု ပြီး၏။

֍ * ၉။ သန္တတိအမတ်ကြီးဝတ္ထု

အလင်္ကတော စေပိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သန္တတိအမတ်ကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရက်မူးနေသူကို ရဟန္တာဖြစ်အံ့ဟု မိန့်ခြင်း

ထိုသန္တတိအမတ်ကြီးသည် တစ်ခုသောကာလ၌ ပသေနဒီ ကောသလမင်းကြီး၏ သောင်းကျန်းပုန်ကန်သော ပစ္စန္တရစ်ရွာကို ငြိမ်းစေ၍ ပြန်လာလေ၏။ ထိုအခါ ထိုအမတ်ကြီးအား မင်းကြီးသည် နှစ်သက်အပ်သည်ဖြစ်၍ ခုနစ်ရက်တို့ပတ်လုံး ပြည်စည်းစိမ်ကိုပေး၍ ကခြင်း,သီခြင်း၌ လိမ္မာသော မိန်းမတစ်ယောက်ကိုလည်း ပေးလေ၏။ ထိုအမတ်ကြီးသည် ခုနစ်ရက်တို့ပတ်လုံး သေရည်မူးယစ်သည်ဖြစ်၍ ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်သဖြင့် မြတ်သော ဆင်ကျောက်ကုန်း၌နေလျက် ရေချိုးဆိပ်သို့ သွားသည်ရှိသော် ဆွမ်းအလို့ငှာ ကြွဝင်လာသော မြတ်စွာဘုရားကို တံခါးအကြား၌ မြင်ရလျှင် မြတ်သော ဆင်ကျောက်ကုန်းထက်၌ တည်လျက် ဦးခေါင်းကိုလှုပ်၍ ရှိခိုးလေ၏။ မြတ်စွာဘုရားလည်း ပြုံးခြင်းကို ပြုတော်မူသောကြောင့် “ပြုရာ၌ အကြောင်းကား အဘယ်ပါနည်းဘုရား”ဟု အာနန္ဒာမထေရ် မေးအပ်သည်ရှိသော် ပြုံးတော်မူသော အကြောင်းကို ဟောကြားတော်မူလိုသော မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- သန္တတိအမတ်ကြီးကို ကြည့်ရှုလော့၊ ယနေ့ပင်လျှင် အလုံးစုံသောတန်ဆာဖြင့် တန်ဆာဆင်လျက် ငါဘုရား၏အထံတော်သို့ လာလတ်၍ လေးပုဒ်ရှိသော ဂါထာ၏အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ထန်းခုနစ်ဆင့် ပမာဏမြင့်သော ကောင်းကင်၌ နေထိုင်လျက် ပရိနိဗ္ဗာန်ပြုရပေလတ္တံ့”ဟု မိန့်တော်မူလေ၏။

မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိတို့၏အကြံ

လူများအပေါင်းသည် ရှင်အာနန္ဒာမထေရ်နှင့်တကွ စကားဆိုသော မြတ်စွာဘုရား၏ စကားတော်ကို ကြားရလေ၏။ ထိုလူများအပေါင်းတို့တွင် မှားသော အယူအမြင်ရှိကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် “ရဟန်းဂေါတမ၏ အမူအရာကို ကြည့်ရှုကြကုန်လော့၊ ပါးစပ်ဖျားမျှဖြင့်သာလျှင် ပြောဆိုလေ့ရှိ၏။ ယနေ့ ဤသန္တတိအမတ်သည် သေရည်ယစ်မူးလျက် တန်ဆာဆင်မြဲတိုင်းသာလျှင် ထိုရဟန်းဂေါတမ၏အထံတော်၌ တရားကိုကြားနာ၍ ပရိနိဗ္ဗာန်ပြုရပေလတ္တံ့ဟု မိန့်တော်မူ၏။ ယနေ့ပင်လျှင် ထိုရဟန်းဂေါတမကို မုသာဝါဒဖြင့် စွပ်စွဲနှိပ်စက်ကြကုန်စို့အံ့”ဟု ကြံစည်ကြကုန်၏။ ကောင်းသောအယူ အမြင်ရှိကုန်သော သမ္မာဒိဋ္ဌိတို့သည် “မြတ်စွာဘုရားတို့၏ မြတ်သောအာနုဘော်သည် အံ့သြဖွယ်ရှိပေစွ၊ ယနေ့ မြတ်စွာဘုရား၏ တင့်တယ်ခြင်းကိုလည်းကောင်း၊ သန္တတိအမတ်ကြီး၏ တင့်တယ်ခြင်းကိုလည်းကောင်း ရှုမြင်အံ့သောငှာ ရကြပေကုန်လတ္တံ့”ဟု ကြံစည်မိကြကုန်၏။

သန္တတိအမတ်ကြီး ဒုက္ခတွေ့ပုံ

သန္တတိအမတ်ကြီးသည်လည်း ရေချိုးဆိပ်၌ နေ့အဖို့ပတ်လုံး ရေကစားခြင်းကို ကစား၍ ဥယျာဉ်သို့သွားပြီးလျှင် သေသောက်ရာ မြေအပြင်၌ နေလေ၏။ ထိုကချေသည် မိန်းမသည်လည်း သဘင်အလယ်သို့ သက်ဝင်၍ ကခြင်း,သီခြင်းကို ပြအံ့သောငှာ အားထုတ်လေ၏။ ထိုမိန်းမသည် ကိုယ်၏တင့်တယ်ခြင်းကို ပြခြင်းငှာ ခုနစ်ရက်ပတ်လုံး နည်းသောအစာရှိသည်၏အဖြစ်ကြောင့် ထိုနေ့၌ ကခြင်း,သီချင်းကိုပြစဉ် ဝမ်းတွင်း၌ ဓားငယ်နှင့်တူသော လေသင်တုန်းတို့သည် ထ၍ နှလုံးသားကို ခွဲဖြတ်လျက်သွားလေ၏။ ထိုကချေသည်မသည် ထိုခဏ၌ပင်လျှင် ခံတွင်းသည်လည်းကောင်း၊ မျက်စိတို့သည်လည်းကောင်း ဟင်းလင်းပွင့်လျက် သေရှာခဲ့လေ၏။ သန္တတိအမတ်ကြီးသည် “ထိုမိန်းမကို စုံစမ်းကြပါကုန်ဦးလော့”ဟု ဆိုလတ်သဖြင့် “အရှင်- ချုပ်လေပြီ”ဟု ဆိုကာမျှ၌သာလျှင် ကြီးစွာသောစိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်ရကား ထိုခဏ၌သာလျှင် အမတ်ကြီးအား ခုနစ်ရက်ပတ်လုံး သောက်အပ်သော သေအရက်တို့သည် အိုးကင်းပူ၌ကျသော ရေပေါက်ကဲ့သို့ ခန်းခြောက် ကုန်ပျောက်ခြင်းသို့ ရောက်လေ၏။ ထိုအမတ်ကြီးသည် “ငါ၏စိုးရိမ်ခြင်းကို မြတ်စွာဘုရားကိုထား၍ တစ်ပါးသောသူတို့သည် ငြိမ်းစေခြင်းငှာ မတတ်နိုင်ကြကုန်လတ္တံ့”ဟု ဗိုလ်ပါအပေါင်း ခြံရံလျက် ညချမ်းသောအခါ မြတ်စွာဘုရားအထံတော်သို့ သွားပြီးလျှင် ရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်အား ဤသို့သဘောရှိသော စိုးရိမ်ခြင်းသည် ဖြစ်ပါသည်ဘုရား၊ တပည့်တော်၏ ထိုစိုးရိမ်ခြင်းကို ရှင်တော်မြတ်ဘုရားတို့သည် ငြိမ်းစေခြင်းငှာ တတ်နိုင်ကြပါလိမ့်မည်ဟု အားထားလာခဲ့ပါသည်ဘုရား၊ တပည့်တော်၏ ကိုးကွယ်ရာဖြစ်တော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။

သန္တတိအမတ်ကြီး ရဟန္တာဖြစ်၍ တန်ခိုးပြခြင်း

ထိုအခါ အမတ်ကြီးကို မြတ်စွာဘုရားသည် “စိုးရိမ်ခြင်းကို ငြိမ်းစေခြင်းငှာ စွမ်းနိုင်သောသူ၏ အထံသို့သာလျှင် သင်ရောက်လာခဲ့ပေ၏။ ဤသို့သော အခြင်းအရာဖြင့်သာလျှင် ဤကချေသည်မိန်းမ၏ သေသောကာလ၌ ငိုသောသင်၏ ယိုစီးသောမျက်ရည်တို့သည် လေးစင်းသော မဟာသမုဒ္ဒရာတို့၏ရေထက် အလွန်များပြားလှကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ယံ ပုဗ္ဗေ တံ ဝိသောဓေဟိ၊ ပစ္ဆာ တေ မာဟု ကိဉ္စနံ။
မဇ္ဈေ စေ နော ဂဟေဿသိ၊ ဥပသန္တော စရိဿသိ။

ပုဗ္ဗေ၊ ရှေးအခါ၌။ ယံကိဉ္စနံ၊ အကြင်စိုးရိမ် ကြောင့်ကြခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံကိဉ္စနံ၊ ထိုစိုးရိမ်ကြောင့်ကြခြင်းကို။ ဝိသောဓေဟိ၊ သုတ်သင်ဖြတ်တောက်လေလော့။ တေ၊ သင့်အား။ ပစ္ဆာ၊ နောက်အခါ၌။ ကိဉ္စနံ၊ စိုးရိမ်ကြောင့်ကြခြင်းသည်။ မာ အဟု၊ မဖြစ်စေလင့်။ မဇ္ဈေ၊ အလယ်ဖြစ်သော ပစ္စုပ္ပန်၌။ နော စေ ဂဟေဿသိ၊ အကယ်၍ မယူသည်ဖြစ်အံ့။ ဥပသန္တော၊ ငြိမ်းအေးလျက်။ စရိဿသိ၊ သွားရလတ္တံ့။

ဂါထာ၏အဆုံး၌ သန္တတိအမတ်ကြီးသည် အရဟတ္တဖိုလ်သို့ရောက်၍ မိမိ၏ အာယုသင်္ခါရ အသက်အပိုင်းအခြားကို ကြည့်လတ်သည်ရှိသော် ထိုအသက်၏ နည်းပါးခြင်းကို။ ဝါ၊ မဖြစ်တော့လတ္တံ့သောအဖြစ်ကို သိရလျှင် “မြတ်စွာဘုရား- ပရိနိဗ္ဗာန်ပြုခြင်းကို ခွင့်ပြုတော်မူပါဘုရား”ဟု မြတ်စွာဘုရားကို လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် ထိုအမတ်ကြီးပြုအပ်သော ကောင်းမှုကံကို သိတော်မူသော်လည်း မုသာဝါဒဖြင့် နှိပ်စက်အံ့သောငှာ စည်းဝေးရောက်လာကြကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် အခွင့်ကို မရကုန်လတ္တံ့ ဟူ၍လည်းကောင်း၊ ဘုရားရှင်၏ တင့်တယ်ခြင်းကိုလည်းကောင်း၊ သန္တတိအမတ်ကြီး၏ တင့်တယ်ခြင်းကိုလည်းကောင်း မြင်ကြရကုန်အံ့ဟု စည်းဝေးရောက်လာကြကုန်သော သမ္မာဒိဋ္ဌိတို့သည် ဤအမတ်ကြီးပြုအပ်သော ကောင်းမှုကံကို ကြားနာရ၍ ကောင်းမှုတို့၌ ရိုသေစွာပြုကုန်လတ္တံ့ဟူ၍လည်းကောင်း မှတ်သားတော်မူသဖြင့် “ထိုသို့ဖြစ်မူ သင်ပြုအပ်သော ကောင်းမှုကံကို ငါ့အား ဟောပြောဦးလော့”ဟု မိန့်တော်မူ၍ “ဟောပြောသော်လည်း မြေ၌တည်လျက် မဟောတဲ့မူ၍ ထန်းခုနစ်ဆင့်မျှဖြင့် အတိုင်းအရှည်ရှိသော ကောင်းကင်၌တည်လျက် ဟောပြောရမည်”ဟု မိန့်တော်မူ၏။ ထိုအမတ်ကြီးသည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကောင်းလှပါပြီဘုရား”ဟု မြတ်စွာဘုရားကို ရှိခိုး၍ တန်းတစ်ဆင့်ပမာဏရှိသော အရပ်သို့ တက်သဖြင့် သက်ဆင်းပြီးလျှင် တစ်ဖန် မြတ်စွာဘုရားကို ရှိခိုး၍ တက်ပြန်သည်ရှိသော် အစဉ်အတိုင်း ထန်းခုနစ်ဆင့် ပမာဏမြင့်သော ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေခြင်းဖြင့် ထိုင်နေလျက် “မြတ်စွာဘုရား- တပည့်တော်၏ ရှေးပြုအပ်သော ကောင်းမှုကံကို နာတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။

အတိတ်ကောင်းမှု ပြန်လျှောက်ခန်း

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဝိပဿီမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ ဘုရားတပည့်တော်သည် ဗန္ဓုမတီမည်သောမြို့၌ တစ်ခုသော အမျိုးအိမ်၌ဖြစ်၍ “သူတစ်ပါးတို့အား ဖြတ်ခြင်းကိုလည်းကောင်း၊ နှိပ်စက်ခြင်းကိုလည်းကောင်း မပြုကြောင်းဖြစ်သော အမှုသည် အဘယ်အမှုပါနည်း”ဟု ကြံစည်မိပါသည်ဘုရား။ ဤသို့ကြံစည်ပြီးလျှင် စူးစမ်းဆင်ခြင်သည်ရှိသော် တရားနာစိမ့်သောငှာ ကြွေးကြော်သောအမှုကို မြင်ရပါသဖြင့် ထိုအခါမှစ၍ ထိုအမှုကိုပြုလျက် လူများအပေါင်းကို ကောင်းစွာဆောက်တည်စေသဖြင့် ကောင်းမှုတို့ကို ပြုခဲ့ပါသည်ဘုရား၊ ဥပုသ်နေ့တို့၌လည်း ဥပုသ်ဆောက်တည်ကြပါကုန်လော့၊ အလှူပေးကြပါကုန်လော့၊ တရားနာကြပါကုန်လော့၊ ဘုရားရတနာ အစရှိသည်တို့နှင့်တူသော တစ်ပါးသော ရတနာမည်သည်မရှိ၊ ရတနာသုံးပါးတို့အား ပူဇော်သက္ကာရ ပြုကြပါကုန်လော့ဟု ကြွေးကြော်ကာ သွားလာလှည့်လည်ပါသည်ဘုရား၊ ထိုတပည့်တော်၏အသံကို ကြားရလျှင် ဘုရားရှင်၏ ခမည်းတော်ဖြစ်သော ဗန္ဓုမတီမင်းကြီးသည် တပည့်တော်ကို ခေါ်စေ၍ “အမောင်- အဘယ်အမှုကိုပြုလျက် သွားလာလှည့်လည်သနည်း”ဟု မေးသောကြောင့် “အရှင်မင်းကြီး- ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို ထင်ရှားစွာပြလျက် လူများအပေါင်းကို ကုသိုလ်ကောင်းမှုတို့၌ ဆောက်တည်စေသဖြင့် သွားလာလှည့်လည်ပါသည်”ဟု လျှောက်တင်သည်ရှိသော် “အဘယ်၌နေလျက် သွားလာဘိသနည်း”ဟု တပည့်တော်ကို မေးပြန်သောကြောင့် “အရှင်မင်းကြီး- ခြေဖြင့်သာလျှင် သွားလာရပါသည်”ဟု တပည့်တော် လျှောက်တင်သည်ရှိသော် “အမောင်- သင်ကား ဤသို့သွားလာခြင်းငှာ မထိုက်၊ ဤပန်းဆိုင်းကိုဆင်မြန်း၍ မြင်းကျောက်ကုန်းထက်၌ နေလျက်သာ သွားလာလှည့်လည်ချေလော့”ဟု တပည့်တော်အား ပုလဲကုံး ပုလဲဆိုင်းနှင့်တူသော ပန်းဆိုင်းကိုပေး၍ ယဉ်ကျေးသောမြင်းကို ပေးပါသည်ဘုရား၊ ထိုအခါ မင်းကြီးသည် ပေးအပ်သော အဆောင်အရွက်ဖြင့် ထို့အတူသာလျှင် ကြွေးကြော်လျက် သွားလာလှည့်လည်သော တပည့်တော်ကို တစ်ဖန် မင်းကြီးသည် ခေါ်စေတော်မူပြန်သဖြင့် “အမောင်- အဘယ်ကိုပြုလျက် လှည့်လည်ဘိသနည်း”ဟု မေးပြန်သောကြောင့် “အရှင်မင်းကြီး- ထိုအမှုကိုသာလျှင်ပြုလျက် လှည့်လည်ပါသည်”ဟု လျှောက်တင်သည်ရှိသော် “မြင်းသည်လည်း သင့်အား မလျောက်ပတ်သေး၊ ဤရထား၌ထိုင်လျက် လှည့်လည်ချေလော့”ဟု သိန္ဓောမြင်းလေးစီးက,သော ရထားကို ပေးပါသည်ဘုရား၊ သုံးကြိမ်မြောက်တိုင်အောင်လည်း တပည့်တော်ကို အသံကြားရလျှင် မင်းကြီး ခေါ်စေသဖြင့် “အမောင်- အဘယ်ကိုပြုလျက် လှည့်လည်ဘိသနည်း”ဟု မေးပြန်သောကြောင့် “အရှင်မင်းကြီး- ထိုအမှုကိုသာလျှင်ပြုလျက် လှည့်လည်ပါသည်”ဟု လျှောက်တင်ပြန်သည်ရှိသော် “အမောင်- ရထားသည်လည်း သင့်အား မလျောက်ပတ်သေး”ဟု ဆို၍ တပည့်တော်အား များစွာသော စည်းစိမ်ဥစ္စာကိုလည်းကောင်း မြတ်သော တန်ဆာကိုလည်းကောင်း ပေး၍ ဆင်တစ်စီးကိုလည်း ပေးပြန်ပါသည်ဘုရား၊ ထိုတပည့်တော်သည် အလုံးစုံသောတန်ဆာဖြင့် တန်ဆာဆင်လျက် ဆင်ကျောက်ကုန်းထက်၌ နေထိုင်သဖြင့် အနှစ်ရှစ်သောင်းတို့ပတ်လုံး တရားနာစိမ့်သောငှာ ကြွေးကြော်ခြင်းအမှုကို ပြုပါသည်ဘုရား၊ ထိုတပည့်တော်၏ကိုယ်မှ ဤမျှလောက်သော ကာလပတ်လုံး စန္ဒကူးနံ့သည် လှိုင်ပါ၏။ ခံတွင်းမှ ကြာညိုနံ့သည် လှိုင်ပါ၏။ တပည့်တော်သည် ဤကောင်းမှုကို ပြုအပ်ပါသည်ဘုရားဟု လျှောက်ထားလေ၏။

သန္တတိအမတ်ကြီး နိဗ္ဗာန်ဝင်ခန်း

ဤသို့လျှင် ထိုသန္တတိ အမတ်ကြီးသည် မိမိရှေး၌ပြုအပ်သော ကောင်းမှုကံကို ဟောပြောပြီးလျှင် ကောင်းကင်၌ နေလျက်သာလျှင် တေဇောကသိုဏ်းဈာန်ကို ဝင်စား၍ ပရိနိဗ္ဗာန်ပြုလေ၏။ ကိုယ်မှ မီးလျှံတို့သည် ထလတ်၍ အသားအသွေးကို လောင်ကျွမ်းစေ၏။ ရွှေဖြင့်ပြီးသော ပန်းတို့ကဲ့သို့သော ဓာတ်တော်တို့သည် ကြွင်းကျန်လေကုန်၏။ မြတ်စွာဘုရားသည် စင်ကြယ်သောအဝတ်တို့ကို ဖြန့်လေ၏။ ထိုအဝတ်၌ ဓာတ်တော်တို့သည် ကျလာကုန်၏။ ထိုဓာတ်တော်တို့ကို သပိတ်၌ထည့်၍ လူအများရှိခိုးရလျှင် ကောင်းမှုအဖို့ရှိသည်ဖြစ်လတ္တံ့ဟု ခရီးလမ်းလေးဆုံ၌ စေတီတည်စေလေ၏။ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- သန္တတိအမတ်ကြီးသည် ဂါထာ၏အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်သဖြင့် တန်ဆာဆင်ခြင်းနှင့် စပ်သည်ဖြစ်၍သာလျှင် ကောင်းကင်၌နေလျက် ပရိနိဗ္ဗာန်ပြု၏၊ အသို့နည်း၊ ထိုသန္တတိအမတ်ကြီးကို သမဏဟူ၍လည်း ဆိုခြင်းငှာ သင့်မည်လော၊ ထိုသို့မဟုတ် ဗြာဟ္မဏဟူ၍လည်း ဆိုခြင်းငှာ သင့်မည်လော”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါ့သားတော်ကို သမဏဟူ၍ ဆိုခြင်းငှာလည်း သင့်၏။ ဗြာဟ္မဏဟူ၍ ဆိုခြင်းငှာလည်း သင့်သည်သာတည်း”ဟု မိန့်တော်မူ၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၄၂] အလင်္ကတော စေပိ သမံ စရေယျ၊
သန္တော ဒန္တော နိယတော ဗြဟ္မစာရိ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊
သော ဗြာဟ္မဏော သော သမဏော သ ဘိက္ခု။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အလင်္ကတောပိ၊ တန်ဆာဆင်ယင်လျက် ဖြစ်သော်လည်း။ သမံ၊ ကိုယ်နှုတ်စိတ် ညီညွတ်စွာ။ စေ စရေယျ၊ အကယ်၍ ကျင့်ငြားအံ့။ သန္တော၊ ရာဂစသည် ငြိမ်းခြင်းဖြင့် ငြိမ်း၏။ ဒန္တော၊ ဣန္ဒြေကို ဆုံးမတတ်၏။ နိယတော၊ လေးပါးသော မဂ္ဂနိယာမဖြင့် မြဲ၏။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိ၏။ သဗ္ဗေသု ဘူတေသု၊ အလုံးစုံသော သတ္တဝါတို့၌။ ဒဏ္ဍံ၊ ကာယဒဏ္ဍ အစရှိသည်ကို။ နိဓာယ၊ ချထားခြင်းကြောင့်။ သော၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏော၊ မကောင်းမှုကို အပပြုသောကြောင့် ဗြာဟ္မဏမည်၏ ဟူ၍လည်းကောင်း။ သော၊ ထိုပုဂ္ဂိုလ်ကို။ သမဏော၊ မကောင်းမှုကို ငြိမ်းစေတတ်သောကြောင့် သမဏဟူ၍လည်းကောင်း။ သ သော၊ ထိုပုဂ္ဂိုလ်ကို။ ဘိက္ခု၊ ကိလေသာစု ကွဲပျက်မှုကြောင့် ဘိက္ခုဟူ၍လည်းကောင်း။ ဝတ္တဗ္ဗော၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သန္တတိအမတ်ကြီးဝတ္ထုပြီး၏။

֍ * ၁၀။ ပိလောတိကတိဿမထေရ်ဝတ္ထု

ဟိရီနိသေဓောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပိလောတိကမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အဝတ်ဟောင်းပိုင်းကို ဆရာပြုခြင်း

တစ်ပါးသောအခါ၌ ရှင်အာနန္ဒာမထေရ်သည် တစ်ယောက်သော ပုဆိုးနွမ်းတပိုင်းကိုဝတ်လျက် ခွက်လက်စွဲသဖြင့် ထမင်းအလို့ငှာ လှည့်လည်သောသူငယ်ကို မြင်ရလျှင် “အသို့နည်း- သင်အား ဤသို့လှည့်လည်ကာ အသက်မွေးရသောထက် ရှင်သာမဏေပြုရခြင်းသည် အလွန်မြတ်သည် မဟုတ်လော”ဟု ဆိုလျှင် “အရှင်ဘုရား- တပည့်တော်ကို အဘယ်သူသည် ရှင်သာမဏေပြုပေးပါအံ့နည်းဘုရား”ဟု လျှောက်သည်ရှိသော် “ငါသည် ရှင်သာမဏေ ပြုပေးအံ့”ဟု ထိုသူငယ်ကို ခေါ်သွားသဖြင့် မိမိလက်ဖြင့် ရေချိုးပေးပြီးလျှင် ကမ္မဋ္ဌာန်းကိုပေး၍ ရှင်သာမဏေ ပြုပေးလေ၏။ ဝတ်အပ်သော ထိုပုဆိုးနွမ်းပိုင်းကို ဖြန့်၍ကြည့်ရှုသည်ရှိသော် ရေစစ်ကြက်စရာ ပြုလောက်ရုံကိုမျှ ယူစရာ တစ်စုံတစ်ခုသောအရပ်ကို မမြင်ရသော်လည်း ခွက်နှင့်အတူတကွ တစ်ခုသော သစ်ကိုင်းထက်၌ ထားလေ၏။ ထိုသူငယ်သည်လည်း ရှင်ပြုပြီး၍ ပဉ္စင်းအဖြစ်ကို ရလတ်သည်ဖြစ်ရကား မြတ်စွာဘုရားရှင်တို့အားဖြစ်သော လာဘ်ပူဇော်သက္ကာရကို ဘုဉ်းပေးသုံးဆောင်လျက် အဖိုးများစွာ ထိုက်ကုန်သော သင်္ကန်းတို့ကို ဝတ်ဆင်ကာ လှည့်လည်လျက် ဆူဖြိုးသောကိုယ်ရှိလတ်သော် သာသနာတော်၌ ပျင်းရိခြင်းကြောင့် “ငါ့အား လူများအပေါင်းသည် သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော သင်္ကန်းကို ဝတ်ဆင်ကာ လှည့်လည်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ မိမိ၏ ပုဆိုးနွမ်းကိုသာလျှင် ဝတ်ဆင်ပေတော့အံ့”ဟု ထိုအရပ်သို့သွား၍ ပုဆိုးနွမ်းကိုယူပြီးလျှင် “မရှက်တတ်၍ အရှက်ကင်းမဲ့သောသူ ဤသို့သဘောရှိသော အဝတ်တို့ ဝတ်ဆင်ရာဌာနကို စွန့်ပစ်၍ ဤပုဆိုးနွမ်းပိုင်းကို ဝတ်ဆင်သဖြင့် ခွက်လက်စွဲလျက် ထမင်းအလို့ငှာ လှည့်လည်ရခြင်းသို့ သွားရောက်လိုဘိသလော”ဟု ထိုပုဆိုးနွမ်းကို အာရုံပြု၍ မိမိသည်ပင်လျှင် မိမိကိုယ်ကို ဆုံးမလေ၏။ ဆုံးမစဉ်သာလျှင် စိတ်ငြိမ်သက်လေ၏။ ထိုမထေရ်သည် ထိုပုဆိုးနွမ်းကို ထိုအရပ်၌သာလျှင် သိုမှီးကာ ပြန်နစ်၍ ကျောင်းသို့သာလျှင် သွားလေ၏။ ထိုရဟန်းသည် နှစ်ရက်,သုံးရက် လွန်ပြန်သောအခါ တစ်ဖန် ပျင်းရိပြန်ခြင်းကြောင့် ထို့အတူပင် ဆို၍ပြန်နစ်ခဲ့ပြန်၏။ တစ်ဖန်လည်း ထို့အတူသာလျှင်တည်း။ ဤသို့လျှင် ထိုပိလောတိကမထေရ် လူးလားတုံ့ခေါက် အဖန်ဖန် လမ်းလျှောက်သည်ကို မြင်ရလျှင် “ရဟန်းတို့သည် ငါ့ရှင်- အဘယ်အရပ်သို့သွားသနည်း”ဟု မေးမြန်းကြကုန်၏။ ထိုမထေရ်သည် “ငါ့ရှင်တို့- ဆရာ၏အထံသို့ သွားပါသည်”ဟု ဆို၍ ဤသို့သောနည်းဖြင့်သာလျှင် မိမိ၏ ပုဆိုးနွမ်းအပိုင်းကိုသာ အာရုံပြု၍ မိမိကိုယ်ကို တားမြစ်ခြင်းကြောင့် နှစ်ရက်,သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ရဟန်းတို့သည် “ငါ့ရှင်- အသို့နည်း၊ ဤယခုအခါ ဆရာ၏အထံသို့ အဘယ့်ကြောင့် မသွားဘိသနည်း၊ ဤခရီးသည် သင်၏သွားရာ လမ်းခရီးမဟုတ်လော”ဟု ဆိုကြကုန်၏။ “ငါ့ရှင်တို့- ဆရာနှင့်အတူတကွ ရောနှောဆက်ဆံခြင်း ရှိလတ်သော် သွားရ၏။ ယခုမူကား ရောနှောဆက်ဆံခြင်းကို တပည့်တော် ဖြတ်အပ်ပြီ။ ထို့ကြောင့် ဆရာ့အထံသို့ မသွားနိုင်”ဟု ဆိုသဖြင့် ထိုရဟန်းတို့သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား- ပိလောတိကမထေရ်သည် အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ “ရဟန်းတို့- အဘယ်စကားကို ဆိုလတ်သနည်း”ဟု မေးလျှင် “မြတ်စွာဘုရား- ဤမည်သောစကားကို ဆိုပါသည်ဘုရား”ဟု လျှောက်ကြားကြကုန်၏။ ထိုစကားကိုကြားတော်မူရလျှင် ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ငါ့သားတော်သည် ရောနှောဆက်ဆံခြင်း ရှိလတ်သော် ဆရာ၏အထံသို့ သွားရပေ၏။ ယခုမူကား ထိုသားတော်သည် ရောနှောဆက်ဆံခြင်းကို ဖြတ်အပ်ပြီ၊ မိမိသည်ပင်လျှင် မိမိကိုယ်ကို တားမြစ်ခြင်းကြောင့် အရဟတ္တဖိုလ်သို့ ရောက်လေပြီ”ဟု မိန့်တော်မူ၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၄၃] ဟိရီနိသေဓော ပုရိသော၊ ကောစိ လောကသ္မိံ ဝိဇ္ဇတိ။
ယော နိဒ္ဒံ အပဗောဓေတိ၊ အဿော ဘဒြော ကသာမိဝ။

֍ * [၁၄၄] အဿော ယထာ ဘဒြော ကသာနိဝိဋ္ဌော၊
အာတာပိနော သံဝေဂိနော ဘဝထ။
သဒ္ဓါယ သီလေန စ ဝီရိယေန စ၊
သမာဓိနာ ဓမ္မဝိနိစ္ဆယေန စ။
သမ္ပန္နဝိဇ္ဇာစရဏာ ပတိဿတာ၊
ဇဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။

ဘဒြော၊ ကောင်းသော။ အဿော၊ မြင်းသည်။ ကသာ၊ ကိုယ်ပေါ်ကျလတ္တံ့သော ကြိမ်လုံးမှ။ ဝါ၊ ကြိမ်လုံးကို။ အပဟရတိ ဣဝ၊ ပယ်သကဲ့သို့။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ နိဒ္ဒံ၊ အိပ်ခြင်းကို။ အပဗောဓေတိ၊ ပယ်သောအားဖြင့် နိုးကြားစေ၏။ ဟိရီနိသေဓော၊ အကြံဆိုးကို အရှက်ဖြင့် တားမြစ်တတ်သော။ သော ပုရိသော၊ ထိုယောက်ျားသည်။ လောကသ္မိံ၊ လောက၌။ ကောစိ၊ တစ်ယောက်တလေသာ။ ဝိဇ္ဇတိ၊ ရှိ၏။ ဝါ၊ တနည်းကား။ ကောစိ ဝိဇ္ဇတိ၊ ရခဲ၏။

ဘဒြော၊ ကောင်းသော။ အဿော၊ မြင်းသည်။ ကသာနိဝိဋ္ဌော၊ ကြိမ်လုံးဖြင့် ပုတ်ခတ်အပ်သည်ရှိသော်။ အာတာပီ ယထာ၊ လုံ့လရှိသကဲ့သို့။ သံဝေဂီ ယထာ၊ ထိတ်လန့်သကဲ့သို့။ တုမှေ၊ သင်ချစ်သားတို့သည်။ အာတာပိနော၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိကြကုန်သည်။ သံဝေဂိနော၊ ထိတ်လန့်ခြင်း သံဝေဂရှိကြကုန်သည်။ ဘဝထ၊ ဖြစ်ကြကုန်လော့။ သဒ္ဓါယ စ၊ လောကီ လောကုတ္တရာ သဒ္ဓါတရားနှင့်လည်းကောင်း။ သီလေန စ၊ စတုပါရိသုဒ္ဓိသီလနှင့်လည်းကောင်း။ ဝီရိယေန စ၊ ဝီရိယနှင့်လည်းကောင်း။ သမာဓိနာ စ၊ သမာဓိနှင့်လည်းကောင်း။ ဓမ္မဝိနိစ္ဆယေန စ၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိခြင်းလက္ခဏာရှိသော ဆုံးဖြတ်ခြင်းဉာဏ်နှင့်လည်းကောင်း။ သမ္ပန္နာ၊ ပြည့်စုံကြကုန်သည်ဖြစ်၍။ ဝိဇ္ဇာစရဏာ၊ ဝိဇ္ဇာ သုံးပါး, ဝိဇ္ဇာ ရှစ်ပါး, စရဏတစ်ဆယ့်ငါးပါး ရှိကြကုန်သည်ဖြစ်၍။ ပတိဿတာ၊ ထင်သောသတိရှိကြကုန်သည်ဖြစ်၍။ အနပ္ပကံ၊ အတိုင်းမသိသော။ ဣဒံ ဒုက္ခံ၊ ဤသံသရာဆင်းရဲကို။ ဇဟိဿထ၊ စွန့်ကြရကုန်လတ္တံ့။

<(b>ဝိဇ္ဇာသုံးပါး- ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်၊ ဒိဗ္ဗစက္ခု အဘိညာဉ်၊ အာသဝက္ခယအဘိညာဉ်။ ဝိဇ္ဇာရှစ်ပါး- ဝိပဿနာဉာဏ်၊ မနောမယိဒ္ဓိ၊ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသ၊ ဒိဗ္ဗစက္ခု၊ အာသဝက္ခယအဘိညာဉ်။ စရဏတစ်ဆယ့်ငါးပါး- သီလစောင့်ခြင်း၊ ဣန္ဒြေလုံခြင်း၊ ဘောဇဉ် အတိုင်းအရှည်သိခြင်း၊ နိုးကြားခြင်း၊ သဒ္ဓါ၊ ဟိရီဩတ္တပ္ပ၊ ဗာဟုသစ္စ၊ ဝီရိယ၊ သတိ၊ ပညာ၊ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်။ (စတုက္ကနည်း)။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပိလောတိကတိဿမထေရ်ဝတ္ထုပြီး၏။

֍ * ၁၁။ သုခသာမဏေဝတ္ထု

ဥဒကဉှိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုခသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဂန္ဓသူဌေးသည် တစ်သိန်းတန်အစာကို တခမ်းတနား စားခြင်း

လွန်လေပြီးသောအခါ ဗာရာဏသီ သူဌေးကြီးအား ဂန္ဓသတို့သား အမည်ရှိသော သားတစ်ယောက်သည် ရှိသည်ဖြစ်လေ၏။ ဗာရာဏသီမင်းကြီးသည် သတို့သား၏ ဖခင်သူဌေးကြီး ကွယ်လွန်လတ်သည်ရှိသော် ဂန္ဓသတို့သားကို ခေါ်စေ၍ များစွာသော ပူဇော်သက္ကာရဖြင့် ထိုသတို့သားအားလျှင် သူဌေးကြီးအရာကို ပေးလေ၏။ ထိုသတို့သားသည် ထိုနေ့မှစ၍ ဂန္ဓသူဌေးဟု ထင်ရှားခဲ့လေ၏။ ထိုအခါ ဂန္ဓသူဌေး၏ ဘဏ္ဍာစိုးသည် ဥစ္စာထားရာ တိုက်ခန်းတံခါးကို ဖွင့်လှစ်၍ “အရှင်သူဌေး- ဤမျှလောက်သော ဤဥစ္စာသည် သင့်အဘ၏ ဥစ္စာတည်း၊ ဤမျှလောက်သော ဥစ္စာသည် အဘိုး၏ဥစ္စာတည်း”ဟု ထုတ်ဆောင်၍ ပြောပြလေ၏။ ထိုဂန္ဓသူဌေးသည် ဥစ္စာစုကို ကြည့်ရှုပြီးလျှင် “ထိုအဘ,အဘိုးတို့သည် ဤဥစ္စာကို အဘယ့်ကြောင့် ယူ၍ မသွားကြကုန်သနည်း”ဟု ဆိုလေ၏။ “အရှင်သူဌေး- ဥစ္စာကိုယူ၍ သွားကြသောမည်သည် မရှိ၊ မိမိပြုအပ်သော ကုသိုလ်ကံ, အကုသိုလ်ကံကိုသာ ယူ၍ သတ္တဝါတို့ သွားကြရကုန်၏”ဟု ဆိုလျှင် ထိုဂန္ဓသူဌေးသည် အဘ,အဘိုးတို့ကား မလိမ္မာသည်အဖြစ်ကြောင့် ဥစ္စာကို ကောင်းစွာစုဆောင်းပြီးလျှင် စွန့်ပစ်၍ သွားကြလေကုန်၏၊ ငါသည်ကား ထိုဥစ္စာကို ယူ၍သွားပေအံ့”ဟု ကြံစည်လေ၏။ ဤသို့ ကြံစည်ပြီးလျှင် “အလှူကိုမူလည်း လှူအံ့၊ ပူဇော်ခြင်းကိုမူလည်း ပြုအံ့”ဟု မကြံစည်မူ၍ “ဤအလုံးစုံကို စား၍သွားပေအံ့”ဟု ကြံစည်လေသတည်း။ ထိုဂန္ဓသူဌေးသည် တစ်သိန်းသော ဥစ္စာကို စွန့်၍ ဖလ်ဖြင့်ပြီးသော ရေချိုးရုံကို ပြုလုပ်စေ၏။ တစ်သိန်းသော ဥစ္စာကိုပေး၍ နေရာပလ္လင်ကို ပြုစေ၏။ တစ်သိန်းသော ဥစ္စာကိုပေး၍ ဘောဇဉ်စားခွက်ကို ပြုစေ၏။ တစ်သိန်းသော ဥစ္စာကိုသာလျှင်ပေး၍ ဘောဇဉ်စားရာ၌ မဏ္ဍပ်ကို ပြုစေ၏။ တစ်သိန်းသော ဥစ္စာကိုပေး၍ စားခွက် ထည့်စရာအုပ်ကို ပြုစေ၏။ တစ်သိန်းသောဥစ္စာဖြင့်သာလျှင် အိမ်၌ ခြင်္သေ့ခံသော လေသာပြူတင်းကို ကောင်းစွာထား၏။ မိမိ၏ နံနက်စာအလို့ငှါ တစ်ထောင်ပေး၏၊ ညစာအလို့ငှါလည်း တစ်ထောင်ပေး၏။ လပြည့်သောနေ့၌ကား ဘောဇဉ်အလို့ငှါ တစ်သိန်းပေးစေ၏။ ထိုတစ်သိန်းတန် ထမင်းကို သုံးဆောင်အပ်သော နေ့၌ကား တစ်သိန်းသောဥစ္စာကို စွန့်၍ မြို့ကို တန်ဆာဆင်ပြီးလျှင် “ဂန္ဓသူဌေး ထမင်းသုံးဆောင်သော အခြင်းအရာကို လာရောက် ကြည့်ရှုနိုင်ပါသတတ်”ဟု စည်လည်စေလေ၏။

လူများအပေါင်းသည် ညောင်စောင်း အဆင့်ဆင့်ကိုဖွဲ့၍ စည်းဝေးလေ၏။ ထိုဂန္ဓသူဌေးသည်လည်း တစ်သိန်းအဖိုးထိုက်သော ဖန်ရေချိုးရုံဝယ် အဖိုးတစ်သိန်းထိုက်သော ဖန်ပျဉ်ထက်၌နေလျက် တစ်ဆယ့်ခြောက်လုံးသော နံ့သာရေအိုးတို့ဖြင့် ရေချိုးပြီးလျှင် ထိုတစ်သိန်းတန် ခြင်္သေ့ခံသော လေသာပြတင်းကိုလည်း ဖွင့်လှစ်၍ ထိုတစ်သိန်းကုန် ပလ္လင်ထက်၌ နေလေ၏။ ထိုအခါ ဂန္ဓသူဌေး၏ တစ်သိန်းတန် စားခွက်ထည့်စရာအုပ်၌ ထိုတစ်သိန်းတန် ဘောဇဉ်စားခွက်ကို ထည့်ထားပြီးလျှင် တစ်သိန်းအဖိုးထိုက်တန်သော ဘောဇဉ်ကို ခူးခပ်ကြရလေ၏။ ထိုဂန္ဓသူဌေးသည် ကချေသည်အပေါင်း ခြံရံလျက် ဤသို့သဘောရှိသော စည်းစိမ်၏ ပြည့်စုံခြင်းဖြင့် ထိုတစ်သိန်းတန် ဘောဇဉ်ကို သုံးဆောင်လေ၏။

သူဌေးထမင်းစားလို၍ ကျွန်ခံခြင်း

တစ်ပါးသောအခါ တောရွာသားတစ်ယောက်သည် မိမိ၏ ရိက္ခာဆောင်ယူခြင်းအကျိုးငှာ ထင်းစသည်တို့ကို လှည်း၌ ထည့်သွင်းတင်ဆောင်၍ မြို့သို့ရောက်သွားသဖြင့်အဆွေခင်ပွန်း၏အိမ်၌ တည်းခိုနေထိုင်၏။ ထိုအခါ၌ကား လပြည့်နေ့ဖြစ်၏။ ဂန္ဓသူဌေး၏ စားသောက်သုံးဆောင်ခြင်း၏ တင့်တယ်ခြင်းကို ကြည့်ရှုစေသတည်းဟု မြို့၌ စည်လည်စေကြလေကုန်၏။ ထိုအခါ တောရွာသားကို မြို့နေအဆွေခင်ပွန်းသည် “သင်သည် ဂန္ဓသူဌေးစားခြင်း၏ တင့်တယ်ခြင်းကို မြင်ဖူး၏လော”ဟု မေးလေ၏။ “အဆွေ- မမြင်စဖူး”ဟု ဆိုလျှင် “ထိုသို့ဖြစ်မူ လာလှည့်၊ သွားကြကုန်စို့၊ ဂန္ဓသူဌေးသည် မြို့၌ စည်လည်စေ၏။ ကြီးစွာသော စည်းစိမ်ချမ်းသာကို ကြည့်ရှုကြကုန်စို့”ဟု မြို့နေအဆွေခင်ပွန်းသည် ဇနပုဒ်နေတောရွာသား အဆွေခင်ပွန်းကိုခေါ်၍ သွားလေ၏။ လူများအပေါင်းသည်လည်း ညောင်စောင်းအဆင့်ဆင့်တို့သို့ တက်၍ ကြည့်ရှုလေ၏။ တောရွာသားသည် ထမင်းနံ့ကို နံ၍သာလျှင် မြို့နေအဆွေခင်ပွန်းကို “ငါ့အား ထိုထမင်းခွက်၌ရှိသော ထမင်းအစု၌ စားလိုသော အာသာဖြစ်၏”ဟု ဆိုလေ၏။ “အဆွေ- ထိုထမင်းကို မတောင့်တလင့်၊ ရခြင်းငှာ မတတ်ကောင်း”ဟု ဆိုသော် “အဆွေ- မရသည်ရှိသော် အသက်မရှည်တော့အံ့”ဟု ဆိုလေ၏။ မြို့နေအဆွေခင်ပွန်းသည် တောရွာသား အဆွေခင်ပွန်းကို တားမြစ်ခြင်းငှာ မတတ်နိုင်ရကား ပရိသတ်အစွန်၌ ရပ်လျက် “အရှင်သူဌေး- အရှင်သူဌေးအား ဦးညွှတ်ပါ၏”ဟု သုံးကြိမ် သည်းစွာသော အသံကို မြွက်ဆိုသဖြင့် “ဤသူ အဘယ်သူနည်း”ဟု ဆိုအပ်သည်ရှိသော် “အရှင့်သား- အကျွန်ုပ်ပါတည်း”ဟု ဆိုလေ၏။ “ထိုသို့ သည်းစွာသောအသံ မြွက်ဆိုခြင်းကား အကြောင်း အသို့နည်း”ဟု မေးလျှင် “တစ်ယောက်သော ဤတောရွာသားသည် ရှင်သူဌေးမင်းတို့၏ ခွက်၌ရှိသော ထမင်းအစု၌ စားလိုသောအာသာကို ဖြစ်စေပါ၏။ တစ်ခုသော ထမင်းဆုပ်ကို ကယ်မ ပေးသနားစေတော်မူကြပါကုန်လော့”ဟု ဆိုလေ၏။ “ရခြင်းငှာ မတတ်ကောင်း”ဟု ဆိုလတ်သော် “အဆွေ- သင်သည် သူဌေးစကားကို ကြား၏လော”ဟု မေးလေ၏။ “ငါသည် ကြားရပေပြီ၊ ထိုသို့ကြားရသော်လည်း ရလျှင် ငါအသက်ရှည်အံ့၊ မရလျှင် ငါ့အား သေရခြင်းသည် ဖြစ်ပေတော့အံ့”ဟု ဆိုခြင်းကြောင့် တစ်ဖန်လည်း မြို့သားအဆွေခင်ပွန်းသည် “အရှင်သူဌေး- ဤသူသည် မရသည်ရှိသော် သေရပါလိမ့်မည်၊ ထိုသူအား အသက်ကို ပေးတော်မူကြပါကုန်”ဟု ဆိုပြန်လေ၏။ “အိုအချင်း- ထမင်းတစ်ဆုပ်မည်သည်ကား တစ်ရာလည်းထိုက်၏၊ နှစ်ရာလည်းထိုက်၏၊ အကြင်အကြင်သူသည် တောင်း၏။ ထိုထိုသူအား ပေးရသည်ရှိသော် အကျွန်ုပ် အဘယ်ကို စားရပါတော့အံ့နည်း”ဟု ဆိုလျှင် “အရှင်သူဌေး- ဤသူသည် မရချေသည်ရှိသော် သေရရှာလတ္တံ့၊ ထိုသူအား အသက်ကို ပေးတော်မူကြပါကုန်”ဟု ဆိုပြန်လေ၏။ “အချည်းနှီး အဖိုးအခမဲ့ ရခြင်းငှာ မတတ်ကောင်း၊ မရလျှင် အကယ်၍ အသက်မရှည်နိုင်သည်ဖြစ်အံ့၊ ဤအတိုင်းမှန်ခဲ့လျှင် သုံးနှစ်တို့ပတ်လုံး ငါသူဌေး၏ အိမ်၌ အခစားအမှု ပြုလုပ်စေသတည်း။ ဤသို့ ပြုနိုင်လျှင် ထိုသူအား ထမင်းခွက်ကို ပေးစေပေအံ့”ဟု ဆိုလတ်သော် တောရွာသားသည် ထိုသူဌေးစကားကို ကြားရသဖြင့် “အဆွေ- ဤအတိုင်းပင် ဖြစ်ပါစေတော့”ဟု အဆွေခင်ပွန်းကို ပြောဆိုပြီးလျှင် “သားမယားကိုစွန့်၍ ထမင်းခွက်အလို့ငှာ သုံးနှစ်တို့ပတ်လုံး အခစားအမှု ငါပြုလုပ်ပေတော့အံ့”ဟု သူဌေး၏အိမ်သို့ ဝင်လေ၏။ ထိုတောရွာသားသည် အခစားအမှု ပြုလုပ်သည်ရှိသော် အလုံးစုံသောကိစ္စတို့ကို ရိုသေစွာ ပြုလုပ်လေ၏။ အိမ်၌လည်းကောင်း, တော၌လည်းကောင်း, ညဉ့်၌လည်းကောင်း, နေ့၌လည်းကောင်း အလုံးစုံပြုအပ်သော အမှုတို့ကို ပြုလုပ်ခြင်းတို့သည်သာလျှင် ထင်ရှားလေကုန်၏။ ဘတ္တဘတိက (ထမင်းစားကျွန်ခံ) ဟူ၍သာလျှင် တစ်မြို့လုံး၌လည်း ကျော်စောထင်ရှား လေသတည်း။

သုံးနှစ်ကျွန်ခံ၍ ထမင်းခွက်ရခြင်း

ထိုအခါ ဘတ္တဘတိကအား အမှုလုပ်သောနေ့ သုံးနှစ်ပြည့်သည်ရှိသော် ထမင်းစီရင်သော အိုးသူကြီးသည် “အရှင်သူဌေး- ဘတ္တဘတိကအား အမှုလုပ်သောနေ့ သုံးနှစ်ပြည့်ပြီ၊ သုံးနှစ်တို့ပတ်လုံး အခစားအမှုပြုသဖြင့် ထိုဘတ္တဘတိကသည် ပြုနိုင်ခဲသောအမှုကို ပြုအပ်ပေ၏။ တစ်ခုသောအမှုမျှ ပျက်စီးချို့ယွင်းဖူးသောမည်သည်မရှိ”ဟု ဆို၏။ ထိုအခါ အိုးသူကြီးအား သူဌေးသည် မိမိအတွက် ညဉ့်နံနက်စာအလို့ငှာ နှစ်ထောင်တို့ကိုလည်းကောင်း၊ ထိုဘတ္တဘတိကအတွက် နံနက်စာအလို့ငှာတစ်ထောင်လည်းကောင်း ဤသို့လျှင် သုံးထောင်တို့ကို ပေးစေပြီးလျှင် “ယနေ့ ငါ့အားပြုအပ်သော အဆောင်အရွက်ကို ထိုဘတ္တဘတိကအားသာလျှင် ပြုကြကုန်လော့”ဟု ဆိုလေ၏။ ဆိုပြီးသော်လည်း စိန္တာမဏိမည်သော ချစ်မယားတစ်ယောက်ကို ချန်ထား၍ ကြွင်းသော လူအပေါင်းကိုလည်း “ယနေ့ ထိုဘတ္တဘတိကကိုသာလျှင် ခြံရံကြကုန်လော့”ဟု ဆို၍ အလုံးစုံသော စည်းစိမ်ချမ်းသာကို ဆောင်နှင်းလေ၏။ ထိုဘတ္တဘတိကသည် သူဌေး၏ ချိုးရေဖြင့် သူဌေး၏သာလျှင် ရေချိုးရုံဝယ် တစ်သိန်းတန် ပျဉ်ချပ်ထက်၌ နေထိုင်ကာ ရေချိုး၍ ထိုသူဌေး၏ အဝတ်ပုဆိုးတို့ကို ဝတ်ဆင်ပြီးလျှင် သူဌေး၏သာလျှင် တစ်သိန်းတန်ပလ္လင်၌ နေလေ၏။ သူဌေးသည်လည်း မြို့၌ “ဘတ္တဘတိကသည် ဂန္ဓသူဌေးအိမ်၌ သုံးနှစ်တို့ပတ်လုံး အခစားအမှု ပြုလုပ်၍ ထမင်းခွက်ကို ရလေပြီ။ ထိုဘတ္တဘတိက၏ စားသောက်သုံးဆောင်ခြင်း၏ ပြည့်စုံခြင်းကို ကြည့်ရှုကြစေကုန်သတည်း”ဟု စည်လည်စေလေ၏။ များစွာသော လူအပေါင်းသည် ညောင်စောင်းအဆင့်ဆင့်တို့သို့တက်၍ ကြည့်ရှုရ၏။ ကြည့်ရာကြည့်ရာ အရပ်သည် တုန်လှုပ်သော အခြင်းအရာသို့ ရောက်လေ၏။ ကချေသည်တို့သည် ခြံရံ၍ ရပ်တည်ကြလေကုန်၏၊ ဘတ္တဘတိကရှေ့၌ ထမင်းခွက်ကို ခူးခပ်စေ၍ ထားကြလေ၏။

စားခါနီး ပစ္စေကဗုဒ္ဓါ ကြွလာခြင်း

ဘတ္တဘတိက လက်ဆေးသောအခါ ဂန္ဓမာဒနတောင်ဝယ် အရှင်ပစ္စေကဗုဒ္ဓါ တစ်ဆူသည် ခုနစ်ရက်မြောက်သောနေ့တွင် သမာပတ်မှထ၍ “ယနေ့ဘယ်အရပ်သို့ ဆွမ်းခံလှည့်လည်ခြင်းငှာ သွားရအံ့နည်း”ဟု စူးစမ်းဆင်ခြင်လတ်သည်ရှိသော် ဘတ္တဘတိကကို မြင်တော်မူလေ၏။ ထိုအခါ ရှင်ပစ္စေကဗုဒ္ဓါအား “ဤဘတ္တဘတိကကား သုံးနှစ်တို့ပတ်လုံး အခအမှုပြုလုပ်သဖြင့် ထမင်းခွက်ကိုရ၏။ ထိုဘတ္တဘတိကအား သဒ္ဓါတရား ရှိလေသလော, မရှိလေသလော”ဟု စူးစမ်း ဆင်ခြင်ပြန်သည်ရှိသော် “ရှိ၏”ဟူ၍သာလျှင် သိတော်မူသဖြင့် “သဒ္ဓါတရားရှိသောသူ ဖြစ်သော်ငြားလည်း အချို့သောသူတို့သည် ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုခြင်းငှာ မတတ်နိုင်ကုန်၊ ငါ့အား ချီးမြှောက်ထောက်ပံ့ခြင်းကိုပြုခြင်းငှာ တတ်နိုင်လတ္တံ့လော”ဟု စူးစမ်းဆင်ခြင်တော်မူပြန်၏။ ထိုအခါ ဘတ္တဘတိကကို “တတ်နိုင်လိမ့်မည်သာလျှင်တည်း၊ ငါ့အားလည်း ချီးမြှောက် ထောက်ပံ့ခြင်းဟူသော အကြောင်းကိုမှီ၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ရပေလတ္တံ့”ဟု သိတော်မူပြီးလျှင် သင်္ကန်းကိုရုံတော်မူ၍ သပိတ်ကိုယူလျက် ကောင်းကင်ခရီးသို့ ပျံတက်သဖြင့် ပရိသတ်အကြားဖြင့် ကြွလာတော်မူပြီးလျှင် ဘတ္တဘတိကရှေ့၌ ရပ်လျက်သာလျှင်ဖြစ်သော ကိုယ်တော်ကို ပြတော်မူလေ၏။ ထိုဘတ္တဘတိကသည် ရှင်ပစ္စေကဗုဒ္ဓါကို မြင်ရလျှင် “ငါကား ရှေး၌ မလှူဖူးသည်၏အဖြစ်ကြောင့် တစ်ခုသော ထမင်းခွက်အကျိုးငှာ သုံးနှစ်တို့ပတ်လုံး သူတစ်ပါးအိမ်၌ အခစားအမှု ပြုလုပ်ရ၏။ ယခုအခါ ငါ့အား ဤထမင်းသည် တစ်ညဉ့်နှင့် တစ်နေ့မျှသာ စောင့်ရှောက်ရာ၏၊ ထိုထမင်းကို အရှင်မြတ်အား အကယ်၍ လှူငြားအံ့၊ များစွာကုန်သော ကမ္ဘာကုဋေ အထောင်တို့ပတ်လုံး စောင့်ရှောက်လတ္တံ့၊ ထို့ကြောင့် ဤအရှင်မြတ်အားသာလျှင် ထိုထမင်းခွက်ကို လှူတော့အံ့”ဟု ကြံမိလေ၏။ ထိုဘတ္တဘတိကသည် သုံးနှစ်တို့ပတ်လုံး အခစားအမှု ပြုလုပ်သဖြင့် ရအပ်သော ထမင်းခွက်မှ တစ်ဆုပ်သော ထမင်းကိုမျှလည်း ခံတွင်း၌ မထည့်မသွင်းမူ၍ စားလိုသောတပ်ခြင်းကို ပယ်ဖျောက်ပြီးလျှင် ကိုယ်တိုင်သာလျှင် ထမင်းခွက်ကိုချီလျက် ရှင်ပစ္စေကဗုဒ္ဓ၏ အထံတော်သို့ သွားသဖြင့် ထမင်းခွက်ကို တစ်ပါးသူ၏လက်၌ပေး၍ ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် ထမင်းခွက်ကို လက်ဝဲလက်ဖြင့်ကိုင်လျက် လက်ယာလက်ဖြင့် ရှင်ပစ္စေကဗုဒ္ဓ၏သပိတ်၌ ဆွမ်းကို လောင်းထည့်လေ၏။ ရှင်ပစ္စေကဗုဒ္ဓါသည် ဆွမ်းထက်ဝက် ကြွင်းကျန်သောကာလ သပိတ်ကို လက်တော်ဖြင့် ပိတ်လေ၏။ ထိုအခါ ရှင်ပစ္စေကဗုဒ္ဓါကို “အရှင်မြတ်ဘုရား- တစ်ခုသာလျှင်ဖြစ်သော တစ်ယောက်စာအဖို့ကို နှစ်ဖို့နှစ်ဖြာပြုခြင်းငှာ မတတ်ကောင်းပါဘုရား၊ တပည့်တော်ကို ဤပစ္စုပ္ပန်ဘဝ၌ ချီးမြှောက်တော်မမူပါလင့်၊ တမလွန်ဘဝ၌ ချီးမြှောက်ခြင်းကိုသာလျှင် ပြုတော်မူကြပါဘုရား၊ အကြွင်းမပြုဘဲ အကြွင်းမဲ့ကိုသာလျှင် လှူပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။

(မိမိအလို့ငှာ အနည်းငယ်မျှကိုလည်း အကြွင်းမထားမူ၍ လှူသော အကြွင်းမဲ့အလှူမည်သည် အကျိုးကြီးလှ၏။)

လှူဒါန်းပြီး ဆုတောင်း၍ သာဓုခေါ်ကြခြင်း

ထိုဘတ္တဘတိကသည် ထိုအခြင်းအရာဖြင့်ပြုလျက် အလုံးစုံကို လှူဒါန်းပြီးလျှင် တစ်ဖန်ရှိခိုး၍ “အရှင်မြတ်ဘုရား- တစ်ခုသော ထမင်းခွက်ကိုမှီ၍ သုံးနှစ်တို့ပတ်လုံး တပည့်တော်သည် သူတစ်ပါးအိမ်၌ အခစားအမှု ပြုလုပ်ရသဖြင့် ဆင်းရဲကို ခံစားရပါပြီ။ ယခုအခါ ဖြစ်လေရာ, ဖြစ်လေရာဘ၀၌ ချမ်းသာခြင်းသည်သာလျှင် ဖြစ်ပါစေသတည်း။ အရှင်မြတ်ဘုရားတို့ သိတော်မူအပ်သော တရား၏သာလျှင် အဖို့ရှိသည် ဖြစ်ရပါလို၏ဘုရား”ဟုဆုတောင်းပတ္ထနာ လျှောက်ကြားလေ၏။ ရှင်ပစ္စေကဗုဒ္ဓါသည် “ဤသို့ ဆုတောင်းသည့်အတိုင်း ပြည့်စုံစေသတည်း”ဟု မိန့်တော်မူပြီးလျှင် “သင်ဘတ္တဘတိကအား အကြံအစည်တို့သည် အလုံးစုံသောအလိုကို ပေးစွမ်းနိုင်သော စိန္တာမဏိ ပတ္တမြားကျောက်ကဲ့သို့လည်းကောင်း၊ လပြည့်ဝန်းကဲ့သို့လည်းကောင်း ပြည့်စုံစေကုန်သတည်း”ဟု အနုမောဒနာပြုတော်မူလိုရကား-

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
ဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ မဏိဇောတိရသော ယထာ။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော ဆုမြတ်အပေါင်းသည်။ တုယှံ၊ သင့်အား။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ စန္ဒောပန္နရသော ယထာ၊ တစ်ဆယ့်ငါးရက် တက်ထွန်းသော လပြည့်ဝန်းကဲ့သို့။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ကပ္ပါ၊ အကြံကောင်းတို့သည်။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော ဆုမြတ်အပေါင်းသည်။ တုယှံ၊ သင့်အား။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ မဏိဇောတိရသော ယထာ၊ ခပ်သိမ်းသောအလိုကို ပြီးစေနိုင်သော မဏိဇောတိရသ အမည်ရှိသော ပတ္တမြားကျောက်ကဲ့သို့။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ကပ္ပါ၊ အကြံကောင်းတို့သည်။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဤသို့ မိန့်ဆို ဆုပေးတော်မူပြီးလျှင် “ဤလူအပေါင်းသည် ဂန္ဓမာဒနတောင်သို့ ကြွရောက်သည်တိုင်အောင် ငါ့ကိုမြင်လျက် တည်ရစ်စေသတည်း”ဟု ဓိဋ္ဌာန်တော်မူ၍ ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွသွားတော်မူလေ၏။ လူများအပေါင်းသည်လည်း ထိုရှင်ပစ္စေကဗုဒ္ဓါကို ဖူးမြင်လျက်သာလျှင် တည်ရစ်လေ၏။ ထိုရှင်ပစ္စေကဗုဒ္ဓါသည် ဂန္ဓမာဒနတောင်သို့ ကြွသွားတော်မူ၍ ထိုဆွမ်းကို ငါးရာသော ပစ္စေကဗုဒ္ဓါတို့အား ဝေဖန်၍ ပေးလှူလေ၏။ အလုံးစုံသော အရှင်ပစ္စေကဗုဒ္ဓါတို့သည် မိမိအား မျှတလောက်ရုံ ခံယူကြကုန်၏။

များစွာသော လူအပေါင်းသည် အရှင်ပစ္စေကဗုဒ္ဓါတို့၏ ဆွမ်းကို ဝေဖန်၍ လှူသည်ကို မြင်ရလျှင် ကောင်းချီးအထောင်တို့ကို ဖြစ်စေလေ၏။ မိုးကြိုးကျသဖြင့် ဖြစ်သော အသံကဲ့သို့ ဖြစ်လေ၏။

ဂန္ဓသူဌေး ဝမ်းမြောက်၍ စည်းစိမ်ထက်ဝက်ပေးခြင်း

ထိုကောင်းချီးပေးသောအသံကို ကြားရလျှင် ဂန္ဓသူဌေးသည် “ဘတ္တဘတိကကား ငါပေးသော စည်းစိမ်ကို ဆောင်ခြင်းငှာ မတတ်နိုင်ရှာလေ။ ထို့ကြောင့် ဤလူများအပေါင်းသည် ပြက်ရယ်မှုကိုပြုလျက် စည်းဝေးကာ အော်ဟစ်ကြယောင်တကား”ဟု ကြံစည်မိလေ၏။ ထိုဂန္ဓသူဌေးသည် အကြောင်းကို သိခြင်းငှာ လူတို့ကို စေလွှတ်လေ၏။ ထိုစေလွှတ်သောလူတို့ လာလတ်၍ “အရှင်သူဌေးမင်း- စည်းစိမ်ချမ်းသာကို ဆောင်ကုန်သောသူတို့မည်သည်ကား ဤသို့ သဘောရှိကြသည်သာလျှင် ဖြစ်ကြပါစေသတည်း”ဟု ဆို၍ ထိုအကြောင်းကို ပြောကြားကြလေကုန်၏။ ဂန္ဓသူဌေးသည် ထိုအကြောင်းကို ကြားရလျှင် ကြားရချင်း ငါးပါးအပြားရှိသော နှစ်သက်ခြင်းပီတိဖြင့် နှံ့ထိသောကိုယ်ရှိသည်ဖြစ်၍ “အံ့ဖွယ်ရှိပေစွ၊ ထိုဘတ္တဘတိကသည် ပြုနိုင်ခဲသောအမှုကို ပြုပေ၏။ ငါကား ဤမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာ ပြည့်စုံခြင်း၌တည်လျက် တစ်စုံတစ်ခုကို ပေးလှူခြင်းငှာ မတတ်နိုင်”ဟု ထိုဘတ္တဘတိကကို ခေါ်စေသဖြင့် “သင်သည် ဤမည်သောအမှုကိုပြု၏ဟု ငါကြားရသည်၊ မှန်သလော”ဟု မေးလျှင် “အရှင်သူဌေးကြီး- မှန်လှပါ၏”ဟု ဆိုသည်ရှိသော် “ယခု အသပြာတစ်ထောင်ယူ၍ သင့်အလှူအဖို့၌ ငါ့အားလည်း အဖို့အမျှ ပေးဝေဦးလော့”ဟု ဆိုလေ၏။ ဘတ္တဘတိကလည်း သူဌေးဆိုတိုင်းပြုလေ၏။ သူဌေးသည်လည်း ဘတ္တဘတိကအား အလုံးစုံသော မိမိဥစ္စာကို အလယ်၌ ထက်ဝက်ခွဲ၍ပေးလေ၏။

သမ္ပဒါလေးပါးနှင့် သူဌေးကြီးဖြစ်ခြင်း

ပြည့်စုံခြင်းမည်သည်ကား လေးပါးအပြား ရှိကုန်၏။

၁။ ဝတ္ထု၏ ပြည့်စုံခြင်း

၂။ ပစ္စည်း၏ ပြည့်စုံခြင်း

၃။ စေတနာ၏ ပြည့်စုံခြင်း

၄။ ဂုဏ်လွန်ကဲခြင်း၏ ပြည့်စုံခြင်း

ဤလေးပါးတို့တည်း။

ထိုလေးပါးတို့တွင် နိရောဓသမာပတ်မှ ထကာမျှဖြစ်သော ရဟန္တာသည်လည်းကောင်း၊ အနာဂါမ်ပုဂ္ဂိုလ်သည်လည်းကောင်း ဝတ္ထု၏ပြည့်စုံခြင်းမည်၏။ ပစ္စည်းတို့၏ တရားနှင့်အညီ ဖြစ်ပေါ်ခြင်းသည် ပစ္စည်း၏ပြည့်စုံခြင်းမည်၏။ လှူသည်မှ ရှေး၌လည်းကောင်း, လှူဆဲကာလ၌လည်းကောင်း, လှူပြီးသည်မှ နောက်အဖို့၌လည်းကောင်း ဤသို့ သုံးပါးသောကာလတို့၌ စေတနာ၏ ဝမ်းမြောက်ဝမ်းသာ ဉာဏ်နှင့်ယှဉ်သော သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ်အဖြစ်သည် စေတနာ၏ ပြည့်စုံခြင်းမည်၏။ အလှူခံပုဂ္ဂိုလ် သမာပတ်မှ ထသောအဖြစ်သည် ဂုဏ်လွန်ကဲခြင်း၏ ပြည့်စုံခြင်း မည်၏။

ဤဘတ္တဘတိကအားလည်း အာသဝေါကုန်ပြီးသော ရှင်ပစ္စေကဗုဒ္ဓါသည် မြတ်သော အလှူခံပုဂ္ဂိုလ်ဖြစ်၏။ အခစားအမှုပြုလုပ်၍ ရအပ်သောပစ္စည်းအဖြစ်ဖြင့် ပစ္စည်းသည် တရားသဖြင့်ဖြစ်၏။ သုံးပါးသောကာလတို့၌ စေတနာ၏ဖြူစင်ခြင်းသည် စေတနာ၏ပြည့်စုံခြင်းဖြစ်၏။ သမာပတ်မှ ထကာမျှဖြစ်သော အရှင်ပစ္စေကဗုဒ္ဓါသည် ဂုဏ်လွန်ကဲ၏။ ဤသို့ လေးပါးကုန်သော ပြည့်စုံခြင်းတို့သည်လည်း ပြည့်ပြည့်စုံစုံ ဖြစ်လေ၏။ ထိုပြည့်စုံခြင်းတို့၏ အာနုဘော်အားဖြင့် မျက်မှောက်ဖြစ်သော ကိုယ်အဖြစ်၌ ကြီးစွာသော စည်းစိမ်ချမ်းသာသို့ ရောက်လေ၏။ ထို့ကြောင့် ထိုဘတ္တဘတိကသည် ဂန္ဓသူဌေးအထံမှ စည်းစိမ်ချမ်းသာကို ရပေ၏။

နောက်အဖို့၌ကား ပြည့်ရှင်မင်းကြီးသည် ဘတ္တဘတိကပြုအပ်သော အမှုကို ကြားသိတော်မူရလျှင် ဘတ္တဘတိကကို ခေါ်စေသဖြင့် အသပြာ တစ်ထောင်ပေး၍ အလှူအဖို့ကိုယူလျက် နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ချီးမြှင့်မစပြီးလျှင် သူဌေးအရာကို ပေးလေ၏။ ဘတ္တဘတိကသူဌေးကြီးဟူ၍ ထိုသူအား အမည်ကို မှည့်ကြလေကုန်၏။

ယခုဘုရားလက်ထက် သုခသတို့သား ဖြစ်လာခြင်း

ထိုဘတ္တဘတိကသူဌေးသည် ဂန္ဓသူဌေးနှင့်အတူတကွ အဆွေခင်ပွန်းဖြစ်၍ အတူတကွသာလျှင် စားလျက် သောက်လျက် အသက်အတိုင်းတည်၍ ထိုကိုယ်၏အဖြစ်မှ စုတေမနေ သေလွန်သည်ရှိသော် နတ်ပြည်၌ဖြစ်သဖြင့် နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသောအကြား ကာလပတ်လုံး နတ်စည်းစိမ်ချမ်းသာကို အစဉ်ခံစားပြီးလျှင် ဤဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ ကာလ၌ သာဝတ္ထိပြည်ဝယ် ရှင်သာရိပုတြာမထေရ်၏ အလုပ်အကျွေး ဒါယကာအိမ်၌ ပဋိသန္ဓေ တည်နေစွဲယူလေ၏။ ထိုအခါ ဘတ္တဘတိကသူဌေးဖြစ်ဖူးသော သတို့သား၏ မိခင်သည် ရအပ်သော ကိုယ်ဝန်အစောင့်အရှောက် ရှိသည်ဖြစ်၍ နှစ်ရက်,သုံးရက်လွန်သောအခါ “ငါသည် ငါးရာသော ရဟန်းတို့နှင့်တကွ ရှင်သာရိပုတြာမထေရ်အား အရာမက များသော အရသာရှိသော ဘောဇဉ်ကိုလှူ၍ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ဆင်လျက် ရွှေခွက်ကိုယူပြီးလျှင် နေရာအစွန်၌ ထိုင်နေသဖြင့် ထိုရဟန်းတို့၏ စားကြွင်းကို စားရမူကား ကောင်းလေစွ”ဟု ချင်ခြင်းဖြစ်သောကြောင့် ထိုအတိုင်းသာလျှင် ပြုသဖြင့် ချင်ခြင်းကို ပယ်ဖျောက်လေ၏။ ထိုမိခင်သည် ကြွင်းသောမင်္ဂလာတို့၌လည်း ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော အလှူကိုပေးလှူ၍ သားကိုဖွားမြင်ပြီးလျှင် အမည်မှည့်အံ့သောနေ့၌ “အရှင်ဘုရား- တပည့်တော်မ၏သားအား သိက္ခာပုဒ်တို့ကို ပေးသနားတော်မူကြပါဘုရား”ဟု မထေရ်ကို လျှောက်လေ၏။ မထေရ်သည် “ထိုသတို့သား၏ အမည်ကား အဘယ်နည်း”ဟု မေးလေ၏။ “အရှင်ဘုရား တပည့်တော်မ၏သား ပဋိသန္ဓေ တည်နေစွဲယူသည်မှစ၍ ဤအိမ်၌ တစ်စုံတစ်ယောက်သောသူအား ဆင်းရဲခြင်းမည်သည် မဖြစ်စဖူးပါဘုရား၊ ထို့ကြောင့်သာလျှင် ထိုသတို့သားအား “သုခကုမာရ”ဟူသော အမည်သည် ဖြစ်လတ္တံ့ဘုရား”ဟု လျှောက်သည်ရှိသော် ထိုသတို့သားအား ထိုသုခကုမာရ ဟူသောအမည်ကိုသာယူ၍ သိက္ခာပုဒ်တို့ကို ပေးလေ၏။ ထိုအခါ သတို့သား၏မိခင်သည် “ငါသည် ငါ့သား၏အလိုကို မဖျက်အံ့”ဟု စိတ်ကို ဖြစ်စေလေ၏။ ထိုမိခင်သည် သတို့သား၏ နားထွင်းမင်္ဂလာ စသည်တို့၌လည်း ထို့အတူ အလှူကို ပေးလှူလေ၏။

ဘတ္တာတိကတစ်ဖြစ်လဲ မောင်သုခ ရှင်ပြုခြင်း

သတို့သားသည်လည်း ခုနစ်နှစ်မြောက် အရွယ်ရောက်သောကာလ “မိခင်- ကျွန်တော်သည် ရှင်သာရိပုတြာမထေရ်၏ အထံတော်၌ ရှင်သာမဏေပြုခြင်းငှာ အလိုရှိပါသည်”ဟု ပြောဆိုလေ၏။ မိခင်သည် “ချစ်သား- ကောင်းပြီ၊ ငါသည် သင့်အလိုကို မဖျက်ဆီးအံ့”ဟု ဆို၍ ရှင်သာရိပုတြာမထေရ်ကို ပင့်ဖိတ်သဖြင့် ဆွမ်းကျွေးပြီးလျှင် “အရှင်ဘုရား တပည့်တော်မ၏သားသည် ရှင်သာမဏေပြုခြင်းငှာ အလိုရှိပါသည်၊ တပည့်တော်မသည် ဤသတို့သားကို ညချမ်းသောအခါ ကျောင်းတော်သို့ ဆောင်ပို့ပါမည်ဘုရား”ဟု ရှင်သာရိပုတြာမထေရ်ကို လွှတ်လိုက်၍ အဆွေအမျိုးတို့ကို စည်းဝေးစေပြီးလျှင် “ငါ့သားအား လူဖြစ်သောကာလ ပြုအပ်သောကိစ္စကို ယနေ့ပင်လျှင် ပြုပေတော့အံ့”ဟု ဆို၍ သားကို တန်ဆာဆင်လျက် ကြီးစွာသော အသရေတင့်တယ်ခြင်းအစုဖြင့် ကျောင်းတော်သို့ ဆောင်ပို့၍ ရှင်သာရိပုတြာမထေရ်အား အပ်နှင်းလေ၏။ ရှင်သာရိပုတြာမထေရ်သည်လည်း ထိုသတို့သားကို “ချစ်သား- ရှင်သာမဏေအဖြစ် မည်သည်ကား ပြုနိုင်ခဲ၏။ အလွန်မွေ့လျော်ခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု မိန့်တော်မူသောကြောင့် “အရှင်ဘုရား- အရှင်ဘုရားတို့၏ အဆုံးအမကို လိုက်နာ ပြုပါမည်ဘုရား”ဟု ဆိုသည်ရှိသော် ကမ္မဋ္ဌာန်းကိုပေး၍ ရှင်သာမဏေ ပြုပေးလေ၏။ မိခင်ဖခင်တို့သည်လည်း ထိုသတို့သား၏ ရှင်သာမဏေပြုခြင်းအားဖြင့် ပူဇော်သက္ကာရအမှု ပြုလိုသည်ဖြစ်၍ ကျောင်းတွင်း၌သာလျှင် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းအား အရာမက များသော အရသာရှိသော ဘောဇဉ်ကို လှူဒါန်း၍ ညချမ်းသောအခါ မိမိအိမ်သို့ ပြန်သွားကြလေကုန်၏။ ရှစ်ရက်မြောက်သောနေ့၌ ရှင်သာရိပုတြာမထေရ်သည် ရဟန်းသံဃာအပေါင်း ရွာသို့ကြွဝင်သည်ရှိသော် ကျောင်း၌ပြုအပ်သော ကိစ္စကိုပြု၍ သာမဏေကို သပိတ်သင်္ကန်းကို ယူစေလျက် ရွာသို့ ဆွမ်းအလို့ငှာ ဝင်တော်မူလေ၏။ သာမဏေသည် လမ်းခရီးအကြား၌ ရေမြောင်း စသည်တို့ကိုမြင်ရ၍ ပဏ္ဍိတသာမဏေကဲ့သို့ မေးလေ၏။ ရှင်သာရိပုတြာမထေရ်သည်လည်း ထိုသုခသာမဏေအား ပဏ္ဍိတသာမဏေ အတူသာလျှင် ဖြေကြားတော်မူလေ၏။

ကိုရင်သုခ အောက်ဖိုလ်သုံးပါး ရခြင်း

သုခ သာမဏေသည် ထိုအကြောင်းတို့ကို ကြားရလျှင် “အရှင်ဘုရားတို့သည် မိမိ၏ သပိတ်သင်္ကန်းကို အကယ်၍ ယူကြပါကုန်သည်ဖြစ်အံ့၊ တပည့်တော် ပြန်လည်ချင်ပါသည်ဘုရား”ဟု ဆိုသောကြောင့် ရှင်သာရိပုတြာ မထေရ်သည် ထိုသုခသာမဏေ၏ အလိုကို မဖျက်မူ၍ “သာမဏေ- ငါ၏ သပိတ်သင်္ကန်းကို ပေးလော့”ဟု ဆို၍ သပိတ်သင်္ကန်းကို ယူအပ်သည်ရှိသော် ရှင်သာရိပုတြာ မထေရ်ကို ရှိခိုး၍ပြန်စဉ် “အရှင်ဘုရား- တပည့်တော်အလို့ငှာ အာဟာရကို ဆောင်ယူလာခဲ့သည်ရှိသော် အရာမက များသော အရသာရှိသော ဘောဇဉ်ကို ဆောင်ယူတော်မူခဲ့ကြပါဘုရား”ဟု လျှောက်လေ၏။ “အဘယ်အရပ်မှ ထိုဘောဇဉ်ကို ရနိုင်ပါအံ့နည်း”ဟု ဆိုလတ်သော် “ကိုယ်တော်မြတ်၏ ကောင်းမှုကံကြောင့် မရနိုင်လျှင် တပည့်တော်၏ ကောင်းမှုကံကြောင့် ရတော်မူကြပါလိမ့်မည် အရှင်ဘုရား”ဟု လျှောက်လေ၏။ ထိုအခါ သုခသာမဏေအား ရှင်သာရိပုတြာမထေရ်သည် သံကောက် သော့ကိုပေး၍ ရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေ၏။ သုခသာမဏေသည်လည်း ကျောင်းတော်သို့ လာလတ်၍ မထေရ်၏ တိုက်ခန်းကိုဖွင့်သဖြင့် ဝင်ပြီးမှ တံခါးကိုပိတ်၍ မိမိကိုယ်၌ ဉာဏ်ကိုချလျက် ထိုင်နေလေ၏။ ထိုသုခသာမဏေ၏ ဂုဏ်ကျေးဇူး အာနုဘော်ကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူလောင်သော အခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် “ဤအကြောင်းကား အဘယ်နည်း”ဟု ကြည့်ရှုသည်ရှိသော် သာမဏေကိုမြင်ရလျှင် “သုခသာမဏေသည် ဥပဇ္ဈယ်အား သပိတ်သင်္ကန်းကိုပေး၍ ရဟန်းတရားကို အားထုတ်အံ့ဟု ပြန်လည်ဘိ၏၊ ငါကား ထိုအရပ်သို့သွားခြင်းငှာ သင့်၏”ဟု ကြံ၍ စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့ကိုခေါ်စေပြီးလျှင် “အချင်းတို့- သွားကြကုန်လော့၊ ဇေတဝန် ကျောင်းတော်၏ အနီးဖြစ်သော တော၌ မကောင်းသော အသံရှိသော ငှက်တို့ကို ပြေးစေကြကုန်လော့”ဟု ဆို၍ လွှတ်လိုက်လေ၏။ ထိုနတ်မင်းကြီး လေးယောက်တို့သည် သိကြားမင်းဆိုတိုင်းပြု၍ ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ယူကြလေကုန်၏။ လနတ်သား နေနတ်သားတို့ကို “မိမိဗိမာန်တို့ကို ဆွဲငင်၍ ရပ်တည်နေကြကုန်ဦးလော့”ဟု အမိန့်ပေးလိုက်လေ၏။ ထိုလနတ်သား နေနတ်သားတို့သည်လည်း ထိုသိကြားမင်းဆိုတိုင်း ပြုကြလေကုန်၏။ မိမိကိုယ်တိုင်လည်း တံခါးသံကောက်ကြိုးကို ဆွဲငင်ရာအရပ်၌ အစောင့်အရှောက်ကို ယူလေ၏၊ ကျောင်းတိုက်ကြီးသည် ငြိမ်သက်လျက် အသံဆိတ်လေ၏။ သာမဏေသည် တည်ကြည်သောစိတ်ဖြင့် ဝိပဿနာကို ပွားစေပြီးလျှင် သုံးပါးကုန်သော မဂ်ဖိုလ်တို့သို့ ရောက်တော်မူလေ၏။

ကိုရင်သုခ ရဟန္တာဖြစ်ခြင်း

ရှင်သာရိပုတြာမထေရ်သည်လည်း “သုခသာမဏေသည် အရာမက များသော အရသာရှိသော ဘောဇဉ်ကို ဆောင်ယူတော်မူခဲ့ကြပါဟု ဆိုလိုက်၏။ အဘယ်သူ၏အိမ်၌ ရခြင်းငှာ တတ်ကောင်းအံ့နည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် တောင့်တသော အလိုနှင့်ပြည့်စုံသော တစ်ယောက်သော အလုပ်အကျွေး အမျိုးသားကိုမြင်တော်မူ၍ ထိုအိမ်သို့ ကြွသွားတော်မူသဖြင့် “အရှင်ဘုရား- ယနေ့ ဤအိမ်သို့ ကြွလာကြကုန်သော အရှင်ဘုရားတို့သည် ကောင်းသောအမှုကို ပြုအပ်ပေ၏”ဟု ထိုဒါယကာတို့က နှစ်သက်သောစိတ်တို့ဖြင့် သပိတ်ကိုယူ၍ ထိုင်နေစေပြီးလျှင် ယာဂုခဲဖွယ်ကို လှူဒါန်းသဖြင့် ဆွမ်းဘုဉ်းပေးသော ကာလတိုင်အောင် တရားစကားကို ဟောကြားပါမည့်အကြောင်းနှင့် တောင်းပန်သောကြောင့် ရှင်သာရိပုတြာမထေရ်သည် ထိုဒါယကာတို့အား အသက်ထက်ဆုံး အောက်မေ့အပ်သော တရားစကားကို ဟောကြားတော်မူ၍ အခါကာလကို မှတ်သားသဖြင့် ဒေသနာတော်ကို ပြီးဆုံးစေတော်မူလေ၏။ ထိုအခါ ရှင်သာရိပုတြာမထေရ်အား အရာမက များသော အရသာရှိသော ဘောဇဉ်ကို လှူဒါန်းသဖြင့် ထိုဆွမ်းကို ယူ၍သွားခြင်းငှာအလိုရှိသော ရှင်သာရိပုတြာမထေရ်ကို မြင်ရလျှင် “အရှင်ဘုရား- ဘုဉ်းပေးတော်မူကြပါဘုရား၊ တစ်ပါးသော ဘောဇဉ်ကိုလည်း လှူပါကုန်အံ့ဘုရား”ဟု လျှောက်ထား၍ ရှင်သာရိပုတြာမထေရ်ကို ဆွမ်းလုပ်ကျွေးပြီးလျှင် တစ်ဖန် သပိတ်ပြည့်အောင် လှူဒါန်းကြလေကုန်၏။ မထေရ်သည် ထိုဆွမ်းကိုယူလျက် “သာမဏေ မွတ်သိပ်ဆာလောင်ချိန်တန်ပြီ”ဟု အဆောတလျင် ကျောင်းသို့ ပြန်ကြွသွားတော်မူလေ၏။ ထိုနေ့၌ မြတ်စွာဘုရားသည် နံနက်စောစောကပင်လျှင် ထွက်၍ ဂန္ဓကုဋိတိုက်၌နေလျက် ဤသို့ ဆင်ခြင်တော်မူလေ၏။ “ယနေ့ သုခသာမဏေသည် ဥပဇ္ဈာယ်ဆရာအား သပိတ်သင်္ကန်းကိုပေး၍ ရဟန်းတရားကို အားထုတ်အံ့ဟု ပြန်လည်ခဲ့လေ၏။ ထိုသာမဏေအား ရဟန်းကိစ္စသည် ပြီးစီးအံ့လော”ဟု ဆင်ခြင်လတ်သော် သာမဏေသည် သုံးပါးသော မဂ်ဖိုလ်တို့သို့ ရောက်သောအဖြစ်ကိုမြင်ရ၍ အလွန်လည်း စူးစမ်းဆင်ခြင်ပြန်သည်ရှိသော် “ဤသာမဏေသည် ယနေ့ အရဟတ္တဖိုလ်သို့ ရောက်အံ့သောငှာ တတ်နိုင်လတ္တံ့၊ သာရိပုတြာသည်ကား သာမဏေ မွတ်သိပ်ချိန်တန်ပြီဟု လျင်မြန်စွာ ဆွမ်းကိုယူ၍ ထွက်လာခဲ့၏၊ ဤသာမဏေသည် အရဟတ္တဖိုလ်သို့မရောက်မီ ဆွမ်းကို အကယ်၍ ဆောင်လာသည်ဖြစ်အံ့၊ သာမဏေအား အန္တရာယ်ဖြစ်လတ္တံ့၊ ငါဘုရား ကြွတော်မူ၍ တံခါးမုခ်ဦး၌ အစောင့်အရှောက်ယူခြင်းငှာ သင့်၏”ဟု ကြံတော်မူ၍ ဂန္ဓကုဋိတိုက်မှ ထွက်ခဲ့ပြီးလျှင် တံခါးမုခ်ဦး၌ ရပ်တည်လျက် အစောင့်အရှောက်ကို ယူတော်မူလေ၏။ ရှင်သာရိပုတြာမထေရ်သည်လည်း ဆွမ်းကို ဆောင်ယူလာ၏။ ထိုအခါ ရှင်သာရိပုတြာကို အောက်၌ ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့်သာလျှင် ပြဿနာလေးပါးကို မေးတော်မူ၏။ ပြဿနာဖြေဆိုခြင်း၏အဆုံး၌ သာမဏေသည် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။

နေလွဲမှ ဆွမ်းစားသည်ဟု ကဲ့ရဲ့ကြခြင်း

မြတ်စွာဘုရားသည် အရှင်သာရိပုတြာမထေရ်ကို ခေါ်တော်မူ၍ “သာရိပုတြာ- သွားချေလော့၊ သင်သည် သာမဏေအား ဆွမ်းကိုပေးချေလော့”ဟု မိန့်တော်မူလေ၏။ မထေရ်သည် ကြွလာတော်မူ၍ တံခါးကိုခေါက်လေ၏။ သာမဏေသည်လည်း ထွက်၍ ဆရာဥပဇ္ဈာယ်အား ဝတ်ကြီးဝတ်ငယ်ကိုပြုသဖြင့် “ဆွမ်းစားခြင်းကိစ္စကို ပြု ချေလော့”ဟု ဆိုအပ်သည်ရှိသော် ရှင်သာရိပုတြာမထေရ်မြတ်အား ဆွမ်းဖြင့်အလိုမရှိသော အဖြစ်ကိုသိရ၍ ခုနစ်နှစ်အရွယ်ရှိသော သတို့သားသည် ထိုခဏ၌ပင်လျှင် အရဟတ္တဖိုလ်သို့ရောက်လျက် ငြိမ်းအေးရာ နိဗ္ဗာန်အရပ်ကို ဆင်ခြင်သုံးသပ်တော်မူလျက် ဆွမ်းစားခြင်းကိစ္စကို ပြုတော်မူပြီးလျှင် သပိတ်ကို ဆေးကြောလေ၏။ ထိုကာလ၌ နတ်မင်းကြီးလေးယောက်တို့သည် အစောင့်အရှောက်ကို လွှတ်ကြလေကုန်၏။ လနတ်သား နေနတ်သားတို့သည်လည်း ဗိမာန်တို့ကို လွှတ်ကြလေကုန်၏။ သိကြားမင်းသည်လည်း တံခါးသံကောက်ကြိုး ဆွဲငင်ရာ၌ အစောင့်အရှောက်ကိုလွှတ်လေ၏။ နေသည် ကောင်းကင်အလယ်ကို လွန်သည်ဖြစ်၍သာလျှင် ထင်ရှားလေ၏။ ရဟန်းတို့သည် “ညချမ်းအခါထင်၏၊ သာမဏေသည်လည်း ယခုပင်လျှင် ဆွမ်းစားခြင်းကိစ္စကို ပြုဘိ၏၊ အသို့နည်း၊ ယနေ့ နံနက်အခါသည် အားကြီးစွာ (အချိန်များစွာ) ဖြစ်၏။ ညချမ်းအခါသည် အချိန်နည်း၏”ဟု ဆိုကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာတော်မူဆဲသောအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်ပြီးသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ယနေ့ နံနက်အခါ အားကြီးစွာ ဖြစ်ပါ၏၊ ညချမ်းအခါ နည်းပါ၏၊ သာမဏေသည်လည်း ယခုပင် ဆွမ်းစားခြင်းကိစ္စကို ပြုဘိ၏။ စင်စစ်သော်ကား နေသည် မွန်းတည့်ခြင်းကို လွန်လျက်သာလျှင် ထင်ရှားပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “ချစ်သားရဟန်းတို့- ဘုန်းရှိသောသူတို့၏ ရဟန်းတရားကို အားထုတ်သောကာလ၌ ဤသင်တို့လျှောက်ကြားခြင်းသည် လျှောက်ကြားတိုင်း ဟုတ်မှန်ပေ၏။ ယနေ့ နတ်မင်းကြီး လေးယောက်တို့သည် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ယူကြလေကုန်၏။ လနတ်သား, နေနတ်သားတို့သည် ဗိမာန်တို့ကို ဆွဲငင်လျက် ရပ်တည်နေကြလေကုန်၏။ သိကြားမင်းသည် တံခါး သံကောက်ကြိုး ဆွဲငင်ရာ၌ အစောင့်အရှောက်ကို ယူလေ၏။ ငါဘုရားသည်လည်း တံခါးမုခ်ဦး၌ အစောင့်အရှောက်ကို ယူတော်မူရလေ၏။ ယနေ့ သုခသာမဏေသည် ရေမြောင်း၌ ရေကို ဆောင်ယူကုန်သော သူတို့ကိုလည်းကောင်း၊ မြားကို ဖြောင့်စွာပြုကုန်သော မြားသမားတို့ကိုလည်းကောင်း၊ လှည်းဘီး အစရှိသည်တို့ကို ပြုကုန်သော တံစဉ်းရွေသမားတို့ကိုလည်းကောင်း မြင်ရသဖြင့် မိမိကိုယ်ကိုဆုံးမ၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၁၄၅] ဥဒကဉှိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

နေတ္တိကာ၊ ရေကို ဆောင်ယူတတ်ကုန်သော သူတို့သည်။ ဥဒကံ၊ ရေကို။ နယန္တိ၊ မိမိလိုရာသို့ ဆောင်ကြကုန်၏။ ဥသုကာရာ၊ လေးသမားတို့သည်။ တေဇနံ၊ မြားကို။ နမယန္တိ၊ ဖြောင့်အောင် ပြုလုပ်ကြကုန်၏။ တစ္ဆကာ၊ တံစဉ်းသမားတို့သည်။ ဒါရုံ၊ သစ်တုံးကို။ နမယန္တိ၊ မိမိတို့အလိုရှိတိုင်း အဖြောင့်အကောက် ပြုလုပ်ကြကုန်၏။ သုဗ္ဗတာ၊ ဆိုလွယ်သော စကားရှိသောသူတို့သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယန္တိ၊ မဂ်ဖိုလ်ရအောင် ဆုံးမကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုခသာမဏေဝတ္ထု ပြီး၏။

֍ * ၁။ ဝိသာခါ၏ အဖော်မိန်းမတို့ ဝတ္ထု

ကောနု ဟာသော ကိမာနန္ဒောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ၏ အဆွေခင်ပွန်းမ ဖြစ်ကုန်သော မိန်းမတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရက်ခိုးသောက်သော မိန်းမများ

သာဝတ္ထိပြည်၌ ငါးရာသော အမျိုးကောင်းသားတို့သည် “ဤသို့ပြုသည်ရှိသော် ဤမိန်းမတို့သည် မမေ့မလျော့နေခြင်းရှိသည် ဖြစ်ကြကုန်လတ္တံ့”ဟု နှလုံးပြု၍ မိမိ,မိမိ၏ မယားတို့ကို ဝိသာခါအမည်ရှိသော ဒါယိကာမကြီးအား လက်ခံသိမ်းပိုက်စေကြလေကုန်၏။ အပ်နှင်းကြ၏။ ထိုငါးရာသော မိန်းမတို့သည် ဥယျာဉ်သို့လည်းကောင်း ကျောင်းသို့လည်းကောင်း သွားကြကုန်သည်ရှိသော် ဝိသာခါနှင့် အတူတကွသာလျှင် သွားကြကုန်၏၊ ထိုငါးရာသောမိန်းမတို့သည် တစ်ပါးသောအခါ “ခုနစ်ရက်ပတ်လုံး သေသောက်ပွဲသဘင် ဖြစ်လတ္တံ့”ဟု သဘင်အရေး ကြွေးကြော်အပ်သည်ရှိသော် မိမိ၏ လင်ယောက်ျားတို့အလို့ငှာ သေအရက်ကို စီရင်ကြလေကုန်၏။ ထိုယောက်ျားတို့သည် ခုနစ်ရက်ပတ်လုံး သေသောက်သဘင်ကို ကစားကြ၍ ရှစ်ရက်မြောက်သောနေ့၌ သဘင်အမှု ပြီးဆုံးခြင်းကြောင့် ကြင်ရာသက်ထား ချစ်မယားနှင့် ထွက်ခွာကာ ပြန်လာကြလေကုန်၏။

ထိုမိန်းမတို့သည်လည်း “ငါတို့သည် လင်ယောက်ျားတို့၏ မျက်မှောက်၌ သေသောက်ခြင်းငှာ မရကြကုန်။ ကြွင်းကျန်သော သေတို့သည်လည်း ရှိကုန်သေး၏။ ဤသေကို ထိုလင်ယောက်ျားတို့ မသိအောင် သောက်ကြကုန်အံ့”ဟု ကြံ၍ ဝိသာခါ၏ အထံသို့သွားပြီးလျှင် “ရှင်မ ဝိသာခါ- ဥယျာဉ်ကိုကြည့်ရှုခြင်းငှာ အလိုရှိကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် “အမိတို့- ကောင်းပါပြီ၊ ထိုသို့ဖြစ်မူ ပြုလုပ်ဖွယ်အမှုကိစ္စ ဟူသမျှတို့ကိုပြု၍ ထွက်ကြကုန်လော့”ဟု ဆိုလေသောကြောင့် ဝိသာခါနှင့်အတူတကွ သွားကြ၍ ဖုံးလွှမ်းသော အခြင်းအရာဖြင့် သေကို ဆောင်ယူစေကြလျက် ဥယျာဉ်၌ သေကိုသောက်၍ မေ့လျော့ပြီးလျှင် မူးမူးယစ်ယစ်ဖြစ်၍ သွားလာလှည့်လည်ကြလေကုန်၏။ ဝိသာခါသည်လည်း “ဤမိန်းမတို့သည် မသင့်လျော်သောအမှုကို ပြုအပ်၏၊ ယခုအခါ ရဟန်းဂေါတမ၏ အလုပ်အကျွေး တပည့်မဖြစ်သော ဝိသာခါသည် သေကိုသောက်လျက် လှည့်လည်၏ဟူ၍ တိတ္ထိတို့သည်လည်း ကဲ့ရဲ့ကြကုန်လတ္တံ့”ဟု ကြံပြီးလျှင် ထိုမိန်းမတို့ကို “အမိတို့- အမိတို့သည် မသင့်လျော်သောအမှုကို ပြုဘိ၏။ ငါ့အားလည်း အကျော်အစောမဲ့ကို ဖြစ်စေအပ်၏။ လင်ယောက်ျားတို့သည်လည်း သင်တို့ကို အမျက်ထွက်ကြကုန်လတ္တံ့၊ ယခုအခါ အဘယ်သို့ ပြုကြကုန်အံ့နည်း”ဟု ဆိုလေ၏။ “ရှင်မ ဝိသာခါ- မကျန်းမာသော လူနာအသွင်အပြင်ကို ပြကြကုန်အံ့ (မမာချင်ယောင် ဆောင်ကုန်အံ့)”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ မိမိအမှုဖြင့် ထင်ရှားကြကုန်လတ္တံ့”ဟု ဆိုလေ၏။ ထိုမိန်းမတို့သည် အိမ်သို့ရောက်သွားကြလျှင် မကျန်းမာလေဟန် ပြုကြကုန်၏။ ထိုအခါ ထိုမိန်းမတို့၏ လင်ယောက်ျားတို့သည် “ဤမည်သော မိန်းမ, ဤမည်သော မိန်းမတို့သည် အဘယ်မှာနည်း”ဟု မေးလတ်သော် “မကျန်းမာကြကုန်”ဟု ကြားရလျှင် “မချွတ်လျှင် ထိုမိန်းမတို့သည် ကြွင်းကုန်သော သေတို့ကို သောက်သည်ဖြစ်ကုန်လတ္တံ့”ဟု မှတ်သား၍ ထိုမိန်းမတို့ကို ရိုက်နှက်ပုတ်ခတ်သဖြင့် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်စေကြလေကုန်၏။

ဘုရားရှေ့ အရက်မူး၍ နတ်ပူးသော မိန်းမများ

ထိုမိန်းမတို့သည် ထိုမှတစ်ပါးသော သေသောက်ပွဲ ကြုံသောအခါ၌လည်း ထို့အတူသာလျှင် သောက်လိုပြန်သောကြောင့် ဝိသာခါသို့ချဉ်းကပ်၍ “ရှင်မဝိသာခါ- အကျွန်ုပ်တို့ကို ဥယျာဉ်သို့ ဆောင်ပါဦးလော့”ဟု ဆိုပြန်သဖြင့် “ရှေး၌လည်း သင်တို့သည် ငါ၏ အကျော်အစောမဲ့ကို ဖြစ်စေအပ်ဖူးပြီ၊ သွားကြလေကုန်၊ သင်တို့ကို ငါမဆောင်တော့အံ့”ဟု ဝိသာခါ ပယ်လိုက်အပ်ကုန်သည်ရှိသော် “ယခုအခါ ဤသို့ မပြုကြပါတော့အံ့”ဟု နှစ်သိမ့်စေပြီးလျှင် တစ်ဖန် ဝိသာခါသို့ချဉ်းကပ်လျက် “ရှင်မ ဝိသာခါ- ဘုရားအား ပူဇော်ခြင်းကို ပြုခြင်းငှာ အလိုရှိကြပါကုန်၏၊ အကျွန်ုပ်တို့ကို ကျောင်းသို့ ဆောင်ပါလော့”ဟု ဆိုကြလေကုန်၏။ “အမိတို့- ယခုအခါ သင့်လျော်ပေ၏၊ သွားကြကုန်လော့၊ ပူဇော်အံ့သော အစီအရင်ကို ပြုကြကုန်လော့”ဟု ဆိုလျှင် ထိုမိန်းမတို့သည် ပန်းတောင်း၌ နံ့သာပန်း စသည်တို့ကို ယူစေ၍ သေဖြင့်ပြည့်သော လက်ဆုပ်ဘူးငယ်တို့ကို လက်တို့ဖြင့်ဆွဲလျက် ကြီးသော အပေါ်ရုံအဝတ်တို့ကို ခြုံပြီးလျှင် ဝိသာခါသို့ချဉ်းကပ်၍ ဝိသာခါနှင့် အတူတကွ ကျောင်းတော်သို့ဝင်သဖြင့် တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်ကာ လက်ဆုပ်ဘူးငယ်တို့မှ သေကိုသောက်ကြပြီးလျှင် ထိုသေဘူးတို့ကို စွန့်ပစ်၍ တရားသဘင်ဝယ် မြတ်စွာဘုရား၏ ရှေ့တော်၌ နေကြလေကုန်၏။ ဝိသာခါသည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤမိန်းမတို့အား တရားဟောကြားတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ ထိုမိန်းမတို့သည်လည်း ယစ်မူးခြင်းအဟုန်ကြောင့် တုန်လှုပ်သော ကိုယ်ရှိကုန်လျက် “ကခုန်ကြကုန်အံ့, သီဆိုကြကုန်အံ့” ဟူသောစိတ်ကို ဖြစ်စေကြလေကုန်၏။ ထိုအခါ မာရ်နတ်၏ အသင်းအပင်းဖြစ်သော တစ်ယောက်သော နတ်သည် “ဤမိန်းမတို့၏ကိုယ်တို့၌ ပူးဝင်ပြီးလျှင် ရဟန်းဂေါတမ၏ရှေ့၌ ဖောက်ပြန်သော အခြင်းအရာကို ပြဦးအံ့”ဟု ကြံ၍ ထိုမိန်းမတို့၏ကိုယ်တို့၌ ပူးဝင်လေ၏။ ထိုမိန်းမတို့တွင် အချို့သော မိန်းမတို့သည် မြတ်စွာဘုရား၏ ရှေ့တော်၌ လက်ခုပ်တီး၍ ရယ်ရွှင်ကြကုန်၏။ အချို့သောမိန်းမတို့သည် ကခုန်ခြင်းငှာ အားထုတ်ကြလေကုန်၏။

ထိတ်လန့်စေပြီးမှ ဆုံးမခြင်း

မြတ်စွာဘုရားသည် “ဤအမှုကား အဘယ်နည်း”ဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် ထိုအကြောင်းကို သိတော်မူလျှင် ယခုအခါ မာရ်နတ်၏ အသင်းအပင်းဖြစ်သော သူတို့အား အခွင့်ကိုရစေခြင်းငှာ မပေးအံ့၊ ဤမျှလောက်သော ကာလပတ်လုံး ပါရမီတို့ကို ဖြည့်ဆည်းဖူးသော ငါသည် မာရ်နတ်၏ အသင်းအပင်းဖြစ်သောသူတို့အား အခွင့်ကိုရစေခြင်းငှာ ဖြည့်ဆည်းပူးအပ်သည်မဟုတ်။ ထို့ကြောင့် ထိုမိန်းမတို့ကို ထိတ်လန့်စေခြင်းငှာ မျက်မှောင်တော်မွေးအောက်မှ ညိုသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူလေ၏။ ထိုခဏချင်း မှောင်ကြီးအတိ ဖြစ်လေ၏။ ထိုမိန်းမတို့သည် ထိတ်လန့်ကြကုန်၏။ သေအံ့သောဘေးဖြင့် ကြောက်လန့်ကြကုန်၏။ ထို့ကြောင့် ထိုမိန်းမတို့၏ ဝမ်း၌ရှိသော သေသည် ကုန်ခန်းသွေ့ခြောက် ပျောက်ပျက်လေ၏။ မြတ်စွာဘုရားသည် ထိုင်နေတော်မူရာ ပလ္လင်တော်မှ ကွယ်ပျောက်လျက် မြင်းမိုရ်တောင်၌ ရပ်တော်မူ၍ ဥဏ္ဏလုံမွေရှင်တော် <(b>ဥဏ္ဏ+လောမ- ဥဏ္ဏမည်သော+အမွေး။ မျက်မှောင်တော် နှစ်ခုအကြား နဖူးလယ်၌ လက်ယာရစ်လည်လျက် အထက်သို့ ကော့တက်သော အဖျားရှိသော နူးညံ့ဖြူစင်သော မွေးညင်းဖြစ်သည်။ အရှည်အားဖြင့် တစ်လံခွဲရှိ၏။) မှ ဖြူသောရောင်ခြည်တော်ကို လွှတ်တော်မူပြန်လေ၏။ ထိုခဏ၌သာလျှင် လမင်းတစ်ထောင် တက်လာဘိသကဲ့သို့ ဖြစ်လေ၏။ ထိုအခါ ထိုမိန်းမတို့ကို ခေါ်တော်မူ၍ “ငါဘုရား၏ အထံသို့ လာကြကုန်သော သင်တို့သည် မေ့မေ့လျော့လျော့ ဖြစ်ကုန်လျက် လာခြင်းငှာ မသင့်၊ သင်တို့၏ မေ့လျော့ခြင်းကြောင့်သာလျှင် မာရ်နတ်၏ အပင်းအသင်းဖြစ်သော နတ်သည် အခွင့်ကိုရ၍ သင်တို့သည် ရယ်ရွှင်ခြင်းစသည်တို့ ပြုရာမဟုတ်သောအရပ်၌ ရယ်ခြင်း စသည်တို့ကို ပြုစေဘိ၏။ ယခုအခါ သင်တို့သည် ရာဂအစရှိသော မီးတို့ကို ငြိမ်းစိမ့်သောငှာ အားထုတ်သည်ကို ပြုသင့်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၄၆] ကောနု ဟာသော ကိမာနန္ဒော၊ နိစ္စံ ပဇ္ဇလိတေ သတိ။
အန္ဓကာရေန သြနဒ္ဓါ၊ ပဒီပံ န ဂဝေသထ။

နိစ္စံ၊ အမြဲ။ ပဇ္ဇလိတေ၊ ရာဂအစရှိသော တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့် တောက်လောင်ခြင်းသည်။ ဝါ၊ တောက်လောင်သော လူအပေါင်းသည်။ သတိ၊ ဖြစ်လျက်။ ဟာသော၊ ရယ်ရွှင်နေခြင်းသည်။ ကောနု၊ အဘယ်သဘောနည်း။ အာနန္ဒော၊ နှစ်သက်နေခြင်းသည်။ ကိံ၊ အဘယ်သဘောနည်း။ (မပြုသင့်သော သဘောသာ မဟုတ်လော ဟူလို)။ အန္ဓကာရေန၊ အဝိဇ္ဇာမှောင်ကြီးသည်။ သြနဒ္ဓါ၊ မှေးရှက်အပ်ကုန်လျက်။ တုမှေ၊ သင်တို့သည်။ ပဒီပံ၊ ပညာဟူသော ဆီမီးကို။ ကိံ၊ အဘယ့်ကြောင့်။ န ဂဝေသထ၊ မရှာကြ မပြုကြကုန်ဘိသနည်း။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာသော မိန်းမသူတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

အရက် အတ္ထုပ္ပတ္တိ အမြွက်

မြတ်စွာဘုရားသည် ထိုမိန်းမတို့၏ မတုန်မလှုပ်သော အစလသဒ္ဓါ၌ တည်သည့်အဖြစ်ကို သိတော်မူလျှင် မြင်းမိုရ်တောင်ထိပ်မှ သက်ဆင်း၍ ဘုရားနေရာ၌ နေတော်မူလေ၏။ ထိုအခါ ဘုရားရှင်ကို ဝိသာခါသည် “မြတ်စွာဘုရား- ဤသေမည်သည်ကား ယုတ်ညံ့လှပါ၏၊ ဤသို့သဘောရှိသည်မည်သော ဤမိန်းမတို့သည် ရှင်တော်မြတ်ဘုရားကဲ့သို့သော ဘုရားရှင်၏ ရှေ့တော်၌နေလျက် ဣရိယာပုထ်မျှကိုလည်း တည်တံ့စေခြင်းငှာ မတတ်နိုင်ကြကုန်သဖြင့် ထ၍ လက်ခုပ်တီးကာ ရယ်ရွှင်ခြင်း, သီဆိုခြင်း, ကခုန်ခြင်း စသည်တို့ကို အားထုတ်ပြုလုပ်ကြပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ဝိသာခါ ဒါယိကာမ- ဟုတ်မှန်ပေ၏၊ ဤသေမည်သည်ကား ယုတ်ညံ့သော သဘောရှိသည်သာတည်း။ ထိုသေကိုမှီ၍ များစွာသော သတ္တဝါတို့သည် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ဖူးကြလေကုန်ပြီ”ဟု မိန့်တော်မူသဖြင့် “မြတ်စွာဘုရား- ဤသေသည် အဘယ်ကာလ၌ စ၍ဖြစ်ပါသနည်းဘုရား”ဟု မေးလျှောက်သည်ရှိသော် ထိုသေဖြစ်ပုံကို အကျယ်အားဖြင့် ဟောတော်မူခြင်းငှာ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၍ တိံသနိပါတ်၌ ဤကုမ္ဘဇာတ်ကို ဟောကြားတော်မူလေ၏။

ဝိသာခါ၏ အဖော်မိန်းမတို့ဝတ္ထု ပြီး၏။

֍ * ၂။ သီရိမာဝတ္ထု

ပဿ စိတ္တကတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် သီရိမာကို အကြောင်းပြု၍ ဟောတော် မူလေ၏။

သီရိမာဟူသည်

ထိုသီရိမာသည် ရာဇဂြိုဟ်ပြည်၌ အလွန်အဆင်းလှသော ပြည့်တန်ဆာမ ဖြစ်သတတ်။ ထိုသီရိမာသည် တစ်ခုသော ဝါတွင်းကာလ၌ သုမနသူဌေးကြီး၏ သား၏ မယားဖြစ်သော ပုဏ္ဏကသူဌေး၏ သမီးဖြစ်သော ဥတ္တရာအမည်ရှိသော ဒါယိကာမအား ပြစ်မှားမိသဖြင့် ထိုဒါယိကာမကို ကြည်လင် နှစ်သက်စေလိုသောကြောင့် ထိုဥတ္တရာ အမည်ရှိသော ဒါယိကာမအိမ်၌ ရဟန်းသံဃာအပေါင်းနှင့်တကွ ပြုအပ်ပြီးသော ဆွမ်းဘုဉ်းပေးခြင်းကိစ္စရှိသော ဘုရားရှင်ကို တောင်းပန်ကန်တော့ပြီးလျှင် ထိုနေ့၌ မြတ်စွာဘုရား၏ ဆွမ်းအနုမောဒနာ တရားဒေသနာတော်ကို ကြားနာရ၍-

အောင်ကြောင်း လက်နက်

အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ။

အက္ကောဓေန၊ အမျက်မထွက်သည်ဖြစ်၍။ ကောဓံ၊ အမျက်ထွက်သောသူကို။ ဇိနေ-ဇိနာတိ၊ အောင်မြင်၏။ အသာဓုံ၊ မကောင်းသောသူကို။ သာဓုနာ၊ ကောင်းသော သဘောရှိသည်ဖြစ်၍။ ဇိနေ၊ အောင်မြင်၏။ ကဒရိယံ၊ ဝန်တိုသောသူကို။ ဒါနေန၊ မိမိဥစ္စာ ပေးကမ်းခြင်းဖြင့်။ ဇိနေ၊ အောင်မြင်၏။ အလိကဝါဒိနံ၊ မမှန်ချွတ်ယွင်း ပြောဆိုခြင်းရှိသောသူကို။ သစ္စေန၊ မှန်သောစကား ပြောကြားခြင်းဖြင့်။ ဇိနေ၊ အောင်မြင်၏။

ဟူသော ဂါထာ၏အဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

(ဤဆိုအပ်ခဲ့ပြီးသည်ကား ဤဝတ္ထု၌ အကျဉ်းတည်း။ အကျယ်စကားသည်ကား ကောဓဝဂ်၌ အနုမောဒနာဂါထာ အဖွင့်၌သာလျှင် ထင်စွာဖြစ်လတ္တံ့။)

ဤသို့လျှင် သီရိမာသည် သောတာပတ္တိဖိုလ်သို့ ရောက်ပြီးသည်ရှိသော် ရဟန်းသံဃာအပေါင်းကို ပင့်ဖိတ်၍ တစ်ဖန် မိုးသောက်သောနေ့၌ ကြီးစွာသော အလှူကြီးကို ပေးလှူပြီးလျှင် သံဃာအား အဋ္ဌကဘတ်(ရဟန်းရှစ်ပါး အပေါင်းအား + လှူသောဆွမ်း။)ကို မပြတ် ပေးလှူစေလေ၏။ အစမှစ၍ မပြတ် ရှစ်ပါးသော ရဟန်းတို့သည် အိမ်သို့ ကြွသွားကြကုန်၏။ “ထောပတ်ကို ခံယူတော်မူကြပါဘုရား၊ နို့ရည်ကို ခံယူတော်မူကြပါဘုရား၊” ဤသို့ အစရှိသော စကားတို့ကိုဆို၍ ထိုရဟန်းတို့၏ သပိတ်တို့ကို ပြည့်စေကြကုန်၏။ ရဟန်းတစ်ပါးရသော ဆွမ်းသည်ပင် သုံးပါးလေးပါးသော ရဟန်းတို့အား လောက်၏။ နေ့တိုင်း နေ့တိုင်း တစ်ဆယ့်ခြောက်သပြာ ကုန်စေသဖြင့် ဆွမ်းကိုလှူဒါန်းအပ်၏။ ထိုအခါ တစ်နေ့သ၌ ရဟန်းတစ်ပါးသည် သီရိမာ၏အိမ်၌ ရှစ်ပါးသော ရဟန်းတို့ကိုရည်၍ လှူအပ်သော အဋ္ဌကဘတ်ဆွမ်းကို ဘုဉ်းပေးသုံးဆောင်ပြီးလျှင် သုံးယူဇနာအထက်၌ တစ်ခုသောကျောင်းသို့ ရောက်သွားလေ၏။ ထို့နောက် ထိုရဟန်းကို ညနေချမ်းအခါ ဤသို့သဘောရှိသောအရပ်၌ နေစဉ် “ငါ့ရှင်- အဘယ်အရပ်၌ ဆွမ်းကို သုံးဆောင်၍ လာခဲ့သနည်း”ဟု မေးကြလေကုန်၏။ “သီရိမာ၏ အဋ္ဌကဘတ်ကို တပည့်တော် သုံးဆောင်ခဲ့ပါသည်ဘုရား”ဟု ဆိုလတ်သော် “ငါ့ရှင်- နှစ်လိုဖွယ်ကိုပြု၍ လှူဒါန်းပါသလော”ဟု မေးကြပြန်ကုန်၏။ “ထိုသီရိမာ၏ ဆွမ်းကို ချီးမွမ်းခြင်းငှာ မတတ်နိုင်၊ အလွန်လျှင် မွန်မွန်မြတ်မြတ်ပြု၍ လှူဒါန်းပါသည်။ ရဟန်းတစ်ပါးရသော ဆွမ်းသည် သုံးပါးတို့အားလည်းကောင်း၊ လေးပါးတို့အားလည်းကောင်း လောက်၏၊ ထိုသီရိမာ၏ လှူဖွယ်ဝတ္ထုပစ္စည်းထက်လည်း အမြင်ရုပ်ပုံ အဆင်းသည်သာလျှင် သာ၍ လွန်ကဲပေ၏၊ ထိုမိန်းမသည် ဤသို့ ဤသို့ သဘောရှိ၏”ဟု ဆိုလျက် သီရိမာ၏ ဂုဏ်ကျေးဇူးတို့ကို ချီးမွမ်းပြောဆိုလေ၏။

သီရိမာကို စွဲလမ်းနေသော ရဟန်း

ထိုအခါ ရဟန်းတစ်ပါးသည် သီရိမာ၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ကြားတဲ့၍ မမြင်ရသေးဘဲသာလျှင် ချစ်ခြင်းကို ဖြစ်စေသဖြင့် “ငါသည် သွား၍ ထိုသီရိမာကို ရှုမြင်ခြင်းငှာ သင့်၏”ဟု မိမိသိက္ခာဝါ အရေအတွက်ကို ပြောပြ၍ ထိုရဟန်းကို အစဉ်ကိုမေးမြန်းလျှင် “ငါ့ရှင်- နက်ဖြန် ထိုသီရိမာအိမ်၌ သင်သည် သံဃာ့ထေရ်ဖြစ်၍ အဋ္ဌကဘတ်ကို ရနိုင်ပေလတ္တံ့”ဟု ဆိုလတ်သည်ရှိသော် ထိုစကားကို ကြားရလျှင် ထိုခဏချက်ချင်းပင် သပိတ်သင်္ကန်းကိုယူ၍ ဖဲသွားလေရာ နံနက်စောစော အရုဏ်တက်လတ်သည်ရှိသော် စာရေးတံပေးရာအရပ်သို့ ဝင်သဖြင့် ရပ်လေရကား သံဃာထေရ်ဖြစ်၍ ထိုသီရိမာ၏အိမ်၌ အဋ္ဌကဘတ်ကို ရလေ၏။ အကြင်ရဟန်းသည် ယမန်နေ့၌ ဆွမ်းဘုဉ်းပေးပြီး၍ ဖဲသွားလေ၏။ ထိုရဟန်း၏ ဖဲသွားသောအခါ၌ပင်လျှင် သီရိမာ၏ ကိုယ်၌လည်း အနာရောဂါ ဖြစ်ပေါ်လေ၏။ ထို့ကြောင့် ဆင်ယင်သော တန်ဆာတို့ကိုချွတ်၍ အိပ်လေ၏။ ထိုအခါ သီရိမာ၏ကျွန်မတို့သည် အဋ္ဌကဘတ်ကိုရ၍ ကြွလာကြကုန်သော ရဟန်းတို့ကိုမြင်လျှင် ပြောကြားကြလေကုန်၏။ ထိုသီရိမာသည် မိမိလက်ဖြင့် သပိတ်တို့ကို လှမ်းယူ၍ ထိုင်နေစေခြင်းငှာလည်းကောင်း၊ လုပ်ကျွေးခြင်းငှာလည်းကောင်း မတတ်နိုင်ရကား ကျွန်မတို့ကို “အမိတို့- သပိတ်တို့ကို လှမ်းယူ၍ အရှင်ကောင်းတို့ကို ထိုင်နေစေလျက် ယာဂုသောက်စေပြီးမှ ခဲဖွယ်ကိုလှူ၍ ဆွမ်းစားချိန်တန်သောအခါ သပိတ်တို့ကို ပြည့်စေလျက် လှူကြပါကုန်လော့”ဟု စေခိုင်းလေ၏။ ကျွန်မတို့သည်လည်း “ကောင်းပါပြီ အရှင်မ”ဟု ရဟန်းတို့ကို ကြွဝင်စေပြီးလျှင် ယာဂုကို သောက်စေပြီးမှ ခဲဖွယ်ကိုလှူ၍ ဆွမ်းစားချိန်တန်သောအခါ ဆွမ်းဖြင့် သပိတ်တို့ကို ပြည့်စေပြီးလျှင် ထိုသီရိမာအား ပြောကြားကြကုန်၏။ သီရိမာသည် “ငါ့ကို ချီပွေ့၍ ဆောင်ကြပါကုန်ဦးလော့ဟု အရှင်ကောင်းတို့ကို ရှိခိုးပါဦးအံ့”ဟု ဆိုသဖြင့် ထိုကျွန်မတို့ ချီပွေ့လျက် ရဟန်းတို့၏အထံတော်သို့ ဆောင်အပ်သည်ရှိသော် တုန်တုန်လှုပ်လှုပ်ဖြစ်သောကိုယ်ဖြင့် ရဟန်းတို့ကို ရှိခိုးရှာလေ၏။ ထိုရဟန်းသည် သီရိမာကို ကြည့်ရှုလျက် “မကျန်းမမာဖြစ်နေသော်လည်း ဤမိန်းမ၏ အဆင်းတင့်တယ်ခြင်းသည် ဤသို့ သဘောရှိဘိသေး၏။ ကျန်းမာသောအခါ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်သည်ရှိသော် ဤသီရိမာ၏ အဆင်းပြည့်စုံခြင်းကား အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း”ဟု ကြံစည်စိတ်ကူးမိလေ၏။ ထိုအခါ ထိုရဟန်းအား များစွာသော နှစ်ကုဋေပတ်လုံး ကိုယ်တွင်း၌ ကိန်းအောင်းစုဝေးတည်နေသော ကိလေသာသည် လှုပ်ရှား ဖြစ်ပေါ်လာလေ၏။ ထိုရဟန်းသည် ပညာအဆင်ခြင် ကင်းသည်ဖြစ်၍ ဆွမ်းကိုစားခြင်းငှာ မတတ်နိုင်ခြင်းကြောင့် သပိတ်ကိုယူကာ ကျောင်းသို့သွားပြီးလျှင် သပိတ်ကိုပိတ်လျက် တစ်ခုသောအရပ်၌ထား၍ သင်္ကန်းထောင့်စွန်းကို ဖြန့်ခင်းကာ အိပ်ရှာလေ၏။ ထိုအခါ ထိုရဟန်းကို အဆွေခင်ပွန်းဖြစ်သော ရဟန်းတစ်ပါးသည် တောင်းပန်သော်လည်း ဆွမ်းဘုဉ်းပေးခြင်းငှာ မတတ်နိုင်။ ထိုရဟန်းသည် ပြတ်ကင်းသော ဆွမ်းအာဟာရရှိသည် ဖြစ်ရှာလေ၏။

သီရိမာ ကွယ်လွန်ခြင်း

ထိုနေ့၌သာလျှင် ညချမ်းအခါ သီရိမာသည် စုတေ သေရှာလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဇီဝက၏ နှမငယ်ဖြစ်သော သီရိမာသည် စုတေ သေလွန်ရှာပါပြီဘုရား”ဟု သတင်းစကား စေလွှတ်လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည်လည်း ထိုစကားကို ကြားတော်မူရလျှင် မင်းကြီး၏အထံသို့ “သီရိမာအလောင်းကို သင်္ဂြိုဟ်ဖွယ် ကိစ္စမရှိ၊ လူသေပစ်စွန့်ရာ သုသာန်တစပြင်၌ သီရိမာအလောင်းကို ကျီးတို့သည် မစားနိုင်သော အခြင်းအရာဖြင့် တုံးလုံးအိပ်ထားစေ၍ စောင့်ရှောက်စေကြကုန်ဦးလော့”ဟု သတင်းစကား ပြန်ကြားစေလွှတ်လိုက်လေ၏။ မင်းကြီးသည်လည်း ဘုရားမိန့်တော်မူတိုင်း ပြုလေ၏။ အစဉ်အတိုင်း သုံးရက်တို့သည် လွန်ကုန်သည်ဖြစ်၍ လေးရက်မြောက်သောနေ့၌ ကိုယ်သည် ဖူးဖူးရောင်လေ၏။ ကိုးပေါက်သော ဒွါရအမာဝတို့မှ ပိုးလောက်တို့သည် ယိုထွက်လေကုန်၏။ ကိုယ်အလုံးသည် ကွဲပျက်သဖြင့် သလေးထမင်းချက်အိုး ဆူဝေခြင်းကဲ့သို့ ဖြစ်လေ၏။

ရဟန်းရှင်လူပရိသတ်တို့ သီရိမာအလောင်းကို ကြည့်ရှု

ဗိမ္ဗိသာရမင်းကြီးသည်လည်း ရာဇဂြိုဟ်မြို့ကြီး၌ “အိမ်စောင့်သူငယ်တို့ကိုချန်ထား၍ သီရိမာကို ကြည့်ရှုခြင်းငှာ မလာကုန်သောသူတို့အား ရှစ်သပြာ မင်းဒဏ်သင့်စေရမည်”ဟု စည်လည်စေလေ၏။ ဘုရားရှင်၏ အထံတော်သို့လည်း “မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းသည် သီရိမာကို ကြည့်ရှုခြင်းငှာ ကြွလာတော်မူစေချင်ပါသည်ဘုရား” ဟူ၍လည်း စေလွှတ်လိုက်လေ၏။ မြတ်စွာဘုရားသည် ရဟန်းတို့အား “သီရိမာကို ကြည့်ရှုခြင်းငှာ သွားကြကုန်စို့အံ့”ဟု မိန့်ကြားတော်မူလေ၏။ ထိုပဉ္စင်းငယ်သည်လည်း လေးရက်တို့ပတ်လုံး တစ်စုံတစ်ယောက်သောသူ၏ စကားကို မနာယူမူ၍ ဆွမ်းအာဟာရဖြတ်လျက်သာ အိပ်စက်ကာ နေရှာလေ၏။ သပိတ်၌ ဆွမ်းသည် ပုပ်သိုးသည်ဖြစ်၍ သပိတ်၌ အညစ်အကြေး တက်လေ၏။ ထိုအခါ ထိုပဉ္စင်းငယ်ကို ထိုအဆွေခင်ပွန်း ရဟန်းသည် ချဉ်းကပ်၍ “ငါ့ရှင်- မြတ်စွာဘုရားသည် သီရိမာကို ကြည့်ရှုခြင်းငှာ ကြွတော်မူ၏”ဟု ပြောဆိုလေ၏။ ထိုရဟန်းငယ်သည် ထိုသို့သော အခြင်းအရာဖြင့် မွတ်သိပ်ဆာလောင်ခြင်း သဘောရှိသော်လည်း “သီရိမာ”ဟု ဆိုအပ်သော စကားအပိုဒ်၌သာလျှင် အဆောတလျင်ထတဲ့၍ “အဘယ်စကားကို ဆိုလေဘိသနည်း”ဟု မေးလေ၏။ “မြတ်စွာဘုရားသည် သီရိမာကို ကြည့်ရှုခြင်းငှာ ကြွသွားတော်မူ၏။ သင်သည်လည်း လိုက်ပါသွားအံ့လော”ဟု မေးသည်ရှိသော် “လိုက်ပါဦးမည်”ဟု ဆို၍ ဆွမ်းကိုစွန့်သဖြင့် သပိတ်ကိုဆေးပြီးလျှင် သပိတ်အိတ်၌ ထည့်သွင်းပြီးမှ ရဟန်းသံဃာတော်အပေါင်းနှင့် အတူတကွ လိုက်လာလေ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျက် နံပါးတစ်ဖက်၌ ရပ်တော်မူ၏။ ရဟန်းသံဃာ အပေါင်းသည်လည်းကောင်း၊ မင်းပရိသတ်သည်လည်းကောင်း၊ ဒါယကာ ပရိသတ်သည်လည်းကောင်း နံပါးတစ်ဖက် တစ်ဖက်၌ ရပ်တည်ကြလေကုန်၏။

သီရိမာကို ယူလိုသူ မရှိတော့

မြတ်စွာဘုရားသည် မင်းကြီးကို “မြတ်သောမင်းကြီး- ဤမိန်းမကား အဘယ်သူနည်း”ဟု မေးမြန်းတော်မူလေ၏။ “မြတ်စွာဘုရား- ဇီဝက၏နှမ သီရိမာအမည်ရှိသော မိန်းမပါဘုရား”ဟု လျှောက်ကြားလေသော် “ဤမိန်းမကား သီရိမာလော”ဟု မေးတော်မူပြန်၏။ “မြတ်စွာဘုရား- သီရိမာဟုတ်မှန်ပါသည်ဘုရား”ဟု လျှောက်ဆိုပြန်လေသော် “ထိုသို့ဖြစ်မူ တစ်ထောင်သော ဥစ္စာကိုပေး၍ သီရိမာကို ယူကြကုန်လော့ဟု မြို့တော်၌ စည်လည်စေလော့”ဟု မိန့်တော်မူလေ၏။ မင်းကြီးသည် ထိုဘုရားရှင် မိန့်တော်မူတိုင်း ပြုလုပ်လေ၏။ တစ်စုံတစ်ယောက်သောသူမျှလည်း ငါယူမည် ဟူ၍လည်းကောင်း၊ ငါတို့သာဖြစ်ပါစေဟူ၍လည်းကောင်း နှစ်သက်စွာ ပြောဆိုသောသူမည်သည် မရှိလေပြီ။ မင်းကြီးသည် မြတ်စွာဘုရားအား “မြတ်စွာဘုရား- မယူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ “ထိုသို့ဖြစ်မူ မြတ်သောမင်းကြီး- အဖိုးကို လျှော့ချဦးလော့”ဟု မိန့်တော်မူပြန်လေ၏။ မင်းကြီးသည် “အသပြာငါးရာပေး၍ ယူကြကုန်လော့”ဟု စည်လည်စေပြန်သော်လည်း ယူလိုသောသူ တစ်စုံတစ်ယောက်ကိုမျှ မမြင်ရသဖြင့် နှစ်ရာ့ငါးဆယ်၊ နှစ်ရာ၊ တစ်ရာ၊ ငါးဆယ်၊ နှစ်ဆယ့်ငါးသပြာ၊ ဆယ်သပြာ၊ ငါးသပြာ၊ တစ်သပြာ၊ ငါးမူး၊ တစ်မတ်၊ တစ်ပဲ၊ တစ်ချင်ရွေးပေး၍ သီရိမာကို ယူကြစေကုန်သတည်းဟု စည်လည်စေပြန်သော်လည်း တစ်စုံတစ်ယောက်သောသူမျှ ထိုသီရိမာကို အလိုမရှိ။ “အဖိုးအခမရှိ၊ အချည်းနှီး ယူကြစေကုန်သတည်း”ဟု စည်လည်စေပြန်လေ၏။ ငါယူပါမည် ဟူ၍လည်းကောင်း၊ ငါတို့သာ ဖြစ်ပါစေဟူ၍လည်းကောင်း နှစ်သက်စွာ ပြောဆိုသောသူမည်သည် မရှိလေပြီ။ မင်းကြီးသည် “မြတ်စွာဘုရား- အချည်းနှီး အလကားဖြင့်သော်လည်း ယူလိုသူမရှိပါဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ကြည့်ရှုကြစမ်းလော့၊ များစွာသော လူအပေါင်းသည် ချစ်ခင်စုံမက်အပ်သော မာတုဂါမကို ဤရာဇဂြိုဟ်မြို့၌သာလျှင် တစ်ထောင်ပေးမှ ရှေးအခါ၌ တစ်နေ့သာ ရကြလေကုန်၏။ ယခုအခါ အချည်းနှီး အဖိုးအခ မရှိခြင်းအားဖြင့် ယူလိုသောသူမျှလည်း မရှိ၊ ချစ်သားရဟန်းတို့- ဤသို့သဘောရှိသည်မည်သော ရုပ်အဆင်းသည် ကုန်ခြင်း,ပျက်ခြင်းသို့ ရောက်ဘိသေး၏။ အခါခပ်သိမ်း နာကျင်လျက်ရှိသော အတ္တဘောကို ကြည့်ရှုကြကုန်လော့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၄၇] ပဿ စိတ္တကတံ ဗိမ္ဗံ၊ အရုကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။

စိတ္တကတံ၊ အဝတ်တန်ဆာ ပန်းနံ့သာ စသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုအပ်သော။ ဗိမ္ဗံ၊ ရှည်သင့် တိုသင့်သော အင်္ဂါကြီးငယ်တို့ဖြင့် တင့်တယ်လှပသော အရုပ်နှင့်တူသော။ သမုဿိတံ၊ သုံးရာသော အရိုးတို့ဖြင့် စိုက်ဆောက်အပ်ထသော။ အာတုရံ၊ အမြဲနာကျင်လျက်ရှိသော။ ဗဟုသင်္ကပ္ပံ၊ များစွာသော လူအပေါင်းသည် များစွာသောအကြောင်းဖြင့် ကြံစည်စိတ်ကူးအပ်သော။ အရုကာယံ၊ အနာမာဝ ကိုးပေါက်တို့ဖြင့် အနာအတိဖြစ်သော ကိုယ်ကောင်ကို။ ပဿ၊ ကြည့်ရှုလေလော့။ ယဿ၊ ယင်းကိုယ်ကောင်အား။ ဓုဝံ၊ မြဲခြင်းသည်လည်းကောင်း။ ဌိတိ၊ တည်တံ့ခြင်းသည်လည်းကောင်း။ နတ္ထိ၊ မရှိလေစွတကား။

အရိုးသုံးရာဟူသည် သွား ၃၂-ချောင်းကို ဖယ်ထား၍ လက်ရိုး-၆၄။ ခြေ-၆၄။ အသားမှီသော အရိုးနု-၆၄။ ဖနောင့်ရိုး-၂။ ဖမျက်ရိုး-၄။ မြင်းခေါင်းရိုး-၄။ ဒူးရိုး-၂။ ပေါင်ရိုး-၂။ ခါးရိုး-၂။ ကျောက်ဆူးရိုး-၁၈။ နံရိုး-၂၄။ ရင်ရိုး-၁၄။ နှလုံးရိုး-၁။ ညှပ်ရိုး-၂။ လက်ပြင်ရိုး-၂။ လက်မောင်းရိုး-၂။ လက်မောင်းဖျားရိုး-၄။ လည်ပင်းရိုး-၇။ မေးရိုး-၂။ နှာခေါင်းရိုး-၁။ မျက်ကွင်းရိုး-၂။ နားရိုး-၂။ နဖူးရိုး-၁။ ဦးထိပ်ရိုး-၁။ ဦးခေါင်းခွံရိုး-၉။ ပေါင်း-အရိုးသုံးရာ ဖြစ်၏။

သီရိမာကို စွဲလမ်းသူရဟန်း သောတာပန်ဖြစ်

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ ထိုရဟန်းသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။

သီရိမာဝတ္ထု ပြီး၏။

֍ * ၃။ ဥတ္တရာထေရီမ ဝတ္ထု

ပရိဇိဏ္ဏမိဒံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥတ္တရာမည်သော ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆွမ်းခံသွားစဉ် အားပြတ်၍ လဲကျခြင်း

ဥတ္တရာထေရီမသည် ဖွားမြင်သည်မှစ၍ အရွယ်အားဖြင့် အသက် တစ်ရာ့နှစ်ဆယ် ရှိသည်ဖြစ်၍ ဆွမ်းအလို့ငှာ သွားလာလှည့်လည်သဖြင့် ရသော ဆွမ်းရှိလေရကား လမ်းခရီးအကြား၌ ရဟန်းတစ်ပါးကိုမြင်ရလျှင် ဆွမ်းဖြင့် ပန်ကြား၍ မြစ်ပယ်တော်မမူဘဲ ယူသော ထိုရဟန်းအား အလုံးစုံသောဆွမ်းကို လှူဒါန်းလေသောကြောင့် ပြတ်ကင်းသော အာဟာရရှိသည် ဖြစ်လေသတတ်။ ဤသို့ နှစ်ရက်မြောက်သော နေ့၌လည်းကောင်း၊ သုံးရက်မြောက်သော နေ့၌လည်းကောင်း ထိုရဟန်းအားသာလျှင် ထိုအရပ်၌ပင် ဆွမ်းကိုလှူပြန်လေသောကြောင့် ပြတ်ကင်းသော အာဟာရရှိသည် ဖြစ်လေ၏။ လေးရက်မြောက်သော နေ့၌ကား ဆွမ်းအလို့ငှာ သွားလတ်သည်ရှိသော် တစ်ခုသော ကျဉ်းမြောင်းရာအရပ်၌ မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် နောက်သို့ဆုတ်ခွာစဉ် တွဲလျားကျသော မိမိသင်္ကန်းစွန်းကို နင်းမိရာ ကောင်းစွာဆောင်ခြင်းငှာ မတတ်နိုင်၊ မဟန်နိုင်ရကား ဦးစောက်ပြောင်းပြန်ဖြစ်၍ လဲကျသွားလေ၏။ မြတ်စွာဘုရားသည် ထိုဥတ္တရာထေရီမ၏အထံသို့ ကြွသွားတော်မူ၍ ”နှမ- သင်၏အတ္တဘောသည် ဆွေးမြည့်အိုမင်း ယိုယွင်းခဲ့လေပြီ၊ မကြာမြင့်မီသာလျှင် ပျက်စီးရပေလတ္တံ့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၄၈] ပရိဏ္ဏမိဒံ ရူပံ၊ ရောဂနီဠံ ပဘင်္ဂုရံ။
ဘိဇ္ဇတိ ပူတိသန္ဒေဟော၊ မရဏန္တံ ဟိ ဇီဝိတံ။

ဘဂိနိ၊ နှမ။ တဝ၊ သင်၏။ ဣဒံ ရူပံ၊ ဤကိုယ်ကောင် ဟူသော ရုပ်သည်။ ပရိဇိဏ္ဏံ၊ ဆွေးမြည့်ယိုယွင်း အိုမင်းခဲ့လေ၏။ ရောဂနီဠံ၊ အနာရောဂါအားလုံးတို့၏ နေရာလည်းဖြစ်၏။ ပဘင်္ဂုရံ၊ အမြဲစိမ့်ထွက် ပုပ်အက်လျက်ရှိ၏။ ပူတိ၊ ပုပ်သည်။ သံ သန္တော၊ ဖြစ်၍။ ဒေဟော၊ သင့်ကိုယ်သည်။ ဘိဇ္ဇတိ၊ မကြာမီ ပျက်စီးတတ်၏။ ဟိ၊ ထိုစကားသင့်စွ။ ဇီဝိတံ၊ အသက်သည်။ မရဏန္တံ၊ သေခြင်း အဆုံးရှိ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ဥတ္တရာထေရီမသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

(ဤဘိက္ခုနီမသည် သာရဏီယဓမ္မကို ဖြည့်ကျင့်သူဖြစ်၏။
၁။ မေတ္တာဖြင့် ကာယကံမှုပြုခြင်း
၂။ မေတ္တာဖြင့် ဝစီကံမှုပြောခြင်း
၃။ မေတ္တာဖြင့် မနောကံမှုကြံခြင်း
၄။ ရသောပစ္စည်းကို သီတင်းသုံးဖော်တို့အား လှူလေ့ရှိသဖြင့် ကြွင်းကျန်မှ မိမိသုံးဆောင်ခြင်း
၅။ ကျိုး,ပေါက်,ကြား,ပျောက်ခြင်းမရှိအောင် သီလစောင့်ထိန်းခြင်း
၆။ သမ္မာအယူ ဖြူစင်ခြင်း
ဤသို့ တစ်သက်လုံး အောက်မေ့အပ်သော ခြောက်ပါးတို့ကို တစ်ဆယ့်နှစ်နှစ်ကျင့်လျှင် သာရဏီယဓမ္မ ပြည့်၏။ အကျိုးကား အလွန်များ၏။)

ဥတ္တရာထေရီမ ဝတ္ထု ပြီး၏။

֍ * ၄။ များစွာသော အဓိမာနိက ရဟန်းတို့ဝတ္ထု

ယာနိမာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရဟတ္တဖိုလ်ကို ရပြီဟု အထင်ရှိကုန်သော များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သုသာန်၏ ကျေးဇူး

ငါးရာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းယူ၍ တောသို့ သက်ဝင်သဖြင့် မဆုတ်မနစ် လုံ့လကြိုးကုတ် အားထုတ်ကြကုန်သည်ရှိသော် ဈာန်ကိုဖြစ်စေပြီးလျှင် ကိလေသာတို့၏ ဖြစ်ပေါ်လာခြင်း မရှိသဖြင့် “ငါတို့အား ရဟန်းကိစ္စပြည့်စုံပြီ၊ မိမိရအပ်သော ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်စို့အံ့”ဟု တိုင်ပင်ကာ ပြန်ကြွလာကြ ကုန်သတတ်။ မြတ်စွာဘုရားသည် ထိုရဟန်းတို့ အပြင်တံခါးမုခ်ဦးသို့ ရောက်သောကာလ၌သာလျှင် အရှင်အာနန္ဒာကို “ချစ်သားအာနန္ဒာ- ထိုရဟန်းတို့ဝင်လာ၍ ငါဘုရားကို ဖူးမြင်ခြင်းဖြင့် ပြုဖွယ်အမှုမရှိသေး၊ သူကောင်စွန့်ပစ်ရာ သုသာန်သို့သွား၍ ထိုသုသာန်မှ ပြန်လာပြီးမှ ငါဘုရားကို ဖူးမြင်ကြစေကုန်လော့”ဟု မိန့်တော်မူလေ၏။ ရှင်အာနန္ဒာမထေရ်သည် သွား၍ တိုရဟန်းတို့အား ထိုအကြောင်းကို ပြောကြားလေ၏။ ငါးရာသောရဟန်းတို့သည် “ငါတို့အား သူကောင်စွန့်ပစ်ရာ သုသာန်ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု မဆိုကြမူ၍သာလျှင် “အရှည်ကိုမြင်တော်မူလေ့ရှိသော ဘုရားသဗ္ဗညုသည် အကြောင်းတစ်စုံတစ်ရာကို မြင်တော်မူအပ်သည်ဖြစ်လတ္တံ့”ဟု နှလုံးပြုလျက် သူကောင်စွန့်ပစ်ရာသုသာန်သို့ သွားကြပြီးလျှင် ထိုသုသာန်၌ အကောင်ပုပ်တို့ကို ကြည့်ရှုတွေ့မြင်ကြရကုန်သည်ရှိသော် တစ်ရက် နှစ်ရက်ခန့်လောက်က ပစ်ထားအပ်ကုန်သော အကောင်ပုပ်တို့၌ အရိုးစုဟု အဋ္ဌိကသညာကိုရ၍ ထိုခဏ၌ ပစ်ထားအပ်ကုန်သော လတ်ဆတ်သော ကိုယ်တို့၌ တပ်နှစ်သက်ခြင်း ရာဂကို ဖြစ်စေမိကြလေကုန်၏။ ထိုခဏ၌ မိမိတို့၏ ညစ်နွမ်းခြင်း ကိလေသာရှိသည်အဖြစ်ကို သိကြရလေကုန်၏။ ဘုရားရှင်သည် ဂန္ဓကုဋိတိုက်တော်၌ သီတင်းသုံး နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို နှံ့စေတော်မူသဖြင့် ထိုရဟန်းတို့၏ မျက်မှောက်၌ စကားပြောဟောတော်မူဘိသကဲ့သို့ “ချစ်သားရဟန်းတို့- သင်တို့အား ဤသို့သဘောရှိသော အရိုးစုအပေါင်းကို မြင်ရ၍ ရာဂဖြင့် နှစ်သက်ခြင်းကို ဖြစ်စေခြင်းငှာ သင့်တော် လျော်ကန်ကောင်းအံ့လော”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၄၉] ယာနိမာနိ အပတ္တာနိ၊ အလာဗူနေ၀ သာရဒေ။
ကာပေါတကာနိ အဋ္ဌီနိ၊ တာနိ ဒိသွာန ကာ ရတိ။

ယာနိမာနိ အဋ္ဌီနိ၊ အကြင်အရိုးစုတို့ကို။ အပတ္တာနိ၊ စွန့်ပစ်အပ်ကုန်၏။ သာရဒေ-သာရဒါနိ၊ တန်ဆောင်မုန်းလ သာရဒကာလ၌ လေနေပူဖြင့် ထိခိုက်အပ်ကုန်သော။ အလာဗူနေဝ၊ ထိုထိုအရပ်၌ ဖရိုဖရဲဖြန့်ကြဲသော ဘူးတောင်းတို့ကဲ့သို့ ဖြစ်ကုန်သော။ ကာပေါတကာနိ၊ ခို၏အဆင်းနှင့်တူသော အဆင်းရှိကုန်သော။ တာနိ အဋ္ဌီနိ၊ ထိုအရိုးစုတို့ကို။ ဒိသွာန၊ မြင်ရ၍။ တုမှာကံ၊ သင်တို့အား။ ရတိ၊ မွေ့လျော်ခြင်းသည်။ ကာ၊ အဘယ်အကျိုးရှိနိုင်အံ့နည်း။

(ဆောင်းဥတု၌ နှစ်လစီ ဟေမန္တဥတု၊ သိသိရဥတု နှစ်ပါး။ ထို့အတူနွေဥတု၌ ဝသန္တဥတု၊ ဂိမှဥတုနှစ်ပါး၊ မိုးဥတု၌ ဝဿာနဥတု၊ သာရဒဥတုနှစ်ပါး။ ပေါင်း ဥတုငယ် ခြောက်ပါးရှိသဖြင့် တော်သလင်းလဆုတ် တစ်ရက်မှ တန်ဆောင်မုန်းလပြည့် တိုင်အောင်သော ကာလသည် သာရဒကာလမည်၏။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းတို့သည် တည်မြဲတိုင်းသာလျှင် အရဟတ္တဖိုလ်သို့ ရောက်သဖြင့် မြတ်စွာဘုရားကို လွန်စွာချီးမွမ်းကုန်လျက် လာလတ်၍ ရှိခိုးကြလေကုန်၏။

များစွာသော အဓိမာနိက ရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၅။ ဇနပဒကလျာဏီ ရူပနန္ဒာထေရီမ ဝတ္ထု

အဋ္ဌီနံ နဂရံ ကတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဇနပဒကလျာဏီ အမည်ရှိသော ရူပနန္ဒာထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘိက္ခုနီမပြုရန် ရူပနန္ဒာ စဉ်းစားပုံ

ထိုဇနပဒကလျဏီမည်သော ရူပနန္ဒာမင်းသမီးသည် တစ်နေ့သ၌ ဤသို့ ကြံစည်လေ၏။ “ငါ၏ မောင်တော်အကြီး သိဒ္ဓတ္ထမင်းသည် ပြည်စည်းစိမ်ကိုစွန့်၍ ရဟန်းပြုပြီးလျှင် လောက၌ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား ဖြစ်တော်မူပြီ၊ ထိုဘုရားရှင်၏ သားတော်ဖြစ်သော ရာဟုလာမင်းသားသည်လည်း ရဟန်းပြုပြီ၊ ငါ၏ချစ်လင် နန္ဒမင်းသားသည်လည်း ရဟန်းပြုပြီ၊ ငါ၏မယ်တော် မိထွေးတော် ဂေါတမီသည်လည်း ရဟန်းပြုချေပြီ၊ (ထိုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကား နန်းတော်ထက် ထီးဖြူအောက်၌ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံယူပြီးဖြစ်၍ ဘဒ္ဒိယမင်း နန်းစံသောအခါ ဖြစ်သောဟူ၏။) ဤမျှလောက်သော ဆွေတော် မျိုးတော်အပေါင်းသည် ရဟန်းပြုသည်ရှိသော် ငါသည် အိမ်တော်၌နေသဖြင့် အဘယ်အမှု ပြုစရာရှိအံ့နည်း၊ ရဟန်းပြုပါတော့အံ့”ဟု ကြံစည်၍ ရဟန်းမိန်းမတို့၏ ကျောင်းသို့သွားသဖြင့် ရဟန်းပြုလေ၏။

သဒ္ဓါပဗ္ဗဇိတ မဟုတ်

ထိုမင်းသမီးသည် ဆွေတော်မျိုးတော်တို့ကို ချစ်ခင်သဖြင့်သာလျှင် ရဟန်းပြု၏။ သဒ္ဓါဖြင့် ရဟန်းပြုသည်မဟုတ်။ အလွန်အဆင်းလှသည်အဖြစ်ကြောင့် ရူပနန္ဒာဟူ၍ ကျော်စောထင်ရှားလေ၏။ မြတ်စွာဘုရားသည် ရုပ်သည် အမြဲမရှိ။ ဆင်းရဲ၏။ ကိုယ်မဟုတ်။ ဝေဒနာသည်, သညာသည်, သင်္ခါရသည်, ဝိညာဉ်သည်, အမြဲမရှိ။ ဆင်းရဲ၏။ ကိုယ်မဟုတ်ဟူ၍ ဟောတော်မူသတတ်ဟု ကြားရ၍ ရူပနန္ဒာသည် “ဤသို့ ရှုချင်စဖွယ် ကြည်လင်နှစ်သက်ဖွယ်ရှိသော ငါ၏ရုပ်၌လည်း အပြစ်ကို ဟောကြားတော်မူရာ၏”ဟု နှလုံးပြု၍ မြတ်စွာဘုရား၏ မျက်မှောက်တော်သို့ မသွားရောက်ဘဲနေလေ၏။ သာဝတ္ထိပြည်၌နေသော မြို့သူမြို့သားတို့သည် နံနက်စောစော၌ပင်လျှင် အလှူကိုပေးလှူ၍ ကောင်းစွာ ဆောက်တည်အပ်သော ဥပုသ်ကျင့်သုံးခြင်း ရှိကုန်သဖြင့် စင်ကြယ်သော ကိုယ်ရုံတင်လွှမ်းကုန်လျက် နံ့သာပန်းစသည် လက်စွဲကြကုန်သည်ဖြစ်၍ ညချမ်းသောအခါ ဇေတဝန်ကျောင်းတော်၌ စည်းဝေးပြီးလျှင် တရားတော်ကို နာယူကြလေကုန်၏။ ရဟန်းမိန်းမ သံဃာအပေါင်းသည်လည်း ဘုရားရှင်၏ တရားဒေသနာတော်၌ဖြစ်သော ကုသိုလ်ဆန္ဒ ရှိလှသဖြင့် ကျောင်းတော်သို့သွား၍ တရားနာလေ၏။ တရားနာပြီး၍ မြို့သို့ဝင်လာကြကုန်သော သူတို့သည် ဘုရားရှင်၏ ဂုဏ်ကျေးဇူးနှင့်စပ်သောစကားကို ပြောဆိုကြကုန်လျက်သာ ဝင်လာကြကုန်၏။

(ဤနေရာ၌ ပမာဏ ၄-မျိုးနှင့် ၎င်းတို့၏သဘောကို သိထားသင့်၏။
၁။ ရုပ်ပမာဏရှိသော သတ္တဝါတို့သည် မြတ်စွာဘုရား၏ လက္ခဏာတော်ကြီးငယ်တို့ဖြင့် တန်ဆာဆင်အပ်သော ရွှေအဆင်းနှင့်တူသော ကိုယ်တော်ကိုဖူးမြော်ရလျှင် ကြည်ညိုနိုင်ကြကုန်၏။ ရုပ်ပမာဏရှိသောသူ သုံးပုံ နှစ်ပုံရှိသည်။
၂။ အသံလျှင်ပမာဏရှိသော သတ္တဝါတို့သည်လည်း အရာမက များစွာသော ဇာတ်တော်တို့ကို အမှီပြု၍ ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော် ကျော်စောသံကိုလည်းကောင်း၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော တရားဟောတော်မူသော အသံတော်ကိုလည်းကောင်း ကြားနာရလျှင် ကြည်ညိုနိုင်ကြ၏။ အသံပမာဏရှိသူ လေးပုံ သုံးပုံ ရှိသည်။
၃။ ခေါင်းပါးခြင်းလျှင်ပမာဏရှိသော သတ္တဝါတို့သည် မြတ်စွာဘုရား၏ သင်္ကန်း စသည်တို့၏ ခေါင်းပါးခြင်းကိုစွဲ၍ ကြည်ညိုနိုင်ကြ၏။ ခေါင်းပါးခြင်း ပမာဏရှိသူ ဆယ်ပုံ ကိုးပုံ ရှိသည်။
၄။ တရားလျှင် ပမာဏရှိသော သတ္တဝါတို့သည် မြတ်စွာဘုရား၏ သီလသည် ဤသို့သဘောရှိ၏။ သမာဓိသည် ဤသို့သဘောရှိ၏။ ပညာသည် ဤသို့သဘောရှိ၏။ မြတ်စွာဘုရားသည် သီလ,သမာဓိ,ပညာအရာတို့၌ ပြိုင်ဖက်ကင်းသူဖြစ်၏ဟု ကြည်ညိုနိုင်ကြ၏။ တရားပမာဏရှိသူသည် တစ်သိန်းလျှင် တစ်ယောက်မျှရှိ၏။)

ဗုဒ္ဓတရားပွဲသို့ ဗုဒ္ဓမမြင်အောင် သွားလိုသူ

ရူပနန္ဒာသည် ရဟန်းမိန်းမတို့၏လည်းကောင်း၊ ဒါယိကာမတို့၏လည်းကောင်း အထံမှ ဘုရားရှင်၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကိုကြားလျှင် “ငါ့မောင်တော်ဘုရား၏ ဂုဏ်ကျေးဇူးကို အလွန်အကြူး ချီးမွမ်းပြောဆိုကြကုန်သည်သာတည်း၊ တစ်နေ့ပတ်လုံး ငါ၏ရုပ်၌ အပြစ်ကို ပြောဆိုသော်လည်း အဘယ်မျှလောက် ပြောဆိုနိုင်လတ္တံ့နည်း၊ ငါသည် ရဟန်းမိန်းမတို့နှင့် အတူတကွသွား၍ မိမိကိုယ်ကို မပြမူ၍သာလျှင် ဘုရားရှင်ကို ဖူးမြင်၍ ထိုဘုရားရှင်၏ တရားတော်ကို နာပြီးမှ လာရမူကား ကောင်းလေစွ”ဟု ကြံစည်လေ၏။ ထိုရူပနန္ဒာသည် “ငါကား ယနေ့ တရားနာရာသို့ သွားပါအံ့”ဟု ရဟန်းမိန်းမတို့အား ပြောကြားလေ၏။ ရဟန်းမိန်းမတို့သည် “ရူပနန္ဒာအား ဘုရားရှင်၏ အထံတော်သို့ ဆည်းကပ်ခစားခြင်းငှာ သွားရောက်လိုသော ဆန္ဒဖြစ်သည်မှာ ကြာမြင့်လေစွတကား၊ ယနေ့ ဘုရားရှင်သည် ရူပနန္ဒာကိုအမှီပြု၍ အထူးထူးသော နည်းရှိသော ဆန်းကြယ်သော ဒေသနာကို ဟောကြားတော်မူလတ္တံ့”ဟု နှစ်သက်သောစိတ် ရှိကြကုန်သည်ဖြစ်၍ ထိုရူပနန္ဒာကိုခေါ်လျက် ထွက်သွားကြလေကုန်၏။ ရူပနန္ဒာသည် ထွက်သွားသောအခါမှစ၍ “ငါကား မိမိကိုယ်ကို မပြပေအံ့”ဟု ကြံစည်လေ၏။

ဟင်္သာမင်းရှေ့မှ ကျီးမပမာ သူ့ရုပ်လွှာ

မြတ်စွာဘုရားသည် “ယနေ့ ရူပနန္ဒာသည် ငါဘုရားထံ ဆည်းကပ်ခစားခြင်းငှာ ရောက်လာလတ္တံ့၊ ထိုရူပနန္ဒာအား အဘယ်သို့ သဘောရှိသော တရားဒေသနာသည် လျောက်ပတ်အံ့နည်း”ဟု ကြံဆင်ခြင်တော်မူလတ်သည်ရှိသော် “ဤရူပနန္ဒာသည် ရုပ်အဆင်း၌ အလေးပြု၏။ အတ္တဘော၌ အားကြီးသော မြတ်နိုးခြင်းရှိ၏။ ဆူးဖြင့် ဆူးကို နုတ်ထွင်ဘိသကဲ့သို့ ထိုရူပနန္ဒာအား ရုပ်ဖြင့်သာလျှင် ရုပ်၌ မာန်မူခြင်းမရှိအောင် ပြုခြင်းသည် လျောက်ပတ်အံ့”ဟု ဆုံးဖြတ်ခြင်းပြုတော်မူ၍ ထိုရူပနန္ဒာ၏ ကျောင်းတော်သို့ ဝင်လာသောအခါ၌ အလွန် အဆင်းလှပသဖြင့် တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိသော မိန်းမငယ်တစ်ယောက်ကို နီးမြန်းသောအဝတ်ကို ဝတ်ဆင်လျက် အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်သဖြင့် ယပ်ကိုကိုင်ကာ ကိုယ်တော်မြတ်အထံတော်၌ တည်လျက် ယပ်ခတ်နေဟန်ကို တန်ခိုးအာနုဘော်အစွမ်းဖြင့် ဖန်ဆင်းတော်မူအပ်၏။ ထိုဖန်ဆင်းအပ်သော မိန်းမကို ဘုရားရှင်သည်လည်း မြင်တော်မူ၏၊ ရူပနန္ဒာသည်လည်း မြင်ရလေ၏။ ကြွင်းသောသူတို့ကား မမြင်။ ရူပနန္ဒာသည် ရဟန်းမိန်းမတို့နှင့် အတူတကွ ကျောင်းတော်သို့ ဝင်လာ၍ ရဟန်းမိန်းမတို့၏ နောက်နံပါး၌တည်လျက် ငါးပါးသောတည်ခြင်းဖြင့် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရဟန်းမိန်းမတို့အကြား၌ နေသဖြင့် ခြေတော်ဖျားမှစ၍ ဘုရားရှင်ကို ကြည့်ရှုဖူးမြော်လတ်သည်ရှိသော် လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ဖြင့် ဆန်းကြယ်သော, လက္ခဏာတော်ငယ် ရှစ်ဆယ်တို့ဖြင့် ထွန်းတောက်ပခြင်းရှိသော တစ်လံမျှသော ရောင်ခြည်တော်ဖြင့် ဝန်းရံအပ်သော မြတ်စွာဘုရား၏ ကိုယ်တော်ကို မြင်ရသဖြင့် လပြည့်ဝန်းကဲ့သို့ တင့်တယ်ခြင်း အသရေရှိသော မျက်နှာတော်ကို ကြည့်ရှုဖူးမြော်နေစဉ် အနီး၌တည်သော မိန်းမငယ် ရုပ်အဆင်းကို မြင်ရလေ၏။ ထိုရူပနန္ဒာသည် မိန်းမငယ် ရုပ်အဆင်းကိုကြည့်၍ မိမိကိုယ်ကို ကြည့်လိုက်သည်ရှိသော် ရွှေဟင်္သာမင်း၏ရှေ့၌ ကျီးမနှင့်တူစွာ မိမိကိုယ်ကို အောက်မေ့မှတ်ထင်မိလေ၏။ တန်ခိုးဖြင့်ပြီးသော ရုပ်အဆင်းကို မြင်ရသောအခါမှစ၍သာလျှင် ထိုရူပနန္ဒာ၏ မျက်စိတို့သည် ချာချာလည်သကဲ့သို့ ဖြစ်ကုန်၏။ ထိုရူပနန္ဒာသည် ဤမိန်းမငယ်၏ ဆံပင်တို့သည် အလွန်တင့်တယ်လေစွ၊ နဖူးပြင်သည် အလွန်တင့်တယ်လေစွ၊ ဤသို့ အလုံးစုံသော ကိုယ်အစိတ်တို့၏ ရုပ်အဆင်းတင့်တယ်ခြင်း အသရေသည် ဆွဲငင်အပ်သောစိတ်ရှိရကား ထိုမိန်းမငယ်၏ ရုပ်အဆင်း၌ အားကြီးစွာသော ချစ်မြတ်နိုးခြင်းလည်း ဖြစ်လေ၏။

ပျိုရာမှ အို၊ အိုရာမှ နာ၊ နာရာမှ သေ

မြတ်စွာဘုရားသည် ထိုရုပ်အဆင်း၌ ရူပနန္ဒာ အလွန်နှစ်ခြိုက် မွေ့လျော်သည်ကို သိတော်မူသဖြင့် တရားဟောတော်မူလျက်သာလျှင် ထိုရုပ်အဆင်းကို တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိသော အဖြစ်ကို လွန်မြောက်စေတော်မူ၍ အသက်နှစ်ဆယ် အရွယ်ရှိသည်ကို ပြုလုပ်ကာ ပြတော်မူလေ၏။ ရူပနန္ဒာသည် ကြည့်ရှုလျက် “ဤရုပ်အဆင်းကား ရှေးနှင့် မတူတော့ပါတကား”ဟု အတန်ငယ်တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်လေ၏။ မြတ်စွာဘုရားသည် အစဉ်အားဖြင့်သာလျှင် မိန်းမငယ်၏အဆင်းကို တစ်ကြိမ်သားဖွားသော မိန်းမအဆင်း၊ အလယ်အလတ်ဖြစ်သော မိန်းမ၏အဆင်း၊ အိုမင်းရွတ်တွသော မိန်းမအိုကြီး၏ အဆင်း၊ ဤသို့စသော အဆင်းရှိသည်ကို ပြုလုပ်ကာ ပြတော်မူလေ၏။ ထိုရူပနန္ဒာဘိက္ခုနီမသည်လည်း အစဉ်အားဖြင့်သာလျှင် “ဤအရွယ်အဆင်းသည်လည်း ကွယ်ပျောက်ခဲ့လေပြီတကား၊ ဤအရွယ်အဆင်းသည်လည်း ကွယ်ပျောက်ခဲ့လေပြီတကား”ဟု အတန်ငယ် တပ်ခြင်းကင်းသောစိတ် ရှိလေ၏။ အိုမင်းရွတ်တွသော အဆင်းရှိသည်ကို ပြသောကာလ၌ တပ်ခြင်းကင်းသည်ဖြစ်၍ သွားကျိုးသော မိန်းမအသွင်၊ ခေါင်းဖြူသော မိန်းမအသွင်၊ ခါးကိုင်းသော မိန်းမအသွင်၊ နံရိုးကျဲတဲ ကုန်းကွသော မိန်းမအသွင်၊ တောင်ဝှေးလျှင် အားထားစရာရှိသော မိန်းမအသွင်၊ တုန်တုန်ခိုက်ခိုက်ဖြစ်သော မိန်းမအသွင်ကို မြင်ရလျှင် အလွန့်အလွန် တပ်ခြင်းကင်းလေသတည်း။ ထိုအခါ ရူပနန္ဒာဘိက္ခုနီမအား ဘုရားရှင်သည် ထိုတန်ခိုးဖြင့် ဖန်ဆင်းသောမိန်းမကို အနာဖြင့် ပြင်းစွာနှိပ်စက်ဟန်ပြု၍ ပြတော်မူပြန်လေ၏။ ထိုဖန်ဆင်းအပ်သော မိန်းမသည် ထိုခဏ၌သာလျှင် တောင်ဝှေးနှင့် ထန်းရွက်ယပ်ဝန်းကို စွန့်ပစ်၍ သည်းစွာသော ငိုကြွေးမြည်တမ်းခြင်းကို မြည်တမ်းလျက် မြေ၌လဲကျစေပြီးလျှင် မိမိ၏ ကျင်ကြီးကျင်ငယ်၌နစ်ကာ ထိုမှဤမှ အပြန်ပြန်လူးလှိမ့်ကာ နေရှာလေ၏။

ရုပ်၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော သိမြင်

ရူပနန္ဒာ ဘိက္ခုနီမသည် ထိုအခြင်းအရာကိုလည်း မြင်ရသဖြင့် အလွန့်အလွန်သာလျှင် တပ်ခြင်းကင်းလေသတည်း။ မြတ်စွာဘုရားသည်လည်း ထိုဖန်ဆင်းအပ်သော မိန်းမ၏ သေသောအခြင်းအရာကို ပြတော်မူပြန်လေ၏။ ထိုသေသောမိန်းမသည် ထိုခဏချင်း၌သာလျှင် ဖူးဖူးရောင်သည့်အဖြစ်သို့ ရောက်လေ၏။ ကိုးပါးသော အမာဝတို့မှ ပြည်ပုပ်အလုံးလိုက် အတောင့်လိုက်တို့သည်လည်းကောင်း၊ ပိုးလောက်တို့သည်လည်းကောင်း ယိုထွက်လာကြလေကုန်၏။ ကျီးစသည်တို့သည် စည်းဝေးကုန်လျက် လုယက်ဆွဲငင်ကြလေကုန်၏။ ထိုရူပနန္ဒာ ဘိက္ခုနီမသည်လည်း ထိုအခြင်းအရာကိုကြည့်ရှုလျက် “ဤမိန်းမငယ်သည် ဤနေရာ၌သာလျှင် အိုခြင်းသို့ရောက်၏၊ နာခြင်းသို့ရောက်၏၊ သေခြင်းသို့ရောက်၏၊ ဤငါ၏ အတ္တဘောတို့လည်း ဤအတူသာလျှင် အိုခြင်း,နာခြင်း,သေခြင်းတို့သည် ရောက်လာကြကုန်လတ္တံ့”ဟု ခန္ဓာကိုယ် အတ္တဘောကို အမြဲမရှိသောအားဖြင့် မြင်ရလေ၏။ အမြဲမရှိသောအားဖြင့် မြင်ရသောကြောင့်သာလျှင် ဆင်းရဲသောအားဖြင့်လည်းကောင်း၊ ကိုယ်မဟုတ်သောအားဖြင့်လည်းကောင်း မြင်ရသည်သာလျှင်တည်း။

ရူပနန္ဒာ သောတာပန်တည်ခြင်း

ထိုအခါ၌ ရူပနန္ဒာ ဘိက္ခုနီမအား သုံးပါးသော ဘုံဘဝတို့သည် ထိန်ထိန်တောက်လောင်ကုန်ဘိသကဲ့သို့လည်းကောင်း၊ လည်ပင်း၌ ဖွဲ့အပ်ဆွဲငင်အပ်သော အကောင်ပုပ်ကဲ့သို့လည်းကောင်း ထင်လာကုန်၏။ စိတ်သည် ကမ္မဋ္ဌာန်းသို့ ရှေးရှုပြေးဝင်လေ၏။ ဘုရားရှင်သည်လည်း ထိုရူပနန္ဒာ၏ အမြဲမရှိသောအားဖြင့် မြင်သည့်အဖြစ်ကို သိတော်မူ၍ “အလိုလိုသာလျှင် မိမိ၏ ထောက်တည်ရာကို ပြုခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု ကြည့်ရှုတော်မူလတ်သည်ရှိသော် “မတတ်နိုင်ပေလတ္တံ့၊ အပမှ အကြောင်းကိုရခြင်းငှာ သင့်၏”ဟု ကြံတော်မူ၍ ထိုရူပနန္ဒာအား လျောက်ပတ်သောအစွမ်းဖြင့် တရားစကား ဟောကြားမြွက်ဟ ပြတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

အာတုရံ အသုစိံ ပူတိံ၊ ပဿ နန္ဒေ သမုဿယံ။
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိပတ္တိတံ။

ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။
ဓာတုတော သုညတော ပဿ၊ မာ လောကံ ပုနရာဂမိ။
ဘဝေ ဆန္ဒံ ဝိရာဇေတွာ၊ ဥပသန္တော စရိဿတိ။

နန္ဒေ၊ ရူပနန္ဒာ။ အာတုရံ၊ အမြဲအစဉ် နာကျင်လေ့ရှိသော။ အသုစိံ၊ မစင်ကြယ်သော။ ပူတိံ၊ အပုပ်အတိဖြစ်သော။ ဥဂ္ဃရန္တံ၊ အထက်ဒွါရတို့မှ ဖိတ်ဝေလျှံတက် အန်ထွက်လျက်ရှိသော။ ပဂ္ဃရန္တံ၊ အောက်ဒွါရတို့မှ ယိုစီးကျဆင်းလျက်ရှိသော။ ဗာလာနံ၊ ပညာမျက်စိ မရှိစုံကန်း လူသရမ်းတို့သည်။ အဘိပတ္ထိတံ၊ တောင့်တမပျက် အလွန်နှစ်သက်အပ်သော။ သမုဿယံ၊ ရွံဖွယ်အပေါင်း စုဆောင်းလှောင်သို ကိုယ်ခန္ဓာကြီးကို။ ပဿ၊ ကြည့်ရှုလေလော့။

ဣဒံ၊ ဤအတ္တဘောကို။ ဓာတုတော၊ ဓာတ်အားဖြင့်။ သုညတော၊ ဆိတ်သောအားဖြင့်။ ပဿေယျ ယထာ၊ ရှုရာသကဲ့သို့။ တထာ၊ ထို့အတူ။ ဧတံ၊ ထိုအတ္တဘောကို။ ပဿ၊ ရှုလော့။ ဧတံ၊ ထိုအတ္တဘောကို။ ဓာတုတော၊ ဓာတ်အားဖြင့်။ သုညတော၊ ဆိတ်သောအားဖြင့်။ ပဿေယျ ယထာ၊ ရှုရာသကဲ့သို့။ တထာ၊ ထို့အတူ။ ဣဒံ၊ ဤအတ္တဘောကို။ ပဿ၊ ရှုလော့။ ပုန၊ တစ်ဖန်။ လောကံ၊ လောကသို့။ မာအာဂမိ၊ မရောက်လာစေလင့်။ ဘဝေ၊ ဘဝသုံးပါး၌။ ဆန္ဒံ၊ နှစ်သက်ခြင်းဆန္ဒကို။ ဝိရာဇေတွာ၊ တပ်ခြင်းကင်းစေ၍။ ဥပသန္တော၊ ငြိမ်းလျက်။ စရိဿတိ၊ ကျင့်ရလတ္တံ့။ ဝါ၊ နိဗ္ဗာန်ထုတ်ချောက် ရောက်ရလတ္တံ့။

ဘုရားရှင်သည် နန္ဒာမည်သော ရဟန်းမိန်းမကို အကြောင်းပြု၍ ဤသုတ္တန်ကို (ဤဂါထာတို့ကို) ဟောတော်မူလေပြီ။ ဤသို့လျှင် နန္ဒာမည်သော ဘိက္ခုနီမသည် ဒေသနာတော်သို့ အစဉ်လျှောက်၍ ဉာဏ်ကိုစေလွှတ်သဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုမှနောက်၌ ရူပနန္ဒာအား အထက်၌ဖြစ်သော သုံးပါးသော မဂ်ဖိုလ်တို့အတွက် ဝိပဿနာ သုံးသပ်ပွားထုံခြင်းအကျိုးငှာ သုညတကမ္မဋ္ဌာန်းကို ဟောကြားတော်မူလို၍ “နန္ဒာ- ဤကိုယ်၌ အနှစ်ရှိ၏ဟု အမှတ်ကိုမပြုလင့်၊ ဤကိုယ်၌ အနည်းငယ်မျှလည်းဖြစ်သော အနှစ်သည် မရှိပေ၊ ဤခန္ဓာကိုယ်သည် သုံးရာသော အရိုးတို့ကို စိုက်ထောင်၍ ပြုအပ်သော အရိုးစုမြို့ကြီး ဖြစ်ပေ၏”ဟု ဟောကြားတော်မူလို၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၅၀] အဋ္ဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။
ယတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ သြဟိတော။

အဋ္ဌီနံ၊ စိုက်ထောင်အပ်သော အရိုးတို့ကို။ (နှာရုဝိနဒ္ဓံ၊ အကြောတို့ဖြင့် ချည်တုပ်လျက်)။ မံသလောဟိတလေပနံ၊ အသားအသွေးတို့ဖြင့် လိမ်းကျံခြင်းရှိသော။ နဂရံ၊ ခန္ဓာအိမ်ကို။ ကတံ၊ ဆောက်လုပ်အပ်၏။ ယတ္ထ၊ ယင်းခန္ဓာအိမ်၌။ ဇရာ စ၊ အိုခြင်းသည်လည်းကောင်း။ မစ္စု စ၊ သေခြင်းသည်လည်းကောင်း။ မာနော စ၊ မာန်ထောင်လွှားခြင်းသည်လည်းကောင်း။ မက္ခော စ၊ ကျေးဇူးဖျက်ခြင်းသည်လည်းကောင်း။ သြဟိတော၊ သက်ဝင်အရှည် ပေါင်းစုတည်၏။

ရူပနန္ဒာ ဘိက္ခုနီ ရဟန္တာဖြစ်

ဒေသနာတော်၏အဆုံး၌ ရူပနန္ဒာ ထေရီမသည် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဇနပဒကလျာဏီ ရူပနန္ဒာထေရီမဝတ္ထု ပြီး၏။

֍ * ၆။ မလ္လိကာမိဖုရားဝတ္ထု

ဇီရန္တိ ဝေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မလ္လိကာမိဖုရားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မလ္လိကာမိဖုရား၏ မကောင်းမှု

မလ္လိကာမိဖုရားသည် တစ်နေ့သ၌ ရေချိုးအိမ်သို့ဝင်၍ မျက်နှာသစ်ပြီးလျှင် အောက်သို့ ညွတ်ကိုင်းသော ကိုယ်ရှိသဖြင့် သလုံးမြင်းခေါင်းကို ရေဆေးခြင်းငှာ အားထုတ်လေ၏။ ထိုမလ္လိကာ မိဖုရားနှင့်လည်း အတူတကွသာလျှင် ဝင်လိုက်လာသော အကျွမ်းဝင်သော ခွေးတစ်ကောင်သည် ရှိ၏။ ထိုခွေးသည် မိဖုရားကို ထိုအခြင်းအရာဖြင့် အောက်သို့ညွတ်ကိုင်းသည်ကို မြင်ရလျှင် မသူတော်တို့၏ ပေါင်းသက်ဆက်ဆံခြင်းကို ပြုခြင်းငှာ အားထုတ်လေ၏။ မလ္လိကာမိဖုရားသည် အတွေ့ကိုသာယာလျက် တည်နေလေ၏။ ကောသလမင်းကြီးသည်လည်း ပြာသာဒ်အထက်၌ တည်နေလျက် လေသာနန်းပြတင်းဖြင့် ကြည့်ရှုသည်ရှိသော် ထိုအခြင်းအရာကို တွေ့မြင်ရခြင်းကြောင့် ရေချိုးအိမ်မှ ပြန်တက်လာသောအခါ “အယုတ်တမာမ- ပျက်စီးလေတော့လော့၊ အဘယ့်ကြောင့် ဤသို့ သဘောရှိသောအမှုကို ပြုဘိသနည်း”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါသနည်း”ဟု ဆိုလတ်သော် “သင်သည် ခွေးနှင့်တကွ ရောယှက်ဘိ၏”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- ဤအမှုပြုခြင်းသည် မရှိရပါ”ဟု ဆိုသော် “ငါသည် ကိုယ်တိုင်မြင်အပ်၏၊ သင်၏စကားကို ငါမယုံနိုင်၊ အယုတ်တမာမ- ပျက်စီးလေတော့လော့”ဟု ဆိုပြန်လေ၏။

“မြတ်သောမင်းကြီး- အမှတ်မရှိ တစ်ယောက်ယောက်သောသူသည် ဤရေချိုးအိမ်သို့ ဝင်သည်ရှိသော် ဤလေသာပြတင်းပေါက်ဖြင့် ကြည့်ရှုသောသူအား တစ်ယောက်တည်းပင်လျှင် နှစ်ယောက်အားဖြင့် ထင်တတ်၏”ဟု မဟုတ်မမှန်သောစကားကို ပြောကြားလေ၏။ “အရှင်မင်းကြီး- အကျွန်ုပ်၏စကားကို အကယ်၍ မယုံသည်ဖြစ်အံ့၊ ဤရေချိုးအိမ်သို့ဝင်လော့၊ အကျွန်ုပ်သည် အရှင်မင်းကြီးကို ဤလေသာပြတင်းဖြင့် ကြည့်ရှုပါအံ့”ဟု ဆိုသည်ရှိသော် မင်းကြီးသည် တွေဝေသော သဘောရှိသည်ဖြစ်၍ ထိုမလ္လိကာ၏စကားကို ယုံကြည်သဖြင့် ရေချိုးအိမ်သို့ ဝင်လေ၏။ ထိုမလ္လိကာမိဖုရားသည်လည်း လေသာနန်းပြတင်း၌ရပ်၍ ကြည့်ရှုလျက် “လွန်စွာမိုက်လှသော မင်းကြီး- အဘယ့်ကြောင့် ဆိတ်မနှင့် အတူတကွ ဤသို့ ပေါင်းသင်းဆက်ဆံခြင်းကို ပြုလုပ်ဘိသနည်း”ဟု ဆိုလေ၏။ မင်းကြီးသည်လည်း “မလ္လိကာမိဖုရား- ငါကား ဤသို့သဘောရှိသော အမှုကို မပြုရပါ”ဟု ဆိုလတ်သော်လည်း “ငါသည် ကိုယ်တိုင်မြင်ရ၏၊ သင့်စကားကို ငါမယုံနိုင်”ဟု ဆိုလေ၏။ ထိုစကားကိုကြားလျှင် မင်းကြီးသည် “မချွတ်ဧကန် ဤရေချိုးအိမ်သို့ ဝင်သည်ရှိသော် တစ်ယောက်တည်းပင်လျှင် နှစ်ယောက်အားဖြင့် ထင်တတ်၏”ဟု ယုံကြည်မိလေ၏။ မလ္လိကာမိဖုရားသည် “ဤမင်းကြီးကား အလွန် မိုက်မဲတွေဝေသောကြောင့် ငါလှည့်စားသည်ကို ခံရရှာလေ၏၊ ငါသည် မကောင်းမှုကို ပြုမိချေပြီ၊ ဤမင်းကြီးကိုလည်း မဟုတ်မမှန်သောအားဖြင့် စွပ်စွဲမိချေပြီ၊ ငါ၏အမှုကို မြတ်စွာဘုရားသည်လည်း သိတော်မူလတ္တံ့၊ နှစ်ပါးသော အဂ္ဂသာဝကတို့သည်လည်းကောင်း၊ ရှစ်ကျိပ်သော မဟာသာဝကတို့သည်လည်းကောင်း သိတော်မူကြကုန်လတ္တံ့၊ ငါသည် အလွန်တရာ ဝန်လေးစွာသောအမှုကို ပြုမိလေစွတကား”ဟု နောင်တပူပန် ကြံအောက်မေ့ရရှာလေသတည်း။

မလ္လိကာမိဖုရား ငရဲခံရခြင်း

ဤမလ္လိကာမိဖုရားကြီးသည် ပသေနဒီ ကောသလမင်းကြီး၏ အတုမရှိသော အသဒိသအလှူကြီးကို ပေးလှူရာ၌ အဖော်ဖြစ်ဖူးလေ၏။ ထိုအသဒိသဒါန အလှူကြီး၌လည်း တစ်နေ့တည်း၌ပြုအပ်သော စွန့်ကြဲခြင်းသည် ဥစ္စာတစ်ဆယ့်လေးကုဋေ ထိုက်တန်လေ၏။ မြတ်စွာဘုရားအလို့ငှာ လှူဒါန်းသော ထီးဖြူ, ထိုင်တော်မူရာ ပလ္လင်, သပိတ်ခြေ, ခြေဆေးအင်းပျဉ် ဤလေးပါးသော အလှူဝတ္ထုတို့သည်လည်း အဖိုးမပြတ်နိုင်အောင် ထိုက်တန်ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုမလ္လိကာ မိဖုရားကြီးသည် သေခါနီးသောကာလ ဤသို့သဘောရှိသော များစွာသော စွန့်ကြဲလှူဒါန်းခြင်းကို မအောက်မေ့မိနိုင်ရှာသဖြင့် ထိုမကောင်းမှုကံကိုသာ အောက်မေ့လျက် စုတေကွယ်လွန်လေသော် အဝီစိငရဲ၌ ဖြစ်ရရှာလေ၏။ ပသေနဒီ ကောသလမင်းကြီးသည်ကား ထိုမလ္လိကာ မိဖုရားကြီးအပေါ်၌ အလွန်လျှင် ချစ်မြတ်နိုးလေ၏။ ထိုမင်းကြီးသည် ကြီးစွာသော စိုးရိမ်ခြင်း နှိပ်စက်အပ်သည်ဖြစ်၍ မလ္လိကာမိဖုရား၏ အလောင်းကောင် သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုစေပြီးလျှင် “မလ္လိကာမိဖုရား၏ ဖြစ်ရာအရပ်ကို မေးမြန်းလျှောက်ထားဦးအံ့”ဟု ဘုရားရှင်၏အထံတော်သို့ သွားလေ၏။ ဘုရားရှင်သည် အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် ကောသလမင်းကြီးသည် လာခြင်းအကြောင်းကို သတိမရ၊ ထိုအခြင်းအရာဖြင့် ပြုတော်မူလေ၏။ ကောသလမင်းကြီးသည် မြတ်စွာဘုရား၏ အထံတော်၌ မှတ်သားအောက်မေ့ထိုက်သော တရားစကားကို ကြားနာပြီးလျှင် နန်းတော်သို့ ဝင်သောကာလ၌ အောက်မေ့မိ၍ “အချင်းလုလင်တို့- ငါသည် မလ္လိကာမိဖုရား၏ ဖြစ်ရာအရပ်ကို မေးမြန်းအံ့ဟု ဘုရားရှင်၏ အထံတော်သို့သွားလေရာ မေ့လျော့ခဲ့လေ၏။ နက်ဖြန်မူကား မေးဖြစ်အောင်မေးအံ့”ဟု ဆို၍ တစ်ဖန် မိုးသောက်သောနေ့၌လည်း သွားပြန်လေ၏။ ဘုရားရှင်သည်လည်း အစဉ်အတိုင်းအားဖြင့် ခုနစ်ရက်တို့ပတ်လုံး ကောသလမင်းကြီး သတိမရအောင် ပြုတော်မူလေ၏။

ငရဲမှလွတ်၍ တုသိတာ၌ဖြစ်ခြင်း

မလ္လိကာမိဖုရားသည်လည်း ခုနစ်ရက်ပတ်လုံးသာလျှင် ငရဲ၌ ကျက်ရခံရ၍ ရှစ်ရက်မြောက်သောနေ့၌ ထိုအဝီစိငရဲမှ စုတေလတ်သည်ရှိသော် တုသိတာနတ်ပြည်၌ ဖြစ်လေ၏။

(အဘယ့်ကြောင့် ကောသလမင်းကြီးအား ဘုရားရှင်သည် သတိမရသည့်အဖြစ်ကို ပြုတော်မူဘိသနည်း ဟူမူကား ထိုကောသလမင်းကြီးသည် မလ္လိကာမိဖုရားအား အလွန်လျှင် ချစ်ခင်မြတ်နိုးခြင်း၊ နှလုံးကို ပွားစေခြင်း ဖြစ်လေသတတ်။ ထို့ကြောင့် မလ္လိကာမိဖုရား၏ ငရဲ၌ဖြစ်ရသည့်အဖြစ်ကို ကြားသိရလျှင် “ဤသို့သဘောရှိသော ကြည်ညိုခြင်းနှင့် ပြည့်စုံသော မလ္လိကာသည် အဝီစိငရဲ၌ အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ အလှူကို ပေးလှူ၍ အဘယ်ကို ပြုလုပ်ရတော့အံ့နည်း”ဟု မှားသောအယူကို ယူသဖြင့် ငါးရာသော ရဟန်းတို့အား အိမ်တော်၌ဖြစ်သော အမြဲ နိစ္စဘတ် ဆွမ်းဝတ်ကို ယုတ်စေပြီးလျှင် ငရဲ၌ ဖြစ်လေရာ၏။)

ထို့ကြောင့် ကောသလမင်းကြီးအား ဘုရားရှင်သည် ခုနစ်ရက်တို့ပတ်လုံး သတိမရသည့်အဖြစ်ကို ပြုတော်မူ၍ ရှစ်ရက်မြောက်သောနေ့၌ ဆွမ်းအလို့ငှာ လှည့်လည်တော်မူလတ်သည်ရှိသော် ကိုယ်တော်တိုင်သာလျှင် မင်းအိမ်တံခါးသို့ ကြွသွားတော်မူလေ၏။ ကောသလမင်းကြီးသည် ဘုရားရှင် ကြွလာတော်မူ၏ဟု ကြားရလျှင် သပိတ်ကိုယူ၍ ပြာသာဒ်သို့ တက်စိမ့်သောငှာ အားထုတ်လေ၏။ ဘုရားရှင်သည် ရထားတင်းကုပ်၌ နေထိုင်ခြင်းငှာ အခြင်းအရာကို ပြတော်မူ၏။ ကောသလမင်းကြီးသည် ဘုရားရှင်ကို ထိုရထားတင်းကုပ်၌သာ နေစေပြီးလျှင် ယာဂုခဲဖွယ်ဖြင့် အမြတ်တနိုးပြု၍ လှူဒါန်းဆက်ကပ်၍ ရှိခိုးကာနေလျက်သာလျှင် “မြတ်စွာဘုရား- ဒကာတော်သည် မလ္လိကာမိဖုရား၏ ဖြစ်ရာအရပ်ကို မေးမြန်းလျှောက်ထားအံ့ဟု လာပါသော်လည်း မေ့လျော့ခဲ့ပါသည်။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုမလ္လိကာသည် အဘယ်အရပ်၌ ဖြစ်ရပါသနည်းဘုရား”ဟု မေးမြန်းလတ်သော် “မြတ်သောမင်းကြီး- တုသိတာနတ်ပြည်၌ ဖြစ်လေပြီ”ဟု မိန့်တော်မူလေ၏။

ကောသလမင်းကြီး ဝမ်းသာဝမ်းနည်းခြင်း

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မလ္လိကာမိဖုရားသည် တုသိတာနတ်ပြည်၌ မဖြစ်သည်ရှိသော် တစ်ပါးသော အဘယ်သူသည် ဖြစ်နိုင်ပါအံ့နည်းဘုရား၊ မြတ်စွာဘုရား- မလ္လိကာနှင့်တူသော မိန်းမသည် မရှိပါဘုရား၊ ထိုမလ္လိကာအား ထိုင်ရာ,ထရာ စသည်တို့၌ “နက်ဖြန် မြတ်စွာဘုရားအား ဤအလှူဝတ္ထုကို လှူဒါန်းအံ့၊ ဤကောင်းမှုကို ပြုလုပ်အံ့”ဟု ဤလှူဒါန်းရန် စီရင်ခြင်းကို ဖယ်ထား၍ အခြားသောကိစ္စပင် မရှိပါဘုရား၊ မြတ်စွာဘုရား- ထိုမလ္လိကာ၏ ဘဝတစ်ပါး ပြောင်းသွားလေသော အခါကာလမှစ၍ တပည့်တော်၏ ခန္ဓာကိုယ်ကြီးသည် ဘာကိုမျှ မရွက်ဆောင်တတ်၊ မပြုလုပ်တတ်တော့ပါဘုရား”ဟု လျှောက်ထားရှာလေ၏။ ထိုအခါ ကောသလမင်းကြီးကို ဘုရားရှင်သည် “မြတ်သောမင်းကြီး- ထွေထွေရာရာ မကြံစည်လေလင့်၊ ဤသေခြင်းသဘောသည် အလုံးစုံသော သတ္တဝါတို့အား မြဲသောသဘော ဖြစ်ပေ၏”ဟု မိန့်တော်မူ၍ “မြတ်သောမင်းကြီး- ဤရထားသည် အဘယ်သူ၏ရထား ဖြစ်သနည်း”ဟု မေးတော်မူလေ၏။ ထိုစကားကို ကြားရလျှင် ကောသလမင်းကြီးသည် ဦးခေါင်းထက်၌ လက်အုပ်ကို တင်ချီလျက် “မြတ်စွာဘုရား- တပည့်တော်၏ ဘိုးတော်မင်းတရားကြီး၏ ရထားဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ “ဤရထားကား အဘယ်သူ၏ ရထားနည်း”ဟု မေးပြန်လျှင် “မြတ်စွာဘုရား- တပည့်တော်၏ ဖခမည်းတော် မင်းတရား၏ ရထားပါဘုရား”ဟု လျှောက်ပြန်လေ၏။ “ဤရထားကား အဘယ်သူ၏ ရထားနည်း”ဟု မေးပြန်လျှင် “မြတ်စွာဘုရား- ဤရထားကား တပည့်တော်၏ ရထားပါဘုရား”ဟု လျှောက်ကြားလေ၏။ ဤသို့ လျှောက်ကြားလတ်သည်ရှိသော် ဘုရားရှင်သည် “မြတ်သောမင်းကြီး- သင့် ဘိုးတော်၏ရထားသည် အဘယ်အကြောင်းကြောင့် သင့်ခမည်းတော်၏ ရထားသို့ မရောက်လေဘိသနည်း၊ (သင်၏ရထားလောက် ခိုင်ခံ့ခြင်းမရှိ၊ ဆွေးမြည့်ချွတ်ယွင်းခဲ့လေပြီ ဟူလို။) သင့်ခမည်းတော်၏ရထားသည် အဘယ်အကြောင်းကြောင့် သင်၏ရထားသို့ မရောက်လေဘိသနည်း”ဟု မိန့်တော်မူပြီးလျှင် “ဤသို့ သဘောရှိသည်မည်သော သစ်သားတုံး၏သော်လည်း ဆွေးမြည့်ခြင်းသို့ ရောက်ရဘိသေး၏၊ ထိုခန္ဓာကိုယ် အတ္တဘောကား အဘယ်မှာ ဆိုဖွယ်ရာရှိတော့အံ့နည်း၊ မြတ်သောမင်းကြီး- သူတော်ကောင်းတရား တစ်ခုအားသာလျှင် အိုမင်းဆွေးမြည့်ခြင်း မရှိ၊ သတ္တဝါတို့အားကား မအိုမင်း မဆွေးမြည့်ခြင်း သဘောမည်သည် မရှိ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၅၁] ဇိရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

သုစိတ္တာ၊ ရတနာခုနစ်ပါး စသည်တို့ဖြင့် အလွန်ဆန်းကြယ်ကုန်သော။ ရာဇရထာ၊ မင်းစီးရထားတို့သည်။ ဝေ၊ စင်စစ်။ ဇီရန္တိ ၊ ဆွေးမြည့်ကုန်၏။ အထော၊ ထိုမှတစ်ပါး။ သရီရမ္ပိ၊ ခန္ဓာကိုယ်သည်လည်း။ ဇရံ၊ ဆွေးမြည့်ခြင်းသို့။ ဥပေတိ၊ ရောက်၏။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော စ၊ ကိုးပါးသော လောကုတ္တရာတရားသည်ကား။ ဇရံ၊ ဆွေးမြည့်ခြင်းသို့။ န ဥပေတိ၊ မရောက်။ ဧဝံ၊ ဤသို့။ သန္တော၊ သူတော်ကောင်းတို့သည်။ သဗ္ဘိ၊ သူတော်ကောင်းတို့နှင့်။ ဟဝေ၊ စင်စစ်။ ပဝေဒယန္တိ၊ ပြောဟောကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မလ္လိကာမိဖုရားဝတ္ထု ပြီး၏။

֍ * ၇။ လာဠုဒါယီမထေရ်ဝတ္ထု

အပ္ပဿုတာယံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မဆိုင်သောတရား ဟောကြားခြင်း

ထိုလာဠုဒါယီမထေရ်ကား မင်္ဂလာပြုကုန်သောသူတို့၏အိမ်သို့ ရောက်သွားလျှင် “တိရောကုဋ္ဋေသု တိဋ္ဌန္တိ” အစရှိသောနည်းဖြင့် မင်္ဂလာမရှိသော ပေတဝတ္ထုတရား စသည်တို့ကို ဟောကြားလေ၏၊ မင်္ဂလာမရှိသည်ကို ပြုကုန်သောသူတို့၏အိမ်သို့ ရောက်သွားလျှင် တိရောကုဋ္ဋသုတ် စသည်တို့ကို ဟောအပ်ကုန်လျက် “ဒါနဉ္စ ဓမ္မစရိယာစ” အစရှိသောနည်းဖြင့် မင်္ဂလာစကားကိုလည်းကောင်း၊ “ယံကိဉ္စိ ဝိတ္တံ ဣဓဝါ ဟုရံဝါ” အစရှိသော ရတနသုတ်ကို လည်းကောင်း ဟောကြားလေ၏။ ဤသို့လျှင် ထိုထိုသောနေရာတို့၌ တစ်ပါးသော တရားစကားကို ဟောကြားအံ့ဟုကြံ၍ တစ်ပါးသော တရားစကားကို ဟောကြားမိသော်လည်း “ငါသည် မစပ်မဆိုင် ဟောကြားမိ၏”ဟု မသိတတ်။ ရဟန်းတို့သည် ထိုလာဠုဒါယီ၏ တရားစကားကို ကြားရလျှင် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အသို့ပါနည်း၊ မင်္ဂလာရှိသောနေရာ, မင်္ဂလာမရှိသောနေရာတို့၌ လာဠုဒါယီမထေရ် ရောက်သွားသည်ရှိသော် တစ်ပါးသောတရားကို ဟောအပ်လျက် တစ်ပါးသောတရားကို ဟောပါသည်ဘုရား”ဟု နားတော်လျှောက်ကြလေကုန်၏၊ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ထိုလာဠုဒါယီမထေရ်ကား ယခုသာလျှင် ဤသို့ ဟောသည် မဟုတ်သေး၊ ရှေး၌လည်း တစ်ပါးသောစကားကို ဆိုအပ်လျက် တစ်ပါးသောစကားကို ဆိုဖူးပြီ”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

နွားတောင်းဂါထာ သင်ယူခြင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် အဂ္ဂိဒတ္တအမည်ရှိသော ပုဏ္ဏား၏သားဖြစ်သော သောမဒတ္တအမည်ရှိသော သတို့သားသည် မင်းကြီးကို ခစားလေသတတ်။ ထိုသောမဒတ္တကို မင်းကြီးသည် ချစ်မြတ်နိုးအပ်၏၊ နှလုံးကို ပွားစေအပ်၏။ အဂ္ဂိဒတ္တပုဏ္ဏားကြီးသည်ကား လယ်ထွန်ခြင်းအမှုကို အမှီပြု၍ အသက်မွေး၏။ ထိုပုဏ္ဏားကြီးအား နွားနှစ်ကောင်တို့သည် ရှိကုန်၏။ ထိုနွားနှစ်ကောင်တို့တွင် နွားတစ်ကောင်သည် သေရှာလေ၏။ ပုဏ္ဏားကြီးသည် သားကို “ချစ်သားသောမဒတ္တ- မင်းကြီးကို ငါ့အဖို့တောင်း၍ နွားတစ်ကောင် ဆောင်ခဲ့ချေလော့”ဟု ဆိုလေ၏။ သောမဒတ္တသည် “ငါကား မင်းကြီးကို အကယ်၍ တောင်းသည်ဖြစ်အံ့၊ ငါ၏ ပေါ့လျော့သောအဖြစ်သည် ထင်ရှားလတ္တံ့”ဟု ကြံ၍ “ဖခင်- ဖခင်တို့သည်သာလျှင် မင်းကြီးကို တောင်းကြပါကုန်လော့”ဟု ဆိုသဖြင့် “ထိုသို့ဖြစ်မူ ငါ့သား- ငါ့ကိုခေါ်ယူ၍ သွားချေလော့”ဟု ဆိုသည်ရှိသော် ဤသို့ ကြံလေ၏။ “ဤပုဏ္ဏားကြီးကား နုံ့သောပညာ ရှိ၏၊ ရှေ့သို့ တက်လော့, နောက်သို့ ဆုတ်လော့ဟူသော စကားမျှကိုလည်း မသိ၊ တစ်ပါးသောစကားကို ပြောဆိုအပ်လျက် တစ်ပါးသောစကားကိုသာ ယောင်မှား ပြောဆိုတတ်၏။ ထိုဖခင် ပုဏ္ဏားကြီးကို သင်ပေးပြီးမှသာ ဆောင်ပေအံ့”ဟု ကြံပြီးလျှင် သောမဒတ္တသည် ဖခင်ပုဏ္ဏားကြီးကို ခေါ်၍ ဗီရဏတ္ထမ္ဘက အမည်ရှိသော သင်္ချိုင်းသို့သွား၍ မြက်စည်းတို့ကို ဖွဲ့စည်းပြီးလျှင် “ဤမြက်စည်းကား မင်းကြီး၊ ဤမြက်စည်းကား အိမ်ရှေ့မင်း၊ ဤမြက်စည်းကား စစ်သူကြီး”ဟု ပြုလုပ်သဖြင့် အစဉ်အတိုင်း ဖခင်ပုဏ္ဏားကြီးအား ပြပြီးသည်ရှိသော် “သင်ဖခင်တို့သည် မင်းအိမ် နန်းတော်သို့ရောက်လျှင် ဤသို့ ရှေ့သို့ တက်အပ်၏၊ ဤသို့ နောက်သို့ ဆုတ်အပ်၏၊ မင်းကြီးကို ဤသို့ သံတော်ဦးတင်အပ်၏။ အိမ်ရှေ့မင်းကို ဤသို့ လျှောက်တင်အပ်၏။ မင်းကြီးသို့ ချဉ်းကပ်မိလျှင် “ဇယတု မဟာရာဇ၊ မြတ်သောမင်းကြီး- အောင်တော်မူပါစေသတည်း”ဟု ဆို၍ ဤဂါထာကို ရွတ်ဆိုသဖြင့် နွားကို တောင်းကြပါကုန်လော့”ဟု သင်ပေးပြီးမှ ဂါထာကို သင်ယူစေလေ၏။

ဒွေ မေ ဂေါဏာ မဟာရာဇ၊ ယေဟိ ခေတ္တံ ကသာမသေ။
တေသု ဧကော မတော ဒေဝ၊ ဒုတိယံ ဒေဟိ ခတ္တိယ။

မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်အား။ ဒွေး ဂေါဏာ၊ နွားနှစ်ကောင်တို့သည်။ သန္တိ၊ ရှိပါကုန်၏။ ယေဟိ၊ အကြင်နွားနှစ်ကောင်တို့ဖြင့်။ ခေတ္တံ၊ လယ်ကို။ ကသာမသေ၊ ထွန်ကြရပါကုန်၏။ ဒေဝ၊ အရှင်မင်းကြီး။ တေသု၊ ထိုနွားနှစ်ကောင်တို့တွင်။ ဧကော၊ နွားတစ်ကောင်သည်။ မတော၊ သေခဲ့လေ၏။ ခတ္တိယ၊ ရေမြေကို အစိုးရသော အရှင်မင်းကြီး။ ဒုတိယံ၊ အဖော်နွားကို။ ဒေဟိ၊ သနားကယ်မတော်မူပါလော့။

နွားတောင်းသောအခါ နွားပေးသည့်ဂါထာကို ရွတ်ဆိုမိပုံ

ထိုအဂ္ဂိဒတ္တပုဏ္ဏားကြီးသည် တစ်နှစ်မျှဖြင့် ထိုဂါထာကို လေ့လာခြင်းရှိအောင်ပြု၍ လေ့လာခြင်း ရှိသည့်အဖြစ်ကို သားအား ပြောကြားလေသဖြင့် “ထိုသို့ဖြစ်မူ ဖခင်- တစ်စုံတစ်ခုသာလျှင်ဖြစ်သော လက်ဆောင်ကိုယူ၍ လာကြပါကုန်လော့၊ ကျွန်တော်ကား ရှေးဦးစွာသွား၍ မင်းကြီး၏အထံ၌ နေနှင့်ပါမည်”ဟု ဆိုသည်ရှိသော် “ချစ်သား- ကောင်းပေပြီ”ဟု ဆို၍ လက်ဆောင်ကိုယူလျက် မင်းကြီး၏အထံ၌ သောမဒတ္တ နေသောအခါ အားထုတ်ခြင်းသို့ ရောက်သည်ဖြစ်၍ မင်းအိမ်တော်သို့ သွားသည်ရှိသော် မင်းကြီးသည် နှစ်သက်သော စိတ်ရှိသဖြင့် ဝမ်းမြောက်ဝမ်းသာ စကားပြောကြားအပ်သည်ဖြစ်၍ “ဖခင်ပုဏ္ဏားကြီး- ကြာမြင့်သောကာလမှ ရောက်လာပေစွတကား၊ ဤနေရာ၌ နေထိုင်၍ အလိုရှိရာဝတ္ထုဖြင့် ဆိုဘိလော့”ဟု မိန့်ဆိုလတ်သည်ရှိသော် ဤဂါထာကို ဆိုလေ၏။

ဒွေ မေ ဂေါဏာ မဟာရာဇ၊ ယေဟိ ခေတ္တံ ကသာမသေ။
တေသု ဧကော မတော ဒေဝ၊ ဒုတိယံ ဂဏှ ခတ္တိယ။

မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်အား။ ဒွေ ဂေါဏာ၊ နွားနှစ်ကောင်တို့သည်။ သန္တိ၊ ရှိပါကုန်၏။ ယေဟိ၊ အကြင်နွားနှစ်ကောင်တို့ဖြင့်။ ခေတ္တံ၊ လယ်ကို။ ကသာမသေ၊ ထွန်ကြရပါကုန်၏။ ဒေဝ၊ အရှင်မင်းကြီး။ တေသု၊ ထိုနွားနှစ်ကောင်တို့တွင်။ ဧကော၊ နွားတစ်ကောင်သည်။ မတော၊ သေခဲ့လေ၏။ ခတ္တိယ၊ ရေမြေကိုအစိုးရသော အရှင်မင်းကြီး။ ဒုတိယံ၊ အဖော်နွားကို။ ဂဏှ၊ ယူငင်သိမ်းပိုက်တော်မူပါလော့။

မင်းကြီးသည် “ဖခင်ပုဏ္ဏားကြီး- အဘယ်ကို ဆိုသနည်း၊ တစ်ဖန် ဆိုဦးလော့”ဟု အမိန့်ရှိပြန်သော်လည်း ထိုနွားပေးဂါထာကိုသာလျှင် ဆိုပြန်လေ၏။

သားလျှောက်ပုံ ကောင်းသဖြင့် နွားတို့ကို ရရှိခြင်း

မင်းကြီးသည် ထိုပုဏ္ဏားကြီး ချွတ်ယွင်း၍ ဆိုသည့်အဖြစ်ကို သိတော်မူရလျှင် ပြုံးခြင်းကို ပြုတော်မူလျက် “ချစ်သား သောမဒတ္တ- သင်တို့၏အိမ်၌ နွားတို့ကား ပေါများလှယောင်တကား”ဟု အမိန့်တော်ရှိလတ်သော် “အရှင်မင်းကြီး- အရှင်မင်းကြီးတို့ ပေးသနားတော်မူအပ်ကုန်သည်ရှိသော် ပေါများလှသည် ဖြစ်ကြပါလိမ့်မည်ဘုရား”ဟု လျှောက်တင်ခြင်းကြောင့် ဘုရားလောင်း သောမဒတ္တအား နှစ်သက်သဖြင့် ပုဏ္ဏားကြီးအား တစ်ဆယ့်ခြောက်ကောင်သော နွားတို့ကိုလည်းကောင်း၊ တန်ဆာဆင်ရန် ဘဏ္ဍာကိုလည်းကောင်း၊ နေထိုင်စရာ ရွာကိုလည်းကောင်း ပုဏ္ဏားကြီးအား မြတ်သော ဆုလာဘ်တော်ကို ပေးသနားတော်မူ၍ များသော အခြံအရံနှင့်တကွ ပုဏ္ဏားကြီးကို လွှတ်လိုက်လေ၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍ ထိုအခါ ဗာရာဏသီမင်းသည် ယခုအခါ အာနန္ဒာ ဖြစ်လာလေ၏၊ ပုဏ္ဏားကြီးသည် လာဠုဒါယီ ဖြစ်လာလေ၏။ သောမဒတ္တသည်ကား ငါဘုရားသာလျှင် ဖြစ်လာလေ၏ဟု ဇာတ်ကို ပေါင်းတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် မဟုတ်သေး၊ ရှေးအခါ၌လည်း ဤလာဠုဒါယီသည် မိမိ၏ နည်းသော အကြားအမြင်ရှိသည် အဖြစ်ကြောင့် တစ်ပါးသော စကားကို ဆိုအပ်လျက် တစ်ပါးသောစကားကို ဆိုဘိ၏၊ နည်းသော အကြားအမြင်ရှိသော ယောက်ျားသည် နွားလားနှင့်တူသည်မည်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၅၂] အပ္ပဿုတာယံ ပုရိသော၊ ဗလိဗဒ္ဒေါဝ ဇီရတိ။
မံသာနိ တဿ ဝဍ္ဎန္တိ၊ ပညာ တဿ န ဝဍ္ဎတိ။

အပ္ပဿုတော၊ နည်းသော အကြားအမြင်ရှိသော။ အယံ ပုရိသော၊ ဤယောက်ျားသည်။ ဗလိဗဒ္ဒေါဝ၊ နွားလားကဲ့သို့။ ဝါ၊ နွားကဲ့သို့။ ဇီရတိ၊ ကြီးပြင်း၏။ တဿ၊ ထိုအကြားအမြင် နည်းပါးသော ယောက်ျားအား။ မံသာနိ၊ အသားတို့သည်သာလျှင်။ ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။ တဿ၊ ထိုယောက်ျားအား။ ပညာ၊ ပညာသည်။ န ဝဍ္ဎတိ၊ မတိုးပွား။

ဒေသနာတော်၏အကျိုး

֍ * ၈။ အာနန္ဒာမထေရ်၏ ဥဒါန်းဂါထာဝတ္ထု

အနေကဇာတိသံသာရံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ နေတော်မူစဉ် နှစ်သက်ဝမ်းမြောက်စွာ ဥဒါန်းကျူးခြင်း၏အစွမ်းဖြင့် ဥဒါန်းကျူးတော်မူသဖြင့် နောက်အဖို့၌ အာနန္ဒာမထေရ် မေးလျှောက်အပ်သည်ဖြစ်၍ ဟောကြားတော်မူလေ၏။

ဘုရားရှင်တိုင်း ဥဒါန်းကျူးတော်မူခြင်း

ထိုသုံးလူ့ထွတ်ထား သဗ္ဗညု မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ နေတော်မူစဉ် နေမဝင်မီသာလျှင် မာရ်စစ်သည်အပေါင်းကို အောင်မြင်ဖျက်ဆီးတော်မူ၍ ပထမယာမ်၌ ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာ မှောင်တိုက်ကို ဖောက်ခွဲတော်မူသဖြင့်လည်းကောင်း၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုဉာဏ်တော်ကို သုတ်သင်တော်မူသဖြင့် လည်းကောင်း၊ ပစ္ဆိမယာမ်၌ သတ္တဝါတို့အား သနားခြင်းရှိသည့်အဖြစ်ကို စွဲ၍ ပဋိစ္စသမုပ္ပါဒ်၌ ဉာဏ်တော်ကို ချသွင်းသက်ဝင်စေတော်မူသဖြင့်လည်းကောင်း ထိုပဋိစ္စသမုပ္ပါဒ် တရားတော်မြတ်ကို အနုလုံ,ပဋိလုံအစွမ်းဖြင့် သုံးသပ်တော်မူလျက် အရုဏ်တက်သောအခါ၌ အရဟတ္တမဂ်ဉာဏ် အရင်းခံရှိသော သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍သိတော်မူပြီးလျှင် သိန်းပေါင်းများစွာသော ဘုရားရှင်တို့သည် မစွန့်အပ်သော ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးခြင်းကို ဥဒါန်းကျူးလိုရကား ဤဂါထာတို့ကို ကျူးရင့်ရွတ်ဆိုတော်မူလေ၏။

ဒေသနာတော်

֍ * [၁၅၃] အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

֍ * [၁၅၄] ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။

ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဇာတိ၊ ပဋိသန္ဓေ နေရခြင်းသည်။ ဒုက္ခာ၊ အို,နာ,သေမြဲ ရောယှက်တွဲသောကြောင့် ဆင်းရဲလှပေ၏။ တသ္မာ၊ ထို့ကြောင့်။ ဂဟကာရံ ဂဝေသန္တော၊ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော တဏှာတည်းဟူသော လက်သမားကို ဒီပင်္ကရာဘုရား ခြေတော်ရင်း၌ ဆုတောင်းကာ ရှာဖွေလာသော ငါသည်။ အနေကဇာတိသံသာရံ၊ ပဋိသန္ဓေများစွာ သံသရာ ကာလပတ်လုံး။ အနိဗ္ဗိသံ အဝိန္ဒန္တော၊ ဉာဏ်မရလေသောကြောင့်။ သန္ဓာဝိဿံ သံသရိံ၊ အတည်မကျ ကျင်လည်ရလေပြီ။

ဂဟကာရက၊ ခန္ဓာအိမ် ဆောက်လုပ်တတ်သော တဏှာလက်သမား။ တွံ၊ သင့်ကို။ မယာ၊ သဗ္ဗညုခေါ် ဉာဏ်တော်ပိုင်သား ငါဘုရားသည်။ ဒိဋ္ဌော၊ မြင်ရသည်။ အသိ၊ ဖြစ်ပြီ။ ပုန၊ တစ်ဖန်။ ဂေဟံ၊ ငါ့အတွက် ခန္ဓာအိမ်ကို။ န ကာဟသိ၊ သင် မဆောက်လုပ်ရတော့လတ္တံ့။ တေ၊ သင်၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ဖာသုကာ၊ ကိလေသာဟူသော အခြင်တို့ကို။ မယာ၊ ငါဘုရားသည်။ ဘဂ္ဂါ၊ ချိုးဖဲ့အပ်ကုန်ပြီ။ ဂဟကူဋံ၊ သင်ဆောက်လုပ်သော ခန္ဓာအိမ်၏ အဝိဇ္ဇာဟူသော အထွတ်ကို။ ဝိသင်္ခတံ၊ ငါ ဖျက်ဆီးအပ်ပြီ။ စိတ္တံ၊ ငါ၏စိတ်သည်။ ဝိသင်္ခါရဂတံ၊ နိဗ္ဗာန်သို့ အာရုံပြုခြင်းအစွမ်းဖြင့် သက်ဝင်လေပြီ။ တဏှာနံ၊ တဏှာတို့၏။ ခယံ၊ ကုန်ရာကုန်ကြောင်းဖြစ်သော အရဟတ္တဖိုလ်ကို။ အဇ္ဈဂါ၊ ငါရလေပြီ။

အာနန္ဒာမထေရ်၏ ဥဒါန်းဂါထာဝတ္ထု ပြီး၏။

֍ * ၉။ မဟာဓနသူဌေးသား

အစရိတွာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဣသိပတနမည်သော သားသမင် အပေါင်းအား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ နေတော်မူစဉ် မဟာဓနသူဌေး၏သားကို အကြောင်းပြု၍ ဟောတော်မူ၏။

အမြှောက်ကြိုက်သော သူဌေးသား

ထိုသူဌေးသားသည် ဗာရာဏသီပြည်၌ ကုဋေရှစ်ဆယ် စည်းစိမ်ကြွယ်ဝသောအမျိုး၌ ဖြစ်သတတ်။ ထိုအခါ သူဌေးသား၏ မိခင်,ဖခင်တို့သည် ဤသို့ ကြံကြကုန်၏။ “ငါတို့၏အိမ်၌ များစွာသော ဥစ္စာအစု ရှိ၏။ ထိုဥစ္စာအစုကို ငါတို့၏သားလက်၌ထား၍ ချမ်းသာသည့်အလျောက် အလိုရှိတိုင်း သုံးဆောင်ခြင်းကို ပြုအံ့။ တပါးသောအမှုဖြင့် ပြုဖွယ်ကိစ္စမရှိ”ဟု ကြံပြီးလျှင် ကခြင်း,သီခြင်း, တီးမှုတ်ခြင်းမျှကိုသာ သင်စေကြလေကုန်၏။ ထိုဗာရာဏသီပြည်၌ပင် ကုဋေရှစ်ဆယ် စည်းစိမ်ကြွယ်ဝသော အမျိုးတစ်ခုဝယ် တစ်ယောက်သော သမီးသည်လည်း ရှိသည်ဖြစ်လေ၏။ ထိုသမီး၏ မိခင်,ဖခင်တို့သည်လည်း ထို့အတူသာလျှင် ကြံ၍ သမီးကို ကခြင်း,သီခြင်း, တီးမှုတ်ခြင်းမျှကိုသာ သင်စေကြလေကုန်၏။ ထိုသူဌေးသားနှင့် သူဌေးသမီးတို့သည် အရွယ်သို့ ရောက်ကြသောအခါကာလ၌ ထိမ်းမြားခြင်းမင်္ဂလာသည် ဖြစ်လေ၏။ ထိုမှနောက်အဖို့၌ ထိုသူတို့၏မိဘတို့သည် ကွယ်လွန်ကြလေကုန်၏။ ကုဋေရှစ်ဆယ်နှစ်လီဖြစ်သော ဥစ္စာသည် တစ်အိမ်တည်း၌သာလျှင် ဖြစ်လေ၏။ သူဌေးသားသည် တစ်နေ့သုံးကြိမ် မင်းအား ခစားခြင်းသို့ သွားရောက်၏။ ထိုအခါ ထိုဗာရာဏသီမြို့၌ သေသောက်ကြူးတို့သည် “ဤသူဌေးသားကား သေသောက်သမားသည် အကယ်၍ ဖြစ်ငြားအံ့၊ ငါတို့အား ချမ်းသာခြင်းသည် ဖြစ်ပေလတ္တံ့။ ထိုသူဌေးသားကို သေသောက်သမားအဖြစ်ကို ယူစေကြကုန်အံ့”ဟု ကြံကြလေကုန်၏။ ထိုသေသောက်ကြူးတို့သည် သေကိုယူ၍ ခဲဖွယ်အမဲတို့ကိုလည်းကောင်း၊ ဆားခဲတို့ကိုလည်းကောင်း ပုဆိုးစွန်၌ ဖွဲ့ထုပ်သဖြင့် အမြစ်အဖုတို့ကိုယူလျက် မင်းအိမ်မှ ပြန်လာသော သူဌေးသား၏ လာရာလမ်းခရီးကို ကြည့်ရှုကာ နေကြသည်ရှိသော် လာသော သူဌေးသားကို မြင်ရလျှင် သေကိုသောက်၍ ဆားခဲကို ခံတွင်း၌ ပစ်ထည့်သဖြင့် အမြစ်အဖုကိုက်ခဲလျက် “အရှင်သူဌေးသား- အနှစ်တစ်ရာ ကာလပတ်လုံး အသက်ရှည်ပါလေလော့၊ အရှင်သူဌေးသားကိုမှီ၍ အကျွန်ုပ်တို့သည် စားနိုင်သောက်နိုင်သောသူတို့ ဖြစ်လိုကြပါကုန်၏”ဟု ဆိုကြလေကုန်၏။

သူဌေးသားလင်မယား အိုးအိမ်မဲ့ဖြစ်

သူဌေးသားသည် ထိုသေသောက်ကြူးတို့စကားကို ကြားရလျှင် နောက်မှလိုက်လာသော အလုပ်အကျွေးငယ်ကို “ဤသူတို့သည် အဘယ်ကို သောက်ကြကုန်သနည်း”ဟု မေးလေ၏။ “သခင့်သား- တစ်ခုသော သောက်ဖွယ်အရည်ကို သောက်ကြပါကုန်၏”ဟု ဆိုသော် “ဤသောက်ဖွယ်အရည်သည် နှစ်သက်ဖွယ်ကောင်းသော သဘောရှိသလော”ဟု မေးမြန်းလေ၏။ “အရှင့်သား- အသက်ရှည်သော ဤလူ့ပြည်၌ ဤသောက်ဖွယ်နှင့်တူသော သောက်အပ်သည်နှင့်ယှဉ်သော အရည်မည်သည် မရှိ”ဟု ဆိုလတ်သော် ထိုသူဌေးသားသည် “ဤသို့ဖြစ်သည်ရှိသော် ငါသည်လည်း သောက်ခြင်းငှာ သင့်၏”ဟု ကြံသဖြင့် အတန်ငယ် ဆောင်ယူစေ၍ သောက်၏။ ထို့နောက် များမကြာမီသာလျှင် ထိုသေသောက်ကြူးတို့သည် သူဌေးသား၏ သေသောက်သည့်အဖြစ်ကို သိကြလျှင် သူဌေးသားကို ခြံရံကြလေကုန်၏။ နောက်နောက်သောကာလ ရောက်လတ်သော် အခြံအရံ များစွာဖြစ်လေ၏။ ထိုသူဌေးသားသည် တစ်ရာသော ဥစ္စာဖြင့်လည်းကောင်း၊ နှစ်ရာသော ဥစ္စာဖြင့်လည်းကောင်း သေကိုဆောင်စေ၍ သောက်လေ၏။ အစဉ်အားဖြင့်သာလျှင် နေထိုင်ရာအရပ် စသည်တို့၌ အသပြာ အစုအပုံကိုထား၍ သေကိုသောက်လျက် “ဤအသပြာဖြင့် ပန်းကို ဆောင်ယူခဲ့ချေလော့၊ ဤအသပြာဖြင့် နံ့သာကို ဆောင်ယူခဲ့ချေလော့၊ ဤသူသည် သီဆိုခြင်း၌ လိမ္မာ၏၊ ဤသူသည် ကခုန်ခြင်း၌ လိမ္မာ၏။ ဤသူသည် တီးမှုတ်ခြင်း၌ လိမ္မာ၏၊ ဤသူအား တစ်ထောင် ပေးလော့၊ ဤသူအား နှစ်ထောင် ပေးလော့”ဟု ဆိုလေ၏၊ ဤသို့လျှင် ဖရိုဖရဲ ဖြန့်ကြဲလတ်သော် မကြာမြင့်မီပင်လျှင် မိမိ၏အပိုင်ဖြစ်သော ကုဋေရှစ်ဆယ်သော ဥစ္စာကို ကုန်ခန်းစေလေသောကြောင့် “အရှင့်သား- အရှင့်သား၏ဥစ္စာ ကုန်ပါပြီ”ဟု ဆိုသည်ရှိသော် “ငါ့မယားပိုင်သော ဥစ္စာသည် မရှိလေတော့ပြီလော”ဟု မေးလေ၏။ “အရှင့်သား- ရှိပါ၏”ဟု ဆိုလတ်သော် “ထိုသို့ရှိလျှင် ထိုဥစ္စာကို ဆောင်ယူခဲ့လော့”ဟု ဆိုလေ၏၊ ထိုမယားပိုင်ဥစ္စာကိုလည်း မိမိဥစ္စာအတူသာလျှင် ကုန်ခန်းစေ၍ အစဉ်သဖြင့် လယ်,အာရာမ်, ဥယျာဉ်,လှည်း စသည်ကိုလည်းကောင်း၊ အယုတ်သဖြင့် အိုးခွက်ဖြစ်သော ဘဏ္ဍာကိုလည်းကောင်း၊ အခင်းအရုံ နေရာထိုင်ရာကိုလည်းကောင်း မိမိ၏ အလုံးစုံသောဥစ္စာကို ရောင်းချကာ စားရလေ၏။ ထို့နောက် သူဌေးသား အိုမင်းသောအခါ အကြင်သူတို့သည် ထိုသူဌေးသား၏ မိဘဆွေမျိုးဥစ္စာဖြစ်သော နေအိမ်ကိုဝယ်၍ ယူအပ်၏၊ ထို့ကြောင့် ထိုသူတို့သည် သူဌေးသားလင်မယားတို့ကို နေအိမ်မှ နှင်ထုတ်လိုက်ကြလေကုန်၏။

လှည့်လည် တောင်းစား, တရားလည်း မရ

ထိုသူဌေးသားသည် မယားကိုခေါ်ဆောင်သဖြင့် သူတပါး၏အိမ်နံရံကို အမှီပြုကာနေလျက် အိုးခွက်ကို လက်ဆွဲပြီးလျှင် ထမင်းအလို့ငှာ လှည့်လည်၍ လူအပေါင်း၏ စားကြွင်းကို စားခြင်းငှာ အားထုတ်ရရှာလေ၏။ ထိုအခါ သူဌေးသားကို တစ်နေ့သ၌ ဆွမ်းစားရာဇရပ်တံခါး၌ ရပ်လျက် ရဟန်းငယ်သာမဏေတို့ပေးအပ်သော စားကြွင်းဖြစ်သော ဘောဇဉ်ကို ခံယူနေသည်ကို မြင်တော်မူရလျှင် ဘုရားရှင်သည် ပြုံးခြင်းကို ထင်စွာပြုတော်မူ၏။ ထိုအခါ ဘုရားရှင်ကို ရှင်အာနန္ဒာမထေရ်သည် ပြုံးခြင်းအကြောင်းကို မေးလျှောက်လေ၏။ မြတ်စွာဘုရားသည် ပြုံးတော်မူခြင်းအကြောင်းကို ပြောကြားတော်မူလိုသည်ဖြစ်၍ “ချစ်သားအာနန္ဒာ- ဤဗာရာဏသီမြို့၌သာလျှင် ကုဋေရှစ်ဆယ်သောဥစ္စာကို ကုန်စေပြီးလျှင် မယားကိုခေါ်ဆောင်၍ ထမင်းအလို့ငှာ လှည့်လည်ရရှာသော မဟာဓနသူဌေးကြီး၏ သားဖြစ်သော ဤသူကို ကြည့်ရှုစမ်းလော့၊ ဤသူဌေးသားသည် ပထမအရွယ်၌ စည်းစိမ်ဥစ္စာတို့ကို မကုန်စေမူ၍ စီးပွားမှုတို့ကို အကယ်၍ ပြုလုပ်ငြားအံ့၊ ဤမြို့၌သာလျှင် ပထမသူဌေးကြီး ဖြစ်လေရာ၏၊ အိမ်မှထွက်၍ အကယ်၍ ရဟန်းပြုသည် ဖြစ်ငြားအံ့၊ အရဟတ္တဖိုလ်သို့ ရောက်လေရာ၏၊ ထိုသူဌေးသား၏ မယားသည်လည်း အနာဂါမိဖိုလ်၌ တည်လေရာ၏၊ မဇ္ဈိမအရွယ်၌ စည်းစိမ်ဥစ္စာတို့ကို မကုန်စေမူ၍ စီးပွားမှုတို့ကို အကယ်၍ ပြုလုပ်ငြားအံ့၊ ဒုတိယသူဌေး ဖြစ်လေရာ၏၊ ထွက်၍ ရဟန်းပြုလတ်သည်ရှိသော် အနာဂါမ် ဖြစ်လေရာ၏၊ ထိုသူဌေးသား၏ မယားသည်လည်း သကဒါဂါမိဖိုလ်၌ တည်လေရာ၏၊ ပစ္ဆိမအရွယ်၌ စည်းစိမ်ဥစ္စာတို့ကို မကုန်စေမူ၍ စီးပွားမှုတို့ကို အကယ်၍ ပြုလုပ်ငြားအံ့၊ တတိယသူဌေး ဖြစ်လေရာ၏၊ ထွက်၍ ရဟန်းပြုလတ်သည်ရှိသော် သကဒါဂါမ် ဖြစ်လေရာ၏၊ ထိုသူဌေးသား၏ မယားသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေရာ၏၊ ယခုအခါ၌ကား ဤသူဌေးသားသည် လူ့စည်းစိမ်မှ ဆုတ်ယုတ်သည်ဖြစ်၍ ရဟန်းအဖြစ်ဟူသော မဂ်,ဖိုလ်ဂုဏ်ကျေးဇူးမှလည်း ဆုတ်ယုတ်ခြင်းကြောင့်သာလျှင် ရေခြောက်သွေ့သော ညွန်အိုင်၌ ကြိုးကြာငှက်ကဲ့သို့ ဖြစ်ရရှာလေ၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၅၅] အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
ဇိဏ္ဏကောဉ္ဇာဝ ဈာယန္တိ၊ ခီဏမစ္ဆေဝ ပလ္လလေ။

֍ * [၁၅၆] အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
သေန္တိ စာပတိခီဏာဝ၊ ပုရာဏာနိ အနုတ္ထုနံ။

ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ အစရိတွာ၊ မကျင့်သုံးမိခြင်းကြောင့်။ ယောဗ္ဗနေ၊ စွမ်းနိုင်သောအခါ၌။ ဓနံ၊ ပစ္စည်းဥစ္စာကို။ အလဒ္ဓါ၊ မရလိုက်ခြင်းကြောင့်။ ဝါ၊ မရလိုက်သော လူမိုက်တို့သည်။ ခီဏမစ္ဆေဝ၊ ငါးကုန်သည်သာလျှင်ဖြစ်သော။ ပလ္လလေ၊ ညွန်ပျောင်း၌။ ဇိဏ္ဏကောဉ္ဇာဝ၊ တောင်ပံယွင်းယို ကြိုးကြာအိုကဲ့သို့။ ဈာယန္တိ၊ ကြံမှိုင်ကြရကုန်၏။

ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ အစရိတွာ၊ မကျင့်သုံးမိခြင်းကြောင့်။ ယောဗ္ဗနေ၊ စွမ်းနိုင်သောအခါ၌။ ဓနံ၊ ပစ္စည်းဥစ္စာကို။ အလဒ္ဓါ၊ မရလိုက်ခြင်းကြောင့်။ ဝါ၊ မရလိုက်သော လူမိုက်တို့သည်။ ပုရာဏာနိ၊ ရှေးက သုခ ခံစားရဖူးသည်တို့ကို။ အနုတ္ထုနံ အနုတ္ထုနန္တာ၊ ငြီးတွား စိုးရိမ်ကြကုန်လျက်။ စာပါ၊ လေးညှို့မှ။ အတိခီဏာ-ဝိနိမုတ္တာ၊ လွတ်ကုန်သော။ သရာ ဣဝ၊ မြားတို့ကဲ့သို့။ သေန္တိ၊ သေခြင်းသို့ ကပ်ရောက်ကြရကုန်လတ္တံ့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မဟာဓနသူဌေးသားဝတ္ထုပြီး၏။

၁။ ဗောဓိမင်းသားဝတ္ထု

အတ္တာနဉ္စေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဘေသကဠမည်သော ပဲစင်းခုန်တော၌ နေတော်မူစဉ် ဗောဓိမင်းသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လက်သမားသတ်ရန် ဗောဓိမင်းသား ကြံပုံ

ထိုဗောဓိမင်းသားသည် မြေအပြင်၌ တစ်ပါးသောပြာသာဒ်တို့နှင့် မတူသော သဘောရှိသော ပြာသာဒ်ကို ဆောက်လုပ်စေ၍ လက်သမားကို “သင်သည် တစ်ပါးသော အရပ်၌လည်း ဤသို့သဘောရှိသော ပြာသာဒ်ကို ဆောက်လုပ်ဖူးသလော။ ထိုသို့မဟုတ် သင် ဤသို့ ဆောက်လုပ်ခြင်းသည် ရှေးဦးစွာပြုအပ်သော လက်မှုအတတ်သာလျှင်လော”ဟု မေးမြန်းလေသတတ်၊ “အရှင်မင်းသား- ရှေးဦးစွာပြုအပ်သော လက်မှုအတတ်သာလျှင် ဖြစ်ပါသည်”ဟု လျှောက်တင်လတ်သည်ရှိသော် ဗောဓိမင်းသားသည် “ဤလက်သမားကား သူတစ်ပါးအလို့ငှာလည်း ဤသို့သဘောရှိသော ပြာသာဒ်ကို အကယ်၍ ဆောက်လုပ်သည်ဖြစ်အံ့၊ ဤပြသာဒ်သည် အံ့သြဖွယ် မရှိသည်ဖြစ်လတ္တံ့။ ဤလက်သမားကို ငါသည် သတ်ခြင်းငှာလည်းကောင်း၊ လက်သမား၏ လက်,ခြေတို့ကို ဖြတ်ခြင်းငှာလည်းကောင်း၊ မျက်စိတို့ကို ထုတ်ပစ်ခြင်းငှာလည်းကောင်း သင့်၏။ ဤသို့ ပြုသည်ရှိသော် သူတစ်ပါး အလို့ငှာ ပြာသာဒ်ကို မဆောက်လုပ်နိုင်လတ္တံ့”ဟု ကြံလေ၏။ ထိုဗောဓိမင်းသားသည် ထိုအကြောင်းကို မိမိ၏ ချစ်လှစွာသော အဆွေခင်ပွန်း သဉ္ဇီဝကပုတ္တ အမည်ရှိသော လုလင်အား ပြောကြားလေ၏။ ထိုလုလင်သည် “ဤဗောဓိမင်းသားကား လက်သမားကို ယုံမှားမရှိ ဖျက်ဆီးလတ္တံ့၊ အဖိုးများစွာထိုက်သော အတတ်ရှိသူသည် ငါမြင်သိလျက် မပျက်စီးပါစေလင့်၊ ထိုလက်သမားအား အမှတ်သညာကို ပေးအံ့”ဟု ကြံလေ၏။ ထိုသဉ္ဇီဝကပုတ္တလုလင်သည် လက်သမားထံ ချဉ်းကပ်၍ “ပြာသာဒ်၌ သင်ပြုဖွယ်ကိစ္စ ပြီးပြီလော၊ မပြီးသေးလော”ဟု မေးသဖြင့် “ပြီးပါပြီ”ဟု ဆိုလတ်သော် “မင်းသားသည် သင့်ကို ဖျက်ဆီးလို၏၊ မိမိကိုယ်ကို စောင့်ရှောက်လော့”ဟု ဆိုလေ၏။ လက်သမားသည်လည်း “အရှင်သဉ္ဇီဝကပုတ္တ- အသင်သည် အကျွန်ုပ်အား ပြောကြားသဖြင့် ကောင်းသောအမှုကို ပြုအပ်ပေ၏၊ အကျွန်ုပ်သည် ဤအရာ၌ ပြုစရာအမှုကို သိရပေအံ့”ဟု ပြောဆိုပြီးလျှင် “အချင်းလက်သမား- ငါတို့၏ပြာသာဒ်၌ ပြုအပ်သောအမှုသည် ပြီးပြီလော”ဟု မင်းသား မေးအပ်သည်ရှိသော် “အရှင်မင်းသား- မပြီးသေးပါ၊ များစွာကြွင်းကျန်ပါသေးသည်”ဟု လျှောက်ဆိုလေ၏၊ “အဘယ်မည်သောအမှုသည် ကြွင်းကျန်သေးသနည်း”ဟု မေးလတ်သည်ရှိသော် “အရှင်မင်းသာ- နောက်မှပြောကြားပါမည်။ သစ်တို့ကိုသာ ရှေးဦးစွာ ဆောင်စေပါဦးလော့”ဟု ဆိုလေ၏။ “အဘယ်မည်သော သစ်တို့ကို ဆောင်စေရအံ့နည်း”ဟု မေးလတ်သော် “အရှင်မင်းသား- အနှစ်မရှိကုန်သော ခြောက်သောသစ်တို့ကို ဆောင်ယူစေတော်မူပါ”ဟု ဆိုလေ၏။ ထိုဗောဓိမင်းသားလည်း ဆောင်စေ၍ ပေး၏။

ကောင်းကင်ပျံငှက်ရုပ်ဖြင့် လက်သမား ထွက်ပြေးခြင်း

ထိုအခါ ဗောဓိမင်းသားကို “အရှင်မင်းသား- ဤနေ့မှစ၍ အကျွန်ုပ်၏အထံသို့ မလာသင့်ပါ၊ အဘယ့်ကြောင့်နည်းဟူမူကား၊ သိမ်မွေ့နူးညံ့သော (ပန်းခြူးနွယ်စသော) အမှုကို ပြုလုပ်စဉ် သူတစ်ပါးတို့နှင့်တကွ စကားပြောရသည်ရှိသော် ပြုဖွယ်အမှုကိစ္စ ပျံ့လွင့်တတ်ပါသည်။ ထမင်းစားရန်အခါ၌ကား အကျွန်ုပ်၏မယားသည်သာလျှင် ထမင်းကို ဆောင်ပို့လာပါလိမ့်မည်”ဟု လျှောက်ဆိုလေ၏။ မင်းသားလည်း “ကောင်းပြီ”ဟု ဝန်ခံလေ၏။ ထိုလက်သမားသည်လည်း တစ်ခုသော တိုက်ခန်းတွင်း၌နေလျက် ထိုသစ်တို့ကို ရွေသဖြင့် မိမိသားမယား အတွင်း၌နေခြင်းငှာလောက်သော ဂဠုန်ငှက်ရုပ်ကို ပြုလုပ်ပြီးလျှင် ထမင်းစားရန်အချိန်၌ မယားကို “အိမ်၌ ထင်ရှားရှိသော အလုံးစုံသော ဥစ္စာကို ရောင်းချ၍ ရွှေငွေကိုယူခဲ့”ဟု မှာကြားပြောဆိုလေ၏။ မင်းသားသည်လည်း လက်သမား ထွက်မသွားနိုင်စိမ့်သောအကျိုးငှာ အိမ်ကိုဝန်းရံစေ၍ အစောင့်အရှောက်ကို ထားလေ၏။ လက်သမားသည်လည်း ငှက်ရုပ်ပြီးသောကာလ “ယနေ့ အလုံးစုံသော သားငယ်သမီးငယ်တို့ကိုလည်း ခေါ်၍ လာလော့”ဟု မယားကို ဆိုလျှင် နံနက်စာ စားပြီးလတ်သည်ရှိသော် သားမယားကို ငှက်ရုပ်၏ဝမ်းတွင်း၌ နေစေလျက် လေသာပြတင်းပေါက်ဖြင့်ထွက်၍ ပြေးလေ၏။ အစောင့်အရှောက်တို့က “အရှင်မင်းသား- လက်သမား ထွက်ပြေးပါပြီ”ဟု ကြွေးကြော်ကြကုန်စဉ်သာလျှင် ထိုလက်သမားသည်သွား၍ ဟိမဝန္တာ၌ သက်ဆင်းသဖြင့် မြို့တစ်ခု ဖန်ဆင်းတည်ထောင်ခြင်းကြောင့် ကဋ္ဌဝါဟနအမည်ရှိသော မင်းသည် ဖြစ်လေ၏။

ပုဆိုးအခင်း ဘုရားရှင် နင်းတော်မမူ

ဗောဓိမင်းသားသည်လည်း “ပြာသာဒ်ပူဇော်ခြင်းကို ပြုလုပ်ဦးအံ့”ဟု မြတ်စွာဘုရားကို ပင့်ဖိတ်၍ ပြာသာဒ်၌ ကုင်္ကမံ, လေးညင်းပွင့်, တောင်ဇလပ်, ကမျည်းဟူသော လေးပါးသော နံ့သာမျိုးတို့ဖြင့် လိမ်းကျံသည်ကို ပြုပြီးလျှင် ရှေးဦးစွာ တံခါးခုံမှစ၍ ပုဆိုးအခင်းကို ဖြန့်ခင်းလေ၏၊ ဗောဓိမင်းသားကား သားသမီးမရှိသတတ်၊ ထို့ကြောင့် “ငါသည် သားကိုလည်းကောင်း၊ သမီးကိုလည်းကောင်း အကယ်၍ ရမည်ဖြစ်ခဲ့အံ့၊ မြတ်စွာဘုရားသည် ဤပုဆိုးအခင်းကို နင်းတော်မူလတ္တံ့”ဟု ကြံ၍ ဖြန့်ခင်းလေ၏။ ထိုမင်းသားသည် မြတ်စွာဘုရား ကြွလာသည်ရှိသော် ဘုရားရှင်ကို ငါးပါးသော တည်ခြင်းဖြင့် ရှိခိုး၍ သပိတ်ကို ယူပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဝင်တော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် ဝင်တော်မမူ။ ထိုဗောဓိမင်းသားသည် နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း တောင်းပန်ပြန်လေ၏။ ဘုရားရှင်သည် ဝင်တော်မမူဘဲသာလျှင် ရှင်အာနန္ဒာကို ကြည့်ရှုတော်မူလေ၏။ ရှင်အာနန္ဒာမထေရ်လည်း ကြည့်တော်မူသော အမှတ်ဖြင့်သာလျှင် “မြတ်စွာဘုရား- နင်းတော်မမူလိုသည့် အဖြစ်ကို သိရသဖြင့် ဗောဓိမင်းသားကို ဒကာတော် မင်းသား- ပုဆိုးတို့ကို ရုပ်သိမ်းလော့၊ မြတ်စွာဘုရားသည် ပုဆိုးအခင်းကို နင်းတော်မမူလတ္တံ့၊ နောင်လာသူ အပေါင်းကို ဘုရားရှင်သည် ကြည့်ရှုတော်မူ၏”ဟု ဆို၍ ပုဆိုးတို့ကို ရုပ်သိမ်းစေတော်မူလေ၏။ ဗောဓိမင်းသားလည်း ပုဆိုးတို့ကို ရုပ်သိမ်းစေပြီးလျှင် ဘုရားရှင်ကို အိမ်တွင်းသို့ပင့်သွားသဖြင့် ယာဂုခဲဖွယ်ဖြင့် ကောင်းစွာ အမြတ်တနိုးပြု၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေလျက် ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်သည် ရှင်တော်မြတ်ဘုရားတို့အား ကျေးဇူးများသော ဒါယကာ ဖြစ်ပါသည်ဘုရား၊ ကိုးကွယ်ဆည်းကပ်ခြင်းသို့ သုံးကြိမ်ရောက်သောသူ ဖြစ်ပါသည်ဘုရား၊ အမိဝမ်း၌တည်လျက်သော်လည်း ကိုးကွယ်ဆည်းကပ်ခြင်းသို့ တစ်ကြိမ်ရောက်သူ ဖြစ်ဖူးပါသတတ်၊ ငယ်ရွယ်သော သတို့သားဖြစ်သောကာလ၌ နှစ်ကြိမ်မြောက်၊ သိကြားလိမ္မာသည့်အဖြစ်သို့ ရောက်သောကာလ၌ သုံးကြိမ်မြောက် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်ပါသည်ဘုရား။ ထိုတပည့်တော်၏ပုဆိုးအခင်းကို အဘယ့်ကြောင့် နန်းတော်မမူပါသနည်းဘုရား”ဟု လျှောက်ကြားလေ၏။ “မင်းသား- သင်သည် အဘယ်သို့ ကြံစည်၍ ပုဆိုးတို့ကို ခင်းလေဘိသနည်း”ဟု မေးလတ်သော် “မြတ်စွာဘုရား- သားကိုလည်းကောင်း၊ သမီးကိုလည်းကောင်း အကယ်၍ ရမည်ဖြစ်ပါအံ့၊ ဘုရားရှင်သည် ငါ၏ပုဆိုးအခင်းကို နင်းတော်မူလတ္တံ့ဟူ၍ ကြံစည်ပြီး ခင်းပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ထို့ကြောင့်သာလျှင် ငါဘုရားသည် နင်းတော်မမူလေသတည်း”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အသို့ပါနည်း၊ တပည့်တော်သည် သားကိုလည်းကောင်း၊ သမီးကိုလည်းကောင်း မရနိုင်ကောင်းပါသလောဘုရား”ဟု လျှောက်ကြားလေ၏။ “မင်းသား- မရနိုင်ကောင်းလတ္တံ့”ဟု မိန့်တော်မူလတ်သော် “အဘယ့်ကြောင့်ပါနည်း ဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ရှေးဖြစ်သော ကိုယ်အဖြစ်၌ မယားနှင့်အတူတကွ မေ့လျော့ခြင်းသို့ ရောက်သောကြောင့်တည်း”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အဘယ်သောကာလ၌ မေ့လျော့ခြင်းသို့ ရောက်ခဲ့ပါသနည်းဘုရား”ဟု လျှောက်ပြန်လေ၏။ ထိုအခါ ဗောဓိမင်းသားအား ဘုရားရှင်သည် လွန်လေပြီးသော အကြောင်းကိုဆောင်၍ ဟောကြားတော်မူလေ၏။

ဗောဓိမင်းသား၏အတိတ်

လွန်လေပြီးသောအခါ အရာမက များစွာကုန်သော လူတို့သည် ကြီးစွာသော လှေသင်္ဘောဖြင့် သမုဒ္ဒရာသို့ လွှင့်ကြလေကုန်၏။ လှေသင်္ဘောသည် သမုဒ္ဒရာအလယ်၌ ပျက်ခဲ့လေ၏။ နှစ်ဦးကုန်သော လင်မယားဖြစ်သော သူတို့သည် တစ်ခုသောပျဉ်ချပ်ကို ယူပြီးလျှင် သမုဒ္ဒရာရေလယ်ကျွန်းသို့ သက်ဝင်ကြလေကုန်၏။ ကြွင်းသော အလုံးစုံသော သူတို့သည် ထိုသင်္ဘောပျက်ရာ သမုဒ္ဒရာ၌သာလျှင် သေရှာကြရလေကုန်၏။ ထိုကျွန်း၌ကား များစွာသော ငှက်အပေါင်းသည် နေလေ၏။ ထိုလင်မယား နှစ်ယောက်တို့သည် တစ်ပါးသော စားစရာကို မမြင်မတွေ့ရသဖြင့် ဆာလောင်သော သဘောရှိသောကြောင့် ငှက်ဥတို့ကို မီးကျီးခဲတို့၌ ဖုတ်ကင်ကာ စားကြကုန်၏။ ထိုငှက်ဥတို့ မလောက်ကုန်သည်ရှိသော် ငှက်ငယ်တို့ကိုဖမ်း၍ စားကြလေကုန်၏။ ဤသို့လျှင် ပထမအရွယ်၌လည်းကောင်း၊ မဇ္ဈိမအရွယ်၌လည်းကောင်း၊ ပစ္ဆိမအရွယ်၌လည်းကောင်း စားကြကုန်သည်သာလျှင်တည်း။ တစ်ခုသောအရွယ်၌လည်း မမေ့မလျော့ခြင်းသို့ မရောက်ကြလေကုန်။ ထိုသူနှစ်ယောက်တို့တွင် တစ်ယောက်မျှလည်း မမေ့မလျော့ခြင်းသို့ မရောက်ရှာလေသတည်း။ မြတ်စွာဘုရားသည် ထိုဗောဓိမင်းသား၏ ဤသို့သော ရှေးမကောင်းမှုကို ဟောပြပြီးလျှင် “မင်းသား- သင်သည် ထိုအခါ၌ တစ်ခုသောအရွယ်၌ပင် မယားနှင့်တကွ မမေ့မလျော့ခြင်းသို့ အကယ်၍ ရောက်သည်ဖြစ်အံ့၊ တစ်ခုသောအရွယ်၌ပင် သားသည်လည်းကောင်း၊ သမီးသည်လည်းကောင်း ဖြစ်ထွန်းလေရာ၏။ သင်တို့တွင် တစ်ယောက်သော သူသည်လည်း မမေ့မလျော့ အကယ်၍ ဖြစ်ငြားအံ့၊ ထိုမမေ့မလျော့သော သူကိုစွဲ၍ သားသည်လည်းလောင်း၊ သမီးသည်လည်းကောင်း ဖြစ်ထွန်းလေရာ၏။ မင်းသား- မိမိကိုယ်ကို ချစ်မြတ်နိုးအပ်၏ဟု အောက်မေ့ မှတ်ထင်သောသူသည် သုံးပါးသောအရွယ်တို့၌ပင် မမေ့မလျော့ခြင်းဖြင့် ကိုယ်ကို စောင့်ရှောက်အပ်၏။ ဤသို့ အရွယ်သုံးပါးလုံး၌ စောင့်ရှောက်ခြင်းငှာ မတတ်နိုင်သောသူသည် တစ်ခုသောအရွယ်၌လည်း စောင့်ရှောက်အပ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၅၇] အတ္တာနဉ္စေ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ။
တိဏ္ဏံ အညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော။

အတ္တာနံ၊ မိမိကိုယ်ကို။ ပိယံ၊ ချစ်ခင်မြတ်နိုးအပ်၏ဟူ၍။ စေ ဇညာ၊ အကယ်၍ သိငြားအံ့။ ဧဝံ သတိ၊ ဤသို့ သိသည်ရှိသော်။ နံ၊ ထိုကိုယ်ကို။ သုရက္ခိတံ၊ ကောင်းစွာ စောင့်ရှောက်ရာကျအောင်။ ရက္ခေယျ၊ အရွယ်သုံးပါးလုံး စောင့်ရှောက်ရာ၏။ အသက္ကောန္တော၊ မတတ်နိုင်သည်ရှိသော်။ တိဏ္ဏံ အညတရံ ယာမံ၊ ညဉ့်သုံးယာမ်တို့တွင် တယာမ်ယာမ်၌။ (ဤကား တင်စား၍ ဆိုအပ်သော အလိုမရှိအပ်သော အနက်တည်း)။ တိဏ္ဏံ အညတရံ ယာမံ၊ အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသောအရွယ်၌။ (ဤကား အလိုရှိအပ်သော အနက်တည်း)။ ပဏ္ဍိတော၊ ပညာရှိသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဋိဇဂ္ဂေယျ၊ သုတ်သင်ရာ၏။

ဒေသနာတော်၌ မှတ်ဖွယ်

(မိမိကိုယ်ကို ချစ်ခင်မြတ်နိုးအပ်၏ဟု သိလျှင် ကောင်းစွာ စောင့်ရှောက်ရမည်ဟူရာ၌ လူဖြစ်သောသူသည် မိမိကိုယ်ကို စောင့်ရှောက်အံ့ဟု ပြာသာဒ်အထက်၌ လုံခြုံသော တိုက်ခန်းတွင်းသို့ ဝင်သဖြင့် အစောင့်အရှောက် အပြည့်အစုံထား၍ နေသော်လည်းကောင်း၊ ရဟန်းဖြစ်သောသူသည် လုံခြုံစွာ ပိတ်ဆို့အပ်သော တံခါးပြတင်းရှိသော လိုဏ်ဂူ၌ နေသော်လည်းကောင်း မိမိကိုယ်ကို စောင့်ရှောက်သည်မမည်။ စောင့်ရှောက်ပုံတစ်မျိုးကား လူဖြစ်သောသူသည် စွမ်းအားရှိသလောက် ဒါန,သီလစသော ကောင်းမှုတို့ကို ပြုသော်လည်းကောင်း၊ ရဟန်းဖြစ်သောသူသည် ဝတ်ကြီး,ဝတ်ငယ်, ပရိယတ်,ပဋိပတ်, အားထုတ်ခြင်းကို ပြုသော်လည်းကောင်း မိမိကိုယ်ကို စောင့်ရှောက်သည် မည်၏။
ဤသို့ အရွယ်သုံးပါးလုံး၌ စောင့်ရှောက်ခြင်းငှာ မတတ်နိုင်သည်ရှိသော် တစ်ပါးပါးသောအရွယ်၌ ရှင်းလင်းအောင် သုတ်သင်ရမည်၊ လူဖြစ်သောသူသည် ပထမအရွယ်၌ မြူးထူးပျော်ပါးလေ့ရှိခြင်းကြောင့် ကုသိုလ်မပြုနိုင်ခဲ့မူ မဇ္ဈိမအရွယ်၌ မမေ့မလျော့ပြုအပ်၏၊ မဇ္ဈိမအရွယ်၌ သားမယား ကျွေးမွေးရေးကြောင့် မပြုနိုင်ခဲ့မူ ပစ္ဆိမအရွယ်၌ ပြုရမည်သာတည်း၊ ဤသို့လျှင် လူဖြစ်သောသူသည် ကိုယ်ကို ရှင်းလင်းအောင် သုတ်သင်အပ်၏၊ ထိုသို့ မပြုနိုင်သူအား မိမိကိုယ်ကို ချစ်မြတ်နိုးသည် မမည်၊ အပါယ်ရောက်အောင် ပြုလုပ်ခြင်းသာ ဖြစ်၏။
ရဟန်းဖြစ်သောသူသည် ပထမအရွယ်၌ စာပေသင်ကြား သရဇ္ဈာယ်ရခြင်းကြောင့် ဝတ်အကျင့် မေ့လျော့ခဲ့အံ့၊ မဇ္ဈိမအရွယ်၌ မမေ့မလျော့ ရဟန်းတရား အားထုတ်အပ်၏၊ ပထမအရွယ်၌ သင်ယူခဲ့သော ပရိယတ်၏ အနက်အဓိပ္ပာယ်၏ အဆုံးအဖြတ် အကြောင်းဟုတ်,မဟုတ်တို့ကို မေးမြန်းရပြန်သဖြင့် မဇ္ဈိမအရွယ်၌ မေ့လျော့ခဲ့အံ့၊ ပစ္ဆိမအရွယ်၌ မမေ့မလျော့ ရဟန်းတရား အားထုတ်ရမည်သာတည်း။ ဤသို့လျှင် ရဟန်းဖြစ်သောသူသည် ကိုယ်ကို ရှင်းလင်းအောင် သုတ်သင်အပ်၏၊ ထိုသို့ မပြုနိုင်သော ရဟန်းအား မိမိကိုယ်ကို ချစ်ခင်မြတ်နိုးသည်မမည်၊ နောင်အခါ ပူပန်ခြင်းဖြင့်သာလျှင် မိမိကိုယ်ကို ပူလောင်စေသည် မည်၏ဟူလို)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ဗောဓိမင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဗောဓိမင်းသားဝတ္ထု ပြီး၏။

֍ * ၂။ သာကီဝင်မင်းသား ဥပနန္ဒမထေရ်ဝတ္ထု

အတ္တာနမေဝ ပဌမံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သာကီဝင်မင်းသားဖြစ်သော ရှင်ဥပနန္ဒကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားဟောကောင်းလျက် လောဘကြီးသူ

ထိုဥပနန္ဒမထေရ်သည် တရားစကားကို ဟောပြောခြင်းငှာ လိမ္မာလှပေသတတ်၊ ထိုမထေရ်၏ အလိုနည်းခြင်း အစရှိသည်နှင့်ယှဉ်သော တရားစကားကို ကြားနာရသဖြင့် များစွာကုန်သော ရဟန်းတို့သည် ရှင်ဥပနန္ဒကို သင်္ကန်းတို့ဖြင့်ပူဇော်၍ ဓုတင်တို့ကို ဆောက်တည်ကြလေကုန်၏၊ ထိုရဟန်းတို့ စွန့်အပ်သော ပရိက္ခရာတို့ကို ရှင်ဥပနန္ဒသည်သာလျှင် ယူလေ၏။ ထိုရှင်ဥပနန္ဒသည် တစ်ခုသော ဝါတွင်းကာလ နီးကပ်လတ်သော် ဇနပုဒ်သို့ သွားလေ၏။ ထိုအခါ ထိုရှင်ဥပနန္ဒကို တစ်ခုသောကျောင်း၌ ရဟန်းငယ်နှင့် သာမဏေတို့သည် တရားဟောပုဂ္ဂိုလ်ဟု ချစ်ကြည်မြတ်နိုးသဖြင့် “အရှင်ဘုရား- ဤကျောင်း၌ ဝါကပ်တော်မူကြပါဘုရား”ဟု လျှောက်ကြားကြလျှင် “ဤကျောင်း၌ အဘယ်မျှလောက် ဝါဆိုသင်္ကန်း ရအပ်သနည်း”ဟု မေးလေ၏။ ထိုရဟန်းငယ်နှင့် သာမဏေတို့လည်း “တစ်ပါး တစ်ထည်စီသော အဝတ်ကို ရအပ်ပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် ထိုကျောင်း၌ ဖိနပ်ကိုထားခဲ့၍ တစ်ပါးသောကျောင်းသို့ သွားပြန်၏။ နှစ်ခုမြောက်သော ကျောင်းသို့ရောက်၍ “ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်း”ဟု မေးသဖြင့် “နှစ်ထည်သော အဝတ်တို့ကို ရအပ်၏”ဟု ဆိုသည်ရှိသော် ထိုကျောင်း၌ တောင်ဝှေးကို ထားခဲ့လေ၏။ သုံးခုမြောက်သော ကျောင်းသို့ရောက်၍ “ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်း”ဟု မေးပြန်လေ၏။ “သုံးထည်သောအဝတ်တို့ကို ရအပ်ကုန်၏”ဟု ဆိုသည်ရှိသော် ထိုကျောင်း၌ ရေဘူးကို ထားခဲ့လေ၏။ လေးခုမြောက်သော ကျောင်းသို့ရောက်၍ “ဤကျောင်း၌ အဘယ်မျှ ရအပ်သနည်း”ဟု မေးသဖြင့် “လေးထည်သောအဝတ်တို့ကို ရအပ်ကုန်၏”ဟု ဆိုသည်ရှိသော် “ကောင်းပြီ ဤကျောင်း၌ နေတော့အံ့”ဟု ဝန်ခံသဖြင့် ထိုကျောင်း၌ ဝါကပ်၍ လူတို့အားလည်းကောင်း၊ ရဟန်းတို့အားလည်းကောင်း တရားစကားကို ဟောကြားတော်မူလေ၏။ ထိုလူရှင်ရဟန်းတို့သည် ရှင်ဥပနန္ဒကို များစွာကုန်သော အဝတ်တို့ဖြင့်လည်းကောင်း သင်္ကန်းတို့ဖြင့်လည်းကောင်း ပူဇော်ကြလေကုန်၏။

ထိုဥပနန္ဒသည် ဝါကျွတ်လတ်သည်ရှိသော် “ဤမှတစ်ပါးသော ကျောင်းတို့သို့လည်း ငါသည် ပရိက္ခရာကို ထားအပ်သည်အဖြစ်ကြောင့် ဝါဆိုသင်္ကန်းကို ရထိုက်၏။ သင်တို့ ပို့လာကြကုန်လော့”ဟု သတင်းစကား စေလွှတ်သဖြင့် အလုံးစုံ ဝါဆိုသင်္ကန်းကို ဆောင်ယူစေပြီးလျှင် လှည်းကို အပြည့်တင်၍ ထွက်ခွာသွားလေ၏။ ထိုအခါ တစ်ခုသော ကျောင်း၌ ရဟန်းငယ်နှစ်ပါးတို့သည် ပုဆိုးအဝတ် နှစ်ထည်တို့ကိုလည်းကောင်း၊ ကမ္ဗလာတစ်ထည်ကိုလည်းကောင်း ရကြ၍ “အရှင့်အတွက် အဝတ်နှစ်ထည်တို့သည် ဖြစ်စေကုန်သတည်း။ တပည့်တော်အတွက်ကား ကမ္ဗလာတစ်ထည်သာ ဖြစ်ပါစေ”ဟု တစ်သံတည်း ဆိုကြသဖြင့် ခွဲဝေခြင်းငှာ မတတ်နိုင်ကုန်ရကား လမ်းခရီးအနီး၌ နေထိုင်လျက် ငြင်းခုံကြကုန်၏။ ထိုရဟန်းငယ် နှစ်ပါးတို့သည် ထိုရှင်ဥပနန္ဒမထေရ် ကြွလာသည်ကို မြင်ရလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် တပည့်တော်တို့အား ခွဲဝေ၍ပေးတော်မူကြပါဘုရား”ဟု လျှောက်ဆိုကြလေကုန်၏၊ “သင်တို့သည်သာလျှင် ခွဲဝေ၍ပေးကြကုန်လော့”ဟု ဆိုလတ်သော် “အရှင်ဘုရား- မတတ်နိုင်ကြပါ၊ အရှင်ဘုရားတို့သည် တပည့်တော်တို့အား ဝေဖန်၍ ပေးတော်မူကြပါဘုရား”ဟု ဆိုကြလေကုန်၏၊ “ထိုသို့ဖြစ်မူ ငါ၏စကား၌ တည်နိုင်ကြကုန်အံ့လော”ဟု ဆိုသော် “တည်ကြပါမည်ဘုရား”ဟု ဝန်ခံကြကုန်၏၊ “ထိုသို့ဖြစ်မူ ကောင်းပြီ”ဟု ဆိုသဖြင့် ထိုရဟန်းနှစ်ဦးတို့အား ပုဆိုးအဝတ်နှစ်ထည်ကို ဝေပေးပြီးလျှင် “ဤကမ္ဗလာသည်ကား တရားစကား ပြောကြားဆုံးဖြတ်ကြကုန်သော ငါတို့အား ရုံခြင်းငှာ ထိုက်၏”ဟု ဆိုတဲ့၍ အဖိုးများစွာထိုက်သော ကမ္ဗလာကိုယူကာ ဖဲသွားလေ၏။ ရဟန်းငယ်တို့သည် နှလုံးမသာမယာရှိကြကုန်သည်ဖြစ်၍ ဘုရားရှင်၏အထံတော်သို့ သွားပြီးလျှင် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏၊ ဘုရားရှင်သည် “ချစ်သား ရဟန်းတို့- ယခုသာလျှင် သင်တို့၏ ဥစ္စာကိုယူ၍ သင်တို့ကို နှလုံးမသာခြင်းရှိအောင် ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ပြုဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

မြေခွေးတရားသူကြီးနှင့် ဖျံနှစ်ကောင်

လွန်လေပြီးသောအခါ ရေတိမ်ရာ မြစ်ကမ်းနား၌ ကျက်စားခြင်းကြောင့် အနုတီရစာရီမည်သော ဖျံလည်းကောင်း၊ ရေနက်ရာ၌ ကျက်စားခြင်းကြောင့် ဂမ္ဘီရစာရီမည်သော ဖျံလည်းကောင်း၊ ဤသို့ နှစ်ကောင်သော ဖျံတို့သည် ကြီးစွာသော ငါးကြင်းကို ရကြ၍ “ငါ့အတွက် ခေါင်းပိုင်း ဖြစ်ပါစေလော့၊ သင့်အတွက် အမြီးပိုင်း ဖြစ်ပါစေလော့”ဟု ငြင်းခုံခြင်းသို့ ရောက်ကြကုန်လျက် ခွဲဝေယူခြင်းငှာ မတတ်နိုင်ကုန်ရကား မြေခွေးတစ်ကောင်ကို မြင်ရလျှင် “ဦးရီး- ဤငါးကြင်းကို အကျွန်ုပ်တို့အား ခွဲဝေ၍ ပေးပါ”ဟု ပြောဆိုလေ၏။ “ပြည့်ရှင်မင်းကြီးသည် ငါ့ကို တရားဆုံးဖြတ်ရာဌာန၌ ထားအပ်၏၊ ထိုဌာန၌ ကြာမြင့်စွာ နေထိုင်ရခြင်းကြောင့် သလုံးမြင်းခေါင်းဖြင့် နေရစိမ့်သောငှာ။ ဝါ၊ ကောင်းစွာ ဆောင်ရွက်စိမ့်သောငှာ လာသည်ဖြစ်ခဲ့၏။ ယခုအခါ ငါ့အား အားလပ်ခွင့်မရှိ”ဟု ဆိုလတ်သော် “ဦးရီးမြေခွေးမင်း- ဤသို့မပြုကြပါလင့်၊ ခွဲဝေ၍သာ ပေးသနားတော်မူကြပါ”ဟု တောင်းတောင်းပန်ပန် ပြောဆိုကြလေကုန်၏၊ “ငါ၏စကား၌ တည်နိုင်ကြကုန်အံ့လော”ဟု မေးလတ်သော် “ဦးရီး- တည်ကြပါမည်”ဟု ဝန်ခံပြောဆိုကြလေကုန်၏။ “ထိုသို့ဖြစ်မူ ကောင်းပြီ”ဟု ဆို၍ မြေခွေးသည် ငါးခေါင်းကိုဖြတ်၍ တစ်ခုသောအရပ်၌ ထား၏။ ငါးအမြီးကို တစ်ခုသောအရပ်၌ ထားလေ၏၊ ထားပြီးလတ်သည်ရှိသော်ကား “အမောင်တို့- အကြင်ဖျံသည် မြစ်ကမ်းနား၌ ကျက်စား၏။ ထိုဖျံသည် အမြီးကို ယူစေသတည်း၊ အကြင်ဖျံသည် ရေနက်ရာ၌ ကျက်စား၏။ ထိုဖျံအား ငါးခေါင်းသည် ဖြစ်စေသတည်း၊ ဤအလယ်ပိုင်းသည်ကား တရားအဆုံးအဖြတ်၌တည်သော ငါ၏အတွက် ဖြစ်ပေလတ္တံ့”ဟု ဆို၍ ထိုဖျံနှစ်ကောင်တို့ကို သိသာစေလိုသည်ဖြစ်၍-

အနုတီရစာရီ နင်္ဂုဋ္ဌံ၊ သီသံ ဂမ္ဘီရစာရိနော။
အထာယံ မဇ္ဈိမော ခဏ္ဍော၊ ဓမ္မဋ္ဌဿ ဘဝိဿတိ။

အနုတီရစာရီ၊ အနုတီရစာရီမည်သော ဖျံသည်။ နင်္ဂုဋ္ဌံ၊ ငါးကြင်းမြီးကို။ ဂဏှာတု၊ ယူစေသတည်း။ ဂမ္ဘီရစာရိနော၊ ဂမ္ဘီရစာရီမည်သော ဖျံအား။ သီသံ၊ ငါးကြင်းဦးခေါင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ အထ၊ ထိုမှတစ်ပါး။ အယံ မဇ္ဈိမော ခဏ္ဍော၊ ဤအလယ်ပိုင်းသည်။ ဓမ္မဋ္ဌဿ၊ တရား၌ တည်သောသူ၏အလို့ငှာ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ဤဂါထာကို ရွတ်ဆိုပြီးလျှင် အလယ်ပိုင်းကို ကိုက်ချီလျက် ဖဲသွားလေ၏။ ထိုဖျံတို့သည်လည်း နှလုံးမသာယာခြင်း ရှိကုန်သည်ဖြစ်၍ ထိုမြေခွေးကို မျှော်ကြည့်လျက် ရပ်တည်နေကြရရှာကုန်၏။

မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကို ပြတော်မူ၍ “ဤသို့လျှင် ဤဥပနန္ဒသည် လွန်လေပြီးသော အခါ၌လည်း သင်တို့ကို နှလုံးမသာယာခြင်းရှိအောင် ပြုဖူးသည်သာလျှင်တည်း”ဟု ထိုရဟန်းတို့ကို သိစေတော်မူပြီးလျှင် ဥပနန္ဒကို ကဲ့ရဲ့တော်မူလိုသဖြင့် “ချစ်သားရဟန်းတို့- သူတစ်ပါးကို ဆုံးမသောသူမည်သည်ကား ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်တင့်လျောက်ပတ်ရာ၌ တည်စေအပ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၅၈] အတ္တာနမေဝ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိဿေယျ ပဏ္ဍိတော။

အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။ ပဌမံ၊ ရှေးဦးစွာ။ ပတိရူပေ၊ သင့်တင့်သော ဂုဏ်သဘော၌။ နိဝေသယေ၊ သွင်းထားရာ၏။ အထ၊ ထို့နောက်မှ။ အညံ၊ သူတစ်ပါးကို။ အနုသာသေယျ၊ ဆုံးမရာ၏။ ပဏ္ဍိတော၊ ပညာရှိသော သူသည်။ န ကိလိဿေယျ၊ မညစ်နွမ်းစေရာ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုနှစ်ပါးသော ရဟန်းတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏၊ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သာကီဝင်မင်းသား ဥပနန္ဒမထေရ်ဝတ္ထု ပြီး၏။

֍ * ၃။ ပဓာနိကတိဿမထေရ်ဝတ္ထု

အတ္တာနဉ္စေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကမ္မဋ္ဌာန်းစီးဖြန်းသူဟု အမည်ရသော ပဓာနိကတိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကိုယ်ချင်းမစာ တိုက်တွန်းနှိုးဆော်တတ်သောဆရာ

ထိုပဓာနိကတိဿမထေရ်သည် ဘုရားရှင်၏အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ ငါးရာသော ရဟန်းတို့ကိုခေါ်လျက် တော၌ ဝါကပ်ပြီးလျှင် “ငါ့ရှင်တို့- သင်တို့သည် သက်တော်ထင်ရှားရှိသော ဘုရားရှင်၏အထံတော်၌ ကမ္မဋ္ဌာန်းကို ယူအပ်ခဲ့ပေ၏၊ မမေ့မလျော့မူ၍သာလျှင် ရဟန်းတရားကို အားထုတ်ကြကုန်လော့”ဟု ဆုံးမသဖြင့် မိမိမူကား သွား၍ တုံးလုံးလှဲကာ အိပ်စက်လေ၏။ ထိုရဟန်းတို့သည် ပထမယာမ်၌ စင်္ကြံသွား၍၊ မဇ္ဈိမယာမ်၌ ကျောင်းသို့သွား၍ ဝင်ကြကုန်၏။ ထိုတိဿမထေရ်သည် အိပ်ပျော်ပြီးမှ နိုးလာသောအခါ ထိုရဟန်းတို့၏အထံသို့သွား၍ “သင်တို့သည် တုံးလုံးလှဲကာ အိပ်စက်ကုန်အံ့ဟု နှလုံးပြု၍ လာကြကုန်သလော၊ လျင်မြန်စွာထွက်၍ ရဟန်းတရားကို အားထုတ်ကြကုန်လော့”ဟု ပြောဆိုပြီးလျှင် မိမိကိုယ်တိုင်ကား သွား၍ ရှေးနည်းအတူသာ အိပ်ပြန်၏။ တစ်ပါးသော ရဟန်းတို့သည် မဇ္ဈိမယာမ်တွင် ကျောင်းအပြင်၌ စင်္ကြံသွား၍ ပစ္ဆိမယာမ်၌ ကျောင်းတွင်းသို့ ဝင်ကြကုန်၏။ ထိုတိဿမထေရ်သည် တစ်ဖန်လည်း နိုးပြန်သဖြင့် ရဟန်းတို့၏အထံတော်သို့သွား၍ ရဟန်းတို့ကို ကျောင်းတွင်းမှ ထုတ်ပြီးလျှင် မိမိကိုယ်တိုင်ကား တစ်ဖန် သွား၍ ထို့အတူသာလျှင် အိပ်ပြန်၏။ ထိုမထေရ်သည် အခါခပ်သိမ်း ဤသို့ ပြုလတ်သည်ရှိသော် ရဟန်းတို့သည် သရဇ္ဈာယ်ခြင်းကိုလည်းကောင်း၊ ကမ္မဋ္ဌာန်းကိုလည်းကောင်း နှလုံးသွင်းခြင်းငှာ မတတ်နိုင်ကြကုန်၊ စိတ်သည် ချွတ်ယွင်းဖောက်ပြန်ခြင်းသို့ ရောက်ရလေ၏။ ထိုရဟန်းတို့သည် “ငါတို့၏ ဆရာတော်ကား အလွန်လျှင် အားထုတ်အပ်သော လုံ့လရှိ၏၊ ထိုဆရာကို စူးစမ်းကြကုန်ဦးအံ့”ဟု စူးစမ်းကြသည်ရှိသော် ထိုဆရာ၏အမူအရာကို မြင်ရလျှင် “ငါ့ရှင်တို့- ငါတို့ကား ပျက်စီးကြလေကုန်ပြီ၊ ငါတို့၏ဆရာသည် အချည်းနှီးသော မြည်တွန်ခြင်းဖြင့် မြည်တွန်ဘိသည်”ဟု ပြောဆိုကြလေကုန်၏၊ အလွန်လျှင် ငိုက်မျဉ်းခြင်းဖြင့် ပင်ပန်းကြကုန်သော ထိုတပည့်ရဟန်းတို့တွင် ရဟန်းတစ်ပါးမျှလည်း မဂ်ဖိုလ်တရားထူးကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်။

အခါမဲ့တွန်သော ကြက်ဖ

ထိုရဟန်းတို့သည် ဝါကျွတ်လတ်ကုန်သည်ရှိသော် ဘုရားရှင်၏အထံတော်သို့ သွားကြသဖြင့် ပြုအပ်သော ပဋိသန္ဓာရ အစေ့အစပ် စကားရှိကုန်သည်ဖြစ်၍ “ချစ်သား ရဟန်းတို့- အသို့နည်း၊ မမေ့မလျော့ ရဟန်းတရားကို အားထုတ်နိုင်ကြကုန်၏လော”ဟု မေးတော်မူလျှင် ထိုရဟန်းတို့သည် ထိုအကြောင်းအရာကို လျှောက်ကြားကြလေကုန်၏၊ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် သင်တို့၏အန္တရာယ်ကို ပြုဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူခြင်းကြောင့် ထိုရဟန်းတို့ တောင်းပန်အပ်ရကား-

အမာတာပိတုသံဝဍ္ဎော၊ အနာစရိယကုလေ ဝသံ။
နာယံ ကာလမကာလံ ဝါ၊ အဘိဇာနာတိ ကုက္ကုဋော။

အမာတာပိတုသံဝဍ္ဎော၊ မိဘတို့ကိုမှီလျှက် အဆုံးအမယူကာ ကြီးပွားရသည် မဟုတ်ရှာသော။ အနာစရိယကုလေ ဝသံ၊ ဆရာသမားအိမ်၌ မနေဖူးသော။ အယံ ကုက္ကုဋော၊ ဤကြက်ဖသည်။ ကာလံ၊ တွန်ချိန်ကာလ ဟုတ်သည်ကိုလည်းကောင်း။ အကာလံ ဝါ၊ တွန်ချိန်ကာလ မဟုတ်သည်ကိုလည်းကောင်း။ နာဘိဇာနာတိ၊ မသိတတ်ရှာ။

ဧကနိပါတ် ၁၂၊ ဟံစိဝဂ်၌ ဤအကာလရာဝိကြက်ဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ ထိုအခါ အခါမဟုတ်သည်၌ တွန်လေ့ရှိသော ထိုကြက်ဖသည် ဤပဓာနိကတိဿမထေရ် ဖြစ်လာ၏၊ ဤငါးရာသော ရဟန်းတို့သည် ထိုလုလင်တို့ ဖြစ်ဖူးလေကုန်ပြီ၊ အရပ်မျက်နှာ၏ အကြီးဖြစ်သော ဒိသာပါမောက္ခဆရာသည် ငါဘုရားသာလျှင် ဖြစ်တော်မူလာ၏ဟု ဇာတ်ကို ပေါင်းတော်မူလေ၏။ မြတ်စွာဘုရားသည် ဤဇာတ်ကိုချဲ့ထွင်၍ ဟောကြားတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- သူတစ်ပါးကို ဆုံးမလိုသော သူမည်သည်ကား မိမိကိုယ်ကို ကောင်းစွာယဉ်ကျေးအောင် ပြုအပ်၏။ ဤသို့ ဆုံးမသော သူသည်သာလျှင် မိမိကိုမိမိ ကောင်းစွာ ယဉ်ကျေးပြီးသည်ဖြစ်၍ ဆုံးမသည် မည်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူ၏။

ဒေသနာတော်

֍ * [၁၅၉] အတ္တာနဉ္စေ တထာ ကယိရာ၊ ယထာညမနုသာသတိ။
သုဒန္တော ဝတ ဒမေထ၊ အတ္တာ ဟိ ကိရ ဒုဒ္ဒမော။

ယထာ၊ အကြင်အခြင်းအရာဖြင့်။ အညံ၊ သူတစ်ပါးကို။ အနုသာသတိ၊ ဆုံးမ၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ အတ္တာနဉ္စေ-အတ္တာနဉ္စေဝ၊ မိမိကိုယ်ကိုသာလျှင်လည်း။ ကယိရာ၊ ထိုနည်းတူစွာ ပြုကျင့်ရာ၏။ သုဒန္တော ဝတ၊ မိမိကိုယ်ကိုပင် ယဉ်ကျေးပြီးသည် ဖြစ်၍သာလျှင်။ ဒမေထ၊ ဆုံးမရာ၏။ ဟိ၊ သင့်စွာ့။ အတ္တာ၊ မိမိကိုယ်သည်။ ဒုဒ္ဒမော ကိရ၊ ဆုံးမခြင်းငှာ ခဲယဉ်းသတတ်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာစလုံးလည်း ဖြစ်ကုန်သော ထိုရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။

ပဓာနိကတိဿမထေရ်ဝတ္ထု ပြီး၏။

֍ * ၄။ ကုမာရကဿပမယ်တော် ထေရီမဝတ္ထု

အတ္တာဟိ အတ္တနော နာထောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ကုမာရကဿပ၏ မယ်တော်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သန္ဓေရှိသော ဘိက္ခုနီမနှင့် ဒေဝဒတ်၏ဖြတ်ထုံး

ထိုမထေရ်၏ မယ်တော်သည် ရာဇဂြိုဟ်ပြည်၌ သူဌေးသမီးဖြစ်၍ သိကြားလိမ္မာသည့်အဖြစ်သို့ ရောက်သောအခါမှစ၍ မိဘတို့ထံ ရဟန်းအဖြစ်ကို တောင်းပန်လေသတတ်၊ အဖန်တလဲလဲ တောင်းပန်သော်လည်း မိခင်ဖခင်တို့၏အထံမှ ရဟန်းအဖြစ်ကို မရရှာသောကြောင့် အရွယ်သို့ ရောက်လတ်သည်ရှိသော် လင်ယောက်ျားအိမ်သို့ လိုက်ပါသွားရသဖြင့် လင်ကို အိမ်ဦးနတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေးခြင်းရှိသည်ဖြစ်၍ အိမ်ကိုအုပ်ချုပ်ကာ နေရလေ၏။ ထိုအခါ မကြာမြင့်မီ ထိုသူဌေးသမီး၏ဝမ်း၌ သားငယ်ကိုယ်ဝန် တည်လာလေ၏။ သူဌေးသမီးသည် ကိုယ်ဝန်တည်သည့်အဖြစ်ကို မသိမူ၍သာလျှင် အရှင်လင်ယောက်ျားကို နှစ်သိမ့်စေလျက် ရဟန်းအဖြစ်ကို တောင်းပန်ပြန်လေ၏။ ထိုအခါသူဌေးသမီးကို လင်ယောက်ျားသည် ကြီးစွာသော ပူဇော်သက္ကာရဖြင့် ရဟန်းမိန်းမတို့၏ကျောင်းသို့ ဆောင်ပြီးလျှင် အကြောင်းခြင်းရာ မသိခြင်းကြောင့် ဒေဝဒတ်၏ အသင်းအပင်းဖြစ်သော ရဟန်းမိန်းမတို့၏အထံ၌ ရဟန်းပြုစေလေ၏။ နောက်အဖို့ ဖြစ်သောအခါ၌ ရဟန်းမိန်းမတို့သည် ထိုသူဌေးသမီးဘိက္ခုနီမ၏ ကိုယ်ဝန်ရှိသောအဖြစ်ကို သိရလျှင် ထိုရဟန်းမိန်းမတို့သည် “ဤအမူအရာကား အဘယ်နည်း”ဟု မေးသည်ရှိသော် “ရှင်မတို့- တပည့်တော်မ မသိရပါ၊ အသို့နည်း၊ တပည့်တော်မ၏ ထိုရဟန်းသီလသည် စင်စစ် အပြစ်အနာကင်းသည်သာလျှင် ဖြစ်နိုင်ကောင်းပါအံ့လော”ဟု လျှောက်ကြားလေ၏။ ရဟန်းမိန်းမတို့သည် ထိုဘိက္ခုနီမကလေးကို ဒေဝဒတ်၏အထံသို့ ခေါ်ဆောင်၍ “ဤရဟန်းမိန်းမကား သာသနာကိုကြည်ညို၍ ရဟန်းပြုပါ၏၊ ဤရဟန်းမိန်းမ၏ ကိုယ်ဝန်တည်သောကာလကို တပည့်တော်မတို့ မသိကြရပါ၊ ယခု အဘယ်သို့သာလျှင် ပြုရပါမည်နည်းဘုရား”ဟု မေးလျှောက်ကြလေကုန်၏။ ဒေဝဒတ်သည် “ငါ့အဆုံးအမကို လိုက်နာလေ့ရှိကုန်သော ရဟန်းမိန်းမတို့အား အကျော်အစောမဲ့ မဖြစ်ပါစေလင့်”ဟု ဤမျှကိုသာ ကြံစည်ပြီးလျှင် “ထိုရဟန်းမိန်းမငယ်ကို လူထွက်စေကြရမည်”ဟု ဆုံးဖြတ်မိန့်ဆိုလေ၏။

ရှင်ဥပါလိ၏ ဖြတ်ထုံး

ထိုစကားကိုကြားရလျှင် ဘိက္ခုနီမကလေးသည် “ရှင်မတို့- တပည့်တော်မကို မဖျက်ဆီးကြပါကုန်လင့်၊ တပည့်တော်မသည် ရှင်ဒေဝဒတ်ကိုရည်မှန်း၍ ရဟန်းပြုသည်မဟုတ်ပါ၊ ကြွလာကြပါ၊ တပည့်တော်မကို မြတ်စွာဘုရား၏အထံ ဇေတဝန်ကျောင်းတော်သို့ ဆောင်ပို့ကြပါကုန်လော့”ဟု ဆိုသောကြောင့် ထိုရဟန်းမိန်းမတို့သည် ရဟန်းမိန်းမငယ်ကိုခေါ်၍ ဇေတဝန်ကျောင်းတော်သို့ပို့ကာ မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “လူဖြစ်စဉ်အခါ၌ တည်သော သန္ဓေကိုယ်ဝန်ဖြစ်၏”ဟု သိတော်မူသော်လည်း သူတစ်ပါးတို့ ကဲ့ရဲ့ပြောဆိုခြင်းမှ လွတ်စေခြင်းငှာ ပသေနဒီ ကောသလမင်းကြီးကိုလည်းကောင်း၊ မဟာအနာထပိဏ် သူဌေးကြီးကိုလည်းကောင်း၊ စူဠအနာထပိဏ် သူဌေးကြီးကိုလည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးကိုလည်းကောင်း၊ ထိုမှတစ်ပါး ထင်ရှားကုန်သော အမျိုးကြီးတို့ကိုလည်းကောင်း ခေါ်စေပြီးလျှင် ဝိနည်းဆောင် ဧတဒဂ်ရ ဥပါလိမထေရ်ကို “ချစ်သားဥပါလိ- သွားချေ၊ ဤရဟန်းမိန်းမငယ်၏အမှုကို ပရိသတ်လေးပါးအလယ်၌ ရှင်းလင်း သုတ်သင်ချေလော့”ဟု စေခိုင်းတော်မူလေ၏။ ရှင်ဥပါလိမထေရ်သည် ပသေနဒီ ကောသလမင်းကြီး၏ရှေ့သို့ ဝိသာခါ ဒါယိကာမကိုခေါ်စေ၍ ထိုသူတို့အား ထိုအဓိကရုဏ်းကို လက်ခံစေတော်မူ၏။ ဝိသာခါသည် တင်းတိမ်ကန့်လန့်ကာကို ထက်ဝန်းကျင် ကာရံစေ၍ တင်းတိမ်ကန့်လန့်ကာ၏အတွင်း၌ ထိုရဟန်းမိန်းမငယ်၏ လက်, ခြေ, ချက်, ဝမ်းဗိုက်အဆုံး နေရာတို့ကို ကြည့်ရှုပြီးလျှင် လ,ရက်နေ့တို့ကို စိစစ်တွက်ချက်သဖြင့် “လူ့အဖြစ်၌ ဤရဟန်းမိန်းမငယ် ကိုယ်ဝန်ကို ရ၏”ဟု သိရ၍ အရှင်ဥပါလိမထေရ်အား ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုနောင်မှ ရှင်ဥပါလိမထေရ်သည် ပရိသတ်လေးပါးအလယ်၌ ထိုရဟန်းမိန်းမငယ်၏ စင်ကြယ်သည့်အဖြစ်ကို တည်စေတော်မူလေ၏။

ဘိက္ခုနီမ၏သားငယ်ကို ရှင်ဘုရင် မွေးမြူခြင်း

ထိုရဟန်းမိန်းမငယ်သည် ထို့နောက်မှ အခါတစ်ပါး၌ ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဆုတောင်းခြင်းရှိ၍ ကြီးသော အာနုဘော်ရှိသော သားကို ဖွားမြင်လေ၏။ ထို့နောက် တစ်နေ့သ၌ ကောသလမင်းကြီးသည် ရဟန်းမိန်းမတို့၏ ကျောင်းအနီးဖြစ်သော လမ်းခရီး၌ ဖြန့်မြန်းလတ်သည်ရှိသော် သူငယ်သံကိုကြားရလျှင် “ဤအသံကား အဘယ်အသံ ဖြစ်သနည်း”ဟု မေးသောကြောင့် “ဘဝရှင်မင်းကြီး- ရဟန်းမိန်းမ တစ်ယောက်အား သားဖွားမြင်ပါသည်၊ ဤအသံသည် ထိုသားငယ်၏အသံ ဖြစ်ပါသည်”ဟု သံတော်ဦး တင်လတ်သည်ရှိသော် ထိုသတို့သားကို မိမိ၏နန်းတော်အိမ်သို့ ဆောင်ယူ၍ နို့ထိန်းတို့အား ပေးလေ၏။ အမည်မှည့်အံ့သောနေ့၌ကား ကဿပဟူ၍ သူငယ်၏အမည်ကို မှည့်ပြီးလျှင် မင်းသားတို့၏ အဆောင်အရွက်ဖြင့် ကြီးပွားရသောကြောင့် ကုမာရကဿပဟူ၍ ကောင်းစွာ သိကြလေကုန်၏၊ ထိုကုမာရကဿပ သတို့သားသည် ကစားရာရုံအဝန်း၌ သူငယ်တို့ကို ပုတ်ခတ်ခြင်းကြောင့် “အမိမဲ့သား အဖမဲ့သားက ငါတို့ကို ပုတ်ခတ်ဘိသည်”ဟု ဆဲရေး ပြောဆိုလတ်သော် မင်းကြီးသို့ချဉ်းကပ်၍ “ခမည်းတော်ဘုရား- သားတော်ကို အမိမဲ့သား အဘမဲ့သားဟူ၍ ဆိုကြပါသည်။ သားတော်အား မယ်တော်ကို မိန့်ကြားတော်မူပါ”ဟု မေးလျှောက်သောကြောင့် ကောသလမင်းကြီးသည် နို့ထိန်းတို့ကိုပြ၍ “ဤနို့ထိန်းမောင်းမတို့သည် သင်ချစ်သား၏ မယ်တော်တို့ဖြစ်ကုန်၏”ဟု မိန့်တော်မူသည်ရှိသော် “သားတော်၏ မယ်တော်တို့သည် ဤမျှလောက် များပြားသည် မဖြစ်တန်ရာ၊ သားတော်၏မယ်တော်သည် တစ်ယောက်တည်းသာ ဖြစ်တန်ရာ၏၊ သားတော်အား ထိုမယ်တော်ရင်းကိုသာ မိန့်ကြားတော်မူပါ”ဟု လျှောက်တင်လေ၏။

ကုမာရကဿပ ရဟန္တာဖြစ်ခြင်း

ထိုကောသလမင်းကြီးသည် “ဤသတို့သားကို လှည့်ဖြားခြင်းငှာ မတတ်နိုင်ရာ”ဟု.ကြံ၍ “ချစ်သား- သင်၏မယ်တော်ကား ဘိက္ခုနီမ ဖြစ်သည်၊ သင်ချစ်သားကို ငါသည် ဘိက္ခုနီမကျောင်းမှ ဆောင်ယူခဲ့၏”ဟု မိန့်ဆိုလတ်သော် ထိုသတို့သားသည် ထိုမျှလောက်သော စကားဖြင့် ကောင်းစွာဖြစ်သော ထိတ်လန့်ခြင်း ရှိသည်ဖြစ်၍ “ခမည်းတော်ဘုရား- သားတော်ကို ရှင်ရဟန်းပြုတော်မူပါလော့”ဟု လျှောက်တင်လေ၏။ ကောသလမင်းကြီးသည် “ချစ်သား- ကောင်းပြီ”ဟု ဆို၍ သတို့သားကို ကြီးစွာသော ပူဇော်သက္ကာရဖြင့် မြတ်စွာဘုရားထံတော်၌ ရှင်ရဟန်း ပြုပေးလေ၏။ ထိုသတို့သားသည် ပဉ္စင်းအဖြစ် ရလတ်သည်ရှိသော် ကုမာရကဿပမထေရ်ဟူ၍ ထင်ရှား၏။ ထိုကုမာရကဿပမထေရ်သည် ဘုရားရှင်၏အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တောသို့ဝင်ပြီးလျှင် လုံ့လပြုသဖြင့် ဈာန်မဂ်ဖိုလ်အထူးကို ဖြစ်စေခြင်းငှာ မတတ်နိုင်ရကား “တစ်ဖန် ကမ္မဋ္ဌာန်းကို အထူးပြု၍ ယူဦးအံ့”ဟု ဘုရားရှင်အထံတော်သို့ သွားရောက်ပြီးလျှင် သူတော်ကောင်းတစ်ဦးကို ပြစ်မှားသော လူဆိုးတို့ မျက်စိကွယ်၍ နေရာဖြစ်သော မိုက်တော၌ နေတော်မူလေ၏၊ ထိုအခါ ထိုကုမာရကဿပမထေရ်ကို ကဿပမြတ်စွာဘုရားလက်ထက်တော်၌ အတူတကွ ရဟန်းတရားကို အားထုတ်၍ အနာဂါမိဖိုလ်သို့ ရောက်သဖြင့် ဗြဟ္မာပြည်၌ဖြစ်သော ရဟန်းဗြဟ္မာသည် ဗြဟ္မာပြည်မှလာခဲ့၍ မူလပဏ္ဏာသပါဠိတော် ဝမ္မိကသုတ်၌လာသော တစ်ဆယ့်ငါးပါးသော ပြဿနာတို့ကို မေးပြီးလျှင် “ဤပြဿနာတို့ကို ဘုရားရှင်ကိုထား၍ တစ်ပါးသော ဖြေစွမ်းနိုင်သောသူမည်သည် မရှိ၊ သွားချေ။ ဘုရားရှင်၏အထံတော်၌ ဤပြဿနာတို့၏အနက်ကို သင်ယူချေလော့”ဟု စေလွှတ်လိုက်လေ၏။ ထိုကုမာရကဿပမထေရ်သည် ထိုအနာဂါမ်ဗြဟ္မာဆိုတိုင်း ပြုသဖြင့် ပြဿနာကို ဖြေသည်၏အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုကုမာရကဿပမထေရ် တောထွက်သောနေ့မှစ၍ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး မယ်တော်ဖြစ်သော ဘိက္ခုနီမ၏ မျက်စိတို့မှ မျက်ရည်တို့သည် မပြတ်ဖြစ်ကုန်၏။

မယ်တော်ဘိက္ခုနီမ ရဟန္တာဖြစ်ခြင်း

ထိုဘိက္ခုနီမသည် သားနှင့်ကွေကွင်းခြင်းကြောင့် ဆင်းရဲခြင်းသို့ ရောက်သည်ဖြစ်၍ မျက်ရည်စိုစွတ်သော မျက်နှာဖြင့်သာလျှင် ဆွမ်းအလို့ငှါ လှည့်လည်စဉ် လမ်းခရီးအကြား၌ မထေရ်ကိုမြင်ရလျှင် မြင်ရချင်း “ချစ်သား- ချစ်သား”ဟု မြည်တမ်းလျက် မထေရ်ကို အမီရောက်စိမ့်သောငှာ ပြေးလိုက်သည်ရှိသော် ပြန်လည်၍ လဲကျလေ၏။ ထိုရဟန်းမိန်းမသည် သားမြတ်တို့မှ နို့ရည်ထွက်ကုန်သဖြင့် ထပြီးလျှင် စိုသော သင်္ကန်းရှိလျက် သွား၍ မထေရ်ကို ဆွဲကိုင်လေ၏။ မထေရ်သည် “ဤငါ့မယ်တော်ကား ငါ့အထံမှ အသာအယာဆိုသော စကားကို အကယ်၍ ရသည်ဖြစ်အံ့၊ ပျက်စီးရှာလတ္တံ့၊ ခက်ထန် တင်းမာသောစကားကိုသာပြု၍ ဤမယ်တော် ဘိက္ခုနီမနှင့်တကွ ပြောဆိုဦးအံ့”ဟု ကြံလေ၏။ ထို့နောင်မှ ထိုမယ်တော်ထေရီမကို “အဘယ်အမှုပြုလျက် လှည့်လည်နေဘိသနည်း၊ ချစ်ခင်ခြင်းမျှကိုလည်း ဖြတ်ခြင်းငှာ မတတ်နိုင်ဘိတကား”ဟု ဆိုလိုက်လေ၏။ ထိုထေရီမသည် “မထေရ်၏စကားကား အလွန်ခက်ထန်စွ၊ တင်းမာလေစွတကား”ဟု ကြံ၍ “ချစ်သား- အသို့ဆိုဘိသနည်း”ဟု ဆိုလျှင် တစ်ဖန်လည်း ရှေးနည်းအတူသာလျှင် ဆိုပြန်အပ်သည်ရှိသော် ဤသို့ကြံလေ၏။ “ငါကား ဤသား၏အကြောင်းကြောင့် တစ်ဆယ့်နှစ်နှစ်ပတ်လုံး မျက်ရည်တို့ကို ဆည်းခြင်းငှာ မတတ်နိုင်၊ ဤသားသည်ကား ဤသို့ ခက်ထန်တင်းမာသော စိတ်နှလုံးရှိဘိ၏။ ငါ့အား ဤသားဖြင့် အဘယ်အကျိုး ရှိအံ့နည်း”ဟု ကြံ၍ သား၌ဖြစ်သော ချစ်ခင်ခြင်းကို ဖြတ်လိုက်သည်ရှိသော် ထိုနေ့၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

နိဂြောဓဇာတ်တော်ကို ဟောခြင်း

တစ်ပါးသောအခါ တရားသဘင်၌ “ငါ့ရှင်တို့- ဒေဝဒတ်သည် ဤသို့ ဥပနိဿယအကြောင်းနှင့် ပြည့်စုံသော ကုမာရကဿပကိုလည်းကောင်း၊ ထေရီမကိုလည်းကောင်း ဖျက်ဆီးဘိ၏။ မြတ်စွာဘုရားသည်ကား ထိုသူတို့၏ ကိုးကွယ်ရာဖြစ်တော်မူ၏။ ဘုရားရှင်တို့မည်သည်ကား အလွန်တရာ လူအပေါင်းကို အစဉ်မပြတ် သနားတော်မူကုန်စွတကား”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲအခါ၌ အဘယ်မည်သောစကားဖြင့် ပြောကြား စည်းဝေးနေကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် ဤမည်သောစကားဖြင့် ပြောကြားစည်းဝေးနေကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် ငါဘုရားသည် ဤသူတို့၏ အထောက်အပံ့ ထောက်တည်ရာ ဖြစ်သည်မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ထိုသူတို့၏ ထောက်တည်ရာဖြစ်ဖူးသည်သာတည်း”ဟု မိန့်တော်မူ၍-

နိဂြောဓမေဝ သေဝေယျ၊ န သာခ မုပသံဝသေ။
နိဂြောဓသ္မိံ မတံ သေယျော၊ ယံ ဝေ သာခသ္မိံ ဇီဝိတံ။

နိဂြောဓမေဝ၊ နိဂြောဓမည်သော ရွှေသမင်ကိုသာလျှင်။ သေဝေယျ၊ မှီဝဲဆည်းကပ်ရာ၏။ သာခံ၊ သာခမည်သော ရွှေသမင်ကို။ န ဥပသံဝသေ၊ မမှီဝဲရာ။ နိဂြောဓသ္မိံ၊ နိဂြောဓမည်သော ရွှေသမင်၏ခြေရင်း၌။ မတံ၊ သေရခြင်းသည်။ သေယျော၊ မြတ်သေး၏။ သာခသ္မိံ၊ သာခမည်သော ရွှေသမင်ထံ၌။ ဝေ၊ စင်စစ်။ ယံ ဇီဝိတံ၊ အကြင်အသက်ရှည်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ ဇီဝိတံ၊ ထိုအသက်ရှည်ခြင်းသည်။ န သေယျော၊ မမြတ်။

ဧကနိပါတ် သီလဝဂ်လာ ဤနိဂြောဓဇာတ်ကို အကျယ်အားဖြင့် ဟောတော်မူ၍ ထိုအခါ သာခမည်သော သမင်သည် ဒေဝဒတ်ဖြစ်လာ၏။ အခြံအရံ ပရိသတ်သည်လည်း ဒေဝဒတ်၏ အခြံအရံပရိသတ်ဖြစ်လာ၏။ သတ်ရန်အလှည့်သို့ ရောက်သော သမင်မသည် ထေရီမဖြစ်လာ၏။ သားသည် ကုမာရကဿပ ဖြစ်လာ၏။ ကိုယ်ဝန်ဆောင်သော သမင်မအတွက် အသက်ကိုစွန့်၍သွားသော နိဂြောဓမည်သော သမင်မင်းသည်ကား ငါဘုရားသာလျှင် ဖြစ်လာ၏ဟု ဇာတ် ပေါင်းတော်မူ၍ သား၌ဖြစ်သော ချစ်ခင်ခြင်းကို ဖြတ်သဖြင့် ထေရီမသည် မိမိသည်သာ မိမိ၏ကိုးကွယ်ရာ ပြုအပ်သည်အဖြစ်ကို ထင်ရှားစွာ ပြတော်မူလျက် “ချစ်သားရဟန်းတို့- အကြင်ကြောင့် မိမိ၌ တည်ရှိပြည့်စုံသော နတ်ပြည်လားခြင်းသည်လည်းကောင်း၊ မဂ်ရခြင်းသည်လည်းကောင်း သူတစ်ပါးအလို့ငှာ ဖြစ်ခြင်းငှာ မတတ်ကောင်း၊ ထို့ကြောင့် မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၏။ သူတစ်ပါးသည်အဘယ်အမှုကို ပြုနိုင်အံ့နည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၆၀] အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။

အတ္တာ ဟိ၊ မိမိသည်သာလျှင်။ အတ္တနော၊ မိမိ၏။ နာထော၊ ကိုးကွယ်ရာဖြစ်၏။ ဟိ၊ ထိုစကားသင့်စွ။ ပရော၊ မိမိမှ တစ်ပါးဖြစ်သော။ ကော၊ အဘယ်မည်သောသူသည်။ နာထော၊ အဘယ်သူ၏ ကိုးကွယ်ရာသည်။ သိယာ၊ ဖြစ်နိုင်ခြိမ့်အံ့နည်း။ အတ္တနာ ဟိ၊ မိမိသည်သာလျှင်။ ဝါ၊ မိမိကိုယ်တိုင်သာလျှင်။ သုဒန္တေန၊ ကောင်းစွာ ဣန္ဒြေကို ဆုံးမခြင်းဖြင့်။ ဒုလ္လဘံ၊ ရခဲသော။ နာထံ၊ အရဟတ္တဖိုလ်တည်းဟူသော မှီခိုရာကို။ လဘတိ၊ ရနိုင်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကုမာရကဿပမယ်တော် ထေရီမဝတ္ထု ပြီး၏။

֍ * ၅။ မဟာကာလ ဥပါသကာဝတ္ထု

အတ္တနာ ဟိ ကတံ ပါပံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မဟာကာလအမည်ရှိသော သောတာပန် ဥပါယကာတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူခိုးဟု စွပ်စွဲကာ အသတ်ခံရသော ဥပုသ်သည်

ထိုမဟာကာလ ဥပါသကာသည် လ၏ ရှစ်ရက်မြောက်သောနေ့၌ ဥပုသ်စောင့်သုံးလျက် ကျောင်းတော်၌ ညဉ့်သုံးယာမ်ပတ်လုံး တရားစကားကို နာကြားနေသတတ်။ ထိုအခါ ညဉ့်၌ ခိုးသူတို့သည် တစ်ခုသောအိမ်၌ ခြံစပ်ကို ဖောက်၍ ဥစ္စာထုပ်ကိုယူပြီးလျှင် ကြေးအိုးကြေးခွက်တို့၏ အသံကြောင့် နိုးသော အိမ်ရှင်တို့သည် အစဉ်လိုက်ကြခြင်းကြောင့် ယူအပ်သောဘဏ္ဍာကို စွန့်ပစ်ကာ ပြေးကြလေကုန်၏။ ဥစ္စာရှင်တို့လည်း ခိုးသူတို့ကို လိုက်မြဲ လိုက်ကြကုန်သည်သာတည်း။ ခိုးသူတို့သည် အရပ် လေးမျက်နှာတို့သို့ ကစဉ့်ကရဲ ပြေးဝင်ကြကုန်ပြီးလျှင် တစ်ယောက်သော ခိုးသူသည်ကား ကျောင်းသို့သွားရာ လမ်းခရီးကို ယူသဖြင့် မဟာကာလ ဥပါသကာသည် ညဉ့်၌ တရားစကားကို နာကြား၍ နံနက်စောစော ရေကန်ကမ်းနား၌ မျက်နှာသစ်စဉ် ရှေ့၌ ဥစ္စာထုပ်ကို စွန့်ချထားခဲ့၍ ပြေးလေ၏။ ခိုးသူတို့ကို အစဉ်လိုက်လာသောလူတို့သည် ဥစ္စာထုပ်ကိုမြင်လျှင် “သင်သည် ငါတို့၏အိမ်၌ ခြံစပ်ကိုဖောက်၍ ဥစ္စာထုပ်ကို ခိုးယူလာပြီးမှ တရားနာနေသောသူအလား သွားလာလှည့်လည်ဘိ၏”ဟု ဆို၍ မဟာကာလသီတင်းသည်ကို ဆွဲငင်ဖမ်းဆီးသဖြင့် ထောင်းထုပုတ်ခတ် ရိုက်သတ်ကာ ပစ်ထားပြီးမှ သွားကြလေကုန်၏။ ထိုအခါ မဟာကာလ သီတင်းသည် အလောင်းကောင်ကို နံနက်စောစောကလျှင် ရေအိုးကိုယူ၍ သွားကြကုန်သော ရဟန်းငယ်နှင့် သာမဏေတို့ မြင်ကြရလျှင် “ကျောင်းတော်၌ တရားစကားကိုနာကြားကာ အိပ်သော ဒါယကာသည် မလျောက်ပတ်သော သေခြင်းကို ရရှာဘိ၏”ဟု ဆို၍ မြတ်စွာဘုရားကို လျှောက်ကြားကြလေ၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤအတ္တဘော၌ ကာလမည်သော ဒါယကာသည် မလျောက်ပတ်သော သေခြင်းကို ရသောဟူသည် မှန်ပေ၏။ ရှေး၌ပြုအပ်သော ကံအားသော်ကား ထိုဒါယကာသည် လျောက်ပတ်သော သေခြင်းကိုသာလျှင် ရအပ်ပေ၏"ဟု မိန့်တော်မူသဖြင့် ထိုရဟန်းတို့ တောင်းပန်ခြင်းကြောင့် ထိုမဟာကာလဥပါသကာ၏ ရှေးမကောင်းမှုကံကို ဟောကြားတော်မူလေ၏။

မဟာကာလ ဥပါသကာ၏ အတိတ်

လွန်လေပြီးသောအခါ ဗာရာဏသီမင်း၏နိုင်ငံတွင် တစ်ခုသော ပစ္စန္တရစ်ရွာ၏ တောအုပ်ဝ၌ ခိုးသား,ဓားပြတို့သည် ခရီးသွားသူတို့ကို ပုတ်ခတ်သတ်ဖြတ်ကြကုန်၏။ ဗာရာဏသီမင်းကြီးသည် တောအုပ်ဝ၌ မင်းခယောက်ျားတစ်ယောက်ကို ထားလေ၏။ ထိုမင်းခယောက်ျားသည် အခယူ၍ လူတို့ကို ဤမှာဘက်တောစခန်းမှ ထိုမှာဘက် တောစခန်းသို့ ပို့ဆောင်ရ၏။ ထိုမှာဘက် တောစခန်းမှ ဤမှာဘက် တောစခန်းသို့ ပို့ဆောင်ရ၏။ ထိုအခါ လူတစ်ယောက်သည် အလွန်အဆင်းလှသော မိမိ၏မယားကို လှည်းငယ်ထက်သို့တင်လျက် ထိုတောအုပ်သို့ ရောက်သွားလေ၏။ မင်းခယောက်ျားသည် ထိုမိန်းမကိုမြင်လျှင်မြင်ချင်း ချစ်ကြိုက်စုံမက် နှစ်သက်ခြင်းဖြစ်ရကား ထိုခရီးသွားသောယောက်ျားက “အရှင်- ကျွန်တော်တို့အား တောအုပ်ကို လွန်မြောက်ပါစေလော့၊ လွန်မြောက်အောင် လိုက်ပို့ပါလော့”ဟု ပြောဆိုသော်လည်း “ယခု အချိန်အခါ မဟုတ်ပြီ၊ မိုးချုပ်ပြီ၊ နံနက်စောစောကျမှသာလျှင် လွန်မြောက်စေအံ့”ဟု ဆိုလေ၏။ ထိုခရီးသွားယောက်ျားသည် “အရှင်- အချိန်အခါရှိပါသေးသည်၊ ယခုပင်လျှင် ကျွန်တော်တို့ကို ပို့ဆောင်ပါဦး”ဟု ဆိုလတ်သော် “အိုအချင်းယောက်ျား- ဆုတ်နစ်ရပ်ဆိုင်းပါဦးလော့၊ အကျွန်ုပ်တို့၏ အိမ်၌သာလျှင် ထမင်းအာဟာရသည်လည်းကောင်း၊ နေစရာ နေရာသည်လည်းကောင်း ဖြစ်ပါလတ္တံ့”ဟု ဆိုလေ၏။ ထိုခရီးသွားယောက်ျားသည် ဆုတ်နစ်ရပ်ဆိုင်းခြင်းငှာ အလိုမရှိသည်သာတည်း။ မင်းခယောက်ျားသည် ငယ်သားယောက်ျားတို့အား အမှတ်သညာပေး၍ လှည်းကို ဆုတ်နစ်စေပြီးလျှင် အလိုမရှိသည်သာဖြစ်သော ခရီးသွားယောက်ျားအား တံခါးမုခ်၌ နေရာပေးသဖြင့် ထမင်းအာဟာရကို စီရင်ချက်ပြုတ်စေလေ၏။

ပြစ်မှုဆင်၍ လင်အား ရိုက်သတ်ခြင်း

ထိုမင်းချင်းယောက်ျား၏ အိမ်၌ကား တစ်ခုသော ပတ္တမြားရတနာသည် ရှိ၏။ ထိုမင်းချင်းယောက်ျားသည် ပတ္တမြားရတနာကို လှည်းအတွင်း၌ ထည့်ထားစေ၍ နံနက်စောစောအချိန်ကာလ၌ ခိုးသူတို့ဝင်လာသောအသံကို ပြုစေလေ၏။ ထိုမင်းချင်းယောက်ျား၏ ငယ်သားယောက်ျားတို့သည် “အရှင်- ပတ္တမြားရတနာကို ခိုးသူတို့ ခိုးယူသွားပါပြီ”ဟု ပြောကြားကြလေကုန်၏။ မင်းခယောက်ျားသည် ရွာတံခါးတို့၌ အစောင့်အရှောက်ထားလျက် “ရွာတွင်းမှ ထွက်ကုန်သော သူတို့ကို စူးစမ်းရှာဖွေကြကုန်လော့”ဟု ဆိုလေ၏။ ခရီးသွားယောက်ျားသည်လည်း စောကသာလျှင် လှည်းယာဉ်ကိုက,၍ ထွက်သွားလေ၏။ ထိုအခါ ခရီးသွားယောက်ျား၏လှည်းကို သုတ်သင်ရှာဖွေကြသော သူတို့သည် မိမိတို့ကိုယ်တိုင် ထည့်ထားသော ပတ္တမြားရတနာကို မြင်ရလျှင် ခြိမ်းခြောက် မောင်းမဲကုန်လျက် “သင်ကား ပတ္တမြားကို ခိုးယူ၍ ထွက်ပြေးဘိ၏”ဟု ပုတ်ခတ်၍ “အရှင်- အကျွန်ုပ်တို့သည် ခိုးသူကို ဖမ်းမိပါပြီ”ဟု ဆို၍ ရွာစားအား ပြကြလေကုန်၏။ ရွာစားသည်လည်း “ငါ၏လက်အောက် အခစားယောက်ျား၏အိမ်၌ ရှေးဦးစွာ နေရာကိုပေး၍ ထမင်း ပေးအပ်,ကျွေးအပ်လျက် ပတ္တမြားကိုခိုးယူ၍ သွားဘိ၏။ ထိုယုတ်မာသော ယောက်ျားကို ဖမ်းယူခဲ့ကြကုန်လော့”ဟု ဆို၍ ရိုက်နှက်ပုတ်ခတ်ကာ သတ်ပြီးလျှင် စွန့်ပစ်စေလေ၏။ ဤသည်လျှင် မဟာကာလသီတင်းသည်၏ ရှေးမကောင်းမှုကံတည်း။ ထိုမင်းချင်းယောက်ျားသည် ထိုဘဝမှ စုတေသေလွန်သည်ရှိသော် အဝီစိငရဲ၌ဖြစ်၍ ထိုငရဲ၌ ရှည်လျားစွာသော နေ့ညဉ့်ပတ်လုံး ကျက်ပြီးမှ အကျိုးအကြွင်းအားဖြင့် အရာမျှသော ကိုယ်အဖြစ်၌ ထို့အတူသာလျှင် ပုတ်ခတ်ရိုက်နှက်အပ်သည်ဖြစ်၍ သေခြင်းသို့ ရောက်ရဖူးလေပြီ။ ဤသို့လျှင် ဘုရားရှင်သည် မဟာကာလ၏ ရှေးမကောင်းမှုကံကို ဟောပြတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ဤသို့လျှင် ဤသတ္တဝါတို့ကို မိမိပြုသော မကောင်းမှု အကုသိုလ်ကံသည်သာလျှင် အပါယ်လေးပါးတို့၌ နှိပ်စက် ဖျက်ဆီးဘိ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၆၁] အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တဇံ အတ္တသမ္ဘဝံ။
အဘိမတ္ထတိ ဒုမ္မေဓံ၊ ဝဇိရံဝသ္မမယံ မဏိံ။

အသ္မမယံ၊ ကျောက်မှဖြစ်ပေါ်သော။ ဝဇိရံ၊ ဝဇီရစိန်သည်။ မဏိံ၊ ဖြစ်ပေါ်ရာဖြစ်သော ထိုကျောက်ကို။ အဘိမတ္ထတိ ဣဝ၊ စား၍ အပေါက်ပေါက် အပိုင်းပိုင်း ပြုသကဲ့သို့။ တထာ၊ ထို့အတူ။ အတ္တနာ၊ မိမိကိုယ်တိုင်။ ကတံ၊ ပြုအပ်သည်ဖြစ်၍။ အတ္တဇံ၊ မိမိကိုယ်၌ဖြစ်သော။ အတ္တသမ္ဘဝံ၊ မိမိကြောင့်ဖြစ်သော။ ပါပံ၊ မကောင်းမှု အကုသိုလ်ကံသည်။ ဒုမ္မေဓံ၊ မကောင်းမှုဖြစ်ရာ ထိုပညာမရှိသောသူကို။ အဘိမတ္တတိ၊ နှိပ်စက်ဖျက်ဆီး၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ရောက်လာကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မဟာကာလဥပါသကာဝတ္ထုပြီး၏။

၆။ အရှင်ဒေဝဒတ်ဝတ္ထု

ယဿ အစ္စန္တဒုဿီလျံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မာလောနွယ်ပမာ ဤတဏှာ

တစ်နေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့- ဒေဝဒတ်သည် သီလမရှိ, ယုတ်မာသောအကျင့်ရှိ၏။ သီလမရှိသည့်အဖြစ်ဟု ဆိုအပ်သော တဏှာကို ပြုတတ်သောကြောင့်သာလျှင် တိုးပွားလာသောတဏှာဖြင့် အဇာတသတ်မင်းသားကို ချီးမြှောက်၍ များစွာသော လာဘ်ပူဇော်သက္ကာရကို ဖြစ်စေလျက် အဇာတသတ်မင်းသားကို ခမည်းတော်ကိုသတ်ခြင်း၌ ဆောက်တည်စေပြီးလျှင် ထိုအဇာတသတ်နှင့် အတူတကွ တပေါင်းတည်းဖြစ်၍ အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားအားလည်း သတ်ခြင်းငှာ လုံ့လပြုဘိ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည် ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် ငါ့အား သတ်ခြင်းငှာ လုံ့လပြုဖူး၏”ဟု မိန့်တော်မူ၍ ဧကနိပါတ်၊ ကုရုင်္ဂဝဂ်လာ၊ ကုရုင်္ဂမိဂဇာတ် စသည်တို့ကို ဟောကြားတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- စင်စစ် သီလမရှိသော ပုဂ္ဂိုလ်မည်သည်ကို သီလမရှိသည့်အဖြစ်ဟု ဆိုအပ်သော တဏှာကို ပြုတတ်သောကြောင့် ဖြစ်ပေါ်သောတဏှာသည် မာလာနွယ်သည် အင်ကြင်းပင်မင်းကို မြှေးယှက် ဖျက်ဆီးဘိသကဲ့သို့ မြှေးယှက် ဖျက်ဆီးလျက် ငရဲစသည်တို့၌ ပစ်ချ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၆၂] ယဿ အစ္စန္တဒုဿီလျံ၊ မာလုဝါ သာလမိဝေါတ္ထတံ။
ကရောတိ သော တထတ္တာနံ၊ ယထာ နံ ဣစ္ဆတိ ဒိသော။

မာလုဝါ၊ မာလောနွယ်သည်။ သာလံ၊ အင်ကြင်းပင်မင်းကို။ ဩတ္ထတံ ဣဝ၊ ထက်ဝန်းကျင် မြှေးယှက်ဖျက်ဆီး လွှမ်းမိုးဘိသကဲ့သို့။ ဧဝံ၊ ဤအတူ။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ အစ္စန္တဒုဿီလျံ၊ နှစ်ဘဝ,သုံးဘဝ ဆက်၍လာသော သီလမရှိသောသူ၏ အဖြစ်တည်းဟူသော တဏှာသည်။ နံ၊ ထိုပုဂ္ဂိုလ်ကို။ ဩတ္ထတံ၊ ငရဲစသည်တို့၌ ကျစေလျက် မြှေးယှက်ဖိစီး၏။ ဒိသော၊ အကျိုးမဲ့ကို လိုလားသောရန်သူသည်။ ယထာ၊ အကြင် အခြင်းအရာဖြင့်။ နံ၊ ထိုသူကို။ ဣစ္ဆတိ၊ အလိုရှိ၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ သော၊ ထိုဒုဿီလပုဂ္ဂိုလ်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ကရောတိ၊ ပြု၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်ဒေဝဒတ်ဝတ္ထုပြီး၏။

֍ * ၇။ သံဃဘေဒ ပရိသက္ကနဝတ္ထု

သုကရာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် သံဃာကွဲပြားစေခြင်းငှာ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သံဃာ့ညီညွတ်မှုဖျက်သူ ဒေဝဒတ်

တစ်နေ့သ၌ ဒေဝဒတ်သည် သံဃာကွဲပြားစေခြင်းငှာ လုံ့လပြုသည်ဖြစ်၍ ဆွမ်းအလို့ငှာ လှည့်လည်သော အရှင်အာနန္ဒာကိုမြင်လျှင် မိမိ၏အလိုကို ပြောကြားလေ၏။ ထိုစကားကိုကြားရလျှင် အရှင်အာနန္ဒာမထေရ်သည် ဘုရားရှင်၏ အထံတော်သို့သွား၍ မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် ဤရာဇဂြိုဟ်ပြည်၌ နံနက်အခါ သင်းပိုင်ကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကိုယူလျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှာ ဝင်ပါသည်ဘုရား၊ မြတ်စွာဘုရား- တပည့်တော်ကို ဒေဝဒတ်သည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်သည်ကို မြင်လေလျှင် တပည့်တော်ရှိရာအရပ်သို့ ချည်းကပ်၍ တပည့်တော်ကို ဤစကားကို ဆိုပါသည်ဘုရား၊ “ငါ့ရှင်အာနန္ဒာ- ငါသည် ယနေ့ကိုအစပြု၍ ယခုအခါ မြတ်စွာဘုရားကို ကြဉ်ဖယ်၍သာလျှင် ရဟန်းသံဃာအပေါင်းကို ကြဉ်ဖယ်၍သာလျှင် ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုပေတော့အံ့”ဟူ၍ ဆိုပါသည်ဘုရား၊ မြတ်စွာဘုရား- ယနေ့ ဒေဝဒတ်သည် သံဃာကို သင်းခွဲပါလိမ့်မည်။ ဥပုသ်ကိုလည်းကောင်း၊ သံဃကံကိုလည်းကောင်း ပြုလိမ့်မည်ဘုရား”ဟု ဤသို့သောစကားကို လျှောက်ကြားလေ၏။ ဤသို့ လျှောက်ကြားလတ်သည်ရှိသော် မြတ်စွာဘုရားသည် ဤဥဒါန်းကို ဥဒါန်းပါဠိတော်၌ ကျူးရင့်တော်မူလေ၏။

သုကရံ သာဓုနာ သာဓု၊ သာဓု ပါပေန ဒုက္ကရံ။
ပါပံ ပါပေန သုကရံ၊ ပါပမရိယေဟိ ဒုက္ကရံ။

သာဓုနာ၊ သူတော်ကောင်းသည်။ သာဓု၊ ကောင်းသောအမှုကို။ သုကရံ၊ ပြုလွယ်၏။ ပါပေန၊ ယုတ်မာသောသူသည်။ သာဓု၊ ကောင်းသောအမှုကို။ ဒုက္ကရံ၊ ပြုခြင်းငှာ ခဲယဉ်း၏။ ပါပေန၊ ယုတ်မာသောသူသည်။ ပါပံ၊ မကောင်းသောအမှုကို။ သုကရံ၊ ပြုလွယ်၏။ အရိယေဟိ၊ မြတ်သော သူတော်ကောင်းတို့သည်။ ပါပံ၊ မကောင်းသောအမှုကို။ ဒုက္ကရံ၊ ပြုခြင်းငှာ ခဲယဉ်း၏။

ဤဥဒါန်းစကားကို ကျူးရင့်တော်မူပြီးလျှင် “ချစ်သားအာနန္ဒာ- မိမိ၏ အစီးအပွားမရှိသော အမှုမည်သည်ကား ပြုခြင်းငှာ လွယ်၏။ အစီးအပွားရှိသော အမှုသည်သာလျှင် ပြုခြင်းငှာ ခဲယဉ်း၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၆၃] သုကရာနိ အသာဓူနိ၊ အတ္တနော အဟိတာနိ စ။
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ၊ တံ ဝေ ပရမဒုက္ကရံ။

ယာနိ၊ အကြင်အမှုတို့သည်။ အသာဓူနိ၊ အပြစ်ရှိ၍ အပါယ်လာကြောင်း မကောင်းကြကုန်။ အတ္တနော၊ မိမိ၏။ အဟိတာနိ စ၊ အစီးအပွားမဲ့လည်း ဖြစ်ကုန်၏။ တာနိ၊ ထိုအမှုတို့သည်။ သုကရာနိ၊ ပြုလွယ်ကြကုန်၏။ ယံ၊ အကြင်အမှုသည်။ ဝေ၊ စင်စစ်။ ဟိတဉ္စ၊ အစီးအပွားလည်းရှိ၏။ သာဓုဉ္စ၊ အပြစ်ကင်း၍ သုဂတိနိဗ္ဗာန်ရောက်ကြောင်း ကောင်းလည်းကောင်း၏။ တံ၊ ထိုအမှုသည်။ ဝေ၊ စင်စစ်။ ပရမဒုက္ကရံ၊ လွန်စွာပြုနိုင်ခဲ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သံဃဘေဒ ပရိသက္ကနဝတ္ထု ပြီး၏။

֍ * ၈။ ကာလမထေရ်ဝတ္ထု

ယော သာသနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကာလမည်သော မထေရ်ကို အကြောင်းပြု၍ ဟောကြားတော်မူလေ၏။

ဘုရားရှင်ထံမှ တရားနာခွင့်မပေးလိုသူ

သာဝတ္ထိပြည်၌ တစ်ယောက်သောမိန်းမသည် မိခင်အရာ၌တည်၍ ထိုကာလမထေရ်ကို လုပ်ကျွေးသတတ်။ ထိုမိန်းမ၏ အိမ်နီးချင်းနေသူ လူတို့သည် ဘုရားရှင်၏ အထံတော်၌ တရားနာပြီးလျှင် ပြန်လာ၍ “ဘုရားရှင်တို့မည်သည်ကား အလွန်အံ့ဖွယ်ရှိပေကုန်စွ၊ တရားဟောခြင်းသည် အလွန်သာယာနာပျော်ဖွယ် ရှိပေစွ”ဟု ချီးမွမ်းကြကုန်၏။ ထိုမိန်းမသည် အိမ်နီးချင်းနေသူတို့၏ စကားကို ကြားရလျှင် “အရှင်ဘုရား- တပည့်တော်မသည်လည်း ဘုရားရှင်၏ တရားဒေသနာတော်ကို နာလိုပါသည်ဘုရား”ဟု ထိုကာလမထေရ်အား လျှောက်ထားလေ၏။ ထိုကာလမထေရ်သည် “ထိုဘုရားအထံသို့ မသွားလင့်”ဟု ဒါယိကာမကို တားမြစ်လေ၏။ ထိုဒါယိကာမသည် တစ်ဖန် မိုးသောက်သောနေ့၌လည်း တောင်းပန်လေ၏။ သုံးကြိမ်တိုင်အောင် ထိုကာလမထေရ် တားမြစ်သော်လည်း တရားတော်ကို နာလိုသည်သာလျှင် ဖြစ်ခဲ့လေ၏။

(အဘယ်ကြောင့် ထိုကာလမထေရ်သည် ထိုဒါယိကာမကို တားမြစ်ဘိသနည်း ဟူမူကား “ဘုရာရှင်၏အထံတော်၌ တရားနာရသည်ရှိသော် ငါ့အပေါ်၌ သဒ္ဓါပျက်ချေအံ့”ဟု ထိုကာလမထေရ်အား ဤသို့ အကြံဖြစ်သတတ်။)

ထိုအလုပ်အကျွေး ဒါယိကာမသည် တစ်နေ့သ၌ နံနက်စောစော၌သာလျှင် နံနက်စာထမင်း စားပြီးသည်ရှိသော် ဥပုသ်ဆောက်တည်၍ “ချစ်သမီး- အရှင်ကောင်းကို ကောင်းမွန်စွာ ဆွမ်းလုပ်ကျွေးရစ်လော့”ဟု ဆို၍ သမီးကို စေခိုင်းပြီးလျှင် ကျောင်းတော်သို့ သွားလေ၏။ ထိုဒါယိကာမ၏ သမီးသည်လည်း ထိုရဟန်းကို ကြွလာသောအခါ ဆွမ်းလုပ်ကျွေး၏။ “ဒါယိကာမကြီးကား အဘယ်သို့ သွားသနည်း”ဟု မေးသည်ရှိသော် “တရားနာခြင်းငှာ ကျောင်းတော်သို့ သွားပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုကာလမထေရ်သည် ထိုစကားကို ကြားလျှင်ကြားချင်း ဝမ်း၌ဖြစ်သော ဒေါသဖြင့် ပူလောင်လတ်သည် ဖြစ်ရကား “ယခုအခါ ဒါယိကာမကြီးသည် ငါ့အပေါ်၌ သဒ္ဓါပျက်ချေပြီ”ဟု လျင်စွာသွားတဲ့၍ ဘုရားရှင်အထံတော်၌ တရားနာနေသော ဒါယိကာမကိုမြင်လျှင် ဘုရားရှင်ကို “မြတ်စွာဘုရား- ဤမိန်းမသည် နုံ့နှေးထိုင်းမှိုင်းလှပါသည်။ သိမ်မွေ့သော တရားစကားကို မသိနိုင်ပါ။ ဤမိန်းမအား ခန္ဓာစသည်နှင့်စပ်သော သိမ်မွေ့သော တရားစကားကို မဟောမူ၍ ဒါနကထာကိုလည်းကောင်း၊ သီလကထာကိုလည်းကောင်း ဟောခြင်းငှာ သင့်ပါသည်ဘုရား”ဟု လျှောက်လေ၏။ မြတ်စွာဘုရားသည် ထိုကာလမထေရ်၏ ယုတ်မာသော အလိုအဇ္ဈာသယကို သိတော်မူသဖြင့် “သင်သည် ပညာမရှိသည်ဖြစ်၍ ယုတ်မာသောအယူကိုမှီလျက် ဘုရားရှင်တို့၏ အဆုံးအမကို တားမြစ်ကန့်ကွက်ဘိ၏။ မိမိကိုယ်ကို သတ်ခြင်းငှာသာလျှင် လုံ့လပြုဘိ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၆၄] ယော သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။
ပဋိက္ကောသတိ ဒုမ္မေဓော၊ ဒိဋ္ဌိံ နိဿာယ ပါပိကံ။
ဖလာနိ ကဋ္ဌကဿေဝ၊ အတ္တဃာတာယ ဖလ္လတိ။

ဒုမ္မေဓော၊ ပညာမရှိသော။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ပါပိကံ၊ ယုတ်မာသော။ ဒိဋ္ဌိံ၊ အယူကို။ နိဿာယ၊ မှီ၍။ ဓမ္မဇီဝိနံ၊ တရားနှင့်အညီ အသက်မွေးခြင်းရှိကုန်ထသော။ အရဟတံ၊ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော။ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့၏။ သာသနံ၊ အဆုံးအမတော်ကို။ ပဋိက္ကောသတိ၊ တားမြစ်၏။ တဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။ သာ ဒိဋ္ဌိ၊ ထိုယုတ်မာသောအယူသည်။ ကဋ္ဌကဿ၊ ဝါးဟုဆိုအပ်သော သစ်ပင်၏။ ဖလာနိ ဣဝ၊ အသီးတို့ကဲ့သို့။ အတ္တဃာတာယ၊ မိမိကိုယ်ကို သတ်ခြင်းအလို့ငှာ။ ဖလ္လတိ၊ သီး၏။ ဝါ၊ ဖြစ်၏။

ဒေသနာတော်၌ မှတ်ဖွယ်

(ပညာမရှိသောပုဂ္ဂိုလ်သည် မိမိ ပူဇော်သက္ကာရ ဆုတ်ယုတ်အံ့သည်မှ ကြောက်လန့်သဖြင့် ယုတ်မာသောအယူကိုမှီ၍ “တရားနာအံ, အလှူလှူအံ့”ဟု ပြောဆိုသောသူတို့ကို တားမြစ်ပိတ်ပင်လျက် ဘုရားရှင်တို့၏ သာသနာ အဆုံးအမတော်ကို တားမြစ်ပိတ်ပင်လေ့ရှိ၏။ ထိုပုဂ္ဂိုလ်၏ တားမြစ်ပိတ်ပင်ခြင်းသည်လည်းကောင်း၊ ယုတ်မာသော အယူသည်လည်းကောင်း ဝါးသီးနှင့်တူလေ၏။ ဝါးပင်သည် အသီးသီးသည်ရှိသော် မိမိကိုယ်ကို သတ်ခြင်းငှာ သီးသကဲ့သို့ ထို့အတူ ထိုပုဂ္ဂိုလ်သည်လည်း မိမိကိုယ်ကို သတ်ခြင်းငှာသာလျှင် ယုတ်မာသောအယူ ဖြစ်လေ၏။ ထို့ကြောင့် ဤဂါထာကို မိန့်ဆိုအပ်သည်သာလျှင်တည်း။)
ဖလံ ဝေ ကဒလိံ ဟန္တိ၊ ဖလံ ဝေဠုံ ဖလံ နဠံ။
သက္ကာရော ကာပုရိသံ ဟန္တိ၊ ဂဗ္ဘော အဿတရိံ ယထာ။

ဖလံ၊ ငှက်ပျောသီးသည်။ ဝေ၊ စင်စစ်။ ကဒလိံ၊ ငှက်ပျောပင်ကို။ ဟန္တိ ယထာ၊ သတ်သကဲ့သို့လည်းကောင်း။ ဖလံ၊ ဝါးသီးသည်။ ဝေဠုံ၊ ဝါးပင်ကို။ ဟန္တိ ယထာ၊ သတ်သကဲ့သို့လည်းကောင်း။ ဖလံ၊ ကျူသီးသည်။ နဠံ၊ ကျူပင်ကို။ ဟန္တိ ယထာ၊ သတ်သကဲ့သို့လည်းကောင်း။ ဂဗ္ဘော၊ အဿတိုရ်မြင်းငယ် ကိုယ်ဝန်သည်။ အဿတရိံ၊ အမိအဿတိုရ် မြင်းမကို။ ဟန္တိ ယထာ၊ သတ်သကဲ့သို့လည်းကောင်း။ တထာ၊ ထို့အတူ။ သက္ကာရော၊ မိမိကိုမှီ၍ဖြစ်သော လာဘ်ပူဇော် သက္ကာရသည်ကား။ ကာပုရိသံ၊ ပညာမရှိသော ပုဂ္ဂိုလ်ကို။ ဟန္တိ၊ သတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ဒါယိကာမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ကာလမထေရ်ဝတ္ထုပြီး၏။

֍ * ၉။ စူဠကာလ ဥပါသကာဝတ္ထု

အတ္တနာ ဟိ ကတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စူဠကာလအမည်ရှိသော ဥပါသကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဥပုသ်သည်ကို သူခိုးစွပ်စွဲ

တစ်နေ့သ၌ မဟာကာလဝတ္ထု၌ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင် ဥမင်ဖြင့်ဖောက်၍ ခိုးကုန်သော သူခိုးတို့သည် ဥစ္စာရှင်တို့ အစဉ်လိုက်အပ်ကုန်သည်ရှိသော် တညဉ့်ပတ်လုံး ကျောင်းတော်၌ တရားစကားကို နာကြားသဖြင့် နံနက်စောစော ကျောင်းမှထွက်၍ သာဝတ္ထိပြည်သို့ ပြန်လာသော ထိုစူဠကာလ ဒါယကာ၏ရှေ့၌ ဥစ္စာထုပ်ကို စွန့်၍ ပြေးကြကုန်၏။ လူတို့သည် ထိုစူဠကာလကို မြင်ရလျှင် “ဤသူသည် ညဉ့်၌ ခိုးမှုကိုပြုလျက် တရားနာလေဟန်ကဲ့သို့ သွားလာ လှည့်လည်ဘိ၏။ ထိုသူကို ဖမ်းဆီးကြကုန်လော့”ဟု ဆို၍ စူဠကာလ ဥပါသကာကို ပုတ်ခတ်ရိုက်နှက်ကြလေကုန်၏။ ရေခပ်သော ကျွန်မတို့သည် ရေဆိပ်သို့ သွားကြကုန်သည်ရှိသော် ထိုပုတ်ခတ် ရိုက်နှက်သော အခြင်းအရာကိုမြင်ကြ၍ “အရှင်တို့- ဖဲကြကုန်လော့၊ ဤစူဠကာလသည် ဤသို့သဘောရှိသောအမှုကို မပြုတတ်ပါ”ဟု ပြောဆို၍ စူဠကာလကို လွှတ်စေကြကုန်၏။ ထိုစူဠကာလသည် ကျောင်းတော်သို့သွား၍ “အရှင်ဘုရားတို့- တပည့်တော်ကို လူတို့ရိုက်နှက် ဖျက်ဆီးအပ်ပါသည်ဘုရား။ ရေခပ်သောကျွန်မတို့ကိုမှီ၍ တပည့်တော်သည် အသက်ကို ရအပ်ပါသည်ဘုရား”ဟု ဆို၍ ရဟန်းတို့အား လျှောက်ကြားလေ၏။ ရဟန်းတို့လည်း ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် ထိုရဟန်းတို့၏စကားကို ကြားတော်မူရလျှင် “ချစ်သားရဟန်းတို့- စူဠကာလ ဒါယကာသည် ရေခပ်သော ကျွန်မတို့ကိုမှီ၍လည်းကောင်း၊ မိမိ၏ ခိုးမှုပြုခြင်း မရှိသည်အဖြစ်ကြောင့်လည်းကောင်း အသက်ကိုရပေ၏။ ဤသတ္တဝါတို့မည်သည်ကား မိမိကိုယ်တိုင် မကောင်းမှုကံကိုပြု၍ ငရဲစသည်တို့၌ မိမိကိုယ်တိုင်သာလျှင် ညစ်နွမ်းကြရကုန်၏။ ကုသိုလ်ကို ပြု၍မူကား နတ်ပြည်သို့လည်းကောင်း၊ နိဗ္ဗာန်သို့လည်းကောင်း ရောက်ကြရကုန်၏။ မိမိကိုယ်တိုင်သာလျှင် စင်ကြယ်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၆၅] အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တနာ သံကိလိဿတိ။
အတ္တနာ အကတံ ပါပံ၊ အတ္တနာဝ ဝိသုဇ္ဈတိ။
သုဒ္ဓိ အသုဒ္ဓိ ပစ္စတ္တံ၊ နာညော အညံ ဝိသောဓယေ။

အတ္တနာ ဟိ၊ မိမိသည်လျှင်။ ပါပံ၊ မကောင်းမှုကို။ စေ ကတံ၊ အကယ်၍ ပြုအပ်သည်ဖြစ်အံ့။ အတ္တနာဝ၊ မိမိသည်သာလျှင်။ သံကိလိဿတိ၊ ညစ်နွမ်းပူပန်ရ၏။ အတ္တနာ၊ မိမိသည်။ ပါပံ၊ မကောင်းမှုကို။ စေ အကတံ၊ အကယ်၍ မပြုအပ်သည်ဖြစ်အံ့။ အတ္တနာဝ၊ မိမိသည်သာလျှင်။ ဝိသုဇ္ဈတိ၊ စင်ကြယ်ရ၏။ သုဒ္ဓိ၊ ကုသိုလ်သည်လည်းကောင်း။ အသုဒ္ဓိ၊ အကုသိုလ်သည်လည်းကောင်း။ ပစ္စတ္တံ၊ အသီးအခြား မိမိ၌သာ အကျိုးပေး၏။ အညော၊ တစ်ပါးသောသူသည်။ အညံ၊ တစ်ပါးသောသူကို။ န ဝိသောဓယေ၊ မသုတ်သင်နိုင်။ (န ကိလိဿတိ၊ ညစ်နွမ်းပူပန်ရအောင် မပြုနိုင်။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ စူဠကာလသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာဖြစ်တော်မူလေ၏။

စူဠကာလဥပါသကာဝတ္ထုပြီး၏။

֍ * ၁၀။ အတ္တဒတ္ထမထေရ်ဝတ္ထု

အတ္ထဒတ္တံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အတ္တဒတ္ထမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြတ်စွာဘုရား နှစ်သက်တော်မူသော ပူဇော်နည်း

ဘုရားရှင်သည် ပရိနိဗ္ဗာန် စံယူတော်မူအံ့သောအခါ၌ “ချစ်သားရဟန်းတို့- ငါဘုရားသည် ဤလမှ လေးလလွန်သောအခါ ပရိနိဗ္ဗာန် စံယူတော်မူအံ့”ဟု မိန့်တော်မူလတ်သည်ရှိသော် ထိတ်လန့်ခြင်း သံဝေဂဖြစ်ကြကုန်သော ခုနစ်ရာသော ပုထုဇဉ်ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်ကို မစွန့်မူ၍ “ငါ့ရှင်တို့- အဘယ်သို့ ပြုရပါကုန်အံ့နည်း”ဟု တိုင်ပင်ပြောဆိုကာ သွားလာလှည့်လည်ကြကုန်၏။ အတ္တဒတ္ထမထေရ်သည်ကား ဤသို့ကြံစည်လေ၏။ “ငါတို့ဆရာ ဘုရားမြတ်စွာသည် လေးလလွန်သောအခါ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့၊ ငါသည်လည်း ရာဂမကင်းသေး ဖြစ်ခဲ့၏။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်စိမ့်သောငှာ လုံ့လပြုအံ့”ဟု ကြံစည်၍ ထိုအတ္တဒတ္ထမထေရ်သည် ရဟန်းတို့၏အထံသို့ မသွားဘဲနေလေ၏။ ထိုအခါ အတ္တဒတ္ထမထေရ်ကို ရဟန်းတို့သည် “ငါ့ရှင်- အဘယ့်ကြောင့် သင်သည် ငါတို့၏အထံသို့ မလာဘိသနည်း။ တစ်စုံတစ်ခုသောစကားကို မတိုင်ပင်ဘဲ နေဘိသနည်း”ဟု ဆို၍ ဘုရားရှင်၏ အထံတော်သို့ ခေါ်ဆောင်သဖြင့် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤအတ္တဒတ္ထမထေရ်သည် ဤသို့သဘောရှိသည်ကို ပြုပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။

ထိုအတ္တဒတ္ထမထေရ်ကို မြတ်စွာဘုရားသည် “အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း”ဟု မေးမြန်းအပ်သည်ရှိသော် “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် လေးလလွန်သောအခါ ပရိနိဗ္ဗာန်ပြုတော်မူကြပါလိမ့်သတတ်။ တပည့်တော်သည် ရှင်တော်မြတ်ဘုရားတို့ သက်တော်ထင်ရှား ရှိစဉ်သာလျှင် ရဟန္တာအဖြစ်သို့ ရောက်စိမ့်သောငှာ လုံ့လပြုအံ့ဟူ၍ ကြံစည်အားထုတ်ကာ နေပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် ထိုအတ္တဒတ္ထမထေရ်အား ကောင်းချီးပေးတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- အကြင်ရဟန်းအား ငါ၌ ချစ်မြတ်နိုးခြင်းသည်ရှိ၏။ ထိုရဟန်းသည် အတ္တဒတ္ထမထေရ်ကဲ့သို့ ဖြစ်ခြင်းငှာ သင့်ပေ၏။ နံ့သာစသည်တို့ဖြင့် ပူဇော်ကြကုန်သော သူတို့သည် ငါဘုရားကို ပူဇော်ကြသည် မမည်ကုန်။ လောကုတ္တရာတရား ကိုးပါးအားလျော်သော အကျင့်မြတ်ဖြင့်သာလျှင် ငါဘုရားကို ပူဇော်ကြသည် မည်ကုန်၏။ ထို့ကြောင့် အတ္တဒတ္ထမထေရ်မှ တစ်ပါးသောရဟန်းသည်လည်း အတ္တဒတ္ထရဟန်းနှင့် တူသည်သာလျှင် ဖြစ်ထိုက်ပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၆၆] အတ္တဒတ္ထံ ပရတ္ထေန၊ ဗဟုနာပိ န ဟာပယေ။
အတ္တဒတ္ထမဘိညာယ၊ သဒတ္ထပသုတော သိယာ။

အတ္တဒတ္တံ၊ အနည်းငယ်မျှသော မိမိ၏ အကျိုးစီးပွားကို။ ဗဟုနာပိ၊ များစွာလည်းဖြစ်သော။ ပရတ္ထေန၊ သူတစ်ပါး၏ အကျိုးစီးပွားဖြင့်။ န ဟာပယေ၊ မဆုတ်ယုတ်စေရာ။ အတ္တဒတ္ထံ၊ မိမိ၏ အကျိုးစီးပွားကို။ အဘိညာယ၊ သိ၍။ သဒတ္ထပသုတော၊ မိမိအကျိုးစီးပွား၌ လုံ့လပြုသည်။ သိယာ၊ ဖြစ်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အတ္တဒတ္ထမထေရ်သည် ရဟန္တာအဖြစ်၌ တည်လေ၏။ ရောက်လာသောရဟန်းတို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အတ္တဒတ္ထမထေရ်ဝတ္ထုပြီး၏။

֍ * ၁။ မထင်ရှားသော ရဟန်းငယ်ဝတ္ထု

ဟီနံ ဓမ္မံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ရဟန်းငယ်တစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းငယ်နှင့် ဝိသာခါ၏ မြေးမ

အမှတ်မရှိသော မထေရ်တစ်ပါးသည် ရဟန်းငယ်နှင့် အတူတကွ စောစောကပင်လျှင် ဝိသာခါ ဒါယိကာမ၏ အိမ်သို့ ကြွသွားတော်မူသတတ်။ ဝိသာခါ၏အိမ်၌ ငါးရာကုန်သော ရဟန်းတို့အလို့ငှာ မုန့်ယာဂုကို အမြဲမပြတ် ဝတ်တည်အပ်၏။ မထေရ်သည် ထိုဝိသာခါအိမ်၌ ယာဂုသောက်ပြီးလျှင် ရဟန်းငယ်ကို နေခဲ့စေ၍ မိမိကား တစ်ပါးသောအိမ်သို့ ကြွသွားလေ၏။ ထိုအခါ၌လည်း ဝိသာခါ၏ သား၏သမီး မြေးမသည် အဘွား၏အရာ၌တည်၍ ရဟန်းတို့အတွက် အမှုကြီးငယ်ကိုပြု၏။ ထိုရဟန်းငယ်၏အလို့ငှာ ရေစစ်စဉ် ရေအိုးစရည်း၌ မိမိ၏မျက်နှာရိပ်ကိုမြင်၍ ရယ်လေ၏။ ရဟန်းငယ်သည်လည်း ထိုသတို့သမီးငယ်ကိုကြည့်၍ ရယ်မိလေ၏။ သတို့သမီးသည် ရဟန်းငယ် ရယ်သည်ကို မြင်ရလျှင် “ဦးခေါင်းပြတ်က ရယ်ဘိ၏”ဟု ဆိုလိုက်လေ၏။ ထိုအခါ သတို့သမီးကို ရဟန်းငယ်သည် “နင်သာ ဦးခေါင်းပြတ်၊ နင့်အမေ နင့်အဖေတို့လည်း ဦးခေါင်းပြတ်တွေ”ဟု ဆို၍ ဆဲရေးလေ၏။ ထိုသတို့သမီးငယ်သည် ငိုယိုလျက် စဖိုအိမ်၌ အဘွားမ ဝိသာခါ၏အထံသို့ သွားလေရကား “ချစ်မြေး- ဤငိုခြင်းကား အကြောင်းအဘယ်နည်း”ဟု မေးလတ်သော် သတို့သမီးငယ်သည် ထိုအကြောင်းကို ပြောကြားလေ၏။ ဝိသာခါသည် ရဟန်းငယ်၏အထံသို့လာ၍ “အရှင်ဘုရား- အမျက်ထွက်တော်မမူပါလင့်၊ ဤသို့ အမျက်ထွက်ခြင်းဟူသည် ပြတ်သောဆံပင်, ပြတ်သောခြေသည်း လက်သည်းရှိသဖြင့် ဖြတ်အပ်သော အဝတ်အရုံကို ဝတ်ရုံလျက် အလယ်၌ပြတ်သော အိုးနားတို ခွက်လက်စွဲဆောင်ယူကာ ဆွမ်းအလို့ငှာ လှည့်လည်နေကျဖြစ်သော အရှင်မြတ်ဘုရားအား အလွန်တရာဝန်လေးလှသော အပြစ်မဟုတ်ပါဘုရား”ဟု လျှောက်ကြားလေ၏။ ရဟန်းငယ်သည် “ဒါယိကာမကြီး- ဪ.. ဟုတ်ပေပြီ၊ သင်သည် ငါ၏ ပြတ်သောဆံပင် စသည် ရှိသည့်အဖြစ်ကို သိဘိ၏။ ဤသတို့သမီးငယ်သည် ငါ့ကို ဦးခေါင်းပြတ်ပြုလုပ်၍ ဆဲရေးခြင်းငှာ သင့်လေတော့သလော”ဟု ပြောဆိုလတ်သော် ဝိသာခါသည် ရဟန်းငယ်ကို သိစေခြင်းငှာလည်း မဟုတ်နိုင်။ သတို့သမီးငယ်ကို သိစေခြင်းငှာလည်း မတတ်နိုင်။

ဘုရားရှင်၏ သြဝါဒ

ထိုခဏတွင် မထေရ်ကြီးသည် လာလတ်၍ “ဒါယိကာမကြီး- ဤအမှုကား အဘယ်ပုံ ဖြစ်သနည်း”ဟု မေးတော်မူပြီးလျှင် ထိုအကြောင်းကို ကြားရသဖြင့် ရဟန်းငယ်ကို ဆုံးမလျက် “ငါ့ရှင်ဖဲလော့၊ ဤသတို့သမီးငယ်သည် ပြတ်သောဆံပင်, ပြတ်သော ခြေသည်း လက်သည်း, ပြတ်သော အဝတ်ရှိသော, ပြတ်သော အိုးနားတို ခွက်လက်စွဲဆောင်ယူကာ ဆွမ်းအလို့ငှာ သွားသောသင့်အား ဆဲရေးသည်မဟုတ်။ ထို့ကြောင့် ဆိတ်ဆိတ်နေပါလေလော့”ဟု မိန့်ဆိုလေ၏။ “အရှင်ဘုရား- ဟုတ်မှန်လှပါပေ၏။ အရှင်ဘုရားတို့သည် မိမိတို့၏ အလုပ်အကျွေး ဒါယိကာမကို မခြိမ်းခြောက်မူ၍ အဘယ့်ကြောင့် တပည့်တော်ကို ခြိမ်းခြောက်တော်မူကြပါဘိသနည်း။ တပည့်တော်ကို ဦးခေါင်းပြတ်ဟူ၍ ဆဲရေးခြင်းငှာ သင့်ပါသလော”ဟု ပြန်၍ဆိုလေ၏။ ထိုခဏ၌ ဘုရားရှင်သည် ကြွလာတော်မူ၍ “ဤအမှုသည် အဘယ်ပုံဖြစ်သနည်း”ဟု မေးတော်မူလေ၏။ ဝိသာခါသည် အစမှစ၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။ ဘုရားရှင်သည် ထိုရဟန်းငယ်၏ သောတာပတ္တိဖိုလ်၏ ဥပနိဿယအကြောင်းကို မြင်တော်မူသဖြင့် “ငါဘုရားသည် ဤရဟန်းကို အလိုသို့ လိုက်စိမ့်သောငှာ သင့်ပေ၏”ဟု ကြံတော်မူပြီးလျှင် “ဝိသာခါ- အသို့နည်း၊ သင်၏သတို့သမီးငယ်သည် ပြတ်သောဆံပင်ရှိခြင်း စသည်မျှဖြင့်သာလျှင် ငါ၏တပည့်သာဝကတို့ကို ဦးခေါင်းပြတ်ပြု၍ ဆဲရေးခြင်းငှာ သင့်သလော”ဟု မိန့်တော်မူလေ၏။ ပဉ္စင်းငယ်သည် ထိုခဏ၌ပင်လျှင် ထတဲ့၍ လက်အုပ်ချီပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤပြဿနာကို ရှင်တော်မြတ်ဘုရားတို့သည်သာလျှင် ကောင်းစွာသိတော်မူကြပါကုန်၏။ တပည့်တော်တို့၏ ဥပဇ္ဈာယ် ဆရာသည်လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးသည်လည်းကောင်း မသိကြပါဘုရား”ဟု လျှောက်ဆိုလေ၏။ ဘုရားရှင်သည် ပဉ္စင်းငယ်၏ မိမိအား လျော်စွာဖြစ်ခြင်းကို သိတော်မူရသဖြင့် “ကာမဂုဏ်ကို အကြောင်းပြု၍ ရယ်သော အဖြစ်မည်သည် ယုတ်သော သဘောတရားပေတည်း။ ယုတ်သောသဘောတရား မည်သည်ကို မှီဝဲခြင်းငှာလည်းကောင်း၊ မေ့လျော့ခြင်းနှင့် အတူတကွ နေခြင်းငှာလည်းကောင်း မသင့်”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၆၇] ဟီနံ ဓမ္မံ န သေဝေယျ၊ ပမာဒေန န သံဝသေ။
မိစ္ဆာဒိဋ္ဌိံ န သေဝေယျ၊ န သိယာ လောကဝဍ္ဎနော။

ဟီနံ ဓမ္မံ၊ ယုတ်သော ငါးပါးအာရုံ ကာမဂုဏ်တရားကို။ န သေဝေယျ၊ မမှီဝဲရာ။ ပမာဒေန၊ သတိလွတ်ကင်း မေ့လျော့ခြင်းနှင့်။ န သံဝသေ၊ မပေါင်းသင်းရာ။ မိစ္ဆာဒိဋ္ဌိံ၊ မှားသောအယူကို။ န သေဝေယျ၊ မယူရာ။ လောကဝဍ္ဎနော၊ လောက၏ ကျယ်ပြန့်ပွားခြင်းသည်။ န သိယာ၊ မဖြစ်ရာ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ရဟန်းငယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာကုန်သော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မထင်ရှားသောရဟန်းငယ်ဝတ္ထုပြီး၏။

֍ * ၂။ သုဒ္ဓေါဒနမင်းကြီးဝတ္ထု

ဥတ္တိဋ္ဌေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် နိဂြောဓာရုံကျောင်းတော်၌ နေတော်မူစဉ် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကပိလဝတ်ပြည်၌ ဦးစွာ ဆွမ်းခံကြွခြင်း

တစ်ပါးသောအခါ မြတ်စွာဘုရားသည် ရှေးဦးစွာသော ကြွသွားတော်မူခြင်းဖြင့် ကပိလဝတ်ပြည်သို့ ကြွသွားတော်မူသဖြင့် ဆွေတော်မျိုးတော်တို့သည် ပြုအပ်သော ခရီးဦးကြိုဆိုခြင်း ရှိတော်မူလျက် နိဂြောဓာရုံ ကျောင်းတော်သို့ ရောက်တော်မူပြီးလျှင် ဆွေတော်မျိုးတော်တို့၏ မာန်မာနကို ချိုးဖျက်အံ့သောငှာ ကောင်းကင်၌ ရတနာစင်္ကြံကို ဖန်ဆင်းတော်မူ၍ ထိုစင်္ကြံ၌ စင်္ကြံကြွတော်မူလျက် တရားဟောတော်မူလေ၏။ ဆွေတော်မျိုးတော်တို့သည် ကြည်ညိုသောစိတ် ရှိကုန်သည်ဖြစ်၍ သုဒ္ဓေါဒနမင်းကြီးကို အစပြု၍ ရှိခိုးကြလေကုန်၏။ ထိုဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌ ကြာတော၌ရွာသော မိုးနှင့်တူသော ပေါက္ခရဝဿမည်သော မိုးကိုရွာစေတော်မူလေ၏။ ထိုမိုးရွာခြင်းကို အကြောင်းပြု၍ လူများအပေါင်းသည် စကားကို ဖြစ်စေအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ငါသည် ဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌ ပေါက္ခရဝဿမည်သော မိုးကို ရွာစေဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဝေဿန္တရာဇာတ်ကို ဟောကြားတော်မူလေ၏။ တရားဒေသနာကို ကြားနာရပြီးလျှင် ဆွေတော်မျိုးတော်တို့သည် ဖဲသွားကြကုန်သည်ရှိသော် တစ်ယောက်သောသူမျှလည်း မြတ်စွာဘုရားကို မပင့်ဖိတ်လေ၊ မင်းကြီးသည်လည်း “ငါ့သားသည် ငါ၏နန်းတော်သို့ မလာမူ၍ အဘယ်အရပ်သို့ သွားလတ္တံ့နည်း”ဟု နှလုံးပြု၍ မပင့်ဖိတ်ဘဲသာ သွားလေ၏။ သွားပြီး၍သော်ကား အိမ်၌ နှစ်သောင်းသောရဟန်းတို့အလို့ငှာ ယာဂုစသည်တို့ကို စီရင်စေ၍ နေရာတို့ကို ခင်းစေလေ၏။

တစ်ဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရားသည်လည်း ဆွမ်းအလို့ငှာ ဝင်တော်မူလျက် “အသို့နည်း၊ ရှေးလွန်လေပြီးသော ဘုရားရှင်တို့သည် ခမည်းတော်၏မြို့သို့ရောက်လျှင် ဖြောင့်ဖြောင့်တန်းတန်း ဆွေတော်မျိုးတော်တို့၏အိမ်သို့ ဝင်ကြကုန်သလော၊ သို့တည်းမဟုတ် အစဉ်သဖြင့် ဆွမ်းအလို့ငှာ ကြွချီလှည့်လည်ကြကုန်သလော”ဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် “အစဉ်သဖြင့် ကြွချီ လှည့်လည်တော်မူကြလေကုန်၏”ဟု မြင်တော်မူ၍ ရှေးဦးစွာသောအိမ်မှစ၍ ဆွမ်းအလို့ငှာ ကြွချီ၍ဝင်တော်မူလေ၏။ ရာဟုလာ၏မယ်တော် ယသော်ဓရာ မိဖုရားသည် ပြာသာဒ်အပြင်၌ နေလျက်သာလျှင် မြင်ရသဖြင့် ထိုအကြောင်းကို မင်းကြီးအား ပြောကြားသံတော်ဦးတင်လေ၏။ သုဒ္ဓေါဒနမင်းကြီးသည် ဝတ်လဲတော်ပုဆိုးကို ကောင်းစွာ မဝတ်ဆင်နိုင်မူ၍ လျင်မြန်စွာ ထွက်လာခဲ့၍ မြတ်စွာဘုရားကိုရှိခိုးလျက် “သားတော်ဘုရား- အဘယ့်ကြောင့် ဒါယကာကြီးကို ဖျက်ဆီး နှိပ်စက်ဘိသနည်း။ ဆွမ်းအလို့ငှာ လှည့်လည်ခြင်းဖြင့် အလွန်လျှင် ရှက်ဖွယ်ကို ဖြစ်စေအပ်၏။ ရှင်တော်ဘုရားတို့သည် ရွှေထမ်းစင် စသည်တို့ဖြင့် ဤပြည်တွင်း၌သာလျှင် လှည့်လည်သွားလာပြီးလျက် ဆွမ်းအလို့ငှာ သွားခြင်းငှာ သင့်သည်မဟုတ်လော။ အဘယ့်ကြောင့် ဒါယကာကြီးကို ရှက်စေဘိသနည်း”ဟု လျှောက်ဆိုလေ၏။ “မြတ်သော ခမည်းတော်မင်းကြီး- ငါဘုရားသည် ဒါယကာကြီးကို ရှက်စေသည်မဟုတ်၊ မိမိ၏အမျိုးအနွယ်သို့သာ အစဉ်လိုက်၍ ကျင့်ရပေ၏”ဟု မိန့်တော်မူလတ်သော် “သားတော်ဘုရား- ဆွမ်းအလို့ငှာ လှည့်လည်သွားလာ၍ အသက်မွေးသော အနွယ်ဟူသည် အသို့ဖြစ်နိုင်ပါအံ့နည်း”ဟု လျှောက်ဆိုလေ၏။ “မြတ်သောမင်းကြီး- ဤဆွမ်းခံ၍ အသက်မွေးသော အနွယ်သည် သင်ဒါယကာကြီး၏ အနွယ်မဟုတ်၊ ဤအနွယ်သည် ငါဘုရား၏အနွယ်ဖြစ်၏။ ထောင်ပေါင်းများစွာကုန်သော ဘုရားရှင်တို့သည် ဆွမ်းအလို့ငှာ လှည့်လည်၍သာလျှင် အသက်မွေးတော်မူကြကုန်၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၆၈] ဥတ္တိ‌ဋ္ဌေ နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။

֍ * [၁၆၉] ဓမ္မဉ္စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။

ဥတ္တိဋ္ဌေ၊ သူ့အိမ်တံခါး ရပ်နားကြည်ဖြူ ခံယူအပ်သောဆွမ်း၌။ နပ္ပမဇ္ဇေယျ၊ မမေ့မလျော့ရာ။ သုစရိတံ၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မံ၊ ဆွမ်းခံခြင်းဟူသော အကျင့်ကို။ စရေ၊ ကျင့်ရာ၏။ ဓမ္မစာရီ၊ ဆွမ်းခံသဖြင့် ဝတ်အကျင့်ကို ဖြည့်ကျင့်လေ့ရှိသော ပုဂ္ဂိုလ်သည်။ အသ္မိံ လောကေ စ၊ ဤလောက၌လည်းကောင်း။ ပရမှိ စ၊ တမလွန် လောက၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

သုစရိတံ၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မံ၊ ဆွမ်းခံသွားခြင်းဟူသော အကျင့်ကို။ စရေ၊ ကျင့်ရာ၏။ ဒုစ္စရိတံ၊ မကောင်းသဖြင့် ကျင့်အပ်သား။ နံ၊ ထိုဆွမ်းခံအကျင့်ကို။ န စရေ၊ မကျင့်ရာ။ ဓမ္မစာရီ၊ တရားသဖြင့် ဆွမ်းခံအကျင့်ကို ကျင့်လေ့ရှိသောပုဂ္ဂိုလ်သည်။ အသ္မိံ လောကေ စ၊ ဤလောက၌လည်းကောင်း။ ပရမှိ စ၊ တမလွန်လောက၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

(သေတင်းကုပ်, ပဏ္ဍုက်အိမ်, ဘိက္ခုနီမကျောင်း, အပျိုကြီးအိမ်, မုဆိုးမအိမ်, ပြည့်တန်ဆာမအိမ်, ဤခြောက်အိမ်၌ အကျွမ်းဝင်လျက် ဆွမ်းခံသွားခြင်းသည် ဒုစ္စရိတမည်၏။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သုဒ္ဓေါဒနမင်းကြီးဝတ္ထုပြီး၏။

֍ * ၃။ ငါးရာကုန်သော ဝိပဿကရဟန်းတို့ဝတ္ထု

ယထာ ဗုဗ္ဗုဠကံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းကုန်သော ငါးရာသောရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရေပွက်ပမာ ကိုယ်ခန္ဓာရှုခြင်း

ငါးရာသော ရဟန်းတို့သည် မြတ်စွာဘုရား၏အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တောသို့ဝင်ပြီးလျှင် လုံ့လကြိုးကုတ် အားထုတ်ကြရာ အရဟတ္တဖိုလ်သို့ မရောက်ကြလေသောကြောင့် “အထူးပြု၍ ကမ္မဋ္ဌာန်းကို ယူကြကုန်ဦးအံ့”ဟု ဘုရားရှင်၏အထံတော်သို့ ပြန်လာကြကုန်သည်ရှိသော် လမ်းခရီးအကြား၌ တံလှပ်ပမာ ကမ္မဋ္ဌာန်းကို ပွားများလျက်သာလျှင် ကြွလာကြကုန်သတတ်။ ထိုရဟန်းတို့ ကျောင်းသို့ဝင်သော ခဏ၌ပင်လျှင် မိုးရွာသွန်းလေ၏။ ရဟန်းတို့သည် ထိုထိုသို့သော ကျောင်းဦးမုခ်တို့၌ရပ်လျက် လေအဟုန်ဖြင့်တက်၍ ပျက်ကွဲကုန်သော ရေပွက်,ရေမြှုပ်တို့ကို မြင်ကြရလျှင် “ဤကိုယ်သည်လည်း ဖြစ်ပြီးလျှင် ပျက်စီးတတ်သော အနက်သဘောကြောင့် ရေပွက်နှင့်တူသည်သာလျှင်တည်း”ဟု အာရုံကို ယူကြလေကုန်၏။ မြတ်စွာဘုရားသည် ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ထိုရဟန်းတို့ကို ကြည့်ရှုတော်မူ၍ ထိုရဟန်းတို့နှင့်အတူတကွ စကားပြောကြားဘိသကဲ့သို့ ရောင်ခြည်တော်ကို ပျံ့နှံ့စေလျက် ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၇၀] ယထာ ပုဗ္ဗုဠကံ ပဿေ၊ ယထာ ပဿေ မရီစိကံ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။

ပုဗ္ဗုဠကံ၊ ရေပွက်ကို။ ပဿေ ယထာ၊ ဖြစ်ပြီးလျှင် ပျက်တတ်သည်ဟု ရှုရာသကဲ့သို့။ လောကံ၊ ခန္ဓာစသော လောကကို။ ပဿေ၊ ဖြစ်ပြီးလျှင် ပျက်တတ်ပါတကားဟု ရှုရာ၏။ မရီစိကံ၊ မျက်လှည့်ကို။ ဝါ၊ တံလှပ်ကို။ ပဿေ ယထာ၊ ထင်တိုင်းမဟုတ်ဟု ရှုရာသကဲ့သို့။ လောကံ၊ ခန္ဓာစသော လောကကို။ ပဿေ၊ ထင်တိုင်း မဟုတ်ပါတကားဟု ရှုရာ၏။ ဧဝံ၊ ဤသို့။ လောကံ၊ ခန္ဓာအစရှိသော လောကကို။ အဝေက္ခန္တံ၊ ရှုသောသူကို။ မစ္စုရာဇာ၊ သေမင်းသည်။ န ပဿတိ၊ မမြင်နိုင်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုငါးရာသော ရဟန်းတို့သည် ရပ်တည်မြဲတိုင်း နေရာ၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။

ငါးရာကုန်သော ဝိပဿကရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၄။ အဘယမင်းသားဝတ္ထု

ဧထ ပဿထိမံ လောကံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အဘယမင်းသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကချေသည်မကြောင့် မင်းသား စိုးရိမ်ခြင်း

ထိုအဘယမင်းသားသည် ပုန်ကန်သောင်းကျန်းသော ပစ္စန္တရစ်မှ ငြိမ်းအေးစေပြီး၍ ပြန်လာသည်ရှိသော် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးသည် နှစ်သက်လှသဖြင့် ကခြင်း,သီခြင်း၌ လိမ္မာသော တစ်ယောက်သော ကချေသည်မကိုပေးပြီးလျှင် ထိုအဘယမင်းသားအား ခုနစ်ရက်ပတ်လုံး မင်းစည်းစိမ်ကို ပေးလေ၏။ ထိုအဘယမင်းသားသည် ခုနစ်ရက်ပတ်လုံး အိမ်တော်မှအပသို့ မထွက်မူ၍သာ မင်းစည်းစိမ်ကိုခံစား၍ ရှစ်ရက်မြောက်သောနေ့၌ မြစ်ဆိပ်သို့သွားသဖြင့် ရေချိုးပြီးမှ ဥယျာဉ်သို့ဝင်၍ သန္တတိအမတ်ကြီးကဲ့သို့ ထိုမိန်းမ၏ ကခြင်း,သီခြင်းကို ကြည့်ရှုကာနေလေ၏။ ကချေသည်မသည်လည်း ထိုခဏ၌ပင်လျှင် သန္တတိအမတ်ကြီး၏ ကချေသည်မကဲ့သို့ ဓားငယ်ကဲ့သို့ ဖြတ်တတ်သော လေသင်တုန်းတို့၏ အစွမ်းဖြင့် စုတေခြင်းကိုပြုလေ၏။ အဘယမင်းသားသည် ထိုကချေသည်မ၏ သေခြင်းကြောင့်ဖြစ်သော စိုးရိမ်ခြင်းရှိရကား “ငါ၏ ဤစိုးရိမ်ခြင်းကို မြတ်စွာဘုရားကို ဖယ်ထား၍ တစ်ပါးသောသူသည် ငြိမ်းစေခြင်းငှာ မတတ်နိုင်လတ္တံ့”ဟု မြတ်စွာဘုရားသို့ချဉ်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်၏ စိုးရိမ်ခြင်းကို ငြိမ်းစေတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် ထိုအဘယမင်းသားကို နှစ်သိမ့်စေ၍ “အဘယမင်းသား- အစမထင်သော သံသရာ၌ သင်မင်းသားသည် ဤမိန်းမ၏ ဤနည်းအတူသာလျှင် သေလွန်သောကာလ၌ ငိုကြွေးရသဖြင့် ဖြစ်စေအပ်ကုန်သော မျက်ရည်တို့၏ အတိုင်းအရှည် ပမာဏသည် မရှိလေပြီ”ဟု မိန့်တော်မူ၍ ထိုတရားဒေသနာ ဟောကြားခြင်းဖြင့် စိုးရိမ်ခြင်း ခေါင်းပါးသည့်အဖြစ်ကို သိတော်မူလျှင် “အဘယမင်းသား- မစိုးရိမ်လင့်၊ ဤခန္ဓာကိုယ်မည်သည် မသိကုန်သောလူမိုက်တို့၏ နစ်မြုပ်ရာအရပ်ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၇၁] ဧထ ပဿထိမံ လောကံ၊ စိတ္တံ ရာဇရထူပမံ။
ယတ္ထ ဗာလာ ဝိသီဒန္တိ၊ နတ္ထိ သင်္ဂေါ ဝိဇာနတံ။

ဧထ၊ လာလှည့်ကြကုန်လော့။ ရာဇရထူပမံ၊ ရတနာခုနစ်ပါး စသည်ဖြင့် ဆန်းကြယ်သော မင်း၏ရထားကဲ့သို့။ စိတ္တံ၊ အဝတ်တန်ဆာ စသည်ဖြင့် ဆန်းကြယ်သော။ ဣမံလောကံ၊ ဤခန္ဓာလောကစသော အတ္တဘောကို။ ပဿထ၊ ကြည့်ရှုကြကုန်လော့။ ယတ္ထ၊ ယင်း အတ္တဘော၌။ ဗာလာ၊ မသိကုန်သောလူမိုက်တို့သည်။ ဝိသီဒန္တိ၊ နစ်မြုပ်ကြကုန်၏။ ဝိဇာနတံ-ဝိဇာနန္တာနံ၊ ပညာရှိကုန်သော သူတို့အား။ သင်္ဂေါ၊ ရာဂစသော ကပ်ငြိခြင်းသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အဘယမင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အဘယမင်းသားဝတ္ထုပြီး၏။

֍ * ၅။ သမ္မဇ္ဇနမထေရ်ဝတ္ထု

ယော စ ပုဗ္ဗေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တံမြက်လှည်းလေ့ရှိသောကြောင့် သမ္မဇ္ဇနမည်သော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားအားမထုတ်ဘဲ တံမြက်လှည်းလေ့ရှိခြင်း

ထိုသမ္မဇ္ဇနမထေရ်သည် နံနက်၌သော်လည်းကောင်း၊ ညချမ်း၌သော်လည်းကောင်း၊ ကာလကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း မပြုမူ၍ အစဉ်မပြတ် တံမြက်လှည်းလျက်သာလျှင် လှည့်လည်သတတ်။ ထိုသမ္မဇ္ဇနမထေရ်သည် တစ်နေ့သ၌ တံမြက်ဆုပ်ကိုကိုင်ယူလျက် နေ့သန့်ရာအရပ်၌နေသော ရေဝတမထေရ်၏အထံသို့သွား၍ “ဤမထေရ်ကား အလွန်ပျင်းရိဘိ၏။ လူအပေါင်း၏ သဒ္ဓါ၍လှူအပ်သော ဆွမ်းကိုစား၍ လာပြီးလျှင် ထိုင်နေဘိ၏။ ထိုမထေရ်အား တံမြက်ဆုပ်ကို ကိုင်ယူလျက် တစ်ခုသောအရပ်ကို တံမြက်လှည်းခြင်းငှာ မသင့်သလော”ဟု ဆိုလေ၏။ ရေဝတမထေရ်သည် “သမ္မဇ္ဇနမထေရ်အား အဆုံးအမကို ပေးဦးအံ့”ဟုကြံ၍ “ငါ့ရှင်- လာလှည့်ပါဦးလော့”ဟု ဆိုလတ်သော် “အရှင်ဘုရား- အဘယ်ပါနည်းဘုရား”ဟု မေးလေ၏။ “ငါ့ရှင်- သွားလေဦး၊ ရေချိုးပြီးမှ လာလှည့်ပါဦးလော့”ဟု ဆိုလတ်သော် ထိုသမ္မဇ္ဇမထေရ်သည် ရေဝတမထေရ်ဆိုတိုင်း ပြုလေ၏။ ထိုအခါ သမ္မဇ္ဇနမထေရ်ကို ရေဝတမထေရ်သည် တင့်အပ်လျောက်ပတ်သော အရပ်၌ နေစေပြီးလျှင် ဆုံးမလိုရကား “ငါ့ရှင်- ရဟန်းမည်သည်ကား အခါခပ်သိမ်း တံမြက်လှည်းသဖြင့် လှည့်လည်ခြင်းငှာမသင့်၊ နံနက်စောစော၌သာလျှင် တံမြက်လှည်း၍ ဆွမ်းအလို့ငှာ လှည့်လည်ပြီးလျှင် ဆွမ်းခံရွာမှဖဲသဖြင့် ပြန်လာ၍ ညဉ့်သန့်ရာအရပ်၌လည်းကောင်း၊ နေ့သန့်ရာအရပ်၌လည်းကောင်း နေလျက် သုံးဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဒွတ္တိံသာကာရကမ္မဋ္ဌာန်းကို သရဇ္ဈာယ်သဖြင့် အတ္တဘော၌ ကုန်ခြင်း,ပျက်ခြင်းကို ထင်ထင်ရှားရှား ဖြစ်စေပြီးမှ ညချမ်းသောအခါ ထ၍ တံမြက်လှည်းခြင်းငှာ သင့်လျော်ပေ၏။ အခါခပ်သိမ်း တံမြက်မလှည်းတဲ့မူ၍ မိမိ စီးဖြန်းခြင်း အခွင့်မည်သည်ကိုလည်း ပြုအပ်၏”ဟု ဆုံးမစကား မိန့်ကြားတော်မူလေ၏။

ထိုသမ္မဇ္ဇနမထေရ်သည် ထိုအရှင်ရေဝတ မထေရ်၏ အဆုံးအမ၌တည်၍ မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ရောက်လေ၏။ ထိုထိုအရပ်သည် အမှိုက်များခဲ့လေ၏။ ထိုအခါ သမ္မဇ္ဇနမထေရ်ကို ရဟန်းတို့သည် “ငါ့ရှင်သမ္မဇ္ဇနမထေရ်- ထိုထိုအရပ်သည် အမှိုက်များခဲ့၏။ အဘယ့်ကြောင့် တံမြက်မလှည်းသနည်း”ဟု ဆိုကြလေကုန်၏။ “အရှင်ဘုရားတို့- တံပည့်တော်သည် မေ့လျော့သောကာလ၌ ဤသို့ တံမြက်လှည်းခြင်းအမှုကို ပြုမိ၏။ ယခုအခါ မမေ့မလျော့သောသူ ဖြစ်ပါပြီ”ဟု ဆိုလတ်သော် ရဟန်းတို့သည် “ဤမထေရ်ကား အရဟတ္တဖိုလ်ကို ပြောကြားဘိ၏”ဟု မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါ့သားသမ္မဇ္ဇန မထေရ်သည် ရှေးအခါ မေ့လျော့သောကာလ၌ တံမြက်လှည်းလျက် လှည့်လည်သည် မှန်ပေ၏။ယခုအခါ၌ကား အရဟတ္တမဂ် အရဟတ္တဖိုလ် ချမ်းသာဖြင့် ကာလကိုလွန်စေသောကြောင့် တံမြက်မလှည်းပေ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၇၂] ယောစ ပုဗ္ဗေ ပမဇ္ဇိတွာ၊ ပစ္ဆာ သော န ပမဇ္ဇတိ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုဗ္ဗေ၊ ရှေး၌သာလျှင်။ ပမဇ္ဇိတွာ၊ ဝတ်ပြုကာ သရဇ္ဈာယ်ကာဖြင့် မေ့လျော့၍။ ပစ္ဆာ၊ နောက်မှ။ သော၊ ထိုပုဂ္ဂိုလ်သည်။ န ပမဇ္ဇတိ၊ မဂ်ဖိုလ် ချမ်းသာဖြင့် အချိန်လွန်စေလျက် မမေ့မလျော့။ သော၊ ထိုပုဂ္ဂိုလ်သည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ မုတ္တော၊ လွတ်သော။ စန္ဒိမာဝ၊ သြကာသလောကကို ထွန်းလင်းစေသော လမင်းကဲ့သို့။ ဣမံ လောကံ၊ ဤခန္ဓာစသော လောကကို။ ပဘာသေတိ၊ ထွန်းလင်းစေ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သမ္မဇ္ဇနမထေရ်ဝတ္ထုပြီး၏။

֍ * ၆။ အင်္ဂုလိမာလမထေရ်ဝတ္ထု

ယဿ ပါပံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်အင်္ဂုလိမာလ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အင်္ဂုလိမာလမထေရ် နိဗ္ဗာန်ဝင်ခန်း

အင်္ဂုလိမာလမထေရ်၏ဝတ္ထုကို မဇ္ဈိမပဏ္ဏာသပါဠိတော်၌ အင်္ဂုလိမာလသုတ္တန်၏ အစွမ်းဖြင့် သိအပ်၏။ အင်္ဂုလိမာလမထေရ်သည်ကား ဘုရားရှင်၏ အထံတော်၌ ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။ ထိုအခါ အရှင်အင်္ဂုလိမာလမထေရ်သည် ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်သည်ဖြစ်၍ တပါးတည်း ကိန်းအောင်းတော်မူလျက် အရဟတ္တဖိုလ်ချမ်းသာကို ခံစားကာ နေတော်မူလေ၏။ ထိုအခါ ဤဥဒါန်းစကားကို မြွက်ဆို ကျူးရင့်တော်မူလေ၏။

ယော စ ပုဗ္ဗေ ပမ္မဇ္ဇိတွာ၊ ပစ္ဆာ‌ သော န ပမဇ္ဇတိ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

(အနက်ကား ရှေ့သမ္မဇ္ဇနမထေရ် ဝတ္ထု၌ ပါလေပြီ)

ဤသို့စသောနည်းဖြင့် ဥဒါန်းမြွက်ဆို ကျူးရင့်တော်မူပြီးလျှင် ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသော နိဗ္ဗာနဓာဖြင့် ပရိနိဗ္ဗာန် ပြုတော်မူလေ၏။ ရဟန်းတို့သည် “ငါ့ရှင်တို့.. အင်္ဂုလိမာလမထေရ်သည် အဘယ်ဘုံဘဝ၌ ဖြစ်လေဘိသနည်း”ဟု တရားသဘင်၌ စကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာတော်မူဆဲကာလ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “မြတ်စွာဘုရား- အင်္ဂုလိမာလမထေရ်၏ ဖြစ်ရာဌာန ဘုံဘဝနှင့်စပ်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါ့သားတော်သည် ပရိနိဗ္ဗာန် ပြုသာ်သာတည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ဤမျှအတိုင်းအရှည်ရှိသော လူတို့ကို သတ်ဖြတ်လျက် ပရိနိဗ္ဗာန် ပြုပါသလောဘုရား”ဟု လျှောက်ပြန်သည်ရှိသော် “ချစ်သား ရဟန်းတို့- ပရိနိဗ္ဗာန်ပြုသည်ကား မှန်၏။ ထိုအင်္ဂုလိမာလ မထေရ်သည် ရှေး၌ တစ်ယောက်သော အဆွေခင်ပွန်းကောင်းကိုမျှ မရလေသောကြောင့် ဤမျှလောက်သော မကောင်းမှုတို့ကို ပြုမိရလေ၏။ နောက်၌ကား အဆွေခင်ပွန်းကောင်း အထောက်အပံ့ကို ရသောကြောင့် မမေ့မလျော့သောသူ ဖြစ်လေ၏။ ထို့ကြောင့် အင်္ဂုလိမာလ၏ ထိုမကောင်းမှုကံကို ကုသိုလ်ကံသည် ပိတ်အပ်ပြီ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၇၃] ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓီယတိ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ကတံ၊ ပြုအပ်သော။ ပါပံ၊ မကောင်းမှုကံကို။ ကုသလေန၊ အရဟတ္တမဂ် ကုသိုလ်ဖြင့်။ ဝါ၊ ကုသိုလ်သည်။ ပိဓီယတိ၊ ပိအပ်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ မုတ္တော၊ လွတ်သော။ စန္ဒိမာဝ၊ လမင်းကဲ့သို့။ ဣမံ လောကံ၊ ဤခန္ဓာစသော လောကကို။ ပဘာသေတိ၊ ထွန်းလင်းစေ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အင်္ဂုလိမာလမထေရ်ဝတ္ထု ပြီး၏။

֍ * ၇။ ရက်ကန်းသည်သမီး ဝတ္ထု

အန္ဓဘူတောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် အဂ္ဂါဠဝစေတီအရပ်၌ နေတော်မုစဉ် တစ်ယောက်သော ရက်ကန်းသည်၏သမီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သုံးနှစ် တရားအားထုတ်သော ရက်ကန်းသည် သတို့သမီး

တစ်နေ့သ၌ အာဠဝီပြည်သူပြည်သားတို့သည် မြတ်စွာဘုရား အာဠဝီပြည်သို့ ရောက်တော်မူသည်ရှိသော် ပင့်ဖိတ်၍ အလှူဒါနကို ပေးလှူကြကုန်၏။ မြတ်စွာဘုရားသည် ဆွမ်းစားခြင်းကိစ္စ အပြီးအဆုံး၌ အနုမောဒနာတရား ဟောကြားတော်မူလိုသည်ဖြစ်၍-

၁။ အဓုဝံ မေ ဇီဝိတံ။ မေ၊ ငါ၏။ ဇီဝိတံ၊ အသက်ရှင်ခြင်းသည်။ အဓုဝံ၊ မမြဲလေစွတကား။
၂။ ဓုဝံ မေ မရဏံ။ မေ၊ ငါ၏။ မရဏံ၊ သေရခြင်းသည်။ ဓုဝံ၊ မြဲလေစွတကား။
၃။ အဝဿံ မယာ မရိတဗ္ဗမေဝ။ မယာ၊ ငါသည်။ အဝဿံ၊ မချွတ်မယွင်း။ မရိတဗ္ဗမေဝ၊ သေရမည်သာတည်း။
၄။ မရဏပရိယောသာနံ မေ ဇီဝိတံ။ မေ၊ ငါ၏။ ဇီဝိတံ၊ အသက်ရှင်ခြင်းသည်။ မရဏပရိယောသာနံ၊ သေရခြင်းသာလျှင် အဆုံးရှိချေ၏တကား။
၅။ ဇီဝိတမေဝ အနိယတံ။ ဇီဝိတမေဝ၊ အသက်ရှင်ခြင်းသည်သာလျှင်။ အနိယတံ၊ မမြဲလေစွတကား။
၆။ မရဏံ နိယတံ။ မရဏံ၊ သေရခြင်းကား။ နိယတံ၊ မြဲလေစွတကား။

“ဤသို့ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများကြကုန်လော့၊ အကြင်သူတို့သည် သေခြင်း မရဏာနုဿတိကို မပွားများ၊ ထိုသူတို့သည် နောင်သောအခါ လျင်သော အဆိပ်ရှိသောမြွေကို မြင်ရ၍ ကြောက်လန့်လျက် တုတ်,လှံတံ လက်နက်ကင်းသော ယောက်ျားကဲ့သို့ ထိတ်လန့်ခြင်းသို့ ရောက်ကုန်သည်ဖြစ်၍ ကြောက်လန့်ဖွယ်သောအသံကို ယောင်ယမ်းမြည်တမ်းကုန်လျက် သေလွန်ခြင်းကို ပြုကြရရှာကုန်၏။ အကြင်သူတို့သည် သေခြင်းကို ပွားများအပ်၏။ ထိုသူတို့သည် ဝေးသောအရပ်မှသာလျှင် လျင်မြန်သော အဆိပ်ရှိသော မြွေကိုမြင်ရ၍ လှံတံဖြင့်ဖမ်းယူကာ စွန့်ပစ်ပြီးလျှင် တည်သော ယောက်ျားကဲ့သို့ နောက်ကာလ၌ မထိတ်မလန့်ကြရကုန်၊ ထို့ကြောင့် မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများအပ်၏”ဟု ဟောတော်မူလေ၏။ ထိုတရားဒေသနာကို ကြားနာပြီး၍လည်း ကြွင်းသောလူတို့သည် မိမိ,မိမိကိစ္စကိုသာ လေ့လာအားထုတ်ကြလေကုန်၏။ တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော ရက်ကန်းသည် သတို့သမီးငယ် တစ်ယောက်သည် “မြတ်စွာဘုရားတို့၏ စကားတော်သည်ကား အံ့သြဖွယ် ရှိပေစွတကား၊ ငါသည် မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများခြင်းငှာသင့်၏”ဟု ညဉ့်ရောနေ့ပါ မရဏာနုဿတိ ကမ္မဋ္ဌာန်းကိုသာလျှင် ပွားများ၏။ မြတ်စွာဘုရားသည်လည်း ထိုအာဠဝီပြည်မှ ထွက်ခဲ့၍ ဇေတဝန်ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ထိုသတို့သမီးငယ်သည်လည်း သုံးနှစ်တို့ပတ်လုံး မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများသည်သာလျှင်တည်း။

သတို့သမီးအတွက် ဘုရားရှင် ကြွသွားခြင်း

ထိုအခါ တစ်နေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ထိုသတို့သမီးငယ်ကို ကိုယ်တော်၏ သဗ္ဗညုတဉာဏ်တော်ဟူသော ကွန်ယက်အတွင်း၌ ဝင်ရောက်နေသည်ကို မြင်တော်မူလျှင် “အသို့ဖြစ်လတ္တံ့နည်း”ဟု စူးစမ်း ဆင်ခြင်တော်မူပြန်လတ်သော် “ဤသတို့သမီးငယ်သည် ငါဘုရား၏ တရားဒေသနာကို ကြားနာရသောနေ့မှစ၍ သုံးနှစ်ပတ်လုံး မရဏာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများအပ်၏၊ ယခုအခါ ငါဘုရားသည် အာဠဝီပြည်သို့ ကြွသွား၍ ဤသတို့သမီးငယ်ကို ပြဿနာလေးပါး မေးသဖြင့် ထိုသတို့သမီးငယ် ဖြေသည်ရှိသော် လေးပါးသော အဖြေနေရာတို့၌ ကောင်းချီးပေးပြီးလျှင် ဤဂါထာကို ဟောပေအံ့၊ သတို့သမီးငယ်သည် ဂါထာ၏အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်လတ္တံ့၊ ထိုသတို့သမီးငယ်ကိုမှီ၍ လူများအပေါင်းအားလည်း အကျိုးရှိသောတရား ဟောကြားခြင်းဖြစ်လတ္တံ့”ဟု သိတော်မူ၍ ငါးရာသော ရဟန်းတို့ဖြင့် ခြံရံတော်မူလျက် ဇေတဝန်ကျောင်းတော်မှ ထွက်ခဲ့ရာ အစဉ်သဖြင့် အဂ္ဂါဠဝကျောင်းတော်သို့ ရောက်တော်မူလေ၏။ အာဠဝီ ပြည်သူပြည်သားတို့သည် “မြတ်စွာဘုရား ကြွလာတော်မူပြီ”ဟူသော စကားကို ကြားရလျှင် ကျောင်းတော်သို့သွား၍ ပင့်ဖိတ်ကြလေကုန်၏။

ထိုအခါ ထိုသတို့သမီးငယ်သည် မြတ်စွာဘုရား၏ ကြွလာတော်မူခြင်းကို ကြားရ၍ “ငါ့ဖခင် ငါ့သခင် ငါ့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကြွလာတော်မူပေသတတ်”ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ “ဤနေ့မှ ငါသည် သုံးနှစ်တို့၏အထက်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားကို မြင်ဖူး၏၊ ယခုအခါ ထိုမြတ်စွာဘုရား၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ကိုယ်တော်ကို ဖူးမြင်ရခြင်းငှာလည်းကောင်း၊ ချိုမြိန်သော အရသာ ဩဇာရှိသော သြဝါဒတရားတော်ကို နာကြားရခြင်းငှာလည်းကောင်း ရပေတော့အံ့”ဟု ကြံစည်လေ၏။ ထိုသတို့သမီး၏ ဖခင်သည်ကား ရက်ကန်းရက်ရာတင်းကုပ်သို့ သွားသည်ရှိသော် “ချစ်သမီး- သူတစ်ပါးဥစ္စာဖြစ်သော ပုဆိုးကို ရက်ကန်းစင်သို့ ဖခင်-တင်ထားအပ်၏၊ ထိုပုဆိုးအား တစ်ထွာမျှလောက်သာလျှင် မပြီးဆုံးသေး၊ ကြွင်းကျန်သေး၏။ ထိုပုဆိုးကို ယနေ့ ပြီးစေအံ့၊ ထို့ကြောင့် လျင်မြန်စွာ ရက်ဖောက်ကိုလုံး၍ ငါအထံ ဆောင်ယူခဲ့လော့”ဟု မှာသွားလေ၏။

ရက်ဖောက်လုံး ပို့ပြီးမှ တရားနာအံ့

သတို့သမီးငယ်သည် “ငါကား မြတ်စွာဘုရား၏ တရားတော်ကို နာလို၏။ ဖခင်သည်လည်း ငါ့ကို ဤသို့မှာသွားခဲ့၏။ အသို့နည်း၊ မြတ်စွာဘုရား တရားတော်ကို နာရအံ့လော၊ ထိုသို့မဟုတ် ဖခင်ထံ ရက်ဖောက်ကို ယောက်၍,လုံး၍ ဆောင်ယူအံ့လော”ဟု ကြံစည်လေ၏။ ထို့နောင်မှ “ဖခင်သည် ရက်ဖောက်ကို မဆောင်ခဲ့သည်ရှိသော် ငါ့ကို ရိုက်လည်း ရိုက်ရာ၏၊ ပုတ်ခတ်မူလည်း ပုတ်ခတ်ရာ၏၊ ထို့ကြောင့် ရက်ဖောက်ကိုလုံး၍ ထိုဖခင်အား ပေးပြီးလျှင် နောက်မှ တရားနာတော့အံ့”ဟု သတို့သမီးအား ဤသို့သောအကြံ ဖြစ်လေ၏။ ဤသို့ကြံ၍ အင်းပျဉ်ထက်၌ ထိုင်နေလျက် ရက်ဖောက်ကို လုံးလေ၏။ အာဠဝီပြည်သားတို့သည်လည်း မြတ်စွာဘုရားကို ဆွမ်းလုပ်ကျွေးပြီးလျှင် သပိတ်ကိုယူ၍ တရားနာခြင်းငှာ ရပ်တည်ကြလေကုန်၏။

သတို့သမီးငယ် ဗုဒ္ဓထံတော်သို့ ရောက်ခြင်း

မြတ်စွာဘုရားသည် “ငါကား အကြင်သတို့သမီးကို အကြောင်းပြု၍ ယူဇနာသုံးဆယ်ရှိသော လမ်းခရီးကို လာခဲ့၏။ ထိုသတို့သမီးသည် ယခုလည်း အခွင့်မရ၊ ထိုသတို့သမီး အခွင့်ရသည်ရှိသော် တရားဟောကြားခြင်းပြုအံ့”ဟု ဆိတ်ဆိတ်နေတော်မူလေ၏။ ထိုသို့ ဆိတ်ဆိတ်နေတော်မူသော မြတ်စွာဘုရားကိုလည်း နတ်နှင့်တကွသော လောက၌ တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ခုသောစကားကို ဆိုခြင်းငှာ မဝံ့၊ ထိုသတို့သမီးငယ်သည်လည်း ရက်ဖောက်ကိုလုံး၍ တောင်း၌ထည့်သဖြင့် ဖခင်၏အထံသို့သွားစဉ် ပရိသတ်၏ အစွန်၌ရပ်၍ မြတ်စွာဘုရားကို ကြည့်ရှုဖူးမြော်လျက်သာလျှင် တည်နေလေ၏။ မြတ်စွာဘုရားသည်လည်း လည်တော်ကိုချီ၍ ထိုသတို့သမီးကို ကြည့်ရှုတော်မူလေ၏။ သတို့သမီးငယ်သည် ကြည့်ရှုတော်မူသော အကြောင်းအရာဖြင့် “မြတ်စွာဘုရားသည် ဤသို့သဘောရှိသော ပရိသတ်အလယ်၌ နေတော်မူ၍ ငါ့ကို ကြည့်ရှုတော်မူပေ၏။ ငါ၏လာခြင်းကို တောင့်တတော်မူ၏၊ ကိုယ်တော်မြတ်၏ အထံတော်သို့ လာခြင်းကိုသာလျှင် တောင့်တတော်မူဘိ၏”ဟု သိလေ၏။ သတို့သမီးငယ်သည် ရက်ဖောက်တောင်းကို ချထား၍ မြတ်စွာဘုရား၏ အထံတော်သို့ သွားလေ၏။

(အဘယ့်ကြောင့် သတို့သမီးငယ်ကို မြတ်စွာဘုရား ကြည့်ရှုတော်မူသနည်း ဟူမူကား မြတ်စွာဘုရားအား ဤသို့သော အကြံဖြစ်တော်မူသတတ်၊ “ဤသတို့သမီးငယ်သည် ဤအရပ်မှသာလျှင် သွားသည်ရှိသော် ပုထုဇဉ်အဖြစ်ဖြင့် သေခြင်းကိုပြု၍ မမြဲသော လားရာဂတိရှိသည် ဖြစ်လတ္တံ့၊ ငါဘုရား၏အထံသို့လာ၍ သွားသည်ရှိသော် သောတာပတ္တိဖိုလ်သို့ ရောက်သဖြင့် မြဲသော လားရာဂတိရှိသည်ဖြစ်၍ တုသိတာနတ်ပြည်၌ ဖြစ်လတ္တံ့”ဟု အကြံဖြစ်တော်မူ၏။ ထို့ကြောင့် ကြည့်ရှုတော်မူ၏။ ထိုသတို့သမီးငယ်အားလည်း ထိုနေ့၌ သေခြင်းမှ လွတ်ခြင်းမည်သည် မရှိလေသတတ်။)

ထိုသတို့သမီးငယ်သည် ကြည့်ရှုတော်မူသော အမှတ်ဖြင့်သာလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့၏အကြားသို့ ဝင်ပြီးလျှင် ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ တည်နေလေ၏။ ဤသို့သဘောရှိသော ပရိသတ်အလယ်၌နေ၍ ဆိတ်ဆိတ်နေသော မြတ်စွာဘုရားကို ရှိခိုးလျက် တည်သော ခဏ၌ပင်လျှင် မြတ်စွာဘုရားသည် သတို့သမီးငယ်ကို ဤသို့ မေးခွန်းပြဿနာ မိန့်ဆိုတော်မူလေ၏။

အမေး လေးခု, အဖြေ လေးရပ် အကျဉ်း

၁။ “သတို့သမီး- သင်သည် အဘယ်အရပ်မှ လာခဲ့လေသနည်း”ဟု မေးလျှင် “မြတ်စွာဘုရား- မသိပါဘုရား”ဟု ဖြေ၏။
၂။ “အဘယ်အရပ်သို့ သွားလတ္တံ့နည်း”ဟု မေးလျှင် “မြတ်စွာဘုရား- မသိပါဘုရား”ဟု ဖြေ၏။
၃။ “မသိလေသလော”ဟု မေးလျှင် “မြတ်စွာဘုရား-သိပါသည်ဘုရား”ဟု ဖြေ၏။
၄။ “သိ၏လော”ဟု မေးလျှင် “မြတ်စွာဘုရား- မသိပါဘုရား”ဟု ဖြေ၏။

သတို့သမီးအား ပရိသတ် ကဲ့ရဲ့ခြင်း

ဤသို့လျှင် ထိုသတို့သမီးငယ်ကို မြတ်စွာဘုရားသည် လေးပါးသော မေးခွန်းပြဿနာကို မေးတော်မူလေ၏။ များစွာသော လူအပေါင်းသည် ကဲ့ရဲ့သည်မှာ “အို..အချင်းတို့- ကြည့်ရှုကြကုန်လော့၊ ဤရက်ကန်းသည် သမီးငယ်သည် မြတ်စွာဘုရားနှင့်တကွ အလိုရှိတိုင်း အလိုရှိတိုင်းသော စကားကို ပြောဆိုဘိ၏။ ဤသတို့သမီးငယ်သည် အဘယ်အရပ်မှ လာခဲ့လေသနည်းဟု မေးတော်မူသည်ရှိသော် ရက်ကန်းသည်အိမ်မှ လာခဲ့ပါသည်ဘုရားဟု ဆိုအပ်သည် မဟုတ်လော၊ အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးတော်မူသည်ရှိသော် ရက်ကန်းရက်ရာ တင်းကုပ်သို့ သွားပါမည်ဘုရားဟု ဆိုအပ်သည် မဟုတ်ပါလော”ဟု ကဲ့ရဲ့လေ၏။

အဓိပ္ပာယ်အကျယ် ရှင်းလင်းခြင်း

မြတ်စွာဘုရားသည် များစွာသော လူအပေါင်းကို အသံတိတ်ဆိတ်အောင် ပြုတော်မူ၍-

၁။ “သတို့သမီး- သင်သည် အဘယ်အရပ်မှ လာခဲ့လေသနည်းဟု မေးအပ်သည်ရှိသော် အဘယ့်ကြောင့် မသိပါဘုရားဟူ၍ ဖြေဆိုဘိသနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား-ရှင်တော်မြတ်ဘုရားတို့သည် တပည့်တော်မ၏ ရက်ကန်းသည်အိမ်မှ လာသည့်အဖြစ်ကို သိတော်မူကြပါသည်၊ အဘယ်အရပ်မှ လာခဲ့သနည်းဟု မေးတော်မူကြပါသော်လည်း အဘယ်သို့သော ဘဝမှလာ၍ ဤဘဝ၌ ဖြစ်လေသနည်းဟု မေးခြင်းကိုသာ ပြုတော်မူကြပါသည်။ ဘုရားတပည့်တော်မသည်ကား အဘယ်သို့သောဘဝမှ လာ၍ ဤဘဝ၌ ဖြစ်သည်ဟူသည်ကို မသိပါ၊ ထို့ကြောင့် ဤသို့ ဖြေဆိုပါသည်ဘုရား”ဟု လျှောက်လေ၏။ ထို့နောင်မှ သတို့သမီးငယ်အား မြတ်စွာဘုရားသည် “သတို့သမီး- “သာဓု သာဓု” ကောင်းပေ၏။ ကောင်းပေ၏၊ ငါဘုရား မေးလိုရင်းဖြစ်သော ပြဿနာကို ကျေနပ်အောင် သင်သည် ဖြေဆိုနိုင်ပေ၏”ဟု ရှေးဦးစွာ ကောင်းချီးပေး၍ ထို့ထက်အလွန်လည်း မေးတော်မူပြန်၏။

၂။ “အဘယ်အရပ်သို့ သွားလတ္တံ့နည်းဟု တစ်ဖန်မေးအပ်သည်ရှိသော် အဘယ့်ကြောင့် မသိပါဘုရားဟူ၍ ဖြေဆိုဘိသနည်း”ဟု မေးပြန်လေ၏။ “မြတ်စွာဘုရား - ရှင်တော်မြတ်ဘုရားတို့သည် တပည့်တော်မကို ရက်ဖောက်တောင်းကိုယူလျက် ရက်ကန်းရက်ရာ တင်းကုပ်သို့ သွားလတ္တံ့ ဟု သိတော်မူကြပါသည်။ ဤဘဝမှသွား၍ အဘယ်ဘဝ၌ ဖြစ်လတ္တံ့နည်းဟု မေးခြင်းကိုသာ ပြုတော်မူကြပါသည်ဘုရား၊ တပည့်တော်မသည်လည်း ဤဘဝမှ စုတေသည်ရှိသော် အဘယ်ဘဝသို့သွား၍ ဖြစ်လိမ့်မည်ဟူသည်ကို မသိပါ၊ ထို့ကြောင့် ဤသို့ ဖြေဆိုပါသည်ဘုရား”ဟု လျှောက်လေ၏။ ထို့နောက်မှ သတို့သမီးငယ်အား မြတ်စွာဘုရားသည် “ငါဘုရား မေးလိုရင်းသာဖြစ်သော ပြဿနာကို သင်သည် ဆိုနိုင်ဘိ၏”ဟု နှစ်ကြိမ်မြောက် ကောင်းချီးပေးတော်မူ၍ ထို့ထက်အလွန်လည်း မေးတော်မူပြန်၏။

၃။ “ထို့နောင်မှ မသိလေသလောဟု မေးအပ်သည်ရှိသော် အဘယ့်ကြောင့် သိပါသည်ဘုရားဟူ၍ ဖြေဆိုဘိသနည်း”ဟု မေးပြန်လေ၏။ “မြတ်စွာဘုရား- တပည့်တော်မသည် သေရအံ့သည်အဖြစ်ကို သိပါသည်၊ ထို့ကြောင့် ဤသို့ ဖြေဆိုပါသည်ဘုရား”ဟု လျှောက်လေ၏။ ထို့နောက်မှ ထိုသတို့သမီးငယ်အား မြတ်စွာဘုရားသည် “ငါဘုရားမေးလိုရင်းဖြစ်သော ပြဿနာကို သင်သည် ဖြေဆိုနိုင်ဘိ၏”ဟု သုံးကြိမ်မြောက် ကောင်းချီးပေးတော်မူ၍ ထို့ထက်အလွန်လည်း မေးတော်မူပြန်၏။

၄။ “ထို့နောက်မှ သိ၏လောဟု မေးအပ်သည်ရှိသော် အဘယ့်ကြောင့် မသိပါဟူ၍ ဖြေဆိုဘိသနည်း”ဟု မေးပြန်၏။ “မြတ်စွာဘုရား- သေရအံ့သည်အဖြစ်ကိုသာလျှင် တပည့်တော်မ သိပါသည်၊ တပည့်တော်မသည် ညဉ့်အခါ နေ့အခါ နံနက်အခါ စသည်တို့တွင်ကား ဤမည်သောအခါ၌ သေရအံ့ဟု မသိပါ၊ ထို့ကြောင့် ဤသို့ဖြေဆိုပါသည်ဘုရား”ဟု လျှောက်လေ၏။ ထို့နောက်မှ သတို့သမီးငယ်အား မြတ်စွာဘုရားသည် “ငါဘုရား မေးလိုရင်းဖြစ်သော ပြဿနာကို သင်သည် ဖြေဆိုနိုင်ဘိ၏”ဟု လေးကြိမ်မြောက် ကောင်းချီးပေးတော်မူ၍ ပရိသတ်ကို ခေါ်တော်မူပြီးလျှင် “သင်တို့သည် ဤသတို့သမီးငယ် ဆိုအပ်သော ဤမျှလောက်သော စကားကိုမျှ မသိကြကုန်၊ သင်တို့သည် သက်သက် ကဲ့ရဲ့ကြကုန်သည်သာလျှင်တည်း၊ အကြင်သူတို့အား ပညာမျက်စိသည် ရှိ၏၊ ထိုသူတို့သည်သာလျှင် မျက်စိအမြင်ရှိသူတို့ ဖြစ်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၇၄] အန္ဓဘူတော အယံ လောကော၊ တနုကေတ္ထ ဝိပဿတိ။
သကုဏော ဇာလမုတ္တောဝ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

အယံ လောကော၊ ဤလူများအပေါင်းသည်။ အန္ဓဘူတော၊ ပညာမျက်စိ စုံမရှိ၍ အကန်းအတိသာ ဖြစ်လေ၏။ ဧတ္ထ၊ ဤလောက၌။ တနုကော၊ အနည်းငယ်မျှသောသူသည်။ ဝိပဿတိ၊ အနိစ္စ စသောအားဖြင့် ရှုမြင်၏။ ဇာလမုတ္တော၊ မုဆိုးကွန်ရက်မှ လွတ်ထွက်သော။ သကုဏော၊ ငှက်သည်။ အပ္ပေါ ဣဝ၊ နည်းသကဲ့သို့။ မရန္တေသု၊ သေသောသူတို့တွင်။ သဂ္ဂါယ၊ နတ်ပြည်သို့။ ဂစ္ဆတိ၊ သွားသောသူသည်။ အပ္ပေါ၊ နည်းလှ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ သတို့သမီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သတို့သမီးသေ၍ ဖခင် ရဟန်းပြုခြင်း

ထိုသတို့သမီးငယ်သည်လည်း ရက်ဖောက်တောင်းကိုယူလျက် ဖခင်၏အထံသို့ သွားလေ၏။ ထိုဖခင်ဖြစ်သော ရက်ကန်းသည်သည် ထိုင်လျက်သာလျှင် အိပ်ပျော်နေခိုက်ဖြစ်သောကြောင့် ထိုသတို့သမီးငယ်သည် မမှတ်မသား သတိမထားမိသဖြင့်သာလျှင် ရက်ဖောက်တောင်းကို တွန်းရွှေ့လိုက်လျှင် ထိုရက်ဖောက်တောင်းသည် လွန်းအစွန်း၌ ထိခိုက်မိသောကြောင့် အသံကိုပြုလျက် ကျသွားလေ၏။ ဖခင် ရက်ကန်းသည်သည် နိုးလျှင်နိုးချင်း ကိုင်ယူအပ်သော အမှတ်ဖြင့်သာလျှင် လွန်းကို ဆွဲငင်လိုက်၏။ လွန်းဖျားသည် သွား၍ ထိုသတို့သမီးငယ်ကို ရင်ဘတ်၌ ထိုးမိ၏။ သတို့သမီးငယ်သည်လည်း ထိုနေရာ၌ပင်လျှင် သေလွန်ခြင်းကို ပြုရှာ၍ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ ထိုအခါ သတို့သမီးငယ်၏ဖခင် ရက်ကန်းသည်သည် သတို့သမီးကို ကြည့်ရှုလတ်သည်ရှိသော် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ကပ်ငြိသဖြင့် လဲ၍သေနေသည်ကို မြင်ရရှာလေ၏။ ထိုအခါ ဖခင်ရက်ကန်းသည်ကြီးအား ကြီးစွာသော စိုးရိမ်ခြင်း ဖြစ်လေ၏။ ထိုရက်ကန်းသည်သည် “ငါ၏စိုးရိမ်ခြင်းကို တပါးသောသူသည် ငြိမိးအေးစေခြင်းငှာ မတတ်နိုင်ပေလတ္တံ့”ဟု ငိုကြွေးလျက် ဘုရားရှင်အထံတော်သို့ သွား၍ ထိုအကြောင်းကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်၏ စိုးရိမ်းခြင်းကို ငြိမ်းအေးစေတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ မြတ်စွာဘုရားသည် ထိုရက်ကန်းသည် ဒါယကာကြီးကို ကောင်းစွာ နှစ်သိမ့်စေ၍ “ဒါယကာ- မစိုးရိမ်လင့်၊ မသိအပ်သော အစရှိသော သံသရာ၌ ဤအတူသာလျှင် သမီးသေသောကာလ၌ သင်၏ ယိုစီးကျသော မျက်ရည်သည် လေးစင်းသော မဟာသမုဒ္ဒရာရေထက်ပင် အလွန့်အလွန် များလှပြီ”ဟု မိန့်တော်မူ၍ အနမတဂ္ဂသုတ္တန်စကားကို ဟောကြားတော်မူလေ၏။ ရက်ကန်းသည်သည် နည်းသော စိုးရိမ်ခြင်းရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ရဟန်းအဖြစ် တောင်းပန်သဖြင့် ရဟန်းအဖြစ်ကို ရလတ်သည်ရှိသော် မကြာမြင့်မီသာလျှင် ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ရက်ကန်းသည်သမီးဝတ္ထု ပြီး၏။

֍ * ၈။ အရှင်ဒေဝဒတ်ဝတ္ထု

ဟံသာဒိစ္စပထေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုံးကျိပ်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြေပြင်ဖြင့်လာ၍ ကောင်းကင်ဖြင့် ပြန်သွားခြင်း

တနေ့သ၌ သုံးကျိပ်မျှလောက်ကုန်သော အရပ်လေးမျက်နှာ၌ နေကြကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားသို့ ဆည်းကပ်ကြလေကုန်၏။ ရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ်ပြုအပ်သော အချိန်၌ လာလတ်၍ ထိုရဟန်းတို့ကိုမြင်လျှင် “ဘုရားရှင်သည် ဤရဟန်းတို့နှင့်တကွ အစေ့အစပ်ပြောဆိုသော ပဋိသန္ဓာရကထာကိုပြုပြီးမှ ဝတ်ကို ပြုပေအံ့”ဟု နှလုံးသွင်း၍ တံခါးမုခ်၌ ရပ်တည်စောင့်ဆိုင်းကာ နေလေ၏။ မြတ်စွာဘုရားသည်လည်း ထိုရဟန်းတို့နှင့်အတူတကွ ပဋိသန္ဓာရကထာကို ပြုပြီးလျှင် ထိုရဟန်းတို့အား အသက်ထက်ဆုံး နှလုံးသွင်းအပ် အောက်မေ့အပ်သော သာရဏီယ တရားစကားကို ဟောကြားမိန့်မြွက်တော်မူလေ၏။ တရားစကား ကြားနာရသောကြောင့် ထိုအလုံးစုံသော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ရောက်၍ ကောင်းကင်ခရီးဖြင့် ပျံတက်ကာ သွားကြလေကုန်၏။ ရှင်အာနန္ဒာမထေရ်သည် ထိုရဟန်းတို့ ကြာမြင့်လတ်ကုန်သည်ရှိသော် ဘုရားရှင်သို့ ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရား- ယခုပင်လျှင် သုံးကျိပ်မျှလောက်သော ရဟန်းတို့သည် ကြွလာကြပါကုန်၏။ ထိုရဟန်းတို့သည် အဘယ်မှာနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ချစ်သားအာနန္ဒာ- သွားကြကုန်ပြီ”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ဘယ်ခရီးဖြင့် ကြွသွားကြပါသနည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ချစ်သားအာနန္ဒာ- ကောင်းကင်ခရီးဖြင့် သွားကြကုန်၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- အသို့ပါနည်း၊ ရဟန္တာတို့ ဖြစ်ပါသလောဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ချစ်သားအာနန္ဒာ- ဟုတ်မှန်ပေ၏၊ ငါဘုရားအထံ၌ တရားနာရသောကြောင့် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏”ဟု မိန့်တော်မူလေ၏။ ထိုခဏ၌ ကောင်းကင်ခရီးဖြင့် ဟင်္သာတို့သည် ပျံသန်းလာကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားအာနန္ဒာ- အကြင်ပုဂ္ဂိုလ်သည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ကောင်းစွာ လေ့လာပွားများအပ်၏၊ ထိုပုဂ္ဂိုလ်သည် ဟင်္သာကဲ့သို့ ကောင်းကင်ခရီးဖြင့် သွားနိုင်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၇၅] ဟံသာဒိစ္စပထေ ယန္တိ၊ အာကာသေ ယန္တိ ဣဒ္ဓိယာ။
နီယန္တိ ဓီရာ လောကမှာ၊ ဇေတွာ မာရံ သဝါဟနံ။

ဟံသာ၊ ဟင်္သာငှက်တို့သည်။ အာဒိစ္စပထေ၊ နေ၏ သွားရာ ဖြစ်သော ကောင်းကင်ခရီး၌။ ယန္တိ၊ သွားကြကုန်၏။ ဣဒ္ဓိမန္တာ၊ ဣဒ္ဓိပါဒ်လေးပါး ကောင်းစွာပွားကုန်သော ပုဂ္ဂိုလ်တို့သည်။ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ အာကာသေ၊ ကောင်းကင်ခရီး၌။ ယန္တိ၊ သွားကြကုန်၏။ ဓီရာ၊ ပညာရှိတို့သည်။ သဝါဟနံ၊ စစ်သည်ဗိုလ်ပါနှင့်တကွသော။ မာရံ၊ မာရ်မင်းကို။ ဇေတွာ၊ အောင်တော်မူ၍။ လောကမှာ၊ လောကမှ။ နီယန္တိ၊ နိဗ္ဗာန်အရောက် ထွက်မြောက်ကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုံးကျိပ်သောရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၉။ စိဉ္စမာဏဝိကာမိန်းမဝတ္ထု

ဧကံ ဓမ္မံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စိဉ္စမာဏဝိကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တိတ္တိတို့၏အကြံ

ပထမဗောဓိ၌ မြတ်စွာဘုရားအား များစွာဖြစ်၍ ဖြစ်ကုန်သော သာဝကတို့သည်လည်းကောင်း၊ အတိုင်းအရှည် မရှိကုန်သော နတ်လူတို့သည်လည်းကောင်း အရိယာဘုံ အရိယာပုဂ္ဂိုလ်အဖြစ်သို့ ရောက်လတ်ကုန်သည်ရှိသော် ပျံ့နှံ့သော ဂုဏ်ကျေးဇူးအပေါင်းကြောင့် များစွာသော လာဘ်ပူဇော်သက္ကာရသည် ထင်ရှားဖြစ်လေ၏၊ တိတ္ထိတို့သည် နေထွက်သောအခါ ပိုးစုန်းကြူးနှင့်တူစွာ ဖြစ်ကြလေကုန်၏၊ ထိုတိတ္ထိတို့သည် ပျက်စီးသော လာဘ်ပူဇော်သက္ကာရ ရှိကုန်ရကား လမ်းခရီးအကြား၌ ရပ်တည်၍ “ရဟန်းဂေါတမသည်သာ ဘုရားဖြစ်သလော၊ ငါတို့သည်လည်း ဘုရားတို့တည်း၊ ထိုရဟန်းဂေါတမအားသာလျှင် လှူသော အလှူသည် အကျိုးကြီးသလော၊ ငါတို့အားလည်း လှူသော အလှူသည် အကျိုးကြီးသည်သာလျှင်တည်း၊ ငါတို့အားလည်း ပေးလှူကြကုန်လော့၊ ပူဇော်သက္ကာရကို ပြုကြကုန်လော့”ဟု လူတို့ကိုသိအောင် တောင်းရမ်းသော်လည်း လာဘ်ပူဇော်သက္ကာရကို မရသောကြောင့် ဆိတ်ကွယ်ရာအရပ်၌ စည်းဝေး၍ “အဘယ်သို့သောအကြောင်းဖြင့် ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကို လူတို့အလယ်၌ ဖြစ်စေပြီးလျှင် လာဘ်ပူဇော်သက္ကာရကို ဖျက်ဆီးကြရကုန်အံ့နည်း”ဟု ကြံစည်ကြလေကုန်၏။

ဗုဒ္ဓ၏ လာဘ်လာဘပျက်စီးရန် စိဉ္စမာဏကို အသုံးချ

ထိုအခါ သာဝတ္ထိပြည်၌ စိဉ္စမာဏဝိကာ အမည်ရှိသော ပရိဗိုဇ်မတစ်ယောက်သည် မြတ်သော လှပသော အဆင်းကို ဆောင်ယူ၏၊ တင့်တယ်ခြင်းအစုသို့ ရောက်၏။ နတ်သမီးကဲ့သို့ ထိုစိဉ္စမာဏဝိကာ၏ကိုယ်မှ အရောင်တို့သည် ထွက်ကုန်၏။ ထိုအခါ ကြမ်းကြမ်းတမ်းတမ်း တိုင်ပင်လေ့ရှိသော တိတ္ထိတစ်ဦးသည် ဤသို့ဆို၏။ “စိဉ္စမာဏဝိကာကို စွဲ၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကိုဖြစ်စေပြီးလျှင် လာဘ်ပူဇော်သက္ကာရကို ဖျက်ဆီးကြကုန်စို့အံ့”ဟု ဆိုလတ်သော် ထိုတိတ္ထိတို့သည် “ဤသို့သောအကြောင်းသည် ရှိ၏”ဟု ဝန်ခံကြလေကုန်၏။ ထိုအခါ စိဉ္စမာဏဝိကာသည် တိတ္ထိကျောင်းအာရာမ်သို့ သွား၍ ရှိခိုးလျက် တည်လေ၏။ တိတ္ထိတို့သည် ထိုစိဉ္စမာဏဝိကာနှင့်တကွ စကားမဆိုကြကုန်။ ထိုစိဉ္စမာဏဝိကာသည် “ငါ့အား အဘယ်အပြစ်ရှိသနည်း”ဟု နှလုံးသွင်း၍ သုံးကြိမ်တိုင်အောင် “အရှင်ကောင်းတို့- ရှိခိုးပါ၏ဘုရား”ဟု ဆို၍ “အရှင်ကောင်းတို့- အကျွန်ုပ်အား အဘယ်အပြစ်ရှိသနည်း၊ အကျွန်ုပ်နှင့် အတူတကွ အဘယ့်ကြောင့် မဆိုကြပါကုန်သနည်း”ဟု မေးလျှောက်လေ၏။ “နှမ-အသို့နည်း၊ ရဟန်းဂေါတမသည် ငါတို့ကို ညှဉ်းဆဲဘိ၏၊ လာဘ်ပူဇော်သက္ကာရကို ပျက်စီးအောင်ပြုလျက် သွားလာ လှည့်လည်နေသည်ကို သင်မသိလေသလော”ဟု မေးလျှင် “အရှင်ကောင်းတို့- မသိရပါ”ဟု ဆိုပြီးလျှင် “ဤအရာ၌ တပည့်တော်မသည် အဘယ်အမှုကို ပြုရပါမည်နည်း”ဟု မေးလေသဖြင့် “နှမ- သင်သည် ငါတို့ချမ်းသာခြင်းကို အကယ်၍ အလိုရှိသည်ဖြစ်အံ့၊ မိမိကိုယ်ကိုစွဲ၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကို ဖြစ်စေပြီးလျှင် လာဘ် ပူဇော်သက္ကာရကို ဖျက်ဆီးရမည်”ဟု မိန့်ဆိုလေ၏။

စိဉ္စမာဏ စွပ်စွဲပုံ

ထိုစိဉ္စမာဏဝိကာသည် “အရှင်ကောင်းတို့- ကောင်းလှပါပြီ၊ ဤတာဝန်သည် အကျွန်ုပ်၏ တာဝန်ပါတည်း။ မစိုးရိမ်ကြပါကုန်လင့်”ဟု ဆို၍ ဖဲသွားပြီးလျှင် မိန်းမတို့မာယာ၌ လိမ္မာသည်အဖြစ်ကြောင့် ထိုနေ့မှစ၍ သာဝတ္ထိပြည်သူပြည်သားတို့ တရားနာ၍ ဇေတဝန်ကျောင်းတော်မှ ထွက်လာသောခါ ပိုးပရံအဆင်းနှင့်တူသော အဝတ်ကိုရုံသဖြင့် နံ့သာပန်း စသည်ကို လက်စွဲလျက် ဇေတဝန်ကျောင်းတော်သို့ ရှေးရှုပြုကာ သွား၏။ “ဤအချိန်အခါ၌ အဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးအပ်သည်ရှိသော် “သင်တို့အား ငါသွားရာအရပ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆိုပြီးလျှင် ဇေတဝန်ကျောင်းတော်၏အနီး တိတ္ထိတို့အာရာမ်၌ နေသဖြင့် နံနက်စောစောကလျှင် “ဦးဦးဖျားဖျား ရှိခိုးခြင်းကို ရှိခိုးကြကုန်စို့အံ့”ဟု မြို့မှ ထွက်လာကုန်သော ဒါယကာအပေါင်းသည် ဇေတဝန်ကျောင်းတော်တွင်း၌ နေခဲ့လေဟန်ဖြစ်၍ မြို့သို့ ပြန်ဝင်လာသော စိဉ္စမာဏဝိကာကို “အဘယ်အရပ်၌ နေသနည်း”ဟု မေးလတ်သည်ရှိသော် “သင်တို့အား ငါ့နေရာအရပ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆိုပြီးလျှင် လခွဲလွန်သောအခါ မေးအပ်သည်ရှိသော် “ဇေတဝန်ကျောင်းတော်၌ ရဟန်းဂေါတမနှင့် အတူတကွ ဂန္ဓကုဋိတစ်ခုတည်း၌ နေ၏”ဟု ဆိုလေ၏။ ပုထုဇဉ်ဖြစ်သော လူတို့အား “ဤစိဉ္စမာဏဝိကာ ပြောသောစကားသည် ဟုတ်မှန်လေသလော၊ မမှန်လေသလော”ဟု ယုံမှားခြင်းကို ဖြစ်စေ၍လည်းကောင်း၊ သုံးလ,လေးလ လွန်သောအခါ ပုဆိုးကြမ်းတို့ဖြင့် ဝမ်းကိုရစ်ပတ်သဖြင့် ကိုယ်ဝန်ဆောင်သော အသွင်ကိုပြ၍လည်းကောင်း၊ အထက်၌ နီသောအဝတ်ပုဆိုးကို ခြုံရုံလျက် “ရဟန်းဂေါတမကိုစွဲ၍ ကိုယ်ဝန်တည်လေသည်”ဟု သူမိုက်တို့ကို ယုံကြည်စေ၍လည်းကောင်း၊ ရှစ်လ,ကိုးလ လွန်သောအခါ ဝမ်း၌ ဝန်းဝိုင်းသော သစ်သားကို ဖွဲ့သဖြင့် အထက်၌ အဝတ်ပုဆိုးကို ခြုံရုံလျက် လက်ဖမိုး,ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ထုနှက်စေပြီးလျှင် အသားမို့မို့ တက်သည်တို့ကို ပြ၍လည်းကောင်း၊ ပင်ပန်းနွမ်းနယ်သော ဣန္ဒြေရှိသည်ဖြစ်၍လည်းကောင်း၊ ညချမ်းသောအခါ မြတ်စွာဘုရားသည် တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌ နေတော်မူလျက် တရားဟောကြားတော်မူစဉ် တရားသဘင်သို့ သွားပြီးလျှင် မြတ်စွာဘုရားရှေ့၌ရပ်လျက် “ရဟန်းကြီး- လူအပေါင်းအား ရှေးဦးစွာ တရားဟောဘိ၏၊ သင်၏အသံသည် ချိုမြိန် သာယာလှပေ၏။ နှုတ်ခမ်းသည် ကောင်းစွာ စေ့စပ်ပေ၏၊ အကျွန်ုပ်သည်ကား သင့်ကိုစွဲ၍ ကိုယ်ဝန်ကို ရပြီးလျှင် ပြည့်စုံသော ကိုယ်ဝန်ရှိခဲ့လေပြီ၊ အကျွန်ုပ်အတွက် သားဖွားရာအိမ်ကို သင်မသိ၊ ထောပတ် ဆီ စသည်တို့ကိုလည်း မသိ၊ ကိုယ်တိုင်မပြုနိုင်သည်ရှိသော် အလုပ်အကျွေးတို့တွင် တစ်ယောက်ယောက်ကို ကောသလမင်းကြီးကိုဖြစ်စေ၊ အနာထပိတ်သူဌေးကြီးကို ဖြစ်စေ၊ ဝိသာခါ ဒါယိကာမကြီးကိုဖြစ်စေ ဤစိဉ္စမာဏဝိကာအား ပြုအပ်သည်နှင့်ယှဉ်သော အမှုကို ပြုပါလော့ဟု သင်မဆို၊ မွေ့လျော်ခြင်းငှာ တစ်ခုသာလျှင် သိ၏၊ ကိုယ်ဝန်၏ အစောင့်အရှောက်ကို မသိ”ဟု ဆိုလျက် မစင်တုံးကိုကိုင်ယူ၍ လဝန်းကို ဖျက်စီးအံ့သောငှာ လုံ့လပြုဘိသကဲ့သို့ ပရိသတ်လေးပါးအလယ်၌ မြတ်စွာဘုရားကို စွပ်စွဲဆဲရေးလေ၏။

စိဉ္စမာဏ မြေမျိုးခြင်း

မြတ်စွာဘုရားသည်လည်း တရားစကားကို ရပ်တံ့ထားတော်မူပြီးလျှင် ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့သော အသံတော်ကိုပြုလျက် “နှမ- သင်ဆိုသော စကား၏ မှန်သောအဖြစ်ကိုလည်းကောင်း၊ မမှန်သောအဖြစ်ကိုလည်းကောင်း ငါသည်လည်းကောင်း၊ သင်သည်လည်းကောင်း ငါနှင့်သင်သာ သိ၏”ဟု မိန့်တော်မူလေ၏။ “ရဟန်းကြီး- ဪ.. ဟုတ်မှန်လှပေ၏။ သင်သည်လည်းကောင်း၊ အကျွန်ုပ်သည်လည်းကောင်း ထိုသိသောအဖြစ်ကို အဘယ်သူတို့သည် သိနိုင်ကြကုန်အံ့နည်း”ဟု ဆိုလေ၏။ ထိုခဏ၌ သိကြားမင်း၏ နေရာဖြစ်သော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာသည် ပူလောင်သော အခြင်းအရာကိုပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိသော် စိဉ္စမာဏဝိကာ အမည်ရှိသော မိန်းမသည် မြတ်စွာဘုရားကို မဟုတ်မမှန်သောအားဖြင့် ဆဲရေး၏ဟု သိရသဖြင့် ဤအမှုကို သုတ်သင်အံ့ဟု လေးယောက်သော နတ်သားတို့နှင့် အတူတကွ သွားလေ၏။ နတ်သားတို့သည် ကြွက်ငယ်ယောင် ဆောင်ကြသည်ဖြစ်၍ သစ်သားဝန်း၏ ဖွဲ့ချည်သောကြိုးတို့ကို တစ်ပြိုင်တည်းသာလျှင် ကိုက်ဖြတ်ကြလေကုန်၏။ ခြံရုံသော အဝတ်ပုဆိုးကို လေသည် မြှောက်ပင့်လေ၏။ သစ်သားဝန်းသည် ပြုတ်ကျလတ်သည်ရှိသော် ထိုစိဉ္စမာဏဝိကာ၏ ခြေဖမိုး၌ ကျလေ၏။ နှစ်ဖက်သော ခြေဖျားတို့သည် ကျိုးကုန်၏။ လူတို့သည်လည်း “ဟယ်-သူယုတ်မ၊ ဘုရားရှင်ကို စွပ်စွဲဆဲရေးဘိ၏”ဟု ဦးခေါင်း၌ တံတွေးကိုကျစေ၍ ထွေးစွန့်၍ အုတ်ခဲ,လှံတံ အစရှိသည်တို့ လက်စွဲကုန်လျက် ဇေတဝန်ကျောင်းတော်မှ နှင်ထုတ်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရား၏ မျက်စိတော် မြင်လောက်ရာအရပ်ကို လွန်သောကာလ စိဉ္စမာဏဝိကာအား မဟာပထဝီမြေကြီးသည် ကွဲ၍ အကြားအပေါက်ကို ပေးလေ၏။ အဝီစိမှ မီးလျှံတို့သည် ထလာကုန်၏။ ထိုစိဉ္စမာဏဝိကာသည် ချစ်လှစွာသော မိဘဆွေမျိုးတို့ ပေးအပ်သော ကမ္ဗလာကို ခြုံရုံသည်အလား သွား၍ အဝီစိ၌ ဖြစ်ရရှာလေ၏။ သာသနာတော်မှအပဖြစ်သော တိတ္ထိတို့အား လာဘ်ပူဇော်သက္ကာရသည် ဆုတ်ယုတ်ရှာလေ၏။ မြတ်စွာဘုရားအား အတိုင်းထက်အလွန် တိုးပွားလေ၏။ တစ်ဖန် မိုးသောက်သောနေ့၌ တရားသဘင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့- စိဉ္စမာဏဝိကာသည် ဤသို့ ပြန့်ပြောသော ဂုဏ်ကျေးဇူးရှိသည်ဖြစ်၍ မြတ်သောအလှူကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို မဟုတ်မမှန်သောစကားဖြင့် စွပ်စွဲ ဆဲရေးခြင်းကြောင့် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရရှာလေ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။

မဟာပဒုမဇာတ် အမြွက်

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာတော်မူဆဲအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤစိဉ္စမာဏဝိကာသည် ငါ့ကို မဟုတ်မမှန်သောစကားဖြင့် စွပ်စွဲဆဲရေးခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍-

နာဒိဋ္ဌာ ပရတော ဒေါသံ၊ အဏုံ ထူလာနိ သဗ္ဗသော။
ဣဿရော ပဏယေ ဒဏ္ဍံ၊ သာမံ အပ္ပဋိဝေက္ခိယ။

ဣဿရော၊ ရေမြေသနင်း ပြည့်ရှင်မင်းသည်။ ပရတော ပရဿ၊ သူတစ်ပါး၏။ ဒေါသံ၊ အပြစ်ကို။ အဒိဋ္ဌာ၊ မမြင်မူ၍။ သဗ္ဗသော-သဗ္ဗာနိ၊ အလုံးစုံကုန်သော။ အဏုံထူလာနိ၊ ငယ်သောအပြစ် ကြီးသောအပြစ်တို့ကို။ သာမံ၊ ကိုယ်တိုင်။ အပ္ပဋိဝေက္ခိယ၊ မျက်မှောက်ထင်ထင် မဆင်ခြင်မူ၍။ ဒဏ္ဍံ၊ ဒဏ်ကို။ န ပဏယေ၊ မဖြစ်စေရာ မထားရာ။

(မဟာသမ္မတမင်းလက်ထက်၌ တစ်ရာထက်လွန်သော ဒဏ်မရှိ။ နှင်ထုတ်ခြင်းထက်အလွန် လက်ဖြတ် ခြေဖြတ်သတ်ခြင်းမည်သည် မရှိ။ နောက်မင်းကြီးတို့ လက်ထက်၌ ထိုအလုံးစုံ ဖြစ်လာ၏။ ထိုဒဏ်ကို ရည်စူး၍ အမတ်တို့ ဆိုကြသည်ဟု ဒွါဒသနိပါတ်ဇာတ် အဋ္ဌကထာ၌ ဆိုသည်။)

ဒွါဒသနိပါတ်၌ ဤမဟာပဒုမဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ ထိုအခါ၌ ဤစိဉ္စမာဏဝိကာသည် ဘုရားလောင်း မဟာပဒုမမင်းသား၏ မယ်တော်၏ ရန်သူ။ ဝါ၊ လင်တူမင်းကြီး၏ နောက်မိဖုရားကြီးဖြစ်၍ ဘုရားလောင်းကို မသူတော်တို့၏တရားဖြင့် ဖိတ်ကြား ဖြားယောင်းသဖြင့် ထိုမင်းသား၏စိတ်ကို မရလေသောကြောင့် မိမိကိုယ်တိုင်သာလျှင် မိမိကိုယ်၌ ဖောက်ပြန်သော အခြင်းအရာကို ပြုပြီးလျှင် လူနာအသွင်ကိုပြလျက် “သင်မင်းကြီး၏ သားတော်သည် အလိုမပါသော ဘုရားနှမတော်ကို ဤသို့သော ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်စေပါသည်ဘုရား”ဟု မင်းကြီးအား သံတော်ဦးစကား လျှောက်ကြားလေ၏။ မင်းကြီးသည် အမျက်တော်ရှိ၍ ဘုရားလောင်းကို ခိုးသူတို့ပစ်ချရာ ချောက်၌ ပစ်ချလေ၏။ ထိုအခါ ဘုရားလောင်းကို တောင်ဝှမ်း၌စောင့်သော နတ်သည် ခံယူ၍ နဂါးမင်း၏ ပါးပျဉ်းဟူသော တိုက်ခန်း၌ ထားလေ၏။ နဂါးမင်းသည် ထိုပဒုမမင်းသားကို နဂါးပြည်သို့ဆောင်၍ ထက်ဝက်သော ပြည်စည်းစိမ်ဖြင့် ကောင်းစွာ ဆောင်နှင်းလေ၏။

ထိုဘုရားလောင်းသည် နဂါးပြည်၌ တစ်နှစ်ပတ်လုံး နေပြီးလျှင် ရသေ့ရဟန်းပြုလိုရကား ဟိမဝန္တာတောအရပ်သို့ ရောက်သွား၍ ရသေ့ရဟန်းပြုလျက် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေတော်မူလေ၏။ ထိုအခါ ဘုရားလောင်းရသေ့ကို တောသွားမုဆိုးတစ်ယောက်သည် မြင်၍ မင်းကြီးအား လျှောက်ကြားလေ၏။ မင်းကြီးသည် ထိုဘုရားလောင်း ရသေ့ထံသို့ သွားသဖြင့် ပြုအပ်သော အစေ့အစပ်ရှိသည်ဖြစ်၍ အလုံးစုံသော ထိုအကြောင်းအရာကို ပြန်ပြောင်း၍ သိတော်မူရလျှင် ဘုရားလောင်းကို ပြည်စည်းစိမ်ဖြင့် ဖိတ်၍ ဘုရားလောင်းရသေ့က “အကျွန်ုပ်အား ပြည်စည်းစိမ်ဖြင့် ပြုဖွယ်ကိစ္စမရှိ၊ သင်မင်ကြီးသာ မင်းကျင့်တရား ဆယ်ပါးတို့ကို မပျက်စေမူ၍ အဂတိတရား လေးပါးကို ပယ်စွန့်လျက် တရားသဖြင့် မင်းပြုပါလော့”ဟု ဆုံးမလေရကား မင်းကြီးသည် နေရာမှထ၍ ငိုကြွေးမြည်တမ်းလျက် မြို့တော်သို့ ပြန်သွားစဉ် လမ်းခရီးအကြား၌ အမတ်တို့ကို ဘုရင်မင်းမြတ်သည် “အဘယ်သူကိုမှီ၍ ဤသို့အကျင့်အာစာရနှင့် ပြည့်စုံသော သားကောင်းရတနာနှင့် ကွေကွင်းခြင်းသို့ ရောက်ရဘိသနည်း”ဟု မေးလေ၏။

“အရှင်မင်းကြီး- မိဖုရားကြီးကြောင့် ကွေကွင်းရပါသည်ဘုရား”ဟု လျှောက်တင်ကြလေကုန်သော် မင်းကြီးသည် မိဖုရားကို ဦးခေါင်းစောက်ထိုး ခြေမိုးမျှော် ကိုင်လျက် ခိုးသူတို့ကို ပစ်ချရာချောက်၌ ပစ်ချစေပြီးမှ မြို့တော်သို့ ဝင်ပြီးလျှင် တရားသဖြင့် မင်းပြုစေလေ၏။ ထိုအခါ မဟာပဒုမ မင်းသားကား ဘုရားလောင်းဖြစ်လေ၏၊ မယ်တော်၏ရန်သူ၊ ဝါ၊ လင်တူဖြစ်သော မိဖုရားကား စိဉ္စမာဏဝိကာ ဖြစ်လေ၏ဟု မြတ်စွာဘုရားသည် ဤအကြောင်းကို ဟောတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- တစ်ခုသောတရားဟု ဆိုအပ်သော မှန်သောစကားကို စွန့်၍ မမှန်သောစကား၌ တည်လျက် စွန့်လွှတ်အပ်သော တမလွန်လောက ရှိသောသူတို့အား မပြုနိုင်သော မကောင်းမှုမည်သည် မရှိ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၇၆] ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော။
ဝိတိဏ္ဏပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။

ဧကံ ဓမ္မံ၊ တစ်ခုသော သစ္စာတရားကို။ အတီတဿ၊ လွန်သော။ မုသာဝါဒိဿ၊ ဆယ်ခွန်းတစ်ခွန်းမျှမမှန် မဟုတ်မမှန်သောစကားကို ဆိုလေ့ရှိသော။ ဝိတိဏ္ဏပရလောကဿ၊ စွန့်လွှတ်အပ်သော တမလွန်လောကရှိသော။ ဇန္တုနော၊ သတ္တဝါအား။ အကာရိယံ၊ မပြုအပ်သည်မည်သော။ ပါပံ၊ မကောင်းမှုကံသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

စိဉ္စမာဏဝိကာမိန်းမဝတ္ထုပြီး၏။

֍ * ၁၀။ အသဒိသဒါနဝတ္ထု

န ဝေ ကဒရိယာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အတုမရှိသော အလှူကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အလှူပြိုင်ပွဲကြီး

တစ်ပါးသောအခါ မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူပြီးလျှင် ငါးရာသောရဟန်းတို့ ခြံရံလျက် ဇေတဝန်ကျောင်းတော်သို့ ဝင်တော်မူလေ၏။ ကောသလမင်းကြီးသည် ဇေတဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ပင့်ဖိတ်သဖြင့် နောက်နေ့၌ အာဂန္တုကဒါနကို စီရင်ပြီးလျှင် “ငါ၏အလှူကို ကြည့်ရှုကြစမ်းလော့”ဟု ပြည်သူပြည်သားတို့ကို ခေါ်လေ၏။ ပြည်သူပြည်သားတို့သည် လာလတ်၍ မင်း၏အလှူကို မြင်ကြရသဖြင့် နောက်တစ်နေ့၌လည်း ပြည်သူပြည်သားတို့သည် မြတ်စွာဘုရားကို ပင့်ဖိတ်၍ အလှူကို စီရင်ပြီးလျှင် “အရှင်မင်းကြီး- အရှင့်ကျွန်တော်မျိုးတို့၏ အလှူကိုလည်း ရှုစားတော်မူပါဦး”ဟု မင်းကြီးအထံ စေလွှတ်ကြပြန်ကုန်၏။ မင်းကြီးသည် ထိုပြည်သူပြည်သားတို့၏ အလှူကို မြင်တော်မူရလျှင် “ဤပြည်သူပြည်သားတို့ကား ငါ့အလှူထက် အလွန့်အလွန် ပိုလွန်အောင် ပြုဘိ၏။ တစ်ဖန် အလှူကို ပြုဦးအံ့”ဟု နောက်တစ်နေ့၌လည်း အလှူကို စီရင်ပြန်လေ၏။ ပြည်သူပြည်သားတို့သည်လည်း ထိုမင်းကြီး၏အလှူကို မြင်ပြန်လျှင် နောက်တစ်နေ့၌ စီရင်ကြပြန်ကုန်၏၊ ဤသို့လျှင် မင်းကြီးသည် ပြည်သူပြည်သားတို့ကို ရှုံးစေခြင်းငှာ မတတ်နိုင်၊ ပြည်သူပြည်သားတို့သည်လည်း မင်းကြီးကို ရှုံးစေခြင်းငှာ မတတ်နိုင်ကြကုန်၊ ထိုအခါ ခြောက်ကြိမ်မြောက် လှူရာ၌ ပြည်သူပြည်သားတို့သည် အဆအရာ,အထောင် တိုးပွားစေ၍ အကြင်အခြင်းအရာနှင့် စီရင်သည်ရှိသော် ဤမည်သော အလှူဝတ္ထုသည် ဤသူတို့၏အလှူ၌ မရှိဟူ၍ ဆိုခြင်းငှာ မတတ်ကောင်း၊ ထိုအခြင်းအရာဖြင့် အလှူကို စီရင်ကြကုန်၏။ မင်းကြီးသည် ထိုပြည်သူပြည်သားတို့၏အလှူကို မြင်လျှင် “ငါကား ဤပြည်သူပြည်သားတို့၏ အလှူထက် လွန်အောင် ပြုခြင်းငှာ အကယ်၍ မတတ်နိုင်သည်ဖြစ်အံ့၊ ငါ့အား အသက်ရှည်နေသဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း”ဟု အကြောင်းဥပါယ်ကို ကြံစည်လျက် စက်တော်ခေါ်လေ၏။

မလ္လိကာမိဖုရား အစီအမံ ကျွမ်းကျင်ခြင်း

ထိုအခါ မင်းကြီးသို့ မလ္လိကာမိဖုရားသည် ချဉ်းကပ်၍ “မြတ်သောမင်းကြီး- အဘယ့်ကြောင့် ဤသို့ စက်တော်ခေါ်ဘိသနည်း၊ အဘယ့်ကြောင့် သင်မင်းကြီး၏ ဣန္ဒြေတို့သည် ပင်ပန်းသကဲ့သို့ ဖြစ်ဘိသနည်း”ဟု မေးလေ၏။ မင်းကြီးသည် မိဖုရားအား “ယခု သင်-မသိလေသလော”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- မသိရသေးပါ”ဟု လျှောက်တင်လတ်သော် မင်းကြီးသည် မလ္လိကာမိဖုရားအား ထိုအကြောင်းကို ပြောကြားလေ၏။ ထိုအခါ မင်းကြီးကို မလ္လိကာမိဖုရားသည် “အရှင်မင်းကြီး- စိတ်မပူပါလင့်၊ အသို့နည်း၊ မြေကိုအစိုးရသော မင်းကြီးကို ပြည်သူပြည်သားတို့က ရှုံးစေအပ်သည်ကို အရှင်မင်းကြီး မြင်ဖူးပါသလော၊ ကြားဖူးပါသလော၊ အကျွန်ုပ်သည် အရှင်မင်းကြီး၏အလှူကို ကောင်းစွာ စီရင်ပေးပါမည်”ဟု ဆိုလေ၏။ မလ္လိကာမိဖုရားသည် အတုမရှိသော အသဒိသအလှူကို စီရင်လိုသောကြောင့် ဤသို့ဆိုပြီးလျှင် “မြတ်သောမင်းကြီး- သာလကလျာဏီမည်သော ကြောင်လျှာသား နံပဲသားပျဉ်ချပ်တို့ဖြင့် ငါးရာကုန်သော ရဟန်းတို့၏အလို့ငှာ အကွေ့အတွင်း၌ နေရာမဏ္ဍပ်ကို ပြုစေပါလော့၊ ကြွင်းကုန်သော ရဟန်းတို့သည် အကွေ့အပ၌ နေကြပါကုန်လတ္တံ့၊ ထီးဖြူငါးရာတို့ကို ပြုစေပါလော့၊ ထိုထီးဖြူတို့ကိုကိုင်လျက် ငါးရာသော ဆင်တို့သည် ငါးရာသောရဟန်းတို့၏ ဦးထိပ်တော်ထက်၌ ဆောင်းကုန် မိုးကုန်လျက် တည်ကြရကုန်လတ္တံ့၊ ရှစ်စင်းဖြစ်စေ, ဆယ်စင်းဖြစ်စေ ရွှေနီပုဇွန်ခွံအုပ်သော လှေတော်တို့ကို ပြုစေပါလော့၊ ထိုလှေတော်တို့သည် မဏ္ဍပ်အလယ်၌ ဖြစ်ကုန်လတ္တံ့၊ နှစ်ပါး,နှစ်ပါးသော ရဟန်းတော်တို့၏အကြား၌ တစ်ယောက်, တစ်ယောက်သော မင်းသမီးတို့သည် နေကုန်လျက် နံ့သာကို ကြိတ်ကုန် သွေးကုန်ရလတ္တံ့၊ တစ်ယောက်,တစ်ယောက်သော မင်းသမီးတို့သည် ယပ်ကို ကိုင်လျက် နှစ်ပါး,နှစ်ပါးသော ရဟန်းတို့ကို ယပ်ခပ်ကာ တည်နေကြရကုန်လတ္တံ့၊ ကြွင်းသော မင်းသမီးတို့သည် သွေးတိုင်း သွေးတိုင်းကုန်သော နံ့သာတို့ကို ဆောင်ယူ၍ ရွှေလှေတို့၌ ထည့်ကြရကုန်လတ္တံ့၊ ထိုမင်းသမီးတို့တွင် အချို့သော မင်းသမီးတို့သည် ကြာညိုစည်းတို့ကို ကိုင်ယူ၍ ရွှေလှေတို့၌ ထည့်အပ်သော နံ့သာတို့ကို မွှေနှောက်သဖြင့် အထုံအနံ့ကို ယူစေကြရကုန်လတ္တံ့၊ ပြည်သူပြည်သားတို့အား မင်းသမီးတို့သည်လည်း မရှိကုန်၊ ထီးဖြူတို့သည်လည်းကောင်း၊ ဆင်တို့သည်လည်းကောင်း မရှိကုန်။ ဤအကြောင်းတို့ဖြင့် ပြည်သူပြည်သားတို့ ရှုံးကြရကုန်လတ္တံ့၊ မြတ်သောမင်းကြီး- ဤသို့ ပြုတော်မူပါလော့”ဟု လျှောက်တင်လေ၏။

ဆင်ဆိုးနှင့် အင်္ဂုလိမာလမထေရ်

မင်းကြီးသည် “မိဖုရားကြီး- ကောင်းလှပေစွ၊ သင့်စကားသည် သင့်လျော်သော သဘောရှိ၏”ဟု ဆို၍ မိဖုရားဆိုသော နည်းအားဖြင့် အလုံးစုံကို ပြုစေလေ၏။ တစ်ပါးသော ရဟန်းအလို့ငှာ ဆင်တစ်စီး မလောက်ဘဲ ရှိလေ၏။ ထိုအခါ မင်းကြီးသည် မလ္လိကာမိဖုရားကို “အဘယ်မိဖုရား- တစ်ပါးသော ရဟန်းအလို့ငှာ ဆင်တစ်စီး မလောက်၊ လိုနေသည်၊ အဘယ်သို့ ပြုကြရကုန်အံ့နည်း”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- ဆင်ငါးရာတို့သည် မရှိကုန်သလော”ဟု မေးလတ်သော် “မိဖုရား- ရှိ၏”ဟု ဆိုပြီးလျှင် “ကြွင်းသောဆင်တို့ကား ဆင်ကြမ်း ဆင်ပျက်တို့ ဖြစ်ကုန်၏။ ထိုဆင်တို့သည် ရဟန်းတို့ကို မြင်လျှင်မြင်ချင်း ဝေရမ္ဘမည်သော လေနီကြမ်းကဲ့သို့ ကြမ်းတမ်းကြကုန်၏”ဟု ဆိုလေ၏၊ “အရှင်မင်းကြီး- အကျွန်ုပ်သည် တစ်စီးသော ကြမ်းသော ဆင်ငယ်၏ ထီးကိုကိုင်လျက် ရပ်တည်သင့်သော နေရာဌာနကို သိပါ၏”ဟု လျှောက်ဆိုလတ်သော် “ထိုဆင်ကြမ်းကို အဘယ်နေရာဌာန၌ ထားရမည်နည်း”ဟု မေးပြန်လေ၏။ “အရှင်အင်္ဂုလိမာလမထေရ်မြတ်၏ အထံတော်၌ ထားပါလော့”ဟု ဆိုလတ်သော် မင်းကြီးသည် မလ္လိကာမိဖုရားဆိုတိုင်း ပြုစေရလေ၏၊ ဆင်ငယ်သည် အမြီးကို ပေါင်ကြား၌သွင်း၍ နားနှစ်ဖက်တို့ကို ချပြီးလျှင် မျက်စိတို့ကို စုံမှိတ်လျက် တည်နေလေ၏။ လူများအပေါင်းသည် “ဤသို့သဘောရှိသည်မည်သော ဆင်ကြမ်းအား ကြောက်ဖွယ်ဘေးရန်မရှိအောင် ပြုလုပ်နိုင်ပေစွတကား”ဟု ဆင်ကိုသာလျှင် ကြည့်ရှုကြလေကုန်၏။

တစ်ဆယ့်လေးကုဋေ အလှူကြီးဖြစ်သော်လည်း လေးပါဒမျှ ဟောခြင်း

မင်းကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို ဆွမ်းလုပ်ကျွေးပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်၏ ဤအလှူရုံမဏ္ဍပ်၌ အပ်သော ဘဏ္ဍာကိုလည်းကောင်း၊ မအပ်သော ဘဏ္ဍာကိုလည်းကောင်း အလုံးစုံကို ရှင်တော်မြတ်ဘုရားတို့အားသာလျှင် လှူပါ၏ဘုရား”ဟု လျှောက်လေ၏။

(ထိုအလှူ၌ တ‌စ်နေ့ချင်းဖြင့်သာလျှင် စွန့်အပ်သောဥစ္စာကား တစ်ဆယ့်လေးကုဋေ ဖြစ်၏။ မြတ်စွာဘုရားအလို့ငှာ လှူဒါန်းသော ထီးဖြူ၊ ထိုင်တော်မူရာ ပလ္လင်၊ သပိခြေ၊ ခြေဆေးအင်းပျဉ် ဤလေးပါးသော အလှူဝတ္ထုတို့သည် အဖိုမဖြတ်နိုင်အောင် ထိုက်တန်ကုန်သည်သာလျှင်တည်း။ တစ်ဖန် ဤသို့သဘောရှိသော အမှုကို ပြုလုပ်၍ မြတ်စွာဘုရားတို့အား လှူခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိပြီ။ ထို့ကြောင့်သာလျှင် ဤအလှူသည် အတုမရှိသော အသဒိသအလှူဟု ထင်ရှားလေ၏။ ထိုအသဒိသအလှူသည် အလုံးစုံသော ဘုရားရှင်တို့အား တစ်ကြိမ်ဖြစ်မြဲ ဟူသတတ်။ ထိုအလုံးစုံသော အသဒိသအလှူတို့အားလည်း မိန်းမသည်သာလျှင် စီရင်သတတ်။)

ထိုကောသလမင်းကြီးအား ကာလအမတ်, ဇုဏှအမတ်ဟူ၍ အမတ်နှစ်ယောက် ရှိကုန်၏။ ထိုအမတ်နှစ်ယောက်တို့တွင် ကာလအမတ်သည် “ဪ.. မင်းမျိုး၏ ဥစ္စာဆုတ်ယုတ်ခြင်းသာ ဖြစ်လေစွတကား။ တစ်ရက်ချင်းဖြင့်သာလျှင် တစ်ဆယ့်လေးကုဋေသော ဥစ္စာသည် ကုန်ခန်းခြင်းသို့ ရောက်ရှိလေ၏။ ဤရဟန်းတို့သည် ဤအလှူကို သုံးဆောင်းပြီးလျှင် သွား၍ လျောင်းကာ ကျိန်းစက်ကြကုန်လတ္တံ့။ ဪ..မင်းမျိုးသည် ပျက်စီးရရှာလေစွတကား”ဟု ကြံလေ၏။ ဇုဏှအမတ်သည်ကား “မင်းကြီး၏အလှူသည် ဪ..ကောင်းစွာ ပေးလှူအပ်သော အလှူဖြစ်ပေစွတကား၊ မင်းအဖြစ်၌ မတည်သောသူသည် ဤသို့ သဘောရှိသော အလှူကို ပေးလှူခြင်းငှာ မတတ်ကောင်း၊ ခပ်သိမ်းသော သတ္တဝါတို့အား အလှူ၏အဖို့ကို မပေးသောမည်သည် မရှိ၊ ငါသည်ကား ဤအလှူကို ဝမ်းမြောက်ရပေတော့အံ့”ဟု ကြံလေ၏။ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးသောအဆုံး၌ မင်းကြီးသည် အနုမောဒနာတရား ဟောကြားစိမ့်သောငှာ မြတ်စွာဘုရား၏ သပိတ်တော်ကို ယူလေ၏။ ဘုရားရှင်သည် “ဤမင်းကြီးကား ကြီးစွာသော ရေအလျဉ်ကို ဖြစ်စေသော ယောက်ျားကဲ့သို့ ကြီးစွာသောအလှူကို ပေးလှူဘိ၏။ လူများအပေါင်းသည် စိတ်ကို ကြာ်ညိုစေခြင်းငှာ တတ်နိုင်လေသလေ၊ ထိုသို့မဟုတ် မတတ်နိုင်လေသလော”ဟု ကြံစည်တော်မူလေ၏။ မြတ်စွာဘုရားသည် ထိုအမတ်နှစ်ယောက်တို့၏ စိတ်အကြံကို သိတော်မူ၍ “မင်းကြီး၏အလှူဒါနအား လျောက်ပတ်သော အနုမောဒနာတရားကို အကယ်၍ ပြုအပ်သည်ဖြစ်အံ့၊ ကာလအမတ်၏ဦးခေါင်းသည် ခုနစ်စိတ် ကွဲလတ္တံ့၊ ဇုဏှအမတ်သည် သောတာပတ္တိဖိုလ်၌ တည်လတ္တံ့”ဟု သိတော်မူရသဖြင့် ကာလအမတ်၌ အစဉ်သနားခြင်းကို စွဲ၍ ဤသို့သဘောရှိသော အလှူကို ပေးလှူ၍ တည်သော မင်းကြီးအား လေးပါဒရှိသော ‌ဂါထာကိုသာလျှင် မိန့်တော်မူပြီးလျှင် နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။

ဆင်ဆိုးကိုမကြောက်သော အင်္ဂုလိမာလမထေရ်

ရဟန်းတို့သည် အင်္ဂုလိမာလမထေရ်ကို “ငါ့ရှင်- အသို့နည်း၊ ထီးကိုကိုင်ဆောင်းလျှက် တည်နေသော ဆင်ကြမ်းကို မြင်ရသောကြောင့် ကြောက်သလော”ဟု မေးကြလေကုန်၏။ “ငါ့ရှင်တို့- မကြောက်ပါ”ဟု ဆိုလတ်သော် ထိုရဟန်းတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “မြတ်စွာဘုရား- အင်္ဂုလိမာလမထေရ်သည် အရဟတ္တဖိုဘ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- အင်္ဂုလိမာလမထေရ်သည် မကြောက်၊ ရဟန္တာဥသဘတို့အလယ်၌ ကြီးသော ဥသဘဖြစ်ကုန်သော ငါ့သားနှင့်‌တူသော ရဟန်းတို့သည် မကြောက်ကြကုန်”ဟု မိန့်တော်မူပြီးလျှင် ဗြာဟ္မဏဝဂ်၌ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဥသဘံ ပဝရံ ဝီရံ၊ မဟေသိံ ဝိဇိတာဝိနံ။
အနေဇံ နှာတကံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဥသဘံ၊ မကြောက်မရွံ့ခြင်းကြောင့် ဥသဘနှင့်တူထသော။ ပဝရံ၊ မြတ်တော်မူထသော။ ဝီရံ၊ ခိုင်မြဲသော လုံ့လဝီရိယ ရှိတော်မူထသော။ မဟေသိံ၊ သီလက္ခန္ဓစသည့် ကျေးဇူးဂုဏ်အထူးကို ဆည်းပူးရှာမှီးလေ့ရှိထသော။ ဝိဇိတာဝိနံ၊ အောင်အပ်သော မာရ်သုံးပါးရှိထသော။ အနေဇံ၊ ဧဇာမည်သော တဏှာကင်းထသော။ နှာတကံ၊ ဆေးကြောသုတ်သင်အပ်သော ကိလေသာ ရှိထသော။ ဗုဒ္ဓံ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးထသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

လေးပါဒဂါထာသာ အနုမောဒနာ၍

မင်းကြီးသည်လည်း နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ “ဤသို့ သဘောရှိသည်မည်သော ပရိသတ်ဖြင့် အလှူကိုပေးလှူလျက် တည်သော ငါ့အား လျောက်ပတ်သော အနုမောဒနာတရား ဟောကြားခြင်းကို မပြုမူ၍ ဂါထာတစ်ခုမျှကိုသာ မိန့်တော်မူပြီးလျှင် ဘုရားရှင်သည် နေရာမှထ၍ ကြွသွားတော်မူလေ၏၊ ငါသည် မြတ်စွာဘုရားအား လျောက်ပတ်သောအလှူကို မပြုမူ၍ မလျောက်ပတ်သောအလှူကို ပြုမိသည်ဖြစ်လတ္တံ့၊ အပ်သောဘဏ္ဍာကို မပေးလှူမူ၍ မအပ်သောဘဏ္ဍာကို ပေးလှူမိသည်လည်း ဖြစ်ပေလတ္တံ့၊ မြတ်စွာဘုရားသည် ငါ့အား အမျက်ထွက်တော်မူသည် ဖြစ်တန်ရာ၏”ဟူ၍ လည်းကောင်း၊ “ဤသို့သော အသဒိသအလှူ မည်သည်ကား အလှူအားလျော်စွာ အနုမောဒနာကို ပြုခြင်းငှာ သင့်လျော်၏”ဟူ၍ လည်းကောင်း ကြံစည်ပြီးလျှင် ကျောင်းတော်သို့ သွားသဖြင့် ဘုရားရှင်ကို ရှိခိုး၍ “မြတ်စွာဘုရား- ဒကာတော်သည် လှူအပ်သည်နှင့် စပ်သော အလှူဒါနကို မလှူမိပါသလော၊ ထိုသို့မဟုတ် အလှူအားလျော်စွာ အပ်သောဘဏ္ဍာကို မလှူမူ၍ မအပ်သော ဘဏ္ဍာကို လှူမိပါသလောဘုရား”ဟု ဤစကားကို လျှောက်ကြားလေ၏။ “မြတ်သောမင်းကြီး- ဤအကြောင်းကား အဘယ်နည်း”ဟု မေးတော်မူလတ်သော် “ရှင်တော်ဘုရားတို့သည် ဒကာတော်အား အလှူနှင့်လျော်စွာ တရားအနုမောဒနာကို မပြုပါဘုရား”ဟု လျှောက်ကြားလေ၏။ “မြတ်သောမင်းကြီး- သင်မင်းကြီးသည် သင့်လျော် လျောက်ပတ်သည်သာလျှင်ဖြစ်သော အလှူကို လှူဘိ၏၊ ထိုစကား မှန်၏၊ ဤအသဒိသအလှူ မည်သည်ကား တစ်ဆူသောဘုရားရှင်အား တစ်ကြိမ်သာလျှင် ပေးလှူခြင်းငှာ တတ်ကောင်း၏၊ တစ်ဖန် ဤသို့သဘောရှိသော အလှူမည်သည်ကို ပေးလှူနိုင်ခဲ၏”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ထိုသို့ဖြစ်ပါလျှင် အဘယ့်ကြောင့် ဒကာတော်အား အလှူနှင့်လျော်စွာ တရားအနုမောဒနာကို ပြုတော်မမူပါဘိသနည်းဘုရား”ဟု လျှောက်ကြားလေ၏။

ပရိသတ် မစင်ကြယ်

“မြတ်သောမင်းကြီး- ပရိသတ် မစင်ကြယ်သည့်အဖြစ်ကြောင့် ပြုတော်မမူ”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ပရိသတ်၏အပြစ်ကား အဘယ်ပါနည်းဘုရား”ဟု လျှောက်ပြန်လေ၏။ ထိုအခါ ကောသလမင်းကြီးအား မြတ်စွာဘုရားသည် နှစ်ယောက်သော အမတ်တို့၏ စိတ်အကြံကို မိန့်ကြားတော်မူပြီးလျှင် ကာလအမတ်၌ အစဉ်သနားသည်ကိုစွဲ၍ အနုမောဒနာပြုသည့်အဖြစ်ကို မိန့်ကြားတော်မူလေ၏။

ကာလအမတ်ကိုနှင်၍ ဇုဏှအမတ်အား မင်းစည်းစိမ်ပေး

မင်းကြီးသည်လည်း “အချင်း ကာလ်အမတ်- သင်-ဤသို့ ကြံစည် အောက်မေ့သောဟူသည် မှန်သလော”ဟု မေးတော်မူ၍ “မှန်ပါသည်”ဟု လျှောက်တင်လတ်သည်ရှိသော် “သင်၏ဥစ္စာကို မယူမူ၍ ငါ့သားမယားတို့နှင့်တကွ ငါသည် မိမိဥစ္စာကို ပေးလှူရာ သင့်အား အဘယ်နှိပ်စက်ခြင်း ရှိသနည်း၊ သင်-သွားလေလော့၊ အကြင်စည်းစိမ်ကို သင့်အား ငါပေးအပ်ပြီ၊ ထိုစည်းစိမ်သည် ပေးပြီးတိုင်းသာလျှင် ဖြစ်စေ” ဟူ၍လည်းကောင်း၊ “ငါ၏တိုင်းပြည်မှ ထွက်လော့” ဟူ၍လည်းကောင်း ဆို၍ ထိုကာလအမတ်ကို တိုင်းပြည်မှ နှင်ထုတ်ပြီးလျှင် ဇုဏှအမတ်ကို ခေါ်စေသဖြင့် “သင်-ဤသို့ ကြံအောက်မေ့သောဟူသည် မှန်သလော”ဟု မေးတော်မူ၍ “မှန်ပါသည်”ဟု လျှောက်တင်လတ်သည်ရှိသော် “ဦးရီး- ကောင်းလှပေ၏၊ အကျွန်ုပ်သည် ကြည်ညိုသောစိတ် ရှိ၏၊ သင် ဇုဏှအမတ်သည် ငါ့ပရိသတ်ကိုယူ၍ ငါပေးလှူသော နည်းအားဖြင့်သာလျှင် ခုနစ်ရက်ပတ်လုံး အလှူကို ပေးလှူပါလော့”ဟု ခုနစ်ရက် ပြည်စည်းစိမ်ကို ဆောင်နှင်းပေးအပ်ပြီးလျှင် “မြတ်စွာဘုရား- မလိမ္မာသောသူ၏ အမူအရာကို ကြည့်တော်မူစမ်းကြပါဦးဘုရား၊ ဒကာတော်သည် ဤသို့ ပေးလှူအပ်သော အလှူ၌ ပုတ်ခတ်ခြင်းကို ပေးပါဘိသည်ဘုရား”ဟု မြတ်စွာဘုရားကို လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- ဟုတ်မှန်ပေ၏။ သူမိုက်တို့မည်သည်ကား သူတစ်ပါး၏အလှူကို နှစ်သက်ဝမ်းမြောက်ခြင်းကို မပြုနိုင်သဖြင့် ဒုဂ္ဂတိသို့သာ လားစရာ ရှိရှာကြလေကုန်၏ ၊ ပညာရှိတို့သည်ကား သူတစ်ပါးတို့၏ အလှူကိုသော်လည်း နှစ်သက်ဝမ်းမြောက်၍ နတ်ပြည်သို့သာ လားစရာ ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၇၇] န ဝေ ကဒရိယာ ဒေဝလောကံ ဝဇန္တိ၊
ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ။
ဓီရော စ ဒါနံ အနုမောဒမာနော၊
တေနေဝ သော ဟောတိ သုခီ ပရတ္ထ။

ကဒရိယာ၊ ဝန်တိုကုန်သော သူတို့သည်။ ဝေ၊ စင်စစ်။ ဒေဝလောကံ၊ နတ်ပြည်သို့။ န ဝဇန္တိ၊ မရောက်နိုင်ကြကုန်။ ဗာလာ၊ မျက်မှောက် တမလွန် နှစ်တန်ဘဝ မသိကြကုန်သော သူတို့သည်။ ဟဝေ၊ စင်စစ်။ ဒါနံ၊ အလှူကို။ နပ္ပသံသန္တိ၊ မချီးမွမ်းနိုင်ကြကုန်။ ဓီရော စ၊ ပညာရှိသည်သာလျှင်။ ဒါနံ၊ အလှူကို။ အနုမောဒမာနော၊ ဝမ်းမြောက်နိုင်၏။ တေနေဝ၊ ထို့ကြောင့်သာလျှင်။ သော ဓီရော၊ ထိုပညာရှိသည်။ ပရတ္ထ၊ တမလွန်ဘဝ၌။ သုခီ၊ ချမ်းသာခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ဇုဏှအမတ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏၊ ဇူဏှအမတ်သည်လည်း သောတာပန်ပုဂ္ဂိုလ်ဖြစ်၍ ခုနစ်ရက်ပတ်လုံး မင်းကြီး အလှူလှူသော နည်းအားဖြင့်သာလျှင် အလှူကို ပေးလှူလေ၏။

အသဒိသဒါနဝတ္ထု ပြီး၏။

֍ * ၁၁။ အနာထပိဏ်သူဌေး၏ သားဖြစ်သော ကာလသတို့သားဝတ္ထု

ပထဗျာ ဧကရဇ္ဇေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေးကြီး၏ သားဖြစ်သော ကာလအမည်ရှိသော သတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အသပြာရလိုမှုဖြင့် ဥပုသ်အတု စောင့်ခြင်း

ထိုကာလသတို့သားသည် ထိုသို့သဘောရှိသော သဒ္ဓါခြင်းနှင့်ပြည့်စုံသော သူဌေးကြီး၏ သားဖြစ်လျက် မြတ်စွာဘုရား၏ အထံတော်သို့ သွားခြင်းငှာလည်း အလိုမရှိ။ အိမ်သို့ ကြွလာသောအခါ၌ ဖူးမြင်ခြင်းငှာလည်း အလိုမရှိ။ တရားကိုနာခြင်းငှာလည်း အလိုမရှိ။ သံဃာတော်၏ အမှုကြီးငယ်ကို ပြုခြင်းငှာလည်း အလိုမရှိလေသတတ်။ ဖခင်သူဌေးကြီးသည် “ချစ်သား- ဤသို့မပြုလင့်”ဟု ဆိုသော်လည်း သူဌေးကြီး၏စကားကို မနာမယူ။ ထိုအခါ ကာလသတို့သား၏ ဖခင် အနာထပိဏ်သူဌေးကြီးသည် “ဤသူကား ဤသို့သဘောရှိသော အယူကိုယူ၍ လှည့်လည်နေလျှင် အဝီစိသို့သာ လားရာသည်ဖြစ်လတ္တံ့၊ ငါမြင်ရစဉ် ငါ့သား ငရဲသို့သွားရခြင်းဟူသည်ကား မလျောက်ပတ်လေစွတကား၊ ဤလောက၌ ဥစ္စာကိုပေးသဖြင့် မပျက်သော သတ္တဝါမည်သည်မရှိ၊ ဥစ္စာဖြင့် ငါ့သားကို ဖြတ်အံ့”ဟု ကြံလေ၏။ ထိုအခါ ကာလသတို့သားကို “ချစ်သား- ဥပုသ် ကျင့်သုံးသည်ဖြစ်၍ ကျောင်းတော်သို့ သွားသဖြင့် တရားနာပြီးမှ ပြန်လာခဲ့လော့၊ တစ်ရာသော အသပြာကို သင့်အားပေးအံ့”ဟု ဆိုလေ၏။ “ဖခင်- အမှန် ပေးကုန်ပါအံ့လော”ဟု ပြန်မေးလတ်သော် “ချစ်သား- ပေးပါအံ့”ဟု ဆိုလေ၏။ ထိုကာလသတို့သားသည် သုံးကြိမ်တိုင်အောင် ပဋိညာဉ် ဝန်ခံချက်ကို ယူပြီးလျှင် ဥပုသ်ကျင့်သုံးသည်ဖြစ်၍ ကျောင်းတော်သို့ သွားလေ၏။ တရားနာခြင်းဖြင့်ကား ထိုကာလသတို့သားအား ပြုဖွယ်ကိစ္စသည် မရှိ။ ချမ်းသာရာအရပ် တစ်ခုခုတို့၌ အိပ်ပြီးလျှင် စောစောကတည်းက အိမ်သို့ ပြန်သွားလေ၏။ ထိုအခါ ထိုကာလသတို့သားအား ဖခင်သူဌေးကြီးသည် “ငါ၏သားသည် ဥပုသ်ကျင့်သုံးခဲ့လေပြီ၊ ငါ့သား၏အလို့ငှာ လျင်မြန်စွာ ယာဂုစသည်တို့ကို ဆောင်ယူ၍ လာကြကုန်လော့”ဟု ဆို၍ ပေးခိုင်းလေ၏။ ထိုကာလသတို့သားသည် “အသပြာတို့ကို မယူရသေးသောကြောင့် မစားသေးအံ့”ဟု ဆောင်ခဲ့တိုင်း ဆောင်ခဲ့တိုင်းသော ယာဂုစသည်ကို ပယ်လေ၏။

ထိုအခါ ကာလသတို့သား၏ ဖခင် သူဌေးကြီးသည် နှိပ်စက်ခြင်းကို သည်းမခံနိုင်သောကြောင့် အသပြာထုပ်ကို ပေးစေရလေ၏။ ထိုကာလသတို့သားသည် ထိုအသပြာထုပ်ကို လက်ဖြင့်ယူပြီးမှသာလျှင် ယာဂုစသော အာဟာရကို စားလေ၏။ ထိုအခါ ကာလသတို့သားကို တစ်ဖန် မိုးသောက်သောနေ့၌ သူဌေးကြီးသည် “ချစ်သား- တစ်ထောင်သော အသပြာကို သင့်အား ပေးဦးအံ့၊ မြတ်စွာဘုရားရှေ့တော်၌ တည်နေလျက် တစ်ခုသော တရားအပိုဒ်ကို သင်ကြားမှတ်ယူခဲ့ပြီးလျှင် ပြန်လာခဲ့လော့”ဟု စေလိုက်လေ၏။ ထိုကာလသတို့သားသည် ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရား၏ရှေ့တော်၌ တည်နေလျက်သာလျှင် တစ်ခုသောတရားအပိုဒ်ကို သင်ကြားမှတ်ယူ၍ ပြန်ပြေးခြင်းငှာ အလိုရှိသည်ဖြစ်၏။ ထိုအခါ ကာလသတို့သားအား မြတ်စွာဘုရားသည် မမှတ်သားနိုင်သော အခြင်းအရာကို ပြုတော်မူလေ၏။ ထိုကာလသတို့သားသည် ထိုအပိုဒ်ကို မမှတ်သားနိုင်ရကား အထက်အပိုဒ်ကို သင်ယူဦးအံ့ဟု ဆို၍ နာကြားသည်သာလျှင်တည်း။

ဥပုသ်သည် အတုမှ အစစ်ဖြစ်ခြင်း

ထိုကာလသတို့သားသည်လည်း သင်ယူဦးအံ့ဟု နာကြား၏။ မြတ်စွာဘုရားသည်လည်း မမှတ်သားနိုင်သော အခြင်းအရာကို ပြုတော်မူလေ၏။ ထိုကာလသတို့သားသည်လည်း အထက်အပိုဒ်ကို သင်ယူဦးအံ့ဟုဆို၍ နာကြားစဉ်လျှင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုကာလသတို့သားသည် တစ်ဖန် မိုးသောက်သောနေ့၌ ဘုရားအမှူးရှိသော ရဟန်းသံဃာနှင့် အတူတကွသာလျှင် သာဝတ္ထိပြည်သို့ ဝင်လေ၏။ သူဌေးကြီးသည် ထိုကာလသတို့သားကိုမြင်လျှင် “ယနေ့ ငါ့သား၏ အခြင်းအရာကား နှစ်သက်ဖွယ်ရှိပေစွ”ဟု ကြံစည်လေ၏။ ထိုကာလသတို့သားသည်လည်း “ငါ့ဖခင်ကား ယနေ့မြတ်စွာဘုရား၏ အထံတော်၌ (မျက်မှောက်တော်၌) အသပြာတို့ကို မပေးပါမူကား ကောင်းလေစွ၊ အသပြာဟူသော အကြောင်းကြောင့် ငါ၏ ဥပုသ်ကျင့်သုံးသောအဖြစ်ကို မသိအောင် ဖုံးထားဘိပါမူကား ကောင်းလေစွ”ဟူသော အကြံသည် ဖြစ်လေ၏။ မြတ်စွာဘုရားသည်ကား ထိုကာလသတို့သား၏ ယမန်နေ့၌ အသပြာ၏ အကြောင်းကြောင့် ဥပုသ်ကျင့်သုံးသည့်အဖြစ်ကို သိတော်မူလေ၏။ သူဌေးကြီးသည်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာအား ယာဂုဆွမ်းကိုလှူစေ၍ သားအားလည်း ပေးစေလေ၏။ ထိုကာလသတို့သားသည် ထိုင်လျက် ဆိတ်ဆိတ်နေသည်ဖြစ်၍သာလျှင် ယာဂုကို သောက်၏။ ခဲဖွယ်ကို ခဲ၏။ ထမင်းကို စား၏။ သူဌေးကြီးသည် မြတ်စွာဘုရား၏ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စအဆုံး၌ သား၏ရှေ့၌ တစ်ထောင်သော ဥစ္စာထုပ်ကို ထားစေပြီးလျှင် “ချစ်သား- ငါသည် သင့်အား ဥစ္စာတစ်ထောင် ပေးအံ့ဆို၍ ဥပုသ်ကို ဆောက်တည်စေသဖြင့် ကျောင်းတော်သို့ စေလွှတ်၏။ ဤကား သင့်အလို့ငှာ အသပြာတစ်ထောင်တည်း”ဟု ဆိုလျှင် ထိုကာလသတို့သားသည် မြတ်စွာဘုရား၏ ရှေ့တော်၌ အသပြာပေးသည်တို့ကို မြင်ရလျှင် ရှက်နိုးလှသောကြောင့် “ကျွန်တော်အား အသပြာတို့ဖြင့် အလိုမရှိပါ”ဟု ဆိုလေ၏။ “ချစ်သား- ယူသာယူလော့”ဟု ဆိုသော်လည်း မယူဘဲသာ နေလေ၏။ ထိုအခါ ကာလသတို့သား၏ဖခင် အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရားကို ရှိခိုး၍ “မြတ်စွာဘုရား- ယနေ့ တပည့်တော်သား၏ အခြင်းအရာသည် နှစ်သက်ဖွယ် ရှိလှပါသည်ဘုရား”ဟု လျှောက်ဆိုလေသောကြောင့် “သူဌေးကြီး- အဘယ်အခြင်းအရာနည်း”ဟု မေးတော်မူသည်ရှိသော် “တပည့်တော်သည် ဤသတို့သားကို ရှေးဖြစ်သောအခါ၌ သင့်အား အသပြာတစ်ထောင်ကို ပေးအံ့ဟု ဆို၍ ကျောင်းတော်သို့ စေလွှတ်အပ်ပါသည်။ တစ်ဖန် မိုးသောက်သောနေ့၌ အသပြာတို့ကို မယူရသေးသောကြောင့် စားခြင်းငှာ အလိုမရှိပါ၊ ယနေ့ကား ပေးသော်လည်း အသံပြာတို့ကို အလိုမရှိပါဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် “သူဌေးကြီး- ဪ..ဟုတ်မှန်ပေ၏၊ ယနေ့ သင့်သား၏ သန္တာန်၌ စကြဝတေးမင်း စည်းစိမ်ထက်လည်းကောင်း၊ နတ်ပြည်စည်းစိမ်, ဗြဟ္မာပြည် စည်းစိမ်တို့ထက်လည်းကောင်း သောတာပတ္တိဖိုလ်သည်သာလျှင် မြတ်လှပေပြီ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၇၈] ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ဝါ။
သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။

ပထဗျာ ဧကရဇ္ဇေန၊ စကြဝတေးမင်း၏ စည်းစိမ်ထက်လည်းကောင်း။ သဂ္ဂဿ ဂမနေန ဝါ၊ နတ်ပြည်,ဗြဟ္မာပြည်စည်းစိမ်ကို ရခြင်းထက်လည်းကောင်း။ သဗ္ဗလောကာဓိပစ္စေန၊ အလုံးစုံသော လောကကို အစိုးရခြင်းထက်လည်းကောင်း။ သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်သည်။ ဝရံ၊ မြတ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အနာထပိဏ်သူဌေး၏သားဖြစ်သော ကာလသတို့သားဝတ္ထု ပြီး၏။

֍ * ၁။ မာဂဏ္ဍိယ ပုဏ္ဏားကြီးဝတ္ထု

ယဿ ဇိတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်၌ နေတော်မူစဉ် မာရ်နတ်မင်း၏ တဏှာဟူသော သမီး, အရတီဟူသော သမီး, ရဂါဟူသော သမီး, ဤသမီးသုံးယောက်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင်ကို သတို့သားလောင်းရွေးသူ

တစ်ဖန် ကုရုတိုင်း၌ မာဂဏ္ဍီအမည်ရှိသော ပုဏ္ဏားကြီး၏ သမီးသည် မာဂဏ္ဍီအမည်ရှိသည်သာလျှင် ဖြစ်သတတ်။ မြတ်သောအဆင်းကို ဆောင်သော သတို့သမီးဖြစ်၏။ ထိုမာဂဏ္ဍီ အမည်ရှိသော သတို့သမီးကို တောင့်တကြကုန်သော များစွာကုန်သော များသောဥစ္စာရှိသော ပုဏ္ဏားမျိုးတို့သည်လည်းကောင်း၊ များသောဥစ္စာရှိသော မင်းမျိုးတို့သည်လည်းကောင်း “သမီးကို အကျွန်ုပ်တို့အား ပေးပါလော့”ဟု မာဂဏ္ဍီပုဏ္ဏားကြီး၏အထံသို့ ပြောကြားစေလွှတ်ကြလေကုန်၏။ ထိုမာဂဏ္ဍီပုဏ္ဏားကြီးသည်လည်း သင်တို့သည် “ငါ၏သမီးနှင့် မလျောက်ပတ်၊ မထိုက်တန်ကြကုန်”ဟု ဆို၍ အလုံးစုံသောသူတို့ကို ပယ်သည်သာလျှင်တည်း။ ထိုအခါ တစ်နေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်တော်မူလတ်သည်ရှိသော် ကိုယ်တော်မြတ်၏ သဗ္ဗညုတဉာဏ်တော်တည်းဟူသော ကွန်ယက်အတွင်း၌ ဝင်ရောက်လာသော မာဂဏ္ဍီ အမည်ရှိသော ပုဏ္ဏားကြီးကို မြင်တော်မူလျှင် “အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် ပုဏ္ဏားကြီး၏လည်းကောင်း၊ ပုဏ္ဏေးမကြီး၏လည်းကောင်း သုံးပါးသော မဂ်ဖိုလ်တို့၏ အကြောင်းဥပနိဿယ ပြည့်ဝစုံလင်ခြင်းကို မြင်တော်မူလေ၏။ ပုဏ္ဏားကြီးသည်လည်း ရွာအပြင်၌ အမြဲမပြတ် မီးကိုလုပ်ကျွေး၏။ မြတ်စွာဘုရားသည် နံနက်စောစောကလျှင် သပိတ်သင်္ကန်းကို ယူတော်မူ၍ ပုဏ္ဏားကြီး၏ မီးလုပ်ကျွေးရာဖြစ်သော ထိုအရပ်သို့ ကြွသွားတော်မူလေ၏။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ ရုပ်အဆင်းအသရေကို ကြည့်ရှုလျက် “ဤလောက၌ ဤသူနှင့်တူသော ယောက်ျားမည်သည် မရှိ၊ ငါ့သမီးနှင့် လျောက်ပတ်ထိုက်တန်၏၊ ဤသူအား ငါ့သမီးကို ပေးအံ့”ဟု ကြံ၍ မြတ်စွာဘုရားကို “အရှင်ရဟန်း- အကျွန်ုပ်အား သမီးတစ်ယောက်ရှိပါသည်၊ အကျွန်ုပ်သည် ထိုသတို့သမီးနှင့် လျောက်ပတ်,ထိုက်တန်သော ယောက်ျားကို မမြင်ရသေးသောကြောင့် ထိုသတို့သမီးကို တစ်စုံတစ်ယောက်သောသူအား မပေးရသေးပါ၊ အရှင်ဘုရားသည်ကား ထိုသတို့သမီးနှင့် လျောက်ပတ်ထိုက်တန်လှပါ၏၊ အကျွန်ုပ်သည် သင်ရဟန်းအား သမီးကို ခြေရင်းအလုပ်အကျွေး ပြုလုပ်၍ ပေးခြင်းငှာ အလိုရှိပါ၏၊ အကြင်မျှလောက် ထိုသတို့သမီးကို ဆောင်ဦးအံ့၊ ထိုမျှလောက် ဤအရပ်၌သာလျှင် ဆိုင်းငံ့ရပ်တည်လင့်ပါဦး”ဟု ဆိုလေ၏။ မြတ်စွာဘုရားသည် ထိုပုဏ္ဏားကြီး၏စကားကို ကြားတော်မူရလျှင် နှစ်သက်ခြင်းကိုလည်း ပြုတော်မမူ၊ တားမြစ်ခြင်းကိုလည်း ပြုတော်မမူ။ ပုဏ္ဏားကြီးသည်လည်း အိမ်သို့သွားသဖြင့် ပုဏ္ဏေးမကြီးအား “အို..ရှင်မ- ယနေ့ ငါ့သမီးနှင့် လျောက်ပတ်ထိုက်တန်သော ယောက်ျားကို မြင်ရပြီ၊ ထိုယောက်ျားအား သတို့သမီးကို ထိမ်းမြားအပ်နှင်းအံ့”ဟု ဆို၍ သမီးကို တန်ဆာဆင်စေပြီးလျှင် ခေါ်ဆောင်၍ ပုဏ္ဏေးမကြီးနှင့် အတူတကွ ထိုအရပ်သို့ သွားလေ၏။ လူများအပေါင်းသည်လည်း အုတ်အုတ်ကျက်ကျက် တစ်ခဲနက်ဖြစ်၍ ထွက်လေ၏။

ဗုဒ္ဓ၏ ပဒစေတီတော်

မြတ်စွာဘုရားသည် ပုဏ္ဏားကြီး မှာထားပြောကြားအပ်သော အရပ်၌ သီတင်းသုံးနေတော်မမူဘဲ ထိုအရပ်၌ ခြေတော်ရာ ပဒစေတီကို ပြထားတော်မူခဲ့ပြီးလျှင် တစ်ပါးသောအရပ်၌ ရပ်တန့်တည်နေတော်မူလေ၏။

(ဘုရားရှင်တို့၏ ခြေတော်ရာ စေတီတော်သည် “ဤခြေတော်ရာကို ဤမည်သောသူ ဖူးမြင်စေသတည်း”ဟု ဓိဋ္ဌာန်၍ နင်းချတော်မူရာ အရပ်၌သာလျှင် ထင်သတတ်၊ ကြွင်းသောအရပ်၌ ထိုခြေတော်ရာကို ဖူးမြင်ရသောသူမည်သည် မရှိလေသတတ်။)

ပုဏ္ဏားကြီးသည် မိမိနှင့်အတူတကွသွားသော ပုဏ္ဏေးမကြီးက “ထိုယောက်ျားကား အဘယ်မှာနည်း”ဟု မေးအပ်သည်ရှိသော် “ဤအရပ်၌ ဆိုင်းငံ့,ရပ်တည်ပါဦး”ဟူ၍ ငါဆိုခဲ့သည်”ဟု ပြောဆိုပြီးလျှင် ကြည့်ရှုရှာဖွေလတ်သည်ရှိသော် ခြေတော်ရာကို မြင်ရသဖြင့် “ဤခြေရာသည် ထိုယောက်ျား၏ ခြေရာပင်တည်း”ဟု ပြလေ၏။ ထိုပုဏ္ဏေးမကြီးသည် လက္ခဏာကြီးငယ်ကို သိကြောင်းဖြစ်သော ဗေဒင်၌ လိမ္မာလှသည်၏အဖြစ်ကြောင့် “ပုဏ္ဏားကြီး- ဤခြေရာသည် ကာမစည်းစိမ်ကို ခံစားလေ့ရှိသောသူ၏ ခြေရာမဟုတ်”ဟု ဆိုလတ်သည်ရှိသော် ပုဏ္ဏားကြီးသည် “အို..ရှင်မ- သင်ကား ရေခွက်၌ မိကျောင်းကို မြင်ဘိ၏။ ငါကား ထိုရဟန်းကို မြင်အပ်သဖြင့် သင့်အား သမီးကို ပေးပါအံ့ဟု ဆိုအပ်ပေပြီ၊ ထိုရဟန်းသည်လည်း ငါ့စကားကို ဝန်ခံလေပြီ”ဟု ဆိုသည်ရှိသော် “ပုဏ္ဏားကြီး- သင်သည် ဤသို့ အကယ်၍ကား ဆိုဘိ၏၊ ထိုသို့ပင်ဖြစ်သော်လည်း ဤခြေရာသည် ကိလေသာကုန်ပြီးသောသူ၏ ခြေရာသာတည်း”ဟု ဆို၍ သုတ္တနိပါတ် အဋ္ဌကထာ စသည်၌လာသော ဤဂါထာကို ရွတ်ဆိုလေ၏။

ရတ္တဿ ဟိ ဥက္ကုဋိကံ ပဒံ ဘဝေ၊
ဒုဋ္ဌဿ ဟောတိ သဟသာနုပီဠိတံ။
မူဠှဿ ဟောတိ အဝကဍ္ဎိတံ ပဒံ၊
ဝိဝဋ္ဋစ္ဆဒဿ ဣဒမီဒိသံ ပဒံ။

ဗြာဟ္မဏ၊ အရှင်ပုဏ္ဏားကြီး။ ရတ္တဿ၊ ရာဂဖြင့် တပ်ခြင်းအလေ့ရှိသောသူ၏။ ပဒံ၊ ခြေရာသည်။ ဥက္ကုဋိကံ၊ အလယ်ခွက်ငြား ဆောင့်ကြွားကြွားရှိသည်။ ဘဝေ၊ ဖြစ်၏။ ဒုဋ္ဌဿ၊ အမျက်ထွက်ခြင်းဖြင့် ပြစ်မှားလေ့ရှိသောသူ၏။ ပဒံ၊ ခြေရာသည်။ သဟသာနုပီဠိတံ၊ လျင်စွာနင်း၍ ဖနောင့်တွင်းနက်သည်။ ဟောတိ၊ ဖြစ်၏။ မူဠှဿ၊ မိုက်မဲစွာ တွေဝေလေ့ရှိသောသူ၏။ ပဒံ၊ ခြေရာသည်။ အဝကဍ္ဎိတံ၊ ဒရွတ်ကြောင်းထင် အပျင်းဝင်၍ ဆွဲငင်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ဤဒိသံ၊ ဤသို့ ရွှေခြေနင်းရာ ပမာတူလှ ညီစွာကျလျက် တစ်ရာ့ရှစ်ကွက် စက်တော်စုံလင် ကောင်းစွာထင်သော။ ဣဒံ၊ ဤခြေရာသည်ကား။ ဝိဝဋ္ဋစ္ဆဒဿ၊ တဏှာအမိုး ဖွင့်ချိုးထွင်းဖောက် ဘုံသုံးထောက်မှ ထွက်မြောက်လွတ်ကူး ပုဂ္ဂိုလ်ထူး၏။ ပဒံ၊ တွေ့ကြုံခဲအပ် ခြေရာမြတ်ပေတည်း။

မာရ်နတ် နှလုံးမသက်သာပုံ

ထိုသို့ဆိုသောအခါ ပုဏ္ဏေးမကြီးကို ပုဏ္ဏားကြီးသည် “အိုရှင်မ-အသံပွက်ကြမ်း မမြည်တမ်းစမ်းပါလင့်၊ အသံဆူတိတ် ဆိတ်ဆိတ်ဖြစ်၍သာလျှင် လာခဲ့ပါလော့”ဟု ဆိုကာ သွားလတ်သည်ရှိသော် မြတ်စွာဘုရားကို မြင်လေလျှင် “ဤသူကား ထိုယောင်္ကျားပင်တည်း”ဟု ပုဏ္ဏေးမကြီးအား ပြပြီးလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “ရှင်ရဟန်း- သမီးကို သင့်အားပေးပါအံ့”ဟု ဆိုလေ၏။ ဘုရားရှင်သည် “ငါ့အား သင့်သမီးဖြင့် အလိုမရှိ”ဟု မဆိုမူ၍ “ပုဏ္ဏားကြီး- စင်စစ်အားဖြင့် ဟုတ်မှန်သောအကြောင်းကို ငါဆိုဦးအံ့၊ သင်နားထောင်လတ္တံ့လော”ဟု မိန့်တော်မူသဖြင့် “အိုရဟန်း- ဆိုပါလော့၊ နားထောင်ပါအံ့”ဟု နားတော်လျှောက်သည်ရှိသော် တောထွက်တော်မူသည်မှစ၍ လွန်လေပြီးသော အကြောင်းကို ဆောင်ကာ ပြတော်မူလေ၏။

ဗုဒ္ဓဝင်အကျဉ်း

ဘုရားအလောင်းတော်သည် ပြည်စည်းစိမ်ကို စွန့်ပယ်ပြီးလျှင် ကဏ္ဍကမြင်းကို စီးသဖြင့် ဆန္နအမတ်လျှင် အဖော်ရှိသည်ဖြစ်၍ တောထွက်လတ်စဉ် ပြည်တံခါး၌ ရပ်သဖြင့် မာရ်နတ်သားသည် “ရှင်သိဒ္ဓတ်- ပြန်လည်ဆုတ်နစ်ပါလေဦးလော့၊ သင့်အား ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ စကြရတနာသည် ထင်ရှား ဖြစ်ပါလိမ့်မည်”ဟု ဆိုလတ်သည်ရှိသော် “မာရ်နတ်သား- ငါကား ဤစကြရတနာ ရောက်အံ့သော အကြောင်းကို သိ၏၊ ထိုသို့သိသော်လည်း ငါ့အား ထိုစကြရတနာဖြင့် အလိုမရှိ”ဟု ဆိုလေ၏။ ထိုသို့ဆိုသည်ရှိသော် “အဘယ်အကျိုးငှာ တောထွက်ဘိသနည်း”ဟု မေးပြန်သဖြင့် “သဗ္ဗညုတဉာဏ်တော် တည်းဟူသော အကျိုးငှာ တောထွက်၏”ဟု ဆိုလျှင် “ထိုသို့ဖြစ်မူ ယနေ့မှအစပြု၍ ကာမဂုဏ်နှင့် စပ်သောအကြံ အစရှိသည်တို့တွင် တစ်ခုသော အကြံကိုလည်း အကယ်၍ ကြံသည်ဖြစ်အံ့၊ အသင့်အား ပြုအပ်သောအမှုကို ငါသိရပေတော့အံ့”ဟု ဆိုလေ၏။ မာရ်နတ်သားသည် ထိုအခါမှစ၍ အကြားအပေါက် အခွင့်ကို ကြည့်ရှုလျက် ခုနစ်နှစ်တို့ပတ်လုံး ဘုရားလောင်းသို့ အစဉ်လိုက်လေ၏။ မြတ်စွာဘုရားသည်လည်း ခြောက်နှစ်တို့ပတ်လုံး ပြုခြင်းငှာ ခဲယဉ်းသော အမှုသာလျှင်ဖြစ်သော ဒုက္ကရစရိယာကို ကျင့်၍ အသီးအခြားဖြစ်သော အားလုံ့လ အစွမ်းဟု ဆိုအပ်သော ယောက်ျားမြတ်တို့၏ အပြုအမူကိုမှီ၍ ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ သိတော်မူပြီးလျှင် အရဟတ္တဖိုလ် ချမ်းသာကို ခံစားတော်မူလျက် ပဉ္စမသတ္တာဟ၌ အဇပါလ ညောင်ပင်ရင်း၌ နေတော်မူလေ၏။ ထိုအခါ မာရ်နတ်သားသည် “ငါကား ဤမျှလောက်သောကာလပတ်လုံး အစဉ်လိုက်၍ အကြားအပေါက် အခွင့်ကို ကြည့်ရှုသော်လည်း ဤသိဒ္ဓတ်မင်းသား၏ တစ်စုံတစ်ခုသော ချွတ်ယွင်းမှုကို မမြင်ရ၊ ယခုအခါ ဤသိဒ္ဓတ်မင်းသားသည် ငါ၏အရာကို လွန်မြောက်သွားခဲ့လေပြီ”ဟူ၍ နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ လမ်းခရီးမကြီး၌ နေလေ၏။

မာရ်နတ်သမီးသုံးယောက် ဖြားယောင်းပုံ

ထိုအခါ မာရ်နတ်မင်း၏ တဏှာမည်သော သမီး, အရတီမည်သော သမီး, ရဂါမည်သော သမီး, ဤသုံးယောက်သော သမီးတို့သည် “ငါတို့၏ ခမည်းတော်နတ်မင်းသည် မထင်၊ ယခုအခါ အဘယ်မှာ နေပါဘိသနည်း”ဟု ကြည့်ရှုကြသည်ရှိသော် ထိုသို့သော အခြင်းအရာဖြင့်နေသော မာရ်နတ်မင်းကို မြင်ကြရလျှင် ချဉ်းကပ်၍ “ခမည်းတော်- အဘယ့်ကြောင့် နှလုံးမသာယာခြင်းရှိသည် ဖြစ်ရပါသနည်း”ဟု မေးမြန်းကြလေကုန်၏။ မာရ်နတ်သားသည် သမီးသုံးယောက်တို့အား ထိုအကြောင်းကို ပြောကြားလေ၏။ ထိုအခါ မာရ်နတ်မင်းကို သမီးသုံးယောက်တို့သည် “ခမည်းတော် မပူပါလင့်၊ ကျွန်မတို့သည် ထိုသိဒ္ဓတ်မင်းသားဘုရားကို မိမိ၏အလို၌ ပါအောင်ပြု၍ ဆောင်ယူခဲ့ကြပါကုန်အံ့”ဟု ဆိုကြလေကုန်၏။ “ချစ်သမီးတို့- ဤသိဒ္ဓတ်မင်းသား မြတ်ဘုရားကား တစ်စုံတစ်ယောက်သောသူသည် အလို၌ပါအောင် ပြုခြင်းငှာ မတတ်ကောင်း”ဟု ဆိုလျှင် “ဖခမည်းတော်- ကျွန်မတို့ မိန်းမတို့မည်သည်ကား ယခုပင်လျှင် ထိုဘုရားသိဒ္ဓတ်ကို ရာဂဟူသော ကျော့ကွင်း စသည်တို့ဖြင့် ဖွဲ့ချည်ကာ ဆောင်ယူခဲ့ကြပါကုန်အံ့၊ သင်ဖခမည်းတော်တို့သည် မကြံစည်ပါကုန်လင့်”ဟု မှာထားပြောကြားခဲ့ပြီးလျှင် မြတ်စွာဘုရားသို့ ချည်းကပ်၍ “ရှင်ရဟန်း- သင်ရဟန်း၏ ခြေတော်ရင်း၌ လုပ်ကျွေးသမှု ပြုစုလိုကြပါကုန်၏”ဟု ဆိုကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုနတ်သမီး သုံးယောက်တို့၏စကားကို စိတ်တော်ဖြင့် အသိအမှတ်ပြုတော်မမူ။ ဝါ၊ နှလုံးသွင်းခြင်း ပြုတော်မမူ။ မျက်စိတို့ကို ဖွင့်၍မျှ ကြည့်ရှုတော်မမူ။ တစ်ဖန် မာရ်နတ်မင်း၏ သမီးတို့သည် “ယောက်ျားတို့၏ အလိုတို့ကား စင်စစ် အမြတ်,အယုတ် အမျိုးမျိုး ဖြစ်ကြကုန်၏။ အချို့သော ယောက်ျားတို့အား သတို့သမီးပျိုတို့၌ ချစ်ခင်နှစ်သက်ခြင်းဖြစ်ပေသည်။ အချို့သော ယောက်ျားတို့အား ပထမအရွယ်၌တည်သော မိန်းမလတ်တို့၌ ချစ်ခင်နှစ်သက်ခြင်း ဖြစ်ပေသည်။ အချို့သော ယောက်ျားတို့အား မဇ္ဈိမအရွယ်၌တည်သော မိန်းမလတ်ကြီးတို့၌ ချစ်ခင်နှစ်သက်ခြင်း ဖြစ်ပေသည်။ အချို့သော ယောက်ျားတို့အား ပစ္ဆိမအရွယ်၌တည်သော မိန်းမအိုကြီးတို့၌ ချစ်ခင်နှစ်သက်ခြင်း ဖြစ်ပေသည်။ အထူးထူးသော အခြင်းအရာတို့ဖြင့် ထိုသိဒ္ဓတ်ဘုရားကို ဖြားယောင်းကြကုန်အံ့”ဟု ကြံ၍ တစ်ယောက်တစ်ယောက်သည် မိန်းမပျို၊ အဆင်းအရွယ် စသည်တို့၏ အစွမ်းဖြင့် တစ်ရာတစ်ရာမျှလောက်သော ကိုယ်တို့ကို ဖန်ဆင်းပြီးလျှင် သတို့သမီးပျိုတို့ကိုလည်းကောင်း၊ တစ်ကြိမ်မျှ သားမဖွားသေးသော မိန်းမတို့ကိုလည်းကောင်း၊ တစ်ကြိမ်မျှသာ သားဖွားခြင်းရှိသော မိန်းမငယ်တို့ကိုလည်းကောင်း၊ မိန်းမလတ်တို့ကိုလည်းကောင်း၊ မိန်းမကြီးတို့ကိုလည်းကောင်း ပြုလုပ်ဖန်ဆင်းလျက် ခုနစ်ကြိမ်တိုင်တိုင် ချဉ်းကပ်၍ မြတ်စွာဘုရားကို “အို..ရှင်ရဟန်း- သင်ရဟန်း၏ ခြေတော်ရင်း၌ လုပ်ကျွေးသမှု ပြုစုလိုကြပါကုန်၏”ဟု ဆိုကြလေကုန်၏။ ထိုစကားကိုလည်း မြတ်စွာဘုရားသည် စိတ်တော်ဖြင့် အသိအမှတ်ပြုတော်မမူ။ ဝါ၊ နှလုံးသွင်းခြင်း ပြုတော်မမူ။ အဘယ်ပုံ နေတော်မူသနည်းဟူမူကား အတုမရှိ မြတ်လှစွာသော သုခဝေဒနာ၏ တည်ရာဟူသော ကာမုပဓိ၊ ခန္ဓမူလက ဒုက္ခ၏ တည်ရာဟူသော ခန္ဓုပဓိ၊ အပါယ်ဆင်းရဲ၏ တည်ရာဟူသော ကိလေသုပဓိ၊ ဇာတိဒုက္ခ ဘဝဒုက္ခ၏ တည်ရာ ကုသိုလ်,အကုသိုလ်စေတနာ ၂၉-ပါးဟု ဆိုအပ်သော သင်္ခါရူပဓိ ဟူသော ဥပဓိလေးပါးတို့၏ ကုန်ရာ အနုတ္တရ ဥပဓိသင်္ခယ နိဗ္ဗာန်မြတ်၌ နှလုံးသွင်းလျက်သာ နေတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုမျှလောက်ဖြင့်လည်း ပြန်မသွားကြကုန်သော ထိုမာရ်နတ်မင်း သမီးသုံးယောက်တို့ကို “ဖဲသွားကြကုန်လော့၊ အဘယ်အာရုံကိုမြင်၍ ဤသို့ လုံ့လပြုကြကုန်ဘိသနည်း” ဟူ၍လည်းကောင်း၊ “ဤသို့ သဘောရှိသော ဖြားယောင်းပုံ အမျိုးမျိုးကို ကင်းသောရာဂရှိသော ဘုရား,ရဟန္တာတို့၏ ရှေ့တော်၌ ပြုခြင်းငှာ မထိုက်” ဟူ၍လည်းကောင်း၊ “ဘုရားရှင်သည်ကား ရာဂအစရှိသည်တို့ကို ပယ်အပ်ကုန်ပြီ၊ အဘယ်သို့သော အကြောင်းဖြင့် ထိုဘုရားရှင်ကို မိမိအလိုသို့ပါအောင် ဆောင်နိုင်ကြကုန်အံ့နည်း” ဟူ၍လည်းကောင်း ဆို၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၇၉] ယဿ ဇိတံ နာဝဇီယတိ၊
ဇိတံ ယဿ နောယာတိ ကောစိ လောကေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊
အပဒံ ကေန ပဒေန နေဿထ။

֍ * [၁၈၀] ယဿ ဇာလိနီ ဝိသတ္တိကာ၊
တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊
အပဒံ ကေန ပဒေန နေဿထ။

ယဿ၊ အကြင်မြတ်စွာဘုရား၏။ ဇိတံ၊ အောင်အပ်သော ကိလေသာအပေါင်းသည်။ ဝါ၊ ကိလေသာအပေါင်းကို ထိုထိုမဂ်ဖြင့် အောင်တော်မူခြင်းသည်။ နာဝဇီယတိ၊ မကောင်းသဖြင့် အောင်ခြင်းမဟုတ်။ လောကေ၊ လောက၌။ ဇိတံ၊ အောင်အပ်ပြီးသော ကိလေသာ အပေါင်းသည်။ ကောစိ၊ တစ်စုံတစ်ခုမျှ။ ယဿ၊ အကြင်ထိုမြတ်စွာဘုရား၏နောက်သို့။ နောယာတိ၊ အစဉ်မလိုက်။ အနန္တဂေါစရံ၊ အဆုံးမရှိသောအာရုံကို အာရုံပြုသော သဗ္ဗညုတဉာဏ်တော်ရှိတော်မူထသော။ အပဒံ၊ ရာဂအစရှိသော ခြေမရှိထသော။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ တုမှေ၊ သင်တို့သည်။ ကေန ပဒေန၊ အဘယ်ခြေဖြင့်။ နေဿထ၊ ဆောင်နိုင်ကြကုန်လတ္တံ့နည်း။

ယဿ၊ အကြင်မြတ်စွာဘုရားအား။ ကုဟိဉ္စိ၊ တစ်စုံတစ်ခုသော ဘဝသို့။ နေတဝေ၊ ဆောင်ခြင်းငှာ။ ဇာလိနီ၊ ထက်အောက်ချုပ်စပ် မှေးယှက်တတ်သော ကွန်ယက်ရှိသော။ ဝါ၊ ကွန်ယက်ကို ပြုတတ်သော။ ဝါ၊ ကွန်ယက်နှင့်တူသော (တဏှာဟူလို)။ ဝိသတ္တိကာ၊ ရူပါရုံ စသည်တို့၌ ကပ်ငြိတတ်သော။ ဝါ၊ ကပ်ငြိသောစိတ်၏ ဖြစ်ကြောင်းဖြစ်သော။ ဝါ၊ အဆိပ်ကို ဆောင်ယူလာတတ်သော။ ဝါ၊ အဆိပ်ပွင့် ပွင့်တတ်, အဆိပ်သီး သီးတတ်သော။ ဝါ၊ အဆိပ်ကို သုံးဆောင်ဝံ့သော (တဏှာပင်တည်း)။ တဏှာ၊ တဏှာသည်။ နတ္ထိ၊ မရှိ။ အနန္တဂေါစရံ၊ အဆုံးမရှိသော အာရုံကို အာရုံပြုသော သဗ္ဗညုတဉာဏ်တော် ရှိတော်မူထသော။ အပဒံ၊ ရာဂအစရှိသော ခြေမရှိထသော။ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ တုမှေ၊ သင်တို့သည်။ ကေန ပဒေန၊ အဘယ်ခြေဖြင့်။ နေဿထ၊ ဆောင်နိုင်ကြကုန်လတ္တံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော နတ်တို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ မာရ်နတ်သမီး သုံးယောက်တို့သည်လည်း ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်ကြလေကုန်၏။

မာဂဏ္ဍီတို့ အနာဂါမ်တည်ကြောင်း တရားတော်

မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဆောင်တော်မူ၍ “မာဂဏ္ဍီအမည်ရှိသော ပုဏ္ဏားကြီး- ငါဘုရားသည် ရှေးအခါ၌ ဤသုံးယောက်သော မာရ်နတ်မင်းသမီးတို့ကို မြင်ရဖူးလေပြီ၊ သလိပ် (ချွဲခန်း) အစရှိသည်တို့ဖြင့် မှေးယှက် ရှုပ်ထွေးခြင်းမရှိသော အတ္တဘော, ရွှေတုံးရွှေစိုင်နှင့်တူသော အတ္တဘောနှင့် ပြည့်စုံကြပေကုန်၏။ ထိုအခါ၌သော်လည်း ငါဘုရားအား မေထုန်အမှု၌ အလိုဆန္ဒသည် မဖြစ်လေပြီ၊ သင့်သမီး၏ ကိုယ်သည်ကား သုံးဆယ့်နှစ်ပါးသော အခြင်းအရာရှိသော အပုပ်ဖြင့် ဝန်းကျင်ပြည့်၏။ အပ၌ ဆန်းကြယ်စွာ ပြုလုပ်၍ထားအပ်သော မစင်အညစ်အကြေးအိုးနှင့် တူလှပေ၏။ အဆုံးစကား ပြောကြားဦးအံ့၊ ငါ၏ခြေသည် မစင်အညစ်အကြေးဖြင့် လိမ်းကျံသည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသတို့သမီး မာဂဏ္ဍီသည်လည်း တံခါးခုံတည်ရာအရပ်၌ တည်ငြားအံ့၊ ထိုသို့ပင် ဖြစ်စေကာမူ ထိုသတို့သမီး မာဂဏ္ဍီ၏ကိုယ်၌ ငါဘုရားသည် ခြေကိုမထိလို”ဟု ဆိုပြီးလျှင် ဤဂါထာကို မိန့်တော်မူလေ၏။

ဒီသွာန တဏှံ အရတိံ ရဂဉ္စ၊
နာဟောသိ ဆန္ဒော အပိ မေထုနသ္မိံ။
ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊
ပါဒါပိ နံ သမ္ဖုသိတုံ န ဣစ္ဆေ။

တဏှံ စ၊ တဏှာမည်သော နတ်သမီးကိုလည်းကောင်း။ အရတိံ စ၊ အရတီမည်သော နတ်သမီးကိုလည်းကောင်း။ ရဂဉ္စစ၊ ရဂါမည်သော နတ်သမီးကိုလည်းကောင်း။ ဒိသွာန၊ မြင်ရ၍။ မေထုနသ္မိံ၊ အချင်းချင်း နှစ်သက်ခြင်းတူသော သူတို့၏ အမှု၌။ ဆန္ဒာအပိ၊ လိုအင်ဆန္ဒ အနည်းငယ်မျှသည်လည်း။ နာဟောသိ၊ မဖြစ်ခဲ့ဖူးလေပြီ။ မုတ္တကရီသပုဏ္ဏံ၊ ကျင်ငယ်ကျင်ကြီးတို့ဖြင့် အပြည့်ရှိသော။ ဣဒံ၊ ဤသတို့သမီး မာဂဏ္ဍီကို။ ဒိသွာန၊ မြင်ရ၍။ ကိမေဝ၊ အဘယ်မှာလျှင် လိုအင်ဆန္ဒ ဖြစ်နိုင်တော့အံ့နည်း။ နံ၊ ထိုသတို့သမီး မာဂဏ္ဍီကို။ ပါဒါပိ၊ ခြေတို့ဖြင့်လည်း။ သမ္ဖုသိတုံ၊ ထိခြင်းငှာ။ န ဣစ္ဆေ၊ ငါအလိုမရှိချေ။

ဒေသနာတော်၏အဆုံး၌ မာဂဏ္ဍီပုဏ္ဏား ခင်ပွန်း လင်မယား နှစ်ဦးစလုံးတို့သည် အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။

မာဂဏ္ဍိယပုဏ္ဏားကြီးဝတ္ထု ပြီး၏။

֍ * ၂။ နတ်ပြည်မှ သက်ဆင်းတော်မူသော ဝတ္ထု

ယေ ဈာနပ္ပသုတာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ များစွာသော နတ်လူတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရာဇဂြိုဟ်သူဌေး စန္ဒကူးသပိတ် ဆွဲထားခြင်း

အခါတစ်ပါး ရာဇဂြိုဟ်သူဌေးသည် ဘေးရန်မှ လွတ်ကင်းစိမ့်သောငှာလည်းကောင်း၊ မေ့လျော့ခြင်းဖြင့် လျှောကျွတ်ကျကုန်သော တန်ဆာစသည်တို့ကို စောင့်ရှောက်စိမ့်သောငှာလည်းကောင်း ပိုက်ကွန်ဖြင့်ပြုအပ်သော ပခြုပ်အကာအရံကို ဝန်းရံစေပြီးလျှင် ဂင်္ဂါမြစ်၌ ရေကစားခြင်းကို ကစားလေ၏။ ထိုအခါ တစ်ခုသော စန္ဒကူးနီပင်သည် ဂင်္ဂါမြစ်ညာ အထက်ကမ်းနား၌ ပေါက်ရောက်လျက်ရှိရာ ဂင်္ဂါမြစ်ရေဖြင့် တိုးဝှေ့တိုက်ပွတ်အပ်သော အမြစ်ရှိရကား လဲပြိုသဖြင့် ထိုထိုအရပ်ရှိ ကျောက်ဆောင်တို့၌ တိုက်ခိုက်ချိုးဖဲ့အပ်သည်ဖြစ်၍ ဖရိုဖရဲကစဉ့်ကရဲ ပြန့်ကြဲလေ၏။ ထို့နောက်မှ တစ်ခုသော အိုးစရည်းကြီး ပမာဏရှိသော စန္ဒကူးအသားတုံးသည် ကျောက်ခဲတို့ဖြင့် ထိခိုက်ပွတ်တိုက်လျက် ရေလှိုင်းတံပိုး ပုတ်ခတ်အပ်သည်ဖြစ်၍ အစဉ်အတိုင်းအားဖြင့် မျောလတ်သည်ရှိသော် မှော်သေးမှော်ညှင်း မှေးယှက်ကာ လာပြီးလျှင် ထိုသူဌေး၏ ကွန်ယက်၌ ငြိကပ်လေ၏။ သူဌေးသည် “ဤအရာကား အဘယ်နည်း”ဟု ဆိုသဖြင့် သစ်သားတုံးဟု ကြားသိရပြီးလျှင် ထိုသစ်သားတုံးကို ဆောင်စေ၍ “ဤသစ်သားသည် အဘယ်သစ်သားဖြစ်သနည်း”ဟု ဆိုသဖြင့် စူးစမ်းခြင်းငှာ ပဲခွပ်သွားအဖျားဖြင့် ရွေစေလေ၏။ ထိုခဏ၌ပင်လျှင် ချိပ်ရည်အဆင်းနှင့်တူသော အဆင်းရှိသော စန္ဒကူးနီသည် ထင်ရှားလေ၏။ သူဌေးကြီးသည်ကား သမ္မာဒိဋ္ဌိလည်း မဟုတ်၊ မိစ္ဆာဒိဋ္ဌိလည်းမဟုတ် အလယ်အလတ်၌တည်သော လျစ်လျူရှုခြင်း သဘောရှိ၏။ ထိုသူဌေးသည် “ငါ့အိမ်၌ စန္ဒကူးနီကား များလှပေ၏၊ ဤစန္ဒကူးနီဖြင့် အဘယ်အမှု ပြုရအံ့နည်း”ဟု ကြံစည်လေ၏။ ထိုအခါ သူဌေးအား ဤသို့သော အကြံသည် ဖြစ်ပေါ်လာလေ၏။ “ဤလောက၌ “ငါတို့ကား ရဟန္တာတို့တည်း၊ ငါတို့ကား ရဟန္တာတို့တည်း”ဟူ၍ ဆိုသောသူတို့သည် များလှကုန်၏၊ ငါကား တစ်ယောက်သော ရဟန္တာကိုမျှလည်း မမြင်ရ၊ အိမ်၌ ပွတ်ခုံကို ယှဉ်စေ၍ သပိတ်ကို ပွတ်ခံစေပြီးလျှင် ဆိုင်း၌ထားပြီးမှ ဝါးလုံးအဆက်ဆက်ဖြင့် အတောင်ခြောက်ဆယ်မျှ အတိုင်းအရှည်ရှိသော ကောင်းကင်၌ တွဲရရွဲဆွဲစေ၍ “ရဟန္တာသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤစန္ဒကူးသပိတ်ကို ကောင်းကင်ဖြင့် ကြွလာ၍ ယူကြပါစေကုန်သတည်း”ဟု ဆိုအံ့၊ အကြင်သူသည် ထိုသပိတ်ကို ယူနိုင်လတ္တံ့၊ ထိုသူအား သားမယားနှင့်တကွ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပေအံ့”ဟု အကြံဖြစ်လေ၏။ ကြံစည်အပ်သော နည်းအားဖြင့်သာလျှင် သပိတ်ကို ပွတ်ခံစေပြီးလျှင် ဝါးလုံးအဆက်ဆက်ဖြင့် စိုက်ထောင်စေ၍ “အကြင်ပုဂ္ဂိုလ်သည် ဤလောက၌ ရဟန္တာ ဟုတ်မှန်၏၊ ထိုပုဂ္ဂိုလ်သည် ကောင်းကင်ဖြင့် ကြွလာပြီးလျှင် ဤသပိတ်ကို ခံယူပါစေသတည်း”ဟု ဆိုလေ၏။

စန္ဒကူးသပိတ်ရရေး တိတ္ထိတို့ ဟန်ရေးပြ

ခြောက်ယောက်သော တိတ္ထိဆရာကြီးတို့သည် “ငါတို့အားသာလျှင် လျောက်ပတ်၏၊ ငါတို့အားသာလျှင် ထိုစန္ဒကူးသပိတ်ကို ပေးလော့”ဟု ဆိုကြလေကုန်၏၊ ထိုသူဌေးသည် “ကောင်းကင်ဖြင့်ကြွလာ၍ ခံယူတော်မူကြပါကုန်လော့”ဟု ဆိုလေ၏။ ထိုအခါ ခြောက်ရက်မြောက်သောနေ့၌ နာဋပုတ္တ နိဂဏ္ဌ တက္ကတွန်းသည် တပည့်တို့ကို “သွားကြကုန်လော့၊ သူဌေးကြီးကို ဤသို့ ဆိုကြကုန်လော့၊ “ငါတို့ဆရာအား လျောက်ပတ်၏၊ အနည်းငယ်မျှသောဝတ္ထု၏ အကြောင်းကြောင့်သာလျှင် ကောင်းကင်ဖြင့် ကြွလာခြင်းကို မပြုပါလင့်၊ ဤသပိတ်ကို ငါ့အလို့ငှာ ပေးလှူပါ”ဟူ၍ ဆိုလော့”ဟု စေခိုင်းလိုက်လေ၏။ ထိုတက္ကတွန်း တပည့်တို့သည် သွားကြကုန်သဖြင့် သူဌေးကြီးကို ဆရာမှာကြားတိုင်း ပြောဆိုကြလေကုန်၏။

သူဌေးကြီးသည် “ကောင်းကင်ဖြင့် ကြွလာ၍ ယူခြင်းငှာ စွမ်းနိုင်သောပုဂ္ဂိုလ်သည်သာလျှင် ယူပါစေသတည်း”ဟု ဆိုလေ၏။ နာဋပုတ္တတက္ကတွန်းသည် ကိုယ်တိုင် သွားလိုလတ်သည်ဖြစ်၍ အန္တေဝါသိက တပည့်တို့အား အမှတ်သညာ ပေးလေ၏။ “ငါသည် တစ်ဖက်သောလက်ကိုလည်းကောင်း၊ ခြေကိုလည်းကောင်း ကြွချီမြှောက်ပင့်၍ ပျံတက်ခြင်းငှာ အလိုရှိဘိသကဲ့သို့ ဖြစ်ပေအံ့၊ သင်တို့သည် ငါ့ကို “ဆရာ- အဘယ်သို့ ပြုကြကုန်အံ့နည်း၊ သစ်သားဖြင့်ပြီးသော သပိတ်၏အကြောင်းကြောင့် ဖုံးလွှမ်းအပ်သော ရဟန္တာ၏ဂုဏ်ကျေးဇူးကို လူများအပေါင်းအား ပြတော်မမူကြပါကုန်လင့်”ဟုဆို၍ ငါ့ကို လက်တို့၌လည်းကောင်း၊ ခြေတို့၌လည်းကောင်း ကိုင်ယူဆွဲငင်လျက် မြေ၌ လဲစေကြကုန်လော့ (လဲအောင် ပြုကြပါကုန်လော့)”ဟု ဆိုသဖြင့် ထိုနာဋပုတ္တ တက္ကတွန်းသည် ထိုစန္ဒကူးသပိတ်ရှိရာအရပ်သို့ သွားတဲ့၍ သူဌေးကို “သူဌေးကြီး- ငါ့အား ဤသပိတ်သည် လျောက်ပတ်၏၊ သူတစ်ပါးတို့အား မလျောက်ပတ်။ သင့်အား အနည်းငယ်မျှသော ဝတ္ထု၏ အကြောင်းကြောင့်သာလျှင် ကောင်းကင်သို့ ပျံတက်ခြင်းကို မနှစ်သက်လင့်၊ ငါ့အား သပိတ်ကို ပေးလော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ကောင်းကင်သို့ ပျံတက်၍သာ ခံယူ တော်မူကြပါလော့”ဟု လျှောက်ထားလေ၏။

ထို့နောင်မှ နာဋပုတ္တတက္ကတွန်းသည် “ထိုသို့ဖြစ်မူ ဖဲကြကုန်လော့”ဟု ဆိုသဖြင့် အန္တေဝါသိက တပည့်တို့ကို ဖဲစေပြီးလျှင် ကောင်းကင်သို့ ပျံတက်တော့အံ့ဟု တဖက်သော လက်ကိုလည်းကောင်း။ ခြေကိုလည်းကောင်း ကြွချီမြှောက်ပင့်လေ၏။ ထိုအခါ နာဋပုတ္တတက္ကတွန်းကို တပည့်တို့သည် “ဆရာ- အဘယ့်ကြောင့် ဤကောင်းကင် ပျံခြင်းအမှုကို ပြုကြပါကုန်အံ့နည်း။ အလွန်တရာယုတ်ညံ့လှစွာသော သစ်သားသပိတ်၏အကြောင်းကြောင့် ဖုံးလွှမ်းအပ်သော ရဟန္တာ၏ဂုဏ်ကျေးဇူးတို့ကို လူများအပေါင်းအား ပြတော်မူသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆို၍ နာဋပုတ္တတက္ကတွန်းကို လက်ခြေတို့၌ ကိုင်ယူဆွဲငင်လျက် မြေ၌ လဲစေကြလေကုန်၏။ ထိုနာဋပုတ္တတက္ကတွန်းသည် သူဌေးကို “သူဌေးကြီး- ဤတပည့်တို့သည် ပျံတက်ခြင်းငှာ မပေးကြကုန်၊ ငါ့အား သပိတ်ကို ပေးလော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ကောင်းကင်သို့ ပျံတက်၍ ခံယူတော်မူကြပါ”ဟု ဆိုသဖြင့် ဤသို့လျှင် တိတ္ထိတို့သည် ခြောက်ရက်တို့ပတ်လုံး လုံ့လပြုကြကုန်သော်လည်း ထိုစန္ဒကူးသပိတ်ကို မရကြကုန်သည်သာတည်း။

ရှင်ပိဏ္ဍောလ၏ တန်ခိုးတော်

ခုနစ်ရက်မြောက်သောနေ့၌ ရှင်မောဂ္ဂလာန် မထေရ်မြတ်၏လည်းကောင်း၊ ရှင်ပိဏ္ဍောလ ဘာရဒွါဇမထေရ်မြတ်၏လည်းကောင်း ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်ကြကုန်အံ့ဟု မြွက်ဆိုကာ ကြွသွားတော်မူပြီးလျှင် တစ်ခုသော ကျောက်ဖျာအပြင်၌ရပ်၍ သင်္ကန်းကို ရုံသောကာလ၌ သေသောက်ကြူးတို့သည် စကားကို ဆိုကြကုန်၏။ “အို..အချင်းတို့- ရှေးကာလ၌ ခြောက်ဦးသော ဆရာကြီးတို့သည် လောကဝယ် ငါတို့ကား ရဟန္တာတို့ဖြစ်ကုန်၏ဟု ပြောဆို လှည့်လည်သွားလာကြကုန်၏၊ ရာဇဂြိုဟ်သူဌေး၏ သပိတ်ကို ဝါးအဆင့်ဆင့် စိုက်ထောင်လျက် ထားသောနေ့သည် ယနေ့ ခုနစ်ရက်မြောက်ရှိခဲ့ပြီ၊ ရဟန္တာသည် အကယ်၍ ရှိငြားအံ့၊ ကောင်းကင်ဖြင့် ကြွလာ၍ ခံယူစေသတည်းဟုဆိုရာ တစ်ဦးတစ်ယောက်မျှလည်း ငါကား ရဟန္တာဟူ၍ ကောင်းကင်၌ ပျံတက်နိုင်သော ပုဂ္ဂိုလ်မရှိ၊ ယခုအခါ လောက၌ ရဟန္တာတို့၏ မရှိသောအဖြစ်သည် ထင်ရှား၏”ဟု ပြောဆိုကြလေကုန်၏။

(ပိဏ္ဍံ ဥလတိ ဂဝေသတီတိ ပိဏ္ဍောလော။ ပိဏ္ဍံ၊ ဆွမ်းကို။ ဥလတိ ဂဝေသတိ၊ ရှာတတ်၏။ ဣတိ၊ ထို့ကြောင့်။ ပိဏ္ဍောလော၊ ပိဏ္ဍလမည်၏။ အမည်ရင်းကား ဘာရဒွါဇတည်း။ ထိုရဟန်းကား ဆွမ်းအစားများ၏။ သပိတ်လည်းကြီး၏။ ဘုရားရှင်သည် ထိုရဟန်းအား သပိတ်အိတ်နှင့် ခွင့်မပြုသောကြောင့် ညောင်စောင်းအောက် သမံတလင်းမြေအပြင်၌ မှောက်လျက် ထားဖန်,ယူဖန်များသဖြင့် နခမ်းတို၍ ငယ်သွားမှ သပိတ်အိတ်ခွင့်ပြုသည်ဟု သံယုတ် အဋ္ဌကထာ၌ ဆို၏။)

ထိုသေသောက်ကြူးတို့ ဆိုသောစကားကို ကြားတော်မူရလျှင် ရှင်မောဂ္ဂလာန်သည် ရှင်ပိဏ္ဍောလဘာရဒွါဇကို “ငါ့ရှင်ဘာရဒွါဇ- သင်သည် ဤသေသောက်ကြူးတို့ ဆိုသောစကားကို ကြား၏လော။ ဤသေသောက်ကြူးတို့သည် မြတ်စွာဘုရား၏ သာသနာတော်ကို စုံစမ်းလိုကုန်သကဲ့သို့ ဆိုကြကုန်ဘိ၏။ သင်သည်လည်း ကြီးသောတန်ခိုးရှိ၏။ ကြီးသောအာနုဘော်ရှိ၏။ ကြွသွားပါလော့။ ထိုသပိတ်ကို ကောင်းကင်ဖြင့်သွား၍ ယူချေလော့”ဟု ဆိုလေ၏။ “ငါ့ရှင်မောဂ္ဂလာန်- သင်သည် တန်ခိုးကြီးသော သူတို့တွင် အမြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပေ၏။ သင်သည် ဤသပိတ်ကိုယူလော့။ သင်မယူလိုမှသာ အကျွန်ုပ်ယူပါအံ့”ဟု ဆိုသဖြင့် “ငါ့ရှင်- သင်သာ ယူလော့”ဟု ဆိုသည်ရှိသော် အရှင်ပိဏ္ဍောလ ဘာရဒွါဇသည် အဘိညာဉ်၏ အခြေဖြစ်သော စတုတ္ထဈာန်ကို ဝင်စား၍ ခြေမတော်ဖြင့် သုံးဂါဝုတ်ရှိသော ကျောက်ဖျာကို ယူပြီးလျှင် ခြေတော်ဖျားဖြင့် ဖုံးအုပ်တော်မူလျက် လဲဝါဂွမ်းစုကဲ့သို့ ကောင်းကင်၌ တည်စေသဖြင့် ရာဇဂြိုဟ်မြို့၏အထက်၌ ခုနစ်ကြိမ် လှည့်လည်တော်မူလေ၏။ ထိုကျောက်ဖျာသည် သုံးဂါဝုတ်အတိုင်း အရှည်ရှိသော ရာဇဂြိုဟ်မြို့ကို ဖုံးအုပ်ဘိသကဲ့သို့ ထင်လေ၏။ ရာဇဂြိုဟ်မြို့သူ မြို့သားတို့သည် “ကျောက်ဖျာသည် ငါတို့အပေါ်၌ လွှမ်းမိုးကာယူဘိ၏”ဟု ကြောက်လန့်ကုန်သဖြင့် ဗန်းစကောစသည်တို့ကို ထိပ်ထက်၌တင်လျက် ပုန်းအောင်းကြလေကုန်၏။ ခုနစ်ခုမြောက်သော အကြိမ်၌ ပိဏ္ဍောလ ဘာရဒွါဇမထေရ်လည်း ကျောက်ဖျာကိုခွဲ၍ ကိုယ်တော်ကိုပြလေ၏။ များစွာသော လူအပေါင်းသည် ပိဏ္ဍောလဘာရဒွါဇ မထေရ်ကိုမြင်လျှင် “ပိဏ္ဍောလဘာရဒွါဇ အရှင်မြတ်ဘုရား- အရှင်ဘုရား၏ ကျောက်ဖျာကို မြဲမြံစွာပြု၍ ယူတော်မူပါဘုရား။ အလုံးစုံသော တပည့်တော်တို့ကို မဖျက်စီးပါလင့်ဘုရား”ဟု လျှောက်ဆိုကြသဖြင့် ပိဏ္ဍောလမထေရ်သည် ကျောက်ဖျာကို ခြေဖျားတော်ဖြင့် ပစ်ချကာ လွှတ်လိုက်လေ၏။ ထိုကျောက်ဖျာသည် ကျသွား၍ တည်မြဲတိုင်းသော အရပ်၌သာလျှင် တည်လေ၏။

မထေရ်အား စန္ဒကူးသပိတ်လှူခြင်း

မထေရ်သည် သူဌေးကြီး၏အိမ်ထက်၌ ရပ်တော်မူ၏။ ထိုပိ‌ဏ္ဍောလဘာရဒွါဇမထေရ်ကို မြင်ရလျှင် သူဌေးကြီးသည် ရင်ဖြင့်ဝပ်လျက် “အရှင်သူမြတ်ဘုရား- သက်ဆင်းတော်မူကြပါဘုရား”ဟု ဆို၍ ကောင်းကင်မှ သက်ဆင်းတော်မူသော ရှင်ပိဏ္ဍောလမထေရ်ကို ထိုင်နေစေသဖြင့် စန္ဒကူး သပိတ်ကို ချယူစေပြီးလျှင် စတုမဓူအရသာဖြင့် ပြည့်သည်ကိုပြု၍ မထေရ်မြတ်အား သပိတ်ကို လှူဒါန်းလေ၏။ မထေရ်မြတ်သည်လည်း သပိတ်ကိုယူ၍ ကျောင်းတော်သို့ ရှေးရှုကြွတော်မူလေ၏။ ထိုအခါ အကြင်သူတို့သည် တောအုပ်သို့ သွားကြကုန်သည် ဖြစ်၍လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်ကြကုန်သည် ဖြစ်၍လည်းကောင်း မထေရ်မြတ်၏ ထိုတန်ခိုးပြာဋိဟာကို မဖူးမြင်လိုက်ကြရကုန်။ ထိုသူတို့သည် စည်းဝေးကြကုန်သဖြင့် “အရှင်ဘုရား- တပည့်တော်တို့အားလည်း တန်ခိုးပြာဋိဟာကို ပြတော်မူပါဘုရား”ဟု မထေရ်နောက်သို့ အစဉ်လိုက်ကြလေကုန်၏။ မထေရ်မြတ်သည် ထိုသူတို့အား တန်ခိုးပြာဋိဟာကို ပြတော်မူ၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။

(စတု+မဓုရ- လေးပါးသော+အရသာကောင်း။ ထောပတ်,ဆီ,ပျားရည်,တင်လဲ ဟူလို။ အချို့ကား ထောပတ်-၁၉ကျပ်။ နှမ်းဆီ-၈ကျပ်။ နှစ်ရပ်ပေါင်း သတ္တဗီသ ဖြစ်၏။ ပျားရည် ၁၇ကျပ်။ တင်လဲ-၁၀ကျပ်။ နှစ်ရပ်ပေါင်း သတ္တဗီသဖြစ်၏။ ထောပတ်နှင့် ဆီကျက်စေပြီးလျှင် အအေးခံပြီးမှ ပျားရည် တင်လဲထည့်၍ မရပ်မနား ကောလီကျေအောင် မွှေလျက် မီးပေါ်၌ ဆူစေလျှင် စတုပညာသဓာတ်ဖြစ်၏၊ စမုန်မျိုးငါးပါး တစ်မတ်သားစီထည့်၍ ညဉ့်နံနက် တဇွန်းစီ မှန်မှန်စားလျှင် အာယုဝဍ္ဎနဟု ဆိုကြသေး၏။)

သိက္ခာပုဒ်ပညတ်ခြင်း

မြတ်စွာဘုရားသည် ထိုပိဏ္ဍောလမထေရ်သို့ အစဉ်လိုက်၍ အုတ်အုတ်ကျက်ကျက် ကြွေးကြော်လျက်ရှိသော လူများအပေါင်း၏ အသံကိုကြားတော်မူလျှင် “ချစ်သားအာနန္ဒာ- ဤအသံကား အဘယ်သူ၏ အသံနည်း”ဟု မေးတော်မူ လတ်သဖြင့် “မြတ်စွာဘုရား- ပိဏ္ဍောလ ဘာရဒွါဇမထေရ်သည် ကောင်းကင်ဖြင့်ပျံတက်၍ စန္ဒကူးသပိတ်ကို ယူအပ်ပါသည်။ ထိုပိဏ္ဍောလရဟန်း၏အထံ၌ ဤအသံဖြစ်ပါသည်ဘုရား”ဟူသော စကားကိုကြားတော်မူလျှင် ပိဏ္ဍောလ ဘာရဒွါဇရဟန်းကို ခေါ်စေတော်မူ၍ “သင် ဤသို့ပြု၏ဟူသည် မှန်သလော”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် “ဘာရဒွါဇ- အဘယ့်ကြောင့် သင်သည် ဤသို့ပြုဘိသနည်း”ဟု ဘာရဒွါဇမထေရ်အား ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ထိုသပိတ်ကို အပိုင်းအပိုင်း ခွဲစိတ်စေတော်မူလျက် ရဟန်းတို့အား မျက်စဉ်းကြိတ် သွေးစိမ့်သောငှာ ပေးစေတော်မူ၍ “တန်ခိုးမပြရ”ဟု သိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။

တန်ခိုးပြိုင်ရန် တိတ္ထိတို့ ကြိုးစားခြင်း

တိတ္ထိတို့သည် “ရဟန်းဂေါတမကား ထိုသပိတ်ကို ခွဲစိတ်စေ၍ တန်ခိုးပြာဋိဟာပြခြင်းကို မပြုစိမ့်သောငှာ သိက္ခာပုဒ်ကို ပညတ်တော်မူသတတ်”ဟူသော စကားကို ကြားရလျှင် “ရဟန်းဂေါတမ၏ တပည့်သားတို့သည် ပညတ်အပ်သော သိက္ခာပုဒ်တော်ကို အသက်ဟူသော အကြောင်းကြောင့်သော်လည်း မလွန်ကျူးကြကုန်၊ ရဟန်းဂေါတမသည် မိမိပညတ်အပ်သော ထိုသိက္ခာပုဒ်ကို စောင့်ရှောက်လိမ့်မည်သာတည်း။ ယခုအခါ ငါတို့သည် အခွင့်ကိုရပေပြီ”ဟု နှလုံးပြု၍ ထိုတိတ္ထိတို့သည် မြို့မလမ်းခရီးတို့၌ ပြောကြားကုန်လျက် သွားလာလှည့်လည်ကြကုန်၏။ “ငါတို့သည် မိမိဂုဏ်ကျေးဇူးကို စောင့်ကုန်လျက် ရှေးအခါ၌ သစ်သားဖြင့်ပြီးသော သပိတ်၏ အကြောင်းကြောင့် မိမိဂုဏ်ကျေးဇူးကို လူများအပေါင်းအား မပြကြကုန်။ ရဟန်းဂေါတမ၏ တပည့်တို့ကား သပိတ်၏ အကြောင်းကြောင့် မိမိဂုဏ်ကျေးဇူးကို လူများအပေါင်းအား ပြကြကုန်ဘိ၏။ ရဟန်းဂေါတမသည် မိမိ၏ ပညာရှိသည်အဖြစ်ကြောင့် သပိတ်ကို ခွဲစိတ်စေပြီးလျှင် သိက္ခာပုဒ်ကို ပညတ်တော်မူ၏”ဟု ဆိုကြကုန်လျက် “ယခုအခါ ငါတို့သည် ထိုရဟန်းဂေါတမနှင့်သာလျှင် အတူ တကွ တန်ခိုးပြာဋိဟာပြခြင်းကို ပြုလိုကြကုန်၏”ဟု ပြောဆိုကြလေကုန်၏။

ဗိမ္ဗိသာရမင်းကြီး လျှောက်ထားပုံ

ဗိမ္ဗိသာရမင်းကြီးသည် ထိုစကားကိုကြားရလျှင် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် တန်ခိုးပြာဋိဟာ ပြခြင်းကို မပြုစိမ့်သောငှာ တပည့်သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏ဟူသည် မှန်ပါသလောဘုရား”ဟု လျှောက်လတ်သော် “မြတ်သောမင်းကြီး- မှန်ပေ၏”ဟု မိန့်ဆိုတော်မူလေ၏။ “ယခုအခါ တိတ္ထိတို့သည် ရှင်တော်မြတ်ဘုရားတို့နှင့် အတူတကွ တန်ခိုးပြာဋိဟာ ပြခြင်းကိုပြုလိုကြကုန်၏ဟု ဆိုကြပါသည်။ ယခုအခါ အဘယ်သို့ ပြုတော်မူကြပါကုန်အံ့နည်းဘုရား”ဟု မေးလျှောက်ပြန်သော် “မြတ်သောမင်းကြီး- ထိုတိတ္ထိတို့သည် ပြုလိုကြသည်ရှိသော် ငါတို့လည်း ပြုကြကုန်အံ့။ ပြိုင်ကြကုန်အံ့”ဟု မိန့်တော်မူလေ၏။ “ရှင်တော်မြတ်ဘုရားတို့သည် သိက္ခာပုဒ်ကို ပညတ်အပ်ပြီး မဟုတ်ပါလောဘုရား”ဟု မေးလျှောက်ပြန်သည်ရှိသော် “မြတ်သောမင်းကြီး- ငါဘုရားသည် ငါဘုရား၏အလို့ငှာ သိက္ခာပုဒ်ကို မပညတ်၊ ငါ၏ တပည့်သာဝကတို့ အလို့ငှာသာ ပညတ်တော်မူပေ၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရားတို့ကို ဖယ်ထား၍ တစ်ပါးသောသူတို့၌ သိက္ခာပုဒ်ကို ပညတ်ခြင်းမည်သည် ဖြစ်နိုင်ကောင်းပါအံ့လောဘုရား”ဟု မေးပြန်သော် “မြတ်သောမင်းကြီး- ထိုသို့ဖြစ်မူ သင့်ကိုပင်လျှင် ဤအရာ၌ တစ်ဖန်မေးဦးအံ့၊ မြတ်သောမင်းကြီး- နိုင်ငံတော်တွင်း၌ သင်၏ဥယျာဉ်သည် ရှိသည်မဟုတ်လော”ဟု မေးတော်မူလေ၏။ “ရှိပါသည် မြတ်စွာဘုရား”ဟု လျှောက်လတ်သော် “မင်းကြီး- သင်၏ဥယျာဉ်၌ လူများအပေါင်းသည် သရက်သီးစသည်တို့ကို အကယ်၍ စားငြားအံ့။ အဘယ်အမှုကို ပြုဘိသနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- မင်းဒဏ်ပေးခြင်းအမှုကို ပြုရပါသည်ဘုရား”ဟု လျှောက်လတ်သော် “သင်မင်းကြီးသည်ကား စားခြင်းငှာ ရလေတုံသလော”ဟု မေးတော်မူပြန်လေ၏။ “မြတ်စွာဘုရား- ရပါသည်ဘုရား။ တပည့်တော်အား မင်းဒဏ်မရှိနိုင်ပါ၊ တပည့်တော်သည် မိမိ၏ဥစ္စာကို စားခြင်းငှာ ရနိုင်ပါသည်ဘုရား”ဟု လျှောက်လေသော် “မြတ်သောမင်းကြီး- ယူဇနာသုံးရာရှိသော နိုင်ငံတော်၌ သင်မင်းကြီး၏အာဏာသည် လွှမ်းမိုး၍ ဖြစ်နိုင်ဘိ၏။ မိမိ၏ဥယျာဉ်၌ သရက်သီး စသည်တို့ကို စားသော်လည်း မင်းဒဏ်မရှိနိုင်။ သူတစ်ပါးတို့အား မင်းဒဏ်ရှိနိုင်ဘိသကဲ့သို့ ထို့အတူ စကြဝဠာ ကုဋေတစ်သိန်း၌ ငါဘုရား၏အာဏာသည် လွှမ်းမိုး၍ ဖြစ်ဘိ၏။ မိမိ၏ သိက္ခာပုဒ်ပညတ်ခြင်းဖြစ်သောကြောင့် လွန်ကျူးသောမည်သည် မရှိနိုင်ပြီ။ တစ်ပါးသော သူတို့အားကား ရှိနိုင်ပေ၏။ ငါဘုရားသည် တန်ခိုးပြာဋိဟာပြခြင်းကို ပြုပေတော့အံ့”ဟု မိန့်တော်မူလေ၏။

တိတ္ထိတို့အခက်ကြုံ

တိတ္ထိတို့သည် ထိုဘုရားရှင် မိန့်တော်မူသော စကားကိုကြားရလျှင် “ယခုအခါ ငါတို့သည် ပျက်စီးသောသူတို့ ဖြစ်ကုန်ပြီ၊ (ဒုက္ခရောက်ကုန်ပြီ) ရဟန်းဂေါတမသည် သာဝကတို့ အလို့ငှာသာလျှင် သိက္ခာပုဒ်ကို ပညတ်အပ်၏၊ မိမိအလို့ငှာ ပညတ်အပ်သည်မဟုတ်၊ ကိုယ်တိုင်သာလျှင် တန်ခိုးပြာဋိဟာပြခြင်းကို ပြုခြင်းငှာ အလိုရှိသတတ်၊ အဘယ်သို့သောအမှုကို ငါတို့ပြုကြ ရပါကုန်အံ့နည်း”ဟု တိုင်ပင်ကြလေကုန်၏။ မင်းကြီးသည်လည်း မြတ်စွာဘုရားကို “မြတ်စွာဘုရား- အဘယ်အခါ၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူကြပါကုန်အံ့နည်းဘုရား”ဟု မေးလျှောက်လေ၏။ “မြတ်သောမင်းကြီး- ဤနေ့မှ လေးလလွန်သောအခါ ဝါဆိုလပြည့်နေ့၌ ပြုကုန်အံ့”ဟု မိန့်ဆိုတော်မူလျှင် “မြတ်စွာဘုရား- အဘယ်အရပ်၌ ပြုတော်မူကြပါကုန်အံ့နည်းဘုရား”ဟု မေးလျှောက်ပြန်သဖြင့် “မြတ်သောမင်းကြီး- သာဝတ္ထိပြည်ကိုမှီ၍ ပြုကုန်အံ့”ဟု မိန့်ဆိုတော်မူလေ၏။

(အဘယ့်ကြောင့်လျှင် မြတ်စွာဘုရားသည် ဤသို့ဝေးကွာသောအရပ်ကို ညွှန်ပြတော်မူဘိသနည်းဟူမူကား ထိုသာဝတ္ထိပြည်သည် အလုံးစုံသော ဘုရားရှင်တို့၏ မြတ်သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူရာ အရပ်ဖြစ်၏။ ထို့ကြောင့် ဝေးကွာသောအရပ်ကို ညွှန်ပြတော်မူဘိ၏။ ထိုမှတစ်ပါးလည်း များစွာသော လူအပေါင်း၏ စည်းဝေးနိုင်စိမ့်သောငှာလည်း ဝေးကွာသောအရပ်ကိုသာ ညွှန်ပြတော်မူသတည်း။)

တိတ္ထိကြီးတို့ စကားဖြင့်ဟန်ရေးပြ

တိတ္ထိတို့သည် ထိုစကားကိုကြားရလျှင် “ဤနေ့မှ လေးလတို့လွန်လတ်သောအခါ ရဟန်းဂေါတမသည် သာဝတ္ထိပြည်၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုလတ္တံ့၊ ယခုအခါ ထိုရဟန်းဂေါတမကို မလွှတ်မူ၍သာလျှင် အစဉ်မပြတ် လိုက်ကြကုန်အံ့၊ လူများအပေါင်းသည် ငါတို့ကိုမြင်ရလျှင် ဤသို့ပြုလုပ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟု မေးမြန်းလတ္တံ့၊ ထိုသို့ မေးမြန်းသောအခါ လူများအပေါင်းအား ငါတို့သည် ရဟန်းဂေါတမနှင့် အတူတကွ တန်ခိုးပြာဋိဟာပြခြင်းကို ပြုကြကုန်အံ့ဟု ပြောပြီးဆိုပြီး ဖြစ်ကုန်၏။ ထိုရဟန်းဂေါတမသည် ထွက်ပြေးလတ္တံ့။ ငါတို့သည် ထိုရဟန်းဂေါတမအား ထွက်ပြေးစိမ့်သောငှာ မပေးလိုသောကြောင့် အစဉ်မပြတ် လိုက်ကြရကုန်အံ့ဟု ပြောဆိုကြကုန်အံ့”ဟူ၍ တိုင်ပင်ကြကုန်၏။

တန်ခိုးပြရန် တိတ္ထိတို့မဏ္ဍပ်

မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌ ဆွမ်းအလို့ငှာ ကြွတော်မူ၍ ထွက်တော်မူလေ၏။ တိတ္ထိတို့သည်လည်း မြတ်စွာဘုရား၏ နောက်တော်မှသာလျှင် ထွက်၍ ဆွမ်းဘုဉ်းပေးခြင်းကို ပြုတော်မူရာအရပ်၌ နေကြကုန်၏။ နေရာအရပ်၌ တဖန်မိုးသောက်သောအခါ နံနက်စာစားခြင်းကိုပြုကြကုန်၏။ လူတို့သည် “ဤသို့ဘုရားရှင်၏ နောက်တော်မှ လိုက်ရခြင်းကား အကြောင်း အသို့နည်း”ဟု မေးကုန်လတ်သော် ဖော်ပြခဲ့ပြီးသော နည်းအားဖြင့်သာလျှင် ပြောကြားကြလေကုန်၏။ လူများအပေါင်းသည်လည်း တန်ခိုးပြာဋိဟာ ပြခြင်းကို ဖူးမြင်ကြကုန်အံ့ဟု နှလုံးသွင်း၍ အမှီလိုက်လေ၏။ မြတ်စွာဘုရားသည် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်လေ၏။ တိတ္ထိတို့သည်လည်း မြတ်စွာဘုရားနှင့် အတူတကွသာလျှင် သွား၍ အလုပ်အကျွေး ဒါယကာတို့ကို နှိုးဆောင်တိုက်တွန်းသဖြင့် တစ်သိန်းသော ဥစ္စာကိုရ၍ ရှားသည်တိုင်တို့ဖြင့် မဏ္ဍပ်တို့ကို ဆောက်လုပ်စေပြီးလျှင် ကြာညိုပန်းတို့ဖြင့် မိုးစေ၍ “ဤမဏ္ဍပ်၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုကြကုန်အံ့”ဟု နေထိုင်ကြလေကုန်၏။

တစ်ယူဇနာအတွင်း သရက်ပင်ရှင်း

ပသေနဒီ ကောသလမင်းတရားကြီးသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “မြတ်စွာဘုရား- တိတ္ထိတို့သည် မဏ္ဍပ်ကိုဆောက်လုပ်အပ်ပြီ၊ ဒကာတော်သည် ရှင်တော်မြတ်ဘုရားတို့အလို့ငှာ မဏ္ဍပ်ကို ဆောက်လုပ်ပါမည်ဘုရား”ဟု လျှောက်လတ်သော် “မြတ်သောမင်းကြီး- သင့်တော်လောက်ပြီ၊ ငါဘုရားအလို့ငှာ မဏ္ဍပ်ဆောက်လုပ်မည့် ဒါယကာရှိပြီ”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ဒကာတော်ကို ဖယ်ထား၍ ဒကာတော်မှတစ်ပါး အဘယ်ဒါယကာသည် ဆောက်လုပ်ခြင်းငှာ တတ်စွမ်းနိုင်ကောင်းပါအံ့နည်းဘုရား”ဟု လျှောက်ပြန်လတ်သော် “သိကြားနတ်မင်း တတ်စွမ်းနိုင်ပေလတ္တံ့”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အဘယ်အရပ်၌ တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုပါအံ့နည်းဘုရား”ဟု လျှောက်ပြန်လတ်သော် “မြတ်သောမင်းကြီး- ကဏ္ဍအမည်ရှိသော ဥယျာဉ်စောင့်၏ သရက်ပင်ရင်း၌ ပြုပေအံ့”ဟု မိန့်တော်မူလေ၏။ တိတ္ထိတို့သည် “သရက်ပင်ရင်း၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူလတ္တံ့” ဟူသောစကားကို ကြားရလျှင် မိမိ၏အလုပ်အကျွေး ဒါယကာတို့အား ပြောကြားပြီးလျှင် တစ်ယူဇနာအတွင်းဖြစ်သော နေရာ၌ အယုတ်သဖြင့် ထိုနေ့ပေါက်သော သရက်ပင်ငယ်ကိုသော်လည်း နုတ်စေ၍ တော၌ပစ်စေကြလေကုန်၏။

ဥယျာဉ်စောင့် သရက်သီး ဘုရားလှူ

မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့၌ သာဝတ္ထိမြို့တွင်းသို့ ဝင်တော်မူလေ၏။ မင်းကြီး၏လည်း ဥယျာဉ်စောင့်ဖြစ်သော ကဏ္ဍအမည်ရှိသောသူသည် ခါချဉ်တို့သည်ပြုအပ်သော အထုပ်အတွင်း၌ အလုံးကြီးသော တစ်ခုသောသရက်သီးမှည့်ကိုမြင်၍ ထိုသရက်သီး၏ အနံ့အရသာ၌ တပ်မက်မောသဖြင့် ကျရောက်နားလာကုန်သော ကျီးတို့ကို ပြေးစေပြီးလျှင် မင်းကြီးသုံးဆောင်စိမ့်သောအကျိုးငှာ ယူ၍သွားလတ်သည်ရှိသော် လမ်းခရီးအကြား၌ မြတ်စွာဘုရားကို မြင်ရသဖြင့် “မင်းကြီးသည် ဤသရက်သီးကိုစား၍ ငါ့အားရှစ်သပြာတို့ကိုလည်းကောင်း၊ တစ်ဆယ့်ခြောက်သပြာတို့ကိုလည်းကောင်း ဆုတော်ချရာ၏။ ထိုမင်းကြီးပေးသော ဆုတော်အသပြာသည် ငါ့အား တစ်ခုသော ကိုယ်အဖြစ်၌သော်လည်း အသက်မွေးမြူခြင်းငှာ မစွမ်းနိုင်။ ငါသည် မြတ်စွာဘုရားအား ဤသရက်သီးကို အကယ်၍ လှူရသည်ဖြစ်အံ့၊ ထိုသို့ ပေးလှူရခြင်းသည် မချွတ်မယွင်း ငါ့အား ဖြစ်လေရာရာ သံသရာအဆက်ဆက် ရှည်မြင့်လှစွာသော ကာလပတ်လုံး အစီးအပွားကို ရွက်ဆောင်နိုင်သည် ဖြစ်ပေလတ္တံ့”ဟုကြံ၍ ကဏ္ဍမည်သော ဥယျာဉ်စောင့်သည် ထိုသရက်သီးမှည့်ကို မြတ်စွာဘုရားအား ဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်ကို ကြည့်ရှုတော်မူလေ၏။ ထိုအခါ ရှင်အာနန္ဒာမထေရ်သည် နတ်မင်းကြီးလေးဦးတို့သည် လှူဒါန်းအပ်သော သပိတ်ကို သပိတ်အိတ်မှ ထုတ်ယူ၍ မြတ်စွာဘုရားရှင်၏ လက်တော်၌ ထားလေ၏။

(တောထွက်စ ဃဋိကာရဗြဟ္မာလှူသော သပိတ်ကား သုဇာတာ နို့ဃနာခံယူအံ့သောအခါ၌ ကွယ်ပျောက်လေ၏။ သုဇာတာလှူသော ရွှေခွက်ကား ထိုနေ့၌ပင် နေရဉ္ဇရာမြစ်၌ မျှောအပ်လေ၏။ ဘုရားဖြစ်၍ ၄၉-ရက် လွန်ပြီးသောနေ့၌ တပုဿ,ဘလ္လိကတို့လှူသော မုန့်ကို အလှူခံယူအံ့သောအခါ နတ်မင်းကြီးလေးဦးတို့ အသီးအသီးလှူသော သပိတ်လေးလုံးကို တပေါင်းတည်းနှိပ်သဖြင့် အနားရစ်လေးခုရှိသော သပိတ်ဖြစ်၏။ ထိုသပိတ်ကို ဆိုခြင်းဖြစ်သည်။)

ကဏ္ဍသရက်ပင်

ဘုရားရှင်သည် သပိတ်တော်ကို အနီးသို့ညွှန်၍ သရက်သီးကို ခံယူတော်မူပြီးလျှင် ထိုအရပ်၌ပင်လျှင် နေတော်မူလိုသော အခြင်းအရာကို ပြတော်မူလေ၏။ ရှင်အာနန္ဒာမထေရ်သည် သင်္ကန်းကိုခင်း၍ ပေးလေ၏။ ထိုအခါ ခင်းထားသောသင်္ကန်းနေရာ၌ နေတော်မူလတ်သည်ရှိသော် မြတ်စွာဘုရားအား ရှင်အာနန္ဒာမထေရ်သည် သောက်ရေကိုစစ်၍ ထိုသရက်သီးမှည့်ကို နယ်လျက် အဖျော်ပြု၍ ဆပ်ကပ်လေ၏။ မြတ်စွာဘုရားသည် အဖျော်ကိုသုံးဆောင်တော်မူပြီးလျှင် ကဏ္ဍမည်သော ဥယျာဉ်စောင့်ကို “ဤသရက်စေ့ကို ဤအရပ်၌သာလျှင် မြေမှုန့်ကိုယက်၍ စိုက်ပျိုးလော့”ဟု မိန့်တော်မူလေ၏။ ဥယျာဉ်စောင့်သည် ထိုမိန့်တော်မူတိုင်း စိုက်ပျိုးခြင်းကို ပြုလေ၏။ ဘုရားရှင်သည် ထိုသရက်စေ့၏အထက်၌ လက်ကိုဆေးတော်မူလေ၏။ လက်ကို ဆေးတော်မူအပ်ကာမျှပင် ထွန်းတုံးမျှ အတိုင်းအရှည်ရှိသော ပင်စည်လုံးပတ်ရှိသည်ဖြစ်၍ အစောက်အားဖြင့် အတောင်ငါးဆယ်ရှိသော သရက်ပင်သည် ပေါက်ရောက်လာလေ၏။ အရပ်လေးမျက်နှာတို့၌ ကိုင်းမ တစ်ခုတစ်ခုစီလည်းကောင်း၊ အထက်၌ကိုင်းမတစ်ခုလည်းကောင်း ဤသို့ အကိုင်းခက်မကြီး ငါးခုတို့သည် အတောင်ငါးဆယ်စီ ရှိကြလေကုန်၏။ ထိုသရက်ပင်သည် ထိုတခဏချင်း၌သာလျှင် အပွင့်အသီးတို့ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ တစ်ခုတစ်ခုသောအရပ်၌ မှည့်သောသရက်သီးအခိုင်ကို (သီးလျက်) ရှိသည်ဖြစ်လေ၏။ နောက်တော်မှ လိုက်လာကြကုန်သော ရဟန်းတို့သည် သရက်သီးမှည့်တို့ကို စားကုန်လျက်သာလျှင် လိုက်လာကြရလေကုန်၏။ ကောသလမင်းကြီးသည် “ဤသို့သဘောရှိသော သရက်ပင် ပေါက်ရောက်ပေသတတ်”ဟူသော စကားကိုကြားရလျှင် “ထိုသရက်ပင်ကို တစ်စုံတစ်ယောက်သောသူသည် ချိုးဖဲ့ဖြတ်လှည်းခြင်းမပြုရ”ဟု အစောင့်အရှောက်ထားလေ၏။ ထိုသရက်ပင်သည် ကဏ္ဍမည်သော ဥယျာဉ်စောင့် စိုက်အပ်သည်အဖြစ်ကြောင့် ကဏ္ဍသရက်ပင်ဟူ၍သာလျှင် ထင်ရှား၏။

တိတ္ထိတို့မဏ္ဍပ်ပြို

သေသောက်ကြူးတို့သည်လည်း သရက်သီးမှည့်တို့ကို စားကြရသဖြင့် “ဟယ်..ယုတ်မာလှစွာသော တိတ္ထိပျက်တို့- ရဟန်းဂေါတမသည် ကဏ္ဍမည်သောသရက်ပင်ရင်း၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူလိမ့်သတတ်ဟုဆို၍ သင်တို့သည် တစ်ယူဇနာ၏အတွင်း၌ ထိုနေ့ပေါက်သည်ဖြစ်သော သရက်ပင်ငယ်တို့ကိုသော်လည်း နုတ်စေအပ်ကုန်၏။ ဤသရက်ပင်သည်ကား ကဏ္ဍသရက်ပင်မည်သတည်း”ဟု ဆိုကြ၍ ထိုသေသောက်ကြူးတို့သည် စားကြွင်းစားဖတ်ဖြစ်သော သရက်စေ့တို့ဖြင့် ပစ်ခတ်ကြလေကုန်၏။ သိကြားမင်းသည် ဝါတဝလာဟက မည်သော လေနတ်သားအား “တိတ္ထိတို့မဏ္ဍပ်ကို လေတို့ဖြင့်တိုက်ခွာနုတ်ပစ်၍ မသန့်ပြန့်သောမြေအရပ်၌ ပစ်ချလေလော့”ဟု စေခိုင်းလေ၏။ လေနတ်သားသည် ထိုသိကြားမင်းဆိုတိုင်းပြု၏။ နေနတ်သားကိုလည်း “နေအဝန်းကို ဆွဲငင်နှိမ့်ချလျက် ပူလောင်စေလော့”ဟု စေခိုင်းလေ၏။ နေနတ်သားသည် ထိုသိကြားမင်း ဆိုတိုင်းပြု၏။ တစ်ဖန်လေနတ်သားကို “လေပွေထစေလျက် သွားလေလော့”ဟု စေခိုင်းပြန်လေ၏။ လေနတ်သားသည် ထိုသိကြားမင်းဆိုတိုင်း ပြုသည်ဖြစ်၍ ယိုစီးသောချွေးရှိသောကိုယ်၌ မြူစုဖြင့် ပြန့်ကြဲလေ၏။ ထိုတိတ္ထိတို့ကိုယ်သည် နီသောမြေညက်စိုင်နှင့် တူကြကုန်၏။ မိုးနတ်သားကိုလည်း “ကြီးစွာသော မိုးပေါက်တို့ကို ကျစေလော့”ဟု စေခိုင်းပြန်လေ၏။ မိုးနတ်သားသည် သိကြားမင်းဆိုတိုင်းပြု၏။ ထိုအခါ တိတ္ထိတို့၏ကိုယ်သည် အပြောက်အကွက်ရှိသော နွားကျားနှင့်တူကြလေ၏။

တိတ္ထိတို့ ထွက်ပြေးကြခြင်း

ထိုတိတ္ထိ တက္ကတွန်းတို့သည် ရှက်နိုးကြကုန်သည်ဖြစ်၍ ရှေးရှုရာ ရှေးရှုရာ အရပ်သို့သာလျှင် ပြေးလွှားကြရလေကုန်၏။ ဤသို့ ပြေးလွှားကြရကုန်သည်ရှိသော် ပူရဏကဿပ အမည်ရှိသော တိတ္ထိ၏ အလုပ်အကျွေး လယ်ထွန်ယောက်ျား တစ်ယောက်သည် “ယခုအခါ ငါ့ဆရာဖြစ်သော အရှင်ကောင်းတို့၏ တန်ခိုးပြာဋိဟာ ပြသောအခါတည်း၊ သွား၍ တန်ခိုးပြာဋိဟာပြခြင်းကို ဖူးမြင်ဦးအံ့”ဟု နွားတို့ကိုလွှတ်လိုက်၍ နံနက်စောစောကလျှင် ဆောင်ယူခဲ့သော ယာဂုအိုးကိုလည်းကောင်း၊ ကြိုးကိုလည်းကောင်း ယူခဲ့သဖြင့် လာလတ်သည်ရှိသော် ထိုအခြင်းအရာဖြင့် ပြေးလွှားနေသော ပူရဏကဿပကို မြင်ရလျှင် “အရှင်ဘုရား- ယနေ့ အရှင်ကောင်းတို့၏ တန်ခိုးပြာဋိဟာပြခြင်းကို ဖူးမြင်ဦးအံ့”ဟု မေးလျှင် “သင့်အား တန်ခိုးပြာဋိဟာဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဤအိုးကိုလည်းကောင်း၊ ကြိုးကိုလည်းကောင်း ပေးပါလော့”ဟု ဆိုလေ၏။ ထိုပူရဏကဿပသည် လယ်ထွန်သမားပေးအပ်သော အိုးနှင့်ကြိုးတို့ကိုယူ၍ မြစ်ကမ်းနားသို့ သွားပြီးလျှင် အိုးကို ကြိုးဖြင့် မိမိလည်းပင်း၌ ဖွဲ့ချည်လျက် ရှက်နိုးလှသောကြောင့် တစ်စုံတစ်ခွန်းသော စကားကိုမျှ မဆိုမူ၍ ရေနက်ရာအရပ်၌ ခုန်ချပြီးလျှင် ရေပွက်ထစေလျက် သေ၍ အဝီစိငရဲ၌ ဖြစ်ရှာလေ၏။

ဃရဏီဒါယိကာမ တန်ခိုးပြရန်လျှောက်ထား

မြတ်စွာဘုရားသည် ကောင်းကင်၌ ရတနာစင်္ကြံကို ဖန်ဆင်းတော်မူလေ၏။ ထိုရတနာစင်္ကြံ၏ တစ်ခုသော အစွန်းကား အရှေ့စကြဝဠာ အနားရေး၌ဖြစ်၏။ တစ်ခုသောအစွန်းကား အနောက် စကြဝဠာ အနားရေး၌ဖြစ်၏။ မြတ်စွာဘုရားသည် အညီအညွတ် စည်းဝေးရောက်လာသော သုံးဆယ့်ခြောက်ယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်၏အလယ်၌ အရိပ်တိုးပွားသော နေမွန်းလွဲသောအခါ “ယခုအခါကား တန်ခိုးပြာဋိဟာကို ပြတော်မူအံ့သောအခါတည်း”ဟု ဂန္ဓကုဋိတိုက်မှ ထွက်တော်မူ၍ ကျောင်းဦး၌ ရပ်တော်မူလေ၏။ ထိုသို့ ရပ်တော်မူသောအခါ မြတ်စွာဘုရားကို ဃရဏီအမည်ရှိသော ကြီးသော တန်ခိုးနှင့်ပြည့်စုံသော အနာဂါမ်တည်သော သီတင်းသည် ဥပါသိကာမတစ်ယောက်သည် ချဉ်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မကဲ့သို့သော သမီးကောင်းရတနာရှိပါလျက် ရှင်တော်မြတ်ဘုရားတို့အား ပင်ပန်းစရာ ပြုဖွယ်ကိစ္စသည် မရှိသင့်ပါ၊ တပည့်တော်မသည် တန်ခိုးပြာဋိဟာကို ပြုပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။

“ချစ်သမီးဃရဏီ- သင်သည် အဘယ်သို့သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုအံ့နည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- တစ်ခုသော စကြဝဠာတိုက်၌ မဟာပထဝီ မြေအပြင်ကြီးကို ပြုလုပ်၍ ရေကြက်မကဲ့သို့ငုပ်၍ အရှေ့စကြဝဠာ နှုတ်ခမ်းရေး၌ ကိုယ်ကိုဖော်ပြပါမည်။ ထို့အတူ အနောက်စကြဝဠာ နှုတ်ခမ်းရေး၊ မြောက်စကြဝဠာ နှုတ်ခမ်းရေး၊ တောင်စကြဝဠာ နှုတ်ခမ်းရေး၌လည်းကောင်း၊ ထို့အတူ အလယ်၌လည်းကောင်း ဖော်ပြပါမည်။ “ဤသူကား အဘယ်သူနည်း”ဟု မေးအပ်သည်ရှိသော် “ဤရေကြက်မကား ဃရဏီမည်သော ဥပါသိကာမတည်း၊ ဤသည်လျှင် ရှေးဦးစွာ ဃရဏီမည်သော ထိုမိန်းမ၏အစွမ်းအာနုဘော်တည်း၊ ဘုရားရှင်၏ တန်ခိုးတော် အာနုဘော်တော်သည်ကား အဘယ်သို့သဘောရှိသည် ဖြစ်လတ္တံ့နည်း”ဟု ဆိုကြရပါကုန်လတ္တံ့။ ဤသို့လျှင် တိတ္ထိတို့သည် ရှင်တော်မြတ်ဘုရားတို့ကို မမြင်ဝံ့မူ၍သာလျှင် ထွက်ပြေးကြပါလိမ့်မည်ဘုရား”ဟု လျှောက်ကြားလေ၏။

ဗုဒ္ဓ ငြင်းပယ်တော်မူ

ထိုအခါဃရဏီကို မြတ်စွာဘုရားသည် “ချစ်သမီးဃရဏီ- သင်သည် ဤသို့သဘောရှိသော တန်ခိုးပြာဋိဟာပြခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သည့်အဖြစ်ကို ငါဘုရား သိတော်မူ၏။ သို့ရာတွင် ပရိသတ်သည် သင်၏အကျိုးငှာ ဖွဲ့စည်းအပ်သည် မဟုတ်ပေ”ဟု မိန့်တော်မူလျက် ပယ်တော်မူလေ၏။ ထိုဃရဏီသည် “ငါ့အား မြတ်စွာဘုရားသည် ခွင့်ပြုတော်မမူ၊ မချွတ်လျှင် ငါ့ထက်လွန်စွာ တန်ခိုးပြာဋိဟာပြခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သော တစ်ပါးသူရှိသေး၏”ဟု ကြံလျက် တင့်အပ်လျှောက်ပတ်သော အရပ်၌ နေလေ၏။

စူဠအနာထပိဏ်

မြတ်စွာဘုရားသည်လည်း “ဤအတူသာလျှင် ထိုသူတို့၏ ဂုဏ်သည်ထင်ရှားသည် ဖြစ်လတ္တံ့”ဟု သုံးဆယ်ခြောက်ယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်၏အလယ်၌ ခြင်္သေ့မင်းအသံနှင့်တူသော မကြောက်မရွံ့ ရဲရင့်သော အသံကိုဆိုလတ္တံ့ဟု အောက်မေ့မှတ်သား နှလုံးထားတော်မူလျက် တစ်ပါးသောသူတို့ကိုလည်း “သင်တို့သည် အဘယ်သို့လျှင် တန်ခိုးပြာဋိဟာပြခြင်းကို ပြုကြကုန်အံ့နည်း”ဟု မေးမြန်းတော်မူလေ၏။ “မြတ်စွာဘုရား- ဤသို့လျှင် ပြုကြပါမည်ဘုရား”ဟု ဘုရားရှင်၏ ရှေ့တော်၌သာလျှင် ခြင်္သေ့မင်း၏ အသံနှင့်တူသော အသံကို မကြောက်မရွံ့ မြွက်ဆို လျှောက်ကြားကြလေကုန်၏။ ထိုသူတို့တွင် စူဠအနာထပိဏ်သူဌေးသည် “ငါကဲ့သို့ သဘောရှိသော အနာဂါမ်တည်သော ဥပါသကာ သားကောင်းရတနာရှိပါလျက် မြတ်စွာဘုရားအား ပင်ပန်းစရာ ပြုဖွယ်ကိစ္စသည် မရှိသင့်စွတကား”ဟု လျှောက်ထားသောကြောင့် “အဘယ်သို့ပြုမည်နည်း”ဟု မေးအပ်သည်ရှိသော် “မြတ်စွာဘုရား တပည့်တော်ကား တစ်ဆယ့်နှစ်ယူဇနာရှိသော ဗြဟ္မာကြီး၏သဏ္ဌာန် အတ္တဘောကို ဖန်ဆင်း၍ ဤပရိသတ်၏ အလယ်၌ မိုးကြီးထစ်ချုန်း မြည်ဟည်းသည်နှင့်တူသော အသံဖြင့် ဗြဟ္မာတို့၏လက်ပန်းပေါက် ခတ်ခြင်းမည်သည်ကို လက်ပန်းပေါက်ခတ်ပါမည်ဘုရား”ဟု လျှောက်ပြီးလျှင် “လူများအပေါင်းသည် “ဤအသံကား အဘယ်အသံဖြစ်သနည်း”ဟု မေးလတ်သော် စူဠအနာထပိဏ်သူဌေး၏ ဗြဟ္မာတို့၏ လက်ပန်းပေါက်ခတ်သံ မည်သတတ်”ဟု ဆိုကြပါလိမ့်မည်။ တိတ္ထိတို့သည်လည်း “သူကြွယ်အားပင် ဤသို့သော အာနုဘော်ရှိသတတ်၊ ဘုရားရှင်၏ အာနုဘော်ကား အဘယ်သို့ သဘောရှိသည် ဖြစ်လတ္တံ့နည်း”ဟု ဆို၍ ရှင်တော်မြတ်ဘုရားတို့ကို မမြင်ဝံ့ဘဲသာလျှင် ထွက်ပြေးကြပါလိမ့်မည် ဘုရား”ဟု လျှောက်ကြားလေ၏။

ဗုဒ္ဓခွင့်မပြု

မြတ်စွာဘုရားသည် “သင်၏အာနုဘော်ကို ငါဘုရား သိတော်မူ၏”ဟု စူဠအနာထပိဏ် သူဌေးအားလည်း ထိုဃရဏီအတူသာလျှင် မိန့်ဆို၍ တန်ခိုးပြာဋိဟာပြခြင်းကို ခွင့်ပြုတော်မမူ။

စီရမည်သော သာမဏေမ

ထို့နောင်မှ ပဋိသမ္ဘိဒါ လေးပါးသို့ရောက်ပြီးသော ခုနစ်နှစ်အရွယ်သာရှိသော စီရအမည်ရှိသော သာမဏေမသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မသည် တန်ခိုးပြာဋိဟာပြခြင်းကို ပြုပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သမီးစီရ- အဘယ်သို့ပြုအံ့နည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား -မြင်းမိုရ်တောင်ကိုလည်းကောင်း၊ စကြဝဠာတောင်ကိုလည်းကောင်း၊ ဟိမဝန္တာကိုလည်းကောင်း ဆောင်ယူပြီးလျှင် ဤအရပ်၌ အစဉ်အတိုင်းထား၍ တပည့်တော်မသည် ဟင်္သာမကဲ့သို့ ထိုထိုအရပ်မှထွက်လျက် မငြိမကပ်ပျံသန်းခြင်းကို ပြုပါမည်ဘုရား။ လူ အများအပေါင်းသည် တပည့်တော်မကို မြင်ရလျှင် “ဤသူကား အဘယ်သူနည်း”ဟု မေးလတ်သော် “စီရအမည်ရှိသော သာမဏေမတည်း”ဟု ဆိုကြပါကုန်လတ္တံ့။ တိတ္ထိတို့သည် “ခုနစ်နှစ်သမီးအရွယ်ရှိသော သာမဏေမ၏ ဤအာနုဘော်သည် ဤမျှလောက် ကြီးကျယ်ဘိ၏။ ဘုရားရှင်၏ အာနုဘော်ကား အဘယ်သို့သဘောရှိသည် ဖြစ်လတ္တံ့နည်း”ဟု မြတ်စွာဘုရားတို့ကို မမြင်ဝံ့ဘဲသာလျှင် ထွက်ပြေးကြရပါလိမ့်မည်ဘုရား”ဟု လျှောက်ကြားလေ၏။

(ဤမှနောက်၌ ဤသို့သဘောရှိသော စကားတို့ကို ဆိုအပ်ပြီးသည်ကို အစဉ်လျှောက်သဖြင့်သာလျှင် သိအပ်ကုန်၏။)

ထိုစီရမည်သော သာမဏေမအားလည်း မြတ်စွာဘုရားသည် “သင်၏ အာနုဘော်ကို ငါးဘုရားသိတော်မူ၏”ဟု မိန့်ဆို၍ တန်ခိုးပြာဋိဟာ ပြုခြင်းကိုခွင့်ပြုတော်မမူ။

စုန္ဒသာမဏေ

ထို့နောင်မှ ပဋိသမ္ဘိဒါလေးပါးသို့ရောက်၍ ကုန်ပြီးသော အာသဝေါရှိသော ဖွားသည်မှ ခုနစ်နှစ်အရွယ်အားဖြင့် မှတ်သားအပ်သော စုန္ဒမည်သော သာမဏေသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်သည် တန်ခိုးပြာဋိဟာကို ပြခြင်းကိုပြုပါမည်ဘုရား”ဟု လျှောက်ပြန်သည်ရှိသော် “အဘယ်သို့ ပြုအံ့နည်း”ဟု မေးအပ်သော် စုန္ဒသာမဏေသည် “မြတ်စွာဘုရား- တပည့်တော်သည် ဇမ္ဗူဒီပါကျွန်း၏ တံခွန်သဖွယ်ဖြစ်၍ဖြစ်သော ဇမ္ဗုသပြေပင်ကြီးကို ပခုံးထက်၌ ထမ်းယူကာ လှုပ်ပြီးလျှင် ဇမ္ဗူသပြေသီးကြီးတို့ကို ခြွေဆွတ်ဆောင်ယူလျက် ဤပရိသတ်အပေါင်းကို စားစေပါမည်။ ပင်လယ်ကသစ်ပွင့်တို့ကိုလည်း ယူဆောင်၍ ရှင်တော်မြတ်ဘုရားတို့ကို ရှိခိုးလာပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် “သင်၏အာနုဘော်ကို ငါဘုရားသိတော်မူ၏”ဟု စုန္ဒသာမဏေအားလည်း တန်ခိုးပြာဋိဟာပြခြင်းကို ပယ်တော်မူ လေ၏။

ဥပ္ပလဝဏ်ထေရီမ

ထို့နောက်မှ ဥပ္ပလဝဏ်အမည်ရှိသော ထေရီမသည် မြတ်စွာဘုရားကိုရှိခိုး၍ “မြတ်စွာဘုရား- တပည့်တော်မသည် တန်ခိုးပြာဋိဟာပြခြင်းကို ပြုပါမည်ဘုရား”ဟု လျှောက်ကြားပြန်သောကြောင့် “အဘယ်သို့ ပြုအံ့နည်း”ဟု မေးသည်ရှိသော် “မြတ်စွာဘုရား- တပည့်တော်မသည် ထက်ဝန်းကျင်မှ တစ်ဆယ့်နှစ်ယူဇနာရှိသော ပရိသတ်ကိုပြ၍ အဝန်းအားဖြင့် သုံးဆယ့်ခြောက်ယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်ဖြင့် ခြံရံလျက် စကြဝတေးမင်း၏အဖြစ်ဖြင့် လာလတ်၍ ရှင်တော်မြတ်ဘုရားတို့ကို ရှိခိုးပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် “သင်၏အာနုဘော်ကို ငါဘုရားသိတော်မူ၏”ဟု ဆို၍ ဥပ္ပလဝဏ်ထေရီမအားလည်း တန်ခိုးပြခြင်းကို ပယ်တော်မူလေ၏။

ရှင်မောဂ္ဂလာန်

ထို့နောင်မှ ရှင်မောဂ္ဂလာန်မထေရ်သည် မြတ်စွာဘုရားကိုရှိခိုး၍ “မြတ်စွာဘုရား- တပည့်တော်သည် တန်ခိုပြာဋိဟာပြခြင်းကို ပြုပါမည်ဘုရား”ဟု လျှောက်ကြားပြန်သောကြောင့် “အဘယ်သို့ပြုအံ့နည်း”ဟု မေးအပ်သည်ရှိသော် “မြတ်စွာဘုရား- တပည့်တော်သည် မြင်းမိုရ်တောင်မင်းကို သွားတို့၏အကြား၌ထား၍ ပဲနောက်စေ့ မုန်ညင်းစေ့ကဲ့သို့ ခဲပါမည်၊ ဝါးပါမည်ဘုရား”ဟု လျှောက်ထားလေ၏။ “တစ်ပါးသော အဘယ်အမှုကို ပြုဦးမည်နည်း”ဟု မေးတော်မူပြန်သော် “ဤမြင်းမိုရ်တောင်မင်းကို မဟာပထဝီမြေကြီးပြုပြီးလျှင် သသင်းဖြူး ဖျာကဲ့သို့လိပ်၍ လက်ချောင်းတို့၏အကြား၌ ထည့်ထားပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ “တစ်ပါးသော အဘယ်အမှုကို ပြုဦးအံ့နည်း”ဟု မေးတော်မူပြန်သော် “ဤမဟာပထဝီမြေကြီးကို အိုးထိန်းစက်ကဲ့သို့ လည်စေ၍ လူများအပေါင်းကို မြေဆီသြဇာ စားစေပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ဤမှတစ်ပါး အဘယ်အမှုကို ပြုဦးအံ့နည်း”ဟု မေးတော်မူပြန်သော် “လက်ဝဲလက်ပေါ်၌ ဤမြေကြီးကိုတင်ထား၍ ဤသတ္တဝါတို့ကို လက်ျာလက်ဖြင့် တစ်ပါးသောကျွန်း၌ ထားပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ဤမှတစ်ပါး အဘယ်အမှုကို ပြုဦးအံ့နည်း”ဟု မေးတော်မူပြန်သော် “မြင်းမိုရ်တောင်မင်းကို ထီးရိုးပြုလုပ်၍ မဟာပထဝီမြေကြီးကို မြှောက်ပင့်သဖြင့် ထိုထီးရိုး၏အထက်၌ တင်ထားပြီးလျှင် ထီးလက်စွဲသောရဟန်းကဲ့သို့ လက်တစ်ဖက်ဖြင့် ကိုင်စွဲလျက် ကောင်းကင်၌ စင်္ကြံသွားပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “သင်၏တန်ခိုးအာနုဘော်ကို ငါဘုရားသိတော်မူ၏”ဟု မိန့်တော်မူ၍ ထိုရှင်မောဂ္ဂလာန်အားလည်း တန်ခိုးပြာဋိဟာကို ပြခြင်းကို ခွင့်ပေးတော်မမူ။ ထိုရှင်မောဂ္ဂလာန်သည် “မြတ်စွာဘုရားကား ငါ့ထက် လွန်ကဲစွာ တန်ခိုးပြာဋိဟာပြခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သောသူကို သိတော်မူယောင်တကား”ဟု ကြံလျက် တင့်အပ်လျောက်ပတ်သောအရပ်၌ နေလေ၏။

ဘုရားရှင်၏ဝန်ကို အခြားသူ မဆောင်နိုင်

ထို့နောင်မှ ရှင်မောဂ္ဂလာန်ကို မြတ်စွာဘုရားသည် “ချစ်သားမောဂ္ဂလာန်- ဤပန်းထုပ်ကို သင်၏အကျိုးငှာ ဖွဲ့စည်းအပ်သည်မဟုတ်။ ငါဘုရားသည် အတုမရှိသောဝန်ကို ဆောင်တော်မူနိုင်၏။ ငါဘုရား၏ဝန်ကို ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်သော တစ်ပါးသောသူ မည်သည်မရှိ။ ယခုအခါ ငါဘုရား၏ဝန်ကို ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် အကြင်ကြောင့်ဖြစ်ရာ၏။ ထိုဖြစ်ခြင်းသည် အဖန်တလဲလဲ အံ့သြဖွယ်ရှိသည်သာလျှင်တည်း။ အဟိတ်တိရစ္ဆာန်မျိုး၌ ဖြစ်သောကာလ၌သော်လည်း ငါ၏ဝန်ကို ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်သော တစ်ပါးသောသူမည်သည် မရှိသည်သာတည်း”ဟု မိန့်တော်မူသဖြင့် “မြတ်စွာဘုရား- အဘယ်အခါ၌ ဖြစ်ပါသနည်းဘုရား”ဟု ရှင်မောဂ္ဂလာန် မေးလျှောက်အပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍-

ယတော ယတော ဂရု ဓုရံ၊ ယတော ဂမ္ဘီရဝတ္တနီ။
တဒါဿု ကဏှံ ယုဉ္ဇန္တိ၊ သွာဿု တံ ဝဟတေ ဓုရံ။

ယတော ယတော၊ အကြင်အကြင်အရပ်၌။ ဓုရံ၊ ဝန်သည်။ ဂရု၊ လေးသည်။ ဟောတိ၊ ဖြစ်၏။ ယတော၊ အကြင်အရပ်မှ။ ဂမ္ဘီရဝတ္တနီ၊ ရေညွန်များသဖြင့် သွားခြင်းငှာ ခက်ခဲသောခရီးသည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအရပ်၌။ ကဏှံ၊ ကဏှမည်သော နွားလားဥသဘကို။ ယုဉ္ဇန္တိ၊ ကကုန်၏။ သော၊ ထိုကဏှမည်သော နွားလားဥသဘသည်။ တံ ဓုရံ၊ ထိုလေးလံလှစွာသောဝန်ကို။ ဝဟတေ၊ ရွက်ဆောင်ရ၏။

ဟူသော ဧကနိပါတ်၊ ကုရုင်္ဂဝဂ်လာ ဤကဏှဥသဘဇာတ်ကိုချဲ့၍ တစ်ဖန် ထိုအကြောင်းကိုပင်လျှင် အထူးပြု၍ ဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

မနုညမေဝ ဘာသေယျ၊ နာမနုညံ ကုဒါစနံ။
မနုညံ ဘာသမာနဿ၊ ဂရုံ ဘာရံ ဥဒဒ္ဓရိ။
ဓနဉ္စ နံ အလာဘေသိ၊ တေန စတ္တမနော အဟု။

မနုညမေဝ၊ နှစ်လိုဖွယ်သော စကားကိုသာလျှင်။ ဘာသေယျ၊ ဆိုရာ၏။ အမနုညံ၊ နှစ်လိုဖွယ် မရှိသောစကားကို။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ န ဘာသေယျ၊ မဆိုရာ။ မနုညံ၊ နှစ်လိုဖွယ်သောစကားကို။ ဘာသမာနဿ၊ ဆိုသောပုဏ္ဏား၏။ ဂရုံ၊ လေးလံစွာသော။ ဘာရံ၊ အလေးတင်သော လှည်းတစ်ရာဝန်ကို။ ဥဒဒ္ဓရိ၊ ရွက်ဆောင်၏။ နံ၊ ထိုပုဏ္ဏားကို။ ဓနဉ္စ၊ ဥစ္စာကိုလည်း။ အလာဘေသိ၊ ရစေပြီ။ တေန၊ ထိုဥစ္စာကို ရသောကြောင့်။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ အတ္တမနော၊ ဝမ်းမြောက်သည်။ အဟု၊ ဖြစ်ပြီ။

ဧကနိပါတ်၊ ကုရုင်္ဂဝဂ်လာ ဤနန္ဒိဝိသာလဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ ဟောတော်မူပြီး၍ကား မြတ်စွာဘုရားသည် ရတနာစင်္ကြံသို့ တက်တော်မူပြီးသော် ရှေ့တော်၌ ပရိသတ်သည် တစ်ဆယ့်နှစ်ယူဇနာရှိလေ၏။ အနောက်အရပ်၌လည်းကောင်း၊ မြောက်အရပ်၌လည်းကောင်း၊ တောင်အရပ်၌လည်းကောင်း ထို့အတူသာလျှင် တစ်ဆယ့်နှစ်ယူဇနာစီရှိ၏။ ဖြောင့်ဖြောင့်သော်ကား နှစ်ဆယ့်လေးယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်၏အလယ်၌ ဘုရားရှင်သည် ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူလေ၏။

ရေမီးအစုံဖြစ်သော တန်ခိုးတော်ပြခြင်း

ဤလောက၌ မြတ်စွာဘုရားသည် တပည့်သားတို့နှင့် မဆက်ဆံသော အစုံဖြစ်သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူ၏။ မြတ်စွာဘုရား၏ အထက်အဖို့ဖြစ်သော ကိုယ်တော်မှ မီးလျှံသည် ဖြစ်၏။ အောက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေအယဉ် ဖြစ်၏၊ အောက်အဖို့ဖြစ်သော ကိုယ်တော်မှ မီးလျှံအစုသည် ဖြစ်၏။ အထက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေအယဉ်သည်ဖြစ်၏၊ ရှေ့အဖို့ဖြစ်သော ကိုယ်တော်မှ မီး။ နောက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေ။ နောက်အဖို့ဖြစ်သော ကိုယ်တော်မှ မီး။ ရှေ့အဖို့ဖြစ်သော ကိုယ်တော်မှ ရေ။ လက်ယာမျက်စိတော်မှ မီး။ လက်ဝဲမျက်စိတော်မှ ရေ။ လက်ဝဲမျက်စိတော်မှ မီး။ လက်ယာမျက်စိတော်မှ ရေ။ လက်ယာနားတွင်းတော်မှ မီး။ လက်ဝဲနားတွင်းတော်မှ ရေ။ လက်ဝဲနားတွင်းတော်မှ မီး၊ လက်ယာနားတွင်းတော်မှ ရေ။ လက်ယာနှာခေါင်းတွင်းတော်မှ မီး။ လက်ဝဲနှာခေါင်းတွင်းတော်မှ ရေ။ လက်ဝဲနှာခေါင်းတွင်းတော်မှ မီး၊ လက်ယာနှာခေါင်းတွင်းတော်မှ ရေ။ လက်ယာပခုံးစွန်းတော်မှ မီး။ လက်ဝဲပခုံးစွန်းတော်မှရေ။ လက်ဝဲပခုံးစွန်းတော်မှ မီး။ လက်ယာ ပခုံးစွန်းတော်မှ ရေ။ လက်ယာလက်မောင်းတော်မှ မီး၊ လက်ဝဲလက်မောင်းတော်မှ ရေ။ လက်ဝဲလက်မောင်းတော်မှ မီး။ လက်ယာလက်မောင်းတော်မှ ရေ။ လက်ယာနံပါးတော်မှ မီး။ လက်ဝဲနံပါးတော်မှ ရေ။ လက်ဝဲနံပါးတော်မှ မီး။ လက်ယာနံပါးတော်မှ ရေ။ လက်ယာခြေတော်မှ မီး။ လက်ဝဲခြေတော်မှ ရေ။ လက်ဝဲခြေတော်မှ မီး။ လက်ယာခြေတော်မှ ရေ။ လက်ချောင်း ခြေချောင်းတော်တို့မှ မီး၊ လက်ချောင်းခြေချောင်းတော်တို့မှ ရေ။ လက်ချောင်းကြား ခြေချောင်းကြားတို့မှ မီး။ လက်ချောင်းကြား ခြေချောင်းကြားတော်တို့မှ ရေ။ တစ်ခုတစ်ခုသော မွေးတွင်းတော်တို့မှ မီးလျှံအစုသည် ဖြစ်၏။ တစ်ခုတစ်ခုသော မွေးတွင်းတော်တို့မှ ရေအယဉ်သည် ဖြစ်၏။ အညို, အရွှေ၊ အနီ,အဖြူ, အမောင်း, ပြိုးပြိုးပြက် တစ်ခဲနက်သော ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် ပကတိအစစ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် စင်္ကြံကြွတော်မူ၏။ ဖန်ဆင်းထားသော ဘုရား(နိမ္မိတဘုရား)သည် ရပ်မူလည်း ရပ်တော်မူ၏။ ထိုင်မူလည်း ထိုင်တော်မူ၏။ အိပ်ခြင်းကိုလည်း ပြုတော်မူ၏။ ပကတိအစစ်ဖြစ်သော မြတ်စွာဘုရားသည် စင်္ကြံမူလည်း ကြွတော်မူ၏။ ရပ်မူလည်း ရပ်တော်မူ ၏။ ထိုင်မူလည်း ထိုင်တော်မူ၏။ ဤသည်လျှင် မြတ်စွာဘုရား၏ အစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြခြင်း၌ ဉာဏ်တော်မည်၏။

ဤတန်ခိုးပြာဋိဟာပြခြင်းကို မြတ်စွာဘုရားသည် ထိုရတနာစင်္ကြံ၌ စင်္ကြံကြွတော်မူလျက် ပြုတော်မူလေ၏။

ထိုမြတ်စွာဘုရားအား တေဇောကသိုဏ်းလျှင် အာရုံရှိသော သမာပတ်၏အစွမ်းဖြင့် အထက်အဖို့ဖြစ်သော ကိုယ်တော်မှ မီးလျှံအစုသည် ဖြစ်၏။ အာပေါကသိုဏ်းလျှင် အာရုံရှိသော သမာပတ်၏အစွမ်းဖြင့် အောက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေအယဉ်သည် ဖြစ်၏။ တစ်ဖန် ရေအယဉ်ဖြစ်ရာအရပ်မှ မီးလျှံအစုသည် ဖြစ်၏။ မီးလျှံအစုဖြစ်ရာ အရပ်မှ ရေအယဉ်သည်ဖြစ်၏။ ဤသို့ပြခြင်းအကျိုးငှာ အောက်အဖို့ဖြစ်သော ကိုယ်တော်မှ အထက်အဖို့ဖြစ်သော ကိုယ်တော်မှ အစရှိသော စကားရပ်ကို ဆိုအပ်၏။ နောက်အလုံးစုံသော ပုဒ်တို့၌ ဤနည်းအတိုင်းသာ ဖြစ်၏။ ဤရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြတော်မူရာ၌ မီးလျှံအစုသည် ရေအယဉ်နှင့် မရောမယှက်ဖြစ်လေ၏။ ရေအယဉ်သည် မီးလျှံအစုနှင့် ထို့အတူ မရောမယှက် ဖြစ်လေ၏။ ထိုနှစ်ပါးအစုံဖြစ်သော တန်ခိုးပြာဋိဟာသည်လည်း ဗြဟ္မာပြည်သို့တိုင်အောင်တက်၍ စကြဝဠာအနားရေး၌ ကျသတတ်။ ရောင်ခြည်တော် ခြောက်သွယ်ဟု ဆိုအပ်ကုန်သော ထိုမြတ်စွာဘုရား၏ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့သည် အိုးတို့ဖြင့်သွန်းလောင်းအပ်သော ဦးပြီး,လှော်ပြီးသော ရွှေကဲ့သို့လည်းကောင်း၊ စက်ယန္တရား ကျဉ်တောက်ပြွန်မှ ယိုစီးကျထွက်သော ရွှေရည်အလျင်ကဲ့သို့လည်းကောင်း တစ်ခုသော စကြဝဠာတိုက်မှ ပျံတက်၍ ဗြဟ္မာ့ပြည်ကို ထိခိုက်ပြီးလျှင် ပြန်လည်၍ စကြဝဠာ နှုတ်ခမ်းရေးကိုသာလျှင် ယူ ကြလေကုန်၏။ စကြဝဠာတိုက် တစ်တိုက်လုံးသည် ကောက်သော အခြင်ရနယ်ရှိသော တစ်ခုတည်းသော အလင်းရောင်ရှိသော ဗောဓိအိမ်ကဲ့သို့ဖြစ်လေ၏။

တရားသိခြင်းနှင့် နိမ္မိတဘုရား

ထိုနေ့၌ မြတ်စွာဘုရားသည် စင်္ကြံကြွတော်မူ၍ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူလျက် အကြားအကြား၌ လူများအပေါင်းအား တရားဟောကြားတော်မူလေ၏။ ထိုသို့ ဟောကြားတော်မူသော်လည်း အားထုတ်ခြင်းကင်းသည်ကို ပြုတော်မမူဘဲ ထိုလူများအပေါင်းအား သက်သာရာ နေထိုင်ရခြင်းကို ပေးတော်မူ၏။ ထိုခဏ၌ လူများအပေါင်းသည် ကောင်းချီးနုမော် သာဓုခေါ်ခြင်းကို ဖြစ်စေလေ၏။ ထိုလူများအပေါင်း၏ ကောင်းချီနုမော် သာဓုခေါ်ခြင်းကို ဖြစ်စေသောကာလ၌ မြတ်စွာဘုရားသည် ထိုမျှလောက်ကြီးစွာသော ပရိသတ်၏စိတ်ကို ကြည့်တော်မူလတ်သော် တစ်ယောက်,တစ်ယောက်သောသူ၏ တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာအစွမ်းဖြင့် စိတ်ဖြစ်ပုံကို သိတော်မူလေ၏။

(ဤသို့လျှင် မြတ်စွာဘုရားတို့၏ စိတ်တော်သည် လျင်မြန်သောဖြစ်ခြင်းရှိတော်မူ၏။)

အကြင်,အကြင်ပုဂ္ဂိုလ်သည် အကြင်တရားတော်၌လည်းကောင်း၊ အကြင်တန်ခိုးပြာဋိဟာ ပြခြင်း၌လည်းကောင်း ကြည်ညိုခြင်းရှိ၏။ ထိုထိုပုဂ္ဂိုလ်၏ အလိုအစွမ်းအားဖြင့်သာလျှင် တရားကိုလည်း ဟောတော်မူလေ၏။ တန်ခိုးပြာဋိဟာ ပြခြင်းကိုလည်း ပြုတော်မူလေ၏။ ဤသို့ တရားဟောတော်မူအပ်သော်လည်းကောင်း၊ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူအပ်သော်လည်းကောင်း များစွာသောလူအပေါင်းသည် သစ္စာလေးပါးကို ထိုးထွင်း၍ သိသည်ဖြစ်လေ၏။ မြတ်စွာဘုရားသည်ကား ထိုအစည်းအဝေး၌ ကိုယ်တော်မြတ်၏ စိတ်တော်ကိုယူလျက် ပြဿနာမေးခြင်းငှာ စွမ်းနိုင်သော တစ်ပါးသောသူကို မမြင်ရသောကြောင့် နိမ္မိတဘုရားကို ဖန်ဆင်းတော်မူလေ၏။ ထိုနိမ္မိတဘုရားမေးတော်မူသော ပြဿနာကို မြတ်စွာဘုရားသည် ဖြေတော်မူလေ၏။ မြတ်စွာဘုရား မေးတော်မူသော ပြဿနာကို နိမ္မိတဘုရားသည် ဖြေတော်မူလေ၏၊ မြတ်စွာဘုရား၏ စင်္ကြံကြွသောကာလ၌ နိမ္မိတဘုရားသည် ရပ်ခြင်းစသော ဣရိယာပုတ်တို့တွင် တစ်ပါးပါးသော ဣရိယာပုတ်ကို ပြုတော်မူ၏။ ထိုအနက်ကို ပြခြင်းအကျိုးငှာ နိမ္မိတဘုရားသည် စင်္ကြံမူလည်းကြွတော်မူ၏ အစရှိသော စကားကိုဆိုအပ်၏၊ ဤသို့ပြုတော်မူသော မြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာပြခြင်းကို ဖူးမြင်ရသဖြင့်လည်းကောင်း၊ တရားစကားကို နာကြားရသဖြင့်လည်းကောင်း ထိုအစည်းအဝေး၌ ကုဋေနှစ်ဆယ်ရှိသော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိသည်ဖြစ်လေ၏။

တာဝတိံသာ နတ်ပြည်သို့ ကြွခြင်း

မြတ်စွာဘုရားသည် တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူလျက်သာလျှင် “လွန်လေပြီးသော ဘုရားရှင်တို့၏ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူပြီးလျှင် အဘယ်အရပ်၌ ဝါကပ်တော်မူကြကုန်ဘိသနည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် “တာဝတိံသာနတ်ပြည်၌ ဝါကပ်၍ မယ်တော်အား အဘိဓမ္မာပိဋကတ်ကို ဟောတော်မူကြကုန်၏”ဟု မြင်တော်မူရလျှင် လက်ယာခြေတော်ကို ကြွချီ၍ ယုဂန္ဓိုရ်တောင်ထိပ်၌ ထားလျက် လက်ဝဲခြေတော်ကို ကြွချီ၍ မြင်းမိုရ်တောင်ထိပ်၌ ထားတော်မူလေ၏။ ဤသို့လျှင် ယူဇနာ တစ်သိန်းခြောက်သောင်း ရှစ်ထောင်ရှိသော အရပ်၌ သုံးခုသော ဖဝါးအကြိမ် နှစ်ခုသော ခြေလှမ်းခြင်းတို့သည် ဖြစ်ကုန်၏။

(မြတ်စွာဘုရားသည် ခြေတော်ကို ဖြန့်ဆန့်၍ နင်းတော်မူ၏ဟု မမှတ်သားအပ်၊ ထိုစကား မှန်၏၊ မြတ်စွာဘုရား၏ ခြေတော်ကိုချသော ကာလ၌သာလျှင် တောင်တို့သည် ခြေတော်ရင်းသို့ ကိုင်းညွှတ်ကာ လာတဲ့၍ ခံယူကြလေကုန်၏။ မြတ်စွာဘုရားသည် ခြေတော်နင်းပြီးသော ကာလ၌ ထိုတောင်တို့သည် ထ၍ မိမိနေရာ၌သာ တည်ကြလေကုန်၏။)

သိကြားမင်း စဉ်းစားပုံ

သိကြားမင်းသည် မြတ်စွာဘုရားကိုမြင်လျှင် “ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ မြတ်စွာဘုရားသည် ဤဝါတွင်း သုံးလပတ်လုံး နေထိုင် သီတင်းသုံးခြင်းသို့ ကပ်ရောက်တော်မူလိမ့်မည်တကား၊ များစွာသော နတ်တို့အားလည်း ကျေးဇူးများခြင်းသည် ဖြစ်ပေလတ္တံ့၊ မြတ်စွာဘုရားသည် ဤပဏ္ဍုကမ္ဗလာကျောက်ဖျာနေရာ၌ ဝါတွင်းသုံးလပတ်လုံး နေခြင်းသို့ ကပ်ရောက်လတ်သည်ရှိသော် တစ်ပါးသော နတ်တို့သည် လက်ကိုမျှလည်း ထားခြင်းငှာ မတတ်နိုင်ကြကုန်လတ္တံ့၊ ဤပဏ္ဍုကမ္ဗလာ ကျောက်နေရာသည်ကား အလျားအားဖြင့် ယူဇနာ ခြောက်ဆယ်ရှိ၏၊ အနံအားဖြင့် ယူဇနာငါးဆယ် ရှိ၏၊ အထုအားဖြင့် တစ်ဆယ့်ငါးယူဇနာရှိ၏၊ မြတ်စွာဘုရား နေထိုင်တော်မူသော်လည်း အချည်းနှီးကဲ့သို့ ဖြစ်လတ္တံ့”ဟု ကြံစည် လေ၏၊ မြတ်စွာဘုရားသည် ထိုသိကြားမင်း၏အလိုကို သိတော်မူ၍ မိမိ၏ ဒုကုဋ်သင်္ကန်းတော်ကို ပဏ္ဍုကမ္ဗလာ ကျောက်နေရာကို ဖုံးလွှမ်းမိစေလျက် ခင်းတော်မူ၏၊ သိကြားမင်းသည် “သင်္ကန်းတော်ကို ရှေးဦးစွာ ဖုံးလွှမ်းစေလျက် ခင်းတော်မူဘိ၏၊ ကိုယ်တော်သည်ကား အနည်းငယ်သော နေရာ၌ နေထိုင်တော်မူလတ္တံ့”ဟု ကြံစည်ပြန်လေ၏၊ မြတ်စွာဘုရားသည် ထိုသိကြားမင်း၏အလိုကို သိတော်မူ၍ နိမ့်သော အင်းပျဉ်ငယ်ကို ပံသုကူဓုတင်ဆောင်မထေရ်ကြီးသည် အတွင်းသွင်း၍ ထိုင်ဘိသကဲ့သို့ ပဏ္ဍုကမ္ဗလာကျောက်နေရာကို သင်္ကန်းတော်၏ အဖို့အတွင်း၌သာ သွင်းထား၍ နေထိုင်တော်မူလေ၏။

လူအများတို့ ငိုကြွေးကြခြင်း

များစွာသော လူအပေါင်းသည်လည်း ထိုခဏ၌ပင်လျှင် မြတ်စွာဘုရားကို ကြည့်ရှုလတ်သည်ရှိသော် မမြင်ရလေပြီ၊ လမင်းဝင်သော အခါကဲ့သို့လည်းကောင်း၊ နေမင်းဝင်သော အခါကဲ့သို့လည်းကောင်း ဖြစ်လေ၏၊ များစွာသော လူအပေါင်းသည် ဤသို့သော ငိုကြွေးမြည်တမ်းသံကို ငိုကြွေးမြည်တမ်းလျက် ဤဂါထာကို ဆိုလေ၏။

ဂတော နု စိတ္တကူဋံ ဝါ၊ ကေလာသံ ဝါ ယုဂန္ဓရံ။
န နော ဒက္ခေမု သမ္ဗုဒ္ဓံ၊ လောကဇေဋ္ဌံ နရာသဘံ။

ဘော၊ အိုအချင်းတို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ စိတ္တကူဋံ ဝါ၊ စိတ္တကူဋတောင်သို့မူလည်း။ ဂတောနု၊ ကြွသွားတော်မူလေသလော။ ကေလာသံဝါ၊ ကေလာသတောင်သို့မူလည်း။ ဂတောနု၊ ကြွသွားတော်မူလေသလော။ ယုဂန္ဓရံဝါ၊ ယုဂန္ဓရတောင်သို့မူလည်း။ ဂတောနု၊ ကြွသွားတော်မူလေသလော။ နရာသဘံ၊ နတ်လူတို့ထက် မြတ်ခြင်းကြီး မြတ်တော်မူထသော။ လောကဇေဋ္ဌံ၊ လောကသုံးပါး၏ အကြီးအမှူး ဖြစ်တော်မူတတ်ထသော။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ နော၊ ငါတို့သည်။ န ဒက္ခေမု၊ မမြင်ကြရပါကုန်တကား။

ဤဂါထာကို ရွတ်ဆိုလျက် ငိုကြွေးမြည်တမ်းလေ၏၊ တစ်ပါးသော လူအပေါင်းသည် “မြတ်စွာဘုရားတို့မည်သည်ကား ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏၊ ထိုငါတို့မြတ်စွာဘုရားသည် “ဤသို့ သဘောရှိသော ပရိသတ်၌ ဤသို့ သဘောရှိသော တန်ခိုးပြာဋိဟာပြခြင်းကို ပြုမိ၏”ဟု ရှက်စနိုးတော်မူသည်ဖြစ်၍ တစ်ပါးသော တိုင်းသို့လည်းကောင်း၊ ဇနပုဒ်သို့လည်းကောင်း ကြွသွားတော်မူသည်ဖြစ်လတ္တံ့၊ ယခုအခါ မြတ်စွာဘုရားကို ငါတို့သည် ဖူးမြင်ကြရတော့မည် မဟုတ်”ဟု ဆို၍ ငိုကြွေးမြည်တမ်းလိုရကာ ဤဂါထာကို မိန့်ဆိုလေ၏။

ပဝိဝေကရတော ဓီရော၊ နိမံလောကံ ပုနေဟိတိ။
န နော ဒက္ခေမု သမ္ဗုဒ္ဓံ၊ လောကဇေဋ္ဌံ နရာသဘံ။

ဓီရော၊ မြဲမြံသော သမာဓိရှိတော်မူသော မြတ်စွာဘုရားသည်။ ပဝိဝေကရတော၊ ဆိတ်ငြိမ်ရာအရပ်၌ မွေ့လျော်တော်မူလေ့ရှိ၏။ ဣမံလောကံ၊ ဤလောကကို။ ပုန၊ တစ်ဖန်။ န ဧဟိတိ၊ မကြွလာတော့လတ္တံ့။ နရာသဘံ၊ နတ်လူတို့ထက် မြတ်ခြင်းကြီး မြတ်တော်မူထသော။ လောကဇေဋ္ဌံ၊ လောက၏အကြီးအမှူး ဖြစ်တော်မူထသော။ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ နော၊ ငါတို့သည်။ န ဒက္ခေမု၊ မမြင်ကြရပါကုန်တကား။

ထိုလူတို့သည် ရှင်မောဂ္ဂလာန်ကို “အရှင်ဘုရား- မြတ်စွာဘုရားသည် အဘယ်အရပ်၌ ရှိပါသနည်း”ဟု မေးကြလေကုန်၏၊ ရှင်မောဂ္ဂလာန်သည် ကိုယ်တိုင်သိသော်လည်း “ဤသို့ ပြုလတ်သော် တစ်ပါးသော ရဟန်းတို့၏လည်း ဂုဏ်ကျေးဇူးတို့သည် ထင်ရှားစွာ ဖြစ်ကြကုန်၏”ဟု မြတ်သော အလိုတော်အားဖြင့် “ရှင်အနုရုဒ္ဓါကို မေးမြန်းကြကုန်လော့”ဟု မိန့်တော်မူလေ၏။ လူတို့သည် အနုရုဒ္ဓါမထေရ်ကို ရှင်မောဂ္ဂလာန်ဆိုတိုင်း “အရှင်ဘုရား- မြတ်စွာဘုရားသည် အဘယ်အရပ်မှာပါနည်းဘုရား”ဟု မေးလျှောက်ကြလေကုန်၏၊ တာဝတိံသာနတ်ပြည်ဝယ် ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ ဝါကပ်တော်မူလျက် မယ်တော်အား အဘိဓမ္မာပိဋကတ်ကို ဟောကြားတော်မူခြင်းငှာ ကြွသွားတော်မူ၏”ဟု မိန့်ဆိုတော်မူလျှင် “အရှင်ဘုရား- အဘယ်ကာလ၌ ပြန်ကြွလာပါအံ့နည်းဘုရား”ဟု မေးကြပြန်ကုန်၏။ “သုံးလတို့ပတ်လုံး အဘိဓမ္မာပိဋကတ်ကို ဟောကြားတော်မူပြီးလျှင် မဟာပဝါရဏာနေ့၌ ပြန်ကြွလာတော်မူလတ္တံ့”ဟု မိန့်တော်မူလေ၏။

ထိုအခါ လူတို့သည် “မြက်စွာဘုရားကို မဖူးမြင်ရသော် မသွားကြကုန်အံ့”ဟု နှလုံးပြုလျက် ထိုသာဝတ္ထိပြည် တန်ခိုးပြရာအရပ်၌သာလျှင် သစ်ခက်တပ်ကို ဖွဲ့ကြရကုန်၏၊ ကောင်းကင်သည်သာလျှင် ထိုသူတို့အား အမိုး ဖြစ်သတတ်၊ များစွာသော ထိုပရိသတ်၏ ကိုယ်အညစ်အကြေး မသန့်စင်သော အရာမည်သည် ထင်ရှားလာသည် ဖြစ်အံ့၊ မဟာပထဝီမြေကြီးသည် ဟင်းလင်းအကြားအပေါက်ကို ပေးလေ၏၊ အလုံးစုံသောအရပ်၌ မြေအပြင်သည် ထက်ဝန်းကျင် စင်ကြယ်သည်သာ ဖြစ်လေ၏၊ မြတ်စွာဘုရားသည် ရှေးဦးစွာကပင်လျှင် ရှင်မောဂ္ဂလာန်မထေရ်ကို “ချစ်သားမောဂ္ဂလာန်- သင်သည် ဤပရိသတ်အား တရားဟောရစ်လော့၊ စူဠအနာထပိဏ်သူဌေးသည် အစာအာဟာရ ကျွေးမွေးလှူဒါန်းလတ္တံ့”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုဝါတွင်းသုံးလပတ်လုံး စူဠအနာထပိဏ်သူဌေးသည်သာလျှင် ထိုပရိသတ်အား နံနက်စာ စားအံ့သောအခါ ယာဂုထမင်းကို လည်းကောင်း၊ ခဲဖွယ်,ကွမ်း, ဆီ,နံ့သာ,ပန်း, ဆင်ယင်စရာ တန်ဆာတို့ကိုလည်းကောင်း၊ ပေးလေ၏၊ ရှင်မဟာမောဂ္ဂလာန်သည် တရားတော်ကို ဟောတော်မူလေ၏။ တန်ခိုးပြာဋိဟာကို ဖူးမြင်ခြင်းငှာ ရောက်လာတိုင်း ရောက်လာတိုင်းဖြစ်သော သူတို့သည် မေးအပ်သော ပြဿနာတို့ကိုလည်း ဖြေဆိုတော်မူလေ၏။

နတ်တို့ စည်းဝေးလာပုံ

မြတ်စွာဘုရားကိုလည်း မယ်တော်အား အဘိဓမ္မာတရား ဟောကြားတော်မူခြင်းငှာ ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ ဝါကပ်တော်မူလတ်သည်ရှိသော် တစ်သောင်းသော စကြဝဠာ၌ နေကုန်သော နတ်ဗြဟ္မာတို့သည် ခြံရံကြလေကုန်၏။ ထို့ကြောင့် ဤဂါထာအပေါင်းကို မိန့်ဆိုအပ်၏။

တာဝတိံသေ ယဒါ ဗုဒ္ဓေါ၊ သိလာယံ ပဏ္ဍုကမ္ဗလေ။
ပါရိစ္ဆတ္တကမူလမှိ၊ ဝိဟာသိ ပုရိသုတ္တမော။

ဒသသု လောကဓာတူသု၊ သန္နိပတိတွာန ဒေဝတာ။
ပယိရုပါသန္တိ သမ္ဗုဒ္ဓံ၊ ဝသန္တံ နဂမုဒ္ဓနိ။

န ကောစိ ဒေဝေါ ဝဏ္ဏေန၊ သမ္ဗုဒ္ဓဿ ဝိရောစတိ။
သဗ္ဗေ ဒေဝေ အတိက္ကမ္မ၊ သမ္ဗုဒ္ဓေါဝ ဝိရောစတိ။

ယဒါ၊ အကြင်အခါ၌။ ပုရိသုတ္တမော၊ ယောက်ျားတကာတို့ထက် မြတ်တော်မူသော။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ တာဝတိံသေ၊ တာဝတိံသာနတ်ပြည်၌။ ပါရိစ္ဆတ္တကမူလမှိ၊ ပင်လယ်ကသစ်ပင်ရင်း၌။ ပဏ္ဍုကမ္ဗလေ၊ ပဏ္ဍုကမ္ဗလာ အမည်ရှိသော။ သိလာယံ၊ ကျောက်ဖျာ၌။ ဝိဟာသိ၊ နေတော်မူ၏။

တဒါ၊ ထိုအခါ၌။ ဒသသု လောကဓာတူသု၊ တစ်သောင်းသော လောကဓာတ်တို့၌။ ဒေဝတာ၊ နေကြကုန်သော နတ်တို့သည်။ သန္နိပတိတွာန၊ စည်းဝေးကြ၍။ နဂမုဒ္ဓနိ၊ မြင်းမိုရ်တောင်ထိပ်၌။ ဝသန္တံ၊ သီတင်းသုံးနေတော်မူသော။ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပယိရုပါသန္တိ၊ ဆည်းကပ်ကြလေကုန်၏။

ကောစိ၊ တစ်စုံတစ်ယောက်သော။ ဒေဝေါ၊ နတ်ဗြဟ္မာသည်။ သမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သန္တိကေ၊ ထံတော်ပါး၌။ ဝဏ္ဏေန၊ အရောင်အဆင်းအားဖြင့်။ န ဝိရောစတိ၊ မထွန်းပနိုင်။ တစ်နည်းကား။ သမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဝဏ္ဏေန၊ အဆင်းအရောင်တော်ကြောင့်။ န ဝိရောစတိ၊ မတောက်ပနိုင်။ သမ္ဗုဒ္ဓေါဝ၊ မြတ်စွာဘုရားသည်သာလျှင်။ သဗ္ဗေ ဒေဝေ၊ အလုံးစုံသော နတ်ဗြဟ္မာတို့ကို။ အတိက္ကမ္မ၊ လွန်၍။ ဝိရောစတိ၊ တင့်တယ်တော်မူပေ၏။

ဤသို့လျှင် အလုံးစုံသော နတ်ဗြဟ္မာတို့ကို ကိုယ်တော်မြတ်၏ ကိုယ်တော်ရောင်ဖြင့် နှိပ်နင်းလွှမ်းမိုး၍ နေတော်မူသော မြတ်စွာဘုရား၏အထံတော်သို့ မယ်တော်သည် တုသိတာနတ်ပြည်မှလာ၍ လက်ယာနံပါး၌ နေထိုင်လေ၏။ ဣန္ဒကနတ်သားသည်လည်း လာ၍ လက်ယာနံပါး၌သာလျှင် နေလေ၏၊ အင်္ကုရနတ်သားသည် လက်ဝဲနံပါး၌ နေလေ၏၊ ထိုအင်္ကုရနတ်သားသည် တန်ခိုးကြီးသောနတ်တို့ စည်းဝေးရောက်လာကြကုန်သည်ရှိသော် ဖဲသွားရ၍ တစ်ဆယ့်နှစ်ယူဇနာ ကွာလှမ်းသော အရပ်၌ နေရာကို ရလေ၏၊ ဣန္ဒကနတ်သားသည်ကား ထိုလက်ယာနံပါး၌သာ နေလေ၏။

အင်္ကုရနတ်သား

မြတ်စွာဘုရားသည် ထိုနတ်သားနှစ်ယောက်စလုံးတို့ကိုလည်း ကြည့်ရှုတော်မူ၍ ကိုယ်တော်မြတ်၏ သာသနာတော်၌ မြတ်သောအလှူကို ခံထိုက်သော ပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူ၏ အကျိုးကြီးမြတ်သည့်အဖြစ်ကို သိစေတော်မူလိုသည်ဖြစ်၍ “အင်္ကုရနတ်သား- သင်သည် ရှည်ကြာသော အသက်အပိုင်းအခြားရှိသော အနှစ်တစ်သောင်း အတိုင်းအရှည်ရှိသော ကာလတို့ပတ်လုံး တစ်ဆယ့်နှစ်ယူဇနာရှိသော ဖိုခနောက်အစဉ်ကိုပြု၍ ကြီးစွာသောအလှူကို ပေးလှူဘိ၏၊ ယခုအခါ ငါဘုရား၏ အစည်းအဝေးသို့ ရောက်လာသည်ရှိသော် တစ်ဆယ့်နှစ်ယူဇနာ အတိုင်းအရှည်ရှိသောအရပ်၌ နေရာကို ရဘိ၏၊ ဤအရာ၌ အကြောင်းကား အဘယ်နည်း”ဟု ဤသို့သော စကားတော်ကို မိန့်တော်မူလိုရကား ဤဂါထာကို ဟောတော်မူ၏။

သြလောကေတွာန သမ္ဗုဒ္ဓေါ၊ အင်္ကုရဉ္စာပိ ဣန္ဒကံ။
ဒက္ခိဏေယျံ သမ္ဘာဝေန္တော၊ ဣဒံ ဝစနမဗြဝိ။

မဟာဒါနံ တယာ ဒိန္နံ၊ အင်္ကုရ ဒီဃမန္တရေ။
အတိဒူရေ နိသိန္နောသိ၊ အာဂစ္ဆ မမ သန္တိကေ။

သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အင်္ကုရဉ္စာပိ၊ အင်္ကုရနတ်သားကိုလည်းကောင်း။ ဣန္ဒကဉ္စ၊ ဣန္ဒကနတ်သားကို လည်းကောင်း။ ဩလောကတွာန၊ ကြည့်ရှုတော်မူလတ်၍။ ဒက္ခိဏေယျံ၊ မြတ်သောအလှူခံအား လှူရခြင်း၏ အကျိုးကြီးသည့်အဖြစ်ကို။ သမ္ဘာဝေန္တော၊ ထင်ရှားပြတော်မူလိုသည် ဖြစ်၍။ ဣဒံ ဝစနံ၊ ဤစကားကို။ အဗြဝိ၊ မိန့်ဆိုတော်မူလေ၏။

အင်္ကုရ၊ အင်္ကုရနတ်သား။ တယာ၊ သင်သည်။ ဒီဃမန္တရေ၊ ရှည်စွာသော အနှစ်တစ်သောင်းတို့ပတ်လုံး။ မဟာဒါနံ၊ ကြီးစွာသောအလှူကို။ ဒိန္နံ၊ ပေးလှူအပ်ပြီ။ မမ သန္တိကေ၊ ငါ၏ထံပါးအနီးသို့။ အာဂစ္ဆ၊ ရောက်လာသည်ရှိသော်။ အတိဒူရေ၊ အလွန်ဝေးသောအရပ်၌။ နိသိန္နော၊ နေရသည်။ အသိ၊ ဖြစ်လေဘိသလော။

ထိုမေးသော အသံတော်သည် မြေအပြင်သို့ ရောက်လေ၏။ ထိုအသံတော်ကို အလုံးစုံသော ပရိသတ်တို့သည်လည်း ကြားသိကြရလေကုန်၏။ ဤသို့ မိန့်တော်မူသည် ရှိသော်-

စောဒိတော ဘာဝိတတ္ထေန၊ အင်္ကုရော ဧတမဗြဝိ။
ကိံ မယှံ တေန ဒါနေန၊ ဒက္ခိဏေယျေန သုညတံ။

အယံ သော ဣန္ဒကော ယက္ခော၊ ဒဇ္ဇာ ဒါနံ ပရိတ္တကံ။
အတိရောစတိ အမှေဟိ၊ စန္ဒော တာရာဂဏေ ယထာ။

ဘာဝိတတ္ထေန၊ ထင်ရှားပြခြင်းငှာ အလိုရှိတော်မူသော မြတ်စွာဘုရားသည်။ စောဒိတော၊ တိုက်တွန်းအပ်သည် ရှိသော်။ အင်္ကုရော၊ အင်္ကုရနတ်သားသည်။ ဧတံ၊ ဤစကားကို။ အဗြဝိ၊ လျှောက်ဆိုလေ၏။ ဘန္တေ၊ ရွှေဘုန်းတော်သခင် ရှင်ပင်ဘုရား။ မယှံ၊ တပည့်တော်အား။ ဒက္ခိဏေယျေန၊ မြတ်သောအလှူခံပုဂ္ဂိုလ်မှ။ သုညတံ-သုညတေန၊ ကင်းဆိတ်သော။ တေန ဒါနေန၊ ထိုအလှူကြီးဖြင့်။ ကိံ၊ အဘယ်အကျိုး ရှိပါအံ့နည်းဘုရား။

အယံ သော ဣန္ဒကော ယက္ခော၊ ဤဣန္ဒကနတ်သားသည်။ ပရိတ္တကံ၊ အနည်းငယ်သော။ ဒါနံ၊ အလှူကို။ ဒဇ္ဇာ ဒတွာ၊ ပေးလှူပြီး၍။ တာရာဂဏေ-တာရာဂဏေဟိ၊ ကြယ်အပေါင်းတို့ထက်။ စန္ဒော၊ လသည်။ အတိရောစတိ ယထာ၊ အလွန်တင့်တယ်သကဲ့သို့။ အမှေဟိ၊ တပည့်တော်တို့ထက်။ အတိရောစတိ၊ အလွန်တင့်တယ်ပါသည် ဘုရား။

ဣန္ဒကနတ်သား

ဤသို့ အင်္ကုရနတ်သား လျှောက်ဆိုလတ်သည်ရှိသော် မြတ်စွာဘုရားသည် ဣန္ဒကနတ်သားကို “ဣန္ဒကနတ်သား- သင်သည် ငါဘုရား၏ လက်ယာနံပါး၌ နေထိုင်၏၊ အဘယ့်ကြောင့် မဖဲသွားမူ၍သာလျှင် နေထိုင်ရဘိသနည်း”ဟု မိန့်တော်မူလေ၏၊ “မြတ်စွာဘုရား- တပည့်တော်သည် ကောင်းသော လယ်တောမြေရာ၌ အနည်းငယ်သော မျိုးစေ့ကို စိုက်ပျိုးသော လယ်ထွန်သမားကဲ့သို့ မြတ်သော အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံခြင်းကို ရပါသည်ဘုရား”ဟု မြတ်သောအလှူခံအား လှူရခြင်း၏ အကျိုးကြီးသည့်အဖြစ်ကို ထင်ရှားပြလိုရကား ဤဂါထာအပေါင်းကို ဆိုလေ၏။

ဥဇ္ဇင်္ဂလေ ယထာ ခေတ္တေ၊ ဗီဇံ ဗဟုမ္ပိ ရောပိတံ။
န ဖလံ ဝိပုလံ ဟောတိ၊ နာပိ တောသေတိ ကဿကံ။

တထေဝ ဒါနံ ဗဟုကံ၊ ဒုဿီလေသု ပတိဋ္ဌိတံ။
န ဖလံ ဝိပုလံ ဟောတိ၊ နာပိ တောသေတိ ဒါယကံ။

ယထာပိ ဘဒ္ဒကေ ခေတ္တေ၊ ဗီဇံ အပ္ပမ္ပိ ရောပိတံ။
သမ္မာ ဓာရေ ပဝတ္တန္တေ၊ ဖလံ တောသေတိ ကဿကံ။

တထေဝ သီလဝန္တေသု၊ ဂုဏဝန္တေသု တာဒိသု။
အပ္ပကမ္ပိ ကတံ ကာရံ၊ ပုညံ ဟောတိ မဟပ္ဖလံ။

ဥဇ္ဇင်္ဂလေ၊ ကြပ်တည်း မြေပြင်ဖြစ်သော။ ခေတ္တေ၊ လယ်၌။ ရောပိတံ၊ စိုက်ပျိုးအပ်သော။ ဗီဇံ၊ မျိုးစေ့သည်။ ဗဟုကမ္ပိ၊ များပင်များသော်လည်း။ ဝိပုလံ၊ များစွာပြန့်ပြောသော။ ဖလံ၊ အသီးသည်။ န ဟောတိ ယထာ၊ မဖြစ်သကဲ့သို့။ ကဿကံ၊ လယ်လုပ်သမားကို။ နာပိ တောသေတိ ယထာ၊ မနှစ်သက်စေသကဲ့သို့လည်းကောင်း။

တထေဝ၊ ထို့အတူသာလျှင်။ ဒုဿီလေသု၊ သီလမရှိသော ပုဂ္ဂိုလ်တို့၌။ ဗဟုကံ၊ များစွာ။ ပတိဋ္ဌိတံ၊ တည်သော။ ဝါ၊ ပေးလှူအပ်သော။ ဒါနံ၊ အလှူသည်။ ဝိပုလံ၊ များစွာပြန့်ပြောသော။ ဖလံ၊ အကျိုးသည်။ န ဟောတိ၊ မဖြစ်။ ဒါယကံ၊ အလှူရှင်ကို။ နာပိ တောသေတိ၊ နှစ်သက်လည်း မနှစ်သက်စေတတ်။

ဘဒ္ဒကေ၊ ကောင်းသော။ ခေတ္တေ၊ လယ်၌။ ရောပိတံ၊ စိုက်ပျိုးအပ်သော။ ဗီဇံ၊ မျိုးစေ့သည်။ အပ္ပမ္ပိ၊ နည်းပင်နည်းသော်လည်း။ သမ္မာဓာရေ၊ မစဲမပြတ် ကောင်းသော ရေအလျဉ်ရှိသော မိုးသည်။ ပဝတ္တန္တေ၊ ရွာလတ်သည်ရှိသော်။ ဝိပုလံ၊ များစွာသော။ ဖလံ၊ အသီးသီးသည်ဖြစ်၍။ ကဿကံ၊ လယ်ထွန်သမားကို။ တောသေတိ ယထာပိ၊ နှစ်သက်စေသကဲ့သို့။

တထေဝ၊ ထို့အတူသာလျှင်။ သီလဝန္တေသု၊ သီလဝန်ဖြစ်ကုန်သော။ ဂုဏဝန္တေသု၊ ဂုဏဝန်ဖြစ်ကုန်သော။ တာဒိသု၊ သည်းခံခြင်း ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၌။ ကတံ၊ ပြုအပ်သော။ အပ္ပကမ္ပိ၊ အနည်းငယ်မျှလည်းဖြစ်သော။ ကာရံ၊ ကုသိုလ်ဟု ဆိုအပ်သော။ ပုညံ၊ ကောင်းမှုသည်။ မဟပ္ဖလံ၊ များသော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်ပါသည်ဘုရား။

ဣန္ဒကနတ်သား၏ ရှေးကောင်းမှု

ထိုဣန္ဒကနတ်သား ရှေး၌ပြုအပ်သော ကောင်းမှုကံသည် အဘယ်နည်းဟူမူကား- ထိုဣန္ဒကနတ်သား အလောင်းသည် အနုရုဒ္ဓါမထေရ် ရွာတွင်းသို့ ဆွမ်းအလို့ငှာ ကြွဝင်လတ်သည်ရှိသော် မိမိအလို့ငှာ ဆောင်ယူလာခဲ့သော တစ်ယောက်မ,မျှသောဆွမ်းကို ပေးလှူစေဖူးသတတ်၊ ထိုအခါ၌ ပြုအပ်သော ထိုဣန္ဒကနတ်သား၏ ကောင်းမှုသည် အင်္ကုရနတ်သားသည် အနှစ်တစ်သောင်းတို့ပတ်လုံး တစ်ဆယ့်နှစ်ယူဇနာတိုင်တိုင် ဖိုခနောက်အစဉ်ကိုပြု၍ ပေးလှူအပ်သော အလှူထက် သာလွန်၍ အကျိုးကြီးမြတ်သည် ဖြစ်လေ၏။ ထို့ကြောင့် ဤသို့ လျှောက်ဆိုလေ၏။

ရွေးချယ်၍ လှူသင့်

ဤသို့ လျှောက်ဆိုလတ်သည်ရှိသော် မြတ်စွာဘုရားသည် “အင်္ကုရနတ်သား- အလှူမည်သည်ကား ရွေးချယ်စိစစ်၍ လှူခြင်းငှာ သင့်၏၊ ဤသို့ ရွေးချယ်စိစစ်၍ ပေးလှူသည်ရှိသော် ကောင်းသော လယ်မြေတို့၌ စိုက်ပျိုးအပ်သော မျိုးစေ့ကဲ့သို့ များသော အကျိုးရှိသည်ဖြစ်၏။ သင်သည်ကား ထိုသို့သောအခြင်းဖြင့် မပြုဘိ၊ ထို့ကြောင့် သင်၏အလှူသည် များသော အကျိုးရှိသည်မဖြစ်”ဟု မိန့်တော်မူ၍ ဤအနက်ကို ထင်စွာ ပြလိုရကား-

ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။
ဝိစေယျ ဒါနံ သုဂတပ္ပသတ္ထံ၊
ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ။
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဗီဇာနိ ဝုတ္တာနိ ယထာ သုခေတ္တေ။

ယတ္ထ၊ အကြင်ပုဂ္ဂိုလ်၌။ ဝါ၊ အကြင်ပုဂ္ဂိုလ်အား။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ ယသ္မာ၊ အကြင်ကြောင့်။ မဟပ္ဖလံ၊ များသောအကျိုးရှိ၏။ တသ္မာ၊ ထို့ကြောင့်။ ဝိစေယျ၊ ရွေးချယ်စိစစ်၍။ တတ္ထ၊ ထိုပုဂ္ဂိုလ်၌။ ဝါ၊ ထိုပုဂ္ဂိုလ်အား။ ဒါနံ၊ အလှူကို။ ဒါတဗ္ဗံ၊ ပေးလှူအပ်၏။ ဝိစေယျ၊ ရွေးချယ်စိစစ်၍။ ဒါနံ၊ လှူခြင်းကို။ သုဂတပ္ပသတ္ထံ၊ မြတ်စွာဘုရားတို့သည် ချီးမွမ်းအပ်၏။ ဣဓ ဇီဝလောကေ၊ ဤသတ္တလောက၌။ ယေ ဒက္ခိဏေယျာ၊ အကြင် မြတ်သော အလှူခံပုဂ္ဂိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတေသု၊ ထိုမြတ်သော အလှူခံပုဂ္ဂိုလ်တို့၌။ ဝါ၊ တို့အား။ ဒိန္နာနိ၊ ပေးလှူအပ်သော အလှူတို့သည်။ သုခေတ္တေ၊ လယ်တာမြေကောင်း၌။ ဝုတ္တာနိ၊ စိုက်ပျိုးအပ်ကုန်သော။ ဗီဇာနိ ယထာ၊ မျိုးစေ့တို့ကဲ့သို့။ မဟပ္ဖလာနိ၊ များသော အကျိုးရှိကုန်၏။

ဤသို့ မိန့်တော်မူပြီးလျှင် ထိုထက်အလွန်လည်း တရားစကား ဟောကြားတော်မူလိုသော သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ဤဂါထာတို့ကို မိန့်ကြားတော်မူလေ၏။

တိဏဒေါသာနိ ခေတ္တာနိ၊ ရာဂဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝီတရာဂေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

တိဏဒေါသာနိ ခေတ္တာနိ၊ ဒေါသဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝီတဒေါသေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

တိဏဒေါသာနိ ခေတ္တာနိ မောဟဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝီတမောဟေသု၊ ဒီန္နံ ဟောတိ မဟပ္ဖလံ။

တိဏဒေါသာနိ ခေတ္တာနိ၊ ဣစ္ဆာဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝိဂတိစ္ဆေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ရာဂဒေါသာ၊ ရာဂကြောင့် အပြစ်ရှိကုန်၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝီတရာဂေသု၊ ရာဂကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ဒေါသဒေါသာ၊ ဒေါသကြောင့် အပြစ်ရှိကုန်၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝီတဒေါသေသု၊ ဒေါသကင်းသော ရဟန္တာပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ မောဟဒေါသာ၊ မောဟကြောင့် အပြစ်ရှိ၏ ။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝီတမောဟေသု၊ မောဟကင်းသော ရဟန္တာ ပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ဣစ္ဆာဒေါသာ၊ မကောင်းသော အလိုရမ္မက်ကြောင့် အပြစ်ရှိကုန်၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝိဂတိစ္ဆေသု၊ ကင်းသော အလိုရမ္မက် ရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ မဟပ္ဖလံ၊ ကြီးမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အဆုံး၌ အင်္ကုရနတ်သားသည်လည်းကောင်း၊ ဣန္ဒကနတ်သားသည်လည်းကောင်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူအပ်သော ဒေသနာတော်သည် များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အဘိဓမ္မာဒေသနာ

ထို့နောက်မှ မြတ်စွာဘုရားသည် နတ်ပရိသတ်၏အလယ်၌ နေတော်မူလျက်ပင် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ အစရှိသော အဘိဓမ္မာပိဋကတ်ကို ဝါတွင်းသုံးလတို့ပတ်လုံး မပြတ် ဟောကြားတော်မူလေ၏၊ ထိုသို့ပင် ဟောတော်မူသော်လည်း ဆွမ်းခံ လှည့်လည်သင့်သောအခါ၌ “ငါဘုရား ပြန်ကြွလာသည်တိုင်အောင် ဤမျှလောက်သော တရားဒေသနာတော်ကို ဟောရစ်စေသတည်း”ဟု နိမ္မိတဘုရားကို ဖန်ဆင်းတော်မူပြီးလျှင် ဟိမဝန္တာသို့ ကြွသွားတော်မူ၍ နဂါးပြည်၌ဖြစ်သော နာဂလတာမည်သော နွယ်ချိုဒန်ပူကို ခဲတော်မူသဖြင့် အနောဝတတ်အိုင်၌ မျက်နှာသစ်တော်မူပြီးလျှင် မြောက်ကျွန်းမှ ဆွမ်းကို ဆောင်ယူတော်မူ၍ အင်ကြင်းပင်ကြီးတည်း ဟူသော တန်ဆောင်း၌ နေထိုင်တော်မူလျက် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူလေ၏၊ ရှင်သာရိပုတ္တရာမထေရ်သည် ထိုအရပ်သို့ ကြွသွား၍ မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ်ကို ပြုစုတော်မူ၏၊ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးသောအခါ၌ “ချစ်သားသာရိပုတ္တရာ- ယနေ့ ငါဘုရားသည် ဤမျှလောက်သော အဘိဓမ္မာတရားကို ဟောအပ်ပြီ၊ သင်သည် မိမိ၏တပည့်ဖြစ်သော ရဟန်းတို့အား ပို့ချလော့”ဟု ရှင်သာရိပုတ္တရာမထေရ်အား မိန့်ကြားတော်မူလေ၏။

(ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြတော်မူရာ၌ ကြည်ညိုသည်ဖြစ်၍ ငါးရာသော အမျိုးကောင်းသားတို့သည် ရှင်သာရိပုတ္တရာမထေရ်၏ အထံတော်၌ ရဟန်းပြုကြကုန်သတတ်၊ ထိုငါးရာသော ရဟန်းတို့ကို ရည်မှန်းတော်မူ၍ အရှင်သာရိပုတ္တရာမထေရ်ကို ဤသို့ မိန့်ကြားတော်မူလေ၏။)

မိန့်ကြားတော်မူပြီးသည်ရှိသော်ကား နတ်ပြည်သို့ ကြွသွားတော်မူ၍ နိမ္မိတဘုရားသည် ဟောအပ်သော နေရာမှစ၍ ကိုယ်တော်တိုင် တရားကို ဟောကြားတော်မူပြန်လေ၏။ ရှင်သာရိပုတ္တရာမထေရ်သည်လည်း ကြွတော်မူ၍ ထိုငါးရာကုန်သော ရဟန်းတို့အား အဘိဓမ္မာတရားကို ဟောကြားတော်မူလေ၏၊ ထိုငါးရာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားသည် နတ်ပြည်၌ နေတော်မူစဉ်သာလျှင် အဘိဓမ္မာခုနစ်ကျမ်းကို ဆောင်နိုင်သော ပုဂ္ဂိုလ်တို့ ဖြစ်ကြလေကုန်၏။

(ထိုငါးရာသော ရဟန်းတို့သည်ကား ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ လင်းနို့သားငယ် ငါးရာဖြစ်၍ တစ်ခုသော တိုက်ခန်းအတွင်း၌ တွဲလျားဆွဲကုန်လျက် မထေရ်နှစ်ပါးတို့သည် စင်္ကြံသွား၍ အဘိဓမ္မာတရားကို သရဇ္ဈာယ်ကြကုန်စဉ် ကြားနာရသဖြင့် အသံ၌ အာရုံကို ယူကြဖူးကုန်သတတ်။)

အဘိဓမ္မာဆောင် ပုဂ္ဂိုလ်များ

ထိုလင်းနို့သားငယ် ငါးရာတို့သည် ဤသည်တို့ကား ခန္ဓာတို့ မည်ကုန်၏။ ဤသည်တို့ကား ဓာတ်တို့ မည်ကုန်၏၊ ဤသို့ အစရှိသည်တို့ဖြင့် မသိမူ၍ အသံ၌ အာရုံကို ယူခြင်းမျှဖြင့်သာလျှင် ထိုလင်းနို့အဖြစ်မှ စုတေသည်ရှိသော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ထိုနတ်သားတို့သည်လည်း နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး နတ်စည်းစိမ်ကို အစဉ်အတိုင်းခံစားပြီး၍ ထိုနတ်ပြည်မှ စုတေခဲ့ပြန်သော် သာဝတ္ထိပြည်ဝယ် အမျိုးကောင်းအိမ်တို့၌ ဖြစ်ကြကုန်၏။ ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြတော်မူသောအခါ၌ ဖြစ်သော ကြည်ညိုခြင်း ရှိကုန်သည်ဖြစ်၍ အရှင်သာရိပုတ္တရာ၏အထံတော်၌ ရဟန်းပြုကြပြီးလျှင် အလုံးစုံသောသူတို့၏ ရှေးဦးစွာ အဘိဓမ္မာခုနစ်ကျမ်းကို ဆောင်နိုင်သောပုဂ္ဂိုလ်တို့ ဖြစ်ကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ထိုသို့သောနည်းအားဖြင့် ထိုဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာကို ဟောကြားတော်မူလေ၏။ ဤအဘိဓမ္မာဒေသနာတော်၏ အဆုံး၌ ကုဋေ ရှစ်သောင်းသော နတ်တို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ မယ်တော် မဟာမာယာဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။

(ဤဝတ္ထု၌ မယ်တော်မာယာသည် နတ်ပြည်၌ နတ်သမီးအဖြစ်ဖြင့်သာ ဖြစ်လေသကဲ့သို့ ရှိလေတော့၏ (သက္ကတကျမ်းအချို့၌လည်း ဒုက္ကရစရိယာကျင့်ခန်း၌ မယ်တော်မာယာနတ်သမီးလာ၍ ငိုကြွေးကြောင်း အဆိုရှိသောဟူ၏)။ ထေရီဂါထာအဋ္ဌကထာ၌ ဒေဝုပ္ပတ္တိ ပန ပုရိသဘာဝေန ဇာတံ-ဟူ၍ လည်းကောင်း၊ မဏိဒီပ၌ တုဿိတ ဘဝနေ ပုရိသဘာဝေနေဝ နိဗ္ဗတ္တိ-ဟူ၍လည်းကောင်း၊ အဘိဓမ္မာဝတာရဋီကာ၌ မာတုဒေဝပုတ္တပမုခါနံ-ဟူ၍လည်းကောင်း၊ ဇာတ်ဋီကာ၌ မာတုဒေဝပုတ္တဿ-ဟူ၍လည်းကောင်း၊ အဋ္ဌကထာတစ်ခု၌ သန္တုသိတဒေဝပုတ္တော-ဟူ၍ လည်းကောင်း ရှိလေ၏။)

ရှင်မောဂ္ဂလာန် ဘုရားထံ တက်သွားပုံ

ထိုသုံးဆယ့်ခြောက်ယူဇနာ အဝန်းရှိသော ပရိသတ်သည်လည်း “ယခုအခါ ခုနစ်ရက်မြောက်သောနေ့၌ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့ ဖြစ်လတ္တံ့”ဟု နှလုံးသွင်းခြင်းကိုပြု၍ ရှင်မဟာမောဂ္ဂလာန်မထေရ်သို့ ချဉ်းကပ်လျက် “အရှင်ဘုရား- မြတ်စွာဘုရား၏ သက်ဆင်းတော်မူအံ့သောနေ့ကို သိစိမ့်သောငှာ သင့်လျော်ပါသည် ဘုရား၊ တပည့်တော်တို့သည် မြတ်စွာဘုရားကို မဖူးမြင်ရဘဲ ပြန်သွားကြလိမ့်မည် မဟုတ်ပါဘုရား”ဟု လျှောက်ကြားလေ၏၊ ရှင်မဟာမောဂ္ဂလာန်မထေရ်သည် ထိုစကားကို ကြားရလျှင် “ကောင်းပြီ၊ ဒါယကာတို့”ဟု ဆို၍ ထိုနေရာ၌ပင် “မြေပြင်၌ ငုပ်လျှိုးလျက် မြင်းမိုရ်တောင်ခြေရင်းသို့ တက်သော ငါ-မောဂ္ဂလာန်ကို ပရိသတ်တို့သည် မြင်ကြပါစေကုန်သတည်း”ဟု ဓိဋ္ဌာန်တော်မူသဖြင့် ပတ္တမြားရတနာဖြင့် သီကုံးအပ်သော ဖျော့သော အဆင်းရှိသော ကမ္ဗလာကြိုးကဲ့သို့ ထင်ရှားသော သဘောရှိသည်ဖြစ်၍သာလျှင် မြင်းမိုရ်တောင်၏ အူတိုင်သဖွယ် အလယ်နေရာဖြင့် တက်တော်မူလေ၏။ လူတို့သည်လည်း ထိုအရှင်မောဂ္ဂလာန်ကို “တစ်ယူဇနာသို့ တက်ရောက်ပြီ၊ နှစ်ယူဇနာသို့ တက်ရောက်ပြီ”ဟု ကြည့်ရှုကြလေကုန်၏။ ရှင်မောဂ္ဂလာန်မထေရ်သည်လည်း မြတ်စွာဘုရားခြေတော်တို့ကို ဦးခေါင်းဖြင့် ရွက်ချီသကဲ့သို့ တက်ရောက်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ပရိသတ်တို့သည် ရှင်တော်ဘုရားတို့ကို ဖူးမြင်ပြီးမှသာလျှင် သွားခြင်းငှာ အလိုရှိကြပါသည်။ အဘယ်ကာလ၌ သက်ဆင်းတော်မူကြပါကုန်အံ့နည်းဘုရား”ဟု လျှောက်ကြားလေ၏။

တာဝတိံသာမှ သင်္ကဿမြို့သို့

“ချစ်သား မောဂ္ဂလာန်- သင်၏ နောင်တော်ကြီးဖြစ်သော ရှင်သာရိပုတ္တရာသည် အဘယ်အရပ်၌ ဝါကပ်ဘိသနည်း”ဟု မေးတော်မူပြီးလျှင် “မြတ်စွာဘုရား- သင်္ကဿနဂိုရ်ပြည်၌ ဝါကပ်ပါသည်ဘုရား”ဟု လျှောက်သဖြင့် “ချစ်သားမောဂ္ဂလာန်- ငါဘုရားသည် ဤနေ့မှ ခုနစ်ရက်မြောက်ဖြစ်သော သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ သက်ဆင်းပေအံ့၊ ငါ ဘုရားကို ဖူးမြင်လိုသောသူတို့သည် ထိုသင်္ကဿနဂိုရ်ပြည်သို့ လာကြစေကုန်သတည်း ဟူ၍လည်းကောင်း၊ “သာဝတ္ထိပြည်မှ သင်္ကဿနဂိုရ်ပြည် မြို့တံခါးတိုင်အောင် ယူဇနာသုံးဆယ်တို့တိုင်တိုင် ရှိကုန်၏၊ ဤမျှ အတိုင်းအရှည်ရှိသော လမ်းခရီး၌ တစ်စုံတစ်ယောက်သောသူအား လမ်း၌ စားရိက္ခာ ဆောင်ဖွယ်ကိစ္စသည် မရှိ၊ ဥပုသ်စောင့်သုံးကြကုန်သည်ဖြစ်၍ အနီးဖြစ်သောကျောင်းသို့ တရားနာခြင်းငှာ သွားကြကုန်ဘိသကဲ့သို့ လာကြကုန်ရာ၏ ဟူ၍လည်းကောင်း၊ ထိုပရိသတ်တို့ကို ပြောကြားလေလော့”ဟု မိန့်တော်မူလေ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် “မြတ်စွာဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံပြီးလျှင် ဘုရားရှင် မိန့်တော်မူတိုင်း ပြောကြားလေ၏။

စောင်းတန်းသုံးသွယ်ဖြင့် သက်ဆင်းပုံ

သဗ္ဗညုမြတ်စွာဘုရားသည် ဝါကျွတ်လတ်သည်ဖြစ်၍ ပဝါရဏာပြုပြီးသည်ရှိသော် သိကြားမင်းအား “မြတ်သော သိကြားမင်း- လူ့ပြည်ခရီးသို့ သွားတော့အံ့”ဟု ပြောကြားလေ၏။ သိကြားမင်းသည် ရွှေဖြင့်ပြီးသော စောင်းတန်းလှေကား၊ ပတ္တမြားဖြင့်ပြီးသော စောင်းတန်း၊ ငွေဖြင့်ပြီးသော စောင်းတန်း ဤသုံးသွယ်သော စောင်းတန်းတို့ကို ဖန်ဆင်းလေ၏၊ ထိုသုံးသွယ်သော စောင်းတန်းတို့၏ အခြေတို့သည် သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ တည်ကြကုန်၏၊ စောင်းတန်းဦးတို့ကား မြင်းမိုရ်တောင်ထိပ်၌ တည်ကြလေကုန်၏၊ ထိုသုံးသွယ်သော စောင်းတန်းတို့တွင် လက်ယာနံပါး၌ ရွှေဖြင့်ပြီးသော စောင်းတန်းကား နတ်တို့အလို့ငှာ ဖြစ်လေ၏။ လက်ဝဲနံပါး၌ ငွေဖြင့်ပြီးသော စောင်းတန်းကား ဗြဟ္မာကြီးတို့အလို့ငှာ ဖြစ်လေ၏။ အလယ်၌ ပတ္တမြားဖြင့်ပြီးသော စောင်းတန်းကား မြတ်စွာဘုရား၏အလို့ငှာ ဖြစ်လေ၏။ လူနတ်တို့ဆရာ ဘုရားမြတ်စွာသည်လည်း မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူလျက် နတ်ပြည်မှ သက်ဆင်းတော်မူအံ့သောအခါ ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူ၍ အထက်သို့ ကြည့်တော်မူလေ၏။ ထိုအခါ ဗြဟ္မာပြည်တိုင်အောင် တစ်ပြင်တည်းသာ ဖြစ်ကြကုန်၏။ ထို့နောက် အောက်သို့ ကြည့်တော်မူလေ၏၊ ထိုအခါ အဝီစိတိုင်အောင် တစ်ပြင်တည်းဖြစ်လေ၏။ ထို့နောက် တူရူအရပ် အထောင့်အရပ်ကို ကြည့်တော်မူလေ၏။ ထိုအခါ များစွာကုန်သော စကြဝဠာတစ်သိန်းတို့သည် တစ်ပြင်တည်းတို့သာ ဖြစ်ကြလေကုန်၏။ နတ်တို့သည် လူတို့ကို မြင်ကြရကုန်၏၊ လူတို့သည်လည်း နတ်တို့ကို မြင်ကြရကုန်၏၊ အလုံးစုံသောသူတို့သည် မျက်မှောက်ထင်ထင် မြင်ကြရလေကုန်၏။ မြတ်စွာဘုရားသည် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူလေ၏၊ ထိုနေ့၌ မြတ်စွာဘုရား ကျက်သရေတော်ကို ကြည့်ရှု ဖူးမြော်ကြရလေသောကြောင့် သုံးဆယ့်ခြောက်ယူဇနာ အဝန်းရှိသော ပရိသတ်၌ တစ်ယောက်သောသူမျှလည်း ဘုရားအဖြစ်ကို မတောင့်တသောသူမည်သည် မရှိ။ ရွှေစောင်းတန်းဖြင့် နတ်တို့ သက်ဆင်းကြကုန်၏။ ငွေစောင်းတန်းဖြင့် ဗြဟ္မာကြီးတို့ သက်ဆင်းလာကြကုန်၏၊ ပတ္တမြားစောင်တန်းဖြင့် မြတ်စွာဘုရား သက်ဆင်း မြန်းကြွလာတော်မူလေ၏။

နတ်တို့ ပူဇော်ပုံ အမျိုးမျိုး

ဂန္ဓဗ္ဗနတ်သားဖြစ်သော ပဉ္စသီခနတ်သားသည် ဥသျှစ်သီးမှည့်အဆင်းနှင့်တူသော ဗေဠုဝမည်သော စောင်းကို ပိုက်ယူကာ လက်ယာနံပါး၌တည်၍ မြတ်စွာဘုရားအား သာယာစွာသော အသံရှိသော ဂန္ဓဗ္ဗနတ်စောင်း၏အသံဖြင့် ပူဇော်ခြင်းကိုပြုလျက် သက်ဆင်းလေ၏။ သိကြားမင်း၏ ကူညီဖော် ကူညီဖက်ဖြစ်သော မာတလိနတ်သားသည် လက်ဝဲနံပါး၌တည်၍ နတ်၌ဖြစ်သော နံ့သာပန်းအထူးကို ကိုင်ကာ ရှိခိုးပူဇော်လျက် သက်ဆင်းလေ၏၊ မဟာဗြဟ္မာကြီးသည် ထီးကို မိုး၏၊ သုယာမနတ်သားသည် သားမြီးယပ်ကို ယပ်ခပ်၏၊ မြတ်စွာဘုရားသည် ဤသို့သော အခြံအရံနှင့်တကွ သက်ဆင်းတော်မူပြီးလျှင် သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ တည်တော်မူလေ၏။ အရှင်သာရိပုတ္တရာမထေရ်သည်လည်း ကြွလာတော်မူ၍ ဘုရားရှင်ကို ရှိခိုးလျက် အကြင်ကြောင့် အရှင်သာရိပုတ္တရာမထေရ်သည် ထိုသို့ သဘောရှိသော ဘုရားရှင်၏ အသရေတော်ဖြင့် သက်ဆင်းတော်မူသော ဘုရားရှင်ကို ဤနေ့မှ ရှေး၌ မမြင်အပ်စဖူး၊ ထို့ကြောင့်-

န မေ ဒိဋ္ဌော ဣတော ပုဗ္ဗေ၊ န သုတော ဥဒ ကဿစိ။
ဧဝံ ဝဂ္ဂုဝဒေါ သတ္ထာ၊ တုဿိတာ ဂဏိမာ ဂတော။

တုဿိတာ၊ တုဿိတာစံ မယ်တော်ထံမှ။ ဝါ၊ နတ်ပြည်မှ။ ဂဏိံ၊ လူပေါင်းစုံညီ သင်္ကဿနဂိုရ်ပြည်သို့။ အာဂတော၊ သက်ဆင်းကြွလာတော်မူသည်ဖြစ်၍။ ဧဝံ ဝဂ္ဂုဝဒေါ၊ သို့စဉ်ကလောက် ထွန်းတောက်ပသော အသရေတို့ဖြင့် တင့်တယ်ကောင်းမြတ်သော။ သတ္ထာ၊ ငါတို့ဆရာ ဘုရားမြတ်စွာကို။ ဣတော၊ ဤနေ့မှ။ ပုဗ္ဗေ၊ ရှေး၌။ မေ မယာ၊ ငါသည်။ န ဒိဋ္ဌော၊ မမြင်ရစဖူး။ ဥဒ၊ ထိုမှတစ်ပါး။ ကဿစိ၊ တစ်စုံတစ်ယောက်သော သူ၏အထံမှ။ န သုတော၊ မကြားရဖူးပါတကား။

ဤသို့ အစရှိသော စကားတို့ဖြင့် မိမိ၏နှစ်သက်ခြင်းကို ပြပြီးလျှင် “မြတ်စွာဘုရား- ယနေ့ အလုံးစုံသော နတ်လူတို့သည် ရှင်တော်မြတ်ဘုရားတို့အား ချစ်မြတ်နိုးကြပါကုန်၏၊ တောင့်တကြပါကုန်၏ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ထိုအရှင် သာရိပုတ္တရာကို မြတ်စွာဘုရားသည် “ချစ်သား သာရိပုတ္တရာ- ဤသို့ သဘောရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူကြကုန်သော ဘုရားရှင်တို့ကို ချစ်မြတ်နိုးကုန်သည်သာတည်း”ဟု မိန့်တော်မူ၍ တရားဟောကြားလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၈၁] ယေ ဈာနပ္ပဿုတာ ဓီရာ၊ နေက္ခမ္မူပသမေ ရတာ။
ဒေဝါပိ တေသံ ပိဟယန္တိ၊ သမ္ဗုဒ္ဓါနံ သတီမတံ။

ယေ ဓီရာ၊ အကြင်ပညာရှိတို့သည်။ ဈာနပ္ပဿုတာ၊ ဈာန်နှစ်ပါးတို့၌ အာဝဇ္ဇနစသော ငါးပါးသော ဝသီဘော်တို့ဖြင့် လေ့လာခြင်း ရှိကုန်၏။ နေက္ခမ္မူပသမေ၊ ကိလေသာ ငြိမ်းရာနိဗ္ဗာန်ဟု ဆိုအပ်သော နေက္ခမ္မ၌။ (ပဗ္ဗဇ္ဇာ နိက္ခမကို ဤနေရာ၌ မယူအပ်)။ ရတာ၊ မွေ့လျော်ကြကုန်၏။ သတီမတံ၊ သတိရှိကြကုန်သော။ သမ္ဗုဒ္ဓါနံ၊ သစ္စာလေးပါး သိမြင်ပြီးကြကုန်သော။ တေသံ ဓီရာနံ၊ ထိုပညာရှိတို့အား။ ဒေဝါပိ၊ နတ်တို့သည်လည်း (လူတို့ပါ)။ ပိဟယန္တိ ၊ ချစ်မြတ်နိုးကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ကုဋေသုံးဆယ် အတိုင်းအရှည်ရှိကုန်သော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည်ဖြစ်လေ၏။ ရှင်သာရိပုတ္တရာ မထေရ်၏ သဒ္ဓိဝိဟာရိက တပည့်ဖြစ်သော ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

သင်္ကဿနဂိုရ်ပြည် အစလစေတီ၌ ပုစ္ဆာမေးခြင်း

(ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုတော်မူပြီးလျှင် နတ်ပြည်၌ ဝါကပ်တော်မူသဖြင့် သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ သက်ဆင်းတော်မူခြင်းကို အလုံးစုံသော ဘုရားရှင်တို့သည် မစွန့်အပ်သည်သာလျှင် ဖြစ်သတတ်၊ ထိုသင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ လက်ယာခြေ တည်ရာအရပ်သည် အစလစေတီ တည်ရာမည်သည် ဖြစ်သတတ်။)

မြတ်စွာဘုရားသည် ထိုသင်္ကဿနဂိုရ်ပြည် မြို့တံခါး အစလစေတီနေရာ၌ ရပ်တည်တော်မူလျက် ပုထုဇဉ် စသည်တို့၏အရာ၌ ပြဿနာကို မေးတော်မူလေ၏။ ပုထုဇဉ်တို့သည် မိမိ၏အရာ၌ ပြဿနာကို ဖြေဆိုကြပြီးသည်ရှိသော် သောတာပန်ပုဂ္ဂိုလ်၏အရာ၌ ပြဿနာကို ဖြေခြင်းငှာ မတတ်နိုင်ကုန်၊ ထို့အတူ သကဒါဂါမ်ပုဂ္ဂိုလ် စသည်တို့၏အရာ၌ သောတာပန်စသော ပုဂ္ဂိုလ်တို့ မတတ်နိုင်ကြကုန်၊ ရှင်မဟာမောဂ္ဂလာန်၏အရာ၌ ကြွင်းသော မဟာသာဝကတို့ မတတ်နိုင်ကြကုန်၊ ရှင်သာရိပုတ္တရာ၏အရာ၌ ရှင်မောဂ္ဂလာန် မတတ်နိုင်၊ ဘုရားရှင်၏အရာ၌လည်း ရှင်သာရိပုတ္တရာသည်လည်း ဖြေခြင်းငှာ မတတ်နိုင်သည်သာလျှင်တည်း၊ ထိုမြတ်စွာဘုရားသည် အရှေ့အရပ်မျက်နှာကို အစပြု၍ အလုံးစုံသော အရပ်မျက်နှာတို့သို့ ကြည့်ရှုတော်မူလေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ ဟင်းလင်းအပြင် တစ်ပြင်တည်းသာလျှင် ဖြစ်လေ၏။ အရပ်ရှစ်မျက်နှာတို့၌ နတ်လူတို့သည်လည်းကောင်း၊ အထက်၌ ဗြဟ္မာပြည်တိုင်အောင် နေကုန်သော ဗြဟ္မာတို့သည်လည်းကောင်း၊ အောက်၌ မြေ၌တည်ကုန်သော နတ်ဘီလူး, နဂါး, ဂဠုန်တို့သည်လည်းကောင်း လက်အုပ်ချီ၍ “မြတ်စွာဘုရား- ဤတပည့်တော်တို့ နေရာအရပ်၌ ဤပြဿနာကို ဖြေစွမ်းနိုင်သောသူသည် မရှိပါ၊ ထိုဘုရားရှင် သီတင်းသုံးရာ အရပ်၌သာလျှင် စူးစမ်းရှာဖွေတော်မူကြပါဘုရား”ဟု ဆိုကြလေကုန်၏။ မြတ်စွာဘုရားသည် “သာရိပုတ္တရာကား ပင်ပန်းဘိ၏၊ ဤသာရိပုတ္တရာသည်-

ယေစ သင်္ခတဓမ္မာ သေ၊ ယေစ သေခါ ပုထူ ဣဓ။
တေသံမေ နိပကော ဣရိယံ၊ ပုဋ္ဌော ပဗြူဟိ မာရိသ။

မာရိသ၊ ငါ၏သားကြီးဖြစ်သော သာရိပုတ္တရာ။ ဣဓ၊ ဤလောက၌။ သင်္ခတာ၊ သင်္ခတ မည်ကုန်သော။ ပုထူ၊ များစွာကုန်သော။ ယေ စ ဓမ္မာ၊ အကြင်တရားတို့သည်လည်းကောင်း။ (သေအနက်မရှိ) သေခါ၊ သေခမည်ကုန်သော။ ပုထူ၊ များစွာကုန်သော။ ယေ စ ဓမ္မာ၊ အကြင်တရားတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုတရားတို့၏။ နိပကော၊ ရင့်ကျက်ခြင်းသည်။ ကော၊ အဘယ်နည်း။ ဣရိယံ၊ ဖြစ်ခြင်းသည်။ ကိံ၊ အဘယ်နည်း။ ပုဋ္ဌော၊ မေးအပ်သော ငါ၏သားကြီး သာရိပုတ္တရာသည်။ မေ၊ ငါ့အား။ ဗြူဟိ၊ ဖြေကြားဘိလော။

ဤသို့ ဘုရားရှင်အရာ၌ဖြစ်သော ဤဗုဒ္ဓပြဿနာကို ကြားရသဖြင့် “မြတ်စွာဘုရားသည် ငါ့ကို “သေက္ခ,အသေက္ခပုဂ္ဂိုလ်တို့၏ မဂ်ဖိုလ်သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကို မေးတော်မူ၏”ဟု မေးသောပြဿနာ၌ အကယ်၍ကား ယုံမှားမရှိ၊ ထိုသို့ပင် ယုံမှားမရှိသော်လည်း ခန္ဓာအစရှိသော တရားတို့တွင် အဘယ်တရားကို အဦးပြုသဖြင့် ဤအကျင့်ကို ဖြေဆိုရသော်လည်း ငါသည် မြတ်စွာဘုရား၏အလိုကို ယူခြင်းငှာ မတတ်နိုင်ပေလတ္တံ့”ဟု မြတ်စွာဘုရား၏အလိုတော်၌ ယုံမှားဖြစ်လျက် ရှိချေ၏။ ထိုသာရိပုတ္တရာသည် “ငါဘုရား နည်းကိုမပေးသည်ရှိသော် ဖြေခြင်းငှာ မတတ်နိုင်ပေလတ္တံ့၊ ထိုသာရိပုတ္တရာအား နည်းကိုပေဦးအံ့”ဟု နည်းပြတော်မူလိုသည်ဖြစ်၍ “ချစ်သား သာရိပုတ္တရာ- ဤဘူတရုပ်ကို ရှု၏လော”ဟု မိန့်တော်မူလေ၏။

(မြတ်စွာဘုရားအား သာရိပုတ္တရာသည် ငါ၏အလိုကိုယူ၍ ဖြေဆိုသည်ရှိသော် ခန္ဓာ၏အစွမ်းဖြင့် ဖြေဆိုပေလတ္တံ့ဟု အကြံ ဤသို့ ဖြစ်တော်မူသတတ်။)

ရှင်သာရိပုတ္တရာအား နည်းပေးတော်မူသည်နှင့်တကွ ထိုပြဿနာသည် နည်းတစ်ရာအားဖြင့်လည်းကောင်း၊ နည်းတစ်ထောင်အားဖြင့်လည်းကောင်း၊ နည်းတစ်သိန်းအားဖြင့်လည်းကောင်း ထင်လေ၏။ ထိုရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား ပေးတော်မူအပ်သောနည်း၌တည်၍ ထိုပြဿနာကို ဖြေဆိုလေ၏။

(မြတ်စွာဘုရားကို ဖယ်ထား၍ တစ်ပါးသောသူသည် ရှင်သာရိပုတ္တရာ၏ပြဿနာသို့ ရောက်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိသတတ်။)

ရှင်သာရိပုတ္တရာ ကြုံးဝါးခြင်း

ထို့ကြောင့်သာလျှင် ရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား၏ ရှေ့တော်၌ “မြတ်စွာဘုရား- တပည့်တော်သည် တစ်ကမ္ဘာပတ်လုံး မိုးရွာသော်လည်း “ဤမျှလောက်သော မိုးရေမိုးပေါက်တို့ကား မဟာသမုဒ္ဒရာ၌ ကျကုန်၏၊ ဤမျှလောက်သော မိုးရေမိုးပေါက်တို့ကား မြေ၌ ကျကုန်၏၊ ဤမျှလောက်သော မိုးရေမိုးပေါက်တို့ကား တောင်၌ ကျကုန်၏”ဟု ရေတွက်၍ ဂဏန်းသင်္ချာ ရေးသားခြင်းသို့ တင်ခြင်းငှာ စွမ်းနိုင်ပါသည် ဘုရား”ဟု ခြင်္သေ့မင်း၏အသံနှင့်တူသော ရဲဝံ့သောအသံကို ရွတ်ဆိုကြုံးဝါးတော်မူလေသတတ်၊ မြတ်စွာဘုရားသခင်သည်လည်း ရှင်သာရိပုတ္တရာကို “ချစ်သား သာရိပုတ္တရာ- သင်ရေတွက်ခြင်းငှာ စွမ်းနိုင်သည့်အဖြစ်ကို ငါဘုရား သိတော်မူ၏”ဟု မိန့်တော်မူလေ၏၊ ထိုအရှင်သာရိပုတ္တရာ၏ ပညာတော်အား နှိုင်းယှဉ်စရာ ဥပမာမည်သည်မရှိ၊ ထို့ကြောင့် ဤသို့ မိန့်ဆိုတော်မူလေ၏။

ဂင်္ဂါယ ဝါလုကာ ခီယေ၊ ဥဒကံ ခီယေ မဟဏ္ဏဝေ။
မဟိယာ မတ္တိကာ ခီယေ၊ န ခီယေ မမ ဗုဒ္ဓိယာ။

ဂင်္ဂါယ၊ ဂင်္ဂါမြစ်၌။ ဝါလုကာ၊ သဲသည်။ ခီယေ၊ ကုန်မူလည်း ကုန်ရာ၏။ မဟဏ္ဏဝေ၊ သမုဒ္ဒရာ၌။ ဥဒကံ၊ ရေသည်။ ခီယေ၊ ကုန်မူလည်း ကုန်ရာ၏။ မဟိယာ၊ မြေ၌။ မတ္တိကာ၊ မြေမှုန့်သည်။ ခီယေ၊ ကုန်မူလည်း ကုန်ရာ၏။ မမ၊ တပည့်တော် သာရိပုတ္တရာ၏။ ဝိဿဇ္ဇနေ၊ ဖြေဆိုရာ၌။ ယာ ဗုဒ္ဓိ၊ အကြင်ပညာသည်။ အတ္ထိ၊ ရှိ၏။ သာ ဗုဒ္ဓိ၊ ထိုပညာသည်။ န ခီယေ၊ မကုန်နိုင်ရာ။

ပရောသဟဿဇာတ်အမြွက်

ဤသို့ ပညာကြီးသော ရဟန်းဖြစ်သော်လည်း ဘုရားအရာ၌ မေးအပ်သော ပြဿနာ၏ အဆုံးကိုလည်းကောင်း၊ အစွန်းကိုလည်းကောင်း မမြင်သောကြောင့် မြတ်စွာဘုရားသည် ပေးအပ်သောနည်း၌ တည်၍သာလျှင် ပြဿနာကို ဖြေဆိုတော်မူရလေ၏။ ထိုစကားကို ကြားရလျှင် ရဟန်းတို့သည် စကားကို ဖြစ်စေကြသည်မှာ “အကြင်ပြဿနာကို မေးအပ်သည်ရှိသော် အလုံးစုံသော လူများအပေါင်းသည်လည်း ဖြေဆိုခြင်းငှာ မစွမ်းနိုင်၊ ထိုပြဿနာကို တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတ္တရာမထေရ် တစ်ပါးတည်းသာလျှင် ဖြေဆိုနိုင်ပေ၏”ဟု စကားကို ဖြစ်စေကြကုန်၏။

မြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူရလျှင် “ယခုသာလျှင် သာရိပုတ္တရာသည် လူများအပေါင်း ဖြေဆိုခြင်းငှာ မစွမ်းနိုင်သော ပြဿနာကို ဖြေဆိုသည် မဟုတ်သေး၊ ရှေး၌လည်း ဤသာရိပုတ္တရာသည် ဖြေဆိုဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူခြင်းငှာ-

ပရောသဟဿမ္ပိ သမာဂတာနံ၊
ကန္ဒေယျုံ တေ ၀ဿသတံ အပညာ။
ဧကောဝ သေယျော ပုရိသော သပညော၊
ယော ဘာသိတဿ ဝိဇာနာတိ အတ္ထံ။

သမာဂတာနံ၊ အညီအညွတ် စည်းဝေးကုန်သော သူတို့၏။ ပရောသဟဿမ္ပိ၊ တစ်ထောင်ထက် အပိုအလွန်သည်လည်း။ စေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ အပညာ၊ ပညာမရှိကုန်သော။ တေ၊ ထိုတစ်ထောင်ကျော်ဖြစ်သော သူတို့သည်။ ဝဿသတံ၊ အနှစ်တစ်ရာ ကာလပတ်လုံး။ ကန္ဒေယျုံ၊ ငိုကြွေးမူလည်း ငိုကြွေးကုန်ရာ၏။ ဘာသိတဿ၊ ဆိုအပ်သော စကား၏။ အတ္ထံ၊ အနက်ကို။ န ဝိဇာနန္တိ၊ မသိနိုင်ကြကုန်။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ဘာသိတဿ၊ ဆိုအပ်သော စကား၏။ အတ္ထံ၊ အနက်ကို။ ဝိဇာနာတိ၊ သိ၏။ သပညော၊ ပညာရှိသော။ ဧကောဝ၊ တစ်ယောက်တည်းသာလျှင် ဖြစ်သော။ သော ပုရိသော၊ ထိုယောက်ျားသည်။ သေယျော၊ တစ်ထောင်မကသော ထိုသူတို့ထက် မြတ်၏။

ဧကနိပါတ်၊ လိတ္တဝဂ်လာ ဤပရောသဟဿဇာတ်ကို အကျယ်အားဖြင့် ဟောကြားတော်မူလေ၏။

နတ်ပြည်မှ သက်ဆင်းတော်မူသောဝတ္ထု ပြီး၏။

֍ * ၃။ ဧရကပတ္တနဂါးမင်းဝတ္ထု

ကိစ္ဆော မနုဿပဋိလာဘောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဗာရာဏသီပြည်ကို အမှီပြု၍ ကုက္ကိုပင် ခုနစ်ပင်အနီး၌ နေတော်မူစဉ် ဧရကပတ္တ အမည်ရှိသော နဂါးမင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားပွင့်ခြင်းကို ရှာဖွေသော သီချင်း

နဂါးမင်းသည် ရှေးအခါ ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းငယ်တစ်ပါးဖြစ်၍ ဂင်္ဂါမြစ်၌ လှေကို စီးသွားသည်ရှိသော် တစ်ခုသော ပြိတ်မြက်ခြုံမှ ပြိတ်ရွက်ကို ဆွဲကိုင်ပြီးလျှင် လှေ၏အဟုန်ဖြင့် သွားသော်လည်း မလွှတ်လိုက်မိ၊ ပြိတ်ရွက်သည် ပြတ်သွားလေသတတ်၊ ထိုရဟန်းငယ်သည် “ဤပြိတ်မြက်ပြတ်သော အာပတ်ကား အနည်းငယ်သာတည်း”ဟု နှလုံးသွင်း၍ အာပတ်ကို ဒေသနာမကြားမိဘဲ အနှစ်နှစ်သောင်းတို့ပတ်လုံး တော၌ ရဟန်းတရားကို အားထုတ်သော်လည်း သေခါနီးကာလ၌ ပြိက်ရွက်သည် လည်ပင်း၌ ဆွဲရစ်အပ်သကဲ့သို့ဖြစ်ရကား အာပတ်ကို ဒေသနာကြား ကုစားလိုသော်လည်း တစ်ပါးသောရဟန်းကို မမြင်ရခြင်းကြောင့် “ငါ၏သီလသည် မစင်ကြယ်”ဟု ဖြစ်သော နှလုံးမသာယာခြင်းရှိသဖြင့် ထိုရဟန်းအဖြစ်မှ စုတေ ပျံလွန်လေသည်ရှိသော် တစ်ခုသော သစ်သားကျင်းဟု ဆိုအပ်သော တစ်လုံးထွင်းလှေ ပမာဏရှိသော နဂါးမင်း၏အဖြစ်ဖြင့် ဖြစ်လေ၏။ ထိုနဂါးမင်း၏ အမည်သည် ဧရကပတ္တ (ဧရက+ပတ္တ= ပြိတ်မြက်အရွက်)ဟူသော အမည်သာလျှင် ဖြစ်လေ၏။ ထိုဧရကပတ္တနဂါးမင်းသည် နဂါးမင်းဖြစ်သော ခဏ၌သာလျှင် အတ္တဘောကို ကြည့်ရှုပြီးလျှင် “ဤမျှလောက်သော ကာလပတ်လုံး ရဟန်းတရားကို အားထုတ်ပါလျက် အဟိတ်ပဋိသန္ဓေနေသော အမျိုးဖြစ်သော ဖားလျှင် အစာရှိသောအရပ်၌ ဖြစ်ရလေသည်”ဟု နှလုံးမသာယာသည် ဖြစ်လေ၏၊ ထိုနဂါးမင်းသည် နောက်အဖို့၌ သမီးတစ်ယောက်ရ၍ ဂင်္ဂါမြစ်လယ် ရေအပြင်၌ ကြီးစွာသော ပါးပျဉ်းကို ဖြန့်မိုးလျက် သမီးကို ထိုပါးပျဉ်း၌ ထားပြီးလျှင် က,စေလျက် သီချင်းကို သီဆိုစေလေ၏။

(ထိုနဂါးမင်း၏အကြံကား “ဤအရပ်၌ ဤသို့သော အကြောင်းအားဖြင့် ဘုရားရှင် ပွင့်တော်မူသည်ရှိသော် ထိုဘုရားရှင်၏ ပွင့်တော်မူခြင်းအကြောင်းကို ငါမချွတ် ကြားရလတ္တံ့”ဟု ဤသို့သောအကြံသည် ဖြစ်လေသတတ်။)

“အကြင်သူသည် ငါ၏သီချင်း၏ အဖြေသီချင်းတုံ့ကို ဆောင်နိုင်၏၊ ထိုသူအား ကြီးစွာသော နဂါးစည်းစိမ်နှင့်တကွ သမီးကိုပေးအံ့”ဟု ဆို၍ လခွဲတစ်ကြိမ် ဥပုသ်နေ့၌ ထိုသမီးကို ပါးပျဉ်း၌ ထားလေ၏။ ထိုသမီးသည် ပါးပျဉ်း၌ရပ်ကာ က,ပြလျက်-

ကိံသု အဓိပ္ပတီ ရာဇာ၊ ကိံသု ရာဇာ ရဇ္ဇိဿရော။
ကထံသု ဝိရဇော ဟောတိ၊ ကထံ ဗာလောတိ ဝုစ္စတိ။

ကိံသု၊ အဘယ်ကို။ အဓိပ္ပတီ၊ အစိုးရသောသူသည်။ ရာဇာ၊ မင်းမည်ပါသနည်း။ ကိံသု၊ အဘယ်သို့လျှင်။ ရာဇာ၊ မင်းသည်။ ရဇိဿရော၊ မြူကိုသာ အစိုးရသောသူ ဖြစ်ပါသနည်း။ ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူ ဖြစ်ပါသနည်း။ ကထံသု-ကေန ကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။ ဝိရဇော၊ မြူကင်းသောသူ မည်သည်။ ဟောတိ၊ ဖြစ်ပါသနည်း။ ကထံ၊ အဘယ်သို့သော အကြောင်းကြောင့်။ ဝါ၊ အဘယ်သူကို။ ဗာလောတိ၊ ဗာလဟူ၍။ ဝုစ္စတိ၊ ဆိုအပ်ပါသနည်း။

ဟူသော ဤသီချင်းကို သီဆိုလေ၏။

အလုံးစုံ ဇမ္ဗူဒီပါကျွန်း၌ နေကြကုန်သော သူတို့သည် “နဂါးသတို့သမီးပျိုကို ယူကြကုန်အံ့”ဟု သွား၍ မိမိ၏ပညာအစွမ်းဖြင့် အဖြေသီချင်းတို့ကို ပြုလျက် သီဆိုကြကုန်၏။ ထိုနဂါးသတို့သမီးပျိုသည် ထိုအဖြေသီချင်းကို ပယ်၏။ ထိုနဂါးပျိုမသည် လခွဲတစ်ကြိမ် ပါးပျဉ်း၌ရပ်၍ ဤသို့ သီချင်းဆိုစဉ်ပင် နှစ်ဆူသော ဘုရားရှင်တို့ တစ်ခုသော အကြားကာလသည် ကုန်လွန်လေ၏။

ဘုရားပွင့်ကြောင်း သတင်းကောင်းရ

ထိုအခါ မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၍ တစ်နေ့သ၌ နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ဧရကပတ္တနဂါးကို အစပြု၍ ဥတ္တရအမည်ရှိသော လုလင်ကို ကိုယ်တော်မြတ်၏ သဗ္ဗညုတဉာဏ် ကွန်ရက်အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တော်မူလေသဖြင့် “အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု ဆင်ခြင်တော်မူပြန်သည်ရှိသော် “ယနေ့ကား ဧရကပတ္တနဂါးမင်း၏ သမီးကို ပါးပျဉ်း၌ထား၍ က,စေသောနေ့ ဖြစ်၏။ ဤဥတ္တရလုလင်သည် ငါပေးအပ်သော အဖြေသီချင်းတို့ကို သင်ယူလျက်သာလျှင် သောတာပန်ဖြစ်၍ ထိုအဖြေသီချင်းတို့ကို ယူပြီးလျှင် နဂါးမင်း၏အထံသို့ သွားလတ္တံ့၊ ထိုဧရကပတ္တနဂါးမင်းသည် ထိုအဖြေသီချင်းတို့ကို ကြားရလျှင် ဘုရားပွင့်တော်မူပြီဟု သိသဖြင့် ငါဘုရား၏ အထံတော်သို့ လာလတ္တံ့၊ ငါဘုရားသည် ထိုနဂါးမင်းလာသည်ရှိသော် များစွာသော အစည်းအဝေးကြီး၌ ဂါထာကို ဟောကြားရပေအံ့၊ ဂါထာ၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍သိခြင်းသည် ဖြစ်လတ္တံ့”ဟု မြင်တော်မူလေ၏။ မြတ်စွာဘုရားသည် ထိုအရပ်သို့ ကြွသွားတော်မူ၍ ဗာရာဏသီပြည်မှ မနီးမဝေးသောအရပ်၌ ကုက္ကိုပင် ခုနစ်ပင်ရှိ၏။ ထိုကုက္ကိုပင်တို့၏ အနီး၌ သီတင်းသုံးနေတော်မူလေ၏။

ဇမ္ဗူဒီပါကျွန်း၌နေကုန်သော သူတို့သည် သီချင်း၏ အဖြေသီချင်းတုံ့ကို ယူလို၍ စည်းဝေးကြလေကုန်၏။ မြတ်စွာဘုရားသည် မနီးမဝေးသောအရပ်၌သွားသော ဥတ္တရလုလင်ကို မြင်တော်မူရလျှင် “ဥတ္တရလုလင်- လာဦးလော့”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လတ်သော် “ဤအရပ်သို့ ရှေးဦးစွာ လာလှည့်ဦးလော့”ဟု မိန့်တော်မူလေ၏။ ထိုအခါ လာ၍ ရှိခိုးလျက် ထိုင်နေသော ဥတ္တရလုလင်ကို “အဘယ်သို့ သွားအံ့နည်း”ဟု မေးတော်မူလေ၏။ “ဧရကပတ္တနဂါးမင်းသမီး၏ သီချင်းသီဆိုရာအရပ်သို့ သွားပါအံ့ဘုရား”ဟု လျှောက်လတ်သော် “သီချင်း၏ အဖြေသီချင်းတို့ကို သင်သိ၏လော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- သိပါသည်ဘုရား”ဟု လျှောက်လတ်သော် “ရှေးဦးစွာ ထိုသင်သိသော အဖြေသီချင်းတို့ကို ရွတ်ဆိုဦးလော့”ဟု မိန့်တော်မူလေ၏။ ထိုအခါ ထိုအဖြေသီချင်းတုံ့ကို မိမိသိသော အမှတ်ဖြင့်သာလျှင် လျှောက်တင်သောအခါ ဥတ္တရလုလင်ကို “ချစ်သားဥတ္တရ- ဤအဖြေသီချင်းတုံ့သည် မဟုတ်သေး၊ ငါသည် သင့်အား အဖြေသီချင်းတုံ့ကို သင်ပေးဦးအံ့၊ ထိုအဖြေသီချင်းတုံ့ကို ယူ၍ သင်သွားလတ္တံ့လော”ဟု မိန့်တော်မူလေ၏။

ဘုရားရှင် သင်ပေးသော သီချင်းအဖြေများ

“မြတ်စွာဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံသဖြင့် ထိုအခါ ဥတ္တရလုလင်ကို မြတ်စွာဘုရားသည် “ချစ်သား ဥတ္တရ- သင်သည် နဂါးသတို့သမီးပျိုမ သီချင်းဆိုပြီးသောကာလ၌-

ဆဒွါရာဓိပ္ပတီ ရာဇာ၊ ရဇ္ဇမာနော ရဇ္ဇိဿရော။
အရဇ္ဇံ ဝိရဇော ဟောတိ၊ ရဇ္ဇံ ဗာလောတိ ဝုစ္စတိ။

ဆဒွါရာဓိပ္ပတီ၊ ခြောက်ဒွါရကို အစိုးရသောသူသည်။ ရာဇာ၊ မင်းမည်၏။ ရဇ္ဇမာနော၊ တပ်ခြင်းရှိသော သူသည်။ ရဇ္ဇိဿရော၊ မြူကိုသာ အစိုးရသောသူဖြစ်၏။ ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူ ဖြစ်၏။ အရဇ္ဇံ-အရဇ္ဇမာနော၊ တပ်ခြင်းမရှိသော သူသည်။ ဝိရဇော၊ မြူကင်းသောသူမည်သည်။ ဟောတိ၊ ဖြစ်၏။ ရဇ္ဇံ-ရဇ္ဇမာနော၊ ကာမဂုဏ်၌ တပ်သောကြောင့်။ ဝါ၊ တပ်သောသူကို။ ဗာလောတိ၊ ဗာလဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဟူသော ဤအဖြေ သီချင်းတို့ကို သီဆိုလေလော့”ဟု မိန့်တော်မူလေ၏။

(နဂါးပျိုမဆိုသော သီချင်း၏ အနက်အဓိပ္ပာယ်ကား-
၁။ ကိံသု အဓိပ္ပတီ ရာဇာ ဟူသည်- အဘယ်ကို အစိုးရသော သူသည် မင်းမည်သောသူ ဖြစ်ပါသနည်း။
၂။ ကိံသု ရာဇာ ရဇ္ဇိဿရော ဟူသည်- အဘယ်သို့လျှင် မင်းသည် မြူကိုသာ အစိုးရသောသူမည်သည် ဖြစ်ပါသနည်း။ ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူမည်သည် ဖြစ်ပါသနည်း။
၃။ ကထံသု ဝိရဇော ဟောတိ ဟူသည်- အဘယ်အကြောင်းကြောင့် ထိုမင်းသည် မြူကင်းသောသူမည်သည် ဖြစ်ပါသနည်း။
၄။ ကထံ ဗာလောတိ ဝုစ္စတိ ဟူသည်- အဘယ်အကြောင်းကြောင့်။ ဝါ၊ အဘယ်သူကို ဗာလဟူ၍ ဆိုအပ်ပါသနည်း။ ဤကား အနက်အဓိပ္ပာယ်တည်း။
အဖြေဖြစ်သော သီချင်းတုံ့၏ အနက်အဓိပ္ပာယ်ကား-
၁။ ဆဒွါရာဓိပတိ ရာဇာ ဟူသည်- အကြင်သူသည် ခြောက်ပါးသော ဒွါရတို့ကို အစိုးရသော အရှင်ဖြစ်၏။ တစ်ခုသော ဒွါရ၌သော်လည်း ရူပါရုံ စသည်တို့သည် မနှိပ်စက်အပ်၊ ဤသူသည် မင်းမည်၏။
၂။ ရဇ္ဇမာနော ရဇ္ဇိဿရော ဟူသည်- အကြင်သူသည်ကား ထိုထိုအာရုံတို့၌ တပ်နှစ်သက်လေ့ရှိ၏၊ ထိုသို့ တပ်နှစ်သက်လေ့ရှိသောသူသည် မြူအညစ်အကြေးကိုသာ အစိုးရသောသူ မည်၏။ ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူမည်၏။
၃။ အရဇ္ဇံ ဟူသည်- တပ်ခြင်းမရှိသောသူသည် မြူကင်းသောသူ မည်သည် ဖြစ်၏။
၄။ ရဇ္ဇံ ဟူသည်- တပ်ခြင်းရှိသောကြောင့်။ ဝါ၊ တပ်ခြင်းရှိသောသူကို ဗာလဟူ၍ ဆိုအပ်၏။ ဤကား အနက်အဓိပ္ပာယ်တည်း။)

ဤသို့ ဥတ္တရလုလင်အား မြတ်စွာဘုရားသည် အဖြေသီချင်းတို့ကို သင်ပေး၍ “ချစ်သား ဥတ္တရ- သင်သည် ဤအဖြေသီချင်းကို သီဆိုသည်ရှိသော် ဤအဖြေသီချင်း၏ အတုံ့ဖြစ်သော ဤသီချင်းတစ်ပုဒ်ကို နဂါးပျိုမက သီဆိုလိမ့်ဦးမည်။

ကေနဿု ဝုယှတိ ဗာလော၊ ကထံ နုဒတိ ပဏ္ဍိတော။
ယောဂက္ခေမီ ကထံ ဟောတိ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဗာလော၊ လူမိုက်ကို။ ကေန၊ အဘယ်တရားသည်။ ဝုယှတိ၊ မျှောအပ်သနည်း။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။ နုဒတိ၊ မျှောတတ်သောတရားကို ဖျက်ဆီးပယ်နုတ်ပါသနည်း။ ယောဂက္ခေမီ၊ ယောဂလေးပါး ကုန်ခြင်းရှိသောသူ မည်သည်။ ကထံ ဟောတိ၊ အဘယ်သို့ ဖြစ်ပါသနည်း။ တံ၊ ထိုပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ဖြေကြားပါဦးလော့။

ဤသို့ သီဆိုအပ်သည်ရှိသော် ထိုနဂါးမင်းအား သင်သည် ဤအဖြေ သီချင်းတုံ့ကို သီဆိုလေလော့”ဟု မိန့်တော်မူလေ၏။

သြဃေန ဝုယှတိ ဗာလော၊ ယောဂါ နုဒတိ ပဏ္ဍိတော။
သဗ္ဗယောဂဝိသံယုတ္တော၊ ယောဂက္ခေမီတိ ဝုစ္စတိ။

ဗာလော၊ သူမိုက်ကို။ သြဃေန၊ သြဃလေးပါးသည်။ ဝုယှတိ၊ မျှောအပ်၏။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ ယောဂါ-ယောဂေန၊ သမ္မပ္ပဓာန်ဟူသော လုံ့လဖြင့်။ နုဒတိ၊ သြဃလေးပါးကို ဖျက်ဆီးပယ်နုတ်၏။ သဗ္ဗယောဂဝိသံယုတ္တော၊ အလုံးစုံသော ယောဂလေးပါးနှင့် မယှဉ်သော ပုဂ္ဂိုလ်ကို။ ယောဂက္ခေမီတိ၊ ယောဂလေးပါး ကုန်ခြင်းရှိသောသူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

(ထိုအဖြေသီချင်းဂါထာ၏ အနက်အဓိပ္ပာယ်ကား- ကာမောဃ အစရှိသော လေးပါးသော သြဃဖြင့် သူမိုက်ကို မျှောအပ်၏။ ထိုသြဃလေးပါးကို ပညာရှိသောသူသည် သမ္မပ္ပဓာန်ဟု ဆိုအပ်သော လုံ့လဖြင့် ပယ်နုတ်၏။ အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော ကာမယောဂ စသည်တို့ဖြင့် ယှဉ်ခြင်းမရှိ၊ ထိုပုဂ္ဂိုလ်ကို ယောဂလေးပါး ကုန်ခြင်းရှိသောသူ မည်၏ဟု ဆိုအပ်၏။ ဤကား အနက်အဓိပ္ပာယ်တည်း။)

နဂါးမင်း ဝမ်းမြောက်၍ လူအများ ရေနစ်ခြင်း

ဥတ္တရလုလင်သည် ဤအဖြေသီချင်းတုံ့ကို သင်ယူစဉ်ပင်လျှင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုဥတ္တရလုလင်သည် သောတာပန်ဖြစ်၍ ထိုဂါထာကို ယူသွားပြီးလျှင် “အိုအချင်းတို့- ငါကား သီချင်း၏ အဖြေသီချင်းတုံ့ကို ယူဆောင်ခဲ့၏၊ ငါ့အား အခွင့်ပေးကြပါကုန်လော့”ဟု ဆိုလျက် အကြားကွက်လပ်မရှိ တည်သော များစွာသော လူအပေါင်းအား ပုဆစ်ဒူးဖြင့်နင်းလျက် သွားလေ၏။ နဂါးပျိုမသည် ဖခင်နဂါးမင်းကြီး၏ ပါးပျဉ်း၌တည်လျက် က,စဉ် ကိံသု အဓိပတီ ရာဇာဟူသော သီချင်းကို သီဆို၏။ ဥတ္တရလုလင်သည် ဆဒွါရာဓိပတီ ရာဇာဟူသော အဖြေသီချင်းကို သီဆိုလေ၏။ တစ်ဖန် နဂါးပျိုမသည် ကေနဿု ဝုယှတိဟူ၍ ဥတ္တရလုလင်အား သီချင်းကို သီပြန်လေ၏။ ထို့နောက်မှ နဂါးပျိုမအား အဖြေသီချင်းတုံ့ကို သီဆိုသော ဥတ္တရလုလင်သည် သြဃေန ဝုယှတိဟူသော ဤဂါထာကို ဆိုလေ၏။ နဂါးမင်းသည် ထိုအဖြေသီချင်းတုံ့ကို ကြားရလျှင် ကြားရချင်း ဘုရားရှင်၏ ပွင့်တော်မူကြောင်းကို သိရ၍ “ငါကား နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး ဤသို့ သဘောရှိသောသူ၏ စကားသံမည်သည်ကို မကြားရစဖူး၊ အိုအချင်းတို့- စင်စစ် လောက၌ ဘုရားရှင် ပွင့်တော်မူပြီ”ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ အမြီးဖြင့် ရေကိုပုတ်ခတ်လေ၏။ ကြီးစွာသော လှိုင်းတံပိုးတို့သည် ထကြလေကုန်၏။ ကမ်းနှစ်ဘက်တို့သည် ပြိုပျက်လေကုန်၏။ ထိုမှာဘက်မှလည်းကောင်း၊ ဤမှာဘက်မှလည်းကောင်း တစ်ဥသဘမျှလောက်သော အရပ်၌ လူတို့သည် ရေ၌ နစ်မြုပ်ကြလေကုန်၏။ နဂါးမင်းကြီးသည် ဤမျှလောက်သော များစွာသော လူအပေါင်းကို ပါးပျဉ်း၌ထားကာ ဆယ်ယူလျက် ကြည်းကုန်း၌ တည်စေလေ၏။

ဘုရားထံ၌ နဂါးမင်း ဝမ်းနည်းခြင်း

နဂါးမင်းသည် ဥတ္တရလုလင်သို့ ချဉ်းကပ်၍ “အရှင်- မြတ်စွာဘုရားသည် အဘယ်အရပ်၌ ရှိပါသနည်း”ဟု မေးလေ၏။ “မြတ်သောနဂါးမင်းကြီး တစ်ခုသော သစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူ၏”ဟု ဆိုလတ်သော် နဂါးမင်းသည် “အရှင်- လာပါလော့၊ သွားကြကုန်စို့အံ့”ဟု ဥတ္တရလုလင်နှင့် အတူတကွ သွားလေ၏။ လူများအပေါင်းသည်လည်း နဂါးမင်းနှင့် အတူသာလျှင် လိုက်သွားလေ၏။ နဂါးမင်းသည် သွားသဖြင့် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့၏ အတွင်းသို့ဝင်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ငိုကြွေးမြည်တမ်းကာနေလေ၏။ ထိုအခါ နဂါးမင်းကို မြတ်စွာဘုရားသည် “မြတ်သောနဂါးမင်းကြီး- ဤသို့ နှလုံးကြေကွဲခြင်းကား အဘယ်နည်း”ဟု မိန့်ဆိုတော်မူလေ၏။ “မြတ်စွာဘုရား တပည့်တော်သည် ရှင်တော်မြတ်ဘုရားကဲ့သို့သော ကဿပမြတ်စွာဘုရား၏ တပည့်သာဝကဖြစ်၍ အနှစ်နှစ်သောင်းတို့ကာလပတ်လုံး ရဟန်းတရားကို အားထုတ်ပါသည်ဘုရား၊ ထိုအားထုတ်အပ်သော ရဟန်းတရားသည် တပည့်တော်ကို အဟိတ်တိရစ္ဆာန်ဘဝမှ ထုတ်ဆောင်ခြင်းငှာ မတတ်နိုင်ပါဘုရား၊ အနည်းငယ်မျှသော ပြိတ်မြက်ရွက်ကို ဖြတ်မိခြင်းမျှကိုမှီ၍ အဟိတ်ပဋိသန္ဓေကိုယူလျက် ရင်ဖြင့်တွား၍ သွားရာဖြစ်သော အရပ်၌ ဖြစ်ရပါသည်ဘုရား၊ ဘုရားရှင်နှစ်ဆူတို့၏ တစ်ခုသောအကြား ကာလပတ်လုံး လူ၏အဖြစ်ကိုလည်း မရပါ၊ သူတော်တရား ကြားနာရခြင်းကိုလည်း မရပါ၊ ရှင်တော်မြတ်ဘုရားကဲ့သို့သော ဘုရားအား ဖူးမြင်ခြင်းကိုလည်း မရခဲ့ပါဘုရား”ဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် ထိုနဂါးမင်း၏ လျှောက်ချက်စကားကို ကြားနာရ၍ “မြတ်သောနဂါးမင်းကြီး- လူ၏အဖြစ်မည်သည်ကား ရခဲသည်သာလျှင်တည်း၊ သူတော်ကောင်းတရားကို နာကြားရခြင်းသည်လည်း ထို့အတူ ရခဲ၏၊ ဘုရားပွင့်တော်မူသော ကာလလည်း ထို့အတူ ရခဲ၏၊ ဤလူ၏အဖြစ် စသည်ကို ငြိုငြင်သဖြင့် ပင်ပန်းသဖြင့် ရအပ်၏”ဟု မိန့်တော်မူ၍ တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၁၈၂] ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္စာန ဇီဝိတံ။
ကိစ္ဆံ သဒ္ဓမ္မဿဝနံ၊ ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ။

မနုဿပဋိလာဘော၊ လူ၏အဖြစ်ကို ရခြင်းသည်။ ကိစ္ဆော၊ ငြိုငြင်၏။ မစ္စာနံ၊ သတ္တဝါတို့၏။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ ကိစ္ဆံ၊ ငြိုငြင်၏။ ဝါ၊ ရခဲ၏။ သဒ္ဓမ္မဿဝနံ၊ သူတော်ကောင်းတရားကို နာရခြင်းသည်။ ကိစ္ဆံ၊ ငြိုငြင်၏။ ဝါ၊ ရခဲ၏။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဥပ္ပါဒေါ၊ ပွင့်တော်မူခြင်းသည်။ ကိစ္ဆော၊ ငြိုငြင်၏။ ဝါ၊ အလွန်တရာ ရခဲ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍သိခြင်းသည်ဖြစ်လေ၏။ နဂါးမင်းသည်လည်း ထိုနေ့၌ သောတာပတ္တိဖိုလ်ကို ရသင့်လေရာ၏။ ထိုသို့ပင် ရသင့်သော်လည်း တိရစ္ဆာန်ဖြစ်သောကြောင့် မရရှာလေ။ ထိုဧရကပတ္တနဂါးမင်းသည် ပဋိသန္ဓေနေခြင်း, အရေဟောင်းစွန့်ခြင်း, လွတ်လွတ်ကျွတ်ကျွတ် အိပ်ပျော်ခြင်း, ဇာတ်တူ နဂါးမနှင့် မေထုန်မှီဝဲခြင်း, စုတိခြင်းဟု ဆိုအပ်သော အကြင်ငါးပါးသော အရာဌာနတို့၌ နဂါးတို့မည်သည် နဂါး၏ကိုယ်ကိုသာလျှင် ယူရခြင်းကြောင့် ပင်ပန်းကြရကုန်၏။ ထိုငါးပါးသော အရာဌာနတို့၌ မပင်ပန်းသောသူ၏အဖြစ်သို့ ရောက်ရသဖြင့် လုလင်၏ အသွင်အားဖြင့်သာလျှင် လှည့်လည်သွားလာခြင်းငှာ ရလေ၏။

ဧရကပတ္တနဂါးမင်း ဝတ္ထုပြီး၏။

֍ * ၄။ အာနန္ဒာမထေရ်၏ ဥပုသ်ပြဿနာဝတ္ထု

သဗ္ဗပါပဿ အကရဏံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်တော်၏ ပြဿနာမေးခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင် ခုနှစ်ဆူတို့၏ ဥပုသ်

ထိုပြဿနာကို ရှင်အာနန္ဒာမထေရ်သည် နေ့သန့်စင်ရာအရပ်၌ နေလျက် “မြတ်စွာဘုရားသည် ခုနစ်ဆူသော ဘုရားရှင်တို့၏ မယ်တော်,ခမည်းတော်တို့ကိုလည်းကောင်း၊ အသက်အပိုင်းအခြားကိုလည်းကောင်း၊ ပွင့်ရာ ဗောဓိပင်ကိုလည်းကောင်း၊ သာဝကအစည်းအဝေးကိုလည်းကောင်း၊ အဂ္ဂသာဝက အစည်းအဝေးကိုလည်းကောင်း၊ မြတ်သောတပည့် အလုပ်အကျွေးကိုလည်းကောင်း ထိုအလုံးစုံကို ဟောကြားတော်မူ၏။ ဥပုသ်ကိုကား ဟောတော်မမူသေး၊ အဘယ်သို့နည်း၊ ထိုဘုရားရှင်တို့၏ ဥပုသ်သည်လည်း ဤဥပုသ်ပင် ဖြစ်သလော၊ တစ်ပါးသော ဥပုသ်ဖြစ်သလော”ဟု ကြံစည်တော်မူလေသတတ်။ ထိုအာနန္ဒာမထေရ်သည် ဘုရားရှင်သို့ ချဉ်းကပ်၍ ထိုအကြောင်းကို မေးလျှောက်လေ၏။ အကြင်ကြောင့် ထိုမြတ်စွာဘုရားတို့၏ ကာလအပြားသည်သာလျှင် ရှိ၏၊ ဩဝါဒ ဂါထာစကား အပြားကား မရှိ၊ ချဲ့ဦးအံ့၊ ဝိပဿီ မြတ်စွာဘုရားသည် ခုနစ်ခုမြောက် ခုနစ်ခုမြောက်ဖြစ်သော နှစ်၌ တစ်ကြိမ်တစ်ကြိမ် ဥပုသ်ပြုတော်မူ၏။ ထိုဝိပဿီဘုရားရှင်၏ တစ်နေ့ ပေးအပ်သော အဆုံးအမသည်သာလျှင် ခုနစ်နှစ်တို့ပတ်လုံး စွမ်းနိုင်သည် ဖြစ်လေ၏။ သိခီမြတ်စွာဘုရားသည်လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရားသည်လည်းကောင်း၊ ခြောက်ခုမြောက် ခြောက်ခုမြောက်ဖြစ်သော နှစ်၌ ဥပုသ်ပြုတော်မူကြကုန်၏။ ကကုသန် မြတ်စွာဘုရားသည်လည်းကောင်း၊ ကောဏဂုံ မြတ်စွာဘုရားသည်လည်းကောင်း နှစ်တိုင်း နှစ်တိုင်း ဥပုသ်ပြုတော်မူကြကုန်၏။ ကဿပ မြတ်စွာဘုရားသည် ခြောက်ခုမြောက် ခြောက်ခုမြောက်ဖြစ်သော ကာလ၌ တစ်ကြိမ်တစ်ကြိမ် ဥပုသ်ပြုတော်မူ၏။ ထိုကဿပမြတ်စွာဘုရား၏ တစ်နေ့ ပေးအပ်သော အဆုံးအမသည်သာလျှင် ခြောက်လပတ်လုံး စွမ်းနိုင်သည်ဖြစ်လေ၏။ ထို့ကြောင့် ငါတို့ မြတ်စွာဘုရားသည် ထိုရှေးဘုရားရှင်တို့၏ ဤကာလ အထူးအပြားကို ဟောကြားတော်မူပြီးလျှင် ထိုရှေးဘုရားရှင်တို့၏ အဆုံးအမ ဂါထာသည်ကား ဤဂါထာသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အလုံးစုံသော ဘုရားရှင်တို့၏ တူသည်သာလျှင်ဖြစ်သော ဥပုသ်ကို ထင်ရှားပြတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဘုရားရှင်တို့၏ သြဝါဒ

֍ * [၁၈၃] သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

֍ * [၁၈၄] ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

֍ * [၁၈၅] အနူပဝါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။

သဗ္ဗပါပဿ၊ အလုံးစုံသော အကုသိုလ်ကို။ ယံ အကရဏံ၊ အကြင်မပြုခြင်းသည်လည်းကောင်း။ ကုသလဿ၊ ကုသိုလ်ကို။ ယာ ဥပသမ္ပဒါ၊ အကြင်ပြည့်စုံစေခြင်းသည်လည်းကောင်း။ ယံ သစိတ္တပရိယောဒပနံ၊ အကြင် မိမိစိတ်ကို ဖြူစင်စေခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤအလုံးစုံသည်။ ဗုဒ္ဓါန-ဗုဒ္ဓါနံ၊ အလုံးစုံသော မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမတော်တည်း။

တိတိက္ခာ၊ သည်းခံခြင်းဟု ဆိုအပ်သော။ ခန္တီ-ခန္တိ ၊ သည်းခံခြင်း ခန္တိသည်။ ပရမံ၊ မြတ်သော။ တပေါ၊ အကျင့်တည်း။ နိဗ္ဗာနံ၊ ကိလေသာမှ ငြိမ်းခြင်းနိဗ္ဗာန်ကို။ ပရမံ၊ မြတ်၏ဟူ၍။ ဗုဒ္ဓါ၊ ဘုရား,ပစ္စေက,သာဝကတို့သည်။ ဝဒန္တိ၊ ဟောကြားတော်မူကြကုန်၏။ ပရူပဃာတီ၊ သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲလေ့ရှိသောသူသည်။ ပဗ္ဗဇိတော၊ ရဟန်းမည်သည်။ န ဟိ ဟောတိ၊ မဖြစ်။ ပရံ၊ သူတစ်ပါးကို။ ဝိဟေဌယန္တော၊ ညှဉ်းဆဲသောသူသည်။ သာမဏော၊ ရဟန်းမည်သည်။ န ဟောတိ၊ မဖြစ်။

အနူပဝါဒေါ၊ မစွပ်စွဲ, မကဲ့ရဲ့ခြင်းသည်လည်းကောင်း။ အနူပဃာတော၊ မညှဉ်းဆဲ မသတ်ဖြတ်ခြင်းသည်လည်းကောင်း။ ပါတိမောက္ခေ၊ အကြီးဖြစ်သော ပါတိမောက္ခ သံဝရသီလ၌။ သံဝရော စ၊ စောင့်စည်း ပိတ်ပင်ခြင်းသည်လည်းကောင်း။ ဘတ္တသ္မိံ၊ ဆွမ်းဘောဇဉ်၌။ မတ္တညုတာစ၊ အတိုင်းအရှည်ကို သိသည်၏အဖြစ်သည်လည်းကောင်း။ ပန္တဉ္စ သယနာသနံ၊ ဆိတ်ငြိမ်ရာဖြစ်သော ကျောင်း၌ နေခြင်းသည်လည်းကောင်း။ အဓိစိတ္တေ၊ ရှစ်ပါးသော သမာပတ်ဟုဆိုအပ်သော စိတ်ကို အစိုးရခြင်း အဓိစိတ္တသိက္ခာ၌။ အာယောဂေါ စ၊ လုံ့လပြုခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤအလုံးစုံသည်။ ဗုဒ္ဓါနံ၊ အလုံးစုံသော မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမတော်တည်း။

<(b>အနူပဝါဒဖြင့် နှုတ်၌ဖြစ်သော သီလကို ဟောအပ်၏။ အနူပဃာတဖြင့် ကိုယ်၌ဖြစ်သော သီလကို ဟောအပ်၏။ ပါတိမောက္ခေစ သံဝရောဖြင့် ပါတိမောက္ခသံဝရသီလ, ဣန္ဒြိယသံဝရသီလကို ဟောအပ်၏။ မတ္တညုတာဖြင့် အာဇီဝ ပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလကို ဟောအပ်၏။ ပန္တဉ္စ သယနာသနဖြင့် လျောက်ပတ်သော အိပ်ရာနေရာကျောင်းကို ဟောအပ်၏။ အဓိစိတ္တဖြင့် သမာပတ်ရှစ်ပါးကို ဟောအပ်၏။ ဤသို့လျှင် ဤဂါထာဖြင့် သိက္ခာသုံးပါးတို့ကိုလည်း ဟောအပ်ကုန်သည်သာလျှင်တည်း။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အာနန္ဒာမထေရ်၏ ဥပုသ်ပြဿနာဝတ္ထု ပြီး၏။

֍ * ၅။ မမွေ့လျော်သော ရဟန်း ဝတ္ထု

န ကဟာပဏဝဿေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သာသနာတော်၌ မမွေ့လျော်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လူထွက်လိုသော ရဟန်း

ထိုရဟန်းသည် သာသနာတော်၌ ရဟန်းပြုသဖြင့် ရအပ်သော ပဉ္စင်းအဖြစ် ရှိလတ်သည်ရှိသော် “ဤမည်သောအရပ်သို့သွား၍ ပါဠိသင်ခြင်းကို သင်ယူချေလော့”ဟု ဥပဇ္ဈာယ်ဆရာ စေအပ်သည်ဖြစ်၍ ထိုအရပ်သို့ သွားသတတ်။ ထိုအခါ ထိုရဟန်း၏ ဖခင်အား အနာရောဂါသည် ကပ်ရောက်လေ၏။ ဖခင်သည် သားရဟန်းကို ဖူးမြင်လိုသည်ဖြစ်လျက် ထိုသားရဟန်းကို ပင့်ခေါ်ခြင်းငှာ စွမ်းနိုင်သော တစ်စုံတစ်ယောက်သောသူကို မရသောကြောင့် သား၌ဖြစ်သော စိုးရိမ်ခြင်းဖြင့် ယောင်ယမ်းမြည်တမ်းလျက်သာလျှင် သေခြင်းအနီးသို့ ရောက်လတ်သည်ဖြစ်၍ “ဤအသပြာကား ငါ့သားရဟန်း၏ သပိတ်သင်္ကန်းဖိုးကို ပြုရစ်ပါလော”ဟု အသပြာတစ်ရာကို ညီ၏လက်၌ ပေးခဲ့၍ စုတေသေလွန်ခြင်းကို ပြုလေ၏။ ထိုဖခင်၏ညီသည် ပဉ္စင်းငယ် လာသောအခါ ခြေရင်း၌ဝပ်လျက် လူးလဲကာ ငိုကြွေးပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရား၏ ဖခင်သည် ယောင်ယမ်းမြည်တမ်းလျက်သာလျှင် စုတေသေလွန်ခြင်းကို ပြုရလေ၏။ တပည့်တော်၏လက်၌ ထိုဖခင်ဒါယကာကြီးသည် အသပြာတစ်ရာကို ထားခဲ့၏။ ထိုအသပြာဖြင့် အဘယ်သို့ ပြုရပါအံ့နည်း”ဟု လျှောက်လေ၏။

ပဉ္စင်းငယ်သည် “ငါ့အား အသပြာတို့ဖြင့် အလိုမရှိ”ဟု ပယ်ပြီးလျှင် နောက်အဖို့၌ “ငါ့အား သူတစ်ပါးအိမ်ဝယ် ဆွမ်းအလို့ငှာ လှည့်လည်၍ အသက်မွေးခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုအသပြာတစ်ရာကိုမှီ၍ အသက်မွေးခြင်းငှာ တတ်ကောင်း၏၊ လူထွက်တော့အံ့”ဟု ကြံလေ၏။ ထိုသို့ အကြံဖြစ်သော ပဉ္စင်းငယ်သည် မမွေ့လျော်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်ရကား စွန့်လွှတ်အပ်သော သရဇ္ဈာယ်ခြင်း, ကမ္မဋ္ဌာန်းစီးဖြန်းခြင်း ရှိသည်ဖြစ်၍ ဖျော့တော့သော အနာရောဂါရှိသော သူကဲ့သို့ ဖြစ်လေ၏။ ထိုအခါ ပဉ္စင်းငယ်ကို ရဟန်းငယ် သာမဏေတို့သည် “ဤသို့ ညစ်နွမ်းသော ကိုယ်ရှိခြင်းသည် အဘယ်ပါနည်း”ဟု မေးကြသောကြောင့် “ငြီးငွေ့သည်ဖြစ်၏”ဟု ဆိုလတ်သော် ဆရာဥပဇ္ဈာယ်တို့အား ပြောကြားကြလေကုန်၏။ ထိုအခါ ပဉ္စင်းငယ်ကို ထိုဆရာဥပဇ္ဈာယ်တို့သည် မြတ်စွာဘုရား၏ အထံတော်သို့ ဆောင်၍ မြတ်စွာဘုရားအား ပြကြကုန်၏။ ဘုရားရှင်သည် “သင်ကား ငြီးငွေ့၏ဟူသည် မှန်သလော”ဟု မေးတော်မူသောကြောင့် “မြတ်စွာဘုရား- မှန်ပါကြောင်းပါဘုရား”ဟု လျှောက်သည်ရှိသော် “အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း၊ သင့်အား အသက်မွေးမြူကြောင်း တစ်စုံတစ်ခုရှိသလော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ရှိပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် “သင့်အား အဘယ်ပစ္စည်းရှိသနည်း”ဟု မေးတော်မူပြန်၏။ “မြတ်စွာဘုရား- အသပြာတစ်ရာ ရှိပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် “ထိုသို့ဖြစ်မူ ရှေးဦးစွာ တစ်စုံတစ်ခုသော အရပ်၌ ကျောက်စရစ်ကို ဆောင်ခဲ့လော့၊ ထိုမျှလောက်ဖြင့် အသက်မွေးမြူခြင်းငှာ တတ်နိုင်ကောင်းအံ့လော, မတတ်နိုင်အံ့လောဟု ရေတွက်၍ သိကြရကုန်အံ့”ဟူ၍ မိန့်တော်မူလေ၏။

ဝေပုံချခြင်းနှင့် မန္ဓာတုဇာတ်အမြွက်

ထိုပဉ္စင်းငယ်သည် ကျောက်စရစ်ကို ဆောင်ယူခဲ့လေ၏။ ထိုအခါ ပဉ္စင်းငယ်ကို မြတ်စွာဘုရားသည် “ရှေးဦးစွာ အသုံးအဆောင်အလို့ငှာ အသပြာငါးဆယ်ကို ထားလော့၊ နွားနှစ်ကောင်တို့အလို့ငှာ နှစ်ဆယ့်လေးအသပြာကို ထားလော့၊ ဤမျှလောက်သော အသပြာကို မျိုးစေ့အလို့ငှာလည်းကောင်း၊ ထမ်းပိုး,ထွန်တုံး အလို့ငှာလည်းကောင်း၊ ပေါက်တူး, ပဲခွပ်, ပုဆိန်, အလို့ငှာလည်းကောင်း ထားလော့၊” ဤသို့ ရေတွက်အပ်သည်ရှိသော် ထိုအသပြာတစ်ရာသည် မလောက်မမျှ ဖြစ်ခဲ့လေ၏။ ထိုအခါ ရဟန်းငယ်ကို မြတ်စွာဘုရားသည် “ချစ်သားရဟန်း- သင်၏အသပြာတို့သည် အနည်းငယ်သာ ဖြစ်ကုန်၏၊ ဤအသပြာတို့ကိုမှီ၍ တောင့်တခြင်း တဏှာလောဘကို အဘယ်သို့လျှင် ပြည့်စေနိုင်အံ့နည်း”ဟု မိန့်တော်မူပြီးလျှင် “လွန်လေပြီးသောအခါ စကြဝတေးမင်း၏ မင်းအဖြစ်ကို ပြုစေ၍ လက်ပန်းပေါက်ခတ်ကာမျှ၌ တစ်ဆယ့်နှစ်ယူဇနာရှိသော အရပ်၌ ခါးအတိုင်းအရှည်မျှဖြင့် ရတနာမိုးကို ရွာစေခြင်းငှာ စွမ်းနိုင်ကြကုန်သော မင်းကြီးတို့သည် အကြင်ရွေ့လောက် သုံးကျိပ်ခြောက်ယောက်သော သိကြားတို့သည် စုတေကုန်၏။ ထိုမျှလောက်သော ကာလပတ်လုံး နတ်မင်းအဖြစ်ကို ပြု၍သော်လည်း သေသောအခါ တောင့်တခြင်း တဏှာလောဘကို မပြည့်စေနိုင်မူ၍သာလျှင် သေခြင်းကို ပြုကြရလေကုန်၏”ဟု မိန့်တော်မူ၍ ထိုပဉ္စင်းငယ် တောင်းပန်အပ်ရကား လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ တိကနိပါတ် သင်္ကပ္ပဝဂ်လာ မန္ဓာတုဇာတ်ကို ချဲ့တော်မူသဖြင့်-

ယာဝတာ စန္ဒိမသူရိယာ ပရိဟရန္တိ၊ ဒိသာ ဘန္တိ ဝိရောစနာ။
သဗ္ဗေဝ ဒါသာ မန္ဓာတု၊ ယေ ပါဏာ ပထဝိဿိတာ။

စန္ဒိမသူရိယာ၊ လ,နေတို့သည်။ ယာဝတာ၊ အကြင်မျှလောက်သော အရပ်ဒေသတို့ဖြင့်။ ပရိဟရန္တိ၊ မြင်းမိုရ်တောင်ကို လှည့်လည်သွားကြကုန်၏။ ဒိသာ-ဒိသာသု၊ အရပ်ဆယ်မျက်နှာတို့၌။ ဝိရောစမာနာ၊ တင့်တယ်ကြကုန်လျက်။ ဘန္တိ၊ ထွန်းလင်းတောက်ပကြကုန်၏။ ဧတ္တကေပဒေသေ၊ ဤမျှလောက်သော အရပ်ဒေသ၌။ ပထဝိဿိတာ၊ မြေပြင်ကိုမှီ၍ နေကြကုန်သော။ ယေ ပါဏာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကြကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ပါဏာ၊ ထိုသတ္တဝါတို့သည်။ မန္ဓာတု၊ မန္ဓာတ်မင်းကြီး၏။ ဒါသာ ဧဝ၊ ကျေးကျွန်တို့ချည်းသာ ဖြစ်ကုန်၏။

ဤဂါထာကို ဟောတော်မူလေ၏။ ဤဂါထာ၏အခြားမဲ့၌ ဤနှစ်ခုသော ဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၈၆] န ကဟာပဏဝဿေန၊ တိတ္တိ ကာမေသု ဝိဇ္ဇတိ။
အပ္ပဿာဒါ ဒုခါ ကာမာ၊ ဣတိ ဝိညာယ ပဏ္ဍိတော။

֍ * [၁၈၇] အပိ ဒိဗ္ဗေသု ကာမေသု၊ ရတိံ သော နာဓိဂစ္ဆတိ။
တဏှက္ခယရတော ဟောတိ၊ သမ္မာသမ္ဗုဒ္ဓ သာဝကော။

ကဟာပဏဝဿေန၊ အသပြာမိုး ရွာသဖြင့်လည်း။ ကာမေသု၊ ဝတ္ထု,ကိလေ နှစ်ထွေသော ကာမတို့၌။ တိတ္တိ၊ ရောင့်ရဲခြင်းမည်သည်။ နဝိဇ္ဇတိ၊ မရှိ။ ကာမာ၊ ကာမဂုဏ်တို့သည်။ အပ္ပသာဒါ၊ သာယာဖွယ် မရှိကြကုန်။ ဝါ၊ သာယာဖွယ်ကား နည်းပါးလှကုန်၏။ ဒုက္ခာ၊ ဆင်းရဲခြင်းသာ များလှကုန်၏။ ဣတိ၊ ဤသို့။ ဝိညာယ၊ သိ၍။ ပဏ္ဍိသော၊ ပညာရှိသော။ သော သမ္မာသမ္ဗုဒ္ဓသာဝကော၊ ထိုဘုရားရှင်၏ တရားတော် နာကြား တပည့်သားသည်။ အပိ ဒိဗ္ဗေသု၊ နတ်စည်းစိမ်ပင် ဖြစ်ကုန်သော်လည်း။ ကာမေသု၊ ကာမဂုဏ်တို့၌။ ရတိ၊ မွေ့လျော်ခြင်းကို။ နာဓိဂစ္ဆတိ၊ မရနိုင်။ တဏှက္ခယရတော၊ တဏှာကုန်ရာ အရဟတ္တဖိုလ်နိဗ္ဗာန်၌ လွန်စွာမွေ့လျော်သည်။ ဟောတိ၊ ဖြစ်၏။ (အရဟတ္တဖိုလ် နိဗ္ဗာန်ကို တောင့်တလျက် နေ၏ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

မမွေ့လျော်သော ရဟန်းဝတ္ထု ပြီး၏။

֍ * ၆။ အဂ္ဂိဒတ္တပုဏ္ဏားဝတ္ထု

ဗဟုံ ဝေ သရဏံ ယန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သဲပုံစု၌ နေတော်မူလျက် အဂ္ဂိဒတ္တအမည်ရှိသော ကောသလမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကောသလမင်းကြီး၏ အလေးထားခြင်းခံရသူ

ထိုအဂ္ဂိဒတ္တပုဏ္ဏားသည် မဟာကောသလမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဖူးလေသတတ်။ ထိုအခါ ထိုပုရောဟိတ် ပုဏ္ဏားကြီးကို ခမည်းတော် မဟာကောသလမင်းကြီး နတ်ရွာစံလတ်သည်ရှိသော် ပသေနဒီ ကောသလမင်းကြီးသည် “ငါ့ခမည်းတော်၏ ပုရောဟိတ်ပုဏ္ဏားတည်း”ဟု အလေးဂရုပြုသဖြင့် ထိုပုရောဟိတ်အရာ၌ပင်လျှင် ထား၍ ထိုအဂ္ဂိဒတ္တ ပုဏ္ဏားကြီးအား မိမိထံသို့ ခစားခြင်းငှာ ရောက်လာသောအခါ၌ ခရီးဦးကြိုဆိုခြင်းကို ပြုလုပ်၏။ “ပုရောဟိတ်ဆရာ- ဤအရပ်၌ နေထိုင်ကြပါလော့”ဟု ဆို၍ မင်းကြီးနှင့် တူသောနေရာကို ပေးစေလေ၏။ အဂ္ဂိဒတ္တပုဏ္ဏားသည် “ဤမင်းကား ငါ့၌ အလွန်လျှင် အလေးဂရုပြုလုပ်ဘိ၏။ ဘုရင်မင်းတို့၏ စိတ်ကို အမြဲတမ်း နှစ်သက်ကြည်ဖြူနေသည်ဟု ယူခြင်းငှာ မတတ်ကောင်း၊ မင်း၏စည်းစိမ်ချမ်းသာ မည်သည်ကား တူမျှသော အရွယ်ရှိသော သူနှင့်သာလျှင် အတူတကွ ချမ်းသာ၏၊ ငါသည်လည်း ကြီးရင့်ခဲ့လေပြီ၊ ရဟန်းပြုခြင်းငှာ ငါ့အား သင့်၏”ဟု ကြံစည်လေ၏။

အဂ္ဂိဒတ္တပုဏ္ဏား တောထွက် ရဟန်းပြု

ထိုပုရောဟိတ်ပုဏ္ဏားသည် ပသေနဒီ ကောသလမင်းကြီးကို ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍ မြို့တော်၌ စည်လည်စေလျက် ခုနစ်ရက်ဖြင့် အလုံးစုံသော မိမိ၏ဥစ္စာကို အလှူဝ၌ စွန့်ကြဲလှူဒါန်းပြီးလျှင် သာသနာတော်မှ အပဖြစ်သော ရသေ့ရဟန်းပြုလေ၏၊ ထိုအဂ္ဂိဒတ္တ ပုဏ္ဏားကိုမှီ၍ တစ်သောင်းသော ယောက်ျားတို့သည် အတုလိုက်၍ ရဟန်းပြုကြလေကုန်၏။

အဂ္ဂိဒတ္တ၏ အဆုံးအမ

ထိုအဂ္ဂိဒတ္တပုဏ္ဏားသည် တစ်သောင်းသော ရသေ့ရဟန်းတို့နှင့် အတူတကွ အင်္ဂတိုင်း မဂဓတိုင်းတို့၏လည်းကောင်း၊ ကုရုတိုင်းတို့၏လည်းကောင်း အကြား၌ နေခြင်းကိုပြု၍ “ချစ်သားတို့- အကြင်သူအား ကာမဂုဏ်ကို ကြံစည်စိတ်ကူးသော ကာမဝိတက် အစရှိသော တရားတို့သည် ဖြစ်ကုန်ငြားအံ့၊ ထိုသူသည် မြစ်မှ သဲလက်ခုပ် တစ်ခုတစ်ခု ထုတ်ဆောင်၍ ဤအရပ်၌ လောင်းစေသတည်း”ဟု ဤသို့သော အဆုံးအမကို ပေး၏။

ထိုတစ်သောင်းသော ရသေ့ရဟန်းတို့သည် “ကောင်းလှပါပြီ”ဟု ဝန်ခံကြပြီးလျှင် ကာမဝိတက် စသည်တို့ ဖြစ်သောအခါ ထိုဩဝါဒအတိုင်း ပြုကြလေကုန်၏။ တစ်ပါးသောအခါ၌ ကြီးစွာသော သဲပုံစုသည် ဖြစ်လေ၏။ ထိုသဲပုံကြီးကို အဟိဆတ္တမည်သော နဂါးမင်းသည် သိမ်းပိုက်လေ၏။ အင်္ဂတိုင်း မဂဓတိုင်း၌နေသော သူတို့သည်လည်းကောင်း၊ ကုရုတိုင်း၌နေကုန်သော သူတို့သည်လည်းကောင်း လတိုင်း,လတိုင်း ထိုရသေ့ရဟန်း တစ်သောင်းတို့အား များစွာသော ပူဇော်သက္ကာရကို ရှေးရှုဆောင်၍ အလှူလှူကြကုန်၏။ ထိုအင်္ဂတိုင်းသား, မဂဓတိုင်းသားနှင့် ကုရုတိုင်းသားတို့အား အဂ္ဂိဒတ္တပုဏ္ဏားသည် “တောင်,တော,အရံသစ်ပင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့၊ ဤသို့ ကိုးကွယ်ရာဟု ဆည်းကပ်ခြင်းသည် အလုံးစုံသော ဝဋ်ဆင်းရဲမှ ကင်းလွတ်ကြကုန်လတ္တံ့”ဟူသော ဤအဆုံးအမကို ပေး၏။ မိမိ၏ အတွင်းနေတပည့်တို့ကိုလည်း ဤအဆုံးအမဖြင့် ဆုံးမလေ၏။

လွဲမှားစွာ လမ်းညွှန်နေသူ

ငါတို့ဘရားလောင်းသည်လည်း မြတ်သော တောထွက်ခြင်းကို ပြုသဖြင့် သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူပြီးလျှင် ထိုအခါ သာဝတ္ထိပြည်ကိုမှီ၍ ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက် နံနက်စောစောအခါ၌ လူအပေါင်းကို ကြည့်ရှုတော်မူလတ်သည်ရှိသော် အတွင်းနေ တပည့်တို့နှင့်တကွ အဂ္ဂိဒတ္တအမည်ရှိသော ပုဏ္ဏားကို ကိုယ်တော်မြတ်၏ သဗ္ဗညုတဉာဏ်တော်တည်းဟူသော ကွန်ရက်အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တော်မူလျှင် “အလုံးစုံလည်းဖြစ်သော ဤသူတို့သည် အရဟတ္တဖိုလ်၏ ဥပနိဿယနှင့် ပြည့်စုံကြကုန်၏”ဟု သိတော်မူ၍ ညချမ်းသောအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်ကို “ချစ်သားမောဂ္ဂလာန်- အဂ္ဂိဒတ္တပုဏ္ဏားသည် များစွာသော လူအပေါင်းကို ဆိပ်ကမ်းမဟုတ်သော အရပ်ဖြင့် သက်ဝင်စေသည်ကို မြင်ရ၏လော၊ သွားတဲ့ချေ။ ထိုသူတို့အား အဆုံးအမကို ပေးချေလော့”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ထိုသူတို့ကား များပြားလှပါကုန်၏၊ တစ်ယောက်အထီးတည်းဖြစ်သော တပည့်တော်အား ရဲဝံ့သောအရာမဟုတ်ပါ၊ ရှင်တော်မြတ်ဘုရားတို့သည်လည်း အကယ်၍ ကြွလိုက်လာတော်မူကြကုန်သည်ဖြစ်အံ့၊ ရဲဝံ့ခြင်းတို့သည် ဖြစ်ကြပါလိမ့်မည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ချစ်သားမောဂ္ဂလာန်- ငါဘုရားသည်လည်း ကြွလိုက်လာအံ့၊ သင်သည် ရှေ့က သွားနှင့်ချေလော့”ဟု မိန့်တော်မူလေ၏။

ရှင်မောဂ္ဂလာန်နှင့် အဂ္ဂိဒတ္တ

ရှင်မောဂ္ဂလာန်မထေရ်သည် ရှေ့က ကြွသွားလျက် ဤသို့ ကြံစည်လေ၏။ “ဤသူတို့ကား အားလည်းကြီး၏၊ များလည်းများကုန်၏၊ အလုံးစုံသော သူတို့၏ တစ်ညီတစ်ညွတ်တည်း စည်းဝေးရာအရပ်၌ တစ်စုံတစ်ခွန်းသော စကားကို အကယ်၍ ဆိုချေငြားအံ့၊ အလုံးစုံသောသူတို့သည်လည်း အစုအစုအားဖြင့် ထကြကုန်ရာ၏”ဟု ကြံ၍ မိမိ၏ အာနုဘော်အားဖြင့် ကြီးသော မိုးရေမိုးပေါက်ရှိသော မိုးကို ရွာစေလေ၏။ ကြီးစွာသော မိုးရေမိုးပေါက်တို့သည် ကျကုန်သည်ရှိသော် ထ၍ထ၍ မိမိ,မိမိ၏ သစ်ရွက်မိုးသောကျောင်းသို့ ဝင်ကြကုန်၏။ ရှင်မောဂ္ဂလာန် မထေရ်သည် အဂ္ဂိဒတ္တပုဏ္ဏား၏ သစ်ရွက်မိုးကျောင်းတံခါး၌ ရပ်လျက် “အဂ္ဂိဒတ္တ”ဟု မိန့်ဆိုတော်မူလေ၏။ ထိုအဂ္ဂိဒတ္တပုဏ္ဏားသည် ရှင်မောဂ္ဂလာန်မထေရ်၏ အသံကိုကြားရလျှင် “ဤလောက၌ ငါ့ကို အမည်အားဖြင့် ခေါ်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ ငါ့ကို အမည်အားဖြင့် ခေါ်သောသူကား အဘယ်သူဖြစ်လေဘိသနည်း”ဟု ခက်ထန်သော မာန်မူခြင်းရှိသည့်အဖြစ်ကြောင့် “ငါ့ကိုခေါ်သော ဤသူကား အဘယ်သူဖြစ်ဘိသနည်း”ဟု ဆိုလေ၏။ “ပုဏ္ဏားကြီး- အကျွန်ုပ်ပေတည်း”ဟု ဆိုလတ်သော် “သင် အဘယ်စကားကို ပြောဆိုသနည်း”ဟု ဆိုလေ၏။ “ယနေ့တစ်ညဉ့်မျှ ငါ့အလို့ငှာ ဤအရပ်၌ နေစရာအရပ်ကို ပြောကြားစမ်းပါလော့”ဟု ဆိုသည်ရှိသော် “ဤအရပ်၌ နေစရာမရှိ၊ တစ်ယောက်အား သစ်ရွက်မိုး ကျောင်းတစ်ဆောင်သာ ဖြစ်၏”ဟု ဆိုလေ၏။ “အဂ္ဂိဒတ္တ- လူတို့မည်သည် လူတို့၏အထံသို့, နွားတို့သည် နွားတို့၏အထံသို့, ရဟန်းတို့သည် ရဟန်းတို့၏အထံသို့ သွားကြစမြဲဖြစ်ကုန်၏။ ဤသို့မပြုပါလင့်၊ ငါ့အား နေစရာအရပ်ကို ပေးပါလော့”ဟု ဆိုလတ်သော် “အသို့နည်း၊ သင်ကား ရဟန်းလော”ဟု မေးလေ၏။ “ရဟန်း ဟုတ်မှန်ပါ၏”ဟု ဆိုလတ်သော် “သင်-အကယ်၍ ရဟန်းဖြစ်ခဲ့အံ့၊ သင်၏ ထမ်းပိုး,ပြာစစ်သည် အဘယ်မှာနည်း၊ ရဟန်းပရိက္ခရာကား အဘယ်နည်း”ဟု မေးလေ၏။ “ငါ့အား ရဟန်းပရိက္ခရာသည် ရှိပါ၏၊ ထိုပရိက္ခရာကို အသီးအခြားယူ၍ လှည့်လည်သွားလာခြင်းငှာ ဆင်းရဲလှ၏၊ ထို့ကြောင့် ပုဏ္ဏားကြီး- ကိုယ်တွင်းဖြင့်သာယူ၍ သွားလာလှည့်လည်ပါ၏”ဟု ဆိုလတ်သော် ထိုအဂ္ဂိဒတ္တပုဏ္ဏားသည် “သင်ကား ယူ၍ လှည့်လည်သွားလာနိုင်လတ္တံ့လော”ဟု ဆိုတဲ့၍ မထေရ်မြတ်အား အမျက်ထွက်လေ၏။

ရှင်မောဂ္ဂလာန်နှင့် နဂါးမင်း တန်ခိုးပြိုင်ခြင်း

ထိုအခါ အဂ္ဂိဒတ္တပုဏ္ဏားကို ရှင်မောဂ္ဂလာန်သည် “အဂ္ဂိဒတ္တ- ငါတို့ကို အမျက်မထွက်ပါလင့်၊ ငါ့အား နေစရာအရပ်ကို ပြောကြားပါလော့”ဟု ဆိုလေ၏။ “ဤအရပ်၌ နေစရာ အရပ်မရှိ”ဟု ဆိုလျှင် “ဤသဲပုံစု၌ အဘယ်သူ နေသနည်း”ဟု မေးလေ၏။ “တစ်ခုသော နဂါးမင်း နေ၏”ဟု ဆိုလျှင် “ငါ့အား ဤနေရာကို ပေးပါလော့”ဟု ဆိုလေ၏။ “ပေးခြင်းငှာ မတတ်ကောင်း၊ ထိုနေရာ၌ နဂါးမင်း၏အမှုသည် ဝန်လေး၏”ဟု ဆိုလျှင် “ထိုသို့ ဝန်လေးသည်ဖြစ်ပါစေ၊ ငါ့အား ပေးသာ ပေးပါလော့”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ သင်သည်သာလျှင် သိလေလော့”ဟု ဆိုလျှင် ရှင်မောဂ္ဂလာန်မထေရ်သည် သဲပုံစုသို့ ရှေးရှု ကြွသွားတော်မူလေ၏။ နဂါးမင်းသည် ထိုကြွလာသော ရှင်မောဂ္ဂလာန်ကို မြင်လျှင် “ဤရဟန်းကား ဤအရပ်သို့ လာ၏၊ ငါရှိသည်အဖြစ်ကို မသိလေယောင်တကား၊ အခိုးလွှတ်၍ ထိုရဟန်းကို သတ်အံ့”ဟု ကြံလျက် အခိုးလွှတ်လေ၏။ ရှင်မောဂ္ဂလာန်သည် “ဤနဂါးမင်းကား ငါသာလျှင် အခိုးလွှတ်ခြင်းငှာ စွမ်းနိုင်၏၊ တစ်ပါးသောသူတို့သည် မစွမ်းနိုင်ကြကုန်ဟု အောက်မေ့မှတ်သားယောင်တကား”ဟု ကြံ၍ မိမိကိုယ်တိုင်လည်း အခိုးလွှတ်လေ၏။

နှစ်ဦးစလုံးဖြစ်သော သူတို့၏ကိုယ်မှထွက်သော အခိုးတို့သည် ဗြဟ္မာပြည်တိုင်အောင် တက်လေကုန်၏။ နှစ်ခုသော အခိုးတို့သည်လည်း ရှင်မောဂ္ဂလာန်မထေရ်ကို မညှဉ်းဆဲ မနှိပ်စက်မူ၍ နဂါးမင်းကိုသာလျှင် ညှဉ်းဆဲနှိပ်စက်ကြကုန်၏။ နဂါးမင်းသည် အခိုးအဟုန်ကို သည်းခံခြင်းငှာ မတတ်နိုင်ရကား အလျှံကို လွှတ်ပြန်လေ၏။ ရှင်မောဂ္ဂလာန် မထေရ်သည်လည်း တေဇောကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို ၀င်စားတော်မူ၍ ထိုနဂါးမင်းနှင့် အတူတကွသာလျှင် အလျှံလွှတ်လေ၏။ မီးလျှံတို့သည် ဗြဟ္မာပြည်တိုင်အောင် တက်လေကုန်၏။ နှစ်ခုသော မီးလျှံတို့သည်လည်း ရှင်မောဂ္ဂလာန်ကို မညှဉ်းဆဲ မနှိပ်စက်မူ၍ နဂါးမင်းကိုသာလျှင် ညှဉ်းဆဲနှိပ်စက်ကြကုန်၏။ ထိုအခါ နဂါးမင်း၏ ကိုယ်အလုံးသည် မီးရှူးတို့ဖြင့် ထက်ဝန်းကျင် လောင်ကျွမ်းသော ကိုယ်ရှိသကဲ့သို့ ဖြစ်လေ၏။ ရသေ့အပေါင်းကား ကြည့်ရှုလျက် “နဂါးမင်းသည် ရဟန်းကို ရှို့မြိုက်လေ၏။ ရဟန်းသည်ကား ကောင်းသောရဟန်း ဖြစ်ပေစွ၊ ငါတို့စကားကို နားမထောင်ခြင်းကြောင့် ပျက်စီးရှာရ၏”ဟု ကြံကြကုန်၏။ ရှင်မောဂ္ဂလာန်သည်လည်း နဂါးမင်းကို ဆုံးမပြီးလျှင် မာန်ဟူသော အဆိပ်အတောက် မရှိသည်ကိုပြု၍ သဲပုံစု၌ အခွေတို့ဖြင့် ဝန်းရံ၍ စုလစ်မွမ်းချွန်တပ်သော ဇရပ်ဝန်းပမာဏရှိသော ပါးပျဉ်းကို ဖန်ဆင်း၍ ရှင်မောဂ္ဂလာန်၏ ထိပ်တော်ထက်၌ ဆောင်လေ၏။

မြတ်စွာဘုရား ကြွလာတော်မူခြင်း

ရသေ့အပေါင်းတို့သည် နံနက်စောစောသာလျှင် “ရဟန်း၏ သေသည့်အဖြစ်ကိုလည်းကောင်း၊ မသေသည့်အဖြစ်ကိုလည်းကောင်း သိကြရကုန်အံ့”ဟု မထေရ်၏အထံသို့ သွားကြသဖြင့် သဲပုံစုထက်၌ နေတော်မူသောမထေရ်ကို မြင်ကြရလျှင် လက်အုပ်ချီ၍ ချီးမွမ်းထောမနာကြကုန်လျက် “ရှင်ရဟန်း- အသို့နည်း၊ နဂါးမင်းသည် မနှိပ်စက်အပ်လေသလော”ဟု မြွက်ဆိုကြလေကုန်၏။ “အသို့နည်း၊ ငါ၏အထက်၌ ပါးပျဉ်းကိုမိုးလျက် တည်နေသော နဂါးမင်းကို သင်တို့ မမြင်ကြကုန်ဘိသလော”ဟု မိန့်တော်မူလျှင် ရသေ့တို့သည် “အချင်းတို့- ရဟန်း၏ အမှုသည်ကား အံ့ဩဖွယ်ရှိပေစွတကား၊ ဤသို့သဘောရှိသည်မည်သော နဂါးမင်းကို ဆုံးမအပ်ပြီ”ဟု ဆို၍ ရှင်မောဂ္ဂလာန်မထေရ်ကို ခြံရံလျက် တည်နေကြကုန်၏။ ထိုခဏ၌ မြတ်စွာဘုရားသည် ကြွလာတော်မူ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် မြတ်စွာဘုရားကိုမြင်လျှင် နေရာမှထလျက် ရှိခိုးလေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်ကို ရသေ့တို့သည် “ဤရဟန်းကြီးကား သင့်ထက် ကြီးမြတ်လေသလော”ဟု မေးမြန်းကြကုန်၏။ “ဤရဟန်းကြီးကား ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ငါတို့၏ဆရာတည်း၊ ငါသည် ဤရဟန်းကြီး၏ တပည့်တည်း”ဟု ဆိုလေ၏။ ဘုရားရှင်သည် သဲပုံအစု အထက်၌ နေတော်မူလေ၏။ ရသေ့အပေါင်းသည် “ရှေးဦးစွာ ဤသည်ကား တပည့်ဖြစ်သောသူ၏ တန်ခိုးအာနုဘော်တည်း၊ ဆရာဖြစ်သောသူ၏ တန်ခိုးအာနုဘော်သည်ကား အဘယ်သို့ သဘောရှိသည် ဖြစ်လတ္တံ့နည်း”ဟု လက်အုပ်ချီလျက် မြတ်စွာဘုရားကို အလွန်ချီးမွမ်းလေ၏။

ဆင်းရဲမှလွတ်ရန် ရတနာသုံးပါးကိုသာ ကိုးကွယ်

ဘုရားရှင်သည် အဂ္ဂိဒတ္တပုဏ္ဏားကို ခေါ်တော်မူ၍ “အဂ္ဂိဒတ္တ- သင်သည် ရှေးဦးစွာ တပည့်တို့အားလည်းကောင်း၊ အလုပ်အကျွေး ဒါယကာတို့အားလည်းကောင်း အဆုံးအမ ပေးသည်ရှိသော် အဘယ်သို့ ပြောဆို၍သာလျှင် ပေးဘိသနည်း”ဟု မိန့်တော်မူလေ၏။ “ဤတောင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့၊ ဤတောကို, ဤအရံကို, ဤသစ်ပင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့၊ ဤတောင် စသည်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းသို့ ရောက်သောသူသည် အလုံးစုံသော ဆင်းရဲမှ လွတ်နိုင်၏။ ဤသို့ သာဝကနှင့် ဥပါသကာတို့အား အဆုံးအမပေးပါသည်”ဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် “အဂ္ဂိဒတ္တ- ဤတောင် စသည်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သောသူသည် ဆင်းရဲမှ မလွတ်နိုင်၊ ဘုရား, တရား, သံဃာ, ရတနာသုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းသို့ ရောက်သောသူတို့သည် အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်နိုင်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၈၈] ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိ စ။
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။

֍ * [၁၈၉] နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

֍ * [၁၉၀] ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္မာပညာယ ပဿတိ။

֍ * [၁၉၁] ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ။
အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။

֍ * [၁၉၂] ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

မနုဿာ၊ လူတို့သည်။ ဘယတဇ္ဇိတာ၊ ဘေးဖြင့် ထိတ်လန့်ကုန်သည်ဖြစ်၍။ ဗဟုံ-ဗဟူ၊ များစွာကုန်သော။ ပဗ္ဗတာနိ စ၊ တောင်တို့ကိုလည်းကောင်း။ ဝနာနိ စ၊ တောတို့ကိုလည်းကောင်း။ အာရာမရုက္ခစေတျာနိ စ၊ အာရာမ်, ဥယျာဉ်, အဓိကရသစ်ပင် တည်းဟူသော စေတီတို့ကိုလည်းကောင်း။ ဝေ၊ စင်စစ်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ယန္တိ၊ ဆည်းကပ်ကြကုန်၏။

ဧတံသရဏံ၊ ဤအလုံးစုံသော ကိုးကွယ်ရာ တောတောင် အစရှိသည်သည်။ ခေါ၊ စင်စစ်။ ခေမံ၊ ဘေးကင်းကြောင်း ကိုးကွယ်ရာသည်။ ၊ မဟုတ်။ ဧတံသရဏံ၊ ဤတောတောင်စသော အလုံးစုံသော ကိုးကွယ်ရာသည်။ ဥတ္တမံ၊ မြတ်သော ကိုးကွယ်ရာသည်။ ၊ မဟုတ်။ ဧတံသရဏံ၊ ဤတောတောင်စသော ကိုးကွယ်ရာကို။ အာဂမ္မ၊ စွဲ၍။ ဧကောပိ၊ တစ်ယောက်သော သူမျှသည်လည်း။ သဗ္ဗဒုက္ခာ၊ ဇာတိ အစရှိသော ခပ်သိမ်းသော ဝဋ်ဆင်းရဲမှ။ န ပမုစ္စတိ၊ မလွတ်နိုင်။

ယော စ၊ အကြင်သူသည်ကား။ ဗုဒ္ဓဉ္စ၊ မြတ်စွာဘုရားကို လည်းကောင်း။ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။ သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတော၊ ဆည်းကပ်၏။ စတ္တာရိ၊ လေးပါးကုန်သာ။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ သမ္မာ၊ ကောင်းစွာ။ ပညာယ၊ ပညာဖြင့်။ ပဿတိ၊ မြင်၏။

ဒုက္ခဉ္စ၊ ဒုက္ခသစ္စာကိုလည်းကောင်း။ ဒုက္ခသမုပ္ပါဒဉ္စ၊ ဒုက္ခကို ဖြစ်စေတတ်သော သမုဒယသစ္စာကိုလည်းကောင်း။ ဒုက္ခဿ အတိက္ကမဉ္စ၊ ဒုက္ခကို လွန်မြောက်ရာဖြစ်သော နိရောဓသစ္စာကိုလည်းကောင်း။ ဒုက္ကူပသမဂါမိနံ၊ ဒုက္ခ၏ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော။ အရိယံ၊ မြတ်သော။ အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ မဂ္ဂံ၊ မဂ္ဂသစ္စာကိုလည်းကောင်း။ ပဿတိ၊ မြင်၏။

တဿ၊ ထိုသူ၏။ ဝါ၊ သစ္စာလေးပါး သိပြီးသောသူ၏။ ဧတံသရဏံ၊ ဤဘုရား, တရား, သံဃာဟူသော ကိုးကွယ်ရာသည်။ ခေါ၊ စင်စစ်။ ခေမံ၊ ဘေးကင်းကြောင်း ဖြစ်၏။ ဧတံ သရဏံ၊ ဤသုံးပါးသော ကိုးကွယ်ရာသည်။ ဥတ္တမံ၊ မြတ်၏။ သော စ ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်လည်း။ ဧတံသရဏံ၊ ဤသုံးပါးသော ကိုးကွယ်ရာကို။ အာဂမ္မ၊ စွဲ၍။ သဗ္ဗဒုက္ခာ၊ အလုံးစုံသော ဝဋ်ဆင်းရဲမှ။ ပမုစ္စတိ၊ လွတ်နိုင်၏။

ရသေ့အားလုံး ရဟန္တာဖြစ်

ဒေသနာတော်၏အဆုံး၌ အလုံးစုံလည်းဖြစ်ကုန်သော ထိုရသေ့တို့သည် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ မြတ်စွာဘုရားကို ရှိခိုးလျက် ရဟန်းအဖြစ်ကို တောင်းပန်ကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း သင်္ကန်းတော် တည်းဟူသော တိုက်ခန်းမှ လက်ယာလက်တော်ကို ဆန့်တန်းတော်မူ၍ “ဧထ ဘိက္ခဝေါ သမ္မာစရထ ဗြဟ္မစရိယံ” ဘိက္ခဝေါ၊ ရဟန်းတို့။ ဧထ၊ ရိုသေတုပ်ကွ လာကြကုန်လော။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ သမ္မာစရထ၊ ကောင်းစွာ ကျင့်ကြကုန်လော။ ဤသို့ အစရှိသောစကားကို မိန့်မြွက်တော်မူ၏။ ထိုရသေ့တို့အား ထိုခဏချင်း၌သာလျှင် ရှစ်ပါးသော ပရိက္ခရာတို့ကို ဆောင်ကုန်လျက် ဝါခြောက်ဆယ်ရပြီးသော မထေရ်ကြီးတို့ကဲ့သို့ ဖြစ်ကြလေကုန်၏။

အဂ္ဂိဒတ္တမထေရ် တန်ခိုးပြခြင်း

၎င်းနေ့သည်လည်း အလုံးစုံကုန်သော အင်္ဂတိုင်း, မဂဓတိုင်း, ကုရုတိုင်း၌ နေကုန်သောသူတို့၏ ပူဇော်သက္ကာရကိုယူ၍ လာသောနေ့ ဖြစ်လေ၏။ ထိုသူတို့သည် ပူဇော်သက္ကာရကိုယူ၍ လာကြကုန်သည်ရှိသော် အလုံးစုံလည်းဖြစ်ကုန်သော ထိုရသေ့ဖြစ်ဖူးသော ရဟန်းတို့ကိုလည်းကောင်း၊ ဗုဒ္ဓသာဝကဖြစ်သော ရဟန်းတို့ကိုလည်းကောင်း မြင်ကြရလျှင် “အသို့နည်း၊ ငါတို့၏ အဂ္ဂိဒတ္တပုဏ္ဏားသည် မြတ်လေသလော၊ ထိုသို့မဟုတ် ရဟန်းကြီးဂေါတမသည် မြတ်လေသလော”ဟု ကြံ၍ “ရဟန်းဂေါတမ၏ လာရောက်ရခြင်းကြောင့် အဂ္ဂိဒတ္တပုဏ္ဏားသာလျှင်မြတ်၏”ဟု အောက်မေ့မှတ်ထင်ကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုတိုင်းသူတိုင်းသားတို့၏ အလိုကို ကြည့်ရှုတော်မူ၍ “အဂ္ဂိဒတ္တ- ပရိသတ်၏ ယုံမှားတွေးတောခြင်းကို ဖြတ်လော့”ဟု မိန့်တော်မူလေ၏။ အဂ္ဂိဒတ္တသည် “ငါသည်လည်း ဤယုံမှားဖြတ်ခြင်းမျှလောက်ကိုသာလျှင် တောင့်တရပေလတ္တံ့”ဟု နှလုံးပြုသဖြင့် တန်ခိုးအာနုဘော် အစွမ်းအားဖြင့် ခုနစ်ကြိမ် ကောင်းကင်သို့ပျံတက်၍ အဖန်တလဲလဲ သက်ဆင်းပြီးလျှင် ဘုရားရှင်ကိုရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုန်းတော်ခြောက်စုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် တပည့်တော်၏ ဆရာဖြစ်ပါသည်ဘုရား၊ တပည့်တော်သည် တပည့်သာဝက ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားသဖြင့် သာဝကအဖြစ်ကို ထင်ရှားစွာ ပြလေ၏။

အဂ္ဂိဒတ္တပုဏ္ဏားဝတ္ထု ပြီး၏။

֍ * ၇။ အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထု

ဒုလ္လဘောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်၏ ပြဿနာ မေးလျှောက်ခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ယောက်ျားအာဇာနည် ဖြစ်ရာအရပ်

ရှင်အာနန္ဒာမထေရ်သည် တစ်နေ့သ၌ နေ့သန့်ရာအရပ်၌ နေလျက် “ဆင်အာဇာနည်သည် ဆဒ္ဒန်ဆင်မျိုး၌လည်းကောင်း၊ ဥပေါသထ ဆင်မျိုး၌လည်းကောင်း ဖြစ်၏၊ မြင်းအာဇာနည်သည် သိန္ဓောမြင်းအမျိုး၌လည်းကောင်း၊ ဝလာဟကမြင်းမင်းအမျိုး၌လည်းကောင်း ဖြစ်၏၊ နွားလားဥသဘ အာဇာနည်သည် ဒက္ခိဏပထအရပ်၌ ဖြစ်၏၊ ဤသို့ အစရှိသည်တို့ကို ဟောကြားတော်မူသော မြတ်စွာဘုရားသည် ဆင်အာဇာနည် အစရှိသည်တို့၏ ဖြစ်ရာအရပ် စသည်တို့ကို ဟောကြားတော်မူအပ်ကုန်၏၊ ယောက်ျားအာဇာနည်သည်ကား အဘယ်အရပ်၌ ဖြစ်ဘိသနည်း”ဟု ကြံစည်မိလေ၏။ ထိုရှင်အာနန္ဒာမထေရ်သည် ဘုရားရှင်သို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် ဤသို့ ကြံစည်မိသောအကြောင်းကို မေးလျှောက်လေ၏။ မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- ယောက်ျားအာဇာနည်သည်ကား အလုံစုံသော အရပ်၌မဖြစ်၊ အဖြောင့်အားဖြင့်ကား ယူဇနာသုံးရာ အလျားရှည်သော အပြန့်အားဖြင့် ယူဇနာနှစ်ရာ့ငါးဆယ်ရှိသော၊ အဝန်းအားဖြင့် ယူဇနာကိုးရာ အတိုင်းအရှည်ရှိသော မဇ္ဈိမဒေသအရပ်၌ ဖြစ်၏၊ ဖြစ်သော်လည်း သာမန်အမျိုး၌ ဖြစ်သည်မဟုတ်၊ များသော ဥစ္စာနှစ်ရှိသော ခတ္တိယမဟာသာလမင်းမျိုး၊ များသော ဥစ္စာနှစ်ရှိသော ဗြာဟ္မဏမဟာသာလ ပုဏ္ဏားမျိုးတို့တွင် တစ်ပါးပါးသော အမျိုး၌သာလျှင် ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၉၃] ဒုလ္လဘော ပုရိသာဇညော၊ န သော သဗ္ဗတ္ထ ဇာယတိ။
ယတ္ထ သော ဇာယတိ ဓီရော၊ တံ ကုလံ သုခမေဓတိ။

ပုရိသာဇညော၊ ယောက်ျား အာဇာနည်ကို။ ဒုလ္လဘော၊ ခဲယဉ်းသဖြင့် ရအပ်၏။ ဝါ၊ ရခဲ၏။ သော၊ ထိုယောက်ျားအာဇာနည်သည်။ သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်, အလုံးစုံသောအမျိုး၌။ န ဇာယတိ၊ မဖြစ်။ ဓီရော၊ မတုန်မလှုပ် ပညာရှိသော။ သော၊ ထိုယောက်ျားအာဇာနည်သည်။ ယတ္ထ၊ အကြင်အမျိုး၌။ ဇာယတိ၊ ဖြစ်၏။ တံကုလံ၊ ထိုအမျိုးသည်။ သုခံ၊ ချမ်းသာခြင်းရှိသည် ဖြစ်၍။ ဧဓတိ၊ ကြီးပွား၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထု ပြီး၏။

֍ * ၈။ များစွာကုန်သော ရဟန်းဝတ္ထု

သုခေါ ဗုဒ္ဓါနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော ရဟန်းတို့၏စကားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ချမ်းသာသုခ ရွေးချယ်ကြခြင်း

တစ်နေ့သ၌ ငါးရာသော ရဟန်းတို့သည် ခစားလုပ်ကျွေး စည်ဝေးရာဖြစ်သော ဇရပ်၌ နေကြကုန်လျက် “ငါ့ရှင်တို့- ဤလောက၌ ချမ်းသာခြင်းဟူသည် အဘယ်နည်း”ဟူသော စကားကို ဖြစ်စေကြလေကုန်၏။ ထိုစကားကို ပြောကြားရာ၌ အချို့သော ရဟန်းတို့သည် “မင်းတို့၏ စည်းစိမ်ချမ်းသာနှင့်တူသော ချမ်းသာခြင်းမည်သည် မရှိ”ဟု ဆိုကြကုန်၏။ အချို့သော ရဟန်းတို့သည် “ကာမဂုဏ်ငါးပါး၌ မွေ့လျော်သည့်အစွမ်းဖြင့်ဖြစ်သော ချမ်းသာခြင်းနှင့်တူသော ချမ်းသာခြင်းမည်သည် မရှိ”ဟု ဆိုကြကုန်၏။ အချို့သော ရဟန်းတို့သည် “သလေးဆန်ကောင်းကို သားပြွမ်းချက်၍စားရခြင်း စသည်တို့၌ သာယာခြင်းသုခနှင့်တူသော ချမ်းသာခြင်းမည်သည် မရှိ”ဟု ဆိုကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ နေရာအရပ်သို့ ကြွသွားတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲအခါ၌ အဘယ်သောစကားဖြင့် တစ်ညီတစ်ညွတ်တည်း စည်းဝေးနေကြကုန်ဘိသနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးနေကြပါသည် ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- အဘယ်သို့ ပြောဆိုကြကုန်ဘိသနည်း၊ ဤအလုံးစုံသော ချမ်းသာခြင်းသည်လည်း ဝဋ်ဆင်းရဲ၌ အကျွမ်းဝင်သည်သာတည်း၊ ဤလောက၌ ဘုရားပွင့်တော်မူခြင်းသည်လည်းကောင်း၊ သူတော်ကောင်းတရားကို နာရခြင်းသည်လည်းကောင်း၊ သံဃာ၏ အညီအညွတ်ဖြစ်ခြင်းသည်လည်းကောင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သောသူ၏ အဖြစ်သည်လည်းကောင်း ဤသဘောတရားသည်သာလျှင် သုခမည်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၉၄] သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။

ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ ဥပ္ပါဒေါ၊ ပွင့်တော်မူခြင်းသည်။ သုခေါ၊ ချမ်းသာ၏။ သဒ္ဓမ္မဒေသနာ၊ သူတော်ကောင်းတရားကို ဟောကြားခြင်းသည်။ သုခါ၊ ချမ်းသာ၏။ သံဃဿ၊ သံဃာ၏။ သာမဂ္ဂီ၊ စိတ်ညီညွတ်ခြင်းသည်။ သုခါ၊ ချမ်းသာ၏။ သမဂ္ဂါနံ၊ စိတ်ညီညွတ်ခြင်းရှိကုန်သော သူတို့၏။ တပေါ၊ ခြိုးခြံသော အကျင့်သည်။ သုခေါ၊ ချမ်းသာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

များစွာကုန်သော ရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၉။ ကဿပဘုရား၏ ရွှေစေတီဝတ္ထု

ပူဇာရဟေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဒေသစာရီကို ကြွချီတော်မူစဉ် ကဿပ မြတ်စွာဘုရား၏ ရွှေစေတီတော်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အစဉ်အဆက်လာ စေတီနေရာဌာန

ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ဂေါတမနွယ်ဖွား ငါတို့မြတ်စွာဘုရားသည် သာဝတ္ထိပြည်မှ ထွက်ခွာတော်မူခဲ့၍ အစဉ်အတိုင်းအားဖြင့် ဗာရာဏသီပြည်သို့ ကြွသွားတော်မူလတ်သည်ရှိသော် လမ်းခရီးအကြား တောဒေယျ ပုဏ္ဏားရွာအနီး၌ များစွာသော ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျက် အမှတ်မရှိ တစ်ခုသော နတ်ကွန်းနေရာသို့ ကောင်းစွာ ရောက်တော်မူလေ၏။ ထိုအရပ်၌ သီတင်းသုံးနေထိုင်တော်မူသော မြတ်စွာဘုရားသည် တရားဘဏ္ဍာစိုးဖြစ်သော အရှင်အာနန္ဒာကို စေလွှတ်တော်မူ၍ မနီးမဝေးသော အရပ်၌ လယ်ထွန်ခြင်းအမှုကို ပြုလျက်နေသော ပုဏ္ဏားတစ်ယောက်ကို ခေါ်ခိုင်းတော်မူလိုက်လေ၏။ ထိုလယ်ထွန်သမား ပုဏ္ဏားသည် လာရောက်ပြီးလျှင် မြတ်စွာဘုရားကိုကား ရှိမခိုးမူ၍ ထိုနတ်ကွန်းနေရာကိုသာလျှင် ရှိခိုးလျက် ရပ်တည်နေလေ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်လည်း “ပုဏ္ဏားကြီး- ဤနေရာကို အဘယ်အရာဝတ္ထုဟူ၍ မှတ်ထင် အောက်မေ့ဘိသနည်း”ဟု မိန့်တော်မူလေ၏။ “အရှင်ဂေါတမ- ဤနေရာကား အကျွန်ုပ်တို့၏ အစဉ်အဆက်မှလာသော စေတီနေရာဌာန ဟူ၍ အမှတ်ပြုကာ ရှိခိုးပါသည်”ဟု ဖြေကြားလတ်သော် “ပုဏ္ဏားကြီး- ဤနေရာကို ရှိခိုးသော အသင်သည် ကောင်းသောအမှုကို ပြုအပ်ပေ၏တကား”ဟု မြတ်စွာဘုရားသည် ထိုပုဏ္ဏားကြီးကို ကောင်းစွာ ရွှင်လန်း ဝမ်းသာစေတော်မူလေ၏။

စေတီထိုက်သူ ပုဂ္ဂိုလ် ၄-မျိုး၊ စေတီ ၃-မျိုး

ထိုစကားကိုကြားရလျှင် ရဟန်းတို့သည် “အဘယ်သို့သော အကြောင်းဖြင့် မြတ်စွာဘုရားသည် ဤသို့ ကောင်းစွာ ရွှင်လန်းဝမ်သာစေတော်မူဘိသနည်း”ဟု ယုံမှားသံသယကို ဖြစ်စေကြလေကုန်၏။ ထို့နောက်မှ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ယုံမှားသံသယကို ပယ်ဖျောက်ခြင်းငှာ မဇ္ဈိမနိကာယ်၌လာသော ဃဋိကာရသုတ္တန်ကို ဟောတော်မူပြီးလျှင် တန်ခိုးအာနုဘော်တော်အားဖြင့် ကဿပမြတ်စွာဘုရား၏ တစ်ယူဇနာ အမြင့်ရှိသော ရွှေစေတီတော်ကိုလည်းကောင်း၊ တစ်ပါးသော ရွှေစေတီတော်ကိုလည်းကောင်း ကောင်းကင်၌ ဖန်ဆင်းထုတ်ဆောင်တော်မူ၍ များစွာသော လူအပေါင်းကို ဖူးမြင်စေတော်မူလျက် “ပုဏ္ဏားကြီး- ဤသို့ သဘောရှိကုန်သော ပူဇော်ခြင်းငှာ ထိုက်ကုန်သော စေတီတော်တို့အား ပူဇော်ရခြင်းသည် အထူးအားဖြင့် သင့်လျော်သည်သာတည်း”ဟု မိန့်တော်မူသဖြင့် မဟာပရိနိဗ္ဗာနသုတ္တန်၌ ပြတော်မူအပ်သောနည်းအားဖြင့်သာလျှင် ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာသာဝက, စကြဝတေးမင်းဟု ဆိုအပ်သော လေးဦးသော စေတီထိုက်သော ပုဂ္ဂိုလ်တို့ကို ဟောပြတော်မူပြီးလျှင် ကိုယ်တော်ဓာတ်တော် စသော “သရီရ”စေတီတော်ကိုလည်းကောင်း၊ ရုပ်ပွားဆင်းတုဟူသော “ဥဒ္ဒိဿ” စေတီတော်ကိုလည်းကောင်း၊ သင်္ကန်းစသော ပရိက္ခရာနှင့်တကွ သုံးဆောင်ရာ ဗောဓိပင်စသော “ပရိဘောဂ” စေတီတော်ကိုလည်းကောင်း ဤသို့ စေတီတော် သုံးမျိုးတို့ကို အထူးအားဖြင့် ဟောပြတော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၉၅] ပူဇာရဟေ ပူဇယတော၊ ဗုဒ္ဓ ယဒိ ဝ သာဝကေ။
ပပဉ္စ သမတိက္ကန္တေ၊ တိဏ္ဏသောက ပရိဒ္ဒဝေ။

֍ * [၁၉၆] တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ။
န သက္ကာ ပုညံ သင်္ခါတုံ၊ ဣမေတ္တမပိ ကေနစိ။

ပူဇာရဟေ၊ ပူဇော်ခြင်းငှာ ထိုက်ကုန်သော။ ပပဉ္စ သမတိက္ကန္တေ၊ တဏှာ, ဒိဋ္ဌိ, မာနဟူသော သံသရာနယ်ချဲ့ တရား သုံးပါးတို့ကို လွန်မြောက်ပြီးကုန်သော။ တိဏ္ဏသောကပရိဒ္ဒဝေ၊ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတို့ကို လွန်မြောက်ပြီးကုန်သော။ ဗုဒ္ဓေ ဝါ၊ သဗ္ဗညု ဘုရားရှင်တို့ကိုလည်းကောင်း။ ယဒိဝါ၊ ထိုမှတစ်ဖြာ ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း။ သာဝကေ ဝါ၊ ဘုရားတပည့်သား သာဝကတို့ကိုလည်းကောင်း။ ပူဇယတော စ၊ ပူဇော်သောသူ၏လည်းကောင်း။ တာဒိသေ၊ ထိုသို့ ဆိုအပ်ပြီးသော သဘောရှိကုန်သော။ နိဗ္ဗုတေ၊ ကိလေသာမီးငြိမ်းပြီး နိဗ္ဗာန်စံလွန်တော်မူကြကုန်သော။ အကုတောဘယေ၊ ဘဝအာရုံ တစ်စုံတစ်ခုမှ ဘေးရန်မခကြကုန်သော။ တေ၊ ထိုနိဗ္ဗာန်စံကြ ဘုရား,ပစ္စေကဗုဒ္ဓါ, သာဝကတို့ကို။ ပူဇယတော စ၊ ပူဇော်သောသူ၏လည်းကောင်း။ ပုညံ၊ ကောင်းမှုကို။ ဧတ္တံ၊ အကျိုးဤမျှရှိ၏။ ဣတိ၊ ဤသို့။ ကေနစိ အပိ၊ ဗြဟ္မာနတ်လူ တစ်စုံတစ်ယောက်သော သူသည်လည်း။ တစ်နည်းကား။ ကေနစိ အပိ၊ တစ်စုံတစ်ခုသော မှန်းဆခြင်း, ချိန်ဖြင့် ချိန်းခြင်း, ခွက်ဖြင့် ချင့်ခြင်းအားဖြင့်လည်း။ သင်္ခါတုံ၊ အကျိုးအာနိသင်အားဖြင့် ရေတွက်ခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။

(ထိုသို့ သက်တော်ထင်ရှားရှိသော ဘုရား စသည်တို့ကို လည်းကောင်း၊ ပရိနိဗ္ဗာန်စံပြီးသော ဘုရား စသည်တို့ကို လည်းကောင်း ပူဇော်သောသူ၏ ကောင်းမှုအကျိုး မရေတွက်နိုင်သောကြောင့်သာလျှင် ဝိမာနဝတ္ထုပါဠိတော်၌-
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
တိဋ္ဌန္တေ စ၊ သက်တော်ထင်ရှား ဘုရားစသည်၌လည်းကောင်း။ နိဗ္ဗုတေစာပိ၊ နိဗ္ဗာန်ယူသွား ဘုရားစသည်၌လည်းကောင်း။ စိတ္တေ၊ စိတ်သည်။ သမေ၊ ညီမျှသည်ရှိသော်။ ဖလံ၊ အကျိုးသည်။ သမံ၊ ညီမျှလေ၏။ စေတောပဏိဓိဟေတု ဟိ၊ စိတ်ကြည်ညိုခြင်း အကြောင်းကြောင့်သာလျှင်။ သတ္တာ၊ သတ္တဝါတို့သည်။ သုဂ္ဂတိံ၊ သုဂတိဘဝသို့။ ဂစ္ဆန္တိ၊ လားကြ ရောက်ကြကုန်၏။ ဤသို့ ဟောတော်မူလေပြီဟူလို)။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုလယ်ထွန်သမား ပုဏ္ဏားကြီးသည် သောတာပန်ပုဂ္ဂိုလ် ဖြစ်လေ၏၊ တစ်ယူဇနာရှိသော ရွှေစေတီတော်ကြီးသည် ခုနှစ်ရက်ပတ်လုံး ကောင်းကင်၌သာလျှင် တည်လေ၏။ ကြီးကျယ်သောအားဖြင့် အစည်းအဝေးကြီးသည်လည်း ဖြစ်လေ၏။ ခုနစ်ရက်ပတ်လုံး စေတီတော်ကြီးကို အထူးထူး အပြားပြားအားဖြင့် ပူဇော်ကြလေကုန်၏၊ ထိုအခါ ပျက်သော အယူဝါဒရှိသော မိစ္ဆာဒိဋ္ဌိတို့အား မိစ္ဆာအယူ ပျက်စီးခြင်း ဖြစ်လေ၏။ ဘုရားရှင်၏ အာနုဘော်အားဖြင့် ထိုစေတီတော်ကြီးသည် မိမိနေရာသို့သာ ရောက်သွားလေ၏။ ထိုနေရာ၌သာလျှင် ထိုခဏ၌ ကြီးကျယ်သော ကျောက်စေတီတစ်ဆူ ဖြစ်ပေါ်လာတော်မူလေ၏ ထိုအစည်းအဝေး၌ ရှစ်သောင်းလေးထောင်သော သူတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍သိခြင်းသည် ဖြစ်လေ၏။

ကဿပဘုရား၏ ရွှေစေတီဝတ္ထု ပြီး၏။

ရွှေစေတီဝတ္ထုကို နှိုင်းချိန်စရာ ပြခြင်း

ရာဇဂြိုဟ်ပြည်၌ မထင်ရှားသော ပုဏ္ဏားတစ်ယောက်သည် ရဟန်းကြီးဂေါတမ၏ အတိုင်းအရှည်ပမာဏကို ယူခြင်းငှာ မတတ်ကောင်းဟု ကြားသိရသဖြင့် မြတ်စွာဘုရား၏ ဆွမ်းအလို့ငှာ ကြွဝင်တော်မူသောအခါ အတောင်ခြောက်ဆယ်ရှိသော ဝါးလုံးကိုယူ၍ မြို့တံခါး၏အပ၌ ရပ်တဲ့ပြီးလျှင် ဘုရားရှင် ကြွရောက်တော်မူလတ်သည်ရှိသော် ဝါးလုံးကိုင်လျက် အနီး၌ ရပ်လေ၏။ ဝါးလုံးသည် မြတ်စွာဘုရား၏ ပုဆစ်ဒူးခေါင်းတော်မျှလောက်သာ ရောက်လေ၏။ တဖန် မိုးသောက် နောက်တစ်နေ့၌ နှစ်ခုသော ဝါးလုံးတို့ကို ဆက်၍လျှင် အနီး၌ ရပ်တည်နေလေ၏။ ဘုရားရှင်သည်လည်း နှစ်ခုသော ဝါးလုံးတို့၏ အထက်၌ ခါးတော်မျှကိုသာလျှင် ထင်ရှားစွာ ပြုတော်‌မူလျက် “ပုဏ္ဏား.. အဘယ်အမှုကို ပြုဘိသနည်း”ဟု မိန့်တော်မူလေ၏။ “ရှင်တော်ဘုရားတို့၏ အတိုင်းအရှည်ပမာဏကို ယူပါသည်”ဟု လျှောက်ကြားလတ်သော် “ပုဏ္ဏား.. သင်သည် အလုံးစုံသော စကြဝဠာတိုက်ကို ပြည့်စေလျက် တည်ရှိကုန်သော ဝါးတို့ကိုဆက်စပ်ကာ အကယ်၍လည်း လာခဲ့ငြားအံ့၊ ငါဘုရား၏ အတိုင်းအရှည်ပမာဏကို ယူခြင်းငှာ မတတ်နိုင်လတ္တံ့၊ ထိုစကား မှန်၏။ ငါဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး အကြင်အခြင်းအရာအားဖြင့် ငါ၏ အတိုင်းအရှည်ပမာဏကို သူတစ်ပါး ယူနိုင်ရာ၏။ ထိုအခြင်းအရာအားဖြင့် ပါရမီတော်တို့ကို ဖြည့်ကျင့်အပ်သည် မဟုတ်ကုန်။ ပုဏ္ဏား- ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ဘုရားရှင်သည် အတုမရှိ မနှိုင်းယှဉ်အပ်”ဟု မိန့်တော်မူ၍ ဓမ္မပဒ၌-

တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ။
န သက္ကာ ပုညသင်္ခါတုံ၊ ဣမေတ္တမပိ ကေနစိ။

ဟူ၍--ဤဂါထာကို ဟောကြားတော်မူလေ၏။ ဂါထာ၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သူတို့သည် အမြိုက်နိဗ္ဗာန်တရားတော်ကို သောက်စို့ကြရလေကုန်၏။

ဤကား သုသီလက္ခန် အဋ္ဌကထာ။ ၄-သောဏဒဏ္ဍသုတ်၌ ပါရှိသော စကားရပ်ဖြစ်၏။

֍ * ၁။ ဉာတိကလဟဝူပသမနဝတ္ထု

သုသုခံ ဝတအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သက္ကတိုင်းတို့၌ နေတော်မူစဉ် ခိုက်ရန်ဖြစ်သော အဓိကရုဏ်းကို ငြိမ်းစေခြင်းငှာ ဆွေတော်မျိုးတော်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကပိလဝတ်နှင့် ကောလိယသားတို့ ရန်ပွဲ

သာကီဝင်မင်းသားတို့သည် ကပိလဝတ်ပြည်၏လည်းကောင်း, ကောလိယပြည်၏လည်းကောင်း အကြား၌ ရောဟိနီအမည်ရှိသော မြစ်တစ်ခုသည် ရှိ၏။ ထိုမြစ်ကို တစ်ခုတည်းသာဖြစ်သော ကန်သင်းအဆီးအတားဖြင့် ဖွဲ့စေ၍ ကောက်ပင်တို့ကို စိုက်ပျိုးလုပ်ဆောင်ကုန်သတတ်။ ထိုအခါ နယုန်လ၌ ကောက်ပင်တို့သည် ညှိုးနွမ်းကုန်သည်ရှိသော် နှစ်ပြည်ထောင်စလုံး၌ နေကြကုန်သောသူတို့၏ လယ်ထွန်,အမှုလုပ်သမားတို့သည် စည်းဝေးကြလေကုန်၏။ ထိုနှစ်ပြည်ထောင်သားတို့တွင် ကောလိယပြည်၌ နေသောသူတို့သည် “ဤရေကို နှစ်ပြည်ထောင်သားတို့ ဆောင်ယူအပ်သည်ရှိသော် သင်တို့အားလည်း မလုံလောက်လတ္တံ့၊ ငါတို့အားလည်း မလုံလောက်လတ္တံ့၊ ငါတို့၏ကောက်ပင်သည်ကား ရေတစ်ကြိမ်သွင်းခြင်းဖြင့်သာလျှင် အောင်မြင်ပြည့်စုံလတ္တံ့၊ ဤရေကို ငါတို့အား ပေးကြပါကုန်လော့”ဟု ဆိုကြလေကုန်၏။ ကပိလဝတ်ပြည်သားတို့သည်လည်း “သင်တို့သည် ကျီတို့၌ပြည့်စေ၍ နေကြကုန်သည်ရှိသော် ငါတို့သည် ဇမ္ဗူရဇ်ရွှေ, နီလာ, သို့မဟုတ် အညစ်အကြေးကင်းသော အသပြာပတ္တမြား, မည်းနက်သော အသပြာတို့ကိုလည်း ယူ၍ တောင်း,အိပ်,ပချုပ် စသည်တို့ကို လက်စွဲလျက် သင်တို့၏ အိမ်တံခါး၌ လှည့်လည်ခြင်းငှာမတတ်နိုင်ကြကုန်၊ ငါတို့၏ ကောက်ပင်သည်လည်း ရေတစ်ကြိမ် သွင်းခြင်းဖြင့်သာလျှင် အောင်မြင်ပြည့်စုံပေလတ္တံ့၊ ဤရေကို ငါတို့အား ပေးကြပါကုန်လော့”ဟု ဆိုကြလေကုန်၏။

“ငါတို့ကား မပေးနိုင်ကြကုန်”ဟု ဆိုသော် “ငါတို့လည်း မပေးနိုင်ကြကုန်”ဟု ဆိုသဖြင့် ဤသို့ စကားကို ကျယ်ပွားစေလျက် တစ်ယောက်သောသူသည် ထ၍ တစ်ယောက်သောသူအား ပုတ်ခတ်ခြင်းကို ပေးလေ၏။ ထိုသူကလည်း ထိုသူအား ပြန်လည် ပုတ်ခတ်ခြင်းကို ပေးလေ၏။ ဤသို့ အချင်းချင်း ပုတ်ခတ်ကြ၍ မင်းမျိုးတို့၏ ဇာတ်ရင်းကို ထိခိုက်ချုပ်ခြယ်လျက် ခိုက်ရန် ငြင်းခုံခြင်းကို ပွားစေကြလေကုန်၏၊ ကောလိယပြည်သား လယ်အမှုလုပ်သမားတို့သည် “သင်တို့သည် ကပိလဝတ်ပြည်၌ နေကုန်သော သူငယ်တို့ကိုယူ၍ သွားကြကုန်လော့၊ အကြင် ကပိလဝတ်ပြည်သားတို့သည် အိမ်ခွေး,တောခွေးစသော သတ္တဝါတို့ကဲ့သို့ မိမိ၏နှမတို့နှင့် အတူတကွ ပေါင်းဖော်နေထိုင်ကြလေကုန်၏၊ ထိုကပိလဝတ်ပြည်သားတို့၏ ဆင်တို့သည်လည်းကောင်း၊ မြင်းတို့သည်လည်းကောင်း၊ ကာ,ဒိုင်း လက်နက်တို့သည်လည်းကောင်း ငါတို့အား အဘယ်သို့ အန္တရာယ်ကို ပြုနိုင်ကြကုန်လတ္တံ့နည်း”ဟု ဆိုကြကုန်၏၊ ကပိလဝတ်ပြည်သား လယ်အမှုလုပ်သမားတို့သည်လည်း “သင်တို့သည် ယခုအခါ နူနာစွဲသော သူငယ်တို့ကိုယူ၍ သွားကြကုန်လော့၊ အကြင် ကောလိယပြည်သားတို့သည် ကိုးကွယ်ရာမဲ့, နေစရာ အိုးအိမ်မဲ့ကုန်လျက် တိရစ္ဆာန်တို့ကဲ့သို့ ကလောပင်၌ နေကြရကုန်၏။ ထိုကောလိယပြည်သားတို့၏ ဆင်တို့သည်လည်းကောင်း၊ မြင်းတို့သည်လည်းကောင်း၊ ကာ,ဒိုင်း လက်နက်တို့သည် လည်းကောင်း ငါတို့အား အဘယ်သို့ အန္တရာယ်ပြုနိုင်ကြကုန်လတ္တံ့နည်း”ဟု ဆိုကြကုန်၏။ ထိုလယ်အမှုလုပ်သမားတို့သည် သွား၍ ထိုအမှု၌ စီရင်နိုင်ကုန်သော အမတ်တို့အား တိုင်ကြားပြောဆိုကြလေကုန်၏၊ အမတ်တို့သည် မင်းဆွေမင်းမျိုးတို့အား ပြောကြားကြကုန်၏။ ထို့နောင်မှ သာကီဝင်မင်းမျိုးတို့သည် “နှမတို့နှင့် အတူတကွ ပေါင်းဖော်ခြင်းကိုပြု၍ နေထိုင်ကုန်သော သူတို့၏ အစွမ်းကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း ပြကြကုန်စို့အံ့”ဟု စစ်ရေးဆင်လျက် ထွက်ခဲ့ကြလေကုန်၏၊ ကောလိယမင်းသားတို့သည်လည်း ကလောပင်၌ နေကုန်သောသူတို့၏ အစွမ်းကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း ပြကြကုန်စို့အံ့”ဟု စစ်ရေးဆင်လျက် ထွက်ခဲ့ကြလေကုန်၏။

မြတ်စွာဘုရား ကြွသွားဆုံးမခြင်း

မြတ်စွာဘုရားသည်လည်း နံနက်စောစောအခါ၌ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ဆွေတော်မျိုးတော်တို့ကို မြင်ရလျှင် “ငါဘုရား ကြွမသွားသည်ရှိသော် ဤသူတို့သည် ပျက်စီးကြကုန်လတ္တံ့၊ ငါဘုရားသည် သွားခြင်းငှာသင့်၏”ဟု ကြံ၍ တစ်ကိုယ်တော်တည်းသာလျှင် ကောင်းကင်ဖြင့် ကြွသွားတော်မူပြီး ရောဟိနီမြစ်၏အလယ် ကောင်းကင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေ၏၊ ဆွေတော်မျိုးတော်တို့သည် မြတ်စွာဘုရားကို မြင်တဲ့လျှင် လက်နက်တို့ကိုစွန့်လျက် ရှိခိုးကြလေကုန်၏။

ရေနှင့် မင်းမျိုး ဘယ်အရာက တန်ဖိုးကြီးသနည်း

ထိုအခါ မင်းသားတို့ကို မြတ်စွာဘုရားသည် “မြတ်သော မင်းကြီး- ဤခိုက်ရန်ဖြစ်ခြင်းမည်သည် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း”ဟု မိန့်တော်မူလေ၏၊ “မြတ်စွာဘုရား- မသိပါဘုရား”ဟု လျှောက်လတ်သော် “အဘယ်သူ ယခု သိမည်နည်း”ဟု မေးတော်မူပြန်၏၊ “အိမ်ရှေ့မင်း သိပါလတ္တံ့၊ စစ်သူကြီး သိပါလတ္တံ့”ဟု ဤသို့သောနည်းဖြင့် ဤအမှုလုပ်တို့တိုင်အောင်သော သူတို့ကို မေးတော်မူသောကြောင့် “မြတ်စွာဘုရား- ရေအတွက် ခိုက်ရန် ငြင်းခုံခြင်း အဓိကရုဏ်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏၊ “မြတ်သောမင်းကြီး- ရေသည် အဘယ်မျှ ထိုက်တန်သနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ရေသည် အနည်းငယ်မျှသာ အဖိုးထိုက်တန်ပါသည်ဘုရား”ဟု လျှောက်ကုန်၏၊ “မြတ်သောမင်းကြီး- မင်းမျိုးတို့သည် အဘယ်မျှ အဖိုးထိုက်တန်ကြကုန်သနည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- မင်းမျိုးတို့မည်သည်ကား အဖိုး အတိုင်းမသိ ထိုက်တန်ကြပါသည်ဘုရား”ဟု လျှောက်ကြကုန်၏၊ “သင်တို့အား အနည်းငယ်မျှသော ရေကိုမှီ၍ အဖိုး အတိုင်းမသိ ထိုက်တန်သော မင်းတို့ကို ဖျက်ဆီးခြင်းငှာ မသင့်လေစွတကား”ဟု မိန့်တော်မူလျှင် ထိုသူတို့သည် ဆိတ်ဆိတ်နေကြလေကုန်၏။ ထိုအခါ ထိုလူတို့ကို မြတ်စွာဘုရားသည် ခေါ်တော်မူ၍ “မြတ်သောမင်းကြီး- ဤသို့ သဘောရှိသောအမှုကို အဘယ့်ကြောင့် ပြုကြကုန်ဘိသနည်း၊ ငါဘုရား မရှိလတ်သည်ရှိသော် ယနေ့ သွေးသည် မြစ်ကဲ့သို့ စီးသည် ဖြစ်ရာပြီ၊ သင်တို့ပြုသောအမှုသည် မသင့်လေစွတကား၊ သင်တို့သည် ငါးပါးသော ရန်ဖြင့် ရန်ရှိကြကုန်သည်ဖြစ်၍ နေကြကုန်ဘိ၏၊ ငါဘုရားသည် ရန်မရှိသည်ဖြစ်၍ နေတော်မူ၏။ သင်တို့သည် ကိလေသာဖြင့် နာကျင်ခြင်း ရှိကုန်သည်ဖြစ်၍ နေကြကုန်ဘိ၏၊ ငါဘုရားသည် ကိလေသာဖြင့် နာကျင်ခြင်း မရှိသည်ဖြစ်၍ နေတော်မူ၏၊ သင်တို့သည် ကာမဂုဏ်ကို ရှာမှီးရာ၌ လုံ့လကြောင့်ကြ ပြုကြ၍ နေကြကုန်ဘိ၏။ ငါဘုရားသည် လုံ့လကြောင့်ကြ မရှိသည်ဖြစ်၍ နေတော်မူ၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၁၉၇] သုသုခံ ဝတ ဇီဝါမ၊ ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုဿေသု၊ ဝိဟရာမ အဝေရိနော။

֍ * [၁၉၈] သုသုခံ ဝတ ဇီဝါမ၊ အာတုရေသု အနာတုရာ။
အာတုရေသု မနုဿေသု၊ ဝိဟရာမ အနာတုရာ။

֍ * [၁၉၉] သုသုခံ ဝတ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ။
ဥဿုကေသု မနုဿေသု၊ ဝိဟရာမ အနုဿုကာ။

ယေမယံ၊ အကြင်ငါတို့သည်။ ဝေရိနေသု၊ ငါးပါးသော ရန်ရှိကုန်သော။ မနုဿေသု၊ လူတို့၌။ အဝေရိနော၊ ရန်မရှိကုန်သည်ဖြစ်၍။ ဝိဟရာမ၊ နေနိုင်ကြကုန်၏။ တေမယံ၊ ထိုငါတို့သည်။ ဝေရိနေသု၊ ရန်ငါးပါးရှိကုန်သောသူတို့၌။ အဝေရိနော၊ ရန်ကင်းကုန်လျက်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ ဇီဝါမ ဝတ၊ အသက်ရှည်ကြရကုန်၏တကား။

ယေမယံ၊ အကြင်ငါတို့သည်။ အာတုရေသု၊ ကိလေသာဖြင့် နာကျင်ခြင်းရှိကြကုန်သော။ မနုဿေသု၊ လူတို့၌။ အနာတုရာ၊ ကိလေသာဖြင့် နာကျင်ခြင်း မရှိကုန်သည်ဖြစ်၍။ ဝိဟရာမ၊ နေနိုင်ကြကုန်၏။ တေမယံ၊ ထိုငါတို့သည်။ အာတုရေသု၊ ကိလေသာဖြင့် နာကျင်ခြင်းရှိကုန်သောသူတို့၌။ အနာတုရာ၊ နာကျင်ခြင်း ကင်းကုန်လျက်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ ဇီဝါမ ဝတ၊ အသက်ရှည်ကြရကုန်၏တကား။

ယေမယံ၊ အကြင်ငါတို့သည်။ ဥဿုကေသု၊ ကာမဂုဏ် ရှာဖွေမှု လုံ့လကြောင့်ကြ ပြုကြကုန်သော။ မနုဿေသု၊ လူတို့၌။ အနုဿုကာ၊ လုံ့လကြောင့်ကြ မပြုကုန်သည်ဖြစ်၍။ ဝိဟရာမ၊ နေနိုင်ကြကုန်၏။ တေမယံ၊ ထိုငါတို့သည်။ ဥဿုကေသု၊ ကာမအရာ လွန်စွာကြောင့်ကြအားထုတ်ခြင်းရှိကြသော သူတို့၌။ အနုဿုကာ၊ အားထုတ်ခြင်း ကင်းကုန်လျက်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ ဇီဝါမ ဝတ၊ အသက်ရှည်ကြရကုန်၏တကား။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဉာတိကလဟဝူပသမနဝတ္ထု ပြီး၏။

֍ * ၂။ မာရ်နတ်ဝတ္ထု

သုသုခံဝတ ဇီဝါမအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပဉ္စသာလမြို့ ပုဏ္ဏားတို့ရွာ၌ နေတော်မူစဉ် မာရ်နတ်သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဗုဒ္ဓအား ဆွမ်းမလောင်းရန် မာရ်နတ် တားခြင်း

တစ်နေ့သ၌ မြတ်စွာဘုရားသည် ငါးရာကုန်သော သတို့သမီးတို့၏ သောတာပတ္တိမဂ်ရကြောင်း ဥပနိဿယကို မြင်တော်မူ၍ ထိုရွာကို အမှီပြုလျက် နေတော်မူလေ၏။ ထိုသတို့သမီးတို့သည်လည်း တစ်ခုသော နက္ခတ် ပွဲသဘင်နေ့၌ မြစ်သို့သွား၍ ရေချိုးပြီးလျှင် တန်ဆာဆင်ခြင်းနှင့် စပ်ကုန်သည်ဖြစ်၍ ရွာသို့ရှေးရှု သွားကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ထိုရွာသို့ဝင်၍ ဆွမ်းအလို့ငှာ လှည့်လည်တော်မူ၏။ ထိုအခါ မာရ်နတ်သည် အလုံးစုံ ရွာ၌နေသော သူတို့၏ ကိုယ်၌ပူးဝင်၍ အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် မြတ်စွာဘုရားသည် တစ်ယောက်မမျှသော ဆွမ်းကိုလည်း မရ၊ ထိုသို့သော အခြင်းအရာဖြင့် ပြုသောကြောင့် အကြင်အကြင် ဆေးမြဲတိုင်းသော သပိတ်ဖြင့် ထွက်ကြွခဲ့သော မြတ်စွာဘုရားကို ရွာတံခါး၌ရပ်လျက် “ရှင်ရဟန်း- ဆွမ်းရပါ၏လော”ဟု လျှောက်ဆိုလေ၏။ “ယုတ်မာစွာသော မာရ်နတ်- အသို့နည်း၊ သင်သည် အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် ငါဘုရားသည် ဆွမ်းကို မရရာ၊ ထိုသို့သော အခြင်းအရာဖြင့် ပြုသည်မဟုတ်လော”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုသို့ဖြစ်မူ တစ်ဖန် ဝင်ကြွတော်မူကြပါလော့”ဟု ဆိုလေ၏။

ထိုခဏ၌ သတို့သမီး ငါးရာတို့သည် ရွာတံခါးသို့ ရောက်လာကြ၍ မြတ်စွာဘုရားကို မြင်လျှင် ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ တည်နေကြကုန်၏၊ မာရ်နတ်သည်လည်း မြတ်စွာဘုရားကို “မြတ်စွာဘုရား- ဆွမ်းမရကြကုန်သည်ရှိသော် ဆာလောင်ခြင်းဟူသော ဆင်းရဲခြင်းဖြင့် နှိပ်စက်အပ်ကုန်ပြီလော”ဟု လျှောက်ဆိုလေ၏၊ ဘုရားရှင်သည် “မာရ်နတ်ယုတ်- ငါတို့သည် ယနေ့တစ်စုံတစ်ခုကို မရသော်လည်း အာဘဿရဘုံ၌ မဟာဗြာဟ္မာကြီးတို့ကဲ့သို့ ပီတိဟူသော ချမ်းသာဖြင့်သာလျှင် လွန်စေကြကုန်အံ့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၀၀] သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။
ပီတိဘက္ခာ ဘဝိဿာမ၊ ဒေဝါ အာဘဿရာ ယထာ။

ပါပိမ၊ မာရ်နတ်ယုတ်။ ယေသံနော၊ အကြင်ငါတို့အား။ ကိဉ္စနံ၊ ရာဂစသော တစ်စုံတစ်ခုသော ကြောင့်ကြခြင်းသည်။ နတ္ထိ၊ မရှိ။ တေမယံ၊ ထိုငါတို့သည်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ ဇီဝါမ ဝတ၊ အသက်ရှည်ကြရကုန်၏တကား။ အာဘဿရာ၊ အာဘဿရဘုံ၌ ဖြစ်ကုန်သော။ ဒေဝါ၊ ဗြာဟ္မာတို့သည်။ ပီတိဘက္ခာ ယထာ၊ ပီတိဟူသော အစာရှိကုန်သကဲ့သို့။ မယမ္ပိ၊ ငါတို့သည်လည်း။ ပီတိဘက္ခာ၊ ပီတိဟူသော အစာရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာစလုံးလည်းဖြစ်ကုန်သော သတို့သမီးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

မာရ်နတ်ဝတ္ထု ပြီး၏။

֍ * ၃။ ကောသလမင်း စစ်ရှုံးသော ဝတ္ထု

ဇယံ ဝေရံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကောသလမင်းကြီး၏ စစ်ရှုံးခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကောသလမင်း စစ်ရှုံး၍ သေရန် ကြံရွယ်ခြင်း

ကောသလမင်းကြီးသည် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရနှင့် ဝေဒေဟီမိဖုရားတို့ကို ထိမ်းမြားစဉ်က မဟာကောသလခမည်းတော်မင်းမြတ်က ပေးသနားအပ်သော ကာသိကမည်သော ရွာကို ပြန်ရလိုမှုဖြင့် တူဖြစ်သော အဇာတသတ်မင်းနှင့် အတူတကွ စစ်ထိုးလတ်သည်ရှိသော် သုံးကြိမ်တိုင်တိုင် စစ်ရှုံးရှာရလေသတတ်၊ သုံးကြိမ်မြောက် ရှုံးသောအခါ၌ “ငါသည် နို့ရည်နံ့မှ မစင်သေးသော သူငယ်ကိုသော်လည်း စစ်ရှုံးစေခြင်းငှာ မတတ်နိုင်၊ ငါ့အား အသက်ရှင်ခြင်းဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း”ဟု ကြံ၍ ကောသလမင်းကြီးသည် အစာဖြတ်ခြင်းကိုပြုလျက် ညောင်စောင်းထက်၌ စက်တော်ခေါ်လေ၏၊ ထိုအခါ ကောသလမင်းကြီး၏ ထိုအကြောင်းသည် မြို့အလုံးကိုလည်း ပျံ့နှံ့လေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကောသလမင်းကြီးသည် ကာသိကရွာကိုမှီ၍ သုံးကြိမ်တိုင်တိုင် စစ်ရှုံးခဲ့လေသတတ်၊ ထိုကောသလမင်းကြီးသည် ယခုအခါ စစ်ရှုံးသဖြင့် ပြန်လာ၍ နို့ရည်နံ့မှ မစင်သေးသော သူငယ်ကို ရှုံးစေခြင်းငှာ မတတ်နိုင်၊ ငါ့အား အသက်ရှင်ခြင်းဖြင့် အဘယ် အကျိုးရှိတော့အံ့နည်းဟုကြံ၍ အာဟာရဖြတ်ခြင်းကို ပြုလျက် ညောင်စောင်းထက်၌ စက်တော်ခေါ်ပါသတတ်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏၊ ဘုရားရှင်သည် ထိုရဟန်းတို့၏စကားကို ကြားရလျှင် “ချစ်သားရဟန်းတို့- နိုင်သောသူသည်လည်း ရန်ပွား၏။ ရှုံးသောသူသည်ကား နှလုံးမသာမယာ ဆင်းရဲစွာ အိပ်စက်ရသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၀၁] ဇယံ ဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော။
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ။

ဇယံ-ဇယန္တော၊ သူတစ်ပါးကို အောင်သောသူသည်။ ဝေရံ၊ ရန်ကို။ ပသဝတိ၊ ပွားစေ၏။ ပရာဇိတော၊ ရှုံးသောသူသည်။ ဒုက္ခံ၊ ဆင်းရဲစွာ။ သေတိ၊ နေရ၏။ ဥပသန္တော၊ ငြိမ်းပြီးသော ကိလေသာရှိသော ရဟန္တာသည်။ ဇယပရာဇယံ၊ အောင်ခြင်း ရှုံးခြင်းကို။ ဟိတွာ၊ စွန့်၍။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကောသလမင်း စစ်ရှုံးဝတ္ထု ပြီး၏။

֍ * ၄။ အညတရ ကုလဒါရိကာဝတ္ထု

နတ္ထိ ရာဂသမောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော သတို့သမီးငယ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မင်္ဂလာနေ့ သံဃာအား လုပ်ကျွေးခြင်း

ထိုသတို့သမီးငယ်အား မိခင်,ဖခင်တို့သည် ထိမ်းမြားခြင်း မင်္ဂလာပြုလုပ်ပြီးလျှင် မင်္ဂလာပြုသောနေ့၌ မြတ်စွာဘုရားကို ပင့်ဖိတ်ကြကုန်သတတ်၊ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံတော်မူလျက် ထိုအိမ်သို့ကြွ၍ နေထိုင်တော်မူလေ၏။ ထိုချွေးမငယ်သည်လည်း ရဟန်းသံဃာတော်အပေါင်း၏အလို့ငှာ သောက်တော်ရေစစ် စသည်တို့ကို ပြုလုပ်လျက် ထိုမှဤမှ အဖန်ဖန် သွားလာလျက် ရှိလေ၏။ ထိုသူငယ်မ၏ ခင်ပွန်းယောက်ျားသည်လည်း သူငယ်မကို ကြည့်ရှုကာ ရပ်တည်နေလေ၏။ ထိုယောက်ျားသည် တပ်နှစ်သက်သော ရာဂ၏အစွမ်းဖြင့် ကြည့်ရှုနေစဉ် ကိုယ်တွင်း၌ ကိလေသာသည် အကြိမ်များစွာ ဖြစ်ပေါ်လေ၏။ ထိုသတို့သားသည် အဝိဇ္ဇာဟူသော မောဟမှောင်ဖြင့် နှိပ်စက်ခြင်းကြောင့် ဘုရားရှင်ကိုလည်း မလုပ်ကျွေးနိုင်၊ ရှစ်ကျိပ်သော မဟာထေရ်ကြီးတို့ကိုလည်း မလုပ်ကျွေးနိုင်ရှာ။ လက်ကို ဆန့်တန်းကာ ဇနီး သတို့သမီး မိန်းမငယ်ကို ဆွဲကိုင်လိုက်အံ့ဟု ဤသို့သော စိတ်အကြံကိုကား ပြုလေဘိ၏။ မြတ်စွာဘုရားသည် ထိုသတို့သား၏အလိုကို ကြည့်ရှုတော်မူပြီးလျှင် အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် ထိုမိန်းမငယ်ကို မမြင်နိုင်၊ ဤသို့သော အခြင်းအရာဖြင့် ပြုတော်မူလေ၏။ ထိုသတို့သားသည် သတို့သမီးငယ်ကို မမြင်ရသည်ရှိသော် မြတ်စွာဘုရားကို ဖူးမြော်လျက် ရပ်တည်နေလေ၏။ ဘုရားရှင်သည် ထိုသတို့သား ဖူးမြော်ကာ တည်နေသောအခါ၌ သတို့သမီးငယ်ကို “ရာဂဟူသော မီးနှင့်တူသော မီးမည်သည် မရှိ၊ ဒေါသဟူသော အပြစ်နှင့်တူသော အပြစ်မည်သည် မရှိ၊ ခန္ဓာဝန်ကို ဆောင်ရွက်ခြင်းကြောင့်ဖြစ်သော ဆင်းရဲခြင်းနှင့်တူသော ဆင်းရဲခြင်းမည်သည် မရှိ၊ နိဗ္ဗာန်ချမ်းသာနှင့်တူသော ချမ်းသာခြင်းမည်သည် မရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၂၀၂] နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ကလိ။
နတ္ထိ ခန္ဓသမာ ဒုက္ခာ၊ နတ္ထိ သန္တိပရံ သုခံ။

ရာဂသမော၊ ရာဂနှင့်တူသော။ အဂ္ဂိ၊ မီးသည်။ နတ္ထိ၊ မရှိ။ ဒေါသသမော၊ ဒေါသနှင့်တူသော။ ကလိ၊ အပြစ်သည်။ နတ္ထိ၊ မရှိ။ ခန္ဓသမာ၊ အမြဲမပြတ် ရွက်ဆောင်ရသော ခန္ဓာနှင့်တူကုန်သော။ ဒုက္ခာ၊ ဆင်းရဲခြင်းတို့သည်။ နတ္ထိ နသန္တိ၊ မရှိကုန်။ သန္တိပရံ၊ နိဗ္ဗာန်ထက် လွန်မြတ်သော။ သုခံ၊ ချမ်းသာခြင်းသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ သတို့သမီးသည်လည်းကောင်း၊ သတို့သားသည်လည်းကောင်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ ထိုသောတာပန် တည်ပြီးသောအခါ၌ မြတ်စွာဘုရားသည် ထိုသတို့သား သတို့သမီးတို့အား အချင်းချင်း မြင်သောအခြင်းအရာကို ပြုတော်မူလေ၏။

အညတရ ကုလဒါရိကာ ဝတ္ထုပြီး၏။

֍ * ၅။ နွားပျောက်သော ဥပါသကာ ဝတ္ထု

ဇိဃစ္ဆာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် အာဠဝီပြည်၌ နေတော်မူစဉ် နွားပျောက်သော ဒါယကာတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လူဆင်းရဲ၌ ဘုရားရှင်၏ ကရုဏာတော်

တစ်နေ့သ၌ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော် ဂန္ဓကုဋီ၌ နေတော်မူလျက်သာလျှင် နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် အာဠဝီပြည်၌ လူဆင်းရဲတစ်ယောက်ကို မြင်တော်မူရ၍ ထိုလူဆင်းရဲ၏ ဥပနိဿယနှင့် ပြည့်စုံခြင်းကို သိတော်မူသဖြင့် ငါးရာသော ရဟန်းခြံရံလျက် အာဠဝီပြည်သို့ ကြွသွားတော်မူလေ၏။ အာဠဝီပြည်သူပြည်သားတို့သည် မြတ်စွာဘုရားကို ပင့်ဖိတ်ကြကုန်၏။ ထိုလူဆင်းရဲသည်လည်း မြတ်စွာဘုရား ကြွလာတော်မူသတတ်ဟု ကြားရ၍ မြတ်စွာဘုရား၏ အထံတော်၌ တရားနာအံ့ဟု စိတ်ကို ပြုလေ၏။ ထိုနေ့၌ပင်လျှင် ထိုလူဆင်းရဲ၏ နွားတစ်ကောင်သည် ထွက်ပြေးလေ၏။ ထိုလူဆင်းရဲသည် “အသို့နည်း၊ နွားကို ရှာဖွေရအံ့လော၊ ထိုသို့မဟုတ် တရားကို နာရအံ့လော”ဟု ကြံသည်ရှိသော် “နွားကိုရှာပြီးမှ နောက်၌ တရားနာအံ့”ဟု နှလုံးပြုလျက် နံနက်စောစောကပင်လျှင် အိမ်မှ ထွက်ခွာသွားလေ၏။ အာဠဝီပြည်၌ နေသောသူတို့သည်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို နေထိုင်စေ၍ ဆွမ်းလုပ်ကျွေးပြီးမှ အနုမောဒနာ ပြုစေခြင်းအကျိုးငှာ သပိတ်ကို ယူကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း “ဤသူဆင်းရဲကိုမှီ၍ ငါသည် ယူဇနာ သုံးဆယ်ရှိသော ခရီးသို့ လာခဲ့၏၊ ထိုသူဆင်းရဲသည် နွားကို ရှာဖွေခြင်းငှာ တောသို့ဝင်ဆဲ ဖြစ်သေး၏။ ထိုလူဆင်းရဲ လာမှသာလျှင် တရားဟောအံ့”ဟု ဆိတ်ဆိတ်နေတော်မူလေ၏။ ထိုသူဆင်းရဲသည်လည်း နေ့လယ်၌ နွားကိုတွေ့မြင်ရလျှင် နွားအုပ်အတွင်း၌ ထည့်သွင်းခဲ့၍ “တစ်ပါးသောအမှုသည် အကယ်၍ကား မရှိ၊ ထိုသို့မရှိသော်လည်း မြတ်စွာဘုရားအား ရှိခိုးခြင်းမျှကိုသာလျှင် ပြုတော့အံ့”ဟု နှလုံးပြုလျက် ဆာလောင်ခြင်းဖြင့် နှိပ်စက်အပ်သော်လည်း အိမ်သို့သွားခြင်းငှာ စိတ်ကို မပြုတဲ့မူ၍ လျင်မြန်စွာ ဘုရား၏အထံတော်သို့ လာသဖြင့် မြတ်စွာဘုရားကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။

ဘုရားရှင်က ထမင်းကျွေးခိုင်းခြင်း

မြတ်စွာဘုရားသည် ထိုသူဆင်းရဲ၏ တည်နေလာသော ကာလ၌ အလှူ၌ အမှုကြီးငယ် ရွက်ဆောင်သောသူကို “သံဃာ၏ စိုးစဉ်းကြွင်းကျန်သော ထမင်းရှိသလော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အလုံးစုံ ရှိပါသေးသည်ဘုရား”ဟု လျှောက်ဆိုလတ်သည်ရှိသော် “ဤသူကို ကျွေးမွေးဦးလော့”ဟု မိန့်တော်မူပြန်၏။ ထိုအလှူ၌ ဆောင်ရွက်သောသူသည် မြတ်စွာဘုရား မိန့်ကြားသောနည်းဖြင့်သာလျှင် ထိုသူကို နေစေ၍ ယာဂုခဲဖွယ် ဘောဇဉ်တို့ဖြင့် ရိုသေစွာ ကျွေးမွေးလေ၏။ ထိုသူဆင်းရဲသည် ထမင်းစားပြီးသည်ရှိသော် ခံတွင်းကို ဆေးကြောလေ၏။

(သုံးပုံသော ပိဋကတ်တို့၌ ဤနေရာကိုဖယ်ထား၍ တစ်ပါးသောနေရာ၌ မြတ်စွာဘုရား၏ ထမင်းကျွေးရန် စီရင်ခြင်းမည်သည် မရှိလေသတတ်။)

ငြိမ်းအေးပြီးသော ပူပန်ခြင်းရှိသော ထိုသူဆင်းရဲ၏ စိတ်သည် တည်တည်ကြည်ကြည် ဖြစ်လေ၏။ ထိုအခါ သူဆင်းရဲအား မြတ်စွာဘုရားသည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူသဖြင့် သစ္စာလေးပါးတို့ကို ပြတော်မူလေ၏။ ထိုသူဆင်းရဲသည် ဒေသနာတော်၏ အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်လေ၏။ မြတ်စွာဘုရားသည်လည်း အနုမောဒနာကို ပြုပြီးလျှင် နေရာမှထ၍ ဖဲကြွတော်မူလေ၏။ များစွာသော လူအပေါင်းသည် မြတ်စွာဘုရားကို အစဉ်လိုက်ပို့ကာ ပြန်နစ်လေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားနှင့် အတူတကွ သွားကြကုန်စဉ်သာလျှင် “ငါ့ရှင်တို့- မြတ်စွာဘုရား၏အမှုကို ကြည့်ရှုကြစမ်းပါကုန်လော၊ တစ်ပါးသောနေ့တို့၌ ဤသို့သော သဘောမရှိ၊ ယနေ့၌မူကား ထိုလူကို မြင်လျှင်မြင်ချင်း ယာဂုစသည်တို့ကို စီရင်၍ ပေးစေလေ၏”ဟု ကဲ့ရဲ့ကြကုန်၏။ မြတ်စွာဘုရားသည် ပြန်နစ်တော်မူ၍ ရပ်တော်မူလျက် “ချစ်သားရဟန်းတို့- အဘယ်စကားကို ပြောဆိုကြကုန်ဘိသနည်း”ဟု မေးတော်မူသဖြင့် ထိုအကြောင်းကို ကြားသိတော်မူရလျှင် “ချစ်သားရဟန်းတို့- ဟုတ်မှန်လှပေ၏။ ယူဇနာသုံးဆယ်ရှိသော ခရီးခဲသို့ ကြွလာသော ငါဘုရားသည် ထိုဒါယကာ၏ ဥပနိဿယ အကြောင်းကို မြင်တော်မူ၍ ကြွလာခဲ့ပေ၏၊ ထိုသူဆင်းရဲသည် အလွန်လျှင် မွတ်သိပ်ဆာလောင်ဘိ၏၊ နံနက်စောစောမှစ၍ နွားကို ရှာဖွေလျက် တော၌ လှည့်လည်သွားလာရ၏၊ မွတ်သိပ်ဆာလောင်ခြင်းဟူသော ဆင်းရဲခြင်းဖြင့် တရားတော်ကို ဟောကြားအပ်သော်လည်း ထိုးထွင်း၍သိခြင်းငှာ မတတ်နိုင်လတ္တံ့ဟု ကြံ၍ ဤသို့ စီရင်ခြင်းကို ပြုတော်မူရ၏၊ မွတ်သိပ်ဆာလောင်ခြင်းတည်းဟူသော အနာရောဂါနှင့်တူသော အနာရောဂါမည်သည် မရှိ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၀၃] ဇိဃစ္ဆာ ပရမာ ရောဂါ၊ သင်္ခါရ ပရမာ ဒုခါ။
ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

ဇိဃစ္ဆာ၊ မွတ်သိပ်ဆာလောင်ခြင်းသည်။ ပရမာ၊ လွန်ကဲသော။ ရောဂါ၊ အနာမည်၏။ သင်္ခါရာ၊ ခန္ဓာငါးပါးတည်းဟူသော သင်္ခါရတို့သည်။ ပရမာ၊ လွန်ကဲကုန်သော။ ဒုခါ၊ ဒုက္ခတို့မည်ကုန်၏။ ဧတံ၊ ဤသဘောကို။ ယထာဘူတံ၊ ဟုတ်သောအတိုင်း။ ဥတွာ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သစ္ဆိကရောတိ၊ မျက်မှောက်ပြု၏။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ ပရမံ၊ ချမ်းသာတကာတို့ထက် လွန်မြတ်သော။ သုခံ၊ ချမ်းသာခြင်း မည်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

နွားပျောက်သော ဥပါသကာဝတ္ထု ပြီး၏။

֍ * ၆။ ပသေနဒီ ကောသလမင်း ဝတ္ထု

အာရောဂျပရမာ လာဘာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပသေနဒီ ကောသလမင်းကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အစားကြီးခြင်းသည် ဆင်းရဲခြင်း၏ အကြောင်း

အခါတစ်ပါး၌ ပသေနဒီ ကောသလမင်ကြီးသည် ဆန်တစ်စရွတ် (တစ်စိတ်) ချက်ထမင်းကို ထိုထမင်းအား လျောက်ပတ်သော ဟင်းလျာဖြင့် ပွဲတော်တည်၏။ တစ်နေ့သ၌ နံနက်စာထမင်း ပွဲတော်တည်ပြီးသည်ရှိသော် ထမင်းကြောင့်ဖြစ်သော ယစ်ခြင်းကို မပျောက်မီ မြတ်စွာဘုရား၏ အထံတော်သို့ သွားရောက်၍ ပင်ပန်းသော သဘောရှိလှသဖြင့် တပြောင်းပြန်ပြန် ထိုမှဤမှ လူးလဲလေ၏။ ငိုက်မျဉ်းခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်သော်လည်း ဖြောင့်ဖြောင့်အိပ်ခြင်းငှာ မတတ်နိုင်သောကြောင့် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။ ထိုအခါ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- အသို့နည်း၊ အပင်ပန်း မပြေမီသာလျှင် လာခဲ့လေသလော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ဟုတ်မှန်လှပါသည်၊ ထမင်းသုံးဆောင်ပြီးသော အခါမှစ၍ တပည့်တော်အား ကြီးစွာသော ဆင်းရဲခြင်းသည် ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် ထိုအခါ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- အလွန်များစွာ စားခြင်းသည် ဤသို့ ဆင်းရဲခြင်း ဖြစ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

မိဒ္ဓီ ယဒါ ဟောတိ မဟဂ္ဃသောစ၊ နိဒ္ဒါယိတာ သမ္ပရိဝတ္တသာယီ။
မဟာ၀ရာဟောဝ နိဝါပပုဋ္ဌော၊ ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။

ယဒါ၊ အကြင်အခါ၌။ ပုရိသော၊ ယောက်ျားသည်။ မိဒ္ဓီ စ၊ ငိုက်မျဉ်းခြင်းရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ မဟဂ္ဃသောစ၊ အတိုင်းအရှည်မရှိသော များစွာ အစားကြူးသည်လည်း။ ဟောတိ၊ ဖြစ်၏။ နိဝါပပုဋ္ဌော၊ အစာကျွေး၍ မွေးမြူအပ်သော။ မဟာဝရာဟောဝ၊ အိမ်ဝက်ကြီးကဲ့သို့။ နိဒ္ဒါယိတာ၊ ငိုက်မျဉ်းခြင်း အလေ့ရှိသည်။ သမ္ပရိဝတ္တသာယီ၊ တပြောင်းပြန်ပြန် လူးလဲ၍ အိပ်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ လက္ခဏာနိ၊ အနိစ္စ, ဒုက္ခ, အနတ္တ ဟူသော လက္ခဏာတို့ကို။ မနသိကာတုံ၊ နှလုံးသွင်းခြင်းငှာ။ န သက္ကောတိ၊ မတတ်နိုင်။ အမနသိကရောန္တော၊ နှလုံးမသွင်းနိုင်သည်ဖြစ်၍။ မန္ဒော၊ ပညာနည်းသော။ သော ပုရိသော၊ ထိုယောက်ျားသည်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဂဗ္ဘံ၊ အမိဝမ်းတိုက်သို့။ ဥပေတိ၊ ကပ်ရောက်ရ၏။

အတိုင်းအရှည်ဖြင့် စားခြင်းသည် ချမ်းသာခြင်း၏ အကြောင်း

ဤဂါထာဖြင့် ဆုံးမ၍ “မြတ်သောမင်းကြီး- စားခြင်းမည်သည်ကား အတိုင်းအရှည်အားဖြင့် စားခြင်းငှာ သင့်လျော်၏၊ အတိုင်းအရှည်ဖြင့် စားသောသူသည် ချမ်းသာစွာဖြစ်၏”ဟု ဆုံးမတော်မူပြီးလျှင် ထို့ထက်အလွန် ဆုံးမတော်မူပြန်လိုသည်ဖြစ်၍ ဤဂါထာကို မိန့်တော်မူလေ၏။

မနုဇဿ သဒါ သတီမတော၊ မတ္တံ ဇာနတော လဒ္ဓဘောဇနေ။
တနုကဿ ဘဝန္တိ ဝေဒနာ၊ သဏိကံ ဇီရတိ အာယုပါလယံ။

သဒါ၊ အခါခပ်သိမ်း။ သတီမတော၊ သတိရှိသော။ လဒ္ဓဘောဇနေ၊ ရအပ်သော ဘောဇဉ်၌။ မတ္တံဇာနတော၊ အတိုင်းအရှည်ကို သိထသော။ အဿ မနုဇဿ၊ ထိုသူအား။ ဝေဒနာ၊ ဝေဒနာတို့သည်။ တနုကာ၊ ခေါင်းပါးကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ အာယုပါလယံ၊ အသက်ကို စောင့်ရှောက်လျက်။ သဏိကံ၊ နှေးနှေး။ ဇီရတိ၊ အစာကြေ၏။

ကောသလမင်းကြီးသည် ဂါထာကို သင်ယူခြင်းငှာ မတတ်နိုင်။ အနီး၌တည်နေသော နှမ၏သား တူတော်ဖြစ်သော သုဒဿန အမည်ရှိသော လုလင်ကို “ချစ်သား- ဤဂါထာကို သင်ယူလော့”ဟု ဆိုလေ၏။ ထိုလုလင်သည် ထိုဂါထာကို သင်ယူပြီးလျှင် “မြတ်စွာဘုရား- အဘယ်သို့ ပြုရပါမည်နည်းဘုရား”ဟု မေးလျှောက်လေ၏။ ထိုအခါ လုလင်ကို မြတ်စွာဘုရားသည် “မင်းကြီး ထမင်းသုံးဆောင်စဉ် နောက်ဆုံး ထမင်းဆုပ်ပြုသောကာလ၌ ဤဂါထာကို ရွတ်ဆိုလေလော့”ဟု မိန့်တော်မူ၍ “မင်းကြီးသည် အနက်ကို မှတ်သားမိသဖြင့် အကြင်ထမင်းဆုပ်ကို စွန့်လတ္တံ့၊ ထိုထမင်းဆုပ်၌ ထမင်းလုံး အရေအတွက်အားဖြင့် မင်းကြီးအလို့ငှာ ပွဲတော် ထမင်းချက်သောကာလ ထိုမျှအတိုင်းအရှည်ရှိသော ဆန်စေ့တို့ကို ပယ်နုတ်လေလော့”ဟု မိန့်တော်မူလေ၏။ ထိုလုလင်သည် “မြတ်စွာဘုရား- ကောင်းလှပါပြီဘုရား”ဟု ဝန်ခံ၍ ညချမ်းအခါ၌လည်းကောင်း၊ နံနက်အခါ၌လည်းကောင်း မင်းကြီး ထမင်းပွဲတော်တည်စဉ် နောက်ဆုံး ထမင်းဆုပ်ပြုသောအခါ ထိုဂါထာကို ရွတ်၍ မင်းကြီးသည် စွန့်အပ်သော ထမင်းဆုပ်၌ ထမင်းလုံး အရေအတွက်အားဖြင့် ဆန်စေ့တို့ကို ယုတ်စေလေ၏။ မင်းကြီးသည်လည်း ထိုတူ-သုဒဿနလုလင်၏ ဂါထာကို ကြားရလျှင် တစ်ထောင်တစ်ထောင်သော ဥစ္စာကို ပေးစေလေ၏။ ထိုမင်းကြီးသည် နောက်အခါ၌ တစ်ကွမ်းစား(တစ်စလယ်)ချက် ထမင်းအတိုင်းအရှည်ဖြင့် ကောင်းစွာတည်တံ့နိုင်၍ ချမ်းသာခြင်းသို့ရောက်သဖြင့် ခေါင်းပါးပိန်ကြုံသော ကိုယ်ရှိသည်ဖြစ်လေ၏။ ထိုအခါ တစ်နေ့သ၌ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ယခုအခါ တပည့်တော်အား ချမ်းသာခြင်းဖြစ်ပါပြီ၊ သားသမင်ကိုလည်းကောင်း၊ မြင်းကိုလည်းကောင်း လိုက်၍ ဖမ်းခြင်းငှာ စွမ်းနိုင်သော သဘောရှိပါပြီဘုရား၊ ရှေးအခါ၌ တပည့်တော်၏တူ အဇာတသတ်မင်းနှင့်တကွ စစ်ထိုးခြင်းသည်သာလျှင် ဖြစ်ရပါသည်၊ ယခုအခါ ဝဇိရအမည်ရှိသော ချစ်သမီးကို တူအားဆောင်နှင်း၍ ထိုကာသိကရွာကို သတို့သမီးအားသာလျှင် ရေချိုးကသယ်မှုံ့ဖိုး ပေးလိုက်ပါပြီ၊ ထိုတူ-အဇာတသတ်နှင့်တကွ ခိုက်ရန်ဖြစ်ခြင်းသည် ငြိမ်းအေးပါပြီ၊ တပည့်တော်အား ဤအကြောင်းကြောင့်လည်း ချမ်းသာခြင်းသည်သာလျှင် ဖြစ်ရပါသည်ဘုရား၊ အမျိုး၏ အမွေဥစ္စာဖြစ်သော မင်းသုံးနန်းစဉ် ပတ္တမြားရတနာသည် တကာတော်၏ နန်းတော်တွင်း၌ ရှေးဖြစ်သော နေ့တွင် ပျောက်ဆုံးခဲ့ပါသည်၊ ထိုပတ္တမြားရတနာသည်လည်း ယခုအခါ လက်တွင်းသို့ ရောက်၍လာပါပြီ၊ ဤအကြောင်းကြောင့်လည်း တပည့်တော်အား ချမ်းသာခြင်းသည်သာလျှင် ဖြစ်ရပါသည်ဘုရား၊ ရှင်တော်မြတ်ဘုရားတို့၏ တပည့်သား သာဝကတို့နှင့် အတူတကွ အကျွမ်းဝင်ခြင်းကို အလိုရှိသဖြင့် သာကီဝင် မင်းဆွေမင်းမျိုး သတို့သမီးသည်လည်း တပည့်တော်၏ နန်းတော်သို့ ရောက်လာပါပြီ၊ ဤအကြောင်းကြောင့်လည်း တပည့်တော်အား ချမ်းသာခြင်းသည်သာလျှင် ဖြစ်ရပါသည်ဘုရား”ဟု လျှောက်ထားလေ၏၊ ဘုရားရှင်သည် “မြတ်သောမင်းကြီး- အနာမရှိခြင်းမည်သည် မြတ်သော လာဘ်မည်၏၊ ရရသမျှသော ပစ္စည်းနှင့် ရောင့်ရဲနှစ်သက်ခြင်းနှင့်တူသော ဥစ္စာသည်လည်းကောင်း၊ အကျွမ်းဝင်ခြင်းနှင့်တူသော မြတ်သောဆွေမျိုးသည်လည်းကောင်း နိဗ္ဗာန်နှင့်တူသော လွန်ကဲသော ချမ်းသာခြင်းမည်သည် လည်းကောင်း မရှိ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၀၄] အရောဂျ ပရမာ လာဘာ၊ သန္တုဋ္ဌိပရမံ ဓနံ။
ဝိဿာသပရမာ ဉာတိ၊ နိဗ္ဗာနပရမံ သုခံ။

အာရောဂျံ၊ အနာမရှိသောအဖြစ်သည်။ ပရမာ၊ လွန်ကဲသော။ လာဘာ၊ လာဘ်တည်း။ သန္တုဋ္ဌိ၊ မိမိ ရအပ်သော ဥစ္စာဖြင့် ရောင့်ရဲနှစ်သက်ခြင်းသည်။ ပရမံ၊ လွန်ကဲသော။ ဓနံ၊ ဥစ္စာတည်း။ ဝိဿာသာ၊ အကျွမ်းဝင်ခြင်းသည်။ ပရမာ၊ ကောင်းမြတ်သော။ ဉာတိ၊ အဆွေအမျိုးတည်း။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ ပရမံ၊ လွန်ကဲသော။ သုခံ၊ ချမ်းသာတည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပသေနဒီကောသလမင်းကြီးဝတ္ထု ပြီး၏။

֍ * ၇။ တိဿမထေရ်ဝတ္ထု

ပဝိဝေကရသံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်၌ နေတော်မူစဉ် အမှတ်မရှိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားအလိုတော်ကျ ပူဇော်နည်း

မြတ်စွာဘုရားသည် “ချစ်သားရဟန်းများတို့- ငါဘုရားသည် ဤနေ့မှစ၍ လေးလတို့ဖြင့် လွန်သောအခါ ပရိနိဗ္ဗာန် စံလွန်တော်မူပေအံ့”ဟု မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား၏အထံတော်၌ ရဟန်းခုနစ်ရာတို့သည် ထိတ်လန့်ခြင်းသို့ ရောက်ကြလေကုန်၏၊ ရဟန္တာပုဂ္ဂိုလ်တို့အား ဓမ္မသံဝေဂဖြစ်လေ၏။ ပုထုဇဉ်တို့သည် မျက်ရည်တို့ကို ဆည်းခြင်းငှာ မတတ်နိုင်ကြကုန်၊ ရဟန်းတို့သည် အစုအစုဖြစ်၍ “အဘယ်သို့ ပြုကြရပါကုန်အံ့နည်း”ဟု တိုင်ပင်ကာသာ လှည့်လည်သွားလာကြကုန်၏။ ထိုအခါ တိဿမထေရ် အမည်ရှိသော ရဟန်းတစ်ပါးသည် “မြတ်စွာဘုရားသည် လေးလလွန်သောအခါ ပရိနိဗ္ဗာန် စံယူတော်မူလတ္တံ့၊ ငါသည်လည်း ရာဂမကင်းသေးသောသူ ဖြစ်၏။ မြတ်စွာဘုရားသည် သက်တော်ထင်ရှား ရှိစဉ်သာလျှင် ငါသည် အရဟတ္တဖိုလ်ကို ယူခြင်းငှာ သင့်၏”ဟု ဣရိယာပုထ်လေးပါးတို့၌ တစ်ယောက်အထီးတည်း နေထိုင်လေ၏၊ ရဟန်းတို့၏အထံသို့ သွားခြင်းသည်လည်းကောင်း၊ တစ်စုံတစ်ယောက်သောရဟန်းနှင့် အတူတကွ စကားပြောဆိုခြင်းသည်လည်းကောင်း မရှိ၊ ထိုအခါ တိဿမထေရ်ကို ရဟန်းတို့သည် “ငါ့ရှင်တိဿ- အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း”ဟု မေးမြန်းကြလေကုန်၏။ တိဿမထေရ်သည် ထိုရဟန်းတို့၏စကားကို နားမထောင်ဘဲသာ နေလေ၏၊ ထိုရဟန်းတို့သည် တိဿမထေရ်အကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြ၍ “မြတ်စွာဘုရား- ရှင်တော်မြတ်တို့အပေါ်၌ တိဿမထေရ်အား ချစ်ခင်မြတ်နိုးခြင်းသည် မရှိပါဘုရား”ဟု လျှောက်ဆိုကြလေကုန်၏၊ မြတ်စွာဘုရားသည် တိဿရဟန်းကို ခေါ်စေတော်မူ၍ “ချစ်သားတိဿ- အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း”ဟု မေးတော်မူလေ၏၊ ထိုတိဿမထေရ်သည် မိမိအလိုကို လျှောက်ကြားလတ်သည်ရှိသော် “ချစ်သားတိဿ- ကောင်းပေစွ, ကောင်းပေစွ”ဟု ကောင်းချီးပေးတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ငါဘုရား၌ ချစ်ခင်မြတ်နိုးခြင်းရှိသောသူသည် တိဿရဟန်းနှင့် တူသည်သာလျှင် ဖြစ်ကြကုန်လော့၊ နံ့သာပန်းစသည်တို့ဖြင့် ပူဇော်ခြင်းကို ပြုကြကုန်သော်လည်း ငါဘုရားကို ပူဇော်ကြသည်မမည်ကုန်၊ လောကုတ္တရာတရား ကိုးပါး အားလျော်သော အကျင့်ကို ကျင့်ကုန်သော သူတို့သည်သာလျှင် ငါဘုရားကို ပူဇော်ကြသည် မည်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၀၅] ပဝိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိ ရသံ ပိဝံ။

ဓမ္မပီတိ၊ တရားအရသာကို သောက်စို့ရသော သူသည်။ ပဝိဝေကရသဉ္စ၊ ဆိတ်ငြိမ်ရာ၌ တစ်ယောက်တည်းနေသဖြင့် ရအပ်သော ချမ်းသာခြင်း အရသာကိုလည်းကောင်း။ ဥပသမဿ၊ ကိလေသာ ငြိမ်းအေးခြင်း၏။ ဝါ၊ နိဗ္ဗာန်၏။ ရသဉ္စ၊ အရသာကို လည်းကောင်း။ ပိတွာ၊ သောက်ရသောကြောင့်။ နိဒ္ဒရောစ၊ ရာဂစသော အပူကင်းသည် လည်းကောင်း။ နိပ္ပါပေါ၊ ယုတ်မာခြင်း ကင်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ ရသံ၊ လောကုတ္တရာတရား ကိုးပါး၏အစွမ်းဖြင့်ဖြစ်သော အရသာကို။ ပိဝံ ပိဝန္တောပိ၊ သောက်စို့ရသော်လည်း။ နိဒ္ဒရောစ၊ ရာဂစသော အပူကင်းသည် လည်းကောင်း နိပ္ပါပေါစ၊ ယုတ်မာခြင်း ကင်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ တိဿမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

တိဿမထေရ်ဝတ္ထု ပြီး၏။

֍ * ၈။ သိကြားမင်း လုပ်ကျွေးသောဝတ္ထု

သာဟုဒဿနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝရွာ၌ နေတော်မူစဉ် သိကြားမင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင်၏ အညစ်အကြေး သိကြားမင်း ရွက်ဆောင်ခြင်း

မြတ်စွာဘုရားအား အာယုသင်္ခါရကို လွှတ်တော်မူပြီးသည်ရှိသော် သွေးသွန်သော အနာရောဂါ၏ ဖြစ်သည့်အဖြစ်ကို သိရလျှင် သိကြားနတ်မင်းသည် “ငါကား မြတ်စွာဘုရား၏ အထံတော်သို့သွား၍ သူနာအလုပ်အကျွေးပြုခြင်းငှာ သင့်၏”ဟု ကြံ၍ သုံးဂါဝုတ် အတိုင်းအရှည်ရှိသော အတ္တဘောကို စွန့်သဖြင့် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် လက်တို့ဖြင့် ခြေတော်တို့ကို သုံးသပ်ဆုပ်နယ်ကာ နေလေ၏။ ထိုအခါ သိကြားမင်းကို မြတ်စွာဘုရားသည် “ဤသူကား အဘယ်သူနည်း”ဟု မိန့်တော်မူလေ၏၊ “မြတ်စွာဘုရား- တပည့်တော်ကား သိကြားနတ်မင်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်လတ်သော် “အဘယ့်ကြောင့် လာသနည်း”ဟု မိန့်တော်မူပြန်၏။ “မြတ်စွာဘုရား- မကျန်းမမာဖြစ်ကုန်သော ရှင်တော်မြတ်ဘုရားတို့ကို လုပ်ကျွေးခြင်းငှာ လာပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် “သိကြားမင်း- နတ်တို့အား လူတို့၏အနံ့သည် ယူဇနာ တစ်ရာမှစ၍ လည်ပင်း၌ ဆွဲထားအပ်သော အကောင်ပုပ်ကဲ့သို့ ဖြစ်ဘိ၏၊ သင်သိကြားမင်းသည် ပြန်သွားလေလော့၊ ငါ့အား သူနာပြု အလုပ်အကျွေးဖြစ်သော ရဟန်းတို့သည် ရှိကုန်၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- တပည့်တော်သည် ယူဇနာ ရှစ်သောင်း လေးထောင် မြင့်သော မြင်းမိုရ်တောင်ထိပ်၌ တည်နေလျက် ရှင်တော်မြတ်ဘုရားတို့၏ သီလဟူသော အနံ့ကို နမ်းရှုပ်ရပါသောကြောင့် ရောက်လာပါသည်၊ တပည့်တော်သာလျှင် လုပ်ကျွေးပါမည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် သိကြားမင်းသည် မြတ်စွာဘုရား၏ ကိုယ်လက်တော်သုတ်သင်ရာ အညစ်အကြေးအိုးကို သူတစ်ပါးအား လက်ဖြင့်သော်လည်း ထိစိမ့်သောငှာ မပေးဘဲ ဦးခေါင်း၌သာလျှင် ထားတဲ့၍ ထုတ်ဆောင်သဖြင့် မျက်နှာ၏ ရှုံးခြင်း,တွန့်ခြင်းမျှကိုလည်း မပြု၊ နံ့သာအိုးကို ရွက်ဆောင်ရဘိသကဲ့သို့ ဖြစ်လေ၏၊ ဤသို့ မြတ်စွာဘုရားကို စောင့်ရှောက်သုတ်သင်၍ မြတ်စွာဘုရား ချမ်းချမ်းသာသာ ရှိသောအခါ၌သာလျှင် ပြန်သွားလေ၏။ ရဟန်းတို့သည် “မြတ်စွာဘုရား၌ သိကြားမင်း၏ ချစ်ကြည်မြတ်နိုးခြင်းကား အံ့သြစဖွယ် ကြီးကျယ်လေစွ၊ ဤသို့ သဘောရှိသည်မည်သော နတ်၌ဖြစ်သော စည်းစိမ်ကို စွန့်၍ မျက်နှာရှုံ့ခြင်း, တွန့်ခြင်းမျှကိုလည်း မပြုသဖြင့် နံ့သာအိုးကို ထုတ်ဆောင်ဘိသကဲ့သို့ မြတ်စွာဘုရား၏ ကိုယ်လက်တော်သုတ်သင် အညစ်အကြေးအိုးကို ဦးခေါင်းဖြင့် ရွက်ဆောင်လျက် လုပ်ကျွေးခြင်းကို ပြုဘိ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။

(အာယု+သင်္ခါရ = အသက်ကို+ပြုပြင်တတ်သော ဖလသမာပတ်။ နေရာအချို့၌ အသက်ကိုပင် အာယုသင်္ခါရဟု ခေါ်သေး၏၊ ဤနေရာ၌ အသက်ဟူသော အာယုသင်္ခါရကို မလို၊ အသက် ပြုပြင်သော ဖလသမာပတ်ဟူသော အာယုသင်္ခါရကိုသာ အလိုရှိအပ်၏။ နောက်ဆုံး ဝါကို ဝေဠုဝရွာ၌ ဝါကပ်စ ဝါဆိုလကစ၍ မကျန်းမမာ ဖြစ်ခဲ့လေရာ ဖလသမာပတ်ဟူသော အာယုသင်္ခါရဖြင့် စောင့်ရှောက်လာခဲ့ပြန်လျှင် တပို့တွဲလ ရောက်သောအခါ နောက်သုံးလထက် ပို၍ မဝင်စားတော့ပြီဟု ဖလသမာပတ်ဟူသော အာယုသင်္ခါရကို လွှတ်တော်မူလေသည် ဟူလို။)

သောတာပန်တည်၍ သိကြားပျိုဖြစ်ခြင်း

မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားရလျှင် “ချစ်သားရဟန်းတို့- အဘယ်သို့ ပြောဆိုကြကုန်ဘိသနည်း၊ သိကြားနတ်မင်းသည် ငါဘုရား၌ အကြင် ချစ်ကြည်မြတ်နိုးခြင်းကို ပြု၏၊ ဤသို့ ချစ်ကြည်မြတ်နိုးခြင်းကို ပြုခြင်းသည် အံ့သြဖွယ်မရှိ၊ ဤသိကြားနတ်မင်းသည် ငါဘုရားကိုမှီ၍ အိုလေပြီးသော သိကြား၏အဖြစ်ကို စွန့်လျက် သောတာပန်ဖြစ်သဖြင့် နုပျိုသော သိကြား၏အဖြစ်သို့ ရောက်ပေ၏၊ ငါဘုရားသည် သေဘေးမှ ထိတ်လန့်ကြောက်ရွံ့သည်ဖြစ်၍ ပဉ္စသီခမည်သော ဂန္ဓဗ္ဗနတ်သားကို ရှေ့သွားပြုသဖြင့် ရောက်လာသောအခါ ဣန္ဒသာလမည်သော လိုဏ်ဂူ၌ နတ်ပရိသတ်၏ အလယ်တွင်နေသော ထိုသိကြားမင်းအား-

ပုစ္ဆ ဝါသဝ မံ ပဉှ၊ ယံကိဉ္စိ မနသိစ္ဆသိ။
တဿ တဿေဝ ပဉှဿ၊ အဟံ အန္တံ ကရောမိ တေ။

ဝါသဝ၊ သိကြားနတ်မင်း။ မနသိ၊ သင်၏စိတ်၌။ ယံကိဉ္စိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော ပြဿနာကို။ ဣစ္ဆသိ၊ မေးမြန်းရန် အလိုရှိ၏။ မံ၊ ငါဘုရားကို။ တံပဉှံ၊ ထိုပြဿနာကို။ ပုစ္ဆ၊ မေးဘိလော့။ အဟံ၊ ငါဘုရားသည်။ တဿ တေ၊ ထိုသင့်အား။ တဿေဝ ပဉှဿ၊ ထိုပြဿနာ၏သာလျှင်။ အန္တံ၊ အဆုံးကို။ ကရောမိ၊ ပြုပေအံ့။

ဤသို့ မိန့်တော်မူပြီးလျှင် ထိုသိကြားမင်း၏ ယုံမှားသံသယကို ပယ်ဖျောက်တော်မူလျက် တရား ဟောကြားတော်မူလေပြီ၊ တရားဒေသနာတော်၏အဆုံး၌ တစ်ဆယ့်လေးကုဋေသော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍သိခြင်းသည် ဖြစ်လေ၏၊ သိကြားမင်းသည်လည်း ထိုင်၍ နေမြဲတိုင်းသာလျှင် သောတာပတ္တဖိုလ်သို့ ရောက်၍ စုတေကာ ဥပါပတ်ပဋိသန္ဓေဖြင့် ပျိုနုသော သိကြားမင်း ဖြစ်လေ၏။ ဤသို့လျှင် ထိုသိကြားမင်းအား ငါဘုရားသည် များသော ကျေးဇူးရှိဖူး၏၊ သိကြားမင်း၏ ငါဘုရား၌ ချစ်ကြည်မြတ်နိုးခြင်းမည်သည် အံ့သြဖွယ်မရှိ၊ ချစ်သားရဟန်းတို့- အရိယာပုဂ္ဂိုလ်တို့အား ဖူးမြင်ရခြင်းသည်လည်း ချမ်းသာ၏၊ ထိုအရိယာပုဂ္ဂိုလ်တို့နှင့် အတူတကွ တစ်ခုတည်းသောအရပ်၌ အတူနေထိုင်ရခြင်းသည်လည်း ချမ်းသာ၏၊ မလိမ္မာကုန်သော သူမိုက်တို့နှင့် အတူတကွ ဖြစ်၍ကား ဤအလုံးစုံသည် ဆင်းရဲ၏”ဟု မိန့်တော်မူ၍ ဤဂါထာအပေါင်းကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၀၆] သာဟု ဒဿန မရိယာနံ၊ သန္နိဝါသော သဒါ သုခေါ။
အဒဿနေန ဗာလာနံ၊ နိစ္စမေဝ သုခီ သိယာ။

֍ * [၂၀၇] ဗာလသင်္ဂတစာရီဟိ၊ ဒီဃမဒ္ဓါန သောစတိ။
ဒုက္ခော ဗာလေဟိ သံဝါသော၊ အမိတ္တေနေဝ သဗ္ဗဒါ။
ဓီရောစ သုခသံဝါသော၊ ဉာတီနံဝ သမာဂမော။

֍ * [၂၀၈] တသ္မာ ဟိ ဓီရဉ္စ ပညဉ္စ၊
ဗဟုဿုတဉ္စ ဓောရယှ သီလံဝတဝန္တမရိယံ။
တံ တာဒိသံ သပ္ပုရိသံ သုမေဓံ၊
ဘဇေထ နက္ခတ္တပထံဝ စန္ဒိမာ။

အရိယာနံ၊ အရိယာဖြစ်သော သူတော်ကောင်းတို့ကို။ ဒဿနံ၊ ဖူးမြင်ရခြင်းသည်။ သာဟု၊ ကောင်း၏။ သန္နိဝါသော၊ သူတော်ကောင်းတို့နှင့် အတူတကွ နေရခြင်း, ဝတ်ကြီးဝတ်ငယ်ကို ပြုခွင့်ရခြင်းသည်။ သဒါ၊ အခါခပ်သိမ်း။ သုခေါ၊ ချမ်းသာ၏။ ဗာလာနံ၊ သူမိုက်တို့ကို။ အဒဿနေန၊ မမြင်ရခြင်းကြောင့်။ နိစ္စမေဝ၊ အမြဲသာလျှင်။ သုခီ၊ ချမ်းသာခြင်းရှိသည်။ သိယာ၊ ဖြစ်ရာ၏။

ဟိ၊ ထိုစကားသင့်စွ။ ဗာလသင်္ဂတစာရီ၊ မလိမ္မာသူ လူမိုက်နှင့် အတူတကွ လှည့်လည်သွားလာခြင်းရှိသော သူသည်။ ဒီဃံ၊ ရှည်မြင့်စွာသော။ အဒ္ဓါနံ၊ ကာလပတ်လုံး။ သောစတိ၊ စိုးရိမ်ရ၏။ အမိတ္တေန၊ လက်နက်ရှိသော ရန်သူ, မြွေဆိုးစသော ရန်သူနှင့်။ သံဝါသော၊ အတူတကွ နေရခြင်းသည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဒုက္ခော ဣဝ၊ ဆင်းရဲသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဗာလေဟိ၊ မလိမ္မာသောသူ လူမိုက်တို့နှင့်။ သံဝါသော၊ အတူတကွ နေရခြင်းသည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဒုက္ခော၊ ဆင်းရဲ၏။

ဉာတီနံ၊ မိဘစသော ဆွေမျိုးတို့နှင့်။ သမာဂမော၊ အတူတကွ ပေါင်းဖော်ရခြင်းသည်။ သုခသံဝါသော၊ ချမ်းသာစွာ ပေါင်းဖော်ရခြင်း ရှိသကဲ့သို့။ ဓီရောဝ၊ ပညာရှိသော သူသည်သာလျှင်။ သုခသံဝါသော၊ ချမ်းသာစွာ ပေါင်းဖော်ရခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။

တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဓီရဉ္စ၊ တည်ကြည်သော သမာဓိလည်း ရှိထသော။ ပညဉ္စ၊ လောကုတ်လောကီ နှစ်လီသော ပညာလည်း ရှိထသော။ ဗဟုသုတဉ္စ၊ အရအမိ ဗဟုဿုတလည်း ရှိထသော။ ဓောရယှ၊ အရဟတ္တဖိုလ်သို့ ရောက်စေတတ်သောဝန်ကို ဆောင်တတ်သော အလေ့အထရှိသော။ သီလံဝတဝန္တံ၊ သီလအကျင့်, ဓုတင်အကျင့်လည်း ရှိထသော။ အရိယံ၊ ကိလေသာတို့မှ ဝေးကွာသည်လည်း ဖြစ်ထသော။ တံတာဒိသံ၊ ထိုသို့သဘောရှိသော။ သုမေဓံ၊ ကောင်းမြတ် တင့်တယ်သော ပညာရှိသော။ သပ္ပုရိသံ၊ သူတော်ကောင်းကို။ နက္ခတ္တပထံ၊ နက္ခတ်တာရာ ကြယ်တကာပျံသန်း ကောင်းကင်လမ်းသို့။ စန္ဒိမာ၊ လမင်းသည်။ ဘဇတိ ဣဝ၊ ဆည်းကပ်သကဲ့သို့။ ဘဇေထ၊ ဆည်းကပ်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သိကြားမင်း လုပ်ကျွေးသောဝတ္ထု ပြီး၏။

֍ * ၁။ တယောဇနပဗ္ဗဇိတဝတ္ထု

အယောဂေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုံးဦးသော ရဟန်းပြုသောသူတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မခွဲနိုင်ကြသောသူ သုံးယောက်

သာဝတ္ထိပြည်၌ တစ်ဦးသောအမျိုးဝယ် အမိအဖတို့အား ချစ်ခင်အပ်သည်ဖြစ်၍ နှလုံးကို ပွားစေတတ်သော တစ်ယောက်တည်းသော သတို့သားသည် ရှိသတတ်၊ ထိုသတို့သားသည် တစ်နေ့သ၌ အိမ်၌ ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ အနုမောဒနာတရားဟောခြင်းကို ပြုကြကုန်သော ရဟန်းတော်တို့၏ တရားစကားကို ကြားနာရသဖြင့် ရဟန်းပြုလိုသည် ဖြစ်သောကြောင့် မိခင်ဖခင်တို့ကို တောင်းပန်လေ၏။ မိခင်ဖခင်တို့သည် ခွင့်မပြုကြလေကုန်၊ ထိုသတို့သားအား “ငါကား မိခင်ဖခင်တို့၏ မမြင်ကြကုန်စဉ်သာလျှင် အပသို့သွား၍ ရဟန်းပြုတော့အံ့”ဟု ဤသို့သော အကြံဖြစ်လေ၏။ ထိုအခါ သတို့သား၏ ဖခင်သည် ပြင်ပသို့ ထွက်သွားသည်ရှိသော် “ဤသားကို စောင့်ရှောက်လေလော့”ဟု မိခင်ကို အပ်နှံခဲ့လေ၏၊ မိခင်သည် ပြင်ပသို့ ထွက်သွားသော်လည်း ဖခင်ကို လက်ခံစေလေ၏။ ထိုအခါ တစ်နေ့သ၌ ဖခင် ပြင်ပသို့သွားသည်ရှိသော် မိခင်သည် “သားကို စောင့်ရှောက်အံ့”ဟု တံခါးပေါင် တစ်ဖက်ကိုမှီပြီး တံခါးပေါင်တစ်ဖက်ကို ခြေတို့ဖြင့် ဖိကန်သဖြင့် မြေ၌ထိုင်လျက် ချည်ကို ငင်၏၊ ထိုသတို့သားသည် “ဤမိခင်ကို လှည့်စား၍ သွားအံ့”ဟု ကြံလျက် “မိခင်- အတန်ငယ် ဖယ်ပေးပါ၊ ကိုယ်လက် သုက်သင်ခြင်းကို ပြုပါရစေဦး”ဟု ဆိုခြင်းကြောင့် ထိုမိခင်သည် ခြေတို့ကို ကွေးလိုက်သည်ရှိသော် ထွက်၍ လျင်မြန်စွာ ကျောင်းသို့ သွားပြီးလျှင်၊ ရဟန်းတို့၏အထံသို့ ချဉ်းကပ်သဖြင့် “အရှင်ဘုရားတို့- တပည့်တော်ကို ရဟန်းပြုပေးတော်မူကြပါဘုရား”ဟု တောင်းပန်၍ ထိုရဟန်းတို့၏အထံ၌ ရဟန်းပြုလေ၏။ ထိုအခါ ထိုသတို့သား၏ ဖခင်သည် ပြန်လည်လာ၍ “ငါ့သား အဘယ်မှာနည်း”ဟု မိခင်ကို မေးလေ၏။ “အရှင်- ဤအရပ်၌ ရှိပါသည်”ဟု ဆိုလျှင် ဖခင်သည် “ငါ့သား အဘယ်မှာ ရှိသနည်း”ဟု လိုက်လံကြည့်ရှုရာ သတို့သားကို မတွေ့မြင်ရလေသောကြောင့် “ကျောင်းသို့သွားသည် ဖြစ်လတ္တံ့”ဟု နှလုံးပြုလျက် ကျောင်းသို့ လိုက်သွားသည်ရှိသော် ရဟန်းဖြစ်နေသော သားကို မြင်ရလျှင် ငိုကြွေးမြည်တမ်းလျက် “ချစ်သား- အဘယ့်ကြောင့် ဖခင်ကို နှိပ်စက်ဖျက်ဆီးဘိသနည်း”ဟု ဆို၍ “ငါ့သား ရဟန်းပြုသည်ရှိသော် ယခုအခါ ငါသည် အိမ်၌နေသဖြင့် အဘယ်အမှုကို ပြုလုပ်ရအံ့နည်း၊ အဘယ်အကျိုး ရှိတော့အံ့နည်း”ဟု မိမိကိုယ်တိုင်လည်း ရဟန်းတို့၏အထံ၌ တောင်းပန်၍ ရဟန်းပြုလေ၏။

ထိုအခါ သတို့သား၏မိခင်သည် “ငါ၏သားသည် လည်းကောင်း၊ လင်ယောက်ျားသည်လည်းကောင်း အဘယ့်ကြောင့် ကြာမြင့်ကြရကုန်ဘိသနည်း”ဟု တွေးတောလျက် “အသို့နည်း၊ ကျောင်းသို့သွား၍ ရဟန်းပြုလေသလော”ဟု ထိုသားအဖတို့ကို လိုက်လံကြည့်ရှုလိုသည်ဖြစ်၍ ကျောင်းသို့ လိုက်သွားသည်ရှိသော် သားအဖနှစ်ဦးလုံးတို့ပင် ရဟန်းပြုနေကြသည်တို့ကို မြင်ရလျှင် “ဤသူတို့၏ ရဟန်းပြုသောအခါ ငါ့အား အိမ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ကြံ၍ မိမိကိုယ်တိုင်လည်း ဘိက္ခုနီမကျောင်းသို့ သွားသဖြင့် ရဟန်းပြုလေ၏၊ ထိုသုံးဦးသော သူတို့သည် ရဟန်းပြုပြီးကြကုန်သော်လည်း တခြားစီဖြစ်ခြင်းငှာ ကင်း၍နေခြင်းငှာ မတတ်နိုင်ကြကုန်၊ ရဟန်းတို့၏ကျောင်း၌လည်းကောင်း၊ ဘိက္ခုနီမတို့၏ ကျောင်း၌လည်းကောင်း တစ်ပေါင်းတည်းသာလျှင် နေကြ၍ စကားပြောကြားလျက် နေ့ကို ကုန်လွန်စေကြကုန်၏၊ ထိုသုံးဦးသောသူတို့သည် ရဟန်းယောက်ျားတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ကိုလည်းကောင်း နှောင့်ယှက်နှိပ်စက်ကြကုန်၏။ ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် ထိုသုံးဦးသောသူတို့၏ ပြုပုံအမူအရာကို မြတ်စွာဘုရားအား လျောက်ကြားကြလေကုန်၏၊ ဘုရားရှင်သည် ထိုသုံးဦးသောသူတို့ကို ခေါ်စေတော်မူပြီးလျှင် “သင်တို့သည် ဤသို့ ပြုကြကုန်၏ဟူသည် မှန်သလော”ဟု မေးတော်မူသောကြောင့် “မှန်လှပါသည် ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “အဘယ့်ကြောင့် ဤသို့ ပြုကြကုန်ဘိသနည်း၊ ဤအမူအရာသည် ရဟန်းတို့ အားထုတ်သင့်သော အမူအရာ မဟုတ်”ဟု မိန့်တော်မူသဖြင့် “မြတ်စွာဘုရား တပည့်တော်တို့သည် တခြားစီဖြစ်ခြင်းငှာ မတတ်နိုင်ကြပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏၊ “ရဟန်းပြုသောအခါမှစ၍ ဤသို့ ပြုခြင်းသည် မသင့်၊ ချစ်အပ်သော သတ္တဝါ,သင်္ခါရတို့ကို မမြင်ရခြင်းသည်လည်းကောင်း၊ မချစ်အပ်သော သတ္တဝါ,သင်္ခါရတို့ကို မြင်ရခြင်းသည်လည်းကောင်း ဆင်းရဲခြင်းသာလျှင် ဖြစ်၏။ ထို့ကြောင့် သတ္တဝါတို့၌လည်းကောင်း၊ သင်္ခါရတို့၌လည်းကောင်း တစ်စုံတစ်ခုသော ချစ်ခြင်းကိုလည်းကောင်း၊ မချစ်ခြင်းကိုလည်းကောင်း ပြုခြင်းငှာ မသင့်”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၀၉] အယောဂေ ယုဉ္ဇမတ္တာနံ၊ ယောဂသ္မဉ္စ အယောဇယံ။
အတ္ထံ ဟိတွာ ပိယဂ္ဂါဟီ၊ ပိဟေတတ္တာနုယောဂိနံ။

֍ * [၂၁၀] မာ ပိယေဟိ သမာဂဉ္ဆိ၊ အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။

֍ * [၂၁၁] တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။
ဂန္ထာ တေသံ န ဝိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။

အယောဂေ၊ မသင့်သောအားဖြင့် နှလုံးသွင်းခြင်း၌။ ဝါ၊ ဝေသိယာဂေါစရစသော အဂေါစရခြောက်ပါးကို မှီဝဲခြင်း၌။ အတ္တာနံ၊ မိမိကိုယ်ကို။ ယုဉ္ဇ ယုဉ္ဇန္တော၊ အားထုတ်လေ့ရှိထသော။ ယောဂသ္မိံ၊ သင့်သောအားဖြင့် နှလုံးသွင်းခြင်း၌။ အယောဇယံ- အယောဇယန္တော၊ အားမထုတ်လေ့ရှိသော။ အတ္ထံ၊ အဓိသီလစသော သိက္ခာသုံးပါး အကျိုးတရားကို။ ဟိတွာ၊ ပယ်စွန့်၍။ ပိယဂ္ဂါယီ၊ ကာမဂုဏ်ငါးဖြာ စုံမက်စရာကို လွန်ကဲစွာ စွဲလမ်းလေ့ရှိသောသူသည်။ အတ္တာနုယောဂိနံ၊ မိမိကိုယ်ကို ကောင်းစွာ အားထုတ်လေ့ရှိသော ပုဂ္ဂိုလ်တို့အား။ ပိဟေတိ၊ တောင့်တ၏။

ပိယေဟိ၊ ချစ်အပ်ကုန်သော သတ္တဝါ,သင်္ခါရတို့နှင့်။ ကုဒါစနံ၊ တရံတဆစ်မျှ။ မာ သမာဂဉ္ဆိ၊ မပေါင်းဖော်လင့်။ အပ္ပိယေဟိ၊ မချစ်အပ်သော သတ္တဝါ,သင်္ခါရတို့နှင့်။ ကုဒါစနံ၊ တရံတဆစ်မျှ။ မာ သမာဂဉ္ဆိ၊ မပေါင်းဖော်လင့်။ ပိယာနံ၊ ချစ်အပ်သော သတ္တဝါ,သင်္ခါရတို့ကို။ အဒဿနံ၊ ကွေကွင်းသဖြင့် မမြင်ရခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲ၏။ အပ္ပိယာနံ၊ မချစ်အပ်သော သတ္တဝါ,သင်္ခါရတို့ကို။ ဒဿနံ၊ ချဉ်းကပ်သဖြင့် မြင်ရခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲ၏။

တသ္မာ၊ ထို့ကြောင့်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော သတ္တဝါ,သင်္ခါရကို။ ပိယံ၊ ချစ်ခြင်းကို။ န ကယိရာထ၊ မပြုရာ။ ဟိ၊ ထိုစကားသင့်စွ။ ပိယာပါယော၊ ချစ်သောသူတို့နှင့် ကွေကွင်းခြင်းသည်။ ပါပကော၊ ယုတ်မာ၏။ ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့အား။ ပိယာပ္ပိယံ၊ ချစ်ခြင်း,မုန်းခြင်းသည်။ နတ္ထိ၊ မရှိ။ တေသံ၊ ထိုပုဂ္ဂိုလ်တို့အား။ ဂန္ထာ၊ အဘိဇ္ဈာစသော ကာယဂန္ထတို့သည်။ န ဝိဇ္ဇန္တိ ၊ မရှိကုန်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ ထိုသုံးဦးသော သူတို့သည်ကား “ငါတို့ကား တသီးတခြား ဖြစ်ခြင်းငှာ (ကင်း၍ နေခြင်းငှာ) မတတ်နိုင်ကြကုန်”ဟု လူထွက်၍ အိမ်သို့သာလျှင် ပြန်သွားကြလေကုန်၏။

တယောဇနပဗ္ဗဇိတဝတ္ထု ပြီး၏။

֍ * ၂။ မထင်ရှားသော သူကြွယ်ဝတ္ထု

ပိယတော ဇာယတီအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော သူကြွယ်တစ်ဦးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သားသေသော ဒါယကာအား ဆုံးမခြင်း

ထိုသူကြွယ်သည်လည်း မိမိ၏သား သေဆုံးလတ်သော် သား၌ဖြစ်သော စိုးရိမ်ခြင်းသည် လွန်စွာ နှိပ်စက်အပ်သည်ဖြစ်၍ သင်္ချိုင်းသို့သွားကာ ငိုကြွေးရှာလေ၏၊ သား၌ဖြစ်သော စိုးရိမ်ခြင်းကို ကောင်းစွာ တန့်ရပ်စေခြင်းငှာ မတတ်နိုင်၊ မြတ်စွာဘုရားသည် နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် သူကြွယ်၏ သောတာပတ္တိမဂ်ရကြောင်း ဥပနိဿယကို မြင်တော်မူ၍ ဆွမ်းခံရွာမှ ဖဲလျက် တစ်ယောက်သော နောက်လိုက်နောက်ပါရဟန်းကို ခေါ်တော်မူ၍ ထိုသူကြွယ်၏အိမ်တံခါးသို့ ကြွသွားတော်မူလေ၏၊ သူကြွယ်သည် မြတ်စွာဘုရား၏ ကြွလာသည့်အဖြစ်ကို ကြားရလျှင် “ငါနှင့် အစေ့အစပ်စကား ပြောကြားခြင်းကို ပြုလိုသည်ဖြစ်လတ္တံ့”ဟု မြတ်စွာဘုရားကို ဝင်စေ၍ အိမ်၏အလယ်၌ နေရာကို ခင်းစေပြီးမှ မြတ်စွာဘုရား ထိုင်နေတော်မူသည်ရှိသော် လာ၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏၊ ထိုအခါ သူကြွယ်ကို မြတ်စွာဘုရားသည် “ဒါယကာ- အသို့နည်း၊ ဆင်းရဲဒုက္ခ ရရှိနေသလော”ဟု မေးတော်မူသောကြောင့် ထိုသူကြွယ်သည် သားနှင့် ကွေကွင်းခြင်းကြောင့်ဖြစ်သော ဆင်းရဲကို လျှောက်ကြားလတ်သည်ရှိသော် “ဒါယကာ- ကြံစည်တွေးတောခြင်း မပြုလေလင့်၊ ဤသေခြင်းမည်သည်ကား တစ်ခုတည်းသော အရပ်၌သာလျှင် တစ်ယောက်တည်းသော သူအားသာလျှင် ဖြစ်သည်မဟုတ်၊ အကြင်မျှလောက် ဘဝ၏ဖြစ်ခြင်းမည်သည် ရှိ၏၊ ထိုမျှလောက် ခပ်သိမ်းသော သတ္တဝါတို့အား ဖြစ်သည်သာလျှင်တည်း၊ တစ်ခုသော သင်္ခါရသည်လည်း မြဲသော မည်သည်မရှိ၊ ထို့ကြောင့် “သေခြင်းသဘောရှိသော အရာဝတ္ထုဟူသမျှသည် သေတတ်၏တကား၊ ပျက်စီးခြင်းသဘောရှိသော အရာဝတ္ထုဟူသမျှသည် ပျက်စီးတတ်၏တကား”ဟု အသင့်အားဖြင့် ဆင်ခြင်သင့်၏၊ စိုးရိမ်ပူဆွေးခြင်းကို မပြုသင့်၊ ရှေးပညာရှိတို့သည်လည်း သား၏ သေဆုံးသောကာလ၌ သေခြင်းသဘောရှိသော အရာဝတ္ထုဟူသမျှသည် သေတတ်၏တကား၊ ပျက်စီးခြင်းသဘောရှိသော အရာဝတ္ထုဟူသမျှသည် ပျက်စီးတတ်၏တကားဟု နှလုံးပြုလျက် စိုးရိမ်ပူဆွေးခြင်းကို မပြုမူ၍ မရဏာနုဿတိကမ္မဋ္ဌာန်းကိုသာ ပွားများကြလေကုန်၏”ဟု မိန့်တော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်သူတို့သည် ဤသို့ ပြုကြပါသနည်း၊ အဘယ်အခါ၌ ပြုကြပါသနည်း၊ တပည့်တော်အား ပြောကြားတော်မူကြပါဘုရား”ဟု လျှောက်ထား တောင်းပန်အပ်သောကြောင့် ထိုအကြောင်းကို ထင်ရှားစွာ ပြခြင်းငှာ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍။

ဥရဂဇာတ်အမြွက်

ဥရဂေါဝ တစံ ဇိဏ္ဏံ၊ ဟိတွာ ဂစ္ဆတိ သံတနုံ။
ဧဝံ သရီရေ နိဗ္ဘောဂေ၊ ပေတေ ကာလင်္ကတေ သတိ။

ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာဂတိ။

သာမိ၊ အရှင်။ မမ ပုတ္တော၊ အကျွန်ုပ်၏သားသည်။ ဥရဂေါ၊ မြွေသည်။ ဇိဏ္ဏံ၊ ဟောင်းသော။ တစံ၊ အရေကို။ ဟိတွာ၊ စွန့်ပယ်၍။ ဂစ္ဆေယျ ဣဝ၊ သွားသကဲ့သို့။ ဧဝံ၊ ဤအတူ။ သံတနုံ၊ မိမိကိုယ်ကို။ ဟိတွာ၊ စွန့်ပယ်၍။ ဂစ္ဆတိ၊ သွား၏။ သရီရေ၊ ဇီဝိန်ကင်းသော ကိုယ်ကောင်သည်။ ဧဝံ၊ ဤသို့။ နိဗ္ဘောဂေ၊ သုံးဆောင်ဖွယ် မဟုတ်လတ်သည်ရှိသော်။ ပေတေ၊ ဘဝတစ်ပါး တစ်ဖန် ပြန်သွားသည်ရှိသော်။ ကာလင်္ကတေ၊ သေသည်ရှိသော်။ ကော အတ္ထော၊ သနားခြင်း ငိုကြွေးခြင်းဖြင့် အဘယ်အကျိုး ရှိတော့အံ့နည်း။

ဍယှမာနော၊ တံစူးထိုးစွပ် မီးရှို့အပ်သော ဤကိုယ်ကောင်သည်။ သုခဒုက္ခံ၊ ချမ်းသာ ဆင်းရဲကို။ န ဇာနာတိ ယထာ၊ မသိတတ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးခြင်းကိုလည်း။ န ဇာနာတိ၊ မသိတတ်။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ဤသေသော သား၏ ကိုယ်ကောင်ကို။ အဟံ၊ အကျွန်ုပ်သည်။ န သောစာမိ၊ မစိုးရိမ်နိုင်။ တဿ၊ ထိုသား၏။ ယာဂတိ၊ အကြင်လားရာဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ ဂတိံ၊ ထိုလားရာ ဂတိသို့။ သော၊ ထိုသားသည်။ ဂတော၊ သွားလေသတည်း။

ဤသို့ ပဉ္စကနိပါတ်၌ ဥရဂဇာတ်ကို အကျယ်ချဲ့တော်မူပြီးလျှင် “ဤသို့ ရှေး၌ ပညာရှိတို့သည် ချစ်သောသား သေဆုံးလတ်သည်ရှိသော် ယခုအခါ သင်ဒါယကာကြီးသည် အမှုတို့ကိုစွန့်လွှတ်၍ ကင်းသော အစာရှိသည်ဖြစ်၍ ငိုကြွေးလျက် သွားလာလှည့်ပတ်သကဲ့သို့ ထို့အတူ သွားလာလှည့်ပတ်ခြင်းကို မပြုမူ၍ မရဏာနုဿတိကမ္မဋ္ဌာန်းဘာဝနာ၏ အာနုဘော်အစွမ်းအားဖြင့် စိုးရိမ်ခြင်းကို မပြုဘဲ အာဟာရကို သုံးဆောင် စားသောက်နိုင်ကြလေကုန်၏။ အမှုကိုလည်း စီရင်နိုင်ကြလေကုန်၏၊ ထို့ကြောင့် ချစ်လှစွာသောသား သေလေစွတကားဟု မကြံစည်လင့်၊ စိုးရိမ်ခြင်းသည်လည်းကောင်း၊ ဘေးရန်သည်လည်းကောင်း ဖြစ်လတ်သည်ရှိသော် ချစ်ခြင်းကိုသာ မှီ၍ ဖြစ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၁၂] ပိယတော ဇာယတီ သောကော၊ ပိယတော ဇာယတီ ဘယံ။
ပိယတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ပိယတော၊ ချစ်ခြင်းကြောင့်။ သောကော၊ စိုးရိမ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ပိယတော၊ ချစ်ခြင်းကြောင့်။ ဘယံ၊ ဘေးရန်သည်။ ဇာယတိ၊ ဖြစ်၏။ ပိယတော၊ ချစ်ခြင်းမှ။ ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။ သောကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ဘေးရန်သည်။ ကုတော အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

မထင်ရှားသော သူကြွယ်ဝတ္ထု ပြီး၏။

֍ * ၃။ ဝိသာခါဝတ္ထု

ပေမတော ဇာယတီအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ ဒါယိကာမကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြေးသေသော ဝိသာခါအား ဆုံးမခြင်း

ထိုဝိသာခါသည် သား၏သမီးဖြစ်သော သုဒတ္တာအမည်ရှိသော သတို့သမီးမြေးမကို မိမိ၏အရာ၌ထား၍ အိမ်၌ ရဟန်းသံဃာအတွက် အမှုကြီးငယ်ကို ပြုလုပ်ဆောင်ရွက်စေသတတ်၊ တစ်ပါးသောအခါ ထိုမြေး သုဒတ္တာသည် စုတေမနေ ကွယ်လွန်ရှာလေ၏၊ ဝိသာခါသည် သေပြီးသော သုဒတ္တာ၏ အလောင်းကောင် ပစ်စွန့်မြှုပ်နှံခြင်းကို ပြုလုပ်စေပြီးလျှင် စိုးရိမ်ခြင်းကို တည်တံ့စိမ့်သောငှာ မတတ်နိုင်လေရကား ဆင်းရဲလှသဖြင့် နှလုံးမသာယာခြင်း ရှိလှသဖြင့် ဘုရားရှင်၏ အထံတော်သို့သွား၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေရှာလေ၏။ ထိုအခါ ထိုဝိသာခါကို မြတ်စွာဘုရားသည် “ဝိသာခါ- သင်သည် အဘယ့်ကြောင့် ဆင်းရဲသည်ဖြစ်၍ နှလုံးမသာယာသည်ဖြစ်၍ မျက်ရည်နှင့်မျက်ခွက် ငိုကြွေးလျက် နေဘိသနည်း”ဟု မိန့်တော်မူလေ၏၊ ဝိသာခါသည် ထိုအကြောင်းကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်မ၏ ချစ်ဖွယ်ကောင်းလှသော ထိုသတို့သမီးငယ်သည် ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံသူ ဖြစ်ပါသည်ဘုရား၊ ယခုအခါ ထိုသို့သဘောရှိသောသူကို မမြင်ရတော့ပါဘုရား”ဟု လျှောက်ကြားပြန်လေ၏။ “ဝိသာခါ- သာဝတ္ထိပြည်ကြီး၌ လူတို့သည် အဘယ်မျှ အရေအတွက် ရှိကုန်သနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- လူဦးရေ ခုနစ်ကုဋေ ရှိကုန်၏ဟု ရှင်တော်မြတ်ဘုရားတို့သည်သာလျှင် တပည့်တော်မအား မိန့်မြွက်တော်မူဖူးပါသည် ဘုရား”ဟု လျှောက်ကြားလေ၏၊ “ဤမျှလောက်သော ဤလူအပေါင်းသည် သင့်မြေးနှင့်တူသည် အကယ်၍ ဖြစ်ငြားအံ့၊ ထိုသင့်မြေးနှင့် တူသောသူကို အလိုရှိရာသလော”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- မှန်လှပါ၊ အလိုရှိပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “အဘယ်မျှလောက်သော လူတို့သည် သာဝတ္ထိပြည်ကြီး၌ နေ့တိုင်း သေလွန်ကြကုန်ဘိသနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- များစွာသောသူတို့ပင် သေလွန်ကြပါသည်ဘုရား”ဟု လျှောက်ကြားလေ၏၊ “ဤသို့ ဖြစ်သည်ရှိသော် သင့်အား စိုးရိမ်ခြင်းကင်းသောအခါသည် မဖြစ်ရာသည် မဟုတ်တုံလော၊ ညဉ့်,နေ့တို့ပတ်လုံး ငိုကြွေးမြည်တမ်းလျက်သာလျှင် သွားလာလှည့်လည်ရာ၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ဟုတ်မှန်စေတော့ဘုရား၊ တပည့်တော်မသိပါပြီ ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ဝိသာခါကို မြတ်စွာဘုရားသည် “ထိုသို့ သိသည်ဖြစ်မူ မစိုးရိမ်လင့်တော့၊ စိုးရိမ်ခြင်းသည်လည်းကောင်း၊ ဘေးရန်သည်လည်းကောင်း ချစ်ခြင်းတဏှာပေမကြောင့်သာ ဖြစ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၁၃] ပေမတော ဇာယတီ သောကော၊ ပေမတော ဇာယတီ ဘယံ။
ပေမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ပေမတော၊ ချစ်ခြင်းကြောင့်။ သောကော၊ စိုးရိမ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ပေမတော၊ ချစ်ခြင်းကြောင့်။ ဘယံ၊ ဘေးရန်သည်။ ဇာယတိ၊ ဖြစ်၏။ ပေမတော၊ ချစ်ခြင်းမှ။ ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။ သောကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ဘေးရန်သည်။ ကုတော အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝိသာခါဝတ္ထု ပြီး၏။

֍ * ၄။ လိစ္ဆဝီမင်းသားတို့ဝတ္ထု

ရတိယာ ဇာယတီအစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်ကို အမှီပြု၍ စုလစ်မွမ်းချွန်တပ်သော ကျောင်း၌ နေတော်မူစဉ် လိစ္ဆဝီမင်းသားတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိန်းမကြောင့် ရိုက်ပွဲဖြစ်ခြင်း

ထိုလိစ္ဆဝီမင်းသားတို့သည် တစ်ခုသော ပွဲလမ်းသဘင် ကျင်းပသောနေ့၌ အချင်းချင်း မတူကုန်သော တန်ဆာတို့ဖြင့် တန်ဆာဆင်ကုန်သည်ဖြစ်၍ ဥယျာဉ်သို့ သွားခြင်းငှာ မြို့မှ ထွက်ကြလေကုန်သတတ်၊ မြတ်စွာဘုရားသည် ဆွမ်းအလို့ငှာ ဝင်တော်မူသည်ရှိသော် လိစ္ဆဝီမင်းသားတို့ကို မြင်လျှင် ရဟန်းတို့ကို ဤသို့ သိစေတော်မူလေ၏၊ “ချစ်သားရဟန်းတို့- လိစ္ဆဝီမင်းသားတို့ကို မြင်ကြကုန်၏လော၊ အကြင်သူတို့သည် တာဝတိံသာနတ်တို့ကို မမြင်ဖူးကြကုန်၊ ထိုသူတို့သည် ဤလိစ္ဆဝီမင်းသားတို့ကို ကြည့်ရှုကြကုန်လော့”ဟု မိန့်တော်မူပြီးမှ မြို့သို့ဝင်တော်မူလေ၏။ လိစ္ဆဝီမင်းသားတို့သည်လည်း ဥယျာဉ်သို့ သွားကြကုန်သည်ရှိသော် ပြည့်တန်ဆာမဖြစ်သော မိန်းမတစ်ယောက်ကိုခေါ်၍ သွားကြပြီးလျှင် ထိုပြည့်တန်ဆာမကိုမှီ၍ ငြူစူခြင်းဖြင့် နှိပ်စက်ကုန်ရကား အချင်းချင်း ပုတ်ခတ်ကြကုန်သောကြောင့် သွေးတို့သည် မြစ်ရေအလျဉ်ကဲ့သို့ ဖြစ်ကုန်၏၊ ထိုအခါမှ လိစ္ဆဝီမင်းသားတို့ကို ညောင်စောင်းဖြင့် ယူ၍ ထမ်းဆောင်ကာ လာကြကုန်၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြုအပ်ပြီးသည်ရှိသော် မြို့မှထွက်ခွာတော်မူလာ၏၊ ရဟန်းတို့သည်လည်း လိစ္ဆဝီမင်းသားတို့ကို ထိုအခြင်းအရာဖြင့် ထမ်းဆောင်ယူလာသည်တို့ကို မြင်ရလျှင် ဘုရားရှင်ကို “မြတ်စွာဘုရား- လိစ္ဆဝီမင်းတို့သည် နံနက်စောစောကလျှင် တန်ဆာဆင်ခြင်းနှင့် စပ်ကုန်သည်ဖြစ်၍ တာဝတိံသာနတ်ကဲ့သို့ မြို့မှထွက်လျက် ယခုအခါ တစ်ယောက်သောမိန်းမကို အမှီပြု၍ ဤသို့သော ပျက်စီးခြင်းသို့ ရောက်ကြရပါကုန်ပြီ ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သား ရဟန်းတို့- စိုးရိမ်ခြင်းသည်လည်းကောင်း၊ ဘေးရန်သည်လည်းကောင်း ဖြစ်သည်ရှိသော် မွေ့လျော်ခြင်းကိုမှီ၍ ဖြစ်တတ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၁၄] ရတိယာ ဇာယတီ သောကော၊ ရတိယာ ဇာယတီ ဘယံ။
ရတိယာ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ရတိယာ၊ မွေ့လျော်ခြင်းကြောင့်။ သောကော၊ စိုးရိမ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ရတိယာ၊ မွေ့လျော်ခြင်းကြောင့်။ ဘယံ၊ ဘေးရန်သည်။ ဇာယတိ၊ ဖြစ်၏။ ရတိယာ၊ မွေ့လျော်ခြင်းမှ။ ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။ သောကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ဘေးရန်သည်။ ကုတော အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောလူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

လိစ္ဆဝီမင်းသားတို့ဝတ္ထု ပြီး၏။

֍ * ၅။ အနိတ္ထိဂန္ဓသတို့သားဝတ္ထု

ကာမတောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနိတ္ထိဂန္ဓ အမည်ရသော သတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရွှေရုပ်လိုလှသော မိန်းမကို ရှာစေခြင်း

ထိုအနိတ္ထိဂန္ဓသတို့သားသည် ဗြဟ္မာပြည်မှ စုတေသော သတ္တဝါဖြစ်၍ သာဝတ္ထိပြည်တွင် များစွာသော စည်းစိမ်ရှိသော အမျိုး၌ ဖြစ်သတတ်၊ ဖွားမြင်သောနေ့မှစ၍ မိန်းမ၏အနီးသို့ ကပ်ရောက်ခြင်းကို အလိုမရှိ၊ မိန်းမ ယူချီသည်ရှိသော် ငို၏၊ အဝတ်ခေါင်းခုအခွေဖြင့်ယူ၍ နို့တိုက်ကြရကုန်၏၊ ထိုအနိတ္ထိဂန္ဓ သတို့သားသည် အရွယ်သို့ ရောက်လတ်သည်ဖြစ်၍ မိခင်ဖခင်တို့သည် “ချစ်သား- သင့်အား ထိမ်းမြားခြင်း ပြုအံ့”ဟု ဆိုသည်ရှိသော် “ကျွန်တော်အား မိန်းမဖြင့် အလိုမရှိပါ”ဟု ပယ်ပြီးလျှင် အဖန်တလဲလဲ တောင်းပန်အပ်သည် ဖြစ်ရကား ရွှေပန်းထိမ်သည် ငါးရာတို့ကို ခေါ်စေသဖြင့် ရွှေနီနိက္ခတစ်ထောင်ကို ပေးစေ၍ အလွန်လျှင် ကြည်လင်နှစ်သက်ဖွယ်ရှိသော တစ်ခဲနက် ထုလုပ်အပ်သော မိန်းမရုပ်ကို ပြုလုပ်စေပြီးလျှင် တစ်ဖန် မိခင်ဖခင်တို့သည် “ချစ်သား- သင်ချစ်သားသည် ထိမ်းမြားခြင်းကို မပြုသည်ရှိသော် အမျိုးအနွယ်သည် မတည်တံ့နိုင်လတ္တံ့၊ သင့်အလို့ငှာ သတို့သမီးငယ်ကို ဆောင်ကုန်အံ့”ဟု ဆိုလတ်သည်ရှိသော် “ထိုသို့ဖြစ်မူ ကျွန်တော်အလို့ငှာ ဤသို့ သဘောရှိသော သတို့သမီးကို အကယ်၍ ဆောင်နိုင်ကြကုန်သည်ဖြစ်အံ့၊ မိဘတို့၏စကားကို လိုက်နာပါအံ့”ဟု ဆို၍ ရွှေဖြင့်ပြီးသော မိန်းမရုပ်ကို ပြ၏။ ထိုအခါ သတို့သား၏ မိခင်ဖခင်တို့သည် လိမ္မာသိကြား ထင်ရှားကုန်သော ပုဏ္ဏားတို့ကို ခေါ်စေ၍ “ငါတို့၏သားသည် ကြီးသော ဘုန်းကံရှိ၏၊ မချွတ် ဤသတို့သားနှင့် အတူတကွ ပြုဖူးသော ကုသိုလ်ရှိသော သတို့သမီးသည် ရှိသည်ဖြစ်လတ္တံ့”ဟု ဆို၍ “သွားကြပါကုန်လော့၊ ဤရွှေဖြင့်ပြီးသော မိန်းမရုပ်ကိုယူ၍ ဤသို့ သဘောရှိသော သတို့သမီးကို ဆောင်ယူခဲ့ကြပါကုန်လော့”ဟု စေလွှတ်ကြလေကုန်၏။

ရွှေရုပ်ထက်သာသော မိန်းမကို တွေ့ရှိခြင်း

ထိုပုဏ္ဏားတို့လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ ခရီး ဒေသစာရီ လှည့်လည်သွားလာကြသဖြင့် မဒ္ဒတိုင်း သာဂလမြို့သို့ ရောက်ကြလေ၏၊ ထိုမြို့၌လည်း တစ်ယောက်သော တစ်ဆယ့်ခြောက်နှစ်ရွယ် တင့်တယ်လှပသော သတို့သမီးသည် ရှိသည် ဖြစ်လေ၏၊ ထိုသတို့သမီးကို ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏အထက်အပြင်၌ မိခင်ဖခင်တို့သည် ခြံရံလျက် နေစေကြကုန်၏၊ ထိုပုဏ္ဏားတို့သည်လည်း “ဤမြို့၌ ဤသို့ သဘောရှိသော သတို့သမီးသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤရွှေဖြင့်ပြီးသော မိန်းမရုပ်ကို မြင်လျှင် “ဤရွှေရုပ်သည် ဤအမည်ရှိသော အမျိုး၏သမီးကဲ့သို့ အလွန်အဆင်းလှပ၏”ဟူ၍ ဆိုကြကုန်လတ္တံ့”ဟု ရွှေဖြင့်ပြီးသော မိန်းမရုပ်ကို ရေချိုးဆိပ်လမ်းခရီး၌ ထား၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏။ ထိုအခါ ထိုသတို့သမီး၏ အထိန်းတော်သည် သတို့သမီးကို ရေချိုးပေးပြီးမှ မိမိကိုယ်တိုင်လည်း ရေချိုးလိုသည်ဖြစ်၍ ရေဆိပ်သို့ လာခဲ့လေ၏။ ထိုရွှေဖြင့်ပြီးသော မိန်းမရုပ်ကို မြင်လျှင် “ငါ၏သမီးပါတကား”ဟူသော အမှတ်အသားဖြင့် “ဪ.. ဆုံးမခက်လှချေ၏တကား၊ ယခုပင်လျှင် ငါသည် ရေချိုးပေး၍ ထွက်လာခဲ့၏၊ နင်ကား ငါ့ထက် ရှေးဦးစွာ ဤရေဆိပ်သို့ ရောက်လာရသလော”ဟု လက်ဖြင့် ပုတ်ခတ်ပြီးလျှင် ကြမ်းတမ်းမာတင်းခြင်း ရှိသည်အဖြစ်ကို လည်းကောင်း၊ တုန်လှုပ်ခြင်း မရှိသည့် အဖြစ်ကိုလည်းကောင်း သိရသဖြင့် “ငါကား သမီးဟူသော အမှတ်သညာကို ပြုမိချေပြီ၊ ဤအရုပ်သည် အဘယ်သို့သောအရုပ် ဖြစ်လေဘိသနည်း”ဟု ဆိုလေ၏။

ထိုအခါ အထိန်းတော်ကို ထိုပုဏ္ဏားတို့သည် “အမိ- သင်၏သမီးသည် ဤသို့ သဘောရှိသလော”ဟု မေးကြလေကုန်၏။ “ဤရွှေရုပ်ကား ငါ့သမီးအထံ၌ အဘယ်မျှ အဖိုးထိုက်တန်အံ့နည်း၊ ငါ့သမီးလောက် မလှ”ဟု ဆိုလျှင် “ထိုသို့ဖြစ်မူ သင့်သမီးကို အကျွန်ုပ်တို့အား ပြစမ်းပါလော့”ဟု ပြောဆိုကြလေကုန်၏။

ထိုအထိန်းတော်သည် ပုဏ္ဏားတို့နှင့် အတူတကွ အိမ်သို့ သွား၍ မိဘရှင်တို့အား ပြောကြားသိစေလေ၏၊ မိခင်ဖခင်တို့သည် ပုဏ္ဏားတို့နှင့် အတူတကွ ပြုအပ်သော ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်သည်ဖြစ်၍ သမီးကို သက်ဆင်းစေပြီးလျှင် ပြာသာဒ်အောက် ရွှေဖြင့်ပြီးသော မိန်းမရုပ်၏အနီး၌ ယှဉ်ပြိုင်ကာ ထားကြလေကုန်၏၊ ရွှေရုပ်သည် အရောင်အဝါ ကင်းပျောက် မွဲခြောက်လျက်ရှိလေ၏၊ သတို့သမီးကား တောက်ဝင်းထိန်ပြောင် အရောင်နှင့်တကွ ဖြစ်လေ၏။ ပုဏ္ဏားတို့သည် ရွှေဖြင့်ပြီးသော မိန်းမရုပ်ကို မိဘတို့အား အပ်နှင်းခဲ့၍ သတို့သမီးငယ်ကို ဝန်ခံစေပြီးလျှင် အနိတ္ထိဂန္ဓသတို့သား၏ မိခင်ဖခင်တို့အား ပြောကြားကြလေကုန်၏၊ ထိုမိခင်ဖခင်တို့လည်း နှစ်သက်သောစိတ် ရှိကြကုန်သည်ဖြစ်၍ “သွားကြလေကုန်၊ ထိုသတို့သမီးငယ်ကို လျင်မြန်စွာ ဆောင်ယူခဲ့ကြကုန်လော့”ဟု များစွာသော ပူဇော်သက္ကာရဖြင့် ကောင်းစွာ စေလွှတ်ကြလေကုန်၏။

သတို့သမီး သေဆုံးခြင်းနှင့် သတို့သား ဒုက္ခရောက်ခြင်း

သတို့သားသည်လည်း ထိုအကြောင်းအရာကို ကြားသိရလျှင် ရွှေဖြင့်ပြီးသော အရုပ်ထက်သော်လည်း လွန်စွာ အဆင်းလှပသော သတို့သမီးငယ်သည် ရှိသတတ်ဟု ကြားရ၍ ကြားရခြင်း၏ အစွမ်းဖြင့်သာလျှင် ချစ်ခင်ခြင်းကို ဖြစ်စေလျက် “လျင်မြန်စွာ ဆောင်ယူလာပါစေလော့”ဟု ဆိုလေ၏၊ ထိုသတို့သမီးငယ်သည်လည်း ယာဉ်ထက်သို့တင်၍ ဆောင်ယူလာအပ်သည်ရှိသော် အလွန် သိမ်မွေ့နူးညံ့လှသည် အဖြစ်ကြောင့် ယာဉ်တောက်သဖြင့် ဖြစ်စေအပ်သော အနာရောဂါကြောင့် လမ်းခရီးအကြား၌သာလျှင် စုတေမနေ သေရှာခဲ့လေ၏။ သတို့သားသည်လည်း “လာပြီလော, လာပြီလော”ဟု မပြတ် မေးမြန်းရှာ၏။ အလွန်ပင် ချစ်ခင်ခြင်းဖြင့် မေးမြန်းသော ထိုသတို့သားအား အဆောတလျင်သာလျှင် မပြောကြားတဲ့သေးမူ၍ နှစ်ရက် သုံးရက်ပတ်လုံး ပြန့်လွင့်ခြင်းကိုပြုပြီးမှ ထိုသေရှာလေသော အကြောင်းကို ပြောကြားကြကုန်၏၊ သတို့သားသည် “ထိုသို့ သဘောရှိသည်မည်သော မိန်းမနှင့် အတူတကွ ပေါင်းဖော်ခြင်းကို ငါမရလေတကား”ဟု ဖြစ်သော နှလုံးမသာယာခြင်း ရှိသည်ဖြစ်၍ တောင်ကြီး ဖိဘိသကဲ့သို့ စိုးရိမ်ခြင်းဟူသော ဆင်းရဲခြင်းသည် လွှမ်းမိုးကာ ဖိအပ်ရှာလေ၏။

သတို့သား သက်သာရာ ရခြင်း

မြတ်စွာဘုရားသည် ထိုသတို့သား၏အကြောင်း ဥပနိဿယကို မြင်တော်မူ၍ ဆွမ်းအလို့ငှာ ကြွတော်မူသည်ရှိသော် ထိုအိမ်တံခါးသို့ ရောက်သွားတော်မူလေ၏၊ ထိုအခါ သတို့သား၏ မိခင်ဖခင်တို့သည် မြတ်စွာဘုရားကို အိမ်တွင်းသို့ ပင့်ဖိတ်၍ ရိုသေစွာ ဆွမ်းလုပ်ကျွေးကြလေကုန်၏၊ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ၏အဆုံး၌ “အနိတ္ထိဂန္ဓသတို့သားကား အဘယ်မှာနည်း”ဟု မေးတော်မူ၏၊ “မြတ်စွာဘုရား- သတို့သားသည် အစာအာဟာရ ဖြတ်ခြင်းကိုပြု၍ တိုက်ခန်းတွင်း၌ နေပါသည်ဘုရား”ဟု လျှောက်ဆိုသည်ရှိသော် “ထိုသတို့သားကို ခေါ်ကြကုန်လော့”ဟု မိန့်တော်မူလေ၏၊ သတို့သား လာလတ်၍ ဘုရားရှင်ကို ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏၊ ဘုရားရှင်သည် “သတို့သား- အသို့နည်း၊ အားကြီးသော စိုးရိမ်ခြင်း ဖြစ်ဘိသလော”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- စိုးရိမ်ခြင်းဖြစ်သည် မှန်ပါသည်ဘုရား၊ ဤသို့ သဘောရှိသည်မည်သော မိန်းမသည် လမ်းခရီးအကြား၌ သေသည်ဟု ကြားရပါသောကြောင့် စိုးရိမ်ခြင်းကြီးစွာ ဖြစ်ရပါသည်၊ ထို့ကြောင့် ထမင်းသည်လည်း တပည့်တော်အား မနှစ်သက်စေပါဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ သတို့သားကို ဘုရားရှင်သည် “သတို့သား- အဘယ်ကိုမှီ၍ သင့်အား စိုးရိမ်ခြင်းဖြစ်ရဘိနည်း၊ သင်-သိ၏လော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- မသိပါဘုရား”ဟု လျှောက်ကြားလေ၏၊ “သတို့သား- ဝတ္ထုကာမကိုမှီ၍ အားကြီးသော စိုးရိမ်ခြင်းသည် ဖြစ်ရတတ်၏၊ စိုးရိမ်ခြင်းသည်လည်းကောင်း၊ ဘေးရန်သည်လည်းကောင်း ဝတ္ထုကာမ, ကိလေသာကာမကိုမှီ၍ ဖြစ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၁၅] ကာမတော ဇာယတီ သောကော၊ ကာမတော ဇာယတီ ဘယံ။
ကာမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ကာမတော၊ ဝတ္ထုကာမ, ကိလေသာကာမကြောင့်။ သောကော၊ စိုးရိမ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ကာမတော၊ ဝတ္ထုကာမ, ကိလေသာကာမကြောင့်။ ဘယံ၊ ဘေးရန်သည်။ ဇာယတိ၊ ဖြစ်၏။ ကာမတော၊ ဝတ္ထုကာမ, ကိလေသာကာမမှ။ ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။ သောကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ဘေးရန်သည်။ ကုတော အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အနိတ္ထိဂန္ဓသတို့သားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

အနိတ္ထိဂန္ဓသတို့သားဝတ္ထု ပြီး၏။

֍ * ၆။ မထင်ရှားသော ပုဏ္ဏားဝတ္ထု

တဏှာယ ဇာယတီအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လယ်ထွန်ရာသို့ ဘုရားရှင် နေ့စဉ်ကြွခြင်း

ထိုပုဏ္ဏားသည် မိစ္ဆာအယူရှိသော သူတစ်ယောက်ဖြစ်၍ တစ်နေ့သ၌ မြစ်ကမ်းနားသို့သွား၍ လယ်ကို သုတ်သင်သတတ်၊ မြတ်စွာဘုရားသည် ထိုပုဏ္ဏား၏ အကြောင်းဥပနိဿယ၏ ပြည့်စုံခြင်းကို မြင်တော်မူ၍ ထိုပုဏ္ဏား၏ အထံသို့ ကြွသွားတော်မူလေ၏၊ ပုဏ္ဏားသည် ဘုရားရှင်ကို မြင်သော်လည်း အရိုအသေပြုအပ်သောအမှုကို မပြုမူ၍ ဆိတ်ဆိတ်နေလေ၏။ ထိုအခါ ပုဏ္ဏားကို ဘုရားရှင်သည် ရှေးဦးစွာ ခေါ်တော်မူလျက် “ပုဏ္ဏား- အဘယ်အမှုကို ပြုသနည်း”ဟု မိန့်မြွက်တော်မူလေ၏၊ “အို.. အရှင် ဂေါတမ- လယ်ကို သုတ်သင်၏”ဟု စကားတုံ့ပြန်သဖြင့် ဘုရားရှင်သည် ဤမျှလောက်သော စကားကိုသာ မိန့်တော်မူ၍ ကြွသွားတော်မူလေ၏။ တစ်ဖန် မိုးသောက်သော နေ့၌လည်း လယ်ထွန်ခြင်းငှာလာသော ပုဏ္ဏား၏အထံသို့ ကြွသွားတော်မူ၍ “ပုဏ္ဏား- အဘယ်အမှုကိုပြုသနည်း”ဟု မေးတော်မူသောကြောင့် “အို.. အရှင်ဂေါတမ- လယ်ကိုထွန်၏”ဟု စကားတုံ့ပြန်သည်ကို ကြားတော်မူရပြီးလျှင် ဖဲကြွတော်မူလေ၏၊ တစ်ဖန် မိုးသောက်သောနေ့၌လည်း ထို့အတူ မေးမြန်းတော်မူပြန်လေ၏၊ “အို.. အရှင်ဂေါတမ- လယ်ကိုစိုက်ပျိုး၏၊ ရေသွင်း၏၊ စောင့်၏၊” ဤသို့ အစရှိသည်ဖြင့် စကားတုံ့ပြန်သည်ကို ကြားတော်မူရပြီးလျှင် ဖဲကြွသွားတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားကို တစ်နေ့သ၌ ပုဏ္ဏားသည် “အို.. အရှင်ဂေါတမ- အသင်ကား အကျွန်ုပ်၏ လယ်ကို သုတ်သင်သောနေ့မှစ၍ လာခဲ့ပေ၏၊ အကျွန်ုပ်၏ ကောက်ပင်သည် အကယ်၍ ပြည့်စုံအောင်မြင်သည် ဖြစ်ငြားအံ့၊ အသင့်အတွက်လည်း ခွဲဝေခြင်းကို ပြုပေအံ့၊ အသင့်အား မပေးမူ၍ ကိုယ်တိုင်မစားသောက်ပါအံ့၊ ယခုအခါ ဤနေ့မှစ၍ အသင်သည် အကျွန်ုပ်၏ အဆွေခင်ပွန်းတည်း”ဟု ဆိုလေ၏။

စိတ်ဆင်းရဲသော ပုဏ္ဏားအား စောင်မတော်မူခြင်း

ထိုမှ နောက်ဖြစ်သော အခါတစ်ပါး၌ ပုဏ္ဏား၏ ကောက်ပင်သည် ပြည့်စုံအောင်မြင်လေ၏၊ ထိုပုဏ္ဏားကြီးသည် “ငါ၏ ပြည့်စုံအောင်မြင်သော ကောက်ပင်ကို ယခုအခါ နက်ဖြန်၌ ရိတ်ဖြတ်စေတော့အံ့”ဟု ကြံ၍ ရိတ်ဖြတ်ခြင်းအကျိုးငှာ ပြုအပ်သောကိစ္စကို ပြုပြီးသည်ရှိသော် ညဉ့်အခါ၌ မိုးကြီးရွာ၍ အလုံးစုံသော ကောက်ပင်ကို ဆောင်ယူကာ မျောစေသောကြောင့် လယ်သည် အချည်းနှီးပြု၍ ထားအပ်သည်နှင့်တူစွာ ဖြစ်ခဲ့လေ၏၊ မြတ်စွာဘုရားသည်ကား ရှေးဦးစွာသော နေ့၌ပင်လျှင် “ထိုကောက်ပင်သည် မပြည့်စုံလတ္တံ့”ဟု သိတော်မူ၏။ ပုဏ္ဏားသည် နံနက်စောစောကသာလျှင် “လယ်ကို ကြည့်ရှုဦးအံ့”ဟု သွားလတ်သည်ရှိသော် အချည်းနှီးသော လယ်မြေကို မြင်ရလျှင် အားကြီးစွာဖြစ်သော စိုးရိမ်ခြင်းရှိသဖြင့် “ရဟန်းဂေါတမသည် ငါ၏ လယ်ကို သုတ်သင်သောနေ့မှစ၍ လာခဲ့ပေ၏။ ငါသည်လည်း ထိုရဟန်းဂေါတမကို ဤကောက်ပင် ပြည့်စုံအောင်မြင်သည်ရှိသော် အသင့်အတွက်လည်း ခွဲဝေခြင်းကို ပြုပေအံ့၊ အသင့်အား မပေးမူ၍ ကိုယ်တိုင်မစားသောက်ပါအံ့၊ ယခုအခါ ဤနေ့မှစ၍ အသင်သည် အကျွန်ုပ်၏ အဆွေခင်ပွန်းတည်းဟု ဆိုဖူး၏။ ငါ၏ ထိုနှလုံးအလိုသည်လည်း အပြီးအဆုံးသို့မရောက်”ဟု ကြံစည်လေ၏။ ထိုပုဏ္ဏားကြီးသည် အစာအာဟာရဖြတ်ခြင်းကိုပြု၍ ညောင်စောင်း၌ အိပ်စက်လေ၏။ ထိုအခါ ဘုရားရှင်သည် အိမ်တံခါးသို့ ကြွရောက်တော်မူလေ၏။ ပုဏ္ဏားကြီးသည် ဘုရားရှင်ကြွလာခြင်းကို ကြားသိရလျှင် “ငါ၏ အဆွေခင်ပွန်းကို ဆောင်ယူခဲ့၍ ဤအရပ်၌ နေစေကြပါကုန်လော့”ဟု ဆိုလတ်သဖြင့် အခြံအရံ ပရိသတ်သည် ထိုပုဏ္ဏားဆိုတိုင်း ပြုလေ၏။

မြတ်စွာဘုရားသည် နေတော်မူပြီးလျှင် “ပုဏ္ဏားကြီးသည် အဘယ်မှာနည်း”ဟု မေးမြန်းတော်မူသောကြောင့် “တိုက်ခန်း၌ အိပ်နေပါသည်ဘုရား”ဟု လျှောက်ဆိုလတ်သည်ရှိသော် “ထိုပုဏ္ဏားကို ခေါ်ကြကုန်လော့”ဟု ခေါ်စေတော်မူပြန်သောကြောင့် ရောက်လာပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ နေသော ပုဏ္ဏားကို “ပုဏ္ဏားကြီး- အသို့ဖြစ်ဘိသနည်း”ဟု မိန့်တော်မူလေ၏။ “အို.. အရှင်ဂေါတမ- ရှင်တော်ဘုရားတို့သည် တပည့်တော်၏ လယ်ကို သုတ်သင်သောနေ့မှစ၍ ကြွလာတော်မူပေ၏။ တပည့်တော်လည်း ကောက်ပင်ပြည့်စုံအောင်မြင်သည်ရှိသော် ရှင်တော်ဘုရားတို့အတွက် ခွဲဝေခြင်းကို ပြုပါအံ့ဟု ဆိုဖူး၏။ တပည့်တော်၏ ထိုနှလုံးအလိုသည် မပြည့်မစုံဖြစ်ရပါသည်။ ထို့ကြောင့် တပည့်တော်အား စိုးရိမ်ခြင်းသည် ဖြစ်ရပါသည်။ ထမင်းသည်လည်း တပည့်တော်အား မနှစ်သက်စေပါဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ပုဏ္ဏားကြီးကို မြတ်စွာဘုရားသည် “ပုဏ္ဏားကြီး- အဘယ်ကိုမှီ၍ သင့်အား စိုးရိမ်ခြင်းဖြစ်ရဘိသနည်း။ သင်-သိ၏လော”ဟု မေးတော်မူလျှင် “အို.. အရှင်ဂေါတမ- တပည့်တော် မသိပါ။ ရှင်တော်ဘုရား သိပါသလောဘုရား”ဟု လျှောက်ဆိုသည်ရှိသော် “ပုဏ္ဏားကြီး- ငါကား သိသည်မှန်၏၊ စိုးရိမ်ခြင်းသည်လည်းကောင်း၊ ဘေးရန်သည်လည်းကောင်း ဖြစ်ပေါ်လတ်သည်ရှိသော် ခြောက်ဒွါရ၌ဖြစ်သော တဏှာကိုမှီ၍ ဖြစ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၁၆] တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ။
တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတောဘယံ။

တဏှာယ၊ ခြောက်ဒွါရ၌ဖြစ်သော တဏှာကြောင့်။ သောကော၊ စိုးရိမ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ တဏှာယ၊ ခြောက်ဒွါရ၌ဖြစ်သော တဏှာကြောင့်။ ဘယံ၊ ဘေးရန်သည်။ ဇာယတိ၊ ဖြစ်၏။ တဏှာယ၊ ခြောက်ဒွါရ၌ဖြစ်သော တဏှာမှ။ ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။ သောကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ဘေးရန်သည်။ ကုတော အတ္ထိ၊ အဘယ်မှာရှိအံ့နည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ပုဏ္ဏားကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

မထင်ရှားသောပုဏ္ဏားဝတ္ထုပြီး၏။

֍ * ၇။ သူငယ်ငါးရာတို့ဝတ္ထု

သီလဒဿနသမ္ပန္နံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် လမ်းခရီးအကြား၌ ငါးရာသောသူငယ်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရှင်မဟာကဿပ၏ ဘုန်းတော်ကံတော်

တစ်နေ့သ၌ မြတ်စွာဘုရားသည် ရှစ်ကျိပ်သော မထေရ်တို့နှင့် အတူတကွ ရဟန်းငါးရာ ခြံရံလျက် ရာဇဂြိုဟ်မြို့သို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူသည်ရှိသော် တစ်ခုသော ပွဲလမ်းသဘင် ကျင်းပသောနေ့၌ ငါးရာသောသူငယ်တို့ကို မုန့်တောင်းတို့ကို ထမ်းဆောင်စေလျက် မြို့မှထွက်၍ ဥယျာဉ်သို့သွားကြသည်တို့ကို မြင်တော်မူလေ၏။ ထိုသူငယ်တို့သည်လည်း မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဖဲသွားကြကုန်၏။ ထိုသူငယ်တို့သည် ရဟန်းတစ်ပါးကိုမျှလည်း “မုန့်ကိုခံယူတော်မူပါဘုရား”ဟု မဆိုကြလေကုန်။ မြတ်စွာဘုရားသည် ထိုသူငယ်တို့သွားပြီးသော ကာလ၌ ရဟန်းတို့ကို “ချစ်သားရဟန်းတို့- မုန့်တို့ကို စားသောက်သုံးဆောင်ကြကုန်လတ္တံ့လော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- မုန့်တို့သည် အဘယ်မှာ ပါနည်းဘုရား”ဟု လျှောက်ကြားကြကုန်သော် “မုန့်တောင်းတို့ကို ထမ်းဆောင်စေလျက် လွန်သွားကြကုန်သော သူငယ်တို့ကို မြင်ကြရကုန်သည် မဟုတ်လော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ဤသို့သဘောရှိကြပါကုန်သော်လည်း သူငယ်တို့သည် တစ်စုံတစ်ယောက်သော ရဟန်းအား မုန့်ကို မလှူဒါန်းကြပါဘုရား”ဟု လျှောက်ကြပြန်သည်ရှိသော် “ချစ်သားရဟန်းတို့- ထိုသူငယ်တို့သည် ငါဘုရားရှင်ကိုလည်းကောင်း၊ သင်တို့ကိုလည်းကောင်း မုန့်တို့ဖြင့် အကယ်၍ကား မဖိတ်ကြားကြကုန်၊ ထိုသို့ပင် မဖိတ်ကြားကြကုန်သော်လည်း မုန့်ရှင်ဖြစ်သော ရဟန်းသည် နောက်မှလိုက်ပါလာ၏။ မုန့်တို့ကို ဘုဉ်းပေးသုံးဆောင်၍သာလျှင် ကြွသွားခြင်းငှာ သင့်၏”ဟု မိန့်တော်မူလေ၏။

သူငယ်တို့သည် ရှင်မဟာကဿပမထေရ်မြတ်ကို နောက်မှကြွလာသည်ကို မြင်ရလျှင် ဖြစ်သော ချစ်ကြည်မြတ်နိုးခြင်း ရှိကြကုန်လျက် ပီတိအဟုန်ဖြင့်ပြည့်သော ကိုယ်ရှိကြကုန်သည်ဖြစ်၍ မုန့်တောင်းတို့ကိုချတဲ့ပြီးလျှင် ရှင်မဟာကဿပမထေရ်ကို ငါးပါးသောတည်ခြင်းဖြင့် ရှိခိုး၍ မုန့်တို့ကို တောင်းတို့နှင့်တကွသာ ချီကြွမြှောင့်ပင့်လျက် “အရှင်ဘုရား- ခံယူတော်မူပါဘုရား”ဟု ရှင်မဟာကဿပမထေရ်ကို လျှောက်ဆိုကြလေကုန်၏။ ထိုအခါ သူငယ်တို့ကို ရှင်မဟာကဿပမထေရ်သည် “ဤငါတို့ဆရာ ဘုရားမြတ်စွာသည် ရဟန်းသံဃာအပေါင်းကို ခေါ်တော်မူ၍ သစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ သင်တို့၏ လှူဖွယ်ဝတ္ထုကို ယူကာသွား၍ ရဟန်းသံဃာအပေါင်းအား ခွဲခြမ်းဝေဖန်ခြင်းကို ပြုကြကုန်လော့၊ လှူဒါန်းကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ထိုသူငယ်တို့သည် “အရှင်ဘုရား ကောင်းလှပါပြီဘုရား”ဟု ပြန်လည်ဆုတ်နစ်၍ ရှင်မဟာကဿပမထေရ်နှင့် အတူတကွသာလျှင် သွားကြသဖြင့် မုန့်တို့ကိုလှူဒါန်းပြီးလျှင် ကြည့်ရှုကာ တင့်အပ်လျောက်ပတ်သောအရပ်၌ တည်လျက် ဘုဉ်းပေး သုံးဆောင်တော်မူခြင်း၏အဆုံး၌ ရေကို ဆက်ကပ်လှူဒါန်းကြလေကုန်၏။ ရဟန်းတို့သည် “သူငယ်တို့ကား မျက်နှာကြည့်သဖြင့် ဆွမ်းလှူကုန်၏၊ မြတ်စွာဘုရားကိုလည်းကောင်း၊ မထေရ်ကြီးတို့ကိုလည်းကောင်း မုန့်တို့ဖြင့် မပန်ကြားမူ၍ ရှင်မဟာကဿပမထေရ်ကိုမြင်လျှင် မုန့်တောင်းတို့နှင့် တကွသာလျှင် ယူ၍လာကြကုန်ဘိ၏တကား”ဟု ကဲ့ရဲ့ရှုတ်ချကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကိုကြားတော်မူရသဖြင့် “ချစ်သားရဟန်းတို့- ငါ၏သားတော်ဖြစ်သော မဟာကဿပနှင့်တူသော ရဟန်းကို နတ်လူတို့ ချစ်မြတ်နိုးအပ်၏။ ထိုရဟန်းအား ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းကို ပြုကြကုန်သည်သာတည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၁၇] သီလဒဿနသမ္ပန္နံ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ။
အတ္တနော ကမ္မ ကုဗ္ဗာနံ၊ တံ ဇနော ကုရုတေ ပိယံ။

သီလဒဿနသမ္ပန္နံ၊ စတုပါရိသုဒ္ဓိသီလ, မဂ်ဉာဏ်, ဖိုလ်ဉာဏ်နှင့် ပြည့်စုံထသော။ ဓမ္မဋ္ဌံ၊ လောကုတ္တရာတရား ကိုးပါး၌ တည်ထသော။ သစ္စဝေဒိနံ၊ သစ္စာဉာဏ်ဖြင့် အမှန်ကို ဆိုလေ့ရှိထသော။ အတ္တနော ကမ္မကုဗ္ဗာနံ၊ သိက္ခာသုံးခု မိမိအမှုကို ပြုလုပ်ဖြည့်ကျင့်တတ်သော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ဇနော၊ လူများအပေါင်းသည်။ ပိယံ၊ ချစ်ကြည်အားကိုး မြတ်နိုးခြင်းကို။ ကုရုတေ- ကရောတိ၊ ပြု၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အလုံးစုံလည်းဖြစ်ကုန်သော ထိုသူငယ် ငါးရာတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

သူငယ်ငါးရာတို့ဝတ္ထုပြီး၏။

֍ * ၈။ အနာဂါမ် မထေရ်တစ်ပါးဝတ္ထု

ဆန္ဒဇာတောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနာဂါမ် မထေရ်မြတ်တစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အနာဂါမ်ပုဂ္ဂိုလ်နှင့် သုဒ္ဓါဝါသဘုံ

တစ်နေ့သ၌ ထိုအနာဂါမ်မထေရ်ကို ဥပဇ္ဈာယ်ယူကြသော သဒ္ဓိဝိဟာရိက တပည့်တို့သည် “အရှင်ဘုရား- အရှင်ဘုရားအား တရားထူးဝိသေသ ရခြင်းသည် (ဝါ) ရအပ်သော တရားထူးသည် ရှိပါသလားဘုရား”ဟု မေးမြန်းကြလေကုန်၏။ မထေရ်သည် အနာဂါမိဖိုလ်သို့ လူတို့သော်လည်း ရောက်နိုင်ကြကုန်၏။ အရဟတ္တဖိုလ်သို့ ရောက်သောအခါ၌သာလျှင် ထိုရဟန်းတို့နှင့် အတူတကွ စကားပြောဆိုပေအံ့”ဟု နှလုံးပြုပြီးလျှင် ရှက်နိုးလှသဖြင့် တစ်စုံတစ်ခုသောစကားကို မပြောမဆိုမူ၍ စုတေမနေ ပျံလွန်ခြင်းကို ပြုလေသည်ရှိသော် သုဒ္ဓါဝါသ ဗြဟ္မာပြည်၌ ဖြစ်လေ၏။ ထိုအခါ အနာဂါမ်မထေရ်၏ သဒ္ဓိဝိဟာရိက တပည့်တို့သည် ငိုကြွေးကြ၍လည်းကောင်း၊ မြည်တမ်းကြ၍လည်းကောင်း မြတ်စွာဘုရား၏ အထံတော်သို့ သွားကြကုန်သဖြင့် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ငိုကြွေးကုန်လျက်သာလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ နေကြကုန်၏။ ထိုအခါ ရဟန်းတို့ကို မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- အဘယ့်ကြောင့် ငိုကြွေးကြကုန်ဘိသနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- တပည့်တော်တို့၏ ဥပဇ္ဈာယ်ဆရာသည် စုတေမနေ ပျံလွန်ခြင်းကို ပြုပါသည်ဘုရား”ဟု လျှောက်ကြကုန်သော် “ချစ်သားရဟန်းတို့- ထိုသို့ စုတေသည်ပင် ဖြစ်စေကာမူ မကြံကြကုန်လင့်၊ မပူဆွေးကြကုန်လင့်၊ ဤသေခြင်းသည် မြဲသော သဘောတရားမည်ပေ၏”ဟု မိန့်တော်မူလေ၏။

“မြတ်စွာဘုရား- ဟုတ်မှန်လှပါသည်ဘုရား၊ တပည့်တော်တို့သည်လည်း သိကြပါကုန်၏ဘုရား၊ စင်စစ်သော်ကား တပည့်တော်တို့သည် ဥပဇ္ဈာယ်ဆရာကို တရားထူးရခြင်းကို မေးလျှောက်ကြပါသည်ဘုရား၊ ထိုဥပဇ္ဈာယ်ဆရာသည် တစ်စုံတစ်ခုသောစကားကို မဆိုမူ၍သာလျှင် စုတေမနေ ပျံလွန်ခြင်းကို ပြုရရှာပါသည်။ ထို့ကြောင့် တပည့်တော်တို့သည် ဆင်းရဲဒုက္ခရောက်ကြရပါသည် ဘုရား”ဟု လျှောက်ကြားကြကုန်သည်ရှိသော် မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- မကြံကြကုန်လင့်၊ သင်တို့၏ ဥပဇ္ဈာယ်ဆရာသည် အနာဂါမိဖိုလ်သို့ ရောက်အပ်၏။ “လူတို့သည်လည်း ဤအနာဂါမိဖိုလ်သို့ ရောက်နိုင်ကြကုန်ဘိ၏။ ငါသည် အရဟတ္တဖိုလ်သို့ ရောက်မှသာလျှင် ရဟန်းတို့အား စကားပြောကြားအံ့”ဟု ထိုသင်တို့ဆရာ ရှက်နိုးလှသဖြင့် သင်တို့အား တစ်စုံတစ်ခုသောစကားကို မဆိုမူ၍ စုတေမနေ ပျံလွန်ခြင်းကိုပြုပြီးလျှင် သုဒ္ဓါဝါသ ဗြဟ္မာပြည်၌ ဖြစ်လေပြီ။ ထို့ကြောင့် ချစ်သားရဟန်းတို့- သင်တို့သည် သက်သာရာရကြကုန်လော့၊ သင်တို့၏ ဥပဇ္ဈာယ်ဆရာသည် ကာမတစ်ဆယ့်တစ်ဘုံတို့၌ ဖွဲ့ယှက်ခြင်းကင်းသောစိတ်ကို ရလေပြီ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၁၈] ဆန္ဒဇာတော အနက္ခာတေ၊ မနသာ စေ ဖုဋော သိယာ။
ကာမေသု စ အပဋိဗဒ္ဓစိတ္တော၊ ဥဒ္ဓံသောတောတိ ဝုစ္စတိ။

ယောဘိက္ခု၊ အကြင်ရဟန်းသည်။ ဆန္ဒဇာတော၊ ဖြစ်သော ပြုလိုသောဆန္ဒရှိ၏။ ဝါ၊ အားထုတ်ခြင်းသို့ရောက်၏။ အနက္ခာတေ၊ နိဗ္ဗာန်၌။ မနသာ၊ စိတ်ဖြင့်။ ဖုဋော၊ အပြည့်အနှံ့ရောက်သည်။ စေသိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ ကာမေသု၊ ကာမတစ်ဆယ့်တစ်ဘုံတို့၌။ အပဋိဗဒ္ဓစိတ္တော စ၊ ဖွဲ့ယှက်ကပ်ငြိသော စိတ်မရှိသည်လည်း။ စေသိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ သောဘိက္ခု၊ ထိုရဟန်းကို။ ဥဒ္ဓံသောတောတိ၊ ဥဒ္ဓံသောတဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

အနာဂါမ်မထေရ်တစ်ပါး ဝတ္ထုပြီး၏။

֍ * ၉။ နန္ဒိယဝတ္ထု

စိရပ္ပဝါသိံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဣသိပတနအရပ်၌ သီတင်သုံးနေတော်မူစဉ် နန္ဒိယ အမည်ရှိသော သတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အသွင်တူမှ အိမ်သူဖြစ်ခြင်း

ဗာရာဏသီပြည်၌ သဒ္ဓါတရားနှင့်ပြည့်စုံသော အမျိုးကောင်းတစ်ဦးအား နန္ဒိယအမည်ရှိသော သားသည် ရှိသတတ်။ ထိုနန္ဒိယ သတို့သားသည် မိခင်ဖခင်တို့နှင့် လျောက်ပတ်သင့်တော်သော သတို့သား ဖြစ်၏။ ရတနာသုံးပါး၌ ကြည်ညိုခြင်း သဒ္ဓါတရားနှင့်လည်း ပြည့်စုံ၏။ သံဃာအား လုပ်ကျွေး ခစားတတ်သောသူသည်လည်း ဖြစ်လေ၏။ ထိုအခါ မိခင်ဖခင်တို့သည် နန္ဒိယသတို့သား၏ အရွယ်သို့ ရောက်လတ်သောကာလ၌ မျက်မှောက်ဖြစ်သော မျက်နှာချင်းဆိုင်အိမ်မှ ဦးရီး၏သမီး ရေဝတီအမည်ရှိသော သူငယ်မကို ယူဆောင်ခြင်းငှာ အလိုရှိကြကုန်၏။ ထိုရေဝတီသည်ကား ရတနာသုံးပါး၌ ကြည်ညိုယုံကြည်ခြင်း မရှိ၊ ပေးကမ်းလှူဒါန်းခြင်း အလေ့လည်းမရှိ၊ နန္ဒိယသတို့သားသည် ထိုရေဝတီကို အလိုမရှိ၊ ထိုအခါ နန္ဒိယသတို့သား၏မိခင်သည် ရေဝတီကို “ချစ်သမီးရေဝတီ- သင်သည် ဤငါတို့အိမ်၌ ရဟန်းသံဃာ၏ နေရာအရပ်ကို နံ့သာစသည်တို့ဖြင့် လိမ်းကျံ၍ နေရာတို့ကို ခင်းပါလေလော့၊ သပိတ်ခြေတို့ကို ထားပါလေလော့၊ ရဟန်းတို့ ကြွလာသောအခါ သပိတ်ကို လှမ်းယူစေ၍ နေထိုင်စေသဖြင့် ဓမ္မကရိုဏ်ဖြင့် သောက်ရေကို စစ်ပေးပြီးလျှင် ဆွမ်းစားပြီးသောအခါ၌ သပိတ်တို့ကို ဆေးပါလော့၊ ဤအမှုကြီးငယ်ကို ရွက်ဆောင်သည်ရှိသော် ငါ၏သားအား နှစ်သိမ့်စေတတ်သောသူ ဖြစ်ပေလတ္တံ့”ဟု သွန်သင်စကား ပြောကြားလေ၏။ ထိုရေဝတီသည် နန္ဒိယသတို့သား၏ မိခင်ဆိုတိုင်း ပြုလုပ်လေ၏။

ထိုအခါ “ရေဝတီကို ဆုံးမခြင်းငှာ ခံ့ပေသည် ချစ်သား”ဟု သားအား ပြောကြားလတ်သည်ရှိသော် “ထိုသို့ဖြစ်မူ ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ နေ့ရက်ကို ပိုင်းခြားမှတ်သားစေ၍ ထိမ်းမြားခြင်း မင်္ဂလာကိုပြုလုပ်ကြလေကုန်၏။ ထိုအခါ ရေဝတီကို နန္ဒိယ သတို့သားသည် “ရဟန်းသံဃာကိုလည်းကောင်း၊ ငါ၏မိဘတို့ကိုလည်းကောင်း အကယ်၍ သင်လုပ်ကျွေး ပြုစုနိုင်သည်ဖြစ်အံ့၊ ထိုသို့ လုပ်ကျွေးပြုစုနိုင်သည်ရှိသော် ဤအိမ်၌နေခြင်းငှာ ရလတ္တံ့၊ မမေ့မလျော့သောသူ ဖြစ်ဘိလော့”ဟု ဆိုလေ၏။ ရေဝတီသည်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ နှစ်ရက်,သုံးရက်တို့ပတ်လုံး ကြည်ညိုသော သဒ္ဓါတရားရှိသော သူကဲ့သို့ဖြစ်၍ လင်ယောက်ျားကို လုပ်ကျွေးပြုစုကာ နေထိုင်စဉ် သားနှစ်ယောက်တို့ကို ဖွားမြင်လေ၏။ နန္ဒိယလုလင်၏ မိဘတို့သည်လည်း စုတေမနေ ကွယ်လွန်ကြလေကုန်၏။ အိမ်၌ အလုံးစုံသော စည်းစိမ်ချမ်းသာသည် ထိုရေဝတီအားသာလျှင်ဖြစ်လေ၏။

ကောင်းမှုရှင်မသေမီ နတ်ဗိမာန်ပေါ်ပေါက်ခြင်း

နန္ဒိယ သတို့သားသည်လည်း မိခင်ဖခင်တို့၏ စုတေမနေ ကွယ်လွန်လေသောအခါမှစ၍ မြတ်သော အလှူရှင်ကြီးတစ်ယောက်ဖြစ်လျက် ရဟန်းသံဃာအား အလှူကို ဖြစ်စေလေ၏။ အထီးကျန်သောသူ ခရီးသွားသောသူတို့အားလည်း အိမ်တံခါး၌ ပြကတေ့ ပေးလှူမြဲဖြစ်သောဝတ်ကို ဖြစ်စေလေ၏။ ထိုနန္ဒိယသတို့သားသည် နောက်အဖို့၌ မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားနာရသဖြင့် ကျောင်းလှူခြင်း၌ရအပ်သော အကျိုးကို မှတ်သားလျက် ဣသိပတန မဟာဝိဟာရ ကျောင်းတိုက်ကြီး၌ တိုက်ခန်းလေးသွယ်တို့ဖြင့် တန်ဆာဆင်အပ်သော မုခ်ထွတ်လေးခုရှိသောကျောင်းကို ဆောက်လုပ်စေပြီးလျှင် ညောင်စောင်း အင်းပျဉ် စသည်တို့ကို ခင်းစေသဖြင့် ထိုကျောင်းကို ပြီးစေလျက် ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းအား အလှူကိုပေးလှူ၍ မြတ်စွာဘုရားအား မြတ်သော အလှူရေစက်ကို သွန်းချလှူဒါန်း ပူဇော်လေ၏။ မြတ်စွာဘုရား၏လက်တော်၌ မြတ်သော အလှူရေစက် ကျရောက်တည်ရှိသည်နှင့် တစ်ပြိုင်နက်သာလျှင် တာဝတိံသာနတ်ပြည်ဝယ် အလုံးစုံသော အရပ်မျက်နှာတို့၌ တစ်ဆယ့်နှစ်ယူဇနာရှိသော အထက်သို့ ယူဇနာတစ်ရာ အစောက်မြင့်သော ရတနာခုနစ်ပါးဖြင့် ပြီးသည်ဖြစ်၍ နတ်သမီးအပေါင်းနှင့်ပြည့်စုံသော နတ်၏ ပြာသာဒ်သည် ပေါ်ပေါက်နှင့်လေ၏။ ထိုအခါ တစ်နေ့သ၌ ရှင်မဟာမောဂ္ဂလာန်မထေရ်သည် ဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် ထိုပြာသာဒ်၏အနီး၌ ရပ်လျက် မိမိထံမှောက်သို့ ရောက်လာကုန်သော နတ်သားတို့ကို “နတ်သားတို့- နတ်သမီးအပေါင်း ခြံရံလျက်ရှိသော အဘယ်သူအား ဤနတ်ပြာသာဒ်သည် ပေါ်ပေါက်နေသနည်း”ဟု မေးမြန်းတော်မူလေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်အား နတ်သားတို့သည် ဗိမာန်ရှင်ကို ကြားလိုကုန်သည်ဖြစ်၍ “အရှင်ဘုရား- နန္ဒိယအမည်ရှိသော အကြင်သူကြွယ်သည် ဣသိပတနအရပ်၌ မြတ်စွာဘုရားအား ကျောင်းကို ဆောက်လုပ်၍ လှူဒါန်းပါသည်။ ထိုနန္ဒိယသူကြွယ်၏ အလို့ငှာ ဤဗိမာန်သည် ပေါ်ပေါက်နှင့်ပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။

ကောင်းမှုရှင်ထံ နတ်သမီးတို့ မှာကြားပုံ

နတ်သမီးအပေါင်းသည်လည်း ထိုရှင်မောဂ္ဂလာန်ကို မြင်ရလျှင် ပြာသာဒ်ထက်မှ သက်ဆင်းတဲ့၍ “အရှင်ဘုရား- တပည့်တော်မတို့ကား နန္ဒိယသတို့သား၏ ခြေရင်းအလုပ်အကျွေးတို့ ဖြစ်ကြပါကုန်အံ့ဟု ဤပြာသာဒ်၌ ဖြစ်နှင့်ရပါကုန်၏။ ထိုဗိမာန်ရှင် နန္ဒိယသတို့သားကို မမြင်ရပါသောကြောင့် အလွန်လျှင် ပျင်းရိ ငြီးငွေ့လှပါပြီဘုရား၊ လူ့စည်းစိမ်ကိုစွန့်၍ နတ်စည်းစိမ်ကို ယူရခြင်းသည် မြေခွက်ကိုခွဲ၍ ရွှေခွက်ကို ယူရခြင်းနှင့် တူပါသည်ဘုရား၊ ဤနတ်ပြည်သို့ လာရောက်ခြင်းအကျိုးငှာ ထိုနန္ဒိယ သတို့သားကို အမိန့်ရှိတော်မူပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ရှင်မောဂ္ဂလာန်မထေရ်သည်လည်း ထိုတာဝတိံသာနတ်ပြည်မှ ပြန်လာ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရား- လူ့ပြည်၌ တည်နေကြကုန်သည်သာလျှင် ဖြစ်ကုန်သော ပြုအပ်သော ကောင်းမှုရှိသော သူတို့အလို့ငှာ နတ်ပြည်၌ စည်းစိမ်သည် ဖြစ်နှင့်ကောင်းပါသလောဘုရား”ဟု မေးလျှောက်လေ၏။ “ချစ်သားမောဂ္ဂလာန်- နတ်ပြည်၌ နန္ဒိယသူကြွယ်၏အလို့ငှာဖြစ်သော နတ်စည်းစိမ်ကို သင်ကိုယ်တိုင် မြင်ခဲ့ပြီမဟုတ်လော၊ အဘယ့်ကြောင့် ငါဘုရားကို မေးမြန်းဘိသနည်း”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား ဤအတိုင်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန်မထေရ်ကို “ချစ်သား မောဂ္ဂလာန်- အဘယ့်ကြောင့် ဤစကားကို သင်ဆိုဘိသနည်း၊ ကြာမြင့်စွာ ကွေကွင်းခြင်းရှိသော သားသမီးကိုလည်းကောင်း၊ ညီအစ်ကိုကိုလည်းကောင်း၊ ကွေကွင်းရာအရပ်မှ ရောက်လာသောသူကိုလည်းကောင်း၊ ရွာတံခါး၌တည်သော တစ်စုံတစ်ယောက်သောသူသည် မြင်ရလျှင် လျင်မြန်စွာ အိမ်သို့သွား၍ ဤမည်သောသူသည် ရောက်လာပြီဟု ပြောကြားရာ၏။ ထိုအခါ ထိုသူ၏ အဆွေအမျိုးတို့သည် အလွန် ရွှင်လန်းဝမ်းမြောက်ကြကုန်သည်ဖြစ်၍ လျင်မြန်စွာ ထွက်လာခဲ့ပြီးလျှင် ချစ်သား- လာရောက်ခဲ့ပြီလား၊ ချစ်သား- အနာရောဂါကင်း၍ ကျန်းကျန်းမာမာရှိပါ၏လား စသည်ဖြင့် နှုတ်ဆက်ခြင်းကိုပြုလျက် ထိုကွေကွင်းနေသောသူကို အလွန်နှစ်သက် ဝမ်းမြောက်ကုန်သကဲ့သို့ ဤအတူသာလျှင် ဤလူ့ပြည်၌ ပြုအပ်သော ကောင်းမှုရှိသော မိန်းမကိုလည်းကောင်း၊ ယောက်ျားကိုလည်းကောင်း ဤလောကကိုစွန့်၍ တမလွန်ဘဝသို့ သွားသည်ရှိသော် ဆယ်ပါး အပြားရှိသော နတ်၏ လက်ဆောင်ကိုယူ၍ ငါရှေးဦးစွာ ငါရှေးဦးစွာဟု ခရီးဦးကြိုဆိုလျက် နတ်တို့သည် လွန်စွာ ဝမ်းမြောက်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

(နတ်၌ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြွေအရံ, အစိုးရခြင်း, နတ်၌ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ။ ဤဆယ်ပါးကား နတ်ပြည်လက်ဆောင်မည်၏ဟူလို။)

ဒေသနာတော်

֍ * [၂၁၉] စိရပ္ပဝါသိံ ပုရိသံ၊ ဒူရတော သောတ္ထိမာဂတံ။
ဉာတိမိတ္တာ သုဟဇ္ဇာ စ၊ အဘိနန္ဒန္တိ အာဂတံ။

֍ * [၂၂၀] တထေဝ ကတပုညမ္ပိ၊ အသ္မာ လောကာ ပရံ ဂတံ။
ပုညာနိ ပဋိဂ္ဂဏှန္တိ၊ ပိယဉာတီဝ အာဂတံ။

စိရပ္ပဝါသိံ၊ ကြာမြင့်စွာ ကွေကွင်းခြင်းရှိသော။ သောတ္ထိံ၊ ရအပ်သော စည်းစိမ်ချမ်းသာရှိသည်ဖြစ်၍။ ဒူရတော၊ ဝေးစွာသောအရပ်မှ။ အာဂတံ၊ ချမ်းသာစွာရောက်လာသော။ ပုရိသံ၊ ယောက်ျားကို။ ဉာတိစ၊ မိမျိုးဖမျိုးဖြစ်သော သူတို့သည်လည်းကောင်း။ မိတ္တာစ၊ အဆွေခင်ပွန်းတို့သည် လည်းကောင်း။ သုဟဇ္ဇာစ၊ နှလုံးအကျွမ်းဝင်သူတို့သည်လည်းကောင်း။ အာဂတံ၊ ရောက်လာပြီတကား ဟူ၍။ အဘိနန္ဒန္တိ၊ အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၏။

တထေဝ-တေန ကာရဏေန၊ ထိုအကြောင်းဖြင့်သာလျှင်။ ကတပုညမ္ပိ၊ ပြုအပ်ပြီးသော ကောင်းမှုရှိသောပုဂ္ဂိုလ်ကိုလည်း။ အသ္မာ လောကာ၊ ဤလောကမှ။ ပရံ လောကံ၊ တမလွန်ဘဝသို့။ ဂတံ၊ ရောက်သွားသည်ရှိသော်။ ပုညာနိ၊ ကောင်းမှုတို့သည်။ ပိယဉာတီ၊ ချစ်ခင်သော အဆွေအမျိုးတို့သည်။ ပိယဉာတိံ၊ ချစ်ခင်အပ်သော အဆွေအမျိုးကို။ ပဋိဂ္ဂဏှန္တိ ဣဝ၊ ဝမ်းမြောက်စွာ ကြိုဆိုကြကုန်သကဲ့သို့။ အာဂတံ၊ ရောက်လာပြီတကားဟူ၍။ ပဋိဂ္ဂဏှန္တိ၊ အာယု,ဝဏ္ဏစသော သမ္ပတ္တိကို ပေးသောအားဖြင့် ဝမ်းမြောက်စွာ ကြိုဆိုကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်သို့ ရောက်ကြလေကုန်၏။

နန္ဒိယဝတ္ထုပြီး၏။

֍ * ၁။ ရောဟိနီမင်းသမီးဝတ္ထု

ကောဓံ ဇဟေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် နိဂြောဓာရုံကျောင်းတော်၌ နေတော်မူစဉ် ရောဟိနီမည်သော မင်းသမီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရောဟိနီ၏ နူနာရောဂါနှင့် ဆွမ်းစားကျောင်းအလှူ

တစ်ပါးသောအခါ အရှင်အနုရုဒ္ဓါမထေရ်သည် ငါးရာသောရဟန်းတို့နှင့် အတူတကွ ကပိလဝတ်ပြည်သို့ ကြွသွားတော်မူသတတ်၊ ထိုအခါ အရှင်အနုရုဒ္ဓါမထေရ်၏ ဆွေတော်မျိုးတော်တို့သည် “အနုရုဒ္ဓါမထေရ်မြတ် ကြွလာပြီ”ဟူသော စကားကို ကြားရလျှင် မထေရ်မြတ်၏ နှမဖြစ်သော ရောဟိနီမည်သော မင်းသမီးကို ထားခဲ့၍ မထေရ်မြတ်၏ အထံဖြစ်သော ကျောင်းတော်သို့ သွားရောက်ကြလေကုန်၏။ ရှင်အနုရုဒ္ဓါမထေရ်သည် ဆွေတော်မျိုးတော်တို့ကို “ရောဟိနီကား အဘယ်မှာနည်း”ဟု မေးတော်မူလေ၏။ “အရှင်ဘုရား- အိမ်၌ ရှိပါသည်ဘုရား”ဟု လျှောက်ကြကုန်သော် “အဘယ့်ကြောင့် ဤကျောင်းကို မလာဘိသနည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်ဘုရား- ထိုရောဟိနီ၏ကိုယ်၌ ဆဝိရောဂါမည်သော အရေ၌ဖြစ်သော အနာရောဂါ ဖြစ်နေသည်ဟု ရှက်နိုးလှသဖြင့် မလိုက်လာပါဘုရား”ဟု လျှောက်ကြကုန်သည်ရှိသော် ထိုအနုရုဒ္ဓါမထေရ်သည် “ရောဟိနီကို ခေါ်ချေကြကုန်လော့”ဟု ခေါ်စေတော်မူသောကြောင့် အဝတ်သင်တိုင်းကို ဝတ်ဆင်၍ ရောက်လာသော ရောဟိနီကို “ရောဟိနီ- အဘယ့်ကြောင့် မလာဘိသနည်း”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- တပည့်တော်မ၏ကိုယ်၌ အရေ၌ဖြစ်သော အနာရောဂါသည် ဖြစ်နေပါသည်။ ထို့ကြောင့် ရှက်နိုးလှသဖြင့် မလာရပါဘုရား”ဟု လျှောက်ကြားလတ်သော် “အသို့နည်း၊ သင်သည် ကောင်းမှုပြုခြင်းငှာ မသင့်လေသလော”ဟု မေးတော်မူလေ၏။ “အရှင်ဘုရား- အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဘုရား”ဟု မေးလျှောက်လတ်သည်ရှိသော် “ဆွမ်းစားဇရပ်ကို ဆောက်လုပ်လေလော့”ဟု မိန့်တော်မူလေ၏။ “အဘယ်ဥစ္စာကိုယူ၍ ဆောက်လုပ်ရပါအံ့နည်းဘုရား”ဟု မေးလျှောက်ပြန်လတ်သော် “သင့်အား ဝတ်ဆင်သော တန်ဆာသည် မရှိလေပြီလော”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- ရှိပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “အဘိုးမည်မျှ ထိုက်တန်အံ့နည်း”ဟု မေးတော်မူလေ၏။ “အဘိုးတစ်သောင်း ထိုက်တန်ပါလိမ့်မည် ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုသို့ဖြစ်မူ ထိုတန်ဆာကိုစွန့်၍ ရောင်း၍ ဆွမ်းစားဇရပ် ဆောက်လုပ်လေလော့”ဟု မိန့်တော်မူပြန်လေ၏။ “အရှင်ဘုရား- အဘယ်သူသည် တပည့်တော်မအတွက် ဆောက်လုပ်ပေးပါလိမ့်မည်နည်းဘုရား”ဟု လျှောက်ပြန်လတ်သော် အနုရုဒ္ဓါမထေရ်မြတ်သည် အနီး၌ တည်နေကုန်သော ဆွေတော်မျိုးတော်တို့ကို ကြည့်ရှု၍ “သင်တို့၏ တာဝန်ဖြစ်စေလော့”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- အရှင်ဘုရားတို့သည်ကား အဘယ်အမှုကို ပြုလုပ်တော်မူကြပါအံ့နည်းဘုရား”ဟု လျှောက်ကြားလတ်သည်ရှိသော် “ငါသည်လည်း ဤအရပ်၌ ရှိသည်ဖြစ်လတ္တံ့”ဟု မိန့်ဆိုတော်မူပြီးလျှင် “ထိုသို့ဖြစ်မူ ထိုဆွမ်းစားဇရပ်၏ အလို့ငှာ သစ်သားအဆောက်အဦတို့ကို ဆောင်ယူကြကုန်လော့”ဟု မိန့်တော်မူလေ၏။

ကုသိုလ်ပြုခြင်းကြောင့် ဝေဒနာသက်သာခြင်း

ဆွေတော်မျိုးတော်တို့သည် “ကောင်းပါပြီ အရှင်ဘုရား”ဟု ဝန်ခံ၍ ဆောင်ယူကြလေကုန်၏။ ရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ဆွမ်းစားဇရပ်ကို စီရင်တော်မူလျက် ရောဟိနီကို အမိန့်ရှိသည်မှာ “ဘုံနှစ်ဆင့်ရှိသော ဆွမ်းစားဇရပ်ကို ဆောက်လုပ်စေသဖြင့် အထက်၌ ပျဉ်ချပ်တို့ကို ခင်းသောကာလမှစ၍ ဇရပ်၏ အောက်ထပ်ကို အမြဲမပြတ် တံမြက်လှည်း၍ နေရာတို့ကို ခင်းကျင်းလေလော့၊ အမြဲမပြတ် သောက်ရေအိုးတို့ကို တည်ထားလေလော့”ဟု မိန့်ဆိုတော်မူလေ၏။ ရောဟိနီသည် “အရှင်ဘုရား- ကောင်းလှပါပြီဘုရား”ဟု ဝန်ခံ၍ ဆင်မြန်းသော တန်ဆာကိုရောင်းပြီးလျှင် ဘုံနှစ်ဆင့်ရှိသော ဆွမ်းစားဇရပ်ကို ဆောက်လုပ်စေ၍ အထက်၌ ပျဉ်ချပ်ခင်းသော ကာလမှစ၍ ဇရပ်၏ အောက်ထပ်ကို တံမြက်လှည်းခြင်း စသည်တို့ကို ပြုလုပ်လေ၏။ ရဟန်းတို့သည် အမြဲမပြတ် နေထိုင်ကြရကုန်၏။ ထိုအခါ ရောဟိနီအား ဆွမ်းစားဇရပ်ကို တံမြက်လှည်းစဉ်သာလျှင် အရေ၌ဖြစ်သော အနာရောဂါသည် ညှိုးနွမ်းလာလေ၏။ ဆွမ်းစားဇရပ် ပြီးလတ်သည်ရှိသော် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော် အပေါင်းအား ပင့်ဖိတ်၍ ဆွမ်းစားဇရပ်ကို ပြည့်စေသဖြင့် သီတင်းသုံးနေထိုင်တော်မူသော မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား မွန်မြတ်သော ခဲဖွယ်ကို လှူဒါန်း ဆက်ကပ်လေ၏။

မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသည်ရှိသော် “ဤအလှူသည် အဘယ်သူ၏ အလှူနည်း”ဟု မေးတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်၏ နှမဖြစ်သော ရောဟိနီမင်းသမီး၏ အလှူဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုရောဟိနီသည်ကား အဘယ်မှာနည်း”ဟု မေးတော်မူပြန်၏။ “မြတ်စွာဘုရား- အိမ်၌ရှိပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုရောဟိနီကို ခေါ်ချေလော့”ဟု မိန့်တော်မူလေ၏။ ရောဟိနီသည် လာခြင်းငှာ အလိုမရှိဘဲနေလေ၏။ ထိုအခါ ရောဟိနီကို မြတ်စွာဘုရားသည် အလိုမရှိသော်လည်း ခေါ်စေတော်မူသည်သာလျှင်တည်း၊ ရောက်လာပြီးသည်ရှိသော် ရှိခိုးလျက်နေသော ရောဟိနီကို “ရောဟိနီ- အဘယ်ကြောင့် မလာဘဲနေဘိသနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်ဘုရား- တပည့်တော်မ၏ကိုယ်၌ အရေ၌ဖြစ်သော အနာရောဂါသည် ရှိနေပါသည်ဘုရား၊ ထို့ကြောင့် ရှက်နိုးလှသဖြင့် မလာဘဲနေရပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “အဘယ်ကိုမှီ၍ သင့်အား ဤအနာရောဂါ ဖြစ်ဘိသနည်း၊ သိ၏လော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- မသိပါဘုရား”ဟု နားတော် လျှောက်လတ်သော် “သင်၏ အမျက်ထွက်ခြင်းကိုမှီ၍ ဤအနာရောဂါဖြစ်၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- တပည့်တော်မသည် အဘယ်မကောင်းမှုကို ပြုမိပါသနည်းဘုရား”ဟု နားတော်လျှောက်ပြန်သော် “ထိုသို့ဖြစ်မူ နားထောင်လေလော့”ဟု မိန့်တော်မူလေ၏။ ထိုအခါ ရောဟိနီအား မြတ်စွာဘုရားသည် လွန်လေပြီးသောအကြောင်းကို ဤသို့ ဆောင်တော်မူလေ၏။

ရောဟိနီ၏ ရှေးအတိတ် မကောင်းမှု

လွန်လေပြီးသောအခါ၌ ဗာရာဏသီပြည့်ရှင် မင်းကြီး၏ မိဖုရားကြီးသည် မင်းကြီး၏ တစ်ယောက်သော ကချေသည်မအား ရန်ငြိုးဖွဲ့ပြီးလျှင် ထိုကချေသည်မအား ဆင်းရဲခြင်းကို ဖြစ်စေအံ့ဟု ကြံ၍ များစွာသော ခွေးလှေးယားသီးတို့ကို ဆောင်ယူစေပြီးလျှင် ထိုကချေသည်မကို မိမိအထံသို့ ခေါ်စေ၍ အကြင် အခြင်းအရာဖြင့် ကချေသည်မသည် မသိ၊ ထိုအခြင်းအရာဖြင့် ကချေသည်မ၏ အိပ်ရာ၌လည်းကောင်း၊ အပေါ်လွှမ်း, စုလျား, ကော်ဇောအခင်း စသည်တို့ အကြားတို့၌လည်းကောင်း၊ ခွေးလှေးယားသီးမှုန့်တို့ကို ထားစေလေ၏။ ပြက်ရယ်မှုပြုသကဲ့သို့ ထိုကချေသည်မ၏ကိုယ်၌ ဖြန့်ကြဲလေ၏။ ထိုခဏချင်းပင်လျှင် ကချေသည်မ၏ကိုယ်သည် မီးလောင်ဖုနှင့်တူသော ယားနာဖုအပေါင်း ဖြစ်ရှာလေ၏။ ကချေသည်မသည် ယားယံလှသဖြင့် အိပ်ရာ၌သွား၍ အိပ်လေ၏။ ထိုအိပ်ရာ၌လည်း ကချေသည်မအား ခွေးလှေးယားသီးမှုန့်တို့သည် ကိုက်ခဲဘိသကဲ့သို့ ပြင်းပြသောဝေဒနာသည် ဖြစ်ရရှာလေ၏။ ထိုအခါ ရောဟိနီသည် မိဖုရားကြီး ဖြစ်ဖူးလေသတည်း။ မြတ်စွာဘုရားသည် ဤလွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၍ “ရောဟိနီ ထိုအခါ သင်ရောဟိနီသည် ထိုသို့သောမကောင်းမှုကံကို ပြုဖူးလေပြီ၊ အနည်းငယ်မျှလည်းဖြစ်သော အမျက်ထွက်ခြင်းလည်းကောင်း ငြူစူခြင်းကိုလည်းကောင်း ပြုခြင်းငှာ မသင့်သော သဘောရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၂၁] ကောဓံ ဇဟေ ဝိပ္ပဇဟေယျ မာနံ၊
သံယောဇနံ သဗ္ဗမတိက္ကမေယျ။
တံ နာမရူပသ္မိမသဇ္ဇမာနံ၊
အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

ကောဓံ၊ အမျက်ဒေါသကို။ ဧဟေ၊ စွန့်ရာ၏။ မာနံ၊ မာန်မာနကို။ ဝိပ္ပဇဟေယျ၊ ပယ်စွန့်ရာ၏။ သဗ္ဗသံယောဇနံ၊ အလုံးစုံသော သံယောဇဉ်ကို။ အတိက္ကမေယျ၊ လွန်မြောက်ရာ၏။ နာမရူပသ္မိံ၊ နာမ်ရုပ်၌။ အသဇ္ဇမာနံ၊ တွယ်တာကပ်ငြိခြင်းမရှိသော။ အကိဉ္စနံ၊ ရာဂစသော ကြောင့်ကြခြင်းမရှိသော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ဒုက္ခာ၊ ဆင်းရဲတို့သည်။ နာနုပတန္တိ၊ မကျနိုင်ကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ ရောဟိနီသည်လည်း သောတာပတ္တိဖိုလ်၌ တည်သည်ဖြစ်၍ ထိုခဏချင်း၌သာလျှင် ရောဟိနီ၏ကိုယ်သည် ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကိုယ် ဖြစ်လေ၏။

ရောဟိနီကို နတ်သားလေးဦး လုခြင်းနှင့် သိကြားမင်းဆုံးဖြတ်ပုံ

ထိုရောဟိနီသည် ထိုကိုယ်အဖြစ်မှ စုတေမနေ ကွယ်လွန်လေသည်ရှိသော် တာဝတိံသာနတ်ပြည်ဝယ် နတ်သားလေးယောက်တို့၏ နယ်နိမိတ်အပိုင်းအခြား၌ဖြစ်၍ ကြည်လင်နှစ်သက်ဖွယ် တင့်တယ်သော ရုပ်အဆင်းအထူးသို့ ရောက်သည်ဖြစ်လေ၏။ နတ်သား လေးယောက်တို့သည်လည်း ထိုရောဟိနီနတ်သမီးကိုမြင်လျှင် ဖြစ်သော ချစ်ခင်ခြင်း ရှိကုန်သည်ဖြစ်၍ “ငါ၏အပိုင်းအခြားအတွင်း၌ ဖြစ်၏”ဟု ပြောဆိုကြကုန်လျက် သိကြားနတ်မင်း၏အထံသို့ သွားပြီးလျှင် “ဤနတ်သမီးကိုမှီ၍ တရားတွေ့ခြင်း ဖြစ်ရပါသည်။ ထိုတရားကို စီရင်ဆုံးဖြတ်တော်မူပါ”ဟု လျှောက်ကြားကြလေကုန်၏။ သိကြားမင်းသည်လည်း ထိုရောဟိနီနတ်သမီးကို ကြည့်ရှု၍သာလျှင်ဖြစ်သော ချစ်ခင်ခြင်းရှိသည်ဖြစ်၍ “ဤနတ်သမီးကို မြင်ရသောကာလမှစ၍ အသင်တို့၏စိတ်သည် အဘယ်သို့ ဖြစ်ကြကုန်ဘိသနည်း”ဟု မေးစစ်လေ၏။ ထိုအခါ နတ်သားတစ်ယောက်သည် “အရှင်မင်းကြီး- ကျွန်တော်မျိုး၏ သန္တာန်၌ဖြစ်သော စိတ်ကား စစ်မြေပြင်၌ စည်ကြီးကဲ့သို့ ငြိမ်သက်ခြင်းငှာ မတတ်နိုင်ပါ”ဟု လျှောက်လေ၏။ နှစ်ယောက်မြောက်ဖြစ်သော နတ်သားသည် “ကျွန်တော်မျိုး၏ စိတ်ကား တောင်ကျမြစ်ကဲ့သို့ လျင်မြန်စွာဖြစ်လျက်ရှိပါသည်”ဟု လျှောက်လေ၏။ သုံးယောက်မြောက်ဖြစ်သော နတ်သားသည် “ကျွန်တော်မျိုး၏ မျက်စိတို့သည် ဤနတ်သမီးကို မြင်ရသောကာလမှစ၍ ပုစွန်၏မျက်စိကဲ့သို့ ထွက်ကုန်ပါသည်”ဟု လျှောက်လေ၏။ လေးယောက်မြောက်ဖြစ်သော နတ်သားသည်ကား “ကျွန်တော်မျိုး၏စိတ်သည် စေတီ၌ စိုက်အပ်သော တံခွန်ကဲ့သို့ မတုန်မလှုပ် တည်တံ့ခြင်းငှာ မတတ်နိုင်ပါ”ဟု လျှောက်လေ၏။ ထိုအခါ နတ်သားတို့ကို သိကြားမင်းသည် “အမောင်နတ်သားတို့- ရှေးဦးစွာ သင်တို့၏စိတ်တို့သည် နှိမ်နင်းနိုင်သော သဘောရှိကြကုန်သေး၏။ ငါသည်ကား ဤနတ်သမီးကို ရသည်ရှိသော် အသက်ရှင်အံ့၊ မရချေသည်ရှိသော် ငါ့အား သေရခြင်း ဖြစ်ပေလတ္တံ့”ဟု ဆိုလေ၏။ နတ်သားတို့သည် “အရှင်မင်းကြီး-- အရှင်မင်းကြီးတို့၏ သေခြင်းဖြင့် အလိုမရှိပါ”ဟု ဆိုကုန်၍ ထိုရောဟိနီနတ်သမီးကို သိကြားမင်းအားစွန့်၍ ဖဲသွားကြလေကုန်၏။ ထိုရောဟိနီနတ်သမီးသည် သိကြားမင်း၏ လွန်စွာချစ်ခင် မြတ်နိုးအပ် နှစ်လိုခြင်းကို ပွားစေတတ်သော နတ်သမီးဖြစ်လေ၏။ “ဤမည်သောကစားပွဲသို့ ကျွန်မတို့ သွားချင်ကြပါသည်”ဟု ဆိုသည်ရှိသော် သိကြားမင်းသည် ထိုနတ်သမီး၏စကားကို ပယ်ရှားခြင်းငှာ မတတ်နိုင်ရှာလေသတည်း။

ရောဟိနီမင်းသမီး ဝတ္ထုပြီး၏။

֍ * ၂။ မထင်ရှားသော ရဟန်းဝတ္ထု

ယောဝေ ဥပ္ပတိတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် အဂ္ဂါဠဝစေတီ၌ နေတော်မူစဉ် အမှတ်မရှိသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သစ်ပင်စောင့်နတ် စိတ်ချုပ်တည်းပုံ

မြတ်စွာဘုရားသည် ရဟန်းသံဃာအား ကျောင်းကို ခွင့်ပြုတော်မူလတ်သည်ရှိသော် (ဝါ) ခွင့်ပြုတော်မူခြင်းကြောင့် ရာဇဂြိုဟ်ပြည်၌ သူဌေးစသော သူတို့သည် ကျောင်းတို့ကို ဆောက်လုပ်ကြကုန်သည်ရှိသော် အာဠဝီတိုင်းသား ရဟန်းတစ်ပါးသည် မိမိအလို့ငှာ ကျောင်းကို ဆောက်လုပ်လိုသောကြောင့် နှစ်လိုဖွယ်ကောင်းသော သစ်ပင်တစ်ပင်ကိုမြင်လျှင် ဖြတ်ခြင်းငှာ အားထုတ်လေ၏။ ထိုသစ်ပင်၌ဖြစ်သော နေသော ငယ်ရွယ်နုပျိုသော တစ်ဦးသော နတ်သည် နုပျိုသောသားငယ်ကို ရင်ခွင်ဖြင့် ပိုက်ချီကာ ရပ်လျက် “အရှင်မြတ်- တပည့်တော်၏ဗိမာန်ကို မဖြတ်ပါလင့်၊ သားငယ်ကို ပိုက်ချီလျက် နေစရာမရှိသဖြင့် သွားလာလှည့်လည်ခြင်းငှာ မတတ်နိုင်ပါဘုရား”ဟု လျှောက်ထားတောင်းပန်ရှာလေ၏။ ထိုရဟန်းသည် “တစ်ပါးသောအရပ်၌ ဤသို့သဘောရှိသော သစ်ပင်ကို မရနိုင်လတ္တံ့”ဟု ထိုနတ်၏စကားကို နားမထောင်ရကား နတ်သည် “ဤသားငယ်ကိုလည်း ရှေးဦးစွာ ကြည့်ရှုရလျှင် ရှောင်ကြဉ်ပေလတ္တံ့”ဟု နှလုံးပြု၍ သားငယ်ကို သစ်ကိုင်း၌ ထားလေ၏။ ထိုရဟန်းသည်လည်း မြှောက်ချီအပ်သော ပုဆိန်ကို တည်တံ့စိမ့်သောငှာ မတတ်နိုင်ရကား နတ်သူငယ်၏ လက်ရုံးကို ဖြတ်မိလေ၏။ နတ်သည် အားကြီးစွာဖြစ်သော အမျက်ဒေါသရှိခြင်းကြောင့် “ပုတ်ခတ်၍ ထိုရဟန်းကို သတ်တော့အံ့”ဟု လက်နှစ်ဖက်တို့ကို မြှောက်ချီပြီးမှ ရှေးဦးစွာ ဤသို့ကြံလေ၏။ “ဤရဟန်းသည်လည်း သီလရှိသော ရဟန်းဖြစ်၏။ ငါသည် ဤရဟန်းကို အကယ်၍ သတ်မိငြားအံ့၊ ငရဲသို့ လားရပေတော့အံ့၊ ကြွင်းသော နတ်တို့သည်လည်း မိမိ၏သစ်ပင်ကို ဖြတ်ကုန်သော ရဟန်းတို့ကိုမြင်လျှင် ဤမည်သောနတ်သည် ရဟန်းကို ဤသို့သတ်လေ၏ဟု ငါ့ကို နှိုင်းယှဉ်ခြင်းကိုပြု၍ ရဟန်းတို့ကို သတ်ကြကုန်လတ္တံ့။ ဤရဟန်းသည်လည်း အရှင်သခင်ရှိသော ရဟန်းဖြစ်၏။ အရှင်သခင်ဖြစ်သော မြတ်စွာဘုရားအားသာလျှင် လျှောက်ကြားတော့အံ့”ဟု ကြံပြီးလျှင် မြှောက်ချီသောလက်တို့ကိုပယ်၍ ငိုကြွေးလျက် မြတ်စွာဘုရား၏ အထံတော်သို့သွားသဖြင့် ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ ရပ်တည်နေလေ၏။

ထိုအခါ နတ်ကို မြတ်စွာဘုရားသည် “နတ်- အဘယ်သို့ ဖြစ်ဘိသနည်း”ဟု မိန့်တော်မူလေ၏။ နတ်သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့၏ တပည့်ရဟန်းသည် တပည့်တော်အား ဤမည်သောအမှုကို ပြုပါသည်ဘုရား၊ တပည့်တော်သည် ထိုရဟန်းကို သတ်ခြင်းငှာ အလိုရှိသည်ဖြစ်လျက် ဤမည်သောအကြောင်းကို ကြံစည်ပြီးလျှင် မသတ်မူ၍သာလျှင် ဤဘုရားရှင်ရှိတော်မူရာ အရပ်သို့ လာပါသည်ဘုရား”ဟု အလုံးစုံသော ထိုအကြောင်းကို အကျယ်အားဖြင့် လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် ထိုလျှောက်ချက်စကားကို ကြားတော်မူရလျှင် “နတ်- ကောင်းပေစွ, ကောင်းပေစွ၊ သင်သည် ကောင်းသောအမှုကို ပြုအပ်ပေ၏။ ပြေးသောရထားကို ရပ်တား နှိမ်နင်းနိုင်ဘိသကဲ့သို့ ဤသို့ထွက်သော အမျက်ဒေါသကို ရပ်တား နှိမ်နင်းလျက်လာခဲ့ပေသည်တကား”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၂၂] ယော ဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ဝါရယေ။
တမဟံ သာရထိံ ဗြူမိ၊ ရသ္မိဂ္ဂါဟော ဣတရော ဇနော။

ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ ဥပ္ပတိတံ၊ ဖြစ်သော။ ကောဓံ၊ အမျက်ဒေါသကို။ ဘန္တံ၊ အဟုန်ဖြင့် လျင်စွာပြေးသွားသော။ ရထံ၊ ရထားကို။ ဝါရယေ ဣဝ၊ တားမြစ်နိုင်ဘိသကဲ့သို့။ ဝါရယေ၊ တားမြစ်နိုင်ရာ၏။ တံ၊ ထိုသူကို။ သာရထိံ၊ လိမ္မာသော ရထားထိန်းဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။ ဣတရော၊ ဤသူမှတစ်ပါးသော။ ဇနော၊ ပြည့်ရှင်မင်း အိမ်ရှေ့မင်း စသည်တို့၏ ရထားထိန်းသည်။ ရသ္မိဂ္ဂါဟော၊ ကြိုးဆွဲသမား ကြိုးကိုင်သမားသာမည်၏။ (မြတ်သော ရထားထိန်းမမည်ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ နတ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူ၏။

ဘုရားသခင်သည် နတ်အား သစ်ပင်ကို ညွှန်ပြတော်မူခြင်း

နတ်သည် သောတာပန်ဖြစ်ပြီးသော်လည်း ငိုကြွေး မြည်တမ်းလျက်သာ နေလေ၏။ ထိုအခါ ထိုနတ်ကို မြတ်စွာဘုရားသည် “နတ်- အကြောင်းကား အသို့နည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- တပည့်တော်၏ ဗိမာန်သည် ပျက်စီးခဲ့ပါပြီ၊ ယခုအခါ အဘယ်သို့ ပြုရပါအံ့နည်းဘုရား”ဟု လျှောက်လတ်သော် “နတ်- မကြံစည်လင့်၊ မစိုးရိမ်လင့်၊ ငါဘုရားသည် သင့်အား ဗိမာန်ကို ပေးအံ့”ဟု မိန့်တော်မူ၏။ ဇေတဝန်ကျောင်းတော် ဂန္ဓကုဋိအနီး ရှေးဖြစ်သောနေ့၌ စုတေလေပြီးသော နတ်ရှိသော သစ်ပင်တစ်ပင်ကို ညွှန်ပြတော်မူလျက် “ဤမည်သောအရပ်၌ရှိသော သစ်ပင်သည် နတ်သားမှ ဆိတ်၏၊ ထိုသစ်ပင်သို့ ချဉ်းကပ်ချေလော့”ဟု မိန့်တော်မူလေ၏။ နတ်သည် သစ်ပင်သို့ ချဉ်းကပ်လေ၏။ ထိုနေ့မှစ၍ “ဤနတ်၏ဗိမာန်သည် ဘုရားရှင်ပေးအပ်သော ဗိမာန်တည်း”ဟု တန်ခိုးကြီးသော နတ်တို့သော်လည်း လာ၍ ထိုနတ်ကို တုန်လှုပ်စေခြင်းငှာ မတတ်နိုင်ကြ၊ မြတ်စွာဘုရားသည် ထိုအကြောင်းကို အကြောင်းရင်းပြု၍ ရဟန်းတော်တို့အား ဘူတဂါမ်သိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။

မထင်ရှားသော ရဟန်းဝတ္ထုပြီး၏။

֍ * ၃။ ဥတ္တရာဥပါသိကာမဝတ္ထု

အက္ကောဓေန ဇိနေ ကောဓံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥတ္တရာ၏အိမ်၌ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူပြီးသည်ရှိသော် ဥတ္တရာမည်သော ဒါယိကာမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆင်းရဲသား မောင်ပုဏ္ဏ လယ်ထွန်သွားခြင်း

ထိုဂါထာကို ဟောတော်မူရာ၌ ဤဆိုလတ္တံ့သည်ကား စကားအစဉ်တည်း၊ ရာဇဂြိုဟ်ပြည်၌ သုမနအမည်ရှိသော သူဌေးကိုမှီ၍ ပုဏ္ဏအမည်ရှိသော သူဆင်းရဲသည် အခစားအမှုပြုလျက် အသက်မွေးသတတ်၊ ထိုပုဏ္ဏအား မယားသည်လည်းကောင်း, ဥတ္တရာအမည်ရှိသော သမီးသည်လည်းကောင်း ဤသို့ နှစ်ယောက်ကုန်သော အိမ်၌နေသော သူတို့သည် ရှိကုန်၏။ ထိုအခါ တစ်နေ့သ၌ ခုနစ်ရက်ပတ်လုံး နက္ခတ်သဘင်ကစားရမည်ဟု ရာဇဂြိုဟ်ပြည်၌ ကြွေးခြင်းကို ပြုကြကုန်၏။ ထိုစကားကိုကြားရလျှင် သုမနသူဌေးသည် နံနက်စောစောကသာလျှင် ရောက်လာသော ပုဏ္ဏကိုခေါ်၍ “အမောင်- ငါတို့၏ ထက်ဝန်းကျင် အမှုလုပ် လူအပေါင်းသည် နက္ခတ်သဘင်ကို ကစားခြင်းငှာ အလိုရှိ၏။ အမောင်- အသို့နည်း၊ နက္ခတ်သဘင်ကို ကစားအံ့လော၊ သို့တည်းမဟုတ် အခစားအမှုကို ပြုလုပ်အံ့လော”ဟု ဆိုလေ၏။ “အရှင်သူဌေးကြီး- နက္ခတ်သဘင် ပျော်ရွှင်ကစားခြင်းမည်သည် ဥစ္စာရှိသူတို့အလို့ငှာ ဖြစ်ပေါ်ရပါသည်။ ကျွန်တော်၏အိမ်၌ကား နက်ဖြန်အလို့ငှာ ယာဂုကျိုစရာ ဆန်မျှလည်း မရှိသေးပါ။ ကျွန်တော်အား နက္ခတ်သဘင် ကစားခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ နွားတို့ကို ရသည်ရှိသော် လယ်ထွန်ခြင်းငှာ သွားပါမည်”ဟု ဆိုရကား “ထိုသို့ဖြစ်မူ နွားတို့ကို ယူလော့”ဟု ဆိုလေ၏။ ထိုပုဏ္ဏသည် အားရှိသောနွားတို့ကိုလည်းကောင်း၊ ထွန်ကိုလည်းကောင်း ယူခဲ့ပြီးလျှင် “နှမ-- မြို့သူမြို့သားတို့သည် နက္ခတ်သဘင်ကို ပျော်ရွှင်စွာ ကစားကြကုန်၏။ ငါကား ဆင်းရဲခြင်းကြောင့် အခစားအမှု ပြုလုပ်ခြင်းငှာ သွားပေအံ့၊ ငါ၏အလို့ငှာလည်း ယနေ့ များများနှစ်ဆဖြစ်သော ရိက္ခာကိုချက်၍ ထမင်းကို ဆောင်ခဲ့လေလော့”ဟု ဆိုလျက် မယားအား မှာထား၍ လယ်တောသို့ သွားလေ၏။

ရှင်သာရိပုတ္တရာအား ရေ,ဒန်ပူလှူခြင်း

ရှင်သာရိပုတ္တရာ မထေရ်သည်လည်း ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ်ကို ဝင်စားတော်မူသည်ဖြစ်၍ ထိုနေ့၌ ထပြီးလျှင် “ငါသည် အဘယ်သူအား ယနေ့ ချီးမြှောက်ခြင်းကို ပြုသင့်ပေသနည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် မိမိ၏ ဉာဏ်တည်းဟူသော ကွန်ရက်အတွင်းသို့ ဝင်ရောက်လာသော ပုဏ္ဏကို မြင်တော်မူလျှင် “ဤပုဏ္ဏသည် သဒ္ဓါတရားရှိအံ့လော၊ ငါ့အား ချီးမြှောက်ခြင်းကို ပြုခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု ကြည့်ရှုပြန်သည်ရှိသော် ထိုပုဏ္ဏ၏ သဒ္ဓါတရားရှိသည့် အဖြစ်ကိုလည်းကောင်း၊ ချီးမြှောက်ခြင်းငှာ စွမ်းနိုင်သည့် အဖြစ်ကိုလည်းကောင်း၊ ထိုချီးမြှောက်ခြင်းဟူသော အကြောင်းကြောင့်သာလျှင် ပုဏ္ဏအား များစွာသော စည်းစိမ်ချမ်းသာ ရအံ့သည်ကိုလည်းကောင်း သိတော်မူသဖြင့် သပိတ်,သင်္ကန်းကို ယူတော်မူလျက် ထိုပုဏ္ဏ၏ လယ်ထွန်ရာအရပ်သို့ သွားပြီးလျှင် ရေတွင်း၏ ကမ်းပါး၌ ချုံတစ်ခုကို ကြည့်ရှုကာ ရပ်တော်မူလေ၏။ ပုဏ္ဏသည် ရှင်သာရိပုတ္တရာမထေရ်ကို မြင်လျှင်မြင်ချင်း လယ်ထွန်ခြင်းကို ရပ်ထား၍ ငါးပါးသော တည်ခြင်းဖြင့် ရှင်သာရိပုတ္တရာမထေရ်ကို ရှိခိုးပြီးလျှင် “ဒန်ပူဖြင့် အလိုတော်ရှိသည် ဖြစ်လတ္တံ့”ဟု နှလုံးပြု၍ ဒန်ပူကို ဖြတ်တောက်ခြင်းကိုပြု၍ ပေးလှူလေ၏။ ထိုအခါ ပုဏ္ဏအား မထေရ်မြတ်သည် သပိတ်ကိုလည်းကောင်း၊ ရေစစ်ကိုလည်းကောင်း ထုတ်၍ ပေးတော်မူလေ၏။ ပုဏ္ဏသည် “သောက်ရေဖြင့် အလိုတော်ရှိသည်ဖြစ်လတ္တံ့”ဟု သပိတ်နှင့်ရေစစ်ကို ယူပြီးလျှင် သောက်ရေကိုစစ်၍ လှူဒါန်းဆက်ကပ်လေ၏။

ရှင်သာရိပုတ္တရာမထေရ်သည် “ဤသူကား သူတစ်ပါးတို့၏ အိမ်နောက်၌ နေရရှာ၏။ ထိုအိမ်တံခါးသို့ အကယ်၍ ငါသွားခဲ့ငြားအံ့၊ ဤသူ၏မယားသည် ငါ့ကိုဖူးမြင်ခြင်းငှာ မရနိုင်လတ္တံ့၊ အကြင်မျှလောက် ကာလပတ်လုံး ဤပုဏ္ဏ၏ အလို့ငှာ ထမင်းကိုယူ၍ ခရီးလမ်းမသို့ ရောက်လာ၏။ ထိုမျှလောက် ကာလပတ်လုံး ဤအရပ်၌သာလျှင် ဖြစ်ဦးအံ့၊ ဆိုင်းငံ့ကာနေဦးအံ့”ဟု ကြံစည်တော်မူလေ၏။

မောင်ပုဏ္ဏ၏မယား ဆွမ်းလှူခြင်း

ထိုရှင်သာရိပုတ္တရာသည် ထိုအရပ်၌သာလျှင် အတန်ငယ်ကာလကို လွန်စေတော်မူပြီးလျှင် သူဆင်းရဲမ၏ ခရီးလမ်းမသို့ တက်သည်အဖြစ်ကို သိတော်မူသဖြင့် မြို့တွင်းသို့ ရှေးရှု ကြွသွားတော်မူလေ၏။ သူဆင်းရဲမသည် ခရီးလမ်းမအလယ်၌ ရှင်သာရိပုတ္တရာမထေရ်ကို မြင်ရလျှင် ဤသို့ကြံမိလေ၏။ “ငါသည် တစ်ရံတစ်ခါ လှူဖွယ်ဝတ္ထုရှိလျက် အရှင်မြတ်ကိုမမြင်၊ တစ်ရံတစ်ခါ ငါ၏အရှင်မြတ်ကို မြင်ရပါ၏။ လှူဖွယ်ဝတ္ထုမရှိ၊ ယနေ့မူကား ငါသည် အရှင်မြတ်ကိုလည်း မြင်ရ၏။ ဤလှူဖွယ်ဝတ္ထုသည်လည်း ရှိခဲ့၏။ ငါ့အား ချီးမြှင့်ခြင်း ပြုပါလိမ့်မည်လော”ဟု ကြံပြီးလျှင် ထိုသူဆင်းရဲမသည် ထမင်းခွက်ကိုချ၍ မထေရ်မြတ်ကို ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် “အရှင်ဘုရား- ဤဆွမ်းကို ညံ့ဖျင်း၏ဟူ၍လည်းကောင်း၊ မွန်မြတ်၏ဟူ၍လည်းကောင်း ကြံစည်တော်မမူပါဘဲ အရှင်ဘုရားတို့၏ ကျေးကျွန် တပည့်မွဲအား ချီးမြှောက် ထောက်ပံ့ခြင်းအမှုကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ မထေရ်မြတ်သည် သပိတ်ကို ညွှတ်တော်မူပြီးလျှင် ထိုသူဆင်းရဲမသည် လက်တစ်ဖက်ဖြင့် ထိုထမင်းခွက်မှ (ထမင်းကို) ဆွမ်းကို လှူဒါန်းစဉ် ထက်ဝက်သောဆွမ်းကို လှူအပ်သည်ရှိသော် တန်ပြီဟူ၍ လက်တော်ဖြင့် သပိတ်ကို ပိတ်တော်မူ၏။ ထိုသူဆင်းရဲမသည် “အရှင်ဘုရား- တစ်ယောက်စာအတွက် တစ်ခုသောအဖို့ကို နှစ်ဖို့ပြုခြင်းငှာ မတတ်ကောင်းပါဘုရား၊ အရှင်ဘုရားတို့၏ ကျေးကျွန်အား ဤပစ္စုပ္ပန်လောကအတွက် ချီးမြောက်သင်္ဂြိုဟ်ခြင်းကို ပြုတော်မမူပါဘဲ တမလွန်လောကအတွက် ချီးမြှောက်သင်္ဂြိုဟ်ခြင်းကို ပြုတော်မူကြပါဘုရား၊ အကြွင်းမဲ့သာလျှင် လှူခြင်းငှာ အလိုရှိပါသည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် အလုံးစုံသော ဆွမ်းကိုသာလျှင် ရှင်သာရိပုတ္တရာ မထေရ်မြတ်၏ သပိတ်တော်၌ လောင်းထည့်သဖြင့် “အရှင်ဘုရားတို့ သိမြင်အပ်သော တရား၏သာလျှင် အဖို့ရှိသည် ဖြစ်ပါစေသော”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။ ရှင်သာရိပုတြာမထေရ်သည် “ဤသို့ တောင်းသည့်ဆုအတိုင်း ပြည့်စုံစေသော”ဟု မိန့်တော်မူပြီးလျှင် ရပ်တော်မူလျက်သာလျှင် အနုမောဒနာကိုပြု၍ ရေရလွယ်၍ ချမ်းသာရာအရပ် တစ်ခု၌ နေထိုင်ကာ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူလေ၏။

မောင်ပုဏ္ဏ၏မယား ကုသိုလ်ပွားအောင် ပြောပြပုံ

သူဆင်းရဲမသည်လည်း အိမ်သို့ပြန်လည်၍ ဆန်တို့ကို ရှာပြီးလျှင် ထမင်းကို ချက်ရပြန်လေ၏။ ပုဏ္ဏသည်လည်း ရှစ်မင်းပယ်မျှလောက်သော အရပ်ကို လယ်ထွန်ပြီးလျှင် မွတ်သိပ်ဆာလောင်ခြင်းကို သည်းခံခြင်းငှာ မတတ်နိုင်ရကား နွားတို့ကို လွှတ်လိုက်၍ တစ်ခုသော သစ်ပင်ရိပ်သို့ဝင်သဖြင့် လမ်းခရီးကို မျှော်ကြည့်ကာ နေရှာလေ၏။ ထိုအခါ ပုဏ္ဏ၏မယားသည် ထမင်းကိုယူ၍ သွားသည်ရှိသော် ထိုပုဏ္ဏကို မြင်လျှင်မြင်ချင်း “ဤပုဏ္ဏသည် မွတ်သိပ်ဆာလောင်ခြင်းဖြင့် နှိပ်စက်ခြင်းကြောင့် လမ်းခရီးကို မျှော်ကြည့်ကာ နေရှာလေ၏။ ငါ့ကို အလွန်လျှင် ကြာမြင့်လှဘိ၏ဟု မောင်းမဲ၍ နှင်တံရိုးဖြင့် အကယ်၍ ပုတ်ခတ်သည်ဖြစ်အံ့၊ ငါပြုအပ်သော ကောင်းမှုသည် အကျိုးမရှိဖြစ်တော့အံ့၊ ထိုခင်ပွန်းသည် ပုဏ္ဏအား ရှေးဦးမဆွ ကြိုတင်၍သာလျှင် ပြောကြားပေတော့အံ့”ဟုကြံ၍ “အရှင်- ယနေ့တစ်နေ့ပတ်လုံး စိတ်ကို ကြည်ဖြူစေပါလော့၊ ကျွန်မပြုအပ်သော ကောင်းမှုကို အကျိုးမဲ့ မပြုပါလင့်၊ ကျွန်မသည် နံနက်စောစောကသာလျှင် ထမင်းကိုဆောင်ယူခဲ့လေရာ လမ်းခရီးအကြား၌ တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတ္တရာကို ဖူးမြင်ရ၍ ထိုထမင်းကို ထိုရှင်သာရိပုတ္တရာအား လှူဒါန်းပြီးမှ တစ်ဖန် ပြန်သွား၍ ထမင်းချက်ပြီး လာရပါသည်။ စိတ်ကို ကြည်ဖြူစေပါလော့”ဟု တင်ကြိုကာ ဆိုရှာလေ၏။

ထိုသူဆင်းရဲပုဏ္ဏသည် “ချစ်နှမ- သင်သည် အဘယ်စကားကို ဆိုသနည်း”ဟု မေးလေသောကြောင့် တစ်ဖန် ထိုအကြောင်းကို ကြားပြန်လတ်သော် “ချစ်နှမ- ငါ့အလို့ငှာ ဆောင်ခဲ့သော ထမင်းကို ရှင်သာရိပုတ္တရာအား ပေးလှူခြင်းအားဖြင့် သင်ပြုအပ်သောအမှုသည် ကောင်းလေစွတကား၊ ငါသည်လည်း ရှင်သာရိပုတ္တရာအား ယနေ့ နံနက်စောစောကပင်လျှင် ဒန်ပူနှင့် မျက်နှာသစ်တော်ရေကိုလည်း လှူရလေပြီ”ဟု ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုမယားဆိုသော စကားကို အလွန်နှစ်သက် ဝမ်းမြောက်လေ၏။ အလွန်နေမြင့်သော အခါကာလ၌ ရအပ်သော ထမင်းရှိသောကြောင့် ပင်ပန်းသောကိုယ် ရှိသည်ဖြစ်ရကား ထိုမယား၏ရင်ခွင်၌ ဦးခေါင်းထားသည်ကိုပြု၍ အိပ်ပျော်ခြင်းသို့ ရောက်လေ၏။

ရွှံ့မှ ရွှေဖြစ်ခြင်း

ထိုအခါ မောင်ပုဏ္ဏ၏ နံနက်စောစောကပင်လျှင် လယ်ထွန်သော နေရာအရပ်တစ်ခုလုံးသည် မြေမှုန့်ကို အစပြု၍ နီသောရွှေဖြစ်၍ မဟာလှေကားပန်းပွင့် အစုကဲ့သို့ တင့်တယ်လျက် တည်လေ၏။ မောင်ပုဏ္ဏ နိုးလတ်သဖြင့် ကြည့်ရှုပြီးလျှင် မယားကို “ချစ်နှမ- ထိုလယ်ထွန်ရာ အရပ်တစ်ခုလုံးသည် ငါ့အား ရွှေဖြစ်၍ ထင်၏”ဟု ဆိုပြီးလျှင် “အသို့နည်း၊ အလွန်နေမြင့်သော အခါကာလ၌ ရအပ်သော ထမင်းရှိသည် အဖြစ်ကြောင့် ငါ၏မျက်စိတို့သည် လည်လေကုန်သလော”ဟု ဆိုလေ၏။ မယားသည်လည်း “အရှင်- ကျွန်မအားလည်း ဤအတူသာလျှင် ထင်၏”ဟု ဆိုလတ်သော် မောင်ပုဏ္ဏသည် ထတဲ့၍ ထိုလယ်ထွန်ထားရာအရပ်သို့ သွားပြီးလျှင် တစ်ခုသော အစိုင်အခဲကို ယူသဖြင့် ထွန်တုံးစွန်း၌ ပုတ်ခတ်လိုက်သည်ရှိသော် ရွှေ၏အဖြစ်ကို သိရသောကြောင့် “ဪ- အံ့ဖွယ်ရှိလှပေ၏တကား၊ တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတ္တရာအား ပေးလှူအပ်သော အလှူဒါနသည် ယနေ့ပင်လျှင် အကျိုးကို ပြအပ်ပေပြီ၊ ဤမျှလောက်သော ဥစ္စာကို ဖုံးလွှမ်း၍ သုံးဆောင်ခြင်းငှာ မတတ်ကောင်းပေတကား”ဟု နှလုံးပြုလျက် မယားသည် ဆောင်ယူခဲ့သော ထမင်းခွက်ကို ရွှေဖြင့်ပြည့်စေ၍ မင်းအိမ်သို့သွားပြီးလျှင် မင်း၏ ပြုအပ်သော အခွင့်ရရှိလတ်သည်ရှိသော် ဝင်သွားသဖြင့် မင်းကြီးကို ရှိခိုးလေသောကြောင့် “အမောင်တို့- အကြောင်းအဘယ်သို့ ရှိသနည်း”ဟု မိန့်ဆိုလတ်သည်ရှိသော် “အရှင်မင်းကြီး- ယနေ့ အရှင့်ကျွန်တော်မျိုး လယ်ထွန်ရာ အရပ်တစ်ခုလုံးသည် ရွှေဖြင့်ပြည့်သည်သာလျှင်ဖြစ်၍ တည်နေပါသည်၊ ဤရွှေကို ဆောင်ယူစေခြင်းငှာ သင့်လျော်ပါသည်ဘုရား”ဟု သံတော်ဦးတင်လေ၏။

“သင်-အဘယ်သူဖြစ်သနည်း”ဟု မိန့်လတ်သော် “ကျွန်တော်မျိုးသည် ပုဏ္ဏမည်သောသူ ဖြစ်ပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ “သင်သည် ယနေ့ အဘယ်သို့သော ကောင်းမှုကို ပြုလေဘိသနည်း”ဟု မေးပြန်လတ်သော် “ကျွန်တော်မျိုးသည် ယနေ့ နံနက်စောစောကပင်လျှင် ရှင်သာရိပုတြာအား ဒန်ပူကိုလည်းကောင်း၊ မျက်နှာသစ်တော်ရေကိုလည်းကောင်း လှူဒါန်းပါသည်၊ ကျွန်တော်မျိုး၏ မယားသည်လည်း ပို့ဆောင်လာသော ထမင်းကို ရှင်သာရိပုတ္တရာအားသာလျှင် လှူဒါန်းရပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ ထိုစကားကို ကြားရလျှင် မင်းကြီးသည် “အချင်းတို့- ယနေ့ပင်လျှင် တရားစစ်သူကြီးဖြစ်တော်မူသော ရှင်သာရိပုတ္တရာအား ပေးလှူအပ်သောအလှူသည် အကျိုးကို ပြလေသတတ်”ဟု မိန့်ဆိုတော်မူ၍ “အမောင်ပုဏ္ဏ- ငါ-အဘယ်သို့ ပြုရအံ့နည်း”ဟု မေးလေ၏။ “များစွာ လှည်းအထောင်တို့ကို စေလွှတ်၍ ရွှေကို ဆောင်ယူစေတော်မူကြပါဘုရား”ဟု လျှောက်တင်သဖြင့် မင်းကြီးသည် လှည်းတို့ကို စေလွှတ်တော်မူလေ၏။

မောင်ပုဏ္ဏ သူဌေးရာထူး ရရှိခြင်း

မင်းချင်းယောက်ျားတို့သည် “မင်းကြီး၏ ဥစ္စာ”ဟု ဆို၍ ယူကြကုန်သည်ရှိသော် ယူတိုင်းယူတိုင်းသော ရွှေသည် မြေစိုင်ခဲသာလျှင် ဖြစ်၏။ မင်းချင်းယောက်ျားတို့သည် ပြန်သွား၍ မင်းကြီးအား လျှောက်ကြားခြင်းကြောင့် “သင်တို့သည် အဘယ်သို့ဆို၍ ယူဘိသနည်း”ဟု မေးမြန်းအပ်သည်ရှိသော် “အရှင်မင်းကြီးတို့၏ ဥစ္စာဟုဆို၍ ယူပါသည်”ဟု လျှောက်တင်ကြလေကုန်၏။ “အမောင်တို့- ငါသည် အဘယ်အရပ်မှ ရလတ္တံ့နည်း”ဟု မိန့်ဆိုပြီးလျှင် “မောင်ပုဏ္ဏ၏ ဥစ္စာဟုဆို၍ ယူကြကုန်လော့”ဟု မိန့်တော်မူလိုက်သည်ရှိသော် ထိုမင်းချင်းယောက်ျားတို့သည် မင်းကြီးဆိုတိုင်း ပြုကြလေကုန်၏။ ယူတိုင်းယူတိုင်းသော ဥစ္စာသည် ရွှေသာလျှင် ဖြစ်လေ၏။ အလုံးစုံသော ရွှေတို့ကို ဆောင်ယူပြီးလျှင် မင်းရင်ပြင်၌ အစုအပုံပြုကြကုန်၏။ အတောင်ရှစ်ဆယ်မြင့်သော အစုအပုံသည် ဖြစ်လေ၏။ မင်းကြီးသည် မြို့သူမြို့သားတို့ကို စည်းဝေးစေပြီးလျှင် “ဤမင်းနေပြည်တော်၌ တစ်စုံတစ်ယောက်သောသူအား ဤမျှလောက်သော ရွှေသည် ရှိသလော”ဟု မေးလေ၏။ “အရှင်မင်းကြီး- မရှိပါ”ဟု လျှောက်တင်လတ်သော် “ထိုသူအား အဘယ်ရာထူးကို ပေးကမ်းချီးမြှောက်ခြင်းငှာ သင့်မည်နည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်မင်းကြီး- သူဌေးတို့ ဆောင်းသောထီးကို ပေးကမ်းချီးမြှောက်ခြင်းငှာ သင့်လျော်လျောက်ပတ်ပါသည်”ဟု လျှောက်တင်လတ်သော် မင်းကြီးသည် များသော ဥစ္စာရှိသည်ကို အစွဲပြု၍ “ဗဟုဓနသူဌေး မည်သောသူ ဖြစ်စေ”ဟု များစွာသော စည်းစိမ်နှင့်တကွ ထိုပုဏ္ဏအား သူဌေးဆောင်းသောထီးကို ပေးသနားတော်မူ၍ သူဌေးရာထူးဖြင့် ချီးမြှောက်လေ၏။

သောတာပန် တည်ခြင်း

ထိုအခါ မင်းကြီးကို သူဌေး မောင်ပုဏ္ဏက “အရှင်မင်းကြီး- ကျွန်တော်မျိုးတို့သည် ဤမျှလောက်သော ကာလပတ်လုံး သူတစ်ပါးအိမ်၌ နေကြပါကုန်၏။ ကျွန်တော်မျိုးအား နေရာအရပ်ကို သနား ကယ်မတော်မူကြပါဦး”ဟု လျှောက်တင်လေ၏။ “ထိုသို့ဖြစ်မူ ကြည့်ရှုစမ်းလော့၊ ထိုချုံသည် ထင်ရှား၏၊ ထိုချုံကို သုတ်သင်ရှင်းလင်းပြီးလျှင် အိမ်ဆောက်ချေလော့”ဟု ရှေးသူဌေးတစ်ဦး၏ အိမ်နေရာအရပ်ကို ညွှန်ကြားတော်မူလေ၏။ ထိုပုဏ္ဏသူဌေးသည် ထိုအရပ်၌ နှစ်ရက်သုံးရက်ဖြင့်သာလျှင် အိမ်ရာကို သုတ်သင်စေသဖြင့် ထိုအိမ်နေရာ၌ ရွှေအိုးအပေါင်းသည် တစ်အိုးနှင့်တစ်အိုး ထိခိုက်လျက်ရှိ၏။ ထိုရွှေအိုးအပေါင်းကို ထုတ်ဖော်၍ မင်းကြီးကို “အရှင်မင်းကြီး- ရွှေအိုးအပေါင်းကို ယူငင်သိမ်းပိုက်တော်မူပါဘုရား”ဟု သိသာအောင် လျှောက်တင်လေ၏။ “သင်၏ကောင်းမှုကြောင့် ရအပ်သော ရွှေအိုးအပေါင်းကို သင်သာ ယူလေလော့”ဟု မိန့်တော်မူပြန်သဖြင့် များစွာသော ဥစ္စာကိုရ၍ အိမ်ကို ဆောက်လုပ်စေပြီးလျှင် အိမ်တက်မင်္ဂလာကိုလည်းကောင်း၊ ထီးဆောင်းမင်္ဂလာကိုလည်းကောင်း တစ်ပြိုင်နက်တည်းသာလျှင် ပြုလုပ်လျက် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား အလှူကို လှူဒါန်းလေ၏။ ထိုအခါ ပုဏ္ဏသူဌေးအား မြတ်စွာဘုရားသည် အနုမောဒနာ ပြုတော်မူလျက် အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူလေ၏။ တရားစကားကို ဟောကြားတော်မူပြီးသည့် အဆုံး၌ ပုဏ္ဏသူဌေးသည်လည်းကောင်း၊ ပုဏ္ဏသူဌေး၏ မယားသည်လည်းကောင်း၊ သမီး ဥတ္တရာသည်လည်းကောင်း ဤသုံးယောက်သော သူတို့သည် သောတာပန် ဖြစ်ကြလေကုန်၏။

သမီးဥတ္တရာ မိစ္ဆာဒိဋ္ဌိအိမ်၌ စိတ်ဆင်းရဲရခြင်း

နောက်အဖို့၌ ရာဇဂြိုဟ်သူဌေးကြီးသည် ပုဏ္ဏသူဌေး၏သမီး ဥတ္တရာကို မိမိ၏သားအား ပေးစိမ့်သောငှာ အလိုရှိသည်ဖြစ်၍ ပုဏ္ဏသူဌေးအား ဖိတ်ကြားတောင်းရမ်းလေ၏။ ပုဏ္ဏသူဌေးသည် “ကျွန်ုပ်ကား မပေးနိုင်ပါ”ဟု ဆိုလတ်သော် “ဤသို့ မပြုစေချင်ပါ၊ ဤမျှလောက်သော ကာလပတ်လုံး ငါတို့ကိုမှီ၍ နေသဖြင့်သာလျှင် သင်သည် စည်းစိမ်ချမ်းသာကို ရအပ်ပေ၏၊ ငါ့သားအား သမီးဥတ္တရာကို ပေးစေချင်ပါသည်”ဟု ဆိုလေ၏။ “ထိုသူဌေးမင်း၏ သားသည် မှားသောအယူရှိသော မိစ္ဆာဒိဋ္ဌိ ဖြစ်ပါသည်၊ အကျွန်ုပ်၏သမီးသည် ရတနာသုံးပါးတို့နှင့် ကင်း၍နေခြင်းငှာ မတတ်နိုင်ပါ။ ထို့ကြောင့် ထိုသူဌေးမင်း၏သားအား သမီးဥတ္တရာကို မပေးနိုင်ပါ”ဟု ဆိုလေ၏။ ထိုအခါ ပုဏ္ဏသူဌေးကို များစွာသော သူဌေးအပေါင်းစသော အမျိုးကောင်းသားတို့သည် “ရာဇဂြိုဟ်သူဌေးကြီးနှင့် ချစ်ကျွမ်းဝင်ခြင်းကို မဖျက်ပါလင့် (မိတ်မဖျက်ပါလင့်)။ ထိုသူဌေးသားအား သမီးဥတ္တရာကို ပေးပါလော့”ဟု တောင်းပန်စကား ပြောကြားကြလေကုန်၏။

ထိုပုဏ္ဏသူဌေးသည် သူဌေးအပေါင်းစသော အမျိုးကောင်းသားတို့၏ စကားကို ဝန်ခံပြီးလျှင် ဝါဆိုလပြည့်နေ့၌ သမီးကို ပေးရလေ၏။ ထိုသမီးဥတ္တရာသည် လင့်အိမ်သို့ ရောက်သွားသောအခါမှစ၍ ရဟန်းယောက်ျားကိုလည်းကောင်း၊ ရဟန်းမိန်းမကိုလည်းကောင်း ဆည်းကပ်ခြင်းငှာလည်းကောင်း၊ အလှူပေးခြင်းငှာလည်းကောင်း၊ တရားနာခြင်းငှာလည်းကောင်း မရရှာခဲ့လေပြီ။ ဤသို့လျှင် နှစ်လခွဲတို့သည် လွန်လတ်ကုန်သည်ရှိသော် အနီးအပါး၌နေသော အလုပ်အကျွေးကို “ယခုအခါ ဝါတွင်းကာလ၏ အကြွင်းဖြစ်သော နေ့ရက်သည် အဘယ်မျှရှိသေးသနည်း”ဟု မေးလေ၏။ “အရှင်မ- တစ်ဆယ့်ငါးရက် ရှိပါသေး၏”ဟု ပြောဆိုလတ်သော် ဥတ္တရာသည် ဖခင်၏အထံသို့ “အဘယ့်ကြောင့် သမီးဖြစ်သူ ကျွန်တော်မကို ဤသို့ သဘောရှိသော နှောင်အိမ်၌ ထည့်သွင်းထားကြပါကုန်သနည်း၊ သံပူကပ်ခြင်းဖြင့် တံဆိပ်ခတ်သည်ကိုပြု၍ သူတစ်ပါး၏ကျေးကျွန်မဟု ပြောကြားခြင်းသည် သမီးအား မြတ်ပါသေး၏။ ဤသို့သဘောရှိသော မိစ္ဆာဒိဋ္ဌိအမျိုးအား ပေးခြင်းသည် မသင့်လှပါ၊ ရောက်လာသောအခါမှစ၍ ရဟန်းတော်ကို ဖူးမြင်ရခြင်းစသော ကုသိုလ်ကောင်းမှုတို့တွင် တစ်ခုမျှလည်းဖြစ်သော ကုသိုလ်ကောင်းမှုကို ပြုလုပ်ခြင်းငှာ မရပါ”ဟု သတင်းစကားကို စေလွှတ်လိုက်လေ၏။

ဥတ္တရာခွင့်ပန်၍ ကုသိုလ်ရေး အားထုတ်ခြင်း

ထိုအခါ ဥတ္တရာ၏ဖခင်ဖြစ်သော ပုဏ္ဏသူဌေးသည် “ငါ့သမီးကား ဆင်းရဲလေစွတကား”ဟု နှလုံးမသာယာသည်အဖြစ်ကို ပြောကြားသိစေလျက် တစ်သောင်းငါးထောင်သော အသပြာတို့ကို ပို့လိုက်လေ၏။ အဘယ်သို့ဆို၍ ပို့သနည်းဟူမူကား “ဤရာဇဂြိုဟ်ပြည်၌ သီရိမာ အမည်ရှိသော ပြည့်တန်ဆာမသည် ရှိ၏၊ နေ့တိုင်း တစ်ထောင်သော ဥစ္စာကို ယူလေ့ရှိ၏၊ ဤအသပြာတို့ဖြင့် ထိုသီရိမာကို ခေါ်စေပြီးလျှင် လင်ယောက်ျား၏အလို့ငှာ ခြေရင်းစောင့် အလုပ်အကျွေး ပြုလုပ်ထားပြီးမှ မိမိကိုယ်တိုင် ကုသိုလ်ကောင်းမှုတို့ကို ပြုစေသတည်း”ဟု ဆို၍ ပို့လိုက်လေ၏။ ထိုဥတ္တရာသည် သီရိမာကို ခေါ်စေပြီးလျှင် “သူငယ်ချင်းမ- ဤအသပြာတို့ကိုယူ၍ တစ်ဆယ့်ငါးရက်ပတ်လုံး ညည်း၏မိတ်ဆွေကို အလေးဂရု လုပ်ကျွေးမှုဖြင့် ပြုစုစမ်းပါလေလော့”ဟု ဆိုလေ၏။ သီရိမာသည် “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ ဥတ္တရာသည် သီရိမာကို ခေါ်ဆောင်လျက် လင်ယောက်ျား၏ အထံသို့ သွားရောက်လတ်သော် လင်ယောက်ျားက သီရိမာကိုမြင်ရလျှင် “ဤကား အဘယ်သို့သော အကြောင်းအရာနည်း”ဟု ဆိုလတ်သော် “အရှင့်သား- တစ်ဆယ့်ငါးရက်ပတ်လုံး ကျွန်မ၏သူငယ်ချင်း သီရိမာသည် အရှင့်သားတို့ကို လုပ်ကျွေးသမှု ပြုစုပါစေ၊ ကျွန်မသည်ကား ဤတစ်ဆယ့်ငါးရက်ပတ်လုံး အလှူဒါနကိုလည်း လှူဒါန်းလိုပါသည်၊ တရားတော်ကိုလည်း နာကြားလိုပါသည်”ဟု ခွင့်ပန်စကားပြောကြားလေ၏။ သူဌေးသားသည် အလွန်အဆင်းလှသော သီရိမာဟူသော မိန်းမကိုမြင်ရလျှင် ဖြစ်သော ချစ်ခင်နှစ်သက်ခြင်းရှိသည်ဖြစ်၍ “ကောင်းပေပြီ”ဟု ဝန်ခံလေ၏။

ဥတ္တရာသည်လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို ပင့်ဖိတ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤတစ်ဆယ့်ငါးရက်ပတ်လုံး တစ်ပါးသောအရပ်သို့ မကြွမူ၍ ဤအိမ်၌သာလျှင် ဆွမ်းကို ခံယူတော်မူအပ်ပါသည်ဘုရား”ဟု လျှောက်ကြား၍ မြတ်စွာဘုရား၏ ဝန်ခံခြင်း ပဋိညာဉ်ကို ယူသဖြင့် “ယခုအခါ ဤနေ့မှစ၍ အကြင်ရွေ့လောက် သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့သည် ရှိ၏၊ ထိုရွေ့လောက် သဗ္ဗညုဘုရားကို ဆည်းကပ်ခြင်းငှာလည်းကောင်း၊ တရားတော်ကို နာခြင်းငှာလည်းကောင်း ရပေတော့အံ့”ဟု ဝမ်းမြောက်သော စိတ်ရှိလျက် “ဤသို့ ယာဂုကို ကျိုကြပါကုန်လော့၊ ဤသို့သဘောရှိသော မုန့်တို့ကို ကြော်ချက်ကြပါကုန်လော့”ဟု စားဖိုအိမ်၌ အလုံးစုံသော ကိစ္စတို့ကို စီရင်လျက် လှည့်လည်သွားလာနေ၏။ ထိုအခါ ဥတ္တရာ၏လင်သည် “နက်ဖြန် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ ဖြစ်လတ္တံ့”ဟု စားဖိုအိမ်သို့ ရှေးရှုလျက် လေသာပြတင်း၌ရပ်၍ “အဘယ်အမှုကိုပြုလျက် ထိုအမိုက်မ ဥတ္တရာသည် လှည့်လည်နေဘိသနည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် ချွေးအလိမ်းလိမ်းကပ်လျက် ပြာဖြင့်ပြွမ်းလျက် မီးသွေး,အိုးမဲတို့ဖြင့် လိမ်းကျံလျက် ထိုအခြင်းအရာဖြင့် စီမံလျက် သွားလာလှည့်လည်နေသော ပုဏ္ဏသူဌေး၏သမီး ထိုဥတ္တရာကို မြင်ရလျှင် “ဪ.. အလွန်မိုက်စွတကား၊ ဤသို့သဘောရှိသော အရပ်၌ ဤစည်းစိမ် ချမ်းသာကို မခံစား၊ ဦးပြည်းရဟန်းတို့ကို လုပ်ကျွေးအံ့ဟု ဝမ်းမြောက်သော စိတ်ရှိလျက် သွားလာလှည့်လည်ဘိ၏”ဟု ရယ်လျက် ဖဲသွားလေ၏။

သီရိမာ၏ ဒေါသနှင့် ဥတ္တရာ၏ မေတ္တာဓာတ်

ထိုဥတ္တရာ၏လင်ယောက်ျား ဖဲသွားသည်ရှိသော် ထိုလင်ယောက်ျား၏ အထံ၌နေသော သီရိမာသည် “အဘယ်ကို ကြည့်ရှု၍ ဤသူဌေးသား ရယ်ရွှင်ဘိသနည်း”ဟု ထိုလေသာပြတင်းဖြင့်သာလျှင် ကြည့်ရှုလတ်သည်ရှိသော် ဥတ္တရာကို မြင်ရ၍ “ဤဥတ္တရာကိုကြည့်လျက် ဤသူဌေးသား ရယ်ဘိ၏၊ မချွတ်လျှင် ဤသူဌေးသားအား ဤဥတ္တရာနှင့်တကွ အကျွမ်းတဝင် ပေါင်းဖော်ယဉ်ပါးခြင်းရှိ၏”ဟု ကြံမိလေ၏။

ထိုသီရိမာသည် ဥတ္တရာအပေါ်၌ ရန်ငြိုးဖွဲ့လျက် “ဥတ္တရာအား ဆင်းရဲခြင်းကို ဖြစ်စေအံ့”ဟု ပြာသာဒ်မှ ဆင်းသက်၍ စားဖိုအိမ်သို့ ဝင်ပြီးလျှင် မုန့်ကြော်ရာ၌ ကျိုက်ကျိုက်ဆူသော ထောပတ်ကို ယောက်မ (ယောက်ချို)ဖြင့် ခပ်ယူ၍ ဥတ္တရာရှိရာသို့ ရှေးရှုသွားလေ၏။ ဥတ္တရာသည် လာသော ထိုသီရိမာကိုမြင်ရလျှင် “ငါ့သူငယ်ချင်းမသည် ငါ့အား များစွာ ကျေးဇူးရှိသောသူ ဖြစ်ပေ၏၊ စကြဝဠာသည် အလွန် ကျဉ်းမြောင်းလှသေး၏၊ ဗြဟ္မာပြည်သည် အလွန်နိမ့်လှသေး၏၊ ငါ၏ သူငယ်ချင်းမ၏ ဂုဏ်ကျေးဇူးကား များလှပေ၏၊ ငါသည် ဤသီရိမာကိုမှီ၍ အလှူကို လှူဒါန်းခြင်းငှာလည်းကောင်း၊ တရားကို နာခြင်းငှာလည်းကောင်း ရဘိလေ၏၊ ဤသီရိမာအပေါ်၌ ငါ၏ အမျက်ထွက်ခြင်း အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤထောပတ်သည် ငါ့ကို ပူလောင်ပါစေသတည်း၊ အကယ်၍ မရှိသည်ဖြစ်အံ့၊ မပူလောင်ပါစေသတည်း”ဟု သီရိမာကို မေတ္တာဖြင့် ပျံ့နှံ့စေလေ၏။ သီရိမာသည် ဥတ္တရာ၏ ဦးခေါင်းထိပ်ထက်၌ သွန်းလောင်းအပ်သော ကျိုက်ကျိုက်ဆူလှသော ထောပတ်သည် အေးသောရေကဲ့သို့ ဖြစ်လေ၏။

သီရိမာအား ဝိုင်းရိုက်ကြခြင်း

ထိုအခါ ထိုထောပတ်ကို “ဤထောပတ်သည် အေးပြီးသော ထောပတ် ဖြစ်လတ္တံ့”ဟု အောက်မေ့၍ ယောက်မကို ပြည့်စေလျက် ယူလာပြန်သော သီရိမာကို ဥတ္တရာ၏ကျွန်မတို့ မြင်ကြလျှင် “မိမဆုံးမ ဖမဆုံးမ ဟယ်သူယုတ်မ- ဖဲလေလော့၊ နင်သည် ငါတို့၏သခင်မအား ကျိုက်ကျိုက်ဆူသော ထောပတ်ကို သွန်းလောင်းခြင်းငှာ မလျော်ပါတကား”ဟု ကြိမ်းမောင်းကုန်လျက် ထိုမှဤမှထ၍ လက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်း ကန်ကျောက် ပုတ်ခတ်ပြီးလျှင် မြေ၌ လဲစေကြလေကုန်၏။ ဥတ္တရာသည် တားမြစ်ပါသော်လည်း တားမြစ်ခြင်းငှာ မတတ်နိုင်ရှာ။ ထိုအခါ ဥတ္တရာသည် သီရိမာ၏ အထက်၌နေလျက် အလုံးစုံသော ကျွန်မတို့ကို တားမြစ်ပြီးလျှင် “အဘယ့်ကြောင့် သင်သည် ဤသို့သဘောရှိသော ဝန်လေးသော အမှုကို ပြုဘိသနည်း”ဟု သီရိမာကို ပြောဆိုဆုံးမ၍ ရေနွေးဖြင့် ရေချိုးစေသဖြင့် အကြိမ်တစ်ရာ ချက်ပြီးသော ဆီဖြင့် ဆုပ်နယ်ပေးလေသောကြောင့် ထိုခဏ၌ သီရိမာသည် မိမိ၏ သူစိမ်းပြင်ပ မိန်းမ၏အဖြစ်ကို သိရသဖြင့် “ငါကား သူဌေးသား လင်ယောက်ျား၏ ပြုံးရယ်ခြင်းမျှ ဟူသောအကြောင်းကြောင့် ဤဥတ္တရာ၏ အထက်၌ ကျိုက်ကျိုက်ဆူသော ထောပတ်ကို သွန်းလောင်းခြင်းအားဖြင့် ဝန်လေးသောအမှုကို ပြုမိချေပြီ၊ ဥတ္တရာသည် “ထိုသီရိမာကို ဖမ်းဆီးကြဟဲ့”ဟု ကျွန်မတို့ကို မစေခိုင်းပါတကား၊ ငါ့ကို ညှဉ်းဆဲခြင်းပြုသော ကာလ၌လည်း အလုံးစုံသော ကျွန်မတို့ကို တားမြစ်ပြီးလျှင် ငါ့အား ပြုသင့်ပြုထိုက်သော အမှုကိုသာလျှင် ပြုပေ၏၊ ငါသည် ဤဥတ္တရာကို အကယ်၍ မကန်တော့ မတောင်းပန်သည် ဖြစ်အံ့၊ ငါ၏ဦးခေါင်းသည် ခုနစ်စိတ် ကွဲရာ၏တကား”ဟု ကြံ၍ ထိုဥတ္တရာ၏ ခြေရင်း၌ ဝပ်လျက် “အရှင်မ- အကျွန်ုပ်အား သည်းခံပါလော့”ဟု ဆိုရှာလေ၏။

ဘုရားရှင်ကို ကန်တော့ရမည် ဆိုခြင်း

“ငါကား ဖခင်ရှိသော သမီးဖြစ်သည်။ ဖခင် သည်းခံသည်ရှိသော် ငါလည်း သည်းခံပါ၏”ဟု ဆိုလတ်သော် “သခင်မ- ထိုသို့ဖြစ်ပါစေ၊ သင်၏ဖခင်ဖြစ်သော ပုဏ္ဏသူဌေးကိုလည်း တောင်းပန်ကန်တော့ပါမည်”ဟု ဆိုလေ၏။ “ပုဏ္ဏသူဌေးကား ငါ၏ သံသရာဝဋ်၌ ဖြစ်စေတတ်သော ဖခင်ဖြစ်၏၊ သံသရာဝဋ်ပြတ်ခြင်းကို ဖြစ်စေတတ်သော ဖခင် သည်းခံသည်ရှိသော်ကား ငါသည်းခံအံ့”ဟု ဆိုလျှင် “သံသရာဝဋ်ပြတ်ခြင်းကို ဖြစ်စေတတ်သော် သင်၏ဖခင်ကား အဘယ်သူနည်း”ဟု မေးလေ၏။ “သစ္စာလေးပါးကိုသိသော သဗ္ဗညုမြတ်စွာဘုရားတည်း”ဟု ဆိုလတ်သော် “အကျွန်ုပ်အား ထိုဘုရားရှင်နှင့် အတူတကွ အကျွမ်းဝင်ခြင်းမရှိပါ”ဟု ဆိုလေ၏။ “ငါပြုလုပ်ပေးမည်၊ မြတ်စွာဘုရားသည် နက်ဖြန် ရဟန်းသံဃာအပေါင်းကို ခေါ်၍ ဤအိမ်သို့ ကြွလာလတ္တံ့၊ သင်သည် အကြင်အကြင်ရအပ်သော ပူဇော်သက္ကာရကိုယူ၍ ဤအိမ်သို့သာ လာပြီးလျှင် ဘုရားရှင်ကို တောင်းပန်ကန်တော့ပါလော့”ဟု ဆိုလတ်သော် ထိုသီရိမာသည် “သခင်မ- ကောင်းပါပြီ”ဟု ဝန်ခံပြီးမှ ထ၍ မိမိအိမ်သို့သွားပြီးလျှင် အခြံအရံဖြစ်သော ငါးရာသောမိန်းမတို့ကို စေခိုင်းသဖြင့် အထူးထူးအပြားပြားသော ခဲဖွယ်တို့ကိုလည်းကောင်း၊ ဟင်းလျာတို့ကိုလည်းကောင်း ပြည့်စုံစေ၍ တစ်ဖန် မိုးသောက်သောနေ့၌ ထိုပူဇော်သက္ကာရကိုယူလျက် ဥတ္တရာ၏အိမ်သို့ လာတဲ့၍ ဘုရားအမှူးရှိသော ရဟန်းသံဃာတော် အပေါင်း၏သပိတ်၌ ထည့်ခြင်းငှာမဝံ့ဘဲ ရပ်နေလေ၏။ ထိုအလုံးစုံသော လှူဖွယ်ဝတ္ထုကိုယူ၍ ဥတ္တရာသည်သာလျှင် စီမံပြုလုပ်လေ၏။ သီရိမာသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအဆုံး၌ အခြံအရံနှင့်တကွ ဘုရားရှင်၏ ခြေတော်ရင်း၌ ဝပ်လျက် နေရှာလေ၏။

ဥတ္တရာ၏ မေတ္တာ

ထိုအခါ သီရိမာကို မြတ်စွာဘုရားသည် “သင်၏အဖြစ်ကား အဘယ်နည်း”ဟု မေးတော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မသည် ယမန်နေ့က ဤမည်သောအမှုကို ပြုမိပါသည်ဘုရား၊ ထိုအခါ တပည့်တော်မ၏ သူငယ်ချင်းမ ဥတ္တရာသည် တပည့်တော်မကို ပုတ်ခတ်ညှဉ်းဆဲကုန်သော ကျွန်မတို့ကို တားမြစ်၍ တပည့်တော်မအား ကျေးဇူးဥပကာရကိုသာလျှင် ပြုပါသည်။ ထိုတပည့်တော်မသည် ဤဥတ္တရာ၏ ဂုဏ်ကျေးဇူးကိုသိ၍ ဥတ္တရာကို တောင်းပန်ကန်တော့ပါသည်ဘုရား၊ ထိုအခါ တပည့်တော်မကို ဤဥတ္တရာသည် ရှင်တော်မြတ်ဘုရားတို့ သည်းခံကုန်သည်ရှိသော် သည်းခံပါမည်ဟူ၍ ဆိုပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ “ချစ်သမီးဥတ္တရာ- ဤသို့ သီရိမာ လျှောက်ချက်အတိုင်း ဟုတ်မှန်လေသလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ဟုတ်မှန်ပါသည်။ တပည့်တော်မ၏ ဦးခေါင်း၌ သူငယ်ချင်းမ သီရိမာသည် ကျိုက်ကျိုက်ဆူသော ထောပတ်ကို သွန်းလောင်းပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ထိုအခါ သင်သည် အဘယ်သို့ ကြံစည်ဘိသနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- စကြဝဠာသည် အလွန်ကျဉ်းမြောင်းလှသေး၏၊ ဗြဟ္မာပြည်သည် အလွန်နိမ့်လှသေး၏၊ ငါ၏သူငယ်ချင်းမ သီရိမာ၏ ဂုဏ်ကျေးဇူးသည်သာလျှင် များလှပေ၏ဟူ၍လည်းကောင်း၊ ငါကား ဤသီရိမာကိုမှီ၍ အလှူလှူဒါန်းခြင်းငှာလည်းကောင်း၊ တရားတော်ကို နာကြားခြင်းငှာလည်းကောင်း ရခဲ့ပေ၏။”

“ဤသီရိမာ၏အပေါ်၌ ငါ၏အမျက်ထွက်ခြင်းသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤထောပတ်သည် ငါ့ကို ပူလောင်ပါစေသတည်း၊ အကယ်၍ မရှိသည်ဖြစ်အံ့၊ မပူလောင်ပါစေသတည်း ဟူ၍လည်းကောင်း ကြံစည်ပြီးလျှင် ဤသီရိမာကို မေတ္တာဖြင့် ပျံ့နှံ့စေပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ချစ်သမီး ဥတ္တရာ- ကောင်းပေစွ၊ ကောင်းပေစွ၊ ဤသို့ အမျက်ဒေါသကို အောင်ခြင်းငှာ သင့်လျော်ပေ၏”ဟု မိန့်တော်မူပြီးလျှင် “အမျက်ထွက်သောသူမည်သည်ကို အမျက်မထွက်ခြင်းဖြင့် အောင်အပ်ပေ၏၊ ဆဲရေးရေရွတ်သောသူကို မဆဲရေးခြင်း မရေရွတ်ခြင်းဖြင့် အောင်အပ်ပေ၏။ မပေးကမ်းလို လွန်စွာ ဝန်တိုသောသူကို မိမိ၏ဥစ္စာကို ပေးကမ်းခြင်းဖြင့် အောင်အပ်ပေ၏၊ မမှန်စကား ဆိုတတ်သောသူကို အဟုတ်အမှန် မဖောက်ပြန်သော သစ္စာစကား ပြောကြားခြင်းဖြင့် အောင်အပ်ပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၂၃] အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ။

ကောဓံ၊ အမျက်ထွက်သောသူကို။ အက္ကောဓေန၊ အမျက်မထွက်ခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်၏။ အသာဓုံ၊ မကောင်းသောသူကို။ သာဓုနာ၊ ကောင်းခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်၏။ ကဒရိယံ၊ မပေးကမ်းလို လွန်စွာဝန်တိုသောသူကို။ ဒါနေန၊ ပေးကမ်းခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်၏။ အလိကဝါဒိနံ၊ မမှန်ချွတ်ယွင်း ပြောဆိုခြင်းရှိသောသူကို။ သစ္စေန၊ မှန်သောစကားကို ဆိုခြင်းဖြင့်။ ဇိနေ-ဇိနာတိ၊ အောင်မြင်နိုင်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ သီရိမာသည် ငါးရာသော မိန်းမတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဥတ္တရာဥပါသိကာမ ဝတ္ထု ပြီး၏။

֍ * ၄။ မဟာမောဂ္ဂလာနတ္ထေရပဉှာဝတ္ထု

သစ္စံ ဘဏေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်မောဂ္ဂလာန်မထေရ်၏ မေးလျှောက်အပ်သော ပြဿနာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မှန်သောစကားမျှဖြင့် နတ်ပြည်ရောက်ခြင်း

တစ်နေ့သ၌ ရှင်မောဂ္ဂလာန်မထေရ်သည် နတ်ပြည်သို့ ဒေသစာရီ ကြွချီခြင်းကို ကြွသွားတော်မူပြီးလျှင် တန်ခိုးကြီးသော နတ်တစ်ဦး၏ ဗိမာန်တံခါးဝ၌ ရပ်တော်မူလျက် မိမိ၏အထံသို့လာ၍ ရှိခိုးလျက် ရပ်တည်လာသော ထိုနတ်ကို ဤသို့ မိန့်တော်မူလေ၏။ “နတ်- သင်နတ်၏ စည်းစိမ်ချမ်းသာသည် ကြီးကျယ်လှ၏၊ အဘယ်ကောင်းမှုကို ပြုခဲ့၍ ဤနတ်စည်းစိမ်ကို ရဘိသနည်း”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- တပည့်တော်ကို မေးတော်မမူကြပါနှင့်ဘုရား”ဟု လျှောက်ကြား တောင်းပန်လေ၏။

ရှင်မောဂ္ဂလာန် မထေရ်သည် “မလျှောက်ဘဲ မရှိစေရ၊ လျှောက်ဆိုရမည်သာတည်း”ဟု မိန့်ဆိုအပ်သည်ရှိသော် ထိုနတ်သည် “အရှင်ဘုရား- တပည့်တော်သည် အလှူကိုလည်း မပေးလှူစဖူးပါ၊ ပူဇော်ခြင်းကိုလည်း မပြုစဖူးပါ၊ သူတော်ကောင်းတရားကိုလည်း မကြာနာစဖူးပါ၊ သက်သက် မှန်သောစကားမျှကို ကောင်းစွာ စောင့်ရှောက်ဖူးပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

လင်ဆိုး၏ မယားလိမ္မာ နတ်ပြည်ရောက်ခြင်း

ရှင်မောဂ္ဂလာန်မထေရ်သည် တစ်ပါးသော ဗိမာန်တံခါးဝတို့သို့လည်း ကြွသွားတော်မူ၍ တစ်ပါးသော နတ်သမီးတို့ကိုလည်း မေးမြန်းတော်မူလေ၏။ ထိုနတ်သမီးတို့သည်လည်း ထိုရှေးနည်းအတူသာလျှင် လျှို့ဝှက်ကြသဖြင့် ရှင်မောဂ္ဂလာန်မထေရ်ကို တားမြစ်ခြင်းငှာ မတတ်နိုင်ကြကုန်သည်ရှိသော် တစ်ယောက်သော နတ်သမီးသည် ရှေးဦးစွာ လျှောက်ထားပုံကား “အရှင်ဘုရား- တပည့်တော်မသည် အလှူဒါန အစရှိသော ကောင်းမှုတို့တွင် ပြုဖူးသော ကောင်းမှုမည်သည် မရှိပါဘုရား၊ တပည့်တော်မသည်ကား ကဿပ မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောကာလ၌ သူတစ်ပါးကျွန်မ ဖြစ်ခဲ့ရဖူးပါသည်ဘုရား၊ ထိုတပည့်တော်မ၏ လင်ယောက်ျားသည် အလွန်လျှင် ရက်စက်ကြမ်းကြုတ်လှပါသည်။ ဆွဲကိုင်မိတိုင်းဖြစ်သော သစ်သား ထင်းချောင်းဖြင့်သော်လည်းကောင်း၊ သစ်သားထင်းတုံးဖြင့်သော်လည်းကောင်း ဦးခေါင်းကို အပေါက်အပြဲ ရိုက်ခွဲတတ်ပါသည်ဘုရား၊ ထိုတပည့်တော်မသည် အမျက်ဒေါသ ဖြစ်လတ်သည်ရှိသော် “ဤယောက်ျားကား နင့်-အရှင်သခင်ဖြစ်သည်၊ သံပူကပ်၍ တံဆိပ်ခတ်ခြင်းကို ပြုခြင်းငှာလည်းကောင်း၊ နှာခေါင်း စသည်တို့ကို ဖြတ်ခြင်းငှာလည်းကောင်း အစိုးရပေ၏။ အမျက်မထွက်နှင့်”ဟု မိမိကိုယ်ကိုသာ အနည်းနည်းအဖုံဖုံ ဖျောင်းဖျောင်းဖျဖျ ပြောဆိုဆုံးမလျက် အမျက်ထွက်ခြင်းမည်သည် မပြုရစဖူးပါဘုရား၊ ထိုသို့ အမျက်မထွက်ဖူးသောကြောင့် တပည့်တော်မသည် ဤနတ်၏ စည်းစိမ်ချမ်းသာကို ရပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

အနည်းငယ် ကုသိုလ်မျှဖြင့် နတ်ပြည်ရောက်ခြင်း

တစ်ယောက်သော နတ်သမီး လျှောက်ထားပုံကား “အရှင်ဘုရား- တပည့်တော်မသည် ကြံခင်းကို စောင့်ရှောက်၍နေစဉ် ရဟန်းတော်တစ်ပါးအား ကြံချောင်းကို လှူခဲ့ပါသည်ဘုရား၊” တစ်ယောက်သော နတ်သမီးသည်ကား “တစ်လုံးသော တည်သီးကို လှူခဲ့ဖူးပါသည်ဘုရား၊” တစ်ယောက်သော နတ်သမီးသည်ကား “တစ်လုံးသော သခွားသီးကို လှူခဲ့ဖူးပါသည်ဘုရား၊” တစ်ယောက်သော နတ်သမီးသည်ကား “တစ်လုံးသော ဖက်သက်တရော်သီးကို လှူခဲ့ဖူးပါသည်ဘုရား၊” တစ်ယောက်သော နတ်သမီးသည် သစ်မြစ်တစ်ဆုပ်ကို လှူခဲ့ဖူးပါသည်ဘုရား၊” တစ်ယောက်သော နတ်သမီးသည်ကား “တမာရွက်တစ်ဆုပ်ကို လှူခဲ့ဖူးပါသည်ဘုရား၊” ဤသို့ အစရှိသောနည်းဖြင့် မိမိတို့ ပြုခဲ့ဖူးသော အနည်းငယ်မျှသော အလှူကို လျှောက်ကြားပြီးလျှင် “ဤသို့သော အကြောင်းကြောင့် တပည့်တော်မတို့သည် ဤနတ်၏ စည်းစိမ်ချမ်းသာကို ရအပ်ပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။

ရှင်မောဂ္ဂလာန်မထေရ်သည် ထိုနတ်သမီးတို့ ပြုအပ်သော ကောင်းမှုကံကို ကြားသိတော်မူရ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မှန်သောစကားကို ဆိုကာမျှဖြင့်လည်းကောင်း၊ အမျက်ထွက်ခြင်းကို ငြိမ်းအေးစေကာမျှဖြင့်လည်းကောင်း၊ အလွန်နည်းပါးသော တည်သီးအစရှိသည်ကို လှူကာမျှဖြင့်လည်းကောင်း နတ်စည်းစိမ်ချမ်းသာကို ရခြင်းငှာ တတ်နိုင်ကောင်းပါမည်လောဘုရား”ဟု နားတော်လျှောက်လေ၏။ “ချစ်သားမောဂ္ဂလာန်- အဘယ့်ကြောင့် ငါဘုရားကို မေးလျှောက်ဘိသနည်း၊ သင့်အား နတ်တို့သည် ဤအကြောင်းအရာကို ဆိုအပ်ပေပြီ မဟုတ်တုံလော”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ဟုတ်မှန်လှပါသည်ဘုရား၊ ဤမျှလောက်သော အနည်းငယ်သော ကောင်းမှုဖြင့် နတ်စည်းစိမ်ကို ရသင့်ရထိုက်သည်ဟူ၍ မှတ်ထင်ရပါသည်ဘုရား”ဟု နားတော်လျှောက်လေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်ကို မြတ်စွာဘုရားသည် “ချစ်သား မောဂ္ဂလာန်- မှန်သောစကားမျှကို ဆိုသောကြောင့်လည်းကောင်း၊ အမျက်ထွက်ခြင်းမျှကို ပယ်စွန့်သောကြောင့်လည်းကောင်း၊ အနည်းငယ်မျှသော အလှူကို ပေးလှူရသောကြောင့်လည်းကောင်း နတ်ပြည်သို့ ရောက်နိုင်ပေသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၂၄] သစ္စံ ဘဏေ န ကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေဝါန သန္တိကေ။

သစ္စံ၊ မှန်သောစကားကို။ ဘဏေ၊ ဆိုရာ၏။ န ကုဇ္ဈေယျ၊ သူတစ်ပါးအား အမျက်မထွက်ရာ။ ယာစိတော၊ တောင်းအပ်သည်ရှိသော်။ အပ္ပမ္ပိ၊ အနည်းငယ်ကိုသော်လည်း။ ဒဇ္ဇာ-ဒဒေယျ၊ ပေးလှူရာ၏။ ဧတေဟိ တီဟိ ဌာနေဟိ၊ ဤသုံးပါးသော အကြောင်းတို့ဖြင့်။ ဒေဝါနံ၊ နတ်တို့၏။ သန္တိကေ၊ အထံသို့။ ဂစ္ဆေ၊ ရောက်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မဟာမောဂ္ဂလာနတ္ထုရပဉှာ ဝတ္ထုပြီး၏။

֍ * ၅။ ဘုရားခမည်းတော် ပုဏ္ဏား ဝတ္ထု

အဟိံသကာယာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာကေတမြို့ကို အမှီပြု၍ အဉ္စနမည်သော တောအုပ်၌ နေတော်မူစဉ် ရဟန်းတို့ မေးလျှောက်အပ်သော ပြဿနာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင် မိဟောင်း,ဖဟောင်းနှင့် တွေ့ခြင်း

မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျက် သာကေတမြို့သို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူသောအခါ သာကေတမြို့၌ နေလေ့ရှိသော အသက်အရွယ်အားဖြင့် ကြီးရင့်သော ပုဏ္ဏားကြီးတစ်ယောက်သည် သာကေတမြို့မှ ထွက်လတ်သည်ရှိသော် မြို့တံခါးအတွင်း၌ မြတ်စွာဘုရားကို ဖူးမြင်ရလျှင် ခြေတို့၌ဝပ်၍ ဖမျက်တို့၌ မြဲစွာဖက်လျက် “ချစ်သား- သားသမီးတို့မည်သည် အိုမင်းသောကာလတို့၌ မိခင်ဖခင်တို့ကို စောင့်ရှောက်လုပ်ကျွေးအပ်သည် မဟုတ်ပါလော၊ အဘယ့်ကြောင့် ဤမျှလောက်သော ကာလပတ်လုံး ခမည်းတော် မယ်တော်ဖြစ်သော တပည့်တော်တို့အား ကိုယ်တော်ကိုမျှ မပြလေဘိသနည်း၊ ခမည်းတော်ကား ရှေးဦးစွာ ဖူးမြင်အပ်သည်ဖြစ်ပြီ၊ မယ်တော်ကြီးကိုလည်း တွေ့ရမြင်ရလေအောင် ကြွတော်မူပါဦး”ဟု မြတ်စွာဘုရားကိုပင့်၍ မိမိ၏အိမ်သို့ သွားလေသတတ်။ မြတ်စွာဘုရားသည် ထိုအိမ်သို့ ကြွသွားတော်မူ၍ ခင်းထားအပ်သောနေရာ၌ ရဟန်းသံဃာအပေါင်းနှင့်တကွ နေတော်မူလေ၏။ ပုဏ္ဏေးမကြီးသည်လည်း လာလတ်၍ ဘုရားရှင်၏ ခြေတော်တို့၌ဝပ်၍ “ချစ်သား- ဤမျှလောက်သော ကာလပတ်လုံး အဘယ်အရပ်သို့ ကြွသွားနေဘိသနည်း၊ အိုမင်းသောကာလ၌ မိခင်ဖခင်တို့ကို လုပ်ကျွေး မွေးမြူအပ်ကုန်သည် မဟုတ်ပါလော”ဟု ဆိုပြီးလျှင် သားသမီးတို့ကို “လာကြကုန်လော့၊ နောင်တော်ကြီးကို ရှိခိုးကြကုန်လော့”ဟု ဆို၍ ရှိခိုးစေလေ၏။

ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း နှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းလုပ်ကျွေးပြီးလျှင် “ဘုန်းတော်ကြီးမား သားတော်ဘုရား- ဤအိမ်၌သာလျှင် အမြဲမပြတ် ဆွမ်းခံတော်မူကြပါဘုရား”ဟု လျှောက်ကြားလေသောကြောင့် “ဘုရားရှင်တို့မည်သည် တစ်ခုသောအရပ်၌သာလျှင် အမြဲမပြတ် ဆွမ်းမရပ်မခံကြကုန်”ဟု မိန့်တော်မူလတ်သည်ရှိသော် “ထိုသို့ဖြစ်မူ မြတ်စွာဘုရား- အကြင်သူတို့သည် ရှင်တော်ဘုရားတို့ကို ဆွမ်းပင့်ဖိတ်ခြင်းငှာ လာကြကုန်၏။ ထိုသူတို့ကို တပည့်တော်တို့၏အထံသို့ စေလွှတ်တော်မူပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုနေ့မှစ၍ ပင့်ဖိတ်ခြင်းငှာ လာကုန်သော သူတို့ကို “သွား၍ ပုဏ္ဏားကြီးအား ပြောကြားကြကုန်လော့”ဟု စေလွှတ်တော်မူလေ၏။

ထိုသူတို့သည် သွား၍ “ကျွန်တော်တို့သည် နက်ဖြန် ကောင်းမှုအလို့ငှာ မြတ်စွာဘုရားကို ပင့်ဖိတ်ကြပါကုန်၏”ဟု ပုဏ္ဏားကြီးကို ပြောဆိုကြကုန်၏။ ပုဏ္ဏားကြီးသည် တစ်ဖန် မိုးသောက်သောနေ့၌ မိမိ၏အိမ်မှ ထမင်းခွက် ဟင်းခွက်တို့ကိုယူ၍ မြတ်စွာဘုရား နေတော်မူရာ အရပ်သို့သွား၏၊ တစ်ပါးသောအရပ်၌ ပင့်ဖိတ်ခြင်း မရှိလျှင် ဘုရားရှင်သည် ပုဏ္ဏားကြီး၏ အိမ်၌သာလျှင် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူ၏။ ထိုနှစ်ယောက်သော သူတို့သည်လည်း မိမိ၏ လှူဖွယ်ဝတ္ထုကို အမြဲမပြတ် မြတ်စွာဘုရားအား လှူဒါန်းကြကုန်လျက် တရားစကားကို နာကြားကြရကုန်သောကြောင့် အနာဂါမိဖိုလ်သို့ ရောက်ကြရလေကုန်၏။

အတိတ်အကြောင်း ပြန်ပြောင်း၍ ဟောခြင်း

ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- ပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ ခမည်းတော်ကား သုဒ္ဓေါဒနမင်းကြီး ဖြစ်၏၊ မယ်တော်ကား မဟာမာယာမိဖုရားကြီး ဖြစ်၏ဟု သိ၏၊ ဤသို့ သိလျက်သာလျှင် ပုဏ္ဏေးမကြီးနှင့်တကွ မြတ်စွာဘုရားကို “ငါတို့၏သား”ဟု ဆို၏။ မြတ်စွာဘုရားသည်လည်း ထိုသူတို့ ဆိုတိုင်းသာလျှင် သည်းခံတော်မူလေ၏၊ အကြောင်းကား အဘယ်သို့နည်း”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားတော်မူရလျှင် “ချစ်သားရဟန်းတို့- နှစ်ဦးစလုံးဖြစ်ကုန်သော ထိုသူတို့သည် မိမိ၏သားကိုသာလျှင် သားဟူ၍ ဆိုကြကုန်၏”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်အကြောင်းကို ဆောင်တော်မူလေ၏။

“ချစ်သား ရဟန်းတို့- လွန်လေပြီးသောအခါ ဤပုဏ္ဏားကြီးသည် အကြားအပြတ်မရှိ ဘဝငါးရာတို့ ကာလပတ်လုံး ငါဘုရား၏ ဖခင်ဖြစ်ခဲ့ဖူး၏၊ ဘဝငါးရာတို့ ကာလပတ်လုံး ဘထွေး ဖြစ်ခဲ့ဖူး၏။ ဘဝငါးရာတို့ ကာလပတ်လုံး ဘကြီး ဖြစ်ခဲ့ဖူး၏၊ ထိုပုဏ္ဏေးမကြီးသည်လည်း အပြီးအပြတ်မရှိသည် ဖြစ်၍သာလျှင် ဘဝငါးရာတို့ ကာလပတ်လုံး ငါဘုရား၏ မိခင် ဖြစ်ခဲ့ဖူး၏။ ဘဝငါးရာတို့ ကာလပတ်လုံး မိထွေး ဖြစ်ခဲ့ဖူး၏၊ ဘဝငါးရာတို့ ကာလပတ်လုံး မိကြီး ဖြစ်ခဲ့ဖူး၏၊ ဤသို့ ငါဘုရားသည် ဘဝတစ်ထောင့်ငါးရာ ကာလပတ်လုံး ပုဏ္ဏားကြီး၏လက်၌ ကြီးခဲ့ရ၏၊ ဘဝတစ်ထောင့်ငါးရာ ကာလပတ်လုံး ပုဏ္ဏေးမကြီး၏လက်၌ ကြီးခဲ့ရ၏။ ဤသို့ ဘဝသုံးထောင်တို့ပတ်လုံး ထိုပုဏ္ဏားကြီး, ပုဏ္ဏေးမကြီးတို့၏ သားအဖြစ်ကို ပြတော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ယသ္မိံ မနော နိဝိသတိ၊ စိတ္တဉ္စာပိ ပသီဒတိ။
အဒိဋ္ဌပုဗ္ဗကေ ပေါသေ၊ ကာမံ တသ္မိမ္ပိ ဝိဿသေ။

ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေနဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ အဒိဋ္ဌပုဗ္ဗကေ၊ ဤဘဝ၌ ရှေးက မမြင်ဖူးသော။ ယသ္မိံ ပေါသေ၊ အကြင်ပုဂ္ဂိုလ်၌။ မနော၊ စိတ်နှလုံးသည်။ နိဝိသတိ၊ သက်ဝင်၍ တည်၏။ စိတ္တံ၊ စိတ်သည်။ ပသီဒတိစာပိ၊ ကြည်ညိုလည်း ကြည်ညို၏။ တသ္မိံ ပေါသေ၊ ထိုပုဂ္ဂိုလ်၌။ ကာမံ၊ စင်စစ်။ ပုဗ္ဗသိနေဟေနေဝ၊ ရှေး၌ဖြစ်သော ချစ်ခြင်းဖြင့်သာလျှင်။ ဝိဿသေ၊ ချစ်ကျွမ်းဝင်၏။

ပုဗ္ဗေ၊ ရှေးဘဝ၌။ သန္နိဝါသေန ဝါ၊ အတူမကင်း နေဖူးခြင်းကြောင့်လည်းကောင်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ မျက်မှောက် စီးပွားတိုးပွား လွန်မင်း ဆောင်ရွက်ခြင်းကြောင့်လည်းကောင်း။ ဧဝံ၊ ဤသို့ အကြောင်းနှစ်ပါးကြောင့်။ တံပေမံ၊ ထိုချစ်ခင်ခြင်းသည်။ ဇာယတေ၊ ဖြစ်၏။ ကိမိဝ၊ ဥပမာ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဥဒကေ၊ ရေ၌။ ဥပ္ပလံဝါ၊ ဥပ္ပလကြာသည်လည်းကောင်း။ ပဒုမံဝါ၊ ပဒုမာကြာသည်လည်းကောင်း။ ဇာယတေ ယထာ၊ ရေနှင့်ညွှန်ပျောင်း အကြောင်းနှစ်ပါးကြောင့် ဖြစ်သကဲ့သို့တည်း။

မိဟောင်း,ဖဟောင်း သင်္ဂြိုဟ်ရာ၌ ဇရာသုတ်ဟောခြင်း

မြတ်စွာဘုရားသည် သုံးလပတ်လုံးသာလျှင် ထိုအမျိုးကိုမှီ၍ နေတော်မူလေ၏။ ထိုနှစ်ဦးသော သူတို့သည်လည်း အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ ပရိနိဗ္ဗာန်ပြုကြလေကုန်၏။ ထိုအခါ ထိုပရိနိဗ္ဗာန် စံသောသူတို့အား များစွာသော ပူဇော်သက္ကာရကိုပြု၍ နှစ်ဦးစလုံးတို့ကို တစ်ခုသော အထွတ် စုလစ်မွမ်းချွန်ရှိသော တလားကြီးသို့သာလျှင် တင်၍ ဆောင်ယူကြလေကုန်။ မြတ်စွာဘုရားသည်လည်း ငါးရာသော ရဟန်းအပေါင်း ခြံရံလျက် ထိုဆောင်ယူကြကုန်သော သူတို့နှင့် အတူတကွသာလျှင် သုသာန်သို့ ကြွတော်မူလေ၏။ “မြတ်စွာဘုရားတို့၏ မယ်တော် ခမည်းတော်တို့တည်း”ဟု များစွာသော လူအပေါင်းသည် လိုက်ပို့ရန်ထွက်လေ၏။ မြတ်စွာဘုရားသည်လည်း သုသာန်အနီး တစ်ဆောင်သော ဇရပ်သို့ဝင်၍ နေတော်မူလေ၏။ လူတို့သည် မြတ်စွာဘုရားသို့ ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ တည်နေကြကုန်လျက် “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် “မယ်တော်,ခမည်းတော်တို့ စုတေမနေ ကွယ်လွန်ကြချေပြီ”ဟု ကြံစည်အောက်မေ့ခြင်း ပြုတော်မမူကြပါကုန်လင့် ဘုရား”ဟု မြတ်စွာဘုရားနှင့်တကွ ပဋိသန္ဓာရ အစေ့အစပ်ပြုကြကုန်၏။ မြတ်စွာဘုရားသည် “သင်တို့ ဤသို့ မဆိုကြကုန်လင့်”ဟု ပယ်မြစ်တော်မမူဘဲ ပရိသတ်၏ အလိုဟူသော အာသယကို ကြည့်ရှုတော်မူ၍ ထိုခဏအားလျော်စွာ တရားဟောကြားတော်မူလိုသော မြတ်စွာဘုရားသည်-

အပ္ပံ ၀တ ဇီဝိတံ ဣဒံ၊ ဩရံ ၀ဿသတာပိ မီယတိ။
ယော စေပိ အတိစ္စ ဇီဝတိ၊ အထ သော ဇရသာပိ မီယတိ။

ဣဒံ ဇီဝိတံ၊ ဤအသက်ရှင်ခြင်းသည်။ အပ္ပံ ဝတ၊ နည်းပါးလေစွတကား။ ဝဿသတာပိ၊ အနှစ်တစ်ရာမှသော်လည်း။ ဩရံ၊ အတွင်း၌။ မီယတိ၊ သေရ၏။ ယော၊ အကြင်သူသည်။ အတိစ္စ၊ လွန်၍။ စေပိ ဇီဝတိ၊ အကယ်၍လည်း အသက်ရှည်ခဲ့ငြားအံ့။ အထ၊ ထိုသို့ရှည်သော်လည်း။ သော၊ ထိုသူသည်။ ဇရသာပိ၊ ရင့်ရော်မှည့်ဝင်း အိုမင်းခြင်းဖြင့်လည်း။ မီယတိ၊ သေရ၏။

သုတ္တနိပါတ်၊ အဋ္ဌကဝဂ်လာ ဤဇရာသုတ္တန်ကို ဟောကြားတော်မူလေ၏။ ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ ရဟန်းတို့သည် ပုဏ္ဏားကြီး၏လည်းကောင်း၊ ပုဏ္ဏေးမကြီး၏လည်းကောင်း ပရိနိဗ္ဗာန်ပြုသည့်အဖြစ်ကို မသိကြသောကြောင့် “မြတ်စွာဘုရား- ထိုပုဏ္ဏား၊ ပုဏ္ဏေးမကြီးတို့၏ တမလွန်ဘ၀ လားရာအရပ်သည် အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်ကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤသို့ သဘောရှိကုန်သော အသေခမုနိတို့၏ တမလွန်ဘဝ လားရာအရပ်မည်သည် မရှိ၊ ဤသို့သဘောရှိသောသူတို့သည် ရွေ့လျောခြင်းမရှိသော သေခြင်းကင်းသော မြတ်သောနိဗ္ဗာန်သို့သာလျှင် ရောက်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၂၅] အဟိံသကာ ယေ မုနယော၊ နိစ္စံ ကာယေန သံဝုတာ။
တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။

အဟိံသကာယေ၊ မညှဉ်းဆဲသော ကိုယ်ရှိကြကုန်သော။ ယေ မုနယော၊ အကြင် အသေခမုနိတို့သည်။ နိစ္စံ၊ အမြဲ။ ကာယေန၊ ကာယဒွါရဖြင့်။ သံဝုတာ၊ လုံခြုံအောင် စောင့်ရှောက်ကြကုန်၏။ တေ၊ ထိုအသေခမုနိတို့သည်။ ယတ္ထဌာနေ၊ အကြင် နိဗ္ဗာန်အရပ်သို့။ ဂန္တွာ၊ သွားရောက်၍။ နသောစရေ၊ မစိုးရိမ် မပင်ပန်းကြကုန်။ အစ္စုတံ၊ ရွေ့လျောခြင်းမရှိသော။ တံဌာနံ၊ ထိုနိဗ္ဗာန်အရပ်သို့။ ယန္တိ၊ ရောက်ကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး များစွာသောလူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဘုရားခမည်းတော် ပုဏ္ဏားဝတ္ထု ပြီး၏။

֍ * ၆။ ရာဇဂြိုဟ်သူဌေး၏ ပုဏ္ဏာမည်သော အိမ်ကျွန်မ ဝတ္ထု

သဒါ ဇာဂရမာနာနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူစဉ် ရာဇဂြိုဟ်သူဌေးကြီး၏ ပုဏ္ဏာမည်သော ကျွန်မကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အိမ်ကျွန်မ ပုဏ္ဏာ ဆန်ကွဲမုန့် လှူဒါန်းခြင်း

တစ်နေ့သ၌ ထိုပုဏ္ဏာအမည်ရှိသော ကျွန်မအား များစွာသော စပါးကိုထောင်းစိမ့်သောငှာ ပေးကြကုန်သတတ်။ ထိုကျွန်မသည် ညဉ့်၌ပင်လျှင် မီးထွန်းကာ စပါးထောင်းရသည်ဖြစ်၍ အပင်အပန်း ဖြေခြင်းငှာ ချွေးစွတ်သောကိုယ်ဖြင့် အပြင်ဘက် လေလာရာအရပ်၌ တည်နေလေ၏။ ထိုအခါ မလ္လာမင်းသားဖြစ်သော ရှင်ဒဗ္ဗသည် ရဟန်းတို့အား အိပ်ရာနေရာကို ညွှန်းပြ, နေရာချထားတတ်သော ရဟန်းဖြစ်၏။ ထိုရှင်ဒဗ္ဗသည် တရားနာပြီး၍ မိမိကျောင်းသို့ သွားကြကုန်သော ရဟန်းတို့အား လက်ချောင်းကို မီးတိုင်ကဲ့သို့ ထွန်းလင်းတောက်ပစေလျက် ရှေ့မှရှေ့မှ ခရီးညွှန်ပြခြင်း အကျိုးငှာ သွားသဖြင့် ရဟန်းတို့အလို့ငှာ အရောင်အလင်းကို ဖန်ဆင်းတော်မူလေ၏။ ပုဏ္ဏအမည်ရှိသော ကျွန်မသည် ထိုအလင်းရောင်ဖြင့် လှည့်လည်ကြွသွားကြကုန်သော ထိုအလုံးစုံသော ရဟန်းတို့ကို မြင်ရလျှင် “ငါကား မိမိ၏ ဆင်းရဲခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ဤအချိန်အခါ၌သော်လည်း အိပ်ခြင်းသို့ မကပ်ရောက်ရသေး၊ အရှင်ကောင်းတို့သည် အဘယ့်ကြောင့် ကျိန်းစက်တော်မမူကြသေးကုန်ဘိသနည်း”ဟု ကြံ၍ “မချွတ်လျှင် တစ်ပါးသော ရဟန်းအား မကျန်းမမာ မချမ်းသာခြင်းသည်မူလည်း ဖြစ်လတ္တံ့, မြွေတို့ကြောင့် ဘေးရန် ဥပဒ္ဒဝေါသည်မူလည်း ဖြစ်လတ္တံ့”ဟု အမှတ်သညာပြုပြီးလျှင် နံနက်စောစောကလျှင် ဆန်ကွဲကိုယူ၍ ရေဖြင့်ဆွတ်လျက် လက်ဝါးပြင်၌ မုန့်ပြုလုပ်သဖြင့် မီးကျီးစုတို့၌ ကင်၍,ဖုတ်၍ ခါးပိုက်ရင်ခွင်၌ ထည့်ပြီးလျှင် ရေဆိပ်လမ်းခရီး၌ စားအံ့ဟု အကြံပြု၍ ရေခပ်အိုးကိုယူကာ ရေဆိပ်သို့ ရှေးရှုထွက်သွားလေ၏။

မြတ်စွာဘုရားသည်လည်း ရွာသို့ ကြွဝင်တော်မူခြင်းငှာ ထိုခရီးသို့သာ ကြွသွားတော်မူလေ၏။ ပုဏ္ဏာအမည်ရှိသော ကျွန်မသည် မြတ်စွာဘုရားကို မြင်တဲ့လျှင် အကြံဖြစ်သည်မှာ “တစ်ပါးသောနေ့တို့၌ မြတ်စွာဘုရားကို ဖူးမြင်ရသော်လည်း ငါ့အား လှူဖွယ်ဝတ္ထုမရှိ၊ လှူဖွယ်ဝတ္ထုရှိသော်လည်း မြတ်စွာဘုရားကို မဖူးမြင်ရ၊ ယခုမူကား လှူဖွယ်ဝတ္ထုလည်း ငါ့အားရှိ၏။ မြတ်စွာဘုရားသည်လည်း မျက်မှောက်ထင်ထင် ဖြစ်တော်မူ၏။ ကြမ်းတမ်းညံ့ဖျင်း၏ ဟူ၍လည်းကောင်း၊ မွန်မြတ်၏ဟူ၍လည်းကောင်း ကြံစည်တော်မမူဘဲ အကယ်၍ အလှူခံပါမူကား ငါသည် ဤမုန့်ကို လှူလိုပါ၏”ဟု ကြံပြီးလျှင် ရေခပ်အိုးကို တစ်ခုသောအရပ်၌ ချထား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- ကြမ်းတမ်းသော ဤမုန့်အလှူကို ခံတော်မူလျက် တပည့်တော်မအား ချီးမြှင့်ခြင်းကို ပြုတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်ကို ကြည့်ရှုတော်မူသဖြင့် ထိုရှင်အာနန္ဒာသည် ထုတ်ဆောင်၍ ဆက်ကပ်အပ်သော နတ်မင်းကြီးလေးဦး လှူသော သပိတ်ကို ညွတ်တော်မူ၍ မုန့်ကို ခံယူတော်မူလေ၏။ ပုဏ္ဏာမည်သော ကျွန်မသည်လည်း မုန့်ကို မြတ်စွာဘုရား၏သပိတ်၌ လောင်းထည့်ပြီး၍သာလျှင် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးလျက် “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့ သိမြင်အပ်သော တရားသည်သာလျှင် တပည့်တော်မအား ပြည့်စုံပါစေသားဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် “ဤသို့ တောင်းသည့်ဆုအတိုင်း ပြည့်စုံစေသတည်း”ဟု ရပ်လျက်သာလျှင် အနုမောဒနာ ပြုတော်မူလေ၏။

အလှူရှင်မျက်မှောက် ဘုရားရှင် ဘုဉ်းပေးတော်မူခြင်း

ပုဏ္ဏာမည်သော ကျွန်မသည်လည်း “ငါ့အား မြတ်စွာဘုရားသည် ချီးမြှောက်ခြင်းကို ပြုတော်မူသဖြင့် မုန့်ကို အကယ်၍ကား ခံယူတော်မူ၏၊ ထိုသို့ပင် ခံယူသော်လည်း ဤမုန့်ကို ဘုဉ်းပေးတော်မူလိမ့်မည်မဟုတ်၊ မချွတ်လျှင် ရှေ့နား၌ ကျီးအားလည်းကောင်း၊ ခွေးအားလည်းကောင်း စွန့်ကြဲခဲ့၍ မင်းကြီး၏လည်းကောင်း၊ မင်းသား၏လည်းကောင်း အိမ်သို့ ကြွတော်မူ၍ မွန်မြတ်သော ဘောဇဉ်ကို ဘုဉ်းပေးသုံးဆောင်တော်မူလတ္တံ့”ဟု ကြံစည်ရှာလေ၏။ မြတ်စွာဘုရားသည်လည်း “ဤပုဏ္ဏမည်သော ကျွန်မသည် အဘယ်သို့ ကြံစည်လေဘိသနည်း”ဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် ပုဏ္ဏာ၏ စိတ်အကြံကို သိတော်မူရလျှင် ရှင်အာနန္ဒာမထေရ်ကို ကြည့်တော်မူလျက် နေထိုင်အံ့သော အခြင်းအရာကို ပြလေ၏။ ရှင်အာနန္ဒာမထေရ်သည် သင်္ကန်းကိုခင်း၍ ပေးလေ၏။ မြတ်စွာဘုရားသည် မြို့ပ၌သာလျှင် နေတော်မူလျက် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူလေ၏။ နတ်တို့သည် အလုံးစုံသော စကြဝဠာတိုက်၌ နတ်လူတို့အား သုံးဆောင်ခြင်းငှာ လျောက်ပတ်သော သြဇာအရသာကို ပျားလဘို့ကဲ့သို့ ညှစ်၍ ထိုဆန်ကွဲမုန့်၌ ထည့်သွင်းကြလေကုန်၏။ ပုဏ္ဏာမည်သော ကျွန်မသည်လည်း ကြည့်ရှုလျက်သာလျှင် ရပ်နေလေ၏။ မုန့်ဆွမ်းဘုဉ်းပေးပြီးသောအဆုံး၌ ရှင်အာနန္ဒာသည် ရေကို ဆက်ကပ်လေ၏။

မြတ်စွာဘုရားသည် မုန့်ဆွမ်းဘုဉ်းပေးတော်မူပြီးသည်ဖြစ်၍ ပုဏ္ဏာမည်သော ကျွန်မကို ခေါ်တော်မူပြီးလျှင် “ပုဏ္ဏာ- အဘယ့်ကြောင့် သင်သည် ငါ၏ တပည့်သား သာဝကတို့ကို ရေရွတ် ပြောဆိုဘိသနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ရေရွတ်ပြောဆိုခြင်း မပြုမိပါဘုရား”ဟု လျှောက်လတ်သော် “ထိုသို့ဖြစ်လျှင် သင်သည် ငါ၏ တပည့်သား သာဝကတို့ကိုကြည့်၍ အဘယ်သို့ ဆိုဘိသနည်း”ဟု မိန့်တော်မူပြန်လေ၏။ “မြတ်စွာဘုရား- တပည့်တော်မသည် “ငါ့မှာမူကား ဆင်းရဲဒုက္ခ နှိပ်စက်ခြင်းကြောင့် အိပ်ခြင်းသို့ မကပ်ရောက်ရသေး၊ အရှင်ကောင်းတို့သည် အဘယ်အကျိုးငှာ ကျိန်းစက်တော်မူခြင်းသို့ မကပ်ရောက်ကြကုန်ဘိသနည်း”ဟု ကြံပြီးလျှင် “မချွတ်လျှင် တစ်စုံတစ်ယောက်သော ရဟန်းအား မကျန်းမမာ မချမ်းသာခြင်းသည်လည်းကောင်း ဖြစ်လတ္တံ့၊ မြွေကြောင့် ဘေးရန်ဥပဒ္ဒဝေါသည်မူလည်း ဖြစ်လတ္တံ့”ဟု ဤမျှလောက်ကိုသာ ကြံစည်မိပါသည်ဘုရား”ဟု လျှောက်ကြားလေသောကြောင့် ဘုရားရှင်သည် ထိုပုဏ္ဏာမည်သော ကျွန်မ၏စကားကို ကြားသိတော်မူ၍ “ချစ်သမီး ပုဏ္ဏာ- သင်သည် ထိုရွေ့လောက် ဆင်းဒုက္ခ နှိပ်စက်ခြင်းကြောင့် မအိပ်နိုင်၊ ငါဘုရား၏ တပည့်သား သာဝကတို့ကား အခါခပ်သိမ်းနိုးကြားခြင်းကို အဖန်ဖန် လေ့လာအားထုတ်ကြခြင်းကြောင့် မအိပ်နိုင်ကြကုန်”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၂၆] သဒါ ဇာဂရမာနာနံ၊ အဟောရတ္တာနုသိက္ခိနံ။
နိဗ္ဗာနံ အဓိမုတ္တာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ။

သဒါ၊ အခါခပ်သိမ်း။ ဇာဂရမာနာနံ၊ နိုးကြားတတ်ကြကုန်သော။ အဟောရတ္တာနုသိက္ခိနံ၊ နေ့ညဉ့်ပတ်လုံး သိက္ခာသုံးပါးကို ကျင့်ကြကုန်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ အဓိမုတ္တာနံ၊ အလိုရှိခြင်း နှလုံးသွင်းခြင်း ရှိကြကုန်သော ပုဂ္ဂိုလ်တို့အား။ အာသဝါ၊ အာသဝေါတရား လေးပါးတို့သည်။ အတ္ထံ၊ ချုပ်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရပ်မြဲတိုင်းသာလျှင်ဖြစ်သော ပုဏ္ဏာ အမည်ရှိသော ကျွန်မသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

ဆန်ကွဲစား သိန္ဓောမြင်းငယ်

မြတ်စွာဘုရားသည် ဆန်ကွဲမီးဖုတ်မုန့်ဖြင့် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီး၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- မြတ်စွာဘုရားသည် ပုဏ္ဏာအမည်ရှိသော အိမ်ကျွန်မလှူဒါန်းသော ဆန်ကွဲမီးဖုတ်မုန့်ဖြင့် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူသဖြင့် ပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေ၏တကား”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြပါကုန်ဘိသနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ဤပုဏ္ဏာမည်သောကျွန်မ ပေးအပ်,ကျွေးအပ်သော ဆန်ကွဲကို သုံးဆောင် စားသောက်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူသဖြင့်-

ဘုတွာ တိဏပရိဃ သံ၊ ဘုတွာ အာစာမကုဏ္ဍကံ။
ဧတံ တေ ဘောဇနံ အာသိ၊ ကသ္မာ ဒါနိ န ဘုဉ္ဇသိ။

ယတ္ထ ပေါသံ န ဇာနန္တိ၊ ဇာတိယာ ဝိနယေနဝါ။
ဗဟုံ တတ္ထ မဟာဗြဟ္မေ၊ အပိ အာစာမကုဏ္ဍကံ။

တွဉ္စ ခေါ မံ ပဇာနာသိ၊ ယာဒိသာယံ ဟယုတ္တမော။
ဇာနန္တော ဇာနမာဂမ္မ၊ န တေ ဘက္ခာမိ ကုဏ္ဍကံ။

အဿပေါတက၊ အိုမြင်းငယ်။ တွံ၊ သင်သည်။ တိဏပရိဃာသံ၊ သူတစ်ပါးစားကြွင်း မြက်ငုတ်ကို။ ဘုတွာ၊ စား၍။ အာစာမကုဏ္ဍကံ၊ အမယ်အိုကျွေးသော ထမင်းချိုးနှင့် ဆန်ကွဲမှုန့်ကို။ ဘုတွာ၊ စား၍။ ဝဍ္ဎိတော၊ ကြီးပွားရ၏။ ဧတံ၊ ဤယခု ငါကျွေးသော အစာသည်။ တေ၊ သင်၏။ ဘောဇနံ၊ စားနေကျ အစာသည်။ အာသိ၊ ဖြစ်၏။ ဣဒါနိ၊ ယခုအခါ၌။ ကသ္မာ၊ အဘယ့်ကြောင့်။ န ဘုဉ္ဇသိ၊ မစားဘိသနည်း။

မဟာဗြဟ္မေ၊ မြတ်သော ပုဏ္ဏားကြီး။ ယတ္ထ၊ အကြင်အရပ်၌။ ပေါသံ၊ သတ္တဝါတစ်ဦးကို။ ဇာတိယာဝါ၊ အမျိုးဇာတ်အားဖြင့်လည်းကောင်း။ ဝိနယေနဝါ၊ အကျင့်အာစာရအားဖြင့်လည်းကောင်း။ န ဇာနန္တိ၊ ပြည့်စုံ မပြည့်စုံဟု မသိကြကုန်။ တတ္ထ၊ ထိုအရပ်၌။ အာစာမကုဏ္ဍကံအပိ၊ ထမင်းချိုး ဆန်ကွဲမှုန့်ကိုသော်လည်း။ ဗဟုံ၊ များစွာ။ ဘက္ခေ၊ စားရရာ၏။

တွဉ္စ၊ သင်သည်ကား။ မံ၊ အကျွန်ုပ်ကို။ အယံဟယော၊ ဤမြင်းသည်။ ယာဒိသော၊ အကြင်သို့ သဘောရှိသော။ ဟယုတ္တမော၊ အဖိုးတန် မြင်းကောင်းဖြစ်၏ဟူ၍။ ပဇာနာသိခေါ၊ သိသည်သာလျှင်တည်း။ ဇာနန္တော၊ အားစွမ်းကိုသိသော အကျွန်ုပ်သည်။ ဇာနံ၊ အားစွမ်းကိုသိသော သင့်ကို။ အာဂမ္မ၊ စွဲ၍။ တေ၊ သင်၏။ သန္တိကေ၊ အထံ၌။ ကုဏ္ဍကံ၊ ဆန်ကွဲမှုန့်ကို။ န ဘက္ခာမိ၊ မစားအံ့။

ဟူ၍ ဤဆန်ကွဲစား သိန္ဓောမြင်းငယ်ဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။

(ဤဇာတ်ကား သုတ်ပါထေယျ အဋ္ဌကထာ၌လာသော ရှဉ့်မင်းဇာတ်ကဲ့သို့ ငါးရာ့ငါးဆယ် သင်္ဂါယနာတင်တော်မူစဉ်က အကြောင်းအရာ တစ်စုံတစ်ခုကြောင့် ချန်ထားခဲ့သည်ဟု အောက်မေ့မှတ်ထင်မိ၏။ အနည်းငယ်မျှကွဲလွဲ၍ တွေ့မြင်ရသော ဇာတ်ကား တိကနိပါတ် ၁-သင်္ကပ္ပဝဂ်၊ ၄-ကုဏ္ဍကသိန္ဓဝ ဇာတ်ဖြစ်၏။ ဇာတ်ပေါင်းရာ၌ ထိုအခါက အမယ်အိုသည် ယခုအခါ ရှင်သာရိပုတ္တရာအား ဆွမ်းကပ်သော အမယ်အို ဖြစ်လာ၏။ သိန္ဓောမြင်းသည် ရှင်သာရိပုတ္တရာ၊ ပြည့်ရှင်မင်းသည် ရှင်အာနန္ဒာ၊ မြင်းကုန်သည်ကား ငါဘုရား ဖြစ်တော်မူလာ၏ဟု ဇာတ်ကို ပေါင်းတော်မူ၏။)

ရာဇဂြိုဟ်သူဌေး၏ ပုဏ္ဏာမည်သော အိမ်ကျွန်မဝတ္ထု ပြီး၏။

֍ * ၇။ အတုလ ဥပါသကာဝတ္ထု

ပေါရာဏမေတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အတုလမည်သော ဥပါသကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စိတ်တိုင်းကျ တရားမနာရသဖြင့် ကဲ့ရဲ့ခြင်း

ထိုဥပါသကာသည် သာဝတ္ထိပြည်၌ နေလေ့ရှိသော ဥပါသကာဖြစ်၍ ငါးရာသော ဥပါသကာအပေါင်း အခြံအရံရှိသဖြင့် တစ်နေ့သ၌ ထိုဥပါသကာတို့ကိုခေါ်၍ တရားနာခြင်းအကျိုးငှာ ကျောင်းတော်သို့ သွားရောက်ပြီးလျှင် ရေဝတမထေရ်၏ အထံတော်၌ တရားနာလိုသည်ဖြစ်၍ ရေဝတမထေရ်ကို ရှိခိုးကာ နေလေ၏။ ထိုရေဝတမထေရ်ကား ခြင်္သေ့ကဲ့သို့ တစ်ယောက်ထီးတည်း ကိန်းအောင်းခြင်း၌ မွေ့လျော်လေ့ရှိ၏။ တစ်ပါးတည်း နေထိုင်လေ့ရှိ၏။ ထို့ကြောင့် အတုလ ဒါယကာနှင့်တကွ တစ်စုံတစ်ခုသော စကားကိုမျှ မိန့်ဆိုတော်မမူ။ အတုလ ဥပါသကာသည် “ဤမထေရ်ကား တစ်စုံတစ်ခွန်းသော စကားကိုမျှ မဆို”ဟု အမျက်ထွက်သဖြင့် ရှင်သာရိပုတ္တရာ၏ အထံတော်သို့သွား၍ တင့်အပ်လျောက်ပတ်သော အရပ်၌ ရပ်နေလေ၏။ ရှင်သာရိပုတ္တရာမထေရ်သည် “အဘယ်အကြောင်းကြောင့် လာကြကုန်သနည်း”ဟု ဆိုအပ်သည်ရှိသော် “အရှင်ဘုရား- တပည့်တော်သည် ဤသီတင်းသည် ဥပါသကာတို့ကိုခေါ်၍ တရားနာခြင်းအကျိုးငှာ ရေဝတမထေရ်အထံသို့ ချဉ်းကပ်ပါသည်ဘုရား၊ ရေဝတမထေရ်သည် တပည့်တော်အား တစ်စုံတစ်ခွန်းသော စကားကိုမျှ မဆိုပါဘုရား၊ ထို့ကြောင့် တပည့်တော်သည် ထိုရေဝတမထေရ်အား အမျက်ထွက်သဖြင့် ဤအရပ်သို့ ရောက်လာပါသည်။ တပည့်တော်တို့အား တရားဟောတော်မူကြပါဘုရား”ဟု လျှောက်ကြားသည်ရှိသော် “ဒါယကာတို့- ထိုင်ကြကုန်လော့”ဟု မိန့်တော်မူပြီးလျှင် များစွာပြု၍ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူလေ၏။ အတုလဥပါသကာသည်လည်း “တရားစကားမည်သည်ကား အလွန်သိမ်မွေ့လှ၏၊ ရှင်သာရိပုတ္တရာသည် များစွာသော အဘိဓမ္မာတရားကိုသာလျှင် ဟောတော်မူလေ၏၊ ငါတို့အား ဤအဘိဓမ္မာတရားဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု အမျက်ထွက်သဖြင့် ပရိသတ်ကိုခေါ်၍ ရှင်အာနန္ဒာမထေရ်၏ အထံတော်သို့ သွားရောက်ပြန်လေ၏။

ရှင်အာနန္ဒာမထေရ်သည်လည်း “ဒါယကာတို့- အဘယ်အကြောင်းရှိသနည်း”ဟု ဆိုလတ်သည်ရှိသော် “အရှင်ဘုရား- အကျွန်ုပ်တို့သည် တရားနာခြင်းအကျိုးငှာ ရေဝတမထေရ်သို့ ချဉ်းကပ်ကြပါကုန်သည်ဘုရား၊ ရေဝတမထေရ်အထံ၌ အာလာပသလ္လာပ စကားပြောဟောခြင်းမျှကိုလည်း မရမူ၍ အမျက်ထွက်သဖြင့် ရှင်သာရိပုတ္တရာမထေရ်၏ အထံတော်သို့ ရောက်သွားကြပါသည်ဘုရား၊ ရှင်သာရိပုတ္တရာသည်လည်း တပည့်တော်တို့အား အလွန်သိမ်မွေ့လှသော များစွာသော အဘိဓမ္မာတရားတော်ကိုသာလျှင် ဟောတော်မူပါသည်ဘုရား၊ ဤအဘိဓမ္မာတရားတော်ကြီးဖြင့် ငါတို့အား အဘယ်အကျိုးရှိအံ့နည်းဟု ထိုရှင်သာရိပုတ္တရာအားလည်း အမျက်ထွက်သဖြင့် ဤအရပ်သို့ ရောက်လာကြပါသည် အရှင်ဘုရား၊ တပည့်တော်တို့အား တရားစကား ဟောကြားတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ “ထိုသို့ဖြစ်မူ ထိုင်၍နာကြကုန်လော့”ဟု မိန့်တော်မူပြီးလျှင် ရှင်အာနန္ဒာမထေရ်သည် ထိုသီတင်းသည် ဥပါသိကာတို့အား အလွန်သိလွယ်အောင်ပြု၍ အနည်းငယ်သော တရားစကားကို ဟောကြားမိန့်မြွက်တော်မူလေ၏။

ကဲ့ရဲ့အပ်သူ ချီးမွမ်းအပ်သူ အစစ်မရှိ

ထိုသီတင်းသည် ဥပါသကာတို့သည် ရှင်အာနန္ဒာ မထေရ်အားလည်း အမျက်ထွက်ပြန်သဖြင့် ဘုရားရှင်၏ အထံတော်သို့ သွားပြီးလျှင် ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏။ ထိုအခါ ထိုဒါယကာတို့ကို မြတ်စွာဘုရားသည် “ဥပါသကာတို့- အဘယ်အကြောင်းကြောင့် ရောက်လာကြကုန်သနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- တရားနာခြင်းအကျိုးငှာ ရောက်လာကြပါသည်ဘုရား”ဟု လျှောက်ကြာလတ်သော် “သင်တို့သည် တရားကို နာကြားရပြီလော”ဟု မိန့်တော်မူပြန်လေ၏။ “မြတ်စွာဘုရား- တပည့်တော်တို့သည် အစဦးစွာ ရေဝတမထေရ်သို့ ချဉ်းကပ်ကြပါသည်ဘုရား၊ ထိုရေဝတမထေရ်သည် တပည့်တော်တို့နှင့် အတူတကွ တစ်စုံတစ်ခွန်းသော စကားကိုမျှ မဆိုပါဘုရား၊ ထိုရေဝတမထေရ်အား အမျက်ထွက်သဖြင့် ရှင်သာရိပုတ္တရာမထေရ်သို့ ချဉ်းကပ်ကြပါသည်၊ ထိုရှင်သာရိပုတ္တရာမထေရ်သည် တပည့်တော်တို့အား များလှစွာသော အဘိဓမ္မာတရားကို ဟောကြားပါသည်ဘုရား၊ ထိုအဘိဓမ္မာတရားကို မမှတ်သားနိုင်ပါသောကြောင့် အမျက်ထွက်သဖြင့် ရှင်အာနန္ဒာမထေရ်သို့ ချဉ်းကပ်ကြပါသည်။”

“ရှင်အာနန္ဒာမထေရ်သည် တပည့်တော်တို့အား အနည်းငယ်မျှသော တရားကိုသာလျှင် ဟောကြားပါသည်ဘုရား၊ ထိုရှင်အာနန္ဒာမထေရ်အားလည်း အမျက်ထွက်သဖြင့် ဤအရပ်သို့ ရောက်လာကြပါသည်ဘုရား”ဟု လျှောက်ဆိုလတ်သည်ရှိသော် မြတ်စွာဘုရားသည် အတုလ ဥပါသကာ၏ စကားကို ကြားတော်မူရလျှင် “ဒါယကာ အတုလ- ထိုကဲ့ရဲ့ခြင်းသည် ရှေးအခါမှစ၍ အလေ့အလာဖြစ်သည်သာတည်း၊ ဆိတ်ဆိတ်နေသော သူကိုလည်းကောင်း၊ များများပြောဆိုတတ်သော သူကိုလည်းကောင်း၊ နည်းနည်းပြောဆိုတတ်သော သူကိုလည်းကောင်း ကဲ့ရဲ့ကြကုန်စမြဲသာတည်း၊ စင်စစ် ကဲ့ရဲ့အပ်သည်သာလျှင် ဖြစ်သောသူသည်လည်းကောင်း၊ စင်စစ် ချီမွမ်းအပ်သည်သာလျှင် ဖြစ်သောသူသည်လည်းကောင်း မရှိ၊ ပြည့်ရှင်မင်းကြီးတို့ကိုလည်း အချို့သောသူတို့သည် ကဲ့ရဲ့ကြကုန်၏။ အချို့သောသူတို့သည် ချီးမွမ်းကြကုန်၏။ မဟာပထဝီ မြေကြီးကိုလည်းကောင်း၊ လ,နေတို့ကိုလည်းကောင်း အချို့သောသူတို့သည် ကဲ့ရဲ့ကြကုန်၏၊ အချို့သောသူတို့သည် ချီးမွမ်းကြကုန်၏၊ ပရိသတ်လေးပါး၏ အလယ်၌ နေတော်မူလျက် တရားစကား ဟောကြားတော်မူသော မြတ်စွာဘုရားကိုသော်လည်း အချို့သောသူတို့သည် ကဲ့ရဲ့ကြကုန်၏၊ အချို့သောသူတို့သည် ချီးမွမ်းကြကုန်၏၊ အန္ဓဗာလဖြစ်သော သူမိုက်တို့၏ ကဲ့ရဲ့ခြင်းသည်လည်းကောင်း၊ ချီးမွမ်းခြင်းသည်လည်းကောင်း ပမာဏမဟုတ်၊ လျင်စွာသိနိုင် မှတ်နိုင်သော ပညာရှိသောသူ၏ ကဲ့ရဲ့ခြင်းသည် ကဲ့ရဲ့ခြင်းမည်၏၊ ချီးမွမ်းခြင်းသည် ချီးမွမ်းခြင်းမည်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၂၇] ပေါရာဏမေတံ အတုလ၊ နေတံ အဇ္ဇတနာမိဝ။
နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဒန္တိ ဗဟုဘာဏိနံ။
မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ လောကေ အနိန္ဒိတော။

֍ * [၂၂၈] န စာဟု န စ ဘဝိဿတိ၊ န စေတရဟိ ဝိဇ္ဇတိ။
ဧကန္တံ နိန္ဒိတော ပေါသော၊ ဧကန္တံ ဝါ ပသံသိတော။

֍ * [၂၂၉] ယံ စေ ဝိညူ ပသံသန္တိ၊ အနုဝိစ္စ သုဝေ သုဝေ။
အစ္ဆိဒ္ဒဝုတ္တိံ မေဓာဝိံ၊ ပညာသီလ သမာဟိတံ။

֍ * [၂၃၀] နိက္ခံ ဇမ္ဗောနဒဿေဝ၊ ကော တံ နိန္ဒိတုမရဟတိ။
ဒေဝါပိ နံ ပသံသန္တိ၊ ဗြဟ္မုနာပိ ပသံသိတော။

အတုလ၊ အတုလမည်သော ဒါယကာ။ ဧတံ၊ ဤကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်းသည်။ ပေါရာဏံ၊ ရှေးမှစ၍ ဖြစ်၏။ ဧတံ၊ ဤကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်းသည်။ အဇ္ဇတနာမိဝ၊ ယခုမှဖြစ်သကဲ့သို့။ န ဟောတိ၊ မဟုတ်။ တုဏှိမာသီနံပိ၊ ဆိတ်ဆိတ်နေလေ့ရှိသော သူကိုလည်း။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။ ဗဟုဘာဏိနံပိ၊ များများပြောဆိုလေ့ရှိသော သူကိုလည်း။ နိန္ဒန္တိ၊ ကဲ့ရဲ့ကုန်၏။ မိတဘာဏိမ္ပိ၊ နည်းနည်းပြောဆိုလေ့ရှိသော သူကိုလည်း။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။ လောကေ၊ လောက၌။ အနိန္ဒိတော၊ မကဲ့ရဲ့အပ်သောသူ မည်သည်။ ဝါ၊ အကဲ့ရဲ့ လွတ်သောသူမည်သည်။ နတ္ထိ၊ မရှိ။

ဧကန္တံ၊ စင်စစ်အားဖြင့်။ နိန္ဒိတော၊ ကဲ့ရဲ့အပ်သော။ ပေါသောဝါ၊ ယောက်ျားသည်လည်းကောင်း။ ဧကန္တံ၊ စင်စစ်အားဖြင့်။ ပသံသိတော၊ ချီးမွမ်းအပ်သော။ ပေါသောဝါ၊ ယောက်ျားသည်လည်းကောင်း။ န စ အဟု၊ ရှေးအတိတ်၌လည်းမဖြစ်စဖူး။ န စ ဘဝိဿတိ၊ နောင် အနာဂတ်၌လည်း မဖြစ်လတ္တံ့။ ဧတရဟိ စ၊ ယခု ပစ္စုပ္ပန်၌လည်း။ န ဝိဇ္ဇတိ၊ မရှိ။

အစ္ဆိဒ္ဒဝုတ္တိံ၊ မကျိုးမပြတ်သော အကျင့်သိက္ခာရှိသော။ ဝါ၊ မပျက်စီးသော အသက်မွေးခြင်းရှိသော။ မေဓာဝိံ၊ ထက်မြက်သော ဓမ္မောဇပညာဖြင့် ပညာရှိသော။ ပညာသီလသမာဟိတံ၊ လောကီ လောကုတ္တရာပညာ စတုပါရိ သုဒ္ဓိသီလနှင့်ပြည့်စုံသော။ ယံဘိက္ခု၊ အကြင်ရဟန်းကို။ ဝိညူ၊ ပညာရှိတို့သည်။ သုဝေ သုဝေ၊ နေ့တိုင်းနေ့တိုင်း။ အနုဝိစ္စ၊ ချီးမွမ်းသင့် ကဲ့ရဲ့သင့်ကို သိရှိ၍။ ပသံသန္တိ၊ ချီးမွမ်းကြကုန်၏။

တံဘိက္ခုံ၊ ထိုရဟန်းကို။ ဇမ္ဗောနဒဿ၊ ဇမ္ဗူရာဇ်ရွှေ၏။ နိက္ခံ ဣဝ၊ တစ်နိက္ခကဲ့သို့။ ကော၊ အဘယ်သူသည်။ နိန္ဒိတုံ၊ ကဲ့ရဲ့ခြင်းငှာ။ အရဟတိ၊ ထိုက်အံ့နည်း။ နံ ဘိက္ခု၊ ထိုရဟန်းကို။ ဒေဝါပိ၊ နတ်တို့သည်လည်း။ ပသံသန္တိ၊ ချီးမွမ်းကြကုန်၏။ သော ဘိက္ခု၊ ထိုရဟန်းကို။ ဗြဟ္မုနာပိ၊ စကြဝဠာတိုက်တစ်သောင်း မဟာဗြဟ္မာအပေါင်းသည်လည်း။ ပသံသိတော၊ ချီးမွမ်းအပ်၏။

(တစ်နိက္ခ ဟူသည်ကား- စပါးလေးလုံး တစ်ချင်ရွေး၊ နှစ်ချင်ရွေး မာသကတစ်ခု၊ ငါးမာသက နှစ်အက္ခ (ဆယ်ရွေး)၊ ရှစ်အက္ခ ဓာရဏတစ်ခု (ရွေးလေးဆယ်)၊ ငါးဓာရဏ တစ်သုဝဏ် (ရွေးနှစ်ရွာ)၊ ငါးသုဝဏ် တစ်နိက္ခ (ရွေးတစ်ထောင်)။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာသော ဥပါသကာတို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

အတုလ ဥပါသကာဝတ္ထု ပြီး၏။

֍ * ၈။ ဆဗ္ဗဂ္ဂီ ရဟန်းတို့ ဝတ္ထု

ကာယပ္ပကောပံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရာသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခုံဖိနပ်စီးသော ရဟန်းများ

တစ်နေ့သ၌ မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လက်နှစ်ဖက်တို့ဖြင့် တောင်ဝှေးတို့ကိုကိုင်လျက် သစ်သားခြေနင်း ခုံဖိနပ်ကိုစီး၍ ကျောက်ဖျာ၌ စင်္ကြံသွားကြကုန်သော ထိုဆဗ္ဗဂ္ဂီရဟန်းတို့၏ “ခဋ-ခဋ”ဟူသော အသံကို ကြားတော်မူရလျှင် “ချစ်သားအာနန္ဒာ- ဤအသံကား အဘယ်မည်သော အသံနည်း”ဟု မေးတော်မူသောကြောင့် “ခြေနင်းကိုစီး၍ စင်္ကြံသွားကုန်သော ဆဗ္ဗဂ္ဂီရဟန်းတို့ကို အစွဲပြု၍ မြည်သော “ခဋ-ခဋ”ဟူသော အသံဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားသဖြင့် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီးလျှင် “ရဟန်းမည်သည်ကား ကိုယ်စသည်တို့ကို စောင့်ရှောက်ခြင်းငှာ သင့်၏”ဟု မိန့်တော်မူ၍ တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၂၃၁] ကာယပ္ပကောပံ ရက္ခေယျ၊ ကာယေန သံဝုတော သိယာ။
ကာယဒုစ္စရိတံ ဟိတွာ၊ ကာယေန သုစရိတံ စရေ။

֍ * [၂၃၂] ဝစီပကောပံ ရက္ခေယျ၊ ဝါစာယ သံဝုတော သိယာ။
ဝစီဒုစ္စရိတံ ဟိတွာ၊ ဝါစယ သုစရိတံ စရေ။

֍ * [၂၃၃] မနောပကောပံ ရက္ခေယျ၊ မနသာ သံဝုတော သိယာ။
မနောဒုစ္စရိတံ ဟိတွာ၊ မနသာ သုစရိတံ စရေ။

֍ * [၂၃၄] ကာယေန သံဝုတာ ဓီရာ၊ အထော ဝါစာယ သံဝုတာ။
မနသာ သံဝုတာ ဓီရာ၊ တေ ဝေ သုပရိသံဝုတာ။

ကာယပ္ပကောပံ၊ ကာယဒုစရိုက်ကို။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ ကာယေန၊ ကာယဒွါရဖြင့်။ သံဝုတော၊ စောင့်ရှောက်သည်။ သိယာ၊ ဖြစ်ရာ၏။ ကာယဒုစ္စရိတံ၊ ကာယဒုစရိုက်ကို။ ဟိတွာ၊ စွန့်၍။ ကာယေန၊ ကာယဒွါရဖြင့်။ သုစရိတံ၊ ကောင်းသောအကျင့်ကို။ စရေ၊ ကျင့်ရာ၏။

ဝစီပကောပံ၊ ဝစီဒုစရိုက်ကို။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ ဝါစာယ၊ ဝစီဒွါရဖြင့်။ သံဝုတော၊ စောင့်ရှောက်သည်။ သိယာ၊ ဖြစ်ရာ၏။ ဝစီဒုစ္စရိတံ၊ ဝစီဒုစရိုက်ကို။ ဟိတွာ၊ စွန့်၍။ ဝါစာယ၊ ဝစီဒွါရဖြင့်။ သုစရိတံ၊ ကောင်းသောအကျင့်ကို။ စရေ၊ ကျင့်ရာ၏။

မနောပကောပံ၊ မနောဒုစရိုက်ကို။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ မနသာ၊ မနောဒွါရဖြင့်။ သံဝုတော၊ စောင့်ရှောက်သည်။ သိယာ၊ ဖြစ်ရာ၏။ မနောဒုစ္စရိတံ၊ မနောဒုစရိုက်ကို။ ဟိတွာ၊ စွန့်၍။ မနသာ၊ မနောဒွါရဖြင့်။ သုစရိတံ၊ ကောင်းသော အကျင့်ကို။ စရေ၊ ကျင့်ရာ၏။

ဓီရာ၊ ပညာရှိတို့သည်။ ကာယေန၊ ကာယဒွါရဖြင့်။ သံဝုတာ၊ လုံခြုံစွာ ပိတ်ဆို့ကြကုန်၏။ အထော၊ ထိုမှတစ်ပါး။ ဝါစာယ၊ ဝစီဒွါရဖြင့်။ သံဝုတာ၊ လုံခြုံစွာ ပိတ်ဆို့ကြကုန်၏။ မနသာ၊ မနောဒွါရဖြင့်။ သံဝုတာ၊ လုံခြုံစွာ ပိတ်ဆို့ကြကုန်၏။ တေ ဓီရာ၊ ထိုပညာရှိတို့သည်။ ဝေ- ဧကန္တေန၊ စင်စစ်အားဖြင့်။ သုပရိသံဝုတာ၊ ကောင်းစွာ ထက်ဝန်းကျင် လုံခြုံစွာ ပိတ်ဆို့နိုင်ကြသောသူတို့ ဖြစ်ကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဆဗ္ဗဂ္ဂီရဟန်းတို့ ဝတ္ထုပြီး၏။

֍ * ၁။ နွားသတ်သမား၏သားဝတ္ထု

ပဏ္ဍုပလာသောဝ ဒါနိသိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တစ်ယောက်သော နွားသတ်သော ယောက်ျား၏သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အသားမပါ မစားနိုင်ဟု ဆိုခြင်း

သာဝတ္ထိပြည်၌ တစ်ယောက်သော နွားသတ်ယောက်ျားသည် နွားတို့ကိုသတ်သဖြင့် ကောင်းမြတ်သော အသားတို့ကိုယူ၍ ချက်စေပြီးလျှင် သားမယားတို့နှင့် အတူတကွ နေထိုင်လျက် အသားကိုလည်းစား၏။ အဖိုးအားဖြင့် ရောင်းချ၍လည်း အသက်မွေးခြင်းကို ပြုသတတ်။ ထိုနွားသတ်ယောက်ျားသည် ဤသို့ ငါးဆယ့်ငါးနှစ်တို့ ကာလပတ်လုံး နွားသတ်ခြင်းအမှုကိုပြုလျက် အနီးဖြစ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားအား တစ်နေ့သ၌မျှလည်း တစ်ယောက်မ တစ်ဇွန်းမျှသော ယာဂုကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း မလှူဒါန်းစဖူး။ ထိုနွားသတ်ယောက်ျားသည်ကား အမဲသားနှင့်ကင်း၍ ထမင်းစားလေ့မရှိ။ ထိုနွားသတ်ယောက်ျားသည် တစ်နေ့သ၌ နွားသားကို ရောင်းချပြီးလျှင် မိမိအတွက် ချက်စရာအလို့ငှာ တစ်ခုသော အသားတုံးကို မယားအားပေး၍ ရေချိုးခြင်းငှာ သွားလေ၏။ ထိုအခါ နွားသတ်ယောက်ျား၏ အဆွေခင်ပွန်းသည် အိမ်သို့လာ၍ နွားသတ်သမား၏မယားကို “ငါ့အား ရောင်းအပ်သော နွားသားကို အနည်းငယ်ပေးပါ၊ ငါ၏အိမ်၌ ဧည့်သည်ရောက်လာပါသည်”ဟု ဆိုလေ၏။ “ရောင်းအပ်သော နွားသားမရှိပြီ၊ သင်၏ အဆွေခင်ပွန်းသည် အမဲသားအားလုံး ရောင်းပြီးသဖြင့် ယခု ရေချိုးခြင်းငှာ သွားပါသည်”ဟု ဆိုလတ်သော် “ဤသို့မပြုပါလင့်၊ အမဲသားတုံး အကယ်၍ ရှိသေးသည်ဖြစ်အံ့၊ ပေးပါဦး”ဟု ဆိုလေ၏။ “သင်၏ အဆွေခင်ပွန်းအလို့ငှာ ထားအပ်သော အမဲသားကို ဖယ်ထား၍ တစ်ပါးသော အမဲသားမရှိပါ”ဟု ဆိုလတ်သော် ထိုအမဲသားအလိုရှိသောသူသည် “ငါ၏သူငယ်ချင်းအလို့ငှာ ထားအပ်သော အမဲသားမှတစ်ပါး အခြားသော အမဲသား မရှိ၊ ထိုငါ၏ သူငယ်ချင်းသည်လည်း အမဲနှင့်ကင်း၍ ထမင်းမစားနိုင်၊ ဤနွားသတ်သမား၏ မယားသည် ပေးဝံ့လိမ့်မည် မဟုတ်”ဟု ကြံ၍ ကိုယ်တိုင်သာလျှင် ထိုအမဲသားကိုယူ၍ ဖဲသွားလေ၏။

နွားသတ်ယောက်ျားသည်လည်း ရေချိုးပြီး၍ ပြန်လာသည်ရှိသော် မယားသည် မိမိချက်အပ်သော ဟင်းရွက်ကျက်နှင့်တကွ ခူးထည့်၍ ထမင်းကို ဆောင်ယူလာသောအခါ “အမဲသား အဘယ်မှာနည်း”ဟု မေးလေ၏။ “အရှင့်သား- မရှိပြီ”ဟု ဆိုလတ်သော် “ငါကား ချက်စိမ့်သောငှာ ကိုယ်တိုင်ပေးခဲ့၍ သွားသည် မဟုတ်လော”ဟု ဆိုလေ၏။ “သင်၏ အဆွေခင်ပွန်းဖြစ်သော သူသည် လာလတ်၍ ငါ၏အိမ်၌ ဧည့်သည်ရောက်လာပါသည်၊ ရောင်းအပ်သော အမဲသားကိုပေးပါဟု ဆိုသဖြင့် အကျွန်ုပ်သည် သင်၏ အဆွေခင်ပွန်းအလို့ငှာ ထားအပ်သော အမဲသားမှ တစ်ပါးသော အမဲသားမရှိပါ။ ထိုသင်၏သူငယ်ချင်းသည်လည်း အမဲသားနှင့်ကင်း၍ မစားနိုင်ဟု ဆိုပါလျက်လည်း အနိုင့်အထက် ပြုသဖြင့် ထိုအမဲသားကို ကိုယ်တိုင်သာ ယူကာ သွားပါသည်”ဟု ဆိုလတ်သော် “ငါကား အမဲသားနှင့်ကင်း၍ ထမင်းကို မစားနိုင်၊ ထိုအမဲကို ပြန်၍ယူဆောင်ချေလော့”ဟု ဆိုလေ၏။

နွားရှင် လျှာဖြတ်စား၍ ချက်ချင်း မကောင်းကျိုးရပုံ

“အရှင့်သား ပြန်၍ ဆောင်ယူခြင်းငှာ အဘယ်သို့ တတ်နိုင်ပါတော့အံ့နည်း၊ စားပါအရှင်”ဟု ဆိုလတ်သည်ရှိသော် နွားသတ်ယောက်ျားသည် “ငါကား မစားနိုင်”ဟု ဆို၍ ထိုထမင်းကို ယူသိမ်းစေပြီးလျှင် ဓားကိုယူလျက် အိမ်နောက်ဖေး၌ ရပ်တည်နေသော နွားသည် ရှိလေ၏။ ထိုနွား၏အထံသို့ သွားပြီးလျှင် ခံတွင်း၌ လက်ကိုထည့်သွင်း၍ လျှာကို ငင်ထုတ်လျက် ဓားဖြင့် လျှာအရင်းမှ ဖြတ်ယူကာ လာ၍ မီးကျီးတို့၌ ဖုတ်ကင်စေသဖြင့် ထမင်းအထက်၌ ထား၍ ထိုင်နေလျက် ထမင်းတစ်ဆုပ်ကို စားပြီးလျှင် တစ်ခုသော အမဲသားပိုင်းကို ခံတွင်း၌ ထားလေ၏။ ထိုခဏချင်းသာလျှင် နွားသတ်ယောက်ျား၏လျှာသည် ပြတ်၍ ထမင်းခွက်၌ ကျလေ၏။ ထိုအခါ၌သာလျှင် ကံနှင့် တူစွာသော အကျိုးဝိပါက်ကို ရရှာလေ၏။ ထိုနွားသတ်ယောက်ျားသည်လည်း နွားကဲ့သို့ သွေးအလျဉ်သည် ခံတွင်းမှယိုစီးလျက် အိမ်တွင်းသို့ဝင်၍ ပုဆစ်ဒူးတို့ဖြင့် လှည့်ပတ်သွားလာကာ အော်ဟစ်မြည်တမ်းရှာလေ၏။ ထိုအခါ၌ နွားသတ်ယောက်ျား၏သားသည် အဖကိုကြည့်ရှုလျက် အနီး၌ ရပ်လျက်ရှိ၏။ ထိုအခါ ထိုသားကို မိခင်သည် “ချစ်သား- နွားကဲ့သို့ အိမ်၏အလယ်၌ ပုဆစ်ဒူးတို့ဖြင့် သွားလာလှည့်ပတ်ကာ အော်ဟစ်မြည်တမ်းရှာသော ဤသင့်ဖခင် နွားသတ်ယောက်ျားကို ကြည့်ရှုလော့၊ ဤဆင်းရဲခြင်းသည် သင်၏ဦးခေါင်းထက်၌ ကျလတ္တံ့၊ ငါမိခင်ကိုလည်း မကြည့်မူ၍ မငဲ့မူ၍ မိမိ၏ချမ်းသာခြင်းကို ပြုလုပ်ကာ ထွက်ပြေးပေတော့”ဟု ဆိုလေ၏။ ထိုသားသည် သေဘေးမှ ကြောက်လှသောကြောင့် မိခင်ကိုရှိခိုး၍ ထွက်ပြေးလေ၏။ ထွက်ပြေးသွားသည်ရှိသော်ကား တက္ကသိုလ်ပြည်သို့ ရောက်သွားလေ၏။ နွားသတ်ယောက်ျားသည်လည်း နွားကဲ့သို့ အိမ်၏အလယ်၌ အော်ဟစ်မြည်တမ်းလျက် သွားလာလှည့်ပတ်၍ အသက်သေဆုံးသည်ရှိသော် အဝီစိငရဲ၌ ဖြစ်ရှာလေ၏။ နွားသည်လည်း သေဆုံးရှာလေ၏။

သားဖြစ်သူသည် တက္ကသိုလ်သို့ရောက်၍ ကြီးပွားခြင်း

နွားသတ်ယောက်ျား၏ သားသည်လည်း တက္ကသိုလ်ပြည်သို့သွား၍ ရွှေပန်းထိမ်သည်အမှု အတတ်ကို သင်ယူလေ၏။ ထိုအခါ ထိုသူငယ်၏ဆရာသည် ရွာတစ်ရွာသို့ သွားသည်ရှိသော် “ဤသို့သဘောရှိသော တန်ဆာမည်သည်ကို ပြုလုပ်ရမည်”ဟု ဆို၍ ဖဲသွားလေ၏။ ထိုသူငယ်သည်လည်း ထိုသို့ သဘောရှိသော တန်ဆာကို ပြုလုပ်လေ၏။ ထိုအခါ ထိုသူငယ်၏ ဆရာသည် ပြန်လာ၍ တန်ဆာကို မြင်ရလျှင် “ဤသူငယ်ကား အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်သို့သွား၍ အသက်မွေးခြင်းငှာ စွမ်းနိုင်လောက်ပြီ”ဟု အရွယ်သို့ရောက်သော မိမိ၏သမီးကို ထိမ်းမြားအပ်နှင်းလေ၏။ ထိုနွားသတ်ယောက်ျား၏သားသည် သားသမီးတို့ဖြင့် ကြီးပွားစည်ပင်လေ၏။

သာဝတ္ထိသို့ ပြန်ရောက်၍ ဘုရားနှင့် တွေ့ခြင်း

ထို့နောက်မှ ထိုသူ၏သားတို့သည် အရွယ်သို့ ရောက်ကုန်သည်ဖြစ်၍ အတတ်ပညာကို သင်ကြားတတ်မြောက်ပြီးလျှင် နောက်အဖို့၌ သာဝတ္ထိပြည်သို့ သွားကြသဖြင့် ထိုသာဝတ္ထိပြည်၌ အိမ်ရာတည်ထောင်၍ နေကြကုန်သည်ရှိသော် သဒ္ဓါပသန္နနှင့် ပြည့်စုံကြလေကုန်၏။ ထိုသူတို့၏အဖသည်လည်း တက္ကသိုလ်၌ တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှုကို မပြုမူ၍သာလျှင် အိုခြင်းသို့ ရောက်လေ၏။ ထိုအခါ နွားသတ်ယောက်ျားသား၏ သားတို့သည် “ငါတို့အဖကား အိုမင်းပြီ”ဟု မိမိ၏အထံသို့ ခေါ်စေ၍ “အဖ၏ နတ်ရွာနိဗ္ဗာန် မဂ်ဖိုလ်အကျိုးငှာ အလှူကို ပေးလှူကြကုန်စို့အံ့”ဟု ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို ပင့်ဖိတ်ကြကုန်၏။ ထိုသားတို့သည် တစ်ဖန် မိုးသောက်သောနေ့တွင် အိမ်တွင်း၌ ဘုရားအမှူးရှိသော ရဟန်းသံဃာကို နေထိုင်တော်မူစေလျက် ရိုသေစွာ လုပ်ကျွေးပြီးလျှင် ဆွမ်းဘုဉ်းပေးပြီးသောအဆုံး၌ မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့သည် ဖခင်အတွက် ဤဇီဝဘတ်ကို လှူဒါန်းပါသည်ဘုရား၊ တပည့်တော်တို့၏ ဖခင်အလို့ငှာ အနုမောဒနာပြုတော်မူကြပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုနွားသတ်ယောက်ျား၏သားကို ခေါ်တော်မူပြီးလျှင် “ဒါယကာ- သင်သည်ကား အသက်အရွယ် ကြီးရင့်လေပြီ၊ မှည့်ရင့်သောကိုယ် ရှိပြီ၊ ဖျော့တော့သော အဆင်းရှိသော ဖက်ရွက်လျော်နှင့် တူပြီ၊ သင့်အား တမလွန်ဘဝသို့ သွားခြင်းငှာ ကုသိုလ်ဟူသော ရိက္ခာထုပ်မရှိသေး၊ မိမိတည်ရာကို ပြုလော့၊ ပညာရှိဖြစ်လော့၊ မိုက်မဲတွေဝေသောသူ မဖြစ်လင့်”ဟု အနုမောဒနာ ပြုတော်မူလျက် ဤနှစ်ဂါထာတို့ကို ဟောကြားတော်မူလေ၏။

ပထမနေ့ ဒေသနာတော်

֍ * [၂၃၅] ပဏ္ဍုပလာသောဝ ဒါနိသိ၊ ယမပုရိသာပိစ တေ ဥပဋ္ဌိတာ။
ဥယျောဂမုမေ စ တိဋ္ဌသိ၊ ပါထေယျမ္ပိ စ တေ န ဝိဇ္ဇတိ။

֍ * [၂၃၆] သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ။
နိဒ္ဓန္တမလော အနင်္ဂဏော၊ ဒိဗ္ဗံ အရိယဘူမိံ ဥပေဟိသိ။

ဘော ဥပါသက၊ အို..ဒါယကာ။ တွံ၊ သင်သည်။ ဣဒါနိ၊ ယခုအခါ၌။ ပဏ္ဍုပလာသောဝ၊ ဖျော့တော့သော အဆင်းရှိသော ဖက်ရွက်လျော်ကဲ့သို့။ အသိ၊ ဖြစ်ခဲ့ပြီတကား။ ယမပုရိသာပိစ၊ သေမင်း၏တမန် ယောက်ျားတို့သည်လည်း။ တေ၊ သင်၏။ ဥပဋ္ဌိတာ၊ အနီး၌ တည်လာကုန်၏။ တွံ၊ သင်သည်။ ဥယျောဂမုခေစ၊ ဆုတ်ယုတ်ခြင်း၏ အဝ၌သာလျှင်။ တိဋ္ဌတိ၊ တည်၏။ တေ၊ သင်အား။ ပါထေယျပိစ၊ ကုသိုလ်ဟူသော ရိက္ခာထုပ်သည်လည်း။ န ဝိဇ္ဇတိ၊ မရှိသေး။

သော တွံ၊ ထိုသင်သည်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ ကျွန်းကြီးနှင့်တူသော ကုသိုလ်ဟူသော မှီခိုရာကို။ ကရောဟိ၊ ပြုလော။ ခိပ္ပံ၊ လျင်စွာ။ ဝါယမ၊ လုံ့လပြုလော့။ ပဏ္ဍိတော၊ ပညာရှိသည်။ ဘဝ၊ ဖြစ်လော့။ ဧဝံ၊ ဤသို့ ပြုသည်ရှိသော်။ နိဒ္ဓန္တမလော၊ ထုတ်အပ်ပြီးသော ရာဂစသော အညစ်အကြေးရှိသည်ဖြစ်၍။ အနင်္ဂဏော၊ ကိလေသာညှိ မရှိသည်ဖြစ်၍။ အရိယဘူမိံ၊ အရိယာတို့၏ ဖြစ်ရာဖြစ်သော။ ဒိဗ္ဗံ၊ သုဒ္ဓါဝါသငါးဘုံသို့။ ဥပေဟိသိ၊ ရောက်ရလတ္တံ့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ နွားသတ်သမား၏ သားဖြစ်သော ထိုဒါယကာ အဘိုးကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာတော် ဖြစ်တော်မူလေ၏။

သောတာပန်တည်ပြီး နောက်တစ်နေ့ တရားနာရခြင်း

ထိုဥပါသကာ၏ သားသမီးတို့သည် တစ်ဖန် နောက်တစ်နေ့ ကောင်းမှုအကျိုးငှာလည်း မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် အလှူ,လှူ၍ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးသော မြတ်စွာဘုရားကို အနုမောဒနာတရား ဟောကြားတော်မူသောအခါ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား -ဤဆွမ်းသည်လည်း တပည့်တော်တို့၏ ဖခင်အတွက် အသက်ရှင်စဉ် ရည်မှန်း၍ လှူအပ်သော ဆွမ်းသည်သာလျှင် ဖြစ်ပါသည်ဘုရား၊ ဤဖခင်အားသာလျှင် အနုမောဒနာပြုတော်မူကြပါဘုရား”ဟု လျှောက်ကြားကြကုန်၏။ ဘုရားရှင်သည် ထိုသူအား အနုမောဒနာပြုလိုသည်ဖြစ်၍ ဤနှစ်ဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒုတိယနေ့ ဒေသနာတော်

֍ * [၂၃၇] ဥပနီတဝယောစ ဒါနိသိ၊ သံပယာတောတိ ယမဿ သန္တိကံ။
ဝါသော တေ နတ္ထိ အန္တရာ၊ ပါထေယျမ္ပိ စ တေ န ဝိဇ္ဇတိ။

֍ * [၂၃၈] သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ။
နိဒ္ဓန္တမလော အနင်္ဂဏော၊ န ပုန ဇာတိဇရံ ဥပေဟိသိ။

ဘော ဥပါသက၊ အို..ဒါယကာ။ တွံ၊ သင်သည်။ ဒါနိ၊ ယခုအခါ၌။ ဥပနီတဝယောစ၊ လွန်လေပြီးသော အရွယ်ရှိသည်လည်း။ အသိ၊ ဖြစ်၏။ ယမဿ၊ သေမင်း၏။ သန္တိကံ၊ အထံသို့။ သံပယာတော၊ သွားအံ့သောငှာ စီရင်လျက်တည်သည်။ အသိ၊ ဖြစ်၏။ တေ၊ သင်အား။ အန္တရာ၊ အကြား၌။ ဝါသော၊ နေရခြင်းသည်။ နတ္ထိ၊ မရှိလတ္တံ့။ တေ၊ သင်အား။ ပါထေယျမ္ပိစ၊ ကုသိုလ်ဟူသော ရိက္ခာထုပ်သည်လည်း။ န ဝိဇ္ဇတိ၊ မရှိသေး။

သော တွံ၊ ထိုသင်သည်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ ကျွန်းကြီးနှင့်တူသော ကုသိုလ်ဟူသော မှီခိုရာကို။ ကရောဟိ၊ ပြုလော့။ ခိပ္ပံ၊ လျင်စွာ။ ဝါယမ၊ လုံ့လပြုလော့။ ပဏ္ဍိတော၊ ပညာရှိသည်။ ဘဝ၊ ဖြစ်လော့။ နိဒ္ဓန္တမလော၊ ထုတ်အပ်ပြီးသော ရာဂစသော အညစ်အကြေးရှိသည်ဖြစ်၍။ အနင်္ဂဏော၊ ကိလေသာညှိ မရှိသည်ဖြစ်၍။ ပုန၊ တစ်ဖန်။ ဇာတိဇရံ၊ ပဋိသန္ဓေနေခြင်း အိုခြင်းသို့။ န ဥပေဟိသိ၊ မကပ်ရလတ္တံ့။

နွားသတ်သမား၏သား အနာဂါမ်တည်ခြင်း

(အောက် နှစ်ဂါထာတို့ဖြင့် အနာဂါမိမဂ်ကို ဟောတော်မူအပ်၏။ ဤအထက် နှစ်ဂါထာတို့၌ အရဟတ္တမဂ်ကို ဟောတော်မူအပ်၏။ ဤသို့ပင် ဟောတော်မူသော်လည်း ပြည့်ရှင်မင်းကြီးသည် မိမိ၏ ခံတွင်းအတိုင်းအရှည်ပမာဏဖြင့် ထမင်းလုတ်ဆုပ်၍ သားတော်အား ပေးကျွေးပါသော်လည်း ထိုမင်းသားငယ်သည် မိမိ၏ ခံတွင်းအတိုင်းအရှည်ပမာဏ တန်လောက်ရုံကိုသာ ယူနိုင်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားသည် အထက်မဂ်၏အစွမ်းဖြင့် တရားဟောကြားတော်မူသော်လည်း ဒါယကာသည် မိမိ၏အကြောင်း ဥပနိဿယ၏အစွမ်းဖြင့် အောက်,သောတာပတ္တဖိုလ်သို့ ရောက်၍ ဤနောက် အနုမောဒနာတရား၏အဆုံး၌ အနာဂါမိဖိုလ်သို့ ရောက်လေ၏။ ကြွင်းသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။)

နွားသတ်သမား၏သား ဝတ္ထုပြီး၏။

֍ * ၂။ မထင်ရှားသော ပုဏ္ဏားဝတ္ထု

အနုပုဗ္ဗေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြက်ပေါက်ရာမှ ဇရပ်တကာ ဖြစ်ခြင်း

ထိုပုဏ္ဏားသည် တစ်နေ့သ၌ နံနက် စောစောကသာလျှင် ထွက်၍ ရဟန်းတို့၏ သင်္ကန်းရုံရာအရပ်၌ သင်္ကန်းရုံတော်မူကြကုန်သော ရဟန်းတို့ကို ကြည့်ရှုကာ ရပ်တည်နေလေသတတ်။ ထိုနေရာအရပ်သည်ကား စည်ပင်ပေါက်ပွားသော မြက်ပင်ရှိနေရာ ဖြစ်လေ၏။ ထိုအခါ တစ်ပါးသော ရဟန်းသည် သင်္ကန်းကိုရုံစဉ် သင်္ကန်းအနားသည် မြက်ပင်တို့၌ ဖြစ်သဖြင့် ထိသဖြင့် ဆီးနှင်းပေါက်တို့ဖြင့် စိုစွတ်၏။ ပုဏ္ဏားသည်လည်း “ဤနေရာအရပ်ကို မြက်ပင်မရှိအောင် ပြုခြင်းငှာ သင့်၏”ဟု ကြံ၍ တစ်ဖန် မိုးသောက် နောက်တစ်နေ့၌ ပေါက်တူးကို ယူသွား၍ ထိုနေရာအရပ်ကို ရွေပေါက်သဖြင့် ကောက်နယ်တလင်းဝန်းနှင့်တူသော နေရာဖြစ်လေ၏။ တစ်ဖန် မိုးသောက်၊ နောက်တစ်နေ့၌ ထိုအရပ်သို့ သွားသဖြင့် ရဟန်းတို့သည် သင်္ကန်းရုံတော်မူကြကုန်သည်ရှိသော် တစ်ပါးသော ရဟန်း၏ သင်္ကန်းအနားသည် မြေ၌ကျ၍ မြေမှုန့်၌ ဖြစ်သည်ကို ထိခိုက်လူးလည်းသည်ကို မြင်ပြန်လျှင် “ဤအရပ်၌ သဲဖြန့်ကြဲခြင်းငှာ သင့်၏”ဟု ကြံ၍ သဲကိုဆောင်ယူကာ ကြဲဖြန့်လေ၏။ ထိုအခါ တစ်နေ့သ၌ နံနက် ဆွမ်းမစားမီ (ဝါ) မွန်းမတည့်မီ နေပူသည် ပြင်းပြစွာ ဖြစ်လေ၏။

ထိုအခါ၌လည်း သင်္ကန်းရုံသော ရဟန်းတို့၏ကိုယ်မှ ချွေးယိုစီးသည်တို့ကို မြင်ပြန်လျှင် “ဤအရပ်၌ ငါကား မဏ္ဍပ် ဆောက်လုပ်ခြင်းငှာ သင့်၏”ဟု ကြံ၍ မဏ္ဍပ်ကို ဆောက်ပြန်လေ၏။ တစ်ဖန် မိုးသောက်၊ နောက်တစ်နေ့၌ နံနက်စောစောကပင်လျှင် မိုးရွာလေ၏၊ မိုးစွေလျက်ရှိ၏။ ထိုအခါ၌လည်း ပုဏ္ဏားသည် ရဟန်းတို့ကို ကြည့်ရှုလျက်သာလျှင် ရပ်နေသဖြင့် မိုးရေစွတ်သော သင်္ကန်းရှိသော ရဟန်းတို့ကို မြင်ပြန်၍ “ဤအရပ်၌ ငါသည် ဇရပ်ဆောက်လုပ်ခြင်းငှာ သင့်၏”ဟု ကြံ၍ ဇရပ် ဆောက်လုပ်စေပြီးလျှင် “ယခုအခါ ဇရပ် သာဓုခေါ်ခြင်းကို ပြုဦးအံ့”ဟု အကြံပြု၍ ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို ပင့်ဖိတ်၍ အတွင်း၌လည်းကောင်း၊ အပ၌လည်းကောင်း ရဟန်းတို့ကို နေစေတော်မူလျက် အလှူပေး၍ ဆွမ်းဘုဉ်းပေးပြီးသောအဆုံး၌ အနုမောဒနာ ပြုစိမ့်သောငှာ မြတ်စွာဘုရား၏ သပိတ်တော်ကို ယူပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် ရဟန်းတော်တို့၏ သင်္ကန်းရုံသောကာလ၌ ဤအရပ်၌ ကြည့်ရှုကာ ရပ်နေလျက် ဤအမှုကိုလည်းကောင်း၊ ဤအမှုကိုလည်းကောင်း ပြုဦးအံ့”ဟု ကြံစည်ပုံ ပြုလုပ်ပုံကို အစမှစ၍ ဖြစ်ဖြစ်သမျှ အလုံးစုံသော ထိုအကြောင်းအရာကို လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် ထိုပုဏ္ဏား၏ လျှောက်ကြားသော စကားကို ကြားတော်မူရလျှင် “ပုဏ္ဏား- ပညာရှိသော သူတို့မည်သည်ကား ခဏတိုင်း ခဏတိုင်း အနည်းငယ်မျှ အနည်းငယ်မျှသော ကုသိုလ်ကို ပြုလုပ်ကြကုန်လျက် အစဉ်အတိုင်းအားဖြင့် မိမိ၏အကုသိုလ်ဟူသော အညစ်အကြေးကို ထုတ်ပစ်ကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၃၉] အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏ ခဏေ။
ကမ္မာရော ရဇတဿေဝ၊ နိဒ္ဓမေ မလမတ္တနော။

ကမ္မာရော၊ ရွှေပန်းထိမ်သည်သည်။ ရဇတဿ၊ ရွှေငွေ၏။ မလံ၊ အညစ်အကြေးကို။ နိဒ္ဓမတိ ဣဝ၊ ထုတ်သကဲ့သို့။ မေဓာဝီ၊ ထက်မြက်သော ပညာရှိသော သူသည်။ အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။ ခဏခဏေ၊ အခွင့်ရတိုင်း အခွင့်ရတိုင်း။ ထောကံ ထောကံ၊ အနည်းငယ်သော ကုသိုလ်ကို။ ကရောန္တော၊ ပြုလျက်။ အတ္တနော၊ မိမိ၏။ မလံ၊ ရာဂအစရှိသော အညစ်အကြေးကို။ နိဒ္ဓမေ၊ ထုတ်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မထင်ရှားသော ပုဏ္ဏားဝတ္ထု ပြီး၏။

֍ * ၃။ တိဿမထေရ်ဝတ္ထု

အယသာဝမလံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိဿမထေရ် အမည်ရှိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သင်္ကန်း၌ စွဲလမ်းသောကြောင့် သန်းဖြစ်ခြင်း

ထိုတိဿမထေရ်သည် သာဝတ္ထိပြည်၌နေသော အမျိုးသားတစ်ယောက်ဖြစ်၍ ရဟန်းပြုပြီးလျှင် ရအပ်သော ပဉ္စင်းအဖြစ်ရှိရကား တိဿမထေရ်ဟု ထင်ရှားတော်မူသတတ်။ ထိုတိဿမထေရ်သည် နောက်အဖို့၌ ဇနပုဒ်ကျောင်း၌ ဝါဆိုသည်ဖြစ်၍ ရှစ်တောင်ရှိသော ထူထဲသော သင်္ကန်းလျာပုဆိုးကိုရသဖြင့် ဝါကျွတ်လတ်သည်ရှိသော် ထိုသင်္ကန်းလျာပုဆိုးကို ယူကာ ပြန်သွား၍ အစ်မ၏လက်၌ ထားလေ၏။ ထိုအစ်မသည် “ဤပုဆိုးကား ငါ့မောင်တော်အား မလျောက်ပတ်”ဟု ထိုပုဆိုးကို ထက်လှစွာသော ပဲခွပ်ဖြင့် ခုတ်စဉ်း၍ အမျှင်အမျှင် ပြုပြီးလျှင် ဆုံငယ်၌ ထောင်း၍ သိပ်သွင်း၍ ပုတ်ခတ်၍ လုံး၍ သိမ်မွေ့သော ချည်ဖြစ်အောင် ငင်၍ ပုဆိုးကို ရက်စေလေ၏။ တိဿမထေရ်သည်လည်း ချည်ကိုလည်းကောင်း၊ အပ်တို့ကိုလည်းကောင်း စီရင်ပြီးလျှင် သင်္ကန်းချုပ်တတ်သော ပဉ္စင်းပျို သာမဏေတို့ကို စည်းဝေးစေလျက် အစ်မ၏အထံသို့ သွား၍ “ငါ့ပုဆိုးကို ပေးကြကုန်လော့၊ သင်္ကန်းချုပ်စေတော့အံ့”ဟု ဆိုလေ၏။ ထိုအစ်မသည် ကိုးတောင်ရှိသော ပုဆိုးကို ထုတ်ဆောင်၍ မောင်ငယ်ဖြစ်သော တိဿမထေရ်၏လက်၌ ထားလေ၏။ တိဿမထေရ်သည် ထိုပုဆိုးကိုယူကာ ဖြန့်လျက် ကြည့်ရှုပြီးလျှင် “ငါ့ပုဆိုးသည် ထူ၏၊ ရှစ်တောင်ရှိ၏။ ဤပုဆိုးကာ သိမ်မွေ့၏၊ ကိုးတောင်ရှိ၏။ ဤပုဆိုးသည် ငါ့ပုဆိုးမဟုတ်။ ဤပုဆိုးသည် သင်တို့ပုဆိုးသာတည်း။ ငါ့အား ဤသင်တို့ပုဆိုးဖြင့် အလိုမရှိ။ ငါ့အား ထိုပုဆိုးကိုသာ ပေးကြပါလော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ဤပုဆိုးသည် အရှင်ဘုရားတို့၏ ပုဆိုးသာတည်း၊ ထိုပုဆိုးကိုသာ ယူတော်မူကြပါဘုရား”ဟု လျှောက်ကြာလတ်သော် တိဿမထေရ်သည် အလိုမရှိသည်သာ ဖြစ်လေ၏။

ထိုအခါ တိဿမထေရ်အား မိမိပြုအပ်သော ကိစ္စအလုံးစုံကို ပြောကြားလျှောက်ထားပြီးလျှင် “အရှင်ဘုရား- ဤပုဆိုးသည် အရှင်ဘုရားတို့၏ ပုဆိုးသာတည်း၊ ထိုပုဆိုးကိုသာ ယူတော်မူကြပါဘုရား”ဟု ဆက်ကပ်လေ၏။ ထိုတိဿမထေရ်သည် ပုဆိုးကိုယူ၍ ကျောင်းသို့ သွားပြီးလျှင် သင်္ကန်းချုပ်ခြင်းအမှုကို ဖြစ်စေလေ၏။ ထိုအခါ တိဿမထေရ်၏အစ်မသည် သင်္ကန်းချုပ်သော ပုဂ္ဂိုလ်တို့အလို့ငှာ ယာဂုဆွမ်း စသည်တို့ကို ပြည့်စုံစေလေ၏။ သင်္ကန်းချုပ်၍ ပြီးသောနေ့၌ကား ပိုလွန်သော ပူဇော်သက္ကာရကို ပြုစေလေ၏။ တိဿမထေရ်သည် သင်္ကန်းကိုကြည့်ရှုလျက် ထိုသင်္ကန်း၌ဖြစ်သော နှစ်သက်စုံမက်ခြင်း ရှိသည်ဖြစ်၍ “ယခုအခါ နက်ဖြန်၌ ထိုသင်္ကန်းကို ရုံတော့အံ့”ဟု နှလုံးသွင်းလျက် ခေါက်၍ သင်္ကန်းတန်းဝါး၌ ထားပြီးလျှင် ထိုညဉ့်အခါ၌ နံနက်က သုံးဆောင်အပ်သော အာဟာရကို အစာကြေစေခြင်းငှာ မတတ်နိုင်ရကား စုတေမနေ ပျံလွန်လေ၍ ထိုသင်္ကန်း၌ သန်းအဖြစ်ဖြင့် ဖြစ်ရရှာလေ၏။

သန်းဘဝမှ တုသိတာဘုံ၌ ဖြစ်ခြင်း

တိဿမထေရ်၏အစ်မသည်လည်း တိဿမထေရ် ပျံလွန်တော်မူခြင်းကို ကြားရလျှင် ရဟန်းတို့၏ ခြေတော်ရင်းတို့၌ လူးလဲလျက် ငိုကြွေးရှာလေ၏။ ရဟန်းတို့သည် ထိုတိဿမထေရ်၏ အလောင်းကောင်ကို သင်္ဂြိုဟ်ဖုတ်ကြည်းခြင်းကိစ္စကို ပြု၍ သူနာပြု အလုပ်အကျွေး မရှိခြင်းကြောင့် ထိုသင်္ကန်းသည် သံဃာအားသာလျှင် ရောက်၏။ “ထိုသင်္ကန်းကို ဝေဖန်ကြကုန်စို့အံ့”ဟု ထုတ်ယူကြလေကုန်၏။ ထိုသန်းသည် “ဤရဟန်းတို့ကား ငါ့ဥစ္စာကို လုယက်ဖျက်ဆီးကုန်၏”ဟု ဟစ်အော်မြည်တမ်းလျက် ထိုမှဤမှ ပြေးသွားလေ၏။ မြတ်စွာဘုရားသည် ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ထိုအသံကို ကြားတော်မူရ၍ “ချစ်သားအာနန္ဒာ- တိဿရဟန်း၏ သင်္ကန်းကို ခုနစ်ရက် ထားခြင်းငှာ ဆိုချေဦးလော့”ဟု မိန့်တော်မူလေ၏။ ရှင်အာနန္ဒာမထေရ်သည် ဘုရားမိန့်တော်မူတိုင်း ပြုစေလေ၏။

ထိုသန်းသည်လည်း ခုနစ်ရက်မြောက်သောနေ့၌ စုတေခြင်းကိုပြု၍ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ မြတ်စွာဘုရားသည် ရှစ်ရက်မြောက်သောနေ့၌ “တိဿရဟန်း၏ သင်္ကန်းကို ဝေဖန်၍ ယူကြကုန်လော့”ဟု အမိန့်ပေးတော်မူလေ၏။ ရဟန်းတို့သည် ဘုရားမိန့်တော်မူတိုင်း ပြုကြကုန်လေ၏။ ရဟန်းတို့သည် တရားသဘင်၌ “အဘယ့်ကြောင့် မြတ်စွာဘုရားသည် တိဿရဟန်း၏သင်္ကန်းကို ခုနစ်ရက်တို့ပတ်လုံး ထားစေ၍ ရှစ်ရက်မြောက်သောနေ့၌ ယူခြင်းငှာ ခွင့်ပြုတော်မူပါသနည်း”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်ဘိသနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- တိဿရဟန်းသည် မိမိ၏သင်္ကန်း၌ သန်းတိရစ္ဆာန်အဖြစ်ဖြင့် ဖြစ်လေ၏။ သင်တို့သည် သင်္ကန်းကို ဝေဖန်အပ်သည်ရှိသော် “ဤရဟန်းတို့သည် ငါ့ဥစ္စာကို လုယက်ဖျက်ဆီးကြကုန်၏”ဟု ဟစ်အော်မြည်တမ်းလျက် ထိုမှဤမှ ပြေးသွားလေ၏။”

“သန်းဖြစ်ရှာသော ထိုတိဿရဟန်းသည် သင်တို့ သင်္ကန်းကို ယူအပ်သည်ရှိသော် သင်တို့၌ စိတ်ပြစ်မှား၍ ငရဲ၌ဖြစ်ရာ၏။ ထို့ကြောင့် ငါဘုရားသည် သင်္ကန်းကို ဆိုင်းထားစေ၏။ ယခုအခါ၌ကား ဤတိဿရဟန်းသည် တုသိတာနတ်ပြည်၌ ဖြစ်ပြီ။ ထို့ကြောင့် သင်ချစ်သားတို့အား ငါဘုရားသည် သင်္ကန်းကိုယူခြင်း၌ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၍ တစ်ဖန် ရဟန်းတို့က “မြတ်စွာဘုရား- ဤတဏှာမည်သည် ဝန်လေးလှပါသည်တကား”ဟု လျှောက်ပြန်လတ်သော် “ချစ်သားရဟန်းတို့- ဤသတ္တဝါတို့၏ တဏှာမည်သည်ကား ဝန်လေးသည် မှန်ပေ၏။ ဥပမာကား သံမှဖြစ်သော အညစ်အကြေး သံချေးသည် တက်၍ သံကိုသာလျှင် စား၏၊ ဖျက်ဆီး၏၊ မသုံးဆောင်ကောင်းအောင် ပြု၏။ ဤအတူလျှင် ဤတဏှာသည် ဤသတ္တဝါတို့၏ ကိုယ်တွင်းသန္တာန်၌ဖြစ်၍ ထိုသတ္တဝါတို့ကို ငရဲစသည်တို့၌ ဖြစ်စေလေ၏။ ပျက်စီးခြင်းသို့ ရောက်စေဘိ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၄၀] အယသာဝ မလံ သမုဋ္ဌိတံ၊ တတုဋ္ဌာယ တမေဝ ခါဒတိ။
ဧဝံ အတိဓောနစာရိနံ၊ သာနိ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။

မလံ၊ အညစ်အကြေး သံချေးသည်။ အယသာဝ၊ သံမှသာလျှင်။ သမုဋ္ဌိတံ၊ ဖြစ်၏။ တတော၊ ထိုသံမှ။ ဥဋ္ဌာယ၊ ထ၍။ တမေဝ၊ ထိုသံကိုပင်လျှင်။ ခါဒတိ ဣဝ၊ စားသကဲ့သို့။ ဧဝံတထာ၊ ဤအတူ။ အတိဓောနစာရိနံ၊ ပစ္စည်းလေးပါးကို မဆင်ခြင်မူ၍ သုံးဆောင်သော ရဟန်းကိုသာ။ သာနိ ကမ္မာနိ၊ မိမိ၌ဖြစ်၍ မိမိဥစ္စာဖြစ်ကုန်သော ထိုအကုသိုလ်ကံတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ နယန္တိ၊ ဆောင်ကြကုန်၏။

(ပစ္စည်းလေးပါးကို ဓောနဟု ခေါ်သည်။ “ဤအကျိုးငှာ ဤပစ္စည်း မှီဝဲပါ၏”ဟု ဆင်ခြင်၍ သုံးဆောင်ခြင်း အမှတ်သညာကို ပြုရသည်။ ထိုအမှတ်သညာကို မပြုဘဲ လွန်၍ကျင့်သော ရဟန်းသည် အတိဓောနစာရိရဟန်း မည်၏။ ပစ္စည်းလေးပါးတို့ကို မဆင်ခြင်ဘဲ သုံးဆောင်သော ရဟန်းဟူလို)။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

တိဿမထေရ်ဝတ္ထု ပြီး၏။

֍ * ၄။ လာဠုဒါယီမထေရ်ဝတ္ထု

အသဇ္ဈာယမလာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားမဟောတတ်ဘဲ ဝါကြွားမိခြင်း

သာဝတ္ထိပြည်၌ ငါးကုဋေမျှ အတိုင်းအရှည်ရှိသော အရိယာသာဝကဖြစ်သော လူတို့သည် နေကြကုန်သတတ်။ နှစ်ကုဋေမျှ အတိုင်းအရှည်ရှိသော ပုထုဇဉ်တို့လည်း နေကြကုန်သည်သာတည်း။ ထိုလူတို့တွင် မဂ်ဖိုလ်ကို ရပြီးကုန်သော အရိယာသာဝကတို့သည် နံနက်အခါ အလှူကို ပေးလှူ၍ နေလွဲသောအခါ ထောပတ်, ဆီ, ပျား, တင်လဲ, သင်္ကန်းလျာပုဆိုး စသည်တို့ကို ယူလျက် ကျောင်းတော်သို့ သွား၍ တရားစကားကို ကြားနာကြကုန်၏။ တရားနာပြီး၍ ပြန်သွားသောအခါ၌လည်း ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ပြောဆိုကြကုန်၏။ ဥဒါယီမထေရ်သည် ထိုသူတို့၏ စကားကို ကြားလျှင် „သင်တို့သည် ရှေးဦးစွာ ဤရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့၏ တရားကို နာရ၍ ဤသို့ ပြောဆိုကြကုန်သေး၏။ ငါ၏ တရားစကားကို နာရလျှင် အဘယ့်ကြောင့် မပြောဆိုဘဲ နေနိုင်ကြကုန်လတ္တံ့နည်း”ဟု ပြောဆို၏။ လူတို့သည် ထိုဥဒါယီမထေရ်၏ စကားကို ကြားရလျှင် “ဤမထေရ်သည် တရားဟောသော ဓမ္မကထိက ပုဂ္ဂိုလ်တစ်ပါး ဖြစ်တော်မူလတ္တံ့”ဟု မှတ်ထင်၍ “ဤမထေရ်မြတ်၏ အထံတော်၌ ငါတို့သည် တရားစကား နာကြားခြင်းငှာ သင့်၏”ဟု နှလုံးပြု၍ ထိုလူတို့သည် တစ်နေ့သ၌ ဥဒါယီမထေရ်ကို တောင်းပန်ပြီးလျှင် “အရှင်ဘုရား- ယနေ့ တပည့်တော်တို့၏ တရားနာအံ့သောနေ့ ဖြစ်ပါသည်ဘုရား၊ ထို့ကြောင့် အရှင်ဘုရား- သံဃာအား အလှူကို ပေးပြီးနောက် အရှင်ဘုရားတို့သည် တပည့်တော်တို့အား နေ့အခါ တရားဟောတော်မူကြပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ထိုဥဒါယီ မထေရ်သည်လည်း ထိုသူတို့အား သည်းခံတော်မူလိုက်လေ၏။

အကြွားလွန်၍ မစင်တွင်း လိမ့်ကျခြင်း

လူတို့တရားနာအံ့သောအခါ၌ လာရောက်ကြပြီးလျှင် “အရှင်ဘုရား- တပည့်တော်တို့အား တရားဟောတော်မူကြပါဘုရား”ဟု လျှောက်လတ်သည်ရှိသော် ဥဒါယီမထေရ်သည် တရားဟောနေရာ၌ နေထိုင်တော်မူသဖြင့် ဆန်းကြယ်သောယပ်ကို ကိုင်ပြီးလျှင် တုန်တုန်လှုပ်လှုပ်ဖြစ်လျက် တစ်ပုဒ်တစ်ပါဒ တစ်ပိုဒ်မျှသော တရားကိုလည်း ဟောစရာ မမြင်ခြင်းကြောင့် “ငါကား ပါဠိကိုသာ အသံဖြင့် ထင်ရှားအောင် ဖောင်ဖောင်ရွတ်ဆို၍ ဟောပြောအပ်သော သရဘညဝတ်ကို ရွတ်ဆိုပေအံ့”ဟု ဆိုပြီးလျှင် “တစ်ပါးသော ဓမ္မကထိကပုဂ္ဂိုလ်သည် တရားစကားကို ဟောကြားပါစေဦးလော့”ဟု ဆို၍ သက်ဆင်းတော်မူလေ၏။ ထိုလူတို့သည် တစ်ပါးသော ဓမ္မကထိကပုဂ္ဂိုလ်ကို တရားစကားကို ဟောကြားစေပြီးလျှင် အသံဖြင့် ပါဠိသက်သက် ရွတ်ဆိုစိမ့်သောငှာ တစ်ဖန် ထိုဥဒါယီမထေရ်ကို တရားဟောပလ္လင်နေရာသို့ တက်စေကြပြန်ကုန်၏။ ထိုဥဒါယီသည် တစ်ဖန်လည်း တစ်စုံတစ်ခုသောတရားကို မမြင်ခြင်းကြောင့် “ငါကား ညဉ့်အခါ၌ ဟောပေအံ့၊ တစ်ပါးသော သရဘာဏက (သရ+ဘာဏက-အသံမြည်မြည်ဖြင့်+(ပါဠိသက်သက် နားထောင်ကောင်းအောင်) ရွတ်ဆိုတတ်သော ပုဂ္ဂိုလ်။) ပုဂ္ဂိုလ်သည် အသံဖြင့် ပါဠိတော်သက်သက် ရွတ်ဆိုပါစေဦးလော့”ဟု ဆို၍ တရားဟော ပလ္လင်နေရာထက်မှ ဆင်းသက်ပြန်လေ၏။ ထိုလူတို့သည် တစ်ပါးသော သရဘာဏကပုဂ္ဂိုလ်ကို အသံဖြင့် ပါဠိရွတ်ခြင်းကို ရွတ်ဆိုစေပြီးလျှင် တစ်ဖန် ညဉ့်အခါ၌ ဥဒါယီမထေရ်ကို ပင့်ဆောင်ကြပြန်ကုန်၏။ ထိုဥဒါယီမထေရ်သည် ညဉ့်၌လည်း တစ်စုံတစ်ခု ဟောစရာတရားကို မမြင်ခြင်းကြောင့် “ငါကား နံနက်စောစော မိုးသောက်အခါ၌ ဟောပေအံ့၊ ညဉ့်၌ တစ်ပါးသော တရားဟော ပုဂ္ဂိုလ်ကို ဟောကြားပါစေဦးလော့”ဟု ဆို၍ ဆင်းသွားပြန်လေ၏။

ထိုဒါယကာတို့သည် တစ်ပါးသော တရားဟောပုဂ္ဂိုလ်ကို ညဉ့်၌ ဟောကြားစေ၍ တစ်ဖန် နံနက်စောစော မိုးသောက်သောအခါ ဥဒါယီမထေရ်ကို ပင့်ဆောင်ကြပြန်ကုန်၏။ ထိုဥဒါယီမထေရ်သည် တစ်ဖန်လည်း တစ်စုံတစ်ခုသော ဟောစရာတရားကို မမြင်ပြန်ဘဲ ရှိရှာလေ၏။ များစွာသော လူအပေါင်းသည်လည်း အုတ်ခဲ,လှံတံ စသည်တို့ကို ကိုင်စွဲပြီးလျှင် “အမိုက်မဲကြီး- အရှင်သည် ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့၏ ဂုဏ်ကျေးဇူးကို ဆိုအပ်သည်ရှိသော် ဤသို့လည်းကောင်း၊ ဤသို့ လည်းကောင်း ပြောဆိုဘိ၏။ ယခုအခါ အဘယ့်ကြောင့် မဟောကြားနိုင်ဘိသနည်း”ဟု ခြိမ်းခြောက်ခြင်းကြောင့် ထွက်ပြေးသော ဥဒါယီမထေရ်ကို အစဉ်လိုက်ကြလေကုန်၏။ ထိုဥဒါယီမထေရ်သည် ထွက်ပြေးလတ်စဉ် တစ်ခုသောအိမ်သာ၌ လိမ့်ကျသွားရှာလေ၏။ များစွာသော လူအပေါင်းသည် “ယနေ့ ဥဒါယီမထေရ်သည် ရှင်သာရိပုတ္တရာမထေရ်၏ ဂုဏ်တော်ကျေးဇူးတော်နှင့်စပ်သော စကားကို ဖြစ်စေလတ်သည်ရှိသော် ငြူစူလှသဖြင့် မိမိ၏ တရားဟောပုဂ္ဂိုလ်၏ အဖြစ်ကို ထင်ရှားပြပြီးလျှင် လူတို့သည် ပူဇော်သက္ကာရပြု၍ တရားကို နာကြကုန်အံ့ဟု ဆိုသည်ရှိသော် လေးကြိမ်တိုင်တိုင် တရားဟောပလ္လင်နေရာ၌ နေလျက် ဟောအပ်သည်နှင့် စပ်ယှဉ်သော တစ်စုံတစ်ခုသော တရားစကားကို မမြင်ရခြင်းကြောင့် အရှင်သည် တပည့်တော်တို့၏ အရှင်ဖြစ်သော ရှင်သာရိပုတ္တရာမထေရ်နှင့် အတူတကွ အစုံပြိုင်မှု အန်တုခြင်းကို ယူဘိ၏ဟု အုတ်ခဲ,လှံတံ စသည်တို့ကိုကိုင်စွဲ၍ ခြိမ်းခြောက်ခြင်းကြောင့် ထွက်ပြေးစဉ် အိမ်သာ၌ လိမ့်ကျ သွားရှာလေ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။

ခြင်္သေ့ကို ပြိုင်သော ဝက်

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်ဘိသနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော် လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤလာဠုဒါယီသည် မစင်တွင်း၌ နစ်မြုပ်ကာ နေရဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလျက်-

စတုပ္ပပေါ အဟံ သမ္မ၊ တွံပိ သမ္မ စတုပ္ပဒေါ။
ဧဟိ သမ္မ နိဝတ္တဿု၊ ကိံနု ဘီတော ပလာယသိ။

အသုစိပူတိလောမောသိ၊ ဒုဂ္ဂန္ဓော ဝါသိ သူကရ။
သစေ ယုဇ္ဈိတုကာမောသိ၊ ဇယံ သမ္မ ဒဒါမိ တေ။

သမ္မ၊ အချင်း ခြင်္သေ့မင်း။ အဟံ၊ ငါကား။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိ၏။ သမ္မ၊ အချင်း ခြင်္သေ့မင်း။ တွံပိ၊ သင်သည်လည်း။ စတုပ္ပဒေါ၊ အခြေလေးချောင်း ရှိ၏။ သမ္မ၊ အချင်း ခြင်္သေ့မင်း။ ဧဟိ၊ လာလှည့်ပါလော့။ နိဝတ္တဿု၊ ပြန်နစ်ခဲ့ပါဦးလော့။ ဘီတော၊ ငါ့ကို ကြောက်သောကြောင့်။ ပလာယသိကိံနု၊ ထွက်ပြေးတိမ်းရှောင်ဘိသလော။

သူကရ၊ ဝက်ယုတ်မာ။ တွံ၊ သင်သည်။ အသုစိ၊ မစင်ကြယ်။ ပူတိလောမော၊ ပုပ်နံ့ထောင်းထောင်း အနံ့မကောင်းသော အမွေးရှိသည်။ အသိ၊ ဖြစ်၏။ဒုဂ္ဂန္ဓော၊ စက်ဆုပ်ဖွယ်ကောင်းသော အနံ့ရှိသည်ဖြစ်၍။ ဝါသိ၊ လှိုင်၏။ ယုဇ္ဈိတုကာမော၊ စစ်ထိုးလိုသည်။ သစေအသိ၊ အကယ်၍ ဖြစ်ငြားအံ့။ သမ္မ၊ အချင်းဝက်မိုက်။ တေ၊ သင့်အား။ ဇယံ၊ အောင်ခြင်းကို။ ဒဒါမိ၊ ငါပေး၏။

ဒုကနိပါတ်၊ ဒဠှဝဂ်လာ ဤဇာတ်ကို အကျယ်ချဲ့၍ ထိုအခါ ခြင်္သေ့သည် ရှင်သာရိပုတ္တရာ ဖြစ်လာ၏၊ ဝက်သည် လာဠုဒါယီ ဖြစ်လာ၏ဟု ဟောတော်မူလေ၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် “ချစ်သား ရဟန်းတို့- လာဠုဒါယီ အမည်ရှိသော ရဟန်းသည် အနည်းငယ်မျှသာလျှင်ဖြစ်သော တရားကို သင်ယူအပ်၏။ သရဇ္ဈာယ်ခြင်းကိုကား မပြု၊ အမှတ်မရှိ အလုံးစုံသော ပရိယတ်ကို သင်ယူပြီးလျှင် သရဇ္ဈာယ်ခြင်းကို မပြုခြင်းသည် ထိုသင်ယူအပ်သော ပရိယတ်၏ အညစ်အကြေးသာလျှင် ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၄၁] အသဇ္ဈာယမလာ မန္တာ၊ အနုဋ္ဌာနမလာ ဃရာ။
မလံ ဝဏ္ဏဿ ကောသဇ္ဇံ၊ ပမာဒေါ ရက္ခတော မလံ။

မန္တာ၊ သင်အပ်ကုန်သော ပရိယတ် အတတ် အစရှိသည်တို့သည်။ အသဇ္ဈာယမလာ၊ မသရဇ္ဈာယ်ခြင်းလျှင် အညစ်အကြေး ရှိကုန်၏။ ဃရာ၊ အိမ်တို့သည်။ အနုဋ္ဌာနမလာ၊ ထကြွလုံ့လ မပြုခြင်းလျှင် အညစ်အကြေးရှိကုန်၏။ ကောသဇ္ဇံ၊ ပျင်းရိခြင်းသည်။ ဝဏ္ဏဿ၊ ကိုယ်အဆင်း၏။ မလံ၊ အညစ်အကြေးတည်း။ ပမာဒေါ၊ မေ့လျော့ခြင်းသည်။ ရက္ခတော၊ စောင့်ရှောက်ခြင်း၏။ မလံ၊ အညစ်အကြေးတည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

လာဠုဒါယီမထေရ်ဝတ္ထု ပြီး၏။

֍ * ၅။ မထင်ရှားသော အမျိုးသားဝတ္ထု

မလိတ္ထိယာ ဒုစ္စရိတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော အမျိုးသားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိန်းမတို့၏ အညစ်အကြေး

ထိုအမျိုးသားအလို့ငှာ တူသော အမျိုးရှိသော သတို့သမီးငယ်ကို ဆောင်ယူကုန်သတတ်။ ထိုသတို့သမီးငယ်သည် ဆောင်ယူလာသော နေ့မှစ၍ လင်ကိုလွန်၍ ကျင့်လေ့ရှိ၏။ ထိုအမျိုးသားသည် ထိုသတို့သမီး၏ အလွန်ကျင့်ခြင်းဖြင့် ရှက်နိုးသောကြောင့် တစ်စုံတစ်ယောက်သောသူ၏ မျက်မှောက်အဖြစ်သို့ ကပ်ရောက်ခြင်းငှာ မတတ်နိုင်ရကား ဘုရားအား ဆည်းကပ်ခြင်း စသည်တို့ကိုဖြတ်၍ နှစ်ရက်,သုံးရက်လွန်မှ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် “ဒါယကာ- အဘယ့်ကြောင့် မထင်ဘိသနည်း”ဟု မိန့်တော်မူလတ်သော် ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုအခါ ထိုအမျိုးသားကို မြတ်စွာဘုရားသည် “ဒါယကာ- ရှေးအခါ၌လည်း ငါဘုရားသည် “မိန်းမတို့မည်သည်ကား မြစ်အစရှိသည်တို့နှင့် တူကုန်၏။ ပညာရှိသောသူသည် ထိုမိန်းမတို့၌ အမျက်ထွက်ခြင်းကို မပြုအပ်”ဟု မိန့်ဆိုဖူးပြီ။ သင်သည်ကား ထိုအကြောင်းကို ဘဝဖြင့် ဖုံးလွှမ်းသောကြောင့် မမှတ်သားနိုင်”ဟု မိန့်တော်မူလတ်သော် ထိုဒါယကာ တောင်းပန်အပ်သည် ဖြစ်၍-

ယထာ နဒီစ ပန္ထောစ၊ ပါနာဂါရံ သဘာ ပပါ။
ဧဝံ လောကိတ္တိယော နာမ၊ ဝေလာ တာသံ န ဝိဇ္ဇတိ။

လောကေ၊ လောက၌။ နဒီစ၊ မြစ်သည်လည်းကောင်း။ ပန္ထောစ၊ လမ်းခရီးသည်လည်းကောင်း။ ပါနာဂါရဉ္စ၊ သေတင်းကုပ်သည်လည်းကောင်း။ သဘာစ၊ သဘင် ဘုံဇရပ်သည်လည်းကောင်း။ ပပါစ၊ ရေတွင်းသည်လည်းကောင်း။ ဝါ၊ ရေအိုးစင်သည်လည်းကောင်း။ ဣတိ ဣမေ၊ ဤအရာတို့သည်။ သဗ္ဗသာဓာရဏာ ယထာ၊ သူခပ်သိမ်းတို့နှင့် ဆက်ဆံကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ လောကေ၊ လောက၌။ ဣတ္ထိယော နာမ၊ မိန်းမတို့မည်သည်။ သဗ္ဗသာဓာရဏာ၊ သူခပ်သိမ်းတို့နှင့် ဆက်ဆံကြကုန်သည်သာတည်း။ တာသံ၊ ထိုမိန်းမတို့အား။ ဝေလာ၊ စည်းကမ်း အပိုင်းအခြားသည်။ န ဝိဇ္ဇတိ၊ မရှိ။

ဤသို့ ဧကနိပါတ်၊ ဣတ္ထိဝဂ်လာ အနဘိရတိဇာတ်ကို အကျယ်ချဲ့၍ “ဒါယကာ- မိန်းမအား လင်ကိုလွန်၍ ကျင့်ခြင်းအားဖြင့် အညစ်အကြေး ဖြစ်၏။ အလှူကို ပေးလှူသောသူအား ဝန်တိုခြင်းသည် အညစ်အကြေးဖြစ်၏။ ဤပစ္စုပ္ပန်လောက တမလွန်လောက၌ သတ္တဝါတို့အား အကုသိုလ်ကံသည် ဖျက်ဆီးတတ်သော အနက်သဘောကြောင့် အညစ်အကြေးဖြစ်၏။ အဝိဇ္ဇာသည်ကား အလုံးစုံသော အညစ်အကြေးတို့ထက် လွန်ကဲသော အညစ်အကြေးဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၄၂] မလိတ္ထိယာ ဒုစ္စရိတံ၊ မစ္ဆေရံ ဒဒတော မလံ။
မလာ ဝေ ပါပကာ ဓမ္မာ၊ အသ္မိံ လောကေ ပရမှိစ။

֍ * [၂၄၃] တတော မလာ မလတရံ၊ အဝိဇ္ဇာ ပရမံ မလံ။
ဧတံ မလံ ပဟန္တွာန၊ နိမ္မလာ ဟောထ ဘိက္ခဝေါ။

ဒုစ္စရိတံ၊ လင်ကို လွန်ကျူး၍ကျင့်သော အကျင့်သည်။ ဣတ္ထိယာ၊ မိန်းမ၏။ မလံ၊ အညစ်အကြေးမည်၏။ မစ္ဆေရံ၊ ဝန်တိုခြင်းသည်။ ဒဒတော၊ ပေးကမ်းသောသူ၏။ မလံ၊ အညစ်အကြေးမည်၏။ ပါပကာ၊ ယုတ်မာကုန်သော။ ဓမ္မာ၊ အကုသိုလ်တရားတို့သည်။ အသ္မိံ လောကေစ၊ ဤလောက၌လည်းကောင်း။ ပရမှိစ၊ တမလွန်လောက၌လည်းကောင်း။ ဝေ၊ စင်စစ်။ မလာ၊ အညစ်အကြေးတို့မည်ကုန်၏။

တတော မလာ၊ ထိုသို့ ဆိုအပ်ခဲ့ပြီးသော အညစ်အကြေး အပေါင်းထက်။ မလတရံ၊ လွန်ကဲစွာသော အညစ်အကြေးကို။ ကထေမိ၊ ငါဟောဦးအံ့။ အဝိဇ္ဇာ၊ မသိတတ်သော အဝိဇ္ဇာသည်။ ပရမံ၊ လွန်ကဲစွာသော။ မလံ၊ အညစ်အကြေးမည်၏။ ဘိက္ခဝေါ၊ ငါ၏ချစ်သား ရဟန်းများတို့။ တုမှေ၊ သင်ချစ်သားတို့သည်။ ဧတံမလံ၊ ဤအဝိဇ္ဇာဟူသော အညစ်အကြေးကို။ ပဟန္တွာန၊ ပယ်သတ်စွန့်ခွာ၍။ နိမ္မလာ၊ အညစ်အကြေး မရှိကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မထင်ရှားသော အမျိုးသားဝတ္ထု ပြီး၏။

֍ * ၆။ စူဠသာရိမည်သော ရဟန်းဝတ္ထု

သုဇီဝံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စူဠသာရိ အမည်ရှိသော ရှင်သာရိပုတ္တရာမထေရ်၏ ဥပဇ္ဈာယ်ယူ အတူနေတပည့်ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆေးကုခြင်း အားထားသော ရဟန်း

ထိုစူဠသာရိမည်သော ရဟန်းသည် တစ်နေ့သ၌ ဆေးကုသောအမှုကို ပြုခြင်းကြောင့် မွန်မြတ်သော ဘောဇဉ်ကို ရသဖြင့် ယူ၍ ထွက်လတ်သည်ရှိသော် လမ်းခရီးအကြား၌ ရှင်သာရိပုတ္တရာမထေရ်ကို မြင်လေလျှင် “အရှင်ဘုရား၊ ဤမွန်မြတ်သော ဘောဇဉ်ကို တပည့်တော်သည် ဆေးကုသောအမှု ပြုခြင်းကြောင့် ရအပ်ပါသည်ဘုရား၊ အရှင်ဘုရားတို့သည် တစ်ပါးသော နေရာတို့၌ ဤသို့ သဘောရှိသော မွန်မြတ်သော ဘောဇဉ်ကို မရနိုင်ကြကုန်လတ္တံ့။ ဤဘောဇဉ်ကို ဘုဉ်းပေးတော်မူကြပါဘုရား၊ တပည့်တော်သည် အရှင်ဘုရားအား ဆေးကုသောအမှု ပြုလုပ်၍ မြဲသောကာလပတ်လုံး ဤသို့ သဘောရှိသော အစာအာဟာရကို ဆောင်ပို့ပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ ရှင်သာရိပုတ္တရာမထေရ်သည် ထိုစူဠသာရိရဟန်း၏ စကားကို ကြားတော်မူရ၍ ဆိတ်ဆိတ်နေ၍သာလျှင် ဖဲသွားလေ၏။ ရဟန်းတို့သည်လည်း ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည်လည်း “ချစ်သားရဟန်းများတို့- အရှက်မရှိသော ရဟန်းမည်သည်ကား ကိုယ်နှုတ်နှလုံး ကြမ်းကြုတ်၏။ ကျီးနှင့် တူသည်ဖြစ်၍ နှစ်ဆယ့်တစ်ပါး အပြားရှိသော မရှာမှီးအပ်သည်ကို ရှာမှီးခြင်းဟူသော အနေသန၌ တည်လျက် ချမ်းသာစွာ အသက်မွေးရပေ၏။ အရှက်အကြောက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်ကား ဆင်းရဲငြိုငြင်စွာ အသက်မွေးရပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၄၄] သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခန္ဒိနာ ပဂဗ္ဘေန၊ သံကိလိဋ္ဌေန ဇီဝိတံ။

֍ * [၂၄၅] ဟိရီမတာ စ ဒုဇ္ဇီဝံ၊ နိစ္စံ သုစိဂဝေသိနာ။
အလိနေနာပ္ပဂဗ္ဘေန၊ သုဒ္ဓါဇီဝေန ပဿတာ။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ အဟိရိကေန၊ အရှက်အကြောက် မရှိသော ရဟန်းသည်။ သုဇီဝံ၊ အသက်မွေး လွယ်လှပေ၏။ ကာကသူရေန၊ ရဲသော ကျီးကန်းစသည် အစွမ်းဖြင့်လည်းကောင်း။ ဓံသိနာ၊ သူတစ်ပါး၏ဂုဏ်ကျေးဇူးကို ဖျက်ဆီးသဖြင့်လည်းကောင်း။ ပက္ခန္ဒိနာ၊ သူတစ်ပါး ပြုသည်ကို မိမိပြုသကဲ့သို့ ပြသဖြင့်လည်းကောင်း။ ပဂဗ္ဘေန၊ ကိုယ်ကြမ်းနှုတ်ကြမ်း နှလုံးကြမ်းဖြင့် ကြမ်းတမ်းသဖြင့်လည်းကောင်း။ သုဇီဝံ၊ လွယ်ကူစွာ အသက်မွေးအပ်၏။ ဧဝံ၊ ဤသို့။ သံကိလိဋ္ဌေန-သံကိလိဋ္ဌဘာဝေန၊ ညစ်ညူးသောသူ၏ အဖြစ်ဖြင့်။ ဇီဝိတံ၊ ယုတ်မာသော အသက်မွေးခြင်းမည်သည်။ ဟောတိ၊ ဖြစ်၏။

ဟိရီမတာစ၊ အရှက်အကြောက်ရှိသော ရဟန်းသည်ကား။ ဒုဇ္ဇီဝံ၊ အသက်မွေး ခဲယဉ်းလှပေ၏။ နိစ္စံ၊ အမြဲ။ သုစိဂဝေသိနာ၊ စင်ကြယ်သော ကာယကံမှု စသည်ကို ရှာမှီးသဖြင့်လည်းကောင်း။ အလိနေန၊ အသက်မွေးခြင်းကို မကပ်ငြိသဖြင့်လည်းကောင်း။ အပ္ပဂဗ္ဘေန၊ မကြမ်းတမ်းသဖြင့်လည်းကောင်း။ ဒုဇ္ဇီဝံ၊ ခဲယဉ်းစွာ အသက်ကို မွေးအပ်၏။ ဧဝံ၊ ဤသို့။ သုဒ္ဓါဇီဝေန၊ စင်ကြယ်သော အသက်မွေးခြင်းရှိသော ရဟန်းသည်။ ပဿတာ၊ အမြတ်ဟု ရှုသဖြင့်။ ဒုဇ္ဇီဝံ၊ ခဲယဉ်းစွာ အသက်မွေးအပ်၏။

ဒေသနာတော်၌ မှတ်ဖွယ်

(ရှက်ကြော ကြောက်ကြော ပြတ်သော ရဟန်းသည် အမိမဟုတ်သော သူကိုသာလျှင် ငါ့အမိဟူ၍လည်းကောင်း၊ အဖမဟုတ်သော သူကိုသာလျှင် ငါ့အဖဟူ၍လည်းကောင်း ဤသို့စသည် ပြောဆိုလျက် နှစ်ဆယ့်တစ်ပါးသော အနေသနအမှု၌ တည်၍ လွယ်ကူစွာ အသက်မွေးခြင်းငှာ တတ်နိုင်လေ၏။ ကျီးရဲသဘောကား ရဲတင်းလှသော ကျီးသည် အမျိုးအိမ်တို့၌ ယာဂုစသည်တို့ကို ယူလိုသည်ရှိသော် နံရံစသည်တို့၌ နားတဲ့၍ မိမိအား ကြည့်ရှုသည်အဖြစ်ကိုသိလျှင် မကြည့်ယောင်, တခြား နှလုံးသွင်းယောင် အိပ်ငိုက်ယောင် ဟန်ပန်ဆောင်လျက် လူတို့၏ အလစ်ကို မှတ်သားကာ ပျံချပြီးလျှင် “သုသု” ရွှေးရွှေးဟု မောင်းနှင်ကုန်စဉ်သာလျှင် ခွက်မှ နှုတ်သီးအပြည့်ယူ၍ ပျံပြေးလေ၏။
ဤအတူ အရှက်အကြောက်ကင်းသော ပုဂ္ဂိုလ်သည်လည်း ရဟန်းတို့နှင့်အတူ ရွာသို့ဝင်၍ ယာဂုဆွမ်းရှိရာအရပ် စသည်တို့ကို မှတ်သားထားလေ၏။ ထိုရွာ၌ ရဟန်းတို့သည် ဆွမ်းခံပြီး မျှလောက်ရုံယူ၍ ဆွမ်းစားကျောင်းသို့ သွားသဖြင့် ဆင်ခြင်ကာ ယာဂုသောက်ပြီးလျှင် ကမ္မဋ္ဌာန်း စီးဖြန်းကြ, သရဇ္ဈာယ်ကြ, ဆွမ်းစားကျောင်းကို တံမြက်လှည်းကြကုန်၏။ ဤရဟန်းကား တစ်စုံတစ်ခုမပြုဘဲ ရွာသို့သာ ရှေးရှုသွားလေ၏။ ရဟန်းတို့က ဤရဟန်းကို ကြည့်ကြပါကုန်လော့ဟု ဆို၍ ကြည့်ရှုသော်လည်း ထိုရဟန်းသည် မကြည့်ရှုယောင်, တခြား နှလုံးသွင်းယောင်, အိပ်ငိုက်ယောင်, သင်္ကန်း ကမ္ပတ်သီး ဖြုတ်ယောင်, သင်္ကန်းကို ပြုပြင်ယောင် ဟန်ပန်ဆောင်လျက် ငါ့အား ဤမည်သောကိစ္စ ရှိ၏ဟု ပြောဆိုကာ နေရာမှထ၍ ရွာသို့ဝင်ပြီးလျှင် နံနက်အခါက မှတ်သားထားသော အိမ်တို့တွင် တစ်အိမ်အိမ်သို့ ချဉ်းကပ်သဖြင့် အိမ်သားတို့က အနည်းငယ် တံခါးရွက်ပိတ်လျက် တံခါးဝ၌နေလျက် မြည်တမ်း ပြောဆိုကြကုန်သော်လည်း လက်တစ်ဖက်ဖြင့် တံခါးရွက်ကိုတွန်း၍ အတွင်းဝင်ထိုင်၏။ ထိုအခါ ထိုရဟန်းကို မြင်ရလျှင် အလိုမရှိကြကုန်သော်လည်း နေရာ၌နေစေ၍ ယာဂုစသည်တို့တွင် ရှိရာကို ဆက်ကပ်ကြကုန်၏။ အလိုရှိတိုင်း သုံးဆောင်၍ အကြွင်းကို သပိတ်ဖြင့်ယူ၍ ဖဲသွား၏။ ဤရဟန်းကား ရဲတင်းသော ကျီးမည်၏။ ဤသို့ အရှက်မရှိသော ရဟန်းသည် အသက်မွေး ချောင်၏ဟူလို။
သူတစ်ပါးဂုဏ် ဖျက်ဆီးပုံကား ဤမည်သော မထေရ်ကြီးတို့သည် အလိုနည်းလှကုန်၏၊ အစရှိသည်တို့ကို ဆိုခြင်းဖြင့် ဂုဏ်ကြီးသော မထေရ်ကြီးတို့၏ဂုဏ်ကို ဖျက်ဆီးခြင်းဖြင့် ဖျက်ဆီး၏။ ထိုသို့ ဂုဏ်ကြီးသူတို့၏ဂုဏ်ကို ဆိုလေ့ရှိသော ရဟန်း၏စကားကို ကြားရလျှင် ဤရဟန်းလည်း အလိုနည်းခြင်းစသော ဂုဏ်နှင့်ပြည့်စုံ၏ဟု မှတ်ထင်လျက် ဒါယကာတို့က လှူသင့်သည်ဟု မှတ်ထင်ကြရကုန်၏။
ထိုရဟန်းကား ထိုလာဘ်ရသောအခါမှစ၍ ပညာဖြင့် ဆင်ခြင်တိုင်းထွာတတ်ကုန်သော ယောက်ျားပညာရှိတို့၏စိတ် နှစ်သက်လောက်အောင် အလိုနည်းခြင်းဂုဏ်ကို ဆောင်ခြင်းငှာ မတတ်နိုင်ရကား ထိုရနေကျ လာဘ်မှသော်လည်း ဆုတ်ယုတ်တတ်၏။ ဤသို့ ဂုဏ်ဖျက်ပုဂ္ဂိုလ်သည် မိမိ၏ လာဘ်ကိုလည်းကောင်း၊ သူတစ်ပါး၏ လာဘ်ကိုလည်းကောင်း ဖျက်ဆီးတတ်သည်သာတည်း၊ သူတစ်ပါးပြုသည်ကို မိမိပြုအပ်သော အမှုကိစ္စကဲ့သို့ ပြလိုသော ရဟန်းသည် နံနက်စောစော၌ ရဟန်းတော်တို့သည် စေတီရင်ပြင် စသည်တို့၌ ဝတ်ကြီးဝတ်ငယ်ပြု၍ ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းဖြင့် အနည်းငယ် ထိုင်နေပြီးလျှင် ထ၍ ရွာသို့ ဝင်ကြကုန်သည်ရှိသော် မျက်နှာသစ်၍ ဖျော့တော့သော သင်္ကန်း ဝတ်ရုံခြင်း၊ မျက်စိ ဆေးကွင်းခြင်း၊ ဦးခေါင်း လိမ်းကျံခြင်း စသည်တို့ဖြင့် ကိုယ်ကို တန်ဆာဆင်လျက် တံမြက်လှည်းသကဲ့သို့ နှစ်ချက်သုံးချက် တံမြက်ခတ်ပြီးလျှင် တံခါးမုခ်သို့ ရှေးရှုသွားလေ၏။ လူဒါယကာတို့သည် နံနက်စောစော စေတီ,ဖူးမြင်ကုန်အံ့။ ပန်း,ပူဇော်ကုန်အံ့ဟု လာကြကုန်သည်ရှိသော် ထိုရဟန်းကို မြင်ရလျှင် ဤကျောင်းတိုက်ကြီးသည် ဤရဟန်းငယ်ကိုမှီ၍ သုတ်သင်ခြင်း ရ၏။ ဤရဟန်းကို မမေ့ကြပါလင့်ဟု ဆို၍ ထိုရဟန်းအား လှူသင့်သည်ဟု မှတ်ထင်ကြကုန်၏။ ဤသို့သော သူတစ်ပါးပြုသည်ကို မိမိပြုသကဲ့သို့ ပြတတ်သော ရဟန်းသည်လည်း အသက်မွေး ချောင်လေ၏။ ကိုယ်,နှုတ်,စိတ် ကြမ်းတမ်းသဖြင့်လည်း အသက်မွေး ချောင်သေး၏။ ဤသို့ အသက်မွေးသဖြင့် အသက်ရှည်သော ရဟန်းသည် ညစ်နွမ်းသော ရဟန်းဖြစ်လျက် အသက်ရှည်သည် မည်၏။ ထိုအသက်မွေးခြင်းသည် ယုတ်မာ၏ဟူလို။
အရှက်အကြောက်နှင့် ပြည့်စုံသော ရဟန်းကား အသက်မွေးကျပ်၏။ ထိုရဟန်းသည် အမိစသည် မဟုတ်သောသူတို့ကို ငါ၏အမိ စသည်တို့ဟု မဆိုမူ၍ မတရားသဖြင့်ရသော ပစ္စည်းတို့ကို မစင်ကဲ့သို့ စက်ဆုပ်လှသဖြင့် တရားနှင့်အညီ ရှာမှီးလျက် အိမ်စဉ်အတိုင်း ဆွမ်းခံကာ အသက်မွေးရကား အသက်မွေးကျပ်လှ၏ဟူလို။ စင်ကြယ်သော ကာယကံမှု စသည်တို့ကို ရှာမှီးသဖြင့်လည်းကောင်း၊ အသက်မွေးခြင်းကို မကပ်ငြိ မငဲ့ကွက်သဖြင့်လည်းကောင်း ကျပ်တည်းစွာ အသက်မွေးရကား အသက်မွေး စင်ကြယ်သော ပုဂ္ဂိုလ်မည်၏။ ဤသို့ အသက်မွေးစင်ကြယ်သော ရဟန်းဖြစ်သောကြောင့် ထိုသို့ အသက်မွေးခြင်းကိုသာလျှင် မြင့်မြတ်လှပေသည်ဟု မြင်သိတော်မူရကား ဆင်းရဲခေါင်းပါးသော အသက်မွေးခြင်း၏အစွမ်းဖြင့် ငြိုငြင်စွာ အသက်မွေးခြင်းသာ ဖြစ်လေ၏ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

စူဠသာရိမည်သော ရဟန်းဝတ္ထု ပြီး၏။

֍ * ၇။ ငါးရာသော သီတင်းသည်တို့ ဝတ္ထု

(အဋ္ဌကထာပါဠိတော်၌ ပဉ္စဥပါသကဝတ္ထုဟူ၍သာ ပါ၏)

ယော ပါဏံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ငါးရာသော သီတင်းသည်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သီလအငြင်းအခုံ အကြောင်း

ထိုငါးရာသော သီတင်းသည် ဥပါသကာတို့တွင် တချို့သော ဥပါသကာတို့က သူ့အသက်ကို လျင်စွာချခြင်းမှ ကြဉ်ရှောင်ကြောင်းဖြစ်သော စေတနာဟု ဆိုအပ်သော သိက္ခာပုဒ်ကိုသာလျှင် စောင့်ရှောက်ကြကုန်၏။ ထိုမှတစ်ပါးကုန်သော ဥပါသကာတို့သည် ထိုမှတစ်ပါးကုန်သော သိက္ခာပုဒ်တို့ကို စောင့်ရှောက်ကြကုန်၏။ ထိုဥပါသကာတို့သည် တစ်နေ့သ၌ “ငါကား ပြုနိုင်ခဲသော အမှုကိုပြု၏။ စောင့်နိုင်ခဲသော အကျင့်ကို စောင့်ရှောက်၏၊” ဤသို့ အငြင်းအခုံတို့သည် ဖြစ်ကုန်ရကား မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ရှိခိုးလျက် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် ထိုသူတို့၏စကားကို ကြားတော်မူရလျှင် “တစ်ခုသော သီလကိုသော်လည်း ညစ်နွမ်းခြင်းရှိသည်ကို မပြုမူ၍ အလုံးစုံသော သီလတို့သည်သာလျှင် စောင့်ရှောက်နိုင်ခဲသော သီလတို့ ဖြစ်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၄၆] ယော ပါဏမတိပါတေတိ၊ မုသာဝါဒဉ္စ ဘာသတိ။
လောကေ အဒိန္နမာဒိယတိ၊ ပရဒါရဉ္စ ဂစ္ဆတိ။

֍ * [၂၄၇] သုရာမေရယပါနဉ္စ၊ ယော နရော အနုယုဉ္ဇတိ။
ဣဓေဝ မေသော လောကသ္မိံ၊ မူလံ ခဏတိ အတ္တနော။

֍ * [၂၄၈] ဧဝံ ဘော ပုရိသ ဇာနာဟိ၊ ပါပဓမ္မာ အသညတာ။
မာ တံ လောဘော အဓမ္မောစ၊ စိရံ ဒုက္ခာယ ရန္ဓယုံ။

ယော နရော၊ အကြင်သူသည်။ ပါဏံ၊ သူ့အသက်ကို။ အတိပါတေတိ၊ လျင်စွာချ၏။ မုသာဝါဒဉ္စ၊ မဟုတ်မမှန်သော စကားကိုမူလည်း။ ဘာသတိ၊ သူတစ်ပါးအကျိုး ပျက်လောက်အောင် ပြောဆို၏။ လောကေ၊ သတ္တလောက၌။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါးဥစ္စာကို။ အာဒိယတိ၊ ခိုးယူ၏။ ပရဒါရဉ္စ၊ သူတစ်ပါး၏ မယားကိုမူလည်း။ ဂစ္ဆတိ၊ သွားလာလွန်ကြူး၏။

ယောနရော၊ အကြင်သူသည်။ သုရာမေရယပါနဉ္စ၊ သုရာငါးပါး မေရယငါးပါးတို့ကို သောက်ခြင်းကိုလည်း။ အနုယုဉ္ဇတိ၊ အားထုတ်၏။ ဧသောနရော၊ ဤသူသည်။ ဣဓေဝ လောကသ္မိမ္ပိ၊ ဤပစ္စုပ္ပန် လောက၌ပင်လျှင်။ အတ္တနော၊ မိမိ၏။ မူလံ၊ လယ်ယာစသော ပစ္စည်းရင်းကို။ ခဏတိ၊ တူးဖြိုဖျက်ဆီး၏။

(သုရာငါးပါးကား--
၁။ ပိဋ္ဌသုရာ၊ မုန့်ညက်ဖြင့် ပြုသောသေ။
၃။ သြဒနသုရာ၊ ထမင်းဖြင့်ပြုသောသေ။
၄။ ကိဏ္ဏပက္ခိတ္တာ၊ တဆေးထည့်၍ ပြုသောသေ။
၅။ သမ္ဘာရသံယုတ္တာ၊ သဖန်းခါးစသော အဆောက်အဦးနှင့် ယှဉ်သောသေ။
(ပိဋ္ဌ,ပူဝ၊ ဩဒန၊ ကိဏ္ဏ,သမ္ဘာရာ။)
မေရယ ငါးပါးကား-
၁။ ပုပ္ဖါသဝ၊ ပန်းပွင့်ရည်ဖြင့် ပြုသောအရက်။
၂။ ဖလာသဝ၊ သစ်သီးရည်ဖြင့် ပြုသောအရက်။
၃။ မဓွာသဝ၊ ပျားရည်ဖြင့် ပြုသောအရက်။
၄။ ဂုဠာသဝ၊ ကြံရည် စသဖြင့် ပြုသောအရက်။
၅။ သမ္ဘာရသံယုတ္တာ၊ တိဖလစသော အဆောက်အဦးနှင့် ယှဉ်သောအရက်။
(ပုပ္ဖ,ဖလာ၊ မဓွာ,ဂုဠ၊ သမ္ဘာရ၊ ပဉ္စမေရသာ။)

ဘောပုရိသ၊ အို..ငါးပါးသီလမလုံသော ယောက်ျား။ ဧဝံ၊ ဤသို့။ တွံ၊ သင်သည်။ ဇာနာဟိ၊ သိလေလော့။ ပါပဓမ္မာ၊ ယုတ်မာသော တရားတို့သည်။ အသညတာ၊ ကိုယ်ကိုစောင့်စည်းခြင်း စသည်တို့မှ ကင်းကြကုန်၏။ လောဘောစ၊ လောဘသည်လည်းကောင်း။ အဓမ္မောစ၊ ဒေါသသည်လည်းကောင်း။ ဣမေ၊ ဤအကုသိုလ် တရားတို့သည်။ စိရံ၊ ကြာမြင့်စွာ။ ဒုက္ခာယ၊ ငရဲဒုက္ခစသည် အကျိုးငှာ။ တံ၊ သင့်ကို။ မာရန္ဓယုံ၊ မရစ်ပတ် မညှဉ်းဆဲကြပါစေကုန်လင့်။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာကုန်သော သီတင်းသည် ဥပါသကာတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ ရောက်လာကုန်သော သူတို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ငါးရာသော သီတင်းသည်တို့ဝတ္ထု ပြီး၏။

֍ * ၈။ တိဿ ရဟန်းငယ် ဝတ္ထု

ဒဒါတိ ဝေအစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိဿအမည်ရှိသော ရဟန်းငယ်တစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အလှူရှင်တို့ကို ကဲ့ရဲ့သော ရဟန်း

ထိုတိဿရဟန်းငယ်သည် အနာထပိဏ် သူဌေးကြီး၏လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီး၏လည်းကောင်း ဤသို့ အစရှိကုန်သော ငါးကုဋေ အတိုင်းအရှည်ရှိသော အရိယာသာဝတို့၏ အလှူကို ကဲ့ရဲ့လျက် သွားလာလှည့်လည်သတတ်။ ကောသလမင်းတရားကြီး၏ အတုမရှိသော အသဒိသဒါန အလှူကြီးကိုသော်လည်း ကဲ့ရဲ့သည်သာလျှင်တည်း။ ထိုထိုအလှူရှင်တို့၏ အလှူပေးလှူရာ၌ အေးသော ခဲဖွယ်ဘောဇဉ်ကို ရသည်ရှိသော် အေးအေးကြီးဟု ကဲ့ရဲ့၏။ ပူသော ခဲဖွယ်ဘောဇဉ်ကိုရသော် ပူပူကြီးဟု ကဲ့ရဲ့၏၊ အနည်းငယ်ကို ပေးလှူရာ၌လည်း အဘယ့်ကြောင့် ဤသူတို့သည် နည်းနည်းကလေး လူကုန်ဘိသနည်းဟု ကဲ့ရဲ့၏။ အများကို လှူရာ၌လည်း ဤသူတို့၏အိမ်၌ ထားစရာနေရာ မရှိယောင်တကား ဟူ၍လည်းကောင်း၊ ရဟန်းတို့အား မျှတလောက်ရုံဖြစ်သော ခဲဖွယ်ဘောဇဉ်ကို လှူအပ်သည် မဟုတ်တုံလော၊ ဤမျှလောက်သော ယာဂုဆွမ်းကို အကျိုးမဲ့သာလျှင် စွန့်ကြဲဘိ၏ဟူ၍လည်းကောင်း ကဲ့ရဲ့ ၏။ မိမိ၏ အဆွေအမျိုးတို့ကို အကြောင်းပြု၍သော်ကား ငါတို့၏ ဆွေမျိုးတို့အိမ်၌ အရပ်လေးမျက်နှာတို့မှ ကြွရောက်လာကြကုန်သော ရဟန်းတို့၏ ရေတွင်းသဖွယ်ဖြစ်၍ဖြစ်၏၊ အံ့သြဖွယ် ရှိပေ၏။ ဤသို့စသော စကားတို့ကို ဆိုလျက် ချီးမွမ်းခြင်းကို ဖြစ်စေလေ၏။

ကဲ့ရဲ့သော ရဟန်းငယ်၏ မျိုးရိုးဇာတိကို စုံစမ်းကြခြင်း

(ထိုရဟန်းငယ်သည်ကား တစ်ယောက်သော တံခါးစောင့်၏ သားဖြစ်၍ ဇနပုဒ်သို့ သွားလာလှည့်လည်ကြကုန်သော လက်သမားတို့နှင့် အတူတကွ လှည့်လည်လတ်သည်ရှိသော် သာဝတ္ထိပြည်သို့ရောက်၍ ရဟန်းပြုသောသူဖြစ်၏။)

ထိုအခါ ရဟန်းတို့သည် ဤသို့ လူတို့၏ အလှူစသည်တို့ကို ကဲ့ရဲ့သော ထိုရဟန်းငယ်ကိုမြင်ရလျှင် ထိုရဟန်းငယ်ကို စူးစမ်းဆင်ခြင်ကြကုန်စို့အံ့ဟု ကြံပြီးလျှင် “ငါ့ရှင်- သင်၏အဆွေအမျိုးတို့သည် အဘယ်အရပ်၌ နေကြကုန်သနည်း”ဟု မေးပြီး၍ “ဤအမည်ရှိသောရွာ၌ နေ၏” ဟူသောစကားကို ကြားသိရ၍သာလျှင် နှစ်ပါးသုံးပါးကုန်သော ပဉ္စင်းငယ်တို့ကို စေလွှတ်ကြလေကုန်၏။ ထိုပဉ္စင်းငယ်တို့သည် ထိုရွာသို့သွား၍ ထိုရွာသားတို့သည် ဆွမ်းစားဇရပ်၌ နေစေကြကုန်လျက် ပြုစုအပ်သော ပူဇော်သက္ကာရ ရရှိကြကုန်သည်ရှိသော် “ဤရွာမှထွက်၍ ရဟန်းပြုသော တိဿအမည်ရှိသော ပဉ္စင်းငယ်တစ်ပါးသည် ရှိ၏၊ ထိုပဉ္စင်းငယ် တိဿ၏ အဆွေအမျိုးတို့သည် အဘယ်သူတို့ပေနည်း”ဟု မေးကြလေကုန်၏။ လူတို့သည် “ဤရွာ၌ အမျိုးသားတို့အိမ်မှထွက်၍ ရဟန်းပြုသောသူငယ်သည် မရှိရပါဘုရား”ဟု လျှောက်၍ “ဤအရှင်တို့သည် အဘယ်သူကို ပြောဆိုကြပါကုန်သနည်း”ဟု ကြံပြီးလျှင် “အရှင်ဘုရား- တစ်ယောက်သော တံခါးစောင့်၏သားသည် လက်သမားတို့နှင့် အတူတကွ လှည့်လည်၍ ရဟန်းပြုသော တိဿအမည်ရှိသော သူတစ်ယောက် ရှိပါသည်၊ ထိုသူကို ရည်စူး၍ ဆိုကြကုန်ယောင်တကား”ဟု လျှောက်ကြားလတ်သော် ပဉ္စင်းငယ်တို့သည် ထိုရွာ၌ တိဿရဟန်း၏ ကုံလုံကြွယ်ဝ အစိုးရသော အဆွေအမျိုးတို့၏ မရှိသည်အဖြစ်ကို သိရလျှင် သာဝတ္ထိပြည်သို့ပြန်သွားကြ၍ “အရှင်ဘုရားတို့- အကြောင်းမဲ့ သက်သက်သာလျှင် တိဿရဟန်းသည် မြည်တမ်းလျက် သွားလာလှည့်လည်ဘိ၏”ဟု ဆို၏။ ထိုအကြောင်းကို ရဟန်းတို့အား လျှောက်ကြားကြလေကုန်၏။ ရဟန်းတို့သည်လည်း ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

ကဋာဟကဇာတ် အမြွက်

မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့- ယခုအခါ၌သာလျှင် ကဲ့ရဲ့ရှုတ်ချသော စကားကိုဆိုလျက် လှည့်လည်သွားလာသည် မဟုတ်သေး၊ ရှေး၌လည်း ကဲ့ရဲ့ရှုတ်ချသော စကားကို ဆိုဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ရဟန်းတို့တောင်းပန်သောကြောင့် လွန်လေပြီးသော အတိတ်အကြောင်းကို ဆောင်တော်မူလျက်-

ဗဟုမ္ပိ သော ဝိကတ္ထေယျ၊ အညံ ဇနပဒံ ဂတော။
အနွာဂန္တွာန ဒူသေယျ၊ ဘုဉ္ဇ ဘောဂေ ကဋာဟက။

သော၊ ထိုသူသည်။ အညံ၊ တစ်ပါးသော။ ဇနပဒံ၊ ဇနပုဒ်သို့။ ဂတော၊ သွားသည်ရှိသော်။ ဗဟုမ္ပိ၊ များစွာလည်း။ ဝိကတ္ထေယျ၊ ကဲ့ရဲ့ရှုတ်ချရာ၏။ ကဋာဟက၊ ကဋာဟက အမည်ရှိသောသူ။ အနွာဂန္တွာန၊ နောက်တစ်ဖန် လာလတ်သည်ရှိသော်။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ ဘောဂေ၊ စည်းစိမ်ချမ်းသာတို့ကို။ ဘုဉ္စ၊ သုံးဆောင် ခံစားလော့။

ဤကဋာဟကဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ “ချစ်သားရဟန်းတို့- အကြင်ပုဂ္ဂိုလ်သည် တစ်ပါးသောသူတို့သည် အနည်းငယ်ကိုလည်းကောင်း, အများကိုလည်းကောင်း, ကြမ်းတမ်းသော ခဲဖွယ်ဘောဇဉ်ကိုလည်းကောင်း, မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကိုလည်းကောင်း ပေးလှူသည်ရှိသော် ထိုသူအားလည်းကောင်း, တစ်ပါးသောသူတို့အားလည်းကောင်း ပေး၍ မိမိအား မပေးလှူသည်ရှိသော် မျက်နှာ မသာမယာ ဖြစ်တတ်၏။ ထိုပုဂ္ဂိုလ်အား ဈာန်သည်လည်းကောင်း, ဝိပဿနာသည်လည်းကောင်း, မဂ်ဖိုလ် စသည်တို့သည်လည်းကောင်း မဖြစ်နိုင်ကြကုန်”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၄၉] ဒဒါတိ ဝေ ယထာသဒ္ဓံ၊ ယထာ ပသာဒနံ ဇနော။
တတ္ထ ယော စ မင်္ကု ဘဝတိ၊ ပရေသံ ပါနဘောဇနေ။
န သော ဒိဝါ ဝါ ရတ္တိံ ဝါ၊ သမာဓိမဓိဂစ္ဆတိ။

֍ * [၂၅၀] ယဿစေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။
သ ဝေ ဒိဝါ ဝါ ရတ္ထိံ ဝါ၊ သမာဓိမဓိဂစ္ဆတိ။

ယထာပသာဒနံ၊ ကြည်ညိုသည်အားလျော်စွာ။ ယထာ သဒ္ဓံ၊ သဒ္ဓါတရားရှိသည် အားလျော်စွာ။ ဝေ၊ စင်စစ်။ ဇနော၊ လူအပေါင်းသည်။ ဒဒါတိ၊ ပေးလှူ၏။ ပရေသံ၊ သူတစ်ပါးတို့၏။ တတ္ထ ပါနဘောဇနေ၊ ထိုအဖျော်,ဘောဇဉ် စသည်ကို လှူရာ၌။ ယောစ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ မင်္ကု၊ နည်းပါးလေခြင်း, ကြမ်းတမ်းလေခြင်းဟု မျက်နှာမသာသည်။ ဘဝတိ၊ ဖြစ်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဒိဝါဝါ၊ နေ့၌လည်းကောင်း။ ရတ္တိံဝါ၊ ညဉ့်၌လည်းကောင်း။ သမာဓိံ၊ သမာဓိကို။ န အဓိဂစ္ဆတိ၊ မရနိုင်။

ယဿစ၊ အကြင်ပုဂ္ဂိုလ်အားကား။ ဧတံ၊ ဤမျက်နှာမသာခြင်းဟူသော အကုသိုလ်ကို။ သမုစ္ဆိန္နံ၊ ကောင်းစွာဖြတ်အပ်ပြီ။ မူလဃစ္စံ၊ အမြစ်ဖြတ်ခြင်းကို။ ကတွာ၊ ပြု၍။ သမူဟကံ၊ အကြွင်းမရှိ နုတ်အပ်ပြီ။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ဒိဝါဝါ၊ နေ့၌လည်းကောင်း။ ရတ္တိံဝါ၊ ညဉ့်၌လည်းကောင်း။ သမာဓိံ၊ သမာဓိကို။ အဓိဂစ္ဆတိ၊ ရနိုင်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

တိဿ ရဟန်းငယ်ဝတ္ထု ပြီး၏။

֍ * ၉။ ဥပါသကာ ငါးယောက်ဝတ္ထု

နတ္ထိ ရာဂသမော အဂ္ဂိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ငါးယောက်သော ဥပါသကာတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားနာစဉ် အိပ်ပျော်ခြင်း စသည်အကြောင်း

ထိုငါးယောက်သော ဒါယကာတို့သည် တရားတော်ကို နာလိုကုန်သည်ဖြစ်၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်သတတ်။ ဘုရားရှင်တို့အားလည်း ဤသူကား မင်းတည်း၊ ဤသူကား ပုဏ္ဏားတည်း၊ ဤသူကား ကြွယ်ဝသောသူတည်း၊ ဤသူကား ဆင်းရဲသားတည်း၊ ဤသူအား မွန်မွန်မြတ်မြတ်ပြု၍ တရားဟောအံ့၊ ဤသူအား မဟောအံ့၊ ဤသို့ စိတ်တော်သည် မဖြစ်၊ အမှတ်မရှိ တစ်ယောက်ယောက်သောသူကို အကြောင်းပြု၍ တရားဟောတော်မူသည်ရှိသော် တရားတော်၌ ရိုသေခြင်းကို ရှေ့သွားပြုတော်မူ၍ ကောင်းကင်, မြစ်, ရေတံခွန် စီးကျဘိသကဲ့သို့ ဟောကြားတော်မူလေ၏။ ဤသို့ ဟောကြားတော်မူတတ်သော မြတ်စွာဘုရား၏ အထံတော်၌ နေကြကုန်သော ထိုသူတို့တွင် တစ်ယောက်သောသူသည် ထိုင်လျက်သာလျှင် အိပ်ပျော်လျက် နေလေ၏။ တစ်ယောက်သော သူသည် လက်ချောင်းဖြင့် မြေ၌ ရေးခြစ်လျက် နေလေ၏။ တစ်ယောက်သောသူသည် သစ်ပင်တစ်ပင်ကို လှုပ်လျက် နေလေ၏။ တစ်ယောက်သောသူသည် ကောင်းကင်သို့ တမော့မော့ ကြည့်လျက် နေလေ၏။ တစ်ယောက်သောသူသည်ကား ရိုသေစွာ နာကြားရလေ၏။ ရှင်အာနန္ဒာ မထေရ်မြတ်သည် မြတ်စွာဘုရားကို ယပ်ခတ်လျက် ထိုဒါယကာ ငါးဦးတို့၏ အမူအရာကိုကြည့်ကာ မြတ်စွာဘုရားကို “မြတ်စွာဘုရား- ရှင်တော်ဘုရားတို့သည် ဤငါးဦးသောသူတို့အား ကြီးစွာသောမိုးသည် ခြိမ်းသံ ခြိမ်းဘိသကဲ့သို့ တရားတော်ကို ဟောတော်မူကြပါ၏။ ဤသူတို့ကား ရှင်တော်ဘုရားတို့သည် တရားဟောတော်မူကြကုန်သော်လည်း ဤမည်သော အမှုကိုလည်းကောင်း၊ ဤမည်သော အမှုကိုလည်းကောင်း ပြုလုပ်ကာ နေကြပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

တရားနာငါးဦးတို့၏ အတိတ်

“ချစ်သားအာနန္ဒာ- သင်သည် ဤဒါယကာ ငါးဦးတို့ကို မသိလေသလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- မှန်လှပါ၊ မသိပါဘုရား”ဟု လျှောက်ကြားလေ၏။ “ထိုဒါယကာ ငါးဦးတို့တွင် အကြင်ဒါယကာသည် အိပ်ပျော်လျက်နေ၏။ ထိုဒါယကာသည် ဘဝငါးရာတို့ပတ်လုံး မြွေအမျိုး၌ဖြစ်၍ အခွေတို့၌ ဦးခေါင်းထားလျက်သာ အိပ်ပျော်လေ့ရှိဖူး၏၊ ယခုအခါ၌လည်း ထိုဒါယကာအား အိပ်ခြင်းအလေ့ရှိ၏၊ အိပ်ပျော်နေဆဲဖြစ်၏၊ ထို့ကြောင့် ထိုဒါယကာ၏ နားတွင်းသို့ ငါဘုရားဟောသော တရားသံသည် မဝင်နိုင်”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အသို့ပါနည်း၊ အစဉ်အတိုင်းအားဖြင့် ဟောကြားတော်မူကြပါသလား၊ ထိုသို့မဟုတ်မူ အကြားအကြားအားဖြင့် ဟောကြားတော်မူကြပါသလားဘုရား”ဟု လျှောက်ကြားပြန်သဖြင့် “ချစ်သား အာနန္ဒာ- ထိုဒါယကာ၏ ရံခါ လူ့အဖြစ်ကိုလည်းကောင်း၊ ရံခါ နတ်အဖြစ်ကိုလည်းကောင်း၊ ရံခါ နဂါးအဖြစ်ကိုလည်းကောင်း ဤသို့ အကြားအကြား၌ ဖြစ်သောသူ၏ ဘဝတို့ကို သဗ္ဗညုတဉာဏ်တော်ဖြင့်သော်လည်း ပိုင်းခြားခြင်းငှာ မတတ်နိုင်၊ အစဉ်အတိုင်းအားဖြင့်သာလျှင် ဤဒါယကာသည် ဘဝငါးရာတို့ပတ်လုံး နဂါးမျိုး၌ဖြစ်၍ အိပ်ပျော်နေရသော်လည်း အိပ်ခြင်း၌ မရောင့်ရဲနိုင်သေးသည်သာလျှင်တည်း၊ လက်ချောင်းတို့ဖြင့် မြေကို ရေးခြစ်လျက်နေသော ယောက်ျားသည်လည်း ဘဝငါးရာတို့ပတ်လုံး တီမျိုး၌ဖြစ်၍ မြေကို တူးနေရလေ၏၊ ယခုအခါ၌လည်း မြေကို တူးလျက်သာလျှင် ငါဘုရားဟောတော်မူသော တရားသံကို မကြားရနိုင်ရှာ၊ သစ်ပင်ကို လှုပ်လျက်နေသော ထိုယောက်ျားသည်လည်း အစဉ်အတိုင်းအားဖြင့် ဘဝငါးရာတို့ပတ်လုံး မျောက်မျိုး၌ ဖြစ်ဖူးလေ၏။ ယခုအခါ၌လည်း ရှေး၌ လေ့ကျက်ဖူးသည်အစွမ်းဖြင့် သစ်ပင်ကို လှုပ်နေသည်သာလျှင်တည်း၊ ထိုယောက်ျား၏ နားတွင်းသို့ ငါဘုရား ဟောတော်မူသော တရားသံသည် မဝင်နိုင်ရှာ၊ ကောင်းကင်သို့ မော့ကြည့်၍နေသော ထိုပုဏ္ဏားသည်လည်း ဘဝငါးရာတို့ပတ်လုံး နက္ခတ်ဖတ်တတ်သောသူ၏အဖြစ်ဖြင့် ဖြစ်ဖူးလေ၏၊ ယခုအခါ ရှေး၌ လေ့ကျက်ဖူးသည်အစွမ်းဖြင့် ယနေ့၌လည်း ကောင်းကင်သို့သာလျှင် မော့ကြည့်နေ၏၊ ထိုပုဏ္ဏား၏ နားတွင်းသို့ ငါဘုရား ဟောတော်မူသော တရားသံသည် မဝင်နိုင်ရှာ၊ ရိုသေစွာ တရားနာလျက် ထိုင်နေသော ဤသူကား အစဉ်အတိုင်းအားဖြင့် ဘဝငါးရာတို့ပတ်လုံး ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဘက်သို့ ရောက်သည်ဖြစ်၍ ဗေဒင်ကို သရဇ္ဈာယ်သော ပုဏ္ဏား၏အဖြစ်ဖြင့် ဖြစ်ဖူးလေ၏။ ယခုအခါ၌လည်း ဗေဒင်ကို ရှေ့နောက် နှီးနှောသကဲ့သို့ ရိုသေစွာ နာကြားဘိ၏”ဟု မိန့်တော်မူလေ၏။

တရားနာရန် လွယ်သလော, ခက်သလော

“မြတ်စွာဘုရား- ရှင်တော်ဘုရားတို့၏ ဟောတော်မူအပ်သော တရားဒေသနာတော်သည် အရေစသည်တို့ကို ဖြတ်လျက် ရိုးတွင်းခြင်ဆီကို ထိခိုက်၍ တည်ပါသည်ဘုရား၊ အဘယ်ကြောင့် ဤဒါယကာတို့သည် ရှင်တော်ဘုရားတို့ တရားဟောတော်မူကြပါကုန်သော်လည်း ရိုသေစွာ မနာနိုင်ကြပါသနည်းဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားအာနန္ဒာ- ငါဘုရား၏ တရားတော်ကို ချမ်းသာစွာနာအပ်သော အလွန်တရာ နာချင်စရာကောင်းလှသော တရားဟု အမှတ်ကို ပြုဘိယောင်တကား”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အသို့ပါနည်း၊ ဆင်းရဲစွာ နာအပ်သော အလွန်တရာ နာချင်စရာမကောင်းလှသော တရားဖြစ်ပါသလားဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားအာနန္ဒာ- ဪ.. ဆင်းရဲစွာနာအပ်သော တရားဟူသည် ဟုတ်မှန်၏”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အဘယ်အကြောင်းကြောင့်ပါနည်းဘုရား”ဟု လျှောက်ပြန်လေ၏။ “ချစ်သား အာနန္ဒာ- ဘုရားဟူ၍လည်းကောင်း၊ တရားဟူ၍လည်းကောင်း၊ သံဃာဟူ၍လည်းကောင်း ဤသို့သောပုဒ်ကို ဤသတ္တဝါတို့သည် များစွာသော ကမ္ဘာကုဋေ တစ်သိန်းတို့၌သော်လည်း မကြားအပ်စဖူး၊ ထို့ကြောင့် ဤတရားတော်ကို နာခြင်းငှာ မတတ်နိုင်ကြကုန်၊ မသိအပ်သော အစရှိသော သံသရာ၌ ဤသတ္တဝါတို့သည် တစ်ပါးမက များသောအပြားရှိသော မဂ်ဖိုလ်မှဖီလာ တိရစ္ဆာနကထာဖြစ်သော စကားကိုသာလျှင် ကြားရနာရကုန်လျက် လာကြရကုန်၏၊ ထို့ကြောင့် သေသောက်ရာ, ပျော်ရွှင်စွာ ကစားရာ, တလင်းဝန်း စသည်တို့သို့ သီဆိုကြကုန်လျက်, ကခုန်ကြကုန်လျက် သွားလာလှည့်လည်နိုင်ကြကုန်၏။ တရားတော်ကို နာခြင်းငှာ မတတ်နိုင်ကြကုန်”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- အဘယ်တရားကိုမှီ၍ ထိုသူတို့သည် မတတ်နိုင်ကြပါကုန်သနည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။ ထိုအခါ ရှင်အာနန္ဒာအား မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- ရာဂကိုမှီ၍, ဒေါသကိုမှီ၍, မောဟကိုမှီ၍, တဏှာကိုမှီ၍ မတတ်နိုင်ကြကုန်၊ ရာဂမီးနှင့်တူသော မီးမည်သည်မရှိ၊ ထိုရာဂမီးသည် ပြာကို မကြွင်းစေမူ၍ သတ္တဝါတို့ကို လောင်၏။ နေခုနစ်စင်း ထင်ရှားစွာ ထွက်ခြင်းကို မှီ၍ဖြစ်သော ကမ္ဘာဖျက်မီးသည်လည်း တစ်စုံတစ်ခုကို မကြွင်းစေမူ၍လျှင် လောကကို အကယ်၍ကား လောင်၏၊ ထိုသို့ပင် လောင်သော်လည်း ထိုကမ္ဘာဖျက်မီးသည် ရံခါ လောင်သည်သာတည်း၊ ရာဂဟူသောမီး၏ မလောင်သောကာလမည်သည် မရှိ၊ ထို့ကြောင့် ရာဂနှင့်တူသော မီးသည်လည်းကောင်း၊ ဒေါသနှင့်တူသော ဖမ်းယူတတ်သော သူသည်လည်းကောင်း၊ မောဟနှင့်တူသော ကွန်ရက်သည်လည်းကောင်း၊ တဏှာနှင့်တူသော မြစ်သည်လည်းကောင်း မရှိ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၅၁] နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ဂဟော။
နတ္ထိ မောဟသမံ ဇာလံ၊ နတ္ထိ တဏှာသမာ နဒီ။

ရာဂသမော၊ ရာဂနှင့်တူသော။ အဂ္ဂိ၊ မီးသည်။ နတ္ထိ၊ မရှိ။ ဒေါသသမော၊ ဒေါသနှင့်တူသော။ ဂဟော၊ ဖမ်းယူတတ်သောသူသည်။ နတ္ထိ၊ မရှိ။ မောဟသမံ၊ မောဟနှင့်တူသော။ ဇာလံ၊ ကွန်ရက်သည်။ နတ္ထိ၊ မရှိ။ တဏှာသမာ၊ တဏှာနှင့်တူသော။ နဒီ၊ မြစ်သည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရိုသေစွာ တရားတော်ကို နာကြားသော ဥပါသကာသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော သူတို့အားလည်း အကျိုးရှိသော ဒေသနာဖြစ်တော်မူလေ၏။

ဥပါသကာငါးယောက် ဝတ္ထု ပြီး၏။

֍ * ၁၀။ မေဏ္ဍကသူဌေးကြီး ဝတ္ထု

သုဒဿံ ဝဇ္ဇံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့ကို အမှီပြု၍ မြလေးတော၌ နေတော်မူစဉ် မေဏ္ဍကသူဌေးကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(မေဏ္ဍက+သူဌေး = ဆိတ်ရှိသော + သူဌေး (လိုရာခပ်သိမ်း ပေးနိုင်သော ရွှေဆိတ်ရုပ် များစွာရှိသော သူဌေးကြီးဟူလို)

မေဏ္ဍက သူဌေးကြီး အမည်တွင်ပုံ

မြတ်စွာဘုရားသည် အင်္ဂတိုင်း ဥတ္တရတိုင်းတို့၌ ဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် မေဏ္ဍက သူဌေးကြီး၏လည်းကောင်း၊ ထိုသူဌေးကြီး၏ စန္ဒပဒုမာ အမည်ရှိသော သူဌေးကတော်ကြီး၏လည်းကောင်း၊ သားဖြစ်သော ဓနဉ္စယ သူဌေး၏လည်းကောင်း၊ ချွေးမဖြစ်သော သုမနဒေဝီ၏လည်းကောင်း၊ ထိုမေဏ္ဍကသူဌေးကြီး၏ မြေးဖြစ်သော ဝိသာခါ၏လည်းကောင်း၊ ကျွန်ဖြစ်သော ပုဏ္ဏ၏လည်းကောင်း ဤသူတို့၏ သောတာပတ္တိဖိုလ်၌ တည်အံ့သော အကြောင်း ဥပနိဿယကို မြင်တော်မူ၍ ဘဒ္ဒိယမြို့သို့ ကြွသွားတော်မူပြီးလျှင် မြလေးတော၌ နေတော်မူသတတ်။ မေဏ္ဍက သူဌေးကြီးသည် မြတ်စွာဘုရား၏ ကြွလာတော်မူခြင်းကို ကြားရလေ၏။ အဘယ့်ကြောင့် ဤသူဌေးကြီးသည် မေဏ္ဍက သူဌေးမည်သနည်း ဟူမူကား ထိုသူဌေးကြီး၏ အိမ်နောက်ဖေး၌ ရှစ်မင်းပယ်စားမျှလောက်သော အရပ်၌ ဆင်, မြင်း, နွားလားဥသဘ အတိုင်းအရှည်ရှိကုန်သော ရွှေဖြင့်ပြီးသော ဆိတ်ရုပ်တို့သည် မြေကို ဖောက်ခွဲပြီးလျှင် ကျောက်ကုန်းဖြင့် ကျောက်ကုန်းကို ထိခိုက်ကုန်လျက် အိမ်နောက်ဖေးမှ ပေါ်ပေါက်လာကြကုန်သတတ်။ ထိုရွှေဆိတ်ရုပ်တို့၏ ခံတွင်းတို့၌ ငါးပါးသော အဆင်းရှိသော ချည်ထွေး ချည်ခင်တို့ကို ထည့်ထားအပ်ကုန်၏။ ထောပတ်ဆီ ပျား တင်လဲ စသည်တို့ဖြင့်လည်းကောင်း၊ အဝတ်ပုဆိုး ရွှေ ငွေ စသည်တို့ဖြင့်လည်းကောင်း အလိုရှိသည်ရှိသော် ထိုရွှေဆိတ်ရုပ်တို့၏ခံတွင်းမှ ချည်ထွေး ချည်ခင်တို့ကို နုတ်ပယ်လိုက်သည်ဖြစ်အံ့။ တစ်ခုသော ရွှေဆိတ်ရုပ်၏ ခံတွင်းမှသော်လည်း ဇမ္ဗူဒီပါကျွန်း၌ နေကုန်သောသူတို့အား သုံးဆောင်ခြင်းငှာ လောက်သော ထောပတ် ဆီ ပျား တင်လဲ အဝတ် ပုဆိုး ရွှေ ငွေတို့သည် ထွက်ကျလာကုန်၏။ ထိုအခါမှစ၍ မေဏ္ဍကသူဌေးကြီးဟူ၍ ထင်ရှား ကျော်စောလေ၏။

မေဏ္ဍက သူဌေးကြီး၏ အတိတ်

ထိုမေဏ္ဍကသူဌေးကြီး၏ ရှေး၌ပြုအပ်သော ကောင်းမှုကံသည် အဘယ်နည်းဟူမူကား ဝိပဿီ ဘုရားရှင်လက်ထက်၌ ဤသူဌေးကြီးသည် အဝရောဇအမည်ရှိသော သူကြွယ်၏တူဖြစ်၍ ဦးရီးနှင့်တူသော အမည်ရှိသော အဝရောဇမည်သောသူ ဖြစ်လေ၏။ ထိုအခါ ထိုသူ၏ ဦးရီးသည် မြတ်စွာဘုရား၏ ဂန္ဓကုဋိကို ဆောက်လုပ်ခြင်းငှာ အားထုတ်လေ၏။ ထိုတူ-အဝရောဇသည် ဦးရီး၏အထံသို့သွား၍ “ဦးရီး- ကျွန်တော်တို့ နှစ်ယောက်စလုံးတို့သည် အတူတကွသာလျှင် ဆောက်လုပ်ကြကုန်စို့အံ့”ဟု ဆိုလတ်သော် “ငါကား သူတစ်ပါးတို့နှင့် အတူတကွ ဆက်ဆံသည်ကို မပြုမူ၍ တစ်ယောက်အထီးတည်း ဆောက်လုပ်ပေအံ့”ဟု ဆိုလေ၏။ ဦးရီးသည် ပယ်သောအခါကာလ၌ “ဤအရပ်၌ ဂန္ဓကုဋိကို ဆောက်လုပ်သည်ရှိသော် ဤအရပ်ဝယ် ကုဉ္ဇရအမည်ရှိသော ဇရပ်ကို ရခြင်းငှာ သင့်၏”ဟု ကြံပြီးလျှင် တောအုပ်မှ သစ်သားအဆောက်အဦးတို့ကို ဆောင်ယူစေ၍ သည်တိုင်တစ်ခုကို ရွှေဖြင့် ခြယ်စီ၏။ သည်တိုင်တစ်ခုကို ငွေဖြင့် ခြယ်စီ၏။ သည်တိုင်တစ်ခုကို ပတ္တမြားဖြင့် ခြယ်စီ၏။ သည်တိုင်တစ်ခုကို ရတနာခုနစ်ပါးဖြင့် ခြယ်စီ၏။ ထုတ်လျောက်, တံခါးပေါင်, တံခါးမ, တံခါးရွက်, လေသာပြတင်း, အခြင်ရနယ်, အမိုးအုတ်ဟု ဆိုအပ်သော အလုံးစုံတို့ကိုလည်း ရွှေ စသည်တို့ ခြယ်စီမွမ်းမံအပ်သည်တို့ကိုသာလျှင် ပြုလုပ်စေသဖြင့် ဂန္ဓကုဋိတိုက်၏ မျက်မှောက် ရှေးရှုရာအရပ်၌ မြတ်စွာဘုရားအလို့ငှာ ရတနာ ခုနှစ်ပါးဖြင့်ပြီးသော ကုဉ္ဇရအမည်ရှိသော ဇရပ်ကို ဆောက်လုပ်စေလေ၏။ ထိုဇရပ်၏ အထက်၌ တစ်ခဲနက် ရွှေနီဖြင့်ပြီးကုန်သော ကမ္ဗလာ, သန္တာဖြင့် ပြီးကုန်သော အချွန်အထွတ် ထုပိကာတို့သည် ဖြစ်ကုန်၏။ ကုဉ္ဇရဇရပ်၏ အလယ်ဖြစ်သော အရပ်၌ ရတနာမဏ္ဍပ်ကို ဆောက်လုပ်စေလေ၏။ တရားဟော ပလ္လင်နေရာကို တည်ထားစေလေ၏။ ထိုတရားဟော ပလ္လင်နေရာ၏ အခြေတို့သည် တစ်ခဲနက် ရွှေနီဖြင့် ပြီးသည်သာလျှင် ဖြစ်ကုန်၏။ လေးခုသော အပေါင်းတို့သည် ထို့အတူ ရွှေနီတစ်ခဲနက်ဖြင့် ပြီးကုန်၏။ လေးခုသော ရွှေဆိတ်ရုပ်တို့ကိုလည်း ပြုလုပ်စေ၍ တရားဟော ပလ္လင်နေရာ၏ အခြေလေးခုတို့၏အောက်၌ ထားလေ၏။ နှစ်ခုသော ရွှေဆိတ်ရုပ်တို့ကို ပြုလုပ်စေ၍ ခြေတော်ချရာ ခြေနင်းပျဉ်၏အောက်၌ ထားလေ၏။ ခြောက်ခုသော ရွှေဆိတ်ရုပ်တို့ကို ပြုလုပ်စေပြန်၍ မဏ္ဍပ်ကို ထက်ဝန်းကျင်မှ ဝန်းရံစေလျက် ထားလေ၏။ တရားဟောပလ္လင်နေရာတော်ကို ရှေးဦးစွာ ချည်ဖြင့်ပြီးကုန်သော ကြိုးတို့ဖြင့် ရက်လုပ်စေပြီးလျှင် အလယ်၌ ရွှေချည်ဖြင့်ပြီးကုန်သော အထက်၌ ပုလဲဖြင့်ပြီးကုန်သော ချည်တို့ဖြင့် ရက်လုပ်စေ၏။ တရားဟောပလ္လင် နေရာတော်၏ နောက်မှီတံကဲပျဉ်ကား စန္ဒကူးဖြင့်ပြီးသော တံကဲဖြစ်လေ၏။

ဤသို့လျှင် ကုဉ္ဇရဇရပ်ကို ပြီးစေပြီးလျှင် ဇရပ်ပူဇော် သာဓုခေါ်ပွဲကြီးသဘင်ကို ဆင်ယင် ကျင်းပလတ်သည်ရှိသော် ခြောက်သန်း ရှစ်သိန်းကုန်သော ရဟန်းတို့နှင့်အတူတကွ ဝိပဿီ မြတ်စွာဘုရားကို ပင့်ဖိတ်၍ လေးလတို့ပတ်လုံး အလှူကြီးကို ပေးလှူလေ၏။ အဆုံးဖြစ်သောနေ့၌ တိစီဝရိက် သင်္ကန်းသုံးထည်ကို လှူလေ၏။ ထိုရဟန်းတို့တွင် အငယ်ဖြစ်သော သံဃာအား အဖိုးတစ်သိန်းထိုက်သော သင်္ကန်းသည် ရောက်လေ၏။

ငတ်မွတ်သောဘေးကြီး တွေ့ကြုံရပုံ

ဤသို့လျှင် ဝိပဿီဘုရား ထင်ရှားပွင့်တော်မူသောအခါ ကောင်းမှုကို ပြုလုပ်စေပြီးလျှင် ထိုဘဝမှ စုတေမနေ သေလွန်သည်ရှိသော် နတ်ပြည်,လူ့ပြည်၌သာလျှင် ကျင်လည်သဖြင့် ဤဘဒ္ဒကပ်၌ ဗာရာဏသီပြည်ဝယ် များသော ဥစ္စာရှိသော အမျိုး၌ဖြစ်၍ ဗာရာဏသီသူဌေးကြီး အမည်ရှိသောသူ ဖြစ်လေ၏။ ထိုသူဌေးကြီးသည် တစ်နေ့သ၌ မင်းအား ခစားခြင်းသို့ သွားလတ်သည်ရှိသော် ပုရောဟိတ် ပုဏ္ဏားကိုမြင်လျှင် “ဆရာပုဏ္ဏား- အသို့နည်း၊ နက္ခတ်ကို တခဏမျှ စူးစမ်း ဆင်ခြင်ကြပါကုန်၏လော”ဟု ဆိုလေ၏။ “ဪ.. စူးစမ်း ဆင်ခြင်ပါ၏ ဟူ၍လည်းကောင်း၊ ငါတို့အား တစ်ပါးသော အမှုအဘယ်မှာ ရှိအံ့နည်း ဟူ၍လည်းကောင်း” ဆိုလတ်သော် “ထိုသို့ဖြစ်မူ ဇနပုဒ်၌ အဖြစ်အပျက်သည် အဘယ်သို့ ဖြစ်အံ့နည်း”ဟု မေးလေ၏။ “တစ်ခုသောဘေးသည် ဖြစ်လတ္တံ့”ဟု ဆိုလတ်သော် “ဘေးမည်သည် အဘယ်ဘေးနည်း”ဟု မေးပြန်လေ၏။ “သူဌေးကြီး- ငတ်မွတ်ခေါင်းပါးသောဘေး”ဟု ဆိုပြန်လတ်သော် “အဘယ်အခါ ဖြစ်အံ့နည်း”ဟု မေးပြန်လေ၏။ “ဤနေ့မှ သုံးနှစ်လွန်သောအခါ ဖြစ်လတ္တံ့”ဟု ဆိုလတ်သော် ထိုစကားကို ကြားရလျှင် ဗာရာဏသီသူဌေးသည် များစွာသော လယ်ထွန်ခြင်းအမှုကို ပြုစေ၍ အိမ်၌ရှိသော ဥစ္စာဖြင့်လည်း စပါးကိုသာလျှင် ဝယ်ယူသဖြင့် နှစ်ရာ့ငါးဆယ်ကုန်သော ကျီတို့ကို ဆောက်လုပ်စေပြီးလျှင် အလုံးစုံသော ကျီတို့ကို စပါးတို့ဖြင့် ပြည့်စေလေ၏။ ကျီတို့သည် မဆံ့ကုန်သည်ရှိသော် အိုးထုပ်ကြီးစသည်တို့ကို ပြည့်စေ၍ ကြွင်းသော စပါးကို မြေ၌ တွင်းတို့ကိုတူး၍ မြှုပ်ထားလေ၏။ မြှုပ်ပြီး သိုမှီးပြီးသည်မှ ကြွင်းသောစပါးကို မြေနှင့်တကွ နယ်၍ နံရံတို့ကို လိမ်းကျံစေ၏။ ထိုသူဌေးကြီးသည် အခါတစ်ပါး၌ ငတ်မွတ်ခြင်းဘေး ရောက်လတ်သည်ရှိသော် အကြင်အကြင် ထားအပ်သောစပါးကို သုံးဆောင် စားသောက်လျက် ကျီတို့၌လည်းကောင်း အိုးထုပ်ကြီးစသည်တို့၌လည်းကောင်း စပါးကုန်လတ်သည်ရှိသော် ကျေးကျွန် အခြွေအရံတို့ကို ခေါ်စေ၍ “အမောင်တို့- သွားကြလေကုန်လော့၊ တောင်ခြေရင်းသို့ဝင်၍ အသက်မွေးကြကုန်လျက် ဝပြောသောကာလ၌ ငါ၏အထံသို့ လာလိုကုန်သော သူတို့သည် လာကြကုန်လော့၊ မလာလိုကုန်သော သူတို့သည် ထိုတောင်ခြေရင်း၌ပင် အသက်မွေးကြကုန်လော့”ဟု ဆိုလေ၏။

ထိုကျေးကျွန် အခြွေအရံတို့သည် ငိုကြွေးကုန်လျက် မျက်ရည်နှင့်မျက်ခွက် ရှိကုန်သည်ဖြစ်၍ သူဌေးကြီးကို ရှိခိုးသဖြင့် တောင်းပန်ကန်တော့ကြကုန်သောကြောင့် ခုနစ်ရက်ပတ်လုံး နေစေပြီးလျှင် ထိုသူဌေးဆိုတိုင်း ပြုကြရကုန်၏။ ထိုသူဌေးကြီး၏ အထံ၌ကား အမှုကြီးငယ်ကို ပြုတတ်သော ပုဏ္ဏအမည်ရှိသော ကျွန်တစ်ယောက်သည်သာလျှင် ကျန်ရစ်ခဲ့လေ၏။ ထိုပုဏ္ဏအမည်ရှိသော ကျွန်နှင့်အတူတကွ သူဌေးကတော်သည်လည်းကောင်း၊ သူဌေးသားသည်လည်းကောင်း၊ သူဌေးချွေးမသည်လည်းကောင်း ဤငါးယောက်သော သူတို့သည်သာလျှင် ရှိကုန်၏။ ထိုငါးယောက်သော သူတို့သည် မြေ၌ တွင်းတို့၌ သိုမှီးသိမ်းဆည်း၍ ထားအပ်သော စပါးသည်ပင် ကုန်ပြန်သည်ရှိသော် နံရံ၌ကပ်၍ ထားအပ်သော မြေကိုခွာပြီးလျှင် ရေဖြင့် ဆွတ်လျက် ထိုနံရံမှရအပ်သော စပါးဖြင့် မျှတကြလေကုန်၏။

စားခါနီး ပစ္စေကဗုဒ္ဓါ ကြွလာခြင်း

ထိုစဉ်အခါ ထိုဗာရာဏသီသူဌေးကြီး၏ဇနီး အိမ်ရှင်ဖြစ်သော သူဌေးကတော်ကြီးသည် ငတ်မွတ်ခြင်းဘေး လွှမ်းမိုးစဉ် နံရံ၌ကပ်ထားသော စပါးရှိသော မြေလည်း ကုန်ခဲ့ပြန်သောကြောင့် နံရံအခြေတို့၌ ကြွင်းသောမြေကို ခွာပြီးလျှင် ရေဖြင့်ဆွတ်၍ တစ်စလယ်ခွဲမျှလောက်သော စပါးကိုရသဖြင့် ထောင်းဖွပ်ပြီးလျှင် တစ်စလယ်သောဆန်ကို ရလတ်သည်ရှိသော် “ငတ်မွတ်ခေါင်းပါးသောကာလ သူခိုးတို့သည် များပြားလှကုန်၏”ဟု ခိုးသူဘေးမှ ကြောက်သဖြင့် တစ်ခုသော အိုး၌ထည့်၍ ပိတ်လျက် မြေ၌ မြှုပ်ထားလေ၏။ ထိုအခါ၌ သူဌေးကတော်ကြီးကို သူဌေးကြီးသည် မင်းအား ခစားရာမှ ပြန်လာ၍ “ရှင်မ- မွတ်သိပ်ဆာလောင်လှပါ၏၊ တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ် ရှိပါသလော”ဟု ဆိုလေ၏။ သူဌေးကတော်ကြီးသည် ရှိသည်ကို မရှိဟု မဆိုတဲ့မူ၍ “ဆန်တစ်စလယ် ရှိပါသည်ဟု ဆိုလေ၏။ ထိုဆန်တစ်စလယ်သည် အဘယ်မှာနည်း”ဟု မေးလျှင် “ခိုးသူဘေးမှ ကြောက်သောကြောင့် ကျွန်တော်မ မြှုပ်နှံ၍ ထားပါသည်”ဟု ပြောဆိုလေ၏။ “ထိုသို့ဖြစ်မူ ထိုဆန်တစ်စလယ်ကို ထုတ်၍ တစ်စုံတစ်ခု ချက်ပါလော့”ဟု ဆိုလတ်သော် “အရှင်သူဌေးကြီး- ယာဂုကို အကယ်၍ ကြိုရသည်ဖြစ်အံ့၊ နှစ်ခါ,နှစ်ကြိမ် သုံးဆောင်ရလတ္တံ့၊ ထမင်းကို အကယ်၍ ချက်ရသည်ဖြစ်အံ့၊ တစ်ခါတစ်ကြိမ်သာလျှင် သုံးဆောင်ရလတ္တံ့၊ အဘယ်ကို ချက်ရပါအံ့နည်း”ဟု မေးလေ၏။ “ငါတို့အား တစ်ပါးသော အကြောင်း အထောက်အပံ့သည် မရှိလေပြီ၊ ထမင်းကိုစား၍ သေကြပါစို့၊ ထမင်းကိုသာ ချက်ပါလော့”ဟု ဆိုလျှင် သူဌေးကတော်ကြီးသည် ထမင်းကိုချက်၍ ငါးခုသော အဖို့အစုတို့ကိုပုံလျက် သူဌေးကြီး၏အဖို့ ထမင်းတို့ကိုခူး၍ ရှေ့၌ထားလေ၏။ ထိုခဏ၌ ဂန္ဓမာဒနတောင်မှ ပစ္စေကဗုဒ္ဓါတစ်ဆူသည် ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စားရာမှ ထတော်မူ၏။

ထို့ကြောင့် ထိုရှင်ပစ္စေကဗုဒ္ဓါသည်လည်း ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရှုတော်မူလတ်သည်ရှိသော် “အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ မွတ်သိပ်သောဘေးသည် ဖြစ်၏၊ သူဌေးကြီး၏အိမ်၌လည်း ငါးယောက်သော သူတို့အလို့ငှာ ဆန်တစလယ် ထမင်းကိုလည်း ကျက်အပ်၏။ ဤသူတို့ သဒ္ဓါတရား ရှိကုန်အံ့လော၊ ငါ့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုခြင်းငှာ စွမ်းနိုင်ကြကုန်အံ့လော”ဟု ကြည့်ရှုတော်မူလတ်သော် ထိုသူတို့၏ သဒ္ဓါတရား ရှိသည့်အဖြစ်ကိုလည်းကောင်း၊ သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သည်အဖြစ်ကိုလည်းကောင်း မြင်တော်မူရလျှင် သပိတ်သင်္ကန်းကိုယူ၍ သူဌေးကြီး၏ ရှေ့တူရှုအရပ် တံခါးဝ၌ ရပ်တော်မူလျက်သာလျှင် မိမိကိုယ်တော်ကို ပြတော်မူလေ၏။

မေဏ္ဍက သူဌေးကြီးအလောင်း ဆုတောင်းပုံ

သူဌေးကြီးသည် ထိုရှင်ပစ္စေကဗုဒ္ဓါကို မြင်ရလျှင် ကြည်လင်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ “ရှေးအခါ၌လည်း ငါသည် အလှူဒါနကို မလှူလေသောကြောင့် ဤသို့ သဘောရှိသော ငတ်မွတ်သောဘေးကို တွေ့မြင်ရ၏။ စင်စစ်အားဖြင့် ဤထမင်းသည် ငါ့ကို တစ်ရက်မျှသာလျှင် စောင့်နိုင်ရာ၏။ ရှင်ပစ္စေကဗုဒ္ဓါအား လှူအပ်သောအလှူသည် များစွာကုန်သော ကမ္ဘာကုဋေတို့၌ ငါ၏ စီးပွားချမ်းသာကို ဆောင်နိုင်သည်ဖြစ်လတ္တံ့”ဟု နှလုံးသွင်း၍ ထိုထမင်းခွက်ကိုပယ်သဖြင့် အရှင်ပစ္စေကဗုဒ္ဓါသို့ ချဉ်းကပ်ပြီးလျှင် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုး၍ အိမ်သို့ ပင့်ဆောင်လျက် နေရာ၌နေထိုင်သော ပစ္စေကဗုဒ္ဓါ၏ ခြေတို့ကို ဆေးကြောပြီးလျှင် ရွှေခြေဆေးအင်းပျဉ်၌ ထားသဖြင့် ထမင်းခွက်ကိုယူလျက် ရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်၌ ဆွမ်းကို လောင်းလှူလေ၏။ ဆွမ်းသည် တစ်ဝက်မျှ ကြွင်းကျန်လတ်သည်ရှိသော် ရှင်ပစ္စေကဗုဒ္ဓါသည် လက်ဖြင့် သပိတ်ကို ပိတ်တော်မူလေ၏။ ထိုအခါ ထိုရှင်ပစ္စေကဗုဒ္ဓါကို “အရှင်ဘုရား- ဤဆွမ်းသည် တစ်စလယ်သော ဆန်ဖြင့် ငါးယောက်သော သူတို့အလို့ငှာ ချက်အပ်သော ထမင်း၏ တစ်ခုသော အဖို့မျှသာဖြစ်ပါသည်။ ဤငါးဖို့တစ်ဖို့မျှဖြစ်သော ထမင်းကို နှစ်ဖို့ပြုခြင်းငှာ မတတ်ကောင်းပါဘုရား၊ တပည့်တော်အား ဤပစ္စုပ္ပန်ဘ၀၌ သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုတော်မမူကြပါလင့်၊ တပည့်တော်သည် အကြွင်းမဲ့ လှူလိုပါသည် ဘုရား”ဟု လျှောက်ကြား၍ အလုံးစုံသောဆွမ်းကို လှူဒါန်းလေ၏။ လှူဒါန်းပြီး၍သော်ကား “အရှင်ဘုရား- တစ်ဖန်ဖြစ်လေရာ ဖြစ်လေရာအရပ်၌ ဤသို့သဘောရှိသော ငတ်မွတ်သောဘေးကို မမြင်ရပါလို၊ ဤအခါမှစ၍ အလုံးစုံ ဇမ္ဗူဒီပါကျွန်း၌ နေကုန်သောသူတို့အား မျိုးထမင်းကို ပေးခြင်းငှာ စွမ်းနိုင်သောသူ ဖြစ်ရပါလို၏၊ မိမိလက်ဖြင့် အမှုကိုပြု၍ အသက်မမွေးရပါလို၊ နှစ်ရာ့ငါးဆယ်သော ကျီတို့ကို သုတ်သင်စေ၍ ဦးခေါင်းကို ရေချိုးပြီးလျှင် ထိုကျီတို့၏တံခါး၌ ထိုင်လျက် အထက်သို့ ကြည့်သောခဏ၌သာလျှင် တပည့်တော်အား သလေးနီ မိုးအယာဉ်တို့သည်ကျ၍ အလုံးစုံသောကျီတို့၌ ပြည့်ပါစေကုန်သတည်း၊ ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝ၌လည်း ဤမယားသည်လည်းကောင်း ဤချွေးမသည်လည်းကောင်း ဤကျွန်သည်လည်းကောင်း ဖြစ်ပါစေဘုရား”ဟု ပတ္တနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။

သူဌေးကတော် စသည်တို့၏ ဆုတောင်းပုံ

ထိုသူဌေးကြီး၏ဇနီး သူဌေးကတော်ကြီးသည်လည်း “ငါ၏လင်ယောက်ျားသည် မွတ်သိပ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်ပါလျက် ငါသည် စားသောက်ခြင်းငှာ မတတ်ကောင်း”ဟု ကြံ၍ မိမိအဖို့ကို ရှင်ပစ္စေကဗုဒ္ဓါအားလှူ၍ “အရှင်ဘုရား- ယခုအခါ၌ ဖြစ်လေရာ ဖြစ်လေရာ သံသရာဘဝ အဆက်ဆက်၌ ဤသို့သဘောရှိသော ငတ်မွတ်သောဘေးကို မတွေ့မကြုံရပါလို၊ ထမင်းအိုးကို ရှေ့တွင်ထား၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌နေသော သူတို့အား ထမင်းကို ပေးဝေသော်လည်း တပည့်တော်မ၏ မထသေးသမျှ ကာလပတ်လုံး ခူးယူရာအရပ်သည် ပြည့်မြဲတိုင်း ပြည့်သည်သာလျှင် ဖြစ်ပါစေသတည်း၊ ဤလင်ယောက်ျားသည်လည်းကောင်း၊ ဤသားသည်လည်းကောင်း၊ ဤ‌ချွေးမသည်လည်းကောင်း၊ ဤကျွန်သည်လည်းကောင်း ဖြစ်ပါစေဘုရား”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ထိုသူဌေးကြီး၏သားသည်လည်း မိမိ၏အဖို့ ထမင်းကို ရှင်ပစ္စေကဗုဒ္ဓါအားလှူ၍ “အရှင်ဘုရား- ဤနေ့မှစ၍ ဤသို့သဘောရှိသော ငတ်မွတ်သောဘေးကို မတွေ့မမြင်ရပါလို၊ တပည့်တော်သည် အသပြာတစ်ထောင်ရှိသော အိတ်တစ်လုံးကိုလွယ်၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌နေသော သူတို့အား အသပြာကို ပေးသော်လည်း ဤအသပြာတစ်ထောင်ရှိသော အိတ်သည် ပြည့်မြဲတိုင်းသာ ပြည့်ပါစေသတည်း၊ ဤအမိအဖတို့သည်သာ ဖြစ်ကြပါစေကုန်သတည်း၊ ဤမယား၊ ဤကျွန်သည်သာ ဖြစ်ပါစေဘုရား”ဟု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ထိုသူဌေးကြီး၏ ချွေးမသည်လည်း မိမိ၏အဖို့ ထမင်းကို ရှင်ပစ္စေကဗုဒ္ဓါအား ပေးလှူ၍ “အရှင်ဘုရား- ဤဘဝမှစ၍ ဤသို့သဘောရှိသော ငတ်မွတ်သောဘေးကို မတွေ့မမြင်ရပါလို၊ တပည့်တော်မလည်း စပါးတောင်းတစ်ခုကို ရှေ့တွင်တည်ထား၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ နေသောသူတို့အား မျိုးထမင်းကို ပေးကမ်းသော်လည်း ကုန်သောအဖြစ်သည် မထင်ပါစေသတည်း၊ ဖြစ်လေတိုင်း ဖြစ်လေတိုင်းသောဘဝ၌ ဤယောက္ခမယောက်ျားသူ, ယောက္ခမမိန်းမသူတို့သည်သာ ဖြစ်ကြပါစေကုန်သတည်း၊ ဤလင်သည်သာလျှင်, ဤကျွန်သည်သာလျှင် ဖြစ်ပါစေဘုရား”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ထိုသူဌေးကြီး၏ ပုဏ္ဏအမည်ရှိသော ကျွန်သည်လည်း မိမိ၏အဖို့ ထမင်းကို ရှင်ပစ္စေကဗုဒ္ဓါအား ပေးလှူ၍ “ဤကိုယ် အဖြစ်မှစ၍ ဤသို့သဘောရှိသော ငတ်မွတ်ခြင်းဘေးကို မကြုံမတွေ့ မမြင်ရပါလို၊ အလုံးစုံသော ဤသခင်တို့သည်သာ ဖြစ်ကြပါစေကုန်သတည်း၊ တပည့်တော်သည် လယ်ထွန်သည်ရှိသော် ဤလက်ယာဘက်၌ သုံးခု၊ ဤလက်ဝဲဘက်၌ သုံးခု၊ အလယ်၌ တစ်ခု၊ ဤသို့အားဖြင့် သစ်သားကျင်းမျှ အတိုင်းအရှည်ရှိကုန်သော ခုနစ်ခု,ခုနစ်ခုသော အရေးအသားတို့သည် ဖြစ်ပါစေကုန်သတည်း”ဟု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ပစ္စေကဗုဒ္ဓါ ဆုပေး၍ ပြန်ကြွခြင်း

ရှင်ပစ္စေကဗုဒ္ဓါသည် အလုံးစုံသော သူ၏လည်း ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုသောအဆုံး၌ “ဤသို့ ဆုတောင်းတိုင်း ပြည့်စေသတည်း”ဟု မိန့်တော်မူ၍-

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ မဏိဇောတိရသော ယထာ။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော စီးပွားချမ်းသာ မင်္ဂလာအပေါင်းသည်။ တုယှံ၊ သင့်အား။ ခိပ္ပမေဝ၊ လျင်စွာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ သဗ္ဗေ၊ အလုံးစုံသော။ သင်္ကပ္ပါ၊ အကြံအစည်တို့သည်။ စန္ဒော ပန္နရသော ယထာ၊ ဆယ့်ငါးရက် တက်ထွန်းသော လပြည့်ဝန်းကဲ့သို့။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော စီးပွားချမ်းသာ မင်္ဂလာပေါင်းသည်။ တုယှံ၊ သင်အား။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ကပ္ပါ၊ အကြံအစည်တို့သည်။ မဏိဇောတိရသောယထာ၊ အလိုဟူသမျှကို ပြီးစေနိုင်သော မဏိဇောတိရသ် ကျောက်မျက်ရတနာကဲ့သို့။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဤသို့လျှင် ရှင်ပစ္စေကဗုဒ္ဓါသည် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုတော်မူလျှင် “ငါသည် ဤသူတို့၏စိတ်ကို ကြည်ညိုစိမ့်သောငှာ သင့်၏”ဟု ကြံတော်မူလျက် “ဂန္ဓမာဒနတောင်သို့ ရောက်သည်တိုင်အောင် ဤသူတို့သည် ငါ့ကို ဖူးမြင်ကြရပါစေကုန်သတည်း”ဟု ဓိဋ္ဌာန်တော်မူ၍ ဖဲကြွသွားတော်မူလေ၏။ ထိုသူတို့သည်လည်း ဖူးမြင်ကြကုန်လျက်သာ တည်နေကြလေကုန်၏။ ထိုပစ္စေကဗုဒ္ဓါသည် ကြွသွားတော်မူ၍ ထိုဆွမ်းကို ငါးရာသော ပစ္စေဗုဒ္ဓါတို့နှင့် အတူတကွ ခွဲခြမ်း ဝေဖန်တော်မူလေ၏။ ထိုဆွမ်းသည် ရှင်ပစ္စေကဗုဒ္ဓါ၏ အာနုဘော်ကြောင့် အလုံးစုံသော ပစ္စေကဗုဒ္ဓါ ငါးရာတို့အားလည်း လောက်လောက်ငင ဖြစ်၏။ ထိုလှူဒါန်းသော သူတို့သည် ကြည့်ရှုလျက်သာလျှင် တည်နေကြလေကုန်၏။

ဆေးပြီးသောအိုး ထမင်းပြည့်နေခြင်း

မွန်းတည့်သောကာလကို လွန်လတ်သည်ရှိသော်ကား သူဌေးကတော်ကြီးသည် ထမင်းအိုးကိုဆေး၍ စလောင်းအုပ်လျက် ထားလေ၏။ သူဌေးကြီးသည်လည်း မွတ်သိပ်ဆာလောင်ခြင်းဖြင့် နှိပ်စက်ခြင်းကြောင့် တုံးလုံးလှဲ၍ အိပ်ပျော်ခြင်းသို့ ရောက်ရှာလေ၏။ ထိုသူဌေးကြီးသည် ၎င်းညချမ်းသောအခါ နိုး၍ မယားကို “ရှင်မ- ငါသည် အလွန်လျှင် မွတ်သိပ်ဆာလောင်လှ၏၊ ထမင်းအိုး အပြင်၌ ချိုးကပ်သော ထမင်းလုံးတို့သည် ရှိသေးသည်မဟုတ်လော”ဟု ဆိုရှာလေ၏။ သူဌေးကတော်ကြီးသည် ထမင်းအိုးကို ဆေး၍ထားသည်အဖြစ်ကို သိပါလျက်လည်း မရှိဟူသောစကားကို မဆိုတဲ့မူ၍ “ထမင်းအိုးကိုဖွင့်ပြီးမှ ပြောကြားပေအံ့”ဟု ထ၍ ထမင်းအိုးအနီးသို့ သွားပြီးလျှင် ထမင်းအိုးဖွင့်လိုက်သည်ရှိသော် ထိုမျှလောက်သာလျှင် မြလေးငုံ အဆင်းနှင့်တူသော အဆင်းရှိသော ထမင်းဖြင့် ပြည့်လျက် ရှိလေ၏။ ထမင်းအိုး စလောင်းဖုံးသည် ကြွလျက် တည်လေ၏။ သူဌေးကတော်ကြီးသည်လည်း ထိုထမင်းကို မြင်လျှင်မြင်ချင်း နှစ်သက်ဝမ်းမြောက်ခြင်းဖြင့် ပျံ့နှံ့သော ကိုယ်ရှိသည်ဖြစ်၍ သူဌေးကြီးကို “အရှင်သူဌေးကြီး- ထဦးလော့၊ ကျွန်တော်မသည် ထမင်းအိုးကို ဆေး၍ ပိတ်ထားပါသည်၊ ထိုထမင်းအိုးသည်ကား မြလေးငုံ အဆင်းနှင့်တူသော အဆင်းရှိသော ထမင်းဖြင့် ပြည့်နေပြီ၊ ကောင်းမှုတို့မည်သည်ကား ပြုအပ်သော သဘောရှိကုန်၏၊ အလှူမည်သည်ကား ပေးအပ်သည်နှင့် ယှဉ်၏၊ အရှင်သူဌေးမင်း- ထဦးလော့၊ သုံးဆောင်ပါဦးလော့”ဟု ဆိုလေ၏။

သူဌေးကတော်ကြီးသည် နှစ်ယောက်သော သားအဖတို့အားလည်း ကျွေးမွေးပေးကမ်းလေ၏။ ထိုသားအဖနှစ်ယောက်တို့သည် စားပြီး၍ ထကြကုန်သည်ရှိသော် ချွေးမနှင့်တကွ အတူထိုင်လျက် ကျွန်ပုဏ္ဏအား ထမင်းကို ပေးလေ၏။ ခူး၍ ယူရာယူရာ အရပ်သည် မကုန်နိုင်၊ ယောက်မဖြင့် တစ်ကြိမ်ခူး၍ယူသော အရာ၌သာလျှင် ထင်၏၊ ထိုနေ့၌ပင်လျှင် ကျီစသည်တို့သည် ရှေး၌ ပြည့်ဖူးသော နည်းအားဖြင့်သာလျှင် ပြည့်ကြလေကုန်၏။ သူဌေးကြီး၏ “အိမ်၌ ထမင်းဖြစ်၏၊ ထမင်းတို့ဖြင့် အလိုရှိကြကုန်သော သူတို့သည် လာ၍ ယူကြပါစေကုန်သတည်း”ဟု မြို့၌ ကြွေးကြော်ခြင်းကို ပြုစေလေ၏။ လူတို့သည် ထိုသူဌေးကြီး၏အိမ်မှ မျိုးထမင်းကို ယူကြလေကုန်၏။ ဇမ္ဗူဒီပါ ကျွန်းတစ်ကျွန်းလုံး၌ နေကြကုန်သောသူတို့သည် ထိုဗာရာဏသီ သူဌေးကြီးကိုမှီ၍ အသက်ရှင်ခြင်းကို ရကြလေကုန်သည်သာတည်း။

မေဏ္ဍကသူဌေးကြီး၏ ဘုန်းကံ

ထိုဗာရာဏသီ သူဌေးကြီးသည် ဤဘဝမှ စုတေမနေ သေလွန်သည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်လျက် ဤငါတို့ဘုရား ထင်ရှား ပွင့်တော်မူသောအခါ ဘဒ္ဒိယမြို့ဝယ် သူဌေးအမျိုး၌ ဖြစ်လေ၏။ ထိုသူဌေးကြီး၏ သူဌေးကတော်ကြီးသည်လည်း များသော စည်းစိမ်ဥစ္စာရှိသော အမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သည်ရှိသော် ထိုသူဌေးကြီး၏အိမ်သို့သာ ရောက်သွားလေ၏။ ထိုသူဌေးကြီး၏ ရှေးကောင်းမှုကံကိုမှီ၍ အိမ်၏ နောက်ဘေး၌ ဆိုအပ်ပြီးသော အပြားရှိကုန်သော ဆိတ်ရုပ်တို့သည် ပေါ်ပေါက်လာကြကုန်၏။ သားသည်လည်း ထိုသူတို့၏ သားသည်သာလျှင်, ချွေးမသည် ချွေးမသည်သာလျှင်, ကျွန်သည် ကျွန်သည်သာလျှင် ဖြစ်လေ၏။ ထိုအခါ တစ်နေ့သ၌ မေဏ္ဍကသူဌေးကြီးသည် မိမိ၏ကောင်းမှုကို စုံစမ်းလိုသည်ဖြစ်၍ နှစ်ရာ့ငါးဆယ်သော ကျီတို့ကို သုတ်သင်စေပြီးလျှင် ဦးခေါင်းကို ရေချိုးလျက် တံခါး၌ထိုင်နေ၍ အထက်သို့ ကြည့်ရှုလေ၏။ အလုံးစုံသော ကျီတို့ကို ဆိုအပ်ခဲ့ပြီးသော အပြားရှိသော သလေးနီစပါးတို့သည် ပြည့်စေကြလေကုန်၏။ ထိုသူဌေးကြီးသည် ကြွင်းသောသူတို့၏ ကောင်းမှုတို့ကိုလည်း စူးစမ်းလိုသည်ဖြစ်ရကား မယားကိုလည်းကောင်း၊ သားစသော သူတို့ကိုလည်းကောင်း၊ “သင်တို့၏ ကောင်းမှုတို့ကိုလည်း စူးစမ်းကြကုန်ဦးလော့”ဟု ဆိုလေ၏။

စန္ဒပဒုမာ သူဌေးကတော်ကြီး၏ ဘုန်းကံ

ထိုအခါ သူဌေးကြီး၏ဇနီး သူဌေးကတော်ကြီးသည် အလုံးစုံသော တန်ဆာကိုဆင်လျက် များစွာသော လူအပေါင်း၏ ကြည့်ရှုစဉ်ပင်လျှင် တစ်စလယ်မျှသော ဆန်ကိုယူ၍ ထိုဆန်တို့ဖြင့် ထမင်းကို ချက်စေပြီးမှ တံခါးမုခ်၌ ခင်းအပ်သောနေရာ၌ နေထိုင်လျက် ရွှေယောက်မကိုကိုင်ပြီးလျှင် “ထမင်းဖြင့် အလိုရှိကုန်သော သူတို့သည် လာကြစေကုန်သတည်း”ဟု ကြွေးကြော်စေသဖြင့် လာတိုင်း,လာတိုင်းကုန်သော သူတို့၏ ဆောင်ယူခဲ့သော ခွက်တို့ကို ပြည့်စေလျက် ပေးလေ၏။ တစ်နေ့ပတ်လုံးပင် ပေးသော်လည်း ယောက်မဖြင့် ခူး၍ယူရာအရပ်သည်သာ ထင်၏။ ရှေးဘုရားရှင်တို့အားလည်းကောင်း၊ ရဟန်းသံဃာတော်အပေါင်းအားလည်းကောင်း၊ လက်ဝဲလက်ဖြင့် ထမင်းအိုးကို, လက်ယာလက်ဖြင့် ယောက်မကိုကိုင်လျက် ဤအတူသာလျှင် သပိတ်၌ ပြည့်စေသဖြင့် ဆွမ်းကို လှူဒါန်းဖူးသည် အဖြစ်ကြောင့် ထိုသူဌေးကတော်ကြီး၏ လက်ဝဲ လက်ဖဝါးအပြင်၌ ပြည့်စေလျက် ပဒုမာကြာလက္ခဏာ ဖြစ်ပေါ်လေ၏။ လက်ယာလက်ဖဝါးအပြင်၌ ပြည့်စေလျက် လဝန်းလက္ခဏာ ဖြစ်ပေါ်လေ၏။ အကြင်ကြောင့် ဓမကရိုဏ် ရေစစ်ကို ကိုင်လျက် ရဟန်းသံဃာတော်အပေါင်းအား ရေကိုစစ်၍ လှူဒါန်းဆက်ကပ်ကာ ထိုမှဤမှ အဖန်ဖန် လှည့်လည်ခဲ့ဖူး၏။ ထို့ကြောင့် သူဌေးကတော်ကြီး၏ လက်ယာခြေဖဝါးအပြင်၌ ပြည့်စေလျက် လဝန်းလက္ခဏာ ဖြစ်ပေါ်လေ၏။ လက်ဝဲခြေဖဝါးအပြင်၌ ပြည့်စေလျက် ပဒုမာကြာ လက္ခဏာ ဖြစ်ပေါ်လေ၏။ ထိုသူဌေးကတော်ကြီးအား ဤလက္ခဏာပါရှိသော အကြောင်းကြောင့် စန္ဒပဒုမာ ဟူသောအမည်ကို မှည့်ခေါ်ကြလေကုန်၏။

သား,ချွေးမနှင့် ကျွန်တို့၏ ဘုန်းကံ

ထိုသူဌေးကြီး၏ သားသည်လည်း ဦးခေါင်းကို ရေချိုးပြီးလျှင် အသပြာတစ်ထောင်ရှိသော အိတ်ကိုယူ၍ “အသပြာဖြင့် အလိုရှိကုန်သောသူတို့သည် လာကြပါစေကုန်သတည်း”ဟု ဆိုလျက် လာကုန်လာကုန်သော သူတို့၏ ယူလာခဲ့သော ခွက်တို့ကို ပြည့်စေသဖြင့် ပေးကမ်းလေ၏။ အိတ်၌ အသပြာ တစ်ထောင်သည် ဖြစ်မြဲတိုင်းပင် ဖြစ်လေ၏။

ထိုသူဌေးကြီး၏ ချွေးမသည်လည်း အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်ပြီးလျှင် စပါးတောင်းကိုယူ၍ ဟင်းလင်းအပြင်၌ နေထိုင်လျက် “မျိုးထမင်းတို့ဖြင့် အလိုရှိကြကုန်သော သူတို့သည် လာကြပါစေကုန်သတည်း”ဟု ဆိုသဖြင့် လာကုန်,လာကုန်သော သူတို့၏ ယူလာခဲ့သော ခွက်တို့ကို ပြည့်စေလျက် ပေးကမ်းလေ၏။ တောင်းသည် ပြည့်မြဲတိုင်းသာလျှင် ပြည့်သည်ဖြစ်လေ၏။

ထိုသူဌေးကြီး၏ ပုဏ္ဏအမည်ရှိသော ကျွန်သည်လည်း အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် ရွှေထမ်းပိုးတို့၌ ရွှေကြိုးတို့ဖြင့် နွားတို့ကို ကစေပြီးလျှင် ရွှေနှင်တံကိုကိုင်၍ နွားနှစ်ကောင်တို့အား နံ့သာလက် ငါးချောင်းရာတို့ကို ပေးသဖြင့် ဦးချိုတို့၌ ရွှေအစွပ်တို့ကို စွပ်ပြီးလျှင် လယ်သို့သွား၍ မောင်းနှင်လေ၏။ ဤလက်ယာဘက်၌ သုံးခု၊ ဤလက်ဝဲဘက်၌ သုံးခု၊ အလယ်၌ တစ်ခု၊ ဤသို့ ခုနစ်ခုကုန်သော အရေးအသားတို့သည် ကွဲ၍သွားကြလေကုန်၏။ ဇမ္ဗူဒီပါကျွန်း၌နေသော သူတို့သည် ထမင်း၊ မျိုးစပါး၊ ငွေ၊ ရွှေ စသည်တို့တွင် အကြင်အကြင် အလိုရှိရာကို မေဏ္ဍက သူဌေးကြီး၏ အိမ်မှသာလျှင် ယူကြရလေကုန်၏။

ဘုရားထံတော်၌ မဂ်ဖိုလ်ရကြခြင်း

ဤငါးယောက်သော သူတို့သည် ကြီးမြတ်သော ဘုန်းကံရှိကြကုန်၏။ ဤသို့ အာနုဘော်ကြီးမြတ်သော သူဌေးကြီးသည် မြတ်စွာဘုရား ကြွလာတော်မူသတတ်ဟု ကြားသိရလျှင် မြတ်စွာဘုရားအား ခရီးဦးကြိုဆိုခြင်းကို ပြုဦးအံ့ဟု ထွက်လာလတ်သည်ရှိသော် လမ်းခရီးအကြား၌ တိတ္ထိတို့ကို မြင်ရသဖြင့် ထိုတိတ္ထိတို့က “သူဌေးကြီး- သင်သည် ကုသိုလ်ကောင်းမှု ပြုအပ်၏ဟု အယူရှိသောသူဖြစ်ပါလျက် ကုသိုလ်ကောင်းမှု မပြုအပ်ဟု အယူရှိသော ရဟန်းဂေါတမ၏အထံသို့ အဘယ့်ကြောင့် သွားရဘိသနည်း”ဟု ဆို၍ တားမြစ်အပ်သော်လည်း ထိုတိတ္ထိတို့၏ စကားကို မနာမယူမူ၍ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။ ထိုအခါ မေဏ္ဍကသူဌေးကြီးအား မြတ်စွာဘုရားသည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ မေဏ္ဍကသူဌေးကြီးသည် ဒေသနာတော်၏ အဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်၍ မြတ်စွာဘုရားအား တိတ္ထိတို့သည် ကျေးဇူးမဲ့ကိုဆို၍ မိမိအား တားမြစ်သောအဖြစ်ကို လျှောက်ကြားလေ၏။ ထိုအခါ သူဌေးကြီးကို မြတ်စွာဘုရားသည် “သူဌေးကြီး- ဤသတ္တဝါတို့ မည်သည်ကား ကြီးကျယ် မြားမြောင်သော်လည်း မိမိ၏ အပြစ်ကို မမြင်နိုင်ကြကုန်၊ ထင်ရှားမရှိသော်လည်း သူတစ်ပါးတို့၏ အပြစ်ကို ထင်ရှားရှိသည်ဟု ပြုလုပ်၍ ထိုထိုအရပ်တို့၌ ဖွဲကိုကဲ့သို့ လွှင့်ကြဲတတ်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၅၂] သုဒဿံ ဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ပရေသံ ဟိ သော ဝဇ္ဇာနိ၊ သြပုနာတိ ယထာ ဘုသံ။
အတ္တနော ပန ဆာဒေတိ၊ ကလိံဝ ကိတဝါ သဌော။

အညေသံ၊ သူတစ်ပါးတို့၏။ ဝဇ္ဇံ၊ အပြစ်ကို။ သုဒဿံ၊ မြင်လွယ်၏။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံ ပန၊ အပြစ်ကိုကား။ ဒုဒ္ဒသံ၊ မြင်နိုင်ခဲ၏။ ဟိ၊ ထိုစကားသင့်စွ။ သော၊ ထိုသူတစ်ပါး၏ အပြစ်သာမြင်, မိမိအပြစ် မြင်လေ့မရှိသောသူသည်။ ဘုသံ၊ ဖွဲကို။ သြပုနာတိ ယထာ၊ လွှင့်သကဲ့သို့။ ပရေသံ၊ သူတစ်ပါးတို့၏။ ဝဇ္ဇာနိ၊ အပြစ်တို့ကို။ ဩပုနာတိ၊ လွှင့်တတ်၏။ သဌော၊ စဉ်းလဲသော ငှက်မုဆိုးသည်။ ကလိံ၊ အပြစ်ရှိသော မိမိကိုယ်ကို။ ကိတဝါဝ၊ သစ်ခက်ကျိုးစသည်တို့ဖြင့် ဖုံးလွှမ်းဘိသကဲ့သို့။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံပန၊ အပြစ်ကိုကား။ ဆာဒေတိ၊ ဖုံးလွှမ်း၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေကုန်၏။

မေဏ္ဍက သူဌေးကြီးဝတ္ထု ပြီး၏။

֍ * ၁၁။ ဥဇ္ဈာနသညီ မထေရ်ဝတ္ထု

ပရဝဇ္ဇာနုပဿိဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥဇ္ဈာနသညီ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကဲ့ရဲ့ရန် အပေါက်ရှာလေ့ရှိခြင်း

ထိုဥဇ္ဈာနသညီ မထေရ်သည် “ဤသူသည် ဤသို့ဝတ်ဘိ၏၊ ဤသို့ ရုံဘိ၏”ဟု ကဲ့ရဲ့ရှုတ်ချလျက် ရဟန်းတို့၏ အကြားအပေါက် ချွတ်ယွင်းခြင်းကိုသာ ရှာဖွေလျက် လှည့်ပတ်သွားလာလေ့ရှိသတတ်။ ရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤမည်သော မထေရ်သည် ဤသို့ပြုလုပ်တတ်ပါသည်ဘုရား”ဟု မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ “ချစ်သားရဟန်းတို့- ဝတ်ကို အဦးပြုခြင်း၌ တည်၍ ဤသို့ ပြောဆိုဆုံးမတတ်သော ရဟန်းကို စွပ်စွဲအပြစ်တင်ခြင်းငှာ မထိုက်ပေ၊ အကြင်ပုဂ္ဂိုလ်သည်ကား အမြဲမပြတ် ကဲ့ရဲ့လိုသော အမှတ်သညာရှိသည်၏ အဖြစ်ဖြင့် သူတစ်ပါးတို့၏ အကြားအပေါက်ကို ရှာမှီးလျက် ဤသို့ဆို၍သာ သွားလာလှည့်ပတ်လေ့ရှိ၏၊ ထိုပုဂ္ဂိုလ်အား ဈာန်စသော တရားထူးတို့တွင် တစ်ခုသော တရားအထူးသည်လည်း မဖြစ်နိုင်လတ္တံ့၊ သက်သက် အာသဝေါတရားတို့သည်သာလျှင် တိုးပွားကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၅၃] ပရဝဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသဝါ တဿ ဝဍ္ဎန္တိ၊ အာရာ သော အာသဝက္ခယာ။

ပရဝဇ္ဇာနုပဿိဿ၊ သူတစ်ပါး၏အပြစ်ကို အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍။ နိစ္စံ၊ အမြဲ။ ဥဇ္ဈာနသညိနော၊ ကဲ့ရဲ့ရှုတ်ချလိုသော အမှတ်သညာရှိသော။ တဿ၊ ထိုရဟန်းအား။ အာသဝါ၊ အာသဝေါတရားတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။ သော၊ ထိုရဟန်းသည်။ အာသဝက္ခယာ၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာ အရဟတ္တမဂ်မှ။ အာရာ၊ လွန်စွာဝေး၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဥဇ္ဈာနသညီ မထေရ်ဝတ္ထု ပြီး၏။

֍ * ၁၂။ သုဘဒ္ဒ ပရိဗိုဇ်ဝတ္ထု

အာကာသေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ကုသိနာရုံပြည်ဝယ် အကွေ့ဖြစ်သော မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုအံ့သော ညောင်စောင်းထက်၌ လျောင်းစက်တော်မူစဉ် သုဘဒ်ပရိဗိုဇ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နောက်ဆုံးမှ ဘုရားနှင့် တွေ့ရခြင်း

ထိုသုဘဒ်ပရိဗိုဇ်ကား လွန်လေပြီးသောအခါ၌ ညီနှင့်အစ်ကို နှစ်ယောက်သည် တစ်ကြိမ်စိုက်ပျိုးသော စပါး၌ ကိုးကြိမ်တိုင်တိုင် အဦးအဖျားဟူသော အလှူကို ပေးလှူလတ်သည်ရှိသော် အလှူပေးလှူခြင်းငှာ အလိုမရှိခြင်းကြောင့် ဆုတ်နစ်ကာ ချန်နေခဲ့၍ အဆုံး၌ ပေးလှူလေ၏။ ထို့ကြောင့် ပထမ ဗောဓိ၌လည်းကောင်း၊ မဇ္ဈိမဗောဓိ၌လည်းကောင်း မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ မရခဲ့ရှာလေသတတ်။ ပစ္ဆိမဗောဓိ၌ကား မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုရန်ကာလ ရောက်လတ်သော် “ငါသည် သုံးပါးသော ပြဿနာတို့၌ မိမိ၏ ယုံမှားခြင်းကို အသက်အရွယ် ကြီးရင့်ကုန်သော ပရိဗိုဇ်ရဟန်းတို့ကို မေးမြန်းပြီးလျက် ရဟန်းဂေါတမကိုကား ငယ်၏ဟူသော အမှတ်သညာဖြင့် မမေးမိ၊ ရဟန်းဂေါတမအားလည်း ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူအံ့သော အခါဖြစ်၏၊ နောင်သောအခါ ငါ့အား ရဟန်းဂေါတမကို မမေးလိုက်မိသော အကြောင်းကြောင့် နှလုံးမသာယာခြင်းသည် ဖြစ်ရာ၏”ဟု နှလုံးပြုလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်လေသောကြောင့် ရှင်အာနန္ဒာမထေရ်သည် တားမြစ်အပ်သော်လည်း မြတ်စွာဘုရားသည် အခွင့်ပေးခြင်း ပြုတော်မူသဖြင့် “ချစ်သားအာနန္ဒာ- သုဘဒ်ပရိဗိုဇ်ကို မတားမြစ်လင့်၊ ငါဘုရားကို ပြဿနာမေးပါစေ”ဟု မိန့်တော်မူလတ်သော် တင်းတိမ်၏အတွင်းသို့ ဝင်စေ၍ ညောင်စောင်းအောက်၌နေလျက် “အို..အရှင် ရဟန်းဂေါတမ- အသို့ပါနည်း၊ ကောင်းကင်၌ ခြေရာမည်သည် ရှိပါသလော၊ ဤသာသနာတော်မှ အပ၌ ရဟန်းမည်သည် ရှိပါသလော၊ မြဲသော သင်္ခါရတို့မည်သည် ရှိကုန်သလော”ဟု ဤပြဿနာတို့ကို မေးမြန်းလေ၏။ ထိုအခါ သုဘဒ်ပရိဗိုဇ်အား မြတ်စွာဘုရားသည် ထိုခြေရာစသည်တို့၏ မရှိခြင်းကို မိန့်ကြားတော်မူလိုလျက် ဤဂါထာတို့ဖြင့် တရားဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၅၄] အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
ပပဉ္စာဘိရတာ ပဇာ၊ နိပ္ပပဉ္စာ တထာဂတာ။

֍ * [၂၅၅] အာကာသေဝ ပဒံ နတ္ထိ၊ သာမဏော နတ္ထိ ဗာဟိရေ။
သင်္ခါရာ သဿတာ နတ္ထိ၊ နတ္ထိ ဗုဒ္ဓါနမိဉ္ဇိတံ။

အာကာသေ၊ ကောင်းကင်၌။ ပဒံ၊ ခြေရာသည်။ နတ္ထိဧဝ၊ မရှိသည်သာလျှင်တည်း။ ဗာဟိရေ၊ ငါ၏ သာသနာတော်မှ အပ၌။ သမဏော၊ မဂ်ရ,ဖိုလ်ရ ရဟန်းမည်သည်။ နတ္ထိဧဝ၊ မရှိသည်သာလျှင်တည်း။ ပဇာ၊ သတ္တဝါအပေါင်းသည်။ ပပဉ္စာဘိရတာ၊ သံသရာစက်ကို ချဲ့တတ်ကုန်သော ပပဉ္စ တရားတို့၌သာ အလွန်မွေ့လျော်ကြကုန်၏။ တထာဂတာ၊ ဘုရားရှင်တို့သည်။ နိပ္ပပဉ္စာ၊ သံသရာစက်ကို ချဲ့တတ်သော ပပဉ္စတရား မရှိကြကုန်။

အာကာသေ၊ ကောင်းကင်၌။ ပဒံ၊ ခြေရာသည်။ နတ္ထိ၊ မရှိသည်သာလျှင်တည်း။ ဗာဟိရေ၊ ဤသာသနာတော်မှ အပ၌။ သမဏော၊ မဂ်ရ,ဖိုလ်ရ ရဟန်းမည်သည်။ နတ္ထိ၊ မရှိ။ သဿတာ၊ မြဲကုန်သော။ သင်္ခါရာ၊ ခန္ဓာငါးပါး သင်္ခါရတရားတို့သည်။ နတ္ထိ၊ မရှိကုန်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့အား။ ဣဉ္ဇိတံ၊ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် တုန်လှုပ်ခြင်းသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ သုဘဒ်ပရိဗိုဇ်သည် အနာဂါမိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သုဘဒ္ဒပရိဗိုဇ်ဝတ္ထု ပြီး၏။

֍ * ၁။ တရားဆုံးဖြတ်သော အမတ်ကြီးတို့ ဝတ္ထု

န တေန ဟောတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တရားဆုံးဖြတ်သော အမတ်ကြီးတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တံစိုးစား၍ မတရား ဆုံးဖြတ်ခြင်း

တစ်နေ့သ၌ ရဟန်းတို့သည် သာဝတ္ထိပြည် မြောက်ဘက်တံခါးအနီးဖြစ်သော ရွာ၌ ဆွမ်းအလို့ငှာ လှည့်လည်ပြီးလျှင် ဆွမ်းခံရွာမှ ဖဲကုန်သည်ဖြစ်၍ မြို့တော်၏အလယ်၌ ကျောင်းသို့ ပြန်လာကြကုန်စဉ် ထိုခဏ၌ မိုးသည်တက်၍ ရွာချလေ၏။ ထိုရဟန်းတို့သည် ရှေးရှုမျက်မှောက်၌ဖြစ်သော တရားဆုံးဖြတ်ရာရုံးသို့ ဝင်ကြသဖြင့် တရားဆုံးဖြတ်သော အမတ်တို့ တံစိုးလက်ဆောင်ယူလျက် ဥစ္စာရှင်တို့ကို ဥစ္စာရှင်မဟုတ်ဟု ပြုလုပ်ဆုံးဖြတ်ကြသည်တို့ကို မြင်ရလျှင် “ဤအမတ်တို့ကား အလွန်တရာ မတရားကုန်စွတကား၊ ငါတို့ကား ဤသူတို့သည် တရားသဖြင့် ဆုံးဖြတ်ခြင်းကို ပြုလုပ်ကြကုန်၏”ဟု (အမှတ်ရှိကြကုန်၏ဟု) ကြံပြီး၍ မိုးရွာခြင်း ကင်းလတ်သည်ရှိသော် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကုန်လျက် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ချစ်ခင်ခြင်း စသည်တို့၏အလိုသို့ လိုက်ခြင်းရှိကြကုန်သည်ဖြစ်၍ ချွတ်ချွတ်ယွင်းယွင်း ပြောဆိုခြင်းဖြင့် တရားကို ဆုံးဖြတ်သောသူတို့သည် တရား၌တည်သောသူတို့ မမည်ကုန်၊ အပြစ်ကို ဉာဏ်ဖြင့် သက်ဝင်စိစစ်၍သာလျှင် အပြစ်အားလျော်စွာ ချွတ်ယွင်းသော စကားကို မပြောဆိုသဖြင့် ဆုံးဖြတ်ခြင်းကို ပြုကုန်သော သူတို့သည်သာလျှင် တရား၌ တည်သောသူတို့ မည်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၅၆] န တေန ဟောတိ ဓမ္မဋ္ဌော၊ ယေနတ္ထံ သာသာ နယေ။
ယော စ အတ္ထံ အနတ္ထဉ္စ၊ ဥဘော နိစ္ဆေယျ ပဏ္ဍိတော။

֍ * [၂၅၇] အသာဟသေန ဓမ္မေန၊ သမေန နယတီ ပရေ။
ဓမ္မဿ ဂုတ္တော မေဓာဝီ၊ ဓမ္မဋ္ဌောတိ ပဝုစ္စတိ။

ယေန၊ အကြင်သို့သော အကြောင်းကြောင့်။ အတ္ထံ၊ ရောက်လာသော ဆုံးဖြတ်အပ်သော အကြောင်းအရာကို။ သာဟသာ၊ ချွတ်ချွတ်ယွင်းယွင်း ပြောဆိုခြင်းဖြင့်။ နယေ၊ ဆုံးဖြတ်ရာ၏။ တေန၊ ထိုသို့သော အကြောင်းကြောင့်။ ဓမ္မဋ္ဌော၊ တရား၌တည်သောသူမည်သည်။ န ဟောတိ၊ မဖြစ်။

(ချစ်ခင်ခြင်း၌တည်၍ ဆွေမျိုးဟု(မိတ်ဆွေဟု) ချွတ်ယွင်းသော စကားကို ဆိုလျက် ပစ္စည်းရှင်မဟုတ်ဘဲ ပစ္စည်းရှင်ဟု ပြုလုပ်၏။ ဒေါသ၌တည်၍ မိမိ၏ ရန်သူတို့အား ချွတ်ယွင်းသော စကားကိုဆိုလျက် ပစ္စည်းရှင်ကိုပင် ပစ္စည်းရှင် မဟုတ်ဟုပြုလုပ်၏။ မောဟ၌တည်၍ တံစိုးယူသဖြင့် ဆုံးဖြတ်သောအခါ တခြား နှလုံးသွင်းသကဲ့သို့ ထိုမှဤမှ ကြည့်ရှုကာ ချွတ်ယွင်းသော စကားကိုဆိုလျက် ဤသူနိုင်သည် ဤသူ ရှုံးသည်ဟု တစ်ပါးသောသူကို ဖယ်ထုတ်၏။ ကြောက်ခြင်း၌တည်၍ တစ်စုံတစ်ယောက်သော အစိုးရသောသူ ရှုံးသော်လည်း အနိုင်သို့ ရောက်စေ၏။ ဤတရားသူကြီးသည် ချွတ်ယွင်းသော စကားကိုဆို၍ တရားဆုံးဖြတ်သည် မည်၏။ ဆုံးဖြတ်သင့်သော တရား၌ တည်သော်လည်း တရား၌တည်သောသူ မမည်ဟူလို။)

ယော စ ပဏ္ဍိတော၊ အကြင်ပညာရှိသောသူသည်ကား။ အတ္ထဉ္စ၊ ဟုတ်မှန်သော အကြောင်းကိုလည်းကောင်း။ အနတ္ထဉ္စ၊ မဟုတ်မမှန်သော အကြောင်းကိုလည်းကောင်း။ ဥဘော၊ နှစ်ပါးတို့ကို။ နိစ္ဆေယျ၊ ဆုံးဖြတ်၍။ ဝဒတိ၊ ဆိုတတ်၏။

အသာဟသေန၊ မချွတ်မယွင်းပြောဆိုခြင်းဖြင့်။ ဓမ္မေန၊ ဆုံးဖြတ်ကြောင်း တရားဖြင့်။ သမေန၊ အပြစ်အားလျော်သဖြင့်။ ပရေ၊ သူတစ်ပါးတို့ကို။ နယတိ၊ နိုင်ခြင်း ရှုံးခြင်းသို့ ရောက်စေ၏။ ဓမ္မဿ၊ တရားကို။ ဂုတ္တော၊ စောင့်ရှောက်တတ်သော။ မေဓာဝီ၊ ထက်မြက်သော ဓမ္မောဇပညာဖြင့် ပညာရှိသော။ သော ပဏ္ဍိတော၊ ထိုပညာရှိသော သူကို။ ဓမ္မဋ္ဌောတိ၊ တရား၌တည်သောသူဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

တရားဆုံးဖြတ်သော အမတ်ကြီးတို့ဝတ္ထု ပြီး၏။

֍ * ၂။ ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု

န တေန ပဏ္ဍိတော ဟောတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆွမ်းစားဇရပ်၌ နှောင့်ယှက်ခြင်း

ထိုဆဗ္ဗဂ္ဂီရဟန်းတို့သည် ကျောင်း၌လည်းကောင်း၊ ရွာ၌လည်းကောင်း ဆွမ်းစားဇရပ်ကို နှောင့်ယှက်ရှုပ်ထွေးခြင်း ပြုကြလျက် သွားလာလှည့်လည်ကြကုန်သတတ်။ ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် ရွာ၌ဆွမ်းစားခြင်း ကိစ္စကို ပြုပြီး၍ ပြန်လာကြသော ပဉ္စင်းငယ်တို့ကိုလည်းကောင်း၊ သာမဏေတို့ကိုလည်းကောင်း “ငါ့ရှင်တို့- ဆွမ်းစားဇရပ်သည် အဘယ်သို့သော သဘောရှိသနည်း”ဟု မေးမြန်းကြလေကုန်၏။ “အရှင်ဘုရား- မေးတော်မမူကြပါကုန်လင့်၊ ဆဗ္ဗဂ္ဂီရဟန်းတို့သည် “ငါတို့သည်သာလျှင် လိမ္မာထက်မြက်ကြကုန်၏၊ ငါတို့သည်သာလျှင် ဉာဏ်ပညာရှိကုန်၏၊ ဤရဟန်းတို့ကို ပုတ်ခတ်၍ ဦးခေါင်း၌ တံမြက်ချေး အမှိုက်ကို လောင်းချ၍ ငင်ထုတ်ကြကုန်အံ့”ဟု ဆို၍ တပည့်တော်တို့ကို ကျောက်ကုန်း၌ ကိုင်ဆွဲသဖြင့် တံမြက်ချေး အမှိုက်ကို လောင်းချကုန်လျက် ဆွမ်းစားရာဇရပ်ကို နှောင့်ယှက်ရှုပ်ထွေးခြင်း ပြုလုပ်ကြပါကုန်၏”ဟု ပြောဆိုကြကုန်လတ်သော် ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါဘုရားသည် များစွာသောစကားကို ပြောဆို၍ သူတစ်ပါးတို့ကို ညှဉ်းဆဲတတ်သောသူကို ပညာရှိဟူ၍ ဟောတော်မမူ၊ ဘေးမရှိ, ရန်သူမရှိ, ဘေးရန်ကင်းအောင်ပြုတတ်သောသူကိုသာလျှင် ပညာရှိဟူ၍ ဟောတော်မူ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၅၈] န တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟုဘာသတိ။
ခေမီ အဝေရီ အဘယော၊ ပဏ္ဍိတောတိ ပဝုစ္စတိ။

ယော၊ အကြင်သူသည်။ ယာဝတာ၊ အကြင်မျှလောက်သော အကြောင်းဖြင့်။ ဗဟုံ၊ များစွာသောစကားကို။ ဘာသတိ၊ သံဃာ့အလယ် စသည်တို့၌ ပြောဆို၏။ တေန၊ ထိုမျှလောက်သော စကားများခြင်းအကြောင်းဖြင့်။ သော၊ ထိုသူသည်။ ပဏ္ဍိတောနာမ၊ ပညာရှိမည်သည်။ န ဟောတိ၊ မဖြစ်။ ယော စ၊ အကြင်သူသည်ကား။ ခေမီ၊ ဘေးမရှိ။ အဝေရီ၊ ငါးပါးသော ရန်သူမရှိ။ အဘယော၊ သူတစ်ပါးတို့အား ဘေးရှိအောင် မပြုတတ်။ သော၊ ထိုသူကို။ ပဏ္ဍိတောတိ၊ ပညာရှိဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၃။ ဧကုဒါန ရဟန္တာမထေရ်ဝတ္ထု

န တာဝတာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဧကုဒါနမထေရ်အမည်ရှိသော ရဟန္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နတ်တို့ သာဓုခေါ်သော တရားဂါထာ

ထိုရဟန္တာသည် တစ်ပါးတည်းသာလျှင် တောအုပ်တစ်ခု၌ နေတော်မူသတတ်။ ထိုရဟန္တာသည် တစ်ခုသော ဥဒါန်းဂါထာကိုသာလျှင် လေ့လာတော်မူလေ၏။ ထိုလေ့လာအပ်သော ဥဒါန်းဂါထာကား-

အဓိစေတသော အပ္ပမဇ္ဇတော၊ မုနိနော မောနပထေသု သိက္ခတော။
သောကာ န ဘဝန္တိ တာဒိနော၊ ဥပသန္တဿ သဒါ သတီမတော။

အဓိစေတသော၊ အလွန်မြတ်သော အရဟတ္တဖိုလ်စိတ်ရှိထသော။ အပ္ပမဇ္ဇတော၊ မမေ့မလျော့ အပြစ်ကင်းသော တရားတို့ကို အားထုတ်လေ့ရှိထသော။ မောနပထေသု၊ အရဟတ္တမဂ်ဉာဏ်၏အကြောင်း သိက္ခာသုံးပါးတို့၌။ သိက္ခတော၊ ကျင့်ပြီးထသော။ တာဒိနော၊ တာဒိဂုဏ်နှင့် ပြည့်စုံထသော။ ဥပသန္တဿ၊ ရာဂစသည်တို့၏ ငြိမ်းခြင်းဖြင့် ငြိမ်းပြီးထသော။ သဒါ၊ အခါခပ်သိမ်း။ သတီမတော၊ သတိနှင့်ပြည့်စုံထသော။ မုနိနော၊ ရဟန္တာအား။ ဝါ၊ ရဟန္တာ၏ကိုယ်တွင်း၌။ သောကာ၊ ဣဋ္ဌာရုံ ကွေကွင်းခြင်း စသည်ကြောင့် ဖြစ်သော စိုးရိမ်ခြင်းတို့သည်။ န ဘဝန္တိ၊ မဖြစ်ကြကုန်။

ထိုဧကုဒါနမထေရ်သည် ဥပုသ်နေ့တို့၌ မိမိကိုယ်တိုင်သာလျှင် တရားနာခြင်းကို ကြွေးကြော်၍ ဤဂါထာကို ရွတ်ဆိုသတတ်။ မြေပြိုကွဲအံ့သော အသံကဲ့သို့ နတ်တို့၏ ကောင်းချီးနုမော် သာဓုခေါ်သော အသံဖြစ်၏။ ထိုမှ နောက်အဖို့ဖြစ်သော တစ်ခုသော ဥပုသ်နေ့၌ ငါးရာငါးရာ အခြံအရံရှိကြကုန်သော ပိဋကတ်သုံးပုံဆောင် ရဟန်းနှစ်ပါးတို့သည် ထိုဧကုဒါနမထေရ်၏ နေရာအရပ်သို့ ရောက်သွားကြလေကုန်၏။ ထိုဧကုဒါနမထေရ်သည် ထိုရဟန်းတို့ကို မြင်လျှင်မြင်ချင်း ရွှင်လန်းနှစ်သက်သော စိတ်ရှိသည်ဖြစ်၍ “အရှင်ဘုရားတို့သည် ဤအရပ်သို့ ကြွလာတော်မူကြသဖြင့် ကောင်းသောအမှုကို ပြုအပ်လေ၏။ ယနေ့ တပည့်တော်တို့သည် အရှင်မြတ်ဘုရားများ၏ တရားတော်ကို နာကြားရကုန်တော့အံ့”ဟု လျှောက်ဆိုလေ၏။ “ငါ့ရှင်- ဤအရပ်၌ တရားတော်ကို နာကြားလိုသူတို့ ရှိပါသလော”ဟု မေးလတ်သော် “အရှင်ဘုရား- တရားနာလိုသူတို့ ရှိကြပါသည်၊ ဤတောအုပ်သည် တရားနာသောနေ့၌ နတ်တို့၏ ကောင်းချီးပေးသောအသံဖြင့် တစ်ခဲနက် ပဲ့တင်ထပ်သော အသံရှိပါသည်ဘုရား”ဟု လျှောက်ဆိုလေ၏။

တရားတိုင်း နတ်တို့ သာဓုမခေါ်

ထိုနှစ်ဦးသော မထေရ်တို့တွင် တစ်ဦးသော ပိဋကတ်သုံးပုံဆောင် မထေရ်သည် တရားတော်ကို လမ်းကြောင်းအစထွင်၍ အပြီးအဆုံး ဟောလေ၏။ တစ်ပါးသော ပိဋကတ်သုံးပုံဆောင် မထေရ်သည် အနက်အဓိပ္ပာယ်ချဲ့ထွင်၍ ပြောလေ၏။ တစ်ယောက်သော နတ်မျှလည်း ကောင်းချီးသံကို မပေး၊ ထိုရဟန်းတို့သည် “ငါ့ရှင်- သင်ကား တရားနာသောနေ့၌ ဤတောအုပ်၌ နတ်တို့သည် သည်းစွာသော အသံဖြင့် ကောင်းချီးသံ ပေးကြ၏ဟု ဆိုဘိ၏။ ဤကောင်းချီးပေးသံသည် အဘယ်မည်သော အသံနည်း”ဟု ပြောဆိုကြလေကုန်၏။ “အရှင်ဘုရား တစ်ပါးသော နေ့တို့၌ ကောင်းချီးပေးသော အသံဖြင့် တစ်ပြိုင်နက်ပဲ့တင်ထပ်သည်သာလျှင် ဖြစ်၏။ ယနေ့မူကား ဤသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းနည်းဟူ၍ မသိပါဘုရား”ဟု လျှောက်ဆိုလတ်သော် “ငါ့ရှင်- ထိုသို့ဖြစ်မူ သင်-တရားဟောပါဦးလော့”ဟု ဆိုကြကုန်၏။ ထိုဧကုဒါနမထေရ်သည် ယပ်ကို ကိုင်စွဲသဖြင့် တရားဟောနေရာ၌ နေလျက် ထိုဂါထာကိုသာလျှင် ဟောတော်မူလေ၏။ နတ်တို့သည် သည်းစွာသောအသံဖြင့် ကောင်းချီးနုမော် သာဓုခေါ်သောအသံကို ပေးကြလေကုန်၏။

ထိုအခါ ထိုနှစ်ဦးသော မထေရ်တို့၏ အခြံအရံဖြစ်သော ရဟန်းတို့သည် “ဤတောအုပ်၌နေသော နတ်တို့ကား မျက်နှာကြည့်လျက် ဆွမ်းကိုလှူကြလေကုန်၏။ ပိဋကတ်သုံးပုံကိုဆောင်ကုန်သော ရဟန်းတို့သည်ပင် ဤမျှလောက်သော တရားကို ဟောကြပါကုန်သော်လည်း တစ်စုံတစ်ခု ချီးမွမ်းသော စကားကိုမျှလည်း မဆိုမူ၍ ဤမျှလောက်သော မထေရ်အိုကြီးသည် တစ်ခုသော ဂါထာကို ဟောအပ်သည်ရှိသော် သည်းစွာသော အသံဖြင့် ကောင်းချီးပေးကြကုန်၏”ဟု ကဲ့ရဲ့ကြလေကုန်၏။ ထိုရဟန်းတို့သည်လည်း ကျောင်းတော်သို့ ပြန်သွား၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ငါဘုရားသည် အကြင်ရဟန်းကား များစွာ သင်မူလည်းသင်၏၊ ဟောမူလည်း ဟော၏၊ ထိုရဟန်းကို တရားဆောင်သော ဓမ္မဓရဟူ၍ ဟောတော်မမူ၊ အကြင်ရဟန်းသည်ကား တစ်ခုသော ဂါထာကိုလည်း သင်ယူ၍ သစ္စာတို့ကို ထိုးထွင်း၍သိ၏။ ဤရဟန်းသည် တရားဆောင်သော ဓမ္မဓရမည်၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၅၉] န တာဝတာ ဓမ္မဓရော၊ ယာဝတာ ဗဟု ဘာသတိ။
ယော စ အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။
သ ဝေ ဓမ္မဓရော ဟောတိ၊ ယော ဓမ္မံ နပ္ပမဇ္ဇတိ။

ယာဝတာ၊ အကြင်မျှလောက်သော သင်ကြားခြင်း, ဆောင်ထားခြင်းစသော အကြောင်းဖြင့်။ ဗဟု၊ များစွာ။ ဘာသတိ၊ ဟောပြောတတ်၏။ တာဝတာ၊ ထိုမျှလောက်သော ဟောပြောတတ်ကာမျှ အကြောင်းဖြင့်။ ဓမ္မဓရော၊ တရားကိုဆောင်သူမည်သည်။ န ဟောတိ၊ မဖြစ်။ ယောစ၊ အကြင်သူသည်ကား။ အပ္ပမ္ပိ၊ အနည်းငယ်မျှသော တရားကိုလည်း။ သုတွာန၊ နာကြားရ၍။ ဓမ္မံ၊ သစ္စာလေးပါးတရားကို။ ကာယေန၊ နာမကာယဖြင့်။ ပဿတိ၊ မြင်သိ၏။ ယောစ၊ အကြင်သူသည်လည်း။ ဓမ္မံ၊ တရားကို။ နပ္ပမဇ္ဇတိ၊ မမေ့မလျော့။ သ-သော၊ ထိုသူနှစ်ယောက်သည်။ ဝေ၊ စင်စစ်။ ဓမ္မဓရော၊ ဓမ္မဓရမည်သည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဧကုဒါနရဟန္တာမထေရ်ဝတ္ထု ပြီး၏။

֍ * ၄။ လကုဏ္ဍကဘဒ္ဒိယမထေရ် ဝတ္ထု

န တေန ထေရော ဟောတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လကုဏ္ဍကဘဒ္ဒိယမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခန္ဓာကိုယ်ကြီးတိုင်း မထေရ်ကြီးမဟုတ်

အခါတစ်ပါး တစ်နေ့သ၌လည်း ထိုလကုဏ္ဍကဘဒ္ဒိယမထေရ်သည် မြတ်စွာဘုရားအား ဆည်းကပ်ခြင်းသို့ ကြွသွား၍ ဖဲကာမျှဖြစ်လတ်သော် သုံးကျိပ်မျှ အတိုင်းအရှည်ရှိသော တောနေရဟန်းတို့သည် ထိုလကုဏ္ဍက ဘဒ္ဒိယမထေရ်ကို မြင်ကုန်၍သာလျှင် ရောက်လာကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် နေကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုသုံးကျိပ်မျှသော ရဟန်းတို့၏ အရဟတ္တဖိုလ်နှင့် ပြည့်စုံအံ့သော အကြောင်းဥပနိဿယကို မြင်တော်မူ၍ “ဤငါဘုရားအထံမှ ဖဲကြွသွားသော မထေရ်တစ်ဦးကို မြင်ကြရကုန်သလော”ဟု မေးတော်မူ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မမြင်ကြပါကုန်ဘုရား”ဟု လျှောက်လတ်သော် “သင်တို့ အဘယ်သူကို မြင်သနည်း”ဟု မေးတော်မူပြန်၏။ “မြတ်စွာဘုရား- သာမဏေတစ်ပါးကို မြင်ကြပါသည်ဘုရား”ဟု လျှောက်လတ်သော် “ချစ်သားရဟန်းတို့- ထိုသူသည် သာမဏေမဟုတ်၊ ထိုပုဂ္ဂိုလ်သည် မထေရ်ကြီးသာလျှင် ဖြစ်၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အလွန်လျှင် ငယ်လှပါသည်ဘုရား”ဟု လျှောက်ပြန်လတ်သော် “ချစ်သားရဟန်းတို့- ငါဘုရားသည် ကြီးသောသူ၏ အဖြစ်ဖြင့် မထေရ်ကြီးတို့၏နေရာ၌ နေကာမျှဖြင့် မထေရ်ကြီးဟူ၍ ဟောတော်မမူ၊ အကြင်ပုဂ္ဂိုလ်သည်ကား သစ္စာကို ထိုးထွင်း၍ သိသဖြင့် များစွာသော လူအပေါင်းအား ညှဉ်းဆဲခြင်း မရှိသောသူ၏ အဖြစ်၌တည်၏၊ ဤပုဂ္ဂိုလ်သည် မထေရ်ကြီးမည်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၆၀] န တေန ထေရော သော ဟောတိ၊ ယေနဿ ပလိတံ သိရော။
ပရိပက္ကော ဝယော တဿ၊ မောဃဇိဏ္ဏောတိ ဝုစ္စတိ။

֍ * [၂၆၁] ယမှိ သစ္စဉ္စ ဓမ္မော စ၊ အဟိံသာ သံယမော ဒမော။
သ ဝေ ဝန္တမလော ဓီရော၊ ထေရောဣတိ ပဝုစ္စတိ။

ယေန၊ အကြင်အရွယ်ကြီးခြင်းကြောင့်။ ယဿ၊ အကြင်ရဟန်း၏။ သိရော၊ ဦးခေါင်းသည်။ ပလိတံ၊ ဖွေးဖွေးဖြူသည်။ အဿ၊ ဖြစ်ရာ၏။ တေန၊ ထိုခေါင်းဖြူအောင် အရွယ်ကြီးကာမျှဖြင့်။ သော၊ ထိုပုဂ္ဂိုလ်သည်။ ထေရော၊ မထေရ်ကြီးမည်သည်။ န ဟောတိ၊ မဖြစ်။ တဿ၊ ထိုရဟန်း၏။ ဝယော၊ အရွယ်သည်။ ပရိပက္ကော၊ ရင့်ရော်၏။ သော၊ ထိုရဟန်းကို။ မောဃဇိဏ္ဏောတိ၊ အချည်းနှီး အို၏ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာဖြင့်သိသော သစ္စာလေးပါးသည်လည်းကောင်း။ ဓမ္မော စ၊ မျက်မှောက်ပြုအပ်သော လောကုတ္တရာ ကိုးပါးသည်လည်းကောင်း။ ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ အဟိံသာစ၊ မနှိပ်စက် မညှဉ်းဆဲခြင်းသည် လည်းကောင်း။ သံယမော စ၊ သီလ စောင့်စည်းခြင်းသည်လည်းကောင်း။ ဒမော စ၊ ဣန္ဒြေကို ဆုံးမခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သ-သော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ဝန္တမလော၊ မဂ်ဖြင့် ထွေးအန်ထုတ်ပြီးသော အညစ်အကြေး ရှိ၏။ ဓီရော၊ တည်ကြည်ခြင်းရှိ၏။ သော၊ ထိုပုဂ္ဂိုလ်ကို။ ထေရောဣတိ၊ မြဲမြံခိုင်ခံ့ကြောင်း ရှိသောကြောင့် မထေရ်ကြီးဟူ၍။ ပဝုစ္စတိ၊ အိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုသုံးကျိပ်မျှသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

လကုဏ္ဍကဘဒ္ဒိယမထေရ်ဝတ္ထု ပြီး၏။

֍ * ၅။ များစွာသော ရဟန်းတို့ဝတ္ထု

န ဝါက္ကရဏမတ္တေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပူဇော်သက္ကာရ များလိုသော ရဟန်းများ

အခါတစ်ပါး၌ ပဉ္စင်းငယ်တို့သည်လည်းကောင်း၊ သာမဏေတို့သည်လည်းကောင်း၊ မိမိ၏ စာချဆရာတို့၏သာလျှင် သင်္ကန်းဆိုးရည် ဆိုးခြင်း အစရှိကုန်သော အမှုကြီးငယ်တို့ကို ပြုလုပ်ကြသည်တို့ကို မြင်ရ၍ အချို့သော မထေရ်တို့သည် “ငါတို့လည်း သဒ္ဒါအရာ၌ လိမ္မာကြကုန်၏။ ငါတို့အားသာလျှင် တစ်စုံတစ်ခုသော အမှုကိစ္စသည် မရှိလေ။ ငါတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်တို့သည် သဒ္ဒါအရာ၌ လိမ္မာကြပါကုန်၏။ တစ်ပါးသောသူတို့၏အထံ၌ တရားကို သင်ယူပြီးကုန်သော်လည်း ဤသူတို့၏အထံ၌ မသုတ်သင်ဘဲ မသရဇ္ဈာယ်ကြကုန်လင့်ဟု ရဟန်းငယ်သာမဏေတို့ကို အမိန့်ပေးတော်မူကြပါဘုရား”ဟု ဤသို့ လျှောက်ထားကြရမူကား ကောင်းလေစွ၊ ဤသို့ပြုသည်ရှိသော် ငါတို့အား လာဘ်ပူဇော်သက္ကာရသည် ကြီးပွားပေလတ္တံ့”ဟု ကြံစည်ကြလေကုန်၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုသို့ ကြံစည်သောအတိုင်း လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူရလျှင် “ဤငါဘုရား၏ သာသနာတော်၌ အစဉ်အဆက်ကို စောင့်ရှောက်လိုသည်၏ အစွမ်းဖြင့်သာလျှင် ဤသို့ပြောဆိုခြင်းငှာ ရထိုက်ပေ၏။ ဤရဟန်းတို့သည်ကား လာဘ်ပူဇော်သက္ကာရ၌ မှီသောစိတ် ရှိကြကုန်၏”ဟု သိတော်မူ၍ “ငါဘုရားသည် သင်တို့ကို “စကားပြောတတ်ကာမျှဖြင့် ကောင်းသော သဘောရှိသောသူတို့ ဖြစ်ကုန်၏”ဟု ဟောတော်မမူ။ အကြင်ပုဂ္ဂိုလ်သည် ငြူစူခြင်း အစရှိကုန်သော ထိုအကုသိုလ်တရားတို့ကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်ဖြတ်အပ်ကုန်၏။ ထိုပုဂ္ဂိုလ်သည်သာလျှင် ကောင်းသော သဘောရှိသောသူ ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၆၂] န ဝါက္ကရဏမတ္တေန၊ ဝဏ္ဏပေါက္ခရတာယ ဝါ။
သာဓုရူပေါ နရော ဟောတိ၊ ဣဿုကီ မစ္ဆရီ သဌော။

֍ * [၂၆၃] ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။
သ ဝန္တဒေါသော မေဓာဝီ၊ သာဓုရူပေါတိ ဝုစ္စတိ။

ဝါက္ကရဏမတ္တေန ဝါ၊ စကားကို ပြောဆိုတတ်ကာမျှကြောင့်လည်းကောင်း။ ဝဏ္ဏပေါက္ခရတာယ ဝါ၊ ကိုယ်အဆင်း၏ နှစ်သက်ဖွယ်ရှိသော အဖြစ်ကြောင့်လည်းကောင်း။ ဣဿုကီ၊ ငြူစူခြင်းရှိသော။ မစ္ဆရီ၊ ဝန်တိုခြင်း ငါးပါးရှိသော။ သဌော၊ ကောက်ကျစ်စဉ်းလဲသော။ နရော၊ လူသည်။ သာဓုရူပေါ၊ ကောင်းမြတ်သော သဘောရှိသောသူသည်။ န ဟောတိ၊ မဖြစ်။

ယဿ စ၊ အကြင်ပုဂ္ဂိုလ်သည်လည်း။ ဧတံ၊ ဤငြူစူခြင်းစသော အကုသိုလ်တရားအပေါင်းကို။ သမုစ္ဆိန္နံ၊ အရဟတ္တမဂ်ဖြင့် ဖြတ်အပ်ပြီ။ မူလဃစ္စံ၊ အမြစ်ပြတ်အောင် ပြု၍။ သမူဟတံ၊ ကောင်းစွာ နုတ်အပ်ပြီ။ ဝန္တဒေါသော၊ ထွေးအန်အပ်ပြီးသော အပြစ်ဒေါသရှိသော။ မေဓာဝီ၊ ထက်မြက်သော ဓမ္မောဇပညာဖြင့် ပညာရှိသော။ သ-သော၊ ထိုပုဂ္ဂိုလ်ကို။ သာဓုရူပေါတိ၊ ကောင်းမြတ်သော သဘောရှိသောသူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

(ဝန်တိုခြင်း-မစ္ဆရိယငါးပါး-
၁။ အာဝါသမစ္ဆရိယ၊ ကျောင်း,ဇရပ်,အိမ်,အိပ်ရာနေရာတို့နှင့်စပ်၍ ဝန်တိုခြင်း။
၂။ ကုလမစ္ဆရိယ၊ ဆွေမျိုးအလုပ်အကျွေးတို့နှင့်စပ်၍ ဝန်တိုခြင်း။
၃။ လာဘမစ္ဆရိယ၊ ပစ္စည်းလာဘ်လာဘနှင့်စပ်၍ ဝန်တိုခြင်း။
၄။ ဝဏ္ဏမစ္ဆရိယ၊ ကိုယ်အဆင်း လှပခြင်း, ဂုဏ်သတင်းကြီးခြင်းတို့နှင့်စပ်၍ ဝန်တိုခြင်း။
၅။ ဓမ္မမစ္ဆရိယ၊ ပရိယတ္တိဓမ္မနှင့်စပ်၍ ဝန်တိုခြင်း။ (အဋ္ဌသာလိနီ)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

များစွာသော ရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၆။ ဟတ္ထကရဟန်းဝတ္ထု

န မုဏ္ဍကေန သမဏောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဟတ္ထကအမည်ရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဦးပြည်းကာမျှဖြင့် ရဟန်းမဟုတ်

ထိုဟတ္ထကမည်သော ရဟန်းသည် အယူဝါဒစကား ပြောကြားအံ့ဟု မိမိ၏အကြံအစည်ဖြစ်သော အယူဝါဒဖြင့် အယူဝါဒမတူသော သူတစ်ပါးတို့၏အထံသို့ စေလွှတ်လေ့ရှိ၏၊ “အသင်တို့သည် ဤမည်သော အချိန်အခါ၌ ဤမည်သော အရပ်သို့ လာကြကုန်လော့၊ အယူဝါဒ နှီးနှောပြောဆိုခြင်းကို ပြုကြကုန်စို့အံ့”ဟု ချိန်းချက်ပြောဆို၍ ရှေးဦးမဆွကပင် ထိုအရပ်သို့ သွားနှင့်၍ “ကြည့်ကြစမ်းကုန်လော့၊ တိတ္ထိတို့သည် ငါ့ကို ကြောက်သဖြင့် မလာဝံ့ကြကုန်၊ ဤသို့ မလာဝံ့ခြင်းသည်ပင်လျှင် တိတ္ထိတို့၏ ရှုံးခြင်းဖြစ်၏”ဟု ဤသို့ အစရှိသော စကားတို့ကိုဆိုလျက် အယူဝါဒကို စေလွှတ်လေ့ရှိ၏။ တစ်ပါးသော စကားဖြင့် တစ်ပါးသော စကားကို ဖုံးလွှမ်းလျက် ပြောဆိုလေ့ရှိ၏၊ မြတ်စွာဘုရားသည် “ဟတ္ထကရဟန်းသည် ဤသို့ ပြုလုပ်ဘိ၏”ဟု ကြားတော်မူရလျှင် ထိုဟတ္ထကရဟန်းကို ခေါ်စေတော်မူ၍ “ချစ်သားဟတ္ထက- သင်သည် ဤသို့ ပြုလုပ်သောဟူသည် မှန်သလော”ဟု မေးတော်မူသောကြောင့် “မှန်လှပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “အဘယ့်ကြောင့် ဤသို့ ပြုလုပ်ဘိသနည်း”ဟု အပြစ်တင်တော်မူပြီးလျှင် “ဤသို့ သဘောရှိသော ချွတ်ယွင်းသော စကားကို ပြောဆိုသောသူသည် ဦးခေါင်းပြည်းခြင်း ခေါင်းတုံးပြုခြင်း အစရှိသည်မျှဖြင့်သာလျှင် သာမဏမည်သော ရဟန်းမည်သည် မဖြစ်နိုင်သေး၊ အကြင်ရဟန်းသည်ကား ငယ်ငယ်လည်းကောင်း၊ ကြီးကြီးလည်းကောင်း ဖြစ်ကုန်သော ယုတ်မာသော အကုသိုလ်တို့ကို ငြိမ်းစေလျက် တည်လေ၏၊ ဤရဟန်းသည်သာလျှင် သမဏမည်သော ရဟန်းဖြစ်ပေသည်”ဟု မိန့်တော်မူပြီးလျှင် ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၆၄] န မုဏ္ဍကေန သမဏော၊ သဗ္ဗတော အလိကံ ဘဏံ။
ဣစ္ဆာလောဘသမာပန္နော၊ သမဏာ ကိံ ဘဝိဿတိ။

֍ * [၂၆၅] ယော စ သမေတိ ပါပါနိ၊ အဏုံ ထူလာနိ သဗ္ဗသော။
သမိတတ္တာ ဟိ ပါပါနံ၊ သမဏောတိ ပဝုစ္စတိ။

မုဏ္ဍကေန၊ ဦးခေါင်း ဦးပြည်း ရိတ်ပြီးကာမျှဖြင့်။ သမဏော၊ ရဟန်းမည်သည်။ ၊ မဟုတ်သေး။ သဗ္ဗတော၊ သီလအကျင့် ဓုတင်အကျင့်မှ ကင်းသော။ အလိကံ၊ ချွတ်ယွင်းသော စကားကို။ ဘဏံ-ဘဏန္တော၊ ပြောဆိုတတ်သော။ ဣစ္ဆာလောဘသမာပန္နော၊ အနည်းငယ်သော အာရုံတို့၌ လိုချင်ခြင်းဟူသော ဣစ္ဆာ, များသောအာရုံတို့၌ မက်မောခြင်းဟူသော လောဘနှင့် ပြည့်စုံသောသူသည်။ သမဏော၊ ရဟန်းမည်သည်။ ကိံ ဘဝိဿတိ၊ အဘယ်မှာ ဖြစ်နိုင်အံ့နည်း။

ယောစ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ သဗ္ဗသော-သဗ္ဗာနိ၊ အလုံးစုံကုန်သော။ အဏုံထူလာနိ၊ အငယ်,အကြီး ဖြစ်ကုန်သော။ ပါပါနိ၊ မကောင်းမှုတို့ကို။ သဗ္ဗသော၊ ခပ်သိမ်းသော အပြားအားဖြင့်။ (သဗ္ဗသောကို နှစ်ခါယောဇနာလိုက်သည်)။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ သမေတိ၊ ငြိမ်းစေ၏။ ပါပါနိ၊ မကောင်းမှုတို့ကို။ တသ္မာ သမိတတ္တာ၊ ထိုသို့ ငြိမ်းစေတတ်သည်၏အဖြစ်ကြောင့်။ သမဏောတိ၊ သမဏဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဟတ္ထကရဟန်းဝတ္ထု ပြီး၏။

֍ * ၇။ မထင်ရှားသော ပုဏ္ဏားဝတ္ထု

န တေန ဘိက္ခု သော ဟောတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆွမ်းခံသွားကာမျှဖြင့် ဘိက္ခုမဟုတ်

ထိုပုဏ္ဏားသည် သာသနာတော်မှ အပဖြစ်သော အယူ၌ ရဟန်းပြု၍ ဆွမ်းခံလှည့်လည်သွားစဉ် “ရဟန်းဂေါတမသည် ဆွမ်းအလို့ငှာ လှည့်လည်ကုန်သော မိမိ၏တပည့်တို့ကို ဘိက္ခုဟူ၍ ဆို၏၊ ငါ့ကိုလည်း ဘိက္ခုဟု ဆိုခြင်းငှာ သင့်၏”ဟု ကြံစည်မိလေ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “အို..ရှင်ဂေါတမ- အကျွန်ုပ်သည်လည်း ဆွမ်းခံလှည့်လည်၍ အသက်မွေးပါသည်၊ အကျွန်ုပ်ကိုလည်း ဘိက္ခုဟု ဆိုတော်မူပါလော့”ဟု လျှောက်ဆိုလေ၏၊ ထိုအခါ ပုဏ္ဏားကို မြတ်စွာဘုရားသည် “ပုဏ္ဏား- ငါဘုရားသည် ဆွမ်းခံကာမျှဖြင့် ဘိက္ခုဟူ၍ ဟောတော်မမူ၊ မညီမညွတ်သော၊ ဝါ-အဆိပ်နံ့ရှိသော အကျင့်ကို ဆောက်တည်၍ ကျင့်သောသူသည် ဘိက္ခုမည်သောသူ မဟုတ်သေး၊ အကြင်ပုဂ္ဂိုလ်သည်ကား- အလုံးစုံသော သင်္ခါရတရားတို့၌ ဉာဏ်ပညာဖြင့် ဆင်ခြင်၍ ကျင့်၏၊ ထိုပုဂ္ဂိုလ်သည် ဘိက္ခုမည်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၆၆] န တေန ဘိက္ခု သော ဟောတိ၊ ယာဝတာ ဘိက္ခတေ ပရေ။
ဝိဿံ ဓမ္မံ သမာဒါယ၊ ဘိက္ခု ဟောတိ န တာဝတာ။

֍ * [၂၆၇] ယောဓ ပုညဉ္စ ပါပဉ္စ၊ ဗာဟေတွာ ဗြဟ္မစရိယဝါ။
သင်္ခါယ လောကေ စရတိ၊ သ ဝေ ဘိက္ခူတိ ဝုစ္စတိ။

ယာဝတာ၊ အကြင်မျှလောက်သော အကြောင်းဖြင့်။ ယော၊ အကြင်သူသည်။ ပရေ၊ သူတစ်ပါးတို့ကို။ ဘိက္ခတေ၊ တောင်းစားတတ်၏။ တေန၊ ထိုမျှလောက်သော တောင်းစားတတ်ကာမျှ အကြောင်းဖြင့်။ သော၊ ထိုသူသည်။ ဘိက္ခု၊ ဘိက္ခုမည်သည်။ န ဟောတိ၊ မဖြစ်။ ဝိဿံ၊ မညီမညွတ်သော။ ဝါ၊ အဆိပ်နံ့မကင်းသော။ ဓမ္မံ၊ ကာယကံစသော မကောင်းသောအကျင့်ကို။ သမာဒါယ၊ ဆောက်တည်၍။ စရန္တော၊ ကျင့်သောသူသည်။ တာဝတာ၊ ထိုမျှလောက်ဖြင့်။ ဘိက္ခု၊ ဘိက္ခုမည်သည်။ န ဟောတိ၊ မဖြစ်။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓ၊ ဤသာသနာတော်၌။ ပုညဉ္စ၊ ကောင်းမှုကိုလည်းကောင်း။ ပါပဉ္စ၊ မကောင်းမှုကိုလည်းကောင်း။ ဗာဟေတွာ၊ မဂ်ဉာဏ်ဖြင့် အပပြု၍။ ဗြဟ္မစရိယဝါ၊ မြတ်သောအကျင့်ကို ကျင့်သုံးခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ လောကေ၊ ခန္ဓာစသော လောက၌။ သင်္ခါယ၊ ပညာဖြင့် ဆင်ခြင်၍။ စရတိ၊ ကျင့်၏။ သော၊ ထိုပုဂ္ဂိုလ်ကို။ ဝေ၊ စင်စစ်။ ဘိက္ခူတိ၊ ဘိက္ခုဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မထင်ရှားသော ပုဏ္ဏားဝတ္ထု ပြီး၏။

֍ * ၈။ တိတ္ထိတို့ဝတ္ထု

န မောနေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိတ္ထိတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ထိုတိတ္ထိတို့သည် စားသောက်ရာဖြစ်သော နေရာအရပ်၌ လူတို့အား “ဘေးရန်ကင်းခြင်းသည် ဖြစ်ပါစေသတည်း၊ ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း၊ အသက်ရှည်ပါစေသတည်း၊ ဤမည်သောအရပ်၌ ရွှံ့ညွန်သည် ရှိ၏၊ ဤမည်သောအရပ်၌ ဆူးငြောင့်သည် ရှိ၏၊ ဤသို့ သဘောရှိသည် မည်သောအရပ်သို့ သွားရောက်ခြင်းငှာမသင့်၊” ဤသို့ အစရှိသောနည်းဖြင့် မင်္ဂလာစကား ပြောကြားမြွက်ဆို၍ ဖဲသွားကြကုန်၏၊ ရဟန်းတို့သည်ကား ပထမဗောဓိ၌ တရားဟော အနုမောဒနာပြုခြင်း စသည်တို့ကို ခွင့်ပြုတော်မမူသောကာလ၊ ဆွမ်းစားဇရပ်၌ လူတို့အား တရားဟော အနုမောဒနာပြုခြင်းကို မပြုမူ၍ ဖဲသွားကြကုန်၏။ လူတို့သည် “ငါတို့ကား တိတ္ထိတို့၏အထံမှ မင်္ဂလာစကားကို ကြားနာကြရကုန်၏။ အရှင်ကောင်းတို့သည်ကား ဆိတ်ဆိတ်နေလျက်သာ ဖဲကြွသွားကြကုန်၏”ဟု ကဲ့ရဲ့ကြလေကုန်၏၊ ရဟန်းတို့သည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

တရားဟောရန် ခွင့်ပြုခြင်း

မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤနေ့မှစ၍ ဆွမ်းစားဇရပ် စသည်တို့၌ ချမ်းသာသည်အားလျော်စွာ အလိုရှိတိုင်း တရားဟော အနုမောဒနာပြုခြင်းကို ပြုကြကုန်လော့၊ အနီး၌ ချဉ်းကပ်နေထိုင်လာသောသူအား တရားစကား ပြောကြားခြင်းကို ပြုကြကုန်လော့၊ တရားတော်ကို ဟောကြားကြကုန်လော့”ဟု ခွင့်ပြုတော်မူ၏၊ ရဟန်းတို့သည် ထိုဘုရားရှင် ခွင့်ပြုတော်မူတိုင်း ဟောကြားကြလေကုန်၏။ လူတို့သည် အနုမောဒနာစသော တရားတို့ကို နာကြားကြရကုန်သောကြောင့် အားထုတ်ခြင်းသို့ ရောက်ကုန်သည်ဖြစ်၍ ရဟန်းတို့ကို ပင့်ဖိတ်ပြီးလျှင် ပူဇော်သက္ကာရကို ပြုကုန်လျက် သွားလာလှည့်လည်ကြကုန်၏။

ဆိတ်ဆိတ်နေကာမျှဖြင့် အကျင့်မြတ်ရှိသူဟု မဆိုနိုင်

တိတ္ထိတို့သည်ကား “ငါတို့သည် မုနိမည်သော အကျင့်ကို ကျင့်ကုန်လျက် ဆိတ်ဆိတ်နေခြင်းကို ပြုကြကုန်၏။ ရဟန်းဂေါတမ၏ တပည့်သာဝကတို့သည်ကား ဆွမ်းစားဇရပ် စသည်တို့၌ များစွာသောစကားကို ဆိုကုန်လျက် သွားလာလှည့်လည်ကြကုန်ဘိ၏”ဟု ကဲ့ရဲ့ကြလေကုန်၏၊ ဘုရားရှင်သည် ထိုအကြောင်းကို ကြားသိတော်မူရလျှင် “ချစ်သားရဟန်းတို့- ငါဘုရားသည် ဆိတ်ဆိတ်နေကာမျှဖြင့် မုနိမည်၏ဟူ၍ ဟောတော်မမူ၊ အချို့သောသူတို့သည် မသိကြကုန်သောကြောင့် မပြောဆိုတတ်ကြကုန်၊ အချို့သောသူတို့သည် ကြောက်ရွံ့ခြင်း မကင်းသောကြောင့် မပြောဆိုဝံ့ကြကုန်၊ အချို့သောသူတို့သည် ဆိတ်ဆိတ်နေခြင်းဖြင့် လွန်ကဲသော အနက်ရှိသော ဤအကြောင်းအရာကို သူတစ်ပါးတို့သည် မသိကြပါစေကုန်သတည်းဟု ဝန်တိုသောကြောင့် မပြောဆိုကြကုန်၊ ထို့ကြောင့် ဆိတ်ဆိတ်နေကာမျှဖြင့် မုနိမည်သောသူ မဟုတ်သေး၊ မကောင်းမှုကို ငြိမ်းစေသည်၏အဖြစ်ဖြင့်သာ မုနိမည်သောသူဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၆၈] န မောနေန မုနိ ဟောတိ၊ မူဠှရူပေါ အဝိဒ္ဒသု။
ယော စ တုလံဝ ပဂ္ဂယှ၊ ဝရမာဒါယ ပဏ္ဍိတော။

֍ * [၂၆၉] ပါပါနိ ပရိဝဇ္ဇေတိ၊ သ မုနီ တေန သော မုနိ။
ယော မုနာတိ ဥဘော လောကေ၊ မုနိ တေန ပဝုစ္စတိ။

မူဠှရူပေါ၊ အချည်းနှီးသော သဘောရှိသော။ အဝိဒ္ဒသု၊ သိကြားလိမ္မာခြင်း ကင်းသောသူသည်။ မောနေန၊ ဆိတ်ဆိတ်နေသဖြင့်။ မုနိ၊ မုနိမည်သည်။ န ဟောတိ၊ မဖြစ်။

(မောနေယျအကျင့်ဟု ဆိုအပ်သော မဂ်ဉာဏ်ဖြင့် ဆိတ်ဆိတ်နေမှသာ စင်စစ် မုနိမည်၏၊ အကျင့်ကင်းလျက် ဆိတ်ဆိတ်နေသဖြင့် မုနိမမည်။ အချည်းနှီးသော သဘောရှိသောသူ အသိအလိမ္မာ ဉာဏ်ပညာကင်းသောသူသာဖြစ်၏ဟူလို။)

ယော စ ပဏ္ဍိတော၊ အကြင်ပညာရှိသောသူသည်ကား။ တုလံ၊ ချိန်ကို။ ပဂ္ဂယှ၊ ချီမြှောက်၍။ ဌိတော ဝိယ၊ တည်သောသူကဲ့သို့။ ဟုတွာ၊ ဖြစ်၍။ ဝရံ၊ မြတ်သောတရားကို။ အာဒါယ၊ ယူ၍။ ပါပါနိ၊ မကောင်းမှု အကုသိုလ်တို့ကို။ ပရိဝဇ္ဇေတိ၊ ကြဉ်၏။ တေန၊ ထို့ကြောင့်။ သော ပဏ္ဍိတော၊ ထိုပညာရှိသောသူသည်။ မုနီ၊ မုနိ မည်၏။

(ဥပမာကား- ချိန်ခွင်ကို ကိုင်ယူလျက် တည်သောသူသည် လွန်လျှင် ဆောင်ယူတတ်၏၊ ယုတ်မူ ဖြည့်စွက်တတ်၏၊ ဤအတူ အကြင်ပုဂ္ဂိုလ်သည် လွန်လျှင် ထုတ်ဆောင်သကဲ့သို့ မကောင်းမှုကို ထုတ်ဆောင်တတ်၏။ ရှောင်ကြဉ်တတ်၏၊ ယုတ်မူ ဖြည့်စွက်သကဲ့သို့ ကုသိုလ်ကို ပြည့်အောင် ဖြည့်ကျင့်တတ်၏၊ ဤသို့ပြုသည်ရှိသော် သီလ သမာဓိ ပညာ ဝိမုတ္တိဉာဏဒဿနဟု ဆိုအပ်သော မြတ်သောတရားကိုသာယူ၍ မကောင်းမှု အကုသိုလ်ကံတို့ကို ရှောင်ကြဉ်နိုင်၏၊ ထိုဆိုအပ်ပြီးသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ်သည် မုနိမည်၏ဟူလို။)

ယောမုနိ၊ အကြင်ရဟန်းသည်။ ဥဘော လောကေ၊ အဇ္ဈတ္တိကခန္ဓာ, ဗာဟိရခန္ဓာဟု ဆိုအပ်သော နှစ်ပါးသော လောကတို့ကို။ မုနာတိ၊ သိ၏။ တေန၊ ထို့ကြောင့်။ သောမုနိ၊ ထိုရဟန်းကို။ မုနိ၊ မုနိဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

တိတ္ထိတို့ဝတ္ထု ပြီး၏။

֍ * ၉။ အရိယာမည်သော တံငါသည်ဝတ္ထု

န တေန အရိယော ဟောတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တစ်ယောက်သော အရိယာအမည်ရှိသော တံငါသည်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူ့အသက် သတ်နေသူ အရိယာမဟုတ်

တစ်နေ့သ၌ မြတ်စွာဘုရားသည် အရိယာမည်သော တံငါသည်၏ သောတာပတ္တိမဂ်နှင့် ပြည့်စုံလတ္တံ့သော အကြောင်း ဥပနိဿယကို မြင်တော်မူရ၍ သာဝတ္ထိပြည်၏ မြောက်ဘက်တံခါးအနီး ရွာ၌ ဆွမ်းအလို့ငှာ ကြွသွားလှည့်လည်တော်မူပြီးလျှင် ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျက် ထိုရွာမှ ပြန်ကြွလာတော်မူလေ၏။ ထိုခဏ၌ တံငါသည်သည် ငါးမျှားတံဖြင့် ငါးတို့ကို ဖမ်းယူလျက် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို မြင်ရလျှင် ငါးမျှားတံကို စွန့်ပစ်၍ ရပ်တည်နေလေ၏၊ မြတ်စွာဘုရားသည် ထိုတံငါသည်၏ မနီးမဝေးသောအရပ်၌ ဆုတ်နစ်၍ ရပ်တော်မူလျက် “သင်သည် အဘယ်အမည် ရှိသနည်း”ဟု ရှင်သာရိပုတ္တရာမထေရ် စသည်တို့၏ အမည်တို့ကို မေးတော်မူလေ၏၊ ထိုရှင်သာရိပုတ္တရာ စသော မထေရ်တို့သည်လည်း “တပည့်တော်ကား သာရိပုတ္တရာ အမည်ရှိပါသည်ဘုရား၊ တပည့်တော်ကား မောဂ္ဂလာန် အမည်ရှိပါသည်ဘုရား၊” ဤသို့ အစရှိသဖြင့် မိမိ၏အမည်တို့ကို လျှောက်ကြားကြလေကုန်၏၊ တံငါသည်သည် “မြတ်စွာဘုရားကား အလုံးစုံသောသူတို့၏ အမည်တို့ကို မေးမြန်းတော်မူ၏။ ငါ့ကိုလည်း အမည်ကို မေးကောင်း မေးလိမ့်မည်လား မသိ”ဟု ကြံမိလေ၏။ မြတ်စွာဘုရားသည် ထိုတံငါသည်၏အလိုကို သိတော်မူ၍ “ဒါယကာ- သင်ကား အဘယ်အမည်ရှိသောသူ ဖြစ်သနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- တပည့်တော်သည် အရိယာမည်သောသူ ဖြစ်ပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ဒါယကာ- ထိုသို့သဘောရှိသော သူ့အသက်ကို သတ်လေ့ရှိသော သူတို့သည် အရိယာမည်သောသူတို့ မဖြစ်ကြကုန်၊ အရိယာတို့မည်သည်ကား များစွာသော သူအပေါင်းအား ညှဉ်းဆဲခြင်းမရှိသောအဖြစ်၌ တည်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၇၀] န တေန အရိယော ဟောတိ၊ ယေန ပါဏာနိ ဟိံသတိ။
အဟိံသာ သဗ္ဗပါဏာနံ၊ အရိယောတိ ပဝုစ္စတိ။

ယေန၊ အကြင်အကြောင်းကြောင့်။ ပါဏာနိ၊ သတ္တဝါတို့ကို။ ဟိံသတိ၊ ညှဉ်းဆဲနှိပ်စက်၏။ တေန၊ ထိုညှဉ်းဆဲခြင်း အကြောင်းကြောင့်။ အရိယော၊ အရိယာမည်သည်။ န ဟောတိ၊ မဖြစ်။ သဗ္ဗပါဏာနံ၊ အလုံးစုံသော သတ္တဝါတို့ကို။ အဟိံသာ၊ မညှဉ်းဆဲ မနှိပ်စက်ခြင်းကြောင့်။ အရိယောတိ၊ အရိယာဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အရိယာမည်သော တံငါသည်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

အရိယာမည်သော တံငါသည်ဝတ္ထု ပြီး၏။

֍ * ၁၀။ သီလစသည်နှင့် ပြည့်စုံသော များစွာသော ရဟန်းတို့ဝတ္ထု

န သီလဗ္ဗတမတ္တေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော သီလစသည်နှင့် ပြည့်စုံကြကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အာသဝေါမကုန်သေးသမျှ မချမ်းသာသေး

ထိုရဟန်းတို့တွင် အချို့သော ရဟန်းတို့အား “ငါတို့သည် ပြည့်စုံသော သီလရှိကြကုန်၏၊ ငါတို့သည် ဓုတင်ဆောင်တို့ ဖြစ်ကြကုန်၏၊ ငါတို့သည် များသော အကြားအမြင် ဗဟုသုတ ရှိကြကုန်၏၊ ငါတို့သည် ဆိတ်ငြိမ်သော ကျောင်း၌ နေလေ့ရှိကြကုန်၏၊ ငါတို့သည် ဈာန်ရပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်၏၊ ငါတို့အား အရဟတ္တဖိုလ်သည် ရနိုင်ခဲမည်မဟုတ်၊ အလိုရှိအပ်သော နေ့၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်နိုင်ကြကုန်လတ္တံ့”ဟု ဤသို့သော အကြံအစည်သည် ဖြစ်လေ၏။ ထိုရဟန်းတို့တွင် အကြင်ရဟန်းတို့သည် အနာဂါမ်ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်၏၊ ထိုအနာဂါမ်ပုဂ္ဂိုလ်ဖြစ်သော ရဟန်းတို့အားလည်း “ငါတို့အား ယခုအခါ အရဟတ္တဖိုလ်သည် ရခြင်းငှာ ခဲယဉ်းတော့မည်မဟုတ်”ဟု ဤသို့သော အကြံသည် ဖြစ်လေ၏၊ ထိုအလုံးစုံသော ရဟန်းတို့သည်လည်း တစ်နေ့သ၌ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးကာ နေကြကုန်သည်ဖြစ်၍ “ချစ်သားရဟန်းတို့- သင်တို့အား ရဟန်းကိစ္စသည် စင်စစ် အပြီးအဆုံးသို့ ရောက်ပြီလော”ဟု မြတ်စွာဘုရားသည် မေးတော်မူအပ်ကုန်သည်ရှိသော် ရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့သည် “ဤသို့သဘောရှိသော ရဟန်း, ဤသို့သဘောရှိသော ရဟန်းတို့ ဖြစ်ကြပါကုန်၏၊ ထို့ကြောင့် အလိုရှိအပ်, အလိုရှိအပ်သော ခဏ၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှာ စွမ်းနိုင်ကြကုန်၏”ဟု ကြံစည်လျက် နေကြပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူရလျှင် “ချစ်သားရဟန်းတို့ -ရဟန်းမည်သည်ကား ထက်ဝန်းကျင် စင်ကြယ်သော စတုပါရိသုဒ္ဓိသီလရှိသောသူ စသည် ဖြစ်ကာမျှဖြင့်လည်းကောင်း၊ အနာဂါမိဖိုလ်တည်း ဟူသော ချမ်းသာသို့ ရောက်ကာမျှဖြင့်လည်းကောင်း ငါတို့အား ဝဋ်ဘဝ၌ဖြစ်သော ဆင်းရဲသည် နည်းပါးပြီဟု ပြောဆိုခြင်းငှာ မသင့်၊ အာသဝေါကုန်ခြင်းသို့ မရောက်ရသေးမူ ငါသည် ချမ်းသာခြင်းသို့ ရောက်သောသူ ဖြစ်ပြီဟူ၍ စိတ်ကို မဖြစ်စေအပ်”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၇၁] န သီလဗ္ဗတမတ္တေန၊ ဗာဟုသစ္စေန ဝါ ပန။
အထဝါ သမာဓိလာဘေန၊ ဝိဝိတ္တသယနေန ဝါ။

֍ * [၂၇၂] ဖုသာမိ နေက္ခမ္မသုခံ၊ အပုထုဇ္ဇနသေဝိတံ။
ဘိက္ခု ဝိဿာသမာပါဒိ၊ အပ္ပတ္တော အာသဝက္ခယံ။

ဘိက္ခု၊ ချစ်သားရဟန်း။ (ထိုရဟန်းအများတို့တွင် တစ်ပါးပါးကို ခေါ်လိုသဖြင့် ဧကဝုစ်စကား မိန့်တော်မူသည်)။ သီလဗ္ဗတမတ္တေန ဝါ၊ သီလလေးပါး, ဓုတင်အကျင့် တစ်ဆယ့်သုံးပါးမျှဖြင့်လည်းကောင်း။ ဗာဟုသစ္စေနဝါ၊ ပိဋကတ်သုံးပုံကို သင်ယူနိုင်ခြင်းဖြင့်လည်းကောင်း။ သမာဓိလာဘေန ဝါ၊ ရှစ်ပါးသော သမာပတ်ကို ရခြင်းဖြင့်လည်းကောင်း။ ဝိဝိတ္တသယနေန ဝါ၊ ဆိတ်ငြိမ်ရာ တောကျောင်း၌ နေခြင်းဖြင့်လည်းကောင်း။ (ပန-အထဝါတို့ကို ချန်လိုက်သည်။)

အပုထုဇ္ဇနသေဝိတံ၊ ပုထုဇဉ်တို့သည် မမှီဝဲအပ်သော။ ဝါ၊ အရိယာတို့သာ မှီဝဲအပ်သော။ နေက္ခမ္မသုခံ၊ အနာဂါမိဖိုလ်ချမ်းသာသို့။ ဖုသာမိ၊ ရောက်၏။ ဣတိ ဧတ္တကမတ္တေန ဝါ၊ ဤသို့ အနာဂါမိဖိုလ်ချမ်းသာကို ရခြင်းမျှဖြင့်လည်းကောင်း။ ဘိက္ခု၊ ချစ်သားရဟန်း။ အာသဝက္ခယံ၊ အရဟတ္တဖိုလ်ချမ်းသာသို့။ အပ္ပတ္တော၊ မရောက်ရသေးမူ။ ဝိဿာသံ၊ ဘဝ၌ ချစ်ကျွမ်းဝင်ခြင်းသို့။ န အာပါဒိ၊ မရောက်စေလင့်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုများစွာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သီလစသည်နှင့်ပြည့်စုံသော များစွာသော ရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၁။ ရဟန်းငါးရာဝတ္ထု

မဂ္ဂါနဋ္ဌင်္ဂိကောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ငါးရာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စကား၌ တရားပါအောင် ပြုခြင်း

ထိုရဟန်း ငါးရာတို့သည် မြတ်စွာဘုရားသည် ဇနပုဒ်သို့ ဒေသစာရီ ကြွချီတော်မူပြီး၍ တစ်ဖန် သာဝတ္ထိပြည်သို့ ရောက်လာတော်မူလတ်သည်ရှိသော် ခစားလုပ်ကျွေး စည်းဝေးရာဇရပ်၌ နေထိုင်ကြကုန်လျက် “ဤမည်သောရွာမှ ဤမည်သောရွာသို့ သွားသောလမ်းခရီးသည် ညီညွတ်၏၊ ဤမည်သောရွာသို့သွားသော လမ်းခရီးသည် မညီမညွတ်၊ ကျောက်စရစ် ရှိ၏၊ ကျောက်စရစ် မရှိ၊” ဤသို့ အစရှိသောနည်းဖြင့် မိမိ၏ သွားလာလှည့်လည်အပ်သော လမ်းခရီးကို အကြောင်းပြု၍ လမ်းခရီးနှင့်စပ်သော စကားကို ပြောကြားကြကုန်သတတ်၊ မြတ်စွာဘုရားသည် ထိုငါးရာသော ရဟန်းတို့၏ အရဟတ္တဖိုလ်သို့ ရောက်အံ့သော အကြောင်း ဥပနိဿယကို မြင်တော်မူသဖြင့် ထိုခစားလုပ်ကျွေး စည်းဝေးရာဇရပ်သို့ ကြွလာတော်မူပြီးလျှင် ခင်းထားအပ်သော ဘုရားနေရာ၌ နေတော်မူလျက် “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာတော်မူဆဲသောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤခရီးသည် အပ ဖြစ်သော လမ်းခရီးဖြစ်၏၊ ရဟန်းမည်သည်ကား အရိယာပုဂ္ဂိုလ်တို့၏ သွားရာဖြစ်သော လမ်းခရီး၌ ပြုအပ်သောအမှုကို ပြုခြင်းငှာ သင့်လျော်၏”ဟု မိန့်တော်မူပြီးလျှင် “ဤသို့ ပြုသော ရဟန်းသည် အလုံးစုံသော ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၇၃] မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။
ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒိပဒါနဉ္စ စက္ခုမာ။

֍ * [၂၇၄] ဧသေဝ မဂ္ဂေါ နတ္ထညော၊ ဒဿနဿ ဝိသုဒ္ဓိယာ။
ဧတဉှိ တုမှေ ပဋိပဇ္ဇထ၊ မာရဿေတံ ပမောဟနံ။

֍ * [၂၇၅] ဧတဉှိ တုမှေ ပဋိပန္နာ၊ ဒုက္ခဿန္တံ ကရိဿထ။
အက္ခာတော ဝေါ မယာ မဂ္ဂေါ၊ အညာယ သလ္လကန္တနံ။

֍ * [၂၇၆] တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ ဈာယိနော မာရဗန္ဓနာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ မဂ္ဂါနံ၊ မဂ်တို့တွင်။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်သည်။ သေဋ္ဌော၊ မြတ်၏။

(ခြေကြောင်းခရီးဟူသော ဇင်္ဃမဂ်၊ လှည်းကြောင်းခရီးဟူသော သကဋမဂ် စသည်တို့မူလည်း ဖြစ်စေ၊ ဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးဟူသော ဒိဋ္ဌိသဟဂတ မဂ်တို့မူလည်း ဖြစ်စေ အလုံးစုံသော မဂ်တို့တွင် အကြင်မဂ်သည် သမ္မာဒိဋ္ဌိစသော ရှစ်ပါးဖြင့် မိစ္ဆာဒိဋ္ဌိစသော ရှစ်ပါးတို့ကို နိဗ္ဗာန်အာရုံပြုလျက် ပယ်၏။ သစ္စာလေးပါးတို့တွင်လည်း ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းကိစ္စ, သမုဒယသစ္စာကို ပယ်ခြင်းကိစ္စ, နိရောဓသစ္စာကို မျက်မှောက်ပြုခြင်းကိစ္စ, မဂ္ဂသစ္စာကို ပွားများခြင်းကိစ္စကို ပြီးစေနိုင်၏၊ အင်္ဂါရှစ်ပါးရှိသော ထိုမဂ်သည် အထူးသဖြင့် မြတ်၏ဟူလို။)

သစ္စာနံ၊ သစ္စာတို့တွင်။ စတုရော ပဒါ၊ သစ္စာလေးပိုဒ်တို့သည်။ သေဋ္ဌာ၊ မြတ်ကြကုန်၏။

<(b>သစ္စံ ဘဏေ န ကုဇ္ဈေယျ၊ မှန်သော စကားကို ဆိုရာ၏၊ အမျက်မထွက်ရာ၊ စသည်၌ဖြစ်သော စကားဟူသော သစ္စာဖြစ်စေ။
သစ္စော ဗြာဟ္မဏော သစ္စော ခတ္တိယော၊ သစ္စမည်သော ပုဏ္ဏား၊ သစ္စမည်သောမင်း စသည်အပြားရှိသော အမည်နာမ ပညတ်ဟူသော သစ္စာဖြစ်စေ။
ဣဒမေဝ သစ္စံ မောဃမညံ၊ ဤအယူသာ မှန်၏၊ သူတစ်ပါး၏ အယူသည် အလကား အချည်းနှီးဖြစ်၏ဟူသော အမှန်မဟုတ်ဘဲ မှန်၏ဟု အထင်မှားသော ဒိဋ္ဌိဟူသော သစ္စာဖြစ်စေ။
ဒုက္ခံ အရိယသစ္စံ၊ ဒုက္ခဟူသော အရိယသစ္စာ စသည် အပြားရှိသော မဖောက်ပြန်သော ပရမတ် သစ္စာဖြစ်စေ၊ အလုံးစုံသော သစ္စာတို့တွင် ပိုင်းခြား၍သိအပ်သော အနက်ကြောင့်လည်းကောင်း၊ မျက်မှောက်ပြုအပ်သော အနက်ကြောင့်လည်းကောင်း၊ ပယ်အပ်သော အနက်ကြောင့်လည်းကောင်း၊ ပွားများအပ်သော အနက်ကြောင့်လည်းကောင်း၊ အမြတ်ကို ထိုးထွင်း၍သိခြင်း အနက်ကြောင့်လည်းကောင်း “ဒုက္ခံ အရိယသစ္စံ” စသော လေးပုဒ်လေးပိုဒ်တို့သည် အထူးသဖြင့် မြတ်သည် မည်ကုန်၏ဟူလို။)

ဓမ္မာနံ၊ တရားတို့တွင်။ ဝိရောဂေါ၊ ရာဂကင်းရာ နိဗ္ဗာန်သည်။ သေဋ္ဌော၊ မြတ်၏။

(ချစ်သားရဟန်းတို့ အကြင်မျှလောက် ပြုပြင်ခြင်းရှိသော တရားတို့သည်လည်းကောင်း၊ ပြုပြင်ခြင်းမရှိသော တရားတို့သည်လည်းကောင်း ရှိကြကုန်၏၊ ထိုရှိသမျှတို့တွင် ရာဂကင်းရာ နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍ ဟောကြားအပ်၏ဟု ဘုရားဟောသောကြောင့် တရားတို့တွင် နိဗ္ဗာန်သည် အလွန်မြတ်၏ဟူလို။)

ဒွိပဒါနဉ္စ၊ အခြေ နှစ်ချောင်းရှိကုန်သော သူတို့တွင်လည်း။ စက္ခုမာ၊ စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရားသည်။ သေဋ္ဌော၊ မြတ်၏။

(ဒွိပဒါနဉ္စ ဟူသောပုဒ်၌ ပါရှိသော “စ”သဒ္ဒါသည် ပေါင်းစုခြင်းအနက်ရှိ၏၊ နာမ်တရားတို့ကို ပေါင်းစုလေ၏။ ထို့ကြောင့် အရူပဓမ္မ မည်သော နာမ်တရားတို့တွင်လည်း နာမ်တရားတို့ထက်လည်း ဘုရားရှင်သာ အလွန်မြတ်၏ ဟူလို။)

ဒဿနဿ၊ မဂ်ဖိုလ်တည်းဟူသော ဒဿန၏။ ဝိသုဒ္ဓိယာ၊ စင်ကြယ်စိမ့်သောငှာ။ ဧသောဧဝ၊ ဤအဋ္ဌင်္ဂိကမဂ်သည်သာလျှင်။ မဂ္ဂေါ၊ လမ်းခရီးမည်၏။ အညော၊ အဋ္ဌင်္ဂိကမဂ်မှ တစ်ပါးသော။ မဂ္ဂေါ၊ လမ်းခရီးသည်။ နတ္ထိ၊ မရှိ။ ဧတံ၊ ဤအဋ္ဌင်္ဂိကမဂ် လမ်းခရီးကိုသာလျှင်။ တုမှေ၊ သင်တို့သည်။ ပဋိပဇ္ဇထ၊ သွားကြ,ကျင့်ကြကုန်လော့။ ဧတံ၊ ထိုမဂ္ဂင်လမ်းမကို သွားကြ,ကျင့်ကြခြင်းသည်။ မာရဿ၊ မာရ်နတ်ကို။ ပမောဟနံ၊ နှောင်ဖွဲ့ခြင်းသည်။ ဟောတိ၊ ဖြစ်၏။

ဟိ၊ ထိုစကားသင့်စွ။ ဧတံ၊ ဤအဋ္ဌင်္ဂိကမဂ်လမ်းမကို။ တုမှေ၊ သင်တို့သည်။ ပဋိပန္နာ၊ သွားကြ,ကျင့်ကြကုန်သည်ရှိသော်။ ဒုက္ခဿ၊ အလုံးစုံသော ဝဋ်ဆင်းရဲ၏။ အန္တံ၊ အပိုင်းအခြားကို။ ကရိဿထ၊ ပြုကြရကုန်လတ္တံ့။ သလ္လကန္တနံ၊ ရာဂအစရှိသော ငြောင့်ကို နုတ်နိုင်ကြောင်း မဂ်ကို။ အညာယ၊ သိ၍။

(သူတစ်ပါးထံမှ တစ်ဆင့်ကြား စသည်ကို ကြဉ်ဖယ်၍ မိမိ မျက်မှောက်အားဖြင့် သိပြီးသားဖြစ်၍ဟူလို။)

မဂ္ဂေါ၊ ဤအဋ္ဌင်္ဂိကမဂ်လမ်းကို။ ဝေါ၊ သင်ချစ်သားတို့အား။ မယာ၊ ငါဘုရားသည်။ အက္ခာတော၊ ဟောကြားအပ်၏။

တုမှေဟိ၊ သင်တို့သည်။ အာတပ္ပံ၊ ကိလေသာကို ပူပန်စေတတ်သောလုံ့လကို။ ကိစ္စံ၊ ပြုအပ်၏။

(မဖြစ်သေးသော အကုသိုလ်တို့ကို မဖြစ်စိမ့်သောငှာလည်းကောင်း, ဖြစ်ပြီးသော အကုသိုလ်တို့ကို ပယ်ဖျောက်စိမ့်သောငှာလည်းကောင်း အားထုတ်တတ်သော လုံ့လဝီရိယကိုပင် ကိလေသာကို လောင်ကျွမ်းအောင် ရှို့မြိုက်တတ်သောကြောင့် အာတပဟု ခေါ်သည်။ ထိုမဂ်ရအောင် ဤအာတပကို အားထုတ်ရမည်ဟူလို။)

တထာဂတာ၊ မြတ်စွာဘုရားတို့သည်။ အက္ခာတာရော၊ ဟောကြားတတ်ကြကုန်၏။ ပဋိပန္နာ၊ ဘုရားဟောတိုင်း လိုက်နာ၍ ကျင့်ကြကုန်သော။ ဈာယိနော၊ နှစ်ပါးသောဈာန် ရှိကြကုန်သော ပုဂ္ဂိုလ်တို့သည်။ မာရဗန္ဓနာ၊ မာရ်မင်း၏ အနှောင်အဖွဲ့မှ။ ပမောက္ခန္တိ၊ လွတ်နိုင်ကြကုန်၏။

(ဘုရားရှင်တို့သည် သက်သက် ဟောကြားတတ်ကုန်၏၊ (သူတို့အတွက် ပြီးပြီ။) ထို့ကြောင့် ထိုဘုရားရှင်တို့ ဟောအပ်သော အစွမ်းအားဖြင့်သာလျှင် ကျင့်ကြကုန်သော သမထဈာန် ဝိပဿနာဈာန် နှစ်ပါးဖြင့် ဈာန်ဝင်စား အားထုတ်ကြကုန်သော သူတို့သည် တေဘုမ္မကဝဋ်ဆင်းရဲ ဟူသော မာရ်မင်းအနှောင်အဖွဲ့မှ လွတ်နိုင်ကြမည်ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

ရဟန်းငါးရာဝတ္ထု ပြီး၏။

֍ * ၂။ အနိစ္စလက္ခဏာဝတ္ထု

သဗ္ဗေ သင်္ခါရာ အနိစ္စာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ငါးရာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အနိစ္စဟု အားထုတ်ဖူးခြင်း အကျိုး

ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ သွားကြပြီးလျှင် တော၌ လုံ့လကြိုးကုတ် အားထုတ်ကြကုန်သော်လည်း အရဟတ္တဖိုလ်သို့ မရောက်နိုင်ခြင်းကြောင့် “အထူးပြု၍ ကမ္မဋ္ဌာန်းကို သင်ယူကြကုန်စို့အံ့”ဟု ရောက်လာကြကုန်သတတ်၊ မြတ်စွာဘုရားသည် “အဘယ်ကမ္မဋ္ဌာန်းသည်လျှင် ဤရဟန်းတို့အား လျောက်ပတ်သနည်း”ဟု စူးစမ်းဆင်ခြင်တော်မူလတ်သည်ရှိသော် “ဤရဟန်းတို့သည် ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ အနှစ် နှစ်သောင်းတို့ပတ်လုံး အနိစ္စလက္ခဏာ၌ လုံ့လပြုကြဖူးကုန်၏၊ ထို့ကြောင့် အနိစ္စလက္ခဏာဖြင့်သာလျှင် ထိုရဟန်းတို့အား တစ်ခုသောဂါထာကို ဟောခြင်းငှာ သင့်၏”ဟု ကြံတော်မူ၍ “ချစ်သားရဟန်းတို့- ကာမဘဝ အစရှိသည်တို့၌ အလုံးစုံသော သင်္ခါရတရားတို့သည် ဖြစ်ပြီးလျှင် မရှိခြင်းဟူသော အနက်သဘောကြောင့် အနိစ္စသာလျှင် ဖြစ်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၇၇] သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့သည်။ အနိစ္စာ၊ အမြဲမရှိကြကုန်။ ဣတိ၊ ဤသို့။ ယဒါ၊ အကြင်အခါ၌။ ပညာယ၊ ဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှုမြင်၏။ အထ၊ ထိုသို့ ရှုမြင်သည်ရှိသော်။ ဒုက္ခေ၊ သံသရာဆင်းရဲ၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ဧသ-ဧသော၊ ဤသို့ ငြီးငွေ့ခြင်းသည်။ ဝိသုဒ္ဓိယာ၊ စင်ကြယ်သော နိဗ္ဗာန်အကျိုးငှာ။ မဂ္ဂေါ၊ လမ်းကြောင်းသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းငါးရာတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

အနိစ္စလက္ခဏာဝတ္ထု ပြီး၏။

֍ * ၃။ ဒုက္ခလက္ခဏာဝတ္ထု

ဒုတိယဂါထာ၌ ဝတ္ထုသည်လည်း ဆိုအပ်ခဲ့ပြီးသော ပထမ ဂါထာဝတ္ထုနှင့် တူသော သဘောရှိသော ဝတ္ထုသာလျှင် ဖြစ်၏။

ဒုက္ခဟု အားထုတ်ဖူးခြင်းအကျိုး

ထိုအခါ၌ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ဒုက္ခလက္ခဏာ၌ ပြုအပ်ပြီးသော နှလုံးသွင်းခြင်း, အားထုတ်ဖူးခြင်း ရှိသည့်အဖြစ်ကို သိတော်မူ၍ “ချစ်သားရဟန်းတို့- အလုံးစုံသော ခန္ဓာတို့သည်လည်း အဖန်တလဲလဲ နှိပ်စက်ခြင်းဟူသော အနက်အားဖြင့် ဒုက္ခတို့ မည်ကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၇၈] သဗ္ဗေ သင်္ခါရာ ဒုက္ခာတိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ဒုက္ခာ၊ ဆင်းရဲကြကုန်၏။ ဣတိ၊ ဤသို့။ ယဒါ၊ အကြင်အခါ၌။ ပညာယ၊ ဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှုမြင်၏။ အထ၊ ထိုသို့ ရှုမြင်သည်ရှိသော်။ ဒုက္ခေ၊ သံသရာဝဋ်ဆင်းရဲ၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ဧသ-ဧသော၊ ထိုသို့ ငြီးငွေ့ခြင်းသည်။ ဝိသုဒ္ဓိယာ၊ စင်ကြယ်သော နိဗ္ဗာန်အကျိုးငှာ။ မဂ္ဂေါ၊ လမ်းကြောင်းသည်။ ဟောတိ၊ ဖြစ်၏။

ဒုက္ခလက္ခဏာဝတ္ထု ပြီး၏။

֍ * ၄။ အနတ္တလက္ခဏာဝတ္ထု

တတိယဂါထာ၌ ဝတ္ထုသည်လည်း ဤနည်းအတူသာလျှင်တည်း။

အနတ္တဟု အားထုတ်ဖူးခြင်းအကျိုး

သက်သက်သော်ကား ဤတတိယဝတ္ထုဂါထာ၌ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ရှေးအခါ၌ အနတ္တလက္ခဏာ၌ အဖန်တလဲလဲ အားထုတ်ဖူးသောအဖြစ်ကို သိတော်မူ၍ “ချစ်သားရဟန်းတို့ -အလုံးစုံသော ခန္ဓာတို့သည်လည်း မိမိ၏အလိုသို့ မလိုက်ခြင်းဟူသော အနက်သဘောကြောင့် အနတ္တ မည်ကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၇၉] သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဓမ္မာ၊ ခန္ဓာငါးပါးတရားတို့သည်။ အနတ္တာ၊ အလိုသို့ မလိုက်ကြကုန်။ ဣတိ၊ ဤသို့။ ယဒါ၊ အကြင်အခါ၌။ ပညာယ၊ ဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှုမြင်၏။ အထ၊ ထိုသို့ ရှုမြင်သည်ရှိသော်။ ဒုက္ခေ၊ သံသရာဆင်းရဲ၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ဧသ-ဧသော၊ ဤသို့ ငြီးငွေ့ခြင်းသည်။ ဝိသုဒ္ဓိယာ၊ စင်ကြယ်သော နိဗ္ဗာန်အကျိုးငှာ။ မဂ္ဂေါ၊ လမ်းကြောင်းသည်။ ဟောတိ၊ ဖြစ်၏။

အကြွင်းအကျန်သည် ရှေးဝတ္ထုနှင့် တူသည်သာလျှင်တည်း။

အနတ္တလက္ခဏာဝတ္ထု ပြီး၏။

֍ * ၅။ ပဓာနကမ္မိကတိဿမထေရ်ဝတ္ထု

ဥဋ္ဌာနကာလမှိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဓာနကမ္မိကတိဿ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းပျင်း နောက်မှ အကြံရခြင်း

သာဝတ္ထိပြည်၌ နေကြကုန်သော ငါးရာကုန်သော အမျိုးကောင်းသားတို့သည် မြတ်စွာဘုရား၏အထံတော်၌ ရဟန်းပြုကြ၍ ကမ္မဋ္ဌာန်းကို ယူကုန်လျက် တောသို့ ကြွသွားကြလေကုန်သတတ်၊ ထိုငါးရာသော ရဟန်းတို့တွင် တစ်ပါးသော ရဟန်းသည် ထိုဇေတဝန်ကျောင်းတော်၌သာလျှင် ချန်၍ နေခဲ့လေ၏၊ ကြွင်းသော ရဟန်းတို့သည် တော၌ ရဟန်းတရားကို အားထုတ်ကြသဖြင့် အရဟတ္တဖိုလ်သို့ရောက်၍ “ရအပ်ပြီးသော အရဟတ္တဖိုလ် ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်အံ့”ဟု တစ်ဖန် သာဝတ္ထိပြည်သို့ ပြန်လာကြလေကုန်၏။ ထိုရဟန်းတို့သည် သာဝတ္ထိပြည်မှ တစ်ယူဇနာမျှလောက် အတိုင်းအရှည်ရှိသော တစ်ခုသော ရွာငယ်၌ ဆွမ်းအလို့ငှာ သွားလာလှည့်လည်ကြသည်တို့ကို မြင်ရ၍ ဒါယကာ တစ်ယောက်သည် ယာဂုဆွမ်း အစရှိသည်တို့ဖြင့် (လှူဒါန်းဆက်ကပ်၍) အနုမောဒနာပြုခြင်းကို ကြားနာရသဖြင့် တစ်ဖန် မိုးသောက်သောနေ့ ကောင်းမှုအကျိုးငှာ ပင့်ဖိတ်လေ၏၊ ထိုရဟန်းတို့သည် ထိုနေ့၌သာလျှင် သာဝတ္ထိပြည်သို့ ရောက်သွားကြ၍ သပိတ်သင်္ကန်းကို သိုမှီးပြီးလျှင် ညချမ်းသောအခါ မြတ်စွာဘုရားသို့ ချဉ်းကပ်သဖြင့် ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏၊ မြတ်စွာဘုရားသည် ထိုရဟန်းတို့နှင့် အတူတကွ အလွန်လျှင် နှစ်သက်ဝမ်းမြောက်ခြင်းကို ပြောဟောလျက် ပဋိသန္ထာရ အစေ့အစပ် စကားပြောခြင်းကို ပြုတော်မူ၏။ ထိုအခါ ဇေတဝန်ကျောင်းတော်၌ ကျန်နေရစ်ခဲ့သော ထိုရဟန်းတို့၏ အဆွေခင်ပွန်း ရဟန်းသည် “ဤရဟန်းတို့နှင့် အတူတကွ အစေ့အစပ် စကားပြောခြင်းကို ပြုတော်မူသော မြတ်စွာဘုရား၏ ခံတွင်းတော်သည် မဆံ့လောက်အောင် ဖြစ်တော်မူ၏၊ ငါ၏သန္တာန်၌ကား မဂ်ဖိုလ်မရှိသော အဖြစ်ကြောင့် ငါနှင့်အတူတကွ စကားဆိုတော်မမူ၊ ယနေ့ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်အောင်ပြု၍ မြတ်စွာဘုရားကို ငါနှင့်အတူတကွ စကားပြောဟောစေ့အံ့”ဟု ကြံလေ၏။

ရဟန်းပျင်း လုံ့လကြောင့် ပေါင်ကျိုးခြင်း

ထိုရဟန်းတို့သည်လည်း “မြတ်စွာဘုရား- တပည့်တော်တို့ကို လာသောခရီး၌ တစ်ယောက်သော ဒါယကာသည် နက်ဖြန်ကောင်းမှုအလို့ငှာ ပင့်ဖိတ်အပ်ပါသည်၊ ထိုပင့်ဖိတ်ရာအရပ်သို့ နံနက်စောစောသာလျှင် သွားလိုကြပါကုန်သည်ဘုရား”ဟု မြတ်စွာဘုရားကို ပန်ကြားကြလေကုန်၏၊ ထိုအခါ ထိုရဟန်းတို့၏ အဆွေခင်ပွန်းဖြစ်သော ရဟန်းသည် ညဉ့်သုံးယံပတ်လုံး စင်္ကြံသွားသည် ဖြစ်ရကား ငိုက်မျဉ်းသောအားဖြင့် စင်္ကြံဦး၌ တစ်ခုသော ကျောက်ဖျာအပြင်ပေါ်၌ တိမ်းလဲကာ ကျလေ၍ ပေါင်ရိုးကျိုးသွားလေ၏၊ ထိုပေါင်ရိုးကျိုးသော ရဟန်းသည် သည်းစွာသောအသံဖြင့် အော်ဟစ်မြည်တမ်းလေ၏။ ထိုပေါင်ရိုးကျိုးသော ရဟန်း၏ အဆွေခင်ပွန်းဖြစ်သော ရဟန်းတို့သည် အသံကို မှတ်မိသိရှိကြကုန်သဖြင့် ထိုမှဤမှ ပြေးလွှားကြရလေကုန်၏။ ထိုရဟန်းတို့အား ဆီးမီးကိုညှိထွန်း၍ ထိုပေါင်းရိုးကျိုးသော ရဟန်းအား ပြုအပ်သော အမှုကိစ္စကို ပြုကြကုန်စဉ်သာလျှင် အရုဏ်သည် တက်လာလေ၏။ ထိုရဟန်းတို့အား ပင့်ဖိတ်သောရွာသို့ သွားခြင်းငှာ အခွင့်မရကြလေကုန်။ ထိုအခါ ရဟန်းတို့ကို မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- အသို့နည်း၊ ဆွမ်းခံရွာသို့ မသွားကြကုန်သေးသလော”ဟု မိန့်တော်မူလေ၏။ ထိုရဟန်းတို့သည် “မြတ်စွာဘုရား မသွားကြရသေးသည်ကား မှန်လှပါသည်ဘုရား”ဟု လျှောက်၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်။

ဝရုဏဇာတ် အမြွက်

မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤရဟန်းသည် ယခုအခါ၌သာလျှင် သင်တို့၏ လာဘ်လာဘ အန္တရာယ်ကို ပြုလုပ်သည်မဟုတ်သေး။ ရှေးအခါ၌လည်း ပြုလုပ်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူသဖြင့် ထိုရဟန်းတို့ တောင်းပန်အပ်သောကြောင့် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလျက်-

ယော ပုဗ္ဗေ ကရဏီယာနိ၊ ပစ္ဆာသော ကာတုမိစ္ဆတိ။
ဝရုဏကဋ္ဌဘဉ္ဇောဝ၊ သ ပစ္ဆာမနုတပ္ပတိ။

ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေးလက်ဦးမဆွ အခါကာလ၌။ ကရဏီယာနိ၊ ပြုသင့်သော အမှုကိစ္စတို့ကို။ ပစ္ဆာသော၊ နောက်မှ။ (သော-ကား ပဉ္စမီဝိတ်ဘတ်၏ ကာရိယတည်း။) ကာတုံ၊ ပြုခြင်းငှာ။ ဣစ္ဆတိ၊ အလိုရှိ၏။ သ-သော၊ ထိုသူသည်။ ဝရုဏကဋ္ဌဘဉ္ဇောဝ၊ ခံတက်ပင်စိုကို ထင်းခြောက်ပင်ဟု မှတ်ထင်၍ ချိုးသော လုလင်ပျင်းကဲ့သို့။ ပစ္ဆာ၊ နောက်ကာလ၌။ အနုတပ္ပတိ၊ အဖန်တလဲလဲ ပူပန်ရ၏။

ဧကနိပါတ်၊ ဝရုဏဝဂ်လာ၊ ဝရုဏဇာတ်တော်ကို ချဲ့ကာ ဟောကြားတော်မူလေ၏။ ထိုရဟန်းတို့သည် ငါးရာသော လုလင်ပျိုတို့ ဖြစ်ဖူးကြကုန်၏၊ ပျင်းရိသော လုလင်ပျိုသည် ဤပေါင်ရိုးကျိုးသော ရဟန်းဖြစ်ဖူးလေ၏၊ ဆရာသည်ကား ငါဘုရားသာလျှင် ဖြစ်တော်မူဖူး၏ဟု မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- အကြင်သူသည် ထကြွလုံ့လပြုသင့်သော အခါကာလ၌ ထကြွလုံ့လကို မပြု၊ အကြံအစည် မပြည့်စုံသော သူဖြစ်၏၊ ပျင်းရိသောသူဖြစ်၏။ ထိုသူသည် ဈာန်အစရှိသော တရားထူးကို မရနိုင်ပေ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၈၀] ဥဋ္ဌာနကာလမှိ အနုဋ္ဌဟာနော၊
ယုဝါ ဗလီ အာလသိယံ ဥပေတော။
သံသန္နသင်္ကပ္ပမနော ကုသီတော၊
ပညာယ မဂ္ဂံ အလသော န ဝိန္ဒတိ။

ဥဋ္ဌာနကာလမှိ၊ ထကြွလုံ့လ ပြုသင့်သောကာလ၌။ အနုဋ္ဌဟာနော၊ ထကြွလုံ့လမပြုသော။ ယုဝါ၊ ပထမအရွယ်၌တည်သော။ ဗလီ၊ အားနှင့်ပြည့်စုံသော သူသည်။ အာလသိယံ၊ ပျင်းရိသောသူ၏ အဖြစ်သို့။ ဥပေတော၊ ရောက်၏။( စားပြီး,အိပ်၏ဟူလို။) သံသန္နသင်္ကပ္ပမနော၊ ကောင်းသောစိတ်အကြံနှင့် မပြည့်စုံသော။ ကုသီတော အလသော၊ လူပျင်းကြီးသည်။ ပညာယ၊ ပညာဖြင့်။ ဒဋ္ဌဗ္ဗံ၊ ရှုအပ်သော။ မဂ္ဂံ၊ အရိယာမဂ်ကို။ န ဝိန္ဒတိ၊ မရ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပဓာနကမ္မိကတိဿမထေရ် ဝတ္ထု ပြီး၏။

֍ * ၆။ ဝက်ပြိတ္တာဝတ္ထု

ဝါစာနုရက္ခီအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝက်ပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခံတွင်း၌ အမြီးပေါက်သော ဝက်

တစ်နေ့သ၌ ရှင်မောဂ္ဂလာန်မထေရ်သည် ရှင်လက္ခဏမထေရ်နှင့် အတူတကွ ဂိဇ္ဈကုဋ်တောင်ထက်မှ သက်ဆင်းတော်မူလတ်သည်ရှိသော် တစ်ခုသောအရပ်၌ ပြုံးခြင်းကို ထင်ရှားစွာ ပြုတော်မူလေ၏။ “ငါ့ရှင်- ပြုံးခြင်းကို ထင်ရှားစွာ ပြုသဖြင့် အကြောင်းကား အဘယ်ပါနည်း”ဟု လက္ခဏမထေရ်က မေးအပ်သည်ရှိသော် “ငါ့ရှင်- ဤပြဿနာကား အခါမဟုတ်သေး၊ မြတ်စွာဘုရား၏ အထံတော်၌ ငါ့ကို မေးပါလော့”ဟု ဆို၍ လက္ခဏမထေရ်နှင့် အတူတကွသာလျှင် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ သွားလာလှည့်လည်ပြီးလျှင် ဆွမ်းခံရွာမှ ဖဲလတ်သည်ရှိသော် ဝေဠုဝန်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုးလျက်နေလေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်ကို ရှင်လက္ခဏမထေရ်သည် ထိုအကြောင်းကို မေးမြန်းလေ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် “ငါ့ရှင်- ငါသည် တစ်ခုသော ပြိတ္တာကို မြင်ရ၏။ ထိုပြိတ္တာ၏ကိုယ်သည် သုံးဂါဝုတ်မျှ အတိုင်းအရှည်ရှိ၏၊ ထိုကိုယ်သည် လူ၏ကိုယ်နှင့်တူ၏၊ ဦးခေါင်းသည်ကား ဝက်၏ဦးခေါင်းကဲ့သို့ ဖြစ်၏၊ ထိုပြိတ္တာ၏ခံတွင်း၌ အမြီးသည် ဖြစ်၏၊ (အမြီးပေါက်၏။) ခံတွင်းမှ ပိုးလောက်တို့သည် ယိုစီးထွက်ကျကုန်၏။ ငါသည် ဤသို့သဘောရှိသော သတ္တဝါကို မမြင်အပ်စဖူး၊ ထိုသတ္တဝါကို မြင်ရသောကြောင့် ထိုငါသည် ပြုံးခြင်းအမှုကို ထင်ရှားစွာပြု၏”ဟု ဆိုလေ၏။

မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါ့တပည့်သား သာဝကတို့သည် မျက်စိအမြင်ရှိသောသူတို့ ဖြစ်ကြီးဖြစ်၍ နေကြကုန်စွတကား”ဟု မိန့်တော်မူ၍ “ငါဘုရားသည်လည်း ထိုသတ္တဝါကို ဗောဓိမဏ္ဍိုင်၌ပင်လျှင် မြင်တော်မူလေ၏။ ထိုသို့ပင် မြင်တော်မူသော်လည်း အကြင်သူတို့သည် ငါဘုရား၏စကားကို မယုံကြည်ကြကုန်ရာ၊ ထိုသူတို့ကား အကျိုးစီးပွား မရှိခြင်းငှာ ဖြစ်ရာ၏”ဟု နှလုံးပြု၍ “သူတစ်ပါးတို့အား အစဉ်သနားသဖြင့် ဟောကြားတော်မမူ၊ ယခုအခါ၌ မောဂ္ဂလာန်ကို သက်သေရပြီဖြစ်၍ ဟောကြားတော်မူရပေတော့အံ့၊ ချစ်သားရဟန်းတို့- မောဂ္ဂလာန်သည် မှန်သောစကားကို ပြောဆိုဘိ၏”ဟု မိန့်တော်မူလေ၏။

အလွန်ညီညွတ်သော မထေရ်ကြီးနှစ်ပါး

ထိုစကားကိုကြားရလျှင် ရဟန်းတို့သည် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုဝက်ပြိတ္တာ၏ ရှေးမကောင်းမှုကံကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်ကြလေ၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ထိုသို့ဖြစ်မူ နာကြကုန်လော့”ဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူသဖြင့် ထိုဝက်ပြိတ္တာ၏ ရှေးမကောင်းမှုကံကို ဟောကြားတော်မူလေ၏။

ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ တစ်ခုသော ရွာငယ်တွင် နေကြကုန်သော နှစ်ဦးသော မထေရ်တို့သည် အညီအညွတ်နေကြကုန်သတတ်။ ထိုနှစ်ဦးသော မထေရ်တို့တွင် တစ်ဦးသောမထေရ်သည် ဝါခြောက်ဆယ်ရှိ၏။ တစ်ဦးသောမထေရ်သည် ငါးဆယ့်ကိုးဝါရှိ၏။ ထိုငါးဆယ့်ကိုးဝါရှိသော မထေရ်ငယ်သည် ဝါခြောက်ဆယ်ရှိသော မထေရ်ကြီး၏ သပိတ်သင်္ကန်းကိုယူ၍ သွားလာလှည့်လည်လေ၏။ သာမဏေကဲ့သို့ အလုံးစုံသော ဝတ်ကြီးဝတ်ငယ်ကို ပြုလုပ်ဘိ၏။ တစ်မိတည်း၏ ဝမ်းခေါင်း၌ အောင်းသောသူ ညီရင်းအစ်ကိုတို့ကဲ့သို့ အညီအညွတ်နေကြကုန်သော ထိုမထေရ်နှစ်ဦးတို့ နေရာအရပ်သို့ တစ်ဦးသော ဓမ္မကထိကသည် ရောက်လာလေ၏။

ထိုအခါ၌လည်း တရားနာအံ့သောနေ့သည် ဖြစ်လေ၏။ မထေရ်တို့သည် ထိုဓမ္မကထိကကို “အို..သူတော်ကောင်း- တပည့်တော်တို့အား ချီးမြှောက်သဖြင့် တရားစကား ဟောကြားတော်မူပါလော့”ဟု လျှောက်ကြားပြောဆိုကြလေကုန်၏။ ဓမ္မကထိကသည် တရားစကား ဟောကြားလေ၏။ မထေရ်တို့သည် “ငါတို့သည် ဓမ္မကထိကပုဂ္ဂိုလ် ရအပ်ပေပြီ”ဟု နှစ်သက်သောစိတ် ရှိကြကုန်သည်ဖြစ်၍ တစ်ဖန် မိုးသောက်သောနေ့၌ ဓမ္မကထိကကိုခေါ်၍ အနီးဖြစ်သော ဆွမ်းခံရွာသို့ ဆွမ်းအလို့ငှာ ဝင်ပြီးလျှင် ထိုရွာ၌ ဆွမ်းစားခြင်းကိစ္စကို ပြုကြကုန်ပြီးသည်ရှိသော် “ငါ့ရှင်- ယမန်နေ့က ဟောသောနေရာမှသာလျှင် အတန်ငယ်ဆက်၍ တရားကို ဟောကြားပါလော့”ဟု လူတို့အား တရားကို ဟောကြားစေလေကုန်၏။ လူတို့သည် တရားစကားကို နာကြားရလျှင် တစ်ဖန် နောက်တစ်နေ့အလို့ငှာလည်း ပင့်ဖိတ်ကြလေကုန်၏။ ဤသို့လျှင် ထက်ဝန်းကျင်မှ ဆွမ်းခံရွာတို့၌ နှစ်ရက်,နှစ်ရက်တို့ပတ်လုံး ဓမ္မကထိကကိုခေါ်၍ ဆွမ်းအလို့ငှာ လှည့်လည်သွားကြလေကုန်၏။

ဓမ္မကထိက ကုန်းချောပုံ

ဓမ္မကထိက ပုဂ္ဂိုလ်မူကား “ဤနှစ်ဦးသော မထေရ်ကြီးတို့သည်လည်း အလွန်သိမ်မွေ့နူးညံ့ကြလေကုန်၏၊ ငါသည် ထိုနှစ်ဦးသော မထေရ်ကြီးတို့ကို ထွက်ပြေးစေ၍ ထွက်ပြေးအောင်ပြုလုပ်၍ ဤကျောင်း၌နေခြင်းငှာ သင့်လျော်၏”ဟု ကြံစည်စိတ်ကူးလေ၏။ ထိုဓမ္မကထိကသည် ညချမ်းသောအခါ မထေရ်ကြီးအား ခစားခြင်းသို့သွားပြီးလျှင် ရဟန်းတို့သည် ထ၍သွားသောကာလ ပြန်နစ်လျက် မထေရ်ကြီးသို့ကပ်သဖြင့် “အရှင်ဘုရား- တစ်စုံတစ်ခုသော လျှောက်ထား ပြောကြားစရာ စကားသည် ရှိပါသည်ဘုရား”ဟု လျှောက်ကြားလေသောကြောင့် “ငါ့ရှင်- လျှောက်ကြားပါလော့”ဟု ခွင့်ပေးစကား ဆိုလတ်သည်ရှိသော် အတန်ငယ် ကြံစည်စဉ်းစား၍ (ကြံစည်စဉ်းစားဟန်ပြု၍) “အရှင်ဘုရား- ဤစကားမည်သည်ကား များသော အပြစ်ရှိပါသည်ဘုရား”ဟု ဆိုကာ မလျှောက်ကြားမူ၍သာလျှင် ဖဲသွားလေ၏။ ဒုတိယမထေရ်မြတ်၏ အထံသို့လည်း သွားတဲ့၍ ထို့အတူသာလျှင် ပြုလုပ်လေ၏။ ထိုဓမ္မကထိကပုဂ္ဂိုလ်သည် နှစ်ရက်မြောက်သောနေ့၌ ထို့အတူပင်ပြုလုပ်၍ သုံးရက်မြောက်သောနေ့၌ ထိုမထေရ်ကြီးနှစ်ဦးတို့အား အလွန်လျှင် စိတ်နှလုံး ကြိုးကြိုးကြွကြွ ဖြစ်လတ်သည်ရှိသော် မထေရ်ကြီးသို့ ချဉ်းကပ်ပြီးလျှင် “အရှင်ဘုရား- တစ်စုံတစ်ခုသော လျှောက်ထားစရာ စကားရှိပါသည်ဘုရား၊ ရှိပါသော်လည်း အရှင်ဘုရားတို့၏ အထံတော်၌ လျှောက်ကြားခြင်းငှာ မဝံ့လှပါဘုရား”ဟု လျှောက်ဆိုလေသောကြောင့် မထေရ်ကြီးသည် “ထိုသို့မဝံ့သည် ဖြစ်စေကာမူ ငါ့ရှင်- ဆိုသာဆိုလော့”ဟု နှိပ်အပ်သည်ဖြစ်ရကား “အရှင်ဘုရား- ဒုတိယမထေရ်သည် အရှင်ဘုရားတို့နှင့် အတူတကွ တူသော သုံးဆောင်ခြင်းရှိသောပုဂ္ဂိုလ် ဟုတ်ပါ၏လားဘုရား”ဟု လျှောက်ဆိုလေ၏။ “သူတော်ကောင်း- အဘယ့်ကြောင့် ဤမည်သောစကားကို ဆိုဘိသနည်း၊ ငါတို့သည် တစ်မိတည်း၏ ဝမ်းခေါင်းအောင်းကြသော သားတို့ကဲ့သို့ ဖြစ်ကြကုန်၏၊ ငါတို့တွင် တစ်ပါးသော ရဟန်းသည် အကြင်ပစ္စည်းကို ရအပ်၏၊ ထိုပစ္စည်းကို ဤမှတစ်ပါးသော ရဟန်းသည်လည်း ရအပ်သည်သာလျှင် ဖြစ်၏၊ ငါသည် ဤမထေရ်ငယ်၏ ကျေးဇူးမဲ့ကို ဤမျှလောက်သော ကာလပတ်လုံး မြင်ရဖူးသည်မရှိ”ဟု မိန့်ဆိုလတ်သော် “အရှင်ဘုရား- ဤအတိုင်း မှန်ပါသလောဘုရား”ဟု လျှောက်ပြန်လေ၏။ “ငါ့ရှင်- မှန်ပါသည်”ဟု ဆိုလတ်သော် “အရှင်ဘုရား တပည့်တော်ကို ဒုတိယမထေရ်သည် “သူတော်ကောင်း- သင်သည် အမျိုးကောင်းသားတစ်ယောက်ဖြစ်၏၊ ဤမထေရ်ကြီးသည် ရှက်တတ်သော လဇ္ဇီပုဂ္ဂိုလ်, သီလချစ်ခင်တတ်သော ပေသလပုဂ္ဂိုလ်ကြီးတစ်ပါးဟု အားထား၍ ဤမထေရ်ကြီးနှင့် အတူတကွ တူသော သုံးဆောင်ခြင်းအမှု ပြုသည်ရှိသော် စူးစမ်းဆင်ခြင်၍ ပြုပါလော့”ဟု ဤသို့သော စကားဆိုဖူးပါသည်၊ ဤသို့ ဤဒုတိယမထေရ်သည် တပည့်တော်ကို ရောက်လာသော နေ့မှစ၍ ပြောပြပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မဟာထေရ်ကြီးသည် ထိုဓမ္မကထိကပုဂ္ဂိုလ်၏ စကားကို ကြားလျှင်ကြားချင်း အမျက်ဒေါသ ခြောင်းခြောင်းထသော စိတ်ရှိလတ်သည်ဖြစ်၍ လှံတံဖြင့် ခတ်မိသော အိုးထိန်းသည်တို့ ပြုအပ်သော မြေအိုးကဲ့သို့ကွဲရှာလေ၏။ ဓမ္မကထိကသည်လည်း ထ၍ ဒုတိယမထေရ်၏ အထံသို့သွားပြီးလျှင် ထို့အတူသာ ဆိုတဲ့ပြန်လေ၏။ ဒုတိယ မထေရ်သည်လည်း ထို့အတူပင် ကွဲရရှာလေ၏။

မထေရ်ကြီးနှစ်ပါး ကွဲပြားပုံ

ထိုနှစ်ဦးသော မထေရ်တို့တွင် ဤမျှလောက်သော ကာလပတ်လုံး တစ်ဦးသော မထေရ်မျှလည်း အသီးအခြား ဆွမ်းအလို့ငှာ ဝင်ဖူးသောမည်သည် အကယ်၍ကား မရှိ။ ထိုသို့ပင် မရှိဖူးသော်လည်း တစ်ဖန် မိုးသောက်သော နောက်နေ့၌ အသီးအခြား ဆွမ်းအလို့ငှာ ဝင်သဖြင့် ဒုတိယမထေရ်သည် ရှေးဦးစွာကြွလာ၍ ဆွမ်းစားဇရပ်၌ တည်လင့်၏။ မထေရ်ကြီးသည် နောက်မှကြွလာ၏။ မထေရ်ကြီးကိုမြင်လျှင် မထေရ်ငယ်သည် “အသို့နည်း၊ ဤမထေရ်ကြီး၏ သပိတ်သင်္ကန်းကို လှမ်းယူထိုက်သလော၊ ထိုသို့မဟုတ် မလှမ်းမယူထိုက်သလော”ဟု ကြံလေ၏။ မထေရ်ငယ်သည် “ယခုအခါ ငါမလှမ်းမယူတော့အံ့”ဟု ကြံပြီး၍သော်လည်း “ထိုသို့ပင် ဖြစ်စေကာမူ ငါသည် ဤသို့သဘောရှိသော အမှုကို ပြုအပ်ဖူးသည် မရှိသေး၊ ငါသည် မိမိ၏ ဝတ်ယုတ်စေခြင်းငှာ မသင့်ပါတကား”ဟု စိတ်ကို နူးညံ့အောင်ပြု၍ မထေရ်ကြီးသို့ ချဉ်းကပ်ပြီးလျှင် “အရှင်ဘုရား- သပိတ်သင်္ကန်းကို ပေးသနားတော်မူကြပါဘုရား”ဟု ဆိုလေ၏။ မထေရ်ကြီးသည် “ဆုံးမခက်သော ရဟန်း- သွားပါလေလော့၊ သင်သည် ငါ၏ သပိတ်သင်္ကန်းကို ယူခြင်းငှာ မလျောက်ပတ်သော သဘောရှိ၏”ဟု လက်ဖျစ်ကို တီးလိုက်သောကြောင့် မထေရ်ငယ်သည်လည်း “အရှင်ဘုရား- ဪ.. ကောင်းပါပြီ၊ တပည့်တော်သည်လည်း အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းကို မယူတော့အံ့ဟု ကြံပြီးပါပြီဘုရား”ဟု ဆိုလျှင် “ငါ့ရှင် သီတင်းငယ်ရဟန်း- အသို့နည်း၊ ငါ့အား ဤကျောင်း၌ တစ်စုံတစ်ခုသော ကပ်ငြိခြင်းသည် ရှိသည်ဟူ၍ သင်-မှတ်ထင်အောက်မေ့သလော”ဟု ဆိုလေ၏။ မထေရ်ငယ်သည်လည်း “အရှင်ဘုရား- အသို့ပါနည်း၊ အရှင်ဘုရားတို့သည် တပည့်တော်အား ဤကျောင်း၌ တစ်စုံတစ်ခုသော ကပ်ငြိခြင်းရှိနေသည်ဟူ၍ မှတ်ထင် အောက်မေ့တော်မူကြပါသလော”ဟု ဆိုပြန်လတ်သော် “ဤကျောင်းသည် သင်၏ကျောင်းတည်း”ဟု ဆို၍ သပိတ်သင်္ကန်းကို ယူလျက် ထွက်သွားလေ၏။ မထေရ်ငယ်သည်လည်း ထွက်သွားလေ၏။ ထိုမထေရ်ကြီး, မထေရ်ငယ် နှစ်ဦးတို့သည် တစ်ခုတည်းသော လမ်းခရီးဖြင့်လည်း မသွားကြမူ၍ တစ်ဦးက အနောက်တံခါးဖြင့် လမ်းခရီးကို ယူလေ၏။ တစ်ဦးသည်ကား အရှေ့တံခါးဖြင့် လမ်းခရီးကို ယူလေ၏။ ဓမ္မကထိကပုဂ္ဂိုလ်သည် “အရှင်ဘုရားတို့- ဤသို့ပြုတော်မမူကြပါကုန်လင့်၊ ဤသို့ ပြုတော်မမူကြပါကုန်လင့်”ဟု လျှောက်ဆိုသဖြင့် “ငါ့ရှင်ဓမ္မကထိက- ရပ်ဦးလော့၊ အသာနေဦးလော့”ဟု ဆိုလတ်သော်လည်း မဆုတ်မနစ် တောင်းပန်လေ၏။

ဆုံမိကြရာ၌ မျက်ရည်မဆည်နိုင်ကြခြင်း

ထိုဓမ္မကထိကပုဂ္ဂိုလ်သည် တစ်ဖန် မိုးသောက်သောနေ့၌ အနီးဖြစ်သော ဆွမ်းခံရွာသို့ ဝင်လတ်သည်ဖြစ်၍ လူတို့သည် “အရှင်ဘုရား- အရှင်ကောင်း နှစ်ပါးတို့သည် အဘယ်မှာနည်း”ဟု မေးမြန်းအပ်သည်ရှိသော် “ဒါယကာတို့- မမေးကြပါကုန်လင့်၊ သင်တို့၏ ဆရာနှစ်ပါးတို့သည် ယမန်နေ့က ခိုက်ရန်ပြု၍ ထွက်သွားကုန်ပြီ၊ ငါတောင်းပန်ပါသော်လည်း ပြန်နစ်စေခြင်းငှာမတတ်နိုင်”ဟု ဆိုလေ၏။ ထိုလူတို့တွင် ပညာမရှိသောသူတို့သည် ဆိတ်ဆိတ်နေကြကုန်၏။ ပညာအဆင်အခြင်နှင့် ပြည့်စုံသော သူတို့သည်ကား “ဤမျှလောက်သော ကာလပတ်လုံး အရှင်ကောင်းနှစ်ဦးတို့၏ တစ်စုံတစ်ခု ချွတ်ချော်သောမည်သည်ကို ငါတို့ မမြင်အပ်စဖူး၊ ထိုအရှင်ကောင်းနှစ်ဦးတို့အား ဘေးရန် ဖြစ်ပေါ်လတ်သည်ရှိသော် ဤဓမ္မကထိကပုဂ္ဂိုလ်ကို အမှီပြု၍ ဖြစ်ပေါ်ရသည် ဖြစ်ပေလတ္တံ့”ဟု နှလုံးပြု၍ စိတ်နှလုံး မချမ်းသာခြင်းသို့ ရောက်ကြလေကုန်၏။ ထိုမထေရ်ကြီး နှစ်ပါးတို့သည် ရောက်ရာအရပ်၌ စိတ်၏ချမ်းသာခြင်း မည်သည်ကို ရတော်မမူကြရှာလေကုန်။ မထေရ်ကြီးသည် “မထေရ်ငယ်ရဟန်း၏ ပြုအပ်သောအမှုသည် အလွန်တရာ ဝန်လေးလေစွတကား၊ တစ်ခဏမျှ မြင်ရသည်မည်သော အာဂန္တုကရဟန်းကို မထေရ်ကြီးနှင့် အတူတကွ သုံးဆောင်ခြင်းကို မပြုလင့်ဟူ၍ ဆိုဘိသည်တကား”ဟု ကြံလေ၏။

မထေရ်ငယ်သည်လည်း “မထေရ်ကြီး၏ ပြုအပ်သောအမှုသည် အလွန်တရာ ဝန်လေးစွတကား၊ တစ်ခဏမျှ မြင်ရသည်မည်သော အာဂန္တုကရဟန်းကို ဤမထေရ်ငယ်နှင့် အတူတကွ သုံးဆောင်ခြင်းကို မပြုလင့်ဟူ၍ ဆိုဘိသည်တကား”ဟု ကြံလေ၏။ ထိုမထေရ်ကြီးနှစ်ပါးတို့အား ရွတ်အံသရဇ္ဈာယ်ခြင်း အစရှိသည်တို့သည်လည်းကောင်း၊ ကမ္မဋ္ဌာန်းဘာဝနာ နှလုံးသွင်းခြင်းသည်လည်းကောင်း မဖြစ်နိုင်ရှာလေ။ ထိုမထေရ်ကြီးနှစ်ပါးတို့သည် အနှစ်တစ်ရာ လွန်လတ်သောအခါ အနောက်မျက်နှာအရပ်၌ တစ်ခုသော ကျောင်းတိုက်သို့ ရောက်သွားကြလေကုန်၏။ ထိုမထေရ်ကြီးနှစ်ဦးစလုံးတို့အလို့ငှာ တစ်ခုတည်းသာလျှင်ဖြစ်သော အိပ်ရာနေရာကျောင်းသည် ရောက်လေ၏။ မထေရ်ကြီးသည် ဝင်၍ ညောင်စောင်း၌ လျောင်းစက်လတ်သည်ရှိသော် မထေရ်ငယ်သည်လည်း ဝင်လေ၏။ မထေရ်ကြီးသည် ထိုမထေရ်ငယ်ကို မြင်လျှင်မြင်ချင်း ကောင်းစွာမှတ်မိ၍ မျက်ရည်တို့ကို တည်တံ့စိမ့်သောငှာ မတတ်နိုင်။ မထေရ်ငယ်သည်လည်း မထေရ်ကြီးကို ကောင်းစွာမှတ်မိ၍ မျက်ရည်ဖြင့်ပြည့်သော မျက်စိတို့ဖြင့် “စကားပြောဆိုရအံ့လော၊ မပြောဆိုဘဲ နေရအံ့လော”ဟူ၍ ကြံပြီးလျှင် “ထိုအရာသည် ယုံကြည်ခြင်းငှာ သင့်လျော်သော အရာမဟုတ်”ဟု အမှတ်ပြု၍ မထေရ်ကြီးကို ရှိခိုးလျက် “အရှင်ဘုရား- ဤမျှလောက်သော ကာလပတ်လုံး တပည့်တော်သည် အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းကိုယူ၍ သွားလာလှည့်လည်ခဲ့ပါ၏၊ စင်စစ်လျှင် တပည့်တော်၏ ကာယဒွါရ အစရှိသည်တို့၌ အရှင်ဘုရားတို့သည် တစ်စုံတစ်ခု မလျောက်ပတ်သည်ကို မြင်ရဖူးပါသလားဘုရား”ဟု လျှောက်လတ်သည်ရှိသော် “ငါ့ရှင်- ငါမမြင်ရစဖူးပေ”ဟု မိန့်တော်မူလေ၏။

ဓမ္မကထိက ဝက်ပြိတ္တာ ဖြစ်ခြင်း

“ထိုသို့ မမြင်ဖူးသည်ဖြစ်ပါလျက် အဘယ့်ကြောင့် ဓမ္မကထိကပုဂ္ဂိုလ်ကို ထိုမထေရ်ငယ်နှင့် အတူတကွ သုံးဆောင်ခြင်းကို မပြုလင့်ဟု ဆိုတော်မူကြပါကုန်ဘိသနည်းဘုရား”ဟု မေးလျှောက်လတ်သော် “ငါ့ရှင်- ငါကား ဤသို့မဆို၊ သင်သည်သာလျှင် ငါ၏အကြား၌ ဤသို့ဆိုသတတ်”ဟု မိန့်ဆိုလေ၏။ “အရှင်ဘုရား- တပည့်တော်သည်လည်း မဆိုမိပါဘုရား”ဟု ဆိုလတ်သော် ထိုမထေရ်ကြီးနှစ်ပါးတို့သည် ထိုခဏ၌ “ထိုဓမ္မကထိကပုဂ္ဂိုလ်သည် ငါတို့ကို ခွဲခြင်းငှာ အလိုရှိသောကြောင့် ဤသို့ဆိုအပ်သည် ဖြစ်ပေလတ္တံ့”ဟု သိကြ၍ အချင်းချင်း အပြစ်ကို ပြောကြားကြလေကုန်၏။ အနှစ်တစ်ရာ ကာလပတ်လုံး စိတ်၏သက်သာစရာကို မရရှာကြကုန်သော ထိုမထေရ်ကြီးနှစ်ပါးတို့သည် ထိုနေ့၌ အညီအညွတ်ဖြစ်ကြကုန်သဖြင့် “လာ-သွားကြကုန်စို့၊ ထိုဓမ္မကထိကပုဂ္ဂိုလ်ကို ထိုကျောင်းမှ နှင်ထုတ်ကြကုန်စို့အံ့”ဟု တိုင်ပင်ပြီးလျှင် ဖဲသွားလတ်သဖြင့် အစဉ်အတိုင်းအားဖြင့် ထိုကျောင်းသို့ ရောက်သွားကြလေကုန်၏။ ဓမ္မကထိကပုဂ္ဂိုလ်သည်လည်း မထေရ်ကြီးနှစ်ပါးကို မြင်တဲ့လျှင် သပိတ်သင်္ကန်းကို လှမ်းယူခြင်းငှာ ချဉ်းကပ်လေ၏။ မထေရ်ကြီးနှစ်ပါးတို့သည် “သင်ကား ဤကျောင်း၌နေခြင်းငှာ လျောက်ပတ်သော သဘောရှိသောပုဂ္ဂိုလ် မဟုတ်”ဟု လက်ဖျစ်ကို ခတ်ကြလေကုန်၏။ ထိုဓမ္မကထိကပုဂ္ဂိုလ်သည် တည်တည်တံ့တံ့နေခြင်းငှာ မတတ်နိုင်ရကား ထိုခဏ၌ပင်လျှင် ထွက်ခွာ၍ ပြေးရှာလေ၏။ ထိုအခါ ထိုဓမ္မကထိကပုဂ္ဂိုလ်ကို အနှစ်နှစ်သောင်းတို့ ကာလပတ်လုံး အားထုတ်အပ်သော ရဟန်းတရားသည် ကောင်းစွာ ဆောင်ခြင်းငှာ, ကယ်ဆယ်ခြင်းငှာ မတတ်နိုင်။ ထိုဘဝမှ စုတေမနေ သေလွန်လေသည်ရှိသော် အဝီစိငရဲ၌ဖြစ်၍ နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး ကျက်ပြီးလျှင် ယခုအခါ ဂိဇ္ဈကုဋ်တောင်ထက်၌ ဆိုအပ်ပြီးသော အပြားရှိသော ကိုယ်၏အဖြစ်ဖြင့် ဆင်းရဲကို ခံစားရလေ၏ဟု ထိုဝက်ပြိတ္တာ၏ ရှေးမကောင်းမှုကံကို ဟောကြားတော်မူလေ၏။ မြတ်စွာဘုရားသည် ထိုဝက်ပြိတ္တာ၏ ရှေးမကောင်းမှုကံကို ဆောင်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ရဟန်းမည်သည်ကား ကိုယ်အစရှိသည်တို့ဖြင့် ငြိမ်သက်သော သဘောရှိသောသူ ဖြစ်သင့်ရာ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၈၁] ဝါစာနုရက္ခီ မနသာ သုသံဝုတော၊ ကာယေန စ နာကုသလံ ကယိရာ။
ဧတေ တယော ကမ္မပထေ ဝိသောဓယေ၊ အာရာဓယေ မဂ္ဂမိသိပ္ပဝေဒိတံ။

ဝါစာနုရက္ခီ၊ ဝစီဒုစရိုက်လေးပါး ကြဉ်ရှောင်သဖြင့် နှုတ်ဖြင့် မပြတ် စောင့်စည်းသည်။ သိယာ၊ ဖြစ်ရာ၏။ မနသာ၊ အဘိဇ္ဈာ စသည်တို့ကို မဖြစ်စေမူ၍ စိတ်ဖြင့်။ သုသံဝုတော၊ ကောင်းစွာစောင့်ရှောက်သည်။ သိယာ၊ ဖြစ်ရာ၏။ ကာယေန စ၊ ကိုယ်ဖြင့်လည်း။ အကုသလံ၊ အကုသိုလ်ကို။ န ကယိရာ၊ မပြုရာ၏။ တယော၊ သုံးပါးကုန်သော။ ဧတေ ကမ္မပထေ၊ ဤအကုသလကမ္မပထတရားတို့ကို။ ဝိသောဓယေ၊ သုတ်သင်ရာ၏။ ဧဝံ၊ ဤသို့ သုတ်သင်သည်ရှိသော်။ ဣသိပ္ပဝေဒိတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည် အပြားအားဖြင့် ဟောကြားအပ်သော။ မဂ္ဂံ၊ အဋ္ဌင်္ဂိကမဂ်ကို။ အာရာဓယေ၊ ပြီးစီးနိုင်, ရနိုင်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝက်ပြိတ္တာဝတ္ထုပြီး၏။

֍ * ၇။ ပေါဋ္ဌိလမထေရ် ဝတ္ထု

ယောဂါ ဝေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပေါဋ္ဌိလ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စာတတ်လျက် တုစ္ဆဟု အခေါ်ခံရခြင်း

ထိုပေါဋ္ဌိလမထေရ်သည် ခုနစ်ဆူလည်းဖြစ်ကုန်သော (ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဟူသော) ဘုရားရှင်တို့၏ သာသနာတော်၌ ပိဋကတ်သုံးပုံကိုဆောင်သော ပုဂ္ဂိုလ်ဖြစ်၍ ငါးရာသောရဟန်းတို့အား စာပေပို့ချတော်မူသတတ်။ ငါတို့မြတ်စွာဘုရားသည် “ဤပေါဋ္ဌိလရဟန်း၏ (မိမိ၏) ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းကို ငါပြုဦးအံ့ဟူသော စိတ်မျှလည်း မရှိ။ ထိုပေါဋ္ဌိလရဟန်းကို ငါဘုရား ထိတ်လန့်စေဦးအံ့”ဟု ကြံတော်မူလေ၏။ ထိုသို့ ကြံတော်မူပြီးသည်မှစ၍ ပေါဋ္ဌိလမထေရ်ကို မိမိအား ဆည်းကပ်ခြင်းသို့ လာရောက်သောအခါ၌ “အချည်းနှီးသော (တုစ္ဆ) ပေါဋ္ဌိလ- လာလော့၊ အချည်းနှီးသော ပေါဋ္ဌိလ- ထိုင်လော့၊ အချည်းနှီးသော ပေါဋ္ဌိလ- သွားလော့၊” ဤသို့ စသည်ဖြင့် မိန့်ဆိုတော်မူ၏။ ထ၍သွားသောအခါ၌လည်း “အချည်းနှီးသော (တုစ္ဆ) ပေါဋ္ဌိလသည် ထသွားရှာပြီ”ဟု မိန့်ဆိုတော်မူ၏။ ထိုပေါဋ္ဌိလမထေရ်သည် “ငါကား အဋ္ဌကထာနှင့်တကွဖြစ်သော သုံးပုံသော ပိဋကတ်ကို ဆောင်နိုင်၏၊ ငါးရာသော ရဟန်းတို့၏ တစ်ဆယ့်ရှစ်ရပ်သော ဂိုဏ်းအပေါင်း၌ စာပေပို့ချနိုင်၏၊ ထိုသို့ဖြစ်ပါလျက် ငါ့ကို မြတ်စွာဘုရားသည် မပြတ်မလပ် အချည်းနှီးသော (တုစ္ဆ) ပေါဋ္ဌိလဟု ဆိုတော်မူဘိ၏၊ မချွတ်လျှင် ငါ့ကို မြတ်စွာဘုရားသည် ဈာန်အစရှိသည်တို့၏ မရှိခြင်းကြောင့် ဤသို့ ဆိုတော်မူဘိ၏”ဟု နှလုံးပြုလျက် ထိုပေါဋ္ဌိလ ရဟန်းသည် ဖြစ်သော ထိတ်လန့်ခြင်းရှိရကား “ယခုအခါ တောသို့ဝင်၍ ရဟန်းတရားကို အားထုတ်ပြုလုပ်ဦးအံ့”ဟု ကြံစည်လေ၏။ ဤသို့ ကြံစည်ပြီးလျှင် မိမိကိုယ်တိုင်သာလျှင် သပိတ်သင်္ကန်းကိုစီရင်၍ နံနက်စောစော မိုးသောက်အခါ အလုံးစုံသော ရဟန်းတို့၏နောက်မှ စာသင်ယူပြီး၍ ထွက်သောရဟန်းနှင့် အတူတကွ ထွက်သွားတော်မူလေ၏။ ပရိဝုဏ်ကျောင်းတွင်း၌နေလျက် ရွတ်အံသရဇ္ဈာယ်ကြကုန်သော ရဟန်းတို့သည် မိမိတို့၏ဆရာဟူ၍ မမှတ်သားမိကြလေကုန်။ ထိုပေါဋ္ဌိလမထေရ်သည် ယူဇနာ တစ်ရာ့နှစ်ဆယ်ရှိသော လမ်းခရီးသို့ ရောက်သွားလတ်သည်ရှိသော် တစ်ခုသော တောကျောင်း၌ သုံးကျိပ်သော ရဟန်းတို့သည် နေထိုင်ကြကုန်၏။ ထိုသုံးကျိပ်သော ရဟန်းတို့သို့ ချဉ်းကပ်ပြီးလျှင် သံဃမထေရ်ကြီးကို “အရှင်ဘုရား- တပည့်တော်၏ အားကိုးအားထား မှီခိုစရာ ဖြစ်တော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ “ငါ့ရှင်- သင်ကား ဓမ္မကထိကဖြစ်၏။ ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်၏။ ငါတို့သော်လည်း သင့်ကိုမှီ၍ စိုးစဉ်း သိသင့်သိထိုက်သည် ဖြစ်ရာ၏၊ အဘယ့်ကြောင့် ဤသို့ ပြောဆိုတော်မူဘိသနည်း”ဟု မေးလတ်သော် “အရှင်ဘုရားတို့- ဤသို့ ပြုတော်မမူကြပါကုန်လင့်၊ တပည့်တော်၏ မှီခိုအားထားစရာ ဖြစ်တော်မူကြပါဘုရား”ဟု လျှောက်ထားပြန်လေ၏။

(ထိုအလုံးစုံ သုံးကျိပ်သော ရဟန်းတို့ကား ရဟန္တာတို့ချည်းသာတည်း။)

စာတတ်ပုဂ္ဂိုလ်၏ မာနချိုးပုံ

ထိုသို့ လျှောက်ထားသောအခါ ပေါဋ္ဌိလမထေရ်ကို မထေရ်ကြီးသည် “ဤပေါဋ္ဌိလရဟန်းအား ပိဋကတ် သင်ကြားတတ်မြောက်ခြင်းကိုမှီ၍ မာနရှိတတ်သည်သာလျှင်တည်း”ဟု ဒုတိယမထေရ်၏အထံသို့ စေလွှတ်လိုက်လေ၏။ ထိုဒုတိယ မထေရ်သည်လည်း ပေါဋ္ဌိလရဟန်းကို မထေရ်ကြီးဆိုသော အတူသာလျှင် ဆိုပြန်လေ၏။ ဤသို့သောနည်းအားဖြင့် အလုံးစုံသော မထေရ်တို့သည်လည်း ထိုပေါဋ္ဌိလရဟန်းကို အဆင့်ဆင့် စေလွှတ်ကြကုန်လျက် နေ့သန့်ရာအရပ်၌ နေသဖြင့် အပ်ချုပ်ခြင်းအမှုကို ပြုနေသော ခုနစ်နှစ်သားအရွယ်သာရှိသော သာမဏေငယ်၏ အထံသို့ စေလွှတ်ကြလေကုန်၏။ ဤသို့ စေလွှတ်သဖြင့် ထိုပေါဋ္ဌိလရဟန်း၏ မာနကို ထုတ်ဆောင် ပယ်ဖျောက်ကြလေကုန်၏။ ထိုပေါဋ္ဌိလရဟန်းသည် ပယ်ချအပ်သော မာန်မာနရှိလတ်သဖြင့် သာမဏေငယ်၏အထံ၌ လက်အုပ်ကိုချီလျက် “သူတော်ကောင်း သာမဏေ- အကျွန်ုပ်၏ မှီခိုအားထားစရာ ဖြစ်တော်မူပါလော့”ဟု လျှောက်ဆိုလေ၏။ “ဆရာဘုရား- အံ့ဩဖွယ်ရှိလေစွ၊ အဘယ့်ကြောင့် ဤသို့သောစကားကို မိန့်တော်မူကြပါသနည်း၊ အရှင်ဘုရားတို့သည် အသက်သိက္ခာ ဝါအားဖြင့် ကြီးကြပါကုန်၏၊ များသော အကြားအမြင် ရှိကြပါကုန်၏၊ အရှင်ဘုရားတို့၏ အထံတော်၌ တပည့်တော်သည် စိုးစဉ်းသော အကြောင်းအရာကို သိသင့်သိထိုက်သည် ဖြစ်ရပါသည်ဘုရား”ဟု လျှောက်ဆိုလတ်သော် “သူတော်ကောင်းသာမဏေ- ဤသို့ ပြုတော်မမူပါလင့်၊ အကျွန်ုပ်၏ မှီခိုအားထားစရာ ဖြစ်သာဖြစ်တော်မူပါလော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ဆုံးမခြင်း၌ ခံ့ကြသည် အကယ်၍ ဖြစ်ကြပါကုန်ငြားအံ့၊ အရှင်ဘုရားတို့၏ မှီခိုစရာ ဖြစ်နိုင်ပါလိမ့်မည်ဘုရား”ဟု ဆိုလတ်သော် “သူတော်ကောင်းသာမဏေ- ဆုံးမခြင်း၌ ခံသောသူ ဖြစ်ပါမည်။ မီး၌ ဝင်ရမည်ဟု ဆိုသည်ရှိသော် အကျွန်ုပ်သည် မီး၌ ဝင်ပါမည်သာလျှင်တည်း”ဟု ဆိုတော်မူရှာလေ၏။ ထိုသို့ဆိုသောအခါ ပေါဋ္ဌိလရဟန်းကို မနီးမဝေးသောအရပ်၌ အိုင်တစ်ခုကို ပြပြီးလျှင် “အရှင်ဘုရား- ဝတ်မြဲတိုင်း ရုံမြဲတိုင်းသာလျှင် ဤအိုင်သို့ ဝင်ကြကုန်လော့၊ ဆင်းကြကုန်လော့”ဟု ဆိုလိုက်လေ၏။

(ထိုသို့ သာမဏေဆိုခြင်းသည် သင့်မြတ်လှပေ၏။ ထိုသာမဏေသည် ပေါဋ္ဌိလမထေရ်မြတ်၏ အဖိုးများစွာထိုက်ကုန်သော နှစ်ထပ်သင်္ကန်းတို့ကို ဝတ်ရုံတတ်သောအဖြစ်ကို သိလျက်သော်လည်း ဆုံးမခြင်း၌ ခံ့သောသူ ဖြစ်အံ့လောဟု စုံစမ်းလိုသည်ဖြစ်၍ ဤသို့ဆို၏။)

ပေါဋ္ဌိလမထေရ်သည်လည်း တစ်ခွန်းတည်းသောစကားကို ဆိုကာမျှဖြင့်ပင် ရေသို့ သက်ဆင်းတော်မူလေ၏။ ထိုသို့ သက်ဆင်းလတ်သောအခါ ပေါဋ္ဌိလမထေရ်ကို သင်္ကန်းစွန်းတို့၏ ရေစွတ်သောကာလ၌ “အရှင်ဘုရား- ကြွလာတော်မူကြပါဘုရား”ဟု ဆိုလိုက်သဖြင့် တစ်ခွန်းတည်းသောစကားဖြင့်ပင်လျှင် လာ၍ ရပ်တည်နေသော ပေါဋ္ဌိလမထေရ်ကို ဤသို့ ဟောကြားလေ၏။

ခုနစ်နှစ်သား ကိုရင် ဟောပြသော တရားတော်

“အရှင်ဘုရား- တစ်ခုသော တောင်ပို့၌ ကယ်ပေါက်တို့သည် ခြောက်ခုရှိကုန်၏၊ ထိုခြောက်ခုသော ကယ်ပေါက်တို့တွင် တစ်ခုသော ကယ်ပေါက်ဖြင့် ဖွတ်တစ်ကောင်သည် အတွင်းသို့ ဝင်သွားလေ၏၊ ထိုဖွတ်ကို ဖမ်းယူလိုသောသူသည် ဤမှတစ်ပါးကုန်သော ငါးခုသော ကယ်ပေါက်တို့ကိုပိတ်၍ ခြောက်ခုမြောက်ဖြစ်သော ကယ်ပေါက်ကို ဖျက်ဆီးပြီးလျှင် ဝင်ပေါက်ဖြင့်သာလျှင် ဖမ်းယူနိုင်၏၊ ဤအတူ အရှင်ဘုရားတို့သည် ခြောက်ဒွါရ၌ ဖြစ်ကုန်သော အာရုံတို့တွင် မနောဒွါရမှ ကြွင်းကုန်သော စက္ခုစသော ငါးပါးသော ဒွါရ၊ ငါးပါးသောဒွါရ၌ဖြစ်သော အာရုံတို့ကို ပိတ်၍ မနောဒွါရ၌ ပြုအပ်သောအမှုကို ဖြစ်စေတော်မူကြပါကုန်လော့”ဟု ဟောကြားမိန့်ဆိုလေ၏။ များသော အကြားအမြင်ရှိပြီးသော ပေါဋ္ဌိလရဟန်းအား ဤမျှတည်းသော တရားဖြင့်သာလျှင် ဆီမီးလျှံ ထွန်းလင်းတောက်ပသကဲ့သို့ ဖြစ်လေ၏။ ထိုပေါဋ္ဌိလရဟန်းသည် “သူတော်ကောင်းသာမဏေ- ဤမျှသာလျှင် ဖြစ်ပါစေတော့”ဟု ပြောကြားပြီးလျှင် ကရဇကာယဟူသော ခန္ဓာကိုယ်၌ ဉာဏ်ကိုချသွင်း၍ ရဟန်းတရားကို အားထုတ်တော်မူလေ၏။ မြတ်စွာဘုရားသည် ယူဇနာ တစ်ရာ့နှစ်ဆယ်၏အထက်၌ နေတော်မူလျက်သာလျှင် ထိုပေါဋ္ဌိလ ရဟန်းကို ကြည့်ရှုတော်မူ၍ “အကြင်အခြင်းဖြင့်သာလျှင် ဤရဟန်းသည် မြေကြီးအထုနှင့်တူသော ပညာရှိ၏။ ဤအခြင်းဖြင့်သာလျှင် ဤရဟန်းသည် မိမိကိုယ်ကို တည်တံ့စေခြင်းငှာ သင့်လျော်၏”ဟု ကြံဆင်ခြင်တော်မူလျက် ထိုပေါဋ္ဌိလရဟန်းနှင့် အတူတကွ စကားပြောတော်မူဘိသကဲ့သို့ ကိုယ်တော်ရောင်ကို ပျံ့နှံ့စေပြီးလျှင် ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၈၂] ယောဂါ ဝေ ဇာယတီ ဘူရိ၊ အယောဂါ ဘူရိ သင်္ခယော။
ဧတံ ဒွေဓာပထံ ဉတွာ၊ ဘဝါယ ဝိဘဝါယ စ။
တထတ္တာနံ နိဝေသေယျ၊ ယထာ ဘူရိ ပဍ္ဎဝတိ။

ယောဂါ၊ သုံးဆယ့်ရှစ်ပါးသော အာရုံတို့၌ အသင့်အတင့် နှလုံးသွင်းခြင်းကြောင့်။ ဘူရိ၊ မြေကြီးနှင့်တူသော ပြန့်ပြောသော ပညာသည်။ ဝေ၊ စင်စစ်။ ဇာယတိ၊ ဖြစ်၏။ အယောဂါ၊ နှလုံးမသွင်းခြင်းကြောင့်။ ဘူရိသင်္ခယော၊ ပညာ၏ ပျက်စီးကုန်ခန်းခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ဘဝါယ စ၊ ပညာပွားခြင်း၏လည်းကောင်း။ ဝိဘဝါယ စ၊ ပညာမပွားခြင်း၏လည်းကောင်း။ ဧတံ ဒွေဓာပထံ၊ ထိုနှလုံးသွင်းခြင်း မသွင်းခြင်းဟူသော နှစ်ဖြာသော လမ်းခရီးကို။ ဉတွာ၊ သိပြီး၍။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘူရိ၊ ပညာသည်။ ပဝဍ္ဎတိ၊ တိုးပွား၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ နိဝေသေယျ၊ ဘာဝနာ၌ သွင်းထားရာ၏။

(ကမ္မဋ္ဌာန်းအာရုံ လေးဆယ်တို့တွင် ဓမ္မသင်္ဂဏီ ပါဠိတော်၌ မဟောသော အာလောကကသိုဏ်း, အာကာသကသိုဏ်း နှစ်ပါးကိုကြဉ်၍ သုံးဆယ့်ရှစ်ပါးသော ကမ္မဋ္ဌာန်းအာရုံ ဟူလို)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ပေါဋ္ဌိလမထေရ်သည် အရဟတ္တဖိုလ်၌ တည်လေ၏။

ပေါဋ္ဌိလမထေရ် ဝတ္ထုပြီး၏။

֍ * ၈။ ငါးပါးသော မထေရ်ကြီးတို့ ဝတ္ထု

ဝနံ ဆိန္ဒထအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော အသက်ကြီး ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဟင်းချက်ကောင်းသူ သေ၍ ရဟန်းကြီးများ ငိုခြင်း

ထိုရဟန်းကြီးတို့သည် လူအဖြစ်ဖြင့် နေစဉ်ကာလ သာဝတ္ထိပြည်ကြီးဝယ် ဥစ္စာများစွာသော သူကြွယ်တို့ဖြစ်ကြ၍ အချင်းချင်း အဆွေခင်ပွန်းတို့ ဖြစ်ကုန်သဖြင့် တစ်ပေါင်းတည်း ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြကုန်လျက် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသောကြောင့် “ငါတို့သည် အသက်ကြီးကြကုန်ပြီ၊ အိမ်ရာထောင်၍ နေခြင်းဖြင့် ငါတို့အား အဘယ်အကျိုးရှိအံ့နည်း”ဟု နှလုံးပြု၍ မြတ်စွာဘုရားထံ ရဟန်းအဖြစ်ကို တောင်းပန်ပြီးလျှင် ရဟန်းပြုကြလေကုန်သတတ်။ ရဟန်းပြုကြကုန်သော်လည်း အသက်ကြီးသည့်အဖြစ်ကြောင့် ပါဠိကို သင်ယူခြင်းငှာ မတတ်နိုင်ကုန်ရကား ကျောင်းတိုက်၏အစွန်၌ သစ်ရွက်မိုးသော ကျောင်းကို ဆောက်လုပ်စေ၍ တစ်ပေါင်းတည်း နေကြကုန်၏။ ဆွမ်းအလို့ငှာ သွားလာကြကုန်သော်လည်း များသောအားဖြင့် သားမယား၏ အိမ်သို့သာလျှင် သွား၍ ဘုဉ်းပေးသုံးဆောင်ကြလေကုန်၏။ ထိုရဟန်းကြီးတို့တွင် တစ်ပါးသော ရဟန်းကြီး၏ မယားဟောင်းသည် မဓုရပါစိကာ အမည်ရှိ၏။ ထိုမဓုရပါစိကာ ဒါယိကာမသည် အလုံးစုံသော ထိုရဟန်းကြီးတို့အားလည်း ကျေးဇူးများသော ဒါယိကာမတစ်ဦး ဖြစ်လေ၏။

ထို့ကြောင့် အလုံးစုံသော ရဟန်းကြီးတို့သည် မိမိကိုယ်တိုင် ရအပ်သောအာဟာရကို ထိုမဓုရပါစိကာ ဒါယိကာမ၏ အိမ်၌သာလျှင် နေထိုင်ကာ ဘုဉ်းပေးသုံးဆောင်ကြကုန်၏။ ထိုမဓုရပါစိကာ ဒါယိကာမသည်လည်း ထိုရဟန်းကြီးတို့အား အကြင်အကြင် ကောင်းစွာစီရင်အပ်သော ဟင်း,ဟင်းလျာကို လှူဒါန်း၏။ ထိုမဓုရပါစိကာ ဒါယိကာမသည် အမှတ်မရှိ တစ်ခုခုသောအနာဖြင့် တွေ့ထိအပ်သည်ဖြစ်၍ သေခြင်းကို ပြုရှာလေ၏။ ထိုသို့ သေသောအခါ ထိုရဟန်းကြီးတို့သည် အဆွေခင်ပွန်းဖြစ်သော ရဟန်းကြီး၏ သစ်ရွက်မိုးသောကျောင်း၌ စည်းဝေးကြပြီးလျှင် အချင်းချင်း လည်ပင်းတို့၌ ကိုင်ဖက်ကြကုန်လျက် “မြိန်မြတ်သော အရသာရအောင် ချက်တတ်သော မဓုရပါစိကာ ဒါယိကာမသည် သေခဲ့လေပြီတကား”ဟု မြည်တမ်းကာ ငိုကြွေးကြလေကုန်၏။ ရဟန်းတို့သည်လည်း ထက်ဝန်းကျင်သော အရပ်မှ ပြေးလာကြပြီးလျှင် “ငါ့ရှင်တို့- ဤသို့ ငိုကြွေးရခြင်းကား အဘယ်အကြောင်းနည်း”ဟု မေးအပ်ကုန်သည်ရှိသော် “အရှင်ဘုရားတို့- တပည့်တော်တို့၏ အဆွေခင်ပွန်းမထေရ်၏ မယားဟောင်းသည် အနိစ္စရောက်ရှာလေပြီ၊ ထိုဒါယိကာမသည် တပည့်တော်တို့အား ကျေးဇူးများလှသော သူတစ်ယောက်ဖြစ်ပါသည်။ “ယခုအခါ ထိုသို့သဘောရှိသော ဒါယိကမကို အဘယ်မှာ ရနိုင်ပါတော့အံ့နည်း”ဟူသော ဤသို့သော အကြောင်းကြောင့် ငိုကြွေးကြပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။

သမုဒ္ဒရာ ကျီးဇာတ် အမြွက်

ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကြလေကုန်၏။ ဘုရားရှင်သည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သော အခါ၌ အဘယ်စကားဖြင့် စည်းဝေးနေကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးနေကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ထိုရဟန်းကြီးတို့သည် ကျီးအမျိုး၌ဖြစ်၍ သမုဒ္ဒရာကမ်းနား၌ လှည့်လည်ကျက်စားစဉ် သမုဒ္ဒရာလှိုင်းကြောင့် သမုဒ္ဒရာသို့ဝင်၍ ကျ၍ ကျီးမသည် သေလတ်သည်၏အဖြစ်ကြောင့် ငိုကြွေးမြည်တမ်းကြကုန်လျက် ထိုကျီးမကို ထုတ်ဆယ်ကြကုန်အံ့ဟု နှုတ်သီးဖြင့် သမုဒ္ဒရာရေကို သွန်းလောင်းကြကုန်သောကြောင့် ပင်ပန်းကြရရှာ၏”ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူလျက်-

အပိနု ဟနုကာ သန္တာ၊ မုခဉ္စ ပရိသုဿတိ။
ဩရမာမ န ပါရေမ၊ ပူရတေဝ မဟောဒဓိ။

အမ္ဘော၊ အို..ကျီးတို့။ မယံ၊ ငါတို့သည်။ သြရမာမ၊ သမုဒ္ဒရာရေခန်းအောင် နှုတ်သီးဖြင့် ထုတ်ဆောင်ကြပါကုန်၏။ န ပါရေမ၊ အပြီးသို့ရောက်အောင် မတတ်နိုင်ကြပါကုန်။ အပိ၊ စင်စစ်။ နု-နော၊ ငါတို့သည်။ ဟနုကာ၊ မေးတို့သည်။ သန္တာ၊ ညောင်းညာပင်ပန်းကြကုန်၏။ မုခဉ္စ၊ ခံတွင်းသည်လည်း။ ပရိသုဿတိ၊ သွေ့ခြောက်၏။ မဟောဒဓိ၊ သမုဒ္ဒရာရေသည်။ ပူရတေဝ၊ ပြည့်မြဲပြည့်သည်သာလျှင်တည်း။

ဟူ၍ ဧကကနိပါတ်မှ ဤသမုဒ္ဒကာကဇာတ်ကို ချဲ့တော်မူပြီးလျှင် ထိုရဟန်းတို့ကို ခေါ်တော်မူသဖြင့် “ချစ်သားရဟန်းတို့- ရာဂ, ဒေါသ, မောဟဟူသော တောကိုမှီ၍ သင်တို့သည် ဤသို့သော ဆင်းရဲခြင်းကို ရအပ်၏၊ ထိုတောကို ခုတ်ထွင်ခြင်းငှာ သင့်၏၊ ဤသို့ ခုတ်ထွင်သည်ရှိသော် ဆင်းရဲခြင်း ကင်းကြသည် ဖြစ်ကြကုန်လတ္တံ့”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၈၃] ဝနံ ဆိန္ဒထ မာ ရုက္ခံ၊ ဝနတော ဇာယတော ဘယံ။
ဆေတွာ ဝနဉ္စ ဝနထဉ္စ၊ နိဗ္ဗာနာ ဟောထ ဘိက္ခဝေါ။

֍ * [၂၈၄] ယာဝဟိ ဝနထော န ဆိဇ္ဇတိ၊
အဏုမတ္တောပိ နရဿ နာရိသု။
ပဋိဗဒ္ဓမနောဝ တာဝ သော၊
ဝစ္ဆော ခီရပကောဝ မာတရိ။

ဘိက္ခဝေ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ဝနံ၊ တောကို။ ဆိန္ဒထ၊ ခုတ်ကြကုန်လော့။ ရုက္ခံ၊ သစ်ပင်ကို။ မာ ဆိန္ဒထ၊ မခုတ်ကြ မဖြတ်ကြကုန်လင့်။ ဝနတော၊ တောမှ။ ဘယံ၊ ခြင်္သေ့စသော ဘေးရန်သည်။ ဇာယတေ၊ ဖြစ်၏။ ဝနဉ္စ၊ ရှေး၌ပေါက်သော သစ်ပင်ကြီးကိုလည်းကောင်း။ ဝနထဉ္စ၊ နောက်၌ပေါက်သော သစ်ပင်ငယ်ကိုလည်းကောင်း။ ဆေတွာ၊ ခုတ်ဖြတ်ကြ၍။ နိဗ္ဗာနာ၊ ကိလေသာ မရှိကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။

(ဤကား စကားဝှက်သည်ကို မသိ၍ပေးသော အလိုမရှိအပ်သော အနက်။)

ဘိက္ခဝေ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ဝနံ၊ ကိလေသာတည်းဟူသော တောကို။ ဆိန္ဒထ၊ ခုတ်ဖြတ်ကြကုန်လော့။ ရုက္ခံ၊ ပကတိသစ်ပင်ကို။ မာ ဆိန္ဒထ၊ မခုတ်ကြ မဖြတ်ကြကုန်လင့်။

(မြတ်စွာဘုရားသည် “ဝနံဆိန္ဒထ၊ တောခုတ်ကြ”ဟု မိန့်မြွက်တော်မူလတ်သော် ထိုရဟန်းဖြစ်စ ပုဂ္ဂိုလ်တို့သန္တာန်၌ “မြတ်စွာဘုရားသည် ငါတို့ကို ပဲခွပ်စသည်တို့ကို ကိုင်စွဲ၍ ခုတ်ခိုင်း၏”ဟု မှတ်ထင်သဖြင့် သစ်ပင်ကို ခုတ်ဖြတ်လိုသောစိတ် ပေါ်ပေါက်လာ၏။ ထိုအခါ ထိုရဟန်းတို့ကို “ငါဘုရားသည် ရာဂစသော ကိလေသာတောအုပ်ကို ရည်စူး၍ တောခုတ်ကြဟု မိန့်ဆိုခြင်းဖြစ်သည်။ ပကတိ သစ်ပင်တို့ကို ရည်စူး၍ မိန့်ဆိုသည်မဟုတ်”ဟု တားမြစ်လိုသဖြင့် “မာ ရုက္ခံ”ဟု မိန့်မြွက်တော်မူ၏ဟူလို။)

ဝနတော၊ ကိလေသာတည်းဟူသော တောမှ။ ဘယံ၊ ဇာတိ စသော ဘေးရန်သည်။ ဇာယတေ၊ ဖြစ်၏။

(ပကတိတောမှ ခြင်္သေ့စသော ဘေးရန်ဖြစ်သကဲ့သို့ ထို့အတူ ဇာတိစသော ဘေးရန်သည်လည်း ကိလေသာတောအုပ်မှ ဖြစ်ပေါ်တတ်၏ဟူလို။)

ဝနဉ္စ၊ ပဋိသန္ဓေကျိုးပေးသော ကိလေသာကြီးကိုလည်းကောင်း။ ဝနထဉ္စ၊ ပဝတ္တိကျိုးပေးသော ကိလေသာငယ်ကိုလည်းကောင်း။ ဆေတွာ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် ခုတ်ဖြတ်ကြ၍။

(သစ်ပင်ကြီးတို့သည် “ဝန”မည်၏။ သစ်ပင်ငယ်တို့သည် ထိုတော၌ တည်သောကြောင့် “ဝနထ” မည်၏။ တစ်နည်းကား ရှေး၌ပေါက်သော သစ်ပင်တို့သည် “ဝန”၊ နောက်၌ အဆင့်ဆင့်ပေါက်သော သစ်ပင်တို့သည် “ဝနထ” မည်ကုန်၏။ ထို့အတူ အလွန်ကြီးကုန်သော ဘဝပဋိသန္ဓေကို ငင်တတ်သော ကိလေသာတို့သည် “ဝန” မည်ကုန်၏။ ပဝတ္တိအခါ အကျိုးပေးတတ်ကုန်သော ကိလေသာတို့သည် “ဝနထ” မည်ကုန်၏။ တစ်နည်းကား ရှေး၌ဖြစ်သော ကိလေသာတို့သည် “ဝန”၊ နောက်၌ အဆင့်ဆင့်ဖြစ်သော ကိလေသာတို့သည် “ဝနထ” မည်ကုန်၏။ ထိုကိလေသာ နှစ်ပါးစုံကို စတုတ္ထမဂ်ဉာဏ်ဖြင့် ခုတ်ဖြတ်ရမည်ဟူလို။)

နိဗ္ဗာနာ၊ ကိလေသာ မရှိကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။

(ဤကား စကားဝှက်သည်ကို သိ၍ပေးသော အလိုရှိအပ်သော အနက်။)

ဟိ၊ ထိုစကားသင့်စွ။ ယာဝ၊ အကြင်ရွေ့လောက်။ အဏုမတ္တော၊ အဏုမြူမျှလည်းဖြစ်သော။ ဝနထော၊ ကိလေသာဟူသော နောက်ပေါက် သစ်ပင်ငယ်သည်။ နရဿ၊ ယောက်ျားအား။ နာရီသု၊ မိန်းမတို့၌။ န ဆိဇ္ဇတိ၊ မပြတ်သေး။ တာဝ၊ ထိုရွေ့လောက်။ သော နရော၊ ထိုယောက်ျားသည်။ ခီရပကော၊ နို့မခွာသေးသော။ ဝစ္ဆော၊ နွားသားငယ်သည်။ မာတရိ၊ အမိနွားမ၌။ ပဋိဗဒ္ဓမနောဝ၊ ကပ်ငြိသောစိတ်ရှိသကဲ့သို့။ တထာ၊ ထို့အတူ။ နာရီသု၊ မိန်းမတို့၌။ ပဋိဗဒ္ဓမနောဝ၊ ကပ်ငြိသောစိတ် ရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုငါးပါးလည်း ဖြစ်ကုန်သော အသက်ကြီးမထေရ်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ငါးပါးသောမထေရ်ကြီးတို့ဝတ္ထုပြီး၏။

֍ * ၉။ ရွှေပန်းထိမ်သည်သား မထေရ်ဝတ္ထု

ဥစ္ဆိန္ဒအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်သာရိပုတ္တရာမထေရ်၏ ဥပဇ္ဈာယ်ယူ သဒ္ဓိဝိဟာရိကတပည့်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကမ္မဋ္ဌာန်းမထင်၍ ဘုရားထံပို့ရခြင်း

တစ်ယောက်သော အလွန်အဆင်းလှသော ရွှေပန်းထိမ်သည်သားသည် ရှင်သာရိပုတ္တရာမထေရ်၏ အထံတော်၌ ရဟန်းပြုသတတ်။ ရှင်သာရိပုတ္တရာမထေရ်သည် ပျိုနုသောသူတို့အား ရာဂပြန့်ပြောစွာ ဖြစ်တတ်၏ဟု ကြံ၍ ထိုရဟန်းအား ရာဂကို ပယ်ဖျောက်ခြင်းငှာ အသုဘကမ္မဋ္ဌာန်းကို ပေးတော်မူလေ၏။ ထိုရဟန်းအားကား အသုဘကမ္မဋ္ဌာန်းသည် မလျောက်ပတ်။ ထို့ကြောင့် တောသို့ဝင်၍ ဝါတွင်းသုံးလပတ်လုံး အားထုတ်အပ်သည်ရှိသော် စိတ်၏ တည်ကြည်ခြင်းမျှကိုလည်း မရသောကြောင့် တစ်ဖန် ရှင်သာရိပုတ္တရာမထေရ်၏ အထံတော်သို့ လာသဖြင့် ရှင်သာရိပုတ္တရာမထေရ်သည် “ငါ့ရှင်- သင့်အား ကမ္မဋ္ဌာန်းသည် ထင်၏လော”ဟု မေးတော်မူသည်ရှိသော် ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုသို့ လျှောက်ကြားသောအခါ ရှင်သာရိပုတ္တရာ မထေရ်သည် ထိုတပည့် ရဟန်းငယ်အား ကမ္မဋ္ဌာန်းသည်- မပြည့်စုံသေးဟု နှလုံးပြုလျက် “သင့်အား ဖြူစင်ခြင်းသို့ ရောက်ခြင်းငှာ မသင့်သေး”ဟု မိန့်ဆို၍ တစ်ဖန် ထိုအသုဘကမ္မဋ္ဌာန်းကိုပင်လျှင် ကောင်းစွာပြု၍ ပေးတော်မူပြန်လေ၏။ ထိုတပည့်သည် နှစ်ကြိမ်မြောက်၌လည်း တစ်စုံတစ်ခုသော တရားအထူးကို ဖြစ်စိမ့်သောငှာ မတတ်နိုင်ရကား ပြန်လာ၍ ရှင်သာရိပုတ္တရာမထေရ်အား လျှောက်ကြားပြန်၏။ ရှင်သာရိပုတ္တရာမထေရ်သည်လည်း အကြောင်းနှင့်တကွ ဥပမာနှင့်တကွ ထိုအသုဘကမ္မဋ္ဌာန်းကိုပင်လျှင် ဟောကြားပြန်လေ၏။ ထိုရဟန်းသည် တစ်ဖန်လည်း ပြန်လာ၍ ကမ္မဋ္ဌာန်း မပြည့်စုံသည့်အဖြစ်ကို လျှောက်ကြားပြန်လေ၏။ ရှင်သာရိပုတ္တရာမထေရ်သည် “ကမ္မဋ္ဌာန်း စီးဖြန်းခြင်းကိုပြုသော ရဟန်းကား မိမိ၌ ထင်ရှားရှိသော ကာမစ္ဆန္ဒ အစရှိသည်တို့ကို ရှိကုန်၏ဟူ၍လည်းကောင်း၊ မရှိကုန်သည်တို့ကို မရှိကုန်ဟူ၍လည်းကောင်း သိတတ်ပေ၏။ ဤရဟန်းကား ကမ္မဋ္ဌာန်းဟူသော အမှုကို ပြုသောသူဖြစ်၏၊ မပြုသောသူ မဟုတ်၊ အကျင့်ကို ကျင့်သောသူဖြစ်၏၊ မကျင့်သောသူ မဟုတ်၊ ငါသည်ကား ထိုရဟန်းငယ်၏ အလိုအဇ္ဈာသယကို မသိ၊ ဤရဟန်းငယ်သည် ဘုရရှင်သာ ချွတ်ထိုက်သောသူ ဖြစ်ပေလတ္တံ့”ဟု ကြံလေ၏။ ထိုသို့ကြံပြီးလျှင် ထိုရဟန်းငယ်ကို ခေါ်တော်မူ၍ ညချမ်းသောအခါ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရား- ဤရဟန်းသည် တပည့်တော်၏ ဥပဇ္ဈာယ်ယူ သဒ္ဓိဝိဟာရိကတပည့် ဖြစ်ပါသည်ဘုရား၊ ဤရဟန်းငယ်အား တပည့်တော်သည် ဤသို့သောအကြောင်းဖြင့် ဤမည်သောကမ္မဋ္ဌာန်းကို ပေးအပ်ပါသည်” အစရှိသည်ဖြင့် အလုံးစုံသော ထိုအကြောင်းအရာ စကားတို့ကို လျှောက်ကြားလေ၏။

လောဟိတ ကမ္မဋ္ဌာန်းဖြင့် ဈာန်ရခြင်း

ထိုသို့ လျှောက်ကြားလတ်သောအခါ၌ ထိုရဟန်းငယ်ကို မြတ်စွာဘုရားသည် “ဤအာသယာနုသယဉာဏ် မည်သည်ကား ပါရမီတို့ကို ဖြည့်ကျင့်၍ တစ်သောင်းသော လောကဓာတ်ကို ပဲ့တင်ထပ်စေလျက် သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူကြကုန်သော မြတ်စွာဘုရားတို့၏ အရာသာလျှင် ဖြစ်၏၊ အသို့နည်း၊ ဤရဟန်းသည် အဘယ်အမျိုးမှထွက်၍ ရဟန်းပြုဘိလေသနည်း”ဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် “ရွှေပန်းထိမ်သည် အမျိုးမှထွက်၍ ရဟန်းပြု၏”ဟု သိတော်မူသဖြင့် လွန်လေပြီးသော ကိုယ်အဖြစ်တို့ကို ကြည့်ရှုပြန်သည်ရှိသော် ထိုရဟန်းငယ်၏ ရွှေပန်းထိမ်သည်အမျိုး၌သာလျှင် အစဉ်အတိုင်းဖြစ်ကုန်သော ငါးရာသော ကိုယ်အဖြစ်တို့ကို မြင်တော်မူ၍ “ဤရဟန်းငယ်သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး ရွှေပန်းထိမ်သည်၏ အမှုကိုပြုသဖြင့် “မဟာလှေကားပန်း, ပဒုမ္မာကြာပန်း စသည်တို့ကို ပြုလုပ်အံ့”ဟု ရွှေနီကိုသာလျှင် တပြောင်းပြန်ပြန် ခတ်ဖူး၏၊ ထို့ကြောင့် ဤရဟန်းငယ်အား မတင့်တယ် စက်ဆုပ်ရွံရှာဖွယ်သော အသုဘကမ္မဋ္ဌာန်းသည် မသင့်မလျောက်ပတ်၊ နှစ်သက်ဖွယ်ရှိသော ကမ္မဋ္ဌာန်းသည်သာလျှင် သင့်တော်လျောက်ပတ်၏”ဟု ကြံစည်တော်မူပြီးလျှင် “ချစ်သား သာရိပုတ္တရာ- သင်သည် ကမ္မဋ္ဌာန်းကိုပေး၍ လေးလတို့ပတ်လုံး ပင်ပန်းစေအပ်သော ရဟန်းငယ်ကို ယနေ့ ဆွမ်းစားပြီးသော ညနေချမ်းအချိန်အခါ၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်သည်ကို သင်မြင်ရပေလတ္တံ့၊ သင် သွားချေလော့”ဟု ရှင်သာရိပုတ္တရာမထေရ်ကို လွှတ်လိုက်၍ တန်ခိုးတော်ဖြင့် လှည်းဘီးမျှလောက်သော ရွှေပဒုမ္မာကြာပန်းကို ဖန်ဆင်း၍ အရွက်တို့မှလည်းကောင်း, အရိုးတို့မှလည်းကောင်း ရေပေါက်တို့ကို ယိုစီးကျသကဲ့သို့ ပြုလုပ်ပြီးလျှင် “ချစ်သားရဟန်း- ဤပဒုမ္မာကြာပန်းကိုယူ၍ ကျောင်းအစွန် သဲပုံစု၌ ထားသဖြင့် ရှေးရှုမျက်မှောက်အရပ်၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလျက် “လောဟိတကံ လောဟိတကံ- နီမြန်းသော အဆင်းပါတကား၊ နီမြန်းသော အဆင်းပါတကား”ဟု ကသိုဏ်းပရိကံအမှု ပြုချေလော့”ဟု မိန့်တော်မူ၍ ပေးသနားတော်မူလေ၏။

ဖန်ဆင်းအပ်သော ပဒုမ္မာကြာပန်းကို မြတ်စွာဘုရား၏ လက်တော်မှ ယူစဉ်သာလျှင် ထိုရဟန်း၏စိတ်သည် ကြည်ကြည်လင်လင် ဖြစ်လေ၏။ ထိုရဟန်းငယ်သည် ကျောင်းအစွန်သို့သွား၍ သဲကိုစုပုံ၍ ထိုသဲပုံစု၌ ပဒုမ္မာကြာရိုးကို စိုက်သွင်းပြီးလျှင် ရှေးရှုမျက်မှောက်အရပ်၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလျက် “လောဟိတကံ လောဟိတကံ” ဟု ကသိုဏ်းပရိကံကို အားထုတ်လေ၏။ ထိုအခါ၌ ရဟန်းငယ်အား ထိုခဏချင်းဖြင့်သာလျှင် နီဝရဏတရားတို့သည် ထွက်ခွာသွားကြကုန်၏။ ဥပစာရဈာန်သည် ဖြစ်ပေါ်လာလေ၏။ ထိုဥပစာရဈာန်ဖြစ်သည်၏ အခြားမဲ့၌ ပထမဈာန်ကို ဖြစ်စေလျက် ငါးပါးသော အခြင်းအရာတို့ဖြင့် လေ့လာသည်၏အဖြစ်သို့ ရောက်စေပြီးလျှင် ထိုင်နေလျက်သာလျှင် ဒုတိယဈာန် အစရှိသည်တို့သို့လည်း ရောက်သဖြင့် လေ့လာခြင်းရှိသည်ဖြစ်၍ စတုတ္ထဈာန်ဖြင့် ဈာန်ကစားခြင်းကို ကစားလျက်နေလေ၏။

ဝိပဿနာဆိုက်အောင် ပြုခြင်း

မြတ်စွာဘုရားသည် ထိုရဟန်းငယ်၏ ဈာန်ရသည်အဖြစ်ကို သိတော်မူလျှင် “ဤရဟန်းသည် မိမိ၏ သဘောအားဖြင့် အထက်ဖြစ်သော မဂ်ဖိုလ်အထူးကို ဖြစ်စေခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု ကြည့်ရှုတော်မူလတ်သည်ရှိသော် မတတ်နိုင်လတ္တံ့ဟု သိတော်မူသဖြင့် “ထိုပဒုမ္မာကြာပန်းသည် ညှိုးနွမ်းစေသတည်း”ဟု ဓိဋ္ဌာန်တော်မူလေ၏။ ထိုကြာပန်းသည် လက်တို့ဖြင့် ဆုပ်နယ်အပ်သည်ဖြစ်၍ ညှိုးနွမ်းသော ကြာပန်းကဲ့သို့ ညိုမည်းသော အဆင်းရှိသည် ဖြစ်လေ၏။ ထိုရဟန်းငယ်သည် ဈာန်မှထ၍ ထိုကြာပန်းကို ကြည့်ရှု၍ “အသို့နည်း၊ ဤပဒုမ္မာကြာပန်းသည် အိုမင်းညှိုးလျော်ခြင်းဟူသော ဇရာတရားဖြင့် နှိပ်စက်သောအဖြစ်သည် ထင်ရှား၏။ ဥတုကြောင့်ဖြစ်သော အနုပါဒိဏ္ဏကရုပ်၌လည်း ဤသို့ ဇရာတရားသည် နှိပ်စက်အပ်သည်ရှိသော် ကံကြောင့်ဖြစ်သော ဥပါဒိဏ္ဏကရုပ်၌ ဆိုဖွယ်ရာမရှိသည်သာတည်း၊ ဤကိုယ်ကိုလည်း အိုခြင်း, သေခြင်းသည် လွှမ်းမိုးနှိပ်စက် ဖျက်ဆီးလတ္တံ့”ဟု မမြဲသော အနိစ္စလက္ခဏာကို မြင်ရလေ၏။

(ထိုအနိစ္စလက္ခဏာကို မြင်ရသည်ရှိသော် ဒုက္ခလက္ခဏာကိုလည်းကောင်း, အနတ္တလက္ခဏာကိုလည်းကောင်း မြင်ရသည်သာလျှင် ဖြစ်၏။)

ထိုရဟန်းငယ်အား သုံးပါးသော ဘဝတို့သည် ပြောင်ပြောင် တောက်လောင်ကုန်သကဲ့သို့လည်းကောင်း၊ လည်ပင်း၌ ဆွဲထားအပ်သော အကောင်ပုပ်ကဲ့သို့လည်းကောင်း ထင်လာကုန်၏။ ထိုခဏ၌ ထိုရဟန်းငယ်၏ မနီးမဝေးသော အရပ်၌ သူငယ်တို့သည် တစ်ခုသောအိုင်သို့ သက်ဆင်း၍ ကုမုဒြာကြာတို့ကိုချိုး၍ ကြည်းကုန်းထက်၌ အစုပြုကြကုန်၏။ ထိုရဟန်းငယ်သည် ရေ၌လည်းကောင်း၊ ကြည်းကုန်းထက်၌လည်းကောင်း တည်ကုန်သော ကုမုဒြာကြာတို့ကို ကြည့်ရှုလေ၏။ ထိုအခါ ထိုရဟန်းငယ်အား ရေ၌တည်သော ထိုကုမုဒြာကြာတို့သည် အလွန်အဆင်းလှကုန်လျက် ရေဖြင့် ယိုစီးကုန်သကဲ့သို့ ထင်ကုန်၏။ ကြည်းကုန်းထက်၌တည်သော ကြာတို့ကား အဖျားအဖျားတို့၌ ညှိုးနွမ်းကုန်၏။ ထိုရဟန်းငယ်သည် “အနုပါဒိဏ္ဏက ဥတုဇရုပ်ကို ဇရာတရားသည် ဤသို့ နှိပ်စက်ဘိ၏၊ ဥပါဒိဏ္ဏက ကမ္မဇရုပ်ကိုကား အဘယ့်ကြောင့် မနှိပ်စက်ဘဲ ရှိအံ့နည်း”ဟု အလွန့်အလွန် အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာတို့ကို မြင်ရလေ၏။ မြတ်စွာဘုရားသည် “ယခုအခါ ဤရဟန်းငယ်အား ကမ္မဋ္ဌာန်းသည် ထင်ရှားစွာ ဖြစ်ပြီ”ဟု သိတော်မူ၍ ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို လွှတ်တော်မူလေ၏။ ထိုရောင်ခြည်တော်သည် ရဟန်းငယ်၏ မျက်နှာကို ခတ်မိလေ၏။ ထိုအခါ “ဤအရောင်သည် အဘယ်သို့သော အရောင်ဖြစ်သနည်း”ဟု ကြည့်ရှုလတ်စဉ် ဘုရားရှင်သည် ကြွလာတော်မူ၍ မျက်မှောက်၌ ရပ်တော်မူဘိသကဲ့သို့ ဖြစ်လေ၏။ ထိုရဟန်းငယ်သည် ထ၍ လက်အုပ်ကို ချီလေ၏၊ ထိုအခါ ရဟန်းငယ်အား လျောက်ပတ်သည်ကို မှတ်သားတော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၈၅] ဥစ္ဆိန္ဒ သိနေဟမတ္တနော၊ ကုမုဒံ သာရဒိကံဝ ပါဏိနာ။
သန္တိမဂ္ဂမေဝ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။

သာရဒိကံ၊ တန်ဆောင်မုန်းလ သာရဒကာလ၌ဖြစ်သော။ ကုမုဒုံ၊ ကုမုဒြာကြာပန်းကို။ ပါဏိနာ၊ လက်ဖြင့်။ ဆိန္ဒတိဣဝ၊ ဖြတ်သကဲ့သို့။ အတ္တနော၊ မိမိ၏။ သိနေဟံ၊ ချစ်ခင်ခြင်း တဏှာကို။ ဥစ္ဆိန္ဒ၊ အရဟတ္တမဂ်ဉာဏ်ဖြင့်ဖြတ်လော့။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သုဂတေန၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်၏။ သန္တိမဂ္ဂမေဝ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးကိုသာလျှင်။ ဗြူဟယ၊ တိုးပွားစေလော့။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရှင်သာရိပုတ္တရာ၏ သဒ္ဓိဝိဟာရိက အတူနေတပည့်ရဟန်းငယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ရွှေပန်းထိမ်သည်သားမထေရ် ဝတ္ထုပြီး၏။

֍ * ၁၀။ မဟာဓနေကုန်သည်ကြီးဝတ္ထု

ဣဓ ဝဿံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မဟာဓနဝါဏိဇ အမည်ရှိသော ကုန်သည်ကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ငါမသေနိုင်သေးဟု မှတ်ထင်ခြင်း

ထိုကုန်သည်ကြီးသည် ဗာရာဏသီပြည်မှ ဝတ်ပန်းပွင့် ဆိုးရည်ဖြင့် ဆိုးအပ်ကုန်သော အဝတ်ပုဆိုးတို့ဖြင့် လှည်းငါးရာတို့ကို ပြည့်စေလျက် ကုန်သွယ်ခြင်းအကျိုးငှာ သာဝတ္ထိပြည်သို့ လာသတတ်။ ထိုကုန်သည်ကြီးသည် မြစ်ကမ်းနားသို့ ရောက်ပြီးလျှင် နက်ဖြန်၌ မြစ်ကိုကူးအံ့ဟုကြံလျက် ထိုမြစ်ကမ်းနား၌သာလျှင် လှည်းတို့ကို ဖြတ်စေ၍ နေလေ၏။ ညဉ့်အခါ၌ မိုးကြီးတက်လတ်၍ ရွာချလေ၏။ မြစ်သည် ခုနစ်ရက်ပတ်လုံး ရေဖြင့်ပြည့်သည်ဖြစ်၍ တည်လေ၏။ ပြည်သူပြည်သားတို့သည်လည်း ခုနစ်ရက်ပတ်လုံး နက္ခတ်သဘင် ကစားကြကုန်၏။ ဝတ်ပန်းဆိုးသော ပုဆိုးတို့ဖြင့် လိုအပ်သောကိစ္စလည်း ပြီးခဲ့လေ၏။ ကုန်သည်ကြီးသည် “ငါကား အဝေးမှ လာခဲ့ရ၏၊ တစ်ဖန် အကယ်၍ ပြန်လာရသည်ဖြစ်အံ့၊ ကြာမြင့်ခြင်းသည် ဖြစ်လတ္တံ့၊ ဤအရပ်၌သာလျှင် မိုးလေးလပတ်လုံးလည်းကောင်း၊ ဆောင်းလေးလပတ်လုံးလည်းကောင်း၊ နွေလေးလပတ်လုံးလည်းကောင်း ငါ၏ ရောင်းချခြင်းအမှုကို ပြုလုပ်ကာနေလျက် ဤအဝတ်ပုဆိုးတို့ကို ရောင်းချရပေတော့အံ့”ဟု ကြံစည်လေ၏။ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှာ သွားလာလှည့်လည်တော်မူစဉ် ထိုကုန်သည်ကြီး၏ စိတ်အကြံကို သိတော်မူသောကြောင့် ပြုံးခြင်းကို ထင်ရှားစွာ ပြုတော်မူရကား ရှင်အာနန္ဒာမထေရ်သည် ပြုံးတော်မူသောအကြောင်းကို မေးလျှောက်အပ်သည်ဖြစ်၍ “ချစ်သားအာနန္ဒာ- မဟာဓနကုန်သည်ကြီးကို သင်သည် မြင်၏လော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- မြင်ပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုကုန်သည်ကြီးသည် မိမိ၏ အသက်အန္တရာယ်ကို မသိလေသောကြောင့် ဤနှစ်,တစ်နှစ်ပတ်လုံး ဤမြစ်ကမ်းနား၌သာလျှင်နေ၍ အဝတ်ပုဆိုး ဘဏ္ဍာကို ရောင်းချအံ့သော စိတ်အကြံကို ပြုဘိ၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အသို့ပါနည်း၊ ထိုကုန်သည်ကြီးအား အန္တရာယ်ဖြစ်လိမ့်မည်လားဘုရား”ဟု နားတော်လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- အန္တရာယ်ဖြစ်လိမ့်မည် ဟုတ်မှန်ပေ၏၊ ခုနစ်ရက်မျှသာလျှင် အသက်ရှည်၍ ထိုကုန်သည်ကြီးသည် သေမင်းခံတွင်း၌ ကျရောက်ပေလတ္တံ့”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဥပရိပဏ္ဏာသ ပါဠိတော်၊ ဘဒ္ဒေကရတ္တသုတ် ဂါထာ

အဇ္ဇဝ ကိစ္စ မာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

ဧဝံ ဝိဟာရိံ အာတာပိံ၊ အဟောရတ္တ မတန္ဒိတံ။
တံ ဝေ ဘဒ္ဒေကရတ္တောတိ၊ သန္တော အာစိက္ခတေ မုနိ။

အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ အာတပ္ပံ၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လဝီရိယကို။ ကိစ္စံ-ကာတဗ္ဗံ၊ ပြုအပ်၏။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေခြင်းကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်အံ့နည်း။ ဟိ၊ ထိုစကားသင့်စွ။ မဟာသေနေန၊ များသော စစ်သည်ရှိသော။ တေန မစ္စုနာ၊ ထိုသေမင်းနှင့်။ သင်္ဂရံ၊ ချိန်းချက်ခြင်းသည်။ ဝါ၊ အကျွမ်းတဝင်ပြုလုပ်ခြင်း, တံစိုးလက်ဆောင်ပေးထားခြင်း, ဗိုလ်ပါရဲမက် စုဆောင်းထားခြင်းသည်။ နော၊ ငါတို့အား။ န ဟိ အတ္ထိ၊ မရှိသည်သာတည်း။

အဟောရတ္တံ၊ နေ့ညဉ့်ပတ်လုံး။ ဧဝံ ဝိဟာရိံ၊ ဤသို့ နေလေ့ရှိသော။ အာတာပိံ၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အတ္ထိ၊ ရှိ၏။ အတန္ဒိတံ၊ ပျင်းရိဖယ်ချ လုံ့လရှိသော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ဝေ၊ စင်စစ်။ ဘဒ္ဒေကရတ္တောတိ၊ ကောင်းသော တစ်ညဉ့်ရှိသော ပုဂ္ဂိုလ်မြတ်ဟူ၍။ သန္တော၊ ရာဂစသည် ငြိမ်းအေးပြီးသော။ မုနိ၊ မြတ်စွာဘုရားသည်။ အာစိက္ခတေ၊ ဟောကြားတော်မူ၏။

ကုန်သည်ကြီး ထိတ်လန့်၍ ကုသိုလ်ပြုခြင်း

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုကုန်သည်ကြီးအထံသို့ သွားပါရစေ၊ ပြောကြားလိုပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “ချစ်သားအာနန္ဒာ- လွတ်လွတ်ကျွတ်ကျွတ် ရဲရဲဝံ့ဝံ့ သွားချေလော့”ဟု မိန့်တော်မူလေ၏။ ရှင်အာနန္ဒာမထေရ်သည် လှည်းတပ်ချရာအရပ်သို့ သွား၍ ဆွမ်းအလို့ငှာ လှည့်လည်တော်မူလေ၏။ ကုန်သည်ကြီးသည် ရှင်အာနန္ဒာမထေရ်ကို ခဲဖွယ်ဘောဇဉ် အာဟာရတို့ဖြင့် မြတ်နိုးနှစ်သိမ့်စေလေ၏။ လှူဒါန်းလေ၏။ ထိုအခါ ကုန်သည်ကြီးကို ရှင်အာနန္ဒာမထေရ်သည် “အဘယ်မျှလောက်သော ကာလပတ်လုံး ဤအရပ်၌ နေလတ္တံ့နည်း”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- တပည့်တော်သည် ဝေးသောအရပ်မှ လာခဲ့ရပါသည်။ အကယ်၍ တစ်ဖန် ပြန်လာရသည်ဖြစ်အံ့၊ ကြာမြင့်ခြင်းသည် ဖြစ်ပါလတ္တံ့၊ ထို့ကြောင့် ဤနှစ် တစ်နှစ်ပတ်လုံး ဤအရပ်၌နေလျက် အဝတ်ပုဆိုး ဘဏ္ဍာကို ရောင်းချ၍ သွားပါမည်ဘုရား”ဟု လျှောက်သည်ရှိသော် “ဒါယကာ- အသက်အန္တရာယ်ကို သိနိုင်ခဲ၏၊ မမေ့မလျော့ပြုခြင်းငှာ သင့်၏”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- အသက်အန္တရာယ်သည် ဖြစ်လိမ့်မည်လောဘုရား”ဟု လျှောက်လတ်သည်ရှိသော် “ဒါယကာ- ဖြစ်လတ္တံ့သည်မှန်၏၊ ခုနစ်ရက်မျှသာ သင်၏အသက်သည် ဖြစ်လတ္တံ့၊ ရှည်လတ္တံ့”ဟု မိန့်ဆိုတော်မူလေ၏။ ကုန်သည်ကြီးသည် ထိတ်လန့်သောစိတ် ရှိသည်ဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို ပင့်ဖိတ်ပြီးလျှင် ခုနစ်ရက်ပတ်လုံး ကြီးစွာသော အလှူကြီးကိုပေးလှူ၍ အနုမောဒနာတရား ဟောကြားစိမ့်သောငှာ သပိတ်တော်ကို ယူလေ၏။ ထိုအခါ ကုန်သည်ကြီးအား မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုတော်မူသဖြင့် “ဒါယကာ- လာချေဦးလော့၊ ပညာရှိသောသူ မည်သည်ကား ဤအရပ်၌သာလျှင် နေပေတော့အံ့၊ ဤအခါ၌ နေပေတော့အံ့၊ ဤမည်, ဤမည်သော အမှုကို ပြုလုပ်တော့အံ့”ဟု ကြံစည်ခြင်းငှာ မသင့်၊ မိမိ၏ အသက်အန္တရာယ်ကိုသာလျှင် ကြံစည်ခြင်းငှာ သင့်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၈၆] ဣဓ ဝဿံ ဝသိဿာမိ၊ ဣဓ ဟေမန္တဂိမှိသု။
ဣတိ ဗာလော ဝိစိန္တေတိ၊ အန္တရာယံ န ဗုဇ္ဈတိ။

ဣဓ ဣမသို့ ဌာနေ၊ ဤအရပ်၌။ ဣဒဉ္စိဒဉ္စ၊ ဤမည်,ဤမည်သော အမှုကိုလည်း။ ကရောန္တော၊ ပြုလုပ်လျက်။ ဝဿံ၊ မိုးလေးလပတ်လုံး။ ဝသိဿာမိ၊ နေပေတော့အံ့။ ဣဓ မသ္မိံ ဌာနေ၊ ဤအရပ်၌။ ဣဒဉ္စိဒဉ္စ၊ ဤမည်,ဤမည်သော အမှုကိုလည်း။ ကရောန္တော၊ ပြုလုပ်လျက်။ ဟေမန္တဂိမှိသု၊ ဆောင်းလေးလ, နွေလေးလတို့၌။ ဝသိဿာမိ၊ နေပေတော့အံ့။ ဣတိ၊ ဤသို့။ ဗာလော၊ မျက်မှောက်အကျိုး တမလွန်အကျိုးကို မသိတတ်သော သူမိုက်သည်။ ဝိစိန္တေသိ၊ ကြံစည်၏။ အန္တရာယံ၊ ဤအခါ ဤအရပ် ဤနှစ်၌ သေရလတ္တံ့ဟု မိမိ၏ အသက်အန္တရာယ်ကို။ န ဗုဇ္ဈတိ၊ မသိ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ ကုန်သည်ကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာသည် ဖြစ်တော်မူလေ၏။

ကုန်သည်ကြီး သေ၍ တုသိတာ၌ ဖြစ်ခြင်း

ကုန်သည်ကြီးသည်လည်း မြတ်စွာဘုရားကို လိုက်ပို့၍ ပြန်လာပြီးလျှင် “ငါ့အား ဦးခေါင်းနာကဲ့သို့သော အနာသည် ဖြစ်၏ဟူ၍ အိပ်ရာညောင်စောင်း၌ လျောင်းအိပ်စက်လေ၏။ ထိုသို့ လျောင်းအိပ်စက်လျက်သာလျှင် သေလွန်လေ၍ တုသိတာ နတ်ဗိမာန်၌ ဖြစ်လေ၏။

မဟာဓနကုန်သည်ကြီးဝတ္ထုပြီး၏။

֍ * ၁၁။ ကိသာဂေါတမီ ဝတ္ထု

တံ ပုတ္တပသုသမ္မတ္တံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဝတ္ထုကို သဟဿဝဂ်၌-
ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

ဟူသော ဂါထာ၏အဖွင့်၌ အကျယ်ချဲ့၍ ဆိုအပ်လေပြီ။)

အလိုမပြည့်မီ သေရခြင်း

ထိုအခါ မြတ်စွာဘုရားသည် “ချစ်သမီး ကိသာဂေါတမီ- သင်သည် တစ်လက်ဖျစ်မျှသော မုန်ညင်းစေ့ကို ရအပ်ပြီလော”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မရပါဘုရား”ဟု လျှောက်ပြီးလျှင် “အလုံးစုံသောရွာ၌ (တစ်ရွာလုံး တစ်ရပ်လုံး၌) အသက်ရှည်ကုန်သောသူတို့ထက် သေသောသူတို့သာလျှင် များလှပါကုန်သတတ်ဘုရား”ဟု လျှောက်ကြားလတ်သော် ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားသည် “သင်သည်သာလျှင် သားသေ၏ဟု မှတ်ထင်ဘိ၏၊ ဤသေခြင်း သဘောတရားသည် ခပ်သိမ်းသော သတ္တဝါတို့အား မြဲသော သဘောဖြစ်၏၊ သေမင်းသည် ခပ်သိမ်းသော သတ္တဝါတို့ကို အလိုဆန္ဒ မပြည့်ဝမီသာလျှင် ကြီးစွာသော ရေအလျဉ်ကဲ့သို့ ဆွဲငင်ဆောင်ယူလျက် အပါယ်တည်းဟူသော သမုဒ္ဒရာ၌ ထည့်သွင်းပစ်ချဘိ၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၈၇] တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမာနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

ပုတ္တပသုသမ္မတ္တံ၊ သားနှင့်သမီး နွားထီး,နွားမ စသည်တို့ဖြင့် လွန်စွာ ယစ်မေ့လေ့ရှိသော။

(ရုပ်အဆင်း စသည်တို့နှင့် ပြည့်စုံသော သားသမီးတို့ကိုလည်းကောင်း၊ နွားစသော သားကောင်တို့ကိုလည်းကောင်း ရလတ်သည်ရှိသော် ငါ၏ သားသမီးတို့သည် အလွန်လှပကုန်၏၊ အားကောင်းကုန်၏၊ ပညာရှိကုန်၏၊ ကိစ္စအားလုံး ပြီးစေနိုင်ကြကုန်၏၊ ငါ၏ နွားတို့သည် အလွန်လှကုန်၏၊ အနာမရှိ၊ များစွာသော ဝန်တို့ကို ရွက်ဆောင်နိုင်ကြကုန်၏၊ ငါ၏ နွားမတို့သည် များစွာ နို့ထွက်ကုန်၏၊ ဤသို့ စသည်ဖြင့် သားသမီးတို့ဖြင့်လည်းကောင်း၊ နွားထီးနွားမ စသည်တို့ဖြင့်လည်းကောင်း လွန်စွာ မူးယစ်မေ့လျော့လေ့ရှိသောသူကို ဆိုလိုသည်။)

ဗျာသတ္တမာနသံ၊ ရသည်ထက်လွန်၍ တောင့်တသော စိတ်ရှိထသော။ ဝါ၊ ရပြီးသည်၌ လွန်စွာ ကပ်ငြိသောစိတ် ရှိထသော။

(ရွှေ,ငွေ စသည်တို့တွင် တစ်ခုခုကိုလည်းကောင်း၊ သပိတ် သင်္ကန်း စသည်တို့တွင် တစ်ခုခုကိုလည်းကောင်း၊ ရလတ်သည်ရှိသော် ထိုရသည်ထက် အလွန့်အလွန်ကို တောင့်တသဖြင့် အလွန်ကပ်ငြိသော စိတ်ရှိသော သူကိုလည်းကောင်း၊ ထိုမှတစ်ပါး မျက်စိဖြင့်သိအပ်သော ရူပါရုံ စသော အာရုံခြောက်ပါးတို့တွင် တစ်ပါးပါးကိုလည်းကောင်း ဆိုအပ်ပြီးသော အပြားရှိသော ပရိက္ခရာတို့တွင် တစ်ခုခုကိုလည်းကောင်း အကြင်အကြင် ဝတ္ထုကို ရအပ်၏၊ ထိုထိုဝတ္ထု၌သာလျှင် ကပ်ငြိတတ်သောကြောင့် အထူး လွန်စွာကပ်ငြိသော စိတ်ရှိသောသူကိုလည်းကောင်း ဆိုလိုသည်။)

တံနရံ၊ ထိုလူကို။ သုတ္တံ၊ အိပ်ပျော်ခြင်းသို့ရောက်သော။ ဂါမံ၊ ရွာသူရွာသားအပေါင်းကို။ မဟောဃော၊ ကြီးစွာသော ရေအလျဉ်သည်။ အာဒါယ၊ ယူ၍။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ မစ္စု၊ သေမင်းသည်။ အာဒါယ၊ ယူ၍။ ဂစ္ဆတိ၊ သွား၏။

(ဤသို့ သဘောရှိသော ရွာသားအပေါင်းကို အနက် စောက် အကျယ်အားဖြင့် ကြီးကျယ်လှကုန်သော မြစ်ကြီးတို့၏ ရေအလျဉ်သည် အယုတ်ဆုံး ခွေးပါမကျန် အကုန်လုံးယူ၍ သွားသကဲ့သို့ ဆိုအပ်ပြီးသော အပြားရှိသော လူကို သေမင်းငင်၍ သွားတတ်သည်ဟူလို။)
(သောတာပန်တည်ပြီးမှ ရဟန်းပြု၍ ဆီမီးလျှံ ဝိပဿနာပွားသဖြင့် ရဟန္တာမဖြစ်ကြောင်း ၈-သဟဿဝဂ်၊ ၁၃-ဝတ္ထု၌ ဆိုအပ်ပြီ။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ကိသာဂေါတမီသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။

ကိသာဂေါတမီ ဝတ္ထုပြီး၏။

֍ * ၁၂။ ပဋာစာရီဝတ္ထု

န သန္တိ ပုတ္တာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဋာစာရီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဝတ္ထုကို သဟဿဝဂ်၌-
ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

ဟူသော ဂါထာ၏အဖွင့်၌ အကျယ်ချဲ့၍ ဆိုအပ်လေပြီ။)

သားသမီး စသည်တို့ အားကိုးစရာ မဟုတ်ခြင်း

ထိုအခါ၌ကား မြတ်စွာဘုရားသည် ပဋာစာရီကို ခေါင်းပါးစွာဖြစ်သော စိုးရိမ်ခြင်းရှိသည်ကို သိတော်မူရ၍ “ချစ်သမီး ပဋာစာရီ- သားသမီး အစရှိသော သူတို့မည်သည် တမလွန်လောကသို့ သွားသောသူ၏အလို့ငှာ စောင့်ရှောက်ရာသည်လည်းကောင်း၊ ကိုးကွယ်ရာသည်လည်းကောင်း၊ ပုန်းအောင်းရာသည်လည်းကောင်း ဖြစ်ခြင်းငှာ မတတ်နိုင်ကြကုန်၊ ထို့ကြောင့် ထင်ရှားရှိကုန်ငြားသော်လည်း ထိုသားသမီး အစရှိသောသူတို့သည် မရှိကြကုန်သည်သာ ဖြစ်ကုန်၏။ ပညာရှိသောသူသည်ကား သီလကို သုတ်သင်၍ မိမိ၏ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လမ်းခရီးကိုသာလျှင် သုတ်သင်ခြင်းငှာ သင့်လျော်ပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၈၈] န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓဝါ။
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။

֍ * [၂၈၉] ဧတမတ္ထဝသံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုတော။
နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိမ္မမေဝ ဝိသောဓယေ။

တာဏာယ၊ ထောက်တည် မှီခိုရာအကျိုးငှာ။ ပုတ္တာ၊ သားသမီးတို့သည်။ န သန္တိ၊ မရှိကြကုန်။ ပိတာ-ပိတရော၊ မိဘတို့သည်။ န သန္တိ၊ မရှိကြကုန်။ ဗန္ဓဝါပိ၊ နှလုံးအကျွမ်းဝင်သော ဆွေမျိုးတို့သည်လည်း။ န သန္တိ၊ မရှိကုန်။ အန္တကေန၊ သေခြင်းဖြင့်။ အဓိပန္နဿ၊ နှိပ်စက်သောသူအား။ ဉာတီသု၊ အဆွေအမျိုးတို့၌။ တာဏတာ၊ စောင့်ရှောက်နိုင်သောသူ၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။

(အစဉ်မပြတ် ဖြစ်နေဆဲ ပဝတ္တိအခါ၌ သားသမီးစသော သူတို့သည် ထမင်းအဖျော်စသည် ပေးသဖြင့်လည်းကောင်း၊ ဖြစ်သောကိစ္စကို ထုတ်ဆောင်ခြင်းဖြင့်လည်းကောင်း အားထားရာတို့ ဖြစ်ကြကုန်သော်လည်း သေအံ့သောကာလ၌ တစ်စုံတစ်ခုသော အကြောင်းဖြင့် သေခြင်းကို တားဆီးပိတ်ပင်ခြင်းငှာ မစွမ်းနိုင်သောကြောင့် ပုန်းအောင်းစရာအလို့ငှာ မရှိကြကုန်ဟု ဆိုအပ်၏ဟူလို။)

ဧတံ အတ္ထဝသံ၊ ဤအကြောင်းကို။ ဉတွာ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ သီလသံဝုတော၊ စတုပါရိသုဒ္ဓိသီလဖြင့် စောင့်ရှောက်အပ်သည်ဖြစ်၍။ နိဗ္ဗာနဂမနံ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။ မဂ္ဂံ၊ မဂ္ဂင်ရှစ်ပါးရှိသော မဂ်ကို။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ ဝိသောဓယေ၊ သုတ်သင်ရာ၏။

(သောတာပန်တည်ပြီးမှ ရဟန်းပြု၍ ရေသွန်းလောင်းရာ၌ ဝိပဿနာပွား၍ ရဟန္တာမဖြစ်ကြောင်း သဟဿဝဂ်၊ ၁၂-ဝတ္ထု၌ ဆိုအပ်ပြီ။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ ပဋာစာရီသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ တစ်ပါးကုန်သော များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပဋာစာရီဝတ္ထုပြီး၏။

֍ * ၁။ ကိုယ်တော်မြတ်၏ ရှေးကံ ဝတ္ထု

မတ္တာ သုခပရိစ္စာဂါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ကိုယ်တော်မြတ်၏ ရှေး၌ပြုအပ်သော ကံကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝေသာလီပြည် ဘေးသုံးပါးဖြစ်ခြင်း

တစ်ပါးသောအခါ ဝေသာလီပြည်သည် ပြည့်စုံကြွယ်ဝ၏။ စည်ပင်ပြန့်ပြော၏။ များသောလူရှိ၏။ ပြွမ်းသောလူရှိ၏။ ထိုဝေသာလီပြည်၌ အလှည့်အလှည့်အားဖြင့် မင်းအဖြစ်ကို ပြုကုန်ကြသော မင်းတို့၏သာလျှင် ခုနစ်ရာအလွန်ရှိကုန်သော ခုနစ်ထောင်သော မင်းတို့သည်လည်းကောင်း၊ ခုနစ်ယောက်သော မင်းတို့သည်လည်းကောင်း ဖြစ်ကုန်၏။ (ခုနစ်ထောင် ခုနစ်ရာ ခုနစ် (၇၇၀၇)ယောက်ဖြစ်ကြကုန်၏။) ထိုခုနစ်ထောင် ခုနစ်ရာ ခုနစ်ယောက်သော မင်းတို့၏ နေရာအကျိုးငှာ ထိုမျှလောက် ခုနစ်ထောင် ခုနစ်ရာ ခုနစ်ဆောင်ကုန်သော ပြာသာဒ်တို့သည်လည်းကောင်း၊ ထိုမျှလောက်သာလျှင် ဖြစ်ကုန်သော စုလစ်မွမ်းချွန် တပ်သော အိမ်တော်တို့သည်လည်းကောင်း၊ ဥယျာဉ်၌ နေစရာအကျိုးငှာ ထိုမျှလောက်သာလျှင်ဖြစ်ကုန်သော အရံတို့သည်လည်းကောင်း၊ လေးထောင့် ရေကန်တို့သည်လည်းကောင်း ရှိသည်ဖြစ်ကုန်၏။ ထိုဝေသာလီပြည်သည် တစ်ပါးသောအခါ၌ ငတ်မွတ်ခေါင်းပါးသည်ဖြစ်၍ မကောင်းသော ပျက်စီးသော ကောက်စပါးရှိသည်ဖြစ်၏။ ထိုဝေသာလီပြည်၌ ငတ်မွတ်ဆာလောင်သော ဘေးကြောင့် ရှေးဦးစွာ ဆင်းရဲသောလူတို့သည် သေကျေပျက်စီးကြလေကုန်၏။ ထိုထိုအရပ်၌ စွန့်ပစ်အပ်ကုန်သော ထိုထိုအကောင်ပုပ်တို့၏ အနံ့ကြောင့် ဘီလူးတို့သည် မြို့တွင်းသို့ ဝင်ကြကုန်၏။ ဘီလူးတို့ နှိပ်စက်သောဘေးကြောင့် များစွာသော လူတို့သည် သေကျေပျက်စီးလေကုန်၏။ ထိုသေသောသူတို့၏ ပုပ်သောအနံ့ဖြင့် စက်ဆုပ်ဖွယ်ရှိသော အဖြစ်ကြောင့် သတ္တဝါတို့အား ယင်အနာရောဂါသည် ဖြစ်လေ၏။ ဤသို့လျှင် ငတ်မွတ်သောဘေးသည်လည်းကောင်း, ဘီလူးဘေးသည်လည်းကောင်း, အနာရောဂါဘေးသည်လည်းကောင်း သုံးပါးသော ဘေးတို့သည် ဖြစ်လေကုန်၏။

ဘေးကင်းအောင် ကြံစည်ကြခြင်း

မြို့၌နေသောသူတို့သည် စည်းဝေး၍ မင်းကြီးကို “မြတ်သောမင်းကြီး- ဤမြို့၌ သုံးပါးသော ဘေးတို့သည် ဖြစ်ကုန်၏၊ ဤယခုအခါမှ ရှေး၌ မင်းခုနစ်ဆက်တိုင်အောင် ဤသို့သဘောရှိသော ဘေးမည်သည် မဖြစ်စဖူးပါ၊ တရားမစောင့်သော မင်းတို့၏ လက်ထက်၌သာ ဤသို့သဘောရှိသောဘေးသည် ဖြစ်ပေါ်ပါသည်”ဟု လျှောက်ကြား သံတော်ဦးတင်ကြလေကုန်၏။ မင်းကြီးသည်လည်း မင်းကွန်း၌ အလုံးစုံသောသူတို့၏ အစည်းအဝေးပြုပြီးလျှင် “ငါ့အား တရားမစောင့်သောအဖြစ် အကယ်၍ ရှိသည်ဖြစ်အံ့၊ ထိုတရားမစောင့်သောအဖြစ်ကို စုံစမ်းကြပါကုန်လော့”ဟု မိန့်ဆိုလေ၏။ ဝေသာလီပြည်၌ နေသောသူတို့သည် အလုံးစုံသော အစဉ်အဆက်ကို စုံစမ်းကြရကုန်သည်ရှိသော် မင်းကြီး၏ တစ်စုံတစ်ခုသော အပြစ်ကို မမြင်ရသောကြောင့် “မြတ်သောမင်းကြီး- သင်မင်းကြီးအား ထိုအပြစ်ဒေါသသည် မရှိပါ”ဟု ဆိုပြီးလျှင် “အဘယ်သို့သော အကြောင်းဖြင့် ငါတို့အား ဤသေဘေးသည် ငြိမ်းခြင်းသို့ ရောက်ရာအံ့နည်း”ဟု စည်းဝေးတိုင်ပင်ကြလေကုန်၏။ ထိုသို့တိုင်ပင်ရာ၌ အချို့သောသူတို့သည် “ဗလိနတ်စာပေးခြင်းအမှုဖြင့် တောင်းပန်ခြင်းမင်္ဂလာကို ပြုလုပ်ခြင်းအားဖြင့် ငြိမ်းခြင်းသို့ ရောက်ရာ၏”ဟု ဆိုသည်ရှိသော် ထိုအစီအရင် အလုံးစုံကိုလည်း ပြုလုပ်သဖြင့် တားမြစ်ခြင်းငှာ မတတ်နိုင်ကြကုန်၏။ ထိုအခါ အချို့သောသူတို့သည် “ဆရာကြီးခြောက်ယောက် (ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ သဉ္စယဗေလဋ္ဌပုတ္တ၊ နိဂဏ္ဌနာဋပုတ္တ) တို့ကား ကြီးသော အာနုဘော်ရှိ၏။ ထိုဆရာခြောက်ယောက်တို့သည် ဤမြို့သို့ ရောက်လာကာမျှ ဖြစ်လတ်သည်ရှိသော် ဘေးသည် ငြိမ်းအေးရာ၏”ဟု ဤသို့သောစကားကို ဆိုကြလေကုန်၏။ ထိုမှတစ်ပါးသောသူတို့သည် “မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် ဘုန်းတော် အလွန်ကြီးသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှါ တရားတော်ကို ဟောကြားတော်မူ၏၊ ကြီးသောတန်ခိုးရှိ၏။ ကြီးသော အာနုဘော်ရှိ၏၊ ထိုမြတ်စွာဘုရားသည် ကြွရောက်လာသည်ရှိသော် ဤဘေးတို့သည် ငြိမ်းပျောက်ကုန်ရာ၏”ဟု ဆိုကြလေကုန်၏။

မြတ်စွာဘုရားကို ပင့်ဆောင်ခြင်း

ထိုသူတို့၏စကားကို ခပ်သိမ်းသောသူတို့သည်လည်း လွန်မင်းစွာ နှစ်သက်ကြသဖြင့် “ထိုမြတ်စွာဘုရားသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံးနေထိုင်တော်မူသနည်း”ဟု ဆိုကြလေကုန်၏။ ထိုအခါ၌ကား မြတ်စွာဘုရားသည် ဝါဆိုအံ့သောအခါကာလ နီးကပ်လတ်သည်ရှိသော် ဗိမ္ဗိသာရမင်းကြီးအား ဝန်ခံခြင်းကို ပေးတော်မူ၍ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်တော်မူ၏။ ထိုအခါ၌လည်း ဗိမ္ဗိသာရမင်းကြီး၏ အစည်းအဝေး၌ ဗိမ္ဗိသာရမင်းကြီးနှင့် အတူတကွ သောတာပတ္တိဖိုလ်သို့ ရောက်သော မဟာလိအမည်ရှိသော လိစ္ဆဝီမင်းသည် ထိုပရိသတ်၌ နေလျက်ရှိ၏။ ဝေသာလီပြည်၌နေသောသူတို့သည် များစွာသော လက်ဆောင်ပဏ္ဏာကာရကို စီရင်၍ ဗိမ္ဗိသာရမင်းကြီးကို သိစေပြီးလျှင် “မြတ်စွာဘုရားကို ဤဝေသာလီပြည်သို့ ပင့်ဆောင်ကြပါကုန်လော့”ဟု မဟာလိလိစ္ဆဝီမင်းကိုလည်းကောင်း၊ ပုရောဟိတ်ပုဏ္ဏား၏ သားကိုလည်းကောင်း စေလွှတ်ကြလေကုန်၏။ ထိုမဟာလိမည်သော လိစ္ဆဝီမင်းနှင့် ပုရောဟိတ်ပုဏ္ဏား၏ သားတို့သည်သွား၍ ဗိမ္ဗိသာရမင်းကြီးအား လက်ဆောင်ပဏ္ဏာကာရကို ဆက်သပြီးလျှင် ထိုဝေသာလီပြည်၌ဖြစ်သော အကြောင်းကို သိသာအောင် လျှောက်တင်ပြောကြားကြ၍ “မြတ်သောမင်းကြီး- မြတ်စွာဘုရားကို အကျွန်ုပ်တို့၏ တိုင်းပြည်သို့ ပို့ကြပါကုန်လော့”ဟု တောင်းပန်ကြလေကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် “သင်တို့သည်သာလျှင် သိရအောင် ပြုကြပါကုန်လော့”ဟု ဆို၍ ဝန်ခံတော်မူလေ၏။ ထိုပင့်လာသောသူတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ဝေသာလီပြည်၌ သုံးပါးသောဘေးတို့သည် ပေါ်ပေါက်နေကြပါသည်ဘုရား၊ ထိုဘေးတို့သည် ရှင်တော်မြတ်ဘုရားတို့ ကြွလာတော်မူကြကုန်သည်ရှိသော် ငြိမ်းပျောက်ကြပါကုန်လတ္တံ့၊ မြတ်စွာဘုရား- ကြွတော်မူကြပါ၊ သွားကြပါကုန်အံ့ဘုရား”ဟု တောင်းပန်ကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုသူတို့၏စကားကို ကြားတော်မူရ၍ ဆင်ခြင်တော်မူလျက် “ဝေသာလီပြည်၌ ရတနသုတ်ပရိတ်ကို ဟောတော်မူရသည်ရှိသော် ထိုရတနသုတ် အစောင့်အရှောက်သည် စကြဝဠာတို့၏ ကုဋေတစ်သိန်းတိုင်အောင် ပျံ့နှံ့လတ္တံ့၊ ရတနသုတ်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားတော်ကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လတ္တံ့၊ ထိုသုံးပါးသော ဘေးတို့သည်လည်း ငြိမ်းပျောက်ကုန်လတ္တံ့”ဟု သိတော်မူသဖြင့် ထိုပင့်လာသောသူတို့၏စကားကို ဝန်ခံတော်မူလေ၏။

မြတ်စွာဘုရားကို ဗိမ္ဗိသာရမင်းကြီး လိုက်ပို့ခြင်း

ဗိမ္ဗိသာရမင်းသည် “မြတ်စွာဘုရားသည် ဝေသာလီပြည်သို့ ကြွသွားခြင်းကို ဝန်ခံတော်မူသတတ်”ဟု ကြားရလျှင် မြို့၌ ကြွေးကြော်ခြင်းကို ပြုစေလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “မြတ်စွာဘုရား- ဝေသာလီပြည်သို့ ကြွသွားခြင်းကို ဝန်ခံတော်မူပါပြီလောဘုရား”ဟု မေးလျှောက်လေ၏။ “မြတ်သောမင်းကြီး- ဝန်ခံအပ်ပေပြီ”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုသို့ဖြစ်ပါမူ ရှေးဦးစွာ ဆိုင်းငံ့တော်မူကြပါဦး၊ လမ်းခရီးကို စီရင်ပါဦးမည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် ရာဇဂြိုဟ်ပြည်၏လည်းကောင်း၊ ဂင်္ဂါမြစ်၏လည်းကောင်း အကြား၌ ငါးယူဇနာရှိသော မြေကို ညီညွတ်စွာပြုလုပ်စေသဖြင့် ယူဇနာတိုင်း ယူဇနာတိုင်း၌ ကျောင်းကို တည်ထားဆောက်လုပ်ပြီးလျှင် မြတ်စွာဘုရားအား ကြွတော်မူအံ့သောအခါကို လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် ငါးရာသော ရဟန်းတို့နှင့် အတူတကွ လမ်းခရီးကို ကြွသွားတော်မူလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် တစ်ယူဇနာအတွင်း၌ ပုဆစ်ဒူးမျှ အတိုင်းအရှည်ရှိသော အပိုင်းအခြားဖြင့် ငါးပါးသော အဆင်းရှိသော ပန်းတို့ကို ကြဲဖြန့်စေလျက် တံခွန် ကုက္ကား ငှက်ပျောပင် စသည်တို့ကို စိုက်စေ၍ ထီးအဆင့်ဆင့် ပြုလုပ်သဖြင့် မြတ်စွာဘုရားအလို့ငှာ ထီးဖြူနှစ်စင်းတို့ကိုလည်းကောင်း၊ တစ်ပါးတစ်ပါးသော ရဟန်းအား တစ်စင်းတစ်စင်းသော ထီးဖြူကိုလည်းကောင်း အထက်၌ ဆောင်းစေပြီးလျှင် အခြံအရံနှင့်တကွ ပန်းနံ့သာ အစရှိသည်တို့ဖြင့် ပူဇော်ခြင်းကိုပြုလျက် မြတ်စွာဘုရားကို တစ်ခုတစ်ခုသော ကျောင်းတော်၌ သီတင်းသုံးစေ၍ ကြီးစွာသော အလှူစသည်တို့ကို ပေးလှူကာ ငါးရက်တို့ဖြင့် ဂင်္ဂါမြစ်ကမ်းနားသို့ ရောက်စေသဖြင့် ထိုဂင်္ဂါမြစ်၌ လှေကို တန် ဆာဆင်လျက် ဝေသာလီပြည်သားတို့၏အထံသို့ “လမ်းခရီးကိုစီရင်၍ မြတ်စွာဘုရားအား ခရီးဦးကြိုဆိုခြင်းကို ပြုကြစေကုန်သတည်း”ဟု သတင်းစကားကို စေလွှတ်လိုက်လေ၏။

ထိုဝေသာလီပြည်သားတို့သည် “နှစ်ဆတက် ပူဇော်ခြင်းကို ပြုလုပ်ကြကုန်စို့အံ့”ဟု ဝေသာလီပြည်၏လည်းကောင်း၊ ဂင်္ဂါမြစ်၏လည်းကောင်း အကြား၌ သုံးယူဇနာရှိသော မြေကို အညီအညွတ်ပြုစေပြီးလျှင် မြတ်စွာဘုရားအား လေးစင်းသော ထီးဖြူတို့ဖြင့် တစ်ပါးတစ်ပါးသော ရဟန်းအား နှစ်စင်းနှစ်စင်းသော ထီးဖြူတို့ဖြင့် ထီးအဆင့်ဆင့်တို့ကို စီရင်၍ ပူဇော်ခြင်းကိုပြုလျက် လာကြကုန်ပြီးလျှင် ဂင်္ဂါမြစ်ကမ်းနား၌ တည်နေကြလေကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် လှေနှစ်စင်းတို့ကို ဖွဲ့ချည်ယှဉ်စပ်၍ လှေအထက်၌ မဏ္ဍပ်ကို ပြုစေပြီးလျှင် ပန်းဆိုင်းစသည်တို့ဖြင့် တန်ဆာဆင်စေ၍ ဘုရားရှင်အလို့ငှာ အလုံးစုံသော ရတနာဖြင့်ပြီးသော နေရာကို ခင်းစေလေ၏။ မြတ်စွာဘုရားသည် ထိုခင်းသော နေရာ၌ နေတော်မူလေ၏။ ရဟန်းတို့သည်လည်း လှေသို့ တက်ကြပြီးလျှင် မြတ်စွာဘုရားကို ခြံရံလျက် နေကြလေကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် အပို့လိုက်လိုသည်ဖြစ်၍ လည်ပင်းအတိုင်းအရှည်ရှိသော ရေတိုင်အောင် သက်ဆင်းပြီးလျှင် “မြတ်စွာဘုရား- အကြင်မျှလောက် ရှင်တော်ဘုရားသည် ကြွလာတော်မူလတ္တံ့၊ ထိုမျှလောက် တပည့်တော်သည် ဤဂင်္ဂါမြစ်ကမ်းနား၌ နေပါဦးမည်ဘုရား”ဟု လျှောက်ကြား၍ လှေကို လွှတ်လိုက်ပြီးမှ ပြန်နှစ်လေ၏။

ဝေသာလီပြည်၌ ပေါက္ခရမိုး ရွာခြင်း

မြတ်စွာဘုရားသည် တစ်ယူဇနာမျှလောက်သော ခရီး အဓွန့်တိုင်အောင် ဂင်္ဂါမြစ်ဖြင့် ကြွသွားတော်မူလတ်သည်ရှိသော် ဝေသာလီပြည်သားတို့၏ မြေအပိုင်းအခြားသို့ ရောက်လေ၏။ လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခြင်းကို ပြုလိုသည်ဖြစ်၍ လည်ပင်းအတိုင်းအရှည်ရှိသော ရေသို့တိုင်အောင် သက်ဆင်းပြီးလျှင် လှေတော်ကို ကမ်းနားသို့သွင်းသဖြင့် လှေတော်ကို ကမ်းနားသို့ ဆောင်ယူ၍ မြတ်စွာဘုရားကို လှေတော်ထက်မှ ပင့်ဆောင်ကြလေကုန်၏။ မြတ်စွာဘုရားသည် သက်ဆင်းတော်မူ၍ ကမ်းနား၌ ခြေတော်ချကာမျှ၌သာလျှင် မိုးကြီးသည် တက်လတ်၍ ကြာတော၌ရွာသော မိုးနှင့်တူသော ပေါက္ခရဝဿမိုးသည် ရွာသွန်းချလေ၏။ ခပ်သိမ်းသော အရပ်တို့၌ ပုဆစ်ဒူးအတိုင်းအရှည်, ခါးအတိုင်းအရှည် စသည်ရှိကုန်သော ရေတို့သည် စီးကုန်သည်ဖြစ်၍ အလုံးစုံသော အကောင်ပုပ်တို့ကို ဂင်္ဂါမြစ်၌ ဝင်မျောကြလေကုန်၏။ မြေအဖို့သည် ထက်ဝန်းကျင် သန့်ရှင်းစင်ကြယ်လေ၏။ လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားကို ယူဇနာတိုင်း, ယူဇနာတိုင်း၌ သီတင်းသုံးနေစေလျက် ကြီးစွာသော အလှူကြီးကို ပေးလှူပြီးလျှင် နှစ်ဆတက် ပူဇော်ခြင်းကို ပြုကြကုန်သည်ဖြစ်၍ သုံးရက်တို့ဖြင့် ဝေသာလီပြည်သို့ရောက်အောင် ပင့်ဆောင်ကြလေကုန်၏။

ရှင်အာနန္ဒာ ရတနသုတ်ပရိတ်တော် ရွတ်ပုံ

သိကြားနတ်မင်းကြီးသည် နတ်အပေါင်းခြံရံလျက် ရောက်လာလေ၏။ ကြီးသော တန်ခိုးရှိကြကုန်သော နတ်တို့၏ စည်းဝေးခြင်းကြောင့် ဘီလူးတို့သည် များသောအားဖြင့် ထွက်ခွာရှောင်ရှား ပြေးလွှားကြရလေကုန်၏။ ဘုရားရှင်သည် ညချမ်းအခါ မြို့တံခါး၌ ရပ်တော်မူလျက် ရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ- ရတနသုတ်ပရိတ်တော်ကို သင်ယူ၍ လိစ္ဆဝီမင်းသားတို့နှင့် အတူတကွ လှည့်လည်လျက် ဝေသာလီပြည်ကြီး၏ တံတိုင်းသုံးခုတို့၏အကြား၌ ပရိတ်အရံအတားကို ပြုချေလော့ (ရတနသုတ် ပရိတ်တော်ကို ရွတ်ချေလော့)”ဟု မိန့်တော်မူလေ၏။ အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားပေးအပ်သော ရတနသုတ် ပရိတ်တော်ကို သင်ယူပြီးလျှင် မြတ်စွာဘုရား၏ ကျောက်ညိုဖြင့်ပြီးသော သပိတ်တော်ဖြင့် ရေကိုဆောင်ယူ၍ မြို့တံခါး၌ရပ်လျက် ဘုရားဆုကို တောင်းသောအခါမှအစပြု၍ မြတ်စွာဘုရား၏ ဆယ်ပါးသော ပါရမီ၊ ဆယ်ပါးသော ဥပပါရမီ၊ ဆယ်ပါးသော ပရမတ္ထပါရမီ၊ ဤသို့အားဖြင့် အမျှသုံးဆယ်သော ပါရမီတော်တို့ကိုလည်းကောင်း၊ ငါးပါးသော စွန့်ခြင်းကြီးတို့ကိုလည်းကောင်း သတ္တလောက၏အကျိုးငှာ ကျင့်တော်မူခြင်း၊ ဆွေတော်မျိုးတော်တို့၏အကျိုးငှာ ကျင့်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်၏အကျိုးငှာ ကျင့်တော်မူခြင်း ဤသုံးပါးသော ကျင့်တော်မူခြင်းတို့ကိုလည်းကောင်း၊ ဖြည့်ကျင့်ဆည်းပူး အားထုတ်တော်မူပြီးလျှင် အဆုံးစွန်သော ဘဝ၌ မယ်တော်၏ဝမ်းတိုက်သို့ သက်ဝင်တော်မူခြင်းကိုလည်းကောင်း၊ ဖွားမြင်တော်မူခြင်းကိုလည်းကောင်း၊ မြတ်သော တောထွက်တော်မူခြင်းကိုလည်းကောင်း၊ ဒုက္ကရစရိယာဟူသော ကမ္မဋ္ဌာန်းတရား ကျင့်တော်မူခြင်းကိုလည်းကောင်း၊ ဗောဓိပလ္လင်တော်၌ မာရ်နတ်သားကို အောင်တော်မူခြင်းကိုလည်းကောင်း၊ သဗ္ဗညုတဉာဏ်တော်ဖြင့် အလုံးစုံသောတရားကို ထိုးထွင်း၍ သိတော်မူခြင်းကိုလည်းကောင်း၊ ဓမ္မစကြာတရား ဟောတော်မူခြင်းကိုလည်းကောင်း၊ ကိုးပါးသော လောကုတ္တရာတရားတို့ကိုလည်းကောင်း ဤသို့ အစရှိသော အလုံးစုံလည်း ဖြစ်ကုန်သော ဤဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို ဆင်ခြင်တော်မူ၍ ဝေသာလီမြို့တွင်းသို့ ဝင်တော်မူပြီးလျှင် ညဉ့်သုံးယံပတ်လုံး တံတိုင်းသုံးထပ်တို့၏အကြားတို့၌ ရတနသုတ်ပရိတော် အရံအတားကို ပြုလုပ်ရွတ်ဆိုတော်မူလျက် လှည့်လည်တော်မူလေ၏။

[ပါရမီဟူသည် နိဗ္ဗာန်ဟူသော ကမ်းတစ်ဖက်သို့ ရောက်စေတတ်သော ဒါန, သီလ, နိက္ခမ္မ, ပညာ, ဝီရိယ, ခန္တီ, သစ္စာ, အဓိဋ္ဌာန, မေတ္တာ, ဥပေက္ခာဟူသော ကုသိုလ်ဆယ်ပါးတည်း။ ဥပပါရမီဟူသည် အင်္ဂါ,ခြေလက် စသည်ကို မငဲ့ကွက်ဘဲပြုသော နိဗ္ဗာန်ကမ်းတစ်ဖက်ကို ရောက်ကြောင်း ကုသိုလ်ဆယ်ပါးတည်း။ ပရမတ္ထပါရမီဟူသည် အသက်ကို မငဲ့ကွက်ဘဲပြုသော နိဗ္ဗာန်ကမ်းတစ်ဖက်သို့ရောက်ကြောင်း ကုသိုလ်ဆယ်ပါးတည်း။
စွန့်ခြင်းကြီးငါးပါးကား- အမျိုးမျိုးဆိုကြ၏၊ မြတ်သော ဥစ္စာ, သားသမီး, မယား, တိုင်းပြည်, အင်္ဂါကြီးငယ်တို့ကို စွန့်ခြင်း၊ ဤကား အဘိဓာန်အလို။ အင်္ဂါကြီးငယ်, မျက်စိ, ဥစ္စာ, တိုင်းပြည်, သားမယား၊ သုတ်သီလက္ခန်။ မူလပဏ္ဏာသ။ အင်္ဂုတ္တိုရ်အဋ္ဌကထာ။ အင်္ဂါကြီးငယ်, သားမယား, တိုင်းပြည်, မိမိကိုယ်, မျက်စိ၊ မူလပဏ္ဏာသ။ စူဠသီဟနာဒသုတ်အဋ္ဌကထာ။ အင်္ဂါကြီးငယ်, မျက်စိ, မိမိကိုယ်, တိုင်းပြည်, သားမယား၊ သုတ်မဟာဝါဋီကာ။ အင်္ဂါကြီးငယ်, မိမိကိုယ်, ဥစ္စာ, သားမယား, တိုင်းပြည်၊ ဣတိဝုတ်။ သုတ္တနိပါတ် အဋ္ဌကထာ။ အင်္ဂါကြီးငယ်, အသက်, ဥစ္စာ, တိုင်းပြည်, သားမယား၊ ဗုဒ္ဓဝင်အဋ္ဌကထာ။ ဥစ္စာ, အင်္ဂါကြီးငယ်, သားသမီး, မယား, အသက်၊ ဝေဿန္တရာဇာတ်အဋ္ဌကထာ။ ဥစ္စာ, သားသမီး, မယား, အင်္ဂါကြီးငယ်, အသက်, ဇိနာလင်္ကာရ။ ဤသို့ အမျိုးမျိုးဆိုကြ၏။ (အချို့ ရှေ့နောက်မျှသာ ကွဲသည်။)]

ရတနသုတ် ရွတ်ခြင်းအကျိုး

ထိုအရှင်အာနန္ဒာမထေရ်သည် “ယံကိဉ္စိ”ဟူသော ပုဒ်ကို ဆိုအပ်ကာမျှ၌လျှင် အထက်သို့ပစ်အပ်သော ရေသည် ဘီလူးတို့၏အပေါ်၌ ကျရောက်လေ၏။ “ယာနီဓ ဘူတာနိ”ဟူသော ဂါထာကို ရွတ်ဆိုတော်မူသည်မှစ၍ ငွေဖြင့် ပြုအပ်သော ဦးသျှောင်ပန်းတို့ကဲ့သို့ ရေပေါက်တို့သည် ကောင်းကင်ဖြင့်သွား၍ နာသောလူတို့၏ ကိုယ်ပေါ်၌ ကျကြလေကုန်၏၊ ထိုခဏ၌သာလျှင် ငြိမ်းချမ်းပျောက်ကင်းသော အနာရောဂါ ရှိကြကုန်သည်ဖြစ်၍ လူတို့သည် ထ၍,ထ၍ အရှင်အာနန္ဒာမထေရ်မြတ်ကို ဝန်းရံကြလေကုန်၏၊ “ယံကိဉ္စိ”ဟူ၍ ရွတ်ဆိုအပ်သော ပုဒ်မှစ၍ ရေပေါက်တို့ဖြင့် တွေ့ထိကုန်လျက် မပြေးကြမူ၍ တံမြက်ချေးစု, တိုက်နံရံအရပ်တို့၌မှီ၍ နေကြကုန်သော အလုံးစုံသော ဘီလူးတို့သည် ထိုထိုတံခါးဖြင့် ထွက်ခွာပြေးသွားရကြလေကုန်၏၊ ထိုတံခါးတို့သည် နေရာမဆံ့နိုင်လောက်အောင် ဖြစ်ကြလေကုန်၏၊ ထိုဘီလူးတို့သည် ထွက်ပြေးစရာ တံခါးပေါက် နေရာမရကြကုန်သည်ရှိသော် တံတိုင်းကို ဖောက်၍သော်လည်း ထွက်ပြေးကြရလေကုန်၏၊ များစွာသော လူအပေါင်းတို့သည် မြို့အလယ်၌ မင်းကွန်းကို ခပ်သိမ်းသောနံ့သာတို့ဖြင့် လိမ်းကျံသဖြင့် အထက်၌ ရွှေကြယ် အစရှိသည်တို့ဖြင့် ဆန်းကြယ်သော ဗိတာန်မျက်နှာကြက်ကို ဖွဲ့၍ ဘုရားရှင်အလို့ငှာ နေရာကို ခင်းပြီးလျှင် ဘုရားရှင်ကို ပင့်ဆောင်ကြလေကုန်၏၊ ဘုရားရှင်သည် ခင်းထားအပ်သောနေရာ၌ သီတင်း သုံးနေတော်မူလေ၏၊ ရဟန်းသံဃာအပေါင်းသည်လည်းကောင်း၊ လိစ္ဆဝီမင်း အပေါင်းသည်လည်းကောင်း မြတ်စွာဘုရားကို ခြံရံလျက် ထိုင်နေလေ၏။ သိကြားနတ်မင်းကြီးသည် နတ်အပေါင်းခြံရံလျက် တင့်အပ်လျောက်ပတ်သော အရပ်တစ်ခု၌ တည်နေလေ၏၊ ရှင်အာနန္ဒာမထေရ်သည်လည်း တစ်မြို့လုံးကို အထပ်ထပ် လှည့်ပတ်တော်မူပြီးလျှင် ငြိမ်းချမ်းပျောက်ကင်းသော အနာရှိသော များစွာသော လူအပေါင်းနှင့် အတူတကွ ကြွလာ၍ ဘုရားရှင်ကို ရှိခိုးလျက် နေတော်မူလေ၏။ မြတ်စွာဘုရားသည် မထေရ်မြတ်ကို လည်းကောင်း၊ ပရိသတ်ကိုလည်းကောင်း ကြည့်ရှုတော်မူလျက် ထိုရတနသုတ် ပရိတ်တော်ကိုပင်လျှင် ဟောကြားတော်မူလေ၏၊ ဒေသနာတော်၏အဆုံး၌ ရှစ်သောင်း လေးထောင်သော သူတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။

ဝေသာလီပြည်မှအပြန် ပူဇော်ကြပုံ

ဤသို့လျှင် တစ်ဖန် မိုးသောက်သောနေ့၌လည်း ဟောတော်မူ၍ ခုနစ်ရက်ပတ်လုံး ထိုရတနသုတ်ကိုသာလျှင် ဟောကြားတော်မူပြီးလျှင် ခပ်သိမ်းသော ဘေးတို့၏ ငြိမ်းအေးသည့်အဖြစ်ကို သိတော်မူသဖြင့် လိစ္ဆဝီမင်းအပေါင်းကို ပန်ကြားသိစေတော်မူ၍ ဝေသာလီပြည်မှ ထွက်ခွာတော်မူလေ၏၊ လိစ္ဆဝီမင်းတို့သည် နှစ်ဆတက်သော ပူဇော်သက္ကာရကို ပြုကြကုန်လျက် တစ်ဖန် သုံးရက်တို့ဖြင့် မြတ်စွာဘုရားကို ဂင်္ဂါမြစ်ကမ်းနားသို့ ပင့်ဆောင်ကြလေကုန်၏။

ဂင်္ဂါ၌ ပေါက်ဖွားနေထိုင်ကြကုန်သော နဂါးမင်းတို့သည် “လူတို့ကား မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုကြကုန်၏၊ ငါတို့သည် အဘယ့်ကြောင့် မပြုဘဲနေကြပါကုန်အံ့နည်း”ဟု ကြံကြလေကုန်၏၊ ထိုနဂါးမင်းသည် ရွှေ,ငွေ,ပတ္တမြားဖြင့်ပြီးကုန်သော လှေတို့ကို ဖန်ဆင်း၍ ရွှေ,ငွေ,ပတ္တမြားဖြင့်ပြီးသော ပလ္လင်တို့ကိုလည်း ခင်းကျင်းစေသဖြင့် ငါးပါးသော အဆင်းရှိသော ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးလွှမ်းခြင်းရှိသော ဂင်္ဂါမြစ်ရေကို ပြုလုပ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့အားလည်း ချီးမြှောက်ခြင်းကို ပြုတော်မူကြပါဦးဘုရား”ဟု မိမိ,မိမိ၏လှေပေါ်သို့ တက်စိမ့်သောအကျိုးငှာ မြတ်စွာဘုရားကို လျှောက်ထား တောင်းပန်ကြလေကုန်၏။

နတ်,ဗြဟ္မာ,နဂါးတို့ ပူဇော်ကြပုံ

“လူတို့သည်လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း မြတ်စွာဘုရားအား ပူဇော်ခြင်းကို ပြုလုပ်ကြကုန်၏။ ငါတို့သည်ကား အဘယ့်ကြောင့် မပြုဘဲ နေကြကုန်အံ့နည်း”ဟု ဘုမ္မစိုးနတ်တို့ကိုလည်း အစပြု၍ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင် ခပ်သိမ်းသော နတ်ဗြဟ္မာတို့သည် ပူဇော်ခြင်းကို ပြုလုပ်ကြလေကုန်၏၊ ထိုပူဇော်သော သူတို့တွင် နဂါးတို့သည် တစ်ယူဇနာရှိသော ထီးအဆင့်ဆင့်တို့ကို မိုးကြလေကုန်၏၊ အောက်၌ နဂါးတို့သည်လည်းကောင်း၊ မြေပြင်၌ သစ်ပင်ကြီး,သစ်ပင်ငယ်,တောင် အစရှိသည်တို့၌ ဘုမ္မစိုးနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ အာကာသစိုး နတ်တို့သည်လည်းကောင်း ဤသို့ နဂါးပြည်ကို အစပြု၍ စကြဝဠာအဆုံး အပိုင်းအခြားအားဖြင့် ဗြဟ္မာပြည်တိုင်အောင် ထီးအဆင့်ဆင့်တို့ကို စိုက်ထူမိုးကာကြလေကုန်၏၊ ထီးတို့၏အကြားတို့၌ တံခွန်တို့သည် ရှိကုန်၏၊ တံခွန်တို့၏အကြားတို့၌ ကုက္ကားတို့သည် ရှိကုန်၏၊ ထိုထီး,တံခွန်,ကုက္ကားတို့၏ အကြား၌ ပန်းဆိုင်း,အထုံ,အမှုန့်,အခိုး စသည်တို့ဖြင့် ပူဇော်ခြင်းသည် ဖြစ်လေ၏၊ နတ်သားတို့သည်လည်း ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ကြကုန်သည်ဖြစ်၍ သဘင်အသွင်ကို ယူသဖြင့် ကြွေးကြော်ကြကုန်လျက် ကောင်းကင်၌ လှည့်လည်သွားလာကြလေကုန်၏။

(ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာပြတော်မူရာ၌ ဖြစ်သော အစည်းအဝေးလည်းကောင်း၊ တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူသောအခါ၌ ဖြစ်သော အစည်းအဝေးလည်းကောင်း ဤဂင်္ဂါ၌ ကြွသွားတော်မူသော အခါ၌ဖြစ်သော အစည်းအဝေးလည်းကောင်း ဤသုံးပါးသော အစည်းအဝေးတို့သည်သာလျှင် ကြီးကျယ်ကုန်သတတ်။)

နိမ္မိတဘုရား ဖန်ဆင်းခြင်းနှင့် နဂါးပြည်သို့ ကြွတော်မူခြင်း

ထိုမှာဘက်ကမ်း၌ ဗိမ္ဗိသာရမင်းကြီးသည်လည်း လိစ္ဆဝီမင်းတို့သည် ပြုအပ်သော ပူဇော်သက္ကာရထက် နှစ်ဆတက်သော ပူဇော်သက္ကာရကို စီရင်၍ မြတ်စွာဘုရား၏ ကြွလာတော်မူခြင်းကို မျှော်လင့်လျက်နေလေ၏၊ ဘုရားရှင်သည် ဂင်္ဂါမြစ်၏ နံပါးနှစ်ဖက်တို့၌ မင်းတို့၏ များစွာသော စွန့်ကြဲခြင်းကို ကြည့်ရှုတော်မူ၍ နဂါးစသည်တို့၏ အလိုကိုလည်း သိတော်မူ၍ တစ်စင်း,တစ်စင်းသောလှေ၌ ငါးရာ,ငါးရာသော ရဟန်းတို့ဖြင့် ခြံရံအပ်သော တစ်ဆူ,တစ်ဆူသော ဘုရားရှင်၏အသွင်ကို ဖန်ဆင်းတော်မူလေ၏၊ ထိုဖန်ဆင်းအပ်သော နိမ္မိတဘုရားသည် တစ်စင်း,တစ်စင်းသော ထီးဖြူ၏လည်းကောင်း၊ ပဒေသာပင်၏လည်းကောင်း မျိုးစုံသော ပန်းဆိုင်း၏လည်းကောင်း အောက်၌ နဂါးအပေါင်း ခြံရံတော်မူအပ်သည်ဖြစ်၍ သီတင်းသုံးနေထိုင်တော်မူ၏၊ ဘုမ္မစိုးနတ် အစရှိသည်တို့ထံ၌လည်း တစ်ခု,တစ်ခုသော အရပ်၌ အခြံအရံနှင့်တကွ တစ်ဆူ,တစ်ဆူသော နိမ္မိတဘုရားကို ဖန်ဆင်းတော်မူလေ၏၊ ဤသို့ အလုံးစုံသော စကြဝဠာတိုက်၌ တစ်ခုတည်းသော တန်ဆာဆင်ခြင်း, တစ်ခုတည်းသော အစည်းအရုံး, တစ်ခုတည်းသော ပွဲလမ်းသဘင်သည်သာလျှင် ဖြစ်လတ်သည်ရှိသော် မြတ်စွာဘုရားသည် နဂါးတို့အား ချီးမြှောက်ခြင်းကို ပြုလိုသည်ဖြစ်၍ တစ်ခုသော ရတနာဖြင့်ပြီးသော လှေပေါ်သို့ တက်တော်မူလေ၏၊ ရဟန်းတို့တွင်လည်း တစ်ပါး,တစ်ပါးသော ရဟန်းသည် တစ်စင်း,တစ်စင်းသော လှေပေါ်သို့သာလျှင် တက်တော်မူလေ၏၊ နဂါးမင်းတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို နဂါးပြည်သို့ ဆောင်ယူပင့်သွားပြီးလျှင် ညဉ့်သုံးယံပတ်လုံး မြတ်စွာဘုရား၏အထံတော်၌ တရားစကားကို နာကြား၍ နှစ်ရက်မြောက်သောနေ့၌ နတ်၌ဖြစ်သော ခဲဖွယ်ဖြင့်လည်းကောင်း၊ ဘောဇဉ်ဖြင့်လည်းကောင်း ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို လုပ်ကျွေးသမှု ပြုစုကြလေကုန်၏။

မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုပြီးလျှင် နဂါးပြည်မှ ထွက်ခဲ့သဖြင့် အလုံးစုံသော စကြဝဠာ၌ နေကြကုန်သော နတ်တို့သည် ပူဇော်အပ်သည်ဖြစ်၍ ငါးရာသော လှေတို့ဖြင့် ဂင်္ဂါမြစ်ကို လွန်မြောက်တော်မူလေ၏၊ ဗိမ္ဗိသာရမင်းကြီးသည် ခရီးဦးကြိုဆိုလျက် ဘုရားရှင်ကို လှေတော်မှ ပင့်ချဆောင်ယူပြီးလျှင် ကြွလာတော်မူသောအခါ လိစ္ဆဝီမင်းတို့သည် ပြုအပ်သော ပူဇော်သက္ကာရထက် နှစ်ဆတက်သော ပူဇော်သက္ကာရကိုပြု၍ ရှေးနည်းအားဖြင့်သာလျှင် ငါးရက်တို့ဖြင့် ရာဇဂြိုဟ်မြို့တော်သို့ ရှေးရှုပင့်ဆောင်လေ၏။

ရဟန်းတို့ အစည်းအဝေး၌ ပြောကြားခြင်း

နှစ်ရက်မြောက်သောနေ့၌ ရဟန်းတို့သည် ဆွမ်းခံရွာမှ ဖဲခဲ့ကြပြီးသည်ဖြစ်၍ ညချမ်းသောအခါ တရားသဘင်၌ စည်းဝေးကုန်လျက် “မြတ်စွာဘုရားတို့၏ အာနုဘော်သည် အံ့သြဖွယ်ရှိပေစွ၊ မြတ်စွာဘုရား၌ နတ်လူတို့၏ ကြည်ညိုခြင်းသည် အံ့ဩဖွယ်ရှိပေစွ၊ ဂင်္ဂါမြစ်ကြီး၏သော်မှလည်း ဤမှာဘက်မှလည်းကောင်း၊ ထိုမှာဘက်မှလည်းကောင်း ရှစ်ယူဇနာရှိသော လမ်းခရီး၌ ဘုရားရှင်၌ဖြစ်သော ကြည်ညိုခြင်းဖြင့် ပြည့်ရှင်မင်းကြီးတို့သည် ညီညွတ်သော အပြင်ရှိအောင် မြေကိုပြု၍ သဲတို့ကို ကြဲကြကုန်လျက် ပုဆစ်ဒူးမျှလောက်သော အပိုင်းအခြားဖြင့် အထူးထူးသော အဆင်းရှိသော ပန်းတို့ကို ခင်းအပ်ကုန်၏။ ဂင်္ဂါမြစ်၌ ရေသည် နဂါးတို့၏ အာနုဘော်ကြောင့် ငါးပါးသော အဆင်းရှိသော ပဒုမ္မာတို့ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ အကနိဋ္ဌဘုံတိုင်အောင် ထီးအဆင့်ဆင့်တို့ကို စိုက်ထူအပ်ကုန်၏၊ အလုံးစုံသော စကြဝဠာတိုက်သည် တစ်ခုတည်းသော တန်ဆာဆင်ခြင်း ရှိသည်ဖြစ်၍ တစ်ခုတည်းသော ပွဲလမ်းသဘင် အစုအရုံးကဲ့သို့ ဖြစ်ရလေ၏”ဟူသော စကားကို ဖြစ်စေကြလေကုန်၏၊ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤသို့သော ပူဇော်သက္ကာရသည် ငါဘုရား၏ အာနုဘော်အားဖြင့် ဖြစ်သည်မဟုတ်၊ နဂါး,နတ်ဗြဟ္မာတို့၏ အာနုဘော်အားဖြင့် ဖြစ်သည်မဟုတ်။ လွန်လေပြီးသောအခါ အနည်းငယ်မျှကို စွန့်ခြင်း၏ အာနုဘော်အားဖြင့် ဖြစ်၏”ဟု မိန့်တော်မူလတ်သည်ရှိသော် ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ ရှေးလွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

သုသီမပစ္စေကဗုဒ္ဓါ အတိတ်အကြောင်း

လွန်လေပြီးသောအခါ တက္ကသိုလ်ပြည်၌ သင်္ခအမည်ရှိသော ပုဏ္ဏားတစ်ယောက်သည် ရှိလေ၏၊ ထိုပုဏ္ဏား၏ သားဖြစ်သော သုသီမအမည်ရှိသော လုလင်သည် တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိသည်ဖြစ်၍ တစ်နေ့သ၌ ဖခင်သို့ ချဉ်းကပ်ပြီးလျှင် “ဖခင်- ကျွန်တော်သည် ဗာရာဏသီပြည်သို့သွား၍ ဗေဒင်တို့ကို သင်ကြားခြင်းငှာ အလိုရှိပါသည်”ဟု ဆိုလတ်သည်ရှိသော် ထိုအခါ၌ သုသီမလုလင်ကို ဖခင်ပုဏ္ဏားကြီးသည် “ချစ်သား- ထိုသို့ဖြစ်မူ ဤမည်သော ပုဏ္ဏားသည် ငါ၏အဆွေခင်ပွန်း ဖြစ်၏၊ ထိုပုဏ္ဏား၏အထံသို့ သွား၍ သင်ကြားချေလော့”ဟု ဆိုလေ၏၊ ထိုသုသီမလုလင်သည် “ကောင်းပါပြီ”ဟု ဝန်ခံပြီးလျှင် အစဉ်အတိုင်းအားဖြင့် ဗာရာဏသီပြည်သို့သွား၍ ထိုပုဏ္ဏားသို့ ချဉ်းကပ်လျက် ဖခင်စေလွှတ်လိုက်သောအဖြစ်ကို ပြောကြားလေ၏၊ ထိုသို့ ပြောကြားသောအခါ သုသီမလုလင်ကို ဗာရာဏသီပုဏ္ဏားသည် “ငါ့အဆွေခင်ပွန်း၏သားတည်း”ဟု ဝန်ခံ၍ ငြိမ်းအေးသော ပင်ပန်းခြင်းရှိသောအခါ ကောင်းသောနေ့ရက်အားဖြင့် ဗေဒင်တို့ကို သင်ပေးပို့ချခြင်းငှာ အားထုတ်လေ၏။ ထိုသုသီမလုလင်သည် ဗေဒင်ကို များစွာသာလျှင် သင်ယူလျက် သင်ယူတိုင်း,သင်ယူတိုင်း ဗေဒင်ကို ရွှေခွက်၌ထည့်အပ်သော ခြင်္သေ့ဆီကဲ့သို့ မပျောက်မပျက်အောင် ဆောင်လတ်သည်ရှိသော် မကြာမြင့်မီသာလျှင် ဆရာ၏ မျက်မှောက်မှ သင်ယူအပ်သော အတတ်ကို သင်ယူပြီးလျှင် သရဇ္ဈာယ်ခြင်းကို ပြုလတ်သည်ရှိသော် မိမိသင်ယူအပ်သော ဗေဒင်အတတ်၏ အစ,အလယ်ကိုသာလျှင် မြင်ရ၏၊ အဆုံးကို မမြင်၊ ထိုသုသီမလုလင်သည် ဆရာသို့ချဉ်းကပ်၍ “ကျွန်တော်သည် ဤဗေဒင်အတတ်၏ အစ,အလယ်ကိုသာ မြင်ရပါသည်။ အဆုံးကို မမြင်ရပါ”ဟု ဆိုလတ်သည်ရှိသော် ဆရာသည် “ချစ်သား- ငါသည်လည်းမမြင်”ဟု ဆိုလျှင် “ဆရာ- ထိုသို့ မမြင်သည်ရှိသော် အဘယ်ဆရာသည် အဆုံးကို သိပါသနည်း”ဟု မေးလေသောကြောင့် “ချစ်သား- ဤရသေ့တို့သည် ဣသိပတနတော၌ နေကြကုန်၏၊ ထိုရသေ့တို့သည် သိကုန်ရာ၏၊ ထိုရသေ့တို့၏အထံသို့ ချဉ်းကပ်၍ မေးမြန်းချေလော့”ဟု ဆိုလေ၏။

သုသီမလုလင် ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန်စံခြင်း

ထိုသုသီမလုလင်သည် ဆရာဆိုအပ်သည်ရှိသော် ပစ္စေကဗုဒ္ဓါတစ်ဆူသို့ ချဉ်းကပ်၍ “အရှင်ဘုရားတို့သည် အဆုံးကို သိတော်မူကြကုန်၏ဟု ကြားရပါသည်။ မှန်ပါသလောဘုရား”ဟု မေးလျှောက်လေ၏၊ “သိသည် မှန်၏”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ တပည့်တော်အား မိန့်ကြားတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ “ငါတို့သည် ရဟန်းမဟုတ်သောသူအား မပြောကြားကြကုန်၊ အကယ်၍ သင့်အား အဆုံးဖြင့် အလိုရှိသည်ဖြစ်အံ့၊ ရဟန်း ပြုလေလော့”ဟု ဆိုလတ်သည်ရှိသော် ထိုသုသီမလုလင်သည် “ကောင်းလှပါပြီဘုရား”ဟု ဝန်ခံ၍ ထိုပစ္စေကဗုဒ္ဓါတို့၏ အထံတော်၌ ရဟန်းပြုလေ၏။ ထိုအခါ သုသီမရဟန်းအား ပစ္စေကဗုဒ္ဓါတို့သည် “ဤအတတ်ကို ရှေးဦးစွာ သင်ဦးလော့”ဟု မိန့်ဆို၍ “သင်သည် ဤသို့ ဝတ်အပ်၏။ ဤသို့ ရုံအပ်၏”ဟု ဤသို့ အစရှိသောနည်းဖြင့် အဘိသမာစာရိကအကျင့်ဝတ်ကို မိန့်ကြားကြလေကုန်၏။ ထိုသုသီမ ရဟန်းသည် ထိုအဘိသမာစာရိက အကျင့်ဝတ်၌သာလျှင် ကျင့်လတ်သည်ရှိသော် အကြောင်းဥပနိဿယနှင့် ပြည့်စုံသည်အဖြစ်ကြောင့် မကြာမြင့်မီသာလျှင် ပစ္စေကသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိတော်မူသဖြင့် အလုံးစုံသော ဗာရာဏသီပြည်၌ ကောင်းကင်အပြင်ဝယ် လပြည့်ဝန်းကဲ့သို့ ထင်ရှားသည်ဖြစ်၍ လာဘ်၏ပြန့်ပြောခြင်း၊ အကျော်အစော၏ ပြန့်ပြောခြင်းသို့ ရောက်တော်မူလေ၏၊ ထိုသုသီမ ပစ္စေကဗုဒ္ဓါသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော ကံကို ပြုဖူးသည်အဖြစ်ကြောင့် မကြာမြင့်မီသာလျှင် ပရိနိဗ္ဗာန် ပြုတော်မူလေ၏၊ ထိုသို့ ပရိနိဗ္ဗာန်ပြုသောအခါ ထိုသုသီမပစ္စေကဗုဒ္ဓါအား ပစ္စေကဗုဒ္ဓါတို့သည် လည်းကောင်း၊ များစွာသော လူအပေါင်းတို့သည်လည်းကောင်း အလောင်းတော် သင်္ဂြိုဟ်ခြင်းကိစ္စကို ပြု၍ ဓာတ်တော်ကိုလည်းယူ၍ မြို့တံခါး၌ စေတီတည်ထား ပြုလုပ်ကြလေကုန်၏။

ဖခင်သင်္ခပုဏ္ဏား စေတီကို ပူဇော်ခြင်း

သင်္ခမည်သော ပုဏ္ဏားကြီးသည်လည်း “ငါ့သားသွားသည်က ကြာမြင့်လှပြီ၊ ထိုငါ့သား၏အကြောင်းအရာကို သိအောင်ပြုအံ့”ဟု နှလုံးပြု၍ ထိုသားကို မြင်လိုသည်ဖြစ်ရကား တက္ကသိုလ်ပြည်မှထွက်ခဲ့၍ အစဉ်အတိုင်းအားဖြင့် ဗာရာဏသီပြည်သို့ ရောက်သွားလတ်သည်ရှိသော် စည်းဝေးသော များစွာသော လူအပေါင်းကို မြင်ရလျှင် “မချွတ် ဤသူတို့တွင် တစ်ယောက်သောသူသည်လည်း ငါ့သား၏အကြောင်းအရာကို သိလတ္တံ့”ဟု နှလုံးသွင်း၍ ချဉ်းကပ်ပြီးလျှင် “သုသီမမည်သော လုလင်သည် ဤဗာရာဏသီပြည်သို့ ရောက်လာပါသည်။ ထိုသုသီမလုလင်၏ အကြောင်းအရာကို သိကြပါကုန်သလော”ဟု မေးမြန်းလေ၏၊ “ပုဏ္ဏားကြီး- အကျွန်ုပ်တို့ သိကြပါ၏၊ ဤမည်သော ပုဏ္ဏား၏အထံ၌ ဗေဒင်သုံးပုံတို့ကို သင်အံလေ့လာပြီးလျှင် ရဟန်းပြုသဖြင့် ပစ္စေကဗောဓိဉာဏ်တော်ကို မျက်မှောက်ပြုသည်ဖြစ်၍ ပရိနိဗ္ဗာန် စံယူတော်မူပါပြီ၊ တည်ထားအပ်သော ဤစေတီကား ထိုသုသီမပစ္စေကဗုဒ္ဓါ၏ စေတီတည်း”ဟု ပြောဆိုလတ်သည်ရှိသော် ထိုသင်္ခပုဏ္ဏားသည် မြေကြီးကို လက်ဖြင့်ပုတ်ကာ ငိုကြွေးမြည်တမ်းလျက် ထိုစေတီရင်ပြင်သို့ သွားပြီးလျှင် မြက်တို့ကိုနုတ်၍ အပေါ်ရုံပုဆိုးဖြင့် သဲကိုယူဆောင်သဖြင့် စေတီရင်ပြင်၌ လောင်းပြီးလျှင် ကရားမှရေဖြင့် ဖျန်းပက်သဖြင့် တောပန်းတို့ဖြင့် ပူဇော်ခြင်းကိုပြု၍ ပုဆိုးဖြင့် ကုက္ကားကို တင်လှူပြီးလျှင် စေတီ၏အထက်၌ မိမိ၏ထီးကို ဖွဲ့ချည်၍ ဖဲသွားလေ၏။

ကုသိုလ်နှင့်အကျိုး တွဲပြခြင်း

မြတ်စွာဘုရားသည် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- ထိုအခါ ငါဘုရားသည် သင်္ခပုဏ္ဏားကြီး ဖြစ်ဖူး၏၊ ငါသင်္ခပုဏ္ဏားသည် သုသီမပစ္စေကဗုဒ္ဓါ၏ စေတီရင်ပြင်၌ မြက်တို့ကို နုတ်အပ်ဖူးကုန်၏၊ ငါ၏ ထိုကံအကျိုးဆက်အားဖြင့် ရှစ်ယူဇနာရှိသော လမ်းခရီးကို နုတ်အပ်သော သစ်ငုတ်,ဆူးငြောင့်ရှိသည်ကို ပြုလုပ်၍ စင်ကြယ်သော ညီညွတ်သော မြေအပြင်ကို ပြုလုပ်ကြရလေကုန်၏၊ ငါသင်္ခပုဏ္ဏားသည် ထိုသုသီမပစ္စေကဗုဒ္ဓါ၏ စေတီတော်၌ သဲတို့ကို ကြဲဖျန်းခဲ့ဖူး၏။ ငါ၏ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် ရှစ်ယူဇနာရှိသော လမ်းခရီးကို သဲဖြန့်ကြဲကြရလေကုန်၏။ ထိုစေတီ၌ တောပန်းတို့ဖြင့် ပူဇော်ခြင်းကို ပြုဖူး၏၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် ရှစ်ယူဇနာရှိသော လမ်းခရီး၌ အထူးထူးသော အဆင်းရှိသော ပန်းတို့ကို ဖြန့်ကြဲကြရလေကုန်၏။ တစ်ယူဇနာရှိသောအရပ်၌ ဂင်္ဂါမြစ်ရေကို ငါးပါးအဆင်းရှိသော ပဒုမ္မာကြာတို့ဖြင့် ဖုံးလွှမ်းအပ်လေ၏၊ ငါသင်္ခပုဏ္ဏားသည် ထိုစေတီတော်၌ ရေကရားမှရေဖြင့် ရေဖျန်းခဲ့ဖူး၏၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် ဝေသာလီပြည်၌ ကြာတော၌ရွာသော မိုးနှင့်တူသော ပေါက္ခရမိုးသည် ရွာသွန်းလေ၏၊ ငါသင်္ခပုဏ္ဏားသည် ထိုစေတီ၌ ကုက္ကားတို့ကို စိုက်ထူအပ်ဖူးကုန်၏၊ ထီးကိုလည်း ဖွဲ့လှူဖူး၏၊ ငါ၏ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် အကနိဋ္ဌဗြဟ္မာ့ဘုံတိုင်အောင် တံခွန်ကုက္ကား, အဆင့်ဆင့်သောထီး စသည်ဖြင့် အလုံးစုံသော စကြဝဠာတိုက်သည် တစ်ခုတည်းသော ပွဲလမ်းသဘင် အစုအရုံးကဲ့သို့ ဖြစ်ရလေ၏၊ ချစ်သာရဟန်းတို့- ဤသို့လျှင် ဤပူဇော်သက္ကာရသည် ငါဘုရား၏ အာနုဘော်ကြောင့် ဖြစ်သည်လည်းမဟုတ်၊ နဂါး,နတ်,ဗြဟ္မာတို့၏ အာနုဘော်ကြောင့် ဖြစ်သည်လည်းမဟုတ်၊ လွန်လေပြီးသောဘဝ၌ အနည်းငယ်မျှကို စွန့်ကြဲခြင်း၏ အာနုဘော်ကြောင့် ဖြစ်ရပေ၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၉၀] မတ္တာသုခ ပရိစ္စာဂါ၊ ပဿ စေ ဝိပုလံ သုခံ။
စဇေ မတ္တာ သုခံ ဓီရော၊ သမ္ပဿံ ဝိပုလံ သုခံ။

မတ္တာသုခပရိစ္စာဂါ၊ အနည်းငယ်သော အတိုင်းအရှည်ရှိသော ချမ်းသာကို စွန့်ခြင်းကြောင့်။ ဝိပုလံ၊ ကြီးကျယ်ပြန့်ပြောသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာကို။ စေပဿေ၊ အကယ်၍ မြင်ငြားအံ့။ အထ၊ ထိုသို့ မြင်သည်ရှိသော်။ ဝိပုလံ၊ ကြီးကျယ်ပြန့်ပြောသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာကို။ သမ္ပဿံ-သမ္ပဿန္တော၊ ကောင်းစွာမြင်သော။ ဓီရော၊ ပညာရှိသောသူသည်။ မတ္တာသုခံ၊ အနည်းငယ်သော ချမ်းသာကို။ စဇေ၊ စွန့်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကိုယ်တော်မြတ်၏ ရှေးကံဝတ္ထု ပြီး၏။

֍ * ၂။ ကြက်ဥစားသော မိန်းမတစ်ယောက်ဝတ္ထု

ပရဒုက္ခူပဓာနေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကြက်ဥစားသော မိန်းမတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လျှာအလိုလိုက်၍ ဘီလူးဖြစ်ခြင်း

သာဝတ္ထိပြည်၏ မနီးမဝေးသောအရပ်၌ ပဏ္ဍုရမည်သော ရွာတစ်ခုသည် ရှိသတတ်၊ ထိုရွာ၌ တံငါသည်တစ်ယောက်သည် နေ၏၊ ထိုတံငါသည်သည် သာဝတ္ထိပြည်သို့ လာလတ်သည်ရှိသော် အစိရဝတီမြစ်၌ လိပ်ဥတို့ကိုမြင်၍ ထိုလိပ်ဥတို့ကို ယူဆောင်ခဲ့သဖြင့် သာဝတ္ထိပြည်သို့လာ၍ တစ်ခုသောအိမ်၌ ချက်ပြုတ်စေပြီးလျှင် စားလတ်သည်ရှိသော် ထိုအိမ်၌ရှိသော သတို့သမီးငယ်အားလည်း လိပ်ဥတစ်လုံးကို ပေးလေ၏၊ ထိုသတို့သမီးငယ်သည် ထိုလိပ်ဥကို စားပြီးလျှင် ထိုနေ့မှစ၍ တစ်ပါးသော စားသောက်ဖွယ်မည်သည်ကို အလိုမရှိလေ၊ ထိုသို့ အလိုမရှိလတ်သည်ရှိသော် သတို့သမီးငယ်၏မိခင်သည် ကြက်မဥရာ မြုံတင်းမှ ကြက်ဥတစ်လုံးကိုယူ၍ ပေးလေ၏။ ထိုသတို့သမီးငယ်သည် ကြက်ဥကို စားပြီးလျှင် ရသတဏှာဖြင့် ဖွဲ့အပ်သည်ဖြစ်ရကား ထိုနေ့မှစ၍ မိမိအလိုလိုသာလျှင် ကြက်မ၏ အဥတို့ကိုယူ၍ စား၏၊ ကြက်မသည် ဥတိုင်း,ဥတိုင်းသောအခါ၌ မိမိ၏အဥတို့ကိုယူ၍ စားသော ထိုသတို့သမီးငယ်ကို မြင်ရသဖြင့် ထိုသတို့သမီးငယ်ကြောင့် ပင်ပန်းတုန်လှုပ်ခြင်းသို့ ရောက်သော ထိုကြက်မသည် ရန်ငြိုးဖွဲ့၍ “ယခုအခါ ဤကိုယ်အဖြစ်မှ စုတေသည်ရှိသော် ဘီလူးမ ဖြစ်၍ သင်ဖွားတိုင်းသော သားငယ်တို့ကို စားခြင်းငှာ စွမ်းနိုင်သောသူ၏အဖြစ်ဖြင့် ဖြစ်ရပါစေသောဝ်”ဟု ဆုတောင်းခြင်းကို ဖြစ်စေပြီးလျှင် သေလတ်သည်ရှိသော် ထိုအိမ်၌ပင်လျှင် ကြောင်မတစ်ကောင်၏အဖြစ်ဖြင့် ဖြစ်လာ၏၊ သတို့သမီးငယ်သည် သေလတ်သည်ရှိသော် ထိုအိမ်၌ပင်လျှင် ကြက်မ၏အဖြစ်ဖြင့် ဖြစ်ရရှာလေ၏။ ကြက်မသည် အဥတို့ကို ဥ၏၊ ကြောင်မသည် လာလတ်၍ ထိုကြက်ဥတို့ကိုစားပြီးလျှင် နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း စားပြန်သည်သာလျှင်တည်း၊ ကြက်မသည် “သုံးကြိမ်တို့တိုင်အောင် ငါ၏အဥတို့ကို စားပြီးလျှင် ယခုအခါ ငါ့ကိုလည်း စားခြင်းငှာ အလိုရှိဘိ၏၊ ဤကိုယ်အဖြစ်မှ စုတေမနေ သေလွန်လေသည်ရှိသော် သားသမီးနှင့်တကွ ထိုကြောင်မကို စားခြင်းငှာ ရပါလို၏”ဟု ဆုတောင်းခြင်းကို ပြု၍ ထိုဘဝမှ စုတေသည်ရှိသော် ကျားသစ်မ၏အဖြစ်ဖြင့် ဖြစ်လေ၏၊ ကြောင်မသည်လည်း သေ၍ သမင်မ၏အဖြစ်ဖြင့် ဖြစ်လေ၏၊ ထိုသမင်မ၏ သားဖွားသောအခါ၌ ကျားသစ်မသည် လာလတ်၍ ထိုသမင်မကို သားတို့နှင့်တကွ စားလေ၏၊ ဤသို့ စားကြကုန်လျက် ငါးရာသော ကိုယ်အဖြစ်တို့၌ တစ်ယောက်သည် တစ်ယောက်၏ ဆင်းရဲကို ဖြစ်စေပြီးလျှင် အဆုံး၌ တစ်ယောက်ကား ဘီလူးမ၏အဖြစ်ဖြင့် ဖြစ်လေ၏၊ တစ်ယောက်ကား သာဝတ္ထိပြည်၌ အမျိုးသမီး၏အဖြစ်ဖြင့် ဖြစ်လေ၏။

(ဤမှနောက်၌ ကာဠီဘီလူးမဝတ္ထုလာ “န ဟိ ဝေရေန ဝေရာနိ”ဟူသော ဂါထာ၌ ဆိုအပ်ပြီးသော နည်းအားဖြင့်သာလျှင် သိအပ်၏။)

ဤဝတ္ထု၌ မြတ်စွာဘုရားသည် “ရန်ဟူသည် ရန်တုံ့မမူသဖြင့် ငြိမ်းအေး၏။ ရန်တုံ့မူသဖြင့် မငြိမ်အေးနိုင်”ဟု မိန့်တော်မူပြီးလျှင် နှစ်ယောက်စလုံးဖြစ်သော သူတို့အားလည်း တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၉၁] ပရဒုက္ခူပဓာနေန၊ အတ္တနော သုခမိစ္ဆတိ။
ဝေရသံသဂ္ဂ သံသဋ္ဌော၊ ဝေရာ သော န ပရိမုစ္စတိ။

ယော၊ အကြင်သူသည်။ ပရဒုက္ခူပဓာနေန၊ သူတစ်ပါးအပေါ်၌ ဒုက္ခထင်စေခြင်းဖြင့်။ ဝါ၊ သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေသဖြင့်။ အတ္တနော၊ မိမိ၏။ သုခံ၊ ချမ်းသာကို။ ဣစ္ဆတိ၊ အလိုရှိ၏။ သော၊ ထိုသူသည်။ ဝေရသံသဂ္ဂသံသဋ္ဌော၊ ရန်ရောယှက်ခြင်းဖြင့် ရောနှောသည်ဖြစ်၍။ ဝေရာ၊ ရန်မှ။ န ပရိမုစ္စတိ၊ မလွတ်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ဘီလူးမသည် သရဏဂုံတို့၌ တည်၍ ငါးပါးသောသီလတို့ကို ဆောက်တည်သဖြင့် ရန်မှ လွတ်ကင်းလေ၏၊ အမျိုးသမီးသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသောသူတို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

ကြက်ဥစားသော မိန်းမဝတ္ထု ပြီး၏။

֍ * ၃။ ဘဒ္ဒိယရဟန်းတို့ဝတ္ထု

ယံ ဟိ ကိစ္စံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့ကို အမှီပြု၍ မြတ်လေးတော၌ နေတော်မူစဉ် ဘဒ္ဒိယမြို့သား ဖြစ်ကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းများ ခြေနင်းအမျိုးမျိုး စီးခြင်းကို ကဲ့ရဲ့တော်မူခြင်း

ထိုဘဒ္ဒိယမြို့၌ နေကြကုန်သော ရဟန်းတို့သည် ခြေနင်းကို တန်ဆာဆင်ခြင်းဖြင့် အားထုတ်ကြကုန်သော ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်သတတ်၊ ပါဠိတော်၌ အဘယ်သို့ ဟောတော်မူသနည်းဟူမူကား- ထိုအခါ ဘဒ္ဒိယမြို့၌နေကြကုန်သော ရဟန်းတို့သည် များစွာသော အစီအရင်ရှိသော ခြေနင်းကို တန်ဆာဆင်ခြင်းနှင့် ယှဉ်သည်ကို အားထုတ်လျက် နေကြကုန်၏၊ မြက်ဖြင့်ပြီးသော ခြေနင်းကို မိမိလည်း ပြုကြကုန်၏၊ သူတစ်ပါးကိုလည်း ပြုစေကြကုန်၏။ ဖြူဆံမြက်ဖြင့်ပြီးသော ခြေနင်းကို မိမိလည်း ပြုကြကုန်၏၊ သူတစ်ပါးကိုလည်း ပြုစေကြကုန်၏၊ ပြိတ်မြက်ဖြင့်ပြီးသော ခြေနှင်းကို၊ ဓနုန်းဖြင့်၊ ဝါ- မင်းဘောဖြင့်ပြီးသော ခြေနင်းကို၊ ကမ္ဗလာဖြင့်ပြီးသော ခြေနင်းကို မိမိလည်း ပြုကြကုန်၏၊ သူတစ်ပါးကိုလည်း ပြုစေကြကုန်၏၊ ပါဠိသင်ခြင်းသည်လည်းကောင်း၊ အဋ္ဌကထာ မေးမြန်းခြင်းသည်လည်းကောင်း၊ အဓိသီလသိက္ခာသည်လည်းကောင်း၊ အဓိစိတ္တသိက္ခာသည်လည်းကောင်း၊ အဓိပညာသိက္ခာသည်လည်းကောင်း ဆိတ်ကုန်,ကင်းကုန်၏။ ဤသို့ ပါဠိတော်၌ ဟောတော်မူ၏၊ တစ်ပါးသော ရဟန်းတို့သည် ထိုဘဒ္ဒိယမြို့၌နေကြကုန်သော ရဟန်းတို့၏ ထိုသို့ ပြုလုပ်သည့်အဖြစ်ကို ကဲ့ရဲ့ပြီးလျှင် မြတ်စွာဘုရားအား လျှောက်ကြားကြလေ၏၊ မြတ်စွာဘုရားသည် ထိုဘဒ္ဒိယမြို့၌နေကြကုန်သော ရဟန်းတို့ကို ကဲ့ရဲ့တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- သင်တို့သည် တစ်ပါးသော အရဟတ္တဖိုလ်ကိစ္စဖြင့် ရောက်လာကြကုန်လျက် တစ်ပါးသော ခြေနင်းကိစ္စ၌သာလျှင် အားထုတ်ကြကုန်ဘိ၏”ဟု မိန့်တော်မူ၍ တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

ဒေသနာတော်

֍ * [၂၉၂] ယံ ဟိ ကိစ္စ အပဝိဒ္ဓံ၊ အကိစ္စံ ပန ကရီယတိ။
ဥန္နဠာနံ ပမတ္တာနံ၊ တေသံ ဝဍ္ဎန္တိ အာသဝါ။

֍ * [၂၉၃] ယေသဉ္စ သုသမာရဒ္ဓါ၊ နိစ္စံ ကာယဂတာသတိ။
အကိစ္စံ တေ န သေဝန္တိ၊ ကိစ္စေ သာတစ္စကာရိနော။
သတာနံ သမ္ပဇာနာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ။

ယံ ကိစ္စံ၊ အကြင်ရဟန်း၏ ကိစ္စသည်။ အတ္ထိ၊ ရှိ၏။ တံ ကိစ္စံ၊ ထိုရဟန်း၏ကိစ္စကို။ အပဝိဒ္ဓံ၊ စွန့်ပစ်အပ်၏။

(ရဟန်းပြုသောကာလမှစ၍ အပိုင်းအခြားမရှိသော သီလကို စောင့်ရှောက်ခြင်း၊ တောကျောင်းနေခြင်း၊ ဓူတင်ဆောင်ခြင်း၊ ဘာဝနာ၌ မွေ့လျော်ခြင်း စသည်တို့သည် ရဟန်း၏ကိစ္စမည်၏၊ ဤဘဒ္ဒိယမြို့နေ ရဟန်းတို့ကား မိမိ၏ကိစ္စကို စွန့်ပစ်ဘိ၏ဟူလို။)

အကိစ္စံ ပန၊ ရဟန်းကိစ္စ မဟုတ်သည်ကိုကား။ ကရီယတိ၊ ပြုလုပ်ဘိ၏။

(ထီး တန်ဆာဆင်ခြင်း၊ ဖိနပ် တန်ဆာဆင်ခြင်း၊ ခြေနင်း, သပိတ်, ခွက်, ဓမ္မကရိုဏ်, ခါးပန်းကြိုး, ပခုံးလွယ်ကြိုး တန်ဆာဆင်ခြင်း အစရှိသည်တို့သည် ရဟန်း၏ကိစ္စ မဟုတ်၊ ထိုရဟန်းကိစ္စမဟုတ်သည်ကို ပြုလုပ်ဘိ၏ဟူလို။)

ဥန္နဠာနံ၊ ထောင်လွှားသော မာန်မာန ရှိကြကုန်သော။ ပမတ္တာနံ၊ သတိလွတ်ကင်းသဖြင့် မေ့လျော့ခြင်းရှိကုန်သော။ တေသံ၊ ထိုရဟန်းတို့အား။ အာသဝါ၊ အာသဝေါတရားလေးပါးတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။

ယေသဉ္စ၊ အကြင်ရဟန်းတို့သည်ကား။ နိစ္စံ၊ အခါခပ်သိမ်း။ ကာယဂတာသတိ၊ ဒွတ္တိံသာကာရ၌ အဖန်ဖန် ရှုသည့်အစွမ်းဖြင့်ဖြစ်သော ဘာဝနာသတိကို။ သုသမာရဒ္ဓါ၊ ကောင်းစွာ အားထုတ်အပ်၏။ တေ၊ ထိုရဟန်းတို့သည်။ အကိစ္စံ၊ ရဟန်းကိစ္စမဟုတ်သော တန်ဆာဆင်ခြင်းစသော ကိစ္စကို။ န သေဝန္တိ-နကရောန္တိ၊ မပြုကြကုန်။ ကိစ္စေ၊ ရဟန်းတို့ပြုအပ်သော သီလက္ခန် အစရှိသောကိစ္စ၌။ သာတစ္စကာရိနော၊ မပြတ် အရိုအသေ ပြုလေ့ရှိကြကုန်၏။ သတာနံ၊ သတိရှိကြကုန်သော။ သမ္ပဇာနာနံ၊ လေးပါးသော သမ္မဇဉ် ရှိကြကုန်သော။ တေသံ၊ ထိုရဟန်းတို့အား။ အာသဝါ၊ အာသဝေါတရား လေးပါးတို့သည်။ အတ္ထံ၊ ချုပ်ခြင်း,ကုန်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုဘဒ္ဒိယမြို့၌ နေကြကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသောသူတို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။

ဘဒ္ဒိယရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၄။ လကုဏ္ဍကဘဒ္ဒိယမထေရ်ဝတ္ထု

မာတရံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လကုဏ္ဍကဘဒ္ဒိယမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တဏှာမာနဟူသော မိဘသတ်မှ ချမ်းသာခြင်း

တစ်နေ့သ၌ များစွာကုန်သော ဧည့်သည်အာဂန္တုက ရဟန်းတို့သည် နေ့သန့်ရာအရပ်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏၊ ထိုခဏ၌ လကုဏ္ဍက ဘဒ္ဒိယမထေရ်သည် မြတ်စွာဘုရား၏ မနီးမဝေးသောအရပ်မှလွန်၍ ကြွသွားတော်မူလေ၏၊ မြတ်စွာဘုရားသည် ထိုအာဂန္တုကရဟန်းတို့၏ စိတ်ဖြစ်ပုံကို သိတော်မူသဖြင့် ကြည့်ရှုတော်မူလျက် “ချစ်သားရဟန်းတို့- ရှုကြကုန်လော့၊ ဤရဟန်းသည် အမိအဖတို့ကို သတ်ပြီးလျှင် ဆင်းရဲခြင်း မရှိသည်ဖြစ်၍ သွားဘိ၏”ဟု မိန့်တော်မူလတ်သည်ရှိသော် ထိုအာဂန္တုကရဟန်းတို့သည် “အဘယ်ကို မြတ်စွာဘုရားသည် မိန့်ဆိုတော်မူပါကြသနည်း”ဟု အချင်းချင်း မျက်နှာတို့ကို ကြည့်ရှုလျက် သံသယသို့ ပြေးဝင်ကြကုန်သည်ဖြစ်ရကား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ့်ကြောင့် ဤစကားကို မိန့်တော်မူကြပါသနည်းဘုရား”ဟု နားတော်လျှောက်သောကြောင့် ထိုရဟန်းတို့အား တရားဟောတော်မူလိုသော မြတ်စွာဘုရားသည် ဤဂါထာကို ဟောကြားတော်မူလေ၏။

ပထမ ဒေသနာတော်

֍ * [၂၉၄] မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေစ ခတ္တိယေ။
ရဋ္ဌံ သာနုစရံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏာ။

မာတရံ၊ အမိကိုလည်းကောင်း။ ပိတရံ၊ အဖကိုလည်းကောင်း။ ဟန္တွာ၊ သတ်ဖြတ်၍။ ခတ္တိယေ၊ ခတ္တိယဇာတ် မင်းမျိုးမြတ်ဖြစ်ကုန်သော။ ဒွေ စ ရာဇာနော၊ ပြည့်ရှင်မင်းကြီး နှစ်ဦးတို့ကိုလည်း။ ဟန္တွာ၊ သတ်ဖြတ်၍။ သာနုစရံ၊ သူလျှိုယောက်ျားနှင့် တကွဖြစ်သော။ ဝါ၊ အခွန်သိမ်းတတ်သော အမတ်ကြီးနှင့် တကွဖြစ်သော။ ရဋ္ဌံ၊ တိုင်းပြည်ကြီးကိုလည်း။ ဟန္တွာ၊ ဖျက်ဆီး၍။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ အနီဃော၊ ဆင်းရဲခြင်း မရှိသည်ဖြစ်၍။ ယာတိ၊ သွား၏။

(ဤကား ဖွင့်၍ဆိုအပ်သော အလိုမရှိအပ်သော အနက်။)

မာတရံ၊ တဏှာဟူသော အမိကိုလည်းကောင်း။ ပိတရံ၊ မာနဟူသော အဖကိုလည်းကောင်း။ ဟန္တွာ၊ သတ်ဖြတ်၍။

(တဏှာ ဇနေတိ ပုရိသံ-ဟု ဟောတော်မူသည်ဖြစ်၍ ဘဝသုံးပါးတို့၌ သတ္တဝါတို့ကို ဖြစ်စေတတ်သောကြောင့် တဏှာသည် အမိမည်၏၊ “ငါကား ဤမည်သော မင်းကြီး၏သား ဖြစ်သည်၊ ဤမည်သော မင်းအမတ်ကြီး၏သားဖြစ်သည်”ဟု အဖကိုအားကိုး၍ မာန်မာန တက်သောကြောင့် မာနသည် အဖမည်၏၊ ထိုတဏှာနှင့် မာနကို ပယ်သည်ဟူလို။)

ခတ္တိယေ၊ မင်းမျိုးဟု ဆိုအပ်ကုန်သော။ ဒွေ စ ရာဇနော၊ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိဟူသော ပြည့်ရှင်မင်းကြီး နှစ်ဦးတို့ကိုလည်း။ ဟန္တွာ၊ သတ်ဖြတ်၍။

(လူအပေါင်းသည် ပြည့်ရှင်မင်းကြီးထံသို့ ဆည်းကပ်သက်ဝင်ရသကဲ့သို့ အလုံးစုံသော ဒိဋ္ဌိတရားတို့သည်လည်း သဿတ, ဥစ္ဆေဒဟူသော ဒိဋ္ဌိကြီးနှစ်ပါးတို့ထံသို့သာ ဆည်းကပ်သက်ဝင်ကြရကုန်၏။ ထို့ကြောင့် သဿတ, ဥစ္ဆေဒ ဒိဋ္ဌိကြီးနှစ်ပါးတို့သည် ပြည့်ရှင်မင်းနှစ်ဦးတို့ မည်ကုန်၏၊ ထိုဒိဋ္ဌိကြီးနှစ်ပါးကိုလည်း ပယ်သည်ဟူလို။)

သာနုစရံ၊ နန္ဒီရာဂဟူသော အခွန်သိမ်းအမတ်နှင့် တကွ ဖြစ်သော။ ရဋ္ဌဉ္စ၊ အာယတန တစ်ဆယ့်နှစ်ပါး တည်းဟူသော တိုင်းပြည်ကြီးကိုလည်း။ ဟန္တွာ၊ ဖျက်ဆီး၍။

(တစ်ဆယ့်နှစ်ပါးသော အာယတနတို့သည် ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သောကြောင့် တိုင်းပြည်ကြီးနှင့် တူ၏၊ ထိုအာယတနလျှင် မှီရာရှိသော နှစ်သက်,စုံမက်တတ်သော နန္ဒီရာဂ တဏှာသည် အခွန်သိမ်း အမတ်ကြီးမည်၏၊ ထိုနန္ဒီရာဂနှင့် တကွသော အာယတန တစ်ဆယ့်နှစ်ပါးကိုလည်း ပယ်သည်ဟူလို။)

ဗြာဟ္မဏော၊ မကောင်းမှုမှ အပပြုပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။ အနီဃော၊ ဆင်းရဲခြင်း မရှိသည်ဖြစ်၍။ ယာတိ၊ ဖြစ်၏။ ဝါ၊ နိဗ္ဗာန်သို့ သွား၏။

(ထိုတဏှာ,မာန,ဒိဋ္ဌိ အာယတန, နန္ဒီရာဂတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ဖျက်ဆီးပြီးသည့် အဖြစ်ကြောင့် ကုန်ပြီးသော အာသဝေါရှိသော ရဟန္တာပုဂ္ဂိုလ်မြတ်သည် ဝဋ်ဆင်းရဲမရှိသည်ဖြစ်၍ သွား၏ဟူလို)
(ဤကား စိတ်တော်၌ထားသော အလိုရှိအပ်သော အနက်)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုအာဂန္တုကရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

(ဒုတိယဂါထာ၌လည်း ရှေးနှင့် တူသည်သာလျှင်တည်း။)

ထိုအခါ၌လည်း မြတ်စွာဘုရားသည် လကုဏ္ဍက ဘဒ္ဒိယမထေရ်ကိုသာလျှင် ဟောကြားတော်မူလေ၏၊ အာဂန္တုကရဟန်းတို့အား တရားတော်ကို ဟောကြားတော်မူလိုသော မြတ်စွာဘုရားသည် ဤဂါထာကို မိန့်ကြားတော်မူလေ၏။

ဒုတိယ ဒေသနာတော်

֍ * [၂၉၅] မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေစ သောတ္ထိယေ။
ဝေယျဂ္ဃပဉ္စမံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏာ။

မာတရံ၊ အမိကိုလည်းကောင်။ ပိတရံ၊ အဖကိုလည်းကောင်း။ ဟန္တွာ၊ သတ်ဖြတ်၍။ ရာဇာနော၊ မင်းဖြစ်ကုန်သော။ ဒွေ စ သောတ္ထိယေ၊ နှစ်ယောက်သော ပုဏ္ဏားတို့ကိုလည်း။ ဟန္တွာ၊ သတ်ဖြတ်၍။ ဝေယျဂ္ဃပဉ္စမံ၊ ကျားရဲသွားရာ လမ်းခရီးလျှင် ငါးခုမြောက်ရှိသော လမ်းခရီးကို။ ဟန္တွာ၊ ဖျက်ဆီး၍။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ယာတိ၊ သွား၏။

(ဤကား ဖွင့်၍ဆိုအပ်သော အလိုမရှိအပ်သော အနက်။)

မာတရံ၊ တဏှာဟူသော အမိကိုလည်းကောင်း။ ပိတရံ၊ မာနဟူသော အဖကိုလည်းကောင်း။ ဟန္တွာ၊ သတ်ဖြတ်၍။ ရာဇာနော၊ မင်းဖြစ်ကုန်သော။ ဒွေစ သောတ္ထိယေ၊ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိဟူသော ပုဏ္ဏားနှစ်ယောက်တို့ကိုလည်း။ ဟန္တွာ၊ သတ်ဖြတ်၍။

(ဤဂါထာ၌ မြတ်စွာဘုရားသည် တရားအားဖြင့် အစိုးရတော်မူသော ဓမ္မိဿရ ဖြစ်သောကြောင့်လည်းကောင်း၊ ဒေသနာအစီအရင်၌ ကျွမ်းကျင်လိမ္မာတော်မူသောကြောင့် လည်းကောင်း သဿတ, ဥစ္ဆေဒ ဒိဌိကြီးတို့ကို နှစ်ဦးသော ပုဏ္ဏားမင်းတို့ကိုပြု၍ ဟောတော်မူသည်ဟူလို။)

ဝေယျဂ္ဃပဉ္စမံ၊ ကျားရဲသွားရာ လမ်းခရီးနှင့်တူသော ဝိစိကိစ္ဆာလျှင် ငါးခုမြောက်ရှိသော နီဝရဏငါးပါး အပေါင်းကို။ ဟန္တွာ၊ အကြွင်းမဲ့ ဖျက်ဆီး၍။

(ကျားရဲ လှည့်လည်ရာဖြစ်၍ ဘေးရန်ရှိသဖြင့် သွားရန် ခဲယဉ်းသော လမ်းခရီးသည် “ဝေယျဂ္ဃ”ပင် မည်၏၊ ထိုဝိစိကိစ္ဆာနီဝရဏသည်လည်း ၎င်းနှင့်တူသောကြောင့် “ဝေယျဂ္ဃ”ပင် မည်၏၊ ထိုဝိစိကိစ္ဆာလျှင် ငါးခုမြောက်ရှိသော နီဝရဏတရားအပေါင်းသည် “ဝေယျဂ္ဃပဉ္စမ” မည်၏။ နီဝရဏတရားငါးပါးဟူလို၊ ထိုဝေယျဂ္ဃပဉ္စမမည်သော နီဝရဏတရား ငါးပါးအပေါင်းကို အရဟတ္တမဂ်ဉာဏ် သန်လျက်ဖြင့် အကြွင်းမဲ့ပြုသည်ဟူလို။)

ဗြာဟ္မဏော၊ မကောင်းမှုမှအပ ပြုပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။ အနီဃော၊ ဆင်းရဲခြင်း မရှိသည်ဖြစ်၍။ ယာတိ၊ ဖြစ်၏။ ဝါ၊ နိဗ္ဗာန်သို့ သွား၏။

(အကြွင်းကား ရှေးနှင့် တူသည်သာလျှင်တည်း။)
(ဤကား စိတ်တော်၌ထားသော အလိုရှိအပ်သော အနက်)

လကုဏ္ဍကဘဒ္ဒိယမထေရ်ဝတ္ထုပြီး၏။

֍ * ၅။ ထင်းလှည်းသမား၏သားဝတ္ထု

သုပ္ပဗုဒ္ဓံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ထင်းလှည်းသမား၏သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နမော ဗုဒ္ဓဿနှင့် မိစ္ဆာဒိဋ္ဌိသူငယ်

ရာဇဂြိုဟ်ပြည်၌ သမ္မာဒိဋ္ဌိ အယူရှိသောသူ၏ သားသည်လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိ အယူရှိသောသူ၏ သားသည်လည်းကောင်း နှစ်ယောက်တို့သည် မပြတ် ခုံညင်းကစားခြင်းကို ကစားကြကုန်သတတ်၊ ထိုသူနှစ်ယောက်တို့တွင် သမ္မာအယူရှိသောသူ၏ သားသည် ခုံညင်းကို ပစ်လတ်သည်ရှိသော် မြတ်စွာဘုရား၏ဂုဏ်ကို အဖန်ဖန် အောက်မေ့သော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ဆင်ခြင်နှလုံးသွင်း၍ “နမော ဗုဒ္ဓဿ”။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ နမော၊ ရှိခိုးပါ၏ဘုရားဟု ဆိုလျက် ခုံညင်းကို ပစ်၏၊ မိစ္ဆာအယူရှိသောသူ၏ သားသည် တိတ္ထိတို့၏ ဂုဏ်ကျေးဇူးတို့ကို ရည်စူး၍ “နမော အရဟန္တာနံ”။ အရဟန္တာနံ၊ ရဟန္တာကြီးတို့အား။ နမော၊ ရှိခိုးပါ၏ဘုရားဟု ဆို၍ ပစ်၏၊ ထိုသူငယ်နှစ်ယောက်တို့တွင် သမ္မာအယူရှိသောသူ၏ သားသည် အောင်၏၊ နိုင်၏။ မိစ္ဆာအယူရှိသောသူ၏ သားသည်ကား ရှုံး၏၊ ထိုမိစ္ဆာအယူရှိသောသူ၏သားသည် ထိုသမ္မာအယူရှိသောသူ၏သား ပြုလုပ်ပုံအမူအရာကို မြင်ရလျှင် “ဤသူသည် ဤသို့အောက်မေ့၍ ဤသို့ဆို၍ ခုံညင်းကို ပစ်သည်ရှိသော် ငါ့ကို နိုင်၏၊ ငါသည်လည်း ဤသူကဲ့သို့ သဘောရှိသည်ကို ပြုလုပ်ဦးအံ့”ဟု နှလုံးပြု၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၌ လေ့လာခြင်းကို ပြုလေ၏။ ထို့နောက် တစ်နေ့သ၌ ထိုသူငယ်၏ဖခင်သည် လှည်းကိုက,၍ ထင်းတို့၏အကျိုးငှာ သွားလတ်သော်လည်း ထိုသူငယ်ကို ခေါ်သွားသဖြင့် တောအုပ်၌ ထင်းတို့ဖြင့် လှည်းကိုပြည့်စေ၍ ပြန်လာသည်ရှိသော် မြို့၏အပ သုသာန်၏အနီး ရေဖြင့် ချမ်းသာရာအရပ်တစ်ခု၌ နွားတို့ကို ဖြေလွှတ်ပြီးလျှင် ထမင်းစားခြင်းကို ပြုလေ၏၊ ထိုအခါ ထိုထင်းလှည်းသမား၏ နွားတို့သည် ညချမ်းသောအခါ မြို့တွင်းသို့ဝင်သော နွားအပေါင်းနှင့် အတူတကွ မြို့တွင်းသို့သာလျှင် ဝင်ကြလေကုန်၏၊ ထင်းလှည်းသမားသည်လည်း နွားတို့ကို အစဉ်အတိုင်းလိုက်သဖြင့် မြို့တွင်းသို့ဝင်ပြီးလျှင် ညချမ်းသောအခါ နွားတို့ကိုမြင်ရလျှင် ယူ၍ ထွက်လတ်သည်ရှိသော် မြို့တံခါးကို ကောင်းစွာ မမီခဲ့လေ၊ ထိုထင်းလှည်းသမား မရောက်မီကပင်လျှင် မြို့တံခါးကို ပိတ်လေ၏၊ ထိုသို့ တံခါးပိတ်ထားသောအခါ ထိုထင်းလှည်းသမား၏ သားငယ်သည် တစ်ယောက်အထီးတည်းသာလျှင် ညဉ့်အဖို့၌ လှည်း၏အောက်တွင် တုံးလုံးလှဲကာ အိပ်ပျော်ခြင်းသို့ ရောက်ရရှာလေ၏။

ဘီလူး လာဆွဲသဖြင့် ရွတ်ဆိုပုံ

ရာဇဂြိုဟ်ပြည်သည်ကား ပြကတေ့အားဖြင့်လည်း ဘီလူးတို့သည် များပြားကုန်၏၊ ဤသူငယ်သည်လည်း သုသာန်အနီး၌ အိပ်ပျော်ရှာလေ၏၊ ထိုအရပ်၌ သူငယ်ကို ဘီလူးနှစ်ယောက်တို့သည် မြင်ကြလေကုန်၏၊ ဘီလူးတစ်ယောက်သည် သာသနာတော်၏ ဆူးငြောင့်သဖွယ်ဖြစ်သော မှားသော မိစ္ဆာအယူရှိ၏၊ ဘီလူးတစ်ယောက်ကား မှန်သော သမ္မာအယူရှိ၏၊ ထိုဘီလူးနှစ်ယောက်တို့တွင် မိစ္ဆာအယူရှိသော ဘီလူးသည် “ဤသူငယ်ကား ငါတို့၏ အစာတည်း၊ ဤသူငယ်ကို စားကြကုန်စို့အံ့”ဟု ဆိုလေ၏၊ သမ္မာအယူရှိသော ဘီလူးသည် “မသင့်လျော်ပေ။ မနှစ်သက်ပါလေလင့်”ဟု တားမြစ်လေ၏။ ထိုမိစ္ဆာအယူရှိသော ဘီလူးသည် ထိုသမ္မာအယူရှိသောဘီလူး တားမြစ်သော်လည်း ထိုဘီလူး၏စကားကို မနာယူမူ၍ သူငယ်ကို ခြေတို့၌ကိုင်၍ ဆွဲငင်လေ၏၊ ထိုသူငယ်သည် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၌ လေ့ကျက်ခြင်းရှိသည် အဖြစ်ကြောင့် ဆွဲငင်သောခဏ၌ “နမော ဗုဒ္ဓဿ”ဟူ၍ ရွတ်ဆိုလိုက်၏၊ ဘီလူးသည် ကြီးစွာသောဘေးဖြင့် ကြောက်လန့်သည်ဖြစ်၍ နောက်သို့ ဆုတ်ဖဲကာ ရပ်တည်နေလေ၏။

နန်းတော်မှ ရွှေခွက်သူခိုးဟု အဖမ်းခံရခြင်း

ထိုအခါ ထိုမိစ္ဆာအယူရှိသော ဘီလူးကို သမ္မာအယူရှိသော ဘီလူးသည် “ငါတို့နှင့် အတူတကွ မပြုအပ်သောအမှုကို ပြုမိချေပြီ၊ ထိုသူငယ်၏အလို့ငှာ ဒဏ်အမှုကို ပြုလုပ်ကြကုန်စို့အံ့”ဟု ဆို၍ ထိုသူငယ်ကို စောင့်ရှောက်လျက် ရပ်တည်နေလေ၏၊ မိစ္ဆာအယူရှိသော ဘီလူးသည် မြို့တွင်းသို့ဝင်၍ ဗိမ္ဗိသာရမင်းကြီး၏ ပွဲတော်အုပ်ကို ပြည့်စေလျက် ဘောဇဉ်အာဟာရကို ဆောင်ယူလာ၏၊ ထိုအခါ သူငယ်ကို ဘီလူးနှစ်ယောက်တို့သည်လည်း အမိအဖတို့ကဲ့သို့ဖြစ်၍ သူငယ်ကို အနီး၌ထားသဖြင့် စားစေပြီးလျှင် “ဤအက္ခရာတို့ကို မင်းကြီးသည်သာလျှင် မြင်ပါစေသတည်း၊ တစ်ပါးသောသူသည် မမြင်ပါစေသတည်း”ဟု နှလုံးပြု၍ ထိုအကြောင်းအရာကို ထင်ရှားစွာပြလျက် ဘီလူးတို့၏ အာနုဘော်အားဖြင့် ပွဲတော်အုပ်၌ အက္ခရာတို့ကို ရေးသားထားကြလေကုန်၏။

(ပွဲတော်အုပ် ထမင်းခွက်ကို ထင်းလှည်းထက်၌ တင်ထား၍ ညဉ့်သုံးယံပတ်လုံး အစောင့်အရှောက်ကိုပြု၍ ဖဲသွားကြလေ၏။ ဤစကားများသည် အချို့အဋ္ဌကထာတို့၌ မပါ။)

တစ်ဖန် မိုးသောက်သော နောက်နေ့၌ “မင်းကြီး၏ နန်းတော်မှ ခိုးသူတို့သည် ပွဲတော်အုပ်ခွက်ဘဏ္ဍာကို ခိုးယူ၏”ဟု အုတ်အုတ်ကျက်ကျက် ပြုကြကုန်လျက် တံခါးတို့ကိုပိတ်ပြီးလျှင် ကြည့်ရှုလတ်သည်ရှိသော် ထိုမြို့တွင်း၌ မမြင်ကုန်ရကား မြို့မှထွက်၍ ထိုမှဤမှ ကြည့်ရှုလတ်သည်ရှိသော် ထင်းတို့၏အကြား၌ ရွှေခွက်ကိုမြင်ရလျှင် “ဤသူငယ်သည် ခိုးသူတည်း”ဟု သူငယ်ကိုဖမ်း၍ မင်းကြီးအား ပြသကြလေကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည်လည်း အက္ခရာတို့ကိုမြင်ရလျှင် “ချစ်သား- ဤသို့ဖြစ်ပုံကား အဘယ်သို့ ဖြစ်ပုံနည်း”ဟု မေးလတ်သည်ရှိသော် “အရှင်မင်းကြီး- ကျွန်တော်မျိုး မသိပါ၊ ကျွန်တော်မျိုး၏ မိခင်ဖခင်တို့သည် လာလတ်၍ ညဉ့်အခါ ကျွေးမွေးပြီးလျှင် စောင့်ရှောက်လျက် တည်နေကြပါသည်။ ကျွန်တော်မျိုးသည်လည်း “မိခင်ဖခင်တို့သည် ငါ့ကို စောင့်ရှောက်ကြကုန်၏”ဟု မှတ်ထင်သဖြင့် ကြောက်ခြင်း,လန့်ခြင်း မရှိသည်ဖြစ်၍ အိပ်ပျော်ခြင်းသို့ ရောက်ပါသည်၊ ဤမျှကိုသာ ကျွန်တော်မျိုး သိပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ ထိုအခါ၌ သူငယ်၏ မိခင်ဖခင်တို့သည်လည်း ထိုအရပ်သို့ ရောက်သွားကြလေကုန်၏၊ မင်းကြီးသည် ထိုအကြောင်းအရာကို သိပြီးဖြစ်သဖြင့် ထိုသုံးယောက်သော သူတို့ကို ခေါ်ဆောင်လျက် မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ အလုံးစုံသော အကြောင်းအရာကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- အသို့ပါနည်း၊ ဘုရားရှင်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့တတ်သော သတိသည်သာလျှင် စောင့်ရှောက်တတ်သောတရား ဖြစ်ပါသလော၊ ထိုသို့မဟုတ် တရားဆယ်ပါး၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့တတ်သောသတိ အစရှိသည်တို့သည်လည်း စောင့်ရှောက်တတ်သော တရားတို့ ဖြစ်ကြပါသလောဘုရား”ဟု မေးလျှောက်လေ၏။ ထိုအခါ မင်းကြီးအား မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- ဗုဒ္ဓါနုဿတိသည်သာလျှင် စောင့်ရှောက်တတ်သည် မဟုတ်သေး၊ အကြင်သူတို့အားကား ခြောက်ပါးသော အပြားအားဖြင့် ကောင်းစွာ ပွားစေအပ်သော စိတ်သည် ရှိ၏၊ ထိုသူတို့အား တစ်ပါးသော စောင့်ရှောက်ခြင်း, ပိတ်ပင်တားဆီးခြင်းဖြင့်လည်းကောင်း၊ မန္တန်ဆေးတို့ဖြင့်လည်းကောင်း ပြုဖွယ်ကိစ္စသည် မရှိပြီ”ဟု မိန့်တော်မူ၍ ခြောက်ပါးသော အရာတို့ကို ပြတော်မူလိုသော မြတ်စွာဘုရားသည် ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၂၉၆] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဗုဒ္ဓဂတာ သတိ။

֍ * [၂၉၇] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဓမ္မဂတာ သတိ။

֍ * [၂၉၈] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ သံဃဂတာ သတိ။

֍ * [၂၉၉] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ကာယဂတာ သတိ။

֍ * [၃၀၀] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ အဟိံသာယ ရတော မနော။

֍ * [၃၀၁] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ ဘာဝနာယ ရတော မနော။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ ဗုဒ္ဓဂတာ၊ ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော။ သတိ၊ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။

(ဣတိပိ သော ဘဂဝါ အရဟံ ဤသို့စသော အပြားရှိကုန်သော ဘုရားရှင်၏ ဂုဏ်တော်တို့ကို အာရုံပြု၍ဖြစ်သော သတိသည် အမြဲမပြတ်ရှိသည်ဖြစ်အံ့၊ ထိုသူတို့သည် အခါခပ်သိမ်းပင် ကောင်းစွာနိုးခြင်းပင် နိုးကြကုန်၏။ ထိုသို့ မတတ်နိုင်ကြမူ တစ်နေ့လျှင် သုံးချိန်သောအခါ၌ဖြစ်စေ၊ နှစ်ချိန်သောအခါ၌ဖြစ်စေ၊ တစ်ချိန်သောအခါ၌ဖြစ်စေ ဗုဒ္ဓါနုဿတိကို စိတ်၌ အောက်မေ့ကြကုန်သော သူတို့သည် ကောင်းစွာနိုးခြင်း နိုးကြသည်သာ မည်ကုန်၏ဟူလို။)

ဂေါတမသာဝကာ၊ ဂေါတမနွယ်ဖွား မြတ်စွာဘုရား၏ တရားနာရ တပည့်သာဝကဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ ဓမ္မဂတာ၊ တရားတော်ဂုဏ်ကို အာရုံပြု၍ဖြစ်သော။ သတိ၊ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သားဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါစ၊ နေ့၌လည်းကောင်း။ ရတ္တောစ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ သံဃဂတာ၊ သံဃာတော်ဂုဏ်ကို အာရုံပြု၍ဖြစ်သော။ သတိ၊ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သားဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ ကာယဂတာ၊ ဒွတ္တိံသာကာရ အစရှိသည်တို့၏ အစွမ်းဖြင့်ဖြစ်သော။ သတိ၊ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။

(ဆံပင်, မွေးညင်းစသော သုံးဆယ့်နှစ်ပါးသော အခြင်းအရာ၏ အစွမ်းဖြင့်လည်းကောင်း၊ ကိုးပါးသော သိဝထိက ကမ္မဋ္ဌာန်း၏ အစွမ်းဖြင့်လည်းကောင်း၊ ဓာတ်ကြီးလေးပါး ပိုင်းခြားခြင်း၏ အစွမ်းဖြင့်လည်းကောင်း၊ အဇ္ဈတ္တ နီလကသိုဏ်းစသော ရူပဈာန်၏ အစွမ်းဖြင့်လည်းကောင်း ဖြစ်သော ကာယဂတာသတိဟူလို။
(ကိုးပါးသော သိဝထိက ကမ္မဋ္ဌာန်းကို သတိပဋ္ဌာန်သုတ်တို့၌ ပြသည်။ သုသာန်၌ ပစ်ထားအပ်သော ၁။ ဖူးဖူးရောင်ပုပ်သောသူကောင်။ ၂။ အသားများရာ၌ နီ, ပြည်စုရာ၌ ဖြူ, အများအားဖြင့် ညိုမည်း ဟောင်ပုပ်သောသူကောင်။ ၃။ ယိုထွက်သော ပြည်ပုပ်ရှိသောသူကောင်။ ၄။ ကျီး,ခွေး,လင်းတ စသည်တို့ ကိုက်ခဲဆိတ်ဆွအပ်သောသူကောင်။ ၅။ အသားအသွေးရှိ၍ အကြောဖြင့်ဖွဲ့အပ်သော အရိုးစု။ ၆။ အသားမရှိ သွေးလိမ်းကျံလျက် အကြောဖြင့်ဖွဲ့အပ်သော အရိုးစု။ ၇။ အသားအသွေးကင်းလျက် အကြောဖြင့်ဖွဲ့အပ်သော အရိုးစု။ ၈။ အကြောဖွဲ့ခြင်းမရှိ, လက်ရိုးတခြား ခြေရိုးတခြား စသည်ဖြင့် ထိုထိုအရပ်၌ ပစ်အပ်သော အရိုးစု။ ၉။ ခရုသင်းကဲ့သို့ ဖြူဖွေးသော အရိုးစု, နှစ်ချို့နှစ်လွန်သော အရိုးစု, ကြွေမွသော အရိုးစု၊ ဤသို့ ဝိပဿနာအစွမ်းဖြင့် ဟောအပ်သော ကိုးပါးသော သိဝထိက ကမ္မဋ္ဌာန်းဟူလို။)

ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သားဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ အဟိံသာယ၊ မညှဉ်းဆဲခြင်း ကရုဏာဘာဝနာဖြင့်။ ရတော၊ မွေ့လျော်သော။ မနော၊ စိတ်သည်။ အတ္ထိ၊ ရှိ၏။ ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သား ဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ ဘာဝနာယ၊ မေတ္တာဘာဝနာဖြင့်။ ရတော၊ မွေ့လျော်သော။ မနော၊ စိတ်သည်။ အတ္ထိ၊ ရှိ၏။ ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သားဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ သူငယ်သည် မိခင်ဖခင်တို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ နောက်ကာလ၌ကား ရဟန်းပြုကြ၍ အလုံးစုံ သုံးယောက်သော သူတို့သည်လည်း အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။ ရောက်လာသောသူတို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

ထင်းလှည်းသမား၏သားဝတ္ထုပြီး၏။

֍ * ၆။ ဝဇ္ဇီတိုင်းသားရဟန်းဝတ္ထု

ဒုပ္ပဗ္ဗဇ္ဇံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်ကို အမှီပြု၍ မဟာဝုန်တော၌ နေတော်မူစဉ် အမှတ်မရှိသော ဝဇ္ဇီတိုင်းသား ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပျင်းရိသောရဟန်းကို နတ်သတိပေးပုံ

ထိုရဟန်းကို ရည်မှန်း၍ ဆိုလတ္တံ့သောစကားကို ဆိုအပ်၏။ အမှတ်မရှိ တစ်ပါးသော ဝဇ္ဇီတိုင်းသားရဟန်းသည် ဝေသာလီပြည် အမှတ်မရှိ တစ်ခုသော တောအုပ်၌နေ၏။ ထိုအခါ ဝေသာလီပြည်၌ ညဉ့်သုံးယံပတ်လုံး ပွဲလမ်းသဘင်ကျင်းပ၏။ ထိုအခါ ဝေသာလီပြည်၌ တူရိယာတို့၏ တီးသံ,မှုတ်သံ, ကြွေးကြော်အော်ဟစ်သံကို ကြားရသဖြင့် ငိုကြွေးမြည်တမ်းလျက် ထိုအခါ၌ ဤဂါထာကို ရွတ်ဆိုတော်မူရှာလေ၏။

(တူရိယာဟူသည်ကား ၁။ အာတတ၊ အိုးစည်စသော သားရေတစ်ဖက်ပိတ်စည်။ ၂။ ဝိတတ၊ မရိုးစည်စသော သားရေနှစ်ဖက်ပိတ်စည်။ ၃။ အာတတဝိတတ၊ ထက်စည်စသော သားရေအလုံးစုံပိတ်သောစည်။ ၄။ သုသိရ၊ နှံ,ပလွေစသော အခေါင်းရှိသော မှုတ်စရာစည်။ ၅။ ဃန၊ မောင်း,ကြေးနင်း, ခွက်ခွင်းစသော တစ်ခဲနက်စည်။ ဤငါးမျိုးသည် တူရိယာငါးပါးမည်၏။)
ဧကကာ မယံ အရညေ ဝိဟရာမ၊ အပဝိဒ္ဓံဝ ဝနသ္မိံ ဒါရုကံ။
ဧတာဒိသိကာယ ရတ္တိယာ၊ ကောသု နာမ‌မှေဟိ ပါပိယော။

ဝနသ္မိံ၊ တောအုပ်၌။ အပဝိဒ္ဓံ၊ စွန့်ပစ်အပ်သော။ ဒါရုကံ ဣဝ၊ ထင်းတုံးကဲ့သို့။ ဧကကောဝ၊ တစ်ယောက်အထီးတည်းသာလျှင်။ မယံ၊ ငါတို့သည်။ အရညေ၊ တော၌။ ဝိဟရာမ၊ နေကြရကုန်၏။ ဒါနိ၊ ယခုအခါ၌။ ဧတာဒိသိကာယ၊ ဤသို့သဘောရှိသော။ ရတ္တိယာ၊ ညဉ့်၌။ အမှေဟိ၊ ငါတို့အောက်။ ပါပိယော နာမ၊ လွန်စွာယုတ်ညံ့သောသူမည်သည်။ ကောသု၊ အဘယ်သူဖြစ်ရာအံ့နည်း။

ထိုရဟန်းသည် ဝဇ္ဇီတိုင်း၌ မင်းသားဖြစ်၍ အလှည့်အားဖြင့် ရအပ်သော မင်းစည်းစိမ်ကိုစွန့်ပြီးလျှင် ရဟန်းပြုတော်မူသတတ်၊ ဝေသာလီပြည်၌ စတုမဟာရာဇ်နတ်တို့နှင့် အတူတကွ တစ်စပ်တည်းကဲ့သို့ပြုလုပ်၍ မြို့တစ်မြို့လုံး၌ တံခွန်ကုက္ကား စသည်တို့ဖြင့် တန်ဆာဆင်ခြင်းရှိသော ကြာခေါင်းလောင်းပွင့်တုန်းဖြစ်သော တန်ဆောင်မုန်းလ၏ လပြည့်နေ့၌ ညဉ့်သုံးယံပတ်လုံး ကျင်းပသော ပွဲလမ်းသဘင်သည် ဖြစ်လတ်သည်ရှိသော် စည်ကြီးအစရှိကုန်သော တီးအပ်ကုန်သော တူရိယာတို့၏ မပြတ်မြည်သော အသံကိုလည်းကောင်း၊ တီးအပ်ကုန်သော စောင်းငြင်း အစရှိသည်တို့၏ အသံကိုလည်းကောင်း ကြားတော်မူရ၍ ဝေသာလီပြည်၌ အကြင်ခုနစ်ထောင်သော မင်းတို့သည်လည်းကောင်း၊ အကြင်ခုနစ်ရာသော မင်းတို့သည်လည်းကောင်း၊ အကြင်ခုနစ်ယောက်သော မင်းတို့သည်လည်းကောင်း ထိုခုနစ်ထောင်, ခုနစ်ရာ, ခုနစ်ယောက်သောမင်းတို့၏ ထိုမျှလောက် အတိုင်းအရှည်ရှိသော အိမ်ရှေ့မင်း, စစ်သူကြီးစသော အကြင်သူတို့သည်လည်းကောင်း ရှိကြကုန်၏။ တန်ဆာဆင်ခြင်းနှင့်စပ်သော ထိုမင်း အစရှိသောသူတို့သည် နက္ခတ်ကစားခြင်း အကျိုးငှာ လမ်းမသို့ သက်လတ်ကြကုန်သည်ရှိသော် အတောင်ခြောက်ဆယ်ရှိသော စင်္ကြံမ၌ စင်္ကြံကြွတော်မူလျက် ကောင်းကင်အလယ်၌တည်သော လပြည့်ဝန်းကို မြင်ရသဖြင့် စင်္ကြံ၏အစွန်း၌ တံကဲပျဉ်ကိုမှီ၍ တည်နေလျက် ဦးရစ်ခေါင်းပေါင်းတန်ဆာမှ ကင်းလေသောကြောင့် တော၌စွန့်အပ်သော ထင်းတုံးကဲ့သို့ မိမိကိုယ်ကို ကြည့်ရှုပြီးလျှင် “ငါတို့အောက် အထူးသဖြင့် ယုတ်ညံ့သော တစ်ပါးသောသူသည် ရှိလေသေးသလော”ဟု ကြံတော်မူမိရကား ပြကတေ့အားဖြင့် အရညကင်ဓုတင်စသော ကျေးဇူးနှင့်ယှဉ်သော ပုဂ္ဂိုလ်ဖြစ်သော်လည်း ထိုခဏ၌ မမွေ့လျော်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ဤသို့ ဆိုလေသတည်း။ ထိုတောအုပ်၌ စောင့်နေသော နတ်က “ဤရဟန်းငယ်ကို ထိတ်လန့်စေဦးအံ့”ဟူသော အလိုအားဖြင့်-

ဧကကောဝ တွံ အရညေ ဝိဟရသိ၊ အပဝိဒ္ဓံဝ ဝနသ္မိံ ဒါရုကံ။
တဿ တေ ဗဟုကာ ပိဟယန္တိ၊ နေရယိကာ ဝိယ သဂ္ဂဂါမိနံ။

ဘော ဘိက္ခု၊ အို..ရဟန်း။ ဝနသ္မိံ၊ တောအုပ်၌။ အပဝိဒ္ဓံ၊ စွန့်ပစ်အပ်သော။ ဒါရုကံဝ၊ ထင်းတုံးကဲ့သို့။ ဧကကော၊ တစ်ယောက်အထီးတည်း။ တွံ၊ သင်ရဟန်းသည်။ အရညေ၊ တော၌။ ဝိဟရသိ၊ နေတော်မူဘိ၏။ နေရယိကာ၊ ငရဲသားတို့သည်။ သဂ္ဂဂါမိနံ၊ နတ်ပြည်သို့ လားသောသူတို့အား။ ပိဟယန္တိ ဝိယ၊ မြတ်နိုးအားရ တောင့်တကြသကဲ့သို့။ ဗဟုကာ၊ များစွာသောသူတို့သည်။ တဿ တေ၊ ထိုအသင်ရဟန်းမြတ်အား။ ပိဟယန္တိ၊ မြတ်နိုးအားရ တောင့်တကြပါကုန်၏ဘုရား။

ဟူ၍-ရွတ်ဆိုအပ်သော ဤဂါထာကို ကြားလတ်သည်ရှိသော် ထိုရဟန်းသည် တစ်ဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍နေလေ၏။ မြတ်စွာဘုရားသည် ထိုအကြောင်းအရာကို သိတော်မူပြီးဖြစ်၍ အိမ်ရာထောင်သူ လူ့ဘောင်၌နေသော လူ၏ ဆင်းရဲသောအဖြစ်ကို ပြတော်မူလိုသည် ဖြစ်ရကား ငါးပါးသောဆင်းရဲတို့ကို ပေါင်းစုတော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၀၂] ဒုပ္ပဗ္ဗဇ္ဇံ ဒုရဘိရမံ၊ ဒုရာဝါသာ ဃရာ ဒုခါ။
ဒုက္ခော သမာနသံဝါသော၊ ဒုက္ခာနုပတိတဒ္ဓဂူ။
တသ္မာ န စဒ္ဓဂူ သိယာ၊ န စ ဒုက္ခာနုပတိတော သိယာ။

ဒုပ္ပဗ္ဗဇ္ဇ၊ သာသနာ၌ ရဟန်းပြုနိုင်ခဲလှ၏။ ဒုရဘိရမံ၊ ရဟန်းတရား ကျင့်ခြင်းဖြင့် မွေ့လျော်နိုင်ခဲလှ၏။ ဒုရာဝါသာ၊ ဆင်းရဲသဖြင့် နေရခြင်းရှိသော။ ဃရာ- ဃရာဝါသာ၊ အိမ်၌ နေရခြင်းသည်။ ဒုခါ၊ ဆင်းရဲငြိုငြင်လှပေ၏။ အသမာနသံဝါသော၊ သဘောမတူသော သူတို့နှင့်အတူ နေရခြင်းသည်။ ဒုက္ခော၊ ဆင်းရဲလှပေ၏။ အဒ္ဓဂူ၊ သံသရာခရီးအဓွန့်သို့ သွားရခြင်းသည်။ ဒုက္ခာနုပတိတော၊ ဆင်းရဲခြင်းဖြင့် အဖန်ဖန် ကျရောက်တတ်၏။

တသ္မာ၊ ထို့ကြောင့်။ အဒ္ဓဂူ၊ သံသရာဆင်းရဲဟု ဆိုအပ်သော ခရီးအဓွန့်သို့ သွားသောသူသည်။ န စ သိယာ၊ မဖြစ်ရာ။ ဒုက္ခာနုပတိတော စ၊ ဆင်းရဲသဖြင့် အဖန်ဖန်ကျရောက်တတ်သော သူသည်လည်း။ န သိယာ၊ မဖြစ်ရာ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းသည် ငါးပါးသော ဆင်းရဲခြင်းအကြောင်းတို့ကို မြင်ရသည်ရှိသော် ဆင်းရဲခြင်း၌ ငြီးငွေ့သည်ဖြစ်၍ ငါးပါးကုန်သော အောက်အဖို့ရှိသော သံယောဇဉ်တို့ကိုလည်းကောင်း၊ ငါးပါးသော အထက်အဖို့ရှိသော သံယောဇဉ်ကိုလည်ကောင်း ဖောက်ခွဲ၍ အရဟတ္တဖိုလ်၌ တည်လေ၏။

ဝဇ္ဇီတိုင်းသားရဟန်းဝတ္ထုပြီး၏။

֍ * ၇။ စိတ္တသူကြွယ်ဝတ္ထု

သဒ္ဓေါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စိတ္တသူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သဒ္ဓါသောသူ ရောက်ရာ၌ အပူဇော်ခံရခြင်း

(ဗာလ၀ဂ် စိတ္တသူကြွယ်ဝတ္ထု၌ “အသတံ ဘာဝနမိစ္ဆေယျ”ဟူသော ဂါထာ၏အဖွင့်၌ အကျယ်ချဲ့အပ်ပြီ၊ ဂါထာကိုလည်း ထိုဗာလ၀ဂ်၌သာလျှင် ဟောအပ်၏။ ထိုစကားမှန်၏။ ထိုဝတ္ထု၌ ဤဆိုလတ္တံ့သော စကားကို ဆိုအပ်ပြီ။)

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အသို့ပါနည်း၊ ထိုစိတ္တသူကြွယ်အား ရှင်တော်မြတ်ဘုရားတို့၏ ထံမှောက်တော်သို့ လာရောက်ချဉ်းကပ်သော်သာလျှင် ဤသို့သော လာဘ်ပူဇော်သက္ကာရသည် ဖြစ်ရပါသလော။ သို့တည်းမဟုတ် တစ်ပါးသောအရပ်သို့ သွားရောက်သော်လည်း ဖြစ်ပါသလားဘုရား”ဟု နားတော်လျှောက်လေ၏။ “ချစ်သားအာနန္ဒာ- ငါဘုရား၏အထံသို့ လာသည်မူလည်းဖြစ်စေ၊ တစ်ပါးသောအရပ်သို့ သွားသည်မူလည်းဖြစ်စေ၊ ထိုစိတ္တသူကြွယ်အား ဖြစ်သည်သာလျှင်တည်း။ ဤဥပါသကာ ဒါယကာသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါး၌ ကြည်ညို၏။ ပြည့်စုံသော သီလရှိ၏။ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည် အကြင်အကြင်အရပ်သို့ ချဉ်းကပ်သွားလေ၏။ ထိုထိုအရပ်၌သာလျှင် ထိုပုဂ္ဂိုလ်အား လာဘ်ပူဇော်သက္ကာရသည် ဖြစ်ပေါ်လာရ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၀၃] သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။
ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော။

သဒ္ဓေါ၊ လောကုတ်,လောကီ နှစ်လီသော သဒ္ဓါတရားနှင့် ပြည့်စုံသော။ သီလေန၊ သီလနှင့်။ သမ္ပန္နော၊ ပြည့်စုံသောသူသည်။ ယသော၊ အခြံအရံရှိသည်ဖြစ်၍။ ဘောဂသမပ္ပိတော၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသည်ဖြစ်၍။ ယံယံ ပဒေသံ၊ အကြင်အကြင် အရပ်သို့။ ဘဇတိ၊ ချဉ်းကပ်သွားလာ၏။ တတ္ထ တတ္ထေဝ၊ ထိုထိုအရပ်၌သာလျှင်။ ပူဇိတော၊ ပူဇော်အပ်သည်။ ဟောတိ ဖြစ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

စိတ္တသူကြွယ် ဝတ္ထုပြီး၏။

֍ * ၈။ စူဠသုဘဒ္ဒါ ဝတ္ထု

ဒူရေ သန္တောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေးကြီး၏ စူဠသုဘဒ္ဒါ အမည်ရှိသောသမီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စူဠသုဘဒ္ဒါနှင့် မိစ္ဆာဒိဋ္ဌိသူဌေးသား

အနာထပိဏ်သူဌေးကြီး၏ ငယ်စဉ်ကစ၍ ဥဂ္ဂမြို့၌ နေလေ့ရှိသော ဥဂ္ဂမည်သော သူဌေးသားသည် အဆွေခင်ပွန်းဖြစ်သတတ်။ ထိုအနာထပိဏ်သူဌေးကြီးနှင့် ဥဂ္ဂသူဌေးသားတို့သည် တစ်ဦးတည်းသော ဆရာ့အိမ်၌ အတတ်ပညာကို သင်ကြကုန်သည်ရှိသော် အချင်းချင်း “ငါတို့အား အရွယ်သို့ ရောက်လတ်သောအခါ သားသမီးတို့ ဖွားမြင်ကြကုန်သည်ရှိသော် အကြင်သူသည် သားအလို့ငှာ သမီးကို ဖိတ်ကြား တောင်းရမ်းငြားအံ့၊ ထိုတစ်ဦးသောသူသည် ထိုတစ်ဦးသောသူအား သမီးကို ပေးရမည်”ဟု ကတိကဝတ်ကို ပြုလုပ်ထားကြလေကုန်၏။ ထိုနှစ်ယောက်သော သူတို့သည်လည်း အရွယ်သို့ ရောက်လတ်ကုန်သည်ရှိသော် မိမိ,မိမိ၏မြို့၌ သူဌေးကြီးအရာ၌ တည်ကြလေကုန်၏။ ထို့နောက် တစ်ပါးသောအခါ၌ ဥဂ္ဂသူဌေးသည် ကုန်သွယ်ခြင်းအမှုတို့ကို ပြုလုပ်အားထုတ်လျက် လှည်းငါးရာတို့ဖြင့် သာဝတ္ထိပြည်သို့ ရောက်သွားလေ၏။ အနာထပိဏ်သူဌေးကြီးသည် မိမိ၏သမီးဖြစ်သော စူဠသုဘဒ္ဒါကိုခေါ်၍ “ချစ်သမီး- ချစ်သမီး၏ဖခင်ဖြစ်သော ဥဂ္ဂသူဌေးမည်သော သူဌေးကြီးသည် ရောက်လာ၏။ ထိုသူဌေးကြီးအား အလုံးစုံသော ပြုဖွယ်ကိစ္စသည် သင်၏တာဝန်တည်း”ဟုဆို၍ စေခိုင်းလေ၏။ စူဠသုဘဒ္ဒါသည် “ကောင်းလှပါပြီ”ဟု ဝန်ခံလျက် ထိုဥဂ္ဂသူဌေးကြီး၏ ရောက်လာသောနေ့မှစ၍ မိမိလက်ဖြင့်သာလျှင် လက်သုပ်ဟင်းလျာ စသည်တို့ကို ကောင်းစွာပြည့်စုံစေ၍ ပန်း,နံ့သာ, နံ့သာပျောင်း စသည်တို့ကို ပြုပြင်စီရင်၏။ ထမင်းစားသောအခါ ထိုဥဂ္ဂသူဌေးကြီးအလို့ငှာ ချိုးရေကို စီရင်စေ၍ ရေချိုးသောအခါမှစ၍ အလုံးစုံသောကိစ္စတို့ကို ကောင်းမွန်စွာပြုစု၏။ ဥဂ္ဂသူဌေးကြီးသည် ထိုစူဠသုဘဒ္ဒါ၏ အကျင့်နှင့် ပြည့်စုံသည့်အဖြစ်ကို မြင်ရလျှင် ကြည်လင်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တစ်နေ့သ၌ အနာထပိဏ်သူဌေးကြီးနှင့် အတူတကွ နားချမ်းသာသော စကားဖြင့် ပြောဆိုနေထိုင်လျက် “ငါတို့သည် ငယ်သောအခါ၌ ဤသို့ ကကိကဝတ်ကို ပြုလုပ်ထားကြဖူးသတတ်”ဟု ပြောကြားကာ အောက်မေ့စေပြီးလျှင် စူဠသုဘဒ္ဒါကို မိမိသား၏အကျိုးငှာ ဖိတ်ကြားတောင်းရမ်းလေ၏။

စူဠသုဘဒ္ဒါ ဥဂ္ဂမြို့သို့ လိုက်သွားရခြင်း

ထိုဥဂ္ဂသူဌေးကြီးသည်ကား ပြကတေ့အားဖြင့် မိစ္ဆာအယူရှိ၏။ ထို့ကြောင့် မြတ်စွာဘုရားအား ဥဂ္ဂသူဌေးကြီး၏ အကြောင်းအရာကို လျှောက်ကြားလတ်သည်ရှိသော် မြတ်စွာဘုရားသည် ဥဂ္ဂသူဌေး၏ အကြောင်းဥပနိဿယကို မြင်တော်မူသဖြင့် ခွင့်ပြုတော်မူအပ်သည်ဖြစ်၍ မယားနှင့်တကွ တိုင်ပင်ပြီးလျှင် ထိုဥဂ္ဂသူဌေး၏စကားကို ဝန်ခံကာ နေ့ရက်ကို မှတ်သားပြီးလျှင် သမီးဖြစ်သော ဝိသာခါကိုပေး၍ လွှတ်လိုက်သော (ထည့်လိုက်သော) ဓနဉ္စယသူဌေးကြီးကဲ့သို့ များစွာသော ပူဇော်သက္ကာရကိုပြု၍ စူဠသုဘဒ္ဒါကို ခေါ်ပြီးလျှင် “ချစ်သမီး- ယောက္ခမအိမ်၌ နေထိုင်ရသော ချွေးမမည်သည်ကား အတွင်းမီးကို အပသို့ မထုတ်အပ်” စသည်ဖြင့် ဓနဉ္စယသူဌေးကြီး၏ ဝိသာခါအား ပေးအပ်သောနည်းအားဖြင့်သာလျှင် ဆယ်ပါးသော အဆုံးအမတို့ကိုပေး၍ “ရောက်ရာအရပ်၌ ငါ့သမီးအား အပြစ် အကယ်၍ ဖြစ်ငြားအံ့၊ သင်တို့သည် သုတ်သင် စောကြောအပ်ကုန်၏”ဟု သူကြွယ်ရှစ်ယောက်တို့ကို တာဝန်ခံခြင်းကို ယူစေလျက် စူဠသုဘဒ္ဒါအား လွှတ်လိုက်သောနေ့၌ မြတ်စွာဘုရားအမှူးရှိသော ရဟန်း သံဃာတော်အပေါင်းအား အလှူကြီးကို ပေးလှူ၍ ရှေးဘဝ၌ သမီးသည် ပြုအပ်ကုန်သော ကောင်းသောအကျင့်တို့၏ အကျိုး၏ တင့်တယ်ခြင်းကို လူအပေါင်းအား ထင်ရှားသည်ကိုပြု၍ ပြဘိသကဲ့သို့ များစွာသော ချီးမြှောက်ဖွယ် သက္ကာရဖြင့် သမီးကိုလွှတ်လိုက်လေ၏။ ထိုစူဠသုဘဒ္ဒါအား အစဉ်အတိုင်းအားဖြင့် ဥဂ္ဂမြို့သို့ ရောက်လတ်သောအခါ စူဠသုဘဒ္ဒါ၏ ယောက္ခမနှင့်တကွ များစွာသောလူအပေါင်းသည် ခရီးဦးကြိုဆိုခြင်းကို ပြုလုပ်လေ၏။ ထိုစူဠသုဘဒ္ဒါသည်လည်း မိမိ၏ အသရေ၏တင့်တယ်ခြင်းကို ထင်ရှားပြုခြင်းငှာ ဝိသာခါကဲ့သို့ အလုံးစုံသော ပြည်၌နေသူလူအပေါင်းအား မိမိကိုယ်ကိုပြလျက် ရထားထက်၌ ရပ်တည်၍ မြို့သို့ဝင်ပြီးလျှင် ပြည်သူတို့သည် ပို့အပ်သော လက်ဆောင်တို့ကိုယူ၍ လျောက်ပတ်သည့်အစွမ်းဖြင့် ထိုထိုပြည်သူတို့အား ပို့စေသဖြင့် မြို့အလုံးကို မိမိ၏ ဂုဏ်ကျေးဇူးတို့ဖြင့် တစ်စပ်တည်းပြုလုပ်လေ၏။

စူဠသုဘဒ္ဒါသည် တိတ္ထိတို့ကို ရှိမခိုး

မင်္ဂလာနေ့ အစရှိသည်တို့၌ကား ထိုစူဠသုဘဒ္ဒါ၏ ယောက္ခမသည် အဝတ်မကပ်သော တိတ္ထိတို့အား ပူဇော်သက္ကာရကိုပြုလျက် “ချစ်သမီး- လာ၍ ငါတို့၏ရဟန်းတို့ကို ရှိခိုးလော့”ဟု စေလွှတ်လိုက်လေ၏။ ထိုစူဠသုဘဒ္ဒါသည် ရှက်သဖြင့် အဝတ်မကပ်သော တိတ္ထိတို့ကို ဖူးမြင်ခြင်းငှာ မတတ်နိုင်ရကား သွားခြင်းငှာ အလိုမရှိဘဲနေ၏။ ထိုယောက္ခမသည် အဖန်တလဲလဲ စေလွှတ်ပါသော်လည်း ထိုစူဠသုဘဒ္ဒါက ပယ်အပ်သည်ရှိသော် အမျက်ထွက်၍ “ထိုစူဠသုဘဒ္ဒါကို နှင်ထုတ်ကြကုန်လော့”ဟု ဆိုလေ၏။ ထိုစူဠသုဘဒ္ဒါသည် “ငါ့အား အကြောင်းမဟုတ်သဖြင့် အပြစ်သို့တင်ခြင်းငှာ မတတ်ကောင်း”ဟု နှလုံးပြု၍ သူကြွယ်ရှစ်ယောက်တို့ကို ခေါ်စေပြီးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။ သူကြွယ်ရှစ်ယောက်တို့သည် ထိုစူဠသုဘဒ္ဒါ၏ အပြစ်မရှိသည့်အဖြစ်ကို သိရလျှင် ဥဂ္ဂသူဌေးကြီးကို သိစေကြလေကုန်၏။ ဥဂ္ဂသူဌေးကြီးသည် “ဤစူဠသုဘဒ္ဒါကား ငါ၏ရဟန်းတို့ကို အရှက်မရှိသောသူတို့ဟူ၍ ရှိမခိုးဘဲ နေဘိ၏”ဟု သူဌေးကတော်ကြီးအား ပြောကြားလေ၏။ သူဌေးကတော်ကြီးသည် “ဤစူဠသုဘဒ္ဒါ၏ ရဟန်းတို့ကား အဘယ်သို့ သဘောရှိကုန်သနည်း။ ထိုရဟန်းတို့ကို အလွန်လျှင် ချီးမွမ်းဘိ၏”ဟု စူဠသုဘဒ္ဒါကို ခေါ်စေပြီးလျှင် ဤဂါထာကို ဆိုလေ၏။

ကီဒိသာ သမဏာ တုယှံ၊ ဗာဠှံ ခေါ နေ ပသံသသိ။
ကိံ သီလာ ကိံ သမာစရာ၊ တံ မေ အက္ခာဟိ ပုစ္ဆိတာ။

တုယှံ၊ သင်ချွေးမ စူဠသုဘဒ္ဒါ၏။ သမဏာ၊ ရဟန်းတို့ကား။ ကီဒိသာ၊ အဘယ်သို့ သဘောရှိကြကုန်သနည်း။ နေ၊ ထိုရဟန်းတို့ကို။ ဗာဠှံခေါ၊ လွန်စွာသာလျှင်။ ပသံသသိ၊ ချီးမွမ်းဘိ၏။ ကိံ သီလာ၊ အဘယ်သို့ အလေ့ရှိကြကုန်သနည်း။ ကိံ သမာစရာ၊ အဘယ်သို့ အကျင့်ရှိကြကုန်သနည်း။ တံ၊ ထိုအကြောင်းကို။ ပုစ္ဆိတာ၊ မေးအပ်သော သင်ချစ်သမီးသည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ဖြေကြားစမ်းပါလော့။

ရဟန်းများ၏ ဂုဏ်ကျေးဇူး ထုတ်ဖော်

ထိုသို့မေးသောအခါ ယောက္ခမအား စူဠသုဘဒ္ဒါသည် ဘုရားရှင်တို့၏လည်းကောင်း၊ ဘုရားတပည့်သား ရဟန်းတို့၏လည်းကောင်း ဂုဏ်ကျေးဇူးတို့ကို အထူးပြလိုသည်ဖြစ်၍-

(က) သန္တိန္ဒြိယာ သန္တမာနသာ၊ သန္တံ တေသံ ဂတံ ဌိတံ။
ဩက္ခိတ္တစက္ခူ မိတဘာဏီ၊ တာဒိသာ သမဏာ မမ။

(က) ယာဒိသာ၊ အကြင်သို့သဘောရှိကုန်သော ရဟန်းတို့သည်။ သန္တိန္ဒြိယာ၊ ငြိမ်သက်သော စက္ခုစသော ဣန္ဒြေရှိကြကုန်၏။ သန္တမာနသာ၊ ငြိမ်သက်သော စိတ်နှလုံးရှိကြကုန်၏။ တေသံ၊ ထိုရဟန်းတို့၏။ ဂတံ၊ သွားခြင်းသည်။ သန္တံ၊ ငြိမ်သက်၏။ ဌိတံ၊ ရပ်ခြင်းသည်။ သန္တံ၊ ငြိမ်သက်၏။ ဩက္ခိတ္တစက္ခူ၊ ချသော မျက်လွှာရှိကြကုန်၏။ မိတဘာဏီ၊ နှိုင်းယှဉ်၍ ဆိုလေ့ရှိကြကုန်၏။ တာဒိသာ၊ ထိုသို့သဘောရှိသော ရဟန်းတို့သည်။ မမ၊ ကျွန်တော်မ၏။ သမဏာ၊ ရဟန်းတော်တို့ပါတည်း။

(ခ) ကာယကမ္မံ သုစိ နေသံ၊ ဝါစာကမ္မံ အနာဝိလံ။
မနောကမ္မံ သုဝိသုဒ္ဓံ၊ တာဒိသာ သမဏာ မမ။

(ခ) နေသံ၊ ထိုရဟန်းတို့၏။ ကာယကမ္မံ၊ ကိုယ်ဖြင့်ပြုအပ်သောအမှုသည်။ သုစိ၊ စင်ကြယ်၏။ ဝါစာကမ္မံ၊ နှုတ်ဖြင့်ပြောအပ်သောစကားသည်။ အနာဝိလံ၊ နောက်ကျုခြင်းမရှိ။ မနောကမ္မံ၊ စိတ်ဖြင့်ကြံအပ်သောအကြံသည်။ သုဝိသုဒ္ဓံ၊ အလွန်စင်ကြယ်၏။ တာဒိသာ၊ ထိုသို့သဘောရှိသော ရဟန်းတို့သည်။ မမ၊ ကျွန်တော်မ၏။ သမဏာ၊ ရဟန်းတော်တို့ပါတည်း။

(ဂ) ဝိမလာ သင်္ခမုတ္တာဘာ၊ သုဒ္ဓါ အန္တရဗာဟိရာ။
ပုဏ္ဏာ သုဒ္ဓေဟိ ဓမ္မေဟိ၊ တာဒိသာ သမဏာ မမ။

(ဂ) ယာဒိသာ၊ အကြင်သို့ သဘောရှိသော ရဟန်းတို့သည်။ ဝိမလာ၊ အညစ်အကြေး ကင်းကြကုန်၏။ သင်္ခမုတ္တာဘာ၊ ပွတ်သစ်စ ခရုသင်းနှင့် တူကြကုန်၏။ အန္တရဗာဟိရာ၊ အတွင်းအပ၌ဖြစ်သော သဘောတရားတို့သည်။ သုဒ္ဓါ၊ စင်ကြယ်ကြကုန်၏။ သုဒ္ဓေဟိ၊ စင်ကြယ်ကုန်သော။ ဓမ္မေဟိ၊ တရားတို့နှင့်။ ပုဏ္ဏာ၊ ပြည့်စုံကြကုန်၏။ တာဒိသာ၊ ထိုသို့သဘောရှိသော ရဟန်းတို့သည်။ မမ၊ ကျွန်တော်မ၏။ သမဏာ၊ ရဟန်းတော်တို့ပါတည်း။

(ဃ) လာဘေန ဥန္နတော လောကော၊ အလာဘေန စ ဩနတော။
လာဘာလာဘေန ဧကဋ္ဌာ၊ တာဒိသာ သမဏာ မမ။

(ဃ) လောကော၊ လူအပေါင်းသည်။ လာဘေန၊ လာဘ်ရသဖြင့်။ ဥန္နတော၊ ထောင်လွှားတက်ကြွတတ်၏။ အလာဘေန စ၊ လာဘ်မရခြင်းဖြင့်ကား။ သြနတော၊ အောက်သို့ညွတ်ကျတတ်၏။ ယာဒိသာ၊ အကြင်သို့သဘောရှိသောရဟန်းတို့သည်။ လာဘာလာဘေန၊ လာဘ်ရခြင်း လာဘ်မရခြင်းဖြင့်။ ဧကဋ္ဌာ၊ တူမျှသောသဘော၌ တည်တံ့ကြကုန်၏။ တာဒိသာ၊ ထိုသို့သဘောရှိကုန်သောရဟန်းတို့သည်။ မမ၊ ကျွန်တော်မ၏။ သမဏာ၊ ရဟန်းတော်တို့ပါတည်း။

(င) ယသေန ဥန္နတော လောကော၊ အယသေန စ ဩနတော။
ယသာယသေန ဧကဋ္ဌာ၊ တာဒိသာ သမဏာ မမ။

(င) လောကော၊ လူအပေါင်းသည်။ ယသေန၊ အခြံအရံဖြင့်။ ဥန္နတော၊ ထောင်လွှားတက်ကြွတတ်၏။ အယသေန စ၊ အခြံအရံ မရှိသဖြင့်ကား။ ဩနတော၊ အောက်သို့ ညွတ်ကျတတ်၏။ ယာဒိသာ၊ အကြင်သို့ သဘောရှိကုန်သော ရဟန်းတို့သည်။ ယသာယသေန၊ အခြံအရံရှိခြင်း မရှိခြင်းဖြင့်။ ဧကဋ္ဌာ၊ တူမျှသောသဘော၌ တည်တံ့ကြကုန်၏။ တာဒိသာ၊ ထိုသို့သဘောရှိကုန်သော ရဟန်းတို့သည်။ မမ၊ ကျွန်တော်မ၏။ သမဏာ၊ ရဟန်းတော်တို့ပါတည်း။

(စ) ပသံသာယုန္နတော လောကော၊ နိန္ဒာယာပိစ ဩနတော။
သမာ နိန္ဒာ ပသံသာသု၊ တာဒိသာ သမဏာ မမ။

(စ) လောကော၊ လူအပေါင်းသည်။ ပသံသာယ၊ ချီးမွမ်းခြင်းဖြင့်။ ဥန္နတော၊ ထောင်လွှားတက်ကြွတတ်၏။ နိန္ဒာယာပိစ၊ ကဲ့ရဲ့ခြင်းဖြင့်ကား။ ဩနတော၊ အောက်သို့ညွတ်ကျတတ်၏။ ယာဒိသာ၊ အကြင်သို့သဘောရှိသော ရဟန်းတို့သည်။ နိန္ဒာပသံသာသု၊ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းတို့၌။ သမာ၊ တူမျှသော စိတ်ရှိကြကုန်၏။ တာဒိသာ၊ ထိုသို့သဘောရှိကုန်သော ရဟန်းတို့သည်။ မမ၊ ကျွန်တော်မ၏။ သမဏာ၊ ရဟန်းတော်တို့ပါတည်း။

(ဆ) သုခေန ဥန္နတော လောကော၊ ဒုက္ခေနာပိစ သြနတော။
အကမ္ပာ သုခဒုက္ခေသု၊ တာဒိသာ သမဏာ မမ။

(ဆ) လောကော၊ လူအပေါင်းသည်။ သုခေန၊ ချမ်းသာသဖြင့်။ ဥန္နတော၊ ထောင်လွှားတက်ကြွတတ်၏။ ဒုက္ခေနာပိစ၊ ဆင်းရဲခြင်းဖြင့်ကား။ သြနတော၊ အောက်သို့ ညွတ်ကျတတ်၏။ ယာဒိယာ၊ အကြင်သို့ သဘောရှိသော ရဟန်းတို့သည်။ သုခဒုက္ခေသု၊ ချမ်းသာခြင်း ဆင်းရဲခြင်းတို့၌။ အကမ္ပာ၊ တုန်လှုပ်ခြင်းမရှိကြကုန်။ တာဒိသာ၊ ထိုသို့သဘောရှိသော ရဟန်းတို့သည်။ မမ၊ ကျွန်တော်မ၏။ သမဏာ၊ ရဟန်းတော်တို့ပါတည်း။

(ဤသို့ အစရှိသော စကားတို့ဖြင့် ယောက္ခမကို နှစ်သက်စေလေ၏။)

ဗုဒ္ဓအမှူးရှိသော သံဃာတော်များ ပင့်ဆောင်

ထိုအခါ စူဠသုဘဒ္ဒါကို “သင်၏ရဟန်းတို့ကို ငါတို့အားလည်း ပြုခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု ဆိုသောကြောင့် “တတ်နိုင်ပါ၏”ဟု ပြောသည်ရှိသော် “ထိုသို့ဖြစ်မူ အကြင်အခြင်းဖြင့် ပြုသည်ရှိသော် ငါတို့သည် ထိုရဟန်းတို့ကို ဖူးမြင်ကြရကုန်၏။ ထိုအခြင်းဖြင့် ပြုပါလော့”ဟု ဆိုလျှင် ထိုစူဠသုဘဒ္ဒါသည် “ကောင်းလှပါပြီ”ဟု ဝန်ခံ၍ မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအလို့ငှာ ကြီးစွာသောအလှူကို စီရင်သဖြင့် ပြာသာဒ်အထက်အပြင်၌ တည်နေလျက် ဇေတဝန်ကျောင်းတော်သို့ရှေးရှု ရိုသေစွာ ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့ကို ဆင်ခြင်၍ ပန်း,နံ့သာ,အထုံအခိုးတို့ဖြင့် ပူဇော်ခြင်းကိုပြုသဖြင့် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- နက်ဖြန်ကောင်းမှုအလို့ငှာ ဘုရားအမှူးရှိသော ရဟန်း သံဃာတော်အပေါင်းကို တပည့်တော်မ ပင့်ဖိတ်ပါသည်ဘုရား၊ တပည့်တော်မ၏ ဤအမှတ်သညာဖြင့် ပင့်ဖိတ်သောအဖြစ်ကို မြတ်စွာဘုရားသည် သိတော်မူပါစေသတည်း”ဟု ဓိဋ္ဌာန်၍ မြတ်လေးပန်းတို့၏ ရှစ်ဆုပ်တို့ကို ကောင်းကင်၌ ပစ်မြှောက်ဖြန့်ကြဲလိုက်လေ၏။ ပန်းတို့သည် သွား၍ ပရိသတ်လေးပါးအလယ်၌ တရားတော်ကို ဟောကြားတော်မူကာနေသော မြတ်စွာဘုရား၏အထက်၌ ပန်းဗိတာန် မျက်နှာကြက်ဖြစ်၍ တည်ကုန်၏။

ထိုခဏ၌ အနာထပိဏ်သူဌေးကြီးသည် တရားစကားတော်ကို နာကြားပြီး၍ နက်ဖြန် ကောင်းမှုအလို့ငှာ မြတ်စွာဘုရားကို ပင့်ဖိတ်လေ၏။ မြတ်စွာဘုရားသည် “သူဌေးကြီး- ငါဘုရားသည် နက်ဖြန် ကောင်းမှုအလို့ငှာ ဆွမ်းကိုသည်းခံအပ်ပြီ”ဟု မိန့်တော်မူသောကြောင့် “မြတ်စွာဘုရား- တပည့်တော်ထက် ရှေးဦးစွာ လာသောသူသည် မရှိပါ။ အဘယ်သူအား ရှင်တော်ဘုရားတို့ သည်းခံတော်မူပါသနည်းဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “သူဌေးကြီး- စူဠသုဘဒ္ဒါသည် ပင့်ဖိတ်အပ်လေပြီ”ဟု မိန့်တော်မူသောကြောင့် “မြတ်စွာဘုရား- စူဠသုဘဒ္ဒါသည် ဤသာဝတ္ထိပြည်မှ ယူဇနာတစ်ရာ့နှစ်ဆယ်၏ အထက် ဝေးကွာလှသော ဥဂ္ဂမြို့၌ နေပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “သူဌေးကြီး- မှန်ပေ၏။ ဝေးသောအရပ်၌ နေကြကုန်သော်လည်း သူတော်ကောင်းတို့သည် မျက်မှောက်၌ တည်ဘိသကဲ့သို့ ထင်ရှားပြကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၀၄] ဒူရေ သန္တော ပကာသေန္တိ၊ ဟိမဝန္တောဝ ပဗ္ဗတော။
အသန္တေတ္ထ န ဒိဿန္တိ၊ ရတ္တိံ ခိတ္တာ ယထာ သရာ။

ဟိမဝန္တော ပဗ္ဗတော၊ ဟိမဝန္တာ တောင်မင်းသည်။ ပကာသေတိ ဣဝ၊ ထင်ရှားသကဲ့သို့။ ဒူရေ၊ ဝေးသောအရပ်၌။ ဌိတာ၊ တည်နေကြကုန်သော။ သန္တော၊ သူတော်ကောင်းတို့သည်။ ပကာသေန္တိ၊ ထင်ရှားကြကုန်၏။

(ရာဂစသည် ငြိမ်းခြင်းကြောင့် ဘုရားအစရှိသည်တို့သည်သာလျှင် သန္တ = သူတော်ကောင်းတို့ မည်ကြကုန်၏။ ဤနေရာ၌ကား ရှေးဘုရားရှင်တို့အထံ၌ ပြုအပ်သော ကောင်းမှုဆုတောင်းခြင်း ရှိသောသူ၊ များသောကုသိုလ်မူလရှိသောသူ၊ ပွားများအပ်သော ဘာဝနာရှိသောသူတို့သည် သန္တ = သူတော်ကောင်း မည်ကုန်၏ဟူ၍ အလိုရှိအပ်ကုန်၏။ ထိုသူတော်ကောင်းတို့သည် အဝေး၌ တည်ကုန်သော်လည်း ဘုရားရှင်တို့၏ ဉာဏ်တော်၏ ခရီးလမ်းမသို့ ရောက်လာကြသဖြင့် ထင်ရှားလှပေကုန်၏။ အလျား,အနံ ယူဇနာသုံးထောင်၊ အမြင့် ယူဇနာငါးရာ၊ ရှစ်သောင်း လေးထောင်သော တောင်ထွတ်တို့ဖြင့် တန်ဆာဆင်အပ်သော ဟိမဝန္တာတောင်မင်းသည် ဝေးသောအရပ်၌ နေသောသူတို့အားသော်လည်း ရှေးရှုမျက်မှောက် တည်သည့်အလား ထင်ရှားလှသကဲ့သို့ပင်ဟူလို။)

ရတ္တိံ၊ ညဉ့်အခါ၌။ ခိတ္တာ၊ ပစ်အပ်ကုန်သော။ သရာ၊ မြားတို့သည်။ န ဒိဿန္တိ ယထာ၊ မထင်ရှားကုန်သကဲ့သို့။ ဧတ္ထ၊ ဤငါဘုရားအနီး၌။ ဌိတာ၊ တည်နေကြကုန်သော။ အသန္တော၊ သူတော်မဟုတ် ယုတ်မာသောသူတို့သည်။ န ဒိဿန္တိ၊ မထင်ရှားကြလေကုန်၏။

(မျက်မှောက် အကျိုးပေးခြင်းကိုသာ အလေးပြုကြသောသူ၊ တမလွန်လောကကို မလွန်မြောက်နိုင်သေးသောသူ၊ ပစ္စည်းအာမိသမျှလောက်သာ မြင်တတ်သော မျက်စိရှိသောသူ၊ အသက်မွေးခြင်းအကျိုးငှာ ရှင်ရဟန်းပြုသောသူဖြစ်သော ဗာလပုဂ္ဂိုလ်တို့သည် သူတော်ကောင်းမဟုတ်ကြကုန်၊ ထိုသူတို့သည် ဘုရားရှင်တို့၏ လက်ယာဒူးဝန်း၏အနီး၌ နေကြသော်လည်း မထင်ရှားကြကုန်၊ လကွယ်နေ့ဖြစ်ခြင်း၊ တောနက်ဖြစ်ခြင်း၊ မိုးမှောင်ကျခြင်း၊ သန်းခေါင်အချိန်ဖြစ်ခြင်းဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော အမိုက်မှောင်ရှိသော ညဉ့်အခါ၌ ပစ်အပ်သော မြား တို့အလား ရှေးအကြောင်း နည်းပါးလှသောကြောင့် မထင်ရှားနိုင်ကြရှာလေကုန်ဟူလို။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မြတ်စွာဘုရား ဥဂ္ဂမြို့သို့ ကြွတော်မူခြင်း

သိကြားနတ်မင်းကြီးသည် “မြတ်စွာဘုရားကား စူဠသုဘဒ္ဒါ၏ ပင့်ဖိတ်သည်ကို သည်းခံတော်မူ၏”ဟု သိရ၍ ဝိသကြုံနတ်သားကို ငါးရာသော စုလစ်မွမ်းချွန်တပ်သော ကျောင်းတို့ကို ဖန်ဆင်းစေ၍ “နက်ဖြန် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို ဥဂ္ဂမြို့သို့ ပို့ဆောင်ချေလော့”ဟု အမိန့်ပေးလေ၏။ ထိုဝိသကြုံနတ်သားသည် တစ်ဖန် မိုးသောက် နောက်တစ်နေ့၌ ငါးရာသော စုလစ်မွမ်းချွန်တပ်သော ကျောင်းတို့ကို ဖန်ဆင်း၍ ဇေတဝန်ကျောင်းတော်နေရာ၌ ရပ်တည်လာလေ၏။ ဘုရားရှင်သည် စိစစ်ရွေးကောက်တော်မူ၍ အထူးသဖြင့် သန့်ရှင်းစင်ကြယ်ကုန်သော အာသဝေါကင်းကွာ ရဟန္တာတို့၏သာလျှင် ငါးရာတို့ကို ခေါ်ဆောင်တော်မူသဖြင့် အခြံအရံနှင့်တကွ စုလစ်မွမ်းချွန်တပ်သော ကျောင်းတို့၌ သီတင်းသုံးနေထိုင်တော်မူလျက် ဥဂ္ဂမြို့သို့ ကြွသွားတော်မူလေ၏။ ဥဂ္ဂသူဌေးကြီးသည်လည်း အခြံအရံနှင့်တကွ စူဠသုဘဒ္ဒါပေးအပ်သော နည်းအားဖြင့်သာလျှင် မြတ်စွာဘုရား၏ ကြွလာတော်မူရာ လမ်းခရီးကို ကြည့်ရှုလျက် ရပ်တည်နေလေ၏။ များစွာသော အသရေတို့၏ ပြည့်စုံခြင်းဖြင့် ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်ရလျှင် ကြည်ရွှင်သောစိတ်ရှိသည်ဖြစ်၍ ပန်းအစရှိသည်တို့ဖြင့် များစွာသော ပူဇော်သက္ကာရကိုပြုလျက် အခြံအရံနှင့်တကွ ဝန်ခံ၍ (လက်ခံကြိုဆို၍) ရှိခိုးပြီးလျှင် အလှူကြီးကို ပေးလှူပြီးနောက် အဖန်တလဲလဲ ပင့်ဖိတ်သဖြင့် ခုနစ်ရက်ပတ်လုံး အလှူကြီးကို လှူဒါန်းလေ၏။ မြတ်စွာဘုရားသည်လည်း ထိုဥဂ္ဂသူဌေးအား လျောက်ပတ်သည်ကို မှတ်သားတော်မူ၍ တရားကို ဟောကြားတော်မူလေ၏။ ထိုသူဌေးကြီးကို အစပြု၍ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးတရားတို့ကို ထိုးထွင်း၍သိခြင်းသည် ဖြစ်လေ၏။ မြတ်စွာဘုရားသည် စူဠသုဘဒ္ဒါအား ချီးမြှောက်တော်မူသောအားဖြင့် “သင်သည် ဤဥဂ္ဂမြို့၌သာလျှင် နေသောသူ ဖြစ်ချေလော့”ဟု အနုရုဒ္ဓါမထေရ်ကို ပြန်နစ်စေပြီးလျှင် သာဝတ္ထိပြည်သို့သာလျှင် ကြွတော်မူလေ၏။ ထိုအခါမှစ၍ ထိုဥဂ္ဂမြို့၌နေသူ လူအပေါင်းသည် သဒ္ဓါတရားနှင့် ပြည့်စုံလေသတည်း။

စူဠသုဘဒ္ဒါ ဝတ္ထုပြီး၏။

֍ * ၉။ ဧကဝိဟာရိမထေရ် ဝတ္ထု

ဧကာသနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တစ်ပါးအထီးတည်း နေလေ့ရှိသောကြောင့် ဧကဝိဟာရိ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တစ်ပါးတည်း နေထိုင်ခြင်း

ထိုမထေရ်သည် တစ်ပါးတည်း အထီးတည်းသာလျှင် အိပ်ခြင်းကိုပြု၏။ တစ်ပါးတည်း အထီးတည်းသာလျှင် နေလေ့ရှိ၏။ တစ်ပါးတည်း အထီးတည်းသာလျှင် စင်္ကြံသွား၏။ တစ်ပါးတည်း အထီးတည်းသာလျှင် ရပ်၏။ ဤသို့ ပရိသတ်လေးပါးတို့၏ အလယ်၌ ထင်ရှားသော မထေရ်ဖြစ်လေသတတ်။ ထိုအခါ ထိုရဟန်းကို တစ်ပါးသောရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤမထေရ်သည် ဤသို့သဘောရှိသော မထေရ် မည်ပါသည်ဘုရား”ဟု မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ကောင်းပေစွ၊ ကောင်းပေစွ”ဟု ထိုမထေရ်အား ကောင်းချီးစကား ပေးတော်မူပြီးလျှင် “ရဟန်းမည်သည်ကား ဆိတ်ငြိမ်သောနေခြင်းဖြင့် နေသောသူ ဖြစ်သင့်၏”ဟု ဆိတ်ငြိမ်စွာနေခြင်း၌ အကျိုးအာနိသင်ကို မိန့်ကြားတော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၀၅] ဧကာသနံ ဧကသေယျံ၊ ဧကော စရ မတန္ဒိတော။
ဧကော ဒမယမတ္တာနံ၊ ဝနန္တေ ရမိတော သိယာ။

ဧကာသနံ၊ တစ်ပါးတည်း အထီးတည်းနေခြင်းသို့လည်းကောင်း။ ဧကသေယျံ၊ တစ်ပါးတည်း အထီးတည်းအိပ်ခြင်းသို့လည်းကောင်း။ ဘဇေထ၊ ဆည်းကပ်ရာ၏။

(ရဟန်းတစ်ထောင်၏ အလယ်၌နေသော်လည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းဖြင့်သာ နေထိုင်ခြင်းသည် တစ်ပါးတည်း အထီးတည်းနေခြင်းမည်၏။)

အတန္ဒိတော၊ မပျင်းရိသည်ဖြစ်၍။ ဧကော၊ တစ်ပါးတည်း အထီးတည်း။ စရံ- စရန္တော၊ ကျင့်ကြံကြိုးကုတ် အားထုတ်လျက်။ ဧကော၊ တစ်ယောက်အထီးတည်း။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယံ-မယန္တော၊ ဆုံးမလျက်။ ဝနန္တေ၊ ဆိတ်ငြိမ်သော တောအုပ်၌။ ရမိတော၊ မွေ့လျော်သောသူသည်။ သိယာ၊ ဖြစ်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ ထိုအခါမှစ၍ များစွာသော လူအပေါင်းသည် တစ်ယောက်တည်း နေခြင်းကိုသာလျှင် တောင့်တလေ၏။

ဧကဝိဟာရိမထေရ် ဝတ္ထုပြီး၏။

֍ * ၁။ သုန္ဒရီပရိဗိုဇ်မ ဝတ္ထု

အဘူတဝါဒီအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုန္ဒရီအမည်ရှိသော ပရိဗိုဇ်မကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သုန္ဒရီပရိဗိုဇ်မ စွပ်စွဲခြင်း

(အကြင်အခါ၌ သုန္ဒရီပရိဗိုဇ်မသည် မြတ်စွာဘုရားအား စွပ်စွဲ၍ ထိုအခါ၌ မြတ်စွာဘုရားသည် အရိုအသေပြုအပ်သည်၊ အလေးအမြတ်ပြုအပ်သည်၊ မြတ်နိုးအပ်သည်၊ ပူဇော်အပ်သည် ဖြစ်၏။ ဤသို့ အစရှိသော ဝတ္ထုသည် ဥဒါန်းပါဠိတော်၌ အကျယ်အားဖြင့် လာသည်သာလျှင်တည်း၊ ဤပုံတော်စုံ ဓမ္မပဒ အဋ္ဌကထာ၌ ဤဆိုလတ္တံ့သော စကားအစဉ်ကား အကျဉ်းမျှသာဖြစ်၏။)

တိတ္ထိကြီးတို့ တိုင်ပင်ကြပုံ

မြတ်စွာဘုရားအားလည်းကောင်း၊ ရဟန်းသံဃာအား လည်းကောင်း၊ ငါးစင်းသော မြစ်ကြီးတို့၏ ကြီးစွာသော ရေအလျဉ်နှင့်တူသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်လတ်သည်ရှိသော် ပြတ်ကင်းသော လာဘ်ပူဇော်သက္ကာရရှိကုန်သော တစ်ပါးသော တိတ္ထိတို့သည် နေထွက်သောအခါ၌ ပိုးစုန်းကြူးတို့ကဲ့သို့ အရောင်မရှိကုန်သည်ဖြစ်၍ တစ်ပေါင်းတည်း စည်းဝေးကြပြီးလျှင် “ငါတို့သည် ရဟန်းဂေါတမ၏ ပွင့်ထွန်းပေါ်ပေါက်လာသော အခါမှစ၍ ပြတ်ကင်းသော လာဘ်ပူဇော်သက္ကာရ ရှိကြရကုန်၏။ တစ်စုံတစ်ယောက်သောသူသည် ငါတို့၏ ရှိသောအဖြစ်မျှကိုလည်း မသိ၊ အဘယ်သူနှင့် အတူတကွ တစ်ပေါင်းတည်းဖြစ်၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကိုဖြစ်စေလျက် ထိုရဟန်းဂေါတမအား ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့ဖွယ်ကို ဖြစ်စေပြီးလျှင် လာဘ်ပူဇော်သက္ကာရကို ကွယ်ပျောက်စေရပါကုန်အံ့နည်း”ဟု တိုင်ပင်ကြလေကုန်၏။

သုန္ဒရီပရိဗိုဇ်မကို အသုံးချ

ထိုသို့တိုင်ပင်လတ်သောအခါ ထိုတိတ္ထိတို့အား ဤသို့သောအကြံသည် ဖြစ်လေ၏။ “သုန္ဒရီပရိဗိုဇ်မနှင့် အတူတကွ တစ်ပေါင်းတည်းဖြစ်၍ တတ်နိုင်ကြကုန်လတ္တံ့”ဟု ပြောဆိုကြပြီးလျှင် ထိုတိတ္ထိတို့သည် တစ်နေ့သ၌ တိတ္ထိတို့၏ ကျောင်းအရံသို့ဝင်လာ၍ ရှိခိုးလျက်နေသော သုန္ဒရီပရိဗိုဇ်မကို စကားမပြောမဆိုဘဲ နေကြလေကုန်၏။ ထိုသုန္ဒရီပရိဗိုဇ်မသည် အဖန်တလဲလဲ စကားဆိုပါသော်လည်း စကားတုံ့ပြန် ပြောဆိုခြင်းကိုမရသောကြောင့် “အရှင်ကောင်းတို့ကို တစ်စုံတစ်ယောက်သောသူသည် စင်စစ် ညှဉ်းဆဲအပ်ကုန်သလော”ဟု မေးမြန်းလေ၏။ “နှမ- ငါတို့ကို ညှဉ်းဆဲ၍ ပြတ်ကင်းသော လာဘ်ပူဇော်သက္ကာရ ရှိသည်တို့ကိုပြုလျက် သွားလာလှည့်လည်နေသော ရဟန်းဂေါတမကို သင်-မမြင်သလော”ဟု ဆိုကုန်သည်ရှိသော် “တပည့်တော်မသည် ဤအရာ၌ အဘယ်အမှုကို ပြုလုပ်ခြင်းငှာ သင့်ပါသနည်း”ဟု မေးလေ၏။ “နှမ- သင်သည် အလွန်အဆင်းလှ၏။ တင့်တယ်ခြင်းအစုသို့ ရောက်၏။ ရဟန်းဂေါတမသို့ အကျော်အစောမဲ့ကိုတင်၍ များစွာသော လူအပေါင်းကို သင်၏စကားကို ယူစေသဖြင့် ပြတ်ကင်းသော လာဘ်ပူဇော်သက္ကာရရှိအောင် ပြုလော့”ဟု ဆိုကြကုန်၏။

ဘုရားသခင်အား သုန္ဒရီစွပ်စွဲပုံ

ထိုသုန္ဒရီပရိဗိုဇ်မသည် တိတ္ထိတို့စကားကို ကြားရလျှင် “ကောင်းပါပြီ”ဟု ဝန်ခံ၍ ဖဲသွားပြီးလျှင် ထိုအခါမှစ၍ ပန်း,နံ့သာ, နံ့သာပျောင်း, ပရုတ်, ဆောင်းမေးခါးသီး အစရှိသည်တို့ကိုယူလျက် ညချမ်းအခါ လူများအပေါင်း၏ မြတ်စွာဘုရားတရားတော်ကို နာကြား၍ မြို့သို့ဝင်လာသောအခါ၌ ဇေတဝန်ကျောင်းတော်သို့ ရှေးရှုသွားသဖြင့် “အဘယ်အရပ်သို့ သင်သွားမည်နည်း”ဟု မေးအပ်သည်ရှိသော် “ရဟန်းဂေါတမ၏အထံသို့ သွားပါအံ့၊ ငါကား ရဟန်းဂေါတမနှင့် အတူတကွ တစ်ခုတည်းသော ဂန္ဓကုဋိ၌ နေ၏”ဟု ဆိုပြီးလျှင် အမှတ်မရှိ တစ်ခုသော တိတ္ထိတို့၏ကျောင်းအရံ၌ နေသဖြင့် နံနက်စောစောသာလျှင် ဇေတဝန်ကျောင်းတော် လမ်းခရီးသို့သက်၍ သာဝတ္ထိမြို့သို့ ရှေးရှုသွား၏။ “သုန္ဒရီပရိဗိုဇ်မ အဘယ်အရပ်သို့ သင်-သွားသနည်း”ဟု မေးအပ်သည်ရှိသော် “ရဟန်းဂေါတမနှင့် အတူတကွ တစ်ခုတည်းသော ဂန္ဓကုဋိ၌နေသဖြင့် ထိုရဟန်းဂေါတမကို ကိလေသာကာမ မွေ့လျော်ခြင်းဖြင့် မွေ့လျော်ပြီးလျှင် ထွက်လာခဲ့ရပါသည်”ဟု ပြောဆို၏။

သုန္ဒရီကိုသတ်၍ ဂန္ဓကုဋိအနီးပစ်ထားခြင်း

ထိုအခါ တိတ္ထိတို့သည် သုန္ဒရီပရိဗိုဇ်မကို နှစ်ရက်,သုံးရက်လွန်သောအခါ သေသောက်ကြူးတို့အား အသပြာတို့ကိုပေး၍ “သွားကြကုန်လော့၊ သုန္ဒရီပရိဗိုဇ်မကိုသတ်ပြီးလျှင် ရဟန်းဂေါတမ၏ ဂန္ဓကုဋိအနီး ပန်းအမှိုက်အကြား၌ ပစ်ထား၍ လာကြကုန်လော့”ဟု ဆိုကြလေကုန်၏။ ထိုသေသောက်ကြူးတို့သည် တိတ္ထိတို့ဆိုတိုင်း ပြုလုပ်ကြလေကုန်၏။

ကောလာဟလလွှင့်

ထိုသို့သတ်ပြီးနောက် တိတ္ထိတို့သည် “သုန္ဒရီပရိဗိုဇ်မကို မမြင်ကြရကုန်”ဟု အုတ်အုတ်ကျက်ကျက်ပြု၍ ပသေနဒီ ကောသလမင်းကြီးအား ပြောကြားကြလေသောကြောင့် “အဘယ်အရပ်၌ အသင်တို့ ယုံမှားရှိကြကုန်သနည်း”ဟု မေးလေ၏။ “ဤနေ့၌ ဇေတဝန်ကျောင်းတော်၌နေ၏။ ထိုဇေတဝန်ကျောင်းတော်၌ သုန္ဒရီပရိဗိုဇ်မ၏အကြောင်းကို ငါတို့ မသိကြကုန်”ဟု တိတ္ထိတို့ဆိုကြကုန်သောကြောင့် “ထိုသို့ဖြစ်မူ သွားကြလေကုန်၊ သုန္ဒရီပရိဗိုဇ်မကို စူးစမ်းရှာဖွေကြကုန်လော့”ဟု မင်းကြီးခွင့်ပြုအပ်သည်ရှိသော် မိမိ၏အလုပ်အကျွေးတို့ကိုခေါ်၍ ဇေတဝန်ကျောင်းတော်သို့သွားပြီးလျှင် စူးစမ်းရှာဖွေကြကုန်သည်ရှိသော် ပန်းမှိုက်အကြား၌ မြင်ရ၍ ညောင်စောင်းသို့တင်သဖြင့် မြို့သို့ဝင်ပြီးလျှင် “ရဟန်းဂေါတမ၏ တပည့်တို့သည် “ဆရာပြုအပ်သော မကောင်းမှုကို ဖုံးလွှမ်းကြကုန်အံ့”ဟု သုန္ဒရီပရိဗိုဇ်မကိုသတ်၍ ပန်းမှိုက်အကြား၌ ပစ်ထားကြကုန်၏”ဟု မင်းကြီးအား ပြောကြားကြလေကုန်၏။ ပသေနဒီ ကောသလမင်းကြီးသည် “ထိုသို့ဖြစ်မူ သွားကြလေကုန်။ မြို့ကို လှည့်လည်လေကြကုန်လော့”ဟု မိန့်ဆိုလေ၏။ တိတ္ထိတို့သည် မြို့လမ်းခရီးမတို့၌ “သာကီဝင်မင်းသားဖြစ်သော ရဟန်းတို့၏အမှုကို ကြည့်ရှုကြကုန်လော့”ဟု ဤသို့အစရှိသော စကားတို့ကိုဆိုပြီးလျှင် တစ်ဖန် မင်းကြီး၏ နန်းတော်တံခါးသို့ လာကြလေကုန်၏။

သုန္ဒရီအလောင်း သုသာန်၌အစောင့်ချထား

မင်းကြီးသည် သုန္ဒရီပရိဗိုဇ်မ၏ အလောင်းကောင်ကို သူကောင်ပစ်ရာ သုသာန်တစပြင်၌ ငြမ်းစင်ထက်သို့ တင်ထားပြီးလျှင် စောင့်ရှောက်စေ၏။ သာဝတ္ထိပြည်၌နေသော သူတို့သည် အရိယသာဝကတို့ကို ဖယ်ထား၍ များသောအားဖြင့် သာကီဝင်မင်းသားတို့၏အမှုကို ကြည့်ရှုကြကုန်လော့၊ ဤသို့အစရှိသော စကားတို့ကိုဆို၍ မြို့တွင်း၌လည်းကောင်း၊ မြို့ပ၌လည်းကောင်း၊ တောအုပ်တို့၌လည်းကောင်း ဆဲရေးကုန်လျက် လှည့်လည်သွားလာကြကုန်၏။ ရဟန်းတို့သည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် “ထိုသို့ဖြစ်မူ သင်ချစ်သားတို့သည် လူတို့ကို ဤသို့ဆိုကြကုန်လော့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၀၆] အဘူတဝါဒီ နိရယံ ဥပေတိ၊
ယော စာပိ ကတွာ န ကရောမိစာဟ။
ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ၊
နိဟီနကမ္မာ မနုဇာ ပရတ္ထ။

အဘူတဝါဒီ၊ မဟုတ်မမှန် ပြောဆိုစွပ်စွဲလေ့ရှိသောသူသည်လည်းကောင်း။ ယော၊ အကြင်သူသည်။ ကတွာ၊ မကောင်းမှုပြုလျက်။ န ကရောမီတိ၊ ငါမပြုဟု။ အာဟ၊ ဆို၏။ သောစာပိ၊ ထိုသူသည်လည်းကောင်း။ နိရယံ၊ ငရဲသို့။ ဥပေတိ၊ ရောက်၏။ ဥဘောပိ၊ နှစ်ယောက်လည်း ဖြစ်ကုန်သော။ နိဟီနကမ္မာ၊ ယုတ်မာသော မကောင်းမှုကံ ရှိကြကုန်သော။ တေ မနုဇာ၊ ထိုသူတို့သည်။ ပေစ္စပရတ္ထ၊ နောက်၌ဖြစ်သော တမလွန်ဘဝ၌။ သမာ၊ ငရဲဒုဂ္ဂတိ အားဖြင့် အဖြစ်ချင်း တူမျှကြကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုန္ဒရီသတ်သူကို စုံစမ်းရန်

ပသေနဒီ ကောသလမင်းကြီးသည် “သုန္ဒရီမအား တစ်ပါးသောသူတို့ သတ်အပ်သည်အဖြစ်ကို သိအောင် စုံစမ်းကြရမည်”ဟု မင်းချင်း ယောက်ျားတို့ကိုစေလွှတ်လေ၏။

အရက်မူး ကျွဲခိုးပေါ်

ထိုအခါ ထိုသေသောက်ကြူးတို့သည် ထိုတိတ္ထိတို့ပေးသော အသပြာတို့ဖြင့် သေအရက်ကို သောက်ကုန်လျက် အချင်းချင်း ခိုက်ရန်ငြင်းခုံခြင်းကို ပြုကြလေကုန်၏။ တစ်ယောက်သောသူသည် တစ်ယောက်သောသူကို “သင်သည် သုန္ဒရီပရိဗိုဇ်မကို တစ်ချက်တည်းဖြင့်သာလျှင် သတ်၍ ပန်းညှက်အကြား၌ ထားသဖြင့် ထိုသို့သတ်ခြင်းကြောင့်ရသော အသပြာတို့ဖြင့် သေအရက်ကို သောက်ဘိ၏။ သောက်နိုင်သည် ဖြစ်ပါစေ ဖြစ်ပါစေ”ဟု ဆိုလေ၏။ မင်းချင်းယောက်ျားတို့သည် ထိုသေသောက်ကြူးတို့ကို ဖမ်းပြီးလျှင် မင်းကြီးအား ပြကြလေကုန်၏။ ထိုအခါ ထိုသေသောက်ကြူးတို့ကို မင်းကြီးသည် “သင်တို့ သတ်လေသလော”ဟု မေးစစ်လေ၏။ “အရှင်မင်းကြီး- မှန်လှပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် “အဘယ်သူတို့က သတ်ခိုင်းဘိသနည်း”ဟု မေးစစ်ပြန်လေ၏။ “အရှင်မင်းကြီး- သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့က သတ်ခိုင်းအပ်ပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် မင်းကြီးသည် တိတ္ထိတို့ကိုခေါ်၍ မေးစစ်လေ၏။ တိတ္ထိတို့သည် ထိုသေသောက်ကြူးတို့ အတူသာလျှင် လျှောက်ဆိုကြလေကုန်၏။ “ထိုသို့ဖြစ်မူ သွားကြကုန်၊ သင်တို့သည် ဤသို့ဆိုကုန်လျက် မြို့ကို လှည့်လည်ကြကုန်လော့၊ “ဤသုန္ဒရီပရိဗိုဇ်ကို ရဟန်းဂေါတမအား ကျေးဇူးမဲ့ ကဲ့ရဲ့ဖွယ်အပြစ်ကို တင်လိုသဖြင့် ငါတို့သည် သတ်အပ်ပါသည်။ ရဟန်းဂေါတမ၏ တပည့်သားတို့အား အပြစ်မရှိပါ။ ငါတို့အားသာလျှင် အပြစ်ရှိပါသည်”ဟု ဆို၍ လှည့်လည်ကြရမည်”ဟု အမိန့်ချလေ၏။ ထိုတိတ္ထိတို့သည် မင်းကြီးဆိုတိုင်း ပြုကြရလေကုန်၏။ မလိမ္မာသော များစွာသော လူအပေါင်းသည် ထိုအခါမှ ယုံကြည်၏။ တိတ္ထိတို့သည်လည်းကောင်း၊ သေသောက်ကြူးတို့သည်လည်းကောင်း သူသတ်ယောက်ျားတို့ သတ်သောအပြစ်ဒဏ်သို့ ရောက်ကြရရှာလေကုန်၏။ ထိုအခါမှစ၍ မြတ်စွာဘုရားတို့အား များစွာသော ပူဇော်သက္ကာရသည် ဖြစ်လေ၏။

သုန္ဒရီပရိဗိုဇ်မဝတ္ထုပြီး၏။

֍ * ၂။ ဒုစရိုက်အကျိုးခံစားရသောသတ္တဝါတို့ ဝတ္ထု

ကာသာဝကဏ္ဌာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဒုစရိုက်အကျိုးခံစားရခြင်းဖြင့် နှိပ်စက်အပ်သော သတ္တဝါတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်မောဂ္ဂလာန်မထေရ်သည် အရှင်လက္ခဏမထေရ်နှင့် အတူတကွ ဂိဇ္ဈကုဋ်တောင်ထက်မှ သက်ဆင်းတော်မူလတ်သည်ရှိသော် အရိုးစုပြိတ္တာ အစရှိသည်တို့၏ အတ္တဘောတို့ကို တွေ့မြင်ရ၍ ပြုံးခြင်းကို ပြုတော်မူသဖြင့် လက္ခဏမထေရ်သည် ပြုံးခြင်းအကြောင်းကို မေးအပ်ရကား “ငါ့ရှင်လက္ခဏ- ဤပြဿနာကို ဖြေအံ့သောငှာ အခါမဟုတ်သေး၊ မြတ်စွာဘုရား၏အထံတော်၌ ငါ့ကို မေးလော့”ဟု ဆိုသောကြောင့် မြတ်စွာဘုရား၏ အထံတော်၌ လက္ခဏမထေရ် မေးအပ်သည်ရှိသော် ရှင်မောဂ္ဂလာန်သည် အရိုးစုပြိတ္တာ အစရှိသည်တို့ကို မြင်ရသည့်အဖြစ်ကို ပြောကြားပြီးလျှင် “ငါ့ရှင်လက္ခဏ- ဤအရပ်၌ ငါသည် ဂိဇ္ဈကုဋ်တောင်မှ သက်ဆင်းလတ်သည်ရှိသော် ကောင်းကင်သို့သွားသော ရဟန်းကိုမြင်ရ၏။ ထိုရဟန်း၏ ကိုယ်သည်လည်း ရဲရဲညီးအောင် တောက်လောင်၏”။ ဤသို့ အစရှိသောနည်းအားဖြင့် သပိတ်, သင်္ကန်း, ခါးပန်း အစရှိသည်တို့နှင့်တကွ မီးလောင်ခံရကုန်သော သီတင်းသုံးဖော် ငါးယောက်တို့ကို ပြောကြားလေ၏။ မြတ်စွာဘုရားသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြု၍ ရဟန်း၏အဖြစ်အား လျောက်ပတ်သောအကျင့်ကို ပြုကျင့်ခြင်းငှာ မတတ်နိုင်ကြကုန်သော ထိုရဟန်းတို့၏ ယုတ်မာသောအဖြစ်ကို ပြောကြားပြီးလျှင် ထိုခဏ၌ ဂိဇ္ဈကုဋ်တောင်၌ နေကုန်သော ယုတ်မာသောရဟန်းတို့၏ ဒုစရိုက်ကံအကျိုးကို ပြတော်မူလိုသည်ဖြစ်၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၀၇] ကာသာဝကဏ္ဌာ ဗဟဝေါ၊ ပါပဓမ္မာ အသညတာ။
ပါပါ ပါပေဟိ ကမ္မေဟိ၊ နိရယံ တေ ဥပပဇ္ဇရေ။

ကာသာဝကဏ္ဌာ၊ သင်္ကန်းဖြင့်ဖွဲ့ရစ်အပ်သော လည်ပင်းရှိကုန်သော။ ဗဟဝေါ၊ များစွာကုန်သော။ ပါပဓမ္မာ၊ ယုတ်မာသောသဘောရှိကုန်သော။ အသညတာ၊ ကိုယ်အစရှိသည်တို့၏ စောင့်စည်းခြင်းမှ ကင်းကြကုန်သော။ ပါပါ၊ ယုတ်မာကုန်သော။ တေ၊ ထိုရဟန်းတို့သည်။ ပါပေဟိ၊ ယုတ်မာကုန်သော။ ကမ္မေဟိ၊ ကိုယ်တိုင်ပြုလုပ်သော အကုသိုလ်ကံတို့ကြောင့်။ နိရယံ၊ ငရဲ၌။ ဥပပဇ္ဇရေ၊ ဖြစ်ကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဒုစရိုက်အကျိုးခံစားရသော သတ္တဝါတို့ဝတ္ထု ပြီး၏။

֍ * ၃။ ဝဂ္ဂုမုဒါ မြစ်ကမ်း၌နေသော ရဟန်းတို့ ဝတ္ထု

သေယျော အယောဂုဠောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်ကို အမှီပြု၍ မဟာဝုန်တော၌ နေတော်မူစဉ် ဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကြကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဝတ္ထုသည် ဥတ္တရိမနုဿဓမ္မ ပါရာဇိက၌ လာသည်သာတည်း။)

ဝမ်းရေးကြောင့် တရားဖြင့် ဝါကြွားခြင်း

ထိုအခါ၌ မြတ်စွာဘုရားသည် ထိုဝဂ္ဂုမုဒါမြစ်ကမ်းနား၌ နေကြကုန်သာ ရဟန်းတို့ကို “ချစ်သားရဟန်းတို့- သင်တို့သည် အဘယ့်ကြောင့် ဝမ်း၏အကျိုးငှာ လူတို့အား အချင်းချင်း လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော။ ဝါ-မြတ်သော အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌ဖြစ်သော ဈာန်မဂ်ဖိုလ်တရား၌ ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်၏ဟူသည် မှန်သလော”ဟု မေးတော်မူသောကြောင့် ထိုရဟန်းတို့သည် “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် ထိုရဟန်းတို့ကို များစွာသောအကြောင်းဖြင့် ကဲ့ရဲတော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၀၈] သေယျော အယောဂုဠော ဘုတ္တော၊ တတ္တော အဂ္ဂိသိခူပမော။
ယဉ္စေ ဘုဉ္ဇေယျ ဒုဿီလော၊ ရဋ္ဌပိဏ္ဍမသညတော။

ဒုဿီလော၊ သီလမရှိသော ရဟန်းသည်။ အသညတော၊ ကိုယ်အစရှိသည်တို့ဖြင့် စောင့်စည်းခြင်း မရှိဘဲလျက်။ ရဋ္ဌပိဏ္ဍံ၊ ပြည်သူတို့သဒ္ဓါ၍ လှူသောဆွမ်းကို။ ယဉ္စေ ဘုဉ္ဇေယျ၊ အကြင်စားငြားအံ့။ တတော၊ ထိုဆွမ်းကို စားသောထက်။ တတ္တော၊ ရဲရဲငြီးပူလောင်သော။ အဂ္ဂိသိခူပမော၊ မီးလျှံအဆင်းနှင့်တူသော။ အယောဂုဠော၊ သံတွေခဲကိုသာလျှင်။ ဘုတ္တာ၊ စားရခြင်းသည်။ သေယျော၊ အလွန်မြတ်သေး၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝဂ္ဂုမုဒါ မြစ်ကမ်း၌နေသော ရဟန်းတို့ဝတ္ထုပြီး၏။

֍ * ၄။ အနာထပိဏ်သူဌေး၏တူ ခေမကသူဌေးသားဝတ္ထု

စတ္တာရိ ဌာနာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေးကြီး၏ တူဖြစ်သော ခေမကအမည်ရှိသော သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မကြာမကြာ အချုပ်ခံရသော သူဌေးသား

ထိုခေမက အမည်ရှိသော သူဌေးသားသည် အလွန်အဆင်းလှသည် ဖြစ်သတတ်၊ များသောအားဖြင့် မိန်းမတို့သည် ထိုသူဌေးသားကိုမြင်ရလျှင် ရာဂဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ မိမိ၏ ပင်ကိုသဘောဖြင့် ကောင်းစွာတည်တံ့ခြင်းငှာ မတတ်နိုင်ရှာကြလေကုန်၊ ထိုခေမကမည်သော သူဌေးသားသည်လည်း သူတစ်ပါးမယားကို ပြစ်မှားလိုသော မကောင်းမှုကံဖြင့် နှိပ်စက်အပ်သည်သာလျှင် ဖြစ်လေ၏။ ထိုအခါ သူဌေးသားကို ညဉ့်အခါ၌ မင်းချင်းယောက်ျားတို့သည် ဖမ်းဆီး၍ မင်းကြီးအားပြသကြလေကုန်၏။ ပသေနဒီ ကောသလမင်းကြီးသည် “အနာထပိဏ်သူဌေးကြီးကို ရှက်သည်”ဟု ထိုခေမကသူဌေးသားကို တစ်ခွန်းသော စကားကိုမျှ မဆိုမူ၍ လွှတ်စေလေ၏။ ထိုခေမက သူဌေးသားသည်ကား ရှောင်ကြဉ်ခြင်း မရှိသည်သာလျှင်တည်း။ ထို့နောင်မှ သူဌေးသားကို နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း မင်းချင်းယောက်ျားတို့သည် ဖမ်းဆီး၍ မင်းကြီးအား ပြသကြပြန်ကုန်၏၊ မင်းကြီးသည် လွှတ်စေသည်သာလျှင်တည်း၊ အနာထပိဏ်သူဌေးကြီးသည် ထိုအကြောင်းအရာကို ကြားရသဖြင့် ခေမကသူဌေးသားကိုခေါ်၍ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ထိုအကြောင်းအရာကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- ဤခေမက သူဌေးသားအား တရားတော်ကို ဟောတော်မူကြပါဘုရား”ဟု လျှောက်လေ၏၊ ဘုရားရှင်သည် ထိုခေမက သူဌေးသားအား ထိတ်လန့်စေတတ်သော တရားစကားကို ဟောကြားတော်မူပြီးလျှင် သူတစ်ပါးမယားကို ပြစ်မှားမှီဝဲခြင်း၏အပြစ်ကို ပြတော်မူလျက် ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

(၃ဝ၉) စတ္တာရိ ဌာနာနိ နရော ပမတ္တော၊
အာပဇ္ဇတိ ပရဒါရူပသေဝီ။
အပုညလာဘံ န နိကာမသေယျံ။
နိန္ဒံ တတိယံ နိရယံ စတုတ္ထံ။

֍ * [၃၁၀] အပုညလာဘော စ ဂတီ စ ပါပိကာ၊
ဘီတဿ ဘီတာယ ရတီ စ ထောကိကာ။
ရာဇာ စ ဒဏ္ဍံ ဂရုကံ ပဏေတိ၊
တသ္မာ နရော ပရဒါရံ န သေဝေ။

ပရဒါရူပသေဝီ၊ သူတစ်ပါးမယားကို မှီဝဲပြစ်မှား လမ်းလွဲလိုက်စားလေ့ရှိသော။ ပမတ္တော၊ သတိလွတ်ကင်း မေ့လျော့ခြင်းရှိသော။ နရော၊ လူသည်။ အပုညလာဘံ၊ မကောင်းမှု အကုသိုလ်ကို ရခြင်းသို့လည်းကောင်း။ န နိကာမသေယျံ၊ အလိုရှိတိုင်း မအိပ်ရခြင်းသို့လည်းကောင်း (အချိန်အနည်းငယ်သာ အိပ်ရ၏ဟူလို)။ တတိယံ၊ သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော။ နိန္ဒံ၊ ကဲ့ရဲခြင်းကို ရခြင်းသို့လည်းကောင်း။ စတုတ္ထံ၊ လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော။ နိရယံ၊ ငရဲသို့ လားရခြင်းသို့လည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါကုန်သော။ ဌာနာနိ၊ ဆင်းရဲခြင်း၏ အကြောင်းတို့သို့။ အာပဇ္ဇတိ၊ ရောက်၏။

ဧဝံ၊ ဤသို့။ တဿ၊ ထိုသူအား။ အပုညလာဘောစ၊ မကောင်းမှုကို ရခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ တေန၊ ထိုမကောင်းမှုကြောင့်။ ပါပိကာ၊ ယုတ်မာသော။ ဂတီ စ၊ အပါယ်သို့လားခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဘီတဿ၊ ကြောက်ကြောက်လန့်လန့်ရှိသော ယောက်ျား၏။ ဘီတာယ၊ ကြောက်ကြောက်လန့်လန့်ရှိသော မိန်းမနှင့်။ ရတီ စ၊ မွေ့လျော်ရခြင်းသည်လည်း။ ထောကိကာ၊ အနည်းငယ်ကလေးမျှဖြစ်၏။ ရာဇာ စ၊ မင်းသည်လည်း။ ဂရုကံ၊ လေးလံသော။ ဒဏ္ဍံ၊ လက်ခြေဖြတ်ခြင်း မင်းဒဏ်ကို။ ပဏေတိ၊ ဖြစ်စေ၏။ တသ္မာ၊ ထိုသို့ အပြစ်များလှသောကြောင့်။ နရော၊ လူသည်။ ပရဒါရံ၊ သူတစ်ပါး၏မယားကို။ န သေဝေ၊ မမှီဝဲရာ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ခေမကအမည်ရှိသော သူဌေးသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ထိုနေ့မှစ၍ လူများအပေါင်းသည် ချမ်းသာစွာ အချိန်လွန်စေရလေ၏။

ခေမကသူဌေးသား၏ ရှေးဆုတောင်း

ထိုခေမကမည်သော သူဌေးသား၏ ရှေး၌ပြုသော ကုသိုလ်ကံသည် အဘယ်နည်းဟူကား ထိုခေမကမည်သော သူဌေးသားသည် ကဿပမြတ်စွာဘုရား၏ လက်ထက်တော်၌ လွန်ကဲသော လက်ဝှေ့သမား တစ်ယောက်ဖြစ်၍ နှစ်ခုသော ရွှေကုက္ကားတို့ကို မြတ်စွာဘုရား၏ ရွှေစေတီ၌ တင်လှူပူဇော်ပြီးလျှင် “ဆွေမျိုးသားချင်းတော်စပ်သော မိန်းမတို့ကို ဖယ်ထား၍ ကြွင်းကျန်သော မိန်းမဟူသမျှတို့သည် ငါ့ကိုမြင်ရလျှင် နှစ်သက်စုံမက်ကြပါစေကုန်သတည်း”ဟု ဆုတောင်းခြင်းကို ဖြစ်စေဖူးလေ၏၊ ဤသည်ကား ထိုခေမကသူဌေးသား၏ ရှေး၌ပြုဖူးသော ကောင်းမှုကံတည်း။ ထို့ကြောင့် ဖြစ်လေရာ,ဖြစ်လေရာအရပ်၌ မြင်ရလျှင် တစ်ပါးသောသူတို့၏ မိန်းမတို့သည် မိမိ၏ ပင်ကိုသဘောအားဖြင့် ကောင်းစွာ တည်တံ့ခြင်းငှါ မတတ်နိုင်ရှာကြလေကုန်။

အနာထပိဏ်သူဌေး၏တူ ခေမကသူဌေးသား ဝတ္ထု ပြီး၏။

֍ * ၅။ ဆိုနိုင်ခက်သော ရဟန်းဝတ္ထု

ကုသော ယထာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ဆိုနိုင်ခက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝိနည်းတတ်၍ မြက်နုတ်ခြင်း

ရဟန်းတစ်ပါးသည် စေတနာမရှိဘဲ မြက်တစ်ပင်ကို ဖြတ်မိသဖြင့် အလို့လို့ကုက္ကုစ္စ ဖြစ်လတ်သည်ရှိသော် ရဟန်းတစ်ပါးသို့ ချဉ်းကပ်ပြီးလျှင် “ငါ့ရှင်- အကြင်ရဟန်းသည် မြက်ပင်ကိုဖြတ်မိ၏၊ ထိုရဟန်းအား အဘယ်အပြစ် ဖြစ်ပါသနည်း”ဟု မိမိပြုမိသောအပြစ်ကို ပြောကြား၍ မေးမြန်းလေသတတ်၊ ထိုသို့ မေးမြန်းသောအခါ ထိုရဟန်းကို တစ်ပါးသောရဟန်းက “သင်သည် မြက်ပင်ကိုဖြတ်ခြင်းဟူသော အကြောင်းကြောင့် တစ်စုံတစ်ခုသော အပြစ်ဖြစ်တတ်သည်ဟု အမှတ်ကိုပြုဘိ၏၊ ဤသို့ မြက်ကိုဖြတ်ခြင်း၌ တစ်စုံတစ်ခုသောအပြစ်သည် မဖြစ်၊ ဒေသနာကြားလတ်သည်ရှိသော်ကား လွက်ကင်း၏”ဟု ဆိုတဲ့ပြီးလျှင် ကိုယ်တိုင်ပင် လက်နှစ်ဖက်တို့ဖြင့် မြက်ကိုဆွဲနုတ်ကာ ယူငင်လေ၏၊ ရဟန်းတို့သည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏၊ မြတ်စွာဘုရားသည် ထိုရဟန်းကို များစွာသောအကြောင်းတို့ဖြင့် ကဲ့ရဲ့တော်မူပြီးလျှင် တရားဟောတော်မူလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၁၁] ကုသော ယထာ ဒုဂ္ဂဟိတော၊ ဟတ္ထမေဝါနုကန္တတိ။
သာမညံ ဒုပ္ပရာမဋ္ဌံ၊ နိရယာယုပကဍ္ဎတိ။

֍ * [၃၁၂] ယံကိဉ္စိ သိထိလံ ကမ္မံ၊ သံကိလိဋ္ဌဉ္စ ယံ ဝတံ။
သင်္ကဿရံ ဗြဟ္မစရိယံ၊ န တံ ဟောတိ မဟပ္ဖလံ။

֍ * [၃၁၃] ကယိရာ စေ ကယိရာထေ နံ၊ ဒဠှမေနံ ပရက္ကမေ။
သိထိလော ဟိ ပရိဗ္ဗဇော၊ ဘိယျော အာကိရတေ ရဇံ။

ဒုဂ္ဂဟိတော၊ မကောင်းသဖြင့်ယူအပ်သော။ ကုသော၊ သမန်းမြက်သည်။ ဟတ္ထမေဝ၊ လက်ကိုသာလျှင်။ အနုကန္တတိ ယထာ၊ ခွဲရှသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဒုပ္ပရာမဋ္ဌံ၊ မကောင်းသဖြင့် သုံးသပ်အပ်သော။ သာမညံ၊ ရဟန်းကျင့်ဝတ်သည်။ ဒုပ္ပရာမဋ္ဌံ၊ မကောင်းသဖြင့် သုံးသပ်တတ်သော ရဟန်းကို။ နိရယာယ၊ ငရဲသို့။ ဥပကဍ္ဎတိ၊ ငင်၏။

(သမန်းမြက်ဟု ဆိုသော်လည်း ထက်သော အသွားရှိသော မြက်အားလုံး အယုတ်ဆုံး ထန်းရွက်ပင်ဖြစ်စေ မကောင်းသဖြင့် ကိုင်ယူသူ၏လက်ကို ခွဲရှတတ်သကဲ့သို့ ရဟန်းတရားသည်လည်း ကျိုး,ပေါက်,ကျား, ပြောက်ခြင်းအားဖြင့် အသုံးသပ်မတတ်သူကို ငရဲ၌ ဖြစ်စေတတ်၏ဟူလို။)

သိထိလံ၊ လျော့လျော့ပြုအပ်သော။ ယံကိဉ္စိ၊ အမှတ်မရှိအလုံးစုံသော။ ကမ္မဉ္စ၊ အမှုသည်လည်းကောင်း။ သံကိလိဋ္ဌံ၊ညစ်နွမ်းသော။ ယံ ဝတဉ္စ၊ အကြင် အကျင့်သည်လည်းကောင်း။

(ဆွမ်းမခံသင့်သော အရပ်တို့၌ လှည့်လည်သဖြင့် ညစ်နွမ်း၏ဟူလို။)

သင်္ကဿရံ၊ ရွံရှာခြင်းအားဖြင့် တွေးတောအောက်မေ့အပ်သော။ ယံ ဗြဟ္မစရိယဉ္စ၊ အကြင် မြတ်သောအကျင့်သည်လည်းကောင်း။

(ဥပုသ်ပြုခြင်းစသော တစ်စုံတစ်ခုသော ကိစ္စကြောင့် စည်းဝေးသော သံဃာကိုမြင်လျှင် “ဤရဟန်းတို့သည် ငါ၏ကျင့်ပုံကို သိသဖြင့် ငါ့ကို နှင်ထုတ်ခြင်းငှါ စည်းဝေးကြကုန်၏”ဟု မိမိ၏ ရွံရှာခြင်းအားဖြင့် အောက်မေ့အပ်၏ဟူလို။)

အတ္ထိ၊ ရှိ၏။ တံ၊ ထိုအကျင့်သည်။ တဿ၊ ထိုပုဂ္ဂိုလ်အား။ မဟပ္ဖလံ၊ အကျိုးများသည်။ န ဟောတိ၊ မဖြစ်။

(ထိုရဟန်းအား အကျိုးမများသောကြောင့်သာလျှင် ထိုရဟန်းကို ဆွမ်းလှူသော ဒါယကာတို့အားလည်း အကျိုးမများဟူလို။)

ယံ ကမ္မံ၊ အကြင်အမှုကို။ စေ ကယိရာ၊ အကယ်၍ပြုငြားအံ့။ နံ ကမ္မံ၊ ထိုအမှုကို။ ကယိရာထ၊ ပြုရာသည်သာလျှင်တည်း။ ဧနံ၊ ထိုအမှုကို။ ဒဠှံ၊ မြဲစွာ။ ပရက္ကမေ၊ လုံ့လပြုရာ၏။

(မြဲမြံစွာ ပြုခြင်းကိုသာ ပြုသဖြင့် ဝတ်ဆောက်တည်သူ မဟုတ်ဘဲ ဝတ်ကျေရုံ မဟုတ်ဘဲ ပြုကျင့်ရမည် ဟူလို။)

ဟိ၊ ထိုစကားသင့်စွ။ သိထိလော၊ လျော့လျော့ပြုအပ်သော။ ပရိဗ္ဗဇော၊ ရဟန်းတရားသည်။ ဘိယျော၊ လွန်စွာ။ ရဇံ၊ ရာဂစသော မြူကို။ အာကိရတေ၊ လောင်းထည့်တတ်၏။

(လျော့လျော့ပြုသဖြင့် ကျိုး,ပေါက်,ကျား,ပြောက်ခြင်းသို့ရောက်သော ရဟန်းတရားသည် ကိုယ်တွင်း၌ ထင်ရှားရှိသော ရာဂမြူ စသည်ကို ပယ်ဖျောက်ခြင်းငှာ မတတ်နိုင်၊ စင်စစ်သော်ကား ထိုရာဂမြူဟောင်းစသည်၏ အထက်၌ တစ်ပါးသော ရာဂမြူစသည်ကို လောင်းထည့်တတ်၏ ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ ထိုဒုဗ္ဗစရဟန်းသည်လည်း စောင့်စည်းခြင်း၌တည်၍ နောက်အခါ၌ ဝိပဿနာကိုပွားသဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ဆိုနိုင်ခက်သောရဟန်း ဝတ္ထုပြီး၏။

֍ * ၆။ ငြူစူခြင်းဖြင့် နှိပ်စက်သောမိန်းမဝတ္ထု

အကတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ငြူစူခြင်းဖြင့် နှိပ်စက်သော မိန်းမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အိမ်ကျွန်မကို နား,နှာခေါင်း ဖြတ်ခြင်း

ထိုမိန်းမ၏ လင်ယောက်ျားသည် တစ်ယောက်သော အိမ်ကျွန်မနှင့် အတူတကွ ပေါင်းသင်းယဉ်ပါးခြင်းကို ပြုလေသတတ်၊ ထိုမိန်းမသည် ငြူစူခြင်းဖြင့် နှိပ်စက်အပ်သောကြောင့် ထိုကျွန်မကို လက်ခြေတို့၌ နှောင်ဖွဲ့လျက် နား,နှာခေါင်းကို လှီးဖြတ်ပြီးလျှင် တစ်ခုသော လုံခြုံလှစွာသော တိုက်ခန်း၌ ထည့်ထားသဖြင့် တံခါးကိုပိတ်၍ ထိုအမှု၏ မိမိပြုသောအဖြစ်ကို ဖုံးလွှမ်းခြင်းငှာ “အရှင်- လာလှည့်ပါလော့၊ ကျောင်းတော်သို့သွား၍ တရားနာကြကုန်စို့အံ့”ဟု လင်ယောက်ျားကိုခေါ်သဖြင့် ကျောင်းသို့သွားပြီးလျှင် တရားတော်ကို နာ၍နေလေ၏။ ထိုအခါ ထိုမိန်းမ၏ ဧည့်သည်ဖြစ်ကုန်သော ဆွေမျိုးတို့သည် အိမ်သို့ရောက်လာကြ၍ တံခါးကိုဖွင့်သဖြင့် ထိုဖောက်ပြန်သောအခြင်းအရာကို မြင်ရလျှင် အိမ်ကျွန်မကို လွှတ်ကြလေကုန်၏။ ထိုအိမ်ကျွန်မသည် ကျောင်းတော်သို့လိုက်သွားပြီးလျှင် ပရိသတ်လေးပါးအလယ်၌ရပ်လျက် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် ထိုအိမ်ကျွန်မ၏စကားကို ကြားတော်မူရလျှင် “ဒုစရိုက်မည်သည်ကိုကား “ငါ၏ ဤအမှုကို တစ်ပါးသောသူတို့သည် မသိကြကုန်”ဟု အနည်းငယ်မျှသော ဒုစရိုက်ကိုလည်း မပြုအပ်၊ တစ်ပါးသောသူသည် မသိသော်လည်း သုစရိုက်ကိုသာလျှင် ပြုအပ်၏။ ဖုံးလွှမ်း၍ ပြုအပ်သော်လည်း ဒုစရိုက်မည်သည် နောင်အခါ နောင်တပူပန်ခြင်းကို ပြုတတ်၏။ သုစရိုက်တရားသည် ဝမ်းမြောက်ခြင်းကိုသာလျှင် ဖြစ်စေတတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၁၄] အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။
ကတဉ္စ သုကတံ သေယျော၊ ယံ ကတွာ နာနုတပ္ပတိ။

ယံ ဒုက္ကဋံ၊ အကြင်အပြစ်ရှိသောအမှုကို။ ကတွာ၊ ပြုသောကြောင့်။ ပစ္ဆာ၊ နောက်၌။ တပ္ပတိ၊ ပူပန်ရ၏။ တံ ဒုက္ကဋံ၊ ထိုအပြစ်ရှိသောအမှုကို။ အကတံ၊ မပြုခြင်းသည်။ သေယျော၊ မြတ်၏။

(အပြစ်ရှိ၍ အပါယ်လားကြောင်း မကောင်းမှုကို မပြုမိခြင်းသာလျှင် ကောင်းမြတ်၏။ ထိုမကောင်းမှုကို အောက်မေ့တိုင်း အောက်မေ့တိုင်း ကာလ၌ ပူပန်ရသည်သာ ဟူလို။)

ယံ သုကတံ၊ အကြင် အပြစ်မရှိသော အမှုကို။ ကတွာ၊ ပြုသောကြောင့်။ ပစ္ဆာ၊ နောက်၌။ နာနုတပ္ပတိ၊ မပူပန်ရ။ တံ သုကတံ၊ ထိုအပြစ်မရှိသော အမှုကို။ ကတဉ္စ၊ ပြုခြင်းသည်သာလျှင်။ သေယျာ၊ မြတ်၏။

(အပြစ်မရှိမူ၍ ချမ်းသာတိုးပွားသော သုဂတိလားကြောင်း ကောင်းမှုကိုသာ ပြုခြင်းသည် ကောင်း၏။ ထိုကောင်းမှုပြုပြီးလျှင် နောင် အောက်မေ့သော ကာလ၌ မပူပန်ရ၊ ဝမ်းမြောက်ခြင်းသာလျှင် ဖြစ်၏။ ထိုကောင်းမှုကံ ကောင်းမြတ်၏ ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ဒါယကာသည်လည်းကောင်း, ထိုမိန်းမသည်လည်းကောင်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ ထိုအိမ်ကျွန်မကိုလည်း ထိုအရပ်၌ပင် တော်လှန်သည်ကိုပြု၍ တရားကျင့်သုံးသောသူ ပြုကြလေကုန်၏။

ငြူစူခြင်းဖြင့် နှိပ်စက်သောမိန်းမဝတ္ထုပြီး၏။

֍ * ၇။ များစွာသောရဟန်းတို့ဝတ္ထု

နဂရံ ယထာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များစွာသော အာဂန္တုကဖြစ်ကြကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိမိကိုယ်ကို လုံခြုံအောင်စောင့်သင့်ခြင်း

ထိုရဟန်းတို့သည် တစ်ခုသော ပစ္စန္တရစ်၌ ဝါကပ်ပြီးလျှင် ရှေးဦးစွာသောကာလ၌ ချမ်းသာစွာ နေကြကုန်သတတ်၊ အလယ်ဖြစ်သောလ၌ ခိုးသူတို့သည် လာကြ၍ ထိုရဟန်းတို့၏ ဆွမ်းခံရွာတို့ကို တိုက်ခိုက်ဖျက်ဆီးပြီးလျှင် သုံ့ရလူတို့ကို ဖမ်းယူ၍ သွားကြလေကုန်၏။ ထိုအခါမှစ၍ လူတို့သည် ခိုးသူတို့ကို တားမြစ်ခြင်းအကျိုးငှာ ထိုပစ္စန္တရစ်မြို့ကို ပြုပြင်ကြရကုန်သဖြင့် ထိုရဟန်းတို့ကို ရိုသေစွာ လုပ်ကျွေးဆည်းကပ်ခြင်းငှာ အခွင့်ကိုမရနိုင်ကြကုန်၊ ထိုရဟန်းတို့သည် မချမ်းမသာ ဆင်းရဲလှစွာ ဝါတွင်းပတ်လုံးနေပြီးလျှင် ဝါကျွတ်လတ်ကုန်သည်ရှိသော် မြတ်စွာဘုရားအား ဖူးမြင်ခြင်းငှာ သာဝတ္ထိပြည်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ နေကြလေကုန်၏။

(စစ်တိုက်၍လည်းကောင်း၊ ဓားပြတိုက်၍လည်းကောင်း အရှင်လတ်လတ် ဖမ်းယူသွားအပ်သောသူတို့ကို သုံ့ရလူတို့ဟု ခေါ်သည်။)

မြတ်စွာဘုရားသည် ထိုအာဂန္တုက ရဟန်းတို့နှင့် အတူတကွ အစေ့အစပ်စကား ပြောကြားလတ်ပြီးသည်ရှိသော် “ချစ်သားရဟန်းတို့- အသို့နည်း၊ ချမ်းသာစွာ နေကြရကုန်၏လော”ဟု မေးတော်မူသောကြောင့် “မြတ်စွာဘုရား- တပည့်တော်တို့သည် ရှေးဦးစွာသောကာလ၌ ချမ်းသာစွာ နေကြရပါကုန်၏။ အလယ်ဖြစ်သောလ၌ ခိုးသူတို့သည် ရွာကို တိုက်ခိုက်ဖျက်ဆီးကြပါသည်။ ထိုအခါမှစ၍ လူတို့သည် မြို့ကို ပြုပြင်ကြရကုန်သောကြောင့် ရိုသေစွာ လုပ်ကျွေးဆည်းကပ်ခြင်းငှာ အခွင့်ကို မရကြပါ။ ထို့ကြောင့် ချမ်းသာစွာ ဝါတွင်းပတ်လုံး မနေကြရပါဘုရား”ဟု နားတော်လျှောက်လတ်သော် “ချစ်သားရဟန်းတို့- သင်တို့သည် ထွေရာလေးပါး မကြံကြကုန်လင့်၊ ချမ်းသာစွာ နေရခြင်းမည်သည်ကို အခါခပ်သိမ်း ရနိုင်ခဲ၏။ ရဟန်းမည်သည်ကား ထိုလူတို့သည် မြို့ကို လုံခြုံအောင် စောင့်ရှောက်ကြကုန်သကဲ့သို့ ဤအတူ အတ္တဘောကိုသာလျှင် လုံခြုံအောင် စောင့်ရှောက်ခြင်းငှာ သင့်လျော်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၁၅] နဂရံ ယထာ ပစ္စန္တံ၊ ဂုတ္တံ သန္တရဗာဟိရံ။
ဧဝံ ဂေါပေထ အတ္တာနံ၊ ခဏော ဝေါ မာ ဥပစ္စဂါ။
ခဏာတီတာ ဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။

ပစ္စန္တံ၊ အစွန်းဖြစ်သော။ နဂရံ၊ မြို့ကို။ သန္တရဗာဟိရံ၊ အတွင်းအပနှင့်တကွ။ ဂုတ္တံ ယထာ၊ လုံခြုံအောင်ပြုသကဲ့သို့။ ဧဝံ၊ ဤအတူ။ အတ္တာနံ၊ မိမိကိုယ်ကို။ ဂေါပေထ၊ လုံခြုံစေကုန်လော့။

(ချစ်သားရဟန်းတို့- ထိုလူတို့သည် ထိုအစွန်ဖြစ်သော မြို့ကို တံခါး,တံတိုင်း စသည်ပြုကုန်လျက် အတွင်းနှင့်တကွလည်းကောင်း၊ ပြအိုး,ကျုံး စသည်တို့ကို ခိုင်ခံ့အောင် ပြုကုန်လျက် အပနှင့်တကွလည်းကောင်း၊ ဤသို့ အတွင်းအပနှင့်တကွ ကောင်းစွာလုံခြုံအောင် ပြုဘိသကဲ့သို့ ထို့အတူ သင်ချစ်သားတို့သည်လည်း သတိကိုဖြစ်စေလျက် အဇ္ဈတ္တိက ခြောက်ဒွါရတို့ကို ပိတ်သဖြင့် တံခါးစောင့် သတိကို မလွှတ်မူ၍လည်းကောင်း၊ ထိုအဇ္ဈတ္တိကဒွါရတို့သည် ထိုထိုအာရုံအဖြစ်ဖြင့် ယူအပ်ကုန်သော ခြောက်ပါးသော ဗာဟိရ အာယတနတို့ကိုလည်း ခိုင်ခံ့အောင်ပြုလျက် ထိုဗာဟိရ အာယတနတို့ မဝင်လာစိမ့်သောငှာ တံခါးစောင့် သတိကို မပယ်မူ၍လည်းကောင်း လှည့်လည်ကာ မိမိကိုယ်ကို လုံခြုံအောင် စောင့်ကြရမည်ဟူလို။)

ဝေါ၊ သင်တို့ကို။ ခဏာ၊ ဘုရားရှင် ပွင့်တော်မူရာဖြစ်သော အချိန်ကာလသည်။ မာ ဥပစ္စဂါ၊ မလွန်စေလင့်။

(ဤသို့ မိမိကိုယ်ကို မစောင့်ရှောက်သောပုဂ္ဂိုလ်ကို ဤဘုရား ပွင့်တော်မူရာ ဗုဒ္ဓုပ္ပါဒ ခဏသည်လည်းကောင်း၊ မဇ္ဈိမဒေသ၌ဖြစ်သော ခဏသည်လည်းကောင်း၊ သမ္မာဒိဋ္ဌိကိုရသော ခဏသည်လည်းကောင်း၊ အာယတန ခြောက်ပါးတို့၏ မချို့တဲ့သော ခဏသည်လည်းကောင်း ဤအလုံးစုံသော ခဏသည် လွန်သွားတတ်၏။ ထိုခဏသည် သင်တို့ကို မလွန်ပါစေနှင့်ဟူလို။)

ဟိ၊ ထိုစကားသင့်စွ။ ခဏာတီတာ၊ ဗုဒ္ဓုပ္ပါဒခဏကို လွန်ကြကုန်သော ပုဂ္ဂိုလ်တို့သည်။ နိရယမှိ၊ ငရဲ၌။ သမပ္ပိတာ၊ ကျရောက်ကုန်သည်ဖြစ်၍။ သောစန္တိ၊ စိုးရိမ်ကြရကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုအာဂန္တုက ရဟန်းတို့သည် ထိတ်လန့်ခြင်း ရှိကုန်သည်ဖြစ်၍ အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

များစွာသောရဟန်းတို့ ဝတ္ထုပြီး၏။

֍ * ၈။ နိဂဏ္ဌတက္ကတွန်းဝတ္ထု

အလဇ္ဇိတာယေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တက္ကတွန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မရှက်သင့်သည်၌ ရှက်နေကြသူများ

တစ်ခုသောနေ့၌ ရဟန်းတို့သည် တက္ကတွန်းတို့ကို မြင်ကြလျှင် “ငါ့ရှင်တို့- ခပ်သိမ်းသော အခြင်းအရာအားဖြင့် အဖုံးအလွှမ်းမရှိသော တက္ကတွန်းတို့ထက် ဤနိဂဏ္ဌတက္ကတွန်းတို့သည် ကောင်းမြတ်ကြကုန်၏။ အကြင် တက္ကတွန်းတို့သည် ရှေ့နံပါး တစ်ဖက်ကိုပင် ဖုံးလွှမ်းကြကုန်သေး၏။ ထိုတက္ကတွန်းတို့သည် အရှက်ရှိကြယောင်တကား”ဟု စကားကို ဖြစ်စေကြလေ၏။ ထိုစကားကိုကြားရလျှင် တက္ကတွန်းတို့သည် “ငါတို့ကား ထိုအရှက်ရှိခြင်းဟူသော အကြောင်းကြောင့် ဖုံးလွှမ်းကြသည် မဟုတ်ကုန်၊ စင်စစ်သော်ကား မြေမှုန့်မြူ အစရှိသည်တို့သည်လည်း ပုဂ္ဂိုလ်တို့သာ ဖြစ်ကြကုန်၏။ ဇီဝိတိန္ဒြေနှင့် စပ်ကုန်သည်သာတည်း၊ ထိုမြေမှုန့်မြူ အစရှိသည်တို့သည် ငါတို့ဆွမ်းခွက်တို့၌ မကျကြပါစေကုန်သတည်းဟူသော ဤအကြောင်းကြောင့် ဖုံးလွှမ်းကြပါကုန်၏”ဆို၍ ထိုရဟန်းတို့နှင့် အတူတကွ အယူဝါဒ ဟုတ်မှန်သည် မဟုတ်မှန်သည် အစွမ်းဖြင့် များစွာသောစကားကို ပြုကြ,ပြောဆိုကြလေကုန်၏။ ရဟန်းတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ထိုင်နေသောအခါ ထိုအကြောင်းအရာကို လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- မရှက်အပ်သော ဆွမ်းခွက်ဖြင့် ရှက်၍, ရှက်အပ်သော အင်္ဂါကြီးငယ်ဖြင့် မရှက်တတ်သောသူမည်သည်ကား မကောင်းသော အလားလျှင် လဲလျောင်းရာ ရှိကြကုန်သည်သာလျှင် ဖြစ်ကြကုန်၏”ဟု မိန့်တော်မူ၍ တရားဟောတော်မူလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၁၆] အလဇ္ဇိတာယေ လဇ္ဇန္တိ၊ လဇ္ဇိတာယေ န လဇ္ဇရေ။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

֍ * [၃၁၇] အဘယေ ဘယဒဿိနော၊ ဘယေ စာဘယဒဿိနော။
မိစ္ဆာဒိဋ္ဌိ သမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ အလဇ္ဇိတာယေ၊ မရှက်အပ်သော ဆွမ်းခွက်ဖြင့်။ လဇ္ဇန္တိ၊ ရှက်ကြကုန်၏။

(ရှက်ဖွယ်မဟုတ်သော ဆွမ်းခွက်ကို ဖုံးလွှမ်းကာ လှည့်လည်သောကြောင့် ရှက်ဖွယ်မဟုတ်သည်ကို ရှက်ကြသည်မည်၏ဟူလို။)

လဇ္ဇိတာယေ၊ ရှက်အပ်သော အင်္ဂါကြီးငယ်ဖြင့်။ န လဇ္ဇရေ၊ မရှက်ကြကုန်။

(ရှက်ဖွယ်ကောင်းသော အင်္ဂါကြီးငယ်ကို မဖုံးလွှမ်းဘဲ လှည့်လည်သောကြောင့် ရှက်ဖွယ်ကို မရှက်ကြသည် မည်၏ဟူလို။)

မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ မိစ္ဆာအယူကို ဆောက်တည်ကြကုန်သော။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ ဂစ္ဆန္တိ၊ သွားကြကုန်၏။

(မရှက်သင့်သည်ကို ရှက်ခြင်း၊ ရှက်သင့်သည်ကို မရှက်ခြင်းသည် အချည်းနှီး ယူခြင်းအားဖြင့်လည်းကောင်း၊ တစ်ပါးသောအခြင်းအရာဖြင့် ယူခြင်းအားဖြင့်လည်းကောင်း မှားသောအယူဖြစ်၏။ ထိုမှားသောအယူကို ဆောက်တည်၍ လှည့်လည်ကြကုန်သော ထိုမိစ္ဆာဒိဋ္ဌိ သတ္တဝါတို့သည် ငရဲစသော ဒုဂ္ဂတိသို့ ရောက်ကြရကုန်၏ဟူလို။)

ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ အဘယေ၊ ကြောက်ဖွယ်မဟုတ်သော ထမင်းခွက်၌။ ဘယဒဿိနော၊ ကြောက်ဖွယ်ဟု ရှုလေ့ရှိကြကုန်၏။

(ဆွမ်းခွက်ကိုမှီ၍ ရာဂ၏ ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ကိလေသာ ဒုစရိုက်ဘေးတို့၏ မဖြစ်နိုင်သောကြောင့် ဆွမ်းခွက်သည် ကြောက်ဖွယ်ဘေး မရှိသည်မည်၏။ ကြောက်သဖြင့် ထိုဆွမ်းခွက်ကို ဖုံးလွှမ်းသောသူသည် မကြောက်သင့်သည်၌ ကြောက်ဖွယ်ဟု ရှုသောသူမည်၏ဟူလို။)

ဘယေ စ၊ ကြောက်ဖွယ်ရှိသော အင်္ဂါကြီးငယ်၌လည်း။ အဘယဒဿိနော၊ ကြောက်ဖွယ်မရှိဟု ရှုလေ့ရှိကြကုန်၏။

(အရှက်အသရေကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကိုကား အမှီပြု၍ ရာဂစသည် ဖြစ်တတ်သောကြောင့် ထိုအင်္ဂါကြီးငယ်သည် ကြောက်ဖွယ် ဘေးရန်မည်၏။ ထိုအင်္ဂါကြီးငယ်ကို မဖုံးလွှမ်းသဖြင့် ကြောက်ဖွယ်၌ ကြောက်ဖွယ်မဟုတ်ဟု ရှုသောသူမည်၏ဟူလို။)

မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ မိစ္ဆာအယူကို ဆောက်တည်ကြကုန်သော။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ ဂစ္ဆန္တိ၊ သွားကြရကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သော တက္ကတွန်းတို့သည် ထိတ်လန့်သော စိတ်နှလုံးရှိကြကုန်သည်ဖြစ်၍ ရဟန်းပြုကြလေကုန်၏။ ရောက်လာသော သူတို့အားလည်း အကျိုးရှိသော ဒေသနာဖြစ်တော်မူလေ၏။

နိဂဏ္ဌတက္ကတွန်း ဝတ္ထုပြီး၏။

֍ * ၉။ တိတ္ထိတို့၏ တပည့်သာဝက၀တ္ထု

အဝဇ္ဇေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိတ္ထိတို့၏ တပည့်သား သာဝကတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိစ္ဆာအယူရှိသူတို့ ဗုဒ္ဓကိုကြည်ညိုပုံ

အခါတစ်ပါး၌ သာသနာမှအပဖြစ်သော တတ္ထိတပည့် ဒါယကာတို့သည် မိမိ၏သားတို့ကို သမ္မာအယူရှိကုန်သော ဒါယကာတို့၏ သားတို့နှင့် အတူတကွ အခြံအရံရှိကုန်လျက် ကစားကြသည်တို့ကို မြင်ရသဖြင့် အိမ်သို့ပြန်လာသောအခါ “သင်တို့သည် သာကီဝင်မင်းသားဖြစ်သော ရဟန်းတို့ကို ရှိမခိုးအပ်ကုန်၊ ထိုသာကီဝင်မင်းသား ရဟန်းတို့၏ ကျောင်းသို့လည်း မဝင်အပ်”ဟု ဆို၍ ကျိန်စာဆိုခြင်းကို ပြုလုပ်စေကြလေကုန်၏။ ထိုသူငယ်တို့သည် တစ်နေ့သ၌ ဇေတဝန်ကျောင်းတော်ကြီး၏ တံခါးမုခ်အပအနီး၌ ကစားကြကုန်စဉ် ရေငတ်ကြလေကုန်၏။ ထိုအခါ တစ်ယောက်သော ဥပါသကာ၏သားကို “သင်သည် ဤကျောင်းသို့သွား၍ ရေကိုသောက်ပြီးလျှင် ငါတို့အလို့ငှာလည်း ဆောင်ခဲ့ပါလော့”ဟု စေလွှတ်ကြလေကုန်၏။ ထိုဥပါသကာ၏ သားဖြစ်သော သူငယ်သည် ကျောင်းသို့သွားလေ၏။ ဘုရားရှင်ကိုရှိခိုး၍ ရေသောက်ပြီးလျှင် ထိုသို့ မှာလိုက်သော အကြောင်းအရာကို လျှောက်ကြားလေ၏။ ထိုအခါ ထိုသူငယ်ကို မြတ်စွာဘုရားသည် “သင်သည်သာလျှင် ရေကိုသောက်၍ ပြန်သွားပြီးလျှင် မှာလိုက်သော သူငယ်တို့ကိုလည်း ရေသောက်ခြင်းအကျိုးငှာ ဤကျောင်းသို့သာလျှင် စေလွှတ်လိုက်လော့”ဟု မိန့်တော်မူလေ၏။ ထိုသူငယ်တို့သည် လာ၍ ရေကိုသောက်ကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုသူငယ်တို့ကို ခေါ်စေတော်မူသဖြင့် ထိုသူငယ်တို့အား လျောက်ပတ်သောတရား စကားကို ဟောကြားတော်မူ၍ သူငယ်တို့ကို မတုန်မလှုပ် ကြည်ညိုခြင်းရှိကြအောင် ပြုလုပ်ပြီးလျှင် သရဏဂုံတို့၌လည်းကောင်း၊ သီလတို့၌လည်းကောင်း တည်စေတော်မူလေ၏။ သူငယ်တို့သည် မိမိအိမ်တို့သို့ ရောက်သွားကြလျှင် ထိုအကြောင်းအရာကို မိဘတို့အား ပြောကြားကြလေကုန်၏။ ထိုအခါ သူငယ်တို့၏ အမိအဘတို့သည် “ငါတို့၏သားကား ဖောက်ပြန်ပျက်စီးသော အယူရှိသူတို့ ဖြစ်ကြကုန်ပြီ”ဟု နှလုံးမသာခြင်းသို့ ရောက်ကုန်သည်ဖြစ်၍ ငိုကြွေး မြည်တမ်းကြလေကုန်၏။ ထိုအခါ ထိုမိဘတို့အား လိမ္မာသော များစွာသော အိမ်နီးချင်းဖြစ်သော လူတို့သည် လာလတ်၍ နှလုံးမသာယာခြင်းကို ငြိမ်းပျောက်စေခြင်းငှာ တရားဟောပြောကြလေကုန်၏။ ထိုမိဘတို့သည် အိမ်နီးချင်းဖြစ်သော လူတို့၏စကားကို ကြားရသဖြင့် “ဤသူငယ်တို့ကို ရဟန်းဂေါတမအားသာလျှင် ဆောင်နှင်းအပ်နှံကြကုန်တော့အံ့”ဟု များစွာသော ဆွေမျိုးအပေါင်းနှင့် အတူတကွ ကျောင်းတော်သို့ ဆောင်ကြလေကုန်၏။ ဘုရားရှင်သည် ထိုသူတို့၏ အလိုအဇ္ဈာသယကို ကြည့်ရှုတော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၁၈] အဝဇ္ဇေ ဝဇ္ဇမတိနော၊ ဝဇ္ဇေ စာဝဇ္ဇဒဿိနော။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

֍ * [၃၁၉] ဝဇ္ဇဉ္စ ဝဇ္ဇတော ဉတွာ၊ အဝဇ္ဇဉ္စ အဝဇ္ဇတော။
သမ္မာဒိဋ္ဌိ သမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ အဝဇ္ဇေ၊ အပြစ်မရှိသော မှန်သောတရား၌။ ဝဇ္ဇမတိနော၊ အပြစ်ရှိ၏ဟု အယူရှိကြကုန်၏။ ဝဇ္ဇေ စ၊ အပြစ်ရှိသော မှားသောတရား၌လည်း။ အဝဇ္ဇဒဿိနော၊ အပြစ်မရှိဟု ယူလေ့ရှိကြကုန်၏။ မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ မိစ္ဆာအယူကို ဆောက်တည်ကြကုန်သော။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ ဂစ္ဆန္တိ၊ သွားကြရကုန်၏။

ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ ဝဇ္ဇဉ္စ၊ အပြစ်ရှိသော မှားသောတရားကိုလည်း။ ဝဇ္ဇတော၊ အပြစ်ရှိသောအားဖြင့်။ ဉတွာ၊ သိ၍။ အဝဇ္ဇဉ္စ၊ အပြစ်မရှိသော မှန်ကန်သော တရားတို့ကိုလည်း။ အဝဇ္ဇတော၊ အပြစ်မရှိသောအားဖြင့်။ ဉတွာ၊ သိ၍။ သမ္မာဒိဋ္ဌိသမာဒါနာ၊ ကောင်းသောအယူကို ဆောက်တည်ကြကုန်သော။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ သုဂ္ဂတိံ၊ သုဂတိဘဝသို့။ ဂစ္ဆန္တိ၊ သွားကြရကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုအလုံးစုံသောသူတို့သည်လည်း သရဏဂုံသုံးပါးတို့၌ တည်ကြကုန်၍ အဆင့်ဆင့်တရားကို နာကြားကြရကုန်သည်ရှိသော် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

တိတ္ထိတို့၏တပည့်သာဝကဝတ္ထုပြီး၏။

֍ * ၁။ ကိုယ်တော်မြတ်ကို အကြောင်းပြု၍ ဟောတော်မူသောဝတ္ထု

အဟံ နာဂေါဝအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကိုယ်တော်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဝတ္ထုကို အပ္ပမာဒဝဂ်၏အစ ဂါထာအဖွင့်၌ ချဲ့အပ်ပြီးသည်သာလျှင်တည်း။ ထိုစကားမှန်၏။ ထိုဂါထာအဖွင့်၌ ဤဆိုလတ္တံ့သော စကားရပ်ကို ဆိုအပ်ပြီ။)

အဓိကရုဏ်းကို ဖြစ်ရာ၌သာ ငြိမ်းသင့်ခြင်း

မာဂဏ္ဍီမိဖုရားသည် ထိုသာမာဝတီအမှူးရှိသော နန်းတွင်းသူ မောင်းမငါးရာတို့အား တစ်စုံတစ်ခုသောအမှုကို ပြုခြင်းငှာ မစွမ်းနိုင်ရကား “ရဟန်းဂေါတမအားသာလျှင် ပြုသင့်ပြုထိုက်သောအမှုကို ပြုပေတော့အံ့”ဟု မြို့သူမြို့သားတို့အား တံစိုးလက်ဆောင်ပေးပြီးလျှင် “မြို့တွင်းသို့ကြွဝင်၍ လှည့်လည်သော ရဟန်းဂေါတမကို ကျွန်အမှုလုပ် ယောက်ျားတို့နှင့်တကွ ဆဲရေး၍ ရေရွတ်၍ ထွက်ပြေးစေကြကုန်လော့”ဟု စေခိုင်းလေ၏။ ရတနာသုံးပါးတို့၌ မကြည်ညိုကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် မြို့တွင်းသို့ ကြွဝင်တော်မူလာသော မြတ်စွာဘုရားကို နောက်မှ အစဉ်လိုက်၍ ခိုးသူဖြစ်၏ ဟူ၍လည်းကောင်း၊ မိုက်မဲသောသူဖြစ်၏ ဟူ၍လည်းကောင်း၊ တွေဝေသူဖြစ်၏ ဟူ၍လည်းကောင်း၊ ဝှက်တတ်သူဖြစ်၏ ဟူ၍လည်းကောင်း၊ ကုလားအုပ်ဖြစ်၏ ဟူ၍လည်းကောင်း၊ နွားဖြစ်၏ ဟူ၍လည်းကောင်း၊ မြည်းဖြစ်၏ ဟူ၍လည်းကောင်း၊ ငရဲသားဖြစ်၏ ဟူ၍လည်းကောင်း၊ တိရစ္ဆာန်ဖြစ်၏ ဟူ၍လည်းကောင်း၊ အသင့်အား ကောင်းသောလားရာ သုဂတိမရှိဟူ၍လည်းကောင်း၊ အသင့်အလို့ငှာ မကောင်းသောလားရာ ဒုဂ္ဂတိကိုသာ အလိုရှိအပ်၏ ဟူ၍လည်းကောင်း ဤသို့ ဆယ်ပါးသော ဆဲရေးခြင်းတို့ဖြင့် ဆဲရေးကြ ရေရွတ်ကြကုန်၏။ ထိုဆဲရေးသောစကားကို ကြား၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကို ဤသို့သောစကား လျှောက်ကြားလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤကောသမ္ဗီ မြို့သူမြို့သားတို့သည် တပည့်တော်တို့ကို ဆဲရေးကြ ရေရွတ်ကြပါကုန်၏။ ဤမြို့မှ တစ်ပါးသောမြို့သို့ ဖဲသွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားအာနန္ဒာ- အဘယ်အရပ်သို့ သွားကြရကုန်အံ့နည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- တစ်ပါးသောမြို့သို့ သွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားအာနန္ဒာ- ထိုမြို့၌ လူတို့သည် ဆဲရေးကြ၊ ရေရွတ်ကြပြန်သည်ရှိသော် အဘယ်အရပ်သို့ သွားကြရကုန်အံ့နည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ထိုအရပ်မှလည်း တစ်ပါးသောမြို့သို့ သွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ကြားပြန်လေ၏။

“ချစ်သားအာနန္ဒာ- ထိုအရပ်၌ လူတို့သည် ဆဲရေးကြ၊ ရေရွတ်ကြပြန်သည်ရှိသော် အဘယ်အရပ်သို့ သွားကြရကုန်အံ့နည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ထိုအရပ်မှလည်း တစ်ပါးသောမြို့သို့ သွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ကြားပြန်လေ၏။ “ချစ်သားအာနန္ဒာ- ဤသို့ပြုခြင်းငှာ မသင့်လျော်ချေ။ အကြင်အရပ်၌ အဓိကရုဏ်းဖြစ်၏။ ထိုအရပ်၌သာလျှင် ထိုအဓိကရုဏ်း ငြိမ်းအေးမှ တစ်ပါးသောအရပ်သို့ သွားခြင်းငှာ သင့်လျော်ပေသည်”ဟု မိန့်တော်မူပြီးလျှင် “ချစ်သားအာနန္ဒာ- ဆဲရေးကုန်၊ ရေရွတ်ကုန်သော ထိုသူတို့သည် အဘယ်သူတို့ ဖြစ်ကုန်သနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ကျွန်အမှုလုပ်တို့ကို အစပြု၍ ခပ်သိမ်းကုန်သောသူတို့သည် ဆဲရေးကြ၊ ရေရွတ်ကြပါကုန်သည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားအာနန္ဒာ- ငါဘုရားသည် စစ်မြေပြင်အရပ်သို့ သက်ဝင်သော ဆင်ပြောင်ကြီးနှင့်တူ၏။ စစ်မြေပြင်အရပ်သို့ သက်ဝင်သော ဆင်ပြောင်ကြီးအား အရပ်လေးမျက်နှာတို့မှ လာကုန်သော မြားတို့ကို သည်းခံခြင်းငှာ တာဝန်ရှိသကဲ့သို့ ထို့အတူ များစွာသော ဒုဿီလပုဂ္ဂိုလ်တို့ ပြောဆိုအပ်သော စကားတို့ကို သည်းခံခြင်းမည်သည် ငါဘုရား၏ တာဝန်ပေတည်း”ဟု မိန့်တော်မူပြီးလျှင် ကိုယ်တော်မြတ်ကို အကြောင်းပြု၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၂၀] အဟံ နာဂေါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ။
အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလော ဟိ ဗဟုဇ္ဇနော။

֍ * [၃၂၁] ဒန္တံ နယန္တိ သမိတိံ၊ ဒန္တံ ရာဇာဘိရူဟတိ။
ဒန္တော သေဋ္ဌော မနုဿေသု၊ ယော တိဝါကျံ တိတိက္ခတိ။

֍ * [၃၂၂] ဝရမဿတရာ ဒန္တာ၊ အာဇာနီယာ စ သိန္ဓဝါ။
ကုဉ္ဇရာ စ မဟာနာဂါ၊ အတ္တဒန္တာ တတော ဝရံ။

နာဂေါ၊ စစ်တိုက်ဆင်သည်။ သင်္ဂါမေ၊ စစ်မြေပြင်၌။ စာပတော၊ လေးမှ။ ပတိတံ၊ လွတ်၍ကျလာသော။ သရံ၊ မြားကြီး,မြားငယ် အသွယ်သွယ်ကို။ တိတိက္ခတိ ဣဝ၊ သည်းခံသကဲ့သို့။ ဧဝံ၊ ဤအတူ။ အဟံ၊ ငါဘုရားသည်။ အတိဝါကျံ၊ လွန်ကျူးဖြစ်ပွား ဆိုစကားကို။ တိတိက္ခိဿံ၊ သည်းခံတော်မူပေအံ့။

(စစ်ပွဲသို့ဝင် ယဉ်ကျေးပြီးသော စစ်တိုက်ဆင်ကြီးသည် လှံမဖြင့်ထိုးခြင်း စသည်တို့ကို သည်းခံသကဲ့သို့ လေးမှလွတ်၍ ကိုယ်ပေါ်၌ကျသော မြားတို့ကို ပင်ပန်းခြင်းမရှိ၊ သည်းခံဘိသကဲ့သို့ ထို့အတူ ဤသို့သဘောရှိသော စကားလွန် စကားကျူးကို သည်းခံတော်မူပေအံ့ဟူလို။)

ဟိသစ္စံ၊ သည်းခံသင့်စွ။ ဇနော၊ လောကီနယ်သား လူအများသည်။ ဗဟုဒုဿီလော၊ သီလမရှိသူ လွန်စွာများ၏။

(ဤလောကီဘုံသား များစွာသော လူအပေါင်းသည် သီလပျက်စီးသူ အလွန်တရာများသဖြင့် မိမိစိတ်ထင်တိုင်း အလို၏အစွမ်းဖြင့် စကားကို မြွက်ဆိုလျက် ထိခိုက်ချုပ်ချယ်ကာ လှည့်လည်တတ်၏။ ထိုသို့ ချုပ်ချယ်ရာ၌သည်းခံခြင်း, လျစ်လျူရှုခြင်းသည်သာ ငါဘုရား၏ တာဝန်ဖြစ်၏ဟူလို။)

သမိတိံ၊ လူများအပေါင်း၏အလယ်သို့။ ဂစ္ဆန္တာ၊ သွားကြသောသူတို့သည်။ ဒန္တံ၊ ယဉ်ကျေးပြီးသောနွား, ယဉ်ကျေးပြီးသောမြင်းကို။ နယန္တိ ၊ လှည်းယာဉ်ယှဉ်က ဆောင်ကုန်ကြ၏။

(ဥယျာဉ်ကစားဝန်း စသည်တို့၌ လူများအလယ်သို့ သွားသောသူတို့သည် ယဉ်ကျေးပြီးသော နွားအပေါင်း, မြင်းအပေါင်းကို ယာဉ်၌ ယှဉ်က,၍ ဆောင်ကြရသည်ဟူလို။)

ရာဇာ၊ ပြည့်ရှင်မင်းသည်။ ဒန္တံ၊ ယဉ်ကျေးသော ဆင်ယာဉ်, မြင်းယာဉ်ကို။ အဘိရူဟတိ၊ စီးနင်း၏။

(ထိုသို့သဘောရှိသော ဆင်ယာဉ်, မြင်းယာဉ်တို့ဖြင့် လှည့်လည်သော ပြည့်ရှင်မင်းသည်လည်း ယဉ်ကျေးပြီးသော ဆင်,မြင်းကိုသာ စီးနင်း၏ဟူလို။)

မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ အတိဝါကျံ၊ လွန်ကျူးပြစ်မှား ရမ်းကားပြောဆိုသော စကားကို။ တိတိက္ခတိ၊ သည်းခံနိုင်၏။ သော၊ ထိုသို့သဘောရှိသောသူသည်။ ဒန္တော၊ ယဉ်ကျေးသောသူဖြစ်၍။ သေဋ္ဌော၊ အထူးသဖြင့် မြတ်၏။ ဝါ၊ အထူးသဖြင့် ချီးမွမ်းအပ်၏။

(လူတို့တွင်လည်း မဂ်လေးပါးတို့ဖြင့် ဆုံးမ၍ ယဉ်ကျေးပြီးသော မြတ်သောသူသည် ဤသို့ စကားလွန်, စကားကျူး အဖန်ဖန် ဆိုသည်ကိုလည်း သည်းခံနိုင်၏။ ပျံ့လွင့်ခြင်းမရှိ၊ ပင်ပန်းခြင်းမရှိ၊ ဤသို့သောသူသည် ယဉ်ကျေး၍ မြတ်၏ဟူလို။)

အဿတရာ၊ မြည်းဖိုနှင့် မြင်းမစပ်၍ ကျသော အဿတိုရ်မြင်းတို့သည်လည်းကောင်း။ အာဇာနီယာ၊ အကြောင်းဟုတ်,မဟုတ် လျင်စွာသိနိုင်သော အာဇာနည်မြင်းတို့သည်လည်းကောင်း။ သိန္ဓဝါစ၊ သိန္ဓဝတိုင်း၌ဖြစ်သော မြင်းတို့သည်လည်းကောင်း။ ကုဉ္ဇရာ၊ ကုဉ္ဇရဟုဆိုအပ်ကုန်သော။ မဟာနာဂါစ၊ ဆင်ပြောင်ကြီးတို့သည်လည်းကောင်း။ ဒန္တာ၊ ဆုံးမအပ်သဖြင့် ယဉ်ကျေးကုန်မှသာလျှင်။ ဝရာ၊ မြတ်ကြကုန်၏။

(မဆုံးမဘဲ, မယဉ်ကျေးဘဲ မြတ်သည်မဟုတ်ဟူလို။)

အတ္တဒန္တော၊ လေးပါးသော မဂ်ဉာဏ်ဖြင့် ဆုံးမအပ်သည်ဖြစ်၍ ယဉ်ကျေးပြီးသောသူသည်။ တတော၊ ထိုဆိုအပ်ပြီးသောသူတို့ထက်။ ဝရံ-ဝရတရံ၊ အလွန်မြတ်လှပေ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ တံစိုးလက်ဆောင်ကို ယူသဖြင့် ခရီးမ,ခရီးဆုံ စသည်တို့၌တည်၍ ဆဲရေးကြ ရေရွတ်ကြကုန်သော ထိုအလုံးစုံလည်းဖြစ်ကုန်သော လူများအပေါင်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကိုယ်တော်မြတ်ကို အကြောင်းပြု၍ ဟောတော်မူသောဝတ္ထုပြီး၏။

֍ * ၂။ ဆင်ဆရာဖြစ်ဖူးသော ရဟန်းဝတ္ထု

န ဟိ ဧတေသံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တစ်ယောက်သော ဆင်ဆရာဖြစ်ဖူးသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မရောက်ဖူးသောအရပ် ရောက်အောင်ပြုသင့်ခြင်း

ထိုရဟန်းသည် တစ်နေ့သ၌ အစိရဝတီမြစ်ကမ်းနား၌ တစ်စီးသောဆင်ကို ဆုံးမအံ့ဟု မိမိအလိုရှိအပ်သော အကြောင်းကို သင်ယူစိမ့်သောငှာ မတတ်နိုင်သော ဆင်ဆုံးမတတ်သော ဆင်ဆရာကို မြင်ရလျှင် အနီး၌ တည်နေကြကုန်သော ရဟန်းတို့ကိုခေါ်၍ “ငါ့ရှင်တို့- ဤဆင်ဆရာသည် ဤဆင်ကို ဤမည်သောနေရာ၌ အကယ်၍ ထိုးငြားအံ့၊ လျင်မြန်စွာသာလျှင် ဤအကြောင်းကို သင်ယူစေနိုင်ရာ၏”ဟု ဆိုလေသတတ်။ ထိုဆင်ဆရာသည် ထိုရဟန်း၏စကားကို ကြားရသဖြင့် ရဟန်းဆိုတိုင်း ပြုလတ်သည်ရှိသော် ထိုဆင်ကို ကောင်းကောင်းယဉ်ကျေးအောင် ဆုံးမနိုင်၏။ ထိုရဟန်းတို့သည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် ထိုရဟန်းကို ခေါ်စေတော်မူ၍ “သင်သည် ဤသို့ဆိုသောဟူသည် မှန်သလော”ဟု မေးတော်မူသောကြောင့် “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် ကဲ့ရဲ့တော်မူပြီးလျှင် “မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား- သင့်အား ဆင်ယာဉ်ဖြင့်လည်းကောင်း၊ တစ်ပါးသော ယာဉ်ဖြင့်လည်းကောင်း၊ ယဉ်ကျေးခြင်းဖြင့်လည်းကောင်း အဘယ်အကျိုးရှိအံ့နည်း။ ဤယာဉ်တို့ဖြင့် မရောက်စဖူးသောအရပ်သို့ သွားခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ၊ ကောင်းစွာယဉ်ကျေးအောင် ဆုံးမအပ်သော မိမိကိုယ်ဖြင့် မရောက်စဖူးသောအရပ်သို့ သွားခြင်းငှာ တတ်ကောင်း၏။ ထို့ကြောင့် မိမိကိုယ်ကိုသာလျှင် ဆုံးမလော့၊ ထိုဆင်တို့ကို ဆုံးမသဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၂၃] န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံ ဒိသံ။
ယထာတ္တနာ သုဒန္တေန၊ ဒန္တော ဒန္တေန ဂစ္ဆတိ။

ဧတေဟိ ယာနေဟိ၊ ဤဆင်ယာဉ်စသော ယာဉ်တို့ဖြင့်။ အဂတံ၊ မရောက်အပ်စဖူးသောကြောင့် အဂတဟုဆိုအပ်သော။ ဒိသံ၊ နိဗ္ဗာန်ဟူသောအရပ်သို့။ န ဟိ ဂစ္ဆေယျ၊ မရောက်နိုင်ရာ။

(တစ်စုံတစ်ယောက်သောသူသည် အိပ်မက်ဖြစ်သော်လည်း မရောက်စဖူးသောကြောင့် “အဂတ”ဟု ဆိုအပ်သော နိဗ္ဗာန်အရပ်သို့ ဤဆင်ယာဉ်စသည်တို့ဖြင့် မရောက်စကောင်းဟူလို။)

ယထာ၊ ရောက်နိုင်ရာသောအကြောင်းကား။ သုဒန္တေန၊ ကောင်းစွာဆုံးမအပ်သော။ အတ္တနာ၊ မိမိကိုယ်ဖြင့်လည်းကောင်း။ ဒန္တေန၊ ဘာဝနာမဂ် ဆုံးမချက်ဖြင့်လည်းကောင်း။ ဒန္တော၊ ယဉ်ကျေးပြီးသောသူသည်။ ဂစ္ဆတိ၊ ရောက်နိုင်၏။

(ရှေးအဖို့၌ စက္ခုစသော ဣန္ဒြေကို ဆုံးမခြင်းဖြင့်လည်းကောင်း၊ နောက်အဖို့၌ အရိယာမဂ်တရား ပွားများခြင်းဖြင့်လည်းကောင်း ကောင်းစွာယဉ်ကျေးခြင်းဖြင့် ယဉ်ကျေးပြီးသော ပညာရှိပုဂ္ဂိုလ်သည် ထိုမရောက်စဖူးသော အရပ်သို့ ရောက်၏။ ထို့ကြောင့် မိမိကိုယ်ကို ဆုံးမခြင်းသည် ထိုဆင်ကို ဆုံးမရသည်ထက် မြတ်၏ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဆင်ဆရာဖြစ်ဖူးသောရဟန်း ဝတ္ထုပြီး၏။

֍ * ၃။ ပုဏ္ဏားအို၏သားများ ဝတ္ထု

ဓနပါလောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အမှတ်မရှိ တစ်ယောက်သောပုဏ္ဏားအို၏ သားတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အမွေအကုန်ပေးမိသော ပုဏ္ဏားကြီး၏ဒုက္ခ

သာဝတ္ထိပြည်၌ ပုဏ္ဏားတစ်ယောက်သည် ရှစ်သိန်းသောဥစ္စာစည်းစိမ်ရှိသည်ဖြစ်၍ အရွယ်သို့ရောက်ကုန်သော သားလေးယောက်တို့အား ထိမ်မြားခြင်းမင်္ဂလာကို ပြုလုပ်ပြီးလျှင် လေးသိန်းသောဥစ္စာတို့ကို ပေးပေသတတ်။ ထို့နောက် ပုဏ္ဏားကြီးအား ပုဏ္ဏေးမကြီး သေလွန်လတ်သည်ရှိသော် သားတို့သည် “ဤငါတို့အဖ ပုဏ္ဏားကြီးသည် တစ်ပါးသော ပုဏ္ဏေးမကို အကယ်၍ ဆောင်ယူသည်ဖြစ်အံ့၊ ထိုပုဏ္ဏေးမ၏ဝမ်း၌ဖြစ်သော သားတို့၏အစွမ်းအားဖြင့် အမျိုးဥစ္စာသည် ပျက်စီးလတ္တံ့၊ ယခုအခါ ငါတို့သည် ကောင်းစွာ ချီးမြှောက်ထောက်ပံ့ကြကုန်စို့အံ့”ဟု ကောင်းစွာ တိုင်ပင်ကြလေကုန်၏။ ထိုသားလေးယောက်တို့သည် မွန်မြတ်သော အဝတ်အစား အစရှိသည်တို့ဖြင့် လုပ်ကျွေးကုန်လျက် လက်ခြေဆုပ်နယ်ခြင်း စသည်ကို ပြုလုပ်ကြကုန်၏။ လုပ်ကျွေးသမှု ပြုလုပ်ကြသဖြင့် တစ်နေ့သ၌ ဖခင်ပုဏ္ဏားကြီး နေ့အခါအိပ်၍ နိုးလတ်သည်ရှိသော် လက်ခြေတို့ကို ဆုပ်နယ်ကြကုန်လျက် အသီးအသီး အိမ်ရာထောင်ခြင်း၌ အပြစ်ကိုပြောဆို၍ “ကျွန်တော်တို့သည် သင်-ဖခင်တို့ကို ဤသို့သောနည်းဖြင့် အသက်ထက်ဆုံး လုပ်ကျွေးကြပါကုန်အံ့၊ ကြွင်းသောဥစ္စာ လေးသိန်းကိုလည်း ကျွန်တော်တို့အား ပေးသနားကြပါလော့”ဟု တောင်းပန်ကြလေကုန်၏။ ဖခင်ပုဏ္ဏားကြီးသည် တစ်ဖန် တစ်ယောက်,တစ်ယောက်သောသားအား တစ်သိန်း,တစ်သိန်းစီပေး၍ မိမိအလို့ငှာ အဝတ်အရုံမျှလောက်ကိုသာ ထားသဖြင့် အသုံးအဆောင်ခံစားဖွယ် ဟူသမျှကို လေးခုသော အစုတို့ကိုပြု၍ အပ်နှင်းလေ၏။ ထိုဖခင်ပုဏ္ဏားကြီးကို သားကြီးသည် နှစ်ရက်,သုံးရက်ပတ်လုံး လုပ်ကျွေးပြုစုလေ၏။ ထို့နောက် တစ်နေ့သ၌ ရေချိုး၍ပြန်လာသော ထိုပုဏ္ဏားအိုကြီးကို မြင်တဲ့လျှင် တံခါးမုခ်၌ရပ်လျက် ချွေးမက ဆိုလိုက်သည်မှာ “သင်ဖခင်သည် သားကြီးအား တစ်ရာကိုလည်းကောင်း, တစ်ထောင်ကိုလည်းကောင်း အပိုအလွန်ပေးခြင်းသည် ရှိပါသလော၊ ခပ်သိမ်းသောသားတို့အား နှစ်သိန်း,နှစ်သိန်းစီ ပေးသည်မဟုတ်ပါလော။ ကြွင်းသောသားတို့၏အိမ်သို့ သွားရာလမ်းကို မသိလေသလော”ဟု ဤသို့သောစကားကို ဆိုဘိလေ၏။

ဘုရားထံသို့ ချဉ်းကပ်ခြင်း

ထိုပုဏ္ဏားအိုကြီးသည်လည်း “သူယုတ်မ ပျက်စီးလေလော့”ဟု ဆိုကာ အမျက်ထွက်သဖြင့် ထိုမှတစ်ပါးသောသား၏အိမ်သို့ သွားလေ၏။ ထိုသားအိမ်မှလည်း နှစ်ရက်,သုံးရက်လွန်သောအခါ ဤသို့သောနည်းဖြင့်သာလျှင် ပြေးစေအပ်သည်သာဖြစ်၍ ထိုမှတစ်ပါးသော သား၏အိမ်သို့ သွားပြန်လေ၏။ ဤသို့သောနည်းဖြင့် တစ်ခုသောအိမ်ကိုလည်း ဝင်ခြင်းကို မရလတ်သည်ဖြစ်ရကား အဝတ်ဖြူဝတ်သော ပရိဗိုဇ်ရဟန်း၏အဖြစ်ဖြင့် ရဟန်းပြုလုပ်ပြီးလျှင် ဆွမ်အလို့ငှာ သွားလာလှည့်လည်သဖြင့် အခါကာလတို့၏ လွန်လတ်သောအခါ အိုမင်းရင့်ရော်သည်ဖြစ်၍ မကောင်းသော စားသောက်ရခြင်း၊ မကောင်းသောအိပ်စက်ရခြင်းဖြင့် ညှိုးနွမ်းသောကိုယ် ရှိသည်ဖြစ်၍ ဆွမ်းအလို့ငှာ သွားလာလှည့်လည်လျက် ပြန်လာပြီးလျှင် ကျောက်ကုန်းဖြင့် လျောင်းစက်ကာ အိပ်ပျော်ခြင်းသို့ရောက်၍ အိပ်ရာမှထသဖြင့် ထိုင်လျက် မိမိကိုယ်ကိုကြည့်ပြီးလျှင် သားတို့၌ မိမိ၏ကိုးကွယ်ရာ အားထားရာ မမြင်လတ်သည်ရှိသော် “ရဟန်းဂေါတမသည် မျက်မှောင်ကြုတ်ခြင်း မရှိသတတ်၊ ပေါ်လွင်ရွှင်ပျသော မျက်နှာရှိသတတ်၊ ချမ်းသာစွာ ဆိုတတ်သောစကား ရှိသတတ်၊ အစေ့အစပ်ပြုခြင်း၌ လိမ္မာတော်မူသတတ်၊ ရဟန်းဂေါတမသို့ ချဉ်းကပ်ရလျှင် အစေ့အစပ်ပြုခြင်းကို ရခြင်းငှာ တတ်ကောင်း၏”ဟု ကြံစည်မိလေ၏။ ထိုပုဏ္ဏားကြီးသည် အဝတ်အရုံကို ကောင်းစွာပြုပြင်၍ ဆွမ်းခွက်ကိုကိုင်ကာ တောင်ဝှေးစွဲလျက် မြတ်စွာဘုရား၏ အထံတော်သို့ သွားလေ၏။

(ထိုစကားမှန်၏။ ဤဆိုလတ္တံ့သောစကားကို ပါဠိတော်၌ မိန့်ဆိုအပ်သည်သာတည်း။ ထိုအခါ များသောဥစ္စာရှိဖူးသော တစ်ယောက်သောပုဏ္ဏားသည် ခေါင်းပါးသော ကိုယ်ရှိသည်ဖြစ်၍ ညစ်နွမ်းသော အဝတ်အရုံရှိသည်ဖြစ်၍ မြတ်စွာဘုရားရှိတော်မူရာအရပ်သို့ ချဉ်းကပ်ပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ နေလေ၏။ ဤကား ပါဠိတော်၌ ဆိုအပ်သောစကားတည်း။)

မြတ်စွာဘုရားသည် တင့်အပ်လျောက်ပတ်သောအရပ်၌နေသော ထိုပုဏ္ဏားကြီးနှင့် ပဋိသန္ဓာရ စေ့စပ်ခြင်းကိုပြုပြီးလျှင် “ပုဏ္ဏားကြီး- အသို့နည်း။ သင်သည် ခေါင်းပါးသော ကိုယ်လက်ရှိဘိ၏။ ညစ်နွမ်းသော အဝတ်အရုံရှိဘိ၏”ဟု ဤသို့သောစကားကို မိန့်ကြားတော်မူလေ၏။ “အို..ရှင်ဂေါတမ- ဤလောက၌ တပည့်တော်အား သားလေးယောက်တို့သည် ရှိကြပါကုန်၏။ ထိုသားလေးယောက်တို့သည် တပည့်တော်ကို မယားတို့နှင့်တိုင်ပင်၍ အိမ်မှ ထွက်ခွာစေကြပါသည်ဘုရား”ဟု လျှောက်လတ်သော် “ထိုသို့ဖြစ်မှု ပုဏ္ဏားကြီး- သင်သည် ဤဂါထာတို့ကို သင်ယူ၍ သဘင်၌ များစွာသော လူအပေါင်း စည်းဝေးလတ်သည်ရှိသော် သားတို့သည်လည်း စည်းဝေးလတ်ကုန်သည်ရှိသော် ရွတ်ဆိုချေလော့။”

ပုဏ္ဏားကြီးအား ဘုရားသင်ပေးသော ဂါထာများ

ယေဟိ ဇာတေဟိ နန္ဒိဿံ၊ ယေသဉ္စ ဘဝမိစ္ဆိသံ။
တေ မံ ဒါရေဟိ သံပုစ္ဆ၊ သာဝ ဝါရေန္တိ သူကရံ။

အသန္တာ ကိရ မံ ဇမ္မာ၊ တာတ တာတာတိ ဘာသရေ။
ရက္ခသာ ပုတ္တရူပေန၊ တေ ဇဟန္တိ ဝယောဂတံ။

အဿောဝ ဇိဏ္ဏော နိဗ္ဘောဂေါ၊ ခါဒနာ အပနီယတိ။
ဗာလာကာနံ ပိတာ ထေရော၊ ပရာဂါရေသု ဘိက္ခတိ။

ဒဏ္ဍောဝ ကိရ မေ သေယျော၊ ယဉ္စေ ပုတ္တာ အနဿဝါ။
စဏ္ဍမ္ပိ ဂေါဏံ ဝါရေတိ၊ အထော စဏ္ဍမ္ပိ ကုက္ကုရံ။

အန္ဓကာရေ ပုရေ ဟောတိ၊ ဂမ္ဘီရေ ဂါဓမေဓတိ။
ဒဏ္ဍဿ အာနုဘာဝေန၊ ခလိတွာ ပတိ တိဋ္ဌတိ။

ယေဟိ၊ အကြင်သားတို့သည်။ ဇာတေဟိ၊ ဖွားမြင်လတ်ကုန်သည်ရှိသော်။ အဟံ၊ အကျွန်ုပ်သည်။ နန္ဒိဿံ၊ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ရဖူးပြီ။ ယေသဉ္စ၊ အကြင်သားတို့၏လည်း။ ဘဝံ၊ စည်းစိမ်ချမ်းသာဖြင့် ကြီးပွားခြင်းကို။ ဣစ္ဆိသံ၊ အလိုရှိရဖူးလေပြီ။ တေ၊ ထိုသားတို့သည်။ မံ၊ ငါ့ကို။ ဒါရေဟိ၊ မယားတို့နှင့်။ သံပုစ္ဆ၊ တိုင်ပင်၍။ သူကရံ၊ ဝက်ကို။ သာ၊ ခွေးတို့သည်။ ဝါရေန္တိ ဣဝ၊ တားမြစ်ကုန်သကဲ့သို့။ ဝါရေန္တိ၊ တားမြစ်ကြကုန်၏။

အသန္တာ၊ သူတော်ကောင်း မဟုတ်ကုန်သော။ ဇမ္မာ၊ ယုတ်မာလှသော သားမိုက်ဖြစ်ကုန်သော။ ရက္ခသာ၊ ဘီလူးတို့သည်။ ပုတ္တရူပေန၊ သား၏အသွင်ဖြင့်။ မံ၊ ငါ့ကို။ တာတ တာတာတိ၊ ဖခင်,ဖခင်ဟူ၍။ ဘာသရေ ကိရ၊ ဆိုကြကုန်သတတ်။ တေ၊ ထိုသားမိုက် လေးယောက်တို့သည်။ ဝယောဂတံ၊ ကြီးရင့်သော အရွယ်သို့ရောက်သောငါ့ကို။ ဇဟန္တိ ၊ စွန့်ပစ်ကြကုန်၏။

ဇိဏ္ဏော၊ အိုမင်းသော။ နိဗ္ဘောဂေါ၊ သုံးဆောင်ခြင်းငှာ မထိုက်သော။ အဿော၊ မြင်းကို။ ခါဒနာ၊ အစာမှ။ အပနီယတိ ဣဝ၊ ပယ်အပ်သကဲ့သို့။ အဟံ၊ ငါ့ကို။ အပနီယာမိ၊ ပယ်အပ်၏။ ၊ ထိုသို့ ပယ်လေသောကြောင့်။ ဗာလကာနံ၊ သားမိုက်တို့၏။ ပိတာ၊ ဖခင်ဖြစ်သော။ ထေရော၊ အဘိုးအိုကြီးသည်။ ပရာဂါရေသု၊ သူတစ်ပါးတို့၏ အိမ်တို့၌။ ဘိက္ခတိ၊ တောင်းစားရ၏။

မေ၊ ငါ၏။ ဒဏ္ဍောဝ၊ တောင်ဝှေးသည်သာလျှင်။ သေယျာ ကိရ၊ မြတ်ပေသတတ်။ အနဿဝါ၊ အာကိုးရာမရကြကုန်သော။ ဝါ၊ မိဘစကား နားမထောင်ကြကုန်သော။ ပုတ္တာ၊ သားတို့သည်။ ယံ စေ၊ မမြတ်ကြကုန်။ မေ၊ ငါ၏။ ဒဏ္ဍော၊ တောင်ဝှေးသည်။ စဏ္ဍံ၊ ကြမ်ကြုတ်သော။ ဂေါဏမ္ပိ၊ နွားကိုလည်း။ ဝါရေတိ၊ တားမြစ်နိုင်၏။ အထော၊ ထိုမှတစ်ပါး။ စဏ္ဍကုက္ကုရမ္ပိ၊ ကြမ်းကြုတ်သော ခွေးကိုလည်း။ ဝါရေတိ၊ တားမြစ်နိုင်၏။

အန္ဓကာရေ၊ အမိုက်တိုက်၌။ ပုရေ၊ ရှေ့သွားအဖော်သည်။ ဟောတိ၊ ဖြစ်ပေ၏။ ဂမ္ဘီရေ၊ အစောက်နက်သော ချောက်၌။ ဂါဓံ၊ ထောက်ရာတည်ရာကို။ ဧဓတိ၊ ရနိုင်၏။ ဒဏ္ဍဿ၊ တောင်းဆုံး၏။ အာနုဘာဝေန၊ အာနုဘော်ကြောင့်။ ခလိတွာ၊ ချွတ်ချော် တိမ်းလဲသည်ရှိသော်။ ပတိတိဋ္ဌတိ၊ တည်တံ့နိုင်ပေ၏။

ဂါထာ၏တန်ခိုးဖြင့် ပြန်၍ချမ်းသာခြင်း

ဤသို့လျှင် ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏အထံတော်၌ ထိုဂါထာတို့ကို သင်ယူပြီးလျှင် ပုဏ္ဏားတို့၏ ထိုသို့သဘောရှိသော အညီအညွတ် စည်းဝေးရာနေ့ရက်၌ ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော သားတို့သည် ထိုသဘင်သို့သက်ဝင်၍ ပုဏ္ဏားတို့၏အလယ် မြတ်သောသူတို့သာ နေခြင်းငှာ ထိုက်သောနေရာ၌ ထိုင်နေကြကုန်သည်ရှိသော် “ဤအခါသည် ငါဝင်ချိန် အခါတန်ပြီ”ဟု သဘင်၏အလယ်သို့ဝင်၍ လက်ကိုမြှောက်ချီလျက် “ငါသည် သင်တို့အား ဂါထာတို့ကိုဆိုခြင်းငှာ အလိုရှိပါသည်။ နားထောင်ကြပါကုန်လော့”ဟု ဆို၍ “ပုဏ္ဏားကြီး- ဆိုပါလော့၊ နားထောင်ကြပါကုန်အံ့”ဟု ပြန်ဆိုသည်ရှိသော် ရပ်လျက်သာလျှင် ရွတ်ဆိုလေ၏။

(ထိုအခါ၌ကား လူတို့အား ဤသို့သော ကျင့်ဝတ်ရှိသည်ဖြစ်၏။ အကြင်သားသမီးသည် အမိအဘတို့၏ ဥစ္စာကိုစား၍ အမိအဘတို့ကို မလုပ်ကျွေး၊ ထိုသားသမီးကို သတ်အပ်၏ဟု ကျင့်ဝတ်ရှိသည်ဖြစ်၏။)

ထို့ကြောင့် ထိုပုဏ္ဏား သားလေးယောက်တို့သည် ဖခင် ပုဏ္ဏားကြီး၏ ခြေရင်းတို့၌ဝပ်လျက် “ဖခင်- ကျွန်တော်တို့အား အသက်ကို ပေးတော်မူကြပါကုန်လော့”ဟု တောင်းပန်ကြလေကုန်၏။ ထိုပုဏ္ဏားကြီးသည်လည်း စိတ်နှလုံး နူးညံ့သည်အဖြစ်ကြောင့် “အချင်းတို့ ငါ၏သားတို့ကို မဖျက်ဆီးကြပါကုန်လင့်၊ ငါ့ကို ကျွေးမွေးကြပါလိမ့်မည်”ဟု ဆိုလေ၏။ ထို့နောင်မှ ပုဏ္ဏားကြီး၏သားတို့ကို လူတို့သည် “အချင်းတို့- ယနေ့ကိုအစပြု၍ ဖခင်ကို အကယ်၍ ကောင်းစွာ မလုပ်ကျွေးကြကုန်သည်ဖြစ်အံ့၊ သင်တို့ကို သတ်ပစ်ကြရလိမ့်မည်”ဟု ပြောဆိုကြလေကုန်၏။

ထိုသားလေးယောက်တို့သည် ကြောက်လန့်ကြကုန်သည် ဖြစ်ရကား ဖခင်ပုဏ္ဏားကြီးကို အင်းပျဉ်၌ နေစေပြီးမှ ကိုယ်တိုင်ထမ်းလျက် အိမ်သို့ဆောင်သဖြင့် ကိုယ်ကို ဆီဖြင့်နယ်၍ ပွတ်သပ်၍ နံ့သာမှုန့် စသည်တို့ဖြင့် ရေချိုးပေးပြီးလျှင် ပုဏ္ဏေးမတို့ကို ခေါ်စေသဖြင့် “ယနေ့ကိုအစပြု၍ ငါတို့၏ဖခင်ကို ကောင်းစွာ လုပ်ကျွေးကြကုန်လော့၊ မေ့လျော့ခြင်းသို့ အကယ်၍ ရောက်ကုန်သည်ဖြစ်အံ့၊ သင်တို့ကို နှိပ်စက်ကြရကုန်လတ္တံ့”ဟု ဆို၍ မွန်မြတ်သော ဘောဇဉ်ကို ကျွေးမွေးကြလေကုန်၏။ ပုဏ္ဏားကြီးသည် ကောင်းစွာ စားရခြင်းကိုလည်းကောင်း၊ ကောင်းစွာ အိပ်ရခြင်းကိုလည်းကောင်း အစွဲပြု၍ နှစ်ရက်,သုံးရက်လွန်သောအခါ ဖြစ်သောအားရှိသည်ဖြစ်၍ ပြည့်ဖြိုးသော ဣန္ဒြေရှိသည်ဖြစ်၍ အတ္တဘောကို ကြည့်ရှုလျက် “ငါသည် ဤစည်းစိမ်ချမ်းသာကို ရဟန်းဂေါကမကိုမှီ၍ ရအပ်ပေ၏”ဟု လက်ဆောင်အလို့ငှာ တစ်စုံသောအဝတ်ပုဆိုးကိုယူ၍ မြတ်စွာဘုရား၏အထံတော်သို့ သွားပြီးလျှင် ပြုအပ်သော ပဋိသန္ဓာရ စေ့စပ်ခြင်းရှိသည်ဖြစ်၍ တင့်အပ်လျောက်ပတ်သောအရပ်၌နေလျက် ထိုပုဆိုးအစုံကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ထား၍ “အို..ရှင်ဂေါတမ- တပည့်တော်တို့ ပုဏ္ဏားတို့မည်သည်ကား ဆရာ့အလို့ငှာ ဆရာတွက်ဥစ္စာကို ရှာလေ့ရှိကြပါကုန်၏။ ရှင်ဂေါတမသည် တပည့်တော်၏ ဆရာဖြစ်ပါသည်။ ဆရာ၏အဖို့ဥစ္စာကို ခံယူတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။

ဘုရားအား ပုဏ္ဏားကြီး ဆွမ်းဝတ်တည်ခြင်း

မြတ်စွာဘုရားသည် ထိုပုဏ္ဏားကြီးအား အစဉ်သနားသဖြင့် ပုဆိုးအစုံကို ခံယူတော်မူပြီး၍ တရားဟောတော်မူ၏။ ဒေသနာတော်၏အဆုံး၌ ပုဏ္ဏားသည် သရဏဂုံသုံးပါးတို့၌ တည်သဖြင့် “အို..ရှင်ဂေါတမ- တပည့်တော်အား သားတို့သည် အမြဲမပြတ် လေးလုံးသော ထမင်းအိုးတို့ကို ပေးအပ်ကုန်၏။ ထိုလေးလုံးသော ထမင်းအိုးမှ တပည့်တော်သည် မြတ်စွာဘုရားတို့အား နှစ်လုံးသော ထမင်းအိုးတို့ကို လှူပါ၏ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ပုဏ္ဏားကြီးကို မြတ်စွာဘုရားသည် “ပုဏ္ဏားကြီး- ကောင်းသောသဘောရှိ၏။ ငါတို့သည်ကား နှစ်သက်ရာအရပ်သို့သာ သွားကြကုန်အံ့”ဟု ဆို၍ လွှတ်လိုက်လေ၏။ ပုဏ္ဏားကြီးသည် အိမ်သို့သွားပြီးလျှင် သားတို့ကို “အို..ချစ်သားတို့- ရဟန်းဂေါတမသည် ငါ၏ အဆွေခင်ပွန်းဖြစ်၏။ ငါသည် ထိုရဟန်းဂေါတမအား အမြဲ နှစ်လုံးသော ထမင်းအိုးတို့ကို လှူအပ်ကုန်၏။ သင်တို့သည် ရဟန်းဂေါတမ ရောက်လာသည်ရှိသော် မမေ့မလျော့ကြကုန်လင့်”ဟု ဆိုလေ၏။ ထိုသားတို့သည် “ကောင်းပါပြီ”ဟု ဝန်ခံကြလေကုန်၏။ မြတ်စွာဘုရားသည် တစ်ဖန် မိုးသောက်သောနေ့၌ ဆွမ်းအလို့ငှာ လှည့်လည်တော်မူလတ်သည်ရှိသော် သားကြီး၏အိမ်တံခါးသို့ ရောက်သွားတော်မူလေ၏။ သားကြီးသည် မြတ်စွာဘုရားကိုမြင်ရလျှင် သပိတ်တော်ကိုယူ၍ အိမ်သို့ပင့်သွင်း၍ မြတ်သောသူတို့အား နေခြင်းငှာ ထိုက်သော ပလ္လင်၌နေစေပြီးလျှင် မွန်မြတ်သောဘောဇဉ်ကို လှူဒါန်းလေ၏။ ဘုရားရှင်သည် တစ်ဖန် မိုးသောက်သောနေ့၌ ထိုမှတစ်ပါးသော သားတစ်ယောက်အိမ်သို့လည်းကောင်း အစဉ်အတိုင်းအားဖြင့် ခပ်သိမ်းသောသားတို့၏အိမ်သို့ ကြွသွားတော်မူလေ၏။ ခပ်သိမ်းသော သားတို့သည် ထို့အတူသာလျှင် ပူဇော်သက္ကာရကို ပြုကြလေကုန်၏။

သားများလည်း ဘုရားကိုကြည်ညိုခြင်း

တစ်နေ့သ၌ သားကြီးသည် မင်္ဂလာကို ဖြစ်စေအပ်သည်ရှိသော် ဖခင်ပုဏ္ဏားကြီးကို “ဖခင်- အဘယ်သူအား မင်္ဂလာကို ပေးလှူကြရပါကုန်အံ့နည်း”ဟု ဆိုလေ၏။ “ငါသည် တစ်ပါးသောပုဂ္ဂိုလ်တို့ကို မသိ၊ ရဟန်းဂေါတမသည် ငါ၏အဆွေခင်ပွန်းဖြစ်၏”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ ဖခင်သည် နက်ဖြန်ကောင်းမှုအလို့ငှာ ငါးရာသောရဟန်းတို့နှင့် အတူတကွ ပင့်ဖိတ်ကြပါကုန်လော့”ဟု ဆိုသဖြင့် ပုဏ္ဏားကြီးသည် ထိုသားကြီးဆိုသောအတိုင်း ပြုလေ၏။ မြတ်စွာဘုရားသည် တစ်ဖန် မိုးသောက်နေ့၌ အခြံအရံနှင့်တကွ ထိုသားကြီး၏အိမ်သို့ ကြွသွားတော်မူလေ၏။ ထိုသားကြီးသည် စိုစွတ်သော နွားချေးဖြင့် လိမ်းကျံအပ်သော ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သောအိမ်၌ ဘုရားရှင် အမှူးရှိသော ရဟန်းသံဃာကို နေစေပြီးလျှင် ရေမရောသော ကောင်းသောအရသာရှိသော နို့ဃနာဖြင့်လည်းကောင်း၊ မွန်မြတ်သော ခဲဖွယ်ဖြင့်လည်းကောင်း လုပ်ကျွေးသမှုပြုစုလေ၏။ ဆွမ်းဘုဉ်းပေးခြင်း၏ အတွင်း၌သာလျှင် ပုဏ္ဏားကြီး၏ သားလေးယောက်တို့သည် မြတ်စွာဘုရား၏ အထံတော်၌နေ၍ “အို..ရှင်ဂေါတမ- တပည့်တော်တို့သည် တပည့်တော်တို့၏ဖခင်ကို လုပ်ကျွေးကြပါသည်။ မမေ့မလျော့ကြပါ။ ထိုဖခင်ပုဏ္ဏားကြီး၏ အတ္တဘောကို ကြည့်ရှုတော်မူကြပါဘုရား”ဟု လျှောက်ထားကြလေကုန်၏။ မြတ်စွာဘုရားသည် “သင်တို့သည် ကောင်းသောအမှုကို ပြုအပ်ပေ၏။ အမိအဖတို့ကို လုပ်ကျွေးခြင်းမည်သည်ကား ရှေးပညာရှိတို့၏ အလေ့အကျက်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် တဿနာဂဿ ဝိပ္ပဝါသေန၊ ဝိရူဠှာ သလ္လကီစ ကုဋဇာစ အစရှိသည်ဖြင့် ဧကာဒသက နိပါတ်၌လာသော အမိကိုလုပ်ကျွေးသော ဤဆင်မင်းဇာတ်ကို အကျယ်အားဖြင့် ဟောတော်မူလို၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၂၄] ဓနပါလောနာမ ကုဉ္ဇရော၊ ကဋုကဘေဒနော ဒုန္နိဝါရယော။
ဗဒ္ဓေါ ကဗဠံ န ဘုဉ္ဇတိ၊ သုမရတိ နာဂဝနဿ ကုဉ္ဇရော။

ဓနပါလောနာမ၊ ဓနပါလ အမည်ရှိသော။ ကုဉ္ဇရော၊ ဆင်ပြောင်သည်။

(ထိုအခါ ကာသိကရာဇ်မင်းကြီးသည် ဆင်ဆရာကိုစေလွှတ်၍ မွေ့လျော်ဖွယ်ကောင်းသော ကံ့ကော်တော၌ ဖမ်းယူစေအပ်သော ဆင်ပြောင်၏အမည်သည် “ဓနပါလ”မည်၏ ဟူလို။)

ကဋုကဘေဒနော၊ ထက်သော မုန်ယစ်ခြင်း ရှိသည်ဖြစ်၍။ ဒုန္နိဝါရယော၊ တားမြစ်နိုင်ခဲ၏။

(ဆင်တို့အား မုန်ယစ်လတ်သောအခါ နားပန်စွန်းမှ ကွဲထွက်၏။ ပကတိအားဖြင့်လည်း ဆင်တို့သည် ထိုအခါ ချွန်းတောင်းဖြင့်လည်းကောင်း၊ လှံမ,ခက်ရင်းဖြင့်လည်းကောင်း နှိပ်စက်ရလောက်အောင် ကြမ်းကြုတ်ကြပါကုန်၏။ ဓနပါလဆင်ကား အလွန်ကြမ်းကြုတ်လှသည် ဖြစ်၍ တားမြစ်နိုင်ခဲ၏ဟူလို။)

ဗဒ္ဓေါ၊ ဖမ်းထားအပ်သည်ဖြစ်၍။ ကဗဠံ၊ အစာအာဟာရကို။ န ဘုဉ္ဇတိ၊ မစားနိုင်။

(ထိုဆင်ပြောင်ကို ဖွဲ့ချည်ထားသည် မဟုတ်သော်လည်း ဆင်တင်းကုပ်သို့ဆောင်၍ ဆန်းကြယ်သော ကန့်လန့်ကာတို့ကို ကာရံစေလျက် အပြေအပြစ်ပြုအပ်သော နေရာ၏အထက်၌ ဖွဲ့အပ်သော ဆန်းကြယ်သော မျက်နှာကြက်ရှိသော မြေအဖို့၌ ထားအပ်၏။ မင်းကြီးသည် မင်အား ထိုက်တန်သော အထူးထူး ကောင်းမြတ်သော အရသာရှိသော ဘောဇဉ်ဖြင့် ကျွေးမွေးစေအပ်သော်လည်း တစ်စုံတစ်ခုသော အစာအာဟာရကို စားသောက်ခြင်းငှာ အလိုမရှိ။ ဆင်တင်းကုပ်သို့ သွင်းထားခြင်းမျှကိုပင် ရည်စူ သောအားဖြင့် ဖမ်ထားအပ်သည်ဖြစ်၍ အစာအာဟာရကို မစားနိုင်ဟု ဆိုခြင်းဖြစ်၏ဟူလို။)

ကုဉ္ဇရော၊ ဆင်ပြောင်သည်။ နာဂဝနဿ၊ အမိနေရာကံ့ကော်တောအရပ်ကို။ သုမရတိ၊ အလွန်အောက်မေ့၏။

(ထိုဆင်ပြောင်ကြီးသည် မွေ့လျော်ဖွယ်ကောင်းသောအရပ်ဟု ကံ့ကော်တောကို အောက်မေ့သည်မဟုတ်၊ သူ၏မိခင် မျက်မမြင် ဆင်မအိုကြီးသည် သားနှင့်ကွေကွင်းသဖြင့် ဆင်းရဲခြင်းသို့ရောက်ရရှာ၏။ ထိုဆင်ပြောင်သည် မိဘကို လုပ်ကျွေးသောငါ့အား တရားမပြည့်၊ ဤဘောဇဉ်ဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်းဟု တရားနှင့်အညီ မိဘလုပ်ကျွေးသော တရားကိုသာလျှင် လွမ်းဆွတ်အောက်မေ့လေ၏။ ထိုတရားကိုကား ထိုကံ့ကော်တော၌သာ နေသဖြင့် ဖြည့်ကျင့်ခြင်းငှာ တတ်ကောင်းလေသောကြောင့် ဆင်ပြောင်သည် ကံ့ကော်တောကို အလွန်အောက်မေ့၏ဟု ဆိုသည်ဟူလို။)

ဒေသနာတော်၏ အကျိုး

မြတ်စွာဘုရားသည် ကိုယ်တော်၏ ဤရှေးအကျင့်ကို ဆောင်တော်မူ၍ ဟောကြားတော်မူစဉ်ပင်လျှင် အလုံးစုံသော ထိုပုဏ္ဏားတို့သည် မျက်ရည်အလျဉ်တို့ကို ဖြစ်စေလျက် နူးညံ့သော စိတ်နှလုံး ရှိကြကုန်သဖြင့် နားထောင်ကြလေကုန်၏။ ထို့နောင်မှ မြတ်စွာဘုရားသည် ထိုသူတို့အား လျောက်ပတ်သည်ကို သိတော်မူသဖြင့် သစ္စာလေးပါးတရားတို့ကို ပြတော်မူလျက် တရားဟောတော်မူလေ၏။ ဒေသနာတော်၏အဆုံး၌ သားလေးယောက်တို့နှင့်လည်းကောင်း၊ ချွေးမလေးယောက်တို့နှင့်လည်းကောင်း အတူတကွ ပုဏ္ဏားကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ပုဏ္ဏားအို၏သားများ ဝတ္ထု ပြီး၏။

֍ * ၄။ ပသေနဒီကောသလမင်း ဝတ္ထု

မိဒ္ဓီ ယဒါ ဟောတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပသေနဒီ ကောသလမင်းကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အစားကြီးသူ၏ အပြစ်

အခါတစ်ပါး ပသေနဒီကောသလမင်းကြီးသည် ဆန်တစ်စရွတ်(တစ်စိတ်)ဖြင့် ချက်သော ထမင်းကို ထိုထမင်းအား လျော်သော လက်သုပ်ဟင်းလျာနှင့် စားလေ့ရှိ၏။ ထိုပသေနဒီ ကောသလမင်းကြီးသည် တစ်နေ့သ၌ နံနက်စာ စားပြီးလတ်သော် ထမင်းကြောင့်ဖြစ်သော ယစ်ခြင်းကို မဖျောက်မူ၍သာလျှင် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ပင်ပန်းလှသော သဘောရှိသဖြင့် ထိုမှဤမှ တပြောင်းပြန်ပြန် လူးလဲကာနေလေ၏။ ငိုက်မျဉ်းခြင်းဖြင့် အလွန်နှိပ်စက်အပ်သော်လည်း ဖြောင့်ဖြောင့်တန်းတန်း အိပ်စက်ခြင်းငှာ မတတ်နိုင်ရှာရကား တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်နေလေ၏။ ထိုအခါ ပသေနဒီ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- အသို့နည်း၊ ပင်ပန်းခြင်းကို မဖြေဖျောက်မူ၍သာလျှင် လာခဲ့လေသလော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ဟုတ်မှန်လှပါသည်၊ ပွဲတော်ထမင်း သုံးဆောင်ပြီးသောအခါမှစ၍ တပည့်တော်အား ကြီးစွာသော ဆင်းရဲခြင်းသည် ဖြစ်ရပါသည်ဘုရား”ဟု လျှောက်လတ်သော် ထိုအခါ ပသေနဒီ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- အလွန်အကျူးများစွာ စားသောက်သောသူအား ဤသို့သော ဆင်းရဲခြင်းသည် ဖြစ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၂၅] မိဒ္ဓီ ယဒါ ဟောတိ မဟဂ္ဃသော စ၊
နိဒ္ဒါယိတာ သံပရိဝတ္တသာယီ။
မဟာဝရာဟောဝ နိဝါပပုဋ္ဌော၊
ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒော။

ယဒါ၊ အကြင်အခါ၌။ ပုရော၊ ယောက်ျားသည်။ မိဒ္ဓီစ၊ ထိနမိဒ္ဓ နှိပ်စက်အပ်သည်လည်း။ ဟောတိ၊ ဖြစ်ငြားအံ့။ မဟဂ္ဃသောစ၊ အစားကြီး ငါးယောက်တို့တွင် တစ်ယောက်ယောက်ကဲ့သို့ များစွာ စားသည်လည်း။ ဟောတိ၊ ဖြစ်ငြားအံ့။ နိဝါပပုဋ္ဌော၊ အစာကျွေး၍ မွေးထားအပ်သော။ မဟာဝရာဟောဝ၊ အိမ်ဝက်ကြီးကဲ့သို့။ နိဒ္ဒါယီ၊ အိပ်လေ့ရှိ၏။ သံပရိဝတ္တသာယီ၊ တပြောင်းပြန်ပြန် လူးလဲကာ အိပ်လေ့ရှိ၏။

(အစားကြီးသူငါးယောက်ဟူသည်ကား-
၁။ အာဟာရဟတ္ထက၊ မထနိုင်တော့သဖြင့် လက်ကို ဆွဲပါဦးဟု ပြောရလောက်အောင် စားသောသူ တစ်ယောက်။
၂။ အလံသာဋက၊ ပုဆိုးအဝတ်ကျွတ်သွားပြီးလျှင် ပြန်၍ပင် မဝတ်ချင်လောက်အောင် စားသောသူတစ်ယောက်။
၃။ တတ္ထပဋ္ဋက၊ ထိုနေရာ၌ပင် တပြောင်းပြန်ပြန် လူးလှိမ့်နေရလောက်အောင် စားသောသူ တစ်ယောက်။
၄။ ကာကမာသက၊ ခံတွင်း၌ ကျီးနှိုက်၍ စားရလောက်အောင် စားသောသူတစ်ယောက်။
၅။ ဘုတ္တဝမိတက၊ စားသမျှ အန်ထွက်လောက်အောင် စားသောသူတစ်ယောက်။ ဤကား အစားကြီး ငါးယောက် ဟူလို။)

တဒါ၊ ထိုအခါ၌။ အမနသိကာရာ၊ နှလုံးသွင်းခြင်းမရှိသောကြောင့်။ မန္ဒော၊ ပညာနည်းသောသူသည်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဂဗ္ဘံ၊ အမိဝမ်းတိုက်သို့။ ဥပေတိ၊ ကပ်ရ၏။

(ထိုအခါ ထိုယောက်ျားသည် အနိစ္စ, ဒုက္ခ, အနတ္တဟု နှလုံးသွင်းခြင်းငှာ မတတ်နိုင်ရှာလေ။ ထိုအနိစ္စ, ဒုက္ခ, အနတ္တတို့ကို နှလုံးမသွင်းရှာနိုင်လေသောကြောင့် အမိဝမ်းတိုက်၌ ကိန်းအောင်းရခြင်းမှ မလွတ်နိုင်သေးဟူလို။)

အစား ပမာဏသိသူ အကျိုး

ဒေသနာတော်၏အဆုံး၌ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်းကြီးအား ကျေးဇူးများသည်၏ အစွမ်းအားဖြင့်-

မနုဇဿ သဒါ သတီမတော၊ မတ္တံ ဇာနတော လဒ္ဓဘောဇနေ။
တနုကဿ ဘဝန္တိ ဝေဒနာ၊ သဏိကံ ဇီရတိ အာယုပါလယံ။

သဒါ၊ အခါခပ်သိမ်း။ သတီမတော၊ သတိရှိသော။ လဒ္ဓဘောဇနေ၊ ရသောဘောဇဉ်၌။ မတ္တံ၊ အတိုင်းအရှည်ကို။ ဇာနတော၊ သိသော။ အဿ မနုဇဿ၊ ထိုပုဂ္ဂိုလ်အား။ ဝေဒနာ၊ ဝေဒနာတို့သည်။ တနုကာ၊ ပါးရှားကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သဏိကံ၊ ဖြည်းဖြည်း။ ဇီရတိ၊ အို၏။ အာယုပါလယံ၊ အသက်ကို စောင့်ခြင်းသည်။ အတ္ထိ၊ ရှိ၏။

ဟူသော ဤဂါထာကို မိန့်တော်မူပြီးလျှင် ဥတ္တရလုလင်ကို သင်ယူစေ၍ “ဤဂါထာကို မင်းကြီး၏ ထမင်းပွဲတော်တည်သောအခါ၌ သိသာအောင် ရွတ်ဆိုလော့၊ ဤသို့သော အကြောင်းအားဖြင့် ဘောဇဉ်ကို ယုတ်လျော့စေရာ၏”ဟု အကြောင်းကို မိန့်ကြားတော်မူလေ၏။ ဥတ္တရလုလင်သည် မြတ်စွာဘုရား မိန့်တော်မူသောအတိုင်း ပြုလေ၏။ ပသေနဒီ ကောသလမင်းကြီးသည် တစ်ပါးသောအခါ တစ်ကွမ်းစား (တစ်စလယ်)ချက် ထမင်းအတိုင်းအရှည်ရှိသဖြင့် ကောင်းစွာ တည်တံ့နိုင်သည်ဖြစ်၍လည်းကောင်း၊ ပေါ့သောကိုယ်ရှိသဖြင့် ချမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍လည်းကောင်း၊ မြတ်စွာဘုရား၌ဖြစ်သော အကျွမ်းဝင်ခြင်း ရှိသည်ဖြစ်၍ ခုနစ်ရက်ပတ်လုံး အသဒိသ အလှူကို ဖြစ်စေလေ၏။ အလှူဒါန အနုမောဒနာပြုရာ၌ များစွာသော လူအပေါင်းသည် ကြီးစွာသော ဈာန်မဂ်ဖိုလ်အထူးသို့ ရောက်လေ၏။

ပသေနဒီကောသလမင်း ဝတ္ထု ပြီး၏။

֍ * ၅။ သာနုသာမဏေ ဝတ္ထု

ဣဒံ ပုရေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သာနုအမည်ရှိသော သာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကိုရင်သာနု တရားဟောပြီး အမျှဝေပုံ

ထိုသာနုသာမဏေသည် တစ်ယောက်သော ဒါယိကာမကြီး၏ တစ်ယောက်တည်းသောသား ဖြစ်သတတ်၊ ထိုအခါ ထိုသားကို ငယ်သောအခါ၌သာလျှင် ရှင်ပြုထားလေ၏။ ထိုသာမဏေသည် ရှင်ပြုသောအခါမှစ၍ သီလရှိသောသူ၊ ဝတ်အကျင့်နှင့် ပြည့်စုံသောသူ ဖြစ်၏။ ဆရာဥပဇ္ဈာယ် အာဂန္တုက ရဟန်းတို့၏ဝတ်ကို ပြုသည်သာလျှင် ဖြစ်၏။ လဆန်းရှစ်ရက်မြောက်သောနေ့၌ နံနက်စောစောကသာလျှင် ထပြီးလျှင် ရေအိုးစင်၌ ရေကိုလောင်းထည့်တည်ထား၍ တရားဟောနေရာအရပ်ကို တံမြက်လှည်း၍ နေရာတို့ကိုခင်း၍ ဆီမီးကို ညှိထွန်း၍ သာယာလှစွာသော အသံဖြင့် တရားနာခြင်းအကျိုးငှာ ကြွေးကြော်လေ၏။ ရဟန်းတို့သည် ထိုသာမဏေ၏ အစွမ်းသတ္တိ အရည်အချင်းကို သိရှိကြ၍ “သာမဏေ- အသံဖောင်ဖောင် ရွတ်ဆိုအပ်သော ပါဠိကို ရွတ်ဆိုလော့”ဟု တိုက်တွန်းကြကုန်၏။ သာမဏေသည် “တပည့်တော်၏ နှလုံးသည် နာကျင်ပါသည် ဟူ၍လည်းကောင်း၊ ကိုယ်လက်သည် မအီမသာ ရှိပါသည်ဟူ၍လည်းကောင်း ဤသို့ တစ်စုံတစ်ခု ပယ်လှန်ပြန်ပြောခြင်းကို မပြုမူ၍ တရားဟောပလ္လင်သို့ တက်ပြီးလျှင် ကောငကင်မြစ် ရေတံခွန်မှ ကျဆင်းဘိသကဲ့သို့ အသံဖောင်ဖောင် ရွတ်ဆိုအပ်သော ပါဠိကို ရွတ်ဆို၍ သက်ဆင်းလတ်သည်ရှိသော် “ငါ၏ မိခင်ဖခင်တို့အား ဤပါဠိ ရွတ်ဆိုရာ၌ ရအပ်သော ကုသိုလ်အဖို့ကို ပေးဝေအပ်၏”ဟု ဆို၏။

ဘဝဟောင်းက မိခင်ဘီလူးမ မျက်နှာကြီးပုံ

ထိုသာမဏေ၏ မိခင်ဖခင်တို့သည် ကုသိုလ်အဖို့ ပေးဝေသည့်အဖြစ်ကို မသိကြကုန်။ ထိုသာမဏေ၏ အခြားမဲ့သောဘဝ၌ မိခင်သည်ကား ဘီလူးမ၏အဖြစ်ဖြင့် ဖြစ်ရှာလေ၏။ ထိုဘီလူးမသည် နတ်တို့နှင့် အတူတကွလာ၍ တရားတော်ကို နာပြီးလျှင် သာမဏေပေးဝေအပ်သော ကုသိုလ်အဖို့ကို “ချစ်သား- ဝမ်းမြောက်ပါ၏ (သာဓုခေါ်ပါ၏)”ဟု ဆို၏။ သီလနှင့်ပြည့်စုံသော ရဟန်းမည်သည်ကား နတ်နှင့်တကွသော လူအပေါင်း၏ ချစ်ခင်မြတ်နိုးအပ်သောသူ ဖြစ်၏။ ထို့ကြောင့် သာမဏေ၌ နတ်တို့သည် ရှက်ခြင်းရှိကုန်သည်ဖြစ်၍၊ ရိုသေခြင်းရှိကုန်သည်ဖြစ်၍ မဟာဗြဟ္မာကြီးကဲ့သို့လည်းကောင်း၊ မီးပုံကြီးကဲ့သို့လည်းကောင်း အောက်မေ့မှတ်ထင်ကြကုန်၏။ သာမဏေ၌ ရိုသေခြင်းဖြင့် ဘီလူးမကိုလည်း အလေးအမြတ်ပြု၍ ချီးမွမ်းစကား ပြောကြားကြကုန်၏။ ထိုနတ်တို့သည် တရားနာခြင်းငှာ ဘီလူးအပေါင်းတို့၏ အညီအညွတ် စည်းဝေးခြင်း စသည်တို့၌ သာနုသာမဏေ၏ မယ်တော်ဟူ၍ ဘီလူးမအား မြတ်သော နေရာဦးကိုလည်းကောင်း၊ မြတ်သော ရေဦးကိုလည်းကောင်း၊ မြတ်သော ထမင်းဦးကိုလည်းကောင်း ပေးကြကုန်၏။ ကြီးသော တန်ခိုးရှိသော ဘီလူးတို့သည်လည်း ထိုဘီလူးမကိုမြင်လျှင် လမ်းခရီးမှဖဲ၍ သွားကြကုန်၏။ နေရာမှ ထကြကုန်၏။

ကိုရင်သာနု အိမ်ပြန်၍ ပုဆိုးတောင်းခြင်း

ထိုအခါမှ သာနုသာမဏေသည် ကြီးခြင်းကိုစွဲ၍ ရင့်ကျက်သော ဣန္ဒြေရှိလတ်သော် မမွေ့လျော်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ထိုမမွေ့လျော်ခြင်းကို ပယ်ဖျောက်ခြင်းငှာ မတတ်နိုင်ရကား ရှည်သောဆံပင် ရှည်သော ခြေသည်းလက်သည်း ရှိသဖြင့် ညစ်နွမ်းသော ခါးဝတ်ကိုယ်ရုံကို ဝတ်ရုံလျက် တစ်စုံတစ်ယောက်သောသူအား မပြောကြားမူ၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် တစ်ယောက် အထီးတည်း မိခင်၏အိမ်သို့ သွားလေ၏။ မိခင်ဒါယိကာမကြီးသည် သားကိုမြင်ရလျှင် ရှိခိုး၍ “ချစ်သားကိုရင်- အသို့နည်း၊ ကိုရင်သည် ရှေးအခါ၌ ဆရာဥပဇ္ဈာယ်တို့နှင့်လည်းကောင်း၊ ရဟန်းငယ် သာမဏေတို့နှင့်လည်းကောင်း အတူတကွ ဤအိမ်သို့ ကြွလာပါသည်။ အဘယ့်ကြောင့် တစ်ယောက်အထီးတည်းသာလျှင် ယနေ့ ကြွလာပါသနည်း”ဟု မေးလတ်သော် သာမဏေသည် သာသနာတော်၌ ငြီးငွေ့သည့်အဖြစ်ကို ပြောကြားလေ၏။ မိခင် ဒါယိကာမကြီးသည် အထူးထူးအပြားပြားသော အခြင်းအရာဖြင့် အိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်း၌ အပြစ်ကိုပြ၍ သားကို ဆုံးမပါသော်လည်း ကောင်းစွာ သိစေခြင်းငှာ မတတ်နိုင်ရကား “မိမိ၏ သဘောအားဖြင့်လည်း မှတ်သားနိုင်ငြားအံ့လည်း မသိ”ဟု ကြံပြီးလျှင် မလွှတ်လိုက်မူ၍ “ချစ်သားကိုရင်- အကြင်ရွေ့ လောက် ကိုရင်အလို့ငှာ ယာဂုဆွမ်းကို ပြည့်စုံစေဦးအံ့၊ ထိုရွေ့လောက် ဆိုင်းငံ့ရပ်တည်ပါဦးလော့၊ ယာဂုကိုသောက်၍ ဆွမ်းစားခြင်းကိစ္စ ပြီးသည်ရှိသော် ကိုရင်အား နှလုံးကို ပွားစေတတ်ကုန်သော အဝတ်ပုဆိုးတို့ကို ထုတ်၍ပေးပါမည်”ဟု ဆိုသဖြင့် နေရာကိုခင်း၍ ပေးလေ၏။ သာမဏေသည် ထိုင်နေလေ၏။ ဒါယိကာမကြီးသည် တစ်ခဏချင်းဖြင့်သာလျှင် ယာဂုခဲဖွယ်ကို ဆက်ကပ်လေ၏။ ထို့နောင်မှ ဆွမ်းကိုပြည့်စုံစေအံ့ဟု မနီးမဝေးသောအရပ်၌နေလျက် ဆန်ကို ရေဆေးကာ နေလေ၏။

ကိုရင်သာနု ဘီလူးပူးဝင်ခြင်း

ထိုအခါ ထိုဘီလူးမသည် “သာမဏေကား အဘယ်မှာနည်း”ဟု ကြံ၍ “တစ်စုံတစ်ခုသော ဆွမ်းအာဟာရကို ရသလော၊ မရသလော”ဟု ဆင်ခြင်လတ်သည်ရှိသော် ထိုသာမဏေ၏ လူထွက်လိုသောအဖြစ်ဖြင့် ထိုင်နေသည့်အဖြစ်ကို မြင်ရလျှင် “သာမဏေသည် ငါ့အား တန်ခိုးကြီးကုန်သော နတ်တို့၏အလယ်၌ ရှက်ခြင်းကို ဖြစ်စေရာ၏၊ သွားချေဦးအံ့၊ သာမဏေကို လူထွက်ခြင်း၏ အန္တရာယ်ကို ပြုလုပ်ပေတော့အံ့”ဟု နှလုံးပြုလျက် သာမဏေထံသို့ လာတဲ့ပြီးလျှင် ထိုသာမဏေ၏ ကိုယ်၌ပူးဝင်၍ လည်ပင်းကို နောက်ပြန်လှည့်ထားလျက် ယိုစီးသော တံတွေးရှိသဖြင့် မြေပေါ်၌ လဲကျကာ နေရှာလေ၏။ ဒါယိကာမကြီးသည် သား၏ ထိုဖောက်ပြန်သော အခြင်းအရာကို မြင်ရလျှင် လျင်မြန်စွာသွား၍ သားကိုပိုက်ဖက်လျက် ရင်၌ အိပ်စေလေ၏။ အလုံးစုံ ရွာ၌နေသော သူတို့သည် လာလတ်၍ ဗလိနတ်စာပေးခြင်းစသော အမှုတို့ကို ပြုကြလေကုန်၏။ ဒါယိကာမကြီးသည်ကား ငိုကြွေးမြည်တမ်းလျက် ဤဂါထာတို့ကို ရွတ်ဆိုလေ၏။

စာတုဒ္ဒသိံ ပဉ္စဒသိံ၊ ယာ စ ပက္ခဿ အဋ္ဌမီ။
ပါဋိဟာရိယပက္ခဉ္စ၊ အဋ္ဌင်္ဂသုသမာဂတံ။
ဥပေါသထံ ဥပဝသန္တိ၊ ဗြဟ္မစရိယံ စရန္တိ ယေ။

န တေဟိ ယက္ခာ ကီဠန္တိ၊ ဣတိ မေ အရဟတံ သုတံ။
သာ ဒါနိ အဇ္ဇ ပဿာမိ၊ ယက္ခာ ကီဠန္တိ သာနုနာ။

ယေ၊ အကြင်သူတို့သည်။ စာတုဒ္ဒသိံ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း။ ပဉ္စဒသိံ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်ငါးရက်မြောက်သော နေ့၌လည်းကောင်း။ ပက္ခဿ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏။ ယာစ အဋ္ဌမီ၊ အကြင် ရှစ်ရက်မြောက်သော နေ့သည်။ အတ္ထိ၊ ရှိ၏။ တဉ္စ အဋ္ဌမိံ၊ ထိုရှစ်ရက်မြောက်သော နေ့၌လည်းကောင်း။ ပါဋိဟာရိယပက္ခဉ္စ၊ အသီးအခြား ဆောင်ယူအပ်သော အကြိုနေ့ အထွက်နေ့၌လည်းကောင်း။ အဋ္ဌင်္ဂသုသမာဂတံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ကောင်းစွာ စောင့်အပ်သော။ ဥပေါသထံ၊ ဥပုသ်ကို။ ဥပဝသန္တိ၊ သုံး၍ နေကြကုန်၏။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ စရန္တိ၊ ကျင့်ကြကုန်၏။

တေဟိ၊ ထိုသူတို့နှင့်။ ယက္ခာ၊ ဘီလူးတို့သည်။ န ကီဠန္တိ ၊ မကစားကြကုန်။ ဣတိ၊ ဤသို့။ မေ၊ ငါသည်။ အရဟတံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏။ ဝစနံ၊ စကားကို။ သုတံ၊ ကြားအပ်ဖူး၏။ သာ အဟံ၊ ထိုအကျွန်ုပ်သည်။ ဒါနိ၊ ယခု။ အဇ္ဇ၊ ယနေ့။ သာနုနာ၊ သာနုသာမဏေနှင့်။ ယက္ခာ၊ ဘီလူးမတို့သည်။ ကီဠန္တိ ၊ ကစားကုန်၏။ ဣတိ ဣဒံ၊ ဤအကြောင်းကို။ ပဿာမိ၊ မြင်ရ၏။

ဘီလူးပူးလျက် ပြောသောစကား

ထိုသာနုအမည်ရှိသော သာမဏေ၏ မိခင်ဖြစ်သော ဒါယိကာမကြီး၏ စကားကို ကြားရလျှင် ဘီလူးမသည်-

စာတုဒ္ဒသိံ ပဉ္စဒသိံ၊ ယာ စ ပက္ခဿ အဋ္ဌမီ။
ပါဋိဟာရိယပက္ခ၊ အဋ္ဌင်္ဂသုသမာဂတံ။
ဥပေါသထံ ဥပဝသန္တိ၊ ဗြဟ္မစရိယံ စရန္တိ ယေ။
န တေဟိ ယက္ခာ ကီဠန္တိ၊ သာဟု တေ အရဟတံ သုတံ။

ယေ၊ အကြင်သူတို့သည်။ စာတုဒ္ဒသိံ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်သော နေ့၌လည်းကောင်း။ ပဉ္စဒသိံ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်ငါးရက်မြောက်သောနေ့၌လည်းကောင်း။ ပက္ခဿ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏။ ယာ စ အဋ္ဌမီ၊ အကြင် ရှစ်ရက်မြောက်သော နေ့သည်။ အတ္ထိ၊ ရှိ၏။ တဉ္စ အဋ္ဌမိံ၊ ထိုရှစ်ရက်မြောက်သော နေ့၌လည်းကောင်း။ ပါဋိဟာရိယပက္ခဉ္စ၊ အသီးအခြား ဆောင်ယူအပ်သော အကြိုနေ့ အထွက်နေ့၌လည်းကောင်း။ အဋ္ဌင်္ဂသုသမာဂတံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ကောင်းစွာစောင့်အပ်သော။ ဥပေါသထံ၊ ဥပုသ်ကို။ ဥပဝသန္တိ၊ သုံး၍ နေကြကုန်၏။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရန္တိ ၊ ကျင့်ကြကုန်၏။ တေဟိ၊ ထိုသူတို့နှင့်။ ယက္ခာ၊ ဘီလူးတို့သည်။ န ကီဠန္တိ ၊ မကစားကြကုန်။ ဣတိ၊ ဤသို့။ တေ၊ သင်သည်။ အရဟတံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏။ ဝစနံ၊ စကားကို။ သုတံ၊ ကြားခြင်းသည်။ သာဟု၊ ကောင်း၏။

ဤစကားကို မြွက်ဆိုပြီးလျှင် ဤဂါထာတို့ကို ဆိုပြန်လေ၏။

သာနုံ ပဗုဒ္ဓံ ၀ဇ္ဇာသိ၊ ယက္ခာနံ ဝစနံ ဣဒံ။
မာကာသိ ပါပကံ ကမ္မံ၊ အာဝိ ဝါ ယဒိ ဝါ ရဟော။

သစေ စ ပါပကံ ကမ္မံ၊ ကရိဿသိ ကရောသိ ဝါ။
န တေ ဒုက္ခာ ပမုတျတ္တိ၊ ဥပ္ပစ္စာပိ ပလာယတော။

အာဝိဝါ၊ မျက်မှောက်၌လည်းကောင်း။ ယဒိ၊ ထိုမှတစ်ပါး။ ရဟောဝါ၊ မျက်ကွယ်၌လည်းကောင်း။ ပါပကံ၊ ယုတ်မာသော။ ကမ္မံ၊ လူထွက်လိုကြောင်း မကောင်းမှုကံကို။ မာကာသိ ၊ မပြုလင့်။ ဣတိ၊ ဤသို့။ ယက္ခာနံ၊ ဘီလူးတို့၏။ ဣဒံဝစနံ၊ ဤစကားကို။ ပဗုဒ္ဓံ၊ နိုးကြားသိရှိ သတိရလာသော။ သာနုံ၊ သာနုသာမဏေကို။ ဝဇ္ဇာသိ၊ ပြောဆိုပါတော့။

ပါပကံ၊ ယုတ်မာသော။ ကမ္မံ၊ လူထွက်လိုကြောင်း မကောင်းမှုကံကို။ သစေ ကရိဿသိ၊ အကယ်၍ ပြုလတ္တံ့သည်မူလည်းဖြစ်အံ့။ သစေ ကရောသိ ဝါ၊ အကယ်၍ ပြုဆဲမူလည်းဖြစ်အံ့။ ဥပ္ပစ္စ၊ ပျံတက်၍။ ပလာယတောအပိ၊ ထွက်ပြေးသော်လည်း။ တေ၊ သင့်အား။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမုတ္တိ၊ လွတ်မြောက်နိုင်ခြင်းသည်။ န အတ္ထိ၊ မရှိ။

ဤသို့လျှင် လူထွက်လိုကြောင်း မကောင်းမှုကံကိုပြု၍ ငှက်၏ ပျံတက်၍ ပြေးသကဲ့သို့ ထွက်ပြေးသော်လည်း သင့်အား လွတ်ခြင်းသည် မရှိဟု ဆိုပြီးလျှင် ထိုဘီလူးမသည် သာမဏေကို လွှတ်လေ၏။

ဘီလူးထွက်ပြီးနောက် မိခင်နှင့် စကားပြောပုံ

သာမဏေသည် မျက်စိတို့ကိုဖွင့်၍ ဆံပင်တို့ကို ဖရိုဖရဲကြဲလျက် ထွက်သက်ပြင်းပြင်းရှိလျက် ဝင်သက်ပြင်းပြင်းရှိလျက် ရှိုက်ကြီးငင်ကြီး ငိုနေသော မိခင်ကိုလည်းကောင်း၊ စည်းဝေးနေကြကုန်သော အလုံးစုံ ရွာ၌နေသောသူတို့ကိုလည်းကောင်း မြင်ရလျှင် မိမိအား ဘီလူးဖမ်းသည်အဖြစ်ကို မသိသောကြောင့် “ငါသည် ရှေး၌ အင်းပျဉ်၌ ထိုင်နေပါသည်၊ ငါ့မိခင် ဒါယိကာမကြီးသည် မနီးမဝေးသော အရပ်၌နေလျက် ဆန်ကို ရေဆေးနေသည်၊ ယခုအခါ၌ကား မြေ၌ အိပ်နေသည် ဖြစ်ဘိ၏။ ဤအကြောင်းကား အဘယ်နည်း”ဟု လျောင်းစက်လျက်သာလျှင် မိခင် ဒါယိကာမကြီးကို ဤသို့ ဆိုလေ၏။

မတံ ဝါ အမ္မ ရောဒန္တိ၊ ယော ဝါ ဇီဝံ န ဒိဿတိ။
ဇီဝန္တံ အမ္မ ပဿန္တီ၊ ကသ္မာ မံ အမ္မ ရောဒသိ။

အမ္မ၊ မိခင်ဒါယိကာမကြီး။ မတံဝါ၊ သေသောသူကိုမူလည်း။ ရောဒန္တိ၊ ငိုကြွေးကြရကုန်၏။ ယော၊ အကြင်သူသည်။ ဇီဝံ၊ အသက်ရှင်လျက်။ န ဒိဿတိ၊ မထင်။ တံ ဝါ၊ ထိုသူကိုမူလည်း။ ရောဒန္တိ၊ ငိုကြွေးကြကုန်၏။ အမ္မ၊ မိခင်ဒါယိကာမကြီး။ ဇီဝန္တံ၊ အသက်ရှင်လျက်ရှိသော ကိုရင်ကို။ ပဿန္တီ၊ မြင်ရပါလျက်။ အမ္မ၊ မိခင် ဒါယိကာမကြီး။ ကသ္မာ၊ အဘယ့်ကြောင့်။ မံ၊ ငါ့ကို။ ရောဒသိ၊ ငိုကြွေးဘိသနည်း။

ထိုအခါ သာနုသာမဏေ၏ မိခင်သည် ဝတ္ထုကာမ, ကိလေသာကာမတို့ကို ပယ်စွန့်၍ ရဟန်းပြုသောသူ၏ တစ်ဖန် လူထွက်ခြင်းငှာ လာရာ၌ အပြစ်ကို ပြလိုရကား ဤဂါထာကို ဆိုလေ၏။

မတံ ဝါ ပုတ္တ ရောဒန္တိ၊ ယော ဝါ ဇီဝံ န ဒိဿတိ။
ယော စ ကာမေ စဇိတွာန၊ ပုနရာ ဂစ္ဆတေ ဣဓ။
တံ ဝါပိ ပုတ္တ ရောဒန္တိ၊ ပုန ဇီဝံ မတော ဟိ သော။

ပုတ္တ၊ ချစ်သားသာမဏေ။ မတံ ဝါ၊ သေသောသူကိုမူလည်း။ ရောဒန္တိ၊ ငိုကြွေးကြရကုန်၏။ ယော၊ အကြင်သူသည်။ ဇီဝံ၊ အသက်ရှင်လျက်။ နဒိဿတိ၊ မထင်။ တံ ဝါ၊ ထိုသူကိုမူလည်း။ ရောဒန္တိ၊ ငိုကြွေးကြရကုန်၏။ ပုတ္တ၊ ချစ်သား။ ယော စ၊ အကြင်သူသည်ကား။ ကာမေ၊ ကာမဂုဏ်တို့ကို။ စဇိတွာန၊ စွန့်၍။ ပုန၊ တစ်ဖန်။ ဣဓ၊ ဤလူ့ဘောင်သို့။ အာဂစ္ဆတေ၊ လည်၍လာဘိ၏။ ပုတ္တ၊ ချစ်သား။ တံပိ၊ ထိုသူကိုမူလည်း။ ရောဒန္တိ ၊ ငိုကြွေးကြရကုန်၏။ ဟိ၊ ထိုစကားသင့်စွ။ သော၊ ထိုသူသည်။ ပုန၊ တစ်ဖန်။ ဇီဝံ၊ အသက်ရှည်လျက်။ မတော၊ သေသောသူမည်၏။

ဤသို့လျှင် အိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်းကို ပြာပူနှင့် တူသည်ကိုလည်းကောင်း၊ ငရဲပြည်ကြီးနှင့် တူသည်ကိုလည်းကောင်း ပြုလျက် အိမ်ရာထောင်၍ နေရခြင်း၌ အပြစ်ကိုပြလိုရကား တစ်ဖန် ဤဂါထာကို ဆိုပြန်လေ၏။

ကုက္ကုဠာ ဥဗ္ဘတော တာတ၊ ကုက္ကုဠံ ပတိတု မိစ္ဆသိ။
နရကာ ဥဗ္ဘတော တာတ၊ နရကံ ပတိတု မိစ္ဆသိ။

တာတ၊ ချစ်သား သာမဏေ။ တွံ၊ သင်ချစ်သားသည်။ ကုက္ကုဠာ၊ ပြာပူမှ။ ဥဗ္ဘတော၊ ထုတ်ဆောင်အပ်ပြီးသည်ဖြစ်လျက်။ ကုက္ကုဠံ၊ ပြာပူသို့။ ပတိတုံ၊ ကျခြင်းငှာ။ ဣစ္ဆသိ၊ အလိုရှိပြန်ဘိ၏။ တာတ၊ ချစ်သားသာမဏေ။ တွံ၊ သင်ချစ်သားသည်။ နရကာ၊ ငရဲပြည်မှ။ ဥဗ္ဘတော၊ ထုတ်ဆောင်အပ်ပြီးသည်ဖြစ်လျက်။ နရကံ၊ ငရဲပြည်သို့။ ပတိတုံ၊ ကျခြင်းငှာ။ ဣစ္ဆသိ၊ အလိုရှိပြန်ဘိ၏။

ထို့နောင်မှ သာနုသာမဏေကို “ချစ်သား- သင်အား ကောင်းခြင်းဖြစ်ပါစေ၊ တပည့်တော်မတို့သည်ကား ငါတို့၏ ဤသားငယ်ဖြစ်သော အသင်ကိုရင်သည် မီးလောင်သောအိမ်မှ ဥစ္စာကို ထုတ်ဆောင်ရသကဲ့သို့ ထုတ်ဆောင်၍ မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုပြီးနေပါလျက် အိမ်ရာတည်ထောင်၍ လူ့ဘောင်၌ တစ်ဖန် မီးလောင်ကျွမ်းခြင်းငှာ သင်အလိုရှိပြန်ဘိ၏၊ ရှေ့သို့သာ ပြေးသွားကြပါကုန်လော့၊ တပည့်တော်မတို့ အလို့ငှာ အကာအရံ အစောင့်အရှောက် ဖြစ်တော်မူကြပါကုန်လော့၊ ဤအကြောင်းကို အဘယ်သူအား သိသာအောင် တိုင်ကြားရပါကုန်အံ့နည်း၊ အဘယ်သူကို အမြဲကြည့်ရှုအောင် တိုင်ကြားရပါကုန်အံ့နည်း”ဟူ၍ ပြခြင်းငှာ ဤဂါထာကို ရွတ်ဆိုလေ၏။

အဘိဓာဝထ ဘဒ္ဒန္တေ၊ ကဿ ဥဇ္ဈာပယာမသေ။
အာဒိတ္တာ နီဟတံ ဘဏ္ဍံ၊ ပုန ဍယှိတု မိစ္ဆသိ။

အဘိဓာဝထ၊ ရှေ့သို့သာ ပြေးသွားကြပါကုန်လော့။ တေ၊ သင်ချစ်သားအား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်ပါစေ။ ကဿ၊ အဘယ်သူအား။ ဥဇ္ဈာပယာမသေ၊ သိစေကြရပါကုန်အံ့နည်း။ အာဒိတ္တာ၊ ရဲရဲဝင်းဝါ ပကတိ မီးလောင်ရာမှ။ နီဟတံ၊ ထုတ်ဆောင်အပ်ပြီးသော။ ဘဏ္ဍံ၊ ဥစ္စာထုပ်ဖြစ်လျက်။ ပုန၊ တစ်ဖန်။ ဍယှိတုံ၊ လောင်ကျွမ်းခြင်းငှါ။ ဣစ္ဆသိ၊ သင်အလိုရှိဘိ၏။

ကိုရင်သာနု လူမထွက်ရန် ဝန်ခံခြင်း

ထိုသာနုသာမဏေသည် မိခင်ဒါယကာမကြီး ပြောဆိုစဉ် ထိုအကြောင်းအရာကို မှတ်သားမိ၍ “ငါ့အား လူ၏အဖြစ်ဖြင့် အလိုမရှိတော့ပြီ”ဟု ဆိုလေ၏။ ထိုအခါ သာနုသာမဏေ၏ မိခင်သည် “ချစ်သား- ကောင်းလှပါပြီ”ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ မွန်မြတ်သော ဘောဇဉ်ကို ကျွေးမွေးပြီးလျှင် “ချစ်သားသာမဏေ- အသင်သာမဏေသည် အသက်အဘယ်မျှ ရှိပြီနည်း”ဟု မေးသဖြင့် အနှစ်နှစ်ဆယ် ပြည့်သည့်အဖြစ်ကို သိရလျှင် တိစီဝရိက်သင်္ကန်း သုံးထည်ကို စီရင်စေလေ၏။ သာနုသာမဏေသည် ပြည့်စုံသော သပိတ်သင်္ကန်း ရှိသည်ဖြစ်၍ ပဉ္စင်းအဖြစ်ကို ရလေ၏။ ထို့နောင်မှ မြတ်စွာဘုရားသည် ရဟန်းပြု၍ မကြာမြင့်သေးသော ထိုသာနုရဟန်း၏ စိတ်ကို နှိပ်ကွပ်၍ အားထုတ်ခြင်းကို ဖြစ်စေတော်မူလိုသဖြင့် “အထူးထူးသော အာရုံတို့၌ ရှည်ကြာစွာသော ကာလပတ်လုံး ကျက်စားလှည့်လည်တတ်သော ဤစိတ်မည်သည်ကို မနှိပ်ကွပ်သော ပုဂ္ဂိုလ်အား ချမ်သာခြင်မည်သည် မရှိ။ ထိုကြောင့် ချွန်းဖြင့် အမုန်ယစ်သော ဆင်ပြောင်ကို နှိပ်ကွပ်သကဲ့သို့ စိတ်ကို နှိပ်ကွပ်ခြင်း၌ အားထုတ်ခြင်းလုံ့လကို ပြုအပ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၂၆] ဣဒံ ပုရေ စိတ္တမစာရိ စာရိကံ၊
ယေနိစ္ဆကံ ယတ္ထ ကာမံ ယထာသုခံ။
တဒဇ္ဇဟံ နိဂ္ဂဟေဿာမိ ယောနိသော၊
ဟတ္ထိပ္ပဘိန္နံ ဝိယ အင်္ကုသဂ္ဂဟော။

ဣဒံ စိတ္တံ၊ ဤစိတ်သည်။ ပုရေ၊ ရှေးအခါ၌။ ယေနိစ္ဆကံ၊ အလိုရှိတိုင်းသော အကြောင်းဖြင့်။ ယတ္ထကာမံ၊ အလိုရှိတိုင်းသော အာရုံ၌။ ယထာသုခံ၊ ချမ်းသာသည် အားလျော်စွာ။ စာရိကံ၊ ကျက်စားလှည့်လည်ခြင်းကို။ အစာရိ၊ ကျင်လည်ကျက်စားဖူးလှပြီ။

အဇ္ဇ၊ ယနေ့။ အင်္ကုသဂ္ဂဟော၊ ချွန်းကိုင်လိမ္မာ ဆင်ဆရာသည်။ ဟတ္ထိပ္ပဘိန္နံ၊ အမုန်ယစ်သောဆင်ကို။ အင်္ကုသေန၊ ချွန်းဖြင့်။ နိဂ္ဂဏှာတိ ဝိယ၊ နှိပ်ကွပ်သကဲ့သို့။ အဟံ၊ ငါသည်။ တံစိတ္တံ၊ ထိုစိတ်ကို။ ယောနိသော၊ အသင့်အတင့် နှလုံးသွင်းခြင်းဖြင့်။ နိဂ္ဂဟေဿာမိ၊ နှိပ်ကွပ်တော့အံ့။ ဣတိ၊ ဤသို့။ ယောဂေါ၊ အားထုတ်ခြင်းကို။ ကရဏီယော၊ ပြုအပ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ သာနုရဟန်းနှင့် အတူတကွ တရားနာခြင်းငှာ ဆည်းကပ်ရောက်လာကြကုန်သော များစွာသော နတ်တို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။

ထိုအရှင်သာနုမထေရ်သည်လည်း ပိဋကတ်သုံးပုံဟု ဆိုအပ်သော ဘုရားစကားတော်ကို သင်ယူပြီးလျှင် မြတ်သောတရားဟောပုဂ္ဂိုလ် ဖြစ်တော်မူသဖြင့် အနှစ်တစ်ရာ့နှစ်ဆယ်ပတ်လုံး တည်နေတော်မူ၍ အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ ချောက်ချားစေတော်မူလျက် ပရိနိဗ္ဗာန် ပြုတော်မူလေ၏။

သာနုသာမဏေဝတ္ထုပြီး၏။

֍ * ၆။ ပါဝေယျကဆင် ဝတ္ထု

အပ္ပမာဒရတာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကောသလမင်းကြီး၏ ပါဝေယျကအမည်ရှိသော ဆင်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပါဝေယျကဆင် ညွန်ကျွံခြင်း

ထိုပါဝေယျကမည်သော ဆင်သည် ပျိုနုသောအခါ၌ များသော ခွန်အားဗလရှိသည်ဖြစ်၍ တစ်ပါးသော နောင်အခါ၌ အိုခြင်းဟူသော ဇရာလေအဟုန်ဖြင့် နှိပ်စက်သည်ဖြစ်ရကား တစ်ခုသောအိုင်ကြီးသို့ သက်ဆင်းသဖြင့် ညွန်ပျောင်း၌ နစ်ပြီးလျှင် ပြန်တက်ခြင်းငှာ မတတ်နိုင်ရှာသတတ်။ များစွာသော လူအပေါင်းသည် ထိုဆင်ပြောင်ကို မြင်ရလျှင် “ဤသို့သဘောရှိသည်မည်သော ဆင်သော်မှလည်း အားနည်းသည့်အဖြစ်သို့ ရောက်ရှာလေ၏”ဟု စကားကို ဖြစ်စေလေ၏။ ပသေနဒီ ကောသလမင်းကြီးသည် ထိုအကြောင်းကို ကြားသိတော်မူလျှင် ဆင်ထိန်းဆရာကို “ဆရာ- သွားချေလော့၊ ထိုဆင်ကို ညွန်ပျောင်းမှ ထုတ်ဆောင်ချေလော့”ဟု အမိန့်ပေးလေ၏။ ဆင်ထိန်းဆရာသည် သွားတဲ့၍ ထိုအရပ်၌ စစ်ပွဲဦးကို ပြပြီးလျှင် စစ်မြေပြင်အရပ်၌ တီးအပ်သော စည်ကြီးကို တီးခတ်စေ၏။ ထိုအခါမှ မာန်မာန တက်ကြွခြင်း သဘောရှိသော ပါဝေယျကဆင်သည် အဟုန်ဖြင့် ထလတ်သည်ရှိသော် ကြည်းကုန်းထက်၌ တည်လေ၏။ ရဟန်းတို့သည် ထိုအကြောင်းကို မြင်တော်မူသဖြင့် မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ထိုဆင်ပြောင်သည် ရှေးဦးစွာ ပြကတေ့သော ညွန်ပျောင်း၌ နစ်မြုပ်နေသည်မှ မိမိကိုယ်ကို ထုတ်ဆောင်ဘိသေး၏။ သင်ချစ်သားတို့သည်ကား ကိလေသာဟူသော ညွန်ပျောင်း၌ သက်ဝင်နစ်မြုပ်နေကြကုန်၏။ ထို့ကြောင့် အသင့်အားဖြင့် လုံ့လပြု၍ သင်တို့သည်လည်း ထိုကိလေသာဟူသော ညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်ဆောင်ကြကုန်လော့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၂၇] အပ္ပမာဒရတာ ဟောထ၊ သစိတ္တ မနုရက္ခထ။
ဒုဂ္ဂါ ဥဒ္ဓရထတ္တာနံ၊ ပ‌င်္ကေ သန္နောဝ ကုဉ္ဇရော။

အပ္ပမာဒရတာ၊ သတိမကင်ခြင်း၌ လွန်စွာ မွေ့လျော်ကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။ သစိတ္တံ၊ မိမိစိတ်ကို။ အနုရက္ခထ၊ စောင့်ကြကုန်လော့။

(ရူပါရုံ စသည်တို့၌ မိမိစိတ် မလွန်ကျူးမိအောင် စောင့်ရှောက်ရမည်ဟူလို။)

ပင်္ကေ၊ ညွန်ပျောင်း၌။ သန္နော၊ နစ်၍နေသော။ ကုဉ္ဇရော၊ ဆင်ပြောင်ကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒုဂ္ဂါ၊ ကိလေသာဟူသော ညွန်ပျောင်းမှ။ ဥဒ္ဓရထ၊ ထုတ်ဆောင်ကြကုန်လော့။

(ညွှန်ပျောင်း၌ ကျွံနစ်နေသော ပါဝေယျက ဆင်ပြောင်သည် လက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်း လုံ့လပြု၍ ညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်ဆောင်သဖြင့် ကြည်းကုန်း၌ တည်ဘိသကဲ့သို့ ထို့အတူ သင်ချစ်သားတို့သည်လည်း ကိလေသာဟူသော ညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်ဆောင်ကြ၊ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌ တည်စေကြရမည်ဟူလို။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

ပါဝေယျကဆင် ဝတ္ထု ပြီး၏။

֍ * ၇။ များစွာကုန်သော ရဟန်းတို့ ဝတ္ထု

သစေ လဘေထအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပါလိလေယျကဆင်ကို အမှီပြုလျက် ပါလိလေယျက ဆင်မင်းသည် စောင့်ရှောက်အပ်သော တောအုပ်၌ နေတော်မူစဉ် များစွာကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်အာနန္ဒာ ပလလည်းတောသို့ ကြွခြင်း

(ဤဝတ္ထုကား ယမကဝဂ်၌ “ပရေစ န ဝိဇာနန္တိ”ဟူသော ဂါထာအဖွင့်၌ လာသည်သာလျှင်တည်း။ ထိုစကားအလုံးစုံကို ဆိုအပ်ပြီးသည်သာတည်း။)

မြတ်စွာဘုရား၏ ပါလိလေယျကဆင်မင်း လုပ်ကျွေးအပ်သည်ဖြစ်၍ သီတင်းသုံးနေတော်မူသည့် အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ ကျော်စောထင်ရှားလေ၏။ သာဝတ္ထိပြည်မှ အနာထပိဏ်သူဌေးကြီးသည်လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးသည်လည်းကောင်း ဤသို့ အစရှိကုန်သော အမျိုးကြီး အနွယ်ကြီးတို့သည် ရှင်အာနန္ဒာမထေရ်၏ အထံတော်သို့ “တပည့်တော်တို့အား မြတ်စွာဘုရားကို ပြတော်မူကြပါဘုရား”ဟု သတင်းစကားကို စေလွှတ်ကြလေကုန်၏။ ထိုထိုအရပ်မျက်နှာ၌ နေကြကုန်သော ငါးရာသော ရဟန်းတို့သည်လည်း ဝါကျွတ်ပြီးလတ်ကုန်သည်ရှိသော် ရှင်အာနန္ဒာမထေရ်သို့ ချဉ်းကပ်၍ “အရှင်အာနန္ဒာ- တပည့်တော်တို့အား မြတ်စွာဘုရား၏ မျက်မှောက်တော်မှ တရားစကား မနာကြားရခြင်းသည် ကြာမြင့်လှပေပြီ၊ အရှင်အာနန္ဒာ- တောင်းပန်ပါ၏၊ တပည့်တော်တို့သည် မြတ်စွာဘုရား၏ မျက်မှောက်တော်မှ တရားစကားကို နာကြားခြင်းငှာ ရလိုကြပါကုန်၏”ဟု တောင်းပန်ကြလေကုန်၏။ ရှင်အာနန္ဒာမထေရ်သည် ထိုငါးရာသော ရဟန်းတို့ကို ခေါ်ဆောင်သဖြင့် ပလလည်းတောသို့ ကြွသွားပြီးလျှင် “ဝါတွင်းသုံးလပတ်လုံး တစ်ပါးတည်း နေတော်မူသော မြတ်စွာဘုရား၏ အထံတော်သို့ ဤမျှအတိုင်းအရှည်ရှိသော ရဟန်းတို့နှင့် အတူတကွ ချဉ်းကပ်ခြင်းသည် မသင့်ခဲ့တကား”ဟု ကြံ၍ တစ်ယောက်ထီးတည်းသာလျှင် ဘုရားရှင်သို့ ချဉ်းကပ်လေ၏။

ပလလည်းဆင်မင်းနှင့် ရှင်အာနန္ဒာ

ပါလိလေယျက ဆင်မင်းသည် ရှင်အာနန္ဒာမထေရ်ကို မြင်လျှင် တုတ်လှံတံကိုယူ၍ ပြေးသွားလေ၏။ မြတ်စွာဘုရားသည် ကြည့်ရှုတော်မူ၍ “ပါလိလေယျကဆင်.. ဖဲလော့၊ မတားမြစ်လင့်၊ ဤရဟန်းသည်ကား ငါဘုရား၏ အလုပ်အကျွေးဖြစ်သည်”ဟု မိန့်တော်မူလေ၏။ ဆင်မင်းသည် ထိုအရပ်၌ပင် တုတ်လှံတံကိုစွန့်ပစ်၍ သပိတ်သင်္ကန် လှမ်းယူခြင်းကို ပန်ကြားလေ၏။ ရှင်အာနန္ဒာမထေရ်သည် မပေးဘဲ နေလေ၏။ ပါလိလေယျက ဆင်မင်းသည်ကား “ဤရဟန်းသည် သင်ကြားအပ်ပြီးသော ကျင့်ဝတ်ရှိသည် အကယ်၍ဖြစ်အံ့၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ သီတင်းသုံးတော်မူရာဖြစ်သော ကျောက်ဖျာအပြင်ထက်၌ မိမိပရိက္ခရာကို မထားပေလတ္တံ့”ဟု ကြံစည်လေ၏။ ရှင်အာနန္ဒာမထေရ်သည် သပိတ်သင်္ကန်းကို မြေ၌ ထားလေ၏။

(ထိုစကားသင့်၏။ ကျင့်ဝတ်နှင့် ပြည့်စုံလိမ္မာကုန်သော သူတို့သည် အလေးအမြတ် ပြုအပ်သော ဆရာသမားတို့၏ နေရာ၌လည်းကောင်း၊ အိပ်ရာ၌လည်းကောင်း မိမိ၏ ပရိက္ခရာကို မထားကြကုန်။)

အဖော်ကောင်း မရလျှင် တစ်ယောက်တည်း နေသင့်ခြင်း

ရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။ မြတ်စွာဘုရားသည် “သင်တစ်ယောက်အထီးတည်းသာလျှင် လာသလော”ဟု မေးတော်မူလတ်သည်ရှိသော် ငါးရာသော ရဟန်းတို့နှင့် လာသည့်အဖြစ်ကို ကြားရလျှင် “ထိုရဟန်းတို့သည် အဘယ်မှာနည်း”ဟု မေးတော်မူလတ်သည်ရှိသော် “ရှင်တော်ဘုရားတို့၏စိတ်ကို မသိရပါသောကြောင့် အပြင်အပ၌ ထားခဲ့၍ လာပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ထိုရဟန်းတို့ကို ခေါ်ချေလော့”ဟု မိန့်တော်မူလေ၏။ ရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား မိန့်တော်မူသည့်အတိုင်း ပြုလေ၏။ မြတ်စွာဘုရားသည် ထိုရဟန်းငါးရာတို့နှင့် အတူတကွ ပဋိသန္ဓာရ အစေ့အစပ် ပြုတော်မူပြီးလျှင် ထိုရဟန်းတို့က “မြတ်စွာဘုရား- မြတ်စွာဘုရားသည် ဘုရားဖြစ်၍လည်း သိမ်မွေ့နူးညံ့ခြင်း ရှိတော်မူပါသည်။ မင်းဖြစ်၍လည်း သိမ်မွေ့နူးညံ့ခြင်း ရှိတော်မူပါသည်၊ ရှင်တော်ဘုရားတို့သည် ဝါတွင်းသုံးလပတ်လုံး ကိုယ်တော်တစ်ပါးအထီးတည်း ရပ်သည်တို့ဖြင့်လည်းကောင်း၊ ထိုင်သည်တို့ဖြင့်လည်းကောင်း ခဲယဉ်းသောအမှုကို ပြုတော်မူအပ်၏၊ ဝတ်ကြီးဝတ်ငယ် ပြုစုတတ်သောသူသည်လည်းကောင်း၊ မျက်နှာသစ်ရေ စသည်ကို ဆက်ကပ်တတ်သောသူသည်လည်းကောင်း မရှိယောင်တကား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ပါလိလေယျက အမည်ရှိသော ဆင်သည် ငါဘုရားအလို့ငှာ အလုံးစုံသော အမှုကိစ္စတို့ကို ပြုအပ်ကုန်၏။ ဤသို့သဘောရှိသော အဖော်ကောင်းကို ရသောသူသည် အတူတကွနေခြင်ငှာ သင့်လျော်၏၊ မရသောသူအား တစ်ယောက်အထီးတည်း နေရသောအဖြစ်သည်သာလျှင် မြတ်၏”ဟု မိန့်တော်မူ၍ နာဂဝဂ်၌ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၂၈] သစေ လဘေထ နိပကံ သဟာယံ၊ သဒ္ဓိံ စရံ သာဓုဝိဟာရိ ဓီရံ။
အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ၊ စရေယျ တေနတ္တမနော သတိမာ။

֍ * [၃၂၉] နော စေ လဘေထ နိပကံ သဟာယံ၊ သိဒ္ဓိံ စရံ သာဓုဝိဟာရိ ဓီရံ။
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊ ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။

֍ * [၃၃၀] ဧကဿ စရိတံ သေယျော၊ နတ္ထိ ဗာလေ သဟာယတာ။
ဧကော စရေ န စ ပါပါနိ ကယိရာ၊ အပ္ပေါဿုက္ကော မာတင်္ဂရညေဝ နာဂေါ။

နိပကံ၊ ရင့်ပြီးသော ပညာလည်းရှိထသော။ သဒ္ဓိံ စရံ၊ အတူတကွ ကျင့်ဖော်လည်း ဖြစ်ထသော။ သာဓုဝိဟာရီ၊ ကောင်းသောနေခြင်းလည်း ရှိထသော။ ဓီရံ၊ မြဲမြံသော ပညာလည်းရှိထသော။ သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။ သစေ လဘေထ၊ အကယ်၍ ရကုန်သည်ဖြစ်အံ့။ ဧဝံလဘန္တော၊ ဤသို့ ရသည်ရှိသော်။ သဗ္ဗာနိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ပရိဿယာနိ၊ ထင်ရှား မထင်ရှားသော ဘေးရန်တို့ကို။ အဘိဘုယျ၊ နှိပ်နင်းဖျက်ဆီး၍။

(ခြင်္သေ့သစ်ကျား စသည်တို့သည် ထင်ရှားသော ဘေးရန် မည်ကုန်၏။ ရာဂ ဒေါသ မောဟ စသည်တို့သည် မထင်ရှားသော ဘေးရန် မည်ကုန်၏။)

တေန၊ ထိုအဆွေခင်ပွန်းကောင်းနှင့်။ သဒ္ဓိံ၊ တကွ။ အတ္တမနော၊ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ သတိမာ၊ ထင်ရှားသော သတိရှိသည်ဖြစ်၍။ စရေယျ၊ ကျင့်ရာ၏။ ဝါ၊ နေရာ၏။

နိပကံ၊ ရင့်ပြီးသော ပညာလည်းရှိထသော။ သဒ္ဓိံစရံ၊ အတူတကွ ကျင့်ဖော်လည်း ဖြစ်ထသော။ သာဓုဝိဟာရိံ၊ ကောင်းသောနေခြင်းလည်း ရှိထသော။ ဓီရံ၊ မြဲမြံသော ပညာလည်းရှိထသော။ သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။ နောစေ လဘေထ၊ အကယ်၍ မရသည်ဖြစ်အံ့။ ဧဝံ အလဘန္တော၊ ဤသို့မရသည်ရှိသော်။ ဧကော၊ တစ်ယောက်အထီးတည်း။ စရေ-စရေယျ၊ ကျင့်ရာနေရာ၏။ ကောဝိယ၊ အဘယ်သူကဲ့သို့နည်းဟူမူကား။ ရာဇာ၊ မင်းသည်။ ဝိဇိတံ၊ အောင်ရာမြေဖြစ်သော။ ရဋ္ဌံ၊ တိုင်းပြည်ကို။ ပဟာယ၊ ပယ်စွန့်၍။ ဧကကောဝ၊ တစ်ယောက်တည်းသာလျှင်။ စရတိဣဝ၊ ကျင့်သကဲ့သို့လည်းကောင်း။ မာတင်္ဂေါ၊ မာတင်္ဂ အမည်ရှိသော။ နာဂေါ၊ ဤဆင်ပြောင်ကြီးသည်။ အရညေ၊ ဤတောအုပ်၌။ ဧကကောဝ၊ တစ်စီးချင်းသာလျှင်။ စရတိဣဝ၊ ကျင့်သကဲ့သို့လည်းကောင်း။ ဧဝံ၊ ဤအတူ။ ဧကော၊ တစ်ယောက်အထီးတည်း။ စရေ၊ ကျင့်ရာ၏။

(အောင်အပ်သော မြေအဖို့ရှိသော မင်းသည် ဤမင်းအဖြစ်မည်သည်ကား လွန်စွာ မေ့လျော့ခြင်း၏ အကြောင်းဖြစ်၏။ ဤမင်းစည်းစိမ်ဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်းဟု အောင်အပ်သော တိုင်းပြည်ကို စွန့်ပြီးလျှင် တောအုပ်ကြီးသို့ သက်ဝင်၍ ရသေ့ရဟန်းပြုလျက် ဣရိယာပုထ် လေးပါးတို့၌ တစ်ယောက်တည်းသာ ကျင့်ကြံနေသကဲ့သို့ တစ်ယောက်တည်းသာ ကျင့်ကြံနေသင့်သည်။ ဥပမာတစ်ခုကား ဤပလလည်းဆင်ပြောင်ကြီးသည် ဆင်အပေါင်း ရောပြွမ်းလျက်နေရာမှ တစ်စီးတည်းနေရမူ ကောင်းလေစွဟု ဆင်ခြင်ပြီးလျှင် လျင်မြန်သောအားဖြင့် သွားတတ်သောကြောင့် မာတင်္ဂဟု အမည်ရသဖြင့် ဤတောအုပ်ကြီး၌ ဆင်အုပ်ကိုစွန့်လျက် ဣရိယာပုထ်တိုင်း တစ်စီးတည်းနေသကဲ့သို့ တစ်ပါးတည်းသာ နေသင့်သည်ဟူလို။)

ဧကဿ၊ တစ်ယောက်အထီးတည်းသောသူ၏။ ဝါ၊ ရဟန်း၏။ စရိတံ၊ ကျင့်ခြင်းသည်။ သေယျော၊ မြတ်၏။

(ရဟန်းပြုသောအခါမှစ၍ တစ်ယောက်တည်းအဖြစ်ဖြင့် မွေ့လျော်ရသော ရဟန်းအား တစ်ယောက်တည်းနေခြင်းသည်သာ မြတ်၏ဟူလို။)

ဗာလေ၊ မလိမ္မာသူလူမိုက်၌။ သဟာယတာ၊ အပေါင်းအဖော်ဖြစ်ကြောင်း သူတော်ကောင်းတရားသည်။ နတ္ထိ၊ မရှိ။

(စူဠသီလ မဇ္ဈိမသီလ မဟာသီလ (၁-အပိစ္ဆကထာ၊ ၂-သန္တုဋ္ဌိကထာ၊ ၃- ပဝိဝေကကထာ၊ ၄-အသံသဂ္ဂကထာ၊ ၅-ဝီရိယာရမ္ဘကထာ၊ ၆-သီလကထာ၊ ၇-သမာဓိကထာ၊ ၈-ပညာကလာ၊ ၉-ဝိမုတ္တိကထာ၊ ၁ဝ-ဝိမုတ္တိဉာဏဒဿနကထာ)ဟူသော ဆယ်ပါးသော ကထာဝတ္ထုတို့၊ တစ်ဆယ့်သုံးပါးသော ဓူတင်ဂုဏ်ကျေးဇူးတို့၊ ဝိပဿနာဉာဏ် မဂ်လေးပါး ဖိုလ်လေးပါး ဝိဇ္ဇာသုံးပါး အဘိညာဉ်ခြောက်ပါး အမတမဟာနိဗ္ဗာန်၊ ဤတရားအပေါင်းသည် “သဟာယတာ”မည်သော အပေါင်းအဖော်ဖြစ်ကြောင်း သူတော်ကောင်းတရား မည်၏။ လူမိုက်ကိုမှီ၍ ထိုတရားကို ရခြင်းငှာ မတတ်ကောင်း။ ထို့ကြောင့် အလုံးစုံသော ဣရိယာပုထ်တို့၌ တစ်ယောက်တည်းသာ ကျင့်ကြံနေထိုင်သင့်၏ ဟူလို။)

အရညေ၊ တော၌။ အပ္ပေါဿုက္ကော၊ ကြောင့်ကြမဲ့။ မာတင်္ဂေါ၊ မာတင်္ဂအမည်ရှိသော။ နာဂေါ၊ ဆင်ပြောင်ကြီးသည်။ စရတိဣဝ၊ လှည့်လည်နေထိုင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဧကော၊ တစ်ယောက်ထီးတည်း။ ဟုတွာ၊ ဖြစ်၍။ စရေ၊ လှည့်လည် နေထိုင်ရာ၏။ ပါပါစ၊ အနည်းငယ်မျှသော မကောင်းမှုတို့ကိုလည်း။ န ကယိရာ၊ မပြုရာ။

(ကြောင့်ကြမဲ့ ရွံရှာခြင်းမရှိ၊ တွယ်တာခြင်းမရှိဘဲ ဤ တောအုပ်၌ မာတင်္ဂမည်သော ဆင်ပြောင်ကြီးသည် လိုရာလိုရာအရပ်၌ ချမ်းသာစွာ လှည့်လည်သကဲ့သို့ တစ်ယောက်တည်းသာဖြစ်၍ လှည့်လည်ရာ၏။ အနည်းငယ်မျှပင် ဖြစ်စေကာမူ မကောင်းမှုတို့ကို မပြုသင့်ပေရာ ဟူလို။)

ထို့ကြောင့် သင်ချစ်သားတို့သည် လျောက်ပတ်သော အဖော်ကို မရသည်ရှိသော် တစ်ယောက်တည်းသာ ဖြစ်ရမည်ဟူသော ဤအနက်ကိုပြလိုသော မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ဤဒေသနာကို ဟောတော်မူလေ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

များစွာကုန်သော ရဟန်းတို့ဝတ္ထု ပြီး၏။

֍ * ၈။ မာရ်နတ် ဝတ္ထု

အတ္ထမှိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဟိမဝန္တာအရပ် တောကျောင်းကုဋိကျောင်းငယ်၌ နေတော်မူစဉ် မာရ်နတ်သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားအား မင်းပြုရန် မာရ်နတ် လျှောက်ထားခြင်း

ထိုအခါ မင်းတို့သည် လူတို့ကို နှိပ်စက်ညှဉ်းပန်း၍ မင်းအဖြစ်ကို ပြုကြကုန်သတတ်။ ထိုအခါ မြတ်စွာဘုရားသည် တရားမစောင့်သော မင်းတို့၏ မင်းပြုသောကြောင့် ဒဏ်ထားခြင်းဖြင့် နှိပ်စက်ခြင်းခံရသော လူတို့ကို မြင်တော်မူရလျှင် ထိုသူတို့ကို သနားသောအားဖြင့် “မသတ်, မညှဉ်းဆဲအပ်သောသူကို မသတ်စေ, မညှဉ်းဆဲစေမူ၍၊ မအောင်အပ်သောသူကို မအောင်စေမူ၍၊ မစိုးရိမ် မကြောင့်ကြအပ်သောသူကို မစိုးရိမ် မကြောင့်ကြစေမူ၍ တရားသဖြင့် မင်းအဖြစ်ကို ပြုစေခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု ကြံဆင်ခြင်တော်မူလေ၏။ ယုတ်မာလှစွာသော မာရ်နတ်သည် မြတ်စွာဘုရား၏ ထိုအကြံကို သိရ၍ “ရဟန်းဂေါတမသည် မင်းအဖြစ်ကိုပြုခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု ကြံစည်၏။ “ယခုအခါ မင်းအဖြစ်ကို ပြုလိုသည်ဖြစ်လတ္တံ့၊ ဤမင်းအဖြစ်မည်သည်ကား မေ့လျော့ခြင်း၏ အကြောင်းဖြစ်၏။ ထိုမင်းအဖြစ်ကို ပြုသည်ရှိသော် အခွင့်ရခြင်းငှာ တတ်ကောင်း၏၊ ဘုရားအထံသို့ သွားဦးအံ့၊ ထိုမြတ်စွာဘုရားအား အားထုတ်ခြင်းကို ဖြစ်စေဦးအံ့”ဟု ကြံ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မြတ်စွာဘုရားသည် မင်းအဖြစ်ကို ပြုစေသတည်း၊ မြတ်စွာဘုရားသည် မသတ် မညှဉ်းဆဲအပ်သောသူကို မသတ်စေ၊ မညှဉ်းဆဲစေမူ၍၊ မအောင်အပ်သောသူကို မအောင်စေမူ၍၊ မစိုးရိမ်အပ်သောသူကို မစိုးရိမ်စေမူ၍ တရားသဖြင့် မင်းအဖြစ်ကို ပြုစေသတည်း”ဟု လျှောက်ကြားလေ၏။

မာရ်နတ်တရားနှင့် ဘုရားတရား တခြားစီ

ထိုအခါ မာရ်နတ်ကို မြတ်စွာဘုရားသည် “မာရ်ယုတ်- သင်သည် အကြင်အကြောင်းကြောင့် ငါ့ကို ဤသို့လျှောက်ဘိ၏။ ငါ၏သန္တာန်၌ အဘယ်သို့သော ထိုအကြောင်းကို မြင်ဘိသနည်း”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- မြတ်စွာဘုရားသည် စင်စစ် လေးပါးကုန်သော ဣဒ္ဓိပါဒ်တို့ကို ကောင်းစွာ ပွားများစေအပ်ကုန်ပြီ၊ မြတ်စွာဘုရားသည် အလိုရှိတော်မူသည်ရှိသော် ဟိမဝန္တာတောင်မင်းကို ရွှေဟု နှလုံးသွင်းငြားအံ့၊ ထိုဟိမဝန္တာတောင်မင်းသည်လည်း ရွှေသာလျှင် ဖြစ်ရာ၏၊ အကျွန်ုပ်သည်လည်း ထိုရွှေအစရှိသော ဥစ္စာဖြင့် ပြုအပ်သောအမှုကို ပြုလုပ်ပါမည်။ ထို့ကြောင့် ရှင်တော်ဘုရားတို့သည် တရားသဖြင့် မင်းအဖြစ်ကို ပြုတော်မူကြပါကုန်လတ္တံ့”ဟု လျှောက်ကြားလေ၏။ ထို့ကြောင့် ဤဂါထာနှစ်ခုကို မိန့်ဆိုအပ်၏။

ပဗ္ဗတဿ သုဝဏ္ဏဿ၊ ဇာတရူပဿ ကေဝလော။
ဒွိတ္တာဝ နာလမေကဿ၊ ဣတိ ဝိဒွါ သဉ္စရေ။

ယော ဒုက္ခမဒက္ခိ ယတောနိဒါနံ၊
ကာမေသု သော ဇန္တု ကထံ နမေယျ။
ဥပဓိံ ဝိဒိတွာ သင်္ဂေါတိ လောကေ၊
တဿေဝ ဇန္တု ဝိနယာယ သိက္ခေ။

သုဝဏ္ဏဿ၊ ရွှေဖြင့်ပြီးသည်လည်းဖြစ်သော။ ပဗ္ဗတဿ၊ တောင်ကိုလည်းကောင်း။ ကေဝလော-ကေဝလဿ၊ သက်သက်သော။ ဝါ၊ အလုံးစုံသော။ ဇာတရူပဿ၊ ရွှေကိုလည်းကောင်း။ ဒွိတ္တာဝ၊ ထို့ထက်နှစ်ဆသော်လည်း။ ဧကဿ၊ တစ်ယောက်သောသူအား။ နာလံ၊ မလောက်။ ဣတိ၊ ဤသို့။ ဝိဒွါ၊ သိသောပညာရှိသည်။ သမံ၊ ကောင်းစွာ။ စရေ၊ ကျင့်ရာ၏။

ယတောနိဒါနံ၊ အကြင်အကြောင်းကြောင့်။ ယော ဇန္တု၊ အကြင်သတ္တဝါသည်။ ဒုက္ခံ၊ တေဘူမကဝဋ်ဒုက္ခကို။ အဒက္ခိ၊ မြင်ပြီ။ တတောနိဒါနံ၊ ထိုအကြောင်းကြောင့်။ သောဇန္တု၊ ထိုသတ္တဝါသည်။ ကာမေသု၊ ငါးပါးအာရုံ ကာမဂုဏ်တို့၌။ ကထံ၊ အဘယ်သို့လျှင်။ နမေယျ၊ ညွတ်နိုင်ရာတော့အံ့နည်း။ လောကေ၊ လောက၌။ ဇန္တု၊ သတ္တဝါသည်။ ဥပဓိံ၊ ကာမအစရှိသော ဥပဓိတရားကို။ သင်္ဂေါတိ၊ ကပ်ငြိတတ်သောတရားဟူ၍။ ဝိဒိတွာ၊ သိ၍။ တဿေဝ၊ ထိုကပ်ငြိတတ်သော တရားကိုသာလျှင်။ ဝိနယာယ၊ ပယ်ဖျောက်ခြင်းငှာ။ သိက္ခေ၊ ကျင့်ရာ၏။

ဤဂါထာတို့ဖြင့် ထိတ်လန့်စေပြီးလျှင် “ယုတ်မာလှစွာသော မာရ်နတ်- သင်၏ အဆုံးအမကား တစ်ပါးသာလျှင်တည်း။ ငါဘုရား၏ အဆုံးအမကား တစ်ပါးတည်း၊ သင်နှင့်အတူတကွ ဓမ္မအားဖြင့် တိုင်ပင်နှီးနှောခြင်းမည်သည် မရှိ၊ ငါဘုရားသည်လည်း ဤသို့ ဆုံးမတော်မူ၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၃၁] အတ္ထမှိ ဇာတမှိ သုခါ သဟာယာ၊ တုဋ္ဌီ သုခါ ယာ ဣတရီတရေန။
ပုညံ သုခံ ဇီဝိတ သင်္ခယမှိ၊ သဗ္ဗဿ ဒုက္ခဿ သုခံ ပဟာနံ။

֍ * [၃၃၂] သုခါ မေတ္တေယျတာ လောကေ၊ အထော ပေတ္တေယျတာ သုခါ။
သုခါ သာမညတာ လောကေ၊ အထော ဗြဟ္မညတာ သုခါ။

֍ * [၃၃၃] သုခံ ယာဝ ဇရာ သီလံ၊ သုခါ သဒ္ဓါ ပတိဋ္ဌိတာ။
သုခေါ ပညာယ ပဋိလာဘော၊ ပါပါနံ အကရဏံ သုခံ။

အတ္ထမှိ၊ မိမိအမှုကိစ္စသည်။ ဇာတမှိ၊ ဖြစ်လတ်သည်ရှိသော်။ သဟာယာ၊ အဆွေခင်ပွန်းကောင်းတို့သည်။ သုခါ၊ ချမ်းသာကြောင်းဖြစ်ကုန်၏။

(ရဟန်းအား သင်္ကန်းချုပ်ခြင်းကိစ္စ အဓိကရုဏ်း ငြိမ်းစေခြင်းစသောကိစ္စ၊ လူအားလည်း လယ်ထွန်းခြင်းစသောကိစ္စ၊ အားရှိသော အပင်းအသင်းအမှီရသော သူတို့က နှိပ်စက်ခြင်းစသော ကိစ္စသည် ဖြစ်ပေါ်လာသည်ရှိသော် ထိုကိစ္စကို ပြီးစေခြင်း ငြိမ်းစေခြင်းငှာ စွမ်းနိုင်သော အဆွေခင်ပွန်းကောင်းသည် ချမ်းသာကြောင်းဖြစ်၏ဟူလို။)

ဣတရီတရေန၊ မရသေးသောပစ္စည်းမှ တစ်ပါးသော ရသောပစ္စည်းဖြင့်။ ယာ တုဋ္ဌီ၊ အကြင်ရောင့်ရဲလွယ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ သာတုဋ္ဌီ၊ ထိုရောင့်ရဲလွယ်ခြင်းသည်။ သုခါ၊ ချမ်းသာ၏။

(မိမိဥစ္စာဖြင့် မရောင့်ရဲနိုင်ကြကုန်သော လူတို့သည် တိုက်နံရံစပ် ဖောက်ထွင်းခိုးယူခြင်း စသည်တို့ကို အားထုတ်ကြကုန်၏။ ရဟန်းတို့သည်လည်း အထူးထူးအပြားပြား မအပ်သော ရှာမှီးခြင်းကို အားထုတ်ပြုလုပ်ကြကုန်၏။ ထိုလူရှင်ရဟန်းတို့သည် ချမ်းသာခြင်းကို မရနိုင်ကြကုန်။ ထို့ကြောင့် မရသေးသော ပစ္စည်းမှ တစ်ပါးဖြစ်သော ရသမျှသော နည်းနည်းများများ မိမိပစ္စည်းဖြင့် ရောင့်ရဲနိုင်ခြင်းသည် ချမ်းသာ၏ဟူလို။)

ဇီဝိတသင်္ခယမှိ၊ စုတေမနေ သေရအံ့သောကာလ၌။ ပုညံ၊ အလိုရှိတိုင်း တောင့်တပြုအပ်သော ကောင်းမှုသည်။ သုခံ၊ ချမ်းသာ၏။ သဗ္ဗဿ၊ အလုံးစုံသော။ ဒုက္ခဿ၊ ဝဋ်ဆင်းရဲကို။ ပဟာနံ၊ ပယ်ခြင်းသည်။ သုခံ၊ ချမ်းသာလှ၏။

(ဝဋ်ဆင်းရဲအားလုံးကို ပယ်ခြင်းဟူသော အရဟတ္တမဂ် အရဟတ္တဖိုလ်သာလျှင် ဤလောက၌ ချမ်းသာသည်မည်၏ဟူလို။)

လောကေ၊ လောက၌။ မေတ္တေယျကာ၊ အမိ၌ ကောင်းစွာကျင့်ခြင်းသည်။ သုခါ၊ ချမ်းသာ၏။ အထော၊ ထိုမှတစ်ပါး။ ပေတ္တေယျကာ၊ အဖ၌ ကောင်းစွာကျင့်ခြင်းသည်။ သုခါ၊ ချမ်းသာ၏။

(ဤနှစ်ပုဒ်ဖြင့် မိဘတို့အား လုပ်ကျွေးခြင်းကိုသာ ဟောကြားအပ်၏။ မိဘတို့မည်သည်ကား သားသမီးတို့၏ မလုပ်ကျွေးလိုသည့်အဖြစ်ကို သိရလျှင် မိမိဥစ္စာကို မြေ၌သော်လည်း မြှုပ်နှံကြရကုန်၏။ သူတစ်ပါးတို့အားသော်လည်း ပေးကမ်းစွန့်ကြဲကြကုန်၏။ မိဘတို့ကို မလုပ်ကျွေးသော သူတို့ဟု ထိုသားသမီးတို့အားလည်း ကဲ့ရဲ့စရာ တိုးပွား၏။ သေသောအခါ ဘင်ပုပ်ငရဲ၌ ဖြစ်တတ်ကုန်၏။ မိဘတို့ကို ရိုသေစွာ လုပ်ကျွေးသော သားသမီးတို့သည်ကား မိမိတို့၏ ဥစ္စာအမွေအနှစ်ကို ရနိုင်ကြကုန်၏။ ချီးမွမ်းခြင်းကိုလည်း ရကြကုန်၏။ သေသောအခါ နတ်ပြည်၌ ဖြစ်ကြရကုန်၏။ ထို့ကြောင့် ထိုမိဘတို့၌ ကောင်းစွာကျင့်ခြင်း လုပ်ကျွေးခြင်းကို ချမ်းသာ၏ဟု ဟောအပ်သည်ဟူလို။)

လောကေ၊ လောက၌။ သာမညတာ၊ ရဟန်းတို့၌ ကောင်းစွာကျင့်ခြင်းသည်။ သုခါ၊ ချမ်းသာ၏။ အထော၊ ထိုမှတစ်ပါး။ ဗြဟ္မညတာ၊ အပပြုအပ်ပြီးသော မကောင်းမှုရှိကုန်သော ဘုရား,ပစ္စေကဗုဒ္ဓါ, ရဟန္တာသာဝကတို့၌ ကောင်းစွာကျင့်ခြင်းသည်။ သုခါ၊ ချမ်းသာ၏။

(ဤနှစ်ပါးဖြင့် ထိုရဟန်း, ရဟန္တာပုဂ္ဂိုလ်တို့အား လေးပါးသော ပစ္စည်းတို့ဖြင့် ကောင်းစွာလုပ်ကျွေးခြင်းကို ဟောကြားအပ်၏။ ဤသို့ လုပ်ကျွေးခြင်းသည်လည်း လောက၌ ချမ်းသာမည်၏ဟု ဟောအပ်သည်ဟူလို။)

ယာဝ ဇရာ၊ အိုသည့်တိုင်အောင်။ သီလံ၊ သီလသည်။ သုခံ၊ ချမ်းသာ၏။

(ပတ္တမြားနားတောင်း, နီမြန်းသာ အဝတ်စသော တန်ဆာတို့သည် ထိုထိုအရွယ်၌ တည်သောသူတို့အားသာ တင့်တယ်ကုန်၏။ လူငယ်တို့၏ တန်ဆာသည် ကြီးသောကာလ၌ မတင့်တယ်၊ လူကြီးတို့၏ တန်ဆာသည်လည်း ငယ်သောကာလ၌ မတင့်တယ်၊ ဤသူ အရူးလောဟု ကဲ့ရဲ့ဖွယ် ဖြစ်စေသဖြင့် အမျက်ဒေါသကိုသာ ဖြစ်စေနိုင်သည်။ ငါးပါး ဆယ်ပါးစသော သီလသည်ကား လူငယ်အားလည်းကောင်း၊ လူကြီးအားလည်းကောင်း တင့်တယ်သည်သာတည်း။ ဤသူသည် သီလအလွန် ရှိပေစွတကားဟု ချီးမွမ်းဖွယ်ကို ဖြစ်စေသဖြင့် ဝမ်းမြောက်ရခြင်းကိုသာ ဆောင်တတ်၏ဟူလို။)

သဒ္ဓါပတိဋ္ဌိတာ၊ လောကီ လောကုတ္တရာ သဒ္ဓါနှစ်ပါး၏ မတုန်မလှုပ် တည်ခြင်းသည်။ သုခါ၊ ချမ်းသာ၏။ ပညာယပဋိလာဘော၊ လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရခြင်းသည်။ သုခေါ၊ ချမ်းသာ၏။ ပါပါနံ၊ မကောင်းမှုတို့ကို။ အကရဏံ၊ မပြုခြင်းသည်။ သုခံ၊ ချမ်းသာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော နတ်တို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍သိမြင်သည် ဖြစ်၏။

မာရ်နတ်ဝတ္ထုပြီး၏။

֍ * ၁။ ကပိလငါး ဝတ္ထု

မနုဇဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကပိလမည်သောငါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကပိလ ရဟန်း

လွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုပြီးသောကာလ၌ အမျိုးသားညီနောင် နှစ်ယောက်တို့သည် လူ့ဘောင်မှထွက်၍ ဘုရားတပည့်သာဝကတို့၏ အထံတော်၌ ရဟန်းပြုကြကုန်သတတ်။ ထိုရဟန်းနှစ်ပါးတို့တွင် အစ်ကိုကြီးဖြစ်သော ရဟန်းသည် သာဂတ အမည်ရှိ၏။ ညီငယ်ဖြစ်သော ရဟန်းသည် ကပိလ အမည်ရှိ၏။ ထိုရဟန်းနှစ်ဦးတို့၏ မယ်တော်သည် သာဓိနီအမည်ရှိ၏။ နှမငယ်သည် တာပနာ အမည်ရှိ၏။ ထိုမယ်တော်နှင့် နှမငယ်တို့သည်လည်း ရဟန်းမိန်းမတို့၏ အထံ၌ ရဟန်းပြုကြကုန်သတတ်။ ဤသို့လျှင် ထိုမိသားစုလေးယောက်တို့သည် ရဟန်းပြုကြကုန်ပြီးသည်ရှိသော် ညီနောင် နှစ်ပါးတို့သည် ဆရာဥပဇ္ဈာယ်တို့အား ဝတ်ကြီးဝတ်ငယ်ကိုပြု၍ နေကုန်လျက် တစ်နေ့သ၌ “အရှင်ဘုရား- ဤသာသနာတော်၌ ဓုရတို့သည် အဘယ်မျှတို့ပါနည်းဘုရား”ဟု မေးလျှောက်ပြီးလျှင် “ဂန္ထဓုရလည်းကောင်း၊ ဝိပဿနာဓုရလည်းကောင်း ဤသို့လျှင် ဓုရတို့သည် နှစ်ပါးတို့ ဖြစ်ကုန်၏”ဟု မိန့်မြွက်သော စကားကို ကြားရ၍ အစ်ကိုကြီး ရဟန်းသည် ဝိပဿနာဓုရကို ဖြည့်ကျင့်အံ့ဟူ၍ ငါးဝါတို့ပတ်လုံး ဆရာဥပဇ္ဈာယ်တို့၏ အထံ၌နေလျက် အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းကိုယူ၍ တောသို့ဝင်ပြီးလျှင် လုံ့လပြုသည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။

ညီရဟန်းသည်ကား “ငါသည် ပျိုနုသေး၏။ အိုမင်းသော ကာလ၌ ဝိပဿနာဓုရကို ဖြည့်ကျင့်အံ့”ဟူ၍ ဝိပဿနာဓုရကို ဖယ်ထားသဖြင့် ပိဋကတ်သုံးပုံတို့ကို သင်ယူလေ၏။ ထိုကပိလရဟန်းအား ပရိယတ်ကိုမှီ၍ များစွာသော အခြံအရံရှိ၏။ အခြံအရံကိုမှီ၍ လာဘ်များခြင်းသည် ထင်ရှားဖြစ်၏။ ထိုကပိလရဟန်းသည် များသော အကြားအမြင်ဟူသော မာန်ယစ်ခြင်းဖြင့် မာန်ယစ်၏။ လာဘ်လာဘကိုမှီသော တဏှာဖြင့် နှိပ်စက်ခြင်းရှိ၏။ အလွန်ပညာကြီးသည်ဟု မိမိကိုယ်ကို မှတ်ထင်သဖြင့် သူတစ်ပါးတို့ ပြောဆိုအပ်သော အပ်သောအမှုကိုလည်း “မအပ်”ဟူ၍ ဆို၏။ မအပ်သောအမှုကိုလည်း “အပ်၏”ဟု ဆိုလေ့ရှိ၏။ အပြစ်ရှိသည်ကိုလည်း “အပြစ်မရှိ”ဟု အပြစ်မရှိသည်ကိုလည်း “အပြစ်ရှိ၏”ဟု ဆိုလေ့ရှိ၏။ ထိုကပိလရဟန်းသည် သီလကိုချစ်မြတ်နိုးကုန်သော ရဟန်းတို့က “ငါ့ရှင်ကပိလ- ဤသို့ မဆိုပါလင့်”ဟု ဆို၍ သုတ်, အဘိဓမ္မာကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း ပြသဖြင့် ဆိုဆုံးမပါသော်လည်း “အရှင်တို့သည် အဘယ်ကို သိကုန်သနည်း။ အချည်းနှီးသော လက်ဆုပ်နှင့် တူကုန်၏။” ဤသို့ အစရှိသော စကားကိုဆို၍ ငြင်းခုံလျက် ရှုတ်ချလျက် လှည့်လည်၏။

ကပိလရဟန်း၏ နောင်တော် မယ်တော် နှမများ

ထိုအခါ ထိုကပိလရဟန်း၏ အစ်ကိုဖြစ်သော သာဂတမထေရ်အလည်း ရဟန်းတို့သည် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ထိုအစ်ကိုမထေရ်ကြီးသည်လည်း ကပိလရဟန်းသို့ ချဉ်းကပ်၍ “ငါ့ရှင် ကပိလရဟန်း- သင်တို့ကဲ့သို့ သဘောရှိကုန်သော သူတို့၏ ကောင်းသောအကျင့် ပဋိပတ်သည် သာသနာတော်၏ အသက်မည်၏။ အဘယ့်ကြောင့် ကောင်းသောအကျင့်ကိုပယ်၍ အပ်ခြင်း စသည်တို့ကို တားမြစ်ဘိသနည်း၊ ဤသို့ မဆိုပါလင့်”ဟု ပြောဆိုဆုံးမလေ၏။ ကပိလရဟန်းသည် နောင်တော်မထေရ်၏ စကားကိုလည်း မနာယူ၊ ဤသို့ မနာယူသည်ပင် ဖြစ်သော်လည်း နောင်တော်မထေရ်ကြီးသည် နှစ်ကြိမ်,သုံးကြိမ် ဆုံးမ၍ အဆုံးအမကို မယူလတ်သည်ရှိသော် “ဤကပိလရဟန်းကား ငါ့စကားကို မနာယူချေ”ဟု သိသည်ဖြစ်၍ “ငါ့ရှင်- ထိုမိမိအမှုဖြင့် ထင်ရှားပေလတ္တံ့”ဟု ဆို၍ ဖဲသွားရလေ၏။

ထိုနေ့မှစ၍ ကပိလရဟန်းကို သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့သည် စွန့်ပစ်ကြလေကုန်၏။ ထိုကပိလရဟန်းသည် မကောင်းသော အကျင့်ရှိသည်ဖြစ်၍ မကောင်းသော အကျင့်ရှိသော ရဟန်းတို့ဖြင့် ခြံရံလျက်နေစဉ် တစ်နေ့သ၌ ဥပုသ်အိမ်၌ ပါတိမောက်ကို ပြအံ့ဟု ယပ်ကိုယူ၍ တရားဟောပလ္လင်၌ နေပြီးလျှင် ဥပုသ်အိမ်၌ စည်းဝေးကြကုန်သော ရဟန်းတို့အား “ပါတိမောက်ရသည် ဖြစ်သလော”ဟု မေးသည်ရှိသော် “ဤရဟန်းအား စကားတုံ့ပေးသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆိတ်ဆိတ်နေကြကုန်သော ရဟန်းတို့ကို မြင်ရလျှင် “ငါ့ရှင်တို့- သုတ်, အဘိဓမ္မာသည်လည်းကောင်း၊ ဝိနည်းသည်လည်းကောင်း မရှိ၊ ပါတိမောက်ကို နာကြားရသဖြင့်လည်းကောင်း၊ မနာကြားရသဖြင့်လည်းကောင်း အဘယ်အကျိုးရှိအံ့နည်း”ဟု ဆို၍ နေရာမှ ထလေ၏။ ဤသို့လျှင် ထိုကပိလရဟန်းသည် ကဿပမြတ်စွာဘုရား၏ ပရိယတ္တိ သာသနာတော်ကို ယုတ်စေဘိ၏။ နောင်တော် သာဂတမထေရ်သည်လည်း ထိုနေ့၌သာလျှင် ပရိနိဗ္ဗာန် စံယူတော်မူလေ၏။ ကပိလရဟန်းသည် အသက်ကုန်ဆုံးသော နေ့၌ အဝီစိငရဲကြီး၌ ဖြစ်ရှာလေ၏။ ထိုကပိလရဟန်း၏ အမိသည်လည်းကောင်း၊ နှမသည်လည်းကောင်း ထိုကပိလ ရဟန်း၏ အယူကို အတုလိုက်ခြင်းသို့ ရောက်သည်ဖြစ်၍ သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ကို ဆဲရေး၍ ရေရွတ်၍ ထိုအဝီစိငရဲ၌သာလျှင် ဖြစ်ရှာကြလေကုန်၏။

ခိုးသားငါးရာ၏ သီလအကျိုး

ထိုအခါ ငါးရာသော ယောက်ျားတို့သည် ရွာကိုဖျက်ဆီးခြင်း စသည်တို့ကိုပြု၍ ခိုးမှုအားဖြင့် အသက်မွေးကြကုန်သဖြင့် ဇနပုဒ်၌နေကုန်သော လူတို့သည် အစဉ်အလိုက်ကုန်သောကြောင့် ထွက်ပြေးကုန်လျက် တောသို့ဝင်ပြီးလျှင် ထိုတော၌ တစ်စုံတစ်ခုသော ကိုးကွယ်ရာကို မမြင်ရသောကြောင့် တော၌နေသော အမှတ်မရှိ တစ်ပါးသော ရဟန်းကို မြင်ရလျှင် ရှိခိုး၍ “အရှင်ဘုရား- တပည့်တော်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူကြပါဘုရား”ဟု ဆိုကြလေကုန်၏။ မထေရ်သည် “သင်တို့အား သီလနှင့်တူသော ကိုးကွယ်ရာမည်သည် မရှိ၊ အလုံးစုံသော သင်တို့သည်လည်း ငါးပါးသောသီလတို့ကို တည်ဆောက်ကြကုန်လော့”ဟု မိန့်ဆိုတော်မူလေ၏။ ထိုငါးရာသော ခိုးသူတို့သည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ သီလတို့ကို ဆောက်တည်ကြလေကုန်၏။ ထိုအခါ ငါးရာသော ခိုးသူတို့ကို မထေရ်သည် “ယခုအခါ သင်တို့ကား သီလရှိကြကုန်ပြီ၊ အသက်ဟူသောအကြောင်းကြောင့်လည်း သင်တို့သည် သီလကို မလွန်ကျူးအပ်၊ နှလုံး၏ ပြစ်မှားခြင်း ဒေါသကို မပြုအပ်”ဟု ဆုံးမတော်မူလေ၏။ ခိုးသူတို့သည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံကြလေကုန်၏။ ထို့နောင်မှ ခိုးသူတို့ကို ဇနပုဒ်သားလူတို့သည် ထိုအရပ်သို့ရောက်၍ ထိုမှဤမှ ရှာဖွေကြကုန်သည်ရှိသော် ထိုခိုးသူတို့ကို မြင်ရလျှင် အလုံးစုံသော ထိုခိုးသူတို့ကို အသက်မှ ချကြလေကုန်၏။

ထိုခိုးသူတို့သည် သေ၍ နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ခိုးသူကြီးသည် နတ်သားအကြီး ဖြစ်လေ၏။ ထိုခိုးသူတို့သည် နတ်ပြည်,လူ့ပြည် အစုန်အဆန် ကျင်လည်သည်၏ အစွမ်းအားဖြင့် နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး နတ်ပြည်၌ ကျင်လည်ပြီးလျှင် ဤငါတို့ဘုရား ထင်ရှားပွင့်လင်းတော်မူသောအခါ သာဝတ္တိပြည် တံခါးနှင့် နီးသောရွာ၌ အမျိုးငါးရာရှိသော တံငါရွာကြီးတွင် ဖြစ်ကြလေကုန်၏။ နတ်သားအကြီးသည် တံငါအကြီးအိမ်၌ ပဋိသန္ဓေ ယူလေ၏။ ဤမှတစ်ပါးကုန်သော ခိုးသူနတ်သားတို့သည် တစ်ပါးသော အိမ်တို့၌ ပဋိသန္ဓေယူကြလေကုန်၏။ ဤသို့လျှင် ထိုငါးရာသော နတ်သားတို့၏ တစ်နေ့ချင်း တစ်ပြိုင်နက် ပဋိသန္ဓေယူခြင်းသည်လည်းကောင်း၊ အမိဝမ်းမှ ဖွားမြင်ခြင်းသည်လည်းကောင်း ဖြစ်ကြလေ၏။ တံငါအကြီးသည် “ဤရွာ၌ ယနေ့ ဖွားမြင်ကုန်သော တစ်ပါးသော သူငယ်တို့သည်လည်း ရှိကုန်သလော”ဟု ရှာဖွေစေသည်ရှိသော် ထိုသူငယ်တို့၏ ဖွားမြင်သည့်အဖြစ်ကို သိရလျှင် “ဤသူငယ်တို့ကား ငါ့သား၏ သူငယ်ဖော်တို့ ဖြစ်ကြကုန်လတ္တံ့”ဟု အလုံးစုံသော သူငယ်တို့အား ကျွေးမွေးရန် မျိုးရိက္ခာကို ပေးစေလေ၏။

ထိုအလုံးစုံသော သူငယ်တို့သည်လည်း အတူတကွ မြေမှုန့်ကစားဖော် သူငယ်တို့ဖြစ်၍ အစဉ်သဖြင့် အရွယ်သို့ ရောက်ကြလေကုန်၏။ ထိုသူငယ်တို့တွင် တံငါအကြီး၏ သားသည် ကျော်စောခြင်းလည်းရှိသော ဘုန်းတန်ခိုးနှင့်လည်း ပြည့်စုံသော မြတ်သောယောက်ျား ဖြစ်လေ၏။ ကပိလရဟန်းသည်လည်း နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး ငရဲ၌ကျက်ပြီးလျှင် အကျိုးကြွင်းအားဖြင့် ထိုအခါ အစိရဝတီမြစ်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မကောင်းသော ခံတွင်းအနံ့ရှိသော ငါးကြီး ဖြစ်ရှာလေ၏။

ကပိလငါး ဇေတဝန်ကျောင်းတော်သို့ ရောက်ခြင်း

ထိုအခါ တစ်နေ့သ၌ ထိုတံငါသား အဆွေခင်ပွန်းတို့သည် “ငါးတို့ကို ဖမ်းကြကုန်အံ့”ဟု ပိုက်ကွန်စသည်တို့ကို ယူ၍ မြစ်၌ချလေကုန်၏။ ထိုအခါ ထိုတံငါတို့၏ ကွန်ရက်အတွင်း၌ ထိုကပိလမည်သော ငါးသည် ဝင်မိလေ၏။ ထိုငါးကိုရလျှင် အလုံးစုံ တံငါရွာ၌နေသော သူတို့သည် ကျယ်စွာသော ကြွေးကြော်သံကို ပြုကြလေကုန်၏။ “တံငါတို့၏သားတို့သည် ရှေးဦးစွာ ငါးတို့ကို ဖမ်းကြကုန်သည်ရှိသော် ရွှေအဆင်းရှိသော် ငါးကို ဖမ်းမိကြလေကုန်၏။ ယခုအခါ ငါတို့အား မင်းကြီးသည် များစွာသောဥစ္စာကို ပေးလတ္တံ့”ဟု ကြွေးကြော်ကြလေကုန်၏။ ထိုအဆွေခင်ပွန်းတို့သည်လည်း ငါးကို လှေ၌တင်၍ လှေကိုထမ်းယူပြီးလျှင် မင်းကြီး၏အထံသို့ သွားကြလေကုန်၏။ ပသေနဒီ ကောသလမင်းကြီးသည်လည်း ထိုငါးလှေ ထမ်းလာသည်ကို မြင်တဲ့လျှင် “ဤအရာကား အဘယ်နည်း”ဟု မိန့်ဆိုသည်ရှိသော် အရှင်မင်းကြီး- ငါးဖြစ်သည်ကို လျှောက်တင်ကြလေကုန်၏။ မင်းကြီးသည် ရွှေအဆင်းရှိသော ငါးကိုမြင်လျှင် “ဘုရားရှင်သည် ထိုငါး၏ ရွှေအဆင်းရှိခြင်း၏ အကြောင်းကို သိရှိတော်မူပေလတ္တံ့”ဟု ငါးကို ယူစေပြီးလျှင် မြတ်စွာဘုရား၏ အထံတော်သို့ သွားလေ၏။ ငါးသည် ခံတွင်းကို ဖွင့်ကာမျှ ဖြစ်လတ်သော်သာလျှင် အလုံးစုံသော ဇေတဝန်ကျောင်းတော်သည် အလွန်လျှင် မကောင်းသောအနံ့ရှိသည် ဖြစ်လေ၏။

မင်းကြီးသည် ဘုရားရှင်ကို “မြတ်စွာဘုရာ. - အဘယ့်ကြောင့် ငါသည် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည် ဖြစ်ပါသနည်း၊ အဘယ့်ကြောင့် ထိုငါး၏ခံတွင်းမှ မကောင်းသောအနံ့ လှိုင်ပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “မြတ်သောမင်းကြီး- ဤငါးသည် ကဿပဘုရားရှင်၏ သာသနာတော်၏ ကပိလအမည်ရှိသော ရဟန်းဖြစ်ဖူး၏။ များသော အကြားအမြင်ရှိ၏၊ များသော အခြံအရံ ရှိ၏၊ လာဘ်လာဘ၌ ကပ်ငြိသော လောဘတဏှာဖြင့် နှိပ်စက်ခြင်းရှိ၏။ မိမိ၏စကားကို မယူကုန်သောသူတို့အား ဆဲရေးတတ်၏၊ ရေရွတ်တတ်၏၊ ကဿပ မြတ်စွာဘုရား၏ သာသနာကို ဆုတ်ယုတ်စေ၏။ ထိုကပိလရဟန်းသည် ထိုမကောင်းမှုကံကြောင့် အဝီစိငရဲ၌ ဖြစ်ပြီးလျှင် အကျိုးကြွင်းအားဖြင့် ယခုအခါ ငါးအဖြစ်ဖြင့် ဖြစ်ရှာလေ၏၊ ထိုကပိလရဟန်းသည် ရှည်ကြာစွာသော ကာလပတ်လုံး မြတ်စွာဘုရား၏ စကားတော်ကို ချပို့၏။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဟော၏၊ ထိုကောင်းမှု၏ အကျိုးဆက်အားဖြင့် ရွှေအဆင်းနှင့်တူသော အဆင်းကို ရလေဘိ၏၊ ရဟန်းတို့အား ဆဲရေးရေရွတ်ခြင်းကို ပြုသောသူဖြစ်၏။ ထိုမကောင်းမှုကံကြောင့် ဤငါး၏ခံတွင်းမှ မကောင်းသော အနံ့သည် လှိုင်ရလေ၏။”

ကပိလငါး လူစကား ပြောခြင်း

“မြတ်သောမင်းကြီး- ထိုငါးကို စကားပြောခိုင်းဦးမည်”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ပြောခိုင်းတော်မူကြပါဘုရား”ဟု လျှောက်ကြား တောင်းပန်လေ၏။ ထို့နောင်မှ မြတ်စွာဘုရားသည် ငါးကို “သင်ကား ကပိလရဟန်း ဖြစ်ဖူးသူ ဟုတ်၏လော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- တပည့်တော်သည် ကပိလရဟန်းဖြစ်ဖူးသူ မှန်ပါသည်ဘုရား”ဟု လျှောက်လတ်သော် “အဘယ်မှ လာခဲ့သနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- အဝီစိငရဲကြီးမှ လာခဲ့ရပါသည်ဘုရား”ဟု လျှောက်လတ်သော် “သင်၏ နောင်တော်ကြီးဖြစ်သော သာဂတအမည်ရှိသော မထေရ်သည် အဘယ်အရပ်သို့ သွားသနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- ပရိနိဗ္ဗာန်ပြုပါပြီဘုရား”ဟု လျှောက်လတ်သော် “သင်၏ သာဓိနီ အမည်ရှိသော မယ်တော်သည် အဘယ်မှာနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- ငရဲကြီး၌ ဖြစ်နေပါသည်ဘုရား”ဟု လျှောက်လတ်သော် “သင်၏ တာပနာ အမည်ရှိသော နှမငယ်သည် အဘယ်မှာနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- ငရဲကြီး၌ ဖြစ်နေပါသည်ဘုရား”ဟု လျှောက်လတ်သော် “ယခုအခါ သင်သည် အဘယ်သို့ သွားရအံ့နည်း”ဟု မေးတော်မူပြန်လေ၏။ “မြတ်စွာဘုရား- အဝီစိငရဲကြီးသို့သာလျှင် သွားရပါဦးမည်ဘုရား”ဟု ဆို၍ နှလုံးမသာယာခြင်းဖြင့် နှိပ်စက်ခြင်းရှိသောကြောင့် လှေကို ဦးခေါင်းဖြင့် ပုတ်ခတ်ပြီးလျှင် ထိုခဏ၌သေ၍ ငရဲ၌ဖြစ်ပြန်ရှာလေ၏။ များစွာသော လူအပေါင်းသည် ထိတ်လန့်ခြင်းရှိသဖြင့် ကြက်သီးမွေးညှင်း ထခြင်းရှိသည် ဖြစ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခဏ၌ စည်းဝေးသော ပရိသတ်၏ စိတ်အကြံကို ကြည့်ရှုတော်မူလျက် ထိုခဏနှင့်လျော်သော တရားကို ဟောခြင်းငှာ “တရားကို ကျင့်ခြင်းသည်လည်းကောင်း၊ မြတ်သော သီတင်းသုံး၍ နေခြင်းသည်လည်းကောင်း တစ်ပေါင်းတည်းဖြစ်၍ အလွန်မြတ်၏”ဟု သုတ္တနိပါတ်ပါဠိတော် ကပိလသုတ်ကို ဟောတော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၃၄] မနုဇဿ ပမတ္တစာရိနော၊ တဏှာ ဝဍ္ဎတိ မာလုဝါ ဝိယ။
သော ပ္လဝတီ ဟုရာဟုရံ၊ ဖလမိစ္ဆံဝ ဝနသ္မိ ဝါနရော။

֍ * [၃၃၅] ယံ ဧသာ သဟတေ ဇမ္မီ၊ တဏှာ လောကေ ဝိသတ္တိကာ။
သောကာ တဿ ပဝဍ္ဎန္တိ ၊ အဘိဝဋ္ဌံဝ ဗီရဏံ။

֍ * [၃၃၆] ယော စေတံ သဟတေ ဇမ္မိံ၊ တဏှံ လောကေ ဒုရစ္စယံ။
သောကာ တမှာ ပပတန္တိ ၊ ဥဒဗိန္ဒုဝ ပေါက္ခရာ။

֍ * [၃၃၇] တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ၊ ယာဝန္တေတ္ထ သမာဂတာ။
တဏှာယ မူလံ ခဏထ၊ ဥသီရတ္ထောဝ ဗီရဏံ။
မာ ဝေါ နဠံဝ သောတောဝ၊ မာရော ဘဉ္ဇိ ပုနပ္ပုနံ။

ပမတ္တစာရိနော၊ မေ့လျော့သော အကျင့်ရှိသော။ မနုဇဿ၊ သတ္တဝါအား။ တဏှာ၊ အာရုံတို့၌ ကပ်ငြိခြင်းတဏှာသည်။ မာလုဝါ ဝိယ၊ မာလောနွယ်ကဲ့သို့။ ဝဍ္ဎတိ၊ တိုးပွား၏။

(သတိလွတ်ခြင်း လက္ခဏာရှိသော မေ့လျော့ခြင်းဖြင့် မေ့မေ့လျော့လျော့ ကျင့်သောပုဂ္ဂိုလ်အား ဈာန်,ဝိပဿနာ,မဂ်တို့သည် မတိုးပွားနိုင်၊ သစ်ပင်ကို ရစ်ပတ်ဖွဲ့ယှက်လျက် ထိုသစ်ပင် ပျက်စီးစိမ့်သောငှာ မာလောနွယ် ကြီးပွားသကဲ့သို့ ထို့အတူ ထိုပုဂ္ဂိုလ်အား ခြောက်ဒွါရတို့ကိုမှီ၍ အဖန်ဖန် ဖြစ်တတ်သောကြောင့် တဏှာသာ တိုးပွားရပေ၏ဟူလို။)

ဖလံ၊ သစ်သီးကို။ ဣစ္ဆံ-ဣစ္ဆန္တော၊ အလိုရှိသော။ ဝါနရော၊ မျောက်သည်။ ဝနသ္မိံ၊ တော၌။ ဓာဝတိဣဝ၊ တစ်ပင်မှ တစ်ပင်သို့ ပြေးသွားသကဲ့သို့။ သော၊ ထိုသတ္တဝါသည်။ ဟုရာဟုရံ၊ ထိုထိုသောဘဝ၌။ ဝါ၊ တစ်ဘဝမှ တစ်ဘဝသို့။ ပ္လဝတိ၊ ပြေးသွား၏။

(တဏှာအလိုလိုက်သော ထိုပုဂ္ဂိုလ်သည် ထိုထိုဘဝသို့ ပြေးသွားရ၏။ ဥပမာကား သစ်သီးအလိုရှိသော မျောက်သည် တော၌ ပြေးသွားရ၏။ ထိုထိုသစ်ပင်၏ သစ်ခက်ကို လှမ်းယူ၏။ ထိုသစ်ခက်ကိုလွှတ်၍ အခြားသစ်ခက်ကို လှမ်းယူ၏၊ သစ်ခက်ကို မရသည်ရှိသော် ငြိမ်သက်စွာ နေ၏ဟု ဆိုအပ်သည့်အဖြစ်သို့ မရောက်နိုင်သကဲ့သို့ ထို့အတူ တဏှာအလိုလိုက်သော ပုဂ္ဂိုလ်သည် ဘဝထိုထိုသို့ ပြေးသွားလျက် အာရုံကို မရသည်ရှိသော် တဏှာ၏ မဖြစ်နိုင်ခြင်းသို့ ရောက်ပြီဟု ဆိုအပ်သော အဖြစ်သို့ မရောက်ပေဟူလို။)

လောကေ၊ လောက၌။ ဇမ္မီ၊ ယုတ်မာထသော။ ဝိသတ္တိကာ၊ ဝိသတ္တိကာဟု ဆိုအပ်သော။ ဧသာ တဏှာ၊ ဤဆဒွါရိက တဏှာသည်။ ယံ၊ အကြင်ပုဂ္ဂိုလ်ကို၊ သဟတေ၊ ညှဉ်းဆဲ၏။

(အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်တိုးပွား၏ ဟူလို။)

တဿ၊ ထိုပုဂ္ဂိုလ်အား။ အဘိဝဋ္ဌံ၊ မိုးရေကြောင့် ပေါက်ရောက်သော။ ဗီရဏံဝ၊ ပြိန်းမြက်ကဲ့သို့။ သောကာ၊ စိုးရိမ်ခြင်းတို့သည်။ ပဝဍ္ဎန္တိ၊ တိုးပွားကြကုန်၏။

(မိုးဥတုအခါ အဖန်ဖန်ရွာသော မိုးကြောင့် ပေါက်ရောက်သော ပြိန်းမြက်သည် သန်စွမ်းတိုးပွားသကဲ့သို့ ထိုပုဂ္ဂိုလ်၏ ကိုယ်တွင်း၌ ဝဋ်ဆင်းရဲလျှင် အကြောင်းရှိသော တဏှာ လွန်စွာတိုးပွားကုန်၏ဟူလို။)

ယောစ၊ အကြင်ပုဂ္ဂိုလ်သည်လည်း။ ဇမ္မိံ၊ ယုတ်မာလှစွာသော။ လောကေ၊ လောက၌။ ဒုရစ္စယံ၊ အလွန်စွန့်နိုင်ခဲလှသော။ ဧတံတဏှံ၊ ထိုတဏှာကို။ သဟတေ၊ နှိပ်စက်နိုင်၏။ ပေါက္ခရာ၊ ကြာရွက်မှ။ ဥဒဗိန္ဒုဝ၊ ရေပေါက်တို့ကဲ့သို့။ တမှာ၊ ထိုပုဂ္ဂိုလ်မှ။ သောကာ၊ စိုးရိမ်ခြင်းတို့သည်။ ပပတန္တိ ၊ လျှာကြကုန်၏။

ဘိက္ခဝေ၊ ရဟန်းတို့။ တံ-တေနကာရဏေန၊ ထိုအကြောင်းကြောင့်။ ဝေါ၊ သင်ချစ်သားတို့အား။ ဝဒါမိ၊ ဟောကြားမိန့်ဆိုပေအံ့။ ဧတ္ထ၊ ဤအရပ်၌။ ယာဝတာ၊ အကြင်မျှလောက်။ သမာဂတာ၊ အညီအညွတ် စည်းဝေးလာရောက်ကြကုန်၏။ တတ္တကာနံ၊ ထိုမျှလောက်ကုန်သော။ ဝေါ၊ သင်ချစ်သားတို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(ဤငရဲကျ ငါးဖြစ်သော ကပိလရဟန်းကဲ့သို့ ပျက်စီးခြင်းသို့ မရောက်ကြစေကုန်လင့် ဟူလို။)

ဥသီရတ္ထော၊ ပန်းရင်းမြက်ဖြင့် အလိုရှိသောသူသည်။ ဗီရဏံ၊ ပြိန်းမြက်ကို။ ခဏတိဣဝ၊ တူးသကဲ့သို့။ တဏှာယ၊ ဆဒွါရိကတဏှာ၏။ မူလံ၊ အမြစ်ကို။ ခဏထ၊ တူးကြကုန်လော့။

(ပေါက်တူးကြီးဖြင့် ပြိန်းမြက်ပင်ကို တူးသကဲ့သို့ အရဟတ္တမဂ်ဉာဏ်ဖြင့် တဏှာ၏အမြစ်အရင်းကို တူးပစ်ရမည်ဟူလို။)

သောတော၊ ပြင်းစွာသော အဟုန်ဖြင့်လာသော မြစ်ရေအလျဉ်သည်။ နဠံ၊ ကျူပင်ကို။ ဘဉ္ဇတိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ မာရေ၊ မာရ်မင်းသည်။ ဝေါ-တုမှေ၊ သင်တို့ကို။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ မာ ဘဉ္ဇိ၊ မဖျက်ဆီးစေလင့်။

(မြစ်ရေအလျဉ်၌ ပေါက်သော ကျူပင်ကို ကြီးသောအရှိန်ဖြင့်လာသော မြစ်ရေအလျဉ်သည် ဖျက်ဆီးသကဲ့သို့ ထိုကိလေသမာရ်, မရဏမာရ်, ဒေဝပုတ္တမာရ်သည် ချစ်သားတို့ကို ခဏခဏ မဖျက်ဆီးနိုင်အောင် ပြုကြရမည်ဟူလို။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာလည်းဖြစ်ကုန်သော တံငါသားတို့သည် ထိတ်လန့်ခြင်းသို့ရောက်၍ ဆင်းရဲ၏အဆုံးကို ပြုခြင်းငှာ တောင့်တကုန်လျက် ဘုရားရှင်၏ အထံတော်၌ ရဟန်းပြုပြီးလျှင် မကြာမြင့်မီသာလျှင် ဆင်းရဲ၏ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ မြတ်စွာဘုရားနှင့် အတူတကွ မတုန်မလှုပ်နေခြင်းရှိသော အာနေဉ္ဇဝိဟာရ သမာပတ်ဟူသော သုံးဆောင်ခြင်းအားဖြင့် တူသော သုံးဆောင်ခြင်း ရှိကြသည် ဖြစ်ကြလေကုန်၏။

ကပိလငါးဝတ္ထုပြီး၏။

֍ * ၂။ ဝက်မငယ်ဝတ္ထု

ယထာပိ မူလေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် မစင်စား ဝက်မငယ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဗြဟ္မာသော်လည်း ဝက်ဖြစ်ရခြင်း

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှာ ဝင်တော်မူသည်ရှိသော် ဝက်မငယ်တစ်ကောင်ကို မြင်တော်မူ၍ ပြုံးခြင်းကို ထင်စွာပြုတော်မူသတတ်၊ ပြုံးခြင်းကို ပြုတော်မူသော ထိုမြတ်စွာဘုရား၏ ဖွင့်တော်မူသော ခံတွင်းတော်မှထွက်သော သွားတော်ရောင်ခြည် အဝန်းကိုမြင်ရလျှင် ရှင်အာနန္ဒာမထေရ်သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ပြုံးခြင်းကို ထင်စွာပြုတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်းဘုရား”ဟု ပြုံးတော်မူခြင်း၏အကြောင်းကို မေးလျှောက်လေ၏။ ထိုအခါ ရှင်အာနန္ဒာကို မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- ထိုဝက်မငယ်ကိုမြင်၏လော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- မြင်ပါသည်ဘုရား”ဟု လျှောက်လတ်သည်ရှိသော် “ထိုဝက်မငယ်သည် ကကုသန် မြတ်စွာဘုရား၏ သာသနာတော်ဝယ် တစ်ဆောင်သော ဆွမ်းစားဇရပ်၏အနီး၌ ကြက်မဖြစ်ဖူးလေ၏။ ထိုကြက်မသည် တစ်ဦးသော ကမ္မဋ္ဌာန်းစီးဖြန်းသော ရဟန်း၏ ဝိပဿနာကမ္မဋ္ဌာန်းကို သရဇ္ဈာယ်စဉ် တရားသံကို ကြားနာရ၍ ထိုကြက်မအဖြစ်မှ စုတေမနေ သေလွန်သည်ရှိသော် မင်းမျိုး၌ဖြစ်သဖြင့် ဥပရိအမည်ရှိသော မင်းသမီး ဖြစ်လေ၏။

ထိုမင်းသမီးသည် နောက်အဖို့၌ ကိုယ်လက်သုတ်သင်ရာဌာနသို့ ဝင်လတ်သည်ရှိသော် ပိုးလောက်အစုကို မြင်ရသဖြင့် ထိုနေရာ၌ ပိုးလောက်အစုဟူသော ပုဠုဝကသညာကို ဖြစ်စေလျက် ပထမဈာန်ကို ကောင်းစွာရရှိလေ၏။ ထိုဥပရိမင်းသမီးသည် မင်းမျိုး၌ အသက်ရှည်သမျှ ကာလပတ်လုံး တည်နေပြီးလျှင် ထိုကိုယ်၏အဖြစ်မှ စုတေပြန်သည်ရှိသော် ဗြဟ္မာပြည်၌ ဖြစ်လေ၏။ ထိုဗြဟ္မာပြည်မှ စုတေပြန်သည်ရှိသော် တစ်ဖန် လားရာဂတိအစွမ်းဖြင့် မွှေနှောက်ချောက်ချားလျက် ဤကိုယ်ဖြင့် ယခုအခါ ဝက်အမျိုး၌ဖြစ်ရရှာလေ၏၊ ဤအကြောင်းကိုမြင်တော်မူ၍ ငါဘုရားပြုံးခြင်းကို ထင်စွာပြုတော်မူ၏”ဟု မိန့်တော်မူလေ၏။ ထိုစကားကိုကြားရလျှင် အရှင်အာနန္ဒာ အမှူးရှိကုန်သော ရဟန်းတို့သည် ကြီးစွာသော ထိတ်လန့်ခြင်းကို ရကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ထိတ်လန့်ခြင်းကိုဖြစ်စေ၍ ဘဝတဏှာ၏အပြစ်ကို ထင်ရှားပြတော်မူလျက် ခရီးလမ်းမ၌ ရပ်လျက်သာလျှင် ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၃၈] ယထာပိ မူလေ အနုပ္ပဒ္ဒဝေ ဒဠှေ၊
ဆိန္တောပိ ရုက္ခော ပုနဒေဝ ရူဟတိ။
ဧဝံပိ တဏှာနုသယေ အနုဟတေ။
နိဗ္ဗတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။

֍ * [၃၃၉] ယဿ ဆတ္တိံသတိ သောတာ၊ မနာပ သဝနာ ဘုသာ။
မဟာ ဝဟန္တိ ဒုဒ္ဒိဋ္ဌိံ၊ သင်္ကပ္ပ ရာဂနိဿိတာ။

֍ * [၃၄၀] သဝန္တိ သဗ္ဗဓိ သောတာ၊ လတာ ဥပ္ပဇ္ဇ တိဋ္ဌတိ။
တဉ္စ ဒိသွာ လတံ ဇာတံ၊ မူလံ ပညာယ ဆိန္ဒထ။

֍ * [၃၄၁] သရိတာနိ သိနေဟိတာနိ စ၊
သောမနဿာနိ ဟောန္တိ ဇန္တုနော။
တေ သာတသိတာ သုခေသိနော၊
တေ ဝေ ဇာတိဇရူပဂါ နရာ။

֍ * [၃၄၂] တသိနာယ ပုရက္ခတာ ပဇာ၊ ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော။
သံယောဇန သင်္ဂသတ္တကာ၊ ဒုက္ခမုပေန္တိ ပုနပ္ပုနံ စိရာယ။

֍ * [၃၄၃] တသိနာယ ပုရက္ခတာ ပဇာ၊ ပရိသပ္ပန္တိ သသောဝ ဗန္ဓိတော။
တသ္မာ တသိဏံ ဝိနောဒယေ၊ အာကင်္ခန္တ ဝိရာဂမတ္တနော။

မူလေ၊ အမြစ်သည်။ အနုပဒ္ဒဝေ၊ ဘေးရန်ဥပဒ် မဖြစ်လတ်မူ၍။ ဒဠှေ၊ မြဲမြံခိုင်ခံ့သည်ရှိသော်။ ဆိန္နောပိ၊ အထက်၌ ဖြတ်အပ်သော်လည်း။ သော ရုက္ခော၊ ထိုသစ်ပင်သည်။ ပုနဒေဝ၊ တစ်ဖန်သာလျှင်။ ရူဟတိ ယထာ၊ ပေါက်ရောက်ကြီးပွား စည်ကားပြန်သကဲ့သို့။ ဧဝံပိ၊ ထို့အတူလည်း။ တဏှာနုသယေ၊ ခြောက်ဒွါရ၌ဖြစ်သော တဏှာအနုသယကို။ အနုဟတေ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် မဖြတ်အပ်သေးသည်ရှိသော်။ ဣဒံ ဒုက္ခံ၊ ဤပဋိသန္ဓေနေခြင်းအစရှိသော ဒုက္ခအပေါင်းသည်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ နိဗ္ဗတ္တတိ၊ ဖြစ်၏။

(အကြင်သစ်ပင်၏ အရပ်လေးမျက်နှာသို့ သွားသောအမြစ် အောက်သို့သွားသော အမြစ်အားဖြင့် ငါးခုသောအမြစ်သည် ဖြတ်ခွဲမီးရှို့ ထိုးဖေါက်ခြင်းစသော ဘေးရန်ဖြင့် ဘေးရန်ဥပဒ် မဖြစ်လတ်မူ၍ ခိုင်ခံ့ခြင်းသို့ ရောက်နေသည်ရှိသော် ထိုသစ်ပင်သည် အထက်၌ဖြတ်သော်လည်း အကိုင်းအခက်တို့၏အစွမ်းဖြင့် တစ်ဖန်ပေါက်ရောက် ပြန်သကဲ့သို့ ထို့အတူ ဒွါရခြောက်ပါး၌ကိန်းသော အနုသယ ကိလေသာကို အရဟတ္တမဂ်ဉာဏ်ဖြင့် မဖြတ်အပ်သေးသည်ရှိသော် ထိုဘဝ၌ ဇာတိစသည် အပြားရှိသော ဤဆင်းရဲသည် အဖန်ဖန် ဖြစ်တတ်သည်သာဟူလို။)

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ဆတ္တိံသတိသောတာ၊ သုံးဆယ့်ခြောက်ပါးသော အလျဉ်နှင့်ပြည်စုံသော။ မနာပသဝနာ၊ နှစ်သက်ဖွယ်သော အာရုံတို့၌ ဖြစ်တတ်သော။ တဏှာ၊ တဏှာသည်။ ဘုသာ၊ အားကြီးသည်။ ဟောတိ၊ ဖြစ်အံ့။

(အဇ္ဈတ္တိကာယတန ခြောက်ပါးကိုစွဲ၍ ကာမ, ဘဝ, ဝိဘဝအားဖြင့် တစ်ဆယ့်ရှစ်ပါး၊ ဗာဟိရာယတန ခြောက်ပါးကိုစွဲ၍ ကာမ, ဘဝ, ဝိဘဝအားဖြင့် တစ်ဆယ့်ရှစ်ပါး၊ ပေါင်း သုံးဆယ့်ခြောက်ပါးသော တဏှာဖြစ်၏။)

ဒုဒ္ဒိဋ္ဌိံ၊ ပျက်သော ဉာဏ်အမြင်ရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ မဟာ၊ ကြီးစွာကုန်သော။ ရာဂနိဿိတာ၊ ရာဂကိုမှီကုန်သော။ သင်္ကပ္ပါ၊ သုံးပါးသော မိစ္ဆာဝိတက် တည်းဟူသော အကြံတို့သည်။ ဝဟန္တိ ၊ ဆောင်ယူကြကုန်၏။

(အဖန်တလဲလဲ ဖြစ်တတ်သောကြောင့် ကြီးသောအဖြစ်ဖြင့် ဖမ်းစားတတ်သော “ဂါဟ”တရားဖြစ်၍ ဈာန်ကိုလည်းကောင်း၊ ဝိပသနာကိုလည်းကောင်း၊ မမှီဘဲ ရာဂကိုသာမှီသော အကြံဆိုးတို့ကို ဆောင်ယူသွားကြကုန်၏ဟူလို။)

သောတာ၊ တဏှာတည်းဟူသော အလျဉ်တို့သည်။ သဗ္ဗဓိ၊ အလုံးစုံသော အာရုံတို့၌။ သဝန္တိ၊ စီးဝင်ကြကုန်၏။

(အလုံးစုံသော ဘဝတို့မှလည်း ယိုစီးလာကြကုန်၏ဟူလို။)

လတာ၊ ရစ်ပတ်တတ်သော သဘောကြောင့် နွယ်နှင့်တူသည်ဖြစ်၏။ ဥပ္ပဇ္ဇ၊ ဒွါရခြောက်ပါးတို့မှဖြစ်၍။ တိဋ္ဌတိ၊ အာရုံခြောက်ပါးတို့၌ တည်တတ်၏။ ဇာတံ၊ ဖြစ်ပွားလာသော။ တဉ္စ လတံ၊ ထိုတဏှာဟူသော နွယ်ကို။ ဒိသွာ၊ မြင်၍။ ပညာယ၊ အရဟတ္တမဂ်ဉာဏ်ဖြင့်။ မူလံ၊ အမြစ်ကို။ ဆိန္ဒထ၊ ဖြတ်ကြကုန်လော့။

(တဏှာဖြစ်လတ်သည်ရှိသော် ဤနေရာ၌ဖြစ်၏ဟု ဖြစ်ရာအရပ် အစွမ်းဖြင့် မြင်၍ ဓားဖြင့် တော၌ပေါက်သောနွယ်ကို ဖြတ်သကဲ့သို့ မဂ်ပညာဖြင့် အမြစ်ကို ဖြတ်ကြရမည် ဟူလို။)

သရိတာနိ၊ အစဉ်မပြတ် စီးဝင်တတ် ကိန်းအောင်းတတ်ကုန်သော။ သိနေဟိတာနိစ၊ တဏှာဟူသော အစေးဖြင့် လိမ်းကျံအပ်ကုန်သော။ သောမနဿာနိ၊ ဝမ်းမြောက်ခြင်းတို့သည်။ ဇန္တုနော၊ တဏှာ၏အလိုသို့လိုက်သော ပုဂ္ဂိုလ်အား။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ၊ ထိုတဏှာ၏အလိုသို့လိုက်ကုန်သော ပုဂ္ဂိုလ်တို့ကို။ သာတသိတာ၊ ချမ်းသာသုခ အမှီရကုန်သည်ဖြစ်၍။ သုခေသိနော၊ လောကီသုခ ရှာမှီးကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ နရာ၊ ထိုသတ္တဝါတို့သည်။ ဝေ၊ စင်စစ်။ ဇာတိဇရူပဂါ၊ ဇာတိ ဇရာ ဗျာဓိမရဏတို့သို့ ကပ်ရောက်ကြရကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ပဇာ၊ ဤသတ္တဝါတို့သည်။ တသိနာယ၊ ထိတ်လန့်ခြင်းကို ပြုတတ်သော တဏှာဖြင့်။ ပုရက္ခတာ၊ ခြံရံအပ်ကုန်သည်ဖြစ်၍။ ဗန္ဓိတာ၊ မုဆိုးတော၌ ဖမ်းဆီးအပ်သော။ သသောဝ၊ ယုန်ကဲ့သို့။ ပရိသပ္ပန္တိ၊ ကြောက်လန့်ကြကုန်၏။ သံယောဇနသင်္ဂသတ္တကာ၊ သံယောဇဉ်အစေး, ရာဂစသော အစေးတို့ဖြင့် ကပ်ငြိကုန်သည်ဖြစ်၏။ စိရာယ၊ မြင့်ရှည်စွာသော ကာလပတ်လုံး။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဒုက္ခံ၊ ဆင်းရဲသို့။ ဥပေန္တိ၊ ကပ်ရောက်ကြရကုန်၏။

ပဇာ၊ ဤသတ္တဝါတို့သည်။ တသိနာယ၊ ထိတ်လန့်ခြင်းကို ပြုတတ်သော တဏှာဖြင့်။ ပုရက္ခတာ၊ ခြံရံအပ်ကုန်သည်ဖြစ်၍။ ဗန္ဓိတော၊ မုဆိုးတော၌ ဖမ်းဆီးအပ်သော။ သသောဝ၊ ယုန်ကဲ့သို့။ ယသ္မာ၊ အကြင်ကြောင့်။ ပရိသပ္ပန္တိ၊ ရာဂ၏ကင်းရာ နိဗ္ဗာန်ကို။ အာကင်္ခန္တော၊ အလိုရှိသောရဟန်းသည်။ တသိဏံ၊ ထိတ်လန့်ခြင်းကိုပြုတတ်သော တဏှာကို။ ဝိနောဒယေ၊ ပယ်ဖျောက်ရာ၏။ ဝါ၊ နုတ်၍ ထုတ်ဆောင်၍ စွန့်ပစ်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝက်မကလေး အမတ်ကတော်ဖြစ်ခြင်း

ထိုဝက်မငယ်သည်လည်း ထိုဝက်အဖြစ်မှ စုတေသည်ရှိသော် သုဝဏ္ဏဘူမိ အရပ်ဝယ် မင်းမျိုး၌ ဖြစ်လေ၏။ ထိုဘဝမှ စုတေပြန်သည်ရှိသော် ဗာရာဏသီပြည်၌ ဖြစ်၏။ ထိုဗာရာဏသီပြည်မှ စုတေပြန်သည်ရှိသော် သုပ္ပါဒက အမည်ရှိသော သင်္ဘောဆိပ်ဝယ် မြင်းကုန်သည်အိမ်၌ ဖြစ်လေ၏။ ထိုဘဝမှ စုတေပြန်သည်ရှိသော် ကာဝိရ အမည်ရှိသော သင်္ဘောဆိပ်ဝယ် သင်္ဘောသူကြီးအိမ်၌ ဖြစ်လေ၏။ ထိုဘဝမှ စုတေပြန်သည်ရှိသော် အနုရာဓပြည်ဝယ် ချမ်းသာကြွယ်ဝသော အစိုးရသော အမျိုးအိမ်၌ ဖြစ်လေ၏။ ထိုဘဝမှ စုတေပြန်သည်ရှိသော အနုရာဓပြည်ကြီး၏သာလျှင် တောင်မျက်နှာအရပ် ဘောက္ကန္တရွာတွင် သုမန အမည်ရှိသော သူကြွယ်၏သမီးဖြစ်၍ အမည်အားဖြင့် သုမနာ အမည်တွင်သည်သာလျှင် ဖြစ်လေ၏။ ထိုအခါ ထိုသုမနာ၏ဖခင်ဖြစ်သော သူကြွယ်သည် ထိုရွာကို စွန့်ပစ်ရသည်ရှိသော် ဒီဃဝါပီ အမည်ရှိသော တိုင်းသို့သွား၍ မဟာမုနိမည်သောရွာ၌ နေ၏။ ထိုမဟာမုနိရွာ၌ သူကြွယ်သမီး သုမနာကို ဒုဋ္ဌဂါမဏိမင်းကြီး၏ အမတ်ဖြစ်သော လကုဏ္ဍက အတိမ္ဗရ အမည်ရှိသောသူသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် သွားလတ်သည်ဖြစ်၍ မြင်ရလျှင် ကြီးကျယ်ခမ်းနားသော မင်္ဂလာကိုပြု၍ ဆောင်ယူသဖြင့် မဟာပုဏ္ဏရွာသို့ ရောက်သွားလေ၏။

ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း

ထိုအခါ၌ သူကြွယ်သမီး အမတ်ကြီးကတော် သုမနာကို ကောဋိပဗ္ဗတအမည်ရှိသော ကျောင်းကြီး၌ သီတင်းသုံးတော်မူလေ့ရှိသော မဟာအနုရုဒ္ဓါ အမည်ရှိသော မထေရ်မြတ်သည် ထိုမဟာပုဏ္ဏရွာ၌ ဆွမ်းအလို့ငှာ လှည့်လည်တော်မူသဖြင့် ထိုသုမနာ၏ အိမ်တံခါး၌ ရပ်တော်မူလျက် မြင်ရသည်ရှိသော် ရဟန်းတို့နှင့်အတူတကွ “ငါ့ရှင်တို့- ဝက်မကလေးမည်သည်ဖြစ်လျက် လကုဏ္ဍက အတိမ္ဗရ အမည်ရှိသော အမတ်ကြီး၏ အမတ်ကတော်အဖြစ်သို့ ရောက်ရလေဘိ၏။ အလွန်အံ့သြဖွယ် ရှိပေစွတကား”ဟု ပြောဟော၏။ ထိုသူကြွယ်သမီး အမတ်ကြီးကတော် သုမနာသည် မထေရ်မိန့်ဆိုသော ထိုစကားကိုကြားရလျှင် လွန်လေပြီးသောဘဝတို့ကို စပ်စေလျက် ဇာတိသရဉာဏ်ကို ရလေ၏။ ထိုခဏ၌ပင်လျှင်ဖြစ်သော ထိတ်လန့်ခြင်းရှိသည်ဖြစ်ရကား လင်ယောက်ျားဖြစ်သော အမတ်ကြီးကို တောင်းပန်ပြီးလျှင် ကြီးစွာသော အစိုးရခြင်းဖြင့် ပဉ္စဗလကအမည်ရှိသော ထေရီမတို့၏အထံ၌ ရဟန်းပြု၍ တိဿအမည်ရှိသော ကျောင်းကြီး၌ မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်ကို ကြားနာရသဖြင့် သောတာပတ္တိဖိုလ်၌ တည်လေ၏။ နောက်အဖို့၌ ဒမိဠလူရိုင်းမျိုးကို နှိမ်နင်းခြင်းကိုပြုသည်ရှိသော် ဆွေမျိုးတို့နေရာအရပ်ဖြစ်သော ဘောက္ကန္တရွာသို့သာလျှင် သွား၍ ထိုဘောက္ကန္တရွာ၌နေလျက် ကလ္လကအမည်ရှိသော ကျောင်းကြီး၌ အာသီဝိသောပမသုတ္တန် ဒေသနာတော်ကို ကြားနာရသဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

တစ်ဆယ့်သုံးဘဝ ဇာတ်ပေါင်း၍ နိဗ္ဗာန်ဝင်ရခြင်း

ထိုသုမနာ ရဟန္တာမသည် ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ ရဟန်းယောက်ျား, ရဟန်းမိန်းမတို့သည် မေးအပ်သည်ဖြစ်၍ ရဟန်းမိန်းမသံဃာအား အလုံးစုံသော ဖြစ်ပုံအကြောင်းအရာကို ကြားပြတ်မရှိ ပြောပြပြီးလျှင် စည်းဝေးရောက်လာသော ရဟန်းယောက်ျား သံဃာ၏အလယ်၌ မဏ္ဍလာရာမကျောင်း၌ နေလေ့ရှိသော ဓမ္မပဒကိုဆောင်သော မဟာတိဿမထေရ်နှင့်တကွ တိုင်ပင်နှီးနှောလျက် “တပည့်တော်မသည် ရှေးအခါ လူ၏အမျိုး၌ဖြစ်ပြီးလျှင် ထိုဘဝမှ စုတေသည်ရှိသော် ကြက်မဖြစ်၍ ထိုကြက်မဘဝ၌ စွန်အထံမှ ဦးခေါင်းပြတ်ခြင်းသို့ရောက်၍ ရာဇဂြိုဟ်ပြည်၌ ဖြစ်ရပါသည်။ ပရိဗိုဇ်မတို့အထံ၌ ရဟန်းပြု၍ ပထမဈာန်ဘုံ၌ ဖြစ်သဖြင့် ထိုပထမဈာန်ဘုံမှ စုတေသည်ရှိသော် သူဌေးမျိုး၌ဖြစ်ပြန်၍ မကြာမြင့်မီသာလျှင် စုတေပြန်သဖြင့် ဝက်အမျိုးသို့ရောက်ပြီးလျှင် ထိုဝက်မှ စုတေပြန်သည်ရှိသော် သုဝဏ္ဏဘူမိအရပ်၌၊ ထိုမှ စုတေပြန်သည်ရှိသော် ဗာရာဏသီပြည်၌၊ ထိုမှ စုတေပြန်သည်ရှိသော် သုပ္ပါဒက သင်္ဘောဆိပ်၌၊ ထိုမှ စုတေပြန်သည်ရှိသော် ကာဝိရသင်္ဘောဆိပ်၌၊ ထိုမှ စုတေပြန်သည်ရှိသော် အနုရာဓပြည်၌၊ ထိုမှ စုတေပြန်သည်ရှိသော် ဘောက္ကန္တရွာ၌ ဖြစ်လေ၏။”

“ဤသို့လျှင် ညီညွတ်, မညီမညွတ် ဖြစ်ကုန်သော တစ်ဆယ့်သုံးဘဝရှိသော အတ္တဘောတို့သို့ ရောက်ခဲ့ပြီး၍ ယခုအခါ ငြီးငွေ့သဖြင့် ရဟန်းပြုသည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်ရ၏။ အလုံးစုံသော အရှင်ကောင်းတို့သည်လည်း မမေ့မလျော့ခြင်းဖြင့် ပြည့်စုံစေတော်မူကြပါဘုရား”ဟု တိုက်တွန်း မြွက်ဆိုပြီးလျှင် ပရိသတ်လေးပါးတို့ကိုလည်း ထိတ်လန့်ခြင်းဉာဏ်ကိုဖြစ်စေ၍ ပရိနိဗ္ဗာန်စံဝင်တော်မူလေ၏။

ဝက်မငယ် ဝတ္ထုပြီး၏။

֍ * ၃။ လူထွက်သောရဟန်း ဝတ္ထု

ယော နိဗ္ဗနထောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ရဟန်းလူထွက်တစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိတ်ကောင်းအကျိုး သူခိုးဈာန်ရခြင်း

ထိုရဟန်းလူထွက်သည် ရှင်မဟာကဿပမထေရ်၏ ဥပဇ္ဈာယ်ယူ အတူနေတပည့်ဖြစ်၍ ဈာန်လေးပါးတို့ကို ဖြစ်စေပြီးလျက်လည်း မိမိဦးရီးဖြစ်သော ရွှေပန်းထိမ်သည်၏ အိမ်၌ သဘောမတူသော ဝိသဘာဂအာရုံကို မြင်ရသဖြင့် ထိုအာရုံ၌ တပ်နှစ်သက်သောစိတ်ရှိသည် ဖြစ်ရကား လူထွက်လေသတတ်။ ထို့နောက်မှ လူတို့သည် ပျင်းသည်၏အဖြစ်အားဖြင့် အမှုကိုပြုလုပ်ခြင်းငှာ အလိုမရှိသော ထိုလူထွက်ကို အိမ်မှ နှင်ထုတ်ကြလေ၏။

ထိုလူထွက်သည် ယုတ်မာသော အဆွေခင်ပွန်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းကြောင့် ခိုးသူအမှုဖြင့် အသက်မွေးလျက် သွားလာလှည့်ပတ်လေ၏။ ထိုအခါ ထိုသူကို တစ်နေ့သ၌ ဖမ်း၍ လက်ပြန်ကြိုးဖြင့် မြဲမြံစွာချည်နှောင်ပြီးလျှင် လေးမြွှာ လေးမြွာရှိသော ခရီးလမ်ဆုံတိုင်း၌ ကြိမ်လုံးတို့ဖြင့် ရိုက်နှက်လျက် သင်္ချိုင်းသို့ဆောင်ကြလေကုန်၏။ ရှင်မဟာကဿပမထေရ်သည် ဆွမ်းအတွက် လှည့်လည်ခြင်းငှာ ကြွဝင်လတ်သည်ရှိသော် ထိုခိုးသူကို တောင်တံခါးဖြင့် ထုတ်ဆောင်လာသည်ကို မြင်ရလျှင် ဖွဲ့ ချည်ခြင်းကို လျှော့လျှော့ပြုလုပ်စေ၍ “ရှေး၌ သင်-လေ့ကျက်ဖူးသော ကမ္မဋ္ဌာန်းကို တစ်ဖန် ဆင်ခြင် နှလုံးသွင်းလော့”ဟု မိန့်ဆိုတော်မူလေ၏။ ထိုခိုးသူသည် ရှင်မဟာကဿပမထေရ်၏ အဆုံးအမပေးခြင်းဖြင့် သတိဖြစ်ပေါ်ခြင်းကို ရလတ်၍ တစ်ဖန် စတုတ္ထဈာန်ကို ဖြစ်စေလေ၏။ ထို့နောင်မှ ထိုခိုးသူကို သင်္ချိုင်းသို့ဆောင်၍ သတ်ကုန်အံ့ဟု တံကျင်တို့ကို မီးမြိုက်ကင်ခြင်းငှာ အားထုတ်ကြလေကုန်၏။ ထိုခိုးသူကား ကြောက်ခြင်းလည်းမရှိ၊ လန့်ခြင်းလည်း မရှိ၊ ထိုအခါ ထိုထိုအရပ်အဖို့၌ တည်ကြကုန်သော လူတို့သည် သန်လျက်, လှံမ, ခက်ရင်း အစရှိသောလက်နက်တို့ကို ချိန်ရွယ်မြှောက်ချီ၍သော်လည်း ထိုသူ၏ ထိုသို့ မကြောက်မလန့်နေခြင်းကိုသာ မြင်ရလျှင် “အချင်းတို့- ဤယောက်ျားကို ကြည့်ရှုကြပါကုန်လော့၊ လက်နက်လက်စွဲကုန်သော ယောက်ျားတို့၏အလယ်၌ ကြောက်လန့်ခြင်းလည်း မရှိ၊ တုန်လှုပ်ခြင်းလည်း မရှိ၊ အလွန်အံ့သြဖွယ် ရှိပေစွတကား”ဟု အံ့သြခြင်း ဖြစ်ကြကုန်သည်ဖြစ်၍ သည်းစွာသောအသံကို ကြွေးကြော်၍ လူတို့သည် ထိုအခြင်းအရာကို မြင်ရသောကြောင့် ဗိမ္ဗိသာရမင်းကြီးအား ထိုအကြောင်းကို လျှောက်ထားသံတော်ဦးတင်ကြလေကုန်၏။ မင်းကြီးသည် ထိုအကြောင်းကိုကြားရလျှင် “ခိုးသူကို လွှတ်ကြကုန်လော့”ဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား၏ အထံတော်သို့လည်း သွား၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ရောင်ခြည်တော်ကို နှံ့စေလျက် ထိုသူအား တရားဟောတော်မူလိုသောကြောင့် ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၄၄] ယော နိဗ္ဗနထော ဝနာဓိမုတ္တော၊ ဝနမုတ္တော ဝနမေဝ ဓာဝတိ။
တံ ပုဂ္ဂလမေထ ပဿထ၊ မုတ္တော ဗန္ဓနမေဝ ဓာဝတိ။

ယော၊ အကြင်သူသည်။ နိဗ္ဗနထော၊ တော၌တည်သော သစ်ပင်ငယ်မရှိ။ ဝနာဓိမုတ္တော၊ တော၌ နှလုံးသွင်းခြင်း သက်ဝင်ခြင်းရှိ၏။ ဝနမုတ္တော၊ တောမှလွတ်လျက်။ ဝနမေဝ၊ တောသို့သာလျှင်။ ဓာဝတိ၊ ပြေးသွား၏။ ဧထ၊ လာကြကုန်လော့။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ပဿထ၊ ကြည့်ရှုကြကုန်လော့။ ဧသော၊ ဤသူသည်။ မုတ္တော၊ လွတ်ပြီးလျက်။ ဗန္ဓနမေဝ၊ အနှောင်အဖွဲ့သို့သာလျှင်။ ဓာဝတိ၊ ပြေးသွားဘိ၏။

(ဤကား၊ တင်စား၍ ဆိုအပ်သော လိုရင်းမဟုတ်သောအနက်)

ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ နိဗ္ဗနထော၊ သစ်ပင်ငယ်ဟူသော တွယ်တာ ငဲ့ကွက်ခြင်းမရှိ။

(လူအဖြစ်၌ တွယ်တာခြင်းဟု ဆိုအပ်သော သစ်ပင်ငယ် ချုံငယ်ကို စွန့်ပစ်ကာ ရဟန်းပြုသောကြောင့် ဟူလို။)

ဝနာဓိမုတ္တော၊ အကျင့်တော၌ နှလုံးသွင်းနိုင်၏။

(ဈာန်သမာပတ် ဒိဗ္ဗဝိဟာရဟု ဆိုအပ်သော အကျင့်တည်းဟူသော တောအုပ်၌ နှလုံးသွင်း၏ဟူလို။)

ဝနမုတ္တော၊ တဏှာတောမှ လွတ်ပြီးသောသူဖြစ်လျက်။ ဝနမေဝ၊ တဏှာတောသို့သာလျှင်။ ဓာဝတိ၊ ပြေးဝင်ပြန်၏။

(ဃရာဝါသ အနှောင်အဖွဲ့ဟု ဆိုအပ်သော တဏှာတောအုပ်မှ လွတ်ထွက်လာသည် ဖြစ်ပါလျက် တစ်ဖန် ဃရာဝါသ အနှောင်အဖွဲ့ဟူသော တဏှာတောအုပ်သို့သာ ပြေးဝင်ဘိ၏ဟူလို။)

ဧထ၊ လာကြကုန်လော့။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ပဿထ၊ ကြည့်ရှုကြကုန်လော့။ ဧသော၊ ဤပုဂ္ဂိုလ်သည်။ မုတ္တော၊ ဃရာဝါသ အနှောင်အဖွဲ့မှလွတ်ပြီးလျက်။ ဗန္ဓနမေဝ၊ ဃရာဝါသ အနှောင်အဖွဲ့သို့သာလျှင်။ ဓာဝတိ၊ ပြေးဝင်ဘိ၏။

(ဤကား တိုက်ရိုက်ဆိုအပ်သော လိုရင်းဖြစ်သောအနက်။)

ဒေသနာတော်၏ အကျိုး

ဤဒေသနာတော်ကို ကြားနာရလျှင် ထိုယောက်ျားသည် မင်းချင်းယောက်ျားတို့၏အလယ် တံကျင်ဖျား၌နေလျက်သာလျှင် ဥဒယဗ္ဗယကမ္မဋ္ဌာန်းကို ဖြစ်စေလျက်၊ ဝါ-စီးဖြန်းလျက် လက္ခဏာရေးသုံးပါးသို့တင်ပြီးလျှင် သင်္ခါရတရားတို့ကို သုံးသပ်ဆင်ခြင်လတ်သည်ရှိသော် သောတာပတ္တိဖိုလ်သို့ ရောက်သဖြင့် သမာပတ်ချမ်းသာခြင်းကို ခံစားလျက် ကောင်းကင်သို့ပျံတက်၍ ကောင်းကင်ခရီးဖြင့်သာလျှင် ဘုရားထံသို့သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ ရဟန်းပြု၍ မင်းနှင့်တကွဖြစ်သော ပရိသတ်၏ အလယ်၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

လူထွက်သောရဟန်း ဝတ္ထုပြီး၏။

֍ * ၄။ နှောင်အိမ် ဝတ္ထု

န တံ ဒဠှံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် နှောင်အိမ် (အချုပ်ထောင်)ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အချုပ်ထောင်နှင့် ကိလေသာနှောင်အိမ်

တစ်ခုသော အခါကာလ၌ များစွာကုန်သော တိုက်နံရံခြုံစပ် ဖောက်ဖျက်တတ်သော ခိုးသူ၊ လမ်းခရီး၌ လုယက်ဖျက်ဆီးတတ်သော ခိုးသူ၊ လူကိုသတ်တတ်သော ခိုးသူတို့ကို ဆောင်၍ ကောသလမင်းကြီးအား ပြသကြလေကုန်သတတ်၊ ထိုခိုးသူတို့ကို မင်းကြီးသည် ထိတ်နှောင်ဖြင့် နှောင်ဖွဲ့ခြင်း၊ ကြိုးဖြင့်နှောင်ဖွဲ့ခြင်း၊ သံခြေချင်းဖြင့် နှောင်ဖွဲ့ခြင်းတို့ဖြင့် နှောင်ဖွဲ့စေလေ၏။ သုံးကျိပ်မျှလောက်ကုန်သော ဇနပုဒ်နေ ရဟန်းတို့သည်လည်း မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ အလိုရှိကြကုန်သောကြောင့် ကြွရောက်လာကြသဖြင့် တွေ့မြင်၍ ရှိခိုးကြပြီးလျှင် တစ်ဖန် မိုးသောက်သောနေ့၌ သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှာ လှည့်လည်ကြကုန်သည်ရှိသော် နှောင်အိမ်သို့ ရောက်သွားသဖြင့် ထိုခိုးသူတို့ကို မြင်ခဲ့ရ၍ ဆွမ်းခံရာအရပ်မှ ဖဲထွက်ကြပြီးလျှင် ညချမ်းသောအခါ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ယနေ့ ဆွမ်းအလို့ငှာ လှည့်လည်ကုန်သော တပည့်တော်တို့သည် နှောင်အိမ်၌ များစွာသောခိုးသူတို့ကို ထိတ်နှောင်ဖြင့် နှောင်ဖွဲ့ခြင်း စသည်တို့ဖြင့် ဖွဲ့အပ်ကုန်သည်ဖြစ်၍ ကြီးစွာသော ဆင်းရဲကို ခံစားကြရသည်တို့ကို မြင်အပ်ပါကုန်၏။ ထိုခိုးသူတို့သည် ထိုနှောင်အဖွဲ့တို့ကို ဖြတ်၍ပြေးခြင်းငှာ မတတ်နိုင်ရှာကြကုန်၊ မြတ်စွာဘုရား- ထိုနှောင်ဖွဲ့ခြင်းတို့ထက် မြဲမြံလှစွာသော တစ်ပါးသော နှောင်ဖွဲ့ခြင်းမည်သည် ရှိပါဦးမည်လောဘုရား”ဟု မေးလျှောက်ကြလေကုန်၏။

မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤနှောင်အဖွဲ့ မည်သည်ကား အဘယ်မှာ အနှောင်အဖွဲ့မည်နိုင်ကုန်အံ့နည်း။ စင်စစ်သော်ကား ဥစ္စာစပါး သားမယား စသည်တို့၌ တဏှာဟုဆိုအပ်သော အကြင်ကိလေသာ အနှောင်အဖွဲ့ သည်ရှိ၏။ ဤကိလေသာအနှောင်အဖွဲ့သည် ထိုထိတ်နှောင် စသည်တို့ထက် အဆ အရာအားဖြင့်လည်းကောင်း၊ အဆ အထောင်အားဖြင့်လည်းကောင်း၊ အဆ အသိန်းအားဖြင့်လည်းကောင်း အလွန်မြဲမြံ ခိုင်ခံ့လှပေ၏။ ဤသို့ ကြီးကျယ်ခိုင်ခံ့သည်ဖြစ်သော်လည်း ဖြတ်နိုင်ခဲသော ထိုအနှောင်အဖွဲ့ကို ရှေးပညာရှိတို့သည် ဖြတ်၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် ရဟန်းပြုကြလေကုန်၏”ဟု မိန့်တော်မူ၍ လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

နှောင်ကြိုးဖြတ်သော အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တစ်ယောက်သော သူဆင်းရဲအိမ်၌ ဖြစ်လေ၏။ ထိုဘုရားလောင်း အရွယ်သို့ ရောက်လတ်သည်ရှိသော် ဖခင်သည် စုတေမနေ သေလွန်ခြင်းကိုပြုလေ၏။ ဘုရားလောင်းသည် အခစားပြုလုပ်၍ မိခင်ကို လုပ်ကျွေးမွေးမြူရလေ၏။ ထိုအခါ ဘုရားလောင်း၏မိခင်သည် သားကို အလိုမရှိဘဲလျက်သာလျှင် အမျိုးသမီးတစ်ယောက်ကို ဆောင်ယူ၍ နောက်အဖို့၌ စုတေမနေ သေလွန်ခြင်းကိုပြုလေ၏။ ဘုရားလောင်း၏ မယား၏ဝမ်း၌လည်း ကိုယ်ဝန်တည်လေ၏။ ထိုဘုရားလောင်းသည် ကိုယ်ဝန်တည်ကြောင်းကို မသိခြင်းကြောင့် “ချစ်နှမ- သင်သည် အခစားပြုလုပ်၍ အသက်မွေးရစ်လော့၊ ငါကား ရဟန်းပြုတော့အံ့”ဟု ဆိုလေ၏။ “သခင်- ကျွန်မအား ကိုယ်ဝန်တည်နေပြီ မဟုတ်ပါလော။ ကျွန်မ ဖွားမြင်သည်ရှိသော် သားငယ်ကိုကြည့်၍ ရဟန်းပြုရပါလတ္တံ့”ဟု ဆိုလေ၏။ ဘုရားလောင်းလည်း “ကောင်းပြီ”ဟု ဝန်ခံပြီးလျှင် ထိုမယား ဖွားမြင်ပြီးသောအခါ “ချစ်နှမ- သင်သည် ချမ်းသာစွာ ဖွားမြင်ရလေပြီ၊ ယခုအခါ ငါသည် ရဟန်းပြုတော့အံ့”ဟု ပန်ကြားပြန်လေ၏။ ထိုအခါ ဘုရားလောင်းကို မယားသည် “သားငယ်၏ နို့စို့ခြင်းမှ နို့ကွာသည်တိုင်အောင် ဆိုင်းငံ့ပါဦးလော့”ဟု ဆို၍ တစ်ဖန် ကိုယ်ဝန်ကို ယူပြန်လေ၏။ ဘုရားလောင်းသည် “ဤမိန်းမကို ဝန်ခံစေ၍ သွားခြင်းငှာ မတတ်ကောင်း၊ ဤမယားကို မပန်ကြားမူ၍သာလျှင် ထွက်ပြေး၍ ရဟန်းပြုအံ့”ဟု ကြံလေ၏။ ဘုရားလောင်းသည် မယားအား မပန်ကြားမူ၍သာလျှင် ညဉ့်အဖို့၌ ထ၍ပြေးလေ၏။ ထိုအခါ ဘုရားလောင်းကို မြို့စောင့်တို့သည် ဖမ်းကြကုန်၏။ ဘုရားလောင်းသည် “အရှင်- အကျွန်ုပ်ကား မိခင်ကို လုပ်ကျွေးသောသူ မည်ပါသည်။ အကျွန်ုပ်ကို လွှတ်ကြပါလော့”ဟု မိမိကိုယ်ကို လွှတ်စေပြီးလျှင် တစ်ခုသောအရပ်၌နေ၍ ရသေ့ရဟန်းအဖြစ်ကိုပြုသဖြင့် အဘိညာဉ် သမာပတ်တို့ကို ရသည်ရှိသော် ဈာန်ကစားခြင်းဖြင့် ကစားလျက်နေ၏။ ထိုရသေ့သည် ထိုအရပ်၌နေလျက်သာလျှင် “ငါသည် ဤသို့သဘောရှိသည်လည်းဖြစ်သော ဖြတ်နိုင်ခဲသော သားမယား အနှောင်အဖွဲ့ဟု ဆိုအပ်သော ကိလေသာအနှောင်အဖွဲ့ မည်သည်ကို ဖြတ်ရလေပြီ”ဟု နှစ်သက်စွာ မြွက်ဆိုအပ်သောဥဒါန်းကို ကျူးရင့်လေ၏။ မြတ်စွာဘုရားသည် ဤအတိတ်ဖြစ်သောအကြောင်းကို ဆောင်တော်မူ၍ ထိုဘုရားလောင်းသည် ဝမ်းမြောက်စွာ ကျူးရင့်အပ်သောဥဒါန်းကို ထင်ရှားပြတော်မူလိုသည်ဖြစ်၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၄၅] န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ယဒါယသံ ဒါရုဇပဗ္ဗဇဉ္စ။
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု။
ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။

֍ * [၃၄၆] ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စံ။
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊
အနပေက္ခိနော ကာမသုခံ ပဟာယ။

အယသံ၊ သံဖြင့်ပြီးသော။ ယံ ဗန္ဓနံ စ၊ အကြင် သံခြေချင်း အဖွဲ့သည်လည်းကောင်း။ ဒါရုဇံ၊ သစ်သားဖြင့်ပြီးသော။ ယံ ဗန္ဓနံ စ၊ အကြင်ထိတ်တုံး အဖွဲ့သည်လည်းကောင်း။ ပဗ္ဗဇံ၊ ပြိန်းမြက်ဖြစ်သော။ ယံ ဗန္ဓနံ စ၊ အကြင်နှောင်ကြိုးအဖွဲ့ သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တံ သဗ္ဗံ၊ ထိုအလုံးစုံသောအဖွဲ့ကို။ ဒဠှံ၊ မြဲသောအဖွဲ့ဟူ၍။ ဓီရာ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ န အာဟု၊ မဆိုကြကုန်။

မဏိကုဏ္ဍလေသု၊ ပတ္တမြား နားတောင်းတို့၌။ ယေ၊ အကြင်သူတို့သည်။ သာရတ္တရတ္တာ၊ လွန်စွာတပ်နှစ်သက်ကြကုန်၏။ တေသံ၊ ထိုသူတို့၏။ သော ရာဂေါစ၊ ထိုရာဂသည်လည်း။ အတ္ထိ၊ ရှိ၏။ ပုတ္တေသု စ၊ သားသမီးတို့၌လည်းကောင်း။ ဒါရေသု စ၊ မယားတို့၌လည်းကောင်း။ ယာ အပေက္ခာ စ၊ အကြင် ငဲ့ကွက်ခြင်းတဏှာသည်လည်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ထိုကိလေသာဖြင့်ပြီးသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ မြဲမြံခိုင်ခံ့သော။ ဗန္ဓနံ၊ အနှောင်အဖွဲ့ဟူ၍။ ဓီရာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုကုန်၏။

ဩဟာရိနံ၊ အောက်အပါယ်သို့ ဆွဲငင်ဆောင်ယူတတ်သော။ သိထိလံ၊ လျော့သော။ ဒုပ္ပမုဉ္စံ၊ လွတ်စေနိုင်ခဲသော။ ဧတံပိ၊ ဤကိလေသာဟူသော အဖွဲ့ကိုလည်း။ ဆေတွာန၊ ဉာဏ်သန်လျက်ဖြင့်ဖြတ်၍။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်း မရှိကြသည်ဖြစ်၍။ ကာမသုခံ၊ ကာမဂုဏ်ချမ်းသာကို။ ပဟာယ၊ ပယ်စွန့်၍။ ပရိဗ္ဗဇန္တိ၊ ဖဲထွက်၍ ရဟန်းပြုကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

နှောင်အိမ်ဝတ္ထုပြီး၏။

֍ * ၅။ ခေမာထေရီဝတ္ထု

ယေ ရာဂရတ္တာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ခေမာအမည်ရှိသော ဗိမ္ဗိသာရမင်းကြီး၏ မြတ်သော အဂ္ဂမဟေသီ မိဖုရားကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အဆင်း၌ မာန်ယစ်သော ခေမာမိဖုရား

ထိုခေမာမိဖုရားသည် ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေရင်းတော်၌ တောင့်တအပ်သော ဆုတောင်းခြင်းရှိသည်ဖြစ်၍ အလွန်လျှင် အဆင်းလှသည်, ကြည်လင်နှစ်သက်ဖွယ်ရှိသည် ဖြစ်သတတ်။ မြတ်စွာဘုရားသည် အဆင်း၏အပြစ်ကို ပြောသတတ်ဟူသော စကားကို ကြားရဖူးသောကြောင့် ဘုရားရှင်၏ အထံတော်သို့ သွားခြင်းငှာ အလိုမရှိ၊ ဗိမ္ဗိသာရမင်းကြီးသည် ထိုခေမာမိဖုရား၏ အဆင်းကိုမှီ၍ မာန်ယစ်မေ့လျော့သည့်အဖြစ်ကို သိရလျှင် ဝေဠုဝန်ဥယျာဉ်၏ တင့်တယ်ခြင်း ဂုဏ်ကျေးဇူးနှင့်စပ်သော သီချင်းရတုတို့ကို သီကုံးစေပြီးလျှင် ကချေသည်မိန်းမ စသည်တို့အား ပေးစေလေ၏။ ထိုသီချင်းရတုတို့ကို သီဆိုကြကုန်သော ကချေသည်မတို့၏အသံကို ကြားရလျှင် ထိုခေမာမိဖုရားကြီးအား ဝေဠုဝန်ဥယျာဉ်ကို မမြင်ဖူးသကဲ့သို့ပင် ဖြစ်လေ၏။ ခေမာမိဖုရားကြီးက “အဘယ်ဥယျာဉ်ကို ရည်မှန်း၍ သီကုံးကြကုန်သနည်း”ဟု မေးသဖြင့် “အရှင်မိဖုရား- အရှင်မိဖုရားကြီးတို့၏ ဝေဠုဝန်ဥယျာဉ်ကြီးကိုသာလျှင် ရည်မှန်း၍ သီကုံးကြပါသည်”ဟု တင်လျှောက်သည်ရှိသော် ဥယျာဉ်သို့သွားခြင်းငှာ အလိုရှိသည် ဖြစ်လေ၏။

မြတ်စွာဘုရားသည် ထိုခေမာမိဖုရား၏ လာခြင်းကို သိတော်မူ၍ ပရိသတ်၏အလယ်၌ နေထိုင်သီတင်းသုံးတော်မူလျက် တရားဟောတော်မူစဉ်သာလျှင် ထန်းရွက်ယပ်ဝန်းကို ကိုင်ယူ၍ ကိုယ်တော်မြတ်၏နံပါး၌ ထားပြီးလျှင် ယပ်လေခတ်နေသော အလွန်အဆင်းလှသော မိန်းမကို ဖန်ဆင်းထားတော်မူလေသောကြောင့် ခေမာမိဖုရားသည်လည်း ဝင်လျှင်ဝင်ချင်းသာလျှင် ထိုမိန်းမကို မြင်ရလျှင် “မြတ်စွာဘုရားသည် အဆင်း၏အပြစ်ကို ဟောပြောတော်မူလေ၏ဟု ပြောကြကုန်၏။ ဤမိန်းမသည်လည်း ထိုမြတ်စွာဘုရား အထံတော်၌ ယပ်လေခတ်လျက် တည်ဘိ၏။ ငါသည် ဤမိန်းမ၏အဆင်းကို တစ်ဆယ့်ခြောက်စိတ်,စိတ်၍ တစ်စိတ်မျှသို့လည်းမရောက်၊ ငါသည် ဤသို့သဘောရှိသော မိန်းမ၏အဆင်းကို မမြင်ရစဖူးပါတကား။ မြတ်စွာဘုရားကို မဟုတ်မမှန်သောအားဖြင့် စွပ်စွဲကြကုန်သည် ထင်၏”ဟု ကြံ၍ မြတ်စွာဘုရား၏ ဟောတော်မူသော ဒေသနာ ဂါထာသံကိုမျှလည်း နှလုံးမသွင်းနိုင်ဘဲ ထိုမိန်းမကိုသာလျှင် ကြည့်ရှုကာ ရပ်နေလေ၏။

ခေမာမိဖုရား သောတာပန်တည်ခြင်း

မြတ်စွာဘုရားသည် ထိုမိန်းမ၏ အဆင်း၌ဖြစ်သော လွန်စွာမြတ်နိုးသည့်အဖြစ်ကို သိတော်မူ၍ ထိုအဆင်းကို ပထမအရွယ် စသည်တို့၏အစွမ်းဖြင့် ပြလျက် ဇနပဒကလျာဏီ၊ ရူပနန္ဒာထေရီမ ဝတ္ထုတို့၌ ဆိုအပ်ပြီးသော နည်းအားဖြင့်သာလျှင် အဆုံး၌ အရိုးမျှသော အကြွင်းရှိသည်ကိုပြု၍ ပြတော်မူလေ၏။ ခေမာမိဖုရားသည် ထိုဖောက်ပြန်သောအခြင်းအရာကို မြင်ရလျှင် “ဤသို့သဘောရှိသည်မည်သော ထိုအဆင်းသော်မှလည်း တစ်ခဏချင်းဖြင့်သာလျှင် ကုန်ခြင်း,ပျက်ခြင်းသို့ ရောက်ဘိ၏။ ဤအဆင်း၌ အနှစ်သာရမရှိခဲ့လေစွတကား”ဟု ကြံစည်လေ၏။ ဘုရားရှင်သည် ထိုခေမာမိဖုရား၏ စိတ်အကြံကို ကြည့်ရှုတော်မူ၍ “ခေမာမိဖုရား- သင်သည် ဤအဆင်း၌ အနှစ်သာရရှိ၏ဟု ကြံဘိ၏။ ယခု ထိုမိန်းမ၏အဆင်း၌ အနှစ်သာရမရှိသည်အဖြစ်ကို ကြည့်ရှုလေလော့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

အာတုရံ အသုစိံ ပူတိံ၊ ပဿ ခေမေ သမုဿယံ။
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိပတ္ထိတံ။

ခေမေ၊ ခေမာမိဖုရား။ အာတုရံ၊ အမြဲအစဉ် နာကျင်ခြင်းသဘော ရှိထသော။ အသုစိံ၊ မစင်ကြယ်သော သဘောရှိထသော။ ပူတိံ၊ အပုပ်အတိသဘောရှိထသော။ ဥဂ္ဃရန္တံ၊ အထက်သို့လျှံတက် အန်ထွက်ခြင်းသဘောလည်း ရှိထသော။ ပဂ္ဃရန္တံ၊ ကိုးပါးသော ဒွါရမှ တတွေတွေယိုစီးခြင်းသဘောလည်း ရှိထသော။ ဗာလာနံ၊ မလိမ္မာသောသူတို့၏။ အဘိပတ္ထိတံ၊ အလွန်တောင့်တ နှစ်သက်အပ်ထသော။ သမုဿယံ၊ ရုပ်နာမ်စုဆောင်း ခန္ဓာငါးပါးအပေါင်းကို။ ပဿ၊ ကြည့်ရှုလေလော့။

ထိုခေမာမိဖုရားသည် ဂါထာဒေသနာကို ဟောတော်မူပြီးသည့်အဆုံးဝယ် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထို့နောင်မှ ခေမာမိဖုရားကို မြတ်စွာဘုရားသည် “ခေမာမိဖုရား ဤသတ္တဝါတို့သည် ရာဂဖြင့်တပ်ခြင်း ရှိကြကုန်၏။ ဒေါသဖြင့် ပြစ်မှားခြင်း ရှိကြကုန်၏။ မောဟဖြင့် တွေဝေမိန်းမောခြင်း ရှိကြကုန်၏။ မိမိ၏ တဏှာဟူသော အလျဉ်ကို ကောင်းစွာလွန်မြောက်ခြင်းငှာ မတတ်နိုင်ရှာကြကုန်၊ ထိုတဏှာဟူသော အလျဉ်၌သာလျှင် ကပ်ငြိကြကုန်၏”ဟု မိန့်တော်မူ၍ တရားဟောတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၄၇] ယေ ရာဂရတ္တာနုပတန္တိ သောတံ၊
သယံ ကတံ မက္ကဋကောဝ ဇာလံ။
ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊
အနပေက္ခိနော သဗ္ဗဒုက္ခံ ပဟာယ။

ယေ၊ အကြင်သတ္တဝါတို့သည်။ ရာဂရတ္တာ၊ ရာဂဖြင့် တပ်နှစ်သက်ကြကုန်၏။ တေ၊ ထိုသတ္တဝါတို့သည်။ မက္ကဋကော၊ ပင့်ကူသည်။ သယံကတံ၊ မိမိပြုအပ်သော။ ဇာလံ၊ ပင့်ကူမျှင် ကွန်ရက်ကို။ အနုပတတိဣဝ၊ အစဉ်ကျ၍နေသကဲ့သို့။ သယံကတံ၊ မိမိပြုအပ်သော။ သောတံ၊ တဏှာဟူသောအလျဉ်ကို။ အနုပတန္တိ၊ အဖန်တလဲလဲ ကျကုန်၏။

(ပင့်ကူသည် ချည်မျှင်ကွန်ရက်ကို ပြု၍ အလယ်နေရာ ချက်ဝန်း၌ နေလျက် အစွန်း၌ ကျရောက်လာသော ပိုးနှံကောင်ကိုလည်းကောင်း၊ ယင်ကောင်ကိုလည်းကောင်း လျင်မြန်စွာ သွားတဲ့၍ ထိုးဖောက်ပြီးလျှင် ထိုပိုးကောင်၏ အဆီအရသာကို စုပ်ယူသောက်မျိုသဖြင့် တစ်ဖန်ပြန်သွား၍ ထိုနေရာ၌သာ နေသကဲ့သို့ ထို့အတူ အကြင်သတ္တဝါတို့သည် ရာဂဖြင့် နှစ်သက်ကြကုန်လျက် ဒေါသဖြင့် ပြစ်မှားကြကုန်လျက် မောဟဖြင့် တွေဝေကြကုန်လျက် ကိုယ်တိုင်ပြုအပ်သော တဏှာရေယဉ်ကြောသို့ အဖန်ဖန် ကျရောက်ကြကုန်၏။ ထိုသတ္တဝါတို့သည် ဖဲသွားခြင်းငှာ မတတ်နိုင်ကုန်၊ ဤသို့လျှင် လွန်မြောက်ခဲ၏ဟူလို။)

ဓီရာ၊ ပညာရှိတို့သည်။ ဧတံပိ၊ ဤတဏှာဟူသောအဖွဲ့ကိုလည်း။ ဆေတွာန၊ ဖြတ်တောက်၍။ အနပေက္ခိနော၊ ငဲ့ကွက်တွယ်တာခြင်း မရှိကြကုန်သည်ဖြစ်၍။ သဗ္ဗဒုက္ခံ၊ အလုံးစုံသော ဝဋ်ဆင်းရဲကို။ ပဟာယ၊ မဂ်ဉာဏ်ဖြင့် ပယ်စွန့်၍။ ဝဇန္တိ၊ သွားကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ခေမာမိဖုရားသည် အရဟတ္တဖိုလ်၌ တည်လေ၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မြတ်စွာဘုရားသည် ဗိမ္ဗိသာရမင်းကြီးကို “မြတ်သောမင်းကြီး- ခေမာမိဖုရားကြီးအား ရဟန်းပြုခြင်းငှာလည်းကောင်း၊ ပရိနိဗ္ဗာန်ပြုခြင်းငှာလည်းကောင်း သင့်၏”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုခေမာမိဖုရားကြီးကို ရဟန်းပြုပေးတော်မူကြပါဘုရား၊ ပရိနိဗ္ဗာန်ပြုခြင်းဖြင့် မသင့်လျော်ပါဘုရား”ဟု လျှောက်လေသောကြောင့် ထိုခေမာမိဖုရားသည် ရဟန်းပြု၍ မြတ်သောတပည့်မ ဖြစ်လေ၏။

(လူဝတ်ဖြင့် ရဟန္တာဖြစ်လျှင် ထိုနေ့၌ပင် ရဟန်းသော်လည်း ပြုရ၏။ ပရိနိဗ္ဗာန်သော်လည်း စံရ၏။ ရဟန္တာအဖြစ်သည် ယုတ်ညံ့သော လူဝတ်နှင့် မထိုက်တန်သောကြောင့်ဟူလို။)

ခေမာထေရီဝတ္ထုပြီး၏။

֍ * ၆။ ဥဂ္ဂသေနသူဌေးသား ဝတ္ထု

မုဉ္စ ပုရေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥဂ္ဂသေနသူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူဌေးသားနှင့် ကချေသည်မ

ငါးရာကုန်သော ကချေသည်တို့သည် တစ်နှစ်သည်လည်းကောင်း၊ ခြောက်လသည်လည်းကောင်း ရောက်လတ်သည်ရှိသော် ရာဇဂြိုဟ်ပြည်သို့သွား၍ ဗိမ္ဗိသာရမင်းကြီး၏ ရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ပွဲလမ်းသဘင် ကျင်းပခြင်းကိုပြု၍ များစွာသော ရွှေ,ငွေဥစ္စာကို ရကြလေကုန်သတတ်၊ အကြားအကြား၌ ပေးကမ်းအပ်သော ဆုလာဘ်တို့၏ကား အပိုင်းအခြားမရှိ၊ များစွာသော လူအပေါင်းသည် ညောင်စောင်းအဆင့်ဆင့် စသည်တို့၌ တည်နေ၍ ပွဲသဘင်ကို ကြည့်ရှုလေ၏။ ထိုအခါ တစ်ယောက်သော ခုန်၍ကခြင်းငှာ စွမ်းနိုင်သော ကျွမ်းသမား၏သမီး ကချေသည်မသည် ဝါးလုံးပေါ်သို့တက်၍ ထိုဝါးလုံး၏အထက်၌ လည်လျက် ဝါးလုံး၏အစွန်ဖြစ်သော ကောင်းကင်၌ စင်္ကြံသွားလျက် ကလည်းက၏။ သီလည်း သီဆို၏။

ထိုအခါ ဥဂ္ဂသေနအမည်ရှိသော သူဌေးသားသည် အဆွေခင်ပွန်းနှင့် အတူတကွ ညောင်စောင်းအဆင့်ဆင့်၌ တည်နေလျက် ထိုကချေသည်ကိုကြည့်ရှု၍ ထိုကချေသည်မ၏ လက်ခြေပစ်ခြင်း စသည်တို့၌ဖြစ်သော စုံမက်ခြင်း ရှိသည်ဖြစ်ရကား အိမ်သို့ ပြန်သွားပြီးလျှင် “ထိုကချေသည်မကို ရသည်ရှိသော် အသက်ရှင်အံ့၊ မရသည်ရှိသော် ဤနေရာ၌သာလျှင် ငါ့အား သေခြင်းသည် ဖြစ်စေသတည်း”ဟု အစာအာဟာရ ဖြတ်ခြင်းကိုပြု၍ ညောင်စောင်း၌ အိပ်လေ၏။ မိခင်ဖခင်တို့သည် “ချစ်သား- သင့်အား အဘယ်ဝေဒနာ နှိပ်စက်နာကျင်ဘိသနည်း”ဟု မေးအပ်သော်လည်း “ကျွန်တော်သည် ထိုကချေသည်မ သမီးကို ရသည်ရှိသော် အသက်ရှိသေး၏။ မရသည်ရှိသော် ဤနေရာ၌လျှင် ကျွန်တော်အား သေရခြင်းသည် ဖြစ်ပါလိမ့်မည်”ဟု ဆိုသောကြောင့် “ချစ်သား- ဤသို့ မပြုပါလင့်၊ သင့်အလို့ငှာ ငါတို့၏ အမျိုးနှင့်လည်းကောင်း စည်းစိမ်နှင့်လည်းကောင်း လျောက်ပတ်သော တစ်ပါးသော သတို့သမီးကို ဆောင်ကြကုန်အံ့”ဟု ဆိုသော်လည်း ထိုရှေးအတူသာလျှင် ဆို၍ အိပ်လေ၏။

ထိုအခါ၌ ထိုဥဂ္ဂသေနသတို့သား၏ ဖခင်သူဌေးကြီးသည် များစွာတောင်းပန်၍သော်လည်း ထိုသားကို ကောင်းစွာသိစိမ့်သောငှာ မတတ်နိုင်ရကား ဥဂ္ဂသေနသတို့သား၏ အဆွေခင်ပွန်းကို ခေါ်စေ၍ အသပြာတစ်ထောင်ကို ပေးပြီးလျှင် “ဤအသပြာတို့ကိုယူ၍ မိမိ၏သမီးကို ငါ့သားအား ပေးစေသတည်း”ဟု ပြောဆိုရန် စေလွှတ်လေ၏။ ထိုကချေသည်မ၏ ဖခင်သည် “ငါကား အသပြာတို့ကိုယူ၍ မပေးနိုင်၊ ထိုဥဂ္ဂသေနသတို့သားသည် ဤသမီးကိုမရသည်ရှိသော် အသက်ရှင်ခြင်းငှာ အကယ်၍ မတတ်နိုင်သည်ဖြစ်အံ့၊ ထိုသို့မတတ်နိုင်မူ ငါတို့နှင့် အတူတကွသာလျှင် လှည့်လည်ခြင်းငှာ တတ်နိုင်သည်ဖြစ်အံ့၊ ထိုဥဂ္ဂသေနသတို့သားအား သမီးကို ပေးပါအံ့”ဟု စကားတုံ့ပြန်လိုက်သည်ရှိသော် မိခင်ဖခင်တို့သည် သားအား ထိုအကြောင်းကို ပြောကြားကြလေကုန်၏။ ဥဂ္ဂသေနသတို့သားသည် “ကျွန်တော်သည် ထိုကချေသည်တို့နှင့် အတူတကွ လှည့်လည်ပါမည်”ဟု ဆိုပြီးလျှင် တောင်းပန်ကြကုန်သော်လည်း မိဘတို့၏စကားကို မနာမယူဘဲ အိမ်မှထွက်ခွာ၍ ကချေသည်၏အထံသို့ သွားလေ၏။ ထိုကချေသည်မ၏ဖခင်သည် သူဌေးသား ဥဂ္ဂသေနအား သမီးကိုပေး၍ သူဌေးသားနှင့် အတူတကွသာလျှင် ရွာနိဂုံး မင်းနေပြည်တော်တို့၌ အတတ်ပညာကိုပြသကာ လှည့်လည်သွားလာလေ၏။

မယားမာနကြောင့် လင်ပညာတတ်ခြင်း

ကချေသည်မသည်လည်း သူဌေးသား ဥဂ္ဂသေနနှင့် အတူတကွ ပေါင်းသင်းခြင်းကို အစွဲပြု၍ မကြာမီသာလျှင် သားကိုရသဖြင့် ကစားရွှင်မြူးစေလျက် “လှည်းစောင့်သမား၏သား၊ ဥစ္စာဝန်ထုပ် ထမ်းဆောင်သမား၏သား၊ ဘာမျှမတတ် မသိသောသူ၏သား”ဟု ဆို၏။

(ထိုသူဌေးသား ဥဂ္ဂသေနသည်လည်း ထိုသူတို့၏ လှည်းချွတ်ခြင်းကိုပြု၍ တည်ရာအရပ်၌ နွားစားကျက်သို့ လှည့်လည်ရ၏။ အတတ်ပညာကို ပြသရာ၌ ရအပ်သော ဥစ္စာထုပ်ကို ထမ်းပိုးကာ ဆောင်ရွက်သယ်ပိုးရ၏။ ထိုအခြင်းအရာကိုသာလျှင် ရည်မှန်း၍ ထိုကချေသည်မသည် သားငယ်ကို ကစားရွှင်မြူးစေလျက် ထိုအခြင်းအရာဖြင့် ဆိုသတတ်။)

သူဌေးသား ဥဂ္ဂသေနသည် မိမိကိုအကြောင်းပြု၍ ထိုကချေသည်မ၏ သီချင်းဆိုသည့်အဖြစ်ကို သိရလျှင် ထိုကချေသည်မကို “သင်သည်- ငါ့ကိုရည်မှန်း၍ ဆိုသလော”ဟု မေးလေ၏။ “သင့်ကိုရည်မှန်း၍ ဆိုသည်မှာ အမှန်ဖြစ်၏”ဟု ပြန်ဆိုလတ်သော် “ဤသို့ဖြစ်လျှင် ငါသည် ထွက်ပြေးတော့အံ့”ဟု ဆိုလေ၏။ ထိုကချေသည်မသည် “သင်ထွက်ပြေးသဖြင့်လည်းကောင်း၊ ပြန်လာသဖြင့်လည်းကောင်း ငါ့အား အဘယ်အကျိုးရှိအံ့နည်း”ဟု ဆို၍ အဖန်တလဲလဲ ထိုသီချင်းကိုသာလျှင် သီဆို၏။

(ထိုကချေသည်မကား မိမိ၏ အဆင်းလှပပြည့်စုံခြင်းကို လည်းကောင်း၊ ဥစ္စာရခြင်းကိုလည်းကောင်း အမှီပြု၍ ထိုသူဌေးသား ဥဂ္ဂသေနကို တစ်စုံတစ်ခုသော အကြောင်းအရာ၌ အောက်မေ့မှတ်ထင်ခြင်း မပြုသတတ်။)

ဥဂ္ဂသေနသည် “အဘယ်ကိုအမှီပြု၍ ဤကချေသည်မအား ဤမာန်တက်ခြင်း ဖြစ်ဘိသနည်း”ဟု ကြံလတ်သည်ရှိသော် “အတတ်ပညာကိုအမှီပြု၍ မာန်တက်ဘိ၏”ဟု သိရလျှင် “ထိုသို့ မာန်တက်သည် ဖြစ်စေတော့၊ အတတ်ပညာကို သင်ယူဦးအံ့”ဟု ယောက္ခမသို့ ချဉ်းကပ်၍ ထိုယောက္ခမ ကချေသည် တတ်သိသော အတတ်ပညာကိုသင်ယူပြီးလျှင် ရွာနိဂုံး စသည်တို့၌ အတတ်ပညာကိုပြသလျက် အစဉ်သဖြင့် ရာဇဂြိုဟ်ပြည်သို့ရောက်လာ၍ “ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ သူဌေးသား ဥဂ္ဂသေနသည် မြို့နေသူလူတို့အား အတတ်ပညာကို ပြသပေလတ္တံ့”ဟု ပြောကြားစေလေ၏။

ပညာပြစဉ် ဘုရားကြွလာခြင်း

မြို့နေသူလူတို့သည် ညောင်စောင်းအဆင့်ဆင့် စသည်တို့ကို ဖွဲ့စေသဖြင့် ခုနစ်ရက်မြောက်သောနေ့၌ စည်းဝေးကြလေ၏။ ထိုဥဂ္ဂသေနသည်လည်း အတောင်ခြောက်ဆယ်ရှိသော ဝါးသို့တက်၍ ထိုဝါးလုံး၏ထိပ်ထက်၌ ရပ်တည်လေ၏။ ထိုနေ့၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်သောအခါ လောကလူအပေါင်းကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ထိုဥဂ္ဂသေနကို ကိုယ်တော်မြတ်၏ သဗ္ဗညုတဉာဏ်တော်တည်းဟူသော ကွန်ရက်အတွင်း၌ ဝင်ရောက်လာသည်ကို မြင်တော်မူ၍ “အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု ဆင်ခြင်တော်မူပြန်သည်ရှိသော် “နက်ဖြန် သူဌေးသားသည် အတတ်ပညာကို ပြပေအံ့ဟု ဝါးလုံးထိပ်ဖျားထက်၌ ရပ်တည်လတ္တံ့၊ ထိုဥဂ္ဂသေနကို ကြည့်ရှုခြင်းငှာ များစွာသောလူအပေါင်းသည် စည်းဝေးလတ္တံ့၊ ထိုအစည်းအဝေး၌ ငါဘုရားသည် လေးပါဒရှိသော ဂါထာကိုဟောအံ့၊ ထိုဂါထာကို ကြားရ၍ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍သိခြင်းသည် ဖြစ်ပေလတ္တံ့၊ ဥဂ္ဂသေနသည်လည်း အရဟတ္တဖိုလ်၌ တည်လတ္တံ့”ဟု သိတော်မူလေ၏။ ထိုမြတ်စွာဘုရားသည် တစ်ဖန် မိုးသောက်သောနေ့၌ အခါကာလကို မှတ်သား၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် ရာဇဂြိုဟ်မြို့သို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေ၏။ ဥဂ္ဂသေနသည်လည်း မြတ်စွာဘုရား မြို့တွင်းသို့ ကြွဝင်တော်မူလတ်သည် ရှိသော်သာလျှင် အုတ်အုတ်ကျက်ကျက် ကြွေးကြော်စိမ့်သော အကျိုးငှာ များစွာသောလူအပေါင်းအား လက်ချောင်းအမှတ်သညာကို ပေးပြီးလျှင် ဝါးလုံးထိပ်ဖျား၌ ရပ်တည်လျက် ကောင်းကင်၌သာလျှင် ခုနစ်ကြိမ်လှည့်လည်ကာ သက်ဆင်း၍ ဝါးလုံးထိပ်ဖျား၌ ရပ်တည်လေ၏။ ထိုခဏ၌ မြတ်စွာဘုရားသည် မြို့တွင်းသို့ ကြွဝင်တော်မူလျက် အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် ထိုဥဂ္ဂသေနကို ပရိသတ်တို့ မကြည့်၊ ထိုအခြင်းအရာဖြင့်ပြု၍ ကိုယ်တော်ကိုသာလျှင် ကြည့်ရှုစေလေ၏။ ဥဂ္ဂသေနသည် ပရိသတ်ကို ကြည့်ရှုပြီးလျှင် “ငါ့ကို ပရိသတ်သည် မကြည့်ပါတကား”ဟု နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ “ငါသည် တစ်နှစ်တို့ ကာလပတ်လုံး ဤအတတ်ပညာကို ပြုအပ်၏။ မြတ်စွာဘုရားသည် မြို့တွင်းသို့ ကြွဝင်လာသည်ရှိသော် ပရိသတ်သည် ငါ့ကို မကြည့်မူ၍ မြတ်စွာဘုရားကိုသာလျှင် ကြည့်ရှုဘိ၏။ ငါ၏အတတ်ပညာကို ပြသရခြင်းသည် အချည်းနှီးဖြစ်ခဲ့လေစွတကား”ဟု ကြံစည်လေ၏။

ရှင်မောဂ္ဂလာန်နှင့် ဥဂ္ဂသေန

မြတ်စွာဘုရားသည် ထိုဥဂ္ဂသေန၏ စိတ်အကြံကို သိတော်မူ၍ အရှင်မောဂ္ဂလာန်ကို ခေါ်တော်မူပြီးလျှင် “ချစ်သား မောဂ္ဂလာန်- သွားချေလော့၊ သူဌေးသား ဥဂ္ဂသေနကို အတတ်ပညာကို ပြသာပြစေသတည်းဟူ၍ ဆိုချေလော့”ဟု မိန့်တော်မူလေ၏။ ရှင်မောဂ္ဂလာန်သည် ကြွသွားတဲ့၍ ဝါးလုံး၏အောက်၌ရပ်လျက် သူဌေးသားကို ခေါ်တော်မူပြီးလျှင် ဤဂါထာကို ဆိုလေ၏။

ဣင်္ဃ ပဿ နဋပုတ္တ၊ ဥဂ္ဂသေန မဟဗ္ဗလ။
ကရောဟိ ရင်္ဂံ ပရိသာယ၊ ဟာသယဿု မဟာဇနံ။

မဟဗ္ဗလ၊ ခွန်အားကြီးလှပေသော။ ဥဂ္ဂသေန၊ ဥဂ္ဂသေန အမည်ရှိသော။ နဋပုတ္တ၊ ကချေသည်သား။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ ပဿ၊ ကြည့်ရှုစမ်းလော့။ ပရိသာယ၊ ပရိသတ်အပေါင်း၌။ ရင်္ဂံ၊ ပွဲသဘင်ကို။ ကရောဟိ၊ ပြုလော့။ မဟာဇနံ၊ များစွာသောလူအပေါင်းကို။ ဟာသယဿု၊ ရွှင်လန်းစေလော့။

ထိုဥဂ္ဂသေနသည် ရှင်မဟာမောဂ္ဂလာန်မထေရ်၏ စကားကို ကြားရလျှင် နှစ်သက်ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ “မြတ်စွာဘုရားသည် ငါ၏ အတတ်ပညာကို ကြည့်ရှုတော်မူခြင်းငှာ အလိုရှိယောင်တကား”ဟု အမှတ်ပြု၍ ဝါးလုံး၏ ထိပ်ထက်ဖျား၌ ရပ်တည်လျက်သာလျှင် ဤဂါထာကိုဆိုလေ၏။

ဣင်္ဃ ပဿ မဟာပည၊ မောဂ္ဂလ္လာန မဟိဒ္ဓိက။
ကရောမိ ရင်္ဂံ ပရိသာယ၊ ဟာသယာမိ မဟာဇနံ။

မဟိဒ္ဓိက၊ ကြီးသောတန်ခိုးရှိသော။ မဟာပည၊ ကြီးသောပညာရှိတော်မူသော။ မောဂ္ဂလ္လာန၊ အရှင်မောဂ္ဂလ္လာန။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ ပဿ၊ ကြည့်ရှုတော်မူပါလော့။ ပရိသာယ၊ ပရိသတ်အပေါင်း၌။ ရင်္ဂံ၊ ပွဲသဘင်ကို။ ကရောမိ၊ ပြုအံ့။ မဟာဇနံ၊ လူအပေါင်းကို။ ဟာသယာမိ၊ ရွှင်လန်းစေပါအံ့။

ဤသို့လျှင် မြွက်ဆိုသဖြင့် ဝါးလုံးထိပ်ဖျားမှ ကောင်းကင်သို့ ခုန်တက်ပြီးလျှင် ကောင်းကင်၌သာလျှင် တစ်ဆယ့်လေးကြိမ် လှည့်လည်ကာသက်ဆင်းပြီးမှ ဝါးလုံးထိပ်ဖျား၌သာလျှင် ရပ်တည်ပြန်လေ၏။ ထိုအခါ ဥဂ္ဂသေနကို မြတ်စွာဘုရားသည် “ဥဂ္ဂသေန- ပညာရှိသောသူမည်သည်ကား အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်သော ခန္ဓာတို့၌ တွယ်တာခြင်းတဏှာကို ပယ်စွန့်ပြီးလျှင် ပဋိသန္ဓေနေခြင်း စသည်တို့မှ လွတ်မြောက်ခြင်းငှာ သင့်ပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၄၈] မုဉ္စ ပုရေ မုဉ္စ ပစ္ဆတော၊ မဇ္ဈေ မုဉ္စ ဘဝဿ ပါရဂူ။
သဗ္ဗတ္ထ ဝိမုတ္တမာနသော၊ န ပုန ဇာတိဇရံ ဥပေဟိသိ။

ပုရေ၊ အတိတ်ခန္ဓာ၌။ အာလယံ၊ တွယ်တာခြင်းကို။ မုဉ္စ၊ လွှတ်လော့။

(လွန်လေပြီးသော ခန္ဓာတို့၌ တွယ်တာတတ်သော အာလယ၊ နှစ်သက်တတ်သော နိကန္တိ၊ သက်ဝင်တတ်သော အဇ္ဈောသာန၊ တောင့်တတတ်သော ပတ္ထနာ၊ ထိုးကျင်တတ်သော ပရိယုဋ္ဌာန၊ ဖမ်းယူတတ်သော ဂါဟ၊ အမှားအားဖြင့် သုံးသပ်တတ်သော ပရာမာသ၊ တပ်နှစ်သက်တတ်သော တဏှာကို လွှတ်ရမည်ဟူလို။)

ပစ္ဆတော၊ နောက်အနာဂတ်ခန္ဓာ၌။ မုဉ္စ၊ လွှတ်လော့။ မဇ္ဈ၊ အလယ်ပစ္စုပ္ပန်ခန္ဓာ၌။ မုဉ္စ၊ လွှတ်လော့။ ဘဝဿ၊ သုံးပါးသောဘဝ၏။ ပါရဂူ၊ ကမ်းတစ်ဖက်သို့ ရောက်သောသူသည်။ ဟုတွာ၊ ဖြစ်၍။

(ဤသို့ လွှတ်နိုင်သည်ရှိသော် ဘဝသုံးပါးလုံး ပိုင်းခြား၍ သိခြင်း, ပယ်ခြင်း, ပွားများခြင်း, မျက်မှောက်ပြုနိုင်ခြင်းဟူသော ပါရဂူ၏အစွမ်းဖြင့် ကမ်းတစ်ဖက်သို့ ရောက်၏ဟူလို။)

သဗ္ဗတ္ထ၊ အလုံးစုံသော သင်္ခတတရား၌။ ဝိမုတ္တမာနသော၊ လွတ်ကင်းသော စိတ်ရှိသည်ဖြစ်၍။ ပုန၊ တစ်ဖန်။ ဇာတိဇရံ၊ ပဋိသန္ဓေနေခြင်း အိုခြင်းသို့။ န ဥပေဟိသိ၊ မကပ်ရောက်ရတော့လတ္တံ့။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည်ဖြစ်လေ၏။ သူဌေးသား ဥဂ္ဂသေနသည်လည်း ဝါးလုံးထိပ်ဖျား၌ ရပ်တည်လျက်သာလျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ဝါးလုံးမှသက်ဆင်းပြီးလျှင် ဘုရားရှင်၏အထံတော်သို့ လာ၍ ငါးပါးသောတည်ခြင်းဖြင့် မြတ်စွာဘုရားကို ရှိခိုးလျက် ရဟန်းအဖြစ်ကို တောင်းပန်လေ၏။

ဥဂ္ဂသေန ရဟန်းပြုခြင်း

ထိုအခါ ဥဂ္ဂသေနကို မြတ်စွာဘုရားသည် လက်ယာလက်တော်ကို ဆန့်တန်းတော်မူ၍ ဧဟိဘိက္ခု အစရှိသည်ကို မိန့်ဆိုတော်မူလေ၏။ ထိုဥဂ္ဂသေနသည် ထိုခဏ၌သာလျှင် ပရိက္ခရာရှစ်ပါးကိုဆောင်ယူလျက် အဝါခြောက်ဆယ် ပြည့်ကြွယ်လေပြီး မထေရ်ကြီးကဲ့သို့ဖြစ်လေ၏။ ထိုအခါ ရဟန်းတို့သည် “ငါ့ရှင် ဥဂ္ဂသေန- အတောင်ခြောက်ဆယ်ရှိသော ဝါးလုံး၏ထိပ်ဖျားမှ သက်ဆင်းသောသင့်အား ကြောက်ခြင်းမည်သည် မဖြစ်လေသလော”ဟု မေးကြသောကြောင့် “ငါ့ရှင်တို့- အကျွန်ုပ်အား ကြောက်ခြင်းမရှိ”ဟု ဆိုလတ်သော် ဘုရားရှင်အား “မြတ်စွာဘုရား- ဥဂ္ဂသေနရဟန်းသည် မကြောက်ဟူ၍ ဆိုပါသည်။ မဟုတ်သည်ကို မြွက်ဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားလေကုန်၏။ “ချစ်သားရဟန်းတို့- ငါ့သား ဥဂ္ဂသေနနှင့် တူကြကုန်သော ဖြတ်အပ်ပြီးသော သံယောဇဉ်ရှိကုန်သော ရဟန်းတို့သည် မကြောက်ကြကုန်၊ မလန့်ကြကုန်”ဟု မိန့်တော်မူ၍ ဗြာဟ္မဏဝဂ်၌ ဤဂါထာကို ဟောကြားတော်မူလေ၏။

သဗ္ဗသံယောဇနံ ဆေတွာ၊ ယော ဝေ န ပရိတဿတိ။
သင်္ဂါတိဂံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော၊ အကြင်သူသည်။ သဗ္ဗသံယောဇနံ၊ အလုံးစုံသော သံယောဇဉ်ဆယ်ပါးကို။ ဆေတွာ၊ ဖြတ်ပြီးသည်ဖြစ်၍။ ဝေ၊ စင်စစ်။ န ပရိတဿတိ၊ တဏှာကြောင့် ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိ။ သင်္ဂါတိဂံ၊ ရာဂ စသည်တို့၏ ကပ်ငြိခြင်းကို လွန်ပြီးသော။ ဝိသံယုတ္တံ၊ ယောဂလေးဖြာနှင့် မယှဉ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အဆုံး၌ များစွာကုန်သော သူတို့အား သစ္စာလေးပါးတရားတို့ကို ထိုထွင်း၍ သိခြင်းသည် ဖြစ်လေ၏။

ဥဂ္ဂသေန၏ အတိတ်

တစ်ဖန် တစ်နေ့သ၌ တရားသဘင်ဝယ် “ငါ့ရှင်တို့- ဤသို့ အရဟတ္တဖိုလ်၏ အကြောင်း ဥပနိဿယနှင့် ပြည့်စုံသော ရဟန်းအား ကချေသည်၏သမီးကိုမှီ၍ ကချေသည်တို့နှင့် အတူတကွ သွားလာလှည့်လည်ရခြင်း အကြောင်းသည် အဘယ်နည်း၊ အရဟတ္တဖိုလ်၏ ဥပနိဿယဖြစ်သောအကြောင်းသည် အဘယ်နည်း”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သား ရဟန်းတို့- ယခု ငါဘုရား ကြွလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်ဘိသနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော် လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤနှစ်ပါးစုံသော အကြောင်းကို ဤဥဂ္ဂသေန ရဟန်းသည်သာလျှင် ပြုအပ်၏”ဟု မိန့်တော်မူ၍ ထိုအကြောင်းကို ထင်စွာပြုခြင်းငှာ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူလေ၏။

ရှေးလွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား၏ ရွှေစေတီကို တည်အပ်သည်ရှိသော် ဗာရာဏသီပြည်၌ နေကြကုန်သော အမျိုးကောင်းသားတို့သည် များစွာသော ခဲဖွယ်ကို လှည်းတို့၌တင်၍ လက်အမှုကို ပြုလုပ်ကြကုန်အံ့ဟု စေတီတည်ရာအရပ်သို့ သွားကြကုန်သည်ရှိသော် လမ်းခရီးအကြား၌ ဆွမ်းအလို့ငှာ ကြွဝင်တော်မူသော မထေရ်တစ်ပါးကို မြင်ကြလေကုန်သတတ်။ ထိုအခါ အမျိုးသမီးတစ်ယောက်သည် မထေရ်မြတ်ကို ကြည့်ရှုဖူးမြင်ပြီးလျှင် လင်ယောက်ျားကို “အရှင့်သား- အရှင်မြတ်ဘုရား တစ်ပါးသည် ဆွမ်းအလို့ငှာ ကြွဝင်တော်မူ၏။ ကျွန်တော်မတို့၏ လှည်း၌လည်း ခဲဖွယ်ဘောဇဉ်များ၏။ ထိုမထေရ်၏ သပိတ်တော်ကို ဆောင်ယူပါလော့၊ ဆွမ်းလှူကြကုန်စို့အံ့”ဟု ဆိုလေ၏။ ထိုလင်ယောက်ျားသည် သပိတ်ကို ဆောင်ယူလေ၏။ ထိုသပိတ်ကို ခဲဖွယ်ဘောဇဉ်ဖြင့် ပြည့်စေပြီးလျှင် မထေရ်မြတ်၏ လက်တော်၌ ဆက်ကပ်၍ ဇနီး,ခင်ပွန်း နှစ်ဦးလုံးပင် “အရှင်ဘုရား- အရှင်ဘုရားတို့ မြင်အပ်သော နိဗ္ဗာန်တရား၏သာလျှင် အဖို့ရှိသောသူတို့ ဖြစ်ကြရပါလို၏ဘုရား”ဟု ဆုတောင်းခြင်းကို ပြုကြလေကုန်၏။

ရဟန္တာကို နှုတ်ပြစ်မှား၍ ကချေသည်ဖြစ်ရခြင်း

ထိုမထေရ်သည်လည်း ကုန်ပြီးသော အာသဝေါရှိသော ရဟန္တာပုဂ္ဂိုလ်ဖြစ်တော်မူ၏။ ထို့ကြောင့် ကြည့်ရှုဆင်ခြင်လတ်သည်ရှိသော ထိုဇနီး,ခင်ပွန်း နှစ်ဦးတို့၏ ဆုတောင်းခြင်း ပြည့်စုံလတ္တံ့သော အဖြစ်ကို သိတော်မူ၍ ပြုံးခြင်းကို ပြုတော်မူလေ၏။ ထိုပြုံးတော်မူခြင်းကို မြင်ရလျှင် မိန်းမက လင်ယောက်ျားကို “ငါတို့၏ အရှင်မြတ်ဘုရားသည် ပြုံးခြင်းကို ပြုတော်မူဘိ၏။ တစ်ဦးသော ကချေသည် ဖြစ်လတ္တံ့”ဟု ဆိုလေ၏။ လင်ယောကျာ်းသည်လည်း မိန်းမအား “ချစ်နှမ- ဤအတိုင်း ဖြစ်ပေလတ္တံ့”ဟု ဆို၍ ဖဲသွားလေ၏။ ဤသည်လျှင် ထိုဇနီးခင်ပွန်း နှစ်ဦးတို့၏ ရှေးကံဖြစ်သတည်း။ ထိုဇနီး,ခင်ပွန်းတို့သည် ထိုဗာရာဏသီပြည်၌ အသက်ရှည်သမျှ ကာလပတ်လုံး တည်နေပြီးလျှင် နတ်ပြည်၌ဖြစ်၍ ယခုအခါ ထိုနတ်ပြည်မှ စုတေသဖြင့် ထိုမိန်းမသည် ကချေသည်အိမ်၌ ဖြစ်လေ၏။ ယောက်ျားသည် သူဌေးအိမ်၌ဖြစ်လေ၏။ ထိုယောက်ျားသည် “ချစ်နှမ- ဤအတိုင်း ဖြစ်ပေလတ္တံ့”ဟူ၍ မယားအား စကားတုံ့ကို ပေးဖူးသည်အဖြစ်ကြောင့် ကချေသည်တို့နှင့် အတူတကွ သွားလာလှည့်လည်ရလေ၏။ ရဟန္တာမထေရ်မြတ်အား ပေးလှူအပ်သော ဆွမ်းကိုမှီ၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုကချေသည်သမီးသည်လည်း အကြင်သွားရာ လမ်းကြောင်းသည် ငါ့ခင်ပွန်းသည်၏ သွားရာလမ်းကြောင်းဖြစ်၏။ ငါ၏သွားရာ လမ်းကြောင်းလည်း ထိုလမ်းကြောင်းသာလျှင် ဖြစ်၏”ဟု နှလုံးပြု၍ ရဟန်းပြုပြီးလျှင် အရဟတ္တဖိုလ်၌ တည်လေ၏။

ဥဂ္ဂသေနသူဌေးသား ဝတ္ထုပြီး၏။

֍ * ၇။ စူဠဓနုဂ္ဂဟသုခမိန်ဝတ္ထု

ဝိတက္ကမထိတဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စူဠဓနုဂ္ဂဟမည်သော ပညာရှိသုခမိန်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သောက်ရေတစ်ပေါက်ကစ၍ ပျင်းရိငြီးငွေ့ခြင်း

ပဉ္စင်ငယ်တစ်ပါးသည် စာရေးတံကောက်ယူရာဖြစ်သော ဇရပ်၌ မိမိအားရောက်သော စာရေတံကို ယူပြီးလျှင် စာရေးတံယာဂုကို ယူဆောင်သဖြင့် ဆွမ်းစားဇရပ်သို့ သွား၍ သောက်လေ၏။ ထိုဆွမ်းစားဇရပ်၌ ရေကို မရသောကြောင့် ရေအလို့ငှာ တစ်ခုသောအိမ်သို့ ကြွသွားလေ၏။ ထိုအိမ်၌ ထိုပဉ္စင်းငယ်ကို သတို့သမီးတစ်ယောက်သည် မြင်လျှင်မြင်ချင်း ဖြစ်သော ချစ်ခင်ခြင်းရှိသောကြောင့် “အရှင်ဘုရား- တစ်ဖန် သောက်ရေဖြင့် အလိုရှိသည်ရှိသော် ဤအိမ်သို့သာ ကြွလာတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏၊ ပဉ္စင်းငယ်သည် ထိုအခါမှစ၍ အကြင်အခါ၌ ရေကို မရ၊ ထိုအခါ၌ ထိုအိမ်သို့သာလျှင် ကြွသွား၏၊ သတို့သမီးသည်လည်း ပဉ္စင်းငယ်၏သပိတ်ကိုယူ၍ သောက်ရေကို လှူဒါန်း၏၊ ဤသို့ ကာလလွန်လတ်သည်ရှိသော် ယာဂုကိုလည်း လှူဒါန်း၍ တစ်ဖန် တစ်နေ့သ၌ ထိုအိမ်၌ပင်လျှင် ထိုင်စေသဖြင့် ဆွမ်းကို လှူဒါန်းလေ၏၊ ပဉ္စင်းငယ်၏ အနီး၌သာလျှင် နေထိုင်လျက် “အရှင်ဘုရား- ဤအိမ်၌ တစ်စုံတစ်ခု မရှိသောအရာမည်သည် မရှိပါ၊ သက်သက် တပည့်တော်တို့မှာ စီမံတတ်သော လူကိုသာလျှင် မရကြပါဘုရား”ဟု စကားကိုဖြစ်စေလေ၏။ ပဉ္စင်းငယ်သည် နှစ်ရက်သုံးရက်ဖြင့်သာလျှင် ထိုသတို့သမီးငယ်၏ စကားကို ကြားရသောကြောင့် ပျင်းရိသောစိတ် ရှိလာလေ၏။ ထိုအခါ ပဉ္စင်းငယ်ကို တစ်နေ့သ၌ ဧည့်သည်အာဂန္တုက ရဟန်းတို့သည် မြင်ကြ၍ “ငါ့ရှင်- သင်သည် အဘယ့်ကြောင့် ကြုံလှိဘိသနည်း၊ ဖက်ရွက်လျှော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိလေသနည်း”ဟု မေးသောကြောင့် “ငါ့ရှင်တို့- ပျင်းရိငြီးငွေ့လှပါ၏”ဟု ပြောဆိုသည်ရှိသော် ဆရာဥပဇ္ဈာယ်တို့၏အထံသို့ ပို့ဆောင်ကြလေကုန်၏၊ ဆရာဥပဇ္ဈာယ်တို့သည်လည်း ပဉ္စင်းငယ်ကို မြတ်စွာဘုရား၏ အထံတော်သို့ ဆောင်ယူ၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်း- သင်သည် ပျင်းရိငြီးငွေ့သောဟူသည် မှန်သလော”ဟု မေးတော်မူသောကြောင့် “မှန်လှပါသည် ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “သင်-အဘယ့်ကြောင့် ငါကဲ့သို့ သဘောရှိသော အားထုတ်အပ်သော လုံ့လရှိသော မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလျက် ငါ-သောတာပန် ဟူ၍လည်ကောင်း၊ ငါ-သကဒါဂါမ် ဟူ၍လည်းကောင်း မိမိကိုယ်ကို မပြောဆိုစေမူ၍ ငါ-ပျင်းရိငြီးငွေ့သောသူဟု ပြောဆိုစေဘိသနည်း၊ သင်-ပြုအပ်သော အမှုသည် ဝန်လေးလေစွ”ဟု မိန့်တော်မူပြီးလျှင် “အဘယ်အကြောင်းကြောင့် ပျင်းရိငြီးငွေ့ရဘိသနည်း”ဟု မေးတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မိန်းမတစ်ယောက်သည် တပည့်တော်ကို ဤသို့ ပြောဆိုဖူးပါသည်ဘုရား”ဟု လျှောက်လတ်သော် “ချစ်သားရဟန်း- ဤသို့ ထိုမိန်းမ၏ ပြောဆိုပြုလုပ်ခြင်းသည် အံ့သြဖွယ်မဟုတ်၊ ထိုမိန်မသည် ရှေးအခါ၌ ဇမ္ဗူဒီပါတစ်ကျွန်းလုံး၌ အမြတ်ဆုံးဖြစ်သော ပညာရှိကို ပယ်စွန့်၍ ထိုခဏချင်း တွေ့မြင်ခြင်းရှိသော ယောက်ျားတစ်ယောက်၌ ချစ်ခင်ခြင်းကို ဖြစ်စေပြီးလျှင် ထိုအမြတ်ဆုံးဖြစ်သော ပညာရှိကို အသက်ကုန်ခြင်းသို့ ရောက်စေဖူးလေပြီ”ဟု မိန့်တော်မူ၍ ထိုအကြောင်းအရာကို ထင်ရှားပြစိမ့်သောငှာ ရဟန်းတို့ တောင်းပန်အပ်သောကြောင့် လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူလေ၏။

သူခိုးသို့ ဓားရိုးကမ်းသော မိန်းမအတိတ်

ရှေးလွန်လေပြီးသောအခါ စူဠဓနုဂ္ဂဟပညာရှိ သုခမိန်ဖြစ်သောအခါ တက္ကသိုလ်ပြည်၌ အရပ်လေးမျက်နှာမှ လာသောသူတို့၏ အကြီးအမှူးဖြစ်သော ဒိသာပါမောက္ခ ဆရာ၏အထံ၌ အတတ်ပညာကို သင်ယူပြီးလျှင် ထိုဒိသာပါမောက္ခဆရာသည် နှစ်သက်သဖြင့် ပေးလိုက်သော သမီးကို ခေါ်ဆောင်ခဲ့၍ ဗာရာဏသီပြည်သို့သွားစဉ် တစ်ခုသော တောအုပ်အဝင်ဝ၌ ငါးဆယ်သောမြားဖြင့် ငါးကျိပ်သော ခိုးသူတို့ကို သေစေပြီးလျှင် မြားတို့ ကုန်လတ်သည်ရှိသော် ခိုးသူကြီးကိုဖမ်း၍ မြေ၌လဲစေလျက် “ချစ်နှမ- သန်လျက်ကို ဆောင်ခဲ့လော့”ဟု ဆိုသည်ရှိသော် ထိုခဏချင်း တွေ့မြင်အပ်သော ခိုးသူ၌ ချစ်ခင်ခြင်းကို ပြုသဖြင့် ခိုးသူ၏လက်၌ သန်လျက်ရိုးကို ထားခြင်းကြောင့် ခိုးသူသည် ဓနုဂ္ဂဟပညာရှိကို သတ်အပ်သည့်အဖြစ်ကို ထင်စွာပြုပြီးလျှင် ထိုမိန်းမကို ခေါ်ဆောင်လျက် သွားသော ခိုးသူကြီးလည်း “ငါ့ကိုလည်း ဤမိန်းမသည် အခြားသော ယောက်ျားကို မြင်ပြန်လျှင် မိမိ၏ လင်ယောက်ျားကိုကဲ့သို့ သတ်စေလတ္တံ့၊ ငါ့အား ဤမိန်းမဖြင့် အဘယ် အကျိုးရှိအံ့နည်း”ဟု အောက်မေ့လျက် မြစ်တစ်ခုကို မြင်လျှင် ဤမှာဘက်ကမ်း၌ မိန်းမကိုထားခဲ့၍ ထိုမိန်းမ၏ ဥစ္စာထုပ်ကို ယူဆောင်လျက် “ငါသည် ဥစ္စာထုပ်ကို ဟိုမှာ ဘက်ကမ်းသို့ ကူးပို့နေသေသမျှ ကာလပတ်လုံး ဤမှာ ဘက်ကမ်း၌သာလျှင် နေဦးလော့”ဟု ဆိုပြီးလျှင် ထိုဘက်ကမ်း၌သာလျှင် ထိုမိန်းမကို ပစ်ထားခဲ့၍ သွားသောအဖြစ်ကိုလည်းကောင်း ထင်စွာ ပြုတော်မူလျက် ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဇာတ်တော်၌လာသော ဂါထာများ

သဗ္ဗံ ဘဏ္ဍံ သမာဒါယ၊ ပါရံ တိဏ္ဏောသိ ဗြာဟ္မဏ။
ပစ္စာဂစ္ဆ လဟုံ ခိပ္ပံ၊ မံပိ တာရေဟိ ဒါနိတော။

အသန္ထုတံ မံ စိရသန္ထုတေန၊ နိမီနိ ဘောတီ အဒ္ဓုဝံ ဓုဝေန။
မယာပိ ဘောတီ နိမိနေယျ အညံ၊ ဣတော အဟံ ဒူရတရံ ဂမိဿံ။

ကာယံ ဧဠဂလာဂုမ္ဗေ၊ ကရောတိ အဟုဟာသိယံ။
နယီဓ နစ္စံ ဝါ ဂီတံ ဝါ၊ တာဠံ ဝါ သုသမာဟိတံ။
အနမှိကာလေ သုသောဏိ၊ ကိနု ဇဂ္ဃသိ သောဘဏေ။

သိင်္ဂါလ ဗာလ ဒုမ္မေဓ၊ အပ္ပပညောသိ ဇမ္ဗုက။
ဇီနော မစ္ဆဉ္စ ပေသိံစ၊ ကပဏော ဝိယ ဈာယသိ။

သုဒဿံ ဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ဇီနာ ပတိဉ္စ ဇာရဉ္စ၊ မညေ တွညေဝ ဈာယသိ။

ဧဝမေတံ မိဂရာဇ၊ ယထာ ဘာသသိ ဇမ္ဗုက။
သာန္နူနာဟံ ဣတော ဂန္တွာ၊ ဘတ္တု ဟေဿံ ဝသာနုဂါ။

ယော ဟရေ မတ္တကံ ထာလံ၊ ကံသထာလမ္ပိ သော ဟရေ။
ကတံစေဝ တယာ ပါပံ၊ ပုနပေဝံ ကရိဿသိ။

ဤမှာဘက်ကမ်း၌ တည်နေလျက် မိန်းမက တောင်းပန်ပုံ

ဗြာဟ္မဏ၊ ပုဏ္ဏား။ ဝါ၊ အရှင်သခင်။ တွံ၊ သင်သည်။ သဗ္ဗံ၊ အလုံးစုံသော။ ဘဏ္ဍံ၊ ဘဏ္ဍာကို။ သမာဒါယ၊ ယူ၍။ ပါရံ၊ ကမ်းတစ်ဖက်သို့။ တိဏ္ဏော၊ ကူးသွားသည်။ အသိ၊ ဖြစ်၏။ လဟုံ၊ လျင်မြန်စွာ။ ပစ္စာဂစ္ဆ၊ တစ်ဖန် ပြန်လာခဲ့ပါလော့။ ဣဒါနိ၊ ယခုအခါ၌။ ဣတော၊ ဤမှာဘက်မှ။ ခိပ္ပံ၊ လျင်စွာ။ မံပိ၊ ကျွန်တော်မကိုလည်း။ တာရေဟိ၊ ကူးမြောက်စေပါဦးလော့။

ထိုမှာဘက်ကမ်း၌ တည်နေလျက် ခိုးသူက ပြန်ဆိုပုံ

ဘောတီ၊ အိုရှင်မ။ အသန္ထုတံ၊ ကြာမြင့်စွာ ပေါင်းသင်းခြင်း မရှိသေးသော။ အဒ္ဓုဝံ၊ အမြဲမဟုတ်သော။ မံ၊ ငါ့ကို။ စိရသန္ထုတေန၊ ကာလရှည်စွာ ပေါင်းသင်းဖူးသော။ ဓုဝေန၊ အမြဲဖြစ်သောလင်ရင်းနှင့်။ နိမီနိ၊ လဲလှယ်ဘိ၏။ ဘောတီ၊ အိုရှင်မ။ တွံ၊ သင်သည်။ မယာပိ၊ ငါနှင့်လည်း။ အညံ၊ တစ်ပါးသော ယောက်ျားကို။ နိမိနေယျ၊ လဲလှယ်ရာ၏။ ဣတော၊ ဤအရပ်မှ။ အဟံ၊ ငါသည်။ ဒူရတရံ၊ အလွန်ဝေးစွာသောအရပ်သို့။ ဂမိဿံ၊ သွားတော့အံ့။

(ဥစ္စာယူ၍ ခိုးသူ ထွက်ပြေးသောအခါ ထိုမိန်းမသည် ချုံထဲ ဝင်၍ ငိုနေ၏၊ ထိုအခါ သိကြားမင်း မြေခွေးယောင်ဆောင်၍ အမဲသားတုံး ကိုက်ချီလျက် ရေစပ်သို့သွားရာ ထိုမိန်းမရှေ့ ရောက်သောအခါ မာတလိနတ်သား ငါးယောင်ဆောင်၍ ရေထဲမှ မြေခွေးရှေ့သို့ ခုန်တက်သောကြောင့် အမဲသားတုံးကိုစွန့်၍ ငါးကို လိုက်ဖမ်းစဉ် ပဉ္စသီခနတ်သား စွန်ငှက်ယောင်ဆောင်၍ အမဲသားတုံး ယူချီ၍ သွားလေ၏၊ ငါးလည်း ရေထဲသို့ ခုန်ချလိုက်လေ၏၊ မြေခွေးသည် အမဲ,ငါး နှစ်ခုလုံး ဆုံးရှုံးသဖြင့် မြက်ကိုကြည့်လျက် မှိုင်နေသည်ကို ချုံထဲက မိန်းမက သည်းစွာရယ်သောကြောင့် မြေခွေးက ဆိုပုံ။)

ဧဠဂလာဂုမ္ဗေ၊ မြက်ချုံထဲ၌။ အဟုဟာသိယံ၊ သွားပေါ်လောက်အောင် သည်းစွာသော ရယ်ရွှင်ခြင်းကို။ ကရောတိ၊ ပြုသော။ အယံ၊ ဤမိန်းမသည်။ ကာ၊ အဘယ်သူနည်း။ ဣဓ၊ ဤအရပ်၌။ နစ္စံဝါ၊ ကခြင်းသည်လည်းကောင်း။ ဂီတံ ဝါ၊ သီဆိုခြင်းသည်လည်းကောင်း။ သုသမာဟိတံ၊ လက်တို့ကို ကောင်းစွာတား၍ တီးအပ်သော။ တာဠံ ဝါ၊ လက်ခုပ်တီးခြင်းသည်လည်းကောင်း။ နတ္ထိ၊ မရှိ။ (အဘယ်အရာကို တွေ့၍ ရယ်ရသလဲဟု မေးလိုရင်းကို ပြသည်။) သုသောဏိ၊ လှသော ခါးရှိသော။ သောဘဏေ၊ တင့်တယ်လှပ အရှင်မ။ တွံ၊ သင်သည်။ အနမှိကာလေ၊ ငိုသင့်သောအခါ၌။ ကိံနုဇဂ္ဃသိ၊ အဘယ့်ကြောင့် သည်းစွာ ရယ်ဘိသနည်း။

မိန်းမက မြေခွေးကို ဆိုပုံ

ဗာလ၊ မိုက်သော။ ဒုမ္မေဓ၊ ပညာမဲ့သော။ ဇမ္ဗုက၊ ဇမ္ဗုကဟု ဆိုအပ်သော။ သိင်္ဂါလ၊ မြေခွေး။ တွံ၊ သင်သည်။ အပ္ပပညော၊ ပညာနည်းသည်။ အသိ၊ ဖြစ်၏။ မစ္ဆဉ္စ၊ ငါးကိုလည်းကောင်း။ ပေသိဉ္စ၊ အမဲတုံးကိုလည်းကောင်း။ ဇီနော၊ ဆုံးရှုံးခြင်းသို့ ရောက်သည်ဖြစ်၍။ ကပဏော ဝိယ၊ ဥစ္စာ တစ်ထောင်ရှုံး၍ အထီးကျန်သောသူကဲ့သို့။ ဈာယသိ၊ စိုးရိမ်ကြံမှိုင်ရ၏။

မြေခွေးက ပြန်ပြောပုံ

အညေသံ၊ သူတစ်ပါးတို့၏။ ဝဇ္ဇံ၊ အပြစ်ကို။ သုဒဿံ၊ လွယ်ကူစွာ မြင်ရ၏။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံပန၊ အပြစ်ကိုမူကား။ ဒုဒ္ဒသံ၊ ခဲယဉ်းစွာ မြင်ရ၏။ တွညေဝ၊ သင်သည်သာလျှင်။ ပတိဉ္စ၊ မိဘပေးစား လင်ယောက်ျားကိုလည်းကောင်း။ ဇာရဉ္စ၊ လမ်း၌တွေ့မြင် သယောက်လင်ကိုလည်းကောင်း။ ဇီနာ၊ ဆုံးရှုံးသည်ဖြစ်၍။ ဈာယသိ မည၊ ငါ့ထက် အဆအရာ စိုးရိမ်ကြံမှိုင်ရ၏ဟု ငါအောက်မေ့၏။

မိန်းမက နောင်တရ၍ ဝန်ခံပုံ

မိဂရာဇ၊ သားများသေဌ်နင်း မင်းဖြစ်ပေသော။ ဇမ္ဗုက၊ မြေခွေး။ တွံ၊ သင်သည်။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘာသသိ၊ ပြောဆို၏။ ဧဝမေဝ၊ ဤသင်ဆိုသော အခြင်းအရာဖြင့်သာလျှင်။ ဟောမိ၊ ဖြစ်ရချေ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဂန္တွာ၊ သွား၍။ ပုန၊ တစ်ဖန်။ ဘတ္တာရံ၊ လင်ကို။ လဘိတွာ၊ ရသည်ရှိသော်။ နူန၊ စင်စစ်။ ဘတ္တု၊ လင်၏။ ဝသာနုဂါ၊ အလိုသို့လိုက်၍ ကျင့်သည်။ ဟေဿံ၊ ဖြစ်ပေအံ့။

သိကြားမင်းက အရှက်ကွဲလောက်အောင် နောက်ဆုံး ဆိုပုံ

ယော၊ အကြင်သူသည်။ မတ္တိကံ ထာလံ၊ မြေခွက်ကို။ ဟရေ၊ ခိုး၏။ သော၊ ထိုမြေခွက်ကိုမျှ ခိုးတတ်သောသူသည်။ ကံသထာလမ္ပိ၊ ရွှေခွက်,ငွေခွက်စသော ခွက်ကိုလည်း။ ဟရေ၊ ခိုးအံ့စင်းစင်းတည်း။ တယာ၊ သင်သည်။ ပါပံ၊ ယုတ်မာသော အမှုကို။ ကတဉ္စေဝ၊ ပြုပြီးသည်သာတည်း။ ပုနပိ၊ တစ်ဖန်လည်း။ ဧဝံ၊ ဤသို့ ယုတ်မာသောအမှုကို။ ကရိဿသိ၊ ပြုပြန်လတ္တံ့ စင်းစင်းတည်း။

ဤသို့လျှင် ပဉ္စကနိပါတ်၌ စူဠဓနုဂ္ဂဟဇာတ်ကို ချဲ့၍ ဟောတော်မူပြီးလျှင် “ထိုအခါ စူဠဓနုဂ္ဂဟသုခမိန်သည် သင်ရဟန်း ဖြစ်လေ၏၊ ထိုမိန်းမသည် ယခုအခါ ဤသတို့သမီးငယ် ဖြစ်လေ၏၊ မြေခွေးအသွင်ဖြင့်လာ၍ ထိုမိန်းမအား နှိပ်ကွပ်ပြောဆိုခြင်းကို ပြုတတ်သော သိကြားနတ်မင်းကား ငါဘုရားသာလျှင် ဖြစ်လေ၏”ဟု မိန့်တော်မူပြီးလျှင် “ဤသို့လျှင် ထိုမိန်းမသည် ထိုခဏ၌ တွေ့မြင်ရသော ထိုခိုးသူ၌ ချစ်ခင်သဖြင့် ဇမ္ဗူဒီပါတစ်ကျွန်းလုံး၌ အမြတ်ဆုံးဖြစ်သော ပညာရှိယောက်ျားကို အသက်မှ ချဖူးလေပြီ၊ ချစ်သားရဟန်း- ထိုမိန်းမကို အကြောင်းပြု၍ဖြစ်သော ဘဝတဏှာကို ဖြတ်၍ နေချေလော့”ဟု ထိုရဟန်းကို ဆုံးမပြီးလျှင် ထို့ထက် အလွန်လည်းဖြစ်သော တရားဟောလိုသည်ဖြစ်၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၄၉] ဝိတက္ကမထိတဿ ဇန္တုနော၊ တိဗ္ဗရာဂဿ သုဘာနုပဿိနော။
ဘိယျော တဏှာ ပဝဍ္ဎတိ၊ ဧသ ခေါ ဒဠှံ ကရောတိ ဗန္ဓနံ။

֍ * [၃၅၀] ဝိတက္ကူပသမေဝ ယော ရတော၊ အသုဘံ ဘာဝယတေ သဒါ သတော။
ဧသ ခေါ ဗျန္တိ ကာဟိတိ၊ ဧသ ဆေစ္ဆတိ မာရဗန္ဓနံ။

ဝိတက္ကမထိတဿ၊ ကာမဝိတက် စသည်တို့သည် အမြဲလုံးထွေး နှိပ်စက်အပ်သော။ တိဗ္ဗရာဂဿ၊ ထက်သော ရာဂရှိထသော။ ဝါ၊ ထူပြောများပြားသော ရာဂရှိထသော။ သုဘာနုပဿိနော၊ တင့်တယ်၏ဟု ရှုလေ့ရှိထသော။

(ကောင်းသောအာရုံ၌ တင့်တယ်သော အာရုံကို ယူခြင်းစသည် အစွမ်းဖြင့် လွှတ်ထားအပ်သော စိတ်ရှိခြင်းကြောင့် ဟူလို။)

ဇန္တုနော၊ သတ္တဝါအား။ တဏှာ၊ ဆဒွါရိကတဏှာသည်။ ဘိယျော၊ လွန်စွာ။ ပဝဍ္ဎတိ၊ တိုးပွား၏။ ။ ဧသ ဧသော ဇန္တု၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည်။ ဗန္ဓနံ၊ တဏှာဟူသော အဖွဲ့ကို။ ဒဠှံ၊ မြဲစွာ။ ကရောတိ၊ ပြု၏။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဝိတက္ကူပသမေဝ၊ မိစ္ဆာဝိတက် စသည်တို့ကို ငြိမ်းစေတတ်သော အသုဘဈာန်၌သာလျှင်။ ရတော၊ မွေ့လျော်ခြင်း ရှိသည်ဖြစ်၍။ သဒါ၊ အခါခပ်သိမ်း။ သတော၊ သတိရှိသည်ဖြစ်၍။ အသုဘံ၊ ဆယ်ပါးသော အသုဘကို။ ဘာဝယတေ၊ ပွားစေ၏။ ဧသ-ဧသော ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ ခေါ၊ စင်စစ်။ ဗျန္တိ၊ ဘဝတဏှာလွတ်ကင်း ပျောက်ပျက်ခြင်းကို။ ကာဟိတိ၊ ပြုလတ္တံ့။ ဧသ-ဧသော ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ မာရဗန္ဓနံ၊ တေဘူမကဝဋ်ဟူသော မာရ်၏အနှောင်အဖွဲ့ကို။ ဆေစ္ဆတိ၊ ဖြတ်နိုင်၏။ ဝါ၊ ဖြတ်နိုင်လတ္တံ့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းငယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော သူတို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။

စူဠဓနုဂ္ဂဟသုခမိန်ဝတ္ထု ပြီး၏။

֍ * ၈။ မာရ်နတ်ဝတ္ထု

နိဋ္ဌင်္ဂတောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မာရ်နတ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆင်ပြောင်အသွင်ဖြင့် ရာဟုလာကို ခြောက်လှန့်ခြင်း

တစ်နေ့သ၌ အချိန်မဲ့ ညအခါ များစွာသော မထေရ်တို့သည် ဇေတဝန်ကျောင်းတော်သို့ဝင်၍ ရာဟုလာမထေရ်၏ နေရာအရပ်သို့ သွားပြီးလျှင် ထိုရာဟုလာကို နေရာမှ ထသွားစေကြလေကုန်၏၊ ထိုရာဟုလာသည် တစ်ပါးသောအရပ်၌ နေရာအရပ်ကို မမြင်သောကြောင့် မြတ်စွာဘုရား၏ ဂန္ဓကုဋိတိုက်အဝမုခ်ဦး၌ ကျိန်းစက်လေ၏၊ ထိုအခါ၌ ထိုအရှင်ရာဟုလာသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးသည်ဖြစ်၍ အသက်ရှစ်နှစ် ရှိသည်သာလျှင် ဖြစ်၏။ မာရ်နတ်သည် ဝသဝတ္တီနတ်ပြည်၌ တည်လျက်သာလျှင် ထိုအရှင်ရာဟုလာ ဂန္ဓကုဋိတိုက်အဝ မုခ်ဦး၌ ကျိန်းစက်နေသည်ကို မြင်ရလျှင် “ရဟန်းဂေါတမ၏ နာကျင်စဖွယ်ဖြစ်သော လက်ချောင်း (ရာဟုလာ)သည် ဂန္ဓကုဋီပြင်ပ၌ အိပ်စက်၏၊ ကိုယ်တော်မြတ်သည်ကား ဂန္ဓကုဋိတိုက်အတွင်း၌ ကျိန်းစက်တော်မူ၏။ လက်ချောင်းကို နှိပ်စက်အပ်သည်ရှိသော် ကိုယ်တိုင်တော်ကို နှိပ်စက်အပ်သည် ဖြစ်လတ္တံ့”ဟု ကြံစည်လေ၏၊ မာရ်နတ်သည် ကြီးစွာသော ဆင်မင်းရုပ်သဏ္ဌာန်အဆင်းကို ဖန်ဆင်းကာ လာပြီးလျှင် နှာမောင်းဖြင့် ရာဟုလာမထေရ်၏ဦးထိပ်ကို ရစ်ပတ်လျက် သည်းစွာသော အသံဖြင့် ကြိုးကြာသံကို မြည်လေ၏၊ မြတ်စွာဘုရားသည် ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ထိုသူ၏ မာရ်နတ်အဖြစ်ကို သိတော်မူ၍ “ဟယ်- မာရ်နတ်၊ သင်သို့ သဘောရှိသော သူတို့၏ အထောင်သည်လည်း ငါဘုရား၏ သားတော်အား ကြောက်လန့်ခြင်းကို ဖြစ်စေငှာ မတတ်ကောင်း၊ ငါဘုရား၏ သားတော်သည် ထိတ်လန့်ခြင်း မရှိ၊ ကင်းပြီးသော တဏှာလည်း ရှိ၏၊ ကြီးသော လုံ့လလည်း ရှိ၏၊ ကြီးမြတ်သော ပညာလည်း ရှိ၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၅၁] နိဋ္ဌင်္ဂတော အသန္တာသီ၊ ဝီတတဏှော အနင်္ဂဏော။
အစ္ဆိန္ဒိ ဘဝသလ္လာနိ၊ အန္တိမော ယံ သမုဿယော။

֍ * [၃၅၂] ဝီတတဏှော အနာဒါနော၊ နိရုတ္တိပဒကောဝိဒေါ။
အက္ခရာနံ သန္နိပါတံ၊ ဇညာ ပုဗ္ဗာပရာနိ စ။
သ ဝေ အန္တိမ သာရီရော၊ မဟာပညော မဟာပုရိသောတိ ဝုစ္စတိ။

ယော၊ အကြင်သူသည်။ နိဋ္ဌင်္ဂတော၊ အရဟတ္တဖိုလ်တည်းဟူသော အပြီးသို့ရောက်ပြီ။

(ဤသာသနာတော်၌ ရဟန်းတို့၏ အရဟတ္တဖိုလ်သည် နိဋ္ဌ မည်၏၊ ထိုနိဋ္ဌသို့ ရောက်ပြီဟူလို။။)

အသန္တာသီ၊ ရာဂစသည် မရှိခြင်းကြောင့် ထိတ်လန့်ခြင်း သဘောမရှိ။ ဝီတတဏှော၊ ကင်းသော တဏှာရှိ၏။ အနင်္ဂဏော၊ ကိလေသာမရှိ။ ဘဝသလ္လာနိ၊ ဘဝသုံးပါးသို့ လားစေတတ်ကုန်သော မြားငြောင့်တို့ကို။ အစ္ဆိန္ဒိ၊ ဖြတ်လေပြီ။ ဧတဿ၊ ဤသူ၏။ အယံ သမုဿယော၊ ဤခန္ဓာကိုယ်သည်။ အန္တိမော၊ အဆုံးဖြစ်သော ဘဝနှင့် ယှဉ်၏။

ယော၊ အကြင်သူသည်။ ဝီတတဏှော၊ ကင်းသော တဏှာရှိ၏။ အနာဒါနော၊ ခန္ဓာ စသည်တို့၌ စွဲလမ်း၍ ယူခြင်းမရှိ။ နိရုတ္တိပဒကောဝိဒေါ၊ သဒ္ဒါ၌လည်းကောင်း, ပုဒ်တို့၌ လည်းကောင်း လိမ္မာ၏။

(ပဋိသမ္ဘိဒါလေးပါးတို့၌ လိမ္မာကျွမ်းကျင်၏ဟူလို။)

အက္ခရာနံ၊ အက္ခရာတို့၏။ သန္နိပါတဉ္စ၊ စုဝေးသော အပေါင်းကိုလည်းကောင်း။ ပုဗ္ဗာပရာနိ စ၊ ရှေ့အက္ခရာဖြင့် နောက်အက္ခရာ, နောက်အက္ခရာဖြင့် ရှေ့အက္ခရာတို့ကိုလည်းကောင်း။ ဇညာ၊ သိ၏။

(ရှေ့အက္ခရာဖြင့် နောက်အက္ခရာကို သိခြင်းဟူသည်ကား အစ ထင်ရှားသည်ရှိသော် အလယ် အဆုံးတို့ မထင်ရှားသော်လည်း ဤအစအက္ခရာတို့၏ အလယ်ကား ဤအက္ခရာ၊ အဆုံးကား ဤအက္ခရာဟု သိခြင်းပင်တည်း။ နောက်အက္ခရာဖြင့် ရှေ့အက္ခရာကို သိခြင်းဟူသည်ကား အဆုံး ထင်ရှားသည်ရှိသော် အစ အလယ်တို့ မထင်ရှားသော်လည်း ဤအဆုံး အက္ခရာတို့၏ အလယ်ကား ဤအက္ခရာ၊ အစကား ဤအက္ခရာဟု သိခြင်းပင်တည်း။ အလယ် ထင်ရှားသော်လည်း ဤအလယ် အက္ခရာတို့၏အစကား ဤအက္ခရာ၊ အဆုံးကား ဤအက္ခရာဟု သိခြင်းပင်တည်း။)

အန္တိမသာရီရော၊ အဆုံးစွန်၌တည်သော ကိုယ်ရှိသော ထိုသူကို။ မဟာပညောတိ၊ မြတ်သော ပညာရှိဟူ၍လည်းကောင်း။

(အတ္ထ, ဓမ္မ, နိရုတ္တိ ပဋိဘာန်တို့ကိုလည်းကောင်း၊ သီလ အစု စသည်တို့ကိုလည်းကောင်း သိမ်းယူနိုင်သော ပညာနှင့် ပြည့်စုံသောကြောင့်ဟူလို။)

မဟာပုရိသောတိ၊ ကိလေသာတို့မှ လွတ်ပြီးသော စိတ်ရှိသည်၏အဖြစ်ကြောင့် မဟာပုရိသဟူ၍လည်းကောင်း။ ဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏၊ ယုတ်မာလှစွာသော မာရ်နတ်သည်လည်း “ငါ့ကို ရဟန်းဂေါတမသည် သိချေပြီတကား”ဟု ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်သွား၏။

မာရ်နတ်ဝတ္ထု ပြီး၏။

֍ * ၉။ ဥပကမည်သော တက္ကတွန်းဝတ္ထု

သဗ္ဗာဘိဘူအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် လမ်းခရီးအကြား၌ ဥပကအမည်ရှိသော အာဇီဝက တက္ကတွန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဥပကနှင့် ရှေးဦးစွာ တွေ့ဆုံခြင်း

တစ်ပါးသောအခါ၌ မြတ်စွာဘုရားသည် ရအပ်သော သဗ္ဗညုတဉာဏ် ရှိတော်မူပြီးသည်ဖြစ်၍ ဗောဓိမဏ္ဍိုင်၌ ခုနစ်ရက် ခုနစ်လီဖြစ်သော သတ္တသတ္တာဟကို လွန်စေပြီးလျှင် ကိုယ်တော်မြတ်၏ သပိတ်သင်္ကန်းကို ယူတော်မူလျက် တရားတည်းဟူသောစက်ကို လည်စိမ့်သောငှာ ဓမ္မစကြာတရားကို ဟောကြားခြင်းငှာ ဗာရာဏသီပြည်ကို ရည်မှန်း၍ တစ်ဆယ့်ရှစ်ယူဇနာရှိသော လမ်းခရီးကို ကြွသွားတော်မူစဉ် လမ်းခရီးအကြား၌ ဥပကမည်သော အာဇီဝက တက္ကတွန်းကို မြင်တော်မူလေ၏။ ထိုတက္ကတွန်းသည်လည်း မြတ်စွာဘုရားကို ဖူးမြင်ရပြီးလျှင် “ငါ့ရှင်- သင်၏ စက္ခုစသော ဣန္ဒြေတို့သည် ကြည်လင်လှကုန်၏၊ အရေအဆင်းသည် သန့်ရှင်းဖြူစင်လှဘိ၏၊ ပြိုးပြိုးပြက်သော အရောင်ရှိဘိ၏၊ ငါ့ရှင်- သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုလေဘိသနည်း၊ အဘယ်သူသည် သင်၏ဆရာ ဖြစ်သနည်း၊ အဘယ်သူ၏တရားကို အသင် နှစ်သက်ဘိသနည်း”ဟု မေးမြန်းလေ၏။ ထိုအခါ ဥပကအား မြတ်စွာဘုရားသည် “ငါ၏ ဥပဇ္ဈာယ်သည်လည်းကောင်း၊ ဆရာသည်လည်းကောင်း မရှိ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၅၃] သဗ္ဗာဘိဘူ သဗ္ဗဝိဒူဟမသ္မိ၊ သဗ္ဗေသု ဓမ္မေသု အနူပလိတ္တော။
သဗ္ဗဉ္ဇဟော တဏှာက္ခယေ ဝိမုတ္တော၊ သယံ အဘိညာယ ကမုဒိသေယျံ။

ဥပက၊ ဥပက။ အဟံ၊ ငါဘုရားသည်။ သဗ္ဗာဘိဘူ၊ အလုံးစုံသော တေဘူမက ဓမ္မတရားတို့ကို နှိပ်နင်းဖျက်ဆီးသည်။ အသ္မိ၊ ဖြစ်ပြီ။ သဗ္ဗဝိဒူ၊ သိအပ်သော ဘုံလေးပါး၌ရှိသော တရားတို့ကို သိသည်။ အသ္မိ၊ ဖြစ်ပြီ။ သဗ္ဗေသု၊ အလုံးစုံကုန်သော။ ဓမ္မေသု၊ တေဘူမကတရားတို့၌။ အနူပလိတ္တော၊ တဏှာဒိဋ္ဌိတို့ဖြင့် မလိမ်းကျံသည်။ အသ္မိ၊ ဖြစ်ပြီ။ သဗ္ဗဉ္ဇဟော၊ အလုံးစုံကုန်သော တေဘူမကကို စွန့်၍တည်သည်။ အသ္မိ၊ ဖြစ်ပြီ။ တဏှာက္ခယေ၊ တဏှာ၏ကုန်ရာဖြစ်သော အရဟတ္တဖိုလ်၌။ ဝိမုတ္တော၊ ကင်းလွတ်သောစိတ် ရှိသည်။ အသ္မိ၊ ဖြစ်ပြီ။ သယံ၊ ကိုယ်တိုင်။ အဘိညာယ၊ သစ္စာလေးပါးတရား သိပြီးဖြစ်၍။ ကံ၊ အဘယ်သူကို။ ဥဒ္ဒိသေယျံ၊ ဤသူ ငါ့ဆရာဟူ၍ ညွှန်းရအံ့နည်း။

ဒေသနာတော်နှင့် ဥပက၏ သဘောထား

ဒေသနာတော်၏အဆုံး၌ ဥပကအမည်ရှိသော အာဇီဝက တက္ကတွန်းသည် မြတ်စွာဘုရား၏ စကားတော်ကို နှစ်သက်သည်လည်း မဟုတ်၊ ပစ်ပယ်သည်လည်းမဟုတ်၊ ဦးခေါင်းကိုသာ လှုပ်၍ လျှာကိုလှုပ်ရှားပြီးလျှင် တစ်ဖဝါး လှမ်းသွားလောက်သော လမ်းခရီးယူသဖြင့် အမှတ်မရှိသော မုဆိုးတို့နေရာ အရပ်သို့ သွားလေ၏။

ဥပကမည်သောတက္ကတွန်းဝတ္ထု ပြီး၏။

֍ * ၁၀။ သိကြားမင်း ပြဿနာ ဝတ္ထု

သဗ္ဗဒါနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သိကြားနတ်မင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နတ်တို့ပြဿနာအတွက် နတ်မင်းကြီးတို့ထံ သွားခြင်း

တစ်ပါးသောအခါ၌ တာဝတိံသာနတ်သားတို့သည် စည်းဝေးကြကုန်လျက် “အလှူတို့တွင် အဘယ်အလှူသည် အကြီးဆုံး ဖြစ်သနည်း၊ အရသာတို့တွင် အဘယ်အရသာသည် အကြီးဆုံး ဖြစ်သနည်း၊ မွေ့လျော်ခြင်းတို့တွင် အဘယ်မွေ့လျော်ခြင်းသည် အကြီးဆုံး ဖြစ်သနည်း၊ တဏှာ၏ကုန်ခြင်းကိုသာလျှင် အဘယ့်ကြောင့် အကြီးဆုံး အမြတ်ဆုံးဟူ၍ ဆိုအပ်သနည်း၊” ဤသို့ လေးပါးသော ပြဿနာတို့ကို ဖြစ်စေကြလေကုန်၏၊ ထိုလေးပါးသော ပြဿနာတို့ကို တစ်ယောက်သော နတ်မျှလည်း ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်လေ၊ နတ်သားတစ်ယောက်သည်ကား နတ်သားတစ်ယောက်ကို ထိုနတ်သားသည်လည်း အခြားနတ်သားတစ်ယောက်ကို ဤသို့ အချင်းချင်း မေးမြန်းကြကုန်လျက် တစ်သောင်းသော စကြဝဠာတိုက်တို့၌ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး သွားလာလှည့်လည်ကြလေကုန်၏။ ဤမျှ အတိုင်းအရှည်ရှိသော ကာလဖြင့်လည်း မေးမြန်းအပ်သော ပြဿနာတို့၏အနက်ကို မမြင်နိုင်ကြကုန်သောကြောင့် တစ်သောင်းသော စကြဝဠာတိုက်၌ နေကုန်သော နတ်တို့သည် စည်းဝေးကုန်၍ စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့၏အထံသို့ သွားကြသဖြင့် “ချစ်သားတို့- အဘယ့်ကြောင့် များစွာသော နတ်တို့သည် စည်းဝေးကြကုန်ဘိသနည်း”ဟု မေးမြန်းသည်ရှိသော် “ပြဿနာလေးပါးတို့ကို ဖြစ်စေပြီးလျှင် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်သောကြောင့် အရှင်နတ်မင်းတို့၏အထံသို့ လာကြရပါကုန်၏”ဟု လျှောက်ကြားကြလေကုန်၏၊ “ချစ်သားတို့- ဤပြဿနာမည်သည်ကား အဘယ်နည်း”ဟု မေးလတ်သည်ရှိသော် “အလှူ၊ အရသာ၊ မွေ့လျော်ခြင်းတို့တွင် အဘယ်မည်သော အလှူ၊ အရသာ၊ မွေ့လျော်ခြင်းသည် မြတ်သနည်း၊ တဏှာ၏ ကုန်ခြင်းသည်လည်း အဘယ့်ကြောင့် မြတ်သနည်း၊ ဤသို့ ဤပြဿနာတို့ကို ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်သောကြောင့် လာကြရပါကုန်၏”ဟု လျှောက်ကြားကြလေ၏။

သိကြားမင်းနှင့်တကွ ဘုရားထံ သွားခြင်း

“ချစ်သားတို့- ငါတို့သည်လည်း ဤပြဿနာတို့၏အနက်ကို မသိကြကုန်၊ ငါတို့၏အရှင် သိကြားမင်းကား မျက်စိတစ်ထောင်ဖြင့် ကြံစည်အပ်သော အကြောင်းအရာတို့ကို ကြံစည်၍ ထိုခဏချင်းဖြင့်သာလျှင် သိနိုင်၏။ ထိုသိကြားမင်းသည် ငါတို့ထက် ပညာအားဖြင့်လည်းကောင်း၊ ဘုန်းကံအားဖြင့်လည်းကောင်း ထူးမြတ်၏၊ လာကြကုန်လော့၊ ထိုသိကြားမင်း၏အထံသို့ သွားကြကုန်စို့အံ့”ဟု ဆို၍ ထိုနတ်အပေါင်းကိုသာလျှင် ခေါ်ဆောင်ပြီးလျှင် သိကြားနတ်မင်း၏အထံသို့ သွားကြသဖြင့် ထိုသိကြားမင်းသည်လည်း “ချစ်သားတို့- အဘယ့်ကြောင့် များစွာသော နတ်တို့ စည်းဝေးကြကုန်ဘိသနည်း”ဟု မိန့်ဆိုလတ်သည်ရှိသော် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။

“ချစ်သားတို့- ဤပြဿနာတို့၏အနက်ကို တစ်ပါးသောသူသည်လည်း သိခြင်းငှာ မတတ်နိုင်ရာ၊ ဤပြဿနာတို့ကား ဘုရားရှင်တို့၏ အရာသာ ဖြစ်၏။ မြတ်စွာဘုရားသည် ယခုအခါ အဘယ်အရပ်၌ နေတော်မူသနည်း”ဟု မေးလတ်သော် ဇေတဝန်ကျောင်းတော်၌ နေတော်မူ၏ဟူသော စကားကို ကြားရသောကြောင့် “လာကြကုန်လော့၊ မြတ်စွာဘုရား၏ အထံတော်သို့ သွားကြကုန်စို့အံ့”ဟု နတ်အပေါင်းတို့နှင့် အတူတကွ ညဉ့်အဖို့၌ အလုံးစုံသော ဇေတဝန်ကျောင်းတော်ကြီးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ ရပ်နေလျက် “မြတ်သော သိကြားမင်း- အဘယ့်ကြောင့် များသော နတ်အပေါင်းနှင့်တကွ လာဘိသနည်း”ဟု မိန့်ဆိုတော်မူလတ်သည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- နတ်အပေါင်းသည် ဤမည်သော ပြဿနာတို့ကို ဖြစ်စေအပ်ပါကုန်၏။ ဤပြဿနာတို့၏အနက်ကို သိခြင်းငှာ စွမ်းနိုင်သော တစ်ပါးသောသူမည်သည် မရှိပါ၊ တပည့်တော်တို့အား ဤပြဿနာတို့၏အနက်ကို ထင်ရှားစွာ ပြတော်မူကြပါဘုရား”ဟု နားတော်လျှောက်လတ်သော် မြတ်စွာဘုရားသည် “မြတ်သော သိကြားမင်း- ကောင်းပေစွ၊ ငါဘုရားသည် ပါရမီတို့ကို ဖြည့်ကျင့်တော်မူ၍ စွန့်ခြင်းကြီးတို့ကို စွန့်တော်မူ၍ သင်တို့ကဲ့သို့ သဘောရှိသော သူတို့၏ ယုံမှားခြင်းကို ပယ်ဖျောက်နိုင်ခြင်း အကျိုးငှာသာလျှင် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ သိရပေပြီ၊ သင်-မေးအပ်သော ပြဿနာ၏အဖြေကား အလုံးစုံသော အလှူတို့တွင် တရားအလှူသည် မြတ်၏၊ အလုံးစုံသော အရသာတို့တွင် တရားအရသာသည် မြတ်၏၊ အလုံးစုံသော မွေ့လျော်ခြင်းတို့တွင် တရား၌ မွေ့လျော်ခြင်းသည် မြတ်၏၊ တဏှာ၏ကုန်ခြင်းသည် အရဟတ္တဖိုလ်သို့ ရောက်စေတတ်သောကြောင့် မြတ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၅၄] သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

သဗ္ဗဒါနံ၊ အလုံးစုံသော အလှူကို။ ဓမ္မဒါနံ၊ တရားဟောခြင်းဒါနသည်။ ဇိနာတိ၊ အောင်၏။ သဗ္ဗရသံ၊ အလုံးစုံသော အရသာကို။ ဓမ္မရသော၊ တရားတည်းဟူသော အရသာသည်။ ဇိနာတိ၊ အောင်၏။ သဗ္ဗရတိံ၊ အလုံးစုံသော မွေ့လျော်ခြင်းကို။ ဓမ္မရတိ၊ တရားဖြင့် မွေ့လျော်ခြင်းသည်။ ဇိနာတိ၊ အောင်၏။ တဏှာက္ခယော၊ တဏှာ၏ကုန်ခြင်းသည်။ ဝါ၊ တဏှာ၏ကုန်ရာ အရဟတ္တဖိုလ်သည်။ သဗ္ဗဒုက္ခံ၊ အလုံးစုံသော ဆင်းရဲကို။ ဇိနာတိ၊ အောင်၏။

ဒေသနာတော်၌ မှတ်ဖွယ်

(စကြဝဠာတိုက်၌ ဗြဟ္မာပြည်တိုင်အောင် အကြားကွက်လပ်မရှိ နေထိုင်ကြကုန်သော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့အား ငှက်ပျောရွက်ဖူးလိပ်နှင့်တူသော သင်္ကန်းတို့ကို လှူငြားအံ့၊ ထိုအလှူပွဲ၌ လေးပါဒရှိသော ဂါထာဖြင့် ပြုအပ်သော တရားအနုမောဒနာကသာလျှင် သာလွန်၍ မြတ်၏၊ ထိုအလှူသည် ထိုဂါထာ၏ တစ်ဆယ့်ခြောက်စိတ်,စိတ်၍ တစ်စိတ်လောက်မျှ အဖိုးမထိုက်၊ ဤသို့ တရားတော်ကို ဟောခြင်းသည်လည်းကောင်း၊ ချပို့ခြင်းသည်လည်းကောင်း၊ နာကြားခြင်းသည်လည်းကောင်း မြတ်၏၊ များစွာသောလူတို့ကို တရားနာရလေအောင် ပြုသော ထိုသူအား အကျိုးအာနိသင် များလှပေ၏။ ထိုသို့ သဘောရှိသော ပရိသတ်၌ မွန်မြတ်သောဆွမ်းဖြင့် သပိတ် ပြည့်စေ၍ လှူအပ်သော အလှူထက်လည်းကောင်း၊ ထောပတ်ဆီ စသည်တို့ဖြင့် သပိတ်ပြည့်စေ၍ လှူအပ်သော ဆေးအလှူထက်လည်းကောင်း၊ မဟာဝိဟာရကျောင်းတိုက်ကြီးမျိုး လောဟပါသာဒပြာသာဒ်ကြီးမျိုးတို့ကို အသိန်းမက များစွာဆောက်လုပ်၍ လှူအပ်သော ကျောင်းအလှူထက်လည်းကောင်း၊ အနာထပိဏ်သူဌေးကြီး စသည်တို့သည် ကျောင်းတို့ကို အကြောင်းပြု၍ ပြုအပ်သော စွန့်ကြဲခြင်းထက်လည်းကောင်း အယုတ်အားဖြင့် လေးပါဒရှိသော ဂါထာဖြင့် အနုမောဒနာ အစွမ်းဖြင့်သော်လည်း ဖြစ်စေအပ်သော တရားအလှူသည်သာလျှင် မြတ်ပေ၏၊ အဘယ့်ကြောင့်နည်းဟူမူကား ဤသို့သော ကောင်းမှုတို့ကို ပြုကြသောသူတို့သည် တရားတော် နာကြားရမှသာ ပြုနိုင်ကြကုန်၏၊ မနာကြားရသော် မပြုနိုင်ကြကုန်။ ဤသတ္တဝါတို့သည် အကယ်၍ တရားမနာရကုန်သည်ဖြစ်အံ့၊ တစ်ယောက်ချိုမျှသော ယာဂုကိုလည်းကောင်း၊ တစ်ယောက်မမျှသော ဆွမ်းကိုလည်းကောင်း မလှူဒါန်းနိုင်ကြကုန်၊ ဤအကြောင်းကြောင့် အလုံးစုံသော အလှူတို့ထက် တရားအလှူသာလျှင် အထူးမြတ်ပေ၏၊ တစ်နည်းလည်း ဘုရား ပစ္စေကဗုဒ္ဓါတို့ကို ဖယ်ထား၍ တစ်ကမ္ဘာလုံး ရွာသွန်းသောမိုး၌ ရေပေါက်တို့ကို ရေတွက်ခြင်းငှာ စွမ်းနိုင်သော ပညာသခင် အရှင်သာရိပုတ္တရာ စသည်တို့သော်မှလည်း မိမိသဘောအားဖြင့် သောတာပတ္တိဖိုလ် စသည်တို့ကိုရခြင်းငှာ မစွမ်းနိုင်ကြကုန်၊ အဿဇိမထေရ် စသည်တို့ ဟောအပ်သောတရားကို နာကြားရမှ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ကြလေကုန်၏။ မြတ်စွာဘုရား၏ တရားဒေသနာဖြင့် သာဝကပါရမီဉာဏ်တော်ကို မျက်မှောက် ပြုနိုင်ကြလေကုန်၏၊ မြတ်သော သိကြားမင်း- ဤအကြောင်းကြောင့်လည်း ဓမ္မဒါနသည်သာလျှင် အမြတ်ဆုံး ဖြစ်ပေ၏၊ ထို့ကြောင့် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ”ဟု ဟောတော်မူအပ်၏။
အနံ့အရသာ အစရှိသော အလုံးစုံသော အရသာတို့သည်လည်းကောင်း၊ အလွန်အားဖြင့် နတ်သုဓာဘုတ် ဘောဇဉ်အရသာသည်လည်းကောင်း သံသရာဝဋ်၌ ကျစေ၍ ဆင်းရဲခံရခြင်း၏ အကြောင်းသာ ဖြစ်၏၊ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးဟူသော တရားအရသာ, လောကုတ္တရာတရား ကိုးပါးဟူသော တရားအရသာတို့သာလျှင် အလုံးစုံသော အရသာတို့တွင် အမြတ်ဆုံး အကောင်းဆုံး ဖြစ်၏။ ထို့ကြောင့် “သဗ္ဗရသံ ဓမ္မရသော ဇိနာတိ”ဟု ဟောတော်မူအပ်၏။
သားဖြင့် မွေ့လျော်ခြင်း၊ သမီးဖြင့် မွေ့လျော်ခြင်း၊ ပစ္စည်းဥစ္စာဖြင့် မွေ့လျော်ခြင်း၊ မိန်းမဖြင့် မွေ့လျော်ခြင်း၊ ကခြင်း,သီချင်း,တီးမှုတ်ခြင်း စသည်တို့ဖြင့် မွေ့လျော်ခြင်း စသော များသော အပြားရှိသော မွေ့လျော်ခြင်း ဟူသမျှသည် လောက၌ ရှိ၏၊ ထိုမွေ့လျော်ခြင်းဟူသမျှသည်လည်း သံသရာဝဋ်၌ ကျစေ၍ ဆင်းရဲခံရခြင်း၏ အကြောင်းသာ ဖြစ်လေ၏၊ အကြင် မွေ့လျော်ခြင်းသည်ကား တရားဟောကြားသော သူ၏လည်းကောင်း၊ တရားနာသော သူ၏လည်းကောင်း၊ ပို့ချသင်ပေးသော သူ၏လည်းကောင်း ကိုယ်တွင်း၌ဖြစ်သော်လည်း ဝမ်းမြောက်သောသူ၏အဖြစ်ကို ဖြစ်စေနိုင်၏။ မျက်ရည်တို့ကို ယိုကျစေနိုင်၏။ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေနိုင်၏၊ သံသရာဝဋ်၏ အဆုံးကိုပြု၍ အရဟတ္တဖိုလ်အဆုံး ရှိ၏၊ ထို့ကြောင့် အလုံးစုံသော မွေ့လျော်ခြင်းတို့တွင် ဤသို့ သဘောရှိသော တရားဖြင့် မွေ့လျော်ခြင်းသည်သာလျှင် အမြတ်ဆုံး ဖြစ်ပေ၏။ ထို့ကြောင့် “သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ”ဟု ဟောတော်မူအပ်၏။
တဏှာ၏ကုန်ခြင်းဟူသော တဏှာ၏ ကုန်ရာအဆုံး၌ဖြစ်သော အရဟတ္တဖိုလ်သည် အလုံးစုံလည်းဖြစ်သော ဝဋ်ဆင်းရဲကို နှိပ်စက်ဖျက်ဆီးနိုင်သောကြောင့် အလုံးစုံတို့ထက် အမြတ်ဆုံးသာ ဖြစ်၏။ ထို့ကြောင့် “တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ”ဟု ဟောတော်မူအပ်၏ဟူလို။)

ဒေသနာတော်၏အကျိုး

ဤသို့လျှင် မြတ်စွာဘုရားသည် ဤဂါထာဖြင့် အနက်ကို ဟောကြားစဉ်ပင်လျှင် ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ကား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။

ကုသိုလ်အမျှဝေရန် သိကြားမင်း တောင်းပန်ခြင်း

သိကြားမင်းသည်လည်း မြတ်စွာဘုရား၏ တရားစကားတော်ကို ကြားနာရ၍ မြတ်စွာဘုရားကို ရှိခိုးလျက် “မြတ်စွာဘုရား- ဤသို့ အကြီးဆုံး, အမြတ်ဆုံး ဖြစ်သည်မည်သော တရားဟူသောအလှူကို ပေးလှူရာ၌ အဘယ်အကြောင်းကြောင့် တပည့်တော်တို့အား ကုသိုလ်အဖို့ကို မပေးဝေစေဘဲ နေကြပါသနည်း မြတ်စွာဘုရား။ ဤနေ့မှစ၍ ရဟန်းသံဃာတော်အပေါင်းအား တရားဟောကြားပြီးလျှင် တပည့်တော်တို့အလို့ငှာ ကုသိုလ်အဖို့ကို ပေးတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏၊ မြတ်စွာဘုရားသည် ထိုသိကြားမင်းစကားကို ကြားရလျှင် ရဟန်းသံဃာတော်အပေါင်းကို စည်းဝေးစေလျက် “ချစ်သားရဟန်းတို့- ယနေ့ကို အစပြု၍ ကြီးစွာသော တရားပွဲကိုလည်းကောင်း၊ ပကတိတရားပွဲကိုလည်းကောင်း အနီး၌ ချဉ်းကပ်သောသူအား ဟောပြောခြင်းကိုလည်းကောင်း အယုတ်သဖြင့် အနုမောဒနာတရားကိုလည်း ဟောပြောပြီးလျှင် ခပ်သိမ်းသော သတ္တဝါတို့အား ကုသိုလ်အဖို့ကို ပေးဝေကြကုန်လော့”ဟု မိန့်ကြားတော်မူလေ၏။

သိကြားမင်းပြဿနာဝတ္ထု ပြီး၏။

֍ * ၁၁။ အပုတ္တကသူဌေးဝတ္ထု

ဟနန္တိ ဘောဂါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သားသမီးတစ်ယောက်မျှ မရှိသော အပုတ္တကသူဌေးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အပုတ္တကသူဌေးကြီး အနိစ္စရောက်ခြင်း

ထိုသူဌေးကြီး၏ ကွယ်လွန်ပျက်စီးခြင်းကို ကြားသိတော်မူရသဖြင့် ပသေနဒီ ကောသလမင်းကြီးသည် “သားသမီး အမွေခံမရှိသော ဥစ္စာနှစ်သည် အဘယ်သူအား ရောက်သနည်း”ဟု မေးမြန်းစိစစ်သဖြင့် “မင်းအား ရောက်၏”ဟူသော စကားကို ကြားရလျှင် ထိုအပုတ္တကသူဌေးကြီးအိမ်မှ ဥစ္စာကို မင်းအိမ်တော်သို့ ခုနစ်ရက်တို့ဖြင့် ဆောင်ယူစေပြီးလျှင် မင်းကြီးသည် မြတ်စွာဘုရား၏ အထံတော်သို့ ချဉ်းကပ်သဖြင့် “မြတ်သောမင်းကြီး- သင်မင်းကြီးသည် ယခုအခါ၌ နေ့လယ်ကြောင်တောင် အဘယ်မှ လာခဲ့သနည်း”ဟု မိန့်တော်မူလတ်သည်ရှိသော် “မြတ်စွာဘုရား- ဤသာဝတ္ထိပြည်၌ အပုတ္တကသူဌေးကြီး ကွယ်လွန်ခဲ့ပါသည်။ တပည့်တော်သည် သားသမီးမရှိသော ထိုဥစ္စာနှစ်ကို နန်းတော်တွင်းသို့ ဆောင်ပြီးလျှင် လာခဲ့ပါသည်ဘုရား”ဟု လျှောက်ထားလေသတတ်။

(အလုံးစုံကို သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ကောသလသံယုတ်၊ ဒုတိယဝဂ်၊ ဆယ်ခုမြောက်သော သုတ်၌လာသော နည်းအားဖြင့်သာလျှင် သိအပ်၏။)

ထိုအပုတ္တက သူဌေးကြီးသည် ရွှေခွက်ဖြင့် အထူးထူး မွန်မြတ်သော အရသာရှိသော ဘောဇဉ်ကို ဆောင်ပို့အပ်သည်ရှိသော် “ဤသို့သဘောရှိသော ခဲဖွယ်ဘောဇဉ်မည်သည်ကို လူတို့သည် စားကြကုန်သတဲ့လော၊ သင်တို့သည် ငါနှင့်တကွ ဤအိမ်၌ ပြက်ရယ်မှု ပြုကြကုန်ဘိသလော”ဟု ဆို၍ ဘောဇဉ်အာဟာရအနီး၌ တည်လတ်သည်ရှိသော် အုတ်ခဲ, တုတ်, လှံတံ စသည်တို့ဖြင့် ပုတ်ခတ်ကာ ထွက်ပြေးစေပြီးလျှင် “ဤဘောဇဉ်သည် လူတို့၏ ဘောဇဉ်”ဆိုလျက် ပအုန်းရည်ဟင်းလျှင် နှစ်ခုမြောက်ရှိသော ဆန်ကွဲထမင်းကို စားသတတ်၊ နှစ်သက်ဖွယ်ရှိကုန်သော အဝတ်ပုဆိုးယာဉ် ထီးတို့ကိုလည်း ဆောင်၍ ထားအပ်ကုန်သည်ရှိသော် အုတ်ခဲ လှံတံ စသည်တို့ဖြင့် ပုတ်ခတ်လျက် ထွက်ပြေးစေ၍ ပိုက်ဆံလျှော်အဝတ်တို့ကို ဝတ်ဆင်၏၊ ဆွေးမြည့်သော ရထားဖြင့် ဆောင်အပ်သော သစ်ရွက်ထီးဖြင့် သွား၏၊ ဤသို့ ပသေနဒီကောသလမင်းကြီးသည် လျှောက်ကြားအပ်သည်ရှိသော် မြတ်စွာဘုရားသည် ထိုအပုတ္တကသူဌေးကြီး၏ ရှေး၌ ပြုအပ်သောကံကို ဟောကြားတော်မူလေ၏။

အပုတ္တကသူဌေးကြီး၏ အတိတ်ကံ

“မြတ်သောမင်းကြီး- ထိုအပုတ္တက သူဌေးကြီးသည် ရှေး၌ သူဌေးသူကြွယ်ဖြစ်ဖူး၍ တဂရသိခီ အမည်ရှိသော ပစ္စေကဗုဒ္ဓါကို ဆွမ်းဖြင့် လှူဒါန်းဖူး၏။ “အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းကို လှူဒါန်းကြကုန်လော့”ဟု ဆိုပြီးလျှင် ထိုသူဌေးသည် နေရာမှထ၍ ဖဲသွားလေ၏၊ သဒ္ဓါတရားမရှိသဖြင့် မလိမ္မာသော ထိုသူဌေးသည် ဤသို့ လှူဒါန်းကြကုန်လော့ဟုဆို၍ ဖဲသွားသည်ရှိသော် ထိုသူဌေး၏ သဒ္ဓါတရားနှင့်ပြည့်စုံ၍ ကြည်ညိုတတ်သော သူဌေးကတော်သည် “ဤသူဌေး၏ခံတွင်းမှ ပေးလော့ဟုဆိုသော စကားကို ငါ ကြားရခြင်းသည် ငါ့အား ကြာမြင့်လှလေပြီတကား၊ ယနေ့ ငါ၏နှလုံးအလိုကို ပြည့်စေလျက် ဆွမ်းကို လှူဒါန်းရပေတော့အံ့”ဟု အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်ကို ယူပြီးလျှင် မွန်မြတ်သော ဘောဇဉ်ဖြင့် ပြည့်စေလျက် လှူဒါန်းလေ၏၊ ထိုသူဌေးသည်လည်း ပြန်လည်လာခဲ့သည်ရှိသော် ထိုပစ္စေကဗုဒ္ဓါကို မြင်ရလျှင် “ရှင်ရဟန်း- အသို့နည်း၊ အရှင်ဘုရားသည် တစ်စုံတစ်ခုကို ရပါ၏လော”ဟု ဆိုသဖြင့် သပိတ်ကိုယူ၍ မွန်မြတ်သောဆွမ်းကို မြင်တဲ့လျှင် နှလုံးမသာယာခြင်း ရှိသည်ဖြစ်၍ “ဤမွန်မြတ်လှသောဆွမ်းကို ကျွန်တို့သည်လည်းကောင်း၊ အမှုလုပ်သော သူတို့သည်လည်းကောင်း အကယ်၍ စားကြကုန်သည်ဖြစ်အံ့, မြတ်သေး၏၊ ထိုကျွန်,အမှုလုပ်သောသူတို့သည် ဤဆွမ်းကိုစား၍ ငါ၏အမှုကို ပြုလုပ်ကြကုန်လတ္တံ့၊ ဤရဟန်းသည်ကား သွား၍ စားပြီးလျှင် အိပ်လတ္တံ့၊ ငါ၏ ထိုဆွမ်းကား ပျက်စီးခဲ့လေပြီတကား”ဟု ကြံစည် အောက်မေ့မိရှာလေ၏။

ထိုသူဌေးသည် အစ်ကိုမှ ပေါက်ဖွားသော တစ်ယောက်သော သားငယ်ကို ဥစ္စာနှစ်ဟူသော အကြောင်းကြောင့် အသက်မှ ချဖူး၏၊ ထိုသူငယ်သည် ထိုသူဌေး၏ လက်ချောင်းကို ဆွဲကိုင်လျက် လှည့်လည်စဉ် “ဤလှည်းကား ကျွန်တော့်ဖခင်၏ ဥစ္စာဖြစ်သော လှည်းတည်း၊ ဤနွားသည် ထိုဖခင်၏နွား ဖြစ်သည်။” ဤသို့စသော စကားတို့ကို ပြောဆိုဘိသတတ်၊ ထိုအခါ သူငယ်ကို ထိုသူဌေးသည် “ယခုအခါ၌ပင် ဤသို့ ဆိုသေး၏၊ ဤသူငယ် အရွယ်ကြီးခြင်းသို့ ရောက်လတ်သောအခါ ဤအိမ်၌ ဥစ္စာတို့ကို အဘယ်သူ စောင့်နိုင်လတ္တံ့နည်း”ဟု ကြံ၍ ထိုသူငယ်ကို တောသို့ဆောင်သဖြင့် တစ်ခုသော ချုံအနီးတွင် လည်ပင်း၌ ဆွဲကိုင်လျက် သစ်မြစ်သစ်ဖုတို့ကဲ့သို့ လည်ကုပ်ချိုး၍ သတ်ပြီးလျှင် ထိုချုံ၌သာလျှင် စွန့်ပစ်ခဲ့လေ၏၊ ဤကား ထိုသူဌေး၏ ရှေးကံတည်း။

(ထို့ကြောင့် ယံ ခေါ သော အစရှိသော စကားရပ်ကို သံယုတ်ပါဠိတော်၌ ဟောတော်မူလေ၏။)

မဟာရောရုဝ ငရဲသို့ ကျခြင်း

“မြတ်သောမင်းကြီး- ထိုသူဌေးသူကြွယ်သည် တဂရသိခီ ပစ္စေကဗုဒ္ဓါကို ဆွမ်းဖြင့် အကြင်လှူဒါန်းလေ၏၊ ထိုကောင်းမှုကံ၏ အကျိုးအားဖြင့် ခုနစ်ကြိမ်တိုင်တိုင် သုဂတိဘဝဟု ဆိုအပ်သော နတ်ပြည်၌ ဖြစ်၏။ ထိုကုသိုလ်ကံ၏သာလျှင် အကျိုးကြွင်းအားဖြင့် ဤသာဝတ္ထိပြည်၌သာ ခုနစ်ကြိမ် သူဌေးအဖြစ်ကို ပြုစေလေဖူးပြီ၊ မြတ်သောမင်းကြီး- ထိုသူဌေးသူကြွယ်သည် လှူဒါန်းပြီးမှ နောက်ကာလ၌ “ဤမွန်မြတ်လှသော ဆွမ်းကို ကျွန်တို့သည်လည်းကောင်း၊ အမှုလုပ်တို့သည်လည်းကောင်း အကယ်၍ စားကြကုန်သည်ဖြစ်အံ့၊ မြတ်သေး၏”ဟု အကြင်နှလုံးမသာယာခြင်း ရှိသည်ဖြစ်၏၊ ထိုနှလုံးမသာယာခြင်း၏ အကျိုးအားဖြင့် ထိုသူဌေးကြီးအား မွန်မွန်မြတ်မြတ် ထမင်းကို စားသောက်သုံးဆောင်ခြင်းငှာ စိတ်မညွတ်၊ ထိုသူဌေးကြီးအား မွန်မွန်မြတ်မြတ် အဝတ်လှည်းယာဉ်တို့ကို သုံးဆောင်ခြင်းငှာ စိတ်မညွတ်၊ ထိုသူဌေးကြီးအား အထူးထူး မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့ကို သုံးဆောင်ခံစားခြင်းငှာ စိတ်မညွတ်၊ မြတ်သောမင်းကြီး- ထိုသူဌေးသူကြွယ်သည် အစ်ကို၏ တစ်ယောက်သော သားငယ်ကို ဥစ္စာနှစ်၏ အကြောင်းကြောင့် အသက်မှ အကြင်ချသတ်၏၊ ထိုအကုသိုလ်ကံ၏ အကျိုးအားဖြင့် များစွာသော နှစ်အရာတို့ပတ်လုံး၊ များစွာသော နှစ်အထောင်တို့ပတ်လုံး၊ များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ကျက်ပြီးလျှင် ထိုအကုသိုလ်ကံ၏သာ အကျိုးကြွင်းအားဖြင့် ခုနစ်ကြိမ်မြောက် သားသမီး အမွေခံမရှိသော ဤဥစ္စာနှစ်ကို မင်း၏ရွှေတိုက်တော်သို့ သွင်းကြရကုန်၏၊ မြတ်သောမင်းကြီး- ထိုအပုတ္တကသူဌေးကြီးအား ရှေးကောင်းမှုကံသည်လည်း ကုန်ခဲ့လေပြီ၊ အသစ်ဖြစ်သော ကောင်းမှုကံကိုလည်း ဆည်းပူးခြင်းမရှိ၊ မြတ်သောမင်းကြီး- ယခုအခါ ထိုသူဌေးသူကြွယ်ကြီးသည် မဟာရောရုဝငရဲ၌ ခံရလေပြီ”ဟု မိန့်တော်မူလေ၏။ မင်းသည် မြတ်စွာဘုရား၏ စကားတော်ကို ကြားနာရပြီးလျှင် “မြတ်စွာဘုရား- အလွန်ဝန်လေးသော ကံဖြစ်ပေစွတကား၊ ဤမျှလောက် ထင်ရှား ရှိသည်မည်သော စည်းစိမ်ဥစ္စာဖြင့် မိမိလည်း မသုံးဆောင်၊ ရှင်တော်ဘုရားတို့ကဲ့သို့သော မြတ်စွာဘုရားသည် အနီးဖြစ်သောကျောင်း၌ သီတင်းသုံး နေပါလျက် ကောင်းမှုကံကိုလည်း မပြုစုပါဘုရား”ဟု လျှောက်လေ၏၊ မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- ဤသင် လျှောက်သော စကားသည် သင်လျှောက်သည့်အတိုင်း မှန်ပေ၏၊ ပညာမရှိသော ပုဂ္ဂိုလ်တို့မည်သည်ကား ဥစ္စာတို့ကို ရသော်လည်း နိဗ္ဗာန်ကို မရှာနိုင်ကြကုန်၊ ဥစ္စာတို့ကို မှီ၍ဖြစ်သော တဏှာသည်ကား ဤပညာမရှိသော ပုဂ္ဂိုလ်တို့ကို ရှည်ကြာစွာသော ညဉ့်နေ့ကာလပတ်လုံး သတ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၅၅] ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော။
ဘောဂတဏှာယ ဒုမ္မေဓော၊ ဟန္တိ အညေဝ အတ္တာနံ။

ဘောဂါ၊ စည်းစိမ်တို့သည်။ ဒုမ္မေဓံ၊ ပညာမရှိသောသူကို။ ဟနန္တိ၊ သတ်တတ်ကုန်၏။ ပါရဂဝေသိနော၊ နိဗ္ဗာန်ကို ရှာကြကုန်သော ပုဂ္ဂိုလ်တို့ကို။ ဘောဂါ၊ စည်းစိမ်တို့သည်။ နော ဟနန္တိ၊ မသတ်နိုင်ကြကုန်။ ဘောဂတဏှာယ၊ စည်းစိမ်ကိုမှီသော တဏှာဖြင့်။ ဒုမ္မေဓော၊ ပညာမရှိသောသူသည်။ အညေ၊ တစ်ပါးသော သူတို့ကို။ ဟနတိ ဣဝ၊ သတ်သကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ ဟန္တိ-ဟနတိ၊ သတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အပုတ္တကသူဌေးဝတ္ထု ပြီး၏။

֍ * ၁၂။ အင်္ကုရနတ်သားဝတ္ထု

တိဏဒေါသာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပဏ္ဍုကမ္ဗလာကျောက်နေရာ၌ နေတော်မူစဉ် အင်္ကုရနတ်သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရွေးချယ်၍ လှူသင့်ခြင်း

(ဝတ္ထုကို ဗုဒ္ဓဝဂ်၊ ယေ ဈာနပ္ပသုတာ ဓီရာ-ဟူသော ဂါထာ၌ အကျယ် ချဲ့အပ်ပြီးသည်သာလျှင်တည်း၊ ထိုစကား မှန်၏၊ ထိုဝတ္ထုကို ဆိုအပ်လေပြီ၊ ထိုဝတ္ထု၌ ဣန္ဒကနတ်သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။)

ထိုဣန္ဒကနတ်သားသည် အနုရုဒ္ဓါမထေရ်အား ရွာတွင်းသို့ ဆွမ်းအလို့ငှာ ဝင်သည်ရှိသော် မိမိအလို့ငှာ ဆောင်ခဲ့သော တစ်ယောက်မမျှသော ဆွမ်းကို လှူစေဖူး၏၊ ထိုဣန္ဒကနတ်သား၏ ကောင်းမှုသည် အင်္ဂုရနတ်သား အနှစ်တစ်သောင်းတို့ပတ်လုံး တစ်ဆယ့်နှစ်ယူဇနာရှိသော ခုံလောက်အစဉ်ကိုပြု၍ ပေးလှူအပ်သော အလှူထက် အလွန်အကျိုးကြီးစွာ ဖြစ်၏။ ထို့ကြောင့် ဤသို့ ဆိုလေ၏၊ ထိုသို့ ဆိုလတ်သော် မြတ်စွာဘုရားသည် “အင်္ကုရနတ်သား- အလှူမည်သည်ကို ရွေးချယ်စိစစ်၍ ပေးလှူခြင်းငှာ သင့်၏၊ ဤသို့ ရွေးချယ်စိစစ်၍ ပေးလှူအပ်သော ထိုအလှူသည် ကောင်းသော မြေဩဇာရှိသော လယ်တို့၌ စိုက်ပျိုးအပ်သော မျိုးစေ့ကဲ့သို့ ကြီးမြတ်သော အကျိုးရှိသည်သာ ဖြစ်၏၊ သင်သည်ကား ထိုအခြင်းအရာဖြင့် မပြုလေဘိ၊ ထို့ကြောင့် သင်၏အလှူသည် များမြတ်သော အကျိုးရှိသည် မဖြစ်”ဟု ဤသို့သော အကြောင်းကို ထင်စွာ ပြတော်မူလိုသော မြတ်စွာဘုရားသည်-

ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။
ဝိစေယျ ဒါနံ သုဂတပ္ပသဋ္ဌံ၊ ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ။
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ၊ ဗီဇာနိ ဝုတ္တာနိ ယထာ သုခေတ္တေ။

ယတ္ထ၊ အကြင်ပုဂ္ဂိုလ်၌။ ဝါ၊ အကြင်ပုဂ္ဂိုလ်အား။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ ယသ္မာ၊ အကြင်ကြောင့်။ မဟပ္ဖလံ၊ များသော အကျိုးရှိ၏။ တသ္မာ၊ ထို့ကြောင့်။ ဝိစေယျ၊ ရွေးချယ်စိစစ်၍။ တတ္ထ၊ ထိုပုဂ္ဂိုလ်၌။ ဝါ၊ ထိုပုဂ္ဂိုလ်အား။ ဒါနံ၊ အလှူကို။ ဒါတဗ္ဗံ၊ ပေးလှူအပ်၏။ ဝိစေယျ၊ ရွေးချယ်စိစစ်၍။ ဒါနံ၊ လှူခြင်းကို။ သုဂတပ္ပသဋ္ဌံ၊ မြတ်စွာဘုရားတို့သည် ချီးမွမ်းအပ်၏။ ဣဓဇီဝလောကေ၊ ဤသတ္တလောက၌။ ယေ ဒက္ခိဏေယျာ၊ အကြင်မြတ်သော အလှူခံပုဂ္ဂိုလ်တို့သည်။ သန္တိ၊ ရှိကြကုန်၏။ ဧတေသု၊ ထိုမြတ်သော အလှူခံပုဂ္ဂိုလ်တို့သည်။ ဝါ၊ တို့အား။ ဒိန္နာနိ၊ ပေးလှူအပ်သော အလှူတို့သည်။ သုခေတ္တေ၊ လယ်တာမြေကောင်း၌။ ဝုတ္ထာနိ၊ စိုက်ပျိုးအပ်ကုန်သော။ ဗီဇာနိယထာ၊ မျိုးစေ့ကဲ့သို့။ မဟပ္ဖလာနိ၊ များသောအကျိုး ရှိကုန်၏။

ဤသို့ မိန့်ဆိုတော်မူပြီးလျှင် ထို့ထက် အလွန်လည်း တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၅၆] တိဏဒေါသာနိ ခေတ္တာနိ၊ ရာဂဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတရာဂေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

֍ * [၃၅၇] တိဏဒေါသာနိ ခေတ္တာနိ၊ ဒေါသဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတဒေါသေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

֍ * [၃၅၈] တိဏဒေါသာနိ ခေတ္တာနိ၊ မောဟဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတမောဟေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

֍ * [၃၅၉] တိဏဒေါသာနိ ခေတ္တာနိ၊ ဣစ္ဆာဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝိဂတိစ္ဆေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင်ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ရာဂဒေါသာ၊ ရာဂကြောင့် အပြစ်ရှိ၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝီတရာဂေသု၊ ရာဂကင်းကုန်ပြီးသော ရဟန္တာတို့၌။ ဝါ၊ တို့အား။ ဒိန္နံ၊ ပေးအပ်သောအလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

(သမန်းစသော မြက်တို့သည် ပေါက်ရောက်၍ ကောက်ပဲ လယ်ယာတို့ကို ဖျက်ဆီးကြ၏၊ ထို့ကြောင့် အသီးများစွာ မသုံးနိုင်ကြ၊ ထို့အတူ သတ္တဝါတို့၏ ကိုယ်တွင်း၌ ရာဂဖြစ်၍ သတ္တဝါတို့ကို ဖျက်ဆီး၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်တို့၌ လှူသောအလှူ အကျိုးမကြီး၊ ရဟန္တာတို့၌ လှူသောအလှူကား အကျိုးကြီး၏ဟူလို။)

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင်ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ဒေါသဒေါသာ၊ ဒေါသကြောင့် အပြစ်ရှိ၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝီတဒေါသေသု၊ ဒေါသကင်းကုန်ပြီးသော ရဟန္တာတို့၌။ ဒိန္နံ၊ ပေးအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင်ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ မောဟဒေါသာ၊ မောဟကြောင့် အပြစ်ရှိ၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ပီတမောဟေသု၊ မောဟကင်းကုန်ပြီးသော ရဟန္တာတို့၌။ ဒိန္နံ၊ ပေးအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင်ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ဣစ္ဆာဒေါသာ၊ မကောင်းသော အလိုရမ္မက်ကြောင့် အပြစ်ရှိ၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝိဂတိစ္ဆေသု၊ အလိုရမ္မက် ကင်းကုန်ပြီးသော ရဟန္တာတို့၌။ ဒိန္နံ၊ ပေးအပ်သော အလှူသည်။ မဟပ္ဖလံ၊ မြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ အင်္ကုရနတ်သားသည်လည်းကောင်း၊ ဣန္ဒကနတ်သားသည်လည်းကောင်း သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

အင်္ကုရနတ်သားဝတ္ထု ပြီး၏။

֍ * ၁။ ရဟန်းငါးပါးဝတ္ထု

စက္ခုနာ သံဝရောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ငါးပါးသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဒွါရငါးပါး စောင့်ရှောက်သင့်

ထိုငါးပါးသော ရဟန်းတို့တွင် တစ်ပါး,တစ်ပါးသော ရဟန်းသည် စက္ခုဒွါရအစရှိသော ငါးပါးသော ဒွါရတို့တွင် တစ်ခု တစ်ခုသော ဒွါရကိုသာလျှင် စောင့်ရှောက်လေသတတ်၊ ထိုအခါ တစ်နေ့သ၌ စည်းဝေး၍ “တပည့်တော်သည် စောင့်နိုင်ခဲသော ဒွါရကို စောင့်ရှောက်၏။ တပည့်တော်သည် စောင့်နိုင်ခဲသော ဒွါရကို စောင့်ရှောက်၏”ဟု ငြင်းခုံကြသဖြင့် “မြတ်စွာဘုရားကို မေးလျှောက်ပြီးမှ ဤအကြောင်းကို သိကြရကုန်လတ္တံ့”ဟု နှလုံးသွင်း၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့သည် စက္ခုဒွါရစသည်တို့ကို စောင့်ရှောက်ကြကုန်သည်ဖြစ်၍ မိမိ,မိမိ၏ စောင့်အပ်သော ဒွါရကိုသာလျှင် စောင့်ရှောက်နိုင်ခဲသော ဒွါရဟု အောက်မေ့မှတ်ထင်ကြပါသည်။ တပည့်တော်တို့တွင် အဘယ်သူသည်သာလျှင် စောင့်နိုင်ခဲသော ဒွါရကို စောင့်ရှောက်ပါသနည်းဘုရား”ဟု မေးလျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် တစ်ယောက်သော ရဟန်းမျှကိုလည်း မလျော့စေ မသာစေမူ၍ “ချစ်သားရဟန်းတို့- အလုံးစုံလည်းဖြစ်သော ထိုစက္ခုဒွါရ စသည်တို့သည် စောင့်ရှောက်နိုင်ခဲသော ဒွါရတို့သာ ဖြစ်ကုန်၏၊ စင်စစ်အားဖြင့်ကား သင်တို့သည် ယခုအခါ၌သာလျှင် ငါးပါးသောအရာတို့၌ မစောင့်ရှောက်ကုန်ကြသည် မဟုတ်သေး၊ ရှေး၌လည်း မစောင့်ရှောက်ကြကုန်၊ မစောင့်ရှောက်ကြကုန်သည် အဖြစ်ကြောင့်သာလျှင် ပညာရှိတို့၏ အဆုံးအမတို့ကို မကျင့်ကြသည်ဖြစ်၍ အသက်ကုန်ဆုံးခြင်းသို့ ရောက်ရဖူးလေကုန်ပြီ”ဟု မိန့်တော်မူပြီးလျှင် “မြတ်စွာဘုရား- အဘယ်အခါ၌ ဖြစ်ပါသနည်းဘုရား”ဟု ထိုရဟန်းတို့သည် တောင်းပန်အပ်သောကြောင့် မြတ်စွာဘုရားသည် လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

ရဟန်းတို့၏ အတိတ်

လွန်လေပြီးသော အခါ၌ဖြစ်သော တက္ကသီလဇာတ်၏ ဝတ္ထုကို အကျယ်ချဲ့၍ ဘီလူးတို့၏အစွမ်းဖြင့် မင်းမျိုးသည် အသက်ကုန်ခြင်းသို့ ရောက်လတ်သည်ရှိသော် အဘိသိက်သွန်းခြင်းသို့ရောက်သော ဘုရားလောင်းသည် ထီးဖြူ၏အောက် မင်းနေရာ ရာဇပလ္လင်၌နေလျက် မိမိ၏ အသရေ၏ ပြည့်စုံခြင်းကို ကြည့်ရှု၍ “ဤလုံ့လမည်သည်ကို သတ္တဝါတို့သည် ပြုအပ်သည်သာလျှင်တည်း”ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်း၏အစွမ်းဖြင့် ဤဂါထာကို ထုတ်ဆောင်အပ်၏။

ကုသလူပဒေသေ ဓိတိယာ ဒဠှာယ စ၊
အနိဝတ္တိတတ္တာ ဘယဘီရုတာယ စ။
န ရက္ခသီနံ ဝသ မာဂမိမှသေ။
သ သောတ္ထိဘာဝေါ မဟတာ ဘယေန မေ။

ကုသလူပဒေသေ၊ လိမ္မာကုန်သော ပစ္စေကဗုဒ္ဓါတို့၏ အဆုံးအမ၌။ ဒဠှာယ၊ မြဲသောအားဖြင့်။ ဓိတိယာ စ၊ လုံ့လပြုခြင်းကြောင့်လည်းကောင်း။ ဘယဘီရုတာယ၊ စိတ်၏ထိတ်လန့်ခြင်း, ကိုယ်၏တုန်လှုပ်ခြင်းဖြင့်။ အနိဝတ္တိတတ္တာ စ၊ မဆုတ်မနစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ရက္ခသီနံ၊ ဘီလူးမတို့၏။ ဝသံ၊ အလိုနိုင်ငံသို့။ န အာဂမိမှသေ၊ မလိုက်ကြကုန်။ မေ၊ ငါ့အား။ မဟတာ၊ ကြီးသော။ ဘယေန၊ ဘေးရန်မှ။ သ သော-သောတ္ထိဘာဝေါ၊ ထိုချမ်းသာခြင်းသည်။ ဇာတော၊ ဖြစ်ခဲ့လေပြီ။

ဤဂါထာကို ထုတ်ဆောင်၍ ပြတော်မူပြီးလျှင် “ထိုအခါလည်း ငါးယောက်သော သင်တို့သည်သာလျှင် တက္ကသိုလ်ပြည် မင်းစည်းစိမ်ကိုယူခြင်းငှာ ထွက်သွားသော ဘုရားလောင်းကို လက်နက်စွဲကုန်လျက် ခြံရံကာ ခရီးသွားကြကုန်သည်ရှိသော် လမ်းခရီးအကြား၌ ဘီလူးမတို့သည် စက္ခုဒွါရ စသည်တို့၏အစွမ်းဖြင့် ဆောင်အပ်ကုန်သော ရူပါရုံ စသည်တို့၌ မစောင့်ရှောက်ကြကုန်သဖြင့် ပညာရှိသောသူ၏ အဆုံးအမ၌ မကျင့်ဘဲ တွန့်တိုဆုတ်နစ်ကာ နေရစ်ကြကုန်သောကြောင့် ဘီလူးမတို့သည် ကိုက်သတ် စားအပ်ကုန်သည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်ကြဖူးကုန်ပြီ၊ ထိုအာရုံ၌ ကောင်းစွာ စောင့်စည်းသည်ဖြစ်၍ နောက်မှ,နောက်မှ အစဉ်လိုက်သော နတ်၏အဆင်းနှင့်တူသော အဆင်းရှိသော ဘီလူးမကို ဘီလူးမစကားကို နားမထောင်မူ၍ ချမ်းသာစွာ တက္ကသိုလ်ပြည်သို့ ရောက်သဖြင့် ပြည်စည်းစိမ်ကိုရသော မင်းကား ငါဘုရားသာလျှင် ဖြစ်တော်မူ၏။”

ဤသို့ ဇာတ်ပေါင်းတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ရဟန်းမည်သည်ကား အလုံးစုံသော ဒွါရတို့ကို စောင့်ရှောက်အပ်ကုန်၏၊ ထိုဒွါရတို့ကို စောင့်ရှောက်ကုန်သော သူတို့သည်သာလျှင် အလုံးစုံသော ဝဋ်ဆင်းရဲမှ လွတ်ကြကုန်၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၆၀] စက္ခုနာ သံဝရော သာဓု၊ သာဓု သောတေန သံဝရော။
ဃာနေန သံဝရော သာဓု၊ သာဓု ဇိဝှါယ သံဝရော။

֍ * [၃၆၁] ကာယေန သံဝရော သာဓု၊ သာဓု ဝါစာယ သံဝရော။
မနသာ သံဝရော သာဓု၊ သာဓု သဗ္ဗတ္ထ သံဝရော။
သဗ္ဗတ္ထ သံဝုတော ဘိက္ခု၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

စက္ခုနာ၊ စက္ခုဒွါရဖြင့်။ သံဝရော၊ ရာဂ,ဒေါသ,မောဟတို့ကို မဖြစ်စေမူ၍ စောင့်ရှောက်ခြင်း, ပိတ်ပင်ခြင်းသည်။ သာဓု၊ ကောင်း၏။ သောတေန၊ သောတဒွါရဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ ဃာနေန၊ ဃာနဒွါရဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ ဇိဝှါယ၊ ဇိဝှါဒွါရဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။

ကာယေ၊ ကာယဒွါရဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ ဝါစာယ၊ နှုတ်ဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ မနသာ၊ စိတ်ဖြင့်။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ သဗ္ဗတ္ထ၊ အလုံးစုံသော ခြောက်ဒွါရတို့၌။ သံဝရော၊ စောင့်ရှောက်ခြင်းသည်။ သာဓု၊ ကောင်း၏။ သဗ္ဗတ္ထ၊ အလုံးစုံသော ဒွါရခြောက်ပါးတို့၌။ သံဝုတော၊ စောင့်ရှောက်သော။ ဘိက္ခု၊ ရဟန်းသည်။ သဗ္ဗဒုက္ခာ၊ အလုံးစုံသော ဝဋ်ဆင်းရဲမှ။ ပမုစ္စတိ၊ ကင်းလွတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းငါးပါးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

ရဟန်းငါးပါးဝတ္ထု ပြီး၏။

֍ * ၂။ ဟင်္သာကိုသတ်သော ရဟန်းဝတ္ထု

ဟတ္ထသံယတောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဟင်္သာကိုသတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

လက်မစောင့်စည်းသော ရဟန်း

သာဝတ္ထိပြည်၌ နေကြကုန်သော အဆွေခင်ပွန်းနှစ်ယောက်တို့သည် ရဟန်းတို့ဘောင်၌ ရှင်ရဟန်းပြု၍ ပဉ္စင်းအဖြစ်ကို ရပြီးကုန်သည်ရှိသော် များသောအားဖြင့် အတူတကွ သွားလာလှည့်လည်ကြကုန်သတတ်၊ ထိုရဟန်းနှစ်ပါးတို့သည် တစ်နေ့သ၌ အစိရဝတီမြစ်သို့သွား၍ ရေချိုးပြီးလျှင် နေပူဆာ၌ နေဆာလှုံလျက် တစ်သက်ပတ်လုံး နှစ်သက်အောက်မေ့အပ်သော စကားကို ပြောဆိုကာ နေကြလေကုန်၏၊ ထိုခဏ၌ ဟင်္သာနှစ်ကောင်တို့သည် ကောင်းကင်ခရီးဖြင့် ပျံသန်းလာကြကုန်၏၊ ထိုအခါ ပဉ္စင်းငယ်တစ်ပါးသည် ကျောက်စရစ်ကို ကောက်ယူ၍ “ဟင်္သာငယ်တစ်ကောင်၏ မျက်စိကို ပစ်ခတ်လိုက်အံ့”ဟု ဆိုလေ၏။ သီတင်းကြီးရဟန်းက “တတ်နိုင်လိမ့်မည် မဟုတ်”ဟု ဆိုလေ၏၊ “ဤမှာဘက်၌ မျက်စိသည် တည်စေဦး၊ ထိုမှာဘက်၌ မျက်စိကို ပစ်ခတ်အံ့”ဟု ဆိုပြန်သော် “ဤအမှုကိုလည်း သင်-မတတ်နိုင်လတ္တံ့သည်သာတည်း”ဟု ဆိုလေ၏၊ “ထိုသို့ဖြစ်မူ စူးစမ်ဦးလော့”ဟု ဆို၍ ထက်သော ကျောက်စရစ်ကို ကောက်ယူပြီးလျှင် ဟင်္သာ၏ နောက်အဖို့ကို ပစ်လိုက်လေ၏။ ဟင်္သာသည် ကျောက်စရစ်သံကို ကြားသဖြင့် လှည့်၍ ကြည့်လေ၏။

ထိုအခါ ဟင်္သာကို ရဟန်းငယ်သည် လုံးသော ကျောက်စရစ်ကို ကောက်ယူသဖြင့် ထိုမှာဘက်မျက်စိ၌ ပစ်ခတ်၍ ဤမှာဘက် မျက်စိဖြင့် ထွက်စေလေ၏။ ဟင်္သာသည် မြည်တမ်းကာ လည်လျက် ထိုရဟန်းတို့၏ ခြေရင်း၌သာလျှင် ကျရှာလေ၏၊ ထိုထိုအရပ်၌ တည်နေကြကုန်သော ရဟန်းတို့ မြင်ကြလျှင် “ငါ့ရှင်တို့- မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုသည်ဖြစ်ပါလျက် သူ့အသက်သတ်ခြင်းကို ပြုကြကုန်သော သင်တို့သည် မလျောက်ပတ်သော အမှုကို ပြုဘိ၏တကား”ဟု ဆို၍ ထိုရဟန်းတို့ကို ခေါ်သွားပြီးလျှင် မြတ်စွာဘုရားအား ပြကြလေကုန်၏။ မြတ်စွာဘုရားသည် “ရဟန်း- သင်သည် သူ့အသက်ကို သတ်၏ဟု ကြားတော်မူရသည် မှန်သလော”ဟု မေးတော်မူသောကြောင့် “မြတ်စွာဘုရား- မှန်ပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ရဟန်း- အဘယ့်ကြောင့် ဤသို့သဘောရှိသော ဝဋ်မှထွက်မြောက်ကြောင်းဖြစ်သော သာသနာတော်၌ ရဟန်းပြုသည်ဖြစ်ပါလျက် ဤသို့ ပြုရလေဘိသနည်း၊ ရှေးပညာရှိတို့သည် မြတ်စွာဘုရားမပွင့်မီ အိမ်ရာထောင်သူ လူ၏ဘောင်အလယ်၌နေလျက် အနည်းငယ်မျှသော အရာတို့၌သော်လည်း အလို့လို့ ပူပန်ခြင်းကို ပြုကြကုန်သေး၏။ သင်သည်ကား ဤသို့သဘောရှိသော ဘုရားရှင်၏သာသနာတော်၌ ရဟန်းပြုလျက် အလို့လို့မျှကိုလည်း မပြုလေဘိ”ဟု မိန့်တော်မူသဖြင့် ထိုရဟန်းတို့ တောင်းပန်အပ်သော မြတ်စွာဘုရားသည် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

ဂရုဓမ္မတရားကျင့်သူ ဆယ့်တစ်ယောက်

လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်ပြည်၌ ဓနဉ္စယမည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်းကြီး၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေယူလတ်၍ အစဉ်သဖြင့် သိကြားလိမ္မာသည့်အဖြစ်သို့ ရောက်လတ်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်တို့ကို သင်ယူပြီးလျှင် ဖခမည်းတော်သည် အိမ်ရှေ့မင်းအရာ၌ ထားတော်မူအပ်၏၊ နောက်အဖို့၌ ဖခမည်းတော် နတ်ရွာလားသဖြင့် မင်းအဖြစ်သို့ရောက်၍ ဆယ်ပါးသော မင်းကျင့်တရားတို့ကို မပျက်စေဘဲ ဂရုဓမ်တရားတို့ကို ကျင့်လေ၏။

(ဂရုဓမ္မတရားမည်သည်ကား ငါးပါးသော သီလတို့တည်း။)

ဘုရားလောင်းသည် ထိုငါးပါးသော သီလဂရုဓမ်တရားတို့ကို ဖြူစင်သန့်ရှင်းသည်တို့ကိုပြု၍ စောင့်ရှောက်လေ၏၊ ဘုရားလောင်း စောင့်သုံးသကဲ့သို့လည်း ဤအတူ ထိုဘုရားလောင်း၏ မယ်တော်ကြီးသည်လည်းကောင်း၊ ဘုရားလောင်း၏ မိဖုရားကြီးသည်လည်းကောင်း၊ ညီတော် အိမ်ရှေ့မင်းသည်လည်းကောင်း၊ ပုရောဟိတ် ပုဏ္ဏားသည်လည်းကောင်း၊ ရထားကြိုးဆွဲ အမတ်သည်လည်းကောင်း၊ ရထားထိန်းသည်လည်းကောင်း၊ သူဌေးကြီးသည်လည်းကောင်း၊ တင်းခြင်ခေါင်းအမတ်ကြီး (တည်သည်ဟုလည်းခေါ်) သည်လည်းကောင်း၊ တံခါးစောင့်သည်လည်းကောင်း၊ ပြည့်ကံကျွေးမသည်လည်းကောင်း ဤသို့လျှင် တစ်ကျိပ်တစ်ယောက်သော သူတို့သည် ပဉ္စသီငါးပါး ဂရုဓမ္မတရားကို စောင့်ရှောက်ကြကုန်သည်ရှိသော် ကာလိင်္ဂတိုင်း ဒန္တပူရမည်သောမြို့၌ ကာလိင်္ဂအမည်ရှိသောမင်းသည် မင်းပြုစဉ် ထိုကာလိင်္ဂတိုင်း၌ မိုးမရွာ၊ ထိုအခါ ဘုရားလောင်း၏ အဉ္စနသန္နိဘ အမည်ရှိသော မင်္ဂလာဆင်တော်သည် ကြီးသော ဘုန်းကံရှိ၏။ တိုင်းသူပြည်သား တို့သည် ထိုဆင်တော်ကို ဆောင်ရသည်ရှိသော် မိုးရွာလတ္တံ့ဟူသော အမှတ်ဖြင့် မင်းအား လျှောက်ကြားသံတော်ဦး တင်ကြလေကုန်၏။

မိုးရွာအောင် ပြုလုပ်ကြခြင်း

ကာလိင်္ဂမင်းသည် ထိုဆင်ကို ဆောင်ယူခြင်းအကျိုးငှာ ပုဏ္ဏားတို့ကို စေလွှတ်တော်မူလေ၏၊ ထိုပုဏ္ဏားတို့သည် သွားတဲ့၍ ဘုရားလောင်းထံ ဆင်တော်ကို တောင်းကြလေကုန်၏၊ မြတ်စွာဘုရားသည် ထိုပုဏ္ဏားတို့၏ တောင်းခြင်းအကြောင်းကို ပြတော်မူခြင်းငှာ ဤဂါထာကို မိန့်တော်မူလေ၏။

တဝ သဒ္ဓဉ္စ သီလဉ္စ၊ ဝိဒိတွာန ဇနာဓိပ။
ဝဏ္ဏံ အဉ္စနဝဏ္ဏေန၊ ကလိင်္ဂသ္မိံ နိမိမှသေ။

ဇနာဓိပ၊ လူတို့ကိုအစိုးရသောမင်းကြီး။ တဝ၊ အရှင်မင်းကြီး၏။ သဒ္ဓဉ္စ၊ သဒ္ဓါတရားကိုလည်းကောင်း။ သီလဉ္စ၊ သီလကိုလည်းကောင်း။ ဝိဒိတွာန၊ သိပြီး၍။ အဉ္စနဝဏ္ဏေန၊ မျက်စဉ်းညို အဆင်းရှိသော မင်္ဂလာဆင်တော်ကို ရလိုသောကြောင့်။ ဝဏ္ဏံ၊ ရွှေငွေစသော ဥစ္စာကို။ ကလိင်္ဂသ္မိံ၊ ကာလိင်္ဂမင်းအထံသို့။ နိမိမှသေ၊ ယူဆောင်လိုကြပါကုန်၏။

(ဤသို့လျှင် တိကနိပါတ်၌ ဤဂရုဓမ္မဇာတ်ကို ဟောတော်မူလေ၏။)

မင်္ဂလာဆင်တော်ကို ဆောင်အပ်သော်လည်း မိုးမရွာလေသောကြောင့် ထိုမင်းသည် ဂရုဓမ်တရားကို စောင့်၏။ ထို့ကြောင့် ထိုမင်း၏တိုင်းနိုင်ငံ၌ မိုးရွာ၏ဟူသော အမှတ်ဖြင့် “ထိုမင်းသည် အကြင်ဂရုဓမ်တရားကို စောင့်၏။ ထိုဂရုဓမ်တရားကို ရွှေပြား၌ရေး၍ ဆောင်ယူကြကုန်ဦးလော့”ဟု တစ်ဖန် ကလိင်္ဂမင်းသည် ပုဏ္ဏားတို့ကိုလည်းကောင်း အမတ်တို့ကိုလည်းကောင်း စေလွှတ်ပြန်လေ၏။ ထိုအမတ်ပုဏ္ဏားတို့သည် သွား၍ တောင်းကြကုန်သည်ရှိသော် မင်းကြီးကိုအစပြု၍ အလုံးစုံသော ထိုသူတို့သည် မိမိ၏သီလတို့၌ တစ်စုံတစ်ခု အလို့လို့မျှကိုပြု၍ “ငါတို့၏သီလသည် မစင်ကြယ်”ဟု ပယ်ကြကုန်သော်လည်း “ဤမျှဖြင့် သီလ၏ပျက်စီးခြင်းသည် မဖြစ်ပါ”ဟု ထိုပုဏ္ဏားနှင့် အမတ်တို့သည် အဖန်တလဲလဲ တောင်းပန်အပ်ကုန်သောကြောင့် မိမိ,မိမိသီလတို့ကို ဟောကြားပြောဆိုကြလေကုန်၏။ ကာလိင်္ဂမင်းကြီးသည် ရွှေပြား၌ရေး၍ ဆောင်ယူခဲ့သော ဂရုဓမ်တရားကို မြင်လျှင်မြင်ချင်း ကောင်းစွာဆောက်တည်၍ ကောင်းစွာဖြည့်ကျင့်လေ၏။ ထိုမင်း၏ တိုင်းနိုင်ငံ၌ မိုးရွာလေ၏။ တိုင်းပြည်သည် ဘေးရန်မရှိ၊ ဝပြောသာယာလေ၏။

ဆယ့်တစ်ယောက် ဇာတ်ပေါင်းပုံ

မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍-

ဂဏိကာ ဥပ္ပလဝဏ္ဏာ၊ ပုဏ္ဏော ဒေါဝါရိကော တဒါ။
ရဇ္ဇုဂါဟော စ ကစ္စာနော၊ ဒေါဏမာပကော စ ကောလိတော။

သာရိပုတ္တော တဒါ သေဋ္ဌိ၊ အနုရုဒ္ဓေါ စ သာရထိ။
ဗြဟ္မဏော ကဿပေါ ထေရော၊ ဥပရာဇာနန္ဒ ပဏ္ဍိတော။

မဟေသီ ရာဟုလမာတာ၊ မာယာဒေဝီ ဇနေတ္တိကာ။
ကုရုရာဇာ ဗောဓိသတ္တော၊ ဧဝံ ဓာရေထ ဇာတကံ။

တဒါ၊ ထိုအခါ၌။ ဂဏိကာ၊ ပြည့်ကံကျွေးမသည်။ ဥပ္ပလဝဏ္ဏာ၊ ဥပ္ပလဝဏ်ဖြစ်၏။ ဒေါဝါရိကော၊ တံခါးစောင့်သည်။ ပုဏ္ဏော၊ ပုဏ္ဏမထေရ် ဖြစ်၏။ ရဇ္ဇုဂါဟော၊ ကြိုးဆွဲအမတ်သည်။ ကစ္စာနော၊ ကစ္စည်းမထေရ် ဖြစ်၏။ ဒေါဏမာပကော၊ တင်းခြင်ခေါင်းအမတ်သည်။ ကောလိတော၊ ရှင်မဟာမောဂ္ဂလာန် ဖြစ်၏။

တဒါ၊ ထိုအခါ၌။ သေဋ္ဌိ၊ သူဌေးသည်။ သာရိပုတ္တော၊ သာရိပုတ္တရာ ဖြစ်၏။ သာရထိ၊ ရထားထိန်းသည်။ အနုရုဒ္ဓေါ၊ အနုရုဒ္ဓါဖြစ်၏။ ဗြဟ္မဏော၊ ပုဏ္ဏားသည်။ ကဿပေါ ထေရော၊ ကဿပမထေရ် ဖြစ်၏။ ဥပရာဇာ၊ အိမ်ရှေ့မင်းသည်။ အာနန္ဒပဏ္ဍိတော၊ အာနန္ဒာပညာရှိဖြစ်၏။

မဟေသီ၊ မိဖုရားကြီးသည်။ ရာဟုလမာတာ၊ ရာဟုလမယ်တော် ယသောဓရာ ဖြစ်၏။ ဇနေတ္တိကာ၊ မယ်တော်သည်။ မာယာဒေဝီ၊ မာယာမည်သော မိဖုရားကြီး ဖြစ်၏။ ကုရုရာဇာ၊ ကုရုတိုင်းနင်း ပြည့်ရှင်မင်းသည်။ ဗောဓိသတ္တော၊ ငါဘုရားလောင်းဖြစ်၏။ ဣတိ၊ ဤသို့။ ဇာတကံ၊ ဇာတ်ကို။ ဓာရေထ၊ ဆောင်ထား မှတ်သားရာ၏။

ဟူ၍ ဇာတ်ကို ပေါင်းတော်မူပြီးလျှင် “ရဟန်း- ဤသို့ ရှေး၌လည်း ပညာရှိတို့သည် အနည်းငယ်မျှသော အလို့လို့ ဖြစ်လတ်သည်ရှိသော် မိမိ၏ သီလပျက်ခြင်း၌ ရွံရှာခြင်းကို ပြုကြကုန်သေး၏။ သင်သည်ကား ငါကဲ့သို့သော မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလျက် သူ့အသက်သတ်ခြင်းကို ပြုခြင်းကြောင့် အလွန်ဝန်လေးသော အကုသိုလ်ကံကို ပြုဘိ၏။ ရဟန်းမည်သည်ကား လက်တို့ဖြင့်လည်းကောင်း ခြေတို့ဖြင့်လည်းကောင်း နှုတ်ဖြင့်လည်းကောင်း စောင့်စည်းခြင်းရှိသည် ဖြစ်ရာ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၆၂] ဟတ္ထသံယတော ပါဒသံယတော၊
ဝါစာသံယတော သံယတုတ္တမော။
အဇ္ဈတ္တရတော သမာဟိတော၊
ဧကော သန္တုဿိတော တမာဟု ဘိက္ခု။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဟတ္ထသံယတော၊ ကစားခြင်း ပုတ်ခတ်ခြင်းစသည် မပြုသဖြင့် လက်ကို စောင့်စည်း၏။ ပါဒသံယတော၊ ခြေကိုစောင့်စည်း၏။ ဝါစာသံယတော၊ မုသာဝါဒ စသည်မဆို နှုတ်ကိုစောင့်စည်း၏။ သံယတုတ္တမော၊ စောင့်စည်းသောကိုယ်ရှိ၏။ အဇ္ဈတ္တရတော၊ ဂေါစရဇ္ဈတ္တဟု ဆိုအပ်သော ကမ္မဋ္ဌာန်း၌ မွေ့လျော်၏။ သမာဟိတော၊ တည်ကြည်သောစိတ်ရှိသည်။ ဧကော၊ တစ်ယောက်အထီးတည်းနေလေ့ရှိသည်ဖြစ်၍။ သန္တုဿိတော၊ မိမိရအပ်သောတရားဖြင့် လွန်စွာနှစ်သက်သော စိတ်ရှိ၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဘိက္ခူတိ၊ ဘိက္ခုဟူ၍။ အာဟု၊ ဆိုကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဟင်္သာကိုသတ်သော ရဟန်းဝတ္ထု ပြီး၏။

֍ * ၃။ ကောကာလိကဝတ္ထု

ယော မုခသံယတောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နှုတ် မစောင့်စည်းခြင်း

(ဝတ္ထုသည် “အထခေါ ကောကာလိကော ဘိက္ခု ယေန ဘဂဝါ တေနုပသင်္ကမိ”ဟူ၍ ပါဠိတော်၌ လာသည်သာလျှင်တည်း။ ထိုပါဠိတော်၏ အနက်ကိုလည်း အဋ္ဌကထာ၌ ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့်သာလျှင် သိအပ်၏။)

ကောကာလိက ရဟန်းသည်ကား ပဒုမငရဲ၌ ဖြစ်လတ်သည်ရှိသော် တရားသဘင်၌ “ကောကာလိကရဟန်းသည် မိမိ၏ခံတွင်းကို အမှီပြု၍ ပျက်စီးခြင်းသို့ ရောက်ရရှာလေ၏တကား။ နှစ်ပါးသော အဂ္ဂသာဝကတို့ကို ဆဲရေးသည်သာလျှင်ဖြစ်သော ထိုကောကာလိကအား မြေကြီးသည် ဟင်းလင်းပွင့်ခြင်းကို ပေးလေ၏”ဟူသော စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရားသည် ကြွလာဆဲအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြပါကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ကောကာလိက ရဟန်းသည် မိမိ၏ခံတွင်းကိုသာလျှင် အမှီပြု၍ ပျက်စီးရဖူးလေပြီ”ဟု မိန့်တော်မူသဖြင့် ထိုအကြောင်းကို နာကြားလိုကြကုန်သော ရဟန်းတို့သည် တောင်းပန်အပ်သောကြောင့် ထိုအကြောင်းကို ထင်စွာပြတော်မူခြင်းအကျိုးငှာ လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

စကားများသောလိပ် အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဟိမဝန္တာအရပ် တစ်ခုသောအိုင်၌ လိပ်တစ်ကောင်သည် နေလေ၏။ ဟင်္သာပျို နှစ်ကောင်တို့သည် ကျက်စားခြင်းငှာ လှည့်လည်ကြကုန်သည်ရှိသော် ထိုလိပ်နှင့် အတူတကွ အကျွမ်းဝင်သည်ကိုပြုသဖြင့် မြဲမြံစွာ အကျွမ်းဝင်ကြကုန်သည်ဖြစ်၍ တစ်နေ့သ၌ လိပ်ကို “အဆွေလိပ်- ဟိမဝန္တာ စိတ္တကုဋ်တောင်ခြေရင်း ရွှေဂူလိုဏ်ခေါင်း၌ ငါတို့၏နေရာအရပ်သည် မွေ့လျော်ဖွယ်ရှိသော အရပ်ဖြစ်၏။ ငါတို့နှင့်အတူတကွ သွားလိုသလော”ဟု မေးလေ၏။ “သခင့်သား ဟင်္သာမင်းတို့- အကျွန်ုပ်ကား အဘယ်သို့ သွားနိုင်ပါအံ့နည်း”ဟု ဆိုလတ်သော် “နှုတ်ကို စောင့်ရှောက်ခြင်းငှာ သင်-အကယ်၍ တတ်နိုင်သည်ဖြစ်အံ့၊ ငါတို့သည် သင့်ကို ဆောင်ကြပါကုန်အံ့”ဟု ဆိုလေ၏။ “နှုတ်ကိုစောင့်ရှောက်ပါမည်၊ အကျွန်ုပ်ကို ဆောင်ယူ၍ သွားကြပါလော့”ဟု ဆိုလတ်သော် ထိုဟင်္သာပျိုတို့သည် “ကောင်းပြီ”ဟု ဝန်ခံ၍ တစ်ခုသော လှံတံကို လိပ်ကိုကိုက်စေလျက် မိမိတို့ကိုယ်တိုင် ထိုလှံတံ၏ နှစ်ခုသောအစွန်းတို့ကို ကိုက်ပြီးလျှင် ကောင်းကင်သို့ ပျံတက်ကြလေကုန်၏။ ထိုသို့သော အခြင်းအရာဖြင့် ဟင်္သာတို့ဆောင်ယူအပ်သော ထိုလိပ်ကို ရွာသူသားငယ်တို့မြင်ကြလျှင် “ဟင်္သာနှစ်ကောင်တို့သည် လိပ်ကို လှံတံဖြင့် ဆောင်ယူကြကုန်၏”ဟု ဆိုကြလေကုန်၏။ လိပ်သည် “ယုတ်မာသော သူငယ်တို့- ငါ့ကို အဆွေခင်ပွန်းတို့က အကယ်၍ ဆောင်ကြကုန်၏၊ ထိုသို့ ဆောင်ရာ၌ သင်တို့အား အဘယ်သို့ ဖြစ်သနည်း”ဟု ဆိုလိုသဖြင့် ဟင်္သာတို့၏ လျင်စွာသော အဟုန်ရှိသည်အဖြစ်ကြောင့် ဗာရာဏသီပြည်မင်း၏ နန်းတော်အထက်အဖို့သို့ ရောက်လတ်သောကာလ ကိုက်ရာအရပ်မှ လှံတံကို လွှတ်လိုက်မိ၍ ကောင်းကင်ပြင်၌ ကျပြီးလျှင် နှစ်ဖြာထက်ခြမ်းကွဲလေ၏။ မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍-

အဝဓိ ၀တ အတ္တာနံ၊ ကစ္ဆပေါ ဗျာဟရံ ဂိရံ။
သုဂ္ဂဟိတသ္မိံ ကဋ္ဌသ္မိံ၊ ဝါစာယ သကိယာ ဝဓီ။

ကစ္ဆပေါ၊ လိပ်သည်။ ဂိရံ၊ စကားကို။ ဗျာဟရံ-ဗျာဟရန္တော၊ ဆိုလျက်။ အတ္တာနံ၊ မိမိကိုယ်ကို။ အဝဓိ ဝတ၊ သတ်လေစွတကား။ ကဋ္ဌသ္မိံ၊ လှံတံကို။ သုဂ္ဂဟိတသ္မိံ၊ ကောင်းစွာကိုက်ခဲလျက်။ သကိယာ ဝါစာယ၊ မိမိ၏စကားဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ အဝဓိ၊ သတ်မိလေ၏။

ဧတမ္ပိ ဒိသွာ နရဝီရိယသေဋ္ဌ၊ ဝါစံ ပမုဉ္စေ ကုသလံ နာတိဝေလံ။
ပဿသိ ဗဟုဘာဏေန၊ ကစ္ဆပံ ဗျသနံ ဂတံ။

နရဝီရိယသေဋ္ဌ၊ လူတို့ထက် လုံ့လကြောင့်မြတ်သော မင်းမြတ်။ ဧတမ္ပိ၊ ဤအကြောင်းကိုလည်း။ ဒိသွာန၊ မြင်ရ၍။ နာတိဝေလံ၊ ပညာရှိတို့ ဆိုရာစကားဟူသောကမ်းကို မလွန်သော။ ကုသလံ၊ အပြစ်ကင်းသော။ ဝါစံ၊ စကားကို။ ပမုဉ္စေ၊ ပြောဆိုရာ၏။ ဗဟုဘာဏေန၊ များစွာဆိုခြင်းကြောင့်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂတံ၊ ရောက်သော။ ကစ္ဆပံ၊ လိပ်ကို။ ပဿသိ၊ ရှုပါလော့။

ဤသို့ ဒုကနိပါတ်၌ ဤဗဟုဘာဏိကဇာတ်ကိုချဲ့၍ “ချစ်သားရဟန်းတို့- ရဟန်းမည်သည်ကား နှုတ်ကို စောင့်စည်းခြင်းသည်လည်းကောင်း၊ ကောင်းသော အကျင့်ရှိသည်လည်းကောင်း၊ မပျံ့လွင့်သော စိတ်ရှိသည်လည်းကောင်း၊ ငြိမ်သက်သော စိတ်ရှိသည်လည်းကောင်း ဖြစ်ရာ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၆၃] ယော မုခသံယတော ဘိက္ခု၊ မန္တဘာဏီ အနုဒ္ဓတော။
အညံ ဓမ္မဉ္စ ဒီပေတိ၊ မဓုရံ တဿ ဘာသိတံ။

ယောဘိက္ခု၊ အကြင်ရဟန်းသည်။ မုခသံယတော၊ နှုတ်ကို စောင့်စည်းခြင်းရှိ၏။

(ကျွန်,ဒွန်းစဏ္ဍား စသည်တို့ကိုပင် နင်အမျိုးယုတ် ဒုဿီလဟု မဆိုဟူလို။)

မန္တဘာဏီ၊ ပညာဖြင့် ဆင်ခြင်၍ ဆိုလေ့ရှိ၏။ အနုဒ္ဓတော၊ ပျံ့လွင်းခြင်း မရှိသဖြင့် ငြိမ်သက်သောစိတ်ရှိ၏။ အတ္ထဉ္စ၊ အနက်ကိုလည်းကောင်း။ ဓမ္မဉ္စ၊ ပါဠိကိုလည်းကောင်း။ ဒီပေတိ၊ ပြတတ်၏။ တဿ ဘိက္ခုနော၊ ထိုရဟန်း၏။ ဘာသိတံ၊ ဆိုအပ်သော စကားသည်။ မဓုရံ၊ ချိုမြိန်သော အရသာရှိ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကောကာလိကဝတ္ထုပြီး၏။

֍ * ၄။ ဓမ္မာရာမမထေရ် ဝတ္ထု

ဓမ္မာရာမောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဓမ္မာရာမ အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင် အလိုကျအောင် ပူဇော်သော ရဟန်း

မြတ်စွာဘုရားသည် “ဤနေ့မှ လေးလလွန်သောအခါ ငါဘုရား၏ ပရိနိဗ္ဗာန်စံလွန်ခြင်းသည် ဖြစ်လတ္တံ့”ဟူသော စကားကို မိန့်ကြားအပ်သည်ရှိသော် အထောင်မက များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားကို ခြံရံလျက်သာ လှည့်လည်ကြကုန်သတတ်။ ထိုရဟန်းတို့တွင် ပုထုဇဉ်ရဟန်းတို့သည် မျက်ရည်တို့ကို တားဆီးစိမ့်သောငှာ မတတ်နိုင်ကြကုန်။ ရဟန္တာပုဂ္ဂိုလ်တို့အား ဓမ္မသံဝေဂသည် ဖြစ်လေ၏။ အလုံးစုံသော ရဟန်းတို့သည်လည်း “အဘယ်သို့ ပြုကြရပါကုန်အံ့နည်း”ဟု အစုဖွဲ့သဖြင့် သွားလာကြကုန်၏။ ဓမ္မာရာမမည်သော ရဟန်းတစ်ပါးသည်ကား ရဟန်းတို့၏အထံသို့ မချဉ်းကပ်။ ရဟန်းတို့သည် “ငါ့ရှင်- အဘယ့်ကြောင့် ငါတို့ထံသို့ မချဉ်းကပ်ဘဲ နေသနည်း”ဟု ဆိုအပ်သည်ရှိသော် စကားတုံ့ကိုမျှလည်း မပေးမူ၍ “မြတ်စွာဘုရားသည် လေးလလွန်သောအခါ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့၊ ငါသည်လည်း ရာဂမကင်းသေး၊ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်သာလျှင် လုံ့လပြု၍ အရဟတ္တဖိုလ်သို့ ရောက်စေအံ့”ဟု နှလုံးပြုလျက် တစ်ပါးအထီးတည်းသာလျှင် နေသည်ဖြစ်၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားကို ဆင်ခြင်၏။ ကြံစည်၏။ အောက်မေ့၏။ ရဟန်းတို့သည် ဘုရားရှင်အား “မြတ်စွာဘုရား- ဓမ္မာရာမမည်သော ရဟန်းအား ရှင်တော်ဘုရားတို့၌ ချစ်မြတ်နိုးခြင်းမျှလည်း မရှိ၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူလိမ့်သတတ်၊ အဘယ်သို့ ပြုကြရပါကုန်အံ့နည်းဟု တပည့်တော်တို့နှင့် အတူတကွ တိုင်ပင်နှီးနှောခြင်းမျှကိုလည်း မပြုလုပ်ပါဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် ထိုဓမ္မာရာမ ရဟန်းကို ခေါ်စေတော်မူ၍ “သင်သည် ဤသို့ပြု၏ဟူသည် မှန်သလော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “အကြောင်းကား အဘယ်နည်း”ဟု မေးတော်မူလေ၏။ “ရှင်တော်ဘုရားတို့သည် လေးလလွန်သောအခါ ပရိနိဗ္ဗာန် ပြုတော်မူကြကုန်လိမ့်သတတ်၊ တပည့်တော်သည်လည်း မကင်းသော ရာဂရှိ၏။ ရှင်တော်ဘုရားတို့ သက်တော်ထင်ရှားရှိစဉ်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်စေအံ့ဟု ရှင်တော်ဘုရားတို့ ဟောကြားဆုံးမအပ်သောတရားကို ဆင်ခြင်ပါသည်။ ကြံစည်ပါသည်၊ အောက်မေ့လျက် နေပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် “သာဓု သာဓု”ဟု ဓမ္မာရာမရဟန်းအား ကောင်းချီးပေး၍ “ချစ်သားရဟန်းတို့- ငါဘုရား၌ ချစ်ခင်မြတ်နိုးခြင်း ရှိသည်မည်သော တစ်ပါးသော ရဟန်းသည်လည်း ဓမ္မာရာမရဟန်းနှင့် တူသည်သာလျှင် ဖြစ်ရာ၏။ ငါဘုရားအား ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်ခြင်းကို ပြုသောသူတို့သည် ငါဘုရားအား ပူဇော်ခြင်းကို ပြုကြသည်မမည်ကုန်၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော အကျင့်ကိုကျင့်သော သူတို့သာလျှင် ငါဘုရားကို ပူဇော်ကြသည် မည်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၆၄] ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တယံ။
ဓမ္မံ အနုဿရံ ဘိက္ခု၊ သဒ္ဓမ္မာ န ပရိဟာယတိ။

ဓမ္မာရာမော၊ သမထ ဝိပဿနာ တရားသာလျှင် မွေ့လျော်ရာရှိသော။ ဓမ္မရတော၊ သမထ ဝိပဿနာ ဓမ္မ၌ မွေ့လျော်တတ်သော။ ဓမ္မံ၊ သမထ ဝိပဿနာတရားကို။ အနုဝိစိန္တယံ၊ အဖန်တလဲလဲ ကြံခြင်း, ဆင်ခြင်ခြင်း, နှလုံးသွင်းခြင်းရှိသော။ ဓမ္မံ၊ တရားကို။ အနုဿရံ၊ အဖန်တလဲလဲ အောက်မေ့ခြင်းရှိသော။ ဘိက္ခု၊ ရဟန်းသည်။ သဒ္ဓမ္မာ၊ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး, လောကုတ္တရာတရား ကိုးပါးမှ။ န ပရိဟာယတိ၊ မဆုတ်ယုတ်။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုဓမ္မာရာမ ရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာတော် ဖြစ်တော်မူလေ၏။

ဓမ္မာရာမ မထေရ်ဝတ္ထုပြီး၏။

֍ * ၅။ ဝိပက္ခသေဝကရဟန်း ဝတ္ထု

သလာဘံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အထူးထူးသော အသင်းအပင်းသို့ မှီဝဲကပ်ရောက်တတ်သော မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စိတ်မခိုင်၍ ကြုံရာလိုက်ပါလွယ်သော ရဟန်း

ဒေဝဒတ်၏ အသင်းအပင်းဖြစ်သော တစ်ပါးသော ရဟန်းသည် ထိုအထူးထူးသော အသင်းဝင်ရဟန်း၏ အဆွေခင်ပွန်း ဖြစ်သတတ်။ ထိုဒေဝဒတ်အသင်းဝင် ရဟန်းသည် ရဟန်းတို့နှင့်အတူတကွ ဆွမ်းအလို့ငှာ လှည့်လည်၍ ပြုအပ်ပြီးသော ဆွမ်းကိစ္စရှိသဖြင့် ပြန်လာသော ထိုအဆွေခင်ပွန်းရဟန်းကို မြင်ရလျှင် “အဘယ်အရပ်သို့ သွားဘိသနည်း”ဟု မေးမြန်းလေ၏။ “ဤမည်သော အရပ်သို့ ဆွမ်းအတွက် လှည့်လည်ခြင်းငှာ သွားရ၏”ဟု ပြောဆိုလတ်သည်ရှိသော် “သင်သည် ဆွမ်းကို ရအပ်၏လော”ဟု မေးပြန်လေ၏။ “ရပါ၏”ဟု ဆိုလတ်သော် “ဤအရပ်၌ ငါတို့အား များစွာသော လာဘ်ပူဇော်သက္ကာရ ရှိ၏။ နှစ်ရက်သုံးရက်ပတ်လုံး ဤအရပ်၌သာ နေပါလော့”ဟု ဆိုလေ၏။ ထိုအထူးထူးကြုံရာ အပင်းအသင်းသို့ သက်ဝင်မှီဝဲတတ်သော ရဟန်းသည် ထိုဒေဝဒတ်အသင်းဝင် ရဟန်း၏စကားဖြင့် နှစ်ရက်သုံးရက်ပတ်လုံး ထိုဒေဝဒတ်၏ နေရာအရပ်၌ နေပြီးမှ မိမိ၏နေရာ ကျောင်းသို့သာလျှင် ရောက်လာလေ၏။ ထိုအခါ ထိုရဟန်းကို ရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းသည် ဒေဝဒတ်အားဖြစ်သော လာဘ်ပူဇော်သက္ကာရကို သုံးဆောင်စားသောက်ပါသည်၊ ဤရဟန်းသည် ဒေ၀ဒတ်၏ အပင်းအသင်းသာ ဖြစ်ပါသည်ဘုရား”ဟု မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်စေတော်မူပြီးလျှင် “ဤသို့ သင်ပြု၏ဟူသည် မှန်သလော”ဟု မေးတော်မူသောကြောင့် “မြတ်စွာဘုရား- မှန်ပါသည်ဘုရား၊ တပည့်တော်သည် ထိုဒေဝဒတ်၏ နေရာအရပ်၌ ပဉ္စင်းငယ်တစ်ပါးကိုမှီ၍ နှစ်ရက်သုံးရက် နေမိပါသည်၊ ထိုသို့နေသော်လည်း ဒေဝဒတ်၏အယူကို ကြည်ဖြူနှစ်သက်ခြင်း မရှိပါဘုရား”ဟု နားတော်လျှောက်လေ၏။

မဟိဠာမုခဇာတ် အမြွက်

ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် “သင်သည် အယူကို အကယ်၍ကား မနှစ်သက်၊ ထိုသို့ပင် မနှစ်သက်သော်လည်း မြင်အပ်မြင်အပ်ကုန်သော သူတို့၏သာလျှင် အယူကို နှစ်သက်ဘိသကဲ့သို့ လှည့်ပတ်သွားလာလေ့ရှိ၏၊ သင်သည် အခုသာလျှင် ဤသို့ပြုသည်မဟုတ်သေး၊ ရှေး၌လည်း ဤသို့သော သဘောရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ယခုအခါ၌ ရှေးဦးစွာ တပည့်တော်တို့သည် ကိုယ်တိုင်မြင်ရပါပြီ၊ ရှေး၌ကား ဤရဟန်းသည် ထိုထိုသို့သော သူတို့၏အယူကို နှစ်သက်ဘိသကဲ့သို့ လှည့်ပတ်သွားလာဖူးသည်ကို တပည့်တော်တို့အား ဟောကြားတော်မူကြပါဘုရား”ဟု ရဟန်းတို့ တောင်းပန်အပ်သောကြောင့် လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၍-

ပုရာဏ စောရာန ဝစော နိသမ္မ၊ မဟိဠာမုခေါ ပေါထယ မနွစာရီ။
သုသညတာနံ ဟိ ဝစော နိသမ္မ၊ ဂဇုတ္တမော သဗ္ဗဂုဏေသု အဋ္ဌာ။

မဟာရာဇ၊ မြတ်သောမင်းကြီး။ မဟိဠာမုခေါ၊ ဆင်မ၏ မျက်နှာနှင့်တူသော မျက်နှာရှိသော မင်္ဂလာဆင်တော်သည်။ ပုရာဏံ၊ ရှေးဦးစွာ။ စောရာနံ၊ ခိုးသူတို့၏။ ဝစော၊ စကားကို။ နိသမ္မ၊ ကြားရ၍။ ပေါထယံ-ပေါထယန္တော၊ ပုတ်ခတ်သတ်ဖြတ်လျက်။ အနွစာရီ-အနုစာရီ၊ အတုလိုက်၍ကျင့်၏။ ဂဇုတ္တမော၊ မဟိဠာမုခ ဆင်မြတ်သည်။ သုသညတာနံဟိ၊ ကိုယ်နှုတ်နှလုံး စောင့်သုံးကုန်သော ရဟန်းပုဏ္ဏားတို့၏သာလျှင်။ ဝစော၊ စကားကို။ နိသမ္မ၊ ကြားရပြန်၍။ သဗ္ဗဂုဏေသု၊ ခပ်သိမ်းသော ဂုဏ်ကျေးဇူးတို့၌။ အဋ္ဌာ-အဋ္ဌာသိ၊ တည်ပြန်လေ၏။

ဤသို့ ဤမဟိဠာမုခဇာတ်ကို အကျယ်ချဲ့ပြီးလျှင် “ချစ်သား ရဟန်းတို့- ရဟန်းမည်သည်ကား မိမိ၏လာဘ်ဖြင့်သာလျှင် ရောင့်ရဲလွယ်သောသူ ဖြစ်ရာ၏။ သူတစ်ပါးလာဘ်ကို တောင့်တခြင်းငှာ မသင့်၊ သူတစ်ပါး၏လာဘ်ကို တောင့်တသော ရဟန်းအား ဈာန်,ဝိပဿနာ, မဂ်,ဖိုလ်တို့တွင် တစ်ခုသော တရားသည်လည်း မဖြစ်နိုင်၊ မိမိလာဘ်ဖြင့် ရောင့်ရဲလွယ်သော ရဟန်းအားသာလျှင် ဈာန်အစရှိသည်တို့သည် ဖြစ်နိုင်ကြကုန်၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၆၅] သလာဘံ နာတိမညေယျ၊ နာညေသံ ပိဟယံ စရေ။
အညေသံ ပိဟယံ ဘိက္ခု၊ သမာဓိံ နာဓိဂစ္ဆတိ။

֍ * [၃၆၆] အပ္ပလာဘောပိ စေ ဘိက္ခု၊ သလာဘံ နာတိမညတိ။
တံ ဝေ ဒေဝါ ပသံသန္တိ၊ သုဒ္ဓါဇီဝိံ အတန္ဒိတံ။

ဘိက္ခုနာမ၊ ရဟန်းမည်သည်ကား။ သလာဘံ၊ မိမိအလို့ငှာ ဖြစ်သော မိမိ၏လာဘ်ကို။ နာတိမညေယျ၊ မထီမဲ့မြင် မအောက်မေ့ရာ။

(အိမ်စဉ်မပြတ် ဆွမ်းရပ်သောအကျင့်ကို ပယ်စွန့်လျက် မအပ်မရာ ရှာမှီးခြင်းဖြင့် အသက်မွေးသော ရဟန်းသည် မိမိ၏လာဘ်ကို မထီမဲ့မြင်ပြုသည်မည်၏။ ရွံရှာစက်ဆုပ်သည် မည်၏ဟူလို။)

အညေသံ၊ သူတစ်ပါးတို့၏။ လာဘံ၊ လာဘ်ကို။ ပိဟယံ-ပိဟယန္တော၊ တောင့်တလျက်။ န စရေ၊ မကျင့်ရာ။ အညေသံ၊ သူတစ်ပါးတို့၏။ လာဘံ၊ လာဘ်ကို။ ပိဟယံ-ပိဟယန္တော၊ တောင့်တသော။ ဘိက္ခု၊ ရဟန်းသည်။ သမာဓိံ၊ သမာဓိကို။ နာဓိဂစ္ဆတိ၊ မရနိုင်။

ဘိက္ခု၊ ရဟန်းသည်။ အပ္ပလာဘောပိ၊ နည်းသော လာဘ်ရှိသော်လည်း။ သလာဘံ၊ မိမိလာဘ်ကို။ နာတိမညတိ၊ အကယ်၍ မထီမဲ့မြင် မအောက်မေ့သည်ဖြစ်အံ့။

(ယုတ်ယုတ်မြတ်မြတ် အစဉ်အတိုင်း ဆွမ်းခံသွားလျက် ရသောလာဘ်ကို နှစ်သက်၏ဟူလို။)

သုဒ္ဓါဇီဝိံ၊ စင်ကြယ်ကောင်းမြတ်သော အသက်မွေးခြင်းရှိသော။ အတန္ဒိတံ၊ ပျင်းရိခြင်းမရှိသော။ တံဘိက္ခုံ၊ ထိုရဟန်းကို။ ဒေဝါ၊ နတ်တို့သည်။ ဝေ၊ စင်စစ်။ ပသံသန္တိ၊ ချီးမွမ်းထောမနာကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝိပက္ခသေဝက ရဟန်းဝတ္ထု ပြီး၏။

֍ * ၆။ ပဉ္စဂ္ဂဒါယကာပုဏ္ဏား ဝတ္ထု

သဗ္ဗသောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဉ္စဂ္ဂဒါယကာ (ငါးခုသော+အဦးတို့ကို+လှူသောသူ) အမည်ရှိသော ပုဏ္ဏားကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြတ်စွာဘုရားအား မသဒ္ဓါသော ပုဏ္ဏေးမ

ထိုပုဏ္ဏားကြီးသည် ကောက်ခင်းလယ်၌ သုတ်သင် ရိတ်သိမ်းသော ကာလပင်လျှင် လယ်ဦးမည်သည်ကို လှူ၏။ တလင်းဝယ် နယ်သောကာလ တလင်းဦးမည်သည်ကို လှူ၏။ တလင်းတွင် အရင်းအနှီး ဘဏ္ဍာပြုသောကာလ တလင်းဘဏ္ဍာဦးမည်သည်ကို လှူ၏။ ထမင်းအိုးတွင် ချက်သောကာလ ထမင်းအိုးဦးမည်သည်ကို လှူ၏။ ခွက်၌ ထမင်းခူးထည့်သောကာလ ခွက်ဦးမည်သည်ကို လှူ၏။ ဤသို့ ဤငါးပါးသော အဦးအဖျား အလှူဒါနတို့ကို ပေးလှူလေ့ရှိ၏။ ရောက်လာသောသူအား မပေးမကမ်းမူ၍ စားသောမည်သည် မရှိ။ ထို့ကြောင့် ထိုပုဏ္ဏားကြီးအား ပဉ္စဂ္ဂဒါယကာ ဟူ၍သာလျှင် အမည်တွင်လေ၏။ မြတ်စွာဘုရားသည် ထိုပဉ္စဂ္ဂဒါယကာကြီး၏လည်းကောင်း၊ ထိုဒါယကာ၏ ပုဏ္ဏေးမကြီး၏လည်းကောင်း သုံးပါးသောဖိုလ်တို့၏ အကြောင်းဥပနိဿယကို မြင်တော်မူသဖြင့် ပုဏ္ဏားကြီး ထမင်းစားသောအခါ၌ ကြွသွားတော်မူပြီးလျှင် တံခါး၌ ရပ်တော်မူလေ၏။ ပုဏ္ဏားကြီးသည်လည်း တံခါးအဦး၌ အိမ်တွင်းသို့ ရှေးရှုကာနေလျက် စားနေ၏။ တံခါး၌ ရပ်တော်မူသော မြတ်စွာဘုရားကို မမြင်။ ပုဏ္ဏေးမသည်ကား ပုဏ္ဏားကြီးကို ထမင်းကျွေးစဉ် မြတ်စွာဘုရားကို မြင်ရလျှင် “ဤပုဏ္ဏားကြီးကား ငါးပါးသော အရာတို့၌ အဦးကိုလှူပြီးမှ စား၏။ ယခုအခါလည်း ရဟန်းဂေါတမသည် ကြွလာ၍ တံခါး၌ ရပ်လျက်ရှိ၏။ ပုဏ္ဏားကြီးသည် ထိုရဟန်းဂေါတမကိုမြင်လျှင် မိမိ၏ထမင်းကို ဆောင်လျက် အကယ်၍ လှူသည်ဖြစ်အံ့၊ တစ်ဖန်လည်း ငါသည် ချက်ခြင်းငှာ မတတ်နိုင်တော့လတ္တံ့”ဟု ကြံစည်လေ၏။ ထိုပုဏ္ဏေးမသည် ဤသို့ပြုသည်ရှိသော် ဤပုဏ္ဏားကြီးသည် ရဟန်းဂေါတမကို မမြင်လတ္တံ့ဟုကြံ၍ မြတ်စွာဘုရားအား ကျောပေး၍ ထိုပုဏ္ဏားကြီး၏နောက်၌ မြတ်စွာဘုရားကို ဖုံးကွယ်ကာ ကုံးညွှတ်ပြီးလျှင် လပြည့်ဝန်းကို လက်ဝါးဖြင့် ဖုံးအုပ်ဘိသကဲ့သို့ ရပ်တည်လေ၏။ ထိုသို့ တည်နေလျက်ပင်လျှင် “ကြွသွားပြီလော, မကြွဘဲ ရှိသေးသလော”ဟု မြတ်စွာဘုရားကို ထက်ဝက်သော မျက်စိဖြင့် ငဲ့စောင်းကာ ကြည့်လေ၏။ မြတ်စွာဘုရားသည် ထိုအရပ်၌သာလျှင် ရပ်နေတော်မူလေ၏။ ပုဏ္ဏားကြီး ကြားအံ့သည်မှ ကြောက်သောကြောင့် “လွန်၍ အလိုရှိတော်မူကြပါဦး၊ ဝါ- ကန်တော့ပါသေး၏”ဟု မဆို၊ နောက်သို့ ဆုတ်ပြီး၍သော်ကား တိုးတိုးသာသာလျှင် “ကန်တော့ပါသေး၏”ဟု လျှောက်ဆိုရရှာလေ၏။

သဒ္ဓါသော ပုဏ္ဏားကြီး

ဘုရားရှင်သည် “ငါမကြွသွားလတ္တံ့”ဟု ဦးခေါင်းတော်ကို လှုပ်တော်မူလေ၏။ တစ်လောကလုံး အလေးအမြတ်ပြုအပ်သော ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် “ငါကား မသွားလတ္တံ့”ဟု ဦးခေါင်းတော် လှုပ်တော်မူသည်ရှိသော် တည်တံ့ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ပြင်းစွာသော ရယ်ခြင်းကို ရယ်လေ၏။ ထိုခဏ၌ မြတ်စွာဘုရားသည် အိမ်တွင်းသို့ရှေးရှု ရောင်ခြည်တော်ကို လွှတ်လေ၏။ ပုဏ္ဏားကြီးသည်လည်း ကျောပေးလျက် နေစဉ်သာလျှင် ပုဏ္ဏေးမ၏ရယ်သံကို ကြားရ၍လည်းကောင်း၊ ခြောက်သွယ်သော အရောင်အဆင်းရှိသော ရောင်ခြည်တော်တို့၏ ထွန်းလင်းတောက်ပသောအလင်းကို ကြည့်ရှု၍လည်းကောင်း ဘုရားရှင်ကို ဖူးမြင်ရလေ၏။

(ဘုရားရှင်တို့မည်သည်ကား ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း အကြောင်းဥပနိဿယနှင့် ပြည့်စုံသောသူတို့အား ကိုယ်တော်ကို မပြမူ၍ ဖဲသွားတော်မမူကြကုန်။)

ပုဏ္ဏားကြီးသည်လည်း မြတ်စွာဘုရားကို ဖူးမြင်ရလျှင် “အိုရှင်မ- ငါ့ကို ဖျက်ဆီးဘိ၏၊ သင်သည် သုဒ္ဓေါဒနမင်းကြီး၏ သားတော် မြတ်စွာဘုရား ကြွလာ၍ အိမ်တံခါး၌ ရပ်တည်နေသည်ကို ငါ့အား မပြောကြားသဖြင့် ဝန်လေးလှစွာသော အမှုကို သင်ပြုဘိ၏”ဟု ဆိုပြီးလျှင် ထက်ဝက်စားပြီးသော ထမင်းခွက်ကို ကိုင်ယူလျက် ဘုရားရှင်၏ အထံတော်သို့သွား၍ “အိုရှင်ဂေါတမ- တပည့်တော်သည် ငါးပါးသော အရာဌာနတို့၌ အဦးကို ပေးလှူပြီးမှသာ စားပါသည်။ ဤထမင်းမှလည်း တပည့်တော်သည် အလယ်၌ခွဲ၍ တစ်ခုသော ထမင်းအဖို့ကိုသာ စားရပါသေးသည်၊ တစ်ခုသောအဖို့လည်း ကြွင်းကျန်ပါသေးသည်၊ တပည့်တော်၏ ဤဆွမ်းကို အလှူခံတော်မူပါအံ့လောဘုရား”ဟု လျှောက်လေ၏။

ပြိတ္တာနှင့်တူပုံဟော၍ ဆွမ်းကျန်အလှူခံခြင်း

မြတ်စွာဘုရားသည် “ငါဘုရားအား သင်၏ စားကြွင်းထမင်းဖြင့် အလိုမရှိပြီ”ဟု မိန့်တော်မမူဘဲ “ပုဏ္ဏားကြီး- အဦးသည်လည်း ငါဘုရားအားသာလျှင် လျောက်ပတ်၏၊ အလယ်၌ခွဲ၍ ထက်ဝက်စားအပ်ပြီးသော ထမင်းစားကြွင်းသည်လည်းကောင်း၊ အဆုံးစွန်သော ထမင်းဆုပ်သည်လည်းကောင်း ငါဘုရားအားသာလျှင် လျောက်ပတ်၏၊ ပုဏ္ဏားကြီး- ငါဘုရားတို့သည် သူတစ်ပါး ပေးကမ်းသည်ကို မှီ၍ အသက်မွေးခြင်းရှိသော ပြိတ္တာနှင့် တူကြကုန်၏”ဟု မိန့်တော်မူ၍ သုတ္တနိပါတ်၊ ဥရဂဝဂ်လာ ဤဂါထာကို ဟောကြားတော်မူလေ၏။

ယဒဂ္ဂတော မဇ္ဈတော သေသတော ဝါ၊
ပိဏ္ဍံ လဘေထ ပရဒတ္တူပဇီဝီ။
နာလံ ထုတုံနောပိ နိပစ္စဝါဒီ၊
တံဝါပိ ဓီရာ မုနိ ဝေဒယန္တိ။

ယံ ပိဏ္ဍံ၊ အကြင်ဆွမ်းကို။ အဂ္ဂတော၊ အဦးအဖျားဟူ၍လည်းကောင်း။ မဇ္ဈတော၊ ထက်ဝက်အကျန်ဟူ၍လည်းကောင်း။ သေသတောဝါ၊ နောက်ဆုံးအကြွင်းဟူ၍လည်းကောင်း။ လဘေထ၊ ရရာ၏။ ပရဒတ္တူပဇီဝီ၊ သူတစ်ပါး ပေးကမ်းသည်ကိုမှီ၍ အသက်မွေးသော ပုဂ္ဂိုလ်သည်။ တံပိဏ္ဍံ၊ ထိုဆွမ်းကို။ ဘုဉ္ဇေယျ၊ သုံးစားရာ၏။ ထုတုံနောပိ၊ ချီးမွမ်းခြင်းဖြင့်လည်း။ နာလံ၊ အကျိုးမရှိ။ နိပစ္စဝါဒီ၊ နှိမ့်ချ၍ ပြောဆိုသော အကျင့်ရှိသော။ တံဝါပိ၊ ထိုပုဂ္ဂိုလ်ကိုလည်း။ ဓီရာ၊ ဘုရားစသော ပညာရှိတို့သည်။ မုနိ၊ မုနိမည်၏ဟူ၍။ ဝေဒယန္တိ၊ သိစေကြကုန်၏။ ဝါ၊ မိန့်ဆိုကြကုန်၏။

ပုဏ္ဏားကြီးသည် ထိုစကားကို ကြားလျှင်ကြားချင်းသာလျှင် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ “ဪ- အံ့ဖွယ်ရှိပေစွတကား၊ ကျွန်းလုံးအရှင်ဖြစ်သော မင်းသားသည် ဖြစ်ပါလျက် ငါ့အား သင်၏ စားကြွင်းထမင်းဖြင့် အလိုမရှိဟု မိန့်တော်မမူဘဲ ဤသို့ မိန့်မြွက်တော်မူပေ၏”ဟု တံခါး၌ ရပ်လျက်သာလျှင် မြတ်စွာဘုရားကို “အိုရှင်ဂေါတမ- ရှင်တော်မြတ်ဘုရားတို့သည် ကိုယ်တော်မြတ်၏ တပည့်တို့ကို ဘိက္ခုဟူ၍ မိန့်ဆိုတော်မူကြပါကုန်၏၊ အဘယ်မျှဖြင့် ဘိက္ခုမည်သောသူ ဖြစ်ပါသနည်းဘုရား”ဟု ပြဿနာမေးလျှောက်လေ၏။ မြတ်စွာဘုရားသည် “မေးလျှောက်သော စကားအားလျော်စွာ ဤပုဏ္ဏားကြီးအား တရားဟောခြင်းသည် လျောက်ပတ်အံ့လော”ဟု စူးစမ်းဆင်ခြင်တော်မူလတ်သည်ရှိသော် “ဤပုဏ္ဏားကြီး ဇနီးခင်ပွန်းနှစ်ယောက်တို့သည်လည်း ကဿပ မြတ်စွာဘုရား လက်ထက်တော်၌ နာမ်ရုပ်ဟုဆိုသော ရဟန်းတို့၏စကားကို ကြားနာရဖူးလေကုန်၏။ နာမ်ရုပ်ကို မစွန့်လွှတ်မူ၍သာလျှင် ထိုသူတို့အား တရားဟောခြင်းငှာ သင့်လျော်၏”ဟု ဆင်ခြင်တော်မူ၍ “ပုဏ္ဏားကြီး- နာမ်၌လည်းကောင်း၊ ရုပ်၌လည်းကောင်း မတပ်သော မကပ်ငြိသောသူသည် ဘိက္ခုမည်သောသူ ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၆၇] သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ။
အသတာ စ န သောစတိ၊ သ ဝေ ဘိက္ခူတိ ဝုစ္စတိ။

ယဿ၊ အကြင်သူအား။ သဗ္ဗသော-သဗ္ဗသ္မိံ၊ အလုံးစုံသော။ နာမရူပသ္မိံ၊ နာမ်ရုပ်၌။ မမာယိတံ၊ ငါ, ငါ၏ဥစ္စာဟု မြတ်နိုးစွဲလမ်းခြင်းသည်။ နတ္ထိ၊ မရှိ။ အသတာ စ၊ ကုန်ခြင်း, ပျက်ခြင်းသို့ရောက်၍ ထင်ရှား ရှိငြားသော်လည်း။ န သောစတိ၊ မစိုးရိမ်။ သော၊ ထိုသို့ သဘောရှိသောသူကို။ ဝေ၊ စင်စစ်။ ဘိက္ခူတိ၊ ဘိက္ခုဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ နှစ်ဦးစလုံးလည်း ဖြစ်ကုန်သော ဇနီးခင်ပွန်းတို့သည် အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။

ပဉ္စဂ္ဂဒါယကာပုဏ္ဏားဝတ္ထု ပြီး၏။

֍ * ၇။ များစွာကုန်သော ရဟန်းတို့ဝတ္ထု

မေတ္တာဝိဟာရီအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သောဏရဟန်း ဘုရားအား တရားဟောခြင်း

တစ်ပါးသောအခါ အရှင်မဟာကစ္စည်းမထေရ်သည် အဝန္တိ ဇနပုဒ်တို့၌ ကုလဃရမည်သော မြို့ကိုမှီ၍ ပဝတ္တတောင်၌ နေတော်မူသည်ရှိသော် တစ်ကုဋေထိုက်သော နားတန်ဆာဆင်မြန်လေ့ရှိသော သောဏအမည်ရှိသော ဥပါသကာသည် ရှင်မဟာကစ္စည်းမထေရ်၏ တရားဟောကြားခြင်း၌ ကြည်ညိုလှသောကြောင့် မထေရ်မြတ်၏အထံတော်၌ ရဟန်းပြုခြင်းငှာ အလိုရှိလတ်သဖြင့် ရှင်မဟာကစ္စည်း မထေရ်သည် “သောဏဒါယကာ- အသက်ထက်ဆုံး တစ်ထပ်သာ စားရခြင်းရှိသော၊ တစ်ယောက်တည်းသာ အိပ်ရခြင်းရှိသော မြတ်သောအကျင့်ကို ပြုခြင်းငှာ ခဲယဉ်းလှပေ၏”ဟု မိန့်တော်မူ၍ နှစ်ကြိမ်တိုင်တိုင် ပယ်မြစ်အပ်သော်လည်း ရဟန်းအဖြစ်၌ အလွန်လျှင်ဖြစ်သော အားထုတ်ခြင်း ရှိလေ၏။ သုံးကြိမ်မြောက်သောအခါ ရှင်မဟာကစ္စည်းမထေရ်ကို တောင်းပန်၍ ရှင်သာမဏေ ပြုပြီးလျှင် ဒက္ခိဏပထတိုင်းအရပ်၌ နည်းသော ရဟန်းရှိသည်အဖြစ်ကြောင့် သုံးနှစ်တို့၏ လွန်သောအခါမှ ရအပ်သော ပဉ္စင်းအဖြစ် ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို မျက်မှောက်ထင်ထင် ဖူးမြင်လိုသည် ဖြစ်ရကား ဥပဇ္ဈာယ်ဆရာကို ပန်ကြားသဖြင့် ထိုဥပဇ္ဈာယ်ဆရာသည် ပေးအပ်သော (မှာထားအပ်သော) သတင်းစကားကိုယူ၍ အစဉ်သဖြင့် ဇေတဝန်ကျောင်းတော်ကို ရောက်သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် ပြုအပ်သော အစေ့အစပ်ရှိသဖြင့် မြတ်စွာဘုရားသည် တစ်ခုတည်းသော ဂန္ဓကုဋိ၌သာလျှင် ခွင့်ပြုအပ်သော အိပ်ရာနေရာ ရှိသည်ဖြစ်၍ များစွာသာလျှင်ဖြစ်သော ညဉ့်အချိန်ကို လွင်တီးခေါင်၌လွန်စေပြီးလျှင် ညဉ့်အဖို့၌ ဂန္ဓကုဋိသို့ဝင်၍ မိမိအား ရောက်သောအိပ်ရာနေရာ၌ ထိုညဉ့်အဖို့ကို လွန်စေသဖြင့် နံနက်စောစောအချိန်၌ မြတ်စွာဘုရားသည် တိုက်တွန်းတော်မူအပ်သည်ရှိသော် အလုံးစုံသာလျှင် ဖြစ်ကုန်သော အဋ္ဌကဝဂ်တစ်ဆယ့်ခြောက်သုတ်တို့ကို အသံဖြင့် ပါဠိရွတ်သောနည်းဖြင့် ရွတ်လေ၏။ ထိုအခါ သောဏမထေရ်အား မြတ်စွာဘုရားသည် အသံဖြင့် ပါဠိရွတ်ပြီးသောအဆုံး၌ လွန်စွာ ဝမ်းမြောက်စေတော်မူလျက် “ချစ်သားရဟန်း- ကောင်းပေစွ ကောင်းပေစွ”ဟု ကောင်းချီးပေးလေ၏။ မြတ်စွာဘုရားပေးအပ်သော ကောင်းချီးသံကို ကြားရ၍ မြေ၌တည်သော နတ်,နဂါး,ဂဠုန်တို့သည် ကောင်းချီး ပေးကြကုန်လေ၏။ ဤသို့လျှင် ဗြဟ္မာပြည်တိုင်အောင် တစ်ပြိုင်နက် တစ်ချက်တည်း ကောင်းချီးပေးခြင်းသည်သာလျှင် ဖြစ်လေ၏။

သောဏရဟန်း၏ မယ်တော်နှင့် အိမ်စောင့်နတ်

ထိုခဏ၌ ဇေတဝန်ကျောင်းတော်မှ ယူဇနာတစ်ရာ့နှစ်ဆယ်အထက် ကုလဃရမြို့၌ သာမဏမထေရ်၏ မယ်တော်ဖြစ်သော ဒါယိကာမကြီး၏အိမ်၌ အိမ်စောင့်နတ်သည်လည်း သည်းစွာသောအသံဖြင့် ကောင်းချီးပေးလေ၏။ ထိုအခါ အိမ်စောင့်နတ်ကို ဒါယိကာမကြီးသည် “ကောင်းချီးပေးသော ဤသူကား အဘယ်သူနည်း”ဟု ဆိုလေ၏။ “နှမ- ငါတည်း”ဟု ဆိုလတ်သော် “သင်သည်- အဘယ်သူဖြစ်သနည်း”ဟု ဆိုပြန်လေ၏။ “သင်၏အိမ်၌ စောင့်သောနတ်ဖြစ်ပါသည်”ဟု ဆိုပြန်လတ်သော် “သင်သည် ဤနေ့မှ ရှေး၌ ငါ့အား ကောင်းချီးကို မပေးစဖူးပါဘဲလျက် ယနေ့ အဘယ့်ကြောင့် ပေးဘိသနည်း”ဟု ဆိုလေ၏။ “ငါသည် သင့်အား ကောင်းချီးကို ပေးသည် မဟုတ်ရပါ”ဟု ဆိုလတ်သော် “ထိုသို့မဟုတ်လျှင် အဘယ်သူအား သင်-ကောင်းချီးပေးဘိသနည်း”ဟု ဆိုလေ၏။ “သင်၏သားတော်ဖြစ်သော ကောဋိကဏ္ဏသောဏမထေရ်အား ကောင်းချီးပေးပါသည်”ဟု ဆိုလတ်သော် “ငါ၏သားတော်သည် အဘယ်ကိုပြုဘိသနည်း”ဟု မေးလေ၏။ “သင်၏သားတော်သည် ယနေ့ မြတ်စွာဘုရားနှင့် အတူတကွ တစ်ခုတည်းသော ဂန္ဓကုဋိတိုက်၌နေလျက် တရားကိုဟောပါသည်။ မြတ်စွာဘုရားသည် သင့်သားတော်၏တရားကို ကြားနာ၍ ကြည်ညိုစွာ ကောင်းချီးပေးပါသည်။ မြတ်စွာဘုရား၏ ကောင်းချီးပေးခြင်းကို ဝန်ခံလျက် မြေ၌တည်သောနတ်တို့ကို အစပြု၍ ဗြဟ္မာပြည်တိုင်အောင် တစ်ပြိုင်နက် တစ်ချက်တည်း ကောင်းချီးပေးခြင်းသာလျှင် အကြင်ကြောင့်ဖြစ်၏။ ထို့ကြောင့် ထိုသောဏမထေရ်အား ငါသည်လည်း ကောင်းချီးပေးရပေ၏”ဟု ပြောဆိုလတ်သည်ရှိသော် “အရှင်နတ်- အသို့နည်း။ ငါ့သားသည် မြတ်စွာဘုရားအား တရားဟောသလော၊ မြတ်စွာဘုရားသည် ငါ့သားအား တရားဟောသလော”ဟု မေးပြန်လေ၏။ “သင့်သားတော်သည် မြတ်စွာဘုရားအား ဟော၏”ဟု ပြောဆိုလတ်သည်ရှိသော် ဤသို့ နတ်ပြောစဉ်ပင်လျှင် ဒါယိကာမကြီးအား ငါးပါးအပြားရှိသော ပီတိသည်ဖြစ်၍ ကိုယ်အလုံးကို ပျံ့နှံ့လေ၏။ ထိုအခါ ဒါယိကာမကြီးအား အကြံဖြစ်သည်မှာ “ငါ့သားသည် မြတ်စွာဘုရားနှင့် အတူတကွ တစ်ခုတည်းသော ဂန္ဓကုဋိတိုက်၌နေလျက် မြတ်စွာဘုရားအား တရားဟောခြင်းငှာ တတ်နိုင်စွမ်းဘိ၏။ ငါအားလည်း ဟောခြင်းငှာ တတ်စွမ်းနိုင်အံ့သည်သာလျှင်တည်း။ ငါ့သား ရောက်လာသောအခါ တရားနာခြင်းကို (တရားနာပွဲကို) ပြုစေ၍ တရားနာဦးအံ့”ဟု အကြံဖြစ်လေ၏။

သောဏရဟန်း၏ ဆုငါးပါး တောင်းခြင်း

သောဏမထေရ်သည်လည်း မြတ်စွာဘုရားသည် ကောင်းချီးပေးလတ်သည်ရှိသော် “ဤအခါ၌ ငါ၏ဥပဇ္ဈာယ်ဆရာ ပေးလိုက်သော သတင်းစကားကို လျှောက်ကြားအံ့သောငှာ အခါတည်း”ဟု မြတ်စွာဘုရားကို ပစ္စန္တရစ် ဇနပုဒ်တို့၌ ဝိနည်းဓိုရ်လျှင် ငါးယောက်မြောက်ရှိသော ရဟန်းအပေါင်းဖြင့် ပဉ္စင်းခံခြင်းကို အစပြု၍ ငါးပါးသောဆုတို့ကို တောင်းပန်၍ နှစ်ရက်သုံးရက်ပတ်လုံး မြတ်စွာဘုရား၏ အထံတော်၌သာလျှင် နေပြီး၍ “ဥပဇ္ဈာယ်ကို ဖူးမြင်ပါဦးမည်ဘုရား”ဟု မြတ်စွာဘုရားကို ပန်ကြားသဖြင့် ဇေတဝန်ကျောင်းတော်မှ ထွက်ခဲ့သည်ရှိသော် အစဉ်သဖြင့် ဥပဇ္ဈာယ်ဆရာ၏ အထံတော်သို့ ရောက်သွားလေ၏။

(တောင်းသောဆုငါးပါးစလုံး ရသည်။ ထိုငါးပါးကား-
၁။ ပစ္စန္တရစ်တို့၌ ရဟန်းရှားပါးသောကြောင့် ဝိနည်းဓိုရ်ပုဂ္ဂိုလ်လျှင် ငါးပါးရှိသော ရဟန်းအပေါင်းဖြင့် ရဟန်းပြုကြံဆောင်နိုင်ခြင်း(မဇ္ဈိမဒေသ၌ ဆယ်ပါးရှိမှ ပြုလို့ရသည်။)၊
၂။ ပစ္စန္တရစ်တို့၌ မြေကြမ်းတမ်းသောကြောင့် အထပ်ထပ်သော ဖိနပ်ကို စီးနင်းနိုင်ခြင်း(မဇ္ဈိမ၌ လွှာချင်းသာ စီးနင်းအပ်သည်။)၊
၃။ ပစ္စန္တရစ်တို့၌ လူတို့သည် အလေးဂရုပြု၍ ရေချိုးလေ့ရှိသောကြောင့် အမြဲရေချိုးနိုင်ခြင်း(မဇ္ဈိမ၌ တစ်ဆယ့်ငါးရက်မှ တစ်ကြိမ်သာ ရေချိုးအပ်သည်။)၊
၄။ ပစ္စန္တရစ်တို့၌ ဖျာအလား သားရေခင်းလေ့ရှိကြသောကြောင့် ဆိတ်သားရေ, သမင်သားရေတို့ကို ခင်းသုံးနိုင်ခြင်း (မဇ္ဈိမ၌ သားရေအားလုံးပင် မအပ်။)၊
၅။ အရပ်တစ်ပါး သွားဆဲ ရဟန်းအား လှူသောသင်္ကန်းကို လက်သို့ရောက်မှ ရက်ရေတွက်၍ ဆယ်ရက်အတွင်း ဝိနည်းကံပြုရခြင်း၊ ဤငါးပါးတည်း။)

သောဏရဟန်း၏မယ်တော် တရားပွဲပြုလုပ်ခြင်း

ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စည်းမထေရ်သည် တစ်ဖန် မိုးသောက်သောနေ့၌ ထိုသောဏမထေရ်ကိုခေါ်၍ ဆွမ်းခံသွားသည်ရှိသော် မယ်တော် ဒါယိကာမကြီး၏ အိမ်တံခါးသို့ ရောက်သွားလေ၏။ ဒါယိကာမကြီးသည်လည်း သားကို မြင်တဲ့လျှင် ရွှင်လန်းနှစ်သက်သောစိတ်ရှိသဖြင့် ရှိခိုး၍ ရိုသေစွာ ဆွမ်းလုပ်ကျွေးပြီးလျှင် “ချစ်သားမောင်ပဉ္စင်း- အရှင်ဘုရားသည် မြတ်စွာဘုရားနှင့် အတူတကွ ဂန္ဓကုဋိတိုက်၌နေလျက် မြတ်စွာဘုရားအား တရားစကားကို ဟောသည်ဟူသည် မှန်ပါသလောဘုရား”ဟု မေးလျှောက်လေ၏။ “ဒါယိကာမကြီး- သင့်အား အဘယ်သူသည် ဤအကြောင်းကို ပြောသနည်း”ဟု မေးလတ်သော် “ချစ်သား- ဤအိမ်၌ အိမ်စောင့်နတ်သည် သည်းစွာသောအသံဖြင့် ကောင်းချီးပေးခြင်းကြောင့် ဒါယိကာမကြီးက ဤသူကား အဘယ်သူနည်းဟု မေးသည်ရှိသော် ငါဟူ၍ ဆိုပြီးလျှင် ဤသို့လည်းကောင်း၊ ဤသို့လည်းကောင်း ပြောဆိုပါသည်။ ထိုစကားကို ကြားရ၍ ဒါယိကာမကြီးအား အကြံဖြစ်သည်မှာ ငါ့သား သောဏမထေရ်သည် မြတ်စွာဘုရားအား တရားစကားကို အကယ်၍ဟောသည်ဖြစ်အံ့၊ မိခင် ဒါယိကာမကြီးအားလည်း ဟောခြင်းငှာ တတ်စွမ်းနိုင်လတ္တံ့ဟု အကြံအစည် ဖြစ်ပါသည်ဘုရား”ဟု လျှောက်ဆိုလေ၏။ ထို့နောက် သောဏမထေရ်ကို “ချစ်သား- အကြင်ကြောင့် သင်မောင်ပဉ္စင်းသည် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ တရားကို ဟောနိုင်ဘိ၏၊ ထို့ကြောင့် မိခင် ဒါယိကာမကြီးအားလည်း ဟောခြင်းငှာ တတ်နိုင်လတ္တံ့သည်သာလျှင်တည်း၊ ချစ်သား- ဤမည်သောနေ့၌ တရားနာခြင်းကို ပြုလုပ်စေ၍ ချစ်သား၏တရားကို နာအံ့”ဟု လျှောက်ဆိုလတ်သော် ထိုသောဏမထေရ်သည် သည်းခံတော်မူလေ၏။ မယ်တော် ဒါယိကာမကြီးသည် ရဟန်းသံဃာအား အလှူကို လှူဒါန်းပူဇော်ခြင်းကိုပြု၍ “ငါ့သား၏ တရားစကားကို နာကြားအံ့”ဟု တစ်ယောက်တည်းသာလျှင်ဖြစ်သော ကျွန်မကို အိမ်စောင့်ထားပြီးလျှင် အလုံးစုံသောအခြွေအရံပရိသတ်ကို ခေါ်လျက် မြို့တွင်း၌ တရားနာခြင်းအကျိုးငှာ ဆောက်လုပ်စေအပ်သော မဏ္ဍပ်ကြီးဝယ် အသွယ်သွယ် တန်ဆာဆင်ခြင်းရှိသော တရားဟောပလ္လင်သို့တက်၍ တရားတော်ကို ဟောကြားသော သားမထေရ်၏ တရားတော်ကို နာကြားအံ့သောအကျိုးငှာ သွားလေ၏။

တရားပွဲကျင်းပစဉ် အိမ်သူခိုးဝင်ခြင်း

ထိုအခါ ကိုးရာသော ခိုးသူတို့သည် ထိုဒါယိကာမကြီး၏ အိမ်၌ အခွင့်ကို ကြည့်ရှုသွားလာ လှည့်ပတ်ကြကုန်၏။ ထိုဒါယိကာမကြီး၏ အိမ်သည်ကား တံတိုင်းခုနစ်ထပ်တို့ဖြင့် ခြံရံအပ်သည်ဖြစ်၍ တံခါးမုခ် ခုနစ်ခုနှင့် ယှဉ်ခြင်းရှိ၏။ ထိုထိုတံခါးမုခ် ထိုထိုအရပ်တို့၌ ကြမ်းတမ်းသော ခွေးတို့ကို ဖွဲ့ချည်ကာ ထားကြလေကုန်၏။ အိမ်တွင်း၌ အမိုး၏ ရေတံစက်ကျရာအရပ်၌ကား ကျုံးတူး၍ သလွဲဖြင့် ပြည့်စေကြကုန်၏။ ထိုသလွဲသည် နေ့အခါ၌ နေပူသဖြင့် ကြေ၍ ကျိုက်ကျိုက်ဆူသကဲ့သို့ တည်၏။ ညဉ့်အခါ၌ကား ခက်မာကြမ်းတမ်းသည်ဖြစ်၍ တည်၏။ ထိုသလွဲ၏ အခြားမဲ့၌ များစွာကုန်သော သံချွန်သံငြောင့်တို့ကို အကြားမရှိ မြေ၌ စိုက်ထားကြကုန်၏။ ဤသို့လျှင် အစောင့်အရှောက်ကိုလည်းကောင်း၊ ဒါယိကာမကြီး၏ အိမ်တွင်း၌ တည်သည်အဖြစ်ကိုလည်းကောင်း စွဲ၍ ခိုးသူတို့သည် အခွင့်ကို မရနိုင်ကုန်၊ ထိုနေ့၌ ဒါယိကာမကြီး၏ တရားနာသွားသည်အဖြစ်ကို သိရသဖြင့် ဥမင်ကို ဖောက်ထွင်း၍ တစ်ဖန် သလွဲကျုံး၏လည်းကောင်း၊ သံချွန်သံငြောင့်တို့၏လည်းကောင်း၊ အောက်အဖို့ဖြင့်သာလျှင် အိမ်သို့ဝင်ရောက်ပြီးလျှင် ခိုးသူကြီးသည် “အကယ်၍ ထိုဒါယိကာမကြီးသည် ငါတို့ ဤအိမ်သို့ ဝင်သည့်အဖြစ်ကို ကြားသိရလျှင် ပြန်နစ်၍ အိမ်သို့ ရှေးရှု ပြန်လာသည်ဖြစ်အံ့၊ ထိုဒါယိကာမကြီးကို သန်လျက်ဖြင့် ခုတ်ဖြတ်၍ သတ်ကြကုန်လော့”ဟု သောဏမထေရ်၏ မယ်တော်ထံသို့ စေလွှတ်ကြကုန်၏။ ထိုခိုးသူကြီးသည် သွားတဲ့၍ ဒါယိကာမကြီးအထံ၌ ရပ်တည်နေလေ၏။ ခိုးသူတို့သည်လည်း အိမ်တွင်း၌ ဆီမီးညှိထွန်း၍ ဥစ္စာအသပြာထားရာ တိုက်တံခါးကို ဖွင့်ကြလေကုန်၏။

သူခိုးဝင်ကြောင်း လာပြောသူကို ကြိမ်းမောင်းခြင်း

ထိုအိမ်စောင့်ကျွန်မသည် ခိုးသူတို့ကိုမြင်ရလျှင် အိမ်ရှင် ဒါယိကာမကြီး၏ အထံသို့သွား၍ “သခင်မ- များစွာသော ခိုးသူတို့သည် အိမ်တွင်းသို့ဝင်၍ ဥစ္စာအသပြာထားရာ တိုက်တံခါးကို ဖွင့်ကြပါကုန်ပြီ”ဟု ပြောကြားလေ၏။ ထိုအခါ ကျွန်မကို ဒါယိကာမကြီးသည် ခေါ်၍ “ခိုးသူတို့သည်လည်း မိမိတို့မြင်သမျှ အသပြာတို့ကို ဆောင်ယူကြပါစေကုန်၊ ငါသည် ငါ့သားတော်၏ တရားစကားကို နာကြားဦးအံ့။ ငါ့သားတရား၏ အန္တရာယ်အနှောင့်အယှက်ကို မပြုလာလင့်၊ အိမ်သို့ ပြန်သွားချေ”ဟု ပြန်လွှတ်လိုက်လေ၏။ ခိုးသူတို့သည်လည်း အသပြာတိုက်ကို အချည်းနှီးပြုပြီးလျှင် ငွေတိုက်ကို ဖွင့်ကြပြန်ကုန်၏။ ထိုကျွန်မသည် တစ်ဖန်လည်း လာပြန်၍ ထိုအကြောင်းကို ပြောကြားပြန်လေ၏။ ထိုအခါ ကျွန်မကို ဒါယိကာမကြီးသည် ခေါ်၍ “ခိုးသူတို့သည် အလိုရှိသမျှကို ဆောင်ယူကြပါစေကုန်၊ ငါ့အား အနှောင့်အယှက်ကို မပြုပါလင့်”ဟု ဆို၍ တစ်ဖန် ကျွန်မကို စေလွှတ်လိုက်ပြန်လေ၏။ ထိုခိုးသူတို့သည်လည်း ငွေတိုက်ကိုလည်း အချည်းနှီးပြုပြီးလျှင် ရွှေတိုက်ကို ဖွင့်ကြပြန်ကုန်၏။ ထိုကျွန်မသည် တစ်ဖန်လည်း သွားတဲ့၍ ဒါယိကာမကြီးအား ထိုအကြောင်းကို ပြောကြားပြန်လေ၏။ ထိုအခါ ကျွန်မကို ဒါယိကာမကြီးသည် ခေါ်၍ “ဟယ် ကျွန်မ- သင်သည် အကြိမ်များစွာ ငါ့အထံသို့ လာဘိ၏၊ ခိုးသူတို့သည် အလိုရှိတိုင်း ဆောင်ယူကြပါစေကုန်၊ ငါသည် ငါ့သားတော် တရားတော်ကို နာကြားဦးအံ့၊ ငါ့အား အနှောင့်အယှက်ကို မပြုပါလင့်ဟု ငါဆိုသော်လည်း ငါ့စကားကို မနာယူဘဲ အဖန်တလဲလဲ လာသည်သာတည်း၊ ယခုအခါ သင်-အကယ်၍ ပြန်လာသည်ဖြစ်အံ့၊ သင့်အား ပြုအပ်သည်ကို သိရပေတော့အံ့၊ အိမ်သို့သာ ပြန်သွားလော့”ဟု စေလွှတ်လိုက်ပြန်လေ၏။

ခိုးသူတို့က တောင်းပန်ခြင်း

ခိုးသူကြီးသည် ထိုဒါယိကာမကြီး၏ စကားကို ကြားရလျှင် “ဤသို့သဘောရှိသော မိန်းမ၏ဥစ္စာကို ခိုးယူကြကုန်သော သူတို့အား မိုးကြိုးကျ၍ ဦးထိပ်ကိုခွဲရာ၏”ဟု အောက်မေ့လျက် ခိုးသူတို့၏အထံသို့ သွားပြီးလျှင် “လျင်မြန်စွာ ထိုဒါယိကာမကြီး၏ ဥစ္စာကို ပကတိထားမြဲတိုင်း ထားကြကုန်လော့”ဟု ဆိုလေ၏။ ထိုခိုးသူတို့သည် အသပြာတို့ဖြင့် အသပြာတိုက်ကို ငွေရွှေတို့ဖြင့် ငွေတိုက် ရွှေတိုက်တို့ကို တစ်ဖန် ပြည့်စေပြန်လေကုန်၏။

ဤသည်ကား ဓမ္မတာသဘော ဖြစ်သတတ်၊ ဤသူတော်ကောင်းတရားသည် တရားကိုကျင့်သောသူကို စောင့်ရှောက်ပေ၏။ ထို့ကြောင့်သာလျှင် ဤဂါထာကို မိန့်ဆိုတော်မူလေ၏။

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ၊
ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ၊
န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။

ဓမ္မော၊ တရားသည်။ ဓမ္မစာရီ၊ တရားကိုကျင့်သောသူကို။ ဟဝေ၊ စင်စစ်။ ရက္ခတိ၊ စောင့်၏။ သုစိဏ္ဏော၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မော၊ တရားသည်။ သုခံ၊ ချမ်းသာသုံးပါးကို။ အာဝဟတိ၊ ရွက်ဆောင်၏။ ဧသော၊ ဤသည်ကား။ သုစိဏ္ဏော၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မေ၊ တရား၌။ ဝါ၊ တရား၏။ အာနိသံသော၊ အကျိုးတည်း။ ဓမ္မစာရီ၊ တရားကို ကျင့်လေ့ရှိသောပုဂ္ဂိုလ်သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ နဂစ္ဆတိ၊ မလားမရောက်နိုင်။

ခိုးသူတို့သည်လည်း သွား၍ တရားနာရာအရပ်၌ တည်နေကြလေကုန်၏။ သောဏမထေရ်သည်လည်း တရားတော်ကို ဟောကြားပြီးလျှင် ညဉ့်အဖို့ မိုးလင်းလတ်သည်ရှိသော် တရားဟောနေရာ ပလ္လင်မှ သက်ဆင်းလေ၏။ ထိုခဏ၌ ခိုးသူကြီးသည် ဒါယိကာမကြီး၏ခြေရင်း၌ ဝပ်လျက် “သခင်မ- ကျွန်တော့်အား သည်းခံပါလော့”ဟု ဆိုလေ၏။ “အမောင်- ဤသို့တောင်းပန်ရခြင်း အကြောင်း အဘယ်နည်း”ဟု မေးလတ်သော် “ကျွန်တော်သည် သခင်မတို့၌ ရန်ငြိုးဖွဲ့ခြင်းကိုပြု၍ သခင်မတို့ကို သတ်လိုသောကြောင့် ရပ်တည်နေပါသည်”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ အမောင်- သင့်အား ငါသည်းခံပါ၏”ဟု ဆိုလတ်သော် ကြွင်းသောခိုးသူတို့သည်လည်း ထိုခိုးသူကြီးအတူသာလျှင် ပြောဆိုတောင်းပန်ကြသောကြောင့် “အမောင်တို့- ငါသည်းခံပါ၏”ဟု ဆိုလတ်သော် ထိုခိုးသူတို့သည် “သခင်မ- ကျွန်တော်တို့အား အကယ်၍ သည်းခံကြသည်ဖြစ်ပါအံ့၊ သခင်မ၏ သားတော်အထံ၌ ရဟန်းအဖြစ်ကို ပေးစေချင်ပါ၏”ဟု ပြောဆိုကြလေကုန်၏။

ခိုးသူကိုးရာ ရဟန်းပြုခြင်း

ထိုမထေရ်၏မယ်တော် ဒါယိကာမကြီးသည် သားကိုရှိခိုးလျက် “ချစ်သား- ဤခိုးသူတို့သည် မိခင်၏ ဂုဏ်ကျေးဇူး၌လည်းကောင်း၊ အရှင်ဘုရားတို့၏ တရားစကား၌လည်းကောင်း၊ ကြည်ညိုခြင်း ရှိကုန်သည်ဖြစ်၍ ရဟန်းအဖြစ်ကို တောင်းပန်ကြပါကုန်၏၊ ထိုသူတို့ကို ရဟန်းပြုပေးကြပါကုန်လော့”ဟု လျှောက်လေ၏။ မထေရ်သည် “ကောင်းပြီ”ဟု ဆို၍ ထိုခိုးသူတို့ဝတ်အပ်သော အဝတ်ပုဆိုးတို့၏ အမြိတ်အဆာတို့ကို ဖြတ်စေ၍ မြေနီဖြင့် ဆိုးစေပြီးလျှင် ထိုခိုးသူတို့ကို ရှင်သာမဏေ ပြုပေး၍ သီလတို့၌ တည်စေတော်မူလေ၏။ ပဉ္စင်းဖြစ်ပြီးသောအခါလည်း ထိုကိုးရာသော အတိုင်းအရှည်ရှိကုန်သော ရဟန်းတို့အား တစ်ပါးစီ တစ်ပါးစီ အသီးအသီးသော ကမ္မဋ္ဌာန်းကို ပေးလေ၏။ ထိုကိုးရာသော ရဟန်းတို့သည် အသီးအသီး ကိုးရာသော ကမ္မဋ္ဌာန်းတို့ကို ယူသဖြင့် တောင်တစ်ခုသို့တက်၍ ထိုထိုသစ်ပင်၏အရိပ်၌ နေထိုင်လျက် ရဟန်းတရားကို အားထုတ်ကြလေကုန်၏။ ဘုရားရှင်သည် ယူဇနာတစ်ရာ့နှစ်ဆယ်ထက်၌ တည်သော ဇေတဝန်ကျောင်းတော်ကြီး၌ သီတင်းသုံးလျက်သာလျှင် ထိုရဟန်းတို့ကို ကြည့်ရှုတော်မူ၍ ထိုရဟန်းတို့၏ စရိုက်အစွမ်းဖြင့် တရားဒေသနာတော်ကို ပိုင်းခြားမှတ်သားတော်မူပြီးလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူလျက် မျက်မှောက်၌ နေထိုင်၍ ဟောတော်မူဘိသကဲ့သို့ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၆၈] မေတ္တာဝိဟာရီ ယော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။

֍ * [၃၆၉] သိဉ္စ ဘိက္ခု ဣမံ နာဝံ၊ သိတ္တာ တေ လဟုမေဿတိ။
ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊ တတော နိဗ္ဗာနမေဟိသိ။

֍ * [၃၇၀] ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ၊ ပဉ္စ စုတ္တရိ ဘာဝယေ။
ပဉ္စသင်္ဂါတိဂေါ ဘိက္ခု၊ သြဃတိဏ္ဏောတိ ဝုစ္စတိ။

֍ * [၃၇၁] ဈာယ ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကာမဂုဏေ ရမေဿု စိတ္တံ။
မာ လောဟဂုဠံ ဂိလီ ပမတ္တော၊
မာ ကန္ဒီ ဒုက္ခမိဒန္တိ ဒယှမာနော။

֍ * [၃၇၂] နတ္ထိ ဈာနံ အပညဿ၊ ပညာ နတ္ထိ အဈာယတော။
ယမှိ ဈာနဉ္စ ပညာ စ၊ သ ဝေ နိဗ္ဗာန သန္တိကေ။

֍ * [၃၇၃] သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော၊
အမာနုသီ ရတီ ဟောတိ၊ သမ္မာ ဓမ္မံ ဝိပဿတော။

֍ * [၃၇၄] ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။
လဘတိ ပီတိပါမောဇ္ဇံ၊ အမတံ တံ ဝိဇာနတံ။

֍ * [၃၇၅] တတြာယမာဒိ ဘဝတိ၊ ဣဓ ပညဿ ဘိက္ခုနော။
ဣန္ဒြိယဂုတ္တိ သန္တုဋ္ဌိ၊ ပါတိမောက္ခေ စ သံဝရော။

֍ * [၃၇၆] မိတ္တေ ဘဇဿု ကလျာဏေ၊ သုဒ္ဓါဇီဝေ အတန္ဒိတော။
ပဋိသန္တာရဝုတျဿ၊ အာစာရကုသလော သိယာ။
တတော ပါမောဇ္ဇဗဟုလော၊ ဒုက္ခဿန္တံ ကရိဿတိ။

ယောဘိက္ခု၊ အကြင်ရဟန်းသည်။ မေတ္တာဝိဟာရီ၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်း၍ နေလေ့ရှိ၏။ ဗုဒ္ဓသာသနေ၊ ဘုရားမြတ်စွာ သာသနာ၌။ ပသန္နော၊ ကြည်ညို၏။ သောဘိက္ခု၊ ထိုရဟန်းသည်။ သင်္ခါရူပသမံ၊ သင်္ခတို့၏ ငြိမ်းရာဖြစ်၍ ငြိမ်သက်စွာထသော။ သုခံ၊ လွန်စွာချမ်းသာသော။ သန္တံ ပဒံ၊ နိဗ္ဗာန်ကို။ အဓိဂစ္ဆေ၊ ရနိုင်၏။

ဘိက္ခု၊ ချစ်သားရဟန်း။ ဣမံနာဝံ၊ ဤအတ္တဘောတည်းဟူသော လှေကို။ သိဉ္စ၊ မိစ္ဆာဝိတက်တည်းဟူသော ရေကို စွန့်ပက်၍ သွန်းလောင်းလော့။ တေ၊ သင်၏။ သိတ္တာ၊ မိစ္ဆာဝိတက်တည်းဟူသော ရေသွန်းလောင်းအပ်ပြီးသော အတ္တဘော လှေသည်။ လဟုံ၊ လျင်မြန်စွာ။ ဧဿတိ၊ နိဗ္ဗာန်သို့ ရောက်လတ္တံ့။ ရာဂဉ္စ၊ ရာဂဟူသော အဖွဲ့ကိုလည်းကောင်း။ ဒေါသဉ္စ၊ ဒေါသဟူသော အဖွဲ့ကိုလည်းကောင်း။ ဆိန္ဒ၊ ဖြတ်လော့။ တတော၊ ထိုသို့ဖြတ်၍ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော နောက်ကာလ၌။ နိဗ္ဗာနံ၊ အနုပါဒိသေသနိဗ္ဗာန်သို့။ ဧဟိသိ၊ ရောက်ရလိမ့်သတည်း။

(မဟာသမုဒ္ဒရာ၌ ရေပြည့်သောလှေ ဖြစ်ရကား ရေပေါက်တို့ကိုပိတ်၍ ရေကို သွန်ပစ်အပ်သည်ရှိသော် ပေါ့ပေါ့ပါးပါးဖြစ်သဖြင့် သမုဒ္ဒရာ၌မနစ်ဘဲ လျင်မြန်စွာ လိုရာဆိပ်ကမ်းသို့ ရောက်နိုင်သကဲ့သို့ ထို့အတူ ဤခန္ဓာကိုယ် လှေသည်လည်း မိစ္ဆာဝိတက် ရေပြည့်ဖြစ်ရကား စက္ခုဒွါရစသော အပေါက်တို့ကို ဖာထေး၍ မိစ္ဆာဝိတက်ရေကို သွန်ပစ်အပ်သည်ရှိသော် ပေါ့ပေါ့ပါးပါးဖြစ်၍ သံသရာဝဋ်၌ မနစ်မြုပ်ဘဲ လျင်မြန်စွာ နိဗ္ဗာန်ဆိပ်ကမ်းသို့ ရောက်ရပေလတ္တံ့ဟူလို။)

ပဉ္စ၊ အပါယ်သို့ ရောက်စေတတ်သော အောက်သံယောဇဉ် ငါးပါးတို့ကို။ ဆိန္ဒေ၊ ဆောက်မဂ်သုံးပါးအပေါင်းဖြင့် ဖြတ်ရာ၏။ ပဉ္စ၊ ဗြဟ္မာပြည်သို့ ရောက်စေတတ်သော အထက်သံယောဇဉ်ငါးပါးတို့ကို။ ဇဟေ၊ အရဟတ္တမဂ်ဖြင့် ပယ်စွန့်ဖြတ်တောက်ရာ၏။

ပဉ္စစ၊ သဒ္ဓါအစရှိသော ငါးပါးသော ဣန္ဒြေတို့ကိုလည်း။ ဥတ္တရိ၊ လွန်စွာ။ ဘာဝယေ၊ ပွားရာ၏။ ပဉ္စသင်္ဂါတိဂေါ၊ ရာဂ,ဒေါသ,မောဟ,မာန, ဒိဋ္ဌိဟုဆိုအပ်သော ငါးပါးသော ငြိတွယ်ခြင်းတို့ကို လွန်ပြီးသော။ ဘိက္ခု၊ ရဟန်းကို။ သြဃတိဏ္ဏောတိ၊ လေးပါးသော သြဃကို ကူးမြောက်ပြီးသောသူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဘိက္ခု၊ ချစ်သားရဟန်း။ ဈာယ၊ နှစ်ပါးသော ဈာန်အစွမ်းဖြင့် ရှုလည်းရှုလော့။ မာ ပမာဒေါ၊ ကာယကံစသည်တို့၌ မေ့လျော့ခြင်း ရှိသည်ဖြစ်၍ မနေလင့်။ ကာမဂုဏေ၊ ငါးပါးသော ကာမဂုဏ်၌။ တေ၊ သင်၏။ စိတ္တံ၊ စိတ်ကို။ မာ ရမေဿု၊ မမွေ့လျော်စေလင့်။ ပမတ္တာ၊ မေ့လျော့သည်ဖြစ်၍။ လောဟဂုဠံ၊ သံတွေခဲကို။ မာ ဂီလိ၊ မမျိုမိပါစေလင့်။ ဒယှမာနော၊ ငရဲ၌ ပူလောင်သည်ဖြစ်၍။ ဣဒံ၊ ဤပူလောင်ခြင်းကား။ ဒုက္ခံ၊ ဆင်းရဲလေစွ။ ဣတိ၊ ဤသို့။ မာကန္ဒိ၊ မငိုကြွေးပါလင့်။

အပညဿ၊ ဈာန်ကို ဖြစ်စေတတ်သော လုံ့လနှင့်ယှဉ်သော ပညာမရှိသောသူအား။ ဈာနံ၊ ဈာန်သည်။ နတ္ထိ၊ မရှိ။ အဈာယတော၊ ဈာန်မရှိသောသူအား။ ပညာ၊ ပညာသည်။ နတ္ထိ၊ မရှိ။

ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ ဈာနဉ္စ၊ ဈာန်သည်လည်းကောင်း။ ပညာစ၊ ပညာသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ နိဗ္ဗာနသန္တိကေ၊ နိဗ္ဗာန်၏အနီး၌။ ဌိတောယေဝ၊ တည်သည်သာလျှင်တည်း။

သုညာဂါရံ၊ ဆိတ်ငြိမ်ရာအရပ်သို့။ ပဝိဋ္ဌဿ၊ ဝင်၍ ကမ္မဋ္ဌာန်းကို နှလုံးပြုသဖြင့် နေထသော။ သန္တစိတ္တဿ၊ ငြိမ်သက်သော စိတ်ရှိထသော။ သမ္မာ၊ သင့်သော အကြောင်းအားဖြင့်။ ဓမ္မံ၊ တရားကို။ ဝိပဿတော၊ ရှုသော ပုဂ္ဂိုလ်အား။ အမာနုသီ၊ အိမ်ရာထောင်သူ လူတို့နှင့် မထိုက်တန်သော။ ရတီ၊ ဝိပဿနာ သမာပတ်ဟူသော မွေ့လျော်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။

ယတော ယတော၊ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်။ တစ်နည်းကား။ ယတော ယတော၊ အကြင်အကြင် အလိုရှိအပ်သောအခါ၌။ ခန္ဓာနံ၊ ခန္ဓာငါးပါးတို့၏။ ဥဒယဗ္ဗယံ၊ ဖြစ်ခြင်း ပျက်ခြင်းကို။ သမ္မသတိ၊ သုံးသပ်၏။ တတော တတော၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။ ဝါ၊ ထိုထိုအခါ၌။ ပီတိပါမောဇ္ဇံ၊ နှစ်သက်ခြင်းဝမ်းမြောက်ခြင်းကို။ လဘတိ၊ ရ၏။ တံ၊ ထိုပီတိပါမောဇ္ဇသည်။ ဝိဇာနတံ၊ ပညာရှိတို့၏။ အမတံ၊ အမြိုက်နိဗ္ဗာန်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။

ဣဓသာသနေ၊ ဤသာသနာတော်၌။ ပညဿ၊ ပညာရှိသော။ ဘိက္ခုနော၊ ရဟန်းအား။ ဣန္ဒြိယဂုတ္တိစ၊ စက္ခုစသော ဣန္ဒြေကို စောင့်စည်းခြင်းသည်လည်းကောင်း။ သန္တုဋ္ဌိ စ၊ ပစ္စည်းလေးပါးတို့၌ ရောင့်ရဲခြင်းသည်လည်းကောင်း။

(ဤစကားရပ်ဖြင့် အာဇီပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလ နှစ်ပါးကို ဟောကြားအပ်၏။)

ပါတိမောက္ခေ၊ ကြီးမြတ်သော သီလဟုဆိုအပ်သော ပါတိမောက္ခ၌။ သံဝရော စ၊ စောင့်စည်းဖြည့်ကျင့်ခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသီလလေးပါး စင်ကြယ်ခြင်းသည်။ တတြ၊ ထိုနိဗ္ဗာန်ကို ရရာ၌။ ဝါ၊ ပီတီပါမောဇ္ဇကို ရရာ၌။ အာဒိ၊ အစရှေးဦး နေရာထူးသည်။ ဘဝတိ၊ ဖြစ်၏။

သုဒ္ဓါဇီဝေ၊ စင်ကြယ်သော အသက်မွေးခြင်း ရှိကုန်ထသော။ အတန္ဒိတေ၊ ပျင်းရိခြင်း ကင်းကုန်ထသော။ ကလျာဏေ၊ သီလအစရှိသော ကျေးဇူးတို့ကြောင့် လွန်စွာကောင်းကုန်သော။ မိတ္တေ၊ အဆွေခင်ပွန်းတို့ကို။ ဘဇဿု၊ ဆည်းကပ်လေလော့။

ပဋိသန္ထာရဝုတ္တိ၊ အာမိသပဋိသန္ထာရ, ဓမ္မပဋိသန္ထာရနှင့် ပြည့်စုံသော ဖြစ်ခြင်းရှိသောသူသည်။ အဿ၊ ဖြစ်ရာ၏။ အာစာရကုသလော၊ သီလကျင့်ဝတ်၌ လိမ္မာသောသူသည်။ သိယာ၊ ဖြစ်ရာ၏။ တတော၊ ထိုသို့သော အကြောင်းကြောင့်။ ပါမောဇ္ဇဗဟုလော၊ တရားသဖြင့်ဖြစ်သော ဝမ်းမြောက်ခြင်းများသောသူသည်။ ဟုတွာ၊ ဖြစ်၍။ ဒုက္ခဿ၊ အလုံးစုံသော ဝဋ်ဒုက္ခ၏။ အန္တံ၊ အဆုံး၌။ ကရိဿတိ၊ ပြုရပေသလတ္တံ့။

ဒေသနာတော်၏အကျိုး

ဤသို့လျှင် မြတ်စွာဘုရားသည် ဟောကြားအပ်ကုန်သော ဤဂါထာတို့တွင် တစ်ခု,တစ်ခုသော ဂါထာ၏အဆုံး၌ ရဟန်းတစ်ရာ,တစ်ရာသည် နေထိုင်ရာ,နေထိုင်ရာ အရပ်၌သာလျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ အလုံးစုံလည်းဖြစ်ကုန်သော ထိုရဟန်းတို့သည် ကောင်းကင်ဖြင့်သာလျှင် ယူဇနာတစ်ရာ့နှစ်ဆယ်ရှိသော ခရီးခဲကို လွန်မြောက်သဖြင့် မြတ်စွာဘုရား၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ကိုယ်တော်ကို ချီးမွမ်းထောမနာကြကုန်လျက် ခြေတော်တို့ကို ရှိခိုးကြလေကုန်၏။

များစွာကုန်သော ရဟန်းတို့ ဝတ္ထုပြီး၏။

֍ * ၈။ ရဟန်းငါးရာတို့ဝတ္ထု

ဝဿိကာဝိယ ပုပ္ဖာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ငါးရာသောရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပန်းပွင့်နှင့်ပြိုင်၍ တရားအားထုတ်ခြင်း

ထိုငါးရာသောရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူပြီးလျှင် တော၌ ရဟန်းတရားကို အားထုတ်ကြကုန်သည်ရှိသော် နံနက်စောစောကသာလျှင် ပွင့်ကုန်သော မုလေးပန်းတို့သည် ညချမ်းသောအခါ အညှာမှ ကြွေကျသည်တို့ကို မြင်ရ၍ “သင်တို့၏ အညှာတို့မှ ကြွေကျသည်မှ ရှေးဦးစွာ မကြွေကျမီ ငါတို့သည် ရာဂအစရှိသည်တို့မှ လွတ်အောင် ပြုကြကုန်အံ့”ဟု လုံ့လပြုကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ကြည့်ရှုတော်မူလျက် “ချစ်သားရဟန်းတို့- ရဟန်းမည်သည်ကား: အညှာမှ လွတ်ထွက်ကြွေကျသော ပန်းနှင့်တူစွာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းငှာ လုံ့လပြုအပ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်အလင်းကို ပျံ့နှံ့စေတော်မူလျက် ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၇၇] ၀ဿိကာ ဝိယ ပုပ္ဖာနိ၊ မဒ္ဒဝါနိ ပမုဉ္စတိ။
ဧဝံ ရာဂဉ္စ ဒေါသဉ္စ၊ ဝိပ္ပမုဉ္စေထ ဘိက္ခဝေါ။

ဝဿိကော၊ မုလေးပန်းပင်သည်။ မဒ္ဒဝါနိ၊ ညှိုးနွမ်းကုန်သော။ ပုပ္ဖာနိ၊ အပွင့်ဟောင်းတို့ကို။ ပမုဉ္စတိ ဝိယ၊ အညှာမှ လွတ်စေသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဘိက္ခဝေါ၊ ချစ်သားရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ရာဂဉ္စ၊ ရာဂကိုလည်းကောင်း။ ဒေါသဉ္စ၊ ဒေါသကိုလည်းကောင်း။ ဝိပ္ပမုဉ္စေထ၊ လွတ်စေကြကုန်လော့။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ အလုံးစုံသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

ရဟန်းငါးရာဝတ္ထု ပြီး၏။

֍ * ၉။ သန္တကာယမထေရ် ဝတ္ထု

သန္တကာယောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သန္တကာယအမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခြင်္သေ့ဘဝမှ ဝင်စားသောရဟန်း

ထိုသန္တကာယမထေရ်အား လက်ခြေလှုပ်ရှားခြင်းသည် မဖြစ်သတတ်။ ကိုယ်၏ ကွန့်မြူးခြင်းမှကင်းသော ငြိမ်သက်သော အတ္တဘောသည်သာလျှင် ရှိသည်ဖြစ်လေ၏။

(ထိုမထေရ်သည်ကား ခြင်္သေ့ဘဝမှလာသော မထေရ်ဖြစ်သတတ်)

ခြင်္သေ့တို့သည် တစ်နေ့မျှ စားကျက်ကိုယူပြီးလျှင် (အစာရှာပြီးလျှင်) ငွေဂူ, ရွှေဂူ, သန္တာဂူတို့တွင် တစ်ခုခုသောဂူသို့ ဝင်၍ ဆေးဒန်းမြင်းသီလာအပြင် ဆေးဒန်းမှုန့်တို့၌ ခုနစ်ရက်ပတ်လုံးအိပ်၍ ခုနစ်ရက်မြောက်သောနေ့၌ ထသဖြင့် အိပ်ရာအရပ်ကို ကြည့်ရှုလတ်သော် အမြီး၏လည်းကောင်း, နားရွက်တို့၏လည်းကောင်း, လက်ခြေတို့၏လည်းကောင်း, တုန်လှုပ်သောကြောင့် ဆေးဒန်းမြင်းသီလာ အမှုန့်တို့ ဖရိုဖရဲပြွမ်းသည့်အဖြစ်ကို အကယ်၍ မြင်ရကုန်သည်ဖြစ်အံ့။ “သင့်အား ဤတုန်လှုပ်ခြင်းအမှုသည် ဇာတ်အားဖြင့်လည်းကောင်း, အနွယ်အားဖြင့်လည်းကောင်း, မလျောက်ပတ်လေစွ”ဟု တစ်ဖန် ခုနစ်ရက်ပတ်လုံး အစာမစားဘဲ အိပ်ကြကုန်၏။ ဆေးဒန်းမြင်းသီလာမှုန့်တို့၏ ဖရိုဖရဲပြွမ်းသောအဖြစ် မရှိမူကား “သင်အား ဤသို့ တုန်လှုပ်ခြင်းကင်းသော ဖြစ်ခြင်းသည် အမျိုးအနွယ်တို့အား လျောက်ပတ်ပေ၏”ဟု နေရာဂူမှ ထွက်တဲ့၍ တင့်တယ်စံပယ်ပြီးလျှင် တူရူအရပ် အထောင့်အရပ်တို့ကို အစဉ်အတိုင်း ကြည့်ရှုသဖြင့် သုံးကြိမ်တိုင်အောင် ခြင်္သေ့အသံကိုဟောက်၍ ကျက်စားခြင်းအလို့ငှာ ဖဲသွားကြကုန်သတတ်၊ ဤရဟန်းသည် ဤသို့သဘောရှိသော ခြင်္သေ့ဘဝမှလာသော ရဟန်းဖြစ်ပေ၏။ ထိုရဟန်း၏ ကိုယ်ငြိမ်သက်သော အကျင့်ကိုမြင်ကြ၍ ရဟန်းတို့သည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့သည် သန္တကာယမထေရ်နှင့်တူသော ရဟန်းကို မမြင်စဖူးပါ။ ဤသန္တကာယမထေရ်၏ နေထိုင်ရာအရပ်၌ လက်၏ လှုပ်ခြင်းသည်လည်းကောင်း၊ ခြေ၏ လှုပ်ခြင်းသည်လည်းကောင်း၊ ကိုယ်၏ ကွန့်မြူးခြင်းသည်လည်းကောင်း၊ မရှိပါဘုရား”ဟု နားတော်လျှောက်ကြလေကုန်၏။ ထိုရဟန်းတို့ လျှောက်သောစကားကို ကြားတော်မူရလျှင် မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ရဟန်းမည်သည်ကား သန္တကာယ မထေရ်ကဲ့သို့ ကိုယ်စသည်တို့ဖြင့် ငြိမ်သက်ခြင်း ရှိသည်သာလျှင်ဖြစ်ရာ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၇၈] သန္တကာယော သန္တဝါစော၊ သန္တဝါ သုသမာဟိတော။
ဝန္တလောကာမိသော ဘိက္ခု၊ ဥပသန္တောတိ ဝုစ္စတိ။

သန္တကာယော၊ ပါဏာတိပါတစသည်တို့၏ မရှိခြင်းဖြင့် ငြိမ်သက်သော ကိုယ်ရှိသော။ သန္တဝါစော၊ မုသားဆိုခြင်း စသည်တို့၏ မရှိခြင်းဖြင့် ငြိမ်သက်သော နှုတ်ရှိသော။ သန္တဝါ၊ အဘိဇ္ဈာစသည်တို့၏ မရှိခြင်းဖြင့် ငြိမ်သက်သော စိတ်ရှိသော။ သုသမာဟိတော၊ ကောင်းစွာထားအပ်သော ကိုယ်,နှုတ်,နှလုံး, စိတ်ရှိသော။ ဝန္တလောကာမိသော၊ မဂ်လေးတန်ဖြင့် ထွေးအန်ပြီးသော လောကာမိသရှိသော။ ဘိက္ခု၊ ရဟန်းကို။ ဥပသန္တောတိ၊ ကိုယ်တွင်း၌ ရာဂစသည် ငြိမ်းအေးပြီးသော ပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုသန္တကာယမထေရ်သည် အရဟတ္တဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

သန္တကာယမထေရ်ဝတ္ထု ပြီး၏။

֍ * ၁၀။ နင်္ဂလမထေရ်ဝတ္ထု

အတ္တနာ စောဒယတ္တာနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် နင်္ဂလမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန္တာလောင်းအား အဝတ်စုတ် နှိပ်စက်ခြင်း

သူဆင်းရဲတစ်ယောက်သည် သူတစ်ပါးတို့၏အထံ၌ အခစားအမှုကိုပြု၍ အသက်မွေးရသတတ်၊ ထိုဆင်းရဲသူကို ရဟန်းတစ်ပါးသည် ပုဆိုးနွမ်းပိုင်းကိုဝတ်လျက် ထွန်တုံးကိုထမ်း၍ သွားသည်ကိုမြင်ရလျှင် “သင့်အား ဤသို့ အသက်မွေးမြူခြင်းထက် ရဟန်းပြုခြင်းငှာ သင်သည်မဟုတ်လော”ဟု မိန့်မြွက်တော်မူလေ၏။ “အရှင်ဘုရား- ဤသို့ ဆင်းရဲငြိုငြင်စွာ အသက်မွေးခြင်းရှိသော တပည့်တော်ကို အဘယ်သူ ရဟန်းပြုပေးလိုပါအံ့နည်းဘုရား”ဟု လျှောက်လတ်သော် “သင်- အကယ်၍ ရဟန်းပြုလိုသည် ဖြစ်အံ့၊ သင့်ကို ငါ-ရဟန်းပြုပေးပေအံ့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ကောင်းပါပြီ၊ တပည့်တော်ကို ရဟန်းပြုပေးကြသည်ဖြစ်ပါမူ ရဟန်းပြုပါတော့မည်ဘုရား”ဟု လျှောက်ကြားလတ်သော် ထိုအခါ သူဆင်းရဲကို ထိုမထေရ်သည် ဇေတဝန်ကျောင်းတော်သို့ ခေါ်ဆောင်သွား၍ မိမိလက်ဖြင့် ရေချိုးပေးသဖြင့် သိမ်အပြင်၌၊ ဝါ-တန်ဆောင်း၌ထား၍ ရှင်ပြုစေပြီးလျှင် ဝတ်လာသော ပုဆိုးနွမ်း အပိုင်းနှင့်တကွ ထွန်တုံးကို တန်ဆောင်းအပြင်၌သာလျှင် သစ်ခက်ပေါ်၌ တင်ထားစေလေ၏။ ထိုသူဆင်းရဲသည် ပဉ္စင်းဖြစ်ပြီးသော ကာလ၌လည်း နင်္ဂလမထေရ်ဟူ၍သာလျှင် ထင်ရှားလေ၏။ ထိုနင်္ဂလမထေရ်သည် မြတ်စွာဘုရားအားဖြစ်သော လာဘ်ပူဇော်သက္ကာရကိုမှီ၍ အသက်မွေးရသည်ရှိသော် ငြီးငွေ့ပျင်းရိစိတ်ဝင်ပြီးလျှင် ငြီးငွေ့ပျင်းရိခြင်းကို ပယ်ဖျောက်ခြင်းငှာ မတတ်နိုင်ရကား “ယခုအခါ၌ သဒ္ဓါ၍ လှူအပ်ကုန်သော သင်္ကန်းတို့ကို ဝတ်ဆင်လျက် မသွားပေတော့အံ့ (လူထွက်တော့အံ့)”ဟု ထိုသစ်ပင်ရင်းသို့ သွားပြီးလျှင် မိမိသည်ပင်လျှင် မိမိကိုယ်ကို “အရှက်မရှိသောသူ၊ အရှက်ကင်းသောသူ၊ ဤပုဆိုးနွမ်းအပိုင်းကို ဝတ်ဆင်၍ လူထွက်ပြီးလျှင် အခစားအမှု ပြုလုပ်ကာ အသက်မွေးလိုသောသူ ဖြစ်ဘိ၏”ဟု ဆုံးမလေ၏။ ထိုနင်္ဂလရဟန်းသည် ဤသို့ မိမိကိုယ်ကို ဆုံးမစဉ်သာလျှင် စိတ်သည် ခေါင်းပါးသည်အဖြစ်သို့ ရောက်လေ၏။ ထိုနင်္ဂလရဟန်းသည် ပြန်လည်လာ၍ တစ်ဖန် နှစ်ရက်,သုံးရက် လွန်ပြန်သောအခါ ငြီးငွေ့ပျင်းရိလာသဖြင့် ရှေးအတူသာလျှင် မိမိကိုယ်ကို ဆုံးမ၏။ တစ်ဖန် ထိုရဟန်း၏စိတ်သည် ပြန်လည်ဆုတ်နစ်လေ၏။ ဤသို့သောနည်းဖြင့်သာလျှင် ထိုရဟန်းသည် ငြီးငွေ့ပျင်းရိစိတ် ဝင်တိုင်း,ဝင်တိုင်းသောအခါ၌ ထိုပုဆိုးနွမ်းပိုင်းနှင့် ထွန်တုံးကို တင်ထားရာ သစ်ပင်သို့သွား၍ မိမိကိုယ်ကို ဆုံးမလေ၏။

နင်္ဂလမထေရ် ရဟန္တာဖြစ်ခြင်း

ထိုအခါ မင်္ဂလမထေရ်ကို ရဟန်းတို့သည် ထိုအရပ်သို့ မပြတ်သွားသည်ကို မြင်လတ်၍ “ငါ့ရှင်နင်္ဂလမထေရ်- အဘယ့်ကြောင့် ဤအရပ်သို့ သွားဘိသနည်း”ဟု မေးကြလေကုန်၏။ နင်္ဂလမထေရ်သည် “အရှင်ဘုရားတို့- ဆရာ၏အထံသို့ သွားရပါသည်ဘုရား”ဟု လျှောက်ဆိုသဖြင့် နှစ်ရက်သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ရဟန်းတို့သည် ထိုနင်္ဂလမထေရ်နှင့် အတူတကွ ပြက်ရယ်ကျီစယ်မှု ပြုကြကုန်လျက် “ငါ့ရှင်နင်္ဂလမထေရ်- သင်၏ သွားရာ, လှည့်လည်ရာဖြစ်သော လမ်းခရီးသည် မသုံးဆောင်တော့သကဲ့သို့ ဖြစ်ဘိ၏။ ဆရာ၏အထံသို့ မသွားယောင်တကား”ဟု ဆိုလေကုန်၏။ “အရှင်ဘုရား- မသွားသည်ကား မှန်ပါသည်။ တပည့်တော်တို့သည် ဆက်ဆံခြင်းရှိစဉ်က သွားမိကြပါကုန်၏။ ယခုမူကား တပည့်တော်တို့အား ဆက်ဆံခြင်းသည် ပြတ်ကင်းပါပြီ။ ထို့ကြောင့် မသွားတော့ပါဘုရား”ဟု လျှောက်ဆိုလတ်သော် ထိုစကားကိုကြားရလျှင် ရဟန်းတို့သည် “ဤနင်္ဂလရဟန်းသည် မဟုတ်မမှန်သောစကားကို ဆို၍ အရဟတ္တဖိုလ်ကို ပြောကြားဘိ၏”ဟု မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဟုတ်မှန်ပေ၏။ ငါ့သားတော် နင်္ဂလသည် မိမိကိုယ်တိုင်သာလျှင် မိမိကိုယ်ကို အပြစ်တင်ခြင်းကြောင့် ရဟန်းကိစ္စ၏အပြီးဆုံးသို့ ရောက်လေပြီ”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၇၉] အတ္တနာ စောဒယတ္တာနံ၊ ပဋိမံသေထ အတ္တနာ။
သော အတ္တဂုတ္တော သတိမာ၊ သုခံ ဘိက္ခု ဝိဟာဟိသိ။

֍ * [၃၈၀] အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တာ ဟိ အတ္တနော ဂတိ၊ တသ္မာ သံယမမတ္တာနံ။
အဿံ ဘဒြံဝ ဝါဏိဇော။

အတ္တနာ၊ မိမိသည်ပင်။ အတ္တာနံ၊ မိမိကိုယ်ကို။ စောဒယ၊ ပြစ်တင်စောကြော အောက်မေ့စေလော့။ အတ္တနာ၊ မိမိသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဋိမံသေထ၊ စုံစမ်းရာ၏။ ဘိက္ခု၊ ချစ်သားရဟန်း။ ဧဝံ၊ ဤသို့ပြုသည်ရှိသော်။ သော တွံ၊ ထိုသင်သည်။ အတ္တဂုတ္တော၊ မိမိကိုယ်တိုင် လုံခြုံစေအပ်သည်ဖြစ်၍။ သတိမာ၊ ထင်သော သတိရှိသည်ဖြစ်၍။ သုခံ၊ ချမ်းသာစွာ။ ဝိဟာဟိသိ၊ နေရလတ္တံ့။

အတ္တာ ဟိ၊ မိမိသည်သာလျှင်။ အတ္တနော၊ မိမိ၏။ နာထော၊ မှီရာ,တည်ရာ ကိုးကွယ်ရာသည်။ ဟောတိ၊ ဖြစ်၏။ ကော ဟိ၊ အဘယ်မည်သော။ ပရော၊ သူတစ်ပါးသည်။ အတ္တနော၊ မိမိ၏။ နာထော၊ ကိုးကွယ်ရာသည်။ သိယာ၊ ဖြစ်နိုင်ရာအံ့နည်း။ အတ္တာဟိ၊ မိမိသည်လျှင်။ အတ္တနော၊ မိမိ၏။ ဂတိ၊ လားရာ,တည်ရာ အားကိုးရာဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဝါဏိဇော၊ မြင်းကုန်သည်သည်။ ဘဒြံ၊ ကောင်းသော။ အဿံ၊ အာဇာနည်မြင်းကို။ သံယမတိ ဣဝ၊ ကောင်းစွာ စောင့်ရှောက်သကဲ့သို့။ ဧဝံ၊ ဤအတူ။ အတ္တာနံ၊ မိမိကိုယ်ကို။ သံယမ၊ အကုသိုလ်၏ ဖြစ်ခွင့်ကို မပေးမူ၍ ကောင်းစွာ စောင့်ရှောက်လော့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

နင်္ဂလမထေရ်ဝတ္ထု ပြီး၏။

֍ * ၁၁။ ဝက္ကလိမထေရ်ဝတ္ထု

ပါမောဇ္ဇဗဟုလောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဝက္ကလိမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သဒ္ဓါတရား လွန်ကဲသော ဝက္ကလိမထေရ်

ထိုအရှင်ဝက္ကလိမထေရ်သည် သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သည်ရှိသော် ဆွမ်းအလို့ငှာ ကြွဝင်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် မြတ်စွာဘုရား၏ ကိုယ်တော်၏ တင့်တယ်စွာ ပြည့်စုံခြင်းကို ကြည့်ရှုပြီးလျှင် ကိုယ်တော်၏ ပြည့်စုံခြင်းကို ဖူးမြင်ရခြင်းဖြင့် မရောင့်ရဲနိုင်ရကား “ဤသို့ ပြုသည်ရှိသော် ငါသည် အခါခပ်သိမ်း အမြဲမပြတ် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ ရပေလတ္တံ့”ဟု နှလုံးပြု၍ မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုပြီးလျှင် အကြင်အရပ်၌ တည်သောသူသည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ တတ်ကောင်း၏။ ထိုအရပ်၌ တည်လျက် သရဇ္ဈာယ်ခြင်း, ကမ္မဋ္ဌာန်းစီးဖြန်းခြင်း, နှလုံးသွင်းခြင်းစသည်တို့ကို ပယ်စွန့်ကာ မြတ်စွာဘုရားကို ကြည့်ရှုဖူးမြော်လျက်သာ လှည့်လည်နေသတတ်။ မြတ်စွာဘုရားသည် ထိုဝက္ကလိရဟန်း၏ ဉာဏ်ရင့်ခြင်းကို ဆိုင်းငံ့တော်မူလျက် တစ်စုံတစ်ခုသော စကားကို မိန့်တော်မမူဘဲ “ယခုတစ်မူကား ထိုဝက္ကလိရဟန်း၏ ဉာဏ်ရင့်သန်ခြင်းသို့ ရောက်လတ်ပြီ”ဟု သိတော်မူလတ်သည်ရှိသော် “ချစ်သားဝက္ကလိ- ဤပုပ်သောကိုယ်ကို ဖူးမြင်ခြင်းဖြင့်၊ ဝါ-သင်ဖူးမြင်အပ်သော ဤပုပ်သောကိုယ်ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း။ ချစ်သား ဝက္ကလိ- အကြင်သူသည် စင်စစ် တရားကိုမြင်၏။ ထိုသူသည် ငါဘုရားကို ဖူးမြင်သည်မည်၏။ အကြင်သူသည် တရားကို မမြင်၊ ထိုသူသည် ငါဘုရားကို ဖူးမြင်ရသည်မမည်”ဟု မိန့်ဆိုတော်မူလျက် ဆုံးမတော်မူလေ၏။ ထိုဝက္ကလိရဟန်းသည် ဤသို့ပင် ဆုံးမသော်လည်း မြတ်စွာဘုရားအား ဖူးမြင်ခြင်းကိုပယ်စွန့်၍ အရပ်တစ်ပါးသို့ ဖဲသွားခြင်းငှာ မတတ်နိုင်သည်သာတည်း။

ဝက္ကလိမထေရ်ကို နှင်ပစ်ခြင်း

ထိုအခါ ဝက္ကလိရဟန်းကို မြတ်စွာဘုရားသည် “ဤရဟန်းကား ထိတ်လန့်ခြင်းကိုမရမူ၍ မကျွတ်လတ္တံ့”ဟု ဝါဆိုအံ့သောအခါ နီးကပ်လတ်သည်ရှိသော် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူပြီးလျှင် ဝါကပ်အံ့သောနေ့၌ “ဝက္ကလိ- ဖဲချေလော့၊ ဝက္ကလိ- ဖဲချေလော့”ဟု မြွက်ဆို၍ နှင်ထုတ်တော်မူလေ၏။ ထိုဝက္ကလိရဟန်းသည် “ငါ့ကို မြတ်စွာဘုရားသည် စကားမြွက်ဆိုတော်မူခြင်းကို ပြုတော်မမူ၊ ထို့ကြောင့် သုံးလပတ်လုံး မြတ်စွာဘုရား၏ မျက်မှောက်တော်၌ နေခြင်းငှာ မတတ်ကောင်း၊ ငါ့အား အသက်ရှင်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ တောင်ထက်မှ ကိုယ်ကို ပစ်ချပေတော့အံ့”ဟု ဂိဇ္ဈကုဋ်တောင်ပေါ်သို့ တက်သွားလေ၏။ မြတ်စွာဘုရားသည် ထိုဝက္ကလိမထေရ်၏ စိတ်ပင်ပန်းသောအဖြစ်ကို သိတော်မူ၍ “ဤရဟန်းသည် ငါဘုရား၏အထံ၌ သက်သာရာကို မရသည်ရှိသော် မဂ်ဖိုလ်တို့၏ အကြောင်းဥပနိဿယကို ဖျက်ဆီးပစ်ရာ၏”ဟု ကိုယ်တော်ကို ပြခြင်းငှာ ရောင်ခြည်တော်ကို လွှတ်တော်မူလေ၏။ ထိုအခါ၌ ဝက္ကလိမထေရ်သည် မြတ်စွာဘုရားအား ဖူးမြင်ရသောအခါမှစ၍ ထိုရွေ့လောက် ကြီးကျယ်သော စိုးရိမ်ခြင်းကိုသော်လည်း ပယ်ဖျောက်အပ်လေ၏။ ဘုရားရှင်သည် သွေ့ခြောက်လေပြီးသော တစ်ဖက်ဆည်ကန်ကို ရေအလျဉ်ဖြင့် ပြည့်စေဘိသကဲ့သို့ ဝက္ကလိမထေရ်အား အားကြီးစွာသော နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စိမ့်သောအကျိုးငှာ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၈၁] ပါမောဇ္ဇဗဟုလော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။

ပါမောဇ္ဇဗဟုလော၊ များသော နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်းရှိသော။ ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရား သာသနာတော်၌။ ပသန္နော၊ ကြည်ညိုနှစ်သက်သော။ ဘိက္ခု၊ ရဟန်းသည်။ သင်္ခါရူပသမံ၊ သင်္ခါရတို့ ငြိမ်းရာဖြစ်သော။ သုခံ၊ ချမ်းသာခြင်းတို့၏ အထွတ်ဖြစ်သော။ သန္တံ၊ ငြိမ်သက်သော။ ပဒံ၊ နိဗ္ဗာန်ကို။ အဓိဂစ္ဆေ၊ ရရာ၏။

ဝက္ကလိမထေရ် ရဟန္တာဖြစ်ခြင်း

ဤဂါထာကို ဟောကြားတော်မူပြီးလျှင် မြတ်စွာဘုရားသည် ဝက္ကလိမထေရ်အား လက်တော်ကို ဆန့်တန်းတော်မူလျက်-

ဧဟိ ဝက္ကလိ မာ ဘာယိ၊ သြလောကေဟိ တထာဂတံ။
အဟံ တံ ဥဒ္ဓရိဿာမိ၊ ပင်္ကေ သန္နံဝ ကုဉ္ဇရံ။

ဧဟိ ဝက္ကလိ မာ ဘာယိ၊ သြလောကေဟိ တထာဂတံ။
အဟံ တံ မောစယိဿာမိ၊ ရာဟုဂ္ဂဟံဝ သူရိယံ။

ဧဟိ ဝက္ကလိ မာ ဘာယိ၊ သြလောကေဟိ တထာဂတံ။
အဟံ တံ မောစယိဿမိ၊ ရာဟုဂ္ဂဟံဝ စန္ဒိမံ။

ဝက္ကလိ၊ ချစ်သားဝက္ကလိ။ ဧဟိ၊ လာလှည့်ချေလော့။ မာ ဘာယိ၊ မကြောက်လင့်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရားကို။ သြလောကေဟိ၊ ဖူးမြင်လေလော့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ပင်္ကေ၊ ညွန်ပျောင်း၌။ သန္နံ၊ ကျွံနစ်သော။ ကုဉ္ဇရံ ဣဝ၊ ဆင်ပြောင်ကြီးကိုကဲ့သို့။ ဥဒ္ဓရိဿာမိ၊ ကိလေသာညွန်ပျောင်းမှ ထုတ်ဆယ် ကယ်တင်တော်မူပေအံ့။

ဝက္ကလိ၊ ချစ်သားဝက္ကလိ။ ဧဟိ၊ လာလှည့်ချေလော့။ မာ ဘာယိ၊ မကြောက်လင့်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရားကို။ သြလောကေဟိ၊ ဖူးမြင်လေလော့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ရာဟုဂ္ဂဟံ၊ ရာဟုအသူရိန်ဖမ်းသော။ သူရိယံ ဣဝ၊ နေမင်းကိုကဲ့သို့။ မောစယိဿာမိ၊ ကိလေသာဖမ်းခြင်းမှ လွတ်မြောက်စေတော့အံ့။

ဝက္ကလိ၊ ချစ်သားဝက္ကလိ။ ဧဟိ၊ လာလှည့်ချေလော့။ မာ ဘာယိ၊ မကြောက်လင့်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရားကို။ သြလောကေဟိ၊ ဖူးမြင်လေလော့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ရာဟုဂ္ဂဟံ၊ ရာဟုအသူရိန်ဖမ်းသော။ စန္ဒိမံ ဣဝ၊ လမင်းကိုကဲ့သို့။ မောစယိဿာမိ၊ ကိလေသာဖမ်းခြင်းမှ လွတ်မြောက်စေတော့အံ့။

ဟူသော ဤဂါထာတို့ကိုလည်း ဟောကြားတော်မူလေ၏။ ထိုဝက္ကလိမထေရ်သည် “မြတ်စွာဘုရားကို ငါဖူးမြင်ရချေပြီ။ လာလှည့်ချေလော့ဟူ၍ ခေါ်ခြင်းကိုလည်း ရအပ်ပေပြီ”ဟု အားကြီးသော နှစ်သက်ခြင်းကို ဖြစ်စေပြီးလျှင် “အဘယ်ခရီးဖြင့် သွားရပါအံ့နည်း”ဟု သွားစရာလမ်းခရီးကို မမြင်သောကြောင့် မြတ်စွာဘုရား၏ ရှေးရှုမျက်မှောက် ကောင်းကင်၌ ပျံတက်ခုန်ချသဖြင့် ရှေးဦးစွာဖြစ်သော ခြေသည် တောင်ထိပ်၌ တည်စဉ်သာလျှင် မြတ်စွာဘုရားသည် ဟောကြားတော်မူသော ဂါထာကို ဆင်ခြင်လျက် ကောင်းကင်ဖြင့်သာလျှင် ပီတိကိုခွာ၍ ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက်သာလျှင် သက်ဆင်းကျလာ၍ မြတ်စွာဘုရား၏ အထံတော်၌ တည်လေ၏။

ထို့နောက် ဝက္ကလိမထေရ်ကို မြတ်စွာဘုရားသည် နောက်အဖို့၌ သဒ္ဓါလွန်သော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဟူသောအရာ၌ ထားတော်မူလေ၏။

(တစ်ပါးသောပုဂ္ဂိုလ်တို့အား သဒ္ဓါတရား တိုးတက်အောင် ပြုရ၏။ ဤဝက္ကလိ မထေရ်အားကား သဒ္ဓါတရား လျော့ပါးသွားအောင်ပြု၍ မရ။ ထို့ကြောင့် သဒ္ဓါလွန်ကဲသောအရာ၌ ဧတဒဂ်ရ၏ဟု အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ ဆို၏။)

ဝက္ကလိမထေရ်ဝတ္ထုပြီး၏။

֍ * ၁၂။ သုမနသာမဏေဝတ္ထု

ယော ဟဝေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူစဉ် သုမနသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်အနုရုဒ္ဓါအလောင်း ဆုတောင်းကောင်းမှု

(ထိုဝတ္ထု၌ ဤဆိုလတ္တံ့သည်ကား အစဉ်အတိုင်းဖြစ်သော စကားတည်း။)

ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ အမျိုးကောင်းသားတစ်ယောက်သည် မြတ်စွာဘုရားက ပရိသတ်လေးပါးအလယ်၌ တစ်ဦးသောရဟန်းကို ဒိဗ္ဗစက္ခုအဘိညာဉ်ရသော ရဟန်းတို့တွင် အမြတ်ဆုံးဟူသောအရာ၌ ထားတော်မူသည်ကို မြင်ရ၍ ထိုပြည့်စုံခြင်းကို တောင့်တလျက် မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား ကြီးစွာသောအလှူကို ပေးလှူ၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည်လည်း နောင်သောကာလ တစ်ဆူသောဘုရားရှင်၏ သာသနာတော်မြတ်၌ ဒိဗ္ဗစက္ခုအဘိညာဉ်ကိုရသော ရဟန်းတို့တွင် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်ရပါလို၏ဘုရား”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ကမ္ဘာတစ်သိန်းကို ကြည့်ရှုတော်မူသဖြင့် အမျိုးကောင်းသားအား ပတ္ထနာအမှု ဆုတောင်းခြင်း၏ ပြည့်စုံလတ္တံ့သောအဖြစ်ကို သိတော်မူလျှင် “ဤဘဝမှ ကမ္ဘာတစ်သိန်း၏အထက်၌ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ဒိဗ္ဗစက္ခုအဘိညာဉ်ကိုရသော ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သော အနုရုဒ္ဓါမည်သော မထေရ်ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။ ထိုအမျိုးကောင်းသားသည် ထိုဗျာဒိတ်စကားကို ကြားသိရလျှင် နက်ဖြန်ပင် ရောက်အံ့သကဲ့သို့ ထိုပြည့်စုံခြင်းကို အောက်မေ့မှတ်ထင်လျက် ဘုရားမြတ်စွာသည် ပရိနိဗ္ဗာန် စံလွန်တော်မူသည်ရှိသော် ရဟန်းတို့အား ဒိဗ္ဗစက္ခုအဘိညာဉ်၏အကြောင်း ပရိကံကို မေးမြန်း၍ ခုနစ်ယူဇနာရှိသော ရွှေစေတီကိုဝန်းရံလျက် များစွာကုန်သော ဆီမီးတိုင် အထောင်တို့ကို ပြုစေပြီးလျှင် ဆီမီးပူဇော်ခြင်းကို ပြုလေ၏။

အန္နဘာရ သူဆင်းရဲ၏အလှူ

ဆီမီးပူဇော်ခြင်းကို ပြုသဖြင့် ထိုဘဝမှ စုတေသည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည်လူ့ပြည်တို့၌ ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ကျင်လည်ပြီးလျှင် ဤဘဒ္ဒကပ်ကမ္ဘာ၌ ဗာရာဏသီပြည်ဝယ် သူဆင်းရဲအမျိုး၌ ဖြစ်သောကြောင့် သုမနသူဌေးကြီးကိုမှီလျက် မြက်ရိတ်သမားအဖြစ်ဖြင့် အသက်မွေးခြင်းကို ပြုရရှာလေ၏။ ထိုသူဆင်းရဲအား အန္နဘာရဟူသော အမည်သည် ဖြစ်၏။ သုမနသူဌေးကြီးသည်လည်း ထိုဗာရာဏသီပြည်၌ အခါခပ်သိမ်း အလှူကြီးကို ပေးလှူ၏။ တစ်နေ့သ၌ ဥပရိဋ္ဌအမည်ရှိသော ပစ္စေကဗုဒ္ဓါသည် ဂန္ဓမာဒနတောင်၌ နိရောဓသမာပတ်မှထ၍ “အဘယ်သူအား ယနေ့ ချီးမြှောက်ခြင်းကို ပြုရပါအံ့နည်း”ဟု ကြံစည်တော်မူလတ်သော် “ယနေ့ ငါသည် အန္နဘာရသူဆင်းရဲအား ချီးမြှောက်ခြင်းကို ပြုခြင်းငှာသင့်၏။ ယခုအခါ၌လည်း ထိုအန္နဘာရသူဆင်းရဲသည် တောအုပ်မှ မြက်ကိုယူဆောင်လျက် အိမ်သို့ လာလတ္တံ့”ဟု သိတော်မူရလျှင် သပိတ်သင်္ကန်းကိုယူ၍ တန်ခိုးတော်ဖြင့် ကြွသွားတော်မူလျက် အန္နဘာရ၏ မျက်မှောက်၌ ရှေးရှုရပ်တည်တော်မူလေ၏။ အန္နဘာရသည် ဆွမ်းမရှိ အချည်းနှီးသော သပိတ်ကို လက်စွဲလျက်ရပ်သော ပစ္စေကဗုဒ္ဓါကို မြင်ရလျှင် “အရှင်ဘုရား- ဆွမ်းရပါ၏လောဘုရား”ဟု မေးမြန်းတဲ့၍ “မြတ်သော ဘုန်းကံရှိသော ယောက်ျား- ငါတို့ ရကြပေလတ္တံ့”ဟု မိန့်ဆိုလတ်သည်ရှိသော် “အရှင်ဘုရား- ထိုသို့ဖြစ်မူ အတန်ငယ် ဆိုင်းငံ့တော်မူကြပါဦးဘုရား”ဟု လျှောက်ကြားသဖြင့် မြက်ထမ်းထမ်းပိုးကို စွန့်ပစ်ထားခဲ့၍ လျင်မြန်စွာ အိမ်သို့သွားပြီးလျှင် “ချစ်နှမ- ငါ့အလို့ငှာထားသောအဖို့ ထမင်းသည် ရှိသလော၊ မရှိသလော”ဟု မယားကို မေးမြန်း၍ “အရှင်- ရှိပါသည်”ဟု ဆိုလတ်သည်ရှိသော် လျင်စွာတစ်ဖန် ပြန်လာ၍ ရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်ကို ယူပြီးလျှင် “ငါ့အား လှူခြင်းငှာ အလိုရှိသော်လည်း လှူဖွယ်ဝတ္ထုသည် မရှိခဲ့၊ လှူဖွယ်ဝတ္ထုရှိသော်လည်း အလှူခံပုဂ္ဂိုလ်ကို မရ၊ ယနေ့မူကား ငါ့အား အလှူခံပုဂ္ဂိုလ်ကို မြင်ရ၏။ လှူဖွယ်ဝတ္ထုသည်လည်းရှိ၏။ ငါ့အား အရတော်လေစွတကား”ဟု ကြံစည်မိလေ၏။

“မရှိစကား မကြားရလို”ဟု ဆုတောင်းခြင်း

ဤသို့ကြံစည်ကာ အိမ်သို့ သွားရောက်ပြီးလျှင် ဆွမ်းကို သပိတ်၌ ထည့်စေသဖြင့် တစ်ဖန် ပြန်ဆောင်၍ ပစ္စေကဗုဒ္ဓါ၏ လက်တော်၌ ဆက်ကပ်တည်စေလျက်-

ဣမိနာ ပန ဒါနေန၊ မာ မေ ဒါလိဒ္ဒိယံ အဟု။
နတ္တီတိ ဝစနံ နာမ၊ မာ အဟောသိ ဘဝါဘဝေ။

ဘန္တေ၊ အရှင်ဘုရား။ ဣမိနာ ပန ဒါနေန၊ ဤသို့ ဆက်ကပ်လှူဒါန်းရသော ဒါနကုသိုလ်စေတနာကြောင့်။ ဘဝါဘဝေ၊ ဘဝကြီး,ဘဝငယ်၌။ မေ- မမ၊ တပည့်တော်အား။ ဝါ၊ တပည့်တော်၏။ ဒါလိဒ္ဒိယံ၊ သူဆင်းရဲအမျိုး၌ ဖြစ်ရခြင်းသည်။ မာ အဟု၊ မဖြစ်ပါစေသတည်း။ နတ္တီတိ ဝစနံနာမ၊ မရှိဟူသော စကားမည်သည်။ မာ အဟောသိ၊ မဖြစ်ပါစေသတည်း။

“အရှင်ဘုရား- ဤသို့သဘောရှိသော ငြိုငြင်ဆင်းရဲစွာ အသက်မွေးရခြင်းမှ လွတ်ကင်းရပါလို၏ဘုရား၊ မရှိဟူသော စကားသာလျှင် မကြားရသည့်ကိုယ် ဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းခြင်းကို ဖြစ်စေလေ၏။

ဆင်းရဲသားအလှူ နတ်သာဓုခေါ်ခြင်း

ပစ္စေကဗုဒ္ဓါသည် “မြတ်သောဘုန်းကံရှိသော ယောက်ျား- ဤသို့ သင်ဆုတောင်းသည့်အတိုင်း ဖြစ်စေသတည်း”ဟု မိန့်တော်မူ၍ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုပြီးလျှင် ဖဲကြွသွားတော်မူလေ၏။ သုမနသူဌေးကြီး၏လည်း ထီးချက်စောင့်နတ်သည်-

အဟောဒါနံ ပရမဒါနံ၊ ဥပရိဋ္ဌေသု ပတိဋ္ဌိတံ။

ဒါနံ၊ လှူဒါန်းရခြင်းသည်။ ပရမဒါနံ၊ မြတ်သော အလှူဒါန ဖြစ်လေစွတကား။ ဥပရိဋ္ဌေသု၊ ဥပရိဋ္ဌ အမည်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတို့၌။ ပတိဋ္ဌိတံ၊ ကောင်းစွာ တည်လတ်ပြီးသည်ဖြစ်၍။ အဟော၊ ဪ-လက်ဖျစ်တီး၍ အံ့ချီးဖွယ်ကောင်းလှသော အလှူဒါန ဖြစ်ခဲ့လေစွတကား။

ဟုဆို၍ သုံးကြိမ်တိုင်တိုင် ကောင်းချီးပေးလေ၏။ ထိုအခါ ထီးချက်စောင့်နတ်ကို သူဌေးကြီးသည် “အဘယ့်ကြောင့် ငါ့ကို ဤမျှလောက်သောကာလပတ်လုံး အလှူကို ပေးလှူလျက်နေသည်ကို မမြင်ဘိသလော”ဟု ဆိုလေ၏။ “အကျွန်ုပ်သည် သင်သူဌေးကြီး၏အလှူကို အာရုံပြု၍ ကောင်းချီးပေးသည် မဟုတ်ပါ။ အန္နဘာရ သူဆင်းရဲသည်ကား ဥပရိဋ္ဌအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ပေးလှူအပ်သောဆွမ်း၌ ကြည်ညိုလှသောကြောင့် အကျွန်ုပ်သည် ဤသို့သော ကောင်းချီးပေးခြင်းကို ဖြစ်စေအပ်၏”ဟု ဆိုလတ်သော် ထိုသုမနသူဌေးကြီးသည် “အချင်းတို့- ဪ- အံ့ဖွယ်ရှိပေစွတကား။ ငါသည် ဤမျှလောက်သော ကာလပတ်လုံး အလှူပေးလှူပါလျက် နတ်တို့အား ကောင်းချီးပေးခြင်းငှာ မတတ်နိုင်၊ အန္နဘာရသူဆင်းရဲသည် ငါ့ကိုမှီ၍ အသက်မွေးရသည်ဖြစ်ပါလျက် တစ်ကြိမ်လှူသော ဆွမ်းဖြင့်ပင်လျှင် ကောင်းချီးကို ပေးစေနိုင်ဘိ၏။ ထိုအန္နဘာရ၏အလှူ၌ လျောက်ပတ်သည်ကိုပြု၍ လှူသောဆွမ်းကို ငါ့ဥစ္စာဖြစ်အောင် ပြုလုပ်ပေအံ့”ဟု ကြံတဲ့ပြီးလျှင် အန္နဘာရကို ခေါ်စေ၍ “ယနေ့ သင်သည် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား တစ်စုံတစ်ခုသော ဝတ္ထုပစ္စည်းကို ပေးလှူလေသလော”ဟု မေးမြန်းလေ၏။ “အရှင်သူဌေးကြီး- ပေးလှူသည် မှန်ပါ၏။ ဥပရိဋ္ဌအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ကျွန်တော်သည် ယနေ့အဖို့ဖြစ်သောဆွမ်းကို ပေးလှူရပါသည်”ဟု ဆိုလတ်သော် “အချင်း အန္နဘာရ- ယခု အသပြာကိုယူ၍ ငါ့အား ဤဆွမ်းကို ပေးလော့”ဟု ဆိုလေ၏။ “အရှင်သူဌေးကြီး- မပေးနိုင်ပါ”ဟု ဆိုလတ်သော် သုမနသူဌေးကြီးသည် အသပြာတစ်ထောင်တိုင်အောင် တိုးတက်စေ၏။ အန္နဘာရသူဆင်းရဲသည် “အသပြာတစ်ထောင်ဖြင့်သော်လည်း မပေးနိုင်ပါ”ဟု ဆိုလတ်သော် ထိုအခါ ထိုအန္နဘာရကို “အချင်း- ထိုသို့မပေးနိုင်သည် ဖြစ်စေတော့၊ ဆွမ်းကို အကယ်၍ သင်မပေးနိုင်သည်ဖြစ်အံ့၊ အသပြာတစ်ထောင်ကိုယူ၍ အလှူ၏အဖို့ကို ငါ့အားပေးပါလော့”ဟု ဆိုပြန်လေ၏။ ထိုအန္နဘာရသည် “အရှင်ပစ္စေကဗုဒ္ဓါနှင့် အတူတကွတိုင်ပင်ပြီးမှ သိရပါအံ့”ဟုဆို၍ လျင်မြန်စွာ ပစ္စေကဗုဒ္ဓါသို့ အမီလိုက်သွားပြီးလျှင် “အရှင်ဘုရား- သုမနသူဌေးကြီးသည် အသပြာတစ်ထောင်ကိုပေး၍ အရှင်ဘုရားတို့အား လှူသောဆွမ်း၌ ကုသိုလ်အဖို့ကို တောင်းပါသည်။ အဘယ်သို့ ပြုရပါမည်နည်းဘုရား”ဟု မေးလျှောက်လေ၏။

သုမနသူဌေး တစ်ထောင်ပေး၍ သာဓုခေါ်ခြင်း

ထိုအခါ အန္နဘာရ သူဆင်းရဲအား ပစ္စေကဗုဒ္ဓါသည် ဥပမာ ဆောင်ပြတော်မူလေ၏။ “ပညာရှိသော ယောက်ျား- ဥပမာမည်သည်ကား အမျိုးသား အိမ်တစ်ရာရှိသော ရွာတွင် တစ်ခုသောအိမ်၌ ဆီမီးသည် ထွန်းလင်းတောက်ပငြားအံ့၊ ကြွင်းသောသူတို့သည် မိမိ၏ဆီဖြင့် ဆီမီးစာကိုဆွတ်၍ သွားပြီးလျှင် တောက်ပစေ၍(မီးညှိ၍) ယူကုန်ငြားအံ့။ ရှေးဖြစ်သော ဆီမီး၏အရောင်သည် ရှိသေး၏ဟု ဆိုအပ်သလော၊ မရှိပြီဟု ဆိုအပ်သလော”ဟု မေးတော်မူလျှင်၊ “အရှင်ဘုရား- အတိုင်းထက်အလွန် အရောင်တောက်ပပါသည်ဘုရား”ဟု လျှောက်လေ၏။ “ပညာရှိသော ယောက်ျား- ဤအတူသာလျှင် တစ်ယောက်မမျှသော ယာဂုသည်မူလည်း ဖြစ်စေ၊ တစ်ယောက်မမျှသော ဆွမ်းသည်လည်း ဖြစ်စေ၊ မိမိ၏ဆွမ်း၌ သူတစ်ပါးတို့အား အလှူအဖို့ကို ပေးရသောသူအား အကြင်မျှလောက်ကုန်သောသူတို့အား ပေးရ၏။ ထိုမျှလောက် ကောင်းမှုတိုးပွား၏။ သင်သည်လည်း တစ်ခုသော ဆွမ်းကိုသာ လှူဘိ၏။ သူဌေးကြီးအား အလှူအဖို့ကို ပေးအပ်သည်ရှိသော် နှစ်ခုသော ဆွမ်းတို့သည် ဖြစ်ကုန်၏။ တစ်ဖို့သည် သင့်အတွက်၊ တစ်ဖို့သည် သူဌေးကြီးအတွက် ဖြစ်စေသတည်း”ဟု မိန့်တော်မူလတ်သော်၊ အန္နဘာရသည် “အရှင်ဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ ပစ္စေကဗုဒ္ဓါကို ရှိခိုးပြီးလျှင် သူဌေးကြီး၏ အထံသို့သွား၍၊ “အရှင်သူဌေးကြီး- အလှူအဖို့ကို ယူတော်မူပါလော့”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ ဤအသပြာတို့ကို ယူလော့”ဟု ဆိုလတ်သည်ရှိသော် “ကျွန်တော်သည် ဆွမ်းကို မရောင်းပါ၊ သဒ္ဓါကြည်ညိုသဖြင့် ရှင်သူဌေးကြီးအား အလှူအဖို့ကို ပေးဝေပါ၏”ဟု ဆိုသဖြင့် “သင်သည် သဒ္ဓါကြည်ညို၍ ပေးပေ၏။ ငါသည်လည်း သင်၏ဂုဏ်ကျေးဇူးတို့ကို ပူဇော်ပေ၏။ အမောင် ယူလော့။ ဤနေ့မှစ၍လည်း မိမိ၏လက်ဖြင့် အမှုကို မပြုလေလင့်”ဟု ဆို၍ “လမ်းခရီး၌ အိမ်ကိုဆောက်လုပ်စေ၍ နေချေလော့၊ အကြင်ဝတ္ထုဖြင့် သင်အား အလိုရှိ၊ ထိုဝတ္ထုအလုံးစုံကို ငါ့အထံမှယူလော့”ဟု ဆိုလေ၏။ နိရောဓသမာပတ်မှထသော ပစ္စေကဗုဒ္ဓါအား လှူအပ်သော ဆွမ်းသည် ထိုနေ့၌သာလျှင် အကျိုးပေး၏။ ထို့ကြောင့် ပြည့်ရှင်မင်းသည်လည်း ထိုအကြောင်းကို ကြားလတ်သော် အန္နဘာရကို ခေါ်စေပြီးလျှင် အလှူအဖို့ကိုယူသဖြင့် များစွာ စည်းစိမ်ဥစ္စာ အသုံးအဆောင်ကိုပေး၍ အန္နဘာရအား သူဌေးကြီးအရာကို ပေးစေတော်မူလေ၏။

အနုရုဒ္ဓါမင်းသား ဖြစ်လာခြင်း

ထိုအန္နဘာရသူဌေးသည် သုမနသူဌေး၏ အဆွေခင်ပွန်းဖြစ်၍ အသက်ထက်ဆုံး ကောင်းမှုတို့ကိုပြုသဖြင့် ထိုကိုယ်အဖြစ်မှ စုတေသည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည်,လူ့ပြည်တို့၌ ကျင်လည်လျက် ဤငါတို့ ဘုရားရှင် ပွင့်ထွန်းတော်မူသောအခါ ကပိလဝတ်ပြည်၌ အမိတောဒနသာကီဝင်မင်းကြီး၏ အိမ်တော်၌ ပဋိသန္ဓေယူလေ၏။ မယ်တော်သည် ဆယ်လလွန်သောအခါ သားကိုဖွားမြင်လေ၏။ ထိုသတို့သားအား အနုရုဒ္ဓါဟူသောအမည်ကို မှည့်ကြလေကုန်၏။ ထိုအနုရုဒ္ဓါ မင်းသားသည် မဟာနာမ်အမည်ရှိသော သာကီဝင်မင်းသား၏ ညီတော်၊ မြတ်စွာဘုရား၏ ဘထွေးတော်၏ သားတော်၊ အလွန် နူးညံ့သိမ်မွေ့သော ကြီးသော ဘုန်းကံရှိသော သတို့သား ဖြစ်လေ၏။ တစ်နေ့သ၌ ခြောက်ယောက်သော မင်းသားတို့သည် မုန့်တို့ဖြင့် လောင်းကြေးပြု၍ ရွဲလုံးတို့ဖြင့် ကစားကြကုန်သည်ရှိသော် အနုရုဒ္ဓါမင်းသားသည် ရှုံးသည်ဖြစ်၍ မုန့်တို့၏အလို့ငှာ မယ်တော်ထံသို့ လွှတ်လေသတတ်။ မယ်တော်သည် ရွှေခွက်ကြီးကို ပြည့်စေလျက် မုန့်တို့ကို ပို့စေလေ၏။ မုန့်တို့ကိုစား၍ တစ်ဖန် ကစားပြန်သည်ရှိသော် ရှုံးပြန်သောကြောင့် ထို့အတူပင် စေလွှတ်ပြန်လေ၏။ ဤသို့လျှင် သုံးကြိမ်တိုင်တိုင် မုန့်တို့ကို ဆောင်ယူအပ်ကုန်သည်ရှိသော် လေးခုမြောက်သောအကြိမ်၌ မယ်တော်က “ယခုအခါ မုန့်တို့သည် မရှိ၊ ကုန်ပြီ”ဟု စေလွှတ်လေ၏။

မရှိဟူသောစကား နားမလည်ခြင်း

ထိုမယ်တော်၏ စကားကို ကြားရလျှင် မရှိဟူသောစကားကို မကြားအပ်စဖူးသည် အဖြစ်ကြောင့် “မရှိမုန့်တို့မည်သည် ယခုအခါ၌ ဖြစ်ပေါ်လာကုန်လတ္တံ့”ဟူသော အမှတ်သညာကိုပြု၍၊ “သွားချေ- မရှိမုန့်တို့ကို ဆောင်ခဲ့ချေလော့”ဟု စေလွှတ်လိုက်လေ၏။ ထိုအခါ အနုရုဒ္ဓါမင်းသား၏ မယ်တော်သည်ကား “အရှင်မ- မရှိမုန့်တို့ကို ပေးလိုက်ကြပါကုန်တဲ့လော့”ဟု ဆိုအပ်သည်ရှိသော် “ငါ၏သားတော်သည် မရှိဟူသောစကားကို မကြားအပ်စဖူးခဲ့ပေ။ အဘယ်သို့လျှင် မရှိ၏အဖြစ်ကို သိစေရအံ့နည်း”ဟု နှလုံးပြုလျက် ရွှေခွက်ကိုဆေးပြီးလျှင် ရွှေခွက်တစ်ခုဖြင့်မှောက်၍၊ “အမောင်- ယခုအခါ၌ ဤရွှေခွက်ကို ငါ၏သားတော်အား ပေးချေလော့”ဟု စေလွှတ်လိုက်လေ၏။ ထိုခဏ၌ မြို့ကိုစောင့်ရှောက်ကုန်သော နတ်တို့သည် “ငါတို့အရှင်မင်းသားသည် အန္နဘာရ သူဆင်းရဲဖြစ်သောအခါ ဥပရိဋ္ဌအမည်ရှိသော ရှင်ပစ္စေကဗုဒ္ဓါအား မိမိအဖို့ဖြစ်သော ထမင်းကိုလှူ၍ မရှိဟူသော စကားကိုသာလျှင် မကြားရသည့်ကိုယ် ဖြစ်ရပါလို၏ဟု ဆုတောင်းခြင်းမည်သည်ကို ဖြစ်စေအပ်၏။ (ဆုတောင်းထားဖူး၏) ငါတို့သည် ထိုအကြောင်းကို သိကြကုန်လျက် အကယ်၍ လျစ်လျူရှုကုန်ငြားအံ့၊ ငါတို့ဦးခေါင်းသည်လည်း ခုနစ်စိတ်ကွဲရာ၏”ဟု ကြံစည်အောက်မေ့ပြီးလျှင် နတ်ပြည်၌ဖြစ်သော မုန့်တို့ဖြင့် ရွှေခွက်ကို ပြည့်စေကြရလေကုန်၏။ ထိုမင်းသား အခိုင်းအစေခံယောက်ျားသည် ရွှေခွက်ကို ဆောင်ယူသွားပြီးလျှင် မင်းသား၏အထံ၌ထား၍ ဖွင့်လေ၏။ ထိုမုန့်တို့၏အနံ့သည် မြို့အလုံးကို ပျံ့နှံ့လေ၏။ မုန့်ကိုကား ခံတွင်း၌ ထားအပ်ခါမျှပင် အရသာကိုဆောင်တတ်သော အကြောပေါင်း ခုနစ်ထောင်တို့ကို ပျံ့နှံ့၍ တည်လေသည်။

မရှိမုန့်တို့ကို အမြဲသုံးဆောင်ရခြင်း

အနုရုဒ္ဓါမင်းသားသည်လည်း “ငါ့ကို မယ်တော်သည် ဤနေ့မှရှေး၌ မချစ်ခင်ဟန် ရှိ၏။ တစ်ပါးသောအခါ၌ ငါ့အလို့ငှာ မယ်တော်သည် မရှိမုန့်မည်သည်ကို မကြော်မချက်အပ်စဖူး”ဟု ကြံပြီးလျှင် ထိုအနုရုဒ္ဓါမင်းသားသည် မယ်တော်၏အထံသို့ သွားတဲ့၍ မယ်တော်ကို “မယ်တော်- မယ်တော်သည် သားတော်ကို မချစ်ခင်အပ်လေသလော”ဟု ဆိုလေ၏။ “ချစ်သား- အသို့ဆိုဘိသနည်း၊ မယ်တော်၏ မျက်စိထက်လည်းကောင်း၊ နှလုံးသားထက်လည်းကောင်း သင်ချစ်သားကို လွန်စွာ ချစ်ခင်မြတ်နိုးလှပေ၏”ဟု ဆိုလတ်သော်၊ “မယ်တော်- မယ်တော်သည် သားတော်ကို အကယ်၍ ချစ်ခင်သည်ဖြစ်အံ့၊ အဘယ်ကြောင့် သားတော်အား ရှေးအခါ၌ ဤသို့သဘောရှိသော မရှိမုန့်မည်သည်တို့ကို မပေးပါဘိသနည်း”ဟု ဆိုလေ၏။ မယ်တော်သည် ထိုမင်းသား အခိုင်းအစေခံ ယောက်ျားကို၊ “အမောင်- ရွှေခွက်၌ တစ်စုံတစ်ခုသောဝတ္ထု ပါရှိလေသလော”ဟု မေးလေ၏။ “အရှင်မ- ပါရှိသည် မှန်ပါ၏။ ရွှေခွက်၌ မုန့်တို့ဖြင့် အပြည့်ဖြစ်ပါသည်။ ဤသို့သဘောရှိသော မုန့်တို့ကို အရှင့် ကျွန်တော်မျိုးသည် မမြင်အပ်စဖူးပါ”ဟု လျှောက်တင်လေ၏။ အနုရုဒ္ဓါမင်းသား၏ မယ်တော်သည် “ငါ၏သားတော်ကား ပြုအပ်သော ဆုတောင်းကောင်းမှုရှိသောသူဖြစ်၍ ငါ့သားတော် အနုရုဒ္ဓါအား နတ်တို့သည် နတ်၌ဖြစ်သော မုန့်တို့ကို ပို့သွင်းဆက်သကြရသည် ဖြစ်ကုန်လတ္တံ့”ဟု ကြံဆင်ခြင်မိလေ၏။ ထိုအနုရုဒ္ဓါမင်းသားသည်လည်း မယ်တော်ကို၊ “မယ်တော်- သားတော်သည် ဤသို့သဘောရှိသော မုန့်တို့ကို မစားရစဖူးပါ။ ဤနေ့မှစ၍ သားတော်အလို့ငှာ မရှိမုန့်ကိုသာလျှင် အပို့ခိုင်းပါမယ်တော်”ဟု ဆိုလေ၏။ မယ်တော်သည်လည်း ထိုနေ့မှစ၍ အနုရုဒ္ဓါမင်းသားက မုန့်စားလိုပါသည်ဟု ပြောဆိုသောကာလ၌ ရွှေခွက်တစ်ခုကို ဆေးကြောပြီးလျှင် တစ်ပါးသော ရွှေခွက်ဖြင့်မှောက်၍ ပို့လိုက်လေ၏။ နတ်တို့သည် ထိုရွှေခွက်ကို ပြည့်စေကြရလေကုန်၏။ ဤသို့လျှင် အနုရုဒ္ဓါမင်းသားသည် အိမ်ရာထူထောင် လူ့ဘောင်အလယ်၌နေလျက် မရှိဟူသော စကား၏အနက်ကို မသိ၍ နတ်၌ဖြစ်သော မုန့်တို့ကိုသာ သုံးဆောင်ရလေ၏။

မင်းသားသုံးယောက်၊ အမြင်သုံးမျိုး

မြတ်စွာဘုရား၏ အခြံအရံအလို့ငှာ ဆွေတော်မျိုးတော် အစဉ်အဆက်အားဖြင့် သာကီဝင်မင်းသားတို့ ရဟန်းပြုကြကုန်သည်ရှိသော် မဟာနာမ်အမည်ရှိသော သာကီဝင်မင်းသည်၊ “ညီငယ်- ငါတို့၏အမျိုး၌ တစ်စုံတစ်ယောက် ရဟန်းပြုသောသူမရှိ၊ သင်သည်မူလည်း ရဟန်းပြုအပ်၏။ ငါသည်မူလည်း ရဟန်းပြုအပ်၏”ဟု ဆိုလတ်သည်ရှိသော် အနုရုဒ္ဓါမင်းသားက “ကျွန်တော်သည် အလွန်နူးညံ့သိမ်မွေ့လှပါသည်၊ ရဟန်းပြုခြင်းငှာ မတတ်နိုင်ပါလတ္တံ့”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ အမှုကြီးငယ် လုပ်ငန်းကို သင်ယူလော့၊ ငါသည် ရဟန်းပြုအံ့”ဟု ဆိုလျှင် “ဤအမှုကြီးငယ် လုပ်ငန်းမည်သည် အဘယ်ပါနည်း”ဟု မြွက်ဆိုလေ၏။ ထိုအနုရုဒ္ဓါမင်းသားသည် ထမင်း၏ဖြစ်ရာ အရပ်ကိုသော်လည်းမသိ၊ အမှုကြီးငယ်လုပ်ငန်းကို အဘယ်မှာလျှင် သိနိုင်ရှာအံ့နည်း။ ထို့ကြောင့် ဤသို့ မြွက်ဆိုဘိ၏။ တစ်နေ့သ၌ အနုရုဒ္ဓါ, ဘဒ္ဒိယ, ကိမိလဟူသော သုံးယောက်သော မင်းသားတို့သည် “ထမင်းမည်သည် အဘယ်အရပ်၌ ဖြစ်ပေါ်လာသနည်း”ဟု တိုင်ပင်ဆွေးနွေးကြလေကုန်၏။ ထိုသုံးယောက်သော မင်းသားတို့တွင် ကိမိလမင်းသားသည် “ကျီတို့၌ ဖြစ်ပေါ်၏”ဟု ဆိုလေ၏။

(ထိုကိမိလမင်းသားသည် တစ်နေ့သောအခါ ကျီ၌ စပါးထည့်သွင်းကြသည်တို့ကို မြင်ဖူး၏။ ထို့ကြောင့် ကျီ၌ ထမင်းဖြစ်၏ဟူသော အမှတ်သညာဖြင့် ဤသို့ ပြောဆိုလေသတတ်။)

ထိုအခါ ကိမိလမင်းသားကို ဘဒ္ဒိယမင်းသားသည် “သင်-မသိ”ဟု ဆို၍ “ထမင်းမည်သည်ကား ထမင်းအိုး၌ ဖြစ်ပေါ်၏”ဟု ဆိုလေ၏။

(ထိုဘဒ္ဒိယမင်းသားသည် တစ်နေ့သ၌ ထမင်းအိုးမှ ထမင်းခူးသည်တို့ကို မြင်ရဖူးသဖြင့် ဤထမင်းအိုး၌သာ ထမင်းဖြစ်ပေါ်၏ဟူ၍ အမှတ်သညာကို ပြုလေ၏။ ထို့ကြောင့် ဤသို့ ပြောလေသတတ်။)

အနုရုဒ္ဓါမင်းသားသည် “နှစ်ယောက်စလုံးလည်း ဖြစ်ကုန်သော ထိုသင်တို့သည် မသိကြကုန်”ဟု ဆို၍ “ထမင်းမည်သည်ကား တစ်တောင်ခန့်အမြင့်ရှိသော ပွဲတော်အုပ်၏ အတွင်း၌ရှိသော ရွှေခွက်ကြီး၌ ဖြစ်ပေါ်၏”ဟု ဆိုလေ၏။

(ထိုအနုရုဒ္ဓါမင်းသားသည် စပါးထောင်းသည်တို့ကိုလည်း မမြင်အပ်စဖူးကုန်၊ ထမင်းချက်သည်တို့ကိုလည်း မမြင်အပ်စဖူးကုန်၊ ရွှေခွက်၌ ခူးထည့်ပြီးလျှင် ရှေ့၌ထားသော ထမင်းကိုသာလျှင် မြင်ရ၏။ ထို့ကြောင့် ရွှေခွက်၌သာလျှင် ထမင်းဖြစ်ပေါ်၏ဟု အမှတ်သညာကို ပြုလေ၏။ ထို့ကြောင့် ဤသို့ ပြောဆိုလေသတတ်။)

အနုရုဒ္ဓါမင်းသား ရဟန်းပြုခြင်း

ဤသို့ ထမင်းဖြစ်ပေါ်ရာအရပ်ကို မသိရှာသော ကြီးသောဘုန်းကံရှိသော အမျိုးကောင်းသားသည် အမှုကြီးငယ်လုပ်ငန်းတို့ကို အဘယ်မှာ သိနိုင်ရှာအံ့နည်း။ ထို့ကြောင့် မဟာနာမ်မင်းသားသည်၊ “ညီတော် အနုရုဒ္ဓါမင်းသား- လာလော့၊ သင့်အား အိမ်ရာထူထောင် လူ့ဘောင်၌ နေဖို့အလို့ငှာ ဆုံးမပေအံ့။ ရှေးဦးစွာ လယ်ကို ထွန်စေအပ်၏။” ဤသို့အစရှိသောနည်းဖြင့် နောင်တော်သည် သွန်သင်ဆုံးမ ပြောပြအပ်သော အမှုကိစ္စလုပ်ငန်းတို့၏ အဆုံးမရှိသည့်အဖြစ်ကို ကြားရလျှင် “ငါ့အား အိမ်ရာထူထောင် လူ့ဘောင်၌နေခြင်းဖြင့် အလိုမရှိ”ဟု နှလုံးပြုလျက် မယ်တော်ကို ပန်ကြားပြီးလျှင် ဘဒ္ဒိယအမှူးရှိသော ငါးယောက်သော သာကီဝင်မင်းသားတို့နှင့် အတူတကွထွက်၍ အနုပိယအမည်ရှိသော သရက်ဥယျာဉ်၌ မြတ်စွာဘုရားသို့ ချဉ်းကပ်ကာ ရဟန်းပြုလေ၏။ ရဟန်းပြုပြီး၍ကား ကောင်းသောအကျင့်ကို ကျင့်သဖြင့် အစဉ်အတိုင်းအားဖြင့် သုံးပါးသော ဝိဇ္ဇာတို့ကို မျက်မှောက်ပြုပြီးလျှင် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် တစ်ခုတည်းသောနေရာ၌ နေလျက်သာ လက်ဝါးပြင်၌ ထားအပ်သော သျှိသျှားသီးတို့ကိုကဲ့သို့ အထောင်သော လောကဓာတ်တို့ကို ကြည့်ရှုခြင်းငှာ စွမ်းနိုင်သည်ဖြစ်၍ ဤဂါထာကို ဆိုလေ၏။

ပုဗ္ဗေနိဝါသံ ဇာနာမိ၊ ဒိဗ္ဗစက္ခု ဝိသောဓိတံ။
တေဝိဇ္ဇော ဣဒ္ဓိပတ္တောမှိ၊ ကတံ ဗုဒ္ဓဿ သာသနံ။

အဟံ၊ ငါအနုရုဒ္ဓါသည်။ ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို။ ဇာနာမိ၊ သိနိုင်၏။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို။ ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ။ တေဝိဇ္ဇော၊ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသော။ ဣဒ္ဓိပတ္တော၊ တန်ခိုးအထူးသို့ ရောက်သောသူသည်။ အမှိ၊ ဖြစ်၏။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမကို။ ကတံ၊ လိုက်နာပြုကျင့်ရပေပြီ။

ဤသို့ ဥဒါန်းကို နှစ်သက်ဝမ်းမြောက်စွာ ကျူးရင့်တော်မူပြီးလျှင် “အဘယ်ကောင်းမှုကို ပြုဖူးသောကြောင့် ဤသို့သော ပြည့်စုံခြင်းကို ငါရဘိသနည်း”ဟု ကြည့်ရှုဆင်ခြင်တော်မူလတ်သည်ရှိသော် “ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဆုတောင်းခြင်းကို ဖြစ်စေဖူးပြီ”ဟု သိတော်မူ၍ တစ်ဖန် သံသရာ၌ တပြောင်းပြန်ပြန်ကျင်လည်စဉ် ဤအမည်ရှိသောအခါ ဗာရာဏသီပြည်၌ သုမနသူဌေးကြီးကိုမှီလျက် အသက်မွေးရသော အန္နဘာရအမည်ရှိသော မြက်ရိတ်သမား ဖြစ်ရဖူးပြီဟူ၍လည်း သိတော်မူ၍ ဤဂါထာကို ရွတ်ဆိုလေ၏။

အန္နဘာရော ပုရေ အာသိံ၊ ဒလိဒ္ဒေါ တိဏဟာရကော။
ပိဏ္ဍပါတော မယာ ဒိန္နော၊ ဥပရိဋ္ဌဿ တာဒိနော။

အဟံ၊ ငါအနုရုဒ္ဓါသည်။ ပုရေ၊ ရှေးအခါ၌။ အန္နဘာရော၊ အန္နဘာရ အမည်ရှိသော။ ဒလိဒ္ဒေါ၊ ဆင်းရဲလှသော။ တိဏဟာရကော၊ မြက်ရိတ်သမားသည်။ အာသိံ၊ ဖြစ်ဖူးပြီ။ မယာ၊ ငါသည်။ တာဒိနော၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော။ ဥပရိဋ္ဌဿ၊ ဥပရိဋ္ဌအမည်ရှိသော အရှင်ပစ္စေကဗုဒ္ဓါအား။ ပိဏ္ဍပါတော၊ ဆွမ်းကို။ ဒိန္နော၊ ပေးလှူအပ်ဖူးပြီ။

သုမနအား ချီးမြှောက်ရန် ကြွသွားခြင်း

ထိုအခါ အနုရုဒ္ဓါမထေရ်မြတ်အား ဤသို့သော အကြံသည် ဖြစ်လေ၏။ “ထိုအခါ ငါသည် ဥပရိဋ္ဌအမည်ရှိသော ပစ္စေကဗုဒ္ဓါအား လှူဒါန်းအပ်သောဆွမ်းမှ အသပြာတို့ကိုပေး၍ အလှူအဖို့ကို ယူလေဖူးသော ငါ၏အဆွေခင်ပွန်း အကြင်သုမနသူဌေးကြီးသည်ရှိ၏။ ထိုသုမနသူဌေးကြီးသည် ယခုအခါ အဘယ်အရပ်၌ ဖြစ်လေဘိသနည်း”ဟု အကြံဖြစ်လေ၏။ ထိုအခါ သုမနသူဌေးကို ဝိဇ္ဈာဋဝီတောအုပ်တွင် တောင်ခြေရင်း၌ မုဏ္ဍအမည်ရှိသော နိဂုံးသည်ရှိ၏။ ထိုနိဂုံး၌ မဟာမုဏ္ဍအမည်ရှိသော ဒါယကာအား မဟာသုမန, စူဠသုမနဟူသော သားတော်နှစ်ယောက်တို့သည် ရှိကုန်၏။ ထိုနှစ်ယောက်တို့တွင် စူဠသုမနဖြစ်နေသည်ဟု မြင်တော်မူလေ၏။ မြင်တော်မူပြီးလတ်သော်ကား “ထိုအရပ်သို့ ငါသွားသည်ရှိသော် ကျေးဇူးရှိအံ့လော၊ မရှိအံ့လော”ဟု ကြံစည်မိလေ၏။ အနုရုဒ္ဓါမထေရ်သည် စူးစမ်းဆင်ခြင်လတ်သည်ရှိသော် “စူဠသုမနကား ထိုအရပ်သို့ ငါသွားသည်ရှိသော် ခုနစ်နှစ်အရွယ် ရှိသည်ဖြစ်လျက်သာလျှင် လူ့ဘောင်မှထွက်၍ ရှင်သာမဏေပြုပေလတ္တံ့၊ သင်တုန်းအဆုံး၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လတ္တံ့”ဟု ဤသို့သောအကြောင်းကို မြင်တော်မူလေ၏။ မြင်တော်မူပြီး၍ကား ဝါတွင်းအခါ နီးလတ်သည်ရှိသော် ကောင်းကင်ခရီးဖြင့် ကြွသွား၍ ရွာတံခါး၌ သက်ဆင်းလေ၏။ မဟာမုဏ္ဍအမည်ရှိသော ဒါယကာသည်ကား မထေရ်မြတ်၏ ရှေးအခါကပင် အကျွမ်းဝင်ဖူးသော ဒါယကာဖြစ်သည်သာတည်း။ ထိုမဟာမုဏ္ဍဒါယကာသည် အနုရုဒ္ဓါမထေရ်ကို ဆွမ်းခံကြွချိန်အခါ သင်္ကန်းရုံနေသည်ကို မြင်ရသဖြင့် သားဖြစ်သော မဟာသုမနကို၊ “ချစ်သား- ငါ၏အရှင်ဖြစ်သော အနုရုဒ္ဓါမထေရ်သည် ကြွလာတော်မူ၏။ အကြင်ရွေ့လောက် ထိုအနုရုဒ္ဓါမထေရ်၏ သပိတ်တော်ကို တစ်စုံတစ်ယောက်သောသူသည် မယူသေး၊ ထိုရွေ့လောက်သွား၍ မထေရ်မြတ်၏ သပိတ်တော်ကို ယူချေလော့။ ငါသည် နေရာကို ခင်းနှင့်အံ့”ဟု ဆိုလေ၏။ ထိုမဟာသုမနသည် ဖခင်ဆိုတိုင်း ပြုလေ၏။

စူဠသုမန ရှင်ပြု၍ ရဟန္တာဖြစ်ခြင်း

မုဏ္ဍအမည်ရှိသော ဒါယကာသည် အနုရုဒ္ဓါမထေရ်ကို အိမ်တွင်း၌ ရိုသေစွာ ဆွမ်းလုပ်ကျွေးပြီးလျှင် ဝါတွင်းသုံးလပတ်လုံး ဝါဆို၍ နေစိမ့်သောငှာ ပဋိညာဉ်ဝန်ခံခြင်းကို ယူလေ၏။ အနုရုဒ္ဓါမထေရ်သည်လည်း သည်းခံတော်မူ၏။ ထိုအခါ အနုရုဒ္ဓါမထေရ်ကို တစ်နေ့တည်း၌ လုပ်ကျွေးစောင့်ရှောက်ဘိသကဲ့သို့ ဝါတွင်းသုံးလပတ်လုံး လုပ်ကျွေးစောင့်ရှောက်၌ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ သင်္ကန်းသုံးထည်ကိုလည်းကောင်း, တင်လဲ, ဆီ, ဆန် စသည်တို့ကိုလည်းကောင်း၊ ယူဆောင်၍ မထေရ်မြတ်၏ ခြေတော်ရင်း၌ ထားပြီးလျှင် “အရှင်ဘုရား- အလှူခံယူတော်မူကြပါ”ဟု လျှောက်လေ၏။ “ဒါယကာ- မသင့်၊ ငါ့အား ဤဆန်စသည်ဖြင့် အလိုမရှိ”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- ထိုသို့ဖြစ်မူ ဤပစ္စည်းသည် ဝါဆိုလာဘ်မည်ပါသည်။ ထိုဝါဆိုလာဘ်ကို အလှူခံယူတော်မူကြပါဘုရား”ဟု လျှောက်ပြန်လေ၏။ “ဒါယကာ- ငါအလှူမခံယူလို”ဟု မိန့်တော်မူပြီးလျှင်၊ “အရှင်ဘုရား- အဘယ့်ကြောင့် အလှူခံယူတော် မမူကြပါသနည်းဘုရား”ဟု လျှောက်ပြန်လေ၏။ “ငါ့အထံ၌ ကပ္ပိယကာရကသည်လည်းကောင်း၊ သာမဏေသည်လည်းကောင်း မရှိ”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- ထိုသို့ဖြစ်မူ တပည့်တော်၏သားဖြစ်သော မဟာသုမနအမည်ရှိသောသူသည် သာမဏေဖြစ်ပါလိမ့်မည်ဘုရား”ဟု လျှောက်လေ၏။ “ဒါယကာ- ငါ့အား မဟာသုမနဖြင့် အလိုမရှိ”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- ထိုသို့ဖြစ်မူ စူဠသုမနအမည်ရှိသော သူငယ်ကို သာမဏေပြုပေးတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ အနုရုဒ္ဓါမထေရ်သည် “ကောင်းပြီ”ဟု ဝန်ခံ၍ စူဠသုမနကို ရှင်ပြုပေးလေ၏။ ထိုစူဠသုမနသည် သင်တုန်းတင်၍ ဆံရိတ်သည်အဆုံး၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

သုမနသာမဏေကို ဟိမဝန္တာသို့ ခေါ်သွားခြင်း

အနုရုဒ္ဓါမထေရ်သည် ထိုသုမနသာမဏေနှင့် အတူတကွ လခွဲမျှလောက် ထိုမုဏ္ဍအမည်ရှိသောနိဂုံး၌ နေပြီးလျှင် မြတ်စွာဘုရားကို ဖူးမြင်ဦးအံ့ဟု ထိုသုမနသာမဏေ၏ အဆွေအမျိုးတို့ကို ပန်ကြားသဖြင့် ကောင်းကင်ခရီးဖြင့်သာလျှင်သွား၍ ဟိမဝန္တာအရပ် တောကျောင်း၌ ဆင်းသက်လေ၏။ အနုရုဒ္ဓါမထေရ်သည်ကား ပင်ကိုသဘောအားဖြင့်လည်း အားထုတ်အပ်သော လုံ့လရှိ၏။ ထိုတောကျောင်း၌ ညဉ့်၏အရှေ့အဖို့ ပုရိမယံ၊ ညဉ့်၏နောက်အဖို့ ပစ္ဆိမယံပတ်လုံး စင်္ကြံသွားလေ့ရှိသော ထိုအနုရုဒ္ဓါမထေရ်မြတ်အား ဝမ်း၌တည်သောလေသည် ထကြွလေ၏။ ထိုအခါ ပင်ပန်းသောသဘောရှိသော ထိုအနုရုဒ္ဓါမထေရ်ကို မြင်ရလျှင် သုမနသာမဏေသည် “အရှင်ဘုရားအား အဘယ်သို့သော နာကျင်ခြင်းဖြစ်ပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ငါ့အား ဝမ်း၌တည်သောလေသည် ထကြွ၏”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- တစ်ပါးသောအခါ၌လည်း ထကြွဖူးပါသလောဘုရား”ဟု မေးလျှောက်လေ၏။ “ငါ့ရှင်သာမဏေ- ထကြွဖူးသည်မှန်၏”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- အဘယ်ဆေးဖြင့် ချမ်းသာခြင်းသည် ဖြစ်ပါသနည်း”ဟု လျှောက်လေ၏။ “ငါ့ရှင်သာမဏေ- အနောတတ္တအိုင်မှ သောက်ရေကို ရသည်ရှိသော် ချမ်းသာခြင်းသည်ဖြစ်၏”ဟု မိန့်ဆိုတော်မူလျှင်၊ “အရှင်ဘုရား- ထိုအနောတတ္တအိုင်ရေဖြင့် ချမ်းသာခြင်းသည် ဖြစ်ပါမူကား တပည့်တော် ဆောင်ယူပါအံ့ဘုရား”ဟု လျှောက်လေ၏။ “သာမဏေ- သင်ဆောင်ယူခြင်းငှာ တတ်နိုင်အံ့လော”ဟု မိန့်တော်မူလျှင်၊ “အရှင်ဘုရား- တတ်နိုင်ပါသည်ဘုရား”ဟု လျှောက်ဆိုလေ၏။

ရှင်အနုရုဒ္ဓါ လေနာ၍ အနောတတ္တအိုင်မှ ရေခပ်ခိုင်းခြင်း

“ထိုသို့ဖြစ်မူ အနောတတ္တအိုင်၌ ပန္နဂအမည်ရှိသော နဂါးမင်းကြီးသည် ငါ့ကိုသိ၏။ ထိုနဂါးမင်းကြီးအား အကြောင်းကြား၍ ဆေးအလို့ငှာ သောက်ရေတစ်အိုးကို ဆောင်ချေလော့”ဟု မိန့်တော်မူလျှင် သုမနသာမဏေသည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံလျက် ဥပဇ္ဈာယ်ဆရာကို ရှိခိုးပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ ယူဇနာငါးရာရှိသောအရပ်သို့ ကြွတော်မူလေ၏။ ထိုနေ့၌ကား နဂါးမင်းကြီးသည် နဂါးကချေသည်မအပေါင်း သောင်းသောင်းဖြဖြ ဝန်ရံခလျက် ရေကစားခြင်းကို ကစားခြင်းငှာ အလိုရှိလေ၏။ ထိုနဂါးမင်းကြီးသည် ကြွလာသော သာမဏေကို မြင်လျှင်မြင်ချင်း အမျက်ထွက်လေ၏။ “ဤဦးပြည်းဖြစ်သော သာမဏေသည် မိမိ၏ခြေတွင် ကပ်၍ပါသော မြေမှုန့်တို့ကို ငါ၏ဦးထိပ်ထက်၌ ကြဲချကာ လှည့်လည်ဘိ၏။ အနောတတ္တအိုင်၌ သောက်ရေအလို့ငှာ လာသည်ဖြစ်လတ္တံ့။ ယခုအခါ သာမဏေအား သောက်ရေကို မပေးအံ့”ဟု ယူဇနာငါးဆယ်ရှိသော အနောတတ္တအိုင်ကြီးကို ကြီးစွာသောခွက်ဖြင့် ထမင်းအိုးကို ဖုံးအုပ်ဘိသကဲ့သို့ ပါးပျဉ်းဖြင့် ဖုံးအုပ်လျက်အိပ်လေ၏။ သာမဏေသည် နဂါးမင်းကြီး၏အမူအရာကို ကြည့်ရှု၍သာလျှင် “ဤနဂါးမင်းကြီးသည် အမျက်ထွက်ဘိ၏”ဟု သိတော်မူသဖြင့် ဤဂါထာကို မိန့်ဆိုလေ၏။

သုဏောဟိ မေ နာဂရာဇ၊ ဥဂ္ဂတေဇ မဟဗ္ဗလ။
ဒေဟိ မေ ပါနီယဃဋံ၊ ဘေသဇ္ဇတ္ထမှိ အာဂတော။

ဥဂ္ဂတေဇ၊ ထင်ရှားထက်မြက် တန်ခိုးထွက်လှသော။ မဟဗ္ဗလ၊ ကြီးသောခွန်အားရှိထသော။ နာဂရာဇ၊ နဂါးမင်းကြီး။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာယူလေလော့။ ဘေသဇ္ဇတ္ထံ၊ ဆေးအလို့ငှာ။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်ချေ၏။ မေ၊ ငါ့အား။ ပါနီယဃဋံ၊ သောက်ရေတစ်အိုးကို။ ဒေဟိ၊ ပေးလှူပါလော့။

ရေမပေးလိုသူ နဂါးမင်း

ထိုစကားကို ကြားရ၍ နဂါးမင်းကြီးသည် ဤဂါထာကို ဆိုလေ၏။

ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ ဂင်္ဂါနာမ မဟာနဒီ။
မဟာသမုဒ္ဒမပ္ပေတိ၊ တတော တွံ ပါနီယံ ဟရ။

ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ အရှေ့မျက်နှာအရပ်အဖို့၌။ ဂင်္ဂါနာမ၊ ဂင်္ဂါမည်သော။ မဟာနဒီ၊ မြစ်ကြီးသည်။ မဟာသမုဒ္ဒံ၊ မဟာသမုဒ္ဒရာသို့။ အပ္ပေတိ၊ စီးဝင်၏။ တတော၊ ထိုဂင်္ဂါမြစ်မှ။ တွံ၊ သင်သည်။ ပါနီယံ၊ သောက်ရေကို။ ဟရ၊ ဆောင်ယူချေလော့။

ထိုစကားကို ကြားရလျှင် သာမဏေသည် “ဤနဂါးမင်းကြီးကား မိမိ၏အလိုအားဖြင့် မပေးပေလတ္တံ့။ ငါသည် အနိုင်အထက်ပြုခြင်းကိုပြု၍ အာနုဘော်ကို သိစေပြီးမှ ဤနဂါးမင်းကို နှိပ်စက်၍သာလျှင် သောက်ရေကို ယူပေတော့အံ့”ဟု ကြံ၍၊ “မြတ်သောနဂါးမင်းကြီး- ဥပဇ္ဈာယ်ဆရာ အရှင်အနုရုဒ္ဓါသည် ငါ့ကို အနောတတ္တရေအိုင်မှသာ သောက်ရေကို ယူဆောင်စေ၏၊ ထို့ကြောင့် ငါသည် ဤအနောတတ္တရေအိုင်မှသာလျှင် ယူဆောင်ရပေအံ့၊ ဖဲလော့၊ ငါ့ကို မတားမြစ်လင့်”ဟု ဆို၍ သာမဏေသည် ဤဂါထာကို ဆိုလေ၏။

ဣတောဝ ပါနီယံ ဟာဿံ၊ ဣမိနာဝမှိ အတ္ထိကော။
ယဒိ တေ ထာမဗလံ အတ္ထိ၊ နာဂရာဇ နိဝါရယ။

ဣတောဝ၊ ဤအနောတတ္တအိုင်မှသာလျှင်။ ပါနီယံ၊ သောက်ရေကို။ ဟာဿံ-ဟရိဿံ၊ ဆောင်ယူပေအံ့။ ဣမိနာဝ၊ အနောတတ္တရေအိုင်ဖြင့်သာလျှင်။ အတ္ထိကော၊ အလိုရှိသည်။ အမှိ၊ ဖြစ်၏။ နာဂရာဇ၊ နဂါးမင်းကြီး။ တေ၊ သင့်အား။ ထာမဗလံ၊ အားအစွမ်းသည်။ ယဒိအတ္ထိ၊ အကယ်၍ ရှိသည်ဖြစ်အံ့။ တွံ၊ သင်နဂါးမင်းကြီးသည်။ နိဝါရယ၊ တားမြစ်လေလော့။

ထိုအခါ သုမနသာမဏေကို နဂါးမင်းသည် ဤသို့ ဆိုလေ၏။

သာမဏေရ သစေ အတ္ထိ၊ တဝ ဝိက္ကမပေါရိသံ။
အဘိနန္ဒာမိ တေ ဝါစံ၊ ဟရဿု ပါနီယံ မမ။

သာမဏေရ၊ မောင်ရှင်သာမဏေ။ တဝ၊ သင့်အား။ ဝိက္ကမပေါရိသံ၊ ယောက်ျားမြတ်တို့ ပြုအပ်သောလုံ့လသည်။ သစေ အတ္ထိ၊ အကယ်၍ ရှိသည်ဖြစ်အံ့။ တေ၊ သင် သာမဏေ၏။ ဝါစံ၊ စကားကို။ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏။ မမ၊ အကျွန်ုပ်၏။ ပါနီယံ၊ သောက်ရေကို။ ဟရဿု၊ ဆောင်ယူချေလော့။

စစ်ပွဲကြည့်ရန် နတ်ဗြဟ္မာတို့ စည်းဝေးကြခြင်း

ထိုအခါ နဂါးမင်းကြီးကို သာမဏေသည်၊ “မြတ်သောနဂါးမင်းကြီး- ကောင်းပြီ၊ ဆောင်ယူပေအံ့”ဟု မိန့်ဆိုသဖြင့် “အကယ်၍ တတ်စွမ်းနိုင်သည်ဖြစ်အံ့၊ ဆောင်စွမ်းတော့လော့”ဟု ဆိုလတ်သည်ရှိသော် “ထိုသို့ဖြစ်မူ ကောင်းစွာ သိဦးလော့”ဟု သုံးကြိမ်ဝန်ခံခြင်းကို ယူပြီးလျှင် “ဘုရားမြတ်စွာ သာသနာတော်၏ အစွမ်းအာနုဘော်ကိုပြလျက် ငါသည် သောက်ရေကို ဆောင်ယူခြင်းငှာ သင့်၏”ဟု ကြံ၍ ကောင်းကင်၌တည်ကုန်သော နတ်တို့၏အထံသို့ ကြွသွားတော်မူလေ၏။ ကောင်းကင်၌တည်ကုန်သော နတ်တို့သည် လာ၍ရှိခိုးလျက် “အရှင်ဘုရား- အကြောင်းအဘယ်သို့ ရှိပါသနည်းဘုရား”ဟု လျှောက်၍ ရပ်တည်ကြလေကုန်၏။ “ထိုအနောတတ္တအိုင် ရေအပြင်၌ ပန္နဂအမည်ရှိသော နဂါးမင်းကြီးနှင့်အတူတကွ ငါ၏စစ်ထိုးခြင်းပွဲသည် ဖြစ်လတ္တံ့၊ ထိုအနောတတ္တအိုင်သို့သွား၍ အနိုင်အရှုံးကို ကြည့်ရှုကြကုန်လော့”ဟု ဆိုလေ၏။ ထိုသုမနသာမဏေသည် ဤသို့သောနည်းဖြင့်သာလျှင် လေးယောက်သော လောကပါလ နတ်သားတို့သို့လည်းကောင်း၊ သိကြားမင်း၊ သုယာမနတ်၊ သန္တုဿိတနတ်၊ နိမ္မာနရတိနတ်၊ ပရနိမ္မိတဝသဝတ္တီနတ်တို့ကိုလည်းကောင်း ချဉ်းကပ်၍ ထိုအကြောင်းကို ပြောကြားလေ၏။ ထို့နောက်မှ အစဉ်အတိုင်း ဗြဟ္မာပြည်တိုင်အောင် သွားပြီးလျှင် ထိုထိုအရပ်၌ ဗြဟ္မာမင်းတို့သည်လာ၍ ရှိခိုးကာ တည်ကုန်လျက် “အရှင်ဘုရား- အကြောင်းအဘယ်သို့ ရှိပါသနည်းဘုရား”ဟု မေးအပ်သည်ဖြစ်၍ ထိုအကြောင်းကို ပြောကြားသိစေလေ၏။ ဤသို့လျှင် ထိုသုမနသာမဏေသည် အသညသတ်ဗြဟ္မာတို့ကိုလည်းကောင်း ချန်ထား၍ အလုံးစုံသော အရပ်တို့၌ တစ်ခဏချင်းဖြင့်သာလျှင် လှည့်လည်ကာ ပြောကြားလေ၏။ ထိုသုမနသာမဏေ၏ စကားကို ကြားရလျှင် အလုံးစုံသော နတ်တို့သည်လည်း အနောတတ္တအိုင်အပြင်၌ ကျည်တောက်၌ ထည့်သွင်းအပ်သော နှမ်းစေ့မှုန့်ညက်တို့ကဲ့သို့ ကောင်းကင်ကို အကြားကွက်လပ်မရှိ ပြည့်စေလျက် စည်းဝေးကြလေကုန်၏။

သာမဏေနှင့် နဂါးမင်း စစ်ထိုးခြင်း

နတ်ဗြဟ္မာအပေါင်းသည် စည်းဝေးပြီးသည်ရှိသော်သာမဏေသည် ကောင်းကင်၌ ရပ်တည်လျက် နဂါးမင်းကို ဤသို့ဆိုလေ၏။

သုဏောဟိ မေ နာဂရာဇ၊ ဥဂ္ဂတေဇ မဟဗ္ဗလ။
ဒေဟိ မေ ပါနီယဃဋံ၊ ဘေသဇ္ဇတ္ထမှိ အာဂတော။

ဥဂ္ဂတေဇ၊ ထင်ရှားထက်မြက် တန်ခိုးထွက်လှသော။ မဟဗ္ဗလ၊ ကြီးသောခွန်အားရှိထသော။ နာဂရာဇ၊ နဂါးမင်းကြီး။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာယူလေလော့။ ဘေသဇ္ဇတ္ထံ၊ ဆေးအလို့ငှာ။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်ချေ၏။ မေ၊ ငါ့အား။ ပါနီယဃဋံ၊ သောက်ရေတစ်အိုးကို။ ဒေဟိ၊ ပေးလှူပါလော့။

ထိုအခါ သုမနသာမဏေကို နဂါးမင်းကြီးသည် ဤသို့ ဆိုလေ၏။

သာမဏေရ သစေ အတ္ထိ၊ တဝ ဝိက္ကမပေါရိသံ။
အဘိနန္ဒာမိ တေ ဝါစံ၊ ဟရဿု ပါနီယံ မမ။

သာမဏေရ၊ မောင်ရှင်သာမဏေ။ တဝ၊ သင့်အား။ ဝိက္ကမပေါရိသံ၊ ယောက်ျားမြတ်တို့ ပြုအပ်သောလုံ့လသည်။ သစေ အတ္ထိ၊ အကယ်၍ ရှိသည်ဖြစ်အံ့။ တေ၊ သင် သာမဏေ၏။ ဝါစံ၊ စကားကို။ အဘိနန္ဒာမိ၊ အလွန်နှစ်သက်ပါ၏။ မမ၊ အကျွန်ုပ်၏။ ပါနီယံ၊ သောက်ရေကို။ ဟရဿု၊ ဆောင်ယူချေလော့။

ထိုသုမနသာမဏေသည် သုံးကြိမ်တိုင်တိုင် နဂါးမင်းကြီး၏ ဝန်ခံခြင်းပဋိညာဉ်ကို ယူပြီးလျှင် ကောင်းကင်၌ရပ်လျက်သာလျှင် တစ်ဆယ့်နှစ်ယူဇနာရှိသော ဗြဟ္မာမင်း၏ကိုယ်ကို ဖန်ဆင်းသဖြင့် ကောင်းကင်မှသက်ဆင်း၍ နဂါးမင်းကြီး ပါးပျဉ်းကိုနင်းချလျက် အောက်သို့မျက်နှာမူအောင် ငုံသွားအောင် နှိပ်ချလေ၏။ ထိုခဏ၌သာလျှင် အားကြီးလှစွာသော ယောက်ျားသည် နင်းအပ်သော စွတ်စိုသော သားရေကဲ့သို့ နဂါးမင်းကြီး၏ပါးပျဉ်း၌ နင်းချကာမျှဖြင့် လျှောသက်၍ ယောက်မမျှ အတိုင်းအရှည်ရှိကုန်သော ပါးပျဉ်းအဖုတို့သည် ဖြစ်လေကုန်၏။

နဂါးမင်းအရှက်ရ၍ သတ်မည်ဟုလိုက်ခြင်း

နဂါးမင်းကြီးတို့၏ ပါးပျဉ်းတို့မှ လွတ်လပ်သော နေရာအရပ်၌ ထန်းပင်လုံးအတိုင်းအရှည်ရှိကုန်သော ရေအလျဉ်အလုံးတို့သည် တက်လေကုန်၏။ သုမနသာမဏေသည် ကောင်းကင်၌သာလျှင် ရေအိုးကို ပြည့်စေတော်မူလေ၏။ နတ်ဗြဟ္မာအပေါင်းတို့သည် ကောင်းချီးပေးခြင်းကို ပြုလေ၏။ ထိုအခါ နဂါးမင်းကြီးသည် ရှက်နိုးလှသည်ဖြစ်၍ သာမဏေအား အမျက်ထွက်လေသောကြောင့် နဂါးမင်းကြီး၏ မျက်စိတို့သည် လယ်ခေါင်ရမ်းပန်းအဆင်းကဲ့သို့ နီမြန်းသောအဆင်း ရှိကြလေကုန်၏။ ထိုပန္နဂအမည်ရှိသော နဂါးမင်းကြီးသည် “ဤသာမဏေကား နတ်ဗြဟ္မာအပေါင်းကို စည်းဝေးစေပြီးလျှင် သောက်ရေကို ယူသဖြင့် ငါ့ကို ရှက်စနိုးဘိ၏၊ အရှက်ခွဲဘိ၏၊ ထိုသာမဏေကိုဖမ်း၍ ခံတွင်း၌ လက်ကို ထည့်သွင်းပြီးလျှင် ထိုသာမဏေ၏ နှလုံးသားကိုလည်း ဆုပ်နယ်ချေပစ်အံ့၊ ထိုသာမဏေကို ခြေ၌ဆွဲငင်၍ ဂင်္ဂါမြစ်တစ်ဖက်သို့လည်း လွှင့်ပစ်အံ့”ဟု လျင်မြန်စွာသောအဟုန်ဖြင့် အစဉ်လိုက်လေ၏။ အစဉ်အတိုင်း လိုက်သော်လည်း ထိုသာမဏေကို မီခြင်းငှာ မတတ်နိုင်သည်သာတည်း။ သာမဏေသည်သွား၍ ဆရာဥပဇ္ဈာယ်၏လက်တော်၌ သောက်ရေကို ထားပြီးလျှင် “အရှင်ဘုရား- သောက်တော်မူပါဘုရား”ဟု လျှောက်လေ၏။ နဂါးမင်းကြီးသည်လည်း နောက်မှ လိုက်လာပြီးလျှင် “အရှင်အနုရုဒ္ဓါဘုရား- သာမဏေသည် တပည့်တော် မပေးမလှူဘဲသာလျှင် သောက်ရေကိုယူ၍ လာပါသည်။ သောက်တော်မမူပါလင့်ဘုရား”ဟု လျှောက်လေ၏။ “သာမဏေ-ဤနဂါးလျှောက်ချက်အတိုင်း မှန်သလော”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- သောက်တော်မူပါ၊ ဤနဂါးမင်းကြီးသည် တပည့်တော်အား ပေးလှူအပ်သော သောက်ရေကို တပည့်တော် ဆောင်အပ်ပါသည်ဘုရား”ဟု လျှောက်လေ၏။

နဂါးနှင့် သာမဏေ ဆရာဒကာဖြစ်သွားခြင်း

အနုရုဒ္ဓါမထေရ်သည် ရဟန္တာဖြစ်သော သာမဏေအား မုသားဆိုခြင်းမည်သည် မရှိဟု သိတော်မူ၍ သောက်ရေကို သောက်တော်မူလေ၏။ ထိုသောက်သော ခဏချင်းသာလျှင် အရှင်အနုရုဒ္ဓါမထေရ်အား အနာရောဂါသည် ငြိမ်းပျောက်လေ၏။ တစ်ဖန် နဂါးမင်းကြီးသည် မထေရ်မြတ်ကို “အရှင်ဘုရား- သာမဏေသည် အလုံးစုံသော နတ်ဗြဟ္မာအပေါင်းကို စည်းဝေးစေပြီးလျှင် တပည့်တော်ကို ရှက်နိုးစေအပ်ပါသည်၊ တပည့်တော်သည် ထိုသာမဏေ၏ နှလုံးသားကိုမူလည်း ခွဲပစ်လိုပါသည်။ သာမဏေကို ခြေ၌ဆွဲငင်၍ ဂင်္ဂါမြစ်တစ်ဖက်သို့လည်း လွှင့်ပစ်လိုပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “မြတ်သောနဂါးမင်းကြီး- သာမဏေသည် ကြီးမြတ်သော အာနုဘော်ရှိ၏။ သင်တို့သည် သာမဏေနှင့်အတူတကွ စစ်ထိုးခြင်းငှါ တတ်နိုင်လိမ့်မည် မဟုတ်ကုန်။ ထိုသာမဏေကို ကန်တော့တောင်းပန်၍ သွားကုန်လော့”ဟု မိန့်တော်မူလေ၏။

(နဂါးမင်းကြီးသည် ကိုယ်တိုင်ပင်လည်း သာမဏေ၏ တန်ခိုးအာနုဘော်ကို သိသည်သာလျှင်တည်း၊ ထိုသို့ သိလျက်သော်လည်း ရှက်နိုးလှ၍သာ အစဉ်လိုက်လာပေ၏။)

ထိုအခါ ရှင်အနုရုဒ္ဓါမထေရ်မြတ်၏ စကားတော်ဖြင့် သာမဏေကို ကန်တော့တောင်းပန်ပြီးလျှင် ထိုသာမဏေနှင့်အတူတကွ အဆွေခင်ပွန်းဖွဲ့ခြင်းကိုပြု၍ “ဤနေ့မှစ၍ အနောတတ္တအိုင်ရေဖြင့် အလိုရှိခဲ့သော် အရှင်ဘုရားတို့၏ ကိုယ်တော်တိုင် ကြွလာဖွယ်ကိစ္စမရှိပါ၊ တပည့်တော်အား စေခိုင်းတော်မူကြပါဘုရား၊ တပည့်တော်ကိုယ်တိုင်သာလျှင် ယူဆောင်ကာ လှူဒါန်းပါမည်ဘုရား”ဟု လျှောက်ဆို၍ ဖဲသွားလေ၏။

သုမနသာမဏေကို ကျီစယ်ကြခြင်း

ရှင်အနုရုဒ္ဓါမထေရ်သည်လည်း သာမဏေကို ခေါ်ဆောင်၍ ကြွသွားတော်မူလေ၏။ ဘုရားရှင်သည် အနုရုဒ္ဓါမထေရ်၏ လာလတ္တံ့သောအဖြစ်ကို သိတော်မူနှင့်၍ မိဂါရသူဌေး၏မိခင် ဝိသာခါ၏ပြာသာဒ်၌ အနုရုဒ္ဓါမထေရ်၏ လာခြင်းကို မျှော်စောင့်တော်မူလျက် နေတော်မူလေ၏။ ရဟန်းတို့သည်လည်း ကြွလာသော ရှင်အနုရုဒ္ဓါမထေရ်ကို မြင်ရလျှင် ခရီးဦးကြိုဆိုကြ၍ သပိတ်သင်္ကန်းကို လှမ်းယူကြလေ၏။ ထိုအခါ အချို့သော ရဟန်းငယ်တို့သည်လည်းကောင်း၊ သာမဏေတို့သည်လည်းကောင်း၊ သာမဏေကို ဦးခေါင်း၌လည်းကောင်း၊ နားရွက်တို့၌လည်းကောင်း၊ လက်မောင်း၌လည်းကောင်း ကိုင်ဆွဲကာ လှုပ်ကုန်လျက် “ငါတို့ညီထွေး သာမဏေကလေး- အသို့နည်း၊ ပျင်းရိငြီးငွေ့သလော”ဟု ပြက်ရယ်ကျီစယ်ကာ ပြောဆိုကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းငယ်နှင့် သာမဏေတို့အမူအရာကို မြင်တော်မူရလျှင် “ဤရဟန်းတို့၏အမှုသည် ဝန်လေးလေစွတကား၊ လျင်သော အဆိပ်ရှိသောမြွေကို လည်ပင်း၌ ကိုင်ဆွဲဘိသကဲ့သို့ သာမဏေကို ကိုင်ဆွဲကြကုန်၏။ ထိုသာမဏေ၏ အာနုဘော်ကို မသိရှာကြကုန်၊ ယနေ့ ငါဘုရားသည် သုမနသာမဏေ၏ ဂုဏ်ကျေးဇူးကို ထင်ရှားစွာပြုခြင်းငှာ သင့်၏”ဟု ကြံတော်မူလေ၏။ ရှင်အနုရုဒ္ဓါမထေရ်သည်လည်း လာ၍ မြတ်စွာဘုရားကို ရှိခိုးလျက် နေလေ၏။ မြတ်စွာဘုရားသည် ရှင်အနုရုဒ္ဓါနှင့် အတူတကွ အစေ့အစပ် ပြောဆိုခြင်းအမှုကို ပြုပြီးလျှင် ရှင်အာနန္ဒာမထေရ်ကို သိစေတော်မူလေ၏။ သိစေပုံကား “ချစ်သားအာနန္ဒာ- အနောတတ္တရေတို့ဖြင့် ခြေတို့ကိုဆေးခြင်းငှာ အလိုရှိ၏။ သာမဏေတို့အား အိုးကိုပေး၍ ရေကို ဆောင်ခိုင်းချေလော့”ဟု မိန့်ဆိုတော်မူလေ၏။

သာမဏေငါးရာ ရေခပ်ခြင်းငှာ မတတ်နိုင်ခြင်း

ရှင်အာနန္ဒာမထေရ်သည် ပုဗ္ဗာရုံကျောင်းတော်ကြီး၌ရှိသော ငါးရာမျှသော သာမဏေတို့ကို စည်းဝေးစေလေ၏။

(ထိုငါးရာသော သာမဏေတို့တွင် သုမနသာမဏေသည် အလုံးစုံသော သာမဏေတို့အောက် အငယ်ဆုံးဖြစ်လေ၏။)

ရှင်အာနန္ဒာမထေရ်သည် အလုံးစုံသော သာမဏေတို့ထက် အကြီးဆုံးဖြစ်သော သာမဏေကို “မောင်ရှင်သာမဏေ- မြတ်စွာဘုရားသည် အနောတတ္တအိုင်ရေဖြင့် ခြေတော်တို့ကို ဆေးခြင်းငှာ အလိုရှိတော်မူ၏။ အိုးကိုယူတဲ့၍ သွားပြီးလျှင် ရေကို ဆောင်ချေလော့”ဟု ခိုင်းစေတော်မူလေ၏။ အကြီးဆုံးသာမဏေသည် “အရှင်ဘုရား- တပည့်တော် မတတ်နိုင်ပါဘုရား”ဟု လျှောက်ဆို၍ အလိုမရှိ၊ ရှင်အာနန္ဒာမထေရ်သည် ကြွင်းသော သာမဏေတို့ကိုလည်း အစဉ်အတိုင်း မေးလေ၏။ ထိုသာမဏေတို့သည်လည်း ထို့အတူသာလျှင် ပယ်ကြလေကုန်၏။

(ဤသာမဏေငါးရာမျှတို့တွင် ရဟန္တာဖြစ်သော သာမဏေတို့သည် မရှိလေကုန်သလော”ဟု ဆိုငြားအံ့၊ ရှိ၏။ ထိုသို့ပင်ရှိသော်လည်း ထိုရဟန္တာသာမဏေတို့သည် “ဤပန်းအစည်းကို ငါတို့၏အကျိုးငှာ ဖွဲ့တော်မူအပ်သည်မဟုတ်၊ သုမနသာမဏေ၏ အကျိုးငှာသာလျှင် ဖွဲ့တော်မူအပ်၏”ဟု သိသဖြင့် အလိုမရှိကြလေကုန်၊ ပုထုဇဉ်သာမဏေတို့ကား မိမိတို့၏ မစွမ်းနိုင်သည့်အဖြစ်ကြောင့်သာလျှင် အလိုမရှိကြလေကုန်။)

အဆုံး၌ သုမနသာမဏေ၏ အလှည့်သို့ ရောက်လတ်သည်ရှိသော် “သာမဏေ- မြတ်စွာဘုရားသည် အနောတတ္တအိုင်ရေဖြင့် ခြေတော်တို့ကိုဆေးခြင်းငှာ အလိုရှိတော်မူ၏။ အိုးကိုယူ၍ ရေကို ဆောင်ယူချေရမည်”ဟု မိန့်တော်မူလေ၏။

သုမနသာမဏေ ရေခပ်သွားခြင်း

ထိုသုမနသာမဏေသည် “မြတ်စွာဘုရားက ဆောင်ယူစေတော်မူသည်ရှိသော် ဆောင်ယူပါမည်ဘုရား”ဟု မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- အနောတတ္တအိုင်၌ တပည့်တော်ကို ရေကို ဆောင်ယူခိုင်းကြပါသလောဘုရား”ဟု လျှောက်လေ၏။ “ချစ်သားသုမနသာမဏေ- ဆောင်ယူခိုင်းသည် မှန်ပေ၏”ဟု မိန့်တော်မူလတ်သော် ထိုသုမနသာမဏေသည် ဝိသာခါဒါယိကာမကြီးသည် ပြုလုပ်လှူဒါန်းအပ်ကုန်သော တစ်ခဲနက် ရွှေဖြင့်ခတ်လုပ်အပ်ကုန်သော ကျောင်းအသုံးအဆောင်ဖြစ်သော အိုးတို့တွင် ရေအိုးအလုံးခြောက်ဆယ်၏ ရေကိုယူနိုင်သော (ဝင်သော၊ ဆံ့သော) ရေအိုးကြီးကို လက်တစ်ဖက်ဖြင့်ယူပြီးလျက် “ဤအိုးကြီးကို မြှောက်ပင့်၍ ပခုံးစွန်း၌ ထားအပ်သဖြင့် ငါ့အား အလိုမရှိ”ဟု နှလုံးပြုလျက် တွဲလွဲဆွဲကိုင်ခြင်းကို ပြု၍သာလျှင် ကောင်းကင်သို့ပျံတက်၍ ဟိမဝန္တာသို့ရှေးရှု ကြွမြန်းပျံသန်းတော်မူလေ၏။ နဂါးမင်းကြီးသည် သုမနသာမဏေကို အဝေးမှသာလျှင် ကြွလာသည်ကို မြင်ရလျှင် ခရီးဦးကြိုဆို၍ အိုးကို ပခုံးစွန်းဖြင့် ထမ်းပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် တပည့်တော်ကဲ့သို့သော ကျေးကျွန်ရှိပါလျက် အဘယ့်ကြောင့် ကိုယ်တော်တိုင် ကြွလာတော်မူဘိသနည်း၊ ရေဖြင့် အလိုရှိလတ်သော် အဘယ့်ကြောင့် သတင်းစကားကိုမျှလည်း စေလွှတ်တော်မမူကြပါဘိသနည်းဘုရား”ဟု လျှောက်ဆိုလျက် အိုးဖြင့် ရေကိုဆောင်ယူ၍ နဂါးမင်းကြီးကိုယ်တိုင် ထမ်းပြီးလျှင် “အရှင်ဘုရား- ရှေ့မှကြွတော်မူကြပါ။ တပည့်တော်သည်သာလျှင် ဆောင်ပို့ပါမည်ဘုရား”ဟု လျှောက်လေ၏။ “မြတ်သောနဂါးမင်းကြီး- သင်-နဂါးမင်းကြီးတို့သည် သည်းခံကြကုန်ဦးလော့၊ ကိုရင့်ကိုသာလျှင် မြတ်စွာဘုရားသည် စေခိုင်းတော်မူအပ်၏”ဟု ဆို၍ နဂါးမင်းကြီးကို ပြန်လည်စေပြီးလျှင် အိုးကို အနားရေး၌ လက်ဖြင့်ဆွဲယူလျက် ကောင်းကင်ခရီးဖြင့် လာလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုသုမနသာမဏေ လာသည်ကို ကြည့်ရှုတော်မူလျက် ရဟန်းတို့ကို သိစေတော်မူလေ၏။ သိစေပုံကား- “ချစ်သားရဟန်းတို့- သာမဏေ၏ တင့်တယ် စံပယ်ခြင်းကို ကြည့်ရှုကြကုန်လော့၊ ကောင်းကင်၌ ဟင်္သာမင်းကဲ့သို့ တင့်တယ်လှပေ၏”ဟု မိန့်တော်မူလေ၏။

ခုနစ်သားအရွယ် ရဟန်းအဖြစ် အမွေရခြင်း

ထိုသုမနသာမဏေသည်လည်း ရေအိုးကို ချထားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် နေလေ၏။ ထိုအခါ သုမနသာမဏေကို မြတ်စွာဘုရားသည် “ချစ်သားသုမန- သင်သည် အသက် အဘယ်မျှရှိပြီနည်း”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ခုနစ်နှစ်ရှိပါပြီဘုရား”ဟု လျှောက်ကြားလတ်သော် “ချစ်သား သုမနသာမဏေ- ထိုသို့ဖြစ်မူ ယနေ့မှစ၍ ရဟန်းဖြစ်လေလော့”ဟု မိန့်တော်မူလျက် အမွေဖြစ်သော ပဉ္စင်းအဖြစ်ကို ပေးသနားတော်မူလေ၏။

(ဤသုမနသာမဏေလည်းကောင်း၊ သောပါက သာမဏေလည်းကောင်း နှစ်ပါးသော သာမဏေတို့သည်သာလျှင် ခုနစ်နှစ်အရွယ်ရှိကုန်လျက် ပဉ္စင်းအဖြစ်ကို ရကြလေကုန်သတတ်။
အမွေဖြစ်သော ပဉ္စင်းကား။
၁။ ဧဟိဘိက္ခုစသော မိန့်ခွန်းတော်ဖြင့် ရဟန်းဖြစ်ခြင်း။
၂။ သရဏဂုံဆိုသဖြင့် ရဟန်းဖြစ်ခြင်း။
၃။ ဆုံးမခြင်းကို ဝန်ခံသဖြင့် (ရှင်မဟာကဿပ၏) ရဟန်းဖြစ်ခြင်း။
၄။ ပြဿနာဖြေသဖြင့် (သောပါက သာမဏေ၏) ရဟန်းဖြစ်ခြင်း။
၅။ ဂရုဓမ်တရားကို ဝန်ခံသဖြင့် (မိထွေးတော်ဂေါတမီ၏) ရဟန်းဖြစ်ခြင်း။
၆။ တမန်စေလွှတ်ခွင့်ပြုသဖြင့် (အဍ္ဎကာသီ ဘိက္ခုနီမ၏) ရဟန်းဖြစ်ခြင်း။
၇။ ဘိက္ခုနီသံဃာ၌ ဉတ္တိစတုတ္ထကံဖြင့် တစ်ကြိမ်၊ ရဟန်းယောက်ျားသံဃာ၌ ဉတ္တိစတုတ္တကံဖြင့် တစ်ကြိမ်၊ ပေါင်း-နှစ်ကြိမ်အားဖြင့် (ရဟန်းမိန်းမတို့၏) ရဟန်းဖြစ်ခြင်း။
၈။ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် (ယခုရဟန်းတို့၏) ရဟန်းဖြစ်ခြင်း။
ဤသို့ ရဟန်းဖြစ်ခြင်း ရှစ်ပါးရှိသည်တို့တွင် သုမနသာမဏေ၏ ရဟန်းဖြစ်ခြင်းသည် လေးခုမြောက် ရဟန်းဖြစ်ခြင်းနှင့် အလားတူ၏။ ဝိနည်း၌ ပဉှာဗျာကရဏ ဥပသမ္ပဒါဟုလာ၏၊ ဤအဋ္ဌကထာ၌ ဒါယဇ္ဇဥပသမ္ပဒါဟု လာ၏။ အမွေပေးခြင်း အတူတူပင်တည်း။)

ဤသို့ ထိုသုမနသာမဏေ ပဉ္စင်းဖြစ်လတ်သည်ရှိသော် တရားသဘင်၌ “ငါ့ရှင်တို့- ငယ်ရွယ်လှသော သာမဏေအား ဤသို့ သဘောရှိသည်မည်သော တန်ခိုးအာနုဘော်သည် ဖြစ်ပေ၏၊ အံ့ဖွယ်ရှိပေစွတကား၊ ဤနေ့မှ ရှေးအခါ၌ ဤသို့သဘောရှိသော တန်ခိုးအာနုဘော်ကို ငါတို့သည် မမြင်ရစဖူးချေ”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါဘုရား၏ သာသနာတော်၌ ငယ်သောသူ ဖြစ်သော်လည်း ကောင်းစွာကျင့်သောပုဂ္ဂိုလ်သည် ဤသို့ သဘောရှိသော ပြည့်စုံခြင်းကို ရနိုင်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၈၂] ယော ဟဝေ ဒဟရော ဘိက္ခု၊ ယုဉ္ဇတိ ဗုဒ္ဓသာသနေ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

ဒဟရောပိ၊ ငယ်ရွယ်နုပျိုသော်လည်း။ ယော ဘိက္ခု၊ အကြင်ရဟန်းသည်။ ဗုဒ္ဓသာသနေ၊ ငါဘုရား၏ သာသနာတော်၌။ ဟဝေ၊ စင်စစ်အားဖြင့်။ ယုဉ္ဇတိ၊ လုံ့လကြိုးကုတ် အားထုတ်ပါ၏။ သော ဘိက္ခု၊ ထိုရဟန်းသည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ မုတ္တော၊ ကင်းလွတ်သော။ စန္ဒိမာဝ၊ လမင်းကဲ့သို့။ ဣမံလောကံ၊ ဤခန္ဓာစသော လောကကို။ ပဘာသေတိ၊ ထွန်းလင်းစေနိုင်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုမနသာမဏေဝတ္ထု ပြီး၏။

֍ * ၁။ ကြည်ညိုခြင်းများသော ပုဏ္ဏား ဝတ္ထု

ဆိန္ဒ သောတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကြည်ညိုခြင်းများသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကြည်ညိုခံရလျှင် အထူးသတိပြုသင့်ကြောင်း

ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားရ၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်ရကား မိမိ၏အိမ်၌ တစ်ကျိပ်ခြောက်ပါး အတိုင်းအရှည်ရှိလေကုန်သော ရဟန်းတို့အား အမြဲ ဆွမ်းလုပ်ကျွေးခြင်းကို ဖြစ်စေလေ၏။ ရဟန်းတော်တို့၏ ကြွလာတော်မူသောအခါ သပိတ်ကို လှမ်းယူပြီးလျှင် “အရှင်ကောင်းဖြစ်သော ရဟန္တာတို့သည် ကြွလာတော်မူကြပါဘုရား၊ အရှင်ကောင်းဖြစ်ကုန်သော ရဟန္တာတို့သည် ထိုင်တော်မူကြပါဘုရား”ဟု အမှတ်မရှိ တစ်စုံတစ်ခုကို ဆိုသည်ရှိသော် “ရဟန္တာ”ဟု ခေါ်ဝေါ်ခြင်းနှင့်စပ်သော စကားကိုသာလျှင် ပြောဆိုလေ့ရှိ၏။ ထိုရဟန်းတို့တွင် ပုထုဇဉ်ရဟန်းတို့သည် “ဤပုဏ္ဏားကား ငါတို့၌ ရဟန္တာဟူ၍ မှတ်ခဲ့ပြီ”ဟု ကြံကြလေကုန်၏။ ရဟန္တာတို့သည် “ဤပုဏ္ဏားကား ငါတို့၏ ရဟန္တာအဖြစ်ကို သိပေ၏”ဟု ကြံကြလေကုန်၏။ ဤသို့လျှင် အလုံးစုံသော ထိုရဟန်းတို့သည်လည်း အလို့လို့ရှိကြကုန်သည်ဖြစ်၍ ထိုပုဏ္ဏား၏အိမ်သို့ မကြွသွားဘဲ နေကြလေကုန်၏။ ပုဏ္ဏားသည် ကိုယ်၏ဆင်းရဲခြင်း၊ စိတ်နှလုံး၏ ဆင်းရဲခြင်းရှိသည်ဖြစ်၍ “အဘယ့်ကြောင့် အရှင်ကောင်းတို့သည် မကြွလာဘဲ နေကြကုန်ဘိသနည်း”ဟု ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ထိုအကြောင်းကို လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ “ချစ်သားရဟန်းတို့- ဤသို့ မသွားဘဲနေခြင်းအကြောင်းသည် အဘယ်နည်း”ဟု မေးတော်မူသောကြောင့် ရဟန်းတို့သည် ထိုအကြောင်းကို လျှောက်ကြားအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- သင်တို့သည် ရဟန္တာဟူ၍ ခေါ်ဝေါ်ခြင်းကို သာယာကြကုန်သလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- တပည့်တော်တို့သည် မသာယာကြပါဘုရား”ဟု လျှောက်ကြကုန်၏။ “ဤသို့ဖြစ်သည်ရှိသော် လူတို့၏ ဤသို့ ခေါ်ဝေါ်ခြင်းသည် ကြည်ညို၍ ဆိုခြင်းဖြစ်၏၊ ချစ်သားရဟန်းတို့- ကြည်ညို၍ဆိုခြင်း၌ အာပတ်မသင့်၊ စင်စစ်အားဖြင့်ကား ရဟန္တာပုဂ္ဂိုလ်တို့၌ ပုဏ္ဏား၏ ချစ်ခင်ကြည်ညိုခြင်းသည် အတိုင်းအရှည်လွန်၏၊ ထို့ကြောင့် သင်ချစ်သားတို့သည်လည်း တဏှာဟူသော အလျဉ်ကိုဖြတ်၍ အရဟတ္တဖိုလ်သို့သာလျှင် ရောက်ခြင်းငှာ သင့်၏”ဟု မိန့်တော်မူ၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၈၃] ဆိန္ဒ သောတံ ပရက္ကမ၊ ကာမေ ပနုဒ ဗြာဟ္မဏ။
သင်္ခါရာနံ ခယံ ဉတွာ၊ အကတညူသိ ဗြာဟ္မဏ။

ဗြာဟ္မဏ၊ အပပြုအပ်ပြီးသော မကောင်းမှုရှိသောသူ။ တွံ၊ သင်သည်။ ပရက္ကမ၊ ဉာဏ်နှင့်ယှဉ်သော ဝီရိယဖြင့် လုံ့လပြု၍။ သောတံ၊ တဏှာဟူသော အလျဉ်ကို။ ဆိန္ဒ၊ ဖြတ်လော့။

(တဏှာအလျဉ်ကို လုံ့လအနည်းငယ်ဖြင့် မဖြတ်နိုင်၊ ထို့ကြောင့် ဉာဏ်နှင့်ယှဉ်သော လုံ့လကြီးစွာဖြင့် လုံ့လပြု၍ ဖြတ်ရမည်ဟူလို။)

ကာမေ၊ ဝတ္ထုကိလေ နှစ်ထွေသောကာမတို့ကို။ ပနုဒ၊ ပယ်ဖျောက်လော့။ ဗြာဟ္မဏ၊ အပပြုအပ်ပြီးသော မကောင်းမှုရှိသောသူ။ တွံ၊ သင်သည်။ သင်္ခါရာနံ၊ သင်္ခါရတရား ခန္ဓာငါးပါးတို့၏။ ခယံ၊ ကုန်ရာကို။ ဉတွာ၊ သိ၍။ အကတညူ၊ နိဗ္ဗာန်ကို သိသောသူသည်။ အသိ၊ ဖြစ်ပြီ။

(ရွှေငွေစသော တစ်စုံတစ်ခုဖြင့် မပြုအပ်သောကြောင့် နိဗ္ဗာန်သည် “အကတ” မည်၏။ ထိုအကတမည်သောနိဗ္ဗာန်ကို သိသောသူဖြစ်၏ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကြည်ညိုခြင်းများသောပုဏ္ဏား ဝတ္ထုပြီး၏။

֍ * ၂။ များစွာကုန်သော ရဟန်းတို့ဝတ္ထု

ယဒါ ဒွယေသုအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နှစ်ပါးသော တရားပြဿနာ

တစ်နေ့သ၌ သုံးကျိပ်မျှ အတိုင်းအရှည်ရှိကုန်သော အရပ်လေးမျက်နှာ၌ နေကုန်သော ရဟန်းတို့သည် လာကြ၍ မြတ်စွာဘုရားကို ရှိခိုးလျက် နေထိုင်ကြလေကုန်၏။ ရှင်သာရိပုတ္တရာမထေရ်သည် ထိုရဟန်းတို့၏ အရဟတ္တဖိုလ်ရကြောင်း ဥပနိဿယကို မြင်တော်မူ၍ မြတ်စွာဘုရားကို ချဉ်းကပ်ကာ ရပ်လျက်သာလျှင် ဤပြဿနာကို မေးမြန်းတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- နှစ်ပါးသော တရားတို့ဟူ၍ ဆိုအပ်ကုန်၏။ နှစ်ပါးသောတရားတို့သည် အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လေ၏။ ထိုအခါ ရှင်သာရိပုတ္တရာကို မြတ်စွာဘုရားသည် “ချစ်သား သာရိပုတ္တရာ- သမထနှင့် ဝိပဿနာတို့ကို နှစ်ပါးသောတရားတို့ဟူ၍ ဆိုအပ်ကုန်၏”ဟု မိန့်တော်မူပြီးလျှင် ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၈၄] ယဒါ ဒွယေသု ဓမ္မေသု၊ ပါရဂူ ဟောတိ ဗြာဟ္မဏော။
အထဿ သဗ္ဗေ သံယောဂါ၊ အတ္ထံ ဂစ္ဆန္တိ ဇာနတော။

ယဒါ၊ အကြင်အခါ၌။ ဗြာဟ္မဏော၊ အပပြုအပ်ပြီးသော မကောင်းမှုရှိသော ရဟန္တာသည်။ ဒွယေသု၊ နှစ်ပါးအပြားရှိကုန်သော။ ဓမ္မေသု၊ သမထ,ဝိပဿနာတရားတို့၌။ ပါရဂူ၊ အသိဉာဏ် အပြီးအဆုံးသို့ရောက်သည်။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ ဇာနတော၊ သိသော။ အဿ၊ ထိုရဟန္တာအား။ သဗ္ဗသံယောဂါ၊ အလုံးစုံကုန်သော သံယောဇဉ်တို့သည်။ အတ္ထံ၊ ချုပ်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အလုံးစုံ သုံးကျိပ်မျှ အတိုင်းအရှည်ရှိကုန်သော ထိုရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

များစွာကုန်သော ရဟန်းတို့ဝတ္ထုပြီး၏။

֍ * ၃။ မာရ်နတ်ဝတ္ထု

ယဿ ပါရံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မာရ်နတ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

“ပါရ”ဟူသော ပြဿနာ

ထိုမာရ်နတ်သည် တစ်နေ့သ၌ ယောက်ျားလုလင်အသွင် ဖန်ဆင်းလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- “ပါရံ,ပါရံ”ဟူ၍ ဆိုအပ်၏။ ဤပါရမည်သောတရားသည် အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်သတတ်။ မြတ်စွာဘုရားသည် “ဤသူကား မာရ်နတ်ဖြစ်၏”ဟု သိတော်မူ၍ “မာရ်နတ်ယုတ်- သင့်အား ပါရဖြင့်လည်းကောင်း၊ အပါရဖြင့်လည်းကောင်း အဘယ်အကျိုးရှိအံ့နည်း။ ထိုပါရမည်သောတရားသို့ ရာဂကင်းပြီးသော ပုဂ္ဂိုလ်တို့သည်သာလျှင် ရောက်အပ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၈၅] ယဿ ပါရံ အပါရံ ဝါ၊ ပါရာပါရံ န ဝိဇ္ဇတိ။
ဝီတဒ္ဒရံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ပါရံ ဝါ၊ အဇ္ဈတ္တိကာယတနခြောက်ပါးသည်လည်းကောင်း။ အပါရံ ဝါ၊ ဗာဟိရာယတန ခြောက်ပါးသည်လည်းကောင်း။ ပါရာပါရံ ဝါ၊ အဇ္ဈတ္တိကာယတန ဗာဟိရာယတန နှစ်ပါးစုံသည်လည်းကောင်း။ န ဝိဇ္ဇတိ၊ မရှိ။ ဝီတဒ္ဒရံ၊ ကိလေသာဟူသော ပူပန်ခြင်းကင်းသော။ ဝိသံယုတ္တံ၊ ကိလေသာတို့နှင့် မယှဉ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မာရ်နတ်ဝတ္ထုပြီး၏။

֍ * ၄။ မထင်ရှားသောပုဏ္ဏား ဝတ္ထု

ဈာယိံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသောပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဗြာဟ္မဏပြဿနာ

ထိုပုဏ္ဏားကား “မြတ်စွာဘုရားသည် မိမိ၏ တပည့်သာဝကတို့ကို ဗြာဟ္မဏဟူ၍ မိန့်ဆိုတော်မူ၏။ ငါသည်လည်း ဇာတ်အနွယ်အားဖြင့် ပုဏ္ဏားဗြာဟ္မဏဖြစ်ခဲ့၏။ ငါ့ကိုလည်း စင်စစ် ဤသို့ဆိုခြင်းငှာ သင့်လေသလော”ဟု ကြံသတတ်၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုအကြောင်းကို မေးလျှောက်လေ၏။ ဘုရားရှင်သည် “ငါဘုရားကား ဇာတ်အနွယ်မျှဖြင့် ဗြာဟ္မဏဟူ၍ မဆို၊ မြတ်သောသဘောရှိသော အရဟတ္တဖိုလ်သို့ရောက်သော ပုဂ္ဂိုလ်ကိုသာလျှင် ထိုဗြာဟ္မဏဟူသောစကားကို ငါမိန့်ဆိုတော်မူ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၈၆] ဈာယိံ ဝိရဇမာသီနံ၊ ကတကိစ္စမနာသဝံ။
ဥတ္တမတ္တ မနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဈာယိံ၊ နှစ်ပါးသောဈာန်ဖြင့် ရှုလေ့ရှိထသော။ ဝိရဇံ၊ ကာမဟူသော မြူမရှိထသော။ အာသီနံ၊ တော၌ တစ်ယောက်တည်း နေလေ့ရှိထသော။ ကတကိစ္စံ၊ ပြုအပ်ပြီးသော တစ်ဆယ့်ခြောက်ပါးသော မဂ်ကိစ္စရှိထသော။ အနာသဝံ၊ ကင်းသော အာသဝေါရှိထသော။ ဥတ္တမတ္တံ၊ မြတ်သော အရဟတ္တဖိုလ်သို့။ အနုပ္ပတ္တံ၊ အစဉ်ရောက်သော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

မထင်ရှားသောပုဏ္ဏား ဝတ္ထုပြီး၏။

֍ * ၅။ အာနန္ဒမထေရ် ဝတ္ထု

ဒိဝါ တပတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် မိဂါရသူဌေး၏ မယ်တော်ဖြစ်သော ဝိသာခါ၏ ပြာသာဒ်၌ နေတော်မူစဉ် ရှင်အာနန္ဒာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဇယမင်္ဂလာ တင့်တယ်ခြင်း ငါးဖြာ

ပသေနဒီ ကောသလမင်းကြီးသည် သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်လျက် နံ့သာပန်း စသည်တို့ကို ယူဆောင်၍ ကျောင်းတော်သို့သွားသတတ်၊ ထိုခဏ၌ ကာဠုဒါယီမထေရ်သည် ဈာန်ကိုဝင်စား၍ ပရိသတ်အစွန်၌ နေတော်မူလျက်ရှိ၏။ ကာဠုဒါယီမထေရ်၏ ကိုယ်တော်သည် နှစ်လိုဖွယ်ရှိသည်သာလျှင်ဖြစ်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ထိုခဏ၌ကား လမင်းသည် ထွက်၏။ နေမင်းသည် ဝင်ခြင်းသို့ ရောက်၏။ ရှင်အာနန္ဒာမထေရ်သည် ဝင်သောနေ၏ အရောင်ကိုလည်းကောင်း၊ ထွက်လာသော လမင်း၏ အရောင်ကိုလည်းကောင်း ကြည့်ရှုလျက် ကောသလမင်းကြီး၏ ကိုယ်ရောင်ကိုလည်းကောင်း၊ ကာဠုဒါယီမထေရ်မြတ်၏ ကိုယ်တော်ရောင်ကိုလည်းကောင်း၊ မြတ်စွာဘုရား၏ ကိုယ်ရောင်ကိုလည်းကောင်း ကြည့်ရှုလေ၏။ ထိုအရောင်တို့တွင် အလုံးစုံသောအရောင်တို့ကို လွန်၍ မြတ်စွာဘုရားသည်သာလျှင် တင့်တယ်တော်မူ၏။ ရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- ယနေ့ တပည့်တော်သည် ဤအရောင်တို့ကို ကြည့်ရှုလတ်သည်ရှိသော် ရှင်တော်မြတ်ဘုရားတို့၏ အရောင်တော်ကိုသာလျှင် နှစ်သက်အပ်ပါသည်။ ရှင်တော်မြတ်ဘုရားတို့၏ ကိုယ်တော်သည် အလုံးစုံသောအရောင်တို့ကို သာလွန်၍ တင့်တယ်တော်မူလှပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ရှင်အာနန္ဒာကို မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- နေမင်းမည်သည်ကား နေ့အခါ၌သာ တင့်တယ်၏။ လမင်းသည် ညဉ့်အခါ၌သာ တင့်တယ်၏။ ပြည့်ရှင်မင်းသည် တန်ဆာဆင်မြန်းသော ကာလ၌သာ တင့်တယ်၏။ အာသဝေါကင်းပြီးသော ရဟန္တာသည် အာရုံအပေါင်း၌ ကျရောက်သော စိတ်အပေါင်း၊ ဝါ- အဖော်အပေါင်းကို ပယ်စွန့်၍ ဈာန်သမာပတ် ဝင်စားသည့်အတွင်း၌သာ တင့်တယ်၏။ ဘုရားတို့သည်ကား ညဉ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း ငါးပါးအပြားရှိသော တန်ခိုးတော်အားဖြင့် တင့်တယ်တော်မူကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၈၇] ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

အာဒိစ္စော၊ နေမင်းသည်။ ဒိဝါ၊ နေ့အခါ၌။ တပတိ၊ တင့်တယ်၏။ စန္ဒိမာ၊ လမင်းသည်။ ရတ္တိ၊ ညဉ့်အခါ၌။ အာဘာတိ၊ တင့်တယ်၏။ ခတ္တိယော၊ ရေမြေ့သနင်း ပြည့်ရှင်မင်းသည်။ သန္နဒ္ဓေါ၊ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်သည်ရှိသော်။ တပတိ၊ တင့်တယ်၏။ ဗြာဟ္မဏော၊ ရဟန္တာသည်။ ဈာယီ၊ အပေါင်းအဖော်စွန့်၍ ဈာန်ဝင်စားသည်ရှိသော်။ တပတိ၊ တင့်တယ်၏။ အထ၊ ထိုမှတစ်ပါး။ ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ သဗ္ဗံ၊ အလုံးစုံသော။ အဟောရတ္တိံ၊ နေ့ညဉ့်ပတ်လုံး။ တေဇသာ၊ ငါးပါးသော တန်ခိုးတော်အားဖြင့်။ တပတိ၊ တင့်တယ်တော်မူ၏။

(မြတ်စွာဘုရားသည် သီလတန်ခိုးဖြင့် သီလမရှိသောသူ၏တန်ခိုးကို၊ ဂုဏ်တန်ခိုးဖြင့် ဂုဏ်ကင်းသောသူ၏ တန်ခိုးကို၊ ပညာတန်ခိုးဖြင့် ပညာမရှိသောသူ၏ တန်ခိုးကို၊ ကောင်းမှုတန်ခိုးဖြင့် ကောင်းမှုမရှိသောသူ၏ တန်းခိုကို၊ တရားတန်ခိုးဖြင့် တရားမရှိသောသူ၏တန်ခိုးကို ထက်ဝန်းကျင် သိမ်းကျုံး၍ယူပြီးလျှင် ဤငါးပါးအပြားရှိသော တန်ခိုးတော်အားဖြင့် အမြဲမပြတ်သာလျှင် တင့်တယ်တော်မူ၏ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အာနန္ဒာမထေရ် ဝတ္ထုပြီး၏။

֍ * ၆။ မထင်ရှားသော ပုဏ္ဏားရဟန်းဝတ္ထု

ဗာဟိတပါပေါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပဗ္ဗဇိတ ရဟန်း ပြဿနာ

ပုဏ္ဏားတစ်ယောက်သည် သာသနာတော်မှ အပဖြစ်သော ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ “ရဟန်းဂေါတမသည် မိမိ၏ တပည့်သာဝကတို့ကို ပဗ္ဗဇိတ ရဟန်းဟု ခေါ်ဆိုလေ့ရှိ၏။ ငါသည်လည်း ရဟန်းပြုသောသူဖြစ်၏၊ ငါ့ကိုလည်း စင်စစ် ဤသို့ ခေါ်ဆိုခြင်းငှာ သင့်၏”ဟု ကြံပြီးလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထားလေသတတ်။ မြတ်စွာဘုရားသည် “ငါဘုရားသည် ဤမျှဖြင့် ပဗ္ဗဇိတရဟန်းဟူ၍ ခေါ်ဆိုတော်မမူ၊ ကိလေသာဟူသော အညစ်အကြေးတို့ကို ပယ်ဖျက်သုတ်သင်တတ်သောကြောင့် ပဗ္ဗဇိတမည်သောသူ ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၈၈] ဗာဟိတပါပေါတိ ဗြာဟ္မဏော၊ သမစရိယာ သမဏောတိ ဝုစ္စတိ။
ပဗ္ဗာဇယမတ္တနော မလံ၊ တသ္မာ ပဗ္ဗဇိတောတိ ဝုစ္စတိ။

ဗာဟိတပါပေါ၊ အပပြုအပ်ပြီးသော မကောင်းမှုရှိ၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ ဗြာဟ္မဏောတိ၊ ဗြာဟ္မဏဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သမစရိယာ၊ အကုသိုလ်တို့ကို ငြိမ်းစေသဖြင့် ကျင့်သောကြောင့်။ သမဏောတိ၊ သမဏဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ယော၊ အကြင်သူသည်။ အတ္တနော၊ မိမိ၏။ မလံ၊ ရာဂအစရှိသော အညစ်အကြေးကို။ ပဗ္ဗာဇယံ-ပဗ္ဗာဇယန္တော၊ ပယ်ဖျက်သုတ်သင် ထုတ်နှင်တတ်၏။ တသ္မာ၊ ထို့ကြောင့်။ သော၊ ထိုသူကို။ ပဗ္ဗဇိတောတိ၊ ပဗ္ဗဇိတဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုပုဏ္ဏားရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

မထင်ရှားသော ပုဏ္ဏားရဟန်း ဝတ္ထုပြီး၏။

֍ * ၇။ သာရိပုတ္တရာမထေရ် ဝတ္ထု

န ဗြာဟ္မဏဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်သာရိပုတ္တရာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်သာရိပုတ္တရာကို ရိုက်နှက်သောပုဏ္ဏား

တစ်ခုသောအရပ်၌ များစွာသောလူတို့သည် “ငါတို့အရှင်မြတ်သည် သည်းခံခြင်းတည်းဟူသော အားနှင့် အလွန်တရာပြည့်စုံ၏။ တစ်ပါးသောလူတို့သည် ဆဲရေးကြကုန်သော်လည်းကောင်း၊ ပုတ်ခတ်ကြကုန်သော်လည်းကောင်း အမျက်ဒေါသ အနည်းငယ်မျှလည်း မရှိ”ဟု ရှင်သာရိပုတ္တရာ၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုကြလေကုန်သတတ်။ ထိုအခါ မိစ္ဆာအယူရှိသော ပုဏ္ဏားတစ်ယောက်သည် “အမျက်မထွက်တတ်သော ဤသူကား အဘယ်သူနည်း”ဟု မေးလေ၏။ “ငါတို့၏ မထေရ်မြတ်တည်း”ဟု ဆိုလတ်သော် “ထိုမထေရ်ကို အမျက်ထွက်အောင် ပြုသောသူသည် မရှိသေးသည်ဖြစ်လတ္တံ့”ဟု ဆိုလေ၏။ “ပုဏ္ဏား- ထိုသို့သောသူကား မရှိသေး”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ ငါသည် ထိုရှင်သာရိပုတ္တရာကို အမျက်ထွက်အောင် ပြုလုပ်ပေအံ့”ဟု ဆိုလေ၏။ “အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ အမျက်ထွက်အောင် ပြုပါချေလော့”ဟု ဆိုလတ်သော် ထိုပုဏ္ဏားသည် “ထိုသို့ဖြစ်ပါစေ၊ ထိုရှင်သာရိပုတ္တရာအား ပြုအပ်သည့်အမှုကို သိရပေတော့အံ့”ဟု ဆိုပြီးလျှင် ဆွမ်းအလို့ငှာ ကြွဝင်တော်မူလာသော ရှင်သာရိပုတ္တရာမထေရ်ကို မြင်ရလျှင် နောက်အဖို့ဖြင့်သွားတဲ့၍ ကျောက်ကုန်းလယ်၌ သည်းထန်ပြင်းပြစွာ လက်ဖြင့် ပုတ်ခတ်ခြင်းကို ပေးလေ၏။

ရှင်သာရိပုတ္တရာမထေရ်သည် “ဤသို့ပြုခြင်းကား အဘယ်နည်း”ဟု မကြည့်ရှုမူ၍သာလျှင် ကြွသွားတော်မူလေ၏။ ပုဏ္ဏား၏ ကိုယ်အလုံး၌ ပူလောင်ခြင်းသည် ဖြစ်လေ၏။ ထိုပုဏ္ဏားသည် “အရှင်မြတ်ကား အလွန်တရာ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူပါပေစွတကား”ဟု ဆို၍ ရှင်သာရိပုတ္တရာမထေရ်မြတ်၏ ခြေတော်ရင်း၌ ဝပ်ပြီးလျှင် “အရှင်ဘုရား- တပည့်တော်အား သည်းခံတော်မူကြပါဘုရား”ဟု လျှောက်ကြားသဖြင့် “ဤသို့တောင်းပန်ခြင်း အကြောင်းကား အဘယ်နည်း”ဟု မိန့်တော်မူသည်ရှိသော် “တပည့်တော်သည် စူးစမ်းခြင်းငှာ အရှင်ဘုရားတို့ကို ပုတ်ခတ်မိပါပြီဘုရား”ဟု လျှောက်လေ၏။ “ထိုသို့ပုတ်ခတ်မိသည်ပင်ဖြစ်စေ, သင့်အား ငါသည်းခံပါ၏”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- တပည့်တော်အား အကယ်၍ သည်းခံတော်မူကြသည်ဖြစ်ပါအံ့၊ တပည့်တော်၏ နေအိမ်၌သာလျှင်ထိုင်၍ ဆွမ်းကို ခံတော်မူပါဦးဘုရား”ဟု လျှောက်ဆို၍ ရှင်သာရိပုတ္တရာမထေရ်မြတ်၏ သပိတ်တော်ကို ယူလေ၏။ ရှင်သာရိပုတ္တရာမထေရ်သည်လည်း သပိတ်ကို ပေးတော်မူ၏။ ပုဏ္ဏားသည် ရှင်သာရိပုတ္တရာမထေရ်ကို အိမ်သို့ပင့်ဆောင်ပြီးလျှင် ဆွမ်းလုပ်ကျွေးလေ၏။

တစ်ပါးသောလူ,ရဟန်းတို့ မခံနိုင်ကြပုံ

လူတို့သည် အမျက်ထွက်လှသဖြင့် “ဤပုဏ္ဏားကား အပြစ်မရှိသော ငါတို့၏ဆရာအရှင်မြတ် သာရိပုတ္တရာကို ပုတ်ခတ်ဘိ၏။ ထိုပုဏ္ဏားအား ဒဏ်အမှုဖြင့်လည်း လွတ်ခြင်းသည် မရှိသင့်၊ ဤအရပ်၌ပင်လျှင် ထိုပုဏ္ဏားကို သတ်ကြကုန်စို့အံ့”ဟု အုတ်ခဲ၊လှံတံ စသည်တို့ကို လက်စွဲကုန်လျက် ပုဏ္ဏား၏အိမ်တံခါး၌ ရပ်တည်ကြလေကုန်၏။ ရှင်သာရိပုတ္တရာသည် နေရာမှထ၍ ကြွသွားတော်မူသည်ရှိသော် ပုဏ္ဏား၏လက်၌ သပိတ်ကိုပေးလေ၏။ လူတို့သည် ထိုပုဏ္ဏားကို ရှင်သာရိပုတ္တရာမထေရ်နှင့် အတူတကွ သွားသည်ကိုမြင်ရလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့၏ သပိတ်တော်ကို ယူတော်မူ၍ ပုဏ္ဏားကို ပြန်လည်စေတော်မူကြပါဘုရား”ဟု လျှောက်ကြလေကုန်၏။ “ဒါယကာတို့- ဤအကြောင်းကား အဘယ်နည်း”ဟု မိန့်တော်မူလတ်သော် “ပုဏ္ဏားသည် အရှင်ဘုရားတို့ကို ပုတ်ခတ်ဘိ၏။ တပည့်တော်တို့သည် ထိုပုဏ္ဏားအား ပြုအပ်သောအမှုကို သိလိုကြပါကုန်၏ဘုရား”ဟု လျှောက်ကြလေကုန်၏။ “ဒါယကာတို့- အသို့နည်း၊ ဤပုဏ္ဏားသည် သင်တို့ကို ပုတ်ခတ်ဘိသလော, ငါ့ကို ပုတ်ခတ်သလော”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- အရှင်ဘုရားကို ပုတ်ခတ်ပါသည်ဘုရား”ဟု လျှောက်ဆိုကြကုန်၏။ “ဤပုဏ္ဏားသည် ငါ့ကို ပုတ်ခတ်မိခြင်းကြောင့် တောင်းပန်ကန်တော့လေပြီ။ သင်တို့သည် သွားကြလေကုန်”ဟု လူတို့ကိုလွှတ်လိုက်ပြီးမှ ပုဏ္ဏားကို ပြန်လည်စေပြီးလျှင် ရှင်သာရိပုတ္တရာမထေရ်သည် ကျောင်းတော်သို့သာလျှင် ကြွသွားတော်မူလေ၏။

ရဟန်းတို့သည် “အရှင်သာရိပုတ္တရာ အကြင်ရဟန်းကို အကြင်ပုဏ္ဏားသည် ပုတ်ခတ်အပ်၏။ ထိုရဟန်းသည် ထိုပုဏ္ဏား၏အိမ်၌သာလျှင် ထိုင်၍ ဆွမ်းကိုခံယူပြီးလျှင် ကြွလာခဲ့၏။ ဤသို့ပြုလုပ်ခြင်းကား အဘယ်မည်သောပြုလုပ်ခြင်း ဖြစ်ပါသနည်း။ ရှင်သာရိပုတ္တရာမထေရ်အား ပုတ်ခတ်သောအခါမှစ၍ ယခုအခါ ထိုပုဏ္ဏားသည် အဘယ်သူအား ရှက်လတ္တံ့နည်း၊ ကြွင်းသောရဟန်းတို့ကို ပုတ်ခတ်လျက် လှည့်လည်သွားလာပေတော့လတ္တံ့”ဟု ကဲ့ရဲ့ကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “ချစ်သားရဟန်းတို့- ဗြာဟ္မဏစစ်မည်သောသူသည် ဗြာဟ္မဏစစ်မည်သောသူကို ပုတ်ခတ်ခြင်းမည်သည် မရှိ၊ လူဖြစ်သော ပုဏ္ဏားဗြာဟ္မဏမည်သည်ကား ရဟန်းဖြစ်သော ရဟန္တာဗြာဟ္မဏစစ်ကို ပုတ်ခတ်သည်ဖြစ်လတ္တံ့၊ ဤအမျက်ဒေါသမည်သည်ကား အနာဂါမိမဂ်ဖြင့် အကြွင်းမဲ့ သတ်အပ်သည့်အဖြစ်သို့ ရောက်၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၈၉] န ဗြာဟ္မဏဿ ပဟရေယျ၊ နဿ မုဉ္စေထ ဗြာဟ္မဏော။
ဓီ ဗြာဟ္မဏဿ ဟန္တာရံ၊ တတော ဓီ ယဿ မုဉ္စတိ။

֍ * [၃၉၀] န ဗြာဟ္မဏဿ တဒကိဉ္စိ သေယျော။
ယဒါ နိသေဓော မနသော ပိယေဟိ။
ယတော ယတော ဟိံသမနော နိဝတ္တတိ၊
တတော တတော သမ္မတိမေ၀ ဒုက္ခံ။

ဗြာဟ္မဏော၊ ရဟန္တာဖြစ်သော ဗြာဟ္မဏသည်။ ဗြာဟ္မဏဿ၊ ရဟန္တာဗြာဟ္မဏ တစ်ပါးသော လူပုဏ္ဏားဗြာဟ္မဏအား။ န ပဟရေယျ၊ မပုတ်ခတ်ရာ။ ဗြာဟ္မဏော၊ ပုတ်ခတ်ခံရသော ရဟန္တာဗြာဟ္မဏသည်။ အဿ၊ ထိုပုတ်ခတ်သောသူအား။ ဝါ၊ သူ၏အပေါ်၌။ န မုဉ္စေထ၊ အမျက်မထွက်ရာ။ ဗြာဟ္မဏဿ၊ ရဟန္တာဗြာဟ္မဏအား။ ဟန္တာရံ၊ ပုတ်ခတ်တတ်သောသူကို။ ဓီ၊ စက်ဆုပ်ရွံရှာဖွယ်ဟု ငါဘုရား ကဲ့ရဲ့တော်မူ၏။ ယော၊ အကြင်သူသည်။ အဿ၊ ထိုမိမိကို ပုတ်ခတ်သောသူအား။ ဝါ၊ သူ၏အပေါ်၌။ မုဉ္စတိ၊ အမျက်ထွက်၏။ တံ၊ ထိုပုတ်ခတ်ခံရ၍ အမျက်ထွက်သောသူကို။ တတော၊ ထိုပုတ်ခတ်တတ်သောသူထက်။ ဓီ၊ လွန်စွာ စက်ဆုပ်ရွံရှာဖွယ်ဟု ငါဘုရား ကဲ့ရဲ့တော်မူသည်သာတည်း။

ဗြာဟ္မဏဿ၊ ခီဏာသဝဗြာဟ္မဏ၏။ ဧတံ၊ ဤသို့ဆဲရေးသောသူကို အတုံ့မဆဲရေးခြင်း, ပုတ်ခတ်သောသူကို အတုံ့မပုတ်ခတ်ခြင်းသည်။ ကိဉ္စိသေယျော၊ အနည်းငယ်သာ မြတ်သည်။ ၊ မဟုတ်။ မနသော ပိယေဟိ၊ ဒေါသစိတ်၏အကြိုက် အမျက်ထွက်ခြင်းတို့မှ။ ယဒါနိသေဓော-ယော အနိသေဓော၊ အကြင် မတားမြစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤသို့ ဒေါသအကြိုက် အမျက်ထွက်ခြင်းသည်။ န ကိဉ္စိသေယျော၊ အနည်းငယ်မျှ မြတ်သည်မဟုတ်။ ဟိံသမနော၊ အမျက်ထွက်သော စိတ်သည်။ ယတော-ယတော၊ အကြင် အကြင်သို့သော ဝတ္ထုမှ။ နိဝတ္တတိ၊ အနာဂါမိမဂ်ဖြင့် အကြွင်းမဲ့ နုတ်ဖြတ်သဖြင့် နစ်မြုပ်၏။ တတော တတော၊ ထိုထိုသို့သော ဝတ္ထုမှ။ ဒုက္ခံ၊ သံသရာဝဋ်ဆင်းရဲသည်။ သမ္မတိမေဝ၊ ငြိမ်းသည်သာလျှင်တည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သာရိပုတ္တရာမထေရ် ဝတ္ထုပြီး၏။

֍ * ၈။ မဟာပဇာပတိဂေါတမီ ဝတ္ထု

ယဿ ကာယေန ဝါစာယအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌နေတော်မူစဉ် မဟာပဇာပတိဂေါတမီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(မြတ်စွာဘုရားသည် လွန်ကျူးသော ဝတ္ထုမဖြစ်မီ ပညတ်တော်မူအပ်သော ရှစ်ပါးသော ဂရုဓမ္မတရားတို့ကို တန်ဆာဆင်လေ့ရှိသော ယောက်ျားသည် အလွန်အဆင်းအနံ့ရှိသော ပန်းဆိုင်းကို ဦးခေါင်းဖြင့် ပန်ဆင်ဘိသကဲ့သို့ ဦးခေါင်းဖြင့် ဝန်ခံခြင်းကြောင့် အခြံအရံနှင့်တကွ မဟာပဇာပတိဂေါတမီသည် ပဉ္စင်းအဖြစ်ကို ရလေ၏။ ထိုမဟာပဇာပတိဂေါတမီ ဘိက္ခုနီမအား ဘုရားရှင်မှတစ်ပါးသော ဥပဇ္ဈာယ်ဆရာသည်လည်းကောင်း၊ ကမ္မဝါစာဆရာသည်လည်းကောင်း မရှိ၊ ဤသို့ ရအပ်သော ပဉ္စင်းဖြစ်ခြင်းရှိသော မဟာပဇာပတိဂေါတမီ ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။)

မိထွေးတော်ဂေါတမီအပေါ်၌ သံသယရှိကြခြင်း

တစ်ပါးသောအခါ၌ “မဟာပဇာပတိဂေါတမီအား ဆရာဥပဇ္ဈာယ်တို့သည် မထင်မရှားကြကုန်၊ မိမိ၏လက်ဖြင့်သာလျှင် သင်္ကန်းတို့ကို ယူဘိ၏။ (ဝတ်ဆင်ဘိ၏။)”ဟု စကားကို ဖြစ်စေကြလေကုန်၏။ ဤသို့သောစကားကို ပြောဆိုကြပြီးလျှင် အလို့လို့ဖြစ်ကြကုန်သော ရဟန်းမိန်းမတို့သည် ထိုမဟာပဇာပတိဂေါတမီ ထေရီမနှင့် အတူတကွ ဥပုသ်လည်း မပြုကြကုန်၊ ပဝါရဏာလည်း မပြုကြကုန်၊ ထိုရဟန်းမိန်းမတို့သည် သွား၍ မြတ်စွာဘုရားအားလည်း ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းမိန်းမတို့၏ လျှောက်ချက်စကားကို ကြားတော်မူရလျှင် “မဟာပဇာပတိ ဂေါတမီအား ရှစ်ပါးသော ဂရုဓမ္မတရားတို့ကို ပေးအပ်ကုန်၏။ ငါဘုရားသည်သာလျှင် ထိုဂေါတမီ၏ ဥပဇ္ဈာယ်ဆရာဖြစ်၏။ ကာယဒုစရိုက် စသည်တို့မှကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ အပ်လေသလော၊ မအပ်လေသလောဟူသော အလို့လို့မည်သည်ကို မပြုအပ်”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

<(b>ဂရုဓမ်တရားရှစ်ပါးကား-
၁။ ဝါတစ်ရာရသော်လည်း ယနေ့ဖြစ်စ ရဟန်းကို ရှိခိုးရိုသေရခြင်း၊
၂။ ရဟန်းယောက်ျား အနီး၌မရှိသော ကျောင်း၌ မနေရခြင်း၊
၃။ လခွဲတိုင်း ရဟန်းယောက်ျားထံ ဥပုသ်မေးခြင်း၊ အဆုံးအမသို့ ချဉ်းကပ်ရခြင်း၊
၄။ ဝါကျွတ်သောအခါ ရဟန်းယောက်ျား၊ ရဟန်းမိန်းမ သံဃာနှစ်ဦးထံသို့ ဆုံးမပါဟု ဖိတ်ကြားရခြင်း၊
၅။ သံဃာဒိသိသ် အာပတ်သို့ရောက်လျှင် ထိုသံဃာနှစ်ဦးထံ တစ်ဆယ့်ငါးရက် မာနတ်အကျင့် ကျင့်ရခြင်း၊
၆။ သိက္ခမာန်မကို နှစ်နှစ်ပတ်လုံး တရားခြောက်ပါး ကျင့်စေပြီးမှ ရဟန်းပြုပေးရခြင်း၊
၇။ အကြောင်းတစ်စုံတစ်ရာကြောင့် ရဟန်းယောက်ျားကို ဆဲရေးကြိမ်းမောင်း မပြုရခြင်း၊
၈။ ရဟန်းယောက်ျားတို့အပေါ်၌ အပြစ်မဆိုရခြင်း၊
ဤတရား ရှစ်ပါးတို့သည် တစ်သက်လုံး မလွန်ကျူးရ၊ အလေးပြုအပ်ကြောင်း ဂရုဓမ်မည်၏ဟူလို။)

ဒေသနာတော်

֍ * [၃၉၁] ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။
သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ကာယေန ဝါ၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ ဝါ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ ဝါ၊ စိတ်ဖြင့်လည်းကောင်း။ ဒုက္ကဋံ၊ အပြစ်ရှိ ဆင်းရဲပွား အပါယ်လားကြောင်း မကောင်းမှုသည်။ နတ္ထိ၊ မရှိ။ တီဟိ ဌာနေဟိ၊ သုံးပါးသော အကြောင်းတို့ဖြင့်။ သံဝုတံ၊ ဒုစရိုက် ဝင်လာကြောင်းတံခါးကို ဆီးတားပိတ်ပင်အပ်ပြီ။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မဟာပဇာပတိဂေါတမီ ဝတ္ထုပြီး၏။

֍ * ၉။ သာရိပုတ္တရာမထေရ် ဝတ္ထု

ယမှာ ဓမ္မံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်သာရိပုတ္တရာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရပ်မျက်နှာ ရှိခိုးသည်ဟု စွပ်စွဲခံရခြင်း

ထိုရှင်သာရိပုတ္တရာမထေရ်သည် အဿဇိမထေရ်၏ အထံတော်မှ တရားတော်ကို ကြားနာရသဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်သောအခါမှစ၍ အကြင်အရပ်၌ အဿဇိမထေရ် နေတော်မူသည်ဟု ကြားရသည်ဖြစ်အံ့၊ ထိုအရပ်ကို လက်အုပ်ချီ၍ ထိုအရပ်သို့သာလျှင် ဦးခေါင်းပြု၍ ကျိန်းစက်တော်မူသတတ်၊ ရဟန်းတို့သည် “မှားသော မိစ္ဆာဒိဋ္ဌိအယူရှိသော ရှင်သာရိပုတ္တရာမထေရ်ကား ယနေ့တိုင်အောင်လည်း အရပ်မျက်နှာတို့ကို ရှိခိုးလျက် လှည့်လည်ဘိ၏”ဟု ဆို၍ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာမထေရ်ကို ခေါ်စေတော်မူပြီးလျှင် “ချစ်သား သာရိပုတ္တရာ- သင်သည် အရပ်မျက်နှာတို့ကို ရှိခိုးလျက် လှည့်လည်ဘိ၏ဟူသည် မှန်သလော”ဟု မေးတော်မူသဖြင့် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်၏ အရပ်မျက်နှာတို့ကို ရှိခိုးသည့်အဖြစ်ကိုလည်းကောင်း၊ ရှိမခိုးသည့်အဖြစ်ကိုလည်းကောင်း ရှင်တော်မြတ်ဘုရားတို့သည်သာလျှင် သိတော်မူကြပါကုန်၏ဘုရား”ဟု လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- သာရိပုတ္တရာသည် အရပ်မျက်နှာတို့ကို ရှိခိုးသည်မဟုတ်၊ စင်စစ်ကား အဿဇိမထေရ်၏အထံမှ တရားကြားနာရသဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်သည်၏အဖြစ်ကြောင့် မိမိဆရာကို ရှိခိုး၏။ ရဟန်းဖြစ်သောသူသည် အကြင်ဆရာကိုမှီ၍ တရားတော်ကို သိ၏။ ထိုရဟန်းသည် ထိုဆရာကို ပုဏ္ဏားသည် မီးကို ရိုသေစွာ ရှိခိုးဘိသကဲ့သို့ ရိုသေစွာ ရှိခိုးအပ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၉၂] ယမှာ ဓမ္မံ ဝိဇာနေယျ၊ သမ္မာသမ္ဗုဒ္ဓဒေသိတံ။
သက္ကစ္စ တံ နမဿေယျ၊ ဒဂ္ဂိဟုတ္တံဝ ဗြာဟ္မဏော။

ယမှာ၊ အကြင်ဆရာမှ။ သမ္မာသမ္ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော။ ဓမ္မံ၊ တရားကို။ ဝိဇာနေယျ၊ သိငြားအံ့။ တံ၊ ထိုဆရာကို။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ အဂ္ဂိဟုတ္တံ၊ ပူဇော်အပ်သောမီးကို။ သက္ကစ္စံ၊ ရိုသေစွာ။ နမဿတိ ဣဝ၊ ရှိခိုးသကဲ့သို့။ ဧဝံ၊ ဤအတူ။ သက္ကစ္စံ၊ ရိုသေစွာ။ နမဿေယျ၊ ရှိခိုးရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သာရိပုတ္တရာမထေရ် ဝတ္ထုပြီး၏။

֍ * ၁၀။ ဆံကျစ်ထုံးသောပုဏ္ဏားဝတ္ထု

န ဇဋာဟိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဆံကျစ်ထုံးသော ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆံကျစ်ထုံးကာမျှဖြင့် ဗြာဟ္မဏမဟုတ်သေး

ထိုပုဏ္ဏားသည် “ငါကား အမိမှလည်းကောင်း, အဖမှလည်းကောင်း ကောင်းစွာဖွားမြင်သောသူဖြစ်၍ ပုဏ္ဏားမျိုး၌ဖြစ်၏။ ရဟန်းဂေါတမသည် မိမိ၏ တပည့်သာဝကတို့ကို ဗြာဟ္မဏဟူ၍ အကယ်၍ ဆိုသည်ဖြစ်အံ့၊ ငါ့ကိုလည်း ထိုသို့ ဗြာဟ္မဏဟူ၍ ဆိုခြင်းငှာ သင့်ပေသည်”ဟု နှလုံးပြုလျက် မြတ်စွာဘုရား၏အထံတော်ကို သွားပြီးလျှင် ထိုအကြောင်းကို မေးလျှောက်လေသတတ်။ ထိုအခါ ထိုဆံကျစ်ထုံးပုဏ္ဏားကို မြတ်စွာဘုရားသည် “ပုဏ္ဏား- ဆံကျစ်ထုံးကာမျှဖြင့် အမျိုးအနွယ်မျှဖြင့် ဗြာဟ္မဏဟူ၍ ငါဘုရား မဟော၊ ထိုးထွင်း၍သိပြီးသော သစ္စာလေးပါးရှိသောသူကိုသာလျှင် ဗြာဟ္မဏဟူ၍ ငါဘုရား ဟောတော်မူ၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၉၃] န ဇဋာဟိ န ဂေါတ္တေန၊ န ဇစ္စာ ဟောတိ ဗြာဟ္မဏော။
ယမှိ သစ္စဉ္စ ဓမ္မော စ၊ သော သုစီ သော စ ဗြာဟ္မဏော။

ဇဋာဟိ၊ ဆံကျစ်ထုံးခြင်းတို့ဖြင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏ မည်သည်။ န ဟောတိ၊ မဖြစ်။ ဂေါတ္တေန၊ အနွယ်အားဖြင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏမည်သည်။ န ဟောတိ၊ မဖြစ်။ ဇစ္စာ၊ အမျိုးအားဖြင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏမည်သည်။ န ဟောတိ၊ မဖြစ်။ ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ ထိုးထွင်း၍ သိပြီးသော သစ္စာဉာဏ်သည်လည်းကောင်း။ ဓမ္မော စ၊ ကိုးပါးသော လောကုတ္တရာ တရားသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ သုစီ၊ စင်ကြယ်သောသူဖြစ်၏။ သော စ၊ ထိုပုဂ္ဂိုလ်သည်သာလျှင်။ ဗြာဟ္မဏော၊ ဗြာဟ္မဏမည်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဆံကျစ်ထုံးသောပုဏ္ဏား ဝတ္ထုပြီး၏။

֍ * ၁၁။ အံ့သြဖွယ် ကောက်ကျစ်သောပုဏ္ဏား ဝတ္ထု

ကိံတေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် စုလစ်မွမ်းချွန်တပ်၍ ဆောက်လုပ်သောကျောင်း၌ နေတော်မူ၍ လင်းနို့၏အကျင့်ကို ကျင့်တတ်သော ကောက်ကျစ်စဉ်းလဲသော ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောာ်မူလေ၏။

လင်းနို့အကျင့်ဖြင့် စဉ်းလဲသောပုဏ္ဏား

ထိုပုဏ္ဏားသည် ဝေသာလီပြည် မြို့တံခါးအနီး၌ တစ်ခုသော ရေခံတက်ပင်သို့တက်၍ ခြေနှစ်ဖက်တို့ဖြင့် သစ်ကိုင်းကို ချိတ်ဆွဲပြီးလျှင် ဦးခေါင်းစောက်ထိုး တွဲလျားဆွဲလျက် “ငါ့အား ပြောက်ကျားအဆင်းရှိသော နွားတို့၏ တစ်ရာကို ပေးကြကုန်လော့၊ အသပြာတို့ကို ပေးကြကုန်လော့၊ ခြေရင်းအလုပ်အကျွေးကို ပေးကြကုန်လော့၊ အကယ်၍ မပေးကြကုန်သည်ဖြစ်အံ့၊ ဤရေခံတက်ပင်မှကျ၍ သေသည်ရှိသော် မြို့ကို မြို့မဟုတ်သည်ကို ပြုလုပ်အံ့”ဟု ဆိုသတတ်၊ မြတ်စွာဘုရားသည် ရဟန်းသံဃာတော်အပေါင်း ခြံရံလျက် မြို့တွင်းသို့ ကြွဝင်တော်မူသောအခါ ရဟန်းတို့သည် ထိုပုဏ္ဏားကိုမြင်၍ ထွက်လာသောအခါ၌လည်း ထို့အတူလျှင် တွဲလျားဆွဲလျက်နေသော ထိုပုဏ္ဏားကို မြင်ကြလေကုန်၏။ ပြည်သူပြည်သားတို့သည်လည်း ဤသို့ ကြံကြလေကုန်၏။ “ဤပုဏ္ဏားကား နံနက်အခါမှ စ၍သာလျှင် ဤသို့ တွဲလျားဆွဲလျက်နေဘိ၏။ ကျ၍ သေသည်ရှိသော် မြို့ကို မြို့မဟုတ်အောင် ပြုလုပ်ချေရာ၏”ဟု ကြံပြီးလျှင် မြို့ပျက်စီးအံ့သည်မှ ကြောက်သောကြောင့် အကြင်ဥစ္စာကို ထိုပုဏ္ဏားသည် တောင်း၏။ ထိုအလုံးစုံသောဥစ္စာကို ပေးကြပါကုန်အံ့”ဟု ဝန်ခံ၍ ပေးကြလေကုန်၏။ ထိုအံ့ဖွယ်သရဲ ကောက်ကျစ်စဉ်းလဲသော ပုဏ္ဏားသည် ရေခံတက်ပင်မှ သက်ဆင်းပြီးလျှင် အလုံးစုံသောဥစ္စာကိုယူ၍ သွားလေ၏။ ရဟန်းတို့သည် ကျောင်း၏ဥပစာ၌ နွားကဲ့သို့ အော်မြည်လျက် သွားသောပုဏ္ဏားကို မြင်ကြလျှင် မှတ်မိကြကုန်သည်ဖြစ်၍ “ပုဏ္ဏား- သင်တောင့်တတိုင်း ရလေ၏လော”ဟု မေးကြသောကြောင့် “တပည့်တော် ရခဲ့သည်မှန်ပါ၏”ဟု ဆိုသောစကားကို ကြားကြရသဖြင့် ကျောင်းတွင်း၌ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ယခုသာလျှင် ထိုပုဏ္ဏားသည် ကောက်ကျစ်စဉ်းလဲသော ခိုးသူဖြစ်သည်မဟုတ်သေး၊ ရှေး၌လည်း ကောက်ကျစ်စဉ်းလဲသော ခိုးသူဖြစ်ဖူးသည်သာလျှင်တည်း၊ ယခုအခါ၌ကား ဤပုဏ္ဏားသည် မလိမ္မာသောလူအပေါင်းကို လှည့်စား၏။ ထိုအခါ၌ကား ပညာရှိသောသူတို့ကို လှည့်စားခြင်းငှာ မတတ်နိုင်”ဟု မိန့်တော်မူသဖြင့် ထိုရဟန်းတို့သည် တောင်းပန်အပ်သောကြောင့် လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

ဖွတ်ကိုသတ်ရန် အားထုတ်သောရသေ့

လွန်လေပြီးသောအခါ ရွာတစ်ရွာကိုမှီ၍ ရသေ့စဉ်းလဲတစ်ယောက်သည် နေခြင်းကိုပြုလေ၏။ ထိုရသေ့ကို အမျိုးသားတစ်ယောက်သည် လုပ်ကျွေးလေ၏။ နေ့အခါ၌ဖြစ်သော ခဲဖွယ်ဘောဇဉ်မှ မိမိ၏ သားသမီးတို့ကဲ့သို့ ထိုရသေ့အားလည်း တစ်ခုသောအဖို့ကို ပေးလှူ၏။ ညချမ်းအခါ၌ဖြစ်သော အဖို့ကိုထား၍ နှစ်ရက်မြောက်သောနေ့၌ ပေးလှူ၏။ ထို့နောက် တစ်နေ့သ၌ ညချမ်းအခါ ဖွတ်သားကိုရ၍ ကောင်းစွာချက်ပြီးလျှင် ထိုဖွတ်သားဟင်းမှ တစ်ခုသောအဖို့ကိုထား၍ နှစ်ရက်မြောက်သောနေ့၌ ထိုရသေ့အား ပေးလှူကြလေကုန်၏။ ထိုရသေ့သည် အသားကိုစားပြီးလျှင် အရသာ၌ တပ်နှစ်သက်သောတဏှာဖြင့် ဖွဲ့ အပ်သောကြောင့် “ဤအသားသည် အဘယ်အသားမည်သနည်း”ဟု မေးသည်ရှိသော် “ဖွတ်သားဖြစ်ပါသည်ဘုရား”ဟု လျှောက်သောစကားကို ကြားရလျှင် ဆွမ်းအလို့ငှာသွားပြီးလျှင် ထောပတ် နို့ဓမ်း ငရုတ် ဘဏ္ဍာ စသည်တို့ကိုယူသဖြင့် သစ်ရွက်မိုးသော ဇရပ်သို့သွား၍ တင့်အပ်လျောက်ပတ်သောအရပ်၌ ထားလေ၏။ သစ်ရွက်မိုးသောဇရပ်၏ မနီးမဝေးသောအရပ်၌ကား တောင်ပို့တစ်ခုအတွင်း ဖွတ်မင်းသည် နေ၏။ ထိုဖွတ်မင်းသည် ရံခါရံခါ ရသေ့ကို ရှိခိုးခြင်းငှာ လာတတ်၏။ ထိုနေ့၌ကား “ဖွတ်မင်းကိုသတ်အံ့”ဟု တုတ်လှံတံကို ဖုံးလွှမ်းပြီးလျှင် ထိုတောင်ပို့၏ မနီးမဝေးသောအရပ်၌ အိပ်ပျော်ဟန်ဆောင်လျက် နေလေ၏။ ထိုဖွတ်မင်းသည်လည်း တောင်ပို့မှထွက်ခဲ့၍ ရသေ့အထံသို့ လာစဉ်သာလျှင် အမူအရာကိုမှတ်သား၍ “ယနေ့ ငါ့ဆရာရသေ့၏အမူအရာကို ငါမနှစ်သက်”ဟု နှလုံးပြုလျက် ထိုရသေ့ကို မြင်ရာအရပ်မှပင်လျှင် ဆုတ်နစ်ပြန်လည်ခဲ့လေ၏။ ရသေ့သည် ထိုဖွတ်မင်း၏ ဆုတ်နစ်ပြန်လည်သည့်အဖြစ်ကို သိတဲ့၍ ထိုဖွတ်မင်းကို သတ်ခြင်းငှာ တုတ်လှံတံကို ပစ်လိုက်လေ၏။ တုတ်လှံတံသည် ချွတ်ချော်၍ သွားခဲ့လေ၏။

(ဤဓမ္မပဒအဋ္ဌကထာ၌ (ဒဏ္ဍ-တုတ်လှံတံ)၊ စတုက္ကနိပါတ်၊ ဂေါဓရာဇဇာတ်၌ကား (မုဂ္ဂရ-တင်းပုတ်)ဟု ပါရှိ၏။ ချွတ်ချော်သွားသောအခါ ရသေ့က ငါသည် ချွတ်ချော်သွား၏ဟု ဆို၏။ ဖွတ်မင်းက သင်ရသေ့သည် အကျွန်ုပ်ကိုသာ ချွတ်ချော်ပါသည်။ အပါယ်လေးဘုံတို့ကိုကား မချွတ်ချော်ပါဟု ပြန်ပြောကြောင်းလည်း ပါသေး၏။)

ဖွတ်မင်းက ရသေ့အား ကဲ့ရဲ့ပုံ

ဖွတ်မင်းသည်လည်း တောင်ပို့သို့ဝင်ပြီးလျှင် ထိုတောင်ပို့မှ ဦးခေါင်းကိုထုတ်၍ လာခဲ့သော လမ်းခရီးကို ကြည့်ရှုလျက် ရသေ့ကို ဤသို့ဆိုလေ၏။

သမဏံ တံ မညမာနော၊ ဥပဂစ္ဆိမသညတံ။
သော မံ ဒဏ္ဍေန ပဟာသိ၊ ယထာ အသမဏော တထာ။

ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ကိံ တေ အဇိနသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။

ဘောတာပသ၊ အိုရသေ့။ အသညတံ၊ ကိုယ်နှုတ်နှလုံး မစောင့်ထိန်းသော။ တံ၊ သင့်ကို။ သမဏံ၊ မကောင်းမှုငြိမ်းချမ်း မြတ်သော ရသေ့,ရဟန်းဟူ၍။ မညမာနော၊ အောက်မေ့မှတ်ထင်လျက်။ ဥပဂစ္ဆိံ၊ ဆည်းကပ်မိလေ၏။ အသမဏော၊ မကောင်းမှု မငြိမ်းသောသူယုတ်သည်။ ပဟရတိ ယထာ၊ ပုတ်ခတ်ဘိသကဲ့သို့။ တထာ၊ ထို့အတူ။ သောတွံ၊ ထိုသင်ရသေ့သည်။ မံ၊ ငါ့ကို။ ဒဏ္ဍေန၊ တုတ်လှံတံဖြင့်။ ပဟာသိ-ပဟရိ၊ ပုတ်ခတ်ဘိ၏။

ဒုမ္မေဓ၊ ပညာနည်းသောရသေ့။ တေ၊ သင်ရသေ့အား။ ဇဋာဟိ၊ ဆံကျစ်ထုံးခြင်းတို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်ရသေ့အား။ အဇိနသာဋိယာ၊ ပခုံးတစ်ဖက် လွှမ်းခြုံယှက်သော သစ်နက်ရေဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်၏။ အဗ္ဘန္တရံ၊ ကိုယ်အတွင်းသည်။ ဂဟနံ၊ ကိလေသာတင်းကြမ်း ရှုပ်ပြွမ်းလျက်ရှိ၏။

(အဆိပ်ပြည့်သော ဘူးတောင်း၊ မစင်ပြည့်သောတွင်း၊ မြွေဆိုးပြည့်သော တောင်ပို့ကဲ့သို့ ဖြစ်၏ဟူလို။)

ဗာဟိရံ၊ အပဖြစ်သော ကိုယ်သည်။ ပရိမဇ္ဇသိ၊ သန့်ရှင်းဖြူစင်၏။

(အတွင်း၌ ကြမ်းလျက် အပ၌ ပြေပြစ်လှသောကြောင့် ဆင်၏မစင်တုံး၊ မြင်း၏ မစင်တုံးနှင့် တူသည်ဟူလို။)

ရသေ့က ချော့၍ ဖွတ်က ပြန်ပြောပုံ

ထိုအခါ ဖွတ်မင်းကို ရသေ့သည် မိမိ၏ဥစ္စာ အစာအာဟာရဖြင့် ဖြားယောင်းခြင်းအကျိုးငှာ ဤသို့ဆိုလေ၏။

ဧဟိ ဂေါဓ နိဝတ္တဿု၊ ဘုဉ္ဇ သာလီနမောဒနံ။
တေလံ လောဏဉ္စ မေ အတ္ထိ၊ ပဟူတံ မယှ ပိပ္ဖလိ။

ဂေါဓ၊ ဖွတ်မင်း။ ဧဟိ၊ လာလှည့်ပါလော့။ နိဝတ္တဿု၊ ပြန်နစ်ခဲ့ပါလော့။ သာလီနမောဒနံ၊ သလေးထမင်းကို။ ဘုဉ္ဇ၊ စားပါလော့။ မေ၊ ငါ့အား။ တေလဉ္စ၊ ဆီသည်လည်းကောင်း။ လောဏဉ္စ၊ ဆားသည်လည်းကောင်း။ အတ္ထိ၊ ရှိပါ၏။ မယှံ၊ ငါ့အား။ ပိပ္ဖလိ၊ ပိတ်ချင်းသည်။ ပဟူတံ၊ များစွာရှိ၏။

(ရှိန်းခို၊ ဇီယာ၊ ချင်းစိမ်း၊ ကြက်သွန်၊ ငရုတ်၊ ပိတ်ချင်းအားဖြင့် အမျိုးမျိုးပြားသော စပ်သောအရသာ ဘဏ္ဍာသည် ငါ့အား များစွာရှိ၏။ ထိုအစပ်မျိုးဖြင့် စီရင်အပ်သော သလေးထမင်းကို လာစားပါဟူလို။)

ထိုရသေ့စကားကို ကြားရလျှင် ဖွတ်မင်းသည် “အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် သင်သည် ဆိုဘိ၏။ ထိုထိုသို့သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ထွက်ပြေးခြင်းငှာ အလိုရှိခြင်းသာလျှင် ဖြစ်၏”ဟု ဆို၍ ဤဂါထာကို ဆိုလေ၏။

ဧသ ဘိယျော ပဝေက္ခာမိ၊ ဝမ္မိကံ သတပေါရိသံ။
တေလံ လောဏဉ္စ ကိတ္တေသိ၊ အဟိတံ မယှ ပိပ္ဖလိ။

တာပသ၊ အိုရသေ့။ တွံ၊ သင်ရသေ့သည်။ တေလဉ္စ၊ ဆီကိုလည်းကောင်း။ လောဏဉ္စ၊ ဆားကိုလည်းကောင်း။ ကိတ္တေသိ၊ ပြောကြားဘိ၏။ ပိပ္ဖလိ၊ စပ်သော ဘဏ္ဍာဖြစ်သော သင်၏ ပိတ်ချင်းသီးသည်။ မယှံ၊ အကျွန်ုပ်အား။ အဟိတံ၊ အစီးအပွားမရှိ။ ဝါ၊ မလျောက်ပတ်။ ဧသ-ဧသော အဟံ၊ ထိုအကျွန်ုပ်သည်။ သတပေါရိသံ၊ အသူတစ်ရာနက်သော။ ဝမ္မိကံ၊ တောင်ပို့တွင်းသို့။ ဘိယျော၊ လွန်စွာ။ ပဝေက္ခာမိ၊ ဝင်သွားပေတော့အံ့။

(လူတစ်ရပ်ကို တစ်သူဟု ခေါ်သည်။ ပေခြောက်ရာခန့်သို့ ဝင်ပြေးတော့မည် ဟူလို။)

ဤသို့လျှင် ဆိုတဲ့၍ “အကျွန်ုပ်သည် ဤမျှလောက်သော ကာလပတ်လုံး သင်၌ မကောင်းမှုငြိမ်းချမ်း ရသေ့ရဟန်းဟူသော အမှတ်သညာကို ပြု၏။ ယခုအခါ သင်သည် အကျွန်ုပ်ကို ပုတ်ခတ်ခြင်းငှာ အလိုရှိသောသူ၏ အဖြစ်ဖြင့် တုတ်လှံတံကို ပစ်ခတ်ဘိ၏။ ထိုပစ်ခတ်သော ကာလ၌သာလျှင် ရသေ့ရဟန်းမဟုတ်ခဲ့လေပြီ။ သင်ကဲ့သို့သဘောရှိသော ပညာမရှိသောသူအား ဆံကျစ်တို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ခွာနှင့်တကွဖြစ်သော သစ်နက်ရေဖြင့် အဘယ်အကျိုးရှိအံ့နည်း။ သင်၏ကိုယ်အတွင်းသည် ကိလေသာဟူသော တောအုပ် ရှုပ်ထွေးလျက်ရှိ၏။ သက်သက် အပြင်အပသည်သာလျှင် သန့်ရှင်းဖြူစင်၏”ဟု ဆိုပြန်လေ၏။ မြတ်စွာဘုရားသည် ဤလွန်လေပြီးသောအကြောင်းကို ဆောင်တော်မူပြီးလျှင် “ထိုအခါ ဤအံ့ဖွယ်သရဲ ကောက်ကျစ်စဉ်းလဲသောပုဏ္ဏားသည် ရသေ့ဖြစ်ဖူးပြီ၊ ဖွတ်မင်းသည်ကား ငါဘုရားသာလျှင် ဖြစ်၏”ဟု မိန့်တော်မူသဖြင့် ဇာတ်ကိုပေါင်းတော်မူ၍ ထိုအခါ ပညာရှိသောဖွတ်မင်းသည် ရသေ့စဉ်းလဲအား နှိပ်နင်းခြင်းအကြောင်းကို ပြတော်မူလိုရကား ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၉၄] ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ကိံ တေ အဇိနသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။

ဒုမ္မေဓ၊ ပညာမရှိသောရသေ့။ တေ၊ သင်ရသေ့အား။ ဇဋာဟိ၊ ဖွဲ့ထုံးအပ်သော ဆံကျစ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ တေ၊ သင်ရသေ့အား။ အဇိနသာဋိယာ၊ ခွာနှင့်တကွ။ ဝါ၊ ခြေသည်းလက်သည်း အမြွှာနှင့်တကွ ဆင်မြန်းအပ်သော ဤသစ်နက်ရေဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ အဗ္ဘန္တရံ၊ ကိုယ်အတွင်းသည်။ ဂဟနံ၊ ရာဂစသော ကိလေသာတောအုပ် ရှုပ်ထွေးလျက်ရှိ၏။ ဗာဟိရံ၊ အပဖြစ်သောကိုယ်သည်။ ပရိမဇ္ဇသိ၊ သန့်ရှင်းဖြူစင်ဘိ၏။

(ခွာနှင့်တကွဟု ဆိုခြင်းကြောင့် သစ်နက်ဟူသည် ခွာရှိသော သမင်, စိုင်, ဆတ်ကဲ့သို့ သားကောင်တစ်မျိုး ဖြစ်၏ဟု ယူဖွယ်ရှိပေ၏။ သို့ရာတွင် လက်သည်း,ခြေသည်း အမြွှာသည် ခွာနေရာ၌ရှိသဖြင့် ၎င်းကိုပင် ခွာဟု ခေါ်ဝေါ်သုံးစွဲလေသည်ဟူ၍လည်း ယူသင့်ပေသည်။ ထို့ကြောင့် “ပုန်းညက်သဖွယ်၊ ပန်းပြောက်ခြယ်သို့၊ သပ္ပာယ်လှတာ၊ ခြေသည်းမြွှာနှင့်၊ အရာမပျက်၊ သစ်နက်အရေ၊ ဆောင်စနေ” ဟု အရှင်မဟာသီလဝံသ မထေရ်မြတ် စပ်ဆိုလေသည်။ မည်းနက်သော ကျားသစ်တစ်မျိုးပင်ဖြစ်သည်။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အံ့သြဖွယ် ကောက်ကျစ်သောပုဏ္ဏားဝတ္ထုပြီး၏။

֍ * ၁၂။ ကိသာဂေါတမီဝတ္ထု

ပံသုကူလဓရံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူစဉ် ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သိကြားမင်းကိုမြင်၍ ပြန်သွားခြင်း

ထိုအခါ သိကြားမင်းသည် ပထမယံအဆုံး၌ နတ်ပရိသတ်နှင့် အတူတကွ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ အသက်ထက်ဆုံး အောက်မေ့အပ်သောတရားစကားကို နာကြားလျက် နေလေသတတ်၊ ထိုခဏ၌ ကိသာဂေါတမီသည် “မြတ်စွာဘုရားကို ဖူးမြင်အံ့”ဟု ကောင်းကင်ခရီးဖြင့် ကြွလာပြီးလျှင် သိကြားမင်းကို မြင်သောကြောင့် ပြန်လည်ဆုတ်နစ်သွားလေ၏။ သိကြားမင်းသည် ပြန်လည်သွားသော ထိုကိသာဂေါတမီကိုမြင်ရလျှင် ဘုရားရှင်ကို “မြတ်စွာဘုရား- လာလျှင်လာချင်း ရှင်တော်ဘုရားတို့ကို ဖူးမြင်၍ ပြန်လည်သွားသော ဤဘိက္ခုနီမကား အဘယ်အမည် ရှိပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ ဘုရားရှင်သည် “မြတ်သောသိကြားမင်း- ဤဘိက္ခုနီမကားကိသာဂေါတမီ အမည်ရှိသော ငါဘုရား၏သမီးတော် ဖြစ်ပေ၏။ ပံသကူသင်္ကန်းကို ဆောင်ကြကုန်သော ရဟန်း မိန်းမတို့တွင် အမြတ်ဆုံးဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၉၅] ပံသုကူလဓရံ ဇန္တုံ၊ ကိသံ ဓမ္မနိသန္ထတံ။
ဧကံ ဝနသ္မိံ ဈာယန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ပံသကူလဓရံ၊ ပံ့သကူသင်္ကန်းကို ဝတ်ဆင်လေ့ရှိသော။ ကိသံ၊ ကြုံလှီသော ကိုယ်ရှိထသော။ ဓမ္မနိသန္ထတံ၊ အကြောဖြင့်ခင်းအပ်သော ကိုယ်ရှိထသော။

(ပံ့သကူသင်္ကန်းဝတ်ရုံကြသော ပုဂ္ဂိုလ်တို့သည် မိမိအား လျောက်ပတ်သော အကျင့်ကို ဖြည့်ကျင့်လေ့ရှိကြသောကြောင့် အသားအသွေးနည်းပါး၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကြကုန်၏ဟူလို။)

ဧကံ၊ တစ်ယောက်အထီးတည်း။ ဝနသ္မိံ၊ ဆိတ်ငြိမ်ရာ တောအုပ်တစ်ခု၌။ ဈာယန္တံ၊ ဈာန်ဝင်စားလေ့ရှိထသော။ တံဇန္တုံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကိသာဂေါတမီဝတ္ထုပြီး၏။

֍ * ၁၃။ ပုဏ္ဏားတစ်ယောက်ဝတ္ထု

န စာဟံအစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပုဏ္ဏားမျိုးဖြစ်သော်လည်း ဗြာဟ္မဏ မဟုတ်သေး

ထိုပုဏ္ဏားသည် “ရဟန်းဂေါတမကား မိမိ၏ တပည့်သာဝကတို့ကို ဗြာဟ္မဏဟူ၍ ဆိုတော်မူ၏။ ငါသည်လည်း ပုဏ္ဏားမျိုး၌ ဖြစ်၏။ စင်စစ် ငါ့ကိုလည်း ဤသို့ဆိုခြင်းငှာ သင့်ပေ၏”ဟု ကြံ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ထိုအကြောင်းကို မေးလျှောက်လေသတတ်။ ထိုအခါ ပုဏ္ဏားကို မြတ်စွာဘုရားသည် “ပုဏ္ဏား- ငါဘုရားကား ပုဏ္ဏားမျိုး၌ ဖြစ်ကာမျှဖြင့်သာလျှင် ဗြာဟ္မဏဟူ၍ မဆို၊ အကြင်သူသည် ရာဂစသော ကြောင့်ကြခြင်းဖြင့် ကြောင့်ကြခြင်းမရှိ၊ ဥပါဒါန်တို့ဖြင့် မြဲစွာ စွဲလမ်းခြင်းမရှိ၊ ထိုသူကို ငါဘုရားသည် ဗြာဟ္မဏဟု ဆိုတော်မူ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

֍ * [၃၉၆] န စာဟံ ဗြာဟ္မဏ ဗြူမိ၊ ယောနိဇံ မတ္တိသမ္ဘဝံ။
ဘောဝါဒိနာမ သော ဟောတိ၊ သစေ ဟောတိ သကိဉ္စနော။
အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယောနိဇံ၊ ပုဏ္ဏားအမျိုး၌ဖြစ်သော။ မတ္တိသမ္ဘဝံ၊ ပုဏ္ဏေးမမိခင်၏ဝမ်း၌ ပဋိသန္ဓေနေသောပုဏ္ဏားကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ အဟံ၊ ငါဘုရားသည်။ န ဗြူမိ၊ ဟောတော်မမူ။ သော၊ ထိုအမျိုးအားဖြင့်ဖြစ်သော ပုဏ္ဏားသည်။ သကိဉ္စနော၊ ရာဂစသော ကြောင့်ကြခြင်းရှိသည်။ သစေ ဟောတိ၊ အကယ်၍ဖြစ်အံ့။ ဘောဝါဒိနာမ၊ ဘောဝါဒီ အမည်ရှိသည်။ ဟောတိ၊ ဖြစ်၏။ အကိဉ္စနံ၊ ရာဂစသည်တို့ဖြင့် ကြောင့်ကြခြင်း မရှိထသော။ အနာဒါနံ၊ ဥပါဒါန်လေးပါးဖြင့် စွဲလမ်းခြင်း မရှိထသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

ပုဏ္ဏားတစ်ယောက် ဝတ္ထုပြီး၏။

֍ * ၁၄။ ဥဂ္ဂသေနသူဌေးသား ဝတ္ထု

သဗ္ဗသံယောဇနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥဂ္ဂသေန အမည်ရှိသော သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သံယောဇဉ်ကင်းလျှင် မကြောက်လန့်ခြင်း

(ဝတ္ထုကို မုဉ္စပုရေ မုဉ္စစ္ဆာ ဟူသော တဏှာဝဂ်၊ ဥဂ္ဂသေနဝတ္ထု၌ ဂါထာ၏အဖွင့်၌ ချဲ့အပ်ပြီးသည်သာလျှင်တည်း။)

ထိုအခါ မြတ်စွာဘုရားသည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဥဂ္ဂသေနရဟန်းသည် မကြောက်ဟူ၍ ဆိုပါသည်။ မဟုတ်မမှန်သဖြင့် အရဟတ္တဖိုလ်ကို ပြောကြားသည်ဟု ထင်ပါသည်ဘုရား”ဟု ရဟန်းတို့ လျှောက်ကြားအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါဘုရား၏သားတော်နှင့် တူကြကုန်သော ဖြတ်အပ်ပြီးသော သံယောဇဉ်ရှိကြကုန်သောသူတို့သည် မကြောက်ကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၉၇] သဗ္ဗသံယောဇနံ ဆေတွာ၊ ယော ဝေ န ပရိတဿတိ။
သင်္ဂါတိဂံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော၊ အကြင်သူသည်။ သဗ္ဗသံယောဇနံ၊ အလုံးစုံသော သံယောဇဉ် ဆယ်ပါးကို။ ဆေတွာ၊ ဖြတ်ပြီးသောကြောင့်။ ဝေ၊ စင်စစ်။ န ပရိတဿတိ၊ မကြောက်လန့်။ သင်္ဂါတိဂံ၊ ရာဂအစရှိသော ကပ်ငြိခြင်းကို လွန်ပြီးထသော။ ဝိသံယုတ္တံ၊ လေးပါးသော ယောဂကင်းပြီးထသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဥဂ္ဂသေနသူဌေးသားဝတ္ထုပြီး၏။

֍ * ၁၅။ ပုဏ္ဏားနှစ်ယောက်တို့ ဝတ္ထု

ဆေတွာ နဒ္ဓိံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပုဏ္ဏားနှစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကိုယ်တွင်း၌ရှိသော လွန်ကြိုးကို ဖြတ်သင့်ခြင်း

ထိုပုဏ္ဏားနှစ်ယောက်တို့တွင် ပုဏ္ဏားတစ်ယောက်အား စူဠရောဟိတမည်သော နွားရှိ၏။ ပုဏ္ဏားတစ်ယောက်အား မဟာရောဟိတမည်သော နွားရှိ၏။ ထိုပုဏ္ဏားနှစ်ယောက်တို့သည် တစ်နေ့သ၌ “သင့်နွား အားကြီးသည်, ငါ့နွား အားကြီးသည်”ဟု အငြင်းအခုံပြုကြ၍ “ငါတို့အား အငြင်းအခုံပြုခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ မောင်းနှင်ပြီးမှ သိကြကုန်အံ့”ဟု တိုင်ပင်၍ အစိရဝတီမြစ်ကမ်းနား၌ လှည်းကို သဲဖြင့်ပြည့်စေလျက် နွားတို့ကို တပ်ယှဉ်မောင်းနှင်ကြလေကုန်၏။ ထိုခဏ၌ ရဟန်းတို့သည်လည်း ရေချိုးခြင်းငှာ အစိရဝတီမြစ်သို့ ရောက်သွားကြကုန်၏။ ပုဏ္ဏားတို့သည် နွားတို့ကို မောင်းနှင်ကြလေကုန်၏။ လှည်းသည် မတုန်မလှုပ် ရပ်တည်မြဲ ရပ်တည်လေ၏။ ဖွဲ့ချည်သော လွန်ကြိုးတို့သည်ကား ပြတ်လေကုန်၏။ ရဟန်းတို့သည် မြင်ခဲ့ရသဖြင့် ကျောင်းတော်သို့သွား၍ ထိုအကြောင်းအရာကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ထိုဖွဲ့ချည်အပ်သော လွန်ကြိုးတို့သည် အပ၌ ဖြစ်ကြကုန်၏။ ထိုလွန်ကြိုးတို့ကို အမှတ်မရှိသောသူသည် ဖြတ်နိုင်သည်သာလျှင်တည်း။ ရဟန်းမည်သည်ကား မိမိကိုယ်တွင်း၌ရှိသော အမျက်ဒေါသတည်းဟူသော အဖွဲ့ကိုလည်းကောင်း၊ တဏှာဟူသော လွန်ကြိုးကိုလည်းကောင်း ဖြတ်ခြင်းငှာသင့်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၃၉၈] ဆေတွာ နဒ္ဓိံ ဝရတ္တဉ္စ၊ သန္ဒာနံ သဟနုက္ကမံ။
ဥက္ခိတ္တပလိဃံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

နဒ္ဓိံ စ၊ ဖွဲ့ချည်သော လျှော်ကြိုးကိုလည်းကောင်း။ ဝရတ္တဉ္စ၊ ခိုင်ခံ့သော သားရေလွန်ကြိုးကိုလည်းကောင်း။ သဟနုက္ကမံ၊ အစဉ်မပြတ်လည်၍ သွားခြင်းရှိသော။ သန္ဒာနဉ္စ၊ လှည်းကိုလည်းကောင်း။ ဆေတွာ၊ ဖြတ်တောက်ဖျက်ဆီးနိုင်သောကြောင့်။ ဥက္ခိတ္တပလိဃံ၊ ခြံပွင့်အောင် တံခါးကျည် မင်းတုတ်ကို ဖွင့်နိုင်သော။ ဗုဒ္ဓံ၊ အကြီးဖြစ်သော။ တံ၊ ထိုနွားကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ နွားကောင်းနွားမြတ်ဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

(ဤကား ထုတ်ဖော်၍ ဆိုအပ်သော လိုရင်းမဟုတ်သော နွားနှင့်ဆိုင်သောအနက်)

နိဒ္ဓဉ္စ၊ ရန်ငြိုးဖွဲ့သောအားဖြင့်ဖြစ်သော အမျက်ဒေါသကြိုးကိုလည်းကောင်း။ ဝရတ္တဉ္စ၊ ချည်နှောင်တတ်သောအားဖြင့် ဖြစ်သော တဏှာဟူသော လွန်ကြိုးကိုလည်းကောင်း။ သဟနုက္ကမံ၊ အနုသယ အစဉ်ကျခြင်းနှင့်တကွဖြစ်သော။ သန္ဒာနဉ္စ၊ ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးဟူသော လှည်းကိုလည်းကောင်း။ ဆေတွာ၊ ဖြတ်တောက်ဖျက်ဆီး၍။ ဌိတံ၊ တည်သော။ ဥက္ခိတ္တပလိဃံ၊ လှစ်ခွာအပ်ပြီးသော အဝိဇ္ဇာဟူသော တံခါးကျည်ရှိထသော။ ဗုဒ္ဓံ၊ သစ္စာလေးပါးကို သိပြီးသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြဟ္မဏံ၊ မကောင်းမှုကင်း သန့်ရှင်းသောဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

(ဤကား စိတ်တော်၌ထားအပ်သော လိုရင်းဖြစ်သော ရဟန်းနှင့်ဆိုင်သောအနက်။)

ဒေသနာတော်အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

ပုဏ္ဏားနှစ်ယောက်တို့ဝတ္ထုပြီး၏။

֍ * ၁၆။ ဆဲရေးတတ်သော ဘာရဒွါဇပုဏ္ဏားဝတ္ထု

အက္ကောသံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဆဲရေးတတ်သောကြောင့် အက္ကောကသဘာရဒွါဇမည်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မယားကိုမနိုင်၍ ဘုရားရှင်ကို ရန်ရှာခြင်း

အက္ကောသက ဘာရဒွါဇပုဏ္ဏား၏ အစ်ကို၏မယားဖြစ်သော ဓနဉ္စာနီအမည်ရှိသော ပုဏ္ဏေးမသည် သောတာပန်ပုဂ္ဂိုလ်ဖြစ်၏။ ထိုသောတာပန် ပုဏ္ဏေးမသည် ချေဆတ်လတ်သော်လည်းကောင်း၊ ချွတ်ချော်လတ်သော်လည်းကောင်း “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟူသော ဤဥဒါန်းကို မြွက်ဆိုကျူးရင့်လေ့ရှိ၏။ ထိုပုဏ္ဏေးမသည် တစ်နေ့သ၌ ပုဏ္ဏားအပေါင်းကို ထမင်းကျွေးမွေးခြင်း ဖြစ်လတ်သည်ရှိသော် ချွတ်ချော်သည်ဖြစ်၍ ထိုရှေးအတူသာလျှင် ကျယ်စွာသော အသံဖြင့် ထိုဥဒါန်းကို မြွက်ဆိုကျူးရင့်လေ၏။ ပုဏ္ဏားကြီးသည် အမျက်ထွက်လှသည်ဖြစ်၍ “ဤသူယုတ်မသည် ဟုတ်ဟုတ်ညားညား အမှတ်မထင် ထိုအရာဌာန၌ ဦးပြည်းရှိသော ထိုရဟန်း၏ဂုဏ်ကျေးဇူးကို ဤသို့သာလျှင် ရွတ်ဆိုလေ့ရှိဘိ၏”ဟု ဆိုပြီးလျှင် “သူယုတ်မာမ- ယခုအခါ ငါသွားတဲ့၍ ထိုသင်၏ဆရာ ဘုရားမြတ်စွာအပေါ် အယူဝါဒကို တင်ပြအံ့”ဟု ဆိုလေ၏။ ထိုအခါ ပုဏ္ဏားကြီးကို ပုဏ္ဏေးမသည် “အရှင်ပုဏ္ဏားကြီး- သွားချေပါလော့၊ အကြင်သူသည် ထိုမြတ်စွာဘုရား၏အပေါ်၌ အယူဝါဒကို တင်နိုင်ရာအံ့၊ ထိုသူကို ကျွန်မ မမြင်ရသေးပါ၊ စင်စစ်သော်ကား သွားတဲ့၍ ထိုမြတ်စွာဘုရားကို ပြဿနာမေးပါချေလော့”ဟု ဆိုလေ၏။ ထိုပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ရှိမခိုးမူ၍သာလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ ရပ်လျက် ပြဿနာမေးလိုရကား ဤဂါထာကို ဆိုလေ၏။

ကိံသု ဆေတွာ သုခံ သေတိ၊ ကိံသု ဆေတွာ န သောစတိ။
ကိဿဿ ဧကဓမ္မဿ၊ ဝဓံ ရောစေသိ ဂေါတမ။

ဘောဂေါတမ၊ အိုရှင်ဂေါတမ။ ကိံသု၊ အဘယ်ကို။ ဆေတွာ၊ သတ်ဖြတ်သောကြောင့်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရသနည်း။ ကိံသု၊ အဘယ်ကို။ ဆေတွာ၊ သတ်ဖြတ်သောကြောင့်။ န သောစတိ၊ မစိုးရိမ်ရသနည်း။ ကိဿဿ၊ အဘယ်သို့သော။ ဧကဓမ္မဿ၊ တစ်ခုသောတရားကို။ ဝဓံ၊ သတ်ခြင်းကို။ ရောစတိ၊ နှစ်သက်ဘိသနည်း။

(တစ်စုံတစ်ခုအား သတ်ခြင်းကို နှစ်သက်၏ဟု ဖြေဆိုလျှင် သတ္တဝါကို သတ်ဖြတ်ရန် ပွင့်သောဘုရားလော၊ အဘယ်အကျိုးရှိအံ့နည်းဟု အပြစ်တင်ပေအံ့။ တစ်စုံတစ်ခုအား သတ်ဖြတ်ခြင်းကို မနှစ်သက်ဟု ဖြေဆိုလျှင် ရာဂဒေါသ စသည်တို့ကို မသတ်လိုသလော၊ အဘယ်ကြောင့် ရဟန်းဟု လှည့်လည်နေသနည်းဟူ၍ အပြစ်တင်အံ့။ ဤသို့ နှစ်ဘက်အစွန်းထွက်သော ပြဿနာမေးရလျှင် ရဟန်းဂေါတမကား မထွေးနိုင်,မမျိုနိုင် ကြံမှိုင်ရလတ္တံ့ဟု ကြံစည်ကာ ချဉ်းကပ်၍ မေးသော ပြဿနာဂါထာ ဖြစ်သည်။)

ဘုရားရှင်အဖြေကြောင့် ရဟန္တာဖြစ်ခြင်း

ထိုအခါ ပုဏ္ဏားကြီးအား ပြဿနာကို ဖြေကြားတော်မူသော မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူလေ၏။

ကောဓံ ဆေတွာ သုခံ သေတိ၊ ကောဓံ ဆေတွာ န သောစတိ။
ကောဓဿ ဝိသမူလဿ၊ မဓုရဂ္ဂဿ ဗြာဟ္မဏ။
ဝဓံ အရိယာ ပသံသန္တိ၊ တဉှိ ဆေတွာ န သောစတိ။

ဗြာဟ္မဏ၊ ပုဏ္ဏားကြီး။ ကောဓံ၊ အမျက်ဒေါသကို။ ဆေတွာ၊ သတ်ဖြတ်သောကြောင့်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။ ကောဓံ၊ အမျက်ဒေါသကို။ ဆေတွာ၊ သတ်ဖြတ်သောကြောင့်။ န သောစတိ ၊ မစိုးရိမ်ရ။ ဝိသမူလဿ၊ ဆင်းရဲသော အကျိုးဝိပါက်ရှိသော။ မဓုရဂ္ဂဿ၊ လက်စားပြန်ချေမှ ကျေနပ်သာယာ ချမ်းသာခြင်းအဆုံးရှိသော။ ကောဓဿ၊ အမျက်ဒေါသကို။ ဝဓံ၊ သတ်ခြင်းကို။ အရိယာ၊ ဘုရားရဟန္တာ အရိယာသူတော်ကောင်းတို့သည် ချီးမွမ်းတော်မူကြကုန်၏။ ဟိ၊ ထိုစကားသင့်စွ။ တံ၊ ထိုအမျက်ဒေါသကို။ ဆေတွာ၊ သတ်ဖြတ်သောကြောင့်။ န သောစတိ၊ မစိုးရိမ်ရ။

ထိုပုဏ္ဏားကြီးသည် ဤသို့ ဖြေဆိုသည်ကို ကြားနာရလျှင် မြတ်စွာဘုရား၌ ကြည်ညိုလှသောကြောင့် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

နောက်လာသော ပုဏ္ဏားများလည်း ရဟန္တာဖြစ်ခြင်း

ထိုအခါ ပုဏ္ဏားကြီး၏ ညီငယ်ဖြစ်သော အက္ကောသကဘာရဒွါဇမည်သော ပုဏ္ဏားသည် “ငါ၏နောင်တော်ကား ရဟန်းပြုသတတ်”ဟု ကြားရလျှင် အမျက်ဒေါသထွက်သဖြင့် လာပြီးလျှင် မြတ်စွာဘုရားကို သူတော်ကောင်းစကား မဟုတ်။ ယုတ်မာကြမ်းကြုတ်သော စကားတို့ဖြင့် ဆဲရေးလေ၏။ ထိုပုဏ္ဏားကိုလည်း မြတ်စွာဘုရားသည် ဧည့်သည်အား ခဲဖွယ်စသည်ကို ပေးကမ်းသော ဥပမာဖြင့် သိစေအပ်သည်ရှိသော် မြတ်စွာဘုရား၌ ကြည်ညိုလှသည်ဖြစ်၍ ရဟန်းပြုပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုမှတစ်ပါးလည်းဖြစ်ကုန်သော အသုန္ဒရိကဘာရဒွါဇလည်းကောင်း၊ ဗိလင်္ဂကဘာရဒွါဇလည်းကောင်း ဤသို့ ထိုပုဏ္ဏားကြီး၏ ညီငယ်နှစ်ယောက်တို့သည်လည်း မြတ်စွာဘုရားကို ဆဲရေးကြကုန်သည်ဖြစ်၍သာလျှင် မြတ်စွာဘုရားသည် ဆုံးမအပ်ကုန်သည်ရှိသော် အားလုံး ရဟန်းပြုကြသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။ ထိုအခါ တစ်နေ့သ၌ တရားသဘင်ဝယ် “ငါ့ရှင်တို့- ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တို့သည် အံ့သြဖွယ်ရှိကြကုန်စွတကား၊ လေးယောက်ကုန်သော ပုဏ္ဏားညီနောင်တို့သည် ဆဲရေးကြကုန်သည်ရှိသော် မြတ်စွာဘုရားသည် တစ်စုံတစ်ခွန်းသောစကားကို မိန့်ဆိုတော်မမူဘဲ ထိုသူလေးယောက်တို့၏ တည်ရာ,မှီခိုရာသာလျှင် ဖြစ်တော်မူလေ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါဘုရားသည် ငါဘုရား၏ သည်းခံခြင်းအားနှင့် ပြည့်စုံသောကြောင့် ပြစ်မှားကြကုန်သောသူတို့၌ မပြစ်မှားမူ၍ များစွာသောလူအပေါင်း၏ တည်ရာ,မှီခိုရာ,အားထားရာ ဖြစ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

(မိမိထံ တစ်ခါတစ်ရံ ရောက်လာသော ဧည့်သည်အလို့ငှာ ခဲဖွယ်ဘောဇဉ်တို့ကို အသင်စီရင်ဖူးသည် မဟုတ်လော။ ထိုခဲဖွယ်ဘောဇဉ်ကို ဧည့်သည်တို့က မခံမယူကြလျှင် အဘယ်သူ၏အလို့ငှာ ဖြစ်သနည်းဟု ဘုရားရှင် မိန့်တော်မူ၍ ဘာရဒွါဇပုဏ္ဏားက ထိုဧည့်သည်တို့ မခံယူကြလျှင် အကျွန်ုပ်၏အလို့ငှာသာ ဖြစ်ပါသည်ဟု ဖြေဆိုလေ၏။ ဘာရဒွါဇ- ဤအတူ အဆဲအရေး မကြိုက်သောငါတို့ကို သင်သည် များစွာဆဲရေးဘိ၏။ ထိုသင်၏ ဆဲရေးခြင်းကို ငါတို့ မခံယူလိုကြကုန်။ ထိုအလုံးစုံသည် သင့်အလို့ငှာသာ ဖြစ်လေတော့၏။ ဆဲသူကို ပြန်ဆဲလျှင် ခံယူစားသောက်သည်မည်၏။ ငါတို့ မစားသောက်လိုကြ။ အားလုံး သင့်အဖို့သာ ဖြစ်လေတော့၏ဟု မိန့်မြွက်သော ဥပမာဖြစ်၏။)

ဒေသနာတော်

֍ * [၃၉၉] အက္ကောသံ ဝဓဗန္ဓဉ္စ၊ အဒုဋ္ဌော ယော တိတိက္ခတိ။
ခန္တီဗလံ ဗလာနီကံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော၊ အကြင်သူသည်။ အက္ကောသဉ္စ၊ ဆယ်ပါးသော အက္ကောသဝတ္ထုတို့ဖြင့် ဆဲရေးသောသူကိုလည်းကောင်း။ ဝဓဗန္ဓဉ္စ၊ လက်စသည်ဖြင့် သတ်ပုတ်သောသူ, ထိတ်ခတ်ကြိုး စသည်ဖြင့် နှောင်ဖွဲ့သောသူကိုလည်းကောင်း။ အဒုဋ္ဌော၊ အမျက်မထွက်မူ၍။ တိတိက္ခတိ၊ သည်းခံ၏။ ခန္တီဗလံ၊ သည်းခံခြင်း ခွန်အားရှိထသော။ ဗလာနီကံ၊ သည်းခံခြင်းခွန်အားဟူသော စစ်သည်တပ်သားအပေါင်း ရှိထသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

(အက္ကောသ+ဝတ္ထု = ဆဲရေးခြင်း၏+အကြောင်းဝတ္ထုဆယ်ပါး။ ၁-ဇာတ်အားဖြင့်လည်းကောင်း။ ၂-အမည်အားဖြင့် လည်းကောင်း။ ၃-အနွယ်အားဖြင့်လည်းကောင်း။ ၄-ပြုလုပ်တတ်သော အမှုအားဖြင့်လည်းကောင်း။ ၅-အတတ်ပညာအားဖြင့်လည်းကောင်း။ ၆-အနာရောဂါအားဖြင့်လည်းကောင်း။ ၇-ရုပ်ပုံအသွင်အပြင်အားဖြင့်လည်းကောင်း။ ၈-လောဘကြီးသည်, ဒေါသကြီးသည်ဟု ကိလေသာအားဖြင့်လည်းကောင်း။ ၉-အာပတ်ကြီး,ငယ်အားဖြင့်လည်းကောင်း။ ၁၀-ခွေး,ဝက်,အမေ,နှမစသော ကြမ်းကြုတ်သော အဆဲအားဖြင့်လည်းကောင်း ဆဲရေးခြင်းဖြစ်၏ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဆဲရေးတတ်သောဘာရဒွါဇပုဏ္ဏားဝတ္ထု ပြီး၏။

֍ * ၁၇။ ရှင်သာရိပုတ္တရာမထေရ်ဝတ္ထု

အက္ကောဓနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်သာရိပုတ္တရာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်သာရိပုတ္တရာမယ်တော်ဆဲရေးဆိုမြည်ခြင်း

ထိုအခါ ရှင်သာရိပုတ္တရာမထေရ်သည် ငါးရာသော ရဟန်းတို့နှင့် အတူတကွ ဆွမ်းခံကြွသွားတော်မူသည်ရှိသော် နာလကရွာ၌ မယ်တော်၏အိမ်တံခါးသို့ ရောက်သွားလေသတတ်။ ထိုအခါ ရှင်သာရိပုတ္တရာကို မယ်တော် ဒါယိကာမကြီးသည် နေထိုင်စေပြီးလျှင် ဆွမ်းလုပ်ကျွေးလျက် “အို- စာကြွင်းစာကျန်ကို စားသမား၊ စာကြွင်းထမင်းကျန် ပအုံးရည်ဟင်းကို မရသည်ရှိသော် သူတစ်ပါး၏အိမ်တို့၌ ရေမှုတ်ခွက်အပြင်ဖြင့် မွှေနှောက်အပ်သော ပအုံးရည်ဟင်းကို စားဘိ၏။ ကုဋေရှစ်ဆယ်သော ဥစ္စာကို ပယ်စွန့်၍ ရဟန်းပြုလျက် သင်သည် ငါတို့ကို ဖျက်ဆီးအပ်ကုန်၏။ ယခုအခါ စားလော့”ဟု ဆိုမည်ဆဲရေးလေ၏။ ရဟန်းတို့အားလည်း ဆွမ်းကို ပေးလှူသည်ရှိသော် “သင်တို့လည်း ငါ့သားကို မိမိ၏ အလုပ်အကျွေးငယ်ဟု ပြုလုပ်ဘိ၏။ ယခုအခါ စားကြကုန်လော့”ဟု ဆိုလေ၏။ ရှင်သာရိပုတ္တရာသည် ဆွမ်းကိုယူ၍ ကျောင်းသို့သာလျှင် ကြွသွားတော်မူလေ၏။

ထိုအခါ ရှင်ရာဟုလာသည် မြတ်စွာဘုရားကို ဆွမ်းဖြင့် ပန်ကြားလေသောကြောင့် ရှင်ရာဟုလာကို မြတ်စွာဘုရားသည် “ချစ်သားရာဟုလာ- အဘယ်အရပ်သို့ သွားခဲ့လေသနည်း”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား- အဘွားမ၏ရွာသို့ သွားခဲ့ပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “သင်၏ အဘွားမသည် သင့်ဥပဇ္ဈာယ်ဆရာကို အဘယ့်ကြောင့် အဖန်တလဲလဲ ဆိုမြည်သနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- တပည့်တော်၏ အဘွားမသည် အမျက်ထွက်လျက် ရှိပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ဘယ်သို့သောစကားကို ဆိုမြည်၍ အမျက်ထွက်ဘိသနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- ဤမည်သောစကားကို ဆိုမြည်ပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “သင်၏ ဥပဇ္ဈာယ်ဆရာက အဘယ်စကားကို ပြန်ဆိုသနည်း”ဟု မေးတော်မူပြန်လေ၏။ “မြတ်စွာဘုရား- တစ်စုံတစ်ခုသော စကားကိုမျှ မဆိုပါဘုရား”ဟု လျှောက်ကြားလတ်သော် ထိုရာဟုလာ လျှောက်သောစကားကို ကြားရလျှင် ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- ရှင်သာရိပုတ္တရာမထေရ်၏ ဂုဏ်ကျေးဇူးတို့သည် အံ့သြဖွယ် ရှိလှကုန်၏တကား၊ ထိုမယ်တော်သည် ဤမည်သောစကားဖြင့် ဆိုမြည်ဆဲရေးလတ်သည်ရှိသော် ထိုရှင်သာရိပုတ္တရာအား အမျက်ဒေါသ အနည်းငယ်မျှသည်လည်း မဖြစ်”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာတော်မူဆဲဖြစ်သောအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ရဟန္တာတို့မည်သည်ကား အမျက်ထွက်ခြင်း မရှိကြကုန်သည်သာ ဖြစ်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၀၀] အက္ကောဓနံ ဝတဝန္တံ၊ သီလဝန္တံ အနုဿဒံ။
ဒန္တံ အန္တိမ သာရီရံ၊ တမဟံ ဗြူမိ ဗြဟ္မဏံ။

အက္ကောဓနံ၊ အမျက်ထွက်ခြင်း မရှိထသော။ ဝတဝန္တံ၊ ကိလေသာခါတွက်သော အကျင့်ရှိထသော။ သီလဝန္တံ၊ စတုပါရိသုဒ္ဓိသီလရှိထသော။ အနုဿဒံ၊ တဏှာ၏ပြောခြင်း (များပြားခြင်း)မရှိထသော။ ဒန္တံ၊ ဣန္ဒြေခြောက်ပါး ဆုံးမထားသဖြင့် ယဉ်ကျေပြီးထသော။ အန္တိမသာရီရံ၊ အဆုံးစွန်ဘဝ၌တည်သော ကိုယ်ရှိထသော။ တံ၊ ထိုပုဂ္ဂိုလ်ကို၊ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ရှင်သာရိပုတ္တရာမထေရ်ဝတ္ထု ပြီး၏။

֍ * ၁၈။ ဥပ္ပလဝဏ်ထေရီမဝတ္ထု

ဝါရိပေါက္ခရပတ္တေဝအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥပ္ပလဝဏ်အမည်ရှိသော ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကြာရွက်ရေပေါက် ဆောက်ဖျားမုန်ညင်းပမာ

(ဝတ္ထုကို “မဓုဝါ မညတိ ဗာလော”ဟူသော ဥပ္ပလဝဏ်ထေရီမဝတ္ထု၌ဟောသော ဂါထာ၏အဖွင့်၌ အကျယ်ချဲ့အပ်ပြီးသည်သာလျှင်တည်း၊ ထိုစကားမှန်၏။ ထိုဂါထာ၏ အဖွင့်၌ တစ်ပါးသောအခါ စသောစကားကို ဆိုအပ်ပြီ။)

တစ်ပါးသောအခါ များစွာသော လူအပေါင်းသည် တရားသဘင်၌ “ရဟန္တာတို့သည်လည်း ကာမဂုဏ်တို့ကို မှီဝဲကြယောင်တကား၊ အဘယ့်ကြောင့် မမှီဝဲဘဲ ရှိကြကုန်အံ့နည်း။ ရဟန္တာတို့သည် ခြောက်သွေ့သော သစ်သား မဟုတ်ကြကုန်၊ တောင်ပို့လည်း မဟုတ်ကြကုန်၊ စိုသောအသားရှိသော ကိုယ်ခန္ဓာတို့သာ ဖြစ်ကြကုန်၏။ ထို့ကြောင့် ထိုရဟန္တာတို့သည်လည်း ကာမဂုဏ်ချမ်းသာကို သာယာကြကုန်၏”ဟူသော စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်း- ယခု ငါဘုရားကြွလာတော်မူဆဲအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်ဘိသနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော် လျှောက်သည်ရှိသော် “ချစ်သား ရဟန်းတို့- ရဟန္တာတို့သည် ကာမဂုဏ်ချမ်းသာတို့ကို မသာယာကြကုန်၊ ကာမဂုဏ်ကို မမှီဝဲကြကုန်၊ ပဒုမ္မာကြာရွက်၌ကျသော ရေပေါက်သည် မလိမ်းကျံသကဲ့သို့, မတည်တံ့သကဲ့သို့ ဆုတ်နစ်၍ ကျသွားသည်သာလျှင် ဖြစ်သကဲ့သို့လည်းကောင်း၊ ပွတ်ဆောက်ဖျား၌ မုန်ညင်းစေ့သည် မကပ်ငြိသကဲ့သို့, မတည်တံ့သကဲ့သို့ ဆုတ်နစ်၍ ကျသွားသည်သာလျှင် ဖြစ်သကဲ့သို့လည်းကောင်း၊ ထို့အတူ ရဟန္တာပုဂ္ဂိုလ်၏စိတ်၌ နှစ်ပါးအပြားရှိသော ကာမသည်လည်း လိမ်းကျံကပ်ငြိခြင်းမရှိ၊ မတည်တံ့နိုင်”ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေစပ်၍ တရားစကား ဟောကြားလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၀၁] ဝါရိ ပေါက္ခရပတ္တေဝ၊ အာရဂ္ဂေရိဝ သာသပေါ။
ယော န လိမ္ပတိ ကာမေသု၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ပေါက္ခရပတ္တေ၊ ကြာရွက်၌။ ဝါရိ၊ ရေပေါက်သည်။ လိမ္ပတိဣဝ၊ မလိမ်းကျံသကဲ့သို့။ အာရဂ္ဂေ၊ ပွတ်ဆောက်ဖျား၌။ သာသပေါ၊ မုန်ညင်းစေ့သည်။ န သဏ္ဌတိ ဣဝ၊ မတည်တံ့သကဲ့သို့။ ဧဝံ၊ ထို့အတူ။ ယော၊ အကြင်သူသည်။ ကာမေသု၊ ကာမဂုဏ်တို့၌။ န လိမ္ပတိ၊ မလိမ်းကျံ။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဥပ္ပလဝဏ်ထေရီမဝတ္ထု ပြီး၏။

֍ * ၁၉။ မထင်ရှားသော ပုဏ္ဏားဝတ္ထု

ယော ဒုက္ခဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကျွန်ပြေးရဟန်း ဖမ်းဆီးခြင်း

ထိုပုဏ္ဏား၏ ကျွန်တစ်ယောက်သည် သိက္ခာပုဒ်ကို မပညတ်ရသေးမီ ထွက်ပြေး၍ ရဟန်းပြုသဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ပုဏ္ဏားသည် ထိုကျွန်ကို ကြည့်ရှုရှာဖွေလတ်သည်ရှိသော် မမြင်ရမူ၍ တစ်နေ့သ၌ မြတ်စွာဘုရားနှင့် အတူတကွ ဆွမ်းအလို့ငှာ ဝင်ကြွလာသည်ကို တံခါးကြား၌ တွေ့မြင်ရ၍ သင်္ကန်းကို မြဲစွာ ဆွဲကိုင်လေ၏။ မြတ်စွာဘုရားသည် ပြန်လည်ဆုတ်နစ်တော်မူ၍ “ပုဏ္ဏား- ဤသို့ ဆွဲကိုင်ခြင်းအကြောင်းကား အဘယ်နည်း”ဟု မေးတော်မူသောကြောင့် “အို..ရှင်ဂေါတမ- တပည့်တော်၏ ကျွန်ဖြစ်ပါသည်ဘုရား”ဟု နားတော်လျှောက်လေ၏။ “ပုဏ္ဏား- ဤရဟန်းသည် ချအပ်ပြီးသော ဝန်ရှိ၏”ဟု မိန့်တော်မူ၏။ “ချအပ်ပြီးသော ဝန်ရှိ၏”ဟု မိန့်တော်မူလတ်သည်ရှိသော် ပုဏ္ဏားသည် ရဟန္တာဟူ၍ မှတ်သားမိလေ၏။ ထို့ကြောင့် တစ်ဖန်လည်း ထိုပုဏ္ဏားသည် “အို..ရှင်ဂေါတမ- ချအပ်ပြီးသော ဝန်ရှိသည်ဟူသောအတိုင်း မှန်ပါသလော”ဟု လျှောက်ပြန်လတ်သည်ရှိသော် “ပုဏ္ဏား- ချအပ်ပြီးသော ဝန်ရှိသည် မှန်ပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၀၂] ယော ဒုက္ခဿ ပဇာနာတိ၊ ဣဓေဝ ခယမတ္တနော။
ပန္နဘာရံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော၊ အကြင်သူသည်။ ဣဓေဝ၊ ဤဘဝ၌သာလျှင်။ အတ္တနော၊ မိမိ၏။ ဒုက္ခဿ၊ ခန္ဓာဝန်ဒုက္ခ၏၊ ခယံ၊ ကုန်ခန်းရာနိဗ္ဗာန်ကို။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ပန္နဘာရံ၊ ချအပ်ပြီးသော ခန္ဓာဝန်ရှိသော။ ဝိသံယုတ္တံ၊ ယောဂလေးဖြာ ကိလေသာတို့မှ ကင်းကွာပြီးသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုကျွန်ပျောက်ရှာသော ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာတော် ဖြစ်တော်မူလေ၏။

မထင်ရှားသော ပုဏ္ဏားဝတ္ထု ပြီး၏။

֍ * ၂၀။ ခေမာဘိက္ခုနီဝတ္ထု

ဂမ္ဘီရပညံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူစဉ် ခေမာအမည်ရှိသော ရဟန်းမိန်းမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သိကြားမင်းကိုမြင်၍ ပြန်သွားခြင်း

တစ်နေ့သောအခါ ပထမယံ၏အခြားမဲ့၌ သိကြားနတ်မင်းသည် မိမိနတ်ပရိသတ်အပေါင်းနှင့် အတူတကွလာ၍ မြတ်စွာဘုရား၏အထံတော်၌ အသက်ထက်ဆုံး အောက်မေ့အပ်သော နှစ်သက်ဖွယ်သော တရားစကားကို နာကြားလျက် နေလေ၏။ ထိုခဏ၌ ခေမာအမည်ရှိသော ရဟန်းမိန်းမသည် မြတ်စွာဘုရားကို ဖူးမြင်အံ့ဟု လာလတ်သည်ရှိသော် သိကြားနတ်မင်းကို မြင်ရသဖြင့် ကောင်းကင်၌ တည်လျက်သာလျှင် မြတ်စွာဘုရားကို ရှိခိုး၍ ပြန်သွားလေ၏။ သိကြားမင်းသည် ထိုခေမာမည်သော ရဟန်းမိန်းမ ပြန်သွားသည်ကို မြင်ရလျှင် “မြတ်စွာဘုရား- လာပြီးလျှင် ကောင်းကင်မှ ရပ်လျက်သာလျှင် မြတ်စွာဘုရားကို ရှိခိုး၍ ပြန်သွားသော ဤရဟန်းမိန်းမကား အဘယ်သူ ဖြစ်ပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ ဘုရားရှင်သည် “မြတ်သော သိကြားမင်းကြီး- ဤရဟန်းမိန်းမကား ငါဘုရား၏သမီးတော် ခေမာအမည်ရှိသော ရဟန်းမိန်းမဖြစ်၏။ ကြီးသော ပညာရှိ၏။ လမ်းကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ္မာလှပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၀၃] ဂမ္ဘီရပညံ မေဓာဝိံ၊ မဂ္ဂါမဂ္ဂဿ ကောဝိဒံ။
ဥတ္တမတ္ထ မနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဂမ္ဘီရပညံ၊ နက်နဲသော ခန္ဓာအစရှိသည်တို့၌ဖြစ်သော သိသောပညာနှင့် ပြည့်စုံထသော။ မေဓာဝိံ၊ ထက်မြက်သောပညာနှင့် ပြည့်စုံထသော။ မဂ္ဂါမဂ္ဂဿ၊ လမ်းကြောင်း ဟုတ်သည် မဟုတ်သည်၌။ ကောဝိဒံ၊ လိမ္မာစွာထသော။

(ဤကား အပါယ်ဒုဂ္ဂတိသို့ ရောက်ကြောင်း လမ်းခရီးဖြစ်၏။ ဤကား နတ်ပြည် သုဂတိသို့ရောက်ကြောင်း လမ်းခရီးဖြစ်၏။ ဤကား နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းခရီးဖြစ်၏။ ဤကား လမ်းခရီးမဟုတ်၊ ဤသို့ လမ်းကြောင်း ဟုတ်သည်၌လည်းကောင်း မဟုတ်သည်၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏ဟူလို။)

ဥတ္တမတ္ထံ၊ အရဟတ္တဖိုလ်ဟုဆိုအပ်သော မြတ်သောအကျိုးသို့။ အနုပ္ပတ္တံ၊ အစဉ်ရောက်သော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ခေမာဘိက္ခုနီဝတ္ထုပြီး၏။

֍ * ၂၁။ ပဗ္ဘာရဝါသီ တိဿမထေရ်ဝတ္ထု

အသံသဋ္ဌံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဗ္ဘာရဝါသီ တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းကြောင့် နတ်တို့ဆင်းရဲပုံ

ထိုတိဿမထေရ်သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တောသို့ဝင်ပြီးလျှင် လျောက်ပတ်သော အိပ်ရာနေရာကျောင်းကို ကြည့်ရှုရှာဖွေလျက် လိုဏ်တစ်ခုရှိသော တောင်ဝှမ်းသို့ ရောက်သွားလေ၏။ ရောက်သောခဏ၌ပင်လျှင် ထိုတိဿမထေရ်၏စိတ်သည် တည်ကြည်ခြင်းကိုရ၏။ ထိုတိဿမထေရ်သည် “ငါကား ဤလိုဏ်၌ နေသည်ရှိသော် ရဟန်းကိစ္စကို ပြီးစေခြင်းငှာ တတ်နိုင်ပေလတ္တံ့”ဟု အကြံဖြစ်လေ၏။ လိုဏ်၌ အမြဲနေသော နတ်သည် “သီလရှိသောရဟန်းတော်သည် ကြွလာတော်မူ၏။ ဤရဟန်းနှင့်အတူတကွ တစ်ခုတည်းသောအရပ်၌ နေခြင်းငှာ ဆင်းရဲလှ၏။ ဤရဟန်းသည်ကား ဤလိုဏ်၌ တစ်ညဉ့်မျှသာနေ၍ ဖဲကြွသွားတော်မူလတ္တံ့”ဟု ကြံပြီးလျှင် သားငယ်သမီးငယ်တို့ကို ခေါ်ဆောင်ကာ ထွက်သွားလေ၏။ တိဿမထေရ်သည် တစ်ဖန် မိုးသောက်သောနေ့၌ နံနက်စောစောကသာလျှင် ဆွမ်းခံရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေ၏။ ထိုအခါ ထိုတိဿမထေရ်ကို ဒါယိကာမကြီး တစ်ယောက်သည် မြင်လျှင်မြင်ချင်း သားဟူသော ချစ်ခင်ခြင်းကိုရ၍ အိမ်၌နေစေပြီးလျှင် ဆွမ်းလုပ်ကျွေးသဖြင့် မိမိကိုမှီလျက် ဝါတွင်းသုံးလပတ်လုံး နေထိုင်သီတင်းသုံးစိမ့်သောငှာ တောင်းပန်လေ၏။ ထိုတိဿမထေရ်သည်လည်း “ငါကား ဤဒါယိကာမကြီးကိုမှီလျက် ဘဝမှ ထွက်မြောက်ခြင်းကို ပြုခြင်းငှာ တတ်ကောင်း၏”ဟု သည်းခံပြီးလျှင် ထိုလိုဏ်သို့သာလျှင် ကြွသွားတော်မူလေ၏။ နတ်သည် ထိုတိဿမထေရ် ပြန်ကြွလာသည်ကို မြင်ရလျှင် “မချွတ် တစ်စုံတစ်ယောက်သောသူသည် ပင့်ဖိတ်အပ်သည် ဖြစ်ပေလတ္တံ့၊ နက်ဖြန်၌လည်းကောင်း၊ သန်ဘက်၌လည်းကောင်း ကြွသွားတော်မူပေလတ္တံ့”ဟု ကြံစည်ပြန်လေ၏။ ဤသို့လျှင် လခွဲမျှ လွန်လတ်သည်ရှိသော် “ဤရဟန်းကား ဤလိုဏ်၌သာလျှင် ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးနေထိုင်တော် မူယောင်တကား”ဟု ကြံစည်လေ၏။

ရဟန်းကို ဆေးသမားဖြစ်အောင် နတ်က ပြုလုပ်ခြင်း

“သီလရှိသော ရဟန်းနှင့်အတူတကွ တစ်ခုတည်းသောနေရာ၌ သားငယ်,သမီးငယ်တို့နှင့် အတူနေခြင်းငှာလည်း ဆင်းရဲလှ၏။ ဤရဟန်းကို ထွက်သွားပါလော့ဟု ပြောဆိုခြင်းငှာလည်း မတတ်ကောင်း၊ ဤရဟန်း၏ သီလ၌ ချွတ်ချော်ခြင်းသည် ရှိလေသလော”ဟု နတ်မျက်စိဖြင့် ကြည့်ရှုလတ်သည်ရှိသော် ပဉ္စင်းခံရာ သိမ်အပြင်မှစ၍ ထိုရဟန်း၏သီလ၌ ချွတ်ချော်ခြင်းကို မမြင်ရသောကြောင့် “ထိုရဟန်း၏သီလသည် ဖြူစင်လှ၏။ ထိုရဟန်းအား တစ်စုံတစ်ခွန်းသော စကားကိုဆို၍ အကျော်အစောမဲ့ကို ဖြစ်စေအံ့”ဟု အကြံပြုပြီးလျှင် ထိုတိဿမထေရ်၏ အလုပ်အကျွေးအိမ်၌ ဒါယိကာမကြီး၏ သားကြီးကိုယ်တွင် ပူးဝင်သဖြင့် လည်ပင်းကို လည်စေလေ၏။ (လှည့်၍ ထားလေ၏။) ထိုသားကြီး၏ မျက်စိတို့သည် ထွက်လေကုန်၏။ ခံတွင်းမှ တံတွေးသည် ယိုစီးကျလာ၏။ ဒါယိကာမကြီးသည် ထိုသားကြီးဖြစ်ပုံကို မြင်ရလျှင် “ဤသို့ဖြစ်ရခြင်းကား အဘယ်နည်း”ဟု မြည်တမ်းလေ၏။ ထိုအခါ ဒါယိကာမကြီးကို ထိုနတ်သည် မထင်ရှားသော အဆင်းရှိလျက် ကိုယ်ထင်စွာမပြဘဲ ဤသို့ဆိုလေ၏။

“ငါသည် သင့်သားကို ဖမ်းစားထား၏။ ဗလိနတ်စာပေးခြင်း အမှုပြုခြင်းဖြင့်လည်း ငါ့အား အလိုမရှိ၊ သင်တို့၏ ဆရာဖြစ်သော မထေရ်ကို နွယ်ချိုကို တောင်းပြီးလျှင် နွယ်ချိုဖြင့် ဆီကိုချက်၍ ဤသူအား နှာနှပ်သောအမှုကို ပေးကြကုန်လော့၊ (နှာနှပ်ကြကုန်လော့၊) ဤသို့ ပြုသည်ရှိသော် ငါသည် ဤသူကိုလွှတ်အံ့”ဟု ဤသို့သောစကားကို ဆိုလတ်သော် “ဤငါ့သားသည် ပျက်စီးသည်မူလည်းဖြစ်စေ၊ သေသည်မူလည်းဖြစ်စေ၊ ငါသည် အရှင်မြတ်ကို နွယ်ချိုတောင်းခြင်းငှာ မတတ်နိုင်ပါ”ဟု ဆိုလေ၏။ “နွယ်ချိုကို တောင်းခြင်းငှာ အကယ်၍ မတတ်နိုင်ကြကုန်သည် ဖြစ်အံ့၊ သင့်သား နှာခေါင်း၌ ထိုမထေရ်၏ ရှိန်းခိုမှုန့်ကိုထည့်ခြင်းငှာ ပြောဆိုကြကုန်လော့”ဟု ဆိုပြန်လတ်သော် “ဤစကားကိုလည်း လျှောက်ဆိုခြင်းငှာ မတတ်နိုင်ကြပါ”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ မထေရ်မြတ်၏ ခြေဆေးရေကိုယူ၍ ဦးခေါင်းထက်၌ သွန်းလောင်းကြကုန်လော့”ဟု ဆိုလတ်သော် ဒါယိကာမကြီးသည် “ဤအမှုကို ပြုခြင်းငှာ တတ်နိုင်ပါ၏”ဟု ဆိုလေ၏။ ဆွမ်းအချိန်၌ ကြွရောက်လာသောမထေရ်ကို နေထိုင်စေပြီးလျှင် ယာဂုခဲဖွယ်ကို လှူဒါန်း၍ ဆွမ်းမဘုဉ်းပေးသေးမီ အကြား၌ ထိုင်နေသောမထေရ်မြတ်၏ ခြေတို့ကို ဆေးကြောသဖြင့် ရေကိုယူပြီးလျှင် “အရှင်ဘုရား- ဤခြေဆေးရေကို သူငယ်၏ ဦးခေါင်း၌ သွန်းလောင်းလိုကြပါသည်ဘုရား”ဟု လျှောက်ထားပန်ကြားလေ၏။ “ထိုသို့ဖြစ်မူ သွန်းလောင်းကြကုန်လော့”ဟု ဆိုလျှင် မထေရ်ဆိုတိုင်း ပြုကြလေကုန်၏။ ထိုနတ်သည် ထိုခဏချင်းသာလျှင် သူငယ်ကို လွှတ်၍သွားပြီးလျှင် လိုဏ်တံခါးဝ၌ ရပ်တည်နေလေ၏။

ဆေးသမားကြီးဟု စွပ်စွဲသဖြင့် ရဟန္တာဖြစ်ခြင်း

မထေရ်သည်လည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စ အပြီးအဆုံး၌ နေရာမှထ၍ မစွန့်မလွှတ်သော ကမ္မဋ္ဌာန်းရှိသည့်အဖြစ်ကြောင့် ဆံပင်,မွေးညင်း အစရှိသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို သရဇ္ဈာယ်တော်မူလျက်သာလျှင် ဖဲကြွသွားတော်မူလေ၏။ ထိုအခါ ထိုမထေရ်မြတ်ကို လိုဏ်တံခါးသို့ ရောက်သောအခါ ထိုနတ်သည် “ဆေးသမားကြီး- ဤလိုဏ်သို့ ဝင်ကြွသွားတော်မမူပါလင့်”ဟု ဆိုလေ၏။ မထေရ်သည် ထိုအရပ်၌သာလျှင် ရပ်တော်မူလျက် “သင်-အဘယ်သူနည်း”ဟု မိန့်ဆိုလေ၏။ “တပည့်တော်ကား ဤလိုဏ်၌ အမြဲနေသော နတ်ဖြစ်ပါသည်”ဟု ဆိုလျှင် မထေရ်မြတ်သည် “ဆေးသမားကြီး၏ အမှုကိုပြုသော အရာဌာနသည် ငါ့အား ရှိလေသလော”ဟု ပဉ္စင်းဖြစ်ရာ သိမ်အပြင်မှစ၍ ကြည့်ရှုလတ်သည်ရှိသော် မိမိ၏သီလ၌ နှမ်းစေ့ခန့်မျှလည်းဖြစ်သော မည်းနက်ခြင်းကို မမြင်ရလေသောကြောင့် “ငါသည် ဆေးသမားကြီးအမှု ပြုသောအရာဌာနကို မမြင်၊ အဘယ့်ကြောင့် ဤသို့ သင်ဆိုဘိသနည်း”ဟု မိန့်တော်မူလေ၏။

“အရှင်သည် မမြင်လေသလော”ဟု မေးမြန်းသဖြင့် “ငါမမြင်သည် မှန်၏”ဟု မိန့်ဆိုလတ်သော် “သင်ရဟန်းအား ပြောကြားပေအံ့”ဟု ဆိုလေ၏။ “ကောင်းပြီ၊ ငါ့အား ပြောကြားစမ်းလော့”ဟု မိန့်ဆိုတော်မူလတ်သော် “ဝေးသောအခါ၌ ပြုလုပ်ဖူးသည်ကား တည်ရှိပါစေဦး၊ ယနေ့ပင်လျှင် သင်ရဟန်းသည် ဘီလူးဖမ်းသော အလုပ်အကျွေး ဒါယိကာမကြီး၏သား ဦးခေါင်း၌ ခြေဆေးရေကို သွန်းလောင်းသလော၊ မသွန်းလောင်းသလော”ဟု ဆိုလေ၏။ “သွန်းလောင်းသည် မှန်၏”ဟု ဆိုတော်မူလတ်သော် “အသို့နည်း၊ ဤအမှုကို သင်ရဟန်း မမြင်လေသလော”ဟု ပြောဆိုလေ၏။ “ဤခြေဆေးရေ သွန်းလောင်းခြင်းကို ရည်မှန်းလျက် သင်ဆိုသလော”ဟု မေးတော်မူလတ်သော် “ဤအမှုကို ရည်မှန်းလျက် ဆိုသည်မှန်ပေ၏”ဟု ပြောဆိုလေ၏။ မထေရ်မြတ်သည် “ငါ၏ ကောင်းစွာဆောက်တည် ကျင့်သုံးလာခဲ့ခြင်းသည် အလွန်တရာ ကောင်းမြတ်လေစွတကား၊ ငါ၏အကျင့်သည် မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်အား လျောက်ပတ်လေစွတကား၊ နတ်သော်မှလည်း ငါ၏ လေးပါးသောပါရိသုဒ္ဓိသီလ၌ အမည်းအနက်ကို နှမ်းစေ့ခန့်မျှပင် မမြင်သောကြောင့် သူငယ်၏ဦးခေါင်း၌ သွန်းလောင်းအပ်သော ခြေဆေးရေမျှကိုသာလျှင် မြင်ရရှာ၏”ဟု ထိုတိဿမထေရ်အား သီလကို အကြောင်းပြု၍ အားကြီးစွာသော နှစ်သက်ခြင်း ဖြစ်ပေါ်လာလေ၏။ ထိုသိဿမထေရ်သည် ထိုနှစ်သက်ခြင်း ပီတိကိုခွာ၍ ခြေကြွခြင်းကိုမျှလည်း ပြုတော်မမူဘဲ ထိုနေရာ၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်တော်မူသဖြင့် “ငါကဲ့သို့ ဖြူစင်သောသီလရှိသော ရဟန်းကို ဖျက်ဆီးလျက် ဤတောအုပ်၌ မနေလင့်၊ သင်နတ်သည်သာလျှင် ထွက်သွားချေလော့”ဟု မိန့်တော်မူ၍ နတ်ကို ဆုံးမတော်မူလိုရကား ထေရအပဒါန်ပါဠိတော်, သုဘူတိထေရအပဒါန်၌ ဤဥဒါန်းကို ကျူးရင့်တော်မူလေ၏။

နတ်ယုတ်မာကို ပြန်၍ နှင်ထုတ်ခြင်း

ဝိသုဒ္ဓေါ ဝတ မေ ဝါသော၊ နိမ္မလံ မံ တပဿီနံ။
မာ တွံ ဝိသုဒ္ဓံ ဒူသေသိ၊ နိက္ခမ ပဝနာ တုဝံ။

ဒေဝတေ၊ အိုနတ်။ မေ၊ ငါ၏။ ဝါသော၊ နေခြင်းသည်။ ဝိသုဒ္ဓေါ ဝတ၊ စင်ကြယ်သန့်ရှင်းလေစွတကား။ နိမ္မလံ၊ အညစ်အကြေးမရှိသော။ တပဿီနံ၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော။ ဝိသုဒ္ဓေါ၊ သီလဖြူစင်သော။ မံ၊ ငါ့ကို။ တွံ၊ သင်သည်။ မာ ဒူသေသိ၊ မဖျက်ဆီးလင့်။ တုဝံ၊ သင်သည်။ ပဝနာ၊ မွေ့လျော်ဖွယ်ရှိသော တောအုပ်မှ။ နိက္ခမ၊ ထွက်သွားချေလော့။

ထိုတိဿမထေရ်သည် ထိုအရပ်၌သာလျှင် ဝါတွင်းသုံးလပတ်လုံးနေပြီးလျှင် ဝါကျွတ်လတ်သည်ရှိသော် မြတ်စွာဘုရား၏ အထံတော်သို့ ကြွသွားတော်မူ၍ ရဟန်းတို့သည် “ငါ့ရှင်- အဘယ်သို့နည်း၊ သင့်အား ရဟန်းကိစ္စကို အပြီးဆုံးသို့ ရောက်စေအပ်ပြီလော”ဟု မေးအပ်သည်ဖြစ်၍ ထိုလိုဏ်၌ ဝါကပ်ဆိုသည့်နေ့မှစ၍ အလုံးစုံသော ထိုအကြောင်းကို ရဟန်းတို့အား ပြောကြားလေသောကြောင့် “ငါ့ရှင်- ဤသို့ နတ်၏အပြောအဆိုခံရသော သင်သည် အမျက်မထွက်လေသလော”ဟု ဆိုလတ်သော် “အမျက်မထွက်ပါ”ဟု ဆိုလေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းသည် အရဟတ္တဖိုလ်ကို ပြောကြားပါသည်။ နတ်သည် ဤမည်သောစကားကို ဆိုအပ်ပါလျက်လည်း အမျက်မထွက်ဟု ဆိုပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူလျှင် “ချစ်သားရဟန်းတို့- ငါဘုရား၏ သားတော်သည် အမျက်မထွက်သည်သာတည်း။ ထိုတိဿရဟန်းအား လူတို့နှင့်လည်းကောင်း၊ ရဟန်းတို့နှင့်လည်းကောင်း ရောနှောခြင်းမည်သည်မရှိ၊ မနှီးနှော၊ ဤရဟန်းသည် နည်းသောအလိုရှိ၏။ ရောင့်ရဲလွယ်၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၀၄] အသံသဋ္ဌံ ဂဟဋ္ဌေဟိ၊ အနာဂါရေဟိ စူဘယံ။
အနောကသာရိမပ္ပိစ္ဆံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဂဟဋ္ဌေဟိ စ၊ လူတို့နှင့်လည်းကောင်း။ အနာဂါရေဟိ စ၊ ရဟန်းတို့နှင့်လည်းကောင်း။ ဥဘယံ-ဥဘယေဟိ၊ နှစ်ပါးစုံသော သူတို့နှင့်။ အသံသဋ္ဌံ၊ ဒဿနသံသဂ္ဂ, သဝနသံသဂ္ဂ, သမုလ္လပနသံသဂ္ဂ, ပရိဘောဂသံသဂ္ဂ, ကာယသံသဂ္ဂဟူသော ငါးပါးသော သံသဂ္ဂတို့ဖြင့် နှီးနှောဆက်ဆံခြင်း မရှိထသော။ ဝါ၊ တွယ်တာသော အကျင့်မရှိထသော။ အနောကသာရိံ၊ ကာမဂုဏ်တည်ရာသို့ သက်ဆင်းခြင်း မရှိထသော။ အပိစ္ဆံ၊ အလိုနည်းပါးသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပဗ္ဘာရဝါသီတိဿမထေရ်ဝတ္ထုပြီး၏။

֍ * ၂၂။ မထင်ရှားသောရဟန်း ဝတ္ထု

နိဓာယအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိန်းမခိုးသွားသည်ဟု အရိုက်ခံရသော ရဟန်း

ထိုရဟန်းသည် မြတ်စွာဘုရား၏အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တော၌ လုံ့လပြုသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် “ရအပ်သော ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကြားအံ့”ဟူ၍ ထိုတောမှသာလျှင် ထွက်လာခဲ့လေ၏။ ထိုအခါ မထေရ်ကို တစ်ခုသောရွာ၌ မိန်းမတစ်ယောက်သည် လင်ယောက်ျားနှင့် အတူတကွ ခိုက်ရန်ငြင်းခုံခြင်းကို ပြုပြီးလျှင် ထိုလင်ယောက်ျား အပသို့ထွက်သွားစဉ် မိဘအိမ်သို့ ပြန်သွားတော့အံ့ဟု လမ်းခရီးမသို့ သွားလတ်သည်ရှိသော် လမ်းခရီးအကြား၌ မထေရ်ကို မြင်ရသဖြင့် ဤမထေရ်ကိုအမှီပြု၍ သွားပေအံ့ဟု နောက်မှ နောက်မှ အစဉ်လိုက်သွားရှာလေ၏။ မထေရ်သည်ကား ထိုမိန်းမ လိုက်လာသည်ကို မြင်တော်မမူ၊ ထို့နောက် ထိုမိန်းမ၏ လင်ယောက်ျားသည် အိမ်သို့ပြန်လာသည်ဖြစ်၍ ထိုမိန်းမကို မမြင်သောကြောင့် မိဘရွာသို့သွားသည် ဖြစ်ပေလတ္တံ့ဟု အစဉ်လိုက်သည်ရှိသော် ထိုမိန်းမကိုမြင်ရ၍ “ဤမိန်းမကား တစ်ယောက်တည်း တောအုပ်သို့ သွားခြင်းငှာ မတတ်ကောင်းတန်ရာ၊ အဘယ်သူကို အမှီပြု၍ သွားဘိသနည်း”ဟု ကြည့်ရှုသည်ရှိသော် မထေရ်ကိုမြင်တဲ့လျှင် “ဤရဟန်းသည် ဤမိန်းမကိုခေါ်ယူ၍ ထွက်သွားသည် ဖြစ်လတ္တံ့”ဟု ကြံ၍ မထေရ်ကို ခြိမ်းခြောက် မောင်းမဲလေ၏။ ထိုအခါ၌ လင်ယောက်ျားကို မိန်းမသည် “ဤအရှင်ကောင်းကား ကျွန်မကို မြင်တော်မမူ၊ ခေါ်လည်းမခေါ်၊ ပြောလည်းမပြော၊ ထိုရဟန်းကို တစ်စုံတစ်ခုသောစကားကို မဆိုပါလင့်”ဟု ဆိုလေ၏။ ထိုလင်ယောက်ျားသည် “အသို့နည်း၊ သင်သည် မိမိကို ခေါ်ယူ၍သွားသည်ကို ငါ့အား ပြောကြားနိုင်အံ့နည်း၊ ထို့ကြောင့် သင့်အားသာလျှင် လျော်သော ပြုထိုက်သောအမှုကို ဤရဟန်းအား ပြုလုပ်ပေအံ့သတည်း”ဟု ဆို၍ ဖြစ်သော အမျက်ဒေါသရှိရကား မိန်းမ၌ဖြစ်သော ရန်ငြိုးဖြင့် မထေရ်ကို ထောင်းသတ်ပုတ်ခတ်ပြီးလျှင် မိန်းမကို ခေါ်ဆောင်လျက် ပြန်ခဲ့လေ၏။ မထေရ်မြတ်၏ ကိုယ်တော်တစ်ခုလုံးသည် ဖြစ်သော ဖူးဖူးရောင်ခြင်း ရှိလေ၏။

ထို့နောက် ကျောင်းသို့ ရောက်လာသောအခါ ရဟန်းတို့သည် ကိုယ်ကို ဆုပ်နယ်ကြကုန်သည်ရှိသော် ဖူးဖူးရောင်သော အဖုတို့ကို မြင်ကြရသဖြင့် “ဤအဖုတို့ကား အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်းဘုရား”ဟု မေးလျှောက်ကြလေကုန်၏။ မထေရ်သည် ထိုရဟန်းတို့အား ထိုအကြောင်းကို ပြောကြားလေ၏။ ထိုအခါ ထိုမထေရ်ကို ရဟန်းတို့သည် “ငါ့ရှင်- ထိုယောက်ျားသည် ဤသို့ ပုတ်ခတ်သည်ရှိသော် အရှင်ဘုရားက အဘယ်သို့သောစကားကို ဆိုပါသနည်း၊ အသို့နည်း၊ အရှင်ဘုရားအား အမျက်ဒေါသ ဖြစ်ပါသလားဘုရား”ဟု မေးမြန်းကြကုန် ၏။ “ငါ့ရှင်တို့- ငါ့အား အမျက်ဒေါသ မဖြစ်ပါ”ဟု ဆိုလတ်သော် ထိုရဟန်းတို့သည် ဘုရားရှင်၏ အထံတော်သို့ သွားတဲ့၍ ထိုအကြောင်းကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- ဤရဟန်းသည် “အရှင်ဘုရားအား အမျက်ဒေါသ ဖြစ်ပါသလော”ဟု မေးအပ်သည်ရှိသော် “ငါ့ရှင်တို့- ငါ့အား အမျက်ဒေါသ မဖြစ်”ဟု ဆိုပါသည်။ မဟုတ်မမှန်သောစကားကို ပြောဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတဲ့လျှင် “ချစ်သားရဟန်းတို့- ရဟန္တာတို့မည်သည်ကား ချအပ်သောဒဏ်ရှိကုန်၏။ ထိုရဟန္တာတို့သည် ပုတ်ခတ်ကြကုန်သော်လည်း အမျက်ဒေါသထွက်ခြင်းကို မပြုကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။

ဒေသနာတော်

֍ * [၄၀၅] နိဓာယ ဒဏ္ဍံ ဘူတေသု၊ တသေသု ထာဝရေသု စ။
ယော န ဟန္တိ န ဃာတေတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော၊ အကြင်သူသည်။ တသေသု၊ တဏှာဟူသော ထိတ်လန့်ခြင်းဖြင့် ထိတ်လန့်ခြင်းရှိကုန်သော။ ဘူတေသု စ၊ ပုထုဇဉ် သေက္ခတို့၌လည်းကောင်း။ ထာဝရေသု၊ တဏှာကင်းသဖြင့် မြဲမြံခိုင်ခံ့ တည်တံ့ကြကုန်သော။ ဘူတေသု စ၊ ရဟန္တာတို့၌လည်းကောင်း။ ဒဏ္ဍံ၊ ဒဏ်ကို။ နိဓာယ၊ ပယ်ချ၍။ ကိဉ္စိ၊ တစ်စုံတစ်ယောက်သောသူကိုမျှ။ န ဟန္တိ ၊ မိမိလည်း မသတ်, မညှဉ်းဆဲ, မနှိပ်စက်။ န ဃာတေတိ၊ သူတစ်ပါးကိုလည်း မသတ်, မညှဉ်းဆဲ, မနှိပ်စက်စေ။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မထင်ရှားသောရဟန်းဝတ္ထုပြီး၏။

֍ * ၂၃။ သာမဏေလေးပါးတို့ ဝတ္ထု

အဝိရုဒ္ဓံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သာမဏေလေးပါးတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပုဂ္ဂိုလ်ငယ်လှသဖြင့် ဆွမ်းကျွေးရန် မသဒ္ဓါခြင်း

ပုဏ္ဏေးမတစ်ယောက်သည် လေးပါးသော ရဟန်းတို့အား ရည်ညွှန်း၍ လှူအပ်သောဆွမ်းကို စီရင်ပြီးလျှင် ပုဏ္ဏားကြီးကို “ကျောင်းသို့သွား၍ ဗြာဟ္မဏဖြစ်သော ပုဂ္ဂိုလ်ကြီးလေးဦးတို့ကို ညွှန်းစေ၍ ပင့်ဆောင်ခဲ့ချေလော့”ဟု ဆိုလေ၏။ ထိုပုဏ္ဏားကြီးသည် ကျောင်းသို့သွား၍ “ဗြာဟ္မဏဖြစ်သော ပုဂ္ဂိုလ်လေးဦးတို့ကိုညွှန်း၍ တပည့်တော်အား ပေးတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ ထိုပုဏ္ဏားကြီးအား သံကိစ္စသာမဏေ, ပဏ္ဍိတသာမဏေ, သောပါကသာမဏေ, ရေဝတသာမဏေဟူသော ခုနစ်နှစ်သား ရဟန္တာသာမဏေ လေးပါးတို့သည် ရောက်လေကုန်၏။ ပုဏ္ဏေးမသည် မြတ်သောသူတို့အားသာလျှင် ထိုက်တန်ကုန်သော နေရာတို့ကို ခင်း၍နေစဉ် သာမဏေငယ်တို့ကိုမြင်ရလျှင် အမျက်ထွက်လှသဖြင့် ဖိုခုံလောက်၌ ထည့်အပ်သော ဆားကဲ့သို့ တစ်တောက်တောက်မြည်လျက် “ကျောင်းသို့သွားပြီးလျှင် မိမိမြေးမျှလောက်မက ငယ်လှသော သူငယ်ကလေး လေးဦးတို့ကိုခေါ်၍ လာဘိ၏”ဟု ဆို၍ ထိုသာမဏေငယ်တို့အား ထိုနေရာတို့၌ နေစေခြင်းငှာ မပေးဘဲ နိမ့်သော အင်းပျဉ်တို့ကိုခင်းသဖြင့် “ဤနေရာတို့၌ နေကြကုန်လော့”ဟု ဆိုပြီးလျှင် “ပုဏ္ဏားကြီး- သွားတဲ့ချေဦး၊ ဗြာဟ္မဏပုဂ္ဂိုလ်ကြီးတို့ကို ကြည့်ရှု၍ ပင့်ဆောင်ခဲ့ချေလော့”ဟု ဆိုပြန်၏။

အဂ္ဂသာဝကကြီးများ ပင့်သွားရာ ပြန်ကြွခြင်း

ပုဏ္ဏားကြီးသည် ကျောင်းသို့သွား၍ သာရိပုတ္တရာမထေရ်ကို မြင်ရလျှင် “ကြွတော်မူကြပါဘုရား၊ တပည့်တော်တို့၏ နေအိမ်သို့ သွားကြကုန်အံ့”ဟု ပင့်ဆောင်လေ၏။ ရှင်သာရိပုတ္တရာမထေရ်သည် ကြွလာ၍ သာမဏေတို့ကိုမြင်လျှင် “ဤဗြာဟ္မဏကြီးတို့သည် ဆွမ်းကိုရအပ်ပြီလော”ဟု မေးလတ်သဖြင့် “မရသေးပါဘုရား”ဟု နားတော်လျှောက်လျှင် လေးယောက်သောသူတို့ အလို့ငှာသာလျှင် ဆွမ်းစီရင်သည့်အဖြစ်ကို သိတော်မူသဖြင့် “ငါ၏သပိတ်ကို ဆောင်ခဲ့လော့”ဟု ဆို၍ သပိတ်ကို လွယ်ယူလျက် ဖဲကြွသွားတော်မူလေ၏။ ပုဏ္ဏေးမသည်လည်း “ဤပုဂ္ဂိုလ်သည် အဘယ်စကားကို ဆိုသနည်း”ဟု မေးလတ်သော် “နေထိုင်နှင့်ကုန်သော ဤဗြာဟ္မဏကြီးတို့အား ရခြင်းငှာသင့်၏ဟု ဆို၍ ငါ၏သပိတ်ကို ဆောင်ခဲ့လော့ဟုဆိုပြီးလျှင် မိမိ၏သပိတ်ကို ယူ၍သွား၏”ဟု ပြန်ကြားပြောဆိုလတ်သည်ရှိသော် “ဘုဉ်းပေးခြင်းငှာ အလိုမရှိသည် ဖြစ်လတ္တံ့”ဟု “လျင်မြန်စွာသွားပြီးလျှင် တစ်ပါးသောပုဂ္ဂိုလ်ကို ကြည့်ရှု၍ ပင့်ဆောင်ခဲ့ချေဦး”ဟု စေလွှတ်ပြန်သဖြင့် ပုဏ္ဏားကြီးသည် သွား၍ ရှင်မောဂ္ဂလာန်မထေရ်ကိုမြင်လျှင် ထို့အတူသာလျှင် လျှောက်ကြား၍ ပင့်ဆောင်ပြန်လေ၏။ ထိုရှင်မောဂ္ဂလာန်မထေရ်သည်လည်း သာမဏေတို့ကိုမြင်လျှင် ထို့အတူသာလျှင်ဆို၍ သပိတ်ကိုယူလျက် ဖဲကြွသွားပြန်လေ၏။ ထိုအခါ ပုဏ္ဏားကြီးကို ပုဏ္ဏေးမသည် “ပုဏ္ဏားကြီး- ဤပုဂ္ဂိုလ်တို့ကား ဘုဉ်းပေးခြင်းငှာ အလိုမရှိကြကုန်၊ ကျောင်းသို့သွား၍ ဗြာဟ္မဏပုဂ္ဂိုလ်ကြီး တစ်ပါးကို ပင့်ဆောင်ချေဦးလော့”ဟု စေလွှတ်ပြန်လေ၏။ သာမဏေတို့သည်လည်း နံနက်စောစောအခါမှစ၍ တစ်စုံတစ်ခုကို မရကြကုန်သဖြင့် မွတ်သိပ် ဆာလောင်ခြင်းဖြင့် နှိပ်စက်အပ်ကုန်လျက် နေတော်မူကြရကုန်၏။

ပုဏ္ဏားအိုကြီးကိုတွေ့၍ ဝမ်းမြောက်ခြင်း

ထိုအခါ လေးဦးသော သာမဏေတို့၏ ဂုဏ်ကျေးဇူး အာနုဘော်တော်ကြောင့် သိကြားမင်း၏နေရာ ပဏ္ဍုကမ္ဗလာကျောက်ဖျာသည် ပူပြင်းသောအခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိသော် ထိုသာမဏေလေးပါးတို့၏ နံနက်စောစောအခါမှစ၍ နေထိုင်ကြသဖြင့် ပင်ပန်းသည့်အဖြစ်ကို သိရလျှင် “ငါသည် ထိုအရပ်သို့သွားခြင်းငှာ သင့်၏”ဟု အလွန်အိုမင်းလှသော အရွယ်ကြီးသော ပုဏ္ဏားအိုကြီးအသွင်ကို ဖန်ဆင်းလျက် ထိုပုဏ္ဏားတို့ ရွတ်ဖတ်ရာအရပ်၌ ပုဏ္ဏားတို့အလို့ငှာ ခင်းထားအပ်သော မြတ်သောနေရာ၌ ထိုင်လျက်နေလေ၏။ ပုဏ္ဏားကြီးသည် ထိုပုဏ္ဏားအိုကြီးကို မြင်တဲ့လျှင် “ယခုအခါ ငါ၏ပုဏ္ဏေးမကား ဝမ်းမြောက်ဝမ်းသာရှိသည် ဖြစ်ပေတော့လတ္တံ့”ဟု အောက်မေ့သဖြင့် “လာလှည့်ပါလော့၊ အိမ်သို့သွားကြကုန်အံ့”ဟု သိကြားမင်းပုဏ္ဏားအိုကြီးကို ပင့်ဆောင်ပြီးလျှင် အိမ်သို့ သွားလေ၏။ ပုဏ္ဏေးမသည် ထိုပုဏ္ဏားအိုကြီးကို မြင်လျှင်မြင်ချင်း ကြည်ရွှင်နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ နှစ်ခုသော နေရာတို့၌ခင်းသော ခင်းနှီးကို တစ်ခုတည်းသောနေရာ အရပ်၌သာလျှင် ခင်းပြီးလျှင် “အရှင်သည် ဤနေရာ၌ နေတော်မူပါလော့”ဟု လျှောက်ဆိုလေ၏။

ပုဏ္ဏားအိုသိကြားမင်းကို ဆွဲထုတ်ပြန်ခြင်း

သိကြားမင်းသည်လည်း အိမ်တွင်းသို့ဝင်၍ လေးပါးသော သာမဏေငယ်တို့ကို ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးပြီးလျှင် ထိုသာမဏေငယ်တို့၏ နေရာအစွန်ဖြစ်သော မြေ၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် နေလေ၏။ ထိုအခါ ထိုသို့နေသော ပုဏ္ဏားအိုကြီးကို မြင်ရလျှင် ပုဏ္ဏေးမသည် ပုဏ္ဏားကြီးကို “သင်ပင့်ဆောင်ခဲ့သော ပုဏ္ဏားအိုကြီးက အံ့ဖွယ်ရှိစွ၊ အဘအရွယ်မျှလောက်သော ဤပုဂ္ဂိုလ်ကြီးကို ပင့်ဆောင်၍လာသည် ဖြစ်ဘိ၏။ ဤသို့ဖြစ်လျက် မိမိ၏ မြေးအရွယ်မျှလောက်ရှိသော သူငယ်တို့ကို ရှိခိုး၍ လှည့်လည်နေဘိ၏၊ ဤပုဏ္ဏားအိုကြီးဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုပုဏ္ဏားအိုကြီးကို နှင်ထုတ်ကြကုန်လော့”ဟု ဆိုလေ၏။ ထိုသိကြားမင်း ပုဏ္ဏားအိုကြီးသည် ပခုံး၌လည်းကောင်း, လက်၌လည်းကောင်း, လက်မောင်းအကြား၌ လည်းကောင်း ကိုင်ဆွဲ၍ နှင်ထုတ်သော်လည်း ထခြင်းငှာမျှလည်း အလိုမရှိ၊ ထိုအခါ ပုဏ္ဏားကြီးကို ပုဏ္ဏေးမသည် “ပုဏ္ဏားကြီး- လာလော့၊ သင်ကား လက်တစ်ဖက်၌ဆွဲကိုင်, ငါကား လက်တစ်ဖက်၌ ဆွဲကိုင်အံ့”ဟု ဆို၍ နှစ်ယောက်စလုံးတို့သည်လည်း လက်နှစ်ဖက်တို့၌ ဆွဲကိုင်၍ ကျောက်ကုန်း၌ ရိုက်ပုတ်ထောင်းထုလျက် အိမ်တံခါးမှ အပသို့ ငင်ထုတ်ခြင်းကို ပြုကြလေကုန်၏။ သိကြားမင်းသည်လည်း နေမြဲတိုင်းသော အရပ်၌သာလျှင် နေလျက် လက်ကိုဖြေစေလေ၏။ ပုဏ္ဏားလင်မယားတို့သည် ပြန်နစ်၍ ထိုပုဏ္ဏားအိုကြီး ထိုင်နေသည်ကိုသာလျှင် မြင်ရလျှင် ကြောက်လန့်တကြား မြည်တမ်းသောအသံကို မြည်တမ်းကုန်လျက် လွှတ်လိုက်ကြရလေကုန်၏။ ထိုခဏ၌ သိကြားမင်းသည် မိမိ၏ သိကြားအဖြစ်ကို သိစေလေ၏။ ထိုအခါမှ ထိုသူတို့အား အစာအာဟာရကို ပေးလှူကြလေကုန်၏။

ပုဏ္ဏားကြီးအိမ် အပေါက်ငါးခုဖြစ်ခြင်း

ငါးယောက်သောသူတို့သည်လည်း အစာအာဟာရကိုယူ၍ တစ်ဦးက အမွှန်းအချက်အဝန်းကို ထုတ်ချင်းဖောက်၍၊ တစ်ဦးက အမိုး၏ ရှေ့အဖို့ကို၊ တစ်ဦးက နောက်အဖို့ကို၊ တစ်ဦးက မြေ၌ငုပ်လျှိုး၍ သိကြားမင်းသည်လည်း တစ်ခုသောအရပ်ဖြင့် ထွက်၍ ဤသို့ ငါးဦးသောသူတို့သည် ငါးပါးသောအရပ်တို့သို့ သွားကြလေကုန်၏။ ထိုအခါမှစ၍ကား ထိုအိမ်သည် ငါးခုသော အပေါက်ရှိသောအိမ်မည်သည် ဖြစ်ရသတတ်၊ သာမဏေတို့သည်လည်း ကျောင်းသို့ရောက်သောအခါ ရဟန်းတို့သည် “ငါ့ရှင်တို့- အဘယ်သို့ သဘောရှိသနည်း”ဟု မေးကြလေကုန်၏။ “တပည့်တော်တို့အား မေးတော်မမူကြပါကုန်လင့်ဘုရား၊ တပည့်တော်တို့ကို မြင်ရသောအခါမှစ၍ ပုဏ္ဏေးမသည် အမျက်ဒေါသထွက်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ခင်းထားအပ်သောနေရာတို့၌ တပည့်တော်တို့အား နေစေခြင်းငှာလည်း မပေးဘဲ လျင်မြန်စွာ ဗြာဟ္မဏပုဂ္ဂိုလ်ကြီးကို ပင့်ဆောင်ရမည်ဟု ပြောဆိုပါသည်ဘုရား၊ တပည့်တော်တို့၏ ဥပဇ္ဈာယ်ဖြစ်သော ရှင်သာရိပုတ္တရာသည် ကြွလာ၍ တပည့်တော်တို့ကိုမြင်လျှင် နေထိုင်နှင့်ကြကုန်သော ဤဗြာဟ္မဏကြီးတို့အား ဆွမ်းရခြင်းငှာ သင့်၏ဟု ဆို၍ သပိတ်ကို ဆောင်ယူစေပြီးလျှင် ထွက်ကြွသွားပါသည်ဘုရား၊ တစ်ပါးသော ဗြာဟ္မဏပုဂ္ဂိုလ်ကြီးကို ပင့်ဆောင်ချေဦးဟု ဆိုပြန်သည်ရှိသော် ပုဏ္ဏားကြီးသည် ရှင်မောဂ္ဂလာန်မထေရ်ကို ပင့်ဆောင်လာပါသည်။ ထိုရှင်မောဂ္ဂလာန် မထေရ်သည်လည်း တပည့်တော်တို့ကိုမြင်လျှင် ရှင်သာရိပုတ္တရာအတူသာလျှင် ဆို၍ ဖဲကြွသွားပါသည်ဘုရား၊ ထိုအခါ ပုဏ္ဏေးမသည် ဤပုဂ္ဂိုလ်တို့ကား ဘုဉ်းပေးခြင်းငှာ အလိုမရှိကြကုန်၊ ပုဏ္ဏားကြီး- သွားချေဦး၊ ပုဏ္ဏားတို့ရွတ်ဖတ်ရာအရပ်မှ အိုမင်းလှသော အရွယ်ကြီးသော ပုဏ္ဏားကြီးတစ်ဦးကို ပင့်ဆောင်ချေဦးဟု ပုဏ္ဏားကြီးကို စေခိုင်းပါသည်။ ထိုပုဏ္ဏားကြီးသည် ထိုအရပ်သို့သွား၍ ပုဏ္ဏားအသွင်ဖြင့်လာသော သိကြားမင်းကို ပင့်ဆောင်လာခဲ့ပါသည်ဘုရား၊ ထိုသိကြားမင်း လာသောအခါမှ တပည့်တော်တို့အား အစာအာဟာရကို လှူဒါန်းကြပါသည်ဘုရား”ဟု လျှောက်ထားကြလေကုန်၏။ “ဤသို့ ပြုကြကုန်သော ထိုပုဏ္ဏားလင်မယားတို့အား သင်တို့ အမျက်ဒေါသ မထွက်ကြကုန်ပြီလော”ဟု မေးကြပြန်သဖြင့် “အမျက်ဒေါသ မထွက်ကြပါဘုရား”ဟု လျှောက်ကြကုန်လျှင် ရဟန်းတို့သည် ထိုစကားကိုကြား၍ မြတ်စွာဘုရားအား “မြတ်စွာဘုရား- ဤသာမဏေငယ်တို့သည် အမျက်ဒေါသမထွက်ကြပါဟု မဟုတ်မမှန်သောစကားကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားကြပါသည်ဘုရား”ဟု နားတော်လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ရဟန္တာတို့မည်သည်ကား ဆန့်ကျင်သော သူတို့နှင့်သော်လည်း ဆန့်ကျင်ခြင်း မရှိကြကုန်သည်သာတည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၀၆] အဝိရုဒ္ဓံ ဝိရုဒ္ဓေသု၊ အတ္တဒဏ္ဍေသု နိဗ္ဗုတံ။
သာဒါနေသု အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဝိရုဒ္ဓေသု၊ ရန်ငြိုးဖွဲ့သောအားဖြင့် ဆန့်ကျင်ကြကုန်သော လောကီဘုံသား လူအများတို့၌။ အဝိရုဒ္ဓံ၊ ရန်ငြိုးထားသောအားဖြင့် မဆန့်ကျင်ကြကုန်သော။ အတ္တဒဏ္ဍေသု၊ မိမိ၌ လှံတံလက်နက် ဒဏ်ရှိကြကုန်သော သူတို့၌။ နိဗ္ဗုတံ၊ ချအပ်ပြီးသော ဒဏ်ရှိသည်ဖြစ်၍ ငြိမ်းအေးပြီးကုန်ထသော။ သာဒါနေသု၊ ခန္ဓာငါးပါးတို့ကို ငါ- ငါ့ဥစ္စာဟု စွဲယူခြင်း ရှိကြကုန်သောသူတို့၌။ အနာဒါနံ၊ စွဲယူခြင်း မရှိထသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သာမဏေလေးပါးတို့ဝတ္ထုပြီး၏။

֍ * ၂၄။ အရှင်မဟာပန္ထကမထေရ် ဝတ္ထု

ယဿ ရာဂေါစအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာပန္ထကကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်မဟာပန်အား ဒေါသမရှိခြင်း

ထိုရှည်သောသက်တော်ရှိသော မဟာပန္ထကသည် လေးလတို့ဖြင့် တစ်ခုသောဂါထာကို လေ့လာခြင်းကို ပြုခြင်းငှာ မတတ်နိုင်သော ရှင်စူဠပန္ထကကို “သင်သည် သာသနာတော်၌လည်း မထိုက်တန်၊ လူ၏စည်းစိမ်ချမ်းသာမှလည်း ဆုတ်ယုတ်၏။ သင့်အား ဤသာသနာတော်၌ နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဤသာသနာတော်မှ ထွက်သွားချေတော့လော့”ဟု ကျောင်းမှနှင်ထုတ်၍ တံခါးကို ပိတ်ထားလေ၏။ ရဟန်းတို့သည် “ငါ့ရှင်တို့- မဟာပန္ထကမထေရ်သည် ဤမည်သောအမှုကို ပြုလုပ်ဘိ၏။ ရဟန္တာတို့အား အမျက်ဒေါသထွက်ခြင်းသည် ဖြစ်ဘိယောင်တကား”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ရဟန္တာတို့အား ရာဂအစရှိသော ကိလေသာတို့သည် မရှိကြကုန်၊ ငါဘုရား၏ သားတော်ဖြစ်သော မဟာပန္ထကသည် အကျိုးစီးပွားကို ရှေးရှုခြင်းဖြင့်လည်းကောင်း၊ အကြောင်းကို ရှေးရှုခြင်းဖြင့်လည်းကောင်း ပြုလုပ်ဘိ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၀၇] ယဿ ရာဂေါစ ဒေါသော စ၊ မာနော မက္ခော စ ပါတိတော။
သာသပေါရိဝ အာရဂ္ဂါ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

အာရဂ္ဂါ၊ ပွတ်ဆောက်ဖျားမှ။ သာသပေါရိဝ၊ မုန်ညင်းစေ့ကဲ့သို့။ ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ရာဂေါ စ၊ ရာဂကိုလည်းကောင်း။ ဒေါသော စ၊ ဒေါသကိုလည်းကောင်း။ မာနော စ၊ ငါဟူသော ထောင်လွှားခြင်းကိုလည်းကောင်း။ မက္ခော စ၊ သူ၏ကျေးဇူးကို ချေဖျက်ခြင်းကိုလည်းကောင်း။ ပါတိတော၊ ကျစေအပ်ပြီ။ ဝါ၊ ချအပ်ပြီ။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်မဟာပန္ထကမထေရ် ဝတ္ထုပြီး၏။

֍ * ၂၅။ အရှင်ပိလိန္ဒဝစ္ဆမထေရ် ဝတ္ထု

အကက္ကသံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ပိလိန္ဒဝစ္ဆမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူယုတ်မာဟု ဆိုလေ့ရှိသော်လည်း ဒေါသမရှိခြင်း

ထိုရှည်သောသက်တော်ရှိသော ပိလိန္ဒဝစ္ဆမထေရ်သည် “သူယုတ်မာ- လာဦးလော့၊ သူယုတ်မာ- သွားချေဦးလော့၊” ဤသို့စသော စကားတို့ကိုဆိုလျက် လူတို့ကိုလည်းကောင်း၊ ရဟန်းတို့ကိုလည်းကောင်း သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့်သာလျှင် ခေါ်ဝေါ်ပြောဆိုလေ့ရှိသတတ်။ ထိုအခါ တစ်နေ့သ၌ များစွာသောရဟန်းတို့သည် ဘုရားရှင်အား “မြတ်စွာဘုရား- အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် ရဟန်းတို့ကို သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုလေ့ ရှိပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် ထိုပိလိန္ဒဝစ္ဆမထေရ်ကို ခေါ်တော်မူပြီးလျှင် “ချစ်သားပိလိန္ဒဝစ္ဆ- သင်သည် ရဟန်းတို့ကို သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဝေါ် ပြောဆိုလေ့ရှိသည်ဟူသည် မှန်သလော”ဟု မေးတော်မူသောကြောင့် “မြတ်စွာဘုရား- ဟုတ်မှန်ပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် ရှည်သောသက်တော်ရှိသော ထိုပိလိန္ဒဝစ္ဆမထေရ်၏ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို နှလုံးသွင်းတော်မူ၍ “ချစ်သားရဟန်းတို့- သင်တို့သည် ပိလိန္ဒဝစ္ဆရဟန်းအား မကဲ့ရဲ့ကြကုန်လင့်၊ ချစ်သားရဟန်းတို့- ပိလိန္ဒဝစ္ဆရဟန်းသည် ဒေါသစိတ်ရှိသည်ဖြစ်၍ ရဟန်းတို့ကို သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ဝေါ် ပြောဆိုသည်မဟုတ်ပေ။ ချစ်သားရဟန်းတို့- ဝစ္ဆရဟန်းအား ဘဝငါးရာတို့သည် မရောပြွမ်းဘဲ ရှိကုန်၏။ ထိုအလုံးစုံသော ဘဝငါးရာတို့သည် ပုဏ္ဏားမျိုး၌ ဖြစ်ခြင်းရှိကုန်၏။ ထိုဝစ္ဆရဟန်းသည် ရှည်ကြာစွာသော ကာလပတ်လုံး သူယုတ်မာဟူသော ခေါ်ဝေါ်ခြင်းဖြင့် လေ့ကျက်ခြင်းရှိ၏။ ရဟန္တာမည်သည်ကား သူတစ်ပါးတို့ကို ထိခိုက်သည့်အစွမ်းဖြင့် ကြမ်းကြုတ်ခက်ထန်ခြင်းသည် မရှိ၊ လေ့ကျက်ဖူးသည့် အစွမ်းဖြင့်သာလျှင် ငါ့သားတော် ပိလိန္ဒဝစ္ဆသည် ဤသို့ ပြောဆိုလေ့ရှိ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

(၄ဝ၈) အကက္ကသံ ဝိညာပနိံ၊ ဂိရံ သစ္စမုဒီရယေ။
ယာယ နာဘိသဇေ ကဉ္စိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယာယ ဂိရာယ၊ အကြင်စကားဖြင့်။ ကဉ္စိ၊ တစ်စုံတစ်ယောက်သောသူကို။ နာဘိသဇေ၊ အမျက်ထွက်စေသဖြင့် မကပ်ငြိစေရာ။ အကက္ကသံ၊ မကြမ်းကြုတ်သော။ ဝိညာပနိံ၊ အနက်ကို သိစေတတ်သော။ သစ္စံ၊ မှန်သောသဘောရှိသော။ တံ ဂိရံ၊ ထိုစကားကို။ ဥဒီရယေ၊ မြွက်ဆိုရာ၏။ တသ္မာ၊ ထို့ကြောင့်။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်ပိလိန္ဒဝစ္ဆမထေရ် ဝတ္ထုပြီး၏။

֍ * ၂၆။ မထင်ရှားသော မထေရ်တစ်ပါး ဝတ္ထု

ယောဓ ဒီဃံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော မထေရ်တစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပုဆိုးသူခိုးဟု အဆိုခံရခြင်း

သာဝတ္ထိပြည်၌ မိစ္ဆာအယူရှိသော ပုဏ္ဏားတစ်ယောက်သည် ကိုယ်၌ အနံ့ကိုယူအံ့သည်မှ ကြောက်သောကြောင့် အပေါ်ရုံ စုလျားပုဆိုးကိုပယ်၍ တင့်အပ်လျောက်ပတ်သော အရပ်၌ထားပြီးလျှင် အိမ်တံခါး၌ အပသို့ရှေ့ရှုပြု၍ နေလေ၏။ ထိုအခါ ရဟန္တာတစ်ပါးသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီးသဖြင့် ကျောင်းသို့ ကြွသွားလတ်သည်ရှိသော် ထိုပုဆိုးကိုမြင်ရလျှင် ထိုမှဤမှ ကြည့်ရှုလတ်သော်လည်း တစ်စုံတစ်ယောက်ကိုမျှ မမြင်ရသောကြောင့် “ဤပုဆိုးသည် အရှင်မရှိ၊ ပံ့သကူဖြစ်၏”ဟု ဓိဋ္ဌာန်ဆောက်တည်၍ ကောက်ယူလေ၏။ ထိုအခါ ထိုမထေရ်ကောက်ယူနေသည်ကို ပုဏ္ဏားမြင်တဲ့လျှင် ဆဲရေးကာ ချဉ်းကပ်၍ “ဦးပြည်းရဟန်း- သင်သည် ငါ့ပုဆိုးကို ခိုးယူဘိသည်”ဟု ဆိုလေ၏။ “ပုဏ္ဏား- ဤပုဆိုးကား သင့်ပုဆိုးလော”ဟု မေးလတ်သော် “ရဟန်း- ငါ့ပုဆိုးဟုတ်မှန်၏”ဟု ဆိုလေ၏။ “ငါသည် တစ်စုံတစ်ယောက်သောသူကို မမြင်ရသောကြောင့် ပံ့သကူဟူသော အမှတ်သညာဖြင့် ယူမိ၏။ သင့်ပုဆိုး သင်ယူလော့”ဟု ဆို၍ ပုဏ္ဏားအားပေးပြီးလျှင် ကျောင်းသို့သွား၍ ရဟန်းတို့အား ထိုအကြောင်းကို ပြောကြားလေ၏။ ထိုအခါ မထေရ်၏စကားကို ကြားကြလျှင် ရဟန်းတို့သည် ထိုမထေရ်နှင့်အတူတကွ ပြက်ရယ်ကျီစယ်မှုကို ပြုကြကုန်လျက် “ငါ့ရှင်- အသို့နည်း၊ ပုဆိုးသည် ရှည်သလော၊ တိုသလော၊ ကြမ်းတမ်းထူထဲသလော့၊ သိမ်မွေ့နူးညံ့သလော”ဟု ပြောဆိုကြသဖြင့် “ငါ့ရှင်တို့- ရှည်သည်မူလည်းဖြစ်စေ၊ တိုသည်မူလည်းဖြစ်စေ၊ ကြမ်းတမ်းသည်မူလည်းဖြစ်စေ၊ သိမ်မွေ့နူးညံ့သည်မူလည်းဖြစ်စေ ငါ့အား ထိုပုဆိုးနှင့် နှစ်သက်တွယ်တာခြင်း မရှိပါ။ ပံ့သကူဟူသော အမှတ်သညာဖြင့် ပုဆိုးကို ကောက်ယူမိပါသည်”ဟု ပြန်ဆို၏။ ထိုစကားကို ကြားကြလျှင် ရဟန်းတို့သည် ဘုရားရှင်အား “မြတ်စွာဘုရား- ဤရဟန်းသည် မဟုတ်မမှန်သော စကားကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤရဟန်းသည် အဟုတ်အမှန်ကို ဆိုပေ၏။ ရဟန္တာတို့မည်သည်ကား သူတစ်ပါး၏ဥစ္စာကို မယူကြကုန်”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၀၉] ယောဓ ဒီဃံ ဝ ရဿံဝါ၊ အဏုံ ထူလံ သုဘာသုဘံ။
လောကေ အဒိန္နံ နာဒိယတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဒီဃံ ဝါ၊ ရှည်သည်မူလည်းဖြစ်သော။ ရဿံ ဝါ၊ တိုသည်မူလည်းဖြစ်သော။

(အဝတ်ပုဆိုး တန်ဆာ စသည်တို့၌ ယူလေ။)

အဏုံ ဝါ၊ ငယ်သည်မူလည်းဖြစ်သော။ ထူလံ ဝါ၊ ကြီးသည်လည်းဖြစ်သော။

(ပုလဲ,ပတ္တမြား စသည်တို့၌ ယူလေ။)

သုဘံ ဝါ၊ ထိုက်တန်ကောင်းမြတ်သည်လည်းဖြစ်သော။ အသုဘံ ဝါ၊ မထိုက်တန် မကောင်းမြတ်သည်လည်းဖြစ်သော။ အဒိန္နံ၊ အရှင်မပေးအပ်သော သူ့ဥစ္စာကို။ ဣဓ၊ ဤလောက၌။ နာဒိယတိ၊ မယူ။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မထင်ရှားသောမထေရ်တစ်ပါး ဝတ္ထုပြီး၏။

֍ * ၂၇။ အရှင်သာရိပုတ္တရာမထေရ် ဝတ္ထု

အာသာ ယဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရှင်သာရိပုတ္တရာအား ပစ္စည်းတဏှာကင်းကြောင်း

အရှင်သာရိပုတ္တရာ မထေရ်သည် ငါးရာသော ရဟန်းအပေါင်းခြံရံလျက် ဇနပုဒ်၌ တစ်ခုသောကျောင်းသို့ သွားပြီးလျှင် ဝါကပ်တော်မူလေ၏။ လူတို့သည် ရှင်သာရိပုတ္တရာကို မြင်ကြလျှင် များစွာသော ဝါဆိုသင်္ကန်းကို ဝန်ခံကြလေကုန်၏။ ရှင်သာရိပုတ္တရာမထေရ်သည် ပဝါရဏာပြုပြီး၍ အလုံးစုံသော ဝါဆိုသင်္ကန်း မရောက်မီသာလျှင် မြတ်စွာဘုရား၏အထံတော်သို့ ကြွသွားတော်မူလတ်သည်ရှိသော် ရဟန်းတို့ကို “ပဉ္စင်းငယ်တို့ အလို့ငှာလည်းကောင်း၊ သာမဏေတို့ အလို့ငှာလည်းကောင်း လူတို့သည် ဝါဆိုသင်္ကန်းကို ဆောင်ယူလာသည်ရှိသော် ယူ၍ ပို့လိုက်ကြပါကုန်လော့၊ သို့တည်းမဟုတ် သိမ်းထား၍ သတင်းစကားကိုလည်း ပို့လိုက်ကြပါကုန်လော့”ဟူ၍ မှာထားမြွက်ကြား၍သာလျှင် မြတ်စွာဘုရား၏အထံတော်သို့ ကြွသွားတော်မူလေ၏။ ထိုအခါ ရဟန်းတို့သည် “ယခု၌ပင် ရှင်သာရိပုတ္တရာမထေရ်အား တပ်ခြင်းတဏှာသည် ရှိသေးယောင်တကား၊ ထို့ကြောင့်သာလျှင် လူတို့သည် ဝါဆိုသင်္ကန်း လှူလာသည်ရှိသော် မိမိ၏ သဒ္ဓိဝိဟာရိက တပည့်တို့အလို့ငှာ ဝါဆိုသင်္ကန်းကို ပို့လိုက်ကြပါကုန်လော့၊ သို့တည်းမဟုတ် သိမ်းထား၍ သတင်းစကားကိုမူလည်း ပို့လိုက်ကြပါကုန်လော့ဟူ၍ ရဟန်းတို့အား မှာထား မြွက်ကြားပြီးမှ မြတ်စွာဘုရား၏ အထံတော်သို့ ကြွလေဘိ၏တကား”ဟူသော စကားကိုဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါ့သား သာရိပုတ္တရာအား တပ်ခြင်းတဏှာသည် မရှိပြီ။ “သူတို့အားလည်း ကောင်းမှုမှ မဆုတ်ယုတ်ပါစေလင့်၊ ပဉ္စင်းငယ် သာမဏေတို့အားလည်း တရားနှင့်လျော်သော လာဘ်မှ ဆုတ်ယုတ်ခြင်း မဖြစ်စေလင့်”ဟု နှလုံးသွင်း၍သာလျှင် ထိုသာရိပုတ္တရာသည် ဆိုအပ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၁၀] အာသာ ယဿ န ဝိဇ္ဇန္တိ၊ အသ္မိံ လောကေ ပရမှိ စ။
နိရာသာသံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အာသာ၊ တဏှာတို့သည်။ န ဝိဇ္ဇန္တိ၊ မရှိကြကုန်သော။ အသ္မိံ လောကေ၊ ဤပစ္စုပ္ပန်လောက၌လည်းကောင်း။ ပရမှိ စ၊ တမလွန်လောက၌လည်းကောင်း။ နိရာသာသံ၊ တဏှာကင်းခြင်း ရှိထသော။ ဝိသံယုတ္တံ၊ ကိလေသာတို့နှင့် မယှဉ်ထသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သာရိပုတ္တရာမထေရ်ဝတ္ထုပြီး၏။

֍ * ၂၈။ အရှင်မဟာမောဂ္ဂလာန်မထေရ် ဝတ္ထု

ယဿာလယာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာမောဂ္ဂလာန်မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်မောဂ္ဂလာန်အား တဏှာမရှိကြောင်း

(ဝတ္ထုကား ရှေး ရှင်သာရိပုတ္တရာဝတ္ထုနှင့် တူသည်သာလျှင်တည်း။ ဤဝတ္ထု၌ကား မြတ်စွာဘုရားသည် အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်၏ တဏှာကင်းသည်အဖြစ်ကို မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။)

ဒေသနာတော်

֍ * [၄၁၁] ယဿာလယာ န ဝိဇ္ဇန္တိ အညာယ အကထံကထီ။
အမတောဂဓ မနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အာလယာ၊ တဏှာတို့သည်။ န ဝိဇ္ဇန္တိ ၊ မရှိကြကုန်။ အညာယ၊ မဂ်ဉာဏ်ဖြင့် လွန်စွာသိ၍။ အကထံကထီ၊ ရှစ်ပါးသောဝတ္ထုလျှင် တည်ရာရှိသော ယုံမှားခြင်းဖြင့် သို့လောသို့လောဟု တွေးတောယုံမှားခြင်းမရှိ။ အမတောဂဓံ၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သည်ဖြစ်၍။ အနုပ္ပတ္တံ၊ အစဉ်အားဖြင့်ရောက်သော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်မဟာမောဂ္ဂလာန်မထေရ် ဝတ္ထုပြီး၏။

֍ * ၂၉။ အရှင်ရေဝတမထေရ် ဝတ္ထု

ယောဓ ပုညဉ္စအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူစဉ် ရေဝတမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန္တာအား ကုသိုလ် အကုသိုလ်မရှိခြင်း

(ဝတ္ထုကို “ဂါမေ ဝါ ယဒိ ဝါ ရညေ”ဟူသော ဂါထာ၏ အဖွင့်၌ အကျယ်ချဲ့အပ်ပြီးသည်သာလျှင်တည်း။ ထိုစကားမှန်၏။ ထိုဝတ္ထု၌ တစ်ဖန် တစ်နေ့သ၌ အစရှိသော စကားရပ်ကို ဆိုအပ်ပြီ။)

တစ်ဖန် တစ်နေ့သ၌ ရဟန်းတို့သည် ရေဝတသာမဏေအား “လာဘ်လာဘတို့သည် အံ့သြဖွယ် ပေါများလှပေစွ၊ ကောင်းမှုဘုန်းကံ အံ့သြဖွယ် ကြီးလှပေစွ၊ ထိုသာမဏေသည် တစ်ပါးတည်းဖြစ်လျက် ငါးရာသောရဟန်းတို့၏အလို့ငှာ စုလစ်မွန်းချွန် အထွတ်တပ်သော ငါးရာသောကျောင်းတို့ကို ပြုလုပ်အပ်ကုန်၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါ့သားတော် ရေဝတအား ကောင်းမှုကုသိုလ်သည်လည်းမရှိ၊ မကောင်းမှု အကုသိုလ် သည်လည်းမရှိ၊ ငါ့သားတော် ရေဝတသည် ကုသိုလ်,အကုသိုလ် နှစ်ပါးစုံကို ပယ်ရှားအပ်ပြီ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၁၂] ယောဓ ပုညဉ္စ ပါပဉ္စ၊ ဥဘော သင်္ဂမုပစ္စဂါ။
အသောကံ ဝိရဇံ သုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဣဓ၊ ဤသာသနာတော်၌။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုညဉ္စ၊ ကောင်းမှုကိုလည်းကောင်း။ ပါပဉ္စ၊ မကောင်းမှုကိုလည်းကောင်း။ ဥဘော၊ နှစ်ပါးစုံသော ကံတို့ကို။ ဆဍ္ဍေတွာ၊ ပယ်စွန့်၍။ သင်္ဂံ၊ ရာဂစသည် အပြားရှိသော ငြိကပ်ခြင်းကို။ ဥပစ္စဂါ၊ လွန်မြောက်လေပြီ။ အသောကံ၊ စိုးရိမ်ခြင်းလည်း မရှိထသော။ ဝိရဇံ၊ ရာဂ ဟူသည် မြူလည်းမရှိထသော။ သုဒ္ဓံ၊ ကိလေသာမှ သန့်ရှင်းစင်ကြယ်ပြီးထသော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်ရေဝတမထေရ် ဝတ္ထုပြီး၏။

֍ * ၃၀။ အရှင်စန္ဒာဘမထေရ် ၀တ္ထု

စန္ဒံဝအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်စန္ဒာဘမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စန္ဒကူးရှာဖွေသော ကုန်သည်ကြီး

(ထိုသို့ ဟောတော်မူရာ၌ ဤဆိုလတ္တံ့သည်ကား အစဉ်ဖြစ်သော စကားတည်း။)

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကုန်သည်တစ်ဦးသည် ပစ္စန္တရစ်အရပ်သို့သွား၍ စန္ဒကူးကို ဆောင်ယူအံ့ဟု များစွာကုန်သော အဝတ်တန်ဆာ စသည်တို့ကိုယူပြီးလျှင် လှည်းငါးရာတို့ဖြင့် ပစ္စန္တရစ်အရပ်သို့ သွားသည်ရှိသော် ရွာတံခါး၌ နေရာကိုယူသဖြင့် တောအုပ်၌ နွားကျောင်းသောသူငယ်တို့ကို “ဤရွာ၌ တောင်ခြေရင်းတွင် အလုပ်အကိုင် လုပ်ကိုင်လျက်ရှိသော တစ်စုံတစ်ယောက်သောလူသည် ရှိသလော”ဟု မေးလေ၏။ “ရှိပါသည်”ဟု ဆိုလျှင် “ဤသူသည် အဘယ်အမည် ရှိသနည်း”ဟု မေးပြန်လေ၏။ “ဤအမည်ရှိ၏”ဟု ဆိုလျှင် “ထိုသူ၏ မယား၏လည်းကောင်း၊ သားသမီးတို့လည်းကောင်း အမည်ကား အဘယ်နည်း”ဟု မေးပြန်၏။ “ဤအမည်သည်လည်းကောင်း ဤအမည်သည်လည်းကောင်း ဖြစ်ပါသည်”ဟု ဆိုလျှင် “ထိုသူ၏ နေရာအိမ်သည် အဘယ်နေရာအရပ်၌ ရှိသနည်း”ဟု မေးပြန်၏။ “ဤအမည်ရှိသော နေရာအရပ်၌ ရှိပါသည်”ဟု ဆိုလျှင် ထိုကုန်သည်သည် နွားကျောင်းသားသူငယ်တို့ ပေးအပ်သော အမှတ်သညာဖြင့် ကောင်းမွန်လှသော ယာဉ်ငယ်ထက်၌ နေလျက်စီးလျက် ထိုသူ၏ အိမ်တံခါးသို့ရောက်ပြီးလျှင် ယာဉ်ငယ်ထက်မှ သက်ဆင်းသဖြင့် အိမ်သို့ဝင်၍ “ဤအမည်ရှိသောအမိ”ဟု ထိုမိန်းမကို ခေါ်လေ၏။ ထိုမိန်းမသည် “ငါတို့၏ ဆွေမျိုးတစ်ယောက် ဖြစ်ပေလတ္တံ့”ဟု လျင်စွာလာ၍ နေရာခင်းပေးလေ၏။ ထိုကုန်သည်သည် ခင်းအပ်သောနေရာ၌ နေထိုင်လျက် အမည်ကိုဆို၍ “ငါ၏ အဆွေခင်ပွန်းကား အဘယ်မှာနည်း”ဟု မေးလေ၏။ “အရှင်- တောအုပ်သို့ သွားပါသည်”ဟု ဆိုလျှင် “ဤအမည်ရှိသော ငါ၏သားသည်လည်းကောင်း၊ ဤအမည်ရှိသော ငါ၏သမီးသည်လည်းကောင်း အဘယ်မှာနည်း”ဟု အလုံးစုံသောသူတို့၏အမည်ကို ပြောကြားလျက်သာလျှင် မေးမြန်းပြီးလျှင် “ဤအဝတ်တန်ဆာ စသည်တို့သည် ထိုသားသမီးတို့အလို့ငှာ ဖြစ်၏”ဟု ပေးကမ်းလေ၏။ “ငါ၏ အဆွေခင်ပွန်းအားလည်း တောအုပ်မှ ပြန်ရောက်လာသောအခါ ဤအဝတ်တန်ဆာကို ပေးပါလော့”ဟု ဆို၍ ပေးလေ၏။ ထိုမိန်းမသည် ကုန်သည်အား ကောင်းမွန်လေးမြတ်စွာ အရိုအသေပြု၍ လင်ယောင်္ကျား ပြန်ရောက်လာသောအခါ “အရှင်- ဤကုန်သည်သည် လာသောအခါမှစ၍ အလုံးစုံသောသူတို့၏ အမည်ကိုဆိုလျက် ဤမည်,ဤမည်သော အဝတ်တန်ဆာ စသည်ကို ပေးကမ်းပါသည်”ဟု ဆိုလေ၏။ ထိုသူသည်လည်း လှည်းကုန်သည်အား ပြုသင့်ပြုထိုက်သည်နှင့် ယှဉ်သောအမှုကို ပြုလေ၏။ ထို့နောက် တောင်ခြေရင်း၌ အမှုလုပ်သောသူကို လှည်းကုန်သည်သည် ညချမ်းသောအခါ အိပ်ရာ၌နေလျက် “အဆွေ- တောင်ခြေရင်း၌ သွားလာ လှည့်လည်သဖြင့် သင်သည် အဘယ်သစ်ပင်ကို များစွာ မြင်ရဖူးသနည်း”ဟု မေးလေ၏။ “တစ်ပါးသောသစ်ပင်ကို မမြင်ပါ။ နီသော အကိုင်းအခက်ရှိသော များစွာသော သစ်ပင်တို့ကို အကျွန်ုပ် မြင်ရပါ၏”ဟု ဆိုလျှင် “အပင်သည် များပါ၏လော”ဟု မေးလေ၏။ “ဪ- များလှပါ၏”ဟု ဆိုလျှင် “ထိုသို့ဖြစ်မူ ထိုသစ်ပင်တို့ကို အကျွန်ုပ်အား ပြစမ်းပါလော့”ဟု ဆိုလေ၏။ ထိုသူနှင့် အတူတကွသွား၍ စန္ဒကူးနီပင်တို့ကို ခုတ်ဖြတ်၍ လှည်းငါးရာတို့ကို ပြည့်စေသဖြင့် လာလတ်သည်ရှိသော် ထိုတောင်ခြေ အမှုလုပ်သောသူကို “အချင်း- ဗာရာဏသီပြည် ဤမည်သောအရပ်၌ အကျွန်ုပ်၏ အိမ်ရှိပါသည်။ အခါကာလအားလျော်စွာ ကျွန်ုပ်၏အထံသို့ လာခဲ့ပါလော့၊ အကျွန်ုပ်အား တစ်ပါးသော လက်ဆောင်ဖြင့်လည်း အလိုမရှိပါ။ နီသော အကိုင်းအခက်ရှိသော သစ်ပင်ကိုသာ ဆောင်ယူခဲ့ပါလော့”ဟု ဆိုလေ၏။

စန္ဒာဘမထေရ်၏ ရှေးကုသိုလ်

ထိုတောင်ခြေအမှုလုပ်သူသည် “ကောင်းပါပြီ”ဟု ဆို၍ ရံခါရံခါ ထိုကုန်သည်၏အထံသို့ လာလတ်သည်ရှိသော် စန္ဒကူးနီကိုသာလျှင် ယူဆောင်လာ၏။ ကုန်သည်သည်လည်း ထိုတောင်ခြေအမှုလုပ်အား များစွာသောဥစ္စာကို ပေး၏။ ထို့နောင်မှ တစ်ပါးသောအခါ ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည်ဖြစ်၍ ရွှေစေတီကို တည်လတ်သည်ရှိသော် ထိုတောင်ခြေ အမှုလုပ်သမားသည် များစွာသော စန္ဒကူးကိုယူ၍ ဗာရာဏသီပြည်သို့ ရောက်သွားလေ၏။ ထိုအခါ ထိုသူ၏ အဆွေခင်ပွန်းဖြစ်သော ကုန်သည်လည်း များစွာသော စန္ဒကူးကို ကြိတ်သွေးစေသဖြင့် ခွက်ကို ပြည့်စေပြီးလျှင် “အဆွေ- လာလှည့်၊ အကြင်မျှလောက် ထမင်းချက်နေသေး၏။ ထိုမျှလောက် စေတီတည်ရာအရပ်သို့သွား၍ ပြန်လာအံ့”ဟု ထိုတောင်ခြေ အမှုလုပ်သူကို ခေါ်ဆောင်ကာ စေတီတည်ရာအရပ်သို့သွား၍ စန္ဒကူးဖြင့် ပူဇော်ခြင်းအမှုကို ပြုလေ၏။ ထိုကုန်သည်ကြီး၏ ပစ္စန္တရစ်ဇနပုဒ်နေ အဆွေခင်ပွန်းသည်လည်း စေတီဝမ်း၌ စန္ဒကူးဖြင့် လဝန်းသဏ္ဌာန်ကို ပြုလုပ်လေ၏။ ထိုပစ္စန္တရစ်ရွာသား၏ ရှေး၌ဖြစ်သော ကောင်းမှုကံကား ဤမျှသာလျှင်တည်း။

ချက်၌ လရောင်တောက်သော စန္ဒာဘပုဏ္ဏားဖြစ်ခြင်း

ထိုပစ္စန္တရစ်ရွာသားသည် ထိုကိုယ်အဖြစ်မှ စုတေမနေ သေလွန်သည်ရှိသော် နတ်ပြည်၌ဖြစ်၍ ကဿပ,ဂေါတမဟူသော ဘုရားရှင်နှစ်ဆူတို့၏ တစ်ခုသော အကြားကာလပတ်လုံး ထိုနတ်ပြည်၌ ကုန်လွန်စေပြီးလျှင် ဤငါတို့ ဂေါတမဘုရား ပွင့်လင်းထွန်းပသောအခါ ရာဇဂြိုဟ်ပြည်၌ များစွာ ပစ္စည်းဥစ္စာကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်လေ၏။ ထိုသူ၏ ချက်အဝန်းမှ လဝန်းသဏ္ဌာန်နှင့်တူသော ထွန်းလင်းသောအရောင်သည် ထွက်ပေါ်လာ၏။ ထို့ကြောင့် ထိုသူအား စန္ဒာဘဟူသော အမည်ကိုသာလျှင် မှည့်ကြလေကုန်၏။

(ထိုသူ၏ချက်မှ လဝန်းသဏ္ဌာန် အရောင်ထွက်ခြင်းသည် ကဿပမြတ်စွာ ဘုရားစေတီ၌ စန္ဒကူးဖြင့် လဝန်းသဏ္ဌာန်ကိုပြု၍ ပူဇော်ခဲ့ဖူးသော ကောင်းမှုအကျိုး အာနိသင်ဖြစ်သတတ်။)

ပုဏ္ဏားတို့သည် “ငါတို့ကား ဤသူကို ခေါ်ဆောင်၍ လူအပေါင်းကို လှည့်ပတ်ဖြားယောင်းခြင်းငှာ တတ်ကောင်း၏”ဟု ကြံကြလေကုန်၏။ ထိုပုဏ္ဏားကို ယာဉ်ထက်၌ နေစေပြီးလျှင် “အကြင်သူသည် ဤပုဏ္ဏား၏ကိုယ်ကို လက်ဖြင့်သုံးသပ်၏။ ထိုသူသည် ဤသို့သဘောရှိသော အစိုးတရ စည်းစိမ်ချမ်းသာကို ရပေလတ္တံ့”ဟု ဆို၍ လှည့်ပတ်သွားလာကြလေကုန်၏။ တစ်ရာသော ဥစ္စာကိုလည်းကောင်း၊ တစ်ထောင်သော ဥစ္စာကိုလည်းကောင်း ပေးကြကုန်သော သူတို့သည် ဤသို့ ပုဏ္ဏား၏ကိုယ်ကို လက်ဖြင့်တွေ့ထိခြင်းငှာ ရကြကုန်၏။ ဤသို့လျှင် ပုဏ္ဏားတို့သည် အစဉ်အတိုင်း လှည့်လည်ကြကုန်သည်ရှိသော် သာဝတ္ထိပြည်သို့ရောက်၍ သာဝတ္ထိပြည်၏လည်းကောင်း၊ ဇေတဝန်ကျောင်းတော်၏လည်းကောင်း အကြား၌ နေရာကို ယူကြလေကုန်၏။

ဘုရားရှင်နှင့် အရောင်ပြိုင်ခြင်း

သာဝတ္ထိပြည်၌လည်း ငါးကုဋေမျှ အတိုင်းအရှည် ရှိကုန်သော အရိယာသာဝကဖြစ်သူ လူတို့သည် နံနက်အခါ အလှူကိုပေး၍ နေလွဲသောအခါ နံ့သာပန်း၊ သင်္ကန်းလျာပုဆိုးဆေး စသည်တို့ကို လက်စွဲကုန်လျက် တရားနာခြင်းငှာ သွားကြကုန်၏။ ပုဏ္ဏားတို့သည် ထိုသူတို့ကိုမြင်လျှင် “အဘယ်အရပ်သို့ သွားကြကုန်သနည်း”ဟု မေးကြကုန်၏။ “မြတ်စွာဘုရား၏ အထံတော်သို့ တရားနာခြင်းငှာ သွားကြပါကုန်၏”ဟု ဆိုသည်ရှိသော် “လာကြပါကုန်လော့၊ ထိုဘုရားအထံသို့သွား၍ အဘယ်အမှုကို ပြုလုပ်ကြကုန်အံ့နည်း။ ငါတို့၏ စန္ဒာဘအမည်ရှိသော ပုဏ္ဏား၏ အာနုဘော်နှင့်တူသော အာနုဘော်သည် မရှိ၊ ထိုစန္ဒာဘပုဏ္ဏား၏ကိုယ်ကို တွေ့ထိကြရကုန်သော သူတို့သည် ဤမည်သော စည်းစိမ်ချမ်းသာကို ရကြကုန်၏။ လာကြပါကုန်လော့၊ ထိုစန္ဒာဘပုဏ္ဏားကို ကြည့်ရှုကြပါကုန်လော့”ဟု ဆိုသဖြင့် “သင်တို့၏ စန္ဒာဘပုဏ္ဏား၏ အာနုဘော်မည်သည် အဘယ်နည်း။ ငါတို့၏ မြတ်စွာဘုရားသည်သာလျှင် ကြီးသောအာနုဘော် ရှိ၏”ဟု ဆိုကြပြီးလျှင် ထိုသူတို့သည် အချင်းချင်း သိစိမ့်သောငှာ မတတ်နိုင်ကြကုန်သည်ဖြစ်ရကား “ကျောင်းသို့သွား၍ စန္ဒာဘပုဏ္ဏား၏လည်းကောင်း၊ ငါတို့ဘုရားရှင်၏ လည်းကောင်း အာနုဘော်ကို သိကြရကုန်စို့အံ့”ဟု ဆို၍ စန္ဒာဘပုဏ္ဏားကို ခေါ်ဆောင်လျက် ကျောင်းတော်သို့ သွားကြလေကုန်၏။ မြတ်စွာဘုရားကား ထိုစန္ဒာဘပုဏ္ဏားသည် ကိုယ်တော်မြတ်၏အထံတော်သို့ ချဉ်းကပ်လတ်သော်သာလျှင် အရောင်၏ ကွယ်ပျောက်ခြင်းကို ပြုတော်မူလေ၏။ ထိုစန္ဒာဘပုဏ္ဏားသည် ဘုရားရှင်၏အထံတော်၌ မီးသွေးတောင်း၌ ကျီးအပမာ မည်းမှောင်စွာ ဖြစ်ရှာလေ၏။ ထိုအခါ စန္ဒာဘပုဏ္ဏားကို တစ်ခုသောအရပ်သို့ ဆောင်ကြလေကုန်၏။ အရောင်သည် ပြကတေ့သောအတိုင်း ဖြစ်ပြန်လေ၏။ တစ်ဖန် မြတ်စွာဘုရား၏ အထံတော်သို့ ဆောင်ယူလာကြပြန်ကုန်၏။ အရောင်သည် ထိုရှေးအတူသာလျှင် ကွယ်ပျောက်ပြန်လေ၏။

ဘုရားရှင်ထံ မန္တန်တောင်းခြင်း

ဤသို့လျှင် သုံးကြိမ်သွား၍ ကွယ်ပျောက်ခြင်းရှိသော အရောင်ကိုမြင်ရလျှင် စန္ဒာဘပုဏ္ဏားသည် “ဤဘုရားရှင်ကား အရောင်ကို ကွယ်ပျောက်စေတတ်သော မန္တန်ကို တတ်သိယောင်တကား”ဟု ကြံလေ၏။ စန္ဒာဘပုဏ္ဏားသည် မြတ်စွာဘုရားကို “အသို့ပါနည်း။ အကျွန်ုပ်၏အရောင်ကို ကွယ်ပျောက်စေတတ်သော မန္တန်ကို တတ်သိတော်မူကြပါသလော”ဟု မေးလေ၏။ “ငါသိသည်မှန်၏”ဟု မိန့်ဆိုလျှင် “ထိုသို့သိမူ အကျွန်ုပ်အား ပေးသနားတော်မူကြပါလော့”ဟု ဆိုလေ၏။ “ရဟန်းမဟုတ်သောသူအား ပေးခြင်းငှာ မတတ်ကောင်း”ဟု မိန့်တော်မူလျှင် စန္ဒာဘပုဏ္ဏားသည် ပုဏ္ဏားတို့ကို “မန္တန်ကိုယူအပ်ပြီးသည်ရှိသော် ငါသည် အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ အကြီးအမြတ်ဆုံး ဖြစ်ပေလတ္တံ့၊ သင်တို့သည် ဤအရပ်၌သာ နေကြပါကုန်လော့၊ ငါရဟန်းပြုပြီးလျှင် နှစ်ရက်,သုံးရက်ဖြင့်သာ မန္တန်ကို သင်ယူအံ့”ဟု ပြောကြားလေ၏။

မန္တန်သင်စဉ် ရဟန္တာဖြစ်ခြင်း

စန္ဒာဘပုဏ္ဏားသည် မြတ်စွာဘုရားကို ရှင်သာမဏေအဖြစ်ကို တောင်းပန်၍ ရဟန်းပြုလေ၏။ ထိုအခါ စန္ဒာဘရဟန်းသစ်အား ဒွတ္တိံသာကာရကမ္မဋ္ဌာန်းကို မိန့်ကြားတော်မူလေ၏။ ထိုစန္ဒာဘရဟန်းသည် “ဤကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်၏။ “ဤကား မန္တန်၏ ပရိကံအခြေပြုဖြစ်သည်၊ သရဇ္ဈာယ်ခြင်းငှာ သင့်၏”ဟု မိန့်တော်မူလေ၏။ ပုဏ္ဏားတို့သည်လည်း အကြားအကြား လာပြီးလျှင် “အသင်သည် မန္တန်ကို သင်ကြားအပ်ပြီလော”ဟု မေးကြကုန်၏။ “ရှေးဦးစွာ မသင်ယူရသေးပါ”ဟု ဆို၏။ ထိုစန္ဒာဘရဟန်းသည် နှစ်ရက်,သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ရောက်၍ ပုဏ္ဏားတို့လာ၍ မေးမြန်းသောအခါ “သင်တို့ သွားကြလေကုန်လော့၊ ယခုအခါ ငါသည် မသွားစကောင်းသော သဘောရှိသည် ဖြစ်ပြီ”ဟု ဆိုလေ၏။ ရဟန်းတို့သည် ဘုရားရှင်အား “မြတ်စွာဘုရား- ဤစန္ဒာဘရဟန်းသည် မဟုတ်မမှန်သောစကားကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ယခုအခါ ငါဘုရား၏သားတော် စန္ဒာဘရဟန်းသည် ကုန်ပြီးသော အာသဝေါရှိလေပြီ၊ အဟုတ်အမှန်ကိုသာ ပြောဆိုပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကိုဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၁၃] စန္ဒံဝ ဝိမလံ သုဒ္ဓံ၊ ဝိပ္ပသန္နမနာဝိလံ။
နန္ဒီဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဝိမလံ၊ တိမ်တိုက်ဆီးနှင်းစသော အညစ်အကြေးမှ ကင်းထသော။ စန္ဒံဝ၊ လပြည့်ဝန်းကဲ့သို့။ သုဒ္ဓံ၊ စင်ကြယ်သော။ ဝိပ္ပသန္နံ၊ အထူးသဖြင့် ကြည်လင်သော စိတ်ရှိထသော။ အနာဝိလံ၊ ကိလေသာကင်းသည်ဖြစ်၍ နောက်ကျူခြင်း မရှိထသော။ နန္ဒီဘဝပရိက္ခီဏံ၊ ဘဝသုံးပါးတို့၌ ကုန်ပြီးသောတဏှာရှိထသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်စန္ဒာဘမထေရ်ဝတ္ထုပြီး၏။

֍ * ၃၁။ အရှင်သီဝလိမထေရ်ဝတ္ထု

ယောမံအစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ကုဏ္ဍကောလိယပြည်ကိုမှီ၍ ကုဏ္ဍဓာနမည်သော တော၌ နေတော်မူစဉ် အရှင်သီဝလိမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်သီဝလိမယ်တော် ဆင်းရဲရပုံ

တစ်ပါးသောအခါ သုပ္ပဝါသာ အမည်ရှိသော ကောလိယ မင်းသမီးသည် ခုနစ်နှစ်တို့ပတ်လုံး ကိုယ်ဝန်ကို ဆောင်ယူပြီးလျှင် ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ကြောင့်ဖြစ်သော တွေဝေခြင်းရှိသည်ဖြစ်၍ ဆင်းရဲလှကုန်သော ထက်မြက်ကုန်သော စပ်ခါးကြမ်းတမ်းလှကုန်သော ဝေဒနာတို့ဖြင့် တွေ့ကြုံအပ်သဖြင့် “အကြင်မြတ်စွာဘုရားသည် ဤသို့သဘောရှိသော ဤဆင်းရဲဒုက္ခကို ပယ်ခြင်းငှာ တရားကို ဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကို မဖောက်မပြန့် ကိုယ်တော်တိုင် သိတော်မူပေစွတကား၊ ထိုမြတ်စွာဘုရား၏ တပည့်သံဃာတော်အပေါင်းသည် ဤသို့သဘောရှိသော ဤဆင်းရဲဒုက္ခကို ပယ်ခြင်းငှာ ကျင့်ဆောင်တော်မူ၏။ ထိုတပည့်သား သံဃာတော်အပေါင်းသည် ကောင်းမြတ်သောအကျင့် ရှိတော်မူပေစွတကား။ အကြင်နိဗ္ဗာန်၌ တည်သည်ရှိသော် ဤသို့သဘောရှိသော ဆင်းရဲဒုက္ခအပေါင်းသည် မရှိ၊ ထိုနိဗ္ဗာန်သည် ချမ်းသာလေစွတကား၊” ဤသို့လျှင် ဤသုံးပါးသောအကြံတို့ဖြင့် ထိုဆင်းရဲဒုက္ခတို့ကို သည်းခံလျက် ခင်ပွန်းသည်ယောက်ျားကို မြတ်စွာဘုရား၏ အထံတော်သို့ စေလွှတ်သဖြင့် ထိုယောက်ျားသည် သုပ္ပဝါသာ မင်းသမီး၏စကားဖြင့် မြတ်စွာဘုရားအား ရှိခိုးခြင်းကို လျှောက်ထားအပ်သည်ရှိသော် “ကောလိယ မင်းသမီးဖြစ်သော သုပ္ပဝါသာသည် စင်စစ် ချမ်းသာခြင်းရှိသည် ဖြစ်စေသတည်း။ ချမ်းသာခြင်းရှိလျက် အနာရောဂါမရှိဘဲ အနာရောဂါကင်းသော သားကောင်းရတနာကို ဖွားမြင်စေသတည်း”ဟု မြတ်စွာဘုရား မိန့်တော်မူသော ခဏ၌သာလျှင် ချမ်းသာခြင်းရှိလျက် အနာရောဂါမရှိဘဲ အနာရောဂါကင်းသော သားကောင်းရတနာကို ဖွားမြင်ပြီးလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ကြီးစွာသောအလှူကို ပေးလှူလေ၏။

ဖွားမြင်သောနေ့ အလုပ်လုပ်နိုင်သော သတို့သား

ထိုသုပ္ပဝါသာ မင်းသမီး၏ သားသည်လည်း ဖွားမြင်သောနေ့မှစ၍ ဓမကရိုဏ် ရေစစ်ကိုယူလျက် သံဃာတော်အလို့ငှာ ရေကိုစစ်လေ၏။ ထိုသတို့သားငယ်သည် နောက်အဖို့၌ လူ့ဘောင်မှထွက်၍ ရဟန်းပြုလတ်သည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- ကြည့်ရှုကြပါကုန်လော့၊ ဤသို့သဘောရှိသော အရဟတ္တဖိုလ်၏ အကြောင်းဥပနိဿယနှင့် ပြည့်စုံသော ရဟန်းသည် ဤမျှလောက်သော ကာလပတ်လုံး မယ်တော်၏ဝမ်းခေါင်း၌ ဆင်းရဲဒုက္ခကို ခံစားရဘိ၏။ တစ်ပါးသောသူတို့အားကား အဘယ်မှာလျှင် ဆိုဖွယ်ရာ အကြောင်းရှိတော့အံ့နည်း။ စင်စစ် များစွာသော ဆင်းရဲအပေါင်းကို ဤရဟန်းသည် ကူးမြောက်အပ်ပေပြီ”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ဟုတ်မှန်ပေ၏။ ငါဘုရား၏သားတော် သီဝလိသည် ဤမျှလောက်သော ဆင်းရဲဒုက္ခမှလွတ်၍ ယခုအခါ နိဗ္ဗာန်ကို မျက်မှောက်ပြု၍နေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၁၄] ယောမံ ပလိပထံ ဒုက္ခံ၊ သံသာရံ မောဟမစ္စဂါ။
တိဏ္ဏော ပါရင်္ဂတော ဈာယီ၊ အနေဇော အကထံကထီ။
အနုပါဒါယ နိဗ္ဗုတော၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယောဘိက္ခု၊ အကြင်ရဟန်းသည်။ ဣမံ၊ ဤသို့သဘောရှိသော။ ပလိပထံ၊ ရာဂတည်းဟူသော အနှောင့်အယှက်ကိုလည်းကောင်း။ ဒုဂ္ဂဉ္စ၊ ကိလေသာတည်းဟူသော ညွန်ပျောင်းကိုလည်းကောင်း။ သံသာရဉ္စ၊ သံသရာဝဋ်ဆင်းရဲကိုလည်းကောင်း။ မောဟဉ္စ၊ သစ္စာလေးပါး ထိုးထွင်း၍ မသိနိုင်သော မောဟကိုလည်းကောင်း။ အစ္စဂါ၊ လွန်မြောက်ပြီ။ တိဏ္ဏော၊ လေးပါးသောဩဃကို ကူးမြောက်ပြီးသည်ဖြစ်၍။ ပါရင်္ဂတော၊ နိဗ္ဗာန်ဟူသော ကမ်းတစ်ဖက်သို့ရောက်ပြီ။ ဈာယီ၊ နှစ်ပါးသောဈာန်ဖြင့် ရှုလေ့ရှိပြီ။ အနေဇော၊ တဏှာကင်းပြီ။ အကထံကထီ၊ သို့လောသို့လောဟု တွေးတောယုံမှားခြင်း မရှိပြီ။ အနုပါဒါယ၊ တဏှာဒိဋ္ဌိအားဖြင့် စွဲလမ်းခြင်းမရှိမူ၍။ နိဗ္ဗုတော၊ ကိလေသာငြိမ်းခြင်းဖြင့် ငြိမ်းအေးလေပြီ။ တံဘိက္ခုံ၊ ထိုရဟန်းကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုမှ အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်သီဝလိမထေရ်ဝတ္ထုပြီး၏။

֍ * ၃၂။ အရှင်သုန္ဒရသမုဒ္ဒမထေရ် ဝတ္ထု

ယောဓ ကာမေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုန္ဒရသမုဒ္ဒမည်သော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သားရဟန်းပြုသဖြင့် မိခင် ငိုကြွေးခြင်း

သာဝတ္ထိပြည်၌ သုန္ဒရသမုဒ္ဒသတို့သားဟူသော အမည်ရှိသော အမျိုးသားတစ်ယောက်သည် ကုဋေလေးဆယ် ဥစ္စာကြွယ်သော ကြီးမြတ်သောအမျိုး၌ ဖြစ်လေသတတ်၊ ထိုသတို့သားသည် တစ်နေ့သ၌ နေလွဲသောအခါ နံ့သာပန်းစသည်ကို လက်စွဲလျက် တရားနာခြင်းအကျိုးငှာ ဇေတဝန်ကျောင်းတော်သို့သွားသော များစွာသော လူအပေါင်းကိုမြင်ရလျှင် “အဘယ်အရပ်သို့ သွားကြပါသနည်း”ဟု မေးသဖြင့် “မြတ်စွာဘုရား၏ အထံတော်သို့ တရားနာခြင်းအကျိုးငှာ သွားကြပါအံ့”ဟု ဆိုလတ်သည်ရှိသော် “ငါသည်လည်း သွားဦးအံ့”ဟု ဆို၍ ထိုများစွာသော လူအပေါင်းနှင့် အတူတကွသွားပြီးလျှင် ပရိသတ်တို့၏ အစွန်၌နေလေ၏။ မြတ်စွာဘုရားသည် သုန္ဒရသမုဒ္ဒသတို့သား၏အလိုကို သိတော်မူ၍ အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ထိုသတို့သားသည် “အိမ်ရာထောင်သော လူ့ဘောင်၌နေသဖြင့် ခရုသင်းပွတ်သစ်စအလား သန့်ရှင်းစင်ကြယ်သော မြတ်သောအကျင့်ကို ကျင့်ခြင်းငှာ မတတ်ကောင်း”ဟု ကြံပြီးလျှင် မြတ်စွာဘုရား၏ တရားစကားကိုမှီသဖြင့် ရဟန်းအဖြစ်၌ဖြစ်သော အားထုတ်ခြင်းရှိသည်ဖြစ်၍ ပရိသတ်အများ ဖဲသွားလတ်သည်ရှိသော် မြတ်စွာဘုရားကို ရဟန်းအဖြစ် တောင်းပန်လေသောကြောင့် မိခင်ဖခင်တို့သည် အနူးအညွတ် ခွင့်မလွှတ်အပ်သောသားကို ရှင်တော်ဘုရားတို့သည် ရဟန်းမပြုပေးကြဟု ကြားသိရသဖြင့် အိမ်သို့သွား၍ ရဋ္ဌပါလသတို့သားစသော သူတို့ကဲ့သို့ ကြီးစွာသောလုံ့လဖြင့် မိခင်ဖခင်တို့ကို ခွင့်လွှတ်စေပြီးလျှင် မြတ်စွာဘုရား၏ အထံတော်၌ ရှင်သာမဏေပြုပြီးနောက် ပဉ္စင်းအဖြစ်ကို ရလတ်သည်ရှိသော် “ငါ့အား ဤအရပ်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ထိုသာဝတ္ထိပြည် ဇေတဝန်ကျောင်းမှ ထွက်ခွာခဲ့၍ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်ပြီးလျှင် ဆွမ်းခံလှည့်လည်တော်မူလျက် ကာလကိုလွန်စေလေ၏။ ထိုအခါ တစ်နေ့သ၌ သာဝတ္ထိပြည်တွင် ထိုသုန္ဒရသမုဒ္ဒမထေရ်၏ မယ်တော်,ခမည်းတော်တို့သည် တစ်ခုသောပွဲသဘင်နေ့၌ ကြီးစွာသော အသရေ၏ တင့်တယ်ခြင်းအစုဖြင့် ထိုသုန္ဒရသမုဒ္ဒမထေရ်၏ အဆွေခင်ပွန်း သတို့သားတို့ ကစားကြသည်ကို မြင်ရလျှင် “ငါတို့၏သားအား ဤအသရေ၏ တင့်တယ်ခြင်းအစုကို ရနိုင်ခဲသည် ဖြစ်ရှာဘိ၏”ဟု ငိုကြွေးကြလေကုန်၏။

(ရဋ္ဌပါလ သတို့သားကား ရဟန်းပြုရန် ခွင့်တောင်းရာ မိဘတို့က ခွင့်မပေးနိုင် ဆိုသောကြောင့် အခင်းမရှိသော မြေပြင်၌ “ရဟန်းပြုရလျှင် ပြုရပစေ၊ မပြုရလျှင် ဤနေရာ၌ သေပစေ”ဟု အစာမစားဘဲ တုံးလုံးလှဲအိပ်ရာ ခုနစ်ရက်ကြာမှ အခွင့်ရလေ၏။ ထိုနည်းမျိုး အားထုတ်၏ဟူလို။)

လူထွက်အောင် ပြုပေးမည်ဟု ဝန်ခံသောမိန်းမ

ထိုခဏ၌ တစ်ယောက်သော ပြည့်ကံကျွေးမသည် ထိုအမျိုးအိမ်သို့ သွားသဖြင့် သုန္ဒရသမုဒ္ဒမထေရ်၏ မယ်တော် ငိုကြွေးလျက် နေသည်ကိုမြင်ရလျှင် “အမိ- အဘယ်အကြောင်းကြောင့် ငိုကြွေးဘိသနည်း”ဟု မေးလေ၏။ “သားကို လွမ်းဆွတ်အောက်မေ့လှ၍ ငိုကြွေးပါသည်”ဟု ပြောဆိုလတ်သော် “အမိ- ထိုသားသည် အဘယ်အရပ်၌ နေပါသနည်း”ဟု မေးလေ၏။ “ရဟန်းဘောင်၌ ရဟန်းပြု၍နေ၏”ဟု ပြောဆိုလျှင် “လူထွက်စိမ့်သောငှာ မသင့်ပါသလော”ဟု မေးပြန်လေ၏။ “အလိုလည်းရှိတော်မမူ၊ ဤသာဝတ္ထိပြည်မှထွက်ခွာ၍ ရာဇဂြိုဟ်ပြည်သို့ ကြွသွားတော်မူ၏”ဟု ဆိုလတ်သော် “ကျွန်မသည် ထိုရဟန်းကို အကယ်၍ လူထွက်စေနိုင်သည်ဖြစ်ပါအံ၊ ကျွန်မအား အဘယ်သို့ ပြုစုကြကုန်အံ့နည်း”ဟု ဆိုလေ၏။ “သင့်အား ဤအမျိုး၏ ဥစ္စာစည်းစိမ် အရှင်ပြုကြကုန်အံ့”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ ကျွန်မအား မျိုးရိက္ခာကိုပေးကြပါကုန်လော့”ဟု မျိုးရိက္ခာကိုယူပြီးလျှင် များစွာသော အခြံအရံဖြင့် ရာဇဂြိုဟ်ပြည်သို့သွား၍ မထေရ်မြတ်၏ ဆွမ်းခံလှည့်လည်သော လမ်းခရီးကို မှတ်သားသဖြင့် ထိုလမ်းခရီး၌ နေရာအိမ်တစ်ခုကိုယူပြီးနောက် နံနက်စောစောကပင်လျှင် မွန်မြတ်သော အာဟာရကိုစီမံ၍ မထေရ်မြတ်၏ ဆွမ်းအလို့ငှါ ကြွဝင်လာသောအခါ ဆွမ်းကိုလှူသဖြင့် နှစ်ရက်သုံးရက် လွန်သောအခါ “အရှင်ဘုရား- ဤအိမ်၌သာ နေထိုင်လျက် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူကြပါဘုရား”ဟု လျှောက်၍ သပိတ်ကိုယူလေ၏။ မထေရ်မြတ်သည် သပိတ်ကို ပေးလေ၏။

ရသတဏှာဖြင့် ဖြားယောင်းခြင်း

ထိုအခါ မထေရ်ကို မွန်မြတ်သောအာဟာရဖြင့် လုပ်ကျွေးပြီးလျှင် “အရှင်ဘုရား- ဤအိမ်၌ပင်လျှင် ဆွမ်းခံအတွက် လှည့်လည်ခြင်းငှါ ချမ်းသာပါသည်ဘုရား”ဟု လျှောက်ကြား၍ နှစ်ရက်သုံးရက်ပတ်လုံး အိမ်ဦး၌ နေစေလျက် ဆွမ်းကျွေးပြီးလျှင် သူငယ်တို့ကို မုန့်တို့ဖြင့် ပေးကမ်းချီးမြှောက်ထောက်ပံ့၍ “လာကြကုန်လော့၊ သင်တို့သည် မထေရ်မြတ် ကြွလာသောအခါ ငါတားမြစ်သော်လည်း ဤနေရာသို့ လာကြပြီးလျှင် မြူမှုန့်ကိုထအောင် ပြုကြကုန်လော့”ဟု ဆိုလေ၏။ ထိုသူတို့သည် တစ်ဖန် မိုးသောက်သောနေ့၌ မထေရ်မြတ်၏ ဆွမ်းဘုဉ်းပေးသောအခါ ထိုမိန်းမသည် တားမြစ်အပ်ကုန်သော်လည်း မြူမှုန့်ကို ထစေကြလေကုန်၏။ ထိုမိန်းမသည် တစ်ဖန် မိုးသောက်သောနေ့၌ “အရှင်ဘုရား- သူငယ်တို့သည် တားမြစ်အပ်ကုန်သော်လည်း တပည့်တော်မ၏ စကားကို မနာမယူကြမူ၍ ဤနေရာ၌ မြူမှုန့်ကို ထစေကြပါသည်။ အိမ်အတွင်း၌ နေထိုင်တော်မူကြပါဘုရား”ဟု ဆို၍ အိမ်တွင်း၌ နေစေပြီးလျှင် နှစ်ရက်သုံးရက်ပတ်လုံး ဆွမ်းလုပ်ကျွေးလေ၏။ တစ်ဖန် သူငယ်တို့ကို ထောက်ပံ့ပြန်သဖြင့် “သင်တို့သည် တားမြစ်သော်လည်း မထေရ်မြတ်၏ ဆွမ်းဘုဉ်းပေးသောအခါ သည်းစွာသောအသံကို ပြုကြကုန်လော့”ဟု ဆိုလေ၏။ သူငယ်တို့သည် ထိုမိန်းမဆိုတိုင်း ပြုကြလေကုန်၏။ ထိုမိန်းမသည် တစ်ဖန်မိုးသောက်သောနေ့၌ “အရှင်ဘုရား- ဤနေရာ၌ အလွန်လျှင် သည်းစွာသော အသံဖြစ်ပါသည်။ သူငယ်တို့သည် တပည့်တော်မ တားမြစ်အပ်ကုန်သော်လည်း စကားကို မနာမယူကြပါ၊ ပြာသာဒ်အထက်၌သာလျှင် နေတော်မူကြပါဘုရား”ဟု လျှောက်ထားသဖြင့် မထေရ်ဝန်ခံလတ်သည် ရှိသော် မထေရ်မြတ်ကို ရှေ့မှပြု၍ ပြာသာဒ်သို့တက်သွားစဉ် တံခါးတို့ကို ပိတ်၍သာလျှင် ပြာသာဒ်သို့ တက်သွားလေ၏။ သုန္ဒရသမုဒ္ဒမထေရ်မြတ်သည် မြတ်သော အိမ်စဉ်မပြတ် ဆွမ်းခံလေ့ရှိသော သပဒါနစာရီဓုတင်ဆောင် ဥက္ကဋ္ဌပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါငြားလည်း ရသတဏှာဖြင့် ဖွဲ့ အပ်သည်ဖြစ်ရကား ထိုမိန်းမ၏စကားဖြင့် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်သို့ တက်ကြွတော်မူရရှာလေ၏။ ထိုမိန်းမသည် မထေရ်မြတ်ကို ထိုင်နေစေပြီးလျှင်-

မာယာလေးဆယ်

အဆွေပုဏ္ဏမုခ- စင်စစ်အားဖြင့် လေးဆယ်သော မာယာတို့ဖြင့် မိန်းမသည် ယောက်ျားကို လွန်ကျူးလွှမ်းမိုးကာ ပြုကျင့်တတ်၏။ ၎င်းမာယာ-၄၀-တို့ဟူသည်မှာ-

၁။ ဝိဇမ္ဘတိ၊ ကိုယ်လက်ကို ဆန့်တန်း၏။ ၂။ ဝိလာသတိ၊ မိမိကိုယ်ကို စံပယ်၏။ ၃။ ဝိနမတိ၊ မိမိကိုယ်ကို ညွတ်၏၊ ငုံ့၏၊ ကုန်း၏။ ၄။ ဝိလဇ္ဇတိ၊ ရှက်နိုးဟန်ပြု၏။ ၅။ နခေန၊ လက်သည်း ခြေသည်းဖြင့်။ နခံ၊ လက်သည်း ခြေသည်းကို။ ဃဋ္ဋေတိ၊ ခြစ်၏။ ၆။ ပါဒေန၊ ခြေတစ်ဖက်ဖြင့်။ ပါဒံ၊ ခြေတစ်ဖက်ကို။ အက္ကမတိ၊ နင်း၏။ ၇။ ကဋ္ဌေန၊ သစ်သားလှံတံဖြင့်။ ပထဝိံ၊ မြေကို။ ဝိလိခတိ၊ ရေးခြစ်၏။ ၈။ ဒါရကံ၊ သူငယ်ကို။ ဥလ္လင်္ဃေတိ၊ မြှောက်ပင့်၏။ ၉။ ဒါရကံ၊ သူငယ်ကို။ ဥလ္လင်္ဃာပေတိ၊ မြှောက်ပင့်စေ၏။ ၁၀။ ဒါရကံ၊ သူငယ်ကို။ ဥက္ခိပတိ၊ ချီ၏။ ၁၁။ ဒါရကံ၊ သူငယ်ကို။ ကီဠတိ၊ ကစားကျီစယ်၏။ ၁၂။ ဒါရကံ၊ သူငယ်ကို။ ကီဠာပေတိ၊ ကစားကျီစယ်စေ၏။ ၁၃။ ဒါရကံ၊ သူငယ်ကို။ စုမ္ဗတိ၊ နမ်းရှုပ်၏။ ၁၄။ စုမ္ဗာပေတိ၊ နမ်းရှုပ်စေ၏။ ၁၅။ ဘုဉ္ဇတိ၊ စား၏။ ၁၆။ ဘုဉ္ဇာပေတိ၊ စားစေ၏။ ၁၇။ ဒဒါတိ၊ တစ်စုံတစ်ခုပေး၏။ ၁၈။ ယာစတိ၊ သူငယ်ထံမှ တစ်စုံတစ်ခုတောင်း၏။ ၁၉။ ကတံ၊ သူငယ်ပြုသည်ကို။ အနုကရောတိ၊ အတုလိုက်၍ပြု၏။ ၂၀။ ဥစ္စံ ဘာသတိ၊ အသံကိုကျယ်စွာ မြှင့်၍ဆို၏။ ၂၁။ နီစံ ဘာသတိ၊ အသံကို နှိမ့်ချ၍ဆို၏။ ၂၂။ အဝိစ္စံ ဘာသတိ၊ ကခြင်း, သီခြင်း စသည်ဖြင့် ထင်စွာ ဆို၏။ ၂၃။ ဝိဝိစ္စံ ဘာသတိ၊ ကခြင်း။ သီခြင်း စသည်ဖြင့် မသိမသာ ဖုံးကွယ်ကာဆို၏။ ၂၄။ နစ္စေန၊ ကခြင်းဖြင့်။ ဂီတေန၊ သီခြင်းဖြင့်။ ဝါဒိတေန၊ တီးမှုတ်ခြင်းဖြင့်။ ရောဒိတေန၊ ငိုကြွေးခြင်းဖြင့်။ ဝိလာသိတေန၊ တင့်တယ်စံပယ် ခြင်းဖြင့်။ ဝိဘူသိတေန၊ တန်ဆာဆင်ခြင်းဖြင့်။ ဇဂ္ဃတိ၊ တခစ်ခစ်ရယ်၏။ ၂၅။ ပေက္ခတိ၊ တစေ့တစောင်း ကြည့်ရှု၏။ ၂၆။ ကဋိံ၊ ခါးကို။ စာလေတိ၊ လှုပ်၏။ ၂၇။ ဂုယှဘဏ္ဍကံ၊ လျှို့ဝှက်အပ်သော အင်္ဂါကြီးငယ်ကို။ စာလေတိ၊ ထက်ဝန်းကျင် လှုပ်၏။ ၂၈။ ဦရုံ၊ ပေါင်ကို။ ဝိဝရတိ၊ ဖွင့်လှစ်၏။ ၂၉။ ဦရုံ၊ ပေါင်ကို။ ပိဒဟတိ၊ ပိတ်၏ ထိ၏။ ၃၀။ ထနံ၊ အစုံဖြစ်သော သားမြတ်ကို။ ဒဿေတိ၊ ပြ၏။ ၃၁။ ကစ္ဆံ၊ လက်ကတီး ချိုင်းကြားကို။ ဒဿေတိ၊ ပြ၏။ ၃၂။ နာဘိံ၊ ချက်ကို။ ဒဿေတိ၊ ပြ၏။ ၃၃။ အက္ခိံ၊ မျက်စိကို။ နိခဏတိ၊ မှိတ်၏။ ၃၄။ ဘမုကံ၊ မျက်မှောင်ကို။ ဥက္ခိပတိ၊ ချီပင့်၏။ ၃၅။ သြဋ္ဌံ၊ နှုတ်ခမ်းကို။ ပလိခတိ၊ ကိုက်၏၊ စူ၏၊ လျက်၏၊ ပြင်၏။ ၃၆။ ဇိဝှံ၊ လျှာကို။ နိလ္လာလေတိ၊ ထုတ်ပြ၏။ ၃၇။ ဒုဿံ၊ ထဘီ,တဘက်,အင်္ကျီ လက်ကျပ်စသော အဝတ်ကို။ မုဉ္စတိ၊ ကျွတ်စေ၏၊ ဖြေ၏။ ၃၈။ ဒုဿံ၊ ထဘီ,တဘက်,အင်္ကျီစသော အဝတ်ကို။ ဗန္ဓတိ၊ ပြင်၍ဝတ်၏။ ၃၉။ သိရသံ၊ ဆံထုံးကို။ မုဉ္စတိ၊ ဖြေ၏။ ၄၀။ သိရသံ၊ ဆံထုံးကို။ ဗန္ဓတိ၊ ဖွဲ့၏။ ခိုင်ခိုင်ပြင်၍ထုံး၏။

ရဟန်းမာတုဂါမတို့စစ်ပွဲ

ဤသို့အသီတိနိပါတ်၊ မဟာကုဏာလဇာတ်၌ လာသောမိန်းမတို့၏ အပြုအမူကိုလည်းကောင်း၊ မိန်းမတို့၏ တင့်တယ်စံပယ်ခြင်းကိုလည်းကောင်း ပြသဖြင့် ထိုမထေရ်မြတ်၏ ရှေ့၌ရပ်တဲ့၍ ဤဂါထာကိုဆိုလေ၏။

အလတ္တကကတာပါဒါ၊ ပါဒုကာရုယှ ဝေသိယာ။
တွံပိ ဒဟရောဝ မမ၊ အဟံပိ ဒဟရာ တ၀။
ဥဘောပိ ပဗ္ဗဇိဿာမ၊ ပစ္ဆာ ဇိဏ္ဏာ ဒဏ္ဍပရာယနာ။

အလတ္တကကတာပါဒါ၊ ချိပ်ရည်ဖြင့် နီတွေးအောင် တပ်ဆိုးအပ်သော ခြေအစုံရှိသော။ ဝေသိယာ၊ ပြည့်ကံကျွေးမသည်။ ပါဒုကာ၊ ရွှေခြေနှင်းတို့ကို။ အာရုယှ၊ စီးနင်းလျက်။ အဘာသထ၊ ချစ်ကြည့်စိမ့်သောအား ဤစကားကို နှုတ်ဖျားသံချို သဘောယိုအောင် ပြောဆိုလေပြီ။ ဘန္တေ၊ အရှင်ဘုရား။ တွံပိ၊ အရှင်ဘုရားသည်လည်း။ မမ၊ အကျွန်ုပ်၏။ ဒဟရောဝ၊ ချစ်ကြည်စိတ်ထွား ပျိုနုသော လင်ယောက်ျားသည်သာလျှင်။ ဘဝ၊ ဖြစ်ပါလော့။ အဟံပိ၊ အကျွန်ုပ်သည်လည်း။ တဝ၊ အရှင်ဘုရား၏။ ဒဟရာ၊ ကြင်ယာသက်ထား ပျိုနုသော ချစ်မယားသည်။ ဘဝါမိ၊ ဖြစ်ပါအံ့။ ပစ္ဆာ၊ စည်းစိမ်ပြည့်ဝ နောက်ကာလ၌။ ဇိဏ္ဏာ၊ အသက်ကြီးပြင်း အရွယ်ယွင်း၍ အိုမင်းကြကုန်သည်ရှိသော်။ ဒဏ္ဍပရာယနာ၊ တောင်ဝှေးတုတ်ချောင်း လဲလျောင်းအားခဲ လက်၌စွဲကြရကုန်သည်ရှိသော်။ ဥဘောပိ၊ ပါရမီအထက် ဖြည့်ဖက်ချစ်ဆုံး နှစ်ယောက်စလုံးပင်။ ပဗ္ဗဇိဿာမ၊ မောင်ကရှေ့သွား မယ်ကားနောက်လိုက် တစိုက်စိုက်ဖြင့် အမြိုက်စခန်း နိဗ္ဗာန်လှမ်းအောင် ရဟန်းပြုကြပါစို့ဘုရား။

သုန္ဒရသမုဒ္ဒ မထေရ်မြတ်အား “မစူးစမ်းမဆင်ခြင်မူ၍ ငါပြုအပ်သောအမှုသည် အလွန်တရာ ဝန်လေးလေစွတကား”ဟု ကြီးစွာသော ထိတ်လန့်ခြင်းသည် ထင်ရှားစွာ ဖြစ်လေ၏။ ထိုခဏ၌ မြတ်စွာဘုရားသည် လေးဆယ့်ငါးယူဇနာထက်၌တည်သော ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက်သာလျှင် ထိုအကြောင်းကို မြင်တော်မူရလျှင် ပြုံးခြင်းကို ထင်စွာပြုတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားကို ရှင်အာနန္ဒာမထေရ်သည် “မြတ်စွာဘုရား- ပြုံးခြင်းကို ထင်စွာပြုတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ချစ်သားအာနန္ဒာ- ရာဇဂြိုဟ်ပြည်၌ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်အပြင်ဝယ် သုန္ဒရသမုဒ္ဒရဟန်း၏လည်းကောင်း ပြည့်ကံကျွေးမ၏လည်းကောင်း စစ်ထိုးခြင်းသည်ဖြစ်၏”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား အဘယ်သူ့အား နိုင်ခြင်းသည် ဖြစ်ပါလတ္တံ့နည်း၊ အဘယ်သူအား ရှုံးခြင်းသည် ဖြစ်ပါလတ္တံ့နည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။ မြတ်စွာဘုရားသည် “ချစ်သား အာနန္ဒာ- သုန္ဒရသမုဒ္ဒရဟန်းအား နိုင်ခြင်းသည် ဖြစ်လတ္တံ့၊ ပြည့်ကံကျွေးမအား ရှုံးခြင်းသည် ဖြစ်လတ္တံ့”ဟုမိန့်တော်မူ၍ မထေရ်မြတ်၏အောင်ခြင်းကို ပြတော်မူပြီးလျှင် ထိုဇေတဝန်ကျောင်းတော်၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် “ချစ်သားရဟန်း- နှစ်ပါးလည်းဖြစ်ကုန်သော ဝတ္ထုကာမ, ကိလေသာကာမတို့ကို ငဲ့ကွက်ခြင်းကင်းသည်ဖြစ်၍ ပယ်စွန့်လေလော့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူ၏။

ဒေသနာတော်

֍ * [၄၁၅] ယောဓ ကာမေ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
ကာမဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓ၊ ဤလောက၌။ ကာမေ၊ နှစ်ပါးသော ကာမဂုဏ်တို့ကို။ ပဟန္တွာန၊ ပယ်ဖျောက်ဦး၍။ အနာဂါရော၊ အိမ်ရာထောင်ခြင်း မရှိသည်ဖြစ်၍။ ပရိဗ္ဗဇေ၊ ကျင့်၏။ ကာမဘဝပရိက္ခီဏံ၊ ကုန်ပြီးသော ကာမဂုဏ်, ကုန်ပြီးသော ဘဝရှိထသော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်အဆုံး၌ သုန္ဒရသမုဒ္ဒ မထေရ်သည် အရဟတ္တဖိုလ်သို့ရောက်၍ တန်ခိုးအာနုဘော်အားဖြင့် ကောင်းကင်သို့ ပျံတက်လျက် ထုပိကာအဝန်းကို ထုတ်ချင်းဖောက်ထွင်းပြီးလျှင် မြတ်စွာဘုရား၏ ကိုယ်တော်ကို ချီးမွမ်းထောမနာလျက်သာ ကြွလာ၍ မြတ်စွာဘုရားကို ရှိခိုးကာနေလေ၏။

ရသတဏှာ၏ ယုတ်မာပုံ

တရားသဘင်၌လည်း “ငါ့ရှင်တို့- ဇိဝှါဝိညာဉ်ဖြင့် သိအပ်သော အရသာကိုမှီ၍ သုန္ဒရသမုဒ္ဒမထေရ်သည် ပျက်စီးလုနီးပါး ဖြစ်ခဲ့လေ၏။ မြတ်စွာဘုရားသည်ကား ထိုမထေရ်၏ မှီခိုရာဖြစ်တော်မူပေ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုစကားကိုကြားတော်မူရလျှင် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် အရသာ၌ တပ်နှစ်သက်ခြင်းတဏှာဖြင့် ဖွဲ့အပ်သောသဘောရှိသော ထိုရဟန်း၏မှီခိုရာ ဖြစ်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် ထိုအကြောင်းကို ထင်ရှားစွာပြခြင်းအကျိုးငှာ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူလို၍-

န ကိရတ္ထိ ရသေဟိ ပါပိယော၊ အာဝါသေဟိ ဝါ သန္ထဝေဟိ ဝါ။
ဝါတမိဂံ ဂဟနနိဿိတံ၊ ဝသမာနေသိ ရသေဟိ သဉ္စယော။

ရသေဟိ၊ ချိုချဉ်စပ်ငန် အဖန်အခါး ခြောက်ပါးသော အရသာတို့၌ တပ်စွန်းကုန်သာ ရသတဏှာတို့အောက်။ ပါပိယော၊ အထူးသဖြင့် ယုတ်မာတပ်စွန်းကုန်သော တရားသည်။ နတ္ထိ ကိရ၊ မရှိသတတ်။ အယံ၊ ဤရသတဏှာသည်။ အာဝါသေဟိဝါ၊ အရိပ်အာဝါသ နေရာတို့၌ တပ်စွန်းသော တုဏှာတို့အောက်လည်းကောင်း။ သန္ထဝေဟိဝါ၊ အပေါင်းအဖော်၌ တပ်စွန်းသော တဏှာတို့အောက်လည်းကောင်း။ ပါပတရာ ကိရ၊ အဆအရာမက သာလွန်၍ ယုတ်မာလှသတတ်။ ဂဟနနိဿိတံ၊ တောချုံကိုမှီထသော။ ဝါတမိဂံ၊ ဝါတမိဂ ခေါ်ရမည်တွင် တောသမင်ကို။ သဉ္စယော၊ သဉ္စယမည်သော ဥယျာဉ်စောင့်သည်။ ရသေဟိ၊ ပျားလူးမြက် အရသာတို့ဖြင့်။ ဝသံ၊ မိမိအလိုသို့။ အာနေသိ၊ ဆောင်ယူလေပြီ။

ဟူသော ဧကကနိပါတ်၊ သီလဝဂ်လာ ဤဝါတမိဂသမင်ပျံဇာတ်ကို အကျယ်ချဲ့တော်မူပြီးလျှင် ထိုအခါ သုန္ဒရသမုဒ္ဒရဟန်းသည် သမင်ပျံဖြစ်ဖူး၏။ ဤဂါထာကို ဟောပြော၍ ထိုသမင်ပျံကို လွှတ်စေသော မင်း၏အမတ်ကြီးသည် ငါဘုရားသာလျှင် ဖြစ်တော်မူလေ၏ဟု ဇာတ်ကိုပေါင်းတော်မူလေ၏။

အရှင်သုန္ဒရသမုဒ္ဒမထေရ်ဝတ္ထုပြီး၏။

֍ * ၃၃။ အရှင်ဇဋိလမထေရ်ဝတ္ထု

ယောဓ တဏှံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဇဋိလမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စေကဗုဒ္ဓါအား ကြံရည်လှူသော သူကြွယ်

(ဤဆိုလတ္တံ့သည်ကား ဇဋိလမထေရ်၏ အတ္ထုပ္ပတ္တိကို ဆိုရာဆိုကြောင်းဖြစ်သော စကားအစဉ်တည်း။)

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သူကြွယ်ညီနောင်နှစ်ယောက်တို့သည် ကြီးစွာသော ကြံခင်းကို ပြုလုပ်ကြကုန်သတတ်။ ထိုအခါ တစ်နေ့သ၌ ညီငယ်သည် ကြံခင်းသို့သွား၍ “ကြံတစ်ချောင်းကို နောင်တော်ကြီးအား ပေးပေအံ့၊ ကြံတစ်ချောင်းသည် ငါ့အဖို့ဖြစ်လတ္တံ့”ဟု နှလုံးပြုသဖြင့် ကြံချောင်းတို့ကို အရည်မထွက်စေခြင်းအကျိုးငှာ ဖြတ်ရာအရပ်၌ ဖက်စသည်ဖြင့် ဖွဲ့စည်းကာ ယူဆောင်ခဲ့လေ၏။

(ထိုအခါ၌ ကြံတို့ကို ကြံညှစ်ယန္တရားစက်ဖြင့် ညှစ်ဖွယ်ကိစ္စမရှိ။ အဖျား၌လည်းကောင်း အရင်၌လည်းကောင်း ခုတ်ဖြတ် ပင့်မြှောက်သောအခါ ဓမကရိုဏ်ရေစစ်မှ ရေယိုထွက်သကဲ့သို့ အလိုလိုသာလျှင် ကြံရည်သည် ယိုထွက်ကျစီးလေသတတ်။)

ကြံခင်းမှ ကြံချောင်းတို့ကို ယူဆောင်၍ ထိုညီငယ် သူကြွယ်လာလတ်သောအခါ ဂန္ဓမာဒနတောင်၌ အရှင်ပစ္စေကဗုဒ္ဓါသည် သမာပတ်မှ ထတော်မူ၍ “အဘယ်သူ့အား ယနေ့ ချီးမြှောက်ခြင်းအမှုကို ပြုရအံ့နည်း”ဟု စူးစမ်း ဆင်ခြင်တော်မူလတ်သည်ရှိသော် ထိုကြံချောင်းယူလာသော သူကြွယ်ကို ကိုယ်တော်၏ ဉာဏ်တော်တည်းဟူသော ကွန်ရက်၌ ဝင်လာသည်ကို မြင်တော်မူရလျှင် ထိုသူကြွယ်အား ချီးမြှောက်ထောက်ပံ့ခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သည့်အဖြစ်ကို သိတော်မူသဖြင့် သပိတ်သင်္ကန်းကိုယူလျက် တန်ခိုးတော်ဖြင့် ကြွလာတော်မူ၍ ထိုသူကြွယ်၏ရှေ့၌ ရပ်တော်မူလေ၏။ သူကြွယ်သည် ထိုပစ္စေကဗုဒ္ဓါကို မြင်လျှင်မြင်ချင်း ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ အပေါ်ရုံပုဆိုးကို မြင့်မောက်သော မြေအရပ်၌ ခင်းပြီးလျှင် “အရှင်ဘုရား- ဤနေရာ၌ သီတင်းသုံးနေတော်မူကြပါဘုရား”ဟု ရှင်ပစ္စေကဗုဒ္ဓါကို သီတင်းသုံးနေစေ၍ “သပိတ်တော်ကို ညွတ်တော်မူကြပါ, ပေးသနားပါဘုရား”ဟု လျှောက်ကြားသဖြင့် ကြံချောင်း၏ ဖွဲ့စည်းခဲ့ရာအရပ်ကို ဖြေပြီးလျှင် သပိတ်တော်၏အထက်၌ စိုက်ထောင်ခြင်းကို ပြုလေ၏။ ကြံရည်သည် ယိုသက်ကျဆင်း၍ သပိတ်ကို ပြည့်စေလေ၏။ ရှင်ပစ္စေကဗုဒ္ဓါသည် ထိုကြံရည်ကို သောက်သုံးတော်မူလတ်သည်ရှိသော် “အရှင်မြတ်သည် ငါ၏ကြံရည်ကို သုံးဆောင်တော်မူလေ၏။ ကောင်းလေစွတကား။ ငါ၏နောင်တော်ကြီးသည် အဖိုးကို အကယ်၍ ဆောင်စေသည်ဖြစ်အံ့၊ အဖိုးကို ပေးပေးအံ့၊ အလှူအဖို့ကို အကယ်၍ ဆောင်စေသည်ဖြစ်အံ့၊ အလှူအဖို့ကို ပေးပေအံ့”ဟု ကြံပြီးလျှင် “အရှင်ဘုရား- သပိတ်တော်ကို တပည့်တော်အား ပေးသနားတော်မူကြပါဦးဘုရား”ဟု လျှောက်ပြန်သဖြင့် နှစ်ခုမြောက်သော ကြံချောင်းကိုလည်း ဖြေပြီးလျှင် ကြံရည်ကို လှူပြန်လေ၏။

(ထိုညီငယ် သူကြွယ်သည် ငါ၏နောင်တော်သည်လည်း ကြံခင်းမှ တစ်ပါးသော ကြံကိုဆောင်ယူ၍ စားသုံးလတ္တံ့ဟု ဤမျှလောက်သော လှည့်စားလိုသော စိတ်မျှလည်း ထိုညီငယ်အား မဖြစ်လေသတတ်။)

အရှင်ပစ္စေကဗုဒ္ဓါသည်ကား ရှေးဦးစွာသော ကြံရည်ကို သောက်သုံးပြီးဖြစ်သောကြောင့် နောက်တစ်ကြိမ်လှူသော ထိုကြံရည်ကို တစ်ပါးသော ပစ္စေကဗုဒ္ဓါတို့နှင့်လည်း အတူ တကွ ဝေဖန်လိုသော စိတ်ရှိသည်ဖြစ်၍ အလှူခံယူ၍သာလျှင် နေတော်မူလေ၏။

ညီငယ်သူကြွယ်ဆုတောင်းပုံ

ထိုသူကြွယ်သည် ပစ္စေကဗုဒ္ဓါ၏ အမူအရာကိုသိသဖြင့် ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးပြီးလျှင် “အရှင်ဘုရား- တပည့်တော်သည် အကြင်အဦးအဖျားဖြစ်သော ကြံရည်ကိုလှူဒါန်းပါ၏။ ဤကောင်းမှု၏ အကျိုးဆက်ကြောင့် နတ်ပြည်လူ့ပြည်တို့၌ စည်းစိမ်ချမ်းသာကို အစဉ်အတိုင်း ခံစားစံစားပြီးမှ အဆုံး၌ အရှင်ဘုရားတို့ ရောက်အပ်ရအပ်သော တရားတော်မြတ်သို့သာလျှင် ရောက်ရပါလို၏ဘုရား”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကိုဖြစ်စေလေ၏။ ရှင်ပစ္စေကဗုဒ္ဓသည်လည်း ထိုသူကြွယ်အား “ဤသို့ ဒါယကာတောင်းသည့်ဆုအတိုင်း ပြည့်စုံစေသတည်း”ဟု မိန့်မြွက်တော်မူ၍ ဣစ္ဆိတံ ပတ္ထိတံ-အစရှိသော နှစ်ဂါထာတို့ဖြင့် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာကို ပြုပြီးလျှင် အကြင်အခြင်းဖြင့် ထိုသူကြွယ်သည် မြင်နိုင်၏။ ထိုအခြင်းဖြင့် ဓိဋ္ဌာန်တော်မူ၍ ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွတော်မူ၍ ငါးရာသော ပစ္စေကဗုဒ္ဓါတို့အား ထိုကြံရည်ကို လှူပြန်လေ၏။

နောင်တော်သူကြွယ်ဆုတောင်းပုံ

သူကြွယ်သည် ထိုတန်းခိုးပြာဋိဟာကို ဖူးမြင်ရလျှင် နောင်တော်အထံသို့သွားသဖြင့် “အဘယ်အရပ်သို့ သွားသနည်း”ဟု မေးလတ်သည်ရှိသော် “ကြံခင်းကို ကြည့်ရှုခြင်းငှာ သွားပါသည်”ဟု ဆိုလျှင် “အသို့နည်း၊ ကြံခင်းသို့သွားသော သင်သို့သောသူသည် တစ်ချောင်းနှစ်ချောင်းသော ကြံချောင်းတို့ကိုယူ၍လာသင့်သည် မဟုတ်လော”ဟု နောင်တော်ဆိုလတ်သည်ရှိသော် “နောင်တော်- ဟုတ်မှန်ပါ၏။ ကျွန်တော်သည် ကြံနှစ်ချောင်းတို့ကို ယူလာပါသည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးကို ဖူးမြင်ရ၍ ကျွန်တော်၏ ကြံချောင်းမှ ကြံရည်ကိုယူပြီးလျှင် အဖိုးကိုလည်းကောင်း အလှူ၏အဖို့ကိုလည်းကောင်း ပေးအံ့ဟု နောင်တော်တို့၏ကြံချောင်းမှလည်း ကြံရည်ကို ကျွန်တော်လှူဒါန်းခဲ့ပါသည်။ အသို့နည်း၊ ကြံချောင်း၏အဖိုးကိုတည်း ယူကုန်အံ့လော၊ ထိုသို့မဟုတ် အလှူအဖို့ကိုတည်း ယူကုန်အံ့လော”ဟု မေးလေ၏။ “ရှင်ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အဘယ်သို့ပြုသနည်း”ဟု မေးသည်ရှိသော် “ကျွန်တော်၏ကြံချောင်းမှ ကြံရည်ကို ဘုန်းပေးပြီးလျှင် နောင်တော်တို့၏ ကြံချောင်းမှ ကြံရည်ကို ယူဆောင်လျက် ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွသွားတော်မူ၍ ငါးရာသော ပစ္စေကဗုဒ္ဓါတို့အား လှူဒါန်းပါသည်”ဟု ပြောဆိုပြီးလျှင် ထိုနောင်တော် သူကြွယ်သည် ညီသူကြွယ် ပြောစဉ်ဆိုစဉ်ပင်လျှင် အကြားကွက်လပ် အပြတ်မရှိ ပီတိဖြင့်တွေ့ထိသော ကိုယ်ရှိသည်ဖြစ်၍ “ငါ့အား ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်သည် သိမြင်တော်မူအပ်သော တရားကိုသာလျှင် သိရခြင်းသည် ဖြစ်စေသော”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။

ဝိပဿီဘုရားလက်ထက် သူကြွယ်ညီနောင်ဖြစ်ခြင်း

ဤသို့လျှင် ညီသူကြွယ်သည် သုံးပါးသော လူ့ချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာနှင့် ပြည့်စုံခြင်းတို့ကို တောင့်တအပ်ကုန်၏။ နောင်တော်ကြီးသည်ကား တစ်ပုဒ်ဖြင့်သာလျှင် အရဟတ္တဖိုလ်ချမ်းသာကိုသာလျှင် တောင်းတအပ်၏။

(ဤသည်ကား ထိုသူကြွယ်နှစ်ယောက်တို့၏ ရှေး၌ဖြစ်သော ကောင်းမှုကံပေတည်း။)

ထိုသူကြွယ် နှစ်ယောက်တို့သည် အသက်အတိုင်းတည်၍ ထိုဘဝမှ စုတေမနေ ကွယ်လွန်ကြလေသည်ရှိသော် နတ်ပြည်၌ဖြစ်၍ နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလကို ကုန်လွန်စေကြလေကုန်၏။ ထိုသူကြွယ်တို့ နတ်ပြည်၌ တည်စဉ်အခါ၌သာလျှင် ဝိပဿီမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလေ၏။ ထိုသူ ကြွယ်နှစ်ယောက်တို့သည်လည်း နတ်ပြည်မှစုတေ၍ ဗန္ဓုမတီမည်သော နေပြည်တော်တွင် တစ်ခုသောအမျိုးအိမ်၌ နောင်တော်သည် အကြီးသာဖြစ်၍ ညီငယ်သည် အငယ်သာဖြစ်၍ ပဋိသန္ဓေကို ယူကြလေကုန်၏။ ထိုညီနောင်နှစ်ယောက်တို့တွင် အစ်ကိုကြီးအား သေနဟူသောအမည်ကို၊ ညီငယ်အား အပရာဇိတဟူသော အမည်ကို မှည့်ကြလေကုန်၏။ ထိုညီအစ်ကိုနှစ်ယောက်တို့သည် အရွယ်သို့ ရောက်သောအခါ ဥစ္စာနှစ်ကို ကောင်းစွာဖြစ်စေလျက် နေကြကုန်သည်ရှိသော် “ဘုရားရှင်ရတနာသည် လောက၌ ပွင့်ထွန်းပေါ်ပေါက်တော်မူ၏။ တရားတော်ရတနာ, သံဃာတော်ရတနာသည် ထင်ရှားဖြစ်တော်မူ၏။ ထို့ကြောင့် အလှူဒါနတို့ကို ပေးလှူကြပါကုန်လော့၊ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြပါကုန်လော့၊ ယနေ့ ရှစ်ရက်မြောက်သောနေ့ဖြစ်၏။ ယနေ့ တစ်ဆယ့်လေးရက်မြောက်သော နေ့ဖြစ်၏။ ယနေ့ တစ်ဆယ့်ငါးရက်မြောက်သောနေ့ဖြစ်၏။ ဥပုသ်ဆောက်တည်ကြပါကုန်လော့၊ တရားတော်နာကြားကြပါကုန်လော့”ဟု ဗန္ဓုမတီပြည်၌ တရားနာ ကြွေးကြော်တတ်သောသူ၏ ကြွေးကြော်သံကို ကြားရသောကြောင့် များစွာသော လူအပေါင်းသည် နံနက်အခါ အလှူကို ပေးလှူ၍ နေလွဲသောအခါ တရားနာခြင်းငှာ သွားလတ်သည်ကို မြင်ရလျှင် သေနအမည်ရှိသော သူကြွယ်သည် “အဘယ်အရပ်သို့ သွားကြပါကုန်အံ့နည်း”ဟု မေးမြန်းသဖြင့် “ဘုရားရှင်၏အထံတော်သို့ တရားနာခြင်းငှာ သွားကြပါကုန်၏”ဟု ဆိုသည်ရှိသော် “ငါသည်လည်း သွားဦးအံ့”ဟု ကြံ၍ ထိုသူတို့နှင့်အတူတကွသာလျှင် သွားသဖြင့် ပရိသတ်အစွန်၌ နေလေ၏။

နောင်တော်သေနသူကြွယ် ရဟန်းပြုခြင်း

မြတ်စွာဘုရားသည် ထိုသေနသူကြွယ်၏ အလိုကိုသိတော်မူသဖြင့် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ထိုသေနသူကြွယ်သည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ ရဟန်းပြုခြင်းငှာ ဖြစ်သောအားထုတ်ခြင်းရှိရကား မြတ်စွာဘုရားကို ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ ထိုအခါ သူကြွယ်ကို မြတ်စွာဘုရားသည် “သင့်အား ပန်ကြားသင့်သော အဆွေအမျိုးတို့သည် ရှိကုန်သလော”ဟု မေးတော်မူ လေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှိပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုသို့ဖြစ်မူ ပန်ကြားပြီးမှ လာခဲ့လော့”ဟု မိန့်တော်မူလေ၏။ ထိုသေနသူကြွယ်သည် ညီငယ်၏အထံသို့သွား၍ “ဤအိမ်၌ အကြင်ဥစ္စာနှစ်သည် ရှိ၏။ ထိုအလုံးစုံသော ဥစ္စာနှစ်သည် ငါ့ညီအလို့ငှာ ဖြစ်စေလော့”ဟု ဆိုလေ၏။ “နောင်တော်- အရှင်နောင်တော်တို့ကား အဘယ်သို့ပါနည်း”ဟု မေးလျှင် “ငါကား မြတ်စွာဘုရား၏အထံတော်၌ ရဟန်းပြုတော့အံ့”ဟု ပြောဆိုလေ၏။ “အသို့ဆိုကြကုန်ဘိသနည်း၊ ကျွန်တော်သည် မိခင်ကွယ်လွန်လတ်သည်ရှိသော် မိခင်ကဲ့သို့ ဖခင်ကွယ်လွန်ခဲ့သော်လည်း ဖခင်ကဲ့သို့ နောင်တော်တို့ကို ရအပ်ပါသည်။ ဤအမျိုးအိမ်သည် များသောဥစ္စာစည်းစိမ်ရှိပါသည်။ အိမ်၌နေလျက်သာလျှင် ကောင်းမှုကုသိုလ်တို့ကို ပြုခြင်းငှာ တတ်ကောင်းပါသည်။ ဤသို့ပြုတော် မမူကြပါလင့်”ဟု တောင်းပန်စကား ပြောကြားလတ်သော် “ငါကား မြတ်စွာဘုရား၏ အထံတော်၌ တရားတော်ကို ကြားနာအပ်ပြီ။ ထိုတရားတော်ကို အိမ်ရာထောင်သော လူတို့အလယ်၌နေသဖြင့် ဖြည့်ကျင့်ခြင်းငှာ မတတ်နိုင်၊ ငါကား ရဟန်းပြုအံ့သည်သာလျှင်တည်း။ နေရစ်ခဲ့လော့”ဟု ဆိုလေ၏။ ဤသို့ ထိုသေနသူကြွယ်သည် ညီငယ်ကို နေရစ်ခဲ့စေပြီးလျှင် မြတ်စွာဘုရား၏ အထံတော်၌ ရှင်ပြု၍ ရဟန်းအဖြစ်သို့ ရလတ်သည်ရှိသော် မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ညီငယ်သည်လည်း နောင်တော်၏ ရဟန်းပြုရာ၌ ပူဇော်သက္ကာရကို ပြုအံ့ဟု ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကိုပေးလှူ၍ နောင်တော်မထေရ်ကို ရှိခိုးပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် မိမိ၏ဘဝမှ ထွက်မြောက်ကြောင်းကို ပြုတော်မူအပ်ပြီ။ တပည့်တော်သည်ကား ငါးပါးသော ကာမဂုဏ်တို့ဖြင့် နှောင်ဖွဲ့အပ်သည်ဖြစ်ရကား တောထွက်၍ ရဟန်းပြုခြင်းငှာ မတတ်နိုင်ပါ။ အိမ်၌နေသည်သာလျှင်ဖြစ်သော တပည့်တော်အားလည်း လျောက်ပတ်သော မြတ်သောကောင်းမှုကံကို ညွှန်ကြားတော်မူကြပါ”ဟု လျှောက်ကြားလေ၏။

ညီတော်အပရာဇိတ ဂန္ဓကုဋိဆောက်လုပ်ခြင်း

ထိုအခါ ညီသူကြွယ်ကို မထေရ်သည် “ပညာရှိသောငါ့ညီ- ကောင်းပေစွ, ကောင်းပေစွ၊ မြတ်စွာဘုရားအလို့ငှာ ဂန္ဓကုဋိကို ဆောက်လုပ်လေလော့”ဟု မိန့်တော်မူလေ၏။ ထိုသူကြွယ်သည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံသဖြင့် အထူးထူးသော သစ်သားတို့ကို ဆောင်ယူစေပြီးလျှင် သည်တိုင်စသည်တို့၏အကျိုးငှာ ရွေစေ၍ သည်တိုင်တစ်လုံးကို ရွှေဖြင့်ခြယ်စီအပ်သည်ကိုပြု၍ တစ်လုံးကို ငွေဖြင့်ခြယ်စီအပ်သည်ကိုပြု၍ တစ်လုံးကို ပတ္တမြားဖြင့် ခြယ်စီအပ်သည်ကိုပြု၍ ဤသို့ သည်တိုင်အလုံးစုံတို့ကို ရတနာခုနစ်ပါးတို့ဖြင့် ခြယ်စီအပ်သည်ကို ပြုစေ၍ ထိုသည်တိုင်တို့ဖြင့် ဂန္ဓကုဋိကို ဆောက်လုပ်စေပြီးလျှင် ရတနာခုနှစ်ပါးတို့ဖြင့် ခြယ်စီအပ်သည်သာလျှင် ဖြစ်ကုန်သော အမိုးအုတ်တို့ဖြင့် မိုးစေလေ၏။ ဂန္ဓကုဋိကို ဆောက်လုပ်သောအခါ၌သာလျှင် ထိုအပရာဇိတသူကြွယ်ကို မိမိနှင့်တူသော အပရာဇိတသာလျှင် အမည်ရှိသောတူသည် ချည်းကပ်၍ “ဦးရီး- ကျွန်တော်လည်း ပြုလုပ်လိုပါသည်။ ကျွန်တော်အားလည်း အဖို့ကို ကယ်မပေးသနားကြပါ”ဟု ဆိုလေ၏။ “ငါ့တူ- ငါမပေးနိုင်။ တစ်ပါးသောသူတို့နှင့် မဆက်ဆံသောကျောင်းကို ပြုလုပ်လိုသည်”ဟု ဆိုလတ်သည်ရှိသော် ထိုတူ-အပရာဇိတသည် များစွာပင် တောင်းပန်၍မျှလည်း အဖို့ကိုမရသောကြောင့် ဂန္ဓကုဋိ၏ရှေ့၌ “ကုဉ္ဇရမည်သော ဇရပ်ကိုရခြင်းငှာ သင့်၏”ဟု အကြံပြု၍ ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော ကုဉ္ဇရမည်သောဇရပ်ကို ဆောက်လုပ်စေလေ၏။ ထိုအပရာဇိတမည်သောတူသည် ဤငါတို့ဘုရား ပွင့်တော်မူသောအခါ မေဏ္ဍကသူဌေးကြီး ဖြစ်လာလေ၏။ ဂန္ဓကုဋိတိုက်၌ကားရတနာခုနစ်ပါးတို့ဖြင့် ပြီးကုန်သော သုံးခုသော လေသာပြတင်းကြီးတို့သည် ဖြစ်ကုန်၏။ ထိုလေသာပြတင်းကြီးတို့၏ ရှေးရှုရာဖြစ်သော အရပ်တွင် အောက်၌ အင်္ဂတေဖြင့် အပြေအပြစ် ပြုအပ်ကုန်သော သုံးခုသော ရေကန်တို့ကိုပြုစေ၍ နံ့သာမျိုးလေးပါးဖြင့် ထုံအပ်သောရေကို ပြည့်စေလျက် အပရာဇိတမည်သော သူ ကြွယ်သည် ငါးပါးသော အဆင်းရှိကုန်သော ပန်းပင်တို့ကို စိုက်စေလေ၏။ မြတ်စွာဘုရား အတွင်း၌ သီတင်းသုံးနေတော်မူသောအခါ လေအဟုန်ဖြင့်ဖြစ်ကုန်သော ဝတ်ဆံ ဝတ်မှုန်တို့ဖြင့် ကိုယ်တော်ကို ကြဲဖြန့်စိမ့်သောငှာ ဂန္ဓကုဋိတိုက် ထုပိကာအထွတ်ဖြစ်သော ခွက်သည် ရွှေနီဖလံဖြင့်ပြီး၏။ အထွတ်ဦးစွန်းတို့သည် သန္တာဖြင့် ပြီးကုန်၏။ အောက်၌ မိုးသောအုတ်တို့သည် ပတ္တမြားဖြင့်ပြီးကုန်၏။ ဤသို့လျှင် ထိုဂန္ဓကုဋိတိုက်သည် က,နေသော ဥဒေါင်းကဲ့သို့ တင့်တယ်လျက် တည်လေ၏။

ရတနာခုနစ်ပါး ဂန္ဓကုဋိ၌ ကြဲဖြန့်ထားခြင်း

ရတနာခုနစ်ပါးတို့တွင် ဖြတ်တောက်၍ ရစကောင်းသော ရတနာကို ဖြတ်တောက်စေ၍ ဖြတ်တောက်၍ မရစကောင်းသော ရတနာကိုတစ်ခုလုံးကိုသာ ယူစေ၍ ပုဆစ်ဒူးများ အတိုင်းအရှည်ရှိသော အပိုင်းအခြားအားဖြင့် ဂန္ဓကုဋိကို ခြံရံစေလျက် ပရိဝုဏ်ကျောင်းကို ပြည့်စေလေ၏။ ဤသို့လျှင် ဂန္ဓကုဋိကို ပြီးဆုံးစေပြီးလျှင် အပရာဇိတသူကြွယ်သည် နောင်တော်မထေရ်သို့ ချဉ်းကပ်၍ “အရှင်ဘုရား- ဂန္ဓကုဋိပြီးပါပြီ။ ထိုဂန္ဓကုဋိကို သုံးဆောင်တော်မူခြင်းကိုသာ တောင့်တပါသည်ဘုရား။ သုံးဆောင်တော်မူသဖြင့် ကြီးမြတ်သောကောင်းမှုကုသိုလ် ဖြစ်ပါသတတ်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုနောင်တော်မထေရ်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤသူကြွယ်သည် ရှင်တော်မြတ်ဘုရားတို့၏အလို့ငှာ ဂန္ဓကုဋိကို ဆောက်လုပ်စေအပ်ပါသတတ်၊ ယခုအခါ သုံးဆောင်တော်မူခြင်းကို တောင့်တပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် နေရာမှထတော်မူ၍ ဂန္ဓကုဋိသို့ ရှေးရှုကြွသွားတော်မူပြီးလျှင် ဂန္ဓကုဋိကိုခြံရံ၍ တည်ထားအပ်သော ရတနာအစုကို ကြည့်ရှုတော်မူလျက် တံခါးမုခ်၌ ရပ်တော်မူလေ၏။ ထိုအခါ သူကြွယ်သည် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဝင်ကြွတော်မူကြပါဘုရား”ဟု လျှောက်လေ၏။

ဘုရားရှင်သည် ထိုတံခါးမုခ်၌သာလျှင် ရပ်တော်မူ၍ သုံးကြိမ်မြောက် လျှောက်သောအကြိမ်၌ ထိုအပရာဇိတသူကြွယ်၏ နောင်တော်ဖြစ်သော သေနမထေရ်ကို ကြည့်ရှုတော်မူလေ၏။ မထေရ်မြတ်သည် ကြည့်ရှုတော်မူသော အခြင်းအရာအားဖြင့်သာလျှင် သိသဖြင့် ညီသူကြွယ်ကို “ညီချစ်- လာဦးလော့၊ “ဘုရားတပည့်တော်၏သာလျှင် စောင့်ရှောက်ခြင်းသည် ဖြစ်ပါလိမ့်မည်ဘုရား၊ ရှင်တော်မြတ်ဘုရားတို့သည် ချမ်းသာသည်အားလျော်စွာ အလိုတော်ရှိတိုင်း သီတင်းသုံးနေတော်မူကြပါဘုရား”ဟူ၍ မြတ်စွာဘုရားကို လျှောက်ထားချေလော့”ဟု မိန့်ဆိုတော်မူလေ၏။ သူကြွယ်သည် မထေရ်မြတ်၏စကားကို ကြားရလျှင် မြတ်စွာဘုရားကို ငါးပါးသောတည်ခြင်းဖြင့် ရှိခိုး၍ “မြတ်စွာဘုရား- လူတို့သည် သစ်ပင်ရင်း၌ ဝင်ပြီးလျှင် ငဲ့ကွက်ခြင်းမရှိကုန်ဘဲ ဖဲသွားကြသကဲ့သို့လည်းကောင်း မြစ်ကိုကူးပြီးလျှင် ဖောင်ကိုငဲ့ကွက်ခြင်းမရှိဘဲ ဖဲသွားကြသကဲ့သို့လည်းကောင်း ထို့အတူ ငဲ့ကွက်ခြင်း မရှိကြသည်ဖြစ်၍ ရှင်တော်မြတ်ဘုရားတို့သည် သီတင်းသုံးနေတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။

(မြတ်စွာဘုရားသည် အဘယ်အကျိုးငှာ ရပ်တော်မူလေသနည်းဟူမူကား- မြတ်စွာဘုရားအား ဤသို့အကြံတော်ဖြစ်သတတ်၊ “ဘုရားရှင်တို့၏ အထံတော်သို့ နံနက်အခါ၌လည်းကောင်း၊ ညချမ်းအခါ၌လည်းကောင်း များစွာသော လူတို့သည် လာကြကုန်၏။ ထိုလူတို့သည် ရတနာတို့ကိုယူ၍ ဖဲသွားကြကုန်သည်ရှိသော် ငါဘုရားတို့သည် တားမြစ်ခြင်းငှာ မတတ်ကောင်း၊ ပရိဝုဏ်၌ ဤမျှလောက်သော ရတနာပြွမ်းသည်ရှိသော် မိမိ၏အလုပ်အကျွေး ဒါယကာတို့ ဆောင်ယူကြကုန်သော်လည်း မတားမြစ်ဘိဟု သူကြွယ်သည် ငါဘုရား၌ အမျက်ဒေါသအာဃာတ ပြုမိလျှင် အပါယ်လားသည် ဖြစ်ရာ၏”ဟု နှလုံးပြု၍ ဤသို့သောအကြောင်းကြောင့် ရပ်နေတော်မူ လေသတည်း။)

တရားနာလာသူတို့ လက်ခုပ်ဖြင့်ယူနိုင်ခြင်း

ထိုသူကြွယ်သည် “မြတ်စွာဘုရား- ဘုရားတပည့်တော်၏သာလျှင် စောင့်ရှောက်ခြင်းသည် ဖြစ်ပါလိမ့်မည်ဘုရား၊ ရှင်တော်မြတ်ဘုရားတို့သည် ဝင်ကြွတော်မူကြပါဘုရား”ဟု လျှောက်လတ်သည်ရှိသော် ဝင်ကြွတော်မူလေ၏။ သူကြွယ်သည် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကိုထား၍ ထိုလူတို့ကို “အမောင်တို့- ခါးပိုက်ဖြင့်လည်းကောင်း ခြင်းတောင်းအိတ်ထောင်တို့ဖြင့်လည်းကောင်း ယူ၍သွားသောသူတို့ကို တားမြစ်ကြကုန်လော့၊ လက်ဖြင့်ယူ၍ သွားသောလူတို့ကိုကား မတားမမြစ်ကြပါကုန်လင့်”ဟု ပြောဆိုထားလေ၏။ မြို့တွင်း၌လည်း “ငါသည် ဂန္ဓကုဋိပရိဝုဏ်၌ ရတနာခုနစ်ပါးတို့ကို ဖြန့်ကြဲအပ်ကုန်၏။ မြတ်စွာဘုရား၏ အထံတော်၌ တရားကိုနာကြားပြီးလျှင် ပြန်သွားကုန်သော ဆင်းရဲသောလူတို့သည် လက်နှစ်ဖက်တို့ကို ပြည့်စေ၍ ယူ ကြပါစေကုန်သတည်း။ ချမ်းသာပြည့်စုံ ကြွယ်ဝကုန်သော လူတို့သည်လည်း လက်တစ်ဖက်ဖြင့် ယူကြပါစေကုန်သတည်း”ဟု ပြောကြားစေလေ၏။

(ထိုသူကြွယ်အား ဤသို့အကြံဖြစ်သတတ်၊ “ရတနာသုံးပါး၌ ကြည်ညိုခြင်း ရှိသောသူတို့သည် တရားတော်ကို နာလိုကြကုန်သည်ဖြစ်၍ သွားကြကုန်လတ္တံ့သာလျှင်တည်း။ သဒ္ဓါကြည်ညိုခြင်းမရှိသော သူတို့ကား ဥစ္စာကိုလိုချင်သဖြင့် လာ၍ တရားတော်ကို နာရသည်ရှိသော် ဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကြရကုန်လတ္တံ့”ဟု အကြံဖြစ်၏။ ထို့ကြောင့် လူတို့ကို သင်္ဂြိုဟ်ထောက်ပံ့ ချီးမြှောက်ခြင်းငှာ ဤသို့ ပြောကြားစေသတတ်။)

များစွာသော လူအပေါင်းတို့လည်း ထိုအပရာဇိတ သူကြွယ်ဆိုအပ်သော နည်းအားဖြင့်သာလျှင် ရတနာတို့ကို ယူ လေ၏။ တစ်ကြိမ်ဖြန့်ကြဲအပ်သော ရတနာတို့သည် ကုန်ပြီးသည်ရှိသော် သုံးကြိမ်မြောက်တိုင်အောင် ပုဆစ်ဒူးမျှ နစ်လောက်သော အပိုင်းအခြားအားဖြင့် ဖြန့်ကြဲစေသည်သာလျှင်တည်း။

သခွါးသီးမျှရှိသော ပတ္တမြား မိစ္ဆာပုဏ္ဏားယူသွားခြင်း

အထူးအားဖြင့်ကား မြတ်စွာဘုရား၏ခြေရင်းတော်၌ သခွားသီးမျှ အတိုင်းအရှည်ရှိသော အဖိုးအတိုင်းမသိ ထိုက်တန်သော ပတ္တမြားရတနာတစ်ခုကို ထားပေ၏။

(ထိုသူကြွယ်အား ဤသို့အကြံဖြစ်သတတ်၊ “ဘုရားရှင်၏ ကိုယ်တော်မှထွက်သော ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ရောင်ခြည်တော်နှင့်တကွ ပတ္တမြားရောင်ကို ကြည့်ရှုကြရကုန်သော လူတို့အား ရောင့်ရဲခြင်းမည်သည် မဖြစ်နိုင်လတ္တံ့”ဟု အကြံဖြစ်၏။ ထို့ကြောင့် ဤသို့ထားခြင်းကို ပြုလေ၏။ များစွာသော လူအပေါင်းသည်လည်း မရောင့်ရဲနိုင်သည်ဖြစ်၍သာလျှင် ကြည့်ရှုတတ်လေသတတ်။)

ထိုအခါ တစ်နေ့သ၌ မိစ္ဆာအယူရှိသော ပုဏ္ဏားတစ်ယောက်သည် “မြတ်စွာဘုရား၏ ခြေတော်ရင်း၌ အဖိုးများစွာထိုက်သော ပတ္တမြားရတနာကို ထားသတတ်။ ထိုပတ္တမြားရတနာကို ဆောင်ယူပေအံ့”ဟု နှလုံးသွင်းလျက် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးခြင်းငှာ များစွာသောလူအပေါင်းတို့၏အကြားဖြင့် ဝင်သွားလေ၏။ သူကြွယ်သည် ထိုပုဏ္ဏား၏ဝင်သော အခြင်းအရာဖြင့်သာလျှင် “ပတ္တမြားကိုယူခြင်းငှာ အလိုရှိ၏”ဟု မှတ်သားမိသဖြင့် “မယူပါဘိမူကား ကောင်းလေစွတကား”ဟု ကြံလေ၏။ ထိုမိစ္ဆာဒိဋ္ဌိပုဏ္ဏားသည်လည်း မြတ်စွာဘုရားကို ရှိခိုးလေဘိသကဲ့သို့ ခြေတော်ရင်း၌ လက်ကိုရှေးရှုညွတ်လျက် ပတ္တမြားကိုယူပြီးလျှင် ခါးတောင်းကျိုက်၌ ထားသည်ကိုပြု၍ ဖဲသွားလေ၏။ ထိုသူကြွယ်သည် ထိုမိစ္ဆာပုဏ္ဏား ပတ္တမြားယူသွားရာ၌ စိတ်ထားကြည်လင်စိမ့်သောငှာ မတတ်နိုင်ရှာလေ။ ထိုသူကြွယ်သည် တရားစကားတော်၏ အဆုံး၌ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “မြတ်စွာဘုရား- တပည့်တော်သည့် သုံးကြိမ်တိုင်အောင် ဂန္ဓကုဋိကိုခြံရံ၍ ပုဆစ်ဒူးမျှလောက်သော အပိုင်းအခြားဖြင့် ရတနာခုနစ်ပါးတို့ကို ဖြန့်ကြဲအပ်ပါကုန်၏။ ထိုရတနာခုနစ်ပါးတို့ကို ယူကြကုန်သော ထိုသူတို့အပေါ်၌ တပည့်တော်အား အမျက်ဒေါသမည်သည် မဖြစ်စဖူးပါ။ စိတ်သည် လွန်စွာကြည်လင်သည်သာ ဖြစ်ပါသည်ဘုရား။ ယနေ့မူကား ဤပုဏ္ဏားသည် ပတ္တမြားကို မယူပါဘိမူကား ကောင်းလေစွတကားဟု ကြံစည်မိသဖြင့် ထိုပုဏ္ဏားသည် ပတ္တမြားကိုယူ၍သွားသည်ရှိသော် စိတ်ထားကြည်လင်စိမ့်သောငှာ မတတ်နိုင်ပါဘုရား”ဟု နားတော်လျှောက်လေ၏။

ဥစ္စာကို ရန်သူတို့မဖျက်ဆီးနိုင်အောင် ဆုတောင်းခြင်း

မြတ်စွာဘုရားသည် ထိုအပရာဇိတသူကြွယ်၏ စကားကိုကြားတော်မူလျှင် “ဒါယကာ- မိမိ၏ဥစ္စာကို တစ်ပါးသောသူတို့သည် မဆောင်ယူနိုင်အောင် ပြုခြင်းငှာ မတတ်နိုင်ကောင်းလေသလော”ဟု နည်းကိုပေးတော်မူလေ၏။ သူကြွယ်သည် မြတ်စွာဘုရား ပေးတော်မူအပ်သော နည်း၌တည်၍ မြတ်စွာဘုရားကို ရှိခိုးလျက် “ယနေ့ကိုအစပြု၍ တပည့်တော်၏ဥစ္စာကို မိစ္ဆာချည်မျှင်ကိုမျှလည်း တပည့်တော်ကို နှိပ်စက်ဖိစီး၍ အရာမက များစွာလည်း ဖြစ်ကုန်သော မင်းတို့သည်လည်းကောင်း၊ ခိုးသူတို့သည်လည်းကောင်း ယူခြင်းငှာ စွမ်းနိုင်ကြသောမည်သည် မဖြစ်ကြပါစေကုန်သတည်း။ မီးသည်လည်း တပည့်တော်၏ ဥစ္စာကို မလောင်ကျွမ်းနိုင်ပါစေသတည်း။ ရေသည်လည်း မမျှောပါစေသတည်း”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။ မြတ်စွာဘုရားသည်လည်း ထိုသူကြွယ်အား- “ဒါယကာ တောင်းသည့်ဆုအတိုင်း ပြည့်စုံစေသတည်း”ဟု အနုမောဒနာပြုတော်မူလေ၏။ ထိုသူကြွယ်သည် ဂန္ဓကုဋိ သာဓုခေါ်ပူဇော်ပွဲ ပြုလတ်သည်ရှိသော် ခြောက်သန်းရှစ်သိန်းသော ရဟန်းတော်တို့ကို ကျောင်းတော်အတွင်း၌သာလျှင် ကိုးလတို့ပတ်လုံး အလှူကြီးကိုပေးလှူ၍ အလှူအဆုံး၌ အလုံးစုံသော ရဟန်းတို့အား သင်္ကန်းသုံးထည်ကို လှူဒါန်းလေ၏။ အငယ်ဆုံးသော ရဟန်းအား ရအပ်သော သင်္ကန်းလျာပုဆိုးတို့သည် အဖိုးတစ်ထောင်ထိုက်တန်လေ၏။

သူဌေးသား ဇောတိကဖြစ်လာခြင်း

ဤသို့လျှင် ထိုအပရာဇိတသူကြွယ်သည် အသက်ရှည်သမျှ ကာလပတ်လုံး ကောင်းမှုတို့ကိုပြုလုပ်၍ ထိုကိုယ်အဖြစ်မှ စုတေလတ်သည်ရှိသော် နတ်ပြည်၌ဖြစ်သဖြင့် ဤမျှလောက်သော ကာလပတ်လုံး နတ်ပြည်လူ့ပြည်တို့၌ ကျင်လည်ပြီးလျှင် ဤငါတို့ဘုရား ပွင့်လင်းထွန်းပသောအခါ ရာဇဂြိုဟ်ပြည်၌ တစ်ဦးသောသူဌေး၏အိမ်၌ ပဋိသန္ဓေကိုယူ၍ လခွဲအလွန်ရှိသော ကိုးလတို့ဖြင့် မိခင်၏ဝမ်းတိုက်၌ ကိန်းအောင်းလေ၏။ ထိုသတို့သား၏ ဖွားမြင်သောနေ့၌ကား ပြည်အလုံး၌ အလုံးစုံသော လက်နက်တို့သည် တောက်ပလေကုန်၏။ အလုံးစုံသောသူတို့၏ ကိုယ်၌ဆင်အပ်ကုန်သော တန်ဆာတို့သည်လည်း တောက်ပကုန်သကဲ့သို့ အရောင်ကိုလွှတ်ကြကုန်၏။ ပြည်အလုံးသည် တစ်ပြိုင်နက် အရောင်အလင်းတောက်ပခြင်းဖြစ်လေ၏။ သူဌေးကြီးသည်ကား နံနက်စောစောကပင်လျှင် မင်းအားခစားခြင်းသို့ သွားလေ၏။ ထိုအခါ သူဌေးကြီးကို မင်းကြီးသည် “ယနေ့ အလုံးစုံသောလက်နက်တို့သည် တောက်ပကုန်၏။ ပြည်အလုံးသည် တစ်ပြိုင်နက်အရောင်အလင်းဖြစ်၏။ ဤသို့ဖြစ်ခြင်း၌ အကြောင်းကို သင်သူဌေးသိသလော”ဟု မေးလေ၏။ “အရှင်မင်းကြီး- သိပါ၏”ဟု လျှောက်တင်လတ်သော် “သူဌေးကြီး- အသို့သိသနည်း”ဟု မေးပြန်လေ၏။ “အကျွန်ုပ်အိမ်၌ အရှင်မင်းမြတ်တို့၏ ကျွန်သူငယ်သည် ဖွားမြင်ပါသည်။ ထိုသူငယ်၏ကောင်းမှု အာနုဘော်ကြောင့်သာလျှင် ဖြစ်ပါသည်”ဟု လျှောက်တင်လတ်သော် “အသို့နည်း။ ခိုးသူဖြစ်လတ္တံ့လော”ဟု မေးပြန်လေ၏။ “အရှင်မင်းကြီး ခိုးသူဖြစ်ခြင်း၏ အကြောင်းမရှိပါ။ ကောင်မှုဘုန်းကံနှင့် ပြည့်စုံသည်ဖြစ်၍ ပြုအပ်ဖူးသော ဆုတောင်းခြင်းရှိသော သတ္တဝါဖြစ်ပါသည်”ဟု လျှော်တင်လတ်သော် “ထိုသို့ဖြစ်မူ ထိုသူငယ်ကို ကောင်းစွာမွေးခြင်းငှာ သင့်၏။ ဤအသပြာသည် ထိုသူငယ်၏ နို့ဖိုးဖြစ်ပါစေလော့”ဟု နေ့တိုင်း တစ်ထောင်သောဥစ္စာကို ဖြစ်စေလေ၏။ (ထောက်ပံ့လေ၏။)

ဇောတိကသူဌေးအား ဗိမာန် မြေမှ ပေါ်ပေါက်ခြင်း

ထိုအခါသူငယ်ကို အမည်မှည့်အံ့သောနေ့၌ ပြည်အလုံး၏ တစ်ပြိုင်နက် အလင်းရောင်တောက်ပြောင် ထွန်းလင်းသည်၏အဖြစ်ကြောင့် “ဇောတိက”ဟူသောအမည်ကိုသာလျှင် မှည့်ကြလေကုန်၏။ ထိုအခါ ဇောတိကသူငယ် အရွယ်သို့ရောက်သောအခါ အိမ်ဆောက်ခြင်းငှာ မြေအပြင်ကို သုတ်သင်အပ်သည်ရှိသော် သိကြားမင်း၏နေရာသည် ပူလောင်သောအခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် “ဤပဏ္ဍုကမ္ဗလာကျောက်ဖျာ ပူလောင်ခြင်းအကြောင်းကား အသို့နည်း”ဟု စူးစမ်းဆင်ခြင်လတ်သည်ရှိသော် “ဇောတိကသတို့သား၏ အိမ်နေရာအရပ်ကို ယူကြကုန်၏”ဟု သိသဖြင့် “ဤဇောတိကသူဌေးသားကား ဤလူတို့ဆောက်လုပ်အပ်သော အိမ်၌ မနေလတ္တံ့၊ ငါသိကြားမင်းသည်လည်း ထိုအရပ်သို့သွားခြင်းငှာ သင့်၏”ဟု လက်သမားအသွင်ဖြင့် ထိုအရပ်သို့သွားပြီးလျှင် “အဘယ်အမှုကို ပြုလုပ်ကြကုန်သနည်း”ဟု မေးလေ၏။ “ဇောတိကသူဌေးသား၏ အိမ်နေရာအရပ်ကို ယူကြပါကုန်၏”ဟု ဆိုလတ်သော် “သင်တို့ဖယ်ကြပါကုန်လော့။ ဤဇောတိကသူဌေးသားသည် သင်တို့ဆောက်လုပ်အပ်သောအိမ်၌ မနေလတ္တံ့”ဟု ဆို၍ တစ်ဆယ့်ခြောက်မင်းပယ်စာမျှလောက်သော မြေအရပ်ကို ကြည့်ရှုလေ၏။ ထိုမြေအရပ်သည် သိကြားမင်းကြည့်ကာမျှ၌ပင်လျှင် ကသိုဏ်းဝန်းကဲ့သို့ ညီညွတ်သောမြေအပြင် ဖြစ်လေ၏။ တစ်ဖန် “ဤအရပ်၌ မြေကိုဖောက်ခွဲ၍ ရတနာခုနစ်ပါးဖြင့်ပြီးသော ဘုံခုနှစ်ဆင့်ရှိသော ပြာသာဒ်သည် ပေါ်ပေါက်စေသတည်း”ဟု ကြံ၍ ကြည့်ရှုပြန်လေ၏။ ထိုခဏ၌ပင်လျှင် ပြာသာဒ်သည် ပေါ်ပေါက်လာပြန်လေ၏။

တံတိုင်း,ပဒေသာပင် စသည်တို့ ပေါ်ပေါက်လာခြင်း

တစ်ဖန် “ဤပြာသာဒ်ကိုခြံရံလျက် တံတိုင်းခုနစ်ထပ်တို့သည် ပေါ်ပေါက်စေကုန်သတည်း”ဟု ကြံ၍ ကြည့်ရှုပြန်လေ၏။ ထိုသို့သဘောရှိသော တံတိုင်းတို့သည် ပေါ်ပေါက်ကုန်၏။ ထို့နောက်မှ “ထိုတံတိုင်းခုနစ်ထပ်တို့၏ အစွန်အနား၌ကား ပဒေသာပင်တို့သည် ပေါ်ပေါက်စေကုန်သတည်း”ဟု ကြံ၍ ကြည့်ရှုပြန်လေ၏။ ထိုသို့သဘောရှိသော ပဒေသာပင်တို့သည် ပေါ်ပေါက်ပြန်လေကုန်၏။ “ပြာသာဒ်၏ လေးခုသောအထောင့်တို့၌ လေးလုံးသော ရွှေအိုးတို့သည် ပေါ်ပေါက်စေကုန်သတည်း”ဟု ကြံ၍ ကြည့်ရှုပြန်၏။ အောက်၌ အလုံးစုံသည် ထို့အတူသာလျှင် ဖြစ်လေ၏။ ရွှေအိုးတို့တွင် တစ်လုံးသည် တစ်ယူဇနာ အတိုင်းအရှည်ရှိ၏။ တစ်လုံးသည် သုံးဂါဝုတ် အတိုင်းအရှည်ရှိ၏။ တစ်လုံးသည် ယူဇနာခွဲ အတိုင်းအရှည်ရှိ၏။ တစ်လုံးသည် တစ်ဂါဝုတ် အတိုင်းအရှည်ရှိ၏။ ဘုရားလောင်းအလို့ငှာဖြစ်သော ရွှေအိုးတို့၏ကား တစ်ခုတည်းသော မျက်နှာဝပမာဏရှိလေ၏။ အိုး၏အောက်၌ မြေကြီးအဆုံးရှိကြသည်သာလျှင် ဖြစ်ကုန်၏။ ဇောတိကအလို့ငှာဖြစ်သော ရွှေအိုးတို့၏ကား မျက်နှာပမာဏကို မဆိုအပ်၊ အလုံးစုံသော မျက်နှာဝတို့သည် ဖြတ်အပ်သော ထန်းသီးကဲ့သို့ ပြည့်ကုန်သည်ဖြစ်၍သာလျှင် ပေါ်ပေါက်လာကြကုန်၏။ ပြာသာဒ်၏ လေးခုသောအထောင့်တို့၌ ထန်းပင်ပျို ပင်စည်လုံးပတ်ပမာဏရှိကုန်သော ရွှေဖြင့်ပြီးကုန်သော လေးခုသော ကြံချောင်းတို့သည် ဖြစ်လေကုန်၏။ ထိုကြံပင်တို့၏အရွက်တို့သည် ပတ္တမြားဖြင့်ပြီးကုန်၏။ ပင်စည်တို့သည် ရွှေဖြင့်ပြီးကုန်၏။

(ရှေး၌ဖြစ်သော ကောင်းမှုကံကို ဖော်ပြခြင်းအကျိုးငှာ ထိုကြံပင်တို့သည် ဖြစ်ကုန်သတတ်။)

နတ်ဘီလူးတို့ စောင့်ရှောက်ခြင်း

ခုနစ်ခုသော တံခါးမုခ်တို့၌ ခုနစ်ယောက်သော နတ်ဘီလူးတို့သည် အစောင့်အရှောက်ကို ယူကြလေကုန်၏။ ရှေးဦးစွာဖြစ်သော တံခါးမုခ်၌ ယမကောဠိ အမည်ရှိသော ဘီလူးသည် မိမိ၏အခြံအရံဖြစ်သော ဘီလူးတစ်ထောင်နှင့်အတူတကွ အစောင့်အရှောက်ကိုယူ၏။ နှစ်ခုမြောက်ဖြစ်သော တံခါးမုခ်ဝ၌ ဥပ္ပလမည်သော ဘီလူးသည် မိမိ၏အခြံအရံဖြစ်သော ဘီလူးတို့၏ နှစ်ထောင်နှင့်အတူတကွ အစောင့်အရှောက်ကိုယူ၏။ သုံးခုမြောက်ဖြစ်သော တံခါးမုခ်၌ ဝဇိရမည်သော ဘီလူးသည် ဘီလူးသုံးထောင်တို့နှင့်အတူတကွ၊ လေးခုမြောက်ဖြစ်သော တံခါးမုခ်၌ ဝဇိရဗာဟုအမည်ရှိသော ဘီလူးသည် ဘီလူးလေးထောင်တို့နှင့်အတူတကွ၊ ငါးခုမြောက်သော တံခါးမုခ်၌ ကသကန္ဒအမည်ရှိသော ဘီလူးသည် ဘီလူးငါးထောင်တို့နှင့် အတူတကွ၊ ခြောက်ခုမြောက်ဖြစ်သော တံခါးမုခ်၌ ကဋတ္ထမည်သော ဘီလူးသည် ဘီလူးခြောက်ထောင်တို့နှင့် အတူတကွ ခုနစ်ခုမြောက်ဖြစ်သော တံခါးမုခ်၌ ဒိသာပါမုခ အမည်ရှိသောဘီလူးသည် ဘီလူးခုနစ်ထောင်တို့နှင့် အတူတကွ အစောင့်အရှောက်ကို ယူ ၏။ ဤသို့လျှင် ပြာသာဒ်၏ အတွင်း၌လည်းကောင်း၊ အပ၌လည်းကောင်း မြဲစွာခိုင်ခံ့သော အစောင့်အရှောက်သည် ရှိလေ၏။ “ဇောတိကသတို့သားအလို့ငှာ ရတနာခုနစ်ပါးနှင့်ပြီးသော ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်သည် ပေါ်ပေါက်သတတ်၊ တံတိုင်းခုနစ်ထပ်တို့သည်လည်းကောင်း၊ တံခါးမုခ်ခုနစ်ခုတို့သည်လည်းကောင်း လေးလုံးသော ရွှေအိုးတို့သည်လည်းကောင်း ပေါ်လာကုန်သတတ်”ဟု သတင်းစကား ကြားရသည်ရှိသော် ဗိမ္ဗိသာရမင်းကြီးသည် သူဌေးတို့ဆောင်းထိုက်သောထီးကို စေလွှတ်ပို့စေလေ၏။ ထိုသူဌေးသည် ဇောတိကသူဌေးမည်သည် ဖြစ်လေ၏။

သူဌေးကတော်နှင့် မြောက်ကျွန်းမှပါသော ပစ္စည်းများ

ထိုဇောတိကသူဌေးနှင့် အတူတကွ ကောင်းမှုပြုဖက်ဖြစ်သော မိန်းမသည် မြောက်ကျွန်း၌ ဖြစ်လေ၏။ ထိုအခါ ထိုမြောက်ကျွန်းသူကို နတ်တို့သည် မြောက်ကျွန်းမှ ဆောင်ယူပြီးလျှင် အသရေရှိသောတိုက်ခန်း၌ နေစေကြလေကုန်၏။ ထိုမြောက်ကျွန်းသူ သူဌေးကတော်သည် မြောက်ကျွန်းမှ လာလတ်သည်ရှိသော် တစ်ကွမ်းစား တစ်စလယ်သော ဆန်ကိုလည်းကောင်း၊ ဇောတိပါသာဏမည်သော ပတ္တမြားခုံလောက် သုံးလုံးကိုလည်းကောင်း ယူခဲ့လေ၏။ ထိုဇောတိကသူဌေးမောင်နှံတို့အား အသက်ထက်ဆုံး ထိုတစ်ကွမ်းစားသော ဆန်ဖြင့်သာလျှင် ချက်အပ်သော စားတော်ထမင်းသည် ဖြစ်လေ၏။ ထိုဇောတိကသူဌေးတို့အား အကယ်၍ လှည်းအစီးတစ်ရာကိုသော်လည်း ဆန်တို့ဖြင့် ပြည့်စေခြင်းငှာ အလိုရှိကြကုန်သည် ဖြစ်ကုန်ငြားအံ့။ ထိုဆန်တစ်ကွမ်းစားသည်ပင်လျှင် လှည်းအစီးတစ်ရာဖြစ်၍ တည်လေ၏။ ထမင်းချက်သောအခါ၌ ဆန်ကိုထမင်းအိုး၌ထည့်ပြီးလျှင် ထိုဇောတိပါသာဏ ပတ္တမြားကျောက်တို့၏အထက်၌ ထားကြကုန်၏။ ပတ္တမြားကျောက်တို့သည် ထိုခဏ၌သာလျှင် မီးလျှံထွက်၍ ထမင်းသည်ကျက်ကာမျှ ဖြစ်လတ်သည်ရှိသော် ငြိမ်းအေးကုန်၏။ ထိုမီးလျှံငြိမ်းအေးသော အမှတ်ဖြင့်သာလျှင် ထမင်း၏ကျက်သည့်အဖြစ်ကို သိကြရကုန်၏။ ဟင်းလျားသည် ချက်သောအခါလည်း ဤနည်းတူသာလျှင်တည်း။ ဤသို့လျှင် ထိုဇောတိကသူဌေးကြီးတို့၏အလို့ငှာ ဇောတိပါသာဏမည်သော ပတ္တမြားကျောက်တို့ဖြင့် အစာအာဟာရသည် ကျက်၏။ ပတ္တမြားကျောက်အရောင်ဖြင့်လည်း နေကြကုန်၏။ မီး၏လည်းကောင်း၊ ဆီမီး၏လည်းကောင်း အရောင်အလင်းကိုပင် မသိကြလေကုန်။ ဇောတိကသူဌေးကြီးအား ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းသည် ဖြစ်သတတ်ဟု ဇမ္ဗူဒီပါတစ်ကျွန်းလုံး၌ ထင်ရှားပျံ့နှံ့ခြင်း ဖြစ်လေ၏။

ဇမ္ဗူဒိပ်တစ်ကျွန်းလုံး လာရောက်ကြည့်ရှုကြခြင်း

များစွာသောလူအပေါင်းသည် လှည်းယာဉ်စသည်တို့ကို ကစေလျက် ကြည့်ရှုခြင်းအကျိုးငှာ လာ၏။ ဇောတိကသူဌေးကြီးသည် လာတိုင်း,လာတိုင်းကုန်သော လူတို့အား မြောက်ကျွန်းဆန်တို့၏ ထမင်းချက်စေ၍ ပေးစေ၏။ “ပဒေသာပင်တို့မှ အဝတ်ပုဆိုးတို့ကို ယူကြကုန်လော့။ တန်ဆာတို့ကို ယူကြကုန်လော့”ဟု စေခိုင်းလေ၏။ တစ်ဂါဝုတ်အတိုင်းအရှည်ရှိသော ရွှေအိုးတို့ကို မျက်နှာဝကို ဖွင့်စေပြီးလျှင် “အသက်မွေးမျှတလောက်အောင်သော ဥစ္စာကိုယူကြကုန်လော့”ဟု စေခိုင်းလေ၏။ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းသူကျွန်းသားတို့သည် ဥစ္စာကိုယူ၍ သွားကြကုန်သော်လည်း ရွှေအိုး၌ လက်တစ်သစ်မျှလည်း ယုတ်လျော့ခြင်းသည်မဖြစ်။

(ထိုဇောတိကသူဌေး၏ ဤသို့ ပြည့်စုံရခြင်းကား ဂန္ဓကုဋိ ပရိဝုဏ်၌ သဲပြု၍ ဖြန့်ကြဲအပ်ကုန်သော ရတနာတို့၏ အကျိုးဖြစ်သတတ်။)

ဤသို့လျှင် များစွာသော လူအပေါင်းသည် အဝတ်တန်ဆာတို့ကိုလည်းကောင်း၊ ဥစ္စာတို့ကိုလည်းကောင်း အလိုရှိတိုင်းယူ၍ သွားသည်ရှိသော် ဗိမ္မိသာရမင်းကြီးသည် ထိုဇောတိကသူဌေးကြီး၏ ပြာသာဒ်ကို ကြည့်ရှုလိုလျက်ပင် များစွာသော လူအပေါင်းသည်လည်း လာခြင်းကြောင့် အခွင့်ကို မရနိုင်ခဲ့လေသတည်း။

ဗိမ္ဗိသာရမင်းကြီး ရှုစားရန် ထွက်တော်မူခြင်း

နောက်အဖို့၌ အလိုရှိတိုင်းသော ဥစ္စာကိုယူ၍ သွားပြီးသည်အဖြစ်ကြောင့် လူတို့နည်းပါးကုန်သည်ရှိသော် ဗိမ္ဗိသာရမင်းကြီးသည် ဇောတိကသူဌေးကြီး၏ဖခင်ကို “သင့်သားဇောတိက၏ ပြာသာဒ်ကို ကြည့်ရှုခြင်းငှာ အလိုရှိသည်”ဟု မိန့်ဆိုလေ၏။ ထိုဖခင်သူဌေးကြီးသည် “အရှင်မင်းကြီး- ကောင်းပါပြီ”ဟု လျှောက်ဆို၍ သွားပြီးလျှင် သားအား “ချစ်သား- ဗိမ္ဗိသာရမင်းကြီးသည် သင်ချစ်သား၏ပြာသာဒ်ကို ကြည့်ရှုခြင်းငှာ အလိုရှိသည်”ဟု ပြောကြားလေ၏။ ဇောတိကသူဌေးသည် “ဖခင်- ကောင်းပါပြီ၊ ကြွလာတော်မူပါစေသတည်း”ဟု ဆိုလတ်သော် ဗိမ္ဗိသာရမင်းကြီးသည် များစွာသော အခြံအရံနှင့်တကွ ထိုဇောတိကသူဌေး၏ နေရာပြာသာဒ်သို့ ရွှေစက်ဖြန့်တော်မူလေ၏။ ရှေးဦးစွာသော တံခါးမုခ်၌ တံမြက်လှည်း၍ တံမြက်ချေးကို စွန့်ပစ်ရသော ကျွန်မသည် မင်းကြီးအား လက်ကိုပေးလေ၏။

ကျွန်မကို သူဌေးကတော်ကြီး မှတ်ထင်ခြင်း

ဗိမ္ဗိသာရမင်းကြီးသည် “သူဌေးကတော်ကြီး”ဟု မှတ်ထင်သဖြင့် ရှက်နိုးသည်ဖြစ်၍ ထိုကျွန်မ၏လက်မောင်း၌ လက်တော်ကိုမထားဝံ့၊ ဤအတူ ကြွင်းသော တံခါးမုခ်တို့၌လည်း ကျွန်မတို့ကို “သူဌေးကတော်ကြီးတို့တည်း”ဟု အောက်မေ့မှတ်ထင်သဖြင့် ထိုကျွန်မတို့၏ လက်မောင်း၌ လက်တော်ကို မထားဝံ့၊ ဇောတိကသူဌေးသည် လာလတ်၍ မင်းကြီးကို ခရီးဦးကြိုဆိုပြီးလျှင် ရှိခိုး၍ နောက်တော်မှလိုက်၍ “အရှင်မင်းကြီး- ရှေ့သို့ကြွတော်မူပါ”ဟု လျှောက်တင်လေ၏။ မင်းကြီးအား ပတ္တမြားမြေသည် အသူတစ်ရာနက်သော ချောက်ကဲ့သို့ဖြစ်၍ ထင်လေ၏။

ချောက်သို့ချ၍ ဖမ်းအံ့ဟု မှတ်ထင်ခြင်း

ဗိမ္ဗိသာရမင်းကြီးသည် “ဤဇောတိကသူဌေးကား ငါ့ကိုဖမ်းယူခြင်းငှာ တွင်းကိုတူးထားဘိ၏”ဟု အောက်မေ့မှတ်ထင်သဖြင့် ခြေတော်ကိုလည်း ချတော်မူခြင်းငှာ မဝံ့လေ။ ဇောတိကသူဌေးသည် “အရှင်မင်းကြီး- ဤကား တွင်းမဟုတ်ပါ။ ကျွန်တော်မျိုး၏နောက်မှ ရွှေစက်ဖြန့်ကာ ကြွလာတော်မူကြပါ”ဟု လျှောက်တင်၍ ရှေ့တော်မှသွားရလေ၏။ မင်းကြီးသည် ထိုဇောတိကသူဌေး ခြေချနင်းသွားသောအခါမှ မြေကိုနင်းလျက် အောက်အပြင်မှစ၍ ပြာသာဒ်ကိုကြည့်ရှုကာ လှည့်လည်တော်မူလေ၏။

အဇာတသတ်၏ နှလုံးသွင်းပုံ

ထိုအခါ အဇာတသတ်မင်းသားသည်လည်း ခမည်းတော်၏လက်ချောင်းကို ဆွဲကိုင်လျက် လှည့်လည်သွားလာစဉ် “ငါ့ခမည်းတော်မင်းကြီးကား လွန်စွာ မိုက်မဲတွေဝေလှဘိ၏တကား၊ သူဌေးမည်သောသူသည် ရတနာခုနစ်ပါးဖြင့်ပြီးသော ပြာသာဒ်၌ နေသည်ဖြစ်ပါလျက် ငါ့ခမည်းတော်ကား မင်းကြီးဖြစ်လျက် သစ်သားဖြင့်ပြီးသောအိမ်၌ နေဘိ၏။ ငါသည် ယခုအခါ မင်းဖြစ်ပါမူကား ဤဇောတိကသူဌေးအား ဤပြာသာဒ်၌ နေစိမ့်သောငှာ မပေးအံ့”ဟုကြံစည်လေ၏။

ဇောတိကအိမ်၌ နံနက်စာပွဲတော်တည်ခြင်း

ဗိမ္ဗိသာရမင်းကြီးအားလည်း အထက်အပြင် အထပ်ထပ်တို့သို့ တက်စဉ်ပင်လျှင် နံနက်စာပွဲတော် တည်ချိန်ကာလသည် ဖြစ်လာလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် သူဌေးကိုခေါ်၍ “သူဌေးကြီး- ဤအိမ်၌သာလျှင် နံနက်စာပွဲတော်ကို စားတော်ခေါ်ကြပါစို့အံ့”ဟု မိန့်တော်မူသည်ရှိသော် “အရှင်မင်းကြီး- သိပါ၏။ အရှင်မင်းမြတ်အလို့ငှာ စားတော်အာဟာရကို စီရင်အပ်ပါပြီ”ဟု လျှောက်တင်သဖြင့် ဗိမ္ဗိသာရမင်းကြီးသည် တစ်ဆယ့်ခြောက်လုံးသော နံ့သာရေအိုးတို့ဖြင့် ရေချိုးပြီးလျှင် သူဌေး၏ ရတနာဖြင့်ပြီးသော နေရာမဏ္ဍပ်၌ ခင်းထားအပ်သော သူဌေး၏နေရာ ပလ္လင်၌သာလျှင် နေထိုင်တော်မူလေ၏။ ထို့နောက်မှ မင်းကြီးအား လက်ဆေးရေကိုပေး၍ အဖိုးတစ်သိန်းထိုက်တန်သော ရွှေခွက်၌ ပျော့ပျောင်းသော နို့ဃနာကိုခူးထည့်ပြီးလျှင် ရှေ့၌ထားကြလေကုန်၏။ မင်းကြီးသည် စားတော်ထမင်းဘောဇဉ်ဟူသော အမှတ်ဖြင့် စားသုံးခြင်းငှာ အားထုတ်လေ၏။ သူဌေးသည် “အရှင်မင်းကြီး- ဤသည်ကား စားတော်ထမင်း ဘောဇဉ်မဟုတ်ပါ။ ဤသည်ကား ပျော့ပျောင်းသော နို့ဃနာဖြစ်ပါသည်”ဟု လျှောက်တင်လေ၏။ ထို့နောက်မှ တစ်ပါးသောရွှေခွက်၌ စားတော်ထမင်း ဘောဇဉ်ကို ခူးထည့်၍ ရှေးဦးစွာဖြစ်သော ရွှေခွက်၌ တင်ထားကြလေကုန်၏။

(ထိုခွက်မှတက်သော အငွေ့အားဖြင့် ထိုစားတော် ထမင်းဘောဇဉ်ကို စားသုံးခြင်းငှာ ချမ်းသာသည် ဖြစ်သတတ်။)

စားတော်ခေါ် လွန်မည်စိုး၍ သတိပေးရခြင်း

မင်းကြီးသည် မြိန်မြတ်သော အရသာရှိသော ဘောဇဉ်ကို ပွဲတော်တည်ရသည်ဖြစ်၍ အတိုင်းအရှည်မသိနိုင်ဖြစ်ခဲ့လေ၏။ ထိုအခါ မင်းကြီးကို သူဌေးသည် ရှိခိုး၍ လက်အုပ်ချီလျက် “အရှင်မင်းကြီး- သင့်တော်လောက်ပါပြီ။ ဤမျှသုံးဆောင်ခြင်းသာလျှင် ဖြစ်ပါစေ၊ ဤအနေထက်လွန်သည်ရှိသော် အစာကြေစေခြင်းငှာ မတတ်နိုင်ပါ”ဟု လျှောက်လေ၏။ ထိုအခါ၌ သူဌေးကို မင်းကြီးသည် “သူဌေးကြီး- အသို့နည်း။ မိမိ၏ထမင်းကို အလေးပြု၍ ဆိုဘိ၏တကား”ဟု မိန့်ဆိုလေ၏။ “အရှင်မင်းကြီး- ဤထမင်း၌ အလေးပြုဖွယ်မရှိပါ။ အရှင်မင်းကြီးတို့၏ အလုံးစုံသော ဗိုလ်ပါအပေါင်းအားလည်း ဤထမင်းကိုသာလျှင် ဤဟင်းကိုသာလျှင် ပေးကျွေးပါမည်။ စင်စစ်သော်ကား ကျွန်တော်မျိုးသည် အကျော်အစောမဲ့အံ့သည်ကို ကြောက်လှပါသည်”ဟု လျှောက်တင်လတ်သော် “အဘယ်အကြောင်းကြောင့်နည်း”ဟု မေးလေ၏။ “အရှင်မင်းကြီး- အရှင်မင်းကြီးအား ကိုယ်၌ဖြစ်သော ပျင်းရိခြင်း ထိုင်းမှိုင်းခြင်းသည် အကယ်၍ဖြစ်ငြားအံ့၊ “ယမန်နေ့က မင်းကြီးသည် သူဌေး၏အိမ်၌ ထမင်းပွဲတော်တည်လေပြီ၊ သူဌေးသည် တစ်စုံတစ်ခုကို ပြုသည်ဖြစ်လတ္တံ့”ဟု ဆိုအံ့သောစကားမှ ကြောက်လှပါသည် အရှင်မင်းကြီး”ဟု လျှောက်တင်လတ်သော် “ယင်းသို့ဖြစ်မူ ထမင်းကို ယူဆောင်သွားလော့၊ ရေကိုယူခဲ့ပါလော့”ဟု မြွက်ဆိုလေ၏။ မင်းကြီး၏ စားတော်ခေါ်ခြင်းကိစ္စအဆုံး၌ အလုံးစုံသော မင်းအခြံအရံ လူအပေါင်းသည် ထိုထမင်းကိုသာလျှင် သုံးဆောင်စားသောက်လေ၏။

သူဌေးကတော် ညည်းညူပုံ

မင်းကြီးသည် ချမ်းသာစွာနေပြီးလျှင် ဇောတိကသူဌေးကို ခေါ်တော်မူ၍ “သူဌေးကြီး -အသို့နည်း၊ ဤအိမ်၌ သင့်အား သူဌေးကတော် မရှိလေသလော”ဟု မိန့်ဆိုလေ၏။ “အရှင်မင်းကြီး- ရှိပါ၏”ဟု လျှောက်တင်လျှင် “သူဌေးကတော်သည် အဘယ်မှာနည်း”ဟု မေးပြန်သဖြင့် “အသရေရှိသော တိုက်ခန်း၌ နေပါသည်။ အရှင်မင်းကြီး၏ ရွှေစက်ဖြန့် ကြွလာတော်မူသည့်အဖြစ်ကို မသိရှာပါ”ဟု လျှောက်တင်လေ၏။

(ထိုစကားမှန်၏၊ နံနက်စောစောကပင်လျှင် ဗိမ္ဗိသာရမင်းကြီးသည် အခြံအရံနှင့်တကွ အကယ်၍ကား ကြွလာခဲ့ပေ၏။ ထိုသို့ပင် ကြွလာခဲ့သော်လည်း ထိုသူဌေးကတော်သည် မင်းကြီးကြွလာသည့် အဖြစ်ကို မသိရှာသည် စင်စစ်တည်း။)

ထို့နောင်မှ ဇောတိကသူဌေးသည် “မင်းကြီးအား ငါ၏သူဌေးကတော်ကြီးကို ရှုမြင်ခြင်းငှာ အလိုရှိတော်မူ၏”ဟု ထိုသူဌေးကတော်၏အထံသို့ သွားပြီးလျှင် “မင်းကြီးကြွလာပါသည်။ သင်သည် မင်းကြီးကို ဖူးမြင်ခြင်းငှာ သင့်၏”ဟု ဆိုလေ၏ ။ သူဌေးကတော်သည် လျောင်းစက်လျက်သာလျှင် “အရှင်မင်းကြီးမည်သော ဤသူသည် အဘယ်သို့သောသူ ဖြစ်ပါသနည်း”ဟု ဆိုလေသောကြောင့် “မင်းကြီးမည်သည်ကား ငါတို့ကို အစိုးရသောသူဖြစ်၏”ဟု ဆိုသည်ရှိသော် နှလုံးမသာယာသည့်အဖြစ်ကို ပြောကြားလျက် “အကြင်ငါတို့ကို အစိုးရသောသူသည်လည်း ရှိဘိသေး၏။ ထိုငါတို့သည် ကောင်းမှုကုသိုလ်ကံတို့ကို မကောင်းသောအားဖြင့် မရိုမသေ ပြုကြဖူးလေကုန်စွတကား၊ သဒ္ဓါယုံကြည်ခြင်းမရှိဘဲ ကောင်းမှုကံတို့ကို ပြုမိခဲ့၍ ငါတို့သည် စည်းစိမ်ချမ်းသာကိုရပါလျက် တစ်ပါးသောသူ၏ အစိုးတရ ပိုင်ဆိုင်ရာဌာန၌ ဖြစ်ကြရကုန်၏၊ မချွတ်ဧကန် ငါတို့သည် မသဒ္ဓါ,မယုံကြည်ဘဲ အလှူကိုပေးလှူခဲ့သည် ဖြစ်လတ္တံ့၊ ဤသို့ဖြစ်ရခြင်းကား ထိုမယုံကြည်ဘဲပြုသော ကောင်းမှုကံ၏ အကျိုးပေတည်း”ဟုဆို၍ “အရှင်သူဌေး- ယခုအခါ အဘယ်အမှုကို ပြုရပါအံ့နည်း”ဟု ဆိုလေ၏။

သူဌေးကတော် မျက်ရည်ကျခြင်း

“ထန်းရွက်ယပ်ဝန်းကိုယူလာ၍ မင်းကြီးကို ယပ်ခတ်ချေလော့”ဟု ဆိုသည်ရှိသော် ထိုသူဌေးကတော်သည် ထန်းရွက်ယပ်ဝန်းကိုယူသွား၍ မင်းကြီးကို ယပ်ခတ်စဉ် မင်းကြီး၏ ဦးရစ်ဗောင်းတော်၏ အနံ့လေသည် သူဌေးကတော်ကြီး၏ မျက်စိတို့ကို ခတ်မိလေ၏။ ထိုအခါ သူဌေးကတော်၏ မျက်စိတို့မှ မျက်ရည်အလျဉ်တို့သည် ယိုစီးဖြစ်ပေါ်ကျလေကုန်၏။ ထိုမျက်ရည်ယိုစီးသည်ကိုမြင်လျှင် မင်းကြီးသည် သူဌေးကို “သူဌေးကြီး- မိန်းမမည်သည်ကား နည်းသောပညာရှိ၏၊ “မင်းကြီးသည် ငါ့အရှင်သူဌေးကြီး၏ စည်းစိမ်ချမ်းသာကို ယူရာ၏”ဟု ကြောက်သဖြင့် ငိုကြွေးလေယောင်တကား၊ ထိုသူဌေးမကို နှစ်သိမ့်စေပါဦးတော့၊ ငါဘုရင်မင်းကြီးသည် သင်၏စည်းစိမ်ချမ်းသာဖြင့် အလိုမရှိပါ”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- ဤသူဌေးကတော်သည် ငိုကြွေးသည်မဟုတ်ရပါ”ဟု လျှောက်တင်လတ်သော် “ထိုသို့မဟုတ်လျှင် ဤအကြောင်းကား အဘယ်နည်း”ဟု မေးပြန်လေ၏။ “အရှင်မင်းကြီးတို့၏ ဦးရစ်ဗောင်းတော်နံ့ကြောင့် သူဌေးကတော်အား မျက်ရည်တို့ဖြင့် ဖြစ်ပေါ်ယိုစီးကျပါသည်။”

(ထိုစကားမှန်၏၊ ဤသူဌေးကတော်သည် ဆီမီးအရောင်ကိုလည်းကောင်း၊ မီးအရောင်ကိုလည်းကောင်း မမြင်ရ မရှုရမူ၍ ပတ္တမြားအရောင်ဖြင့်သာ စားလည်းစား၏၊ နေလည်းနေ၏၊ အိပ်လည်းအိပ်၏။)

“အရှင်မင်းကြီးသည်ကား ဆီမီးအရောင်အလင်းဖြင့် နေတော်မူသည်ဖြစ်လတ္တံ့”ဟု လျှောက်တင်လတ်သော် “ရှင်သူဌေး- ဆီမီးရောင်ဖြင့် နေတော်မူသည် မှန်ပေ၏”ဟု မိန့်တော်မူလေ၏။ “ထိုသို့ဖြစ်မူ အရှင်မင်းကြီး- ယနေ့ကို အစပြု၍ ပတ္တမြားအရောင်အလင်းဖြင့်သာ နေတော်မူကြပါ”ဟု ကြီးသောသခွါးသီးမျှ ပမာဏရှိသော အဖိုးအတိုင်းမသိ ထိုက်တန်သော ပတ္တမြားရတနာကို ဆက်သလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် ဇောတိကသူဌေးအိမ်ကို ကြည့်ရှုပြီးလျှင် “ဇောတိကသူဌေး၏ စည်းစိမ်ချမ်းသာသည် ကြီးကျယ်ခမ်းနားလေစွတကား”ဟု ဆို၍ ပြန်ကြွတော်မူလေ၏။

(ဤသည်ကား ရှေးဦးစွာ ဇောတိကသူဌေး၏ အတ္ထုပ္ပတ္တိတည်း။)

သူဌေးသမီးနှင့် ဝိဇ္ဇာဓိုရ်

ယခုအခါ ဇဋိလသူဌေး၏ ဖြစ်ရာအတ္ထုပ္ပတ္တိကို ဤဆိုလတ္တံ့သောနည်းဖြင့် သိအပ်၏။ ဗာရာဏသီပြည်၌ တစ်ယောက်သောသူဌေးသမီးသည် အလွန်အဆင်းလှ၏။ ထိုသူဌေးသမီးကို တစ်ဆယ့်ငါးနှစ် တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ စောင့်ရှောက်ခြင်းအကျိုးငှာ အိမ်ကျွန်မတစ်ယောက်ကိုပေး၍ ဘုံခုနှစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်အပြင် အသရေရှိသောတိုက်ခန်း၌ နေစေကြလေကုန်၏။ တစ်နေ့သ၌ လေသာပြတင်းကို ဖွင့်လှစ်၍ အပကိုကြည့်နေသော ထိုသူဌေးသမီးကို ကောင်းကင်ခရီးဖြင့်သွားသော တစ်ယောက်သော ဝိဇ္ဇာဓိုရ် ယောက်ျားသည် မြင်ရလျှင် ဖြစ်သော ချစ်ခင်စုံမက်ခြင်းရှိသည်ဖြစ်၍ လေသာပြတင်းဖြင့်ဝင်၍ ထိုသူဌေးသမီးနှင့်အတူတကွ ပေါင်းဖော်ယဉ်ပါးခြင်းအမှုကို ပြုလေ၏။ ထိုသူဌေးသမီးသည် ဝိဇ္ဇာဓိုရ်ယောက်ျားနှင့် အတူတကွ ပေါင်းဖော်ခြင်းကိုစွဲ၍ မကြာမြင့်မီသာလျှင် ကိုယ်ဝန်ကို ရလေ၏။ ထိုအခါ သူဌေးသမီးဖြစ်ပုံကို အိမ်ကျွန်မ မြင်ရ၍ “ချစ်သမီး- ဤသို့ဖြစ်ရသောအကြောင်းကား အဘယ်နည်း”ဟု မေးလေသောကြောင့် “ထိုသို့ဖြစ်မူလည်း ဖြစ်ပါစေ၊ တစ်စုံတစ်ယောက်သောသူအား မပြောကြားပါလင့်”ဟု သူဌေးသမီးက ဆိုလတ်သည်ရှိသော် အိမ်ကျွန်မသည် ကြောက်သဖြင့် ဆိတ်ဆိတ် နေရရှာလေ၏။ သူဌေးသမီးသည်လည်း ဆယ်လလွန်သောအခါ သားယောကျာ်းကို ဖွားမြင်သဖြင့် အိုးသစ်ကို ဆောင်ယူစေ၍ ထိုအိုး၌ သူငယ်ကို အိပ်စေပြီးလျှင် ထိုအိုးကိုပိတ်၍ အထက်၌ ပန်းခိုင်ပန်းကုံးတို့ကိုထားလျက် “ဤအိုးကို ဦးခေါင်းဖြင့် ရွက်ယူကာသွား၍ ဂင်္ဂါမြစ်၌ မျှောချေလော့၊ “ဤသည်ကား အဘယ်နည်း”ဟု မေးအပ်သည်ရှိသော် “အကျွန်ုပ်သခင်မ၏ ဗလိနတ်စာပေးသောအမှု ဖြစ်ပါသည်”ဟူ၍ ဆိုလေလော့”ဟု မှာထား၍ ကျွန်မကို စေခိုင်းလေ၏။ ထိုကျွန်မသည် သူဌေးသမီး စေခိုင်းလိုက်သည့်အတိုင်း ပြုရလေ၏။

အိုးတစ်လုံးအတွက် မိန်းမနှစ်ဦး တရားရုံးတက်ခြင်း

ဂင်္ဂါမြစ်အောက်ဆိပ်၌လည်း မိန်းမနှစ်ယောက်တို့သည် ရေချိုးကြကုန်သည်ရှိသော် ထိုအိုး ရေ၌မျောလာသည်ကိုမြင်တဲ့လျှင် တစ်ယောက်သော မိန်းမသည် “ဤအိုးကား ငါ့အိုးတည်း”ဟု ဆိုလေ၏။ တစ်ယောက်သော မိန်းမသည်ကား “အကြင်ဝတ္ထုသည် အိုးအတွင်း၌ရှိ၏။ ထိုဝတ္ထုသည် ငါ၏ဥစ္စာတည်း”ဟု ဆိုသဖြင့် အိုးရောက်လာသည်ရှိသော် ထိုအိုးကိုယူ၍ ကြည်းကုန်း၌ထား၍ ဖွင့်ကြသည်ရှိသော် သူငယ်ကိုမြင်ရလျှင် မိန်းမတစ်ယောက်က “ငါ့အိုးဟူ၍ ဆိုအပ်သည့်အဖြစ်ကြောင့် သူငယ်သည် ငါ့ဥစ္စာသာလျှင် ဖြစ်၏”ဟု ဆိုလေ၏။ မိန်းမတစ်ယောက်က “အကြင်ဝတ္ထုသည် အိုး၏အတွင်း၌ ရှိ၏၊ ထိုဝတ္ထုသည် ငါ၏ဥစ္စာသာလျှင် ဖြစ်စေသတည်းဟု ဆိုအပ်သည့်အဖြစ်ကြောင့် သူငယ်သည် ငါ့ဥစ္စာဖြစ်၏”ဟု ဆိုလေ၏။ ထိုမိန်းမနှစ်ယောက်တို့သည် အငြင်းအခုံ ဖြစ်ကြကုန်သဖြင့် တရားဆုံးဖြတ်ရာသို့သွား၍ ထိုအကြောင်းကို ပြောကြားကြကုန်သောကြောင့် အမတ်ကြီးတို့သည် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ကြကုန်သည်ရှိသော် မင်းကြီး၏အထံသို့ သွားကြရလေကုန်၏။ မင်းကြီးသည် ထိုမိန်းမတို့၏စကားကို ကြားရလျှင် “သင်သည် သူငယ်ကို ယူလော့၊ သင်သည် အိုးကို ယူလော့”ဟု အမိန့်ချမှတ် ဆုံးဖြတ်စီရင်တော်မူလေ၏။

ဇဋိလအမည်ရ၍ အရှင်ကစ္စည်းထံ ရောက်ခြင်း

အကြင်မိန်းမသည် သူငယ်ကို ရ၏၊ ထိုမိန်းမသည် ရှင်မဟာကစ္စည်းမထေရ်၏ အလုပ်အကျွေး ဒါယိကာမဖြစ်၏။ ထို့ကြောင့် “ဤသူငယ်ကို ကစ္စည်းမထေရ်မြတ်၏ အထံတော်၌ ရှင်ပြုရပေတော့အံ့”ဟု နှလုံးပြု၍ ထိုသူငယ်ကို မွေးကျွေးသုတ်သင်၏။ ထိုသူငယ်၏ ဖွားမြင်သောနေ့၌ ကိုယ်ဝန်အညစ်အကြေးကို ဆေးကြောလျက် ရေမချိုးအပ်သည့်အဖြစ်ကြောင့် ဆံပင်တို့သည် တွန့်လိမ်ရှုပ်ထွေးသည်ဖြစ်၍ တည်ကြကုန်၏။ ထို့ကြောင့် ထိုသတို့သားငယ်အား ဇဋိလဟူသော အမည်ကိုသာလျှင် မှည့်ကြလေကုန်၏။ ထိုသူငယ်၏ ခြေဖြင့်သွားလာနိုင်သောအခါ ကစ္စည်းမထေရ်သည် ထိုအိမ်သို့ ဆွမ်းအလို့ငှာ ကြွဝင်လာလေ၏။ ဒါယိကာမသည် မထေရ်ကို နေစေပြီးလျှင် ဆွမ်းအာဟာရကို လှူဒါန်းလေ၏။ မထေရ်သည် သူငယ်ကို မြင်ရလျှင် “ဒါယိကာမကြီး- အသို့နည်း၊ သူငယ်ကို ရအပ်လေသလော”ဟု မေးလေ၏။ “အရှင်ဘုရား- ရအပ်သည် မှန်၏။ တပည့်တော်မသည် ဤသူငယ်ကို အရှင်ဘုရားတို့၏ အထံတော်၌ ရှင်ပြုပါအံ့ဟု မွေးကျွေးသုတ်သင်ပါသည်။ ထိုသူငယ်ကို ရှင်ပြုပေးတော်မူကြပါဘုရား”ဟု လျှောက်၍ အပ်နှံလေ၏။

ဇဋိလကို တက္ကသိုလ်ပြည်သို့ ပို့ထားခြင်း

မထေရ်သည် “ကောင်းပြီ”ဟု ဆို၍ ခေါ်ဆောင်ကာ ကြွသွားတော်မူစဉ် “ဤသူငယ်အား လူ၏ စည်းစိမ်ချမ်းသာကို ခံစားအံ့သောငှာ ကောင်းမှုဘုန်းကံသည် ရှိသလော”ဟု ကြည့်ရှုလတ်သည်ရှိသော် “ကြီးသော ဘုန်းကံရှိသော သတ္တဝါဖြစ်၏၊ ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစားရပေလတ္တံ့”ဟု မြင်တော်မူ၍ “ဤသူငယ်သည် ငယ်ရွယ်သေး၏။ ဤသူငယ်ဉာဏ်သည်လည်း ရင့်ကျက်ခြင်းသို့ မရောက်သေး”ဟု ကြံပြီးလျှင် ထိုသူငယ်ကို ခေါ်ဆောင်လျက် တက္ကသိုလ်ပြည်၌ အလုပ်အကျွေး ဒါယကာတစ်ဦး၏အိမ်သို့ ကြွသွားတော်မူလေ၏။ ထိုအလုပ်အကျွေး ဒါယကာသည် မထေရ်ကိုရှိခိုးပြီးလျှင် ရပ်လျက် ထိုသူငယ်ကို မြင်ရလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် သူငယ်ကို ရအပ်လေသလောဘုရား”ဟု မေးလျှောက်လေ၏။ “ဒါယကာ- ရအပ်သည် မှန်ချေ၏။ ရှင်သာမဏေ ပြုလတ္တံ့၊ ယခု ငယ်သေး၏။ သင်ဒါယကာ၏ အထံ၌သာလျှင် နေသည်ဖြစ်စေဦး”ဟု မိန့်တော်မူလျှင် ထိုဒါယကာသည် “အရှင်ဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ သူငယ်ကို သားအရာ၌ထားကာ လုပ်ကျွေးပြုစုလေ၏။

ဇဋိလ ဈေးရောင်းကောင်းခြင်း

ထိုဒါယကာ၏အိမ်၌ကား တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး စုဆောင်းအပ်သော ရောင်းချစရာ ကုန်စည်ဘဏ္ဍာသည် လွန်စွာ များပြားသည်ဖြစ်၍ ထိုဒါယကာသည် ရွာတစ်ပါးသို့ သွားလတ်သည်ရှိသော် အလုံးစုံသော ထိုကုန်စည်ဘဏ္ဍာကို အိမ်ဈေးဆိုင်သို့ဆောင်ယူ၍ သူငယ်ကို ဆိုင်၌ နေစေပြီးလျှင် ထိုထိုကုန်စည်ဘဏ္ဍာတို့၏ အဖိုးကို ပြောကြားသဖြင့် “ဤမည်,ဤမည်သောဘဏ္ဍာကို ဤမျှလောက်သော အဖိုးကိုယူ၍ ပေးလော့”ဟု ပြောပြီးလျှင် ဖဲသွားလေ၏။ ထိုနေ့၌ မြို့စောင့်နတ်တို့သည် အယုတ်သဖြင့် ငရုတ်ဇီယာမျှဖြင့်လည်း အလိုရှိကုန်သော လူတို့ကို ထိုဇဋိလသူငယ်၏သာလျှင် ဆိုင်တည်ရာသို့ ရှေးရှုကြလေအောင် စောင်မပြုလုပ်ကြလေကုန်၏။ ဇဋိလသူငယ်သည် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး စုဆောင်းအပ်သော များစွာသော ကုန်စည်ဘဏ္ဍာကို တစ်နေ့ချင်း၌သာလျှင် ရောင်းချလေ၏။ သူကြွယ်သည် ပြန်လာ၍ ဈေးဆိုင်၌ တစ်စုံတစ်ခုကိုမျှ မမြင်ရသောကြောင့် “ချစ်သား- သင်သည် အလုံးစုံသောဘဏ္ဍာကို ဖျက်ဆီးဘိသလော”ဟု ဆိုလေ၏။ “ကျွန်တော် မဖျက်ဆီးပါ၊ အလုံးစုံကို ဖခင်တို့ မှာခဲ့သောနည်းဖြင့်သာလျှင် ရောင်းချပါသည်၊ ဤရွှေငွေသည် ဤမည်သော ဘဏ္ဍာ၏တန်ဖိုး ဖြစ်ပါသည်။ ဤရွှေငွေသည် ဤမည်သော ဘဏ္ဍာ၏အဖိုး ဖြစ်ပါသည်”ဟု ပြောဆိုသည်ရှိသော် သူကြွယ်သည် ကြည်လင်သောစိတ် ရှိသည်ဖြစ်၍ “အဖိုးအတိုင်းမသိ ထိုက်တန်သော ယောက်ျားတစ်ယောက် ဖြစ်ပေ၏၊ အမှတ်မရှိသောအရပ်၌ အသက်မွေးခြင်းငှာ စွမ်းနိုင်သောသူ ဖြစ်၏”ဟု မိမိ၏အိမ်၌ အရွယ်သို့ရောက်သော သတို့သမီးကို ထိုဇဋိလအား ပေးပြီးလျှင် “ဇဋိလသတို့သားအလို့ငှာ အိမ်ကို ဆောက်လုပ်လော့”ဟု ယောက်ျားတို့ကို စေခိုင်းသဖြင့် အိမ်ပြီးသည်ရှိသော် “သင်တို့ သွားကြလေကုန်။ မိမိတို့၏အိမ်၌ နေကြလေကုန်လော့”ဟု ဆိုလေ၏။

ရွှေတောင်ပေါက်၍ သူဌေးဖြစ်ခြင်းနှင့် ရဟန်းပြုလိုခြင်း

ထိုအခါ ဇဋိလသတို့သား၏ အိမ်သို့ ဝင်သောအခါ ခြေတစ်ဖက်ဖြင့် တံခါးခုံ၌ နင်းကာမျှ၌ပင် အိမ်၏နောက်အဖို့တွင် မြေကိုဖောက်ခွဲ၍ အတောင်ရှစ်ဆယ်ရှိသော ရွှေတောင်သည် ပေါ်ပေါက်လာလေ၏။ ပြည့်ရှင်မင်းကြီးသည် “ဇဋိလသတို့သား၏အိမ်၌ မြေကိုဖောက်ခွဲ၍ ရွှေတောင်ပေါ်ပေါက်သတတ်”ဟူသော စကားကို ကြားလျှင်ကြားချင်း ဇဋိလသတို့သားအား သူဌေးတို့ဆောင်းအပ်သောထီးကို စေလွှတ်ပို့သလေ၏။ ထိုသူဌေးသည် ဇဋိလသူဌေးမည်သောသူ ဖြစ်လေ၏။ ထိုဇဋိလသူဌေးအား သားသုံးယောက် ရှိကုန်၏။ ထိုဇဋိလသူဌေးကြီးသည် ထိုသုံးယောက်သော သားတို့၏ အရွယ်သို့ရောက်လတ်သောအခါ ရဟန်းပြုခြင်းငှာ စိတ်ကိုဖြစ်စေလျက် “ငါတို့နှင့် တူမျှသော စည်းစိမ်ချမ်းသာရှိသော သူဌေးမျိုးသည် အကယ်၍ ရှိသေးသည်ဖြစ်အံ့၊ ရဟန်းပြုခြင်းငှာ ပေးကြကုန်လတ္တံ့။ အကယ်၍ မရှိသည်ဖြစ်အံ့၊ မပေးကြကုန်လတ္တံ့။ ဇမ္ဗူဒီပါကျွန်း၌ ငါတို့နှင့်တူမျှသော စည်းစိမ်ဥစ္စာရတနာ ရွှေငွေရှိသောအမျိုးသည် ရှိလေသလော”ဟု စုံစမ်းခြင်းအကျိုးငှာ ရွှေဖြင့်ပြီးသော အုပ်ကိုလည်ကောင်း၊ ရွှေဖြင့်ပြီးသော နှင်တံကိုလည်းကောင်း၊ ရွှေဖြင့်ပြီးသော ခြေနင်းကိုလည်းကောင်း ပြုစေပြီးလျှင် အချင်းယောက်ျားတို့၏ လက်၌ပေး၍ “သွားကြချေလော့။ ဤရွှေအုပ်စသည်တို့ကို ယူ၍ တစ်စုံတစ်ခုကို ကြည့်ရှုဘိသကဲ့သို့ ဇမ္ဗူဒိပ်မြေအပြင်၌ လှည့်လည်သွားလာသဖြင့် ငါတို့နှင့်တူမျှသော ဥစ္စာစည်းစိမ်ရှိသော သူဌေးမျိုး၏ ရှိသည်အဖြစ်ကိုလည်းကောင်း၊ မရှိသည်အဖြစ်ကိုလည်းကောင်း သိအောင် ပြု၍ ပြန်လာကြကုန်လော့”ဟု စေလွှတ်လေ၏။

မေဏ္ဍကသူဌေး၏အကြောင်း ကြားသိရခြင်း

ထိုအချင်း ယောက်ျားတို့သည် ခရီးလှည့်လည် သွားလာကြကုန်သည်ရှိသော် ဘဒ္ဒိယမြို့သို့ ရောက်ကြလေကုန်၏။ ထိုအခါ ထိုအချင်းယောက်ျားတို့ကို မေဏ္ဍကသူဌေးကြီးမြင်လျှင် “အမောင်တို့- အဘယ်အမှုကို ပြုကြကုန်လျက် လှည့်လည်ကြကုန်ဘိသနည်း”ဟု မေးလေသောကြောင့် “တစ်စုံတစ်ခုကို ကြည့်ရှုကာ လှည့်လည်ကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် “ဤအချင်းယောက်ျားတို့အား ဤရွှေအုပ်စသည်တို့ကိုယူ၍ တစ်စုံတစ်ခုကို ကြည့်ရှုခြင်းငှာ သွားလာလှည့်လည်ခြင်း ကိစ္စသည်မရှိ၊ တိုင်းပြည်နိုင်ငံကို စုံစမ်းကြကုန်လျက် လှည့်လည်ကြပေသည်”ဟု သိသဖြင့် “ငါတို့၏ အိမ်နောက်အဖို့သို့ဝင်၍ ကြည့်ရှုကြကုန်ဦးလော့”ဟု ဆိုလေ၏။ ထိုအချင်းယောက်ျားတို့သည် ထိုအိမ်၏ နောက်အဖို့၌ ရှစ်မင်းပယ်စာမျှလောက်သော အရပ်တွင် ဆင်,မြင်း,နွားလားဥသဘ ပမာဏရှိကုန်သော ကျောက်ကုန်းတစ်ခုဖြင့် ကျောက်ကုန်းတစ်ခုကို ထိခိုက်လျက် မြေကိုဖောက်ခွဲ၍ ပေါ်ပေါက်လာကြကုန်သော အောက်တစ်ဆယ့်ရှစ်ခုမြောက်၊ မလဝဂ်၌ ဆိုအပ်ခဲ့ပြီးသော အပြားရှိကြကုန်သော ရွှေဆိပ်ရုပ်တို့ကို မြင်ရလျှင် ထိုရွှေဆိတ်ရုပ်တို့၏ အကြားအကြား၌ သွားလာလှည့်ပတ်ပြီးမှ ထွက်ခဲ့ကြလေကုန်၏။ ထို့နောက်မှ ထိုအချင်းယောက်ျားတို့ကို မေဏ္ဍကသူဌေးကြီးသည် “အမောင်တို့- အကြင်ဝတ္ထုကို ကြည့်ရှုကြကုန်လျက် လှည့်လည်ကြကုန်၏။ အသင်တို့သည် ထိုဝတ္ထုကို မြင်အပ်ပြီလော”ဟု မေးလေသောကြောင့် “အရှင်သူဌေးကြီး- မြင်ရပါကုန်ပြီ”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ သွားကြကုန်လော့”ဟု လွှတ်လိုက်လေ၏။ ထိုအချင်းယောက်ျားတို့သည် ဘဒ္ဒိယမြို့မှသာလျှင် ပြန်သွားတဲ့၍ မိမိတို့၏ ဇဋိလသူဌေးကြီးက “အမောင်တို့- အသို့နည်း၊ သင်တို့သည် ငါတို့နှင့်တူမျှသော စည်းစိမ်ချမ်းသာရှိသော သူဌေးမျိုးကို မြင်ခဲ့၏လော”ဟု ဆိုအပ်သည်ရှိသော် “အရှင်သူဌေးမင်း- သူဌေးမင်း၏ ဥစ္စာစည်းစိမ်ကား အဘယ်မျှလောက် ရှိအံ့နည်း၊ ဘဒ္ဒိယမြို့၌ မေဏ္ဍကသူဌေးကြီး၏ ဥစ္စာစည်းစိမ်ကား ဤသို့ သဘောရှိသည်မည်၏”ဟု အလုံးစုံသော ထိုအကြောင်းကို ပြောကြလေကုန်၏။

တစ်သိန်းတန်ကမ္ဗလာနှင့် ဇောတိကအိမ်ကျွန်မ

ထိုစကားကို ကြားရလျှင် ဇဋိလသူဌေးကြီးသည် ဝမ်းမြောက်လှသည်ဖြစ်၍ “ရှေးဦးစွာ တစ်ဦးသောသူဌေးမျိုးကို ရအပ်ပေပြီ၊ ဤမှတစ်ပါးသော သူဌေးသည်လည်း ရှိသေးသလော”ဟု ကြံဆလျက် အဖိုးတစ်သိန်းထိုက်သော ကမ္ဗလာကိုပေး၍ “အမောင်တို့- သွားကြချေဦးလော့၊ တစ်ပါးသော သူဌေးမျိုးကိုလည်း စူးစမ်းကြလေကုန်ဦးလော့”ဟု စေလွှတ်ပြန်လေ၏။ ထိုအချင်းယောက်ျားတို့သည် ရာဇဂြိုဟ်ပြည်သို့ သွားကြသဖြင့် ဇောတိကသူဌေးကြီး၏အိမ်မှ မနီးမဝေးသောအရပ်၌ ထင်းအစုကိုပြုလျက် မီးထည့်ကာ နေကြလေကုန်၏။ “ဤသို့ မီးထည့်ခြင်းကား အဘယ်ကြောင့်နည်း”ဟု မေးလတ်သောအခါ၌လည်း “အကျွန်ုပ်တို့အား တစ်ထည်သော အဖိုးတန်ကမ္ဗလာကို ရောင်းချလိုကြကုန်သော်လည်း ဝယ်နိုင်သောသူမရှိ၊ ယူ၍ လှည့်လည်သွားလာကြရကုန်သော အကျွန်ုပ်တို့သည်လည်း ခိုးသူတို့မှ ကြောက်လန့်ကြရကုန်၏။ ထို့ကြောင့် ထိုအဖိုးတန်ကမ္ဗလာကို မီးရှို့ပြီးမှ သွားကြကုန်တော့အံ့”ဟု ဆိုကြလေကုန်၏။

ထိုအခါ ထိုအချင်းယောက်ျားတို့ကို ဇောတိကသူဌေးကြီး မြင်လျှင် “ဤသူတို့ကား အဘယ်အမှုကို ပြုလုပ်ကြကုန်ဘိသနည်း”ဟု မေးသောကြောင့် ထိုအကြောင်းကို ကြားသိရသဖြင့် ခေါ်စေပြီးလျှင် “ကမ္ဗလာသည် အဘယ်မျှ အဖိုးထိုက်တန်သနည်း”ဟု မေးမြန်းလေ၏။ “အဖိုးတစ်သိန်း ထိုက်တန်ပါသည်”ဟု ဆိုလျှင် တစ်သိန်းသော ဥစ္စာကို ပေးစေ၍ “တံခါးမုခ်ကို တံမြက်လှည်းပြီးလျှင် တံမြက်ချေးကို စွန့်ပစ်ရသော အိမ်ကျွန်မကို ပေးကြကုန်လော့”ဟု ထိုကုန်သည်တို့၏လက်၌သာလျှင် စေလွှတ်လေ၏။ ထိုအိမ်ကျွန်မသည် ကမ္ဗလာကိုယူပြီးလျှင် ငိုကြွေးလျက် သခင်ဖြစ်သော သူဌေးကြီး၏အထံသို့သွား၍ “အရှင် သူဌေးမင်း- အပြစ်ရှိသည်ရှိသော် ကျွန်မကို ရိုက်နှက်ခြင်းငှာ မသင့်ပါသလော၊ အဘယ့်ကြောင့် ကျွန်မအား ဤသို့ သဘောရှိသော ရုန့်ရင်းကြမ်းတမ်းသော ကမ္ဗလာကို ပို့ခိုင်းပါသနည်း။ ကျွန်မသည် အဘယ်သို့သော အကြောင်းဖြင့် ဤကမ္ဗလာကို ဝတ်မူလည်း ဝတ်နိုင်ပါအံ့နည်း၊ ရုံမူလည်း ရုံနိုင်ပါအံ့နည်း”ဟု ပြောကြားလေ၏။ “ငါသည် သင့်အား ထိုဝတ်ခြင်း, ရုံခြင်းငှာ ပို့လိုက်သည်မဟုတ်၊ ဤကမ္ဗလာကို ရစ်ပတ်၍ သင်၏ အိပ်ရာအနီး၌ ထားပြီးလျှင် အိပ်သောအခါ နံ့သာရည်ဖြင့် ဆေးအပ်ကုန်ပြီးသော ခြေတို့ကို သုတ်စရာအကျိုးငှာ သင့်အထံသို့ ပို့ခိုင်းလိုက်၏။ အသို့နည်း၊ ဤသို့ ခြေသုတ်စရာကိုသော်လည်း ပြုခြင်းငှာ မတတ်နိုင်ဘိသလော”ဟု ဆိုလတ်သည်ရှိသော် ထိုအိမ်ကျွန်မသည် “ဤသို့ ခြေသုတ်စရာကို ပြုခြင်းငှာ တတ်နိုင်ပါသည်”ဟု ဆို၍ ယူသွားလေ၏။

ဇဋိလသူဌေးကြီး ရဟန်းပြုရန် ခွင့်တောင်းခြင်း

ထိုဇဋိလသူဌေး စေလွှတ်သော အချင်းယောက်ျားတို့သည်လည်း ထိုအမူအရာကို မြင်ရလျှင် မိမိ၏သူဌေး ဇဋိလအထံသို့ သွားရောက်သဖြင့် “အမောင်တို့- အသို့နည်း၊ သင်တို့သည် သူဌေးမျိုးကို မြင်ခဲ့၏လော”ဟု မေးသည်ရှိသော် “အရှင်သူဌေးမင်း- အရှင်သူဌေးမင်းတို့အား စည်းစိမ်ချမ်းသာသည် အဘယ်မျှ ရှိအံ့နည်း၊ ရာဇဂြိုဟ်ပြည်၌ ဇောတိကသူဌေးကြီးအား ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာမည်သည် ရှိပါသည်”ဟု အလုံးစုံသောအိမ်၌ ပြည့်စုံသော စည်းစိမ်ချမ်းသာကို ပြောကြား၍ ထိုကမ္ဗလာ အကြောင်းအရာကို ပြောကြားကြလေကုန်၏။ ဇဋိလသူဌေးကြီးသည် ထိုအချင်းယောက်ျားတို့၏ စကားကို ကြားရလျှင် ကြည်လင်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ “ယခုအခါ ရဟန်းပြုခြင်းငှာ ရပေတော့လတ္တံ့”ဟု ပြည့်ရှင်မင်းကြီး၏အထံသို့သွား၍ “အရှင်မင်းကြီး- ရဟန်းပြုခြင်းငှာ အလိုရှိပါသည်”ဟု လျှောက်တင်လေ၏။ မင်းကြီးသည် “သူဌေးကြီး- ကောင်းလှပေ၏၊ ရဟန်းပြုလေလော့”ဟု ခွင့်ပြုအပ်သည်ရှိသော် ဇဋိလသူဌေးကြီးသည် အိမ်သို့သွားပြီးလျှင် သားတို့ကိုခေါ်စေ၍ ရွှေအရိုးရှိသော ဝဇိရစိန်အသွားရှိသော (စိန်သွားတပ်သော) ပေါက်တူးကို သားအကြီး၏ လက်၌ထား၍ “ချစ်သား- အိမ်နောက်အဖို့၌ရှိသော ရွှေတောင်မှ ရွှေအစိုင်အခဲကို ထုတ်ဆောင်ချေလော့”ဟု ဆိုလေ၏။

သားအငယ်အား အမွေပေးခြင်း

ထိုသားကြီးသည် ပေါက်တူးကိုယူ၍ သွားပြီးလျှင် ရွှေတောင်ကို ပေါက်ခွဲဖဲ့ယူလေ၏။ ကျောက်အပြင်၌ ပေါက်ခွဲရသောအခါကဲ့သို့ ဖြစ်လေ၏။ ထိုသားကြီးလက်မှ ပေါက်တူးကိုယူ၍ သားအလတ်၏လက်၌ ပေးပြီးလျှင် စေလွှတ်ပြန်လေ၏။ ထိုသားလတ်အားလည်း ရွှေတောင်ကို ပေါက်ခွဲလတ်သည်ရှိသော် ကျောက်အပြင်၌ ပေါက်ခွဲရသောအခါကဲ့သို့ ဖြစ်ပြန်လေ၏။ ထိုအခါ ပေါက်တူးကို အငယ်ဆုံးဖြစ်သော သား၏လက်၌ပေး၍ စေလွှတ်ပြန်လေ၏။ ထိုသားငယ်အား ပေါက်တူးကိုယူ၍ ပေါက်ခွဲဖဲ့ယူပြီးလျှင် အစုအပုံ ပြုအပ်သည်ရှိသော် မြေညက်ကို ပေါက်ခွဲရသောအခါကဲ့သို့ ဖြစ်လေ၏။ ထိုအခါ သားငယ်ကို ဇဋိလသူဌေးကြီးသည် “ချစ်သား- လာလှည့်၊ ဤမျှအတိုင်းအရှည်ဖြင့် ငါ့သားအား ထိုက်တန်ပေ၏”ဟု ဆိုပြီးလျှင် ထိုမှတစ်ပါး နောင်တော်နှစ်ယောက်တို့ကို ခေါ်စေ၍ “ဤရွှေတောင်သည် သင်တို့အကျိုးငှာ ပေါ်သည်မဟုတ်၊ ငါ၏လည်းကောင်း၊ သားငယ်၏လည်းကောင်း အကျိုးငှာ ဖြစ်ပေါ်၏။ ဤသားငယ်နှင့်အတူတကွ တစ်ပေါင်းတည်း ဖြစ်ကြ၍ သုံးဆောင်ခံစားရစ်ကြကုန်လော့”ဟု မှာကြားမြွက်ဆိုလေ၏။

ရေမျှောခံရကြောင်း အတိတ်ကံ

အဘယ့်ကြောင့် ထိုရွှေတောင်သည် ထိုသူနှစ်ဦးတို့၏ အကျိုးငှာသာလျှင် ဖြစ်လေဘိသနည်း။ အဘယ့်ကြောင့်လျှင် ဇဋိလသူဌေးသည် ဖွားမြင်စဖြစ်သောကာလ ရေ၌ ချအပ်လေဘိသနည်းဟု ဆိုငြားအံ့။ မိမိ၏ ပြုအပ်သောကံကြောင့်သာလျှင် ဖြစ်ကုန်၏။ ထိုအကြောင်းကို ချဲ့ဦးအံ့။ ကဿပမြတ်စွာဘုရား၏ စေတီတော်ကြီး တည်အပ်သည်ရှိသော် ရဟန္တာတစ်ပါးသည် စေတီတည်ရာအရပ်သို့ သွားရောက်၍ ကြည့်ရှုတော်မူပြီးလျှင် “ဒါယကာတို့- အဘယ့်ကြောင့် စေတီတော်ကြီး၏မြောက်ဘက် မျက်နှာမုခ်ဝ၌ (နံရံအုတ်စီ) မတက်သေးသနည်း”ဟု မေးတော်မူလေ၏။ “အရှင်ဘုရား- ရွှေမလောက်ငပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ “ငါသည် ရွာတွင်းသို့ဝင်၍ တိုက်တွန်းနှိုးဆော်ပေအံ့၊ သင်ဒါယကာတို့သည် ရိုသေကောင်းမွန်စွာ လက်အမှုကို ပြုလုပ်ကြကုန်လော့”ဟု မိန့်မြွက်တော်မူလေ၏။ ထိုရဟန္တာအရှင်မြတ်သည် ဤသို့ မိန့်မြွက်တော်မူပြီးလျှင် မြို့တွင်းသို့ ကြွဝင်တော်မူသဖြင့် “ဒါယကာ ဒါယိကာမတို့- သင်တို့၏ စေတီတော်ကြီး၏ တစ်ခုသော မျက်နှာမုခ်ဝ၌ ရွှေမလောက်င။ ရွှေကို သိကြကုန်လော့”ဟု များစွာသောလူအပေါင်းကို ကောင်းစွာ တိုက်တွန်းနှိုးဆော်တော်မူလျက် ရွှေပန်းထိမ်သည်၏အိမ်သို့ ကြွသွားတော်မူလေ၏။ ရွှေပန်းထိမ်သည်သည်လည်း ထိုခဏ၌သာလျှင် မယားနှင့်တကွ ခိုက်ရန်ဒေါသပြု၍ နေခိုက်ဖြစ်၏။ ထိုအခါ ပန်းထိမ်သည်ယောက်ျားကို ရဟန္တာမထေရ်သည် “စေတီတော်၌ သင်ဒကာတို့သည် ယူအပ်သော မျက်နှာမုခ်ဝအား ရွှေမလောက်ငသော အခြင်းအရာကို သိခြင်းငှာသင့်၏”ဟု မိန့်မြွက်တိုက်တွန်းတော်မူလေ၏။ ရွှေပန်းထိမ်သည်သည် မယားအပေါ်၌ အမျက်ဒေါသထွက်သည်၏အစွမ်းဖြင့် “အရှင်ဘုရား၏ဘုရားကို ရေ၌ပစ်၍ ကြွတော်မူလော့”ဟု ဆိုလေ၏။ ထိုအခါ ထိုရွှေပန်းထိမ်သည်ကို မယားက “သင်ကား အလွန်ကြမ်းကြုတ်သော မကောင်းမှုကံကို ပြုဘိ၏၊ ငါ့အား အမျက်ထွက်သော သင်သည် ငါ့ကိုသာလျှင် ဆဲမူလည်း ဆဲရေးအပ်၏၊ ပုတ်ခတ်မူလည်း ပုတ်ခတ်အပ်၏၊ အဘယ့်ကြောင့် အတိတ်,အနာဂတ်,ပစ္စုပ္ပန် ဖြစ်တော်မူကုန်သော သဗ္ဗညုမြတ်စွာဘုရားတို့၌ ရန်ပြုဘိသနည်း”ဟု ဆိုလေ၏။

ရွှေတောင် ပေါက်ရကြောင်း အတိတ်ကံ

ရွှေပန်းထိမ်သည်သည် ထိုခဏ၌သာလျှင် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ “အရှင်ဘုရား- တပည့်တော်အား သည်းခံတော်မူကြပါဘုရား”ဟု ဆို၍ မထေရ်မြတ်၏ခြေတော်ရင်း၌ ဝပ်လေ၏။ “ဒါယကာ- ငါ့ကို သင်သည် တစ်စုံတစ်ခွန်းသော စကားကို ပြောဆိုသည်မဟုတ်၊ ငါတို့ဆရာ ဘုရားမြတ်စွာကို တောင်းပန်ကန်တော့ချေလော့”ဟု မိန့်ဆိုတော်မူလျှင် “အရှင်ဘုရားတို့ အဘယ်သို့ပြု၍ တောင်းပန်ကန်တော့ရမည်နည်းဘုရား”ဟု လျှောက်လေ၏။ “ဒါယကာ- ရွှေဖြင့်ပြီးသော ပန်းပွင့်တို့ဖြင့် ပြည့်သော သုံးခုသော ပန်းအိုးတို့ကို ပြုလုပ်ပြီးလျှင် ဓာတ်တော် ကိန်းဝပ်ရာ ဌာပနာတိုက်၏အတွင်း၌ ထည့်သွင်း၍ စိုစွတ်သောအဝတ်ကို ဝတ်သည်၊ စိုစွတ်သော ဆံပင်ရှိသည်ဖြစ်၍ တောင်းပန်ကန်တော့ချေ ဒါယကာ”ဟု မိန့်ဆိုလေ၏။ ထိုရွှေပန်းထိမ်သည်သည် “အရှင်ဘုရား- ကောင်းလှပါပြီဘုရား”ဟု လျှောက်ဆိုပြီးလျှင် ရွှေပန်းပွင့်တို့ကို ပြုလုပ်သည်ရှိသော် သုံးယောက်သော သားတို့တွင် သားအကြီးကို ခေါ်စေသဖြင့် “ချစ်သား- လာဦးလော့၊ ငါသည် မြတ်စွာဘုရားကို ရန်မူသောစကားဖြင့် ပြစ်မှားပြောဆိုမိချေပြီ၊ ထို့ကြောင့် ဤရွှေတို့ကို ပန်းပွင့်ပြုလုပ်၍ ဓာတ်တော်ကိန်းဝပ်ရာ ဌာပနာတိုက်၌ ထည့်သွင်းကာ တောင်းပန်ကန်တော့ပေအံ့၊ သင်သည်လည်း ငါ၏အဖော် ဖြစ်ချေလော့”ဟု ဆိုလေ၏။ ထိုသားအကြီးက “မြတ်စွာဘုရားကို ကျွန်တော်သည် ရန်မူသောစကားကို မဆိုမိပါ၊ သင်-ဖခင်တစ်ယောက်တည်းသာလျှင် ပြုလုပ်ပါလော့”ဟု ဆိုသဖြင့် ကူညီပြုလုပ်ခြင်းငှာ အလိုမရှိ။ သားအလတ်ကိုခေါ်၍ ထို့အတူသာလျှင် ပြောဆိုပြန်လေ၏။ သားအလတ်သည်လည်း ထိုသားကြီးအတူသာလျှင် ဆိုတဲ့၍ ကူညီပြုလုပ်ခြင်းငှာ အလိုမရှိခဲ့လေသတည်း။

သားငယ် အမွေရကြောင်း အတိတ်ကံ

သားအငယ်ကိုခေါ်၍ ပြောဆိုပြန်၏။ ထိုသားအငယ်သည် “မိခင်ဖခင်အား ဖြစ်ပေါ်လာသော ကိစ္စမည်သည် သားသမီး၏တာဝန် ဖြစ်ပေသည်”ဟု ဆိုသဖြင့် ဖခင်၏ ကူညီဖော်ဖြစ်၍ ရွှေပန်းပွင့် ပန်းခိုင်တို့ကို ပြုလုပ်လေ၏။ ရွှေပန်းထိမ်သည်သည် တစ်ထွာ အတိုင်းအရှည်ရှိသော ပန်းပွင့်ပန်းခိုင်တို့ဖြင့်ပြည့်သော သုံးခုသော ပန်းအိုးတို့ကို ပြီးစေပြီးလျှင် ဓာတ်တော်ကိန်းဝပ်ရာ ဌာပနာတိုက်၌ ထည့်သွင်း၍ စိုစွတ်သောအဝတ်ကို ဝတ်သည်၊ စိုစွတ်သောဆံရှိသည်ဖြစ်၍ မြတ်စွာဘုရားကို တောင်းပန်ကန်တော့လေ၏။ ဤသို့သော ရှေးကံအကြောင်းကြောင့် ထိုဇဋိလသူဌေးသည် ခုနစ်ကြိမ်တိုင်အောင် ဖွားမြင်စဖြစ်သောကာလ ရေချခြင်း(မျှောခြင်း)ကို ခံရရှာလေ၏။ ဇဋိလသူဌေး၏ ဤခန္ဓာအတ္တဘောသည် အဆုံးစွန်သောဘဝ၌တည်သော ခန္ဓာအတ္တဘော ဖြစ်၏။ ဤနောက်ဆုံးဘဝ အတ္တဘော၌လည်း ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့်သာလျှင် ရေ၌ မျှောချအပ်ပေ၏။ ထိုဇဋိလသူဌေးကြီး၏ နှစ်ယောက်ကုန်သော အစ်ကိုဖြစ်ကုန်သော အကြင်သားတို့သည် ရွှေပန်းကုံး ပန်းပွင့်တို့ကို ပြုလုပ်သောအခါ ကူညီဖော်ဖြစ်ခြင်းငှာ အလိုမရှိကြလေကုန်။ ထိုအကြောင်းကြောင့် ရွှေတောင်သည် ထိုသားကြီးနှစ်ယောက်တို့အလို့ငှာ ဖြစ်ပေါ်လာသည် မဟုတ်၊ သားအငယ်အလို့ငှာကား တကွနက်ပြုအပ်သော ကောင်းမှုကံ ရှိသည်၏အဖြစ်ကြောင့် ဖြစ်ပေါ်လာလေ၏။

ဇဋိလမထေရ် ရဟန္တာဖြစ်ခြင်း

ဤသို့ ဇဋိလသူဌေးကြီးသည် သားတို့ကို “သားငယ်နှင့် အတူနေ၍ သုံးဆောင်ကြ”ဟု ဆုံးမပဲ့ပြင် သွန်သင်ပြီးလျှင် မြတ်စွာဘုရား၏အထံတော်၌ ရဟန်းပြုသဖြင့် နှစ်ရက်,သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ မြတ်စွာဘုရားသည် တစ်ပါးသောအခါ၌ ရဟန်းငါးရာတို့နှင့် အတူတကွ ဆွမ်းအလို့ငှာ လှည့်လည်တော်မူလတ်သည်ရှိသော် ထိုဇဋိလမထေရ်၏ သားတို့၏ အိမ်တံခါးသို့ ရောက်သွားတော်မူလေ၏။ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား လခွဲပတ်လုံး ဆွမ်းဟူသော အာဟာရကို လှူဒါန်းဆက်ကပ်ကြလေကုန်၏။ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်ဇဋိလ- သင်အား ယနေ့တိုင်အောင်လည်း အတောင်ရှစ်ဆယ် အတိုင်းအရှည်ရှိသော ရွှေတောင်၌လည်းကောင်း၊ သားတို့၌လည်းကောင်း တပ်ခြင်းတဏှာသည် ရှိသလော”ဟု စကားကို ဖြစ်စေကြလေကုန်၏။ “ငါ့ရှင်တို့- အကျွန်ုပ်အား ထိုရွှေတောင်နှင့် သားတို့၌ တပ်ခြင်းတဏှာသည်လည်းကောင်း၊ မာန်မာနထောင်လွှားခြင်းသည်လည်းကောင်း မရှိပါ”ဟု ပြောဆိုလတ်သည်ရှိသော် ထိုရဟန်းတို့သည် “ဤဇဋိလမထေရ်သည်ကား မဟုတ်မမှန်သော စကားကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားဘိ၏”ဟု ပြောဆိုကြလေ၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူရလျှင် “ချစ်သားရဟန်းတို့- ငါ့သားတော် ဇဋိလမထေရ်အား ထိုရွှေတောင်နှင့် သားတို့၌ တပ်ခြင်းတဏှာသည်လည်းကောင်း၊ ထောင်လွှားခြင်း မာန်မာနသည်လည်းကောင်း မရှိ”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၁၆] ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာ ဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓ၊ ဤလောက၌။ တဏှံ၊ တပ်ခြင်းတဏှာကို။ ပဟန္တွာန၊ ပယ်စွန့်၍။

(ခြောက်ဒွါရ၌ဖြစ်သော တဏှာကိုလည်းကောင်း၊ မာနကိုလည်းကောင်း ပယ်သည်ဟူလို။)

အနာဂါရော၊ အိမ်ရာမထောင် လူ့ဘောင်စွန့်ခွာသည်ဖြစ်၍။ ပရိပဗ္ဗဇေ၊ ရဟန်းတရား ပြုကျင့်၏။ တဏှာဘဝပရိက္ခီဏံ၊ တဏှာနှင့် ဘဝကုန်ခန်းပြီးသော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဇဋိလမထေရ်ဝတ္ထုပြီး၏။

֍ * ၃၄။ အရှင်ဇောတိကမထေရ်ဝတ္ထု

ယောဓ တဏှံအစရှိသော ဤတရားဒေသနာတော်ကို တစ်ဖန် မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဇောတိကမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဇောတိကဗိမာန်ကို အဇာတသတ် လုယက်ခြင်း

အဇာတသတ်မင်းသားသည် ဒေ၀ဒတ်နှင့်အတူတကွ တစ်ပေါင်းတည်းဖြစ်၍ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီးလျှင် မင်းအဖြစ်၌ တည်သည်ရှိသော် ဇောတိကသူဌေးကြီး၏ ပြာသာဒ်ဗိမာန်ကြီးကို လုယူအံ့ဟူ၍ စစ်ထိုးအံ့သော အခြင်းအရာကို စီစဉ်လျက် နန်းတော်မှ ထွက်သွား၍ ပတ္တမြားတံတိုင်း၌ အခြံအရံနှင့်တကွဖြစ်သော မိမိ၏အရိပ်ကို မြင်ရလျှင် “ဇောတိကသူဌေးကြီးသည် စစ်ထိုးအံ့သော အခြင်းအရာကို စီစဉ်သည်ဖြစ်၍ ရဲမက်ဗိုလ်ပါအပေါင်းကို ယူသဖြင့် ထွက်ခွာလာခဲ့၏”ဟု မှတ်ထင်လျက် အနီးသို့ ချဉ်းကပ်ခြင်းငှာ မဝံ့။ ထိုဇောတိက သူဌေးကြီးသည်ကား ထိုနေ့၌ ဥပုသ်စောင့်သုံးကာ နေသည်ဖြစ်၍ နံနက်စောစောကပင်လျှင် နံနက်စာထမင်း စားသောက်ပြီးသည်ရှိသော် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအထံတော်၌ တရားကိုနာကြားလျက် နေသည်ဖြစ်၏။ ရှေးဦးစွာသော တံခါးမုခ်၌ အစောင့်အရှောက်ကိုယူ၍ တည်နေသော ယမကောဠိအမည်ရှိသော နတ်ဘီလူးသည် ထိုစစ်ထိုးအံ့သောငှာလာသော အဇာတသတ်မင်းကို မြင်တဲ့လျှင် “အဘယ်အရပ်သို့ သွားဘိသနည်း”ဟု ဆိုလျက် အခြံအရံနှင့်တကွ အဇာတသတ်မင်းကို တိုက်လွှင့်ဖျက်ဆီး၍ ထိုထိုအရပ်လေးမျက်နှာတို့သို့ အစဉ်လိုက်လေ၏။ အဇာတသတ်မင်းသည် ကျောင်းတော်သို့သာလျှင် သွားလေ၏။ ထိုအခါ အဇာတသတ်မင်းကို သူဌေးကြီးမြင်ရလျှင် “အရှင်မင်းကြီး- အကြောင်းအသို့နည်း”ဟု ဆို၍ နေရာမှထလျက် တည်လေ၏။ “သူဌေးကြီး- အသို့နည်း၊ သင်သည် အချင်းယောက်ျားတို့ကို အကျွန်ုပ်နှင့်တကွ စစ်ထိုးကြကုန်လော့ဟု စေခိုင်းပြီးလျှင် ဤဝေဠုဝန်ကျောင်းတော်၌ အဘယ့်ကြောင့် တရားနာလေဟန်ကဲ့သို့ နေသနည်း”ဟု မေးလေ၏။

ဇောတိကလက်စွပ် အဇာတသတ် ချွတ်မရ

“အရှင်မင်းကြီး- အကျွန်ုပ်၏အိမ်ကို လုယူခြင်းငှာ ကြွသွားတော်မူလေသလော”ဟု တင်လျှောက်သည်ရှိသော် “သွားခဲ့သည် မှန်ပေ၏”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- အကျွန်ုပ် အလိုမတူဘဲ အကျွန်ုပ်၏အိမ်ကို လုယူခြင်းငှာ မင်းတစ်ထောင်သော်လည်း မတတ်နိုင်ပါ”ဟု လျှောက်တင်လတ်သော် ထိုအဇာတသတ်မင်းသည် “သင်ကား မင်းဖြစ်လတ္တံ့လော”ဟု အမျက်ဒေါသ ထွက်လေ၏။ “အကျွန်ုပ်ကား မင်းမဟုတ်၊ သို့သော်လည်း အကျွန်ုပ်၏ဥစ္စာကို မိစ္ဆာချည်တစ်မျှင်မျှကိုသော်လည်း အကျွန်ုပ်အလိုမတူဘဲ မင်းတို့သည်လည်းကောင်း၊ ခိုးသူတို့သည်လည်းကောင်း လုယူခြင်းငှာ မတတ်နိုင်”ဟု လျှောက်တင်လတ်သော် “အသို့နည်း၊ အကျွန်ုပ်သည် သင်သူဌေးကြီး၏ အလိုအားဖြင့် ယူရအံ့လော”ဟု မေးလေ၏။ “အရှင်မင်းကြီး- ထိုသို့ဖြစ်မူ အကျွန်ုပ်၏ လက်ဆယ်ချောင်းတို့၌ ဤနှစ်ဆယ်သော လက်စွပ်တို့သည် ရှိကုန်၏၊ အကျွန်ုပ်သည် ဤလက်စွပ်တို့ကို အရှင်မင်းကြီးတို့အား မပေးလိုပါ၊ အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ ယူတော်မူပါလော့”ဟု တင်လျှောက်လတ်သော် ထိုအဇာတသတ်မင်းသည်ကား မြေ၌ ဆောင့်ကြောင့်ထိုင်၍ ခုန်သည်ရှိသော် တစ်ဆယ့်ရှစ်တောင်ရှိသော အရပ်သို့ တက်နိုင်၏။ ရပ်၍ ခုန်သည်ရှိသော် အတောင်ရှစ်ဆယ်ရှိသော အရပ်သို့ တက်နိုင်၏။ ဤသို့လျှင် ကြီးသောအားရှိသည်ဖြစ်ပါသော်လည်း ထိုမှဤမှ တပြောင်းပြန်ပြန် ပြုလုပ်လျက် တစ်ကွင်းသော လက်စွပ်ကိုမျှလည်း ဆွဲငင်ချွတ်ယူခြင်းငှာ မတတ်နိုင်ရှာလေ။ ထိုအခါ အဇာတသတ်မင်းကို ဇောတိကသူဌေးကြီးသည် “အရှင်မင်းကြီး- ဝတ်လဲတော်ပုဆိုးဖြင့် ဖြန့်တော်မူပါလော့”ဟု ဆို၍ လက်ချောင်းတို့ကို ဖြောင့်ဖြောင့်တန်းတန်း စိုက်ထားလေ၏။ နှစ်ဆယ်သော လက်စွပ်တို့သည်လည်း အလိုလိုကျွတ်၍ ကျလာကြကုန်၏။ ထိုအခါ အဇာတသတ်မင်းကို ဇောတိကသူဌေးကြီးသည် “အရှင်မင်းကြီး- ဤသို့လျှင် အကျွန်ုပ်၏ဥစ္စာကို အကျွန်ုပ် အလိုမရှိဘဲ ယူခြင်းငှာ မတတ်နိုင်ပါ”ဟု လျှောက်တင်ပြီးလျှင် အဇာတသတ်မင်း၏ အမူအရာအားဖြင့် ဖြစ်သောထိတ်လန့်ခြင်း သံဝေဂရှိသည်ဖြစ်၍ “အရှင်မင်းကြီး- ရဟန်းပြုခြင်းငှာ အကျွန်ုပ်အား ခွင့်ပြုတော်မူပါ”ဟု လျှောက်တင်လေ၏။

ဇောတိက ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း

အဇာတသတ်မင်းသည် “ဤဇောတိက သူဌေးကြီး ရဟန်းပြုသည်ရှိသော် ချမ်းသာစွာ ပြာသာဒ်ကို ယူရပေတော့အံ့”ဟု ကြံစည်စိတ်ကူးလျက် တစ်ကြိမ်တောင်းပန်သော စကားမျှဖြင့်ပင် ဇောတိကသူဌေးကြီးကို “ရဟန်းပြုလော့”ဟု ခွင့်ပေးစကား မိန့်ကြားတော်မူလေ၏။ ထိုဇောတိကသူဌေးကြီးသည် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြု၍ မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် ဇောတိကမထေရ်ဟူသော အမည်ရှိသည် ဖြစ်လေ၏။ ထိုဇောတိကသူဌေး၏ အရဟတ္တဖိုလ်သို့ရောက်သော ခဏ၌သာလျှင် အလုံးစုံသော ထိုစည်းစိမ်ချမ်းသာသည် ကွယ်ပျောက်လေ၏။ ထိုဇောတိကသူဌေးကြီး၏ လဲဝါဂွမ်းနှင့်တူသော ကိုယ်ခန္ဓာရှိသည့်အတွက် သတုလကာယီမည်သော ထိုသူဌေးကတော်ကြီးကိုလည်း နတ်တို့သည် မြောက်ကျွန်းသို့သာလျှင် ဆောင်ပို့ကြလေကုန်၏။ ထို့နောက် တစ်နေ့သ၌ ရဟန်းတို့သည် ထိုဇောတိကမထေရ်ကို ခေါ်ပြီးလျှင် “ငါ့ရှင်ဇောတိက- သင့်အား ထိုပြာသာဒ်၌လည်းကောင်း၊ မိန်းမ၌လည်းကောင်း တပ်ခြင်းတဏှာ ရှိသလော”ဟု မေးမြန်းကြသဖြင့် “ငါ့ရှင်တို့- တပ်ခြင်းတဏှာ မရှိပါ”ဟု ဆိုလတ်သည်ရှိသော် ဘုရားရှင်အား “မြတ်စွာဘုရား- ဤဇောတိကမထေရ်ကား မဟုတ်မမှန်သော စကားကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါ့သားတော်ဖြစ်သော ဇောတိကအား ပြာသာဒ်၌လည်းကောင်း မိန်းမ၌လည်းကောင်း တပ်ခြင်းတဏှာ မရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၁၇] ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓ၊ ဤလောက၌။ တဏှံ၊ တပ်ခြင်းတဏှာကို။ ပဟန္တွာန၊ ပယ်စွန့်၍။ အနာဂါရော၊ အိမ်ရာမထောင် လူ့ဘောင်စွန့်ခွာသည်ဖြစ်၍။ ပရိဗ္ဗဇေ၊ ရဟန်းတရား ပြုကျင့်၏။ တဏှာဘဝပရိက္ခီဏံ၊ တဏှာနှင့် ဘဝကုန်ခန်းပြီးသော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်ဇောတိကမထေရ်ဝတ္ထု ပြီး၏။

֍ * ၃၅။ ကချေသည်မ၏သား မထေရ်ဝတ္ထု

ဟိတွာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကချေသည်မ၏ သားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန္တာအား ယောဂလွန်မြောက်ခြင်း

ထိုကချေသည်မ၏သားသည် တစ်ခုသောကချေသည်တို့၏ ကပြကစားခြင်းကို ကစားလျက် လှည့်လည်သွားလာသည်ရှိသော် မြတ်စွာဘုရား၏ တရားစကားတော်ကို ကြားနာရသဖြင့် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်လေသတတ်။ ထိုရဟန်းသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းနှင့် အတူတကွ ဆွမ်းအလို့ငှာ ဝင်လတ်သည်ရှိသော် ရဟန်းတို့သည် ကချေသည်မသားတစ်ယောက် ကစားနေသည်ကို မြင်ရလျှင် ထိုကချေသည်ဖြစ်ဖူးသော ရဟန်းကို “ငါ့ရှင်- ဤကချေသည်သည် သင်ကပြကစားဖူးသော ကစားခြင်းကို ကစားဘိ၏၊ ဤကစားခြင်း၌ စုံမက်နှစ်သက်ခြင်းသည် ရှိသေးသလော”ဟု မေးမြန်းကြသဖြင့် “မရှိပါဘုရား”ဟု လျှောက်ဆိုလတ်သော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းကား မဟုတ်မမှန်သည်ကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားရလျှင် “ချစ်သားရဟန်းတို့- ငါဘုရား၏သားတော်သည် အလုံးစုံသော ယောဂတို့ကို လွန်မြောက်လေပြီ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၁၈] ဟိတွာ မာနုသကံ ယောဂံ၊ ဒိဗ္ဗယောဂံ ဥပစ္စဂါ။
သဗ္ဗယောဂဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ မာနုသကံ၊ လူ၌ဖြစ်သော။ ယောဂံ၊ အသက်ကို၊ ဝါ- ကာမဂုဏ်ငါးပါးကို။ ဟိတွာ၊ ပယ်စွန့်၍။ ဒိဗ္ဗယောဂံ၊ နတ်၌ဖြစ်သော (အထက် နတ်၌ ဖြစ်သော) ကာမဂုဏ်ကို။ ဥပစ္စဂါ၊ လွန်မြောက်လေပြီ။ သဗ္ဗယောဂဝိသံယုတ္တံ၊ အလုံးစုံသော ယောဂလေးပါးတို့နှင့် မယှဉ်သော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ မကောင်းမှုမှ အပပြုပြီးသော ပုဂ္ဂိုလ်ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကချေသည်မ၏သား မထေရ်ဝတ္ထုပြီး၏။

֍ * ၃၆။ ဒုတိယ ကချေသည်မ၏သား မထေရ်ဝတ္ထု

ဟိတွာ ရတိံစအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် တစ်ယောက်သော ကချေသည်မ၏သားကိုသာလျှင် အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဝတ္ထုကား ရှေးဝတ္ထုနှင့် တူသည်သာလျှင်တည်း။)

ရဟန္တာအား မွေ့လျော်ခြင်း မမွေ့လျော်ခြင်း မရှိ

ဤဝတ္ထု၌ကား မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါဘုရား၏သားတော်သည် မွေ့လျော်ခြင်းကိုလည်းကောင်း၊ မမွေ့လျော်ခြင်းကိုလည်းကောင်း ပယ်စွန့်၍ တည်လေပြီ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၁၉] ဟိတွာ ရတိံစ အရတိံစ၊ သီတိဘူတံ နိရူပဓိံ။
သဗ္ဗလောကာဘိဘုံ ဝီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ရတိံစ၊ ကာမဂုဏ်ငါးပါး၌ မွေ့လျော်ခြင်းကိုလည်းကောင်း။ အရတိံစ၊ တောကျောင်းနေခြင်း၌ ပျင်းရိဆန့်ကျင်သည်ဖြစ်၍ မမွေ့လျော်ခြင်းကိုလည်းကောင်း။ ဟိတွာ၊ ပယ်စွန့်၍။ သီတိဘူတံ၊ ငြိမ်းချမ်းအေးမြပြီးသော။ နိရူပဓိံ၊ လေးပါးသောဥပဓိ မရှိသည်ဖြစ်၍ ညစ်ညူးခြင်း ကင်းပြီးသော။ သဗ္ဗလောကာဘိဘုံ၊ အလုံးစုံသော ခန္ဓာဟူသော လောကကို နှိပ်နင်း၍တည်သော။ ဝီရံ၊ လုံ့လရှိသော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါ ဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဒုတိယ ကချေသည်မ၏သား မထေရ်ဝတ္ထု ပြီး၏။

֍ * ၃၇။ အရှင်ဝင်္ဂီသမထေရ်ဝတ္ထု

စုတိယော ဝေဒိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဝင်္ဂီသမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဦးခေါင်းခွံကို တီးခေါက်၍ ဖြစ်ရာဘုံကို သိခြင်း

ရာဇဂြိုဟ်ပြည်၌ ဝင်္ဂီသအမည်ရှိသော တစ်ယောက်သော ပုဏ္ဏားသည် သေသောလူတို့၏ ဦးခေါင်းခွံကို တီးခေါက်၍ “ဤဦးခေါင်းခွံသည် ငရဲ၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏၊ ဤဦးခေါင်းခွံကား တိရစ္ဆာန်မျိုး၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏၊ ဤဦးခေါင်းခွံကား ပြိတ္တာဘုံ၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏၊ ဤဦးခေါင်းခွံကား လူ့ပြည်၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံ ဖြစ်၏။ ဤဦးခေါင်းခွံကား နတ်ပြည်၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံဖြစ်၏”ဟု သိသတတ်။ ပုဏ္ဏားတို့သည် “ထိုဝင်္ဂီသပုဏ္ဏားကိုမှီ၍ လောကကို စားခြင်းငှာ တတ်ကောင်း၏”ဟု ကြံပြီးလျှင် ထိုပုဏ္ဏားကို နှစ်ထည်သော ပုဆိုးနီတို့ကို ဝတ်ဆင်စေပြီးလျှင် ခေါ်ဆောင်၍ ဇနပုဒ်သို့ သွားလာလှည့်လည်လျက် လူတို့ကို “ဝင်္ဂီသအမည်ရှိသော ဤပုဏ္ဏားသည် သေလွန်ကုန်သောလူတို့၏ ဦးခေါင်းခွံကို တီးခေါက်၍ ဖြစ်ရာအရပ်ကို သိနိုင်၏၊ မိမိ၏ အဆွေအမျိုးတို့ ဖြစ်ရာအရပ်ကို မေးမြန်းကြပါကုန်လော့”ဟု ဆိုကြကုန်၏။

(ပရိဗိုဇ်မ၏သား အဘဘက်မှ ဝါဒငါးရာ, အမိဘက်မှ ဝါဒငါးရာအားဖြင့် ဝါဒတစ်ထောင် တတ်မြောက်သောသူဟု သံယုတ်အဋ္ဌကထာ၌ ဆို၏။ အရွယ်ရောက်သောအခါ ဗေဒင်သုံးပုံ သင်ယူပြီးလျှင် ဆရာ့ထံမှ “ဆဝသီသမန္တန်”ကို သင်ယူလာသဖြင့် သုံးနှစ်လောက်က သေသောသူ၏ ဦးခေါင်းကိုပင် မန္တန်စိပ်၍ လက်သည်းဖြင့် တီးခေါက်လျက် မန္တန်အစွမ်းကြောင့်သိကြောင်း အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ ဆို၏။)

လူတို့သည် အားအစွမ်းရှိသည့်အလျောက် ဆယ်အသပြာတို့ကိုလည်းကောင်း၊ အသပြာ နှစ်ဆယ်တို့ကိုလည်းကောင်း၊ အသပြာ တစ်ရာတို့ကိုလည်းကောင်း ပေး၍ ဆွေမျိုးတို့ ဖြစ်ရာအရပ်ကို မေးမြန်းကြကုန်၏။ ထိုပုဏ္ဏားတို့သည် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်လတ်သော် ဇေတဝန်ကျောင်းတော်ကြီး၏ မနီးမဝေးသော အရပ်၌ နေရာယူကြလေကုန်၏။ ထိုပုဏ္ဏားတို့သည် နံနက်စာထမင်း စားကြကုန်ပြီးသည်ရှိသော် နံ့သာပန်း စသည်ကို လက်စွဲကုန်လျက် တရားနာခြင်းငှာသွားသော များစွာသော လူအပေါင်းကို မြင်ရလျှင် “အဘယ်အရပ်သို့ သွားကြပါကုန်အံ့နည်း”ဟု မေးသဖြင့် “ကျောင်းတော်သို့ တရားနာခြင်းငှာ သွားကြပါကုန်အံ့”ဟု ပြောဆိုလတ်သည်ရှိသော် “ထိုအရပ်သို့သွား၍ အဘယ်အမှုကို ပြုလုပ်နိုင်ကြကုန်လတ္တံ့နည်း၊ ငါတို့၏ ဝင်္ဂီသပုဏ္ဏားနှင့်တူသော သူ မည်သည် မရှိ၊ သေလွန်သောလူတို့၏ ဦးခေါင်းခွံကို တီးခေါက်၍ ဖြစ်ရာအရပ်ကို သိနိုင်၏၊ ဆွေမျိုးတို့၏ ဖြစ်ရာအရပ်ကို မေးမြန်းကြပါကုန်လော့”ဟု ဆိုကြလေကုန်၏။

ရဟန္တာ၏ ဦးခေါင်းခွံ

ထိုလူတို့သည် “ဝင်္ဂီသပုဏ္ဏားကား အဘယ်ကို သိနိုင်ဘိသနည်း၊ ငါတို့၏ မြတ်စွာဘုရားနှင့် တူသောမည်သည် မရှိ”ဟု ဆိုခြင်းကြောင့် ဤမှတစ်ပါးသော ပုဏ္ဏားတို့သည် “ဝင်္ဂီသပုဏ္ဏားနှင့် တူသောသူမရှိ”ဟု ဆိုပြန်သော် စကားကို အကျယ်အပွား ပြောကြားကြပြီးလျှင် “လာကြကုန်လော့၊ ယခုအခါ ထိုငါတို့သည် ဝင်္ဂီသပုဏ္ဏား၏လည်းကောင်း၊ ငါတို့ မြတ်စွာဘုရား၏လည်းကောင်း သိသည့်အဖြစ်ကို သိကြကုန်အံ့”ဟု ဆို၍ ပုဏ္ဏားတို့ကို ခေါ်ဆောင်လျက် ကျောင်းတော်သို့ သွားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုသူတို့၏ လာလတ္တံ့သောအဖြစ်ကို သိတော်မူ၍ ငရဲ၌လည်းကောင်း၊ တိရစ္ဆာန် အမျိုး၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း ဤလေးပါးသော အရပ်တို့၌ ဖြစ်ကြကုန်သောသူတို့၏ လေးခုသော ဦးခေါင်းခွံတို့ကိုလည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်၏ ဦးခေါင်းခွံကိုလည်ကောင်း ဤသို့ ငါးခုသော ဦးခေါင်းခွံတို့ကို ဆောင်ယူစေပြီးလျှင် အစဉ်အတိုင်း ထားတော်မူသဖြင့် ရောက်လာသောအခါ ဝင်္ဂီသပုဏ္ဏားကို “သင်သည် ဦးခေါင်းခွံကိုတီးခေါက်၍ သေလွန်ကုန်သောသူတို့၏ ဖြစ်ရာအရပ်ကို သိနိုင်၏ဟူသည် ဟုတ်မှန်လေသလော”ဟု မေးတော်မူလေ၏။ “သိနိုင်သည် မှန်ပါ၏ဘုရား”ဟု လျှောက်သည်ရှိသော် “ဤဦးခေါင်းခွံကား အဘယ်သူ၏ ဦးခေါင်းခွံ ဖြစ်သနည်း”ဟု မေးတော်မူလေ၏။ ထိုဝင်္ဂီသပုဏ္ဏားသည် ထိုဦးခေါင်းခွံကို တီးခေါက်၍ “ငရဲ၌ဖြစ်သော သတ္တဝါ၏ ဦးခေါင်းခွံ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ဝင်္ဂီသပုဏ္ဏားအား “သာဓု သာဓု”ဟု ကောင်းချီးပေးတော်မူ၍ ဤမှတစ်ပါးလည်း ဖြစ်ကုန်သော သုံးခုသော ဦးခေါင်းခွံတို့ကို မေးတော်မူပြန်သဖြင့် ထိုဝင်္ဂီသပုဏ္ဏားသည် မချွတ်စေမူ၍ ဆိုတိုင်းဆိုတိုင်းသော ခဏ၌ ထိုရှေးအတူသာလျှင် ဝင်္ဂီသပုဏ္ဏားအား ကောင်းချီးပေးတော်မူပြန်၍ ငါးခုမြောက်ဖြစ်သော ရဟန္တာဦးခေါင်းခွံကိုလည်း ပြတော်မူလျှင် “ဤဦးခေါင်းခွံသည် အဘယ်သူ၏ ဦးခေါင်းခွံဖြစ်သနည်း”ဟု မေးတော်မူလေ၏။ ထိုဝင်္ဂီသပုဏ္ဏားသည် ထိုဦးခေါင်းခွံကိုလည်း တီးခေါက်သည်ရှိသော် ဖြစ်ရာအရပ်ကို မသိနိုင်ရှာ။ ထိုအခါ ဝင်္ဂီသပုဏ္ဏားကို မြတ်စွာဘုရားသည် “ဝင်္ဂီသပုဏ္ဏား- အသို့နည်း၊ မသိလေသလော”ဟု မိန့်တော်မူသဖြင့် “မသိနိုင်သည် မှန်လှပါ၏ဘုရား”ဟု လျှောက်သည်ရှိသော် “ငါဘုရားကား သိတော်မူ၏”ဟု မိန့်တော်မူလေ၏။

ဘုရားထံ မန္တန်သင်ယူရာ ရဟန္တာဖြစ်ခြင်း

ထိုအခါ မြတ်စွာဘုရားကို ဝင်္ဂီသပုဏ္ဏားသည် “ဤမန္တန်ကို တပည့်တော်အား ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်တောင်းလေ၏။ “ရဟန်းမဟုတ်သောသူအား ပေးခြင်းငှာ မတတ်ကောင်း”ဟု မိန့်တော်မူပြီးလျှင် ဝင်္ဂီသပုဏ္ဏားသည် “ဤမန္တန်အတတ်ကို သင်ယူပြီးသည်ရှိသော် အလုံးစုံသော ဇမ္ဗူဒီပါကျွန်း၌ ငါသည် အကြီးဆုံး အမြတ်ဆုံး ဖြစ်ပေတော့အံ့”ဟု ကြံပြီးလျှင် ထိုပုဏ္ဏားတို့ကို “သင်တို့သည် ထိုအရပ်၌သာလျှင် နှစ်ရက်သုံးရက် နေကြကုန်ဦးလော့၊ ငါသည် ရဟန်းပြုဦးအံ့”ဟု ပြောဆိုလွှတ်လိုက်သဖြင့် မြတ်စွာဘုရား၏အထံတော်၌ ရှင်ပြု၍ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် ဝင်္ဂီသမထေရ်ဟူသော အမည်ရှိသည် ဖြစ်လေ၏။ ထိုအခါ ဝင်္ဂီသမထေရ်အား သုံးဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ကမ္မဋ္ဌာန်းကို ပေးသနားတော်မူ၍ “မန္တန်၏ ထိုပရိကံအခြေကို ရွတ်အံသရဇ္ဈာယ်လော့”ဟု မိန့်တော်မူ၏။ ထိုဝင်္ဂီသမထေရ်သည် ထိုမန္တန်ဟူသော ကမ္မဋ္ဌာန်းကို ရွတ်အံသရဇ္ဈာယ်စဉ် အကြားအကြား၌ အဖော်ပုဏ္ဏားတို့သည် “သင်သည် မန္တန်ကို သင်ယူအပ်ပြီလော”ဟု မေးအပ်သည်ရှိသော် “ဆိုင်းငံ့လင့်ကြဦးလော့၊ ထိုရွေ့လောက် သင်ယူဆဲ ဖြစ်၏”ဟု ဆို၍ နှစ်ရက်သုံးရက်အတွင်း၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်သဖြင့် တစ်ဖန် အဖော်ပုဏ္ဏားတို့သည် မေးအပ်ပြန်သည်ရှိသော် “ဒါယကာတို့- ယခုအခါ ငါသည် သွားခြင်းငှာ မထိုက်ပြီ”ဟု ဆိုလိုက်လေ၏။ ထိုစကားကို ကြားရလျှင် ရဟန်းတို့သည် “မြတ်စွာဘုရား- ဤဝင်္ဂီသမထေရ်ကား မဟုတ်မမှန်သောအားဖြင့် အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု မြတ်စွာဘုရားအား ကြားလျှောက်ကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤသို့ မဆိုကြကုန်လင့်၊ ချစ်သားရဟန်းတို့- ယခုအခါ ငါဘုရား၏သားတော် ဝင်္ဂီသသည် စုတိပဋိသန္ဓေ၌ လိမ္မာသောသူ ဖြစ်လေပြီ”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

(ဤမထေရ် ရဟန္တာဖြစ်ပြီးသောအခါ ဘုရားထံတော်သို့ ရောက်သောအခါ တိုင်း, လ, နေ, ကောင်းကင်, သမုဒ္ဒရာ, ဆင်မင်း, ခြင်္သေ့မင်းတို့နှင့် ပမာပြု၍ များစွာသော ဂါထာပုဒ်တို့ဖြင့် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းပြောဆိုလေ့ရှိသောကြောင့် လျင်မြန်ထက်မြက်သော ဉာဏ်ရှိသူတို့တွင် အတော်ဆုံးဟု ပဋိဘာနဝန္တ ဧတဒဂ်ရသည်ဟု အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ အဆိုရှိ၏။)

ဒေသနာတော်

֍ * [၄၂၀] စုတိံယော ဝေဒိ သတ္တာနံ၊ ဥပပတ္တိံစ သဗ္ဗသော။
အသတ္တံ သုဂတံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

֍ * [၄၂၁] ယဿ ဂတိံ န ဇာနန္တိ၊ ဒေဝါ ဂန္ဓဗ္ဗမာနုသာ။
ခီဏာသဝံ အရဟန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ သတ္တာနံ၊ သတ္တဝါတို့၏။ သဗ္ဗသော၊ အလုံးစုံသော အခြင်းအရာအားဖြင့်။ စုတိဉ္စ၊ စုတိကိုလည်းကောင်း။ ဥပပတ္တိဉ္စ၊ ပဋိသန္ဓေကိုလည်းကောင်း။ ဝေဒိ၊ သိ၏။ အသတ္တံ၊ ကပ်ငြိခြင်း မရှိထသော။ သုဂတံ၊ ပဋိပတ်ဖြင့် ကောင်းစွာရောက်ပြီးထသော။ ဗုဒ္ဓံ၊ သစ္စာလေးပါးကို သိပြီးထသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏။ ဂတိံ၊ လားရာဂတိကို။ ဒေဝါ၊ နတ်တို့သည်လည်းကောင်း။ ဂန္ဓဗ္ဗာ၊ ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း။ မာနုသာ၊ လူတို့သည်လည်းကောင်း။ န ဇာနန္တိ၊ မသိကြကုန်။ ခီဏာသဝံ၊ ကုန်ပြီးသော အာသဝေါရှိထသော။ အရဟန္တံ၊ ကိလေသာတို့မှ အလွန် ဝေးတော်မူထသော။ တံ၊ ထိုရဟန္တာပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုမှ အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဝင်္ဂီသမထေရ်ဝတ္ထု ပြီး၏။

֍ * ၃၈။ ဓမ္မဒိန္နာထေရီမဝတ္ထု

ယဿဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဓမ္မဒိန္နာ အမည်ရှိသော ဘိက္ခုနီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝိသာခဒါယကာ မယားအား စည်းစိမ်လွှဲအပ်ခြင်း

တစ်နေ့သ၌ ထိုဓမ္မဒိန္နာ ဘိက္ခုနီမ၏ လူဖြစ်စဉ်ကာလ၌ ခင်ပွန်းသည်ယောက်ျား ဖြစ်ခဲ့ဖူးသော ဝိသာခမည်သော ဒါယကာသီတင်းသည်သည် မြတ်စွာဘုရား၏အထံတော်၌ တရားကို ကြားနာရသဖြင့် အနာဂါမိဖိုလ်သို့ရောက်၍ “ငါကား အလုံးစုံသော ဥစ္စာနှစ်ကို ဓမ္မဒိန္နာကို လက်ခံ သိမ်းပိုက်စေခြင်းငှာ သင့်၏”ဟု ကြံစည်လေ၏။ ထိုဝိသာခဒါယကာသည် ထိုအနာဂါမိဖိုလ်ရသည်မှ ရှေးအခါ၌ လာလတ်သည်ရှိသော် ဓမ္မဒိန္နာကို လေသာပြတင်းဖြင့် ကြည့်ရှုလျက် နေသည်ကို မြင်ရလျှင် ပြုံးခြင်းကို ပြုလေ့ရှိ၏။ ထိုနေ့၌ကား လေသာပြတင်းဖြင့် ကြည့်ရှုလျက် ရပ်တည်နေသော ဓမ္မဒိန္နာကို မကြည့်တဲ့မူ၍သာလျှင် သွားလေ၏။ ဓမ္မဒိန္နာသည် “ဤသို့ဖြစ်သော အမူအရာကား အသို့ဖြစ်လေဘိသနည်း”ဟု ကြံ၍ “ထိုသို့မူလည်း ဖြစ်စေဦး။ ထမင်းစားသောအခါ သိရပေလတ္တံ့”ဟု နှလုံးပြုလျက် ထမင်းစားအံ့သောအချိန်၌ ထမင်းကို အနီးသို့ပို့လေ၏။ ဝိသာခဒါယကာသည် တစ်ပါးသောနေ့တို့၌ “လာလှည့်, အတူတကွ စားကြကုန်စို့အံ့”ဟု ဆိုလေ့ရှိ၏။ ထိုနေ့၌ကား ဆိတ်ဆိတ်နေ၍သာလျှင် စားသောက်လေ၏။ ထိုဓမ္မဒိန္နာသည် “တစ်စုံတစ်ခုသော အကြောင်းကြောင့်သာလျှင် အမျက်ထွက်သည် ဖြစ်လတ္တံ့”ဟု ကြံစည်လေ၏။ ထိုအခါ ဝိသာခသည် ချမ်းသာစွာနေထိုင်သော အချိန်အခါ၌ ဓမ္မဒိန္နာကို ခေါ်၍ “ဓမ္မဒိန္နာ- ဤအိမ်၌ရှိသော အလုံးစုံသော စည်းစိမ်ဥစ္စာနှစ်ကို လက်ခံသိမ်းပိုက်ပါလော့”ဟု ဆိုလေ၏။ ဓမ္မဒိန္နာသည် “အမျက်ထွက်သောသူတို့ မည်သည်ကား စည်းစိမ်ဥစ္စာနှစ်ကို မပေးကြ၊ မအပ်ကြကုန်၊ ဤသို့ ပေးအပ်ခြင်းကား အကြောင်း အဘယ်သို့ ရှိလေအံ့နည်း”ဟု ကြံပြီးလျှင် “အရှင့်သား- အရှင်တို့သည် ရှိကြကုန်သည် မဟုတ်ပါလော”ဟု ဆိုလေ၏။

(ရာဇဂြိုဟ်ပြည်သို့ ဘုရားရှင် ရှေးဦးစွာ ရောက်စဉ်က ဗိမ္ဗိသာရမင်းကြီးနှင့်အတူ သောတာပန်တည်သော လူဦးရေ တစ်သိန်းတစ်သောင်းတို့တွင် ဤဝိသာခဒါယကာလည်း တစ်ယောက်အပါအဝင် ဖြစ်၏။ နောက်တစ်ကြိမ် သကဒါဂါမ်၊ နောက်တစ်ကြိမ် အနာဂါမ် တည်၏။)

စည်းစိမ်လက်မခံသော မယ်ဓမ္မဒိန္နာ

“ငါကား ဤယခုနေ့မှ အစပြု၍ တစ်စုံတစ်ခုသောအမှုကို မစီရင်တော့အံ့”ဟု ဆိုလတ်သည်ရှိသော် “အရှင်တို့ စွန့်ပစ်အပ်သော တံထွေးပေါက်ကို အဘယ်သူ လက်ခံသိမ်းပိုက်ပါလတ္တံ့နည်း၊ ဤသို့လျှင် ကျွန်မအား ရဟန်းအဖြစ်ကို ခွင့်လွှတ်တော်မူကြပါကုန်လော့”ဟု တောင်းပန်လေ၏။ ထိုဝိသာခသည် “ချစ်နှမ- ကောင်းပြီ”ဟု ဝန်ခံပြီးလျှင် များစွာသော ပူဇော်ဖွယ်ဖြင့် ထိုဓမ္မဒိန္နာကို ရဟန်းမိန်းမတို့၏ ကျောင်းသို့ ဆောင်ပို့ကာ ရဟန်းပြုစေလေ၏။ ထိုဓမ္မဒိန္နာသည် ပဉ္စင်းအဖြစ် ရလတ်သည်ရှိသော် ဓမ္မဒိန္နာထေရီမဟူသော အမည်ရှိသည် ဖြစ်လေ၏။ ထိုဓမ္မဒိန္နာထေရီမသည် ဆိတ်ငြိမ်ရာကျောင်း၌ နေခြင်းငှာ အလိုရှိသဖြင့် ရဟန်းမိန်းမတို့နှင့် အတူတကွ ဇနပုဒ်သို့သွား၍ ထိုဇနပုဒ်၌ နေစဉ် မကြာမြင့်မီသာလျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ “ယခုအခါ ငါ့ကိုအမှီပြု၍ ဆွေမျိုးဉာတိအပေါင်းတို့သည် ကောင်းမှုကုသိုလ်တို့ကို ကြည်ညိုလှစွာ ပြုလုပ်ကြကုန်လတ္တံ့”ဟု နှလုံးပြုလျက် ရာဇဂြိုဟ်ပြည်သို့ တစ်ဖန် ပြန်လာခဲ့လေ၏။

လင်အနာဂါမ်၏ ရှိခိုးခံထိုက်သော မိန်းမ

ဝိသာခ ဥပါသကာကြီးသည် ဓမ္မဒိန္ဒာဘိက္ခုနီမ၏ ပြန်ရောက်လာသည့်အဖြစ်ကို သိရလျှင် “အဘယ်အကြောင်းကြောင့် လာဘိသနည်း”ဟု ရဟန်းမိန်းမတို့၏ကျောင်းသို့ သွား၍ ဓမ္မဒိန္နာထေရီမကို မြင်ရလျှင် ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် “အရှင်ထေရီမ ငြီးငွေ့ပျင်းရိလေသလောဟု ပြောဆိုခြင်းငှာ မလျောက်ပတ်။ ဤဓမ္မဒိန္နာရဟန်းမိန်းမကို ပြဿနာမေးမြန်းပေအံ့”ဟု ကြံစည်လျက် သောတာပတ္တိမဂ်၌ ပြဿနာကို မေးမြန်းလေ၏။ ဓမ္မဒိန္နာထေရီမသည် ပြဿနာကို ဖြေဆိုလေ၏။ ဝိသာခဒါယကာသည် ထိုသို့သောနည်းအားဖြင့်သာလျှင် ကြွင်းသောမဂ်တို့၌လည်း ပြဿနာကို မေးမြန်းပြီးလျှင် လွန်၍ ပြဿနာကို မေးလတ်သောအခါ ဓမ္မဒိန္နာထေရီမက “ဒါယကာ ဝိသာခ- ပြဿနာသည် လွန်၍သွားခဲ့လေပြီ”ဆို၍ “အလိုရှိလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ဤပြဿနာကို မေးချေဦးလော့”ဟု ဆိုလတ်သည်ရှိသော် ထေရီမကို ရှိခိုးပြီးလျှင် နေရာမှထ၍ မြတ်စွာဘုရား၏ထံတော်သို့သွားသဖြင့် အလုံးစုံသော ထိုစကားပြောဆိုခြင်းကို မြတ်စွာဘုရားအား လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ငါဘုရား၏ သမီးတော်ဖြစ်သော ဓမ္မဒိန္နာသည် ကောင်းစွာ ဟောကြားအပ်ပေ၏။ ငါဘုရားသည်လည်း ပြဿနာကိုကြားသည်ရှိသော် ဤအတူသာလျှင် ဖြေဆိုရာ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

(ရဟန်းပြုသည်မှစ၍ လာဘ်ပေါများလှသဖြင့် တရားအားထုတ်ခွင့် မရသောကြောင့် ဇနပုဒ်သို့ သွားလတ်သော် ပဒုမုတ္တရဘုရားလက်ထက် အိမ်ကျွန်မဖြစ်စဉ် ဆံပင်ဖြတ်ရောင်း၍ အဂ္ဂသာဝက သုဇာတမထေရ်အား လှူဒါန်းကာ ဆုတောင်းခဲ့ဖူးသောကြောင့် နှစ်ရက်သုံးရက်မျှဖြင့် ရဟန္တာမဖြစ်ပြီးလျှင် ပြန်လာခြင်း ဖြစ်၏။)

ဒေသနာတော်

֍ * [၄၂၂] ယဿ ပုရေ စ ပစ္ဆာစ၊ မဇ္ဈေ စ နတ္ထိ ကိဉ္စနံ။
အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ပုရေ စ၊ အတိတ်ခန္ဓာ၌လည်းကောင်း။ ပစ္ဆာစ၊ အနာဂတ်ခန္ဓာ၌လည်းကောင်း။ မဇ္ဈေ စ၊ ပစ္စုပ္ပန်ခန္ဓာ၌လည်းကောင်း။ ကိဉ္စနံ၊ တဏှာအားဖြင့် စွဲယူကြောင့်ကြခြင်းသည်။ နတ္ထိ၊ မရှိ။ အကိဉ္စနံ၊ ကြောင့်ကြခြင်းမရှိသော။ အနာဒါနံ၊ စွဲလမ်းခြင်းမရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဓမ္မဒိန္နာထေရီမဝတ္ထု ပြီး၏။

֍ * ၃၉။ အင်္ဂုလိမာလမထေရ်ဝတ္ထု

ဥသဘံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အင်္ဂုလိမာလမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန္တာ ဆင်ဆိုးကို မကြောက်

(ဝတ္ထုကို “န ဝေကဒရိယာ ဒေဝလောကံ ဝဇန္တိ”ဟူသော လောကဝဂ်၊ အသဒိသဒါနဝတ္ထု၌လာသော ဂါထာ၏အဖွင့်၌ ဆိုအပ်ပြီးသည်သာလျှင်တည်း။ ထိုစကား မှန်၏။ ထိုဂါထာ၏အဖွင့်၌ ရဟန်းတို့သည်-စသောစကားကို ဆိုအပ်လေပြီ။)

ရဟန်းတို့သည် အင်္ဂုလိမာလမထေရ်ကို “ငါ့ရှင်အင်္ဂုလိမာလ- အသို့နည်း၊ ထီးကို ဆောင်းမိုးပေးလျက် တည်နေသော ကြမ်းကြုတ်သော ဆင်ဆိုးကို မြင်ရသဖြင့် ကြောက်လေသလော”ဟု မေးကြလေကုန်၏။ “ငါ့ရှင်တို့- မကြောက်ပါ”ဟု ဆိုလတ်သော် ထိုရဟန်းတို့သည် ဘုရားရှင်ကို “မြတ်စွာဘုရား- အင်္ဂုလိမာလမထေရ်သည် အရဟတ္တဖိုလ်ကို ပြောကြပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါဘုရား၏ သားတော်ဖြစ်သော အင်္ဂုလိမာလကား မကြောက်ပေ။ ရဟန္တာတည်းဟူသော ဥသဘတို့အတွင်း၌ အကြီးဆုံး,အမြတ်ဆုံး ဥသဘဖြစ်ကြကုန်သော ငါ့သားတော်နှင့်တူသော ရဟန်းတို့သည် မကြောက်ကြကုန်”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၂၃] ဥသဘံ ပဝရံ ဝီရံ၊ မဟေသိံ ဝိဇိတာဝိနံ။
အနေဇံ နှာတကံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဥသဘံ၊ ကြောက်ရွံ့တုန်လှုပ်ခြင်း ကင်းသည်ဖြစ်၍ ဥသဘနှင့်တူသော မြတ်သော ဥသဘဖြစ်ထသော။ ပဝရံ၊ မြတ်သော။ ဝီရံ၊ လုံ့လဝီရိယရှိထသော။ မဟေသိံ၊ သီလက္ခန္ဓစသည် ကျေးဇူးဂုဏ်အထူးကို ဆည်းပူးရှာမှီးလေ့ရှိထသော။ ဝိဇိတာဝိနံ၊ မာရ်သုံးပါးကို အောင်ပြီးသော။ အနေဇံ၊ တဏှာကင်းသော။ နှာတကံ၊ ဆေးလျှော်အပ်ပြီးသော ကိလေသာရှိသော။ ဗုဒ္ဓံ၊ သစ္စာလေးပါးကို သိပြီးထသော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အင်္ဂုလိမာလမထေရ်ဝတ္ထု ပြီး၏။

֍ * ၄၀။ ဒေဝဟိတပုဏ္ဏားဝတ္ထု

ပုဗ္ဗေနိဝါသံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဒေဝဟိတ အမည်ရှိသော ပုဏ္ဏား၏ပြဿနာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားရှင် လေနာ၍ ရေနွေးလှူရခြင်း

တစ်ပါးသောအခါ မြတ်စွာဘုရားသည် လေနာရောဂါဖြင့် ပြင်းစွာ နှိပ်စက်အပ်သည်ဖြစ်၍ ဥပဝါဏမထေရ်ကို ရေနွေးရစိမ့်သောအကျိုးငှာ ဒေဝဟိတအမည်ရှိသော ပုဏ္ဏား၏အထံသို့ စေလွှတ်တော်မူလေ၏။ ထိုဥပဝါဏမထေရ်သည် သွား၍ မြတ်စွာဘုရားအား လေနာ ပြင်းစွာ နှိပ်စက်အပ်သည့်အဖြစ်ကို ပြောကြားလျက် ရေနွေးကို တောင်းလေ၏။ ထိုစကားကိုကြားရလျှင် ပုဏ္ဏားကြီးသည် ကြည်လင်နှစ်သက်သော စိတ်ရှိလှသည်ဖြစ်၍ “ငါ့အား အရတော်ပေစွတကား။ ငါ၏အထံသို့ မြတ်စွာဘုရားသည် ရေနွေးအလို့ငှာ စေလွှတ်တော်မူပေ၏”ဟု ရေနွေးတစ်ထမ်းကို ယောကျာ်းတစ်ယောက်ကို ထမ်းယူစေပြီးလျှင် တင်လဲအထုပ်ကို ဥပဝါဏမထေရ်အား ဆက်ကပ်လှူဒါန်းလေ၏။ မထေရ်သည် တင်လဲကို ယူစေပြီးလျှင် မြတ်စွာဘုရားကို ရေနွေးဖြင့် ရေချိုးပေးပြီး ရေနွေးဖြင့် တင်လဲကိုမွှေနှောက်၍ မြတ်စွာဘုရားအား ဆက်ကပ်လေ၏။ မြတ်စွာဘုရားအား ထိုခဏချင်း၌သာလျှင် လေနာသည် ငြိမ်းလေ၏။ ဒေဝဟိတပုဏ္ဏားကြီးသည် “အဘယ်ပုဂ္ဂိုလ်အား လှူအပ်သောဝတ္ထုကို လှူရခြင်းသည် အကျိုးကြီးမြတ်သနည်းဟု မြတ်စွာဘုရားအား မေးလျှောက်အံ့”ဟု ကြံစည်လေ၏။ ထိုပုဏ္ဏားကြီးသည် မြတ်စွာဘုရားအထံတော်သို့ သွား၍ ထိုအကြောင်းကို မေးမြန်းလိုရကား ဤဂါထာကို လျှောက်ဆိုလေ၏။

ကတ္ထ ဒဇ္ဇာ ဒေယျဓမ္မံ၊ ကတ္ထ ဒိန္နံ မဟပ္ဖလံ။
ကထံဟိ ယဇမာနဿ၊ ကထံ ဣဇ္ဈတိ ဒက္ခိဏာ။

ဘန္တေ၊ မြတ်စွာဘုရား။ ကတ္ထ၊ အဘယ်ပုဂ္ဂိုလ်၌။ ဒေယျဓမ္မံ၊ အလှူဝတ္ထုကို။ ဒဇ္ဇာ၊ ပေးလှူအပ်ပါသနည်း။ ကတ္ထ၊ အဘယ်ပုဂ္ဂိုလ်၌။ ဝါ၊ အဘယ်ပုဂ္ဂိုလ်အား။ ဒိန္နံ၊ ပေးလှူအပ်သောကောင်းမှုသည်။ မဟပ္ဖလံ၊ အကျိုးကြီးပါသနည်း။ က ထံဟိ၊ အဘယ်သို့လျှင်။ ယဇမာနံ၊ ပူဇော်ခြင်းသည်။ အဿ၊ ဖြစ်ရာအံ့နည်း။ ကထံ၊ အဘယ်သို့လျှင်။ ဒက္ခိဏာ၊ မြတ်သော အလှူသည်။ ဣဇ္ဈတိ၊ ပြည့်စုံပါသနည်း။

ထိုအခါ ပုဏ္ဏားကြီးအား မြတ်စွာဘုရားသည် “ဤသို့ သဘောရှိသော မကောင်းမှုကို အပပြုပြီးသော ပုဂ္ဂိုလ်အား ပေးလှူအပ်သော အလှူသည် အကျိုးကြီးမြတ်သည် ဖြစ်၏”ဟု မိန့်တော်မူ၍ ပုဏ္ဏားကြီးကို ထင်ရှားစွာ ပြတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

֍ * [၄၂၄] ပုဗ္ဗေနိဝါသံ ယော ဝေဒိ၊ သဂ္ဂါပါယဉ္စ ပဿတိ။
အထော ဇာတိက္ခယံ ပတ္တော၊ အဘိညာ ဝေါသိတော မုနိ။
သဗ္ဗဝေါသိတ ဝေါသာနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေခဲ့ပြီးသော ခန္ဓာအစဉ်ကို။ ဝေဒိ၊ ထင်ရှားစွာပြု၍ သိ၏။ သဂ္ဂါပါယဉ္စ၊ နတ်,ဗြဟ္မာပြည် နှစ်ဆယ့်ခြောက်ထပ်, လေးရပ်သော အပါယ်ဘုံကိုလည်း။ ပဿတိ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် မြင်၏။ အထော၊ ထိုမှတစ်ပါး။ ဇာတိက္ခယံ၊ ဇာတိ၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့။ ပတ္တော၊ ရောက်၏။ အဘိညာ၊ ထူးသောဉာဏ်ဖြင့် သိ၍။ ဝေါသိတော၊ နိဗ္ဗာန်သို့ရောက်၏။

(ထူးသောဉာဏ်ဖြင့် သိအပ်သောတရားကို ထူးသောဉာဏ်ဖြင့်သိ၍, ပိုင်းခြား၍ သိအပ်သောတရားကို ပိုင်းခြားကာ သိ၍, ပယ်အပ်သောတရားကို ပယ်၍, မျက်မှောက်ပြုအပ်သောတရားကို မျက်မှောက်ပြု၍ နိဗ္ဗာန်သို့ရောက်သော ပုဂ္ဂိုလ် ဖြစ်၏ဟူလို။)

မုနိ၊ အာသဝက္ခယဉာဏ်ဖြင့် မောနအဖြစ်သို့ ရောက်သောကြောင့် မုနိဖြစ်၏။ သဗ္ဗဒေါသိတဝေါသာနံ၊ အလုံးစုံသော ကိလေသာတို့၏ဆုံးရာ အရဟတ္တမဂ်အကျင့်ကို ကျင့်သုံးပြီးထသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ ဒေဝဟိတပုဏ္ဏားကြီးသည်လည်း ကြည်ညိုလှသောစိတ် ရှိသည်ဖြစ်၍ သရဏဂုံသုံးပါးတို့၌ တည်လျက် သီတင်းသည် ဥပါသကာ၏အဖြစ်ကို လျှောက်ကြားလေ၏။

ဒေဝဟိတပုဏ္ဏားဝတ္ထု ပြီး၏။

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ