Skip to main content

မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပဌမပိုင်း)

သာသနာ-၂၅၄၆

သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ

ကောဇာ-၁၃၆၄

တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ဦးစီးရေးသားသည်။

ဆဋ္ဌမတွဲ (ပဌမပိုင်း)

မဟာဗုဒ္ဓဝင် နိုင်ငံတော်ဗုဒ္ဓသာသန

၂၀၀၂

မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ(ပထမပိုင်း)

အကြိမ်

အုပ်ရေ

ခုနှစ်

၃၀၀၀

၅၀၀၀

ပထမအကြိမ် ဒုတိယအကြိမ် တတိယအကြိမ် စတုတ္ထအကြိမ် ပဉ္စမအကြိမ်

၅ဝဝဝ

၁၉၇၂ ၁၉၇၈ ၁၉၈၄ ၁၉၉၅ ၂၀၀၂

၅၀၀၀ ၃၀၀၀

ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန (သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်တွင် ညွှန်ကြားရေးမှူး ဦးညွန့်မောင် (မှတ်ပုံတင်အမှတ်-၅၂၄၀၂၄၀၅) က ပုံနှိပ်ထုတ်ဝေသည်။ "

ဆဋ္ဌသံဂါယနာ ဝိဿဇ္ဇက ဆရာတော်

ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ ဝဋံသကာဘွဲ့ ၊

သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယဘွဲ့ ၊

အစိုးရပဌမကျော်ဘွဲ့

ဗုဒ္ဓသာသနဝိသိဋ္ဌ တိပိဋကဓရ မဟာတိပိဋကကောဝိဒဘွဲ့ ၊

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက-ဘွဲ့ရ အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်

ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်ကျမ်း ပြုစုနေပုံ

ဗုဒ္ဓသာသန-မဟာဗုဒ္ဓဝင်

ဆဋ္ဌမတွဲ (ပဌမပိုင်း)

အသေးစိတ် မာတိကာ

[ဓ]

ဧတဒဂ်ဘွဲ့ရ ရဟန္တာမထေရ်ကြီးများ (၄၁)

ဘွဲ့တော် ရရှိသည့်ဧတဒဂ်

၁။ အရှင်ကောဏ္ဍည (ဝါရင့်ခြင်း=ရတ္တညူအရာ)
၂။ အရှင်သာရိပုတြာ (ဉာဏ်ပညာကြီးခြင်း)
၃။ အရှင်မဟာမောဂ္ဂလာန် (တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း)
၄။ အရှင်မဟာကဿပ (ဓုတင်ဆောင်ခြင်း)
၅။ အရှင်အနုရုဒ္ဓ (ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း)
၆။ အရှင်ဘဒ္ဒိယ (အမျိုးမြတ်ခြင်း)
၇။ အရှင်လကုဏ္ဍကဘဒ္ဒိယ (အသံသာယာခြင်း)
၈။ အရှင်ပိဏ္ဍောလဘာရဒွါဇ (ရဲတင်းသော စကားကို ဆိုခြင်း)
၉။ အရှင်ပုဏ္ဏ (ဓမ္မကထိကအရာ တရားဟောကြားခြင်း)
၁၀။ အရှင်ကစ္စာန (အကျဉ်းကို အကျယ်ဟောခြင်း)
၁၁။ အရှင်စူဠပန္ထက (မနောမယအဘိညာဉ်ဖန်ဆင်းခြင်း)
၁၂။ အရှင်မဟာပန္ထက (အရူပဈာန်မှထ၍ ရဟန္တာဖြစ်ခြင်း)
၁၃။ အရှင်သုဘူတိ (အပြစ်မရှိသော နေခြင်းနှင့် အလှူခံထိုက်ခြင်း)
၁၄။ အရှင်ခဒိရဝနိယရေဝတ (တောရဆောက်တည်ခြင်း)
၁၅။ အရှင်ကင်္ခါရေဝတ (ဈာန်ဝင်စားခြင်း)
၁၆။ အရှင်သောဏကောဠိဝိသ (လုံ့လဝီရိယကြီးခြင်း)
၁၇။ အရှင်သောဏကုဋိကဏ္ဏ (အဟောအပြောကောင်းခြင်း)
၁၈။ အရှင်သီဝလိ (လာဘ်ပေါများခြင်း)
၁၉။ အရှင်ဝက္ကလိ (သဒ္ဓါတရား လွန်ကဲခြင်း)
၂ ၀။ အရှင်ရာဟုလာ (သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း)
၂၁။ အရှင်ရဋ္ဌပါလ (သဒ္ဓါ၍ ရဟန်းပြုခြင်း)
၂၂။ အရှင်ကုဏ္ဍဓာန (စာရေးတံမဲ ပဌမယူခြင်း)

[န]

၂၃။ အရှင်ဝင်္ဂီသ (ဖွဲ့ဆိုသီကုံးမှု၌ ဉာဏ်ပဋိဘာန်ရှိခြင်း)
၂၄။ အရှင်ဥပသေန (ကြည်ညိုဖွယ်ရာဖြစ်ခြင်း)
၂၅။ အရှင်ဒဗ္ဗ (သံဃာတော်များအတွက် နေရာချထားခြင်း)
၂၆။ အရှင်ပိလိန္ဒဝစ္ဆ (နတ်တို့ ချစ်မြတ်နိုးခြင်း)
၂၇။ အရှင်ဒါရုစီရိယ (လျင်မြန်စွာ ထိုးထွင်းသိခြင်း)
၂၈။ အရှင်ကုမာရကဿပ (ဆန်းကြယ်စွာ တရားဟောခြင်း)
၂၉။ အရှင်မဟာကောဋ္ဌိတ (ပဋိသမ္ဘိဒါ ၄ ပါး ရခြင်း)
၃၀။ အရှင်အာနန္ဒာ (အကြားအမြင်များခြင်း၊ သတိကောင်းခြင်း၊ ဉာဏ်ကောင်းခြင်း၊ လုံ့လကြီးခြင်း၊ အလုပ်အကျွေး အပြုအစု-ဤငါးချက်)
၃၁။ အရှင်ဥရုဝေလကဿပ (အခြံအရံ များခြင်း)
၃၂။ အရှင်ကာဠုဒါယီ (ဆွေတော် မျိုးတော်တို့ကို ကြည်ညိုစေခြင်း)
၃၃။ အရှင်ဗာကုလ (ကျန်းမာရေးနှင့် ပြည့်စုံခြင်း)
၃၄။ အရှင်သောဘိတ (ပုဗ္ဗေနိဝါသအဘိညာဉ်)
၃၅။ အရှင်ဥပါလိ (ဝိနည်းဆောင်ခြင်း)
၃၆။ အရှင်နန္ဒက (ဘိက္ခုနီတို့အား ဆုံးမခြင်း)
၃၇။ အရှင်နန္ဒ (ဣန္ဒြေစောင့်ခြင်း)
၃၈၊ အရှင်မဟာကပ္ပိန (ရဟန်းများအား ဆုံးမခြင်း)
၃၉။ အရှင်သာဂတ (တေဇောဓာတ်သမာပတ်၌ ဝင်စားခြင်း)
၄၀။ အရှင်ရာဓ (ဒေသက ဘုရားရှင်အား ဒေသနာဉာဏ် အဆင့်ဆင့် ပွင့်စေခြင်း)
၄၁။ အရှင်မောဃရာဇ (ခေါင်းပါးသော သင်္ကန်းကို ဆောင်ခြင်း)

[ပ]

လက်ျာရံ ရဟန္တာမထေရ် (၄၀)

၁။ အရှင်သာရိပုတြာ (အဂ္ဂသာဝက)
၂။ အရှင်အညာသိကောဏ္ဍည
၃။ အရှင်ဝပ္ပ၊
၄။ အရှင်ဘဒ္ဒိယ
၅။ အရှင်မဟာနာမ်
၆။ အရှင်အဿဇိ
၇။ အရှင်နာလက
၈။ အရှင်ယသ
၉။ အရှင်ဝိမလ
၁၀။ အရှင်သုဗာဟု
၁၁။ အရှင်ပုဏ္ဏဇိ
၁၂။ အရှင်ဂ၀မ္ပတိ
၁၃။ အရှင်ဥရုဝေလကဿပ
၁၄။ အရှင်နဒီကဿပ
၁၅။ အရှင်ဂယာကဿပ
၁၆။ အရှင်မဟာကဿပ
၁၇။ အရှင်မဟာကစ္စည်း
၁၈။ အရှင်မဟာကောဋ္ဌိတ
၁၉။ အရှင်မဟာကပ္ပိန
၂၀။ အရှင်မဟာစုန္ဒ
၂၁။ အရှင်အနုရုဒ္ဓါ
၂၂။ အရှင်ကင်္ခါရေ၀တ
၂၃။ အရှင်အာနန္ဒာ
၂၄။ အရှင်နန္ဒက
၂၅။ အရှင်ဘဂု
၂၆။ အရှင်နန္ဒိယ
၂၇။ အရှင်ကိမိလ
၂၈။ အရှင်ဘဒ္ဒိယ
၂၉။ အရှင်ရာဟုလာ
၃၀။ အရှင်သီဝလိ
၃၁။ အရှင်ဥပါလိ
၃၂။ အရှင်ဒဗ္ဗ
၃၃။ အရှင်ဥပသေန
၃၄။ အရှင်ခဒိရဝနိယရေဝတ
၃၅။ အရှင်မဟာပုဏ္ဏ
၃၆။ အရှင်စူဠပုဏ္ဏ
၃၇။ အရှင်သောဏကုဋိကဏ္ဏ
၃၈။ အရှင်သောဏဠိဝိသ
၃၉။ အရှင်ရာဓ
၄၀။ အရှင်သုဘူတိ

[ဖ]

လက်ဝဲရံ ရဟန္တာမထေရ် (၄၀)

၁။ အရှင်မဟာမောဂ္ဂလာန် (အဂ္ဂသာဝက)
၂။ အရှင်အင်္ဂုလိမာလ
၃။ အရှင်ဝက္ကလိ
၄။ အရှင်ကာဠုဒါယီ
၅။ အရှင်မဟာဥဒါယီ
၆။ အရှင်ပိလိန္ဒဝစ္စ
၇။ အရှင်သောဘိတ
၈။ အရှင်ကုမာရကဿပ
၉။ အရှင်ရဋ္ဌပါလ
၁၀။ အရှင်ဝင်္ဂီသ
၁၁။ အရှင်သဘိယ
၁၂။ အရှင်သေလ
၁၃။ အရှင်ဥပဝါန
၁၄။ အရှင်မေသိယ
၁၅။ အရှင်သာဂဘ
၁၆။ အရှင်နာဂိတ
၁၇။ အရှင်လကုဏ္ဍကဘဒ္ဒိယ
၁၈။ အရှင်ပိဏ္ဍောလဘာရဒွါဇ
၁၉။ အရှင်မဟာပန္ထက
၂၀။ အရှင်စူဠပန္ထက
၂၁။ အရှင်ဗာကုလ
၂၂။ အရှင်ကုဏ္ဍဓာန
၂၃။ အရှင်ဒါရုစီရိယ
၂၄။ အရှင်ယသောစ
၂၅။ အရှင်အဇိတ
၂၆။ အရှင်တိဿမေတ္တေယျ
၂၇။ အရှင်ပုဏ္ဏက
၂၈။ အရှင်မေတ္တဂူ
၂၉။ အရှင်ဓောတက
၃၀။ အရှင်ဥပသီဝ
၃၁။ အရှင်နန္ဒ
၃၂ ။ အရှင်ဟေမက
၃၃။ အရှင်တောဒေယျ
၃၄။ အရှင်ကပ္ပ
၃၅။ အရှင်ဇတုကဏ္ဏ
၃၆။ အရှင်ဘဒြာဝုဓ
၃၇။ အရှင်ဥဒယ
၃၈။ အရှင်ပေါသာလ
၃၉။ အရှင်ပိင်္ဂိယ
၄၀။ အရှင်မောဃရာဇ

(နှာ-၁)

နိုင်ငံတော်ဗုဒ္ဓသာသန
မဟာဗုဒ္ဓဝင်
ဆဋ္ဌမတွဲ (ပဌမပိုင်း)

ဂေါတမဗုဒ္ဓဝင်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သံဃရတနာ

အခဏ်း-၄၃

ထေရပဒါနခဏ်း၊

ယခုအခါ မြတ်စွာဘုရားရှင်၏ တပည့်သာဝက သုပ္ပဋိပန္နတာ-အစရှိသော ကျေးဇူးဂုဏ် ကိုးပါးတို့နှင့် ပြည့်စုံတော်မူကြသော အရိယသံဃာတော်တွင် ဧတဒဂ် ဘွဲ့ထူးရ မဟာသာဝကကြီးများ၏ အကြောင်းအရာကျင့်စဉ် ဖြစ်စဉ် = ထေရာပဒါနကို အရှင်ကောဏ္ဍည မထေရ်၏ အကြောင်းအရာမှ အစပြု၍ အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ ဧကကနိပါတ် ဧတဒဂ္ဂဝဂ်အဖွင့်ကို မူရင်း တည်၍ ထုတ်ဆောင် ရေးသား ဖော်ပြပေအံ့__

(နှာ-၂)

(၁) အရှင်ကောဏ္ဍညမထေရ်အကြောင်း

ဤ မထေရ်မြတ်ကြီးတို့၏ အကြောင်းအရာ = ထေရာပဒါနကို ရေးသားဖော်ပြရာ၌ အဋ္ဌကထာလာသောအတိုင်း (က) ရှေး ဆုတောင်း (ခ) နောက်ဆုံးဘဝ ရဟန်းပြုကြောင်း (ဂ) တရားထူးရကြောင်း, (ဃ) ဧတဒဂ်ရာထူးဌာနန္တရ ထားရှိကြောင်း= ဤ အချက်လေးချက်တို့ဖြင့် ရေးသားဖော်ပြပေအံ့__

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

ဤ ဘဒ္ဒကမ္ဘာမှ ပဋိလောမအဆန် ပြန်၍ရေတွက်လျှင် လွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်ထွန်းတော်မူခဲ့လေသည်။ (ထိုမြတ်စွာဘုရား၏ ပဒုမုတ္တရ- အမည်တော် ရကြောင်းကို အောက်မဟာဗုဒ္ဓဝင် ပဌမတွဲ ဒုတိယပိုင်း စာမျက်နှာ ၃၉၆-၌ ရေးသားဖော်ပြခဲ့ပြီ)။

ပဒုမုတ္တရမြတ်စွာဘုရားသည် လူသုံးပါး၌ ထင်ရှားပွင့်ထွန်းတော်မူပြီးနောက် ရဟန်းတော်ပေါင်း -တသိန်းခြံရံလျက် လူ အများအား သနားချေချွတ် ချီးမြှောက်တော်မူဖို့ရန် ရွာ, နိဂုံး, မင်းနေပြည်တို့၌ အစဉ်သဖြင့် ဆွမ်းခံလှည့်လည် ခရီးဒေသစာရီ ကြွချီတော်မူခဲ့ရာ ဟံသာဝတီ (ဖွားတော်မူရာ) ရွှေမြို့တော်သို့ ရောက်ဆိုက်တော်မူလာလေ၏။ ခမည်းတော် အာနန္ဒမင်းကြီးသည် သားတော်ဘုရား ကြွလာတော်မူကြောင်း သတင်းကောင်း ကြားသိ၍ တိုင်းသားပြည်သူ ဗိုလ်ပါပရိသတ်တို့နှင့် အတူတကွ ခရီးဦးကြိုဆိုမှု ပြုလေ၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် ခမည်းတော်အာနန္ဒမင်းကြီးအား အမှူးထား၍ တရားဟောတော်မူလေလျှင် ဒေသနာနိဂုံး ဆုံးသောအခါ၌ အချို့ သောတာပန်, အချို့ သကဒါဂါမ် အချို့ အနာဂါမ်ဖြစ်ကြ၍ အချို့ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေ၏။

ခမည်းတော်မင်းကြီးသည် နောက်တနေ့အတွက် မြတ်စွာဘုရားကို ဆွမ်းစားပင့်လျှောက်ပြီးလျှင် နောက်တနေ့၌ ဆွမ်းစား ချိန်ကို လျှောက်ထားပင့်ဆောင်စေ၍ ရဟန်းတော်ပေါင်းတသိန်း

(နှာ-၃)

အခြံအရံရှိသော ပဒုမုတ္တရမြတ်စွာဘုရားအား မိမိ၏ရွှေနန်းတော်၌ ကြီးစွာသော အလှူဒါနကို ပေးလှူလေသည်။ ပဒုမုတ္တရမြတ်စွာဘုရားသည် ဆွမ်းအနုမောဒနာ တရား ဟောကြားတော်မူပြီးနောက် ကျောင်းတိုက်သို့ တဖန် ပြန်ကြွတော်မူလေ၏။ ထိုနည်းဖြင့်ပင် နောက်တနေ့၌ မြို့သူမြို့သားတို့က မဟာဒါန ပေးလှူကြလေသည်။ နောက်တနေ့၌ အာနန္ဒမင်းကြီးက မဟာဒါန ပေးလှူလေသည်။ ဤနည်းဖြင့်ပင် မင်းကြီးကတလှည့် တိုင်းသူ ပြည်သားတို့ကတလှည့် ဤသို့ အလှည့်အလည်အားဖြင့် ကာလ ရှည်လျားစွာ မဟာဒါန ပေးလှူကြလေသည်။

ထိုအခါ အရှင်ကောဏ္ဍည မထေရ်အလောင်း သူတော်ကောင်းအမျိုးသားသည် ဟံသာဝတီ မင်းနေပြည်ဝယ် စီးပွါး ဥစ္စာ ကြွယ်ဝသော ဂဟပတိမဟာသာလအမျိုး၌ဖြစ်၍ တနေ့သ၌ မြတ်စွာဘုရား တရားဟောချိန်တွင် ဟံသာဝတီပြည်သား လူ အများတို့ ပန်း နံ့သာစသည် လက်စွဲကြကုန်လျက် ဘုရား, တရား, သံဃာ = ရတနာသုံးပါးရှိရာ အရပ်သို့ တရားနာသွားကြသည်တို့ကို မြင်လတ်၍ ထိုလူများနှင့် အတူတကွ တရားဟောရာ အရပ်သို့ လိုက်ပါ သွားလေ၏။

ထိုအခါ၌ ပဒုမုတ္တရ မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ သာသနာဝယ် ရှေးဦးစွာ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်သော ရဟန်းတော်တပါးကို ရတ္တညူအရာ (=ရဟန်းဝါ အကြီးဆုံးအရာ)၌ အသာဆုံး အမြင့်ဆုံးတည်းဟူသော ဧတဒဂ် ရာထူး၌ ထားတော်မူလေသည်။ အရှင်ကောဏ္ဍညအလောင်း အမျိုးကောင်းသားသည် ထိုအကြောင်းကို ကြားသိ၍“ဤရဟန်းသည် ကြီးကျယ်မြင့်မြတ်ဘိတကား၊ မြတ်စွာဘုရားကို အလွတ်ထား၍ အခြားတပါ ဤရဟန်းထက် အလျင်လက်ဦး သစ္စာလေးပါး တရားထူးကို သိမြင်သော ရပာန်းဟူ၍ မရှိဘူးတဲ့။ ငါသည်လည်း နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာဝယ် ဤရဟန်းနည်းတူ အလျင်လက်ဦး သစ္စာလေးပါး တရားထူးကို သိမြင်နိုင်စွမ်းသော ရဟန်းသူမြတ် ဖြစ်ရပါမူ ကောင်း

(နှာ-၄)

လေစွာ့”ဟု ဆင်ခြင် အကြံကောင်းဝင်၍ တရားပွဲပြီးဆုံးသောအခါ မြတ်စွာဘုရားအထံတော်သို့ ဆည်းကပ်၍“နက်ဖြန် တပည့်တော်၏ဆွမ်းကို အလှူခံတော်မူပါကုန်ဘုရား...”ဟုလျှောက်ထား ပင့်ဖိတ်လေသည်။ ပဒုမုတ္တရမြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် သည်းခံတော်မူလေ၏။

အမျိုးကောင်းသားသည့် မြတ်စွာဘုရားရှင် လက်ခံတော်မူကြောင်း ကောင်းစွာသိရ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး အရိုအသေ ပြုပြီးလျှင် မိမိအိမ်သို့ ပြန်ခဲ့၍ တညဉ့်လုံးလုံး မြတ်စွာဘုရားနှင့်တကွ သံဃာတော်များ ထိုင်နေမည့်နေရာကို နံ့သာ,ပန်းဆိုင်း စသည်တို့ဖြင့် တန်းဆာဆင်၍ မွန်မြတ်သော ခဲဖွယ်, ဘောဇဉ်တို့ကို စီမံပြီးလျှင် ထိုည၌လွန်မြောက် နောက် တနေ့ရောက်သောအခါ မိမိအိမ်၌ ရဟန်းတော်ပေါင်း တသိန်း အခြံအရံရှိသော ပဒုမုတ္တရမြတ်စွာဘုရားအား ထူးခြားဆန်းကြယ်သော ယာဂုခဲဖွယ်အခြံအရံ အလှူဒါနနှင့်တကွ ရသာကြိုင်ရွှမ်း နံ့သာသလေးဆွမ်းကို လှူဒါန်းဆက်ကပ်၍ ဆွမ်းကိစ္စပြီးသောအခါ သင်္ကန်းသုံးထည်ချုပ်လောက်သည့် ဝင်္ဂတိုင်းဖြစ် အသစ် စက်စက် မွှေညက်ထူထဲသော အဝတ်တို့ကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ခင်းကျင်း တည်ထားပြီးလျှင် တဖန်ဆက်၍ “ငါသည် အနည်းငယ်မျှသော သာသနရာထူးအတွက် လှည့်လည် ကျက်စားသူမဟုတ်၊ ကြီးစွာသော သာသနာဖက်ဆိုင်ရာ ရာထူးကို တောင့်တလျက် ကျက်စားလှည့်လည်သူ ဖြစ်ချေသည်။ ယခုကဲ့သို့ တရက်တည်းသာ မဟာဒါနပြု၍ ထိုရာထူးဌာနန္တရကို တောင့်တခြင်းငှါ မစွမ်းနိုင်ချေ။ သို့ရကား အစဉ်အတိုင်း ခုနစ်ရက်ဆက်ကာ မဟာဒါနကြီးကို ပေးလှူပြီးလျှင် တောင့်တပေအံ့”ဟု ကြံစည် ဆင်ခြင်မိလေ၏။

ထို အမျိုးကောင်းသားသည် ဤနည်းနှင်နှင် ခုနစ်ရက်ပတ်လုံး မဟာဒါနကို ပေးလှူ၍ ဆွမ်းကိစ္စ ပြီးဆုံးသောအခါ အဝတ် သိုလှောင်သောကျီကြကို ဖွင့်စေပြီးနောက် နူးညံ့မွန်မြတ်သော အဝတ်များကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ထားရှိကာ

(နှာ-၅)

ရဟန်းတော်တသိန်းအား တိစီဝရိက်သင်္ကန်းများကို လှူဒါန်း ဆက်ကပ်ပြီးလျှင် မြတ်စွာဘုရား ထံတော်သို့ ဆည်းကပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ဤယနေ့မှအထက် ခုနှစ် ရက်မြောက်သောနေ့က အရှင်ဘုရားတို့ ဧတဒဂ်ရာထူး၌ ချီးကျူးမြှောက်စား တင်ထားအပ်သော ရဟန်းတော်ပမာ တပည့်တော်သည်လည်း အနာဂတ နောက်ကာလဝယ် ပွင့်တော်မူမည့် မြတ်စွာဘုရားရှင်၏ သာသနာတော်၌ ရှင်, ရဟန်းပြုကာ ရှေးဦးစွာ သစ္စာလေးပါး တရားထူးကို ထိုးထွင်းသိမြင်ခြင်း စွမ်းနိုင် သူ ဖြစ်ရပါလို၏”ဟု လျှောက်ထား၍ ဘုရားခြေတော်ရင်း၌ ဝပ်စင်းဦးခိုက် အလျားလိုက် အရိုအသေပြု၍ နေလေ၏။

ပဒုမုတ္တရမြတ်စွာဘုရားသည် ထို အမျိုးကောင်းသား ဆုပန် လျှောက်ထားသော စကားကို ကြားသိတော်မူ၍ “ဤအမျိုးကောင်းသားသည် ကြီးစွာသော အဓိကာရ (= အထိကရ) ကောင်းမှုကုသိုလ်ကို ပြုအပ်ခဲ့လေပြီ။ ဤအမျိုးကောင်းသား၏ ယခုတောင့်တချက်သည် ပြည့်စုံလိမ့်မည်လော၊ မပြည့်စုံမည်လော”ဟု အနာဂတံသရွှေဉာဏ်တော်ဖြင့် ဆင်ခြင်ကြည့်ရှုတော်မူ လတ်သော် “ဧကန်ပင် ပြည့်စုံလိမ့်မည်”ဟု လင်းလင်းထင်ထင် သိမြင်တော်မူလေ၏။

မှန်၏-မြတ်စွာဘုရားတို့၏ အဖို့ရာ အတိတ်ကိုဖြစ်စေ, အနာဂတ်ကိုဖြစ်စေ ပစ္စုပ္ပန်ကိုဖြစ်ပေ အာရုံပြု၍ ဆင်ခြင်တော်မူကြလျှင် အပိတ်အပင် အဆီးအတားဟူ၍ မြူမျှမရှိ၊ ကမ္ဘာကုဋေ သိန်း ပေါင်းများစွာ ခြားကွာသည့် အတိတ်အကြောင်းများ, အနာဂတ် အကြောင်းများသည်၎င်း, စကြဝဠာအထောင် ခြားကွာလျက်ရှိသည့် ပစ္စုပ္ပန်အကြောင်းများသည်၎င်း ဆင်ခြင်မှု့နှလုံးသွင်းမှုနှင့်သာ ဆက်စပ်၏၊ (=ဆင်ခြင် နှလုံးသွင်းတော်မူလိုက်သည်နှင့် တပြိုင်နက် ထင်လင်းသိသာ၍ လာ၏။) ဤသို့လျှင် အပိတ်အပင် အဆီးအတား မရှိသော ဉာဏ်တော်ဖြင့် ပဒုမုတ္တရမြတ်စွာဘုရားသည် “နောက်အခါ ကမ္ဘာတသိန်းထက်၌ ဂေါတမြတ်စွာဘုရား လူသုံးပါး၌ ထင်ရှားပွင့်တော်မူလိမ့်မည်၊ ထိုအခါ

(နှာ-၆)

ဤ အမျိုးကောင်းသားများ၏ ဆုတောင်းချက် ပြည့်ဝလိမ့်မည်”ဟု ဤအကြောင်းကို သိမြင်တော်မူကာ ပဒုမုတ္တရမြတ်စွာဘုရားသည် အရှင်ကောဏ္ဍညအလောင်း အမျိုးကောင်းသားကို “အမောင် အမျိုးကောင်းသား...နောက်အခါ ကမ္ဘာတသိန်းထက်၌ ဂေါတမအမည်ရှိတော်မူသော မြတ်စွာဘုရား လူသုံးပါး၌ ထင်ရှားပွင့်ထွန်းတော်မူလိမ့်မည်၊ အမောင်သည် ထိုဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရားဦးကို ဟောကြားသောအခါ တေပရိဝဋ္ဋ ဓမ္မစက္ကပဝတ္တန သုတ္တန်အဆုံးဝယ် ဗြဟ္မာတဆယ့်ရှစ်ကုဋေတို့နှင့်တကွ နည်းတထောင်နှင့်ပြည့်စုံသော သောတာပတ္တိဖိုလ်၌ တည်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

ထို့နောက် ပဒုမုတ္တရမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက်(အောက် စတုဝီသတိဗုဒ္ဓဝင်ခဏ်း=ပဌမတွဲ ဒုတိယပိုင်း စာမျက်နှာ ၄၀၃-၌ ဖော်ပြအပ်ပြီးသောအတိုင်း) လူအပေါင်းတို့ ခုနစ်ယူဇနာအမြင့်ရှိသော သရီရစေတီတော်မြတ်ကြီး တည်ထား ကြသောအခါမှာလည်း ဤအရှင်ကောဏ္ဍညအလောင်း သူတော်ကောင်းသူဌေးသည် စေတီတော်အတွင်း ရတနာတိုက်အိမ်ကို ဆောက်လုပ် လှူဒါန်းသည့်ပြင် သရီရစေတီတော်ကို ဝန်းရံ၍ ရတနာတုရိုဏ် တိုင်ပေါင်းအထောင် စိုက်ထူ လှူဒါန်းလေသည်။

မဟာကာလ, စူဠကာလ ညီနောင်ဝတ္ထု

အရှင်ကောဏ္ဍညအလောင်း ထို အမျိုးကောင်းသား သူဌေးသည် အနှစ်တသိန်းကြာ ကာလပတ်လုံး ဒါနစသော ကောင်းမှုကို ပြု၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်လေ၏။ ထို အရှင်ကောဏ္ဍညအလောင်း သူတော်ကောင်း၏ အဖို့ရာ နတ်ပြည်, လူ့ပြည်တို့၌ အလှည့်အလည် ကျင်လည်ရစဉ်ပင် မဟာ ကမ္ဘာပေါင်း(၉၉၉၀၉)ကိုးသောင်းကိုးထောင်ကိုးရာ့ကိုးကမ္ဘာတို့ လွန်ခဲ့လေကုန်၏။ (=မဟာကမ္ဘာပေါင်း ၉၉၉ဝ၉-ကမ္ဘာ ကြာအောင် အပါယ်သို့ မလားရပဲ နတ်ပြည်, လူ့ပြည်၌သာ စုန်, ဆန်လူးလာ ကျင်လည်ရလေသည်ဟု ဆိုလို၏)။ ဤမျှ ရှည်လျားသောအခါကို လွန်မြောက်သဖြင့် ဤ ဘဒ္ဒကမ္ဘာမှ ပဋိ

(နှာ-၇)

လောမအဆန် ပြန်၍ ရေတွက်လျှင် လွန်ခဲ့သော ကိုးဆယ့်တကမ္ဘာ ထက်၌ ဤ အရှင်ကောဏ္ဍညအလောင်း အမျိုးကောင်းသားသည် ဗန္ဓုမတီ မင်းနေပြည်၏ တံခါးအနီးရွာဝယ် သူကြွယ်မျိုး၌ ဖြစ်၍ အမည်အားဖြင့် မဟာကာလဟူ၍ အမည်တွင်လေသည်။ ထို အမျိုးကောင်းသား၏ ညီငယ်ကား စူဠကာလဟူ၍ အမည်တွင်လေသည်။

ထိုအချိန်ဝယ် ဝိပဿီမြတ်စွာဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ စုတေ၍ မန္ဓုမတီ မင်းနေပြည်ဝယ် ဗန္ဓုမ မင်းကြီး၏ အဂ္ဂမဟေသီ ဗန္ဓုမတီ မိဖုရားကြီးဝမ်း၌ ဖြစ်တော်မူ၍ (အောက် စတုဝီသတိ ဗုဒ္ဓဝင်ခဏ်း၌ ဖော်ပြအပ်သည့်အတိုင်း) အစဉ်သဖြင့် သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူကာ တရားဟောရန် မဟာဗြဟ္မာကြီး တောင်းပန်အပ်ရကား “အဘယ်သူ့အား ရှေးဦးစွာ တရားကို ဟောရမည်နည်း”ဟု ကြံစည်ဆင်ခြင်တော်မူ၍ မိမိ၏ညီ ခဏ္ဍမင်းသားကို၎င်း, ပုရောဟိတ်၏သား တိဿလုလင်ကို၎င်း၊ “ထိုသူနှစ်ယောက်တို့သည် ရှေးဦးစွာ သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိခြင်းငှါ စွမ်းနိုင်သူများ ဖြစ်ကြသည်” ဟု ပိုင်းခြားသိမြင်တော်မူပြီးလျှင် “ထိုသူတို့အားလည်း တရားဟောပေအံ့၊ ခမည်းတော်မင်းကြီးအားလည်း ချီးမြှောက်မှုကို ငါပြုပေအံ့” ဟု ကြံစည်ဆင်ခြင် ဆုံးဖြတ်တော်မူကာ မဟာဗောဓိမဏ္ဍိုင်မှ ကောင်းကင်ခရီးဖြင့်ပင် ကြွတော်မူ၍ ခေမမည်သော မိဂဒါဝုန်တော၌ သက်ကြွတော်မူပြီးလျှင် ထို ခဏ္ဍ မင်းသားနှင့် တိဿလုလင်တို့ကို ကိုယ်တော်မြတ်အထံသို့ လာရောက်ရန် ခေါ်စေ၍ တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ၌ ထိုသူနှစ်ဦးလုံးတို့သည်ပင် သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့နှင့် အတူတကွ အရဟတ္တဖိုလ်၌ တည်ကြ လေကုန်၏။

ထို့နောက် ဝိပဿီမြတ်စွာဘုရားအလောင်းတော် တောထွက်တော်မူစဉ်အခါ အတူလိုက်ပါ ရဟန်းပြုခဲ့ကြသည့် အမျိုးကောင်းသား ရှစ်သောင်းလေးထောင်တို့သည် ထိုအကြောင်းကို ကြားသိ

(နှာ-၈)

ကြ၍ မြတ်စွာဘုရားထံတော်သို့ လာရောက်ကြကာ တရား ဒေသနာကို ကြားနာကြသဖြင့် အရဟတ္တဖိုလ်၌ တည်ကြလေ ပြန်သည်။ ဝိပဿီမြတ်စွာဘုရားသည် ထို ခေမမိဂဒါဝုန်တော အရပ်၌ပင် ခဏ္ဍမထေရ်ကို လက်ျာရံအသာဝက တိဿမထေရ်ကို လက်ဝဲရံအဂ္ဂသာဝကအရာ၌ အသီးသီးထားတော်မူလေ၏။

ဗန္ဓုမမင်းကြီးသည်လည်း ထို အကြောင်းကို ကြားသိ၍ “သားတော်ဘုရားကို ဖူးမြော်အံ့”ဟု ဥယျာဉ်သို့ သွားရောက်ကာ တရားတော်ကို ကြားနာ၍ သရဏဂုံသုံးပါးတို့၌ တည်ပြီးလျှင် ဝိပဿီမြတ်စွာဘုရားရှင်ကို နက်ဖြန်ဆွမ်းအတွက် ပင့်လျှောက်ပြီးနောက် ရှိခိုးအရိုအသေပြုပြီး ဖဲသွားလေ၏။ မင်းကြီးသည် ရွှေနန်းတော်သို့ ရောက်သောအခါ မြတ်သောပြာသာဒ်၌ ထိုင်နေလျက် “ငါ၏သားကြီးသည် တောထွက်၍ ဘုရားဖြစ်ခဲ့လေပြီ။ ဒုတိယသားသည်လည်း လက်ျာရံအဂ္ဂသာဝက ဖြစ်ခဲ့လေပြီ။ ပုရောဟိတ်၏သား တိဿလုလင်သည် လက်ဝဲရံအဂ္ဂသာဝက ဖြစ်ခဲ့လေပြီ။ ဤကြွင်းကျန်သည့် နောက်လိုက် ရဟန်းပေါင်း ရှစ်သောင်းလေးထောင်တို့သည် လူဖြစ်စဉ်အခါကလည်းသ ငါ့သားကိုသာ ဝန်းရံ၍ လှည့်လည်ကျက်စားခဲ့ကြလေပြီ၊ သို့ရကား ဤ ဘုရားအမှူးသော သံဃာတော်တို့သည် ရှေးကရော ယခုပါ ငါ၏တာဝန်သာဖြစ်ကုန်၏၊ ငါသာလျှင် ထိုဘုရားနှင့်တကွသော ရဟန်းတော်တို့ကို ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေးပေတော့အံ့၊ အခြားသူတို့အား ပြုစုလုပ်ကျွေးခွင့်ကို ငါမပေးတော့အံ့” ဟု ကြံစည်စဉ်းစား၍ ကျောင်းတော်တံခါးမုခ်မှသည် ရွှေနန်းတော် တံခါးဝတိုင်အောင် ဝဲ,ယာနံပါးနှစ်ဖက်တို့ ရှားသားတံတိုင်း ကာရံစေပြီးနောက် အဝတ်တို့ဖြင့် ဖုံးလွှမ်းစေပြီးလျှင် အပေါ်က ရွှေကြယ်တို့ဖြင့် စီချယ်အပ်သည့် ထန်းလုံးခန့် ပမာဏရှိသည့် ပန်းဆိုင်းများ တွဲလျားချကာ ဗိတာန်မျက်နှာကြက်ကို ကြက်လျက်အောက်မြေအပြင်ကိုလည်း ဆန်းကြယ်သောအခင်းတို့ဖြင့် ခင်းစေ၍ အတွင်း ဝဲ,ယာနံပါးနှစ်ဖက်တို့၌ ပန်းချုံများဝယ် ရေပြည့်အိုးတို့ကို၎င်း, တလမ်းလုံးထုံကြိုင် လှိုင်စေရန် နံ့သာတိုအကြား၌

(နှာ-၉)

ပန်းများကို၎င်း, ပန်းတို့အကြား၌ နံ့သာများကို၎င်း, အလှည့် အလည် ထားရှိစေကာ မြတ်စွာဘုရားအား ဆွမ်းစားကြွရန် အချိန်တန်ပြီဖြစ်ကြောင်း ကြားလျှောက်စေလေ၏။ ဝိပဿီ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျက် တင်းတိမ်ကန့်လန့် ကာ အတွင်းမှပင် ရွှေနန်းတော်သို့ ကြွ၍ ဆွမ်းဘုဉ်းပေးပြီးလတ်သော် ထိုလမ်းအတိုင်းပင် ကျောင်းတော်သို့ တဖန် ပြန်ကြွတော်မူလေ၏။ အခြားသူ တဦးတယောက် ဖူးမြော်ခွင့်ကိုပင် မရချေ။ ဆွမ်းလှူရန် ပူဇော်မှုပြုရန် အခွင့်ကိုကား အဘယ်မှာရချေတော့အံ့နည်း၊ တဦးတယောက်မျှ မရတော့သည်သာတည်း။

ထိုအခါ မြို့သူမြို့သားတို့ စဉ်းစားဆင်ခြင် ကြံစည်တိုင်ပင်ကြသည်မှာ__

“ယခုအခါ လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူ လာသည်မှာ ခုနစ်နှစ် ခုနစ်လတို့ ရှိခဲ့လေပြီ။ သို့သော်လည်း ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်ကိုမျှ မရကြကုန်၊ ဆွမ်းလှူရန် ပူဇော်မှုပြုရန် တရားနာရန်ကား ... အဘယ်ဆိုဖွယ်ရှိအံ့နည်း (=အခွင့်မရသည်ဧကန်တည်း)။ မင်းကြီးသည် ဘုရားကား ငါ့ဘုရားသာတည်း, ငါ့တရားလည်း တရားသာတည်း, သံဃာလည်း ငါ့သံဃာသာတည်းဟု မြတ်နိုးတနာ ကိုယ်တိုင်သာ ရတနာသုံးပါးကို - ပြုစုလုပ်ကျွေးလေသည်။ မြတ်စွာဘုရား ပွင့်ထွန်းတော်မူ လာခြင်းကား နတ်ဗြဟ္မာနှင့်တကွသော သတ္တလောက၏ အကျိုးငှါ ပွင့်တော်မူလာခြင်းဖြစ်လေသည်။ မင်းကြီးတဦးတည်း အကျိုးငှါသာ ပွင့်ထွန်းတော်မူလာသည်မဟုတ်။ မှန်၏-ငရဲမီးသည် မင်းကြီးအရာသာပူလျက် အခြားသူတို့ အရာ ကြာညိုပန်းနှင့်တူသည်မဟုတ်၊ သို့ရကား ငါတို့သည် “မင်းကြီးကို အကျွန်ုပ်တို့အား မြတ်စွာဘုရားကို (မြတ်စွာဘုရားအား ပြုစုခွင့်ကို) အကယ်၍ ပေးလျှင်ကောင်းပါသည်။ အကယ်၍ မပေးလျှင်ကား မင်းကြီးနှင့် စစ်ပြိုင်၍ သံဃာတော်ကို အရယူကြပြီးလျှင် ဒါန အစရှိ

(နှာ-၁၀)

ကောင်းမှုတို့ကို ပြုကြရပါလိမ့်မည်ဟု အရေးဆိုကြ ကုန်စို့။ အထူးအကြောင်းရှိသည်မှာ__ မြို့သူမြို့သားများ သက်သက်သာဆိုလျှင် ဤသို့ ပြုနိုင်ကြမည်မဟုတ်၊ သို့ရကား ရှေ့သွားခေါင်းမှူး ဦးစီးပုဂ္ဂိုလ်တယောက်ကို ရယူကြကုန်စို့”__

ဟု ကြံစည်တိုင်ပင်ကြပြီးလျှင် စစ်သေနာပတိထံသို့ သွားရောက်ကြ၍ ထိုအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောကြားကြပြီးလျှင် “အို အရှင်စစ်သေနာပတိမင်း ... အရှင်စစ်သူကြီးသည် အကျွန်ုပ်တို့၏ အပင်းအသင်း ဖြစ်မည်လော၊ သို့မဟုတ် မင်းကြီး၏ အပင်းအသင်း ဖြစ်မည်လော”ဟု တိုက်ရိုက်မေးမြန်းကြလေ၏။ ထိုအခါ စစ်သူကြီးက “သင်တို့၏ အပင်းအသင်း ဖြစ်ပါမည်၊ သို့သော် အထူးပြောဆို တင်ပြလိုသည်မှာ ပဌမရက်ကို ငါ့အား ပြုစု လုပ်ကျွေးခွင့် ပေးရမည်” ဟု အခွင့်တောင်း အရေးဆိုလေလျှင် မြို့သူမြို့သားတို့သည် ထိုအချက်ကို သဘောတူ လက်ခံကြလေ၏။

စစ်သူကြီးသည် မင်းကြီးထံ သွားရောက်၍ “အရှင်မင်းကြီး မြို့သူမြို့သား လူအများတို့သည် အရှင်မင်းကြီးတို့အား အမျက် ထွက်ကြပါကုန်ပြီ” ဟု လျှောက်ထား၍ မင်းကြီးက “အမောင် စစ်သူကြီး… အဘယ့်ကြောင့် မြို့သူမြို့သားတို့က ငါ့အား အမျက် ထွက်ကြသနည်း” ဟု မေးလေလျှင် “မြတ်စွာဘုရားကို အရှင်မင်းကြီးတို့ကသာလျှင် ပြုစုလုပ်ကျွေးကြကုန်၏၊ ငါတို့သည် ပြုစု လုပ်ကျွေးခွင့် မရကုန်လိုတဲ့၊ အရှင်မင်းကြီး... အချိန်မလွန်သေးပါ။ ယခုအခါလည်း အကယ်၍ ပြုစုလုပ်ကျွေးခွင့် ရကြမည်ဆိုပါလျှင် အမျက်ထွက်ကြမည်မဟုတ်ပါ။ မရကြလျှင်ကား အရှင်မင်းကြီးတို့နှင့် စစ်ပြိုင်လိုကြပါကုန်သတဲ့” ဟူ၍ စစ်သူကြီးက ပွင့်လင်းစွာလျှောက်ထားလေ၏။ ထိုအခါ မင်းကြီးက “အမောင်စစ်သူကြီး စစ်ကိုသာ ထိုးမည်၊ ရဟန်းသံဃာကိုကား ဘယ်နည်းနှင့်မှ ငါမပေး”ဟု ဆိုလေလျှင် စစ်သူကြီးသည် “အရှင်မင်းကြီး... အရှင်မင်းကြီး၏ ကျေးကျွန်တို့သည် အရှင်မင်းကြီးတို့နှင့် ပြိုင်၍ စစ်ထိုးကြမည်ဟု ပြောဆိုနေကြပါကုန်၏။ အရှင်မင်းကြီးတို့သည်

(နှာ-၁၁)

အဘယ်သူကို ခေါ်ယူ၍ စစ်ထိုးကြမည်နည်း” ဟု အကြပ်ကိုင် စကား လျှောက်ထားလေသော် မင်းကြီးက “အမောင်သည် ကျွန်ုပ်၏ စစ်သေနာပတိ မဟုတ်ပါလော” ဟု သိမ်းသွင်းစကား ပြောကြားလေလျှင် စစ်သူကြီးက “အရှင်မင်းကြီး မြို့သူမြို့သားများနှင့် ကင်းကွာ၍ အကျွန်ုပ် စစ်မထိုးနိုင်ပါ” ဟု လျှောက်ထားလေ၏။

ထိုအခါ မင်းကြီးသည် “မြို့သူ မြို့သားတို့ကား အားကြီးလှကုန်၏၊ စစ်သေနာပတိသည်လည်း ထိုသူတို့၏ အပင်းအသင်းသာ ဖြစ်ချေ၏” ဟု သိမြင်ကာ “အမောင်တို့...ထိုသို့ဖြစ်လျှင် နောက်ထပ် ခုနစ်နှစ် ခုနစ်လတို့ပတ်လုံး ပြုစုလုပ်ကျွေးရန် ငါ့အား ရဟန်း သံဃာကို ပေးကြကုန်လော့” ဟု ခွင့်တောင်းစကား ပြောကြားလေ၏။ မြို့သူ မြို့သားတို့သည် လက်မခံ သဘော မတူကြကုန်။ မင်းကြီးသည် ခြောက်နှစ် ငါးနှစ်-စသည်ဖြင့် အစဉ်အတိုင်း လျော့၍ လျှော့၍ နောက်ဆုံး၌ ခုနစ်ရက်မျှ ပြုစုလုပ်ကျွေးရန် ခွင့်တောင်းစကား ပြောကြားလေ၏။ ထိုအခါ မြို့သူ မြို့သားတို့သည် “ယခု နောက်ဆုံး ခုနှစ်ရက်မျှ ပြုစုလုပ်ကျွေးရန် တောင်းခံသောအခါ၌ မင်းကြီးနှင့် အန္တုဗလပြု၍ တင်းမာခြင်းငှါ မသင့်လျော်”ဟု တိုင်ပင်ညီညွတ်ကြကာ မင်းကြီး တောင်းဆိုချက် ခုနှစ်ရက်ကို ခွင့်ပြုကြလေကုန်၏။

ဗန္ဓုမမင်းကြီးသည် ခုနစ်နှစ် ခုနစ်လစာ စီရင်ရမည့် အလှူဝတ်ကို ခုနှစ်ရက်အတွက်နှင့် ကုန်အောင် စီရင်ပြီးလျှင် ရှေ့ခြောက်ရက်၌ တိုင်းသူပြည်သား တဦးတယောက်မျှ မမြင်စဉ် ပေးလှူ၍ ခုနစ်ရက်မြောက် ရောက်သောနေ့၌ မြို့သူ မြို့သားတို့ကို ဖိတ်ခေါ်ပြီးလျှင် ကြီးကျယ်စွာသော အလှူဝတ်တို့ကို ပြ၍ “အမောင်တို့... ဤသို့ ကြီးကျယ်ခမ်းနားသော အလှူကို လှူနိုင်ကြ ပါမည်လော” ဟု အကဲစမ်းစကား ပြောကြားလေ၏။ မြို့သူ မြို့သားတို့သည်လည်း “အရှင်မင်းကြီး အရှင်မင်းကြီး၏ ဤ အလှူဝတ်များသည် အကျွန်ုပ်တို့ကို အမှီပြု၍သာ ဖြစ်သည်မဟုတ်လော”ဟု ချေပကြ၍ “စွမ်းနိုင်ပါကုန်၏”ဟု ပြောကြားကြကုန်

(နှာ-၁၂)

၏။ ဗန္ဓုမမင်းကြီးသည် လက်ဖမိုးဖြင့် မျက်ရည်များကို သုတ်လျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးသော သားတော် မြတ် ဘုရား ... ခမည်းတော်သည် သားတော်ဘုရားနှင့်တကွ ရဟန်းတော်ပေါင်း တသိန်း ခြောက်သောင်း ရှစ်ထောင်ကို အခြားသူ၏တာဝန်မပြုပဲ အသက်ထက်ဆုံးပစ္စည်းလေးပါးတ္တိဖြင့် ပြုစုလုပ်ကျွေးမည် ဟု ကြံစည်ဆုံးဖြတ်ခဲ့ပါသည်၊ သို့သော် ယခုအခါ မနေသာသည့်အတွက် မြို့သူ မြို့သားများအား ပြုစုလုပ်ကျွေးကြရန် အခွင့်ပြုလိုက်ရပါပြီ၊ မှန်ပါသည် “ငါတို့သည် အလှူဒါန ပြုခွင့်မရကြဟု ပြောဆိုကြကာ မြို့သူ မြို့သားတို့က အကျွန်ုပ် (ခမည်းတော်)အား အမျက်ထွက်ကြပါသည်ဘုရား...၊ ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား...နက်ဖြန်မှပင် အစပြုကာ ထို မြို့သူ မြို့သား လူအများတို့အား သနားချီးမြှောက်မှု ပြုတော်မူကြ ပါကုန်ဘုရား” ဟု လက်လျှော့ခွင့်ပြုစကား ဝမ်းနည်းဖွယ်ရာ လျှောက်ထားရှာလေ၏။

ထို့နောက် ဒုတိယနေ့၌ စစ်သေနာပတိကြီးသည် မူလကတိက စကားအတိုင်း ဘုရားအမှူးရှိသော သံဃာတော်အား ကြီးစွာသော အလှူဒါနကို ပေးလှူလေသည်။ (ဤ၌ အံ-ဋ္ဌ-၃၊ စာမျက်နှာ ၁၃-လော သဒ္ဓါသုမနဝတ္ထုကို အကျဉ်းချုပ် ပြဆိုဦးအံ့)__

သဒ္ဓါသုမနဝတ္ထု

စစ်သေနာပတိကြီး၏ အလှည့်ဖြစ်သော ထို ပဌမနေ့၌ စစ်သေနာပတိကြီးသည် ကြီးစွာသောအလှူဒါနကို စီမံခန့်ခွဲလျက် “ယနေ့ အဖို့ရာ အခြားသူတဦးတယောက်သည် ဆွမ်းတဇွန်း တယောက်မမျှ လှူနိုင်ခွင့်မရအောင် စောင့်ကြပ်ကြရမည်” ဟု အမိန့်ထုတ်ကာ ထက်ဝန်းကျင်မှ မင်းချင်းယောက်ျား စစ်သားတို့ကို အစောင့်အနေ ချထားလေ၏။ ထိုနေ့၌ ဗန္ဓုမတီပြည် (အရှင်သခင် လင်သူဌေးကြီး ကွယ်လွန်ပြီးဖြစ်သည့်) သူဌေး ကတော်ကြီးသည်(မိမိတို့ ပဌမနေ့ ဆွမ်းလှူခွင့်မရသည့်အတွက်) ဝမ်းနည်းခြင်း ပြင်းစွာဖြစ်လျက် ငိုကြွေးမြည်တမ်းကာ သတို့သမီး

(နှာ-၁၃)

အဖော်ငါးရာတို့နှင့် အတူတကွ ကစားရာမှ ပြန်လာသော မိမိသမီးကို “ချစ်သမီး...သမီး၏ဖခင် အကယ်၍ အသက်ရှင်နေ ပါလျှင် ဤယခုနေ့ ငါသည် ရှေးဦးစွာ မြတ်စွာဘုရားကို ဆွမ်းကျွေးရလေ၏” ဟု အားနွဲ့စကား တိုင်တမ်း ပြောဆိုလေ၏။ သူဌေးသမီးသည် မိခင်သူဌေးကတော်ကြီးကို “အိုမိခင်... ထွေရာ လေးပါး အကြံမများ စိတ်မများပါလင့်၊ ဘုရားအမှူးရှိသော သံဃာတော်များ သမီးတို့၏ဆွမ်းကို ရှေးဦးစွာ ခံယူသုံးဆောင်အောင် သမီး ကြံဆောင် ပြုလုပ်ပါမည်” ဟု အားပေးစကား ပြောကြားလေ၏။ ထို့နောက် သူဌေးသမီးသည် အဖိုးတသိန်းတန် ရွှေခွက်၌ ရေမရောသော နို့ဃနာဆွမ်းကို အပြည့်ထည့်ပြီးလျှင် ထောပတ်, ပျား, သကာ-စသည်တို့ဖြင့် သွန်းလောင်းမွမ်းမံ ပြင်ဆင်၍ အခြားရွှေခွက်တခုဖြင့် မှောက်၍အုပ်ကာ ထိုရွှေခွက်နှစ်လုံးကို မုလေး (မြတ်လေး) ပန်းကုံးတို့ဖြင့် လွှမ်းဖုံးရစ်ပတ်၍ မုလေးပန်းလုံးကြီး နှင့်တူအောင် ပြုလုပ်ပြီးလျှင် မြတ်စွာဘုရား မြို့တွင်းသို့ ကြွဝင်တော်မူသောအခါ၌ ကိုယ်တိုင်ချီရွက်၍ အထိန်းအယပေါင်း များစွာ ခြံရံလျက် အိမ်မှထွက်ခဲ့လေ၏။

လမ်းခရီးသို့ရောက်၍ သူဌေးသမီးနှင့် အစောင့်လူများ အချီ အချ စကား ပြောဆိုကြသည်မှာ__

(အစောင့်များ) သမီး...ဤအရပ်သို့ မလာခဲ့လင့်၊

(သူဌေးသမီး) ဘကြီး ... ဘထွေး... ဦးလေး... ဘကြီးတို့က ဘထွေးတို့က ဦးလေးတို့က ဘာ့ကြောင့် သွားခွင့် မပေးကြပါသလဲရှင်...(ဘုန်းရှင် ကံရှင်များသည် ချစ်နှစ်သက်ဖွယ်စကားကို ပြောကြားတတ်ကြကုန်၏၊ ထိုသူတို့ အဖန်ဖန် ပြောကြားသောစကားကို အခြားသူများ ပယ်ရှားရန် မစွမ်းနိုင်ကြကုန်)။

(အစောင့်များ) စစ်သေနာပတိကြီးက အခြားသူတဦး တယောက်အားမျှ ခဲဖွယ်ဘောဇဉ်ကို လှူဒါန်းခွင့်မပေး

(နှာ-၁၄)

ရ-ဟု အတင်းအကြပ် အမိန့်ထုတ်ကာ ဘကြီးတို့ကို အစောင့်ချထားအပ်ပါကုန်သည် သမီး...။

(သူဌေးသမီး) ဘကြီးတို့... ဘကြီးတို့က ယခုလို တားမြစ်ရအောင် သမီး၏ လက်ထဲမှာ ခဲဖွယ်, ဘောဇဉ် တစုံတရာကို မြင်ကြပါသလော။

(အစောင့်များ) ပန်းလုံးကြီးကိုပင် မြင်ကြရပါသည် သမီး...။

(သူဌေးသမီး) ဘယ့်နှယ်လဲ ဘကြီးတို့၏ စစ်သူကြီးက ပန်းပူဇော်မှုကို မပြုရတော့ဘူးတဲ့လား။

(အစောင့်များ) ပန်းပူဇော်မှုပြုရန်ကိုတော့ အခွင့်ပေးပါတယ် သမီး...။

ထိုအခါ သူဌေးသမီးသည် အစောင့်များကို “ထိုသို့ဖြစ်လျှင် ဖယ်ရှားကြပါ၊ မတားကြပါနှင့် ဘကြီးတို” ဟု ပြောဆိုကာ မြတ်စွာဘုရား ထံတော်သို့ သွားရောက်ချဉ်းကပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားပန်းလုံးအပူဇော်ကို အလှူခံတော်မူပါ ကုန်ဘုရား” ဟု လျှောက်ထား ဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် အစောင့်လူတယောက်ကို ကြည့်တော်မူ၍ ပန်းလုံးကို ဆောင်ယူခဲ့စေလေ၏။ သူဌေးသမီးသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်__

“ဘုန်းတော်ကြီးသောမြတ်စွာဘုရား တပည့်တော်မ၏ အဖို့ရာ ဘဝသံသရာ ဖြစ်လေရာရာ၌ တောင့်တောင့် တတ ကြောင့်ကြောင့်ကြကြ အသက်ရှင်ရခြင်းဟူ၍ မဖြစ်ပါစေသား၊ ဤမုလေး (မြတ်လေး) ပန်းကဲ့သို့ ဖြစ်လေရာရာ သံသရာဘဝ၌ လူအများ ချစ်ခင်အပ်သူ အမည်အားဖြင့်လည်း သုမနာ (=မယ်မြတ်လေး) ဟူ၍သာ အမည်တွင်သူ ဖြစ်ရပါလို၏ဘုရား” ဟု

ဆုတောင်းပတ္ထနာမှု ပြု၍ မြတ်စွာဘုရားက “ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိသူ ဖြစ်ပါစေ” ဟု တုံ့ပြန် မိန့်ကြားတော်မူအပ်

(နှာ-၁၅)

ရကား သူဌေးသမီးသည် ဝမ်းမြောက်ဝမ်းသာ မြတ်စွာဘုရားကို ရှိခိုးအရိုအသေပြု၍ ဖဲသွားလေ၏။

မြတ်စွာဘုရားသည်လည်း စစ်သေနာပတိအိမ်သို့ ရောက်၍ ခင်းအပ်သော နေရာ၌ ထိုင်နေတော်မူ၏။ စစ်သေနာပတိသည် ယာဂုကို ယူဆောင်၍ မြတ်စွာဘုရားထံတော်သို့ ကပ်လာ၏။ မြတ်စွာဘုရားသည် လက်တော်ဖြင့် သပိတ်ကို ပိတ်၍ထားတော်မူ လိုက်၏။ စစ်သေနာပတိက “ရဟန်းအားလုံး မစုံညီသေး၍ အလှူမခံသည် ဖြစ်လိမ့်မည်” ဟု အောက်မေ့ကာ “မြတ်စွာဘုရား... ရဟန်းသံဃာ အားလုံးစုံညီ စည်းဝေး ထိုင်နေမိပါပြီ” ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားသည် “ငါတို့အဖို့ရာ လမ်း ခရီးအကြား၌ ရခဲ့သော ဆွမ်းတအုပ် ရှိပြီးသား ဖြစ်လေပြီ” ဟု မိန့်တော်မူလေ၏။ အပေါ်ကအုပ်လွှမ်းသည့် မုလေးပန်းကို ဖယ်ရှားလိုက်သော် အငွေတချောင်းချောင်းနှင့် နို့ဃနာဆွမ်းကို တွေ့ မြင်လေ၏။ ထိုအခါ ထိုရွှေခွက်ကိုယူဆောင်လာသူစစ်သေနာပတိ၏ တပည့်လူငယ်သည် “အရှင်စစ်သေနာပတိကြီး...အကျွန်ုပ်ကို “ပန်းလုံး” ဟု ပြောဆိုကာ မာတုဂါမ မင်းမိန်းမသည် လှည့်စား လိမ်လည်လိုက်ပါပြီ” ဟု ပြောဆိုလေ၏။ နို့ဃနာဆွမ်းသည် မြတ်စွာဘုရားကို အစဦးပြုကာ ခပ်သိမ်းသော ရဟန်းတို့အတွက် ဘုဉ်းပေး သုံးဆောင်လောက်လေသည်။ ယာဂု နို့ဃနာဆွမ်း ကပ်လှူပြီးနောက်မှ စစ်သေနာပတိသည် မိမိစီမံထားသော လှူဖွယ်ဝတ္ထုများကို လှူဒါန်းလေသည်။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီးသော် မင်္ဂလာတရားစကား ကြား၍ ဖဲကြွသွားတော်မူလေ၏။

မြတ်စွာဘုရား ဖဲကြွသွားပြီးနောက် စစ်သူကြီးသည် မိမိတပည့်များကို “ဆွမ်းလှူလိုက်သော ထိုမိန်းမသည် အဘယ် အမည်ရှိသနည်း”ဟု မေး၍ တပည့်များက “အရှင်စစ်သူကြီးမင်း...သူဌေးသမီး ဖြစ်ပါသည်” ဟု ပြန်ကြားဆိုကြလေလျှင် စစ်သူကြီးသည် “ပညာရှိသော မိန်းမပါပေ၊ ဤသို့သော မိန်းမပညာရှိသည် အိမ်၌ စိုးအုပ်နေထိုင်လျှင် အိမ်ရှင်ယောက်ျားအဖို့ရာ နတ်ပြည်

(နှာ-၁၆)

စည်းစိမ်မည်သည်ကို ရခဲမည်မဟုတ်ချေ”ဟု ချီးမွမ်းပြောဆိုကာ ထိုသူဌေးသမီးကို ဆောင်ယူသိမ်းပိုက်ကာ အကြီးအကဲအရာ၌ ထားရှိလေ၏။

ထို သူဌေးသမီးသည် အဖ၏အိမ်, စစ်သေနာပတိ၏အိမ် = နှစ်အိမ်လုံး၌ရှိသော စည်းစိမ်ဥစ္စာကို သိမ်းဆည်းအုပ်ချုပ် စီမံ ခန့်ခွဲကာ အသက်ထက်ဆုံး မြတ်စွာဘုရားအား အလှူဒါန ကောင်းမှုများ ပေးလှူပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် ကာမာ ဝစရနတ်ပြည်၌ ဖြစ်လေ၏။ ဖြစ်သောခဏမှာပင် ပုဆစ်ဒူးဝန်း နစ်လုမျှသော အပိုင်းအခြားဖြင့် နတ်ပြည်တပြည်လုံး အုပ်ဖိုးပြည့်စေလျက် မုလေးပန်းမိုး ဖြိုးဖြိုးရွာသွန်းလေသည်၊ နတ်အပေါင်းတို့သည် ဤ နတ်သမီးကား မိမိအမည်ကို မိမိပင် ယူဆောင်၍ လာပေသည်” ဟု ပြောဆိုကြကာ ထို နတ်သမီး၏ အမည်ကို “သုမနာနတ်သမီး”ဟူ၍သာ မှည့်ခေါ်ကြလေကုန်၏။

ထို သုမနာနတ်သမီးသည် ကိုးဆယ့်တကမ္ဘာ ရှည်မြင့်ကြာအောင် အပါယ်ဘေး ကင်းဝေးလွတ်မြောက်လျက် နတ်ပြည်, လူ့ပြည် ကျင်လည်လတ်သည်ရှိသော် ဖြစ်တိုင်းဖြစ်တိုင်းသော ဘုံဌာန၌ မုလေးပန်းမိုး တဖြိုးဖြိုးရွာသွန်းခြင်းရှိကာ သုမနာ နတ်သမီး, သုမနာသတို့သမီး”ဟူ၍သာ အမည်တွင်လေသည်။ ဤယခု ဘုရားသာသနာ ခေတ်အခါ၌ကား ထို သုမနာနတ်သမီးသည် ကောသလမင်းကြီး၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေ တည်နေဖြစ်ပွါးလာလေသည်။ ထို သုမနာ၏ ရံရွေအဖော် သတို့သမီး ငါးရာတို့သည်လည်း ထိုနေ့မှာပင် ထိုထို မှူးမတ်စသည်တို့၏ အိမ်တို့၌ ပဋိသန္ဓေ တည်ယူနေကြ၍ တနေ့တည်းမှာပင် ထို သတို့သမီး အားလုံးကို သုမနာမင်းသမီးနှင့်တကွ အမိဝမ်းမှ ထွက်မြောက် ဖွားမြင်ကြလေသည်။ ထို ခဏမှာပင် ပုဆစ်ဒူးဝန်း နစ်လုမျှသော အပိုင်းအခြားဖြင့် မုလေးပန်းမိုး ဖြိုးဖြိုးရွာသွန်း ‌လေသည်။

ထို အခြင်းအရာကိုမြင်၍ ကောသလမင်းကြီးသည် ဤငါ၏ သမီးတော်သည် ရှေးကပြုဘူး ကုသိုလ်ထူးရှိသူ ဖြစ်ပေလိမ့်မည်”

(နှာ-၁၇)

ဟု နှစ်သက်အားရမ်း ဝမ်းမြောက်သော စိတ်ရှိတော်မူကာ“ငါ၏ သမီးတော်သည် မိမိ၏ အမည်ကို မိမိပင် ယူဆောင်လာသူ ဖြစ်ပေသည်”ဟု ဆို၍ ထို သမီးတော်၏ အမည်ကို သုမနာဟူ၍ မှည့်ခေါ်တွင်စေပြီးလျှင် “ငါ၏ သမီးတော်သည် တယောက်ထီးတည်း မွေးဖွားဖြစ်ပွါးလိမ့်မည် မဟုတ်”ဟု ဆင်ခြင်တော်မူကာ မြို့အလုံးကို လှည့်လည်ရှာစေလတ်သော် “သတို့သမီး ငါးရာတို့ ဖွားမြင်ကြသည်” ဟူသောသတင်းကို ကြားသိတော်မူ၍ ထိုငါးရာလုံးကို မင်းကြီးကပင် တာဝန်ယူ၍ မွေးကျွေးသုတ်သင် ကြီးပြင်း စေလေသည်။ တလတလ ရောက်လတ်သော် ထိုသတို့သမီး ငါးရာတို့ကို ခေါ်ဆောင်၍ ငါ၏ သမီးတော်အား ပြသကြရမည်” ဟူ၍လည်း အမိန့်အာဏာစကား ထားရှိတော်မူလေသည်။

ထို သုမနာမင်းသမီး အသက် ခုနစ်နှစ်အရွယ် ရောက်သောအခါ၌ အနာထပိဏ်သူဌေးကြီးက ဇေတဝန်ကျောင်းတိုက်တော် ဆောက်လုပ်တည်ထားပြီးသဖြင့် မြတ်စွာဘုရား အထံတော်သို့ တမန်စေလွှတ်ပင့်ဖိတ်လတ်သည်တွင် မြတ်စွာဘုရားသည် ရဟန်းအပေါင်းခြံရံလျက် သာဝတ္ထိပြည်သို့ ကြွချီတော်မူလာလေ၏။ အနာထပိဏ်သူဌေးကြီးသည် ကောသလမင်းကြီးထံသို့ သွားရောက်၍ မင်းကြီးကို “အရှင်မင်းကြီး...ဤ အကျွန်ုပ်တို့ သာဝတ္ထိပြည်သို့ မြတ်စွာဘုရား ကြွလာတော်မူခြင်းသည် အရှင်မင်းကြီး နှင့်တကွ အကျွန်ုပ်တို့အဖို့ရာ မင်္ဂလာကြီးဖြစ်ပါသည်။ သို့ရကား သုမနာမင်းသမီးကို ရံရွေဖော်သတို့သမီး ငါးရာတို့နှင့်အတူတကွ ရေပြည့်အိုး, နံ့သာ, ပန်း-စသည်တို့ကို လက်ပိုက်စွဲကိုင်စေကာ မြတ်စွာဘုရားအား ကြိုဆိုပင့်ဆောင်ဖို့ရန် စေလွှတ်တော်မူကြစေ ချင်ပါသည်”ဟု လျှောက်ထားလေ၏။ ကောသလမင်းကြီးသည်လည်း “ကောင်းပြီ သူဌေးကြီး”ဟု ဝန်ခံကာ အနာထပိဏ် သူဌေးကြီး လျှောက်ထားသည့်အတိုင်း ပြုလုပ်စီမံလေ၏။ သုမနာ မင်းသမီးသည် ခမည်းတော် မင်းကြီး၏ အမိန့်အမှာစကား အတိုင်း သွားရောက်၍ မြတ်စွာဘုရားကို ကြိုဆိုရှိခိုးပြီးလျှင် နံ့သာ ပန်း-စသည်တို့ဖြင့် ပူဇော်လျက် အပြစ် လွတ်ရာအရပ်၌

(နှာ-၁၈)

ရပ်တည်လေ၏။ မြတ်စွာဘုရားသည် သုမနာမင်းသမီးအား လမ်းခရီးအကြားမှာပင် တရားဟောတော်မူလေလျှင် သုမနာ မင်းသမီးသည် ရံရွှေအဖော် သတို့သမီး ငါးရာတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထို့ပြင်လည်း အခြားသတို့ သမီးငါးရာ, မာတုဂါမ အမျိုးသမီး မိန်းမကြီးငါးရာ, ဥပါသကာ ဒါယကာငါးရာတို့သည်လည်း ထိုတရားပွဲမှာပင် သောတာပတ္တိ ဖိုလ်၌ တည်ကြလေသည်။ ဤသို့လျှင် ထိုဘုရားကြွလာတော်မူသောနေ့၌ ကျောင်းတိုက်သို့ မရောက်မီ လမ်းခရီးအကြားမှာပင် သောတာပန် အရိယာပေါင်း(၂၀၀၀)နှစ်ထောင်တို့ ဖြစ်ကြလေကုန်၏။

ထိုသုမနာမင်းသမီး အရွယ်ရောက်သောအခါ ခမည်းတော် ကောသလမင်းကြီးက သတို့သမီးငါးရာတို့နှင့်တကွ စီးနင်းကာ ခရီးသွားလာနိုင်ရန်အတွက် ရထားအစီး ငါးရာ အဆောင်အယောင် အခမ်းအနား ပေးသနားတော်မူလေသည်။ ထိုခေတ် ထိုအခါ၌ မိဖတို့ထံမှ ရထားအစီးငါးရာ အဆောင်အယောင် အခမ်းအနားရရှိကြသော အမျိုးသမီး သုံးဦးရှိလေသည်၊ သုံးဦး တို့မှာ (၁) ဗိမ္ဗိသာရမင်းကြီး၏သမီးတော် စုန္ဒီမင်းသမီး (၂) ဓနဉ္စယသူဌေးကြီး၏သမီး ဝိသာခါ (၃) ဤ ယခု ဖော်ပြအပ် ပြီးသည့် ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီးတို့ ဖြစ်လေသည်။ ။ဤကား သဒ္ဓါသုမနာအကြောင်းတည်း။

ဆိုအပ်ပြီးသောအတိုင်း ရဟန်းအပေါင်းနှင့်တကွ ဝိပဿီ မြတ်စွာဘုရားအား မင်းကြီးထံမှ ပြုစုခွင့်ရသည့် နောက်တနေ့၌ စစ်သေနာပတိက ကြီးစွာသော အလှူဒါနကို ပေးလှူပြီးနောက် မြို့သူမြို့သားတို့သည် မင်းကြီးထက်သာလွန်သော ပူဇော်သက္ကာရမှု ပြုလုပ်ကြကာ ဘုရားအမှူးရှိသော သံဃာအား မဟာဒါန ပေးလှူကြလေ၏။ ဤနည်းဖြင့် တမြို့လုံးအတွက် ဆွမ်းအလှူဒါန အစဉ် ပြည့်စုံပြီးလတ်သော် မြို့တံခါးရွာနေလူတို အခွင့်အလှည့် ရရှိကြ၍ ပူဇော်သက္ကာရမှု ပြုလုပ်ကြရန် စီမံကြလေ၏။

(နှာ-၁၉)

ထိုအခါ မဟာကာလသူကြွယ်သည် ညီငယ်စူဠကာလကို “မြတ်စွာဘုရားအား ပူဇော်သက္ကာရမှု ပြုလုပ်ရန် နက်ဖြန်ပင် ငါတို့၏ အခွင့်အလှည့် ရောက်လေပြီ၊ အဘယ်သို့သော ပူဇော် သက္ကာရမှုကို ငါတို့ပြုကြမည်နည်း”ဟု တိုင်ပင်စကား ပြောကြားလေလျှင် ညီငယ်စူဠကာလက “နောင်တော် နောင်တော်သည်ပင် သင့်လျော်မည်ကို ဆင်ခြင်စဉ်းစားပါလော့”ဟု ပြောဆိုလေ၏။ ထိုအခါ မဟာကာလ နောင်တော်က “ချစ်ညီ...နောင်တော်၏အကြိုက် အကယ်၍ ချစ်ညီလိုက်နာမည်ဆိုလျှင် ငါတို့မှာ (၁၆) တဆယ့်ခြောက်ပယ် ကျယ်ဝန်းသောလယ်၌ သလေ စပါးများ ဖုံးကြလုံးကြလျက်ရှိချေပြီ၊ ထိုသလေးစပါးဖုံးများကို ဖောက်ခွဲယူငင်၍ မြတ်စွာဘုရားရှင်တို့အား လျှောက်ပတ်သော သလေးနို့နာဆွမ်း ချက်ပြုတ်လှူဒါန်းကြစိုလား” ဟု ပြောကြားလေလျှင် ညီငယ်စူဠကာလသည် “နောင်တော်... ဤကဲ့သို့ပြုလုပ်လျှင် တဦးတယောက်အားမျှ ကျေးဇူးများမည် မဟုတ်ပါ။ ထို့ကြောင့် ဤသို့ပြုလုပ်ခြင်းကို အကျွန်ုပ် မနှစ်သက် = သဘောမကျနိုင်ပါ”ဟု တင်ပြပြောဆိုလေ၏။

ထိုအခါ မဟာကာလသူကြွယ်သည် “ချစ်ညီ-သင်သည် အကယ်၍ ဤသို့မှ မလိုက်နာနိုင် = သဘောမတူနိုင်လျှင်ငါသည် ငါပိုင်သင့်သောဥစ္စာကို ငါ့ဥစ္စာဟု ပြုလုပ်ခြင်းငှါ ရလိုပါ၏” ဟုပြောဆိုကာ တဆယ့်ခြောက်ပယ် ကျယ်ဝန်းသော လယ်ခင်းကို အလယ်မှခွဲ၍ ရှစ်ပယ်မျှသောအရပ် အပိုင်းအခြား (စည်း)ထားပြီးလျှင် မိမိပိုင်သောအပိုင်းမှ သလေးစပါးဖုံး(=ကောက်သား)ကို ဖောက်ခွဲထုတ်ယူပြီးလျှင် ရေမရောသောနွားနို့နှင့် ရောနှော ကျိုချက်စေပြီးနောက် စတုမဓုကို ထည့်၍ မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အား ဆက်ကပ် လှူဒါန်းလေသည်။ အထူးအားဖြင့် မဟာကာလသူကြွယ်၏စပါဖုံး(=ကောက်သား)ကို ဖောက်ခွဲ ထုတ်ယူရာဌာနတိုင်းပင် တဖန်ပြန်၍ စပါးဖုံး = ကောက်သားများ ပင်ကိုယ်ပကတိအတိုင်း ပြည့်မြဲပြည့်၍လာလေ၏။ (၁-ကောက်သားဦး အလှူဒါနဖြစ်သည်)။

(နှာ-၂၀)

မဟာကာလသူကြွယ်သည် သလေးစပါးများ မုံ့ဆန်းပြုလုပ် လောက်သောအခါ၌ ထို့အတူ ၂-မုံ့ဆန်းဦးအလှူဒါနကို ပြုလုပ်လေသည်။ ရွာသူရွာသားတို့နှင့် အတူတကွ ကောက်စပါးများ မှည့်ရင့်သောအခါ ၃-ကောက်ဦးအလှူဒါနကို ပြုလုပ်လေသည်။ ဤနည်းအတူ ကောက်စပါးတို့ကို ရိတ်သောအခါမှာလည်း ရှေးဦးရိတ်သောကောက်ဆုပ်တို့ကို ယူ၍ ၄-ရိတ်ဦးအလှူဒါနကို၎င်း, ကောက်လှိုင်းထုံးဖွဲသောအခါမှာလည်း ရှေးဦးစွာ ထုံးဖွဲ့သော ကောက်လှိုင်းများကို ထုတ်ယူ၍ ၅-ကောက်လှိုင်းဦး အလှူဒါနကို၎င်း, ကောက်လှိုင်းတို့ကို တပေါင်းတည်း စုပုံသောအခါမှာလည်း အဦးအစကို ထုတ်ယူ၍ ၆-ကောက်ပုံဦး အလှူဒါနကို၎င်း, ကောက်ပုံမှထုတ်၍ နယ်သောအခါမှာလည်း အဦးအစကို ထုတ်ယူ၍ ၇-နယ်ဦးအလှူဒါနကို၎င်း, နယ်ပြီးသော ကောက်စပါးများကိုပြီးလျှင် တလင်းအပြင်၌ စပါးပုံပြုလုပ်သောအခါမှာလည်း အဦးအစကို ထုတ်ယူ၍ ၈-စပါးပုံဦးအလှူ ဒါနကို၎င်း, ကောက်နယ်တံလင်းမှ ကျီအတွင်းသို့ ထည့်သွင်းသောအခါမှာလည်း အဦးအစကို ထုတ်ယူ၍ ၉-ကျီဦးအလှူဒါနကို၎င်း, ဤသို့လျှင် မဟာကာလသူကြွယ်သည် ကောက်စပါး တကြိမ်တကြိမ် စိုက်ပျိုးရာ၌ ကိုးကြိမ် ကိုးကြိမ် အဦးဒါနံ=အဂ္ဂဒါန လှူဒါန်းလေသည်။ ထိုသို့ ထုတ်ယူ လှူဒါန်းသမျှသော ကောက်စပါးများသည်လည်း လျော့ပါးသည်ဟူ၍ မရှိ၊ ပကတိထက် တိုးတက်၍ ပြည့်စုံသည်သာ ဖြစ်လေ၏။ ဤကား(က) မထေရ်မြတ်၏ ရှေးဆုတောင်း ကောင်းမှုဖြစ်သည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုကြောင်း

အရှင်ကောဏ္ဍည မထေရ်အလောင်း မဟာကာလသူကြွယ် သူတော်ကောင်းသည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိ သရွေ့မိမိလည်း အသက်ထင်ရှားရှိသရွေ့ဤနည်းနှင်နှင်ကုသိုလ်ကောင်းမှုများကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ပြီးလျှင် နတ်ပြည်, လူ့ပြည် ကျင်လည်လျက် ကိုးဆယ့် တကမ္ဘာကာလပတ်လုံး နတ်စည်းစိမ် လူ့စည်းစိမ်တို့ကို ခံစား

(နှာ-၂၁)

သုံးဆောင်တော်မူပြီးနောက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားလောက၌ ပွင့်ထွန်းတော်မူခါနီးကာလဝယ် ကပိလဝတ်ပြည်၏ အနီး “ဒေါဏဝတ္ထုပုဏ္ဏားရွာ”၌ ဥစ္စာစီးပွါး ပေါများကြွယ်ဝသော ဗြာဟ္မဏမဟာသာလ အမျိုး၌ ဖြစ်လာလေ၏။ ထိုပုဏ္ဏား လုလင်ကိုအမည်မှည့်သောနေ့၌“ကောဏ္ဍညလုလင်”ဟူ၍ အမည် မှည့်ကြကုန်၏။ ကောဏ္ဍညလုလင်သည် ကြီးပြင်းလာသောအခါ ဗေဒင်သုံးပုံတို့ကို သင်ကြား၍ မဟာပုရိသလက္ခဏာတော်ကျမ်း၌ တဖက်ကမ်းရောက် တတ်မြောက်လေ၏။

ထိုအခါ အကျွန်ုပ်တို့၏ မြတ်စွာဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ စုတေတော်မူခဲ့၍ ကပိလဝတ်ပြည် သုဒ္ဓေါဒန မင်းကြီး၏ မိဖုရားခေါင်ကြီး မဟာမာယာဝမ်း၌ ပဋိသန္ဓေ တည်နေဖြစ်ပွါးတော်မူလာ၏။ ဘုရားအလောင်းတော်ကို အမည် မှည့်အံ့သောနေ့၌ ပုဏ္ဏားတော်(၁၈ဂ)တရာ့ရှစ်ဦးတို့ကို အသစ် စက်စက် အဝတ်များ ပေးကမ်းပူဇော်၍ ရေမရောသော နို့ဃနာ ချို့ကို တိုက်ကျွေးပြီးလျှင် ထို ပုဏ္ဏားတော်(၁ဝ၈)တရာ့ရှစ်ဦးတို့ အတွင်းမှ ဉာဏ်ပညာ ထက်မြက်လှသော ပုဏ္ဏားပဏ္ဍိတ် ရှစ်ယောက်တို့ကို သီးခြားထပ်လျှောက် ရွေးကောက်ကြလျက် ‌ရွှေနန်းမပြသာဒ်အပြင်ဝယ် အစီလိုက် အစဉ်လိုက် ထိုင်နေစေပြီးလျှင် တန်းစုံလင် ဆင်ယင်အပ်ပြီးသော ဘုရားအလောင်းတော် မင်းသားကလေးကို ဘွဲ့ဖြူခင်းနှီးထက် လျောင်းစက်ကြစေကာ လက္ခဏာတော်ကို ဆင်ခြင်ကြည့်ရှုကြစေရန် ပုဏ္ဏားတို့၏ အထံသို့ ယူဆောင်ခဲ့ကြလေကုန်၏။

ပုဏ္ဏားပဏ္ဍိတ်ရှစ်ယောက်တို့အနက် နေရာဦး၌နေသူ ပုဏ္ဏား ပဏ္ဍိတ်သည် “လူ့ဘောင်၌နေလျှင် စကြဝတေးမင်း ဖြစ်မည်။ ရဟန်းပြုလျှင် လူသုံးပါး၌ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟုဟောဆိုကာ လက်နှစ်ချောင်းကို မြှောက်ချီလေသည်။ ဤနည်း အတူ အစဉ်အတိုင်းရွေ့ကျသော ပုဏ္ဏားပဏ္ဍိတ် ခုနစ်ယော့က်တို့သည် လက်နှစ်ချောင်းကို မြှောက်ချီကြလေသည်။ ထို ပုဏ္ဏား ပဏ္ဍိတ်ရှစ်ယောက်တို့အနက် ကောဏ္ဍညလုလင်သည် အားလုံး

(နှာ-၂၂)

အောက် အသက်အငယ်ဆုံး ဖြစ်၏။ သူသည် မိမိဟောဆိုရမည့် အလှည့်သို့ ရောက်ရှိလာသောအခါ ဘုရားအလောင်းတော်၏ မဟာပုရိသလက္ခဏာတော်ကြီး အလုံးစုံတို့နှင့် ပြည့်စုံတော်မူပုံကို သေချာစေ့စပ်စွာ ကြည့်ရှု၍ (ဖဝါးတော်၌ စကြဝတေးမင်း လက္ခဏာတံဆိပ် ပါရှိလာရကား စကြာမင်းဖြစ်မည့်သူ၏ ဖဝါး၌ စကြဝတေးမင်းလက္ခဏာ မပါတန်ရာဟု ဆင်ခြင်ပြီးလျှင်) “ဤ အလောင်းမင်းသားမှာ အိမ်၏အလယ်၌ တည်နေရန်အကြောင်း လုံးဝမရှိ၊ ဤ အလောင်းမင်းသားသည် ဧကန်ပင် ဘုရားစင်စစ် ဖြစ်လိမ့်မည်”ဟု ရဲရဲတောက်ဟောဆိုကာ လက်တချောင်းကိုသာ မြှောက်ချီလေ၏။

ထို့နောင်မှ ပုဏ္ဏားပဏ္ဍိတ်တို့သည် မိမိတို့အိမ်သို့ အသီးအသီး ပြန်ရောက်ကြလေလျှင် သားတို့ကို ခေါ်၍ “ချစ်သားတို့ငါတို့ကား အသက်ကြီးကြကုန်ပြီ၊ သုဒ္ဓေါဒနမင်းကြီး၏ သားတော် သိဒ္ဓတ္ထမင်းသား သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူသည်ကို မှီချင်လျှင်လည်း မှီကြမည်၊ မမှီပဲမူလည်း ရှိကြမည်။ ချစ်သားတို့သည် ထို သိဒ္ဓတ္ထမင်းသား သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူလျှင် သူ၏ သာသနာ၌ ရှင်, ရဟန်းပြုရစ်ကြကုန်” ဟူ၍ အမှာစကား ပြောကြားကြလေကုန်၏။

သုဒ္ဓေါဒနမင်းကြီးသည်လည်း ဘုရားအလောင်း သားတော်၏အတွက် အထိန်းတော်များကို အစပြုကာ ကြီးစွာသော အစောင့်အရှောက် အဆောင်အယောင် အခမ်းအနားများကို ခန့်ထားစီမံတော်မူကာ အလောင်းတော်ကို ချမ်းသာစွာ ကြီးပွါး စေလေ၏။ ဘုရားအလောင်းတော်သည်လည်း တဆယ့်ခြောက် နှစ်ရောက် အရွယ်တော်ကြီးမြောက်လတ်သော် နတ်စည်းစိမ်ကဲ့သို့သော ရွှေနန်းစည်းစိမ်ကိုခံစံတော်မူ၍ ဉာဏ်တော်ရင့်ကျက် နှစ်ဆယ့်ကိုးနှစ်အရွယ်သို့ရောက်သည်တွင် ကာမဂုဏ်တို့၌ အပြစ်ကို၎င်း, တောထွက်ခြင်း၌ အကျိုး အာနိသင်ကို၎င်း, မြင်တော်မူပြီးလျှင် ရာဟုလမင်းသား ဖွားမြင်သောနေ့၌ ဆန္ဒအမတ်ဖွားဖက်တော်ကို အဖော်ပြုကာ ကဏ္ဍကမြင်းတော်ကို စီးနင်း၍ နတ်တို့

(နှာ-၂၃)

ဖွင့်အပ်သော မြို့တံခါးဖြင့် မြတ်သောတောထွက်ခြင်းကို ထွက်တော်မူပြီးလျှင် ထိုတညဉ့်တည်းဖြင့်ပင် ကပိလဝတ်, ကောလိယ, ဒေဝဒဟတည်းဟူသော သုံးပြည်ထောင်တို့ကို လွန်မြောက်ခဲ့၍ အနောမာသောင်ကမ်း၌ ရဟန်းပြုတော်မူကာ ဃဋိကာရဗြဟ္မာမင်း ယူဆောင်ဆက်နှင်းအပ်သည့် သင်္ကန်းစသော ပရိက္ခရာတို့ကို ဝတ်ရုံဆင်မြန်းတော်မူအပ်ပြီးလျှင်ပင် ဝါတော်ခြောက်ဆယ်= သက်တော်ရှစ်ဆယ်ရှိပြီးသော မထေရ်မြတ်ကြီးကဲ့သို့ အလွန် ကြည်ညိုဖွယ်ရှိသော ဣရိယာပုထ်ဖြင့် ရာဇဂြိုဟ်ပြည်သို့ ရောက်၍ ထိုပြည်၌ ဆွမ်းခံလှည့်လည်တော်မူ၍ ပဏ္ဍဝတောင်ရိပ်ဝယ် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူပြီးလျှင် ဗိမ္ဗိသာရမင်းကြီး မိမိပိုင်ပြည်စည်းစိမ်ဖြင့် ဖိတ်ကြားအပ်ပါလျက်လည်း ထိုဖိတ်ကြားချက်ကို လက်မခံ ပယ်လှန်တော်မူခဲ့၍ အစဉ်သဖြင့် ကြွချီတော် မူသည်ရှိသော် ဥရုဝေလတောအုပ်သို့ ရောက်တော်မူလေလျှင် “အိုး...ဤမြေအပြင်သည်ကား လွန်စွာမွေ့လျော်ဖွယ်ရှိစွာ့၊ ပဓာန အလုပ် အားထုတ်လိုသော အမျိုးကောင်းသားအဖို့ရာ ပဓာန အလုပ် အားထုတ်ရန် ဤနေရာသည် အသင့်လျော်ဆုံး ဖြစ်စွာ့ တကား”ဟု စဉ်းစားဆင်ခြင်တော်မူကာ ဒုက္ကရစရိယာ ပဓာန အလုပ်ကို စတင်အားထုတ်လျက် ထိုတောအုပ်ဝယ် နေတော်မူလေ၏။

ထိုသို့ ဘုရားအလောင်းတော် ရဟန်းပြုတော်မူသောအခါ၌ ကောဏ္ဍညပုဏ္ဏားမှတပါး အခြား ပုဏ္ဏားပဏ္ဍိတ်ခုနစ်ဦးတို့သည် ကွယ်လွန်ခဲ့ကြလေပြီ၊ အငယ်ဆုံး ကောဏ္ဍညပုဏ္ဏားတဦးသာ ကျန်းမာစွာ ကျန်ရှိလေတော့သည်။ ကောဏ္ဍညပုဏ္ဏားသည် “ဘုရားအလောင်းတော် ရဟန်းပြု”ဟူသော သတင်းစကားကို ကြားသိလေလျှင် ထိုကွယ်လွန်ပြီးသော ပုဏ္ဏားပဏ္ဍိတ်ခုနစ်ဦးတို့၏ သားများထံသို့ သွားရောက်ပြီးလျှင် “သိဒ္ဓတ္ထမင်းသားသည် ရဟန်းပြုပြီတဲ့၊ ထိုမင်းသားသည် ယုံမှားဖွယ်မရှိ ဘုရား စင်စစ် ဖြစ်လိမ့်မည်ဧကန်ပင်၊ အကယ်၍ သင်တို့၏ ဖခင်များ အသက်ထင်ရှားရှိနေကြလျှင် ယနေ့ပင် တောထွက်၍ ရဟန်း

(နှာ-၂၄)

ပြုကြမည် ဖြစ်လေသည်။ အကယ်၍ အသင်တို့လည်း ရဟန်းပြုလို ကြပါလျှင် လာကြလော့၊ ထိုယောက်ျားမြတ်နောက် အတုလိုက်ကာ ရဟန်းပြုကြပါ”ဟု ပြောဆိုလေ၏။ ထို ခုနှစ်ယောက်လုံးပင် ရဟန်းပြုရန် ဆန္ဒတူညီမှု မဖြစ်နိုင်ကြပဲ သုံးယောက်ကား ရဟန်း မပြုနိုင်ကုန်၊ ကောဏ္ဍညပုဏ္ဏားကို အကြီးအကဲ ပြုကာ ကျန်လေးယောက်တို့သာ ရဟန်းပြုကြကုန်၏။

ဤပဉ္စဝဂ္ဂီရဟန်းငါးဦးတို့သည် ရဟန်းပြုကြပြီးနောက် ရွာ, နိဂုံး, မင်းနေပြည်ကို ဆွမ်းခံလှည့်လည်ကြကာ အစဉ်သဖြင့် ဘုရားအလောင်းတော်ထံသို့ ရောက်ကြလေကုန်၏။ ထိုပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် ခြောက်နှစ်ကြာ ကာလပတ်လုံး ဘုရားအလောင်းတော် မဟာပဓာနအလုပ်ကို အားထုတ်တော်မူနေစဉ် “ယခုမကြာမီ ဘုရားဖြစ်တော့မည်၊ ယခုမကြာမီ ဘုရားဖြစ်တော့မည်”ဟု မျှော်လင့်ချက်ကြီးစွာထား၍ ဘုရားအလောင်းတော်ကို ပြုစုလုပ်ကျွေးကြလျက် အနီးထံပါး၌ပင် နေထိုင် သွားလာရှိနေကြကုန်၏။

ခြောက်နှစ်အခါရောက်၍ အလောင်းတော်သူမြတ်သည် ဆန် တစေ့, နှမ်းတလုံး-စသည်ကို စားသုံး၍ ညှိုးချိုးပင်ပန်းစွာ အခါကို ကုန်စေပါသော်လည်း ဒုက္ကရစရိယာအကျင့်ဖြင့် အရိယမဂ်ဖိုလ်ကို ရနိုင်မှု အလျှင်းပင် မရှိသည်ကို သိမြင်တော်မူကာ (အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ၊ စာမျက်နှာ ၂၆၂,၂၆၃-၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း)သေနာနိဂုံး၌ ဆွမ်းခံလှည့်လည်၍ ထမင်း, မုံကြမ်း ရသမျှသော အစာအာဟာရ ဆွမ်းတို့ကိုဘုဉ်းပေး သုံးဆောင်တော်မူလေသည်။ ထိုအခါ ပဉ္စဝဂ္ဂီရဟန်းငါးဦးတို့သည် ဓမ္မတာ တရား၏ လှုံ့ဆော်ချက်အရ ဘုရားအလောင်းတော် အပေါ်၌ ငြီးငွေ့အားလျှော့ကြကာ အလောင်းတော်သူမြတ်ကို ပစ်ခွါကြ၍ ဣသိပတန မိဂဒါဝုန်တောသို့ သွားရောက်ကြလေကုန်၏။

ထိုသို့ ပဉ္စဝဂ္ဂီ ရဟန်းငါးဦးကို စွန့်ခွါ၍ သွားကြပြီးနောက် ဘုရားအလောင်းတော်သည် ထမင်း, မုံကြမ်း ရသမျှသော အစာ အာဟာရဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူခြင်းဖြင့် နှစ်ရက်

(နှာ-၂၅)

သုံးရက်အတွင်း အရေ, အသား, အသွေးများ ပကတိအခြေအနေသို့ ရောက်အောင် ပြုလုပ်တော်မူပြီးလျှင် ကဆုန်လပြည့် (ဘုရား ဖြစ်မည့်) နေ့၌ သုဇာတာသူဌေးကတော် ဆက်ကပ်လှူဒါန်း အပ်သည့် မြတ်သောဃနာဆွမ်းကို ဘုဉ်းပေးတော်မူ၍ နေရဉ္စရာ မြစ်ကြောဝယ် ရွှေခွက်ကို မျှောခဲ့ပြီးလျှင် “ယနေ့ ငါကား ဘုရား စင်စစ် ဖြစ်လိမ့်မည်ဧကန်”ဟု ဆုံးဖြတ်ချက် ချမှတ်တော်မူကာ ညနေချမ်းအခါဝယ် ကာလနဂါးမင်း ချီးမွမ်းခြင်းအရာတို့ဖြင့် ဝမ်းသာအားရမ်း ချီးမွမ်းအပ်လျက် မဟာဗောဓိမဏ္ဍိုင်ထက်သို့ တက်ရောက်တော်မူပြီးလျှင် အစလဌာန အပရာဇိတပလ္လင်တော်၌ အရှေ့လောကဓာတ်ဖက်သို့ မျက်နှာတော်မူကာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် အင်္ဂါလေးချက်ပြည့်ဝသော ဝီရိယတော်ကို ဆောက်တည်ပြီးလျှင် နေမဝင်ခင် ဒေဝပုတ္တမာရ်ကို ပယ်နှင်၍ ညဉ့်ဦးယံဝယ် ပုဗ္ဗေနိဝါသဉာဏ်ကို ရတော်မူပြီးလျှင် သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်တော်ကို ရရှိတော်မူပြီးနောက် မိုးသောက်ယံ ရောက်လတ်သော် ပဋိစ္စသမုပ္ပါဒ်တရား၌ ဉာဏ်တော်ကိုသက်ဝင် စေလျက် အနုလုံ ပဋိလုံ=အစုန် အဆန် ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ဆယ့်နှစ်ရပ်တို့ကို (အောက်ဘုရားဖြစ်ခဏ်း၌ ဖော်ပြအပ်ပြီးသည့် အတိုင်း) မဟာဝဇီရဝိပဿနာ ဉာဏ်တော်မြတ်ဖြင့် သုံးသပ် ဆင်ခြင်တော်မူလျက် ခပ်သိမ်းသော ဘုရားရှင်တို့ ရအပ်သည့် သဗ္ဗညုတ အသာဓာရဏ ဉာဏ်တော်မြတ်ကို အရပိုင်မြောက် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးလျှင် ထိုမဟာဗောဓိပလ္လင်၌ပင် အရဟတ္တဖိုလ်သမာပတ်ကိုဝင်စားတော်မူကာခုနစ်ရက်ကာလကို လွန်စေတော်မူလေ၏။

ဤနည်းဖြင့် မြတ်စွာဘုရားသည် (အောက်၌ ဖော်ပြအပ်ပြီး အတိုင်း) သတ္တဌာနစံနေတော်မူပြီးနောက် သဟမ္ပတိဗြဟ္မာမင်း တောင်းပန်လျှောက်ထားချက်အရ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟုဆင်ခြင်တော်မူ၍ အာဠာရဂိုဏ်းဆရာကြီးနှင့် ဥဒကဂိုဏ်းဆရာကြီးတို့ ကွယ်လွန်ကြပြီး ဖြစ်သည်ကို သိတော်မူပြီးနောက် တဖန် ဆက်၍ ကြံစည်ဆင်ခြင်

(နှာ-၂၆)

တော်မူလေသော် “ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့သည် ငါဘုရား၏ အပေါ်၌ များစွာ ကျေးဇူးရှိကြသူများ ဖြစ်လေသည်၊ ယင်းပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့သည် ပဓာနအလုပ် အားထုတ်နေသော ငါဘုရားကို ပြုစုလုပ်ကျွေးခဲ့ကြလေပြီ၊ ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့အား ရှေးဦးစွာ တရားဟောရမူ ကောင်းလေစွာ့”ဟု တရားဦး ဟောရန် စိတ်အကြံ ဖြစ်ရှိလေသည်။ ဤသို့ ကြံစည်ခြင်းကား ခပ်သိမ်းသော ဘုရားရှင်တို့၏ ကြံစည်ကြမြဲ ဓမ္မတာဖြစ်သည်။ စင်စစ်သော်ကား ကောဏ္ဍညပုဏ္ဏားကိုထား၍ အခြားမည်သူ တဦးတယောက်မျှ ဤ ဘုရားသာသနာဝယ် ရှေးဦးစွာ သစ္စာလေးပါး တရားကို သိစွမ်းနိုင်မည့်သူ တလူမျှ မရှိချေ။ ထို ကောဏ္ဍညပုဏ္ဏားသည်လည်း ဤသို့ သစ္စာလေးပါး တရားကို ရှေးဦးစွာ သိနိုင်ရန် ကမ္ဘာတသိန်းကာလပတ်လုံး အဓိကာရ (=အထိကရ))ကောင်းမှု ကုသိုလ်ကြီးများကို ပြုခဲ့သည့်ပြင် ရှေး၌ ဆိုခဲ့ပြီးသောအတိုင်း ဘုရားအမှူးရှိသော ရဟန်းသံဃာအား ကောက်ဦးကိုးကြိမ် အလှူထူးကို လှူဒါန်းခဲ့လေသည်။

(ဂ) မထေရ်မြတ် တရားထူးရကြောင်း

ထို့နောက် မြတ်စွာဘုရားသည် သပိတ်, သင်္ကန်းကို ယူဆောင်တော်မူ၍ အစဉ်သဖြင့် ဣသိပတန မိဂဒါဝုန်တောသို့ ကြွတော်မူကာ ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့ရှိရာသို့ ကပ်ရောက်တော်မူလေ၏။ ပဉ္စဝဂ္ဂီရဟန်းငါးဦးတို့သည် မြတ်စွာဘုရားကြွလာသည်ကို မြင်ကြ၍ မူလက ဝတ်ကြီး, ဝတ်ငယ် မပြုစတမ်းဟု ကတိကဝတ်ထားခဲ့ ကြသော်လည်း နီးကပ်လေလေ မူလကတိကဝတ်အတိုင်း မတည်နိုင်ကြတော့ပဲ တပါးက သပိတ်သင်္ကန်းကို လှမ်းယူ, တပါးက နေရာခင်း, တပါးက ခြေဆေးရေတည်ထား, တပါးက ခြေတော်တို့ကို ဆေး၍ပေး, တပါးက ထန်းရွက်ယပ်ဝန်းကို ယူဆောင် လာကာ ယပ်လေခပ်ပေး၍ အသီးအသီး ဝတ်ပြုကြလေသည်။

ဤသို့လျှင် ပဉ္စဝဂ္ဂီရဟန်းငါးဦးတို ဝတ်ပြု၍ ကိုယ်တော်မြတ်၏ အနီး၌ ထိုင်နေကြပြီးလတ်သော် မြတ်စွာဘုရားသည် ကောဏ္ဍည

(နှာ-၂၇)

မထေရ်ကို ကိုယ်တော့်မျက်မှောက် တရားနာခံ အဓိကပြုလုပ်ကာ တေပရိဝဋ္ဋ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောတော်မူလေသည်။ ထို တရားပွဲ၌ လူသားပရိသတ်ကား ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့သာ ရှိကုန်၏၊ နတ်ဗြဟ္မာပရိသတ်ကား မပိုင်းခြားနိုင်အောင် များလှစွာ၏။ ဓမ္မစကြာ ဒေသနာအဆုံး၌ ကောဏ္ဍညမထေရ်သည် မဟာဗြဟ္မာပေါင်း (၁၈၀၀၀၀၀၀၀) တဆယ့်ရှစ်ကုဋေတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်တော်မူလေ၏။

အညာသိကောဏ္ဍည အမည်တွင်ခြင်း

ထိုအခါ မြတ်စွာဘုရားသည် “ငါဘုရား ခဲယဉ်းမှု အရာ အထောင်ဖြင့် ယူဆောင်သည်ပိုးအပ်သည့် သစ္စာလေးရပ် တရား မြတ်ကို ဤကောဏ္ဍညရဟန်းသည် ရှေးဦးစွာ သိပြီဖြစ်ရကား ဤရဟန်းသည် အညာသိကောဏ္ဍည အမည်ရှိပေ၏”ဟု ဆင်ခြင်တော်မူကာ မထေရ်မြတ်ကို ထို အမည်ဖြင့် ခေါ်တော်မူလို၍ “အညာသိ ဝတ ဘော ကောဏ္ဍညာ၊ အညာသိ ဝတ ဘော ကောဏ္ဍညာ=အိုး...ကောဏ္ဍညသည် သစ္စာလေးပါး တရားကို ထိုးထွင်း သိမြင်လေပြီတကား၊၊ အိုး...ကောဏ္ဍညသည် သစ္စာလေးပါး တရားကို ထိုးထွင်းသိမြင်လေပြီတကား”ဟု ဥဒါန်း ကျူးရင့်တော်မူလေသည်။ ယင်း ဥဒါန်း ကျူးရင့်တော်မူချက် အရ အရှင်ကောဏ္ဍညမထေရ်၏ အမည်သည် ထိုအချိန်မှစ၍ “အညာသိကောဏ္ဍည” ဟူ၍ မည်တွင်လေသည်။

(ဃ) ရတ္တညူဧတဒဂ်ဘွဲ့ထူး ရတော်မူကြောင်း

ဤသို့လျှင် အရှင်ကောဏ္ဍညမထေရ်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် (မြတ်စွာဘုရား ဘုရားဖြစ်သည့်နှစ်) ဝါဆိုလပြည့် နေ့ဝယ် သောတာပတ္တိဖိုလ်၌ တည်တော်မူသည်၊ လပြည့်ကျော် (၁)ရက်နေ့ ဘဒ္ဒိယမထေရ်, လပြည့်ကျော်(၂)ရက်နေ့ ဝပ္ပမထေရ်, လပြည်ကျော် (၃) ရက်နေ့ မဟာနာမမထေရ်, လပြည့်ကျော် (၄) ရက်နေ့ အဿဇိမထေရ်တို့ အစဉ်အတိုင်း သောတာပတ္တိ ဖိုလ်၌ တည်တော်မူကြပြီးနောက် လပြည့်ကျော် (၅)ရက်နေ့ဝယ်

(နှာ-၂၈)

အနတ္တလက္ခဏသုတ္တန် ဒေသနာအဆုံး၌ ပဉ္စဝဂ္ဂီမထေရ် ငါးဦးလုံးတို့ အရဟတ္တဖိုလ်၌ တည်တော်မူကြလေသည်။ ထိုအချိန်၌ လူ့ပြည်လူသား ရဟန္တာကား မြတ်စွာဘုရား, ပဉ္စဝဂ္ဂီမထေရ် ငါးဦးအားဖြင့် = ခြောက်ပါးတို့ ရှိကြလေသည်။

ထိုအချိန်မှ အစပြု၍ မြတ်စွာဘုရားသည် ယသသူဌေးသား အမှူးပြုသော သူငယ်ချင်း ငါးကျိပ်ငါးယောက်တို့ကို၎င်း, ထို နောက် ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့ကို၎င်း, ထို့နောက် ဂယာသီသကျောက်ဖျာအပြင်၌ ဆံကျစ်ရသေ့ဟောင်း ရှင်တထောင်တို့ကို၎င်း”ဤသို့ အစရှိသည်ဖြင့် လူများ အပေါင်းကို အရိယမဂ်ဖိုလ်သို့ ဆိုက်ရောက်စေ၍ ထိုမဟာ သက္ကရာဇ် (၁၀၃) ခုနှစ် ပြာသိုလပြည့်နေ့၌ ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူကာ ဗိမ္ဗိသာရမင်းကြီး အမှူးပြုသည့် (၁၁၀၀၀၀) တသိန်းတသောင်းသော ပုဏ္ဏားသူကြွယ်တို့ကို သောတာပတ္တိ ဖိုလ်၌, တသောင်းသော ပုဏ္ဏားသူကြွယ်တို့ကိုမူ သရဏဂုံသုံးပါး၌ တည်စေတော်မူ၍ ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ်အံ့ဖွယ်ရှစ်ဖြာ သုံးပါး သိက္ခာ သာသနာတော်တည်းဟူသော ဓမ္မအပွင့်အသီးများ ခိုင်ပြီးစွာ ပွင့်အောင် သီးအောင် ပြုတော်မူပြီးလျှင် ဇမ္ဗူဒိပ်ကျွန်း မြေအဝန်းအလုံးကို သင်္ကန်းရောင်ဖြင့် တပြောင်ပြောင်တောက်ပအောင်, ရဟန်းသူမြတ်တို့ သွားလာသောလေတို့ဖြင့် ထက်ဝန်းကျင် တိုက်ခပ်အောင် ပြုတော်မူလျက် ထိုမှနောက် အခါတပါးဝယ် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်သို့ ရောက်၍ ထိုကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်း သံဃာတို့ အလယ် ခင်းထားအပ်သော ဗုဒ္ဓါသနဓမ္မပလ္လင်ထက်၌ ထိုင်နေတော်မူကာ တရားဟောတော်မူသည်ရှိသော် “ရှေးဦးစွာ သစ္စာလေးပါး တရားကိုသိကြသော ရဟန်းတို့တွင် ငါ၏သားတော်ကြီး ကောဏ္ဍညသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏” ဟု ပြတော်မူလိုရကား အရှင်ကောဏ္ဍညမထေရ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ရတ္တညူနံ ယဒိဒံ အညာသိကောဏ္ဍညာ = ရဟန်းတို့...ညဉ့်အပိုင်း

(နှာ-၂၉)

အခြားကို သိကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အညာသိကောဏ္ဍညသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”– ဟု ချီးကျူး မြွက်ဆိုတော်မူကာ ရတ္တညူ ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤအရာ၌။ ။ “ရတ္တသူ=ညဉ့်အပိုင်းအခြားကို သိသောပုဂ္ဂိုလ်” ဟူသည်မှာ ရဟန်းပြုချိန်မှစ၍ ရှည်မြင့်စွာသော ညဉ့်အပိုင်းအခြားကို သိသောပုဂ္ဂိုလ်-ဟု ဆိုလိုသည်။ ဤသာသနာတော်၌ အရှင်ကောဏ္ဍည မထေရ်ထက် အလျင်လက်ဦး ရဟန်းပြုသောသူ မရှိရကား ဤ အရှင်ကောဏ္ဍညမထေရ်မြတ်သည် “ရဟန်းပြုချိန်မှစ၍ ရှည်မြင့်သော ညဉ့်အပိုင်းအခြားကို သိသော = ရတ္တညူပုဂ္ဂိုလ်” ဖြစ်လေသည်။ (ဤအလို ရဟန်းသိက္ခာ ဝါအကြီးဆုံးပုဂ္ဂိုလ်ကို ရတ္တညူပုဂ္ဂိုလ်ဟု ဆိုလိုသည်)။

တနည်း -အရှင်ကောဏ္ဍည မထေရ်သည် အလုံးစုံသော တပည့် သာဝကတို့ထက် အလျင်လက်ဦး သစ္စာလေးပါး တရားကို သိတော်မူသောကြောင့် ထိုသိမြင်သည့် ရှည်လျားသောအချိန်မှစ၍ ထိုညဉ့် အပိုင်းအခြားကို သိတော်မူရကား ရတ္တညူပုဂ္ဂိုလ် ဖြစ်လေသည်။ (ဤအလို အစောဆုံး သစ္စာလေးပါးတရား သိသူကို ရတ္တညူပုဂ္ဂိုလ်ဟု ဆိုလိုသည်)။

(တနည်း-ရဟန္တာအရှင်မြတ်တိုင်းပင် ညဉ့်နေ့အပိုင်းအခြားထင်ရှား ရကား ရတ္တညူ-ညဉ့်နေ့အပိုင်းအခြားကို သိသောပုဂ္ဂိုလ်ဟု အမည်ရလေသည်၊ အရှင်ကောဏ္ဍညမထေရ်မြတ် ရှေးဦးစွာ ရဟန္တာဖြစ်သောကြောင့် ရတ္တသူ(=ညဉ့်နေ့အပိုင်းအခြားကို သိကြသည့်ရဟန္တာပုဂ္ဂိုလ်)တို့တွင် အသာဆုံးအမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်လေသည်)

ရဟန္တာဖြစ်ပြီးနောက် အညာသိကောဏ္ဍည မထေရ်မြတ်၏အကြောင်း

အညာသိကောဏ္ဍညမထေရ်သည် မဟာသက္ကရာဇ်(၁၀၃)ခု နှစ် ဝါဆိုလပြည့်ကျော် (၅)ရက်နေ့၌ ရဟန္တာဖြစ်တော်မူသည်။ ထိုနှစ် မြတ်စွာဘုရားရှင် ပြာသိုလပြည့် နေ့တွင် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ တပိုတွဲလဆန်း (၁) ရက်နေ့တွင် အဂ္ဂသာဝက

(နှာ-၃၀)

နှစ်ပါး (အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်) တို့ ရဟန်း ပြုတော်မူကြသည်။ လဆန်း (၇) ရက်နေ့၌ အရှင်မောဂ္ဂလာန် ရဟန္တာဖြစ်၍ တပို့တွဲလပြည့်နေ့၌ အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်တော်မူသည်။ ဤသို့ အဂ္ဂသာဝက, မဟာသာဝက, ပကတိ သာဝက ရဟန်းတော်ကို သာသနာတော်၌ စုံညီစွာဖြစ်ပေါ်လာ ကြသောအခါ ဆွမ်းခံချိန်၌ သာဝက အားလုံးပင် ဝါစဉ်အတိုင်း ဆွမ်းခံကြွတော်မူကြရသည်။ မြတ်စွာဘုရား တရားဟောတော်မူသောအခါ၌ကား အလယ်ဗဟို တန်းဆာဆင်အပ်သော ဗုဒ္ဓါသန ဓမ္မပလ္လင်၌ မြတ်စွာဘုရား ထိုင်နေတော်မူပြီးသော် မြတ်စွာဘုရား၏ လက်ျာနံပါး၌ ဓမ္မသေနာပတိ = အရှင်သာရိပုတ္တရာမထေရ်, လက်ဝဲနံပါး၌ အရှင်မဟာမောဂ္ဂလာန်မထေရ်တို့ ထိုင်နေတော် မူကြရသည်။

ထိုအဂ္ဂသာဝက မထေရ်နှစ်ပါးတို့၏ ကျောဘက်မှာ အရှင်ကောဏ္ဍညမထေရ်အတွက် နေရာ ခင်းထားကြလေသည်။ ကျန် သော ရဟန်းတို့သည် အရှင်ကောဏ္ဍညမထေရ်ကို ဝန်းရံ၍ ထိုင်နေကြရလေသည်။ အဂ္ဂသာဝက နှစ်ပါးတို့သည် အရှင်ကောဏ္ဍညမထေရ်မြတ်က သာသနာတော်ဝယ် အဦးအစ သစ္စာလေးပါး တရား သိတော်မူသူ ဖြစ်သောကြောင့်၎င်း, အရွယ်တော်အားဖြင့်လည်း ကြီးမားတော်မူသောကြောင့်၎င်း, အရှင်ကောဏ္ဍညမထေရ်မြတ်၌ ရိုသေခြင်း ရှိကုန်ရကား မထေရ်မြတ်ကို မဟာဗြဟ္မာကြီးကဲ့သို့၎င်း, မီးပုံကြီးကဲ့သို့၎င်း, အဆိပ်လျင်သောမြွေနဂါးကဲ့သို့၎င်း, အောက်မေ့လေးစား မှတ်ထင်တော်မူကြကာ မိမိက နေရာဦး၌ နေထိုင်ကြရကုန်သော်လည်း မရဲမဝံ့ရှိတော် မူကြကုန်၏၊ ရှက်နိုးအားနာတော်မူကြကုန်၏။ ထိုအခါ အရှင်ကောဏ္ဍညမထေရ်သည် “ဤ အဂ္ဂသာဝကမထေရ်မြတ် နှစ်ပါးတို့သည် နေရာဦးအကျိုးငှါ တသင်္ချေနှင့် ကမ္ဘာတသိန်းကြာ ပါရမီကို ဖြည့်ဆည်းပူးအပ်ကုန်ပြီ၊ ထို အဂ္ဂသာဝကနှစ်ပါးတို့သည် ယခုအခါ နေရာဦး၌ ထိုင်နေကြရသော်လည်း မရဲမဝံ့ ရှိတော်မူကြကုန်၏၊ ငါ့ကို ရှက်နိုးအားနာတော်မူကြကုန်၏။ ထို

(နှာ-၃၁)

အဂ္ဂသာဝကမထေရ်မြတ် နှစ်ပါးတို့ ချမ်းသာစွာ နေနိုင်အောင် ငါပြုလုပ်မည်” ဟု ကြံစည်ဆင်ခြင်တော် မူမိလေသည်။ ဤကား အကြောင်းတပါး ဖြစ်သည်။

ထို့ပြင်လည်း အရှင်ကောဏ္ဍည မထေရ်မြတ်သည် ဘုန်းကံ ကြီးမားသော မဟာသာဝကကြီးတပါး ဖြစ်တော်မူလေသည်။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးသတင်းကောင်းများကဲ့သို့ ထို့အတူ မထေရ်မြတ်၏ ဂုဏ်ကျေးဇူးသတင်းကောင်းများသည်လည်း ဤ စကြဝဠာရှိ လူတို့နှင့်တကွ စကြဝဠာတိုက် တသောင်း၌ နေကြသော နတ်ဗြဟ္မာတို့၏အတွင်း၌ ပြန့်နှံ့လျက်ရှိကုန်၏၊ သို့ရကား နတ်လူတို့သည် မြတ်စွာဘုရားထံတော်သို့ သွားရောက်၍ နံ့သာ ပန်း-စသည်တို့ဖြင့် ပူဇော်မှု ပြုကြပြီးလျှင် “မထေရ်မြတ်ကြီးသည် သစ္စာလေးပါး တရားထူးကို လက်ဦးအစ သိမြင်သော မဟာသာဝကကြီး ဖြစ်တော်မူပေသည်” ဟု (ဘုရားကို ပူဇော်ပြီးသည်၏) အခြားမဲ့မှာပင် အရှင်ကောဏ္ဍည မထေရ်မြတ်ထံ ဆည်းကပ်၍ တဖန် ပူဇော်ကြပြန်လေသည်။ အနီးထံမှောက် လာရောက်ကြသူတို့အား သင့်လျော်လျောက်ပတ်သော တရားစကား “ဟောကြားမှု အစေ့အရပ်စကား ပြောကြားမှု ကခုခုကို ပြုရမည့် ဝတ်ဘရားကလည်း သာသနာထုံးစံအရ ရှိနေပြန်၏။ မထေရ်မြတ်ကလည်း ဖလသမာပတ်ဖြင့် ချမ်းသာစွာနေရမှု (= အရိယ- ဝိဟာရ)ကိုသာ အလေးဂရု ပြုတော်မူသူ ဖြစ်၏။ သို့ရကား မထေရ်မြတ်၏အဖို့ရာ ထို အနီးထံမှောက် လာရောက်သူတို့အား “သင့်လျော်လျောက်ပတ်သော တရားစကား ဟောကြားရမှု အစေ့အစပ်စကား ပြောကြားရမှုများသည် အပို အလုပ်ကျယ်ကဲ့သို့ ဖြစ်၍နေ၏။ ဤသည်လည်း အကြောင်းတပါးဖြစ်သည်။

ထိုဖော်ပြရာပါအကြောင်းနှစ်ပါးတို့ကြောင့် အရှင်ကောဏ္ဍည မထေရ်မြတ်သည် မြတ်စွာဘုရားတို့၏ အနီးအပါးမှ အရပ်တပါး ဖဲသွားနေထိုင်တော်မူလိုသည်ဖြစ်၍ မိမိ၏တူ မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏလုလင်ကို “ငါ၏တူ ပုဏ္ဏလုလင်သည် ရှင်, ရဟန်း ပြု၍ သာသနာတော်၌ မြတ်သောဓမ္မကထိက ပုဂ္ဂိုလ်တပါး ဖြစ်

(နှာ-၃၂)

လိမ့်မည်” ဟု ဆင်ခြင်သိမြင်တော်မူပြီးလျှင် ဒေါဏဝတ္ထု ပုဏ္ဏား ရွာသို့ ကြွတော်မူကာ မိမိ၏တူ ပုဏ္ဏလုလင်ကို ရှင်, ရဟန်းပြုပေးပြီးလျှင် “ဤ ငါ့တူ ပုဏ္ဏရဟန်းသည် မြတ်စွာဘုရားတို့၏ အနီး ထံပါး၌ နေရစ်လိမ့်မည်” ဟု ကြံစည်တော်မူ၍ တူတော် ပုဏ္ဏ ရဟန်းကို မြတ်စွာဘုရား၏ အန္တဝါသိက တပည့်ဖြစ်အောင် ပြုလုပ်ပြီးမှ မြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား တပည့်တော်၏အဖို့ရာ ရွာနီးကျောင်းသည် သပ္ပါယမဖြစ်ပါ၊ လူသူလေးပါးတို့နှင့် ရောပြွမ်း၍ ချမ်းသာစွာနေရန် မစွမ်းနိုင်ပါ။ ထို့ကြောင့် တပည့်တော်သည် ဆဒ္ဒန်အိုင်သို့ သွားရောက်နေထိုင်ပါရစေဘုရား”ဟု ခွင့်ပန်စကား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည်လည်း သွားရောက်နေထိုင်ရန် ခွင့်ပြုတော်မူလေ၏။

အရှင်ကောဏ္ဍညမထေရ်သည် ဘုရားထံမှအခွင့်ရကာ အိပ်ရာနေရာကို သိုမှီးသိမ်းဆည်း၍ သပိတ်, သင်္ကန်းကို ယူဆောင်တော်မူကာ ဆဒ္ဒန်အိုင်၏အနီး မဏ္ဍာကိနီရေကန်ဆိပ်ကမ်းသို့ ကြွရောက်တော်မူလေသည်။ ထိုဆဒ္ဒန်အိုင်အရပ်၌ ရှေးအခါ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား ပြုစုလုပ်ကျွေးခြင်းဖြင့် အလေ့အကျက်ရရှိပြီး ဖြစ်ကြသည့် အာနုဘော်နှင့်လည်းပြည့်စုံ နတ်တိုကဲ့သို့ အသက်လည်းရှည်ကုန်သော ဆင်ပေါင်း (၈ဝဝဝ) ရှစ်ထောင်တို့သည် မထေရ်မြတ်ကို မြင်ကြရလျှင်ပင် “ငါတို့၏ ကောင်းမှုမျိုးကြဲရာ လယ်ယာမြေကောင်းကြီး လာရောက်ပေပြီ” ဟု ဝမ်းမြောက် ဝမ်းသာ ဖြစ်ရှိကြကာ ခွါတို့ဖြင့်ရှပ်၍ စင်္ကြံကြွရမည့်အရပ်ကို မြက် မရှိ ပကတိတလင်းဖြစ်အောင် ပြုလုပ်ကြလျက် မထေရ်မြတ်ကြီး ကြွရာအရပ်၌ အဆီးအတားဖြစ်မည့် သစ်ခက်များကိုလည်း ဖယ်ရှားကြ၍ မထေရ်မြတ် သီတင်းသုံး နေထိုင်ရာ အရပ်ကို သုတ်သင်ကြပြီးလျှင် အားလုံးဆင်ပေါင်း (၈၀၀၀) ရှစ်ထောင်တို့ စည်းဝေးတိုင်ပင်ကြသည်မှာ__

“အချင်းတို့...ငါတို့သည် အကယ်၍ “ဤဆင်သည် မထေရ်မြတ်အတွက်တာ ပြုဖွယ်ရာများကို ပြုလုပ်လိမ့်မည်

(နှာ-၃၃)

ဤဆင်သည် ပြုလုပ်လိမ့်မည်ဟု သူပြုနိုး ငါပြုနိုး မျှော်ကိုး၍ နေကြလျှင် မထေရ်မြတ်သည် ဆွေမျိုးများသောရွာသို့ ရောက်သကဲ့သို့ ဆေးမြီးတိုင်းသောသပိတ်ဖြင့်ပင် ကျောင်းသို့ ပြန်ကြွရလိမ့်မည်။ သို့ရကား လစ်ဟင်းမှု မရှိရအောင် အလှည့်ဖြင့် မထေရ်မြတ်ကို ပြုစုလုပ်ကျွေးကြကုန်စို့၊ အထူးအားဖြင့် ဆင်တကောင်၏ အလှည့်သို့ရောက်လျှင် ကျန်သော ဆင်များကလည်း (ငါ့အလှည့်မဟုတ်ဟု လျစ်လျူ ရှု၍ မနေကြပဲ)မမေ့မလျော့ ပြုစုရမည်” __

ဟု တိုင်ပင်ဆွေးနွေးကြကာ အလှည့်အကြိမ် ထားကြလေကုန်၏။ အလှည့်ကျသော ဆင်သည် စောစောပင် မထေရ်မြတ်အတွက် မျက်နှာသစ်ရေ ဒန်ပူများကို တည်ထားလေသည်။ တည်ထားပုံမှာ-အလှည့်ကျသောဆင်သည် ထင်းရှူးထင်း နတ်ထင်းစသည့် မီးဖြစ်လွယ်သော ထင်းခြောက်များကို အချင်းချင်း ပွတ်တိုက်၍ မီးဖြစ်စေ မီးတောက်ထစေပြီးလျှင် ထို မီးပုံ၌ ကျောက်တုံး ကျောက်ခဲများကို မီးဖုတ်၍ ထို ကျောက်တုံး ကျောက်ခဲများကို တုတ်ချောင်းတို့ဖြင့် လှိမ့်ယူပြီးလျှင် ကျောက်ရေခွက်ကြီးများ၌ ထည့်ပြီးသော် ရေနွေးသည်ကို သိအောင်စုံစမ်းပြီး ကံ့ကော်နွယ် ဒန်ပူကို အဆင်သင့် တည်ထားလေသည်။ ထို့နောက် ထိုအလှည့်ကျသော ဆင်သည် မထေရ်မြတ် နေထိုင်ရာ ကမ္မဋ္ဌာန်းတဲကုပ် ကျောင်းကလေး၏ အတွင်း အပြင် နှစ်ရပ်လုံး၌ သစ်ခက်များဖြင့် တံမြက်လှည်းလျက် ဤဆိုအပ်လတ္တံ့သောအတိုင်း အစာအာဟာရကို ဆက်ကပ်ခြင်းဖြင့် ဝတ်ကြီးဝတ်ငယ် ပြုလေသည်။

မဏ္ဍာကိနီရေကန်

အရှင်ကောဏ္ဍညမထေရ် သီတင်းသုံးနေထိုင်ရာ မဏ္ဍာကိနီ ရေကန်သည် ယူဇနာငါးဆယ် ကျယ်ပြန့်၏၊ ထိုရေကန်၏အလယ် ဗဟို နှစ်ဆယ့်ငါးယူဇနာမျှသောအရပ်၌ မှော်, ရေညှိဟူ၍ လုံးဝ မရှိ၊ ဖလ်အဆင်းပမာ ကြည်လင်သောရေသာရှိ၏။ ထိုရေပြင်၏ အပြင်ဖက် ခါးမျှနက်သော ရေ၌ ယူဇနာဝက်ခန့် အနံရှိသော

(နှာ-၃၄)

ကြာဖြူတောသည် ယူဇနာငါးဆယ်ရှိသောရေကန်ကို ဝန်းရံလျက် တည်၏။ ထိုကြာဖြူတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံ ရှိသော ပဒုမာကြာနီတော, ထို ပဒုမာကြာနီတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိသော ကုမုဒြာကြာနီတော, ထိုကုမုဒြာ ကြာနီတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိသော ကုမုဒြာကြာဖြူတော, ထိုကုမုဒြာကြာဖြူတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက်အနံရှိသော ကြာညိုတော, ထိုကြာညိုတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိသော ကြာနီတော, ထိုကြာနီတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိသော နံ့သာသလေးစပါးနီတော, ထိုစပါးတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံရှိကြသည့် သခွါး, ဗူး, ဖရုံ-အစရှိသည့် ချိုမြိန်သော အရသာရှိသော နွယ်မျိုးသစ်သီးတောကြီးများ ထိုနွယ်မျိုး သစ်သီးတောကြီးများ၏အခြားမဲ့၌ ယူဇနာဝက်ပင်အနံပြန့်သော ကြံပင်တောသည် ရေကန်ကို ဝန်းရံလျက် တည်၏။ ထိုကြံတော၌ ကြံပင်ကြီးများသည် ကွမ်းသီးပင်ခန့် လုံးပတ်ပမာဏရှိကြကုန်၏။

ထိုကြံတော၏ အခြားမဲ့၌ ထိုမျှပင် ယူဇနာဝက် အနံပြန်သော ငှက်ပျောတောသည် ရေကန်ကို ဝန်းရံလျက် တည်၏။ ယင်းငှက် ပျောတောမှ ငှက်ပျောသီးမှည့်နှစ်လုံးခန့်ကို စားမိကြသောလူများသည် တောင့်, အင့် ပြီးကာ လွန်စွာ ပင်ပန်းကြကုန်၏။ ထိုငှက် ပျောတော၏ အခြားမဲ့ အပြင်ဖက်၌ အိုးစရည်းခန့်ပမာဏ အသီး ရှိသော ပိန္နဲတော, ပိန္နဲတော၏ အခြားမဲ့အပြင်ဖက်၌ သပြေပင်တော, ထိုသပြေပင်တော၏ အခြားမဲ့အပြင်ဖက်၌ သရက်တော, သရက်တော၏ အခြားမဲ့အပြင်ဖက်၌ သီးပင်တော ဤသို့စသည်ဖြင့် အကျဉ်းချုပ်ဖော်ပြရလျှင် ထိုမဏ္ဍာကိနီရေကန်၌ စားကောင်းသော သစ်သီးမည်သည် မရှိဟု မဆိုနိုင်၊ အလုံးစုံ ရှိသည်သာ ဖြစ်၏။

ပန်းများပွင့်သောအခါ၌ လေသည် ထိုပန်းတို့မှ ဝတ်မှုံများကို တိုက်ခပ်လွှင့်သယ်ကာ ပဒုမာကြာတောရှိ ကြာရွက်များပေါ်၌ တည်စေ၏၊ ထိုကြာရွက်များ၌ ရေပေါက်ကို ကျကုန်၏။ ထို့နောက်

(နှာ-၃၅)

နေအပူဖြင့် ကျက်၍ နွားနို့ခဲအကျက်ကဲ့သို့ တည်ရှိလေသည်။ ဤအရာကို ကြာပျားဟူ၍ ခေါ်ဆို၏။ ထိုကြာပျားကို အလှည့်ကျသော ဆင်တို့သည် မထေရ်မြတ်အတွက် ဆောင်ယူဆက်ကပ်ကြကုန်၏။

ကြာရင်းမှာ ထွန်တုံးဦးခန့် လုံးပတ်ပမာဏရှိ၏။ ထိုကြာရင်းကိုလည်း ဆင်တို့သည် ယူဆောင်ကြ၍ မထေရ်အား ဆက်ကပ်ကြကုန်၏။ ကြာစွယ်သည် စည်ကြီးခေါင်း (=စည်ကြီးခွက်) ခန့် ပမာဏရှိ၏၊ ထိုကြာစွယ်၏ တဆစ် တဆစ်၌ ကြာနို့ရည်သည် တပြည်သားခန့် ရှိ၏။ ထိုကြာနို့ရည်ကို ဆင်တို့သည် ယူဆောင်ကြ၍ မထေရ်မြတ်အား ဆက်ကပ်ကြကုန်၏။

ဆင်တို့သည် ကြာရိုးများကို ပျားသကာနှင့် ရောစပ်၍ မထေရ်မြတ်အား ဆက်ကပ်ကြကုန်၏။ ကွမ်းသီးပင်ခန့် လုံးပတ် ပမာဏရှိသော ကြံပင်တို့ကို ကျောက်ဖျာ၌ တင်ထားကြကာ ခြေတို့ဖြင့် နင်းကြကုန်၏။ ထို ကြံချောင်းတို့မှ ကြံရည်သည် ယို ထွက်၍ ကျောက်ခွက်ငယ် တွင်းငယ်တို့ကို ပြည့်စေလျက် နေပူဖြင့် ကျက်ပြီးလျှင် နွားနို့ကျောက်ခဲ (=ဂေါ်ဒန် ကျောက်ခဲ) ပမာ ကြံသကာဖြစ်၍ တည်လေ၏။ ဆင်များသည် ထို ကြံသကာခဲကို ယူဆောင်ကြ၍ မထေရ်မြတ်အား ဆက်ကပ်ကြကုန်၏။

ဟိမဝန္တာ ကေလာသတောင်ဝယ် နာဂဒတ္တမည်သော နတ်သားသည် နေထိုင်၏၊ မထေရ်မြတ်သည် ရံခါရံခါ ထိုနတ်သား၏ ဗိမာန်တံခါးဝသို့ ကြွတော်မူ၏၊ နတ်သားသည် အသစ်ဖြစ်သော ထောပတ်, ကြာပျားမှုန့်တို့နှင့် ရောစပ်လျက် ရေမရောသော နို့ဃနာဆွမ်း သပိတ်အပြည့် လောင်းထည့် လှူဒါန်းလေသည်။ ထို နတ်သားကား ကဿပမြတ်စွာဘုရား လက်ထက်တော်အခါ နှစ်ပေါင်း နှစ်သောင်းကြာ ကာလကိုပတ်လုံး ရနံ့ကောင်းသော ထောပတ်နှင့် နွားနို့စာရေးတံ ဆွမ်း လှူဒါန်းခဲ့လေသည်။ ထို ကောင်းမှုကြောင့် ထို နတ်သား၏အဖို့ရာ ဤထောပတ်, ကြာပျားမှုန့်တို့နှင့် ယှဉ်သည့် ရေမရောသော နိုးဃနာသည် စားသောက် ဖွယ် အစာအာဟာရ ဖြစ်လာလေသည်။

(နှာ-၃၆)

ဤသို့လျှင် အရှင်ကောဏ္ဍညမထေရ်မြတ်သည် ဆယ့်နှစ်နှစ် ကြာ ကာလပတ်လုံး ထို ဆဒ္ဒန်အိုင် မဏ္ဍာကိနီရေကန်၏ အနီး၌ သီတင်းသုံးနေတော်မူ၍ ကိုယ်တော်၏ အာယုသင်္ခါရကို ကြည့်ရှု ဆင်ခြင်တော်မူလတ်သော် အာယုသင်္ခါရ = ဇီဝိတသန္တာန်အစဉ် ကုန်နေပြီကို မြင်တော်မူ၍ “ငါသည် အဘယ်အရပ်၌ ပရိနိဗ္ဗာန် စံရပါမည်နည်း”ဟု စဉ်းစားဆင်ခြင်တော်မူလေသော် “ငါ့ကို ဆယ့်နှစ်နှစ်ကြာ ကာလတိုပတ်လုံး ပြုစုလုပ်ကျွေးကြသော ဤ ဆင်ပေါင်း(၈၀၀၀) ရှစ်ထောင်တို့သည် ပြုနိုင်ခဲ့သည်ကို ပြုအပ်ခဲ့လေပြီ။ ထိုဆင်တို့၏ ကျေးဇူးကား အလွန်များလှစွာ၏၊ ငါသည် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ပြီးလျှင် ပင်နိဗ္ဗာန်စံရန် ခွင့်ပန်လျှောက်ထားပြီးနောက် ဤဆင်တို့၏ အနီး ထံပါး ဤကမ္မဋ္ဌာန်းကျောင်းမှာပင် ပရိနိဗ္ဗာန် ဝင်စံပေတော့အံ့” ဟု ဆုံးဖြတ်ချက် ချမှတ်တော်မူကာ ကောင်းကင်ခရီးဖြင့် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ လာရောက်ဆည်း ကပ်ပြီးလျှင် မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးဖြင့်တိုက်၍ မြတ်စွာဘုရားရှင်၏ ခြေတော်တို့ကို ခံတွင်းဖြင့်လည်း စုတ်တော်မူ၏။ လက်တို့ဖြင့်လည်း တအားဆုပ်နယ်လေ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်ကား ကောဏ္ဍညဖြစ်ပါသည် ဘုရား၊ ကောင်းသောစကားကို မိန့်ကြားတော်မူပါသော မြတ်စွာဘုရား...အကျွန်ုပ်ကား ကောဏ္ဍညဖြစ်ပါသည်ဘုရား” ဟု မိမိ၏ အမည်ကိုလည်း ထုတ်ဖော်လျှောက်ထားလေ၏။

(ဤ၌။ ။ အရှင်ကောဏ္ဍညမထေရ် ဤကဲ့သို့ မိမိအမည်ကို ထုတ်ဖော် လျှောက်ထားခြင်းအကြောင်းမှာ-ထို အချိန်တွင် မြတ်စွာဘုရား၏ အနီးထံပါး ရှိကြသော ရဟန်းများအနက် မထေရ်မြတ်ကို အချို့ ဝါကြီးသောမထေရ်ကြီးတို့က သိကြ၍ သီတင်းငယ် ထေရ်ငယ် တို့ကမူ မသိကြကုန်၊ ထိုသို့ ဖြစ်ရှိရာ၌ မထေရ်မြတ် ကြံစည်စဉ်းစား မိသည်ကား “အကြင် သီတင်းငယ် ထေရ်ငယ်တို့သည် ငါ့ကို မသိကြသည့်အတွက် ယခု မြတ်စွာဘုရားနှင့် အတူတကွ ပဋိသန္ထာရ=အစေ့ အစပ်စကား ပြောကြားမှုပြုနေသည့် ခေါင်းဖြူ, ခါးကုန်း, သွားပြုန်း

(နှာ-၃၇)

ယွင်းယို ဤရဟန်းအိုကြီးကား အဘယ်သူနည်းဟု စိတ်နေ ဖောက်ပြား ပြစ်မှားကြပေလိမ့်မည်။ ထိုပြစ်မှားသော သီတင်းငယ် ထေရ်ငယ်တို့သည် အပါယ်သို့ လားရောက်ကြလိမ့်မည်။ ငါ့အမည်ကို မြတ်စွာဘုရားအား ထုတ်ဖော်လျှောက်ထားလျှင်ကား ထိုရှေးကမသိကြသော သီတင်းငယ် ထေရ်ငယ်တို့လည်း ငါ့ကို သိကြလိမ့်မည်။ ယင်း ထေရ်ကြီး ထေရ်ငယ်= နှစ်သွယ်သော သီတင်းသုံးဖော် ရဟန်းတော်များသည် ငါ့ကို ရှေးက သိဘူး, ယခုသိစ ဖြစ်ကြသည့်အတွက် စကြဝဠာတိုက်တသောင်း၌ မြတ်စွာဘုရားကဲ့သို့ပင် ထင်ရှား ကျော်ကြားသော မဟာသာဝကကြီး ပါတကားဟု သဒ္ဓါရွှန်းစို ကြည်ညိုကြလိမ့်မည်။ ထိုစိတ်ကြည်ညိုကြသူ အားလုံးပင် နတ်ရွာသုဂတိသို့ လားရောက်ကြရပေလိမ့်မည်”ဟု ကြံစည် စဉ်းစားတော်မူမိလေသည်။ သို့ရကား သတ္တဝါတို့အဖို့ရာ အပါယ်လမ်း ပိတ်၍ နတ်ရွာလမ်း ဖွင့်တော်မူလိုသည့်အတွက် မထေရ်မြတ်သည် မိမိအမည်ကို မြတ်စွာဘုရားအား ထုတ်ဖော်လျှောက်ထားလေသည်)။

ထိုအချိန်၌ အရှင်ဝင်္ဂီသမထေရ်၏ စိတ်သန္တာန်ဝယ် “ဤအရှင်အညာသိကောဏ္ဍညမထေရ်သည် ဆယ့်နှစ်နှစ်တာ အလွန်အချိန် ကြာမှ မြတ်စွာဘုရားထံတော်မှောက်သို့ လာရောက်ဆည်းကပ်ကာ မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးဖြင့်တိုက်၍ မြတ်စွာဘုရားရှင်၏ ခြေတော်တို့ကို ခံတွင်းဖြင့်လည်း စုတ်တော်မူ၏။ လက်တို့ဖြင့်လည်း တအားဆုပ်နယ်တော်မူ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား...အကျွန်ုပ်ကား ကောဏ္ဍညဖြစ်ပါသည် ဘုရား၊ ကောင်းသောစကားကို မိန့်ကြားတော်မူပါသော မြတ်စွာဘုရား... အကျွန်ုပ်ကား ကောဏ္ဍညဖြစ်ပါသည်ဘုရား” ဟု မိမိ၏ အမည်ကိုလည်းထုတ်ဖော်လျှောက်ထားတော်မူ၏။ ငါသည်အရှင်အညာသိကောဏ္ဍညမထေရ်ကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှာပင် သင့်လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးမွမ်း လျှောက်ဆိုရမူ ကောင်းလေစွာ့” ဟု အကြံဖြစ်ပြီးနောက် အရှင်ဝင်္ဂီသမထေရ်သည် နေရာမှထ၍ လက်ကန်တော့စံပယ်တင်ပြီးလျှင် ဘုရားရှိရာဖက်သို့ လက်အုပ်ကို ချီညွတ်ကာ မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ပဋိဘာန်ဂါထာ ပိုဒ်များ တပည့်တော်၏ ဉာဏ်ဝယ် ထင်လာပါသည်ဘုရား၊ ကောင်းသောစကားကိုမိန့်ကြားတော်မူပါသောမြတ်စွာဘုရား...

(နှာ-၃၈)

တပည့်တော်၏ဉာဏ်ဝယ် ပဋိဘာန်ဂါထာပိုဒ်များ ထင်လာပါသည်ဘုရား”ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားဝင်္ဂီသ...သင်ချစ်သား၏ဉာဏ်ဝယ် ပဋိဘာန်ဂါထာပိုဒ်များ အလိုရှိတိုင်း ထင်စေ” ဟု ခွင့်ပြုစကား မိန့်ကြားတော်မူလေလျှင် အရှင်ဝင်္ဂီသမထေရ်သည် အရှင်အညာသိ ကောဏ္ဍည မထေရ်ကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှာပင် သင့်လျောက်ပတ်သော ဂါထာတို့ဖြင့် ဤ ဆိုလတ္တံ့သောအတိုင်း ချီးမွမ်းလျှောက်ဆိုလေ၏__

၁။ ဗုဒ္ဓါနုဗုဒ္ဓါ သော ထေရော၊ ကောဏ္ဍညော တိဗ္ဗနိက္ကမော။
လာဘီ သုခဝိဟာရာနံ၊ ဝိဝေကာနံ အဘိဏှသော။

ကောဏ္ဍညာ = နွယ်တော်ဝံသ ကောဏ္ဍညဟု နာမ တွင်ခေါ် အမည်တော်ရှိပေသော။ သော ထေရော = မြတ်စွာထံမှောက် အဖူးအမြော်ရောက်သည့်ဘုန်းတောက် ဥက္ကဋ္ဌ ထိုမထေရ်မြတ်ကြီးသည်။ ဗုဒ္ဓါနုဗုဒ္ဓါ= ဘုရား၏ နောက် ဉာဏ်ယာဉ်လျှောက်၍ လေးထောက်သစ္စာ နက်နဲစွာကို ပဌမာဒိက အစဆုံးသိတော်မူမှုကြောင့် ဗုဒ္ဓါနုဗုဒ္ဓ ဂုဏ်ထူးရတော်မူ၏။ တိဗ္ဗနိက္ကမော = သူမတူတန် လွန် ပြင်းထန်သည့် သမ္မပ္ပဓာန်လုံ့လ ဝီရိယလည်းရှိတော်မူ၏။ သုခဝိဟာရာနံ = မျက်မှောက်ဘ၀ ပစ္စက္ခဝယ် အေးမြ ချမ်းသာစွာ နေထိုင်ရာ နေထိုင်ကြောင်း ဖြစ်ကုန်သော။ ဝိဝေကာနံ = ဝိဝေကသုံးပါး မြတ်သောတရားတို့ကို။ အဘိဏှသော = အမြဲမပြတ်။ လာဘီ = ချမ်းမြေ့ကြည်ဖြူ ရတော်မူလေ့ ရှိပေ၏။

၂။ ယံ သာဝကေန ပတ္တဗ္ဗံ၊ သတ္ထုသာသနကာရိနာ။
သဗ္ဗဿ တံ အနုပ္ပတ္တံ၊ အပ္ပမတ္တဿ သိက္ခတော။

(နှာ-၃၉)

သတ္ထုသာသနကာရိနာ = ဘုရားမြတ်စွာ ဆုံးမရာကို လိုက်နာ ကျင့်သုံးလေ့ရှိသော သာဝကေန

= တပည့် သာဝက အရိယသံဃာသည်။ ယံ = အကြင်မဂ်လေးပါး ဖိုလ်လေးပါး, ပဋိသမ္ဘိဒါဉာဏ်အပြား-စသည်ကို။ ပတ္တဗ္ဗံ = ဉာဏ်ဖြင့်ဆိုက်ကပ် ရောက်အပ်ရထိုက်ပေ၏။ အဿ= ထိုဘုန်းတောက်ဥက္ကဋ္ဌ အရှင်ကောဏ္ဍညမထေရ်မြတ်ကြီးသည်။ တံ သဗ္ဗံ = ထိုမဂ်လေးပါး, ဖိုလ်လေးပါး, ပဋိသမ္ဘိဒါဉာဏ်အပြား-စသည် အလုံးစုံကို။ အပ္ပမတ္တဿ = အပ္ပမာဒတရား လက်ကိုင်ထားလျက်။ သိက္ခာ = သိက္ခာသုံးပါး ပွါးများကြိုးကုတ် အားထုတ်ကျင့်ကြံတော် မူသည်ဖြစ်၍။ အနုပ္ပတ္တံ = သာဝကများစွာ ထေရ်သံဃာတွင် သမ္ဘာတော်ထူး လွန်ပျံပျူး၍ လက်ဦးဆိုက်ရောက် အပ်လေပြီ။

၃။ မဟာနုဘာဝေါ တေဝိဇ္ဇော၊ စေတောပရိယာယကောဝိဒေါ။
ကောဏ္ဍညော ဗုဒ္ဓဒါယာဒေါ ၊ ပါဒေ ဝန္ဒတိ သတ္ထုနော။

မဟာနုဘာဝေါ= ကြီးမြတ်သောအာနုဘော် ရှိတော်မူထသော။ တေဝိဇ္ဇာ = ပု, ဒိ, အာ-ဟု ဝိဇ္ဇာသုံးပါး ထင်ရှားရှိထသော။ စေတောပရိယာယကောဝိဒေါ= စိတ်ဖြစ်ပုံကို အကုန်သိမြင် စေတောပရိယအဘိညာဏ်ရှင် ဖြစ်တော်မူထသော။ ဗုဒ္ဓဒါယာဒေါ= မြတ်စွာဘုရား၏ ကိုးပါးဥစ္စာ လောကုတ္တရာ အမွေရတနာကို ရှေးဦးစွာ ရယူတော်မူပေထသော။ ကောဏ္ဍညော= နွယ်တော်ဝံသ ကောဏ္ဍည ဟု နာမတွင်လတ် မထေရ်မြတ်ကြီးသည်။ သတ္ထုနော= လူနတ်ဆရာ မြတ်စွာဘုရား၏။ ပါဒေ= ခြေတော်အစုံ ကြာပဒုံတို့ကို။ ဝန္ဒတိ = ဦးတိုက်, နမ်းစုတ်, လက်ဖြင့်ဆုပ်၍ ပျပ်တုပ်ရိုကျိုး ရှိခိုးတော်မူနေပြီ တကား...။"

(နှာ-၄၀)

ဤဂါထာများဖြင့်ချီးမွမ်းလျှောက်ဆိုပြီးချိန်တွင် ပရိသတ်ကား အလွန်တိတ်ဆိတ်ငြိမ်သက်လျက် ရှိလေသည်။ ပရိသတ်တိတ်ဆိတ် ငြိမ်သက်နေသည်ကို သိရှိတော်မူကာ အရှင်ကောဏ္ဍညမထေရ်မြတ်သည် မြတ်စွာဘုရားနှင့် ပဋိသန္ထာရ=အစေ့အစပ်စကားလျှောက်ထားပြောကြားမှုကို ပြုပြီးလျှင် “မြတ်စွာဘုရား...တပည့်တော်၏ အာယုသင်္ခါရတို့ကား ကုန်ခဲ့ပါကုန်ပြီ၊ တပည့်တော်သည် ပရိနိဗ္ဗာန်စံ တော့မည်ဘုရား” ဟု လျှောက်ထားခွင့်ပန်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားကောဏ္ဍည သင်ချစ်သားသည် အဘယ်အရပ်၌ ပရိနိဗ္ဗာန် စံမည်နည်း”ဟု မေးတော်မူလေလျှင် အရှင်ကောဏ္ဍညမထေရ်မြတ်သည် မြတ်စွာဘုရား...တပည့်တော်အား ဆယ့်နှစ်နှစ်ကြာ ပြုစုလုပ်ကျွေးကြသော ဆင်အပေါင်းတို့သည် ပြုနိုင်ခဲ့သည်ကို ပြုအပ်ခဲ့ကြပါပြီ။ ထို့ကြောင့် တပည့်တော်သည် ထိုဆင်တို့၏အနီးအပါး ဆဒ္ဒန် အိုင်မှာပင် ပရိနိဗ္ဗာန်စံပါမည်ဘုရား”ဟု ပြန်ကြားလျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် ခွင့်ပြုတော်မူ၏။

(ဤ၌။ ။ အရှင်ကောဏ္ဍညမထေရ်က “မြတ်စွာဘုရား။ တပည့်တော်သည်ပရိနိဗ္ဗာန်စံပါတော့မည်ဘုရား”ဟု အသိပေး=ခွင့်ပန် စကား လျှောက်ထားလေရာမြတ်စွာဘုရားရှင်က“ချစ်သား...ပရိနိဗ္ဗာန် မစံနှင့်ဦး”ဟု မိန့်တော်မူလျှင်လည်း ကိုယ်တော်မြတ်ပင် ငြီးငွေ့ရန် ဟောကြားအပ်သော တေဘူမကဝဋ်တရား၌ ပျော်ပိုက်နေဦးဟု မိန့်တော်မူရာ ကျချေမည်။ “ချစ်သား ပရိနိဗ္ဗာန်စံလေလော့”ဟုမိန့်တော်မူလျှင်လည်း သေဖို့ရန် ဆောက်တည်စေရာ ကျချေမည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် အစွန်းနှစ်ပါးလွတ်အောင် “ချစ်သား...အဘယ်အရပ်၌ ပရိနိဗ္ဗာန်စံမည်နည်း”ဟု ကြားချ၍ မေးတော်မူလေသည်)။

ထို့နောက် အရှင်ကောဏ္ဍညမထေရ်မြတ်သည် မြတ်စွာဘုရားကို အရိုအသေပြုပြီးလျှင်“မြတ်စွာဘုရား... ရှေးအခါ ဒုက္ကရစရိယာ ကျင့်တော်မူစဉ် အရှင်ဘုရားတို့အား ပြုစုလုပ်ကျွေးရန် ပဌမ ဖူးမြော်ခြင်းသည် ရှိပါ၏။ တနည်း မိဂဒါဝုန်တော၌ ဖူးမြော်ရ ခြင်းသည် ရှိပါ၏၊ ထိုဖူးမြော်ရခြင်းသည် ရှေးဦးစွာ ဖူးမြော် ရခြင်း ဖြစ်ပါသည် ဘုရား။ ဤယခု ဖူးမြော်ခြင်းသည် နောက်ဆုံး

(နှာ-၄၁)

ဖူးမြော်ခြင်း ဖြစ်ပါသည်ဘုရား” ဟု လျှောက်ထား၍ လူများ အပေါင်း ငိုကြွေးစဉ်ပင် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်-ရှေ့တော်မှ ထွက်ခဲ့၍ တံခါးမုခ်၌ ရပ်တည်ပြီးသော် “မစိုးရိမ်ကြလင့် မငိုကြွေးကြလင့်၊ မြတ်စွာဘုရားများပင် ဖြစ်ဖြစ်၊ သာဝကများပင် ဖြစ်ဖြစ် ဖြစ်တိုင်း ဖြစ်တိုင်းသော သင်္ခါရတို့သည် မပျက်စီးကြသောမည်သည် မရှိကုန်” ဟု လူများအပေါင်းကို ဆုံးမတော်မူခဲ့၍ လူများ အပေါင်း ကြည့်ရှုစဉ်ပင် ကောင်းကင်သို့ ပျံတက်ကာ မဏ္ဍာကိနီ ရေကန်ကမ်းနား၌ သက်ဆင်း၍ ရေကန်၌ရေချိုးပြီးသော် သင်္ကန်းတို့ကို ကောင်းစွာ ဝတ်, ရုံတော်မူလျက် ကျောင်း, အိပ်ရာ, နေရာများကို သိုမှီး သိမ်းဆည်းပြီးလျှင် ဖလသမာပတ်ဖြင့် ညဉ့်သုံးယံတို့ကို ကုန်လွန်စေတော်မူ၍ (= တညဉ့်လုံး ဖလသမာပတ်ကို ဝင်စားတော်မူ၍ဟု ဆိုလိုသည်) မိုးသောက်အားကြီး လင်းခါနီး၌ အနုပါဒိသေသပရိနိဗ္ဗာန် ဝင်စံ ချုပ်ငြိမ်းတော်မူလေ၏။

အရှင်ကောဏ္ဍညမထေရ်မြတ် ပရိနိဗ္ဗာန် စံတော်မူသည်နှင့် တပြိုင်နက် ဟိမဝန္တာဝယ် သစ်ပင်အလုံးစုံတို့သည် မိမိတို့၏ အပွင့်, အသီးတို့ဖြင့် အောက်ထက်မကျန် ပွင့်ကြ, သီးကြသဖြင့် ကိုင်းညွှတ် ကြလေကုန်၏။ မထေရ်မြတ်အား ပြုစုလုပ်ကျွေးရန် အလှည့်ကျသောဆင်သည် မထေရ်မြတ် ပရိနိဗ္ဗာန်စံတော်မူသည်ကို မသိပဲ စောစီးစွာပင် မျက်နှာသစ်ရေ, ဒန်ပူများကို တည်ထား၍ ဝတ်ကြီး, ဝတ်ငယ်များကို ပြုမြဲတိုင်း ပြုပြီးနောက် မထေရ်မြတ် ဘုဉ်းပေးရန် သစ်သီးတို့ကို ယူဆောင်လာပြီးလျှင် စင်္ကြံအစွန်း၌ ရပ်တည်လာ၏။ ထိုအလှည့်ကျအလုပ်အကျွေးဆင်သည် နေထွက် သည်တိုင်အောင် မထေရ်မြတ်ထွက်လာတော်မူသည်ကို မမြင်ရ၍ “မထေရ်မြတ်သည် ရှေးအခါကဆိုလျှင် စောစီးစွာပင် စင်္ကြံကြွတော်မူ၏။ မျက်နှာ သစ်တော်မူ၏၊ ယနေ့မူကား နေထွက်သည် တိုင်အောင် သင်္ခမ်းကျောင်းမှ မထွက်ကြွချေ။ ဤသို့ဖြစ်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း” ဟု အောက်မေ့ ဆင်ခြင်ကာ သင်္ခမ်းကျောင်း တံခါးကို မြင်နိုင်လောက်ရုံ အနည်းငယ် လှပ်၍ အတွင်းသို့ ကြည့်လေလျှင် ထိုင်လျက်ရှိနေသော မထေရ်မြတ်

(နှာ-၄၂)

ကို မြင်၍ နှမောင်းကို ဆန့်ကာ သုံးသပ်လျက် ထွက်လေ, ဝင်လေ ရှိ, မရှိကို စုံစမ်းလေသော် ထိုထွက်လေ ၀င်လေ နှစ်ပါးတို့ မရှိတော့သည်ကို သိကာ “မထေရ်မြတ်သည် ပရိနိဗ္ဗာန် စံတော်မူလေပြီ” ဟု နှာမောင်းကို ခံတွင်း၌ထည့်၍ ကျယ်လောင်စွာ ဟစ်အော် လေတော့၏။ ဟိမဝန္တာ တတောလုံး တပြိုင်နက် ပဲ့တင်ထပ်၍ သွားတော့၏။

ဆင်ပေါင်းရှစ်ထောင်တို့သည် တညီတညွတ်တည်း စည်းဝေးကြ၍ မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်ကို အကြီးဆုံးသောဆင်၏ ဦးကင်း၌ ထိုင်နေစေကာ ကောင်းစွာပွင့်သော သစ်ခက်များကို ကိုယ်စီကိုယ်င စွဲကိုင်ကြလျက် အလောင်းတင်ရာ ဆင်မင်းကို ဝန်းရံကြပြီးလျှင် ဟိမဝန္တတာတောလုံး အဖန်ဖန် လှည့်လည် ပူဇော်ကြ၍ မိမိတို့နေရာ ဆဒ္ဒန်အိုင်သို့သာ ဥတုဇရုပ်ကလာပ်ကို သယ်ဆောင် ပြန်ယူလာကြကုန်၏။ “

ထိုအခါ သိကြားမင်းသည် ဝိသကြုံနတ်သားကို ခေါ်၍ “အမောင်ဝိသကြုံ...ငါတို့နောင်တော်ကြီး အရှင်ကောဏ္ဍညသည် ပရိနိဗ္ဗာန် စံတော်မူလေပြီ၊ ပူဇော်သက္ကာရမှု ပြုကြကုန်အံ့၊ အမောင်သည် ကိုးယူဇနာရှိသော ရတနာခုနှစ်ပါးဖြင့် ပြီးသည့် စုလစ်မွန်းချွန် အထွတ်တင်သည့် ပြသာဒ်တလားကို ဖန်ဆင်းလော့” ဟု စေခိုင်းလေ၏။ ဝိသကြုံနတ်သားသည် သိကြားမင်း စေခိုင်းသည့်အတိုင်း ပြုလုပ်ဖန်ဆင်းပြီးလျှင် မထေရ်မြတ်၏ ဥတုဇ ရုပ်ကလာပ်ကို ထိုတလားပြာသာဒ်၌ သိပ်ပြီးလျှင် ဆင်တို့အား ပေးအပ်ခဲ့လေ၏။

ဆင်အပေါင်းတို့သည် ပြာသာဒ်တလားကို ဝိုင်းဝန်းချီမ-ကြ၍ ယူဇနာ သုံးထောင် ကျယ်ဝန်းသော ဟိမဝန္တာ တောအလုံးကို အကြိမ်ကြိမ် အထပ်ထပ် လှည့်ပတ်၍ ပူဇော်ကြလေကုန်၏။ ဆင်တို့လက်မှ တဆင့် အာကာသစိုးနတ်များက ယူဆောင်ကြ၍ သာဓုကီဠနသဘင် ဆင်ယင်ကြလေသည်။ ထို့နောင်မှ ဝဿဝလာဟကနတ်များ, သီတဝလာဟကနတ်များ, ဥဏှဝလာဟကနတ်

(နှာ-၄၃)

များ, စတုမဟာရာဇ်နတ်များ, တာဝတိံသာနတ်များ ဤနည်းအားဖြင့် ဗြဟ္မာပြည်တိုင်အောင် ဥတုဇရုပ်ကလာပ်တင် တလား ပြာသာဒ်ကြီး ရောက်ရှိသွားလေသည်။ တဖန် ဗြဟ္မာတို့က နတ်တို့၏လက်သို့ အပ်နှင်းကြပြန်သည်၊ ဤနည်းဖြင့် အစဉ်အတိုင်း ဆင်တို့၏ လက်သို့ အပ်နှင်းကြပြန်သည်။

နတ်ဗြဟ္မာတဦးတဦးလျှင် စန္ဒကူးနံ့သာနှစ်တုံး လက်လေးသစ်ခန့်စီ ယူဆောင်ခဲ့ကြသည်။ စန္ဒကူးနံ့သာနှစ်တုံး (ထင်းကလား) ပုံကြီးမှာ ကိုးယူဇနာအမြင့် ရှိလေသည်။ ထို့နောက် ရုပ်ကလာပ်တင် တလားပြာသာဒ်ကို စန္ဒကူးနံ့သာ ထင်းပုံထက်သို့ တင်ကြလေသည်။ ရဟန်းတော် ငါးရာတို့သည် ကောင်းကင်ခရီးဖြင့် ကြွလာကြ၍ တညဉ့်ပတ်လုံး တရားရွတ်ဆိုမှုပြုကြလေသည်။ အရှင်အနုရုဒ္ဓါမထေရ်သည် ထိုအစည်းအဝေး၌ တရားဟောတော်မူ၏၊ များစွာသောနတ်အပေါင်းတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။

ထိုည၌၌ တေဇောဓာတ်မီး လောင်ကျွမ်း၍ နောက်တနေ့ နံနက် အရုဏ်တက်ချိန်တွင် နံ့သာထင်းပုံကို ငြိမ်းသတ်ကြ၍ မုလေးပန်းငုံအဆင်းရှိသည့် ဖြူဖွေးသော ဓာတ်တော်များကို ရေစစ်အပြည့်ထည့်ပြီးလျှင် ရဟန်းတို့ ယူဆောင်ခဲ့ကြ၍ ဝေဠုဝန်ကျောင်းတိုက် တံခါးမုခ်မှ အသင့်စောင့်ကြို နေတော်မူသော မြတ်စွာဘုရားရှင်၏ လက်တော်သို့ အပ်နှင်းကြလေသည်။

မြေပေါက်စေတီ

မြတ်စွာဘုရားသည် ဓာတ်တော်ထည့်သော ရေစစ်ကို လက်တော်ဖြင့်ကိုင်၍ ထိုအခါအား လျောက်ပတ်သော သံဝေဂတရားစကား ဟောကြားတော်မူပြီးလျှင် မဟာပထဝီမြေကြီး၌ လက်တော်ကို ဆန့်တန်းလေသည်၊ ထိုခဏမှာပင် မဟာပထဝီမြေကြီးကို ဖောက်ထွင်း၍ ငွေရေပွက်ကြီးသဏ္ဌာန် စေတီကြီးပေါ်ထွက် လာလေသည်။ မြတ်စွာဘုရားရှင်သည် ကိုယ်တော့် လက်ဖြင့်ပင်

(နှာ-၄၄)

ထိုစေတီ၌ အရှင်ကောဏ္ဍညမထေရ်၏ ဓာတ်တော်များကို သိုမှီး မြှုပ်နှံ ဌာပနာတော်မူလေသည်။ ယနေ့တိုင်အောင်လည်း ထို စေတီကား ထင်ရှားရှိသောဟူ၏။

ဤကား အရှင်ကောဏ္ဍညမထေရ် အကြောင်းတည်း။

____

(၂-၃) အဂ္ဂသာဝက မထေရ်နှစ်ပါးအကြောင်း

ဤ သာသနာတော်၌ အရှင်သာရိပုတ္တရာ မထေရ်နှင့် အရှင်မဟာမောဂ္ဂလာန်မထေရ်=ဤ မထေရ် နှစ်ပါးတို့ကို အဂ္ဂသာဝကမထေရ်နှစ်ပါးဟူ၍ ခေါ်၏၊ ထို မထေရ် နှစ်ပါးတို့မှာ ပါရမီဖြည့်စဉ်ကလည်း များသောအားဖြင့် အတူတကွ ဖြည့်ခဲ့ကြ၍ နောက်ဆုံး ပစ္ဆိမ ဘဝ၌လည်း အတူတကွ တောထွက်ကာ အတူတကွ ရဟန်းပြုတော် မူကြသဖြင့် အဋ္ဌကထာ ဋီကာတို့၌ ထို မထေရ်နှစ်ပါးတို့၏အကြောင်းကို တစုတပေါင်းတည်း ဖွင့်ပြတော်မူကြသည့်အတိုင်း ဤ ကျမ်း၌လည်း ထို အဂ္ဂသာဝကမထေရ် နှစ်ပါးအကြောင်းကို တပေါင်းတည်း ရေးသားဖော်ပြပေအံ့__

(က) မထေရ်နှစ်ပါးတို့၏ ရှေးဆုတောင်း

ဤဘဒ္ဒကမ္ဘာမှ ပဋိလောမအဆန် ပြန်၍ရေတွက်လျှင် လွန်ခဲ့သော တသင်္ချေနှင့် ကမ္ဘာတသိန်းထက်က အရှင်သာရိပုတ္တရာ အလောင်း သူတော်ကောင်းသည် ဥစ္စာစီးပွါး ပေါများသော ပုဏ္ဏားသူဌေးမျိုး ဖြစ်၍ အမည်အားဖြင့် သရဒလုလင်ဟူ၍ အမည်တွင်လေသည်။ အရှင်မောဂ္ဂလာန်အလောင်း သူတော်

ကောင်းသည် ဥစ္စာစီးပွါး ပေါများသော သူကြွယ်မျိုး၌ ဖြစ်၍ အမည်အားဖြင့် သိရိဝစုနသူကြွယ် ဟူ၍ အမည်တွင်လေသည်။ ထိုသူနှစ်ဦးလုံးပင် ငယ်စဉ်အခါ အတူတကွ မြေမှုန့် ကစားဖက် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြလေသည်။

(နှာ-၄၅)

သရဒလုလင်သည် ဖခင်ကွယ်လွန်သဖြင့် အိမ်၏စီးပွါး များစွာသော (ဆွေမျိုးစဉ်ဆက် ဆင်းသက်ခဲ့သည့်)ဥစ္စာစုကို ကြည့်ရှု စီမံ ခန့်ခွဲ၍နေစဉ် တနေ့သ၌ “ငါသည် ဤဘဝကိုယ်အဖြစ်ကိုသာ သိရ၏။ တမလွန်လောက ကိုယ်အဖြစ်ကိုကား မသိရ။ ဖြစ်တိုင်း ဖြစ်တိုင်းသော သတ္တဝါတို့အဖို့ရာလည်း သေရခြင်းသည် မြေကြီး လက်ခတ် မချွတ်တွေ့ရမည်သာ ဖြစ်၏၊ သို့ရကား ငါသည် ရသေ့ ရဟန်း တမျိုးမျိုးပြုလုပ်ကာ သံသရာမှ လွတ်မြောက်ရေးတရား ရှာမှီးခြင်းကို ပြုမှ သင့်တော့မည်”ဟု ကြံစည် ဆင်ခြင်မိလေသည်။

သရဒလုလင်သည် သူငယ်ချင်း သိရိဝဎ္ဍနသူကြွယ်ထံသို့ သွားရောက်၍ “မိတ်ဆွေသိရိဝဎ္ဍန...ငါသည် ရဟန်းပြုပြီးလျှင် သံသရာ မှ လွတ်မြောက်ရေးတရားကို ရှာမှီးပေအံ့၊ သင်သည် ငါနှင့်အတူ ရဟန်းပြုခြင်းငှါ စွမ်းနိုင်ပါမည်လော”ဟု မေးလေ၏။ သိရိဝဎ္ဍန သူကြွယ်က “မိတ်ဆွေ...ငါသည် ရဟန်း ပြုခြင်းငှါ မစွမ်းနိုင်ပါ၊ မိတ်ဆွေသာလျှင် ရဟန်းပြုပါလော့” ဟု ပြန်ကြားလေလျှင် သရဒလုလင်သည်“တမလွန်လောကသို့ သွားကြသောသူတို့သည်သူငယ်ချင်း ဆွေမျိုး မိတ်သင်္ဂဟတို့ကို အပါခေါ်၍ သွားကြ သူတို့မည်သည် မရှိကြကုန်၊ ကိုယ်ပြုအပ်သော ကောင်းမှု မကောင်းမှုသာ စင်စစ်ဧကန် ကိုယ်ပိုင်ဥစ္စာ မှန်လေသည်” ဟု ဆင်ခြင်စဉ်းစားမိလေ၏။

ထို့နောင်မှ သရဒလုလင်သည် စီးပွါးဥစ္စာရတနာတိုက်များကို ဖွင့်လှစ်စေပြီးလျှင် အထီးကျန်ကပ္ပါး ဆင်းရဲသား, ခရီးသွား, ဖုန်းတောင်း, ယာစကာတို့အား ကြီးစွာသော အလှူဒါနကို ပေးပြီးနောက် တောင်ခြေတခုသို့ သွားရောက်ကာ ရသေ့ ရဟန်း ပြုလေတော့၏။ သရဒလုလင်၏နောက် တယောက်, နှစ်ယောက်, သုံးယောက်-ဤသို့စသည်ဖြင့် အတုလိုက်ကာ ရဟန်း ပြုကြသော ဆံကျစ်ရသေ့ပေါင်းကား(၇၄၀၀၀) ခုနစ်သောင်း လေးထောင်မျှ အတိုင်းအရှည်ရှိကုန်၏။ သရဒရသေ့သည် ကိုယ်တိုင်က လောကီအဘိညာဏ်ငါးပါး, သမာပတ်ရှစ်ပါးတို့ကို ဖြစ်

(နှာ-၄၆)

စေပြီးနောက် တပည့်ရသေ့ ခုနှစ်သောင်း လေးထောင်တို့အားလည်း ကသိုဏ်း ပရိကံအလုပ် အားထုတ်ပုံကို ဟောကြားညွှန်ပြလေသည်။ ထိုတပည့် ရသေ့ အားလုံးတို့သည်လည်း လောကီ အဘိညာဏ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေကြကုန်လေ၏ = ရကြလေ၏။

ထိုစဉ်အခါ အနောမဒဿီမြတ်စွာဘုရားသည် လောက၌ ပွင့်ထွန်းတော်မူလာ၏။ (ထိုမြတ်စွာဘုရား၏ မြို့တော်စသည်ကို ဤ မဟာဗုဒ္ဓဝင် ပဌမတွဲ၊ ဒုတိယပိုင်း မျက်နှာ ၃၆၉-၃၇၀-၌ ပြဆိုခဲ့ပြီ)။ တနေ့သ၌ အနောမဒဿီမြတ်စွာဘုရားသည် မိုးသောက် ထအခါ မဟာကရုဏာသမာပတ်မှ ထတော်မူ၍ သတ္တလောကကို ကြည့်ရှုတော်မူလေလျှင် သရဒရသေ့ကို မြင်တော်မူ၍ “ယနေ့ ငါ ဘုရား သရဒရသေ့ထံသို့ သွားရောက်လျှင် ကြီးစွာသော တရားဟောဆိုမှု ဖြစ်လိမ့်မည်။ ထိုသရဒရသေ့သည်လည်း လက်ျာရံ အဂ္ဂသာဝကရာထူးကို ဆုတောင်းလိမ့်မည်။ ထိုသရဒရသေ့၏ သူငယ်ချင်း သိရိဝဎ္ဍနသူကြွယ်သည်ကား လက်ဝဲရံအဂ္ဂသာဝက ရာထူးကို ဆုတောင်းလိမ့်မည်။ ဒေသနာနိဂုံး ဆုံးသောအခါ၌ ထို သရဒရသေ့၏ တပည့်အခြံအရံဆံကျစ်ရသေ့ပေါင်း ခုနစ်သောင်း လေးထောင်တို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြလိမ့်မည်။ သို့ရကား ငါဘုရားသည် ထိုသရဒရသေ့နေရာ တောင်ခြေသို့ သွားမှ သင့်တော့မည်”ဟု ဆင်ခြင်ဆုံးဖြတ်တော်မူကာ ကိုယ်တော်၏ သပိတ်, သင်္ကန်းကို ကိုယ်တော်တိုင် ယူဆောင်တော်မူ၍ အခြား မည်သူ တဦးတယောက်ကိုမျှ မပန်ကြား = အသိမပေး ခြင်္သေ့မင်းအတူ တပါးတည်းကြွတော်မူလျက် သရဒရသေ့၏ တပည့်များ သစ်သီးကြီး, ငယ် အရှာ သွားနေကြချိန်တွင် “ငါဘုရား၏ သဗ္ဗညူဘုရားအဖြစ်ကို သရဒရသေ့သည် သိစေသား”ဟု အဓိဋ္ဌာန်= ဆောက်တည်တော်မူကာ သရဒရသေ့ကြည့်နေစဉ်ပင် ကောင်းကင်မှ သက်၍ မြေ၌ ရပ်တည်တော်မူလေ၏။

သရဒရသေ့သည် အနောမဒဿီမြတ်စွာဘုရား၏ ဘုရားအာနုဘော်တော်နှင့် ရူပကာယအသရေတော်ကို ဖူးမြော်ရ၍ လက္ခဏ

(နှာ-၄၇)

ဗေဒင်ကျမ်းတို့ကို သုံးသပ်ဆင်ခြင်လေလျှင် “ဤလက္ခဏာတို့နှင့် ပြည့်စုံသူမည်သည် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေထိုင်လျှင် စကြဝတေးမင်း ဖြစ်နိုင်သည်။ ရဟန်းပြုလျှင် သဗ္ဗညူမြတ်စွာဘုရား ဖြစ်နိုင်သည်၊ ဤယခု ကြွရောက်လာသော ယောက်ျား မြတ်ကား ယုံမှားဖွယ်မရှိ သဗ္ဗညူမြတ်စွာဘုရားတည်း” ဟု မမှိတ် မသုန် ယုံကြည်သိရှိ၍ ခရီးဦးကြိုဆိုကာ တည်ခြင်း ငါးမျိုးဖြင့် ရှိခိုးပြီးလျှင် နေရာတော်ကို ခင်း၍ ပေးလေ၏။ အနောမဒဿီ မြတ်စွာဘုရား ခင်းအပ်သောနေရာ၌ ထိုင်နေတော်မူပြီးနောက် သရဒရှင်ရသေ့သည်လည်း မိမိအား လျောက်ပတ်သည့် ထိုင်စရာကို ယူ၍ အပြစ်လွတ်ရာ အရပ်၌ ထိုင်နေလေ၏။

ထိုအချိန်၌ တပည့်ရသေ့ ခုနစ်သောင်း လေးထောင်တို့သည် အလွန့်အလွန် ကောင်းကာ ရသဓာတ်ဆီ သြဇာပြောများသည့် သစ်သီးကြီး, ငယ်တို့ကိုယူဆောင်ခဲ့ကြ၍ ဆရာ့ထံမှောက်သို့ ရောက်ကြလေကုန်သော် မြတ်စွာဘုရားနှင့် သူတို့ဆရာ နေထိုင်ရာ နေရာကို ကြည့်ရှုကြပြီးလျှင် “ဆရာ...အကျွန်ုပ်တို့သည် ဤလောက၌ ဆရာတို့ထက် သာလွန်သောသူ မရှိ” ဟု ယုံကြည်လှည့်လည်ခဲ့ပါသည်။ ဤယခု ယောက်ျားမြတ်ကား ဆရာတို့ထက် သာလွန် မြင့်မြတ်လေယောင် တကား” ဟု ပြောဆိုကြလေ၏။ ထိုအခါ သရဒရှင်ရသေ့က “တပည့်ကို ... အဘယ်သို့ ပြောလိုက်ကြသနည်း (= ဘယ့်နှယ် ပြောလိုက်ကြဒါလဲ )၊ မုန်ညင်းစေ့ကလေးနှင့် ယူဇနာပေါင်း(၁၆၈၀ဝ၀) တသိန်းခြောက်သောင်းရှစ်ထောင် အစောက်ရှိသည့် မြင်းမိုရ်တောင်ကြီးကို နှိုင်းယှဉ်မှု ပြုလိုကြတုံ ဘိ၏။ ချစ်သားတို့… ငါ့အား သဗ္ဗညူမြတ်စွာဘုရားရှင်နှင့် နှိုင်းယှဉ်မှု = ဥပမာ မပြုကြပါကုန်လင့်”ဟု တားမြစ်စကား မိန့်ကြားလတ်သော် တပည့်ရသေ့တို့သည် “ဤယခု ယောက်ျားပုဂ္ဂိုလ်သည် အကယ်၍ အညံ့စား အယုတ်စားပုဂ္ဂိုလ်ဖြစ်ခဲ့လျှင် ငါတို့ဆရာသည် ဤသို့သောဥပမာကို မဆောင်လေရာ ဤယောက်ျားသည် အလွန်လျှင် မြင့်မြတ်စွာ့တကား”ဟု အချင်းချင်း ပြောဆိုကြကာ

(နှာ-၄၈)

တပည့် ရသေ့ အားလုံးတို့ပင် မြတ်စွာဘုရားရှင် ခြေတော်တို့၌ တုပ်ဝပ်ကြ၍ ဦးခေါင်းဖြင့် ရိုသေမြတ်နိုး ရှိခိုးကြလေကုန်၏။

ထိုနောက်မှ ဆရာ သရဒရသေ့သည် မိမိ တပည့်များကို “ချစ်သားတို့...ငါတို့မှာ မြတ်စွာဘုရားတို့နှင့် လျောက်ပတ်သော လှူဖွယ်ဝတ္ထု မရှိချေ။ မြတ်စွာဘုရားရှင်သည်လည်း ဆွမ်းခံ လှည့်လည်ချိန်တွင် ဤငါတို့နေရာ တောင်ခြေရင်းသို့ ကြွတော်မူလာခဲ့လေပြီ။ ငါတို့သည် စွမ်းအားအလျောက် လှူဖွယ်ဝတ္ထုကို ပေးလှူကြကုန်စို့၊ တပည့်တို့သည် ကောင်းနိုးရာရာ သစ်သီးကြီး, ငယ်ကိုဆောင်ယူခဲ့ကြလော့” ဟု ပြောဆိုကာ ဆောင်ယူစေပြီးလျှင် လက်တို့ကိုဆေး၍ ဆရာသရဒရသေ့ကိုယ်တိုင်ပင် မြတ်စွာဘုရား၏ သပိတ်၌ သစ်သီးဆွမ်းကို လောင်းထည့် လှူဒါန်းလေ၏။ မြတ်စွာဘုရား သစ်သီး ကြီးငယ်ကို ခံယူတော်မူပြီးလျှင် ပြီးခြင်း နတ်တို့သည် နတ်သြဇာကို ထည့်ကြလေကုန်၏။ သရဒရသေ့သည် သောက်ရေကိုလည်း ကိုယ်တိုင်ပင် စစ်၍ ဆက်ကပ်လေ၏။ ထို့နောက် မြတ်စွာဘုရားရှင် သစ်သီးဆွမ်း ဘုဉ်းပေးပြီး၍ လက်တော်ကို ဆေးကြောပြီး ငြိမ်သက်အေးဆေးစွာ ထိုင်နေတော်မူလတ်သော် သရဒ ရသေ့သည် တပည့် အားလုံးတို့ကို စုရုံးခေါ်ယူ၍ မြတ်စွာဘုရား၏ အထံတော်၌ တသက်ပတ်လုံး အောက်မေ့ထိုက်သော စကားကို လျှောက်ထားပြောဆိုကာ နေလေ၏။ အနောမဒဿီ မြတ်စွာဘုရားသည် “အဂ္ဂသာဝကနှစ်ပါးတို့သည် ရဟန်းအပေါင်းနှင့်တကွ ငါဘုရားထံမှောက် ဤတောင်ခြေသို့ လာရောက်ကြစေသတည်း”ဟု ကြံစည်ဓိဋ္ဌာန်တော်မူလေလျှင် အဂ္ဂသာဝကနှစ်ပါး (= နိသဘမထေရ်နှင့် အနောမ မထေရ်)တို့သည် မြတ်စွာဘုရား၏ စိတ်အလိုတော်ကို သိရှိကြကာ ရဟန္တာထေရ်ပေါင်း တသိန်းခြံရံကြလျက် ခဏအတွင်း လာရောက်ကြ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အပြစ်လွတ်ရာ အရပ်၌ ရပ်တည်လာကြလေကုန်၏။

ထိုအခါ သရဒ ရသေ့သည် တပည့်ရသေ့တို့ကို ခေါ်၍ “ချစ်သားတို့... မြတ်စွာဘုရားရှင်တို့အတွက် ယခု ခင်းထားအပ်သည့်

(နှာ-၄၉)

ထိုင်စရာနေရာသည်လည်း နိမ့်သေး၏၊ ရဟန်းတော် တသိန်းတို့ အတွက်လည်း ထိုင်စရာနေရာ မရှိသေး၊ ချစ်သားတို့သည် ယနေ့ မြင့်မြတ်လှသည့် ဗုဒ္ဓပူဇာ သက္ကာရ ပြုမှသင့်မည်၊ တောင်ခြေမှ အဆင်း, အနံ့နှင့်ပြည့်စုံသော ပန်းတို့ကို ယူဆောင်ခဲ့ကြလော့”ဟု မိန့်ဆိုလေ၏။ ပြောဆိုနေသည့် အချိန်ကာလကပင် ကြာမြင့်သကဲ့သို့ ဖြစ်၏။ တန်ခိုးရှင်တို့၏ တန်ခိုးအရာကား မကြံစည် နိုင်အံ့ဖွယ်ရှိလှပေ၏။ သို့ရကား တခဏအတွင်းမှာပင် ထိုတပည့် ရသေ့တို့သည် အဆင်း အနံ့နှင့်ပြည့်စုံသော ပန်းတို့ကို တန်ခိုးဖြင့် ယူဆောင်ခဲ့ကြ၍ မြတ်စွာဘုရားရှင်အတွက် တယူဇနာပမာဏရှိသော ပန်းနေရာကို ခင်းကြလေကုန်၏။ အဂ္ဂသာဝကမထေရ် နှစ်ပါးတို့အတွက် ခင်းအပ်သော ပန်းနေရာသည် သုံးဂါဝုတ် ကျန်သောရဟန်းတို့အတွက် ခင်းအပ်သော ပန်းနေရာသည် ယူဇနာဝက် = နှစ်ဂါဝုတ်, အငယ်ဆုံးသံဃာ = သင်္ဃနောအတွက် ခင်းထားအပ်သော ပန်းနေရာသည်ပင် တဥသဘမျှ ပမာဏရှိလေသည်။

ဤသို့ နေရာတော်များကို ခင်းထားအပ်ကုန်ပြီးသည် ရှိသော် သရဒရသေ့သည် မြတ်စွာဘုရား၏ ရှေ့တော်၌ မတ်မတ်ရပ်တည်လျက် လက်အုပ်ချီပြီး ရပ်တည်ရင်းကပင် “မြတ်စွာဘုရား... တပည့်တော်၏ အဖို့ရာ ကာလရှည်ကြာ စီးပွါးချမ်းသာဖြစ်ဖို့ရန် ဤပန်းနေရာထက်သို့ တက်ရောက်နေတော်မူပါကုန်ဘုရား”ဟု လျှောက်ထားလေ၏။ အနောမဒဿီမြတ်စွာဘုရားသည် ပန်း နေရာတော်၌ တက်ရောက် ထိုင်နေတော်မူကာ ခုနှစ်ရက်ကြာ နိရောဓသမာပတ်ကို ၀င်စား၍ နေတော်မူလေ၏။ မြတ်စွာဘုရား ထိုင်နေတော်မူပြီးသော် အဂ္ဂသာဝကနှစ်ပါးတို့နှင့် ကြွင်းကျန်သောရဟန်းများသည်လည်း မိမိတို့အား ရောက်သောနေရာတို့၌ အသီးအသီး ထိုင်နေကြပြီးလျှင် မြတ်စွာဘုရား နိရောဓသမာပတ် ဝင်စားတော်မူသည်ကို သိကြ၍ ရဟန်းအားလုံးတို့သည်လည်း သမာပတ်ဝင်စားတော်မူကြလေကုန်၏။

(နှာ-၅၀)

သရဒရသေ့သည် ပန်းထီးကြီးကို ကိုင်ဆောင်ကာ မြတ်စွာဘုရား၏ အထက်၌ ဆောင်းမိုးရပ်တည်လေ၏။ မြတ်စွာဘုရား ခုနစ်ရက်ကြာ နိရောဓသမာပတ်ကို ၀င်စား၍ နေတော်မူစဉ် တပည့်ရသေ့တို့သည် သစ်သီးအစာ ရှာချိန်ရောက်လတ်သော် တော သစ်မြစ်, သစ်သီးကြီး, ငယ်တို့ကို ရှာဖွေသုံးဆောင်ကြ၍ ကြွင်းသောအချိန်၌ မြတ်စွာဘုရားတို့အား လက်အုပ်ချီမိုး ရှိခိုးရပ်တည်နေကြကုန်၏။ သရဒရသေ့သည်ကား သစ်သီးအစာ ရှာရန်ပင် မသွားတော့ပဲ ပန်းထီးကို စွဲကိုင် ဆောင်းမိုးလျက်ပင် ခုနစ်ရက်ကြာ ပီတိ, သုခအစာဖြင့် အခါကို ကုန်လွန်စေလေ၏။

မြတ်စွာဘုရားသည် နိရောဓသမာပတ်မှ ထတော်မူ၍ လက်ျာ နံပါး၌ ထိုင်နေသော အဂ္ဂသာဝက နိသဘမထေရ်မြတ်ကို “ချစ်သားနိသဘ...ပူဇော်သက္ကာရမှု ပြုကြသည့်ရသေ့တို့အား ပန်းအနုမောဒနာတရား ဟောကြားလော့”ဟု မိန့်တော်မူလေ၏။ နိသဘ မထေရ်မြတ်သည် စကြဝတေးမင်းထံမှ ဆုလာဘ်ကြီးစွာ ရသော စစ်သူရဲကောင်းကြီးပမာ လွန်စွာနှစ်သက်ဝမ်းမြောက်သော စိတ် ရှိတော်မူလျက် သာဝကပါရမီဉာဏ်၌ တည်၍ ပန်းအနမောဒနာ တရား ဟောကြားတော်မူလေ၏။ နိသဘမထေရ်မြတ် တရားဟော၍ ဆုံးသောအခါ မြတ်စွာဘုရားသည် လက်ဝဲရံအဂ္ဂသာဝက ဖြစ်သော အနောမမထေရ်ကို “သင်ချစ်သားလည်း တရားဟော ဦးလော့”ဟု မိန့်တော်မူပြန်၏။ အနောမမထေရ်သည် သုံးပုံ ပိဋကတ် ဘုရားစကားတော်မြတ်ကို သုံးသပ်ဆင်ခြင်၍ တရားဟောတော်မူလေ၏။

အဂ္ဂသာဝက မထေရ်နှစ်ပါး တရားဟောခြင်းဖြင့် ရသေ့ တဦးတယောက်၏မျှ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်း ဝင်ခြင်း မဖြစ်သေး၊ ထိုနောက်မှ အနောမဒဿီမြတ်စွာဘုရားသည် မနှိုင်းယှဉ်နိုင်သော ဘုရားအရာ၌ တည်၍ တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ ဆရာဖြစ်သူ သရဒရသေ့မှတပါး တပည့်ဆံကျစ်ရသေ့ပေါင်း ခုနစ်သောင်းလေးထောင်လုံးတို့ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေကုန်၏။

(နှာ-၅၁)

မြတ်စွာဘုရားသည် “ဧထ ဘိက္ခဝေ= ရဟန်းတို့ ...လာကြလော့” ဟု လက်ျာလက်တော်ကို ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလေ၏။ ထိုခဏမှာပင် ထိုရသေ့အားလုံးတို့၏ ဆံမုတ်ဆိတ်များ ကွယ်ပျောက်၍ ရသေ့တို့ကိုယ်၌ ပရိက္ခရာရှစ်ပါးကို ဆင်မြန်း ဝတ်, ရုံပြီးသားဖြစ်ကြကာ ရဟန်းအဖြစ်သို့ ရောက်ကြလေကုန်၏။

သရဒရသေ့ အဂ္ဂသာဝကဆု ပန်ခြင်း

အဘယ့်ကြောင့် သရဒရသေ့သည် ဆရာကြီးဖြစ်ပါလျက် အရဟတ္တဖိုလ်သို့ မရောက်ပဲ ကျန်ရှိရစ်ရသနည်းဟု မေးဖွယ်ရှိ၏၊ အဖြေကား- စိတ်ပျံလွင့်နေသောကြောင့် ဟူပေ။ ချဲ့ဦးအံ့- ထိုဆရာဖြစ်သော သရဒရသေ့၏သန္တာန်မှာ လက်ျာရံအဂ္ဂသာဝက နိသဘမထေရ် တရားဟောစ အချိန်မှစ၍ “ငါသည်လည်း နောက်အခါဝယ် ပွင့်တော် မူမည့်မြတ်စွာဘုရား၏ သာသနာတော်၌ ဤအဂ္ဂသာက မထေရ်မြတ် ရအပ်သောရာထူးကိုရပါမူ ကောင်းလေစွာ့” ဟု အဖန်ဖန်စိတ်ဖြစ်၍ နေလေသည်။ ထိုအကြံကြောင့် သရဒဆရာရသေ့သည် မဂ်ဖိုလ်ကို ထိုးထွင်း၍သိမှုကို မပြု နိုင်ပဲ ရှိရလေသည်။ (= မဂ်ဖိုလ်ကိုမရပဲ ကျန်ရစ်လေသည် ဟူလို)။

သရဒရသေ့သည် တပည့်များ ဧဟိဘိက္ခု ရဟန်းဖြစ်ကြပြီးနောက် မြတ်စွာဘုရားကို ရှိခိုး၍ ရှေ့တော်၌ ရပ်တည်လျက် “မြတ်စွာဘုရား အရှင်ဘုရားတို့၏ အခြားမဲ့နေရာ၌ ထိုင်နေသော ရဟန်းသည် အရှင်ဘုရားတို့သာသနာ၌ အဘယ်အမည်ရှိပါသနည်းဘုရား”ဟု မေးမြန်းလျှောက်ထားလေ၏ ။ မြတ်စွာဘုရားက “ထိုရဟန်းသည် ငါဘုရားလည်စေအပ်သည့် ဓမ္မစကြာ ရတနာကို ငါ့နောက်လိုက် လည်စေနိုင်လျက် သာဝက ပါရမီဉာဏ် အထွတ်အထိပ်သို့ ရောက်ရှိကာ ပညာတဆယ့် ခြောက်ပါးတို့ကို ထိုးထွင်း သိမြင်ကာ တည်သည့် ငါဘုရား သာသနာ၌ လက်ျာရံအဂ္ဂသာဝက နိသဘမထေရ် အမည်ရှိပေ

(နှာ-၅၂)

၏”ဟု မိန့်တော်မူလေလျှင် သရဒရသေ့သည် “မြတ်စွာဘုရား... တပည့်တော်သည် ခုနစ်ရက်ကြာ အရှင်ဘုရားတို့အား ပန်းထီးကို ဆောင်းမိုးကာ ပူဇာသက္ကာရမှ ပြုအပ်သောကုသိုလ် အကျိုးအားကြောင့် အခြားသော သိကြားမင်းအဖြစ်, ဗြဟ္မာမင်းအဖြစ်ကို မတောင့်တုပါ၊ စင်စစ်သော်ကား နောက်အခါဝယ် ဤနိသဘ မထေရ်သူမြတ်ကဲ့သို့ တဆူဆူသော မြတ်စွာဘုရား၏ လက်ျာရံ အဂ္ဂသာဝကစင်စစ် ဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းပန်ထွာမှု ပြုလေ၏။

အနောမဒဿီ မြတ်စွာဘုရားသည် “ဤ ယောက်ျား၏ ဆုတောင်းပန်ထွာမှုသည် ပြည့်စုံလိမ့်မည်လော” ဟု အနာဂတံသဉာဏ်တော်ကို စေလွှတ်၍ ကြည့်တော်မူလေလျှင် တသင်္ချေ နှင့် ကမ္ဘာတသိန်း လွန်မြောက်သောအခါ ပြည့်စုံလိမ့်မည်ကို သိမြင်တော်မူ၍ သရဒရသေ့ကို “သင်၏ ဤယခုဆုတောင်းသည် အချည်းနှီးဖြစ်လိမ့်မည်မဟုတ်၊ စင်စစ်သော်ကား အနာဂတ နောက်ကာလဝယ် တသင်္ချေနှင့် ကမ္ဘာတသိန်း လွန်သောအခါ ဂေါတမမြတ်စွာဘုရား လူသုံးပါး၌ ထင်ရှားဖြစ်ပွင့်တော်မူလိမ့်မည်၊ ထိုဂေါတမမြတ်စွာဘုရား၏ မယ်တော်ကား မဟာမာယာ ဒေဝီ, ခမည်းတော်ကား သုဒ္ဓေါဒနမင်းကြီး, သားတော်ကား ရာဟုလာမင်းသား, လက်ဝဲရံ ဒုတိယအဂ္ဂသာဝကကား မောဂ္ဂလာန်ထေရ်အမည်ရှိသူ ဖြစ်လိမ့်မည်၊ သင်သည်ကား ထိုဂေါတမ မြတ်စွာဘုရား၏ လက်ျာရံ အဂ္ဂသာဝက သာရိပုတ္တထေရ် အမည် ရှိသူ ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၍ တရားစကား ဟောကြားတော်မူပြီးလျှင် ရဟန်းအပေါင်း ခြံရံလျက် ကောင်းကင်သို့ ပျံတက်တော်မူလေ၏။

သရဒ ရသေ့သည်လည်း အန္တဝါသိကတပည့် ဖြစ်ခဲ့သည့် မထေရ်တို့ထံ ချဉ်းကပ်၍ သူငယ်ချင်း သိရိဝဎ္ဍနသူကြွယ်အထံသို့ “အရှင်ဘုရားတို့ တပည့်တော်၏ သူငယ်ချင်း သိရိဝဎ္ဍနသူကြွယ်အား “သင်၏ သူငယ်ချင်း သရဒရှင်ရသေ့သည် အနောမဒဿီ မြတ်စွာဘုရားခြေတော်ရင်း၌ နောက်အခါ ပွင့်တော်မူလတ္တံ့

(နှာ-၅၃)

သော ဂေါတမမြတ်စွာဘုရား၏ သာသနာတော်ဝယ် လက်ျာရံ အဂ္ဂသာဝက ရာထူးကို ဆုတောင်းပန်ထွာမှု ပြုအပ်လေပြီ။ သင်သူကြွယ်သည်လည်း လက်ဝဲရံ ဒုတိယအဂ္ဂသာဝက ရာထူးကို ဆုတောင်းပန်ထွာလေလော့” ဟု ပြောကြားတော်မူကြပါဘုရား” ဟု သတင်းစကား မှာကြားလိုက်လေသည်။ ဤသို့ ပြောဆို မှာကြားပြီးလျှင် သရဒရှင်ရသေ့သည် ထိုရဟန်းတို့ထက် အလျင် လက်ဦး ခရီးလမ်းနံပါးတဖက်ဖြင့် ခပ်သွက်သွက်သွားနှင့်၍ သိရိဝဎ္ဍနသူကြွယ်၏ နေအိမ်တံခါးဝဝယ် ရပ်တည်လေ၏။

သိရိဝဎ္ဍနသူကြွယ်သည် “သြ... ငါ့အရှင်ကား ကြာမြင့်မှ ကြွလာတော်မူပေ၏ = ကြွလာတော်မမူသည်မှာ ကြာမြင့်လှလေပြီ” ဟု အောက်မေ့ကာ သရဒရှင်ရသေ့ကို နေရာ၌ ထိုင်စေပြီးလျှင် မိမိကား နိမ့်သောနေရာ၌ ထိုင်နေလျက် “အရှင်ဘုရား... အရှင်ဘုရားတို့၏ အန္တဝါသိက တပည့်ပရိသတ်ကား မထင်ပါ တကား” ဟု မေးမြန်းလျှောက်ထားလေ၏။ သရဒ ရှင်ရသေ့က “အိမ်း...ဟုတ်ပေသည် သူငယ်ချင်း...ငါတို့၏ သင်္ခမ်းကျောင်းသို့ အနောမဒဿီမြတ်စွာဘုရား ကြွလာတော်မူသည်၊ ငါတို့သည် မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အား စွမ်းအား အလျောက် ပူဇော်သက္ကာရမှု ပြုကြလေသည်။ မြတ်စွာဘုရားသည် ငါတို့အားလုံးအား တရားဟောတော်မူသည်၊ တရားဒေသနာ အဆုံး၌ ငါ့ကို ထား၍ ကျန်သောတပည့်ရသေ့ (၇၄၀၀၀) ခုနစ်သောင်း လေးထောင်တို့သည် အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန်းပြုကြလေပြီ”ဟု ဖြေကြားလေလျှင် သိရိဝဎ္ဍနသူကြွယ်သည် တဖန်ထပ်၍ “အရှင်ဘုရားတို့ကမူ အဘယ့်ကြောင့် ရဟန်းမပြုကြသနည်း” ဟု မေးပြန်လေ၏။ သရဒရှင်ရသေ့က “ငါသည် မြတ်စွာဘုရား၏ အဂ္ဂသာဝက လက်ျာရံ နိသဘမထေရ်ကို ဖူးမြင်ရ၍ နောက်အခါ ပွင့်တော်မူမည့် ဂေါတမမြတ်စွာ သာသနာ၌ လက်ျာရံအဂ္ဂသာဝကရာထူးကို ဆုပန်ပြီးခဲ့လေပြီ၊ သူငယ်ချင်း သင်သည်လည်း ထို ဂေါတမ မြတ်စွာ သာသနာ၌ လက်ဝဲရံ (ဒုတိယ)အဂ္ဂသာဝကရာထူးကို ဆုပန်လေလော့”ဟု တိုက်တွန်း

(နှာ-၅၄)

စကား ပြောကြားလေလျှင် သိရိဝဎ္ဍနသူကြွယ်က “အရှင်ဘုရား... တပည့်တော်မှာ မြတ်စွာဘုရားနှင့် အတူတကွ စကားပြောဆိုမှု အလေ့အကျက် မရှိခဲ့ပါဘုရား” ဟု ပြန်ကြားသဖြင့် သရဒ ရှင်ရသေ့သည် “မြတ်စွာဘုရားတို့နှင့် စကားနှီးနှော ပြောဆို လျှောက်ထားမှုမှာ ငါ့တာဝန် ရှိပါစေ၊ သင်သည် ကြီးစွာသော အဓိကာရ(=အထိကရ)ကောင်းမှု ကုသိုလ်ကိုသာ စီမံလော့” ဟု အားပေးတိုက်တွန်းစကား ပြောကြားလေ၏။

သိရိဝဎ္ဍနသူကြွယ်သည် သရဒရှင်ရသေ့၏ တိုက်တွန်းစကားကို နားထောင်ပြီးလျှင် မိမိအိမ်တံခါးဝ၌ ရှစ်မင်းပယ်မျှသော နေရာကို ညီညွတ်အောင် ပြုစေ၍ သံဖြူများ ခင်းစေပြီးနောက် ပေါက်ပေါက်လျှင် ငါးခုမြောက်ရှိသော ပန်းများကို ကြဲဖြန့်လျက် ကြာညိုပန်းမိုးအပ်သည့် မဏ္ဍပ်ကြီးကို ဆောက်လုပ်စေပြီးလျှင် ဘုရားနေရာတော်ကို ခင်းစေပြီး၍ ကြွင်းကျန်သော ရဟန်းတို့အတွက် ထိုင်နေရန်များကိုလည်း စီမံ ခင်းကျင်းစေပြီးနောက် ကြီးစွာသော ပူဇော်ဖွယ်ရာများကို နေရာတကျ အသင့်စီစဉ်ပြီးမှ မြတ်စွာဘုရားအမှူးပြုသော သံဃာတော်ကို ပင့်ဖိတ်ရန် သရဒ ရှင်ရသေ့အား အချက်အမှတ် ပေးလေ၏။ သရဒ ရှင်ရသေ့သည် သူကြွယ့်စကားကို ကြားရ၍ မြတ်စွာဘုရားအမှူးပြုသော ရဟန်း သံဃာကို ပင့်ဆောင်ခဲ့ပြီးလျှင် သိရိဝဎ္ဍနသူကြွယ် နေအိမ်သို့ ကြွရောက်လာလေ၏။

သိရိဝဎ္ဍန သူကြွယ်သည် ခရီးဦးကြိုဆို၍ မြတ်စွာဘုရားလက်တော်မှ သပိတ်ကို ဆီးကြိုယူငင်လျက် မြတ်စွာဘုရားရှင်ကို မဏ္ဍပ် တွင်းသို့ ရိုသေစွာပင့်ဆောင်ခဲ့၍ ခင်းထားအပ်သည့်နေရာတော်တို့၌ အသင့်ထိုင်နေပြီးသည့် ဘုရားအမှူးပြုသော သံဃာအား အလှူရေစက် ပေးဆက်လှူဒါန်းပြီးလျှင် မွန်မြတ်သော ဘောဇဉ်ဖြင့် ပြုစုလုပ်ကျွေး၍ ဆွမ်းကိစ္စ ပြီးဆုံးသောအခါ ဘုရားအမှူးပြုသော ရဟန်းသံဃာအား လွန်စွာအဖိုးထိုက်တန်သော သင်္ကန်းလျာအဝတ်တို့ကို ဆက်ကပ်လှူဒါန်းပြီးနောက် “မြတ်စွာဘုရား တပည့်တော်၏ ဤယခု ကုသိုလ်ကောင်းမှုကို အားသစ်ခြင်းသည်

(နှာ-၅၅)

အနည်းငယ်မျှသော ရာထူးဌာနအတွက် မဟုတ်ပါ၊ သို့ဖြစ်ပါသောကြောင့် ဤ နည်းအတိုင်းပင် ခုနစ်ရက်ကြာ သနားစောင့်ရှောက် ချီးမြှောက်မှုကို ပြုတော်မူပါဘုရား” ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည်လည်း ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူလေ၏။ သိရိဝဎ္ဍနသူကြွယ်သည် ထိုနည်းအတိုင်းပင် ခုနှစ်ရက်ကြာ မဟာဒါနကြီးကို ပြုလုပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ လက်အုပ်ချီကာ ရပ်တည်လျက်ပင်လျှင် အနာမဒဿီ မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား... တပည့်တော်၏ သူငယ်ချင်း သရဒရှင်ရသေ့သည် အကြင် ဂေါတမမြတ်စွာဘုရား၏ လက်ျာရံအဂ္ဂသာဝက ဖြစ်ရပါလိုသောဝ်ဟု ဆုတောင်းခဲ့ပြီ။ တပည့်တော်သည်လည်း ထို ဂေါတမမြတ်စွာဘုရား၏ပင် လက် ဝဲရံအဂ္ဂသာဝက ဖြစ်ရပါလို၏ ဘုရား” ဟု လျှောက်ထား ဆုတောင်းလေ၏။

မြတ်စွာဘုရားသည် အနာဂတ်ကို ကြည့်တော်မူလေသော် သိရိဝဎ္ဍနသူဌေး၏ဆုတောင်း ပြည့်စုံမည်ကို မြင်တော်မူ၍ “သင်သည် ဤ ကမ္ဘာမှနောက် တသင်္ချေနှင့် ကမ္ဘာတသိန်းလွန်မြောက်လျှင် ဂေါတမမြတ်စွာဘုရားရှင်၏ ဒုတိယသာဝက = လက်ဝဲရံအဂ္ဂသာဝက ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်စကားကို ကြား ရလေလျှင် သိရိဝဎ္ဍနသူကြွယ်သည် လွန်စွာအားရမ်း ဝမ်းမြောက် ဝမ်းသာ ဖြစ်လေ၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းအနုမောဒနာတရား ဟောကြားပြီးလျှင် အခြံအရံ ရဟန်းသံဃာတို့နှင့် အတူတကွကျောင်းတော်သို့သာလျှင် ပြန်ကြွတော်မူလေ၏။ သိရိဝဎ္ဍနသူကြွယ်သည် ထိုအခါမှ အစပြု၍ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုတို့ကို ဆည်းပူးပြုလုပ် အားထုတ်၍ ထိုဘဝမှ စုတေ လတ်သော် ဒုတိယကိုယ်အဖြစ်ဖြင့် ကာမာဝစရနတ်ပြည်လောက၌ ဖြစ်လေ၏။ သရဒရှင်ရသေ့သည် ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွါးများ၍ ဗြဟ္မာပြည်၌ ဖြစ်လေ၏။

(နှာ-၅၆)

(ခ) နောက်ဆုံးဘဝ ရဟန်းပြုကြခြင်း

ထို သရဒရသေ့ဘဝ, သိရိဝဎ္ဍနသူကြွယ်ဘဝမှ နောက်၌ ဤ အရှင်မြတ်နှစ်ပါးတို့၏ အကြားကာလ ကုသိုလ်ကောင်းမှု ပြုပုံ အကျယ်ကို အဋ္ဌကထာ၌ မဖော်ပြတော့ပဲ နောက်ဆုံး ပစ္ဆိမဘဝ ဖြစ်စဉ်ကိုသာ ဖော်ပြလေသည်။ ဖော်ပြပုံမှာ__

အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူသည်မှ ရှေးကာလမှာပင် သရဒရှင်ရသေ့ ဖြစ်ခဲ့သော အရှင်သာရိပုတ္တရာ အလောင်း သူတော်ကောင်းသည် ရာဇဂြိုဟ်ပြည်၏အနီး ဥပတိဿ-မည်သောရွာ၌ ရူပသာရီအမည်ရှိသော ပုဏ္ဏေးမ(= သူ ဌေးကတော်)၏ ဝမ်းဝယ် ပဋိသန္ဓေ ယူနေလာလေသည်။ ထိုနေ့မှာပင် သရဒရသေ့၏ သူငယ်ချင်း သိရိဝဎ္ဍန သူကြွယ်ဖြစ်ခဲ့သော အရှင်မဟာမောဂ္ဂလာန်အလောင်း သူတော်ကောင်းသည်လည်း ရာဇဂြိုဟ်ပြည်၏ အနီးမှာပင် ကောလိတ-မည်သောရွာ၌ မောဂ္ဂလီ အမည်ရှိသော ပုဏ္ဏေးမ (= သူဌေးကတော်)၏ ဝမ်းဝယ် ပဋိသန္ဓေ ယူနေလာလေသည်။ ထိုအမျိုးကြီးနှစ်မျိုးလုံးပင် ဆွေ ခုနှစ်ဆက် မျိုးခုနစ်ဆက် အထက်မှအစပြုကာ မေတ္တာသက်ဝင် ချစ်ခင် ရင်းနှီးကြသည့် သူငယ်ချင်း အိမ်ထောင်များ ဖြစ်ကြလေသည်။

အဂ္ဂသာဝကအလျာ ပဋိသန္ဓေ ယူနေလာသော ထိုသူငယ် နှစ်ယောက်အတွက် တနေ့တည်းမှာပင် ကိုယ်ဝန်အစောင့် အရှောက်ကို ပေးကြလေကုန်၏။ ဆယ်လလွန်သဖြင့် မွေးဖွား လာကြသောအခါမှာလည်း ထိုသူငယ် နှစ်ယောက်တို့အတွက် အထိန်းတော် ခြောက်ကျိပ်ခြောက်ယောက်စီတို့က ပြုစုမှုယူကြရလေသည်။ အမည်မှည့်သောနေ့၌ ရူပသာရီပုဏ္ဏေး(=သူဌေး ကတော်)၏ သားကို ဥပတိဿရွာဝယ် အကြီးအကဲ အမျိုး၏ သားဖြစ်သောကြောင့် “ဥပတိဿ” ဟု အမည်မှည့်ကြကုန်၏။ မောဂ္ဂလိပု‌ဏ္ဏေး(= သူဌေးကတော်)၏ သားကိုကား ကောလိတရွာဝယ် အကြီးအကဲအမျိုး၏ သားဖြစ်သောကြောင့် “ကောလိတ” ဟု အမည်မှည့်ကြကုန်၏။ ထိုသူငယ် နှစ်ယောက်လုံးပင်

(နှာ-၅၇)

အသက်အရွယ်ကြီးပြင်းခြင်းသို့ ရောက်ကြလေသော် အလုံးစုံသော အတတ်မျိုးတို့၏ ကမ်းဆုံးရောက် တတ်မြောက်ကြလေကုန်၏။

ဥပတိဿလုလင်၏ အဆောင်အယောင် အခမ်းအနားများမှာ မြူးထူးပျော်ပါး ကစားရန် မြစ်သို့ဖြစ်စေ ဥယျာဉ်သို့ ဖြစ်စေ တောင်သို့ဖြစ်စေ ခရီးထွက်သောအခါ၌ ရွှေထမ်းစင်ငါးရာ အခြံအရံ အဆောင်အယောင်ကို ပါရှိကြမြဲဖြစ်သည်။ ကောလိတ လုလင်အတွက်ကား အာဇာနည်မြင်းက.သော ရထားငါးရာတို့ အဆောင်အယောင် အခမ်းအနား ပါရှိကြမြဲဖြစ်သည်။ သူငယ်ချင်းနှစ်ဦးလုံးတို့မှာပင် လုလင်ပေါင်း ငါးရာစီ ငါးရာစီ အခြံအရံ ရှိကြလေသည်။ ရာဇဂြိုဟ်ပြည်မှာလည်း နှစ်စဉ် နှစ်တိုင်းပင် တောင်ထိပ်သဘင်ပွဲ ခံမြဲဖြစ်သည်။ ထိုသူငယ်ချင်းနှစ်ယောက်တို့အတွက် တနေရာတည်းမှာပင် ညောင်စောင်းခဋင်ကို ဖွဲ့ချည် ခင်းထားကြရသည်၊ သူငယ်ချင်းနှစ်ဦးလုံးပင် တပေါင်းတည်း အတူတကွထိုင်နေကြ၍ ပွဲသဘင်ကို ကြည့်ရှုကြရင်း ရယ်သင့်သော အရာ၌ ရယ်ရွှင်ကြ၍ ထိတ်လန့်သင့်သောအရာ၌ ထိတ်လန့်ကြပြီးလျှင် ဆုလာဘ်ချသင့်သောအရာ၌ ဆုလာဘ်ပေးချကြလေသည်။

သူငယ်ချင်းနှစ်ဦးလုံးတို့အဖို့ရာ ဤနည်းဖြင့် အကြိမ် များစွာ ပွဲကြည့်၍လာခဲ့ရာမှ တနေ့သ၌ ပွဲကြည့်ကြသည်ရှိသော် ဉာဏ် ပညာရင့်ကျက်ခြင်းသို့ ရောက်သောကြောင့် ရှေးပွဲနေ့များမှာကဲ့သို့ ရယ်သင့်သောအရာ၌ ရယ်ရွှင်ခြင်း, ထိတ်လန့်သင့်သော အရာ၌ ထိတ်လန့်ခြင်း ဆုလာဘ်ပေးချသင့်သောအရာ၌ ဆုလာဘ် ပေးချခြင်း အလျှင်းပင်မရှိတော့ချေ။ သူငယ်ချင်း နှစ်ဦးလုံးတို့ပင်လျှင် “ဤပွဲလမ်းသဘင်၌ ရှုချင်စဖွယ် အဘယ်မှာ ရှိအံ့နည်း၊ ဤယခု ပွဲကသောသူ ပွဲကြည့်သောသူ အားလုံးတို့သည်ပင် အနှစ် တရာသို့ မရောက်မီ ချုပ်ဆုံးကွယ်ပျောက်ကြလိမ့်မည် ဧကန် သာတည်း၊ သို့ရကား ငါတို့သည် သံသရာလွတ်မြောက်ရေး တရားတခုခုကို ရအောင်ရှာမှ သင့်တော်တော့မည်”ဟု ကြံစည်ကြ၍ ဤသံဝေဂအကြံကိုပင် အဖန်ဖန် အာရုံပြုကာ ထိုင်နေကြလေ၏။

(နှာ-၅၈)

ထိုနောက်မှ ကောလိတ သူငယ်ချင်းသည် ဥပတိဿ သူငယ်ချင်းကို “မိတ်ဆွေ ဥပတိဿ...သင်သည် ယနေ့ အခြားနေ့များ မှာကဲ့သို့ နှစ်သက်အားရ စိတ်တိုင်းကျတော့ရှိသည် မဖြစ်တကား၊ သူငယ်ချင်းသည် အဘယ်အရာကို စဉ်းစားဆင်ခြင်မိသနည်း”ဟု မေးလေ၏၊ ဥပတိဿသူငယ်ချင်းက “မိတ်ဆွေ ကောလိတ...ဤပွဲလမ်းသဘင်တို့ကို ကြည့်ရှုခြင်း၌ အနှစ်သာရ စိုးစဉ်းမျှမရှိ၊ ဤပွဲလမ်းသဘင် ပျော်ရွှင်ကြည့်ရှုမှုကား အကျိုးမပြီး အချည်းနှီးသာဖြစ်၏၊ သို့ရကား မိမိ၏ အတွက်တာ သံသရာလွတ်မြောက်ရေးတရားကိုသာ ရှာမှီးသင့်၏-ဟု ကြံစည်လျက် ငါထိုင်နေပါသည်”ဟု ပြော၍ “မိတ်ဆွေကောလိတ...သင်ကော အဘယ့်ကြောင့် မျက်နှာမသာ စိတ်တိုင်းမကျ ဖြစ်ရှိနေရသနည်း” ဟု မေးလေလျှင် ကောလိတသူငယ်ချင်းသည်လည်း ထိုနည်း အတူပင် ဖြေဆိုလေ၏။ ထိုအခါ ကောလိတသူငယ်ချင်းမှာ မိမိနှင့် အလိုနှလုံးသွင်း ထပ်မျှတူနေသည်ကို သိရှိကာ ဥပတိဿ သူငယ်ချင်းသည် ကောလိတသူငယ်ချင်းကို “မိတ်ဆွေ ကောလိ တ...ငါတို့နှစ်ဦးလုံး၏ အကြံသည်ပင် ကောင်းစွာကြံအပ်သော အကြံဖြစ်လေသည်၊ အထူးအားဖြင့် သံသရာလွတ်မြောက်ရေး တရားကို အရရှာကြံသောသူတို့သည် တခုသော ရဟန်းအဖြစ်ကိုတော့ ရမှသင့်မည်၊ ငါတို့သည် မည်သူ့ထံ၌ ရဟန်းပြုကြမည် နည်း”ဟု တိုင်ပင်စကား ပြောကြားလေ၏။

ထိုစဉ်အခါ သဉ္စယ (= သိဉ္စည်း) ပရိဗိုဇ်ဆရာကြီးသည် ရာဇဂြိုဟ်ပြည်၌ များစွာသော ပရိဗိုဇ်ပရိသတ်နှင့် အတူတကွ ဂိုဏ်းဆရာကြီး ပြုလုပ်ကာ နေထိုင်ဆဲဖြစ်၏။ ဥပတိဿလုလင်နှင့် ကောလိတလုလင် = သူငယ်ချင်းနှစ်ဦးတို့သည် “ထိုသိဉ္စည်းဆရာကြီးအထံ၌ ရဟန်းပြုကြကုန်”စို့ဟုတိုင်ပင်ညီညွတ်ကြကာ အခြံအရံ လုလင်ငါးရာတို့နှင့် အတူတကွ သိဉ္စည်းဆရာကြီးထံ၌ ရဟန်းပြုကြလေကုန်၏။ ထိုဥပတိဿလုလင်နှင့် ကောလိတလုလင်တို့ ရဟန်း ပြုကြသောအချိန်မှစ၍ သိဉ္စည်းဆရာကြီးသည် သူ့ထက် ထူးချွန်

(နှာ-၅၉)

သာလွန်သော လာဘ်လာဘအထွတ်အထိပ် အခြံအရံ ဂုဏ် သတင်းကျော်စောခြင်း အထွတ်အထိပ်သို့ ရောက်ရှိသူဖြစ်လေ၏။

ဥပတိဿပရိဗိုဇ်နှင့် ကောလိတပရိဗိုဇ် = နှစ်ဦးတို့သည် နှစ်ရက်, သုံးရက်ဖြင့်ပင် သိဉ္စည်းဆရာကြီး၏ အယူဝါဒအားလုံးကို သင်ယူတတ်မြောက်ပြီးကြ၍ “ဆရာ...ဆရာတို့သိသောအယူကား ဤမျှသာလော၊ သို့မဟုတ် အထက်မှာ ဆက်လက်သင် ယူရန်များကော ရှိသေးသလော” ဟု မေးကြကုန်၍ သိဉ္စည်း ဆရာကြီးက “ငါတို့သိသော အယူဝါဒကား ဤမျှသာတည်း၊ ငါတို့၏ အယူဝါဒအလုံးစုံကို သင်တို့နှစ်ဦး သိအပ်ပြီးဖြစ်လေပြီ” ဟု ပြောဆိုလတ်သော် သူငယ်ချင်းနှစ်ဦးသားတို့သည်__

“ဤသို့ဖြစ်လျှင် ဤသိဉ္စည်းဆရာကြီးအထံ၌ သူ၏ဗြဟ္မစရိယကို ကျင့်သုံးနေခြင်းသည် အချည်းနှီးသာတည်း၊ ငါတို့သည် သံသရာလွတ်မြောက်ရေးတရားကို ရှာမှီးရန် အိမ်ရာတည်ထောင် လူ့ဘောင်မှ ထွက်ခဲ့ကြပြီ၊ ထိုငါတို့ ရှာမှီးအပ်သည့် သံသရာလွတ်မြောက်ရေးတရားကို သိဉ္စည်းဆရာကြီးအထံ၌ ဖြစ်စေခြင်းငှါ ဘယ်နည်းဖြင့်မျှ စွမ်းနိုင်မည်မဟုတ်။ ဇမ္ဗူဒိပ်ကျွန်းကြီးကား ကျယ်ဝန်းလှ ဘိ၏၊ ရွာ, နိဂုံး, မင်းနေပြည်များသို့ လှည့်လည်၍ ရှာဖွေ ကြလျှင် ငါတို့သည် မချွတ်ဧကန်ပင် သံသရာလွတ်မြောက်ရေးတရား ဟောကြားမည့် ဆရာတဆူကို ရရှိကြပေလိမ့်မည်" __

ဟု ကြံစည်တိုင်ပင်ကြလေကုန်၏။ ဥပတိဿပရိဗိုဇ်နှင့် ကောလိတပရိဗိုဇ်တို့သည် ထိုအခါမှစ၍ ပညာရှိ ရဟန်းပုဏ္ဏားများ ရှိသည်ဟု သတင်းကြားရာ ထိုထိုအရပ်သို့ သွားရောက်ကြပြီးလျှင် သံသရာလွတ်မြောက်ရေးနှင့်စပ်သည့် မေးဖြေမှု, တရားဆွေးနွေးမှု ပြုကြလေ၏။ ထိုသူနှစ်ဦးတို့ မေးသောပုစ္ဆာကို ဖြေဆိုနိုင်စွမ်းသည့် အခြားပညာဘွဲ့ခံ ရဟန်းပုဏ္ဏားတို့ မရှိကြကုန်၊ စင်စစ်သော်ကား ဥပတိဿပရိဗိုဇ်နှင့် ကောလိတပရိဗိုဇ်သူငယ်ချင်း နှစ်ဦးတို့ကသာ ထိုပညာရှိဘွဲ့ခံ ရဟန်းပုဏ္ဏားတို့၏ အမေးပုစ္ဆာ

(နှာ-၆၀)

ပြဿနာကို ဖြေရှင်းပေးခဲ့ကြရလေသည်။ ဤသို့ ဇမ္ဗူဒိပ်ကျွန်း လုံးကို လှည့်လည်စုံစမ်းကြပြီးနောက် ဆရာတင်လောက်သူကို မတွေ့ရှိကြသဖြင့် ဥပတိဿပရိဗိုဇ်နှင့် ကောလိတပရိဗိုဇ်တို့သည် ပြန်လည်ဆုတ်နစ်ကာ မိမိတို့နေရာ ပရိဗိုဇ်အရာမ်သို့ လာကြ၍ “မိတ်ဆွေ...ငါတို့နှစ်ဦးတွင် အမြိုက်တရားကို ရှေးဦးစွာ ရရှိသိမြင်သောသူသည် ကျန်သောသူအား ပြန်ကြားပြောဆိုကြစတမ်း”ဟု အချင်းချင်း ကတိကဝတ်ထားကြလေကုန်၏။

အချိန်ကား မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိပြီး လဝက်ခန့်အကြာ တပိုတွဲလဆန်း ၁-ရက်နေ့လောက် အချိန် ဖြစ်သည်...(ဗုဒ္ဓဝင်စာဖတ် ပရိသတ်သူတော်စင်...အောက် မဟာဗုဒ္ဓဝင် တတိယတွဲအစ စာမျက်နှာ ၂-မှစ၍ စာမျက်နှာ ၂၅-အထိ ပြန်လည်ကြည့်ရှု သုံးသပ်ပါ၊ ထိုသို့သုံးသပ်ပြန်လည် ကြည့်ရှုပါလျှင်(ခ)အဂ္ဂသာဝကနှစ်ပါးတို့ တပည့်ပရိဗိုဇ်ပရိသတ် နှင့်တကွ မြတ်စွာဘုရားရှင် အထံတော်၌ ဧဟိဘိက္ခု ရဟန်းဖြစ်ကြကြောင်း (ဂ)သာဝကဉာဏ်အထွတ်အထိပ်သို့ ရောက်တော်မူ ကြကြောင်းများကို ကောင်းစွာသိရှိပါလိမ့်မည်၊ ဤ၌ကား ထို အကြောင်းအရာများကို ပေယျာလချန်ခဲ့ပါတော့အံ့)။

(ဃ) ဧတဒဂ်ဘွဲ့ထူး ရတော်မူကြကြောင်း

မြတ်စွာဘုရားရှင် ဘုရားဖြစ်သည့်နှစ် မိဂဒါဝုန်တောမှာ ဝါကျွတ်ခဲ့၍ ထိုမှ ဥရုဝေလတောအုပ်သို့ ကြွတော်မူကာ ကဿပ ညီနောင်သုံးဦး အမှူးပြုသော ရသေ့တထောင်တို့ကို ချေချွတ်၍ အာဒိတ္တပရိယာယသုတ္တန်ဖြင့် အရဟတ္တဖိုလ်၌ တည်စေပြီးနောက် ပြာသိုလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်သို့ ထို ရဟန်းတထောင် ခြံရံလျက် ရောက်တော်မူသည်။ ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိပြီး လဝက်ခန့်အကြာ တပိုတွဲလဆန်း ၁-ရက်နေ့တွင် ဥပတိဿ ပရိဗိုဇ်သည် ပဉ္စဝဂ္ဂီအဝင်အပါ အရှင်အဿဇိရဟန္တာမထေရ်နှင့် ရာဇဂြိုဟ်ပြည်မှာ တွေ့ရှိ၍ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ" စသော ဂါထာကို ကြားနာရ၍ သောတာပန်အရိယာ ဖြစ်လေသည်။ ဥပတိဿပရိဗိုဇ်အထံမှ ထိုဂါထာကိုပင် တဆင့်ကြားနာရ၍

(နှာ-၆၁)

ကောလိတပရိဗိုဇ်သည်လည်း သောတာပန်အရိယာ ဖြစ်ပြန်လေသည်။ ထို့နောက် သောတာပန်အရိယာ သူငယ်ချင်း ပရိဗိုဇ် နှစ်ဦးတို့ တပည့်ပရိဗိုဇ် ပရိသတ်နှင့်တကွ မြတ်စွာဘုရားအထံ၌ ဧဟိဘိက္ခု ရဟန်း ဖြစ်ကြလေသည်။ တပည့်များမှာ ဧဟိဘိက္ခု ရဟန်းမဖြစ်မီ မြတ်စွာဘုရားဟောကြားအပ်သောတရားတော်ကို နာကြားကြရ၍ ထို ခဏမှာပင် ရဟန္တာဖြစ်ကြလေသည်။ အဂ္ဂသာဝကအလျာ မထေရ်မြတ်နှစ်ပါးတို့မှာမူ အဂ္ဂသာဝက ပါရမီ ဉာဏ်၏ အလွန်ကြီးကျယ် မြင့်မြတ်သောကြောင့် ထို အချိန်၌ ရဟန္တာမဖြစ်ကြသေးပဲ အရှင်မဟာမောဂ္ဂလာန်မှာ ရဟန်းဖြစ် ပြီးနောက် ခုနစ်ရက်မြောက်၌ ရဟန္တာ ဖြစ်တော်မူ၍ အရှင်သာရိပုတ္တရာမှာ ရဟန်းဖြစ်ပြီးနောက် ဆယ့်ငါးရက်အကြာ တပို့တွဲလပြည့်နေ့မှာ ရဟန္တာဖြစ်တော်မူလေသည်။ (အကြောင်းအရာ အကျယ်ကို ဤမဟာဗုဒ္ဓဝင်ကျမ်း တတိယတွဲအစမှ စာမျက်နှာ ၂၅-တိုင်အောင် ကြည့်ရှုရာ၏)။ .

ဤသို့လျှင် အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါးလုံးအဖို့ရာ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးနေတော်မူစဉ်ပင် အဂ္ဂသာဝက ပါရမီဉာဏ် အထွတ်အထိပ်သို့ ရောက်တော်မူကြသည်။ သို့သော် နောက်တချိန်ဝယ် မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ်__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မဟာပညာနံ ယဒိဒံ သာရိပုတ္တော = ရဟန်းတို့... ဉာဏ်ပညာ ကြီးကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် သာရိပုတ္တရာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏။

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဣဒ္ဓိမန္တာနံ ယဒိဒံ မဟာမောဂ္ဂလ္လာနော = ရဟန်းတို့... တန်ခိုးဣဒ္ဓိနှင့်ပြည့်စုံကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မဟာမောဂ္ဂလာန်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

(နှာ-၆၂)

ဟု ချီးကျူးမြွက်ဆိုတော်မူကာ အရှင်သာရိပုတ္တရာ မထေရ်ကို ပညာကြီးသောအရာ၌, အရှင်မဟာမောဂ္ဂလာန်ကို တန်ခိုးဣဒ္ဓိ ကြီးမြတ်သောအရာ၌ ဧတဒဂ်ထားတော်မူလေ၏။

ဤမထေရ်မြတ်ကြီးနှစ်ပါးတို့သည် ရဟန်းဖြစ်တော်မူသည်မှ စ၍ (၄၄) လေးဆယ့်လေးဝါကြာ ကာလပတ်လုံး သတ္တလောက၏ အစီးအပွါးအလို့ငှါ ကျင့်တော်မူကြပေ၏။ ထိုမထေရ်မြတ်တို့ ဟောကြားတော်မူအပ်သော တရားတော်တို့မှာ နိကာယ် ငါးရပ် ပိဋကတ်တော်၌ များလှစွာ၏။ ထုတ်ဆောင် ဖော်ပြခြင်းငှါ မတတ်နိုင်လောက်အောင်ပင် ရှိပါတော့၏။ အထူးအားဖြင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီး, မဟာနိဒ္ဒေသပါဠိတော်ကြီး, စူဠနိဒ္ဒေသပါဠိတော်ကြီးတို့မှာ အရှင်သာရိပုတ္တရာ မထေရ်မြတ် ဟောကြားတော်မူအပ်သော တရားဒေသနာတော်များ ဖြစ်၏။ သာရိပုတ္တထေရဂါထာသည် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ တရားဟင်းလေးအိုးကြီးသဖွယ် ဖြစ်၍ မဟာမောဂ္ဂလ္လာနထေရဂါထာသည် အရှင်မဟာမောဂ္ဂလာန်မထေရ်၏ တရားဟင်းလေးအိုးကြီး သဖွယ်တို့ ဖြစ်ကြလေသည်။ အလိုရှိသူတို့ ထိုထိုပါဠိတော် မြန်မာပြန်ကိုမှ ထုတ်ဆောင်ကြည့်ရှု မှတ်ယူကြပါကုန်။ ဤကျမ်း၌ကား ထိုမထေရ်မြတ်နှစ်ပါးတို့၏ လေးဆယ့်လေးဝါ ကာလကြာအောင် သတ္တလောက၏ အစီးအပွါးအလို့ငှါ ကျင့်ဆောင်တော် မူကြပြီးနောက် ပရိနိဗ္ဗာန်ဝင်စံတော်မူကြသောအကြောင်းကိုသာ ရေးသားဖော်ပြပါတော့အံ့__

(က) အရှင်သာရိပုတ္တရာမထေရ် ပရိနိဗ္ဗာန်စံတော်မူခြင်း အကြောင်း

မြတ်စွာဘုရားရှင်သည် နောက်ဆုံးလေးဆယ့်ငါးကြိမ်မြောက် ဝါကို ဝေသာလီပြည်၏အနီး ဝေဠုဝရွာငယ်၌ ဝါကပ်တော်မူ၍ ထိုဝါမှ ထတော်မူလတ်သော်(အောက်ပရိနိဗ္ဗာန်စံတော်မူခဏ်း၌ ပြဆိုခဲ့သည့်) ကြွလာတော်မူရင်း ခရီးစဉ်အတိုင်းပင် ဝေဠုဝရွာ ငယ်မှ ထွက်ကြွတော်မူ၍ အစဉ်သဖြင့် ခရီးဒေသစာရီ နောက်ဆုံး လှည့်လည်တော်မူခြင်းဖြင့် လှည့်လည်တော်မူခဲ့ရာ သာဝတ္ထိပြည်

(နှာ-၆၃)

သို့ ရောက်၍ ဇေတဝန်ကျောင်းတိုက်သို့ ဝင်တော်မူလေ၏။ တရားစစ်သူကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်သည် မြတ်စွာဘုရားရှင်အားဝတ်ပြု၍ နေ့သန့်ရာအရပ်သို့ ကြွတော် မူလေသည်။ မထေရ်မြတ်သည် ထိုနေ့သန့်ရာအရပ်၌ တပည့် ရဟန်းတို့ ဝတ်ပြုကြကာ ဖဲသွားကြလေလျှင် နေ့သန့်ရာအရပ်ကို တံမြက်လှည်းပြီးနောက် စမ္မခဏ် = သားရေပိုင်းကို ခင်းပြီးလျှင် ခြေဆေးပြီး တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူလျက် အရဟတ္တဖိုလ် သမာပတ်ကို ဝင်စားတော်မူလေသည်။

ထို့နောက် ပိုင်းခြားအပ်သောအချိန်ကာလမှာပင် ဖလသမာပတ်မှ ထတော်မူပြီးသော မထေရ်မြတ်၏ စိတ်သန္တာန်ဝယ် “မြတ်စွာဘုရားရှင်တို့ကပင် ရှေးဦးစွာ ပရိနိဗ္ဗာန် ဝင်စံတော်မူကြ ကုန်သလော၊ သို့မဟုတ် အဂ္ဂသာဝကနှစ်ပါးတို့ကပင် ရှေးဦးစွာ ပရိနိဗ္ဗာန် ဝင်စံကြကုန်သလော” ဟု ကြံစည်ဆင်ခြင်မှု ဖြစ်လေသည်။ ထို့နောက်“အဂ္ဂသာဝကနှစ်ပါးတို့က ရှေးဦးစွာ ပရိနိဗ္ဗာန် ဝင်စံကြမြဲဖြစ်သည်” ဟု သိမြင်တော်မူ၍ မိမိ၏အာယုသင်္ခါရကို ဆက်၍တဖန် ကြည့်ရှုတော်မူပြန်သော် “ငါ၏အာယုသင်္ခါရတို့သည် ခုနစ်ရက်သာလျှင် ဖြစ်ကြလိမ့်မည်” ဟု သိရှိတော်မူပြီးလျှင် “ငါသည် အဘယ်အရပ်၌ ပရိနိဗ္ဗာန်ဝင်စံရလိမ့်မည်နည်း”ဟု ဆက်၍ တဖန် စဉ်းစားဆင်ခြင်တော်မူပြန်လေသည်။

ထို့နောက် “ရာဟုလထေရ်သည် တာဝတိံသာနတ်ပြည်၌ ပရိနိဗ္ဗာန်စံခဲ့လေပြီ၊ အညာသိကောဏ္ဍညမထေရ်လည် ဆဒ္ဒန်အိုင် ၌ ပရိနိဗ္ဗာန် စံခဲ့လေပြီ။ ငါသည်ကား အဘယ်အရပ်၌ ပရိနိဗ္ဗာန် စံရပါမည်နည်း”ဟု အဖန်ဖန် စဉ်းစားဆင်ခြင်တော်မူလေသော် မယ်တော် ရူပသာရီပုဏ္ဏေး(= သူဌေးကတော်မကြီး)ကို အာရုံ ပြုမိ သတိရရှိလာလေသည်။ သတိရတော်မူလာပုံမှာ__

“ဩ...ငါ၏မယ်တော်သည် ရဟန္တာခုနှစ်ပါးတို့၏ မိခင်ကြီးစင်စစ် ဖြစ်ပါလျက် ဘုရား, တရား, သံသာ = ရတနာသုံးပါးတို့၌ မကြည်ညိုသူ ဖြစ်ချေသည်၊ ထို ငါ့

(နှာ-၆၄)

မယ်တော်မှာ မဂ်ဖိုလ်၏ ဥပနိဿယည်း ရှိလေသလော၊ မရှိဘူးလော” __

ဟု သတိရဆင်ခြင်တော်မူ၍ သောတာပတ္တိမဂ်ကိုရကြောင်း ရှေးကောင်းမှု ဥပနိဿယည်း ပစ္စည်းရှိသည်ကို သိမြင်တော်မူကာ “အဘယ်သူ၏ တရားဒေသနာဖြင့် သစ္စာလေးပါး တရားသိမြင် ခြင်းသည် ဖြစ်ပါမည်နည်း”ဟု ဆက်၍တဖန် ဆင်ခြင်တော်မူပြန် လေသော်__

“ငါ၏ တရားဒေသနာဖြင့်ပင် မယ်တော်၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်းသည် ဖြစ်ပေလိမ့်မည်၊ တပါးသော ပုဂ္ဂိုလ်၏ တရားဒေသနာဖြင့် သစ္စာလေးပါး တရားကို သိမြင်ခြင်း ဖြစ်လိမ့်မည် မဟုတ်။ အကယ်၍များ ငါသည် မယ်တော်ကို ချေချွတ်ရန်ကြောင့်ကြစိုက်ထုတ်ခြင်းမပြု လျစ်လျူရှုလိုက်မည်ဆိုလျှင် “သာရိပုတ္တရာထေရ်သည် အခြားသူတို့၏ကား မှီခိုအား ထားရာဖြစ်ပါပေ၏၊ မှန်၏-မထေရ်မြတ် သမစိတ္တသုတ္တန် (အံ၊၁၊၆၄-မျက်နှာ)ကို ဟောတော်မူသောနေ့၌ ကုဋေ တသိန်းသော နတ်ဗြဟ္မာတို့ အရဟတ္တဖိုလ်သို့ ဆိုက်ရောက် ကြလေသည်။ အောက်မဂ်သုံးပါးသို့ ဆိုက်ရောက်ကြသူ နတ်ဗြဟ္မာတို့ကား မရေမတွက်နိုင်အောင် များလှပေ၏။ အခြားအရာဌာနတို့၌လည်း သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြခြင်း များစွာတို့ကို တွေ့မြင်အပ်ကြလေသည်၊ ဤတွင်မျှမကသေး မထေရ်မြတ်၌ သဒ္ဓါကြည်ညိုကြ၍ နတ်ပြည်၌ဖြစ်ကြသည့် အမျိုးအိမ်(= အိမ်ထောင်စု)တို့သည်ပင် (၈၀၀၀၀)ရှစ်သောင်း အရေအတွက် ရှိကုန်၏။ ထိုအရှင်သာရိပုတ္တရာမထေရ်မြတ်သည် ယခုတော့မူ မိမိမယ်တော်၏ မိစ္ဆာအယူကိုပင်မျှလည်း ပယ်ဖျောက်ခြင်းငှါ မတတ်နိုင်ရှာပေဟု ကဲ့ရဲ့အပြစ်တင်စကား ပြောကြားမည့်သူများ ထင်ရှားပေါ်ထွက်လာလိမ့်မည်။ သို့ရကား ငါသည် ငါ့ မယ်တော်ကို မိစ္ဆာအယူမှ ချေချွတ်

(နှာ-၆၅)

ပြီးနောက် ငါ၏ ဖွားရာ တိုက်ခန်းမှာပင် ပရိနိဗ္ဗာန်ဝင်စံပေအံ့”__

ဟု ဆုံးဖြတ်ချက် ချမှတ်တော်မူပြီးနောက် “ယနေ့ပင် မြတ်စွာဘုရားကို ခွင့်ပြု=သိစေတော်မူပြီးလျှင် ဇေတဝန်ကျောင်းတိုက်မှ ထွက်ချီပေတော့အံ့”ဟု ကြံစည်တော်မူကာ ညီတော် စုန္ဒမထေရ်ကို “ရှင်စုန္ဒ၏ တပည့်ရဟန်း ပရိသတ်ငါးရာအား “ငါ့ရှင်တို့...သပိတ်, သင်္ကန်းများကို အသင့်ပြင်ဆင် ယူဆောင် ထားကြလော့၊ တရားစစ်မှူးကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာထေရ်သည် ဖွားရာဇာတိ နာလကရွာသို့ ကြွတော်မူလို ၏”ဟု အချက်အမှတ်ပေးလော့”ဟု ခေါ်ဆို အမိန့်ရှိလေသည်။ စုန္ဒမထေရ်သည်လည်း နောင်တော်မထေရ်မြတ် မိန့်ဆိုအပ်တိုင်းပင် တပည့်ရဟန်း ပရိသတ်ငါးရာအား လိုက်လံ နှိုးဆော် အသိ ပေးလေ၏။

တပည့်ရဟန်း ငါးရာတို့သည် ကျောင်း အိပ်ရာနေရာများကို သိုမှီးသိမ်းဆည်းကြပြီးလျှင် သပိတ်, သင်္ကန်းကို ယူဆောင်ကြ၍ မထေရ်မြတ်အထံသို့ တညီတညွတ်တည်း စည်းဝေးလာရောက်ကြလေကုန်၏။ မထေရ်မြတ်သည် မိမိ၏ ကျောင်း အိပ်ရာနေရာကို သိုမှီးသိမ်းဆည်းတော်မူပြီးလျှင် နေ့သန့်ရာဌာနကို တံမြက်လှည်း၍ ထိုနေ့သန့်ရာဌာန တံခါးဝ၌ ရပ်တည်တော်မူလျက် နေ့သန့်ရာ ဌာနကို ကြည့်တော်မူ၍ “ယခုအခါ၍ကြည့်ခြင်းကား နောက်ဆုံး ကြည့်ခြင်းဖြစ်သည်။ နောက်ထပ်တဖန် ပြန်လာခြင်း မရှိတော့ပြီ” ဟု အောက်မေ့တော်မူပြီးလျှင် တပည့်ရဟန်း ငါးရာတို့ ခြံရံအပ်လျက် မြတ်စွာဘုရားထံတော်သို့ သွားရောက်ရှိခိုးပြီးလျှင် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား...ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တပည့်တော်အား ခွင့်ပြုတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တပည့်တော်အား ခွင့်ပြုတော်မူပါလော့။ တပည့်တော်၏အဖို့ရာ ပရိနိဗ္ဗာန်စံရန် အချိန်ရောက်ခဲ့ပါပြီ၊ တပည့်တော်သည် အာယုသင်္ခါရကို လွှတ်အပ်ပြီးပါပြီ”ဟု ခွင့်ပန်စကား လျှောက်ထားလေ၏။

(နှာ-၆၆)

(ဤ၌။ ။ အနုဇာနာတု မေ ဘန္တေ ဘဂဝါ-စသော ပါဠိ၌ အနုဇာနာတု-ဟူသောပါဌ်ကို ခွင့်ပြုတော်မူပါလော့-ဟု မြန်မာပြန်ဆိုခြင်းမှာ ဝေါဟာရပညတ်နက် ပြန်ဆိုခြင်း ဖြစ်သည်။ အတွင်းအဓိပ္ပါယ်ငုပ်လျက် သဒ္ဒါနက် = မြန်မာသဒ္ဒါပြန်ဆိုလျှင် “အနုဇာနာတု = တပည့်တော်၏ ပရိနိဗ္ဗာန်ဝင်စံတော့မည့်အကြောင်းကို ဆင်ခြင်သိမြင်တော်မူပါလော့” ဟု ပြန်ရဆိုရပါမည်။ “တပည့်တော်သည် မိမိ၏ ပရိနိဗ္ဗာန် စံရတော့မည့် အကြောင်းကို သိပြီးဖြစ်ပါသည်။ ရှင်တော်ဘုရားသည် တဖန်ထပ်လှောက် သိတော်မူပါလော့”ဟု လျှောက်ထားလိုရင်း ဖြစ်သည်)။

ဘုရားရှင်တို့မည်သည်ကား တပည့်ရဟန္တာများ ပရိနိဗ္ဗာန် စံရန် ခွင့်ပန်အသိပေးလာသောအခါ “ပရိနိဗ္ဗာန် စံလော့”ဟုဆိုလျှင် မိစ္ဆာအယူရှိသူများက “သေခြင်း၏ ကျေးဇူးကို ချီးမွမ်းသည်”ဟု အပြစ်တင်ကြလိမ့်မည်။ “ချစ်သား ပရိနိဗ္ဗာန်မစံလင့်ဦး”ဟု ဆိုပြန်လျှင်လည်း “မြတ်စွာဘုရားသည် ဝဋ်ဒုက္ခ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းဘိသည်” ဟု အပြစ်တင်ကြလိမ့်မည်။ ထို့ကြောင့် ထိုစကားနှစ်မျိုးလုံးကိုပင် မိန့်ဆိုရိုးထုံးစံ မရှိကြကုန်။ ထို့ကြောင့် မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာမထေရ်ကို “ချစ်သား သာရိပုတ္တရာသင် ချစ်သားသည် အဘယ် အရပ်၌ ပရိနိဗ္ဗာန့်စံမည်နည်း” ဟု မေးတော်မူ၍ အရှင်သာရိပုတ္တရာ မထေရ်က “မြတ်စွာဘုရား ...မဂဓတိုင်းအဝင်အပါ နာလကရွာ၌ တပည့်တော်၏ မွေးဖွားရာ တိုက်ခန်းရှိပါသည်၊ ထိုတိုက်ခန်း၌ တပည့်တော်သည် ပရိနိဗ္ဗာန်စံပါမည်ဘုရား”ဟု လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “ချစ်သား သာရိပုတ္တရာ သင် ချစ်သားသည်ပင် ယခုအခါ မိမိ၏ ပရိနိဗ္ဗာန် စံရာကာလကို သိပေ၏၊ အထူးအားဖြင့် ယခုအခါ သင်ချစ်သား၏ နောင်တော် ညီတော်ဖြစ်ကြသော ရဟန်းတို့အဖို့ရာ သင်ချစ်သားကဲ့သို့သော ရဟန်းကို နောက်ထပ်ဖူးမြော်ရန် ရခဲသည်ဧကန် ဖြစ်ပေလိမ့်မည်။ သို့ရကား သင်ချစ်သားသည် မိမိ၏ နောင်တော်, ညီတော်ဖြစ်ကြသော ရဟန်းတို့အား တရားဟောဦးလော့”ဟု မိန့်တော်မူလေ၏။

မထေရ်မြတ်သည် “မြတ်စွာဘုရားရှင်သည် ငါ၏ တန်ခိုးအထူး ဖန်ဆင်းခြင်းလျှင် ရှေ့သွားရှိသော တရားဟောခြင်းကို လိုလား

(နှာ-၆၇)

တောင့်တတော်မူသည်”ဟု ဘုရားအလိုတော်ကို သိရှိ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးနောက် ထန်းတဆင့်ပမာဏ ရှိသော ကောင်းကင်သို့ ပျံတက်တော်မူကာ ကောင်းကင်မှ သက်ဆင်း၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးလေ၏။ တဖန် ထန်းနှစ်ဆင့်ခန့် ပမာဏရှိသော ကောင်းကင်သို့ ပျံတက်တော်မူကာ ကောင်းကင်မှ သက်ဆင်း၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပြန်လေ၏။ ဤနည်းဖြင့် အစဉ်အတိုင်း ထန်းသုံးဆင့် လေးဆင့် ငါးဆင့် ခြောက်ဆင့် ခုနစ်ဆင့်ခန့် ပမာဏရှိသောကောင်းကင်သို့ ပျံတက်၍ တန်ခိုးပြာဋိဟာ ရာပေါင်းများစွာတို့ကို ပြလျက် တရားဟောတော်မူလေသည်၊ ဟောတော်မူပုံ အမြွက်မှာ__

ကိုယ်တော်ကို ထင်ရှားပြလျက်လည်း တရားဟောတော်မူ၏။ ကိုယ်တော်ကို ကွယ်၍လည်း တရားဟောတော်မူ၏။ အထက်ပိုင်း ကိုယ်တော်ကို ထင်ရှားပြ၍၎င်း, ကွယ်ပ၍၎င်း တရားဟောတော်မူ၏။ အောက်ပိုင်းကိုယ်တော်ကို ထင်ရှားပြ၍၎င်း, ကွယ်ပ၍၎င်း တရားဟောတော်မူ၏။ ရံခါ လဗိမာန်ပုံဟန် ဖန်ဆင်း၍ ပြတော်မူ၏။ ရံခါ နေဗိမာန်ပုံဟန် ဖန်ဆင်း၍ ပြတော်မူ၏။ ရံခါ တောင်ကြီးအဟန် ဖန်ဆင်းပြတော်မူ၏။ ရံခါ သမုဒြာကြီးပုံဟန် ဖန်ဆင်းပြတော်မူ၏။ ရံခါ စကြဝတေးမင်းကြီးဖြစ်လိုက်, ရံခါ ဝေဿဝဏ်နတ်မင်းကြီးဖြစ်လိုက် ရံခါသိကြားနတ်မင်းဖြစ်လိုက် ရံခါ မဟာဗြဟ္မာမင်းကြီးဖြစ်လိုက်-ဤသို့ အစရှိသည်ဖြင့် တန်ခိုး ပြာဋိဟာ ရာပေါင်းများစွာတို့ကို ပြလျက် တရားဟောတော် မူလေသည်။ သာဝတ္ထိတမြို့လုံး စုရုံးစည်းဝေးလာ၏။ မထေရ်မြတ်သည် တန်ခိုးပြာဋိဟာပြခြင်းကို ရှေ့သွားပြုကာ အားရလောက်အောင် တရားစကား ဟောကြားပြီးသောအခါ ကောင်းကင်မှ ဆင်းသက်၍ မြတ်စွာဘုရား၏ခြေတော်ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် ရွှေတုရိုဏ်တိုင်ပမာ မတ်မတ်ခိုင်ကျည် ရပ်တည်တော်မူလေ၏။

(နှာ-၆၈)

ထိုအခါ မြတ်စွာဘုရားရှင်သည် “ချစ်သားသာရိပုတ္တရာ...ဤ ယခု တရားဟောခြင်းသည် အဘယ်မည်သော တရားဟောခြင်း ဖြစ်သနည်း”ဟု မေးတော်မူ၍ အရှင်သာရိပုတ္တရာမထေရ်မြတ်က “မြတ်စွာဘုရား ခြင်္သေ့မင်း၏ မြူးကွန့်စံပယ်ခြင်းနှင့် အလားတူ သော = သီဟဝိကီဠိတ- တရားဟောခြင်းဖြစ်ပါသည်ဘုရား” ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားသည် “ချစ်သားသာရိပုတ္တရာ... တကယ်စင်စစ်ပင် သီဟဝိကီဠိတ - တရားဟောခြင်းဖြစ်ပါ ပေ၏။ ချစ်သားသာရိပုတ္တရာ… တကယ်စင်စစ်ပင် သီဟဝိကီဠိတတရားဟောခြင်းဖြစ်ပါပေ၏”ဟု နှစ်သက်စွာ ခွင့်ပြုစကား မိန့်ကြားတော်မူလေ၏။

မြတ်စွာဘုရားကို နောက်ဆုံး ကန်တော့ခြင်း

အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ချိပ်ရည်အသွေး တွေးတွေးနီသော လက်တို့ကို ဖြန့်၍ မြတ်စွာဘုရားရှင်၏ ရွှေလိပ်နှင့်တူ သော ခြေတော် အစုံတို့ကို ဖမျက်တို့၌ မြဲမြံစွာဆွဲကိုင်ပြီးလျှင်__

“မြတ်စွာဘုရား...တပည့်တော်သည် အရှင်ဘုရားတို့၏ ဤခြေတော်အစုံတို့ကို ဖူးမြော်နိုင်ရန် တသင်္ချေနှင့် ကမ္ဘာ တသိန်းကြာ ပါရမီတို့ကို ဖြည့်အပ်ခဲ့ပါကုန်ပြီ၊ တပည့်တော်၏ ထိုနှလုံးအလိုသည် ယခုအခါ အထွတ်အထိပ်ရောက် အောင်မြောက်ခဲ့ပါပြီ။ ယခုအခါ ဤအချိန်မှစ၍ ဘဝပဋိသန္ဓေ အနေအားဖြင့် နောက်ထပ်တဖန် တနေရာရာ ဘဝတခုခု၌ အရှင်ဘုရားတို့နှင့် တွေ့ကြုံ ပေါင်းဆုံရမှုကား မရှိတော့ပါဘုရား၊ ဤသည့်ဘဝနှင့် စပ်သွယ်သော အကျွမ်းဝင်မှု = ရင်းနှီးမှုကို အကြွင်းမဲ့ ဖြတ်အပ်ပြီးပါပြီ။ ယခုအခါ တပည့်တော်သည် အဆူရေသိန်းပေါင်းများစွာ ဘုရားတကာတို ဝင်စံတော်မူရာ မအိုရာ, မသေရာ, ရန်ကင်းရာ, ချမ်းသာ, အေးမြ, ဘေးမခသည့် နိဗ္ဗာန်ပြည်သို့ ဝင်စံပါတော့မည်။ တပည့်တော်၏ အပေါ်မှာ ရှင်တော် ဘုရား မနှစ်သက်လောက်သော တစုံတရာ ကာယကံမှု

(နှာ-၆၉)

ဝစီကံမှုများ ထင်ရှားရှိခဲ့ပါလျှင် ထိုအပြစ်များကို သည်းခံတော်မူကြပါဘုရား၊ တပည့်တော်၏ အဖို့ရာ သွားရောက်ရန် အချိန်တန်ပါပြီဘုရား”__

ဟု ကန်တော့ခွင့်ပန်စကား လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် “ချစ်သား သာရိပုတ္တရာ ချစ်သား၏ အပေါ်မှာ ငါဘုရား သည်းခံပါ၏၊ ငါဘုရားစိတ်တော်မှာ မနှစ်သက်လောက်သည့် သင်ချစ်သား ပြုမှား ပြောမှားသော ကာယကံမှု, ၀စီကံမှု တစုံတရာမျှ မရှိချေ။ ချစ်သား သာရိပုတ္တရာ... သင်ချစ်သားသည်ပင် ယခုအခါ မိမိ၏ သွားရာကာလကို သိပေ၏ = သွားရန်မှာ သင်ချစ်သား၏ အလိုအတိုင်းပင် ဖြစ်ပေ၏” ဟု ခွင့်ပြုစကား မိန့်ကြားတော်မူလေ၏။

ဤသို့လျှင် မြတ်စွာဘုရား ခွင့်ပြုတော်မူပြီးသည်၏ အခြားမဲ့၌ အရှင်သာရိပုတ္တရာမထေရ်မြတ်သည် မြတ်စွာဘုရား၏ ခြေတော်တို့ကို တအားကုန် ဆုပ်နယ်ကာ ရှိခိုး၍ ထိုနေရာမှ ထလျှင်ပင် “မြင်းမိုရ်, စကြဝဠာ, ဟိမဝန္တာနှင့်တကွ သတ္တရဗ္ဘန် တောင်ရံ ခုနစ်လုံးတို့ကို ထမ်းဆောင်၍ ထားနိုင်ပါသော်လည်း ယနေ့ ဤ ဂုဏ်ကျေးဇူးအစုကိုကား ငါထမ်းဆောင်ခြင်းငှါ မစွမ်းနိုင်တော့ပါ” ဟု ဆိုသကဲ့သို့ တပြိုင်နက်တည်းပင် ပဲ့တင်ရိုက်ဟည်းလျက် မဟာပထဝီ ဤမြေကြီးသည် ရေအဆုံးတိုင်အောင် ပြင်းစွာ တုန်လှုပ်လေ၏၊ ကောင်းကင်အလုံး အုန်းအုန်းဖြိုးဖြိုး သည်းထန်စွာ မိုးထစ်ကြိုးလေ၏။ မိုးတိမ်တိုက်ကြီးများသည် တခဏအတွင်း တက်ကြွ ဖြစ်ပွါးကြကာ ပေါက္ခရဝဿမိုးကို ဖြိုးဖြိုးရွာသွန်းစေလေ၏။

မြတ်စွာဘုရားရှင်သည် “သာရိပုတ္တရာကား ထိုင်နေသော ငါဘုရား၏ ရူပကာယကို ရှိခိုးပြီးပြီ၊ ယခုအခါ ရပ်တည်နေသော ငါဘုရား၏ ရူပကာယကို သာရိပုတ္တရာကို တဖန်ရှိခိုးစေဦးအံ့”ဟု ကြံစည်ဆင်ခြင်တော်မူကာ တရားဟောရာ ဗုဒ္ဓါသန ဓမ္မပလ္လင်မှ ထတော်မူ၍ ဂန္ဓကုဋီတိုက်တော်သို့ ရှေးရှူ ကြွသွားတော်မူပြီးလျှင် ကျောက်မျက်ရတနာ စီခြယ်အပ်သော ပျဉ်ချပ်၌ ရပ်တည်နေ

(နှာ-၇၀)

တော်မူလေ၏။ အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ထိုသို့ ရပ်တည်နေသော မြတ်စွာဘုရားကို လာရစ်သုံးပတ် လှည့်လည်၍ ရှေ့, နောက်, ဝဲ, ယာ = လေးမျက်နှာအရပ်တို့၌ ရှိခိုးပြီးသော်__

“မြတ်စွာဘုရား...အကျွန်ုပ်သည် လွန်ခဲ့သော တသင်္ချေ နှင့် ကမ္ဘာတသိန်းထက်က အနောမဒဿီ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းတုပ်ကွ၍ အရှင်ဘုရားတို့ကို ဖူးမြော်ရန် ပန်ထွာ တောင့်တခဲ့ပါပြီ၊ တပည့်တော်၏ ထိုတောင့်တချက်သည် ယခုအခါ ပြည့်စုံပါပြီ၊ အရှင်ဘုရားတို့ကို နှစ်သက်အားရ ဖူးမြော်ရပါကုန်ပြီ။ ထိုဆုတောင်း ပတ္ထနာမှု ပြုစဉ်က အနောမဒဿီမြတ်စွာဘုရား၏ ဗျာဒိတ်တော်စကားကို အစဉ်လျှောက်၍ ကြားနာကာ ဉာဏ် ပညာဖြင့် အရှင်ဘုရားတို့ကို ရည်ရော်ဖူးမြော်ရခြင်းသည် ပဌမဖူးမြော်ရခြင်း ဖြစ်ပါသည်။ ယခုဖူးမြော်ရခြင်းသည် နောက်ဆုံးဖူးမြော်ရခြင်း ဖြစ်ပါသည်။ တဖန် အရှင်ဘုရားတို့ကို ဖူးမြော်ရခွင့် မရှိတော့ပါဘုရား”__

ဟု နောက်ဆုံး လျှောက်ထားကာ လက်သည်း ဆယ်ပွင့်တို့ဖြင့် တင့်တယ်တောက်ပြောင်သော လက်အုပ်ကို ချီးမြှောက်၍ မြတ်စွာဘုရားကို မြင်လောက်သောအရပ် ဆုံးသည်တိုင်အောင် နောက်ဆုတ်သွားလျက် ရှိခိုးပြီးလျှင် တပည့်ရဟန်း ငါးရာတို့နှင့် အတူတကွ သွားတော်မူလေ၏။ တဖန်ထပ်၍ မဟာပထဝီ မြေကြီးသည် ဂုဏ်ကျေးဇူးအနှစ်ကို မဆောင်စွမ်းနိုင်တော့ပဲ ရေအဆုံး တိုင်အောင် တုန်လှုပ်ပြန်လေ၏။ မြတ်စွာဘုရားသည် ကိုယ်တော်မြတ်ကို ဝန်းရံ၍ တည်နေကြသော ရဟန်းတို့ကို “ချစ်သားတို့...သင်တို့၏ နောင်တော်ကြီးကို လိုက်ပို့ကြလော့” ဟု မိန့်တော်မူ၏။ ထိုခဏ၌ ပရိသတ်လေးပါးလုံးပင် မြတ်စွာဘုရား တပါးတည်းကိုသာ ဇေတဝန်ကျောင်းတိုက်၌ ချန်ထားခဲ့ကြ၍ တဦးမကျန် ထွက်ချီလိုက်ပို့ကြလေ၏။ သာဝတ္ထိ ပြည်သူ ပြည်သားတို့သည်လည်း “အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားကို ပန်ကြား၍ ပရိနိဗ္ဗာန်စံတော်မူလို

(နှာ-၇၁)

ရကား ဇေတဝန်ကျောင်းတိုက်တော်မှ ထွက်ကြွတော်မူလာပြီတဲ့။ မထေရ်မြတ်ကို ငါတို့ နောက်ဆုံး ဖူးမြော်ကြကုန်အံ့”ဟု မြို့တံခါးများ သွားလာထွက်ဝင်ရန် နေရာမရှိအောင်ပင် အပြည့်အကြပ် ထွက်ခဲ့ကြ၍ နံ့သာ,ပန်း-စသည် လက်စွဲကြကုန်လျက် ဆံပင်တို့ကို ဖရိုဖရဲ ကြဲဖြန့်ကြပြီးသော် “အရှင်ဘုရား...ယခုအခါ တပည့်တော်တို့သည် “မဟာပည သာရိပုတ္တထေရ်သည် အဘယ်အရပ်မှာ နေသနည်း၊ ဓမ္မသေနာပတိ သာရိပုတ္တထေရ်သည် ယခုအခါ အဘယ်အရပ်မှာ နေသနည်း ́ဟု မေးမြန်းကြကာ အဘယ်မထေရ်ထံသို့ သွားကြရပါမည်နည်း။ အဘယ်သူ့လက်၌ မြတ်စွာဘုရားကို အပ်ထားခဲ့၍ မထေရ်မြတ်ဘုရား ဖဲကြွသွားတော်မူသနည်း” ဤသို့အစရှိသည်ဖြင့်ငိုကြွေးမြည်တမ်းကြ၍ မထေရ်မြတ်နောက်သို့ ကောက်ကောက်လိုက်ပါကြလေကုန်၏။

အရှင်သာရိပုတ္တရာမထေရ်သည် ကြီးကျယ်သော ပညာ၌ တည်သူဖြစ်တော်မူရကား “ဤဖြစ်တိုင်း ဖြစ်တိုင်းသော သတ္တဝါတို့၏ သေခြင်းအဆုံးရှိသော လမ်းသည်ကား ခပ်သိမ်းသော သတ္တဝါတို့ မလွန်မြောက်နိုင်သောလမ်းဖြစ်သည်” ဟု အကျဉ်းချုပ် လူများအပေါင်းကို ဆုံးမတော်မူ၍ “ငါ့ရှင်တို့...သင်တို့သည်လည်း နေရစ်ကြလော့၊ မြတ်စွာဘုရား၌ မမေ့မလျော့ကြလင့်” ဟု မိန့်ဆိုကာ ရဟန်းအပေါင်းကိုလည်း ပြန်နစ်စေတော်မူ၍ မိမိပရိသတ်နှင့် အတူတကွ နာလကရွာဖက်သို့ ဖဲကြွတော်မူလေ၏။ “ရှေးအခါ အရှင်မြတ်သည် တဖန်ပြန်လာမည့် ဒေသစာရီကို ကြွချီတော်မူ၏၊ ဤယခု ကြွချီခြင်းကား နောက်ထပ် တဖန် ပြန်လာရန်မဟုတ်တော့ချေ” ဟု ငိုကြွေးမြည်တမ်းကာ လိုက်ပါလာသော လူများကိုလည်း “ဒါယကာ ဒါယိကာမ အပေါင်း သူတော်ကောင်းတို့… သင်တို့သည် အပ္ပမာဒတရား လက်ကိုင်ထားသူများ ဖြစ်ရစ်ကြလော့၊ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ မည်သည် ဤသို့ ဖြစ်လေ့ရှိကုန်၏ = ဖြစ်ပြီးလျှင် စုတိပြတ်ကြွေ သေခြင်းလျှင်အဆုံးရှိကုန်၏”ဟု အပ္ပမာဒဩဝါဒဖြင့် ဆုံးမတော်မူ၍ ပြန်နစ်စေတော်မူ၏။

(နှာ-၇၂)

ထို့နောက် အရှင်သာရိပုတ္တရာမထေရ်မြတ်သည် လမ်းခရီး အကြား ခပ်သိမ်းသောအရပ်တို့၌ အချိန်မဆွဲ တညဉ့်စီနေခြင်းဖြင့် ခရီးအကြားဝယ် ခုနှစ်ရက်ပတ်လုံး လူတို့ကို ချီးမြှောက်မှုပြုတော်မူကာ အစဉ်သဖြင့် ကြွချီလာတော်မူခဲ့ရာ ညနေချမ်းကာလ၌ နာလကရွာသို့ ရောက်တော်မူ၍ ရွာတံခါးဝ ပညောင်ပင်ရင်း၌ ရပ်နားနေတော်မူလေ၏။

ထိုအခါ မထေရ်မြတ်၏ တူအရင်းဖြစ်သော ဥပရေ၀တ-မည်သော သူငယ်သည် ရွာပြင်ဘက်သို့ ထွက်လာလေသော် မထေရ်မြတ်ကိုမြင်၍ အနီးသို့ လာရောက်ကာ ရှိခိုး ရပ်တည်လာ၏။ မထေရ်မြတ်သည် တူဖြစ်သူ ဥပရေ၀တ-သူငယ်ကို “ဥပရေဝတ... အိမ်မှာ သင့်အဖွားရှိ၏လော” ဟု မေးလေ၏။ “ရှိပါသည် အရှင်ဘုရား...” ဟူ၍ ဥပရေဝတသူငယ်က လျှောက်ထားလေလျှင် မထေရ်မြတ်သည် “သင် သွားတည့်ချေ၊ ငါတို့ ဤရွာသို့ ရောက်ရှိ လာကြောင်း ပြောကြားလေလော့၊ အကယ်၍ သင့်အဖွားက “အဘယ့်ကြောင့် လာသနည်း” ဟု မေးလျှင် “ယနေ့တရက်ပတ်လုံး ရွာတွင်း၌ နေလိမ့်မည်တဲ့၊ ဦးကြီး၏ မွေးဖွားရာတိုက်ခန်းကို ရှင်းလင်းသုတ်သင် ပြင်ဆင်၍ထားလိုက်ကြပါတဲ့၊ ရဟန်းငါးရာတို့အတွက်လည်း နေရာများကို သိထားလိုက်ကြပါ= ပြင်ထား လိုက်ကြပါတဲ့”ဟု သင်ပြောချေ”ဟု မှာကြားတော်မူလိုက်လေ၏။

ဥပရေ၀တ သူငယ်သည် အဖွားဖြစ်သူ ရူပသာရီပုဏ္ဏေး (သူဌေးကတော်ကြီး) ထံသို့သွား၍ “အိုအဖွား...ကျွန်တော်၏ ဦးကြီး (ဥပတိဿ) လာနေပါသည်” ဟု ပြောလေလျှင် အဖွား ဖြစ်သူက “ယခုအဘယ်မှာနည်း” ဟု မေးလေ၏။ ဥပရေ၀တ သူငယ်က“ရွာတံခါးဝမှာ”ဟု ဖြေကြားလေလျှင် အဖွားဖြစ်သူက “တပါးတည်းလော၊ အခြားတပါး တဦးတယောက်များကာ ပါရှိသေးသော” ဟု မေးပြန်လေ၏။ ဥပရေဝတသူငယ်က “ပါရှိပါသည်။ ရဟန်းငါးရာတို့ ပါရှိကြပါသည်” ဟု ဖြေကြားလေလျှင် အဖွားဖြစ်သူက အဘယ်အကြောင်းကြောင့် လာသနည်း” ဟု ထပ်၍တဖန် မေးပြန်လေ၏။ ဥပရေ၀တ သူငယ်က

(နှာ-၇၃)

မထေရ်မြတ် မှာကြားလိုက်သော အကြောင်းအရာများကို အဖွား ဖြစ်သူ ရူပသာရီပုဏ္ဏေး သူဌေးကတော်ကြီးအား ပြောကြားလေလျှင် သူဌေးကတော်ကြီးသည် “သြ...ငါ့သားကြီးသည် အဘယ့်ကြောင့် ဤမျှများစွာ ရဟန်းငါးရာတို့အတွက် နေရာကိုသုတ်သင် ပြင်ဆင်စေပါသနည်း၊ ငယ်စဉ်အခါ ရဟန်းပြုပြီးလျှင် ကြီးပြင်းသောအခါမှ လူဖြစ်လို၍ ထင်ပါ၏” ဟု ကြံစည်အောက်မေ့၍ ဖွားရာတိုက်ခန်းကို သုတ်သင်ရှင်းလင်းစေပြီးနောက် ရဟန်း ငါးရာတို့အတွက် နေရာကို ခင်းကျင်းစေပြီးလျှင် ဆီမီးတိုင်တို့ကို ထွန်းညှိ၍ မထေရ်မြတ်ထံသို့ အပင့်စေလွှတ်လိုက်လေ၏။

မထေရ်မြတ်သည် ရဟန်းငါးရာတို့နှင့် အတူတကွ ပြာသာဒ် ထက်သို့ တက်၍ ဖွားရာတိုက်ခန်းသို့ ဝင်ရောက်ထိုင်နေပြီးလျှင် “သင်တို့၏ နေရာအသီးသီးသို့ သွားကြလော့” ဟု ရဟန်းတို့ကို လွှတ်လိုက်လေ၏။ ထို ရဟန်းတို့ သွားကြလျှင်ပင် မထေရ်မြတ်၏ ကိုယ်ခန္ဓာမှာ ပြင်းထန်ကြမ်းတမ်းသော အနာရောဂါ ဖြစ်ပွါး လာလေ၏။ သေခြင်းလျှင်အဆုံးရှိသည့် သွေးသွန်သော ဝေဒနာတို့ မရပ်မနား ဖြစ်ပွါး၍လာလေကုန်၏။ ခွက်တခုဝင် ခွက်တခု ထွက်ဖြင့် အလဲအလှယ် ပြုစုကြရပေ၏။ မယ်တော် ရူပသာရီပုဏ္ဏေး သူဌေးကတော်ကြီးသည် “ငါ့သား၏ ဖြစ်ပုံကို ငါမနှစ်သက်နိုင်ပေ” ဟု အောက်မေ့ကာ မိမိနေရာတိုက်ခန်းတံခါးဝကို မှီ၍ ရပ်တည်နေလေ၏။

ထိုအခါ စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့သည်“တရား စစ်သူကြီး အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ယခုအခါ အဘယ်အရပ်၌ နေတော်မူသနည်း” ဟု ကြည့်ရှုကြလေသော် “မထေရ်မြတ်သည် နာလကရွာ ဖွားရာတိုက်ခန်းဝယ် ပရိနိဗ္ဗာန် စံရာညောင်စောင်း၌ လျောင်းတော်မူလေပြီ၊ နောက်ဆုံးဖူးမြော် ပြုစုရန် ငါတို့ သွားကြကုန်အံ့”ဟု တိုင်ပင်ကြပြီးလျှင် မထေရ်မြတ် ထံသို့ လာရောက်ရှိခိုး ရပ်တည်ကြလေကုန်၏။ မထေရ်မြတ်က “သင်တို အဘယ်သူများနည်း”ဟု မေးတော်မူလေလျှင် “မဟာရာဇ် နတ်မင်းကြီးများပါ အရှင်ဘုရား”...ဟု ဖြေကြားလျှောက်

(နှာ-၇၄)

ထားကြလေ၏။ “အဘယ့်ကြောင့် လာကြသနည်း”ဟု မေးတော် မူပြန်လေလျှင် “သူနာပြုများ ဖြစ်ကြမည်ဟု လာရောက်ကြပါသည်ဘုရား” ဟု ပြန်ကြားလျှောက်ထားကြလေ၏။ ထိုအခါ မထေရ်မြတ်သည် ရှိပါစေ, သူနာပြုရဟန်း ရှိပါ၏၊ သင်တို့ ပြန်ကြလော့”ဟု ပြောဆိုကာ လွှတ်လိုက်လေ၏။ ထို စတုမဟာရာဇ် နတ်မင်းကြီးများ ပြန်သွားကြသောအခါ ထိုနည်းအတိုင်း ပင် သိကြားနတ်မင်း လာရောက်ပြန်လေ၏။ ထို သိကြားမင်း ပြန်သွားသောအခါ မဟာဗြဟ္မာကြီး လာရောက်ပြန်လေသည်။ ထို သိကြားမင်းနှင့် မဟာဗြဟ္မာကြီးတို့ကိုလည်း ထို့အတူပင် မထေရ်မြတ်သည် ခွင့်ပြုစကား မိန့်ကြားကာ ပြန်လွှတ်တော်မူ လိုက်လေ၏။

မယ်တော် ရူပသာရီပုဏ္ဏေး သူဌေးကတော်ကြီးသည် နတ် ဗြဟ္မာတို့ လာကြပြန်ကြသည်ကို မြင်ရ၍ ငါ့သားကို ရှိခိုး၍ ပြန် သွားကြသော ထိုသူများကား အဘယ်သူများနည်း”ဟု သိလို၍ မထေရ်မြတ်၏ တိုက်ခန်း တံခါးအနီးသို့ သွားရောက်ပြီးလျှင် “ချစ်သားစုန္ဒ-...ဘာဖြစ်ကြနည်း” ဟု မေးလေ၏။ ညီတော်စုနွေ မထေရ်သည် မယ်တော်အားမထေရ်မြတ်မကျန်းမာကြောင်း ရှင်း လင်းပြောကြားပြီးလျှင် အရှင်သာရိပုတ္တရာမထေရ်မြတ်ကို “ဒါယိကာမကြီး လာနေပါသည် အရှင်ဘုရား...”ဟု လျှောက်ထားလေ၏။ မထေရ်မြတ်က “ဒါယိကာမကြီးအဘယ့်ကြောင့် အခါ မဟုတ်ပဲ လာရောက်သနည်း”ဟု မေးလေလျှင် မယ်တော်ကြီးသည်“ချစ်သား... သင်ချစ်သားကို ဖူးမြင်ရန် လာရောက်ပါသည်” ဟု ပြောဆို၍ ဆက်ပြီးလျှင် “ချစ်သား... သင်ချစ်သားထံ ရှေးဦးစွာ လာရောက်ကြသူများကား အဘယ်သူများပါနည်း”ဟု မေးလျှောက်လေ၏။ မထေရ်မြတ်က “ဒါယိကာမကြီး ... ထိုပဌမ လာရောက်ကြသူများကား စတုမဟာရာဇ်နတ်မင်းကြီးတို့ ဖြစ်ကြသည်”ဟု မိန့်တော်မူလေလျှင် မယ်တော်ကြီးသည် “ချစ်သား သင်ချစ်သားက စတုမဟာရာဇ်နတ်မင်းကြီးတို့ထက် သာလွန်မြင့် မြတ်သလော”ဟု မေးပြန်လေ၏။

(နှာ-၇၅)

မထေရ်မြတ်က “ဒါယိကာမကြီး...ထိုစတုမဟာရာဇ်နတ်မင်းကြီးတို့မှာ သားတော်တို့၏ အရာမ်စောင့်များနှင့် တူကြပါသည်။ သားတော်တို့၏ဆရာ မြတ်စွာဘုရား ပဋိသန္ဓေ တည်နေတော်မူသော အချိန်မှစ၍ သန်လျက်လက်စွဲကြကာ စောင့်ရှောက်မှု ပြုခဲ့ ကြပါသည်”ဟု မိန့်တော်မူလေလျှင် မယ်တော်ကြီးသည် တဖန် ဆက်၍ “ချစ်သား... ထိုစတုမဟာရာဇ်နတ်မင်းကြီးများ သွားပြီး သည်၏ အဆုံး၌ လာရောက်သောသူကား အဘယ်သူနည်း”ဟု မေးပြန်လေ၏။ မထေရ်မြတ်က “သိကြားနတ်မင်း ဖြစ်သည်”ဟု မိန့်တော်မူလေလျှင် မယ်တော်ကြီးသည်“ချစ်သား...သင်ချစ်သား က သိကြားနတ်မင်းထက်လည်း သာလွန်မြင့်မြတ်သလော” ဟု မေးပြန်လေ၏။

မထေရ်မြတ်က “ဒါယိကာမကြီး ထိုသိကြားနတ်မင်းမှာ သားတော်တို့၏ သပိတ်ပရိက္ခရာ ဘဏ္ဍာကိုင် သာမဏေငယ် ကလေးနှင့် တူပါသည်၊ သားတော်တို့၏ဆရာ “မြတ်စွာဘုရား အဘိဓမ္မာတရား ဟောကြားတော်မူပြီး၍ တာဝတိံသာနတ် ပြည်မှ လူ့ပြည်သို့ သက်ဆင်းကြွလာတော်မူသောအခါ သပိတ်, သင်္ကန်းကို ယူဆောင်၍ သိကြားမင်း သက်ဆင်းလိုက်ပါခဲ့ပါသည်”ဟု မိန့်တော်မူလေလျှင် မယ်တော်ကြီးသည် “ချစ်သား ထိုသိကြားနတ်မင်း သွားပြီးသည်၏အဆုံး၌ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာလျက် လာရောက်သောသူကား အဘယ်သူနည်း” ဟု မေးပြန်လေ၏။ မထေရ်မြတ်က “ဒါယိကာမကြီး... ထို နောက်ဆုံးလာရောက်သူမှာ ဒါယိကာမကြီး၏ ဘုရားလည်းဖြစ် ဆရာလည်းဖြစ်သည့် မဟာဗြဟ္မာကြီးဆိုသူ ဖြစ်သည်” ဟု မိန့်တော်မူလေလျှင် မယ်တော်ကြီးသည် “ချစ်သား… သင်ချစ်သားက ငါ၏ဘုရားဖြစ်သူ မဟာဗြဟ္မာကြီးထက်လည်း သာလွန်မြင့်မြတ် သလော”ဟု မေးလေ၏။

ထိုအခါ မထေရ်သူမြတ်သည် မယ်တော်ကြီးကို “အိမ်း...ဟုတ်ပေသည် ဒါယိကာမကြီး... ဤမဟာဗြဟ္မာကြီးတို့မည်သည် ငါတို့ ဆရာ မြတ်စွာဘုရား ဖွားမြင်တော်မူသောနေ့၌ တယောက်မက

(နှာ-၇၆)

မဟာဗြဟ္မာကြီးလေးယောက်တို့ပင် အလောင်းတော်ယောက်ျားမြတ်ကို ရွှေဇာကွန်ရက်ဖြင့် ခံလင့်လာကြကုန်ပြီ”ဟု ရှင်းလင်း မိန့်ကြားတော်မူလေ၏။

မယ်တော်ကြီး တရားထူးရခြင်း

ထိုအခါ မယ်တော်ကြီး၏သန္တာန်မှာ “ဤယခု ငါမြင်ရသော အာနုဘော်မှာငါ့သား၏အာနုဘော်သာဖြစ်သေး၏၊ သား၏ ဆရာ မြတ်စွာဘုရား၏ အာနုဘော်ကား ဘယ်လိုများ ဖြစ်လိမ့်မည်နည်း၊ မမှန်းဆနိုင်အောင်ပင် ရှိလေတော့၏တကား”ဟု ကြံစည်ဆင်ခြင်လျက်ပင် လျင်မြန်စွာ ပီတိငါးမျိုးတို့ တဖြိုးဖြိုး ဖြစ်ပွါးကြလျက် မယ်တော်ကြီး၏ တကိုယ်လုံးကို ပြန့်နှံ့လေတော့၏။ မထေရ်မြတ်သည် “ယခုအခါငါ့ မယ်တော်၏သန္တာန်၌ ပီတိသောမနဿတရား ဖြစ်ပွါးခဲ့လေပြီ၊ ဤအခါသည်ကား ငါ့ မယ်တော်အား တရားဟောဖို့ရန် အလွန်သင့်လျော်သောအခါ ဖြစ်လေသည်”ဟု ကြံစည်ဆင်ခြင်တော်မူပြီးလျှင် “ဒါယိကာမကြီး... ...အဘယ်အရာကို ကြံစည်စဉ်းစား၍ နေသနည်း”ဟု မေးတော်မူလေ၏။ မယ်တော်ကြီးက “ချစ်သား ဤယခု ငါမြင် ရသော အာနုဘော်မှာ ငါ့သား၏အာနုဘော်သာ ဖြစ်သေး၏။ ငါ၏ဆရာ မြတ်စွာဘုရား၏ အာနုဘော်ကား ဘယ်လိုများ ဖြစ်လိမ့်မည်နည်း၊ မမှန်းဆနိုင်အောင်ပင် ရှိ ၏တကား-ဟု ဤအကြောင်းအရာကို ငါမယ်တော်ကြံစည်ဆင်ခြင်၍နေပါသည်” ဟု လျှောက်ထားလေလျှင် မထေရ်မြတ်သည် မယ်တော်ကြီးကို “ဒါယိကာမကြီး...ငါ၏ဆရာ မြတ်စွာဘုရား ဖွားတော်မူသောအခါ, တောထွက်တော်မူသောအခါ, ဘုရားဖြစ်တော်မူသောအခါ, ဓမ္မစကြာတရားဦးဟောတော်မူသောအခါများ၌စကြဝဠာပေါင်း တိုက်တသောင်း ရိုက်ချောင်းတုန်လှုပ်ခဲ့လေပြီ၊ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ကျေးဇူးဂုဏ်အားဖြင့် ကြိုဆရာ မြတ်စွာဘုရားနှင့် တူသောသူမည်သည်လောက၌ တစုံတယောက်မျှ မရှိဖြစ်ချေသည်။ ထိုငါတို့ဆရာ မြတ်စွာဘုရားသည် ဤအကြောင်း ဤအကြောင်းများကြောင့်

(နှာ-၇၇)

အရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဖြစ်တော်မူပါပေ၏”-ဤသို့ အစရှိသည်ဖြင့် အကျယ်ဖွင့်ပြကာ မြတ်စွာဘုရားဂုဏ်တော်နှင့် စပ်သော တရားဒေသနာကို ဟောကြားတော်မူလေ၏။

မယ်တော်ကြီးသည် ချစ်လှစွာသော သားကြီးသြရသ၏ တရားဒေသနာအဆုံးဝယ် သောတာပတ္တိဖိုလ်၌ တည်ပြီးလျှင် သားတော်မထေရ်မြတ်ကို “ချစ်သားဥပတိဿ ဤသို့စဉ် မွန်မြတ်လှသော အမြိုက်ချမ်းသာကိုငါမယ်တော်အား သင်ချစ်သားသည် ဤမျှ ကာလရှည်ကြာလျားအောင် မပေးပဲနေဘိ၏၊ အဘယ့်ကြောင့် ဤကဲ့သို့ ပြုရက်သနည်း”ဟု အပြစ်တင်စကား ပြောကြားလေ၏။ မထေရ်မြတ်သည် “ငါကား မယ်တော်ရူပသာရီပုဏ္ဏေး သူဌေးကတော်ကြီးအား မွေးကျေးဇူးမြတ် ဆပ်အပ်လေပြီ၊ ဤ သောတာပတ္တိဖိုလ်မျှဖြင့် မယ်တော်အဖို့ရာ သင့်ပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်တော်မူပြီးလျှင် “သွားလော့ ဒါယိကာမကြီး ဟု မိန့်ဆို၍ မယ်တော်ကြီးကို လွှတ်လိုက်ပြီးနောက် ညီတော်စုန္ဒ မထေရ်ကို “စုန္တ... အဘယ်အချိန်ရောက်နေပြီနည်း”ဟု မေးတော် မူလေ၏။ အရှင်စုန္ဒမထေရ်က “မိုးသောက်အားကြီး လင်းလုနီး အချိန်ပါ ဘုရား”ဟု လျှောက်ထားလေလျှင် မထေရ်မြတ်သည် “ရဟန်းအပေါင်းကို စည်းဝေးစေလော့”ဟု မိန့်တော်မူလေ၏။ စုန္ဒမထေရ်က “ရဟန်းအပေါင်း စည်းဝေးပြီးပါပြီ အရှင်ဘုရား”ဟု လျှောက်ထားလေလျှင် မထေရ်မြတ်သည် “စုန္ဒ... ငါ့ကိုထူ၍ ထိုင်ပေးစမ်း” ဟု မိန့်တော်မူ၍ အထူခိုင်းကာ ထိုင်နေတော်မူလေ၏။

မထေရ်မြတ်သည် ရဟန်းအပေါင်းကို “ငါ့ရှင်တို့လေးဆယ့် လေးဝါကာလကြာအောင်နှင့်အတူတကွ လှည့်လည်ကျက်စား သွားလာနေထိုင်ကြရသော ငါ့ရှင်တို့၏အဖို့ရာ ငါ၏အပေါ်၌ မနှစ်သက်ဖွယ်သော ကာယကံမှု့ ဝစီကံမှုများ ရှိခဲ့ပါလျှင် ထိုကာယကံ ၀စီကံမှုများကို သည်းခံကြပါကုန်လော့” ဟု တောင်းပန်စကား မိန့်ကြားတော်မူလေ၏။ ရဟန်းအပေါင်းက “အရှင်ဘုရား... ဤမျှလေးဆယ့်လေးဝါကြာ ကာလပတ်လုံး အရိပ်

(နှာ-၇၈)

ပမာ အရှင်ဘုရားတို့ကို မစွန့်ခွာပြီး လှည့်လည်ကျက်စား သွားလာ နေထိုင်ကြရသော တပည့်တော်တို့၏ အဖို့ရာ အရှင်ဘုရားတို့ အပေါ်၌ မနှစ်သက်ဖွယ်သော ကာယကံမှု့ ၀စီကံမှု တခုခုမျှ မရှိပါဘုရား၊ စင်စစ်သော်မူ အရှင်ဘုရားတို့ကသာ တပည့်တော်တို့အား သည်းခံတော်မူကြပါဘုရား”ဟု တောင်းပန် ကန်တော့ စကား လျှောက်ထားကြလေလျှင် မထေရ်မြတ်သည် သင်္ကန်းကြီးကို ရုံးစု၍ မျက်နှာတော်ကို အုပ်ပြီးလျှင် လက်ျာနံတောင်းဖြင့် လျောင်းတော်မူလျက် မြတ်စွာဘုရားရှင်ကဲ့သို့ အစဉ်အတိုင်း ဝင်စားရသည့် သမာပတ်ကိုးပါးတို့ကို အနုလုံ ပဋိလုံအားဖြင့် ဝင်စားတော်မူပြီးနောက် တဖန် ပဌမဈာန်စ၍ စတုတ္ထဈာန် တိုင်အောင် ဝင်စားတော်မူပြန်လေ၏။ ထိုစတုတ္ထဈာန်မှ ထ၍ အခြားမဲ့မှာပင် မဟာပထဝီ ဤမြေကြီးကို ပဲ့တင်ထပ်စေလျက် အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ခန္ဓပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းတော် မူလေသတည်း။

မယ်တော် ရူပသာရီပုဏ္ဏေး သူဌေးကတော်ကြီးသည် “ငါ့သားသည် အဘယ်သို့ဖြစ်ပါလိမ့်၊ တစုံတရာကိုမျှ မပြောဆိုတော့ပါတကား”ဟု အောက်မေ့ကာ နေရာမှထ၍ မထေရ်မြတ်၏ ခြေဖမိုးကို ပွတ်သပ်စုံစမ်းလတ်သော် ပရိနိဗ္ဗာန်စံတော်မူကြောင်း၊ ကောင်းစွာသိ၍ ကျယ်စွာသောအသံကိုပြုလျက် မထေရ်မြတ်၏ ခြေ၌ ဦးတိုက်ပြီးလျှင် “ချစ်သား...မယ်တော်တို့သည် ဤအချိန်မှ ရှေးကာလက သင်ချစ်သား၏ ဂုဏ်ကျေးဇူးကို မသိခဲ့ကြကုန်၊ ယခုမူကား သင်ချစ်သားကို အစအဦး အမှူးပြုကာ ရာပေါင်း များစွာ, ထောင်ပေါင်းများစွာ, သိန်းပေါင်းများစွာသော ရဟန်းတို့ကို ဤမယ်တော် နေအိမ်၌ ပင့်ဖိတ်ထိုင်နေကြစေကာ ဆွမ်းကျွေးခွင့်ကို မရတော့ပြီတကား၊ ဝတ်စုံသင်္ကန်း လှူဒါန်းနိုင်ခွင့်ကို မရတော့ပြီတကား၊ ကျောင်းပေါင်း အရာ, အထောင် ဆောက်လုပ်စေနိုင်ခွင့်ကို မရတော့ပြီတကား”ဤသို့ အစရှိသည်ဖြင့် အရုဏ်တက်သည်တိုင်အောင် ငိုကြွေးရှာလေ၏။ မယ်တော်ကြီးသည် နေအရုဏ်တက်လျှင် တက်ခြင်း ရွှေပန်းထိမ်သည်တို့ကို

(နှာ-၇၉)

ခေါ်စေ၍ ရွှေတိုက်များကို ဖွင့်စေပြီးလျှင် ရွှေတုံးရွှေစိုင်တို့ကို ချိန်ခွင်ကြီးဖြင့် ချိန်စေပြီးနောက် “အမောင်တို့.၏ ရွှေတုံးရွှေစိုင်တို့ဖြင့် ရွှေပြသာဒ်ငါးရာ, ရွှေမဏ္ဍပ်ငါးရာတို့ကို ပြုလုပ်တည် ဆောက်ကြလော့” ဟု ပြောဆိုကာ ပေးအပ်လိုက်လေ၏။

သိကြားနတ်မင်းသည်လည်း ဝိသကြုံနတ်သားကို ခေါ်၍ “အမောင်ဝိသကြုံ ... ဓမ္မသေနာပတိ သာရိပုတ္တရာထေရ်သည် ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီ၊ အမောင်သည် ရွှေပြာသာဒ်ငါးရာ နှင့် ရွှေမုခ်ဦးတဲနန်းမဏ္ဍပ် ငါးရာတို့ကို ဖန်ဆင်းလော့” ဟု အမိန့်ပေးလေ၏။ ဝိသကြုံနတ်သားသည်လည်း သိကြားမင်း အမိန့်အတိုင်း ရွှေပြာသာဒ်ငါးရာနှင့် ရွှေမုခ်ဦးတဲနန်းမဏ္ဍပ် ငါးရာတို့ကို ခဏချင်း ဖန်ဆင်းလေ၏။ ဤသို့လျှင် မယ်တော်ကြီး ပြုလုပ်စေအပ်သော ရွှေပြာသာဒ်ငါးရာ, ရွှေမုခ်ဦးတဲနန်းမဏ္ဍပ် ငါးရာ, ဝိသကြုံနတ်သား ဖန်ဆင်းအပ်သော ရွှေပြာသာဒ်ငါးရာ, ရွှေမုခ်ဦးတဲနန်းမဏ္ဍပ် ငါးရာအားဖြင့် ရွှေပြသာဒ်နှင့် ရွှေမဏ္ဍပ်ပေါင်း နှစ်ထောင်တို့ ဖြစ်သတည်း။

ထို့နောင်မှ နာလကရွာကြီး၏ အလယ်၌ အခိုင်အမာ ကြီးစွာသော မဏ္ဍပ်ကြီးကို ဆောက်လုပ်စေပြီးလျှင် ထို မဏ္ဍပ်ကြီး အလယ်၌ အကြီးဆုံးသောရွှေပြာသာဒ်ကြီးကိုထားရှိ၍ ကျန်သော ပြာသာဒ်များကို အခြံအရံ မဏ္ဍပ်များအနေအားဖြင့် ထားရှိကြပြီးသော် သာဓုကီဠနသဘင်ကို ဆင်ယင်ကျင်းပကြလေကုန်၏၊ ထို သာဓုကီဠနသဘင်ဝယ် လူတို့၏အကြား၌ နတ်များ, နတ်တို့၏ အကြား၌ လူများ စည်ကားသိုက်မြိုက်စွာ သွားလာကော်ရော် ပူဇော်ကြလေ၏။

ရေဝတီအမျိုးသမီးအကြောင်း

မထေရ်မြတ်၏ တပည့်မဒါယိကာဖြစ်သော ရေဝတီ မည်သော ဥပါသိကာမသည် “ငါသည် မထေရ်မြတ်အား ပူဇော်မှုကို ပြုပေအံ့” ဟု ကြံစည်ကာ ရွှေပန်းအိုးသုံးလုံးတို့ကို ပြုလုပ်စေပြီးလျှင် ဈာပနသဘင် ဆင်ယင်ကျင်းပရာသို့ လာရောက်လေ၏။ ထိုအချိန်

(နှာ-၈၀)

၌ “မထေရ်မြတ်အား ပူဇော်မှုကို ပြုအံ့” ဟူသော အကြံဖြင့် သိကြားနတ်မင်းသည် နတ်သမီးကခြေသည်ပေါင်း (၂၅၀၀၀၀ဝ၀) နှစ်ကုဋေငါးသန်း ခြံရံအပ်လျက် လူ့ပြည်သို့ သက်ဆင်း လာလေ၏။ “သိကြားမင်း လူ့ပြည်သို့ သက်ဆင်းလာ၏” ဟု လူများအပေါင်းသည် နောက်သို့မျက်နှာပြုကာ ဖဲဆုတ်၍လာလေ၏။ ထိုပရိသတ်၌ ရေဝတီဒါယိကာမသည်လည်း အများနည်းတူ ဖဲဆုတ်လေလျှင် ကိုယ်မအား (= ကိုယ်ဝန်) ရှိသောကြောင့် လွတ်ရောက်ရာအရပ်၌ ဆုတ်ဖယ်ခြင်းငှာ မတတ်နိုင်ရှာပဲ လူတို့၏ အကြား၌ တိမ်းလည်းလေ၏။ လူတို့သည် ရေ၀တီကို မမြင်ကြသည်ဖြစ်၍ နင်းချင်း၍ သွားကြလေကုန်၏။ ရေ၀တီဒါယိကာမသည် ထို အရပ်၌ပင် စုတိပြတ်ကြွေ သေလွန်ခဲ့၍ တာဝတိံသာ နတ်ပြည်ဝယ် ရွှေဗိမာန်၌ ဖြစ်လေ၏။ ဖြစ်သောခဏမှာပင် ထို ရေဝတီနတ်သမီး၏ ခန္ဓာကိုယ်အတ္တဘောမှာ ရတနာတုံးရတနာ စိုင်ကြီးကဲ့သို့ သုံးဂါဝုတ်ခန့် ပမာဏ ရှိလေသည်။ ထိုနတ်သမီး၏ အဆင်းတန်းဆာတို့မှာ လှည်းအစီးခြောက်ဆယ်တိုက်ခန့်ပမာဏ ရှိ၍ အခြံအရံ နတ်သမီးတို့မှာ တထောင်တို့ ရှိကြလေသည်။

ထို့နောင်မှ အခြံအရံ နတ်သမီးတို့သည် နတ်၌ဖြစ်သော ကိုယ်လုံးပေါ်မှန်ကြီးကို ရေဝတီနတ်သမီး၏ ရှေ့၌ ချထားလာကြကုန်၏။ ရေဝတီနတ်သမီးသည် ကြီးစွာသော မိမိ၏ စည်းစိမ်အသရေကို မြင်လတ်သော် “ဤစည်းစိမ်ကား ပြန့်ပြောများကြွယ် ကြီးကျယ်လှဘိ၏။ ငါသည် အဘယ်သို့သောကောင်းမှု ကုသိုလ်ကံကို ပြအပ်ခဲ့သနည်း” ဟု ကြံစည်ဆင်ခြင်လေ၏။ ထိုအခါ ရေဝတီ နတ်သမီးသည် “ငါကား သာရိပုတ္တရာမထေရ်မြတ်၏ ပရိနိဗ္ဗာန် စံရာဌာန၌ ရွှေပန်းအိုးသုံးလုံးတို့ဖြင့် ပူဇော်မှုကို ပြုအပ်ခဲ့လေပြီ။ လူများအပေါင်းသည် ငါ့ကို နင်း၍ သွားကြလေပြီ၊ ငါသည် ထို နေရာ၌ပင် စုတိပြတ်ကြွေ သေလွန်ခဲ့၍ ဤ တာဝတိံသာနတ်ပြည်၌ ဥပပတ်ပဋိသန္ဓေ ကပ်ရောက်ဖြစ်ပွါးလာလေသည်၊ မထေရ်မြတ်ကို အမှီပြု၍ ရအပ်သော ကောင်းမှုအကျိုးကို ငါသည် ယခုအခါ လူတို့အား ထင်ရှားစွာ ပြောကြားပေတော့အံ့” ဟု ကြံ

(နှာ-၈၁)

အောက်မေ့၍ ရွှေဗိမာန်ကြီးနှင့်တကွ လူ့ပြည်သို့ သက်ဆင်းလာလေ၏။

လူများအပေါင်းသည် အဝေးမှပင် ရွှေဗိမာန်ကို မြင်ကြ၍ “အသို့နည်း နေနှစ်စင်းကို တက်ထွန်းလာကြလေသလော” ဟု တအံ့တသြ ကြည့်ရှုကြစဉ် ဗိမာန်ကြီးတရွေ့ရွေ့ နီးကပ်၍လာလတ်သော် ရွှေပြာသာဒ်သဏ္ဌာန် ထင်၍လာလေ၏။ ထိုအခါလူများ အပေါင်းသည် “ဤ အရာဝတ္ထုကား နေမဟုတ်၊ ရွှေဗိမာန်ကြီး တဆောင် ဖြစ်သည်” ဟု ပြောဆိုကြလေ၏။ ထိုရွှေဗိမာန်သည်လည်း ထိုလူများ ပြောကြားနေစဉ် ခဏမှာပင် အနီးသို့ ရောက်လာ၍ မထေရ်၏ ဥတုဇရုပ်ကလာပ်ကို သင်္ဂြိုဟ်ရန် စုပုံ၍ထားအပ်သော နံ့သာထင်းပုံထက်ဝယ် ကောင်းကင်၌ ရပ်တည်လာလေ၏။ ရေဝတီနတ်သမီးသည် ရွှေဗိမာန်ကြီးကို ကောင်းကင်၌ပင် ထားခဲ့၍ မြေအပြင်သို့ သက်ဆင်းလာလေ၏။ လူများအပေါင်းက “ရှင်မ...သင်သည် အဘယ်သူနည်း” ဟု မေးကြလေလျှင် ရေဝတီနတ်သမီးသည် “သင်တို့သည် ငါ့ကို မသိကြဘူးလော၊ ငါကား ရေဝတီအမည်ရှိသောသူမ ဖြစ်လေသည်၊ ရွှေပန်းအိုး သုံးလုံးတို့ဖြင့် မထေရ်မြတ်ကို ပူဇော်မှု ပြု၍ လူများအနင်းခံရကာ စုတိပြတ်ကြွေ သေလွန်ပြီးလျှင် တာဝတိံသာ နတ်ပြည်၌ ငါ ဖြစ်ရလေပြီ၊ ငါ၏ စည်းစိမ်အသရေကို ကြည့်ရှုကြလော့၊ သင်တို့သည်လည်း ယခုအခါ အလှူဒါနကို ပေးလှူကြလော့၊ ထိုမှတပါး ကောင်းမှုများကိုလည်း ပြုလုပ်ကြလော့” ဟု ကုသိုလ် ကောင်းမှုပြုလုပ်ခြင်း၏ ဂုဏ်ကျေးဇူးစကားကိုပြောကြားပြီးလျှင် မထေရ်မြတ်၏ နံ့သာထင်းပုံကို လက်ျာရစ်လှည့်ကာ ရှိခိုးပြီးနောက် မိမိ၏နေရာ တာဝတိံသာနတ်ပြည်ဌာနသို့ပင် ပြန်သွား လေသတည်း။ (ဤကား ရေဝတီအမျိုးသမီးအကြောင်းတည်း)။

ဓာတ်တော်များကို စုန္ဒထေရ် သာဝတ္ထိသို့ ယူဆောင်ခြင်း

လူများအပေါင်းသည်လည်း ခုနစ်ရက်ပတ်လုံး သာဓုကီဠနုသဘင် ဆင်ယင်ကျင်းပကြပြီးလျှင် နံ့သာမျိုးစုံ ထင်းပုံကို ပြုလုပ်

(နှာ-၈၂)

ကြလေ၏။ နံ့သာထင်းပုံကား အမြင့်သံတောင် (၉၉) ကိုးဆယ့် ကိုးတောင် ရှိ၏။ မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်ကို နံ့သာ ထင်းပုံထက်သို့ တင်၍ ပန်းရင်းနံ့သာမြက်စည်းတို့ဖြင့် မီးတိုက်ကြလေ၏။ မီးသင်္ဂြိုဟ် ဈာပနမှု ပြုရာဌာနဝယ် တညဉ့်ပတ်လုံး တရား ပွဲကြီးသဘင် ဆင်ယင်ကျင်းပလေသည်။ နံနက်မိုးသောက် ရောက်သောကာလ အနုရုဒ္ဓါမထေရ်မြတ်သည် အလုံးစုံသော နံ့သာရေဖြင့် မထေရ်မြတ်၏ ရုပ်ကလာပ်သင်္ဂြိုဟ်ရာ နံ့သာထင်းမီးပုံကို ငြိမ်းသတ်တော်မူလေ၏။ အရှင်သာရိပုတ္တရာမထေရ်၏ ညီတော် အရင်းဖြစ်သော အရှင်စုန္ဒမထေရ်သည် ဓာတ်တော်များကို ရေစစ်၌ ထည့်ပြီးလျှင် “ယခုအခါ ငါသည် ဤနာလကရွာ၌ပင် ရပ်တည်နားနေရန် မတတ်နိုင်ပေ၊ ငါ၏နောင်ကြီး ဓမ္မသေနာပတိ သာရိပုတ္တရာမထေရ်၏ ပရိနိဗ္ဗာန် စံလွန်တော်မူကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားပေအံ့”ဟု ကြံစည် ဆင်ခြင်၍ ဓာတ်တော်ထည့်သော ရေစစ်နှင့် မထေရ်မြတ်၏ သပိတ်, သင်္ကန်း စသော ပရိဘောဂ အသုံးအဆောင်များကို ယူဆောင်ခဲ့၍ သာဝတ္ထိပြည်သို့ သွားလေ၏။ ခရီးစခန်း တထောက် တထောက် ရောက်ရာ ဌာန၌ နှစ်ညဉ့်မနေပဲ အလုံးစုံသော အရပ်၌ပင် တညဉ့်တာမျှ တည်းခိုနားနေတော်မူသဖြင့် သာဝတ္ထိပြည်သို့ ဆိုက်ရောက်တော်မူလေ၏။

ထိုအခါ အရှင်စုန္ဒမထေရ်သည် ဇေတဝန်ကျောင်းတိုက်အနီး ရေကန်၌ ရေချိုးပြီး ကမ်းသို့တက်၍ ကောင်းစွာ ဝတ်ရုံပြီးလျှင် “ဘုရားရှင်တို့မည်သည် ကျောက်ထီးတန္တု အလေးပြုအပ်သည့် ပုဂ္ဂိုလ်မြတ်ကြီးများ ဖြစ်ချေသည်၊ ပါးပျဉ်းထောင်သော မြွေ အလား ခြင်္သေ့နှင့်ကျား အမုန်ယစ်သော ဆင်ကြီးများပမာ လွန်စွာ ချဉ်းကပ်နိုင်ခဲကုန်၏။ ငါသည် ဘုရားရှင်ထံတော်မှောက်သို့ ဖြောင့်ဖြောင့်သွားရောက်ကာ မလျှောက်ထားဝံ့ချေ၊ အဘယ်သူထံ သွားရပါမည်နည်း”ဟု ကြံ၍ “ငါ၏ ဥပဇ္ဈာယ်ဆရာ တရား ဘဏ္ဍာစိုးဖြစ်တော်မူသော အရှင်အာနန္ဒာမထေရ်မြတ်သည် ငါ့ နောင်ကြီး မထေရ်မြတ်ကြီး၏ အလွန်ရင်းနှီးမြင့်မြတ်သောသူငယ်

(နှာ-၈၃)

ချင်း ဖြစ်လေသည်။ ထိုအရှင်အာနန္ဒာမထေရ်မြတ်ထံ သွားရောက်၍ အကြောင်းအကျိုးကို လျှောက်ထားပြီးလျှင် မထေရ်မြတ်ကို အပါပင့်ခေါ်ပြီးမှ မြတ်စွာဘုရားနှင့် လျှောက်ထားပြောကြားတော့မည်” ဟု ဆင်ခြင်မိကာ အရှင်အာနန္ဒာမထေရ်ထံမှောက်သို့ သွားရောက် ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးသော် အရှင်အာနန္ဒာမထေရ်မြတ်ကို “အရှင်ဘုရား...အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန် စံတော်မူပါပြီ၊ ဤသည်ကား အရှင်သာရိပုတ္တရာ၏ သပိတ်, သင်္ကန်းပါတည်း၊ ဤသည်ကား ဓာတ်တော်ထည့်သော ရေစစ်ပါတည်း”ဟု တခုစီ ဖော်ပြ လျှောက်ထားလေ၏။ (ဤ၌ အရှင်စုန္ဒသည် မြတ်စွာဘုရား၌၎င်း, မိမိ၏ ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာ၎င်း, လွန်စွာ အလေးပြုသောကြောင့် မြတ်စွာဘုရား ထံသို့ ဖြောင့်ဖြောင့် တောက်လျှောက် မသွားပဲ အရှင်အာနန္ဒာ မထေရ်ထံသို့ ရှေးဦးစွာ သွားသည်ဟု မှတ်ယူရာ၏။)

ထိုအခါ အရှင်အာနန္ဒာသည် “ငါ့ရှင်စုန္ဒ... မြတ်စွာဘုရားကို ဖူးမြော်ရန် ဤစကားအရင်းအနှီးသည် ရှိခဲ့လေပြီ၊ ရှင်စုန္ဒ... လာ သွားကြစို့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်စို့” ဟု မိန့်ဆိုကာ အရှင်စုန္ဒကို အတူခေါ်ခဲ့၍ မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက် ရှိခိုးကြလျက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြပြီးသော် အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို__

“မြတ်စွာဘုရား... သမဏုဒ္ဒေသ = သာမဏေ ဟူ၍ အမည်ရသော ဤအရှင်စုန္ဒသည် အရှင်ဘုရား... အရှင်သာရိပုတ္တရာသည်-ပရိနိဗ္ဗာန်စံတော်မူပါပြီ၊ ဤသည်ကား အရှင်သာရိပုတ္တရာ၏ သပိတ်, သင်္ကန်းပါတည်း၊ ဤသည်ကား ဓာတ်တော်ထည့်သော ရေစစ်ပါတည်း”ဟုလျှောက်ထားပါ၏”__

ဟု လျှောက်ဆိုကာ အရှင်သာရိပုတ္တရာ၏ မာတ်တော်ထည့် ယူခဲ့သော ရေစစ်ကို မြတ်စွာဘုရားရှင်လက်တော်သို့ ဆက်ကပ်လေ၏။

(နှာ-၈၄)

မြတ်စွာဘုရားရှင်သည် လက်တော်ကို ဆန့်၍ ဓာတ်တော် ရေစစ်ကို ခံယူပြီးလျှင် လက်ဖဝါးတော်အပြင်၌ တင်ထားပြီးနောက် ရဟန်းတို့ကို__

“ချစ်သားရဟန်းတို့ ... လွန်ခဲ့သော ၁၅-ရက်အထက်က တန်ခိုးပြာဋိဟာပေါင်း များစွာတို့ကို ပြု၍ အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန်ဝင်စံရန် ငါဘုရားထံ ခွင့်ပန်ခဲ့လေပြီ၊ ယခုအခါ ထို သာရိပုတ္တရာ၏ ခရုသင်းပွတ်သစ် အတူ စင်ဖြူသော သာရီရိကဓာတ်တော်များသာ ထင်ရှား ကျန်ရှိလေတော့ပြီ။

ရဟန်းတို့...ထို သာရိပုတ္တရာရဟန်းသည် တသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီတို့ကို ဖြည့်ကျင့်ပြီးသူ ဖြစ်လေသည်။ ထိုသာရိပုတ္တရာရဟန်းသည် ငါဘုရား လည်စေ= ဖြစ်စေ = ဟောမြွက်အပ်ပေသော ဓမ္မစက်ကို ငါ့နောက် လိုက်ကာ လည်စေ = ဖြစ်စေ = ဟောမြွက်သော ပုဂ္ဂိုလ် ဖြစ်ပေသည်။ ထို သာရိပုတ္တရာရဟန်းသည် ငါဘုရားမှထောက် နှစ်ခုမြောက်သောနေရာကို ကောင်းစွာရရှိသူ ဖြစ်ပေသည်။

ထို သာရိပုတ္တရာရဟန်းသည် သာဝကသန္နိပါတကို လှလှကြီးပြည့်စေသူ ဖြစ်ပေသည်၊ (အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၌ သာဝကသန္နိပါတ ဖြစ်သည်ကို ရည်၍ မိန့်တော်မူခြင်း ဖြစ်သည်)။ ငါဘုရားကို ထား၍ ဇာတိခေတ် စကြဝဠာပေါင်း တိုက်တသောင်းတို့၌ ပညာ ဂုဏ်အားဖြင့် အတူမရှိသူ ဖြစ်လေသည်။

ထို သာရိပုတ္တရာရဟန်းသည် ကြီးသောပညာရှိသူ ကျယ်ပြန့်သောပညာရှိသူ, ရွှင်သောပညာရှိသူ, လျင်သော ပညာရှိသူ, ထက်သောပညာရှိသူ, ကိလေသာကို ဖောက်ထွင်းနိုင်သောပညာရှိသူ ဖြစ်ပေ၏။ ထို သာရိပုတ္တရာ ရဟန်းသည် အလိုနည်းသူ, ရောင့်ရဲလွယ်သူ, နီဝရဏတို့မှ

(နှာ-၈၅)

ဆိတ်သူ, လူတို့နှင့်ရောနှောခြင်းမှကင်းသူ, ထက်သန်သော လုံ့လရှိသူ, အပြစ်ပြ၍ ဆိုဆုံးမတတ်သူ့ မကောင်းမှုနှင့် မကောင်းပြုသောသူတို့ကို မျက်နှာမငဲ့ ကဲ့ရဲ့တတ်သူ ဖြစ်ပေသည်။ ။

ချစ်သားရဟန်းတို့...ထိုသာရိပုတ္တရာရဟန်းသည် (က) ဘ၀ငါးရာ ကာလတိုပတ်လုံး ကြီးစွာသောစည်းစိမ်တို့ကို ပယ်စွန့်၍ ရဟန်းပြုခဲ့သူ ဖြစ်ပေ၏။ (ခ) ထိုသာရိပုတ္တရာ ရဟန်းသည် ဘုရားသာသနာ၌မဟာပထဝီမြေကြီးတရှိ သည်းခံချိသော ပုဂ္ဂိုလ်ဖြစ်ပေ၏။ (ဂ) ထိုသာရိပုတ္တရာ ရဟန်းသည် ဦးချိုကျိုးသော နွားလားပမာ မာန်မာန နည်းလှစွာ၏။ ထိုသာရိပုတ္တရာရဟန်းသည် ဒွန်းစဏ္ဍာ၏ သားနှင့်အတူ နှိမ့်ချသောစိတ်ရှိသူလည်း ဖြစ်ပေ၏။

ချစ်သားရဟန်းတို့ ကြီးသော ပညာရှိသော သာရိပုတ္တရာ၏ ဓာတ်တော်များကို ရှုကြကုန်လော့။ ရဟန်းတို့... ကျယ်ပြန့်သော ပညာရှိသော, ရွှင်သော ပညာရှိသော, လျင်သော ပညာရှိသော, ထက်သော ပညာရှိသော, ကိလေသာကို ဖောက်ထွင်းနိုင်သော ပညာရှိသော, အလို နည်းသော, ရောင့်ရဲလွယ်သော, နီဝရဏတို့မှဆိတ်သော, လူတို့နှင့် ရောနှောခြင်းမှကင်းသော, ထက်သန်သောလုံ့ လရှိသော, အပြစ်ပြ၍ ဆိုဆုံးမတတ်သော, မကောင်းမှုနှင့် မကောင်းပြုသောသူတို့ကို မျက်နှာမငဲ့ ကဲ့ရဲ့တတ်သော သာရိပုတ္တရာ၏ ဓာတ်တော်များကို ရှုကြကုန်လော့။ (ဤကဲ့သို့ စကားပြေစုဏ္ဏိယဖြင့် မိန့်တော်မူပြီးနောက်)

ယော ပဗ္ဗဇိ ဇာတိသတာနိ ပဉ္စ၊
ပဟာယ ကာမာနိ မနောရမာနိ။
တံ ဝီတရာဂံ သုသမာဟိတိန္ဒြိယံ၊
ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (၁)

ဘိက္ခဝေ=ရဟန်းတော်များ အိုချစ်သားတို့...။ ယော သာရိပုတ္တာ= အကြင်သာရိပုတ္တရာ မည်သာခေါ်မှတ်

(နှာ-၈၆)

ရဟန်းမြတ်သည်။ မနောရမာနိ = စိတ်နှလုံးကို ရွှင်ပြီး မွေ့လျော်စေနိုင်ကုန်သာ။ ကာမာနိ = ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို။ ပဟာယ = မငဲ့မကွက် ရက်ရက်စွန့် ပယ်၍။ ပဉ္စဇာတိသတာနိ=ဘဝများစွာ ငါးရာတို့ကာလ ပတ်လုံး။ ပဗ္ဗဇိ = သဒ္ဓလုလု ရဟန်းပြုခဲ့လေပြီ။ ဝီတရာဂံ= ယခုခါဝယ် တဏှာရာဂ လုံးဝကင်းပြီးထသော။ သုသမာဟိတိန္ဒြိယံ = ကောင်းစွာတည်ငြိမ် သမာဓိန္ဒြေလည်း ရှိပေထသော။ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းပြီးထသော။ တံ သာရိပုတ္တံ = ထို သာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်ကို။ ဝန္ဒထ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးနှိမ်ကြကုန်လော့။

ခန္တိဗလော ပထဝိသမော န ကုပ္ပတိ၊
န စာပိ စိတ္တဿ ဝသေန ဝတ္တတိ။
အနုကမ္ပကော ကာရုဏိကော စ နိဗ္ဗုတော၊
ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (၂)

ဘိက္ခဝေ= ရဟန်းတော်များ အိုချစ်သားတို့...။ သာရိပုတ္တာ = အကြင်သာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်သည်။ ခန္တိဗလော = အလွန့်အလွန် သည်းခံ ဘိငြား အဓိဝါသနခန္တိ တရားလျှင် ခွန်အားရှိသူဖြစ်၍။ ပထဝိသမော = မဟာပထဝီ ဤမြေနှိုင်းယူ ပုံစံတူသည် ဖြစ်၍။ နကုပ္ပတိ = ပြင်သူတဖက်အား အမျက်မထွက် တတ်ချေ။ စိတ္တဿ = မတည်ငြိမ်ငြား စိတ်တရား၏။ ဝသေန = အလိုအကြိုက် သူ့စရိုက်ဖြင့်။ န စာပိ ဝတ္တတိ= မည်သည့်အခါမျှ မလိုက်ပါချေ။ အနုကမ္ပကော = ပြောထူများစွာ သတ္တဝါကို မေတ္တာပံ့ထောက် စောင့်ရှောက် တတ်ပေ၏။ ကာရုဏိကော စ = ကြင်နာဆပွါး သနားလည်း သနားတတ်ပေ၏။ နိဗ္ဗုတော= ကိလေသာဟူ အပူမလိမ်း အေးငြိမ်းပြီးသူလည်း ဖြစ်ပေ၏။ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းပြီးထသော။ တံ

(နှာ-၈၇)

သာရိပုတ္တံ= ထိုသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်ကို။ ဝန္ဒထ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးနှိမ်ကြကုန်လော့။

စာလပုတ္တာ ယထာ နဂရံ ပဝိ၊
စဏ္ဍာလပုတ္တော ယထာ နဂရံ ပဝိဋ္ဌော၊
နီစမနော စရတိ ကဠောပိဟတ္ထော။
တထာ အယံ ဝိဟရတိ သာရိပုတ္တော၊
ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (၃)

ဘိက္ခဝေ= ရဟန်းတော်များ အိုချစ်သားတို့ ...။ နဂရံ ပဝိဋ္ဌော = မြို့ ရွာအတွင်း ထမင်းအရှာ ဝင်ရောက်သော။ စာဏ္ဍာလပုတ္တော =ဆင်းရဲလှငြား ဒွန်းစဏ္ဏားသားသည်။ ကဠောပိဟတ္ထော = နှီးဖြင့်လုပ်ရက် နုပ်စုတ်သော ခွက်ကို လက်ဝယ်ကိုင်စွဲလျက်။ နီစမနော= မာန်မတက်ကြွ နှိမ့်ချသော စိတ်ရှိလျက်။ စရတိ ယထာ = လှည့်လည်ကျက်စား သွားလာသကဲ့သို့။ တထာ=ထို့အတူ။ အယံ သာရိပုတ္တာ = ဤသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်သည်။ နီစမနော=မာန်မတက်ကြွ နှိမ့်ချသောစိတ် ရှိလျက်။ ဝိစရတိ= လှည့်လည်ကျက်စား သွားလာလေ့ ရှိပေ၏။ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းပြီး ထသော။ တံ သာရိပုတ္တံ = ထိုသာရိပုတ္တရာ မည်သာ ခေါ်မှတ် ရဟန်းမြတ်ကို။ ဝန္ဒထ=သဒ္ဓါရိုကျိုး မာန်စွယ် ချိုး၍ ရှိခိုးဦးနှိမ်ကြကုန်လော့။

ဥသဘော ယထာ ဆိန္နဝိသာဏကော၊
အဟေဌယန္တော စရတိ ပုရန္တရေ ဝနေ။
တထာ အယံ ဝိဟရတိ သာရိပုတ္တော၊
ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (၄)

ဘိက္ခဝေ = ရဟန်းတော်များကို ချစ်သားတို့ ...။ ဆိန္နဝိသာဏကော ဥသဘော = ဦးချိုကျိုးငြား ဥသဘ နွားလားသည်။ ပုရန္တရေ = မြို့ရွာအတွင်း၌၎င်း။ ဝနေ = တော၌၎င်း။ အဟေဌယန္တော = မည်သူ့ကိုမျှ နှိပ်စက်

(နှာ-၈၈)

ညှဉ်းပန်းမှု အလျှင်းပင်မပြုသည်ဖြစ်၍။ စရတိ ယထာ = လှည့်လည်ကျက်စား သွားလာနေထိုင်သကဲ့သို။ တထာ= ထို့အတူ။ အယံ သာရိပုတ္တာ = ဤသာရိပုတ္တရာ မည်သာ ခေါ်မှတ် ရဟန်းမြတ်သည်။ အဟေဌယန္တော = မည်သူ့ ကိုမျှ နှိပ်စက်ညှဉ်းပန်းမှု အလျှင်းပင် မပြုသည် ဖြစ်၍။ ဝိဟရတိ = လျောင်း, ထိုင်, ရပ်, သွား =လေးပါးယာပထ မျှတတင့်တယ် နေစံပယ်လေ့ ရှိပေ၏။ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းပြီးထသော။ တံ သာရိပုတ္တံ=ထိုသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်ကို။ ဝန္ဒထ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးနှိမ်ကြကုန်လော့” __

ဤသို့ အစရှိသည်ဖြင့် မြတ်စွာဘုရားရှင်သည် ဂါထာငါးရာတို့ဖြင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ချီးကျူး ဟောကြားတော်မူလေ၏။

မြတ်စွာဘုရားရှင်က မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို အနည်းနည်း အဖုံဖုံ ဟောကြားလေလေ အရှင်အာနန္ဒာမထေရ်မြတ်သည် ထောက်ရာတည်ရာမရ ဖြစ်လေလေ ရှိတော့၏။ ကြောင်၏ ခံတွင်း ကျရောက်နေသော ကြက်ကဲ့သို့ မတည်မရပ်နိုင် တဖျပ် ဖျပ်တုန်လှုပ်လျက် ရှိလေ၏။ ထို့ကြောင့် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်ကို__

“မြတ်စွာဘုရား.... အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန် စံဝင်ပြီဟု ကြားရသောကြောင့် အထူးအားဖြင့် တပည့်တော်၏ ကိုယ်သည် လေးလံ တောင့်တင်းသကဲ့သို့ ဖြစ်ပါ၏၊ အရပ်မျက်နှာတို့သည်လည်း တပည့်တော်၏ အဖို့ရာ မထင်ပါကုန်၊ တရားတို့သည်လည်း တပည့်တော်၏ အဖို့ရာ မထင်ပါကုန် (= မသင်ရသေးသော ပရိယတ် တရားတို့ကို သင်ယူရန် သင်ပြီးသော ပရိယတ်တရားတို့ကို ရွတ်ဖတ်သရဇ္ဈာယ်ရန် စိတ်မဖြစ်ပါ-ဟု ဆိုလိုသည်)”__

(နှာ-၈၉)

ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို သက်သာရာရစေတော်မူလိုသည်ဖြစ်၍__

“ချစ်သားအာနန္ဒာ...သာရိပုတ္တရာသည် သင်ချစ်သား၏ သီလကျေးဇူးအစုကို ယူဆောင်၍ ပရိနိဗ္ဗာန်စံလေ သလော သမာဓိကျေးဇူးအစု, ပညာကျေးဇူးအစု, လွတ်မြောက်မှု = ဝိမုတ္တိခေါ်သော မဂ်ဖိုလ်ကျေးဇူးအစု လွတ်မြောက်မှုကို သိသော ဉာဏ်အမြင် = ဝိမုတ္တိဉာဏဒဿနခေါ်သော ပစ္စဝေက္ခဏာဉာဏ် ကျေးဇူးအစုကို ယူဆောင်၍ ပရိနိဗ္ဗာန်စံလေသလော”__

ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်ကို__

“မြတ်စွာဘုရား... အရှင်သာရိပုတ္တရာသည် တပည့်တော်၏ သီလကျေးဇူးအစုကို ယူဆောင်၍ ပရိနိဗ္ဗာန် စံသည် မဟုတ်ပါ၊ သမာဓိကျေးဇူးအစု, ပညာကျေးဇူး အစု, ဝိမုတ္တိကျေးဇူးအစု ဝိမုတ္တိဉာဏဒဿနဂုဏ်ကျေးဇူး အစုကို ယူဆောင်၍ ပရိနိဗ္ဗာန် စံသည်မဟုတ်ပါ။

မြတ်စွာဘုရား… စင်စစ်သော်ကား အရှင်သာရိပုတ္တရာသည် တပည့်တော်အား ဆုံးမပါ၏။ တရား၌ သက်ဝင် စေပါ၏။ တရားကို သိစေပါ၏၊ တရားကို ဆောက်တည် စေပါ၏။ တရားကျင့်သုံးရန် ထက်သန်စေပါ၏, ရွှင်လန်း စေပါ၏၊ တရားဟောရန် ကြောင့်ကြစိုက်ပါ၏၊ သီတင်း သုံးဖော်တို့ကို ချီးမြှောက်တတ်ပါ၏။ တပည့်တော်တို့သည် အရှင်သာရိပုတ္တရာ၏ ထို တရားဩဇာ, တရားအသုံး အဆောင်, တရားဖြင့် ချီးမြှောက်မှုများကို အစဉ်မပြတ် အောက်မေ့မိပါကုန်၏" __

ဟု ပြန်ပြီး လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ဤအာနန္ဒာရဟန်းသည် အလွန်လျှင် ပင်ပန်းဘိ” ဟု

(နှာ-၉၀)

ဆင်ခြင် သိမြင်တော်မူကာ တဖန် သက်သာရာ ရစေတော်မူလိုပြန် သည်ဖြစ်၍

“ချစ်သားအာနန္ဒာ...ချစ်ခင်မြတ်နိုးအပ်သောသူအားလုံးတို့နှင့် ရှင်လျက် ကွဲခြင်း = နာနာဘာဝ, သေ၍ ကွဲကွာခြင်း = ဝိနာဘာဝ, ဘဝခြားလျက်ကွဲကွာခြင်း = အညာထာဘာဝကို ရှေးမဆွကပင် ငါဘုရား ဟောကြား အပ်ခဲ့ပြီမဟုတ်ပါလော။ ချစ်သားအာနန္ဒာ...ဤအရာ၌ အသစ်ဖြစ်ပေါ်ခြင်း, ထင်ရှား ဖြစ်ပေါ်ခြင်း, ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်းသဘောရှိသော တရားကို မပျက်စီးပါစေလင့်ဟု လိုလား တောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်အံ့နည်း၊ ဤသို့ရနိုင်ရန် အကြောင်း မရှိချေ ။

ချစ်သားအာနန္ဒာ ... အနှစ်ရှိသော သစ်ပင်ကြီးသည် တည်ရှိနေစဉ် အကြီးဆုံးသော အကိုင်းသည် ပျက်စီးရာ " သကဲ့သို့ ထို့အတူပင် အနှစ်ရှိသော များစွာသော ရဟန်းအပေါင်းသည် တည်ရှိနေစဉ် သာရိပုတ္တရာသည် ပရိနိဗ္ဗာန် စံခဲ့လေပြီ၊ ချစ်သားအာနန္ဒာ... ဤအရာ၌ အသစ် ဖြစ်ပေါ်ခြင်း, ထင်ရှားဖြစ်ပေါ်ခြင်း, ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်းသဘောရှိသော တရားကို မပျက် စီးပါစေလင့်ဟု လိုလားတောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်အံ့နည်း၊ ဤသို့ ရနိုင်ရန်အကြောင်း မရှိချေ။

ချစ်သားအာနန္ဒာ… ထို့ကြောင့်ပင် သူတပါးကို အားမကိုးကြမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေကြကုန်လော့၊ အခြားတရားကို အားမကိုးကြမူ၍ လောကုတ္တရာတရားတော်ကို မှီခိုအားကိုးကာ နေကြကုန်လော့။

ချစ်သားအာနန္ဒာ...ရဟန်းသည် အဘယ်သို့လျှင် သူတပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုး နေသနည်း၊ အခြားတရားကို အားမကိုးမူ၍ လောကုတ္တရာ တရားတော်ကို မှီခိုအားကိုးကာ နေသနည်း ဟူမူ__

(နှာ-၉၁)

ချစ်သားအာနန္ဒာ...ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်လျက်, ဆင်ခြင်လျက်, သတိရှိလျက် ရုပ်ကိုယ်၌ ရုပ်ကိုယ်ဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ပြင်းစွာ အားထုတ်လျက်, ဆင်ခြင်လျက်, သတိရှိလျက်, ခံစားမှု = ဝေဒနာတို့၌ ခံစားမှု = ဝေဒနာဟု အဖန်ဖန်ရှုလျက် (ပ)၊ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် (ပ)၊ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။

ချစ်သားအာနန္ဒာ...ဤသို့လျှင် ရဟန်းသည် သူတပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေ၏။ အခြားတရားကို အားမကိုးမူ၍ လောကုတ္တရာတရားတော်ကို မှီခိုအားကိုးကာ နေ၏။

ချစ်သားအာနန္ဒာ...အကြင်ရဟန်းတို့သည် ယခုအခါ၌ ဖြစ်စေ, ငါဘုရား ကွယ်လွန်သောအခါ၌ဖြစ်စေ သူတပါးကို အားမကိုးကြမှု၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေကြ မည်ဆိုလျှင်, အခြားတရားကို အားမကိုးကြမူ၍ လောကုတ္တရာတရားတော်ကို မှီခိုအားကိုးကာ နေကြမည်ဆိုလျှင် ထို အလုံးစုံသော ရဟန်းတို့သည် သိက္ခာသုံးပါး လိုလားကြသည့် ရဟန်းဟူသမျှတို့တွင် အမြတ်ဆုံးပုဂ္ဂိုလ် (= ရဟန္တာပုဂ္ဂိုလ်) စင်စစ် ဖြစ်ကြပေလိမ့်မည်” ဟု မိန့်တော်မူကာ အရှင်အာနန္ဒာကို သက်သာရာရစေတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ အရိုးဓာတ်များကို သာဝတ္ထိပြည်တွင် စေတီတော်တည် ထားစေတော်မူလေ၏။

ဤကား အရှင်သာရိပုတ္တရာမထေရ် ပရိနိဗ္ဗာန်စံတော်မူသော အကြောင်းအရာတည်း။

(နှာ-၉၂)

အရှင်မဟာမောဂ္ဂလာန်မထေရ် ပရိနိဗ္ဗာန်စံတော်မူခြင်းအကြောင်း

မြတ်စွာဘုရားရှင်သည် ဆိုအပ်ခဲ့ပြီးသောအတိုင်း အရှင်သာရိပုတ္တရာမထေရ်မြတ်၏ ဓာတ်တော်များကို သာဝတ္ထိပြည်၌ ဓာတု စေတီ တည်ထားစေတော်မူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်ရန် အရှင်အာနန္ဒာမထေရ်အား အမှတ်ပေးတော်မူလေ၏။ အရှင်အာနန္ဒာမထေရ်သည် ရဟန်းတို့အား “မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်သို့ ကြွချီတော်မူမည့်အကြောင်းကို လျှောက်ထားပြောကြားတော်မူလေ၏။ မြတ်စွာဘုရားရှင်သည် ရဟန်းများစွာ ခြံရံတော်မူလျက် သာဝတ္ထိပြည်မှ ထွက်တော်မူ၍ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်တော်မူကာ ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူ၏။

(ဤ၌။ ။ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့်နေ့၌ ဘုရားဖြစ်တော်မူသည်။ ထိုနှစ် တပို့တွဲလဆန်း (၁) ရက်နေ့၌ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ ရဟန်းဖြစ်ကြ၍ ခုနစ်ရက်မြောက်နေ့တွင် အရှင်မဟာမောဂ္ဂလာန်မထေရ် ရဟန္တာ ဖြစ်တော်မူသည်၊ တဆယ့်ငါးရက်မြောက် တပို့တွဲလပြည့်နေ့၌ အရှင်သာရိပုတ္တရာမထေရ် ရဟန္တာဖြစ်တော်မူသည်။

မြတ်စွာဘုရားရှင် (၄၅) ဝါ ရတော်မူပြီး၍ အဂ္ဂသာဝကမထေရ် နှစ်ပါးတို့ (၄၄)ဝါစီ ရတော်မူကြပြီးဖြစ်သည့် မဟာသက္ကရာဇ်(၁၄၈)ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့၌ အရှင်သာရိပုတ္တရာမထေရ် ဖွားရာ ဇာတိ နာလကရွာ၌ ပရိနိဗ္ဗာန် စံတော်မူသည်။ ထို တန်ဆောင်မုန်း လကွယ်နေ့၌ အရှင်မဟာမောဂ္ဂလာန်မထေရ် ရာဇဂြိုဟ်ပြည် ဣသိဂိလိတောင်ယံ ကာဠသိလာကျောက်ဖျာ၌ ပရိနိဗ္ဗာန် စံတော်မူသည်-ဟု အကျဉ်းချုပ် မှတ်သားထားနှင့်ရာ၏။ အရှင်သာရိပုတ္တရာမထေရ်မြတ်၏ ပရိနိဗ္ဗာန် စံတော်မူခြင်း အကြောင်းအရာများကို ရေးသားဖော်ပြခဲ့ပြီ၊ ယခုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်၏ ပရိနိဗ္ဗာန် စံတော်မူခြင်း အကြောင်းအရာသော်ကား)__

ထိုသို့ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော်နေတော်မူသောအခါ အရှင်မဟာမောဂ္ဂ

(နှာ-၉၃)

လာန်မထေရ်သည် ဣသိဂိလိတောင်ယံ ကာဠသိလာ-မည်သော ကျောက်ဖျာ၌ သီတင်းသုံး နေထိုင်တော်မူ၏။

အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်သည်ကား တန်ခိုးအရာ၌ အထွတ်အထိပ် ရောက်တော်မူသည်ဖြစ်ရကား နတ်ပြည်လောက နှင့် ဥဿဒငရဲပြည်လောကသို့ ဒေသစာရီ ကြွချီတော်မူကာ နတ်ပြည်၌ မြတ်စွာဘုရားရှင့်တပည့်သာဝကတို့၏ ကြီးစွာသော စည်းစိမ်ခံစားရပုံကို၎င်း, ဥဿဒငရဲတို့၌ တိတ္ထိတပည့်များ၏ ကြီးစွာသော ဆင်းရဲဒုက္ခ ခံစံရပုံကို၎င်း ကိုယ်တိုင် မြင်တော်မူပြီးလျှင် လူ့ပြည်သို့ ပြန်ကြွလာ၍ “ဤမည်သော ဒါယကာ, ဤမည်သော ဒါယိကာမတို့သည် ဤမည်သော နတ်ပြည်လောက၌ ဖြစ်ကြ၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစားကြရကုန်၏။ တိတ္ထိ တပည့်တို့တွင် ဤမည်သောသူ, ဤမည်သောသူမ-တို့သည် ဤအမည် ရှိသော ငရဲ၌ ဖြစ်ကြရကုန်၏”ဟု လူတို့အား ဟောကြားတော် မူလေသည်။ သို့ရကား လူတို့သည် သာသနာ၌ ကြည်ညိုကြ၍ တိတ္ထိတို့ကို ရှောင်ကြဉ်ကြလေကုန်၏။ မြတ်စွာဘုရားနှင့်တကွ တပည့်သား သာဝကတို့၏အဖို့ရာ ကြီးစွာသော ပူဇော်သက္ကာရ ဖြစ်ရှိ၍ တိတ္ထိတို့ အဖို့ရာကား တနေ့တခြား ပူဇော်သက္ကာရမှ

လျော့ပါး ဆုတ်ယုတ်လေတော့သည်။

ထို့ကြောင့် တိတ္ထိတို့သည် အရှင်မဟာမောဂ္ဂလာန်မထေရ်၌ ရန်ငြိုးဖွဲ့ကြ၍ “ဤ မောဂ္ဂလာန်ရဟန်း အသက် ရှည်နေလျှင် ငါတို့၏ အလုပ်အကျွေး ဒါယကာများ တနေ့တခြား ပျက်ပြားကြ ကုန်ရာ၏၊ ပူဇော်သက္ကာရမှုသည်လည်း တနေ့တခြား လျော့ပါး ဆုတ်ယုတ်ရာ၏၊ ထိုမောဂ္ဂလာန်ရဟန်းကို သတ်စေကြကုန်အံ့”ဟု တိုင်ပင် ညီညွှတ်ကြပြီးလျှင် မထေရ်မြတ်ကို သတ်ရန်အတွက် သမဏဂုတ္တက - အမည်ရှိသော ဓားပြဗိုလ်အား ငွေ အသပြာ တထောင် ပေးကြလေကုန်၏။

ထိုသမဏဂုတ္တက ဓားပြဗိုလ်သည် “မထေရ်မြတ်ကို သတ်အံ့” ဟု များစွာသော သူခိုးဓားပြ အခြံအရံနှင့်တကွ ကာဠသိလာ

(နှာ-၉၄)

ကျောက်ဖျားရှိရာအရပ်သို့ သွားလေ၏။ မထေရ်မြတ်သည် ထို သမဏဂုတ္တကဓားပြဗိုလ် လာနေသည်ကို မြင်လျှင်ပင် တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်၍ တိမ်းရှောင်ခဲသွားနှင့်လေ၏။ ဓားပြဗိုလ်သည် ထိုနေ့၌ မထေရ်မြတ်ကို မတွေ့ရ၍ ပြန်ခဲ့ပြီးလျှင် နောက်တနေ့၌လည်း ထိုနည်းအတူ သွားပြန်လေ၏။ မထေရ်မြတ်သည်လည်း ရှေးနည်းအတူ တိမ်းရှောင်ဖဲသွားနှင့်လေ၏။ ဤ နည်းဖြင့် ခြောက်ရက်ကြာရှိခဲ့လေသည်။

ခုနစ်ရက်မြောက်နေ့၌ကား မထေရ်မြတ်၏ ရှေးက ပြုမှားခဲ့သော အပရာပရိယအကုသိုလ်ကံသည် အကျိုးပေးရန်အခွင့်ကို ရရှိ လာလေသည်။ ထိုအပရာပရိယအကုသိုလ်ကံအကြောင်းကို ထင်ရှားစေဦးအံ့__

မထေရ်မြတ်သည် ရှေးနုစဉ် တခုသောဘဝဝယ် မယား၏ ဂုံးချောစကားကို နာယူမှား၍ မိ,ဖတို့ကို သတ်လိုရကား ယာဉ် ငယ်(လှည်းယာဉ်)ဖြင့် တောသို့ ခေါ်ဆောင်သွား၍ လူဆိုးဓားပြများ ထကြွသောင်းကျန်းဟန်ကိုပြုလျက် မိ,ဖနှစ်ပါးတို့ကို ရိုက်နှက် ပုတ်ခတ်လေ၏။ မိ,ဖနှစ်ပါးတို့သည် မျက်စိနှစ်ကွင်း အလင်းမရ ကြသောကြောင့် အဆင်းကို မမြင်ကြပဲ “မိမိ၏သားကိုပင် တကယ် လူဆိုးဓားပြထင်ကြ၍ “ချစ်သား... ဤမည်သော လူဆိုး ဓားပြတို့သည် ငါတို့ကို ရိုက်နှက်ပုတ်ခတ်ကုန်၏၊ သင်ချစ်သားသည် လွတ်ရာဖယ်ရှား သွားလေလော့”ဟု သားအတွက်သာ ပြောဆိုငိုကြွေးကြလေကုန်၏။

သားဖြစ်သူသည် “သြ... ငါမိ, ငါ့ဖတို့ကား ငါကပင် ရိုက်နှက် ပုတ်ခတ်အပ်ပါကုန်လျက်လည်း ငါ့အတွက်သာလျှင် စိုးရိမ်ကြီးစွာ ငိုကြွေးကြရှာ၏၊ ငါကား မသင့်လျော်သောအမှုကို ပြုမှားအပ်ခဲ့လေပြီ”ဟု နောင်တပူပန် ကြံစည်ပြီးလျှင် မိ,ဖနှစ်ပါးတို့ကို သက်သာရာရစေကာ လူဆိုးဓားပြများ ပြေးသွားကြသော အခြင်းအရာကိုပြလျက် မိ,ဖတို့၏ ခြေလက်တို့ကို ဆုပ်နယ်၍ “အိုမိခင် ဖခင်တို့...မကြောက်ကြလင့်၊ လူဆိုးဓားပြများ ထွက်ပြေးသွားကြ

(နှာ-၉၅)

လေပြီ”ဟု ပြောဆိုကာ တဖန် မိမိအိမ်သို့သာလျှင် မိဖနှစ်ပါးကို ပြန်၍ ခေါ်ဆောင်ခဲ့လေသည်။

ထိုမကောင်းမှု=အကုသိုလ်ကံသည် ဤမျှ ကာလကြာအောင် အကျိုးပေးခွင့် မရသေးသဖြင့် ပြာဖုံးသောမီးကျီးစုကဲ့သို့ တည်နေ၍ ဤယခုနောက်ဆုံး=ပစ္ဆိမဘဝခန္ဓာကိုယ်ကို အပြေးအမှီလိုက်၍ ဖမ်းကိုက်လေတော့၏။ လောကဥပမာအားဖြင့် မူဆိုးသည် သား သမင်ကို မြင်၍ ခွေးကို လွှတ်လိုက်လေရာ ထိုခွေးသည် သားကောင်ကို အစဉ်လိုက်၍ မှီရာအရပ်၌ပင်လျင် ဖမ်းကိုက် သကဲ့သို့ ထို့အတူ ဤအရှင်မောဂ္ဂလာန်အလောင်းဖြစ်သူ ပြုလုပ်ခဲ့သော အကုသိုလ်ကံသည်လည်း အကျိုးပေးခွင့်ကို ရရာဘုံဌာန၌ပင် အကျိုးပေးလေတော့၏။ ထိုသို့ အကျိုးပေးခွင့်ရသော ကံမှ လွှတ်မြောက်သောသူမည်သည် မရှိချေ။

အရှင်မောဂ္ဂလာန်မထေရ်မြတ်သည် မိမိပြုခဲ့သော အကုသိုလ် ကံက ဆွဲငင် ဖမ်းကိုက်မိကြောင်းကို ကောင်းစွာသိတော်မူ၍ ထို ခုနှစ်ကြိမ်မြောက်၌ကား အရပ်တပါး တန်ခိုးဖြင့် ဖဲသွားမှု မပြုနိုင်တော့ချေ။ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကောင်းကင်သို့ ပျံတက်ခြင်းငှါ မစွမ်းနိုင်တော့ချေ။ နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမခြင်းငှါ စွမ်းနိုင်, ဝေဇယန္တာပြာသာဒ်ကို ဆတ်ဆတ်ခါအောင် တုန်လှုပ်စေခြင်းငှါ စွမ်းနိုင်သော မထေရ်မြတ်၏တန်ခိုး=ဣဒ္ဓိသည်လည်း အကုသိုလ်ကံစွမ်းကြောင့် အားနွဲ့ခြင်းသို့ ရောက်ခဲ့လေသည်။

သမဏဂုတ္တက လူဆိုးဓားပြဗိုလ်သည် မထေရ်မြတ်ကို ဝိုင်းဝန်း ဖမ်းယူပြီးလျင် မထေရ်၏အရိုးတို့ကို ဆန်ကျိုးဆန်ကွဲမျှ ပမာဏ ရှိအောင် ပြုလုပ်လျက် ထုနှက် ရိုက်ချေမှုန့်မှုန့်ကြေစေ၍ (အရိုး အားလုံးတို့ကို မှုန့်မှုန့်ညက်ညက် ကြေမွစေလျက် ကောက်ရိုး ကရွတ်ခွေကဲ့သို့ ဖြစ်အောင် ညှဉ်းပန်းနှိပ်စက်မှုတည်းဟူသော) =ပလာလပီဋ္ဌိက-မည်သော ကမ္မကရဏမှု ပြုလုပ်ပြီးလျှင်“သေပြီ ဟူသော အမှတ်သညာဖြင့် ချုံဖုတ်တခုပေါ်၌ ပစ်တင်ခဲ့၍ မိမိ အခြံအရံ လူဆိုးများနှင့် အတူတကွ ဖဲသွားလေ၏။

(နှာ-၉၆)

မထေရ်မြတ်သည် သတိရ၍ “ငါသည် မြတ်စွာဘုရားကို ဖူးမြင်ပြီးမှ ပရိနိဗ္ဗာန် ဝင်စံမည်”ဟု ကြံစည်ဆင်ခြင်တော်မူကာ မှုန့်မှုန့်ကြေနေသော ကိုယ်တော့် ခန္ဓာကိုယ်ကို အဘိညာဏ်ဈာန်တည်း ဟူသော အဝတ်ပဋ္ဋီးဖြင့် ဖွဲ့စည်းရစ်နှောင် ခိုင်မတ်အောင်ပြုပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ ကောင်းကင်ခရီးဖြင့် ဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးပြီးသော် မြတ်စွာဘုရားရှင်နှင့် အတုံ့အပြန်လျှောက်ထား ပြောဆိုတော်မူသည်မှာ

(အရှင်မောဂ္ဂလာန်) မြတ်စွာဘုရား...တပည့်တော်သည် အာယုသင်္ခါရကို စွန့်လွှတ်အပ်ပြီးပါပြီ၊ ပရိနိဗ္ဗာန်စံတော့ မည်ဘုရား။

(မြတ်စွာဘုရား ) ပရိနိဗ္ဗာန် ဝင်စံတော့မည်လော့ ချစ်သားမောဂ္ဂလာန်...။

(အရှင်မောဂ္ဂလာန်) ဝင်စံပါတော့မည်ဘုရား...။

(မြတ်စွာဘုရား) ချစ်သားမောဂ္ဂလာန်သင် ချစ်သားသည် အဘယ်အရပ်သို့ သွား၍ ပရိနိဗ္ဗာန် ဝင်စံမည်နည်း။

(အရှင်မောဂ္ဂလာန်) မြတ်စွာဘုရား... ကာဠသိလာကျောက်ဖျားအပြင်သို့ သွားရောက်၍ ပရိနိဗ္ဗာန် ဝင်စံပါမည်ဘုရား။

(မြတ်စွာဘုရား) ချစ်သားမောဂ္ဂလာန်... ထိုသို့ ဖြစ်လျှင် ငါ့အား တရားဟောပြီးမှ သွားလော့၊ ယခုအခါ သင် ချစ်သားကဲ့သို့သော တပည့်သာဝကကို နောက်တကြိမ် တွေ့မြင်နိုင်ခွင့် မရှိတော့ပြီ။

ထိုသို့ မြတ်စွာဘုရား မိန့်ကြားတော်မူသောအခါ မထေရ်မြတ်သည် “ကောင်းပါပြီ မြတ်စွာဘုရား... လိုက်နာပြုလုပ်ပါမည်”ဟု လျှောက်ထားပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ ထန်း တဆင့်, နှစ်ဆင့်-စသည် ထန်းခုနစ်ဆင့်တိုင် ကောင်းကင်သို့ ပျံတက်၍ ပရိနိဗ္ဗာန် ဝင်စံမည့်နေ့ဝယ် အရှင်သာရိပုတ္တရာ

(နှာ-၉၇)

မထေရ်မြတ်ကဲ့သို့ ဣဒ္ဓိ = တန်ခိုး အမျိုးမျိုး ဖန်ဆင်းပြသ တရား ဓမ္မကိုလည်း ဟောတော်မူကာ မြတ်စွာဘုရားရှင်ကို ရိုသေစွာ ရှိခိုးပြီးနောက် ကာဠသိလာ ကျောက်ဖျာရှိရာ တောအုပ်သို့ ကြွရောက်၍ ပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏။ ထိုခဏမှာပင် ကာမာဝစရနတ်ပြည် ခြောက်ထပ်လုံး အုတ်အုတ်ကျက်ကျက်တပြိုင်နက်ဖြစ်၍ သွားလေ၏။ နတ်ဗြဟ္မာတို့သည် “ငါတို့ဆရာ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် ပရိနိဗ္ဗာန် ဝင်စံတော်မူပြီ” ဟု အချင်းချင်း ပြောဆိုကြကာ နတ်၌ ဖြစ်သော နံ့သာ, ပန်း, အထုံ, အခိုး, စန္ဒကူးမှုန့်တို့ကို၎င်း၊ အထူးထူးသော နံ့သာ နတ်ထင်းတို့ကို၎င်း ယူဆောင်၍ လာကြလေကုန်၏။ စန္ဒကူးနတ်ထင်းပုံသည် သံတောင် (၉၉)ကိုးဆယ့် ကိုးတောင် အမြင့်ရှိလေသည်။ မြတ်စွာဘုရား ကိုယ်တော်တိုင် ရဟန်းတို့နှင့်တကွ ကြွရောက်တော်မူ၍ မထေရ်မြတ်၏ ဥတုဇရုပ် ကလာပ်အနီး၌ မားမားမတ်မတ် ရပ်တည်စီမံအုပ်ချုပ်တော်မူကာ ဖုတ်ကြည်းသင်္ဂြိုဟ်မှု ပြုစေတော်မူလေ၏။

ဖုတ်ကြည်းသင်္ဂြိုဟ်ရာဌာန၏ ပတ်ဝန်းကျင် တယူဇနာမျှသော အရပ်၌ ပန်းမိုးရွာဖြိုး၍ ချလေသည်။ ထိုဈာပနသဘင်ဝယ် နတ်တို့အကြား၌ လူများ, လူတို့အကြား၌ နတ်များ လှည့်လည်သွားကြကုန်၏။ အစဉ်အတိုင်း နတ်တို့အကြား၌ ဘီလူးယက္ခနတ်များ ရပ်တည်ကြ၍ ဘီလူးယက္ခနတ်တို့အကြား၌ ဂန္ဓဗ္ဗနတ်များ, ဂန္ဓဗ္ဗ နတ်တို့အကြား၌ နဂါးများ, နဂါးတို့အကြား၌ ဂဠုန်များ, ဂဠုန် တို့အကြား၌ ကိန္နရာများ, ရပ်တည်ကြလေသည်။ ကိန္နရာတို့ အကြား၌ ထီးများ, ထီးတို့အကြား၌ ရွှေစမရီသားမြီးယပ်များ, ထို သားမြီးယပ်တို့အကြား၌ တံခွန်လုံးများ, ထို တံခွန်လုံးကို အကြား၌ တံခွန်ပြားများ တည်ရှိကြကုန်၏။ နတ်လူတို့သည် ခုနစ်ရက်တိုင်တိုင် သာဓုကီဠနသဘင်ကို ဆင်ယင်ကျင်းပကြ လေကုန်၏။ "

(နှာ-၉၈)

မြတ်စွာဘုရားသည် မထေရ်မြတ်၏ ဓာတ်တော်တို့ကို ယူဆောင်စေတော်မူခဲ့၍ ဝေဠုဝန်ကျောင်းတိုက်တော် တံခါးမုခ် အနီး၌ ဓာတုစေတီတော် တည်ထားစေတော်မူလေ၏။

လူသတ်သမားတို့ အပြစ်ရခြင်း

“အရှင်မောဂ္ဂလာန်မထေရ်ကို လူဆိုးဓားပြတ္တိ သတ်ကြသည် တဲ့”ဟူသော သတင်းစကားသည်လည်း ဇမ္ဗူဒိပ်တကျွန်းလုံး ပြန့်နှံ့လေ၏။ အဇာတသတ်မင်းသည် လူဆိုးဓားပြများကို အရရှာဖွေရန် သူလျို့ယောက်ျားတို့ကို အနှံ့အပြား စေလွှတ်ထားလေ၏။ ထိုလူသတ်သမားတို့သည်လည်း သေတင်းကုပ်(=အရက်ဆိုင်)၌ ၊ သေအရက်သောက်ကြသည်ရှိသော် လူသတ်သမားတယောက်က အခြား လူသတ်သမားတယောက်၏ လက်မှ သေသောက်ခွက် (=အရက်ခွက်)ကို လက်ဖြင့်ပုတ်ချ ရန်စလိုက်လေသည်။ ထိုအခါ ရန်အစခံရသော လူသတ်သမားက အမျိုးမျိုးခြိမ်းခြောက်လျက် “အဆုံးမခက် ဟေ့ လူပျက်... သင်သည် အဘယ့်ကြောင့် ငါ၏သေသောက်ခွက်(=အရက်ခွက်)ကို လက်ဖြင့်ပုတ်ချ မြေသို့ ကျစေသနည်း” ဟု ရန်မူစကားပြောကြားလေလျှင် ရန်စသော လူသတ်သမားက “ဟေ့လူဆိုး လူပျက်...အသို့နည်း သင်သည် အရှင်မဟာမောဂ္ဂလာန်မထေရ်ကို အလျင်လက်ဦး ရိုက်နှက်ထိုးခုတ် သတ်ပုတ်ဝံ့သလော”ဟု ရန်တွေစ့ကား ́ပြောကြားလေ၏။ ရန်အစခံရသော လူသတ်သမားကလည်း အရှုံးမခံပဲ “ဟေ့ လူပျက်...ရိုက်နှက် ထိုးခုတ်သည်ကို သင်မသိဘူးလော”ဟု ရန်တုံ စကား ပြောကြားလေ၏။

ဤသို့လျှင် လူသတ်သမားတို့ အချင်းချင်း “ငါရိုက်နှက်ထိုးခုတ် သတ်ဖြတ်အပ်သည်၊ ငါ ရိုက်နှက်ထိုးခုတ်သတ်ဖြတ်အပ်သည်”ဟုသူသတ်သည် ငါသတ်သည် အရည်လုစကား ပြောကြားကြသည်ကို ကြားသိရ၍ မင်းချင်း သူလျှို ယောက်ျားတို့သည် ထိုလူသတ် သမားအားလုံးတို့ကို ဖမ်း၍ အဇာတသတ်မင်းအား လျှောက်ထားကြလေကုန်၏။ အဇာတသတ်မင်းက လူသတ်သမားတို့ကို

(နှာ-၉၉)

ရှေ့တော်သို့ ခေါ်စေ၍ “သင်တို့သည် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကို သတ်အပ်သလော”ဟု မေးလေလျှင် လူသတ် သမားတို့သည် “အိမ်း...သတ်အပ်ပါသည် အရှင်မင်းကြီး”ဟု ဝန်ခံစကား လျှောက်ထားကြလေ၏။ အဇာတသတ်မင်းက တဖန် ဆက်၍ “သင်တို့ကို အဘယ်သူက အသတ်ခိုင်းအပ်ကုန်သနည်း” ဟု မေးလေလျှင် လူသတ်သမားတို့သည် “အရှင်မင်းကြီး...အဝတ် မလွှမ်း တိတ္ထိတက္ကတွန်းတို့က ငွေပေး၍ အသတ်ခိုင်းအပ်ပါကုန် သည်ဘုရား”ဟု ဖြောင့်ချက်ပေးကြလေ၏။

အဇာတသတ်မင်းသည် အဝတ်မလွှမ်း တိတ္ထိတက္ကတွန်း (၅၀၀)ငါးရာတို့ကိုပါ ဖမ်းစေ၍ လူသတ်သမား(၅ဝဝ)ငါးရာ တို့နှင့် အတူတကွ မင်းယင်ပြင်(ဒ် နန်းတော်မြေကွက်လပ်)၌ ထိုသူအားလုံးတို့ကို ချက်မြုပ်လောက်အောင် နက်သောတွင်းရှိ ဝယ် မြှုပ်နှံစေပြီးလျှင် ထို၏အထက်မှ ကောက်ရိုးတို့ဖြင့် ဖုံးအုပ်စေ၍ မီးတိုက်စေလေသည်။ ထို့နောင်မှ ထိုသူအားလုံးကို မီးလောင်ကျွမ်းသည်ကို သိရှိပြီးလျှင် သံထွန်သွားတပ်သော ထွန်တုံးတို့ဖြင့် လူးလာတုံ့ခေါက် ထွန်ယက်စေ၍ ထိုသူအားလုံးတို့ကို အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်စေလေ၏။

(ဤ၌။ အရှင်မဟာမောဂ္ဂလာန်မထေရ် ပရိနိဗ္ဗာန် စံတော်မူကြောင်းကို (ဇာ၊ဋ္ဌ၊၅၊၁၃၃, ၁၃၄, ၁၃၅) စာလီသနိပါတ် သရဘင်္ဂ ဇာတ်အဖွင့်မှ ထုတ်နုတ်ဖော်ပြသည်။ လူသတ်သမားကို အပြစ်ပုံကို (ဓမ္မပဒ၊ဋ္ဌ၊၂၊၄၃)မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထုအဖွင့်မှ ထုတ်နုတ်ဖော်ပြအပ်သည်)။

အရှင်မဟာမောဂ္ဂလာန်မထေရ်၏ ဈာပနကိစ္စ၌ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ကြပ်မတ်သင်္ဂြိုဟ်တော်မူသည်ကို အကြောင်း ပြု၍ ရဟန်းတို့သည် တရားခန်းမဆောင်၌ “ငါ့ရှင်တို့ သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရား၏အနီး၌ ပရိနိဗ္ဗာန်မစံသဖြင့် ဘုရားတို့ထံမှ ကြီးစွာသော မြတ်နိုးတနာမှု အပြုမခံရချေ။ မောဂ္ဂလာန်မထေရ်သည်ကား မြတ်စွာဘုရား၏အနီး၌ ပရိနိဗ္ဗာန် ဝင်စံသဖြင့် ကြီးစွာသော မြတ်နိုးတနာမှု အပြုခံရပေသည်”ဟု

(နှာ-၁၀၀)

စကားကို ဖြစ်စေကြကုန်၏။ ထိုအခါ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့...ယခုငါဘုရား ကြွလာသောအခါ၌ သင်တို့သည် အဘယ်စကားဖြင့် ညီမူစည်းဝေး၍ နေကြသနည်း”ဟု မေးတော်မူ၍ ရဟန်းတို့က ထိုအကြောင်းကို ပြန်ကြားလျှောက်ထားသည်တွင် မြတ်စွာဘုရားရှင်သည် “ရဟန်းတို့ ... မောဂ္ဂလာန်သည် ယခု ဘဝ၌သာ ငါဘုရားထံမှ မြတ်နိုးတနာမှု အပြုခံရသည်မဟုတ်သေး၊ ရှေးကလည်း အပြုခံရဘူးသည်သာတည်း”ဟု မိန့်တော်မူ၍ ရဟန်းတို့အား စတ္တာလီသနိပါတ်လာ သရဘင်္ဂဇာတ်ကို ဟောကြားတော်မူလေသည်။ (ထိုသရဘင်္ဂဇာတ်ကို ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုမှ အကျယ်ထုတ်ယူ မှတ်သားရာ၏)။

မြတ်စွာဘုရားရှင်သည် အဂ္ဂသာဝကနှစ်ပါးတို့ ပရိနိဗ္ဗာန် စံတော်မူကြပြီးနောက် မကြာမီပင် ရဟန်းအပေါင်း ခြံရံလျက် မဟာမဏ္ဍလ ခရီးအဝန်းဖြင့် ဒေသစာရီ ကြွချီတော်မူ၍ ဥက္ကစေလမြို့သို့ ဆိုက်ရောက်တော်မူသောအခါ ထိုမြို့၌ ဆွမ်းခံလှည့်လည်တော်မူပြီးနောက် ဂင်္ဂါမြစ်သဲသောင်ပြင်ဝယ် ရဟန်းတော်တို့အား ဥက္ကစေလသုတ်ကို ဟောတော်မူလေသည်။ (ထိုသုတ် အကျယ်ကို ပိဋကတ်မြန်မာပြန် မဟာဝဂ္ဂသံယုတ် စာမျက်နှာ ၁၄၆, ၇, ၈-တို့၌ ကြည့်ရှုမှတ်ယူရာ၏)။

ဤကား အဂ္ဂသာဝကမထေရ်နှစ်ပါး အကြောင်းတည်း။

_______

(၄) အရှင်မဟာကဿပမထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရား ပွင့်ထွန်းတော်မူ၍ ဟံသဝတီ မင်းနေပြည်ကို အမှီဂေါစရဂါမ် ပြုတော်မူကာ ခေမမည်သော မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူလေလျှင် ဝေဒေဟ-မည်သော ကုဋေရှစ်ဆယ်ကြွယ်ဝသူ သူဌေးတဦး (အရှင်မဟာကဿပ မထေရ်အလောင်း)သည် စောစောပင် မွန်မြတ်သောဘောဇဉ်ကို စားသုံးပြီးလျှင် ဥပုသ်

(နှာ-၁၀၁)

ဆောက်တည်၍ နံ့သာ, ပန်း- စသည်ကို လက်စွဲလျက် ကျောင်းတိုက်သို့ သွားရောက်ကာ မြတ်စွာဘုရားကို ပူဇော်ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။

ထိုအခါ ပဒုမုတ္တရ မြတ်စွာဘုရားသည် တတိယသာဝက ဖြစ်သည့် မဟာနိသဘ= အမည်တော်ရှိသော မထေရ်မြတ်ကို “ရဟန်းတို့...ကိုယ်တိုင်ကလည်း ဓုတင်အကျင့်မြတ်ကို ကျင့်သုံး၍ သီတင်းသုံးဖော် သံဃာတော်တို့အားလည်း ဓုတင်အကျင့်မြတ်ကို ကျင့်သုံးကြရန် ဟောကြားပြသ ဆိုဆုံးမကြသည့် ဘုရား၏ တပည့်သာဝကရဟန်းတို့အနက် နိသဘမထေရ်သည် အသာဆုံး အမြတ်ဆုံးဖြစ်ပေသည်”ဟု ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဝေဒေဟဥပါသကာသည် ထိုစကားကို ကြားရ၍ သဒ္ဓါရွှန်းစို ကြည်ညိုလျက် တရားစကား ဟောကြားအပြီးတွင် လူများ အပေါင်း ထသွားလတ်သော် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ “မြတ်စွာဘုရား...နက်ဖြန်ခါ တပည့်တော်၏ ဆွမ်းကို လက်ခံ သာယာတော်မူပါဘုရား”ဟု လျှောက်ထားလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်က “ဒါယကာ...ရဟန်းသံဃာကား များလှဘိ၏ ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား...ရဟန်းသံဃာသည် အဘယ်မျှ အတိုင်းအရှည်ရှိပါသနည်းဘုရား”ဟု လျှောက်ထား မေးမြန်းလေ၏။ ပဒုမုတ္တရမြတ်စွာဘုရားက “ဒါယကာ... ခြောက်သန်း ရှစ်သိန်း အရေအတွက်ရှိ၏”ဟု မိန့်တော်မူလေလျှင် ဝေဒေဟဥပါသကာသည် “မြတ်စွာဘုရား... သာမဏေတပါးကိုမျှလည်း ကျောင်းတိုက်တော်၌ ချန်မထား၊ ရဟန်းအားလုံးနှင့် တကွ တပည့်တော်၏ ဆွမ်းကို လက်ခံသာယာတော်မူပါဘုရား” ဟု ရဲရဲတောက် လျှောက်ထားလေ၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် ဝေဒေဟဥပါသကာ ပင့်လျှောက်ချက်ကို လက်ခံတော်မူလေ၏။

ဝေဒေဟဥပါသကာသည် မြတ်စွာဘုရား လက်ခံတော်မူကြောင်း ကောင်းစွာသိပြီးလျှင် အိမ်သို့ပြန်သွား၍ ကြီးစွာသော

(နှာ-၁၀၂)

အလှူဒါနကို စီမံပြီးသော် နောက်တနေ့နံနက်၌ မြတ်စွာဘုရားအား ဆွမ်းဘုဉ်းပေးကြွရန် အခါကို လျှောက်ကြားစေလေ၏။ မြတ်စွာဘုရားသည် သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ ရဟန်းအပေါင်း ခြံရံအပ်လျက် ဝေဒေဟဥပါသကာ၏အိမ်သို့ ကြွသွားတော်မူ၍ ခင်းအပ်သောနေရာ၌ ထိုင်နေတော်မူလျက် ရေစက်ချ အလှူပြီးဆုံးသောအခါ ယာဂုစသည်တို့ကို ခံတော်မူလျက် ဆွမ်းပို့မှု, ဆွမ်းဘုဉ်းပေးမှုကို ပြုတော်မူလေ၏။ ဝေဒေဟ ဥပါသကာသည်လည်း မြတ်စွာဘုရား၏ အနီး၌ ထိုင်နေလျက် သဒ္ဓါကြည်ညိုတရား ပွါးများဖြစ်ရှိ၍ နေလေ၏။

ထိုအချိန်အတွင်းမှာပင် မဟာနိသဘမထေရ်သည် ဆွမ်းခံလှည့်လည်တော်မူလတ်သော် ထိုလမ်းခရီးသို့ ကြွချီဆိုက်ရောက်တော်မူလေ၏။ ဝေဒေဟဥပါသကာသည် မထေရ်ကိုမြင်လတ်၍ နေရာမှ ထသွားပြီးသော် မထေရ်ကို ရှိခိုးလျက်“အရှင်ဘုရား... သပိတ်ကို ပေးစွန့်တော်မူကြပါဘုရား” ဟု လျှောက်ထားတောင်းခံလေ၏။ မထေရ်မြတ်သည် သပိတ်ကို ဥပါသကာ လက်သို့ အပ်လိုက်လေ၏။ ဥပါသကာက “အရှင်ဘုရား...အိမ်တွင်းသို့ ကြွဝင်တော်မူပါကုန်၊ မြတ်စွာဘုရားသည်လည်း အိမ်တွင်းမှာ ထိုင်နေတော်မူဆဲ ရှိပါသည်ဘုရား” ဟု လျှောက်ထားလေလျှင် မထေရ်မြတ်သည် “ဒါယကာ အိမ်တွင်းသို့ဝင်၍ နေထိုင်ရန် အပ်စပ်လိမ့်မည်မဟုတ်” ဟု မိန့်တော်မူလေ၏။ ဝေဒေဟ ဥပါသကာသည် မထေရ်မြတ်၏ သပိတ်အပြည့် ဆွမ်းထည့်ပြီးလျှင် မထေရ်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။

ထို့နောက် မထေရ်မြတ်ကို လိုက်ပို့ပြီး ပြန်လာသောအခါ မြတ်စွာဘုရား၏အနီး၌ ထိုင်နေ၍ “မြတ်စွာဘုရား...မဟာနိသဘ မထေရ်သည် “မြတ်စွာဘုရား အိမ်တွင်းမှာ ထိုင်နေတော်မူလျက် ရှိပါသည်ဘုရား” ဟု လျှောက်ထားအပ်ပါသော်လည်း အိမ်တွင်းသို့ မဝင်လိုပါ၊ ထို မထေရ်မြတ်မှာ အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးထက် သာလွန်သော ဂုဏ်ကျေးဇူးများ ရှိပါသလော”ဟု မေးမြန်းလျှောက်ထားလေ၏။

(နှာ-၁၀၃)

ဘုရားရှင်တို့၏ သန္တာန်တော်မှာ ဂုဏ်ကျေးဇူးကို ဝန်တိုမှု = ဝဏ္ဏမစ္ဆရိယတရားဟူ၍ လုံးဝမရှိချေ၊ သို့ရကား မြတ်စွာဘုရားသည် ဝေဒေဟဥပါသကာ မေးလျှောက်ပြီးသည်၏ အခြားမဲ့မှာပင် __

“ဒါယကာ...ငါတို့သည် ဆွမ်းကို ငံ့၍ အိမ်၌ ထိုင်နေကြကုန်၏။ နိသဘမထေရ်ကား ဤသို့ ထိုင်၍ ဆွမ်းကို ငံ့မြှော်မှု အလျှင်းပင်မပြုချေ။ ငါတို့သည် ရွာနီးကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘမထေရ်ကား တောကျောင်း၌သာ နေလေ့ရှိ၏။ ငါတို့သည် အမိုးရှိသော ကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘမထေရ်ကား ဟင်းလင်းအပြင် လွင်တီးခေါင်၌သာလျှင် နေလေ့ရှိ၏။ ဤသို့လျှင် ဤသည် ဤသည်ကား နိသဘမထေရ်၏ ဂုဏ်ကျေးဇူးအထူးများဖြစ်လေသည်"__

ဟု မဟာသမုဒြာကို ထပ်၍ ရေဖြည့်သကဲ့သို့ မထေရ်၏ ဂုဏ်ကျေးဇူးများကို အကျယ်အားဖြင့် ဟောကြားတော်မူလေ၏။ ဝေဒေဟဥပါသကာသည် ပင်ကိုယ်ပကတိအားဖြင့်လည်း ဆီမီးတောက်နေသည်ကို ဆီ ထပ်၍ လောင်းလိုက်သည့် အလား အတိုင်းထက်အလွန် သဒ္ဓါကြည်ညိုဖြစ်ရှိကာ “ငါ့အဖို့ရာ အခြားသော လူနတ်စည်းစိမ် စသည်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အနာဂတ နောက်ကာလဝယ် တဆူဆူသော ဘုရားရှင်၏ အထံတော်၌ ကိုယ်တိုင်ကလည်း ဓုတင်အကျင့်မြတ်ကို ကျင့်သုံး၍ သီတင်းသုံးဖော် သံဃာတော်တို့အားလည်း ဓုတင်အကျင့်မြတ်ကို ကျင့်သုံးကြရန် ပြောကြားပြသ ဆိုဆုံးမကြသော = ဓုတဝါဒ ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရပုဂ္ဂိုလ်ဖြစ်ရန် ဆုပန်မှုကို ပြုပေအံ့”ဟု ကြံစည်ဆုံးဖြတ်ချက် ချမှတ်လေ တော့၏။

ဝေဒေဟဥပါသကာသည် တဖန်လည်း နောက်တနေ့အတွက် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်ကာ ဆွမ်း ဆက်ကပ်လှူဒါန်းလေသည်။ ဤနည်းဖြင့် ခုနှစ်ရက်ကြာ မဟာ

(နှာ-၁၀၄)

ဒါနကြီးကို ပေးလှူ၍ ခုနှစ်ရက်မြောက် ရောက်သောနေ့၌ ဘုရားအမှူးရှိသော များစွာသော ရဟန်းအပေါင်းအား တိစီဝရိက် (သင်္ကန်းသုံးထည်စီ)တို့ကို ဆက်ကပ်လှူဒါန်းပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်း၍__

မြတ်စွာဘုရား ... တပည့်တော်၏ ခုနှစ်ရက်ကြာ မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံများကို ဖြစ်ပွါးစေလျက် မဟာဒါန လှူဒါန်းရသော အကြင်ကောင်းမှုကုသိုလ်အစုသည် ရှိပါ၏။ ထိုကောင်းမှုကုသိုလ် အစုကြောင့် တပည့်တော်သည် အခြားတပါးသော နတ်စည်းစိမ်, သိကြားမင်းစည်းစိမ်, မာရမင်းစည်းစိမ်, ဗြဟ္မာမင်းစည်းစိမ် တခုခုကိုမျှ မတောင့်တပါ။ စင်စစ်သော်ကား တပည့်တော်၏ ဤကောင်းမှု ကုသိုလ်ကံသည် အနာဂတ နောက်ကာလဝယ် တဆူဆူသော မြတ်စွာဘုရားအထံတော်၌ မဟာနိသဘမထေရ်သူမြတ်ရောက်အပ်သော ရာထူးဌာနန္တရသို့ ရောက်ဖို့ရန်=ဓုတင် တဆယ့်သုံးပါးကို ကျင့်ဆောင်ကြသော ပုဂ္ဂိုလ်တို့အနက် အသာဆုံး အမြတ်ဆုံးဖြစ်ဖို့ရန် ဧကန်ရွက်ဆောင် ပြီးစေနိုင်သော ကောင်းမှု ကုသိုလ် ဖြစ်ပါစေသတည်း”__

ဟု လျှောက်ဆိုဆုပန်လေ၏။ ပဒုမုတ္တရမြတ်စွာဘုရားသည်၍ ဝေဒေဟဥပါသကာကား ကြီးစွာသောအရာကို ပတ္ထနာဆုသန်မှု ပြုအပ်လေပြီ၊ ပြည့်စုံလိမ့်မည်လော မပြည့်စုံလိမ့်မည်လော”ဟု အနာဂတံသ ရွှေဉာဏ်တော်ဖြင့် ရှုမြှော်တော်မူလေသော် ဧကန် မချွတ် ပြည့်စုံလိမ့်မည်ကို မြင်တော်မူ၍__

“ဒါယကာ...သင်သည် နှစ်သက်ဖွယ်သော ရာထူးကို ပတ္ထနာဆုသန်အပ်ပြီ၊ နောက်အခါဝယ် ကမ္ဘာတသိန်း အဆုံး၌ ဂေါတမအမည်တော်ရှိသော မြတ်စွာဘုရား ပွင့်ထွန်းတော်မူလိမ့်မည်။ သင်သည် ထိုဂေါတမ မြတ်စွာ

(နှာ-၁၀၅)

ဘုရား၏ တတိယသာဝက မဟာကဿပမထေရ် အမည်ရှိသူ ဖြစ်လိမ့်မည်”__

ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

ထို ဗျာဒိတ်စကားကို ကြားရ၍ ဝေဒေဟဥပါသကာသည် “ဘုရားရှင်တို့၏ အဖို့ရာနှစ်မြွှာစကားမည်သည် မရှိ”ဟု သိရှိကာ ထိုတတိယသာဝက ရာထူးစည်းစိမ်ကို နောက်တနေ့ရောက်ရမည့် စည်းစိမ်ကဲ့သို့ အောက်မေ့မှတ်ထင် ဝမ်းမြောက်လေ၏။ ဝေဒေဟဥပါသကာသည် အသက်ရှည်သမျှ ကာလပတ်လုံး အထူးထူးသော အလှူဒါနကို ပေးလှူ၍ သီလကို စောင့်သုံးလျက်, အခြား ကောင်းမှုကုသိုလ်များကိုလည်း ပြုလုပ်ကာ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်လေ၏။

မဟာဧကသာဋကပုဏ္ဏားဘ၀

ထိုအခါမှ စ၍ နတ်ပြည်, လူ့ပြည်တို့၌ စည်းစိမ်ကို ခံစံလျက် ဤကမ္ဘာမှ လွန်ခဲ့သော (၉၁) ကိုးဆယ့် တကမ္ဘာထက်ဝယ် ဝိပဿီမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူ၍ ဗန္ဓုမတီ မင်းနေပြည်ကို အမှီဂေါစရဂါမ်ပြုတော်မူကာ ခေမ မည်သော မိဂဒါဝုန်တော်၌ သီတင်းသုံးနေထိုင်တော်မူသည်ရှိသော် ဤအရှင်မဟာကဿပအလောင်း သူတော်ကောင်းသည် နတ်ပြည်မှ စုတေ၍ မထင်မရှား ပစ္စည်းနွမ်းပါးသော ပုဏ္ဏားမျိုး၌ ဖြစ်လာလေ၏။

အထူးအားဖြင့် ထိုအခါ၌ ဝိပဿီမြတ်စွာဘုရားသည် ခုနစ်နှစ် တကြိမ် ခုနှစ်နှစ်တကြိမ် အထူးတရားပွဲသဘင် ဆင်ယင်ကျင်းပ၍ တရားဟောတော်မူလေသည်။ ထိုသို့ တရားပွဲသဘင် ဆင်ယင် ကျင်းပ တရားဟောတော်မူသောအခါမှာလည်း သတ္တဝါတိုင်း တရားနာယူနိုင်ရန် အချိန်ကို သတ်မှတ်၍ နေ့အဖို့ရာ ညနေချမ်း၌ ဟောတော်မူလေသည်။ ညဉ့်အဖို့ရာ တညဉ့်ပတ်လုံး ဟောတော် မူလေသည်။ တရားပွဲသဘင် နီးကပ်လာသောအခါ ကြီးစွာသော အုတ်အုတ်ကျက်ကျက် ဖြစ်ရှိလျက် နတ်များကလည်း မြတ်စွာ

(နှာ-၁၀၆)

ဘုရား တရားဟောတော်မူလိမ့်မည်” ဟု ဇမ္ဗူဒိပ်တကျွန်းလုံး၌ လှည့်လည်ကြွေးကြော် ပြောကြားကြလေ၏။

အရှင်မဟာကဿပအလောင်း ပုဏ္ဏားသည် ထို သတင်း စကားကို ကြားသိလေ၏။ အထူးအားဖြင့် ထိုပုဏ္ဏားမှာ ခါးဝတ် တထည်သာလျှင် ရှိ၏၊ အိမ်ရှင် ပုဏ္ဏေးမမှာလည်း ထို့အတူပင် ခါးဝတ်တထည်သာလျှင် ရှိ၏။ အပေါ်ရုံအဝတ်ကား နှစ်ဦးလုံး အတွက်မှ တထည်သာလျှင် ရှိချေ၏။ ထို့ကြောင့်ပင် ထိုပုဏ္ဏားသည်“ဧကသာဋကပုဏ္ဏား=အဝတ်တထည်သာရှိသောပုဏ္ဏား ဟူ၍ တမြို့လုံး၌ ထင်ရှားလေသည်။ ကိစ္စတခုခုဖြင့် ပုဏ္ဏားများ၏ အစည်းအဝေး ဖြစ်ရှိခဲ့လျှင် အိမ်ရှင် ပုဏ္ဏေးမကို အိမ်၌ထားခဲ့၍ ပုဏ္ဏားကြီးကိုယ်တိုင် အစည်းအဝေးသို့သွားရောက်၏။ ပုဏ္ဏေးမများ၏ အစည်းအဝေးဖြစ်ရှိခဲ့လျှင် ပုဏ္ဏားကြီးကိုယ်တိုင်က အိမ်၌ နေရစ်ခဲ့ရ၏။ ပုဏ္ဏေးမကြီးသည် ထို အပေါ်ရုံ အဝတ်ကို ရုံ၍ သွားရောက်၏။

ဝိပဿီမြတ်စွာဘုရား တရားဟောမည့် ထိုနေ့၌ကား ဧကသာဋကပုဏ္ဏားကြီးသည် အိမ်ရှင် ပုဏ္ဏေးမကြီးကို “အို ရှင်မ အသို့နည်း (= ဘယ့်နှယ်လဲ) ရှင်မသည် ညဉ့်အခါ၌ တရားနာ သွားမည်လော၊ သို့မဟုတ် နေ့အခါ၌ တရားနာသွားမည်လော” ဟု မေးလေ၏။ ပုဏ္ဏေးမကြီးသည် “ကျွန်တော်မတို မာတုဂါမ များမည်သည် ညဉ့်အခါ၌ တရားနာယူခြင်းငှါ မစွမ်းနိုင်ကြပါ။ နေ့အခါ၌ တရားနာပါမည်” ဟု ပြော၍ ပုဏ္ဏားကြီးကို အိမ်၌ ထားခဲ့ပြီးလျှင် ထိုအပေါ်ရုံကို ခြုံရံလျက် အခြား ဥပါသိကာ ဒါယိကာမများနှင့် အတူတကွ နေ့အခါသွား၍ မြတ်စွာဘုရားကို ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေ၍ တရားနာပြီးသော် အဖော် ဥပါသိကာ ဒါယိကာမတို့နှင့် အတူတကွပင်လျှင် အိမ်သို့ ပြန်လာ၏။ ထိုအခါ ပုဏ္ဏားကြီးသည် မိမိအလှည့်ရ၍ ပုဏ္ဏေးမကြီးကို အိမ်၌ထားခဲ့ပြီးလျှင် ထိုအဝတ်ကို ခြုံရုံလျက် ညည့်အခါ တရားနာရန် ကျောင်းတိုက်သို့ သွားရောက်လေ၏။

(နှာ-၁၀၇)

ထိုအချိန်၌ ဝိပဿီ မြတ်စွာဘုရားသည် ပရိသတ်အလယ် တင့်တယ်စွာသော ဓမ္မာသနပလ္လင်၌ ထိုင်နေတော်မူလျက် ဆန်း ကြယ်သောယပ်ဝန်းကို ကိုင်တော်မူကာ ကောင်းကင်မြစ်အတွင်း သက်ဆင်းကူးခပ်သူကဲ့သို့၎င်း, မြင်းမိုရ်တောင်ကို မွှေတံပြုကာ မဟာသမုဒြာကို တအားမွှေသော ယောက်ျားကဲ့သို့၎င်း တရားစကားဟောကြားတော်မူလေ၏။ ပရိသတ်အစွန်အဖျား၌ ထိုင်နေလျက် တရားနာနေသော ဧကသာဋကပုဏ္ဏားကြီး၏ သန္တာန်မှာ ညဉ့်ဦးယံ၌ပင်လျှင် တကိုယ်လုံး ပြည့်စေလျက် နှစ်သက်ခြင်း = ပီတိတရား ငါးမျိုးတို့ တဖြိုးဖြိုး ဖြစ်ရှိလေ၏။ ပုဏ္ဏားကြီးသည် ပါလာသော အပေါ်ရုံအဝတ်ကို ခေါက်ပြီးလျှင် “မြတ်စွာဘုရားအား ငါလှူတော့”ဟု အကြံပြုလေ၏။ ထိုသို့ အကြံပြုပြီးသော နောက်ပိုင်းမှာ အပြစ်အထောင်ကို ဖော်ပြလျက် မပေးလိုခြင်း= ဝန်တိုခြင်း= မစ္ဆရိယတရားများ တဖွားဖွား ဖြစ်၍ လာပြန်လေသည်။ မစ္ဆရိယတရား ဖြစ်ပွါးလာသောအခါ ပုဏ္ဏားကြီးသည် “ပုဏ္ဏေးမနှင့်ငါတို့ နှစ်ဦးပေါင်းမှ အပေါ်ရုံအဝတ် တထည်သာ ရှိကြ၏။ အခြားအလဲအလှယ် အပေါ်ရုံအဝတ်ဟူ၍ တထည်မျှ မရှိချေ။ မရုံပဲလည်း အိမ့်ပြင်ပသို့ လှည့်လည်သွားလာခြင်းငှါ မတတ် နိုင်”__ ဤသို့စသည်ဖြင့် ကြံစည်ပူပန်ကာ လုံးဝ မလှူလိုသောသူ ဖြစ်သွားပြန်လေ၏။ ထို့နောက် ညဉ့်ဦးယံ လွန်မြောက်၍ သန်းခေါင်ယံသို့ရောက်သောအခါမှာလည်း ထို့အတူပင် ပုဏ္ဏားကြီး၏ သန္တာန်ဝယ် နှစ်သက်ခြင်း = ပီတိငါးပါးဖြစ်ပွါး၍လာပြန်လေ၏။ ပုဏ္ဏားကြီးသည် ရှေးနည်းအတူပင် ကြံစည်၍ ရှေးနည်းအတူပင် မလှူလိုသောသူ ဖြစ်သွားပြန်လေ၏။ ထို့နောက် သန်းခေါင်ယံ လွန်မြောက်၍ မိုးသောက်ယံသို့ ရောက်သောအခါမှာလည်း ပုဏ္ဏားကြီး၏သန္တာန်ဝယ် ထို့အတူပင် နှစ်သက်ခြင်း=ပီတိငါးပါး ဖြစ်ပွါး၍ လာပြန်လေ၏။ ဤအကြိမ်၌ကား ပုဏ္ဏားကြီးသည် မစ္ဆရိယအကုသိုလ်တရား ဖြစ်ပွါးခွင့်မပြုတော့ပဲ “သေခြင်းမှ လွတ်မြောက်ခြင်း ဖြစ်လိုလျှင်လည်း ဖြစ်စေတော့၊ သေခြင်းတရားသည် မူလည်း ဖြစ်လိုလျှင်ဖြစ်စေတော့၊ နောက်အခါမှ အဝတ်အရေးကို တွေးတောစဉ်းစားတော့မည်”ဟု ကြံစည်ဆုံးဖြတ်ချက်ချမှတ်ကာ

(နှာ-၁၀၈)

ထိုအပေါ်ရုံအဝတ်ကို ခေါက်၍ မြတ်စွာဘုရားရှင် ခြေတော်ရင်း၌ ချထားကာ ရက်ရက်ရောရော လှူဒါန်းလိုက်လေ၏။ ထို့နောင်မှ လက်ဝဲလက်ကို ခွေ၍ လက်ျာလက်ဖြင့် သုံးကြိမ်တိုင်တိုင် မလန်းပေါက်(=လက်ခမောင်း)ခတ်ပြီးလျှင် “ငါအောင်ပြီ ငါအောင်ပြီ” ဟု သုံးကြိမ်တိုင်တိုင် ရဲရဲတောက် ကြွေးကြော်လိုက်လေ၏။

ထိုအချိန်၌ ဗန္ဓုမမင်းကြီးသည် တရားဟောဓမ္မာသနပလ္လင်၏ နောက်မှ တင်းထိမ်ကန့်လန့်ကာအတွင်း ထိုင်နေလျက် တရားနာ နေဆဲရှိ၏၊ မင်း၏အဖို့ရာ မိမိကသာ အနိုင်ယူလိုသူ ဖြစ်၍ “ငါအောင်ပြီ” ဟူသော အသံသည် မနှစ်သက်အပ်သောအသံသာ ဖြစ်လေ၏။ သို့ရကား မင်းကြီးသည် မင်းချင်းယောက်ျား တယောက်ကို “အချင်း...သွားတည့်ချေ။ အဘယ်ကို ပြောသနည်း ဟု ထိုသူကို မေးလော့” ဟူ၍ ပြောဆို စေလွှတ်လိုက်လေ၏။ မင်းချင်းယောက်ျားသည် ဧကသာဋကပုဏ္ဏားထံသို့ သွားရောက်၍ အကြောင်းကို မေးလေလျှင် ပုဏ္ဏားကြီးသည်__

“အမောင်ယောက်ျား...ငါမှကြွင်းငြား အခြားမင်း စသော သူများသည် ဆင်ယာဉ်, မြင်းယာဉ်-စသည်တို့ကို တက်စီးကြ၍ သန်လျက်, လွှား, ကာ- စသည်တို့ကို ကိုင်ဆောင်ကြကာ ရန်သူစစ်တပ်ကို အောင်နိုင်ကြကုန်၏။ ထိုအောင်ခြင်းကား မအံ့သြလောက်ပေ။ ငါတမူကား မိမိနောက်မှ ဝှေ့သတ်ရန် ခုန်ပေါက်၍ လိုက်လာသော နွားဆိုး နွားကြမ်း၏ဦးခေါင်းကို တင်းပုတ်ဖြင့် ထုနှက်၍ ထိုနွားဆိုး နွားကြမ်းကို ပြေးစေသော ယောက်ျားကဲ့သို့ မစ္ဆရိယစိတ်ကို နှိမ်နင်းပြီးလျှင် အပေါ်ရုံအဝတ်ကို မြတ်စွာဘုရားအား အောင်မြင်စွာ လှူဒါန်းရလေပြီ၊ ငါသည် - အောင်နိုင်ခဲသော ထို မစ္ဆရိယတရားကို အောင်နိုင်အပ်လေပြီ”__

ဟု ဖြေကြားပြောဆိုလေ၏။ မင်းချင်းယောက်ျားသည် တဖန် ပြန်လာ၍ မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားပြောကြားလေ၏။

(နှာ-၁၀၉)

ဗန္ဓုမမင်းကြီးသည် “အချင်း...ငါတို့သည် မြတ်စွာဘုရားအား လျောက်ပတ်သည်ကို မသိကြကုန်၊ ပုဏ္ဏားကြီးသည် သိပေ၏”ဟု မိန့်ဆိုကာ ပုဏ္ဏားကြီးအား ဝတ်စုံတစုံကို ပို့သပေးကမ်းစေလေ၏။ ပုဏ္ဏားကြီးသည် “ဤ မင်းကြီးကား ရှေးဦးစွာ စကားမဆို ဆိတ်ဆိတ်နေသောအား တစုံတရာ မပေးကမ်းပဲ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ပြောကြားတော့မှ ပေးကမ်းပေ၏။ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို စွဲ၍ဖြစ်သော ဤ ဝတ်စုံဖြင့် ငါ့အား အဘယ်အလိုရှိအံ့နည်း” ဟု ပြောဆိုကာ ထို ဝတ်စုံကိုလည်း မြတ်စွာဘုရားအားပင် လှူဒါန်းပြန်လေ၏။

မင်းကြီးသည်လည်း “ပုဏ္ဏားကြီးသည် ငါပေးလိုက်သော ဝတ်စုံဖြင့် အဘယ်အမှုကို ပြုအပ်သနည်း” ဟု မင်းချင်းတို့ကို မေး၍ “ပုဏ္ဏားကြီးသည် ထိုဝတ်စုံကိုလည်း မြတ်စွာဘုရားအားပင် လှူဒါန်းအပ်လေပြီ”ဟု ကြားသိရသဖြင့် တဖန်ထပ်၍ ဝတ်စုံ နှစ်စုံတို့ကိုလည်း ပုဏ္ဏားကြီးထံ ပို့စေပြန်လေ၏။ ပုဏ္ဏားကြီးသည် ထိုဝတ်စုံ နှစ်စုံတို့ကိုလည်း မြတ်စွာဘုရားအားပင် လှူဒါန်း ပြန်လေ၏။ မင်းကြီးသည် တဖန်ထပ်၍ ဝတ်စုံ လေးစုံတို့ကိုလည်း ပုဏ္ဏားကြီးထံ ပို့စေပြန်လေ၏။ ပုဏ္ဏားကြီးသည်လည်း ထိုဝတ်စုံ လေးစုံတို့ကို မြတ်စွာဘုရားအားပင် လှူဒါန်းပြန်လေ၏။ ဤနည်းဖြင့် မင်းကြီးသည် တဆ, တဆတိုး၍ သုံးဆယ့်နှစ်စုံတို့တိုင်အောင် ပို့စေပြန်လေ၏။ ထိုအခါ ဧကသာဋက ပုဏ္ဏားကြီးသည် “ဤသို့ ရတိုင်းရတိုင်း မိမိမခြွင်းမချန်ပဲ လှူဒါန်းနေခြင်းသည် တိုး၍တိုး၍ ခံယူခြင်းကဲ့သို့ ဖြစ်နေ၏” ဟု ကြံစည်ပြီးလျှင် ထိုဝတ်စုံ သုံးဆယ့် နှစ်စုံတို့အနက်မှ မိမိအတွက်တစုံ ပုဏ္ဏေးမကြီးအတွက် တစုံအားဖြင့် = ဝတ်စုံနှစ်စုံတို့ကို နုတ်ယူပြီးလျှင် ကျန်ရှိသောဝတ်စုံ သုံးဆယ်တို့ကို မြတ်စွာဘုရားအားပင် လှူဒါန်းလေ၏။ ထိုအချိန်မှ စ၍ ထို ပုဏ္ဏားကြီးမှာ မြတ်စွာဘုရားရှင်နှင့် အကျွမ်းတဝင် ချစ်ခင်ရင်းနှီးသူတယောက် ဖြစ်လေတော့၏။

ထို့နောက် တနေ့သ၌ မင်းကြီးသည် အလွန်အေးမြသောအခါ မြတ်စွာဘုရား အထံတော်၌ ပုဏ္ဏားကြီး တရားနာနေသည်ကို

(နှာ-၁၁၀)

မြင်ရ၍ မိမိခြုံရုံသည့် အဖိုးတသိန်းတန် ကမ္ဗလာနီကြီးကို ပုဏ္ဏားကြီးအား ပေးပြီးလျှင် “ဤ အချိန်မှ စ၍ ဤ ကမ္ဗလာကို ခြုံလျက် တရားနာလော့” ဟု မိန့်ဆိုလေ၏။ ပုဏ္ဏားကြီးသည် “ငါ့အဖို့ရာ ဤ ကမ္ဗလာကို ခန္ဓာကိုယ်ရုပ် ဤ အကောင်ပုပ်၌ ခြုံရုံသဖြင့် အဘယ်အကျိုးရှိအံ့နည်း” ဟု စဉ်းစားဆင်ခြင်ကြံစည်၍ ဂန္ဓကုဋီ တိုက်တော်အတွင်း မြတ်စွာဘုရားရှင် သီတင်းသုံးနေထိုင်တော်မူရာ ညောင်စောင်း၏အထက်၌ ဗိတာန်မျက်နှာကြက် ဖြန့်ကြက် လှူဒါန်း၍ အိမ်သို့ ပြန်သွားလေ၏။

တနေ့သ၌ မင်းကြီးသည် စောစောပင်လျှင် ကျောင်းတော်သို့ သွားရောက်၍ ဂန္ဓကုဋီတိုက်တော်အတွင်း မြတ်စွာဘုရား၏ အနီး၌ ထိုင်နေလေ၏။ ထိုအချိန်၌ မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်တို့သည် ဗိတာန်မျက်နှာကြက် ကြက်၍ထား သော ကမ္ဗလာနီ၌ ထိခိုက်ကုန်ရကား ကမ္ဗလာနီသည် အလွန်လျှင် တင့်တယ်လေ၏။ မင်းကြီးသည် ထိုကမ္ဗလာကို မြင်လတ်သော် မှတ်မိ၍ “မြတ်စွာဘုရား... ဤကမ္ဗလာသည် တပည့်တော်တို့၏ ကမ္ဗလာဖြစ်ပါသည်။ တပည့်တော်တို့သည် ဤကမ္ဗလာကို ဧကသာဋကပုဏ္ဏားအား တရားနာသောအခါ ခြုံရုံရန် ပေးအပ် ပါပြီ”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “မြတ်သော မင်းကြီးသင် မင်းကြီးတို့သည် ပုဏ္ဏားကို ပူဇော်အပ်လေပြီ။ ပုဏ္ဏားသည် ငါဘုရားတို့ကို ပူဇော်အပ်ကုန်ပြီ”ဟု မိန့်တော်မူလေလျှင် မင်းကြီးသည် “ပုဏ္ဏားသည် သင့်လျော်လျောက်ပတ်သည်ကို သိပေ၏။ ငါတို့ကား ထိုသို့မသိကုန်”ဟု အောက်မေ့ကာ လွန်စွာ သဒ္ဓါကြည်ညိုပြီးလျှင် လူတို့၏ အသုံးအဆောင် ပစ္စည်းဝတ္ထု မှန်သမျှ အလုံးစုံကို တမျိုးတမျိုးလျှင် ခြောက်ဆယ့်လေးခု ခြောက် ဆယ့်လေးခုစီ အညီအမျှပြု၍ သဗ္ဗဋ္ဌက မည်သော အလှူဒါနကို ပေးပြီးလျှင် ထို ဧကသာဋကပုဏ္ဏားကြီးကို ပုရောဟိတ်ရာထူး၌ ခန့်ထားတော်မူလေ၏။

ဧကသာဋကပုရောဟိတ်ပုဏ္ဏားကြီးသည်လည်း “အဋ္ဌဋ္ဌက= ရှစ်ခုရှစ်လီဟူသည်မှာ ခြောက်ဆယ့်လေးခုဖြစ်သည်”ဟုဆင်ခြင်

(နှာ-၁၁၁)

စဉ်းစား၍ နေ့စဉ်နေ့စဉ် စာရေးတံဆွမ်း ခြောက်ဆယ့်လေးအုပ်တို့ကို ဒါနဝတ်တည်ထားကာ အသက်ထက်ဆုံး အလှူပေးလျက် သီလသီတင်း ဆောက်တည်လျက် ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ တဖန် ဖြစ်ပြန်လေ၏။

သူကြွယ်ဘဝ

တဖန် နတ်ပြည်မှ စုတေလတ်၍ ဤဘဒ္ဒကပ်ကမ္ဘာဝယ် ကောဏာဂုံမြတ်စွာဘုရား ကဿပမြတ်စွာဘုရား =ဤဘုရားရှင်နှစ်ဆူတို့၏ အကြားကာလ ဗုဒ္ဓန္တရခေတ်အချိန်၌ ဗာရာဏသီပြည်ဝယ် သူကြွယ်အိမ်၌ ဖြစ်ပြန်လေ၏။ ထိုသူကြွယ်သည် ကြီးပြင်း၍ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေစဉ် တနေ့သ၌ တောအရပ်သို့ အညောင်းပြေ ခြေလျင်ခရီးသွားလေ၏။ ထိုအချိန်၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးသည် မြစ်ကမ်းအနီး၌ သင်္ကန်းချုပ်နေစဉ် အနား ပတ်မလောက်ရကား ထိုချုပ်လက်စသင်္ကန်းကို ခေါက်၍ထားရန် စီမံအားထုတ်တော်မူလေ၏။

သူကြွယ်သည် ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို မြင်လတ်၍ “အရှင်ဘုရား...အဘယ့်ကြောင့် သင်္ကန်းကို ခေါက်၍ထားတော်မူကြပါသနည်းဘုရား”ဟု မေးမြန်းလျှောက်ထားလေ၏၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်က “ဒါယကာ... အနားပတ်မလောက်၍ ခေါက်ထား ကြ၏”ဟု မိန့်တော်မူလေလျှင် သူကြွယ်သည် “အရှင်ဘုရား ဤအဝတ်ဖြင့် အနားပတ်ချုပ်လုပ်တော်မူကြပါဘုရား”ဟု လျှောက်ထား၍ မိမိ၏ အဝတ်ကို ဆက်ကပ်လှူဒါန်းပြီးလျှင် “ဖြစ်လေရာရာ သံသရာဘဝ၌ ငါ့အဖို့ရာ တစုံတခုသော အသုံး အဆောင်ဖြင့်မျှ ယုတ်လျော့ခြင်းမည်သည် မဖြစ်ပါစေသား”ဟု ဆုတောင်း ပတ္ထနာမှု ပြုလေ၏။

ထို့နောက် သူကြွယ်၏ အိမ်မှာလည်း သူကြွယ်၏ နှမနှင့် သူကြွယ်၏မယားတို့ အချင်းချင်း ခိုက်ရန်ငြင်းခုံမှု ပြုနေကြစဉ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးသည် ဆွမ်းခံကြွဝင်တော်မူလာ

(နှာ-၁၁၂)

လေ၏။ ထိုအခါ သူကြွယ်၏နှမသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ဆွမ်းလှူပြီးလျှင် သူကြွယ်၏မယားကို ရည်ညွှန်း၍ “ဤသို့သဘော ရှိသောအမိုက်မကို ယူဇနာတရာကပင် ရှောင်ကြဉ်နိုင်သည့်ကိုယ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ သူကြွယ်၏ မယားသည် အိမ်တံခါးဝ၌ ရပ်တည်ရင်းက ထိုအသံကို ကြားရ၍ “ဤသူမ လှူဒါန်းအပ်သောဆွမ်းကို ဤပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် “မဘုဉ်းပေးပါစေသတည်း”ဟု ကြံစည်အောက်မေ့ကာ သပိတ်ကိုယူ၍ ဆွမ်းကို စွန့်သွန်လိုက်ပြီးလျှင် ရွှံ့ညွှန်အပြည့် ထည့်၍ ပေးလိုက်လေ၏။ သူကြွယ်၏နှမသည် ထိုအခြင်းအရာကို မြင်လတ်၍ “ဟယ်အမိုက်မ...သင်သည် ငါ့ကို ဆဲရေးလိုမှုလည်း ဆဲရေးပါ၊ ရိုက်ပုတ်လိုမှုလည်း ရိုက်ပုတ်ပါတော့၊ နှစ်သင်္ချေကြာ ပါရမီတို့ကို ဖြည့်ဆည်းပူးတော်မူပြီးသည့် ဤသို့သော ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ သပိတ်မှ ဆွမ်းကို စွန့်သွန်၍ ရွှံ့ညွှန် အပြည့်ထည့်၍ ပေးရန်ကား မသင့်လျော်ချေ”ဟု ဆုံးမစကား ပြောကြားလေ၏။

ထိုအခါမှာမှ သူကြွယ်၏မယားသည် ဆင်ခြင်တုံတရားကို ရရှိကာ “အရှင်ဘုရား...ရပ်တော်မူပါဦး” ဟု လျှောက်ထားတောင်းပန်၍ ရွှံ့ညွှန်ကို စွန့်သွန်ပြီးလျှင် သပိတ်ကို စင်ကြယ်အောင် ဆေးကြောပြီးနောက် နံ့သာမှုန့်ဖြင့် ပွတ်တိုက်၍ စတုမဓု အပြည့်ထည့်ပြီးလျှင် ထို၏အထက်၌ ကြာတိုက်အဆင်း ဖြူဝင်းသော ထောပတ်ကို လောင်းထည့်လျက် အရောင်တလက်လက် ထွက်အောင်ပြု၍ အရှင်ပစ္စေကဗုဒ္ဓါ၏လက်၌ သပိတ်ကို ဆက်ကပ်ပြီးလျှင် “ဤဆွမ်းသည် အရောင်တလက်လက် ထွက်သကဲ့သို့ တပည့်တော်မ၏ ကိုယ်သည်လည်း အရောင်တလက်လက် ထွက်သည် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် အနုမောဒနာမှု ပြုတော်မူ၍ ကောင်းကင်သို့ ပျံတက်တော်မူလေ၏။ ထိုဇနီးမောင် အသက်ရှည်သမျှ ကုသိုလ်ကောင်းမှု ပြုလုပ်ကြ၍ ထိုဘဝမှ စုတေ လတ်သော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ "

(နှာ-၁၁၃)

ဗာရာဏသီသူဌေးဘဝ

တဖန် နတ်ပြည်မှ စုတေကြပြန်လေသော် သူကြွယ်ဥပါသကာသည် ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ ဗာရာဏသီပြည်ဝယ် ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးသား ဖြစ်လာလေ၏။ သူကြွယ်မယားသည်လည်း ထို့အတူပင် ကုဋေရှစ်ဆယ် ကြွယ်ဝသော အခြားသူဌေးတဦး၏သမီး ဖြစ်လာလေ၏။

ထိုသူဌေးသား အရွယ်ရောက်ကြီးပြင်းလာသောအခါ သူဌေးကတော်ပြုရန်အတွက် ထိုသူဌေးသမီးကိုပင် သူဌေးသားအိမ်သို့ ဆောင်ယူခဲ့ကြလေကုန်၏။ ထိုသူဌေးသမီး၏ ရှေးကပြုခဲ့၍အကျိုး မပေးခဲ့ရသေးသော ထိုအကုသိုလ်ကံ၏ အာနုဘော်ကြောင့် အရှင်သခင် လင်ယောက်ျားသူဌေးအိမ်သို့ ဝင်မိလျှင်ပင် တံခါးခုံ အတွင်း၌ ရပ်မိလျှင်ရပ်မိခြင်း ထိုသူဌေးသမီး၏ တကိုယ်လုံးသည် ဝစ္စကုဋီကို ဖွင့်အပ်ဘိသကဲ့သို့ မကောင်းသောအပုပ်နံ့ တထောင်းထောင်းထ၍ လာလေ၏။ သူဌေးသားသည် “ဤအနံ့ကား အဘယ်သူ၏ အနံ့နည်း”ဟု မေး၍ “ယခုရောက်လာ သူဌေးသမီး ကညာ၏ အနံ့တည်း”ဟု ကြားသိလေလျှင် “အပြင်သို့ထုတ်ကြလော့”ဟု ပြောဆိုကာ ဆောင်ယူခဲ့ရင်း အခမ်းအနားအဆောင် အယောင်ဖြင့်ပင် ထိုသူဌေးသမီးကို “မိဖအိမ်သို့တဖန် ပြန်၍ပို့စေလေ၏။ ထိုသူဌေးသမီးသည် ဤနည်းဖြင့်ပင် ခုနစ်ဌာနတို့၌ အိမ်တံခါး တံခါးခုံအတွင်းသို့ ရောက်မှပင် မကောင်းသော “အနံ့လှောင်းမှုကြောင့် မိဖအိမ်သို့တဖန် ပြန်နစ်ခဲ့ရလေသည်။ အကုသိုလ်ကံများအား ကြောက်ဖွယ်ကောင်းလှပေစွာ့။

ထိုစဉ်အခါ ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော် မူသဖြင့် ထိုဘုရားရှင်အတွက် လူအပေါင်းတို့သည် ရွှေသားစတိ သွန်းခုတ်အပ်သည့် အဖိုးတသိန်းတန် ရွှေနီဖလံအုတ်တို့ဖြင့် တယူဇနာ အမြင့်ရှိသော ဓာတုစေတီတော်ကြီးကို စတင်တည်ထား ကြလေကုန်၏။ ထိုစေတီတော်ကြီး တည်ထားနေစဉ် ထိုသူဌေးသမီးသည် "ငါကား ခုနစ်ဌာနတို့မှ ပြန်နှစ်ခဲ့ရသူဖြစ်၏။ ငါ့အဖို့ရာ အသက်ရှည်သဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ကြံစည်

(နှာ-၁၁၄)

မိကာ မိမိ၏ ကိုယ်အဆင်တန်းဆာ ဘဏ္ဍာအားလုံးကို ထုခွဲရောင်းချ၍ ရသောငွေဖြင့် အလျားတတောင်, အနံတထွာ, အထုလက်လေးသစ်ရှိသော ရွှေအုတ်တချပ်ကို သွန်းလုပ်စေလေ၏။ ထို့နောင်မှ သူဌေးသမီးသည် ထိုရွှေအုတ်နှင့်တကွ ဆေးဒန်း မြင်းသီလာခဲကို၎င်း, ကြာရှစ်လက်တို့ကို၎င်း ယူဆောင်ပြီးသော် စေတီတော်တည်ရာအရပ်သို့ သွားရောက်လေ၏။

ထိုခဏ၌ စေတီတော်ကြီးကို ရွှေအုတ်တထပ် ပတ်၍ စီခဲ့ရာ ဆက်မိဖို့ရန် ရွှေအုတ်တချပ် လိုနေ၏။ သူဌေးသမီးသည် ပန်းရန် ဆရာကြီးကို “ဆရာကြီးတို့...ဤအုတ်တချပ်စာ လိုနေသော နေရာ၌ ကျွန်တော်မ၏ ဤရွှေအုတ်ကို တည်ထားပေးကြပါလော့” ဟု ဆိုလေ၏။ ပန်းရန်ဆရာကြီးက “အိုအမိ... သင်သည် အချိန်ကောင်း၌ လာရောက်ပေ၏။ အမိကိုယ်တိုင်ပင် ထိုရွှေအုတ်ကို တည်ထားပါလော့”ဟု အနူးအညွတ် ခွင့်ပြုလေသော် သူဌေးသမီးသည် ထိုနေရာသို့တက်ရောက်၍ ဆီနှင့် ဆေးခန်းမြင်းသီလာမှုန့်တို့ကို ရောစပ်ပြီးလျှင် ထိုအဖွဲ့အစေးဖြင့် မိမိ၏ ရွှေအုတ်ကို တည်ထားပြီးနောက် ထိုအုတ်၏ အထက်၌ ကြာလက်တို့ဖြင့် ပူဇော်တင်လှူကာ ရိုသေစွာ ရှိခိုး၍ “ဖြစ်လေရာရာ သံသရာဘဝ၌ တပည့်တော်မ၏ ကိုယ်မှ စန္ဒကူးနံ့, ခံတွင်းမှ ကြာနံ့, သင်းပျံ ကြိုင်လှိုင်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာမှုပြုပြီးလျှင် စေတီတော်ကို ရှိခိုးအရိုအသေပြုကာ မိမိအိမ်သို့ ပြန်သွားလေ၏။

ထိုခဏမှာပင် (သူဌေးသမီးကို) ရှေးဦးစွာ အပို့အသခံရသော သူဌေးသား၏ စိတ်သန္တာန်ဝယ် သူဌေးသမီးကို တအောင့် မေ့မေ့ သတိရ၍ လာလေ၏။ ဗာရာဏသီပြည်၌လည်း ပွဲလမ်းသဘင် ဆင်ယင်ကျင်းပဆဲ ဖြစ်၏။ သူဌေးသားသည် မိမိ၏ လူများကို ထိုစဉ်အခါဟိုတုန်းက ဤအိမ်သို့ ပို့သ ခေါ်ဆောင်လာသော သူဌေးသမီးကလေး တယောက် ရှိပါသည်။ ထိုသူဌေးသမီးကလေးသည် ယခုအခါ အဘယ်အိမ်၌ ရောက်၍ နေသနည်း”ဟု မေးလေ၏။ သူဌေးသား၏ လူများက “အရှင်သူဌေးမင်း... ထိုသူဌေးသမီးကလေးသည် သူ၏မိဖအိမ်မှာပင်

(နှာ-၁၁၅)

ရှိနေပါသည်”ဟု ပြောကြလေလျှင် သူဌေးသားသည် “အမောင်တို့... ထိုသူဌေးသမီးကလေးကို သွားရောက် ခေါ်ဆောင်ကြပါ လော့၊ ထိုသူဌေးသမီးကလေးနှင့် အတူတကွ ပွဲလမ်းသဘင် ပျော်ရွှင်ကြကုန်အံ့”ဟု ဆို၍ အခေါ်လွှတ်လိုက်လေ၏။

သူဌေးသား၏ လူများသည် သူဌေးသမီးကလေးထံသို့ သွားရောက်ကြ၍ သူဌေးသမီးကလေးကို ရှိခိုးရပ်တည်ကြလေလျှင် သူဌေးသမီးကလေးက “အမောင်တို့... အဘယ်အကြောင်းကြောင့် လာရောက်ကြသနည်း” ဟု မေးအပ်ကုန်ရကား ထို အကြောင်းကို ပြန်ကြားပြောဆိုကြလေ၏။ သူဌေးသမီးကလေးက “အမောင်တို့… ငါသည် အဆင်တန်းဆာ ဘဏ္ဍာအားလုံးဖြင့် စေတီတော်ကို ပူဇော်အပ်လေပြီ၊ ငါ့မှာ ဆင်ယင်ဖွယ်ရာ အဆင်တန်ဆာ မရှိတော့ချေ” ဟု ပြောဆိုလေလျှင် သူဌေးသား၏ လူများသည် ပြန်သွား၍ သူဌေးသားအား ထိုအကြောင်းကို ပြောဆိုကြလေကုန်၏။ သူဌေးသားက “သူဌေးသမီးကလေးကို ခေါ်သာခေါ်ဆောင်ခဲ့ကြပါ။ အဆင်တန်းကို ရကြပါလိမ့်မည်” ဟု ဝန်ခံစကား ပြောကြားလေလျှင် ထိုလူများသည် သူဌေးသမီးကလေးကို သူဌေးသားအိမ်သို့ ခေါ်ဆောင်ခဲ့ကြလေ၏။ ထိုသူဌေးသမီးကလေး အိမ်တွင်းသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် တအိမ်လုံးသည် စန္နကူးနံ့သာနံ့ ကြာညိုနံ့ သင်းပျံ ကြိုင်လှိုင်၍ နေလေ၏။

သူဌေးသားသည် သူဌေးသမီးကလေးကို “ပဌမအကြိမ်၌ အိမ်သို့ လာရောက်စဉ်က သင်၏ကိုယ်မှ မကောင်းသောရနံ့ လှောင်းခဲ့ပေ၏။ ယခုအခါ၌မူ သင်၏ကိုယ်မှ စန္ဒကူးနံ့သာနံ့, ခံတွင်းမှ ကြာညိုနံ့ သင်းပျံ့ကြိုင်လှိုင်၏၊ ဤသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း” ဟု မေးမြန်းလေ၏။ သူဌေးသမီးကလေးသည် အစမှစ၍ မိမိပြုအပ်သော ကောင်းမှုကံ အကြောင်းကို ပြန်ပြောဆိုလေသော် သူဌေးသားသည် “သြ... ဘုရားမြတ်စွာ သာသနာကား သံသရာဝဋ် ဒုက္ခညွှတ်မှ စင်စစ် ထွက်မြောက်စေတတ်ပါပေစွာ့တကား”ဟု သဒ္ဓါကြည်ညို

(နှာ-၁၁၆)

ပိုမိုဖြစ်ရှိကာ တယူဇနာရှိသော ရွှေစေတီတော်မြတ်ကို ကမ္ဗလာ သင်တိုင်း(= ကတ္တီပါဝတ်လုံ)ဖြင့် ဝန်းပိုင်းခြုံရုံပြီးလျှင် ထိုထို နေရာတို့၌ ရထားလှည်းဘီး ပမာဏရှိသော ရွှေပဒုမာကြာပန်းတို့ဖြင့် အဆန်းတကြယ် ကြည်ညိုဖွယ်ဖြစ်အောင် တန်းဆာဆင် လေ၏။ ထိုရွှေပဒုမာကြာပန်းတို့၏ တွဲလျားကျသော ရွှေကြာရိုး, ရွှေလက်တို့မှာ တဆယ့်နှစ်တောင်ခန့်ပမာဏရှိကြကုန်၏။

နန္ဒရာဇ်မင်းဘဝ

ထို သူဌေးဇနီးမောင်နှံတို့သည် ထိုဘဝ၌ မမေ့မလျော့ ကောင်းမှုတို့ကို ပြုလုပ်ကြ၍ အသက်တမ်းအတိုင်း တည်နေကြပြီးလျှင် ထိုဘဝမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြလေ၏။ နတ်ပြည်မှ တဖန် စုတေကြပြန်သော် သူဌေးသားသည် ဗာရာဏသီပြည်မှ တယူဇနာဝေးကွာသော အရပ်ဌာန၀ယ် အမတ်မျိုး၌ ဖြစ်၍ သူဌေးသမီးသည်လည်း ဗာရာဏသီမင်းနန်းတော်ဝယ် အကြီး ဆုံးသောမင်းသမီး ဖြစ်လာလေသည်။

ထိုသူနှစ်ယောက်တို့ အရွယ်သို့ရောက်ကြလေလျှင် အမတ်သား (နန္ဒ)၏ နေရာရွာ၌ ပွဲလမ်းသဘင် ဆင်ယင်ကျင်းပရန် ကြွေးကြော်အပ်လေ၏။ အမတ်သား မောင်နန္ဒသည် မိခင်အမတ် ကတော်ကို “အိုမိခင်... ကျွန်ုပ်အား အဝတ်ကို ပေးပါလော့၊ နက္ခတ်သဘင် ပျော်ရွှင်ကစားပါအံ့”ဟု အဝတ်အစား တောင်းရမ်းပြောဆိုလေ၏။ မိခင်အမတ်ကတော်က သားအား ဖွပ်လျှော်ပြီး အစာကျပြီးသော အဝတ်စုံကို ပေးလေလျှင် သားမောင် နန္ဒသည် “မိခင်၏ဝတ်စုံကား ကြမ်းတမ်းထူထဲလှ၏။ အခြား ဝတ်စုံကို ပေးပါလော့” ဟု ပြောဆိုလေသော် မိခင်သည် အခြား ဝတ်စုံတစုံကို လဲလှယ်ပေးပြန်လေ၏။ ထိုဝတ်စုံကိုလည်း ကြမ်းတမ်းထူထဲလှ၏ ဟု ပယ်ပြန်သဖြင့် မိခင်သည် အခြားဝတ်စုံတစုံကို လဲလှယ်ပေးပြန်လေ၏။ ဤနည်းဖြင့် လဲလှယ်ပေးရဖန်များသောအခါ မိခင်သည် “ချစ်သား...ငါတို့သည် အကြင်သို့သော အမတ် အမျိုးအိမ်၌ ဖြစ်ကြရကုန်၏။ ဤအမတ်မျိုးအိမ်၌ ငါတို့ အဖို့ရာ ဤ အဝတ်ထက် အထူးသဖြင့် နူးညံ့သောအဝတ်ကို ရရှိရန် ဘုန်းကံ

(နှာ-၁၁၇)

မရှိချေ”ဟု ပြောဆိုလေ၏။ ထိုအခါ သားဖြစ်သူ နန္ဒလုလင်သည် “အိုမိခင်ထို့သို့ဖြစ်လျှင် ဤအဝတ်ထက် နူးညံ့သောအဝတ်ကို ရရှိနိုင်ရာအရပ်သို့ ကျွန်ုပ်သွားပါတော့အံ့”ဟု ပြောဆိုလေသော် မိခင်သည်“အိုချစ်သား...မိခင်သည် ယနေ့ပင် သင်ချစ်သား အဖို့ရာ ဗာရာဏသီပြည်၌ မင်းအဖြစ်ကို ရခြင်းကို အလိုရှိပါသည်”ဟု ခွင့်ပြုသည့် မင်္ဂလာအတိတ်စကား ပြောကြားလေ၏။

နန္ဒလုလင်သည် မိခင်ကို ရှိခိုးပြီးလျှင်“အိုမိခင် အကျွန်ုပ်သည် သွားပါတော့မည်” ဟု ခွင့်ပန်စကား ပြောကြားလေ၏။ မိခင် ဖြစ်သူကလည်း အသာတကြည် “ချစ်သား... သွားလော့”ဟု ခွင့်ပြုစကားပြောကြားလေ၏၊ ထိုသို့ပြောကြားသောမိခင်၏ စိတ်မှာ “သားသည် အခြား အဘယ်အရပ်သို့ သွားလိမ့်မည်နည်း။ =သွားစရာ အခြားအရပ်မရှိချေ။ ဤငါ၏ အိမ်မှာပင် ဤအရပ် ထိုအရပ်၌ နေပေလိမ့်မည်” ဟု ကြံစည်အောက်မေ့မိ၍ ထိုသို့ အသာတကြည် ခွင့်ပြုစကား ပြောကြားလိုက်ခြင်းဖြစ်သည်။ နန္ဒ လုလင်သည်ကား ကုသိုလ်ကံလှုံ့ဆော်ချက်ဖြင့် မိမိတို့ရွာမှထွက်ခဲ့၍ ဗာရာဏသီပြည်သို့ သွားရောက်ကာ ဥယျာဉ်တော် အတွင်း မင်္ဂလာကျောက်ဖျာထက်၌ ဦးခေါင်းကိုပါလွှမ်းခြုံလျက် လျောင်းစက်ကာ နေလေ၏။ ထိုနေ့သည်ကား ဗာရာဏသီမင်း နတ်ရွာစံပြီးနောက် ခုနစ်ရက်မြောက်သောနေ့ ဖြစ်လေသည်။ အမတ်တို့သည် မင်းကြီး၏ ဈာပနကိစ္စကို ရွက်ဆောင် ပြုလုပ်ကြပြီးလျှင် မင်းယင်ပြင် (= နန်းတော်မြေကွက်လပ်)၌ တညီတညွတ်တည်း စည်းဝေးကြ၍ “ပြည့်ရှင်မင်းကြီးမှာ သမီးတော် တပါးသာလျှင် ထွန်းကားဖြစ်ပေါ်ခဲ့၏။ သားတော်ဟူ၍ မဖြစ်ပေါ်ခဲ့ချေ၊ မင်းမဲ့သော တိုင်းပြည်မည်သည် မသင့်လျော်ချေ။ အဘယ်သူသည် မင်းဖြစ်မည်နည်း= မင်းပြုမည်နည်း”ဟု ဆွေး နွေးတိုင်ပင်ကြလေသော် “အသင်သည် မင်းဖြစ်ပါ= မင်းပြုပါ။ အသင်သည် မင်းဖြစ်ပါ= မင်းပြုပါ” ဟု တယောက်သည် တယောက်ကို လွှဲချစကား ပြောကြားကြကုန်၏။ ထိုအခါ ပုရောဟိတ်ပုဏ္ဏားကြီးက “ငါတို့သည် အများကို ကြည့်နေရန် မသင့်

(နှာ-၁၁၈)

ချေ။ ဖုဿရထား = မင်းလောင်းရှာသော မင်္ဂလာရထားကို လွှတ်ကြကုန်အံ့”ဟု ဆုံးဖြတ်စကား ပြောကြားလေ၏။ အမတ်တို့သည် အားလုံး သဘောတူညီကြ၍ ကုမုဒြာကြာဖြူ အဆင်းရှိသည့် သိန္ဓောမြင်းလေးကောင်တို့ကိုက၍ မင်းမြောက်တန်းဆာ ငါးပါးကို ရထားထက်၌ပင်တင်ထားကြကာ မင်္ဂလာဖုဿရထားကို လွှတ်၍ ရထား၏ နောက်မှ တူရိယာ ငါးမျိုးတို့ကို တီးမှုတ်စေကာ စစ်အင်္ဂါလေးပါးဖြင့် လိုက်ပါကြကုန်၏။

မင်္ဂလာဖုဿရထားသည် မြို့တော် အရှေ့တံခါးမှ ထွက်၍ မင်္ဂလာဥယျာဉ်တော်ဖက်သို့ ရှေ့ရှုလျက်ရှိလေ၏။ အချို့လူများက “ရထားသည် သွားနေကျအလေ့အကျင့်ရ၍ ဥယျာဉ်သို့ ရှေးရှူ သွားနေသည်။ ပြန်နစ်စေကြကုန်စို့လား”ဟု ပြောဆိုကြလေလျှင် ပုရောဟိတ်ပုဏ္ဏားကြီးက “မနစ်စေကြလင့်” ဟု တားမြစ်စကား ပြောကြားလေ၏။ ဖုဿရထားသည် မင်္ဂလာဥယျာဉ်တော် အတွင်းသို့ဝင်ရောက်ကာ နန္ဒလုလင်ကို လက်ျာရစ်လှည့်၍ စီးနင်းဖို့ရန် အရံသင့်စီမံပြီးဖြစ်လျက် ရပ်တည်လေ၏။ ပုရောဟိတ် ပုဏ္ဏားကြီးသည် နန္ဒလုလင်ခြုံရုံထားသောအဝတ်အနားကိုလှပ်၍ခြေဖဝါးအပြင်တို့ကို ကြည့်ရှုဆင်ခြင်လျက် “ဤဇမ္ဗူဒိပ်ကျွန်းသည် ရှိစေဦးတော့၊ ဤမင်းလောင်းကား ကျွန်းငယ်အရံနှစ်ထောင် ရှိသော လေးကျွန်းလုံးတို့၌ပင် ဘုန်းမီးထိန်လျှပ် မင်းပြုရန် လျောက်ပတ်သူ ဖြစ်လေသည်”ဟု နှုတ်မြွက်ပြောဆို၍ “နောက် တကြိမ်တူရိယာများကို တီးမှုတ်ကြလော့၊ နောက်တကြိမ် တူရိယာများကို တီးမှုတ်ကြလော့” ဟု သုံးကြိမ်တိုင်တိုင် တူရိယာတို့ကို တီးမှုတ်စေလေ၏။

ထိုအခါ နန္ဒလုလင်သည် မျက်နှာကို ဖွင့်၍ ကြည့်ရှုပြီးလျှင် မှူးမတ်တို့နှင့် အတုံ့အပြန် စကားပြောဆိုသည်မှာ__

(နန္ဒ) အဘယ်အမှုကိစ္စဖြင့် လာရောက်ကြသနည်း။

(မှူးမတ်များ) အရှင်မင်းမြတ်... အရှင်မင်းမြတ်တို့ထံသို့ ဗာရာဏသီမင်းအဖြစ်သည် ဆိုက်ရောက်လာပါ၏။

(နှာ-၁၁၉)

(နန္ဒ) ပြည့်ရှင်မင်းကြီးကား အဘယ်အရပ်၌နည်း။

(မှူးမတ်များ) နတ်ရွာစံလွန်တော်မူပါပြီ အရှင်။

(နန္ဒ) ပြည့်ရှင်မင်းကြီး နတ်ရွာစံပြီးနောက် ယခု ရက်ပေါင်းအဘယ်မျှတို့ လွန်ခဲ့ကုန်ပြီနည်း။ ။

(မှူးမတ်များ) ယနေ့ဆိုလျှင် ခုနစ်ရက်မြောက် ဆိုက်ရောက်ခဲ့ပါပြီ။

(နန္ဒ) နတ်ရွာစံမင်းကြီးမှာ သားသော်၎င်း, သမီး သော်၎င်း မရှိဘူးလော။

(မှူးမတ်များ) အရှင်မင်းမြတ်... သမီးတော်တပါးသာ ရှိပါ၏၊ သားတော်မရှိပါ။ __

ဤသို့ မှူးမတ်တို့က လျှောက်ထားကြလေလျှင် နန္ဒလုလင်သည် “ထိုသို့ဖြစ်လျှင် ငါသည် ဗာရာဏသီမင်းအဖြစ်ကို ပြုလုပ်ပေအံ့” ဟု လက်ခံစကား ပြောကြားလေ၏။ အမတ်တို့သည် ထိုမဏမှာပင် အဘိသိက်မဏ္ဍပ် ဆောက်လုပ်၍ မင်းသမီးကို အဆင်တန်းဆာ အပြည့်အစုံ ဆင်ယင်ပြီးလျှင် ဥယျာဉ်သို့ ခေါ်ဆောင်ခဲ့ကြပြီးနောက် နန္ဒသတို့သားအား ရာဇအဘိသိက်ရေချမ်း သွန်းဖျန်းကြကာ ဗာရာဏသီမင်းအဖြစ်သို့ တင်မြှောက်ကြလေကုန်၏ ။

ထို့နောက် ရာဇအဘိသိက်ရေချမ်း သွန်းဖျန်းပြီးသော နန္ဒမင်းအား အဖိုးတထောင်တန်သော ဝတ်လဲတော်ကို ဆက်သကြကုန်၏။ နန္ဒမင်းက “အမောင်တို့.၏အဝတ်ကား အဘယ်အဝတ်နည်း”ဟုမေး၍ မှူးမတ်တို့က “အရှင်မင်းကြီးဝတ်ဆင်တော်မူရန် ဝတ်လဲတော်အစုံဖြစ်ပါသည်ဘုရား”ဟု လျှောက်ထား ကြလေလျှင် နန္ဒရာဇ်မင်းသည် အမောင်တို့...ဤဝတ်လဲတော်အစုံသည် ထူထဲကြမ်းတမ်းလှသည်မဟုတ်လော၊ ဤဝတ်လဲတော် မှတပါး အခြားနူးညံ့သောဝတ်လဲတော်များ မရှိတော့ဘူးလား” ဟု မေးမြန်းလေ၏။ မှူးမတ်တို့က “အရှင်မင်းကြီး... လူတို့ သုံးဆောင်ကြသော အဝတ်များ၌ ဤဝတ်လဲတော်ထက် အထူး

(နှာ-၁၂၀)

သဖြင့် နူးညံ့သော အဝတ်ဟူ၍ မရှိတော့ပါဘုရား”ဟု လျှောက်ထားကြလေလျှင် နန္ဒရာဇ်မင်းသည် “အမောင်တို့၏ နတ်ရွာစံ ပြည့်ရှင်မင်းကြီးသည် ဤသို့ဝတ်လဲတော်များကို ဝတ်ဆင်ခဲ့ပါသလော”ဟု မေးမြန်းလေ၏။ မှူးမတ်တို့က “မှန်ပါသည် အရှင်မင်းကြီး...”ဟူ၍ ပြန်ကြား လျှောက်ထားကြလေလျှင် နန္ဒရာဇ်မင်းသည် “အမောင်တို့၏ နတ်ရွာစံ ပြည့်ရှင်မင်းကြီးသည် ဘုန်းကံကြီးမားသူ မဟုတ်ယောင်တကား၊ ရွှေကရားကိုယူဆောင်ခဲ့ကြလော့၊ အလွန်နူးညံ့သောအဝတ်ကို ငါတို့ရကြပါလိမ့်မည်”ဟု မိန့်ဆိုလေ၏။ မှူးမတ်တို့သည် ရွှေကရားကို ယူဆောင်ဆက်သကြ လေကုန်၏။

နန္ဒရာဇ်မင်းသည် နေရာမှထ၍ လက်ဆေး, ပါးလုပ်ကျင်းပြီးလျှင် လက်ခုပ်ဖြင့် ရေကို ယူဆောင်၍ အရှေ့မျက်နှာအရပ်၌ မြှောက်ကြီးလိုက်လေ၏။ ထိုခဏမှာပင် တခဲနက် မဟာပထဝီ ဤမြေကြီးကို ဖောက်ခွဲ၍ ပဒေသာပင်ရှစ်ပင်တို့ ပေါ်တက်၍ လာလေကုန်၏။ တဖန် ရေကို ယူပြန်၍ တောင်အရပ်, အနောက်အရပ်, မြောက်အရပ်တို့၌ အစဉ်အတိုင်း မြှောက်ကြပြန် လေလျှင် ပဒေသာပင် ရှစ်ပင်စီ ရှစ်ပင်စီ ပေါ်တက်၍လာလေကုန်၏။ ဤသို့လျှင် အရပ်လေးမျက်နှာတို့၌ ပဒေသာပင်ပေါင်း သုံးဆယ့်နှစ်ပင်တို့ ပေါ်တက်၍ လာလေကုန်၏။ နန္ဒရာဇ်မင်းသည် နတ်၌ဖြစ်သော အဝတ်တထည်ကိုဝတ်၍ တထည်ကို ရုံပြီးလျှင် “နန္ဒမင်း၏ နိုင်ငံတော်အတွင်း၌ ဗိုင်းငင်ချည်ဝင့်သော မိန်းမများသည် ဗိုင်းငင်ချည်ဝင့်မှုကို မပြုကြကုန်လင့်ဟု ဤကဲ့သို့ စည်လည်စေကြကုန်လော့” ဟု မိန့်ဆိုပြီးလျှင် ထီးဖြူတော် စိုက်ဆောက်၍ အဆင်တန်းဆာစုံဆင်ယင်လျက် ဆင်ကျောက် ကုန်းထက်၌ စီးနင်းလိုက်ပါကာ မြို့တော်သို့ဝင်၍ ပြာသာဒ်မသို့ တက်ရောက်ပြီးလျှင် ကြီးစွာသော မင်းစည်းစိမ်ကို ခံစားသုံး ဆောင်တော်မူလေ၏။

ဤကဲ့သို့ နန္ဒရာဇ်မင်းကြီးစွာသော မင်းစည်းစိမ်ကို ခံစံ၍ ကာလအတန်ကြာလတ်သော် တနေ့သ၌ မိဖုရားကြီးသည် နန္ဒ

(နှာ-၁၂၁)

ရာဇ်မင်း၏ ကြီးစွာသော မင်းစည်းစိမ်ကို ရှုကြည့်လျက် “သြ... ကုသိုလ်ကောင်းမှု အသစ်မပြုရငြား ခေါင်းပါးဘိ တကား”ဟူသော သဘောဖြင့် သနားသောအခြင်းအရာကို ပြလေ၏။ မင်းကြီးက “အရှင်မိဖုရားကြီး ဤသို့ သနားသောအခြင်းအရာကို ပြခြင်းသည် အဘယ့်ကြောင့်နည်း”ဟု မေးလေလျှင် မိဖုရားကြီးသည် “အရှင်မင်းကြီး အရှင်မင်းကြီး၏ စည်းစိမ်ကား ကြီးကျယ်လှဘိ၏၊ ရှေးအခါက ဘုရားရှင်တို့အား သဒ္ဓါ ယုံကြည်၍ ကောင်းမှုကို ပြုခဲ့သည် ဧကန် မှန်ပေ၏။ ယခုအခါ၌မူ အနာဂတ်ကာလချမ်းသာကြောင်း ကောင်းမှုကုသိုလ်ကို အရှင်မင်းကြီးတို့သည် “မပြုကြကုန်” ဟု သတိပေးစကား ပြောကြားလေ၏။ “အဘယ်သူအား ငါတို့ လှူကြရမည်နည်း၊ သီလရှိသူ အလှူခံပုဂ္ဂိုလ်တို့သည် မရှိကုန်”ဟု မင်းကြီးက မိန့်ဆိုလေလျှင် မိဖုရားကြီးသည် “အရှင်မင်းကြီး...ဇမ္ဗူဒိပ်ကျွန်းသည် ရဟန္တာတို့မှ မဆိတ်သုဉ်းပါ။ အရှင်မင်းကြီးတို့သည် လှူဘွယ်ဝတ္ထုကိုသာ စီမံတော်မူကြပါလော့၊ ဘုရားကျွန်တော်မသည် ပူဇော်အထူးခံထိုက်သူ အလှူခံ ပုဂ္ဂိုလ်တို့ကို ရအောင် ကြံဆောင် ပင့်ဖိတ်ပေးပါမည်”ဟု ရဲရဲတောက်စကား လျှောက်ထားလေ၏။

မင်းကြီးသည် နောက်တနေ့၌ မြို့တော်အရှေ့တံခါးဝယ် အလှူ ဝတ္ထုများကို စီမံစေလေ၏။ မိဖုရားကြီးသည် စောစောစီးစီးပင် ဥပုသ်အင်္ဂါတို့ကို ဆောက်တည်၍ ပြာသာဒ်မအထက်၌ အရှေ့ မျက်နှာသို့ရှေးရှု ရင်ဖြင့် ဝပ်တွားလျက် “ဤ အရှေ့ဖက်အရပ် မျက်နှာ၌ ရဟန္တာသခင် အရှင်တို့ ရှိတော်မူကြပါလျှင် နက်ဖြန် ကြွရောက်လာကြ၍ တပည့်တော်တို့၏ ဆွမ်းကို အလှူခံ မူကြပါကုန်ဘုရား”ဟူ၍ ပင့်ဖိတ်လျှောက်စကား ပြောကြားလေ၏။ အရှေ့အရပ်၌ ရဟန္တာပုဂ္ဂိုလ်များ မရှိသဖြင့် ကြွမလာကုန်၊ ထို အလှူဝတ္ထုများကို အထီးကျန်ကပ္ပါး ဖုန်းတောင်းယာစကာများအား ပေးလှူကြရလေကုန်၏။ နောက်တနေ့၌ မြို့တော် တောင်တံခါးဝယ် အလှူဝတ္ထုများ စီရင်၍ ထို့အတူပင် ပြုပြန်လေသည်၊ နောက်တနေ့၌ အနောက်တံခါးဝယ် အလှူဝတ္ထုများ

(နှာ-၁၂၂)

စီရင်၍ ထို့အတူပင် ပြုပြန်လေသည်။ ထိုတောင်အရပ်၊ အနောက် အရပ်တို့၌ ရဟန္တာပုဂ္ဂိုလ်များ မရှိကြသဖြင့် ကြွမလာကြကုန်။

လေးရက်မြောက်နေ့ဝယ် မြို့တော်ခြောက်တံခါး၌ လှူဖွယ် ဝတ္ထုများ စီမံပြီးလျှင် မိဖုရားကြီးက ရှေးနည်းအတူ ပင့်ဖိတ်အပ် သည်ရှိသော် ဟိမဝန္တာ၌ နေတော်မူကြသော ပဒုမ၀တီမိဖုရားကြီး၏ သားတော် ပစ္စေကဗုဒ္ဓါငါးရာတို့အနက် နောင်တော်ကြီး ဖြစ်သော မဟာပဒုမပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ညီတော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို “ငါသို့ရှုအပ် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ ... နန္ဒရာဇ်မင်းကြီးသည် သင်တို့ကို ပင့်ဖိတ်လေသည်။ ထို နဒ္ဒရာဇ်မင်းကြီး၏ ပင့်ဖိတ်ချက်ကို လက်ခံ သာယာကြပါလော့”ဟု မိန့်ဆိုလေ၏။ ထို ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် လက်ခံသာယာ၍ နောက်တနေ့ဝယ် အနောတတ်အိုင်၌ မျက်နှာတော်သစ်ကြပြီးလျှင် ကောင်းကင်ခရီးဖြင့် ကြွလာ၍ မြို့တော် မြောက်တံခါး၌ မြေသို့ သက်ဆင်းတော်မူကြလေကုန်၏။

မြို့သူမြို့သား လူအများတို့သည် မင်းကြီးထံသွားကြ၍ “အရှင်မင်းမြတ်...ပစ္စေကဗုဒ္ဓါ အရှင်မြတ်ငါးရာတို့ ကြွလာတော်မူကြ ပါပြီ”ဟု မင်းကြီးအား လျှောက်ထားကြလေကုန်၏။ မင်းကြီးသည် မိဖုရားကြီးနှင့် အတူတကွ သွားရောက်ကြိုဆို ရှိခိုးကာ သပိတ်ကို ကိုင်ယူ၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ငါးရာတို့ကို ရွှေနန်း ပြာသာဒ်ထက်သို့ ပင့်ဆောင်ပြီးလျှင် ထို နန်းမပြသာဒ်၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ငါးရာတို့အား ကြီးစွာသော အလှူဒါနကို ပေးကြပြီးလျှင် ဆွမ်းကိစ္စ ပြီးဆုံးသောအခါဝယ် မင်းကြီးက သံဃမထေရ်၏ ခြေတော်ရင်း၌ ဝပ်စင်း၍၎င်း, မိဖုရားကြီးက သံသနော= အငယ်ဆုံးသံဃာ၏ ခြေတော်ရင်း၌ ဝပ်စင်း၍၎င်း “အရှင်မြတ်များ တပည့်တော်တို့ဥယျာဉ်၌ သီတင်းသုံးနေတော် မူကြပါလျှင် အရှင်မြတ်တို့မှာ ပစ္စည်းလေးပါးဖြင့် မပင်မပန်း ချမ်းသာတော် မူကြပါလိမ့်မည်၊ တပည့်တော်များမှာလည်း ကုသိုလ်ကောင်းမှုဖြင့် မယုတ်မလျော့ ကြီးပွါးကြရပါလိမ့်မည်။ သို့ပါ၍ တပည့်တော်များ၏ ဤဗာရာဏသီပြည် ဥယျာဉ်အတွင်း၌

(နှာ-၁၂၃)

သီတင်းသုံးနေထိုင်တော်မူကြရန် ပဋိညာဉ်ဝန်ခံချက်ကို ပေးသနားတော်မူကြပါဘုရား” ဟု လျှောက်ထားတောင်းပန်၍ ဝန်ခံ ချက် ပဋိညာဉ်ကို ရယူပြီးလျှင် မင်္ဂလာဥယျာဉ်တော် အတွင်း၌ - သင်္ခမ်းကျောင်းငါးရာ, စင်္ကြံငါးရာ-စသည် စုံအောင် နေရာထိုင်ခင်းကို အပြည့်အဝ စီမံကြ၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ငါးရာတို့ကို ထိုဥယျာဉ်အတွင်း၌ သီတင်းသုံးနေထိုင်တော်မူကြစေကာ ပစ္စည်းလေးပါးတို့ဖြင့် မငြိုငြင် မပင်ပန်းအောင် ပြုစုကြလေကုန်၏။

ဤသို့ ပြုစု၍ ကာလအတန်ကြာလတ်သော် မင်းကြီး၏ တိုင်းစွန်ပြည်နား နယ်ဖျားအရပ်သည် လှုပ်ရှားထကြွ သောင်းကျန်း၍ လာလေ၏။ မင်းကြီးသည် မိဖုရားကြီးကို “ရှင်မိဖုရား...ငါသည် “တိုင်းစွန်ပြည်နား နယ်များအရပ်ကို သူပုန်ရန်ဘေး၊ ငြိမ်းအေးအောင် သွားပေအံ့၊ ရှင်မိဖုရားသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၌ ပြုစုရန် မမေ့မလျော့လင့်” ဟု မှာထား၍ သွား၏။

မိဖုရားကြီးသည်လည်း မင်းကြီးမှာထားသည့်အတိုင်း ပစ္စေက ဗုဒ္ဓါအရှင်မြတ်တို့ကို မမေ့မလျော့ ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလေ၏။ ထိုသို့ပြုစု၍ ရက်အတန်ကြာသော် မင်းကြီးပြန်မလာမီပင် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ အာယုသင်္ခါရ=ဇီဝိတသန္တာန်အစဉ်တို့သည် ကုန်ခဲ့လေကုန်ပြီ၊ သို့ရကား နောင်တော်အကြီးဖြစ်သော မဟာပဒုမ ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ညဉ့်သုံးယံပတ်လုံး ဈာန်ဝင်စား၍ အရုဏ်တက်သောအချိန်၌ တံကဲပျဉ်ကို မှီတော်မူကာ ရပ်တော်မူလျက်သာလျှင် အနုပါဒိသေသပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏။ ဤနည်းအားဖြင့် ကြွင်းကျန်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည်လည်း ပရိနိဗ္ဗာန်ဝင်စံတော်မူကြလေကုန်၏။

နောက်တနေ့၌ မိဖုရားကြီးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အတွက် နေထိုင်ရာအရပ်ကို နွားချေးဖြင့် လိမ်းကျံစေခြင်း, ပန်း မာလ်တို့ကို ကြဲဖြန့်ခြင်းမှ အထုံအခိုးပေးခြင်းများကို ပြုလုပ်၍ အရှင်ပစ္စေကဗုဒ္ဓတို့ ကြွအလာကို စောင့်မျှော် ထိုင်နေပါသော်လည်း ကြွလာမည့်အရိပ်ကို မတွေ့မထင် မမြင်ရကား မင်းချင်း ယောက်ျားတယောက်ကို “ချစ်သား...သွားရောက်၍ စုံစမ်းလော့၊

(နှာ-၁၂၄)

အရှင်မြတ်တို့အဖို တစုံတရာ မချမ်းသာမှု မကျန်းမာမှုများ ဖြစ်ရှိလေသလော” ဟု ပြောဆိုစေလွှတ်လိုက်လေ၏။ - မင်းချင်းယောက်ျားသည် ဥယျာဉ်တော်သို့သွား၍ မဟာပဒုမ ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ သင်္ခမ်းကျောင်းတံခါးကို ဖွင့်၍ ကြည့်ရှု လလျှင် သင်္ခမ်းကျောင်း၌ မဏ္ဌမမြင်ရကား စင်္ကြံသို့ သွားရောက်၍ မှီရာတံကဲပျဉ်ကို မှီလျက် ရပ်တည်နေသည်ကို တွေ့မြင် ကာ ရှိခိုးပြီးလျှင် “ဆွမ်းဘုဉ်းပေးချိန်တန်ပါပြီ အရှင်ဘုရား... ဟု ပင့်လျှောက်လေ၏။ ပရိနိဗ္ဗာန် စံပြီးသောဥတုဇရုပ်ကိုယ်စား အဘယ်မှာလျှင် စကားတုံ့ပြန်ပြောတော့မည်နည်း=မပြောတော့ သည်သာ။ မင်းချင်းယောက်ျားသည် “ကျိန်းစက်တော်မူနေသည် ထင်ပါ၍” ဟု အောက်မေ့၍ အနီးသို့ သွားရောက်ကာ ခြေဖမိုးတော်၌ လက်ဖြင့်စမ်းသပ်ကြည့်ရှုလေသော် ခြေများအေးနေခြင်း, တောင့်တင်းနေခြင်းကြောင့် ပရိနိဗ္ဗာန် စံပြီးဖြစ်ကြောင်းကို ကောင်းစွာရိပ်မိ သိရှိပြီးလျှင် ဒုတိယအရှင်မြတ်ထံသို့ သွားရောက်ပြန်လေ၏။ ဤနည်းအတူပင် တတိယ အရှင်မြတ်ထံသို့ သွားရောက်ပြန်လေ၏။ ဤသို့ သွားရောက်စုံစမ်း၍ အလုံးစုံသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ပရိနိဗ္ဗာန် စံပြီးဖြစ်တော်မူကြကြောင်းကို ကောင်းစွာရိပ်မိ သိရှိပြီးနောက် နန်းတော်သို့ပြန်အရောက်တွင် မိဖုရားကြီးက “အမောင်...ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် အဘယ်မှာနည်း” ဟု မေးမြန်းသဖြင့် ထိုမင်းချင်းယောကျ်ားသည် “အရှင်မိဖုရား... ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် ပရိနိဗ္ဗာန် ဝင်စံတော်မူကြပါပြီ” ဟု ပြန်ကြားလျှောက်ထားလေ၏။ မိဖုရားကြီးသည် သည်းစွာငိုကြွေးမြည်တမ်းကာ မြို့မှထွက်၍ မြို့သူ မြို့သားတို့နှင့် အတူတကွ ဥယျာဉ်သို့ သွားရောက်၍ သာဓု ကီဠနသဘင် ဆင်ယင်ကျင်းပလျက် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ သရီရဈာပနကိစ္စ ပြုလုပ်ပြီးသော် ဓာတ်တော်တို့ကို ယူဆောင်၍ စေတီတော် တည်ထားစေလေ၏။

မင်းကြီးသည် တိုင်းစွန်ပြည်နားနယ်ဖျားဒေသပစ္စန္တအရပ်ကို ငြိမ်းအေးစေပြီး၍ တိုင်းပြည်သို့တဖန် ပြန်လာလတ်သော် ခရီးဦး

(နှာ-၁၂၅)

အကြိုအဆို လာရောက်သော မိဖုရားကြီးကို တွေ့မြင်လျှင်တွေ့မြင်ခြင်း “ရှင်မိဖုရား...ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၌ မမေ့မလျော့ ပြုစု ပါ၏လော၊ အရှင်မြတ်တို့သည် ရောဂါဘယ ကင်းကြပါ၏လော” ဟု မေးသဖြင့် မိဖုရားကြီးက “အရှင်မင်းမြတ်...ပရိနိဗ္ဗာန် ဝင်စံတော်မူကြပါပြီ” ဟု ပြန်ကြားလျှောက်ထားလေလျှင် မင်းကြီးသည် “ဤသို့သဘောရှိသော ပညာရှိတို့၏ ခန္ဓာအစဉ်မှာသော်လည်း သေခြင်းတရား ဖြစ်ပွါးတုံသေး၏၊ ငါတို့၏အဖို့ရာ အဘယ်မှာလျှင် သေခြင်းတရားမှ လွတ်မြောက်မှုရှိနိုင်အံ့နည်း”ဟု သံဝေဂ ဉာဏ်ဝင်ကာ ဆင်ခြင်စဉ်းစားတော်မူမိလေ၏။

မင်းကြီးသည် မြို့တော်သို့ မသွားတော့ပဲ ဥယျာဉ်တော်အတွင်း သို့သာ ဝင်တော်မူ၍ သားတော်ကြီးကို ခေါ်စေပြီးလျှင် ထီးနန်း စည်းစိမ်ကို လွှဲအပ်၍ ကိုယ်တိုင်ကမူ (သာသနာတွင်း ရဟန်းတော်ကဲ့သို့) ရှင်, ရဟန်းပြုလေ၏။ မိဖုရားကြီးသည်လည်း “မင်းကြီး ရဟန်းပြုလျှင် ငါသည် အဘယ်အမှု ပြုရန်ရှိတော့အံ့နည်း = မရှိတော့သည်သာ”ဟု ဆင်ခြင်စဉ်းစား၍ ထိုဥယျာဉ်တော်၌ပင် ရဟန်းမပြုလေတော့၏။ နှစ်ဦးလုံးတို့ပင် ဈာန် သမာပတ်တရားကို ဖြစ်ပွါးစေကြ၍ ထိုဘဝမှ စုတေကြသည် ရှိသော် ဗြဟ္မာပြည်၌ ဖြစ်ကြလေကုန်၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုကြောင်း

ထိုသူနှစ်ဦးကို ဗြဟ္မာပြည်၌ တည်ရှိနေကြစဉ် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ အချိန်သို့ ရောက်ရှိခဲ့လေသည်။ ထိုအချိန်တွင် အရှင်မဟာကဿပမထေရ်ဖြစ်မည့် ပိပ္ပလိ လုလင်သည် မဂဓတိုင်း အဝင်အပါ မဟာတိတ္ထပုဏ္ဏားရွာဝယ် ကပိလ-အမည်ရှိသော ပုဏ္ဏားသူဌေးကြီး၏ သူဌေးကတော်တော်ကြီး ဝမ်း၌ ပဋိသန္ဓေ တည်နေဖြစ်ပွါး၍ ရှင်မဘဒ္ဒါကာပိလာနီ၏ အလောင်းဖြစ်သော အမျိုးသမီးသည်ကား မဒ္ဒတိုင်းအဝင်အပါ သာဂလမြို့ဝယ် ကောသိယအနွယ်ဖြစ်သော ပုဏ္ဏားသူဌေးကြီး၏ သူဌေးကတော်ကြီးဝမ်း၌ ပဋိသန္ဓေ တည်နေဖြစ်ပွါးလေ၏။

(နှာ-၁၂၆)

ထိုသူနှစ်ဦးတို့ အစဉ်သဖြင့် ကြီးပြင်းကြ၍ ပိပ္ပလိလုလင် အသက်နှစ်ဆယ်အရွယ် ဘဒ္ဒါကာပိလာနီအမျိုးသမီး အသက် ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်ရှိလတ်သော် ပိပ္ပလိလုလင်၏ မယ်တော် ခမည်းတော်တို့သည် သားဖြစ်သူကို ကြည့်ရှုကြပြီးလျှင် အရွယ်ရောက်နေပြီ ဖြစ်သည်ကို ဆင်ခြင်စဉ်းစားမိကြ၍ “ချစ်သား... သင်ချစ်သားသည် အိမ်ထောင်ပြုရန် အရွယ်ရောက်ခဲ့လေပြီ၊ မျိုးဆက်မည်သည်ကို အရှည်တည်စေရသည်” ဟု အတင်းအကြပ် အိမ်ထောင်ပြုရန် တိုက်တွန်းနားချ ပြောကြလေ၏။ ပိပ္ပလိလုလင်သည် ဗြဟ္မာ့ပြည်မှ လာသူဖြစ်ရကား “ကျွန်ုပ်၏ နားဥပစာအတွင်းမှာ ဤသို့သော စကားကို မပြောကြားကြပါလင့်၊ ကျွန်ုပ်သည် မယ်တော်, ခမည်းတော်ကို အသက်ထင်ရှား ရှိနေကြစဉ် ပြုစုလုပ်ကျွေးပြီးလျှင် မယ်တော် ခမည်းတော်ကို ကွယ်လွန်သောအခါ၌ အိမ်ရာတည်ထောင် လူ့ဘောင်မှထွက်၍ ရှင်, ရဟန်းပြုလုပ်မည်ဖြစ်ပါသည်”ဟု ငြင်းပယ်စကား ပြောကြားလေ၏။ မိဖနှစ်ပါးတို့သည် နှစ်ရက်, သုံးရက် လွန်သောအခါ တဖန် နားချ ပြောကြပြန်လေ၏၊ ပိပ္ပလိလုလင်သည်လည်း ရှေးနည်းအတူပင် ငြင်းပယ်ပြန်လေ၏။ နောက်တဖန် ထပ်၍ နားချ ပြောကြားသောအခါမှာလည်း ထိုနည်းအတူပင် ငြင်းပယ်မြဲ ငြင်းပယ်လေ၏။ ထိုအချိန်မှစ၍ မိခင်သူဌေးကတော်ကြီးသည် အမြဲမပြတ် နားချပြောကြားလေ၏။

ပြောကြားဖန်များလတ်သော် ပိပ္ပလိလုလင်သည် “ငါမယ်တော်ကို ငါရှင်, ရဟန်းပြုလိုကြောင်း ကောင်းစွာသိစေမည်” ဟု ကြံစည် အောက်မေ့ကာ ရွှေစင်နိက္ခ အချိန်တထောင်ပေး၍ ရွှေပန်းထိမ်သည်များကို အမျိုးသမီးရွှေစင်ရုပ်တု တခု သွန်းထု ပြုလုပ်စေပြီးလျှင် ထိုရွှေစင်ရုပ်တုကို အချောသတ် ပွတ်တိုက်ပြီးသောအခါ နီမြန်းသောအဝတ်ကို ဝတ်စေပြီးနောက် အဆင်း အရောင် တောက်ပြောင်သော ပန်းများ, အဆင်တန်းဆာများတ္ထိဖြင့် တန်းဆာဆင်စေလျက် မိခင်သူဌေးကတော်ကြီးကို ခေါ်စေ၍ “အိုမိခင်...အကျွန်ုပ်သည် ဤရွှေစင်ရုပ်တုကဲ့သို့သော မိန်းမလှ

(နှာ-၁၂၇)

ကို ရရှိပါလျှင် အိမ်၌နေပါမည်။ မရလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေလိမ့်မည်မဟုတ်ပါ”ဟု ပြောကြားလေ၏။

မိခင်ပုဏ္ဏေး သူဌေးကတော်ကြီးသည် ပညာရှိသူဖြစ်ရကား “သားသည် ဘုန်းရှိသူ, အလှူဒါနပေးခဲ့သူ ရှေးဆုတောင်း ကောင်းမြတ်သူ ဖြစ်လေသည်၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့စဉ် တဦးတည်း ပြုလုပ်ခဲ့လိမ့်မည်မဟုတ်၊ မချွတ်ဧကန် အမှန်ပင် ငါ့သားနှင့် အတူတကွ ကုသိုလ်ကောင်းမှု အားသစ်ပြုခဲ့သည့် ရွှေစင်ရုပ်တုပမာ အလွန်လှပသော မိန်းမမြတ်သည် ရှိလိမ့်မည်သာ”ဟု ကြံစည်အောက်မေ့၍ ပုဏ္ဏားကြီး ရှစ်ယောက်တို့ကို ရှေ့မှောက်သို့ ခေါ်စေကာ များစွာသော ပူဇော်သက္ကာရမှု ပြုလုပ်စေပြီးနောက် ရွှေစင်ရုပ်တုကို ရထားထက်သို့ တင်စေပြီးလျှင် “အမောင်တို့ ...သွားကြကုန်၊ ငါတို့နှင့် ဇာတ်, အနွယ်, စည်းစိမ်ဂုဏ်သိရ်တို့ဖြင့် တူမျှသောအမျိုးဝယ် ဤရွှေစင်ရုပ်တုနှင့် တူသော သူငယ်မကို တွေ့မြင်ကြရလျှင် ဤရွှေစင်ရုပ်တုကိုပင် လက်ဆောင်ပဏ္ဏာ = အာမခံပစ္စည်းပြု၍ ပေးခဲ့ကြလော့” ဟု ပြောဆိုမှာကြားကာ စေလွှတ်လိုက်လေ၏။

ပုဏ္ဏားတော် ရှစ်ယောက်တို့သည် “ဤ အလုပ်သည်ကား ကျွန်ုပ်တို့ပညာရှိများ၏ ပြုလုပ်ရမည့်အလုပ် ဖြစ်လေသည်” ဟု ဝန်ခံပြောဆိုကာ ရွာမှထွက်ခဲ့ကြ၍ “ငါတို့သည် အဘယ်အရပ်သို့ သွားကြလျှင် သင့်တော်မည်နည်း” ဟု အချင်းချင်း တိုင်ပင် ဆွေးနွေးကြလေသော် “မဒ္ဒတိုင်းမည်သည် ဤ လောကဝယ် မိန်းမလှထွန်းကားသော တိုင်းဖြစ်လေသည်၊ သို့ရကား ငါတို့သည် မဒ္ဒတိုင်းသို့ သွားကြကုန်အံ့” ဟု တညီတညွတ်တည်း ဆုံးဖြတ် သဘောတူညီကြ၍ မဒ္ဒတိုင်းအဝင်အပါ သာဂလမြို့သို့ သွားရောက်ကြ၍ ထိုမြို့ဝယ် ရွှေစင်ရုပ်တုကို ရေချိုးဆိပ်၌ ထားပြီးလျှင် သင့်လျောက်ပတ်ရာအရပ်က အကဲခပ်ကာ ထိုင်နေကြလေ၏။

ထိုအခါ ဘဒ္ဒါကာပိလာနီပုဏ္ဏေး သူဌေးသမီး၏ အထိန်းတော်ကြီးသည် ဘဒ္ဒါကာပိလာနီကို ရေချိုး အဆင်တန်ဆာများ

(နှာ-၁၂၈)

ဆင်ပေးပြီးနောက် ကြက်သရေတိုက်ခန်း၌ ထားခဲ့ပြီးလျှင် ရေချိုးရန် ရေဆိပ်သို့ လာရောက်သည်ရှိသော် ထိုရွှေစင်ရုပ်တုကို တွေ့မြင်ရ၍ “ငါ၏ အရှင့်သမီးတော်သည် ဤ ရေဆိပ်သို့ လာရောက် နေနှင့်သည်”ဟု မှတ်ထင်ကာ အမျိုးမျိုးခြိမ်းခြောက်လျက် “ဟယ် အဆုံးမခက်သောသမီး...အဘယ့်ကြောင့် သင်တယောက်တည်း ဤရေဆိပ်သို့ လာရောက်သနည်း” ဟု မြည်တွန်ပြောဆိုကာ လက်ဝါးပြက်ကို မိုး၍ “အိမ်သို့ မြန်မြန်ပြန်သွား” ဟု ပြောပြောဆိုဆို ကျောပြင်ကို ရိုက်နှက်လေ၏။ အထိန်းတော်၏ လက်ဝါးပြင် တပြင်လုံး ကျောက်ဖျာ၌ ရိုက်နှက်ရသည့်ပမာ လွန်စွာနာကျင် တုန်လှုပ်၍ သွားလေ၏။ အထိန်းတော်သည် နောက်သို့ ဆုတ်ကာ “သြ...ငါသည်ဤသို့စင် အတွေ့ကြမ်းလှသည့် လည်ပင်း ကြီးမကို မြင်ရပါလျက် ‘ငါ့အရှင့်သမီး’ဟု အထင်မှားမိလေခြင်း၊ ဤသူမကား ငါ့အရှင့်သမီးတော်၏အဖို့ရာ အဝတ်ထမီကိုင်သူမပင် မဖြစ်သင့်စွာ့တကား”ဟု ရန်စကား ပြောကြားလေ၏။

ထိုအခါ ပုဏ္ဏားတော်ရှစ်ယောက်တို့သည် အထိန်းတော်ကို ဝန်းရံကြ၍ “သင်၏ အရှင့်သမီးသည် ဤမျှပင် တင့်တယ်လှပါ သလော”ဟု မေးကြကုန်၏။ အထိန်းတော်ကား “ဤသူမ-ား အဘယ်မူစအံ့နည်း၊ ဤ သူမထက် ငါအရှင့် သမီးတော်သည် အပြန်အရာ, အပြန်အထောင်မက လှပတင့်တယ်ပေ၏၊ တဆယ့် နှစ်တောင်ရှိသော တိုက်ခန်းဝယ် ငါအရှင့် သမီးတော် ထိုင်နေ လိုက်လျှင် ဆီမီးညှိထွန်းရန်ကိစ္စ မရှိ၊ ပကတိ ကိုယ်ရောင်ဖြင့်ပင် အမိုက်မှောင်ကို ပယ်ဖျောက်နိုင်၏” ဟု ပြောဆိုလေသော် ပုဏ္ဏားတော်ရှစ်ယောက်တို့သည် “ထိုသို့ဖြစ်လျှင် လာသွားကြစို့"ဟု အထိန်းတော်ကို ခေါ်ခဲ့ကြ၍ ရွှေစင်ရုပ်တုကို ရထားထက်သို့ တင်ပြီးလျှင် ကောသိယဂေါတ္တ ပုဏ္ဏားသူဌေး၏ အိမ်တံခါးဝ၌ ရပ်တည်၍ မိမိတို့လာရောက်ကြကြောင်းကို ကြားသိစေ ကြလေကုန်၏။

ကောသိယဂေါတ္တ ပုဏ္ဏားသူဌေးကြီးသည် ဧည့်သည်တော် ပုဏ္ဏားတို့အား ဧည့်ဝတ်ပြုစုပြီးလျှင် “အဘယ်အရပ်မှ လာကြ

(နှာ-၁၂၉)

သနည်း” ဟု မေး၍ ပုဏ္ဏားတော်တို့က “မဂဓတိုင်း မဟာတိတ္ထရွာ ကပိလပုဏ္ဏားသူဌေးအိမ်မှ လာကြပါသည်” ဟု ဖြေကြားကြလေလျှင် “အဘယ်အကြောင်းကြောင့် လာရောက်ကြသနည်း” ဟု မေးမြန်းပြန်၍ ပုဏ္ဏားတော်တို့သည် မိမိတို့လာရောက်သော အကြောင်းကို ပြန်ကြားပြောဆိုကြလေ၏။ ကောသိယဂေါတ္တ ပုဏ္ဏားသူဌေးသည် “အမောင်တို့ ... ကောင်းသော အမှု ဖြစ်ပါပေသည်၊ ကပိလပုဏ္ဏားသူဌေးသည် ငါတို့နှင့် ဇာတ်, အနွယ်, စည်းစိမ်တူသူ ဖြစ်ပေသည်။ သတို့သမီးကို ပေးပါမည်” ဟု ဝန်ခံ၍ ထိုလက်ဆောင်ပဏ္ဏာ = အာမခံရွှေစင်ရုပ်တုကို လက်ခံသိမ်းယူလေ၏။ ပုဏ္ဏားတော်တို့သည် ကပိလပုဏ္ဏားသူဌေးထံသို့ “သတို့သမီးကို ရအပ်ပါပြီ၊ ပြုဖွယ်ကိစ္စ အဝဝကိုသာ ပြုလုပ် စီမံပါလော့” ဟု သတင်းစကား ပြန်ကြာပို့သစေကုန်၏။

သဝဏ်လွှာ နှစ်စောင်

ထိုသတင်းစကားကို ကြားသိကြ၍ ပိပ္ပလိလုလင်၏ ကျေးကျွန်များက ပိပ္ပလိလုလင်အား “အရှင်သား...အရှင့်သားအဖို့ရာ ရွှေစင်ရုပ်တု နှိုင်းပုံပြုရသော သတို့သမီးကို ရအပ်ပြီတဲ့” ဟု ဝမ်းမြောက်ဝမ်းသာ အားပါးတရ ပြောကြားကြလေလျှင် “ပိပ္ပလိ လုလင်သည် “ငါကား ရကြလိမ့်မည်မဟုတ်ဟု ကြံစည်စဉ်းစား မိလေသည်၊ ဤသူတို့အား “သတို့သမီးကို ရအပ်ပြီတဲ့” ဟု ပြောကြားကြ၏၊ ငါသည် အလိုမရှိသူဖြစ်၍ ဘဒ္ဒါ ၏ထံသို့ သဝဏ်လွှာကို ပို့စေတော့အံ့” ဟု ကြံစည်ဆင်ခြင်ကာ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်__

“နှမဘဒ္ဒါသည် မိမိနှင့် ဇာတ်, အနွယ်, စည်းစိမ်အား လျော်လျောက်ပတ်သည့် အခြားအိမ်ထောင်ရှင် တဦးကို ရယူစေချင်ပါသည်။ ကျွန်ုပ်သည်ကား တောထွက်၍ ရဟန်းပြုမည့်သူ ဖြစ်ပါသည်၊ နောက်အခါကျမှ နှလုံး မသာမယာ မဖြစ်စေချင်ပါ”__

ဟု သဝဏ်လွှာရေးသား၍ ဘဒ္ဒါထံသို့ လျှို့ဝှက်စွာသဝဏ်လွှာကို ပို့စေလေ၏။

(နှာ-၁၃၀)

ဘဒ္ဒါပုဏ္ဏေး သူဌေးသမီးသည်လည်း “ငါ့ကို မိဖနှစ်ပါးတို့က မဂဓတိုင်း မဟာတိတ္ထရွာ ကပိလပုဏ္ဏားသူဌေးကြီး၏သား ပိပ္ပလိလုလင်အား ပေးလိုကြသတဲ့” ဟူသော သတင်းစကားကို ကြားသိရ၍ ထို့အတူပင် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်__

“မောင်ကြီး ပိပ္ပလိ အရှင့်သားသည် မိမိနှင့် ဇာတ်,အနွယ် စည်းစိမ်အား လျော်လျောက်ပတ်သည့် အခြား အိမ်ရှင်မ တဦးဦးကို ရယူစေချင်ပါသည်။ နှမသည်ကား တောထွက်၍ ရဟန်းမ-ပြုလုပ်မည့်သူ ဖြစ်ပါသည်။ နောက်အခါကျမှ နှလုံးမသာမယာ မဖြစ်စေချင်ပါ”__

ဟု သဝဏ်လွှာရေးသား၍ ပိပ္ပလိလုလင်ထံသို့ လျှို့ဝှက်စွာ သဝဏ်လွှာကို ပို့စေလ၏။

သဝဏ်လွှာပို့ကြသူ နှစ်ဖက်သားတို့ လမ်းအကြားဝယ်တွေ့ဆုံ ကြလေသော် ဘဒ္ဒါ၏ လူများက “သူငယ်ချင်းတို့...မင်းတို့ ယခု ယူဆောင်လာသော သဝဏ်လွှာသည် အဘယ်သူက အဘယ်သူ့ထံ ပို့စေအပ်သော သဝဏ်လွှာဖြစ်သနည်း”ဟု မေးမြန်းကြ၍ ပိပ္ပလိလုလင်၏ လူများကလည်း “ငါတို့အရှင်ပိပ္ပလိလုလင် သူဌေးသားက ဘဒ္ဒါသူဌေးသမီးထံသို့ ပို့စေအပ်သော သဝဏ်လွှာ ဖြစ်သည်” ဟု ရိုးသားစွာ ပြောဆိုကြလေ၏။ တဖန် ပိပ္ပလိလုလင်၏လူများက “သူငယ်ချင်းတို့...မင်းတို့ ယခုယူဆောင်လာသော သဝဏ်လွှာသည်လည်း အဘယ်သူက အဘယ်သူ့ထံ ပို့စေအပ်သော သဝဏ်လွှာဖြစ်သနည်း” ဟု မေးမြန်းကြ၍ ဘဒ္ဒါ၏ လူများကလည်း “ငါတို့အရှင်မ ဘဒ္ဒါသူဌေးသမီးကလေးက ပိပ္ပလိ သူဌေးသားထံသို့ ပို့စေအပ်သော သဝဏ်လွှာဖြစ်သည်” ဟု အဖြောင့်ပင် ဝန်ခံပြောဆိုကြလေ၏။

ထိုသဝဏ်လွှာနှစ်စောင်တို့ကို နှစ်ဖက်သောလူများတို့သဘောတူဖောက်၍ ဖတ်ရှုကြလေသော်အံ့သြဖွယ်ရာ သံဝေဂရင့်သန်သည့် စာပါ အနက်အဓိပ္ပါယ်ကို သိကြရ၍ “သတို့သား, သတို့သမီးတို့၏ အလုပ် (လုပ်ပုံ)ကို ကြည့်ကြကုန်လော့” ဟု ပြောဆို

(နှာ-၁၃၁)

ကြ၍ သဝဏ်လွှာနှစ်စောင်လုံးကို ဆုတ်၍ တောအရပ်၌ စွန့်ပစ်ကြပြီးလျှင် နှစ်ဖက်သဘောတူညီ ဝမ်းမြောက်သည့် အဓိပ္ပါယ်ပါ) ရှိသော သဝဏ်လွှာအသစ်နှစ်စောင် ရေးသားကြ၍ သတို့သား သတို့သမီးတို့ထံ ပို့သကြလေကုန်၏။ ဤနည်းဖြင့် ပိပ္ပလိသူဌေးသားနှင့် ဘဒ္ဒါသူဌေးသမီးတို့မှာ လူ့ဘောင်ကို အလိုမရှိကြပဲလျက် မိဖနှစ်ပါးနှင့် ကြားလူများ၏ ဆောင်ရွက်ချက်အရ ၊ ထိမ်းမြားမင်္ဂလာပြုပြီးသောအချိန်သို့ ရောက်ခဲ့ကြရလေ၏။

ပန်းကုံးများ မညှိုးခြင်း

ထိမ်းမြားမင်္ဂလာ ပြုပြီးသောနေ့မှာပင် သူဌေးသား, သူဌေးသမီးတို့သည် ပန်းကုံးတကုံးစီ အသင့်ယူဆောင်ခဲ့ကြ၍ အိပ်ရာ အလယ်၌ မိမိတို့ဖက်မှ အသီးအသီး ထားရှိကြလေ၏။ ညဉ့်စာ စားပြီးနောက် နှစ်ဦးလုံးပင် အိပ်ရာသို့ တက်ရောက်ကြကုန်စို့ဟု အိပ်ရာ်ခဋင်သို့ တညီတညွတ်တည်း လာရောက်ကြကာ ပိပ္ပလိ သူဌေးသားက လက်ျာဖက်နံပါးဖြင့် အိပ်ရာသို့ တက်ရောက်လေ၏၊ ဘဒ္ဒါသူဌေးသမီးကလေးသည် လက်ဝဲဖက်နံပါးဖြင့် အိပ်ရာသို့ တက်ရောက်ပြီးလျှင် “အကြင်သူ၏ဖက်မှ ပန်းများသည် ညှိုးကြကုန်၏၊ ထိုသူ၏သန္တာန်၌ ရာဂစိတ်ဖြစ်ပွါးသည်ဟု အသိအမှတ်ပြုကြစတမ်း၊ ဤပန်းကုံးများကို မည်သူမျှ မထိကြစတမ်း” ဟု ကတိကဝတ်စကား ပြောကြားလေ၏။ ထိုသူနှစ်ဦးလုံးတို့ပင် တယောက်သည် တယောက်၏ကိုယ်ကို တွေ့ထိမည်မှ ကြောက်လန့်ကြသဖြင့် ညဉ့်သုံးယံပတ်လုံး မအိပ်စက်နိုင်ကြဘဲ အချိန်ကို ကုန်စေခဲ့ကြကုန်၏။ ပန်းကုံးများလည်း မညှိုးကြကုန်။ နေ့အခါ၌ကား လောဘစိတ်ဖြင့် ပြုံးရွှင်မှုကိုမျှ မပြုကြပဲ မောင် နှမကဲ့သို့ နေထိုင်ကြလေ၏။

ကြီးစွာသော သူဌေးစည်းစိမ်

ထိုသူဌေးသား သူဌေးသမီးနှစ်ဦးလုံးတို့သည် လောကာမိသခေါ် ကာမဂုဏ်၌ ခုံမင်တပ်မက်မှုဖြင့် ရောယှက်ခြင်းအလျှင်းမပြုကြပဲ အိမ်၏စီးပွါးရေးကိုလည်း လုံးဝမဆင်ခြင်ကြ မိခင်, ဖခင်တို့

(နှာ-၁၃၂)

ကွယ်လွန်ကြသောအခါမှသာ အိမ်၏စီးပွါးရေးကို ကြပ်မစီမံ ကြလေ၏။ ပိပ္ပလိသူဌေးသားလုလင်၏ စည်းစိမ်ကား ကြီးကျယ် မြားမြောင်လှ၏၊ ရွှေ ငွေ ဥစ္စာသည် ရှစ်ဆယ့်ခုနစ်ကုဋေ ရှိ၏။ တနေ့တနေ့လျှင် ကိုယ်ကိုပွတ်တိုက်၍ စွန့်ပစ်အပ်သော ရွှေမှုန့်သည်ပင် မဂဓကွမ်းစား (မဂဓခွက်)အားဖြင့် ဆယ့်နှစ်ကွမ်းစား (= ဆယ့်နှစ်ခွက် = ခြောက်ပြည်သား)ခန့် စု၍ထားလျှင် ရနိုင်လောက်၏။ စက်ယန္တရား အသင့်တပ်ဆင်ပြီးသော တဖက်ဆည်ကန်ကြီးပေါင်း အလုံးခြောက်ဆယ်တို့ ရှိကုန်၏။ လယ်ယာ လုပ်ခင်း မြေအဝန်းမှာ ဆယ့်နှစ်ယူဇနာ ကျယ်ပြန့်လေသည်။ ကျေးကျွန်အလုပ်သမားတို့နေရာ(သီဟိုဠ်ကျွန်း အနုရာဓမြို့ပမာဏ ရှိသော) ရွာကြီးဆယ့်လေးရွာ, ဆင်တပ်ပေါင်း တဆယ့်လေး တပ်, မြင်းတပ်ပေါင်း တဆယ့်လေးတပ်, ရထားတပ်ပေါင်း တဆယ့်လေးတပ်တို့ ရှိကုန်၏။

သူဌေးနှင့် သူဌေးကတော်တို့၏ သတိသံဝေဂ

ပိပ္ပလိသူဌေးကြီးသည် တနေ့သ၌ တန်းဆာစုံလင် ဆင်ယင် ပြီးသော မြင်းတော်ကို စီး၍ လုပ်ခင်းလယ်ဘို သွားရောက်၍ လယ်၏အစွန်း၌ ရပ်တည်နေစဉ် ထွန်သွားတို့ဖြင့် ထွန်ယက်ရာ မြေအရပ်မှ တီကောင်, ပိုးကောင်များကို ကျီးငှက်စသည်တို့က ထုတ်ဖော် ထိုးဆိတ်၍ စားသောက်ကြသည်ကို မြင်လတ်၍ “အမောင်တို့ ...ဤကျီးငှက်စသည်တို့သည် အဘယ်ကို စားကြကုန်သနည်း”ဟု မေးလေ၏။ ကျေးကျွန်များက “အရှင်သူဌေးမင်း... တီကောင်, ပိုးကောင်တို့ကို စားကြပါကုန်၏”ဟု ပြောဆိုကြလေလျှင် ပိပ္ပလိသူဌေးကြီးသည် “အမောင်တို့...ဤကျီးငှက် စသည်တို့ ပြုအပ်သော မကောင်းမှု အကုသိုလ်ကံသည် အဘယ်သူ၏ အကုသိုလ်ကံဖြစ်နိုင်သနည်း”ဟု မေးမြန်းလေ၏။ ကျေးကျွန်တို့က “အရှင်သူဌေးမင်း... အရှင်သူဌေးမင်းတို့အတွက် လယ်ထွန်ကြခြင်းဖြစ်၍ ထိုမကောင်းမှု အကုသိုလ်ကံသည် အရှင်သူဌေးမင်းတို့၏ အကုသိုလ်ကံ ဖြစ်ပါ၏”ဟု ပြန်လည်ဖြေကြား ကြလေလျှင် ပိပ္ပလိသူဌေးကြီးသည် သတိသံဝေဂ ကြီးစွာရရှိကာ

(နှာ-၁၃၃)

“ဤကျီးငှက်စသည်တို့ ပြုအပ်သော မကောင်းမှု အကုသိုလ်ကံသည် အကယ်၍ ငါ၏ မကောင်းမှု အကုသိုလ်ကံ ဖြစ်ခဲ့လျှင် ငါ့ အဖို့ရာ ရှစ်ဆယ့်ခုနစ်ကုဋေသော ရွှေ ငွေ ဥစ္စာသည် အဘယ် အကျိုးရှိအံ့နည်း = အကျိုးမရှိသည်သာ၊ ဆယ့်နှစ်ယူဇနာကျယ်ဝန်းသော လုပ်ခင်း, စက်ယန္တရားတပ်ဆင်အပ်သည့် တဖက်ဆည် ကန်ကြီး အလုံးပေါင်းခြောက်ဆယ်, အလုပ်သမားရွာပေါင်း တဆယ့်လေးရွာ-စသော စည်းစိမ်စုသည် အဘယ်အကျိုးရှိအံ့နည်း၊ အကျိုးမရှိသည်သာ။ သို့ရကား ငါသည် အလုံးစုံသော စည်းစိမ်အစုကို ဘဒ္ဒါကာပိလာနီသူဌေးကတော်အား အပ်နှင်း၍ တောထွက်ကာ ရဟန်းပြုပေတော့အံ့”ဟု လေးနက်စွာ ဆင်ခြင် စဉ်းစားမိလေ၏။

ဘဒ္ဒါကာပိလာနီ သူဌေးကတော်သည်လည်း ထို ခဏ၌ အိမ်ဝိုင်းအတွင်းဝယ် နှမ်းအိုးကြီးသုံးလုံးတို့ကို ဖျာတို့ဖြင့် ဖြန့်ခင်း နေလှန်းစေလျက် အထိန်းတော်များ ဝန်းရံအပ်ကာ ထိုင်နေစဉ် ကျီးငှက်တို့က နှမ်းပိုးတို့ကို ထိုးဆွ စားသောက် ကြသည်ကို မြင်လက်၍ အထိန်းတော်တို့ကို “အမိတို့၏ ကျီးငှက်တို့သည် အဘယ်ကို စားကြသနည်း”ဟု မေးလေ၏။ အထိန်းတော်များက “အိုအရှင်မနှမ်းပိုးတို့ကို စားကြပါသည်”ဟု ဖြေကြားကြလေလျှင် ဘဒ္ဒါသူဌေးကတော်သည် “အမိတို့... ထိုသို့ ကျီးငှက်များ နှမ်းပိုးတို့ကို ထိုးဆွစားသောက်ကြသဖြင့် ဖြစ်သော မကောင်းမှု အကုသိုလ်ကံသည် အဘယ်သူ၏မကောင်းမှုအကုသိုလ်ကံ ဖြစ်နိုင်သနည်း” ဟု မေးမြန်းပြန်လေ၏။ အထိန်းတော်တို့က “အို အရှင်မ... အရှင်မတို့အတွက် လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် ထို မကောင်းမှု အကုသိုလ်ကံသည် အရှင်မတို့၏ မကောင်းမှု အကုသိုလ်ကံ ဖြစ်ပါ၏” ဟု ပြန်လည် ဖြေကြားကြလေလျှင် ဘဒ္ဒါကာပိလာနီ သူဌေးကတော်သည် “သြ...ငါ့အဖို့ရာ ဝတ်ရေးအတွက် လေးတောင်မျှရှိသောအဝတ်, စားရေးအတွက် တကွမ်း စားချက် (= တခွက်ချက်) မျှသော ထမင်းကို ရလျှင်ပင် သင့်လျော်လှပေ၏ (= လေးတောင်ရှိသော အဝတ်ထက် ပို၍

လည်း မဝတ်နိုင်၊ တကွမ်းစားချက် ထမင်းထက် ပို၍လည်း မစား နိုင်ဟု ဆိုလိုသည်)၊ အကယ်၍များ ဤမျှသောသူတို့ ပြုလုပ်အပ်သည့် မကောင်းမှု အကုသိုလ်ကံသည် ငါ၏ မကောင်းမှု အကုသိုလ်ကံ ဖြစ်မည်ဆိုပါက ငါသည် ဧကန်ပင် ဘဝပေါင်း အထောင်ဖြင့်လည်း သံသရာဝဒုက္ခမှ ဦးခေါင်း ထောင်နိုင်တော့ မည်မဟုတ်ချေ။ ငါသည် အရှင့်သား ရောက်လာလျှင်ပင် အလုံးစုံသော စည်းစိမ်ဥစ္စာကို အရှင့်သားအား အပ်နှင်း၍ တောထွက်ကာ ရဟန်းမပြုတော့မည်”ဟု လေးနက်စွာ ဆင်ခြင် စဉ်းစား မိလေ၏။

(နှာ-၁၃၄)

နှစ်ဦးလုံး ရဟန်းပြုကြခြင်း

ပိပ္ပလိသူဌေးသည် အိမ်သို့ပြန်လာပြီးလျှင် ရေမိုးချိုးပြီးနောက် ပြာသာဒ်ထက်သို့ တက်ရောက်၍ သူမြတ်တို့နှင့်သာ ထိုက်တန်သော သူဌေးပလ္လင်ဝယ် ထိုင်၍ နေလေ၏။ ထိုအခါ သူဌေးအတွက် စကြာမင်းတို့အား သင့်လျော်လျောက်ပတ်သည့် ထမင်း စားပွဲကြီးကို ပြင်ဆင်ဆက်သ ကျွေးမွေးကြလေကုန်၏။ ပိပ္ပလိ သူဌေးနှင့် ဘဒ္ဒါကာပိလာနီ သူဌေးကတော်=နှစ်ဦးသားတို့သည် အတူတကွ ထမင်းစားကြ၍ အခြံအရံလူများ ထွက်ခွါ၍ သွားကြ လေသော် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်ကြကာ ချမ်းသာရာဌာန၌ ငြိမ်သက်စွာ ထိုင်နေကြလေကုန်၏။

ထို့နောက် ပိပ္ပလိသူဌေးနှင့် ဘဒ္ဒါကာပိလာနီသူဌေးကတော်တို့ တိုင်ပင်ပြောဆိုကြသည်မှာ__

(ပိပ္ပလိ) ရှင်မဘဒ္ဒါ… သင် ဤအိမ်သို့ လာရောက်စဉ်က အဘယ်မျှသော ဥစ္စာကို ယူဆောင်ခဲ့သနည်း။

(ဘဒ္ဒါ) လှည်းအစီးပေါင်း ငါးသောင်း ငါးထောင် တိုက်ရှိသော ဥစ္စာတို့ကို ယူဆောင်ခဲ့ပါသည် အရှင်...။

(ပိပ္ပလိ) ဤ သင်ယူဆောင်ခဲ့သော ဥစ္စာအားလုံးကို၎င်း, အိမ်မှာ ရှိရင်းစွဲဖြစ်သည့် ရှစ်ဆယ့်ခုနစ်ကုဋေသော ဥစ္စာ, စက်ယန္တရားတပ်ဆင်ပြီးသည့် တဖက်ဆည်

(နှာ-၁၃၅)

ကန်ကြီး အလုံးခြောက်ဆယ်-အစရှိသော စည်းစိမ်ဥစ္စာ အားလုံးကို၎င်း သင့်အားသာလျှင် ငါအပ်နှင်းပါ၏။

(ဘဒ္ဒါ) အိုအရှင်... အရှင်တို့ကမူ အဘယ်အရပ်သို့ သွားရောက်ကြပါမည်နည်း။

(ပိပ္ပလိ) ရှင်မဘဒ္ဒါ...ငါတမူကား ရဟန်းပြုပေတော့အံ့။

(ဘဒ္ဒါ) အိုအရှင်...အကျွန်ုပ်သည်လည်း အရှင်တို့ပြန်လာချိန်ကိုသာ စောင့်မျှော်လျက် အသင့်နေထိုင်ပါသည်။ အကျွန်ုပ်သည်လည်း ရှင်, ရဟန်းမ-ပြုပါတော့အံ့။

ဤကဲ့သို့ တိုင်ပင် ပြောဆိုကြလေသည်။ ထိုပါရမီရှင် နှစ်ဦးတို့၏ အဖို့ရာ ကာမ ရူပ အရူပတည်းဟူသော ဘဝသုံးပါးတို့သည် မီးတဟုန်းဟုန်းတောက်လောင်နေသော သစ်ရွက်မိုး တကုပ်သုံးလုံးတို့ကဲ့သို့ ထင်ရကုန်၏။ သို့ရကား ပါရမီရှင်ကြီးနှစ်ဦးတို့သည် ဈေးတွင်းမှ သင်္ကန်း, သပိတ်တို့ကို ဝယ်ဆောင်စေကြ၍ တယောက်က တယောက်၏ ဆံများကို ပယ်ချပေးကြကာ “လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်ကြသော ရဟန္တာသခင် အရှင်မြတ်တို့ကို ရည်စူး၍ အကျွန်ုပ်တို့၏ ရဟန်းပြုခြင်းသည် ဖြစ်ပါ၏”ဟု နှုတ်မြွက်ရွတ်ဆိုကြ၍ ရဟန်းအသွင် ဝတ်ဆင်ကြပြီးလျှင် သပိတ်များကို သပိတ်အိတ်၌ အသီးအသီး ထည့်ကြပြီးလျှင်လက်ဝဲပခုံး၌ လွယ်ကြလျက် ပြာသာဒ်မမှ ဆင်းသက်လာကြ လေကုန်၏။ အိမ်မှာရှိကြသော ကျွန်မိန်းမ ကျွန်ယောက်ျား အလုပ်သမားတို့အနက် တဦးတယောက်မျှ ပါရမီရှင်နှစ်ဦးတို့ကို မမှတ်မိ မသိရှိကြကုန်။

ထို့နောက် မဟာတိတ္ထပုဏ္ဏားရွာမှ ထွက်၍ ကျေးကျွန်အလုပ် သမားတို့၏ ရွာတံခါးဖြင့် သွားကြသော အရှင်နှစ်ပါးတို့ကို အသွင်အပြင် အမူအရာကို ကြည့်၍ အလုပ်သမားများတို့သည် ငါတို့၏ အရှင်နှစ်ပါးတို့တည်းဟု သိရှိကြကာ သည်းစွာငိုကြွေးကြ၍ ခြေရင်း၌ ဝပ်စင်းကြပြီးလျှင် “အရှင်တို့... အဘယ့်ကြောင့်

(နှာ-၁၃၆)

အကျွန်ုပ်တို့ကို ကိုးကွယ်ရာမဲ့အောင် ပြုတော်မူကြသနည်း” ဟု ဝမ်းနည်းစကား ပြောကြလေကုန်၏။ အရှင်နှစ်ပါးတို့သည်လည်း “အချင်းတို့...ငါတို့သည် ‘ဘဝသုံးပါးတို့ကား မီးတဟုန်းဟုန်း တောက်လောင်နေသော သစ်ရွက်မိုးတဲကုပ်နှင့် တူကုန်၏’ ဟု သတိသံဝေဂ ကြီးစွာရကြကာ ရှင်, ရဟန်းပြုခဲ့ကြလေပြီ၊ သင်တို့တွင် တယောက်စီ တယောက်စီတော်လှန်မင်းစစ် ကျွန်အဖြစ်မှ လွတ်မြောက်အောင် ငါတို့ပြုနေကြလျှင် နှစ်ပေါင်း တရာသော်မှလည်း လောက်နိုင်မည်မဟုတ်ချေ။ သင်တို့သည်ပင် သင်တိုဦခေါင်းများကို ဆေးလျော်ကြ၍တော်လှန်မင်းစစ် ကျွန်အဖြစ်မှ လွတ်မြောက်ကြကာ အသက်ရှင်ရစ်ကြလော့” ဟု ဆိုကြ၍ ကျေးကျွန်များ ငိုကြွေးမြည်တမ်းနေကြစဉ်ပင် စွန့်ခွာဖဲသွားတော် မူကြလေကုန်၏။

အရှင်နှစ်ပါး လမ်းခွဲတော်မူကြခြင်း

ပိပ္ပလိမထေရ်မြတ်သည် ရှေ့မှ ကြွသွားတော်မူရင်း ပြန်လည် ကြည့်ရှုကာ ဤသို့ စဉ်းစား ဆင်ခြင်တော်မူလေသည်။ ဆင်ခြင်တော်မူမိပုံမှာ__

“ဇမ္ဗူဒိပ်တကျွန်းလုံး တန်ဖိုးနှုန်းထိုက်တန်သူ ဤဘဒ္ဒါကာပိလာနီ ထေရီမိန်းမလှသည် နောက်မှ လိုက်ပါလျက်ရှိ၏။ တဦး တယောက်သောသူက ‘ဤသူနှစ်ဦးတို့သည်ရဟန်းပြုပြီး၍လည်း တဦးနှင့်တဦး မခွဲခွါနိုင်ကြကုန်၊ ရဟန်းတို့အနေနှင့် မလျော်သည်ကို ပြုလုပ်ကြကုန်၏” ဟု အကြံမှားမည်ဆိုက အကြံမှားနိုင်ရန် အကြောင်းရှိချေ၏။ ထို့ပြင်လည်း တဦးတယောက်သော သူသည် ငါတို့ အပေါ်၌ စိတ်ပြစ်မှား၍ အပါယ်သို့လားရောက်မည်ဆိုက လားရောက်နိုင်လေရာ၏။ သို့ရကား ငါသည် ဤဘဒ္ဒါကာပိလာနီ ထေရီမိန်းမလှကို စွန့်ခွါသွားမှ သင့်လျော်လျောက်ပတ်သော့မည်”__

ဟု ကြံစည်ဆင်ခြင်တော်မူမိလေ၏။

(နှာ-၁၃၇)

မထေရ်မြတ်သည် ရှေ့မှ အစဉ်သဖြင့် ကြွသွားတော်မူလတ်သော် လမ်းနှစ်မြွှာကို တွေ့လတ်၍ ထိုလမ်းနှစ်မြွှာ၏ နှစ်ဖြာကွဲ၍ ခွဲရာအရပ်၌ တန့်ရပ်တော်မူလေ၏။ ဘဒ္ဒါထေရီမသည်လည်း နောက်မှလာလတ်၍ မထေရ်မြတ်ကို ရှိခိုးရပ်တည်လေ၏။ ထို နောက် မထေရ်မြတ်သည် ဘဒ္ဒါထေရီမကို “အို ဘဒ္ဒါထေရီ... သင်ကဲ့သို့သော မိန်းမလှတယောက် ငါ့နောက်မှ လိုက်ပါနေ သည်ကို မြင်ရလျှင် ‘ဤသူနှစ်ဦးတို့သည် ရဟန်းပြုပြီး၍လည်း တဦးနှင့်တဦး မခွဲခွါနိုင်ကြကုန်ဟု ကြံမှား၍ ငါတို့အပေါ်၌ စိတ်နေဖောက်ပြား ပြစ်မှားမိကြသော လူအပေါင်းသည် အပါယ်လေးပါး လားရောက်သည် ဖြစ်လေရာ၏၊ သို့ရကား ဤလမ်း နှစ်မြွှာတွင် သင်နှစ်သက်ရာ လမ်းတခုကို ယူလော့၊ ငါသည် သင်မလိုချင်သော အခြားလမ်းတခုဖြင့် သွားပါတော့အံ့”ဟု မိန့်တော်မူလေ၏။

ဘဒ္ဒါထေရီမသည်လည်း “အိမ်း...ဟုတ်ပါသည် အရှင်, ရဟန်းတိုအရာ မာတုဂါမမည်သည် အညစ်အကြေး ဖြစ်ပါသည်၊ “ရဟန်းပြုပြီး၍လည်း မခွဲခွာနိုင်ကြကုန်” ဟု အကျွန်ုပ်တို့ အပေါ်၌ လူအများ အပြစ်တင်ကြလိမ့်မည်၊ အရှင်တို့သည် လမ်း တခုကို ယူတော်မူကြပါ၊၊ အကျွန်ုပ်သည် အခြားလမ်းတခုကို ယူ၍ အကျွန်ုပ်တို့နှစ်ဦး ခွဲခွါကြပါကုန်စို့”ဟု ပြောဆို၍သုံးကြိမ်သုံးပတ် တိုင်တိုင် လက်ျာရစ်လှည့်ပြီးလျှင် ရှေ့, နောက်, ဝဲ, ယာ=လေးဌာန တို့၌ ငါးပါးသောတည်ခြင်းဖြင့် ရိုသေမြတ်နိုး ရှိခိုးပြီးနောက် လက်အုပ်ကို ချီးမြှောက်လျက် “ကမ္ဘာတသိန်းထက်က ပြုခဲ့ကြသော အဆွေခင်ပွန်း ချစ်ကျွမ်းဝင်မှုသည် ယနေ့ ပြတ်စဲလေပြီ”ဟု ပြောဆိုကာ“အရှင်မြတ်တို့သည် လက်ျာဇာတ် သူမြတ်တို့ ဖြစ်ကြပါသည်၊ သို့ရကား အရှင်တို့အား လက်ျာလမ်းခရီးသည် သင့်လျော်လျောက်ပတ်ပါ၏။ အကျွန်ုပ်တို့ မာတုဂါမများကား လက်ဝဲဇာတ်ရှိသူများ ဖြစ်ကြပါသည်။ သို့ရကား အကျွန်ုပ်တို့အား လက်ဝဲလမ်းခရီးသည် သင့်လျော်လျောက်ပတ်ပါ၏”ဟု ပြောဆို ရှိခိုးပြီးလျှင် လက်ဝဲလမ်းသို့ သွားရှာလေ၏။

(နှာ-၁၃၈)

ထိုအရှင်နှစ်ဦးတို့ လမ်းနှစ်ဖြာခွဲ၍ သွားကြသောအခါ၌ ဤ မဟာပထဝီမြေကြီးသည် “ငါ့ကား စကြဝဠာတောင် မြင်းမိုရ်တောင်တို့ကို ဆောင်၍ထားနိုင်သော်လည်း သင်အရှင်မြတ်နှစ်ဦးတို့၏ ဂုဏ်ကျေးဇူးတို့ကို ဆောင်ထားခြင်းငှါ မစွမ်းနိုင်တော့ပါ” ဟု နှုတ်မြွတ်၍ ပြောဆိုသကဲ့သို့ ပဲတင်သံကြီး မြည်ဟည်းလျက် သည်းစွာတုန်လှုပ်လေ၏။ ကောင်းကင်၌လည်း မိုးကြိုးထစ်သော အသံကဲ့သို့ ဖြစ်လေ၏။ စကြဝဠာတောင်, မြင်းမိုရ်တောင်များသည် (မြေငလျင်လှုပ်သဖြင့်) အထက်သို့ မြင့်၍မြင့်၍ တက်ကြလေ၏။

မြတ်စွာဘုရားနှင့် မထေရ်မြတ် တွေ့ဆုံခြင်း

ထိုအချိန်၌ မြတ်စွာဘုရားသည် ပဌမဝါကျွတ်ပြီးနောက် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူပြီး၍ (ထိုဘုရားဖြစ်သောနှစ်မှာပင်) ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်တော်၌ ကိန်းအောင်း မွေ့လျော် နေတော်မူဆဲဖြစ်၏။ (ကပိလဝတ်ပြည်သို့ ကြွတော်မမူ သေးမီ အချိန်ကာလဖြစ်သည်)။ ထိုအခါ မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတိုက်တော်ကြီးအတွင်း ဂန္ဓကုဋီကျောင်း ဆောင်တော်၌ သီတင်းသုံးနေထိုင်တော်မူစဉ် မဟာပထဝီမြေ လှုပ်သံကို ကြားတော်မူ၍ “အဘယ်သူ့အတွက် မဟာပထဝီ ဤမြေကြီး တုန်လှုပ်သနည်း”ဟု ဆင်ခြင်တော်မူသည် ရှိသော် “ပိပ္ပလိလုလင်နှင့် ဘဒ္ဒါကာပိလာနီအမျိုးသမီးတို့သည် ငါဘုရားကို ရည်ညွှန်း၍ မနှိုင်းရှည်နိုင်သော စည်းစိမ်ကို ရက်ရက်စွန့်ခွာကာ ရဟန်းပြုခဲ့ကြကုန်ပြီ၊ ထိုသူနှစ်ဦးတို့၏ ခွဲခွါရာအရပ်၌ နှစ်ဦးလုံးတို့၏ ဂုဏ်ကျေးဇူးအစွမ်းကြောင့် ဤမြေလှုပ်ခြင်းဖြစ်လေသည်။ ငါဘုရားသည်လည်း ထိုသူနှစ်ဦးတို့ကို သင်္ဂြိုဟ် ချီးမြှောက်မှုပြုမှ သင့်လျော်လျောက်ပတ်တော့မည်”ဟု ဆင်ခြင်တော်မူ၍ ဂန္ဓကုဋီကျောင်းဆောင်တော်မှ ထွက်ကြွတော်မူကာ ကိုယ်တော်တိုင်သာ သပိတ်, သင်္ကန်းကို ယူဆောင်တော်မူ၍ အသီတိသာဝကဝင် မထေရ်ကြီးတို့တွင် တပါးပါးကို နောက်ပါအဖြစ် ခေါ်တော် မမူပဲ ကိုယ်တော်တပါးတည်းသာ သုံးဂါဝုတ်ခရီးတိုင်အောင်

(နှာ-၁၃၉)

ကြိုဆိုမှု ပြုတော်မူ၍ ရာဇဂြိုဟ်ပြည်နှင့် နာလန္ဒာမြို့၏ အကြား ဗဟုပုတ္တက-မည်သော ပညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလေ၏။

အထူးအားဖြင့် ထိုသို့ ထိုင်နေတော်မူသော မြတ်စွာဘုရားသည် မထင်မရှား=အညတရ ပံသုကူဓုတင်ဆောင် ရဟန်းတပါးကဲ့သို့ ထိုင်နေတော်မမူပဲ ဘုရားရှင်ကို ရှေးက မဖူးမြင်ဘူးသော အရှင်မဟာကဿပမထေရ်၏ သဒ္ဓါတရား တိုးတက်ဖြစ်ပွါးစေခြင်းငှါ လက္ခဏာတော်ကြီးငယ်တို့ဖြင့် တင့်တယ်တောက်ပသည့် ပကတိဘုရာ့အသရေတို့ကို မဖုံးမကွယ်ပဲ အတောင်ရှစ်ဆယ် အရပ်တိုင်အောင် ထွန်းပြောင်တောက်ပသည့် တခဲနက်သော ဘုရားရောင်ခြည်တော်တို့ကို လွှတ်တော်မူကာ ထိုင်နေတော်မူလေသည်။ ဤသို့လျှင် ထိုခဏ၌ သစ်ရွက်ထီးခန့်, လှည်းဘီးခန့်, အထွတ်တပ်သော ပြာသာဒ်ခန့်-စသည် ပမာဏရှိကြသော ဘုရာ့ရောင်ခြည်တော်တို့သည် ဤမှ ထိုမှ တလျှပ်လျှပ် ပြေးသွားတော်မူကြလျက် လအထောင် နေအထောင် တပြောင်ပြောင် တက်ထွန်းသောအခါမှာကဲ့သို့ ပြုကြကာ ထိုတောအုပ်အလုံးကို တပြိုင်နက် ထွန်းပြောင်အောင် ပြုဆောင်တော်မူကြလေကုန်၏။ သို့ရကား တောအလုံးသည် သုံးဆယ့်နှစ်ပါးသော မဟာပုရိသ လက္ခဏာတော်တို့၏ အသရေတော်ဖြင့် ကြယ်တာရာတို့ဖြင့် တောက်ပြောင်သော မိုးကောင်းကင်ကို၎င်း, ကြာမျိုးငါးဖုံ အစုစုအရုံရုံ ပွင့်၍နေသော ရေအပြင်ကဲ့သို့၎င်း, အလွန်ပင် တင့်တယ်လေတော့၏။ ပညောင်ပင်၏ပင်စည်မည်သည် ပကတိအားဖြင့် ဖြူရမည်, အရွက်တို့မည်သည် ပကတိအားဖြင့် စိမ်းညို ရမည်, အရွက်ရင့်တို့မည်သည် ပကတိအားဖြင့် နီမြန်းကြရမည် ဖြစ်သော်လည်း ထိုနေ့မှာမူ အကြားမလပ်ဘုရားရောင်ခြည်တော်တို့ဖြင့် ထက်ဝန်းကျင် ရောပြွမ်း၍ နေရကား အခက်များစွာရှိသော ဗဟုပုတ္တက ပညောင်ပင်ကြီး တပင်လုံးသည် ရွှေရောင် အဆင်း ဝါဝင်းထိန်ဝေ၍သာ နေလေတော့၏။

(နှာ-၁၄၀)

အရှင်မဟာကဿပ မထေရ်သည် “ဤ အရှင်မြတ်သည်ပင် ငါ၏ဆရာ ဘုရားမြတ်စွာ ဖြစ်ပေလိမ့်မည်၊ ဤဘုရားမြတ်စွာကိုပင် ရည်ညွှန်း၍ ငါသည် ရဟန်းပြုခဲ့လေပြီ” ဟု ကြံစည်အောက်မေ့ကာ မြတ်စွာဘုရားရှင်ကို မြင်ရာအရပ်မှစ၍ မိမိကိုယ်ကို ညွှတ်လျက် ညွှတ်လျက် သွားရောက်ကာ အဝေးအရပ်မှ တကြိမ်, မနီးမဝေးအရပ်မှ တကြိမ်, အနီးအရပ်သို့ ရောက်သောအခါ တကြိမ် =ဤသို့ သုံးဌာန (အဝေး, မနီးမဝေး, အနီးအရပ်)တို့၌ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “သတ္တာ မေ ဘန္တေ ဘဂဝါ၊ သာဝကောဟမသ္မိံ=မြတ်စွာဘုရား...ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်၏ဆရာ ဖြစ်တော်မူပါပေ၏၊ အကျွန်ုပ်သည် တပည့်သာဝကဖြစ်ပါ၏, သတ္ထာ မေ ဘန္တေ ဘဂဝါ၊ သာဝကောဟမသ္မိ = မြတ်စွာဘုရား...ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်၏ဆရာ ဖြစ်တော်မူပါပေ၏၊ အကျွန်ုပ်သည် တပည့်သာဝကဖြစ်ပါ၏, သတ္ထာ မေ ဘန္တေ ဘဂဝါ၊ သာဝကောဟမသ္မိ = မြတ်စွာဘုရား...ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်၏ဆရာ ဖြစ်တော်မူပါပေ၏။ အကျွန်ုပ်သည် တပည့်သာဝက ဖြစ်ပါ၏” ဟု သုံးကြိမ်တိုင် နှုတ်မြွက်၍ တပည့်အဖြစ်ကို ခံယူလေ၏။

ထိုအခါ မြတ်စွာဘုရားသည် အရှင်မဟာကဿပမထေရ်ကို “ချစ်သားကဿပ... သင်ချစ်သားသည် ဤယခု အလွန်အမင်း ရိုသေခြင်းအမှုကို အကယ်၍ မဟာပထဝီမြေကြီးအား ပြုလုပ်လျှင် ထို မဟာပထဝီမြေကြီးသည် သင်ချစ်သား၏ ဤ အလွန်အမင်း ရိုသေခြင်းကို ဆောင်ထားနိုင်မည်မဟုတ်ချေ။ ရှေးဘုရားတို့အတူ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားအား ဤသို့ ဂုဏ်ကျေးဇူးကြီးမြတ်သည်ကို သိရှိသော သင်ချစ်သားက ပြုအပ်သော အလွန်အမင်း ရိုသေခြင်းအမှုသည် ငါဘုရား၏ မွေးညှင်းတပင်ကို မျှလည်း လှုပ်စေခြင်းငှါ မစွမ်းနိုင်ချေ၊ ချစ်သားကဿ...ထိုင်လော့၊ သင်ချစ်သားအား ငါဘုရားသည် အမွေကို ပေးပေတော့အံ့” ဟု မိန့်တော်မူ၏။ (ဤကား အင်္ဂုတ္တိုရ်အဋ္ဌကထာ ဧကက

(နှာ-၁၄၁)

နိပါတ် ဧတဒဂ္ဂဝဂ်အဖွင့် အံ၊ဋ္ဌ၊၁၊၁၄၂-နှင့် ထေရဂါထာ အဋ္ဌကထာ စတ္တာလီသနိပါတ် မဟာကဿပတ္ထေရဂါထာအဖွင့် ထေရဂါထာ၊ဋ္ဌ၊၂၊၄၄၃-တို့၌ ဖွင့်ပြပုံတည်း)။

နိဒါနဝဂ္ဂ ၅-ကဿပသံယုတ်၊ ၁၁-စီဝရသုတ် (ပိဋကတ် မြန်မာပြန် စာမျက်နှာ ၄၀၉)၌ကား ထိုသို့ အရှင်မဟာကဿပ မထေရ်က တပည့်ခံစကား သုံးကြိမ်တိုင် လေးနက်စွာ လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် အရှင်မဟာကဿပ မထေရ်ကို “ကဿပအကြင်သူသည် ဤကဲ့သို့ အလုံးစုံသော စိတ်နှင့် ပြည့်စုံသော တပည့်ကို မသိပါပဲလျက်လျှင် ‘ငါသိ၏’ ဟူ၍ မမြင်ပါပဲလျက်လျှင် ‘ငါမြင်၏’ဟူ၍ ဆိုငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်ကြွေကျရာ၏။ ကဿပ...ငါဘုရားသည်ကား သိတော်မူသောကြောင့်သာလျှင် ‘ငါသိ၏’ ဟူ၍ မြင်တော်မူသောကြောင့်သာလျှင် ‘ငါမြင်၏’ဟူ၍ ဆို၏”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူကြောင်း လာရှိသည်။

(ဤအရာ၌ ဆိုလိုရင်းမှာ မြတ်စွာဘုရားမှတပါး အခြား “မသိ မမြင်ပါပဲလျက် သိ၏ မြင်၏”ဟု ဝန်ခံသော သာသနာပြင်ပ ဗာဟိရက ဆရာတဦးဦးအား ဤသို့ အလုံးစုံသောစိတ်နှင့် ပြည့်စုံလျက် သဒ္ဓါရွှန်းစို ကြည်ညိုသောစိတ်ရှိသူ တပည့်သာဝကသည် ဤယခု အရှင်မဟာကဿပမထေရ် ပြုသော အလွန်အမင်း ရိုသေခြင်းကဲ့သို့သော အရိုအသေမှုကို ပြုလုပ်လျှင် ထိုသာသနာပြင်ပ ဗာဟိရကဆရာ၏ ဦးခေါင်းသည် အညာမှ ပြတ်ကြွေကျသော ထန်းသီးမှည့်ကဲ့သို့ လည်ပင်းမှ ဦးခေါင်းသည်လည်း ပြတ်ကြွေကျလေရာ၏၊ ခုနစ်စိတ် ခုနစ်မြွာ ကွဲလေရာ၏ဟု ဆိုလိုသည်။

ဤ၌ မြတ်စွာဘုရားရှင်၏ မိန့်ဆိုတော်မူလိုရင်းကို ရှင်းလင်းဖော်ပြရလျှင် အရှင်မဟာကသပမထေရ်သည် ဤယခု စိတ်၏ ကြည်ညိုခြင်းဖြင့် ဤအလွန်အမင်း ရိုသေခြင်းကို အကယ်၍များ မဟာသမုဒြာကြီးအား ပြုမည်ဆိုလျှင် မဟာသမုဒြာရေသည် လောလောပူသော သံအိုးကင်း၌ ထည့်အပ်သော ရေပေါက်ကဲ့သို့ ကျေပျောက်ခြင်းသို့ ရောက်လေရာ၏ အကယ်၍ စကြဝဠာတောင်ကြီးအား ပြုမည်ဆိုလျှင် စကြဝဠာတောင်ကြီးသည် ဖွဲ့ဆုပ်ပမာ ဖရိုဖရဲ ပြိုကွဲပျက်စီး၍ သွားလေရာ၏၊ အကယ်၍

(နှာ-၁၄၂)

မြင်းမိုရ်တောင်အား ပြုမည်ဆိုလျှင် မြင်းမိုရ်တောင်သည် ကျီးနှုတ်သီးဖြင့် ထိုးဆွဲအပ်သော မုန့်ညက်ကိုင်ဆုပ်ကဲ့သို့ ဖရိုဖရဲ ပျက်စီးလေရာ၏၊ အကယ်၍ မဟာပထဝီမြေကြီးအား ပြုလုပ်မည်ဆိုလျှင် မဟာပထဝီမြေကြီးသည် လေတိုက်ခတ်သော ပြာပုံကြီးပမာ ကြဲပြန့်၍ သွားလေရာ၏။ သို့စဉ်ကလောက် တန်ခိုးရောက်သော မထေရ်မြတ်၏ အရိုအသေပြုမှုသည် မြတ်စွာဘုရား၏ ခြေတော်ဖမိုးဝယ် မွေးညှင်းတော်ကိုလည်း မတုန်လှုပ်စေနိုင်။ အရှင်မဟာကသပမထေရ်တပါးကို ထားဘိဦးလော့၊ မထေရ်မြတ်နှင့် အလားတူသည့် ရဟန်းအထောင် ရဟန်းအသိန်းပင်သော်လည်း ရိုသေမှုကို ထင်ရှားပြုခြင်းဖြင့် မြတ်စွာဘုရား၏ ခြေတော်ဖမိုးဝယ် မွေးညှင်းတော်ကိုလည်း ဖောက်ပြန် တုန်လှုပ်စေခြင်းငှါ မစွမ်းနိုင်၊ ကိုယ်တော်မြတ်ဝတ်ရုံအပ်သည့် ပံသုကူ သင်္ကန်းဝယ် ချည်မျှင်ကလေး တမျှင်ကိုမျှလည်း မတုန်လှုပ်စေနိုင် ဤသို့လျှင် မြတ်စွာဘုရားရှင်က အာနုဘော် ကြီးမားတော်မူလှပါပေ၏)။

ဩဝါဒပဋိဂ္ဂဟဏ ရဟန်းအဖြစ်ကို ပေးတော်မူခြင်း၊

မြတ်စွာဘုရားသည် ရှေးဆိုအပ်ပြီးသောအတိုင်း အရှင်မဟာကဿပမထေရ်ကို “ချစ်သားကဿပ... ထိုင်လော့၊ သင်ချစ်သားအား ငါဘုရားသည် အမွေကို ပေးတော့အံ့”ဟု မိန့်တော်မူပြီးလျှင် (နိဒါနဝဂ္ဂ ၅-ကဿပသံယုတ်၊ ၁၁-စီဝရသုတ် ပိဋကတ် မြန်မာပြန် စာမျက်နှာ ၄၀၉-၌ လာရှိသောအတိုင်း)__

“ကဿပ...ထို့ကြောင့် ဤသာသနာတော်၌ သင်သည် သီတင်းကြီး သီတင်းငယ် သီတင်းလတ် ပုဂ္ဂိုလ်တို့၌ ငါ့အား ထက်စွာ ဟိရီ, ဩတ္တပ္ပကို ရှေးရှူထင်သည် ဖြစ်လတ္တံ့ဟု ဤသို့ ကျင့်ရမည် (၁)၊

ကဿပ...ထိုကြောင့် ဤသာသနာတော်၌ သင်သည် ကုသိုလ်နှင့်စပ်သော တရားအားလုံးကို နာအံ့၊ ထိုတရား အားလုံးကို အရိုအသေပြုကာ နှလုံးသွင်း၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာဆောင်၍ နားစိုက်လျက် တရားကို နာအံ့ဟူ၍ ဤသိုကျင့်ရမည် (၂)၊

(နှာ-၁၄၃)

ကဿပ...ထိုကြောင့် ဤသာသနာတော်၌ သင်သည် သုခနှင့်တကွဖြစ်သော ကာယဂတာသတိသည် ငါ့အားမစွန့်လတ္တံ့ ဟု ဤသို့ ကျင့်ရမည်”(၃)__

ဤအဆုံးအမ သြဝါဒသုံးပါးကို ပေးတော်မူလေသည်၊ ထိုဩဝါဒ သုံးပါးကို အရှင်မဟာကဿပ မထေရ်သည်လည်း ရိုသေစွာ ခံယူလေသည်။ ဤအဆုံးအမ သြဝါဒသုံးပါးသည်ပင် အရှင်မဟာကဿပ၏အတွက် ရှင်ပြုခြင်းလည်း ဖြစ်၏။ ရဟန်းခံခြင်းလည်း ဖြစ်၏။ ဤရဟန်းခံခြင်းမျိုးကို ဤသာသနာတော်၌ အရှင်မဟာကဿပမထေရ်တပါးသာ ရတော်မူ၏၊ ဤရဟန်းခံခြင်းမျိုးကို ဩဝါဒပဋိဂ္ဂဟဏ ဥပသမ္ပဒါဟု ခေါ်၏။

(ဤ၌။ ။ မြတ်စွာဘုရားရှင်သည် အရှင်မဟာကဿပမထေရ်အား ဤဩဝါဒသုံးရပ်ဖြင့် ရဟန်းပဉ္စင်းအဖြစ်ကို ပေးတော်မူ၏။ ထိုဩဝါဒ သုံးရပ်တို့တွင် (၁) အမှတ်ပြ ဩဝါဒ၌ ဆိုလိုရင်းမှာ“ချစ်သား ကဿပသင်ချစ်သားသည် သီတင်းကြီးပုဂ္ဂိုလ်=မိမိထက် အသက် သိက္ခာကြီးသောပုဂ္ဂိုလ်, သီတင်းငယ်ပုဂ္ဂိုလ်မိမိအောက် အသက် သိက္ခာ ငယ်သောပုဂ္ဂိုလ်, သီတင်းလတ်ပုဂ္ဂိုလ်=မိမိနှင့် အသက်သိက္ခာ တူညီသောပုဂ္ဂိုလ် = ဤသီတင်းသုံးဖော် သုံးမျိုးလုံး၌ပင် အလွန် ထက်သန်သော ဟိရီဩတ္တပ္ပ တရားနှစ်ပါးကို အလျင်လက်ဦး ဖြစ်ပွါး စေရမည် ထားရှိရမည်”ဟု ဆိုလိုရင်းဖြစ်၏။ ဤပဌမဩဝါဒကို အရှင်မဟာကသပမထေရ်မှာ ဗြာဟ္မဏဇာတ်ရှိသူ ဖြစ်သောကြောင့် ဇာတိ မာန်ကို ပယ်ဖို့ရန် ဟောကြားတော်မူသည်။

(၂) အမှတ်ပြ ဩဝါဒ၌ ဆိုလိုရင်းမှာ-“ချစ်သားကဿပသင် ချစ်သားသည် အပြစ်ကင်းသောတရားများကို တရားနာစဉ် ပြင်လွင် တခြား စိတ်မသွားစေဘဲ အစ အလယ် အဆုံး သုံးဌာနမှာပင် ပညာနား, ပသာဒနား နှစ်ပါးစိုက်ထောင်၍ ရိုသေစွာနာယူရမည်”ဟု ဆိုလိုရင်းဖြစ်သည်။ ဤဒုတိယဩဝါဒကို အရှင်မဟာကဿပမထေရ်မှာ ဗဟုသုတ= အကြားအမြင်များသူဖြစ်၍ ယင်းအကြားအမြင်များမှုကို အမှီပြု၍ ဖြစ်တတ်သော ငါတလူလူ မာန်မူမူကိုပယ်ဖို့ရန် ဟောကြားတော်မူသည်။

(၃) အမှတ်ပြ ဩဝါဒ၌ ဆိုလိုရင်းမှာ-“ချစ်သားကဿပ...သင် ချစ်သားသည် ကာယဂတာသတိိ, အာနာပါနအာရုံတို့၌ဖြစ်သည့် သုခ ဝေဒနာ ယှဉ်ဖက်ပါသော ပဌမဈာန် မိမိသန္တာန်၌ စွန့်ခွါ၍ မသွား

(နှာ-၁၄၄)

အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်ရမည်” ဟု ဆိုလိုရင်း ဖြစ်၏။ ဤတတိယသြဝါဒကို အရှင်မဟာကဿပမထေရ်မှာ ဥပဓိနှင့်ပြည့်စုံ တင့်တယ်သူဖြစ်၍ ယင်းဥပဓိနှင့်ပြည့်စုံမှုကို အမှီပြုကာ ဖြစ်ပေါ်လာမည့် မိမိကိုယ်ကို ချစ်ခင်တွယ်တာမှု တဏှာလောဘကို ပယ်ဖို့ရန် ဟောကြားတော်မူသည်)။

မြတ်စွာဘုရားသည် ဆိုအပ်ခဲ့သည့်အတိုင်း ဗဟုပုတ္တက ပညောင်ပင်ရင်း၌ အရှင်မဟာကဿပမထေရ်အား ဩဝါဒပဋိဂ္ဂဟဏရဟန်းအဖြစ်ကို ပေးတော်မူပြီးလျှင် ထိုညောင်ပင်ရင်းမှ ထွက်ကြွတော်မူခဲ့၍ မထေရ်မြတ်ကို နောက်ပါရဟန်း ပြုတော်မူကာ ခရီးကြွတော်မူလေ၏။ မြတ်စွာဘုရားကိုယ်တော်မှာ မဟာပုရိသလက္ခဏာတော်ကြီးသုံးဆယ့်နှစ်ပါးတို့ဖြင့် ဆန်းကြယ် တင့်တယ်တော်မူ၍ အရှင်မဟာကဿပမထေရ်၏ ကိုယ်တော်မှာ မဟာပုရိသလက္ခဏာတော် ခုနစ်ပါးတို့ဖြင့် တန်းဆာဆင်အပ် လျောက်ပတ် တင့်တယ်တော်မူလေသည်။ မထေရ်မြတ်သည် ရွှေလှေကြီး၏ နောက်တွဲ ရွှေလှေငယ်ပမာ မြတ်စွာဘုရားရှင်၏ နောက်သို့ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါခဲ့လေ၏။ မြတ်စွာဘုရားရှင် ခရီးအတန်ငယ် သွားမိပြီးသော် ခရီးမ (သွားမြဲ ခရီး) မှ ဖဲသက်၍ သစ်ပင်ရင်းတခု၌ ထိုင်တော်မူမည့် အခြင်းအရာကို ပြတော်မူလေ၏။ မထေရ်မြတ်သည် “မြတ်စွာဘုရားရှင် ထိုင်တော်မူလိုသည်” ဟု သိရှိကာ အပေါ်ရုံ (အလွန်နူးညံ့သော) ဒုကုဋ်သင်္ကန်းကြီးကို လေးခေါက်ပြုကာ ခင်းပြီးလျှင် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား...ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤနေရာ၌ ထိုင်တော်မူပါလော့၊ ယင်းသို့ မြတ်စွာဘုရားထိုင်တော်မူခြင်းသည် အကျွန်ုပ်၏အဖို့ရာ ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါး, ချမ်းသာအလို့ငှါ ဖြစ်လေရာပါ၏” ဟု လျှောက်ထားလေ၏။

သင်္ကန်းချင်း လဲတော်မူခြင်း

မြတ်စွာဘုရားသည် ထို လေးခေါက်သင်္ကန်းကြီး အခင်း၌ ထိုင်နေတော်မူပြီးလျှင် ထိုလေးခေါက်သင်္ကန်းကြီးကို ပဒုမာကြာ

(နှာ-၁၄၅)

ပွင့်အဆင်းရှိသော ရွှေလက်တော်ဖြင့် အစွန်အဖျားမှ သုံးသပ် ကိုင်တော်မူကာ “ချစ်သားကဿပ သင်ချစ်သား၏ ဤပုဆိုးဟောင်းဒုကုဋ်သင်္ကန်းကြီးသည် နူးညံ့လှစွာ့ကား”ဟု ချီးမွမ်း စကား မိန့်ကြားတော်မူလေ၏။

(ဤ၌။ ။ “အဘယ့်ကြောင့် ဤသို့ချီးမွမ်းစကား မိန့်ကြားတော် မူသနည်း”ဟူမူ-“မထေရ်မြတ်နှင့် သင်္ကန်းချင်း လဲလှယ်တော်မူလိုသောကြောင့် ဤသို့ချီးမွမ်းစကားမိန့်ကြားတော်မူ၏”ဟု ဖြေဆိုရာ၏။

“အဘယ်ကြောင့် သင်္ကန်းချင်း လဲလှယ်တော်မူလိုရသနည်း” ဟူမူ-“မထေရ်မြတ်ကို ကိုယ်တော်၌အရာ၌ ထားတော်မူလိုသောကြောင့် လဲလှယ်တော်မူလိုသည်”ဟု ဖြေဆိုရာ၏။

“ကိုယ်တော် အရာ၌ ထားတော်မူရန် အရှင်သာရိပုတ္တရာ) အရှင်မဟာမောဂ္ဂလာန်တို့ မရှိကြဘူးလော့” ဟု မေးဖွယ်ရှိပြန်၏။ အဖြေကား-မရှိမဟုတ် ရှိကြပါ၏။ သို့သော် မြတ်စွာဘုရား၏ စိတ်တော် အစဉ်ဝယ် ဤသို့ အကြံဖြစ်လေသည်။ ဖြစ်ပုံမှာ “ဤသာရိပုတ္တရာ, မောဂ္ဂလာန်တို့သည် ကြာမြင့်စွာ တည်ကြလိမ့်မည်မဟုတ်ကုန်၊ ငါဘုရား၏အလျင် ပရိနိဗ္ဗာန် စံကြလိမ့်မည်။ ကဿပသည်ကား အသက် နှစ်ပေါင်းတရာ့နှစ်ဆယ် ရှည်ပေလိမ့်မည်။ သူသည် ငါဘုရား ပရိနိဗ္ဗာန် ဝင်စံပြီးနောက် လေးလမြောက်ဝယ် စရည်းပင် ပေါက်ရောက်ရာလိုဏ်ဂူ၌ နေ၍ ဓမ္မ,ဝိနယ နှစ်ပါးကို သံဂါယနာတင်ပြီးလျှင် ငါဘုရား၏ သာသနာတော်ကို နှစ်ပေါင်းငါးထောင်ကာလ လည်နိုင် ဖြစ်နိုင်အောင် ပြုစုပေလိမ့်မည်ဟု သိမြင်တော်မူသောကြောင့် မထေရ်မြတ်ကို ကိုယ်တော့်အရာ၌ ထားတော်မူလျှင် ရဟန်းတို့သည် မထေရ်မြတ် အပေါ်၌ ရိုသေကျိုးနွံမှု ပြုကြပေလိမ့်မည်”ဟု ဆင်ခြင်တော်မူမိသဖြင့် မထေရ်မြတ်ကို ကိုယ်တော်၌အရာ၌ ထားတော်မူလိုရင်းဖြစ်သည်။ ယင်းသို့ မထေရ်မြတ်ကို ကိုယ်တော်အရာ၌ထားတော်မူလိုသောကြောင့် သင်္ကန်းချင်း လဲလှယ်တော်မူလိုသည်။ ထိုသို့ သင်္ကန်းချင်း လဲလှယ်တော်မူလိုသောကြောင့် ချီးမွှမ်းစကား မိန့်ကြားတော်မူလေသည်)။

သပိတ်၏ ဂုဏ်ကျေးဇူးကို ဖြစ်စေ, သင်္ကန်း၏ ဂုဏ်ကျေးဇူးကို ဖြစ်စေ တဦးဦးက ပြောဆိုအပ်လျှင် “ဤသပိတ်, ဤသင်္ကန်းကို အရှင်ဘုရားတို့အတွက် ခံယူတော်မူကြပါဘုရား” ဟု လျှောက်ထားခြင်းသည်ကား မထေရ်မြတ်၏ ပကတိ စာရိတ္တ ဖြစ်သည်

(နှာ-၁၄၆)

သို့ရကား မထေရ်မြတ်သည် “မြတ်စွာဘုရားကား ငါ၏ ဒုကုဋ် သင်္ကန်းကြီး = နှစ်ထပ်သင်္ကန်းကြီး၏ နူးညံ့ကြောင်းကို ချီးမွမ်း စကား မိန့်ကြားတော်မူသည်၊ ဝတ်ရုံတော်မူလိုသည် ဖြစ်ပေလိမ့်မည်” ဟု အရိပ်အခြည်ကို သိရှိတော်မူကာ “မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤဒုကုဋ်သင်္ကန်းကြီးကို ဝတ်ရုံတော်မူပါဘုရား” ဟု လျှောက်ထားလေ၏။ “ချစ်သား ကဿ...သင် ချစ်သားသည် အဘယ်သင်္ကန်းကို ဝတ်ရုံမည်နည်း” ဟု မြတ်စွာဘုရားရှင်က မေးမြန်း၍ “မြတ်စွာဘုရား အရှင်ဘုရားတို့ ဝတ်ရုံသောသင်္ကန်းကို ရပါမူ တပည့်တော်ဝတ်ရုံ ပါမည်ဘုရား” ဟု အရှင်မဟာကဿပမထေရ်က လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားကဿပ... သင်ချစ်သားသည် ငါဘုရား ဝတ်ရုံ၍ ဟောင်းနွမ်းလေပြီးသော ဤ ပံသုကူသင်္ကန်းကို ဝတ်နိုင်ပါမည်လော၊ မှန်၏-ငါဘုရား၏ ပံသုကူသင်္ကန်းကို ကောက်ယူသောနေ့၌ မဟာပထဝီ ဤမြေကြီးသည် ရေအဆုံးအပိုင်းအခြားရှိသည်ကို ပြုလျက် တုန်လှုပ်ခဲ့၏။ မြတ်စွာဘုရားရှင်တို့၏ ဤယခု သုံးဆောင်ပြီး၍ ဟောင်းနွမ်းလေသော သင်္ကန်းမည်သည်ကို ကျေးဇူးဂုဏ်နည်းပါးသော ပုဂ္ဂိုလ်သည် ဝတ်ရုံခြင်းငှါ မစွမ်းနိုင်၊ ပဋိပတ်အကျင့်ကို ဖြည့်ကျင့်နိုင် စွမ်းရှိသည့် ဇာတိပံသုကူဆောင် ပုဂ္ဂိုလ်မှသာ ခံယူထိုက်ပေသည်” ဟု မိန့်တော်မူကာ အရှင်မဟာကဿပ မထေရ်မြတ်နှင့် သင်္ကန်းချင်း လဲလှယ်တော်မူလေ၏။ ဤကဲ့သို့ သင်္ကန်းချင်း လဲလှယ်၍ မထေရ်မြတ်ဝတ်ရုံသော သင်္ကန်းကို မြတ်စွာဘုရားရှင် ဝတ်ရုံတော်မူလေ၏။ မြတ်စွာဘုရား၏ သင်္ကန်းကို မထေရ်မြတ် ဝတ်ရုံတော်မူလေ၏။ ထိုအခါ ဤမဟာပထဝီမြေကြီးသည် စိတ် စေတနာ မရှိပါပဲလျက် “မြတ်စွာဘုရား...အရှင်ဘုရားတို့သည် ပြုနိုင်ခဲ့သည်ကို ပြုတော်မူကြပါပြီ။ မိမိဝတ်ရုံပြီးသော သင်္ကန်းကို တပည့်သာဝကအား ရှေးကပေးအပ်ဘူးသောမည်သည် မရှိဖြစ်ပါသည်၊ အကျွန်ုပ်သည် အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးကို ဆောင်ထားခြင်းငှါ မစွမ်းနိုင်ပါ”ဟု လျှောက်ထားပြောဆိုသည့်အလား ရေအဆုံးအပိုင်းအခြားရှိသည်ကို ပြု၍ ပြင်းစွာတုန်လှုပ်လေ၏။

(နှာ-၁၄၇)

(၈) မထေရ်မြတ် တရားထူးရ၍ ဧတဒဂ်ဘွဲ့ထူးကို ရတော်မူခြင်း အကြောင်း

အရှင်မဟာကဿပ မထေရ်မြတ်သည်လည်း “ငါသည် ယခုအခါ၌ မြတ်စွာဘုရားရှင်တို့ သုံးဆောင်အပ်ပြီးသော သင်္ကန်းကို ရအပ်လေပြီ၊ ယခုအခါ ငါ့အဖို့ရာ အထက်ဖြစ်သော မဂ်ဖိုလ်အတွက် အဘယ်ပြုဖွယ်ရှိတော့အံ့နည်း=မရှိတော့ပြီ”ဟု သင်္ကန်းကို ရရုံမျှဖြင့် စိတ်တက်ကြွမှုကို ပြုတော်မမူပဲ မြတ်စွာဘုရားရှင်၏ အထံတော်မှာပင် ဓုတင်အကျင့် တဆယ့်သုံးပါးတို့ကို ကောင်းစွာ ကြည်ဖြူ ခံယူဆောက်တည်ပြီးလျှင် ရဟန်းတရား ပွါးများ ကြိုးကုတ် အားထုတ်တော်မူလေရာ ခုနစ်ရက်မျှသာ ပုထုဇန်အဖြစ်၌ တည်နေ၍ ရှစ်ရက်မြောက် အရုဏ်တက်သောအခါ၌ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော် မူလေ၏။

ဤအရှင်မဟာကဿပ မထေရ်မြတ်ကို စံနမူထားတော်မူကာ မြတ်စွာဘုရားသည် နိဒါနဝဂ္ဂ ကဿပသံယုတ်လာ များစွာသော တရားဒေသနာတို့ကို ဟောကြားတော်မူအပ်လေသည်။ (နိဒါနဝဂ္ဂ၊ ကဿပသံယုတ်မြန်မာပြန်မှ ကြည့်ရှုကြပါကုန်)။ .

မြတ်စွာဘုရားသည်လည်း “ကဿပေါ ဘိက္ခဝေ စန္ဒူပမော ကုလာနိ ဥပသင်္ကမတိ=ရဟန်းတို့... ကဿပမထေရ်သည် လနှင့် တူစွာ ကိုယ် စိတ်ကို ထိန်းချုပ်၍သာလျှင် အချင်းခပ်သိမ်း ဧည့်သည်ပမာဖြစ်၍ အမျိုးလေးပါး ဒကာများ၌ ကိုယ်,နှုတ်, စိတ် = သုံးပါး ကြမ်းကြုတ်မှုအလျှင်းမရှိပဲ ဒါယကာတို့သို့ ချဉ်းကပ်၏” ဤသို့ စန္ဒူပမသုတ္တန်အစရှိသော များစွာသော သုတ္တန်တို့ဖြင့် မထေရ်မြတ်ကို ချီးမွမ်းတော်မူ၍ နောက်အဖိုကာလဝယ် ဤ ကဿပသံယုတ်လာ မထေရ်မြတ်၏ ဓုတင်ပဋိပတ် စသည်တို့ကို အကြောင်းအဋ္ဌုပ္ပတ်ပြုပြီးလျှင် မထေရ်မြတ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓုတဝါဒါနံ ယဒိဒံ မဟာကဿပေါ = ရဟန်းတို့...ကိလေ

(နှာ-၁၄၈)

သာကို ခါတွက်ကြောင်း ကောင်းမြတ်သော ဓုတင်ပပတ် အကျင့်မြတ်ကို ကိုယ်တိုင်လည်း ကျင့်သုံး၍ သူတပါးတို့ကိုလည်း ဟောကြားပြသ ဆိုဆုံးမကြသော ငါဘုရား၏ တပည့်သားရဟန်းတို့တွင် မဟာကဿပ မထေရ်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏” __

ဟု ဧတဒဂ်ရာထူး၌ ထားတော်မူလေသတည်း။

ဤကား အရှင်မဟာကဿပမထေရ် အကြောင်းတည်း။

______

(၅) အရှင်အနုရုဒ္ဓါ မထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

ရှေးလွန်ခဲ့ပြီးသော ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူစဉ် အရှင်အနုရုဒ္ဓါအလောင်း သူတော်ကောင်းသည် အမည်အားဖြင့် မထင်ရှားသော သူကြွယ်တဦး ဖြစ်၍ နေမွန်းလွဲပြီးနောက်အခါ တရားနာရန် ကျောင်းတိုက်သို့ သွားရောက်ကြသော လူအပေါင်းနှင့် အတူတကွ လိုက်ပါခဲ့လေသည်။ သူကြွယ်သည် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုး၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်ကာ တရားတော်ကို နာယူလေ၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် တရားဒေသနာတော်ကို အနုသန္ဓေအတိုင်း ဆက်စပ်ဟောကြားတော်မူပြီးနောက် ရဟန်း တပါးကို ဒိဗ္ဗစက္ခုအဘိညာဏ်ရသောအရာဝယ် ဧတဒဂ်ဘွဲ့ထူး ရာထူး၌ ထားတော်မူလေ၏။

ထိုအခါ သူကြွယ်၏သန္တာန်ဝယ် “ဤရဟန်းကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် ဒိဗ္ဗစက္ခုအဘိညာဏ်ရသောအရာဝယ် ဧတဒဂ်ဘွဲ့ထူး ရာထူး၌ ထားတော်မူပေ၏၊ သို့ရကား ဤရဟန်းသည် သာလွန်မြင့်မြတ်စွာ့တကား၊ ငါသည်လည်း နောက်အခါ ပွင့်တော်မူမည့် တဆူဆူသော ဘုရားရှင်၏ သာသနာဝယ် ဒိဗ္ဗစက္ခု အဘိညာဏ်ရသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး(= ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ်) ဖြစ်ရပါမူ ကောင်းလေစွာ့”ဟု စိတ်

(နှာ-၁၄၉)

အကြံဖြစ်ပြီးလျှင် ပရိသတ်အကြားမှပင် မြတ်စွာဘုရား၏ အနီးသို့ သွားရောက်၍ မြတ်စွာဘုရားကို ရဟန်းသံဃာနှင့်တကွပင့်ဖိတ်ပြီး နောက်တနေ့၌ ဘုရားအမှူးရှိသော သံဃာတော်အား ကြီးစွာသော အလှူဒါနကို ပေးလှူပြီးလျှင် “ငါကား အလွန်ကြီးသော ရာထူး = ဌာနန္တရကို တောင့်တအပ်လေပြီ”ဟု ကြံစည်စဉ်းစားမိကာ ထိုနည်းအတိုင်းပင် “ယနေ့ ကောင်းမှုကုသိုလ်အလို့ငှါ ကြွတော်မူပါ, နက်ဖြန်ကောင်းမှု ကုသိုလ်အလို့ငှါ ကြွတော်မူပါ” ဟု နေ့စဉ်ရက်ဆက် ပင့်ဖိတ်ကာ ခုနစ်ရက်ပတ်လုံး ကြီးစွာသော အလှူဒါနကို ဖြစ်စေပြီးနောက် အခြံအရံ ရဟန်းတို့နှင့်တကွ မြတ်စွာဘုရားရှင်အား အလွန်မြတ်မွန်သော အဝတ်သင်္ကန်းတို့ကို လှူဒါန်းဆက်ကပ်၍__

“မြတ်စွာဘုရား ... အကျွန်ုပ်သည်၏ပူဇော်သက္ကာရမှုကို နတ်စည်းစိမ်ရဖို့ရန်လည်း ပြုသည်မဟုတ်ပါ၊ လူ့စည်းစိမ် ရဖို့ရန်လည်း ပြုသည်မဟုတ်ပါ။ စင်စစ်သော်ကား အရှင်ဘုရားတို့သည် ဤယခုနေ့မှအထက် လွန်ခဲ့သော ခုနှစ်ရက်က အကြင်ရဟန်းတော်တပါးကို ဒိဗ္ဗစက္ခုအဘိညာဏ် ရသောအရာဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူခဲ့ပါပြီ၊ အကျွန်ုပ်သည်လည်း နောက်အခါ တဆူဆူသောဘုရားရှင်၏ သာသနာဝယ် ဤရဟန်းကဲ့သို့ပင် ဒိဗ္ဗစက္ခုအဘိညာဏ်ရသော ရဟန်းတိုအနက် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်ရပါလို၏”__

ဟု ဆုတောင်းပတ္ထနာမှု ပြုပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်း၍ နေလေ၏။ မြတ်စွာဘုရားရှင်သည် အနာဂတ်ကို ရှုကြည့်တော်မူလတ်သော် ထိုသူကြွယ်၏ ဆုတောင်းပြည့်မည့် အကြောင်းကို ကောင်းစွာ သိမြင်တော်မူ၍ “ဒါယကာ...နောက်အခါဝယ် ကမ္ဘာတသိန်းအဆုံး၌ ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်ထွန်းပေလိမ့်မည်၊ ထိုမြတ်စွာဘုရား၏ သာသနာဝယ် သင်သည် ဒိဗ္ဗစက္ခု အဘိညာဏ်ရသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံးဖြစ်သည့် အနုရုဒ္ဓါမထေရ်အမည်ရှိသူ ဖြစ်လိမ့်

(နှာ-၁၅၀)

မည်” ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၍ ဆွမ်းအနုမောဒနာ တရားဟောကြားပြီးလျှင်ကျောင်းတိုက်တော်သို့ပင် ပြန်ကြွတော် မူလေ၏။

သူကြွယ်သည်လည်း မြတ်စွာဘုရား သက်တော်ထင်ရှားရှိသမျှ ကာလပတ်လုံး ကုသိုလ်ကောင်းမှုကို ပြုလုပ် အားထုတ်ပြီးလျှင် ပဒုမုတ္တရ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ခုနစ်ယူဇနာရှိသော ရွှေစေတီကြီး တည်ပြီးလတ်သော် ရဟန်း သံဃာသို့ ချဉ်းကပ်၍ “အရှင်တို့ဘုရား...ဒိဗ္ဗစက္ခု အဘိညာဏ်၏ ရရန်အကြောင်း ပရိကံကောင်းမှုကား အဘယ်ပါနည်း” ဟူ၍ မေးလျှောက်လေ၏။ ရဟန်းသံဃာတော် အရှင်မြတ်များက “ဒါယကာ...ဆီမီးအလှူကို ပေးလှူရန် သင့်ပေ၏”ဟု မိန့်ကြားလေလျှင် “ကောင်းပါပြီ အရှင်ဘုရားတို့...ဆီမီးအလှူဒါနကို ပြုလုပ်ပါအံ့”ဟု လျှောက်ထား၍ ရှေးဦးစွာ တပင်တပင်လျှင် ဆီမီးတိုင် တထောင်စီ တထောင်စီ ပါရှိသော ဆီမီးတိုင်သစ်ပင်ကြီးပေါင်း တထောင် ပြုလုပ်စေကာ လှူဒါန်းလေ၏။ ထိုဆီမီးတိုင် သစ်ပင်ကြီးပေါင်း တထောင်၏ အခြားမဲ့၌ ထိုအောက်ငယ်သည့် ဆီမီးတိုင် သစ်ပင်လတ်တို့ကို၎င်း, ထိုဆီမီးတိုင် သစ်ပင်လတ်တို့၏ အခြားမဲ့၌ ထိုအောက်ငယ်သော ဆီမီးတိုင် သစ်ပင်ငယ်တို့ကို၎င်း၊ ပြုလုပ်စေကာ လှူဒါန်းလေ၏၊ ဤသို့လျှင် ထောင်ပေါင်းများစွာသော ဆီမီးတိုင်သစ်ပင်ကို လှူဒါန်းသည့်ပြင် ကြွင်းသောဆီမီးတို့သည်ကား မရေမတွက်နိုင်အောင်ပင် များလှစွာကုန်၏။

ကဿပမြတ်စွာ စေတီတော်အား ဆီမီးလှူပြန်ခြင်း

ဤသို့လျှင် အရှင်အနုရုဒ္ဓါအလောင်း ထိုသူကြွယ်သည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုလုပ်၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်လျက် ကမ္ဘာတသိန်းကာလကို လွန်မြောက်၍ ဤဘဒ္ဒကမ္ဘာ ကဿပမြတ်စွာဘုရား လက်ထက်တော်အခါဝယ် ဗာရာဏသီပြည်၌ သူကြွယ်ပင်ဖြစ်လတ်၍ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် တယူဇနာရှိသော စေတီတော်ကြီး တည်ပြီး

(နှာ-၁၅၁)

လတ်သော် ရွှေခွက်ပေါင်းများစွာတို့ကို သွန်းခုတ် ပြုလုပ်စေ၍ ထောပတ်ကြည်အပြည့် ရွှေခွက်တိုင်းထည့်ပြီးလျှင် ရွှေခွက်တိုက် အလယ်၌ တင်လဲခဲကို တည်ထားလျက် မီးညှိပြီးသော် စေတီတော် ပတ်ဝန်းကျင်၌ ရွှေခွက်အနားရေးချင်း ထိစေကာ ဆီမီးပူဇော်သည့်ပြင် မိမိအတွက်လည်း အကြီးဆုံးသော ရွှေခွက်ကြီးတခွက် သွန်းခုတ်ပြုလုပ်စေပြီးနောက် ထောပတ်ကြည်အပြည့်ပင် ထည့်ပြီးလျှင် ထိုရွှေခွက်ကြီး၏ အနားရေးပတ်ပတ်လည်၌ ဆီမီးစာပေါင်း တထောင် ထွန်းညှိစေ၍ အလယ်တည့်တည့် ဆီမီးစာအတွက်ကိုမူ ပုဆိုးကြမ်းဖြင့် ရစ်ပတ်ထွန်းညှိစေပြီးလျှင် ထိုဆီမီးထောင်ပြည့် ထွန်းညှိထားသော ရွှေခွက်ကြီးကို ဦးခေါင်းဖြင့် ရွက်သယ်ကာ ညဉ့်သုံးယံပတ်လုံး တယူဇနာရှိသော စေတီတော်ကြီးကို လှည့်လည်ပူဇော်လေ၏။ ဤနည်းဖြင့် ထိုဘဝမှာလည်း အသက်ရှည်သမျှ ကာလပတ်လုံး ကုသိုလ်ကောင်းမှုပြုလုပ်၍ ထိုဘဝမှ စုတေသောအခါ နတ်ပြည်၌ ဖြစ်လေ၏။

အန္နဘာရ ဘဝ

တဖန် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ ဗာရာဏသီပြည်မှာပင် သူဆင်းရဲမျိုး၌ ပဋိသန္ဓေတည်ယူနေ၍ သုမန-အမည်ရှိသော ဗာရာဏသီသူဌေးကြီးကို အမှီပြု၍ နေ၏။ ထိုဆင်းရဲသား၏ အမည်မှာ “အန္နဘာရ” အမည် ရှိလေသည်။ သုမနသူဌေးကြီးသည်ကား နေ့စဉ် နေ့တိုင်းပင် အထီးကျန်သော သူများ ခရီးသွားများ, ဖုန်းတောင်းယာစကာများအား မိမိအိမ် တံခါးဝ၌ ကြီးစွာသောအလှူဒါနကို ပေးလှူလေသည်။

တနေ့သ၌ ဥပရိဋ္ဌ-အမည်တော်ရှိသော ပစ္စေကဗုဒ္ဓါအရှင်မြတ် တဆူသည် ဂန္ဓမာဒနတောင်၌ နိရောဓသမာပတ်ကို ၀င်စား၍ ထိုသမာပတ်မှ ထလတ်သော် “ငါသည် ယနေ့ အဘယ်သူ့အား ချီးမြှောက်ရပါမည်နည်း” ဟု စူးစမ်း ဆင်ခြင်တော်မူလေ၏။ အထူးအားဖြင့်ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့မည်သည် သူဆင်းရဲတို့ကို အလွန်သနားတော်မူတတ်ကြကုန်၏။ သို့ရကား ဥပရိဋ္ဌ ပစ္စေက

(နှာ-၁၅၂)

ဗုဒ္ဓါအရှင်မြတ်သည်“ယနေ့ ငါသည် အန္နဘာရ ဆင်းရဲသားအား ချီးမြှောက်မှုကို ပြုမှသင့်မည်” ဟု ကြံစည်တော်မူ၍ “ယခုအခါ အန္နဘာရ ဆင်းရဲသားသည် တောအုပ်မှ မိမိအိမ်သို့ ပြန်လာ တော့မည်”ဟု သိရှိတော်မူကာ သပိတ်, သင်္ကန်းကို ယူဆောင်၍ ဂန္ဓမာဒနတောင်မှ ကောင်းကင်သို့တက်ကြွကာ ရွာတံခါးဝဝယ် အန္နဘာရဆင်းရဲသား၏ မျက်မှောက်၌ ရှေးရှုမတ်မတ် ရပ်တည်တော်မူလာ၏။

အန္နဘာရသည် ပစ္စေကဗုဒ္ဓါအရှင်မြတ် အချည်းနှီး (ဆွမ်း မပါ)သော သပိတ်ကို လက်စွဲလျက် ကြွလာသည်ကို မြင်လတ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် “အရှင်ဘုရား...အရှင်မြတ်တို့သည် ဆွမ်း ရတော်မူကြပါ၏လော” ဟု မေး၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်က “ရကြပါလိမ့်မည် ဒါယကာ...”ဟု မိန့်တော်မူလေလျှင် “အရှင်ဘုရား အတန်ငယ်မျှ ဤနေရာဝယ် ရပ်တည်တော်မူနှင့်ကြပါဦး ဘုရား”ဟု လျှောက်ထား၍ လျင်မြန်စွာသွားပြီးလျှင် မိမိအိမ်၌ အိမ်ရှင်မကို “အိုရှင်မ...ငါ့အတွက်တာ ချန်ထားသော ဝေပုံကျ ထမင်း ရှိသလော, မရှိဘူးလော” ဟု မေးလေ၏။ အိမ်ရှင်မက “ရှိပါသည် အရှင်...”ဟု ပြန့်ကြားပြောဆိုလေလျှင် ထိုနေရာမှပင် တဖန်ပြန်လာ၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ လက်မှ သပိတ်ကို ယူဆောင်ပင့်ခဲ့၍ အိမ်သို့ရောက်လျှင် “အိုရှင်မ... ငါတို့သည် ရှေးဘဝက ကုသိုလ်ကောင်းမှု မပြုခဲ့ကြသောကြောင့် ထမင်းအတွက် တတောင့်တတ နေထိုင်ကြရကုန်၏၊ ငါတို့အဖို့ရာ လှူလိုသောစေတန်နာ ရှိပါသော်လည်း လှူဖွယ်ဝတ္ထုက မရှိပဲ ဖြစ်တတ်၏။ လှူဖွယ်ဝတ္ထုရှိပြန်ပါသော်လည်း အလှူခံပုဂ္ဂိုလ်ကို မရပဲ ရှိကြကုန်၏။ ယနေ့ ငါသည် ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ဖူးတွေအပ်လေပြီ၊ ငါ့အဖို ဝေပုံကျ ထမင်းကလည်း ရှိနေ၏။ ငါ့အဖို့ ဝေပုံကျ ထမင်းကို ဤသပိတ်၌ လောင်းထည့်လိုက် လော့”ဟု ပြောဆိုလေ၏။

လိမ္မာလှစွာသော အိမ်ရှင်မသည် “ငါအရှင်သည် မိမိအဖို ဝေပုံကျထမင်းကို ပစ္စေကဗုဒ္ဓါအရှင်မြတ်အား လှူဒါန်းရကား

(နှာ-၁၅၃)

ငါသည်လည်း ဤ အလှူဒါန၌ အဖို့ ဝေစုရသူ ဖြစ်သင့်၏”ဟု ကြံစည်စဉ်းစားကာ မိမိ၏အဖို့ဝေစုထမင်းကိုပါ ဥပရိဋ္ဌ ပစ္စေက ဗုဒ္ဓါအရှင်မြတ်၏ သပိတ်၌ ထည့်လှူလိုက်လေ၏။ အန္နဘာရသည် သပိတ်ကို ယူဆောင်ခဲ့၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ လက်၌ ဆက်ကပ်လှူဒါန်းပြီးသော် “အရှင်ဘုရား...တပည့်တော်များသည် ဤကဲ့သို့သော ဆင်းရဲပင်ပန်းစွာ အသက်ရှင်ရခြင်းမှ လျင်မြန်စွာ လွတ်မြောက်ကြရပါလိုကုန်၏” ဟု ဆုပန်စကား လျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်သည်လည်း “ဘုန်းကံကြီးမားသော ဒါယကာ၏သင်ယခု ဆုတောင်းသည့်အတိုင်း ဖြစ်ပါစေသတည်း” ဟု ဆုညွှန်းစကား မိန့်ကြားတော်မူလေ၏။

အန္ဒဘာရသည် မိမိ၏ အပေါ်ရုံအဝတ်ကို တနေရာ၌ ခင်းပြီးလျှင် “အရှင်ဘုရား... ဤနေရာ၌ ထိုင်၍ ဘုဉ်းပေးတော်မူကြပါ ဘုရား”ဟု လျှောက်ထားပြန်လေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် အန္နဘာရ ခင်းပေးသောနေရာ၌ ထိုင်၍ (၁-ဆွမ်းခံသွားရခြင်း-ဂမန, ၂-ရှာမှီးရခြင်း–ပရိယေသန, ၃-သုံးဆောင်ခြင်း-ပရိဘောဂ, ၄-အခြားစီဖြစ်တတ်သော သလိပ် သည်းခြေ သွေး ပြည် ဟူသော-အာသယ, ၅- စု၍ တည်နေရာ အစာသစ်အိမ် ဟူသော-နိဓာန, ၆-မကျက်မကြေသေးခြင်း-အပရိပက္က, ၇-ကြေကျက်ပြီးခြင်း-ပရိပက္က, ၈-အကျိုးရင်း-ဖလ(နှင့်)ထိုမှဤမှ ယိုစီး စိမ့်ထွက်သော အကျိုးဆက်-နိဿန္ဒ, ၉-လူးလည်းခြင်း-မက္ခန ဤသို့) ကိုးပါးအပြားရှိသော စက်ဆုပ်ဖွယ်သဘောကို ဆင်ခြင်၍ ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။ ။ (ဤ၌-အကျိုးရင်း-ဖလ နှင့် အကျိုးဆက်-နိဿန္ဒတို့ကို တခြားစီ ယူလျှင် အခြင်းအရာ ဆယ်ပါး ဖြစ်၏။ ထို ကိုးပါး, ဆယ်ပါး အခြင်းအရာအားဖြင့် စက်ဆုပ်ဖွယ် သဘောကို ဆင်ခြင်ပုံကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ အာဟာရေပဋိကူလသညာအဖွင့်နှင့် အထူးအားဖြင့်မဟာဝိသုဒ္ဓါရာမဆရာတော်ဘုရားကြီး ရေးသားတော်မူသော ပရမတ္ထသရူပဘေဒနီကျမ်း ကမ္မဋ္ဌာန်းပိုင်း (ဘေဒနီ ၂၊ မျက်နှာ ၃၇၂) အာဟာရေပဋိကူလသညာ အခဏ်း၌ လေ့လာ မှတ်ယူရာ၏။)

(နှာ-၁၅၄)

ပစ္စေကဗုဒ္ဓါအရှင်မြတ် ဆွမ်းဘုဉ်းပေးပြီးသောအခါ အန္နဘာရသည် သပိတ်ဆေးရေကို ဆက်ကပ်လေသည်။ ဥပရိဋ္ဌပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးလတ်သော်__

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ သဗ္ဗမေ၀ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။

တုယှံ = သင်၏။ ဣစ္ဆိတံ = အလိုရှိအပ်သော။ ပတ္ထိတံ = တောင့်တအပ်သော။ သဗ္ဗမေဝ = ခပ်သိမ်း ဥဿုံ အလုံးစုံသည်ပင်။ သမိဇ္ဈတု = ပြည့်စုံစေသတည်း။ ပန္နရသော စန္ဒော ယထာ=ပက္ခဆန်းတက် ဆယ့်ငါးရက်ဝယ် စက်ပုံတင်ရွှန်း လပြည့်ဝန်းကဲ့သို။ တုယှံ = သင်၏။ သဗ္ဗေ= ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော။ သင်္ကပ္ပ= စိတ်ဝယ်ကြံဆ ကောင်းမြတ်သော အကြံအစည်ဟူသမျှသည်။ ပူရေန္တု = ပြည့်ပါစေကုန်သတည်း__”ဟု

အနုမောဒနာမှု ပြုတော်မူပြီးလျှင် ခရီးဆက်ကာ ကြွသွားတော်မူလေ၏။

နတ်သမီး ကောင်းကြီးပေးခြင်း

ထိုအချိန်ဝယ် သုမနသူဌေးကြီး၏ ထီးချက်စောင့်နတ်သမီးသည် “အဟော ဒါနံ ပရမဒါနံ၊ ဥပရိဋ္ဌေ သုပတိဋ္ဌိတံ = သြ... အလွန်မြတ်သည့် အလှူဒါနကို ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ အရှင်မြတ်၌ ကောင်းစွာ တည်ထားအပ်လေပြီတကား” ဟု သုံးကြိမ်တိုင်တိုင် ဥဒါန်းစကား မြွက်ဆိုကြား၍ ကောင်းကြီးပေးလေ၏။ သုမန သူဌေးကြီးသည် “ဟယ် နတ်သမီး...သင်သည် ဤမျှ ကာလရှည်လျားစွာ အလှူဒါန ငါပေးလှူနေသည်ကို မမြင်ဘူးလော” ဟု မေးလေ၏။ နတ်သမီးက “အို သူဌေးမင်း...ငါသည် သင်၏ အလှူဒါနအတွက် သာဓုကောင်းကြီးပေးသည်မဟုတ်၊ အန္နဘာရ ဆင်းရဲသားက ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ အရှင်မြတ်အား လှူဒါန်းအပ်သော ဆွမ်းအတွက် သဒ္ဓါကြည်ညိုလှ၍ သာဓု ကောင်းကြီး ငါပေးပေသည်” ဟု ဆိုလေလျှင် သုမနသူဌေးကြီးသည် “သြ...

(နှာ-၁၅၅)

ဤဖြစ်ရပ်ကားအံ့ဖွယ်ရှိစွာ့၊ ငါသည် ဤမျှကာလရှည်လျားစွာ အလှူဒါနကို ပေးလှူရပါလျက် နတ်များကို သာဓုကောင်းကြီး ပေးစေခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ ဤ အန္နဘာရ ဆင်းရဲသားကား ငါ့ကို အမှီပြု၍ နေရသူဖြစ်ပါလျက် လျောက်ပတ်သော အလှူခံ ပုဂ္ဂိုလ်ကို ရရှိအပ်လေသောကြောင့် ဆွမ်းတကြိမ် လှူဒါန်းခြင်းဖြင့်ပင် ကောင်းကြီးပေးစေနိုင်ခဲ့လေပြီ၊ ဤအန္နဘာရဆင်းရဲသားအား သင့်လျော်လျောက်ပတ်သော ဥစ္စာကို ပေး၍ သူလှူသော ဆွမ်းကို ငါ့ဥစ္စာဖြစ်အောင်ပြုမှ သင့်တော့မည်”ဟု ကြံစည်ပြီးလျှင် အန္နဘာရကို ခေါ်စေ၍ “သင်သည် ယနေ့ တဦးတယောက်အား တစုံတရာ လှူဖွယ်ဝတ္ထုကို ပေးလှူအပ်သလော” ဟု မေးလေ၏။ အန္နဘာရ ဆင်းရဲသားက “ပေးလှူအပ်ပါသည် အရှင်သူဌေးမင်း..၊. အကျွန်ုပ်သည် ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ အရှင်မြတ်အား မိမိ၏ ဝေပုံကျထမင်းကို ပေးလှူအပ်ပါသည်” ဟု ပြောဆိုလေလျှင် သုမနသူဌေးကြီးသည် “အမောင် အန္နဘာရ....ကိုင်း- ရော့= ယူလော့၊ အသပြာတကျပ်ကို ယူပြီးလျှင် အမောင် လှူအပ်သော ထိုဆွမ်းကို ငါ့အားပေးပါလော့” ဟု တောင်းဆိုလေ၏။

အန္နဘာရဆင်းရဲသားက“အရှင်သူဌေးမင်း...မပေးနိုင်ပါ”ဟု ငြင်းပယ်လတ်သော် သုမနသူဌေးကြီးသည် အသပြာတထောင် တိုင်အောင် တိုးတက်၍ ပေးလေ၏။ အန္နဘာရဆင်းရဲသားကမူ “အသပြာတထောင်ဖြင့်လည်း မပေးနိုင်ပါ” ဟူ၍ ပယ်မြဲပယ် လေ၏။ ထိုအခါ သုမနသူဌေးကြီးသည် ဝယ်ယူရန်အတွက် လက်လျော့ကာ “အမောင်အန္နဘာရ ... ထိုဆွမ်းကို အမောင် မပေးနိုင်လျှင် ရှိပါစေ၊ အသပြာတထောင်ကို အမောင်လက်ခံ ယူပြီးလျှင် ထို ဆွမ်းအလှူ ကုသိုလ်ကောင်းမှု အဖို့အစုကို ငါ့အား ပေးပါလော့” ဟု တောင်းဆိုပြန်လေ၏။ အန္နဘာရ ဆင်းရဲသားသည် “ဤ ကုသိုလ်ကောင်းမှု အဖို့အစုကို ပေးသင့် မပေးသင့်ကိုလည်း အကျွန်ုပ် ကွဲကွဲပြားပြား မသိပါ။ စင်စစ်သော်ကား အကျွန်ုပ်သည် ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို မေးပြီးမှ ပေးသင့်သည်ဆိုလျှင် ပေးပါမည်” ဟု ပြောဆို၍

(နှာ-၁၅၆)

ပစ္စေကဗုဒ္ဓါ အရှင်မြတ်နောက်သို့ အပြေးလိုက်ကာ မှီလတ်သော အခါ “အရှင်ဘုရား... သုမနသူဌေးကြီးက အကျွန်ုပ်အား အသပြာ တထောင်ပေးပြီးလျှင် အရှင်မြတ်တို့အား လှူဒါန်းအပ်သော ဆွမ်း၌ ကုသိုလ်ကောင်းမှု အမျှဝေစုကို တောင်းနေပါသည်။ ပေးရပါမည်လော, မပေးရပါမည်လောဘုရား”ဟု လျှောက်ထားလေ၏။ ထိုအခါ ပစ္စေကဗုဒ္ဓါအရှင်မြတ်က__

“ပညာရှိ... သင့်အဖို့ရာ ဥပမာတခုကို ပြုဆောင်ပေအံ့၊ ဥပမာအားဖြင့် အိမ်ခြေတရာရှိသော ရွာဝယ် အိမ်တအိမ်သာလျှင် ဆီမီးညှိထွန်းထားသည် ဆိုကြပါစို့၊ ကျန်သော (၉၉) ကိုးဆယ့်ကိုးအိမ်တို့က မိမိ, မိမိ၏ ဆီများဖြင့် ဆီမီးစာများကို ဆွတ်ကြ၍ မီးဆက်ညှိကြကာ ယူကြလေလျှင် ရှေးရှိရင်းစွဲဆီမီး၏ အရောင်အလင်းသည် ရှိမြဲရှိသလော၊ သို့မဟုတ် မရှိပဲ ယုတ်လျော့၍ သွားသလော”__

ဟု မေးလေလျှင် အန္နဘာရသည် “အရှင်ဘုရား...ယုတ်လျော့၍ မသွားပါ၊ အရောင်အလင်းသည် ရှေးကထက်တိုးတက်၍ ဖြစ်ပွါး ပါသည်ဘုရား” ဟု လျှောက်ထားလေ၏။ ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်__

“ပညာရှိ-ဤအတူပင် တယောက်ချိုမျှသော ယာဂု ပင်ဖြစ်စေ၊ တယောက်မမျှသော ဆွမ်းပင်ဖြစ်စေ မိမိ လှူဒါန်းအပ်သော ဆွမ်းအလှူ၌ သူတပါးတို့အား ကုသိုလ်ကောင်းမှု အဖို့အစုကို ပေးဝေသော အလှူရှင်၏ အဖို့ရာ အခြားလူတရာအားပင် ပေးသည်ဖြစ်စေ၊ လူတထောင် အားပင် ပေးသည်ဖြစ်စေ အကြင်မျှလောက်သောသူတို့အား ပေး၏။ ထိုမျှလောက်သောသူတို့၏အဖို့ ကုသိုလ် ကောင်းမှုတရား တိုးပွါးသည်သာ ဖြစ်၏။ ယခု သင်က ဆွမ်းလှူရာမှာ ဆွမ်းတခုကိုသာ လှူခဲ့လေပြီ၊ အကယ်၍ သုမနသူဌေးကြီးအား သင်က ကုသိုလ်ကောင်းမှု အဖို့ ဘာဂ အမျှပေးအပ်သည်ရှိသော် သင့်အတွက် ဆွမ်းအလှူ

(နှာ-၁၅၇)

ဒါန (ရှိရင်းစွဲ) တခု သုမနသူဌေးကြီးအတွက် ဆွမ်း အလှူဒါန (ကုသိုလ်ပွါး) တခု =ဤသို့အားဖြင့် ဆွမ်းအလှူဒါနနှစ်ပါးတို့ ဖြစ်ကြလေကုန်၏”__

ဟု ရှင်းလင်းစွာ ဖြေကြားတော်မူလေ၏။

အန္နဘာရဆင်းရဲသားသည် သံသယကင်းပြတ် အားရကျေနပ်ကာ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ရိုသေမြတ်နိုး ရှိခိုးပြီးနောက် သုမနသူဌေးကြီးထံသို့ သွားရောက်ပြီးလျှင် “အရှင်သူဌေးမင်း…. အကျွန်ုပ်၏ ဆွမ်းအလှူဒါန ကုသိုလ်ကောင်းမှု အဖို့အစုကို ယူတော်မူပါလော့” ဟု ဝမ်းမြောက်ဝမ်းသာ ပတ္တိဒါန အမျှပေးစကား ပြောကြားလေ၏။ ထို့နောက် ဆက်၍ သုမနသူဌေးကြီးနှင့် အန္နဘာရဆင်းရဲသားတို့ စကားအတုံ့အလှယ် ပြောဆို ကြသည်မှာ__

(သူဌေး) ကိုင်း-အမောင်...ရော့ အသပြာတထောင်ကို အမောင်ယူလေဗျာ့။

(အ) အရှင်သူဌေးမင်း... အကျွန်ုပ်သည် ဆွမ်းကို ရောင်းသည်မဟုတ်ပါ၊ စင်စစ်သော်ကား သဒ္ဓါတရား ကြီးမားစွာဖြင့် အရှင်သူဌေးမင်းတို့အား ကုသိုလ်ကောင်းမှု အဖို့ဘာဂကို အမျှပေးပါသည်။

(သူဌေး) အမောင်... အမောင်က ငါ့အား သဒ္ဓါ တရား ကြီးမားစွာဖြင့် ကုသိုလ်ကောင်းမှု အဖို့ဘာဂကို အမျှပေးပေ၏။ ငါတမူကား သင်၏ ဂုဏ်ကျေးဇူးကို ပူဇော်လိုသည်ဖြစ်၍ အသပြာတထောင် ပေးပါ၏။ ယူသာယူပါ အမောင်__

ဤသို့ ပြောဆိုသောအခါ အန္နဘာရသည် “ကောင်းပါပြီ ရှိပါစေတော့ အရှင်သူဌေးမင်း...”ဟု ပြောဆို၍ အသပြာတထောင်ကို လက်ခံယူလိုက်လေ၏။ ထို့နောက် သုမနသူဌေးကြီးသည် “အမောင်...အမောင်၏အဖို့ရာ အသပြာတထောင်ကို ရပြီးသော

(နှာ-၁၅၈)

အချိန်မှ စ၍ မိမိလက်ဖြင့် အလုပ်လုပ်ရန်ကိစ္စ မရှိတော့ချေ (=သင်း ရှေးကလို အလုပ်သမားဆင်းရဲသား မဟုတ်တော့ချေဟု ဆိုလို၏)၊ လမ်းမ၌ နေအိမ်ကို ဆောက်လုပ်၍ နေလေ၊ သင်အလိုရှိအပ်သော ဝတ္ထုကို ဆောင်စေပါမည် = ပေးပါမည်၊ သို့ရကား အမောင်အလိုရှိအပ်သော ဝတ္ထုကို အိမ်မှ ဆောင်စေ၍သာ ယူပါလော့” ဟု ဖိတ်မန် စကား ထပ်၍ ပြောကြားလေ၏။

ထိုနေ့ပင် မဟာဓနသူဌေး ဖြစ်ခြင်း

နိရောဓသမာပတ်မှ ထသော ပစ္စေကဗုဒ္ဓါအရှင်မြတ်အား လှူဒါန်းအပ်သောဆွမ်းမည်သည် ထို လှူသောနေ့မှာပင် ဒိဋ္ဌဓမ္မဝေဒနီယ အကျိုးပေး၏၊ သို့ရကား သုမနသူဌေးကြီးသည် အခြားသောနေ့များ၌ အန္နဘာရကို ခေါ်၍ မင်းနန်းတော်သို့ မသွားခဲ့သော်လည်း ထို နေ့မှာမူကား ဒိဋ္ဌဓမ္မဝေဒနီယ (ဆွမ်းအလှူ) ကောင်းမှု၏ အာနုဘော်ကြောင့် အန္နဘာရကို ခေါ် ဆောင်၍သာလျှင် ရွှေနန်းတော်သို့ သွားရောက်လေ၏။

နန်းတော်သို့ ရောက်သောအခါ အန္နဘာရ၏ ကောင်းမှု ကုသိုလ်ကို အကြောင်းပြု၍ မင်းကြီးသည် သုမနသူဌေးကိုမကြည့်ပဲ အန္နဘာရကိုသာ စူးစိုက်ကြည့်ရှုတော်မူလေ၏။ ထိုအခါသုမန သူဌေးနှင့်မင်းကြီးကို အပြန်အလှန် မေးမြန်းပြောဆိုကြသည်မှာ__

(သူဌေး) အရှင်မင်းမြတ် ... အဘယ့်ကြောင့် ဤ ယောက်ျားကို စူးစိုက်ကြည့်ရှုတော်မူပါသနည်း။

(မင်း) အခြားနေ့များက ဤ ယောက်ျားကို မမြင် အပ်ဘူးသောကြောင့် ကြည့်ရှုပါသည် သူဌေးကြီး...။

(သူဌေး) အရှင်မင်းမြတ်...ဤယောက်ျားကား စူးစိုက် ကြည့်ရှူထိုက်သော ယောက်ျားဖြစ်ပါသည်။

(မင်း) သူဌေးကြီး ဤယောက်ျား၏ စူးစိုက်ကြည့်ရှု ထိုက်သော ဂုဏ်ကျေးဇူးဟူသည် အဘယ်နည်း။

(နှာ-၁၅၉)

(သူဌေး) အရှင်မင်းမြတ်...ဤယောက်ျားသည် ယနေ့ မိမိ၏ ဝေပုံကျရရှိသော ထမင်းကို ကိုယ်တိုင် မစားပဲ ဥပရိဋ္ဌပစ္စေကဗုဒ္ဓါအရှင်မြတ်အား လှူဒါန်းအပ်လေသောကြောင့် အကျွန်ုပ်၏လက်မှ အသပြာတထောင်ကို ရပြီးသူ ဖြစ်ပါသည်။

(မင်း။) ဤ ယောက်ျားသည် အဘယ် အမည် ရှိသနည်း။

(သူဌေး) အန္နဘာရ အမည် ရှိပါသည် အရှင်မင်းမြတ်။

(မင်း) သင်သူဌေးကြီး၏ လက်မှ အသပြာတထောင် ရအပ်ပြီးဖြစ်လေသောကြောင့် ငါ၏ လက်မှလည်း အသပြာတထောင် ရထိုက်သူ ဖြစ်ပေ၏၊ ငါသည်လည်း ထိုယောက်ျားအား ပူဇော်မှုပြုပေအံ့”__

ဤကဲ့သို့ ပြောဆို၍ မင်းကြီးကလည်း အန္နဘာရအား အသပြာတထောင် ထပ်၍ ပေးလေ၏။ ထို့နောင်မှ မင်းကြီးသည် မင်းချင်းယောက်ျားတို့ကို “အချင်းတို့...ဤအန္နဘာရ၏အတွက် နေထိုင်ရန်အိမ်ကို သိကြကုန်လော့” ဟု မိန့်ဆိုလေ၏။ မင်းချင်းယောက်ျားတို့သည် “ကောင်းပါပြီ အရှင်မင်းကြီး ...”ဟု ပြောဆိုကြ၍ အိမ်နေရာဟောင်းတခုကို သုတ်သင်ကြသည်ရှိသော် ပေါက်တူးဖြင့် တူးဆွေအပ် တူးဆွေအပ် တိုင်းသောနေရာ၌ ရတနာရွှေအိုးတို့ လည်ပင်းချင်း ထိခတ်လျက် တည်နေကြသည်ကိုအံ့သြဖွယ်ရာ တွေ့မြင်ကြ၍ မင်းကြီးအား ပြန်ကြားလျှောက်ထားကြလေကုန်၏။ မင်းကြီးက “အချင်းတို့... ထိုသို့ဖြစ်လျှင် သွားရောက်တူးဖော်ကြလော့”ဟု အမိန့်ပေးလျှင် တိုမင်းချင်းယောက်ျားတို တူးကြ “တူးကြစဉ်ပင် ရတနာ ရွှေအိုးတို့သည် အောက်သို့ သက်၍ သက်၍ သွားကြကုန်၏။ တဖန်ပြန်၍ မင်းကြီးအား ထို အကြောင်းကို လျောက်ထား ကြလေသော် မင်းကြီးသည်“အချင်းတို့...ငါ၏စကားဖြင့် မဟုတ်ပဲ အန္နဘာရ၏

(နှာ-၁၆၀)

ညွှန်ကြားချက်စကားဖြင့် တူးကြကုန်လော့” ဟု တဖန် ထပ်၍ စေခိုင်းပြန်လေ၏။ မင်းချင်း ယောက်ျားတို့သည် ထိုနေရာသို့ သွားရောက်ကြ၍ “အန္နဘာရ၏သာလျှင် ညွှန်ကြားချက်စကား ဖြစ်သည်”ဟု ပြောဆို တူးဆွကြကုန်၏။ ပေါက်တူး တူးရွင်းဖြင့် တူးဆွအပ် တူးဆွအပ်တိုင်းသော အရပ်၌ မှိုငုံကြီးများပမာ ရတနာရွှေအိုးတို့သည် အပြိုင်းအပြိုင်းပေါ်တက်၍ လာကြကုန်၏။

မင်းချင်းယောက်ျားတို့သည် ထိုရွှေငွေဥစ္စာ ရတနာအားလုံးကို စုရုံးယူဆောင်ခဲ့ကြ၍ မင်းကြီး၏အနီး၌ အစုအပုံ ပြုလုပ်ထားကြကုန်၏။ မင်းကြီးသည် အမတ်တို့ကို စည်းဝေးညီမူစေပြီးလျှင် “ဤဗာရာဏသီမြို့ဝယ် အန္နဘာရမှတပါး အခြား မည်သူ တဦး တယောက်အား ဤမျှများပြားသောဥစ္စာ ရှိသနည်း”ဟု မေးလေ၏။ အမတ်တို့က“အရှင်မင်းကြီး...အခြားမည်သူ တဦးတယောက် အားမျှ ဤမျှ များပြားသောဥစ္စာ မရှိပါဘုရား”ဟု လျှောက်ထားလေလျှင် မင်းကြီးသည် “အချင်းတို့...ထိုသို့ဖြစ်လျှင် ဤ အန္နဘာရသည် ဤ ငါ၏ ဗာရာဏသီ မင်းနေပြည်ဝယ် “ဓနသေဋ္ဌိ” အမည်ရှိသော မင်းအသုံးတော်ခံ သူဌေးကြီးဖြစ်စေ”ဟု အမိန့်တော်မြတ်မှတ်လေ၏။ ထိုနေ့မှာပင်လျှင် အန္နဘာရသည် မင်းကြီး ထံမှ သူဌေးထီးကို ရရှိကာ မင်းအသုံးတော်ခံ မဟာဓနသေဋ္ဌိ အမည်ရှိသော သူဌေးကြီး ဖြစ်လေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်းအကြောင်း

အန္နဘာရသည် ထိုသို့ ဓနသေဋ္ဌိအမည်ရှိသော မင်း အသုံးတော်ခံ သူဌေးကြီးဖြစ်သည်မှ စ၍ အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်လေ၏။ ထို အရှင်အနုရုဒ္ဓါအလောင်း သူတော်ကောင်းသည် ရှည်လျားလှစွာ အခါကာလပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူမည့် ကာလဝယ် ကပိလဝတ်မင်းနေပြည်တော် သုက္ကောဒနသာကီဝင် မင်း၏ နန်းအိမ်၌ ပဋိသန္ဓေ ယူနေ ဖြစ်ပွါးလာလေ၏။ ထိုမင်း

(နှာ-၁၆၁)

သား၏ အမည်ကို မှည့်ယူသောနေ့၌“အနုရုဒ္ဓမင်းသား”ဟူသော အမည်ကို မှည့်ကြလေ၏။ ထို အနုရုဒ္ဓမင်းသားကား မြတ်စွာဘုရားရှင်၏ဘထွေးတော် = သုက္ကောဒန သာကီဝင်မင်း၏ သား ဖြစ်၍ မဟာနာမသာကီဝင်မင်း၏ ညီငယ်ဖြစ်သည့်ပြင် အလွန် သိမ်မွေ့၍ အလွန်ပင် ဘုန်းကြီးသူ ဖြစ်လေသည်။

မြတ်စွာဘုရားရှင် ပဌမအကြိမ် ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်ပြီး ထိုမှအပြန် အနုပီယတောအုပ်၌ သီတင်းသုံး နေတော်မူစဉ် ဤအနုရုဒ္ဓမင်းသားသည် ဘဒ္ဒိယမင်းသား, အာနန္ဒ မင်းသား, ဘဂုမင်းသား, ကိမိလမင်းသား ဒေဝဒတ္တမင်းသား ဥပါလိဆေတ္တာသည်တို့နှင့် အတူတကွ မြတ်စွာဘုရားရှင်ထံတော်မှောက်သို့ လာရောက်၍ ရဟန်းပြုလေသည်။ (ထိုအကြောင်းအရာအကျယ်ကို ဤ မဟာဗုဒ္ဓဝင်ကျမ်း အောက်တတိယတွဲ စာမျက်နှာ ၁၄၅-မှ ၁၆၀-တိုင်အောင် ဖော်ပြအပ်ခဲ့လေပြီ၊ ဤနေရာ၌ ထိုစကားရပ်ကို ပြန်လည်ဖတ်ရှုပါလေ)။

အရှင်အနုရုဒ္ဓါမထေရ် ရဟန္တာဖြစ်ခြင်း အကြောင်း

သာကီဝင် မင်းသားခြောက်ဦးတို့ ဥပါလိဆေတ္တာသည်နှင့် အတူတကွ အနုပီယတောအုပ်သို့ သွားရောက်လိုက်ပါကြကာ မြတ်စွာဘုရားရှင်ထံတော်၌ ရဟန်းပြုကြပြီးသည်ရှိသော် ထို ရဟန်းခုနစ်ပါးတို့အနက် ထိုဝါတွင်းမှာပင် ဘဒ္ဒိယမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည် = ရဟန္တာဖြစ်တော် မူလေသည်၊ အနုရုဒ္ဓါမထေရ်သည် ဒိဗ္ဗစက္ခု အဘိညာဏ်ကို ဖြစ်စေတော်မူလေသည် = ရတော်မူလေသည်။ ရှင်ဒေဝဒတ်သည်လောကီသမာပတ်ရှစ်ပါးတို့ကို ဖြစ်ပွါးစေလေသည်၊ လောကီ အဘိညာဏ်တို့ကိုလည်း ရရှိလေသည်၊ အရှင်အာနန္ဒာမထေရ်သည် သောတာပတ္တိဖိုလ်၌ တည်တော်မူလေသည်၊ ဘဂုမထေရ်, ကိမိလမထေရ်တို့ကား နောက်အခါမှာမှ အရဟတ္တဖိုလ်သို့ရောက်တော်မူကြလေသည်၊ ထိုမထေရ်တို့၏ ရှေးဆုတောင်းကောင်းမှု အကြောင်းအရာတို့သည် သူ့နေရာနှင့်သူ ထင်ရှားပေလိမ့်မည်။

(နှာ-၁၆၂)

အထူးအားဖြင့် အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ရဟန်းပြုပြီးနောက် ထိုပဌမဝါတွင်းမှာပင် သမာပတ်ရှစ်ပါးတို့ကို ရရှိတော်မူကာ လောကဓာတ် စကြဝဠာတိုက်ပေါင်း တထောင်ကို ရှုမြင်ခြင်းငှါ စွမ်းနိုင်သော ဒိဗ္ဗစက္ခုအဘိညာဏ် အသိဉာဏ်ကို ဖြစ်စေတော်မူခဲ့လေသည်။ အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် တနေ့သ၌ အရှင်သာရိပုတ္တရာမထေရ်မြတ်ထံသို့ သွားရောက်ပြီးလျှင်__

“ငါ့ရှင်သာရိပုတ္တရာ...အကျွန်ုပ်သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ် မျက်စိနှင့်တူသော မျက်စိ(= ဒိဗ္ဗစက္ခု အဘိညာဏ်)ဖြင့် တထောင်သော လောကဓာတ်ကို မြင်နိုင်ပါ၏ (၁)၊ အကျွန်ုပ်သည် မတွန့်မဆုတ် လုံ့လကို အားထုတ်ပါ၏ မေ့လျော့ခြင်း မရှိမူ၍ သတိသည် ထင်ပါ၏ ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပါ၏ စိတ်သည် တခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ကြည်ပါ၏(၂)၊ ထိုသို့ဖြစ်ပါလျက်လည်း အကျွန်ုပ်၏စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်ကင်းသေးပါ(၃)”__

ဟူ၍ လျှောက်ထားလေ၏။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်မြတ်သည် အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို__

“ငါ့ရှင်အနုရုဒ္ဓါ … ‘ငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိ (=ဒိဗ္ဗစက္ခုအဘိညာဏ်)ဖြင့် တထောင်သော လောကဓာတ်ကို မြင်နိုင်၏’ဟု ဤသို့ အကြံဖြစ်ခြင်း သည်ပင် သင့်သန္တာန်ဝယ် မာန ဖြစ်၍နေ၏ (၁)၊

ငါ့ရှင်အနုရုဒ္ဓါ... ‘ငါသည် မတွန့်မဆုတ် လုံ့လကို အားထုတ်၏ မေ့လျော့ခြင်းမရှိမူ၍ သတိသည် ထင်၏ ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေး၏ စိတ်သည် တခု တည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာတည်ကြည်

(နှာ-၁၆၃)

၏’ ဟု ဤသို့ အကြံဖြစ်ခြင်းသည်ပင် သင့်သန္တာန်ဝယ် စိတ်ပျံလွင့်ခြင်း = ဥဒ္ဓစ္စ ဖြစ်၍နေ၏ (၂)၊

ငါ့ရှင်အနုရုဒ္ဓါ... ‘ထိုသို့ ဖြစ်ပါလျက်လည်း ငါ၏ စိတ်သည် တဏှာ, ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါ တရားတို့မှ မလွတ်ကင်းသေး”ဟု ဤသို့ အကြံဖြစ်ခြင်း သည်ပင် သင့်သန္တာန်ဝယ် တွေးတောမှု=သံသယကုက္ကုစ္စ ဖြစ်၍ နေ၏ (၃)၊

ငါတိုက်တွန်း တောင်းပန်စကား ပြောကြားလိုသည်မှာ အရှင်အနုရုဒ္ဓါသည် မိမိသန္တာန်၌ ဖြစ်ပွါးနေသော ဤ (မာန, ဥဒ္ဓစ္စ ကုက္ကုစ္စ) တရားသုံးမျိုးတို့ကို ပယ်စွန့်ကာ ဤတရားသုံးမျိုးလုံးတို့ကို နှလုံးမသွင်းမူ၍ အမြိုက် (= နိဗ္ဗာန်) ဓာတ်သို့ မိမိစိတ်ကို ပို့ဆောင်စေချင်ပါသည်"__

ဟူ၍ ကမ္မဋ္ဌာန်းတရား ဟောကြားတော်မူလေ၏။ ။

အရှင်အနုရုဒ္ဓါမထေရ်သည် ကမ္မဋ္ဌာန်းကို သင်ယူပြီးနောက် မြတ်စွာဘုရားရှင်ကို ပန်ကြားလျှောက်ထားပြီးလျှင် စေတိတိုင်းသို့ သွားရောက်ကာ ထိုစေတိတိုင်းဝယ် (မြတ်စွာဘုရား သီတင်းသုံး နေတော်မူရာမှ) အရှေ့ဝါးတောအရပ်၌ နေထိုင်တော်မူ၍ ရဟန်းတရားကို ပွါးများအားထုတ်တော်မူလေသော် တဆယ့်ငါးရက်= လဝက်ပတ်လုံး မအိပ်မနေ စင်္ကြံသွား၍ တရားအားထုတ်တော် မူလေသည်။ မထေရ်မြတ်သည် ကမ္မဋ္ဌာန်းအလုပ် အားထုတ်မှု ဒဏ်ချက် ပြင်းထန်စွာ နှိပ်စက်အပ်ရကား ပင်ပန်းနွမ်းနယ်သော ကိုယ်ရှိသည်ဖြစ်၍ ဝါးရုံတခု၏ အောက်၌ ခေတ္တ အပန်းဖြေ ထိုင်နေတော်မူလေ၏။ ထိုအခါ အရှင်အနုရုဒ္ဓါမထေရ်၏ စိတ် သန္တာန်ဝယ် ဤဆိုလတ္တံ့သော ယောက်ျားမြတ်တို့၏ အကြံကြီးများ (=မဟာပုရိသဝိတက်ကြီးများ) ထင်ရှားဖြစ်ပေါ်၍ လာလေ၏၊ ဖြစ်ပေါ်လာပုံမှာ__

(နှာ-၁၆၄)

(၁) ဤ လောကုတ္တရာတရားကိုးပါးသည် အလိုနည်း (= လိုချင်မှု တဏှာမရှိသော) ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏၊ အလိုကြီးသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

(၂) ဤလောကုတ္တရာတရားကိုးပါးသည် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ မရောင့်ရဲသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

(၃) ဤလောကုတ္တရာတရားကိုးပါးသည် ဆိတ်ငြိမ်မှုရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ အပေါင်းအဖော်၌ မွေ့လျော်သောပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

(၄) ဤ လောကုတ္တရာတရား ကိုးပါးသည် ထက်သန်သော လုံ့လရှိသောပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏၊ ပျင်းရိသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

(၅) ဤ လောကုတ္တရာတရား ကိုးပါးသည် ထင်လင်းသော သတိရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ သတိ လွတ်ကင်းသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။

(၆) ဤလောကုတ္တရာတရား ကိုးပါးသည် တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာ ပြည့်စုံနိုင်၏၊ မတည် ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။)

(၇) ဤလောကုတ္တရာတရား ကိုးပါးသည် ပညာရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏၊ ပညာမဲ့သော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်” ဤသို့ထင်ရှား ဖြစ်ပေါ်လာလေ၏။

(ဤ၌ အထူးမှတ်ရန်မှာ- (၁) အလိုနည်းသော ပုဂ္ဂိုလ်နှင့်စပ်၍ (က) ပစ္စယအပ္ပိစ္ဆ = စ္စည်းလေးပါး၌ အလိုနည်းသောပုဂ္ဂိုလ်, (ခ) အဓိဂမအပ္ပိစ္ဆ=မိမိမဂ်ဖိုလ် တရားထူးရသည်ကို သူတပါးတို့အား အသိမပေး လျှို့ဝှက်သောပုဂ္ဂိုလ်, (ဂ) ပရိယတ္တိအပ္ပိစ္ဆ=မိမိပရိယတ် ဗဟုသုတ ပေါများ တတ်ကျွမ်းသည်ကို သူတပါးတို့အား အသိမပေး လျှို့ဝှက်သောပုဂ္ဂိုလ်, (၁) ဓုတင်္ဂအပ္ပိစ္ဆ=မိမိ ဓုတင်ဆောက်တည်

(နှာ-၁၆၅)

သည်ကို သူတပါးတို့အား အသိမပေး လျှို့ဝှက်သော ပုဂ္ဂိုလ်ဟူ၍= အပ္ပိစ္ဆပုဂ္ဂိုလ် လေးမျိုးရှိလေသည်။

(က) ထိုလေးမျိုးတို့တွင် ပစ္စယအပ္ပိစ္ဆပုဂ္ဂိုလ်သည် များများလှူလျှင် နည်းနည်းသာ ခံယူ၏၊ နည်းနည်းလျှင် လှူသည့်အောက် နည်းနည်းသာ ခံယူ၏။ အကုန်လုံးကို မခံယူ။

(ခ) အဓိဂမအပ္ပိစ္ဆပုဂ္ဂိုလ်သည် မဇ္ဈန္တိကမထေရ်ကဲ့သို့ မိမိရအပ်သော မဂ်ဖိုလ်တရားကို သူတပါးတို့အား အသိမပေးပဲ လျှို့ဝှက်စွာ နေ၏။ (မဇ္ဈန္တိကမထေရ်၏ အကြောင်းဝတ္ထု အကျဉ်းချုပ်ကား ထိုမထေရ်သည် ရဟန္တာမထေရ်မြတ်ကြီး ဖြစ်၏။ သို့သော် မထေရ်မြတ်၏ သပိတ်, သင်္ကန်းကား တပါဒ=တမတ်မျှသာ အဖိုးထိုက်တန်၏၊ မထေရ်မြတ်သည် အသောကမင်းတရား၏ ကျောင်းလွှတ်ပူဇော်=ကျောင်းရေစက်ချပွဲ နေ့၌ သံဃမထေရ် ဖြစ်တော်မူ၏။ ထိုအခါ မထေရ်မြတ်၏ သပိတ်, သင်္ကန်း အလွန်ခေါင်းပါး = ညံ့ဖျင်းဟောင်းနွမ်းသည်ကို မြင်ကြ၍ လူအများက အညံ့စား ကိုယ်တော်ကြီးတပါးဟု ထင်မှတ်ကြကာ “အရှင်ဘုရား...ခဏလောက် အပြင်မှာ ထွက်နေကြပါ”ဟု ပြောဆိုကြလေသည်။ ထိုအခါမှာ မထေရ်မြတ်သည် “ငါသို့စဉ် ရဟန္တာပုဂ္ဂိုလ်ကမှ မင်းကြီးအား ချီးမြှောက်မှုကို မပြုလျှင် အဘယ်သူသည် ပြုချိမ့်မည်နည်း”ဟု အောက်မေ့တော်မူကာ ထိုခဏမှာပင် မြေ၌ လျှိုးတော်မူ၍ သံဃမထေရ်အတွက် မြှောက်ချီ လှူဒါန်းအပ်သည့် ဆွမ်းဦးကို ခံယူလျက် အခြားသူများ မသိကြစဉ် ပေါ်တော်မူလာ၏။ ဤသို့လျှင် မထေရ်မြတ်သည် ရှေ့ပိုင်း၌ ကိုယ်တိုင်က ရဟန္တာဖြစ်ပါလျက် “ငါ့ကို ရဟန္တာဟူ၍ လူအများ သိပါစေ သတည်း”ဟု အလိုရှိတော်မမူ)။

(၈) ပရိယတ္တိအပ္ပိစ္ဆပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်က ပိဋကတ်သုံးပုံကို တတ်မြောက်သူဖြစ်ပါလျက်လည်း ဗဟုသုတများသောသူ၏ အဖြစ်ကို သူတပါးတို့အား အသိမပေးလို၊ သာကေတအရပ်၌နေသော - တိဿ မထေရ်ကဲ့သို့တည်း။

ထိုမထေရ်၏အကြောင်းဝတ္ထု အကျဉ်းချုပ်ကား မထေရ်မြတ်ကို ရဟန်းတို့က ပါဠိအဋ္ဌကထာ ပိုချပေးပါရန် တောင်းပန်လျှောက်ထား ကြလေသော် ထိုသို့ ပို့ချပေးနိုင်ရန် အချိန်အားမရှိဟု ပြောဆိုပယ်မြစ်တော်မူသည့်အတွက် တောင်းပန်သော ရဟန်းများက “အရှင်ဘုရား၊ ထိုသို့ဖြစ်လျှင် သေရန် အချိန်ကိုပင် မရနိုင်ကြတော့ဘူးလော”ဟု

(နှာ-၁၆၆)

အပြစ်တင်စကား ပြောကြားအပ်ရကား မိမိ၏ဂိုဏ်းပရိသတ်ကို စွန့်၍ နေရင်းကျောင်းတိုက်မှ ဖဲခွါကာ ကဏိကာရဝါလိကသမုဒ္ဒကျောင်းတိုက်သို့ ကြွတော်မူ၍ ထိုကျောင်းတိုက်၌ ဝါတွင်းသုံးလပတ်လုံး (မထင်မရှား စာမတတ်သော မထေရ်ကြီးတပါးကဲ့သို့ နေထိုင်ကာ) အတူနေ သီတင်းကြီး, သီတင်းငယ်, သီတင်းလတ် ရဟန်းတို့အပေါ် ဝတ်ကြီး ဝတ်ငယ်ပြုကာ များစွာကျေးဇူးပြုတော်မူလျက် သီတင်းကျွတ်လပြည့် မဟာပဝါရဏာဥပုသ်နေ့၌ တရားပွဲသဘင် ဆင်ယင်ကျင်းပသောအခါ စည်းဝေး ရောက်လာသော လူများအပေါင်းကို ကြက်သီးမွေးညှင်းထခြင်း, သာဓုကောင်းကြီးပေးခြင်း, ဦးရစ်ခေါင်းပေါင်း ပစ်မြှောက်ခြင်း စသည်ဖြင့်၎င်း၊ ထိုတရားပွဲသို့ မရောက်လာသော လူများအပေါင်းကိုလည်း “ဘယ်လိုနည်းဖြင့် ငါတို့သည် မထေရ်မြတ်ထံ၌ တရားကို နာကြရပါမည်နည်း”ဟု အုတ်အုတ်ကျက်ကျက် ဖြစ်စေသောအားဖြင့်၎င်း, ဤနည်းအားဖြင့် လူအများကို ချောက်ချားစေ၍ “ညဉ့်က တရား ဟောသောအရှင်မြတ်သည် ဤအရှင်မြတ်ပင်တည်း”ဟု လူအများသိကြမည်ကို စိုးခန့်တော်မူသဖြင့် ပရိယတ်၌ အလိုနည်းခြင်း=ပရိယတ္တိအပ္ပိစ္ဆတာကြောင့် လူအများမသိမီပင် မိမိ၏နေရင်း ပရိဝုဏ်သို့ ပြန်ကြွတော်မူလေ၏။

(ဃ) ဓုတင်္ဂအပ္ပိစ္ဆပုဂ္ဂိုလ်သည် မိမိဓုတင်ဆောင်ခြင်းကို သူတပါးတို့အား အသိမပေးလိုပဲ ရှိ၏၊ ညီနောင် မထေရ်နှစ်ပါးတို့တွင် နောင်တော်မထေရ်ကဲ့သို့တည်း။

ထိုနောင်တော်မထေရ်၏ အကြောင်းဝတ္ထု အကျဉ်းချုပ်ကား__

စေတိယတောင်ဝယ် ညီနောင်မထေရ်နှစ်ပါးတို့ သီတင်းသုံး နေထိုင်ကြကုန်၏၊ ထိုမထေရ်နှစ်ပါးတို့တွင် ညီငယ်မထေရ်သည် အလုပ်အကျွေး (ဆွမ်းဒါယကာ) တဦးက နောင်တော်မထေရ်အတွက် ပေးပို့ဆက်ကပ် လိုက်သော ကြံရိုးပိုင်းကို ယူဆောင်ခဲ့ကာ နောင်တော်ထံသို့ သွားရောက်၍ အကြောင်းအကျိုး လျှောက်ထားပြီးလျှင် “သုံးဆောင်တော် မူပါ အရှင်ဘုရား...”ဟု လျှောက်ထားလေ၏။ နောင်တော်မထေရ်မြတ် အဖို့မှာလည်း ထိုအချိန်မှာ ဆွမ်းစားပြီး၍ လုပ်ဆေးသောအခါဖြစ်၏။ သို့ရကား နောင်တော်မထေရ်မြတ်က “ငါ့ရှင်...တော်ပါပြီ”ဟု ပြောဆိုလေလျှင် ညီငယ်မထေရ်သည် “အသို့နည်း=ဘယ့်နှယ်လဲ အရှင်ဘုရား...နောင်တော်အရှင်ဘုရားတို့သည် ဧကာသနိက်ဓုတင်ကို ကျင့်ဆောင်တော်မူကြပါသလား” ဟု မေးလျှောက်လေ၏။ နောင်တော် မထေရ်မြတ်သည်“ငါ့ရှင်... ကြံရိုးပိုင်းကိုယူခဲ့လော့”ဟု မိန့်တော်မူကာ

(နှာ-၁၆၇)

နှစ်ပေါင်းငါးဆယ်ကြာ ဧကာသနိက်ဓုတင်ကို ဆောင်ခဲ့သူဖြစ်ပါသော်လည်း ဓုတင်ကို လျှို့ဝှက်လိုသည့်အတွက် ထိုကြံရိုးကို သုံးဆောင်တော်မူ၍ လုပ်ဆေးပြီးလျှင် တဖန် ဧကာသနိက်ဓုတင်ကို ဆောက်တည်၍ ကြွသွားတော်မူလေ၏။

ဤ အပ္ပိစ္ဆပုဂ္ဂိုလ်လေးမျိုးအကြောင်းကို အံ၊ဋ္ဌ၊၃၊၂၂၆-မှ ထုတ်ဆောင်ဖော်ပြ၍ ဝတ္ထုများကိုမူ မ၊ဋ္ဌ၊၂၊၄၅,၄၆-တို့မှ ထုတ်ဆောင်ဖော်ပြအပ်သည်၊ ထို မ၊ဋ္ဌ၊၂၊၄၅-မှစ၍ ဣစ္ဆာ သုံးမျိုး အပ္ပိစ္ဆတာလေးမျိုး, သန္တောသဆယ့်နှစ်မျိုး, ပဝိဝေကသုံးမျိုး, သံသဂ္ဂငါးမျိုး-စသည် အကျယ်လာ၏။ အလိုရှိက ထိုအဋ္ဌကထာ, ဋီကာမှ ထုတ်နုတ်မှတ်ယူ၏)။

ထိုသို့ အရှင်အနုရုဒ္ဓါမထေရ်မြတ် မဟာပုရိသဝိတက်ကြီး ခုနစ်ပါးကို ကြံစည်စဉ်းစားဆင်ခြင်၍ နေသောအချိန်မှာ မြတ်စွာဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာမည်သော ဘေးမဲ့တော၌ သီတင်းသုံးနေထိုင်တော်မူဆဲ ဖြစ်၏၊ ဘေသကဠာတောအုပ်နှင့် အရှင်အနုရုဒ္ဓါနေသော ဝါးတောတို့မှာ ဘေသကဠာတောအုပ်ကား အနောက်အရပ်၌တည်ရှိ၍ ဝါးတောကား အရှေ့အရပ်၌ တည်ရှိလေသည်။ ထို့ကြောင့် ထိုဝါးတောကို ပါစီနဝံသဒါယ = မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ ဘေသကဠာတောအုပ်မှ အရှေ့ဝါးတောဟု ဟောကြားအပ်လေသည်။

အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ရှေးဖော်ပြရာပါ မဟာပုရိသဝိတက်ကြီးခုနစ်ပါးတို့ကို ကြံစည်စဉ်းစားဆင်ခြင်ပြီးနောက် ရှေ့သို့ တဆင့်တက်၍ ရှစ်ခုမြောက်ဖြစ်သော မဟာပုရိသဝိတက်ကြီးကို ဆက်၍ကြံစည်ဆင်ခြင်ရန် ပင်ပန်းလျက်ရှိလေ၏။ မှန်၏- သာဝကတို့အရာ အလိုနည်းခြင်း အပ္ပိစ္ဆတာတရား, ရောင့်ရဲ လွယ်ခြင်း သန္တုဋ္ဌိတရား, ကင်းဆိတ်ခြင်း ပဝိဝေကတရား, အားထုတ်ခြင်း ဝီရိယာရမ္ဘတရား, သတိထင်လင်းခြင်း ဥပဋ္ဌိတသတိတာတရား, တည်ကြည်ခြင်း သမာဓိတရား, ပိုင်းခြား၍ သိခြင်း ပညာတရား=ဤတရားများကို စဉ်းစားဆင်ခြင်ပြီးသောအခါ ထို့ထက်အထက်သို့တက်၍ တရားတမျိုးကို စဉ်းစားဆင်ခြင်

(နှာ-၁၆၈)

ရန် ဝန်လေးမြဲ ပင်ပန်းမြဲဓမ္မတာ ဖြစ်လေသည်။ သာဝကတို့အဖို့ရာ ပညာတွင်သာ တရားဆုံး၍ နေမြဲဓမ္မတာဖြစ်သည်။ ထို့ကြောင့်ပင် အရှင်အနုရုဒ္ဓါသည် ခုနစ်ခုမြောက် ပညာနှင့် စပ်သော မဟာပုရိသဝိတက်ကြီးကို ကြံစည်စဉ်းစားဆင်ခြင်ပြီးနောက် ရှစ်ခုမြောက်ဖြစ်သော မဟာပုရိသဝိတက်ကြီးကို ဆက်၍ ကြံစည်ဆင်ခြင်ရန် ပင်ပန်းလျက် ရှိလေသည်။

ထိုအခါ မြတ်စွာဘုရားရှင်သည် ဘေသကဠာ တောအုပ်၌ နေတော်မူရင်းကပင် “အနုရုဒ္ဓါသည် ရှစ်ခုမြောက် မဟာပုရိသ ဝိတက်ကြီး၌ပင်ပန်းလျက်နေ၏” ဟု သိတော်မူ၍ “ထိုအနုရုဒ္ဓါ၏ အလိုအကြံကို ငါဘုရားသည် ပြည့်စေမည် = ဖြည့်စွက်ပေးမည်” ဟု ကြံစည်ဆင်ခြင်တော်မူကာ တန်ခိုးတော်ဖြင့် ခဏအတွင်းမှာပင် အရှင်အနုရုဒ္ဓါ၏ မျက်မှောက်သို့ ကြွရောက်တော်မူလျက် ခင်းထားပြီး ရှိနှင့်သောနေရာ၌ ထိုင်နေတော်မူပြီးလျှင်__

“အနုရုဒ္ဓါ...ကောင်းစွာ့ ကောင်းစွာ့၊ အနုရုဒ္ဓါ... သင်သည် ‘(၁) ဤလောကုတ္တရာတရား ကိုးပါးသည် အလိုနည်းသောပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏။ အလိုကြီးသောပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်။ (ပ)။ (၇) ဤလောကုတ္တရာတရား ကိုးပါးသည် ပညာရှိသော ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ပြည့်စုံနိုင်၏၊ ပညာမဲ့သော ပုဂ္ဂိုလ်၏ သန္တာန်မှာ မပြည့်စုံနိုင်ဟု ယောက်ျားမြတ်တို့၏ အကြံကို ကောင်းစွာသာလျှင် ကြံပေ၏။

အနုရုဒ္ဓ... ထိုသို့ဖြစ်လျှင် သင်သည် “(၈) ဤ လောကုတ္တရာတရား ကိုးပါးသည် သံသရာကို ချဲ့ထွင် တတ်သည့် (တဏှာ, မာန, ဒိဋ္ဌိတည်းဟူသော) ပပဉ္စ တရားမှ ကင်းလွတ်ရာနိဗ္ဗာန်၌ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်သော ပုဂ္ဂိုလ်၏ သန္တာန်မှာ ပြည့်စုံနိုင်၏။ ပပဉ္စ တရား၌သာ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်သောပုဂ္ဂိုလ်၏

(နှာ-၁၆၉)

သန္တာန်မှာ မပြည့်စုံနိုင်” ဟု ဤ ရှစ်ခုမြောက် ယောက်ျားမြတ်တို့၏ အကြံကိုလည်း ကြံဦးလော့”__

ဟု ဤ လိုနေသည့် ရှစ်ခုမြောက် မဟာပုရိသဝိတက်ကြီးကို ဖြည့်စွက်ပေးတော်မူလေသည်။ ယင်းသို့ ဖြည့်စွက်ပေးတော်မူပြီးလျှင် ဆက်၍ပင် မြတ်စွာဘုရားရှင်သည် အရှင်အနုရုဒ္ဓါမထေရ်မြတ်အား ဤမဟာပုရိသဝိတက်ကြီး ရှစ်မျိုးကို ကြံစည်၍နေလျှင် လောကီပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့ကို အလွယ်တကူ ရယူဝင်စား နေနိုင်ကြောင်းကို၎င်း၊ ဤမဟာ ပုရိသဝိတက်ကြီးရှစ်မျိုးကို ကြံစည်ကာ လောကီဈာန်လေးပါးတို့ကို အလွယ်တကူ ရယူဝင်စားနေလျှင် (၁) စီဝရသန္တောသ= သင်္ကန်း၌ ရောင့်ရဲလွယ်ခြင်း (၂) ပိဏ္ဍပါတသန္တောသ=ဆွမ်း၌ ရောင့်ရဲလွယ်ခြင်း (ဤ ပိဏ္ဍပါတသန္တောသ၌ပင် ဆေးပစ္စည်း ၌ ရောင့်ရဲလွယ်ခြင်းကိုလည်း ထည့်သွင်းထားသည်ဟု အထူး မှတ်ပါ။) (၃) သေနာသနသန္တောသ = ကျောင်း,အိပ်ရာနေရာတို့၌ ရောင့်ရဲလွယ်ခြင်း (၄) ဘာဝနာရာမတာ = ဘာဝနာ အလုပ်၌ မွေ့လျော် ပျော်ပိုက်ခြင်းတည်းဟူသော အရိယဝံသ ပဋိပဒါလေးပါးကို အလွယ်နှင့်ရမည်ကို၎င်း အကျယ်ဟောကြားတော်မူလေ၏။ (ဟောကြားတော်မူပုံ အကျယ်ကို ပိဋကတ် မြန်မာပြန် အင်္ဂုတ္တိုရ် တတိယအုပ် စာမျက်နှာ ၆၄-မှစ၍ ကြည့်ရှု ရာ၏)။

ထို ဟောကြားတော်မူပြီးနောက် မြတ်စွာဘုရားရှင်သည် “အနုရုဒ္ဓါ၏ အဖို့ရာ အဘယ်ကျောင်းအိပ်ရာနေရာ၌ နေထိုင်လျှင် ကမ္မဋ္ဌာန်းသည် သပ္ပါယဖြစ်လိမ့်မည်နည်း” ဟု ဆင်ခြင်တော် မူလတ်သော် ထိုဝါးတော၌ နေမှသာလျှင် သပ္ပါယဖြစ်လိမ့်မည် ဟု ကောင်းစွာ သိတော်မူ၍__

“အနုရုဒ္ဓါ... ထို့ကြောင့် (ထိုသို့ ဝါးတော၌ နေမှသာ သပ္ပါယဖြစ်မည် ဖြစ်သောကြောင့်) သင်ချစ်သားသည် နောင်အခါ၌လည်း စေတိတိုင်း ဤ ဝါးတောအရပ်၌ သာလျှင် ဝါကပ်၍ နေလေလော့”__

(နှာ-၁၇၀)

ဟု မိန့်တော်မူပြီးလျှင် ကောင်းကင်သို့ ပျံတက်တော်မူကာ ဘေသကဠာတောအုပ်သို့ပင် ကြွရောက်တော်မူ၍ ထိုတောအုပ်၌ ရဟန်းတို့အား ဤမဟာပုရိသဝိတက်ကြီးရှစ်ပါး တရားဒေသနာကို အကျယ်ဟောတော်မူပြန်လေ၏။ (အကျယ်ကို ပိဋကတ် မြန်မာပြန် အင်္ဂုတ္တိုရ် တတိယအုပ် စာမျက်နှာ ၆၆-မှစ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏)။

အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် မြတ်စွာဘုရားရှင် ကြွသွားတော်မူလျှင်ပင် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်တော်မူလေရာ မကြာမြင့်မီပင်(နောက်နှစ်ဝါတွင်း၌)ပု,ဒိ,အာ = ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော အာသဝေါကုန်ခန်း ရဟန္တာ မထေရ်မြတ်ဖြစ်၍ “သြ... မြတ်စွာဘုရားသည် ငါ၏စိတ်ကို သိမြင်ကာ ကြွလာတော်မူ၍ ရှစ်ခုမြောက်ဖြစ်သော မဟာပုရိသဝိတက်ကြီးကို ဖြည့်စွက်ပေးတော်မူပါပေ၏။ ငါ၏ ထိုစိတ်နှလုံး အလိုသည်လည်း ယခုအခါ အထွတ်အထိပ်မြောက် ပေါက်ရောက် လေပြီတကား” ဟု အားရဝမ်းသာ အောက်မေ့တော်မူကာ မြတ်စွာဘုရားရှင်၏ တရားဒေသနာတော်နှင့် မိမိ ရရှိအပ်သော လောကုတ္တရာတရားကို အာရုံပြု၍ ဤဆိုလတ္တံ့သော ဥဒါန်း ဂါထာတို့ကို ရွတ်ဆိုကျူးရင့်တော်မူလေ၏။

(က) မမ သင်္ကပ္ပမညာယ၊ သတ္ထာ လောကေ အနုတ္တရော။
မနောမယေန ကာယေန၊ ဣဒ္ဓိယာ ဥပသင်္ကမိ။

လောကေ= လောကသုံးခွင် ဘုံအပြင်၌။ အနုတ္တရော = အတုမရှိ လွန်မြတ်ဘိသော။ သတ္တာ = လူနတ်တို့ဆရာ ဘုရားမြတ်စွာသည်။ မမ=အနုရုဒ္ဓါ မထေရ် ငါ၏။ သင်္ကပ္ပံ = ဝမ်း၌ဖြစ်ဟန် စိတ်အကြံကို။ အညာယ = ပိုင်းခြား ထင်ထင် သိမြင်တော်မူ၍။ မနောမယေန ကာယေန= အဘိညာဏ်စိတ်ကြောင့် ရိပ်ရိပ်လျင်လျား တဟုန်တည်း သွားသော ကိုယ်တော်ဖြင့်။ ဣဒ္ဓိယာ = နှိုင်းတုမလျှော်

(နှာ-၁၇၁)

တန်ခိုးတော်ဖြင့်။ ဥပသင်္ကမိ = ငါ၏မျက်မှောက် ခဏခြင်း ကြွရောက်တော်မူလာလေပြီ။

(ခ) ယထာ မေ အဟု သင်္ကပ္ပော၊ တတော ဥတ္တရိ ဒေသယိ။
နိပ္ပပဉ္စရတော ဗုဒ္ဓါ၊ နိပ္ပပဉ္စမဒေသယိ။

မေ= အနုရုဒ္ဓါမထေရ်၏(သန္တာန်၌)။ ယထာ= အကြင်သို့အား ခုနစ်ပါးသောအခြင်းအရာဖြင့်။ သင်္ကပ္ပေါ = ပုဂ္ဂိုလ်ဥက္ကဋ္ဌ ယောက်ျားမြတ်တို့၏ အကြံသည်။ အဟု = ဖြစ်ခဲ့လေပြီ။ တတော = ထိုငါအကြံပွါး ခုနစ်ပါးသော ယောက်ျားမြတ်တို့၏ အကြံထက်။ ဥတ္တရိ= အထက်၌ ဖြစ်ရန် ရှစ်ခုမြောက်အကြံကို။ ဒေသယိ = ကရုဏာ ရှေ့ထား ဟောကြားတော်မူလေပြီ။ (ကထံ ဒေသယိ= အဘယ်သို့ ပြောကြားတော် မူသနည်း ဟူမူကား)။ နိပ္ပပဉ္စရတော =ပပဉ္စသုံးပါး သံသရာနယ်ချဲ့တရားတို့မှ ပယ်ရှားလွတ်မြောက်ရာမှန် အသင်္ခတနိဗ္ဗာန်၌ စိတ်သန် မွေ့လျော် ဖလသမာပတ်ဖြင့် ပျော်တော်မူသော။ ဗုဒ္ဓေါ= သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားသည်။ နိပ္ပပဉ္စံ = ပပဉ္စသုံးပါး သံသရာနယ်ချဲ့တရားတို့မှ ပယ်ရှားလွတ်မြောက်ရာမှန် အသင်္ခတနိဗ္ဗာန်ကို။ အဒေသယိ = ကရုဏာရှေ့ထား ဟောကြားတော်မူလေပြီ။

(ဂ) တဿာဟံ ဓမ္မမညာယ၊ ဝိဟာသိံ သာသနေ ရတော။
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ၊ ကတံ ဗုဒ္ဓဿ သာသနံ။

အဟံ=အနုရုဒ္ဓါ မထေရ်သည်။ တဿ=ထိုသဗ္ဗညူ ဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရား၏။ ဓမ္မံ =ဟောကြားမိန့်ဖော် တရားတော်ကို။ အညာယ= (နှာ-၁၇၂)

အရဟတ္တဖိုလ်ပေါက် အသိဉာဏ်ရောက်၍။ သာသနေ= သုံးပါးသိက္ခာ သာသနာ၌။ ရတော = ဖလသမာပတ်ဖြင့် မပြတ်မွေ့လျော် ပျော်ပိုက်သည် ဖြစ်၍။ ဝိဟာသိံ = မျက်မှောက်ဘဝ ချမ်းသာရ၍ မျှတနေနိုင်ခဲ့လေပြီ။ မေ = အနုရုဒ္ဓါမထေရ်သည်။ တိဿော ဝိဇ္ဇာ = သုံးပါးဝိဇ္ဇာ ပု+ဒိ+အာ - တို့သို့။ အနုပ္ပတ္တာ = အရဟတ္တဖိုလ်ခိုက် ရောက်ဆိုက်အပ်ကုန်ပြီ။ ဗုဒ္ဓဿ= သဗ္ဗညူဗုဒ္ဓ အမည် ရသည့် လောကထွတ်ထား မြတ်စွာဘုရား၏။ သာသနံ = သုံးပါးသိက္ခာ သာသနာကို။ ကတံ = အရဟတ္တဖိုလ်ရောက် ကျင့်ဆောက်ကြိုးကုတ် အပြီးတိုင်ပြုလုပ်အပ်လေပြီ။

ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

ထိုမှ နောက်အခါ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် များစွာသော ရဟန်းတော်တို့အား အသီးအသီး ဧတဒဂ်ဘွဲ့နှင်းသဘင်ဆင်ယင် ကျင်းပသောအခါ ဤအရှင်အနုရုဒ္ဓါမထေရ်မြတ်အား

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဒိဗ္ဗစက္ခုကာနံ ယဒိဒံ အနုရုဒ္ဓေါ= ရဟန်းတို့...ဒိဗ္ဗစက္ခု- အဘိညာဏ်ရှိသော ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် အနုရုဒ္ဓါသည် အသာဆုံး အမြတ်ဆုံးဖြစ်ပေ၏”__

ဟု ချီးကျူးမြွက်ဆိုတော်မူကာ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိသော အရာ၌ ဧတဒဂ်ထားတော်မူလေ၏။

(ဤ၌။ ။ “အခြား တပါးသော တေဝိဇ္ဇရဟန္တ, ဆဠဘိည ရဟန္တတို့သည်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရတော်မူကြသည်ချည်း ဖြစ်ပါလျက် အဘယ့်ကြောင့် မြတ်စွာဘုရားသည် အရှင်အနုရုဒ္ဓါ မထေရ်အား ထူးချွန်၍ ‘ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိသောအရာ၌’ ဧတဒဂ်ထားတော်မူသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- အခြားသော တေဝိဇ္ဇရဟန္တာ ဆဠဘိညရဟန္တာတို့သည်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရတော်မူကြသည်ချည်း မှန်သော်လည်း ထိုမထေရ်တို့သည် ဒိဗ္ဗစက္ခု အဘိညာဏ်ကို အရှင်အနုရုဒ္ဓါ မထေရ်ကဲ့သို့ လွန်လွန် ကဲကဲ

(နှာ-၁၇၃)

ဝင်စားတော်မမူကြချေ။ အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ဆွမ်းခံ ကြွသွားသောအခါ ဆွမ်းဘုဉ်းပေးသောအခါမျှကို ချန်လှပ်၍ ကြွင်းသောအချိန်အခါ၌ အာလောကကသိုဏ်းကို တိုးချဲ့ပွါးများ၌ ဒိဗ္ဗစက္ခု အဘိညာဏ်ဖြင့် သတ္တဝါတို့ကို ကြည့်ရှု၍သာ အနေများလေသည်။ ဤသို့လျှင် အရှင်အနုရုဒ္ဓါမထေရ်မြတ်မှာ နေ့နေ့ညဉ့်ည၌ ဒိဗ္ဗစက္ခုအဘိညာဏ်ဝယ် ဝသီဘော်ငါးတန် (အခြားမထေရ်များထက်) အလေ့အကျက်အားသန်သောကြောင့် မြတ်စွာဘုရားသည် အရှင်အနုရုဒ္ဓါမထေရ်အားသာ “ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိသောအရာ၌’ ဧတဒဂ်ထားတော်မူသည်။ ဤကား အဖြေတည်း။

တနည်းဆိုရလျှင် အရှင်အနုရုဒ္ဓါသည် ကမ္ဘာတသိန်းကာလ ကြာအောင် ဤဒိဗ္ဗစက္ခုက ဧတဒဂ်ရာထူးကို ရရှိရန် အဓိကာရ ကောင်းမှုပြုတော်မူခဲ့ တောင့်တပန်ထွာတော်မူခဲ့သောကြောင့် ဤယခု နောက်ဆုံး ပါရမီဆုတောင်းပြည့်ဝသောဘဝမှာလည်း ရှေးဆုတောင်း တရားအထုံဝါသနာ ပါရှိသည့်အတိုင်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို အခြား တပါးသော ရဟန္တာမထေရ်တို့ထက် လွန်လွန်ကဲကဲ ဝင်စားလေ့လာ တော်မူလေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် အရှင်အနုရုဒ္ဓါ မထေရ်အားသာ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိသောအရာ၌ ဧတဒဂ်’ ထားတော်မူသည်။ ဤကား အဖြေတည်း)၊

အရှင်အနုရုဒ္ဓါမထေရ် နတ်လှူဒါန်းသည့် ပံသုကူသင်္ကန်းကို ရတော်မူခြင်းအကြောင်း ၊

(ဓမ္မပဒ၊ဋ္ဌ၊၁၊၃၇-၇-မှ ထုတ်နုတ်ဖော်ပြသည်)

မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ နေတော်မူစဉ် တနေ့သ၌ အရှင်အနုရုဒ္ဓါမထေရ်သည် ဟောင်းနွမ်းသော သင်္ကန်းရှိသည်ဖြစ်ရကား တံမြက်ချေးပုံ - စသည်တို့၌ ပံသုကူသင်္ကန်းကို လှည့်လည် ရှာမှီးတော်မူလေ၏။ မထေရ်၏ ဤယခုဘဝမှ သုံးခုမြောက်ဘဝက ဇနီးဟောင်းသည် တာဝတိံသာနတ်ပြည်ဝယ် ဇာလိနီအမည်ရှိသော နတ်သမီးဖြစ်၍ နေ၏။

ဇာလိနီနတ်သမီးသည် မထေရ်မြတ်ကို ပံသုကူအဝတ်ကြမ်းများ ရှာမှီးနေသည်ကို မြင်လတ်၍ မထေရ်၏အလို့ငှါ အလျား တဆယ့်သုံးတောင်, အနံ လေးတောင်ရှိသော နတ်ဖြစ်ပုဆိုး

(နှာ-၁၇၄)

သုံးထည်တို့ကို ယူဆောင်ခဲ့၍ “အကယ်၍ ငါသည် ဤနတ်ဖြစ် ပုဆိုးတို့ကို ဤပုံ ဤပန်းအတိုင်း မထေရ်အား လှူဒါန်းလျှင် မထေရ်သည် ခံယူလိမ့်မည် မဟုတ်”ဟု ကြံစည်ပြီးလျှင် ပံသုကူ ပုဆိုးကြမ်း ရှာနေသောမထေရ်မြတ်၏ ရှေ့မှ အမှိုက်ပုံတခုဝယ် ထို နတ်ဖြစ်ပုဆိုးတို့၏ အမြိတ်အဆာ အစွန်းမျှသာ မြင်အောင် ပြ၍ထားရှိလေသည်။

မထေရ်သည် ထိုလမ်းအတိုင်း ပံသုကူရှာ ကြွလာလတ်သော် ထိုနတ်ဖြစ်ပုဆိုးတို့၏ အမြိတ်အဆာ အစွန်းမျှကိုသာ မြင်တော်မူ၍ ထိုနေရာမှာပင် ပံသုကူကောက်ယူလေလျှင် ဖော်ပြရာပါ နတ်ဖြစ်ပုဆိုးသုံးထည်တို့ကို မြင်တော်မူ၍ ဤအဝတ်ကား ဥက္ကဋ္ဌ ပံသုကူပေတကား”ဟု အောက်မေ့ကောက်ယူကာ ဖဲသွားလေ၏။

ထို့နောက် မထေရ်မြတ် သင်္ကန်းချုပ်လုပ်သောနေ့၌ မြတ်စွာဘုရားသည် ရဟန်းငါးရာခြံရံလျက်သင်္ကန်းချုပ်ရာ ရှင်အနုရုဒ္ဓါ၏ ကျောင်းသို့ ကြွရောက်၍ ထိုင်နေတော်မူ၏။ အသီတိသာဝက ဂိုဏ်းဝင် မထေရ်ကြီးတို့သည်လည်း ထိုသင်္ကန်းချုပ်ရာ ကျောင်း၌ပင် ထိုင်နေတော်မူကြကုန်၏။ သင်္ကန်းချုပ်ဖို့ရန် အရှင်မဟာကဿပမထေရ်က အရင်းပိုင်း = အစပိုင်း၌ ထိုင်နေ၍ အရှင်သာရိပုတ္တရာက အလယ်ပိုင်း, အရှင်အာနန္ဒာက အဖျားပိုင်းက ထိုင်နေကာ သင်္ကန်းချုပ်တော်မူကြ၏၊ ရဟန်းသံဃာက ချည်ကို ကျစ်၍ ပေးလေသည်။ မြတ်စွာဘုရားရှင်က အပ်ချည်များကို အပ်နဖား၌ တပ်၍ပေးလေသည်။ အရှင်မဟာမောဂ္ဂလာန်မထေရ်က ထိုသင်္ကန်းချုပ်ပွဲဝယ် အကြင်အကြင် အလိုရှိအပ်သမျှသောပစ္စည်းများကို ရအောင်အောင် လှည့်လည်တော်မူလေသည်။

ဇာလိနီနတ်သမီးသည်လည်း မြို့တွင်းသွေဝင်၍ “အိုလူများအပေါင်းတို့... ငါတို့အရှင်အနုရုဒ္ဓါမထေရ်အတွက် သင်္ကန်းချုပ် လုပ်ရန် မြတ်စွာဘုရားရှင်သည် အသီတိသာဝက ရဟန္တာမထေရ်မြတ်ကြီးများ ခြံရံအပ်လျက် ရဟန်းငါးရာတို့နှင့် အတူတကွ ကျောင်း၌ ထိုင်နေတော်မူလေသည်၊ ယာဂုစသည်တို့ကို ယူဆောင်၍ ကျောင်းတိုက်သို့သွားကြကုန်လော့”ဟု အမျိုးသမီးများ

(နှာ-၁၇၅)

ယာဂု, ဆွမ်းယူဆောင်၍ သွားကြရန် နှိုးဆော်ဆောက်တည်စေလေ၏။ အရှင်မဟာမောဂ္ဂလာန်မထေရ်သည်လည်း ဆွမ်းမစားမီ အကြားကာလ၌ ဇမ္ဗူ့သပြေသီးခိုင်ကြီးများကို ယူဆောင်ပေးတော်မူလေသည်။ ထိုသပြေသီးများကို ရဟန်းငါးရာတို့ ကုန် အောင်မစားနိုင်ကြကုန်။ သိကြားနတ်မင်းသည် သင်္ကန်းချုပ် လုပ်ရာအရပ်၌ မြေကိုအပြေအပြစ်ဖြစ်အောင် ပြုလုပ်ဖန်ဆင်းပေးလေသည်၊ သို့ရကား သင်္ကန်းချုပ်ရာ မြေအပြင်သည် ချိပ်ရည် သွန်းလောင်းထားအပ်သကဲ့သို့ ရှိလေသည်။ ရဟန်းတို့စားသုံး၍ ကြွင်းကျန်သော ယာဂု,ခဲဖွယ်, ဆွမ်းများမှာ တပုံကြီးဖြစ်၍ နေလေသည်။

ထိုအခါ ရဟန်းတို့သည် “ဤမျှသော ရဟန်းတို့အတွက် ဤမျှ များပြားသော ယာဂု, ခဲဖွယ်, ဆွမ်း-စသည်တို့ဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ (တကယ်ဆိုလျှင်) အတိုင်းအရှည်ကို မှတ်ယူပြီးလျှင် ‘ဤမျှလောက်ကိုသာ ဆောင်ယူခဲ့ကြလော့’ ဟုဆွေမျိုးများ, အလုပ်အကျွေး ဒကာ ဒကာမများကို ပြောဆိုသင့်သည်မဟုတ်လော၊ အရှင်အနုရုဒ္ဓါမထေရ်သည် မိမိမှာ ဆွေမျိုး, အလုပ်အကျွေး ဒကာ ဒကာမများ ပေါများကြောင်းကို သိစေလိုသည်ထင်ပါ၏”ဟု ကဲ့ရဲ့စကား ပြောကြားကြလေ၏။ ထိုအခါ ထိုရဟန်းများကို မြတ်စွာဘုရားရှင်က “ချစ်သားတို့...အဘယ်စကားကို ပြောကြားနေကြသနည်း”ဟု မေးတော်မူ၍ ရဟန်းများက “ဤမည်သော စကားကို ပြောကြားနေကြပါသည် မြတ်စွာဘုရား...”ဟု ပြန်ကြားလျှောက်ထားကြလေလျှင် မြတ်စွာဘုရားရှင်သည် “ရဟန်းတို့... သင်တို့သည် ဤယာဂု, ခဲဖွယ်, ဆွမ်း-စသည်များကို အနုရုဒ္ဓါက ဆောင်စေအပ်၏ဟု မှတ်ထင်ကြသလော”ဟု မေးတော်မူ၏။ ရဟန်းများက “ဟုတ်ပါသည် ရှင်အနုရုဒ္ဓါက ဆောင်စေအပ်၏ ဟု မှတ်ထင်ကြပါသည်ဘုရား...ဟု ပြန်ကြား လျှောက်ထားကြလေသော် မြတ်စွာဘုရားရှင်သည်__

“ရဟန်းတို့...ငါ၏ သားတော် အနုရုဒ္ဓါသည် ဤသို့ သဘောရှိသည့် ပစ္စည်းလေးခဏ်း တောင်းရမ်းစကား

(နှာ-၁၇၆)

မပြောကြားချေ။ မှန်၏__ရဟန္တာပုဂ္ဂိုလ်တို့သည် ပစ္စည်းလေးရပ်နှင့် စပ်သောစကားကို အလေးထား၍ မပြောကြားကြကုန်၊ ဤဆွမ်းသည်ကား နတ်၏ အာနုဘော်ကြောင့် ဖြစ်လာလေသည်”_

ဟု မိန့်တော်မူ၍ ရှေ့နောက်စကား အနုသန္ဓေ = ဆက်စပ်တော် မူပြီးလျှင် တရားဟောတော်မူလိုရကား ဤဆိုလတ္တံ့သော ဂါထာကို မိန့်တော်မူလေ၏—

ယဿာသဝါ ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။
သုညတာ အနိမိတ္တော စ၊ ဝိမောက္ခော ယဿ ဂေါစရော။
အာကာသေဝ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။

(ဘိက္ခဝေ= ရဟန်းတော်များ အိုချစ်သားတို့...) ယဿ =အကြင်ရဟန္တာပုဂ္ဂိုလ်၏(သန္တာန်၌)။ အာသဝါ =ကာမ, ဘဝ, ဒိဋ္ဌိ, အဝိဇ္ဇာ=လေးဖြာသော အာသဝေါ တရားတို့သည်။ ပရိက္ခိဏာ = အငွေ့အသက်မျှပင် ကျန် မထင်အောင် ထက်ဝန်းကျင် ကုန်ခန်းကြလေပြီ။ ယော= အကြင် ရဟန္တာပုဂ္ဂိုလ်သည်။ အာဟာရေ စ = အစာ အာဟာရ၌လည်း။ အနိဿိတော = တဏှာ, ဒိဋ္ဌိ နှစ်ပါးတို့ဖြင့် လားလားမျှစွဲမှီတော်မမူ။ သုညတော ဝိမောက္ခာ စ= ရာဂ, ဒေါသ, မောဟဆိတ်သုဉ်း ထိုတရားအားလုံး မှလည်း လွတ်မြောက်၍ သုညတဝိမောက္ခ အမည်ရသော နိဗ္ဗာန်သည်၎င်း။ အနိမိတ္တာ ဝိမောက္ခေါ စ = ရာဂ, ဒေါသ မောဟနိမိတ်တို့ပိတ်(ဗိတ်)မရှိ ထိုနိမိတ်တို့မှလည်း လွတ်မြောက်၍ အနိမိတ္တဝိမောက္ခ အမည်ရသော နိဗ္ဗာန်သည်၎င်း။ (အပ္ပဏိဟိတော ဝိမောက္ခေါ စ= ရာဂ, ဒေါသ, မောဟပဏိဓိတို့ ပိတ် (ဗိတ်) မရှိ- ထိုပဏိဓိတို့မှလည်း လွတ်မြောက်၍ အပ္ပဏိဟိတမောက္ခ အမည်ရ (နှာ-၁၇၇)

သော နိဗ္ဗာန်သည်၎င်း၊ စ-သဒ္ဓါဖြင့် ဆည်းသည်)။ ယဿ = အကြင်ရဟန္တာပုဂ္ဂိုလ်၏။ ဂေါစရော = ဖလသမာပတ်ဖြင့် မပြတ်ကျက်စားရာမှန် ဂေါစရဂါမ်လည်း ဖြစ်ပေ၏။ အာကာသေ=အဇဋာပြင် မိုးကောင်းကင်၌။ သကုန္တာနံ = သွားရောက်ကုန်ငြား ငှက်အများတို့၏။ ပဒံ = ခြေဖြင့် နင်း၍သွားရောက်ရာ, ရင် ဦးခေါင်း အတောင်တို့ဖြင့် ထိခတ်၍သွားရောက်ရာ အရပ်ကို။ ဒုရန္နယံ ဣဝ = သိရန် ခဲကပ် မတတ်နိုင်သကဲ့သို့။ တဿ = ထိုရဟန္တာပုဂ္ဂိုလ်၏။ ပဒံ = စုတိမှနောက် လားရောက်တော်မူရာ အနုပါဒိသေသ နိဗ္ဗာနဓာတ်ကို။ ဒုရန္နယံ= လူသာမန်တို့ သိရန် ခဲကပ် မတတ်နိုင်ချေ။ ဒေသနာနိဂုံး ဆုံးသောအခါ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်-စသည်တို့သို့ လားရောက်ကြလေကုန်၏။

ဒေသနာနိဂုံး ဆုံးသောအခါ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်-စသည်တို့သို့ လားရောက်ကြလေကုန်၏။

ဤကား အရှင်အနုရုဒ္ဓါမထေရ် အကြောင်းတည်း။

______

(၆) အရှင်ဘဒ္ဒိယ မထေရ်အကြောင်း

ဤသံဃရတနာအခဏ်း၌ ဘဒ္ဒိယမထေရ်တို့မှာ ယခု (၆) အမှတ်၂) ဘဒ္ဒိယမထေရ်, (၇) အမှတ်ဖြင့် ဖော်ပြလတ္တံ့သော လကုဏ္ဍကဘဒ္ဒိယမထေရ်ဟူ၍ နှစ်ပါးတို့ ရှိကြလေသည်။ ထိုနှစ်ပါးတို့တွင် ဤယခုဖော်ပြမည့် ဘဒ္ဒိယ မထေရ်မှာ ရှေးအရှင်အနုရုဒ္ဓါ အကြောင်း ဖော်ပြအပ်ခဲ့ ပြီးသည့် သာကီဝင်မင်းသား ခြောက်ယောက်အဝင်အပါ ဘဒ္ဒိယမင်းသားဘဝမှ ရဟန်းပြုသော ဘဒ္ဒိယမထေရ် ဖြစ်သည်၊ ဤဘဒ္ဒိယမထေရ်၏ မယ်တော်မှာ “ကာဠီဂေါဓာ” မည်သော သာကီဝင် မင်းသမီး ဖြစ်သည်။ ထို့ကြောင့် ဤဘဒ္ဒိယမထေရ်ကို “ကာဠိဂေါဓာပုတ္တဘဒ္ဒိယ မထေရ် = ကာဠီဂေါဓာ သာကီဝင်မင်းသမီး၏ သားဖြစ်သော ဘဒ္ဒိယမထေရ်”ဟု အသိအမှတ်ပြုအပ်လေသည်။

(နှာ-၁၇၈)

(က) မထေရ်မြတ်၏ ရှေ့ဆုတောင်း

ဤဘဒ္ဒိယမထေရ်သည်လည်း အတိတ်အခါ ကမ္ဘာတသိန်း ထက်ဝယ် ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာအခါ၌ စည်းစိမ်ဥစ္စာပေါများသော မဟာဘောဂအမျိုး၌ သူဌေးသား ဖြစ်၍ (ရှင်အနုရုဒ္ဓါဝတ္ထု၌) ဆိုအပ်ခဲ့သောနည်းအတိုင်း တရားနာရန် ကျောင်းတော်သို့ သွားရောက်လေသည်။

ထိုနေ့၌ ပဒုမုတ္တရမြတ်စွာဘုရားရှင်က ရဟန်းတပါးကို အမျိုးမြတ်ခြင်း ရှိသူတို့အနက် ဧတဒဂ်ဘွဲ့ထူး ပေးအပ်တော်မူသည်ကို တွေ့မြင်ရ၍ “ငါသည်လည်း နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာ၌ ဤယခု ရဟန်းကဲ့သို့ပင် အမျိုးမြတ်ခြင်း ရှိကြသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး =ဧတဒဂ်ဘွဲ့ရ ရဟန်းဖြစ်မှ သင့်တော်မည်”ဟု ကြံစည်ဆင်ခြင်ကာ မြတ်စွာဘုရားကို ပင့်ဖိတ်၍ ခုနှစ်ရက်ကြာ ဘုရားအမှူးရှိသော သံဃာအား မဟာဒါနကြီး ပေးလှူပြီးလျှင် “မြတ်စွာဘုရား...တပည့်တော်သည် ဤဒါန၏ အကျိုးကြောင့် အခြားတပါးသောစည်းစိမ်ကို မတောင့်တပါ၊ စင်စစ်သော်ကား နောက်အခါဝယ် တဆူဆူသော မြတ်စွာဘုရား၏ သာသနာ၌ အမျိုးမြတ်ခြင်း ရှိကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး =ဧတဒဂ်ဘွဲ့ရ-ရဟန်း ဖြစ်ရပါ လို၏”ဟု ဆုတောင်း၍ မြတ်စွာဘုရားခြေတော်ရင်း၌ ဝပ်စင်းလျက် နေလေ၏။

မြတ်စွာဘုရားသည် အနာဂတ်ကို ရှုကြည့်တော်မူလတ်သော် ထိုသူဌေးသား၏ ဆုတောင်းချက် ပြည့်စုံမည်ကို မြင်တော်မူ၍ “သင်၏ ဤ ဆုတောင်းမှုသည် ပြည့်စုံလိမ့်မည်၊ ဤ ကမ္ဘာမှ နောက် ကမ္ဘာတသိန်း အဆုံးရောက်သောအခါ၌ ဂေါတမ မြတ်စွာဘုရား ထင်ရှားပွင့်တော်မူလိမ့်မည်၊ ထိုအခါ သင်သည် ဂေါတမမြတ်စွာ သာသနာ၌ အမျိုးမြတ်ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ဘွဲ့ရ-ရဟန်း ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်ကြားတော်မူ၍ ဆွမ်းအနုမောဒနာတရား ဟောကြားပြီးလျှင် ကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။

(နှာ-၁၇၉)

သူဌေးသားသည်လည်း ထိုဗျာဒိတ်ကို ရရှိပြီးနောက် မြတ်သောအမျိုး၌ ဖြစ်စေတတ်သော ကောင်းမှုကုသိုလ်များကို မေးမြန်းလျှောက်ထားပြီးလျှင် တရားဟောရာ ဓမ္မာသနပလ္လင်များကို ပြုလုပ်စေ၍ လှူဒါန်းလေသည်၊ ထိုပလ္လင်များ၌ အခင်းများကို ပြုလုပ်စေ၍ လှူဒါန်းလေသည်၊ ဓမ္မကထိကများ တရားဟောသောအခါ အသုံးပြုရန် ယပ်များကို၎င်း, ဓမ္မကထိက အရှင်မြတ်တို့အား ပူဇော်သက္ကာရမှုကို၎င်း, ဥပုသ်အိမ် သိမ်အပြင်၌ ဆီမီးတန်ဆောင်များကို၎င်း လှူဒါန်းလေသည်။ ဤသို့လျှင် အသက်ထက်ဆုံး များစွာသောကောင်းမှုကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်, လူ့ပြည် အလှည့်အလည် ကျင်လည် ကျက်စားခဲ့၍ ကဿပမြတ်စွာဘုရားရှင်နှင့် ဂေါတမမြတ်စွာဘုရားရှင်တို့၏ အကြားကာလဝယ် ဗာရာဏသီပြည် သူကြွယ် အိမ်၌ သူကြွယ်သား ဖြစ်ပြန်လေ၏။

ထိုအခါဝယ် များစွာသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဂန္ဓမာဒနတောင်မှ ကြွလာကြ၍ ဗာရာဏသီပြည် ဂင်္ဂါမြစ်ကမ်းဝယ် ရေမိုးချမ်းသာရာ နေရာတခု၌ ထိုင်၍ ဆွမ်းဘုဉ်းပေးကြကုန်၏။ အရှင်ဘဒ္ဒိယအလောင်း သူကြွယ်သည် ထို ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အမြဲမပြတ် ထိုနေရာ၌ ဆွမ်းဘုဉ်းပေးကြသည်ကို သိ၍ ကျောက်ပြားကြီးရှစ်ချပ် ခင်းလှူကာ အသက်ထက်ဆုံး ပစ္စေကဗုဒ္ဓါအရှင်တို့ကို ပြုစုလုပ်ကျွေးလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို့နောက် ကဿပမြတ်စွာဘုရားနှင့် ဂေါတမမြတ်စွာဘုရားရှင်တို့၏ အကြားကာလ = ဗုဒ္ဓန္တရအသင်္ချေယျ အချိန်ပိုင်းကာလ ပတ်လုံး အပါယ်မလားပဲ နတ်ပြည်, လူ့ပြည်တို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားလက်ထက်တော် အခါဝယ် ကပိလဝတ်ပြည် သာကီ ဝင်မင်းမျိုး၌ ဖြစ်လေ၏၊ ထိုမင်းသား၏ အမည်ကို ဘဒ္ဒိယမင်းသားဟု မိဖတို့က မှည့်ခေါ်ကြလေသည်။

(နှာ-၁၈၀)

ထို ဘဒ္ဒိယမင်းသားသည် အရွယ်သို့ ရောက်ရှိလတ်သော် (အောက်မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၁၄၅-မှ ၁၆၀-တိုင် ဖော်ပြအပ်ခဲ့သည့် သာကီဝင်မင်းသားခြောက်ဦးတို့ ဥပါလိဆေတ္တာသည်နှင့်တကွ ရဟန်းပြုကြသော အခဏ်း၌ ဆိုအပ်ခဲ့ ပြီးသည့်အတိုင်း) မင်းသားခြောက်ဦးတို့တွင် ခေါင်းဆောင် မင်းသားတဦး အပါအဝင်ဖြစ်ကာ မြတ်စွာဘုရားရှင် အနုပိယမြို့ ၏အနီး “သရက်တောကျောင်းတိုက်”၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အထံ၌ ရဟန်းပြု၍ ထိုနှစ်ဝါတွင်းမှာပင် ရဟန္တာ အဖြစ်သို့ ရောက်တော်မူသည်။

(ထို ဘဒ္ဒိယရဟန္တာအရှင်မြတ်၏ ရဟန္တာဖြစ်ပြီးနောက် ဖလသမာပတ်ဖြင့် ချမ်းသာစွာနေတတ်မူရ၍- “အဟော သုခံ, အဟောသုခံ=ဩ...ချမ်းသာစွာ့, ဩ...ချမ်းသာစွာ့”ဟုဥဒါန်းကျူးရင့်တော်မူသည်ကို ပုထုဇန်ရဟန်းကို မသိရှိကြ၍ မင်းစည်းစိမ်ဟောင်းကို အောက်မေ့ကာ ဥဒါန်းကျူးသည် ထင်မှတ်ကြလျက် မြတ်စွာဘုရားရှင်အား လျှောက်ထားကြသော အကြောင်းအရာ စသည်ကို ပိဋကတ်တော် မြန်မာပြန် ဥဒါန်းပါဠိတော် (ခု-မြန် ၁၊ စာမျက်နှာ ၉ဝ)၌ ကြည့်ရှုကုန်ရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ ရတော်မူခြင်း

မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတိုက်၌ နေတော်မူစဉ် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်း အပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤဘဒ္ဒိယရဟန္တာ အရှင်မြတ်အား__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဥစ္စာကုလိကာနံ ယဒိဒံ ဘဒ္ဒိယော ကာဠိဂေါဓာယ ပုတ္တော = ရဟန်းတို့...မြတ်သောအမျိုး၌ ဖြစ်ကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ကာဠီဂေါဓာ သာကီဝင် မင်းသမီး၏သား ဘဒ္ဒိယသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “ဥစ္စာကုလိက=မြတ်သောအမျိုး၌ ဖြစ်သောအရာ”ဝယ် ဧတဒဂ်ထားတော်မူလေ၏။

(နှာ-၁၈၁)

(ဤ၌။ ။ မထေရ်၏မိခင် သာကီဝင်မင်းသမီး၏ အမည်ရင်းမှာ “ဂေါဓာ” ဟူ၍ ဖြစ်သည်။ အသားအရေ စဉ်းငယ်မည်းနက်သောကြောင့် ထိုမင်းသမီးကိုကာဠီဂေါဓာ သာကီဝင်မင်းသမီး” ဟုခေါ်၏။ ထိုမင်းသမီး၏ သားဖြစ်သောကြောင့် အရှင်ဘဒ္ဒိယရဟန္တာ မထေရ်ကို “ကာဠီဂေါဓာပုတ္တဘဒ္ဒိယမထေရ်=ကောဠိဂေါဓာ သာကီဝင်မင်းသမီး၏ သား အရှင်ဘဒ္ဒိယမထေရ်” ဟု ခေါ်ဆိုလေသည်။

ကာဠီဂေါဓာ သာကီဝင်မင်းသမီးသည် သာကီဝင် မင်းသမီးတကာတို့တွင် အရွယ်အားဖြင့် အကြီးဆုံးဖြစ်၏၊ မြတ်စွာဘုရားအလောင်းတော် ဘုရားဖြစ်တော်မူချိန်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးမှာ အသက် ကိုးဆယ်ကျော်အရွယ်သို့ ရောက်ရှိလေပြီ (သေချာစဉ်းစားမှ ဤအကြောင်းကို ခန့်မှန်းနိုင်၏)။ ထိုအချိန်၌ သုဒ္ဓေါဒန မင်းကြီးမှာ ငယ်စဉ်ကကဲ့သို့ ပြည်၏တာဝန်ကို ရှေ့ဆောင်မင်း အဖြစ်ဖြင့် ဆောင်ရွက်နိုင်သော အင်အားမရှိတော့ချေ။ ထို့ကြောင့် သုဒ္ဓေါဒနမင်းကြီးမှာ သာကီဝင်မင်းတို့၏ နာယကကြီး အဖြစ်လောက်ဖြင့်သာ တည်ရှိနေပေလိမ့်မည်၊ ထို့ကြောင့် ထိုအချိန်တွင် သာကီဝင်မင်းတို့ အထဲမှ အမျိုးကြီး,ငယ် အစဉ်အလိုက် မင်းပြုထိုက်သူကို ရွေးချယ်သောအခါ အမျိုးအမြတ်ဆုံး အကြီးဆုံးဖြစ်သည့် ဘဒ္ဒိယမင်းသားကို ရွေးချယ်၍ ရှေ့ဆောင်မင်းအဖြစ် ခန့်အပ်ကြလေသည်။ ဘဒ္ဒိယမင်းသားသည် မိမိလက်ဝယ် ရရှိပြီးသော သာကီဝင်ရှေ့ဆောင်မင်း အဖြစ်ကို စွန့်၍ ရဟန်းပြုခဲ့သူဖြစ်သည်။ ထို့ကြောင့် ယခု ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောအခါ “အမျိုးကြီးမြတ်ကြသူတို့အနက် အသာဆုံး အမြတ်ဆုံး” ဧတဒဂ်ဘွဲ့ထူးကို နှင်းအပ်တော်မူသည်။

တနည်း ဤဘဒ္ဒိယမထေရ်သည် ရှေးဆုတောင်းပတ္ထနာ၏ အာနုဘော်ကြောင့် ဘဝငါးရာဆက်၍ မင်းမျိုး၌ဖြစ်ကာ မင်းဖြစ်ခဲ့လေသည်။ ထို့ကြောင့် ဥစ္စာကုလိက-ဧတဒဂ်ဘွဲ့ကိုရတော်မူသည်။ ဤကား အထူး မှတ်ဖွယ်တည်း)။

ဤကား အရှင်ဘဒ္ဒိယမထေရ် အကြောင်းတည်း။

_______

(၇) အရှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤ လကုဏ္ဍက ဘဒ္ဒိယမထေရ်သည်လည်း ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌

(နှာ-၁၈၂)

စည်းစိမ်ဥစ္စာ ပေါများသော မဟာဘောဂ သူဌေးမျိုး=သူကြွယ်မျိုးဝယ် သူဌေးသား=သူကြွယ်သား ဖြစ်၍ (ရှင်အနုရုဒ္ဓါဝတ္ထု), ဆိုအပ်ခဲ့သော နည်းအတိုင်း တရားနာရန် ကျောင်းတော်သို့ သွားရောက်လေသည်။

ထိုအခါ မြတ်စွာဘုရားရှင်က အလွန် သာယာသော အသံရှိသည့် ရဟန်းတော်တပါးကို ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ “ငါသည်လည်း နောက်အခါဝယ် ဤရဟန်းကဲ့သို့ တဆူဆူသော ဘုရားရှင်၏ သာသနာ၌ သာယာသော အသံ ရှိသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး= ဧတဒဂ်ဘွဲ့ထူး ရသူ ဖြစ်ရပါမူ ကောင်းလေစွာ့”ဟု စိတ်အကြံကို ဖြစ်စေ၍ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ခုနှစ်ရက်ကြာ ဘုရားအမှူးရှိသော သံဃာအား မဟာဒါနကြီး ပေးလှူပြီးလတ်သော် “မြတ်စွာဘုရားတပည့်တော်သည် ဤဒါန၏အကျိုးအားကြောင့် အခြား တပါးသော စည်းစိမ်ကို မတောင့်တပါ၊ စင်စစ်သော်ကား နောက်အခါဝယ် တဆူဆူသော မြတ်စွာဘုရား၏ သာသနာ၌ သာယာသော အသံရှိကြသည့် ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ဘွဲ့ရ-ရဟန်း ဖြစ်ရပါလို၏” ဟုဆုတောင်း၍ မြတ်စွာဘုရားခြေတော်ရင်း၌ ဝပ်စင်းလျက် နေလေ၏။

မြတ်စွာဘုရားသည် အနာဂတ်ကို ရှုကြည့်တော်မူလတ်သော် ထိုသူဌေးသား၏ ဆုတောင်းချက် ပြည့်စုံမည်ကို မြင်တော်မူ၍ “သင်၏ ဤဆုတောင်းမှုသည် ပြည့်စုံလိမ့်မည်၊ ဤကမ္ဘာမှနောက် ကမ္ဘာတသိန်း အဆုံးရောက်သောအခါ၌ ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူလိမ့်မည်၊ ထိုအခါ သင်သည် ဂေါတမမြတ်စွာ သာသနာ၌ သာယာသောအသံရှိကြသည့် ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရ-ရဟန်း ဖြစ်လိမ့်မည်”ဟု ဗျာဒိတ် စကား ကြားတော်မူပြီးလျှင် ကျောင်းတော်သို့ ပြန်ကြွတော် မူလေ၏။

(နှာ-၁၈၃)

စိတ္တပတ္တ ဥဩငှက်ဘဝ

သူဌေးသားသည် ထို ဗျာဒိတ်ကို ရရှိပြီးနောက် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်, လူ့ပြည်တို့၌ လှည့်လည်ကျက်စားလျက် ဝိပဿီမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူသောအခါဝယ် “စိတ္တပတ္တ” မည်သော ဥဩငှက်ဖြစ်၍ ခေမမိဂဒါဝုန်တော၌နေစဉ် တနေ့သ၌ ဟိမဝန္တာသို့ သွားရောက်ကာ ချိုမြိန်သောသရက်သီးကို နှုတ်သီးဖြင့် ကိုက်ချီခဲ့၍ ပြန်လာလတ်လျှင် ရဟန်းအပေါင်း ခြံရံအပ်သော မြတ်စွာဘုရားကို ဖူးမြော်ရ၍ “ငါကား အခြားတပါးသော နေ့များ၌ လှူဘွယ်ပစ္စည်းမပါပဲ အချည်းနှီး မြတ်စွာဘုရားကို ဖူးမြော်ခဲ့ရ၏။ ယနေ့မူကား ငါသည် ဤသရက်သီးမှည့်ကို သားငယ်များစားရန်အတွက် ဆောင်ယူအပ်ခဲ့လေပြီ၊ ထိုငါ၏ သားငယ်များအား အခြားသောသစ်သီးကို ငါဆောင်၍ပေးတော့အံ့၊ ဤသရက်သီးကိုမူ မြတ်စွာဘုရားအား လှူမှသင့်တော့မည်”ဟု ကြံစည်၍ အောက်သို့ ဆင်းသက်၍ လာပြီးလျှင် (မြေ၌မနားသေးပဲ)ကောင်းကင်၌ လှည့်လည်ပျံသန်း၍ နေလေ၏။ ဝိပဿီမြတ်စွာဘုရားသည် ထိုဥဩ၏ စိတ်အကြံကို သိတော်မူ၍ အလုပ်အကျွေးဖြစ်သည့် အသောက မထေရ်ကို ကြည့်တော်မူလေ၏၊ အသောကမထေရ်သည် သပိတ်ကို အိတ်မှထုတ်၍ မြတ်စွာဘုရား၏လက်၌ ထားလေ၏၊ ထိုအခါ ဥဩငှက်သည် မိမိကိုက်ချီ ယူဆောင်လာသော သရက်သီးကို မြတ်စွာဘုရား၏ သပိတ်တော်၌ တည်စေလေ၏=လောင်းထည့် လှူလိုက်လေ၏။ မြတ်စွာဘုရားသည် ထိုလှူရာအရပ်၌ပင် ထိုင်၍ ထိုသရက်သီးကို ဘုဉ်းပေးသုံးဆောင်တော်မူလေ၏။ စိတ္တပတ္တ ဥသြငှက်သည် သဒ္ဓါကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အဖန်ဖန် မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို မိမိတတ်သိသမျှ ဆင်ခြင်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် မိမိ၏ အသိုက်သို့ သွားရောက်ကာ ခုနစ်ရက်ပတ်လုံး အစစရှာမထွက်တော့ပဲ နှစ်သက် ဝမ်းမြောက်ခြင်း = ပီတိ သုခဖြင့် အချိန်ကို ကုန်လွန်စေလေ၏။

(နှာ-၁၈၄)

ထိုစိတ္တပတ္တဥဩငှက်ဘဝ၌ ဤမျှသော ကုသိုလ်ကောင်းမှုကို ပြုလုပ်အပ်ခဲ့လေသည်။ ဤကောင်းမှုကုသိုလ်ကံကြောင့် ထိုမထေရ် ၏အသံသည် အလွန်ချိုမြိန်သာယာလေသံည်။

လက်သမားဆရာကြီးဘဝ

ကဿပမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလ၌ကား ထိုအရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်အလောင်းသည် လက်သမား ဆရာကြီး ဖြစ်လာလေ၏။ ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် သာရီရိကဓာတ်တော် တဆူတည်းကို စေတီတော်ကြီး တဆူတည်းတည်ရန် စီမံတိုင်ပင်ကြလေသော် “အဘယ်မျှ ပမာဏရှိသော စေတီတော်ကြီး တည်ဆောက်ကြမည်နည်း” ဟူသော အဓိကပြဿနာအတွက် အချို့က ခုနစ်ယူဇနာပမာဏ ရှိသော စေတီတော်ကြီး တည်ဆောက်ရန် အကြံပေးတင်ပြကြလေသည်။ အချို့က ဤခုနှစ်ယူဇနာသည် အလွန်ကြီးလှ၏၊ (ပြီးနိုင်မည်မဟုတ်) ခြောက်ယူဇနာ ပမာဏရှိသော စေတီတော်ကြီး တည်ကြကုန်” ဟု အကြံပေး တင်ပြကြလေသည်။ အချို့က “ဤခြောက်ယူဇနာသည်လည်း အလွန်ကြီးသေး၏။ (ပြီးနိုင်မည်မဟုတ်) ငါးယူဇနာ ပမာဏရှိသော စေတီတော်ကြီး တည်ကြကုန်စို့၊ (ပ)၊ လေးယူဇနာ၊ သုံးယူဇနာ၊ နှစ်ယူဇနာ ပမာဏရှိသော စေတီတော်ကြီး တည်ကြကုန်စို့” ဟု တင်ပြ ပြောဆိုအပ်သည်ရှိသော် ဤအရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်၏ အလောင်းလက်သမားဆရာကြီးသည် ထိုအစည်းအဝေး၌ အဓိက ပြဋ္ဌာန်းသူတယောက်ဖြစ်ရကား “အိုအချင်းတို့...လာကြလေလော့၊ မည်သူက မည်သို့ပင် ပြောစေကာမူ နောက်အခါဝယ် ပြုပြင်ရန် လွယ်ကူသော စေတီတော်ကို တည်ဆောက်ကြမှ သင့်တော်တော့မည်”ဟု အဆုံးအဖြတ်စကား ပြောကြား၍ တမျဉ်းကြိုးကို ယူဆောင်ကာ စေတီတော်တည်ရာအရပ်ကို ဝန်းဝိုင်းတိုင်းတာ လတ်သော် တဂါဝုတ်မျှသောအရပ်၌ ရပ်တည်၍ “စေတီတော်၏ တမျက်နှာ တမျက်နှာသည် တဂါဝုတ် တဂါဝုတ် ဖြစ်ပါစေ၊ ယင်းသို့တည်လျှင် စေတီတော်သည် လေးမျက်နှာပေါင်း တယူ

(နှာ-၁၈၅)

ဇနာ အဝန်းအပိုင်းရှိ၍ တယူဇနာ အမြင့်ရှိသည် ဖြစ်လိမ့်မည်”ဟု ၊ ဆုံးဖြတ်စကား ပြောကြားလေ၏။

ထို လူများအပေါင်းသည် လက်သမားဆရာကြီး၏ ဆုံးဖြတ်စကား၌ တည်ကြကာ တမျက်နှာ တမျက်နှာ(= တမုခ် တမုခ်)လျှင် တဂါဝုတ်စီ ရှိ၍ စတုရန်း= လေးမျက်နှာ (= လေးမုခ်) ပေါင်းလျှင် တယူဇနာ အဝန်းအဝိုင်းရှိ၍ အမြင့် တယူဇနာ ရှိသော ဓာတုစေတီတော်ကြီးကို တည်ထားကြလေ၏။ ဤသို့လျှင် ထိုလက်သမားဆရာကြီးသည် မနှိုင်းယှဉ်နိုင်သော ဂုဏ်တော့်ရှင် မြတ်စွာဘုရား၏ စေတီတော်တည်ရန်အတွက် အတိုင်းအရှည် ပမာဏကို ပြုလုပ်ပြောဆိုမိခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း

ထို အရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်အလောင်းသည် မနှိုင်း ယှဉ်နိုင်သောဂုဏ်တော့်ရှင် မြတ်စွာဘုရား၏ စေတီတော်တည် ရန်အတွက် အတိုင်းအရှည် ပမာဏကို ပြုလုပ်ပြောဆိုမိခဲ့သော ကံကြောင့် ဖြစ်လေရာရာဘ၀ထိုထို၌ အခြားသူများအောက် ပုကွ ယုတ်နိမ့်သော ကိုယ်ခန္ဓာပမာဏရှိသူ ဖြစ်ခဲ့၍ ဤယခုနောက်ဆုံး ပစ္ဆိမဘဝဝယ် အကျွန်ုပ်တို့၏ မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ ကာလ၌ သာဝတ္ထိပြည်တွင် စည်းစိမ်ဥစ္စာပေါများသော မဟာ ဘောဂသူဌေးမျိုး = သူကြွယ်မျိုး၌ ဖြစ်လေ၏၊ ထိုသူ၏ အမည်ကို မိဘဆွေမျိုးတို့က “ဘဒ္ဒိယ”ဟု မှည့်ခေါ်ကြလေသည်။

ဘဒ္ဒိယသူဌေးသားသည် အရွယ်သို့ ရောက်လတ်သည်ရှိသော် မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် ကျောင်းတိုက်သို့ သွားရောက်၍ တရားနေပြီးလျှင် သဒ္ဓါတရား ကြီးမားစွာဖြစ်ရှိရကား သာသနာဝန်ထမ်း ရှင်, ရဟန်းပြု၍ မြတ်စွာဘုရားအထံတော်၌ ကမ္မဋ္ဌာန်းတရားကို သင်ကြားနာယူ၍ ဝိပဿနာအလုပ် အားထုတ်လေလျှင်အရဟတ္တဖိုလ်ပေါက် ရောက်တော်မူလေ၏။

(နှာ-၁၈၆)

အရှင်လကုဏ္ဍကဘဒ္ဒိယနှင့်စပ်သည့် တရားများ

(ဤအရာ၌ အရှင်လကုဏ္ဍကဘဒ္ဒိယနှင့်စပ်၍ မှတ်သားကြည်ညိုဖွယ် ကောင်းသော သုတ္တန်တရားများကို အကျဉ်းအားဖြင့် ဖော်ပြဦးအံ့)__

မထေရ်မြတ် ရဟန္တာဖြစ်သော သုတ်တရား

အရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်သည် ရဟန်း ဖြစ်ပြီးနောက် မြတ်စွာဘုရားအထံတော်၌ ကမ္မဋ္ဌာန်းတရားကို သင်ကြားနာယူ၍ ဝိပဿနာအလုပ် အားထုတ်လေလျှင် ရှေးဦးစွာသောတာပတ္တိဖိုလ်သို့ ရောက်လေသည်။ ထို အချိန်၌ သေက္ခရဟန်း (=သောတာပန်, သကဒါဂါမ်, အနာဂါမ်ရဟန်း) များသည် များသောအားဖြင့် အရှင်သာရိပုတ္တရာထံ ဆည်းကပ်ကြ၍ အထက်မဂ်အလို့ငှါ ကမ္မဋ္ဌာန်းတောင်းကြ တရားဒေသနာကို တောင်းကြ, ပြဿနာမေးလျှောက်ကြလေသည်။ အရှင်သာရိပုတ္တရာမထေရ်သည် ထိုတောင်းပန်လျှောက်ထားကြသော ရဟန်းတို့၏ အလိုကို ဖြည့်စွမ်းလျက် ကမ္မဋ္ဌာန်းအားထုတ်ပုံကို ပြောပြတော်မူ၏၊ တရားဒေသနာကို ဟောပြတော်မူ၏။ ပြဿနာကို ဖြေတော်မူ၏။ ထိုရဟန်းများသည် ဆက်လက်ကြိုးကုတ် ရဟန်းတရားကို အားထုတ်ကြလေလျှင် အချို့ သကဒါဂါမိဖိုလ်ကို, အချို့ အနာဂါမိဖိုလ်ကို, အချို့ အရဟတ္တဖိုလ်ကို, အချို့ဝိဇ္ဇာသုံးပါးတို့ကို, အချို့ အဘိညာဏ်ခြောက်ပါးတို့ကို, အချို့ ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့ကို ရကြရောက်ကြလေ၏။

ထိုရဟန်းတို့ကို မြင်ရ၍ အရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်သည်လည်း မိမိကိုယ်တိုင်က သောတာပန် အရိယာ ဖြစ်ရှိကာ အခါကို သိ၍ မိမိ၏ စိတ်ကျန်းခံ့ခြင်း, ကိလေသာတို့မှ ခေါင်းပါးခြင်းကို ဆင်ခြင်လျက် အရှင်သာရိပုတ္တရာထံသို့ ချဉ်းကပ်ပြီးလျှင် အစေ့အစပ်စကား, ဝမ်းမြောက်ဝမ်းသာစကား ပြောကြားပြီးနောက် တရားဟောဖို့ရန် တောင်းပန် လျှောက်ထားလေသည်။ အရှင်သာရိပုတ္တရာမထေရ်သည်လည်း အရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်၏ အလိုအာသယနှင့် လိုက်လျောသော တရားစကား ဟောကြားတော်မူလေသည်

(နှာ-၁၈၇)

အရှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်သည် အရှင်သာရိပုတ္တရာ မထေရ် ဟောကြားတော်မူသည့်အတိုင်း ဒေသနာနောက် ဉာဏ် အစဉ်လျှောက်၍ ဝိပဿနာတရား ပွါးများအားထုတ်တော်မူလေရာ အရှင်သာရိပုတ္တရာမထေရ်၏ တရားဒေသနာအာနုဘော် နှင့် မိမိ၏ ရှေးကောင်းမှုနှင့်ပြည့်စုံခြင်း ဤအကြောင်းနှစ်ပါးတို့ကြောင့် ဝိပဿနာဉာဏ် ရင့်သန်ပွါးစီးကာ အရဟတ္တဖိုလ်ပေါက် ရောက်တော်မူလေသည်။

ထိုအကြောင်းကို ကောင်းစွာသိမြင်တော်မူကာ မြတ်စွာဘုရားသည် ထိုအချိန်၌ ဤဖော်ပြလတ္တံ့သော ဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏__

ဥဒ္ဓံ အဓော သဗ္ဗဓိ ဝိပ္ပမုတ္တော၊
အယံဟမသ္မီတိ အနာနုပဿီ။
ဧဝံ ဝိမုတ္တာ ဥဒတာရိ သြဃံ၊
အတိဏ္ဏပုဗ္ဗံ အပုနဗ္ဘဝါယ။

ယာ = အကြင် အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်သည်။ ဥဒ္ဓံ= အထက်ခေါ်မှတ် ရူပဓာတ်, အရူပဓာတ်၌၎င်း၊ အဓော = အောက်ဟု ခေါ်မှတ် ကာမဓာတ်၌၎င်း။ သဗ္ဗဓိ= ခပ်သိမ်းဥဿုံ အလုံးစုံသော သင်္ခါရတရား၌၎င်း။ ဝိပ္ပမုတ္တော = ဝိက္ခမ္ဘနဝိမုတ္တိ, သမုစ္ဆေဒဝိမုတ္တိ, ပဋိပဿဒ္ဓိဝိမုတ္တိတည်းဟူသော ဝိမုတ္တိသုံးပါး ခပ်သိမ်းသော အပြားဖြင့်လွှတ်မြောက်၏။ သော=ထိုအာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်သည်။ (ရူပဝေဒနာဒီသု = ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏဟု အစုငါးတန်ငါးရပ်ခန်တို့၌)။ “အယံ =ဤတရားသည်။ အဟမသ္မိံတိ = ငါလျှင်စင်စစ် ဧကန်ဖြစ်၏”ဟူ၍။ အနာနုပဿီ=ဒိဋ္ဌိ, မာန နှစ်ပါးတို့ဖြင့် အမှားမရှုတော့ပြီ။ ဧဝံ ဝိမုတ္တော = ဤသို့ သံယောဇဉ် ဆယ်ပါး အလုံးစုံသော အကုသိုလ်တရားတို့မှ ခပ်သိမ်းသောအပြားဖြင့် လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။ အတိဏ္ဏပုဗ္ဗံ = အရိယမဂ်ကိုရသည်မှ ရှေးကာလ

(နှာ-၁၈၈)

ဝယ် အိပ်မက်တွင်မျှ မကူးမြောက်ခဲ့ရဘူးသော။ သြဃ = သြဃလေးခဏ်း ရေပြင်ကြမ်းကို၊ (ဝါ) စက်သံသာရ ဝဲဩဃကို။ အပုနဗ္ဘဝါယ = တဖန်ဘဝသစ်ဝယ် မဖြစ်ဖို့ရန်။ ဥဒတာရိ = အနုပါဒိသေသ နိဗ္ဗာနဖြင့် လှလှကူးသန်း တဖက်ကမ်းဝယ် ချမ်းသာစွာတည်ရလေပြီ...။

(ဤကား ဥဒါန်းပါဠိတော် ၇-စူဠဝဂ် ၁-ပဌမလကုဏ္ဍကဘဒ္ဒိယသုတ် (ခု ၁၊ မျက်နှာ ၁၇ဝ) မှ ဖော်ပြချက်တည်း)။

အရှင်လကုဏ္ဍကဘဒ္ဒိယကို သေက္ခအရိယာပင် ထင်မှတ်၍ အရှင်သာရိပုတ္တရာက တရားတိုး၍ ဟောနေခြင်း

အရှင်လကုဏ္ဍက ဘဒ္ဒိယသည် ဖော်ပြရာပါ ပဌမသုတ်၌ ဆိုအပ်သော အစီအရင်အတိုင်း (အရှင်သာရိပုတ္တရာထံမှ) ပဌမ ရသော ဩဝါဒဖြင့် ထိုင်နေရင်းပင် အရဟတ္တဖိုလ်သို့ ရောက်တော်မူခဲ့လေသည်။ သို့သော် အရှင်သာရိပုတ္တရာမထေရ်မြတ်သည်ကား အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ် အရဟတ္တဖိုလ်သို့ ရောက်ရှိခြင်းကို (မဆင်ခြင်သည့်အတွက်) မသိ၍ သေက္ခအရိယာပင် ထင်မှတ်တော်မူကာ (တခုသောနောက်နေ့ဝယ်)နည်းနည်း တောင်းပါလျက် လိုသည်ထက် ပို၍ပေးသော ကုသိုလ်ဆန္ဒ ကြီးမြတ်လှသည့် ဒါနရှင်ယောက်ျားကဲ့သဲ့ ဆဆထပ်ပိုး တိုး၍ တိုး၍ အကြောင်းပေါင်းများစွာဖြင့် အရှင်လကုဏ္ဍကဘဒ္ဒိယ အရဟတ္တဖိုလ်ကို ရရှိရန် တရားအကျယ် ဟောတော်မူလေသည်။ အရှင်လကုဏ္ဍကဘဒ္ဒိယသည်လည်း “ငါကား ယခုအခါ ရဟန်းကိစ္စ အပြီးတိုင်ပြုပြီးသူ ဖြစ်၏၊ ဤအဆုံးအမ သြဝါဒဖြင့် အဘယ် အကျိုးရှိအံ့နည်း”ဟု မကြံစည်ပဲ သူတော်ကောင်းတရား၌ ရိုသေခြင်း=ဓမ္မဂါရဝစိတ်ဖြင့် ရှေးအခါကကဲ့သို့ပင် ရိုသေစွာ နာယူမြဲ နာယူနေလေ၏။

ထိုအခြင်းအရာကို မြင်တော်မူ၍ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တော် ဂန္ဓကုဋီ ကျောင်းတော်၌ ထိုင်နေတော်မူရင်းကပင် ဘုရားအာနုဘော်ဖြင့် အရှင်လကုဏ္ဍက ဘဒ္ဒိယ၏ ကိလေသာ ကုန်ခန်းကြောင်းကို အရှင်သာရိပုတ္တရာ

(နှာ-၁၈၉)

သိနိုင်လောက်အောင် ဤဆိုလတ္တံ့သောဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏__

အစ္ဆေစ္ဆိ ဝဋ္ဋံ ဗျဂါ နိရာသံ၊ ဝိသုက္ခာ သရိတာ န သန္ဒတိ။
ဆိန္နံ ဝဋ္ဋံ န ဝတ္တတိ၊ ဧသေဝန္တော ဒုက္ခဿ။

ယဿ = အကြင် အာသဝေါကုန်ခန်း ရဟန္တာ၏ (သန္တာန်၌)။ ဝဋ္ဋံ = ကိလေသဝဋ်သည်။ အစ္ဆေစ္ဆိ = အကြွင်းမဲ့ပြတ်လေပြီ (ကိလေသဝဋ်ပြတ်လျှင်ကမ္မဝဋ်လည်း ပြတ်သည်သာဟု သိပါလေ)။ ယော = အကြင် အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်သည်။ နိရာသံ = တဏှာကင်းရာ နိဗ္ဗာန်ချမ်းသာသို့။ ဗျဂါ=အရဟတ္တဖိုလ်ပေါက် အထူးပင် ဆိုက်ရောက်လေပြီ။ ယဿ=အကြင် အာသဝေါကုန်ခန်း ရဟန္တာ၏ (သန္တာန်၌)။ ဝိသုက္ခာ= ကမ္ဘာပျက်ခါနီးကာလ စတုတ္ထနေဝန်း ထွက်ပေါ်ထွန်းသဖြင့် ငါးခဏ်းသောမြစ်ကြီးကို ခန်းခြောက်သည့် နည်းအတူ အရဟတ္တမဂ္ဂ စတုတ္ထနေမင်း ထွက်ပြုခြင်းကြောင့် အကြွင်းမဲ့ ခန်းခြောက်လေပြီးသော။ သရိတာ=တသွင်သွင်စီး တဏှာတည်းဟူသော ကိလေသာမြစ်ကြီးသည် (တဏှာသည် ဒုက္ခ၏အကြောင်းရင်း=သမုဒယသစ္စာ ဖြစ်ခြင်းကြောင့် ထိုတဏှာကို ပယ်အပ်လျှင်ခပ်သိမ်းသော ကိလေသာတို့ကို ပယ်အပ်ပြီးဖြစ်လေ၏။ ထို့ကြောင့် တဏှာကို အထူးပြု၍ ဟောတော်မူသည်)။ န သန္ဒတိ=အဘယ်နည်းဖြင့်မျှ မစီးနိုင်တော့ချေ။ ဆိန္နံ= ကိလေသဝဋ်ကို ဖြတ်သဖြင့် အမြစ်ပြတ်သောသစ်ပင်၏နည်း ပြတ်တောက် ပြီးဖြစ်လေသော။ ဝဋ္ဋံ= ကမ္မဝဋ်သည်။ န ဝတ္တတိ = တဝဲလည်လည် မဖြစ်တော့ချေ။ (ကမ္မဝဋ်ပြတ်လျှင် အနာဂတ်၌ ဖြစ်မည့် ဝိပါကဝဋ်လည်း ပြတ်တော့သည်သာဟု သိပါလေ)။ ဧသေဝ=ဤသို့ ကိလေသဝဋ်, ကမ္မဝဋ်တို့

(နှာ-၁၉၀)

ပြတ်သဖြင့် အနာဂတ်ကာလဝယ် ဝိပါကဝဋ်၏ မဖြစ်ခြင်း သည်ပင်လျှင်။ ဒုက္ခဿ= စက်သံသာရ ဝဋ်ဒုက္ခ၏။ အန္တော = ကုန်စင်ပျက်ပြုန်း အဆုံးဖြစ်လေတော့၏။

(ဤကား ဥဒါန်းပါဠိတော် ၇-စူဠဝဂ် ဒုတိယလကုဏ္ဍကဘဒ္ဒိယသုတ် (ခု ၁၊ မျက်နှာ ၁၇ဝ-၁၇၁)မှ ဖော်ပြချက်တည်း)။

အရှင်လကုဏ္ဍကဘဒ္ဒိယ၏ ဂုဏ်ကျေးဇူးများကို မြတ်စွာဘုရား ထင်ရှားဖော်ပြတော်မူခြင်း

အခါတပါး၌ မြတ်စွာဘုရားရှင် သာဝတ္ထိပြည့် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးနေတော်မူစဉ် များစွာသော ရဟန်းတို့ ဘုရားရှင်ထံတော်မှောက်သို့ လာရောက်ကြလေသည်။ ထိုအခါ အရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်သည်လည်း များစွာသော ရဟန်းတို့နှင့် အတူတကွ ရွာတပါး၌ ဆွမ်းခံလှည့်လည်တော်မူ၍ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးလတ်သော် သပိတ်ကို ရေ စင်အောင်ပြုကာ သပိတ်အိတ်၌ ထည့်လျက် ပခုံး၌ ချိတ်ပြီးလျှင် သင်္ကန်းကြီးကိုလည်း ခေါက်၍ လက်ဝဲပခုံး၌ထားလျက် ကြည်ညိုဖွယ်ရှိသော ရှေ့သို့တက်ခြင်း, နောက်သို့ ဆုတ်ခြင်း, တူရူကြည့်ခြင်း, ဘေးသို့ကြည့်ခြင်း, ကွေးခြင်း, ဆန့်ခြင်းတို့ဖြင့် မျက်လွှာချကာ ဣရိယာပုတ်နှင့် ပြည့်စုံလျက် မိမိ၏ သတိပညာပြန့်ပြောခြင်းကို ထင်လင်းစွာပြသကဲ့သို့ သတိ, သမ္ပဇဉ်နှစ်ပါး ကောင်းစွာဖြစ်ပွါးစေ၍ တည်ကြည်စွာသောစိတ်ဖြင့် ရှေ့ခြေရာ၌ နောက်ခြေကို နင်းကာ မြတ်စွာဘုရားထံမှောက်သို့ သွားရောက်လေသည်။

ထိုသို့ သွားရောက်သည်ရှိသော် များစွာသော ရဟန်းတို့နှင့် မရောယှက်ပဲ ထို ရဟန်းတို့နောက်မှ သွားရောက်တော်မူလေသည်။ အကြောင်းကားအများနှင့်မရော တပါးတည်း ဧကစာရီ နေတော်မူလေ့ရှိသောကြောင့်တည်း။ တနည်း ထို အရှင်မြတ်၏ ပုကွ၍ အကြည့်ရခက်သော ရူပကာယကို ဆဗ္ဗဂ္ဂီရဟန်းတို့ကဲ့သို့သော ပုထုဇန်ရဟန်းအချို့သည် ပြက်ရယ်ပြောင်လှောင်ရှုတ်ချ ပြုလုပ်ကြလေသည်။ မထေရ်မြတ်သည် ထိုအကြောင်းကို စဉ်းစား မိတော်မူသဖြင့် “ဤ အချို့သော ပုထုဇန်ရဟန်းတို့သည် ငါ့ကို

(နှာ-၁၉၁)

အမှီပြု၍ အကုသိုလ် တရားကို မပွါးစေကြပါကုန်လင့်” ဟု အောက်မေ့တော်မူကာ ထို များစွာသော ရဟန်းတို့နောက်မှ သွားရောက်လိုက်ပါတော်မူလေသည်။ ဤသို့လျှင် ထိုရဟန်း များစွာတို့နှင့် မထေရ်မြတ်တို့ သာဝတ္ထိပြည်သို့ ရောက်ကြကာ ဇေတဝန်ကျောင်းတိုက်သို့ ဝင်ကြ၍ ဘုရားရှိတော်မူရာ အရပ်သို့ ဆည်းကပ်သွားရောက်ကြလေ၏။

မြတ်စွာဘုရားသည် ယင်းသို့ လကုဏ္ဍက ဘဒ္ဒိယမထေရ် ရဟန်းများစွာတို့နောက်မှ ကြည်ညိုဖွယ်သော ဣန္ဒြေဖြင့် လိုက်ပါလာသည်ကို အဝေးမှပင် မြင်တော်မူ၍ “ဤ ရဟန်းတို့သည် ငါ့သားတော်၏ အာနုဘော်ကြီးမြတ်ကြောင်းကို မသိကြကုန်၊ ထို့ကြောင့်ပင် အချို့သောပုထုဇန်ရဟန်းတို့သည် ငါ့သားတော်ကို ပြက်ရယ်ရှုတ်ချ လွှမ်းမိုးကြလေသည်။ ထိုသို့ ပြုမူခြင်းသည် ထို ရဟန်းတို့အဖို့ရာ ကာလရှည်ကြာ အစီးအပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်ပေလိမ့်မည်။ ယခုအခါ ငါ ဘုရားသည် ဤ ငါ့သားတော်၏ ဂုဏ်ကျေးဇူးများကို ရဟန်းတို့အား ထင်ရှားဖော်ပြ၍ ငါ့သားတော်ကို ပြက်ရယ်ရှုတ်ချ လွှမ်းမိုးကြခြင်းဘေးမှ လွတ်စေမည်”ဟု ကြံစည်ဆင်ခြင်တော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့ ... သင်ချစ်သားတို့သည် ရဟန်းများစွာတို့၏ နောက်မှ နောက်မှ လိုက်ပါလာသည့် အဆင်းမလှ အကြည့်ရခက် ပုကွချက်ကြောင့် များစွာသော ပုထုဇန်ရဟန်းအချိုတို့ ပြက်ရယ်ရှုတ်ချ အလွှမ်းမိုး ခံရသည့် ထိုရဟန်းကို မြင်ကြ၏လော”ဟု မေးတော်မူလေ၏။ ရဟန်းတို့က “မြင်ကြပါသည် မြတ်စွာဘုရား...”ဟု လျှောက်ထား ကြလေလျှင် မြတ်စွာဘုရားရှင်သည်__

“ရဟန်းတို့ ...ဤရဟန်းသည် ကြီးမားသော တန်ခိုးဣဒ္ဓိ ကြီးမားသော အာနုဘော်ရှိသူ ဖြစ်ပေ၏။ ထိုရဟန်း မဝင်စားဘူးသော သာဝကတို့ဆိုင်ရာ သမာပတ်ဟူ၍ မရှိ သလောက်ပင် ဖြစ်၏။ (သာဝကတို့နှင့် သက်ဆိုင်သည့် ရူပသမာပတ်, အရူပသမာပတ်, ဗြဟ္မဝိဟာရသမာပတ်, နိရောဓသမာပတ်, ဖလသမာပတ် အားလုံးပင် ထိုရဟန်း

(နှာ-၁၉၂)

ဝင်စားဘူးသည်သာ ဖြစ်၏-ဟု ဆိုလိုသည်၊ ဤ စကားရပ်ဖြင့် တန်ခိုးဣဒ္ဓိ ကြီးမားသည်ကို ပြတော်မူ၏)။ ထို ရဟန်းသည် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသည့် အမျိုးသားများ ပဓာန လိုလား အပ်သည့် အတုမရှိ မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ပြည့်စုံစေကာ နေ၏။ (အရဟတ္တဖိုလ် သမာပတ်ကို မပြတ်ဝင်စားကာ နေသော ရဟန်းဖြစ်သည်ဟု ဆိုလိုသည်။ ဤ စကားရပ်ဖြင့် အာနုဘော်ကြီးမားသည်ကို ပြတော်မူ၏၊ မှန်၏-ဤအရာ၌ အရဟတ္တဖိုလ် သမာပတ်သည် မထေရ်မြတ် သုံးဆောင် ခံစား အပ်သောကြောင့် အာနုဘာဝ = အာနုဘော်မည်၏။)”__

ဤကဲ့သို့ မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော (မထေရ်၏ဂုဏ် ကျေးဇူးကို ဖော်ပြသည့်) ဥဒါန်းဂါထာကိုလည်း ကျူးရင့်တော် မူလေ၏__

နေလင်္ဂေါ သေတပစ္ဆာဒေါ၊ ဧကာရော ဝတ္တတီ ရထော။
အနီဃံ ပဿ အာယန္တံ၊ ဆိန္နသောတံ အဗန္ဓနံ။

နေလင်္ဂေါ = အပြစ်အနာကင်းပသည့် အရဟတ္တဖိုလ် သီလတည်းဟူသော ပဓာနအင်္ဂါကြီး ရထားဘီးလည်း ရှိထသော။ သေတပစ္ဆာဒေါ = ဖြူစင်စွာဘိ အရဟတ္တဖိုလ်ဝိမုတ္တိတည်းဟူသော ရထား၏ခင်းနှီး စသည်လည်း ရှိထသော။ ဧကာရော = အတုမရှိ အရဟတ္တဖိုလ်သတိတည်း ဟူသော ရထား၏ အကန့်လည်းရှိထသော။ ရထော = ငါဘုရား၏ သားဩရသ ဘဒ္ဒိယ၏ အတ္တဘာဝခေါ်ငြား ကိုယ်ခန္ဓာရထားသည်။ ဝတ္တတိ = ဆီမထည့်ရပဲ လှလှကြီး လှည့်လည်သွားလာ၏။ အာယန္တံ = များစွာသော ရဟန်းတို့နောက်မှ လိုက်ပါလာသော။ အနီဃံ = ကိလေသာ တည်းဟူသော ချောက်ချား ဆင်းရဲခြင်း အလျင်းမရှိ

(နှာ-၁၉၃)

သော။ ဆိန္နသောတံ=တဏှာတည်းဟူသော ဆီအယဉ် တသွင်သွင်ယိုစီးခြင်း ပြတ်ကင်းပြီးထသော။ အဗန္ဓနံ= သံယောဇဉ်ဆယ်မျိုး အဖွဲ့ကြိုး တချောင်းမှု မရှိသော။ (ဣမံ=ဤလကုဏ္ဍကဘဒ္ဒိယ င့ါဘုရားသား၏အတ္တဘော တည်းဟူသော ရထားကို)။ ပဿ = ပဿဟိ = စေ့စုသေချာ ကြည့်ရှုပါလော့။ (ဤ၌ မြတ်စွာဘုရားသည် မထေရ်၏ဂုဏ်ကျေးဇူးများကြောင့် အလွန် ဝမ်းမြောက်တော်မူသည်ဖြစ်၍ ကိုယ်တော်မြတ်ကိုယ်ကိုပင် “ကြည့်စမ်း ပါလော့” ဟု တိုက်တွန်းစကား မိန့်ကြားတော်မူလေသည်)။

(ဤကား ဥဒါန်းပါဠိတော် ၇-စူဠဝဂ်၊ ၅-အပရ လကုဏ္ဍက ဘဒ္ဒိယသုတ် (ခု ၁-မျက်နှာ ၁၇၂)မှ ထုတ်နုတ်ဖော်ပြချက်တည်း)။

ထိုမှတပါးလည်း အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်နှင့် စပ်သော အကြောင်းအရာ တရားဒေသနာတို့ကို ဓမ္မပဒ ပါဠိအဋ္ဌကထာ, ထေရဂါထာ ပါဠိအဋ္ဌကထာ, အပဒါန ပါဠိ အဋ္ဌကထာ - စသည်တို့မှ ထုတ်နုတ်မှတ်သားကုန်ရာ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတိုက်၌ နေတော်မူစဉ် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤ လကုဏ္ဍက ဘဒ္ဒိယ ရဟန္တာအရှင်မြတ်အား__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မဉ္ဇုဿရာနံ ယဒိဒံ လကုဏ္ဍကဘဒ္ဒိယော=ရဟန်းတို့ ...သာယာ ချိုမြိန်သော အသံရှိကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် လကုဏ္ဍက ဘဒ္ဒိယသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

(နှာ-၁၉၄)

ဟု ချီးကျူးမြွက်ဆိုတော်မူာကာ “မဉ္ဇုဿရ = သာယာချိုမြိန်သော အသံရှိသောအရာ”ဝယ် ဧတဒဂ်ထားတော်မူလေ၏။

ဤကား အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ် အကြောင်းတည်း။

______

(ဂ) အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း ဤပိဏ္ဍောလဘာရဒွါဇမထေရ်၏ အလောင်းသည်ကား ပဒုမုတ္တရ မြတ်စွာဘုရားရှင်လက်ထက်တော် အခါဝယ် ခြင်္သေ့မျိုး၌ ဖြစ်၍ တောင်ခြေတခုဝယ် လှည့်လည်ကျက်စား နေထိုင်လေသည်။ တနေ့သ၌ ပဒုမုတ္တရမြတ်စွာဘုရားသည် နံနက်မိုးသောက် ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် ထိုခြင်္သေ့၏ မဂ်ဖိုလ်နိဗ္ဗာန် ရရှိရန်အကြောင်းနှင့် ပြည့်စုံသည်ကို မြင်တော်မူ၍ ဟံသာဝတီပြည်၌ ဆွမ်းခံလှည့်လည်တော်မူပြီးလျှင် နေလွဲအခါ ခြင်္သေ့ အစာရှာသွားသော အချိန်၌ ထိုခြင်္သေ့၏နေရာ လိုဏ်ဂူ အတွင်းသို့ ဝင်ရောက်တော်မူ၍ ကောင်းကင်၌ ထက်ဝယ်(= တင်ပလ္လင်) ဖွဲ့ခွေတော်မူကာ နိရောဓသမာပတ်ကို ၀င်စားလျက် နေတော်မူ၏။

ခြင်္သေ့သည် စားကျက်ကိုရပြီးနောက် ပြန်လာ၍ လိုဏ်ဂူဝ၌ ရပ်တည်လျှင်ပင် ဂူအတွင်း၌ မြတ်စွာဘုရားရှင် ကောင်းကင် အပြင်ဝယ်အံ့ဩဖွယ်ရာ ထိုင်နေတော်မူသည်ကို မြင်လတ်၍ “ငါ၏နေရာသို့ လာရောက်ကာ အခြားမည်သည့်သတ္တဝါတဦးမျှ ထိုင်နေခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိဖြစ်ချေသည်၊ ဤ ပုဂ္ဂိုလ်မြတ်ကား ကြီးမြတ်ကော်ရော် ပူဇော်အပ်သူဖြစ်စွာ့တကား၊ ယင်းသို့ ပူဇော်အပ်သူ ဖြစ်သောကြောင့်ပင် လိုဏ်ဂူအတွင်း ကောင်းကင်အပြင်ဝယ် ထက်ဝယ်(= တင်ပလ္လင်) ဖွဲ့ခွေ ထိုင်နေ နိုင်ပေသည်။ ထိုပုဂ္ဂိုလ်သူမြတ်၏ ကိုယ်ရောင်တော်သည်လည်း ထက်ဝန်းကျင်ပြန့်၍ အနှံ့ကွန့်မြူးလျက် ရှိလေသည်။ ငါသည် ဤသို့ သဘောရှိသောအံ့ဖွယ်သရဲကို ရှေးကမမြင်အပ်စဘူး၊

(နှာ-၁၉၅)

ဤ ပုဂ္ဂိုလ်သူမြတ်သည် ဤ လောက၌ ပူဇော်ထိုက်သူတို့တွင် အသာဆုံး အမြတ်ဆုံးပုဂ္ဂိုလ်မြတ် ဖြစ်ပေလိမ့်မည်၊ ငါသည်လည်း ထိုပုဂ္ဂိုလ်သူမြတ်အား စွမ်းအားရှိသလောက် ပူဇော်သက္ကာရမှု ပြုမှ သင့်တော်တော့မည်”ဟု ကြံစည်အောက်မေ့၍ ကြည်းပန်း, ရေပန်း အမျိုးမျိုးတို့ကို တောမှသယ်ဆောင်ခဲ့၍ မြေအပြင်မှသည် မြတ်စွာဘုရားရှင် ထက်ဝယ်(= တင်ပလ္လင်)ဖွဲ့ခွေ ထိုင်နေတော် မူရာ ကောင်းကင်အရပ်တိုင်အောင် ပန်းနေရာတော်ကို ခင်း၍ ညဉ့်သုံးယံပတ်လုံး မြတ်စွာဘုရား၏ ရှေ့တော်တည့်တည့်အရပ်၌ ရှိခိုးကာ ရပ်တည်ပူဇော်နေလေ၏။ နောက်တနေ့၌ ပန်းတောင်းတို့ကို စွန့်ပစ်ပယ်ရှား၍ ပန်းအသစ်ဖြင့် ထို့အတူ နေရာတော် ခင်းကျင်း ပူဇော်ပြန်လေသည်။

ဤနည်းဖြင့် ခုနစ်ရက်ကြာ ပန်းနေရာတော်ခင်း၍ အားကြီးသော နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်းကို ဖြစ်စေလျက် လိုဏ်ဂူ တံခါးဝ၌ အစောင့်အရှောက်ကိုယူ ပူဇော်နေလေသည်၊ ခုနစ် ရက်မြောက်နေ့၌ မြတ်စွာဘုရားသည် နိရောဓသမာပတ်မှ ထ

တော်မူ၍ လိုဏ်ဂူတံခါးဝ၌ ရပ်တည်တော်မူလေ၏။ ထိုအခါ ခြင်္သေ့မင်းသည် မြတ်စွာဘုရားကို လက်ျာရစ်သုံးပတ်လှည့်၍ ရှေ့, နောက်, ဝဲ, ယာ = လေးဌာနတို့၌ ရှိခိုးပြီးသော် နောက်သို့ ဆုတ်၍ ရပ်တည်နေလေ၏။

မြတ်စွာဘုရားသည် “ဤခြင်္သေ့၏အဖို့ရာ ဤမျှသော ကောင်းမှု ကုသိုလ်အစုသည် မဂ်ဖိုလ်၏ ဥပနိဿယည်း ပစ္စည်းဖြစ်နိုင် လောက်ပြီ”ဟု ဆင်ခြင်တော်မူ၍ ကောင်းကင်သို့ ပျံတက်တော်မူကာ ကျောင်းတော်တို့သာ ပြန်ကြွတော်မူလေ၏။

မဟာသာသ သူဌေးသားဘဝ

ထိုခြင်္သေ့သည်လည်း ဘုရားရှင်နှင့် ကွေကွင်းရသဖြင့် စိတ် ဒုက္ခကြီးစွာရောက်ရှိကာ စုတိပြတ်ကြွေသေလွန်ပြီးနောက် ဟံသာ ဝတီပြည်ဝယ် မဟာသာလ သူဌေးမျိုး၌ ပဋိသန္ဓေ ယူနေဖြစ်ပွါး၍ အရွယ်သို့ရောက်လတ်သော် တနေ့သ၌ မြို့သူမြို့သားတို့နှင့် အတူ

(နှာ-၁၉၆)

တကွ သွားရောက်ကာ တရားတော်ကို နာယူစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “သီဟနာဒိက=ရဲရဲတောက်မဂ်ဖိုလ် စကား ပြောကြားကြသောရဟန်း” ထိုအနက် အသာဆုံး အမြတ်ဆုံး =ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်လတ်၍ ရှေး မထေရ်တို့၏ဝတ္ထုများ၌ ဆိုအပ်ပြီးသောနည်းအတိုင်း ခုနစ်ရက်ကြာ မဟာဒါနကို ပြု၍ ထိုရာထူး= ဌာနန္တရကို တောင့်တဆုပန်လေသည်။

မြတ်စွာဘုရားရှင်သည်လည်း ဆုတောင်းပြည့်မည်ကို သိတော်မူ၍ ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။ ထိုမဟာသာလသူဌေးသားသည် ဗျာဒိတ်ရပြီးနောက် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် ကမ္ဘာ တသိန်းကြာ အပါယ်သို့မလားမရောက်ပဲ နတ်ပြည်, လူ့ပြည် အလှည့်အလည် ကျင်လည်ရလေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ယင်းသို့ နတ်ပြည်, လူ့ပြည် စုန်, ဆန် ကျင်လည်ခဲ့၍ ဤဘုရား ပွင့်တော်မူရာ အခါကာလဝယ် ရာဇဂြိုဟ်ပြည် ပုဏ္ဏားသူဌေးမျိုး၌ ဖြစ်၍ အမည်အားဖြင့် “ဘာရဒွါဇ”အမည်တွင်လေသည်။

ပိဏ္ဍောလဘာရဒွါဇ အမည်ရပုံ ဘာရဒွါဇလုလင်သည် အရွယ်သို့ ရောက်လတ်သော် ဗေဒင် သုံးပုံတို့ကို သင်ကြားတတ်မြောက်၍ ပုဏ္ဏားလုလင်ရာတို့ကို ဝေဒကျမ်းများ ပို့ချ သင်ကြားပေးလျက် လှည့်လည် သွားလာ ဆရာတဆူပြုလုပ်ကာ နေလေ၏။ ထိုဘာရဒွါဇ ဆရာပုဏ္ဏား လုလင်သည် ကိုယ်တိုင်က ဆရာတဆူဖြစ်နေသောကြောင့် ပင့်ဖိတ် ကျွေးမွေးရာဌာနတို့၌ အားလုံးတို့အတွက် အစာထမင်းကို ပိုင်စိုး ပိုင်နင်း ပြုလုပ်ကာ ကိုယ်တိုင်သာလျှင် ခံယူလေသည်။ ထိုဘာရဒွါဇဆရာပုဏ္ဏားလုလင်သည်ကား အစာအာဟာရ၌ စဉ်းငယ် လျှပ်ပေါ်လော်လည်သော သဘောရှိသူဖြစ်၍ တပည့်လုလင်

(နှာ-၁၉၇)

ငါးရာတို့နှင့် အတူတကွ “ယာဂု အဘယ်မှာရမည်နည်း၊ ထမင်း အဘယ်မှာ ရမည်နည်း”ဟု ယာဂု, ထမင်း, ခဲဖွယ်တို့ကိုသာ အလေးပြု ဂရုတစိုက် တောင့်တရှာဖွေ လှည့်လည်နေတတ်ချေ၏။ ထို ဆရာဘာရဒွါဇ ပုဏ္ဏားလုလင်သည်ရောက်လေရာရာ၌ အစာ ထမင်းကိုသာ အဓိကတောင့်တမျှော်ခေါ်ကာ လှည့်လည်နေထိုင် တတ်သောကြောင့် “ပိဏ္ဍောလဘာရဒွါဇ= အစာထမင်းကိုသာ အဓိကရှာမှီးတတ်သော ဘာရဒွါဇပုဏ္ဏား” ဟု ထင်ရှားလေသည်။

ရဟန်းပြုသောအခါလည်း ပိဏ္ဍောလဘာရဒွါဇ-ဟူ၍ပင် အမည်တွင်ပုံ

ပိဏ္ဍောလဘာရဒွါဇပုဏ္ဏားသည် နောက်တချိန်၌ စီးပွါးဥစ္စာ ပျက်စီးခြင်းအန္တရာယ်နှင့် ကြုံတွေ့ရ၍ ဆင်းရဲသောဘဝသို့ ရောက် ရှိရလေသည်။ ထိုအချိန် တနေ့သ၌ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ တရားစကား ဟောကြားတော်မူလေလျှင် ပိဏ္ဍောလဘာရဒွါဇပုဏ္ဏားသည် တရားတော်ကို နာယူရ၍ သဒ္ဓါတရားဖြစ်ရှိကာ သာသနာဝန်ထမ်း ရှင်, ရဟန်းပြုလေ၏။

သာသနာတော်သို့ ရောက်ရှိလာကြသော ပုဂ္ဂိုလ်တို့မှာ များသောအားဖြင့် အနွယ်နှင့်စပ်သောအမည်ဖြင့်သာ ထင်ရှား ကြမြဲဖြစ်၍ ဤပိဏ္ဍောလဘာရဒွါဇရဟန်းမှာလည်း “ဘာရဒွါဇ ရဟန်းတော်”ဟူ၍သာ အမည်တွင်သင့်သော်လည်း ထိုသို့အမည် မတွင်ပဲ “အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်”ဟူ၍ပင် အမည် တွင်လေသည်။ ထိုသို့ အမည်တွင်ခြင်း၏ အကြောင်းကား ထိုမထေရ်သည် အလွန်ကြီးစွာသော အိုးကင်းသပိတ်ကြီးကို ကိုင်ဆောင်သူဖြစ်လျက် ထိုအိုးကင်းကြီးအပြည့် ယာဂုကိုလည်း သောက်လေသည်။ အိုးကင်းကြီးအပြည့် မုန့်တို့ကိုလည်း စားသုံးလေသည်။ ထိုအိုးကင်းကြီးအပြည့် ဆွမ်းကိုလည်း ဘုဉ်းပေးလေသည်။ ထိုအခါ ထိုရဟန်း၏ အစားကြီးကြောင်းကို မြတ်စွာဘုရားရှင်အား ရဟန်းတို့က လျှောက်ထားကြလေသည်။

(နှာ-၁၉၈)

မြတ်စွာဘုရားရှင်သည် ထိုမထေရ်အတွက် သပိတ်အိတ်ကို ခွင့်မပြုပဲထားတော်မူလေသည်၊ သို့ရကား ထိုမထေရ်၏သပိတ်ကို ညောင်စောင်း = ခဋင်၏အောက်၌ မှောက်၍ ထားရလေ၏။ မထေရ်သည် သပိတ်ကို ခဋင်၏အောက်၌ ထားသောအခါမှာလည်း သပိတ်နှုတ်ခမ်းနှင့် အောက်မြေကြမ်း ပွတ်တိုက်လျက်သာ တွန်း၍ ထားရလေသည်။ ယူသောအခါမှာလည်း ထို့အတူပင် ပွတ်တိုက် လျက်သာ ဆွဲငင်၍ ယူရလေသည်။ ကာလအတန်ကြာသောအခါ ပွတ်တိုက်ရဖန်များသဖြင့် သပိတ်အနား (=အိုးကင်းကြီးအား) ပွန်းပဲ့ကုန်ခန်းကာ ပင်ကိုယ်က အိုးကင်းကြီးခန့်ရှိသော သပိတ်သည် တကွမ်းစားချက် (=တခွက်ချက်) မျှသာ ဆံ့သောသပိတ် ဖြစ်လေတော့၏။ ထိုအခါ၌ ရဟန်းတို့က မြတ်စွာဘုရားရှင်အား ထိုအကြောင်းကို လျှောက်ထားကြလေသည်။ ထိုအခါမှ မြတ်စွာဘုရားရှင်သည် မထေရ်၏အတွက် သပိတ်အိတ်ကို သုံးဆောင်ခွင့် ပြုတော်မူလေ၏။ ဤသို့လျှင် ထိုမထေရ်မြတ်သည် ဆွမ်းအလို့ငှါ ဝမ်းရေးကျပ်၍ ရဟန်းပြုသကဲ့သို့ ဖြစ်သောကြောင့် ပိဏ္ဍောလ, အနွယ်အားဖြင့် ဘာရဒွါဇအနွယ်ဖွား ဖြစ်သောကြောင့် ဘာရဒွါဇ=ဤသို့ အမည်နှစ်ရပ် ပေါင်းစပ်ကာ ရဟန်းဖြစ်သောအခါ၌လည်း “အရှင်ပိဏ္ဍောလဘာရဒွါဇ”ဟူ၍ပင် အမည်တွင်တော်မူလေသည်။

အရှင်ပိဏ္ဍောလ ဘာရဒွါဇမထေရ်သည် နောက်တချိန်၌ ဣန္ဒြိယဘာဝနာတရား ပွါးများကြိုးကုတ် အားထုတ်တော်မူ၍ အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ရဟန္တာဖြစ်တော်မူလေ၏။

မထေရ်မြတ်သည် အရဟတ္တဖိုလ်သို့ ရောက်ပြီးသောအချိန်မှာပင် သံကောက် (=သော့)ကို ယူဆောင်၍ ကျောင်းတိုက် တတိုက်မှ ကျောင်းတိုက် တတိုက်သို့, ပရိဝုဏ်တခုမှ ပရိဝုဏ် တခုသို့ သွားရောက်၍ “မဂ်တရား ဖိုလ်တရား၌ ယုံမှားသံသယ ရှိသော ရဟန်းသည် အကျွန်ုပ်ကို မေးစေချင်ပါ၏”ဟု မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက်စကား ပြောကြား လှည့်လည်လေသည်။ (ဤအကြောင်းအရာအကျယ်ကို ပိဋကတ်

(နှာ-၁၉၉)

မြန်မာပြန် မဟာဝဂ္ဂသံယုတ်ပါဠိတော် စာမျက်နှာ ၂၀၂-၂၀၃၊ ၄-ဣန္ဒြိယသံယုတ်၊ ၅-ဇရာဝဂ်၊ ၉-ပိဏ္ဍောလဘာရဒွါဇသုတ်၌ ကြည့်ရှုမှတ်ယူရာ၏)။

ထိုအရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် တနေ့သ၌ ရာဇဂြိုဟ်သူဌေး ဝါးအဆင့်ဆင့်ဆက်ကာ စိုက်ထောင်၍ အတောင် ခြောက်ဆယ်မြင့်သော ကောင်းကင်၌ ချိတ်ဆွဲအပ်သော စန္ဒကူးနှစ်သပိတ်ကို တန်ခိုးဖြင့် ယူဆောင်၍ ကောင်းကြီးပေးသော လူများအပေါင်း ခြံရံအပ်လျက် ဝေဠုဝန်ကျောင်းတိုက်သို့ လာရောက်၍ ထိုသပိတ်ကို မြတ်စွာဘုရားရှင်လက်တော်၌ ထားလေသည်၊ မြတ်စွာဘုရားသည် သိတော်မူလျက်ပင် “ချစ်သားဘာရဒွါဇ...သင်သည် ဤ သပိတ်ကို အဘယ်မှ ရအပ်သနည်း” ဟု မေးမြန်းတော်မူလေသည်။ မထေရ်က အကြောင်းကို ပြန်ကြား လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် “သင်ချစ်သားကား ဤသို့ သဘောရှိသော ဥတ္တရိမနုဿဓမ္မ=လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန် မဂ်ဖိုလ် တရားကို လူများအား ပြသဘိ၏၊ သင်ချစ်သားသည် မပြုသင့် သည်ကို ပြုဘိ၏”- ဤ သို့စသည် များစွာသောအကြောင်းဖြင့် ကဲ့ရဲ့ရှုတ်ချတော်မူပြီးနောက် တန်ခိုးပြာဋိဟာ မပြဖို့ရန် သိက္ခာပုဒ် ပညတ်တော်မူလေ၏။ (ဤအကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၄၈၇-မှ ၅ဝ၀-တိုင် ပြန်၍ ဖတ်ရှုရာ၏)။

ထို့နောက် ရဟန်းသံဃာတို့ အလယ်၌ “(၁) သီဟနာဒိယမထေရ် = ရဲရဲတောက် စကား ပြောကြားလေ့ရှိသော အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်သောနေ့၌ပင် ရဟန်းသံဃာအလယ်၌ ‘မဂ်တရား ဖိုလ်တရား၌ ယုံမှား သံသယရှိသော ရဟန်းသည် အကျွန်ုပ်ကို မေးစေချင်ပါ၏’ ဟု ရဲရဲတောက်စကား ပြောကြားပေ၏။ (၂) ဘုရားရှင်တို့၏ မျက်မှောက်တော်၌လည်း မိမိအရဟတ္တဖိုလ်သို့ ရောက်ကြောင်းကို လျှောက်ထားပေ၏၊ အခြားသော သာဝကတို့ကား ဆိတ်ဆိတ်

(နှာ-၂၀၀)

ဖြစ်ကြနေကြကုန်၏။ (၃) ထိုမထေရ်သည် မိမိကိုယ်တိုင်က ရဲရဲတောက်စကား ပြောကြားလေ့ရှိသောကြောင့်ပင် လူအပေါင်းအား ကြည်ညိုခြင်းကို ဖြစ်စေ၍ ကောင်းကင်သို့ ပျံတက်ကာ ရာဇဂြိုဟ်သူဌေး၏ စန္ဒကူးနှစ် သပိတ်ကိုလည်း ယူဆောင်ခဲ့လေပြီ” ဟု အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်၏ ဂုဏ်ကျေးဇူးနှင့် စပ်သော စကားသုံးမျိုး ဖြစ်ပေါ်ခဲ့လေသည်။ ရဟန်းတို့သည် မထေရ်၏ ဤ ဂုဏ်ကျေးဇူး သုံးပါးတို့ကို တပေါင်းတည်းပြုကြကာ မြတ်စွာဘုရားအား လျှောက်ထားကြလေကုန်၏။

ဘုရားရှင်တို့မည်သည် ကဲ့ရဲ့သင့်သောအရာကို ကဲ့ရဲ့တော်မူ၍ ချီးမွမ်းသင့်သောအရာကို ချီးမွမ်းတော်မူကြမြဲ ဓမ္မတာဖြစ်သောကြောင့် ဤအရာ၌ အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်၏ ချီးမွမ်းသင့်သော ဂုဏ်အင်္ဂါကိုသာ ယူတော်မူ၍__

“ရဟန်းတို့… ဣန္ဒြေသုံးပါးတို့ကို ပွါးများခြင်း, ကြိမ်ဖန် များစွာ လေ့လာခြင်းကြောင့် ဘာရဒွါဇရဟန်းသည် “ငါ့မှာ ပဋိသန္ဓေနေရမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တပါးသောပြုဖွယ် ငါ့မှာမရှိတော့ပြီ-ဟု ငါသိ၏” ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။

အဘယ်သုံးပါးတို့နည်း ဟူမူ-သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေကို ပွါးများခြင်း, ကြိမ်ဖန်များစွာ လေ့လာခြင်း ကြောင့်တည်း။ ရဟန်းတို့...ဤဣန္ဒြေ သုံးပါးတို့ကို ပွါးများခြင်း, ကြိမ်ဖန်များစွာ လေ့လာခြင်းကြောင့် ဘာရဒွါဇ ရဟန်းသည် ‘ငါ့မှာ ပဋိသန္ဓေနေရမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ မဂ်ကိစ္စအလို့ငှါ တပါးသောပြုဖွယ် ငါ့မှာ မရှိတော့ပြီ-ဟု ငါသိ၏” ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။

ရဟန်းတို့... ဤဣန္ဒြေသုံးပါးတို့သည် အဘယ်အဆုံးရှိ ကုန်သနည်းဟူမူ-ကုန်ခြင်းလျှင် အဆုံးရှိကုန်၏။ အဘယ်

(နှာ-၂၀၁)

တရား၏ ကုန်ခြင်းလျှင် အဆုံးရှိကုန်သနည်း ဟူမူ-ပဋိသန္ဓေနေမှု, အိုမှု, သေမှု၏ ကုန်ခြင်းလျှင် အဆုံးရှိကုန်၏။ ရဟန်းတို့ ပဋိသန္ဓေနေမှု, အိုမှု, သေမှု ကုန်ပြီဟု ကောင်းစွာသိမြင်သောကြောင့် ဘာရဒွါဇရဟန်းသည် “ငါ့မှာ ပဋိသန္ဓေနေရမှုကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ ပြုဖွယ် ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တပါးသောပြုဖွယ် ငါ့မှာ မရှိတော့ပြီ-ဟု ငါသိ၏”ဟူ၍ အရဟတ္တဖိုလ်ကိုပြောကြား၏ (မဟာဝဂ္ဂသံယုတ် မြန်မာပြန် စာမျက်နှာ ၂၀၃-မှ)”__

ဤကဲ့သို့ ပိဏ္ဍောလဘာရဒွါဇ မထေရ်မြတ်ကို ချီးမွမ်းစကား မိန့်ကြားတော်မူလေ၏။ ဤ အရှင်ပိဏ္ဍောလ ဘာရဒွါဇ မထေရ်သည်ပင် ကောသမ္ဗီ ပြည့်ရှင် ဘုရင်ဥဒေနမင်းကို သရဏဂုံတည်သူ ဥပါသကာ တယောက်ဖြစ်လာအောင် တရားဟောတော်မူခဲ့လေသည်။ (ဤ အကြောင်းအရာအကျယ်ကို သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော် မြန်မာပြန် စာမျက်နှာ ၃၂၂-မှစ၍ ဘာရဒွါဇသုတ် မြန်မာပြန်ကို ကြည့်ရှုရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤအရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်အား__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သီဟနာဒိကာနံ ယဒိဒံ ပိဏ္ဍောလဘာရဒွါဇော=ရဟန်းတို့... မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက်စကား ပြောကြားကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ပိဏ္ဍောလဘာရဒွါဇရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

(နှာ-၂၀၂)

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “သီဟနာဒိက = ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက် စကား ပြောကြားသောအရာ”ဝယ် ဧတဒဂ် ထားတော်မူလေ၏။

ဤကား အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ် အကြောင်းတည်း။

______

(၉) အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်အကြောင်း

(မထေရ်၏ အမည်တော်ရင်းမှာ ပုဏ္ဏ-အမည်တော် ရှိသည်၊ အရှင်ကောဏ္ဍညမထေရ်ကြီး၏နှမ မန္တာဏီ ပုဏ္ဏေးမ၏ သားတော်ဖြစ်ခြင်းကြောင့် မန္တာဏိပုတ္တပုဏ္ဏမထေရ်ဟူ၍ အမည်တော်တွင်လေသည်)။

(က) မထေရ်၏ ရှေးဆုတောင်း

ဤအရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်အလောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူသည်မှ ရှေးဦးကပင်လျှင်(= ပွင့်တော်မမူမီကပင်) ဟံသာဝတီမြိုဝယ် ပုဏ္ဏားသူဌေးမျိုး၌ ဖြစ်ခဲ့လေသည်။ ထိုအမျိုးကောင်းသားကို အမည်မှည့်သောနေ့၌ မိဖဆွေမျိုးတို့က ဂေါတမဟူ၍ အမည်မှည့်ကြလေသည်။

ထို ဂေါတမပုဏ္ဏား သူဌေးသားသည် အရွယ်သို့ရောက်လတ်သော် ဗေဒင်သုံးပုံတို့ကို သင်၍ ခပ်သိမ်းသောအတတ်တို့၌ ကျွမ်းကျင်လိမ္မာသူဖြစ်ကာ လုလင် (တပည့်)ငါးရာ အခြံအရံရှိလျက် လှည့်လည်ကျက်စား သွားလာနေစဉ် ဗေဒင်သုံးပုံတို့ကို စဉ်းစားဆင်ခြင်ကြည့်ရှု၍ ထိုဗေဒင်များ၌ သံသရာဝဋ်မှ လွတ်မြောက်ကြောင်းတရားကို မတွေ့မမြင်ရကား “ဤဗေဒင်သုံးပုံ မည်သည် ငှက်ပျောတုံးပမာ အပြင်မှာချောမွေ့လျက် အတွင်း မှာကား အနှစ်မရှိချေ၊ ဤဗေဒင်သုံးပုံကို အမြတ်တနိုးစွဲယူ၍ ယခုလိုငါလှည့်လည်နေခြင်းသည် ဖွဲကို ဆန်ရနိုးနိုးဖြင့် ထုထောင်းခြင်းနှင့် တူလှ၏။ ငါ့အဖို့ရာ ဤဗေဒင်သုံးပုံဖြင့် အဘယ်အကျိုး

(နှာ-၂၀၃)

ရှိအံ့နည်း= မရှိသည်သာတည်း”ဟု ကြံစည်ပြီးနောက် တဖန် ဆက်လျှောက်၍ “ငါသည် ရသေ့ရဟန်းပြုလုပ်၍ ဗြဟ္မဝိဟာရ ဈာန်များကို ဖြစ်ပွါးစေကာ ဈာန်မလျှောကျသူဖြစ်လျက် ဗြဟ္မ့ာပြည်သို့ ဘဝပဋိသန္ဓေကပ်ရောက်သူ ဖြစ်ချိမ့်မည်”ဟု တပည့် လုလင်ငါးရာတို့နှင့် အတူတကွ တောင်ခြေသို့ သွားရောက်လျက် ရသေ့ရဟန်းပြု၍ နေလေ၏။

ထိုဂေါတမရသေ့၏ အခြံအရံတပည့်ရသေ့တို့ကား ဆံကျစ် ရသေ့ပေါင်း တသောင်းရှစ်ထောင်တို့ ဖြစ်ကြလေသည်။ ဆရာ ဂေါတမရသေ့သည် ကိုယ်တိုင်က လောကီအဘိညာဏ်ငါးပါး, လောကီဈာန် သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေပြီးနောက် ထိုတပည့် ရသေ့တသောင်းရှစ်ထောင်တို့အားလည်း ကသိုဏ်းပရိကံ ပွါးများပုံကို သင်ကြားပြသ၍ ပေးလေ၏၊ တပည့်ရသေ့တသောင်း ရှစ်ထောင်တို့သည်လည်း ထိုဆရာဂေါတမရသေ့၏ အဆုံးအမ၌ တည်ကြ၍ အကုန်လုံးပင် လောကီအဘိညာဏ်ငါးပါး, လောကီ ဈာန်သမာပတ်ရှစ်ပါးတို့ကို ဖြစ်ပွါးစေကြလေ၏။

ဤနည်းဖြင့် အချိန် ကြာညောင်း၍ ဆရာ ဂေါတမ ရသေ့ အသက်အရွယ် အိုမင်းရင့်ရော်သောအခါ၌ ပဒုမုတ္တရမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ဓမ္မစကြာတရားဦး ဟောတော်မူပြီးနောက် ရဟန်းတသိန်း ခြံရံလျက် ဖွားတော်မူရာ ဟံသာဝတီမင်းနေပြည်ကို အမှီဂေါစရဂါမ်ပြု၍ သီတင်းသုံးနေတော်မူဆဲဖြစ်၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် တနေ့သ၌ နံနက် မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလေလျှင် ဂေါတမရသေ့၏တပည့် ရသေ့ပေါင်းတသောင်းရှစ်ထောင်တို့၏ အရဟတ္တဖိုလ်ရကြောင်း ရှေးကောင်းမှုကို၎င်း, ကိုယ်တော်မြတ် ကြွသွားလျှင် ဆရာဖြစ်သော ဂေါတမရသေ့ကလည်း “ငါသည် နောက်အခါပွင့်တော်မူမည့် ဘုရားရှင်၏သာသနာ၌ ဓမ္မကထိက = တရားဟောကောင်းကြသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟုဆုတောင်းလိမ့်မည်ကို၎င်း မြင်တော်မူ၍ စောစောပင် ကိုယ်လက်သုတ်သင်မှု

(နှာ-၂၀၄)

ပြုတော်မူကာ ကိုယ်တော်မြတ်၏ သပိတ်, သင်္ကန်းကို ကိုယ်တော်တိုင်ပင် ယူဆောင်တော်မူ၍ မထင်ရှားသောအသွင်ဖြင့်ဂေါတမ ရသေ့၏တပည့်များ သစ်မြစ်, သစ်သီးရှာရန် သွားကြသည်ရှိသော် ကြွတော်မူ၍ ဂေါတမရသေ့၏ သင်္ခမ်းကျောင်းတံခါးဝ၌ ရပ်တည်တော်မူလေ၏။

ဂေါတမဆရာရသေ့သည် မြတ်စွာဘုရားရှင် ပွင့်ထွန်းတော် မူသည်ကို ကြိုတင်၍ သိမထားသော်လည်း အဝေးမှပင် ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကို မြင်ရလျှင် “ဤယခု ကြွရောက်လာသော ပုဂ္ဂိုလ်မြတ်၏ ကိုယ်ခန္ဓာတော် ပြည့်စုံပြီးစီးမှုကို ထောက်ရှုဆင်ခြင်လျှင် ယင်းလက္ခဏာတို့နှင့် ပြည့်စုံသောသူသည် အိမ်ရာတည်ထောင် လူ့ဘောင်၌တည်နေလျှင် စကြဝတေးမင်း ဖြစ်နိုင်၏။ ရဟန်းပြုလျှင် ကိလေသာအမိုးကို ပယ်ချိုးဖွင့်လှစ်နိုင်သည့် သဗ္ဗညူ ဘုရားစင်စစ် ဖြစ်နိုင်၏၊ သို့ရကား ဤယခု ကြွရောက်လာသော ယောက်ျားမြတ်သည် လောကသုံးပါးမှ လွတ်မြောက်ပြီးသူ ဖြစ်၍ ထင်ပေ၏”ဟု မဟာပုရိသလက္ခဏာကျမ်းအရဘုရားဖြစ်ကြောင်း ကောင်းစွာရိပ်မိ သိရှိပြီးလျှင် ရှေးဦးစွာ မြင်လျှင် မြင်ခြင်းပင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးဦးညွတ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား… ဤအရပ်မှ ကြွတော်မူပါဘုရား”ဟု လျှောက်ထားကာ ဘုရားနေရာတော်ကို ခင်း၍ ပေးလေ၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် ခင်းအပ်သောနေရာ၌ ထိုင်နေတော်မူသော ဂေါတမရသေ့အား တရားဟောနေတော်မူလေ၏။

ထိုအချိန်၌ တပည့် ဆံကျစ်ရသေ့တို့သည် “ကောင်းနိုးရာရာ တောသစ်မြစ်, သစ်သီး ကြီး, ငယ်တို့ကို ငါတို့ဆရာကြီးအား ပေးလှူပြီးလျှင် ကြွင်းကျန်သည်ကို ငါတို့စားကြကုန်အံ့” ဟူသော အကြံဖြင့် ပြန်လာကြသည်ရှိသော် မြင့်သောနေရာ၌ မြတ်စွာဘုရားရှင် ထိုင်နေတော်မူသည်ကို၎င်း, နိမ့်သောနေရာ၌ မိမိတို့၏ ဆရာကြီး ထိုင်နေသည်ကို၎င်း ပက်ပင်းပါတွေ့မြင်ကြရ၍ “ကြည့်ကြစမ်းပါ, ငါတို့သည် ‘ဤလောက၌ ငါတို့ဆရာထက် သာလွန် မြင့်မြတ်သူ မရှိ’ ဟု အောက်မေ့ကြကာ လှည့်လည်ခဲ့ကြကုန်၏။

(နှာ-၂၀၅)

ယခုမူကား ငါတို့ဆရာကို နိမ့်သောနေရာ၌ ထိုင်စေ၍ မိမိ ကိုယ်တိုင်ကမူ မြင့်သောနေရာ၌ ထိုင်နေသော ပုဂ္ဂိုလ်မြတ်ကြီး တပါးကို ထင်ရှားစွာ တွေ့မြင်သိရှိအပ်လေပြီ။ ဤပုဂ္ဂိုလ်သူမြတ်ကား အလွန်မြင့်မြတ်ပူဇော်အပ်သူဖြစ်ပေလိမ့်တကား”ဟု ကြံစည်ကြ၍ သစ်သီးခြင်းတောင်းများကို ယူဆောင်ကာ ရှေးရှုလာရောက်ကြလေကုန်၏။

ဆရာဂေါတမရသေ့သည် “ဤ ရသေ့တို့ကား ငါ့ကို မြတ်စွာဘုရားရှင်၏ အနီးထံတော်မှောက်၌ပင် ရှိခိုးကြကုန်လေရာ၏”ဟု တပည့်ရသေ့တို့ ရှိခိုးကြမည်မှ ကြောက်ရွံ့စိုးခန့်ရကား အဝေးမှပင် “တပည့်တို့...ငါ့ကို ရှိမခိုးကြကုန်လင့်၊ နတ်ဗြဟ္မာနှင့်တကွသော သတ္တလောကဝယ် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူလျက် သူခပ်သိမ်းတို့ရှိခိုးထိုက်သော ပုဂ္ဂိုလ်မြတ်သည် ဤအရပ်၌ ထိုင်နေတော်မူသည်။ ထိုပုဂ္ဂိုလ်မြတ်ကို ရှိခိုး ကြလော့”ဟု တိုက်တွန်း စကား ပြောကြားလေ၏။ တပည့်ရသေ့တို့သည်လည်း “ဆရာကြီးသည် မသိပဲ ပြောကြားလိမ့်မည် မဟုတ်”ဟု အားလုံးပင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးကြလေကုန်၏။

ဆရာကြီးသည် “တပည့်တို့ ...ငါတို့၏ အဖို့ရာ မြတ်စွာဘုရားအား အခြားလှူရန် ဘောဇဉ်ဟူ၍ မရှိချေ။ ဤ သစ်မြစ် သစ်သီး ကြီးငယ်ကိုပင် လှူကြကုန်စို့”ဟု ပြောဆို၍ ကောင်းနိုးရာရာ သစ်မြစ်, သစ်သီးများကို မြတ်စွာဘုရား၏ သပိတ်တော်၌ လောင်းထည့် လှူဒါန်းလေ၏။ မြတ်စွာဘုရားရှင် တောသစ်မြစ်, သစ်သီးတို့ကို ဘုဉ်းပေးပြီးသောအခါမှ ဆရာရသေ့သည် တပည့်တို့နှင့် အတူတကွ တောသစ်မြစ်, သစ်သီးတို့ကို စားသုံးလေသည်။

မြတ်စွာဘုရားရှင်သည် သစ်သီးဆွမ်း ဘုဉ်းပေးပြီးလတ်သော် “အဂ္ဂသာဝက ရဟန်းနှစ်ပါးတို့သည် ရဟန်းတသိန်းကို ခေါ် ဆောင်၍ ထံမှောက် လာရောက်ကြစေသတည်း”ဟု ကြံစည် တောင့်တတော်မူလိုက်၏။ ထို ခဏ၌ အဂ္ဂသာဝက ဖြစ်သော မဟာဒေဝလမထေရ်သည် “မြတ်စွာဘုရားသည် အဘယ်အရပ်သို့

(နှာ-၂၀၆)

ကြွသွားတော်မူသနည်း”ဟု ဆင်ခြင်သည်ရှိသော် “မြတ်စွာဘုရားသည် ကိုယ်တော့်ထံမှောက် ငါတို့၏လာရောက်ခြင်းကို တောင့်တတော်မူ၏”ဟု သိ၍ ရဟန်းတသိန်းကို ခေါ်ဆောင်ပြီးလျှင် မြတ်စွာဘုရားအထံတော်သို့ သွားရောက်ရှိခိုး ဦးညွှတ်လျက် ရပ်တည်ကာ နေလေ၏။

ဆရာဂေါတမရသေ့သည် တပည့်များကို “တပည့်တို့...ငါတို့မှာ ရဟန်းသံဃာအား အခြားပူဇော်ဖွယ်ဟူ၍ မရှိချေ။ ရဟန်း သံဃာသည် ဆင်းဆင်းရဲရဲ ရပ်တည်၍ နေရ၏၊ ဘုရားအမှူး ရှိသော ရဟန်းသံဃာအတွက် ပန်းနေရာတော် ခင်းကြကုန်စို့။ တပည့်တို့သည် ရေပန်း, ကြည်းပန်းတို့ကို လျင်မြန်စွာ ဆောင်ယူခဲ့ကြလော့”ဟူ၍ ပြောဆိုလေ၏။ တပည့်ရသေ့များသည် ထို ခဏမှာပင် တောင်ခြေမှ အဆင်း, အနံ့နှင့်ပြည့်စုံသော ပန်းတို့ကို တန်ခိုးဖြင့် ဆောင်ယူခဲ့ကြ၍ အောက်-အရှင်သာရိပုတ္တရာမထေရ် ဝတ္ထု၌ ဆိုအပ်ပြီးသော နည်းအတိုင်း ပန်းနေရာတော်တို့ကို ခင်းကြလေကုန်၏။ ထို့နောက် မြတ်စွာဘုရားနှင့် သံဃာတော်တို့ နိရောဓသမာပတ်ဝင်စားကြသောအကြောင်း ရသေ့တို့ ပန်းထီး မိုး၍ ပေးကြသောအကြောင်းစသည် အလုံးစုံကို အောက်-အရှင်သာရိပုတ္တရာမထေရ်ဝတ္ထု၌ ဆိုအပ်ပြီးသောနည်းအတိုင်း သိမှတ် ရာ၏။

မြတ်စွာဘုရားသည် ခုနှစ်ရက်မြောက်သောနေ့၌ နိရောဓသမာပတ်မှ ထတော်မူလတ်သည်ရှိသော် ဝန်းရံလျက် ရပ်တည်နေကြသော ရသေ့တို့ကို မြင်တော်မူ၍ တရားဟောကောင်းသော အရာဝယ် ဧတဒဂ်ဘွဲ့ထူးရ သာဝကရဟန်းတော်ကို “ချစ်သား... ဤရသေ့အပေါင်းသည် ကြီးစွာသော ပူဇော်သက္ကာရမှု ပြုအပ်ပေပြီ၊ ချစ်သားသည် ထိုရသေ့တို့အား ပန်းနေရာအနုမောဒနာတရား ဟောကြားလော့”ဟု မိန့်တော်မူလေ၏။ ထို ဧတဒဂ် ဘွဲ့ထူးရ ရဟန္တာအရှင်မြတ်သည် မြတ်စွာဘုရား မိန့်ကြားတော် မူချက်ကို ဦးထိပ်ရွက်ပန်ဆင်လျက် ပိဋကတ်သုံးပုံတို့ကို သုံးသပ် ဆင်ခြင်ကာ အနုမောဒနာတရား ဟောကြားလေ၏။ ထို ရဟန်း

(နှာ-၂၀၇)

အနုမောဒနာတရား ဟောကြား၍ ပြီးဆုံးသောအခါ မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ပင် ဗြဟ္မာသံကျူးငြိတ်၍ မဂ်ဖိုလ် ရကြောင်းတရားကို ဆက်လက်၍ ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ ဆရာဂေါတမ ရသေ့ကိုထား၍ ကြွင်းကျန်သည့် တသောင်းရှစ်ထောင်သော တပည့် ဆံကျစ် ရသေ့တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေကုန်၏။

ဆရာဖြစ်သူ ဂေါတမရသေ့သည်ကား ထိုကိုယ်၏အဖြစ်ဖြင့် ပဋိဝေဓတရားထူးကို မရနိုင်ရကား မြတ်စွာဘုရားရှင်ကို“မြတ်စွာဘုရား... ရှေးဦးစွာ တရားဟောသော ရဟန်းသည် အရှင်ဘုရား၏ သာသနာတော်ဝယ် အဘယ် အမည် ရှိပါသနည်း” ဟု မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်က “ဂေါတမရသေ့၏ ရှေးဦးစွာ တရားဟောသော ရဟန်းသည် ငါဘုရား၏ သာသနာ၌ တရားဟောကောင်းကြသော=ဓမ္မကထိကရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ်ဖြစ်ပေ၏”ဟု မိန့်တော် မူလေလျှင် ဂေါတမရသေ့သည် “မြတ်စွာဘုရား...တပည့်တော်သည်လည်း ဤခုနစ်ရက် ပြုလုပ်အပ်သော အဓိကာရကောင်းမှု ကုသိုလ်၏ အကျိုးအားကြောင့် ဤရှေးဦးစွာ တရားဟောသော ရဟန်းကဲ့သို့ နောက်အခါဝယ် တဆူဆူသောဘုရားရှင်၏ သာသနာတော်၌ တရားဟောကောင်းကြသော = ဓမ္မကထိကရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလုပ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းလျက် နေလေ၏။

ပဒုမုတ္တရ မြတ်စွာဘုရားသည် အနာဂတ်ကို ရှုကြည့်တော်မူလတ်သော် ထိုဂေါတမရသေ့၏ တောင့်တချက် အန္တရာယ်မရှိပဲ ပြည့်စုံသည်ကို မြင်တော်မူလတ်၍ “နောက်အခါဝယ် ကမ္ဘာ တသိန်းအဆုံး၌ ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်မူလိမ့်မည်။ ထိုအခါ သင်သည် ထိုဂေါတမမြတ်စွာ သာသနာ၌ တရားဟောကောင်းကြသော = ဓမ္မကထိကပုဂ္ဂိုလ်တို့တွင် အသာဆုံး အမြတ်ဆုံး =ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်စကား

(နှာ-၂၀၈)

မိန့်ကြားတော်မူပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်ပြီးကြသော တပည့်ရသေ့တို့ကို “ဧထ ဘိက္ခဝေါ= ရဟန်းတို့...လာကြလော့” ဟု ဧဟိဘိက္ခု ခေါ်တော်မူလေ၏။ ထိုအခါ တပည့်ရသေ့အားလုံးတို့သည်ပင် ဆံမုတ်ဆိတ်များ (မရိတ်ရပဲ) အလိုလိုကွယ်ပျောက် ဣဒ္ဓိမယသပိတ်, သင်္ကန်းကို ကိုယ်ဝယ်အဆင်သင့်ရောက်ရှိဝတ်ရုံပြီး ဖြစ်ကာ အဝါ(၆ဝ) ခြောက်ဆယ် = သက်တော်ရှစ်ဆယ် ရှိကြသည့် မထေရ်ကြီးများကဲ့သို့ ရသေ့အသွင်ကွယ်ပျောက် ရဟန်း အဖြစ်သို့ အကြွင်းမဲ့ ရောက်ကြလေကုန်၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နောက်တော်ပါ ခေါ်ဆောင်၍ ကျောင်းတော်သို့တဖန် ပြန်ကြွတော်မူလေ၏။

(ခ) နောက်ဆုံးဘ၀ ရဟန်းပြုခြင်း

ဂေါတမ ရှင်ရသေ့သည်လည်း အသက်ထက်ဆုံး မြတ်စွာဘုရားကို ပြုစုလုပ်ကျွေး၍ အစွမ်းရှိသလောက် ကောင်းမှုကုသိုလ် ပြုပြီးလျှင် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌သာ ကျင်လည်ရ၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် ကပိလဝတ်မင်းနေပြည်တော်၏အနီး ဒေါဏဝတ္ထုမည်သောပုဏ္ဏားရွာ၌ ပုဏ္ဏားသူဌေးမျိုးဝယ် ပဋိသန္ဓေ တည်နေ ဖြစ်ပွါးလာလေ၏။ ထိုသူငယ်၏အမည်ကို မိဖဆွေမျိုးတို့က “ပုဏ္ဏ”ဟူ၍ မှည့်ခေါ်ကြလေသည်။

မြတ်စွာဘုရားရှင်သည် အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်တို့ကိုရ၍ ဓမ္မစကြာတရား ဟောကြားတော်မူပြီးသော် အစဉ်သဖြင့် ကြွရောက်၍ ရာဇဂြိုဟ်ပြည်ကို အမှီဂေါစရဂါမ်ပြုကာ နေထိုင်တော်မူစဉ် အရှင်အညာသိကောဏ္ဍညမထေရ်သည် ကပိလဝတ်ပြည် ဒေါဏဝတ္ထု ပုဏ္ဏားရွာသို့ ကြွရောက်၍ မိမိ၏တူ (= နှမ၏သား)ဖြစ်သူ ပုဏ္ဏလုလင်ကို ရှင်, ရဟန်းပြုပေးပြီးလျှင် ရဟန်းတရား အားထုတ်ပုံကိုပါ ဟောပြခဲ့၍ နောက်တနေ့၌ မြတ်စွာဘုရားအထံတော်သို့ လာရောက်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးခွင့်ပန်၍ အမြဲနေထိုင်ရန်အလွိုငှါ ဆဒ္ဒန်အိုင်သို့ ကြွသွားတော်မူလေ၏။

(နှာ-၂၀၉)

မန္တာဏိပုတ္တ-အရှင်ပုဏ္ဏမထေရ်သည်ကား ဦးကြီး (= အမေ့မောင်) ဖြစ်သူ အရှင်အညာသိကောဏ္ဍညမထေရ်နှင့် အတူတကွ ဘုရားရှင်ထံတော်သို့ မလိုက်ပါပဲ “ငါ၏ ရဟန်းကိစ္စ အထွတ် အထိပ် = အရဟတ္တဖိုလ်သို့ ရောက်စေပြီးမှသာလျှင် ငါသည် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဖူးမြော်တော့မည်” ဟု ကြံစည်ဆုံးဖြတ်၍ ကပိလဝတ်ပြည်မှာပင် ချန်နေရစ်ခဲ့လျက် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေလျှင် မကြာမီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏။

ထိုအရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်၏ အထံ၌ အမျိုးကောင်းသား ငါးရာတို့သည် ရှင်, ရဟန်းပြုကြလေ၏။ မထေရ်မြတ်သည် ကိုယ်တော်တိုင်ကပင် ကထာဝတ္ထုဆယ်ပါး*တို့ကို ရယူလိုက်နာ ကျင့်သုံးလေ့ရှိတော်မူသောကြောင့် ထိုအမျိုးကောင်းသား ရဟန်း ငါးရာတို့ကိုလည်း ကထာဝတ္ထု ဆယ်ပါးတို့ဖြင့်ပင် ဆုံးမတော်မူလေ၏။ ထိုရဟန်းငါးရာတို့သည် အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ် ၏ အဆုံးအမ သြဝါဒ၌ တည်ကြကာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ကြသဖြင့် ငါးရာလုံးပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြလေကုန်၏။

* ကထာဝတ္ထုဆယ်ပါး-ဟူသည်မှာ (၁) အပိစ္ဆကထာ=အလို နည်းမှုနှင့်စပ်သော တရားစကား၊ (၂) သန္တုဋ္ဌိကထာ=ရောင့်ရဲလွယ်မှု နှင့်စပ်သော တရားစကား၊ (၃) ပဝိဝေကကထာ=ဝိဝေကသုံးပါးနှင့် စပ်သော တရားစကား၊ (၄) အသံသဂ္ဂကထာ=သံသဂ္ဂ ၅-မျိုးမှ ကင်းခြင်းနှင့်စပ်သော တရားစကား၊ (၅) ဝီရိယာရမ္ဘကထာ ဝီရိယနှင့်စပ်သော တရားစကား၊ (၆) သီလကထာ=သီလနှင့်စပ်သော တရားစကား၊ (၇) သမာဓိကထာ=သမာဓိနှင့်စပ်သော တရားစကား၊ (၈) ပညာကထာ=ပညာနှင့်စပ်သော တရားစကား၊ (၉) ဝိမုတ္တိကထာ=အရဟတ္တဖိုလ်နှင့်စပ်သော တရားစကား၊ (၁၀) ဝိမုတ္တိဉာဏ ဒသနကထာ=ပစ္စဝေက္ခဏာဉာဏ်နှင့်စပ်သော တရားစကား၊ အရှင်မန္တာဏိပုတ္တပုဏ္ဏမထေရ်သည် ကိုယ်တိုင်ကလည်း ဤကထာဝတ္ထဒ ဆယ်ပါးအတိုင်း လိုက်နာကျင့်သုံး၍ တပည့်တို့ကိုလည်း ထိုကထာဝတ္ထု ဆယ်ပါးတို့ဖြင့် ဆုံးမတော်မူလေသည်

(နှာ-၂၁၀)

ထိုရဟန်းငါးရာတို့သည် မိမိတို့၏ ရဟန်းကိစ္စ အထွတ်အထိပ် (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသည်ကို သိရှိကြ၍ ဥပဇ္ဈာယ် ဆရာ အရှင်မန္တာဏိပုတ္တ - ပုဏ္ဏမထေရ်ထံသို့ သွားရောက် ဆည်းကပ်ကြပြီးလျှင် “အရှင်ဘုရား တပည့်တော်တို့၏ ရဟန်း ကိစ္စသည် အထွတ်အထိပ်(= အရဟတ္တဖိုလ်)သို့ ရောက်လတ်ပါပြီ၊ တပည့်တော်တို့သည် ကထာဝတ္ထုဆယ်ပါး တရားတော်မြတ်တို့ကိုလည်း အလွယ်တကူ ရယူလေ့ရှိကြပါကုန်၏၊ တပည့်တော်တို့၏ အဖို့ရာ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရန် အချိန်တန်ပါပြီ ဘုရား”ဟု လျှောက်ထားကြလေကုန်၏။ ဥပဇ္ဈာယ်မထေရ်မြတ်သည် ထိုတပည့်ရဟန်းငါးရာတို့၏ စကားကို ကြားသိရလေလျှင် - ငါ၏ ကထာဝတ္ထုဆယ်ပါး တရားတော်မြတ်ကို ရလွယ်ကြောင်းကို မြတ်စွာဘုရားရှင် သိတော်မူပေ၏။ ငါသည် တရားဟောလျှင် ကထာဝတ္ထုဆယ်ပါးတို့ကို လက်မလွှတ်ပဲသာလျှင် ဟောကြားခဲ့၏။ ငါယခု ဤရဟန်းတို့နှင့် အတူတကွလိုက်ပါခဲ့လျှင် ဤရဟန်း ငါးရာလုံးပင်ကို ဝန်းရံ၍ လိုက်ပါကြလိမ့်မည်။ ငါ့အဖို့ရာ ဤကဲ့သို့ ဂိုဏ်းသံဃာခြံရံကာ သွားရောက်၍ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရန် မသင့်လျော်ချေ၊ ဤရဟန်းတို့သည်ပင် အလျင်လက်ဦး သွားရောက်၍ မြတ်စွာဘုရားရှင်ကို ဖူးမြော်ကြစေကုန်တော့” ဟု ဆင်ခြင်ပြီးလျှင် ထိုရဟန်းတို့ကို “ငါ့ရှင်တို့...သင်တို့သည် ရှေ့က သွားနှင့်ကြ၍ မြတ်စွာဘုရားရှင်ကို ဖူးမြော်ကြကုန်လော့၊ ငါ၏ အမှာစကားဖြင့် မြတ်စွာဘုရား၏ ခြေတော်အစုံတို့ကိုလည်း ရှိခိုးကြကုန်လော့၊ ငါသည်လည်း သင်တို့သွားရာလမ်းအတိုင်းပင် နောက်မှ လိုက်ပါခဲ့မည်”ဟု မိန့်ဆိုတော်မူလေ၏။

အားလုံးပင် မြတ်စွာဘုရား၏ ဖွားတော်မူရာ ကပိလဝတ် နယ်မြေသားချည်း ဖြစ်ကြ, အားလုံးပင် အာသဝေါ ကုန်ခန်း ရဟန္တာချည်းဖြစ်ကြ, အားလုံးပင် ကထာဝတ္ထုဆယ်ပါးကို ရလွယ်သော ပုဂ္ဂိုလ်ချည်းသာ ဖြစ်ကြသည့် ထိုရဟန်းငါးရာတို့သည် ဥပဇ္ဈာယ်ဆရာ၏ အဆုံးအမ သြဝါဒကို မဖျက်ကြပဲ အစဉ်သဖြင့် ခရီးဒေသစာရီ လှည့်လည် ကြွသွားကြသည်ရှိသော် ယူဇနာ

(နှာ-၂၁၁)

ခြောက်ဆယ်ခရီးကိုလွန်၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်သို့ ရောက်ဆိုက်ကြ၍ မြတ်စွာဘုရား၏ ခြေတော်အစုံတို့ကို ရှိခိုးကြပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြလေကုန်၏။

ရောက်ဆိုက်လာကြသော အာဂန္တု ရဟန်းတို့နှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာစကား ပြောကြားခြင်းသည် ဘုရားရှင်တို့၏ ဓမ္မတာအာစိဏ္ဏ = အလေ့အကျက်တော်ပင် ဖြစ်ရကား မြတ်စွာဘုရားရှင်သည် ထိုရဟန်းငါးရာတို့နှင့်အတူတကွ “ကစ္စိ ဘိက္ခဝေ ခမနီယံ = ရဟန်းတို့ ... အသို့နည်း ခံ့ကျန်းကြ၏လော” _ ဤသို့ အစရှိသောနည်းဖြင့် ချိုမြိန်သော အစေ့အစပ်စကား ပြောကြားတော်မူပြီးလျှင်“ရဟန်းတို့... သင်တို့သည် အဘယ်အရပ်မှ လာကြ ကုန်သနည်း”ဟု မေးတော်မူလေ၏။ ထိုရဟန်းတို့က“ရှင်တော် ဘုရား၏ဖွားတော်မူရာ ကပိလဝတ်နယ်မြေမှ လာကြပါကုန်သည် ဘုရား” ဟုလျှောက်ထားကြလေလျှင် မြတ်စွာဘုရားသည်“ရဟန်းတို့...ငါဘုရား၏ ဖွားတော်မူရာ ကပိလဝတ်နယ်မြေသား ရဟန်း များတို့တွင် အဘယ်ရဟန်းကို သီတင်းသုံးဖော် သံဃာတော်တို့က “ဤရဟန်းသည် ကိုယ်တိုင်က အလိုနည်းသူ ဖြစ်ပြီးလျှင် ရဟန်းတို့ကိုလည်း အပိစ္ဆကထာ = အလိုနည်းမှုနှင့် စပ်သော တရားစကားကို ပြောကြားလေ့ရှိသူ ဖြစ်၏”ဟု ချီးမွမ်းအပ်သနည်းသို့ အစရှိသည်ဖြင့် ကထာဝတ္ထု ဆယ်ပါးရလွယ်သော ရဟန်းကို ဦးစားပေး၍ မေးတော်မူလေ၏။ ထိုရဟန်းငါးရာတို့သည်လည်း “အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်ကို သီတင်းသုံးဖော် သံဃာတော်တို့က ထိုကဲ့သို့ ချီးမွမ်းအပ်ပါသည် ဘုရား” ဟု မြတ်စွာဘုရားအား တညီတညွတ်တည်း လျှောက်ထားကြလေကုန်၏။ ထိုစကားကို ကြားရ၍ အရှင်သာရိပုတ္တရာမထေရ်သည် အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်ကို အလွန်ပင် တွေ့မြင်တော်မူလိုလေသည်။

ထို့နောက် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိပြည်သို့ ကြွရောက်တော်မူလေ၏၊ ပုဏ္ဏမထေရ်သည် မြတ်စွာဘုရားရှင် သာဝတ္ထိပြည်သို့ ကြွရောက်လာတော်မူကြောင်းကို ကြားသိလေ

(နှာ-၂၁၂)

လျှင် “မြတ်စွာဘုရားကို ဖူးမြော်ပေအံ့” ဟု တပါးတည်း သာဝတ္ထိပြည်သို့ ကြွရောက်၍ ဂန္ဓကုဋီတိုက်တော်၌ပင် မြတ်စွာဘုရားရှင်ကို တိုက်ရိုက်ဖူးမြော်လေသည် (မည်သည့်ရဟန်းကိုမျှလည်း ရှေ့ဆောင်မပြု)။ မြတ်စွာဘုရားသည် ပုဏ္ဏမထေရ်အား ကထာဝတ္ထုဆယ်ပါးနှင့်စပ်သော တရားကို ဟောတော်မူလေ၏။ ပုဏ္ဏမထေရ်သည် တရားနာပြီးသော် မြတ်စွာဘုရားရှင်ကို ရှိခိုး၍ တပါးတည်းကိန်းအောင်းရန် အန္ဓဝန်တောအုပ်သို့ သွားရောက်ကာ သစ်ပင်ရင်းတခု၌ နေ့သန့်နေတော်မူလေ၏။ အရှင်သာရိပုတ္တရာမထေရ်သည်လည်း ပုဏ္ဏမထေရ် အန္ဓဝန်တောအုပ်သို့ သွားရောက်ကြောင်း ကြားသိရ၍ မျက်ခြေမပျောက် ပုဏ္ဏမထေရ်၏ ဦးခေါင်းကိုကြည့်ရှုလိုက်ပါကာ အခါအခွင့် သင့်လျောက် ပတ်သည်ကို မှတ်သား၍ ညနေချမ်းကာလဝယ် ထိုသစ်ပင်ရင်းသို့ ကြွရောက်ကာ အရှင်ပုဏ္ဏမထေရ်နှင့် ဝမ်းမြောက်ဖွယ်စကား ပြောကြားပြီးနောက် ဝိသုဒ္ဓိခုနစ်ပါး တရားအစဉ်ကို မေးမြန်းတော်မူလေသည်၊ အရှင်ပုဏ္ဏမထေရ်သည် အရှင်သာရိပုတ္တရာ မေးတိုင်း မေးတိုင်းသော ပြဿနာတို့ကို ဖြေကြားတော်မူလေသည်။ ထိုမထေရ်မြတ်ကြီးနှစ်ပါးတို့သည် အချင်းချင်းပြောဆိုအပ်သော တရားစကားကို ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ပြုတော်မူကြလေသည်။ (ဤအကြောင်းအရာအကျယ်ကို ပိဋကတ် မြန်မာပြန် မူလပဏ္ဏာသပါဠိတော်၊ ၃-ဩပမ္မဝဂ်၊ ၄-ရထဝိနီတသုတ်၊ စာမျက်နှာ ၂၀၄-မှစ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောအခါ ဤအရှင်မန္တဏိပုတ္တပုဏ္ဏမထေရ်အား__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓမ္မကထိကာနံ ယဒိဒံ ပုဏ္ဏော မန္တာဏိပုတ္တော = ရဟန်းတို့...တရားဟောကောင်းကြသည့် ငါဘုရား၏ တပည့်

(နှာ-၂၁၃)

သာဝက ရဟန်းတို့တွင် မန္တာဏီ ပုဏ္ဏေးမ၏သား ပုဏ္ဏ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”–

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “ဓမ္မကထိက = တရားဟော ကောင်းသောအရာ”ဝယ် ဧတဒဂ်ထားတော်မူလေ၏။

ဤကား အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ် အကြောင်းတည်း။

_______

(၁၀) အရှင်ကစ္စည်းမထေရ် အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

အရှင်ကစ္စည်းမထေရ်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်အခါဝယ် သူကြွယ်မျိုး၌ ဖြစ်၍ ကြီးပြင်းခြင်းသို့ ရောက်လတ်သော် တနေ့သ၌ ရှေးမထေရ် အလောင်းများနည်းတူ ကျောင်းတိုက်သို့ သွားရောက်၍ ပရိသတ် အစွန်အဖျား၌ ရပ်တည်ကာ တရားနာယူနေစဉ် မြတ်စွာဘုရားရှင်က ရဟန်းတပါးကို“အကျဉ်းဟောအပ်သော တရားစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဘန်ခွဲခြား စိတ်ဖြာ ဟောကြားတတ်သော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး တည်းဟူသော” = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်လတ်၍ “ဤရဟန်းကား အလွန် ကြီးမြတ်စွာ့တကား၊ ယင်း ရဟန်းကို မြတ်စွာဘုရားသည် ဤကဲ့သို(= အကျဉ်းဟောကြားအပ်သော တရားစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဘန် ခွဲခြား စိတ်ဖြာ ဟောကြားတတ်သော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဟု) ချီးမွမ်းတော်မူ၏၊ ငါသည်လည်း နောက်အခါ တဆူဆူသောဘုရားရှင်၏ သာသနာ၌ ဤရဟန်းကဲ့သို့သော ဧတဒဂ်ဘွဲ့ထူးရ-ရဟန်းဖြစ်မှ သင့်တော့မည်”ဟု ကြံစည်စဉ်းစားမိ၍ မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ပြီးလျှင် ရှေး၌ ဆိုအပ်ပြီးသော နည်းအတိုင်း ခုနစ်ရက်ပတ်လုံး အလှူကြီးပေး လှူပြီးနောက် “မြတ်စွာဘုရား...တပည့်တော်သည် ဤခုနစ်ရက်ကြာ မဟာဒါန သက္ကာရ ကောင်းမှုကုသိုလ်၏ အကျိုးအား

(နှာ-၂၁၄)

ကြောင့် အခြားစည်းစိမ်ကို မတောင့်တပါ၊ စင်စစ်သော်ကား နောက်အခါဝယ် တဆူဆူသောဘုရားရှင်၏ သာသနာ၌ ယနေ့မှ အထက် လွန်ခဲ့သောခုနစ်ရက်က အရှင်ဘုရားတို့ ဧတဒဂ်ရာထူးဌာနန္တရ၌ ထားအပ်သော ရဟန်းကဲ့သို့ပင် တပည့်တော်သည်လည်း ထို(အကျဉ်းဟောကြားအပ်သောတရားစကား၏ အနက် အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဘန်ခွဲခြား စိတ်ဖြာဟောကြား တတ်သော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး) ဧတဒဂ်ရာထူး ဌာနန္တရကို ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလုပ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းလျက် နေလေ၏။

ပဒုမုတ္တရ မြတ်စွာဘုရားသည် အနာဂတ်ကို ရှုကြည့်တော်မူ လတ်သော် “ဤ အမျိုးကောင်းသား၏ တောင့်တချက်သည် ပြည့်စုံလိမ့်မည်” ဟု မြင်တော်မူ၍ “အိုအမောင် အမျိုးကောင်းသား...နောက်အခါဝယ် ကမ္ဘာတသိန်းအဆုံး၌ ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်မူလိမ့်မည်။ သင်သည် ထိုဂေါတမမြတ်စွာ သာသနာ၌ အကျဉ်း ဟောကြားအပ်သော တရားစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဘန်ခွဲခြား စိတ်ဖြာဟောကြားတတ်သော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး= ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ကြား၍ အနုမောဒနာတရား ဟောကြားပြီးလျှင် ဖဲသွားတော်မူလေ၏။

ရွှေအုတ်လှူခြင်း

ထိုအမျိုးကောင်းသားသည် အသက် ထက်ဆုံး ကုသိုလ် ကောင်းမှုကိုပြု၍ ကမ္ဘာတသိန်းကာလပတ်လုံး အပါယ်မလားပဲ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်၍ ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဗာရာဏသီပြည်ဝယ် အမျိုးကောင်းအိမ်၌ ဖြစ်၍ ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူလတ်သည် ရှိသော် ရွှေစေတီကြီးတည်ဆောက်ရာအရပ်သို့ သွားရောက်လျက် အဖိုးတသိန်းထိုက်သော ရွှေအုတ်ဖြင့် ပူဇော်မှုပြုပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ဖြစ်လေရာရာ ဘုံဌာန၌ တပည့်

(နှာ-၂၁၅)

တော်၏ကိုယ်သည် ရွှေအဆင်းရှိသည် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပန်ထွာမှု ပြုခဲ့လေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို့နောက် အသက်ထက်ဆုံး ကုသိုလ်မှုကို ပြုလုပ်၍ ဗုဒ္ဓန္တရ အသင်္ချေယျတကပ်ပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ပြီးလျှင် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလ၌ ဥဇ္ဇေနီမြို့ဝယ် ပုရောဟိတ်၏သား ဖြစ်၍ လာလေ၏။ ထို သတို့သားကို အမည်မှည့်သော နေ့ဝယ် “ငါ၏ သားသည် ရွှေရောင်အဆင်း ဝါဝင်းသောကိုယ်ရှိလျက် မိမိသည်ပင် မိမိ၏ အမည်ကို မှည့်ခေါ် ယူငင်၍ လာသူဖြစ်သည်”ဟု ဖခင်ကပြောဆို ဤ “ကဉ္စနသတို့သား” ဟူသော အမည်ကို မိဖဆွေမျိုးတို့က မှည့်ခေါ်ကြလေ၏။ ကဉ္စနသတို့သားသည် အရွယ်ကြီးပြင်းလတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြားတတ်မြောက်၍ ခမည်းတော် ပုရောဟိတ်ကြီး ကွယ်လွန်သောအခါ၌ ခမည်းတော်၏ အရိုက် အရာ ပုရောဟိတ်ရာထူးကို ရရှိလေ၏။ ထိုကဉ္စနသတို့သား ပုရောဟိတ်ပုဏ္ဏားသည် အနွယ်၏ အစွမ်းအားဖြင့် “ကစ္စာန” ဟူ၍ မည်တွင်ပြန်လေသည်။

စဏ္ဍပဇ္ဇောတမင်းသည် အမတ်တို့ကို စည်းဝေးစေ၍ “အမတ်တို့...လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာပြီ၊ ထိုမြတ်စွာဘုရားကို ပင့်ဆောင်နိုင်စွမ်းသော အမတ်တို့သည် သွားရောက်၍ ပင့်ဆောင်ကြလော့”ဟု မိန့်ဆိုလေ၏။ အမတ်တို့က “အရှင်မင်းမြတ်...ကစ္စာနပုရောဟိတ်မှတပါး အခြား မြတ်စွာဘုရားကို ပင့်ဆောင်စွမ်းနိုင်မည့်သူ မရှိပါ၊ ဆရာကစ္စာန ပုရောဟိတ် ပုဏ္ဏားသည်သာလျှင် ပင့်ဆောင်နိုင်စွမ်း ရှိပါသည်၊ သူ့ကို စေလွှတ်တော်မူကြပါကုန်လော့”ဟု တညီတညွတ်တည်း တင်လျှောက်ကြလေလျှင် စဏ္ဍပဇ္ဇောတမင်းသည် ကစ္စာနပုရောဟိတ်ကို ခေါ်စေ၍ “အမောင်ကစ္စာန... မြတ်စွာဘုရား၏ အထံတော်သို့ သွားရောက်ပင့်ဆောင်ချေလော့”ဟု မိန့်ဆိုလေ၏။ ကစ္စာန

(နှာ-၂၁၆)

ပုရောဟိတ်က “မြတ်သော မင်းကြီး...အကျွန်ုပ်သွားရောက်၍ ရဟန်းပြုခွင့်ကို ရပါမူ သွားရောက်ပါမည်”ဟု လျှောက်ထားလေလျှင် စဏ္ဏပဇ္ဇောတမင်းသည် “အမောင်ကစ္စာန...ခပ်သိမ်းသော အမှု အမောင်နှစ်သက်ရာပြုပြီးလျှင် မြတ်စွာဘုရားကိုသာ ပင့်ဆောင်ခဲ့ပါလော့”ဟု ခွင့်ပြုစကား မိန့်ကြားလေ၏။

ကစ္စာနပုရောဟိတ်ဆရာသည် “ဘုရားရှင်တို့ထံ သွားရောက်သောသူ၏အဖို့ရာ များစွာသောပရိသတ်ဖြင့် အလုပ်ကိစ္စ မရှိဟု ကြံစည်ဆင်ခြင်၍ မိမိလျှင် ရှစ်ယောက်မြောက် ရှိသူ ဖြစ်လျက် (= အဖော်ခုနစ်ယောက်ကိုသာခေါ်၍-ဟု ဆိုလိုသည်) မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်လေသည်။ ထိုအခါ မြတ်စွာဘုရားသည် ကစ္စာနပုရောဟိတ်အား တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ ကစ္စာနပုရောဟိတ်ဆရာသည် အဖော်ခုနစ်ယောက်တို့နှင့် အတူတကွ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ဧထ ဘိက္ခဝေ= ရဟန်းတို့ ... လာကြလော့” ဟု ခေါ်တော်မူကာ လက်ျာလက်တော်ကို ဆန့်တန်းတော်မူလိုက်လေ၏။ ထိုခဏမှာပင် ရှစ်ဦးလုံး ဆံ, မုတ်ဆိတ် ကွယ်ပျောက် ဣဒ္ဓိမယ သပိတ်, သင်္ကန်းတို့ ကိုယ်သို့ရောက်လျက် ဝါတော်ခြောက်ဆယ်=သက်တော်ရှစ်ဆယ်ရှိသော မထေရ်ကြီးများကဲ့သို့ ရဟန်းအဖြစ်သို့ ရောက်ရှိကြလေ၏။

အရှင်ကစ္စည်းမထေရ်သည် မိမိ၏ ရဟန်းကိစ္စ အထွတ်အထိပ် (= အရဟတ္တဖိုလ်)သို့ ရောက်ပြီးလတ်သော် ကြောင့်ကြမဲ့ ဆိတ်ဆိတ်နေတော်မမူပဲ အရှင်ကာဠုဒါယီ မထေရ်ကဲ့သို့ပင် မြတ်စွာဘုရားရှင် ဥဇ္ဇေနီပြည်သို့ ကြွရောက်တော်မူရန် လမ်းခရီး ၏ ဂုဏ်ကျေးဇူးဖွဲ့ဂါထာများကို လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် အရှင်ကစ္စည်းမထေရ်၏ စကားကို ကြားသိတော်မူ၍ “ကစ္စာနသည် မိမိ၏ ဖွားရာ = ဥဇ္ဇေနီပြည်သို့ ငါဘုရား၏ လိုက်ပါခြင်းကို တောင့်တပေ၏”ဟု သိတော်မူ၏။ အထူးအားဖြင့် ဘုရားရှင်တို့မည်သည် အကြောင်းတခုခုကို အစွဲပြု၍ သွားရန် မသင့်လျော်သော အရပ်သို့ ကြွသွားတော် မမူကြကုန်၊

(နှာ-၂၁၇)

သို့ရကား မြတ်စွာဘုရားရှင်သည် အရှင်ကစ္စည်း မထေရ်ကို “ချစ်သား...သင်သာလျှင် ဥဇ္ဇေနီပြည်သို့ သွားလေလော့၊ သင် ချစ်သားသွားလျှင်လည်း စဏ္ဍပဇ္ဇောတမင်းသည် ကြည်ညိုပေလိမ့်မည်”ဟု မိန့်တော်မူလေ၏။

အရှင်ကစ္စည်းမထေရ်သည် “ဘုရားရှင်တို့အဖို့ရာ စကားနှစ်ခွ ဟူ၍ မရှိချေ”ဟု ဆင်ခြင်စဉ်းစားတော်မူပြီးလျှင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုး၍ မိမိနှင့် အတူတကွ လိုက်ပါလာကြသော ရဟန်းခုနစ်ပါးတို့နှင့် အတူတကွ ဥဇ္ဇေနီပြည်သို့ ကြွတော် မူလေ၏။

သူဌေးသမီး နှစ်ယောက်တို့အကြောင်း

ထိုသို့ ဥဇ္ဇေနီပြည်သို့ ကြွချီတော်မူလေသော် လမ်းခရီးအကြားဝယ် “တေလပနာဠိ”မည်သော နိဂုံး၌ ဆွမ်းခံ လှည့်လည်တော် မူလေ၏။ ထိုနိဂုံးမှာလည်း သူဌေးသမီးနှစ်ယောက်တို့ ရှိကြသည့် အနက် သူဌေးသမီးတယောက်သည် စီးပွါးပျက်သော သူဌေးမျိုး၌ ဖြစ်ရ၍ မိဖတို့ကွယ်လွန်လျှင် အထိန်းတော်ကြီးကို အမှီပြု အားကိုး၍ အသက်ရှင်ရ၏။ သို့သော် ထိုသူဌေးသမီး၏ခန္ဓာကိုယ် အတ္တဘောမှာ အလွန်ပင်တင့်တယ် ပြည့်ဖြိုးလှပပေ၏။ ဆံပင်များသည်လည်း အခြားမိန်းမတို့၏ ဆံပင်များထက် ရှည်လည်းရှည် နူလည်းနု ပြေလည်းပြေပြစ် ပိတုန်းအရောင် ညိုမှောင်သော အဆင်းလည်း ရှိ၏။ ထိုနိဂုံးမှာပင် အခြားသူဌေးသမီးတဦးကား ဆံပင်နည်းပါးသူ ဖြစ်၏။ ထိုသူဌေးသမီးသည် အရှင်ကစ္စည်း မထေရ်တို့ မကြွလာမီ ရှေးအခါက ထို ဆံပင်ကောင်းသော (စီးပွါးပျက်) သူဌေးသမီးထံသို့ လူလွှတ်၍ “တရာဖြစ်စေ တထောင်ဖြစ်စေ ထိုဆံပင်များအတွက် ဆိုတိုင်းအဖိုးပေးပါမည်” ဟု တောင်းခံဝယ်ယူ ပြောဆိုသော်လည်း ဆံပင်ရှင်သူဌေးသမီးက မရောင်းသည့်အတွက် မရယူနိုင်ခဲ့ချေ။

အရှင်ကစ္စည်းမထေရ်တို့ ဆွမ်းခံ ကြွဝင်လာသော နေ့၌ကား ဆံပင်ရှင်သူဌေးသမီးသည် ရဟန်းခုနစ်ပါးတို့ ခြံရံအပ်လျက်

(နှာ-၂၁၈)

သပိတ်အချည်းနှီး ဆွမ်းမပါပဲ ကြွလာသော အရှင်ကစ္စည်း မထေရ်ကို ဖူးမြင်ရ၍ “ရွှေရောင်အဆင်းရှိသည့် ဗြဟ္မာနွယ်ဖွား ဤရဟန်းတော်တပါးသည် ဆေးမြဲတိုင်သော သပိတ်ဖြင့်သာလျှင် ကြွလာတော်မူ၏၊ ငါမှာလည်း အခြားဥစ္စာဟူ၍ မရှိ၊ ဤမည်သော သူဌေးသမီးသည်ကား ဤငါ၏ဆံပင်များအလို့ငှါ ရှေးက လူလွှတ်ဘူးလေပြီ၊ ယခုအခါ ဤငါ့ ဆံပင်များမှ ရအပ်သောအဖိုး ဥစ္စာဖြင့် မထေရ်မြတ်အား လှူဖွယ်ဝတ္ထု (= ဆွမ်းပစ္စည်း)ကို ပေးလှူနိုင်လောက်၏”ဟု ဆင်ခြင်စဉ်းစား၍ အထိန်းတော်ကြီးကို လွှတ်ပြီးလျှင် မထေရ်တို့ကို ပင့်၍ အိမ်တွင်း၌ ထိုင်နေစေလေ၏။

သူဌေးသမီးသည် မထေရ်မြတ်တို့ ထိုင်နေမိကြသောအခါ အိမ်ခန်းတွင်းသို့ဝင်၍ အထိန်းတော်ကြီးကို မိမိ၏ဆံပင်များကို ရိတ်ဖြတ်စေပြီးလျှင် “အိုမိခင်၏ဆံပင်များကို ဤအမည်ရှိသော သူဌေးသမီးအား ပေးအပ်၍ ထိုသူဌေးသမီး ပေးသမျှသော အဖိုးဥစ္စာကို ယူဆောင်ခဲ့ပါလော့၊ အရှင်မြတ်တို့အား ဆွမ်းကို လှူဒါန်းကြပါကုန်အံ့”ဟု ပြောဆိုလွှတ်လိုက်လေ၏။ အထိန်းတော်ကြီးသည် လက်ဖမိုးဖြင့် မျက်ရည်များကို သုတ်၍ ကျန် လက်တဖက်ဖြင့် မိမိရင်ကို မ-ချီကာ မထေရ်မြတ်တို့၏ အနီး၌ မမြင်ရအောင်ဖုံးဝှက်၍ ထိုဆံပင်များကို ယူဆောင်ကာ (ရှေးက ဆံပင်အဝယ်လွှတ်သော) ထို သူဌေးသမီးထံသို့ သွားရောက်လေ၏။

“ရောင်းကုန်မည်သည် ကောင်းမွန် အဖိုးထိုက်တန်သော ပစ္စည်းပင်ဖြစ်လင့်ကစား ပစ္စည်းရှင်ကိုယ်တိုင်က ဝယ်ယူသူ့ထံသို့ ပိုအပ်လျှင် ဝယ်ယူမည့်သူက ရိုသေ လေးနာမှု မပြုခြင်း = ဈေးနှိမ်ခြင်းကို ဖြစ်စေတတ်မြဲ ဓမ္မတာ ဖြစ်သည်”။

သို့ရကား စည်းစိမ်ရှင် (= ဆံပင်နည်းပါးသော) သူဌေးသမီးသည် “ငါကား ရှေးက များစွာသောဥစ္စာဖြင့် ပေး၍ဝယ် ပါသော်လည်း ဤဆံပင်များကို ဆောင်ယူစေခြင်း (= ရယူ

(နှာ-၂၁၉)

ခြင်းငှါ) မတက်နိုင်ခဲ့ချေ။ ယခုမူကား ဖြတ်ပြီးသောအချိန်မှစ၍ ထိုသူဌေးသမီးသည် မူလတန်ဖိုးကို ရနိုင်တော့မည် မဟုတ် = ဆိုသမျှ သင်းခံရမည်သာ ဖြစ်၏” ဟု ကြံစည်ကာ အထိန်းတော်ကြီးကို“အိုအထိန်းတော်ကြီး...ကျွန်မသည် ရှေးက အထိန်းတော်ကြီး၏ သခင်မကို များစွာသောဥစ္စာဖြင့် ပေး၍ ဝယ်ပါသော်လည်း ဆံပင်များကို ဆောင်ယူစေခြင်းငှါ (=ရယူခြင်း) မတတ်နိုင်ခဲ့ပါ၊ တစုံတခုသော နေရာ၌ ကျလိုရာကျပြီးသည့် အသက်မဲ့ဆံပင်တို့မည်သည် ရှစ်ကျပ်သာအဖိုးတန်ပါကုန်၏” ဟု ပြောဆိုဈေးနှိမ်ကာ အထိန်းတော်ကြီးအား ငွေရှစ်ကျပ်တို့ကိုသာ ပေးလိုက်လေ၏။

အထိန်းတော်ကြီးသည် အသပြာရှစ်ကျပ်တို့ကို ယူဆောင်ခဲ့၍ (စီးပွါးပျက်) သူဌေးသမီးအား ပေးလိုက်လေ၏။ (စီးပွါးပျက်) သူဌေးသမီးသည် ဆွမ်းတပါးတပါးစာလျှင် အသပြာတကျပ်တန် တကျပ်တန်ပြုလုပ်၍ မထေရ်မြတ်ရှစ်ပါးတို့အား ဆက်ကပ်လှူဒါန်းလေ၏၊ အရှင်ကစ္စည်းမထေရ်မြတ်သည် ဆင်ခြင်ကြည့်ရှုတော်မူ လတ်သော် သူဌေးသမီး၏ ဥပနိဿယည်း အားကြီးသောကောင်းမှုကို မြင်တော်မူလတ်၍ “သူဌေးသမီးသည် ယခုအခါ အဘယ်မှာနည်း” ဟု မေးတော်မူ၏။ အထိန်းတော်ကြီးက “အိမ်ခန်းထဲမှာပါ အရှင်ဘုရား...” ဟု လျှောက်ထားလေလျှင် မထေရ်မြတ်သည် “ထိုဆွမ်းဒါယိကာ သူဌေးသမီးကို ခေါ်လိုက် ကြလော့” ဟု မိန့်တော်မူလေ၏။

ဆွမ်းဒါယိကာ သူဌေးသမီးသည်လည်း မထေရ်တို့၌ ရိုသေ လှသောကြောင့် တခွန်းတည်းသောစကားဖြင့်ပင် လာရောက်၍ မထေရ်တို့ကို ရှိခိုးပြီးလျှင် အားကြီးသော သဒ္ဓါတရားကို အထပ်ထပ် ဖြစ်ပွါးစေလေ၏။ (လယ်ယာမြေကောင်းသဖွယ် ဖြစ်သော ဤ သာသနာတော်၌ သဒ္ဓါကြည်ဖြူ တည်လှူ ကြဲချအပ်သော ဆွမ်းအလှူဒါန မျိုးစေ့သည် မျက်မှောက်ဘ၀၌ပင် အကျိုး ပေး၏)၊ သို့ရကား မထေရ်တို့ကို ရှိခိုးလိုက်သည်နှင့် တပြိုင်နက် (= ရှိခိုးလျှင် ရှိခိုးခြင်း) ဆွမ်းဒါယိကာ သူဌေးသမီး၏ ဆံပင်

(နှာ-၂၂၀)

များသည် မူလပကတိ အဖြစ်၌သာလျှင် တည်ကြလေကုန်၏ (= မူလပကတိအတိုင်း ပြန်၍ဖြစ်လာကြသည်)။ မထေရ်တို့သည်လည်း ထိုဆွမ်းကို အလှူခံတော်မူကြ၍ သူဌေးသမီး မြစ်စဉ်ပင် ကောင်းကင်သို့ ပျံတက်ကြွသွားကြကာ စဏ္ဍပဇ္ဇောတမင်း၏ “ကဉ္စနဝန” မည်သော ဥယျာဉ်၌ သက်ဆင်းတော်မူကြလေကုန်၏။

ဥယျာဉ်မှူးသည် အရှင်ကစ္စည်းမထေရ်ကို မြင်ရလျှင် မင်းကြီးထံသို့ သွားရောက်၍ “အရှင်မင်းကြီး...အကျွန်ုပ်၏အရှင်ကစ္စာန ပုရောဟိတ်သည် ရှင်, ရဟန်းပြုပြီး၍ ဥယျာဉ်တော်သို့ကြွရောက် လာပါပြီ” ဟု လျှောက်ထားလေ၏။ စဏ္ဍပဇ္ဇောတမင်းသည် ဥယျာဉ်သို့ သွားရောက်၍ ဆွမ်းကိစ္စပြုပြီးသော အရှင်ကစ္စည်း မထေရ်ကို တည်ခြင်းငါးမျိုးဖြင့် ရှိခိုးပြီးသော် အပြစ်လွတ်ရာ နေရာ၌ ထိုင်နေလျက် “အရှင်ဘုရား... မြတ်စွာဘုရား အဘယ်မှာနည်း” ဟု မေးလျှောက်လေ၏။ အရှင်ကစ္စည်းမထေရ်က “မြတ်သောမင်းကြီး မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ကြွလာတော်မမူသေးပဲ ငါ့ကို လွှတ်လိုက်၏” ဟု မိန့်ဆိုလေလျှင် စဏ္ဍပဇ္ဇောတမင်းသည် “အရှင်ဘုရား... အရှင်ဘုရားတို့သည် ယနေ့ ဘုဉ်းပေးရန်” ဆွမ်းကို အဘယ်အရပ်၌ ရပါကုန်သနည်း” ဟု မေးလျှောက်ပြန်လေ၏။ အရှင်ကစ္စည်းမထေရ်သည် မင်းကြီး၏ အမေးနှင့် လိုက်လျောသဘောတူညီစွာ ဆွမ်းဒါယိကာ သူဌေးသမီး ပြုလုပ်အပ်သည့် ခဲယဉ်းစွာသော ကောင်းမှုကုသိုလ် အကြောင်ကို အလုံးစုံ ပြန်ကြားမိန့်တော်မူလေ၏။

စဏ္ဍပဇ္ဇောတမင်းကြီးသည် အရှင်ကစ္စည်းမထေရ်၏အတွက် နေရာဌာနကို ကြပ်မစီမံ၍ မထေရ်မြတ်ကို နက်ဖြန် ဆွမ်းအလို့ငှါ ပင့်ဖိတ်ပြီးသော် ရွှေနန်းတော်သို့ ပြန်သွားလျက် ဆွမ်းဒါယိကာ သူဌေးသမီးကို မင်းအာဏာဖြင့် ခေါ်ယူ၍ မိဖုရားကြီးအရာ၌ မြှောက်စားတင်ထားလေ၏။ ဤဆွမ်းဒါယိကာ သူဌေးသမီး၏ ပဌမဇော ကုသိုလ်စေတနာအတွက် မျက်မှောက်ဘဝ၌ဖြစ်သော စည်းစိမ်ချမ်းသာကို ရရှိမှုသာလျှင် ဖြစ်လေ၏။

(နှာ-၂၂၁)

(ဤ၌ ဆိုလိုရင်းမှာ-ဆွမ်းလှူမှုစသည်ကို ပြုလုပ်ရာ၌ မဟာကုသိုလ် ဇောစေတနာ ခုနစ်ပါးတို့ ရှိကြသည့်အနက် ပဌမဇောစေတနာသည် အကြောင်းညီညွတ်က မျက်မှောက်ဘ၀၌ အကျိုးပေး၏၊ ထိုကြောင့် ထိုပဌမဇောစေတနာကို ဒိဋ္ဌဓမ္မဝေဒနီယကံဟူ၍ ခေါ်၏၊ မျက်မှောက် ဘ၀၌ အကျိုးပေးသောကံဟု ဆိုလိုသည်။ သတ္တမဇောစေတနာသည် အကြောင်းညီညွတ်က ဒုတိယဘ၀၌ အကျိုးပေး၏၊ ထို့ကြောင့် ထို သတ္တမဇောစေတနာကို ဥပပဇ္ဇဝေဒနီယကံဟူ၍ ခေါ်၏၊ အခြားမဲ့ဘဝ၌ အကျိုးပေးသောကံဟု ဆိုလိုသည်။ အလယ်ဇောငါးချက်ပါ စေတနာတို့သည် အကြောင်းညီညွတ်က တတိယဘဝမှ စ၍ အဆက်ဆက်သော ဘဝ၌ အကျိုးပေးကုန်၏။ ထို့ကြောင့် ထိုစေတနာတို့ကို အပရာပရိယဝေဒနီယကံဟူ၍ ခေါ်၏၊ အဆက်ဆက်သောဘ၀၌ အကျိုးပေးသော ကံဟု ဆိုလိုသည်။

ကံက အကျိုးပေးရာ၌ အကျိုးသည် ဘဝအကျိုး, ဘဝသမ္ပတ္တိ အကျိုးဟူ၍ နှစ်မျိုးရှိသည်။ ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ဖြစ်သော ဝိပါက်နာမ်ခန္ဓာနှင့် ကမ္မဇရုပ်တို့ကို ဘဝအကျိုးဟု ခေါ်၏၊ ထိုဝိပါက် နာမ်ခန္ဓာ ကမ္မဇရုပ်တို့ကို ဥပပတ္တိဘဝဟူ၍ ခေါ်သည်။ ထိုဘဝ၌ ရရှိ ခံစားအပ်သော စည်းစိမ်အမျိုးမျိုးကို ဘဝသမ္ပတ္တိအကျိုးဟူ၍ ခေါ်၏။

ဖော်ပြရာပါ ကံသုံးမျိုးတို့တွင် ဥပပဇ္ဇဝေဒနီယကံနှင့် အပရာပရိယဝေဒနီယကံတို့သည် မိမိတို့ဆိုင်ရာ ဘဝအကျိုး, ဘဝသမ္ပတ္တိအကျိုး= နှစ်မျိုးလုံးတို့ကို အပြည့်အစုံ ပေးကြကုန်၏။ ပဌမဇောစေတနာ= ဒိဋ္ဌဓမ္မဝေဒနီယကံသည်ကား ယခုဘဝ၌ အကျိုးပေးရာဝယ် (ဝိပါက်နာမ်ခန္ဓာနှင့် ကမ္မဇရုပ်တည်းဟူသော) ဘဝအကျိုးကိုကား ယခုဘဝ ပဋိသန္ဓေကျိုးပေးလိုက်သော ဇနကကံက အကျိုးပေးပြီးဖြစ်၍ ထိုဘဝ အကျိုးကို မပေးနိုင်တော့ပဲ ထိုဘဝ၌ ရရှိခံစားအပ်သော စည်းစိမ် ဥစ္စာ အသုံးအဆောင် အမျိုးမျိုးတည်းဟူသော ဘဝသမ္ပတ္တိအကျိုးကိုသာ ပေးရ၏၊ ထို့ကြောင့် ဤယခု ဆွမ်းဒါယိကာ သူဌေးသမီး၏ ပဌမဇောစေတနာ = ဒိဋ္ဌဓမ္မဝေဒနီယကံသည် ပဝတ္တိအခါ ယခုဘဝ သုံးဆောင်ခံစားအပ်သည့် မိဖုရားကြီးစည်းစိမ်ဥစ္စာ အသုံးအဆောင် တည်းဟူသော ဘဝသမ္ပတ္တိအကျိုးကိုသာ ပေးလေတော့၏ဟု ဆိုလိုသည်)။

ထိုအချိန်မှ စ၍ စဏ္ဍပဇ္ဇောတမင်းကြီးသည် အရှင်ကစ္စည်း မထေရ်အား ကြီးစွာသောပူဇော်သက္ကာရမှု ပြုလေ၏။ အရှင်

(နှာ-၂၂၂)

ကစ္စည်းမထေရ်မြတ်၏ တရားစကား၌ ကြည်ညိုကြသောကြောင့် အမျိုးကောင်းသား လူများအပေါင်းသည် မထေရ်မြတ်ထံ၌ ရဟန်းပြုကြလေ၏။ ထိုအချိန်မှ စ၍ ဥဇ္ဇေနီပြည်အလုံးသည် တခဲနက် သင်္ကန်းရောင်ဖုံးလျက် ရဟန်းတော်တို့၏ သွား, လာသောလေဖြင့် တိုက်ခတ်လျက် ရှိလေ၏။ ထိုမိဖုရားသည်လည်း ကိုယ်ဝန်သားကိုရ၍ ဆယ်လလွန်မြောက်သောအခါ သားကို မြင်လေ၏၊ ထိုမင်းသားအမည်မှည့်သောနေ့၌ အဖိုး(=အမိ၏ဖခင်) ဂေါပါလသူဌေးကြီး၏ အမည်ကိုယူ၍ “ဂေါပါလမင်းသား” ဟု အမည်မှည့်ကြလေကုန်၏။ မိဖုရားကြီးသည် သား၏အမည်နှင့် ဆက်စပ်၍ “ဂေါပါလမာတာမိဖုရား” ဟု အမည်ထင်ရှားလေသည်။ ဂေါပါလမာတာမိဖုရားကြီးသည် အရှင်ကစ္စည်းမထေရ်၌ အလွန်လျှင် ကြည်ညိုရကား မင်းကြီးထံခွင့်ပန်၍ ကဉ္စနဝနဥယျာဉ်တော်၌ အရှင်ကစ္စည်း မထေရ်မြတ်အတွက် ကျောင်းတိုက်ကြီး တည်ဆောက် လှူဒါန်းလေ၏။ အရှင်ကစ္စည်းမထေရ်မြတ်သည် ဥဇ္ဇေနီပြည်သူပြည်သားတို့ကို သာသနာတော်၌ သက်ဝင်ကြည်ညိုစေပြီးလျှင် မြတ်စွာဘုရားရှင် အထံတော်သို့ တဖန် ပြန်ကြွတော် မူလေ၏။

(ဂ) ဧတဒဂ် ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးနေထိုင်တော်မူလျက် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်တော်မူသောအခါ (၁) မဓုပိဏ္ဍိကသုတ်၊ (၂) ကစ္စာယနပေယျာလ၊ (၃) ပါရာယနသုတ်= ဤ သုတ္တန်သုံးခုတို့ကို အကြောင်းအဋ္ဌုပ္ပတ္တိပြု၍ အရှင်ကစ္စည်း မထေရ်မြတ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သံခိတ္တေန ဘာသိတဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇန္တာနံ ယဒိဒံ မဟာကစ္စနော = ရဟန်းတို့... အကျဉ်း ဟောကြားအပ်သော တရားစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အား ဖြင့်ဝေဘန်ခွဲခြား စိတ်ဖြာဟောကြားတတ်သောငါဘုရား

(နှာ-၂၂၃)

၏ တပည့်သာဝကရဟန်းတို့တွင် မဟာကစ္စာနရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူးမြွက်ဆိုတော်မူကာ ဧတဒဂ်ထားတော်မူလေ၏။

ဤအရှင်မဟာကစ္စည်း ဟောကြားအပ်သော တရားတို့ကို အပဒါန်ပါဠိအဋ္ဌကထာ, ထေရဂါထာ ပါဠိအဋ္ဌကထာ-စသည် တို့မှ ထုတ်နုတ်မှတ်ယူရာ၏။

ဤကား အရှင်ကစ္စည်းမထေရ် အကြောင်းတည်း။

_______

(၁၁-၁၂) ပန္ထကမထေရ် နောင်ညီနှစ်ပါး အကြောင်း

(က) မထေရ်မြတ်တို့၏ ရှေးဆုတောင်း

လွန်လေပြီးသောအခါ ကမ္ဘာတသိန်းထက်ဝယ် ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာကာလ၌ ဟံသာဝတီပြည်သား သူကြွယ်ညီနောင်နှစ်ယောက်တို့သည်သဒ္ဓါရွှန်းစိုရတနာသုံးပါး၌ ကြည်ညိုကြကုန်သည်ဖြစ်၍ အမြဲမပြတ် မြတ်စွာဘုရားထံတော်သို့ သွားရောက်ကြ၍ တရားနာကြကုန်၏။ ထိုညီနောင်နှစ်ယောက်တို့တွင် တနေ့သ၌ ညီငယ်သည် မြတ်စွာဘုရားရှင်က အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ရဟန်းတော်တပါးကို “ငါဘုရား၏ သာသနာ (၁) စိတ်ဖြင့်ပြီးသောကိုယ်ကို ဖန်ဆင်းကြသောရဟန်းတို့တွင်၎င်း, (၂) ရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာကြသော ရဟန်းတို့တွင်၎င်း ဤရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏” ဟု ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်လတ်၍ “ဤရဟန်းသည် အလွန်ကြီးမြတ်စွာ့တကား၊ တပါးတည်းဖြစ်လျက် အင်္ဂါနှစ်ပါးတို့ကို ဖြည့်ကျင့်၍ လှည့်လည်တော်မူ၏။ ငါသည်လည်း နောက်အခါတဆူဆူသောဘုရားရှင်၏ သာသနာ၌ အင်္ဂါနှစ်ပါးတို့ကို ဖြည့်ကျင့်သောရဟန်းဖြစ်လျက် လှည့်လည်မှ သင့်တော့မည်”ဟု ကြံစည်ဆင်ခြင်မိလေ၏။

ထိုညီငယ်ဖြစ်သော သူကြွယ်သည် ရှေးမထေရ်အလောင်း အလျာတို့နည်းအတူ မြတ်စွာဘုရားကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး

(နှာ-၂၂၄)

ကြီးစွာသော အလှူဒါနကို ပေးလှူပြီးလျှင် “မြတ်စွာဘုရား... အရှင်ဘုရားတို့သည် ဤယနေ့မှအထက် ခုနစ်ရက်က အကြင် ရဟန်းတော်တပါးကို စိတ်ဖြင့်ပြီးသောကိုယ်ကို ဖန်ဆင်းနိုင်ခြင်း အင်္ဂါ ရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာမှုအင်္ဂါ=ဤအင်္ဂါ နှစ်ပါးဖြင့် “ဤရဟန်းကား ငါဘုရား၏သာသနာ၌ အသာဆုံး အမြတ်ဆုံး ဖြစ်၏”ဟု ဧတဒဂ်ရာထူး၌ ထားတော်မူခဲ့ကြပါပြီ။ အကျွန်ုပ်သည်လည်း ဤအဓိကာရကောင်းမှု ကုသိုလ်ကံအကျိုး အားကြောင့် ထိုရဟန်းကဲ့သို့ပင် အင်္ဂါနှစ်ခန်း ဖြည့်စွမ်းနိုင်သူ ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှုကို ပြုလေ၏။

မြတ်စွာဘုရားရှင်သည် အနာဂတ်ကို ကြည့်ရှုတော်မူလတ်သော် ထိုသူကြွယ်၏ဆုတောင်းပတ္ထနာချက် - ပြည့်စုံမည်ကို မြင်တော်မူလတ်၍ “နောက်အခါ ကမ္ဘာတသိန်းအဆုံး၌ ဂေါတမ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလိမ့်မည်။ ထိုမြတ်စွာဘုရားသည် သင့်ကို ဤဧတဒဂ်ရာထူး ဌာနနှစ်ပါး၌ ထားတော်မူလိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၍ အနုမောဒနာတရား ဟောကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ (ဤကား ညီငယ်၏ ဆုတောင်းတည်း)။

နောင်တော်ဖြစ်သော သူကြွယ်သည်လည်းတနေ့သ၌ မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “သညာဝိဝဋ္ဋကုသလ = အရူပါဝစရဈာန်အရာ လိမ္မာကျွမ်းကျင်သောအရာ၌” ဧတဒဂ် ရာထူး ထားတော်မူသည်ကို မြင်လတ်၍ ထိုညီငယ်အတူပင် အဓိကာရကောင်းမှု ကုသိုလ်ကြီးကို ပြုပြီးလျှင် “သညာဝိဝဋ္ဋကုသလ = အရူပါဝစရဈာန်အရာ လိမ္မာကျွမ်းကျင်မှု” ဧတဒဂ် ရာထူးကို ရပါလိုကြောင်း ဆုတောင်းလေသည်။ မြတ်စွာဘုရားရှင်ကလည်း ထိုနောင်တော်ဖြစ်သောသူကြွယ်ကို ပြည့်စုံလိမ့်မည့် အကြောင်း ဗျာဒိတ်ကြားတော်မူ၏။

ထို သူကြွယ်ညီနောင် နှစ်ဦးလုံးတို့သည် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ် ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြ၍

(နှာ-၂၂၅)

ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးသောအခါ သာရီရိကစေတီတော်မြတ်၌ ရွှေဖြင့်ပူဇော်မှု ပြုလုပ်ကြပြီးလျှင် ထိုဘဝမှ စုတေကြ လေသော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ထိုညီနောင်နှစ်ဦးတို့ (အပါယ်လေးပါး မလားမရောက်ကြပဲ) နတ်ပြည်, လူ့ပြည်၌ ကျင်လည်ကြစဉ်ပင် ကမ္ဘာတသိန်း လွန်ခဲ့လေသည်။ ။

(ထိုညီနောင်နှစ်ဦးတို့တွင် နောင်တော် မဟာပန္ထက၏ အကြားကာလ ပြုလုပ်အပ်ခဲ့သော ကောင်းမှုကို မဟာအဋ္ဌကထာ၌ အထူးမပြဆိုအပ်)၊ ညီငယ်ဖြစ်သူ စူဠပန္ထကသည်ကား ကဿပမြတ်စွာ သာသနာ၌ ရဟန်းပြု၍ အနှစ် (၂၀၀၀၀) နှစ်သောင်းကြာ ကာလတို့ပတ်လုံး သြဒါတကသိုဏ်း ကမ္မဋ္ဌာန်း စီးဖြန်းခဲ့၍ နတ်ပြည်၌တဖန် ဖြစ်ပြန်လေသည်။ ထို့နောက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာ တရား ဟောကြားတော်မူပြီးလျှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်ကြီး၌ ကိန်းအောင်းမွေ့လျော် နေတော်မူသောအခါသို့ တိုင်ခဲ့လေ၏။

(ဤအရာဝယ် အကြားညှပ်၍ ပန္ထကညီနောင်တို့ ဖြစ်ပွါး ကြပုံကို ပြဆိုဦးအံ့)ရာဇဂြိုဟ်ပြည်ဝယ် ဓနသေဋ္ဌိသူဌေးကြီး၏ သမီးသည် မိမိ၏ကျွန်နှင့် မေတ္တာရည်ငံရှိကြ၍ “ငါ၏ ဤအမှုကို အခြားသူများလည်း သိကုန်ကြလိမ့်မည်”ဟုကြံစည်ပြီးလျှင် မိမိ၏ အရှင်လင် ကျွန်ယောက်ျားကို “ငါတို့သည် ဤအရပ်၌ မနေနိုင်ကြတော့ကုန်၊ ငါ့မိဖများ ဤအပြစ်ကို အကယ်၍ သိသွားကြလျှင် ငါ့ကို အပိုင်းပိုင်းခုတ်ဖြတ် သတ်ကြလိမ့်မည်။ အရပ်တပါးသို့ သွားရောက်နေထိုင်ကြကုန်” ဟု တိုင်ပင်ညီညွတ်ကြ၍ လက်ဆောင်ဥစ္စာနှစ်များကို တိတ်တဆိတ်ယူဆောင်ခဲ့ပြီးလျှင် ရှေးဦး ဖွင့်သောတံခါးမှ ထွက်ခဲ့ပြီးနောက်“ဟုတ်ဟုတ်ငြားငြားသူတပါးတို့ ငါတို့ကို မသိရာအရပ်သို့ သွားရောက်နေထိုင်ကြကုန်”ဟု တိုင်ပင်၍ နှစ်ဦးလုံးပင် သွားကြလေကုန်၏။

ထိုသူနှစ်ယောက်တို မထင်မရှား အရပ်တပါး၌ နေထိုင်ကြစဉ် ဆက်ဆံပေါင်းသင်းမှုကို အစွဲပြု၍ သူဌေးသမီး၏ ဝမ်းတိုက်၌

(နှာ-၂၂၆)

ကိုယ်ဝန်တည်ရှိလေ၏။ သူဌေးသမီးသည် ကိုယ်ဝန်ရင့်ကျက်ချိန်သို့ ရောက်လတ်သော် “အရှင်...ကျွန်တော်မ၏ ကိုယ်ဝန်သည် ရင့်ကျက်လေပြီ၊ ဆွေမျိုးမိတ်သင်္ဂဟ-စသည် ကင်းကွာရာအရပ်၌ ကိုယ်ဝန်သားကို မွေးဖွားရခြင်းသည် ငါတို့နှစ်ယောက်လုံးအဖို့ ဆင်းရဲလှစွာ၏။ မိဖအိမ်သို့သာလျှင် ပြန်ကြပါစို့”ဟု လင်ဖြစ်သူကို တိုင်ပင်စကား ပြောကြားလေ၏။ လင်ဖြစ်သူသည်“ယနေ့ သွားကြကုန်အံ့, နက်ဖြန်သွားကြကုန်အံ့”ဟု နှစ်သိမ့်စကား ပြောကြားကာ နေ့ရက်တို့ကို ကုန်လွန်စေခဲ့လေသည်။ ထိုအခါ သူဌေးသမီးသည် ဤလူမိုက်ကား “မိမိ၏ အပြစ်က ကြီးလှသောကြောင့် မသွားဝံ့ပဲ ရှိချေ၏။ မိဖတို့မည်သည် သားသမီးအပေါ်၌ ဧကန်ပင် စီးပွါးချမ်းသာကို လိုလားကြမြဲဓမ္မတာ ဖြစ်သည်၊ ဤလူမိုက်သည် လိုက်လိုလျှင်လည်း လိုက်စေ၊ မလိုက်လိုလျှင်လည်း နေစေ၊ ငါသွားမှ သင့်တော့မည်”ဟု ကြံစည်ပြီးလျှင် ထိုယောက်ျား အိမ်ပြင်သို့ ထွက်သွားသောအခါ သူဌေးသမီးသည် အိမ်ရှိ ပရိဘောဂများကို သိမ်းဆည်းသိုမှီးပြီးလျှင် မိမိ မိဖအိမ်သို့ သွားရောက်ကြောင်း ပြောကြားဖို့ရန် အခြားမဲ့အိမ်၌ နေသော သူတို့အားမှာထားခဲ့၍ တယောက်ထီးတည်း ခရီးထွက်ခဲ့လေ၏။

ထို့နောက် ထိုယောက်ျား အိမ်သို့ ပြန်လာသောအခါ သူဌေးသမီးကို မတွေ့ရ၍ အိမ်နီးချင်းတို့ကို မေးလတ်သည်တွင် “မိဘ အိမ်သို့ ပြန်သွားသည်”ဟူသော သတင်းစကားကို ကြားသိရ၍ လျင်မြန်စွာ လိုက်လေသော် လမ်းခရီးအကြား၌ သူဌေးသမီးကို မှီတွေ့လေ၏။ ထို သူဌေးသမီးမှာလည်း ထိုတွေ့ရာနေရာ၌ပင် ကိုယ်ဝန်သားကို ဖွားသန့်ခြင်းကိစ္စ ဖြစ်လေတော့၏။ ယောက်ျားက “ရှင်မ...ဤဝတ္ထုကား အဘယ်နည်း” ဟု မေးလတ်သော် “အရှင်... သားတယောက်တော့ဖြင့် ဖွားမြောက်ခဲ့လေပြီ” ဟု သူဌေးသမီးက ပြန်ကြားပြောဆိုလေ၏။ “ယခုအခါ အဘယ်သို့ ပြုလုပ်ကြမည်နည်း” ဟု တိုင်ပင်ကြသောအခါ “ငါတို့သည် သားဖွားရန် ကိစ္စအတွက် မိဖအိမ်သို့ သွားကြရမည်ဖြစ်သည်။ ယခုမူ ထိုသားဖွားခြင်းအမှုကိစ္စကား လမ်းခရီးအကြားမှာပင်

(နှာ-၂၂၇)

ပြီးမြောက်ခဲ့လေပြီ။ မိဖအိမ်သို့ သွားရောက်၍ အဘယ်အမှု ပြုကုန်အံ့နည်း (= အကျိုးမရှိတော့ပြီ)၊ ပြန်ကြကုန်စို့” ဟု နှစ်ဦးလုံးပင် စိတ်တူကြကာ ထိုအရပ်မှပင် ပြန်ခဲ့ကြလေ၏။ ထိုသူငယ်၏ အမည်ကို (လမ်း၌ မွေးဖွားသောကြောင့် ) “ပန္ထက = မောင်လမ်း” ဟု အမည်မှည့်ကြလေ၏။ ထိုသူဌေးသမီး၏ကိုယ်ဝယ် မကြာမီပင် အခြားကိုယ်ဝန်သား တည်ပြန်လေ၏။ ထို ဒုတိယကိုယ်ဝန်သား ရင့်ကျက်သောအခါမှာလည်း ရှေးနည်းအတူပင် မိဖအိမ်သို့အသွား လမ်းခရီး အကြား၌ မွေးဖွားလေသောကြောင့် ပဌမဖွားသော သားအကြီး၏ အမည်ကို “မဟာပန္ထက= မောင်လမ်းကြီး” ဟု မှည့်ခေါ်၍ နောက်မှဖွားသော် သားငယ်၏ အမည်ကို “စူဠပန္ထက = မောင်လမ်းငယ်” ဟု အမည် မှည့်ခေါ်ကြလေ၏။

ဇနီးမောင်နှံ နှစ်ဦးလုံးပင် သားတို့ကို ကိုယ်စီ ပွေ့ချီကြ၍ မိမိတို့ နေရာအရပ်သို့ပင် ပြန်ခဲ့ကြလေကုန်၏။ ထိုသူတို့ ထိုအရပ်၌ နေကြကုန်စဉ်ပင် သားအကြီး မဟာပန္ထက - သူငယ်သည် အခြားကလေးသူငယ်များက “ဖထွေး, ဖကြီး, ဖိုးဖိုး, ဖွားဖွား” စသည် ပြောဆိုကြသည်ကို ကြားရ၍ မိမိ၏ မိခင်ကို “အို မိခင်... အခြားကလေးများသည် “ဖိုးဖိုး, ဖွားဖွား-စသည် ပြောဆိုကြပါသည်၊ ကျွန်တော်တို့၏ ဆွေမျိုးများကား မရှိကြဘူးလော” ဟု မေးလေ၏။ မိခင်သူဌေးသမီးက “အိမ်း...ဟုတ်တယ် ချစ်သား...၊ ဤအရပ်မှာ သားတို့၏ ဆွေမျိုးများ မရှိကြဘူး၊ ရာဇဂြိုဟ်ပြည်မှာကား မဟာဓနသူဌေးကြီးသည် သားတို့၏ အဖိုး ဖြစ်သည်။ ထိုရာဇဂြိုဟ်ပြည်မှာ သားတို့၏ ဆွေမျိုးတို့ကား များလှစွာကုန်၏” ဟု ပြောကြားလေလျှင် မဟာပန္ထကသည် “အို မိခင်... အဘယ့်ကြောင့် ထိုရာဇဂြိုဟ်ပြည်သို့ မိခင်တို့ မသွားကြသနည်း” ဟု မေးလေ၏။

မိခင်သူဌေးသမီးသည် မိမိ၏ ရာဇဂြိုဟ်ပြည်သို့ မသွားရောက်ခြင်း အကြောင်းကို သားဖြစ်သူအား အဖြေမပေးပဲ သားများ က အဖန်ဖန်အထပ်ထပ် မေးမြန်းပြောဆိုကြလတ်သော် လင်

(နှာ-၂၂၈)

ယောက်ျားဖြစ်သူကို အိုအရှင်၏သားငယ်တို့သည် အလွန်ပင် ကျွန်တော်မကို စိတ် ပင်ပန်းစေကြပါကုန်သည်၊ မိဖများသည် ကျွန်တော်မတို့ကို တွေ့မြင်ကြလျှင် အသားကို ဖဲ့၍စားကြမည် မဟုတ်ပါ၊ သွားကြပါစို့ ကလေးများကိုအဖိုး, အဖွားအိမ်ကိုပြကြ ကြပါကုန်စို့” ဟု တိုင်ပင်စကားပြောကြားလေ၏။ လင်ယောက်ျား ဖြစ်သူက “အိုရှင်မ… ငါသည် သင်၏မိဖများ မျက်မှောက်သို့ မသွားရောက်ဝံ့ပါ၊ သို့သော်လည်း သင့်ကို မရောက်ရောက်အောင် ပိုဆောင်ပါမည်” ဟု ပြောကြားလေလျှင် သူဌေးသမီးသည် “ကောင်းပါပြီ အရှင်... တနည်းနည်းဖြင့် ကလေးများအား အဖိုး အဖွား၏အိမ်ကိုပြရန် သင့်ပါသည်” ဟု ပြောဆိုကာ ဇနီး မောင်နှံနှစ်ဦးလုံးတို့ပင် သားငယ်တို့ကို ခေါ်ဆောင်၍ သွားကြလေရာ အစဉ်သဖြင့် ရာဇဂြိုဟ်ပြည်သို့ ရောက်ကြ၍ မြို့တံခါးဝ တခုသောစရပ်၌ တည်းခိုနေထိုင်ကြပြီးသော် ကလေးတို့မိခင်သည် သားငယ်နှစ်ယောက်တို့ကို ခေါ်ဆောင်၍ မိမိတို့ရောက်လာကြောင်း မိဖတို့အား အသိပေး ပြောကြားစေလေ၏။

မိဖနှစ်ပါးတို့သည် ထိုသတင်းစကားကို ကြားသိကြရလေလျှင် “သံသရာ၌ ကျင်လည်ကြသော သူတို့အဖို့ရာ သားမဖြစ်ဘူး သောသူ, သမီးမဖြစ်ဘူးသောသူမည်သည် မရှိ၊ ထိုသူနှစ်ဦးကိုကား ငါတို့အပေါ် အလွန်ကြီးမားသည့်အပြစ်ကို လွန်ကျူးသူများ ဖြစ်ကြသည်။ ထိုသူနှစ်ဦးလုံးပင် ငါတို့မျက်မှောက်၌ ရပ်တည်ခြင်းငှါ မစွမ်းနိုင်ကြ မထိုက်တန်ကြပေ၊ သို့သော် ဤမျှသော ဥစ္စာကိုယူ၍ နှစ်ဦးလုံးပင် ချမ်းသာရာအရပ်သို့ သွားရောက်ကြကာ အသက်ရှင်ကြပါစေ၊ ကလေးနှစ်ယောက်တို့ကိုမူ ဤ ငါတို့အိမ်သို့ ပို့လိုက်ကြကုန်စေ”ဟု တမန်လွှတ်၍ ပြန်ကြားပြောဆို စေကြကုန်၏။ သူဌေးသမီးသည် မိဖတို့က ပို့လိုက်သောဥစ္စာကို ယူ၍ သားငယ်နှစ်ယောက်တို့ကို တမန်တို့၏လက်၌ပင် ပေးအပ်၍ အဖိုး, အဖွားထံသို့ ပို့စေလေ၏။ မဟာပန္ထက, စူဠပန္ထက= ကလေးသူငယ် နောင်ညီနှစ်ယောက်တို့သည် အဖိုး အဖွားအိမ်၌ ချမ်းသာစွာ ကြီးပြင်းကြရလေကုန်၏။

(နှာ-၂၂၉)

(ခ) ဤနောက်ဆုံးဘဝ ရဟန်းပြုကြခြင်း

နောင်ညီနှစ်ယောက်တို့တွင် စူဠပန္ထကကား အလွန်နုနယ် အသက်ငယ်ရှာသေး၏၊ မဟာပန္ထကက အဖိုး = ဓနသေဋ္ဌိ သူဌေးကြီးနှင့် အတူတကွ မြတ်စွာဘုရား၏ တရားစကားကြားနာဖို့ရန် အမြဲလိုက်ပါခဲ့၏။ ထိုမဟာပန္ထကသူငယ်၏အဖို့ရာ အမြဲ မပြတ် မြတ်စွာဘုရားရှင် မျက်မှောက်တော်၌ တရားတော်ကို ကြားနာရသောကြောင့် ရှင်, ရဟန်းပြုရန် စိတ်ညွှတ်လေ၏။ သို့ရကား မဟာပန္ထကသည် အဖိုး = ဓနသေဋ္ဌိ သူဌေးကြီးကို “ဖိုးဖိုး...အကယ်၍ ဖိုးဖိုးတို့က ခွင့်ပြုကြပါလျှင် ကျွန်တော်သည် ရှင်, ရဟန်းပြုပါရစေ” ဟု ခွင့်ပန်စကား ပြောကြားလေ၏။ အဖိုး ဖြစ်သူဓနသေဋ္ဌိသူဌေးကြီးသည် “ဘယ့်နှယ်ပြောပါလိမ့်ချစ်မြေး... အဖိုး၏အဖို့ရာ လောကကြီးတခုလုံး ရှင်, ရဟန်း ပြုခြင်းထက် ငါ့မြေး၏ ရှင်, ရဟန်းပြုခြင်းကသာ အကောင်းမြတ်ဆုံး ဖြစ်ပေသည်။ အကယ်၍ စွမ်းနိုင်ပါလျှင် ရှင်, ရဟန်းပြုသာ ပြုပါ ငါ့မြေး...” ဟု ဝမ်းမြောက်စွာ ပြောကြား၍ မဟာပန္ထက၏ ခွင့်ပန်ချက်ကို လက်ခံပြီးလျှင် မဟာပန္ထကသူငယ်ကို ခေါ်၍ မြတ်စွာဘုရားရှင် ထံတော်သို့ သွားရောက်လေ၏။ မြတ်စွာဘုရားရှင်က “သူဌေးကြီးအသို့နည်း = ဘယ့်နှယ်လဲ သင်သည် ကလေးကို ရအပ် သလော” ဟု မေးတော်မူလေလျှင် ဓနသေဋ္ဌိ သူဌေးကြီးသည် “မှန်ပါသည် မြတ်စွာဘုရား၏ သူငယ်ကား တပည့်တော်၏ မြေးအကြီး ဖြစ်ပါသည်၊ ဤသူငယ်က အရှင်ဘုရားတို့၏ အထံတော်၌ ရှင်, ရဟန်းပြုပါရစေဟု ပြောကြားနေပါသည်ဘုရား” ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် အနီးရှိ ဆွမ်းခံရဟန်းတပါးကို “ဤ သူငယ်ကို ရှင်ပြုပေးလိုက်လော့” ဟု အမိန့် ပေးတော်မူလေ၏။ ပိဏ္ဍစာရိကမထေရ်သည် သူငယ်အား တစပဉ္စကကမ္မဋ္ဌာန်းကို ပြောပြပြီးလျှင် ရှင်ပြုပေးလေ၏။ မဟာပန္ထက သာမဏေသည် ရှင်ဖြစ်သည်မှစ၍ များစွာသော ဘုရားစကား = ပိဋကတ်တော်များကို သင်ကြား၍ အသက်နှစ်ဆယ် ပြည့်သောအခါ ရဟန်း

(နှာ-၂၃၀)

ပဉ္စင်းအဖြစ်ကို ရယူလေ၏။ ရဟန်းဖြစ်ပြီးလတ်သော် ကမ္မဋ္ဌာန်း တရား ပွါးများကြိုးကုတ် အားထုတ်သည်ဖြစ်၍ အရူပါဝစရဈာန်လေးပါးတို့ကို လေ့လာရရှိ နိုင်နင်းသူ ဖြစ်ပြီးလျှင် ဈာန်မှထ၍ ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်တော်မူလေရာ အရဟတ္တဖိုလ်တိုင်မြောက် ရောက်ရှိတော်မူလေ၏။ ဤသို့လျှင် အရှင်မဟာပန္ထက ရဟန္တာအရှင်မြတ်သည် အရူပါဝစရဈာန် အရာဝယ် လွန်စွာ ကျွမ်းကျင်လိမ္မာကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူလေ၏။

ညီငယ်ကို ရှင်ပြုပေးခြင်း

မဟာပန္ထကမထေရ်သည် ဈာန်ချမ်းသာ, ဖိုလ်ချမ်းသာတို့ဖြင့် အခါကို လွန်စေတော်မူလျက် တနေ့သ၌ “ဤ ဈာန်ချမ်းသာ ဖိုလ်ချမ်းသာကို ငါ့ညီ စူဠပန္ထကအား ပေးခြင်း စွမ်းနိုင်မည်လော” ဟု ကြံစည်ပြီးလျှင် အဖိုးသူဌေးကြီးထံ သွားရောက်၍ “ဒါယကာသူဌေးကြီး အကယ်၍ သင်တို့က သဘောတူလက်ခံ ကြမည်ဆိုပါလျှင် ငါသည် စူဠပန္ထကကို ရှင်ပြုပေးလိုပါ၏” ဟု ခွင့်ပန်စကား မိန့်ကြားလေ၏။ အဖိုးသူဌေးကြီးက “အလိုတော် ရှိသည့်အတိုင်း ရှင်ပြုပေးတော်မူကြပါ အရှင်ဘုရားတို့...” ဟု ကျေနပ်စွာ ခွင့်ပြုစကား ပြောကြားလတ်သော် မဟာပန္ထက မထေရ်သည် စူဠပန္ထကသူငယ်ကို ရှင်ပြုပေး၍ ဆယ်ပါးသီလတို့၌ တည်စေလေ၏ ။

စူဠပန္ထကသာမဏေသည် နောင်တော်မဟာပန္ထကမထေရ်၏ အထံ၌__

ပဒုမံ ယထာ ကာကနဒံ သုဂန္ဓံ၊
ပါတော သိယာ ဖုလ္လ-မဝီတဂန္ဓံ။
အင်္ဂီရသံ ပဿ ဝိရောစမာနံ၊
တပန္တ-မာဒိစ္စ-မိဝံန္တလိက္ခေ။

ကောကနဒံ=ရွက်ဖတ်များထ အဆင်းလှ၍ ကောကနဒ အမည်ရသော။ သုဂန္ဓံ=ရနံ့ကောင်းကြိုင် လှိုင်ပေ

(နှာ-၂၃၁)

ထသော။ ပဒုမံ = ပဒုမာကြာသည်။ ပါတော = နေ အရုဏ်စက် တက်လတ်ဦးစွာ နံနက်အခါ၌။ ဖုလ္လံ = ပွင့်သည်ဖြစ်၍။ အဝီတဂန္ဓံ = ရနံ့ကောင်းသင်း မကင်းသည် ဖြစ်၍။ ဝိရောစမာနံ = ရှုချင်စဖွယ် တင့်တယ်လှပသည်။ သိယာ ယထာ = ဖြစ်လေသကဲ့သို့။ (တထာ = ထို့အတူ)။ သုဂန္ဓံ= ကိုယ်တော်ရနံ့ ဂုဏ်ရနံ့ဖြင့် သင်းပြန့်မွှေးကြိုင် လှိုင်တော်မူထသော။ အန္တလိက္ခေ= အဇပြင် မိုးကောင်းကင်၌။ အာဒိစ္စမိဝ= သရဒအခါ တက်လာ ပေါ်ထွန်း နေစက်ဝန်းကဲ့သို့။ တပန္တံ= ကိုယ်တော်၏ တန်ခိုးရှိန်ဖြင့် တထိန်ထိန် တောက်ပတော်မူထသော။ ဝိရောစမာနံ = ဖူးတိုင်းသပ္ပါယ် တင့်တယ်စွာထသော။ အင်္ဂီရသံ= ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားကို။ ပဿ = ပဿာဟိ = အာရုံထင်ထင် သဒ္ဓါဇောသက်ဝင်၍ ဖူးမြင်လိုက်စမ်းပါတော့လော__

ဤဂါထာကို သင်ယူလေသည်။ သင်ပြီးတိုင်း သင်ပြီးတိုင်းသော စာပိုဒ်များသည် အထက်အထက် စာပိုဒ်များကို သင်ယူလတ် သည်ရှိသော် ပျောက်ခြင်းမလှ ပျောက်၍ပျောက်၍ သွားလေ၏။ ထို စူဠပန္ထက သာမဏေ၏အဖို့ရာ ဤ ဂါထာကို သင်ယူရန် အားထုတ်စဉ်ပင် လေးလတို့လွန်၍ သွားကုန်၏(= လေးလကြာ သော်လည်း ဤဂါထာကို နှုတ်တက်မရနိုင်ဟု ဆိုလိုသည်။)

(စူဠပန္ထကသည် ကဿပမြတ်စွာ လက်ထက်တော်အခါက ရဟန်းပြု၍ ပညာရှိပုဂ္ဂိုလ်တပါး ဖြစ်ပြီးလျှင် အခြားဉာဏ်နုံ့နှေး လေးကန်သည့် ရဟန်းတပါး ပါဠိသင်ယူသောအခါ ပြက်ရယ်ပြောင်လှောင်မှု ပြုခဲ့လေသည်။ ထိုဉာဏ်နုံသော ရဟန်းသည် ထို ပြက်ရယ်ပြောင် လှောင်မှုကြောင့် ရှက်နိုးလှရကား ပါဠိကိုလည်း မသင်ဝံ့တော့ချေ။ စာအံမှုကိုလည်း မပြုဝံ့တော့ချေ ၊ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ယခု စူဠပန္ထကဘဝဝယ် ရှင်သာမဏေပြုပြီးလျှင်ပင် ထိတ်လန့်ဖွယ်ရာ ဉာဏ်ပညာနုံ့ နှေးထိုင်းမှိုင်း၍ သွားလေ၏။ ထို့ကြောင့် သင်ပြီးတိုင်း သင်ပြီးတိုင်းသော စာပိုဒ်များသည် အထက်အထက် စာပိုဒ်များကို

(နှာ-၂၃၂)

သင်ယူလတ်သည်ရှိသော် ပျောက်ခြင်းမလှ ပျောက်၍မေ့၍ သွားကြလေ၏။ အင်္ဂုတ္တရဋီကာမှ)။ ထိုအခါ စူဠပန္ထကသာမဏေကို နောင်တော်မဟာပန္ထက မထေရ်သည် စူဠပန္ထက သင်သည် ဤသာသနာတော်၌ မဂ်, ဖိုလ်ကို မရထိုက်သူ = အဘဗ္ဗပုဂ္ဂိုလ် ဖြစ်ချေ၏၊ သင်ကား လေးလတို့ဖြင့် တဂါထာကိုမျှ ရအောင်မသင်ယူနိုင်၊ ထိုသိုဂါထာ တပုဒ်ကိုမျှ လေးလဖြင့် ရအောင်မသင်ယူနိုင်သော သင်သည် ရဟန်းကိစ္စကိုကား အဘယ်မှာလျှင် အထွတ်အထိပ်(= အရဟတ္တဖိုလ်) ပေါက်ရောက်စေနိုင်လိမ့်မည်နည်း = မရောက်စေနိုင် မည်သာ ဖြစ်၏၊ သို့ရကား သင်သည် ဤကျောင်းမှ ထွက်သွားလော့”ဟု နှင်ထုတ်လေ၏။ ထိုသို့ နောင်တော်မထေရ်က နှင်ထုတ် အပ်ရကား စူဠပန္ထကသာမဏေသည် ကျောင်းပေါ်၌ မနေဝံ့တော့ပဲ ကျောင်းအစွန်အဖျား (နောင်တော်မထေရ် မမြင်မည့် နေရာ)၌ ငိုကြွေးလျက် ရပ်တည်နေလေ၏။

ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည်ကို အမှီ ဂေါစရဂါမ် ပြု၍ ဆရာဇီဝက လှူဒါန်းဆောက်လုပ်အပ်သည့် သရက်ဥယျာဉ် ကျောင်းတိုက်တော်၌ သီတင်းသုံးနေထိုင်တော် မူဆဲဖြစ်၏။ ထိုအခါ ဆရာဇီဝကသည် ယောက်ျားတယောက်ကို “ရဟန်းငါးရာတို့နှင့် အတူတကွ မြတ်စွာဘုရားကို နက်ဖြန် ဆွမ်းစားကြွရန် သွားရောက်ပင့်လျှောက်”ဟု စေလွှတ်လိုက်၏။ ထိုအချိန်၌ မဟာပန္ထကမထေရ်သည် ဘတ္တုဒ္ဒေသက= ဆွမ်းညွှန်းသမ္မုတိ ရယူထားသူ ဖြစ်လေ၏။ သို့ရကား ဆွမ်းစား အပင့်လာသော ဒါယကာက အရှင်မပန္ထကမထေရ်ကို “အရှင်ဘုရား...ရဟန်းငါးရာတို့အတွက် ဆွမ်းကို လက်ခံတော်မူ ပါဘုရား”ဟု လျှောက်ထားအပ်လေသော် မဟာပန္ထကမထေရ်သည် “စူဠပန္ထကကိုထား၍ ကြွင်းကျန်သော ရဟန်းတို့အတွက် ဆွမ်းကို လက်ခံ၏”ဟု (စူဠပန္ထကကို ပစ်ပယ်စကား)မိန့်ကြားလေ၏။

(နှာ-၂၃၃)

မြတ်စွာဘုရားက ကမ္မဋ္ဌာန်းပေးတော်မူခြင်း

စူဠပန္ထကသည် ထိုစကားကိုကြားရလျှင် အတိုင်းထက်အလွန် နှလုံးမသာမယာ ဖြစ်ရှာလေ၏။ မြတ်စွာဘုရားသည် စူဠပန္ထက၏ ပင်ပန်းနေပုံကို မြင်တော်မူ၍ “စူဠပန္ထကသည် ငါဘုရားကြွသွားလျှင် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်လိမ့်မည်”ဟု ဆင်ခြင်တော်မူ၍ ကြွရောက်ပြီးလျှင် မနီးမဝေးသောအရပ်၌ ကိုယ်တော်ကို ထင်စွာပြလျက် “ချစ်သားပန္ထကသင်ချစ်သားသည် အဘယ့်ကြောင့် ငိုကြွေးနေသနည်း”ဟု မေးတော်မူလေ၏။ စူဠပန္ထက-က “မြတ်စွာဘုရား...နောင်တော်မထေရ်က တပည့်တော်ကို ကျောင်းမှ နှင်ထုတ်ပါသည်ဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားပန္ထက...သင်၏နောင်တော်မှာ သတ္တဝါတို့၏ အာသယဓာတ်, အနုသယဓာတ်ကို သိသော = အာသယာနုသယဉာဏ် မရှိချေ၊ သင်ချစ်သားကား ငါဘုရားချေချွတ်ဆုံးမရမည့်=ဗုဒ္ဓဝေနေယျပုဂ္ဂိုလ် ဖြစ်လေသည်” ဟု အားပေးစကား မိန့်ကြားတော်မူပြီးလျှင် “ချစ်သား ပန္ထက... သင်ချစ်သားသည် ဤအဝတ်ကို လက်ဖြင့်ဆုပ်ကိုင်၍ “ရဇောဟရဏံ ရဇောဟရဏံ = ဤအဝတ်ကား မြူကို ဆောင်တတ်စွာ့၊ ဤအဝတ်ကား မြူကိုဆောင်တတ်စွာ့”ဟု တတွတ်တွတ်ရွတ်ဆိုကာ ဘာဝနာတရား ပွါးများအားထုတ်”ဟု မိန့်တော်မူ၍ တန်ခိုးတော်ဖြင့် ဖန်ဆင်းပြီးလျှင် စင်ကြယ်သော ပုဆိုးကြမ်း=အဝတ်စ တခုကို ပေးတော်မူလေ၏။

(ဤ၌။ ။ စူဠပန္ထကသည် ရှေး တခုသောဘဝက မင်းဖြစ်၍ မြို့ကို လက်ျာရစ် လှည့်လည်ကြည့်ရှုသည်တွင် နဖူးမှ ချွေးယိုထွက်သဖြင့် စင်ကြယ်သော ပုဆိုးစဖြင့် နဖူးကို သုတ်လေ၏။ ပုဆိုးစသည် ညစ်နွမ်း၍ သွားလေ၏။ ထို(စူဠပန္ထကအလောင်း)မင်းသည် “ဤညစ်နွမ်းသော ကိုယ်ကို အမှီပြု၍ ဤသို့သဘောရှိသည့် စင်ကြယ်သောပုဆိုးစသည် ပကတိသဘောကို စွန့်၍ ညမ်နွမ်းရလေပြီ၊ သင်္ခါရတရားတို့သည် မမြဲ ကုန်စွာ့ကား”ဟု အနိစ္စသညာကို ရခဲ့ဘူးလေသည်။ ထို့ကြောင့် ဤစူဠပန္ထက၏အဖို့ရာ “ရဇောဟရဏကမ္မဋ္ဌာန်း=မြူကို ဆောင်တတ်သည့် အဝတ်ကမ္မဋ္ဌာန်းသည် သာလျှင်” အရဟတ္တဖိုလ်ရကြောင်း

(နှာ-၂၃၄)

အားကောင်းသော ဥပနိဿယည်း ပစ္စည်းဖြစ်လေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် စူဠပန္ထက၏ ဖော်ပြရာပါ ရှေးအကြောင်းကောင်းမှုကို မြင်တော်မူ၍ ထိုကောင်းမှုအား လျောက်ပတ်သောကမ္မဋ္ဌာန်း၌ တိုက်တွန်းတော်မူလိုသည်ဖြစ်၍ စင်ကြယ်သော ပုဆိုးကြမ်းအဝတ်စကို ပေးတော်မူ၏)။

အရှင်စူဠပန္ထက ရဟန္တာဖြစ်ခြင်း

စူဠပန္ထကသည် မြတ်စွာဘုရားရှင် ပေးအပ်သည့် ပုဆိုးအဝတ် စကို “ရဇောဟရဏံ ရဇောဟရဏံ = မြူကို ဆောင်တတ်စွာ့ တကား၊ မြူကို ဆောင်တတ်စွတကား”ဟု တတွတ်တွတ်ရွတ်ဆိုလျက် လက်ဖြင့် ဆုပ်နယ်ကာ ထိုင်နေလေ၏။ ယင်းသို့ ဆုပ်နယ် ဖန်များလတ်သော် ထိုပုဆိုးကြမ်း အဝတ်စ၏ ချည်မျှင်များသည် ညစ်နွမ်း၍ လာကုန်၏၊ တဖန်ထပ်၍ သုံးသပ်ဆုပ်နယ်ပြန်သော် လက်နှီးအဝတ်သဖွယ် တိုး၍ညစ်နွမ်းလေ၏။ စူဠပန္ထကသည် ဉာဏ်ရင့်ကျက်ချိန်သို့ရောက်၍ ထိုပုဆိုးကြမ်း၌ ခယဝယ=ကုန်ခန်းခြင်း ပျက်စီးခြင်းသဘောကို စိတ်ဝယ်ထင်မြင်စေပြီးနောက် တဖန် ဆက်၍ “ဤပုဆိုးကြမ်းအဝတ်စသည် ပကတိပင်ကိုယ်အားဖြင့် ဖြူစင်သန့်ရှင်းသောအဝတ်ဖြစ်၏။ သို့သော် ဤဥပဒိန္နက= ဤ ခန္ဓာကိုယ်ကို အမှီအကြောင်းပြု၍ ညစ်နွမ်းရလေသည်။ ဤစိတ် တရားသည်လည်း ဤအဝတ်နှင့်တူသောအလား = ဖြစ်ခြင်းရှိစွာ့တကား = ဘဝင်စိတ်အနေ ပင်ကိုယ်ပကတိအားဖြင့် ဖြူစင် သန့်ရှင်းသော ဤစိတ်သည်လည်း ရာဂ,ဒေါသ, မောဟ-စသော ယှဉ်ဖက်အကုသိုလ်တရားတို့နှင့် ဆက်စပ်သောကြောင့် ညစ်နွမ်းသော သဘောရှိစွာ့တကား”ဟု မိမိ၏ ခန္ဓာကိုယ်အတွင်း နှလုံးသွင်း ကြံစည်ဆင်ခြင်၍ သမာဓိဘာဝနာအလုပ်ကို အားထုတ်လေရာ ရူပါဝစရဈာန်လေးပါးတို့ကို ရရှိ ထိုဈာန်တို့ကို အခြေပါဒက ပြုလုပ်၍ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းလတ်သော် ပဋိသမ္ဘိဒါ ဉာဏ်လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏ = ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်လေ၏။ အရှင်စူဠပန္ထကသည် မနောမယ ရူပါဝစရဈာန်ကို လှလှကြီး ပိုင်ပိုင်နိုင်နိုင် ရရှိသူဖြစ်၍

(နှာ-၂၃၅)

တပါးတည်းက အများဖြစ်အောင် အများကြီးက တပါးတည်း ဖြစ်အောင်-ဤသို့စသည် ဖန်ဆင်းနိုင်သော ဣဒ္ဓိရှင် ဖြစ်တော်မူသည့်ပြင် ထိုအရှင်မြတ်၏အဖို့ရာ အရဟတ္တမဂ်ဖြင့်ပင် ပိဋကတ်တော်သုံးပုံလည်း တတ်ပြီး သင်ပြီး, အဘိညာဏ်ခြောက်ပါးလည်း ရပြီးသား ဖြစ်လေတော့၏။ (ဤအရာမျိုးကို မဂ္ဂသိဒ္ဓပရိယတ္တိ မဂ္ဂသိဒ္ဓအဘိညာဏ်ဟု ခေါ်၏။ ပရိယတ်ကို အထူး မသင်ရပဲ အဘိညာဏ်အတွက် အထူးအားမထုတ်ရပဲ အရဟတ္တ မဂ်ကို ရလိုက်လျှင်ပင် ပိဋကတ်လည်း သင်ပြီး တတ်ပြီး အဘိညာဏ်တို့ကိုလည်း ရပြီးသား ဖြစ်လေသည်၊ မဂ်၏တန်ခိုးကြောင့် ပြီးသည့် ပရိယတ် အဘိညာဏ်ဟု ခေါ်ဆိုရာ၏)။

နောက်တနေ့၌ မြတ်စွာဘုရားသည် ရဟန်းပေါင်း (၄၉၉) လေးရာ့ကိုးဆယ့်ကိုးပါးတို့နှင့် အတူတကွ ဆရာဇီဝက၏ နေအိမ်သို့ ဆွမ်းဘုဉ်းပေးရန် ကြွရောက်ကာ ထိုင်နေတော်မူလေ၏။ အရှင်စူဠပန္ထကသည် မိမိအတွက် ဆွမ်းကို နောင်တော် မဟာပန္ထကမထေရ်က လက်မခံသည့်အတွက်သာ မလိုက်ပါရပဲ ရှိလေ၏။ ဆရာဇီဝကသည် ရှေးဦးစွာ ယာဂုကပ်လှူရန် စီမံ အားထုတ်လေ၏။ မြတ်စွာဘုရားရှင်သည် ယာဂုကို အလှူမခံပဲ လက်တော်ဖြင့် သပိတ်တော်ကို ပိတ်၍ ထားတော်မူ၏။ ဆရာ ဇီဝက-က “မြတ်စွာဘုရား...အဘယ့်ကြောင့် ယာဂုကို အလှူမခံ ပါသနည်း ဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ဒါယကာဇီဝက...ကျောင်းမှာ ရဟန်းတပါး ကျန်ရှိနေ သေးသည်”ဟု မိန့်တော်မူ၏။

ထိုအခါ ဆရာဇီဝကသည် ယောက်ျား တယောက်ကို “အမောင်...သွားပါချေ၊ ကျောင်းမှာကျန်ရှိနေသော အရှင်မြတ်ကို ပင့်၍ လာခဲ့ပါလော့” ဟု မှာထား စေလွှတ်လိုက်လေ၏။ စူဠပန္ထက မထေရ်သည်လည်း ထို ယောက်ျား မလာမီကပင် ကြိုတင်၍ ရဟန်းတပါးနှင့်တပါး ပုံပန်းသဏ္ဌာန်မတူအောင် ရဟန်းတပါး၏ သင်္ကန်းစီရင်ခြင်း-စသော အလုပ်ကိစ္စကိုလည်း

(နှာ-၂၃၆)

အခြား ရဟန်းတပါးနှင့် မတူအောင်ပြု၍ ရဟန်းတော်ပေါင်း တထောင် တန်ခိုးဖြင့် ဖန်ဆင်းထားနှင့်လေ၏။

ဆရာဇီဝကလွှတ်လိုက်သော ယောက်ျားသည် ကျောင်း၌ ရဟန်းတော်တို့ အလွန်များနေသည်ကို တွေ့မြင်ရ၍(ဆရာဇီဝကက ရဟန်းတပါးကိုသာ အပင့်လွှတ်လိုက်ရကား မပင့်ဝံ့တော့ပဲ) တဖန်ပြန်လာ၍ ဆရာဇီဝကအား “အိုအရှင်ဆရာဇီဝက ၍ယခု ဆရာ့အိမ်မှာ ကြွရောက်ရှိနေသော ရဟန်းသံဃာထက် ကျောင်းတိုက်မှာရှိနေသော ရဟန်းသံဃာက ပို၍များပါသည်။ သူဖြစ်၍ ပင့်ဖိတ်ရမည့် အရှင်ကောင်းကို မသိနိုင် မစဉ်းစားနိုင်အောင် ဖြစ်ပါသည်” ဟု ပြန်ပြီး ပြောဆိုလေ၏။ ဆရာဇီဝကသည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား...ကျောင်းတိုက်မှာ ကျန်ရှိနေရစ်သော ရဟန်းသည် အဘယ်အမည်ရှိပါသနည်း”ဟု မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်က “ဒါယကာဇီဝက...ကျောင်းတိုက်မှာ ကျန်ရှိနေရစ်သော ရဟန်းသည် “စူဠပန္ထက အမည်ရှိ၏” ဟု မိန့်တော်မူလေလျှင် ဆရာဇီဝကသည် ထိုယောက်ျားကို “အမောင်...တဖန် သွားပါဦးလော့၊ စူဠပန္ထက အမည်ရှိသော အရှင်သည် အဘယ်အရှင်မြတ်နည်း” ဟု မေး၍ ပင့်ဆောင်ခဲ့လော့”ဟု မှာတမ်း၍ တဖန် အပင့်လွှတ်လိုက်ပြန်လေ၏။

ထို ယောက်ျားသည် ကျောင်းတိုက်သို့သွား၍ “စူဠပန္ထက အမည်ရှိသော အရှင်သည် အဘယ်အရှင်မြတ်ပါနည်း” ဟု မေးလေ၏။ ရဟန်းတထောင်လုံးကပင် “စူဠပန္ထကမထေရ်ဆိုသူမှာ ငါပင်တည်း၊ စူဠပန္ထကမထေရ်ဆိုသူမှာ ငါပင်တည်း” ဟု ဖြေကြားလေ၏။ ထိုယောက်ျားသည် တဖန် ပြန်လာ၍ ဆရာဇီဝကအား “ဆရာ ... ရဟန်းတထောင်အားလုံးကပင် “စူဠပန္ထက မထေရ်ဆိုသူမှာ ငါပင်တည်း၊ စူဠပန္ထကမထေရဆိုသူမှာ ငါပင်တည်း” ဟု မိန့်ကြားကြပါသည်။ အကျွန်ုပ်သည် ဤမည်သော အရှင်ကို ပင့်ခေါ်ရမည်ဟု မသိနိုင် မစဉ်းစားနိုင်အောင် ဖြစ်ခဲ့ရပါသည်” ဟု ပြန်ကြားပြောဆိုလေ၏။ ဆရာဇီဝကသည်ကား

(နှာ-၂၃၇)

သစ္စာလေးပါး တရားသိပြီးသူ အရိယာဒါယကာ တယောက် ဖြစ်ခြင်းကြောင့် ကျောင်းမှာ ကျန်ရှိနေရစ်သော ရဟန်းသည် တန်ခိုးရှင်, ရဟန်းတည်း” ဟု နည်းဥပါယ်အားဖြင့်ပင် သိမြင်၍ “အမောင်...သွားပါချေဦး၊ ရှေးဦးစွာပြောကြားသော ရဟန်းကို ပင် “မြတ်စွာဘုရားက အရှင်ဘုရားတို့ကို ခေါ်တော်မူ၏” ဟုဆို၍ ထိုရဟန်း၏ သင်္ကန်းစွန်း၌ ဆွဲကိုင်ကာ ပင့်ခဲ့လော့”ဟု ဆိုစေလွှတ်လိုက်ပြန်၏။ ထိုယောက်ျားသည် ကျောင်းတိုက်သို့ သွားပြန်၍ ဆရာဇီဝက မှာလိုက်သည့်အတိုင်း ပြုလုပ်လေလျှင် ထိုခဏမှာပင် ရဟန်းတထောင်တို့ ကွယ်ပျောက်၍သွားကြလေကုန်၏။ ထိုအခါမှာမှ ထိုယောက်ျားသည် အရှင်စူဠပန္ထက မထေရ်ကို ပင့်ဖိတ်ခေါ်ဆောင်၍ သွားလေ၏။ မြတ်စွာဘုရားသည် ထိုခဏမှာမှ ယာဂုကို အလှူခံကာ ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။

မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးပြီး၍ ကျောင်းတော်သို့ ပြန်ရောက်တော်မူလျှင် တရားသဘင်၌ “ဘုရားရှင်တို့မည်သည် အလွန်လျှင် ကြီးမြတ်လှကုန်စွာ့တကား၊ လေးလကြာ၍မှ ဂါထာ တပုဒ်ကို နှုတ်တက်ရအောင် မသင်ယူနိုင်သောရဟန်းကို ဤသို့စဉ် တန်ခိုးကြီးမြတ်သူ ဖြစ်အောင် ပြုတော်မူနိုင်ပါပေကုန်၏” ဟု ရဟန်းတို့၏ ဆွေးနွေးစကား ဖြစ်ရှိလေသည်။ မြတ်စွာဘုရားရှင်သည် ထိုရဟန်းတို့၏ စိတ်ဖြစ်ပုံကို သိတော်မူ၍ တရားသဘင်သို့ ကြွတော်မူကာ ခင်းထားအပ်သော ဘုရားနေရာတော်၌ ထိုင်နေတော်မူလျက်“ရဟန်းတို့ ...သင်တို့သည် အဘယ်စကားကို ပြောကြားနေကြကုန်သနည်း”ဟု မေးတော်မူလေ၏။ ရဟန်းများက “မြတ်စွာဘုရား...တပည့်တော်များသည် အခြားစကား တစုံတရာကိုမျှ မပြောဆိုကြပါ၊ ‘စူဠပန္ထကသည် အရှင်ဘုရားတို့၏အထံမှ ကြီးစွာသော လာဘ်ကို ရအပ်လေပြီ’ဟု အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးစကားကိုသာ ပြောဆိုနေကြပါကုန်၏” ဟု ပြန်ကြား လျှောက်ထားကြလေလျှင် မြတ်စွာဘုရားရှင်သည် “ရဟန်းတို့... ယခုအခါ ငါဘုရား၏ ဩဝါဒကို လိုက်နာ၍ လောကုတ္တရာအမွေ

(နှာ-၂၃၈)

အနှစ်ကို ရခြင်းကား မအံ့ဩလောက်သေး၊ ဤစူဠပန္ထကသည် အတိတ်ဝေးစွာ ရှေးအခါကလည်း မရင့်ကျက်သေးသောဉာဏ်၌ တည်စဉ် ငါဘုရား၏ အဆုံးအမကို လိုက်နာ၍ လောကီအမွေ အနှစ်ကို ရဘူးလေပြီ”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့က “အဘယ်အခါတုန်းကနည်း မြတ်စွာဘုရား...”ဟု တောင်းပန်လျှောက်ထားကြသဖြင့် မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ဤဆိုလတ္တံ့သောအတိုင်း အတိတ်ဖြစ်ရပ် “စူဠသေဋ္ဌိဇာတ်”ကို ထုတ်ဆောင်ပြတော်မူလေ၏__

စူဠသေဋ္ဌိဇာတ်

ရဟန်းတို့ ...ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုလေ၏။ ထိုအခါ စူဠသေဋ္ဌိအမည်ရှိသော ပညာရှိသုခမိန်သူဌေးသည် ခပ်သိမ်းသောနိမိတ်တို့ကို သိမြင် ကျွမ်းကျင်၏။ စူဠသေဋ္ဌိသုခမိန်သူဌေးသည် တနေ့သ၌ မင်းကို ခစားရန် သွားလတ်သော် လမ်းခရီးအကြား၌ ကြွက်သေ တကောင်ကို တွေ့မြင်၍ ထိုခဏဝယ် ကောင်းကင်နက္ခတ်ကို ကြည့်ရှုဆင်ခြင်ပြီးသော်“ပညာမျက်စိရှိသော အမျိုးကောင်းသားသည် ဤကြွက်သေကို ယူဆောင်၍ သားမယား မွေးမှုကို ပြုရန်၎င်း, အလုပ်ကိစ္စတို့ကို ယှဉ်စေရန်၎င်း တတ်နိုင်၏”ဟု နိမိတ်ဖတ် စကား ပြောကြားလေ၏။

မထင်မရှား ဆင်းရဲသားတယောက်သည် ထိုပညာရှိသုခမိန် စူဠသေဋ္ဌိသူဌေး၏ နိမိတ်ဖတ်စကားကို ကြားရ၍ “ဤသုခမိန် သူဌေးသည် မသိပဲ ပြောလိမ့်မည်မဟုတ်”ဟု စဉ်းစားဆင်ခြင်၍ ထိုကြွက်သေကို ကောက်ယူပြီးလျှင် ဈေးတခုသို့ သွားရောက်ကာ ကြောင်စာအဖြစ် ရောင်းချ၍ တချင်ရွေးမျှသောဥစ္စာကို ရလေ၏။ ထိုတချင်ရွေးဖြင့် တင်လဲ(= ထန်းလျက်ခဲ)ကို ဝယ်ပြီးလျှင် သောက်ရေအိုးတလုံးကို ထမ်းယူခဲ့ကာ တောမှ ပန်းခူး၍ပြန်လာသော ပန်းသည်တို့ကို တွေ့၍ တင်လဲခဲ အတန်ငယ် အတန်ငယ်ကို ပေးပြီးလျှင် ရေမှုတ်ဖြင့် သောက်ရေကို သန့်သန့်ပြန့်ပြန့်ခပ်ယူကာ

(နှာ-၂၃၉)

အမောပြေတိုက်ပေးလေ၏။ ပန်းသည်များသည် ကျေးဇူးတင်စွာဖြင့် ထိုဆင်းရဲသားအား ပန်းတဆုပ်စီ တဆုပ်စီ ပေးခဲ့ကြကုန်၏။

(ဤမှစ၍ ထိုဆင်းရဲသား အမျိုးကောင်းသားကို ပညာရှိသူ ဖြစ်သောကြောင့်၎င်း, စူဠသေဋ္ဌိသုခမိန်သူဌေး၏ နည်းခံတပည့် ဖြစ်သောကြောင့်၎င်း “ပညာရှိတပည့်ငယ်”ဟူ၍ ခေါ်ဆိုသုံးစွဲပေအံ့)။ ထိုပညာရှိတပည့်ငယ်သည် ပန်းသည်များ တဆုပ်စီ တဆုပ်စီ ပေးခဲ့ကြသော ပန်းဖိုးဖြင့် နောက်တနေ့၌လည်း ရနိုင် သမျှသော တင်လဲနှင့် သောက်ရေအိုးသန့်သန့်ကို ထမ်းဆောင်ကာ ပန်းဥယျာဉ်ရှိရာသို့ပင် သွားရောက်လေ၏။ ထိုနေ့၌ကား၊ ပန်းသည်များသည် ထိုပညာရှိတပည့်ငယ်အား မိမိတို့ခူးပြီးသော ပန်းများမှ တဝက်စီ တဝက်စီ ခွဲဝေ၍ပေးကာ ပြန်သွားကြလေကုန်၏။ ဤနည်းဖြင့် ထိုပညာရှိတပည့်ငယ်သည် မကြာမီပင် ငွေအသပြာ ရှစ်ကျပ်တို့ကို ရရှိ စုံဆောင်းမိလေ၏။

တဖန် လေကြီးမိုးကြီးကျသောတနေ့၌ ထိုပညာရှိတပည့်ငယ်သည် စွန့်ပစ်ထားသော ဥယျာဉ်ကြီး (= ဥယျာဉ်အိုကြီး)သို့ သွားရောက်၍ လေတိုက်ခပ်သဖြင့် ပြုတ်ပြတ်ကျသော ထင်းတို့ကို အစုအပုံ ပြုလျက်နေစဉ် မင်းအသုံးတော်ခံ အိုးထိန်းသည်၏ အထံမှ ငွေအသပြာ တဆယ့်ခြောက်ကျပ်တို့ကို ရပြန်လေသည်။ ထိုပညာရှိတပည့်ငယ်သည် ပန်းဖိုးရှစ်ကျပ်နှင့် ထင်းခြောက် တဆယ့်ခြောက်ကျပ် = ၂-ရပ်ပေါင်း နှစ်ဆယ့်လေးအသပြာ= နှစ်ဆယ့်လေးကျပ်တို့ ဖြစ်ကုန်လတ်သော် “ငါ့အဖို့ရာ ဤဥစ္စာ ရကြောင်း နည်းလမ်းဥပါယ်ကောင်းသည် ရှိ၏= မြက်သည်တို့အား ရေချမ်းဒကာခံရလျှင် ဥစ္စာရကြောင်း နည်းလမ်း ဥပါယ်ကောင်းဖြစ်၏”ဟု ကြံစည်စဉ်းစားမိ၍ မြို့တံခါးဝမှ မနီး မဝေးအရပ်၌ ရေလှောင်အိုးစရည်းကြီးတလုံးကို တည်ထားပြီးလျှင် မြို့အပြင်ဆင်ခြေဖုံးမှ လာရောက်ကြသည့် မြက်ထမ်းသမား= မြက်သည်ငါးရာတို့ကို သောက်ရေတိုက်ကာ ရေချမ်းဒကာခံလေ၏။ မြက်သည်များက “မိတ်ဆွေ...သင်ကား ငါတို့၏အပေါ် ဝယ် အလွန်ကျေးဇူးများသူ ဖြစ်ပါ၏။ သင့်အဖို့ရာ အဘယ်အမှုကို

(နှာ-၂၄၀)

ငါတို့ကူညီပြုရမည်နည်း”ဟု မေးမြန်းပြောဆိုကြလေလျှင် ပညာရှိ တပည့်ငယ်သည် “ကျွန်ုပ်၏အတွက် ကူညီဆောင်ရွက်ဖွယ်ကိစ္စ ဖြစ်ပေါ်လာသောအခါ ကူညီဆောင်ရွက်ကြရပါလိမ့်မည်” ဟု လက်ခံစကား ပြောကြားပြီးလျှင် ဤမှ ထိုမှ လှည့်လည်သွားရောက်ကာ ကုန်းလမ်းကိစ္စဆိုင်ရာ အကြီးအကဲ, ရေလမ်းကိစ္စ ဆိုင်ရာ အကြီးအကဲတို့နှင့် အဆွေခင်ပွန်း ချစ်ကျွမ်းမိတ်ဖွဲ့မှုကို ပြုမိလေ၏။

တနေ့သ၌ ပညာရှိတပည့်ငယ်အား ကုန်းလမ်းကိစ္စဆိုင်ရာ အကြီးအကဲက “နက်ဖြန်ခါ ဤဗာရာဏသီပြည်သို့ မြင်းကုန်သည် တယောက် မြင်းငါးရာတို့ကို ယူဆောင်၍ လာလိမ့်မည်”ဟု သတင်းကောင်းစကား ပြောကြားလေ၏။ ပညာရှိတပည့်ငယ်သည် ထိုကုန်းလမ်းကိစ္စဆိုင်ရာ အကြီးအကဲ၏စကားကို ကြားသိရ၍ မြက်ထမ်းသမား=မြက်သည်များအား အသိပေးပြီးလျှင် တယောက်တယောက်လျှင် ရှေးနေ့များကထက် မြက်တထုံး တထုံး ပို၍ ယူဆောင်လာစေလေ၏။ ထိုအခါ ပညာရှိတပည့် ငယ်သည် မြင်းတို့ကို မြို့တွင်းသို့ သွင်းလာသောအချိန်၌ မြက်ထုံး ပေါင်းတထောင်ကို မြင်းကုန်သည်မြင်နိုင်လောက်အောင် ရွှေမြို့တော် အတွင်းတံခါး၌ စုပုံထားကာ ထိုင်နေလေ၏။ မြင်းကုန်သည်သည် တမြို့လုံး၌ လှည့်လည်ရှာပါသော်လည်း မြင်းစာကို မရရှိသောကြောင့် ထို ပညာရှိတပည့်ငယ်အား အသပြာကျပ် တထောင်ပေး၍ ထိုမြက်ထုံးတထောင်ကို ယူဆောင်သွားလေ၏။

ထို့နောက် နှစ်ရက်သုံးရက် လွန်သောအခါ၌ ထို ပညာရှိ တပည့်ငယ်အား ရေလမ်းကိစ္စဆိုင်ရာ အကြီးအကဲမိတ်ဆွေသည် “ပင်လယ်ကူးဆိပ်ကမ်းသို့ ကုန်သဘောကြီးတစင်း ဆိုက်ရောက် လာပြီ”ဟူသော သတင်းစကားကို ပြောကြားစေလေ၏။ ပညာရှိ တပည့်ငယ်သည် “ဥစ္စာရကြောင်း ဤနည်းလမ်း ဥပါယ်ကောင်းသည် ဖြစ်ပေါ်လာပြန်ပြီ” ဟု ကြံစည်ဆင်ခြင်ကာ အလုံးစုံ အဆောင်အယောင်နှင့် ပြည့်စုံသော ရထားတစီးကို ခေတ္တခဏ အသပြာငွေရှစ်ကျပ်ဖြင့် ငှါးယူ၍ ပင်လယ်ကူးဆိပ်ကမ်းသို့ သွား

(နှာ-၂၄၁)

ရောက်ပြီးလျှင် လက်စွပ်တကွင်း သင်္ဘောကုန်သည်မှူးအား စရံ အဖြစ် ပေးအပ်၍ ဆိပ်ကမ်းနှင့် မနီးမဝေးအရပ်ဝယ် ပွဲရုံပမာ တင်းထိမ်ကန့်လန့်ကာကို သပ်ယပ်စွာကာရံစေပြီးနောက် ထိုပွဲရုံ အတွင်း၌ ထိုင်နေကာ မိမိ၏ အစေအပါး (ငှါးထားသော) လူများကို “အပြင်ကုန်သည်များ အကယ်၍ လာရောက်ကြလျှင် သုံးခုမြောက်ဆင့်ကြား သတင်းစကားဖြင့် (ပြောဆိုရာဌာန သုံး ဆင့်ထား၍-ဟု ဆိုလိုသည်) ငါ့အား ပြောကြားကြကုန်လော့”ဟု အမိန့်ပေး မှာထားလေ၏။

“ကုန်သင်္ဘောကြီး ဆိုက်ရောက်နေပြီ” ဟူသော သတင်း စကားကို ကြားသိရ၍ ဗာရာဏသီပြည်မှ တရာမျှသောကုန်သည် ကြီးတို့သည် “ကုန်ဘဏ္ဍာဥစ္စာကို ငါတို့ဝယ်ယူကုန်အံ့”ဟု ဆိပ်ကမ်းသို့ လာရောက်ကြလေကုန်၏။ ဆိပ်ကမ်းမှာရှိနှင့်ကြသည့် ပညာရှိတပည့်ငယ်၏ လူများက “ကုန်ဘဏ္ဍာဥစ္စာကို အသင်တို့ ရကြတော့မည် မဟုတ်ကုန်၊ ဤမည်သော နေရာ၌ နေထိုင်သည့် ကုန်သည်ကြီးက အားလုံးကုန်များအတွက် စရံပေးထားအပ်လေပြီ”ဟု ဆီးကြိုပြောဆိုကြလေကုန်၏။ ထိုဗာရာဏသီကုန်သည်ကြီး တရာမျှတို့သည် ထိုသူတို့ပြောစကားကို ကြားရလေလျှင် ပညာရှိ တပည့်ငယ် (= ကုန်သည်ကြီးဆိုသူ)အထံသို့ လာရောက်ကြလေကုန်၏။

ပညာရှိငယ်၏ တပည့်များက ရှေးမှာထားရင်းအတိုင်း ခမ်းနားသည်ထက် ခမ်းနားအောင် သုံးခုမြောက်ဆင့်ကြား သတင်း စကားဖြင့် ကုန်သည်ကြီးများ လာရောက်ကြကြောင်းကို တရိုတသေ ပြောကြားကြလေကုန်၏။ ကုန်သည်ကြီး တရာတို့သည်လည်း ပညာရှိငယ်အား တယောက်တယောက်လျှင် တထောင်စီ တထောင်စီ လက်ဆောင် (အပျောက်) ပေး၍ ထို သင်္ဘောပါ ကုန်များအတွက် အစုရှင်များ ဖြစ်ကြပြီးသော် တဖန်ထပ်လှောက်၍ တယောက် တယောက်လျှင် တထောင်စီ တထောင်စီပင် ပညာရှိငယ်အား အမြတ်အစွန်းပေးကြ၍ (ထို ပညာရှိငယ်ကို အစုရှင်အဖြစ်မှ ထွက်စေပြီးလျှင်) သင်္ဘောပါ ကုန်ဘဏ္ဍာ ဥစ္စာ

(နှာ-၂၄၂)

တို့ကို မိမိတိုချည်းပိုင်သည့် ကုန်ဘဏ္ဍာဖြစ်အောင် ပြုလုပ်ကြလေကုန်၏။ ထိုပညာရှိတပည့်ငယ်သည် တထိုင်တည်းဖြင့်ပင် အသ နှစ်သိန်းတို့ကို ရယူခဲ့၍ ဗာရာဏသီပြည်တွင်းသို့ လာခဲ့ပြီးလျှင် “ငါကား ကျေးဇူးသိသူ = ကတညူပုဂ္ဂိုလ်ဖြစ်မှ သင့်တော်မည်” ဟု ကြံစည်ဆင်ခြင်ပြီးနောက် အသပြာတသိန်းကို ယူဆောင်ခဲ့၍ စူဠသေဋ္ဌိ ပညာရှိသုခမိန်သူဌေးထံကို သွားရောက်လေ၏။

ထိုအခါ စူဠသေဋ္ဌိ ပညာရှိသုခမိန်သူဌေးသည် ထို ပညာရှိ တပည့်ငယ်ကို “ချစ်သား... သင်သည် အဘယ်သို့ ပြု၍ အသပြာ ဥစ္စာများကို ရအပ်သနည်း”ဟု မေးလေ၏။ ပညာရှိ တပည့်ငယ်သည် “အရှင်သူဌေးမင်းတို့ ကြွက်သေကို ကြည့်ရှုကာ မိန့်မှာအပ်သော နည်းလမ်းဥပါယ်ကောင်း၌ တည်၍ အကျွန်ုပ်သည် လေးလအတွင်းမှာပင် အသပြာနှစ်သိန်းနှင့် နှစ်ဆယ့်လေးကျပ်ကိုရအပ်ပါပြီ”ဟု အကြောင်းမျိုးစုံကို ပြန်ကြား ပြောဆိုလေ၏။ ထိုအခါ စူဠသေဋ္ဌိ ပညာရှိသုခမိန်သူဌေးသည် ထိုပညာရှိငယ်၏ စကားကို ကြားရလေလျှင် “ယခုအခါ၍ ဤသို့ ပညာ့ရှင်သဘောရှိသော လူငယ်တယောက်ကို သူတပါးဥစ္စာ ပြုရန် မသင့် = မိမိဥစ္စာဖြစ်အောင် ပြုသင့်၏”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် အရွယ်သို့ရောက်ပြီးသော မိမိသမီးကို ထိုပညာရှိငယ်အား ပေး၍ အိမ်ထောင်စု၏ အရှင်သခင် အကြီးအကဲအဖြစ်ရောက်အောင် ချီးမြှောက်လေ၏။ ထိုအမျိုးကောင်းသား ပညာရှိသည် စူဠသေဋ္ဌိ ပညာရှိသုခမိန်သူဌေးကြီး ကွယ်လွန်သောအခါ ထို ဗာရာဏသီပြည်၌ သူဌေးကြီးရာထူးကို ရယူ၍ အသက်တမ်း အတိုင်း တည်နေပြီးလျှင် ကံအားလျော်စွာ လားရောက်လေ၏ ။

မြတ်စွာဘုရားသည် ပစ္စုပ္ပန်ဝတ္ထု အတိတ်ဝတ္ထု၊ နှစ်ပါးတို့ကို ဟောကြားပြီးနောက် အနုသန္ဓေစကား ဆက်စပ်ပြီးလျှင် ယခု ဘုရားဖြစ်တော်မူပြီးသောအခါ၌__

“အပ္ပကေနပိ မေဓာဝီ၊ ပါဘတေန ဝိစက္ခဏော။
သမုဋ္ဌာပေတိ အတ္တာနံ၊ အဏုံ အဂ္ဂိံဝ သန္ဓမံ။”

(နှာ-၂၄၃)

ဘိက္ခဝေ= ရဟန်းတော်များ အိုချစ်သားတို့...။ ပုရိသော = ပညာရှိ မင်းယောက်ျားသည်။ အဏုံ= အနည်းငယ်မျှ မပြောပလောက်သာ။ အဂ္ဂိံ = မီးကို။ သန္ဓမံ = သန္ဓမန္တော = လောင်စာထည့်ပေ ခံတွင်းလေဖြင့် မနေမနား ကြိုးစားအားထုတ် အဖန်ဖန်မှုတ်သည် ဖြစ်၍။ မဟန္တံ အဂ္ဂိက္ခန္ဓံ = ကြီးစွာသော မီးပုံကြီးကို။ သမုဋ္ဌာပေတိ ဣဝ = ဖြစ်စေသကဲ့သို။ ဧဝံ =ဤအတူ။ ဝိစက္ခဏော = ရောင်းရေးဝယ်တာ လိမ္မာပါးနပ်။ မေဓာဝီ = ရှေ့ရေး နောက်ရေး ထောက်တွေးမြော်မြင် ပညာ့ရှင်သည်။ အပ္ပကေနပိ = အနည်းငယ်မျှ မပြောပါလောက်သည်လည်းဖြစ်သော။ ပါဘတေန=အရင်းဥစ္စာ ဖြင့်။ မဟာဓနယသံ = ကြီးစွာသော ဥစ္စာစည်းစိမ်ကို။ သမုဋ္ဌာပေတွာ = ဖြစ်စေ၍။ တတ္ထ = ထိုကြီးကျယ်လှစွာ စည်းစိမ်ဥစ္စာ၌။ အတ္တာနံ = မိမိကိုယ်ကို။ သမုဋ္ဌာပေတိ =သိန်း သန်းကြွယ်ဆောက် သူဌေးအဖြစ်ရောက်အောင် ချီးမြောက်တင်ထားနိုင်လေ၏”__

ဟူသော ဤ ဂါထာကို ဟောကြားတော်မူလေ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် တရားသဘင်၌ စည်းဝေးညီမူကြသော ရဟန်းတို့အား ဤအကြောင်းရပ် အဋ္ဌုပ္ပတ်ကို ဟောကြားတော်မူလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူကြခြင်း

နောက်တချိန်၌ မြတ်စွာဘုရားရှင်သည် အရိယာသံဃာတော် အပေါင်း ခြံရံအပ်လျက် ဓမ္မာသနပလ္လင်ဝယ် ထိုင်နေတော်မူကာ များစွာသော ရဟန်းတော် အရှင်မြတ်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်သောအခါ၌ အရှင်စူဠပန္ထက မထေရ်အား__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မနောမယံ ကာယံ အဘိနိမ္မိနန္တာနံ ယဒိဒံ စူဠပန္ထကော (၁)၊

(နှာ-၂၄၄)

စေတောဝိဝဋ္ဋကုသလာနံ ယဒိဒံ စူဠပန္ထကော (၂)= ရဟန်းတို့... အဘိညာဏ်စိတ်ဖြင့် ပြီးသော (= အဘိညာဏ်စိတ်ကြောင့်ဖြစ်သော) ရုပ်ကိုယ်ကို ဖန်ဆင်းနိုင်ကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် စူဠပန္ထကသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၁)။ ရူပါဝစရဈာန်အရာဝယ် လိမ္မာကျွမ်းကျင်ကြသော ဘုရား၏ တပည့်သာဝကရဟန်းတို့တွင် စူဠပန္ထကသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၂)”__

ဟု ချီးကျူးမြွက်ဆိုတော်မူကာ ဧတဒဂ်ဘွဲ့ထူးနှစ်ရပ် နှင်းအပ် ပေးတော်မူလေ၏။

နောင်တော်ဖြစ်သော မဟာပန္ထကမထေရ်အားကား__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သညာဝိဝဋ္ဋကုသလာနံ ယဒိဒံ မဟာပန္ထကော = ရဟန်းတို့ အရူပါဝစရဈာန်အရာဝယ် လိမ္မာကျွမ်းကျင်ကြသော ဘုရား၏ တပည့်သာဝကရဟန်းတို့တွင်မဟာပန္ထကသည်

အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူးမြွက်ဆိုတော်မူကာ သညာဝိဝဋ္ဋ ကုသလအရာဝယ် ဧတဒဂ်ဘွဲ့ထူး နှင်းအပ်တော်မူလေ၏။

(ဤ၌ အခြားတပါးသော ရဟန်းတို့သည် ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် မနောမယရုပ်ကိုယ်ကို ဖန်ဆင်းကြလျှင် သုံးပါး သို့မဟုတ် လေးပါး စသည် အနည်းအကျဉ်းသာ ဖန်ဆင်းကြကုန်၏။ အများကြီး မဖန်ဆင်းကြကုန်၊ ထိုသို့ဖန်ဆင်းရာမှာလည်း ဣဒ္ဓိရှင် = တန်ခိုးရှင်နှင့် ပုံပန်းတူလျက် အလုပ်ကိစ္စတခုတည်း တမျိုးတည်းကိုသာ ပြုလုပ်ကြသော နိမ္မိတရုပ်တို့ကို ဖန်ဆင်းကြကုန်၏။ စူဠပန္ထကမထေရ်သည်ကား အာဝဇ္ဇန်းတချက်တည်း (=ဝီထိ တဝီထိ)တည်းဖြင့်ပင် နိမ္မိတရဟန်း အထောင်ကို ဖန်ဆင်းတော်မူ၏။ ထိုသို့ဖန်ဆင်းရာမှာလည်း နိမ္မိတရုပ်ချင်း တပါးနှင့်တပါး အဆင်းမတူအောင် အလုပ်ကိစ္စမတူအောင်= တပါးက အဆင်းတမျိုး အခြားတပါးက အဆင်းတမျိုးဖြစ်အောင်, တပါးက အလုပ်တမျိုး အခြားတပါးက အလုပ်တမျိုးပြုလုပ်နေပုံ

(နှာ-၂၄၅)

ဖြစ်အောင် ဖန်ဆင်းတော်မူသည်။ ထို့ကြောင့် မနောမယရုပ်ကိုယ်ကို ဖန်ဆင်းရာ၌ ဧတဒဂ်ရာထူး ရတော်မူသည်။ စေတောဝိဝဋ္ဋကုသလ နှင့် သညာဝိဝဋ္ဋကုသလအရတို့ကို အဋ္ဌကထာ၌ အနည်းနည်းဖွင့်ပြ သော်လည်း စာဖတ်သူတို့ ဉာဏ်မရှုပ်ထွေးစေရန် ဤ၌ မဖော်ပြတော့ပြီ။ ဤပန္ထကမထေရ်ညီနောင် ၂-ပါးတို့နှင့်စပ်သော တရား ဒေသနာများကို အပဒါန် ပါဠိအဋ္ဌကထာ, ထေရဂါထာ ပါဠိအဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာ, ဥဒါန်းပါဠိအဋ္ဌကထာ-စသည်တို့မှ အကျယ်ထုတ်ယူ မှတ်သားကုန်ရာ၏)။

ဤကား ပန္ထကမထေရ်နောင်ညီ ၂-ပါးတို့ အကြောင်းတည်း။

______

(၁၃) အရှင်သုဘူတိ မထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း ဤ အရှင်သုဘူတိမထေရ်အလောင်း သူတော်ကောင်းအမျိုး သားသည် လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်တော်မမူမီ ပုဏ္ဏားသူကြွယ်မျိုး၌ ဖြစ်၍ အမည်အားဖြင့် နန္ဒလုလင်ဟူ၍ တွင်မည်လေသည်။

နန္ဒလုလင်သည် အရွယ်သို့ရောက်လတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြား တတ်မြောက်၍ ထို ဗေဒင်ကျမ်းများ၌ တရားအနှစ် သာရကို မတွေ့ရှိရကား မိမိ၏ အခြံအရံဖြစ်သော လုလင်ပေါင်း (၄၄၀၀၀) လေးသောင်းလေးထောင်တို့နှင့် အတူတကွ နိသဘ မည်သော တောင်ခြေရင်း၌ ရသေ့ရဟန်း ပြု၍ လောကီအဘိညာဏ်ငါးပါး, သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေလေ၏။ မိမိ၏ တပည့် ရသေ့ပေါင်း လေးသောင်းလေးထောင်တို့ကိုလည်း ဈာန်အဘိညာဏ်ရ ပုဂ္ဂိုလ်ချည်းဖြစ်အောင် ပြုလုပ်လေ၏။

ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် လောက၌ ပွင့်ထွန်းတော်မူလာ၍ ဟံသာဝတီမင်းနေပြည်ကို အမှီဂေါစရဂါမ်ပြုလျက် နေတော်မူစဉ် တနေ့သ၌ နံနက်မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလေလျှင် နန္ဒရသေ့၏ တပည့်ဖြစ်ကြသူ ဆံကျစ်

(နှာ-၂၄၆)

ရသေ့ပေါင်း လေးသောင်း လေးထောင်တို့၏ အရဟတ္တဖိုလ် ရကြောင်း ရှေးကောင်းမှုကို၎င်း, နန္ဒရသေ့၏ အဖို့ရာလည်း အင်္ဂါနှစ်ပါးနှင့်ပြည့်စုံသော မဟာသာဝကရာထူးကို တောင့်တ ဆုပန်လိမ့်မည်ကို၎င်း မြင်တော်မူ၍ စောစောပင် ကိုယ်လက် သုတ်သင်မှု ပြုတော်မူ၍ နံနက်အခါ ကိုယ်တော်တိုင် သပိတ်, သင်္ကန်းကို ယူဆောင်တော်မူပြီးလျှင် ရှေး သာရိပုတ္တရာမထေရ် ဝတ္ထု၌ ဆိုအပ်ပြီးသောနည်းအတိုင်း နန္ဒရသေ့၏ သင်္ခမ်းကျောင်းသို့ ကြွတော်မူလေ၏။ ထိုသင်္ခမ်းကျောင်း၌ သစ်သီးကြီးငယ် လှူဒါန်းကြကြောင်း, ပန်းနေရာတော် ခင်းကျင်းလှူဒါန်းကြကြောင်း, နိရောဓသမာပတ် ဝင်စားတော်မူကြောင်းများကို ရှေး သာရိပုတ္တရာမထေရ်ဝတ္ထု၌ ဆိုအပ်ပြီးသောနည်းအတိုင်း သိအပ်၏။

အထူးအားဖြင့်ကား မြတ်စွာဘုရားသည် နိရောဓသမာပတ်မှ ထတော်မူလတ်သော် (၁) ကိလေသာကင်းရှင်း ချမ်းသာစွာ နေခြင်းအင်္ဂါ, (၂) မြတ်သောအလှူကို ခံယူထိုက်ခြင်း အင်္ဂါ= ဤ အင်္ဂါနှစ်ပါးတို့နှင့် ပြည့်စုံသော သာဝကမထေရ်တပါးကို “ချစ်သား... သင်ချစ်သားသည် ရသေ့အပေါင်းအား ပန်းနေရာ အလှူအနုမောဒနာတရား ဟောကြားလော့”ဟု အမိန့်ပေးတော် မူလေ၏။ မထေရ်သည် မိမိ၏ အရာ၌ တည်၍ ပိဋကတ်သုံးပုံကို သုံးသပ်ဆင်ခြင်တော်မူလျက် အနုမောဒနာတရား ဟောကြားတော်မူလေ၏။ ထိုမထေရ်၏ တရားဒေသနာနိဂုံး ဆုံးသောအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် ကိုယ်တော်တိုင်ပင် တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါတပည့်ရသေ့ပေါင်း (၄၄ဝဝဝ) လေးသောင်း လေးထောင်လုံးတို့သည်ပင် အရဟတ္တဖိုလ်သို့ ရောက်ဆိုက်ကြလေကုန်၏။ ဆရာဖြစ်သူ နန္ဒရသေ့ သည်ကား အနုမောဒနာတရား ဟောကြားသော ရဟန်း၏ အာရုံနိမိတ်ကို ယူနေသည့်အတွက် မြတ်စွာဘုရား၏ တရား ဒေသနာတော်ကို အစဉ်လျှောက်သောအားဖြင့် မိမိဉာဏ်ကို မစေလွှတ်နိုင်ပဲ ရှိလေ၏၊ (အနုမောဒနာတရား ဟောကြားသော ရဟန်းကိုသာ အာရုံစော စိတ်ဝင်စားနေသဖြင့် မြတ်စွာဘုရား၏

(နှာ-၂၄၇)

တရားတော်၌ ဉာဏ်မဝင်စားနိုင်ပဲ ရှိလေသည်ဟု ဆိုလို၏)။ မြတ်စွာဘုရားသည် “ဧထ ဘိက္ခဝေ= ရဟန်းတို့...လာကြလော့”ဟု ကျန်သောတပည့်လေးသောင်းလေးထောင်တို့အတွက် ရွှေလက်တော်ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလိုက်လေ၏။ ထိုအခါ အားလုံးပင် ဆံမုတ်ဆိတ်များ ကွယ်ပျောက် ဣဒ္ဓိမယပရိက္ခရာတို့ ကိုယ်ဝယ်ရောက်ကြလျက် အဝါခြောက်ဆယ် = သက်တော်ရှစ်ဆယ် ရှိပြီးသော မထေရ်ကြီးများကဲ့သို့ ဣန္ဒြေကြီးမားသော ရဟန်းတော်ကြီးများ ဖြစ်သွားကြလေ၏။

နန္ဒရသေ့သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဘုရားရှင် မျက်မှောက်တော်၌ ရပ်တည်လျက် “မြတ်စွာဘုရား... ပန်းနေရာတော်အလှူ အနုမောဒနာတရား ဟောကြားသော ရဟန်းသည် အရှင်ဘုရားတို့၏ သာသနာတော်၌ အဘယ်အမည် ရှိပါသနည်း ဘုရား”ဟု မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်က “ထိုရဟန်းကား ငါဘုရား၏ သာသနာဝယ် ကိလေသာ ကင်းရှင်း ချမ်းသာစွာနေခြင်း အင်္ဂါ, မြတ်သော အလှူကို ခံယူထိုက်ခြင်း အင်္ဂါ=ဤအင်္ဂါနှစ်ပါးဖြင့် ဧတဒဂ်ဘွဲ့ထူးရသော ရဟန်းဖြစ်သည်” ဟု မိန့်တော်မူလေလျှင် နန္ဒရသေ့သည် “မြတ်စွာဘုရား၏ခုနစ်ရက်ကြာပြုလုပ်အပ်သော အဓိကာရကောင်းမှုကုသိုလ်ကံကြောင့် အကျွန်ုပ်သည် အခြား လူနတ်စည်းစိမ်များကို မတောင့်တပါ။ စင်စစ်သော်ကား နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာတော်၌ ဤ အနုမောဒနာတရား ဟောကြားသော မထေရ်ကဲ့သို့ အင်္ဂါနှစ်ပါးတို့နှင့် ပြည့်စုံသော ဧတဒဂ်ဘွဲ့ထူးရ ပုဂ္ဂိုလ် ဖြစ်ပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားရှင်သည် ထိုနန္ဒရသေ့ ဆုတောင်းပန်ထွာမှု၏ အန္တရာယ် မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ဗျာဒိတ်စကား ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ နန္ဒရသေ့သည်လည်း အခါမပြတ် မြတ်စွာဘုရားရှင်၏ အထံတော်၌ တရားတော်ကို နာယူ၍ မလျှောကျသော ဈာန်ရှိသူဖြစ်ရကား သေသည်၏ အခြားမဲ့ဝယ် ဗြဟ္မ့ာပြည်၌ ဖြစ်လေ၏။ (ဤကား အရှင်သုဘူတိမထေရ်၏ ရှေး

(နှာ-၂၄၈)

ဆုတောင်း ကောင်းမှုဖြစ်သည်။ ကမ္ဘာတသိန်အတွင်း အကြား ကာလဝယ် ထိုမထေရ်၏ ကုသိုလ်ကောင်းမှုကို မဟာအဋ္ဌကထာ၌ မပြဆိုခဲ့)။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုအရှင်သုဘူတိ မထေရ်အလောင်း အမျိုးကောင်းသားသည် ကမ္ဘာတသိန်းလွန်မြောက်၍ ဤသာသနာခေတ်သို့ ရောက်လတ်သော် သာဝတ္ထိပြည်ဝယ် သုမနသူဌေးကြီး၏သား (အနာထပိဏ် ၏ညီ) ဖြစ်၍ အမည်အားဖြင့် သုဘူတိဟူ၍ တွင်မည်လေသည်။ နောက်အဖို့ဝယ် အကျွန်ုပ်တို့မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာ၍ ရာဇဂြိုဟ်ပြည်ကို အမှီဂေါစရဂါမ်ပြု၍ နေထိုင်တော်မူသောအခါ အနာထပိဏ်သူဌေးသည် သာဝတ္ထိပြည်၌ ဖြစ်ပေါ်သော ရောင်းဖွယ်ရာ ဘဏ္ဍာကို ယူဆောင်ခဲ့၍ မိမိ၏ သူငယ်ချင်း (သမီးယောက်ဖတော်စပ်သူ) ရာဇဂြိုဟ်သူဌေးအိမ်သို့ ရောက်လေသော် မြတ်စွာဘုရား ပွင့်ထွန်းတော်မူခြင်းကို ကြားသိရ၍ သီတဝနတောအုပ်၌ နေထိုင်တော်မူသော မြတ်စွာဘုရားရှင်ကို ဆည်းကပ်၍ ပဌမအကြိမ် ဖူးမြော်လိုက်ရလျှင်ပင် သောတာပတ္တိဖိုလ်၌ တည်ပြီးလျှင် (= သောတာပန် အရိယာ ဖြစ်ပြီးလျှင်) မြတ်စွာဘုရားကို သာဝတ္ထိပြည်သို့ ကြွရောက်တော်မူပါရန် တောင်းပန် လျှောက်ထားခဲ့၍ သာဝတ္ထိနှင့် ရာဇဂြိုဟ်အကြား လေးဆယ့်ငါး ယူဇနာ ဝေးကွာသောခရီးဝယ် တယူဇနာ တယူဇနာလျှင် တသိန်း တသိန်း အကုန်အကျခံ စွန့်လှူခြင်းဖြင့် စံကျောင်း (= တည်းကျောင်း)တော်များ တည်ထားစေပြီးလျှင် သာဝတ္ထိ ပြည်၌ မင်း၏ပယ်အားဖြင့် ရှစ်မင်းပယ် ကျယ်ဝန်းသည့် ဇေတ မင်းသား၏ ဥယျာဉ်မြေကို အသပြာရွှေဒင်္ဂါး ဒေါ်လာချင်း အစွန်းချင်းထိအောင် ခင်းခြင်းဖြင့် ဝယ်ယူပြီးနောက် ထိုနေရာ၌ မြတ်စွာဘုရားရှင်အတွက် ဇေတဝန်ကျောင်းတိုက်ကြီး တည်ဆောက်၍ လှူဒါန်းလေသည်၊ (ဤအကြောင်းအရာအကျယ်ကို အောက်မဟာဗုဒ္ဓဝင် တတိယတွဲ၊ အခဏ်း ၂၀၊ စာမျက်နှာ

(နှာ-၂၄၉)

၁၈ဝ၊ အနာထပိဏ်သူဌေးအကြောင်းမှစ၍ စာမျက်နှာ ၂၂၂တိုင်အောင် ကြည့်ရှုမှတ်ယူရာ၏)။

ဇေတဝန်ကျောင်းတိုက်တော်ကြီးကို ရေစက်ချ လှူဒါန်းသော ကျောင်းလွှတ်ပူဇော်ပွဲတော်နေ့၌ ဤသုဘူတိသူကြွယ် (=သူဌေးသား)သည် နောင်တော် အနာထပိဏ်သူဌေးနှင့် အတူတကွ သွားရောက်၍ တရားကို နာယူလေသော် သဒ္ဓါတရား ကြီးစွာ ဖြစ်ပွါးကာ သာသနာဝန်ထမ်း ရှင်, ရဟန်း ပြုလေ၏။ သုတိမထေရ်သည် ရဟန်းပြုပြီးသော် ဒွေမာတိကာတို့ကို ကောင်းစွာ လေ့လာတတ်မြောက်တော်မူပြီးနောက် ကမ္မဋ္ဌာန်းတရားကို ဟောကြားစေကာ(= နာယူကာ)တောကျောင်းနေ၍ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေသော် မေတ္တာဈာန်ကို အခြေပါဒကပြု၍ ဝိပဿနာတရား ပွါးများတော်မူသဖြင့် အရဟတ္တဖိုလ်ပေါက် ရောက်တော်မူလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူးနှစ်ဆင့် ရတော်မူခြင်း

အရှင်သုဘူတိ မထေရ်မြတ်သည် တရားဟောတော်မူလျှင် (ပုဂ္ဂလဓိဋ္ဌာနနည်းဖြင့် ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ညွှန်း ထုတ်ဖော်ဟောပြခြင်း အလျှင်းပင်မပြုပဲ) ဓမ္မာဓိဋ္ဌာနနည်းအားဖြင့် မြတ်စွာဘုရား ဟောကြားအပ်သော နည်းအတိုင်း တရား သက်သက်ကိုသာ ဟောတော်မူလေသည်။ (ဤကား “အရဏဝိဟာရီ = ကိလေသာကင်းကွာ ချမ်းသာစွာ နေလေ့ရှိသော အရာဝယ်” ဧတဒဂ်ရကြောင်းတည်း)။

မထေရ်မြတ်သည် ဆွမ်းခံကြွတော်မူလျှင် အိမ်တိုင်းအိမ်တိုင်း၌ “ဤနည်းပြုလတ်သော် အလှူဒါယကာတို့အဖို့ အထူးသဖြင့် အကျိုးကြီးမြတ်မှု ဖြစ်ပေလိမ့်မည်” ဟု ဆင်ခြင်တော်မူကာ မေတ္တာဈာန်ကိုဝင်စား၍ ထိုမေတ္တာဈာန်မှ ထပြီးသော် ဆွမ်းကို အလှူခံတော်မူလေ့ရှိ၏။ (ဤကား မထေရ်မြတ်၏ “ဒက္ခိဏေယျ=မြတ်သောအလှူကို ခံထိုက်သောအရာဝယ်” ဧတဒဂ် ရကြောင်းတည်း)။

(နှာ-၂၅၀)

ထို့ကြောင့် မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤအရှင်သုဘူတိမထေရ်မြတ်အား__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ အရဏဝိဟာရီနံ ယဒိဒံ သုဘူတိ (၁)၊ ဒက္ခိဏေယျာနံ ယဒိဒံ သုဘူတိ (၂) = ရဟန်းတို့... ကိလေသာကင်းကွာ ချမ်းသာစွာနေလေ့ရှိကြသော ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် သုဘူတိသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၁)၊ မြတ်သောအလှူကို ခံယူထိုက်ကြသော ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် သုဘူတိသည်အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၂)”__

ဟု ချီးကျူးမြွက်ဆိုတော်မူကာ ဧတဒဂ်ဘွဲ့ထူးနှစ်ရပ် နှင်းအပ်တော်မူလေ၏။

(ဤ၌။ ။ (၁) အရဏဝိဟာရီ ဧတဒဂ်ဝယ် ရာဂ-စသော ကိလေသာတို့ကို (ငိုကြွေးမြည်တမ်းခြင်း ဖြစ်သောကြောင့်) ရဏ ဟူ၍ ခေါ်၏။ ထိုငိုကြွေးမြည်တမ်းခြင်း=ရာဂ စသော ကိလေသာများ ကင်းရှင်း၍ ချမ်းသာစွာနေခြင်းရှိကြသည့် ရဟန္တာအရှင်မြတ်တို့ကို အရဏဝိဟာရီပုဂ္ဂိုလ်များဟု ခေါ်ဆို၏။ အရှင်သုဘူတိမထေရ်မှ တပါး အခြားရဟန္တမထေရ်မြတ်များသည်လည်း ကိလေသာကင်းကွာ ချမ်းသာစွာ နေခြင်းရှိကြသည်ချည်း ဖြစ်ကုန်၏။ သို့သော်လည်း အခြားသော ရဟန္တာအရှင်မြတ်တို့မှာ တရားဟောတော်မူကြလျှင် ပုဂ္ဂလာဓိဋ္ဌာန ဓမ္မဒေသနာနည်းဖြင့်လည်း သက်ဆိုင်ရာပုဂ္ဂိုလ်ကို ရည်ညွှန်းထုတ်ဖော်၍ ဂုဏ်ကျေးဇူးကိုဖြစ်စေ, အပြစ်ကိုဖြစ်စေ ဟောတော်မူကြကုန်၏၊ အရှင်သုဘူတိမထေရ်မြတ်သည်ကား ရှေး ဆိုအပ် ပြီးသောနည်းအတိုင်း ဓမ္မဓိဋ္ဌာနနည်းအားဖြင့်သာ မြတ်စွာဘုရား ဟောကြားတော်မူအပ်သည့် တရားသက်သက်ကိုသာ ဓမ္မာဓိဋ္ဌာန်ကျကျ ဟောတော်မူလေသည်၊ ထို့ကြောင့် “အရဏဝိဟာရီ=ကိလေသာ ကင်းကွာ ချမ်းသာစွာနေကြသော သာဝကရဟန်းတို့တွင်”အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ဘွဲ့ထူး ရတော်မူလေသည်။

(နှာ-၂၅၁)

ဤတွင် ဥပရိပဏ္ဏာသပါဠိတော် အရဏဝိဘင်္ဂသုတ်လာ—(၁) အယုတ်နှစ်ပါး မလိုက်စားပဲ မဇ္ဈိမပဋိပဒါလမ်းသို့ လိုက်ပါခြင်း၊ (၂) ပုဂ္ဂလာဓိဋ္ဌာနနည်းဖြင့် ပုဂ္ဂိုလ်ကိုဦးတည်၍ စကားပြော တရားဟောလျှင် “ချီးမွမ်းအပ်သည့် ပုဂ္ဂိုလ်ဖြစ်သည်”ဟု ပြောဟောက “မြှောက် စားခြင်း” မည်၍ “ကဲ့ရဲ့အပ်သည့်ပုဂ္ဂိုလ်ဖြစ်သည်”ဟု ပြောဟောက “သူ့ကိုနှိမ်ခြင်း မည်လေသည်၊ ထိုသို့ မြှောက်စာခြင်း, နှိမ်ခြင်းကို အလျှင်းမပြုပဲ ဓမ္မာဓိဋ္ဌာနနည်းအားဖြင့် တရားသဘောကိုသာ ညွှန်ပြ၍ “ချီးမွမ်းအပ်သော တရားဖြစ်သည်, ကဲ့ရဲ့အပ်သော တရားဖြစ်သည်” ဟုသာ ဟောပြောခြင်း၊ (၃) သူတော်တရား သမထဝိပဿနာ ဘာဝနာတရား အားထုတ်၍ရရှိသော အဇ္ဈတ္တသုခ, အပြင်အပ ဗဟိဒ္ဓ အာရုံငါးပါးကို အကြောင်းပြု၍ရရှိသော ဗဟိဒ္ဓသုခဟု=သုခနှစ်ပါးကို ခွဲခြားသိမြင်ပြီးလျှင် အဇ္ဈတ္တသုခကိုသာ ပွါးများခြင်း၊ (၄) ပုဂ္ဂိုလ် တဦးဦး၏ အကြောင်းကို မျက်မှောက် မျက်ကွယ်=နှစ်နေရာလုံးမှာပင် မှန်ကန်၍ အကျိုးရှိမှ ပြောဆိုခြင်း၊ (၅) စကားပြော တရားဟောသောအခါ မလျှင်မဆော ချောပြေစွာ ပြောဟောခြင်း၊ (၆) အရပ် တပါးသို့ ရောက်သွားသော် ထိုအရပ်၌ သုံးစွဲသည့် ဝေါဟာရစကား များနှင့်စပ်၍ (မိမိ၏အရပ်သုံး ဝေါဟာရနှင့် မတူကွဲပြားသော်လည်း) ငြင်းခုံလွန်ဆန်မှု မပြုခြင်း__

က။ အယုတ်နှစ်ပါး၊ မလိုက်စား၊ လမ်းသွား မဇ္ဈိမ။
ခ။ မမြှောက်မစား၊ မနှိမ်ငြား၊ တရားဟောဖော်ပြ။
ဂ။ သုခနှစ်ပါး၊ ဉာဏ်ပိုင်းခြား၊ ပွါးများ အဇ္ဈတ္တ။
ဃ။ မျက်မှောက်, မျက်ကွယ်၊ ဤနှစ်သွယ်၊ ဆိုဘွယ်သိတတ်လှ။
င။ မလျင်မဆော၊ စကားပြော၊ ပြေချောမွေ့သိမ်စွာ့။
စ။ အရပ်စကား၊ မလွန်းငြား၊ ခြောက်ပါး အရဏ။

ဟူသော လင်္ကာဆောင်ပုဒ်အတိုင်း “အရဏဝိဟာရတရား=ကိလေသာ ကင်းကွာ ချမ်းသာစွာနေနိုင်ကြောင်း တရားခြောက်ပါးကို” မှတ်ယူ ရာ၏။

(၂)မှတ် ဒက္ခိဏေယျဧတဒဂ်ဝယ် အခြားတပါးသော ရဟန္တာ အရှင်မြတ်တို့သည်လည်း မြတ်သောအလှူကို ခံယူထိုက်သည်ချည်းပင် ဖြစ်ကုန်၏၊ ဤအရှင်သုဘူတိမထေရ်မြတ်သည်ကား ဆွမ်းခံကြွလျှင် အိမ်တိုင်းအိမ်တိုင်း၌ “ဤနည်းပြုလတ်သော် အလှူဒါယကာတို့အဖို့

(နှာ-၂၅၂)

အထူးသဖြင့် အကျိုးကြီးမြတ်မှု ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင်တော်မူကာ မေတ္တာဈာန်ကို ဝင်စား၍ ထိုမေတ္တာဈာန်မှ ထပြီးသော် ဆွမ်းကို အလှူခံတော်မူလေ့ရှိ၏။ ထို့ကြောင့် “ဒက္ခိဏေယျ=မြတ်သောအလှူကို ခံယူထိုက်ကြသော သာဝကရဟန်းတို့တွင်” အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူး ရတော်မူလေသည်။

ဤတွင် “ဓမ္မသေနာပတိ သာရိပုတ္တရာမထေရ်မြတ်သည် ဝတ္ထုကို သုတ်သင်တော်မူ၏။ (ဝတ္ထုကိုသုတ်သင်၏-ဟူသည်မှာ နိရောဓသမာပတ်ကို ဝင်စားခြင်းဖြင့် အကျိုးကြီးမြတ်အောင်ပြုခြင်းကြောင့် ဒက္ခိဏေယျ ဝတ္ထု ဖြစ်သော မိမိကို သုတ်သင်၏-ဟု ဆိုလိုသည်)။ သုဘူတိမထေရ်သည် အလှူကို သုတ်သင်စင်ကြယ်စေ၏၊ (အလှူကို သုတ်သင်စင်ကြယ်စေ၏-ဟူသည်မှာ မေတ္တာဘာဝနာဖြင့် မိမိအား ဒါယကာတို့သည် နူးညံ့သောစိတ်ရှိမှု, များစွာမြတ်နိုးမှုကို ရှေ့သွားပြု၍ ပေးလှူကြ ရကား ဒကာကြောင့်လည်း အလှူ၏စင်ကြယ်ဖွံ့ဖြိုး အကျိုးကြီးမြတ်မှုကို ဖြစ်စေသည်ဟု ဆိုလိုသည်)။ ချဲ့ဦးအံ့-အရှင်သာရိပုတ္တရာမထေရ်သည် ဆွမ်းခံကြွလျှင် အိမ်တံခါးဝ၌ ရပ်တော်မူလျက် ဆွမ်းကိုယူဆောင် လာသည်တိုင်အောင် အချိန်ကိုပိုင်း၍ နိရောဓသမာပတ်ကို “ဝင်စားတော်မူ၏၊ ဆွမ်းလှူမည့်သူ အနီးသို့ရောက်သောအခါမှ နိရောဓသမာပတ်မှထ၍ လှူဖွယ်ဝတ္ထုကို အလှူခံတော်မူ၏။ အရှင်သုဘူတိမထေရ် သည်ကား ထို့အတူပင် မေတ္တာဈာန်ကို ၀င်စားတော်မူ၍ ဆွမ်းလှူမည့်သူ အနီးသို့ရောက်သောအခါမှ မေတ္တာဈာန်မှထ၍ လှူဖွယ်ဝတ္ထုကို အလှူခံတော်မူ၏”ဟူသော ဥပရိပဏ္ဏာသအဋ္ဌကထာ စာမျက်နှာ ၁၉၃ အရဏဝိဘင်္ဂသုတ်အဖွင့်လာ စကားရပ်ကိုလည်း အထူးမှတ်ယူရာ၏)။

ဤ အရှင်သုဘူတိမထေရ်နှင့် စပ်သော တရားဒေသနာတို့ကို အပဒါန်ပါဠိ အဋ္ဌကထာ-စသည်တို့မှ မှတ်ယူကုန်ရာ၏။

ဤကား အရှင်သုဘူဘိမထေရ် အကြောင်းတည်း။

______

(၁၄) အရှင်ခဒိရဝနိယရေဝတ မထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

(ဤမထေရ်၏ အမည်ရင်းကား ရေဝတမထေရ် ဖြစ်သည်။ အရှင်သာရိပုတ္တရာမထေရ်၏ ညီထွေးဖြစ်သည်။ မြေမညီညွတ် ခရွတ်ခရော် ကျောက်စရစ်ပေါသည့် အရပ်ဝယ် တောကျောင်းနေတော်

(နှာ-၂၅၃)

မူသောကြောင့် “ခဒိရဝနိယ ရေဝတမထေရ် = ရှားတောကျောင်းနေ အရှင်ရေဝတမထေရ်” ဟု အမည်တွင်လေသည်။ မထေရ်မြတ်၏ အကြောင်းအရာကို ရေးသားရာ၌ စကားကျဉ်းစိမ့်သောငှါ အရှင်ရေဝတမထေရ်ဟူ၍သာ သုံးနှုန်းရေးသားပါမည်)။ ။ ဤ အရှင်ရေ၀တမထေရ်အလောင်း သူတော်ကောင်းသည် လွန်ခဲ့သော ကမ္ဘာတသိန်းထက်ဝယ် ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာကာလ၌ ဟံသာဝတီမြို့သားဖြစ်၍ ယခုအခါ ဂင်္ဂါမြစ်ကြီး၏ ပယောဂဆိပ်ကမ်း တည်ရာအရပ်၌ လှေကူးတို့ပို့လျက် နေထိုင်လေသည်။ ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် အခြံအရံ ရဟန်းတော်ပေါင်း တသိန်းတို့နှင့် အတူတကွ ဒေသစာရီ ကြွချီတော်မူလေသော် ပယောဂဆိပ်ကမ်းတည်ရာအရပ်သို့ (ထိုမှာဖက်ကမ်းသို့ ကူးသန်းရန်)ရောက်တော်မူလာလေ၏။

အရှင်ရေဝတအလောင်း အမျိုးကောင်းသားသည် မြတ်စွာဘုရားကို ဖူးမြော်ရလေလျှင် “ငါ့အဖို့ရာ အခါမပြတ် ဘုရားရှင်ကို ဖူးမြင်ရခြင်းမည်သည် မဖြစ်နိုင်၊ ဤ ယခု ဘုရားရှင် ကြွတော်မူလာသောအခါသည်ကား ငါ့အဖို့ရာ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် အခွင့်ကောင်းကြီးပေတည်း”ဟု ကြံစည် စဉ်းစား၍ လှေပေါင်းချုပ်(လှေတွဲကြီး)ကို ဖွဲ့ပြီးလျှင် ထိုလှေတွဲ အထက်၌ ဗိတာန်မျက်နှာကြက်အဖြူကို ကြက်၍ နံ့သာ,ပန်းဆိုင်းများကို အပြိုင်းပြိုင်းတွဲလျားဆွဲချ ပူဇော်လျက် အောက်အပြင်ဝယ် အလွန်ကောင်းမြတ်သော ပိုက်ဆန်လှော်ချည်ဖြင့် ရက်လုပ်အပ်သည့် ဆန်းကြယ်သော အခင်းများကို ခင်းစေပြီးလျှင် အခြံအရံ ရဟန်းတသိန်းနှင့်တကွသော မြတ်စွာဘုရားကို တဖက်ကမ်းသို့ ပို့ဆောင်လေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် တောကျောင်းနေ ရဟန်းတပါးကို အာရညက = တောကျောင်းနေသောအရာဝယ် ဧတဒဂ်ထားတော်မူလေ၏။ ထိုလှေသူကြီး အမျိုးကောင်းသားသည် ထိုအကြောင်းအရာကို တွေ့မြင်ရ၍ “ငါသည်လည်း ဤ

(နှာ-၂၅၄)

ရဟန်းတော်ကဲ့သို့ပင် နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ သာသနာတော်၌ တောကျောင်းနေသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်မှ သင့်တော့မည်”ဟု ကြံစည်၍ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ခုနှစ်ရက်ကြာ မဟာဒါနကြီး ပေးလှူပြီးနောက် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းလျက် “မြတ်စွာဘုရား...အရှင်ဘုရားတို့ ဧတဒဂ် ရာထူး၌ ချီးကျူးမြှောက်စား ထားတော်မူအပ်သော ထိုရဟန်းတော်အရှင်မြတ်ကို တပည့်တော်သည်လည်း နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာတော်၌ တောကျောင်းနေ ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားသည် အန္တရာယ်မရှိ ဆုတောင်းပြည့်မည်ကို သိမြင်တော်မူလတ်၍ “နောင်သောအခါ ဂေါတမမြတ်စွာ သာသနာ၌ သင်သည် တောကျောင်းနေရဟန်တို့တွင် အသာဆုံး အမြတ်ဆုံး=ဧတဒဂ် ဘွဲ့ရပုဂ္ဂိုလ် ဖြစ်လိမ့်မည်ဟု ဗျာဒိတ်စကား ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ (ဤမှနောက် အကြားကာလဝယ် မထေရ်၏ အခြားတပါးသော ကောင်းမှုကုသိုလ် အကြောင်းအရာကို မဟာအဋ္ဌကထာ၌ မပြဆိုအပ်တော့ချေ)။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုလှေသူကြီး အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကောင်းမှုများကို ပြု၍ (အပါယ်လေးပါး မလားမရောက်ရပဲ) နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စား၍လာခဲ့ရာ ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာကာလဝယ် မဂဓတိုင်း နယ်မြေအဝင်အပါ နာလက-မည်သော ပုဏ္ဏားရွာ၌ မယ်တော် ရူပသာရီပုဏ္ဏေးမ၏ ဝမ်းကြာတိုက်ဝယ် ပဋိသန္ဓေ တည်နေဖြစ်ပွါး၍ ဥပတိဿ, စုန္ဒ, ဥပသေနဟူသော = နောင်တော်သုံးဦး၊ စာလာ, ဥပစာလာ, သီသူပစာလာ ဟူသော အမတော် သုံးယောက်တို့၏ ညီအထွေး မောင်အထွေးဖြစ်ကာ အမည်အားဖြင့် ရေဝတ-ဟု အမည်တွင်လေသည်။

(နှာ-၂၅၅)

ထို့နောက် ရေဝတ၏ မိဖတို့သည် “ကြီးလာ ကြီးလာတိုင်းသော ကလေးများကို မြတ်စွာဘုရား၏သား ရဟန်းများသည် ခေါ်ဆောင်သွားကြကာ ရှင်ပြုပေးကြကုန်၏။ ငါတို့သား ရေ၀တကို အသက်အရွယ်ငယ်စဉ်ပင် (ရဟန်းများ ရှင်သာမဏေပြုမပေး ကြမီ) အိမ်ရာအနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ကြကုန်စို့” ဟု သဘောတူ တိုင်ပင်ကြကုန်၏။

(ဤ၌။ ။ အရှင်သာရိပုတ္တသည် မိမိရဟန်းပြုပြီးလျှင် စာလာ, ဥပစာလာ, သီသူပစာလာဟူသော နှမသုံးယောက်နှင့် စုန္ဒ, ဥပသေန ညီနှစ်ဦးတို့ကို ရှင်, ရဟန်းပြုပေးလေသည်။ ရေဝတသူငယ်တယောက် သာလျှင် အိမ်မှာ ကျန်ရစ်လေသည်။ ထို့ကြောင့် မိဖနှစ်ပါးတို့ ဤသို့ တိုင်ပင်ကြလေသည်)

ထိုသို့ သဘောတူတိုင်ပင်ကြပြီးနောက် မိဖနှစ်ပါးတို့သည် အမျိုးဇာတ်အနွယ်စည်းစိမ်ဂုဏ်ရည်တူသော အိမ်ထောင်စုတခုမှ သတို့သမီးငယ်ကို ဆောင်ယူခဲ့ကြ၍ ရေဝတ၏ အဖွားအိုကို ရှိခိုးစေကြပြီးလျှင် “အမိ= ချစ်သမီး... သင်ချစ်သမီးသည် သင်၏ ယခုအဖွားထက် အသက်အရွယ် ကြီးရင့်စွာ နေရသူ ဖြစ်ပါစေ သတည်း”ဟု မင်္ဂလာဆုတောင်းစကား မြွက်ကြားပြောဆိုကြကုန်၏။

(ဤဆုတောင်းစကား မိဖတို့ပြောကြားကြသည်မှာ သတို့သမီးငယ်၏ အသက်ရှည်ခြင်းကို လိုလားတောင့်တကြ၍ ပြောကြားကြလေသည်။ ထိုအဖွားအိုမှာ ထိုအချိန်၌ အသက်နှစ်ပေါင်း တရာ့နှစ်ဆယ် ရှိပြီးဖြစ်၍ ဆံဖြူ, သွားကြွေ, အရေများတွန့်လိပ်ကာ တကိုယ်လုံးမှည့် မည်း (မှဲ့မဲ)တွေစွဲကပ်လျက် အိမ်အို၏ ဒိုင်းများကဲ့သို့ အလွန့်အလွန်ပင် ခါးကိုင်း၍နေလေပြီ)။

ရေဝတ သံဝေဂရခြင်း

ရေဝတသည် မိဖတို့၏ ထိုမင်္ဂလာဆုတောင်းစကားကို ကြားရလေလျှင် “ဤသူငယ်မကား အသက်ငယ်သူ ပဌမအရွယ်၌တည် ရှိသူသာ ဖြစ်၏၊ ဤသူငယ်မ၏ ဤမျှနုနယ် တင့်တယ်သောရုပ်

(နှာ-၂၅၆)

အဆင်းသည် ငါ့အဖွား၏ ရုပ်အဆင်းနှင့် အလားတူ ရွတ်တွယိုယွင်း အိုမင်းရသည် ဖြစ်လိမ့်မည်တဲ့၊ ထိုမိဖတို့၏ အလိုဆန္ဒကို သိရအောင် မေးဦးမည်”ဟု ကြံစည်ပြီးနောက် “အိုမိခင်ဖခင်တို့... မိဖတို့သည် အဘယ်ကို ရည်ရွယ်၍ ဤသို့ ပြောဆိုကြသနည်း”ဟု မေးလေ၏။ မိဖတို့က “ချစ်သား... သင့်၏ ကြင်ယာ ဤသူငယ်မသည် သင့်အဖွားကဲ့သို့ အိုမင်းခြင်း ရောက်ပါစေ သတည်း ဟု မင်္ဂလာဆုတောင်းစကား ငါတို့မြွက်ကြားကြပါသည်” ဟု ပြန်ကြားဖြေဆိုကြလေလျှင် ရေဝတသည် “အိုမိခင် ဖခင်တို့...ဤသူငယ်မ၏ နုနယ်လှသောရုပ်အဆင်းသည် အဖွား၏ ရုပ်အဆင်းကဲ့သို့ အိုမင်းသည် ဖြစ်လိမ့်ဦးမည်လော”ဟု အမှန် တကယ်ပင် နားမလည်၍ မေးမြန်းလေ၏။ ထိုအခါ မိဖတို့သည် “ချစ်သား...အဘယ်ကို ပြောဆိုနေသနည်း (= ဘာစကားတွေပြောနေဒါလဲ)၊ ဘုန်းကံကြီးမားသောသူများမှသာ မောင့်အဖွားပမာ ဤသို့ အိုအောင် မင်းအောင် နေကြရကုန်သည်”ဟု နားချ ၊ ပြောဆိုကြလေကုန်၏။

ရေဝတသည် “ဤသူငယ်မ၏ ဤမျှ လှပတင့်တယ် နုနယ်သော ရုပ်အဆင်းသည်နှင့် အဖွား၏ နည်းအတိုင်း ဆံဖြူ, သွားကြွေ, အရေတွန့်လိပ်သည် ဖြစ်လိမ့်မည်တဲ့၊ ငါသည် ဤသို့ ရွတ်တွ ယိုယွင်း အိုမင်းရခြင်းသဘောရှိသည့် ရုပ်အဆင်း၌ တပ်မက်၍ အဘယ်မူစအံ့နည်း = အကျိုးမရှိသည်သာ၊ ငါ၏ နောင်တော်များ သွားတော်မူကြရာ လမ်းသို့ပင် လိုက်ပါမည်”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် သူငယ်တို့ဘာဝ မြူးထူးပျော်ပါး ကစားလို ဟန်ဆောင်၍ အခြားအရွယ်တူ သူငယ်ဖော်များကို “သူငယ်ချင်း ... လာကြကုန်၊ ပြေးတန်းကစားကြ” ဟု ပြောဆိုလေ၏။ မိဖတို့က “ချစ်သား... မင်္ဂလာဆောင်သောနေ့မှာ အိမ့်ပြင်ပသို့ မသွားပါလင့်”ဟု တားမြစ် ကြသော်လည်း ရေဝတသည် သူငယ်ဖော်တို့နှင့် အတူတကွ ကစားလိုဟန်ဆောင်၍ မိမိပြေးလှည့် (ပြေးရမည့်အလှဲ့) ကျရောက်သောအခါ အနည်းငယ်သာ ပြေးသွား၍ ကိုယ်လက် သုတ်သင်သည့်ဟန်ပြု၍ အချိန်ကို ဖင့်နွှဲစေ၍

(နှာ-၂၅၇)

ပြန်လာ၏။ ဒုတိယအကြိမ် ပြေးလှည့်ရောက်သောအခါ ထိုထက် လျင်မြန်သကဲ့သို့ ပြေးသွားကာ ပြန်လာလေ၏။ တတိယအကြိမ် ပြေးလှည့် ရောက်လတ်သော်ကား “ငါ့အဖို့ရာ ဤ အခါသည် အလွတ်ထွက်ပြေးရန် အခါကောင်းတည်း” ဟု အောက်မေ့သိရှိပြီးလျှင် မျက်နှာမူမိ (ခြေဦးတည့်) ရာ အရပ်အတိုင်း တအားကုန် ပြေးသွား၍ ပံသုကူဓုတင်ဆောင်ရဟန်းတို့ သီတင်းသုံးနေထိုင်ရာ တောကျောင်းသို့ ရောက်လေလျှင် မထေရ်တို့ကို ရှိခိုး၍ ရှင်သာမဏေပြုပေးရန် တောင်းပန်လေ၏။ မထေရ်တို့က “အို သူတော်ကောင်းကလေး...ငါတို့သည် သင့်ကို ‘အဘယ်သူ့သား’ ဟူ၍ မသိကြပါကုန်၊ သင်ကလည်း အဆင် တန်းဆာအပြည့်အစုံ ဆင်မြဲတိုင်းဖြင့်သာ လာရောက်သူ ဖြစ်၏။ အဘယ်သူသည် သင့်ကို ရှင်ပြုပေးဝံ့လိမ့်မည်နည်း= မပေးဝံ့သည် သာ” ဟု ငြင်းပယ်စကား မိန့်ကြားတော်မူကြလေလျှင် ရေ၀တသည် လက်ရုံးနှစ်ဖက်ကို မြှောက်ချီ၍ “အကျွန်ုပ်ကို လုယက် နေကြပါသည်။ အကျွန်ုပ်ကိုလုယက်နေကြပါသည်” ဟု မြည်တမ်း ဟစ်အော်လေ၏။

ထိုမှဤမှလည်း ရဟန်းတော်များ စည်းဝေးရောက်ရှိလာကြပြီးလျှင် “အို သူတော်ကောင်းကလေး...ဤနေရာ၌ သင်၏အဝတ် အစားကိုသော်၎င်း, အဆင်တန်ဆာကို၎င်း လုယက်ယူငင် သူ တဦးမျှ မရှိချေ၊ သင်ကလည်း “လုယက်နေကြပါသည်” ဟု ဟစ်အော်မြည်တမ်းပြောဆို၏၊ သင်သည် အဘယ်ကို ရည်ညွှန်း၍ ထိုသို့ပြောဆိုသနည်း”ဟု မေးမြန်းကြလေ၏။ ထိုအခါ ရေ၀တ သူငယ်သည် “အရှင်ဘုရားတို-တပည့်တော်သည် အဝတ်, တန်းဆာ (အလုခံရသည်)ကို ရည်ညွှန်း၍ ပြောသည်မဟုတ်ပါ။ စင်စစ်သော်ကား တပည့်တော်၏အဖို့ရာ (ရှင်, ရဟန်း မပြုရသည့်အတွက်) လူ,နတ် နိဗ္ဗာန်= ချမ်းသာ သုံးပါးကို အလုအယက် ခံနေရပါသည်။ (ဤ၌ လူ, နတ်, နိဗ္ဗာန် =

(နှာ-၂၅၈)

ချမ်းသာသုံးပါး ဟူသောစကားကို အဆင့်ကြားအားဖြင့် ပြောဆိုခြင်း ဖြစ်သည်။) ထိုသို့ လူနတ်နိဗ္ဗာန်=ချမ်းသာ သုံးပါး အလုအယက်ခံနေရသည်ကို ရည်ညွှန်း၍ ပြောဆို ခြင်းဖြစ်ပါသည်။ အရှင်ဘုရားတို့သည် တပည့်တော်ကို ရှင်, ရဟန်းပြုမပေးကြလျှင် ရှိပါစေဦးတော့၊ တပည့်တော်၏ နောင်တော်ကြီးကိုကား အရှင်ဘုရားတို့သည် သိကြပါ၏လော”__

ဟု မေးမြန်းလေ၏။ ရဟန်းတို့က “သင်၏နောင်တော်ကြီးကား အဘယ်အမည်ရှိသနည်း”ဟု မေးမြန်းကြပြန်သော် ရေဝတသူငယ်သည် “တပည့်တော်၏ နောင်တော်ကြီးသည် လူဖြစ်စဉ်အခါက “ဥပတိဿ” အမည်ရှိပါ၏။ ယခု ရဟန်းဖြစ်သောအခါ၌ကား “သာရိပုတ္တရာ အမည်ရှိသူ ဖြစ်နေသည်” ဟု အားလုံးက ပြောကြပါသည်ဘုရား” ဟူ၍ ပြန်လျှောက်ထားလေ၏။

ထိုအခါ ရဟန်းတို့သည် “ငါ့ရှင်တို့ ...ဤသို့ဖြစ်လျှင် (= ဒီလိုဆိုလျှင်) ဤအမျိုးကောင်းသားကလေးကား ငါတို့၏ ညီအထွေး ကလေး ဖြစ်နေပါပကော၊ ငါတို့ကို နောင်တော်ကြီး ဖြစ်တော်မူသော တရားစစ်မှူး သာရိပုတ္တရာမထေရ်မြတ်က အလျင်ရှေးဦး ကပင် “ငါတို့၏ ဆွေမျိုးများကား မိစ္ဆာဒိဋ္ဌိ = အယူမှား ရှိကြသူချည်း ဖြစ်ကုန်၏။ တစုံတယောက်သောသူသည် ငါတို့၏ ဆွေမျိုးဟု ပြောဆိုကာ လာရောက်ခဲ့သော် ထိုသူကို ဟုတ်ဟုတ် ငြားငြား= ဖြစ်နိုင်သည့် နည်းလမ်းဥပါယ်ဖြင့် ရှင်, ရဟန်းပြုပေး လိုက်ကြလော့”ဟု မှာတမ်းပြောဆိုထားပြီး ဖြစ်လေသည်။ ဤ ယခု သူငယ်သည်ကား ငါတို့နောင်ကြီး ဓမ္မသေနာပတိ သာရိပုတ္တရာမထေရ်မြတ်၏ အဇ္ဈတ္တိက= အတွင်းကျသော ညီအရင်း တယောက်ဖြစ်လေသည်။ သို့ရကား ထိုသူငယ်ကို ငါတို့ ရှင်ပြုပေးကြကုန်စို့” ဟု အားလုံးပင် တိုင်ပင်ညီညွတ်ကြကာ တစပဉ္စက ကမ္မဋ္ဌာန်းကို ပြောပြ၍ ရေဝတသူငယ်ကို ရှင်ပြု ပေးကြလေ၏။ - ထို့နောက် အသက်နှစ်ဆယ်ပြည့်လတ်သော် ရဟန်းခံပေးကြ၍ (ကမ္မဋ္ဌာန်းအလုပ်၌ အားထုတ်စေကြလေကုန်၏။

(နှာ-၂၅၉)

အရှင်ရေဝတမထေရ်သည် ကမ္မဋ္ဌာန်းကို ယူပြီးနောက် ဆရာ ဥပဇ္ဈာယ်တို့နှင့် မနီးမဝေးသောအရပ်၌ မြေမညီညွှတ် ခရွတ် ခရော် ကျောက်စရစ် ကျောက်ခဲပေါများလှသည့် ရှားတော အတွင်းသို့ ဝင်ရောက်၍ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေ၏။ ထိုအရှင်ရေဝတ၏အဖို့ရာ “ငါသည် အရဟတ္တဖိုလ်သို့ မရောက်သေးပ်သာဖြင့် မြတ်စွာဘုရားရှင်ကိုသော်၎င်း, နောင်တော်မထေရ်မြတ်ကိုသော်၎င်း မဖူးမြော်သေး”ဟု ဇွဲသန်သန်ဖြင့် ကမ္မဋ္ဌာန်းတရား ပွါးများ အားထုတ်စဉ်ပင် သုံးလ အချိန်ကာလကို လွန်ခဲ့လေကုန်သည်။ သိမ်မွေ့နူးညံ့လှစွာသော (သူဌေးသား) အမျိုးကောင်းသား၏အဖို့ရာ အလွန်ကြမ်းတမ်းသော အစာအာဟာရကို စားသောက် ဘုဉ်းပေးရသည်ဖြစ်၍ စိတ်သည် အရေတွန့်လိပ်သည့်အလား တွန့်လိပ်၍ နေလေသည် (သီဟိုဠ်မူအလို-စိတ်သည် နူးညံ့မွန်မြတ်သည်မဖြစ်နိုင်)၊ ကမ္မဋ္ဌာန်း အလုပ်သည် ကျွတ်လွတ်မှုသို့ ရုတ်တရက် မရောက်နိုင်ပဲရှိလေ၏။ သို့သော် အရှင်ရေဝတမထေရ်သည် စိတ်ကို မလျှော့ပဲ သုံးလ လွန်သောအခါ ပဝါရဏာပြု၍ ဝါကျွတ်ပြီးလတ်သော် အရပ် တပါးသို့ မပြောင်းရွှေ့ပဲ ထိုရှားတောအရပ်၌ပင် ဆက်လက်၍ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်တော်မူလေသည်။ ထိုသို့ ဝီရိယာဓိပတိ ဇွဲရှိရှိဖြင့် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေလေ မထေရ်၏ စိတ်သည် တည်ကြည်လေ တည်ကြည်လေ ဖြစ်၍လာလေ၏။ မထေရ်မြတ်သည် ဆက်၍ ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်လတ်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏။

မြတ်စွာဘုရား ရဟန်းများစွာတို့နှင့်တကွ ကြွလာတော်မူခြင်း

အရှင်သာရိပုတ္တရာမထေရ်သည် ညီငယ်ရေဝတ ရှင်, ရဟန်း ပြုကြောင်း ကြားသိရသော အချိန်ကပင် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား...တပည့်တော်၏ညီငယ် ရေဝတသည် ရှင်, ရဟန်း ပြုပါပြီတဲ့၊ သူသည် ဤသာသနာတော်၌ မွေ့လျော် ပျော်ပိုက် မူလည်း ပျော်ပိုက်လေရာ၏ မပျော်ပိုက်ပဲ ရှိသော်မူလည်း ရှိလေ

(နှာ-၂၆၀)

ရာပါ၏၊ သွားရောက်၍ ထိုရေ၀တညီငယ်ရဟန်းကို ကြည့်ရှု အကဲခပ်ပါရစေ ဘုရား” ဟု လျှောက်ထားလေသည်။ မြတ်စွာဘုရားသည် ထိုအချိန်၌ အရှင်ရေ၀တမှာ ဝိပဿနာအလုပ် အပြင်းအထန် အားထုတ်နေဆဲရှိသည်ကို သိတော်မူ၍ နှစ်ကြိမ် တိုင်တိုင် မသွားရန် တားမြစ်တော်မူပြီးလျှင် တတိယအကြိမ်မြောက် တောင်းပန်လျှောက်ထားအပ်သည်ရှိသော် ထိုအချိန်၌ကား အရှင်ရေဝတ အရဟတ္တဖိုလ်သို့ ရောက်ရှိပြီး ဖြစ်သည်ကို ပိုင်းခြားသိမြင်တော်မူ၍ “ချစ်သားသာရိပုတ္တရာ...ငါဘုရားလည်း သင်ချစ်သားတို့နှင့်အတူ လိုက်ပါပေအံ့၊ ရဟန်းတို့အားပြောကြား လေလော့”ဟု မိန့်တော်မူ၏။

အရှင်သာရိပုတ္တရာမထေရ်သည် ရဟန်းသံဃာကို စည်းဝေးစေ၍ “ငါ့ရှင်တို့... မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော် မူလိုသည်၊ လိုက်လိုသော ရဟန်းတို့သည် လာရောက်ကြကုန်လော့”ဟု ရဟန်းအားလုံးတို့အားပင် ပြောကြားတော်မူလေ၏။ မြတ်စွာဘုရားရှင် ဒေသစာရီလှည့်လည်ရန် ကြွတော်မူသောအခါ ကျောင်းတိုက်၌ ချန်နေရစ်ကြသော ရဟန်းတို့မည်သည် နည်းပါး လှကုန်၏။ “မြတ်စွာဘုရား၏ ရွှေအဆင်းရှိသော ရူပကာယ ကိုယ်တော်ကိုလည်း မပြတ်ဖူးမြှော်ကြရလိမ့်မည်။ ချိုမြိန်သော တရားစကားကိုလည်း နာကြားကြရလိမ့်မည်” ဟု ကြံစည် အောက်မေ့ကြကာ များသောအားဖြင့် လိုက်ပါလိုသော ရဟန်းတို့ကသာ များကြကုန်၏။ သို့ရကား မြတ်စွာဘုရားသည် ရဟန်း သံဃာ များစွာခြံရံလျက် “ရေဝတကို ကြည့်ရှုတော်မူမည်” ဟု ကျောင်းတော်မှ ထွက်ကြွတော်မူခဲ့လေ၏။

အရှင်သီဝလိ၏ ဘုန်းတန်ခိုး

ထိုသို့ ထွက်ကြွတော်မူသောအခါ တနေရာ၌ အရှင်အာနန္ဒာ မထေရ်သည် လမ်းနှစ်မြွှာသို့ ရောက်၍ မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား...ဤအရပ်၌ လမ်းနှစ်မြွှာတို့ ရှိကြပါသည်။ အဘယ် လမ်းဖြင့် သံဃာသည် ကြွသွားစေလိုပါသနည်း” ဟုမေးလျှောက်

(နှာ-၂၆၁)

လေ၏။ မြတ်စွာဘုရားရှင်က “ချစ်သားအာနန္ဒာ ... ထိုလမ်း နှစ်မြွှာတို့တွင် အဘယ်လမ်းသည် မကွေ့မကောက် ဖြောင့်မတ်သနည်း”ဟု မေးတော်မူလျှင် အရှင်အာနန္ဒာမထေရ်သည် “မြတ်စွာဘုရား... မကွေးမကောက် ဖြောင့်မတ်သောလမ်း (= ဖြတ်လမ်း)သည် ယူဇနာသုံးဆယ်ရှိ၍ နတ်ဘီလူးတို စိုးအုပ်ရာ အစာလည်းခေါင်းပါး ဘေးရန်လည်း များလှပါသည် ဘုရား။ လှီးလွှဲကွေ့ကောက်၍ သွားရမည့် (အများသွားနေကျ) လမ်းရိုးသည်ကား ယူဇနာခြောက်ဆယ်ရှိ၍ ဘေးရန်ကင်းကွာ အစာ အစား ပေါများလှပါသည် ဘုရား” ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ... သီဝလိ ရဟန်းသည် ငါဘုရားတို့နှင့် အတူတကွလိုက်ပါလာ၏လော”ဟု မေးတော်မူလေ၏။ ရှင်အာနန္ဒာမထေရ်က “လိုက်ပါလာပါသည် မြတ်စွာဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင် သည်“ချစ်သားအာနန္ဒာ...ထိုသို့ဖြစ်လျှင် = သီဝလိရဟန်း ငါတို့နှင့်အတူတကွ လိုက်ပါလာလျှင် သံဃာသည် ဘေးရန်ပေါများ အစာရှားသည့် အဖြောင့်လမ်း (= ဖြတ်လမ်း)ကိုပင် ယူလော့၊ သီဝလိရဟန်း၏ ကောင်းမှုတန်ခိုးကို စုံစမ်းကြကုန်အံ့”ဟု မိန့်တော်မူလေ၏။

ထိုသို့မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျက် အရှင်သီဝလိ၏ ရှေးကောင်းမှုဘုန်းတန်ခိုးကို လက်တွေ စုံစမ်းသိရှိရန် ဘေးရန်ပေါများ အစာရှားသည့်တောအုပ်လမ်းသို့ တက်ရောက် ကြွချီတော်မူလေ၏။ ထိုလမ်းသို့ တက်ရောက်သောအချိန်မှစ၍ နတ်အပေါင်းသည် တယူဇနာ, တယူဇနာ အရပ်၌ မြို့ကြီးတခုတခု ဖန်ဆင်းကြ၍ ဘုရားအမှူးရှိသော သံဃာတော်များနေထိုင်ရန် ကျောင်းတိုက်များကို စီမံဖန်ဆင်းထားနှင့် ကြလေ၏။ မြတ်စွာဘုရားရှင်နှင့်တကွ သံဃာတော်တို့ ရောက်တိုင်း ရောက်တိုင်းသော နေရာကျောင်းတိုက်တို့၌ နတ်သားတို့သည် ထိုမြို့နေ ပြည့်ရှင်မင်းက စေလွှတ်လိုက်သည့် အလုပ်သမား များကဲ့သို့ ဖြစ်ရှိကြ၍ (=မင်းလွှတ်လိုက်သည့် မင်းမှုထမ်း

(နှာ-၂၆၂)

ယောက်ျားများအသွင် ဖန်ဆင်းကြ၍ဟု ဆိုလိုသည်။) ယာဂု, ခဲဖွယ်, ဆွမ်း-စသည်တို့ကို ထမ်းပိုးယူဆောင်ခဲ့ကြကာ “အရှင်သီဝလိမထေရ်သည် အဘယ်မှာနည်း, အရှင်သီဝလိမထေရ်သည် အဘယ်မှာနည်း”ဟု မေးမြန်းလိုက်ပါကြလေ၏။ အရှင်သီဝလိ မထေရ်သည် ထိုပူဇော်ဖွယ်ဝတ္ထု အစုစုကို ခံယူစေ၍ မြတ်စွာဘုရားထံသို့ သွားရောက်လေ၏။ မြတ်စွာဘုရားသည် ရဟန်း သံဃာနှင့် အတူတကွ အရှင်သီဝလိအား နတ်တို အမြတ်တနိုး လှူဒါန်းအပ်သော ဆွမ်းခဲဖွယ် ဘောဇဉ် ယာဂုတို့ကို ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။

ဤနည်းဖြင့်ပင် မြတ်စွာဘုရားသည် ပူဇော်သက္ကာရမှုကို သုံး ဆောင်တော်မူလျက် နေ့စဉ်နေ့စဉ် တယူဇနာ ခရီးတိုင်တိုင် ကြွချီတော်မူ၍ ယူဇနာသုံးဆယ်ရှိသောခရီးခဲကို တလဖြင့် လွန်မြောက်ပြီးလျှင် အရှင်ခဒိရဝနိယ ရေဝတမထေရ်၏ ကြိုတင် ပြုပြင်ထားသဖြင့် ညီညွတ်သော ရှားတောကျောင်းသို့ ရောက်တော်မူလေ၏။ အရှင်ရေဝတမထေရ်သည် မြတ်စွာဘုရားရှင် ကြွလာတော်မူမည်ကို ကြိုတင်သိရှိ၍ မိမိ၏နေရာ ရှားတော ကျောင်း၌ ဘုရားအမှူးရှိသော သံဃာအား နေလောက်အောင် ကျောင်းများကို၎င်း, မြတ်စွာဘုရားရှင်အတွက်ဂန္ဓကုတိုက်တော်ကို၎င်း, ညဉ့်သန့်ရာနေ့သန့်ရာဌာန-စသည်တို့ကို၎င်း တန်ခိုးဖြင့် ဖန်ဆင်းပြီးလျှင် မြတ်စွာဘုရားအား ခရီးဦးကြို ကြွခဲ့လေသည်။ မြတ်စွာဘုရားသည် တန်းဆာဆင်အပ် သပ်ယပ်သော ခရီးဖြင့် ကျောင်းတိုက်သို့ ဝင်တော်မူလေ၏။ ထို့နောက် မြတ်စွာဘုရားရှင် ဂန္ဓကုဋီတိုက်တော်သို့ ဝင်တော်မူပြီးလတ်သော် ကျန်သောရဟန်းတို့သည် ဝါစဉ်အတိုင်း မိမိတို့သို့ ရောက်သော ကျောင်းအိပ်ရာ နေရာ အသီးသီးသို့ ဝင်တော်မူကြလေကုန်၏။ နတ်တို့သည် ဤ အချိန်ကား ဆွမ်းအာဟာရ ဘုဉ်းပေးရန် အချိန်မဟုတ်”ဟု သိ ရှိကြကာ အဖျော်ရှစ်မျိုး (= သပြေ သရက်၊ မုဒရက်၊ ဖက်သက်, သစ်မည်စည်။ ငှက်ပျောနှစ်မျိုး၊ ကြာစွယ်တိုး၊ ရှစ်မျိုး အဖျာ်ရည်။)တို့ကို ပို့ဆောင်ဆက်ကပ်ကြကုန်၏။ ဤနည်းဖြင့်ပင် မြတ်စွာဘုရားရှင်၏

(နှာ-၂၆၃)

အဖို့ရာ ပူဇာ သက္ကာရကို ခံယူ သုံးဆောင်တော်မူစဉ် လဝက် (= တဆယ့်ငါးရက်) အချိန်သည် လွန်ခဲ့လေသည်။

ဥဒ္ဓစ္စသမားများ အထင်မှားကြခြင်း

ထိုစဉ်အခါ အချို့အချို့သော ဥဒ္ဓစ္စပြောများစိတ်လွင့်ပါးသော ရဟန်းတို့သည် တနေရာ၌ ထိုင်နေကြပြီးလျှင် “လူနတ်တို့ဆရာ မြတ်စွာဘုရားသည် ‘ငါ့အဂ္ဂသာဝက၏ ညီအထွေး’ဟု မိန့်တော်မူကာ ဤသို့သဘောရှိသည့် နဝကမ္မအလုပ် အားထုတ်၍သာနေသော ရဟန်းကို ကြည့်ရှုရန် ကြွလာတော်မူဘိ၏၊ ဤယခု အရှင်ရေဝတ၏ ကျောင်းတိုက်ကြီးအနီးအပါး၌ ဇေတဝန်ကျောင်းတိုက်ကြီးသည်၎င်း, ဝေဠုဝန်ကျောင်းတိုက်ကြီး-စသည်တို့သည်၎င်း ဘာလုပ်မည်နည်း။ ဤရေဝတ ရဟန်းသည်လည်း ဤသို့ သဘောရှိသည့် နဝကမ္မအလုပ်ကို ပြုလုပ်နေသူသာဖြစ်၏။ သို့စဉ် နဝကမ္မအလုပ်အားထုတ်နေသောရဟန်းသည် အဘယ်မည်သော ရဟန်းတရားကို ပြုလုပ်အားထုတ်နိုင်ချိမ့်မည်နည်း= ပြုလုပ်နိုင် မည်မဟုတ်ဟု ကဲ့ရဲ့သင်္ဂြိုဟ် စကားတင်းဆိုကြလေကုန်၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် “ငါဘုရား အရပ်၌ ကြာမြင့်စွာနေလျှင် အရပ်သည် ပရိသတ်လေးခဏ်း ရောပြွမ်း၍ လာပေလိမ့်မည်၊ တောကျောင်းနေရဟန်းတို့မည်သည် ဆိတ်ငြိမ်ခြင်းကို အလိုရှိကြကုန်၏၊ ငါဘုရား ကြာကြာနေလျှင် ရေဝတ၏ အဖို့ရာ မချမ်းမသာနေရခြင်း ဖြစ်ပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်ပြီးနောက် အရှင်ရေဝတ၏ နေသန့်ရာအရပ်သို့ ကြွရောက်တော်မူလေ၏။ အရှင်ရေဝတမထေရ်သည် တပါးတည်း စင်္ကြံ စွန်းဝယ် မှီရာတံကဲပျဉ်ကိုမှီ၍ ကျောက်ဖျာထက်၌ ထိုင်နေရင်းက မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်၍ ခရီးဦး ကြိုဆိုကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးဝတ်ပြုလေ၏။

မြတ်စွာဘုရားသည် အရှင်ရေဝတကို “ချစ်သားရေ၀တ... ဤအရပ်ကား ခြင်္သေ့, သစ်, ကျား သားရဲများ နေရာဌာနဖြစ်၏။ ကြမ်းတမ်းသော ဆင်မြင်းစသည်တို့၏ အသံကိုကြားလျှင် သင်

(နှာ-၂၆၄)

ချစ်သားသည် အဘယ်သို့ ပြုသနည်း” ဟု မေးတော်မူလေ၏။ အရှင်ရေဝတသည် “မြတ်စွာဘုရား...ထိုဆင်ကြမ်း မြင်းကြမ်း စသည်တို့၏ အသံကိုကြားရသော တပည့်တော်၏(သန္တာန်မှာ) တော၌မွေ့လျော် ပျော်ပိုက်ခြင်း=အရညရတိတရား ထပ်တလဲလဲ - ဖြစ်ပွါးပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ထိုနေ့သန့်ရာအရပ်၌ အရှင်ရေဝတမထေရ်အား ဂါထာ ငါးရာတို့ဖြင့် တောကျောင်းနေခြင်း၏ အကျိုးအာနိသင်မည်သော တရားစကား ဟောကြားတော်မူပြီးလျှင် နောက်တနေ့၌ မနီးမဝေးသောအရပ်ဝယ် ဆွမ်းခံ လှည့်လည်တော်မူပြီးနောက် (ရှင်ရေဝတ၏ရှားတောကျောင်းတိုက်သို့ တဖန် မပြန်တော့ပဲထို အရပ်မှပင်) အရှင်ရေ၀တကို ပြန်နှစ်စေတော်မူ၍ အရှင်ရေ၀တ၏ ကျေးဇူးမဲ့ကို ပြောကြားကြသည့် ဥဒ္ဓစ္စသမား စိတ်လွင့်ပါးသော ရဟန်းများ၏ တောင်ဝှေး, ဘိနပ်, နယ်ဆီဗူး, ထီးတို့ကို မေ့ကျန်နေရစ်ရန် တန်ခိုးတော်ဖြင့် စီမံတော်မူလေ၏။

ထိုဥဒ္ဓစ္စသမား ရဟန်းများသည် မိမိ၏ အသုံးအဆောင်များကို ယူဆောင်ရန် အရှင်ရေဝတ၏ ကျောင်းတိုက်သို့ ပြန်နှစ် လာကြသည်ရှိသော် လာခဲ့ရင်းလမ်းဖြင့်ပင် သွားကြပါသော်လည်း ထိုမိမိတို့နေရာဌာနကိုမမှတ်မိနိုင်အောင် ရှိကြလေကုန်၏။ မှန်၏-ထိုဥဒ္ဓစ္စသမား ရဟန်းများသည် ရှေးနေ့များက (တန်ခိုးဖြင့် ဖန်ဆင်းအပ်သည့်) တန်းဆာဆင်အပ်သောလမ်းဖြင့် သွား ကြရ၍ ထိုပြန်မည့်နေ့၌ကား မညီညွတ်သော(မူလပကတိ) လမ်းဖြင့် သွားကြရလျက် ထိုထိုအရပ်၌ (မောပန်းကာ ) အပန်းဖြေ နားနေကြရကုန်၏။ အချို့နေရာ၌ကား ဒူးထောက်၍ သွားကြရကုန်၏၊ ထိုရဟန်းတို့သည် သစ်ပင်ငယ်များ, ချုံပုပ်ပေါင်းများ, ဆူးများကို ပင်ပန်းဆင်းရဲစွာ ကျော်လွှားနင်းနယ် သွားကြရ ကုန်လျက် မိမိတို့နေခဲ့သောအရပ်နှင့် တူသည့်အရပ်သို့ ရောက်ရှိ ကြလေသော် ထိုထိုရှားငုတ်တိုများ၌ မိမိတို့၏ထီးများ ဘိနပ်များ, နယ်ဆီဗူးများ, တောင်ဝှေးများကို ချိတ်လျက် ထောင်လျက်သား တွေ့မြင်ကြရလေကုန်၏။ ထိုအခါကျမှ ထိုဥဒ္ဓစ္စသမား

(နှာ-၂၆၅)

ရဟန်းများသည် “ဤ အရှင်ရေဝတရဟန်းကား ဣဒ္ဓိရှင်=တန်ခိုးရှင်, ရဟန်းပေတည်း” ဟု သိကြ၍ မိမိတို့၏ ပရိက္ခရာများကို ယူဆောင်ခဲ့ကြပြီးလျှင် “သြ... မြတ်စွာဘုရားရှင်အတွက် စီမံအပ်သော ပူဇော်သက္ကာရသည် ဤသို့အံ့ဖွယ်သဘောရှိစွာ့ တကား” ဟု တအံ့တသြ ပြောဆိုကြကာ သာဝတ္ထိပြည်သို့ အရောက် သွားရောက်ကြလေကုန်၏။

ရှေ့မှ သွားနှင့်ကြ၍ သာဝတ္ထိသို့ ရောက်နှင့်ကြသော ရဟန်းတို့ကို ဝိသာခါကျောင်းအမကြီးသည် မိမိအိမ်၌ ဆွမ်းစားပင့်ကာ ထိုင်နေကြသောအခါ၌ “အရှင်ဘုရားတို့ ... အရှင်ရေ၀တ၏ နေထိုင်ရာ ကျောင်းတိုက်သည် နှစ်သက်ဖွယ် ရှိပါ၏လား ဘုရား” ဟု မေးမြန်းလေ၏။ ထိုအခါ အလျင်လက်ဦးရောက်နှင့်ကြသော ထိုရဟန်းတို့သည် “ဒါယိကာမကြီး... အရှင်ရေဝတ၏ နေထိုင်ရာကျောင်းတိုက်သည် နှစ်သက်ဖွယ် ပျော်မွေ့ဖွယ် ရှိလှပါ၏၊ ထိုကျောင်းတိုက်သည် နန္ဒဝန်နတ်ဥယျာဉ်, စိတ္တလတာ နတ်ဥယျာဉ်နှင့် တသွင်တည်း တပုံတည်း တူလှပါပေ၏” ဟု ဖြေဆိုကြကုန်၏။ ထိုနောက်မှ ကျောင်းအမကြီးသည် အားလုံးသော ရဟန်းတို့၏ နောက်မှ ရောက်လာကြသည့် ဥဒ္ဓစ္စသမား ရဟန်းများကို “အရှင်ကောင်းတို့... အရှင်ရေဝတ၏ နေထိုင်ရာကျောင်းတိုက်သည် နှစ်သက်ဖွယ်ရှိပါ၏လားဘုရား”ဟု မေးမြန်း ပြန်လေ၏။ ထိုအခါ ဥဒ္ဓစ္စသမား ရဟန်းများသည် “မမေးပါနှင့် ဒါယိကာမကြီး...၊ ထိုအရှင်ရေ၀တ နေရာအရပ်သည် စကားထဲ၌ပင် ထည့်သွင်းပြောဆိုခြင်းငှါ မသင့်လျော်သောအရပ် ဖြစ်ပါသည်။ ထို အရှင်ရေဝတ နေရာအရပ်သည် ကျတ်တီးမြေပြင် ဖြစ်သည့်ပြင် ကျောက်စရစ်ခဲများ, ကျောက်ပြား ကျောက်တုံးများဖြင့် အလွန်လျှင် မြေမညီသော ရှားတောအရပ်ကြီး ဖြစ်ပါသည်။ ထိုအရပ်၌ အရှင်ရေ၀တသည် ဆင်းရဲစွာ နေရှာပါသည်” ဟု နောက်ဆုံး မိမိတို့ တွေ့ခဲ့သည့်အတိုင်း ဖြေကြားပြောဆိုကြလေကုန်၏။

(နှာ-၂၆၆)

ဝိသာခါကျောင်းအမကြီးသည် အလျင်လက်ဦး ရောက်လာသောရဟန်း, နောက်ကျ၍ ရောက်လာကြသော ရဟန်းတို့၏ မတူထူးခြား ကွဲပြားသောအဖြေစကားကို ကြားသိရ၍ “အဘယ် ရဟန်းတို့၏ စကားက မှန်မည်နည်း” ဟု ကွဲပြားစွာ သိရှိရန် နေမွန်းလွဲအခါ၌ နံ့သာ, ပန်းကို ယူဆောင်၍ မြတ်စွာဘုရားအား ဆည်းကပ်ရန် သွားရောက်ရှိခိုးပြီးလျှင် အပြစ်လွတ်ရာ အရပ်၌ ထိုင်နေလျက် မြတ်စွာဘုရားရှင်ကို“မြတ်စွာဘုရား အရှင်ရေ၀တ မထေရ်၏ နေရာအရပ်ကို အချို့သော မထေရ်တို့က ချီးမွမ်းကြ ပါသည်။ အချို့သော မထေရ်တို့က ကဲ့ရဲ့ကြပါသည်။ ဤသို့ အဖြေစကား နှစ်ထွေပြားရခြင်းသည် အဘယ့်ကြောင့်ပါနည်း မြတ်စွာဘုရား” ဟု လျှောက်ထား မေးမြန်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ဝိသာခါကျောင်းအမကြီးကို “ဝိသာခါ...လောကအခေါ် မွေ့လျော်ဖွယ် အရပ်ပင်ဖြစ်စေ, မမွေ့လျော်ဖွယ် အရပ်ပင်ဖြစ်စေ အကြင်အရပ်၌ အရိယာတို့၏ စိတ်သည် မွေ့လျော်၏၊ ထိုအရိယာတို့ စိတ်မွေ့လျော်ရာ အရပ်သည်သာလျှင် မွေ့လျော်ဖွယ်အရပ် မည်ပေ၏” ဟု မိန့်တော်မူပြီးလျှင်__

“ဂါမေ ဝါ ယဒိ ဝါရညေ။
နိန္နေ ယဒိ ဝါ ထလေ။
ယတ္ထ အရဟန္တော ဝိဟရန္တိ၊
တံ ဘူမိရာမဏေယျကံ”။

ဝိသာခေ = ပုဗ္ဗာရုံကျောင်းအမ မိဂါရမာတာ အိုဝိသာခါ...။ ဂါမေ = ငါးပါးအာရုံ ကာမဂုဏ်တို့ ဝန်းရုံထူထပ် ရွာအရပ်၌ဖြစ်စေ။ ယဒိ = ထိုသို့မဟုတ်။ အရညေ ဝါ= ကာမဂုဏ်ငါး အာရုံများမှ ဝေးခြားတုံလတ် တောအရပ်၌ဖြစ်စေ။ နိန္နေ ဝါ= စိမ့်စမ်းများဖြင် ရေသွင်သွင်နှင့် သစ်ပင်စိမ်းလန်း ချိုင့်ဝှမ်းရာ အရပ်၌ ဖြစ်စေ။ ယဒိ = ထိုသို့မဟုတ်။ ထလေ ဝါ= သစ်ပင်မရှိ မြူအတိလျှင် ပြွမ်းဘိပူလောင် ကုန်းခေါင်ခေါင်အရပ်၌ ဖြစ်စေ။ ယတ္ထ = အမှတ်မထင် အကြင်အရပ်၌။ အရ

(နှာ-၂၆၇)

ဟန္တော= အာသဝေါကုန်ခန်း ရဟန္တာသခင် အရှင်မြတ် တို့သည်။ ဝိဟရန္တိ = ဣရိယာပထ မျှတရွှင်ပြုံး သီတင်းသုံး နေတော်မူကြကုန်၏။ တံ ဌာနံ= ထိုရဟန္တာသခင် အရှင်မြတ်တို့ သီတင်းသုံးနေထိုင်ရာ အရပ်သည်။ ဘူမိ ရာမဏေယျကံ = မြေအပြင်ဝယ် မွေ့လျော်ဖွယ်မှန်လှ အရပ်ဌာနပေတည်း”—

ဟူသော ဤဂါထာကို ဟောတော်မူလေ၏။ (ဤစကားရပ်စုကား အင်္ဂုတ္တရအဋ္ဌကထာမှ ဖြစ်သည်)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤအရှင်ခဒိရဝနိယ-ရေ၀တမထေရ်အား__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ အာရညကာနံ ယဒိဒံ ရေဝတော ခဒိရဝနိယော = ရဟန်းတို့... တောကျောင်းနေကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ရှားတော၌နေသော ရေဝတရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “အာရညက = တောကျောင်း နေသောအရာ” ဝယ် ဧတဒဂ်ထားတော်မူလေ၏။

(ဤ၌။ ။ အခြားတပါးသော မထေရ်တို့သည် ကျောင်းနေကြသည်ရှိသော် သပ္ပါယဖြစ်လောက်သော တော, သပ္ပါယဖြစ်လောက်သော ရေ, သပ္ပါယဖြစ်လောက်သော ဆွမ်းခံရွာများကို ရွေးချယ်မှတ်သားပြီးမှ တောကျောင်းနေတော်မူကြ၏၊ ဤ အရှင်ရေဝတမထေရ် သည်ကား ထို သပ္ပါယများကို အလေးမထား ဂရုမမူ မရွေးချယ်ပဲ ကျတ်တီးမြေပြင် ကျောက်စရစ် ကျောက်များ ကျောက်တုံးများ ပေါများကာ မြေအပြင်လည်း မညီညွတ်သည့် ရှားတော၌ နေတော်မူ၏။ ထို့ကြောင့် ဤအရှင်မြတ်ကိုသာ “အာရညက=တောကျောင်းနေသော အရာ”ဝယ် ဧတဒဂ်ထားတော်မူသည်ဟု အထူးမှတ်ယူရာ၏)။

(နှာ-၂၆၈)

ဤအရှင်ခဒိရဝနိယ-ရေဝတမထေရ်နှင့် စပ်သော တရားတို့ကို အပဒါနပါဠိ အဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာ-စသည်တို့မှ ထုတ် နုတ်မှတ်ယူရာ၏။

ဤကား အရှင်ခဒိရဝနိယရေဝတမထေရ် အကြောင်းတည်း။

______

(၁၅) အရှင်ကင်္ခါရေဝတမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤ ကင်္ခါရေဝတမထေရ်သည် လွန်ခဲ့သောကမ္ဘာတသိန်းထက်ဝယ် ပဒုမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော်၌ ရှေးမထေရ် အလောင်း သူတော်ကောင်းတို့နည်းတူ လူများအပေါင်းနှင့် အတူတကွ ကျောင်းတော်သို့ သွား၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်ကာ တရားနာသည်ရှိသော် မြတ်စွာဘုရားရှင်က ရဟန်း တပါးကို “ဈာယီ=ဈာန်ဝင်စားကြသော ရဟန်း”တို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ထားတော်မူသည်ကို တွေ့မြင်လတ်၍ “ငါသည်လည်း နောက်အခါဝယ် ဤရဟန်းကဲ့သို့ပင် ဖြစ်မှသင့်တော်တော့မည်” ဟု ကြံစည်ဆင်ခြင်ကာ တရားပွဲပြီးဆုံးသောအခါ မြတ်စွာဘုရားကို ပင့်ဖိတ်၍ ရှေးမထေရ်အလောင်းများ နည်းတူ ခုနစ်ရက်ပတ်လုံး ကြီးစွာသော ပူဇော်သက္ကာရမှု ပြုပြီး လတ်သော် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရားတပည့်တော်သည် ဤ အဓိကာရကောင်းမှု ကုသိုလ်ကံကြောင့် အခြားတပါးသော စည်းစိမ်များကို မတောင့်တပါ။ စင်စစ်သော်ကား အရှင်ဘုရားတို့သည် ဤနေ့မှအထက် လွန်ခဲ့သောခုနစ်ရက်က ဈာန်ဝင် စားလေ့ရှိသောအရာဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး ၌ ထားတော်မူအပ်သော ရဟန်းကဲ့သို့ပင် တပည့်တော်သည်လည်း နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ သာသနာ၌ ဈာန်ဝင်စားလေ့ရှိကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်ရပါလို၏” ဟု လျှောက်ဆိုကာ ဆုတောင်းပတ္ထနာမှု ပြုလေ၏။

(နှာ-၂၆၉)

ပဒုမုတ္တရမြတ်စွာဘုရားသည် အနာဂတ်ကို ရှုကြည့်ဆင်ခြင်တော်မူလတ်သော် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာ ချက် ပြည့်စုံလိမ့်မည်ကို မြင်တော်မူ၍ “နောက်အခါဝယ် ကမ္ဘာ တသိန်းအဆုံး၌ ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူလိမ့်မည်။ ထိုဘုရား၏သာသနာ၌ သင်သည် ဈာန်ဝင်စားသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်ပေလိမ့်မည်”ဟု ဗျာဒိတ်ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကိုပြု၍ ကမ္ဘာတသိန်းကာလပတ်လုံး (အပါယ်လေးပါး မလားမရောက်ပဲ) နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက်စား၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာကာလဝယ် သာဝတ္ထိပြည် မဟာဘောဂသူကြွယ်မျိုး သူဌေးမျိုး၌ ဖြစ်၍ အမည်အားဖြင့် ရေ၀တ-ဟု အမည်တွင်လေသည်။ ရေ၀တ သူဌေးသားသည် တနေ့သ၌ နေလွဲအခါ ကျောင်းတော်သို့ တရားနာရန် သွားရောက်ကြသော လူများအပေါင်းနှင့် အတူတကွ ဇေတဝန်ကျောင်းတော်သို့ သွားရောက်၍ ပရိသတ်အစွန်၌ ရပ်တည်ကာ မြတ်စွာဘုရား၏ တရားစကားကို နာကြားရသည် ရှိသော် သဒ္ဓါတရား ဖြစ်ပွါးကာ သာသနာ့ဝန်ထမ်း ရှင်, ရဟန်း ပြုပြီးနောက် မြတ်စွာဘုရားအထံတော်မှ ကမ္မဋ္ဌာန်းတရားကို နာယူကာ သမာဓိပရိကံ စီမံပြုလုပ် အားထုတ်လတ်သည်ရှိသော် လောကီဈာန်ရ-ရဟန်းဖြစ်၍ ဈာန်ကိုပင် အခြေပါဒကပြုကာ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းလတ်သည်တွင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏ = ရဟန္တာဖြစ်လေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

ထို အရှင်ကင်္ခါရေဝတမထေရ်သည် မြတ်စွာဘုရား ဝင်စားတော်မူအပ်သော သမာပတ်တို့တွင် အနည်းငယ်မျှသော သမာပတ်တို့ကို ထား၍ များစွာသော သမာပတ်တို့ကို ဝင်စားလျက်

(နှာ-၂၇၀)

နေ့နေ့ညဉ့်ည၌ ဈာန်တရားတို့၌ လေ့လာ နိုင်နင်းတော်မူလေသည်။ ထို့နောက် မြတ်စွာဘုရားရှင်သည် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤအရှင်ကင်္ခါရေဝကမထေရ်အား__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဈာယီနံ ယဒိဒံ ကင်္ခါရေဝတော = ရဟန်းတို့ဈာန်ဝင်စားလေ့ ရှိကြသော ဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ကင်္ခါရေဝတ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏။”_

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “ဈာန်ဝင်စားသော အရာ”ဝယ် ဧတဒဂ်ထားတော်မူလေ၏။

ကင်္ခါရေ၀တဟု အမည်ရခြင်းအကြောင်း

အခါတပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည်မှ ရာဇဂြိုဟ်ပြည်သို့ ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် အရှင်ကင်္ခါရေဝတသည် လမ်းခရီးအကြား၌ တင်လဲချက်ရာတင်းကုပ် (ထန်းလျက်တင်လဲချက်ရာတဲကုပ်)သို့ ဝင်၍ မုန့်ညက်နှင့်ဖွဲ့ထည်သော တင်လဲကို (တင်လဲထန်းလျက်ခဲပြုရာဝယ် မာကျောအောင် တင်လဲထန်းလျက်ထဲ၌ မုန့်ညက်မှုန့်အနည်းငယ်နှင့်ဖွဲ ထည့်နေကြသည်ကို) မြင်ရသောကြောင့် “အာမိသနှင့်တကွ တင်လဲ ထန်းလျက်သည် မအပ် = တင်လဲထန်းလျက်ထဲ၌ မုန့်ညက်နှင့် ဖွဲတည်းဟူသော အာမိသ ပါရှိနေသောကြောင့် မအပ်၊ တင်လဲ ထန်းလျက်ကို နေလွဲသောအခါ သုံးဆောင်ခြင်းငှါ မအပ်”ဟု ယုံမှားတွေးတောမှု=သံသယကုက္ကုစ္စရှိသည်ဖြစ်၍ သူ၏ တပည့် ပရိသတ်နှင့်တကွ တင်လဲထန်းလျက်ကို နေလွဲအခါ၌ မသုံးဆောင်ချေ။

ထိုမထေရ်၏စကားကို ယုံကြည်ကိုးစား လိုက်နာကြသော ရဟန်းတို့သည်လည်း တင်လဲကို မသုံးဆောင်ကြကုန်။ မြတ်စွာဘုရားရှင်အား ရဟန်းတို့က ထိုအကြောင်းကို လျှောက်ထားကြ

(နှာ-၂၇၁)

သောအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ရဟန်းတို့... အဘယ့်ကြောင့်တင်လဲ၌ မုန့်ညက်နှင့် ဖွဲကိုလူများထည့်ကြသနည်း” ဟု မေးတော်မူ၏။ ရဟန်းတို့က “မာကျောစိမ့်သောငှါ ထည့်ပါကုန်၏ဘုရား”ဟု လျှောက်ထားကြလေလျှင် မြတ်စွာဘုရားသည် “ရဟန်းတို့...အကယ်၍ မာကျောစိမ့်သောငှါ တင်လဲ၌ မုန့်ညက် မှုန့်နှင့် ဖွဲကို လူတို့ထည့်ကြလျှင် ထိုထည့်သော မုန့်ညက်မှုန့်နှင့် ဖွဲသည် တင်လဲဟူသော အရေအတွက်သို့ ရောက်သည်သာ တည်း။ ရဟန်းတို့ အလိုရှိတိုင်း တင်လဲကို သုံးဆောင်ခြင်းငှါ ငါ့ဘုရား ခွင့်ပြု၏”ဟု အနုညာတသိက္ခာပုဒ် ခွင့်ပြုပညတ်တော်မူလေသည်။

အရှင်ကင်္ခါရေဝတသည် လမ်းခရီးအကြားဝယ် ကျင်ကြီး၌ အပင်ပေါက်သော ပဲနောက်ကို မြင်ရ၍ “ပဲနောက်တို့သည် မအပ်ကုန်၊ ကျက်ပြီးသော ပဲနောက်များသည်လည်း အပင်ပေါက်ကုန်၏”ဟု မိန့်ဆိုကာ မအပ်ဟု ယုံမှား တွေးတောမှု သံသယ ကုက္ကုစ္စ ရှိသည်ဖြစ်၍ သူ၏တပည့် ပရိသတ်နှင့်တကွ ပဲနောက်ကို မသုံးဆောင်။ ထိုမထေရ်၏စကားကို ယုံကြည်ကိုးစား လိုက်နာကြသော ရဟန်းတို့သည်လည်း ပဲနောက်ကိုမသုံးဆောင်ကြကုန် မြတ်စွာဘုရားရှင်အား ရဟန်းတို့က ဤအကြောင်းကို လျှောက်ထားကြသောအခါ မြတ်စွာဘုရားရှင်သည် “ရဟန်းတို့...ကျက်ပြီးသော ပဲနောက်တို့ကို အပင်ပေါက်စေကာမူ အလိုရှိတိုင်း သုံးဆောင်ခြင်းငှါ ငါဘုရား ခွင့်ပြု၏”ဟု အနုညာတသိက္ခာပုဒ် ခွင့်ပြု ပညတ်တော်မူလေသည်။ (ဤ အကြောင်းများကား ဝိနည်း မဟာဝါ ၆-ဘေသဇ္ဇက္ခက ပိဋကတ်မြန်မာပြန် စာမျက်နှာ ၃၀၃၊ ၃၀၄-တို့၌ လာ၏။)

ဤသို့လျှင် ဤယခု အရှင်ရေဝတမထေရ်သည် အပ်စပ်သော ဝတ္ထုတို့၌ပင် မအပ်စပ်ဟု တွေးတောယုံမှားမှု ဝိနယကုက္ကုစ္စ အားကြီးလှသောကြောင့် ကင်္ခါရေဝတမထေရ် ဟု အမည်တွင် လေသည်=တွေးတောယုံမှားမှု အားကြီးသောရေ၀တမထေရ်ဟု ဆိုလိုသည်။

(နှာ-၂၇၂)

ထိုမှတပါး ဤကင်္ခါရေဝတမထေရ်နှင့်စပ်သော တရားတို့ကို အပဒါန် ပါဠိအဋ္ဌကထာ, ထေရဂါထာ အဋ္ဌကထာ-စသည်တို့မှ ထုတ်နုတ်မှတ်ယူရာ၏။

ဤကား အရှင်ကင်္ခါရေဝတမထေရ် အကြောင်းတည်း။

______

(၁၆) အရှင်သောဏကောဠိဝိသမထေရ်အကြောင်း၊

(က) မထေရ်၏ရှေးဆုတောင်း

ဤအရှင်သောဏ- ကောဋိဝိသမထေရ်အလောင်း သူတော်ကောင်းသည် ရှေးလွန်လေပြီးသောအခါ ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်တော်ဝယ် သူဌေးမျိုး၌ဖြစ်၍ “သီရိဝဎ္ဍသူဌေးသား” ဟု အမည်တွင်လေသည်။ သီရိဝဎ္ဍသူဌေးသားသည် အရွယ်သို့ ရောက်လတ်သော် ရှေးမထေရ် အလောင်းလျာများ နည်းတူ ကျောင်းတော်သို့ သွား၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်ကာ တရားနာသည်ရှိသော် မြတ်စွာဘုရားရှင်က ရဟန်းတပါးကို “အာရဒ္ဓဝီရိယ = အပြင်းအထန်ကြိုးကုတ် အားထုတ်ကြသော ရဟန်း”တို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ထားတော်မူ သည်ကို တွေ့မြင်လတ်၍ “ငါသည်လည်း နောက်အခါဝယ် ဤ ရဟန်းကဲ့သို့ပင် ဖြစ်မှ သင့်တော့မည်”ဟု ကြံစည်ဆင်ခြင်ကာ တရားပွဲပြီးဆုံးသောအခါ မြတ်စွာဘုရားကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး မဟာဒါနကြီး ပေးလှူပြီးလျှင် ရှေးမထေရ်အလောင်း အလျာများနည်းတူ ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားသည် ထိုသူဌေးသား၏ ဆုတောင်းချက် ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတိုင်း ဗျာဒိတ်ကြားပြီးလျှင် ကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။

ဗာရာဏသီပြည်သား အမျိုးကောင်းသားဘဝ

သီရိဝဎ္ဍသူဌေးသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် ကမ္ဘာတသိန်းကို လွန်မြောက်၍ ဤဘဒ္ဒကမ္ဘာဝယ် ကဿပမြတ်

(နှာ-၂၇၃)

စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ ဗာရာဏသီပြည်ဝယ် အမျိုးကောင်းအိမ်၌ အမျိုးကောင်းသတို့သား ဖြစ်လာလေ၏။ ထိုအမျိုးကောင်းသတို့သားသည် မိမိ၏ သူငယ်ချင်းများနှင့် အတူတကွ တနေ့သ၌ ဂင်္ဂါမြစ်ဝယ် ရေကစား၍နေလေ၏။

ထိုအခါ သင်္ကန်းဟောင်းနွမ်းသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တဆူသည် “ငါသည် ဗာရာဏသီပြည်ကို အမှီဂေါစရဂါမ်ပြု၍ ဂင်္ဂါမြစ်ကမ်းဝယ် သင်္ခမ်းကျောင်းကို ဆောက်လုပ်ကာ ဝါကပ်ဆိုပေအံ့”ဟု ကြံစည်ဆင်ခြင်တော်မူ၍ ရေအယဉ်ဖြင့် တိုက်ခတ် မျောပါလာသော သစ်သားချောင်းများ ကြိမ်နွယ်များကို ဆယ်ယူစုရုံးလျက် နေတော်မူ၏။ ထိုအခါ အမျိုးကောင်း သတို့သားသည် သူငယ်ချင်းတို့နှင့် အတူတကွ သွားရောက်၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ရိုသေမြတ်နိုး ရှိခိုးရပ်တည်လျက် “အရှင်ဘုရားတို့... အဘယ်အမှုကို ပြုနေတော်မူကြပါသနည်း”ဟု မေးလျှောက်လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် “အမောင်သတို့သား... ဝါလနီးကပ်လတ်သော် ရဟန်းတို့အဖို့ရာ နေထိုင်ရန် ကျောင်းကို ရမှ သင့်တော်မည်”ဟု မိန့်တော်မူလေ၏။

ထိုအခါ အမျိုးကောင်း သတို့သားသည် “အရှင်ဘုရား... အရှင်မြတ်သည် ယနေ့တရက်တာမျှ ဟုတ်ဟုတ်ငြားငြား= ဖြစ် နိုင်သော နည်းလမ်းဖြင့် ဆိုင်းငံ့တော်မူစေချင်ပါသည်၊ တပည့်တော်သည် နက်ဖြန်ခါ အရှင်ဘုရားအား ကျောင်းဆောက်လုပ် လှူဒါန်းပါမည်ဘုရား” ဟု လျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် “ထိုအမျိုးကောင်း သတို့သားအားလျှင် ချီးမြှောက်မှုကို ပြုလုပ်မည်”ဟု လာခဲ့ရင်းဖြစ်သောကြောင့် အမျိုးကောင်းသတို့သား၏ ပင့်ဖိတ်ချက်ကို လက်ခံ သာယာတော်မူလေ၏။ အမျိုးကောင်းသားသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ လက်ခံသာယာကြောင်းကို သိရှိ၍ ပြန်သွားပြီးလျှင် နောက်တနေ့၌ ပူဇော်ဖွယ်မှု အစုစုကို ပြုစီရင်ပြီးလျှင် ပစ္စေကဗုဒ္ဓါအရှင်မြတ် ကြွလာတော်မူခြင်းကို စောင့်မျှော်ရပ်တည်လျက် နေလေ၏။ ပစ္စေက

(နှာ-၂၇၄)

ဗုဒ္ဓါအရှင်မြတ်သည်လည်း “ယနေ့ အဘယ်အရပ်၌ ဆွမ်းခံလှည့်လည်မှုကို ရရှိလိမ့်မည်နည်း”ဟုဆင်ခြင်လတ်သော် ထိုအကြောင်းကို သိ၍ အမျိုးကောင်းသား၏ အိမ်တံခါးဝသို့ ကြွတော်မူလေ၏။

အမျိုးကောင်းသားသည် ပစ္စေကဗုဒ္ဓါအရှင်မြတ် ကြွလာသည်ကို မြင်လတ်၍ အလွန် ချစ်ခင်နှစ်သက်လျက် သပိတ်ကို ယူ၍ ဆွမ်းလှူပြီးလျှင် “အရှင်ဘုရား...အရှင်မြတ်တို့သည် ဤဝါတွင်း သုံးလပတ်လုံး တပည့်တော်၏ အိမ်တံခါးဝသို့သာ ကြွတော်မူကြပါကုန်ဘုရား”ဟု လျှောက်ထားတောင်းပန်ကာ ဝန်ခံချက်ကို ရယူပြီးလျှင် ပစ္စေကဗုဒ္ဓါအရှင်မြတ် ဆွမ်းဘုဉ်းပေးပြီး၍ ကြွသွားတော်မူလတ်သော် သူငယ်ချင်းတို့နှင့် အတူတကွ သွားရောက်၍ နေ့ခြင်းပြီး ပစ္စေကဗုဒ္ဓါအရှင်မြတ် နေထိုင်တော်မူရန် သင်္ခမ်းကျောင်း, စင်္ကြံ, ညဉ့်သန့်ရာ, နေ့သန့်ရာဌာနများကို ဆောက်လုပ်စေ၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်အား လှူဒါန်းလေ၏။

အထူးအားဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ် သင်္ခမ်းကျောင်း အတွင်းသို့ ကြွဝင်တော်မူသောအခါ နွားချေး အစို လိမ်းကျံအပ်သော မြေအပြင်၌ “ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ ခြေတော်တို့ဝယ် ရွှံ့ညွှန်များ မငြိကပ်ပါစေလင့်”ဟူသော ရည်ရွယ်ချက်ဖြင့် “မိမိ ခြုံရုံအပ်သည့် အဖိုး တသိန်းတန် ကမ္ဗလာနီကြီးကို ခြေအခင်းပြုကာ ခင်းပြီးလျှင် ကမ္ဗလာနီ၏ အဆင်းနှင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ ကိုယ်တော်ရောင်တို့ တထပ်တည်း တူနေသည်ကို ဖူးမြော်ရ၍ အလွန်လျှင် သဒ္ဓါကြည်ညိုဖြစ်ရှိကာ “အရှင်ဘုရားကို နင်းကြွသော အချိန်မှစ၍ ဤကမ္ဗလာ၏ အရောင်သည် အလွန်လျှင် တင့်တယ်သကဲ့သို့ ဤအတူပင်လျှင် ဖြစ်လေရာရာ သံသရာဘဝ၌ တပည့်တော့် လက်ခြေများ၏ အရောင်သည်လည်း လယ်ခေါင်ရန်းပန်းအသွေး နီတွေး တင့်တယ်သည် ဖြစ်ပါစေသတည်း။ ကိုယ်အတွေ့သည်လည်း အကြိမ်တရာဖတ်အပ်သော ဝါဂွမ်းလွှာ၏ အတွေ့

(နှာ-၂၇၅)

ပမာ နူးညံ့သည် ဖြစ်ပါစေသတည်း” ဟု ဆုတောင်း ပတ္ထနာမှု ပြုခဲ့လေသည်။

အမျိုးကောင်းသားသည် ဝါတွင်းသုံးလပတ်လုံး ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ပြုစုလုပ်ကျွေး၍ ဝါကျွတ်ပြီး ပဝါရဏာပြုပြီးသောအခါ၌ တိစီဝရိက်သင်္ကန်းကို လှူဒါန်းလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် သပိတ်, သင်္ကန်း ပြည့်စုံတော်မူကာ ဂန္ဓမာဒန တောင်သို့သာလျှင် ကြွတော်မူလေ၏။

နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုအမျိုးကောင်းသားသည် အပါယ်လေးပါး မလားမရောက်ရပဲ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ကာဠစမ္ပာပြည် ဥသဘသူဌေးအိမ်၌ ပဋိသန္ဓေ တည်ယူနေလေ၏။ ထိုအမျိုးကောင်းသား ပဋိသန္ဓေ တည်ယူနေသောအချိန်မှစ၍ သူဌေး၏ အိမ်သို့ အထောင်များစွာ လက်ဆောင်ပဏ္ဏာကို လာရောက်ကြကုန်၏။ အမျိုးကောင်းသား ဖွားမြင်သောနေ့၌လည်း ကာဠစမ္ပာပြည်တမြို့လုံး ပူဇော်သက္ကာရဖြင့် ဖုံးလျက်ရှိပေ၏။ ထိုအမျိုးကောင်းသားကို အမည်မှည့်သောနေ့၌ မိဖနှစ်ပါးတို့သည် “ငါတို့သားကား မိမိ၏အမည်ကို မိမိပင်မှည့်၍သာ လာသူဖြစ်၏၊ ငါတို့ သား၏ ကိုယ်ရေအရောင်သည် ရွှေနီအရည်ဖြင့် သွန်းဖျန်းအပ် သကဲ့သို့ ဖြစ်ချေ၏”ဟု ပြောဆိုကြကာ အမျိုးကောင်းသား၏ အမည်ကို “သောဏသတို့သား=သောဏသူဌေးသား”ဟူ၍သာ မှည့်ခေါ်ကြလေကုန်၏။ (ဤသို့လျှင် ထိုသူဌေးသား၏ မိဖတို့ မှည့်ခေါ်သော အမည်မှာ သောဏ-ဟူ၍ ဖြစ်သည်၊ ကောဠိဝိသ အနွယ်ဖြစ်သောကြောင့် အမည်ရင်းနှင့် အနွယ် နှစ်ရပ် စပ်၍ ထိုသူဌေးသားသည် “သောဏ-ကောဠိဝိသသူဌေးသား”ဟု ထင်ရှားလေသည်)။ ထို့နောက် ထိုသူဌေးသားအတွက် အထိန်းတော် ခြောက်ကျိပ်တို့ကို ခန့်ထားပြီးလျှင် ထိုသူဌေးသားကို နတ်သား ပမာ ချမ်းသာစွာ ပြုစုမှုယု ကြီးပြင်းစေကြလေကုန်၏။

(နှာ-၂၇၆)

သူဌေးသားအတွက် အစာအာဟာရ စီမံကြပုံ

ထိုသူဌေးသားအတွက် အစာအာဟာရ စီမံကြပုံမှာ__

ရှေးဦးစွာ မင်းပယ် (၆ဝ) ခြောက်ဆယ် ကျယ်ဝန်းသော လယ်မြေအရပ်ကို ထွန်ယက်, စိုက်ပျိုးပြီးသောအခါ (၁) နွားနို့ရေ (၂) နံ့သာရေ (၃) ရေရိုးရိုး =ဤရေသုံးမျိုးဖြင့် သူလေး စပါးပင်တို့ကို စောင့်ရှောက် ကြီးပြင်းစေကြရလေသည်။

လယ်အတွင်း ရေသွန်းမည့်မြောင်းများ၌ နွားနို့ရေ နံ့သာရေ အိုးစရည်းပေါင်းများစွာ သွန်းလောင်းကြရလေသည်။

သလေးနှံများ နို့ရည်ဝင်သောအခါ ကျေးငှက်-စသော ပိုးမွှားတို့၏ စားကြွင်းပြုမှုဘေးရန်ကို ကာကွယ်ရန်အတွက်၎င်း, ကောက် သားကို နူးညံ့ရန်အတွက်၎င်း, လယ်ကွက်ပတ်ဝန်းကျင်နှင့်တကွ လယ်ကွက်အတွင်း အကြားအကြားတို့၌ တိုင်များစိုက်ထူပြီးလျှင် အခြင်, ရနယ် တန်းများ ပေး၍ ဖျာမိုးလျက် တင်းထိမ်ကန့်လန့်ကာများ ကာရံပြီးလျှင် အပြင်အပ အစွန်းအနား၌ စောင့်နေကြ ရကုန်၏။

ကောက်စပါးများ မှည့်ရင့်သောအခါ စပါးကျီကြများကို (ကုင်္ကုမံ, လေးညှင်း, တောင်ဇလပ်ပွင့်, ကက္ကူ = ကမျည်းမှုန့် တည်းဟူသော) နံ့သာ လေးမျိုးတို့ဖြင့် လိမ်းကျံ အပြေအပြစ် ပြုပြီးလျှင် ထို၏ အထက်၌ အလွန်မွန်မြတ်သော နံ့သာတို့ဖြင့် ထုံလှိုင် ကြိုင်စေကြကုန်သည်၊ ထို့နောင်မှ အလုပ်သမားပေါင်း များစွာကို လယ်အတွင်း ဆင်းကြကာ သလေးနှံများကို တရို တသေ အညှာမှ ဖြတ်၍ အဆုပ်အဆုပ် ပြုလုပ်ကြပြီးလျှင် ကြိုးများဖြင့် စည်းနှောင်၍ အခြောက်လှန်းကြရကုန်၏။

ထို့နောင်မှ ကျီကြ၏ အောက်ဆုံး၌ နံ့သာတထပ် ခင်းပြီးလျှင် ထို၏အထက်မှ အခြောက်လှန်းပြီးသော စပါးနှံစည်းများကိုခင်းရ ပြန်သည်။ ဤနည်းဖြင့် နံ့သာတထပ် စပါးနှံတထပ် အလဲအလှယ် ခင်း၍ ထပ်၍ ကျီကြပြည့်လတ်သော် တံခါးကို ပိတ်လျက် သုံးနှစ် ကြာအောင် ထားကြရလေသည်။

(နှာ-၂၇၇)

သုံးနှစ်ပြည့်သောအခါမှ စပါးကျီကြကို ဖွင့်ကြရသည်။ ဖွင့်လိုက်သောအခါ စမ္ပာပြည်တပြည်လုံး နံ့သာနံ့ဖုံး၍သွားလေ၏။

ထိုသလေးစပါးများကို ဆန်ဖွပ်သောအခါ သေသောက်ကြူတို့သည် ပွဲကြမ်း, ဖွဲနုကို အလုအယက် ဝယ်ကြကုန်၏။ ဆန်ကွဲ ဆန်ကျိုးကိုကား အလုပ်အကျွေးတပည့်များ ရယူကုန်၏။ သလေး ဆန်ရင်းဆန်သားတို့ကိုသာ သူဌေးသားအတွက် ရွေးချယ်၍ ယူ ကြရလေသည်။

ထမင်းချက်ကြပုံမှာ—-ရွှေချည်မျှင်ဖြင့် ရက်လုပ်အပ်သောဆန် ဆေးတောင်း၌ ထိုသလေးဆန်ရင်းတို့ကို ထည့်၍ အကြိမ်တရာ ရေစစ်၍ယူကြပြီးသော် ကျိုက်ကျိုက်ဆူသောရေနွေး၌ တကြိမ်တည်း နှစ်၍(ကြာကြာမထားရပဲ) ထုတ်ဆယ်ကြရလေသည်၊ ထိုအခါရေနွေးမှ လွတ်တိုင်း လွတ်တိုင်းသော နေရာသည် (ရေနွေးမှလွတ်လျှင်ပင် ကျက်ပြီးသားဖြစ်၍) မုလေး (မြတ်လေး)ပန်းနှင့် တူသော ထမင်း ဘောဇဉ် ဖြစ်၍ လာလေ၏။

ထိုဘောဇဉ်ထမင်းကို ရွှေခွက်၌ ထည့်ကြပြီးလျှင် ထိုရွှေခွက်ကို ကျိုက်ကျိုက်ဆူလျက် ရေမပါသော ဃနာနို့ထမင်းချို အပြည့်ထည့် ထားသော ငွေခွက်ပေါ်၌ (အေး မသွားရန်) တင်ထားပြီးမှ ယူဆောင်လာကြ၍ သူဌေးသား၏ ရှေ့မှောက်ဝယ် ချထားကြရလေသည်။

သောဏ-ကောဠိဝိသ သူဌေးသားသည် ထိုသလေးထမင်းကို မိမိမျှတရုံသာ စားပြီးလျှင် နံ့သာထုံအပ်သောရေဖြင့် ခံတွင်းလုပ် ကျင်းခြင်း, လက်ခြေ ဆေးခြင်းအမှုကို ပြုလေသည်။ ထို့နောက် လက်ခြေဆေးပြီးသောထိုသူဌေးသားအား အထူးထူးအပြားပြားသော (= အမျိုးမျိုးသော) ကွမ်း စသည်များကို ခံတွင်းနံ့ကြိုင် လှိုင်စေရန် ဆက်သကြရကုန်၏။

သူဌေးသား သွားတိုင်း သွားတိုင်းသောအရပ်၌ ကောင်းမြတ် ဆန်းကြယ်သော အခင်းများကို ခင်း၍ပေးကြရ၏၊ သူဌေးသား၏

(နှာ-၂၇၈)

လက်ဖဝါး ခြေဖဝါးဟိုသည် လယ်ခေါင်ရန်းပန်း အသွေး တွေးတွေးနီးမြန်းကြကုန်၏။ သူဌေးသား၏ အတွေ့သည် အကြိမ် တရာ ဖတ်အပ်သော ဝါဂွမ်းလွှာပမာ နူးညံ့လှစွာ၏။ ခြေဖဝါးအပြင်တို့၌ ပတ္တမြားနားဋောင်းဝယ် လက်ျာရစ်လည်၍ တည်သော ကြာချည် အဆင်းရှိသည့် မွေးညှင်းကလေးများ အစီအရီ ပေါက်လျက်ရှိကုန်၏။ သူဌေးသားသည် တဦးတယောက်၏ အပေါ်၌ စိတ်ဆိုး အမျက်ထွက်လျှင် “သင် သတိထား စဉ်းစား သိရှိလော့၊ ငါသည် ယခုပင် မြေကို နင်းလိုက်အံ့”ဟု ကြိမ်းမောင်းစကား ပြောကြားတတ်၏။ ထိုသူဌေးသား အရွယ်သို့ရောက်လတ်သော် (အောက် ယသသူဌေးသား အခဏ်းမှာကဲ့သို့) ဥတုသုံးပါးတို့အား လျော်လျောက်ပတ်သည့် ပြာသာဒ် သုံးဆောင်ကို ဆောက်လုပ်စေကာ ကခြေသည် မောင်းမများကိုလည်း (မိဖတို့က) ခစားစေကြလေသည်။ သူဌေးသားသည် ကြီးစွာသော စည်းစိမ်ကို ခံစားသုံး ဆောင်လျက် နတ်သားပမာ ချမ်းသာစွာ စိုးအုပ် နေထိုင်လေ၏။

ထို့နောက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင်သည် ဘုရား ဖြစ်တော်မူပြီးလျှင် ဓမ္မစကြာတရား ဟောကြားတော်မူပြီး၍ ရာဇဂြိုဟ်ပြည်ကိုအမှီဂေါစရဂါမ်ပြု၍နေတော်မူစဉ်မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းတရားက သောဏ-သူဌေးသားကို ဆင့်ခေါ် စေတော်မူပြီးလျှင် ရွာသူကြီးပေါင်း ရှစ်သောင်းတို့နှင့် အတူတကွ မြတ်စွာဘုရားရှင်ထံတော်သို့ စေလွှတ်အပ်ရကား သောဏ-သူဌေးသားသည် တရားဒေသနာကို ကြားနာရပြီးလျှင် သဒ္ဓါတရား ကြီးမားစွာ ဖြစ်ရှိလျက် မြတ်စွာဘုရားကို ရှင်, ရဟန်းပြုပေးပါရန် တောင်းပန်လျှောက်ထားလေ၏။

ထိုအခါ သောဏ-သူဌေးသားကို မြတ်စွာဘုရားသည် မိဖ နှစ်ပါးတို့က ရှင်, ရဟန်းပြုရန် ခွင့်ပြုအပ်ပြီလော”ဟု မေးတော်မူ၍ ခွင့်မပြုအပ်သေးကြောင်း ကြားသိတော်မူပြီးလျှင် “ချစ်သားသောဏ မြတ်စွာဘုရားတို့သည် မိဖနှစ်ပါး ခွင့်မပြုအပ်သော သားကို ရှင်, ရဟန်းပြု၍ မပေးကြကုန်”ဟု ငြင်းပယ်စကားမိန့်ကြားတော်မူလေ၏။ သူဌေးသားသည် “ကောင်းပါပြီ မြတ်စွာ

(နှာ-၂၇၉)

ဘုရား...”ဟု မြတ်စွာဘုရားရှင် မိန့်ကြားချက်ကို ဦးထိပ်ရွက် ပန်ဆင်၍ မိဖတိုထံ ပြန်သွားကာ ခွင့်ပြုစေ၍ ဘုရားရှင်ထံမှောက် တဖန်ပြန်ရောက်ပြီးလျှင် မြတ်စွာဘုရား စေခိုင်းတော်မူချက်အရ ရဟန်းတော်တပါး၏ အထံ၌ ရှင်, ရဟန်းပြုလေ၏။ (ဤကား အကြောင်းအရာ အကျဉ်းတည်း။ ထိုသောဏ-သူဌေးသား ရဟန်း ဖြစ်ပုံ အကြောင်းအရာအကျယ်ကို ဝိနည်းမဟာဝါပိဋကတ်မြန်မာပြန် ၅-စမ္မက္ခန္ဓက စာမျက်နှာ ၂၆၃-မှစ၍ ကြည့်ရှုမှတ်ယူ ကုန်ရာ၏)။

သောဏမထေရ်သည်ရှင်, ရဟန်းအဖြစ်ကိုရယူပြီး၍ ရာဇဂြိုဟ်ပြည်၌နေစဉ် များစွာသော ဆွေမျိုးသားချင်း မိတ်သင်္ဂဟတို့သည် မြတ်နိုးတနာ ပူဇာသက္ကာရမှု များစွာပြုကြလေ၏။ မထေရ်၏ ရုပ်အဆင်းတင့်တယ်ပုံ ကျေးဇူးဂုဏ်ကို ချီးမွမ်းစကားများစွာ ပြောကြားကြ၏။ သောဏမထေရ်သည် “ငါ့အထံသို့ များစွာသောလူတို့ လာရောက်ကြကုန်၏။ ဤသို့သာ လာရောက်နေကြလျှင် ငါသည် သမထဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းအလုပ် အဘယ်မှာလျှင် အားထုတ်နိုင်တော့မည်နည်း = အားထုတ်နိုင်တော့မည်မဟုတ်ချေ။ ငါသည် မြတ်စွာဘုရားရှင် အထံတော်၌ ကမ္မဋ္ဌာန်းတရား နာကြားပြီးလျှင်သီတဝနတောအုပ်သုသာန်သို့ သွားရောက်ကာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ရပါမူ ကောင်းလေစွ၊ မှန်၏-ထိုအရပ်၌ “သုသာန်ဟူ၍ စက်ဆုပ်ကြကာ လူအများ လာရောက်ကြမည်မဟုတ်ချေ။ ထိုသို့မလာကြလျှင် ငါ၏ ရဟန်းကိစ္စသည် အထွတ်အထိပ် = အရဟတ္တဖိုလ်ပေါက် ရောက်ပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်တော်မူပြီးလျှင် မြတ်စွာဘုရားရှင် အထံတော်၌ ကမ္မဋ္ဌာန်းတရား နာကြားပြီးနောက် သီတဝနတောအုပ်သို့ သွားရောက်၍ ရဟန်းတရားကို ပွါးများဖို့ရန် စ-ဖန်အားသစ်လေ၏။

အပြင်းအထန် အားထုတ်တော်မူခြင်း

သောဏမထေရ်သည် “ငါ၏ကိုယ်ကား အလွန်သိမ်မွေ့စွာ၏။ စင်စစ်သော်ကား မဂ်ဖိုလ်ချမ်းသာကို အလွယ်တကူနှင့် ရောက်

(နှာ-၂၈၀)

ရန် မတတ်နိုင်ချေ၊ သို့ရကား မိမိကိုယ်ကို ပင်ပန်းနွမ်းနယ်စေ၍လည်း ရဟန်းတရား ပွါးများအားထုတ်မှ သင့်တော်တော့မည်” ဟု ကြံစည်ဆင်ခြင်တော်မူပြီးနောက် (လျောင်းခြင်း, ထိုင်ခြင်း အလျှင်းပင် မပြုတော့ပဲ) ရပ်ခြင်း, စင်္ကြံသွားခြင်း=ဣရိယာပုထ် နှစ်ပါးကိုသာ ဆောက်တည်၍ ပဓာနအလုပ် အပြင်းအထန် အားထုတ်လေတော့၏။ ထို အရှင်သောဏမထေရ်၏ အဖို့ရာ အလွန်သိမ်မွေ့နူးညံ့စွာသော ခြေဖဝါးအပြင် အစွန်းအနားတို့မှာ အဖူးအရူးများ ပေါက်ရောက်ကာ ကွဲကြသဖြင့် စင်္ကြံတခုလုံးမှာ သွေးခြင်းခြင်းနီ၍ နေလေတော့၏။ မထေရ်သည် ခြေထောက်တို့ဖြင့် မသွားနိုင်လတ်သော် တတောင်ဆစ်, ဒူးခေါင်းတို့ဖြင့် လေးဖက်တွားသွားလျက် ရဟန်းတရား ပွါးများအားထုတ်လေ၏။ တတောင်ဆစ်, ဒူးခေါင်းတို့လည်း ထို့အတူ ပေါက်ကွဲသဖြင့် စင်္ကြံတခုလုံး သွေးခြင်းခြင်းနီ၍နေလေ၏။ ဤသို့စဉ် ဝီရိယကို အပြင်းအထန် အားထုတ်ပါသော်လည်း ကမ္မဋ္ဌာန်းနိမိတ် အရိပ် အရောင်ကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ရကား__

“အကယ်၍ ငါမှတပါး အခြားသူတယောက်သည် ဝီရိယကို အပြင်းအထန် အားထုတ်မည်ဆိုပါက ငါကဲ့သို့သာ ဖြစ်လေရာ၏, အားထုတ်လေရာ၏ =ဤမျှထက် ပိုလွန်၍ အားမထုတ်နိုင်လေရာ၊ ငါသည်ကား ဤသို့ပင် အားထုတ်ပါသော်လည်း မဂ်, ဖိုလ်တရားကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ချေ၊ သို့ရကား ငါသည် ဧကန်ပင် ဥဂ္ဃဋိတညူ, ဝိပဉ္စိတညူ, နေယျဟူသော မဂ်ဖိုလ်ရထိုက်သူပုဂ္ဂိုလ် မဖြစ်လေရာ၊ ငါသည် ပဒပရမပုဂ္ဂိုလ်သာ ဖြစ်လေရာ၏။ သို့ရကား ‘ငါ့အဖို့ရာ ရှင်, ရဟန်းအဖြစ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်း= ရှိမည်မဟုတ်လေရာ၊ ငါသည် လူ့ဘောင်သို့ လှည့်လည်လျောကျ၍ လောက စည်းစိမ်များကိုလည်း သုံးဆောင်ပေတော့အံ့၊ (လောကစည်းစိမ်ခံစားရင်းက) ကုသိုလ်ကောင်းမှုများကိုလည်း ပြုလုပ်ပေတော့”__

ဟု ကြံစည်မိလေ၏။ "

(နှာ-၂၈၁)

ဝီဏောဝါဒ-မလျော့, မတင်း စောင်းကြိုးငြင်း အဆုံးအမတရား ဟောတော်မူခြင်း

ထိုအခါ မြတ်စွာဘုရားသည် မထေရ်၏စိတ်အကြံကို သိတော်မူ၍ ညနေချမ်းအခါ ရဟန်းအပေါင်း ခြံရံအပ်လျက် ထို အရပ်သို့ ကြွရောက်ကာ သွေးခြင်းခြင်းနီသောစင်္ကြံကို မြင်တော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့... နွားသတ်ရာအရပ်ကဲ့သို့ သွေးခြင်းခြင်းနီနေသော ဤစင်္ကြံသည် အဘယ်ရဟန်း၏ စင်္ကြံနည်း”ဟု (သိတော် မူလျက်နှင့်ပင် တရားဟောရန် ရည်ရွယ်ချက်ဖြင့်) မေးတော် မူလေ၏။ ရဟန်းတို့က “မြတ်စွာဘုရား... အလွန်အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍ စင်္ကြံသွားလျက် တရားကျင့်သော အရှင်သောဏ၏ ခြေဖဝါးတို့သည် ကွဲပေါက်ခဲ့ပါကုန်ပြီ၊ ယခု မြင်တော်မူရသည့် နွားသတ်ရာအရပ်သို့ သွေးခြင်းခြင်းနီနေသော ဤ စင်္ကြံသည် ထို သောဏရဟန်း၏ စင်္ကြံဖြစ်ပါသည် ဘုရား”ဟု လျှောက်ထားကြလေလျှင် မြတ်စွာဘုရားသည် အရှင်သောဏမထေရ်၏ ကမ္မဋ္ဌာန်းကျောင်းသို့ ကြွရောက်၍ အသင့် ခင်းထားအပ်ပြီးသော နေရာဝယ် ထိုင်နေတော်မူလေ၏။

အရှင်သောဏသည်လည်း မြတ်စွာဘုရားရှင်ထံတော်မှောက်သို့ လာရောက်ရှိခိုးဝတ်ပြု၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားရှင်က အရှင်သောဏမထေရ်ကို ရှေးဆိုအပ်ပြီးသည့်အတိုင်း ချစ်သား၏သန္တာန်၌ အကြံဖြစ်သည် မှန်၏လော့-ဟု တိုက်ရိုက်မေးတော်မူလေလျှင် အရှင်သောဏ မထေရ်သည် ဟုတ်မှန်ကြောင်း ဝန်ခံစကား ပြန်ကြားလျှောက်ထားလေ၏။ ထို့နောက် မြတ်စွာဘုရားရှင်က အရှင်သောဏ မထေရ်ကို “ဝီဏောဝါဒ=မလျော့, မတင်း စောင်းကြိုးငြင်း အဆုံးအမတရား”ဟောကြားတော်မူသည်မှာ__

(ဗုဒ္ဓ) ချစ်သွားသောဏ... ယခု ငါဘုရား မေးမြန်း မည့်စကားကို သင်ချစ်သား အဘယ်သို့ မှတ်ထင်သဘော ကျသနည်း = သင်ချစ်သား သဘောကျသည့်အတိုင်း ဖြေ

(နှာ-၂၈၂)

ဆိုခွင့်ရှိသည်၊ သင်ချစ်သားသည် ရှေးလူဖြစ်စဉ် အခါက စောင်းတီးခြင်း၌ လိမ္မာခဲ့သည် မဟုတ်လော။

(သောဏ) ဟုတ်ပါသည် မြတ်စွာဘုရား...။

(ဤ၌။ ။ အရှင်သောဏကို ငယ်စဉ်အခါက မိဘနှစ်ပါးတို့က“ငါတို့ သားသည် အခြားအတတ်ကို သင်ကြားလျှင် ကိုယ်ပင်ပန်းလိမ့်မည်။ ဤစောင်းတီးခြင်းအတတ်ကား နေရာ၌ ချမ်းသာစွာ ထိုင်နေရင်းပင် သင်ယူနိုင်သောအတတ်ဖြစ်သည်”ဟု စဉ်းစားကြ၍ စောင်းအတတ်ကို သင်ကြားစေကြသဖြင့် မထေရ်သည် စောင်းတီးအတတ်၌ လေ့လာ နိုင်နင်းသူ ဖြစ်လေသည်။

မြတ်စွာဘုရားရှင်သည်လည်း “ဤသောဏရဟန်း၏ အဖို့ရာ အခြား ကမ္မဋ္ဌာန်းဖြင့် အကျိုးမရှိနိုင်၊ ဤရဟန်းသည် လူဖြစ်စဉ်အခါ စောင်း အတတ်၌ နိုင်နင်းလေ့လာ လိမ္မာသူဖြစ်သည်။ မိမိ၏ စောင်းပညာ အရာ၌တည်၍ တရားဟောရလျှင် လျင်မြန်စွာ သိပေလိမ့်မည်ဟု သိရှိတော်မူသဖြင့် ဆိုအပ်ပြီးသောအတိုင်း မေးမြန်း၍ တရားစ-တော်မူလေသည်)။

(ဗုဒ္ဓ) ချစ်သားသောဏ...ယခု ငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သား အဘယ်သို့ မှတ်ထင်သဘောကျသနည်း၊ သင်၏ စောင်းညှို့ = စောင်းကြိုးများ တင်း၍ နေသောအခါ သင့်စောင်းသည် အသံသာခြင်းရှိသည်, အရှည်တီးရန် ခံ့ခြင်းရှိသည် ဖြစ်၏လော = အသံသာယာ၏လော, ကြာကြာအတီးခံ၏လော။

(သောဏ) မြတ်စွာဘုရား... ဤသို့မဖြစ်နိုင်ပါ= အသံလည်း မသာယာ, ကြာကြာလည်း အတီးခံပါ။

(ဗုဒ္ဓ) ချစ်သားသောဏ...ယခုငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သား အဘယ်သို့ မှတ်ထင်သဘောကျသနည်း၊ သင်၏ စောင်းညှို့ = စောင်းကြိုးများ လျော့၍ နေသောအခါ သင့်စောင်းသည် အသံသာခြင်းရှိသည်, အရှည်တီးရန် ခံ့ခြင် ရှိသည် ဖြစ်၏လော = အသံသာယာ၏လော ကြာကြာ အတီးခံ၏လော။

(နှာ-၂၈၃)

(သောဏ) မြတ်စွာဘုရား ဤသို့မဖြစ်နိုင်ပါ= အသံလည်း မသာယာ, ကြာကြာလည်း အတီးမခံပါ။

(ဗုဒ္ဓ) ချစ်သားသောဏ...ယခုငါဘုရားမေးမြန်းမည့် စကားကို သင်ချစ်သား အဘယ်သို့ မှတ်ထင်သဘောကျသနည်း၊ သင်၏ စောင်းညှို့ = စောင်းကြိုးများ မတင်း လွန်းမလျော့လွန်းပဲ ညီမျှသောဂုဏ်၌ တည်ကြသောအခါ သင့်စောင်းသည် အသံသာခြင်းရှိသည်, အရှည် တီးရန် ခံ့ခြင်းရှိသည် ဖြစ်၏လော = အသံသာယာ၏ လော, ကြာကြာ အတီးခံ၏လော။

(သောဏ) ဖြစ်ပါသည် မြတ်စွာဘုရား...အသံလည်း သာယာ, ကြာကြာလည်းအတီးခံပါသည် မြတ်စွာဘုရား။

(ဗုဒ္ဓ) ချစ်သားသောဏ...ဤအတူပင် လွန်စွာအား ထုတ်အပ်သော ဝီရိယသည် ပျံလွင့်ခြင်းငှါ ဖြစ်၏ (= ဝီရိယလွန်ကဲလျှင် ဥဒ္ဓစ္စဖြစ်၏)၊ ပျော့လွန်းသော ဝီရိယသည် ပျင်းရိခြင်းငှါ ဖြစ်၏၊ (= ဝီရိယလျော့လျှင် ကောသဇ္ဇ= အပျင်းဓာတ် ဖြစ်၏)။ ချစ်သားသောဏ... သို့ရကား သင်ချစ်သားသည် ဝီရိယနှင့် သမာဓိ မျှသော အဖြစ်ကို ဆောက်တည်လော့ (= ဝီရိယနှင့် သမာဓိ မျှအောင် အားထုတ်လော့)။ သဒ္စါ-စသော ဣန္ဒြေတို့ ညီမျှသောအဖြစ်ကို သိလော့ (= သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေ= ဤဣန္ဒြေငါးပါး ညီမျှအောင် ကျင့်လော့)။ ထိုသို့ ညီမျှသောအခါ၌ သမထစသော နိမိတ်ကို ဖြစ်စေလော့၊

(သောဏ) ကောင်းပါပြီ မြတ်စွာဘုရား...။

မြတ်စွာဘုရားရှင်သည် အရှင်သောဏမထေရ်ကို ဖော်ပြ ရာပါဝိဏောဝါဒ = မလျော့ မတင်း စောင်းကြိုးငြင်း အဆုံး အမတရားဖြင့် ဆုံးမတော်မူ၍ ဝီရိယနှင့် သမာဓိ ညီမျှအောင်

(နှာ-၂၈၄)

ကျင့်ကြံပုံ ကမ္မဋ္ဌာန်းတရား ဟောကြားတော်မူပြီးလျှင် ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းတိုက်သို့ ပြန်ကြွတော်မူလေ၏။ အရှင်သောဏမထေရ်သည်လည်း မြတ်စွာဘုရားရှင်၏ မျက်မှောက်ဩဝါဒ အဆုံးအမကို ရယူတော်မူကာ ရဟန်းတရား မလျော့မတင်း ပွါးများအားထုတ်တော်မူလေရာ မကြာမြင့်မီပင် အရဟတ္တဖိုလ်၌ တည်တော်မူလေ၏ = ရဟန္တာ ဖြစ်တော်မူလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း၍

အရှင်သောဏ ကောဠိဝိသမထေရ်၏ တရားအားထုတ်ပုံကို ပြန်လည်သုံးသပ်ဆင်ခြင်ပါလျှင် “အခြားတပါးသော ရဟန်းတို့၏အဖို့ရာ ဝီရိယတရားမည်သည် (လျော့နေ၍) တိုးတက် ပွါးစေအပ်သော သဘောရှိသည်။ ဤအရှင်မြတ်၏ ဝီရိယကား (တင်းလွန်းနေသဖြင့်) လျှော့စေအပ်သော သဘောရှိသည်” ဟူသော ဤအချက်သည် ထင်ရှားလာ၏။ သို့ရကား မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ရဟန်းတော်တို့အား ဧတဒဂ် ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ၏ အရှင်သောဏ-ကောဋိဝိသမထေရ်အား__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ အာရဒ္ဓ ဝီရိယာနံ ယဒိဒံ သောဏော ကောဋိဝိသော = ရဟန်းတို့...ထက်သန်သော လုံ့လဝီရိယရှိကြသော ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ကောဠိဝိသအနွယ်၌ ဖြစ်သော သောဏရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏” __

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “အာရဒ္ဓဝီရိယ = ထက်သန်သော လုံ့လဝီရိယရှိကြသောအရာ”ဝယ် ဧတဒဂ် ထားတော်မူလေ၏။

ဤကား အရှင်သောဏ-ကောဠိဝိသမထေရ် အကြောင်းတည်း။

_______

(နှာ-၂၈၅)

(၁၇) အရှင်ဏသော-ကုဋိကဏ္ဏမထေရ် အကြောင်း

(ဤအရှင်မှာ မိဖတိုမှည့်ခေါ်သော အမည်အားဖြင့် သောဏ-ဟု အမည်တွင်၍ လူဖြစ်စဉ်အခါ တကုဋေတန် နားတန်ဆာကို ပန်ဆင် လေ့ရှိသောကြောင့် ကုဋိကဏ္ဏ=ဤအမည်နှစ်ရပ် စပ်ကာ “သောဏ၊ ကုဋိကဏ္ဏမထေရ်”ဟု မည်တွင်တော်မူလေသည်)၊

(က) မထေရ်၏ ရှေးဆုတောင်း

ဤ အရှင်သောဏ-ကုဋိကဏ္ဏ မထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော် အခါဝယ် ရှေးနည်းအတိုင်း လူများအပေါင်းနှင့် အတူတကွ

ကျောင်းသို့ သွားရောက်၍ ပရိသတ်အစွန်အနား၌ ရပ်တည် ကာ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာနေစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို ချိုသာသော တရားစကား ဟောကြား ပြောဆိုတတ်ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ “c)သည်လည်း နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာ ၌ ချိုသာသော တရားစကား ဟောကြား ပြောဆိုတတ်ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး= ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်မှ သင့်တော်တော့မည်”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်၍ ခုနစ်ရက်ကြာ မဟာဒါနကြီး ပေးလှူ ပြီးနောက် “မြတ်စွာဘုရား... အရှင်ဘုရားတို့သည် ယနေ့မှ အထက် လွန်ခဲ့သော ခုနစ်ရက်က အကြင်ရဟန်းကို ကလျာဏဝါက္ကရဏ = ချိုသာသော တရားစကား ဟောကြားပြောဆို တတ်ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ် ရာထူး၌ ထားတော်မူခဲ့ကြပါပြီ၊ တပည့်တော်သည်လည်း ဤ အဓိကာရကောင်းမှု ကုသိုလ်၏ အကျိုးအားကြောင့် နောက် အခါဝယ် တဆူဆူသော မြတ်စွာဘုရား၏ သာသနာတော်၌ ထိုရဟန်းကဲ့သို့ပင် ကလျာဏက္ကရဏ = ချိုသာသော တရားစကား ဟောကြား ပြောဆိုသောအရာဝယ် ဧတဒဂ်ဘွဲ့ထူးရ

(နှာ-၂၈၆)

ပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းချက် အန္တရာယ် မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ “သင်သည် “နောက်အခါ ဂေါတမမြတ်စွာ သာသနာ၌ ကလျာဏဝါက္ကရဏ=ချိုသာသော တရားစကား ဟောကြားပြောဆိုတတ်ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရပုဂ္ဂိုလ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ် ကြား၍ ဖဲသွားတော်မူလေ၏။

(ဂ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုအမျိုးကောင်းသားသည်လည်း အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြု၍ ကမ္ဘာတသိန်းကြာ (အပါယ်လေးပါး မလား မရောက်ပဲ) နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီပင် အဝန္တိ တိုင်း ကုရရဃရမြို့နေ ကာဠီမည်သော သူဌေးကတော် ဥပါသိကာ၏ ဝမ်း၌ ပဋိသန္ဓေ တည်ယူနေလေသည်။ ထိုသူဌေး ကတော်သည် ကိုယ်ဝန်ရင့်လတ်သော် ရာဇဂြိုဟ်ပြည် မိမိ၏ မိဖ နေအိမ်သို့ ပြန်လာလေသည်။

ထိုအချိန်၌ အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် သဗ္ဗညူဘုရား အဖြစ်သို့ ရောက်တော်မူပြီး၍ ဣသိပတနမိဂဒါဝုန်တောဝယ် ဓမ္မစကြာတရား ဟောကြားတော်မူနေ၏၊ (မဟာသက္ကရာဇ် ၁၀၃ခုနှစ် ဝါဆိုလပြည့်နေ့တည်း)။ ဓမ္မစကြာတရား ဟောကြားတော်မူရာ ဣသိပတနမိဂဒါဝုန်၌ စကြဝဠာပေါင်း တိုက်တသောင်းမှ နတ်ဗြဟ္မာတို ညီညာစည်းဝေးကြလေသည်။ ထို အစည်းအဝေး၌ ယက္ခစစ်သေနာပတိ နှစ်ကျိပ်ရှစ်ဦးတွင် တဦး အပါအဝင်ဖြစ်သော သာတာဂိရဘီလူး နတ်စစ်မှူးသည် မြတ်စွာဘုရား၏ တရားစကားကို ကြားနာလေသည်။

(ဤ၌။ ။ ယက္ခစစ်သေနာပတိကြီး နှစ်ဦးတို့၏ အကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ အခဏ်း-၁၀၊ စာမျက်နှာ ၄၃ဝ-မှစ၍ ပြန်လည် ကြည့်ရှု သုံးသပ် မှတ်ယူရာ၏။

(နှာ-၂၈၇)

အထူးအားဖြင့် အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ အခဏ်း-၁၀၊ မျက်နှာ ၄၃ဝ-မှစ၍ စကားရပ်များမှာ သုတ္တနိပါတ်အဋ္ဌကထာ ဟေမ၀တသုတ်အဖွင့်ကို မှီ၍ ရေးသားအပ်သော စကားရပ်များဖြစ်သည်။ ထို ဟေမဝတသုတ်အဖွင့် အဋ္ဌကထာအလို သာတာဂိရနတ်မင်းသည် ဓမ္မစကြာတရားနာယူစဉ် မိမိ၏ သူငယ်ချင်း ဟေမဝနတ်မင်းကို အမှတ်ရ စိတ်ပျံ့လွင့်နေသောကြောင့် မဂ်ဖိုလ်မရသေးပဲ သူငယ်ချင်းကို အခေါ်သွားပြီး တဖန်ပြန်လာသောအခါမှ နတ်စစ်မှူးနှစ်ဦးလုံးပင် သောတာပန်အရိယာ ဖြစ်ကြကြောင်း လာရှိသည်။

ဧကကနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ စာမျက်နှာ ၁၈၆ - မှ စ၍ ဖွင့်ပြပုံမှာကား သာတာဂိရနတ်မင်းသည် ဓမ္မစကြာတရားကို နာယူရ၍ သောတာပန်ဖြစ်ပြီးမှ မိမိ၏ သူငယ်ချင်း ဟေမဝတနတ်မင်းကို သွားရောက်ခေါ်ယူရာ ရာဇဂြိုဟ်ပြည် (ကုရရဃရမြို့သူ) ကာဠီသူဌေးသမီး အိမ်အပေါ် ကောင်းကင်၌ တွေ့ဆုံကြ၍ ဟေမဝတနတ်မင်းက သာတာဂိရနတ်မင်းကို မြတ်စွာဘုရား၏ ကာယသမာစာရ, အာဇီဝ, မနောသမာစာရတို့ကို မေးလေသည်။ သာတာဂိရနတ်မင်းကလည်း မေးတိုင်း၊ မေးတိုင်း ဖြေကြားလေသည်။ ဤသို့လျှင် မြတ်စွာဘုရား၏ ကိုယ်တော် ကျေးဇူး, ဂုဏ်တော်ကျေးဇူးကို မေးဖြေသည်၏ အစွမ်းအားဖြင့် ဟေမဝတသုတ္တန် ပြီးဆုံးလတ်သော် ဟေမဝတနတ်မင်းသည် သူငယ်ချင်း သာတာဂိရနတ်မင်း၏ တရားဒေသနာကို အစဉ်လျှောက်သောအားဖြင့် ဉာဏ်ကိုစေလွှတ်၍ သောတာပတ္တိဖိုလ်၌ တည်လေသည်-ဟု ဖွင့်ပြလေသည်။ ထိုသို့ အဆိုကွဲပြားခြင်းမှာ ဘာဏကမထေရ်တို့၏ အလိုအတိုင်း ကွဲပြားလေသည်ဟုသာ မှတ်ယူရာ၏)။

သာတာဂိရ နတ်စစ်မှူးသည် ဓမ္မစကြာတရားပွဲ၌ မိမိ၏ သူငယ်ချင်း ဟေမဝတနတ်စစ်မှူး မလာရောက်သဖြင့် သွားရောက် ခေါ်ငင်ရာ ရာဇဂြိုဟ်ပြည်(ကုရရဃရမြို့သူ) သူဌေးကတော် ကာဠီတို့၏ အိမ်အပေါ်ကောင်းကင်၌ နတ်စစ်မှူးကြီးနှစ်ဦး တွေ့ဆုံကြ၍ ထိုကောင်းကင်မှာပင် ဟေမဝတ နတ်မင်းက မြတ်စွာဘုရား၏ ကာယသမာစာရ-စသည်ကို မေး၍ သာတာဂိရ နတ် စစ်မှူးကလည်း မေးတိုင်းမေးတိုင်း ဖြေကြားလေသည်။

ထိုအခါ ဤကာဠီသူဌေးကတော်သည် သူတပါးအား တရား ဟောစဉ် မြတ်စွာဘုရားရှင်ကို မဖူးမြင်ရပဲပင် အဆင့်ကြား

(နှာ-၂၈၈)

ကြည်ညိုမှု = သဒ္ဓါတရားကို ဖြစ်ပွါးစေ၍ သူတပါးအတွက် ခူးအပ်သော ထမင်းကို စားသုံးသောသူကဲ့သို့ သောတာပတ္တိ ဖိုလ်၌ တည်လေသည်။ ထိုကာဠီသူဌေးကတော်သည် မာတုဂါမ များအားလုံးတွင်ရှေးဦးစွာသော သောတာပန်အရိယသာဝိကာ ဖြစ်၍ အားလုံးတို့၏ အစ်မကြီးအရိယာ ဖြစ်လေသည်။

ကာဠီသူဌေးကတော်၏အဖို့ရာ “သောတာပန်ဖြစ်ပြီးသည်နှင့် တပြိုင်နက် ထိုညဉ့်၌ပင် ကိုယ်ဝန်သား ဖွားသန့်လေသည်။ ရရှိသော သူငယ်အား အမည်မှည့်သောနေ့၌ “သောဏ”ဟူ၍ အမည်မှည့်လေသည်။ ကာဠီသူဌေးကတော်သည် မိမိအလိုရှိ သလောက် မိဖတို့အိမ်၌ နေပြီးလျှင် ကုရရဃရမြို့သို့ပင် တဖန် ပြန်၍သွားလေ၏။ သောဏသူဌေးသားကလေးမှာ တကုဋေတန် နားတန်ဆာကို ပန်ဆင်ရသူဖြစ်၍ “သောဏ-ကုဋိကဏ္ဍ” သူဌေးသားဟု အမည်တွင်ပြန်လေသည်။

သောဏကုဋိကဏ္ဏသူဌေးသား သံဝေဂရ၍ ရှင်, ရဟန်းပြုခြင်း

ထိုအချိန်၌ အရှင်မဟာကစ္စည်းမထေရ်သည် ကုရရဃရမြို့ကို အမှီဂေါစရဂါမ်ပြု၍ ပပတ-မည်သော(တနည်း ပဝတ္တမည်သော တနည်း ဥပဝတ္တမည်သော) တောင်၌ သီတင်းသုံးနေထိုင်တော်မူ၏။ ကာဠီသူဌေးကတော် ဥပါသိကာသည် အရှင်မဟာကစ္စည်း မထေရ်ကို ပြုစုလုပ်ကျွေး၏။ မထေရ်သည် ကာဠီသူဌေးကတော် ဥပါသိကာ၏အိမ်သို့ အမြဲမပြတ် ကြွတော်မူ၏။ သောဏသူငယ်သည်လည်း အမြဲမပြတ် မထေရ်မြတ်၏အထံ၌ လှည့်လည် ကျက်စားလျက် မထေရ်မြတ်နှင့် အကျွမ်းတဝင် ခင်မင်ရင်းနှီးသူ ဖြစ်လေ၏ ။

သောဏသူဌေးသားသည် အခါအခွင့်ရရှိတိုင်း မထေရ်မြတ်ထံ ဆည်းကပ်ရန် သွားရောက်လေ၏။ မထေရ်မြတ်ကလည်း သောဏသူဌေးသားအား တရားဓမ္မ မပြတ် ဟောပြတော်မူလေ၏။ ထို့ကြောင့် သောဏသူဌေးသားသည် သံဝေဂပြောများ

(နှာ-၂၈၉)

သူဖြစ်လျက် တရားကျင့်ရန် ထက်သန်သောလုံ့လ ဖြစ်ရှိလျက်သာ နေထိုင်လေ၏။ အခါတပါး၌ သောဏသူဌေးသားသည် လှည်းကုန်သည်(= လှည်းတပ်ကြီး)နှင့် အတူတကွ ကုန်ရောင်းဝယ်ရန် ဥဇ္ဇေနီပြည်သို့ သွားလတ်သော် လမ်းခရီးအကြား တခုသော တောအုပ်ဝယ် လှည်းတပ်ကြီး စခန်းချ၍ နားနေသည်တွင် ညဉ့်အခါ၌ လူအများနှင့် ကျပ်တည်းကျဉ်းမြောင်းစွာ နေထိုင်ရမှုမှ ကြောက်သဖြင့် သင့်လျော်ရာ တနေရာ၌ ရှောင်ဖဲ၍ အိပ်စက်လေ၏။ လှည်းတပ်ကြီးသည် မိုးသောက်အချိန်၌ ထ၍ သွားလေ၏။ တယောက်ကမျှလည်း သောဏသူဌေးသားကို မနှိုးမိကြပဲ အားလုံးကပင် မေ့၍ သွားကြလေကုန်၏။

သောဏသူဌေးသားသည် နံနက်မိုးသောက် အိပ်ရာမှထ၍ တဦးတယောက်ကိုမှ မတွေ့မမြင်ရပဲ လှည်းကုန်သည်= လှည်း တပ်ကြီး သွားသောလမ်းအတိုင်း မြန်မြန်လိုက်ပါသွားလတ်သည် ရှိသော် ပညောင်ပင်တပင်သို့ ဆိုက်ရောက်လေ၏။ ထိုပညောင်ပင်၌ အကြည့်ရလည်းတန်, ခန္ဓာကိုယ်လည်းကြီးလျက် စက်ဆုပ်ဖွယ်လည်းကောင်းသည့် ပြိတ္တာယောက်ျားတယောက် မိမိ၏ အရိုးတို့မှ ကြွေ၍ကြွေ၍ (ပြုတ်၍ပြုတ်၍)ကျသော အသားများကို မိမိကိုယ်တိုင်ပင် ကောက်ယူစားသောက်နေသည်ကို မြင်လတ်၍ “သင်သည် အဘယ်သူနည်း” ဟု မေးလေ၏။ ပြိတ္တာက “အို အရှင်...အကျွန်ုပ်ကား ပြိတ္တာ ဖြစ်ပါသည်” ဟု ဖြေကြားလေလျှင် သောဏသူဌေးသားသည် “အမောင်... အဘယ့်ကြောင့် ဤကဲ့သို့ ပြုလုပ်နေသနည်း” ဟု မေးပြန်လေ၏။ ပြိတ္တာက “မိမိ၏ ရှေးကံကြောင့် ဤကဲ့သို့ ပြုလုပ်နေရပါသည်” ဟု ဖြေကြားလေလျှင် သောဏသူဌေးသားသည် “ထို သင်ပြုခဲ့သည့် ရှေးကံဟူသည် အဘယ်သို့သော ကံ ဖြစ်သနည်း” ဟု မေးပြန်လေ၏။ ထိုအခါ ပြိတ္တာသည် “အိုအရှင်... အကျွန်ုပ်ကား ရှေးအခါက ဘာရုကစ္ဆ မြို့သား ကောက်ကျစ်စဉ်းလဲသော ကုန်သည်တဦး ဖြစ်ခဲ့၍ သူတပါးတို့၏ ဥစ္စာများကို လိမ်လည်လှည့်ဖြားကာ စားသောက် ခဲ့ပါပြီ။ ဤတွင်မျှမကသေး ရဟန်းသံဃာတော်များ ဆွမ်းခံကြွ

(နှာ-၂၉၀)

ရောက်လာသည်ကို “သင်တို့၏ အသားကို သင်တို့ စားကြပါတော့လား”ဟု ဆဲရေးစကား ပြောကြားခဲ့ပါပြီ၊ ထိုအကုသိုလ်ကံကြောင့် ယခုအခါ၌ ဤ အရှင့်သား တွေ့မြင်နေရသည့် ဆင်းရဲ ဒုက္ခကို ခံစား၍ နေရပါသည်” ဟု ဖြေကြားလေ၏။ ထိုအကြောင်း ကြားသိရလျှင် သောဏ သူဌေးသားသည် အလွန်လျှင် ထိတ်လန့်ခြင်း = သံဝေဂကို ရရှိလေ၏။

ထိုမှတဖန် ခရီးဆက်ခဲ့ပြန်သော် ခံတွင်းမှ သွေးနက်များ တတွေတွေ ယိုစီးကျနေကြသည့် ပြိတ္တာသူငယ် နှစ်ယောက်တို့ကို တွေ့မြင်ရ၍ ရှေးနည်းအတူပင် မေးလေ၏။ ထိုပြိတ္တာငယ်တို့သည်လည်း သောဏသူဌေးသားအား မိမိတို့၏ ရှေးကပြုခဲ့သော အကုသိုလ်ကံကို ပြောဆိုကြလေသည်၊ ပြောဆိုကြသည့်အကြောင်းမှာ~ထို သူငယ်တို့သည် ရှေးဘဝ လူဖြစ်စဉ် ဘာရုကစ္ဆမြို့၌ အသက်အရွယ် ငယ်စဉ်အခါဝယ် နံ့သာရောင်းဝယ်မှုဖြင့် အသကမွေးမှု ပြုလုပ်နေကြစဉ် မိမိတို့၏ မိခင်က ရဟန္တာအရှင်မြတ်တို့ကို ပင့်ဖိတ်၍ ဆွမ်းဆက်ကပ် လှူဒါန်းသည်ရှိသော် အိမ်သို့ပြန်လာကြ၍ “အိုမိခင်ကျွန်ုပ်တို့၏ ဥစ္စာကို အဘယ့်ကြောင့် ရဟန်းများအား ပေးလှူဘိသနည်း၊ မိခင်ပေးလှူအပ်သည့် ဘောဇဉ်ကို စားသုံးကြသည့် ရဟန်းတို့၏ခံတွင်းမှ သွေးနက်များ တပွက်ပွက် ယိုထွက်ပါစေသတည်း”ဟု ဆဲရေးကြ, ကျိန်ဆဲကြလေသည်။ ထို သူငယ်တို့သည် ထိုအကုသိုလ်ကံကြောင့် ငရဲ၌ ကျက်ခဲ့ရပြီးလျှင် ထိုအကုသိုလ်ကံ၏ အကျိုးဝိပါက်ကြွင်းအနေဖြင့် ပြိတ္တာဘုံ၌ ဖြစ်ကြ၍ ထိုသို့ သောဏသူဌေးသားနှင့် တွေသောအခါမှာ ဤ ဆင်းရဲဒုက္ခတို့ ခံစားနေကြရလေသည်။ ထိုအကြောင်းကို ကြားရ၍လည်း သောဏသူဌေးသားသည် ရှေးကထက်တိုး ဆထမ်းပိုး ထိတ်လန့်ခြင်းပြင်းစွာ ဖြစ်ရှိလေတော့၏။ (ဤသံဝေဂဖြစ်ကြောင်း ဝတ္ထုတို့သည် ဥဒါန်းအဋ္ဌကထာ စာမျက်နှာ ၂၇၉ (နှင့်) သာရတ္ထဒီပနီဋီကာ တတိယအုပ် စာမျက်နှာ ၂၉၆-၂၉၇-တို့၌ လာရှိ၏။)

(နှာ-၂၉၁)

သောဏသူဌေးသားသည် ဥဇ္ဇေနီပြည်သို့ ရောက်၍ ထိုကုန်ရောင်းဝယ်မှုကိစ္စကို ပြီးဆုံးစေပြီးလျှင် ကုရရဃရမြို့သို့ တဖန် ပြန်ရောက်သည်ရှိသော် အရှင်မဟာကစ္စည်း မထေရ်မြတ်ထံသို့ ဆည်းကပ်၍ ထိုအကြောင်းကို လျောက်ထားလေ၏။ မထေရ်မြတ်သည်လည်း သောဏသူဌေးသားအား သံသရာဝဋ်လည်ခြင်း = ဖြစ်ခြင်း၌ အပြစ်ဒေါသကို၎င်း, သံသရာဝဋ်နစ်ခြင်း = ပြတ်ခြင်း၌ အကျိုးအာနိသင်ကို၎င်း ထင်စွာဖော်ပြလျက် တရားစကားဟော ကြားတော်မူလေ၏။ သောဏသူဌေးသားသည် မထေရ်မြတ်ကို ရှိခိုး၍ အိမ်သို့ပြန်လာပြီးလျှင် ညနေစာစားပြီးနောက် အိပ်ရာသို့ ကပ်ရောက်ပြီးသော် အနည်းငယ်သာ အိပ်ပျော်၍ နိုးပြီးလျှင် မိမိ၏အိပ်ရာအပြင်၌ ထိုင်နေလျက် မိမိအရှင်မဟာကစ္စည်းမထေရ် အထံမှ ကြားသိခဲ့ရသောတရားကို စ-တင်ဆင်ခြင်လေတော့၏။ ထိုသို့ တရားကိုလည်းဆင်ခြင် ထိုပြိတ္တာတို့၏ ထိုအဖြစ်ကိုလည်း အောက်မေ့သော သောဏသူဌေးသား၏ ဉာဏ်၌ သံသရာဝဋ် ဆင်းရဲသည် အလွန့်အလွန် ကြောက်မက်ဖွယ်ဖြစ်၍ ထင်လာလေ၏။ ရဟန်းပြုဖို့ရန် စိတ်ညွှတ်အားသန်၍ လာလေ၏။

သောဏသူဌေးသားသည် နံနက်မိုးသောက် ရောက်သောအခါ ကိုယ်လက်သုတ်သင်၍ အရှင်မဟာကစ္စည်း မထေရ်အထံသို့ သွားရောက်ဆည်းကပ်ပြီးလျှင် မိမိစဉ်းစားမိပုံကို “အရှင်ဘုရား...အကျွန်ုပ်သည် အရှင်ဘုရားဟောကြားတော်မူအပ်သော တရားကို အနည်းနည်းဖြင့် စဉ်းစားဆင်ခြင်ကြည့်သောအခါ လူ့ဘောင်၌ နေသောသူသည် စင်စစ် ပြည့်စုံစင်ကြယ်စွာ ခရုသင်း ပွတ်သစ်နှင့်အတူ ၍မြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်ဖို့ရန် မလွယ်ကူသည်ကို တွေ့ရပါသည်” ဟု လျှောက်ထား၍ “အရှင်ဘုရား...အကျွန်ုပ်သည် ဆံမုတ်ဆိတ်ကို ပယ်ရိတ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်” ဟု မိမိ ရဟန်းပြုလိုကြောင်း လျှောက်ထားပြီးလျှင် “အရှင်ဘုရား... သို့ဖြစ်ရကား အရှင်မြတ်

(နှာ-၂၉၂)

မဟာကစ္စည်းသည် အကျွန်ုပ်ကို ရှင်ပြုပေးတော်မူစေချင်ပါသည်” ဟု ရှင်ပြုပေးရန် တောင်းပန်စကား လျှောက်ထားလေ၏။ ထိုအခါ အရှင်မဟာကစ္စည်း မထေရ်မြတ်သည် သောဏ သူဌေးသား၏ ဉာဏ် ရင့်ကျက်ပြီဖြစ်သည် မရင့်ကျက်သေးသည်ကို စူးစမ်းဆင်ခြင်တော်မူလတ်သော် “သောဏ သူဌေးသား၏ ဉာဏ်ကား ရင့်ကျက်ခြင်းသို့ မရောက်သေး” ဟု သိမြင်တော်မူ၍ ဉာဏ်ပညာ ရင့်ကျက်ချိန်ကို စောင့်ဆိုင်း ငံ့လင့်တော်မူလိုသည့်အတွက် သောဏသူဌေးသားကို “သောဏ... တယောက်တည်းသာ အိပ်ရ, တယောက်တည်းသာ စားရသည့် မြတ်သောအကျင့်ကို အသက်ထက်ဆုံး ကျင့်ဖို့ရန် ခဲယဉ်းလှ၏၊ သို့ဖြစ်၍ သောဏ… ငါတိုက်တွန်းလိုသည်မှာ သင်သည် ထိုလူ့ဘောင်၌သာလျှင် လူဖြစ်လျက် (ဥပုသ်နေ့ စသော) အခါကာလအားလျော်စွာ တယောက်တည်းသာ အိပ်ရ, တယောက်တည်းသာ စားရသည့် မြတ်စွာဘုရား၏ အဆုံးအမဟုဆိုအပ်သော မြတ်သောအကျင့်ကို ကျင့်ဦးလော့” ဟု မိန့်တော်မူလေ၏။

ထိုအခါ သောဏသူဌေးသား၏ ဣန္ဒြေများကလည်း မရင့် ကျက်သေး, သံဝေဂဉာဏ်ကလည်း အလွန်ကြီးမထက်သေးသောကြောင့် ရဟန်းပြုရန်အားသစ်မှုသည် ငြိမ်းစဲ၍သွားလေ၏။ ငြိမ်းစဲ၍ သွားသော်လည်း ပေါ့ပေါ့တန်တန်မနေပဲ မထေရ်မြတ် မိန့်ကြားဆုံးမအပ်သော အစီအရင်၌ ကောင်းစွာတည်လျက် မထေရ်မြတ်ထံ အခါမပြတ်ဆည်းကပ်လျက် တရားတော်ကို နာယူလေ၏။ ကာလ အတန်ကြာလတ်သော် သောဏသူဌေးသား၏ စိတ် သန္တာန်ဝယ် ဆိုအပ်ခဲ့သောအတိုင်း ရှင်, ရဟန်းပြုရန် ဒုတိယ အကြိမ် စိတ်ညွှတ်ပြန်သဖြင့် မထေရ်မြတ်အား လျှောက်ထား တောင်းပန်ပြန်လေသည်။ ထိုအကြိမ်မှာလည်း မထေရ်မြတ်သည် ရှေးနည်းအတူပင် မိန့်တော်မူလေ၏။

တတိယအကြိမ်မြောက် တောင်းပန်လျှောက်ထားသောအခါ၌ကား သောဏသူဌေးသား၏ ဉာဏ်ပညာ ရင့်ကျက်ပြီဖြစ်သော

(နှာ-၂၉၃)

ကြောင့် အရှင်မဟာကစ္စည်း မထေရ်မြတ်သည် “ယခုအခါ သောဏကို ရှင်ပြုပေးရန် အချိန်တန်ပြီ”ဟု ဆင်ခြင်တော်မူ၍ ရှင်ပြုပေးလေသည်။ ရှင်ပြုပေးပြီးနောက် ဆက်၍ပင် ရဟန်းပြု ပေးရန်ဖြစ်သော်လည်း ထိုအချိန်၌ ရဟန်းတို့သည် များသောအားဖြင့် မဇ္ဈိမတိုက်၌သာလျှင် နေတော်မူကြသောကြောင့် ထိုကုရရဃရမြို့မှာ ရဟန်း နှစ်ပါး သုံးပါးလောက်သာလျှင် သီတင်းသုံး နေထိုင်တော်မူကြကုန်၏။ ထိုရဟန်းတို့သည်လည်း တရွာလျှင် တပါး, တနိဂုံးလျှင် နှစ်ပါး-စသည် အသီးအသီး တခြားစီ နေတော်မူကြကုန်၏။ ဥပဇ္ဈာယ်ဖြစ်တော်မူသည့် အရှင်မဟာကစ္စည်းမထေရ်မြတ်သည် သဒ္ဓိဝိဟာရိကတပည့် သောဏကုဋိကဏ္ဏသာမဏေကို ရဟန်းပြုပေးရန်အတွက် ထိုထိုရွာနိဂုံး စသည်တို့မှ ရနိုင်သမျှရဟန်းတော်နှစ်ပါးသုံးပါးတို့ကို ပင့်ဆောင်ခဲ့၍ အခြားရဟန်းတော်များကို လိုက်လံရှာဖွေပင့်ဆောင်လာ ပြန်သော် ရှေးကပင့်ဆောင်ခဲ့ပြီး ရဟန်းတော်တို့က တစုံတခု ပြုဖွယ်ကိစ္စကြောင့် အရပ် တပါးသို့ ဖဲသွားနှင့် ကြလေသည်။ တဖန် အချိန်အနည်းငယ် ဆိုင်းငံ့၍ ထိုဖဲသွားသော ရဟန်းတော်တို့ကို လိုက်လံရှာဖွေ ပင့်ဆောင်လာပြန်သော် ရှိရင်းစွဲရဟန်း များက တစုံတခု ပြုဖွယ်ကိစ္စကြောင့် အရပ်တပါးသို့ ဖဲသွားနှင့် ကြပြန်လေ၏။

ဤသို့လျှင် အဖန်ဖန်အထပ်ထပ် ပင့်ဆောင်ရသဖြင့် ရဟန်း သံဃာတကျိပ် စည်းဝေးမိရန်မှာ သုံးနှစ်လွန်မှ စည်းဝေးမိလေသည်၊ ထိုအချိန်မှာလည်း ရဟန်းသံဃာတကျိပ် စည်းဝေးမိမှ ရဟန်းခံပေးခြင်း=ဥပသမ္ပဒကံကို ဆောင်ရွက်နိုင်ခွင့်ရှိလေသည်။ အရှင်မဟာကစ္စည်းမထေရ်မြတ်သည်လည်း ထိုအချိန်မှာ တပါးတည်း = ဧကစာရီ နေတော်မူဆဲ ဖြစ်လေသည်။ သို့ရကား အလွန်ပင်ပန်းဆင်းရဲစွာ သုံးနှစ်ကျော်လွန်မှ ဂိုဏ်းသံဃာတကျိပ် စည်းဝေးမိကာ ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စည်းမထေရ်မြတ်သည် သဒ္ဓိဝိဟာရိကတပည့်ဖြစ်သူ သောဏ-ကုဋိကဏ္ဏသာမဏေကို ခဲခဲယဉ်းယဉ်း ငြိုငြိုငြင်ငြင် ရဟန်းခံ၍ပေးရလေသည်။ (ဤ

(နှာ-၂၉၄)

အကြောင်းအရာများကို သာရတ္ထဋီ၊၃၊၂၉၈-၂၉၉-တို့မှ ထုတ်နုတ် ဖော်ပြအပ်သည်)။

သောဏ-ကုဋိကဏ္ဏ သာမဏေသည် ရဟန်းခံယူပြီးနောက် ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စည်းမထေရ် အထံ၌ ကမ္မဋ္ဌာန်းကို သင်ကြားနာယူ၍ ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ် သည်ရှိသော် ထိုဝါတွင်းမှာပင် အရဟတ္တဖိုလ်သို့ ရောက်၍ (= ရဟန္တာဖြစ်ပြီး၍) မထေရ်မြတ်၏အထံမှာပင် သုတ္တနိပါတ် တရားတော်ကို သင်ကြားတတ်မြောက်လေသည်။ သောဏကုဋိကဏ္ဏမထေရ်သည် ဝါကျွတ်၍ ပဝါရဏာပြုပြီးလတ်သော် မြတ်စွာဘုရားရှင်ကို ဖူးမြော်လိုလှ၍ ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စည်း မထေရ်မြတ်ထံ ခွင့်ပန် လျှောက်ထားလေသည်။ (ခွင့်ပန်လျှောက်ထားပုံ အကျယ်ကို ပိဋကတ်မြန်မာပြန် ဝိနယ မဟာဝဂ်ပါဠိတော် စာမျက်နှာ ၂၈၄-၂၈၅-တို့၌ ကြည့်ရှုရာ၏)။

ထိုအခါ ဥပဇ္ဈာယ်ဆရာ အရှင်မဟာကစ္စည်း မထေရ်မြတ်သည် “သောဏ...သင်ရောက်သွားလျှင် မြတ်စွာဘုရားသည် သင့်ကို ဂန္ဓကုဋီတတိုက်တည်း၌ နေစေပြီးလျှင် တရားဟောဆိုရန် တိုက်တွန်းတော်မူလိမ့်မည်။ ယင်းသို့ တိုက်တွန်းတော်မူချက် အရ သင်သည် တရားကို ရွတ်ဆိုဟောကြားရလိမ့်မည်။ မြတ်စွာဘုရားသည် သင်၏ တရားစကား၌ သဒ္ဓါကြည်ညိုတော်မူလှ၍ သင့်အား ဆုပေးတော်မူလိမ့်မည်၊ သင်သည် ဆုကို ယူသောအခါ ဤမည် ဤမည်သောဆုများကို ယူလေလော့ (ဆုများ နောက်၌ ထင်ရှားလတ္တံ့)။ ငါမှာလိုက်သောစကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ငါ၏ကိုယ်စား သင် ရှိခိုးပါလော့”ဟု မိန့်တော်မူကာ အနူးအညွတ် ခွင့်လွှတ်တော်မူလေ၏။ ။

အရှင်သောဏ-ကုဋိကဏ္ဏမထေရ်မြတ်သည် ဥပဇ္ဈာယ်ဆရာက ခွင့်ပြအပ်ပြီးနောက် မယ်တော် ကာဠီသူဌေးကတော် ဥပါသိကာ၏ အိမ်သို့ ကြွရောက်၍ ထိုအကြောင်းကို ပြောကြားလေသည်။ မယ်တော် ကာဠီသူဌေးကတော် ဥပါသိကာသည်လည်း

(နှာ-၂၉၅)

“ကောင်းပါပြီ ချစ်သား...သင်ချစ်သားသည် မြတ်စွာဘုရားကို ဖူးမြော်ရန် သွားရောက်လျှင် ဤကမ္ဗလာကိုလည်း ယူဆောင် သွား၍ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဂန္ဓကုဋီတိုက်တော်၌ မြေအခင်းပြု၍ ခင်းလှူခဲ့ပါလော့”ဟု ပြောဆိုမှာထား၍ ကမ္ဗလာအဝတ်ထည်ကို ပေးအပ်လိုက်လေသည်။

အရှင်သောဏ-ကုဋိကဏ္ဏမထေရ်သည် ထို မိခင်ပေးအပ်လိုက်သည့် ကမ္ဗလာအဝတ်ထည်ကို ယူဆောင်ခဲ့၍ မိမိ၏ ကျောင်း အိပ်ရာနေရာများကို သိုမှီးသိမ်းဆည်းပြီးလျှင် အစဉ်သဖြင့် ခရီးထွက်ချီခဲ့ရာ သာဝတ္ထိပြည်မွန် ဇေတဝန် ကျောင်းတိုက်တော်သို့ ရောက်၍ မြတ်စွာဘုရားရှင် ဗုဒ္ဓါသန ဓမ္မပလ္လင်၌ ထိုင်နေတော် မူစဉ်အချိန်မှာပင် ဆည်းကပ်ရိုကျိုး ရှိခိုးလျက် အပြစ်လွတ်ရာ အရပ်၌ ရပ်တည်နေလေ၏။ မြတ်စွာဘုရားသည် သောဏ-ကုဋိကဏ္ဏမထေရ်နှင့် အစေ့အစပ်=ပဋိသန္ဓာရစကား မိန့်ကြားတော် မူပြီးနောက် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ... ဤရဟန်း၏အတွက် ကျောင်း အိပ်ရာနေရာကို သိလော့” ဟု အထူးမိန့်ကြားတော်မူလေ၏။

(ဤ၌။ ။ မြတ်စွာဘုရားသည် အကြင် အာဂန္တုရဟန်းနှင့် ဂန္ဓကုဋီတတိုက်တည်း တကျောင်းတည်း၌ နေတော်မူလိုလျှင် ထိုရဟန်းအတွက် နေရာခင်းပေးဖို့ရန် အထူး မိန့်တော်မူလေသည်။ ဂန္ဓကုဋီ တတိုက်တည်း တကျောင်းတည်း၌ အတူတကွ နေတော်မမူလိုသော အာဂန္တုရဟန်းအတွက်ကား နေရာခင်းပေးရန် အထူးမိန့်တော်မမူချေ။ ထိုရဟန်းအတွက် နေရာကို အရှင်အာနန္ဒာ အစရှိသော တာဝန်ကျ ရဟန်းတော်မထေရ်တို့ကသာ သင့်လျော်ရာကျောင်း၌ နေရာခင်းပေး ကြရလေသည်။)

အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား၏ အလိုတော်ကို ရိပ်မိသိရှိကာ ဂန္ဓကုဋီတိုက်တော်အတွင်း၌ပင် အရှင်သောဏကုဋိကဏ္ဏမထေရ်အတွက် နေရာခင်းလေသည်။

ထိုအခါ မြတ်စွာဘုရားရှင်သည် များစွာသော ညဉ့်ပတ်လုံး သမာပတ်ကို ၀င်စားတော်မူကာ ထိုင်နေတော်မူလျက် အချိန်ကို

(နှာ-၂၉၆)

ကုန်လွန်စေပြီးလျှင် ဂန္ဓကုဋီကျောင်းတော်အတွင်းသို့ ဝင်တော်မူလေ၏။ အရှင်သောဏ-ကုဋိကဏ္ဏသည်လည်း များစွာသော ညဉ့်ပတ်လုံး သမာပတ်ကို ၀င်စားကာ ထိုင်နေလျက် အချိန်ကို ကုန်လွန်စေပြီးလျှင် ဂန္ဓကုဋီကျောင်းတော်အတွင်းသို့ ဝင်လေ၏။ မြတ်စွာဘုရားသည် အရှင်သောဏအား သမာပတ်ကို ၀င်စားခြင်းဖြင့် ပဋိသန္တာရမှု ပြုတော်မူလိုသည့်အတွက် သာဝကတို့နှင့် ဆက်ဆံသော ခပ်သိမ်းသော သမာပတ်တို့ကို အနုလုံ ပဋိလုံ ဝင်စားတော်မူလျက် ဟင်းလင်းအပြင် လွင်တီးခေါင်၌ များစွာသော ညဉ့်ပတ်လုံး ထိုင်နေခြင်းဖြင့် အချိန်ကို ကုန်လွန်စေတော်မူ၍ ခြေတော်တို့ကို ဆေးကြောပြီးလျှင် ကျောင်းတော်တွင်းသို့ ဝင်တော်မူလေ၏။ အရှင်သောဏ-ကုဋိကဏ္ဏသည်လည်း မြတ်စွာဘုရားရှင်၏ အလိုတော်ကိုသိရှိကာ ထိုအခါအား လျော်လျောက် ပတ်စွာ ခပ်သိမ်းသော ထိုသမာပတ်တို့ကို ဝင်စားလျက် များစွာသော ညဉ့်ပတ်လုံး ဟင်းလင်းအပြင် လွင်တီးခေါင်၌ ထိုင်နေ ခြင်းဖြင့် အချိန်ကို ကုန်လွန်စေ၍ ခြေတို့ကို ဆေးကြောပြီးလျှင် ကျောင်းတော်တွင်းသို့ ဝင်လေ၏။

ယင်းသို့ဝင်ပြီးလျှင် မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူချက်အရ သင်္ကန်းကန့်လန့်ကာကို ပြုလုပ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ထိုင်နေခြင်းဖြင့် အချိန်ကို ကုန်လွန်စေလေ၏။ မြတ်စွာဘုရားရှင်သည် ပစ္ဆိမယံ၌ သီဟသေယျလျောင်းစက်ခြင်း=သတိသမ္ပဇဉ် လက်မလွတ်ပဲ လက်ျာနံတောင်းလျောင်းစက်ခြင်းအမှုကို ပြုတော်မူ၍ မိုးသောက်ခါနီးဝယ် ထတော်မူ၍ ထိုင်နေတော်မူကာ “ဤမျှလောက်သော အချိန်အခါဖြင့် သောဏ၏ ကိုယ်ပင်ပန်း နွမ်းနယ်မှု ငြိမ်းအေးလောက်ပြီ” ဟု သိမြင် ဆင်ခြင်တော်မူ၍ အရှင်သောဏ-ကုဋိကဏ္ဏကို “ချစ်သားရဟန်း ရွတ်ဆိုရန် တရားသည် သင်ချစ်သား၏ဉာဏ်၌ ထင်စေလော့”ဟု တိုက်တွန်းတော်မူလေ၏။ အရှင်သောဏ-ကုဋိကဏ္ဏမထေရ်သည် အလွန် ချိုမြိန်သာယာသောအသံဖြင့် အက္ခရာတလုံးကိုမျှလည်း မချွတ်ယွင်း မပျက်စီးစေ၊ သုတ္တနိပါတ်ပါဠိတော်လာ အဋ္ဌကဝဂ်ဟု

(နှာ-၂၉၇)

ခေါ်သော ကာမသုတ္တန်-အစရှိသော သုတ္တန်ပေါင်း တဆယ့် ခြောက်သုတ်တို့ကို ရွတ်ဆိုလေ၏။ သုတ္တန်များ ပြီးဆုံးသောအခါ မြတ်စွာဘုရားသည် အရှင်သောဏ ကုဋိကဏ္ဏအား သာဓု ကောင်းကြီး ပေးတော်မူ၍ “ချစ်သားရဟန်းသင်ချစ်သားသည် အဋ္ဌကဝဂ် = သုတ်ပေါင်း တဆယ့်ခြောက်သုတ်အားလုံးတို့ကို ကောင်းစွာ သင်ထားပေ၏။ ကောင်းစွာ ဆောင်ထားပေ၏။ (ဌာန်ကရိုဏ်း စသည် ပြည့်စုံသဖြင့်)ကောင်းသောစကားသံနှင့်လည်း ပြည့်စုံပေ၏။ သန့်လည်း သန့်ရှင်း အပြစ်လည်းကင်း, လိပ်လည်းခြင်းလည်း မရှိသော အနက်ကို သိစေတတ်သော စကားနှင့်လည်း ပြည့်စုံပေ၏။ ချစ်သားရဟန်း… သင်ချစ်သားသည် ဝါ အဘယ်မျှ ရှိပြီနည်း”ဟု မေးတော် မူလေသော် အရှင်သောဏ-ကုဋိကဏ္ဏသည် “မြတ်စွာဘုရား… တပည့်တော်သည် တဝါသာ ရရှိပါသေးသည်” ဟု လျှောက်ထားလေ၏။

တဖန် မြတ်စွာဘုရားရှင်က “ချစ်သားရဟန်း... သင်သည် အဘယ့်ကြောင့် ဤသို့ ကြာမြင့်မှ ရဟန်းပြုသနည်း”ဟု မေးတော် မူလေလျှင် အရှင်သောဏ - ကုဋိကဏ္ဏမထေရ်သည် “မြတ်စွာဘုရားတပည့်တော်သည် ကာမဂုဏ်တို့၌ အပြစ်ကို မြင်နေသည်မှာ ကြာမြင့်ပါပြီ။ သို့သော်လည်း လူ့ဘောင်၌နေသော သူတို့သည် ကျဉ်းမြောင်းလှပါကုန်၏၊ များသောကိစ္စ များသောပြုဖွယ် ရှိကြပါကုန်၏ ဘုရား”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ဤအကြောင်း= ကာမဂုဏ်တို့၌ အမှန် အတိုင်း အပြစ်ကိုမြင်သောသူ၏ စိတ်သည် အချိန်ကြာမြင့်၍လည်း အိမ်ရာတည်ထောင် လူ့ဘောင်၌ မသက်ဝင်ပဲ ပဒုမာကြာဖက်၌ ရေပေါက်ကဲ့သို့ ဆုတ်နစ် လျှောကျသည်သာ ဖြစ်၏ ဟူသော အကြောင်းကို သိတော်မူ၍—

“ဒိသွာ အာဒီနဝံ လောကေ၊ ဉတွာ ဓမ္မံ နိရူပဓိံ။ 
အရိယော န ရမတီ ပါပပေ၊ ပါပေ န ရမတီ သုစိ။

(နှာ-၂၉၈)

လောကေ = ခပ်သိမ်းဥဿုံ အလုံးစုံသော သင်္ခါရ လောက၌။ အာဒီနဝံ = မမြဲ ဆင်းရဲ့ ဖောက်လွဲတတ်ငြား အပြစ်များကို။ ဒိသွာ= ဝိပဿနာဉာဏ်မျက်စိဖြင့် တိတိ ထင်ထင် လင်းလင်း မြင်သောကြောင့်၎င်း။ နိရူပဓိံ= ဥပဓိလေးတန် ဆိတ်ရာမှန်သော။ ဓမ္မံ = နိဗ္ဗာန်တရားကို။ ဉတွာ = လေးပါးသောမဂ်ဉာဏ်ဖြင့် ဝေဘန်ထိုးထွင်း သိမြင်ခြင်းကြောင့်၎င်း။ အရိယော=ကိလေသာတို့မှဝေးကွာ အရိယာ သူတော်ကောင်းသည်။ ပါပေ = ဒုစရိုက်စု မကောင်းမှု၌။ န ရမတိ = မမွေ့လျော် မနှစ်ခြိုက် မပျော် ပိုက်ချေ။ (ကသ္မာ = အဘယ့်ကြောင့်နည်း ဟူမူကား)။ သုစိ=ဟင်္သာမင်းနှယ် စင်ကြယ်သော ကာယကံမှု-စသည် ရှိသော ပုဂ္ဂိုလ်သည်။ ပါပေ = မစင်ထူထပ် အရပ်နှိုင်းတု ညစ်နွမ်းသော အကုသိုလ်တရားအစု၌။ န ရမတိ= မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ရိုးထုံးတမ်းမရှိချေ။ (တသ္မာ = ထို့ကြောင့်တည်း)”__

ဟူသော ဤဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏။

ထိုအခါ အရှင်သောဏ-ကုဋိကဏ္ဏမထေရ်သည် “မြတ်စွာဘုရားသည် ငါ့ကို ဝမ်းမြောက်စကား မိန့်ကြားတော်မူ၏၊ ငါ၏ ဥပဇ္ဈာယ်ဆရာ မှာတော်မူလိုက်သောသတင်းစကားကို လျှောက်ထားရန် အချိန်တန်ပြီ”ဟု နေရာမှထ၍ လက်ဝဲပခုံးထက်၌ ဧကစ္စီ သင်္ကန်းကို စံပယ်တင်ကာ မြတ်စွာဘုရားရှင်၏ ခြေတော်တို့ ဦးခိုက်၍ မြတ်စွာဘုရားရှင်ကို__

“မြတ်စွာဘုရား...တပည့်တော်၏ ဥပဇ္ဈာယ် ဆရာ အရှင်မဟာကစ္စည်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါသည်။ ဤသိုလည်း လျှောက်ထားလိုက်ပါသည်”__

“မြတ်စွာဘုရား...အဝန္တိတိုင်း တောင်ပိုင်းနယ်သည် ရဟန်း နည်းပါးပါ၏၊ တပည့်တော်သည် သုံးနှစ်ကျော်

(နှာ-၂၉၉)

လွန်အောင် ငြိုငြင်ပင်ပန်းစွာ ထိုထိုအရပ်မှ တကျိပ်အစု ရှိသော ရဟန်းအပေါင်းကို စည်းဝေးစေပြီးမှ ရဟန်း အဖြစ်ကို ရခဲ့ပါ၏။ မြတ်စွာဘုရားသည် အဝန္တိတိုင်း တောင်ပိုင်းနယ်၌ တကျိပ်အောက်နည်းသော ဂိုဏ်းဖြင့် ဥပသမ္ပဒကံကို ခွင့်ပြုတော်မူမည်လည်း မသိ (ဝါ) ခွင့်ပြုကောင်း ခွင့်ပြုတော်မူလေရာ၏၊ (၁)

မြတ်စွာဘုရား...အဝန္တိတိုင်းတောင်ပိုင်းနယ်၌ အထက်သို့ စုန့်စုန့်တက်၍ မည်းနက်သည့်နွားခွါရာ ခရောင်းမြေသည် ကြမ်းတမ်းပါ၏၊ မြတ်စွာဘုရားသည် အဝန္တိတိုင်း တောင်ပိုင်းနယ်၌ အထပ် အလွှာ များသော ဘိနပ်ကို ခွင့်ပြုတော်မူမည်လည်းမသိ(ဝါ) ခွင့်ပြုကောင်းခွင့်ပြုတော် မူလေရာ၏၊ ထိုအချိန်မှာ တလွှာတထပ် ဘိနပ်ကိုသာ စီးခွင့်ပြုထားသောကြောင့် ထိုသို့ လျှောက်ထားခြင်း ဖြစ်သည်။) (၂)

မြတ်စွာဘုရား...အဝန္တိတိုင်း တောင်ပိုင်းနယ်၌ လူတို့သည် ရေချိုးခြင်းကို အလေးပြုကြပါကုန်၏၊ ရေဖြင့် စင်ကြယ်၏ - ဟု အယူရှိကြပါကုန်၏။ မြတ်စွာဘုရားသည် အဝန္တိတိုင်း တောင်ပိုင်းနယ်၌ မပြတ်ရက်ဆက် ရေချိုး ခြင်းကို ခွင့်ပြုတော်မူမည်လည်း မသိ (ဝါ) ခွင့်ပြုကောင်း ခွင့်ပြုတော်မူလေရာ၏။ (ထိုအချိန်မှာ ၁၅-ရက်မှ တကြိမ်သာ ရဟန်းတို့အား ရေချိုးရန် ခွင့်ပြုထားသောကြောင့် ထိုသို့ လျှောက်ထားခြင်းဖြစ်သည်။) (၃)

မြတ်စွာဘုရား...အဝန္တိတိုင်းတောင်ပိုင်းနယ်၌ သိုးရေ, ဆိတ်ရေ, သမင်ရေ ဟူသော သားရေတို့ကို ခင်းကြပါကုန်၏။ မြတ်စွာဘုရား...ဥပမာအားဖြင့် မဇ္ဈိမတိုင်း ဇနပုဒ် = တိုက်နယ်တို့၌ ဗြိတ်မြက်ဖျာ, မြားမြက်ဖျာ, သင်မြက်ဖျာ, ပိတ်ထည်မြက်ဖျာတို့ကို ခင်းကုန်သကဲ့သို့ မြတ်စွာဘုရား...ဤအတူပင် အဝန္တိတိုင်း တောင်ပိုင်းနယ်

(နှာ-၃၀၀)

၌ သိုးရေ, ဆိတ်ရေ, သမင်ရေ ဟူသော သားရေတို့ကို ခင်းကြပါကုန်၏၊ မြတ်စွာဘုရားသည် အဝန္တိတိုင်းတောင်ပိုင်း၌ သိုးရေ ဆိတ်ရေ, သမင်ရေဟူသော သားရေ အခင်းတို့ကို ခွင့်ပြုတော်မူမည်လည်း မသိ (ဝါ) ခွင့်ပြုကောင်း ခွင့်ပြုတော်မူလေရာ၏၊ (ထိုအချိန်မှာ ရဟန်းတို့အား သားရေကို သုံးဆောင်ခွင့်မပြုသောကြောင့် ထိုသို့ လျှောက်ထားခြင်း ဖြစ်သည်)၊ (၄)

မြတ်စွာဘုရား... ယခုအခါ၌ လူတို့သည် သိမ်ပသို့ သွားရောက်နေသော ရဟန်းတို့အား ‘ဤမည်သော ရဟန်းအား ဤသင်္ကန်းကို လှူပါကုန်၏’ဟု ပြောဆိုကြကာ သင်္ကန်းလှူပါကုန်၏။ ထိုသို့အပြောခံရသော သီတင်း သုံးဖော် ရဟန်းတို့သည် သင်္ကန်းအလှူခံကြရမည့် ရဟန်း တိုထံလာ၍ ‘ငါ့ရှင်...ဤမည်သော လူတို့သည် သင့်အား သင်္ကန်းလှူကုန်၏’ဟု ပြောကြပါကုန်၏။ ထိုအခါ သင်္ကန်း အလှူခံကြရမည့် ထို ရဟန်းတို့သည် ‘ငါတို့၏ အဖို့ရာ စွန့်ခြင်းဝိနည်းကံ မဖြစ်ပါစေလင့်’ ဟု အောက်မေ့ကြ၍ မအပ်ဟု တွေးတောမှု = သံသယကုက္ကုစ္စ ရှိကြသည်ဖြစ်၍ မခံယူကြပါကုန်၊ မြတ်စွာဘုရားသည် သင်္ကန်း၌အပ်သော ပရိယာယ်ကို ဟောကြားတော်မူမည်လည်း မသိ (ဝါ) ဟောကြားကောင်း ဟောကြားတော်မူလေရာ၏၊ (၅)’ ဟူ၍ လျှောက်ထားလိုက်ပါသည်”__

ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤ အရှင်သောဏ-ကုဋိကဏ္ဏ မထေရ် လျှောက်ထားသော အကြောင်းအရာကြောင့် တရားစကား ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို ဤဆိုလတ္တံ့သော အတိုင်း မိန့်တော်မူ၏__

“ရဟန်းတို့...အဝန္တိတိုင်း တောင်ပိုင်းနယ်သည် ရဟန်း နည်းပါး၏၊ ရဟန်းတို့... အလုံးစုံသော ပစ္စန္တရစ် ဇနပုဒ်တို့၌

(နှာ-၃၀၁)

ဝိနည်းဓိုရ်ရဟန်းလျှင် ငါးယောက်မြောက်ရှိသော ဂိုဏ်းသံဃာဖြင့် ပဉ္စင်းခံခြင်းကို ငါဘုရား ခွင့်ပြု၏။

ထိုစကားရပ်၌ ပစ္စန္တရစ် ဇနပုဒ်တို့ဟူသည်မှာ=အရှေ့ မျက်နှာအရပ်၌ ဂဇင်္ဂလမည်သော နိဂုံး ရှိ၏၊ ထိုနိဂုံး၏ အပြင်ဘက်မှာ အင်ကြင်းပင်ကြီးရှိ၏။ ထိုအင်ကြင်းပင်ကြီးမှ အပြင်ဘက် ပစ္စန္တရစ် ဇနပုဒ်တို့တည်း၊ အတွင်းကား မဇ္ဈိမတိုက်တည်း။

အရှေ့တောင်အရပ်၌ သလလဝတီမည်သော မြစ်ရှိ၏။ ထိုသလလဝတီမြစ်မှ အပြင်ဘက်ကား ပစ္စန္တရစ် ဇနပုဒ် တို့တည်း၊ အတွင်းကား မဇ္ဈိမတိုက်တည်း။

တောင်မျက်နှာအရပ်၌ သေတကဏ္ဏိကမည်သော နိဂုံး ရှိ၏။ ထိုနိဂုံးမှ အပြင်ဘက်ကား ပစ္စန္တရစ် ဇနပုဒ်တို့တည်း၊ အတွင်းကား မဇ္ဈိမတိုက်တည်း။

အနောက်မျက်နှာအရပ်၌ ထူန−မည်သော ပုဏ္ဏားရွာ ရှိ၏။ ထိုရွာမှအပြင်ဘက်ကား ပစ္စန္တရစ် ဇနပုဒ်တို့တည်း၊ အတွင်းကား မဇ္ဈိမတိုက်တည်း။

မြောက်မျက်နှာအရပ်၌ ဥသီရဒ္ဓဇ-မည်သော တောင် ရှိ၏၊ ထိုတောင်မှ အပြင်ဘက်ကား ပစ္စန္တရစ် ဇနပုဒ်တို့တည်း၊ အတွင်းကား မဇ္ဈိမတိုက်တည်း။

ရဟန်းတို့ ... ဤသို့သဘောရှိသော ပစ္စန္တရစ် ဇနပုဒ်တို့၌ ဝိနည်းဓိုရ် ရဟန်းလျှင် ငါးယောက်မြောက်ရှိသော ဂိုဏ်းသံဃာဖြင့် ပဉ္စင်းခံခြင်းကို (= ပဉ္စင်းခံပေးရန်)ငါဘုရား ခွင့်ပြု၏။ (၁)

ရဟန်းတို့...အဝန္တိတိုင်း တောင်းပိုင်းနယ်၌ အထက်သို့ စုန့်စုန့် တက်၍ မည်းနက်သည့် နွားခွါရာ ခရောင်းမြေသည် ကြမ်းတမ်း လှ၏၊ ရဟန်းတို့...အလုံးစုံသော ပစ္စန္တရစ် ဇနပုဒ်တို့၌ အထပ် အလွှာများသော ဘိနပ်ကို (စီးရန်)ငါဘုရား ခွင့်ပြု၏။ (၂)

(နှာ-၃၀၂)

ရဟန်းတို့ ...အဝန္တိတိုင်း တောင်ပိုင်းနယ်၌ လူတို့သည် ရေချိုးခြင်းကို အလေးပြုကြကုန်၏။ ရေဖြင့် စင်ကြယ်၏-ဟု အယူရှိကုန်၏။ ရဟန်းတို့... အလုံးစုံသော ပစ္စန္တရစ် ဇနပုဒ်တို့၌ မပြတ် ရက်ဆက် ရေချိုးခြင်းကို (=ရေချိုးရန်)ငါဘုရား ခွင့်ပြု၏။ (၃)

ရဟန်းတို့ အဝန္တိတိုင်း တောင်ပိုင်းနယ်၌ သိုးရေ, ဆိတ်ရေ, သမင်ရေဟူသော သားရေတို့ကို ခင်းကုန်၏၊ ရဟန်းတို့ မဇ္ဈိမ တိုင်း ဇနပုဒ်=တိုက်နယ်တို့၌ ဗြိတ်မြက်ဖျာ, မြားမြက်ဖျာ, သင်မြက်ဖျာ, ပိတ်ထည်မြက်ဖျာတို့ကို ခင်းကုန်သကဲ့သို့ ရဟန်းတို့...ဤအတူလျှင် အဝန္တိတိုင်း တောင်ပိုင်းနယ်၌ မိုးရေ, ဆိတ်ရေ, သမင်ရေ ဟူသော သားရေတို့ကို ခင်းကုန်၏၊ ရဟန်းတို့...အလုံးစုံသော ပစ္စန္တရစ် ဇနပုဒ်တို့၌ သိုးရေ, ဆိတ်ရေ, သမင်ရေဟူသော သားရေအခင်းတို့ကို (သုံးစွဲရန်)ငါဘုရား ခွင့်ပြု၏။ (၄)

ရဟန်းတို့ ...လူတို့သည် ဥပစာရသိမ်ပသို့ သွား (ရောက်နေ) သော ရဟန်းတို့အား ‘ဤ မည်သော ရဟန်းအား ဤ သင်္ကန်းကို လှူပါကုန်၏’ဟု ပြောဆို၍ သင်္ကန်းလှူကုန်ငြားအံ့၊ ရဟန်းတို့... လက်သို့ မရောက်သေးသမျှ အဓိဋ္ဌာန်တင်ရမည့် အရေအတွက်သို့ မရောက်နိုင်ပေ။ ရဟန်းတို့ ... ထို သင်္ကန်းကို ခံယူစိမ့်သောငှါ ငါဘုရား ခွင့်ပြု၏” (၅)__

ဟု မိန့်တော်မူ၏။

တဖန် အရှင်သောဏ-ကုဋိကဏ္ဏမထေရ်သည် မိခင် ဒါယိကာမကြီး၏ မှာကြား လျှောက်ထားလိုက်သော စကားဖြင့် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “မြတ်စွာဘုရား... ဤကမ္ဗလာအဝတ် ထည်ကို ကာဠီဥပါသိကာ ဒါယိကာမကြီးက အရှင်ဘုရားတို့ နေတော်မူရာ ဂန္ဓကုဋီတိုက်၌ မြေအခင်းပြုလုပ်ရန် ဆက်ကပ် လှူဒါန်းအပ်ပါသည် ဘုရား” ဟု လျှောက်ထားကာ ကမ္ဗလာ အဝတ်အထည်ကို မြတ်စွံာဘုရားအား ဆက်ကပ်၍ နေရာမှ ထပြီးသော် မြတ်စွာဘုရားကို ရှိခိုးအရိုအသေပြုလျက် မိမိနေရာ အဝန္တိ

(နှာ-၃၀၃)

တိုင်း ကုရရဃရမြို့ ပပတတောင်ကျောင်းသို့ ပြန်ကြွတော်မူလေ၏။

သောဏ-ကုဋိကဏ္ဏ မထေရ်သည် ဥပဇ္ဈာယ်ဆရာထံမှောက် ရောက်လတ်သောအခါ ထိုအကြောင်းအရာ အလုံးစုံကို ပြန်ကြား လျှောက်ထားလေ၏။ နောက်တနေ့၌ မယ်တော် ကာဠီသူဌေးကတော် ဥပါသိကာ၏ အိမ်တံခါးဝသို့ ကြွရောက်၍ ဆွမ်းရပ် တော်မူလေ၏။ မယ်တော်ဒါယိကာမကြီးသည် “ငါ့သားသည် တံခါးဝမှာ ရပ်နေသတဲ့”ဟူသော သတင်းစကားကို ကြားသိရ၍ လျင်မြန်စွာ လာရောက်ရှိခိုးပြီးလျှင် မထေရ်၏လက်မှ သပိတ်ကို လှမ်းယူ၍ အိမ်တွင်း၌ နေရာထိုင်ခင်းပေးကာ ဆွမ်းဆက်ကပ် လှူဒါန်းလေ၏။

ထို့နောက် ဆွမ်းဘုဉ်းပေးပြီးသောအခါ မယ်တော် ဒါယိကာမကြီးနှင့် မထေရ်တို့ အပြန်အလှန် မေးကြ ဖြေကြသည်မှာ__ (မယ်တော်) ချစ်သား သင်ချစ်သားသည် မြတ်စွာဘုရားကို ဖူးခဲ့ရပါ၏လော။

(မထေရ်) အိမ်း...ဖူးခဲ့ရသည် ဒါယိကာမကြီး...။

(မယ်တော်) ချစ်သားသည် မယ်တော် မှာကြား လျှောက်ထားလိုက်သော စကားဖြင့်သော မြတ်စွာဘုရားကို မယ်တော်ကိုယ်စား ရှိခိုးအပ်ခဲ့ပါ၏လော။

(မထေရ်) အိမ်း...ရှိခိုးအပ်ခဲ့သည် ဒါယိကာမကြီး...။ ဒါယိကာမကြီး လှူဒါန်းလိုက်သည့် ထို ကမ္ဗလာအဝတ် ထည်ကိုလည်း သားတော်ကိုယ်တိုင်ပင် မြတ်စွာဘုရား သီတင်းသုံး နေထိုင်တော်မူရာ ဂန္ဓကုဋီကျောင်းတော်၌ မယ်တော်ကြီး မှာတမ်းလိုက်သည့်အတိုင်း မြေအခင်း ပြုလုပ်ကာ ခင်းထားအပ်ခဲ့လေပြီ။

(မယ်တော်) ချစ်သား... အသို့နည်း = ဘယ့်နှယ်လဲ သင်ချစ်သားသည် မြတ်စွာဘုရားရှင်အား တရားစကား

(နှာ-၃၀၄)

ရွတ်ဆို လျှောက်ထားအပ်ခဲ့သတဲ့ ဆို, မြတ်စွာဘုရားကလည်း သင်ချစ်သားအား သာဓုကောင်းကြီး ပေးတော် မူအပ်သတဲ့ ဆို။

(မထေရ်) ဒါယိကာမကြီး… ဤအကြောင်းအရာများကို ဒါယိကာမကြီးသည် ဘယ်နည်းဖြင့် သိအပ်ပါသနည်း။

(မယ်တော်) ချစ်သား...မယ်တော်အိမ်မှာ စောင့်ကြပ် စိုးအုပ်နေသော (အိမ်စောင့်) နတ်က “ချစ်သားအား ဘုရားရှင်က သာဓုကောင်းကြီး ပေးသောနေ့၌ စကြဝဠာ ပေါင်း တိုက်တသောင်းနေ နတ်ဗြဟ္မာတို့သည် သာဓု ကောင်းကြီး ပေးကြပါသည်”ဟု မယ်တော်ကို ပြောကြား ပါသည်။ ချစ်သား...သင်ချစ်သား ဟောကြားအပ်ခဲ့သည့် တရားစကားကိုမြတ်စွာဘုရားရှင်တို့အား ရွတ်ဆိုလျှောက်ထား ဟောကြားအပ်ခဲ့သည့်နည်းအတိုင်းပင် မယ်တော် အားလည်း တဖန်ပြန်၍ ဟောကြားပါရန် တောင့်တ လင့်ဆို မယ်တော်အလိုရှိပါ၏ ချစ်သား...။

မထေရ်မြတ်သည် မယ်တော်၏ လျှောက်ထားတောင်းပန်ချက်ကို ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူလေ၏။ မယ်တော် ဒါယိကာမကြီးသည် မထေရ်မြတ်က လက်ခံသည်ကို သိရှိကာ မိမိအိမ်တံခါးဝ၌ မဏ္ဍပ်ကြီးစွာ ဆောက်လုပ်စေ၍ မြတ်စွာဘုရားအား ရွတ်ဆိုလျှောက်ထား ပြောကြားအပ်ခဲ့သည့် နည်းအတိုင်းပင် တရားစကားကို ဟောကြားစေလေသည် = တရားပွဲ သဘင် ကြီးစွာယင်လေသတည်း။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားသည် နောက်အခါဝယ် အရိယာသံဃာတို့ အလယ်၌ ထိုင်နေတော်မူလျက် အရှင်သောဏ-ကုဋိကဏ္ဏ မထေရ်ကို

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ကလျာဏဝါက္ကရဏာနံ ယဒိဒံ သောဏော ကုဋိကဏ္ဏော =

(နှာ-၃၀၅)

ရဟန်းတို့...ချိုမြိန်သာယာစွာသောအသံဖြင့်တရားစကား ဟောကြားကြသော ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ကုဋိကဏ္ဏ- သောဏရဟန်းသည် အသာဆုံးအမြတ်ဆုံး ဖြစ်ပေ၏”ဟု ချီးကျူးမြွက်ဆိုတော်မူကာ “ကလျာဏဝါက္ကရဏ=သာယာ ချိုမြိန်သောအသံဖြင့် တရားဟောသော အရာ”ဝယ် ဧတဒဂ် ထားတော်မူလေသည်။

ဤကား အရှင်သောဏ-ကုဋိကဏ္ဏမထေရ် အကြောင်းတည်း။

______

(၁၈) အရှင်သီဝလိမထေရ် အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤ အရှင်သီဝလိမထေရ်အလောင်း အမျိုးကောင်းသားသည်လည်း ပဒုမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ ရှေး မထေရ်အလောင်းများနည်းတူပင် ကျောင်းတော်သို့ သွားရောက်၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်လျက် တရားနာနေစဉ် မြတ်စွာဘုရားက ရဟန်းတော်တပါးကို လာဘ်လာဘပေါများကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ “ငါသည်လည်း နောက်အခါဝယ် ဤရဟန်းကဲ့သို့ပင် လာဘ်လာဘ ပေါများကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်မှ သင့်တော့မည်”ဟု ကြံစည်ဆင်ခြင်၍ မြတ်စွာဘုရားကို မိမိအိမ်သို့ ပင့်ဖိတ်ပြီးလျှင် ရှေးမထေရ်အလောင်းများနည်းတူပင် ခုနစ်ရက်ကြာ မဟာဒါနကြီး ပေးလှူပြီးနောက် “မြတ်စွာဘုရား...တပည့်တော်သည်လည်း ဤအဓိကာရကောင်းမှု ကုသိုလ်ကံကြောင့် အခြားတပါးသော စည်းစိမ်ကို မတောင့်တ၊ စင်စစ်သော်ကား နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏သာသနာ၌ တပည့်တော်သည်လည်း အရှင်ဘုရားတို့ လွန်ခဲ့သော ခုနစ်ရက်က ဧတဒဂ်ထားအပ်သော ရဟန်းနည်းတူ လာဘ်လာဘပေါများကြ

(နှာ-၃၀၆)

သော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရ ရဟန်း ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။

မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်း ပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ “သင် ဒါယကာ၏ ဤဆုတောင်းချက်သည် နောက်အခါ ဂေါတမ မြတ်စွာ သာသနာ၌ ပြည့်စုံလိမ့်မည်”ဟု ဗျာဒိတ်ကြား၍ ကျောင်းတော်သို့ ဖဲကြွပြန်သွားတော်မူလေ၏။

တောရွာသား ဘဝ

ရှင်သီဝလိအလောင်း ထို အမျိုးကောင်း သားသည်လည်း အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ (အပါယ်လေးပါး မလားမရောက်ရပဲ) နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် (ဤကမ္ဘာမှ အထက် ကိုးဆယ့်တကမ္ဘာ၌ ပွင့်ထွန်းတော်မူသော) ဝိပဿီမြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ဗန္ဓုမတီ မင်းနေပြည်မှ မနီးမဝေး တခုသောရွာ၌ အမျိုးကောင်းသား ဖြစ်လာ၏။

ထိုအချိန်၌ ဗန္ဓုမတီ မြို့သူမြို့သားတို့သည် ဗန္ဓုမမင်းကြီးနှင့် သူရှုံး၍ ငါနိုင်ရန် အပြိုင်သဘော အချင်းချင်း နှီးနှောဆွေးနွေး တိုင်ပင်ကြ၍ ဝိပဿီမြတ်စွာဘုရားအားကြီးစွာသောအလှူဒါနကို ပေးလှူကြကုန်၏။ ထို့မြို့သူမြို့သားသည် တနေ့သ၌ အားလုံးပင် စုပေါင်းကြ၍ အလှူပေးကြသည်ရှိသော် “ငါတို့၏ အလှူမျက်မှောက်ဝယ် အဘယ်ဝတ္ထု မပါရှိသနည်း”ဟု လိုက်လံကြည့်ရှုကြသည်တွင် ပျားရည်နှင့် နွားနို့ခဲ မပါရှိသည်ကို သိကြရသဖြင့် “တနည်းနည်းဖြင့် ရရာအရပ်မှ ထိုပျားရည်နှင့် နွားနို့ခဲကို ရအောင်ယူဆောင်ကြကုန်အံ့”ဟု တိုင်ပင်ညီညွတ်ကြကာ ဇနပုဒ် =တိုက်နယ်မှ မြို့တွင်းသို့ ဝင်ရာလမ်း၌ အစောင့်ယောက်ျားကို ထားကြလေကုန်၏။

ထိုအခါ ဤအရှင်သီဝလိအလောင်း တောရွာသား အမျိုးကောင်းသားသည် မိမိ၏ရွာမှ နွားနို့ခဲအိုးကို ယူဆောင်ခဲ့၍

(နှာ-၃၀၇)

“တစုံတခု လူ့အသုံးအဆောင်ကို ငါလဲလှယ်ဝယ်ဆောင်ခဲ့မည်” ဟူသောအကြံဖြင့် မြို့သို့သွားလေသော် “ငါသည် မျက်နှာသစ်ပြီး လက်ခြေများကို ဆေးကြောပြီးမှ မြို့တွင်းသို့ဝင်အံ့”ဟု ကြံစည်၍ ရေချမ်းသာရာအရပ်ကို ထိုမှဤမှ ကြည့်ရှုလတ်သော် ထွန်တုံး ဦးမျှ ပမာဏရှိသည့် ပျားကောင်များမပါသော (မစုတ်)ပျားတံကြီးကို တွေ့မြင်ရလေလျှင် “ဤမစုတ်ပျားသည် ငါ၏ ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာသည်”ဟု အောက်မေ့၍ ယူဆောင်ခဲ့ကာ မြို့သို့ ဝင်လေ၏။

မြို့သူမြို့သားတို့က အစောင့်ထားသော ယောက်ျားသည် ထို တောရွာသား အမျိုးကောင်းသားကို မြင်လေလျှင် “အမောင်... ဤပျားရည်နှင့်နွားနို့ခဲကို အဘယ်သူ့အတွက် အမောင်ယူဆောင် လာပါသနည်း”ဟုမေးလေ၏။ တောရွာသားက “အရှင်...မည်သူ တဦးတယောက်၏အတွက်မျှ ဤပျားရည်နှင့်နွားနို့ခဲကို ယူဆောင် လာခဲ့သည် မဟုတ်ပါ၊ စင်စစ်သော်ကား ရောင်းချဖို့ရန် ယူဆောင် အပ်ခဲ့ပါသည်”ဟု ပြောလေလျှင် အစောင့်ထားသော မြို့သား ယောက်ျားသည် “အမောင်...ထိုသို့ဖြစ်လျှင် ဤ ကျွန်ုပ်လက်မှ အသပြာတကျပ်ကို ယူ၍ အမောင်၏ ထိုပျားရည်နှင့် နွားနို့ခဲကို ပေးပါလော့” ဟု ပြောဆိုလေ၏။

ထိုအခါ အရှင်သီဝလိအလောင်း တောရွာသား အမျိုးကောင်းသားသည် “ဤ ယခုယူဆောင်လာသည့် ပျားရည်နှင့် နွားနို့ခဲသည် များစွာအဖိုးမထိုက်ချေ။ ယောက်ျားကလည်း ပဌမအကြိမ်မှာပင် အဖိုးများစွာပေး၍ ဝယ်ယူဘိ၏၊ စုံစမ်းဦးမှ သင့်တော့မည်”ဟု ကြံစည်ပြီးနောက် ထိုမြို့သားယောက်ျားကို “အိုအရှင်...အကျွန်ုပ်သည် ငွေတကျပ်နှင့်တော့ဖြင့် မပေးနိုင်ပါ မရောင်းနိုင်ပါ"ဟု ပြောဆိုလေ၏။ မြို့သားက “ယင်းသို့ တကျပ်နှင့် မရောင်းနိုင်ပါလျှင် ငွေနှစ်ကျပ်တို့ကို အမောင်ယူ၍ ထို ပျားရည်နှင့် နွားနို့ခဲကို ငါ့အား ပေးပါလော့” ဟု ဈေးတက်၍ ပေးလေလျှင် တောရွာသားသည် “ငွေနှစ်ကျပ်ဖြင့်လည်း မပေး နိုင်ပါ” ဟု ဈေးဆွဲစကား ပြောဆိုလေ၏။ ဤနည်းဖြင့် တိုး၍

(နှာ-၃၀၈)

တိုး၍ ဈေးတက်ပေးလာသည်မှာ ငွေကျပ်တထောင်သို့ပင် ရောက် ရှိလာလေ၏။

တောရွာသားသည် “အချိန်ကြာမြင့်စွာ ဆွဲထား၍ဖြင့် မသင့်လျော်ချေ၊ ရှိစေဦးတော့၊ ဤယောက်ျား၏ အလုပ်ကိစ္စကို ငါမေးပေအံ့”ဟု ကြံစည်၍ မြို့သားယောက်ျားကို “ဤပျားရည်နှင့် နွား နို့ခဲကား အဖိုးများစွာ မထိုက်တန်လှပါ၊ သို့ပါလျက် အရှင်ကလည်း အဖိုးများစွာ မတန်တဆ ပေးဘိ၏၊ အဘယ်အမှုကိစ္စကြောင့် ဤပျားရည်နှင့် နွားနို့ခဲကို အဆမတန် အဖိုးပေး၍ ယူလို ပါသနည်း” ဟု မေးလေ၏။ ထိုအခါ မြို့သားယောက်ျားသည် “အမောင်... ဤဗန္ဓုမတီ မင်းနေပြည်၌ မြို့သူမြို့သားတို့သည် မင်းကြီးနှင့် အပြိုင်ပြုကာ ဝိပဿီမြတ်စွာဘုရားအား အလှူဒါန ပေးလှူကြသည်ရှိသော် ဤပျားရည်နှင့်နွားနို့ခဲ နှစ်မျိုးကို မိမိတို့၏ အလှူမျက်မှောက်၌ မတွေ့မမြင်ကြ၍ မရအရရှာမှီးနေကြပါသည်။ အကယ်၍ ဤနှစ်မျိုးကို မရလျှင် မြို့သူမြို့သားတို့က ရှုံးကြရပါလိမ့်မည်၊ ထို့ကြောင့် အသပြာတထောင်ကို ပေး၍ ငါ ယူလိုပါသည်” ဟု အကြောင်းအရာ အလုံးစုံကို ပြန်ကြားပြောဆိုလေသော် တော ရွာသားသည်“အိုအရှင်...ဤအလှူဒါနကောင်းမှုကို မြို့သူမြို့သား များသာ ပြုလုပ်ကောင်းသလော၊ အခြားတောရွာသားတို့ကမူ မပေးလှူကောင်းဘူးလား”ဟု မေးပြန်လေ၏။

ထိုအခါ မြို့သားယောက်ျားက “အမောင်... မည်သူ တဦး တယောက်၏ ပေးလှူခြင်းကိုမျှ မတားမြစ်အပ်ပါ၊ (=မြို့သား ရွာသား မည်သူမဆို ပေးလှူနိုင်ပါသည်)”ဟု ပြောဆိုလေလျှင် တောရွာသားသည် “အိုအရှင်...မြို့သူ မြို့သားများ၏ ဤ ယခု အလှူဒါန ပေးလှူကြရာ၌ တနေ့တည်းဖြင့် အသပြာတထောင် ပေးလှူတတ်သူ တဦးတယောက်များ ရှိပါသလား”ဟူ၍ မေးမြန်းလေ၏။ မြို့သားယောက်ျားက “မရှိပါ အဆွေ...”ဟု ဖြေကြား လေလျှင် တောရွာသားသည် “အိုအရှင်...ဤယခု အကျွန်ုပ် ယူဆောင်လာသော ပျားရည်နှင့် နွားနို့တို့၏ အသပြာ တထောင် အဖိုးထိုက်သောအဖြစ်ကို အရှင်သိ၏ မဟုတ်လော”ဟု

(နှာ-၃၀၉)

ထပ်၍ အခိုင်အမာ မေးမြန်းပြန်လေ၏။ မြို့သားယောက်ျားက “အိမ်း...သိပါသည်အဆွေ”ဟု ဖြေဆိုလေလျှင် တောရွာသားသည် “အိုအရှင်ထိုသို့ဖြစ်လျှင် သွားပါချေ။ မြို့သူမြို့သား လူ အများတို့အား “တောရွာသား ယောက်ျား တယောက်သည် ဤပျားရည်နှင့် နွားနို့ခဲ=နှစ်မျိုးတို့ကို အဖိုးဥစ္စာဖြင့် မပေးပါ။ သူ့ကိုယ်တိုင် မိမိလက်ဖြင့်ပင် ပေးလှူလိုပါသည်။ အသင် မြို့သူ မြို့သားတို့သည် ဤပျားရည်နှင့် နွားနို့ခဲ နှစ်မျိုးတို့ကို ရဖို့ရန် အကြောင်းကြောင့်တော့ဖြင့် ကြောင့်ကြမဲ့သာ နေကြပါဟု ပြောကြားပါလေ။ အရှင်သည် ဤ အလှူ မျက်မှောက်၌ (= ဤအလှူပွဲကြီး၌) အကျွန်ုပ်က အကြီးဆုံး အများဆုံး အဖိုးအတန်ဆုံး လှူဒါန်းသူဖြစ်ကြောင်းအတွက် ကိုယ်ဖြင့်သက်သေခံသူ (= ကိုယ်တိုင်သက်သေခံသူ) ဖြစ်တော်မူစေချင်ပါသည်” ဟု ပြောကြားလေ၏။

ပျားရည်နှင့် ဒိန်ရည် ရောစပ်လှူခြင်း

တောရွာသားသည် ထိုသို့ ပြောကြားပြီးနောက် မိမိရိက္ခာအတွက် အိမ်မှ ယူဆောင်ခဲ့သော တပဲသောဥစ္စာ အသပြာဖြင့် အစပ်ငါးပါး (= အမွှေးအကြိုင်ဘဏ္ဍာ)ကို ဝယ်ယူပြီးလျှင် အမှုန့်ပြု၍ နွားနို့ခဲမှ နို့ဓမ်းကြည်(=ဒိန်ရည်)ကို ညှစ်ယူပြီးနောက် ထိုဒိန်ရည်၌ ပျားလဘို့ကို ညှစ်ချ၍ အစပ်ငါးပါးအမှုန့်နှင့် ရောစပ်လျက် ပဒုမာကြာရွက်တခု၌ ထည့်ပြီးသော် ကောင်းစွာပြုပြင် စီရင်ယူဆောင်ခဲ့၍ မြတ်စွာဘုရားရှင်နှင့် မနီးမဝေးသောအရပ်၌ မိမိလှူခွင့် လှူလှည့်ကို စောင့်ထိုင်နေလေ၏။

မြို့သူမြို့သားများ အသီးအသီး ယူဆောင်အပ်ခဲ့သော ပူဇော် သက္ကာရ ဒါနဝတ္ထုများ အကြား၌ မိမိ၏လှူရန် အခွင့်အလှည့်ကို စောင့်မျှော်နေစဉ် အခွင့်အလှည့် ကျရောက်လာပြီကို သိရှိ၍ မြတ်စွာဘုရားရှင်ထံတော်ပါးသို့ သွားရောက်ပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား...ဤပူဇော်သက္ကာရကား တပည့်တော်၏ ဆင်းရဲသားလက်ဆောင် ဖြစ်ပါသည်ဘုရား၊ တပည့်တော်၏

(နှာ-၃၁၀)

၏ ဆင်းရဲသားလက်ဆောင် = လှူဖွယ်ဝတ္ထုကို ကရုဏာရှေးရှု အလှူခံတော်မူပါ ဘုရား”ဟု တောင်းပန် လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ထိုတောရွာသားအား သနားသမှုအကြောင်း ပြု၍ စတုမဟာရာဇ်နတ်မင်းကြီးတို့ လှူဒါန်းအပ်သောကျောက် သပိတ်ဖြင့် ထိုပူဇော်သက္ကာရကို ခံယူတော်မူပြီးလျှင် ထိုအလှူ ဝတ္ထုကိုရဟန်းပေါင်းခြောက်သန်းရှစ်သိန်း (၆၈၀ဝဝဝဝ)အား လှူဒါန်း၍မကုန်နိုင်အောင် အဓိဋ္ဌာန်တော်မူလေ၏။

ထိုတောရွာသား အမျိုးကောင်းသားသည်လည်း မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးပြီးသောအခါ မြတ်စွာဘုရားကို ရိုသေ မြတ်နိုး ရှိခိုး၍ အပြစ်လွတ်ရာ အရပ်၌ ရပ်တည်လျက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ဤယနေ့ တပည့်တော်သည် အရှင်ဘုရားတို့အား ပူဇော်သက္ကာရ ဒါနဝတ္ထု ရှေးရှူဆောင်လှူအပ်သည်ကို ဗန္ဓုမတီ မင်းနေပြည်တော်သူ နေပြည်တော်သားအားလုံးတို့ ဒိဋ္ဌမျက်မြင် အသိပင်ဖြစ်ပါသည်ဘုရား၊ တပည့်တော်သည်လည်း ဤကောင်းမှု ကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဖြစ်လေရာရာ သံသရာဘဝ၌ လာဘ်လာဘ အထွတ်အမြတ်ရောက်သူ, အခြံအရံအကျော်အစော အထွတ်အမြတ်ရောက်သူ ပုဂ္ဂိုလ်စင်စစ် ဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းပန်ထွာလေ၏။ ဝိပဿီမြတ်စွာဘုရားသည်“ဧဝံ ဟောတု ကုလပုတ္တ= ဤ သင်ဆုတောင်းသည့် အတိုင်း ဖြစ်ပါစေ အမျိုးကောင်းသား...ဟု မိန့်ကြားတော်မူ၍ ထိုအမျိုးကောင်းသားနှင့်တကွ မြို့သူ မြို့သားတို့အား ဆွမ်းအနုမောဒနာတရား ဟောကြားတော်မူပြီးသော် ကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး - ကုသိုလ် ကောင်းမှုကို ပြုလုပ်၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက် စား၍လာခဲ့ရာ ၍အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော် မူရာ အခါကာလ၌ ကောလိယသာကီဝင်မင်းမျိုးဝယ် သုပ္ပဝါ

(နှာ-၃၁၁)

သာ-မည်သောကောလိယသာကီဝင်မင်းသမီး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ ယူနေလာလေ၏။

ပဋိသန္ဓေ တည်နေစဉ်အချိန်အံ့ဖွယ်များ

ထိုအမျိုးကောင်းသား ပဋိသန္ဓေတည်နေသော အချိန်မှစ၍ မယ်တော် သုပ္ပဝါသာ သာကီဝင်မင်းသမီးအထံသို့ ရာပေါင်း များစွာသော လက်ဆောင်ပဏ္ဏာတို့ ညဉ့်နံနက် ဆက်ကာ ဆက်ကာ ရောက်၍လာကုန်၏။ သုပ္ပဝါသာမင်းသမီးသည် ရှေးက ထက်ပြည့်စုံခြင်းသို့ ရောက်လေ၏။ (သီဟိုဠ်မူအလို-ညဉ့်, နံနက် လက်ဆောင်ပဏ္ဏာ ငါးရာ ငါးရာတို့ကို သုပ္ပဝါသာမင်းသမီးသည် လက်ခံရရှိလေ၏)။

ထို့နောက် တနေ့သ၌ သုပ္ပဝါသာမင်းသမီးကို (သူ၏) ဘုန်း ကံအစွမ်း စုံစမ်းသိရှိရန် မဟာဆွေတော်မျိုးတော်များက မင်း သမီး၏လက်ဖြင့် မျိုးစေ့များထည့်ထားသောတောင်း (=မျိုးစေ့ တောင်း)ကို ထိစေကြ, တိုစေကြကုန်၏။ ထိုမျိုးစေ့များကို ချသောအခါ မျိုးစေ့ တစေ့ တစေ့မှ အပင်အညှောက်ပေါင်း အရာ အထောင်ပင် ပေါက်၍ ထွက်လာလေ၏။ မင်းပယ်တပယ် ကျယ်ဝန်းသော လယ်မြေတကွက်မှပင် လှည်းအစီးပေါင်း ငါးဆယ် ခြောက်ဆယ်တိုက် ကောက်စပါးများ ဖြစ်ပွါးထွက်ရှိကြကုန်၏။

စပါးကျီအတွင်း ကောက်စပါးများ ဖြည့်သွင်းသောအခါ၌လည်း မဟာဆွေတော် မျိုးတော်များက မင်းသမီး၏လက်ဖြင့် ကျီတံခါးကို ထိစေကြ, တိုစေကြကုန်၏။ မင်းသမီး၏ ဘုန်းကံကြောင့် ကောက်စပါးကို ထုတ်ယူကြသည်ရှိသော် ယူတိုင်း ယူတိုင်းသော နေရာသည် တဖန်ထပ်၍ ပြည့်မြဲပြည့်လေ၏။ ထို့ပြင်လည်း ပြည့်သောထမင်းအိုးမှ(ထမင်းကို ခူးကာ ခူးကာ) “မင်းသမီး၏ ဘုန်းကံတည်း” ဟု ပြောဆိုကြ၍ အလုံးစုံ ရောက် လာသမျှသော လူအပေါင်းအား ပေးလှူကြသည်ရှိသော် ပေးလို သမျှကာလပတ်လုံး ထိုထမင်းသည် မကုန်နိုင်ချေ။ သတို့သား

(နှာ-၃၁၂)

အမိဝမ်း၌ ကိန်းတည်နေစဉ်မှာပင် ခုနစ်နှစ်အချိန်ကာလကို လွန်၍သွားကုန်၏။

ခုနှစ်နှစ်စေ့ရောက်၍ ကိုယ်ဝန်သားရင့်ကျက်သောအခါ ခုနစ်ရက်ကြာ မင်းသမီးသည် ကြီးစွာသော ဂဗ္ဘမူဠှဒုက္ခ (ကိုယ်ဝန် ကြောင့် မိန်းမောတွေဝေရခြင်း ဆင်းရဲဒုက္ခ)ကို ခံစားရလေ၏။ သုပ္ပဝါသာမင်းသမီးသည် ထိုကြီးစွာသော ဆင်းရဲဒုက္ခကို__

“သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊ ယာ ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ဓမ္မံ ဒေသေတိ။ =အကြင် ငါတို့ဆရာ မြတ်စွာဘုရားသည် ဤသို့သဘော ရှိသော ဆင်းရဲဒုက္ခ အမျိုးမျိုးကို ပယ်စွန့်ဖို့ရန် တရားဟောတော်မူပါပေ၏၊ ထိုငါတို့ဆရာ မြတ်စွာဘုရားသည် သစ္စာ, ဉေယျ ဓမ္မခပင်း လင်းလင်းသိမြင် သဗ္ဗညုတ ရွှေဉာဏ်တော်နှင့် ပြည့်စုံတော်မူပါပေက္ခေတကား...(၁),

သုပ္ပဋိပန္နော ဝတ တဿ ဘဂဝတော သာဝကသံဃာ၊ ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ပဋိပန္နော = အကြင်မြတ်ဘုရား၏ တပည့်သာဝက သံဃာတော်သည် ဤသို့သဘောရှိသော ဆင်းရဲဒုက္ခ အမျိုးမျိုးကို ပယ်စွန့်ဖို့ရန် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူပါပေ၏၊ ထိုမြတ်ဘုရား၏ တပည့်သားသာဝက သံဃာတော်သည် (သုံးပါးသိက္ခာ ကျင့်ဖွယ်ရာကို) ကောင်းစွာ ကျင့်တော်မူပါပေစွာ့တကား...(၂),

သုသုခံ ဝတ တံ နိဗ္ဗာနံ၊ ယတ္ထိဒံ ဧဝရူပံ ဒုက္ခံ နု သံဝိဇ္ဇတိ။ = အကြင်တရားမြတ်၌ ဤသို့ သဘောရှိသော ဤဆင်းရဲဒုက္ခ ဝေဒနာမျိုး တစိုးတစိ မရှိပေ၊ ထိုနိဗ္ဗာန် တရားမြတ်သည် အလွန့်အလွန် ချမ်းသာပါပေစွာ့ တကား...(၃)”__

ဤဖော်ပြအပ်ပြီးသော (၁) မြတ်စွာဘုရား၏ ဂုဏ်တော်နှင့် စပ်သော ကောင်းသောအကြံ၊ (၂) သံဃာတော်၏ သုပ္ပဋိပန္န

(နှာ-၃၁၃)

ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ (၃) နိဗ္ဗာန်၏ သန္တိသုခဂုဏ်နှင့်စပ်သော ကောင်းသောအကြံ=ဤအကြံသုံးမျိုးတို့ဖြင့် အောင့်အည်းသည်းခံလေသည်(= ကြီးစွာသော ဂဗ္ဘမူဠှဒုက္ခကို ဖော်ပြရာပါအတိုင်း ဘုရားဂုဏ်, သံဃာဂုဏ်, နိဗ္ဗာန် တရားဂုဏ်ကို အပြန်ပြန် အောက်မေ့ဆင်ခြင်၍ မညည်းမညူ သည်းခံလေသည်)။

ခုနစ်ရက်မြောက် ရောက်သောအခါ သုပ္ပဝါသာ ကောလိယ မင်းသမီးသည် မိမိ၏အရှင်သခင်ဖြစ်သော ကောလိယမင်းသားကို အနီးသို့ခေါ်၍ “မသေခင် အသက်ရှင်စဉ်ပင် ငါသည် အလှူဒါန ပေးဦးအံ့”ဟု ကြံစည်ကာ “အိုအရှင့်သား...သွားပါတည့်ချေ။ ဤကျွန်တော်မ၏ဖြစ်ရပ်ကို မြတ်စွာဘုရားအား လျှောက်ထားပြီးလျှင် မြတ်စွာဘုရားကို ပင့်ဖိတ်တော်မူခဲ့ပါ၊ မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်များကိုလည်း ကောင်းစွာ မှတ်သား၍ ပြန်လာပြီးလျှင် အကျွန်ုပ်အား ပြောကြားတော်မူပါ” ဟု ပြောဆို လွှတ်လိုက်လေသည်။ ကောလိယမင်းသည် သွားရောက်၍ သုပ္ပဝါသာ မင်းသမီး၏ အကြောင်းအရာ သတင်းစကားကို မြတ်စွာဘုရားအားလျှောက်ထားလေ၏။ မြတ်စွာဘုရားသည်“ကောလိယမင်းသမီး သုပ္ပဝါသာသည် ရောဂါမရှိ ပကတိချမ်းသာစေ သတည်း၊ ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို ဖွားစေသတည်း”ဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်နှင့် တပြိုင်နက် ကောလိယမင်းသမီး သုပ္ပဝါသာသည် ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသောသားကို ဖွားမြင်လေ၏။ ဝန်းရံ၍ နေကြသော လူအပေါင်းသည် ငိုရသည့်အဖြစ်မှ တခေတ်ကူးပြောင်းကာ ဝမ်းမြောက် ဝမ်းသာ ကောလိယမင်းအား သား၏သတင်းကို လျှောက်ထားရန် သွားရောက်လေ၏။ ကောလိယမင်းသည်ကား မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကို နာယူပြီးနောက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရွာတွင်းသို့ ရှေးရှု ပြန်လာလေ၏။

(နှာ-၃၁၄)

ကောလိယမင်းသည် ထိုမင်းချင်းယောကျားတို့ အားရဝမ်းသာ ပြေးလာ ဆီးကြိုကြပုံ အခြင်းအရာကို မြင်ရလျှင်ပင် “မြတ်စွာဘုရား မိန့်ကြားအပ်သော စကားတော်သည် ပြီးစီးအောင်မြင်ပြီ ထင်၏”ဟု ဆင်ခြင်ကြံစည်မိလေ၏။ ကောလိယမင်းသည် သုပ္ပဝါသာမင်းသမီးထံသို့ လာရောက်၍ မြတ်စွာဘုရား၏ မိန့်ကြား တော်မူလိုက်သော သတင်းစကားကို မင်းသမီးအား ပြန်ကြား ပြောဆိုလေ၏။ မင်းသမီးသည် “အရှင့်သား ပင့်ဖိတ်အပ်ခဲ့သော အသက်ရှင်ဆွမ်းသည်ပင် မင်္ဂလာဆွမ်း ဖြစ်လိမ့်မည်။ တဖန် ပြန်သွားပါဦး၊ ခုနစ်ရက်ပတ်လုံး (ဆွမ်းဘုဉ်းပေးတော်မူရန်) မြတ်စွာဘုရားကို ပင့်လျှောက်ချေပါဦး” ဟူ၍ ပြောဆိုလေ၏။ ကောလိယမင်းသည် မင်းသမီးပြောဆိုတိုင်း ပြုလုပ်လေ၏။ ထို မင်း, မင်းသမီးတို့သည် ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရားအမှူး ရှိသော ရဟန်းသံဃာများ ကြီးစွာသော အလှူဒါနကို ဖြစ်စေ ကြလေကုန်၏။

သူငယ်သည် ခပ်သိမ်းသော ဆွေမျိုးတို့၏ ပူပန်သောစိတ်ကို ငြိမ်းအေးစေလျက် ဖွားမြောက်သန့်စင်လာလေသည်။ ထို့ကြောင့် ထိုသူငယ်၏ အမည်ကို “သီဝလိသူငယ်” ဟု အမည်မှည့်ကြလေကုန်၏။ သီဝလိသူငယ်သည် ခုနစ်နှစ်အကြာ အမိဝမ်း၌ ကိန်းနေ ခဲ့ရသောကြောင့် ဖွားမြောက်သောအချိန်မှ အစပြုကာ ခုနစ်နှစ် အရွယ်ရှိ သူငယ်တို့ ပြုလုပ်ရမည့် ခပ်သိမ်းသောအမှုများကို ပြုစွမ်းနိုင်သူ ဖြစ်လေသည်။ ထို့ကြောင့်ပင် သီဝလိသူငယ်သည် ခုနစ်ရက် ပတ်လုံး မဟာဒါနကြီး ပေးလှူအပ်သည်ရှိသော် မွေးဖွားသည့် နေ့မှစ၍ ဓမကရိုဏ် = ရေစစ်ကို ယူကာ သံဃာတော်အား ရေကိုစစ်၍ ဆက်ကပ်လှူဒါန်းလေ၏။

တရားစစ်မှူး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ခုနစ်ရက်မြောက်သောနေ့၌ သီဝလိသူငယ်နှင့် စကား နှီးနှော ပြောဆိုတော်မူ၏။ ထိုသို့ ပြောဆိုသောအခါ မထေရ်မြတ်က “သီဝလိ...သင်သည် ဤသို့သဘောရှိသော ဒုက္ခအစုကို ခံစားရပြီးလျှင် ရှင်, ရဟန်းပြုရန် မသင့်လျော်ဘူးလား” ဟု

(နှာ-၃၁၅)

မေးမြန်းတော်မူလေလျှင် သီဝလိသူငယ်သည် “အရှင်ဘုရား တပည့်တော်သည် မိဖထံမှ ရှင်, ရဟန်းပြုခွင့်ရလျှင် ရှင်, ရဟန်းပြုလို လှပါသည်ဘုရား”ဟု ပြန်ကြားလျှောက်ထားလေ၏။ သုပ္ပဝါသာ မင်းသမီးသည် မိမိသား သီဝလိသူငယ် မထေရ်မြတ်နှင့် အတူတကွ စကားပြောနေသည်ကို မြင်ရ၍ “အသို့နည်း = ဘယ့်နှယ်လဲ ငါ့သားသည် တရားစစ်မှူး ဖြစ်တော်မူသော မထေရ်မြတ်နှင့် အတူတကွ စကားပြောနေပါတကား” ဟု အားရဝမ်းသာစွာ မထေရ်မြတ်ထံသို့ ဆည်းကပ်၍ “အရှင်ဘုရား... တပည့်တော်မ သားက အရှင်ဘုရားတို့နှင့် အတူတကွ အဘယ်စကားများကို ပြောဆိုနေပါသနည်း ဘုရား” ဟု မေးလျှောက်လေ၏။ အရှင်သာရိပုတ္တရာမထေရ်မြတ်က “မိမိ ခံစားခဲ့ရသော အမိဝမ်းခေါင်း ကိန်းအောင်းရသည့် ဒုက္ခကို ပြောပြ၍ အသင်မိဖနှစ်ပါးတို့က ခွင့်ပြုအပ်ပါလျှင် ရှင်, ရဟန်းပြုပါအံ့ဟူ၍ ပြောဆိုပေ၏”ဟု မိန့်ကြားတော်မူလေလျှင် သုပ္ပဝါသာမင်းသမီးသည် “ကောင်းပါပြီ အရှင်ဘုရား...ထိုသီဝလိသူငယ်ကို ရှင်ပြုပေးတော်မူကြပါဘုရား” ဟု ခွင့်ပြုစကား ပြန်ကြားလျှောက်ထားလေ၏။

ထိုအခါ မထေရ်မြတ်သည် သီဝလိသူငယ်ကို ကျောင်းတော်သို့ ခေါ်ဆောင်သွား၍ တစပဉ္စက-ကမ္မဋ္ဌာန်းကို ပေးပြီးလျှင် ရှင်ပြု ပေးတော်မူလတ်သော် “သီဝလိ... သင့်အဖို့ရာ အခြားတပါးသော အဆုံးအမ သြဝါဒဖြင့် ပြုလုပ်ဖွယ်မရှိ၊ (တခြားဩဝါဒ ပေးရန် မလို-ဟု ဆိုလိုသည်)၊ ခုနစ်နှစ်တို့ကာလပတ်လုံး မိခံစားခဲ့ရသော ဆင်းရဲဒုက္ခဝေဒနာကိုပင် ဆင်ခြင်စဉ်းစားလော့” ဟု မိန့်တော်မူလေ၏။ သီဝလိသူငယ်သည် “အရှင်ဘုရား... ရှင်ပြုပေးခြင်းသည်သာ အရှင်ဘုရားတို့၏ တာဝန် ဖြစ်ပါသည်။ တပည့်တော် ပြုစွမ်းနိုင်သမျှသော တရားနှလုံးသွင်းခြင်းအမှုကို တပည့်တော်ပင် ဆင်ခြင်စဉ်းစား ပွါးများပါမည်ဘုရား” ဟု ပြန်ကြား လျှောက်ထားလေ၏။

ထို ရှင်သီဝလိသူငယ်သည် ပဌမဆံဝန်းကို စိတ်ချလိုက်သော ခဏမှာပင် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ဒုတိယဆံဝန်းကို

(နှာ-၃၁၆)

ရိတ်ချလိုက်သောအခါ သကဒါဂါမိဖိုလ်၌ တည်၍ တတိယဆံဝန်းကို “ရိတ်ချလိုက်သောအခါ အနာဂါမိဖိုလ်၌ တည်ပြီးလျှင် အားလုံးသောဆံဝန်းကို ရိတ်ချပြီးသည်နှင့် တပြိုင်နက် အရဟတ္တဖိုလ်၌ တည်လေ၏(= အားလုံးသောဆံတို့ကို ရိတ်ချပြီးခြင်းနှင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် မရှေးမနှောင်းပင် ဖြစ်လေ၏)။

ထိုသီဝလိသူငယ်ကို ရှင်, ရဟန်းပြုပေးသောနေ့မှ စ၍ ရဟန်း သံဃာအား သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး = ပစ္စည်းလေးပါးတို့သည် အလိုရှိတိုင်း ဖြစ်ပေါ်ပေါများ၍ လာကုန်၏။ ဤသို့လျှင် ရှင်သီဝလိ၏ အကြောင်းအရာဝတ္ထုကား ကုဏ္ဍိကာမြို့၌ ဖြစ်ပေါ်လေသည်။

(ဤ၌။ ။ အရှင်သီဝလိ၏ ပစ္စုပ္ပန်ဝတ္ထုကို ဥဒါန်းပါဠိတော် ပိဋကတ်မြန်မာပြန် (ခု မြန် ၁၊ စာမျက်နှာ ၈၆-မှစ၍) ထုတ်နှုတ်မှတ်ယူ ကုန်ရာ၏။ ထို အရှင်မြတ် သားအမိတို့၏ ခုနစ်နှစ် ခုနှစ်ရက်ကြာ ဂဗ္ဘဝါသဒုက္ခ=အမိဝမ်းခေါင်း ကိန်းအောင်းရခြင်း ဆင်းရဲဒုက္ခ ဂဗ္ဘမူဠှဒုက္ခ-ကိုယ်ဝန်နှင့် မိန်းမောတွေဝေရခြင်း ဆင်းရဲဒုက္ခ ခံစားရ ခြင်း၏ အကြောင်း အကုသိုလ်ကံနှင့်စပ်သော ဖြစ်ရပ်ဝတ္ထု အကျယ်ကို ဥဒါန်း အဋ္ဌကထာမှ ထုတ်နုတ်မှတ်ယူကုန်ရာ၏။

အကျဉ်းမှတ်ရန်မှာ-ထို အရှင်မြတ် သားအမိတို့သည် တခုသော အတိတ် ဘဝက ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော် ဖြစ်ခဲ့ကြ၍ တချိန်တွင် ကောသလမင်းက စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို တိုက်ဖျက်လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ကာ မိဖုရားကြီးရာထူး၌ ထားရှိလေသည်။

ဗာရာဏသီမင်းသားသည် ခမည်းတော် စစ်ရှုံး၍ နတ်ရွာစံသောအခါ ရေထုတ်ပြွန်မှ တိုတ်တဆိတ်ထွက်ပြေး၍ ဗိုလ်ပါအလုံးအရင်းကို စုရုံးပြီးလျှင် ဗာရာဏသီပြည်သို့လာ၍ ထီးနန်းပြန်အပ်ရန်, (သို့မဟုတ်) စစ်တိုက်ရန် ရာဇသံပေး အရေးဆိုလေလျှင် အတွင်းမှာရှိနေသော မယ်တော်မိဖုရားကြီးက စစ်တိုက်လျှင် လူအများ ဆင်းရဲကြမည်ဖြစ်၍ မြို့ကို ပိတ်ဆို့ဝန်းရံထားရန် အကြံပေးလေသည်။ မယ်တော်အကြံပေးသည့် အတိုင်း မင်းသားသည် မြို့တံခါးမကြီးလေးပေါက်တို့ကို အထွက်အဝင် မရှိရအောင် ပိတ်ဆို့စောင့်ရှောက်လျက် ခုနစ်နှစ် မြို့ကို ဝန်းရံ

(နှာ-၃၁၇)

ပိတ်ဆို့ထားသော်လည်း မြို့သူမြို့သားတို့သည် တံခါးငယ်များမှ ထွက်၍ မြက် ထင်း-စသည် သယ်ဆောင်သွင်းယူကြသဖြင့် အကြောင်းမထူးပဲ ရှိလေရာ ထိုသတင်းကို မယ်တော်မိဖုရား ကြားသိရ၍ တဖန်ထပ်ပြီးလျှင် တံခါးငယ်များကိုပါ ပိတ်ဆို့ရန် အကြံပေးပြန်လေသည်။

ထိုအကြံပေးချက်အရ တံခါးငယ်များကိုပါ ပိတ်ဆို့ဝန်းရံသဖြင့် ခုနစ်ရက်ရှိသောအခါ မြို့သူမြို့သားတို့ အနေကြပ်သဖြင့် ကောသလမင်း၏ ဦးခေါင်းကိုဖြတ်၍ မင်းသားအား ဆက်သကြလေသည်။ မင်းသားသည် မြို့ကို ဝင်၍ မင်းအဖြစ်ကို ခံယူသိမ်းပိုက်လေသည်။

ဤဆိုအပ်ပြီးသော မကောင်းမှု အကုသိုလ်ကံကြောင့် ထိုအရှင်မြတ် - သားအမိတို့သည် ခုနစ်နှစ်ကြာ ကိုယ်ဝန်ကို ဆောင်ရခြင်း ဆင်းရဲ ဒုက္ခ, အမိဝမ်းခေါင်း ကိန်းအောင်ရခြင်း ဆင်းရဲဒုက္ခ, မယ်တော်မှာ ကိုယ်ဝန်ကြောင့် ခုနစ်ရက်ကြာ မိန်းမောတွေဝေရခြင်း ဆင်းရဲဒုက္ခကို ခံစားကြရလေသည်)။

မထေရ်မြတ် မိမိဘုန်းကံကို စုံစမ်းကြည့်ခြင်း

နောက်တချိန်၌ မြတ်စွာဘုရားရှင် သာဝတ္ထိပြည်သို့ ရောက်တော်မူသောအခါ အရှင်သီဝလိမထေရ်သည် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးဦးညွှတ်၍ “မြတ်စွာဘုရား တပည့်တော်၏ ဘုန်းကံကို လက်တွေ့စုံစမ်းပါအံ့၊ တပည့်တော်အား ရဟန်းတော် ငါးရာတို့ကို အဖော်အဖြစ်ထည့်ပေးတော်မူပါဘုရား”ဟု လျှောက်ထားတောင်းပန်လေ၏။ မြတ်စွာဘုရားရှင်သည်လည်း “ချစ်သား သီဝလိ...ခေါ်ယူ၍ သွားလော့” ဟု ခွင့်ပြုတော်မူလေသည်။

အရှင်သီဝလိမထေရ်သည် အဖော်ရဟန်းငါးရာတို့ကို အတူတကွ ခေါ်ယူ၍ ဟိမဝန္တာသို့ ရှေးရှူသွားလတ်သည်ရှိသော် တောလမ်းခရီးအတိုင်း ကြွတော်မူလေ၏။ (၁) ထိုအခါ ရှေးဦးစွာ ခရီးစခန်း၌ ပညောင်ပင်ကြီးကို တွေ့ရလေသည်၊ ညောင် စောင့်နတ်မင်းသည် မထေရ်မြတ်အား ခုနစ်ရက်ကြာ အလှူဒါနကို ပေးလှူလေသည်။ ဤနည်းဖြင့် ထိုအရှင်သီဝလိမထေရ်သည်__

(၁) ရှေးဦးစွာ (ဖော်ပြရာပါ) ပညောင်ပင်ကြီးကို တွေ့ရလေသည်။

(နှာ-၃၁၈)

(၂) နှစ်ကြိမ်မြောက်၌ ပဏ္ဍဝတောင်,
(၃) သုံးကြိမ်မြောက်၌ အရစိဝတီမြစ်,
(၄) လေးကြိမ်မြောက်၌ ဝရသာဂရမည်သော သမုဒြာ,
(၅) ငါးကြိမ်မြောက်၌ ဟိမဝန္တာတောင်,
(၆) ခြောက်ကြိမ်မြောက်၌ ဆဒ္ဒန်အိုင်,
(၇) ခုနစ်ကြိမ်မြောက်၌ ဂန္ဓမာဒနတောင်,
(၈) ထို့နောက် ရှစ်ကြိမ်မြောက်၌ အရှင်ရေ၀တနေရာသို့__

ဆိုက်ရောက် တွေ့မြင်ရလေသည်။ နေရာဌာန အားလုံးတို့၌ပင် ခုနစ်ရက်စီ ခုနစ်ရက်စီ နတ်တို့က အရှင်သီဝလိမထေရ်အား အလှူဒါန ကြီးစွာလှူဒါန်းကြလေသည်။

အထူးအားဖြင့် ဂန္ဓမာဒနတောင်သို့ ရောက်ဆိုက်သောအခါ၌ နာဂဒတ္တမည်သော နတ်မင်းသည် ခုနစ်ရက်ကြာ အလှူဒါန ပေးလှူရာဝယ် နွားနို့ဆွမ်းတရက် ထောပတ်ဆွမ်းတရက် ဤသို့ အလှည့်အလည် ပေးလှူလေသည်။ ထိုအခါ ရဟန်းသံဃာသည် “ငါ့ရှင်တို့…. ဤနတ်မင်းက နို့စားနွားမများကို နို့ညှစ်နေအပ်သည်တို့ကိုလည်း ငါတို့သည် မတွေ့မထင် မမြင်အပ်ကုန်၊ ထောပတ် ဖြစ်ရန် နို့ဓမ်းကိုမွှေနေသည်ကိုလည်း ငါတို့သည် မတွေ့မထင် မမြင်အပ်ချေ။ ဒါယကာနတ်မင်း... သင့်အဖို့ရာ ဤနွားနို့ဆွမ်း, ထောပတ်ဆွမ်းများသည် အဘယ်ကောင်းမှုကြောင့် ဖြစ်ပွါးပြည့်စုံသနည်း” ဟု မေးမြန်းလေ၏။ နာဂဒတ္တနတ်မင်းသည် “အရှင်ဘုရားတို့ ဤသို့ နို့စားနွားမများလည်း မရှိပါပဲလျက်, နို့ဓမ်း မွှေနေရခြင်းလည်း မရှိပါပဲလျက် နွားနို့ဆွမ်း, ထောပတ်ဆွမ်းကို လှူဒါန်းဆက်ကပ်နိုင်ခြင်းမှာ ကဿပမြတ်စွာ လက်ထက်တော် အခါ၌ စာရေးတံနွားနို့ဆွမ်း လှူဒါန်းခဲ့သော ဒါနကောင်းမှု၏ အကျိုး ဖြစ်ပါသည်ဘုရား”ဟု ပြန်ကြားလျှောက်ထားလေ၏။

(နှာ-၃၁၉)

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

နောက်တချိန်ဝယ် မြတ်စွာဘုရားသည် (ရှေး ခဒိရဝနိယ ရေဝတမထေရ်ဝတ္ထု၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း) အရှင်ခဒိရဝနိယ ရေ၀တမထေရ်အထံ ကြွရောက်တော်မူရာဝယ် လူသူမနီး ဘေးရန်တွေ ကာဆီးသော လမ်းခရီးအကြား၌ နတ်များက အရှင်သီဝလိမထေရ်အားသာ ဦးတည်၍ နေ့ရက်မပြတ် အလှူ ဒါန လှူဒါန်းဆက်ကပ်ကြသည်ကို အဋ္ဌုပ္ပတ်ဝတ္ထု အကြောင်းပြု၍ အရှင်သီဝလိမထေရ်မြတ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ လာဘီနံ ယဒိဒံ သီဝလိ=ရဟန်းတို့...ပစ္စည်းလေးရပ် လာဘ်လာဘ ပေါများကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်း တို့တွင် သီဝလိရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “လာဘီ=လာဘ်လာဘပေါများ သောအရာ”ဝယ် ဧတဒဂ်ထားတော်မူလေ၏။

(ဤ အရှင်သီဝလိမထေရ်နှင့်စပ်သော တရားစကားရပ်တို့ကို အပဒါန် ပါဠိ အဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာ - စသည်တို့မှ ထုတ်နုတ်မှတ်ယူကုန်ရာ၏။ ဤနည်းအတူပင် နောက်နောက် ဖြစ်သော မထေရ်တို့နှင့်စပ်သော တရားစကားရပ်တို့ကိုလည်း မှတ်ယူကုန်ရာ၏။ ဤမဟာဗုဒ္ဓဝင်ကျမ်း၌ကား (က) မထေရ်မြတ်တို့၏ ရှေးဆုတောင်း၊ (ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း၊ (ဂ) ဧတဒဂ် ဘွဲ့ထူးရတော်မူခြင်း= ဤသုံးချက်ကိုသာ ဦးတည်၍ ရေးသားဖော်ပြပေအံ့)။

ဤကား အရှင်သီဝလိမထေရ် အကြောင်းတည်း။

(နှာ-၃၂၀)

(၁၉) အရှင်ဝက္ကလိမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤ မထေရ်မြတ်သည်လည်း ရှေးလွန်လေပြီးသောအခါ ပဒုမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော်၌ ဆိုအပ်ပြီးသောနည်း အတိုင်း ကျောင်းတော်သို့ သွားရောက်ကာ ပရိသတ်အစွန်၌ ရပ်တည်လျက် တရားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော် တပါးကို သဒ္ဓါတရား ကြီးမားလွန်ကဲသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်လတ်၍ “ငါသည်လည်း နောက်အခါဝယ် ဤရဟန်းကဲ့သို့ သဒ္ဓါဓိမုတ္တ = သဒ္ဓါတရား ကြီးမားလွန်ကဲသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ်ဖြစ်မှ သင့်လျော်တော့မည်”ဟု ကြံစည်၍ ဆိုအပ်ပြီးသောနည်းအတိုင်း မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ပြီးလျှင် ခုနစ်ရက်ကြာ မဟာဒါနပေးလှူ ပြီးနောက် မြတ်စွာဘုရားကို ရှိခိုး၍ “မြတ်စွာဘုရား...တပည့်တော်သည်လည်း ဤ အဓိကာရကောင်းမှု ကုသိုလ်ကံကြောင့် ရှင်တော်ဘုရားတို့သည် သဒ္ဓါဓိမုတ္တရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားအပ်သော ရဟန်းကဲ့သို့ နောက် အခါဝယ် တဆူဆူသော မြတ်စွာဘုရား၏ သာသနာ၌ သဒ္ဓါဓိမုတ္တရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရ ပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာ ချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို သိမြင်တော်မူ၍ ဗျာဒိတ်စကား မိန့်ကြားပြီးလျှင် ကျောင်းတော်သို့ တဖန် ဖဲကြွတော်မူလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုအမျိုးကောင်းသားသည်လည်း အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌သာ ကျင်လည်ကျက်စားခဲ့ကာ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ ပဋိသန္ဓေ တည်နေ ဖြစ်ပွါးခဲ့လေ

(နှာ-၃၂၁)

သည်။ ထိုသူငယ်၏ အမည်ကို “ဝက္ကလိဟု မိဖဆွေမျိုးတို့က မှည့်ခေါ်ကြလေသည်။

ဝက္ကလိသူငယ်သည် အရွယ်ကြီးခြင်းသို့ ရောက်လတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြားတတ်မြောက်ပြီးနောက် တချိန်တွင် ရဟန်းအပေါင်းခြံရံလျက် သာဝတ္ထိပြည်အတွင်း ကြွချီတော်မူသော မြတ်စွာဘုရားကို ဖူးမြော်ရ၍ မြတ်စွာဘုရား၏ ရူပကာယ အသရေတော်ကို ဖူးမြော်ကြည့်ရှုရလေသော် ထို ရူပကာယအသရေတော်ကို ဖူးမြော်ရခြင်းဖြင့် အားမရ တင်းမတိမ်နိုင်ရကား မြတ်စွာဘုရားနှင့် အတူတကွ (တပါတည်း)သာလျှင် လိုက်ပါ လှည့်လည်ခဲ့လေ၏ ။ မြတ်စွာဘုရား ကျောင်းတော်သို့ ကြွသွားသောအခါမှာလည်း ဘုရားနှင့် အတူတကွ ကျောင်းတော်သို့ လိုက်ပါ၍ ရူပကာယ အသရေတော်ကို ဖူးမြော်လျက်သာလျှင် ရပ်တည်နေလေ၏။ တရားသဘင်၌ မြတ်စွာဘုရားရှင် တရား ဟောတော်မူလတ်သည်ရှိသော် ဘုရားရှင်၏ မျက်မှောက် (ရှေ့တည့်တည့်)အရပ်၌ တည်နေလျက် တရားကို နာယူလေသည်။

ဝက္ကလိအမျိုးသားသည် သဒ္ဓါတရား ကြီးမားလွန်ကဲစွာ ဖြစ်ရှိ လာရကား“အိမ်ရာတည်ထောင် လူ့ဘောင်၌ နေလျှင် မြတ်စွာဘုရားရှင်ကို အမြဲမပြတ် ဖူးမြော်ခွင့်ကို ရလိမ့်မည်မဟုတ်၊ (ရဟန်း ပြုမှသာ ရလိမ့်မည်)”ဟု ကြံစည် ဆင်ခြင်ပြီးလျှင် ရှင်, ရဟန်း ပြုပေးရန် တောင်းပန်လျှောက်ထား၍ မြတ်စွာဘုရားရှင် အထံတော်၌ ရှင်, ရဟန်းပြုလေ၏။

ထိုသို့ရဟန်းပြုပြီးသောအချိန်မှစ၍ အရှင်ဝက္ကလိမထေရ်သည် ဆွမ်းဘုဉ်းပေးသောအချိန်ကို ထား၍ ကြွင်းကျန်သောအခါများ၌ မြတ်စွာဘုရားရှင်ကို ဖူးမြင်နိုင်လောက်ရာအရပ်၌ တည်နေကာ စာပေသင်အံခြင်း, ကမ္မဋ္ဌာန်းတရား နှလုံးသွင်းခြင်း အမှုများကို အလျှင်းမပြုပဲ ပယ်စွန့်၍ မြတ်စွာဘုရားကို ဖူးမြော်လျက်သာလျှင် နေလေ၏။ မြတ်စွာဘုရားသည်လည်း အရှင်ဝက္ကလိ၏ ဉာဏ် ပညာရင့်ကျက်ချိန်ကို စောင့်ဆိုင်းငံ့လင့်တော်မူလျက် အချိန်ကြာမြင့်စွာ ထိုအရှင်ဝက္ကလိရဟန်း ရူပကာယအသရေတော်ကို ဖူး

(နှာ-၃၂၂)

မြော်လျက်သာ လှည့်လည်ကျက်စား သွားလာနေစဉ် တစုံတရာ မိန့်ကြားမှု ပြုတော်မမူပဲ နေတော်မူခဲ့ရာမှ အချိန်တန်လတ်သော် “ယခုအခါ ဤဝက္ကလိရဟန်း၏ ဉာဏ်သည် ရင့်ကျက်ခြင်းသို့ ရောက်ခဲ့လေပြီ၊ ဤရဟန်းကို အသိတရားရစေရန် တတ်နိုင် လောက်ပြီ”ဟု သိတော်မူပြီးလျှင်__

“ချစ်သား ဝက္ကလိ...ဤကိုယ်ပုပ်ကို ရှုကြည့်နေသဖြင့် သင်ချစ်သား၏ အဖို့ရာ အဘယ်အကျိုးရှိအံ့နည်း၊ = အကျိုး မရှိသည်သာ။ ချစ်သားဝက္ကလိ ... စင်စစ်တော့ အကြင်သူသည် တရားကို မြင်၏၊ ထိုသူသည် ငါဘုရားကို မြင်သည်မည်၏။ အကြင်သူသည် ငါဘုရားကို မြင်၏၊ ထို သူသည် တရားကို မြင်သူဖြစ်၏။ ချစ်သားဝက္ကလိ...တရားကို ရှုကြည့်သောသူမှသာ ငါဘုရားကို ရှုကြည့်သောသူ ဖြစ်ပေ၏၊ ငါဘုရားကို ရှုကြည့်သောသူသည် တရားကို ရှုကြည့်သောသူ ဖြစ်ရပေမည်”__

ဟု အရှင်ဝက္ကလိ တရားအားထုတ်ရန်အတွက် ကိုယ်တော်၏ ရူပ ကာယကိုယ်ကိုပင် အပုပ်ကောင်ကြီးအနေ မိန့်ကြားတော်မူလေသည်။

မြတ်စွာဘုရားရှင်က ဤသို့ပင် ဆုံးမတော်မူပါသော်လည်း အရှင်ဝက္ကလိမထေရ်သည် မြတ်စွာဘုရားရှင်အား ဖူးမြင်လောက်ရာ အရပ်ကို ပယ်စွန့်၍ အရပ်တပါး မည်သည့်နည်းနှင့်မျှ မသွားနိုင်ပဲရှိလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဤရဟန်းကား ထိတ်လန့်ခြင်း = သံဝေဂကို မရလျှင် သစ္စာလေးပါး တရားကို သိလိမ့်မည်မဟုတ်”ဟု ဆင်ခြင်သိမြင်တော်မူကာ ဝါဆို ရက်နီးကပ်လတ်သော် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ ဝါဆိုဝါကပ်သောနေ့၌ “ဝက္ကလိရဟန်း...(ငါဘုရား၏ အနီးမှ) လွတ်ရာ ဖယ်ရှား သင်သွားလော့”ဟု တိုက်ရိုက်ပင် အရှင်ဝက္ကလိကို နှင်ထုတ်တော်မူလိုက်လေ၏။

မြတ်စွာဘုရားတို့မည်သည် သူတဖက်သားတို့က လိုက်နာအပ်သော စကား ရှိတော်မူကုန်၏ = သူတဖက်သားတို့သည် ဘုရား

(နှာ-၃၂၃)

ရှင်တို့စကားကို မပယ်လှန်နိုင်ကုန်။ သို့ရကား အရှင်ဝက္ကလိ မထေရ်သည် မြတ်စွာဘုရားရှင်ကို ဆန့်ကျင်ဖက်ပြုကာ တည်နေခြင်းငှါ မတတ်နိုင်တော့ပဲ ဝါတွင်းသုံးလပတ်လုံး မြတ်စွာဘုရား၏ မျက်မှောက်တော်သို့ လာရောက်ဖို့ရန် မဝံ့တော့ရကား “ယခုအခါငါဘယ်အမှု ပြုနိုင်တော့မည်နည်း=မပြုနိုင်တော့သည်သာ၊ မြတ်စွာဘုရားရှင်သည် ငါ့ကို နှင်ထုတ်အပ်လေပြီ၊ ရှင်တော်ဘုရားနှင့် မျက်နှာချင်းဆိုင်ခွင့်ကို ငါ ဘယ်နည်းမှ ရနိုင်မည်မဟုတ်၊ ငါ့အဖို့ရာ အသက်ရှင်နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း= အကျိုးမရှိတော့ပြီ”ဟု ကြံစည်စိတ်ပျက်၍ ဂိဇ္ဈကုဋ်တောင်ဝယ် ချောက်ကမ်းပါး ပေါများရာအရပ်သို့ တက်ရောက်လေ၏။

မြတ်စွာဘုရားရှင်သည် အရှင်ဝက္ကလိ၏ စိတ် အလွန်ပင်ပန်း နွမ်းလျအားငယ်နေသည်ကို သိတော်မူ၍ “ဤဝက္ကလိရဟန်းသည် ငါဘုရားအထံမှ သက်သာကွက်ကို မရလျှင် မဂ်ဖိုလ်၏ဥပနိဿယည်း ရှေးကောင်းမှုကုသိုလ်ပစ္စည်းကို ဖျက်ဆီးပစ်လေရာ၏”ဟု ဆင်ခြင်တော်မူ၍ ကိုယ်တော်မြတ်ကို အထင်အရှားပြရန် ရှင်ဝက္ကလိရှိရာအရပ်သို့ ဗုဒ္ဓရောင်ခြည်တော်ကို လွှတ်လိုက်လေ၏။ (လျှပ်စစ် = ဆပ်ချ်လိုက်အရောင်အစွန်းမှ ဗုဒ္ဓရုပ်ပုံတော်ကို မှန်းမျှော်၍ အာရုံပြုကြည့်ပါ)။ ထိုသို့ ဗုဒ္ဓရောင်ခြည်တော်ကို လွှတ်လိုက်သောအခါ မြတ်စွာဘုရားရှင်ကို မျက်ဝါးထင်ထင် ဖူးမြင်လိုက်ရသော အချိန်မှစ၍ အရှင်ဝက္ကလိမထေရ်မြတ်သည် သို့စင်ကလောက် ကြီးမားလှသော စိတ်ပူပန်မှု= သောကမြှားငြောင့်ကြီး ပယ်အပ်ပြီးသား ဖြစ်လေတော့၏။

မြတ်စွာဘုရားရှင်သည် ခြောက်သွေ့နေသော တဖက်ဆည် ကန်ကြီး၌ ရေအယဉ်ကြီးစွာကို ဆောင်ယူလောင်းထည့်လိုက် သကဲ့သို့ အရှင်ဝက္ကလိမထေရ်၏ သန္တာန်၌ အားကြီးသော နှစ်သက်ခြင်း = ပီတိ, ဝမ်းမြောက်ခြင်း = သောမနဿ = တရား နှစ်ပါး ဖြစ်ပွါးစေခြင်းငှါ ဓမ္မပဒကျမ်း၌လာသော__

“ပါမောဇ္ဇဗဟုလော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။ အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။

(နှာ-၃၂၄)

ဝက္ကလိ = ချစ်သားဝက္ကလိ...။ ပါမောဇ္ဇဗဟုလော= မြတ်စွာဘုန်းတောက် အာရုံရောက်၍ ဝမ်းမြောက်ခြင်း

= ပါမောဇ္ဇတရား ပြောမျာလှသော။ ဘိက္ခု=သံသရာဘေး ခန္ဓာရေးကို ထောက်တွေးမြော်မှန်း ရှင်, ရဟန်းသည်။ ဗုဒ္ဓသာသနေ = သုံးပါးသိက္ခာ ဘုရားသာသနာ၌။ ပသန္နော = သဒ္ဓါရွှန်းစို ကြည်ညိုသည်ဖြစ်၍။ သန္တံ = သန္တိလက္ခဏာ ငြိမ်းအေးလှစွာသော။ သင်္ခါရူပသမံ= သင်္ခါရခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော။ သုခံ= ချမ်းသာ ဧကန် စင်စစ်မှန်သော။ ပဒံ = အသင်္ခတဓာတ် နိဗ္ဗာန် ပရမတ်ကို။ အဓိဂစ္ဆေ=ကိုယ်တိုင်မျက်မှောက် အရဟတ္တဖိုလ်ပေါက်အောင် ဆိုက်ရောက်နိုင်ပေ၏”__

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ ဤတွင်မျှမကသေး (အင်္ဂုတ္တိုရ် အဋ္ဌကထာအဆိုအားဖြင့်) မြတ်စွာဘုရားသည် အရှင်ဝက္ကလိမထေရ်အား “ဧဟိ ဝက္ကလိ = လာလော့ ချစ်သား ဝက္ကလိ...”ဟု မိန့်တော်မူကာ ရွှေလက်တော်ကို ဆန့်တန်း ခေါ်တော်မူလိုက်လေသည်။

(ဓမ္မပဒအဋ္ဌကထာအဆိုအားဖြင့်) ဤ “ပါမောဇ္ဇဗဟုလော ဘိက္ခု” အစရှိသော ဂါထာကို ဟောကြားတော်မူပြီးနောက် မြတ်စွာဘုရားသည် အရှင်ဝက္ကလိမထေရ်အား ရွှေလက်တော်ကို ဆန့်တန်း၍__

“ဧဟိ ဝက္ကလိ မာ ဘာယိ၊ သြလောကေဟိ တထာဂတံ။
အဟံ တံ ဥဒ္ဓရိဿာမိ၊ ပင်္ကေ သန္နံဝ ကုဉ္ဇရံ။

ဝက္ကလိ = ချစ်သားဝက္ကလိ...။ ဧဟိ = ငါဘုရားထံမှောက် ယခုပင်လာရောက်လော့။ မာ ဘာယိ=စိတ်ထား နောက်တွန့်၍ မကြောက်ရွံပါလင့်။ တထာဂတံ = ရှေး ဘုရားတို့အတူ လာခြင်း ကောင်းတော်မူသော မြတ်စွာဘုရားကို။ သြလောကေဟိ = စိတ်နေရွှင်ပျော် သင်ချစ်

(နှာ-၃၂၅)

သား ဖူးမြော်လော့။ (ဤကား ဂါထာ ရှေ့ထက်ဝက် အနက်တည်း)။

အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ပင်္ကေ = ညွှန်ပျောင်း ညွှန်ပျစ် ညွှန်ပျော့၌။ သန္နံ = နစ်မြုပ်၍ နေသော။ ကုဉ္ဇရံ ဣဝ=ဆင်ပြောင်ကြီးကိုကဲ့သို့။ ပင်္ကေ= သံသရာနက်ရှောင်း ရွှံ့ညွှန်ပျောင်း၌ ။ သန္နံ =အနမတဂ္ဂ အစမထင် သင်္သရာတခေတ် နစ်မြုပ်၍နေသော။ တံ = သင်ချစ်သားကို။ ဥဒ္ဓရိဿာမိ=နိဗ္ဗာန်ကြည်းခေါင် ဘေးမဲ့ ဘောင်သို့ ရောက်အောင်ဆယ်ထုတ်ပေအံ့။

ဧဟိ ဝက္ကလိ မာ ဘာယီသြလောကေဟိ တထာဂတံ။
အဟံ တံ မောစယိဿာမိ၊ ရာဟုဂ္ဂဟံဝ သူရိယံ။

(ဂါထာ ရွှေထက်ဝက် ရှေးနည်းအတူ အနက် ပေးလေ၊)

နောက်ထက်ဝက် အနက်ကား—အဟံ=လူသုံး ပါးတို့ဆရာဘုရားငါသည်။ ရာဟုဂ္ဂဟံ = ရာဟုလက်တွင်း သက်ဆင်း ဖမ်းမိနေသော။ သူရိယံ ဣဝ=ဖလ်ဝရောင်ရွှန်း နေစက်ဝန်းကိုကဲ့သို့။ ရာဟုဂ္ဂဟံ = ကိလေသာတည်း ဟူသော ရာဟုလက်တွင်း သက်ဆင်းဖမ်းမိနေသော။ တံ = သင်ချစ်သား နေရထားကို။ မောစယိဿမိ= ယခုပင်လျှင်ထွေ ကျွတ်လွတ်အောင် ကယ်မပေအံ့။

ဧဟိ ဝက္ကလိ မာ ဘာယိ၊ သြလောကေဟိ တထာဂတ။
အဟံ တံ မောစယိဿာမိ၊ ရာဟုဂ္ဂဟံဝ စန္ဒိမံ။

(ဂါထာ ရှေ့ထက်ဝက် ရှေးနည်းအတူ အနက် ပေးလေ၊)

နောက်ထက်ဝက်အနက်ကား_ အဟံ=လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ရာဟုဂ္ဂဟံ=ရာဟုလက်တွင်း သက်ဆင်းဖမ်းမိနေသော။ စန္ဒိမံ ဣဝ=ပြာသာဒ်ယာဉ်သာ လ-စကြာကိုကဲ့သို့။ ရာဟုဂ္ဂဟံ=ကိလေသာတည်းဟူသော ရာဟုလက်တွင်း သက်ဆင်းဖမ်းမိ၍နေသော။ တံ =

(နှာ-၃၂၆)

သင်ချစ်သား လ-ရထားကို။ မောစယိဿာမိ=ယခုပင်လျင်ထွေ ကျွတ်လွတ်အောင် ကယ်မပေအံ့”__

ဟုသော ဤဂါထာတို့ကို ဟောကြားမိန့်ဆိုတော်မူလေ၏။

ထိုအခါ အရှင်ဝက္ကလိမထေရ်သည် “သြ...ငါကား မြတ်စွာဘုရားကိုလည်း ဖူးမြော်ရလေပြီ၊ ချစ်သ...လာလော့-ဟူ၍လည်း အခေါ်တော်ခံရလေပြီ”ဟု အလွန်အားကြီးသော နှစ်သက်ခြင်း= ပီတိတရားကို ဖြစ်စေပြီးလျှင် “အဘယ်အရပ်မှ သွားရမည် ဟူ၍ မိမိသွားရမည့်လမ်းကိုပင် မမြင်နိုင်တော့ပဲ မြတ်စွာဘုရားရှင်နှင့် မျက်နှာမူမိရာ(=မျက်နှာချင်းဆိုင်ရာ) အဇဋာပြင် မိုးကောင်းကင်သို့ ပျံတက်၍ ပဌမခြေ တောင်ပေါ်၌ တည်နေစဉ်ပင် မြတ်စွာဘုရား ဟောကြားအပ်သော ဂါထာတို့ကို ဆင်ခြင်လျက် ကောင်းကင်၌ပင် ပီတိကိုခွာ၍ ဝိပဿနာနှလုံး ကျင့်သုံးတော်မူ လေရာ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်သာ မြေသို့သက်ကာ မြတ်စွာဘုရား၏ အထံတော်၌ ရပ်တည် လာလေ၏။

(၈) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားသည် နောက်အဖို့ဝယ် အရိယာသံဃာတော်တို့ အလယ်၌ ထိုင်နေတော်မူလျက် ရဟန်းတော်တို့အား ဧတဒဂ် ဘွဲ့ထူး အသီးအသီး ချီးကျူးအပ်နှင်းတော်မူသောအခါ အရှင်ဝက္ကလိမထေရ်မြတ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သဒ္ဓါဓိမုတ္တာနံ ယဒိဒံ ဝက္ကလိ=ရဟန်းတို့...သက်ဝင်စုပ်စုပ် နစ်မြုပ် လုမတတ် သဒ္ဓါယုံကြည်ခြင်းရှိကြသည့် (=သဒ္ဓါတရား ကြီးမားလွန်ကဲကြသည့်) ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ဝက္ကလိရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

(နှာ-၃၂၇)

ဟု ချီးကျူးမိန့်ဆိုတော်မူကာ“သဒ္ဓါဓိမုတ္တ=သဒ္ဓါတရား ကြီးမား လွန်ကဲသောအရာဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ် ရာထူး၌ ထားတော်မူလေ၏။

(ဤ၌။ ။ အခြားတပါးသော ရဟန်းတို့၏ သဒ္ဓါတရားသည် ပင်ကိုယ်အားလျော့ပါးနေသည့်အတွက် တိုးပွါးစေရလေသည်=တိုး ပွါးအောင်ပင် တမင်ဟောပြ ပွါးများကျင့်ကြံ၍ ယူရလေသည်။ အရှင်ဝက္ကလိမထေရ်၏ သဒ္ဓါတရားကား ပင်ကိုယ်အား အလွန်ကြီးမားနေသောကြောင့် လျှော့စေရလေသည် = လျော့သွားအောင် တနည်း ဆင်၍ နှင်ထုတ်ခြင်းအမှုပင် ပြုရလေသည်။ ထို့ကြောင့် မထေရ်မြတ်သည် သဒ္ဓါဓိမုတ္တအရာဝယ် ဧတဒဂ်ရာထူးကို ရတော်မူလေသည် ဟု အထူး မှတ်ယူရာ၏)။

ဤ အရှင်ဝက္ကလိမထေရ် အကြောင်းတည်း။ ။

______

(၂၀-၂၁) အရှင်ရာဟုလာ, အရှင်ရဋ္ဌပါလမထေရ် ၂-ပါးတို့အကြောင်း

(က)မထေရ်မြတ် ၂-ပါးတို့၏ ရှေးဆုတောင်း

ဤမထေရ်မြတ် နှစ်ပါးတို့၏အလောင်း သူတော်ကောင်းတို့သည် လွန်ခဲ့သောကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာ သာသနာခေတ်အစပိုင်းလောက်ဝယ် ဟံသာဝတီမင်းနေပြည်၌ စီးပွါး ဥစ္စာ များစွာကြွယ်ဝသော သူကြွယ်မျိုး၌ အသီးအသီးဖြစ်ကြလေသည်။ (ထိုသူနှစ်ဦးတို့၏ ငယ်စဉ်အခါ အမည်, အနွယ်များကို ရှေးအဋ္ဌကထာ၌ မပြဆိုအပ်ချေ)။

ထိုသူကြွယ်သားနှစ်ဦးတို့သည် အရွယ်သို့ရောက်ကြလတ်သော် အိမ်ရာတည်ထောင်ကြ၍ (=အိမ်ထောင်ကျကြ၍ဟု ဆိုလိုသည်။) မိမိ မိမိတို့၏ ဖခင်များ ကွယ်လွန်ကြသဖြင့် နှစ်ဦးလုံးပင် မိမိ မိမိတို့၏ ရတနာကျီကြ ဘဏ္ဍာတိုက်တို့၌ အုပ်ချုပ်လုပ်ကိုင်ကြသည့် ဘဏ္ဍာစိုးတို့ကို အသီးအသီး ခေါ်စေကြ၍ ဥစ္စာဘဏ္ဍာကို စစ်ဆေးကြလေရာ မရေတွက်နိုင် မနှိုင်းရှည်နိုင်လောက်အောင် မြားမြောက်လှသောဥစ္စာအစုကို တွေ့မြင်ကြ၍“သြ...ဤမျှများစွာ မရေ"

(နှာ-၃၂၈)

မတွက်နိုင်သော ဥစ္စာအစုကို ငါ၏ အဖိုး, အဘေး-စသောအထက် ဆွေမျိုးများသည် စုရုံသာ စုရုံးထားခဲ့ကြ၍ ကိုယ်နှင့်အတူ ယူဆောင်၍ သွားခြင်းငှါကား မတတ်နိုင်ကြကုန်၊ ယခုအခါ ငါတို့သည် တနည်းနည်းဖြင့် ဤဥစ္စာအစုကို ယူဆောင်၍ တမလွန် လောက သွားကြမှပင် သင့်တော်တော့မည်”ဟု ကြံစည်ဆင်ခြင် မိကြ၍ နှစ်ဦးသားလုံးပင် လေးပါးသောဌာနတို့၌ (သီဟိုဠ်မူ အလို-မြို့တံခါးဝ လေးဌာနတို့၌) အထီးကျန်ကပ္ပါး, ခရီးသွား စသည်တို့အား ကြီးစွာသော အလှူဒါနကို စတင်လှူဒါန်းအား ထုတ်ကြလေကုန်၏။

ထိုသူ နှစ်ယောက်တို့တွင် တယောက်သော သူကြွယ်သည် မိမိ၏ အလှူတင်းကုပ် = အလှူမဏ္ဍပ်သို့ ရောက်လာရောက်လာ တိုင်းသော အလှူခံပုဂ္ဂိုလ်များကို ထိုသူတို့ အလိုရှိအပ်ရာကို မေးပြီးမှ ယာဂု, ခဲဖွယ်-စသည်တို့တွင် အလှူခံပုဂ္ဂိုလ်တို့ လိုအပ်ရာရာကို ပေးလှူလေသည်။ ထို့ကြောင့်ပင် ထိုသူကြွယ်၏အမည်မှာ “အာဂတပါက= လာတိုင်းလူကိုမေးပြီးမှ ပေးလှူတတ်သူ”ဟူ၍ တွင်လေ၏။ အခြားသူငယ်ချင်း သူကြွယ် အလှူဒကာသည်ကား အလှူခံ ပုဂ္ဂိုလ်များကို မမေးပဲပင် ထိုသူများ ယူလာယူလာတိုင်းသောခွက် အပြည့်အပြည့် ထည့်၍သာ လှူဒါန်းလေ၏။ ထို့ကြောင့်ပင် ထိုသူကြွယ်၏ အမည်မှာ “အနဂ္ဂပါက = အတိုင်းအရှည်မရှိ ပေးလှူတတ်သူ”ဟူ၍ တွင်လေ၏။

ထိုအလှူဒကာ သူကြွယ်နှစ်ယောက်လုံးတို့ပင် တနေ့သ၌ စောစောစီးစီး မျက်နှာသစ်ရန် ရွာ့ပြင်သို့ သွားကြလေသည်။ ထို အချိန်၌ ဟိမဝန္တာမှ တန်ခိုးရှင် ရသေ့နှစ်ဦးတို့သည် ဆွမ်းခံရန် ကောင်းကင်ခရီးဖြင့် လာကြ၍ ထိုသူငယ်ချင်းနှစ်ဦးတို့၏ မနီး မဝေး၌ မြေသို့ သက်ကြပြီးသော် “ငါတို့ကို ထို သူကြွယ်နှစ်ဦးတို့ မမြင်ကြပါစေလင့်”ဟု အောက်မေ့ကြကာ လမ်းခရီးနီပါးတဖက်၌ ကိုယ်ရှိန်သတ် ရပ်၍ နေကြကုန်၏။ သူကြွယ်သူငယ်ချင်း နှစ်ဦးသားတို့သည်လည်း ရသေ့နှစ်ဦး မိမိတို့၏ အသုံးအဆောင်ဖြစ်သည့် ဗူး, ခွက်-စသည်ကို ပြင်ဆင်၍

(နှာ-၃၂၉)

ရွာတွင်းဆီသို့ ဦးတည်ရည်ရွယ်ကြကာ ဆွမ်းအလှို့ သွားကြသောအခါမှ မြင်ကြ၍ ရသေ့တို့ထံ လာရောက်ကြပြီးလျှင် ရိုသေစွာ ရှိခိုးကြလေကုန်၏။ ထိုအခါ ရသေ့တို့သည် သူကြွယ် နှစ်ဦးတို့ကို “ဘုန်းကံကြီးမား ဒကာများတို့...သင်တို့သည် အဘယ်အချိန်က လာရောက်ကြသနည်း”ဟု မေးမြန်းကြကုန်၏။ သူကြွယ်နှစ်ဦးတို့သည် “ယခုပင် လာရောက်ကြပါသည် အရှင်ဘုရားတို့...”ဟု လျှောက်ထားကြ၍ ရသေ့တို့၏လက်မှ ဗူးခွက်များကို ယူကြကာ တယောက်လျှင် ရသေ့တပါးကျ မိမိ မိမိ၏ အိမ်သို့ ပင့်ဆောင်သွားကြ၍ ရသေ့များ၏ ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးသောအခါ၌ အမြဲမပြတ် မိမိတို့အိမ်သို့ ဆွမ်းခံကြွရောက်ရန် ဝန်ခံချက်ကို တောင်းယူကြကုန်၏။

ထို ရသေ့နှစ်ဦးတို့တွင် တဦးသောရသေ့ (အရှင်ရာဟုလာ အလောင်း သူကြွယ် ပင့်ထားသောရသေ့)သည် သည်းခြေဒေါသ ပြောများသူဖြစ်သောကြောင့် ကိုယ်ခန္ဓာပူလောင်သော သဘော ရှိသူဖြစ်ရကား မိမိ၏တန်ခိုးအာနုဘော်ဖြင့် မဟာသမုဒြာရေကို နှစ်ခွဲ၍ ပထဝိန္ဓရ-မည်သော နဂါးမင်း၏ ဘုံဗိမာန်သို့ သွားရောက်ပြီးလျှင် နေ့သန့်တော်မူ၏။ ထိုရသေ့သည် သပ္ပါယဥတုကို ရယူပြီးနောက် လူ့ပြည်သို့ ပြန်လာသည်ရှိသော် မိမိ၏အလုပ် အကျွေး (=ရှင်ရာဟုလာအလောင်း) သူကြွယ်၏အိမ်၌ ဆွမ်း အနုမောဒနာတရား ဟောကြားသည်ရှိသော် “ပထဝိန္ဓရနဂါး မင်း၏ဘုံဗိမာန်ကဲ့သို့ ဖြစ်ပါစေ”ဟု ဆုတောင်းစကား မိန့်ကြားလေ၏။ ထို့နောက် တနေ့သ၌ အလုပ်အကျွေး ဆွမ်းဒါယကာ သူကြွယ်က ထိုရသေ့ကို “အရှင်ဘုရား...အရှင်ဘုရားတို့သည် ဆွမ်းအနုမောဒနာမှု ပြုကြလတ်သော် ‘ပထဝိန္ဓရနဂါးမင်း၏ ဘုံဗိမာန်ကဲ့သို့ ဖြစ်ပါစေ’ဟု မိန့်တော်မူကြကုန်၏။ တပည့်တော်တို့သည် ဤစကား၏ အနက်အဓိပ္ပါယ်ကို မသိကြပါကုန်၊ ဤ စကားရပ်သည် အဘယ်အနက်အဓိပ္ပါယ်ကို ဆိုအပ်လိုပါသနည်း ဘုရား”ဟု မေးမြန်းလေလျှင် ဆွမ်းခံရသေ့သည် “အိမ်း... ဟုတ်ပေသည် သူကြွယ်...ငါသည် သင်တို့၏စည်းစိမ်ချမ်းသာ

(နှာ-၃၃၀)

သည် ပထဝိန္ဓရနဂါးမင်း၏ စည်းစိမ်ချမ်းသာကဲ့သို့ ဖြစ်ပါစေဟု ဆုတောင်းစကား ပြောကြားပေ၏”ဟု ဆို၍ ပထဝိန္ဓရနဂါး မင်း၏ စည်းစိမ်ချမ်းသာကြီးကျယ်ပုံကို ရှင်းလင်းပြောပြလေ၏။ ထိုသူကြွယ်သည် ထိုအချိန်မှစ၍ ပထဝိန္ဓရနဂါးမင်း၏ ဘုံဗိမာန်၌ အမြဲမပြတ် စိတ်ကိုညွှတ်၍ ထားလေ၏။

အခြားရသေ့ (အရှင်ရဋ္ဌပါလအလောင်း သူကြွယ် ပင့်ထားသောရသေ့)သည် တာဝတိံသာနတ်ပြည်သို့ သွားရောက်၍ အလွန်တိတ်ဆိတ်လျက် ဗိမာန်ဝဝယ် နတ်ကုက္ကိုပင်ကြီး ပေါက်ရောက်နေသဖြင့် “သေရိသက” အမည်ရှိသော ဗိမာန်၌ နေ့သန့် နေထိုင်မှုကို ပြုလေ၏။ ထိုရသေ့သည် အသွား, အပြန်ပင်သိကြား နတ်မင်း၏စည်းစိမ်ကို နေ့စဉ်နေ့စဉ် တွေ့မြင်နေရ၍ မိမိ၏အလုပ် အကျွေး(=အရှင်ရဋ္ဌပါလူအလောင်း) သူကြွယ်အား ဆွမ်းအနုမောဒနာတရား ဟောကြားလတ်သည်ရှိသော် “သိကြားမင်း၏ ဗိမာန်ကဲ့သို့ ဖြစ်ပါစေသတည်း”ဟု ဆုတောင်းစကား မိန့်ကြားလေ၏။ ထိုအခါ သူကြွယ်သည် ထိုရသေ့ကို(သူငယ်ချင်းသူကြွယ်က ထိုရသေ့ကို မေးသကဲ့သို့) အနက်အဓိပ္ပါယ်ကို မေးသဖြင့် ရသေ့သည်လည်း ရှေးရသေ့ကဲ့ပင် “အိမ်း...ဟုတ်ပေသည် သူကြွယ်...ငါသည် ‘သင်တို့၏ စည်းစိမ်ချမ်းသာသည် သိကြား၊ မင်း၏ စည်းစိမ်ချမ်းသာကဲ့သို့ ဖြစ်ပါစေ’ဟု ဆုတောင်းစကား ပြောကြားပေ၏”ဟု ဆို၍ သိကြားမင်း၏ စည်းစိမ်ချမ်းသာ ကြီးကျယ်ပုံကို ရှင်းလင်းပြောပြလေ၏။ သူကြွယ်သည်လည်း ရသေ့၏ အဖြေစကားကို ကြားသိရလေလျှင် ထိုအချိန်မှစ၍ သိကြားမင်း၏ ဘုံဗိမာန်၌ အမြဲမပြတ် စိတ်ကိုညွှတ်၍ထားလေ၏။

ထို သူကြွယ်သူငယ်ချင်း နှစ်ယောက်လုံးတို့ပင် ထိုဘဝမှ စုတေ ကြသောအခါ မိမိတို့ တောင့်တအပ်သည့်အတိုင်း တဦးက ပထဝိန္ဓရနဂါးဘုံ၌ ပထဝိန္ဓရနဂါးမင်းဖြစ်၍ တဦးက တာဝတိံသာ နတ်ပြည်၌ သိကြားမင်း ဖြစ်လေ၏။

ပထဝိန္ဓရနဂါးမင်းသည် ထိုဘုံ၌ ဖြစ်သောခဏမှာပင် မိမိ၏ ကိုယ်ခန္ဓာအတ္တဘောကို ကြည့်၍ “အိမ်သို့ ဆွမ်းခံကြွသော

(နှာ-၃၃၁)

ရှင်ရသေ့သည် ငါ့အား နှစ်သက်ဖွယ်မရှိသော အရပ်၏ ဂုဏ်ကျေးဇူးကို ပြောဆိုဘိ၏၊ ဤနဂါးဘုံသည်ကား ရင်ဖြင့်သွား၍ ကျက်စားလှည့်လည်ရသော ဘုံဌာနဖြစ်၏။ ထိုဆရာရသေ့သည် ဤနဂါးဘုံမှတပါး အခြားဘုံဌာနကို မသိလေယောင်တကား” ဟု စဉ်းစားဆင်ခြင်ကာ နှလုံးမသာမယာ ဖြစ်ရှိလေ၏။ ထိုအခါ ထိုပထဝိန္ဓရနဂါးမင်းအား ထိုခဏမှာပင် အဆင်တန်းဆာစုံလင် တန်းဆာဆင်အပ်ပြီးဖြစ်ကြသည့် နဂါးကခြေသည်တို့သည် အလုံးစုံသော အရပ်ဒေသတို့၌ နတ်တူရိယာတို့ကို မြှောက်ချီတီးမှုတ် ကြကာ က-ခုန် ဖျော်ဖြေကြလေကုန်၏။ နဂါးမင်းသည် ထိုခဏမှာပင် နဂါး၏ ကိုယ်ခန္ဓာအတ္တဘောကို စွန့်၍ နတ်လုလင်အသွင် ရှိသူ ဖြစ်လေတော့၏။

အထူးအားဖြင့် လခွဲတကြိမ် လခွဲတကြိမ်ကျ စတုမဟာရာဇ် နတ်မင်းကြီးလေးဦးတို့သည် သိကြားမင်းအား ခစားဆည်းကပ် ရန် သွားရောက်ကြကုန်၏။ သို့ရကား ပထဝိန္ဓရ နဂါးမင်းသည်လည်း ဝိရူပက္ခနဂါးနတ်မင်းနှင့် အတူတကွ သိကြားမင်းအား ခစားဆည်းကပ်ရန် တနေ့သ၌ သွားရောက်လေသော် သိကြားမင်းသည် ပထဝိန္ဓရနဂါးမင်း လာနေသည်ကို အဝေးမှပင် မြင်၍ မှတ်မိ သိရှိလေ၏။ ထို့နောက် သိကြားမင်းသည် အနီးသို့ လာရောက် ခစားနေသော ထိုပထဝိန္ဓရနဂါးမင်းကို “မိတ်ဆွေ... အဘယ်ဘုံဌာန၌ ဖြစ်၍နေသနည်း”ဟု နှုတ်ဆက်မေးမြန်းလေ၏။ ပထဝိန္ဓရနဂါးမင်းက “မပြောပါနှင့် အရှင်သိကြားမင်း...။ အကျွန်ုပ်သည် ရင်ဖြင့်သွား၍ သွားရသော နဂါးဘုံဌာန၌ ဖြစ်၍ နေပါသည်။ အရှင်သိကြားမင်းတို့မှာမူ မိတ်ဆွေကောင်းကို ရတော်မူကြပါပေကုန်ပြီ”ဟု ဝမ်းနည်းစကားပြေကြားလေလျှင် သိကြားမင်းသည် “မိတ်ဆွေ...သင်သည် ‘ငါကား မလျော်သော ဘုံဌာန၌ ဖြစ်ရလေခြင်းဟု ထွေရာလေးပါး စိတ်အကြံမများပါလင့်၊ လောက၌ ပဒုမုတ္တရမြတ်စွာဘုရား ထင်ရှားပွင့်ထွန်း၍ နေပါသည်။ သင်သည် ထိုမြတ်စွာဘုရားရှင်၏ အထံတော် အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ဤသိကြားမင်းဘုံဌာန

(နှာ-၃၃၂)

ကိုပင် တောင့်တပါလေ၊ ငါတို့နှစ်ဦးသား ချမ်းသာစွာ နေကြရပါကုန်အံ့”ဟု အားပေးစကား အကြံပေးစကား ပြောကြားလေ၏။ ပထဝိန္ဓရနဂါးမင်းသည် “ကောင်းပါပြီ အရှင်သိကြားမင်း...ဤ ယခု အရှင်သိကြားမင်း မိန့်ဆိုသည့်အတိုင်း အကျွန်ုပ် လိုက်နာပြုကျင့်ပါမည်”ဟု ဝန်ခံပြောဆို၍ ပဒုမုတ္တရမြတ်စွာဘုရားရှင် ထံတော်သို့ သွားရောက်ကာ မြတ်စွာဘုရားကို (နက်ဖြန် မိမိဘုံဗိမာန်သို့ ကြွရောက်၍ အပူဇော်ခံရန်) ပင့်ဖိတ်ပြီးလျှင် မိမိ၏ နဂါးဘုံ၌ နဂါးပရိသတ်နှင့် အတူတကွ ညဉ့်သုံးယံပတ်လုံး ပူဇော်ဖွယ်ဝတ္ထု အစုစုကို ပြုလုပ်စီမံလေ၏။

မြတ်စွာဘုရားသည် နောက်တနေ့၌ အရုဏ်တက်လတ်သော် ကိုယ်တော်မြတ်၏ အလုပ်အကျွေးဖြစ်သော အရှင်သုမန-မထေရ်ကို “ချစ်သားသုမန... ယနေ့ မြတ်စွာဘုရားသည် အဝေးအရပ်သို့ ဆွမ်းခံကြွလိမ့်မည်၊ ပုထုဇန်ရဟန်းများ မလိုက်ပါ မလာရောက် စေလင့်၊ ပိဋကတ်သုံးပုံဆောင် ပဋိသမ္ဘိဒါပတ္တ ဆဠဘိညရဟန္တာများသာ ငါဘုရားနှင့် အတူတကွ လိုက်ပါ လာရောက်ကြကုန်စေ”ဟု မိန့်တော်မူလေ၏။ မထေရ်သည် မြတ်စွာဘုရား၏ အမိန့်စကားကို ကြားနာပြီးလျှင် ခပ်သိမ်းသော ရဟန်းတို့အား ထိုအကြောင်းကို ကြားလျှောက်ထားလေ၏။

ထို့နောက် မြတ်စွာဘုရားနှင့် အတူတကွ ပိဋကတ်သုံးပုံဆောင် ပဋိသမ္ဘိဒါပတ္တ ဆဠဘိည-ရဟန္တာတသိန်းတို့သည် ကောင်းကင်သို့ ပျံတက်ကြကာ ပထဝိန္ဓရနဂါးမင်း၏ ဘုံဗိမာန်ရှိရာသို့ ကြွတော်မူကြလေကုန်၏။ ပထဝိန္ဓရနဂါးမင်းသည် မိမိ၏ နဂါး ပရိသတ်နှင့် အတူတကွ မြတ်စွာဘုရားအား ခရီးဦးကြိုဆိုရန် လာရောက်သည်ရှိသော် မြတ်စွာဘုရားရှင်ကို ဝန်းရံလျက် သမုဒြာရေပြင်ထက်ဝယ် မြအဆင်းရောင်ရှိသည့် လှိုင်းတံပိုးတို့ကို ကြိတ်နင်းကြွချီလာသော ရဟန်းသံဃာကို ဖူးမြင်ရ၍ အားရ ဝမ်းသာဖြစ်ရှိကာ ရှေ့ဦးမှ မြတ်စွာဘုရားကို၎င်း, နောက်ဆုံးမှ အငယ်ဆုံးသံဃာ (=သံဃနော) မြတ်စွာဘုရား၏သား ဥပရေဝတမည်သော သာမဏေငယ်ကို၎င်း ကြည့်ရှုလျက် “ကြွင်း

(နှာ-၃၃၃)

ကျန်သော သာဝကရဟန်းတို့၏ ဤသို့သော တန်ခိုးအာနုဘော် ကား လက်ဖျစ်တီး၍ မအံ့ချီးထိုက်သေးပါ၊ အလွန်ပျိုမျစ်နုနယ် သူငယ်ဖြစ်သော ဤသာမဏေငယ်၏ ဤသို့သော တန်ခိုးအာနုဘော်ကသာ လက်ဖျစ်တီး၍အံ့ချီးထိုက်ပါပေ”ဟု စဉ်းစား ဆင်ခြင်ကာ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိလေ၏။

ထို့နောက် နဂါးမင်း၏ ဘုံဗိမာန်၌ မြတ်စွာဘုရားရှင် ထိုင်နေတော်မူပြီးလျှင် ကြွင်းကျန်သော ရဟန်းတို့လည်း အစွန်မှစ၍ မိမိတို့ဝါစဉ်အလိုက် ကျရောက်ရာနေရာတို့၌ ထိုင်တော်မူကြသည် ရှိသော် မြတ်စွာဘုရား၏ မျက်မှောက် (ရှေ့တည့်တည့်)အရပ်၌ပင် ရှင်ဥပရေ၀တ-သာမဏေငယ်၏ နေရာသည် ကျရောက်လေ၏။ ထိုနေရာ၌ ဥပရေဝတ သာမဏေငယ်သည် ထိုင်နေလေ၏။ ထိုအခါ ပထဝိန္ဓရနဂါးမင်းသည် ယာဂုကို လှူကပ်သော်၎င်း, ခဲဖွယ်ကို လှူကပ်သော်၎င်း မြတ်စွာဘုရားကို တလှည့်, ရှင်ဥပရေဝတကို တလှည့် လှည့်ကာ လှည့်ကာ ကြည့်ရှုလေ၏။

ရှင်ဥပရေဝတ၏ ကိုယ်၌ မြတ်စွာဘုရားရှင်၏ ကိုယ်တော်မှာကဲ့သို့ မဟာပုရိသလက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ ထင်ရှားဖြစ်ပေါ်လျက်ရှိကြကုန်၏။ ထို့ကြောင့် နဂါးမင်းသည် မြတ်စွာဘုရားရှင်နှင့် ရှင်ဥပရေ၀တကို တလှည့်စီ ကြည့်ရှုဖူးမြော်လေသည်။ ထို့နောင်မှ နဂါးမင်းသည် “ဤသာမဏေကား ဘုရားရှင်နှင့် ပုံပန်းသဏ္ဌာန် တူလှစွာ၏။ အဘယ်သို့များ တော်စပ်ပါမည်နည်း”ဟု ကြံစည်စဉ်းစားမိ၍ အနီး၌ ထိုင်နေသော ရဟန်းတပါးကို “အရှင်ဘုရား... ဤသာမဏေငယ်ကလေးသည် မြတ်စွာဘုရားရှင်နှင့် အဘယ်သို့တော်စပ်ပါသနည်းဘုရား”ဟု လျှောက်ထားမေးမြန်းလေ၏။ ထိုအမေးခံရသော ရဟန်းက “နဂါးမင်း….ဤသာမဏေငယ်သည် မြတ်စွာဘုရား၏ သားတော် ဖြစ်ပါ၏”ဟု ဖြေကြားမိန့်ဆိုလေလျှင် ပထဝိန္ဓရနဂါးမင်းသည် ဤရဟန်းကား အလွန်ကြီးမြတ်စွာ့တကား၊ ဤသို့စဉ် တင့်တယ်ခြင်း အထွဋ်အထိပ်သို့ ရောက်တော်မူသော မြတ်စွာဘုရား၏ သားတော်အဖြစ်ကို ရရှိပေ၏၊ ဤသာမဏေငယ်၏ ကိုယ်သည်

(နှာ-၃၃၄)

လည်း တစိတ်တဒေသဖြင့် မြတ်စွာဘုရားတို့၏ ကိုယ်တော်နှင့် တူလှစွာ၏။ ငါသည်လည်း နောက်အခါဝယ် ဤသာမဏေ ငယ်ကဲ့သို့ ဖြစ်မှ သင့်တော့မည်”ဟု ကြံစည်စဉ်းစား၍ ခုနှစ်ရက်ကြာမ ဟာဒါနကြီး ပေးလှူပြီးလျှင် “မြတ်စွာဘုရား...တပည့်တော်သည် ဤအဓိကာရကောင်းမှု ကုသိုလ်ကံအာနုဘော်ကြောင့် ဤ ဥပရေ၀တ-သာမဏေငယ်ကဲ့သို့ နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ သားတော်ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှုကို ပြုလေ၏။ မြတ်စွာဘုရားသည် အန္တရာယ်မရှိ ဆုတောင်းချက် ပြည့်မည်ကို သိမြင်တော်မူ၍ “နောက်အခါ ဂေါတမမြတ်စွာဘုရား၏ သားတော်စင်စစ်ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ (ဤကား အရှင်ရာဟုလာအလောင်း ဗျာဒိတ်ခံရခြင်းတည်း)။

ပထဝိန္ဓရနဂါးမင်းသည်လည်း နောက်တဖန် လခွဲရောက်လတ်သော် ဝိရူပက္ခနဂါးမင်းနှင့် အတူတကွ သိကြားမင်းအား ဆည်းကပ်ခစားရန် သွားရောက်ပြန်လေ၏။ ထိုအခါသိကြားမင်းသည် မိမိအနီး၌ ရပ်တည်လာသော ပထဝိန္ဓရနဂါးမင်းကို “မိတ်ဆွေ သင်သည် ဤတာဝတိံသာ နတ်ပြည်လောကကို တောင့်တပတ္တနာမှု ပြုအပ်ပြီလော့”ဟု မေးလေ၏။ ပထဝိန္ဓရနဂါး မင်းက မတောင့်တခဲ့မိပါ အရှင်သိကြားမင်း...”ဟု ဖြေကြားလေလျှင် သိကြားမင်းသည် “အဘယ်အပြစ်ကို မြင်၍ မတောင့်တသနည်း”ဟု တဖန် မေးပြန်လေ၏။ ထိုအခါ ပထဝိန္ဓရနဂါးမင်းသည် “အပြစ်မရှိပါ အရှင်သိကြားမင်း...၊ စင်စစ်သော်ကား အကျွန်ုပ်သည် မြတ်စွာဘုရား၏ သား ဥပရေဝတ သာမဏေငယ်ကို အံ့သြဖွယ် ဖူးတွေ့ခဲ့ရပါပြီ၊ ထို သာမဏေငယ်ကို မြင်အပ်သည့်အချိန်မှစ၍ အကျွန်ုပ်၏စိတ်သည် အခြားတပါး ဆုတောင်းရန် အချက်များ၌ မညွှတ်ပါ ၊ အကျွန်ုပ်သည် “နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ ဤဥပရေ၀တသာမဏေငယ်ကဲ့သို့သော သားတော်စင်စစ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုပြီးခဲ့ပါပြီ၊ အို အရှင်သိကြားမင်း... အရှင်သိကြားမင်း

(နှာ-၃၃၅)

သည်လည်း တခုခု ဆုတောင်းမှုပြုတော်မူပါလော့၊ အရှင်သိကြားမင်းနှင့်အကျွန်ုပ်တို့သည် ဖြစ်လေရာရာသံသရာဘဝ ဘုံဌာန၌ မကွဲ မကွာ ဖြစ်ကြပါကုန်စို့”ဟု တိုက်တွန်းစကား ပြောကြားလေ၏။

သိကြားမင်းသည် ပထဝိန္ဓရနဂါးမင်း၏စကားကို လက်ခံပြီးလျှင် ကြီးမြတ်သောအာနုဘော်ရှိသော ရဟန်းတော်တပါးကို မြင်ရ၍ “ဤအမျိုးကောင်းသားသည် အဘယ်အမျိုးမှ တောထွက်၍ ရဟန်းပြုခဲ့လေသနည်း”ဟု ဆင်ခြင်လတ်သော် ဤအမျိုးကောင်းသားသည် ကွဲပြားသော တိုင်းနိုင်ငံကို တဖန်စေ့စပ်ခြင်းငှါ စွမ်းဆောင်နိုင်သည့် မြတ်သောအမျိုး၏ သားထူးဖြစ်၍ (၁၄) တဆယ့်လေးထပ် အစာကိုဖြတ်ပြီးလျှင် (ခုနစ်ရက် အစာငတ်ခံပြီးလျှင်) မိဖတို့ကို ရှင်, ရဟန်းပြုရန်အခွင့်ကို မရအရတောင်း၍ ရှင်, ရဟန်းပြုခဲ့သူ ဖြစ်ပါပေတကား”ဟု ကောင်းစွာ သိပြီးလျှင် မသိဟန်ဆောင်၍ ပဒုမုတ္တရမြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထားပြီးနောက် ခုနစ်ရက်ကြာ ကြီးစွာသော ပူဇော်သက္ကာရမှု ပြု၍ “မြတ်စွာဘုရား...တပည့်တော်သည် ဤကောင်းမှု၏ အကျိုးဆက်ကြောင့် အရှင်ဘုရားတို့၏ သာသနာဝယ် ဤ(သဒ္ဓါပဗ္ဗဇိတ) အမျိုးကောင်းသား ရဟန်းတော်ကဲ့သို့ နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ သာသနာတော်၌ သဒ္ဓါကြည်ညို၍ ရဟန်းပြုကြသည့် ရဟန်း (= သဒ္ဓါပဗ္ဗဇိတ ရဟန်း)တို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားရှင်သည် အန္တရာယ်မရှိ ထို့သိကြားမင်း၏ ဆုတောင်းချက် ပြည့်မည်ကို သိမြင်တော်မူလတ်၍ “ဒါယကာသိကြားနတ်မင်း သင်သည် နောက်အခါ ဂေါတမမြတ်စွာ သာသနာ၌ သဒ္ဓါပဗ္ဗဇိတ ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။

သိကြားနတ်မင်းသည်လည်း ပဒုမုတ္တရမြတ်စွာဘုရားရှင်အထံတော်မှ ဗျာဒိတ်ကိုခံယူပြီးနောက် မိမိ၏နတ်ပြည်သို့သာလျှင်

(နှာ-၃၃၆)

ပြန်သွားလေ၏။ (ဤကား အရှင်ရဋ္ဌပါလအလောင်း ဗျာဒိတ် ခံရခြင်းတည်း)။

အရှင်ရဋ္ဌပါလ၏ ဝေယျာဝစ္စမှူးဘဝ

ထိုသူနှစ်ဦးလုံးတို့ပင် မိမိတို့ဖြစ်ရာ သိကြားမင်းဘဝ, ပထဝိန္ဓရ နဂါးမင်းဘဝတို့မှ စုတေခဲ့ကြပြီးလျှင် နတ်ပြည်, လူပြည်တို့၌ ကျင်လည်ကျက်စားကြကုန်လျက် ကမ္ဘာထောင်ပေါင်းများစွာကတို့ကို လွန်ခဲ့ကြလေသည်။ အထူးအားဖြင့် ဤကမ္ဘာမှအထက် (၉၂) ကိုးဆယ့်နှစ်ကမ္ဘာထက်ဝယ် ဖုဿမြတ်စွာဘုရားသည် လူသုံးပါး၌ ထင်ရှားပွင့်တော်မူခဲ့လေသည်။ ထို ဖုဿမြတ်စွာဘုရား၏ ခမည်းတော် မဟိန္ဒမင်းကြီး ဖြစ်သည်၊ ထိုဖုဿ မြတ်စွာဘုရား၏ ဖတူမိကွဲ မင်းသားညီနောင် သုံးယောက်တို့ ရှိကြလေသည်။ မဟိန္ဒမင်းကြီးသည် နေ့တိုင်း နေ့တိုင်းပင် “ဘုရားရှင်သည် ငါဘုရားသာလျှင် ဖြစ်၏၊ တရားတော်သည် ငါ့တရားသာလျှင် ဖြစ်၏။ သံဃာတော်သည် ငါ့သံဃာသာလျှင် ဖြစ်၏”ဟု မရက်မစက် မြတ်နိုးလျက် (သူတပါးတို့အား ပြုစုခွင့် မပေးပဲ) မြတ်စွာဘုရားနှင့်တကွ သံဃာတော်ကို အမြဲမပြတ် ဆွမ်းဆက်ကပ်လေသည်။

ထို့နောက် တနေ့သ၌ မဟိန္ဒမင်းကြီး၏ ပစ္စန္တရစ်=နယ်စွန် နယ်ဖျားသည် သူပုန်ရန်ကြောင့် ပျက်စီးလုမတတ် ဖြစ်၍နေ၏။ မင်းကြီးသည် သားတော်သုံးယောက်တို့ကို “ချစ်သားတို့... ပစ္စန္တရစ်=နယ်စွန်နယ်ဖျားမှာ သူပုန်ထလျက်ရှိသည်။ ချစ်သား တိုသော်၎င်း, ငါခမည်းတော်သော်၎င်း သွားရောက်မှသင့်ချေမည်။ အကယ်၍ ငါခမည်းတော်သွားရောက်လျှင် ချစ်သားတို့သည် ဤနည်းအတိုင်း မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးကြရမည်”ဟု မိန့်ဆိုလေ၏။ ထိုအခါ မင်းသားသုံးယောက်လုံးကပင် တပြိုင်နက်တည်း “ခမည်းတော်ဘုရား...ခမည်းတော်တို့သွားရမည့်ကိစ္စ မဟုတ်ပါ၊ အကျွန်ုပ်တို့သည်ပင် သွားရောက်ကြ၍ သူပုန်ရန်လှေး ငြိမ်းအေးစေကြပါမည်”ဟု တညီတညွတ်တည်း လျှောက်ထားကြ

(နှာ-၃၃၇)

၍ ခမည်းတော်မင်းကြီးကိုရှိခိုးကြပြီးလျှင် ပစ္စန္တရစ်သို့သွားရောက် ကြကာ သူပုန်ရန်ကို နှိမ်နင်းပြီးနောက် စစ်ပွဲအောင်နိုင်ခဲ့ကြ၍ နေပြည်တော်သို့တဖန် ပြန်ခဲ့ကြလေကုန်သည်။

မင်းသားသုံးယောက်တို့သည် လမ်းခရီးအကြား၌ ခြေရင်း အလုပ်အကျွေး လူယုံတော်များနှင့် “အမောင်တို့...ငါတို့အား နေပြည်တော်သို့ ရောက်သောခဏမှာပင် ခမည်းတော်မင်းကြီးသည် ဆုပေးတော်မူလိမ့်မည်၊ အဘယ်ဆုကို ငါတို့ ယူကြရမည် နည်း”ဟု တိုင်ပင်စကား ပြောကြားကြကုန်၏။ လူယုံတော်များက “အရှင်မင်းသားကို အရှင်တို့အဖို့ရာ ခမည်းတော်ကြီး နတ်ရွာစံလွန်သောအခါ၌ ရခဲသောအရာဟူ၍ မရှိ ဖြစ်လေသည်၊ စင်စစ်သော်ကား အရှင်မင်းသားတို့၏ နောင်တော်ကြီးဖြစ်တော်မူသည့် ဖုဿမြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးခွင့်ဆုကိုသာ ယူတော်မူကြပါကုန်လော့” ဟု အကြံပေးစကား လျှောက်ထားကြလေလျှင် မင်းသားတို့သည်“အမောင်တို့...အမောင်တို့သည်ကောင်းသော အကြံပေးစကား ပြောကြားအပ်ပါပေသည်”ဟု အကြံပေးချက်ကို လက်ခံကြ၍ အားလုံးပင်စိတ်သဘောတူညီကြကာ နေပြည်တော်သို့ ပြန်ရောက်၍ ခမည်းတော်မင်းကြီးကို သွားရောက်ဖူးမြော် တွေဆုံကြလေ၏။

ထိုအခါခမည်းတော်မင်းကြီးသည် သားတော်တို့အား အားရ ကြည်ညိုလှ၍ ဆုကိုပေးလေ၏။ မင်းသားတို့က “သုံးလပတ်လုံး မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးကြပါကုန်အံ့” ဟု ဆုတောင်းကြလေလျှင် မင်းကြီးသည် “ဤဆုကိုကား ငါမပေးနိုင်၊ အခြားဆု တခုကို လွှဲပြောင်းယူကြလော့”ဟု ဆိုလေ၏။ မင်းသားတို့သည် “ခမည်းတော်ဘုရား...အကျွန်ုပ်တို့အဖို့ရာ အခြားတပါးသော ဆုဖြင့် အလုပ်ကိစ္စ မရှိပါ။ အကယ်၍ ခမည်းတော်ဘုရားကို ဆုပေးတော်မူလိုကြပါလျှင် ဤ(မြတ်စွာဘုရားကို သုံးလကြာ ပြုစု နိုင်ခွင့်)ဆုကိုသာ အကျွန်ုပ်တို့အား ပေးတော်မူကြပါ"ဟု အခိုင်အမာစကား လျှောက်ထား တောင်းခံကြလေ၏။ မင်းကြီးသည် မင်းသားတို့က အဖန်ဖန် အထပ်ထပ် ပြောဆိုတောင်းခံကြလတ်

(နှာ-၃၃၈)

သော် ကိုယ်တိုင်ကပင် လိုရာဆုကို ပေးပါမည်ဟု ဝန်ခံအပ်ပြီး ဖြစ်သောကြောင့် “ငါသည် မပေးပဲ မနေနိုင်” ဟု ကြံစည် ဆင်ခြင်မိ၍ သားတော်များကို “ချစ်သားတို့သည် သင်တို့အား ဝန်ခံရင်းအတိုင်း သင်တို့လိုသည့်ဆုကို ပေးပါမည်။ အထူး မှာထား ခမည်းတော် ပြောကြားလိုသည်မှာ မြတ်စွာဘုရားတို့ မည်သည် တကိုယ်တည်း လှည့်လည် နေတော်မူကြသည်ဖြစ်၍ ကေသရခြင်္သေ့မင်းတို့ပမာ လွန်စွာချဉ်းကပ်နိုင်ခဲကုန်၏။ သို့ရကား သင်ချစ်သားတို့သည် မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးကြလျှင် မမေ့မလျော့ပဲ ပြုစုလုပ်ကျွေးကြကုန်လော့”ဟု မိန့်ဆိုလေ၏။

မင်းသားညီနောင် သုံးဦးတို့သည် “ငါတို့သည် မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးကြလျှင် မြတ်စွာဘုရားအရေတော်နှင့် သင့်လျော်အောင် ပြုလုပ်ကြ၍ ပြုစုလုပ်ကျွေးကြမှ သင့်တော်မည်”ဟု ကြံစည်တိုင်ပင်ကြ၍ စိတ်သဘောတူညီကြလျက် ဆယ်ပါးသီလတို့ကို ဆောက်တည်ခံယူကြပြီးလျှင် *အကုသိုလ်တည်းဟူသော အပုပ်နံ့ လုံးဝမရှိကြပဲ မြတ်စွာဘုရားရှင်အား လှူဒါန်းရမည့် အလှူတင်းကုပ် ဒါနအလုပ်ဝယ် အားထုတ်ရွက်ဆောင်ကြမည့် ရှေ့ဆောင်ယောက်ျား သုံးဦးသားတို့ကို ခန့်ထားကြလေ၏။

* နိရာမဂန္ဓာ(အဋ္ဌကထာ)=အကုသိုလ်တည်းဟူသော အပုပ်နံ့ ကိလေသာ တည်းဟူသော အပုပ်နံ့ လုံးဝမရှိကြပဲ-ဟု အနက်ယောဇနာရန် ဋီကာ၌ ဖွင့်ပြလေသည်။ မှန်၏-ဤအရာ၌ ကိလေသာတရား မပြတ် ဖြစ်ပွားခြင်းကို အပုပ်နံ့ဟူ၍ အာမဂဟူ၍ ခေါ်ဆိုအပ်သည်။ အကြောင်းကား ထိုကိလေသာ တရား မပြတ်ဖြစ်ပွါးလျှင် နှစ်သက်ဖွယ်မရှိသောကြောင့်၎င်း, ကိလေသာမစင်တို့နှင့် ရောထွေးသောကြောင့်၎င်း, သူတော်ကောင်းတို့ စက်ဆုပ်အပ်သောကြောင့်၎င်း အလွန့်အလွန် ရနံ့မကောင်း ပုပ်လှောင်းအောင် ရွက်ဆောင်တတ်သောကြောင့်၎င်းတည်း။ ထိုသို့ အကုသိုလ်တရား ကိလေသာတရားတို့၏ ရနံ့ မကောင်း ပုပ်လှောင်းအောင် ရွက်ဆောင်တတ်ရာ၌ အထောက်သာဓက ဉာပကကို ဖော်ပြရလျှင် ကိလေသာ ပြောထူသောသူတို့သည် အလွန့်အလွန် ပုပ်လှောင်း ရနံ့မကောင်းကုန်၊ ထို့ကြောင့်ပင် ကိလေသာမရှိသော ပုဂ္ဂိုလ်တို့၏ သေပြီး သူကောင်အလောင်းသည် ရနံ့မကောင်း မဖြစ်ချေ။ ဋီကာမှ အထူး ကောက်နုတ်ဖော်ပြအပ်ပါသည်။

(နှာ-၃၃၉)

ထိုသုံးဦးသားတို့တွင် တဦးကား ဥစ္စာစပါးဖြစ်အောင် ရှေ့ဆောင်အားထုတ်ရ၏၊ အခြားတဦးကား နေ့စဉ် ကုန်ကျမည့် စရိတ်အတွက် ဥစ္စာစပါးကို အပြည့်အဝဖြစ်အောင် ရှေ့ဆောင်၍ ထုတ်ဆောင်ခြင်တွယ်ပေးရ၏။ အခြားတတိယတဦးကား လှူဒါန်းမှုကိစ္စ ပြည့်စုံထမြောက်အောင် ရှေ့ဆောင်စီမံရ၏။ ထိုသူသုံးယောက်တို့အနက် ဤယခု နောက်ဆုံး ပစ္ဆိမဘ၀ အကျွန်ုပ်တို့၏ မြတ်စွာဘုရား လက်ထက်တော်အခါဝယ် ပဌမလူ=ဥစ္စာစပါး ဖြစ်ပွါးလာအောင် ရှေ့ဆောင်အားထုတ်ရသော ယောက်ျားသည် ဗိမ္ဗိသာရမင်းကြီး ဖြစ်လာလေသည်၊ ဒုတိယလူ=ဥစ္စာစပါးကို အပြည့်အဝဖြစ်အောင် ရှေ့ဆောင်၍ ခြင်တွယ်ထုတ်ပေးရသော ယောက်ျားသည် ဝိသာခသူဌေးဖြစ်လာ၏။ တတိယလူ=အလှူဒါန ဝေယျာဝစ္စမှူးယောက်ျားသည် အရှင်ရဋ္ဌပါလမထေရ် ဖြစ်လာလေသည်။

အရှင်ရာဟုလာ၏ ပထဝိန္ဒရမင်းသားဘ၀

အရှင်ရာဟုလာမထေရ်သည်ကား ကဿပမြတ်စွာ လက်ထက်တော်အခါဝယ် ကာသိတိုင်းရှင် ဘုရင်ကိကီမင်းကြီး၏ သားတော်အကြီး ဖြစ်လာလေသည်၊ ထိုသားတော်ကြီး၏ အမည်ကို မယ်တော် ခမည်းတော်တို့က “ပထဝိန္ဓရမင်းသား”ဟု မှည့်ခေါ် ကြလေသည်။ ထိုမင်းသားမှာ__

(၁) ခေမာထေရီအလောင်း=သမဏီမင်းသမီး,
(၂) ဥပ္ပလဝဏ်ထေရီအလောင်း=သမဏဂုတ္တာမင်းသမီး,
(၃) ပဋာစာရာထေရီအလောင်း=ဘိက္ခုနီမင်းသမီး,
(၄) ကုဏ္ဍလကေသီထေရီအလောင်း=ဘိက္ခုဒါယိကာ မင်းသမီး,
(၅) ကိသာဂေါတမီ ထေရီအလောင်း-ဓမ္မာမင်းသမီး,
(၆) ဓမ္မဒိန္နာထေရီအလောင်း...သုဓမ္မာမင်းသမီး,

(နှာ-၃၄၀)

(၇) ဝိသာခါဥပါသိကာအလောင်း = သံဃဒါယိကာ မင်းသမီး__

ဟူ၍ ညီမ= နှမ ခုနစ်ယောက်တို့ ရှိကြလေသည်။

ညီမ= နှမမင်းသမီးခုနစ်ယောက်တို့က အသီးအသီး ကဿပ မြတ်စွာဘုရားရှင်အတွက် ပရိဝုဏ်ခုနှစ်ခုကို ဆောက်လုပ်စေပြီး လှူဒါန်းပြီး ဖြစ်ကြသောအခါမှာ ပထဝိန္ဓရမင်းသားသည် အိမ်ရှေ့ ရာထူးကို ရရှိလေသည်။ မင်းသားသည် ထိုသို့ အိမ်ရှေ့ရာထူးကို ရရှိသောအခါ ညီမ = နှမ မင်းသမီးခုနစ်ယောက်တို့ကို “ညီမတို့...သင်တို့ ဆောက်လုပ်ပြီးသော ပရိဝုဏ်ခုနှစ်ခုကို အထဲမှ တခုကို ငါ့အားလည်း ခွဲဝေပေးကြပါဦး”ဟု တောင်းခံစကား ပြောကြားလေသည်။ ထိုအခါ မင်းသမီးတို့သည် “မောင်ကြီး...မောင်ကြီးတို့သည် အိမ်ရှေ့မင်းအဖြစ်၌ တည်ကြပြီးသူများ ဖြစ်ကြပါသည်၊ မောင်ကြီးတို့ကသာ အကျွန်ုပ်ညီမငယ်များအား ပေးသင့်ပါသည်။ မောင်ကြီးတို့သည် အခြားပရိဝုဏ် အသစ်တခုကို တည်ဆောက်ကြစေချင်ပါသည်” ဟု ပြန်ကြား ပြောဆိုကြလေ၏။ ပထဝိန္ဓရအိမ်ရှေ့မင်းသားသည် ညီမမင်းသမီးတို့ ပြောဆိုသောစကားကို ကြားသိရပြီးနောက် အိမ်ရှေ့မင်းဟူသောဂုဏ်နှင့် လိုက်လျောအောင် ကျောင်းတိုက်ကြီးပေါင်း (၅၀၀)ငါးရာ တည်ဆောက်လှူဒါန်းလေ၏။ (ပရိဝုဏ်ငါးရာဟုလည်းဆိုကြ၏)။ ပထဝိန္ဒရမင်းသားသည် ထိုဘဝ၌ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် - နတ်ပြည်၌ ဖြစ်လေ၏။

(ခ) နောက်ဆုံးဘ၀ ရဟန်းပြုကြခြင်း

ဤအကျွန်ုပ်တို့၏ ဘုရားမြတ်စွာ သာသနာခေတ်သို့ ရောက်လတ်သော်ကား ပထဝိန္ဓရမင်းသားသည် အကျွန်ုပ်တို့မြတ်စွာဘုရားအလောင်းတော် (သိဒ္ဓတ်မင်း)၏ အဂ္ဂမဟေသီ မိဖုရား ခေါင်ကြီးဖြစ်သူ ယသော်ဓရာမိဖုရားကြီး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ ယူနေဖြစ်ပွါးကာ ရာဟုလာမင်းသားဟု ထင်ရှားလာ

(နှာ-၃၄၁)

လေသည်။ ထိုရာဟုလာ၏ သူငယ်ချင်းကား ကုရုတိုင်း ထုလ္လကောဋ္ဌိကနိဂုံးဝယ် ရပါလသူဌေးအိမ်၌ ရဋ္ဌပါလ-မည်သော သူဌေးသား ဖြစ်လာလေသည်။

(ဤမှနောက်-ရာဟုလမင်းသားကို ရှင်ပြုပေးသော အကြောင်းအရာအကျယ်ကို အောက်မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၁၃၂-၌ ပြန်လည်ကြည့်ရှု မှတ်သားကုန်ရာ၏။ အရှင်ရာဟုလာကို အကြောင်း ပြု၍ မဟာရာဟုလောဝါဒသုတ်ကို ဟောတော်မူခြင်း, အရှင်ရာဟုလာကို အကြောင်းပြု၍ များစွာသော တရားဒေသနာတို့ကို ဟောတော် မူခြင်းစသော အကြောင်းအရာများကို အောက်မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ ၁၇၃-မှစ၍ ပြန်လည်ကြည့်ရှု မှတ်ယူကုန်ရာ၏)။

အရှင်ရာဟုလာ၏ သိက္ခာသုံးပါး လိုလားပုံအကြောင်း

(အောက်မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၁၃၂-၌ ပြဆိုအပ်ခဲ့ပြီးသောအတိုင်း) မြတ်စွာဘုရားသည် ရှင်သာမဏေပြုစေ ပြီးနောက် ရာဟုလသာမဏေအား အမြဲမပြတ် ဆုံးမတော်မူသောအားဖြင့် သုတ္တနိပါတ် ပါဠိတော်လာ ရာဟုလောဝါဒသုတ္တန်ကို ဟောကြားတော်မူလေသည်။ (ခုဒ္ဒကပါဌာဒိ ပိဋက မြန်မာပြန် “ခု မြန် ၁၊ မျက်နှာ ၃၁၀-၃၁၁”၌ ကြည့်ပါလေ)၏ “အဘိဏှရာဟုလောဝါဒသုတ်”တရားသားအချုပ်ကိုလည်း__

(မိတ်ကောင်းမှီစေ၊ တောရပ်နေ၊ သုံးလေ မတ္တညု။
ပစ္စည်း ၄-ဖြာ၊ မတွယ်တာ၊ တဏှာငြိမ်းအောင်ပြု။
ပါတိမောက္ခ၊ သံဝရ၊ သီလလုံစေမှု။
တံခါခြောက်ထွေ၊ ဣန္ဒြေ၊ ငြိမ်စေပိတ်ဆို့ပြု။
သတိမြဲရာ၊ ကိုယ်၌သာ၊ ခန္ဓာငြီးငွေ့မှု။
သုဘနိမိတ်၊ ခွါရှောင်ဆိတ်၊ ဈာန်စိတ်ပိုင်အောင်ရှု။
အနိမိတ္တ၊ ထင်စေမှ၊ မာနကွာအောင်ရှု။
ဤနည်းကျင့်ပေ၊ ဝဋ်သုံးထွေ၊ ငြိမ်းလေမှန်သည်ဟု။
ရာဟုလာ၊ ဒို့ဘုရား ဟောကြားနေ့နေ့မှု)__

ဟူသော လင်္ကာအတိုင်း မှတ်ယူရာ၏။

(နှာ-၃၄၂)

ရာဟုလသာမဏေသည်လည်း စောစီးစွာ အိပ်ရာက ထပြီးလျှင် လက်ခုပ်ဖြင့် သဲမှုန့်များကို ကျုံးယူပြီးနောက်“ငါသည် ယနေ့အဖို့ရာ မြတ်စွာဘုရားရှင် အထံတော်မှ၎င်း, ဆရာဥပဇ္ဈာယ်တို့၏ အထံမှ၎င်း ဤသဲမှုန့်နှင့်အမျှ အဆုံးအမ သြဝါဒကို ရပါ လို၏”ဟု ဆိုလေ့ရှိ၏။ သို့ရကား ရဟန်းသံဃာတို့အလယ်၌ “ရာဟုလသာမဏေသည် အဆုံးအမကို လွယ်ကူစွာ ခံယူသူ ဖြစ်စွာ့တကား၊ ခမည်းတော် မြတ်စွာဘုရားအား သင့်လျော် လျောက်ပတ်သည့် သားထူးသားမြတ် ဖြစ်စွာ့တကား”ဟု ရာဟုလာနှင့်စပ်သည့် ဂုဏ်ကျေးဇူးစကား ထင်ရှားဖြစ်လေသည်။

မြတ်စွာဘုရားသည် ရဟန်းတို့၏ စိတ်ဖြစ်ပုံကို သိတော်မူ၍ “ငါဘုရား ကြွသွားလျှင် တရားဒေသနာတခုလည်း တိုးပွါး ဖြစ်ထွန်းလိမ့်မည်။ ရာဟုလာ၏ ဂုဏ်ကျေးဇူးသည်လည်းပေါ်လွင် ထင်ရှားလိမ့်မည်”ဟု ကြံစည် ဆင်ခြင်တော်မူကာ ဓမ္မသဘင်သို့ ကြွတော်မူ၍ ဗုဒ္ဓါသန ဓမ္မပလ္လင်၌ ထိုင်နေတော်မူလျက် ရဟန်းတို့ကို ရဟန်းတို့...ယခုအခါ သင်တို့သည် အဘယ်စကားဖြင့် စည်းဝေးညီမူ၍ နေကြသနည်း”ဟု မေးတော်မူလေ၏။ ရဟန်းတို့က“မြတ်စွာဘုရားတပည့်တော်တို့သည် ရာဟုလသာမဏေ၏ အဆုံးအမကို လွယ်ကူစွာ ခံယူခြင်းနှင့်စပ်သော ဂုဏ်ကျေးဇူး စကားကို ပြောကြား၍ နေကြပါသည်ဘုရား”ဟု လျှောက်ထား ကြလေလျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ထိုအကြောင်း - ဝတ္ထု၌ (ဧကကနိပါတ်၊ ၂-သီလဝဂ်၊ ၆-ခုမြောက်) တိပလ္လတ္ထမိဂဇာတ်ကို ဟောတော်မူလေသည် (ထိုဇာတ်တော်အကြောင်းအရာအကျယ်ကို ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု ဧကကနိပါတ်မှ ကြည့်ရှုမှတ်ယူကုန်ရာ၏)။

မြတ်စွာဘုရားသည် ရှင်ရာဟုလာအား ခုနှစ်နှစ်အရွယ် သာမဏေငယ်အခါ၌ပင်“ရာဟုလာသည် ငယ်ရွယ်သူဖြစ်သောကြောင့် မုသားစကားပြောကြားလေရာ၏။ မြူးထူးအပျော်ရွှင်လိုသဖြင့်လည်း မုသားစကား မပြောကြားပါစေလင့်” ဟု ရည်ရွယ်တော်မူကာ (မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ-လာ)အမ္ဗလဋ္ဌိက ရာဟုလောဝါဒ

(နှာ-၃၄၃)

သုတ်ကို ဟောတော်မူလေသည်။ (ထိုအကြောင်းကို အောက်မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၁၆၈-မှစ၍ အကျယ် ရေးခဲ့ပြီ)။

(၁၈) တဆယ့်ရှစ်နှစ်သားအရွယ် သာမဏေအခါ၌ မဟာရာဟုလောဝါဒသုတ်ကို ဟောတော်မူလေသည်။ (အောက် မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ ၁၇၃-မှစ၍ အကျယ်ဖော်ပြခဲ့ပြီးပြီ)။ ။

ရှင်ရာဟုလာ ဝိပဿနာအလုပ် အားထုတ်နိုင်ရန်အတွက် ရာဟုလသံယုတ် (သုတ်ပေါင်း ၂၂-သုတ်)ကို၎င်း, အင်္ဂုတ္တရ စတုက္ကနိပါတ် (မျက်နှာ ၄၀၃၊ “အင်မြန် ၁-၄၉၈”လာ)ရာဟုလသုတ်ကို၎င်း ဟောတော်မူလေသည်။

ထို့နောက် မြတ်စွာဘုရားသည် ရှင်ရာဟုလာ၏ ဉာဏ်ပညာရင့်ကျက်နေပြီကို သိတော်မူ၍ ရှင်ရာဟုလာ ရဟန်းဖြစ်ပြီးစ ဝါမရမီ အချိန်မှာ (မ၊၃၊၃၂၄-လာ) စူဠရာဟုလောဝါဒသုတ်ကို ဟောတော်မူသည်။ (ထိုအကြောင်းကို အောက်မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ ၂၀၇-၌ အကျယ်ဖော်ပြခဲ့ပြီး)

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားသည် နောက်တချိန်ဝယ် အရိယာသံဃာတော် အလယ်၌ ထိုင်နေတော်မူလျက် ရဟန်းတော်တို့အား ဧတဒဂ် ဘွဲ့ထူး ချီးကျူး နှင်းအပ်တော်မူသောအခါ အရှင်ရာဟုလာ မထေရ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သိက္ခာကာမာနံ ယဒိဒံ ရာဟုလော=ရဟန်းတို့...သိက္ခာသုံးပါး လိုလားကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင်ရာဟုလာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏” ဟု ချီးကျူးမြွက်ဆိုတော်မူကာ “သိက္ခာကာမ = သိက္ခာသုံးပါး လိုလားသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏ ။

(နှာ-၃၄၄)

အရှင်ရဋ္ဌပါလ ရဟန်းပြုခြင်း

မြတ်စွာဘုရားသည် ကုရုတိုင်း၌ ဒေသစာရီ ထွက်ချီတော်မူခဲ့၍ ထုလ္လကောဋ္ဌိကနိဂုံး(=အိမ်တိုင်းအိမ်တိုင်း ကျီတိုင်းကျီတိုင်း၌ စပါးအပြည့် အမြဲရှိနေသောနိဂုံး)သို့ ဆိုက်ရောက်တော်မူလေသော် ရဋ္ဌပါလသူဌေးသားသည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သဒ္ဓါတရား ကြီးမားစွာဖြစ်ရှိကာ မယ်တော် ခမည်းတော်တို့ကို(အောက်သုဒိန်သူဌေးသားနည်းတူ) ခဲယဉ်းစွာ ခွင့်ပြု စေကြပြီးနောက် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဆည်းကပ်၍ မြတ်စွာဘုရား၏ စေခိုင်းတော်မူချက်အရ ရဟန်းတပါး၏အထံ၌ ရှင်, ရဟန်းပြုခဲ့လေသည်။

ရဋ္ဌပါလသူဌေးသား ရှင်, ရဟန်းပြုသောနေ့မှ စ၍ ဖခင် သူဌေးကြီးသည် မိမိအိမ်တံခါးဝသို့ ရဟန်းတော်များ ကြွလာသည်ကို မြင်ရလျှင် “ကိုယ်တော်တို့၏အဖို့ရာ ဤအိမ်မှာ ဘာအလုပ်များရှိသနည်း၊ တပည့်တော်တို့မှာ သားတယောက်တည်း ရှိပါသည်။ ထိုတောက်တည်းသောသားကို ကိုယ်တော်တို့သည် ခေါ်ယူသွားကြပြီး ဖြစ်ပါကုန်၏။ ယခုအခါ အဘယ်အမှု ပြုကြ ဦးမည်နည်း”ဟု ဆဲရေးစကား ရေရွတ်စကား ပြောကြားလေသည်။

မြတ်စွာဘုရားသည် ဆယ့်ငါးရက် (= လဝက်)သာ ထုလ္လကောဋ္ဌိကနိဂုံး၌ သီတင်းသုံးနေထိုင်တော်မူပြီးနောက် သာဝတ္ထိသို့ပင် တဖန် ပြန်ကြွတော်မူလေ၏။ ထိုသာဝတ္ထိပြည်၌ အရှင်ရဋ္ဌပါလသည် ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်တော်မူသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏။

ရဋ္ဌပါလမထေရ်သည် မြတ်စွာဘုရားရှင်ထံတော်၌ ခွင့်ပန်ပြီးလျှင် မယ်တော်, ခမည်းတော်တို့ကို တွေ့မြင်ရန်အတွက် ထုလ္လကောဋ္ဌိကနိဂုံးသို့ ကြွရောက်၍ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်တော်မူလတ်သော် (အောက်အရှင်သုဒိန် အခဏ်းကကဲ့သို့ပင်) ဖခင်သူဌေးအိမ်မှ တညဉ့်သိုးပြီးသော မုယောမုန့်ကို ရခဲ့၍ ထို မုယာမုန့်သိုးကို အမြိုက်သုဓာဘုတ်ပမာ မြိန်ရှက်စွာ ဘုဉ်းပေး

(နှာ-၃၄၅)

သုံးဆောင်တော်မူလေသည်။ မထေရ်ကို ဖခင်သူဌေးကြီးတွေ့၍ အပြစ်တင် မခံနိုင်စကား ပြောကြားကာ ဆွမ်းစားရန် အိမ်သို့ ပင့်သော်လည်း (ထိုနေ့အဖို့ရာ ဆွမ်းကိစ္စ ပြီးပြီဖြစ်၍) နက်ဖြန် အတွက်သာ လက်ခံသာယာတော်မူ၍ နောက်တနေ့၌ မထေရ်သည် ဖခင်သူဌေးကြီးအိမ်၌ ဆွမ်းဘုဉ်းပေးပြီးလျှင် တန်းဆာ စုံလင် ဆင်ယင်ပြီးသော မိန်းမအပေါင်း၌ အသုဘသညာကို ဖြစ်စေတော်မူကာ ရပ်တော်မူလျက်ပင် တရားဟောတော်မူ၍ လေးညှို့မှ လွှတ်လိုက်သောမြှားပမာ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ကောရဗျမင်း၏ မိဂစီရဥယျာဉ်သို့ ကြွရောက်ကာ မင်္ဂလာကျောက်ဖျာ၌ ထိုင်နေတော်မူလေ၏။

ထိုသို့ထိုင်နေပြီးနောက် ဥယျာဉ်မှူး၏ ပြောကြားလျှောက်ထား သိစေချက်အရ မိမိထံမှောက် အဖူးအမြော်ရောက်ရှိလာသော ကောရဗျမင်းအား ပါရိဇုည (= ဆုံးရှုံးပျက်စီးခြင်း) လေးပါးတို့ဖြင့် တန်းဆာဆင်အပ်သော ဓမ္မုဒ္ဒေသလေးပါးနှင့် စပ်သည့် တရားစကားကို အကျယ်ဟောကြားပြီးလျှင် အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီခဲ့ရာ တဖန် မြတ်စွာဘုရားရှင်ထံတော် မှောက်သို့ရောက်ရှိလေ၏။ ဤသို့လျှင် ဤအရှင်ရဋ္ဌပါလမထေရ်၏ အကြောင်းအရာဝတ္ထုသည် ဖြစ်ပေါ်ခဲ့လေသည်။ (ဤဖော်ပြပါ မထေရ်၏ ပစ္စုပ္ပန်ဝတ္ထု အကြောင်းအရာအကျယ်ကို မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိ စာမျက်နှာ ၂၄၄-ပိဋကတ်မြန်မာပြန်“မ မြန်” စာမျက်နှာ ၂၅၅-မှစ၍ ကြည့်ရှုမှတ်ယူကုန်ရာ၏)။

အရှင်ရဋ္ဌပါလ ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားသည် နောက်တချိန်ဝယ် အရိယာသံဃာတော် အလယ်၌ ထိုင်နေတော်မူလျက် ရဟန်းတော်တို့အား ဧတဒဂ် ဘွဲ့ထူး ချီးကျူးနှင်းအပ်တော်မူသောအခါ အရှင်ရဋ္ဌပါလမထေရ်ကို__

“ဧတံဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သဒ္ဓါပဗ္ဗဇိတာနံ ယဒိဒံ ရဋ္ဌပါလော = ရဟန်းတို့... သဒ္ဓါတရား

(နှာ-၃၄၆)

ဖြင့် ရဟန်းပြုကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ရဋ္ဌပါလသည် အသာဆုံး အမြတ်ဆုံးဖြစ်ပေ၏”ဟု ချီးကျူးမြွက်ဆိုတော်မူကာ “သဒ္ဓါပဗ္ဗဇိတ = သဒ္ဓါတရားဖြင့် ရဟန်းပြုကြသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး= ဧတဒဂ် ရာထူး၌ ထားတော်မူလေ၏။

(ဤ၌။ ။ အရှင်ရာဟုလာသည် ရှင်ဖြစ်သောနေ့မှ အစပြု၍ နေ့စဉ်နေ့စဉ် နံနက်စောစောထပြီးလျှင် လက်ခုပ်နှင့်အပြည့် သဲမှုန့်တို့ကို ဆုပ်ယူလျက် “ငါသည် ယနေ့ မြတ်စွာဘုရားရှင်အထံတော်မှ၎င်း, ဆရာဥပဇ္ဈာယ်တို့၏ အထံမှ၎င်း ဤသံမှုန့်သဲပွင့်များနှင့် အညီအမျှ အဆုံးအမ သြဝါဒ, အနုသာသနီတို့ကို ရရှိပါမူ ကောင်းလေစွာ့”ဟု တောင့်တလေ့ရှိသည်။ ထို့ကြောင့် " “သိက္ခာကာမ=သိက္ခာသုံးပါးကို အလွန်လိုလားဖြည့်ကျင့်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်လေသည်။

အရှင်ရဋ္ဌပါလသည် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရ၍ သဒ္ဓါတရား အထူးဖြစ်ပွါးကာ အစာထမင်းဆယ့်လေးနပ်(=ခုနစ်ရက်) အငတ်ခံကာ မိဖတို့ကို ရှင်, ရဟန်းပြုခွင့်ပေးကြရန် ခဲခဲယဉ်းယဉ်း ဆင်းရဲစွာ ဆောင်ရွက်၍ ရှင်, ရဟန်းပြုခဲ့ရလေသည်။ ထို့ကြောင့် “သဒ္ဓါပဗ္ဗဇိတ=သဒ္ဓါတရားကြီးမားစွာဖြင့် ရဟန်းပြုသောအရာဝယ် အသာဆုံး အမြတ်ဆုံး= ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်လေသည်။ ဤသို့လည်း အထူးမှတ်ရာ၏)။

ဤကား အရှင်ရာဟုလာ အရှင်ရဋ္ဌပါလမထေရ် ၂-ပါးအကြောင်းတည်း။

______

(၂၂) အရှင်ကုဏ္ဍဓာနမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤကုဏ္ဍဓာနမထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီပြည် ဝယ် အမျိုးကောင်းအိမ်၌ အမျိုးကောင်းသား ဖြစ်ခဲ့၍ ရှေးဆိုအပ် ပြီးနည်းအတူ ကျောင်းတော်သို့ သွားရောက်ကာ တရားနာစဉ်

(နှာ-၃၄၇)

ပဒုမုတ္တရမြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို ရှေးဦးစွာ စာရေးတံမဲကို ရယူသောရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး= ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ ဘုရားရှင်တို့အား အဓိကာရကောင်းမှု ကုသိုလ်ကိုပြု၍ ထိုရာထူးကို တောင့်တပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြားတော်မူကာ ကျောင်းတော်သို့ ဖဲကြွတော်မူလေ၏။

မထေရ်အလောင်း၏ ဝဋ်လိုက်ဖွယ် မကောင်းမှု

ထိုကုဏ္ဍဓာနမထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရ မြတ်စွာဘုရားရှင် အထံတော်မှ ဗျာဒိတ်ရပြီးနောက် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့ရာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ ဘုမ္မဇိုဝ်းနတ် ဖြစ်၍ လာလေသည်။

အထူးအားဖြင့် သက်တော်ရှည် မြတ်စွာဘုရားရှင်တို့၏ လက်ထက်တော်အခါမှာ (ယခု အသက်တော်ရှိသည့် အကျွန်ုပ် တို့မြတ်စွာဘုရား၏ လက်ထက်တော်မှာကဲ့သို) ဆယ့်ငါးရက် (= လဝက်)တကြိမ် ဥပုသ်ပြုရသည် မဟုတ်၊ မှန်၏- ဝိပဿီ မြတ်စွာဘုရား၏ လက်ထက်တော်အခါမှာ ခြောက်နှစ် တကြိမ် ခြောက်နှစ်တကြိမ် ဥပုသ်ပြုရ ပါတိမောက်ပြရလေသည်။ ကဿပ မြတ်စွာလက်ထက်တော်အခါ၌ ခြောက်လတကြိမ် ခြောက်လ တကြိမ် ပါတိမောက်ပြ ဥပုသ်ပြုရလေသည်။

ကဿပမြတ်စွာဘုရားရှင်၏ (ခြောက်လစေ့၍) သြဝါဒပါတိ မောက်ပြ = ဥပုသ်ပြုရသောအခါတပါးဝယ် အရပ်ဝေးခြား၌ နေထိုင်ကြသည့် အလွန်ရင်းနှီးသော သူငယ်ချင်း မထေရ်နှစ်ပါးတို့သည် “ငါတို့သည် ဥပုသ်ပြုကြကုန်အံ့” ဟု ကဿပမြတ်စွာဘုရားရှင်ရှိရာသို့ သွားရောက်ကြကုန်၏။ ထိုအခါ ဖော်ပြရာပါ ဘုမ္မဇိုဝ်းနတ်သည် “ဤမထေရ်နှစ်ပါးတို့၏ ချစ်ခင်ခြင်းမေတ္တာကား

(နှာ-၃၄၈)

လွန်စွာခိုင်မြဲလှပေ၏၊ အသို့နည်း = ဘယ့်နှယ်လဲ ကွဲပြားအောင် ပြုလုပ်သူရှိလျှင် ထိုမထေရ်နှစ်ပါးတို့၏ မေတ္တာတရားသည်ကွဲပြား ပျက်စီးမည်လော၊ မပျက်စီးမည်လော” ဟု စဉ်းစားကြံစည်ကာ ထိုမထေရ်နှစ်ပါးတို့၏ စိတ်ဝမ်း ကွဲပြားအောင် ပြုလုပ်နိုင်မည့် အခွင့်အပေါက်ကို မြော်ထောက်ရှာကြံလျက် မထေရ်တို့၏ မနီးမဝေးမှ လိုက်ပါခဲ့လေသည်။

စိတ်ဝမ်းကွဲအောင် ပြုလုပ်ခြင်း

ထို့နောက် မထေရ်တပါးသည် အခြားမထေရ်၏ လက်၌ သပိတ်, သင်္ကန်းကိုအပ်နှံခဲ့ပြီးလျှင် ကိုယ်လက်သုတ်သင်ရန်အတွက် ရေမိုးချမ်းသာရာ အရပ်သို့ သွားရောက်ကာ ကိုယ်လက် သုတ်သင်= အညစ်အကြေးစွန့်မှု ပြုလုပ်ပြီးလျှင် လက်, ခြေတို့ကို ဆေး ကြာပြီးနောက် ချုံဖုတ်တခု၏အနီးမှ ထွက်၍လာလေ၏။ ။ ဘုမ္မဇိုဝ်းနတ်သည် ထို ကိုယ်လက်သုတ်သင်သော မထေရ်၏ နောက်နားမှကပ်ကာ အလွန်အဆင်းလှသော မိန်းမအသွင် ဖန်ဆင်းလျက် ဆံပင်များကို ခါ၍ခါ၍ ပြင်ဆင် ထုံးဖွဲ့သကဲ့သို့၎င်း, ထဘီကို ပြင်၍ပြင်၍ ၀တ်သကဲ့ သို့၎င်း ပြုလုပ်ကာ မထေရ်၏ ဖဝါးခြေထပ် ထက်ကြပ်လိုက်ပါကာ ချုံဖုတ်မှ တပါတည်း ထွက်၍လာလေ၏။

စိတ်ဝမ်းကွဲ အထင်လွဲလေပြီ

အဖော်ဖြစ်သော မထေရ်မြတ်သည် လျောက်ပတ်ရာအရပ်၌ ရပ်တည်စောင့်နေရင်းက ဤအကြောင်းအရာဖြစ်ရပ်ကို မြင်လတ် လေသော် နှလုံးမချမ်းမသာ ဖြစ်ရှိကာ “ယခုအခါ ငါ့အဖို့ရာ ဤရဟန်းနှင့် အတူတကွ ကာလမြင့်ကြာ ဖြစ်ပွါး ထားရှိ၍လာခဲ့သော မေတ္တာတရား ပျက်ပြားလေပြီ၊ ငါသည် အကယ်၍ ဤရဟန်း ဤသို့ ယုတ်မာမှန်းသိခဲ့လျှင် ဤမျှအခါ ရှည်မြင့်အောင် ဤရဟန်းနှင့် အတူတကွ အကျွမ်းတဝင် ချစ်ခင်မှုကို ပြုလိမ့်မည်မဟုတ်”ဟု ကြံစည်စဉ်းစားမိပြီးလျှင် ထို ကိုယ်လက်

(နှာ-၃၄၉)

သုတ်သင်သောမထေရ်အား မိမိအနီးသို့ ရောက်လျှင်ရောက်ခြင်းပင် “ငါ့ရှင် သင်၏ သပိတ်, သင်္ကန်းကို ရော့ = ယူလော့၊ ငါသည် သင်ကဲ့သို့ ယုတ်မာလှသော သူငယ်ချင်းနှင့် အတူတကွ လမ်းတကြောင်းတည်း ဘယ်နည်းဖြင့် မသွားတော့အံ့”ဟု မိတ်ပြတ်စကား ပြောကြားလေ၏။

(ဤမှနောက်၌ မှတ်သားလွယ်ကူစေရန် အပြစ်တင်စွပ်စွဲမည့်မထေရ်၏ အမည်ကို စောဒကမထေရ် အပြစ်တင်ခံ စွပ်စွဲခံရမည့် မထေရ်၏ အမည်ကို စုဒိတက-မထေရ်ဟု ခေါ်ဆိုသုံးစွဲ ရေးသားပေအံ့)

ထို မိတ်ပြတ်စကားကို ကြားသိရလေလျှင် လဇ္ဇီသူတော်ကောင်းစင်စစ် ဖြစ်တော်မူသော စုဒိတကမထေရ်၏စိတ်နှလုံးမှာ အလွန်ထက်လှစွာသော လှံကို ဆုပ်ကိုင်၍ တအား ထိုးလိုက်သကဲ့သို့ ဖြစ်ရှိလေ၏၊ ထို့နောင်မှ စောဒကမထေရ်ကို “ငါ့ရှင်... သင်သည် ဘယ်လိုစကားမျိုးကို ပြောလိုက်ဘိသနည်း၊ ငါသည် ဤမျှကာလကြာအောင် ဒုက္ကဋ်အာပတ်မှုကိုလည်း (သင့်ခဲ့သည် ဟု)မသိရှိခဲ့ပါ။ (ဒုက္ကဋ်အာပတ်မျှပင် မသင့်ခဲ့ပါ-ဟု ဆိုလိုသည်)၊ သို့ပါလျက် သင်သည် ငါ့ကို ယနေ့ “ပါပ = ယုတ်မာသောသူ”ဟု ဆိုဘိ၏၊ သင်သည် အဘယ်အရာကို မြင်အပ်သနည်း ဟု မေးမြန်းပြောဆိုလေ၏။ စောဒကမထေရ်က “ငါ့ရှင်... အခြားတပါး မြင်အပ်သော အရာဖြင့် အဘယ်မူစအံ့နည်း၊ သင်သည် ဤသို့ သဘောရှိသည့် တန်းဆာစုံလင် ဆင်ယင် အပ်ပြီးသည့် မာတုဂါမနှင့် အတူတကွ တနေရာတည်း၌ ဖြစ်ပြီးမှ ချုံက ထွက်လာသည် မဟုတ်လော”ဟု မိမိမြင်သည့် အတိုင်း အပြစ်တင် ပြောဆိုလေလျှင် စုဒိတကမထေရ်သည် “ငါ့ရှင်... ဤဖြစ်ရပ်မျိုးမှာ လုံးဝမရှိပါ၊ ငါသည် ဤသို့ သဘောရှိသော = သင်ယခုပြောသော မာတုဂါမကို လုံးဝမတွေ့မမြင်ရပါ”ဟု ရိုးသားစွာ ပြန်ကြားပြောဆိုလေ၏။ စုဒိတက မထေရ်က သုံးကြိမ်တိုင်တိုင် ဤအတိုင်း ရိုးသားစွာ ပြောကြားသော်လည်း စောဒကမထေရ်သည် ထိုစကားကို လုံးဝမယုံကြည်နိုင်ပဲ မိမိမြင်အပ်သော အကြောင်းအရာကိုသာလျှင် အမှန်ဟု

(နှာ-၃၅၀)

စွဲယူပြီးလျှင် စုဒိတကမထေရ်နှင့် အတူတကွ လမ်းတကြောင်းတည်း မသွားတော့ပဲ အခြားတလမ်းဖြင့် ကဿပမြတ်စွာဘုရား ထံသို့ သွားရောက်လေ၏။ စုဒိတကမထေရ်သည်လည်း လမ်းတလမ်းဖြင့် ကဿပ မြတ်စွာဘုရားထံသို့ သာလျှင် သွားရောက်လေ၏။

ဘုမ္မဇိုဝ်းနတ်၏ နောင်တ

ထို့နောက် ရဟန်းသံဃာများ ဥပုသ်အိမ်သိမ်အပြင်သို့ ဝင်သောအခါ၌ စောဒကမထေရ်သည် စုဒိတကမထေရ်ကို ဥပုသ် အိမ်သိမ်အပြင်၌ တွေ့မြင်သိရှိ၍ “ဤဥပုသ်အိမ်သိမ်အပြင်၌ သဘောရှိသော ရဟန်းယုတ်တပါး ပါရှိ၍နေသည်၊ ငါသည် ထိုရဟန်းယုတ်နှင့်အတူတကွ အဘယ်နည်းဖြင့်မျှ ဥပုသ်မပြုနိုင်” ဟု နှုတ်မြွက်ပြောဆိုကာ ဥပုသ်အိမ်မှထွက်၍ အပြင်အပ၌ ရပ်တည်နေလေ၏။

ဘုမ္မဇိုဝ်းနတ်သည် “သြ...ငါကား ဝန်လေးသောအမှုကိုပြုအပ် မိလေပြီ” ဟု နောင်တတဖန် ပူပန်၍ ဥပါသကာ သူအို အသွင်ဖြင့် စောဒကမထေရ်ထံသို့ ချဉ်းကပ် သွားရောက်ပြီးလျှင် “အရှင်ဘုရား...အရှင်မြတ်သည် အဘယ့်ကြောင့် ဤဥပုသ်အိမ် သိမ်အပြင် အရပ်၌ရပ်တည်နေပါသနည်း”ဟု မေးမြန်းလျှောက်ထားလေ၏။ မထေရ်က“ဒါယကာ၏ ဥပုသ်အိမ် သိမ်အတွင်းသိုရဟန်းယုတ် တပါး ဝင်ပြီးသားရှိနေသည်။ ငါသည် ထိုရဟန်းယုတ်နှင့် အတူတကွ အဘယ်နည်းဖြင့်မျှ ဥပုသ်မပြုနိုင်ဟု နှုတ်မြွက် ပြောဆိုကာ ဥပုသ်အိမ်မှ ထွက်၍ အပြင်အပ၌ ရပ်တည်နေပါ၏” ဟု မိန့်ဆို ဖြေကြားလေလျှင် ဘုမ္မဇိုဝ်းနတ်သည်“အရှင်ဘုရား ဤသို့ မှတ် ယူတော်မမူကြပါလင့်၊ ထို(စုဒိတက)ရဟန်းသည် စင်ကြယ်သော သီလရှိသူ စင်စစ် ဖြစ်ပါသည်။ အရှင်ဘုရားတို့ မြင်အပ်သော မာတုဂါမ-ဟူသည်မှာ တပည့်တော်ပင် ဖြစ်ပါသည်၊ တပည့်တော်သည် အရှင်ဘုရားတို့၏ အပေါ် “ဤမထေရ် နှစ်ပါးတို့၏ ချစ်ခင်ခြင်းမေတ္တာသည် ခိုင်မြဲ၏လော မခိုင်မြဲဘူးလော”ဟု စုံစမ်း

(နှာ-၃၅၁)

ရန် လဇ္ဇီရဟန်းအဖြစ် အလဇ္ဇီရဟန်းအဖြစ်ကို ကြည့်ရှုသိမြင်လို ပါသဖြင့် ထိုကဲ့သို့ မာတုဂါမယောင်ဆောင်၍ စုဒိတကမထေရ်၏ နောက်မှ လိုက်ပါခြင်းအမှုကို ပြုခဲ့မိပါသည်ဘုရား”ဟု လျှောက်ထား ရှင်းပြလေ၏။ မထေရ်က “အိုသူတော်ကောင်း... သင်သည်ကား အဘယ်သူနည်း”ဟု မေးမြန်းလေလျှင် ဘုမ္မဇိုဝ်းနတ်သည်“အရှင်ဘုရား... တပည့်တော်သည် ဘုမ္မဇိုဝ်းနတ်တဦး ဖြစ်ပါသည်” ဟု လျှောက်ထားပြောဆိုရင်းပင် နတ်၏အာနုဘော်ဖြင့် ရပ်တည်၍ မထေရ်၏ ခြေရင်း၌ ဝပ်စင်းပြီးလျှင် “အရှင်ဘုရားတို့... တပည့်တော်အား သည်းခံတော်မူကြပါကုန်၊ ဤအပြစ်ကို (စုဒိတက) မထေရ်သည် လုံးဝမသိရှာပါ၊ ဥပုသ်ကို စိတ်ချစွာ ပြုတော်မူကြပါဘုရား”ဟု မထေရ်ကိုတောင်းပန်၍ ဥပုသ်အိမ်သိမ်အတွင်းသို့ သွင်းဆောင်ခဲ့လေ၏။ ထိုမထေရ်သည် ဥပုသ်ကို တနေရာတည်း၌ပြုသော်လည်း နောက်တဖန် ထို (စုဒိတက) မထေရ်နှင့် အဆွေခင်ပွန်း ချစ်ကျွမ်း ဝင်သောအနေဖြင့် တနေရာတည်း၌ မနေတော့ချေ။ (ဤစောဒက မထေရ်၏ ကမ္မဋ္ဌာန်းအမှုကို မဟာအဋ္ဌကထာ၌ အထူးမပြဆို အပ်ချေ)။ စုဒိတကမထေရ်သည်ကား အဆင့်ဆင့် ဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းမှုပြုလျက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော် မူလေ၏။

ဘုမ္မဇိုဝ်းနတ်သည် ထိုမကောင်းမှု အကုသိုလ်ကံအကျိုးဆက်ကြောင့် ကဿပမြတ်စွာဘုရားနှင့် အကျွန်ုပ်တို့၏ မြတ်စွာဘုရား = ဤဘုရားနှစ်ဆူတို့၏ အကြားကာလ မရေမတွက်နိုင်သော နှစ်ပရိစ္ဆေဒတည်းဟူသော ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး အပါယ်မှ မလွတ်မြောက်နိုင်ရှာ။ ရံခါရံခါ လူဖြစ်လာပြန်ပါလည်း အခြားသူများ ပြုအပ်သမျှ အပြစ်များသည် ထိုသူ၏အပေါ်၌သာ ကျရောက်လေတော့၏။

(နှာ-၃၅၂)

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုသူသည် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍လာလေ၏။ ထိုသူ၏အမည်ကို “ဓာန-လုလင်”ဟု မိဖတို့က မှည့်ခေါ်ကြလေသည်။ ဓာနလုလင်သည် အရွယ်သို့ရောက်လတ်သော် ဗေဒင် သုံးပုံတို့ကို သင်ကြားတတ်မြောက်၍ အသက်အရွယ်ကြီးရင့်သောအခါ၌ မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရ၍ သဒ္ဓါ တရား အထူးဖြစ်ပွါးကာ သာသနာဝန်ထမ်း ရှင်, ရဟန်းပြုလေ၏။

ဝဋ်လိုက်လေပြီ

ဓာန-မထေရ် ရဟန်းပြုသောနေ့မှ စ၍ တန်းဆာစုံလင် ဆင်ယင်အပ်ပြီးသော မိန်းမတယောက် (= တကယ့်မိန်းမ မဟုတ်၊ ဝိပါက် ဝဋ်ကြွေးရုပ်)သည် မထေရ် ရွာတွင်းသိုဝင်လျှင် အတူတကွ ဝင်၍လိုက်ပါ၏။ မထေရ်ထွက်လာလျှင် အတူတကွ ထွက်၍ လိုက်ပါ၏။ မထေရ်ရပ်လျှင် ရပ်၏၊ မထေရ်သွားလျှင် သွား၏ ဤသို့စသည်ဖြင့် အမြဲပင် မထေရ်နောက်သို့ ကောက်ကောက် လိုက်ပါနေသည့်အသွင် ထင်ရလေသည်။ ထိုမိန်းမရုပ်ကို ဓာနမထေရ်ကား မမြင်ရ၊ ထိုရှေးမကောင်းမှု အကုသိုလ်ကံ၏အကျိုး ဆက်ကြောင့် အခြားတပါးသောသူတို့မှာ ထိုမိန်းမရုပ်ကို မြင်နေ ရလေသည်၊ (အကုသိုလ်ကံများကား ကြောက်ဖွယ်ကောင်းစွာ့)။

မြို့တွင်းရွာတွင်း၌ ယာဂု, ဆွမ်း လှူဒါန်းကြသော အမျိုးသမီး မင်းမိန်းမတို့သည် “အရှင်ဘုရား… ဤယာဂု တယောက်ချိုသည် အရှင်ဘုရားတို့အတွက် ဖြစ်ပါသည်။ ဤယာဂု တယောက်ချိုကား တပည့်တော်တို့၏ သူငယ်ချင်းမ အရှင်ဘုရား၏ နောက်ကပါသော ဤမိန်းမအတွက် ဖြစ်ပါသည်ဘုရား”ဟု ပြက်ရယ်ပြောင်လှောင်စကား ပြောကြားကြလေ၏။ ဓာန-မထေရ်၏အဖို့ရာ ထိုအတွက် များစွာစိတ်ပင်ပန်းမှု ဖြစ်လေသည်။ ကျောင်းတိုက်သို့ ရောက်သောအခါမှာလည်း ဓာနမထေရ်ကို သာမဏေများ, ရဟန်းငယ်များက ဝန်းရံကြ၍“နော ကောဏ္ဍော ဇာတော=

(နှာ-၃၅၃)

အရှင်ဓာနသည် မိန်းမကြူးသူ ဖြစ်၏” ဟု ပြက်ရယ်မှု ပြုကြလေ၏။ တိုအကြောင်းကြောင့်ပင် ထိုအချိန်မှ နောက်ကာလ၌ ဓာနမထေရ်၏ အမည်သည် “ကုဏ္ဍ-ဓာနမထေရ်”ဟူ၍ မည်တွင်လေ၏။

ကုဏ္ဍ-ဓာနမထေရ်သည် ထ၍ ထ၍ (ခဏ ခဏ စုရုံးရောက်ရှိ လာကြကာ) သာမဏေများ, ရဟန်းငယ်များက ပြုလုပ်ပြောဆိုအပ်သော ပြက်ရယ် ပြောင်လှောင်မှုကို သည်းမခံနိုင်တော့ရကား “သင်တို့သာ မိန်းမကြူသူများ ဖြစ်ကြ၏။ သင်တို့၏ ဥပဇ္ဈာယ်များသော မိန်းမကြူသူများ ဖြစ်ကြ၏၊ သင်တို့၏ ဆရာများသာ မိန်းမကြူသူများ ဖြစ်ကြ၏”ဟု ပြန်လှန်ပြောဆိုလေ၏။ ထိုအခါ အခြားရဟန်းတို့သည် မြတ်စွာဘုရားရှင်အား “မြတ်စွာဘုရား… ကုဏ္ဍ-ဓာနရဟန်းသည် ရဟန်းငယ်, သာမဏေတို့နှင့် အတူတကွ ဤသို့သဘောရှိသော ရုန့်ရင်းကြမ်းတမ်းသောစကားကို ပြောဆိုပါသည်ဘုရား”ဟု ကုဏ္ဍ-ဓာနမထေရ်အကြောင်းကို လျှောက်ထားကြလေ၏။ မြတ်စွာဘုရားသည် ကုဏ္ဍ-ဓာနမထေရ်ကို ခေါ်စေတော်မူ၍ “ရဟန်း...မှန်သလော”ဟု မေးတော်မူ၏။ ကုဏ္ဍဓာနမထေရ်က “မှန်ပါသည် မြတ်စွာဘုရား...”ဟု ဝန်ခံ လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်က တဖန် ထပ်၍ “အဘယ့်ကြောင့် ဤသို့ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောကြားဘိသနည်း”ဟု မေးတော်မူပြန်၏။

ကုဏ္ဍ-ဓာနမထေရ်က “မြတ်စွာဘုရား...အမြဲမပြတ် စိတ်ဆင်း ရဲအောင် ညှဉ်းဆဲသည်ကို သည်းမခံနိုင်၍ ဤသို့ ပြောမိပါသည် ဘုရား...”ဟု အကြောင်းကို လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သား...သင်သည် ရှေးက ပြုအပ်ခဲ့သော မကောင်းမှု အကုသိုလ်ကံကို ယနေ့တိုင်အောင်ပင် ကြေကျက် စေခြင်း (= ငြိမ်းအေးစေခြင်း) မတတ်နိုင်သေး ဖြစ်သည်။ ချစ်သား...နောက်တဖန် ဤသို့သဘောရှိသည့် ကြမ်းတမ်းသော စကားကို မပြောကြားလင့်”ဟု မိန့်တော်မူပြီးလျှင်

(နှာ-၃၅၄)

မာဝေါစ ဖရုသံ ကဉ္စိ၊ ဝုတ္တာ ပဋိဝဒေယျု တံ။
ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျု တံ။

(ဘိက္ခု =ဓာနမည်ငြား အိုချစ်သား...။ ကဉ္စိ=တစုံ တယောက်သောသူကိုမျှ။ ဖရုသံ = လွှစွယ်အလား ကြမ်းတမ်းသော စကားကို။ မာဝေါစ = သင်ချစ်သား မပြောကြားလေလင့်။ ဝုတ္တာ=ကြမ်းခက်စကား သင်ချစ်သားက ပြောကြားအပ်မူ အခြားသူတို့သည်။ တံ=သင်ချစ်သားကို။ ပဋိဝဒေယျုံ = အကြမ်းစကားကို တဖန်ပြန်၍ ပြောဆို ကုန်လေရာ၏။ ဟိ= မှန်၏။ သာရမ္ဘကထာ = သူ့ကို ငါနိုင် အသာပိုင်ဟု အပြိုင်စကား ပြောကြားခြင်းသည်။ ဒုက္ခာ= အလွန်အမင်း ဆင်းရဲလှချေ၏။ တံ = သီတင်သုံးဖော် ရှင်တို့အပေါ်ဝယ် ထော်လော်ခက်ထန် ကာယဒဏ်, ဝစီဒဏ်ကို ပြန်လှန်ပုတ်ခတ် ပြောဆို ပြုမူလတ်သော သင်ချစ်သားကို။ ပဋိဒဏ္ဍာ = အတုံ့အပြန် ကာယဒဏ်, ၀စီဒဏ်တို့သည်။ ဖုသေယျုံ = လေညာသိုပစ် ပြာမှုန် ညစ်သို့ စင်စစ်တဖန် ဆိုက်ရောက်ကြပြန်ကုန်လေရာ၏။

သစေ နေရေသိ အတ္တာနံ၊ ကံသော ဥပဟတော ယထာ။
ဧသ နိဗ္ဗာနပတ္တောသိ၊ သာရမ္ဘော တေ န ဝိဇ္ဇတိ။

(ဘိက္ခု = ဓာန-မည်ငြား အို ချစ်သား...)။ တွံ= သင်ချစ်သားသည်။ အတ္တာနံ = မိမိကိုယ်ကို။ ကံသော ဥပဟတော ယထာ = အနားရေးကို ခုတ်ဖျက် အသံ မထွက်သော ကြေးခွက် (

= လင်းကွင်း) ကဲ့သို့။ သစေ နေရေသိ = အကယ်၍ ကြမ်းကြုတ်ခက်ထန် အသံမထွက် မလှုပ်ယှက်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်နိုင်ငြားအံ့။ ဧသ = ဧသော တွံ= ထို သင်ချစ်သွားသည်။ နိဗ္ဗာနံ= ဒုက္ခဇာတ်သိမ်း ငြိမ်းရာဧကန်နိဗ္ဗာန်ပရမတ်သို့ ပတ္တာ=ကိုယ်တိုင်မျက်မှောက် ဆိုက်ရောက်ပြီးသူသည်။ (နှာ-၃၅၅)

အသိ= ဖြစ်လေတော့၏။ (ဧဝံ သတိ =ဤသို့ဖြစ်သည် ရှိသော်)။ တေ = သင်ချစ်သား၏ (သန္တာန်၌)။ သာ ရမ္ဘော=သူ့ကို ငါနိုင် အသာပိုင်ဟု အပြိုင်စကား ပြောကြားပြုမူမှုသည်။ နတ္ထိ = တစိုးတစိ ရှိတော့မည် မဟုတ်ချေ။”__

ဤ တရားဒေသနာ နှစ်ဂါထာတို့ကို ဟောကြားတော်မူ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ်-စသည်တို့သို့ ဆိုက်ရောက်ကြလေကုန်၏။ (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၇)

ကောသလမင်းကြီး ကိုယ်တိုင် စုံစမ်းခြင်း

ရဟန်းတို့သည် (ကုဏ္ဍ-ဓာနမထေရ်၏ မာတုဂါမနှင့် အတူတကွ လှည့်လည်နေမှု တည်းဟူသော) ဤအကြောင်းကို ပသေနဒီ ကောသလမင်းကြီးအား ပြောကြားကြကုန်၏။ ကောသလ မင်းကြီးသည် မင်းချင်းယောက်ျားတို့ကို “အချင်းတို့...သွားကြကုန်, စုံစမ်းကြကုန်” ဟု ပြောဆိုစေလွှတ်လိုက်၍ မိမိကိုယ်တိုင်လည်း အခြံအရံပရိသတ် အနည်းငယ်နှင့် အတူတကွ ကုဏ္ဍဓာန မထေရ်၏နေရာဌာနသို့ သွားရောက်ပြီးလျှင် အကဲခတ်ကြည့်ရှုကာ သင့်လျော်ရာအရပ်၌ ရပ်တည်နေလေ၏။

ထိုအချိန်၌ ကုဏ္ဍ-ဓာနမထေရ်သည် အပ်အမှု (= သင်္ကန်း ချုပ်မှု)ပြုလျက် ထိုင်နေဆဲဖြစ်၏။ ထိုမိန်းမ (=ဝိပါက်ဝဋ်ကြွေးရုပ်)သည်လည်း မထေရ်၏အနီး၌ ရပ်၍နေသကဲ့သို့ ထင်ရ မြင်ရ၏။

ကောသလမင်းကြီးသည် ဤအကြောင်းထူးကား ဧကန်ပင်ရှိပေ ၏”ဟု ကြံစည်ဆင်ခြင်ကာ ထိုမိန်းမ (= ဝိပါက်ဝဋ်ကြွေးရုပ်) ရပ်၍နေသောအရပ်သို့ သွားရောက်လေ၏။ မင်းကြီး လာလတ်သော် ထိုမိန်းမ (= ဝိပါက်ဝဋ်ကြွေးရုပ်)သည် မထေရ်သီတင်း သုံး နေထိုင်ရာ သင်္ခမ်းကျောင်းတွင်းသို့ ဝင်သွားသကဲ့သို့ ဖြစ်လေ၏။ မင်းကြီးသည်လည်း ထိုမိန်းမ (= ဝိပါက်ဝဋ်ကြွေးရုပ်) နှင့် အတူတကွပင် သင်္ခမ်းကျောင်းအတွင်းသို့ ဝင်ရောက်လိုက်ပါ

(နှာ-၃၅၆)

သွား၍ ကျောင်းတွင်းနေရာအနှံ့ ကြည့်ရှုရှာဖွေပါသော်လည်း ထိုမိန်းမ (= ဝိပါက်ဝဋ်ကြွေးရုပ်)ကို မတွေ့မမြင်ရ၍ “ဤမိန်းမ က တကယ့်မာတုဂါမ မဟုတ်ချေ။ မထေရ်၏ တခုသော် ကံ အကျိုးဝိပါက်သာ ဖြစ်ချေ၏”ဟု ဆင်ခြင်သိမှတ်ပြီးသော် လက်ဦး အစက မထေရ်၏အနီးမှ ကျောင်းတွင်းသို့ ဝင်ရောက်လိုက်ပါ သွားသော်လည်း မထေရ်ကို ရှိမခိုးပဲ ထိုအကြောင်း၏ မမှန်သော အဖြစ်ကို ကိုယ်တွေ့သိမြင်ပြီးမှ မထေရ်ထံသို့ လာရောက်၍ ရှိခိုးပြီးလျှင် လျှောက်ပတ်ရာ နေရာ၌ ထိုင်လျက် “အရှင်ဘုရား...အသို့နည်း အရှင်ဘုရားတို့သည် ဆွမ်းပစ္စည်းဖြင့် မငြိုငြင်ပဲ ရှိကြပါကုန်၏လော” ဟု မေးမြန်း လျှောက်ထားလေ၏။ မထေရ်က “သင့်ရုံရှိပါ၏ မြတ်သောမင်းကြီး” ဟု မိန့်ဆိုလေလျှင် ကောသလမင်းကြီးသည် “အရှင်ဘုရား... အရှင်မြတ်၏ စကားကို တပည့်တော် သိရှိပါ၏။ ဆက်၍လျှောက်ထားလိုသည်မှာ ဤသို့ သဘောရှိသည့် ညစ်ညူးကြောင်း (မာတုဂါမရုပ်) နှင့် အတူတကွ လှည့်လည်ကျက်စား သွားလာနေသော အရှင်ဘုရားတို့အား အဘယ်မည်သောသူတို့သည် ကြည်ညိုကြလိမ့်မည်နည်း = မကြည်ညိုကြမည်သာ၊ ဤအချိန်မှစ၍ အရှင်ဘုရားတို့၏ (အဖို့ရာ) အခြားတစုံတခုသောအရပ်သို့ သွားဖွယ်ကိစ္စ မရှိပါ။ တပည့်တော်သည် ပစ္စည်းလေးပါးတို့ဖြင့် အရှင်ဘုရားတို့ကို ပြုစု လုပ်ကျွေးပါမည်၊ အရှင်ဘုရားတို့သည် အသင့်အားဖြင့် တရား နှလုံးသွင်းမှု၌ မမေ့လျော့ကြပါကုန်လင့်”ဟု လျှောက်ထား၍ နေ့စဉ်မပြတ် ဆွမ်းပြုစုလုပ်ကျွေးလေ၏။

ကုဏ္ဍဓာနမထေရ်သည် ကောသလမင်းကြီးတည်းဟူသော အထောက်အပံ့ကိုရ၍ သပ္ပါယဖြစ်သောဘောဇဉ်ဖြင့် တည်ကြည်သောစိတ်ရှိကာ ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏=ရဟန္တာဖြစ်လေ၏။ ထိုသို့ မထေရ်သူမြတ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သောအချိန်မှစ၍ ထိုမိန်းမ(= ဝိပါက်ဝဋ်ကြွေးရုပ်)သည် အပြီးတိုင် ကွယ်ပျောက် လေတော့၏။

(နှာ-၃၅၇)

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

တနေ့သောအခါ အနာထပိဏ်သူဌေး၏သမီး မဟာသုဘဒ္ဒါသည် ဥဂ္ဂမြို့ဝယ် မိစ္ဆာဒိဋ္ဌိအယူရှိသော အမျိုး (= အိမ်)၌ နေထိုင်ရစဉ် “မြတ်စွာဘုရားသည် ငါ့ကို သနားစောင့်ရှောက်တော် မူပါစေသတည်း” ဟု နှလုံးသွင်း၍ ဥပုသ်ကို ဆောက်တည်ကာ ကိလေသာတည်းဟူသော စက်ဆုပ်ဖွယ်ရနံ့ ကင်းရှင်းလျက် ပြသာဒ်အထက်၌ ရပ်တည်ပြီးလျှင် “ဤမုလေး (= မြတ်လေး) ပန်းတို့သည် အခြားလမ်း၌ မရပ်တည်ကြပဲ မြတ်စွာဘုရားရှင်၏ အထက်၌ ဗိတာန်မျက်နှာကြက်ဖြစ်၍ တည်ကြပါစေကုန်သတည်း၊ မြတ်စွာဘုရားသည် ဤ အမှတ်သညာဖြင့် နက်ဖြန်ခါ ရဟန်းငါးရာတို့နှင့် အတူတကွ အကျွန်ုပ်၏ ဆွမ်းကို ခံယူတော်မူပါစေ သတည်း”ဟု သစ္စာပြု၍ မုလေး (= မြတ်လေးပန်းရှစ်ဆုပ်တို့ကို ကောင်းကင်သို့ ပစ်လွှင့်လိုက်လေ၏။ ပန်းတို့သည် ကောင်းကင် ခရီးဖြင့် သွားကြ၍ တရားဟောတော်မူနေသော အချိန်မှာပင် မြတ်စွာဘုရားရှင်၏ အထက်၌ ဗိတာန်မျက်နှာကြက်ဖြစ်၍ ရပ်တည်ကြကုန်၏။

မြတ်စွာဘုရားသည် ထိုမုလေးပန်းမျက်နှာကြက်ကို မြင်တော်မူ၍ စိတ်တော်ဖြင့်ပင် သုဘဒ္ဒ၏ ဆွမ်းကို သည်းခံသာယာတော်မူ၍ နောက်တနေ့ အရုဏ်တက်လတ်သော် အရှင်အာနန္ဒာမထေရ် ကို“ချစ်သားအာနန္ဒာ...ငါတို့သည် ယနေ့ အဝေးအရပ်သို့ ဆွမ်းခံ သွားရောက်ကြရကုန်အံ့၊ ပုထုဇန်ရဟန်းတို့အား စာရေးတံမဲ မပေးပဲ အရိယာရဟန်းတို့အားသာလျှင် စာရေးတံမဲကို ပေးလော့” ဟု မိန့်တော်မှု၏။ အရှင်အာနန္ဒာမထေရ်သည် ရဟန်းတို့အား “ငါ့ရှင်တို့... မြတ်စွာဘုရားသည် ယနေ့ အဝေးအရပ်သို့ ဆွမ်းခံကြွတော်မူလိမ့်မည်။ ပုထုဇန်ရဟန်းတို့သည် စာရေးတံမဲကို မနှိုက်ယူကြကုန်လင့်၊ အရိယာရဟန်းတို့သည်သာလျှင် စာရေးတံမဲကို နှိုက်ယူကြကုန်လော့” ဟု ပြောဆိုလေ၏။

ကုဏ္ဍဓာနမထေရ်သည် “ငါ့ရှင်...စာရေးတံမဲကို ယူခဲ့ပါလော့”ဟု ပြောဆို၍ ရှေးဦးသာလျှင် (မဲနှိုက်ရန်) လက်ကို

(နှာ-၃၅၈)

ဆန့်တန်းလေ၏။ အရှင်အာနန္ဒာမထေရ်သည် “မြတ်စွာဘုရားရှင်က ထိုကုဏ္ဍ-ဓာနရဟန်းကဲ့သို့သော ပုထုဇန်ရဟန်းများအား စာရေးတံမဲကို ပေးစေတော်မူသည်မဟုတ်၊ အရိယာရဟန်းများ အားသာလျှင် ပေးစေတော်မူ၏” ဟု ကြံစည်အောက်မေ့ကာ မြတ်စွာဘုရားထံတော်သို့ သွားရောက်၍ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ...ကုဏ္ဍဓာနရဟန်းက စာရေးတံမဲကိုဆောင်စေလို = ယူလိုလျှင် ပေးလိုက်လော့”ဟု မိန့်တော်မူ၏။

ထိုအခါ အရှင်အာနန္ဒာမထေရ်သည် “အကယ်၍ ကုဏ္ဍ-ဓာန ရဟန်းအား စာရေးတံမဲပေးရန် မသင့်လျော်လျှင် မြတ်စွာဘုရားသည် တားမြစ်တော်မူလေရာ၏၊ (ယခုမူ တားမြစ်တော်မမူ)၊ အကြောင်းတခုခု ရှိသည်ဖြစ်လိမ့်မည်”ဟု ကြံစည်ဆင်ခြင်တော်မူကာ “ကုဏ္ဍဓာနရဟန်းအား သူတောင်းသည့်အတိုင်း စာရေး တံမဲကို ငါပေးတော့အံ့” ဟု ကြံစည်ဆုံးဖြတ်၍ စာရေးတံမဲ အပေးသွားရန် ခြေလှမ်းပြင်ဆင်လေ၏။ ကုဏ္ဍ-ဓာနမထေရ်သည် အရှင်အာနန္ဒာ မလာရောက်မီပင် အဘိညာဏ်၏ အခြေပါဒက ဖြစ်သော စတုတ္ထဈာန်ကို ၀င်စား၍ တန်ခိုးဖြင့် ကောင်းကင်၌ ရပ်တည်ကာ “ငါ့ရှင်အာနန္ဒာ...စာရေးတံမဲခွက်ကို ယူခဲ့လော့၊ မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏။ ငါကဲ့သို့သောရဟန်း ရှေးဦးစွာ စာရေးတံမဲ နှိုက်ယူသည်ကို မြတ်စွာဘုရားသည် တားမြစ်တော်မမူ”ဟု ရဲရဲတောက်ပြောဆိုကာ လက်ကို ဆန့်တန်း၍ စာရေးတံမဲကို နှိုက်ယူလေ၏။ (ဤသည်လည်းအကြောင်း အဋ္ဌုပ္ပတ်တခု ဖြစ်သည်)၊

ထို့ပြင် စူဠသုဘဒ္ဒါ(အနာထပိဏ်သူဌေးသမီး)က ပင့်ဖိတ် သောနေ့၌ မြတ်စွာဘုရားရှင် သာကေတမြို့သို့ ကြွတော်မူရာမှာလည်း ရဟန်းငါးရာတို့အလယ်တွင် ဤအရှင်ကုဏ္ဍဓာနမထေရ်သည်ပင် ရှေးဦးစွာ စာရေးတံမဲကို နှိုက်ယူရရှိလေသည်။

(နှာ-၃၅၉)

ထို့ပြင်လည်း မြတ်စွာဘုရားရှင် သုနာပရန္တဇနပုဒ်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူရာမှာလည်း အရှင်ကုဏ္ဍ-ဓာနမထေရ် သည်ပင် ရှေးဦးစွာ စာရေးတံမဲကို နှိုက်ယူရရှိလေသည်။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် အရိယာ သံဃာတို့အလယ်၌ ထိုင်နေတော်မူလျက် ဧတဒဂ်ဘွဲ့ထူး (ရဟန်းတို့အား) ချီးကျူးနှင်းအပ်တော်မူသောအခါဤအရှင်ကုဏ္ဍဓာန မထေရ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပဌမံ သလာကံ ဂဏှန္တာနံ ယဒိဒံ ကုဏ္ဍဓာနော=ရဟန်းတို့ ရှေးဦးစွာ စာရေးတံမဲကို နှိုက်ယူရရှိနိုင်ကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ကုဏ္ဍ-ဓာနရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”ဟု ချီးကျူးမြွက်ဆိုတော်မူကာ “ပဌမံ သလာကဂါဟက= ရှေးဦးစွာ စာရေးတံမဲ နှိုက်ယူရရှိသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်ကုဏ္ဍ-နမထေရ် အကြောင်းတည်း။

_______

(၂၃) အရှင်ဝင်္ဂီသမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤ အရှင်ဂီသမထေရ်အလောင်း အမျိုးကောင်းသားသည်လည်း ပဒုမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်ဝယ် စည်းစိမ်ဥစ္စာပေါများသော မဟာဘောဂ အမျိုး၌ ပဋိသန္ဓေ ယူနေဖြစ်ပွါးခဲ့၍ ရှေးမထေရ် အလောင်း များနည်းတူ ကျောင်းတော်သို့ သွားရောက်ကာ တရားနာစဉ် ပဒုမုတ္တရမြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ဆန်းကြယ်သောဉာဏ်=ပဋိဘာန်ရှိသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်မူသည်ကိုတွေ့မြင်ရ၍ မြတ်စွာ

(နှာ-၃၆၀)

ဘုရားအား အဓိကာရ ကောင်းမှုကုသိုလ်ကို ပြု၍ “အကျွန်ုပ်သည်လည်း နောက်အခါဝယ် ဆန်းကြယ်သောဉာဏ်=ပဋိဘာန် ရှိသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရမြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်း ပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြားတော်မူကာ ကျောင်းတော်သို့ ဖဲကြွတော်မူလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းရာကာလဝယ် သာဝတ္ထိပြည်၌ ပုဏ္ဏားမျိုးဝယ် ဖြစ်ပွါး ၍လာလေသည်၊ ထိုသူငယ်၏ အမည်ကို “ဝင်္ဂီသလုလင်” ဟု မိဖတို့က မှည့်ခေါ်ကြလေသည်။ ဝင်္ဂီသလုလင်သည် အရွယ်သို့ ရောက်လတ်သော် ဗေဒင် သုံးပုံတို့ကို သင်ကြား တတ်မြောက်လျက် ဆရာကို ဝတ်ကြီး ဝတ်ငယ်တို့ဖြင့် နှစ်သိမ့် အားရစေ၍ “ဆဝသီသမန္တန် ဦးခေါင်းခွံကို မန်းမှုတ်၍ ထိုသူ၏ လားရာဂတိကို သိနိုင်သော မန္တန်”ကို သင်ကြားတတ်မြောက်ပြီးလျှင် မန္တန်ကိုစုပ်၍ သူသေ၏ ဦးခေါင်းခွံကို လက်သည်းဖြင့် ခေါက်ကြည့်လျှင် “ဤသေသော သူသည် ဤမည်သောအမျိုး၌ ဖြစ်၏”ဟု သိရှိနိုင်လေသည်။

ပုဏ္ဏားတို့သည် “ဤဝင်္ဂီသ၏ ဆဝသီသမန္တန် အတတ်သည် ငါတို့အဖို့ရာ အသက်မွေးလမ်းကြောင်း ဖြစ်ပေ၏”ဟု သိရှိကြ၍ ဝင်္ဂီသလုလင်ကို ဖုံးကွယ်သောယာဉ် (=လုံခြုံသောရထား) ၌ ထိုင်နေစေ၍ ရွာ, နိဂုံ, မင်းနေပြည်ထိုသို့ လှည့်လည်ကြလျက် မြို့တံခါးဝ (သို့မဟုတ်) ရွာ, နိဂုံးတံခါးတို့၌ စခန်းချ ထားရှိကြပြီးလျှင် လူအများ စုရုံးမိသောအခါ “ဝင်္ဂီသလုလင်ကို မြင်ရသော သူသည် ဥစ္စာကိုလည်း ရ၏၊ အခြံအရံကျော်စောသတင်းကို

(နှာ-၃၆၁)

လည်း ရ၏၊ နတ်ရွာသို့လည်း လားရောက်ရ၏”ဟု ဝါဒဖြန့်စကား ပြောကြားကြကုန်၏။ ထိုပုဏ္ဏားတို့၏ ဝါဒဖြန့်စကားကို ကြားကြရ၍ လူအများတို့သည် တံစိုးလက်ဆောင်ကိုပေး၍ ၀င်္ဂီသကို ကြည့်ရှုလိုကြကုန်၏။

မင်း, မင်း၏အမတ်ကြီးများသည် ထို ဝါဒဖြန့်သူပုဏ္ဏားတို့ထံ သွားရောက်ကြ၍ “ဆရာတို့...ဆရာဝင်္ဂီသ၏ အသိဉာဏ်အထူးကား အဘယ်ပါနည်း”ဟု မေးမြန်းကြကုန်၏။ ပုဏ္ဏားတို့သည် “အသင်တို့ကား အကြောင်းကို မသိကြပေ၊ ဇမ္ဗူဒိပ်တကျွန်းလုံး၌ အကျွန်ုပ်တို့၏ ဆရာဝင်္ဂီသနှင့်တူသူ အခြားပညာရှိ တဦးမျှမရှိ၊ ဆရာဝင်္ဂီသသည် သုံးနှစ်အထက်က ကွယ်လွန်ကြသောသူများ၏ ဦးခေါင်းခွံကို လက်သည်းဖြင့် ခေါက်၍ကြည့်လျှင် “ဤသေသော သူသည် ဤမည်သောအမျိုး, ဤမည်သော ဘဝ၌ ဖြစ်၏” ဟု သိနိုင်ပေ၏” ဟု ပြောဆိုကြကုန်၏။ ဝင်္ဂီသသည်လည်း လူများ အပေါင်း၏ ယုံမှားကိုပယ်ဖျောက်ရန် ထိုထိုကွယ်လွန်ပြီးသော သူများကို ပူးဝင်စေ၍ မိမိ မိမိ၏ လားရောက်ရာဂတိကို မန္တန် အစွမ်းဖြင့် ပြောကြားစေလေသည်။ ထိုကိစ္စကိုအမှီပြု၍ လူအများ၏ လက်မှ အသပြာတရာကို၎င်း, တထောင်ကို၎င်း ရရှိလေသည်။

ဝင်္ဂီသကျွတ်ချိန်ရောက်ခြင်း

ပုဏ္ဏားတို့သည် ဝင်္ဂီသလုလင်ကို သယ်ဆောင်ကြ၍ အလိုရှိသမျှ ရွာ, နိဂုံး, မင်းနေပြည်များသို့ လှည့်လည်ကြပြီးသော် တဖန် သာဝတ္ထိပြည်သို့ ပြန်လည်သယ်ဆောင်လာကြကုန်၏။ ဝင်္ဂီသသည် ဇေတဝန်ကျောင်းတိုက်တော်၏ အနီး၌ ရပ်တည်ကာ “ရဟန်း ဂေါတမသည် ပညာရှိသူ ဖြစ်၏ဟု လူအများ ပြောဆိုကြ၏။ ငါတမူကား အခါခပ်သိမ်း၍ပုဏ္ဏားများ၏ စကားကိုသာ လိုက်နာလျက် ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် လှည့်လည်ကာသာ နေဖို့ရန် မသင့်လျော်ချေ။ ပညာရှိများအထံသို့လည်း သွားရောက်ဆည်း ကပ်မှ သင့်လျော်ချေတော့မည်” ဟု ကြံစည်ဆင်ခြင်မိ၍ ပုဏ္ဏားတို့ကို “သင်တို့ သွားနှင့်ကြ၊ ငါသည် လူအများတို့နှင့်

(နှာ-၃၆၂)

အတူတကွ သွားရောက်ကာ ရဟန်းဂေါတမကို မဖူးမြော်လို = တဦးတည်းသာ သွားရောက်ဖူးမြော်လို၏” ဟု ပြောဆိုလေ၏။ ထိုအခါ ပုဏ္ဏားတို့သည် ဝင်္ဂီသလုလင်ကို “အို ဝင်္ဂီသ...သင်သည် ရဟန်းဂေါတမကို ဖူးမြင်ရခြင်းကို မနှစ်သက်ပါလင့်၊ ရဟန်း ဂေါတမသည် မိမိထံမှောက် အဖူးအမြော် လာရောက်သူကို အာဝဋ္ဋနီမည်သော မာယာ = မျက်လှည့်အတတ်ဖြင့် လှည့်ဖြား တတ်သူဖြစ်၏”ဟု တားမြစ်ပြောဆိုကြလေ၏။ ဝင်္ဂီသလုလင်သည် ထိုပုဏ္ဏားတို့၏စကားကို မနာယူပဲ မြတ်စွာဘုရားရှင်အထံတော်သို့ သွားရောက်ဆည်းကပ်၍ ချိုမြိန်ဖွယ်သော အစေ့အစပ်စား ပြောကြားပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် ဝင်္ဂီသလုလင်ကို “ဝင်္ဂီသ... သင်သည် တစုံတခုသော အတတ်ပညာကို တတ်သိ၏လော” ဟု စကားစ၍ မေးတော်မူလေ၏။ ၀သလုလင်သည် “အိုအရှင်ဂေါတမ...အိမ်း...အကျွန်ုပ်သည် ဆဝသီသမန္တန်မည်သော တခုသော မန္တန်အတတ်ကို တတ်သိပါ၏” ဟု ဖြေဆိုလျှောက်ထားလေ၏။ တဖန်ဆက်၍ မြတ်စွာဘုရားက “ဝင်္ဂီသ...သင် တတ်သိသည့် ထိုဆဝသီသမန္တန်သည် အဘယ်သို့ ပြုနိုင်သနည်း = ဆဝသီသမန္တန်သည် ဘယ်လို အစွမ်းသတ္တိရှိသနည်း” ဟု မေးတော်မူလေလျှင် ဝင်္ဂီသလုလင်သည် “အို အရှင်ဂေါတမ...ထို မန္တန်ကို စုပ်၍ သုံးနှစ်အထက်က သေသောသူတို့၏ ဦးခေါင်း ကိုသော်လည်း လက်သည်းဖြင့်ခေါက်၍ လားရောက်ဖြစ်ပွါးရာ ဘုံဌာနကို အကျွန်ုပ် သိမြင်ပါ၏” ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားရှင်သည် ဝင်္ဂီသလုလင်အား (၁) ငရဲပြည်၌ ဖြစ်သော သူ၏ ဦးခေါင်းခွံတခု၊ (၂) လူ့ပြည်၌ ဖြစ်သောသူ၏ ဦးခေါင်းခွံတခု၊ (၃) နတ်ပြည်၌ ဖြစ်သောသူ၏ ဦးခေါင်းခွံ တခု၊ (၄) ပရိနိဗ္ဗာန် စံလွန်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်၏ ဦးခေါင်းခွံတခု၊ ဤသို့အားဖြင့် ဦးခေါင်းခွံလေးခုတို့ကို အစဉ်အတိုင်း တန်ခိုးတော်ဖြင့် ယူဆောင်ပြတော်မူလေ၏။ ဝင်္ဂီသသည် ပဌမဦးခေါင်းခွံကို ခေါက်၍ “အိုအရှင်ဂေါတမ...ဤဦးခေါင်းခွံ

(နှာ-၃၆၃)

အရှင်သတ္တဝါသည် ငရဲသို့ လာရောက်ရပါပြီ”ဟု ဖြေဆိုလေ၏။ မြတ်စွာဘုရားရှင်သည် “သာဓု သာဓု ဝင်္ဂီသ...သင်သည် ကောင်းမွန်မှန်ကန်စွာ မြင်အပ်ပါပေ၏”ဟု ချီးမွမ်းစကား မိန့်ကြားတော်မူပြီးလျှင် ဒုတိယဦးခေါင်းခွံကိုပြ၍ “ဤသတ္တဝါကား အဘယ်ဂတိ လားရောက်သနည်း”ဟု မေးတော်မူ၏။ ဝင်္ဂီသသည် “အို အရှင်ဂေါတမ...ဤသတ္တဝါကား လူ့ပြည်လောကသို့ လားရောက်ရပါပြီ”ဟု ဖြေကြားလေ၏။ တဖန် တတိယအရိုးကို ပြ၍ “ဤသတ္တဝါကား အဘယ်ဂတိသို့ လားရောက်သနည်း”ဟု မေးတော်မူသောအခါ “အို အရှင်ဂေါတမ...ဤသတ္တဝါကား နတ်ပြည်လောကသို့ လားရောက်ရပါပြီ” ဟု ဖြေဆိုလေသည်။ ဤသို့လျှင် သုံးဦးသောသတ္တဝါတို့၏ လားရောက်ရာဂတိကို ဝင်္ဂီသသည် မှန်ကန်စွာ ဖြေဆိုနိုင်လေသည်။

မြတ်စွာဘုရားရှင်က စတုတ္ထအကြိမ်မြောက် ရဟန္တာပုဂ္ဂိုလ်၏ ဦးခေါင်းခွံကိုပြ၍ မေးလတ်သော်ကား ဝင်္ဂီသသည် ထိုဦးခေါင်း ခွံကို မန္တန်စုပ်ကာ လက်သည်းဖြင့် အကြိမ်ကြိမ် ခေါက်၍ ခေါက်၍ စဉ်းစားပါသော်လည်း အဆုံး, အစ ဘာကိုမျှ မသိမြင် တော့ချေ။ ထိုအခါ ဝင်္ဂီသကို မြတ်စွာဘုရားရှင်က “ဝင်္ဂီသ... သင်သည် မြင်ခြင်းငှါ မစွမ်းနိုင်တော့ဘူးလော”ဟု မေးတော် မူလေလျှင် ဝင်္ဂီသသည် “အိုအရှင်ဂေါတမ...ကြည့်ကြကုန်လော့၊ စူးစမ်းဆင်ခြင်ပါဦးမည်”ဟု ဆို၍ အဖန်ဖန် မန္တန်စုပ်၍ အဖန်ဖန် ဦးခေါင်းခွံကို ခေါက်လေတော့၏။ သာသနာပြင်ပ ဗာဟိရက မန္တန်ဖြင့် ရဟန္တာအရှင်မြတ်၏ လားရာဂတိကို အဘယ်မှာ သိနိုင်အံ့နည်း= မသိနိုင်သည်သာတည်း။ ထိုအခါ ဝင်္ဂီသ၏ ဦးထိပ်မှ ချွေးများ တဒီးဒီး ယိုထွက်၍လာလေ၏။ ဝင်္ဂီသသည် ရှက်နိုးလှသဖြင့် စကားမပြော တုဏှီဘော (ဆိတ်ဆိတ်သာ) ရပ်တည်နေလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ဝင်္ဂီသကို “ပင်ပန်းသလော ချစ်သားဝင်္ဂီသ...”ဟု မေးတော်မူလေ၏။ ဝင်္ဂီသက“ဟုတ်ပါသည် အရှင်ဂေါတမ...=ပင်ပန်းလှပါပြီ၊ ဤသတ္တဝါ၏ လားရာဌာနကို

(နှာ-၃၆၄)

မသိနိုင်ပါ၊ အကယ်၍ အရှင်ဘုရားကို သိတော်မူကြပါလျှင် အကျွန်ုပ်အား ဖြေကြားတော်မူပါလော့”ဟု လက်လျော့, တောင်း ပန်စကား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သား ဝင်္ဂီသ...ငါဘုရားသည် ဤသတ္တဝါကိုလည်း သိ၏။ ထိုထက်အလွန်လည်း သိ၏”ဟု မိန့်တော်မူပြီးလျှင် ဓမ္မပဒကျမ်း၌ လာသည့် ဤဆိုလတ္တံ့သော နှစ်ဂါထာတို့ကို ဟောတော်မူလေ၏__

စုတိံ ယော ဝေဒိ သတ္တာနံ၊ ဥပပတ္တိဉ္စ သဗ္ဗသော။
အသတ္တံ သုဂတံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဝင်္ဂီသ = ချစ်သားဝင်္ဂီသ...။ ယော = ရဟန္တာသခင် အကြင်ပုဂ္ဂိုလ်သည်။ သဗ္ဗသော = ခပ်သိမ်းဥဿုံ ခြင်းရာ စုံအောင်။ သတ္တာနံ= သတ္တဝါတို့၏။ စုတိဉ္စ = စုတိပြတ်ကြွေ သေလွန်ခြင်းကို၎င်း။ ဥပပတ္တိဉ္စ = ဘဝပဋိသန္ဓေ ကပ်ရောက်၍ နေခြင်းကို၎င်း။ ဝေဒိ = လင်းလင်းထင်ထင် သိမြင်လေပြီ။ အသတ္တံ=အာရုံငါးရပ် မငြိကပ်သော။ သုဂတံ= သမ္မာပဋိပတ် အကျင့်မြတ်ဖြင့် မတ်မတ်ဖြောင့်တန်း နိဗ္ဗာန်နန်းသို့ ကြွမြန်းဆိုက်ရောက်လေပြီးသော။ ဗုဒ္ဓံ= သစ္စာလေးအင် လင်းလင်းသိမြင်သော။ တံ=ထို ရဟန္တာပုဂ္ဂိုလ်သူမြတ်ကို။ အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ဗြာဟ္မဏံ =ဗာဟိတပါပ အနွတ္ထကြောင့် ဗြဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ဟူ၍။ ဗြူမိ= လူနတ်တို့အား သိထင်ရှားအောင် ဟောကြားမိန့်ဆိုပေ၏။

ယဿ ဂတိံ န ဇာနန္တိ၊ ဒေဝါ ဂန္ဓဗ္ဗ, မာနုသာ။
ခီဏာသဝံ အရဟန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဝင်္ဂီသ=အချစ်သားဝင်္ဂီသ...။ ယဿ= အကြင်ရဟန္တာ ပုဂ္ဂိုလ်၏။ ဂတိံ = လားရာဂတိကို။ ဒေဝါ= ထက်ခွင် မိုးရပ် ပြည်ကြီးနတ်တို့သည်၎င်း။ ဂန္ဓဗ္ဗ, မာနုသာ = ကခြေသည်ခေါ်မှတ် ဂန္ဓဗ္ဗနတ်များ လူသားတို့သည်၎င်း။ န ဇာနန္တိ=လင်းလင်းထင်ထင် မသိမြင်ကြကုန်။ ခီဏာ

(နှာ-၃၆၅)

သဝံ = လေးဖြာအာသဝေါ ကွာလျှော ကုန်ခန်းလေပြီးသော။ အရဟန္တံ = တထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာပြီးသော။ တံ = ထိုရဟန္တာပုဂ္ဂိုလ်ကို။ အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ဗြာဟ္မဏံ = ဗာဟိတပါပ အနွတ္ထကြောင့် ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ဟူ၍။ ဗြူမိ = လူနတ်တို့အား သိထင်ရှားအောင် ဟောကြား မိန့်ဆိုပေ၏။

(ဤနှစ်ဂါထာတို့ကို ဓမ္မပဒ၌ မြတ်စွာဘုရား ရဟန်းတို့အား ဟောကြားတော်မူခြင်းမှာ အရှင်ဝင်္ဂီသ ရဟန္တာဖြစ်ကြောင်း သိစေတော်မူ လို၍ ဟောတော်မူခြင်းဖြစ်သည်။ ဤယခု ဝင်္ဂီသလုလင်အား ဟောကြားတော်မူခြင်းမှာ “ထိုစတုတ္ထအကြိမ်မြောက် ထုတ်ပြအပ်သော ဦးခေါင်းခွံ၏ အရှင်မှာ ရဟန္တာပုဂ္ဂိုလ်ဖြစ်၍ ဂတိငါးပါး၌ ရှာ၍ မတွေ့နိုင်ကြောင်း၊ ပရိနိဗ္ဗာန်စံလွန်ပြီဖြစ်ကြောင်း”ကို သိစေတော်မူလို၍ ဟောတော်မူခြင်းဖြစ်သည်။) ထိုအခါ ဝင်္ဂီသ လုလင်သည် မြတ်စွာဘုရားရှင်ကို “အို အရှင်ဂေါတမ...မန္တန်ဖြင့် မန္တန်ကို (= မန္တန် မန္တန်ချင်း) လဲလှယ်ပေးသောသူ၏ အဖို့ရာ အရှုံးမရှိပါ၊ သို့ရကား အကျွန်ုပ်သည် မိမိတတ်သိသော “ဆဝသီသ” မန္တန်ကို အရှင်ဘုရားတို့အား ပေးပါမည်၊ အရှင်ဘုရားတို့သည် ဤယခုမိန့်ကြားသည့် “ဗုဒ္ဓ” မန္တန်ကို အကျွန်ုပ်အား ပေးကြပါကုန်လော့”ဟု လျှောက် ဆိုလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ဝင်္ဂီသ...ငါဘုရားတို့သည် မန္တန်ဖြင့် မန္တန်ကို (=မန္တန်မန္တန်ချင်း) မလဲလှယ်, မပေးကြကုန်၊ ဤအတိုင်းပင်လျှင် လိုချင်သူတို့အား မေတ္တာရှေ့ထား၍ ပေးကြကုန်၏”ဟု မိန့်တော်မူလေ၏။ ဝင်္ဂီသလုလင်သည် “ကောင်းပါပြီ အရှင်ဂေါတမ...အကျွန်ုပ်အား မန္တန်ကို ပေးကြပါကုန်လော့” ဟု ပြောဆိုကာ ရိုသေမှုကို အထင်အရှား ပြ၍ (= အရိုအသေပေး၍) လက်နှစ်ဘက်ကို လိပ်ငယ်သဏ္ဌာန် တောင်းခံသည့်ပုံဟန်ပြုလျက် ထိုင်နေလေ၏။

မြတ်စွာဘုရားရှင်သည် ဝင်္ဂီသလုလင်ကို “ဝင်္ဂီသ...သင်တို့ ပုဏ္ဏားများ၏ အယူဝါဒ၌ အဖိုးတန်သော မန္တန်ကို ဖြစ်စေ,

(နှာ-၃၆၆)

အခြားတစုံတရာကိုဖြစ်စေ တောင်းခံရယူသောသူတို့၏ အဖို့ရာ ထက်ဝန်းကျင်မှ ဝတ်ကို ကျင့်ခြင်းမည်သည် မရှိဘူးလား” ဟု မေးတော်မူ၏။ ဝင်္ဂီသလုလင်က “ရှိပါသည် အိုအရှင်ဂေါတမ..." ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ဝင်္ဂီသ...ဘုရားတို့၏ မန္တန်အား ထက်ဝန်းကျင်မှ ဝတ်ကိုကျင့်ခြင်း = ပရိဝါသ်နေခြင်း မရှိဘူးဟု သင်မှတ်ထင်သလော”ဟု မေးတော် မူလေ၏။ ပုဏ္ဏားတို့ မည်သည် မန္တန်တို့ဖြင့် မရောင့်ရဲကြမြ ဓမ္မတာဖြစ်ကုန်၏။ သို့ရကား ဝင်္ဂီသလုလင်သည် မြတ်စွာဘုရားရှင်ကို “အိုအရှင်ဂေါတမ... အရှင်ဘုရားတို့ မိန့်ကြားအပ်သော နည်းလမ်း စည်းကမ်းအတိုင်း အကျွန်ုပ် လိုက်နာကျင့်သုံးပါမည်” ဟု အလုံးစုံ လွှဲပုံသောစကားကို ပြောကြားလေ၏။ မြတ်စွာဘုရားသည် ဝင်္ဂီသလုလင်ကို “ဝင်္ဂီသ...ငါတို့သည် ဤ ဗုဒ္ဓမန္တန်ကို ပေးကြသည်ရှိသော်(=ပေးကြတော့မည်ဆိုလျှင်)ငါတို့နှင့်အသွင် တူသောသူအားသာ ပေးကြကုန်၏” ဟု မိန့်တော်မူလေ၏။

ဝင်္ဂီသလုလင်သည်“ငါကား အရှင်ဂေါတမစေခိုင်းသမျှ ဥဿုံ အလုံးစုံကို ပြုလုပ်ပြီးလျှင် မန္တန်ကို သင်ယူပြီး သွားမှ သင့်တော် မည်”ဟု ကြံစည်မိကာ မိမိ၏ အဖော်ပုဏ္ဏားတို့ကို“သင်တို့သည် ရဟန်းပြုလတ်သော် (= ငါရဟန်းပြုသော်ကောဟု) ထွေရာ လေးပါး စိတ်အကြံမများကြလင့်၊ ငါသည် ဤ ဗုဒ္ဓမန္တန်ကို သင်ကြားတတ်မြောက်ပြီးလျှင် ဇမ္ဗူဒိပ်တကျွန်းလုံး၌ အကြီးဆုံး ဆရာကြီး ဖြစ်ရလိမ့်မည်။ ဤသို့ ဖြစ်လတ်သော် သင်တို့အဖို့ရာလည်း ကောင်းမြတ်သည်သာ ဖြစ်လိမ့်မည်”ဟု နှစ်သိမ့်အားပေး စကား မှာကြားပြောဆိုခဲ့ပြီးလျှင် ဗုဒ္ဓမန္တန်ကို သင်ယူရန် အလို့ငှါ မြတ်စွာဘုရားရှင် အထံတော်၌ ရှင်, ရဟန်းပြုလေ၏။

(ဤ၌။ ဝင်္ဂီသလုလင်ကို ရှင်, ရဟန်းပြုပေးသောဆရာမှာ အရှင်နိဂြောဓကပ္ပ-ရဟန္တာမထေရ် ဖြစ်လေသည်။ ထင်ရှားစေဦးအံ့__ ထိုသို့ ဝင်္ဂီသလုလင် ရှင်, ရဟန်းပြုခါနီးအချိန်ဝယ် မြတ်စွာဘုရား၏ အနီး၌ နိဂြောဓကပ္ပ-ရဟန္တာမထေရ်မြတ် ရှိနေလေသည်။ ထိုမထေရ်ကို မြတ်စွာဘုရားက “ချစ်သား နိဂြောဓကပ္ပ...ထိုသို့ ဝင်္ဂီသလုလင်သည် ရှင်, ရဟန်းအဖြစ်ကိုရယူလိုရကား သင်ချစ်သားသည် ဤဝင်္ဂီသလုလင်ကို

(နှာ-၃၆၇)

ရှင်, ရဟန်းပြုပေးလိုက်လော့” ဟု မိန့်တော်မူလေသည်။ မထေရ်သည် ဘုရားရှင် အမိန့်အတိုင်း တစပဉ္စက ကမ္မဋ္ဌာန်းကို ပြောကြား၍ ဝင်္ဂီသလုလင်ကို ရှင်, ရဟန်းပြုပေးလေသည်။ ။ သုတ္တနိပါတ အဋ္ဌကထာ ဒု၊ မျက်နှာ ၇၉-မှ) မြတ်စွာဘုရားရှင်သည် “ချစ်သားဝင်္ဂီသ... မန္တပရိဝါသ်ကို ကျင့်သုံးဦးလော့”ဟု မိန့်တော်မူ၍ အရှင်ဝဝင်္ဂီသအား ဒွတ္တိံသာကာရ=ကာယဂတာသတိကမ္မဋ္ဌာန်းကို ဟောကြားပို့ချပေးတော် မူလေသည်။ အရှင်ဝင်္ဂီသသည် ဉာဏ်ပညာထက်မြက်သူ ဖြစ်ရကား ဒွတ္တိံသာကာရ = ကာယဂတာသတိကမ္မဋ္ဌာန်းကို ရွတ်ဆို သရဇ္ဈာယ်ရင်းပင် ထို ၃၂ - ကောဋ္ဌာသ = ဒွတ္တိံသာကာရ၌ ကုန်ခြင်း, ပျက်ခြင်းကို လင်းလင်းထင်ထင် သိမြင်လာကာ ဝိပဿနာတရား ပွါးများအားထုတ်သောကြောင့် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်တော်မူလေ၏။

ဝင်္ဂီသမထေရ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေလျှင် ပုဏ္ဏားတို့သည် “ဝင်္ဂီသ၏ ဖြစ်ပုံကား အသို့နည်း = ဝင်္ဂီသသည် အဘယ်သို့ ဖြစ်နေလေသနည်း၊ ထိုဝင်္ဂီသကို ငါတို့ ကြည့်ရှုကုန် ဦးအံ့”ဟု တိုင်ပင်ကြ၍ အရှင်ဝင်္ဂီသထံသို့ သွားရောက်ကြပြီးလျှင် “အိုဝင်္ဂီသ ... အသို့နည်း = ဘယ့်နှယ်လဲ ရဟန်းဂေါတမ၏ အထံ၌ မန္တန်အတတ်ကို သင်ယူအပ် ပြီးပြီလော”ဟု မေးကြ လေကုန်၏။ အရှင်ဝင်္ဂီသမထေရ်က “အိမ်း... သင်ယူအပ်ပြီး” ဟု မိန့်ဆိုလတ်သော် ပုဏ္ဏားတို့သည် “ထိုသို့ သင်ယူအပ်ပြီး ဖြစ်လျှင် လာ, သွားကြကုန်” ဟု ခေါ်ငင်ကြကုန်၏။ အရှင်ဝင်္ဂီသ မထေရ်က “သင်တို့ သွားကြလော့၊ ငါ့အဖို့ရာ သင်တို့နှင့် အတူတကွ သွားဖွယ်ကိစ္စသည် ပြီးဆုံးလေပြီ” ဟု အပြတ်စကား မိန့်ကြားလေလျှင် ပုဏ္ဏားတို့သည် “ရှေးဦးကပင်လျှင် ငါတို့သည် သင့်အား “ရဟန်းဂေါတမသည် မိမိထံမှောက် အဖူးအမြော်လာရောက်သူတို့ကို အာဝဋ္ဋနီမည်သော မာယာ = မျက်လှည့်အတတ်ဖြင့် လှည့်ဖြာတတ်သူ ဖြစ်၏”ဟု ပြောအပ်ခဲ့လေပြီ၊ မှန်၏သင်သည် ယခုအခါ ရဟန်းဂေါတမ၏ အလိုအကြိုက်သို့ လိုက်ပါ

(နှာ-၃၆၈)

ခဲ့ရလေပြီ၊ ငါတို့သည် သင်၏ အထံ၌ အဘယ်အမှုကို ပြုရကုန်အံ့နည်း = ပြုရန်ကိစ္စ လုံးဝမရှိတော့ပြီ”ဟု ရန်တွေစကားပြောကြား ကြကာ လာရင်းလမ်းအတိုင်းဖြင့်ပင် ပြန်လည် ဖဲသွားကြလေကုန်၏။

(ဤမထေရ်အား သာသနာဝယ် အလွန်ထင်ရှားသော ပါဠိဂါထာ စာဆိုတော် ရဟန္တာမထေရ်မြတ် ဖြစ်ပေ၏။ ထိုအကြောင်းကို သဂါထာဝဂ္ဂ ဝင်္ဂီသသံယုတ် သုတ္တန်များကို ကြည့်၍ သိရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

ဤ အရှင်ဝင်္ဂီသမထေရ်သည် မြတ်စွာဘုရားရှင် ထံသို့ ဆည်းကပ် သွားရောက်သည်ရှိသော် မြတ်စွာဘုရားရှင်ကို မြင်ရာ အရပ်မှ အစပြု၍ လစန်းနှင့် ဥပမာနှိုင်း၍၎င်း, နေမင်းနှင့် ဥပမာ နှိုင်း၍၎င်း, ကောင်းကင်နှင့် ဥပမာနှိုင်း၍၎င်း, မဟာသမုဒြာနှင့် ဥပမာနှိုင်း၍၎င်း, ဆင်ပြောင်ကြီးနှင့် ဥပမာနှိုင်း၍၎င်း, ကေသရ ခြင်္သေ့မင်းနှင့် ဥပမာနှိုင်း၍၎င်း ဂါထာပိုဒ်ပေါင်း အရာအထောင်တို့ဖြင့် မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးဖွဲ့ဆို လျက်သာလျှင် သွားရောက် ဆည်းကပ်လေသည်။ ထိုကြောင့် မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် အရိယာသံဃာတော်တို့ အလယ်၌ အရှင်ဝင်္ဂီသမထေရ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပဋိဘာနဝန္တာနံ ယဒိဒံ ဝင်္ဂီသော = ရဟန်းတို့...ဆန်းကြယ်သော ဉာဏ် ပဋိဘာန်ရှိကြသည့် ဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ဝင်္ဂီသရဟန်းသည် အသာဆုံး အမြတ်ဆုံးဖြစ်ပေ၏”__

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “ပဋိဘာနဝန္တ= ဆန်းကြယ် = သောဉာဏ် ပဋိဘာန်ရှိသောအရာ”ဝယ် အသာဆုံးအမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်ဝင်္ဂီသမထေရ် အကြောင်းတည်း။

(နှာ-၃၆၉)

(၂၄) အရှင်ဥပသေန-ဝင်္ဂန္တပုတ္တမထေရ်အကြောင်း

(ဤမထေရ်၏ အမည်ရင်းကား ဥပသေနဟူ၍ ဖြစ်သည်။ (အရှင်သာရိပုတ္တရာ၏ ညီတော်ဖြစ်သည်)၊ ခမည်းတော် ဝင်္ဂန္တပုဏ္ဏားကြီး၏ သားဖြစ်သောကြောင့် အမည်ရင်း၏ နောက်မှဆက်၍ ဥပသေနဝင်္ဂန္တပုတ္တမထေရ်ဟု ခေါ်ဆိုအပ်လေသည်၊ ဝင်္ဂန္တပုဏ္ဏား၏သား ဥပသေနမထေရ်ဟု ဆိုလို၏)။

(က) မထေရ်၏ ရှေးဆုတောင်း

ဤမထေရ်အလောင်း သူတော်ကောင်းသည်လည်း ပမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေ ပြည်ဝယ် အမျိုးကောင်းအိမ်၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ရှေးမထေရ်အလောင်းများနည်းတူ ဘုရားရှင်ထံတော်သို့ သွားရောက်ကာ တရားနာစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ထက်ဝန်းကျင်=ပရိသတ်နှင့်တကွ ကြည် ညိုဖွယ်ရှိသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး”၌ထားတော်မူသည်ကို တွေ့မြင်ရ၍ မြတ်စွာဘုရားအား အဓိကာရကောင်းမှုကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြားတော်မူကာ ကျောင်းတော်သို့ ကြွတော်မူလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကိုပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဤ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းရာကာလဝယ် မဂဓတိုင်း အဝင်အပါ နာလကပုဏ္ဏားရွာ၌ ရူပသာရီပုဏ္ဏေး သူဌေး ကတော်၏ သားဖြစ်၍ အမည်အားဖြင့် ဥပသေနသူငယ်ဟု အမည်တွင်လေသည်။ ဥပသေနသူငယ်သည် အရွယ်သို့ ရောက်လတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြားတတ်မြောက်ပြီးနောက်

(နှာ-၃၇၀)

မြတ်စွာဘုရားရှင်အထံတော်၌ တရားနာရ၍ သဒ္ဓါတရား ကြီးမားစွာ ဖြစ်ရှိကာ သာသနာဝန်ထမ်း ရှင်, ရဟန်းပြုလေသည်။

အရှင်ဥပသေနသည် မိမိကိုယ်တိုင်က ရဟန်း တစ်ဝါရရှိလျှင် “အရိယသံဃာတိုက်ခန်းကြီးကို ငါတိုးချဲပေအံ့” ဟူသော ရည်ရွယ်ချက်ဖြင့် အမျိုးကောင်းသားတယောက်ကို မိမိ၏အထံ၌ ရှင်ပြုပေးပြီးနောက် ရဟန်းခံ၍ ပေးလေသည်။ အရှင်ဥပသေနသည် ထိုနှစ် ဝါကျွတ်၍ ပဝါရဏာပြုပြီးသော် ဥပဇ္ဈာယ်ယူ အတူနေ သဒ္ဓိဝိဟာရိကတပည့် ထိုရဟန်းငယ် တစ်ဝါရရှိသောအခါ၌ မိမိကိုယ်တိုင်က နှစ်ဝါရရှိသူဖြစ်ကာ “မြတ်စွာဘုရားရှင်သည် ငါ့ကိုမြင်လျှင် နှစ်သက်တော်မူလိမ့်မည်”ဟု အထင်ရောက်လျက် သဒ္ဓိဝိဟာရိကတပည့်ရဟန်းငယ်ကို ခေါ်ဆောင်ပြီးလျှင် မြတ်စွာဘုရားရှင်ထံတော်မှောက်သို့ အဖူးအမြော် ရောက်ရှိလာလေ၏။

မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်ကိုရှိခိုး၍ အပြစ်လွတ်ရာ အရပ်၌ ထိုင်နေသော အရှင်ဥပသေနကို “ရဟန်း...သင်သည် ဘယ်နှစ်ဝါ ရှိပြီနည်း” ဟု မေးတော်မူလေ၏။ အရှင်ဥပသေနက “မြတ်စွာဘုရား...တပည့်တော်သည် ၂-ဝါရရှိပါပြီဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် တဖန်ဆက်၍ “ရဟန်း...ဤ သင်နှင့်အတူပါသော ရဟန်းသည်ကား ဘယ် နှစ်ဝါ ရှိပြီနည်း”ဟု မေးတော်မူပြန်၏။ အရှင်ဥပသေန-က “၁-ဝါ ရရှိပါပြီ မြတ်စွာဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် တဖန်ဆက်၍ “ရဟန်း...ဤ ၁-ဝါ ရရှိပြီးသော ရဟန်းသည် သင်နှင့် အဘယ်သို့တော်စပ်သနည်း”ဟု မေးတော် မူပြန်လေ၏။ အရှင်ဥပသေန-က “တပည့်တော်၏ သဒ္ဓိဝိဟာရိက တပည့် ဖြစ်ပါသည် မြတ်စွာဘုရား”ဟု လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် အရှင်ဥပသေနကို “မဂ်ဖိုလ်မရ ကိစ္စမပြီး အချည်းနှီးသောယောက်ျား...သင်သည် အလွန်လျင်မြန်စွာ ပစ္စည်းလေးပါး ပေါများရန်အလို့ငှာ လည်ဘိ၏”ဟု အပြစ်တင်စကား မိန့်ကြားတော်မူ၍ အကြောင်းပေါင်းများစွာတို့ဖြင့်

(နှာ-၃၇၁)

ကဲ့ရဲ့တော်မူပြီးလျှင် ဤအရှင်ဥပသေန၏ မိမိက ဆယ်ဝါမပြည့်သေးပဲ ဥပဇ္ဈာယ်ဆရာပြုလုပ်ကာ သဒ္ဓိဝိဟာရိကတပည့်ကို ရဟန်း ခံပေးမှုတည်းဟူသော အကြောင်းအရာ နိဒါန်းဝတ္ထု၌__

“ရဟန်းတို့...ဆယ်ဝါမပြည့်သေးသော ရဟန်းသည် (ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ပဉ္စင်းလောင်းကို) ရဟန်းခံ၍ မပေးအပ်, မပေးကောင်း၊ ရဟန်းခံ၍ ပေးခဲ့လျှင် ထို ရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေ။

ရဟန်းတို့...ဆယ်ဝါပြည့်ပြီးသော ရဟန်းသည်၎င်း, ဆယ်ဝါ ထက်ကျော်လွန်သောရဟန်းသည်၎င်း(ဥပဇ္ဈာယ် ဆရာပြုလုပ်၍ ပဉ္စင်းလောင်းကို) ရဟန်းခံပေးရန် ငါဘုရားခွင့်ပြု၏”__

ဟု ဤ သိက္ခာပုဒ် ၂-ရပ်ကို ပညတ်တော်မူလေ၏။ (ပိဋကတ် မြန်မာပြန် ဝိနည်း မဟာဝဂ်ပါဠိ စာမျက်နှာ ၇၇-မှ စ၍ ဤဝတ္ထု အကျယ်ကို ကြည့်ရှုမှတ်သားရာ၏)။ အရှင်ဥပသေနသည် မြတ်စွာဘုရားရှင်၏ အထံတော်မှ (စောစောက ရည်မှန်းသည့်အတိုင်း အချီးမွမ်းကို မခံရပဲ) အကဲ့ရဲ့တို့သာ ခံရပြီးနောက် မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးလျှင် “ငါသည် ဤယခု (ကဲ့ရဲ့တော်မူလိုက်သည့်) လပြည့်ဝန်းအတူ ကျက်သရေရှိလှသော ခံတွင်းတော်ဖြင့်ပင် တနေ့၌ မြတ်စွာဘုရားရှင်ကို ပရိသတ်ကို အကြောင်းပြု၍ပင် ကောင်းကြီးပေးတော်မူစေမည်”ဟု ကြံစည် အောက်မေ့ကာ ထိုနေ့၌ပင် တနေရာသို့ သွား၍ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်လေလျှင် ရက်များ မကြာမီမှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏။

တပည့်ပရိသတ်ကို မွေးမြူဆုံးမတော်မူခြင်း

ထိုမှ နောက်အခါ အရှင်ဥပသေနမထေရ်မြတ်သည် အမျိုးကြီးမှ တောထွက်၍ ရဟန်းပြုသူ ဖြစ်သည့်ပြင် မြေအပြင်ဝယ် အလွန်ထင်ရှားသော တရားဟောကောင်းသည့် = ဓမ္မကထိက

(နှာ-၃၇၂)

ပုဂ္ဂိုလ်လည်း ဖြစ်တော်မူ၏။ သို့ရကား မထေရ်မြတ်၏ တရားစကား၌ ကြည်ညိုကြ၍၎င်း ဆွေးမျိုး, မိတ်သင်္ဂဟတို့ အိမ်များမှ ထွက်ကြ၍၎င်း များစွာသော အမျိုးကောင်းသား သူငယ်တို့သည် အရှင်ဥပသေန ရဟန္တာမထေရ်၏ အထံ၌ ရှင်ပြုကြကုန်၏။ ထိုသို့ ရှင်ပြုရာ၌ အရှင်ဥပသေနမထေရ်သည် “သူငယ်တို့...ငါသည် တောကျောင်းနေပုဂ္ဂိုလ် = အာရညကင် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်သည်။ သင်တို့သည်လည်း ငါကဲ့သဲ့ပင် တောကျောင်းနေ ပုဂ္ဂိုလ် = အာရညကင်ဓုတင်ဆောင်ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါလျှင် ရှင်သာမဏေ ပြုကြကုန်လော့”ဟု မိန့်ဆိုကာ ဓုတင်တဆယ့် သုံးပါးတို့ကို ပြောပြတော်မူလေသည်။ ထိုသို့ ပြောပြ၍ “တပည့်တော်တို့ စွမ်းနိုင်ကြပါသည်”ဟု ပြောဆိုသော သူငယ်တို့ကိုမှ ရှင်သာမဏေပြု၍ ပေးတော်မူလေ၏။ ထိုသာမဏေငယ်တို့သည် မိမိတို့ စွမ်းအားရှိကြသည့် အလျောက် ထိုထို ဓုတင်အကျင့် ပဋိပတ်တို့ကို ဆောက်တည် ကျင့်သုံးကြလေကုန်၏။ အရှင်ဥပသေနမထေရ်မြတ်သည် မိမိကိုယ်တိုင်က ရဟန်းသိက္ခာ ဆယ်ဝါ ရရှိသောအခါ၌ ဝိနည်းပိဋကတ်ကို နိုင်နင်းစွာ လေ့လာပြီးလျှင် ထိုသာမဏေအားလုံးတို့ကို ဥပဇ္ဈာယ်ဆရာပြုလုပ်ကာ ပဉ္စင်းခံ၍ ပေးလေ၏။ ဤသို့လျှင် အရှင်ဥပသေနမထေရ်၏ အထံ၌ ရဟန်း ပဉ္စင်းအဖြစ်သို့ ရောက်ရှိကြသော ရဟန်းအခြံအရံတို့မှာ (၅၀၀) ငါးရာမျှ အတိုင်းအရှည် ရှိကုန်၏။

ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ နေတော်မူစဉ် “ရဟန်းတို့...ငါဘုရားသည် လ-ဝက်(=၁၅ ရက်)ပတ်လုံး တပါးတည်း ကိန်းအောင်းနေထိုင် ရန် အလိုရှိ၏”ဟု ရဟန်းသံဃာအား မိန့်ကြား၍ တပါးတည်း နေတော်မူဆဲ ဖြစ်၏။ ရဟန်းသံဃာသည်လည်း “အကြင်ရဟန်းသည် မြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်၏။ ထိုရဟန်းကို ပါစိတ်အာပတ်ကို ဒေသနာကြားစေအပ်၏”ဟု ကတိကဝတ်ကို ပြု၍ ထားလေသည်။ "

(နှာ-၃၇၃)

ထိုအခါ အရှင်ဥပသေနမထေရ်သည် “မြတ်စွာဘုရားရှင်ကို ဖူးမြော်အံ့”ဟု ကြံစည်၍ မိမိပရိသတ်နှင့် အတူတကွ ဇေတဝန်ကျောင်းတိုက်သို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရားကို ဆည်းကပ်ဝပ်လျှိုး ရှိခိုးပြီးနောက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။ မြတ်စွာဘုရားသည် စကားဖြစ်စိမ့်သောငှါ မထေရ်၏သဒ္ဓိဝိဟာရိက ရဟန်းငယ်တပါးကို “ချစ်သား...သင်သည် ပံသုကူသင်္ကန်းတို့ကို နှစ်သက်အပ်ပါကုန်၏လော” ဟု မေးတော်မူလေ၏။ ထိုအခါ ရဟန်းငယ်သည် “မြတ်စွာဘုရား ... တပည့်တော်သည် ပံသုကူသင်္ကန်းတို့ကို မနှစ်သက်အပ်ပါကုန်”ဟု စကားပလ္လင်ခံ၍ မိမိ၏ဥပဇ္ဈာယ်ဆရာ၌ ရိုသေခြင်းကြောင့် ပံသုကူဓုတင်ဆောင်ကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားလေ၏။ ဤ အကြောင်းဝတ္ထု၌ မြတ်စွာဘုရားသည် “သာဓု သာဓု ဥပသေန...” စသည်ဖြင့် အရှင်ဥပသေနမထေရ်အား သာဓုကောင်းကြီး ပေးတော်မူပြီးလျှင် အကြောင်းပေါင်းများစွာတို့ဖြင့် ဂုဏ်ကျေးဇူး စကား မိန့်ကြားတော်မူလေ၏။ (ဤကား အကျဉ်းတည်း။ အကျယ်ဝတ္ထု အကြောင်းအရာကို ဝိနည်းပိဋကတ် မြန်မာပြန် ပါရာဇိကဏ်ပါဠိတော် စာမျက်နှာ ၃၅၅၊ ၂-ကောသိယဝဂ်၊ ၅-နိသီဒနသန္တတသိက္ခာပုဒ်၌ ကြည့်ရှုမှတ်ယူကုန်ရာ၏။ အထူးမှာ - ဝိနည်းပါဠိတော်၌ “ဣစ္ဆာမဟံ ဘိက္ခဝေ တေမာသံ ပဋိသလ္လိယိတုံ=ရဟန်းတို့ ...ငါဘုရားသည် သုံးလပတ်လုံး တပါးတည်း ကိန်းအောင်းနေထိုင်ရန် အလိုရှိ၏” စသည်ဖြင့် လာရှိသည်၊ အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ကား “လ-ဝက် (၁၅-ရက် ) ပတ်လုံး”ဟု အဆိုရှိသည်၊ ပါဠိတော်အတိုင်း “သုံးလပတ်လုံး ဟူ၍သာ မှတ်ယူရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် အရိယာသံသာတော်တို့၏ အလယ်၌ ထိုင်နေတော်မူလျက် ဤသာသနာတော် ဝယ် အရှင်ဥပသေနမထေရ်ကို__

(နှာ-၃၇၄)

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သမန္တပါသာဒိကာနံ ယဒိဒံ ဥပသေနော ဝင်္ဂန္တပုတ္တော = ရဟန်းတို့ထက်ဝန်းကျင် (=ပရိသတ်နှင့်တကွ) ကြည်ညို ဖွယ်ရှိကြသော ဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ဝင်္ဂန္တပုဏ္ဏား၏သား ဥပသေနရဟန်းသည် အသာဆုံးအမြတ်ဆုံး ဖြစ်ပေ၏__

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “သမန္တပါသာဒိက = ထက်ဝန်းကျင် (= ပရိသတ်နှင့်တကွ) ကြည်ညိုဖွယ်ရှိသောအရာ” ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

အရှင်ဥပသနမထေရ် ပရိနိဗ္ဗာန် စံလွန်တော်မူခြင်းအကြောင်း

အခါတပါး၌ အရှင်သာရိပုတ္တရာမထေရ်နှင့် အရှင်ဥပသေန မထေရ်တို့သည်ရာဇဂြိုဟ်ပြည် ယင်းတိုက်တော သပ္ပသောဏ္ဍိက (မြွေပါးပျဉ်းနှင့်တူသော)လိုဏ်ဂူ၌ သီတင်းသုံးနေတော်မူကြကုန်၏။ ထိုအခါ အရှင်ဥပသေန၏ ကိုယ်ပေါ်၌ မြွေဆိုးတကောင် ကျ၍လာ၏။

(ဤ၌။ အရှင်ဥပသေနမထေရ်သည် ဆွမ်းစားပြီးနောက် သင်္ကန်းကြီးကို ကိုင်၍=ဝတ်၍ လိုဏ်ရိပ်(=လိုဏ်အတွင်း)၌ ပြူတင်း ပေါက်မှ ဝင်လာသော လေပြည်လေညှင်း တိုက်ခတ်အပ်လျက် ထိုင်နေကာ နှစ်ထပ်သင်းပိုင်ကို ချုပ်၍ နေတော်မူလေသည်။ ထိုခဏ၌ လိုက်မိုးပေါ်ဝယ် မြွေဆိုးငယ် ၂-ကောင်တို့ မြူထူးပျော်ပါး ကစား နေရာမှ တကောင်သည် လိမ့်ကျ၍ မထေရ်၏ပခုံးစွန်း၌ လွှမ်းအုပ် တည်လာလေသည်။ ထိုမြွေသည်ကား မြွေကောင်းမဟုတ်၊ ဖုဋ္ဌဝိသ ခေါ်သည့် ထိရုံနှင့်အဆိပ်တက်သော် မြွေဆိုးဖြစ်လေသည်။ ထို့ကြောင့် ကျရာနေရာမှစ၍ မထေရ်၏ကိုယ်၌ ထိုမြွေအဆိပ်သည် ဆီမီးတောက်က ဆီမီးစာကို ကုန်စေသည့်အလား တရိပ်ရိပ် ပျက်စေလျက် တက်လေ၏။

မထေရ်သည် အဆိပ်ပြင်းထန်စွာ တက်သည်ကို သိမြင်တော်မူ၍ အဆိပ်၏ ပကတိသဘောအားဖြင့် ကျလျှင်ကျခြင်း မီးဟုန်းဟုန်း တောက်ကာ ဖရိုဖရဲပျက်စီးနိုင်သော်လည်း မိမိ၏ တန်ခိုးအစွမ်းဖြင့်

(နှာ-၃၇၅)

“ဤခန္ဓာကိုယ်အတ္တဘောသည် လိုဏ်အတွင်း၌ မပျက်စီးပါစေလင့်”ဟု အဓိဋ္ဌာန်တော်မူကာ ဟန့်တား၍ ထားတော်မူလေ၏။

ထို့နောင်မှ အရှင်ဥပသေနသည် ရဟန်းတို့ကို ခေါ်ပြီးလျှင် “ငါ့ရှင်တို့...လာကြကုန်၊ ဤကိုယ်သည် ဤနေရာ၌ ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲ ကျမသွားမီ ငါ၏ ဤကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ကြကုန်”ဟု မိန့်ဆိုလေ၏။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်သည် အရှင်ဥပသေနမထေရ်ကို__

“ငါတို့သည်အရှင်ဥပသေနု၏ ကိုယ်အမူအရာ ဖောက်ပြန်ခြင်း, မျက်စိ-စသော ဣန္ဒြေတို့ဖောက်ပြန်ခြင်းကို အလျင်းပင် မတွေ့မြင်ကြရပါကုန်၊ ထိုသို့ ဖြစ်ပါလျက် အရှင်ဥပသေနသည်"ငါ့ရှင်တို့...လာကြကုန်။ ဤကိုယ်သည် ဤနေရာ၌ ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲ ကျမသွားမီ ငါ၏ ဤကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ကြကုန်ဟု ဤသို့ ပြောဆိုဘိ၏”__

ဟု မိန့်ဆိုတော်မူ၏။ ။ (ဤ၌ သေခါနီးသော လူသာမန်တို့မှာ ကိုယ်လက်ဖောက်ပြန်တုန်လှုပ်ခြင်း, မျက်စိမျက်နှာပျက်ခြင်းစသည်တို့ ဖြစ်ကုန်သကဲ့သို့ အရှင်ဥပသေနမထေရ်မှာ ထိုအမူအရာများ လုံးဝမရှိသဖြင့် အရှင်သာရိပုတ္တရာက ထိုကဲ့သို့ မိန့်ဆိုတော်မူခြင်း ဖြစ်သည်။)

ထိုအခါ အရှင်ဥပသေနမထေရ်သည် အရှင်သာရိပုတ္တရာ မထေရ်ကို__

“ငါ့ရှင်သာရိပုတ္တရာ...အမှန်စင်စစ်အားဖြင့် “ငါသည် မျက်စိဟူ၍၎င်း, မျက်စိသည် ငါ့ဥစ္စာဟူ၍၎င်း, ငါသည် နား = နားသည် ငါတည်းဟူ၍၎င်း, နားသည် ငါ့ဥစ္စာ ဟူ၍၎င်း, ငါသည် နှာခေါင်းတည်း = နှာခေါင်းသည် ငါတည်းဟူ၍၎င်း, နှာခေါင်းသည် ငါ့ဥစ္စာဟူ၍၎င်း, ငါသည်လျှာတည်း = လျာသည် ငါတည်းဟူ၍၎င်း, လျှာသည် ငါ့ဥစ္စာဟူ၍၎င်း, ငါသည် ကိုယ်တည်း=ကိုယ်

(နှာ-၃၇၆)

သည် ငါတည်းဟူ၍၎င်း, ကိုယ်သည် ငါ့ဥစ္စာဟူ၍၎င်း, ငါသည် စိတ်တည်း = စိတ်သည် ငါတည်းဟူ၍၎င်း, စိတ်သည် ငါ့ဥစ္စာဟူ၍၎င်း” ဤကဲ့သို့ ဒိဋ္ဌိဖြင့် အလွဲထင်မှု, တဏှာဖြင့် အလွဲထင်မှု ရှိနေသောပုဂ္ဂိုလ်၏ (သန္တာန်မှာ)သာ (သေခါနီးအခါ) ကိုယ်အမူအရာ ဖောက်ပြန်ခြင်း, မျက်စိ-စသောဣန္ဒြေတို့ ဖောက်ပြန်ခြင်းများ ဖြစ်လေရာ၏။

ငါ့ရှင်သာရိပုတ္တရာ... အမှန်စင်စစ်အားဖြင့် “ငါသည် မျက်စိတည်း = မျက်စိသည် ငါတည်းဟူ၍၎င်း, မျက်စိသည် ငါ့ဥစ္စာတည်းဟူ၍၎င်း, (ပ) ငါသည် စိတ်တည်း= စိတ်သည် ငါတည်းဟူ၍၎င်း, စိတ်သည် ငါ့ဥစ္စာတည်း ဟူ၍၎င်း ဤကဲ့သို့ ဒိဋ္ဌိဖြင့် အလွဲထင်မှု, တဏှာဖြင့် အလွဲ ထင်မှု, လုံးဝမရှိသော ငါ၏(သန္တာန်မှာ) ယခုလို သေခါနီးအခါ ကိုယ်အမူအရာ ဖောက်ပြန်ခြင်း, မျက်စိ-စသော ဣန္ဒြေတို့ဖောက်ပြန်ခြင်းများ အဘယ်မှာ ဖြစ်နိုင်မည်နည်း = မဖြစ်သည်သာတည်း”__

ဟု ပြန်ကြားလျှောက်ထားလေ၏။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် အရှင်ဥပသေနမထေရ်ကို__

“အရှင်ဥပသေန၏သန္တာန်မှာ ယခုလို သေခါနီးအခါ ကိုယ်အမူအရာဖောက်ပြန်ခြင်း, မျက်စိ-စသော ဣန္ဒြေတို့ ဖောက်ပြန်ခြင်းများ မဖြစ်ပဲရှိမှာပါ၊ အရှင်ဥပသေနသည် အချိန်ကြာမြင့်စွာကပင် ငါဟု-စွဲယူမှု = ဒိဋ္ဌိ, ငါ့ဥစ္စာ ဟု-စွဲယူမှု=တဏှာ, ငါဟု-ထောင်လွှားမှု=မာနာနုသယ = ဤတရားသုံးပါးကို အကြွင်းမဲ့ ပယ်နုတ်အပ်ပြီးပြီကိုး။ ထို့ကြောင့်ပင် အရှင်ဥပသေန၏ သန္တာန်မှာ “ငါသည် မျက်စိတည်း= မျက်စိသည် ငါတည်းဟူ၍၎င်း, မျက်စိသည် ငါ့ဥစ္စာတည်းဟူ၍၎င်း, (ပ) ငါသည် စိတ်တည်း = စိတ်သည် ငါတည်းဟူ၍၎င်း, စိတ်သည် ငါ့ဥစ္စာတည်း

(နှာ-၃၇၇)

ဟူ၍၎င်း” ဤကဲ့သို့ ဒိဋ္ဌိဖြင့် အလွဲထင်မှု, တဏှာဖြင့် အလွဲထင်မှုများ လုံးဝမဖြစ်နိုင်တော့ချေ”__

ဟု ချီးမွမ်းစကား မိန့်ကြားတော်မူလေ၏။

ထို့နောက် ရဟန်းတို့သည် အရှင်ဥပသေနမထေရ်၏ ကိုယ်ကို ညောင်းစောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ဆောင် ကြလေကုန်၏။ ထိုအခါ အရှင်ဥပသေနမထေရ်၏ ကိုယ်သည် ထိုနေရာ၌ပင် (= အပြင်သို့ ထုတ်၍ထားရာအရပ်ဝယ် ညောင်စောင်းငယ်ပေါ်မှာပင်) ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲ ကျဲ၍ သွားကာ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းတော်မူလေသတည်း။

(ဤအကြောင်းအရာများကား သဠာယတနဝဂ္ဂသံယုတ် ပိဋကတ် မြန်မာပြန် “သံ မြန်” မျက်နှာ ၂၅၉၊ ဥပသေနအာသီဝိသသုတ်နှင့်၎င်းအဖွင့် အဋ္ဌကထာတို့၌ လာရှိ၏)။ ဤကား အရှင်ဥပသေန-ဝင်္ဂန္တပုတ္တမထေရ် အကြောင်းတည်း။

_______

(၂၅) အရှင်ဒဗ္ဗမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤအရှင်ဒဗ္ဗမထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်းအိမ်၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ရှေးမထေရ်အလောင်းများနည်းတူ ကျောင်းတော်သို့ သွားရောက်ကာ တရားနာစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ရဟန်းသံဃာအတွက် နေရာခင်းပေးကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး” ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကိုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ကိုအမျိုးကောင်းသား၏ ဆုတောင်း ပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်း

(နှာ-၃၇၈)

အတူ ဗျာဒိတ်စကား မိန့်ကြားတော်မူကာ ကျောင်းတော်သို့ ဖဲကြွတော်မူလေ၏။

တောင်ထိပ်၌ တရားအားထုတ်ခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ကဿပမြတ်စွာ သာသနာတော် ဆုတ်နစ်(အားနွဲ့)သောအခါဝယ် အမျိုးကောင်းသားဖြစ်ကာ သာသနာဝန်ထမ်း ရဟန်း ပြုလေသည်။ ထိုရဟန်းနှင့် အတူတကွ အခြားရဟန်းတော် ခြောက်ပါး ဤသို့အားဖြင့် သူတော်ကောင်း ရဟန်းတော်ခုနစ်ပါးတို့သည် စိတ်တူသဘောတူဖြစ်ကြ၍ သာသနာတော်၌ မရိုသေမှု ပြုကြသည့် အခြားသူများကို မြင်တွေ့ကြရလေလျှင်“ငါတို့သည် ဤ မြို့တွင်း ရွာတွင်း၌ နေ၍ အဘယ်သာသနာမှု ပြုနိုင်ကုန်အံ့နည်း= မပြုနိုင်ကြမည်သာ ဖြစ်ကုန်၏။ တနေရာရာ၌ သွားရောက်ကြကာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ကြ၍ သံသရာဝဋ်ဒုက္ခ ဆုံးအောင် ပြုကြကုန်စို့” ဟု တိုင်ပင်ညီညွတ်ကြကာ အလွန်မြင့်သော တောင်တတောင်သို့ သွားရောက်ကြ၍ လှေကားဖြင့် တောင်ထိပ်သို့ တက်ရောက်ကြပြီးလျှင် “မိမိ၏ စိတ်အစွမ်းကို သိသူတို့သည် လှေကားကို တွန်းချလိုက်ကြကုန်လော့၊ အသက်၌ တွယ်တာကုန်သောသူတို့သည်ပြန်၍ဆင်းကြကုန်လော့၊ နောက်အခါကျမှ နှလုံးပူပန်ရှိကြသည် မဖြစ်ကြလင့်” ဟု ပြောဆို၍ ရဟန်းတော် ခုနစ်ပါးလုံးပင် အသက်ကိုစွန့်၍ ရဟန်းတရား အားထုတ်ရန် စိတ်သဘောတူညီကြလျက် လှေကားကို တွန်းချ လိုက်ကြပြီးလျှင် “ငါ့ရှင်တို့... ရဟန်းတရား အားထုတ်မှု၌ မမေ့မလျော့သူများ ဖြစ်ကြကုန်လော့”ဟု အချင်းချင်း ဆုံးမတော်မူကြ၍ မိမိတို့ စိတ်နှစ်သက်ရာအရပ်တို့၌ နေထိုင်ကြပြီးလျှင် ရဟန်းတရားကို အသက်စွန့်၍ ပွါးများကြိုးကုတ် အားထုတ်ကြလေကုန်၏။

ထိုရဟန်းတော် ခုနစ်ပါးတို့အနက် သံဃမထေရ်ကြီးသည် ငါးရက်မြောက်သောနေ့၌ အရဟတ္တဖိုလ်သို့ ရောက်၍ “ငါ့အဖို့ရာ

(နှာ-၃၇၉)

ရဟန်းကိစ္စ ပြီးလေပြီ၊ ငါသည် ဤတောင်ထိပ်၌ အဘယ်အမှု ပြုရအံ့နည်း = ပြုရန်မရှိတော့ပြီ”ဟု ဆင်ခြင်တော်မူ၍ တန်ခိုးဖြင့် မြောက်ကျွန်းမှ ဆွမ်းကို ယူဆောင်တော်မူခဲ့ပြီးလျှင် ကျန်သော အဖော်ရဟန်းခြောက်ပါးတို့ကို “ငါ့ရှင်တို့.၏ဆွမ်းကို ဘုဉ်းပေးကြကုန်လော့၊ ဆွမ်းခံခြင်းကိစ္စသည် ငါ့တာဝန်ရှိပါစေ၊ ငါ့ရှင်တို့သည် မိမိ၏ ကမ္မဋ္ဌာန်းအလုပ်ကိုသာ အားထုတ်ကြကုန်လော့” ဟု အားပေးစကား ပြောကြားလေ၏။ ထိုအခါ ကျန်သော ရဟန်းတော် ခြောက်ပါးတို့သည် “ငါ့ရှင်...ငါတို့သည် လှေကားကို တောင်ပေါ်မှ တွန်းချလိုက်ကြစဉ်က “အကြင်သူသည် ရှေးဦးစွာ လောကုတ္တရာတရားကို မျက်မှောက်ပြုရ၏၊ ထိုသူသည် ဆွမ်းခံ၍ ကျွေးရမည်၊ ထိုသူ ယူဆောင်လာသောဆွမ်းကို ကျန်သော ရဟန်းတို့သည် စားကြ၍ ရဟန်းတရားကို အားထုတ်ကြလိမ့်မည်” ဟူ၍များ ကတိကဝတ်စကား ပြောကြားခဲ့ပါကုန်သလော” ဟု မေးကြလေကုန်၏။ သံသထေရ်ကြီးက “ထိုသို့ ပြောကြားခဲ့မှု မရှိပါ ငါ့ရှင်တို့ ...” ဟု မိန့်ဆိုလေလျှင် ကျန်သော ရဟန်းတော်ခြောက်ပါးတို့သည် “အရှင်ဘုရားတို့သည် မိမိ၏ ရှေးကောင်းမှု အကြောင်းကြောင့် လောကုတ္တရာတရားကို အရဟတ္တဖိုလ်ပေါက် ရရောက်တော်မူခဲ့ကြပါပြီ။ တပည့်တော်တို့သည်လည်း စွမ်းနိုင်ကြပါမူ သံသရာဝဋ်ဒုက္ခအဆုံးကို ပြုနိုင်ကြပါလိမ့်မည်။ အရှင်ဘုရားတို့သည် အလိုရှိရာ အရပ်သို့ ကြွတော်မူကြပါကုန်လော့” ဟု လျှောက်ထားကြလေကုန်၏။

သံဃထေရ်ကြီးသည် ထိုရဟန်းတော်ခြောက်ပါးတို့ကို သိစေခြင်းငှါ မစွမ်းနိုင်ရကား အနည်းနည်းပြောဆို၍ မရသည့်အဆုံး၌ ချမ်းသာရာအရပ်ဝယ် ဆွမ်းဘုဉ်းပေး၍ အလိုရှိရာသို့ ကြွသွားတော်မူလေ၏။ အခြားတပါး အနုထေရ်(= ဒုတိယထေရ်)သည် ခုနစ်ရက်မြောက်သောနေ့၌ အနာဂါမိဖိုလ်သို့ ရောက်၍ ရှေး မထေရ်ကြီးနည်းတူပင် မြောက်ကျွန်းမှ ဆွမ်းကို ယူဆောင်လာ၍ ဖိတ်မန်စကား ပြောကြားပါသော်လည်း ရှေးအတူပင် မရသည့် အဆုံး၌ ချမ်းသာရာအရပ်ဝယ် ဆွမ်းဘုဉ်းပေး၍ အလိုရှိရာ

(နှာ-၃၈၀)

အရပ်သို့ ကြွသွားတော်မူလျက် ထိုဘဝမှ စုတိပြတ်ကြွေ သေလွန်လတ်သော် သုဒ္ဓါဝါသ ဗြဟ္မဘုံ၌ ဖြစ်လေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ကျန်သော မထေရ်ငါးပါးတို့သည် ထိုဘဝ၌ မဂ်ဖိုလ်တရားထူးကို မရကြပဲ ထိုဘဝမှ စုတေကြလေသော် ဗုဒ္ဓန္တရ အသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားကြ၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာကာလဝယ် ထိုထိုအမျိုးတို့၌ ဖြစ်ကြလေကုန်၏။ (၁) တယောက်သည် ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ မင်းနန်းတော်ဝယ် (ပုက္ကုသာတိမင်း) ဖြစ်၍လာ၏။ (၂) အခြားတယောက်သည် ပဗ္ဗတေယျတိုင်း (တနည်း မဇ္ဈန္တိကတိုင်း) ဝယ် ပရိဗိုဇ်မ၏ ဝမ်း၌ (သဘိယ ပရိဗိုဇ်) ဖြစ်၍လာ၏။ (၃) အခြားတယောက်သည် ဗာဟိယတိုင်းဝယ် သူကြွယ်အိမ်၌ (ဗာဟိယ) ဖြစ်၍လာ၏၊ (၄) အခြား တယောက်သည် ရာဇဂြိုဟ်ပြည်ဝယ် သူကြွယ်အိမ်၌ ကုမာရကဿပသူငယ်) ဖြစ်၍လာ၏၊ (၅) အခြားတယောက် (=ဤ ဒဗ္ဗမထေရ်၏အလောင်း)သည် မလ္လတိုင်း အနုပီယမြို့ဝယ် မလ္လမင်းတဦး၏ နန်းအိမ်၌ ပဋိသန္ဓေ ယူနေလာလေ၏။

ထိုသူငယ်၏ မိခင်သည် သူငယ်ကို ဖွားမြင်ခါနီးကာလ၌ စုတိပြတ်ကြွေ သေလွန်ခဲ့လေသည်။ ထိုမိခင်၏ ဥတုဇရုပ်ကလာပ်ကို သုသာန်သို့ ဆောင်ယူကြကာ ထင်းပုံထက်၌တင်၍ ဖုတ်ကြည်း မီးသင်္ဂြိုဟ်ကြလေကုန်၏။ ထိုမိခင်၏ ဝမ်းသားလွှာသည် မီး အရှိန်ပြင်းထန်စွာ လောင်ဟပ်ရကား နှစ်ခြမ်းကွဲ၍ သွားလေသည်။ သူငယ်သည် မိမိ၏ကောင်းမှု ကုသိုလ်အစွမ်းကြောင့် ကောင်းကင်သို့ လွင့်စဉ်ပျံတက်ကာ တခုသော နေဇာမြက်ပုံ ပေါ်၌ ကျလေ၏။ ထိုသူငယ်ကို ကောက်ယူခဲ့ကြ၍ အဖွားဖြစ်သူအား ပေးအပ်ကြလေသည်။ အဖွားဖြစ်သူသည် ထိုသူငယ်၏ အမည်ကို မှည့်လတ်သော် နေဇာမြက်ပုံပေါ်၌ ကျရောက်ကာ

(နှာ-၃၈၁)

အသက်ရှင်ရလေသောကြောင့် “ဒဗ္ဗ”ဟူ၍ သူငယ်၏ အမည်ကို မှည့်ခေါ်လေ၏။

(ဤ၌။ ။ ဒဗ္ဗတ္ထမ္ဘေ နိပတိ-ဟု အင်္ဂုတ္တိုရ်အဋ္ဌကထာ, သာရတ္ထဒီပနီ ဋီကာ, ထေရဂါထာ အဋ္ဌကထာတို့၌ ဖွင့်ပြသောကြောင့် “ထင်းပုံ (သို့မဟုတ် သစ်သားတိုင်အနီး)၌ ကျရောက်လေ၏”ဟု အနက် မြန်မာပြန်ဆိုသင့်သော်လည်း အပဒါန်ပါဠိတော် ဒုတိယအုပ် မျက်နှာ ၁၂၄၊ ဒဗ္ဗ-မလ္လပုတ္တထေရာပဒါန် ဂါထာနံပါတ် ၁၄၃-၌ “ပတိတာ ဒဗ္ဗပုဉ္ဇမှိ၊ တတော ဒဗ္ဗောတိ ဝိဿုတော”ဟူ၍ လာသောကြောင့် “နေဇာမြက်ပုံ ပေါ်၌ ကျလေ၏”ဟု မြန်မာပြန်ဆိုသည်၊ ထင်းပုံ(သို့မဟုတ်)သစ်သား တိုင်၌ကျလျှင် သက်သာမည်မဟုတ်။ ဒဗ္ဗသဒ္ဒါသည် နေဇာမြက်ကိုလည်း ဟောသည်၊ ဒဗ္ဗပုဉ္ဇမှိ=နေဇာမြက်ပုံပေါ်၌။ ပတိတော=ကျလေပြီဟု အနက်ပေးမှသာ အနက်လည်းသိသာ, အသက်ရှင်ဖွယ်ရာလည်း ရှိလေသည်။)

ဒဗ္ဗသူငယ် အသက်ခုနစ်နှစ်အရွယ် ရှိသောအခါ၌ မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် မလ္လတိုင်း၌ ဒေသစာရီ ကြွချီတော်မူလတ်သော် အနုပီယမြို့သို့ ရောက်၍ အနုပီယ သရက်တော၌ သီတင်းသုံး နေထိုင်တော်မူ၏။ ဒဗ္ဗသူငယ်သည် မြတ်စွာဘုရားကို ဖူးမြော်ရ၍ သဒ္ဓါကြည်ညိုလှသောကြောင့် ရှင်, ရဟန်း ပြုလိုရကား အဖွားဖြစ်သူကို “အိုအဖွား...အကျွန်ုပ်သည် မြတ်စွာဘုရားအထံတော်၌ ရှင်, ရဟန်း ပြုပါရစေ”ဟု ခွင့်ပန် ပြောကြားလေ၏။ အဖွားဖြစ်သူသည် “ကောင်းပြီ ချစ်မြေး”ဟု ပြောဆိုကာ ဒဗ္ဗသူငယ်ကို ခေါ်ဆောင်၍ မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်ပြီးလျှင် “မြတ်စွာဘုရား...ဤတပည့်တော်မ၏ မြေး ဒဗ္ဗသူငယ်ကို ရှင်, ရဟန်း ပြုပေးတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏အနီး၌ရှိသော ရဟန်းတော်တပါးအား “ရဟန်း...ဤသူငယ်ကို ရှင်ပြုပေးလိုက်လော့” ဟု မိန့်တော်မူကာ အချက်အမှတ် ပေးတော်မူလေ၏။ ထိုမထေရ်သည် မြတ်စွာဘုရားရှင်၏ စကားတော်ကို ကြားနာပြီးနောက် ဒဗ္ဗသူငယ်ကို ရှင်ပြုပေးလတ်သည်ရှိသော် တစပဉ္စက-ကမ္မဋ္ဌာန်း

(နှာ-၃၈၂)

ကို ပြောကြားလေ၏။ (ဆံရိတ်ခြင်းသည် ရှင်ပြုမှုအစ ဖြစ်သည်။ ဆံရိတ်ခါနီးဝယ် တစပဉ္စက- ကမ္မဋ္ဌာန်းကို ရှင်ပြုပေးသော ဆရာက ရှင်လောင်းအား ပြောပြရမြဲဖြစ်သည်။ ထို့ကြောင့် ဒဗ္ဗသူငယ်သည် ဆရာမထေရ် ပြောပြသည့် တစပဉ္စက-ကမ္မဋ္ဌာန်းကို စီးဖြန်း နှလုံးသွင်းလျက် ဆံအရိတ် ခံနေလေသည်)။

ဒဗ္ဗသူငယ်သည် မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံ သူဖြစ်သည့်ပြင် လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရ မြတ်စွာဘုရားရှင် အထံတော်ဝယ် မဟာသာဝက ဗောဓိဆုပန် ဗျာဒိတ်ခံခဲ့သူဖြစ်ရ ပဌမဆံအဝန်းကို ရိတ်ချလိုက်လျှင်ပင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဒုတိယဆံအဝန်းကို ရိတ်ချ လိုက်သောအခါ သကဒါဂါမိဖိုလ်၌တည်၍, တတိယဆံအဝန်းကို ရိတ်ချလိုက်သောအခါ အနာဂါမိဖိုလ်၌တည်ပြီးလျှင်, ဆံအားလုံးကို ရိတ်ချလိုက်ခြင်းနှင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်း ဤနှစ်ပါးသည် မရှေးမနှောင်း တပြိုင်နက်ဖြစ်ကာ သင်ဓုန်းကိစ္စ နောက်ဆုံး အဖျား၌ ရဟန္တာဖြစ်လေ၏။

မြတ်စွာဘုရားသည် မလ္လတိုင်း၌ ချေချွတ်ရမည့် သတ္တဝါ ရှိသလောက် နေတော်မူ၍ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်ပြီးလျှင် ဝေဠုဝန်ကျောင်းတိုက်၌ ယာပိုထ်မွေ့လျော်နေတော်မူ၏။ မြတ်စွာဘုရားနှင့် အတူတကွ အရှင်ဒဗ္ဗ ရဟန္တာမထေရ်သည်လည်း လိုက်ပါတော်မူခဲ့လေသည်။ ရာဇဂြိုဟ်ပြည်၌ အရှင်ဒဗ္ဗ ရဟန္တာသည် ဆိတ်ငြိမ်ရာသို့ ကပ်လျက် မိမိ၏ ရဟန်းအလုပ်ကိစ္စ ပြီးစီး ခြင်းကို ရှုမြင်တော်မူ၍ သံဃဝေယျာဝစ္စကို ပြုလုပ်ဆောင်ရွက်ရန် မိမိကိုယ်ကို ယှဉ်စေလိုရကား “ငါသည် သံဃာတော်အတွက် နေရာကိုလည်း ခင်းရ, ဆွမ်းကိုလည်း ညွှန်းရပါမူ ကောင်းလေစွာ့”ဟု ကြံစည်ဆင်ခြင်မိလေ၏။ အရှင်ဒဗ္ဗရဟန္တာသည် မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်၍ မိမိ၏ အကြံ အစည်ကို လျှောက်ထားလေသော် မြတ်စွာဘုရားသည် အရှင်ဒဗ္ဗရဟန္တာအား သာဓုကောင်းကြီး ပေးတော်မူ၍ (၁) သံဃသာအတွက် နေရာခင်းသော ရဟန်းဟု သံဃာက သမုတ်ခြင်း = အသိအမှတ်

(နှာ-၃၈၃)

ပြုခြင်း = သေနာသနပညာပကသမ္မုတိ၊ (၂) သံဃာအတွက် ဆွမ်းညွှန်းသော ရဟန်းဟု သံဃာက သမုတ်ခြင်း = အသိအမှတ် ပြုခြင်း = ဘတ္တုဒ္ဒေသကသမ္မုတိ=ဤသမ္မုတိနှစ်ရပ်ကို နှင်းအပ်တော်မူလေ၏။

ထို့နောက် အရှင်ဒဗ္ဗရဟန္တာကို “ဤဒဗ္ဗသည် ခုနစ်နှစ်အရွယ် ငယ်သူဖြစ်လျက် ကြီးမြတ်သောအရာဌာန (= ပဋိသမ္ဘိဒါပတ္တ, ဆဠဘိည, တေဝိဇ္ဇရဟန္တာအဖြစ်)၌ တည်လေသည်”ဟု နှစ်သက် အားရ ကျေနပ်တော်မူကာ မြတ်စွာဘုရားသည် ခုနှစ်နှစ်အရွယ် ငယ်စဉ်အခါ၌ပင်လျှင် “ရဟန်းပဉ္စင်း ပြုစေလေသည်။ (ဤကို ထောက်၍ အခြားတပါးသော အသက်ငယ်ငယ်နှင့် ရဟန္တာ ဖြစ်ကြသော ပဏ္ဍိတသာမဏေ, သံကိစ္စသာမဏေ, သောပါက သာမဏေ, အရှင်သာရိပုတ္တရာ၏ညီထွေး ခဒိရဝနိယ = ရှားတောကျောင်းနေ ရှင်ရေဝတသာမဏေငယ် - စသည်တို့ကိုလည်း အသက်နှစ်ဆယ်ပင် မပြည့်ကြသေးစေကာမူ အရဟတ္တဖိုလ် ဂုဏ်ကျေးဇူးကို ထောက်၍ ငယ်ငယ်နှင့်ပင် ရဟန်းပဉ္စင်း ပြုပေးစေတော်မူသည်ဟု မှတ်ယူရာ၏။ ထိုအရှင်မြတ်တို့ကို အသက်ပင် ငယ်ကြသော်လည်း အရဟတ္တဖိုလ်ဂုဏ်က ကြီးကျယ်လှသောကြောင့် (ဝါ) မြဲမြံခိုင်ခံ့သော သိက္ခာဂုဏ်နှင့် ပြည့်စုံကြသောကြောင့် “ထေရ = မထေရ်”ဟူ၍ “ကျမ်းဂန်တို့၌ ခေါ်ဆိုသုံးနှုန်း ရေးသားဖွင့်ဆိုအပ်၏-ဟုလည်း အထူးမှတ်ယူရာ၏)။

အရှင်ဒဗ္ဗမထေရ်သည် ရဟန်းဖြစ်ပြီးသော အချိန်မှစ၍ ရာဇဂြိုဟ်ပြည်ကို မှီ၍ နေတော်မူကြသည့် ရဟန်းတော်အားလုံးတို့အတွက် အိပ်ရာနေရာများကိုလည်း ခင်း၍ ပေးတော်မူ၏၊ သံဃာအတွက် ဒါယကာတို့လှူဒါန်းသော ဆွမ်းကိုလည်း တာဝန်ယူ လက်ခံ၍ ထေရ်စဉ်ဝါစဉ် မမှားရအောင် ညွှန်ကြားတော်မူ၏။

ထိုအရှင်ဒဗ္ဗမထေရ်၏ ငါ့ရှင်တို့...မလ္လမင်းသားဖြစ်သော အရှင်ဒဗ္ဗမထေရ်သည် အကျင့်သဘောချင်း တူညီကြသည့် ရဟန်းတော်တို့၏အတွက် နေရာအရပ် တခုတည်း၌ အိပ်ရာနေရာကို ခင်းပေးသတဲ့၊ ဝေးသောအရပ်၌လည်း အာဂန္တုရဟန်းတို့ ညွှန်

(နှာ-၃၈၄)

ကြားသည့်အတိုင်း အိပ်ရာ နေရာကို ခင်းပေးသည်သာလျှင် ဖြစ်သတဲ့၊ မသွားနိုင်သော ရဟန်းတို့ကိုလည်း မိမိတန်ခိုးဖြင့် ပင့်ဆောင့်သတဲ့”ဟူသော သံဃနေရာ ခင်းရာ၌ စိတ်ရင်းကောင်းမှု သတင်းသည် အလုံးစုံသော အရပ်မျက်နှာတို့၌ ထင်ရှား ကျော်ကြားလျက် ရှိလေ၏။

ထိုအခါ အရှင်ဒဗ္ဗမထေရ်ကို အာဂန္တုရဟန်းတို့သည် အချိန် ဟုတ်သည်၌၎င်း အချိန်မဟုတ်သည်၌၎င်း “ငါ့ရှင်...ငါတို့အတွက် ဇီဝကသရက်ဥယျာဉ်ကျောင်းတိုက်၌ နေရာကို ခင်းပေးပါလော့၊ (အခြားရဟန်းများကလည်း) ငါ့ရှင်...ငါတို့အတွက်တော့ သားတို့အား ဘေးမဲ့ပေးရာ မဒ္ဒကုစ္ဆိဥယျာဉ်ကျောင်းတိုက်၌ နေရာကို ခင်းပေးပါလော့”__ ဤသို့ စသည်ဖြင့် ဝေးလံသောကျောင်းတိုက်တို့၌ နေရာခင်းပေးရန် ညွှန်ကြားပြောဆိုကြ၍ အရှင်ဒဗ္ဗ၏ တန်ခိုးဣဒ္ဓိကို ကြည့်ရှုကာ လိုက်ပါကြလေ၏။ အရှင်ဒဗ္ဗမထေရ်သည်လည်း မိမိတန်ခိုးဖြင့် မနောမယရုပ်ပွါးကိုယ်များကို စီမံ ပြုပြင်၍ မထေရ်တပါး တပါးအတွက် မိမိနှင့် တူသည့် နိမ္မိတ ရုပ်ပွါး ရဟန်းတပါးစီ တပါးစီ ထည့်ပေးပြီးလျှင် ဆီမီးတိုင်ကြီး ပမာ အလျံခြည်ဝါ တောက်ပစွာသော လက်ချောင်းဖြင့် အာဂန္တု ရဟန်းတို့၏ ရှေ့မှ ရှေ့မှ သွားပြီးလျှင် “ဤကား ညောင်စောင်း ပါဘုရား၊ ဤကား အင်းပျဉ်ပါ ဘုရား” ဤသို့ စသည် အပြည့်အစုံ လျှောက်ထားပြောဆို၍ အိပ်ရာနေရာကို ခင်းပေးပြီးလျှင် မိမိ၏ နေရာကျောင်းသို့သာလျှင် ပြန်ကြွလေ၏။ (ဤကား အကျဉ်းတည်း၊ အကျယ်ဝတ္ထုကြောင်းကား ဝိနည်းပါရာဇိကဏ်ပါဠိတော် ဒုဋ္ဌဒေါသသိက္ခာပုဒ် “ဝိ၊၁၊၂၄၃-မျက်နှာ”၌ လာရှိ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားရှင်သည် ဖော်ပြရာပါ သံသာအတွက် နေရာ ခင်းခြင်း၊ စိတ်ရင်းကောင်းမှု, လိမ္မာမှု အကြောင်းအရာများကို အဋ္ဌုပ္ပတ်ပြု၍ နောက်တချိန်ဝယ် အရိယာသံဃာတို့အလယ်၌ ထိုင်နေတော်မူလျက် အရှင်ဒဗ္ဗမထေရ်ကိ

(နှာ-၃၈၅)

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သေနာသနပညာပကာနံ ယဒိဒံ ဒဗ္ဗော မလ္လပုတ္တော = ရဟန်းတို့... သံဃာအတွက် နေရာခင်းကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မလ္လမင်းသားဖြစ်သော ဒဗ္ဗရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏__

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “သေနာသနပညာပက = သံဃာအတွက် လိုလေသေးမရှိရအောင် နေရာခင်းသောအရာ” ဝယ် ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏)

(ဤ၌။ ။ အရှင်ဒဗ္ဗမထေရ်၏အဖို့ရာ သေနာသနပညာပကသမ္မုတိ ရသောအချိန်မှ စ၍ သံဃာအတွက် အိပ်ရာနေရာ ခင်းသောအခါဝယ် ရာဇဂြိုဟ်ပြည်၏ ပတ်ဝန်းကျင်မှာတည်ရှိသော ကျောင်းတိုက်ကြီး တဆယ့်ရှစ်တိုက်တို့၌ တံမြက်မလှည်းအပ်သောပရိဝုဏ်ဟူ၍၎င်း, မဆေးကြော မသုတ်သင်အပ် မပြုပြင်အပ်သော အိပ်ရာနေရာဟူ၍၎င်း, မဆေးကြော မသုတ်သင်အပ်သော ညောင်စောင်း, အင်းပျဉ်ဟူ၍၎င်း, မတည်ထားအပ်သော သောက်ရေသုံးဆင်ရေ=သောက်ရေ သုံးဆောင်ရေမတည် ထားအပ်သောဟူ၍၎င်း မရှိချေ။ ထို့ကြောင့် သေနာသနပညာပက= သံဃာအတွက် အိပ်ရာနေရာခင်းသောအရာဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်ရလေသည်)။

မထေရ်မြတ် အစွပ်စွဲခံရခြင်း

ထိုသို့စဉ် သူတော်ကောင်းစင်စစ် ဖြစ်တော်မူပါလျက်လည်း မထေရ်မြတ်ကို မေတ္တိယရဟန်းနှင့် ဘူမဇကရဟန်းတို့ ခေါင်းဆောင်ကြသော ရဟန်းဆိုး တစုတို့က မေတ္တိယာ-မည်သော ဘိက္ခုနီမနှင့် မဟုတ်မတရား စွပ်စွဲကြလေသေးသည်။ (ထို အကြောင်းအရာအကျယ်ကို ဝိနည်းပါရာဇိကဏ်ပါဠိတော် သံဃာဒိသေသ ဒုဋ္ဌဒေါသသိက္ခာပုဒ်နှင့် ဝိနည်း စူဠဝဂ်ပါဠိတော် မြန်မာပြန် ၄-သမထက္ခန္ဓက ၂-သတိဝိနည်း မျက်နှာ ၁၈၅-မှစ၍ ကြည့်ရှုမှတ်ယူကုန်ရာ၏။) ထိုသို့ အစွပ်စွဲခံရခြင်းမှာ လွန်ခဲ့သော ကိုးဆယ့်တကမ္ဘာထက်က ဝိပဿီမြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာတပါးကို စင်ကြယ်သော ပုဂ္ဂိုလ်ဟု သိလျက် မဟုတ်

(နှာ-၃၈၆)

မတရား စွပ်စွဲခဲ့သော မကောင်းမှု အကုသိုလ်ကံကြောင့် ဖြစ်လေသည်။

မထေရ်မြတ် ပရိနိဗ္ဗာန်စံခြင်း

အရှင်ဒဗ္ဗမထေရ်သည် (ပရိနိဗ္ဗာန်စံယူမည့်) တနေ့သ၌ ရာဇဂြိုဟ်ပြည်အတွင်းသို့ ဆွမ်းခံကြွ၍ ဆွမ်းကိစ္စ ပြီးဆုံးပြီးနောက် ဝေဠုဝန်ကျောင်းတော်သို့ ရောက်လေသော် မြတ်စွာဘုရားအား ဝတ်ပြု၍ မိမိ၏ နေ့သန့်ရာအရပ်သို့ သွားရောက်ပြီးလျှင် ရေအိုးမှ ရေကို ခပ်ယူကာ ခြေကိုဆေး ကိုယ်များကို အေးအောင်ပြုပြီးနောက် စမ္မခဏ် = သားရေပိုင်းကို ခင်း၍ ထိုင်နေတော်မူလျက် အချိန်ကာလကိုပိုင်း၍ သမာပတ်ဝင်စားတော်မူလေသည်။

မထေရ်သည် မိမိပိုင်းခြားအပ်သည့် အချိန်အတိုင်း သမာပတ်မှထ၍ မိမိ၏ အာယုသင်္ခါရ(= ရုပ်ဇီဝိတ, နာမ်ဇီဝိတသန္တာန် အစဉ်)ကို ကြည့်ရှုဆင်ခြင်တော်မူလေသော် နှစ်မုဟုတ် သုံးမုဟုတ်ခန့်သာ အာယုသင်္ခါရကြွင်း ရှိတော့သည်ကို သိမြင်၍ “ငါသည် မြတ်စွာဘုရားအားလည်း မလျှောက်ထားပဲ, သီတင်းသုံးဖော် သံဃာတော်တို့ကိုလည်း အသိမပေးပဲ ဤနေ့သန့်ရာ ယခုနေရာ ၌ပင် ယခုထိုင်နေမြဲတိုင်းဖြစ်၍သာ ပရိနိဗ္ဗာန် ဝင်စံလျှင် မသင့်လျော်သေး၊ ငါသည် မြတ်စွာဘုရားကို ဆည်းကပ်၍ ပရိနိဗ္ဗာန် စံတော့မည့်အကြောင်း အသိပေးပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးဝတ်ပြု၍ သာသနာတော်၏ သံသရာဝဋ်မှ ထွက်မြောက် စေတတ်ကြောင်း ကောင်းစွာဖော်ပြရန် ငါ၏တန်ခိုးအာနုဘော်ကို ထင်စွာပြလျက် ကောင်းကင်၌ ထိုင်နေကာ တေဇောကသိဏ ဈာန်ကို ၀င်စားလျက် ပရိနိဗ္ဗာန်စံရမူ ကောင်းလေစွာ့၊ ဤသို့ တန်ခိုးပြပြီးမှ ပရိနိဗ္ဗာန် ဝင်စံရလျှင်(မေတ္တိယ, ဘူမဇကရဟန်းတို့ မဟုတ်မတရား စွပ်စွဲထားသောကြောင့်) အပေါ်ဝယ် မသဒ္ဓါ, မကြည်ညိုကြသောသူတို့၏ စိတ်အစဉ်ဝယ် သဒ္ဓါကြည်ညိုမှုတရား ဖြစ်ပွါးလာလိမ့်မည်။ ထိုသို့ဖြစ်ခြင်းသည် ထိုသူတို့အဖို့ရာ ကာလ ရှည်စွာ စီးပွါး, ချမ်းသာအလို့ငှါ ဖြစ်လေရာ၏”ဟု ကြံစည်ပြီးလျှင်

(နှာ-၃၈၇)

မြတ်စွာဘုရားရှင်ထံတော်မှောက်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားရှင်ကို“ပရိနိဗ္ဗာနကာလော မေ ဒါနိ သုဂတ = ကောင်းသောစကား မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား...ယခုအခါ တပည့်တော်၏ အဖို့ရာ ပရိနိဗ္ဗာန်စံချိန် ရောက်လတ်ပါပြီဘုရား...”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည်လည်း အရှင်ဒဗ္ဗ၏ အာယုသင်္ခါရကို ကြည့်ရှုဆင်ခြင်တော်မူ၍ ကုန်နေကြောင်းကို သိရှိတော်မူပြီးလျှင် “ချစ်သားဒဗ္ဗ...ယခုအခါ သင်သည်ပင် ပရိနိဗ္ဗာန်ပြုရန် အချိန်ကို သိ၏”ဟု မိန့်တော်မူလေ၏။ ထိုအခါ အရှင်ဒဗ္ဗမထေရ်သည် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုး၍သုံးပတ်လက်ျာရစ်လှည့်ကာ အရိုအသေပြုပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်လျက်__

“မြတ်စွာဘုရား...တပည့်တော်သည် ကမ္ဘာတသိန်းကြာ ကာလပတ်လုံး အရှင်ဘုရားတို့နှင့် အတူတကွ ထိုထိုဘဝဝယ် တွေ့ဆုံနေထိုင်ခဲ့လျက် ကုသိုလ်ကောင်းမှုတို့ကို တပည့်တော် ပြုလုပ်ခဲ့သည်မှာ ဤယခု ရဟန္တာ ဖြစ်ခြင်းအကျိုးကို မျှော်ကိုးရည်ရွယ်၍ ပြုလုပ်ခဲ့ပါသည် ဘုရား၊ ထိုအကျိုးသည် ယခုအခါ အထွတ်အထိပ် (= အရဟတ္တဖိုလ်)ရောက် ပြည့်မြောက်ခဲ့ပါပြီ၊ ဤယခု အရှင်ဘုရားတို့ကို ဖူးမြော်ခြင်းသည် နောက်ဆုံးဖူး မြော်ခြင်း ဖြစ်ပါသည်ဘုရား”__

ဟု ဝမ်းနည်းဖွယ်ရာ လျှောက်ထားလေ၏။ ထိုသို့လျှောက်ထားရာ၌ ထိုအရပ်ဝယ်ရှိကြသော ရဟန်းတို့အနက် ပုထုဇန်, သောတာပန်, သကဒါဂါမ် ရဟန်းတို့တွင် အချို့ ရဟန်းတို့သန္တာန်မှာ ကြီးစွာသနားခြင်း ဖြစ်လေသည်။ အချိုရဟန်းတို့ကား ငိုကြွေးကြလေသည်။

ထိုအခါ မြတ်စွာဘုရားသည် အရှင်ဒဗ္ဗ၏ စိတ်ဖြစ်ပုံ အကြံ အစည်ကို သိရှိပြီးလျှင် “ချစ်သားဒဗ္ဗ...ထိုသို့ဖြစ်လျှင် သင်ချစ်

(နှာ-၃၈၈)

သားသည် ငါဘုရားအား၎င်း, ရဟန်းသံဃာအား၎င်း (ပရိနိဗ္ဗာန် မဝင်စံမီ) တန်ခိုးပြာဋိဟာ ပြဦးလော့”ဟု မိန့်တော်မူလေ၏။ ထိုခဏမှာပင် အလုံးစုံသော ရဟန်းအပေါင်းသည် တညီတညွတ်တည်း စည်းဝေးပြီးသား ဖြစ်လေ၏။ ထိုအခါ အရှင်ဒဗ္ဗမထေရ်သည် “တပါးတည်းက အများဖြစ်ခြင်း အများကြီးက တပါးတည်းဖြစ်ခြင်း, ထင်ရှားစွာပေါ်ခြင်း ပျောက်ကွယ်ခြင်း-အစရှိ သည်” များလှစွာသော သာဝကတို့ဆိုင်ရာ တန်ခိုးပြာဋိဟာ အားလုံးတို့ကို ပြတော်မူပြီးလျှင် တဖန် မြတ်စွာဘုရားကို ရှိခိုး ဝတ်ပြုပြန်လေသည်။

မထေရ်မြတ်သည် ထိုသို့ ရှိခိုးဝတ်ပြုပြီးမှ ကောင်းကင်သို့ ပျံတက်၍ ထိုကောင်းကင်၌ မြေကြီးကို ဖန်ဆင်းပြီးလျှင် ထိုမြေ ပေါ်၌ ထိုင်နေတော်မူလျက် တေဇောကသိဏ(ပါဒက) ဈာန်ကို ဝင်စားတော်မူလေသည်။ ထိုဈာန်မှ ထပြီးသော် မိမိကိုယ်ကို ဆင်ခြင်၍ ဤကိုယ်မှ တေဇောဓာတ်မီး တဟုန်းဟုန်း ထ၍ တောက်လောင်ရန် အဓိဋ္ဌာန်တော်မူလေသည်။ ထိုသို့ အဓိဋ္ဌာန် တော်မူပြီးနောက် တဖန် အဘိညာဏ်၏ အခြေဖြစ်သော တေဇောကသိဏ (ပါဒက) ဈာန်ကို ဝင်စားတော်မူပြန်လေသည်။ (ရှေးပါဒကဈာန်ကား အဓိဋ္ဌာန်၏ အခြေပါဒ, ယခုပါဒကဈာန်ကား အဘိညာဏ်၏ အခြေပါဒဖြစ်သည်)၊ ထိုဈာန်မှ ထပြီးသော အဘိညာဏ်ဝီထိစိတ် ဖြစ်ပေါ်လာလေသည်။ ထိုအဘိညာဏ်ဇော တကြိမ်တည်း စောလိုက်သည်နှင့် တပြိုင်နက် တကိုယ်လုံးကို မီးဟုန်းဟုန်း တောက်လေတော့၏။ ထိုမီးသည် ခဏအတွင်းမှာပင် ကမ္ဘာဖျက်မီးကြီးကဲ့သို့ မထေရ်မြတ်၏ကိုယ်၌ အဏုမြူမျှသော သင်္ခါရကိုပင်သော်လည်း မီးသွေးမျှပင် မကျန်ကြွင်းစေပဲ အဓိဋ္ဌာန်အစွမ်းကြောင့် အလုံးစုံလောင်ကျွမ်းပြီးလျှင် ငြိမ်းစဲလေတော့၏။ မထေရ်မြတ်သည်လည်း အဘိညာဏ်စိတ် = ဣဒ္ဓိ စိတ်မှ ထ၍ ဘဝင်စိတ်ဖြင့် (= အဘိညာဏ်ဇော၏ နောက်၌ကျသော ဘဝင်စိတ်သည် စုတိကိစ္စတပ်ကာ ထိုစိတ်ဖြင့်) ပရိနိဗ္ဗာန် ဝင်စံ ချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းတော်မူလေသတည်း။ ။ (ဤမထေရ်

(နှာ-၃၈၉)

မြတ်၏ ပရိနိဗ္ဗာန်စံခဏ်းကို ဥဒါန်းအဋ္ဌကထာ မျက်နှာ ၃၈၇-မှ စ၍ ထုတ်နုတ်ဖော်ပြအပ်သည်)။

ဤကား အရှင်ဒဗ္ဗမထေရ် အကြောင်းတည်း။

_______

(၂၆) အရှင်ပိလိန္ဒဝစ္ဆမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤပိလိန္ဒဝစ္ဆမထေရ်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်း နေပြည်ဝယ် စည်းစိမ်ဥစ္စာ ပေါများသောအမျိုး၌ ဖြစ်ခဲ့လတ်၍ ရှေးမထေရ်အလောင်းများနည်းတူ မြတ်စွာဘုရားရှင်၏ တရား ဒေသနာကို နာယူစဉ် ပဒုမုတ္တရ မြတ်စွာဘုရားက ရဟန်းတော် တပါးကို “နတ်တို့ချစ်မြတ်နိုးအပ်သောအရာ” ဝယ် အသာဆုံး အမြတ်ဆုံး =ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ပြုပြီးလျှင် ထိုရာထူး= ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္တနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

စေတီတော်နှင့် သံဃာတော်အား ပူဇော်ခဲ့ခြင်း

ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် သုမေဓမြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် လူ့ပြည်၌ လူဖြစ်ပြန်၍ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူလတ်သော် မြတ်စွာဘုရား၏ စေတီတော်အား ကြီးစွာသော ပူဇော် သက္ကာရမှု ပြု၍ သံဃာ၌လည်း ကြီးစွာသောအလှူဒါနကို ဖြစ်စေခဲ့= ပေးလှူခဲ့လေသည်။

(နှာ-၃၉၀)

စကြဝတေးမင်းဘဝ

ထိုအမျိုးကောင်းသားသည် ထိုဘဝမှ စုတေပြန်သော် နတ်ပြည်, လူ့ပြည်တို့၌သာလျှင် ကျင်လည်ကျက်စားလျက် မြတ်စွာဘုရားရှင် မပွင့်ထွန်းမီ တခုသောဘဝဝယ် စကြဝတေးမင်း ဖြစ်၍ လူများအပေါင်းကို ငါးပါးသီလ၌ တည်စေကာ နတ်ရွာသုဂတိသို့ ရောက်အောင် ကျင့်ဆောင်ခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုအမျိုးကောင်းသားသည် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်တော်မမူမီပင် သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ လူဖြစ်လာ၍ အမည်အားဖြင့် အမည်ရင်းအားဖြင့် “ပိလိန္ဒ” အနွယ်အားဖြင့် “ဝစ္ဆ”=၂-ရပ်ပေါင်း၍ “ပိလိန္ဒဝစ္ဆ” ဟု မည်တွင်ထင်ရှား ကျော်ကြားလေသည်။ ပိလိန္ဒဝစ္ဆလုလင်သည် သံသရာ၌ ငြီးငွေ့ခြင်း ပြောများသူဖြစ်ခြင်းကြောင့် ပရိဗိုဇ်ရဟန်း ပြုပြီးလျှင် စူဠဂန္ဓာရ-မည်သော မန္တန်အတတ်ကို သင်ကြား တတ်မြောက်ပြီးစေ၍ ထိုအတတ်ပညာဖြင့် ကောင်းကင်၌ ပျံသွားနိုင်သူ သူတပါး၏ စိတ်အကြံကိုသိသူ(ဝိဇ္ဇာဓိုရ်တဦး ဖြစ်လျက် ရာဇဂြိုဟ်ပြည်၌ အထွတ်အထိပ်ရောက် လာဘ်ပေါများသူ, အခြံအရံပေါများသူ ဖြစ်ကာ စိုးအုပ်နေထိုင်လေ၏။

ထိုအခါ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူလာ၍ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီလေသော် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူလေ၏။ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူသည့်အချိန်မှစ၍ ပိလိန္ဒဝစ္ဆ ပရိဗိုဇ် (ဝိဇ္ဇာဓိုရ်) ၏ ထိုစူဠဂန္ဓာရီအတတ်သည် မပြည့်စုံတော့ပဲ မိမိကိစ္စကို မပြီးစေ နိုင်တော့ချေ။ (မန္တန် စုပ်သော်လည်း ရှေးကလို “ကောင်းကင်သို့လည်း မပျံနိုင်, သူတပါး၏စိတ်အကြံကိုလည်း မသိနိုင်တော့ချေ။ ထိုအခါ ပိလိန္ဒဝစ္ဆပရိဗိုဇ် (ဝိဇ္ဇာဓိုရ်)သည် “မဟာဂန္ဒာရဝိဇ္ဇာ ထင်ရှားရှိသောအရပ်ဝယ် စူဠဂန္ဓာရဝိဇ္ဇာသည် မပြည့်စုံနိုင်-ဟု ဆရာ, ဆရာ့ဆရာတို့ မိန့်ကြားကြသည်ကို ငါ

(နှာ-၃၉၁)

ကြားအပ်ဘူးလေသည်၊ ရဟန်းမြတ်ဂေါတမ ဤရာဇဂြိုဟ်ပြည်သို့ ကြွရောက်လာသည့်အချိန်မှ စ၍ ငါ၏ ဤစူဠဂန္ဓာရဝိဇ္ဇာသည် မပြည့်စုံတော့ချေ။ ယုံမှားဘွယ်မရှိ ရဟန်းမြတ် ဂေါတမသည် မဟာဂန္ဓာရဝိဇ္ဇာအတတ်ကို တတ်သိသူဖြစ်၏။ ငါသည် ထိုရဟန်းမြတ် ဂေါတမကို ဆည်းကပ်၍ သူ၏အထံ၌ ထိုမဟာဂန္ဓာရဝိဇ္ဇာ အတတ်ကို သင်ယူရပါမူ ကောင်းလေစွာ့”ဟု ကြံစည် စဉ်းစားမိကာ မြတ်စွာဘုရားထံတော်သို့ ဆည်းကပ်၍ “ရဟန်းမြတ်... အကျွန်ုပ်သည် ရဟန်းမြတ်၏အထံ၌ တခုသောဝိဇ္ဇာအတတ်ကို သင်ကြားလိုပါသည်။ အကျွန်ုပ်အား အခွင့်ပြုတော်မူပါ”ဟု တောင်းပန် လျှောက်ထားလေ၏။

မြတ်စွာဘုရားရှင်က “ထိုသို့ ဝိဇ္ဇာအတတ်ကို သင်ကြားလိုလျှင် သင်သည် ရှင်, ရဟန်းပြုလော့”ဟု မိန့်တော်မူလေလျှင် ပိလိန္ဒဝစ္စ ပရိဗိုဇ်သည် ရှင်, ရဟန်းပြုခြင်းသည် ဝိဇ္ဇာအတတ်၏ ပရိကံ = ရှေ့ပိုင်းအလုပ်ဟု အောက်မေ့ကာ ရှင်, ရဟန်း ပြုလေ၏။ ထို ပိလိန္ဒဝစ္ဆရဟန်းတော်အား မြတ်စွာဘုရားသည် တရားဟော၍ စရိုက်နှင့်လျော်သော ကမ္မဋ္ဌာန်းကို ပေးတော်မူလေ၏။ ပိလိန္ဒဝစ္ဆ ရဟန်းတော်သည် အရဟတ္တဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယနှင့် ပြည့်စုံသူဖြစ်ရကား မကြာမြင့်မီပင် ဝိပဿနာ တရား ပွါးများ၍ အရဟတ္တဖိုလ်သို့ဆိုက်ရောက်တော်မူလေ၏ = ရဟန္တာဖြစ်လေ၏။ (ဥဒါနဋ္ဌ၊၆၃-မှ)။

နှုတ်ထွက်ကြမ်းမှု အထုံဝါသနာပါရှိခြင်း

အရှင်ပိလိန္ဒဝစ္ဆ ရဟန္တာမထေရ်သည် လူတို့နှင့်ဖြစ်စေ, ရဟန်းတို့နှင့်ဖြစ်စေ အတူတကွ စကားပြောဆိုလျှင် “ဧဟိ ဝသလ = လာလော့ သူယုတ်...၊ ဂစ္ဆ ဝသလ = သွားလော့ သူယုတ်...။ အာဟရ ဝသလ=ဆောင်ခဲ့လော့ သူယုတ်...။ ဂဏှ ၀သလ= ယူသွားလော့ သူယုတ်...” ဤသို့စသည်ဖြင့် စကားဝါကျ ခွန်းတိုင်းမှာပင် (= သူယုတ်ဟု ပြောဆိုခြင်း)ဖြင့် ပြောဆိုလေ့ရှိတော်မူ၏။

(နှာ-၃၉၂)

ထိုစကားကို ယူဆောင်ကြ၍ ရဟန်းတို့သည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား အရိယာတို့မည်သည် ရုန့်ရင်းကြမ်းတမ်းသော စကားကို မပြောကြားကြဘူးလော” ဟု မေးလျှောက်ကြကုန်၏။ မြတ်စွာဘုရားရှင်က “ရဟန်းတို့... အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်မှာ သူတပါးကို ရှုတ်ချသောအားဖြင့်(= ရှုတ်ချသော ဒေါသဖြင့်) ရုန့်ရင်းကြမ်းတမ်းသော စကားဟူ၍ မရှိချေ။ စင်စစ်သော်ကား ဘဝတပါး (= အတိတ်ဘဝအဆက်ဆက်)က လေ့ကျက်ပွါးထုံခဲ့သော ကိလေသာ၏ အငွေ့သတ္တိ တည်းဟူသော ဝါသနာ၏အစွမ်းအားဖြင့်မူ ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုသည် ဖြစ်လေရာ၏”ဟု မိန့်တော်မူလေလျှင် ရဟန်းတို့သည် “မြတ်စွာဘုရား...အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် ထ၍ထ၍ လူတို့နှင့် ဖြစ်စေ, ရဟန်းတို့နှင့်ဖြစ်စေ အတူတကွ စကားပြောဆိုလျှင် “ဝသလ ၀သလ = သူယုတ် သူယုတ်” ဟု ပြောဆိုပါသည်။ မြတ်စွာဘုရား... ဤသို့ပြောဆိုခြင်း၌ အကြောင်းကား အဘယ်ပါနည်း = အဘယ့်ကြောင့် ဤသို့ပြောဆိုပါသနည်း” ဟု မေး လျှောက်ကြလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ငါသား ပိလိန္ဒဝစ္ဆ၏ ဤကဲ့သို့ နှုတ်ထွက်ကြမ်းမှုသည် ယခုအခါ၌သာ ဖြစ်သည့် အလေ့အကျက် မဟုတ်ချေ။ စင်စစ်သော်ကား လွန်လေပြီးသော အခါဝယ် ဤပိလိန္ဒဝစ္ဆသည် ဘဝ (၅ဝဝ)ငါးရာ ဆက်လျက် သူတဖက်သားကို ၀သလ = သူယုတ်မာဟု ပြောဆိုလေ့ ရှိသော ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့လေပြီ၊ ဤသို့လျှင် ဤငါ့သား ပိလိန္ဒဝစ္ဆသည် ဘဝအလေ့အကျက် အထုံဝါသနာကြောင့် သာလျှင် ဤကဲ့သို့ နှုတ်ထွက်ကြမ်းသော စကားကို ပြောကြားလေသည်။ ဖရုသဝါစာ အကုသိုလ် စေတနာဖြင့် ပြောကြားသည် မဟုတ်။ မှန်၏-အရိယာတို့ပြောကြားသော စကားသည် နှုတ်ထွက်ပင် ကြမ်းသော်လည်း စေတနာက မကြမ်းသောကြောင့် စင်ကြယ်သည်သာ ဖြစ်၏၊ ဤသို့ အရိယာပုဂ္ဂိုလ်တို့ နှုတ်ထွက် ကြမ်းမှု၌

(နှာ-၃၉၃)

အနည်းငယ်မျှသော မကောင်းမှုကိုမျှ မရအပ်” ဟု မိန့်တော်မူပြီးလျှင် ဓမ္မပဒ၌__

အကက္ကသံ ဝိညာပနိံ၊ ဂိရံ သစ္စမုဒီရယေ။
ယာယ နာဘိသဇေ ကဉ္စိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဘိက္ခဝေ= ရဟန်းတော်များ အို ချစ်သားတို့ ... ။ ယာယ ဂိရာယ=အကြင်စကားဖြင့်။ ကဉ္စိ=အခြားသော လူ တစုံတယောက်သော သူကိုမျှ။ နာဘိသဇေ= မျက်ကောဓဖိ ဆူးဖြင့်ထိသို့ မငြိမစွန်းစေလေရာ။ (ခီဏာသဝေါ နာမ = အာသဝေါကုန်ခန်း ရဟန္တာမည်သည်)။ အကက္ကသံ = နှုတ်ထွက် မကြမ်းသော။ ဝိညာပနိံ = အနက်အဓိပ္ပါယ်ကို သိလွယ်စေသော။ သစ္စံ = မဖောက်မပြန် မှန်လည်းမှန်ကန်သော။ တာဒိသံ ဂိရံ = ထိုသို့ရှုအပ် ကောင်းမြတ်သောစကားကို ဥဒီရယေ

= နှုတ်မြွတ်ကာ ပြောဆိုရာ၏။ တံ = ထိုသို့ နှုတ်ထွက် မကြမ်း ရဟန္တာပုဂ္ဂိုလ်ကို။ အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ဗြာဟ္မဏံ = ဗာဟိတပါပ အနွတ္ထကြောင့် - ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ဟူ၍။ ဗြူမိ= လူနတ်တို့အား သိထင်ရှားအောင် ဟောကြားမိန့်ဆိုပေ၏__

ဤဂါထာကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ဆိုက်ကြလေကုန်၏။ ။ (ဤ၌–အရှင်ပိလိန္ဒဝစ္ဆ ရဟန္တာ မထေရ်၏ ၀သလ = သူယုတ်ဟူ၍ ခေါ်ဆို မိန့်ကြားအပ်သည့် စကားသည် နှုတ်ထွက်ပင်ကြမ်းသော်လည်း စေတနာက မကြမ်းသဖြင့် ဖရုသဝါစာ = ကြမ်းတမ်းသောစကားဟု မဆိုရ = ဖရုသဝါစာ ဒုစရိုက်မဟုတ်ဟု မှတ်ယူရာ၏။)

(နှာ-၃၉၄)

ပိတ်ချင်းသီးများ ကြွက်ချေးဖြစ်ကုန်ခြင်း

တနေ့သ၌ ပိလိန္ဒဝစ္ဆမထေရ်သည် ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းခံကြွဝင်လေသော် ယောက်ျားတယောက် ပိတ်ချင်းသီးများ ခွက်အပြည့်ထည့်ယူ၍ မြို့တွင်းဝင်လာသည်ကို မြင်တော်မူလေလျှင် “သူယုတ်... သင့်ခွက်ထဲ၌ ဘာတွေနည်း” ဟု မေးတော်မူလေ၏။ ထိုယောက်ျားသည် “ဤရဟန်းကား နှင့်အတူ စောစောစီးစီးပင် နိမိတ်မကောင်း မင်္ဂလာမရှိသည့် သူယုတ်ဟူသော ကြမ်းတမ်းသောစကား ရိုင်းပြသောစကားကို ပြောကြားဘိ၏။ ဤရဟန်း၏ စကားနှင့်လိုက်လျောသည့် ကြမ်းတမ်းရိုင်းပြသော စကားကိုသာလျှင် ပြန်ကြားပြောဆိုမှ သင့်တော့မည်”ဟု ကြံစည် စဉ်းစား စိတ်ထဲမှပြစ်မှားကာ “အရှင်ဘုရား...တပည့်တော်၏ ခွက်ထဲမှာ ကြွက်ချေးတွေပါ ဘုရား”ဟု ကြမ်းတမ်း ရိုင်းပြစွာ ပြန်ကြားပြောဆိုလေ၏။ (ဤ၌_ သူယုတ်ဟူ၍ ခေါ်ဆိုလိုက်သော မထေရ်၏စကားမှာ နှုတ်ထွက်ကပင် ကြမ်းသော်လည်း စေတနာကား မကြမ်း = အလွန်နူးညံ့၏၊ အထုံဝါသနာကြောင့်သာ ထိုသို့ ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုယောက်ျား ပြောကြားလိုက်သည့် “ကြွက်ချေးတွေပါ ဘုရား” ဟူသောစကားမှာ ဒေါသထွက် ပြစ်မှား၍ ပြောကြားခြင်း ဖြစ်သောကြောင့် ဖရုသဝါစာ အကုသိုလ်ကံ ဖြစ်လေသည်၊ ရဟန္တာမထေရ်အပေါ်၌ ပြစ်မှားပြောဆို လိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူ၏ ဖရုသဝါစာ အကုသိုလ်သည် လတ်တလောခြင်းပင် မကောင်းကျိုးပေးလေ၏)။

ထိုအခါ မထေရ်မြတ်သည် “ဧဝံ ဘဝိဿတိ ဝသလ= ဟယ် သူယုတ်သင်ပြောသည့်အတိုင်း ကြွက်ချေးတွေပင် ဖြစ်ပေလိမ့်မည်” ဟု မိန့်တော်မူလေ၏။ ထိုယောက်ျားမှာ မထေရ်မြတ်၏ မြင်လောက်သောအရပ်ကို စွန့်လေ လွန်လေလျှင်ပင် ခွက်ထဲ၌ ပါသမျှသောပိတ်ချင်းသီးတွေ အားလုံးသည် ကြွက်ချေးတွေချည်း ဖြစ်၍ကုန်တော့၏။ ထိုယောက်ျားသည် ဤပိတ်ချင်းသီးများကား ကြွက်ချေးအတူ ထင်ရမြင်ရလေကုန်သည်၊ တကယ်ပင်ကြွက် ချေးသဘော ဟုတ်သလော, မဟုတ်သလော” ဟု ကြံစည်ကာ

(နှာ-၃၉၅)

စုံစမ်းလိုသည်ဖြစ်၍ လက်ဖြင့် နှိပ်ချေ၍ ကြည့်လေ၏။ ထိုအခါ ပိတ်ချင်းသီးများ တကယ်ပင် ကြွက်ချေးတွေဖြစ်နေသည်ကို သိရ၍ ထိုယောက်ျား၏ စိတ်သန္တာန်ဝယ် အားကြီးသော နှလုံးမချမ်းသာမှု = ဗလဝဒေါမနဿတရား တရိပ်ရိပ် ဖြစ်ပွါးလာလေ၏။

ထိုယောက်ျားသည် “ဤခွက်ထဲမှ ပိတ်ချင်းသီးများသာ ကြွက် ချေးတွေ ဖြစ်ကုန်သလော၊ သို့မဟုတ် လှည်းပေါ်၌ ပါရှိလာသော ပိတ်ချင်းသီးများသည်လည်း ကြွက်ချေးတွေများ ဖြစ်ကုန်ရော့ သလား” ဟု စိုးရိမ်ကြီးစွာ ပိတ်ချင်းသီးများ တင်ဆောင်လာသည့် မိမိလှည်းရှိရာသို့ သွားရောက်ကြည့်ရှုလေလျှင် လှည်းပေါ်၌ ပါရှိသည့် အားလုံးသော ပိတ်ချင်းသီးများလည်း ကြွက်ချေးတွေချည်း ဖြစ်၍နေကြသည်ကို တွေ့မြင်ရ၍ အလွန့်ထက်အလွန် နှလုံး ပူပန်ကာ ရင်ပတ်ကို လက်ဖြင့် မ-၍ “ဤအမှုကား အခြား သူ၏ အမှုမဟုတ်ချေ။ ဤအမှုသည် စောစောက တွေ့မြင်ရသော ရဟန်း၏အမှုသာ ဖြစ်၏။ မချွတ်ပင် ပြေလည်ရာပြေလည်ကြောင်း ဥပါယ်ကောင်းတခုတော့ ရှိပေလိမ့်မည်၊ (သီဟိုဠ်မူအလို) မချွတ်ပင် ထိုရဟန်းသည် မျက်လှည့်အတတ်တမျိုးကို တတ်သိသူ ဖြစ်ပေလိမ့်မည်၊ ထိုရဟန်းသွားရာအရပ်ကို နောက်မှလိုက်ကာ စုံစမ်းပြီးလျှင် ဤအကြောင်းကို ငါသိအောင်ပြုပေအံ့”ဟု ဆင်ခြင်စဉ်းစား၍ မထေရ်မြတ် ကြွသွားရာလမ်းကို မေးမြန်းကာ လိုက်လေ၏။

ထိုအခါ အခြားတယောက်သည် ထိုပိတ်ချင်းသီးရှင် (ကြွက်ချေးရှင်) ယောက်ျား အလွန်လျှင် စိတ်နှလုံးကြမ်းတမ်းလျက် သွားနေသည်ကို မြင်လတ်၍ “အိုယောက်ျား သင်သည် အလွန်လျှင် စိတ်နှလုံးကြမ်းတမ်းလျက် သွားဘိ၏။ အဘယ် အမှုကြောင့် ဤသို့သွားဘိသနည်း”ဟု မေးမြန်းလေသော် ပိတ်ချင်းသီးရှင် ယောက်ျားသည် ထိုဖြစ်ရပ်အကြောင်းအရာအားလုံးကို ထိုယောက်ျားအား ပြန်ကြားပြောဆိုလေ၏။ ထိုယောက်ျားသည် ပိတ်ချင်းသီးရှင်ယောက်ျား၏ စကားကို ကြားရလေလျှင် “အိုအမောင်...ထွေရာလေးပါး စိတ်အကြံ များမနေပါလင့်၊ ကျွန်ုပ်၏ ဆရာသခင် ပိလိန္ဒဝစ္ဆအရှင်မြတ်ပင် ဖြစ်ပါလိမ့်မည်။

(နှာ-၃၉၆)

အမောင်သည် ဤခွက်ကိုပင် ရှိရင်းစွဲ ကြွက်ချေးများ အပြည့်ထည့်၍ ယူဆောင်သွားရောက်ကာ မထေရ်မြတ်၏ ရှေ့တော်၌ ရပ်တည်ပါ။ ထိုအခါ မထေရ်မြတ်က ‘ဟယ်သူယုတ်...သင့်ခွက် ထဲမှာပါသည့် ထိုအရာတွေကား ဘာတွေနည်း’ ဟု မေးတော် မူလိမ့်မည်၊ ထိုသို့ မေးသောအခါ ‘ပိတ်ချင်းသီးတွေပါ အရှင်ဘုရား”ဟု သင် လျှောက်ထားပါလေ။ ထိုအခါ မထေရ်မြတ်သည် “ဧဝံ ဘဝိဿတိ ဝသလ = ဟယ်သူယုတ်သင်ပြောသည့်အတိုင်း ပိတ်ချင်းသီးတွေပင် ဖြစ်ပေလိမ့်မည်”ဟု မိန့်ဆိုတော်မူလိမ့်မည်။ ထိုအခါ ခွက်မှာပါသည့် ကြွက်ချေးများရော လှည်းမှာရှိသည့် ကြွက်ချေးများပါ အားလုံးပင် တဖန် မူလဇာတိရုပ်သို့ ပြန်၍ ပိတ်ချင်းသီးချည်း ဖြစ်ကြပါလိမ့်မည်”ဟု အကြံပေးစကား ပြောကြားလေ၏။ ပိတ်ချင်းသီးရှင် ယောက်ျားသည် ထို ယောက်ျား ပြောကြားအကြံပေးသည့်အတိုင်း လိုက်နာပြုကျင့်လေ၏။ အလုံးစုံသော ပိတ်ချင်းသီးများသည် မူလပကတိအတိုင်း ပိတ်ချင်းသီးချည်း တဖန် ပြန်၍ဖြစ်လေကုန်၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

အရှင်ပိလိန္ဒဝစ္ဆမထေရ်မြတ်သည် မြတ်စွာဘုရား ပွင့်ထွန်းတော်မမူမီ တခုသောဘဝဝယ် စကြဝတေးမင်းဖြစ်၍ လူများ အပေါင်းကို ငါးပါးသီလ၌ တည်စေကာ နတ်ရွာသုဂတိရောက်အောင် ကျင့်ဆောင်ခဲ့လေသည်။ များသောအားဖြင့် ကာမာဝစရ နတ်ပြည်ခြောက်ထပ်၌ ဖြစ်ကြသောနတ်များသည် ထိုအရှင်ပိလိန္ဒဝစ္ဆမထေရ်အလောင်း စကြဝတေးမင်း၏ အဆုံးအမကို ရယူလိုက်နာကျင့်သုံးကြ၍ မိမိတို့ဖြစ်လေရာရာ နတ်ပြည်ဘုံဌာန၌ နတ်စည်းစိမ်ကို ကြည့်ရှုကြပြီးလျှင် “ငါတို့သည် အဘယ်သူကို အမှီပြု၍ ဤနတ်ပြည်စည်းစိမ်ကို ရရှိကြသနည်း” ဟု ဆင်ခြင်ကြလေလျှင် ဤအရှင်ပိလိန္ဒဝစ္ဆမထေရ်ကို မြင်ကြ၍ “မထေရ်ကိုမှီ၍ ငါတို့သည် ဤနတ်ပြည်စည်းစိမ်ကို ရအပ်လေပြီ” ဟု ကျေးဇူးတင် ဝမ်းမြောက်ကြကာ ညဉ့် နံနက်ပင် အစဉ်မပြတ် မထေရ်ကို လာရောက်၍ ရှိခိုးကြလေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည်

(နှာ-၃၉၇)

နောက် အချိန်ဝယ် အရိယာသံသာအလယ်၌ ထိုင်နေတော်မူလျက် အရှင်ပိလိန္ဒဝစ္ဆမထေရ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဒေ၀တာနံ ပိယမနာပါနံ ယဒိဒံ ပိလိန္ဒဝစ္ဆော= ရဟန်းတို့... နတ်တို့ချစ်မြတ်နိုးအပ်သော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ပိလိန္ဒဝစ္ဆ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “ဒေဝတာနံ ပိယမနာပ = နတ်တို့ ချစ်မြတ်နိုးအပ်သောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်ပိလိန္ဒဝစ္ဆမထေရ် အကြောင်းတည်း။

_______

(၂၇) အရှင်ဗာဟိယ-ဒါရုစီရိယမထေရ်အကြောင်း

(ဤမထေရ်၏ အမည်ရင်းမှာ ဗာဟိယတိုင်း၌ ဖွားမြင်သူဖြစ်သောကြောင့် “ဗာဟိယ”ဟူ၍ ဖြစ်လေသည်၊ ထိုဗာဟိယသည် နောက် တချိန်၌ ဖော်ပြလတ္တံ့သော ဝတ္ထုအတိုင်း သစ်သားမျှင်တို့ကို အဝတ်ပြုကာ ဝတ်၍နေ၏။ ထို့ကြောင့် ဒါရိုစီရိယ=သစ်သားမျှင်အဝတ်ကို ဝတ်သောသူ”ဟု အမည်တွင်ပြန်လေသည်။ အမည်နှစ်ရပ်ကို ပေါင်းစပ်၍ ဤမထေရ်ကို “ဗာဟိယ-ဒါရုစီရိယ မထေရ်”ဟု ခေါ်တွင် လေလည်)။

(က) မထေရ်၏ ရှေးဆုတောင်း

ဤဗာဟိယဒါရုစီရိယ မထေရ် အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်းအိမ်၌ ဖြစ်ခဲ့လတ်၍ ရှေးမထေရ်အလောင်းများနည်းတူ မြတ်စွာဘုရားရှင်၏ တရား ဒေသနာကို နာယူစဉ် ပဒုမုတ္တရ မြတ်စွာဘုရားက ရဟန်းတော် တပါးကို “မဂ်ဖိုလ်အသိဉာဏ်ကို လျင်မြန်စွာ ရရှိကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်

(နှာ-၃၉၈)

မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှုကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး=ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ် စကား မိန့်ကြားတော်မူခဲ့လေသည်။

တောင်ထိပ်တက်၍ ရဟန်းတရား အားထုတ်ခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကိုပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ကဿပမြတ်စွာ သာသနာဆုတ်ယုတ်သောအခါဝယ် အောက် အရှင်ဒဗ္ဗမထေရ်၏ ဝတ္ထု၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း အဖော်ရဟန်းတို့နှင့် အတူတက္ခ(အောက် အရှင်ဒဗ္ဗဝတ္ထု စာမျက်နှာ ၃၇၈-၌ ကြည့်ပါ။)တောင်ထိပ်သို့ တက်ရောက်ကာ ရဟန်းတရား အားထုတ်၍ စင်ကြယ်သော, ပြည့်စုံသော သီလရှိသူ ဖြစ်ရကား အသက်အဆုံး၌ နတ်ပြည်ဝယ် ဖြစ်လေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို အမျိုးကောင်းသား နတ်သားသည် ဗုဒ္ဓန္တရ အသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည်၌သာ စံနေ၍ ဤအကျွန်ုပ်တို့ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာကာလဝယ် ဗာဟိယတိုင်း၌ အမျိုးကောင်းအိမ်ဝယ် အမျိုးကောင်းသား ဖြစ်၍လာလေသည်။ ထို ဗာဟိယအမျိုးကောင်းသားသည် အရွယ်သို့ ရောက်လတ်သော် အိမ်ရာတည်ထောင် လူ့ဘောင်၌ စိုးအုပ်နေထိုင်လျက် တနေ့သောအခါ “ငါသည် ကုန်သွယ်မှုကို ပြုပေအံ့”ဟု ကြံစည်ကာ သုဝဏ္ဏဘူမိသို့သွားမည့် စက်လှေကို စီးနင်းလိုက်ပါ၍ သွားလေ၏။ ထိုသူတို့စီးနင်းလိုက်ပါသွားသော လှေသည် လိုရာအရပ်သို့ မရောက်ပဲ သမုဒြာအတွင်းမှာပင် ပျက်စီးခဲ့လေ၏။ လှေသဘောပါ လူများအပေါင်းသည် ငါးလိပ်တို့၏အစာ ဖြစ်ကြရလေ၏။

ဤဗာဟိယအမျိုးကောင်းသားသည်ကား ပစ္ဆိမဘဝိကသားများ ဖြစ်သောကြောင့် အသက်မသေပဲ သစ်သားပိုင်းတခုကို ဆွဲကိုင်

(နှာ-၃၉၉)

အမှီပြုရ၍ ခုနစ်ရက် မြောက်သောနေ့၌ သုပ္ပါရကဆိပ်ကမ်းဝယ် ကမ်းသို့တက်မိ၍ လူတို့နေရာအရပ်သို့ ရောက်လတ်သည်ရှိသော် “အဝတ်မဝတ်သော ယခု ငါ့အသွင်ဖြင့် လူအများတို့သို့ ချဉ်းကပ်ရန် မသင့်လျော်ချေ”ဟု ဆင်ခြင်မိ၍ မနီးမဝေးသော အရပ်၌ရှိသော တဖက်ဆည်ကန်ကြီးမှ မှော်သိုက်အုံတခုကို ယူဆောင်ကာ ကိုယ်ကို ရစ်ပတ်ပြီးနောက် တနေရာ၌ ကျရောက်နေသော ခွက်ဆွေးတခုကို ကောက်ယူ၍ ဆွမ်းအလို့ငှါ ရွာတွင်းသို့ ဝင်လေ၏။

လူများသည် ဗာဟိယကို မြင်ကြလေလျှင်“လောက၌ ရဟန္တာ ပုဂ္ဂိုလ်များ အကယ်၍ ရှိကြမည်ဆိုလျှင် ဤ အရှင်မြတ်ကဲ့သို့ သဘောရှိသူတို့သာ ဖြစ်လေရာ၏၊ အသို့နည်း အရှင်သူမြတ်သည် ဥက္ကဌ်အကျင့်ကို ကျင့်သူဖြစ်သောကြောင့်တည်း အဝတ်ကို မခံယူ သလော၊ သို့မဟုတ် လှူအပ်လျှင် ခံယူလေရာမည်လော”ဟု စုံစမ်း လိုကြသဖြင့် အထူးထူးသော အရပ်တို့မှ အဝတ်များကို ယူဆောင် ပေးလှူကြလေသည်။ ဗာဟိယသည် “အကယ်၍များ ငါသည် ဤယခု အသွင်အမှုဖြင့် မလာရောက်ခဲ့လျှင် (= သားနားသပ်ယပ်စွာ ဝတ်ဆင်၍ လာရောက်ခဲ့လျှင်) ဤ လူများသည် ငါ့အား မကြည်ညိုကြကုန်လေရာ၊ တစုံတခုပြုလုပ်ကာ ဤလူများကို လှည့်ဖြား၍ အသက်ရှင်ကြောင်း ဥပါယ်ကောင်း တခုတော့ ပြုမှ သင့်တော်တော့မည်” ဟု ကြံစည်၍ အလိုနည်းသောဟန်ဖြင့် ထိုလူများ လှူအပ်သည့် အဝတ်များကို မခံယူပဲ နေလေ၏။ လူတို့သည် အတိုင်းထက်အလွန် ကြည်ညိုကြ၍ ကြီးစွာသော ပူဇော် သက္ကာရမှုကို ပြုကြလေကုန်၏။

ဗာဟိယသည်လည်း ဆွမ်းကိစ္စပြုပြီးလတ်သော် (= ထမင်းစားပြီး လတ်သော်) ထိုရွာနှင့် မနီးမဝေးသော အရပ်၌ တည်ရှိသည့် နတ်ကွန်းတခုသို့ သွားရောက်လေ၏။ လူများသည် ဗာဟိယနှင့် အတူတကွပင် လိုက်ပါသွားကြ၍ ထိုနတ်ကွန်း = နတ်စင်ကို သုတ်သင်ရှင်းလင်း၍ ပေးကြလေကုန်၏။ ထို့နောက် ဗာဟိယသည် ဤလူများကား ငါ့အား မှော်သိုက်ကို ဝတ်ကာမျှဖြင့်ပင်

(နှာ-၄၀၀)

ဤသို့သော ပူဇော်သက္ကာရမှုကို ပြုကြကုန်၏၊ ထိုလူများအပေါ်၌ ငါသည် ဥက္ကဌ် အကျင့်ရှိသူကဲ့သို့ ဖြစ်မှ သင့်တော်ရာ့မည်” ဟု ကြံစည်၍ ပေါ့ပါးသော သစ်ပျဉ်ချပ်များကို ရှာဖွေယူဆောင် ပါးပါးလွှာလျက် လျှော်မျှင်များ၌ ကုံးသီပြီးလျှင် သစ်သားအဝတ် ပြုလုပ်ကာ ဝတ်, ရုံ၍ အသက်မွေးမှုပြုကာ နေလေ၏။ (ဤအချိန် မှစ၍ သူ၏အမည်မှာ ဗာဟိယ-ဒါရုစီရိယ=သစ်သားအဝတ်ကို ဝတ်သည့် ဗာဟိယ-ဟူ၍ တွင်မည်လေ၏)။

ဗြဟ္မာကြီး လာရောက် သတိပေးခြင်း

ထို့နောက် ကဿပမြတ်စွာ သာသနာတော် ဆုတ်နစ်သောအခါက အတူတကွ တောင်ထိပ်သို့တက်၍ ရဟန်းတရားအား ထုတ်ခဲ့ကြသော ရဟန်းခုနစ်ပါးတို့အနက် ဒုတိယမထေရ်သည် အနာဂါမိဖိုလ်ရောက်၍ သုဒ္ဓါဝါသဗြဟ္မာဘုံ၌ ဖြစ်ခဲ့လေသည်။ ထိုဗြဟ္မာသည် သုဒ္ဓါဝါသဘုံ၌ ဖြစ်ပြီးသည်၏ အခြားမဲ့မှာပင် မိမိရရှိအပ်သော ဗြဟ္မာ့စည်းစိမ်ကို ကြည့်ရှု၍ လာရာအရပ်ကို ဆင်ခြင်လတ်သော် သူငယ်ချင်းရဟန်း ခုနစ်ပါးတို့ တောင်ထိပ် တက်ရောက်၍ ရဟန်းတရား ပွါးများအားထုတ်ရာ အရပ်ကို မြင်ပြီးနောက် မိမိမှကြွင်းသော သူငယ်ချင်းရဟန်း ခြောက်ပါးတို့၏ လားရောက် ဖြစ်ပွါးရာအရပ်ကို ဆက်၍ ဆင်ခြင်လေလျှင် တပါးက ပရိနိဗ္ဗာန်စံကြောင်း, ကျန်ငါးပါးက ကာမာဝစရနတ်ပြည်၌ ဖြစ်ကြကြောင်းကို ကောင်းစွာသိမြင်၍ အခါမပြတ် ထို သူငယ်ချင်း ငါးဦးတို့ကို ဆင်ခြင်ကြည့်ရှုလေ့ ရှိပေ၏။ .

ဤယခုအခါ၌ကား “ငါ့သူငယ်ချင်းများသည် ယခုအခါ အဘယ်အရပ်၌ ဖြစ်နေကြသနည်း” ဟု စဉ်းစားဆင်ခြင်လတ်သော် သုပ္ပါရကဆိပ်ကမ်းကို အမှီပြု၍အံ့ဩဖွယ်ပြုခြင်းဖြင့် အသက်မွေးမှု ပြု၍နေသည့် ဗာဟိယဒါရုစီရိယကို မြင်၍ “ဤ သူမိုက်ကား ပျက်စီးပါပေါ့တကား၊ ရှေး ကဿပမြတ်စွာ သာသနာတော်ခေတ်တုန်းက ရဟန်းတရား ပွါးများကျင့်ကြံစဉ် အလွန့် အလွန် ဥက္ကဌ်အကျင့်ရှိသူ ဖြစ်ခြင်းကြောင့် ရဟန္တာအရှင်မြတ်

(နှာ-၄၀၁)

ဆောင်ယူ အပ်ခဲ့သော ဆွမ်းကိုသော်မှ မစားမသုံးခဲ့ပဲ ယခုအခါ ဝမ်းရေးဟူသော အကြောင်းကြောင့် မိမိကိုယ်တိုင်က ရဟန္တာ မဟုတ်ပဲလျက် ရဟန္တာ၏အဖြစ်ကို ဝန်ခံကာ လောက (= လူအပေါင်း)ကို လှည့်ဖြား၍ ကျက်စား သွားလာ နေဘိတကား၊ မြတ်စွာဘုရားရှင် လောက၌ ပွင့်ထွန်းတော်မူကြောင်းကိုလည်း သူသည် မသိသေးချေ။ ငါသည် ယခုပင် သွားရောက်အံ့၊ သွားရောက်ပြီးလျှင် ငါ့သူငယ်ချင်းကို ထိတ်လန့်သံဝေဂ ရစေ၍ လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပြီ ဖြစ်ကြောင်းကို အသိ ပေးပေအံ့”ဟု ကြံစည်ဆင်ခြင်၍ ထိုခဏမှာပင် ဗြဟ္မာ့ပြည်မှ ဆင်းသက်ခဲ့၍ ညဉ့်အခါဝယ် သုပ္ပါရကဆိပ်ကမ်း ဗာဟိယဒါရုစီရိယ၏ မျက်မှောက်၌ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ထင်ရှားပေါ်ပေါက်လာလေ၏။

ဗာဟိယ-ဒါရုစီရိယသည် မိမိ၏ နေရာအရပ်၌ အရောင် အလင်းကို မြင်၍ အပြင်သို့ ထွက်ကာ ရပ်တည်ပြီးလျှင် ဗြဟ္မာကြီးကို ကြည့်ရှုလျက် လက်အုပ်ကို ချီးမြှောက်ကာ “အရှင်ဘုရားတို့သည် အဘယ်သူတို့ပါနည်း” ဟု မေးလေ၏။ ထိုအခါ ဗြဟ္မာကြီးသည်“ငါသည် သင်၏ သူငယ်ချင်းဟောင်းတည်း၊ ကဿပ မြတ်စွာ သာသနာတော် ဆုတ်နစ်သောအခါ သင်နှင့်အတူတကွ တောင်ထိပ်သို့တက်၍ ရဟန်းတရား ပွါးများအားထုတ်သဖြင့် အနာဂါမိဖိုလ်သို့ ရောက်၍ ဗြဟ္မာပြည်၌ ငါ ဖြစ်ရလေပြီ၊ ငါတို့ ခုနစ်ပါးအနက် အကြီးဆုံးသံဃမထေရ်သည်ကား အရဟတ္တဖိုလ်သို့ ရောက်တော်မူ၍ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီ၊ သင်တို့ငါးဦးသည် ကာမာဝစရနတ်ပြည်၌ ဖြစ်ခဲ့ကြလေပြီ၊ ငါသည် သင့်ကို ဤအရပ်၌အံ့သြဖွယ်ပြုခြင်းဖြင့် အသက်မွေးမှု ပြု၍နေသည်ကို မြင်ရ၍ ဆုံးမရန် လာခဲ့ပေသည်”ဟု အကြောင်းအကျိုး ဖော်ပြ ပြောဆိုပြီးလျှင်__

“အိုဗာဟိယ...သင်သည် (၁) အာသဝေါ ကုန်ခန်း ရဟန္တာလည်း မဟုတ်ချေ။ (၂) အရဟတ္တမဂ်သို့ ရောက် ဆိုက်သူလည်း မဟုတ်ချေ။ (၃) (ထိုသို့ ရောက်ဆိုက်ဖို့ရန်

(နှာ-၄၀၂)

ကို မဆိုထားဘိ) သင့်မှာ အရဟတ္တမဂ်, အရဟတ္တဖိုလ်သို့ ရောက်ဖို့ရန်အကျင့်မှန်လည်း အဏုမြူမျှပင်မရှိသေးချေ”__

ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုလေ၏။ ထိုနောက်မှ ဗြဟ္မာကြီးသည် ဗာဟိယဒါရုစီရိယအား လောက၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေပြီ ဖြစ်ကြောင်းနှင့် ယခုအခါ သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူကြောင်း ပြောကြား၍ “သင်သည် မြတ်စွာဘုရားရှင် ထံတော်သို့ သွားရောက်လေလော့”ဟု ဗာဟိယဒါရုစီရိယကို တိုက်တွန်းစကား ပြောကြားပြီးလျှင် ဗြဟ္မာပြည်သို့ ပြန်သွားလေ၏။

ဗာဟိရ-ဒါရုစီရိယ ရဟန္တာဖြစ်ခြင်း

ဗာဟိယဒါရုစီရိယသည် ဗြဟ္မာကြီး၏ စကားကို ကြားသိရ လေလျှင် များစွာ ထိတ်လန့်= သံဝေဂရ၍ “ငါသည် နိဗ္ဗာန် လမ်းမှန်ကို ရှာပေတော့အံ့” ဟု ကြံစည် အောက်မေ့ပြီးလျှင် ယူဇနာ (၁၂၀) တရာ့နှစ်ဆယ် ဝေးကွာသော ခရီးကို တညဉ့်သာ နေခြင်းဖြင့် အပြင်း သွားရောက်၍ သာဝတ္ထိပြည်သို့ ဆိုက်ရောက်လေ၏။ ဗာဟိယဒါရုစီရိယ သာဝတ္ထိပြည်သို့ ရောက်ချိန်မှာ နံနက်ခင်းအခါ ဖြစ်သည်။

မြတ်စွာဘုရားသည်လည်း ဗာဟိယ-ဒါရုစီရိယ ကိုယ်တော့်ထံသို့ လာနေသည်ကို သိတော်မူ၍ “ဗာဟိယ၏ သဒ္ဓါ-စသော ဣန္ဒြေတို့ကား ရင့်ကျက်ခြင်းသို့ မရောက်ကြသေး၊ ခဏကြာမှသာ ရင့်ကျက်ခြင်းသို့ ရောက်ကြလိမ့်မည်”ဟု ဆင်ခြင်သိရှိတော်မူကာ ဗာဟိယ၏ ဣန္ဒြေများ ရင့်ကျက်ချိန်ကို ငံ့ဆိုင်း စောင့်လင့်တော် မူလျက် များစွာသော ရဟန်းအပေါင်း ခြံရံကာ ထိုခဏမှာပင် သာဝတ္ထိပြည်သို့ ဆွမ်းခံကြွဝင်တော်မူလေ၏။

ဗာဟိယသည် ဘုရားရှင် ဆွမ်းခံကြွသွားတော်မူပြီးနောက်မှ ဇေတဝန်ကျောင်းတိုက်သို့ ဝင်၍ နံနက်ဆွမ်း ဘုဉ်းပေးပြီးကြ သဖြင့် ကိုယ်၏ လေးလံမှုကို ပယ်ဖျောက်ရန် ဟင်းလင်းပြင်

(နှာ-၄၀၃)

ဝယ် လူးလာတုံ့ခေါက် စင်္ကြံလျှောက်နေကြသည့် များစွာသော ရဟန်းတို့ကို ဖူးတွေ့ရ၍ “ယခုအခါ မြတ်စွာဘုရား အဘယ်အရပ် ၌ နေတော်မူပါသနည်း အရှင်တို့ဘုရား...”ဟု မေးလျှောက်လေ၏။ ရဟန်းတို့သည် “ယခုပင် မြတ်စွာဘုရားသည် သာဝတ္ထိ ပြည်တွင်းသို့ ဆွမ်းခံကြွဝင်တော်မူသည်”ဟု ဖြေကြားပြီးလျှင် “သင်သည် အဘယ်အရပ်မှ လာခဲ့သနည်း”ဟု မေးမြန်းကြလေ၏။ ဗာဟိယက “အကျွန်ုပ်သည် သုပ္ပါရကဆိပ်ကမ်းမှ လာရောက်ခဲ့ပါသည် ဘုရား”ဟု လျှောက်ထား ဖြေကြားလေလျှင် ရဟန်းတို့သည် ဗာဟိယကို “သင်သည် ခရီးဝေးမှ လာခဲ့ရသူ ဖြစ်၏။ ထိုင်ပါဦး, ခြေများကို ဆေးကြော, နယ်ဆီလိမ်း၍ အတန်ငယ် အပန်းဖြေပါဦး၊ ဆွမ်းခံရာမှ ပြန်ကြွတော်မူလာသောအခါ မြတ်စွာဘုရားကို ဖူးမြင်ရပါလိမ့်မည်”ဟု စိတ်ရှည်လက်ရှည် ပြောဆိုကြလေ၏။

ထိုအခါ ဗာဟိယသည် “အရှင်ဘုရားတို့... တပည့်တော်သည် မိမိအသက်၏ အန္တရာယ်ကို မသိနိုင်ပါ။ တပည့်တော်သည် တညဉ့်တည်းဖြင့်ပင် တစုံတခုသော အရပ်၌မျှ ကြာမြင့်စွာ မရပ်ခဲ့ပဲ မထိုင်ခဲ့ပဲ ယူဇနာ တရာ့နှစ်ဆယ်ရှိသော ခရီးကို အပြင်း လာရောက်ခဲ့ရပါသည်။ မြတ်စွာဘုရားကို ဖူးမြင်ပြီးမှသာ အပန်းဖြေပါတော့မည်”ဟု ပြောဆိုလျှောက်ထား၍ အဆောတလျင်ပင် သာဝတ္ထိပြည်သို့ ဝင်ရောက်သွားလေသော် အတုမရှိသော ဗုဒ္ဓ ကျက်သရေတော်ဖြင့် တင့်တယ်တော်မူသော ဘုရားရှင်ကို ပက်ပင်းပါ ဖူးတွေ့ရလေ၏။ ဗာဟိယသည် မြတ်စွာဘုရားရှင်ကို လမ်းခရီးအကြား ကြွသွားတော်မူနေသည်ကို ဖူးမြင်ရလေလျှင် “ငါသည် အလွန်ကြီး ကြာမြင့်မှ မြတ်စွာဘုရားကို ဖူးမြင်ရလေသည်”ဟု ဝမ်းမြောက်ဝမ်းသာ ငါးဖြာသောပီတိဖြင့် တွေ့ထိနှံ့စပ်သော ကိုယ်ရှိ၍ ပီတိအဟုန်ကြောင့် မတုန်မလှုပ် ဖွင့်လှစ်သော မျက်စိအစုံရှိကာ မြင်ရာအရပ်မှပင် ကိုယ်ကို ကိုင်းညွှတ်လျက် မြတ်စွာဘုရားရှင်၏ ကိုယ်တော်ရောင်အတွင်း ချင်းနင်း သက် ရောက် နစ်မြုပ်ပြီးလျှင် မြတ်စွာဘုရား၏အနီး ထံတော်မှောက်သို့

(နှာ-၄၀၄)

တိုးလျှိုသွားရောက်၍ တည်ခြင်းငါးမျိုးဖြင့် ရှိခိုးပြီးလျှင် မြတ်စွာဘုရားရှင်၏ ခြေတော်အစုံတို့ကို ဆုပ်နယ်, နမ်းစုတ်လျက်__

“မြတ်စွာဘုရား...ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောတော်မူပါ။ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောတော်မူပါ။ ယင်းသို့ မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်သည် အကျွန်ုပ်၏အဖို့ရာ ရှည်လျားစွာသော ညဉ့်ကာလပတ်လုံး စီးပွါး, ချမ်းသာအလို့ငှါ ဖြစ်ပါလိမ့်မည်”__

ဟု တောင်းပန်စကား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ဗာဟိယဒါရုစီရိယကို__

“ချစ်သား ဗာဟိယ-တရားဟောရန် အခါမဟုတ်သေး၊ ငါဘုရားတို့သည် ဆွမ်းအလို့ငှါ မြို့တွင်းသို့ ဝင်နေ ကြကုန်၏”__

ဟု မိန့်တော်မူလေ၏။

(ဤ၌။ ။ မြတ်စွာဘုရား၏အဖို့ရာ သတ္တလောက၏ အစီးအပွါးလို့ငှါ ကျင့်ကြံဖို့ရန် အခါမဟုတ်သောဟူ၍ ရှိရသေးသလောဟု မေးဖွယ် ရှိ၏။ အဖြေကား-ဤ၌ အခါအရ ဝေနေယျတို့၏ ဣန္ဒြေရင့်ကျက်ချိန်ကို ဆိုလို၏၊ ထိုအချိန်၌ ဗာဟိယ၏ အဖို့ရာ မိမိ၏ သဒ္ဓါ-စသောဣန္ဒြေများ ရင့်ကျက်သည်, မရင့်ကျက်သည်၏အဖြစ်ကို အလွန်သိနိုင်ခဲ၏၊ (စင်စစ် ထို အချိန်၌ ဗာဟိယ၏ သဒ္ဓါ-စသော ဣန္ဒြေတို့ကား မရင့်ကျက် သေးချေ။ ထိုသို့သင့်ဣန္ဒြေများမရင့်ကျက်သေးသောကြောင့် ငါဘုရား တရားဟောချိန်မတန်သေးဟု အဖြေပေးလျှင် ဗာဟိယကား နားလည်မည်=သိမည်မဟုတ်)၊ ထို့ကြောင့် မြတ်စွာဘုရားသည် ထို (ဗာဟိယ၏ ဣန္ဒြေများ မရင့်ကျက်သေးမှုတည်းဟူသော) အကြောင်းကို မိန့်တော် မမူပဲ ဗာဟိယ နားလည် သိရှိမည့် “ကိုယ်တော်မြတ်၏ မြို့တွင်း၌ ဆွမ်းခံနေခြင်းကိုသာ” ထို တရားမဟောခြင်း၏ အကြောင်း အနေဖြင့် ညွှန်ပြတော်မူလေသည်။ (ဆိုလိုရင်းကား)- မြတ်စွာဘုရားသည် ဝေနေယျအကျိုး သည်ပိုးရွက်ဆောင်ရန် တရားဟောတော်မူသည်ဆို သော်လည်း ကျွတ်ထိုက်သူ ဝေနေယျ၏ ဣန္ဒြေရင့်ကျက်ချိန်ကို သိတော်

(နှာ-၄၀၅)

မူ၍သာ ကာလညူပုဂ္ဂိုလ်မြတ် ပီပီ တရားဟောတော်မူသည်၊ ကျွတ်ထိုက်သူ ဝေနေယျ၏ ဣန္ဒြေမရင့်ကျက်သေးချိန်၌ တရားမဟော၊ ထို အချိန်မှာလည်း ဗာဟိယ၏ ဣန္ဒြေများကား မရင့်ကျက်သေးချေ၊ (ထိုကြောင့် ထိုဣန္ဒြေမရင့်ကျက်သေးချိန်မှာ တရားဟောလျှင်လည်း မဂ်, ဖိုလ်တရားကို ရမည်မဟုတ်)၊ “ဗာဟိယ...သင်၏ သဒ္ဓါ-စသောဣန္ဒြေများ မရင့်ကျက်သေးသောကြောင့် ဤအချိန်ကား သင့်အား တရားဟောရန် အချိန်မတန်သေး” ဟု မိန့်တော်မူလျှင်လည်း ဗာဟိယမှာ သာသနာပြင်ပ ပုဂ္ဂိုလ်တယောက်ဖြစ်၍ နားလည်= သိရှိမည် မဟုတ်၊ ထို့ကြောင့် ဗာဟိယ သိရှိနားလည်နိုင်မည့် “မြို့တွင်းသို့ ဆွမ်းခံဝင်နေခြင်း”ကိုသာ အကြောင်းအနေဖြင့် မြတ်စွာဘုရား မိန့်ကြားတော်မူသည်ဟု အထူးမှတ်ယူ၏)။

ထိုသို့ မြတ်စွာဘုရား မိန့်ကြားတော်မူသောအခါ ဗာဟိယ-ဒါရုစီရိယသည် နှစ်ကြိမ်မြောက် ဆက်၍__

“မြတ်စွာဘုရား...ဘုန်းတော်သခင် ရှင်တော်ဘုရား၏ အသက်အန္တရာယ်များ ဖြစ်မည်, မဖြစ်မည်၎င်း၊ တပည့်တော်၏ အသက်အန္တရာယ်များ ဖြစ်မည်, မဖြစ်မည်ကို၎င်း ဧကန်ဧက သိနိုင်ခဲလှပါသည်။ သို့ပါသောကြောင့် မြတ်စွာဘုရား...ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောတော်မူပါ။ ကောင်းသော စကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောတော်မူပါ။ ယင်းသို့ မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်သည် အကျွန်ုပ်၏ အဖို့ရာ ရှည်လျားစွာသော ညဉ့်ကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ပါလိမ့်မည်" ဟု တောင်းပန်စကား လျှောက်ထားပြန်လေ၏။ ထိုအခါမှာလည်း မြတ်စွာဘုရားသည် ရှေးနည်းအတူပင် “ချစ်သား ဗာဟိယ တရားဟောရန် အခါမဟုတ်သေး၊ ငါဘုရားတို့သည် ဆွမ်းအလို့ငှါ မြို့တွင်းသို့ ဝင်နေကြကုန်၏”ဟူ၍ပင် မိန့်တော်မူ၏။ (မရင့်ကျက်သေးသောကြောင့် ဤသို့ ပယ်မြစ်စကား မိန့်ကြားတော်မူသည်ဟု အထူးမှတ်ယူရာ၏)။

(နှာ-၄၀၆)

(ဤ၌။ ဗာဟိယ-ဒါရုစီရိယသည် ပစ္ဆိမဘဝိကသား ဖြစ်သောကြောင့် မိမိ၏ (အရဟတ္တဖိုလ်၏) အကြောင်း= ရှေးကောင်းမှုက တိုက်တွန်းနှိုးဆော်အပ်သောကြောင့် ဤကဲ့သို့ အသက်အန္တရာယ်ကို ထည့်၍, ဦးတည်၍ လျှောက်ထားလေသည်။ မှန်၏-ပစ္ဆိမဘဝိကသား တို့မှာ အရဟတ္တဖိုလ်သို့ မရောက်ပဲသာဖြင့် အသက်ကုန်ခြင်း=သေခြင်း မည်သည် အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ချေ။

“မြတ်စွာဘုရားသည် ဗာဟိယအား တရားဟောတော်မူလိုပါလျက် အဘယ့်ကြောင့် နှစ်ကြိမ်တိုင်တိုင် ပယ်တော်မူသနည်း”ဟု မေးဖွယ် ရှိ၏။ အဖြေကား ထိုအချိန်၌ မြတ်စွာဘုရား၏ စိတ်သန္တာန်ဝယ် “ငါဘုရားကို ဖူးမြင်ရသောအချိန်မှစ၍ ဤဗာဟိယ၏ တကိုယ်လုံး နှစ်သက်ခြင်း=ပီတိတရား လွှမ်းလျက် ဖုံးလျက် ရှိလေသည်။ ပီတိအဟုန်ကား အလွန်အားကြီးနေသေး၏။ တရားနာသော်လည်း မဂ်, ဖိုလ်, နိဗ္ဗာန်ကို ထိုးထွင်း၍ သိနိုင်မည် မဟုတ်သေး၊ အလယ်အလတ်ရှုမှု၏ မဇ္ဈတ္တုပေက္ခာ ဖြစ်ပွါးလာသည်တိုင်အောင် ဆိုင်းငံ့ဦးမှသင့်တော်မည်။ ထို့ပြင်လည်း ခရီးယူဇနာ တရာ့နှစ်ဆယ်ကို အပြင်း (ညတွင်းချင်း) လာခဲ့ရသောကြောင့် ဗာဟိယ၏ ကိုယ်၌လည်း ပင်ပန်းနွမ်းနယ်မှု အလွန်အားကြီးနေသေးသည်။ ထိုပင်ပန်းနွမ်းနယ်မှု ငြိမ်းအေးအောင် စောင့်ဆိုင်း ငံ့လင့်ဦးမှ သင့်တော်မည်” ဟု အကြံတော် ဖြစ်ပွါးလေသည်။ ထို့ကြောင့် နှစ်ကြိမ်တိုင် ပယ်တော်မူသည်။ ဤကား အဖြေတည်း)။

ဗာဟိယ-ဒါရုစီရိယသည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားရှင်ကို ဒုတိယအကြိမ်ကကဲ့သို့ပင် တောင်းပန်စကား လျှောက်ထားပြန်လေသည်။ ထိုသို့ သုံးကြိမ်မြောက် တောင်းပန် အပ်သော်ကား မြတ်စွာဘုရားရှင်သည် ဗာဟိယဒါရုစီရိယ၏ ကိုယ်၌__

(၁) အလယ်အလတ်ရှုမှု = မဇ္ဈတ္တုပေက္ခာ ဖြစ်ပွါးလာပြီကို၎င်း,
(၂) ခရီးပန်း နွမ်းနယ်မှု ငြိမ်းအေးပြီကို၎င်း,
(၃) ဗာဟိယ၏ သဒ္ဓါစသော ဣန္ဒြေတို့ ရင့်ကျက်လာပြီကို၎င်း,

(နှာ-၄၀၇)

(၄) ဗာဟိယ၏ အသက်အန္တရာယ် နီးကပ်လာပြီကို၎င်း__

သိမြင်တော်မူ၍ “ယခုအခါ ဗာဟိယအား တရားဟောရန် အချိန်တန်ပြီ” ဟု ဆင်ခြင် စဉ်းစားတော်မူပြီးလျှင် ဤဆိုလတ္တံ့သောအတိုင်း အကျဉ်းချုပ်တရားစကား ဟောကြားတော်မူလေ၏၊ ဟောကြားတော်မူပုံမှာ__

“(၁) ချစ်သားဗာဟိယ ... ထိုသို့ဖြစ်လျှင် သင်ချစ်သားသည် ဤသိုကျင့်ရမည်__“မြင်အပ်သော အဆင်းမျိုးစုံ ရူပါရုံ၌ မြင်ကာမျှဖြစ်အောင်, ကြားအပ်သော အသံမျိုးစုံ သဒ္ဓါရုံ၌ ကြားကာမျှဖြစ်အောင်, တွေ့ရောက်အပ်သော အနံ့မျိုးစုံ ဂန္ဓာရုံ, ရသာမျိုးစုံ ရသာရုံ အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံ၌ တွေ့ရောက်ကာမျှဖြစ်အောင်, သိအပ်သော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံ၌ သိကာမျှဖြစ်အောင်”ဟု ဤသို့လျှင် သင်ချစ်သားသည် ကျင့်ရမည်။

(၂) ချစ်သားဗာဟိယ... သင်ချစ်သားသည် အကြင်အခါ၌ (ဝါ-အကြင့်ကြောင့်) မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော အာရုံ၌ မြင်ကာမျှ, ကြားကာမျှ, တွေ့ရောက်အပ်ကာမျှ, သိအပ်ကာမျှ ဖြစ်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်နိုင်ငြားအံ့၊ ချစ်သားဗာဟိယ... သင်ချစ်သားသည် ထိုအခါ၌ (ဝါ-ထို့ကြောင့်) ထို မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သည့် အာရုံနှင့်စပ်သော ရာဂ, ဒေါသ, မောဟနှင့် ယှဉ်သူ = တပ်မက်မှု, ပြစ်မှားသူ, တွေဝေသူ စင်စစ် ဖြစ်လိမ့်မည် မဟုတ်တော့ချေ။

(၃) ချစ်သားဗာဟိယ... သင်ချစ်သားသည် အကြင် အခါ၌ (ဝါ-အကြင့်ကြောင့်) ထို မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သည့် အာရုံနှင့်စပ်သော ရာဂ, ဒေါသ, မောဟနှင့် မယှဉ်သူ=မတပ်မက်သူ, မပြစ်မှားသူ,

(နှာ-၄၀၈)

မတွေဝေသူ စင်စစ် ဖြစ်ခဲ့လျှင် ချစ်သားဗာဟိယသင် ချစ်သားသည် ထိုအခါ၌ (ဝါ-ထို့ကြောင့်) ထို မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော အာရုံ၌ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် မမှီသူ (= ထိုအာရုံလေးစု) “ငါ့ဥစ္စာ” ဟု တဏှာဖြင့်မစွဲငြိသူ မမှီသူ, “ငါ”ဟု မာနဖြင့် မစွဲငြိသူ မမှီသူ, “ငါ့လိပ်ပြာ”ဟု ဒိဋ္ဌိဖြင့် မစွဲငြိသူ မမှီသူ) စင်စစ် ဖြစ်ပေလိမ့်မည်။

(၄) ချစ်သားဗာဟိယ...သင်ချစ်သားသည် အကြင် အခါ၌ (ဝါ-အကြင့်ကြောင့် )ထို မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော အာရုံ၌ တဏှာ, မာန, ဒိဋ္ဌိဖြင့် မမှီသူ စင်စစ် ဖြစ်ခဲ့လျှင် ချစ်သားဗာဟိယသင် ချစ်သားသည် ထိုအခါ၌ (ဝါ-ထိုသို့တဏှာ, မာန, ဒိဋ္ဌိဖြင့် မမှီသူ စင်စစ် ဖြစ်သောကြောင့်ပင်)ဤ မျက်မှောက် ဘဝ = မနုဿဂတိ၌လည်း နောက်တဖန် ဖြစ်တော့မည် မဟုတ်၊ တမလွန်ဘဝဖြစ်သည့်=(ဒေဝဂတိ, နိရယဂတိ, တိရစ္ဆာနဂတိ, ပေတဂတိတည်းဟူသော) ကြွင်းသည့် ဂတိလေးပါးတို့၌လည်း နောက်တဖန် ဖြစ်တော့မည် မဟုတ်၊ မျက်မှောက်ဘ၀= မနုဿဂတိ, တမလွန် ဘဝ=ကြွင်းသည့်ဂတိလေးပါး (ဝါ-မနုဿဂတိတည်း ဟူသော ဤ မျက်မှောက်ဘဝ, ကြွင်းသည့်ဂတိလေးပါး တည်းဟူသော တမလွန်ဘဝ)= ဤနှစ်ပါးကို ချန်လှပ် ဖယ်ရှား အလွတ်ထား၍ အခြားတပါး ရောက်ဖွယ်ရာ ဂတိလည်း မရှိချေ။ ဤသို့ မျက်မှောက်ဘဝ, တမလွန် ဘဝတို့၌ နောက်တဖန် ရုပ်နာမ်အသစ် မဖြစ်ခြင်းသည်ပင်လျှင် ကိလေသာဆင်းရ်, ဝဋ်ဆင်းရဲ၏ အဆုံးဖြစ်၏”__

ဟု အနုပါဒါပရိနိဗ္ဗာန် အထွတ်တပ်၍ ဟောကြားတော်မူလေသည်။

(ဤ၌။ ။ ဗာဟိယဒါရုစီရိယသည် သံခိတ္တရုစိပုဂ္ဂိုလ် (=အကျဉ်းချုပ်တရားကို နှစ်သက်သောပုဂ္ဂိုလ်)ဖြစ်သည်။ ထို့ကြောင့်ပင် မြတ်စွာ

(နှာ-၄၀၉)

ဘုရားရှင်သည် ဗာဟိယ-ဒါရုစီရိယအား အာရုံခြောက်ပါး ကမ္မဋ္ဌာန်းကို ဟောကြားတော်မူရာဝယ် ခြောက်စု ခြောက်ပုံ ဟောတော်မမူပါ (ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့ကို တွေ့ရောက်အပ်သော အာရုံမျိုး ဖြစ်၍ မုတဟူသော အမည်ဖြင့် တခုတည်းပြုပြီးလျှင်) ဒိဋ္ဌိ=မြင်အပ်အာရုံ, သုတ=ကြားအပ်သောအာရုံ, မုတ=တွေ့ရောက်အပ်သော အာရုံ, ဝိညာတ=သိအပ်သောအာရုံဟု လေးစုလေးပုံထား၍ ဟောကြားတော်မူလေသည်။

(၁) ရှေးဖော်ပြရာပါ တရားဒေသနာ စကားရပ်လေးရပ်တို့တွင် ၁-အမှတ်ပြ ဒေသနာ စကားရပ်၌ “မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော အာရုံလေးပါး သင်္ခါရတရားအစု၌ မြင်ကာမျှ, ကြားကာမျှ, တွေ့ရောက်ကာမျှ, သိကာမျှ ဖြစ်အောင် ကျင့်ဆောင် အားထုတ်ရမည်” ဟူသည်မှာ-အဆင်းကိုမြင်သည့် စက္ခုဝိညာဏ်စိတ် ဖြစ်သောအခါ, အသံကိုကြားသည့် သောတဝိညာဏ်စိတ် ဖြစ်သောအခါ, အနံ့ကို တွေ့ရောက်နမ်းရှုသည့် ဃာနဝိညာဏ်စိတ်, အရသာကို တွေ့ရောက် စားလျက်သည့် ဇိဝှါဝိညာဏ်စိတ်, အတွေ့ဖောဋ္ဌဗ္ဗာရုံကို ထိရောက်တွေ့သိသည့် ကာယဝိညာဏ်စိတ် ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကို သိသည့် မနောဒွါရာဝဇ္ဇန်းစိတ် =ဤစိတ်များဖြစ်ကြသောအခါတို့၌ မြင်ကာမျှ, ကြားကာမျှ, တွေ့ရောက်ကာမျှ, သိကာမျှ သဘောတို့သာလျှင် ဖြစ်၍ တပ်မက်မှု=ရာဂသဘော, ပြစ်မှားမှု=ဒေါသသဘော, တွေဝေမှု=မောဟသဘောတို့ လုံးဝမပါရှိချေ။ (အသင် စာဖတ်သူသည် တတ်နိုင်ပါလျှင် ပဉ္စဒွါရဝီထိနှင့် မနောဒွါရဝီထိကို ဖြစ်ပုံကို အာရုံပြုထားစေချင်ပါသည်)

(စက္ခုဝိညာဏ် = အမြင်စိတ်, သောတဝိညာဏ် = အကြားစိတ်, ဃာနဝိညာဏ်=အနံစိတ်, ဇိဝှါဝိညာဏ်=လျက်စိတ် စားစိတ်, ကာယဝိညာဏ်=အတွေ့စိတ်=ဤစိတ် ၅-မျိုးကို ပဉ္စဝိညာဏ်ဟူ၍ ခေါ်၏)။ ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ စိတ်အစဉ်တို့ဖြစ်ကြသောအခါ ပဉ္စဝိညာဏ် စိတ်ဖြစ်သောခဏ, မနောဒွါရာဝဇ္ဇန်း စိတ်ဖြစ်သောခဏတို့၌ မြင်ရုံ, ကြားရုံ, နံရုံ, လျက်ရုံ, စားရုံ, ထိရုံ, သိရုံ သဘောတို့မျှသာ ဖြစ်၍ တပ်မက်မူ=ရာဂ, ပြစ်မှားမှု=ဒေါသ, တွေဝေမှု=မောဟသဘောကို လုံးဝ မပါရှိသကဲ့သို့ ထိုပဉ္စဝိညာဏ်စိတ်, မနောဒွါရာဝဇ္ဇန်းစိတ်တို့၏ နောက်ဝယ်” အလှည့်အကြိမ်ရောက်၍ ဖြစ်ပွါးလာသော အဟုန်ဖြင့်ဖြစ်ကာ အာရုံ၏အရသာကို ပိုင်နိုင်စွာသုံးဆောင်သော စိတ်အစဉ်ကို ဖြစ်

(နှာ-၄၁၀)

ပွါးသောအခါမှာလည်း လောဘ ဒေါသ မောဟသတို့ လုံးဝမပါ ရှိအောင် (=လောဘဇော မကျအောင်, ဒေါသဇော မကျအောင်, မောဟဇော မကျအောင်) သင်ချစ်သား ကျင့်ဆောင်ကြိုးကုတ်အား ထုတ်ရမည်ဟု ဟောတော်မူလိုရင်းဖြစ်သည်။

ထိုသို့ “မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော, အာရုံ လေးစု၌ လောဘဇော, ဒေါသဇော, မောာဟဇောများ မကျအောင် ကျင့်ရမည်” ဟု ဟောတော်မူသော မြတ်စွာဘုရားရှင်၏ အလိုတော်မှာလည်း “ချစ်သားဗာဟိယ... ထိုအာရုံလေးစု သင်္ခါရတရားအစုတို့၌ မြဲသည်, ချမ်းသာသည်, တင့်တယ်သည်, ခိုင်မာသည်-ဟု အလွဲလွဲ ရှုလျှင် လောဘဇော, ဒေါသဇော, မောဟဇောတို့ ကျနိုင်၏၊ မမြဲ, ဆင်းရဲ, မတင့်တယ်, မခိုင်မာ-ဟု ရှုမှသာလျှင် လောဘဇော, ဒေါသဇော, မောဟဇောတို့ မကျပဲ ဝိပဿနာ မဟာကုသိုလ်ဇောတို့ ကျနိုင် ဖြစ်နိုင်သည်။ ထို့ကြောင့် သင်ချစ်သားသည် ထိုအာရုံလေးစု သင်္ခါရ တရားအစုတို့၌ နိစ္စ=မြဲသည်, သုခ=ချမ်းသာသည်, သုဘ=တင့်တယ်သည်, အတ္တ=ခိုင်မာသည်-ဟု အလွဲလွဲမရှုပဲ အနိစ္စ=မမြဲ, ဒုက္ခ= ဆင်းရဲ့ အနတ္တ=မခိုင်မာ-ဟူ၍ အမှန်ရှုသော ဝိပဿနာ မဟာကုသိုလ် ဇောများ ဖြစ်ပွါးအောင်သာ အားထုတ်ကျင့်ဆောင်ရမည်” ဟုတော်မူလိုရင်းဖြစ်သည်။

ထို့ကြောင့် မြတ်စွာဘုရားသည် ဗာဟိယဒါရုစီရိယအား (၁) ဤ ၁-အမှတ်ပြ ဒေသနာစကားရပ်ဖြင့် “အာရုံလေးစုသင်္ခါရတရားအစုတို့၌ အနိစ္စ, ဒုက္ခ, အသုဘ, အနတ္တ-ဟု ရှုရန် ညွှန်ပြတော်မူသောကြောင့် ဤစကားရပ်ဖြင့် အောက်ဝိသုဒ္ဓိ ၆-ပါး ဝိပဿနာဉာဏ် ဆယ်ပါးကို အကျဉ်းချုပ် ဟောကြားတော်မူသည်” ဟု ဆိုလိုရင်းကို မှတ်ယူရာ၏။

(၂) ၂-အမှတ်ပြ ဒေသနာစကားရပ်၌ “ချစ်သားဗာဟိယ...သင်ချစ်သားသည် မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သည့် အာရုံလေးစု သင်္ခါရတရားအစု၌ ဝိပဿနာဉာဏ်ဆယ်ထောက် အောင်မြင်စွာ ကျင့်ဆောက်က မဂ်ဉာဏ်သို့ရောက်၍ လောဘ, ဒေါသ, မောဟကို အမြစ်ပြတ် သမုစ္ဆေဒပဟာန်ဖြင့် ပယ်ပြီးသူ ပယ်နိုင်သူဖြစ်ကာ တပ်မက်သူ, ပြစ်မှား တွေဝေသူ, စင်စစ် မဖြစ်လတ္တံ့ = မတပ်မက်သူ, မပြစ်မှားသူ, မတွေဝေသူ စင်စစ် ဖြစ်လိမ့်မည်”ဟု ဟောတော်မူလိုရင်း ဖြစ်သောကြောင့် ထို ၂-အမှတ်ပြ ဒေသနာစကားရပ်ဖြင့် မဂ်လေးပါးကို ဟောတော်မူလိုရင်းဖြစ်သည်ဟု သိမှတ်ရာ၏။

(နှာ-၄၁၁)

(၃) အရိယာသခင် အရှင်သူမြတ်တို့မှာ အရိယဖိုလ်သို့ ရောက်သောအခါ အာရုံလေးစု သင်္ခါရတရားအစုတို့၌ ငါ, ငါ့ဥစ္စာ, ငါ့လိပ်ပြာ ဟု တဏှာ, မာန, ဒိဋ္ဌိ အစွန်းအငြိ လုံးဝမရှိသောကြောင့် ၃-အမှတ်ပြ ဒေသနာစကားရပ်ဖြင့် အရိယဖိုလ်ကို ဟောတော်မူအပ်၏ဟု သိမှတ်ရာ၏။

(၄) ဤ ၄-အမှတ် ဒေသနာစကားရပ်ဖြင့် ရဟန္တပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန စုတိစိတ်တော်မှ နောက်အခါ၌ - မျက်မှောက်ဘဝတည်း ဟူသော ဤမနုဿဂတိ, တံမလွန်ဘဝ (ဟုရံ-ဟူ၍) ခေါ်ဆိုအပ်သည့် ကြွင်းသော ဂတိလေးပါးတို့၌ ရုပ်နာမ်ခန္ဓာအသစ် မဖြစ်သောချုပ်ငြိမ်းမှု (ယင်း ချုပ်ငြိမ်းမှုကိုပင် အနုပါဒါပရိနိဗ္ဗာန်ဟူ၍ ခေါ်သည်။) အနုပါဒါပရိနိဗ္ဗာန်ကို ဟောတော်မူအပ်၏ဟု သိမှတ်ရာ၏)။

ဗာဟိယ-ဒါရုစီရိယသည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာစဉ်ပင် သီလလေးပါးတို့ကို သုတ်သင်စင်ကြယ်စေ၍ ရရှိသော စိတ္တသမာဓိကို အမှီပြုကာ ဝိပဿနာတရား ထိုတထိုင် တည်းမှာပင် ပွါးများအားထုတ်သဖြင့် လျင်မြန်သော မဂ်ဖိုလ် ပညာ အသိဉာဏ်ရှိသူ (= ခိပ္ပါဘိညပုဂ္ဂိုလ် ဖြစ်သောကြောင့် ထိုခဏမှာပင် အာသဝေါတရား လေးပါးတို့ကို ကုန်ခန်းစေ၍ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏ = ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်လေ၏။

အရှင်ဗာဟိယ – ဒါရုစီရိယ ရဟန္တာသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် ပစ္စဝေက္ခဏာဉာဏ် (၁၉) တဆယ့်ကိုးတန် ပိုင်ပြီးလတ်သော် ဓမ္မတာတရား လှုံ့ဆော် တိုက်တွန်းချက်အရ မြတ်စွာဘုရားကို သူ့အား ရှင်, ရဟန်းပြုပေးပါရန် တောင်းပန်လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်သည် “သင့်မှာ သပိတ်, သင်္ကန်း ပြည့်စုံပြီလော” ဟု မေးတော်မူ၍ “မပြည့်စုံသေးပါ ဘုရား”ဟု ဗာဟိယက ပြန်ကြားလျှောက်ထားသောအခါ“ထိုသို့ ဖြစ်လျှင်သပိတ်, သင်္ကန်းကို ရှာဦးလော့”ဟု မိန့်တော်မူ၍ သာဝတ္ထိ ပြည်တွင်းသို့ ဆွမ်းခံဆက်၍ ကြွသွားတော်မူလေ၏။

(ဗာဟိယကား ကဿပမြတ်စွာ သာသနာ၌ အနှစ် (၂ဝဝဝဝ) နှစ်သောင်းကြား ရဟန်းတရား အားထုတ်စဉ် “ရဟန်းမည်သည် မိမိ

(နှာ-၄၁၂)

ကိုယ်တိုင် ပစ္စည်းလေးပါးတို့ကို ရရှိလျှင် ဒါနအားလျော်စွာ ပြုသဖြင့် ကိုယ်တိုင်ပင် သုံးဆောင်သင့်သည်ဟု ယူဆကာ အခြားအဖော်ရဟန်း တပါးအားမျှလည်း သပိတ်, သင်္ကန်း ပေးကမ်းချီးမြှောက်မှု မပြုခဲ့ချေ။ ထို့ကြောင့် ထိုဗာဟိယ၏ ခန္ဓာအစဉ်မှာ ဧဟိဘိက္ခု ခေါ်ယူလောက်သည့် ဥပနိဿယည်း ပစ္စည်းကောင်းမှု မပါရှိချေ။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ဧဟိဘိက္ခု ခေါ်တော်မမူ၊ ကေစိဆရာတို့ကမူ “ဗာဟိယသည် ဗုဒ္ဓသုညကမ္ဘာတခု၌ ခိုးသူဖြစ်ခဲ့၍ လေး,တောင့် (= မြှားကျည်ဘက်)တို့ကို ဖွဲ့ဆောင်ကာ တောအရပ်၌ ခိုးမှု တိုက်မှု ပြုနေစဉ် ပစ္စေကဗုဒ္ဓါတဆူကို တွေ့ရ၍ သပိတ်, သင်္ကန်း၌ တပ်မက်သောလောဘဖြင့် ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်ကို မြှားဖြင့် ပစ်သတ်၍ သပိတ်, သင်္ကန်းကို လုယူခဲ့ဘူးလေသည်၊ ထို့ကြောင့် ထိုဗာဟိယမှာ (မြတ်စွာဘုရားက ဧဟိ ဘိက္ခုဟု ခေါ်တော်မူစေကာမူ) ဣဒ္ဓိမယ သပိတ်, သင်္ကန်း ဖြစ် လာလိမ့်မည် မဟုတ်-ဟု ဤ အကြောင်းကို သိတော်မူသောကြောင့် မြတ်စွာဘုရားသည် ဧဟိ ဘိက္ခု ခေါ်တော်မမူ”ဟူ၍ မိန့်ဆိုကြ၏။ (ဥဒါန၊ဋ္ဌ၊၇၅-မှ)။ ဤ ကေစိဆရာတို့ ဖော်ပြအပ်သည့် အကုသိုလ်ကံမှာ ဗာဟိယ၏ ချည်အဝတ်ကောင်းကို မဝတ်ရပဲ ပျဉ်ချပ် ကိုသာ ဝတ်ရခြင်းအကျိုးနှင့် အထူးပင် အကြောင်း, အကျိုးဆက်စပ် လှ၏)။

ဗာဟိယ နွားဝှေ့ ခံရ၍ အသက်ကုန်ခြင်း

ဗာဟိယသည် မြတ်စွာဘုရားရှင်နှင့် ခွဲခွါခွဲပြီးလျှင် သာဝတ္ထိ ပြည်အတွင်း၌ သပိတ်, သင်္ကန်းကို လှည့်လည်ရှာကြံလေ၏။ ထိုသို့ သပိတ်, သင်္ကန်းရှာ လှည့်လည်နေသော ဗာဟိယကို သားသယ် အမိဖြစ်သော နွားမတကောင်သည် အပြေးလိုက်ကာ ဝှေ့၍ အသက်ကုန်ခြင်းသို့ ရောက်စေလေ၏။

(လွန်လေပြီးသောအခါ သူဌေးသားလေးယောက်တို့သည် ပြည့်တန်းဆာမတယောက်ကို ဥယျာဉ်သို့ ခေါ်ဆောင်၍ တနေ့ပတ်လုံး မြူးထူးပျော်ပါးကြပြီး နေဝင်သောအခါ သူဌေးသားတယောက်က ကျန်သူငယ်ချင်း သူဌေးသားသုံးယောက်ကို “သူငယ်ချင်းတို့ ဤပြည့် တန်းဆာမ၏ လက်၌ ငွေတထောင်, ရွှေများစွာတို့နှင့်

(နှာ-၄၁၃)

အဖိုးတန်တန်းဆာများ ပါရှိလေသည်၊ ဤ ဥယျာဉ်၌ အခြားသူ တဦးတယောက်မျှ မရှိ၊ ညဉ့်အခါလည်း ဖြစ်ခဲ့ပြီ၊ ကိုင်း ငါတို့သည် ဤ ပြည့်တန်းဆာမကို သတ်၍ ဥစ္စာအားလုံးကို ယူဆောင်သွားကြစို့” ဟု တိုင်ပင်လေ အကြံပေးလေသည်။ သူငယ်ချင်းလေးဦးသားလုံးပင် စိတ် သဘောတူ ပြည့်တန်ဆာမကို သတ်ရန်အားထုတ်ကြလေ၏။ ပြည့်တန်ဆာမသည် ထိုသူလေးယောက်တို့က ထိုးကြိတ် ရိုက်ပုတ် သတ်ဖြတ်ကြစဉ်ပင် “ဤသူတို့ကား အရှက်မဲ့ကြ ကရုဏာမဲ့ကြကုန်၏။ ငါနှင့် ကိလေသာ အလိုလိုက် ပျော်ပိုက်ကြပြီး အပြစ်မဲ့သူ ငါ့ကို သက်သက် ဥစ္စာလောဘဖြင့် သတ်ကြ၏၊ ဤသူတို့သည် ငါ့ကို တကြိမ်တော့ (ငါ အားနွဲ့၍) သတ်ကြစေဦးတော့၊ ငါတမူကား ဘီလူးမ-ဖြစ်ပြီးလျှင် ဤသူလေးယောက်တို့ကို အကြိမ် များစွာ သတ်နိုင်သည့်ကိုယ် ဖြစ်ရပါလို၏”ဟု ဆုတောင်း၍ သေလေ၏။

ထိုသူလေးယောက်တို့တွင် တယောက်ကား ပုက္ကုသာတိအမျိုးကောင်းသား ဖြစ်လာလေသည်။ တယောက်ကား(ယခု) ဗာဟိယဒါရုစီရိယ, အခြားတယောက်က တမ္ဗဒါဌိကခိုးသတ်သ္မား အခြားတယောက်က သုပ္ပဗုဒ္ဓ အနာကြီးရောဂါ ရှိသူ ဖြစ်ကြလေသည်။ ဤသို့လျှင် ဤသူ လေးယောက်တို့ကို အရာမက များစွာသော ကိုယ်အဖြစ် ၌ပင် ပြည့်တန်းဆာမသည် ဘီလူးမျိုး၌ဖြစ်သော နွားမ ဖြစ်၍ (= နွားမယောင်ဆောင်၍) ဝှေ့သတ်ခဲ့လေသည်။ ထိုသူလေးယောက်လုံးပင် ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ထိုထိုဘဝ၌ အသက်တမ်းမကုန်မီ အကြား၌ သေခြင်းသို့ ရောက်ခဲ့ကြရလေပြီ။ ဤသို့လျှင် ဖော်ပြရာပါ အကုသိုလ်ကံကြောင့် ဗာဟိယ၏ အဆောတလျင် သေခြင်း ဖြစ်လေသည်ဟု မှတ်ရာ၏။ ဥဒါန၊ဋ္ဌ၊၂၆၂-၄)။

(နှာ-၄၁၄)

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်အတွင်း ဆွမ်းခံကြွပြီးသော် ဆွမ်းကိစ္စပြုပြီးနောက် ရဟန်းအပေါင်းခြံရံလျက် မြို့မှ ထွက်တော်မူလေလျှင် ဗာဟိယ၏ ဥတုဇရုပ်ကိုယ် အမှိုက်ပုံ၌ ကျရောက်နေသည်ကို မြင်တော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့ သွားကြကုန်၊ အိမ်တံခါးတခု၌ ရပ်တည်ကြကာ ညောင်စောင်း ငယ်တခုကို ယူဆောင်စေကြ၍ ဤဗာဟိယ၏ ဥတုဇရုပ်ကိုယ်ကို မြို့မှ ထုတ်ဆောင်ပြီး ဖုတ်ကြည်းသင်္ဂြိုဟ်ကြ၍ အရိုးဓာတ်ကို စေတီ တည်ကြကုန်လော့” ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရားရှင် မိန့်တော်မူတိုင်း ပြုလုပ်ကြလေကုန်၏။

ထိုသို့ ပြုလုပ်ကြပြီးနောက် ရဟန်းသည် ကျောင်းတိုက်တော်သို့ ပြန်ရောက်ကြ၍မြတ်စွာဘုရားထံတော်သို့ ဆည်းကပ်ကြပြီးလျှင် မိမိတို့ ရွက်ဆောင်ခဲ့သောကိစ္စကို လျှောက်ထားကြပြီးနောက် “မြတ်စွာဘုရား...ဗာဟိယ၏ လားရောက်ရာဂတို့ကား အဘယ်ပါနည်း၊ ရှေးရှူရောက်ရာ တမလွန်ဘဝကား အဘယ်ပါနည်း။ (တနည်း) မြတ်စွာဘုရား...ဗာဟိယ၏ အဖြစ်သနစ်ကား အဘယ်ပါနည်း= အရိယာလေလော, ပုထုဇန်လေလော၊ ရှေးရှူရောက် ရာကား အဘယ်ပါနည်း=ဘဝသံသရာ၌ တဖန်ဖြစ်ခြင်းပင်လော, ဘဝ၏ချုပ်ငြိမ်းခြင်း ချုပ်ငြိမ်းရာပင်လော” ဟု မေးလျှောက်ကြ လေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့...ဗာဟိယသည် ပညာရှိ၏၊ လောကုတ္တရာတရားအား လျော်သောအကျင့်ကို ကျင့်၏၊ တရားဟူသော အကြောင်းကြောင့် ငါဘုရားကို မညှဉ်းဆဲ၊ ရဟန်းတို့...ဗာဟိယသည် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းလေပြီ” ဟု မိန့်တော်မူလေ၏။

(ဤ၌။ ။ အရှင်ဗာဟိယ-ဒါရုစီရိယ၏ အရိုးဓာတ်ကို စေတီတော် အတည်ခိုင်းခြင်းဖြင့်ပင် ထိုအရှင်၏ ပရိနိဗ္ဗာန်စံကြောင်း အနက်သွားအားဖြင့် ထင်ရှား၏။ ထိုသို့ထင်ရှားသော်လည်း ထိုမျှဖြင့် မရိပ်မိ မသိရှိသော ရဟန်းတို့က ထိုသို့မေးလျှောက်ခြင်း ဖြစ်သည်။ တနည်း အထူးသဖြင့် ထင်ရှားအောင် လျှောက်ထား မေးမြန်းကြခြင်း ဖြစ်သည်ဟု အထူးမှတ်ရာ၏)။

(နှာ-၄၁၅)

ဓမ္မပဒဂါထာ ဟောကြားခြင်း

ထိုသို့ မြတ်စွာဘုရားရှင်က အရှင်ဗာဟိယ-ဒါရုစီရိယ ပရိနိဗ္ဗာန် စံလွန်ပြီဖြစ်ကြောင်းကို မိန့်ဆိုတော်မူသောအခါ ရဟန်းတို့သည် “မြတ်စွာဘုရား အရှင်ဘုရားတို့သည် “ဗာဟိယ-ဒါရုစီရိယသည် အရဟတ္တဖိုလ်သို့ ရောက်ပြီ”ဟု မိန့်တော်မူကြ၏။ အဘယ်အခါက ထိုဗာဟိယ-ဒါရုစီရိယသည် အရဟတ္တဖိုလ်သို့ ရောက်ပါသနည်း”ဟု မေးမြန်းလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားရှင်က “ငါဘုရား၏ တရားကို ကြားပြီးစကပင် အရဟတ္တဖိုလ်သို့ ရောက်လေသည်”ဟု မိန့်တော်မူလျှင် ရဟန်းတို့သည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား... အရှင်ဘုရားတို့သည် အဘယ်အခါ၌ ထိုဗာဟိယ-ဒါရုစီရိယအား တရားဟောတော် မူအပ်ပါသနည်း”ဟု မေးလျှောက်ကြပြန်ကုန်၏။ မြတ်စွာဘုရားရှင်က “ယနေ့ပင် ဆွမ်းခံလှည့်လည်သော ငါဘုရားသည် လမ်း ခရီးအကြား၌ ရပ်တည်၍ တရားဟောအပ်ခဲ့ပြီ” ဟု မိန့်တော်မူလေလျှင် ရဟန်းတို့သည် “မြတ်စွာဘုရား... အရှင်ဘုရားတို့ လမ်းခရီးအကြား၌ ရပ်တည်၍ ဟောတော်မူအပ်သော တရားကား အနည်းအပါးမျှသာ ဖြစ်ပါသည်၊ အဘယ်သို့လျှင် ထို ဗာဟိယဒါရုစီရိယသည် ထိုမျှ (အနည်းငယ်) သော တရားဖြင့် မဂ်ဖိုလ်တရားထူးကို ဖြစ်စေနိုင်ပါသနည်း”ဟု လျှောက်ထားကြ ပြန်လေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ရဟန်းတို့ငါဘုရား၏ တရားကို သင်ချစ်သားတို့သည် အဘယ့်ကြောင့် နည်းသော, များသော ဟူ၍ နှိုင်းရှည်စကား ပြောကြားကြဘိသနည်း၊ ထောင်ပေါင်းများစွာ ဂါထာတို့ပင် ဖြစ်လင့်ကစား အကျိုးနှင့်မစပ်ယှဉ်မှု မချီးမွမ်းအပ် မမြတ်ပချေ။ အကျိုး၌မှီသော စကားဖြစ်မူကား ဂါထာတပိုဒ်ပင်သော်လည်း ချီးမွမ်းအပ် မြတ် လှပေ၏” ဟု မိန့်တော်မူ၍ ဓမ္မပဒကျမ်း၌ ဤ ဆိုလတ္တံ့သော ဝါထာကို ဟောကြားတော်မူလေ၏။

(နှာ-၄၁၆)

သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသဉှိတာ။
ဧကံ ဂါထာပဒံ သောယျော၊ ယံ သုတွာ ဥပသမ္မတိ။

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့ ...။ သဟဿမပိ စေ ဂါထာ=အထောင်သင်္ချာ ဂါထာတို့ပင် ဖြစ်လင့်ကစား အနတ္ထပဒသဉှိတာ

=အကျိုးမဟဲ့ မိုးဖွဲ့, တောင်ဖွဲ့စသော ပုဒ်ဝါကျနှင့် စပ်ယှဉ်ဘိမူ။ န သေယျော= အဘယ်နည်းဖြင့်မျှ မချီးမွမ်းအပ် မမြတ်ပချေ။ ယံ= အကြင် “အပ္ပမာဒေါ အမတံ ပဒံ” အစရှိသော ဂါထာပိုဒ်ကို။ သုတွာ =သဒ္ဓါနားဖြင့် နာကြားရသည်ရှိသော်။ ဥပသမ္မတိ = ကိလေသာဟူ အပူခပ်သိမ်း အပြီးတိုင်ငြိမ်း အေး၏။ တံ ဧကံ ဂါထာပဒံ = ထို ကိလေသာငြိမ်းကြောင်း တရားဂါထာ ပိုဒ်ကောင်းတခုက သာလျှင်။ သေယျာ = အထူးသဖြင့် ချီးမွမ်းအပ် မြတ်လှပေ၏။

ဤတရားဒေသနာ ဂါထာနိဂုံး ဆုံးလတ်သောအခါ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ဆိုက်ရောက် ကြလေကုန်၏။

(ဂ) ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးတော်မူခြင်း

မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် အရိယာသံဃာ အလယ်၌ စံပယ်မွေ့လျော် ထိုင်နေတော်မူလျက် အရှင်ဗာဟိယ-ဒါရိုစီရိယ(ပရိနိဗ္ဗာန်စံလေပြီးသော) ရဟန္တာသူမြတ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ခိပ္ပါဘိညာနံ ယဒိဒံ ဗာဟိယော ဒါရုစီရိယော=ရဟန်းတို့... လျင်မြန်စွာရအပ်သည့် မဂ်ဖိုလ်အသိဉာဏ်ရှိကြသော ငါ ဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ပျဉ်ချပ်ကိုဝတ်သော ဗာဟိယသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏"__

(နှာ-၄၁၇)

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “ခိပ္ပါဘိည=မဂ်ဖိုလ်အသိဉာဏ်ကို လျှင်မြန်စွာရသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ် ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်ဗာဟိယ-ဒါရုစီရိယမထေရ် အကြောင်းတည်း။

_______

(၂၈) အရှင်ကုမာရကဿပ မထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတေင်း

ဤမထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည် ဝယ် အမျိုးကောင်းအိမ်၌ ဖြစ်ခဲ့လတ်၍ ရှေးမထေရ်အလောင်းများနည်းတူ မြတ်စွာဘုရားရှင်၏ တရားဒေသနာကို နာယူစဉ် ပဒုမုတ္တရ မြတ်စွာဘုရားက ရဟန်းတော်တပါးကို “ဆန်းကြယ်သော တရားစကားဟောကြားကြသောရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး= ဧတဒဂ်ရာထူး”၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရ ကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး=ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

တောင်ထိပ်တက်၍ ရဟန်းတရားအားထုတ်ခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ကဿပမြတ်စွာ သာသနာဆုတ်ယုတ်သောအခါဝယ် အောက် အရှင်ဒဗ္ဗမထေရ်၏ ဝတ္ထု၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း အဖော်ရဟန်းတို့နှင့် အတူတကွ (အောက် အရှင်ဒဗ္ဗဝတ္ထု စာမျက်နှာ ၃၇၈-၌ ကြည့်ပါ။) တောင်ထိပ်သို့ တက်ရောက်ကာ ရဟန်းတရား အားထုတ်၍ စင်ကြယ်သော, ပြည့်စုံသော သီလ) ရှိသူ ဖြစ်ရကား အသက်အဆုံး၌ နတ်ပြည်ဝယ် ဖြစ်လေ၏။

(နှာ-၄၁၈)

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို အမျိုးကောင်းသား နတ်သားသည် ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး အပါယ်သို့ မလားမရောက်ပဲ လူနတ်စည်းစိမ်ကို ခံစားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်ပြည် တယောက်သော သူဌေးသမီး၏ ဝမ်း၌ ဖြစ်ပွါးလာလေသည်။ အထူးအားဖြင့် ထိုသူဌေးသမီးသည် အိမ်ထောင်မကျမီ ရှေးဦးစွာကပင် အမိအဖတို့ကို ရှင်ရဟန်း ပြုရန် ခွင့်ပန်ပါသော်လည်း မရခဲ့ပဲ အရွယ်သို့ရောက်သောအခါ အရှင်သခင် လင်ယောက်ျားအိမ်သို့ လိုက်ပါခဲ့ရ၍ ကိုယ်ဝန်ကို ယူရလေသည်။ ထိုသူဌေးသမီးကလေးသည် မိမိ၌ ကိုယ်ဝန် တည်သည်ကိုလည်း မသိရှာပဲ အရှင်သခင် လင်ယောက်ျား သူဌေးသားကို ကျေနပ်အောင် တောင်းပန်ပြီးမှ ဒေဝဒတ်၏ အပင်းအသင်းဝင် ဘိက္ခုနီမတို့အထံ၌ ရှင်ရဟန်းပြုခဲ့လေသည်။

ထိုဘိက္ခုနီမကလေး၏ ကိုယ်ဝန်နိမိတ်ထင်ရှားလာသောအခါ ဘိက္ခုနီမတို့သည် - ရှင်ဒေဝဒတ်ကို မေးမြန်းကြလေသည်။ ရှင် ဒေဝဒတ်သည် “ရဟန်းမ-မဟုတ်တော့ပြီ” ဟု ပြောဆိုကာ မိမိ ဂိုဏ်းမှ နှင်ထုတ်လိုက်လေသည်။ ထို ဘိက္ခုနီမကလေးသည် မြတ်စွာဘုရား၏ တပည့်မ ဘိက္ခုနီများထံ သွားရောက်ခိုလှုံ၍ ထို ဘိက္ခုနီမများက ထိုအကြောင်းကို မြတ်စွာဘုရားရှင်အား လျှောက်ထားကြသဖြင့် မြတ်စွာဘုရားရှင်သည် အရှင်ဥပါလိ မထေရ်ကို ထိုအမှုဆုံးဖြတ်ရန် အပ်နှင်းတာဝန် ပေးတော်မူလေသည်။

အရှင်ဥပါလိမထေရ်သည် သာဝတ္ထိပြည်သူ အမျိုးကောင်း သမီးကြီးများနှင့်တကွ ဝိသာခါကျောင်းအမကြီးကိုပါ ခေါ်စေ၍ ထိုကိုယ်ဝန်သား လူဖြစ်စဉ်က တည်ခဲ့သည်, ဘိက္ခုနီမ-ဖြစ်မှ တည်ခဲ့သည်-ဟူသောအရေးကို အမျိုးကောင်းသမီးကြီးများသို့ အပ်နှင်း၍ စစ်ဆေး သုတ်သင်စေလတ်သည်တွင် ၊ “လူဖြစ်စဉ်က တည်ခဲ့ကြောင်း ကောင်းစွာ အထောက်အထား ရရှိထွက်ဆို ချက်အရ“ကိုယ်ဝန်သားကား ရှေးလူဖြစ်စဉ်က ရအပ်ခဲ့လေသည်။

(နှာ-၄၁၉)

ထို့ကြောင့် ဤ ဘိက္ခုနီမကလေး၏ ရှင်, ရဟန်းအဖြစ်သည် အပြစ် မရှိ”ဟု ပြတ်သားစွာ ဆုံးဖြတ်တော်မူလေ၏။ မြတ်စွာဘုရားသည် “အဓိကရုဏ်းကို ကောင်းစွာ ဆုံးဖြတ်အပ်ပြီ”ဟု အရှင်ဥပါလိ မထေရ်အား သာဓုကောင်းကြီး ပေးတော်မူလေ၏။

ထို ဘိက္ခုနီမကလေးသည် အချိန်ရောက်သောအခါ ရွှေစင် ရုပ်တုနှင့်တူသောသားကို ဖွားမြင်လေသည်။ ပသေနဒီကောသလ မင်းကြီးသည် ထိုသူငယ်ကို နန်းတော်သို့ ယူဆောင်၍ မင်းသား နှင့်မခြား ချမ်းသာစွာ မွေးမြူ ကြီးပြင်းစေလေသည်။ သူငယ်၏ အမည်ကို “ကဿပ”ဟု မှည့်ခေါ်၍ နောက်တချိန် (= ကဿပသူငယ် ခုနစ်နှစ်အရွယ်လောက်ရှိသောအခါ)၌ လှပစွာတန်းဆာ ဆင်ယင်၍ မြတ်စွာဘုရားရှင်ထံတော်သို့ ပို့ဆောင်ကာ ရှင်ပြု စေလေ၏။ ။ (ဤအကြောင်းအရာအကျယ်ကို ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု ဧကက နိပါတ် နိဂြောဓမိဂဇာတ်မှ ထုတ်နုတ်မှတ်ယူ ကုန်ရာ၏)။

ကုမာရကဿပဟု အမည်တွင်ခြင်း အသက်အရွယ်နုနယ် ကလေးသူငယ်ကို ရှင်ပြုပေးအပ်သော ကြောင့်(ကိုရင်ငယ်ကလေးဖြစ်သောကြောင့်)မြတ်စွာဘုရားရှင်က “ကဿပကို ခေါ်လိုက်ကြစမ်း၊ ဤသစ်သီးကို ဤခဲဖွယ်ကို ကဿပအား ပေးလိုက်ကြစမ်း” ဟု မိန့်တော်မူလျှင် ရဟန်းတော် အရှင်မြတ်တို့က “အဘယ် ကဿပအား ပေးကြရပါမည်နည်း ဘုရား”ဟု လျှောက်ထား မေးမြန်းကြ၍ မြတ်စွာဘုရားရှင်က “ကုမာရ-ကဿပအား ပေးလိုက်ကြ”ဟု ဤကဲ့သို့ အမည်မှည့်ခေါ် မိန့်ဆိုတော်မူအပ်သောကြောင့် ထိုအချိန်မှစ၍ အသက် အရွယ်ကြီးသောအခါ၌လည်း “အရှင်ကုမာရကဿ” ဟူ၍သာ ခေါ်ဆိုအပ်လေသည်။ (တနည်း) မင်းသားကို ပါဠိဘာသာအားဖြင့်“ကုမာရ”ဟု ခေါ်ဆိုသုံးစွဲသည်၊ ဤအရှင်မြတ်မှာလည်း ကောသလမင်းကြီး မွေးမြုအပ်သည့် မင်းသားပင် ဖြစ်သောကြောင့် “ကုမာရ+ကဿပ=မင်းသား+ကဿပ”ဟု ဤအရှင်မြတ်ကို အသိအမှတ် ပြုအပ်လေသည်။

(နှာ-၄၂၀)

ဝမ္မိကသုတ်ဒေသနာ ဖြစ်ပေါ်လာခြင်း အကြောင်း

အရှင်ကုမာရကဿပသည် ရှင်ဖြစ်ပြီးသော အချိန်မှပင် စ၍ ဝိပဿနာကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းအားထုတ်တော်မူ၏။ မြတ်စွာဘုရား၏ စကားတော်ဖြစ်သော ပိဋကတ်ကိုလည်း သင်ကြားတော်မူ၏ = ပရိယတ် ပဋိပတ် နှစ်ရပ်စွယ်စုံ အားထုတ်တော် မူလေသည်။ တနေ့သ၌ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ကုမာရကဿပသည် ဇေတဝန်ကျောင်းတိုက်၏အနီး အန္ဓဝန်တောအုပ်၌ နေတော်မူကာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်တော် မူလေသည်။ ထိုအခါ ကဿပမြတ်စွာ သာသနာတော် နောက်ပိုင်း၌ အတူတကွ တောင်ထိပ်သိုတက်၍ တရားအားထုတ်သဖြင့် အနာဂါမိဖိုလ်သို့ရောက်ကာ သုဒ္ဓါဝါသဘုံ၌ ဖြစ်နေသော မဟာ ဗြဟ္မာကြီးသည် ထိုအချိန်၌ ဆင်ခြင်သည်ရှိသော် အရှင်ကုမာရကဿပကို မြင်၍ “သြ...ငါ့သူငယ်ချင်းကား ဝိပဿနာအလုပ်အတွက် ပင်ပန်းလျက်ရှိချေ၏။ ငါသွားပြီးလျှင် ဝိပဿနာနည်း အမြွက်ကိုဖော်ပြ၍ မဂ်, ဖိုလ်သို့ ရောက်ကြောင်း ဥပါယ်ကောင်းကို ပြုပေအံ့”ဟု ကြံစည်ကာ ဗြဟ္မာပြည်၌ တည်နေရင်းပင် ပြဿနာ (၁၅)တဆယ့်ငါးချက်တို့ကို စီရင်ခဲ့၍ သန်းခေါင်ယံ အချိန်ဝယ် အန္ဓဝန်တောအုပ် အရှင်ကုမာရကဿပနေရာ၌ အရောင်အဝါ တောက်ပစွာဖြင့် ကိုယ်ထင်ရှား ပေါ်ပေါက်လာခဲ့လေသည်။

မထေရ်သည် အရောင်းအဝါကို မြင်၍ “ဤအရပ်၌ ထင်ရှားလာသူကား အဘယ်သူနည်း”ဟု မေးလေသည်။ ဗြဟ္မာကြီး က “အကျွန်ုပ်ကား ရှေး(ကဿပမြတ်စွာ သာသနာခေတ်အခါ) တုန်းက အရှင်ဘုရားနှင့်အတူတကွ ရဟန်းတရားကိုအားထုတ်၍ အနာဂါမိဖိုလ်သို့ ရောက်ကာ သုဒ္ဓါဝါသဘုံ၌ ဖြစ်သော ဗြဟ္မာ ဖြစ်ပါသည်”ဟု လျှောက်ထားလေလျှင် အရှင်ကုမာရကဿပ မထေရ်သည် “သင်သည် အဘယ်အလုပ်ကိစ္စကြောင့် ယခု လာရောက်သနည်း”ဟု တိုက်ရိုက်မေးလေ၏။ ထိုအခါ ဗြဟ္မာကြီးသည် မိမိလာရောက်ရခြင်း အကြောင်းကို ထင်ရှားဖော်ပြရန်__

(နှာ-၄၂၁)

ရဟန်း ... ရဟန်း ... ၁-ဤတောင်ပို့သည် ၂-ညဉ့်၌ အခိုးလွှတ်၏၊ ၃-နေ့၌ မီးဟုန်းဟုန်းတောက်၏။

၄-ဆရာပုဏ္ဏားက ၅-“ပညာရှိတပည့်...၆-ဓားလက် နက်ကိုယူ၍ ၇-အဖန်ဖန်တူးလော့”ဟု ပြောဆို၏။ ပညာရှိ တပည့်သည် လက်နက်ကို ယူ၍ တူးလတ်သော် ၈-တံခါးကျည် = မင်းတုပ်ကို တွေ့မြင်သဖြင့် “အရှင်... တံခါးကျည် = မင်းတုပ်ပါတည်း ဟု ပြောဆို၏။

ဆရာပုဏ္ဏားက “ပညာရှိတပည့်...တံခါးကျည် = မင်းတုပ်ကို ဖယ်ပစ်လျော့၊ ဓားလက်နက်ကိုယူ၍ အဖန်ဖန် တူးလော့” ဟု ပြောဆို၏။ ပညာရှိတပည့်သည် လက် နက်ကိုယူ၍ အဖန်ဖန်တူးလတ်သော် ၉-ဥဒ္ဓုမာယိကဖားကို တွေ့မြင်သဖြင့် “အရှင်...ဥဒ္ဓုမာယိကဖားပါတည်း” ဟု ပြောဆို၏။

ဆရာပုဏ္ဏားက “ပညာရှိတပည့် ဥဒ္ဓုမာယိကဖားကို ဖယ်ပစ်လော့၊ ဓားလက်နက်ကိုယူ၍ အဖန်ဖန်တူး”ဟု ပြောဆို၏။ ပညာရှိ တပည့်သည် ဓားလက်နက်ကိုယူ၍ အဖန်ဖန်တူးလတ်သော် ၁၀-လမ်းနှစ်ခွကို တွေ့မြင်သဖြင့် “အရှင်... လမ်းနှစ်ခွပါတည်းဟု ပြောဆို၏။

ဆရာပုဏ္ဏားက “ပညာရှိတပည့် လမ်းနှစ်ခွကို ဖယ်ပစ်လော၊ ဓားလက်နက်ကိုယူ၍ အဖန်ဖန်တူးလော့”ဟု ပြောဆို၏။ ပညာရှိတပည့်သည် ဓားလက်နက်ကို ယူ၍ အဖန်ဖန်တူးလတ်သော် ၁၁-ဆပ်ပြာရေစစ်ကို တွေ့မြင်သဖြင့် “အရှင်...ဆပ်ပြာရေစစ်ပါတည်း”ဟု ပြောဆို၏။

ဆရာပုဏ္ဏားက “ပညာရှိတပည့်...ဆပ်ပြာရေစစ်ကို ဖယ်ပစ်လော့၊ ဓားလက်နက်ကို ယူ၍ အဖန်ဖန်တူးလော့ ဟု ပြောဆို၏။ ပညာရှိတပည့်သည် ဓားလက်နက်ကို ယူ၍ အဖန်ဖန်တူးလတ်သော် ၁၂-လိပ်ကို တွေ့မြင်သဖြင့် “အရှင်...လိပ်ပါတည်း” ဟု ပြောဆို၏။

(နှာ-၄၂၂)

ဆရာပုဏ္ဏားက “ပညာရှိတပည့်လိပ်ကို ဖယ်ပစ် လေ၊ ဓားလက်နက်ကို ယူ၍ အဖန်ဖန်တူးလော့” ဟု ပြောဆို၏။ ပညာရှိတပည့်သည် လက်နက်ကို ယူ၍ အဖန်ဖန်တူလတ်သော် ၁၃-သန်လျက်နှင့် စဉ်းတီတုံးကို တွေ့မြင်သဖြင့် ‘အရှင်သန်လျက်နှင့် စဉ်းတီတုံးပါတည်း’ ဟု ပြောဆို၏။

ဆရာပုဏ္ဏားက“ပညာရှိတပည့် သန်လျက်နှင့် စဉ်းတီတုံးကို ဖယ်ပစ်လော့၊ ဓားလက်နက်ကို ယူ၍ အဖန်ဖန် တူးလော့” ဟု ပြောဆို၏။ ပညာရှိတပည့်သည် ဓား လက်နက်ကို ယူ၍ အဖန်ဖန်တူးလတ်သော် ၁၄-သားတစ်ကို တွေ့မြင်သဖြင့် “အရှင်...သားတစ်ပါတည်း။” ဟု ပြောဆို၏။

ဆရာပုဏ္ဏားက “ပညာရှိတပည့်သားတစ်ကို ဖယ်ပစ်လော့၊ ဓားလက်နက်ကို ယူ၍ အဖန်ဖန် တူးလော့” ဟု ပြောဆို၏။ ပညာရှိတပည့်သည် လက်နက်ကို ယူ၍ အဖန်ဖန် တူးလတ်သော် ၁၅-နဂါးကို တွေ့မြင်သဖြင့် “အရှင်နဂါးပါတည်း”ဟု ပြောဆို၏။ ဆရာပုဏ္ဏားက “နဂါးသည် တည်ရှိပါစေ၊ နဂါးကို မထိပါးလင့်၊ နဂါးအား ရှိခိုးခြင်းကို ပြုလေါ့”ဟု ပြောဆို၏။

ရဟန်း...သင်သည် ဤပြဿနာတို့ကို မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မေးလော့၊ သင့်အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း အနက်ကို မှတ်လော့။ ရဟန်း...မြတ်စွာဘုရားကို၎င်း, မြတ်စွာဘုရား၏ တပည့် သာဝကကို၎င်း, ဤငါ့ထံမှ နာကြားဘူးသူကို၎င်း ချန်လှပ်ဖယ်ရှား အလွတ်ထား၍ နတ်, မာရ်, ဗြဟ္မာနှင့်တကွသော ဩကာသလောက, ရဟန်း ပုဏ္ဏားမင်း ကြွင်းသော လူနှင့်တကွ သတ္တလောက၌ စိတ်ကျေနပ်လောက်အောင် ဤ ပြဿနာကို ဖြေဆိုနိုင်မည့် သူကို ငါ မတွေ့မြင်

(နှာ-၄၂၃)

ဟု လျှောက်ထားပြီးနောက် ဗြဟ္မာကြီးသည် ထိုအရပ်၌ပင် ကွယ်လေ၏။

အရှင်ကုမာရကဿပမထေရ်သည် နောက်တနေ့ မိုးသောက် ရောက်သောအခါ မြတ်စွာဘုရားရှင်ထံတော်မှောက်သို့ သွားရောက်ရှိခိုး၍ မဟာဗြဟ္မာကြီး ယမန်ညက လာရောက်လျှောက်ထားပုံ အကြောင်းအရာများကို အပြည့်အစုံ လျှောက်ထားပြီးလျှင်__

“၁။ မြတ်စွာဘုရား...တောင်ပို့ဟူသည် အဘယ်ပါနည်း၊
၂။ ညဉ့်၌ အခိုးလွှတ်ခြင်းဟူသည် အဘယ်ပါနည်း၊
၃။ နေ့၌ မီးဟုန်းဟုန်းတောက်ခြင်းဟူသည် အဘယ်ပါနည်း၊
၄။ ဆရာပုဏ္ဏားဟူသည် အဘယ်ပါနည်း၊
၅။ ပညာရှိတပည့်ဟူသည် အဘယ်ပါနည်း၊
၆။ ဓားလက်နက်ဟူသည် အဘယ်ပါနည်း၊
၇။ အဖန်ဖန်တူးခြင်းဟူသည် အဘယ်ပါနည်း၊
၈။ တံခါးကျည် = မင်းတုပ်ဟူသည် အဘယ်ပါနည်း၊
၉။ ဥဒ္ဓုမာယိကဖားဟူသည် အဘယ်ပါနည်း၊
၁၀။ လမ်းနှစ်ခွဟူသည် အဘယ်ပါနည်း၊
၁၁။ ဆပ်ပြာရေစစ်ဟူသည် အဘယ်ပါနည်း၊
၁၂။ လိပ်ဟူသည် အဘယ်ပါနည်း၊
၁၃။ သန်လျက်နှင့် စဉ်းတီတုံးဟူသည် အဘယ်ပါနည်း၊
၁၄။ သားတစ်ဟူသည် အဘယ်ပါနည်း၊
၁၅။ နဂါးဟူသည် အဘယ်ပါနည်း”__

ဟု ၏ ပြဿနာ တဆယ့်ငါးချက်တို့ကို မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်သည် အရှင်ကုမာရကဿပမထေရ်အား__

(နှာ-၄၂၄)

“၁။ ရဟန်းတောင်ပို့ဟူသော ဤ အမည်သည် ဤ ခန္ဓာကိုယ်၏ အမည် ဖြစ်သည်။

၂။ ရဟန်း...နေ့ကပြုထားသော အမှုကို အာရုံပြု၍ ညဉ့်၌ ကြံစည်, စဉ်းစား၏။ ဤသို့ ကြံစည်, စဉ်းစားခြင်းသည် ညဉ့်၌ အခိုးလွှတ်ခြင်းတည်း။

၃။ ရဟန်း...ညဉ့်က ကြံစည်, စဉ်းစားသည့်အတိုင်း နေ့၌ ကာယကံမှု ၀စီကံမှု မနောကံမှုကို ပြုလုပ်ပြောဆို ကြံစည်ခြင်းသည် နေ့၌ မီးဟုန်းဟုန်းတောက်ခြင်းတည်း။

၄။ ရဟန်း...ဆရာပုဏ္ဏားဟူသော အမည်သည် မြတ်စွာဘုရား၏ အမည် ဖြစ်သည်။

၅။ ရဟန်း ... ပညာရှိတပည့်ဟူသော အမည်သည် သိက္ခာသုံးပါးကို ကျင့်ဆဲ ယောဂါဝစရ သေက္ခရဟန်း၏ အမည်ဖြစ်သည်။

၆။ ရဟန်း...ဓားလက်နက် ဟူသော အမည်သည် လောကီ, လောကုတ္တရာပညာ၏ အမည်ဖြစ်သည်။

၇။ ရဟန်း...အဖန်ဖန်တူခြင်းဟူသော အမည်သည် လုံ့လကြိုးကုတ် အားထုတ်ခြင်း၏ အမည်ဖြစ်သည်။

၈။ ရဟန်း...တံခါးကျည်=မင်းတုပ်ဟူသော အမည်သည် မသိမှုအဝိဇ္ဇာမောဟ၏ အမည်ဖြစ်သည်။ ‘တံခါးကျည် = မင်းတုပ်ကို ဖယ်ပစ်လော့’ ဟူသည် မသိမှု = အဝိဇ္ဇာမောဟကို ပယ်စွန့်လော့ ပညာရှိတပည့်...ပညာ ဓားကို ယူ၍ အဖန်ဖန်တူး = အဖန်ဖန် အားထုတ်လော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ် ဖြစ်သည်။

၉။ ရဟန်း... ဥဒ္ဓုမာယိကဖားဟူသော အမည်သည် အားကြီးသော အမျက်ထွက်ခြင်း၏ အမည်ဖြစ်သည်။ ‘ဥဒ္ဓုမာယိကဖားကို ဖယ်ပစ်လော့ဟူသည် အားကြီး

(နှာ-၄၂၅)

သော အမျက်ထွက်ခြင်းကို ပယ်စွန့်လော့၊ ပညာရှိတပည့်... ပညာဓားကို ယူ၍ အဖန်ဖန်တူးလော့ = အဖန်ဖန်အား ထုတ်လော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ဖြစ်သည်။

၁၀။ ရဟန်း...လမ်းနှစ်ခွဟူသောအမည်သည် တွေးတော ယုံမှားခြင်း = ဝိစိကိစ္ဆာ၏ အမည်ဖြစ်သည်၊ ‘လမ်း၊ နှစ်ခွကို ဖယ်ပစ်လော့’ ဟူသည် တွေးတောယုံမှားခြင်း = ဝိစိကိစ္ဆာကို ပယ်စွန့်လော့၊ ပညာရှိတပည့်...ပညာကို ယူ၍ အဖန်ဖန်တူးလော့ = အဖန်ဖန်အားထုတ်လော့ - ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက် အဓိပ္ပါယ်ဖြစ်သည်။

၁၁။ ရဟန်း ဆပ်ပြာရေစစ် ဟူသော အမည်သည် ဈာန်, မဂ်, ဖိုလ်တရားတို့ကို တားမြစ်ပိတ်ဆို့ တတ်သည့် (၁) ကာမတရားတို့၌ လိုချင်ခြင်းဟူသော=ကာမစ္ဆန္ဒနီဝရဏ၊ (၂) သူတပါးတို့ကို ပျက်စီးစေကြောင်း ဒေါသ ဟူသော=ဗျာပါဒနီဝရဏ၊ (၃)ကောင်းမှုလုပ်ငန်းတို့၌ ထိုင်းမှိုင်းလေးတွဲမှုဟူသော=ထိန, မိဒ္ဓနီဝရဏ၊ (၄) ပျံလွင့်မှု, နောင်တရမှုဟူသော = ဥဒ္ဓစ္စ,ကုက္ကုစ္စနီဝရဏ၊ (၅) တွေးတောယုံမှားမှု ဟူသော = ဝိစိကိစ္ဆာနီဝရဏ၊ ဤနီဝရဏ တရား ငါးပါးတို့၏ အမည်ဖြစ်သည်။ “ဆပ်ပြာရေစစ်ကို ဖယ်ပစ်လော့” ဟူသည် ဈာန်, မဂ်, ဖိုလ်၏ အပိတ်အပင် အဆီးအတား = နီဝရဏတရား ငါးပါးတို့ကို ပယ်စွန့်လော့ = ပညာရှိတပည့်...ပညာကို ယူ၍ အဖန်ဖန်တူးလော့ = အဖန်ဖန်အားထုတ်လော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက် အဓိပ္ပါယ်ဖြစ်သည်။

၁၂။ ရဟန်း...လိပ်ဟူသောအမည်သည် ဥပါဒါန်တို့၏ အာရုံဖြစ်သည့် (၁) ဖောက်ပြန်ထွေပြား ဖြစ်ပွါးတတ်သည့် ရူပက္ခန္ဓာ၊ (၂) ခံစားတတ်သည့် ဝေဒနာက္ခန္ဓာ၊

(နှာ-၄၂၆)

(၃) မှတ်သားတတ်သည့် သညာက္ခန္ဓာ၊ (၄) ပြုပြင်တတ်သည့် သင်္ခါရက္ခန္ဓာ၊ (၅) အထူးသိတတ်သည့် ဝိညာဏက္ခန္ဓာ=ဤဥပါဒါနက္ခန္ဓာငါးပါးတို့၏ အမည်ဖြစ်သည်။ “လိပ်ကို ဖယ်ပစ်လော့” ဟူသည် ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့ကို ပယ်စွန့်လော့၊ ပညာရှိတပည့်...ပညာဓားကိုယူ၍ အဖန်ဖန်တူးလော့=အဖန်ဖန်အားထုတ်လော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ဖြစ်သည်။

၁၃။ ရဟန်း - သန်လျက်နှင့် စဉ်းတီတုံး - ဟူသော အမည်သည် အလိုရှိအပ်, နှစ်သက်အပ် စိတ်ကိုဆွဲဆောင် တတ်လျက် ချစ်အပ်သောသဘောရှိသည့် ကာမရာဂနှင့် စပ်ယှက် တပ်မက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်သည့် အဆင်းမျိုးစုံ ရူပါရုံ, (ပ) သောတဝိညာဏ်ဖြင့် သိအပ်သည့် အသံမျိုးစုံ သဒ္ဒါရုံ, (ပ) ဃာနဝိညာဏ်ဖြင့် သိအပ်သည့် အနံ့မျိုးစုံ ဂန္ဓာရုံ (ပ) ဇိဝှါဝိညာဏ်ဖြင့် သိအပ်သည့် အရသာမျိုးစုံ ရသာရုံ (ပ) ကာယဝိညာဏ်ဖြင့် သိအပ်သည့် အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံ=ဤကာမဂုဏ် ငါးပါးတို့၏ အမည်ဖြစ်သည်။ “သန်လျက်နှင့် စဉ်းတီတုံးကို ဖယ်ပစ်လော့” ဟူသည် ကာမဂုဏ်ငါးပါးတို့ကို ပယ်စွန့်၊ ပညာရှိတပည့်ပညာများကို ယူ၍ အဖန်ဖန် တူးလော့ = အဖန်ဖန်အားထုတ်လော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ဖြစ်သည်။

၁၄။ ရဟန်...သားတစ်ဟူသောအမည်သည်နှစ်သက် တပ်စွန်းခြင်း = နန္ဒီရာဂ တဏှာ၏ အမည်ဖြစ်သည်။ “သားတစ်ကို ဖယ်ပစ်လော့”ဟူသည် နန္ဒီရာဂတဏှာကို ပယ်စွန့်လော့၊ ပညာရှိတပည့်...ပညာဓားကို ယူ၍ အဖန် ဖန်တူးလော့ = အဖန်ဖန် အားထုတ်လော့-ဟူသော ဤ ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ် ဖြစ်သည်။

(နှာ-၄၂၇)

၁၅။ ရဟန်း...နဂါးဟူသော အမည်သည် ရဟန္တာ ဖြစ်သော ရဟန်း၏အမည်ဖြစ်သည်၊ နဂါးသည် တည်ရှိပါစေ၊ နဂါးကို မထိပါးလင့်၊ နဂါးအား ရှိခိုးခြင်းကို ပြုလော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်းအနက်အဓိပ္ပါယ် ဖြစ်သည်”

ဟု အကျယ်ဖြေကြားတော်မူလေ၏။

(ဤ၌။ ။ အနည်းငယ် အဓိပ္ပါယ်ရှင်းပြဦးအံ့

၁-ဤခန္ဓာကိုယ်၊ တောင်ပို့ဆိုလော့။
၂-ညဉ့်ကိုလုပ်မျိုး၊ ကြံဖန်ပါသည်၊ အခိုးလူလူ၊ ထွက်သောဟူ၏။
၃-နေ့မှုကိုယ်, နှုတ်၊ ထိုထိုလုပ်၌၊ အားထုတ်ကျင့်ဆောင်၊ မီးတောက် လောင်၏။
၄-ဘုန်းခေါင်ထွတ်ထား၊ မြတ်ဘုရားမူ၊ ပုဏ္ဏား ဆရာ၊ ဟောမိန့်မှာ၏။
၅-ယောဂါဝစရ၊ ပုဂ္ဂလမူ၊ သိဿဉာဏ်ရှိ၊ စံတပည့်တည့်။
၆-ဝိပဿနာ၊ မဂ်ပညာ၊ ထက်စွာအသွား၊ သန်လျက်ဓားတည့်။
၇-ကြိုးစားလုံ့လ၊ ဝီရိယထန်ပြင်း၊ အားထုတ်ခြင်းကို တူးခြင်းခေါ်ရာ။
၈-အဝိဇ္ဇာကား၊ ပိတ်ကာမင်းတုံး၊ စံတနှုန်းတည့်။
၉-ဟုန်းဟုန်းတက်ကြွ၊ မျက်ကောဓမူ၊ ဖားပွဟူဘိ။
၁၀-ယုံမှားရှိသား၊ ဝိစိကိစ္ဆာ၊ လမ်းနှစ်မြွာတည့်။
၁၁-ငါးဖြာနီဝရဏ၊ ရေစစ်ပြလော့။
၁၂-ပဉ္စဥပါဒါနက္ခန္ဓာကို၊ ပမာလိပ်ပုံ၊ ဟောမိန့်တုံရှင့်။
၁၃-အာရုံငါးချက်၊ ကာမစက်မူ၊ သန်လျက်ပုံနှုန်း၊ စဉ်းတီတုံးတည့်။
၁၄-သားတုံးဟူဘိ၊ စွဲကပ်ငြိသား၊ နန္ဒိရာဂ၊ စွန့်ခွါမှလျှင်။
၁၅-အာသဝကင်းကွာ၊ ရဟန္တာမူ၊ ပမာနဂါး၊ ဟောမိန့်ကြားသည်...

ဆယ့်ငါးပြဿနာရပ်တည်း ဟူသော ဤ (၀မ္မိကသုတ် အချုပ်လင်္ကာကို စွမ်းနိုင်လျှင် နှုတ်ရဆောင်ထားရာ၏။ ထိုပြသနာ ဆယ့်ငါးရပ်တို့တွင်

(နှာ-၄၂၈)

၁။ ပကတိ ထောင်ပို့သည် မြွေ, မြွေပါ, ကြွက်, အိမ်မြှောင်, ခြကောင်စသော ပိုးကောင်အမျိုးမျိုးတို့ကို အန်ထုတ်ပေးသကဲ့သို့ ဤခန္ဓာကိုယ်သည်လည်း မျက်စိမှ မျက်ချေး, နားမှ နားဖာချေး, စသော စက်ဆုပ်ဖွယ်ရာ အညစ်အကြေးတို့ကို အန်ထုတ်ပေးတတ်သောကြောင့် ဤ ခန္ဓာကိုယ်ကို တောင်ပို့ဟူ၍ ဟောတော်မူသည်။ (တောင်ပို့နှင့် ဤခန္ဓာကိုယ်တူပုံကို ဖော်ပြသည့် အခြားအကြောင်း သုံးပါး တို့လည်း ရှိသေး၏၊ မ၊ဋ္ဌ၊၂၊၃၄-၃၅-တို့၌ ရှုပါကုန်။)

၂။ နေ့အခါ၌ လုပ်ဆောင်မည့် အလုပ်များအတွက် ညဉ့်က အမျိုးမျိုး ကြံစည် စဉ်းစားကြရလေသည်။ ဤသို့ ညဉ့်အခါဝယ် အမျိုးမျိုး ကြံစည်ခြင်းကိုပင် “ညဉ့်၌ အခိုးလွှတ်ခြင်း”ဟု ဟောတော် မူသည်။

၃။ နေ့သို့ရောက်သောအခါ ညဉ်က ကြံစည်ထားသည့်အတိုင်း အလုပ်များကို ကိုယ်, နှုတ်တို့ဖြင့် အကောင်အထည်ဖော်ကာ ပြုလုပ် ပြောဆိုခြင်းကို“နေ့၌ မီးတောက်လောင်ခြင်း”ဟု ဟောတော်မူသည်။

၄။ ၅။ ၆။ ၇။တို့၌ ဥပမာ ဥပမေယျ သိလွယ်၏။

၈။ မြို့တံခါးကို ပိတ်၍ တံခါးကျည်-မင်းတုပ်ကို ချလိုက်လျှင် မြို့တွင်းမြို့ပြင် လူများ အသွားအလာပြတ်ကုန်သကဲ့သို့ ထို့အတူ အကြင် သူ၏ ဉာဏ်တံခါးဝ၌ အဝိဇ္ဇာမောဟမင်းတုပ် ကျရောက်လျှင် ထိုသူ၏ အဖို့ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သည့် ဉာဏ်ပညာတည်းဟူသောအသွား လုံးဝပြတ်တောက်၍ သွားတော့၏၊ ထို့ကြောင့် အဝိဇ္ဇမောဟကို တံခါးကျည်မင်းတုပ်ဟု ဟောတော်မူသည်။

၉။ ဥဒ္ဓုမာယိကဖား (=ဖားပွ) ဟူသည်မှာ ပင်ကိုယ်က ကြီးလှ သည်မဟုတ်၊ လက်သည်းခွံပမာဏမျှသာ ရှိ၏။ သစ်ရွက်ဟောင်းများ အကြား, ချုံအကြား, နွယ်များအကြား၌ နေလေ့ရှိ၏။ ထို ဥဒ္ဓုမာယိကဖားသည် ဒုတ်စွန်းဖြင့် ဖြစ်စေ, နွယ်စွန်းဖြင့် ဖြစ်စေ, မြေမှုန့်ဖြင့် ဖြစ်စေ, ထိခိုက်မိလျှင် အမျက်ထွက်ကာ တဖြည်းဖြည်း ကိုယ်ခန္ဓာ လျားလာပြီးလျှင် ဘဲဥပမာ ဝန်းဝိုင်းလာ၍ ဥသျှစ်သီးမှည့်ခန့် ပမာဏ ကြီးထွားလျက် ခြေလေးဖက်တို့ မိုးမျှော်ကာ အသွားပြတ်လျက် ကျီးငှက်စသော ရန်သူနိုင်ငံသို့ လိုက်ပါရလေသကဲ့သို့ ထို့အတူပင် အမျက်ထွက်ခြင်း ကောဓတရားသည် ဖြစ်စ၌ စိတ်နောက်ကျုရုံမျှ ပြုတတ်လေသည်။ ထိုခဏ၌ ယောနိသောမနသိကာရဖြင့် နှိပ်ကွပ်လျှင် လွယ်ကူစွာ

(နှာ-၄၂၉)

ဖြင့် ငြိမ်းစဲသွားနိုင်၏၊ ထိုခဏ၌ မနှိပ်ကွပ်လျှင် တိုးတက်ကြီးပွါးလာ၍ မျက်နှာရှုံ့တွဲ့ မဲ့ရွဲ့ လာစေတတ်၏၊ ထိုခဏ၌ မနှိပ်ကွပ်လျှင် တိုးတက် ကြီးပွါးလာ၍ သူတဖက်သားကို ဆဲရေးတိုင်းထွာ ကြမ်းတမ်းသော စကားကို ပြောဆိုဖို့ရန် မေးတလှုပ်လှုပ် ဖြစ်စေတတ်၏။ ထိုခဏ၌ မနှိပ်ကွပ်လျှင် ဆဲရေးတိုင်းထွာ ကြမ်းတမ်းစွာသောစကားကို ပြောကြား စေလေတော့၏၊ ထိုခဏ၌ မနှိပ်ကွပ်လျှင် သူတဖက်သားအတွက် ဘေးမှ အကူအညီ ရှိ-မရှိ သိအောင် အရပ်မျက်နှာတို့ကို ကြည့်ရှုခြင်းသို့ ရောက်စေ၏ ထိုခဏ၌ မနှိပ်ကွပ်လျှင် သူတဖက်သားကို ရိုက်ပုတ်ရန် ဆွဲငင်မှု ပြုသောအခြေသို့ ရောက်စေ၏၊ ထိုခဏ၌ မနှိပ်ကွပ်လျှင် လက်ဖြင့် ခဲ, ဒုတ် လှင်ကန်, ဓားလက်နက်တို့ကို သုံးသပ်စွဲကိုင်ခြင်းသို့ ရောက်စေ၏။ ထိုခဏ၌ မနှိပ်ကွပ်လျှင် ဒုတ်ဖြင့်ရိုက်ခြင်း, ဓားဖြင့် ခုတ်ခြင်းတည်းဟူသော ရာဇဝတ်မှု ကျူးလွန်သောအခြေသို့ ရောက်စေ၏။ ထိုခဏ၌ နှိပ်ကွပ်လျှင်တော်သေး၏။ မနှိပ်ကွပ်လျှင် သူတပါးကိုသတ်ခြင်း, မိမိ ကိုယ်ကိုသတ်ခြင်းတည်းဟူသော အဆုံးလမ်းသို့ ရောက်စေလေတော့၏။

ဤဥပမာစကားရပ်ဝယ် ဥဒ္ဓုမာယိကဖား (ဖားပွ)၏ အခြေ လေးချောင်းကို မိုးမျှော်၍ တည်ကုန်လတ်သော် အသွားပြတ်လေ၏။ ထိုဖားသည် ရန်သူအလိုသို့လိုက်ရကာ ကျီးငှက်စသည်တို့၏ အစာဘ၀ ရောက်ရလေတော့၏၊ ဤအတူပင် အမျက်ထွက်ခြင်းတရား လွှမ်းမိုးနှိပ်စက်အပ်သောသူသည် ကမ္မဋ္ဌာန်းတရား မပွါးနိုင်တော့ချေ= ဉာဏ်အသွား ပြတ်လေ၏၊ ကိလေသာတည်းဟူသော ရန်သူအလိုသို့လိုက်ရကာ ခပ်သိမ်းသောမာရ်တို့ အလိုအတိုင်း နှိပ်စက်သမျှ ငုံ၍ခံရသော အဖြစ်သို့ ဆိုက်ရောက်လေတော့၏။ ထို့ကြောင့် အမျက်ထွက်ခြင်း=ကောဓတရားကို ဥဒ္ဓုမာယိကဖား (=ဖားပွ) ဟူ၍ ဟောတော်မူအပ်လေသည်။

၁၀။ ရွှေငွေ ဥစ္စာ များစွာပါရှိလျက် ကန္တာရခရီးကြမ်းသို့ သွားသော ယောကျ်ားသည် လမ်းနှစ်မြွှာသို့ ရောက်လျင် “ဤလမ်းဖြင့်တည်း သွားရကောင်းမည်လော၊ ထိုတဖက်လမ်းဖြင့်တည်း သွားရကောင်းမည်လော”ဟု ယုံမှားတွေးတောကာ မဆုံးဖြတ်နိုင်ပဲ ထိုအရပ်၌ပင် ရပ်တည်၍ နေ၏။ ထိုအခါ ထိုယောက်ျားကို ဓားပြလူဆိုးတို့ ထကြွ လွှမ်းမိုးနှိပ်စက်ကြကာ အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်စေကြသကဲ့သို့ ဤအတူပင် မူလကမ္မဋ္ဌာန်းကို ယူ၍ ထိုင်နေသော ရဟန်းသည် ဘုရား, တရား, သံဃာ-စသည်တို့၌ ယုံမှားမှု ဝိစိကိစ္ဆာတရား ဖြစ်ပွါးလတ်သော် ကမ္မဋ္ဌာန်းကို မပွါးစေနိုင်တော့ချေ=ထိုဝိစိကိစ္ဆာ လမ်းနှစ်မြွှာ၌ပင်

(နှာ-၄၃၀)

တွေးတောရပ်တည်၍ နေလေတော့၏။ ထိုအခါ ထိုရဟန်းကို ကိလေသ မာရ်အစရှိသော ခပ်သိမ်းသောရန်သူမာရ်မျိုးတို့သည် အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်စေကြကုန်၏၊ ဤသို့လျှင် ဝိစိကိစ္ဆာတရားသည် လမ်းနှစ်မြွှာနှင့် တူသောကြောင့် မြတ်စွာဘုရားရှင်သည်တွေးတောယုံမှားမှု ဝိစိကိစ္ဆာတရားကို လမ်းနှစ်မြွှာဟူ၍ ဟောတော်မူအပ်လေသည်။

၁၁။ ကဝါသည်တို့သည် ပြာစစ်ခေါ်သော ရေစစ်၌ ရေကိုလောင်း ထည့်အပ်သည်ရှိသော် ရေတအိုးသည်၎င်း, နှစ်အိုးသည်၎င်း, ဆယ်အိုးတို့သည်၎င်း, အိုးနှစ်ဆယ်တို့သည်၎င်း, အိုးပေါင်းတရာသည်၎င်း လောင်းသမျှ (ဝေါကနဲ) စီးယိုလျော့ကျ၍သာ သွားလေ၏၊ တလက်ဆွမ်းသောရေသည်လည်း မကျန်ရစ်တော့သကဲ့သို့ ဤအတူ နီဝရဏ ငါးမျိုး တရားဆိုးနှင့် ပြည့်စုံသောသူ၏ သန္တာန်ဝယ် ကုသိုလ်တရား တည်းဟူသော ရေသည် မတည်တော့ချေ = မကျန်ရစ်တော့ချေ။ ထို့ကြောင့် နီဝရဏတရား ငါးပါးတို့ကို ဆပ်ပြာရေစစ်ဟူ၍ ဟောတော် မူအပ်ကုန်လေသည်။

၁၂။ လိပ်မှာ ခြေလက်လေးချောင်း ဦးခေါင်းအားဖြင့် အင်္ဂါ ငါးပါး ရှိသကဲ့သို့ ဤအတူ သင်္ခတ တရားအားလုံးတို့ကို ဉာဏ်ဖြင့် သိမ်းယူလိုက်လျှင် ဥပါဒါနက္ခန္ဓာငါးပါး တရားအစုတို့သာ ဖြစ်ကုန်၏။ ထို့ကြောင့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို လိပ်ဟူ၍ ဟောကြားတော်မူလေသည်။

၁၃။ လောကဝယ် စဉ်းတီတုံး၌ တင်ထား၍ သန်လျက်ဖြင့် အသားကို နုပ်နုပ်စဉ်းကြသကဲ့သို့ ဤအတူပင် ဝတ္ထုကာမကို ရရှိရန်အတွက် ကိလေသာကာမဖြင့် ရှာကြံကြ ပင်ပန်းကြသော ဤသတ္တဝါတို့ကိုလည်း တရားသဘောအားဖြင့် ဝတ္ထုကာမတည်းဟူသော စဉ်းတီတုံးပေါ်၌ တင်ထား၍ ကိလေသာကာမတည်းဟူသော သန်လျက်ဓားဖြင့် နုပ်နုပ်ခုတ်စဉ်းအပ်သည် မည်ကုန်၏၊ ထို့ကြောင့် ဝတ္ထုကာမ ဖြစ်သည့် ကာမဂုဏ်ငါးပါးတို့ကို သန်လျက်နှင့် စဉ်းတီတုံးဟူ၍ ဟောကြားတော်မူလေသည်။

၁၄။ လောက၌ သားတစ်မည်သည်ကို မင်း-စသော လူများသည်၎င်း, ကျီးငှက်စသော တိရစ္ဆာန်များသည်၎င်း လိုလားတောင့်တကြကုန်၏၊ ဤသားတစ်ကို လိုလားမှုကြောင့် ဒုက္ခအဆင့်ဆင့် တိုးပွါးကြကုန်၏။ ထို့အတူပင် ဤသတ္တဝါတို့သည်လည်း အဝိဇ္ဇာဖြင့် ယစ်မူး နေကြသောကြောင့် နန္ဒီရာဂတဏှာကို ဒုက္ခအကြောင်းဟု မသိနိုင်ကြပဲ

(နှာ-၄၃၁)

ထိုနန္ဒီရာဂ= သားတစ်နောက်သို့သာ တကောက်ကောက် လိုက်ပါကြ ကပ်ရောက်ကြကာ သံသရာဝဋ်ဒုက္ခကို တိုးပွားစေကြလေသည်။ တနည်း သားတစ်သည် ထားရာထားရာ နေရာတိုင်းမှာပင် ငြိတွယ်သကဲ့သို့ ဤအတူ ဤသတ္တဝါတို့သည် နန္ဒိရာဂတဏှာဖြင့် နှောင်ဖွဲ့အပ်ကုန်ရကား ဝဋ်တရား၌ ငြိတွယ်ကြကုန်၏။ ဆင်းရဲဒုက္ခသို့ ရောက်ကြပါလျက်လည်း မငြီးငွေ့နိုင်ကြ၊ ဤသို့လျှင် နန္ဒရာဂတဏှာသည် သားတစ်နှင့်တူသောကြောင့် မြတ်စွာဘုရားရှင်သည် နန္ဒိရာဂတဏှာကို သားတစ်ဟူ၍ ဟောတော်မူလေသည်။

၁၅။ ရဟန္တာပုဂ္ဂိုလ်တို့ကို နာဂ-ဟူ၍ ခေါ်ဝေါ်ရကြောင်းမှာ(ဆန္ဒာဒီဟိ န ဂစ္ဆန္တီတိ နာဂါ၊ မ၊ဋ္ဌ၊၁၊၁၅၇) ဆန္ဒ, ဒေါသ, ဘယ, မောဟ=ဤလေးပါးတို့ဖြင့် အဂတိ(=မလိုက်ပါသင့်သည်)မလိုက်တတ်ကြသောကြောင့်၎င်း, (တေန တေန မဂ္ဂေန ပဟီနေ ကိလေသေ န အာဂစ္ဆန္တီတိ နာဂါ၊၎င်း) ထိုထိုမဂ်ဖြင့် ပယ်အပ်ပြီးသော ကိလေသာ တို့သို့ နောက်ထပ်တဖန် မလာရောက်ကြတော့သောကြောင့်၎င်း, (နာနပ္ပကာရကံ အာဂုံ န ကရောန္တိတိ နာဂါ၊၎င်း )အထူးထူး အထွေထွေသော မကောင်းမှုကို မပြုတတ်ကုန်သောကြောင့်၎င်း ရဟန္တာအရှင်မြတ်တို့ကို နာဂ-ဟူ၍ ခေါ်ဆိုအပ်လေသည်။

“နမော ကရောဟိ နာဂဿ =နဂါးအား ရှိခိုးခြင်းကို ပြုလော့" " ဟူသော ပြသနာပါ စကားအရ ခီဏာသ၀ဗုဒ္ဓနာဂအား ရှိခိုးပုံကို ဖော်ပြသော အဋ္ဌကထာနှင့်အညီ ဤဆိုလတ္တံ့သောအတိုင်း ရှိခိုးမှုကို ပြုရာ၏__

ဗုဒ္ဓေါ ဗောဓာယ ဒေသေတိ၊ ဒန္တော ယော ဇမထာယ စ။
သမထာယ သန္တော ဓမ္မံ၊ တိဏ္ဏောဝ တရဏာယ စ။
နိဗ္ဗုတော နိဗ္ဗာနတ္ထာယ၊ တံ လောကသရဏံ နမေ။

လောကသရဏော= လောကသုံးပါး၏ ကိုးစားရာဖြစ်တော်မူသော။ ယော နာဂေါ=ဗုဒ္ဓနာဂ အမည်တော်ရသည့် အစိန္တေယျထွတ်ထား အကြင် မြတ်စွာဘုရားသည်။ ဗုဒ္ဓေါ=သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူပြီးသည် ဖြစ်၍။ ဗောဓာယ စ=ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း သိစေကြခြင်းငှါ၎င်း။ ဒန္တော= ဣန္ဒြေခြောက်ပါး တရားငြိမ့်လေး ကိုယ်တော်တိုင် ယဉ်ကျေးတော်မူပြီးဖြစ်၍။ ဒမထာယ စ=ကျွတ်ထိုက်သသူ

(နှာ-၄၃၂)

ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း, ယဉ်ကျေးကြစေခြင်းငှါ၎င်း။ သန္တော= ကိလေသာဟူ အပူကင်းဝေး ကိုယ်တော်တိုင် ချမ်းအေးတော်မူပြီး ဖြစ်၍။ သမထာယ စ=ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း ချမ်းအေးကြစေခြင်းငှါ၎င်း။ တိဏ္ဏောဝ =သံသရာနက်ဝှမ်း ဃယက်ကြမ်းကို ကူးသန်းထုတ်ချောက် ကိုယ်တော်တိုင် ဖက်ကမ်းရောက်ပြီး သည်ဖြစ်၍သာလျှင်။ တရဏာယ စ=ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း ကူးမြောက်နိုင်ကြစေခြင်းငှါ၎င်း။ နိဗ္ဗုတော =ကိလေသပရိနိဗ္ဗာန် လေးကြိမ်တိုင် အောင်ပွဲခံသဖြင့် မကျန်ပူဘေး ကိုယ်တော်တိုင်ငြိမ်းအေးတော်မူပြီးဖြစ်၍။ နိဗ္ဗာနတ္ထာယစ=ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း ငြိမ်းအေးကြစေခြင်းငှါ၎င်း။ ဓမ္မံ= အလင်းထိန်လက် တရားစက်ကို။ ဒေသေတိ=လေးဆယ့်ငါးဝါ ရှည်မြင့်ကြာအောင် ကရုဏာရှေ့ထား နတ်လူအားလျှင် ဟောကြားတော်မူခဲ့ လေပြီ။ လောကသရဏံ=လောကသုံးပါး၏ ကိုးစားရာဖြစ်တော်မူသော။ တံ နာဂံ=ဗုဒ္ဓနာဂ အမည်တော်ရသည့် အစိန္တေယျထွတ်ထား ထိုမြတ်စွာဘုရားကို။ နမေ-နမာမိ=ကိုယ်, နှုတ်, နှလုံး=သုံးပါးပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့မြတ်နိုး လက်စုံမိုးလျက် ရှိခိုးဦးညွှတ်ပါ၏ဘုရား...)။

အရှင်ကုမာရကဿပ ရဟန္တာဖြစ်ခြင်း

(ဣတိ ဣဒံ သုတ္တံ ထေရဿ ကမ္မဋ္ဌာနံ အဟောသိ) ဟူသော ဝမ္မိကသုတ်အဖွင့် အဋ္ဌကထာအရ ၏ဝမ္မိကသုတ္တန်သည် အရှင်ကုမာရကဿပမထေရ်၏ ဝိပဿနာလုပ်ငန်း ကြိုးပမ်းအားထုတ်ရာ= ကမ္မဋ္ဌာန်း ဖြစ်လေသည်၊ သို့ရကား အရှင်ကုမာရကဿပ မထေရ်သည် မြတ်စွာဘုရား ဖြေကြားဟောဆိုတော်မူအပ်သည့် အတိုင်း ဝမ္မိကသုတ္တန်ကို သင်ကြားနာယူပြီးလျှင် အန္ဓဝန်တောအုပ်သို့ပင် ကြွတော်မူ၍ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူ၍ မကြာမီပင် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏ = ရဟန္တာဖြစ်တော်မူလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

အရှင်ကုမာရကဿပ ရဟန္တာမထေရ်မြတ်သည် ရဟန္တာ ဖြစ်တော်မူပြီးချိန်မှစ၍ ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါ

(နှာ-၄၃၃)

သကာယောက်ျား, ဥပါသိကာမိန်းမ = ဤ ပရိသတ်လေးပါးတို့အား တရားစကား ဟောကြားတော်မူလျှင် အကြောင်း ဥပမာပေါင်း များစွာတို့ဖြင့် တန်းဆင်၍ ဆန်းကြယ်သော တရားစကားကိုသာလျှင် ဟောကြားတော်မူလေသည်။

ထို့နောက် မြတ်စွာဘုရားရှင်သည် အရှင်ကုမာရကဿပ မထေရ်ကို ပါယာသိမင်းအား တဆယ့်ငါးပါးသော ပြဿနာတို့ဖြင့် တန်းဆာဆင်၍ (ဒီဃနိကာယ် မဟာဝဂ္ဂ၊ ၁၀-ခုမြောက်) ပါယာသိရာဇညသုတ္တန်ကို ဟောအပ်သည်ရှိသော် ထိုသုတ္တန်ကို အဋ္ဌုပ္ပတ်ပြု၍__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ စိတ္တကထိကာနံ ယဒိဒံ ကုမာရကဿပေါ = ရဟန်းတို့... အဆန်းတကြယ် တရားစကား ဟောကြားတတ်ကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ကုမာရကဿပရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူးမိန့်မြွက်တော်မူကာ ဤသာသနာဝယ် “စိတ္တကထိတ= အဆန်းတကြယ် တရားစကား ဟောကြားသောအရာ၌ အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေသတည်း။

ဤကား အရှင်ကုမာရကဿပ မထေရ်အကြောင်းတည်း။

______

(၂၉) အရှင်ကောဋ္ဌိတ မထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

ဤမထေရ်မြတ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်း နေပြည်ဝယ် စီးပွါးဥစ္စာ အသုံးအဆောင်ပေါများသည့် မဟာဘောဂအမျိုး၌ ဖြစ်လတ်၍ နောက်တချိန်၌ ပဒုမုတ္တရ မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြားနာစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ပဋိသမ္ဘိဒါပတ္တ = ပဋိသမ္ဘိဒါ အပြား ဉာဏ်လေးပါးသို့ ရောက်ဆိုက်ကြသော ရဟန်းတို့တွင်

(နှာ-၄၃၄)

အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ ရှေးမထေရ်တို့ အလောင်းအလျာများနည်းတူ အဓိကာရကောင်းမှုကုသိုလ်ကို ပြုပြီးလျှင် ထိုပဋိသမ္ဘိဒါပတ္တ ဧတဒဂ်ရာထူးကို ဆုတောင်း ပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားသည်လည်း ဗျာဒိတ်စကား မိန့်ကြား ဖဲကြွတော်မူ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုအရှင်ကောဋ္ဌိတ မထေရ်အလောင်း သူတော်ကောင်းသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာကာလဝယ် သာဝတ္ထိပြည် ပုဏ္ဏားမျိုး၌ ဖြစ်၍ လာ၏။ ထိုသူ၏အမည်ကို မိဖဆွေမျိုးတို့က “ကောဋ္ဌိတ-လုလင်” ဟု မှည့်ခေါ်ကြလေသည်။ ကောဋ္ဌိတလုလင်သည် အရွယ်သို့ ရောက်လတ်သော် ဗေဒင်သုံးခဏ်း ဖက်ကမ်းတိုင်ရောက် သင်ကြားတတ်မြောက်၍ တနေ့သ၌ မြတ်စွာဘုရားရှင်၏ တရားစကားကို ကြားနာရသဖြင့် သဒ္ဓါတရား ကြီးမားစွာဖြစ်ရှိကာ သာသနာ ဝန်ထမ်း ရဟန်းပြုလေသည်။ ထိုအရှင်ကောဋ္ဌိတ ရဟန်းသည် ရဟန်းပဉ္စင်းဖြစ်ပြီးသောအချိန်မှစ၍ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်း အားထုတ်တော်မူလေရာ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ဆိုက်တော်မူလေ၏ = ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်လေ၏။

(ဂ)ဧတဒဂ် ဘွဲ့ထူး ရတော်မူခြင်း

မထေရ်မြတ်သည် ရဟန္တာဖြစ်ပြီးနောက် အမြဲတစေ ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့၌ လေ့လာနိုင်နင်းတော်မူသည်ဖြစ်၍ အမေး ပုစ္ဆာ ပြဿနာမေးမြန်းလျှင် ပဋိသမ္ဘိဒါဉာဏ်တို့နှင့် စပ်သော ပြဿနာကိုသာ အများအားဖြင့် မေးတော်မူလေ့ရှိသည်။ ထိုကြောင့် မြတ်စွာဘုရားရှင်သည် နောက်အခါ၌ (မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ-လာ) မဟာဝေဒလ္လသုတ်ကို အဋ္ဌုပ္ပတ်ပြု၍ အရှင်ကောဋ္ဌိတမထေရ်ကို

(နှာ-၄၃၅)

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပဋိသမ္ဘိဒါပတ္တာနံ ယဒိဒံ မဟာကောဋ္ဌိတော=ရဟန်းတို့... ပဋိသမ္ဘိဒါ ဉာဏ်လေးပါးသို့ ရောက်ဆိုက်ကြသော ငါ ဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မဟာကောဋ္ဌိတရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “ပဋိသမ္ဘိဒါပတ္တ = ပဋိသမ္ဘိဒါ အပြား ဉာဏ်လေးပါးသို့ ရောက်သောအရာ”ဝယ် အဆုံး အမြတ်ဆုံး =ဧတဒဂ်ရာထူး၌ ထားတော်မူလေသတည်း။

ဤကား အရှင်ကောဋ္ဌိတ မထေရ်အကြောင်းတည်း။

______

(၃၀) အရှင်အာနန္ဒမထေရ်မြတ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

ဤကမ္ဘာမှ ပဋိလောမအဆန် ပြန်၍ရေတွက်လျှင် ကမ္ဘာ တသိန်းထက်၌ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်ထွန်းတော်မူလေသည်။ ထိုပဒုမုတ္တရမြတ်စွာဘုရား၏ ဖွားတော်မူရာ နေပြည်တော်ကား ဟံသာဝတီ မင်းနေပြည်, ခမည်းတော်ကား အာနန္ဒမင်းကြီး, မယ်တော်ကား သုဇာတာမိဖုရားကြီး, အဂ္ဂသာဝက ၂-ပါးတို့ကား ဒေဝလမထေရ်နှင့် သုဇာတမထေရ်တို့ ဖြစ်ကြသည်။ အဂ္ဂသာဝိကာ ၂-ပါးတို့ကား အမိတာထေရီနှင့် အသမာထေရီ တို့ ဖြစ်ကြသည်။ အလုပ်အကျွေး= ဥပဋ္ဌာကကား သုမနမထေရ် ဖြစ်လေသည်။ ပဒုမုတ္တရမြတ်စွာဘုရားသည် ခမည်းတော်မင်းကြီးအား ချီးမြှောက်တော်မူလျက် ရဟန်းတသိန်း အခြံအရံရှိကာ ဟံသာဝတီ မင်းနေပြည်ကို အမှီဂေါစရဂါမ်ပြုကာ သီတင်းသုံး နေထိုင်တော်မူဆဲအချိန် ဖြစ်လေသည်။

ပဒုမုတ္တရ မြတ်စွာဘုရား၏ လူဖြစ်စဉ်ကာလက ဖတူ မိကွဲ ဖြစ်သော ညီငယ်ကား (အရှင်အာနန္ဒာအလောင်း) သုမနမင်းသား အမည်ရှိလေသည်။ အာနန္ဒမင်းကြီးသည် သားတော် သုမနမင်းသားအား ဟံသာဝတီ မင်းနေပြည်မှ ခရီးယူဇနာ

(နှာ-၄၃၆)

(၁၂၀)တရရာ့နှစ်ဆယ် ဝေးကွာသောအရပ်၌ မြို့စားခန့်အပ်လေသည်။ မြို့စားသုမနမင်းသားသည် ရံခါရံခါ ဟံသာဝတီနေပြည်တော်သို့လာ၍ ခမည်းတော်မင်းကြီးကို၎င်း, နောင်တော် ပဒုမုတ္တရ မြတ်စွာဘုရားကို၎င်း ဖူးမြော်လေသည်။

တနေ့သ၌ ပစ္စန္တရစ် = တိုင်းစွန်ပြည်နားအရပ်သည် သူပုန် လူဆိုးတို့ ထကြွသောင်းကျန်းသဖြင့် ပျက်စီးအံ့ကဲ့သို့ ရှိလေသည်။ သုမနမင်းသားသည် ခမည်းတော်မင်းကြီးထံ ထိုအကြောင်းကို တမန်စေလွှတ်၍ အကြောင်းကြား လျှောက်ထားစေသောအခါ ခမည်းတော်အာနန္ဒမင်းကြီးသည် “သင့်ကို ငါသည် ထိုအရပ်၌ အဘယ့်ကြောင့် ထားအပ်သနည်း = သူပုန်ဘေးရန်ကို နှိမ်နင်း ရန်ထားအပ်သည် မဟုတ်လော”ဟု အတုံ့သဝဏ်လွှာကို တဖန် ပြန်၍ ပို့စေ၏။ မြို့စားသုမနမင်းသားသည် ခမည်းတော်၏သဝဏ်တုံ့လွှာကိုရလျှင် သူပုန်လူဆိုးတို့ကို တိုက်ဖျက်ကာ ပြည်ရွာကို ငြိမ်းအေးစေလျက် “ခမည်းတော်မြတ်...ဇနပုဒ် = တိုက်နယ်ကား ငြိမ်းအေးသာယာရှိပါပြီ” ဟု ခမည်းတော်ထံ သဝဏ်ပို့စေလေ၏။ ခမည်းတော်မင်းကြီးသည် လွန်စွာအားရ နှစ်သက်တော်မူလှ၍ “သားတော်သည် အလျင်အမြန် ခမည်းတော်ထံ လာရောက် စေ”ဟု အမိန့်ချ ဆင့်ခေါ်တော်မူလေ၏။

မြို့စား သုမနမင်းသားမှာ အမတ်တထောင် ရှိလေသည်။ မင်းသားသည် ထိုအမတ်တို့နှင့် အတူတကွ ခမည်းတော်ထံ လာရောက်လေရာ လမ်းခရီးအကြား၌ “ခမည်းတော်ဘုရားက အားရ နှစ်သက်တော်မူလှ၍ အကယ်၍များ ဆုပေးသနားတော်မူလျှင် အဘယ်ဆုကို ယူရမည်နည်း”ဟု အမတ်တို့နှင့် တိုင်ပင်ဆွေးနွေးလေ၏။ ထိုအခါ မင်းသားကို အချို့အမတ်က “ဆင်ကို ယူကြပါကုန်, မြင်ကိုယူကြပါကုန်, ဇနပုဒ် = တိုက်နယ်ကို ယူကြပါကုန်, ရတနာခုနစ်ပါးတို့ကို ယူကြပါကုန်” ဤသို့ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ အကြံပေးစကား လျှောက်ထားကြကုန်၏။ အခြား အမြော်အမြင်ကြီးမားကြသည့် ပညာရှင်အမတ်တို့ကမူ__

(နှာ-၄၃၇)

“အရှင်မင်းသား...အရှင့်သားတို့သည် ရေမြေရှင်၏ သားတော်တို့ဖြစ်ကြပါသည်။ အရှင်သားတို့အဖို့ရာ ရွှေငွေ စသော လောကီဥစ္စာစုကား ရခဲသည်မဟုတ်ပါ=ရလွယ် လှပါ၏၊ ရအပ်ပါသော်လည်း ထိုလောကီဥစ္စာ ရတနာ အားလုံးကို နောက်ဆုံး၌ စွန့်ပစ်၍သာ သွားရမည်ဖြစ်ပါသည်။ ကုသိုလ်ကောင်းမှု တခုကိုသာ ယူဆောင်၍ တမလွန်လောက သွားကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခမည်းတော်မင်းမြတ်က ဆုလာဘ်များ ပေးတော်မူလျှင် ဝါတွင်းသုံးလပတ်လုံး (အရှင့်သားတို့၏ နောင်တော်) ပဒုမုတ္တရမြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးရန် ဆုကိုသာ ယူတော်မူကြပါကုန်”__

ဟု အကြံပေးစကား လျှောက်ထားကြလေ၏။

သုမနမင်းသားသည် “သင်တို့သည် ငါ၏ မိတ်ဆွေကောင်းများ ဖြစ်ကြပါပေသည်၊ ငါ့မှာ ထိုသို့သောစိတ် မရှိခဲ့ပါ၊ သင်တို့ ကသာ ဖြစ်စေအပ်ပါပေသည်၊ အိမ်း...ကောင်းပြီ ငါလိုက်နာမည်”ဟု ပြော၍ နေပြည်တော်သို့ ရောက်လျှင် ခမည်းတော် မင်းကြီးကို ရှိခိုးပြီးနောက် ခမည်းတော်မင်းကြီးက သားတော်၏ လည်ကို ဖက်၍ ဦးထိပ်၌ နမ်းစုပ်ပြီးသော် “ချစ်သား ငါသည် သင့်အား အလိုရှိရာဆုကို ပေး၏”ဟု ဆိုလတ်သော် “မြတ်သော ခမည်းတော်မင်းကြီးဘုရား...အကျွန်ုပ် သားတော်သည် နောင်တော်မြတ်စွာဘုရားကို ဝါတွင်းသုံးလပတ်လုံး ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေးလျက် မိမိ ယခုဘ၀ ရနေသောအသက်ကို အမြုံ-မဖြစ်အောင် ပြုလုပ်လိုပါသည်။ ခမည်းတော်ဘုရား... သားတော်အား ဤ (ဝါတွင်းသုံးလကြာ မြတ်စွာဘုရားကို ပြုစုရခြင်း) ဆုကို ပေးတော်မူပါဘုရား”ဟု လျှောက်ထားလေ၏။ ခမည်းတော်မင်းကြီးက “ချစ်သား...ဤဆုကိုကား မပေးနိုင်၊ အခြားဆု တပါးပါးကို ပြောင်း၍ ယူလော့”ဟု ဆိုလေသော် သုမနမင်းသားသည် “ခမည်းတော်ဘုရား... ရေမြေပိုင်လျှင်း မင်းတို့၏ အဖို့ရာ စကားနှစ်ခွ ပြောဆိုကြရိုးထုံးမရှိပါ။ ထိုလျှောက်

(နှာ-၄၃၈)

ဆိုရာပါဆုကိုပင် သားတော်အား ပေးပါလော့၊ သားတော်၏ အဖို့ရာ အဆုကို အလိုမရှိ"ဟု အခိုင်အမာလျှောက်ထားလေ၏။

ခမည်းတော်အာနန္ဒမင်းကြီးသည် “ချစ်သား...ဘုရားရှင်တို့၏ စိတ်အလိုတော်မည်သည်ကို သိနိုင်ခဲလှ၏၊ အကယ်၍ မြတ်စွာဘုရားရှင်က သားတော်ပင့်ရာသို့ ကြွရောက်လိုက်ပါရန် အလိုမရှိခဲ့ပါလျှင် ငါခမည်းတော်က ပေးအပ်ပါသော်လည်း အဘယ်မှာ ဖြစ်နိုင်အံ့နည်း” ဟု မေးလွှဲစကား ပြောကြားလေ၏။ သုမနမင်းသားသည် “ကောင်းပါပြီ ခမည်းတော်ဘုရား... သားတော်ကိုယ်တိုင် နောင်တော်မြတ်စွာဘုရားထံ ဆည်းကပ်၍ မြတ်စွာဘုရား၏ စိတ် အလိုတော်ကို သိအောင်ပြုလုပ်ပါမည်” ဟု စကားချည်၍ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ကျောင်းတိုက်တော်သို့ သွားရောက်လေ၏။

ထိုအချိန်၌ မြတ်စွာဘုရားသည် ဆွမ်းကိစ္စကို ပြီးစေ၍ ဂန္ဓကုဋီ ကျောင်းတော်သို့ ဝင်ပြီးဖြစ်တော်မူလေသည်။ သုမနမင်းသားသည် ညီမူရာတန်ဆောင်းဝန်း = ဓမ္မသာလ၌ စည်းဝေးနေကြသော ရဟန်းတို့ထံသို့ သွားရောက်လေ၏။ ထိုအခါရဟန်းတို့သည် သုမနမင်းသားကို “မင်းသား...အဘယ့်ကြောင့်လာသနည်း”ဟု မေးကြကုန်၏။ မင်းသားက “မြတ်စွာဘုရားကို ဖူးမြင်ရန် လာရောက်ပါသည်ဘုရား၊ တပည့်တော်အား မြတ်စွာဘုရားကို ပြတော်မူကြပါ"ဟု လျှောက်ထားလေလျှင် ရဟန်းတို့သည် “မင်းသား ငါတို့သည် အလိုရှိအပ် အလိုရှိအပ်သောခဏ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့် မရနိုင်ကြပါကုန်” ဟု ပြန်ကြား မိန့်ဆိုကြလေကုန်၏။ မင်းသားက “အရှင်ဘုရားတို့...အဘယ်အရှင်မြတ်သည် လိုအပ် လိုအပ်သောခဏ၌ မြတ်စွာဘုရားကို ဖူးတွေ့ခွင့်ရပါသနည်း” ဟု မေးပြန်လေလျှင် ရဟန်းတို့သည် “မင်းသားသုမနမည်သော မထေရ်သည် လိုအပ် လိုအပ်သောခဏ၌ မြတ်စွာဘုရားကို ဖူးတွေ့ခွင့် ရပါ၏” ဟု ပြန်ကြား မိန့်ဆိုလေကုန်၏။ မင်းသားသည် “အရှင်ဘုရားတို့...ထို သုမနမထေရ်သည် ယခု အဘယ်မှာနည်း

(နှာ-၄၃၉)

ဟု မထေရ်၏ နေရာဌာနကို မေးမြန်း, သွားရောက်, ရှိခိုးပြီးလျှင် “အရှင်ဘုရား...တပည့်တော်သည် မြတ်စွာဘုရားကို ဖူးတွေ့လို ပါ၏။ တပည့်တော်အား မြတ်စွာဘုရားကို ပြတော်မူကြပါ” ဟု တောင်းပန်လျှောက်ထားလေ၏။

သုမနမထေရ်မြတ်သည် သုမနမင်းသား မြင်စဉ်ပင် အာပေါ ကသိဏဈာန်ကို ၀င်စား၍ မဟာပထဝီမြေကြီးကို “ရေဖြစ်စေသား”ဟု အဓိဋ္ဌာန်တော်မူပြီးလျှင် ရေဟုထင်ရသော မြေအပြင်၌ ငုပ်လျှို၍ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂန္ဓကုဋီကျောင်းတော်၌ ထင်ရှားပေါ်လေ၏။ ထိုအခါ သုမနမထေရ်ကို မြတ်စွာဘုရားက “ချစ်သားသုမန အဘယ့်ကြောင့် လာသနည်း”ဟု မေးတော်မူ၍ မထေရ်က “မြတ်စွာဘုရား...ညီတော်သုမနမင်းသားသည် ရှင်တော်ဘုရားကို အဖူးအမြော် လာရောက်နေပါသည် ဘုရား” ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားရဟန်း...ထိုသို့ဖြစ်လျှင် နေရာကို ခင်းလော့” ဟု မိန့်တော်မူလေ၏။ တဖန် အရှင်သုမနမထေရ်သည် သုမနမင်းသား မြင်စဉ်ပင် ဘုရားနေရာတော်ကို ယူဆောင်၍ ဂန္ဓကုဋီကျောင်းတော်အတွင်း၌ ငုပ်လျှိုးပြီးလျှင် ပရိဝုဏ်အပြင်ဖက်၌ ထင်ရှားပေါ်တော်မူ၍ ထို ပရိဝုဏ်၌ပင် ဘုရားနေရာတော်ကို ခင်းကျင်းလေ၏။ သုမနမင်းသားသည် ဤအံ့ဖွယ်နှစ်ပါးကို မြင်ရ၍ “ဤ ရဟန်းသည် တန်ခိုးရာထူး ကြီးမြတ်စွာ့တကား” ဟု စဉ်းစား ဆင်ခြင်မိလေ၏။

ပဒုမုတ္တရ မြတ်စွာဘုရားသည် ဂန္ဓကုဋီကျောင်းတော်မှ ထွက်ကြွတော်မူ၍ ခင်းထားအပ်သော ဘုရားနေရာတော်၌ ထိုင်နေတော်မူလေ၏။ သုမနမင်းသားသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အစေ့အစပ်စကား လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “မင်းသား...အဘယ်အချိန်က လာရောက်သနည်း” ဟု မေးတော်မူလေလျှင် မင်းသားသည် “မြတ်စွာဘုရား...အရှင်ဘုရားတို့ ဂန္ဓကုဋီကျောင်းတော်သို့ ဝင်နေတော်မူစဉ် တပည့်တော်ရောက် ပါသည်။ ရဟန်းတို့သည်ကား ‘ငါတို့သည် အလိုရှိအပ် အလိုရှိ

(နှာ-၄၄၀)

အပ်သောခဏ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့် မရနိုင်ကြပါကုန်’ ဟု မိန့်ဆိုတော်မူကြကာ တပည့်တော်ကို အရှင်သုမနမထေရ် အထံသို့ ပိုကြပါကုန်သည်၊ မထေရ်မြတ်သည်ကား စကား တခွန်းတည်းဖြင့်ပင် တပည့်တော်အား မြတ်စွာဘုရားကို ပြတော်မူပါ၏ = ဖူးတွေ့ခွင့်ရအောင် ဆောင်ရွက်တော်မူပါ၏။ မြတ်စွာဘုရား... အရှင်သုမနမထေရ်သည် အရှင်ဘုရားတို့၏ သာသနာတော်၌ အကျွမ်းဝင်သူဖြစ်၏ဟု ထင်ပါသည်ဘုရား” ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားရှင်က “အိမ်း... ဟုတ်ပေသည် မင်းသား...။ ဤ သုမနရဟန်းသည် ငါဘုရား၏ သာသနာ၌ အကျွမ်းဝင်သူ စင်စစ် ဖြစ်ပေ၏”ဟု မိန့်တော်မူလေလျှင် မင်းသားသည် “မြတ်စွာဘုရား အဘယ်ကောင်းမှုကို ပြုလုပ်၍ ဘုရားရှင်တို့၏ သာသနာတော်၌ အကျွမ်းဝင်သူများ ဖြစ်နိုင်ကြပါသနည်း”ဟု မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်က “အလှူဒါန ပေးလှူ၍, သီလသီတင်း ဆောက်တည်၍, ဥပုသ်နှလုံးကျင့်သုံး၍, ဘုရားရှင်တို့၏ သာသနာတော်၌ အကျွမ်းဝင်သူများ ဖြစ်နိုင်ကုန်၏ မင်းသား”ဟု မိန့်တော် မူ‌လေလျှင် သုမနမင်းသားသည် (အခွင့်ကောင်းရပြီဖြစ်ရကား) “မြတ်စွာဘုရား တပည့်တော်သည် အရှင်သုမနမထေရ်ကဲ့သို့ ဘုရားသာသနာတော်၌ အကျွမ်းဝင်သူ ဖြစ်လိုပါသည်၊ နက်ဖြန်ခါ တပည့်တော်၏ ဆွမ်းကို လက်ခံ သာယာတော်မူကြပါ ဘုရား” ဟု လျှောက်ထား ပင့်ဖိတ်လေ၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူသဖြင့် မင်းသားပင့်လျှောက်ချက်ကို လက်ခံတော်မူလေ၏။ မင်းသားသည် မိမိ၏ တဲနန်းအိမ်သို့ ပြန်သွား၍ တညဉ့်လုံး ကြီးစွာသော ပူဇော်ဖွယ်ကို စီမံပြီးလျှင် ခုနှစ်ရက်တို့ ပတ်လုံး “ယာယီတဲနန်း အလှူဆွမ်း” မည်သည်ကို တခမ်းတနားပေးလှူလေ၏။

ခုနစ်ရက်မြောက် ရောက်သောနေ့၌ သုမနမင်းသားသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် မြတ်စွာဘုရား... တပည့်တော်သည် ခမည်းတော်မင်းတရား အထံမှ ဝါတွင်းသုံးလပတ်လုံး အရှင်

(နှာ-၄၄၁)

ဘုရားတို့အား ပြုစုလုပ်ကျွေးခွင့်ဆုကို ရယူအပ်ပြီးပါပြီ၊ ဝါတွင်း သုံးလ တပည့်တော်၏ ကျောင်းတိုက်၌ ဝါဆို သီတင်းသုံးတော် မူရန် လက်ခံသာယာတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “ထိုမင်းသားပင့်ဆောင်ရာသို့ ငါဘုရား သွားရောက်လိုက်ပါသဖြင့် အကျိုးရှိမည်လော”ဟု ကြည့်ရှုဆင် ခြင်တော်မူ၍ “အကျိုးရှိမည်”ဟု သိမြင်တော်မူပြီးလျှင် “မင်း သား...မြတ်စွာဘုရားတို့သည် ဆိတ်ငြိမ်ရာအရပ်၌ မွေ့လျော်တော်မူကြကုန်၏”ဟု မိန့်တော်မူလေ၏။

သုမနမင်းသားသည်“သိအပ်ပါပြီ ဘုန်းတော်ကြီးသော မြတ်စွာဘုရား... သိအပ်ပါပြီ ကောင်းသောစကား မိန့်ကြားတော်မူသော မြတ်စွာဘုရား” ဟု လျှောက်ထား၍ “မြတ်စွာဘုရား တပည့်တော်သည် အလျင်လက်ဦး သွားနှင့်၍ ကျောင်းတိုက်ကို တည်ဆောက်ပါမည်။ ကျောင်းတိုက်တည်ဆောက်ပြီး၍ တပည့်တော်က ပင့်လျှောက်သောအခါ ရဟန်းတော်တသိန်းနှင့် အတူတကွ ကြွတော်မူခဲ့ကြပါဘုရား” ဟု လျှောက်ထားကာ မြတ်စွာဘုရားကို ဝန်ခံချက်ကို ယူစေပြီးလျှင်(= ကြွရောက်မည် ဟု ဝန်ခံစကား မြတ်စွာဘုရားက မိန့်ကြားတော်မူပြီးမှ) ခမည်းတော် မင်းကြီးထံသို့ သွားရောက်၍ “ခမည်းတော်ဘုရား... သားတော်အား နောင်တော်မြတ်ဘုရားက သားတော်ပင့်ဆောင်ရာ လိုက်ပါမည့်အကြောင်း ပဋိညာဉ် ဝန်ခံချက် ပေးအပ်ပြီးပါပြီ၊ သားတော်က အပင့်လွှတ်သောအခါမှာသာ ခမည်းတော်တို့က မြတ်စွာဘုရားကို သားတော်၏နေရပ်သို့ ပိုဆောင်တော်မူကြပါ” ဟု လျှောက်ထားမှာကြားခဲ့၍ ခမည်းတော်ကို ရိုသေမြတ်နိုး ရှိခိုး ဦးညွှတ်ကာ နေပြည်တော်မှ ထွက်ခဲ့၍ လမ်းခရီးအကြား တယူဇနာ တယူဇနာလျှင် စံကျောင်းတော် တကျောင်း တကျောင်း ဆောက်လုပ်စေ၍ ယူဇနာ(၁၂၀)တရာ့နှစ်ဆယ် ဝေးကွာသော ခရီးသို့ သွားရောက်ခဲ့လေသည်။ မိမိ၏စားကျေးမြို့သို့ ရောက်လျှင်ပင် ကျောင်းတိုက်တော် တည်ရန်နေရာကို ဖွေရှာစူးစမ်းလတ်သော် သောဘဏ=မည်သော သူကြွယ်၏ ဥယျာဉ်ကို တွေ့ရ၍

(နှာ-၄၄၂)

အသပြာတသိန်းဖြင့် ဝယ်ယူပြီးလျှင် အသပြာတသိန်းကိုပင် လက်ခကံကျွေး စွန့်လှူပေး၍ ကျောင်းတိုက်ကြီး တည်ဆောက်စေလေ၏။ ထိုသောဘဏသူကြွယ်၏ ဥယျာဉ်၌ မြတ်စွာဘုရားရှင်အဖို့ရာ ဂန္ဓကုဋီ ကျောင်းတော်ကို၎င်း, ကြွင်းသောရဟန်းတို့အဖို့ရာ ညဉ့်သန့်ရာ, နေ့သန့်ရာ အလိုငှါ ကုဋီ, လိုဏ်, မဏ္ဍပ်တို့ကို၎င်း ဆောက်လုပ်စေ၍ တံတိုင်းအရံအတား, တံခါးမုခ်တို့ကို ပြီးစီးအောင်ပြုလုပ် စေပြီးသော် ခမည်းတော်မင်းကြီးထံသို့ “ခမည်းတော်ဘုရား... သားတော်၏ဆိုင်ရာ လုပ်ဆောင်ရန်ကိစ္စ အဝဝပြီးပြေ ရှိပါပြီ။ နောင်တော် မြတ်စွာဘုရားကို သားတော်တို့ အရပ်သို့ ပို့ဆောင်တော်မူကြပါကုန်”ဟု တမန်စေလွှတ်၍ အကြောင်းကြားလျှောက်ထားစေလေ၏။

ခမည်းတော် အာနန္ဒမင်းကြီးသည် သားတော် ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကို တပည့်ရဟန်းတော်တသိန်းတို့နှင့် အတူတကွ ဆွမ်းဆက်ကပ် လှူဒါန်းပြီးလျှင် “သားတော် မြတ်စွာဘုရား... အရှင့်ညီတော် သုမနမင်းသား၏ ဆိုင်ရာလုပ်ဆောင်ရန် ကိစ္စ အဝဝ ပြီးပြေရှိနေပါပြီ၊ အရှင်ဘုရားတို့၏ ကြွလာတော်မူခြင်းကို လွန်မင်းစွာ တောင့်တမျှော်ခေါ်လျက် ရှိနေပါသည် ဘုရား” ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် တပည့်ရဟန်းတသိန်း ခြံရံအပ်လျက် တယူဇနာ တယူဇနာဝယ် အသင့်ဆောက်လုပ်ပြီး ရှိနှင့်သော စံကျောင်းတော်တို့၌ ချမ်းသာစွာ အပန်းဖြေ နားနေ ညဥ့်ကျိန်းစက်တော်မူ၍ ယူဇနာတရာ့နှစ်ဆယ်ခရီးကို မပင်မပန်း ကြွချီတော်မူလေ၏။

သုမနမင်းသားသည် “မြတ်စွာဘုရား ကြွလာတော်မူ၏” ဟု ကြားသိရ၍ တယူဇနာတိုင်တိုင် သွားရောက်ခရီးဦးကြိုဆိုပြီးလျှင် နံ့သာ, ပန်း-စသည်တို့ဖြင့် ပူဇော်လျက် ကျောင်းတိုက်အတွင်း ရိုသေစွာ ပင့်ဆောင်သွင်းပြီးလတ်သော်__

“သတသဟဿေန မေ ကီတံ၊ သတသဟဿေန မာပိတံ။
သောဘဏံ နာမ ဥယျာနံ၊ ပဋိဂ္ဂဏှ မဟာမုနိ။

(နှာ-၄၄၃)

မဟာမုနိ= အာဂါရိက စသည်အပြား မုနိများ၏ ဦးဖျားပရမေ သုံးလူ့ဆွေဖြစ်တော်မူသော မြတ်စွာဘုရား။ မေ = သုမနတွင်ခေါ် ဘုရားတပည့်တော်သည်။ သောဘဏံ နာမ ဥယျာနံ= သောဘဏသူကြွယ် တည်စိုက်၍ သမိုက်နာမ သောဘဏ အမည်ရှိသော ဥယျာဉ်ကို။ သတသဟဿေန = တသိန်းသင်္ချာ အသပြာဖြင့်။ ကီတံ= တန်ဘိုးကဲဖြတ် ဝယ်ယူအပ်ပါပြီ။ သတသဟဿေန = တသိန်းသင်္ချာအသပြာဖြင့်။ မာပိတံ=ကျောင်းတိုက်တော်ကြီး ဖန်တီးတည်ဆောက်အပ်ပြီးသည်ကို။ ပဋိဂ္ဂဏှ = ကရုဏာရှေးရှူ, အလှူခံတော်မူပါဘုရား...”__

ဟူသော ဤဂါထာဖြင့် လျှောက်ထားကာ ကျောင်းတိုက်တော်ကို မြတ်စွာဘုရားရှင်အား လှူဒါန်းလေ၏။

သုမနမင်းသားသည် ဝါကပ်သောနေ့၌ အလှူဒါနပေးလှူပြီးသော် မိမိ၏ သား, မယား, အမတ်များကို ခေါ်စေ၍ “မြတ်စွာဘုရားသည် ငါတို့၏ အထံသို့ ခရီးယူဇနာ တရာ့နှစ်ဆယ် ဝေးကွာသောအရပ်မှပင် ကြွချီတော်မူလာပေသည်၊ ဘုရားရှင် တို့မည်သည် တရားကိုသာ အလေးပြုတော်မူကြကုန်၏။ ပစ္စည်းလေးဖြာ အာမိသကို အလေးပြုတော်မမူကြ ကြည့်ရှုတော်မမူကြကုန်၊ ထို့ကြောင့် ငါသည် ဤဝါတွင်းသုံးလပတ်လုံး အဝတ် နှစ်ထည်တို့ကိုသာ ဝတ်၍ ဆယ်ပါးသီလတို့ကို ဆောက်တည်ပြီးလျှင် ဘုရားရှင် သီတင်းသုံးတော်မူရာ ဤကျောင်းတိုက်မှာပင် နေပေအံ့၊ အမောင်တို့, အမိတို့သည် ဘုရားအမှူးပြုသော ရဟန္တာတသိန်းအား ဤနည်းဖြင့်ပင် ဝါတွင်း သုံးလပတ်လုံး အလှူဒါန ပေးလှူကြကုန်လော့”ဟု မှာထားပြောဆိုကာ ဆယ်ပါး သီလတို့ကို ဆောက်တည်စောင့်ထိန်း၍ အဝတ်နှစ်ထည်တို့ကိုသာ ဝတ်ဆင်ကာ ကျောင်းတော်၌ပင် နေရစ်လေ၏။

သုမနမင်းသားသည် မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော အရှင်သုမနမထေရ်နေရာကျောင်းနှင့် အနီးဖြစ်သောအရပ်

(နှာ-၄၄၄)

ဝယ် နေထိုင်လျက် မထေရ်သူမြတ်က မြတ်စွာဘုရားအား ဝတ်ကြီး, ဝတ်ငယ်ဥဿုံ အလုံးစုံပြုတော်မူအပ်သည့်ကို မြင်လတ်၍ “ဤမထေရ်မြတ်သည် ဤဥပဋ္ဌာက= အလုပ်အကျွေးအရာဌာန၌ ဧကန္တပင်အကျွမ်းဝင်သူဖြစ်၏။ ငါသည် ဤမထေရ်မြတ်၏ ရာထူး ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုမှပင် သင့်တော့မည်”ဟု ကြံစည်ဆင်ခြင်ပြီးနောက် ပဝါရဏာပြုမည့် “(သီတင်းကျွတ် လပြည့်) နေ့ နီးကပ်လတ်သော် (သီတင်းကျွတ်လဆန်း ၈-ရက် နေ့လောက်၌) မြို့တွင်းသို့ဝင်၍ ခုနှစ်ရက်တိုင်တိုင် အလှူကြီး ပေးလှူပြီးလျှင် ခုနှစ်ရက်မြောက်ရောက်သောနေ့၌ ရဟန်းတသိန်း၏ ခြေရင်းဝယ် တိစီဝရိက်သင်္ကန်းအစုံတို့ကို ထားရှိတည်ခင်း ပြီးနောက် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးလျက်“ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ဟံသာဝတီ မင်းနေပြည်ဝယ် ယာယီ တဲနန်း ဆွမ်းအလှူမှစ၍ ခပ်သိမ်းဥဿုံ အလုံးစုံသော ကုသိုလ် ကောင်းမှုများကို တပည့်တော်သည် သိကြားနတ်မင်းစည်းစိမ်ကို တောင့်တ၍လည်း ပြုသည်မဟုတ်ပါ၊ မာရ်မင်း, ဗြဟ္မာမင်းတို့ စည်းစိမ်ကို တောင့်တ၍လည်း ပြုသည်မဟုတ်ပါ။ စင်စစ်သော်ကား မြတ်စွာဘုရား၏ အလုပ်အကျွေး=ဥပဋ္ဌာက ရဟန်းအဖြစ်ကို တောင့်တ၍သာ ပြုအပ်ခဲ့ပါသည်၊ ထို့ကြောင့် မြတ်စွာဘုရား... တပည့်တော်သည် အနာဂတ နောက်ကာလဝယ် သုမနမထေရ် သူမြတ်ကဲ့သို့ တဆူဆူသော မြတ်စွာဘုရားရှင်၏ အလုပ်အကျွေး= ဥပဋ္ဌာက ဖြစ်ရပါလို၏”ဟု ဆုတောင်းစကား လျှောက်ထားလေ၏။

ပဒုမုတ္တရမြတ်စွာဘုရားသည် သုမနမင်းသား၏ ဆုတောင်း ပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ဗျာဒိတ် စကား မိန့်ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ သုမန မင်းသားသည် မြတ်စွာဘုရား၏ ဗျာဒိတ်စကားကို ကြားရလျှင် ပင်“ဘုရားရှင်တို့မည်သည် နှစ်ခွသောစကား ရှိတော်မမူကြကုန်= ဧကန်မလွဲ မြဲသောစကား ရှိတော်မူကြကုန်၏”ဟု ဆင်ခြင်မိကာ ဗျာဒိတ်ကြားသည့် နေ့မှ ဒုတိယမြောက် နောက်နေ့မှာပင်

(နှာ-၄၄၅)

အစိန္တေယျ သုံးလောကထွတ်ထား ဂေါတမ မြတ်စွာဘုရား၏ သပိတ်, သင်္ကန်းကို ယူဆောင်ကာ နောက်တော်မှ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါရမည့်သူကဲ့သို့ ပီတိဖြင့် ပြည့်ဖုံးသော စိတ်နှလုံးရှိသူ ဖြစ်လေ၏။

အကြားကာလ ကောင်းမှုများ

သုမနမင်းသားသည် ပဒုမုတ္တရ မြတ်စွာ သာသနာခေတ်၌ အနှစ်တသိန်းကြာ ဒါနကောင်းမှု ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ဖြစ်လျက် တဖန် ကဿပမြတ်စွာ လက်ထက်တော်အခါ၌ ဆွမ်းခံကြွသော မထေရ်မြတ်တပါးအား သပိတ် အောက်မှ ခံယူရန် မိမိ၏ အပေါ်ရုံစုလျားတဘက်ကို ဆက်ကပ် လှူဒါန်းပူဇော်သော သူတော်ကောင်း ဖြစ်ပြန်လေသည်။

တဖန် ထိုဘဝမှစုတေပြန်သော် နတ်ပြည်၌ဖြစ်၍ ထိုနတ်ပြည်မှ စုတေလတ်သော် ဤလူ့ပြည်ဝယ် ဗာရာဏသီမင်းဖြစ်၍ တနေ့သ၌ ပြသာဒ်မအထက်၌ နေရာက ဂန္ဓမာဒနတောင်မှ ကောင်းကင် ခရီးဖြင့် ကြွရောက်တော်မူလာကြသည့် ပစ္စေကဗုဒ္ဓါ အရှင်မြတ် ရှစ်ဆူတို့ကို ဖူးမြင်ရ၍ ရွှေနန်းတော်သို့ ပင့်စေကာ ဆွမ်း ဆက်ကပ် လှူဒါန်းပြီးလျှင် မိမိ၏ မင်္ဂလာဥယျာဉ် အတွင်း၌ ထို ပစ္စေကဗုဒ္ဓါ အရှင်မြတ်ရှစ်ဆူတို့အတွက် သင်္ခမ်းကျောင်း ရှစ်ကျောင်းတို့ကို ဆောက်လုပ် လှူဒါန်းသည့်ပြင် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ နန်းတော်သို့ ကြွရောက်လာကြလျှင် ထိုင်စရာ အလို့ငှါ ရတနာဆယ်ပါးတို့ဖြင့် ပြီးသော အင်းပျဉ်ကြီး ရှစ်လုံးတို့ကို၎င်း, သပိတ်တော်များ တင်ထားရန်အလို့ငှါ ပတ္တမြား သပိတ်ခြေတို့ကို၎င်း, အသင့် စီမံလျက် နှစ်ပေါင်း တသောင်းကြာ ထို ပစ္စေကဗုဒ္ဓရှစ်ဆူတို့အား ပြုစု လုပ်ကျွေးလေသည်။ ဤသည်တို့ကား ထင်ရှားသော အရာဌာနတို့ ဖြစ်ကုန်၏၊ ထိုမှတပါးလည်း ဤ ကမ္ဘာတသိန်း ကာလ အတွင်း များစွာသော ကောင်းမှု ကုသိုလ်တို့ကို ပြုခဲ့လေသည်။

(နှာ-၄၄၆)

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ယင်းသို့ ကမ္ဘာ တသိန်းကြာ အလှူဒါန မျိုးကြဲချလျက်ပင် အကျွန်ုပ်တို့၏ မြတ်စွာဘုရားအလောင်းတော်နှင့် အတူတကွ တုသိတာနတ်ပြည်၌ဖြစ်၍ ထိုဘဝမှ စုတေလတ်သော် ကပိလဝတ် နေပြည်တော်ဝယ် အမိတောဒန သာကီဝင်မင်း၏သား ဖြစ်လာလေသည်။ ထိုမင်းသား၏အမည်ကို “ဆွေမျိုးအားလုံးတို့ နှစ်သက် ဝမ်းမြောက်အောင် ပြု၍ ဖြစ်ပွါး လာသောကြောင့် အာနန္ဒ မင်းသား”ဟု အမည် မှည့်ကြလေကုန်၏။ ထိုအာနန္ဒမင်းသားသည် အစဉ်သဖြင့် မြတ်စွာဘုရားရှင် တောထွက်ကာ ဘုရား ဖြစ်ပြီးနောက် ပဌမအကြိမ် ကြွရောက်ခြင်းဖြင့် ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူလာ၍ ထို နေပြည်တော်မှ တဖန် ထွက်ကြွတော်မူပြန်သောအခါ မြတ်စွာဘုရား၏ အခြံအရံ ဖြစ်ကြရန်အတွက် သာကီဝင်မင်းသား များစွာတို့ ရဟန်းပြုကြသည် ရှိသော် ဘဒ္ဒိယမင်းသား-စသည်တို့နှင့် အတူတကွ တောထွက်ခဲ့၍ အနုပီယမြို့၏အနီး အနုပီယပင်မည်သော သရက်ဥယျာဉ်ဝယ် မြတ်စွာဘုရားရှင်အထံတော်၌ ရှင်ရဟန်းပြုလေသည်။ (အောက် မဟာဗုဒ္ဓဝင် တတိယတွဲ မျက်နှာ ၁၄၅-၌ ပြန်၍ကြည့်ပါ)။

အရှင်အာနန္ဒာ သောတာပန် တည်ခြင်း

အရှင်အာနန္ဒာမထေရ်သည် ရဟန်းပြုပြီးနောက် မကြာမြင့်မီပင် အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်၏ အထံ၌ တရားစကားကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်တော်မူ၏။ ထိုအကြောင်းကို ဤဖော်ပြလတ္တံ့သော သံယုတ္တနိကာယ ခန္ဓဝဂ္ဂသံယုတ် (၉) ၄-ထေရဝဂ် ၁-အာနန္ဒသုတ် (သံ မြန် ၂၊ မျက်နှာ ၈၁)ကို ထောက်၍ သိရာ၏၊ ထိုသုတ်၏ ဆိုလိုရင်းမှာ__

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံးတော်မူစဉ် တနေ့သ၌ အရှင်အာနန္ဒာသည် ရဟန်းတို့ကို“ငါ့ရှင်ရဟန်းတို့ ...”ဟု ခေါ်၍ ရဟန်းတို့က“ငါ့ရှင်” ဟု စကားတုံ့ပြန်သောအခါ ဤစကားကို မိန့်ဆို၏။

(နှာ-၄၄၇)

“ငါ့ရှင်တို့ ...မန္တာဏိပုတ္တ-ပုဏ္ဏအရှင်သည် သီတင်းငယ်ဖြစ်ကြသည့် ငါတို့အပေါ်ဝယ် ကျေးဇူးဥပကာရ များလှ၏၊ ထိုအရှင်သည် ငါတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၏။ ဆုံးမပုံမှာ- ‘ငါ့ရှင်အာနန္ဒာ...အစွဲပြု၍သာလျှင် ငါ ဖြစ်၏ ဟူသော ပပဉ္စတရားသုံးပါး ဖြစ်၏။ အစွဲမပြုမူ၍ မဖြစ်၊ အဘယ်ကို အစွဲပြု၍သာလျှင် ငါဖြစ်၏-ဟူသော ပပဉ္စတရားသုံးပါး ဖြစ်သနည်း၊ အစွဲမပြုရလျှင် မဖြစ်သနည်းဟူမူ ရုပ်ကိုအစွဲပြု၍ ငါဖြစ်၏-ဟူသော ပပဉ္စတရား သုံးပါး ဖြစ်၏, အစွဲမပြုရလျှင် မဖြစ်၊ ဝေဒနာကို။ ပ။ သညာကို၊ သင်္ခါရတို့ကို၊ ဝိညာဏ်ကို အစွဲပြု၍ ဖြစ်၏ဟူသော ပပဉ္စတရားသုံးပါး ဖြစ်၏, အစွဲမပြုရလျှင် မဖြစ်။

ရှင်အာနန္ဒာ...ဥပမာသော်ကားတန်းဆာဆင်ခြင်း သဘောရှိသည့် ငယ်ရွယ် ပျိုနုသော မိန်းမသော်၎င်း, ယောက်ျားသော်၎င်း စင်ကြယ် တောက်ပသော မှန်၌ ဖြစ်စေ, ကြည်လင်သော ရေခွက်၌ဖြစ်စေ မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော် (မိမိမျက်နှာပြင်နှင့် မှန်, ရေခွက် တို့ကို) အစွဲပြု၍သာ (မျက်နှာရိပ်ကို)မြင်လေရာ၏။ အစွဲ မပြုရလျှင်ကား မမြင်လေရာ။ ရှင်အာနန္ဒာ...ဤအတူပင် ရုပ်ကိုအစွဲပြု၍သာ ငါဖြစ်၏-ဟူသော ပပဉ္စတရား သုံးပါး ဖြစ်၏။ အစွဲမပြုရလျှင် မဖြစ်။ ဝေဒနာကို။ ပ။ သညာကို၊ သင်္ခါရတို့ကို၊ ဝိညာဏ်ကို အစွဲပြု၍သာ ငါ ဖြစ်၏-ဟူသော ပပဉ္စတရားသုံးပါး ဖြစ်၏, အစွဲမပြုရလျှင်မဖြစ်။

ငါ့ရှင်အာနန္ဒာ...ယခု ငါမေးမည့်စကားကို သင် အဘယ်သို့ မှတ်ထင်သဘောကျသနည်း__ရုပ်သည် မြဲ သလော, မမြဲဘူးလော၊ မမြဲပါ ငါ့ရှင်...။ (အနတ္တလက္ခဏ သုတ်လာအတိုင်း တေပရိဝဋ္ဋဓမ္မဒေသနာ သွားလေ)။ ပ။ ဤမဂ်ကိစ္စအလို့ငှါ တပါးသောပြုဖွယ် မရှိပြီဟု သိ၏”ဟူ၍ ဆုံးမ၏။

(နှာ-၄၄၈)

ငါ့ရှင်တို့ မန္တာဏိပုတ္တ-ပုဏ္ဏအရှင်သည် သီတင်းငယ် ဖြစ်ကြသည့် ငါတို့အပေါ်ဝယ် ကျေးဇူးဥပကာရ များလှ၏၊ ထိုအရှင်သည် ငါတို့ကို ဤဆိုအပ်ပြီးသော အဆုံးအမဖြင့် ဆုံးမ၏။ မန္တာဏိပုတ္တ-ပုဏ္ဏအရှင်၏ ဤတရား ဒေသနာကို ကြားနာရသောကြောင့် ငါသည် သစ္စာလေးပါးတရားကို သိရ၏ = သောတာပန် အရိယာ ဖြစ်ရ၏”__

ဟု မိန့်တော်မူ၏။ ဤကဲ့သို့ ဆိုလိုရင်းဖြစ်သည်၊ ဤ သုတ်ကိုထောက်၍ အရှင်အာနန္ဒာ မထေရ်သည် မန္တာဏိပုတ္တ -ပုဏ္ဏ မထေရ်၏ ကြေးမုံ (မှန်) ဥပမာတရားဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်တော်မူကြောင်း သိမှတ်ရာ၏။

ဥပဋ္ဌာက=အလုပ်အကျွေးရာထူး ခံယူတော်မူခြင်း

မြတ်စွာဘုရားရှင်၏ အဖို့ရာ ပဌမဗောဓိခေါ် ဝါတော် နှစ်ဆယ်အတွင်း၌ အမြဲတမ်း အလုပ်အကျွေးဟူ၍ မရှိသေးချေ။ တရံတခါ အရှင်နာဂသမာလမထေရ်သည် မြတ်စွာဘုရား၏ သပိတ်, သင်္ကန်းကို ယူဆောင်၍ လှည့်လည်လိုက်ပါသည်။ တရံတခါ အရှင်နာဂိတ, တရံတခါ အရှင်ဥပဝါန, တရံတခါ လိစ္ဆဝီမင်းသား သုနက္ခတ္တရဟန်း, တရံတခါ အရှင်သာရိပုတ္တရာ ၏ညီ အရှင်စုန္ဒ, တရံတခါ အရှင်သာဂတ, တရံတခါ အရှင်ရာဓ, တရံတခါ အရှင်မေဃိယမထေရ်သည် မြတ်စွာဘုရား၏ သပိတ်, သင်္ကန်းကို ယူဆောင်၍ လှည့်လည်လိုက်ပါလေသည်။

ထိုမထေရ်တို့အနက် အခါတပါး မြတ်စွာဘုရားရှင်သည် နာဂသမာလမထေရ်နှင့် အတူတကွ အဓွန့်ရှည်သောခရီးသို့ ကြွရောက်တော်မူလေရာ လမ်းနှစ်မြွှာသို့ ရောက်ရှိလေသည်။ နာဂသမာလမထေရ်သည် ခရီးမမှ သက်၍ “မြတ်စွာဘုရား...တပည့်တော်သည် ဤခရီးဖြင့် သွားပါအံ့”ဟု ဆို၏။ မြတ်စွာဘုရားရှင်က “ချစ်သားရဟန်း...လာပါလော့၊ ဤခရီးဖြင့် သွားကြကုန်အံ့”ဟု

(နှာ-၄၄၉)

(အခြားလမ်းဖြင့် သွားရန်) မိန့်တော်မူလေလျှင် နာဂသမာလ မထေရ်သည် “ကိုင်း... မြတ်စွာဘုရား...အရှင်ဘုရားတို့၏ သပိတ်, သင်္ကန်းကိုသာ ယူတော်မူကြလော့၊ တပည့်တော်သည် ဤခရီးဖြင့် သွားပါအံ့ဟု ကပ်ဖဲ့ ပြောဆိုကာ မြတ်စွာဘုရား၏ သပိတ်, သင်္ကန်းကို မြေပေါ်၌ ချမည့်အဟန် စီမံအားသစ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်း...ယူခဲ့လော့”ဟု မိန့်တော်မူကာ ကိုယ်တော်၏ သပိတ်, သင်္ကန်းကို ကိုယ်တော်တိုင် ယူဆောင်၍ ကြွတော်မူလေ၏။ အရှင်နာဂသမာလမထေရ်သည်လည်း မိမိ ပြောဆိုသည့် အခြား လမ်းခရီးဖြင့် (မြတ်စွာဘုရားနှင့် ခွဲခွါ၍) သွားလေ၏။ အတန်ငယ် သွားမိလတ်သော် ဓားပြ လူဆိုးတို့သည် မထေရ်၏ သပိတ်, သင်္ကန်းကိုလည်း လုယက်၍ ယူကြကုန်၏၊ ဓားပြလူဆိုးတို့ ရိုက်နှက်သဖြင့် မထေရ်၏ ဦးခေါင်းသည်လည်း ပေါက်ကွဲခဲ့လေ၏။ မထေရ်သည် “ယခုအခါ ငါ့ အဖို့ရာ ဘုရားသာလျှင် ကိုးကွယ်ရာရှိ၏။ အခြားကိုးကွယ်ရာ မရှိတော့ပြီ”ဟု ကြံစည်ဆင်ခြင်မိကာ တကိုယ်လုံးသွေးများဖြာလျက် မြတ်စွာဘုရားရှင် အထံတော်သို့ လာရောက်လေ၏။ “ချစ်သား... ဤဖြစ်ရပ်ကား အသို့နည်း= ဘယ့်နှာနည်း”ဟု မြတ်စွာဘုရားက မေးတော်မူသောအခါ မထေရ်သည် ထိုအကြောင်းကို မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် နာဂသမာလမထေရ်ကို “ချစ်သား...အကြံများ၍ စိတ်အားမငယ်လင့်၊ ဤအကြောင်းကြောင့်ပင် သင်ချစ်သားကို ငါဘုရာတို့ တားမြစ်ကြခြင်းဖြစ်သည်”ဟု မိန့်တော်မူ၍ သက်သာ စေတော်မူ၏။ (ဤသည်လည်း အကြောင်းတပါးဖြစ်သည်)။

ထို့ပြင်လည်း အခါတပါး (= စာလိကတောင်ပေါ်ကျောင်းတိုက်၌ တေရသမ = ၁၃-ခုမြောက် ဝါကပ်တော်မူသောအခါ) အရှင်မေဃိယမထေရ်သည်မြတ်စွာဘုရား၏ ခေတ္တအလုပ်အကျွေး ဖြစ်ကာ ဇန္တုရွာ၌ ဆွင်းခံလှည့်လည်ပြီးသော် တိမိကာဠာ မည်သောမြစ်ကမ်း၌ လမ်းလျှောက်စဉ် သရက်ဥယျာဉ်ကို မြင်ရ၍ “မြတ်စွာဘုရား...အရှင်ဘုရားတို့၏ သပိတ်, သင်္ကန်းကို ယူတော်

(နှာ-၄၅၀)

မူကြလော့၊ တပည့်တော်သည် ထိုသရက်ဥယျာဉ်၌ ရဟန်းတရား အားထုတ်အံ့”ဟု လျှောက်ထား၍ မြတ်စွာဘုရားက သုံးကြိမ် တိုင်တိုင် တားမြစ်ပါသော်လည်း မရရှိပဲ ထို သရက်ဥယျာဉ်သို့ သွားရောက်ကာ ကျောက်ဖျာ၌ ထိုင်နေမိလျှင်ပင် အကုသိုလ် ဝိတက်သုံးပါးတို့ ဝင်ရောက် နှိပ်စက်အပ်သည်ဖြစ်၍ မြတ်စွာဘုရားထံ တဖန် ပြန်လာပြီးလျှင် ထိုအကြောင်းကို ပြန်ကြား လျှောက်ထားလေ၏။ ထိုမထေရ်ကိုလည်း မြတ်စွာဘုရားသည် “ချစ်သား...ဤအကြောင်းကို သိမြင်၍ပင် သင်ချစ်သားကို ငါဘုရားကို တားမြစ်ခဲ့ကြသည်”ဟု မိန့်တော်မူကာ သက်သာရာ ရစေတော်မူ၏။ (ဤ မေဃိယမထေရ်၏ အကြောင်းအရာ အကျယ်ကို အောက်မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ ၁၉၃-မှ စ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏)။ (ဤသည်လည်း အကြောင်း တပါး ဖြစ်သည်)။

ဤအကြောင်းများကြောင့် မြတ်စွာဘုရားသည် နောက်အခါဝယ် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော် ဂန္ဓကုဋီ ပရိဝုဏ်အတွင်း ခင်းထားအပ်သော ဗုဒ္ဓါသန ဓမ္မပလ္လင်တော်၌ ရဟန်းအပေါင်း ခြံရံလျက် ထိုင်နေတော်မူစဉ် ရဟန်းတို့ကို__

“ရဟန်းတို့ ...ယခုအခါ ငါဘုရားသည် အသက်အရွယ် ကြီးရင့်ခဲ့လေပြီ (= ထိုအချိန်၌ မြတ်စွာဘုရား၏ အသက်တော်မှာ ငါးဆယ့်ငါးနှစ် ကျော်ခဲ့လေပြီ)၊ အချို့ ရဟန်းများသည် ဘုရားက “ဤခရီးဖြင့် သွားကြကုန်”ဟု ဆိုအပ်ပါလျက် အခြားခရီးဖြင့် ငါဘုရားကို စွန့်ခွါ သွားကြကုန်၏(အရှင်မေဃိယကို ရည်ညွှန်းသည်)။ အချို့ ရဟန်းများကမူ ငါဘုရား၏ သပိတ်, သင်္ကန်းကို မြေ၌ ချထားမည့် အခြေအထိ ပြုလုပ်ကြဘိသည် (အရှင်နာဂသမာလကို ရည်ညွှန်းသည်)။ ဘုရားအတွက် အမြဲပြုစု လုပ်ကျွေးမည့် ရဟန်းတပါးကို သင်ချစ်သားတို့ စဉ်းစား ကြလော့”__

(နှာ-၄၅၁)

ဟု မိန့်တော်မူ၏။ ထိုစကားကို ကြားရသောအခါ ရဟန်းတော်တို့သန္တာန်ဝယ် ဓမ္မသံဝေဂ ကြီးစွာဖြစ်ရှိလေသည်။

ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “မြတ်စွာဘုရား တပည့်တော်သည် အရှင်ဘုရားတို့ကိုသာလျှင် တောင့်တလျက် တသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီတို့ကို ဖြည့်ဆည်းပူး ခဲ့ပါသည်။ တပည့်တော်ကဲ့သို့သော မဟာပည ပုဂ္ဂိုလ်သည် ရှင်တော်ဘုရားတို့အတွက် အလုပ်အကျွေး = ဥပဋ္ဌာကပုဂ္ဂိုလ် ဖြစ်သင့်သည် မဟုတ်ပါလော၊ တပည့်တော်သည် ရှင်တော်ဘုရားတို့အား ပြုစုလုပ်ကျွေးပါရစေ” ဟု တောင်းပန်စကား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာ မထေရ်ကို “မသင့်ဘူး ချစ်သား သာရိပုတ္တရာ... အကြင် အရပ်၌ သင်ချစ်သား နေ၏။ ထို အရပ်သည် စင်စစ် တရားမှ မဆိတ်သုဉ်းသည်သာ ဖြစ်၏။ မှန်၏-သင်ချစ်သား၏ အဆုံးအမ ဩဝါဒသည် မြတ်စွာဘုရားတို့၏ အဆုံးအမ သြဝါဒနှင့်တူ၏။ သို့ရကား သင်ချစ်သားသည် ငါဘုရားအား ပြုစုလုပ်ကျွေးရန်ကိစ္စ မရှိ”ဟု ချီးမြှောက်စကား မိန့်ကြားတော်မူကာ မထေရ်၏ တောင်းပန်လျှောက်ထားချက်ကို မြစ်ပယ်တော်မူ၏။ ဤနည်းဖြင့်ပင် အရှင်မဟာမောဂ္ဂလာန်မထေရ်ကို အစပြု၍ ရှစ်ကျိပ်သော မဟာသာဝကကြီးများသည် ကိုယ်စီကိုယ်င ထ၍ ထ၍ မြတ်စွာဘုရားအား မိမိတို့ပြုစုလုပ်ကျွေးရပါမည့်အကြောင်း တောင်းပန် လျှောက်ထားကြလေသည်။ ထိုမဟာသာဝကကြီး အားလုံးတို့ကိုပင် မြတ်စွာဘုရားသည် မြစ်ပယ်တော်မူလေ၏။

အရှင်အာနန္ဒာ ဆုရှစ်တန် ခံယူခြင်း

အရှင်အာနန္ဒာ မထေရ်မြတ်တပါးမူကား ပြုစုလုပ်ကျွေးခွင့် ရရန် မတောင်းပန်ပဲ ဆိတ်ဆိတ်သာလျှင် ထိုင်နေလေသည်။ ထိုအခါ မထေရ်မြတ်ကို ရဟန်းတော်တို့က “ငါ့ရှင်အာနန္ဒာ... ရဟန်းသံဃာသည် အလုပ်အကျွေးအပြုအစု = ဥပဋ္ဌာကအရာကို

(နှာ-၄၅၂)

တောင်းခံဆဲ ရှိလေသည်။ သင်သည်လည်း ထိုပဋ္ဌာကအရာကို တောင်းခံပါလော့”ဟု တိုက်တွန်းစကား ပြောကြားကြလေလျှင် အရှင်အာနန္ဒာမထေရ်မြတ်သည် “ငါ့ရှင်တို့... တောင်းမှရအပ်သည့် ရာထူး = ဌာနမည်သည် အဘယ်သို့သဘောရှိမည်နည်း၊ ငါ့ကို မြတ်စွာဘုရားသည် မြင်တော်မမူဘူးလော = မြင်တော်မူ သည်သာဖြစ်၏၊ အကယ်၍ မြတ်စွာဘုရားသည် အလိုတော်ရှိလျှင် ‘အာနန္ဒာသည် ငါဘုရားကို ပြုစုလုပ်ကျွေးစေ’ဟု မိန့်တော်မူပါလိမ့်မည်” ဟူ၍ ပြန်ကြားမိန့်ဆိုတော်မူလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းများကို “ချစ်သား ရဟန်းတို့...အာနန္ဒာသည် သူတပါးတို့က တိုက်တွန်းမှ ငါဘုရားကို ပြုစုမည့်ပုဂ္ဂိုလ် မဟုတ်ချေ။ မိမိအလိုလိုပင် သိရှိကာ ဘုရားကို ပြုစုလုပ်ကျွေးပေလိမ့်မည်” ဟု မိန့်တော်မူလေ၏။ ထိုအခါ ရဟန်းတို့သည် “ငါ့ရှင်အာနန္ဒာ...ထပါလော့၊ ငါ့ရှင်အာနန္ဒာ... ထပါလော့၊ မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးရန်ဆုကို တောင်း ခံပါလော့” ဟု တိုက်တွန်းစကား ပြောကြားကြကုန်၏။ ထိုအခါမှာမှ အရှင်အာနန္ဒာမထေရ်သည် မိမိထိုင်နေရာမှထ၍ ပယ်လေးတန်+ခံလေးပါး=ဆုရှစ်ပါးတို့ကို တောင်းခံတော်မူ၏__

ပယ်လေးတန်-ဟူသည်မှာ “မြတ်စွာဘုရား...ရှင်တော် ဘုရားသည် တပည့်တော်အား အကယ်၍ ကိုယ်တော်မြတ် ရအပ်သည့် ကောင်းမြတ်သော သင်္ကန်းကို မပေးစွန့်ဘူးပဆိုလျှင်(၁), ကောင်းမြတ်သောဆွမ်းကို မပေးစွန့်ဘူးပဆိုလျှင်(၂), ကိုယ်တော်မြတ်နှင့်အတူ ဂန္ဓကုဋီတတိုက်တည်း၌ တကွနေထိုင်ခွင့် မပေးဘူးပ-ဆိုလျှင်(၃), ကိုယ်တော်မြတ်အား ဒါယကာ ဒါယိကာမတို့က ပင့်ဖိတ်ရာသို့ တပည့်တော်ကို ခေါ်ဆောင်၍ ကြွသွားတော်မမူဘူးပဆိုလျှင်(၄)=ဤလျှောက်ဆိုရာပါ ဆုလေးပါးကို သနား ချီးမြှောက်တော်မူပါလျှင် တပည့်တော်သည် ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေးပါရစေ ဘုရား..__

(နှာ-၄၅၃)

ဟု လျှောက်ထားလေသည်။ “ချစ်သားအာနန္ဒာ...လျှောက်ဆိုရာပါ ဤလေးဌာန၌ သင်ချစ်သားသည် အဘယ်အပြစ်ကို မြင်သနည်း” ဟု မြတ်စွာဘုရားက မေးတော်မူအပ်လေလျှင် အရှင်အာနန္ဒာသည် “မြတ်စွာဘုရား...တပည့်တော်သည် ဤ ဝတ္ထု လေးပါးတို့ကို အကယ်၍ ရယူခဲ့လျှင် “အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင် ရအပ်သော ဆွမ်းကောင်းကိုလည်း ဘုဉ်းပေး ရ၏ (၁), သင်္ကန်းကောင်းကိုလည်း ဝတ်ရုံသုံးဆောင်ရ၏ (၂), ဂန္ဓကုဋီ တတိုက်တည်း၌လည်း မြတ်စွာဘုရာနှင့် အတူအကွ နေထိုင်ရ၏ (၃), မြတ်စွာဘုရားနှင့် အတူတကွ ပင့်ဖိတ်ရာသို့လည်း လိုက်ပါရ၏ (၄)=ဤလာဘ်ကြီးလေးပါးကို ရသည်ဖြစ်၍ မြတ်စွာဘုရားကို ပြုစုလုပ်ကျွေး၏။ ဤသို့ လာဘ်ကြီးလေးပါးကို ရသည်ဖြစ်၍ ပြုစုလုပ်ကျွေးသော အရှင်အာနန္ဒာ၏ အဖို့ရာ အဘယ်မှာ ဝန်လေးမှု ရှိအံ့နည်း = မရှိသည်သာတည်း” ဟု ရှုတ်ချစကား ပြောကြားကြသူများ ထင်ရှားပေါ်ပေါက်လာပါလိမ့်မည်။ ဤအပြစ်ကို မြင်ပါသည်ဘုရား”ဟု လျှောက်ထားက ဖော်ပြရာပါ ပယ်လေးတန်ဆုကို တောင်းခံတော်မူလေ၏။

ခံလေးပါး-ဟူသည်မှာ- “မြတ်စွာဘုရား...ရှင်တော် ဘုရားသည် အကယ်၍ တပည့်တော် ပင့်လျှောက်အပ်သည့် ဖိတ်ကြားရာအရပ်သို့ လိုက်ပါကြွရောက် ချီးမြှောက်တော်မူမည်-ဆိုလျှင် (၁), အကယ်၍ တပည့်တော်သည် တိုင်းတပါး တိုက်နယ်တပါးမှ ဘုရားဖူးလာရောက်သော ပရိသတ်ကို လာရောက်သောခဏမှာပင် ဘုရားရှင်ကို ဖူးမြင်စေနိုင်ခွင့်ကို ရရှိမည်ဆိုလျှင် (၂), တပည့်တော်၏ သန္တာန်ဝယ် တရားနှင့်စပ်၍ ယုံမှားသံသယဖြစ်သော ခဏမှာပင်ရှင်တော်ဘုရားထံသို့ ကပ်ရောက် မေးလျှောက် နိုင်ခွင့်ကို ရမည်ဆိုလျှင် (၃), ထိုမှတပါး မြတ်စွာဘုရားသည် တပည့်တော်၏ မျက်ကွယ်ဝယ် ဟောကြားတော်မူအပ်သော တရားတော်ကို တဖန် ပြန်ရောက်လာလျှင် တပည့်တော်အား သနားသဖြင့် ဟောကြားတော်မူမည်

(နှာ-၄၅၄)

ဆိုလျှင် (၄)=၍လျှောက်ဆိုရာပါ ဆုလေးပါးကို သနား ချီးမြှောက်တော်မူပါလျှင် တပည့်တော်သည် ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေးပါရစေ ဘုရား...”__

ဟု လျှောက်ထားလေသည်။ “ချစ်သားအာနန္ဒာ...လျှောက်ဆိုရာပါ ဤလေးဌာန၌ သင်ချစ်သားသည် အဘယ်အကျိုးကို မြင်သနည်း”ဟု မြတ်စွာဘုရားက မေးတော်မူအပ်လေလျှင် အရှင်အာနန္ဒာသည် “မြတ်စွာဘုရား...အံ့ဖွယ်ရှစ်ဖြာ ဤသာသနာ၌ သဒ္ဓါတရား ကြီးမားကြသူ အမျိုးကောင်းသားတို့သည် မြတ်စွာဘုရားအား ကိုယ်တိုင်ပင့်လျှောက်ခွင့်ကို မရကြကုန်သည်ရှိသော် တပည့်တော်ကို “အရှင်အာနန္ဒာဘုရား...နက်ဖြန်ခါ မြတ်စွာဘုရားနှင့် အတူတကွ တပည့်တော်တို့အိမ်၌ ဆွမ်းကို အလှူခံတော်မူကြပါဘုရား”ဟု လျှောက်ထား ပြောဆိုကြပါလိမ့်မည်။ မြတ်စွာဘုရားသည် အကယ်၍ ထိုသို့လျှောက်ထား ဖိတ်ကြားရာ အရပ်သို့ လိုက်ပါကြွရောက်မှု ပြုတော်မမူခဲ့ပါလျှင် (၁), တိုင်း တပါး တိုက်နယ်တပါးမှ ဘုရားဖူးလာရောက်သော ပရိသတ်ကို အလိုရှိအပ် အလိုရှိအပ်သော ခဏမှာပင် ဘုရားရှင်ကို ဖူးမြင် စေနိုင်ခွင့်ကိုမှ မရခဲ့ပါလျှင် (၂), ယုံမှားသံသယ ဖြစ်သောခဏမှာပင် တပည့်တော်သည် ရှင်တော်ဘုရားထံသို့ ကပ်ရောက် မေးလျှောက်နိုင်ခွင့်ကိုမှ မရခဲ့ပါလျှင်(၃), အဘယ့်ကြောင့် အရှင်အာနန္ဒာသည် မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးနေဘိသနည်း၊ မြတ်စွာဘုရားသည် ထိုအရှင်အာနန္ဒာအား ဤမျှလောက်သော ချီးမြှောက်မှုကိုပင် ပြုတော်မမူချေ” ဟု ကဲ့ရဲ့ကြသူများ ထင်ရှား ပေါ်ပေါက် လာပါလိမ့်မည်။ ထို့ကြောင့် တပည့်တော်သည် လျှောက်ထားရာပါ ကဲ့ရဲ့မှုများ မပေါ်ပေါက်စေရန်(၁-၂-၃ အမှတ်ပြ) ရှေးဆုသုံးပါးကို လိုလားတောင့်တပါသည်။ ထို့ပြင်လည်း ရှင်တော်ဘုရား၏ မျက်ကွယ်၌ တပည့်တော်ကို “ငါ့ရှင်အာနန္ဒာ...ဤ ဂါထာကို ဤသုတ္တန်ကို ဤ ဇာတ်ကို မြတ်စွာဘုရားသည် အဘယ်အရပ်၌ ဟောကြားတော်မူအပ်ပါသနည်း” ဟု မေးမြန်းကြပါလိမ့်မည်၊ တပည့်တော်သည် အကယ်၍ ထို

(နှာ-၄၅၅)

အမေးကို အပြည့်အစုံ မဖြေကြားနိုင်လျှင် “ငါ့ရှင်...သင်သည် ဤမျှလောက်ကိုပင် မသိချေ။ အဘယ့်ကြောင့် သင်သည် အရိပ်ပမာ မြတ်စွာဘုရားကို မစွန့်ပဲ ကာလရှည်မြင့်စွာ လိုက်ပါပြုစု နေဘိသနည်း”ဟု အပြစ်တင်စကား ပြောကြားကြသူများ ထင်ရှား ပေါ်ပေါက်လာပါလိမ့်မည်။ ထို့ကြောင့် တပည့်တော်သည် ရှင်တော်ဘုရား တပည့်တော်၏မျက်ကွယ်၌ ဟောကြားအပ်သည့် တရားကိုလည်း တဖန်ပြန်၍ဟောကြားတော်မူခြင်း(=စတုတ္ထဆု)ကို လိုလားတောင့်တပါသည်။ လျှောက်ဆိုရာပါ ဆုလေးပါး ချီးမြှင့်တော်မူပါလျှင်ကား ဆိုအပ်ပြီးသည့် ကဲ့ရဲ့စကား, အပြစ်တင် စကား ပြောကြားမှုများ အလျှင်းပင် ပေါ်ပေါက်လိမ့်မည်မဟုတ်ပါ၊ တပည့်တော်သည် လျှောက်ဆိုရာပါ လေးဌာနတို့၏ အကျိုးကို မြင်ပါသည်ဘုရား” ဟု လျှောက်ထားကာ ဖော်ပြရာပါ ခံလေးပါးဆုတို့ကို တောင်းခံတော်မူလေ၏။ မြတ်စွာဘုရားရှင်သည်လည်း အရှင်အာနန္ဒာမထေရ်မြတ် တောင်းခံအပ်သည့် ပယ်လေးတန်+ခံလေးပါး= ဤဆုရှစ်ပါးတို့ကို ပေးတော် မူလေ၏။

မြတ်စွာဘုရားကို သူမတူတန်အောင် ပြုစုလုပ်ကျွေးတော်မူခြင်း

ဤသို့လျှင် အရှင်အာနန္ဒာ မထေရ်မြတ်သည် ဖော်ပြရာပါ ပယ်လေးတန်+ခံလေးပါး= ဤဆုရှစ်ပါးတို့ကိုယူ၍ အမြဲအလုပ် အကျွေး ဖြစ်တော်မူလေ၏၊ ထိုရာထူး = ဌာနန္တရအကျိုးငှါ ကမ္ဘာတသိန်းပတ်လုံး ဖြည့်ဆည်းပူးအပ်သော ပါရမီတို့၏ အကျိုးပြီးမြောက် ပြည့်စုံခြင်းသို့ ရောက်ရှိတော်မူလေ၏။

မထေရ်မြတ်သည် အလုပ်အကျွေး=ဥပဋ္ဌာကရာထူးကို ရသည့် နေ့မှ စ၍ မြတ်စွာဘုရားရှင်အား ရေပူ, ရေချမ်း ကမ်းလှမ်း ဆက်ကပ်ခြင်း, ကြီး-လတ်-ငယ် = သုံးသွယ်သောဒန်ပူတို့ကို ဆက်ကပ်ခြင်း, မြတ်ဘုရား၏ လက်တော်ခြေတော်တို့ကို ဆုတ်နယ် ပေးခြင်း, ရေချိုးတော်မူသောအခါ ကျောတော်ကိုချေးတွန်းပေးခြင်း, ဂန္ဓကုဋီပရိဝုဏ်ကို တံမြက်လှည်းခြင်း...ဤသို့ အစရှိသော

(နှာ-၄၅၆)

ကိစ္စကြီးငယ် အသွယ်သွယ်တို့ဖြင့် ပြုစုလုပ်ကျွေးလျက် ဤမည်သောအချိန်၌ မြတ်စွာဘုရား၏အဖို့ရာ ဤမည်သောအရာဝတ္ထုကို ရမှ သင့်တော်မည်၊ ဤမည်သောအမှုကို ပြုမှ သင့်တော်မည်”ဟု ကြံစည်ဆင်ခြင်တော်မူကာ တနေ့ပတ်လုံး မြတ်စွာဘုရား၏ အနီးအပါးမှာပင် လှည့်လည်ကျက်စား သွားလာလျက် ရှိတော်မူ၏။

နေ့ကိုလွန်မြောက် ညဉ့်အချိန်သို့ ရောက်သောအခါမှာလည်း ဆီမီးတိုင်ကို စွဲကိုင်တော်မူကာ တညဉ့်တညဉ့်လျှင် ဂန္ဓကုဋီ ပရိဝုဏ်ကို ကိုးပတ် ကိုးပတ် လှည့်တော်မူလေသည်။ မှန်၏_မထေရ်မြတ်၏ စိတ်သန္တာန်ဝယ် “အကယ်၍များ ငါ့သန္တာဝယ် ထိန, မိဒ္ဓတရား ဝင်ရောက်လာခဲ့သော် မြတ်စွာဘုရားရှင်က အလိုတော်ရှိ၍ ခေါ်တော်မူလျှင် စကားတုံ့ကို ပေးစွမ်းနိုင်လိမ့်မည် မဟုတ်”ဟု ဤကဲ့သို့ အကြံအစည် ဖြစ်ခဲ့လေသည်။ ထို့ကြောင့် တညဉ့်လုံးလုံး ဆီမီးတိုင်ကို လက်မှမလွှတ်ပဲ အမြဲစွဲကိုင်၍ ထားတော်မူ၏။ ဤကား ဧတဒဂ်ဘွဲ့ထူးရဖို့ရန် အကြောင်းဝတ္ထု ဖြစ်လေသည်။

(ဂ) ဧတဒဂ် ၅-တန် ရတော်မူခြင်း

နောက်တချိန်၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် အကြောင်း ပေါင်းများစွာဖြင့် တရားဘဏ္ဍာစိုးဖြစ်တော်မူသော အရှင်အာနန္ဒာမထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ချီးကျူးတာကြားတော်မူပြီးလျှင်__

“ဧတဒဂ္ဂံ - ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဗဟုဿုတာနံ (၁)
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သတိမန္တာနံ (၂)
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဂတိမန္တာနံ (၃)

(နှာ-၄၅၇)

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓိတိမန္တာနံ (၄)
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဥပဋ္ဌာကာနံ (၅)

ယဒိဒံ အာနန္ဒော = ရဟန်းတို့ ... အကြားအမြင်များခြင်း ရှိကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၁)၊

(ငါဘုရား၏ တရားစကားကို ကြာမြင့်စွာဆောင်နိုင်သည့်)သတိရှိကြသော ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၂)၊

(ငါဘုရား ဟောအပ်သည့်အတိုင်း ပုဒ်တို့ကို) သိစွမ်းနိုင်သည့် အသိပညာရှိကြသော ငါဘုရား၏ တပည့် သာဝကရဟန်းတို့တွင် အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၃)၊

(ငါဘုရား၏ တရားစကားတော်ကို သင်ခြင်း ဆောင်ခြင်း သရဇ္ဈာယ်ခြင်းနှင့် ပြုစုလုပ်ကျွေးခြင်း) လုံ့လဝီရိယ ရှိကြသော ရဟန်းတို့တွင် အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၄)၊

(ငါဘုရားကို) ပြုစုလုပ်ကျွေးကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၅)”__

ဟု ချီးကျူးမိန့်မြွက်တော်မူကာ မထေရ်မြတ်ကို ဤသာသနာ၌ ဗဟုဿုတ, သတိမန္တ, ဂတိမန္တ, ဓိတိမန္တ, ဥပဋ္ဌာက = ဤ ငါးဌာန၀ယ် အသာဆုံး အမြတ်ဆုံး =ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(နှာ-၄၅၈)

အရှင်အာနန္ဒာ ရဟန္တာဖြစ်တော်မူခြင်း

၍ အရှင်အာနန္ဒာမထေရ်မြတ်၏ ရဟန္တာ ဖြစ်တော်မူခြင်း အကြောင်းအရာမှာ ပဌမမဟာသံဂါယနာနှင့် ဆက်စပ်လျက် ရှိသောကြောင့် သုတ်သီလက္ခန်အဋ္ဌကထာ စာမျက်နှာ ၃-မှ စသော ပဌမမဟာသံဂီတိကထာကို အဦးမူ၍ ရေးသားဖော်ပြပေအံ့__

ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသည်မှ အစပြု၍ သုဘဒ္ဒပရိဗိုဇ်ကို ဆုံးမချေချွတ်တော်မူသည့်တိုင်အောင် ဗုဒ္ဓကိစ္စ အဝဝကို ပြုတော်မူပြီးသည်ဖြစ်၍ ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်အတွင်း အင်ကြင်းပင်ပျိုအစုံတို့၏ အကြား၌ မဟာသက္ကရာဇ် (၁၄၈) တရာလေးဆယ့်ရှစ်ခုနှစ် ကဆုန်လပြည့်နေ့ နံနက် မိုးသောက်အခါဝယ် မြတ်စွာဘုရားသခင် အနုပါဒိသေသပရိနိဗ္ဗာန် စံဝင်တော်မူပြီးလတ်သော် မလ္လမင်းတို့သည် (၁) ပဌမခုနှစ်ရက်ပတ်လုံး မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို နံ့သာ, ပန်း-စသည်တို့ဖြင့် ပူဇော်မှု ပြုကြ၍ သာဓုကီဠနသဘင် ဆင်ယင်ကြလေသည်။ ထိုခုနစ်ရက်တို့ကို “သာဓုကီဠန သတ္တာဟ”ဟူ၍ ခေါ်ဆိုအပ်လေသည်။

ထို့နောက် နံ့သာထင်းပုံထက်၌ ဥတုဇရုပ်ကလာပ်တော်ကို တင်ထား၍ ဖုတ်ကြည်းသင်္ဂြိုဟ်မှု ပြုလုပ်ကြရာဝယ် အရှင်မဟာကဿပ ကြွရောက်တော်မူလာသည်တိုင်အောင် စောင့်ဆိုင်းငံ့လင့်နေကြရ၍ ခုနှစ်ရက်မြောက်သောနေ့၌ အရှင်မဟာကဿပ ကြွရောက်တော်မူလာမှ တေဇောဓာတ်မီး လောင်ကျွမ်းလေသည်။ (၂) ထိုခုနစ်ရက်တို့ကို “စိတကသတ္တာဟ”ဟူ၍ ခေါ်ဆို အပ်လေသည်။

ထို့နောက် ခုနှစ်ရက်ကြာ လှံတပ်ကြီး အထပ်ထပ် ဝန်းကာလျက် မလ္လမင်းတို့သည် မင်းကွန်းတဲနန်းဝယ် သာရီရိကဓာတ်တော်များကို အစွမ်းကုန်ပူဇော်မှု ပြုကြလေသည်။ (၃) ထိုခုနစ်ရက်တို့ကို “ဓာတုပူဇာသတ္တာဟ”ဟူ၍ ခေါ်ဆိုအပ်လေသည်။

(နှာ-၄၅၉)

ဤသို့ ခုနစ်ရက်သုံးလီ လွန်မြောက်၍ နယုန်လဆန်း ၅-ရက်နေ့သို့ ရောက်သောအခါ ဓာတ်တော်ဝေပွဲကြီး ကျင်းပကြလေသည်၊ ထိုသို့ ဓာတ်တော်ခွဲဝေသောနေ့၌ ရဟန်းသံဃာပေါင်း (၇ဝဝဝဝဝ) ခုနစ်သိန်း စည်းဝေးမိလေသည်။ ထိုအစည်းအဝေး၌ သံဃမထေရ်ကြီးဖြစ်တော်မူသော အရှင်မဟာကဿပ မထေရ်မြတ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ခုနှစ်ရက်မြောက်နေ့တုန်းက (ပါဝါပြည်မှ ကုသိနာရုံသို့အလာ လမ်းခရီးအကြား) သုဘဒ္ဒ တောထွက်ရဟန်းကြီး ရိုင်းပြရင့်သီးစွာ ပြောကြားအပ်သည့် “ငါ့ရှင်တို့... တန်ကြလော့၊ မစိုးရိမ် မပူဆွေး မငိုကြွေးကြလင့်၊ ယခုအခါ ငါတို့သည် ထိုရဟန်းကြီးမှ ကောင်းကောင်းကြီး လွတ်မြောက်ကြကုန်ပြီ၊ ထိုရဟန်းကြီးသည် ငါတို့ကို “ဤအရာသည် သင်တို့အဖို့ အပ်စပ်၏၊ ဤအရာသည် သင်တို့အဖို့ မအပ်စပ်”ဟု ချုတ်ချယ်ခဲ့၏။ ယခုအခါ၌ကား ငါတို့သည် အလိုရှိအပ်သောအရာကို ပြုကြရကုန်တော့အံ့၊ အလိုမရှိအပ်သော အရာကို မပြုလုပ်ပဲ နေနိုင်ကြရကုန်တော့အံ့” ဟူသော စကားကို အောက်မေ့ သတိရတော်မူသည်ဖြစ်၍၎င်း, ဤသို့သော သံဃအစည်းအဝေးကြီးမျိုး နောက်ထပ်တဖန် ဖြစ်ရှိရန် ရခဲခြင်းကို အောက်မေ့တော်မူသည် ဖြစ်၍၎င်း__

“ရဟန်းယုတ်တို့သည် “ဘုရားစကားတော်သည် ဆရာ ဘုရား ကွယ်လွန်ပြီးသွားဖြစ်လေပြီ”ဟု အောက်မေ့ကြကာ အပင်းအသင်းကိုရရှိကြလျှင် မကြာမြင့်မီပင် သဒ္ဓမ္မသုံးဖြာ သာသနာသုံးရပ်ကို ကွယ်ပစေရန် အကြောင်းရှိလေသည်။ ငါသည် ဦးစီးဦးကိုင်ပြု၍ ဓမ္မ,ဝိနယသံဂါယနာတင်မှုကို ပြုရပါမူ ကောင်းလေစွာ့၊ ယင်းသို့ သံဂါယနာတင်သည်ရှိသော် သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်သည် အဓွန့်ရှည်စွာ တည်တံ့လေရာ၏။

ထို့ပြင်လည်း ငါ့ကို မြတ်စွာဘုရားရှင်သည် သင်္ကန်းချင်း လဲလှယ်ဖလှယ်ကာ သုံးဆောင်တော်မူခြင်းဖြင့်၎င်း၊ “ရဟန်းတို့...ငါဘုရားသည် အလိုတော်ရှိသလောက် ပဌမ

(နှာ-၄၆၀)

ဈာန်ကို ၀င်စား၍ နေနိုင်သကဲ့သို့ ကဿပသည်လည်း အလိုရှိသလောက် ပဌမဈာန်ကို ၀င်စား၍ နေနိုင်သည်” ဤသို့ စသည်ဖြင့် အစဉ်အတိုင်း ဝင်စားရသည့်=အနုပုဗ္ဗဝိဟာရသမာပတ် ကိုးပါး အဘိညာဏ် ခြောက်ပါး ပြားသော ဥတ္တရိမနုဿဓမ္မ၌ ကိုယ်တော်မြတ်နှင့် ထပ်မျှညီတူ ထားတော်မူခြင်းဖြင့်၎င်း ချီးမြှောက်တော်မူအပ်ခဲ့လေပြီ။ ထို့အတူပင် ငါ့ကို မြတ်စွာဘုရားရှင်သည် ကောင်းကင်၌ လက်တော်ကို လှုပ်ရှားဝှေ့ရမ်း၍ အမျိုးလေးပါးတို့၌ မငြိတွယ်သော စိတ်ရှိခြင်းဖြင့်၎င်း, စန္ဒူပမ (လ-နှင့် တူသော) အကျင့်ပဋိပတ်ဖြင့်၎င်း သူမတူတန်အောင် ချီးမွမ်းတော်မူအပ်ခဲ့လေပြီ၊ ထိုသို့ ချီးမြှောက်တော်မူချက်, ချီးမွမ်းတော်မူချက်များအတွက် ဓမ္မ, ဝိနယ သံဂါယနာ တင်ခြင်းမှတပါး အခြား ကြွေးမြီ ပြေလည်အောင်ဆပ်မှု မည်သည် မရှိတော့ချေ။

ခမည်းတော်မင်းတရားက မိမိ၏ ရာဇဝင် အနွယ် အဆက် မပျက်စည်ခိုင် တည်စေနိုင်မည့် သားကြီးသြရသကို မိမိ၏ချပ်မိန်ညို ရာထူးဌာနန္တရ အစိုးရခြင်းခပင်းကို ပေးအပ်နှင်းသဖြင့် ချီးမြှောက်သည့်ပမာ ငါ့ကို မြတ်စွာဘုရားရှင်သည်“ဤကဿပသည် ဘုရား၏တရားအနွယ် အဆက်ကို မပျက်စည်ခိုင် တည်စေနိုင်သည့် သားကြီး ဩရသ စင်စစ် ဖြစ်ရစ်လိမ့်မည်” ဟု သိမြင်တော်မူကာ သူတပါးတို့နှင့် မဆက်ဆံသော ဤ ချီးမြှောက်ခြင်းဖြင့် ချီးမြှောက်တော်မူခဲ့သည် စင်စစ် ဖြစ်ပေ၏၊ ဤပြန့်ပြော မြင့်မြတ်သော ချီးမွမ်းခြင်းဖြင့် ချီးမွမ်းတော်မူခဲ့သည်စင်စစ် ဖြစ်ပေ၏”__

ဟု လေးနက်စွာ ကြံစည် ဆင်ခြင်တော်မူလျက် ဓမ္မ, ဝိနယ သံဂါယနာတင်ရန်အလို့ငှါ ထိုအစည်းအဝေးပါ ရဟန်းသံဃာတော် အရှင်မြတ်များအား (အောက်ဖော်ပြရာပါ သုဘဒ် တောထွက် ရဟန်းကြီး၏ ရင့်သီးရိုင်းပြစွာ ပြောဆိုချက်ကို ဖွင့်ဟမိန့်ကြား၍)

(နှာ-၄၆၁)

ကိုင်း...ငါ့ရှင်တို့...အဓမ္မ = မတရား မထွန်းကားသေမီ, ဓမ္မ = တရားတော်ကို မတားမြစ်အပ်သေးမီ, အဝိနယ = ဘုရားရှင်အဆုံးအမ မဟုတ်သော အရာများ မထွန်းကားသေးမီ, ဝိနယ = ဘုရားရှင့် အဆုံးအမ တရားတော်များ မတားမြစ်အပ်သေးမီ, အဓမ္မဝါဒီ = မတရားပြောကြားသူတို့ အားမရှိကြသေးမီ, ဓမ္မဝါဒီ = တရားသည်ကို ပြောကြားသူတို့ အားမနွဲ့ကြသေးမီ, အဝိနယဝါဒီ= ဘုရားရှင့်အဆုံးအမ-မဟုတ်သော အရာကို ပြောကြားသူတို့ အားမရှိကြသေးမီ, ဝိနယဝါဒီ=ဘုရားရှင့် အဆုံးအမတရားတော်ကို ပြောဆိုဟောကြားလေ့ရှိသူတို့ အားမနွဲ့ကြသေးမီ ငါတို့သည် ဓမ္မ, ဝိနယ သံဂါယနာသဘင် ယင်ကြပါကုန်စို့...”__

ဟူ၍ အားပေးစကား သာသနာရေး သွေးညှိစကား မိန့်ကြားတော်မူလေ၏။

ထိုအခါ အစည်းအဝေး ရဟန်းတော်အရှင်မြတ်တို့သည် “အရှင်မဟာကဿပ အရှင်မြတ်ဘုရား...ထိုသို့ဖြစ်လျှင် မထေရ်မြတ်သည် ဓမ္မ, ဝိနယ သံဂါယနာတင်ရန် ရဟန်းတော်များကို ရွေးကောက်တော်မူပါဘုရား” ဟု တညီတညွတ်တည်း လျှောက်ထားကြလေ၏။ ထိုသို့ ရဟန်းသံဃာတော်၏ လျှောက်ထားတိုက် တွန်းချက်အရ အရှင်မဟာကဿပ မထေရ်မြတ်သည် နိကာယ် ငါးရပ် ပိဋကတ်သုံးပုံဆောင် ဖြစ်ကြသည့်ပြင် ပဋိသမ္ဘိဒါပတ္တ, တေဝိဇ္ဇ, ဆဠဘိည ဖြစ်တော်မူကြ၍ များသောအားဖြင့် မြတ်စွာဘုရား ရွှေနှုတ်တော်မြွက်၍ ဧတဒဂ်ရာထူး၌ ချီးကျူးမြှောက်စား တင်ထားတော်မူအပ်ခဲ့သည့် ရဟန္တာအရှင်မြတ်ပေါင်း (၄၉၉) လေးရာ့ကိုးဆယ့်ကိုးပါးတို့ကို ရွေးကောက်တော်မူလေသည်။

(ဤ၌။ မထေရ်မြတ်သည် အဘယ့်ကြောင့် (၄၉၉) လေးရာ့ ကိုးဆယ့်ကိုးပါးတို့ကို ရွေးကောက်တော်မူသနည်း-ဟု မေးဖွယ်ရှိ၏။ အဖြေကား-အရှင်အာနန္ဒာမထေရ်မြတ်အတွက် အခွင့်ပြုဖို့ရန် တပါး လျော့၍ထားခြင်း ဖြစ်သည်။

(နှာ-၄၆၂)

ချဲ့ဦးအံ့-ထိုအချိန်၌ အရှင်အာနန္ဒာမှာ ရဟန္တာမဟုတ်သေး= သေက္ခအရိယာသာ ဖြစ်ရှိနေသေးသဖြင့် အရှင်အာနန္ဒာနှင့် အတူတကွလည်း သံဂါယနာ မတင်နိုင်သေးချေ။ အရှင်အာနန္ဒာ၏အဖို့ရာ မြတ်စွာဘုရား ဟောကြားတော်မူအပ်သမျှသော ပိဋကသုံးသွယ် နိကာယ်ငါးဖြာ အင်္ဂါကိုးတန် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်မှ တစုံတခု မျက်မှောက်မပြုအပ်သော အရာဟူ၍ လုံးဝမရှိချေ=အားလုံးပင် နှုတ်တက်ရွရွ ဆောင်ပြီး မျက်မှောက်ပြုအပ်ပြီး ဖြစ်လေသည်။ ထို့ကြောင့် အရှင်အာနန္ဒာမထေရ်မြတ်နှင့် ကင်း၍လည်း သံဂါယနာ မတင်နိုင်ချေ။

“ယင်းသို့ဖြစ်လျှင် သေက္ခအရိယာပင် ဖြစ်လင့်ကစား ဓမ္မသံဂါယနာအား ကျေးဇူးများလှသောကြောင့် အရှင်မဟာကဿပမထေရ်သည် အရှင်အာနန္ဒာမထေရ်ကို သံဂီတိကာရကမထေရ်အဖြစ် ရွေးကောက် သင့်၏။ သို့ပါလျက် အဘယ့်ကြောင့် မရွေးကောက်သနည်း”ဟု မေးဖွယ် ရှိပြန်၏။ အဖြေကား -ပရူပဝါဒ(=သူတပါးတို့ စွပ်စွဲကဲ့ရဲမည့်) ဘေးမှ ကင်းဝေးလွတ်မြောက်အောင် ရှောင်ကြဉ်တော်မူလိုသောကြောင့် ရွေးကောက်တော်မမူ။

ချဲ့ဦးအံ့-မထေရ်မြတ်သည် အရှင်အာနန္ဒာ၌ အလွန်ပင် အကျွမ်းဝင် ရင်းနှီးတော်မူလေသည်။ ထို့ကြောင့်ပင် အရှင်အာနန္ဒာကို ဦးခေါင်း၌ ဆံပင်ဖြူများ ပေါက်နေပါလျက်လည်း (အသက်ရှစ်ဆယ်အရွယ်သို့ ရောက်ရှိနေပါလျက်လည်း) “နဝါယံ ကုမာရကော မတ္တမညာသိ= ဤသူငယ်လေးသည် အတိုင်းအရှည်ကို မသိစွ တကား” ဟု မြည်တွန်ကာ” သူငယ်ကလေး=လူကလေးဟူသော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ဆုံးမတော်မူလေသည်။ (ဤအကြောင်းအရာ အကျယ်ကို နိဒါနဝဂ္ဂ၊ ၅-ကဿပသံယုတ်၊ ၁၁-စီဝရသုတ် ပိကတ်မြန်မာပြန်ကို ကြည့်ရှုကုန်ရာ၏)။ ထို့ပြင်လည်း အရှင်အာနန္ဒာသည်သာကီဝင်မင်းသားဖြစ်သည့်ပြင် မြတ်စွာဘုရား၏ (ဖထွေးတော်သား) ညီဝမ်းကွဲတော်စပ်သူလည်း ဖြစ်သည်။ ထိုအစည်းအဝေး၌ အကယ်၍ အရှင်အာနန္ဒာကို သံဂီတိကာရကပုဂ္ဂိုလ်အဖြစ် ရွေးကောက်ခဲ့လျှင် အချို့အချို့သော ရဟန်းများက ဆန္ဒာဂတိသို့ လိုက်ပါသကဲ့သို့ အောက်မေ့မှတ်ထင်ကြကာ“အရှင်မဟာကဿပသည် များစွာသော ပဋိသမ္ဘိဒါပတ္တ-ရဟန္တာ ရဟန်းတို့ကိုတော့ မရွေးမကောက်ပဲ ပဋိသမ္ဘိဒါပတ္တ- သေက္ခအရိယာဖြစ်သည့် အရှင်အာနန္ဒာကို မျက်နှာလိုက်၍ ရွေးကောက်တော်မူသည်”ဟု စွပ်စွဲကြကုန် လေရာ၏။ ထိုသို့ ပရူပဝါဒဘေးမှ ကင်းဝေးလွတ်မြောက်အောင် ရှောင်

(နှာ-၄၆၃)

ကြဉ်တော်မူလိုသည်ဖြစ်၍ “အရှင်အာနန္ဒာ မပါရှိပဲ ဘယ်နည်းနှင့်မျှ ဓမ္မသံဂါယနာသဘင် ယင်နိုင်လိမ့်မည်မဟုတ်၊ သို့ရကား ရဟန်းသံသာတော်များ၏ အလိုသဘောတူညီချက်ဖြင့်သာ အရှင်အာနန္ဒာကို သံဂီတိကာရကပုဂ္ဂိုလ်အဖြစ် ငါရွေးကောက်တော့မည်”ဟူသော ရည်ရွယ်ချက်ဖြင့် မရွေးကောက်ပဲ ချန်ထားတော်မူလေသည်။)

ထိုအခါ ရဟန်းသံဃာတော်တို့ ကိုယ်တိုင်ပင်လျှင် အရှင်အာနန္ဒာအား သံဂီတိကာရကပုဂ္ဂိုလ်အဖြစ် ရွေးကောက် တင် မြှောက်ရန် အရှင်မဟာကဿပ မထေရ်သူမြတ်ကို “အရှင်မဟာကဿပဘုရား...ဤအရှင်အာနန္ဒာသည် သေက္ခအရိယာပုဂ္ဂိုလ် ပင် ဖြစ်စေကာမူ အဂတိလေးပါး လိုက်စားဖို့ရန် မထိုက်တန်သူ ဖြစ်ပါသည်၊ ဤတွင်မျှမကသေး ဤအရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်၏ အထံတော်၌ ဓမ္မ, ဝိနယကို အများကြီး သင်ကြားလိုက်ရသူ ဖြစ်ပါသည်၊ အရှင်မဟာကဿပဘုရား...ထိုသို့ဖြစ်လျှင် အရှင်သူမြတ်သည် အရှင်အာနန္ဒာကိုလည်း သံဂီတိကာရက ပုဂ္ဂိုလ်အဖြစ် ရွေးကောက်တော် မူစေလိုပါသည်” ဟု တညီတညွတ်တည်း တောင်းပန်စကား လျှောက်ထားကြလေကုန်၏။ ထိုအခါ အရှင်မဟာကဿပသည် အရှင်အာနန္ဒာကိုလည်း သံဂီတိကာရကပုဂ္ဂိုလ်အဖြစ် ရွေးကောက်တော်မူလေ၏။

ဤသို့လျှင် ရဟန်းသံဃာ၏ အလိုသဘောဆန္ဒတူညီချက်အရ ရွေးကောက်အပ်သော အရှင်အာနန္ဒာ မထေရ်မြတ်နှင့် တကွ အရွေးချယ်ခံ သံဂီတိကာရကမထေရ်မြတ်ပေါင်း (၅၀၀) ငါးရာတို့ ဖြစ်ကုန်၏။

ထို့နောက် အစည်းအဝေးပါ မထေရ်မြတ်ကြီးများသည်“ငါတို့သည် အဘယ်အရပ်၌ ဓမ္မ, ဝိနယသံဂါယနာသဘင် ယင်ကြမည် နည်း”ဟု တိုင်ပင်ဆွေးနွေးကြသည်ရှိသော် “ရာဇဂြိုဟ်ပြည်သည် ဂေါစရဂါမ်လည်း ကျယ်ပြန့်၏။ ကျောင်းတိုက်ကြီးတို့လည်း များစွာရှိ၏၊ အခြားရဟန်းများ ရာဇဂြိုဟ်ပြည်၌ ဝါမကပ်ကြပဲ ငါတို့သည် ရာဇဂြိုဟ်ပြည်၌ ဝါကပ်ကုန်လျက် ဓမ္မ,ဝိနယသံဂါယနာ သဘင် ယင်ကြရမူ ကောင်းလေစွာ့” ဟု သဘောတူ ကြံစည်

(နှာ-၄၆၄)

တိုင်ပင် ဆုံးဖြတ်တော်မူကြလေသည်။ (ထိုသို့ ကြံစည်ကြ တိုင်ပင်ကြ ဆုံးဖြတ်တော်မူကြခြင်းမှာ ဤ ဓမ္မသံဂါယနာတင်မှုကား “ငါတို့အဖို့ရာ နေ့စဉ်ထာဝရ ရွက်ဆောင်ရမည့် ကိစ္စဖြစ်သည်။ အခြားရဟန်းတို့ ရာဇဂြိုဟ်ပြည်၌ ဝါကပ်ဆိုမှုကို ဉတ်, ကမ္မဝါစာဖြင့် မတားမြစ်ခဲ့လျှင် တစုံတယောက် သဘောမတူသည့်= ဝိသဘာဂ အဓမ္မဝါဒီပုဂ္ဂိုလ်သည် သံသအလယ်သို့ ဝင်ရောက်ကာ နှောင့်ယှက်တားမြစ်သော်မူ တားမြစ်လေရာ၏”ဟု စဉ်းစားတော်မူမိကြသောကြောင့် ဖြစ်သည်)။

ထို့နောက် အရှင်မဟာကဿပမထေရ်သည် ဉတ္တိဒုတိယ ကံဖြင့်__

သုဏာတု မေ အာဝုသော သံဃော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဣမာနိ ပဉ္စ ဘိက္ခုသတာနိ သမ္မန္နေယျ ရာဇဂဟေ ဝဿံ ဝသန္တာနိ ဓမ္မဉ္စ ဝိနယဉ္စ သင်္ဂါယိတုံ၊ န အညေဟိ ဘိက္ခူဟိ ရာဇဂဟေ ဝဿံ ဝသိတဗ္ဗန္တိ၊ ဧသာ ဉတ္တိ”__

အစရှိသည်ဖြင့် ကမ္မဝါရွတ်ဖတ်၍ (၁-သံဂီတိကာရက-ရဟန်း ငါးရာတို့သာ ဓမ္မ, ဝိနယ သံဂါယနာသဘင် ယင်ရန်အတွက် ရာဇဂြိုဟ်ပြည်၌ ဝါကပ်ဖို့ရန်နှင့် ၂-အခြားရဟန်းများ ရာဇဂြိုဟ်ပြည်၌ ဝါမကပ်ကြရန်) သမုတ်တော်မူအပ်လေသည်။

ဤကမ္မဝါစာကား မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် (၂၁) နှစ်ဆယ့်တရက်မြောက်၌ ပေါ်ပေါက်ဖြစ်ပွါးလာသော ကမ္မဝါစာဖြစ်သည်။ အရှင်မဟာကဿပ မထေရ်သည် ဤကမ္မဝါစာကို ရွတ်ဖတ်ပြီးလျှင် ရဟန်းတော်အရှင်မြတ်တို့ကို-

“ငါ့ရှင်တို့ ယခုအခါ သင်တို့အတွက် ရက်ပေါင်း လေးဆယ် ခွင့်ပြုအပ်သည်၊ ထိုမှနောက်၌ “ငါတို့မှာ ဤ မည်သော ပလိဗောဓလေး ကျန်ရှိပါသေးသည်” ဟု ပြောဆိုခွင့်မရနိုင်၊ ထို့ကြောင့် ဤရက်ပေါင်းလေးဆယ် အတွင်းမှာ အနာရောဂါ ပလိဗောဓ ရှိသောရဟန်း,

(နှာ-၄၆၅)

ဆရာဥပဇ္ဈာယ် ပလိဗောဓ ရှိသော ရဟန်း, အမိ အဖ ပလိဗောဓရှိသော ရဟန်းများနှင့် သပိတ်ဖုတ်ရန် သင်္ကန်း ချုပ်ရန်-စသည် ကိစ္စရှိသော ရဟန်းများသည် ထိုထို မိမိတို့ဆိုင်ရာ ပလိဗောဓကို အပြီး ရွက်ဆောင် ဖြတ်တောက်၍ ဓမ္မ, ဝိနယ သံဂါယနာအမှုကို မချွတ်ပြုလုပ်ရမည်”__

ဟု တင်းကြပ်စွာ မိန့်ကြားတော်မူလေ၏။

ဤကဲ့သို့ မိန့်ကြားပြီးလျှင် အရှင်မဟာကဿပမထေရ်သည် မိမိ၏ တပည့်ပရိသတ် ရဟန်းငါးရာ ခြံရံအပ်လျက် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူလေ၏။ အခြားအခြား သံဂီတိကာရက သမ္မုတိ ရသော မထေရ်ကြီးများသည်လည်း မိမိ မိမိတို့၏ အခြံအရံ တပည့်ရဟန်းတို့ကို ခေါ်ဆောင်ကာ သောကငြောင့်တံသင်း အပြင်းစူးဝင်နေသူ လူအပေါင်းကို သက်သာစေလိုတော်မူကြသည်ဖြစ်၍ ထိုထိုအရပ်မျက်နှာသို့ ဖဲကြွတော်မူကြလေကုန်၏။ အရှင်ပုဏ္ဏမထေရ်မြတ်သည်ကား မိမိ၏တပည့် ရဟန်းခုနစ်ရာ ခြံရံလျက် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူရာအရပ်သို့ ရောက်လာရောက်လာတိုင်းသော လူအပေါင်းကို တရားရေအေး အမြိုက်ဆေးကို “တိုက်ကျွေးသက်သာစေမည်ဟု ကုသိနာရုံပြည်မှာပင်လျှင် ချန်၍ နေရစ်တော်မူလေ၏။

အရှင်အာနန္ဒာမထေရ်မြတ်သည်မူကား ဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မမူမီကကဲ့သို့ပင် မြတ်စွာဘုရားရှင်၏ သပိတ်တော်, သင်္ကန်းတော်ကို ကိုယ်တိုင်ဆောင်၍ တပည့်ရဟန်းငါးရာတို့နှင့် အတူတကွ သာဝတ္တိပြည်ဖက်သို့ ခရီးဒေသစာရီ ကြွချီတော်မူလေသည်။ ကြွသွားစဉ် ကြွသွားစဉ်ပင် မထေရ်မြတ်၏ ပရိသတ် အခြံအရံရဟန်းတို့ကား တိုး၍တိုး၍သာ လာကုန်၏။ ထိုအရှင်အာနန္ဒာမထေရ်မြတ် ရောက်လေရာရာအရပ်၌ သည်းစွာသော ငိုကြွေးခြင်း ဖြစ်ရှိလေသည်။

(နှာ-၄၆၆)

အစဉ်သဖြင့် အရှင်အာနန္ဒာမထေရ်မြတ် သာဝတ္တိပြည်သို့ ရောက်ရှိလတ်သော် သာဝတ္ထိပြည်သူပြည်သား လူအများတို့သည် “အရှင်အာနန္ဒာမထေရ်မြတ် ကြွရောက်လာပြီတဲ့” ဟူသော သတင်းစကားကို ကြားသိကြ၍ နံ့သာ,ပန်း-စသည် လက်စွဲကြ ကုန်လျက် ခရီးဦး ကြိုဆိုကြပြီးလျှင် “အရှင်အာနန္ဒာဘုရား အရှင်ဘုရားတို့သည် ရှေးအခါကဆိုလျှင် မြတ်စွာဘုရားနှင့်အတူတကွ ကြွလာတော်မူကြပါကုန်၏၊ ယခုအခါ (=ယခုအခေါက်) ၌မူ မြတ်စွာဘုရားကို အဘယ်အရပ်၌ ထားခဲ့၍ တပါးတည်း ကြွလာတော်မူကြပါသနည်း” ဤသို့စသည် ပြောဆိုကြကာ ငိုကြွေးမြည်တမ်းကြကုန်၏။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူသောနေ့ကကဲ့သို့ပင် သည်းစွာသော ငိုကြွေးခြင်း ဖြစ်ရှိလေသည်။

ထိုသို့ လူအများ ငိုကြွေးမြည်တမ်းကြရာ၌ အရှင်အာနန္ဒာသည် အနိစ္စ, ဒုက္ခ, အနတ္တနှင့် စပ်ယှဉ်သော တရားစကားဖြင့် ထိုလူများကို အသိမှန် = အမြင်မှန် ရစေတော်မူ၍ ဇေတဝန်ကျောင်းတိုက်သို့ ဝင်ပြီးလျှင် မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂန္ဓကုဋီကျောင်းတော်ကို ရိုသေမြတ်နိုး ရှိခိုးဦးတိုက်လျက် တံခါးကို ဖွင့်ပြီးနောက် ညောင်စောင်း, အင်းပျဉ်များကို အပြင်သို့ထုတ်၍ ခါတွက်ပြီးလျှင် ဂန္ဓကုဋီကျောင်းတော်ကို တံမြက်လှည်းသုတ်သင် ရှင်းလင်းပြီးမှ ညှိုးနွမ်းနေသည့် ပန်းများ, အမှိုက်များကို စွန့်သွန်တော်မူလေသည်။ ပြီးမှ ညောင်စောင်း အင်းပျဉ်များကို ပြန်သွင်း၍ မူလထားမြို့တိုင်းသောနေရာ၌ ထားပြီးလျှင် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ ပြုမြဲတိုင်းသော ဝတ်အားလုံးကို ပြုတော်မူလေသည်။

ထိုသို့ ဝတ်အားလုံးကို ပြုတော်မူသော အရှင်အာနန္ဒာသည် ရေချိုးအိမ်ကို တံမြက်လှည်းသောအခါ, သုံးရေသောက်ရေ တည်ထားသောအခါ-စသည်တို့၌ ဂန္ဓကုဋီကျောင်းတော်ကို ရှိခိုး ဦးတိုက်ပြီးလျှင် “မြတ်စွာဘုရား...ဤအချိန်သည် အရှင်ဘုရားတို့၏ရေသုံးသပ်(=ရေချိုး)တော်မူသောအချိန်မဟုတ်ပါလော။

ဤအချိန်သည် တရားဟောသောအခါ မဟုတ်ပါလော၊ ဤအချိန်သည် ရဟန်းတို့အား အဆုံးအမပေးသောအခါ မဟုတ်ပါလော။ ဤအချိန်သည် ခြင်္သေ့မင်းပမာ လက်ျာနံတောင်းဖြင့် လျောင်းစက်တော်မူကာ အနားယူ အပန်းဖြေသောအခါ မဟုတ်ပါလော။ ဤအချိန်သည် မျက်နှာသစ်တော်ရေ သုံးသောအခါ မဟုတ်ပါလော” ဤသို-အစရှိသည်ဖြင့် ငိုကြွေးလျက်သာ ပြုတော်မူလေ၏။ ထိုသို့ ငိုကြွေးလျက်သာ ဝတ်ပြုခြင်းမှာ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးတည်းဟူသော အမြိုက်အရသာကို ကောင်းစွာ သိတော်မူသောကြောင့် သဒ္ဓါပေမ, မေတ္တာပေမ အားကြီးလှသောကြောင့်၎င်း, မိမိကိုယ်တိုင်က အာသဝေါကုန်ခန်း ရဟန္တာ မဟုတ်သေးသောကြောင့်၎င်း, ဘဝ အသိန်းပေါင်း များစွာက အချင်းချင်းပြုခဲ့သည့် ဥပကာရကျေးဇူး အထူးကြောင့် ဖြစ်ပွါးသည့် စိတ်ထားအလွန်နူးညံ့သောကြောင့်၎င်း ဖြစ်ပေသည်။

(နှာ-၄၆၇)

တောစောင့်နတ်က သတိပေးခြင်း

ထိုအချိန်၌ အရှင်အာနန္ဒာသည် မိမိကိုယ်၌က မြတ်စွာဘုရားရှင်အတွက် ပရိဒေဝ အကြီးအကျယ် ဖြစ်ရသည့်ပြင် ဘုရားပရိနိဗ္ဗာန် စံတော်မူခြင်းကြောင့် သောကမီး, ပရိဒေဝမီး တညီးညီး တပြောင်ပြောင် တောက်လောင်လာသူ လူအပေါင်းကိုလည်း တရားဓမ္မ ဟောပြတော်မူကာ အသိမှန် အမြင်မှန် ပေးရခြင်း များစွာဖြင့် အချိန်ကို ကုန်လွန် စေရသည်ကသာ များပေ၏။ ထိုအခါ တနေ့သ၌ အရှင်အာနန္ဒာမထေရ်သည် ကောသလတိုင်း တောအုပ်တခု၌ နေတော်မူ၏။ ထိုအခါ တောစောင့်နတ်သည် အရှင်အာနန္ဒာ၏ အပေါ်ဝယ် မေတ္တာရှေ့ထား အကျိုးစီးပွါးကို လိုလားသောကြောင့် အရှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် ဤ ဂါထာဖြင့် ရွတ်ဆိုလျှောက်ထားလေ၏__

ရုက္ခမူလဂဟနံ ပသက္ကိယ၊ နိဗ္ဗာနံ ဟဒယသ္မိံ ဩပိယ။
ဈာယ ဂေါတမ မာ ပမာဒေါ၊ ကိံ တေ ဗိဠိဗိဠိကာ ကရိဿတိ။

(နှာ-၄၆၈)

ဂေါတမ = ဂေါတမ နွယ်ဖွား အို အရှင်အာနန္ဒာ ဘုရား...။ တွံ=အရှင်ဘုရားသည်။ ရုက္ခမူလဂဟနံ = သစ်ပင်အရင်း တောချုံတွင်းသို့။ ပသက္ကိယ = ဝိဝေက လိုချင် သက်ဝင်တော်မူ၍။ နိဗ္ဗာနံ=အသင်္ခတဓာတ် နိဗ္ဗာန် ပရမတ်ကို။ ဟဒယသ္မိံ = အတွင်းပိတ်ဖုံး စိတ်နှလုံး၌။ ဩပိယ = ကိစ္စ, အာရုံ နှစ်ပုံသော အခြင်းအရာအား ထားရှိ၍ *။ ဈာယ = အာရမ္မဏူ, လက္ခဏူဟု နှစ်ဆူ အပြား ဈာန်တရားကို ဝင်စားတော်မူပါလော့။ မာ ပမာဒေါ= သတိယွင်းပေါ့ မမေ့လျော့ပါလင့်။ ဗိဠိဗိဠိကာ = အရှင့်ထံမှောက် ရောက်လာသသူ ထိုထိုလူအား အပူငြိမ်းစေ မိန့်ချွေဟောလှစ် ဗလစ်ဗလစ်စကား ပြောကြားခြင်းသည်။ တေ = အရှင်ဘုရား၏ (အတွက်တာ)။ ကိံ ကရိဿတိ = အထက်အထက် ဖိုလ်, မဂ်သို့ ရောက်မှု အဘယ်ကျေးဇူး ပြုလိမ့်မည်နည်း။ န ကရိဿတိ ဧဝ = အထက်ဖြစ်သော မဂ်ဖိုလ်သို့ ရောက်မှု ကျေးဇူးမပြုနိုင်သည်သာတည်း။

ထိုအခါ အရှင်အာနန္ဒာမထေရ်မြတ်သည် ထိုတောစောင့်နတ် လျှောက်ထားချက်အရ သံဝေဂကြီးစွာ ရရှိပြီးလျှင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသည်မှ အစပြုကာ အရပ်, အထိုင် များလှသောကြောင့် ဒေါသမလဓာတ် အားကြီးနေသော မိမိကိုယ်ကို သက်သာစိမ့်သောငှါ ဒုတိယနေ့၌ နွားနို့ ဝမ်းလားဆေးကို သောက်သုံးတော်မူကာ ကျောင်းတော်၌ပင် နေတော်မူ၏။

ထိုနေ့မှာပင် တောဒေယျပုဏ္ဏား (ကွယ်လွန်သူ) သူဌေး၏ သား သုဘ-လုလင်သူဌေး အပင့်လွှတ်လိုက်သော လုလင်ငယ်ကို *“ငါသည် နိဗ္ဗာန်သို့ ရောက်အံ့”ဟု ဝီရိယအားထုတ် ပြုလုပ်သော သူသည် ကိစ္စအားဖြင့်အလုပ်အားဖြင့် နိဗ္ဗာန်ကို နှလုံး၌ ထားသူမည်၏။ နိဗ္ဗာန်လျှင် အာရုံရှိသည့် ဖလသမာပတ်ကို ၀င်စား၍နေသော သူသည် အာရုံအားဖြင့် နိဗ္ဗာန်ကို နှလုံး၌ ထားသူမည်၏။ ။ (အဋ္ဌကထာမှ)။

(နှာ-၄၆၉)

အရှင်အာနန္ဒာမထေရ်သည် “လုလင်ငယ်...ယနေ့ အခါမရသေး၊ ငါ့မှာ ယနေ့ နွားနို့ဝမ်းလားဆေး သောက်ထားအပ်ပြီး ရှိလေသည်၊ နက်ဖန်ကာ၌မူ လာရောက်ကောင်း လာရောက်နိုင်ပေလိမ့်မည်”ဟု မိန့်တော်မူလိုက်သည်။ နောက်တနေ့၌ အရှင်အာနန္ဒာ မထေရ်သူမြတ်သည် နောက်လိုက်ရဟန်း စေတက-မထေရ်နှင့် တကွ သုဘလုလင် သူဌေးအိမ်သို့ ကြွရောက်တော်မူ၍ သုဘလုလင် သူဌေး မေးလျှောက်အပ်သည်ဖြစ်၍ ဒီဃနိကာယ် သီလက္ခန္ဓဝဂ်၊ ၁၀-ခုမြောက်ဖြစ်သော သုဘသုတ်ကို ဟောကြားတော်မူလေသည်။ ထိုသုတ်ကို ပိဋကတ်တော်မြန်မာပြန်မှ ကြည့်ရှု မှတ်ယူကုန်ရာ၏)။

ထို့နောက် အရှင်အာနန္ဒာမထေရ်သည် ဇေတဝန်ကျောင်းတိုက်ကြီး၌ ကျိုး, ပွင့်, ပြုန်းတီး ပျက်စီးသည်များကို မွမ်းမံပြင်ဆင်စေ၍ ဝါဆိုရန်အချိန် နီးကပ်လတ်သော် တပည့်တပန်း ရဟန်း သံဃာကို စွန့်ထားခဲ့၍ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူလေ၏။ ထို့အတူပင် အခြား သံဂီတိကာရကသမ္မုတိရ ဓမ္မသင်္ဂါဟကမထေရ်တို့သည်လည်း ဝါလနီးသောအခါ ရာဇဂြိုဟ်ပြည်သို့ ကြွရောက် လာတော်မူကြကုန်၏။ ထိုသံဂီတိကာရကသမ္မုတိရ ဓမ္မသင်္ဂါဟကမထေရ်တို့သည် ဝါဆိုလပြည့်နေ့၌ အတူတကွ ဥပုသ်ပြုကြပြီးလျှင် ဝါဆိုလပြည့်ကျော် တရက်နေ့၌ ရာဇဂြိုဟ်ပြည်ဝယ် ဝါကပ်တော်မူကြလေကုန်၏။

ထိုစဉ်အခါ ရာဇဂြိုဟ်ပြည်ကို ဝန်းရံ၍ ကျောင်းတိုက်ကြီး ပေါင်း (၁၈) တဆယ့်ရှစ်တိုက်တို့ တည်ရှိကြလေကုန်သည်။ ထိုကျောင်းတိုက်ကြီး အားလုံးတို့ပင် သံဃာတော်များ စွန့်ပစ်ထား အပ်သဖြင့် အချို့နေရာ၌ ကျိုးပွင့်ပျက်စီး, အချို့နေရာ၌ အမှိုက်ဖုံမြူ ထူထပ်လျက်, အချို့နေရာများ မှိုတက်၍ နေလေကုန်သည်။ မှန်၏-မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသောအခါ၌ ရဟန်း အားလုံးတို့ပင် မိမိတို့၏ သပိတ်, သင်္ကန်းများကို ယူဆောင်ကြကာ ကျောင်းတိုက်များ, ပရိဝုဏ်များကို စွန့်ပစ်၍ ကုသိနာရုံသို့

(နှာ-၄၇၀)

သွားရောက်ကြလေသည်။ ထို့ကြောင့် ကျောင်းတိုက်များ ကျိုးပွင့် ပျက်စီး, အမှိုက်ဖုံမြူ ထူထပ် မှိုတက်၍ နေကြလေသည်။

ထိုအခါ မထေရ်မြတ်တို့သည် စည်းဝေးညီမူကြပြီးလျှင် “ငါ့ရှင်တို့ မြတ်စွာဘုရားရှင်သည် ကျိုးပွင့် ပျက်စီးသည်များကို အသစ်တဖန် မွမ်းမံ ပြင်ဆင်ခြင်းကို ချီးမွမ်းတော်မူအပ်သည်။ ကိုင်း...ငါ့ရှင်တို့...ငါတို့သည် ပဌမလ-ပတ်လုံး ကျိုးပွင့်ပျက်စီး သည်များကို မွမ်းမံပြင်ဆင်ကြကုန်စို့၊ အလယ်သို့ ရောက်သောအခါ တညီတညွတ်တည်း စည်းဝေး၍ ဓမ္မ, ဝိနယ သံဂါယနာ သဘင် ယင်ကြကုန်စို့”ဟု စဉ်းစားဆင်ခြင် တိုင်ပင်တော်မူကြလေသည်။ ထိုသို့ စဉ်းစားဆင်ခြင် တိုင်ပင်တော်မူကြခြင်းမှာ__ (၁) ဝိနည်းသေနာသနက္ခန္ဓကလာ မြတ်စွာဘုရား၏(သေနာသနဝတ်နှင့် စပ်သော) တရားစကားတော်ကို ပူဇော်လိုကြသောကြောင့်၎င်း, (၂) အကယ်၍ ကျောင်းတိုက်များကို မမွမ်းမံ မပြင်ဆင်ပါက “ရဟန်းဂေါတမ၏ တပည့်များသည် သူတို့ဆရာ ရဟန်းဂေါတမရှိစဉ်သာ ကျောင်းတိုက်တို့ကို သုတ်သင်ရှင်းလင်း ခဲ့ကြသည်။ သူတို့ဆရာ ပရိနိဗ္ဗာန်စံသောအခါမှာကား စွန့်ပစ်၍ ထားကြလေသည်။ အမျိုးလေးဖြာ ဒကာ, ဒကာမတို့၏ များပြားလှစွာ စွန့်လှူအပ်သော ဥစ္စာစုသည် အချည်းနှီး မပျက်စီးတန်ပဲ ပျက်စီးရလေသည်” ဟု သာသနာပြင်ပ တိတ္ထိတို့ ပြောဆိုစွပ်စွဲကြ မည့်ဘေးမှ ကင်းဝေးစေလိုတော်မူကြသောကြောင့်၎င်း ထိုကဲ့သို့ စဉ်းစားဆင်ခြင် တိုင်ပင်တော်မူကြခြင်းဖြစ်သည်)။

မထေရ်မြတ်တို့သည် ထိုသို့ စဉ်းစားဆင်ခြင်း တိုင်ပင်ဆုံးဖြတ်တော်မူကြပြီးနောက်တနေ့၌ အဇာတသတ်မင်း၏ နန်းတော် တံခါးဝသို့ ကြွရောက် ရပ်တည်တော်မူကြလေကုန်၏။ အဇာတသတ်မင်းသည် လာရောက်ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့... အဘယ်အတွက် ကြွလာတော်မူကြသနည်း” ဟု မိမိရွက်ဆောင်ပြုလုပ် ရမည့် ကိစ္စကို မေးမြန်းလေ၏။ မထေရ်မြတ်တို့သည် ကျောင်းတိုက်ကြီး(၁၀)တဆယ့်ရှစ်တိုက်တို့ကို မွမ်းမံပြင်ဆင်ရန်လက်အမှု =ဟတ္ထကံကို အလိုရှိသောကြောင့် ကြွလာတော်မူကြကြောင်း

(နှာ-၄၇၁)

မိန့်ကြားတော်မူကြကုန်၏။ အဇာတသတ်မင်းသည် လက်အမှု = ဟတ္ထကံကို ပြုလုပ်ကြမည့် အလုပ်သမား လူများကို မထေရ်မြတ်တို့အား ပေးအပ်လိုက်လေသည်။ မထေရ်မြတ်တို့သည် ပဌမ လ-ပတ်လုံး ခပ်သိမ်းသော ကျောင်းတိုက်တို့ကို မွမ်းမံပြင်ဆင်စေကြပြီးသော် အဇာတသတ်မင်းအား “မြတ်သောမင်းကြီး... ကျောင်းတိုက်များကို မွမ်းမံပြင်ဆင်မှု ကိစ္စကား ပြီးလေပြီ၊ ယခုအခါ ငါတို့သည် ဓမ္မ, ဝိနယ သံဂါယနာသဘင် ဆင်ယင်ကြ ကုန်အံ့”ဟု မိန့်တော်မူကြလေကုန်၏။ အဇာတသတ်မင်းက “ကောင်းပါပြီ အရှင်ဘုရားတို့ ... အရှင်ဘုရားတို့သည် ကျွတ်ကျွတ် လွတ်လွတ် သံဂါယနာတင်မှုကို ပြုတော်မူကြပါကုန်၊ တပည့်တော်၏အာဏာစက်, အရှင်ဘုရားတို့၏ဓမ္မစက် ဖြစ်ပါစေ။ စေခိုင်းတော်မူကြပါ အရှင်ဘုရားတို့ ... တပည့်တော်သည် အဘယ်အမှု ပြုလုပ်ဆောင်ရွက်ရပါမည်နည်း”ဟု လျှောက်ထားလေလျှင် မထေရ်မြတ်တို့သည် “သံဂါယနာတင်မှု ပြုတော်မူကြသော ရဟန်းတို့၏ စည်းဝေးညီမူရာဌာနကို ပြုလုပ်စေလိုသည် မြတ်သောမင်းကြီး”ဟု မိန့်တော်မူကြလေကုန်၏။ အဇာတသတ် မင်းက တဖန်“အဘယ်အရပ်၌ ဆောက်လုပ်ရမည်နည်း အရှင်ဘုရားတို့...”ဟု မေးလျှောက်သောအခါ မထေရ်မြတ်တို့သည် “ဝေဘာရတောင်နံရံ စရည်းပင်ပေါက်ရောက်ရာ = သတ္တပဏ္ဏိ လိုဏ်ဂူဝ၌ ဆောက်လုပ်ရန် သင့်လျော်သည် မြတ်သော မင်းကြီး...”ဟု မိန့်တော်မူကြကုန်၏။

အဇာတသတ်မင်း သံဂါယနာမဏ္ဍပ်ကြီး ဆောက်လုပ်ခြင်း

ထိုအခါ အဇာတသတ်မင်းသည်“ကောင်းပါပြီ အရှင်ဘုရားတို့...”ဟု ဝန်ခံစကားလျှောက်ထား၍ ဝိသကြုံနတ်သား ဖန်ဆင်း အပ်သည်နှင့်တူသော သံဂါယနာတင်မဏ္ဍပ်ကြီးကို ဆောက်လုပ် စေလေသည်။ ထိုမဏ္ဍပ်ကြီးကို (၁) သူ့အခန်းနှင့်သူ စဉ်လျက် သန့်လျက် နံရံများ တိုင်များ စောင်းတန်းလှေကားများ တပ်ဆင် ထားအပ်သည့်ပြင် ခြူးပန်း နွယ်ပန်း အဆန်းတကြယ် ပန်းချီ ဆေးရေးရုပ်တို့ဖြင့် ခြယ်လှယ်အပ်ပေ၏၊ (၂) ထိုမဏ္ဍပ်ကြီးကား

(နှာ-၄၇၂)

မင်း၏ရွှေနန်းတော်အသရေကို လွှမ်းမိုးသည့်ပမာ လွန်စွာပင် တင့်တယ်လှသည့်ပြင် နတ်ဗိမာန်၏အသရေကို ပြက်ရယ်ပြောင် လှောင်သည့်ပမာ အသရေရှိလှစွာ၏၊ (၂) ကြက်သရေတိုက်အိမ် ကြီးကဲ့သို့၎င်း, နတ်လူတို့၏ မျက်စိတည်းဟူသော ငှက်အပေါင်းတို့ တစုတဝေးတည်း ကျရောက်ရာ ဆိပ်ကမ်းသာ သဖွယ်ကဲ့သို့၎င်း, လောက၌ ရှိသမျှသော မွေ့လျော်ဖွယ်တွေကို စုပေါင်း၍ ထားအပ်သကဲ့သို့၎င်း အလွန်ပင် မွေ့လျော်ဖွယ်ကောင်းလှစွာ၏။

ထိုသံဂါယနာတင် မဏ္ဍပ်ကြီး၏အထက်၌ အထူးထူး အပြားပြား ပန်းဆိုင်းများတို့ တွဲလျားချကာ တင့်တယ်စွာသော ရတနာမျက်နှာကြက်ကို ကြက်အပ်သည့်ပြင် အောက်မြေအပြင်မှာလည်း ရတနာအမျိုးမျိုးတို့ဖြင့် ဆန်းကြယ်လှစွာ ပတ္တမြား ကျောက်ချပ်လွှာကြီးကို ခင်းထားသည့်အလား အထူးထူးသော ပန်းမွေ့ရာအခင်းတို့ဖြင့် တဆန်းတကြယ် တင့်တယ်ညီညွှတ်သော မြေအပြင်ရှိအောင် ဗြဟ္မာမင်း၏ ဘုံဆောင်အလား ခမ်းနား သပ်ယပ်စွာ တန်းဆာဆင်၍ ထို သံဂါယနာတင်မဏ္ဍပ်ကြီး အတွင်း၌ သံဂီတိကာရက ရဟန္တာငါးရာတို့အတွက် အဖိုးအနဂ္ဃ ထိုက်တန်သော ကပ္ပိယအခင်းငါးရာတို့ကိုခင်းထားစေလေသည်။ ထို့ပြင် မဏ္ဍပ်ကြီးအတွင်း၌ တောင်အရပ်မျက်နှာအဖို့ကို အမှီပြု၍ မြောက်ဖက်သို့ မျက်နှာမူကာ ပုစ္ဆကမထေရ် သီတင်းသုံးနေထိုငရမည့် ထေရာသန ဓမ္မပလ္လင်ကို ခင်ထားစေပြီးလျှင် မဏ္ဍပ်၏ အလယ်၌ အရှေ့ဖက်သို့ မျက်နှာမူကာ မြတ်စွာဘုရားရှင် ထိုင်နေတော်မူထိုက်သော ဝိဿဇ္ဇက = ဖြေဆိုမည့်မထေရ် ထိုင်နေရန် ဓမ္မာသနပလ္လင်ကို ခင်းထားစေ၍ ထိုပလ္လင်ထက်၌ ဆင်စွယ်ယပ်ဝန်းကိုလည်း တင်ထားပြီးလျှင် ရဟန်းသံဃာတော်အား “အရှင်ဘုရားတို့...တပည့်တော်၏ ရွက်ဆောင်ဖွယ်ကိစ္စ အဝဝကား လောက်ငကုံလုံ ပြည့်စုံပြီးစီးပါပြီဘုရား”ဟု တမန်လွှတ်၍ လျှောက်ထားစေလေ၏။

ထိုနေ့ကား ဝါခေါင်လဆုတ်(၄)ရက်နေ့ ဖြစ်လေသည်။ ထိုနေ့ သံဃအစည်းအဝေးဝယ် အချို့အချို့သောရဟန်းတို့သည် အရှင်

(နှာ-၄၇၃)

အာနန္ဒာမထေရ်ကို ရည်ရွယ်စောင်းချိတ်၍ “ဤရဟန်းအပေါင်း၌ ရဟန်းတပါးသည် ကိလေသာ တည်းဟူသော အဆိပ်နံ့ (တနည်း ကိလေသာတည်းဟူသော သားစိမ်းနံ့)ကို ပြန့်လှောင်းစေလျက် လှည့်လည် ကျက်စား သွားလာနေဘိ၏”ဟု ကဲ့ရဲ့စကားပြောကြားကြလေ၏။ အရှင်အာနန္ဒာမထေရ်သည် ထိုစကားကို ကြားရလျှင်ပင် “ဤရဟန်းအပေါင်း၌ ငါမှတပါး ကိလေသာတည်း ဟူသောအဆိပ်နံ့ (တနည်း သားစိမ်းနံ့)ကို ပြန့်လှောင်းစေလျက် လှည့်လည်ကျက်စား သွားလာနေသော ရဟန်းမည်သည် မရှိ။ ဧကန်ပင် ဤရဟန်းတို့သည် ငါ့ကို ရည်ရွယ်စောင်းချိတ်၍ ကဲ့၍ စကား ပြောကြားကြ၏”ဟု စဉ်းစား ဆင်ခြင်တော်မူမိကာ ပြင်းစွာထိတ်လန့်ခြင်း = ဓမ္မသံဝေဂကို ရတော်မူလေသည်။ အချို့သော ရဟန်းတို့ကမူ “ငါ့ရှင် အာနန္ဒာ...နက်ဖြန်ခါ သံဂါယနာတင် အစည်းအဝေး = သန္နိပါတကြီး ဖြစ်တော့မည်၊ ငါ့ရှင်မှာလည်း အထက်မဂ်ကိစ္စ ပြုဖွယ်ကျန်ရှိသေးသည့် သေက္ခအရိယာသာ ဖြစ်ရှိသေးသည်။ ထိုသို့ သေက္ခအရိယာသာ ဖြစ်သေးသောကြောင့် (ရဟန္တာ မဟုတ်သေးသောကြောင့်) ငါ့ရှင်၏ အဖို့ရာ သံဂါယနာတင် အစည်းအဝေး = သန္နိပါတသို့ သွားရောက်ရန် မသင့်ချေ၊ သို့ရကား သံဂါယနာပွဲအမှီ ရဟန်းတရား ပွါးများ ကြိုးကုတ် အားထုတ်မှု မမေ့မလျော့သူ ဖြစ်စေချင်ပါသည်”ဟု ဤသို့သာ အားပေး တိုက်တွန်းစကား ပြောကြားကြလေသည်။

အရှင်အာနန္ဒာ ဣရိယာပုတ်လေးပါးမှ လွတ်၍ ရဟန္တာဖြစ်တော်မူခြင်း

ထိုအခါ အရှင်အာနန္ဒာသည် “နက်ဖြန်ခါ သံဂါယနာ အစည်းအဝေးကြီး ဖြစ်တော့မည်၊ ငါ့အဖို့ရာ သေက္ခအရိယာ (=သောတာပန် အရိယာ)ဖြစ်လျက်သာ သံဂါယနာ အစည်းအဝေးသို့ သွားရောက်ရန် မသင့်လျော်ချေ”ဟု ဆင်ခြင်စဉ်းစားတော်မူပြီးလျှင် ကာယဂတာသတိ ကမ္မဋ္ဌာန်းဖြင့် ညဉ့်အချိန် ပေါင်းများစွာကို ကုန်လွန်စေပြီးနောက် မိုးသောက်ထအခါဝယ် စင်္ကြံမှ သက်ဆင်း၍ ကျောင်းတွင်းသို့ ဝင်၍ “လျောင်းစက်ဦးအံ့” ဟု ကိုယ်ကို သတိမကွာ ဖြည်းညှင်းစွာ လဲလျောင်းလိုက်လေ

(နှာ-၄၇၄)

သည်။ မြေမှ ခြေနှစ်ဖက်ကို လွတ်မြောက်ကာ ခေါင်းအုံးသို့လည်း ဦးခေါင်း မကျသေးမီ ဤအချိန် အတွင်း၌ မထေရ်မြတ်သည် အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်တော်မူလေ၏။

ထင်ရှားစေဦးအံ့-မထေရ်မြတ်သည် တညဉ့်ပတ်လုံး ရဟန်းတရား ပွါးများအားထုတ်ကာ စင်္ကြံကြွသွားခြင်းဖြင့် ကမ္မဋ္ဌာန်း

ကျောင်းအပြင်ဖက်၌ အချိန်ကို ကုန်လွန်စေ၍ မဂ်, ဖိုလ်တရားထူးကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ရကား ငါ့ကို မြတ်စွာဘုရားရှင်က ပရိနိဗ္ဗာန် စံတော်မူခါနီးဝယ် ‘ချစ်သားအာနန္ဒာ...သင်ချစ်သားသည် ကုသိုလ်ကောင်းမှုကို များစွာပင် ပြုပြီးသူ ဖြစ်၏။ ကမ္မဋ္ဌာန်း အလုပ်ကို အားထုတ်ရစ်လော့၊ လျင်စွာပင် ရဟန္တာ ဖြစ်ပေလိမ့်မည်”ဟု မိန့်တော်မူခဲ့ပြီ မဟုတ်လော၊ မြတ်စွာဘုရားရှင်တို့အဖို့ရာ မိန့်ကြားအပ်သော စကားတော်၏အပြစ်မည်သည် မရှိ ဖြစ်ချေသည်၊ စင်စစ်သော်ကား ငါသည် ဝီရိယကို အလွန်အမင်း အပြင်း အားထုတ်အပ်လေပြီ (=ငါ့မှာ ဝီရိယက လွန်ကဲနေ သည်ဟု ဆိုလို၏။) ထို့ကြောင့် ငါ၏စိတ်သည် ပျံ့လွင့်ဖို့ရန် ဖြစ်၍ နေ၏ (= ဝီရိယလွန်ကဲနေသောကြောင့် ဥဒ္ဓစ္စဖြစ်ကာ မဂ်, ဖိုလ် တရားထူးကို မရပဲရှိနေသည်-ဟု ဆိုလိုသည်။) ကိုင်း...ငါသည် ဝီရိယနှင့် သမာဓိ နှစ်ပါးစုံ ညီမျှအောင် အားထုတ်တော့မည်”ဟု ကြံစည် ဆင်ခြင်တော်မူကာ ခြေဆေးရာနေရာ၌ ရပ်တည်၍ ခြေတို့ကို ဆေးပြီးလျှင် ကမ္မဋ္ဌာန်းကျောင်းတွင်းသို့ ဝင်လျက် ညောင် စောင်းငယ်၌ ထိုင်နေတော်မူကာ “အတန်ငယ် အပန်းဖြေဦးအံ့”ဟု မိမိကိုယ်ကို ညောင်စောင်းငယ်၌ သတိမကွာ ဖြည်းညှင်းစွာ လဲလျောင်းလိုက်လေသည်။ မြေမှ ခြေနှစ်ဖက်တို့လွတ်မြောက်ကာ ခေါင်းအုံးသို့လည်း ဦးခေါင်းမကျသေးမီ ဤအချိန်အတွင်း၌ မထေရ်မြတ်သည် အရဟတ္တဖိုလ်သို့ ရောက်တော်မူကာ အာသဝေါ ကုန်ခန်း ရဟန္တာ ဖြစ်တော်မူလေ၏။

ထို့ကြောင့် “ဤသာသနာဝယ် မလျောင်း, မထိုင်, မရပ်, မသွားပဲ (= ဣရိယာပုထ်လေးပါးမှ လွတ်လျက်) အရဟတ္တဖိုလ်သို့ ရောက်သော ရဟန်းကား အဘယ်

(နှာ-၄၇၅)

ရဟန်းနည်း” ဟု မေးခဲ့သော် “အရှင်အာနန္ဒာမထေရ် ဖြစ်သည်”ဟု ဖြေဆိုမှ သင့်လျော်၏။

အရှင်မဟာကဿပ သာဓုကောင်းကြီး ပေးတော်မူခြင်း

ထိုအခါ သံဂီတိကာရကမထေရ်မြတ်တို့သည် (အရှင်အာနန္ဒာ ရဟန္တာ ဖြစ်ပြီးသည်မှ) နောက်တနေ့ ဝါခေါင်လပြည့်ကျော် ၅-ရက်နေ့ဝယ် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြုပြီးတော်မူကြလေလျှင် သပိတ်, သင်္ကန်းကို သိုမှီး = သိမ်းဆည်းတော်မူခဲ့ကြ၍ “ဓမ္မ သံဂါယနာတင်ရာမဏ္ဍပ်”ဝယ် တညီတညွတ်တည်း စည်းဝေးတော်မူကြလေ၏။ (ဤ၌ မဇ္ဈိမဒေသဝေါဟာရအားဖြင့် ဝါဆို လပြည့်နေ့မှ ဝါခေါင်လပြည့်နေ့တိုင် တလဟူ၍ ခေါ်၏။ ထို တလအတွင်း ကျောင်းတိုက်များ ကျိုး, ပွင့်ပျက်စီးသည်တို့ကို မထေရ်တို့ကြပ်မ၍ မွမ်းမံပြင်ဆင်တော်မူကြလေသည်၊ ဝါခေါင် လပြည့်ကျော် ၁-ရက်နေ့မှစ၍ အဇာတသတ်မင်း သံဂါယနာတင် မဏ္ဍပ်ကြီး ဆောက်လုပ်စေရာ သုံးရက်ကြာမှ ပြီးသည်။ လပြည့်ကျော် ၄-ရက်နေ့ အရှင်အာနန္ဒာ ရဟန္တာ ဖြစ်သည်။ လပြည့်ကျော် ၅-ရက်နေ့၌ သံဂါယနာတင် သံဃအစည်းအဝေးကြီး စတင်ကျင်းပသည်)။ ထိုအခါ အရှင်အာနန္ဒာမထေရ်မြတ်သည် ရဟန္တာဖြစ်လျက် သံဃအစည်းအဝေးသို့ ကြွတော်မူသည်။

ကြွတော်မူပုံမှာ-အစည်းအဝေးဝင် သံဃာတော်များ စုံလင်သဖြင့် ယခုအခါ သံဃအစည်းအဝေးအတွင်းသို့ ဝင်ရောက်ရန် ထိုက်တန်ပြီဟု ဆိုလောက်သောအချိန်၌ အရှင်အာနန္ဒာမထေရ်မြတ်သည် ရွှင်လန်းဝမ်းမြောက်သော စိတ်ရှိတော်မူလျက် သင်္ကန်းကို လက်ကန်တော့စံပယ် တင်တော်မူ၍ အညှာမှ ကြွေကျသော ထန်းသီးမှည့်ကဲ့သို့၎င်း, ဖြူဆွတ်နေသော ကမ္ဗလာထည်ပေါ်၌ ချထားအပ်သည့် ပတ္တမြားရတနာကဲ့သို့၎င်း, တိမ်တိုက်ကင်းစင်ကောင်းကင်ပြင်၌ တက်ထွန်းသော လပြည့်ဝန်းကဲ့သို့၎င်း, တက်သစ်စ နေအရောင်နှင့် တွေ့သဖြင့် ငါးငါးစွင့်စွင့် ကားကားတင့်

(နှာ-၄၇၆)

လျက် ပွင့်သစ်သော ပဒုမာကြာပန်းကဲ့သို့၎င်း အလွန်သန့်ရှင်း အပြစ်ကင်းလျက် တဝင်းဝင်း တလက်လက် အရောင်ပြိုးပြက် ထွက်အံ့သော အခြင်းအရာ အသရေရှိလှစွာသော မျက်နှာဖြင့် မိမိ အရဟတ္တဖိုလ်သို့ ရောက်ရှိကြောင်းကို ကောင်းစွာထင်ရှား ပြော ကြားသကဲ့သို့ ကြွတော်မူလေ၏။

(ဤ၌။ ။ အဘယ်အကျိုးငှါ အရှင်အာနန္ဒာသည် မိမိအရဟတ္တဖိုလ်သို့ ရောက်ရှိကြောင်း ကောင်းစွာထင်ရှား ပြောကြားသကဲ့သို့ ကြွတော်မူသနည်း”ဟု မေးဖွယ်ရှိ၏၊ အဖြေကား -“ငါသည် အရဟတ္တဖိုလ်သို့ ရောက်ပြီ-ဟု မိမိကို အရဟတ္တဖိုလ်သို့ (စကားအားဖြင့်) တိုက်ရိုက်ဆောင်မှုကို မပြုပဲ သူတဖက်သား သိသာလောက်သည့် အခြင်းအရာ တပါးပါးဖြင့် မိမိ အရဟတ္တဖိုလ်သို့ ရောက်ရှိကြောင်း သိစေခြင်းကို မြတ်ဘုရားရှင် ချီးမွမ်းတော်မူအပ်၏”ဟု နှလုံးပိုက်တော်မူ၍ ၁-“သေက္ခအရိယာဖြစ်သောကြောင့် ဓမ္မ, ဝိနယ သံဂါယနာအတွက် ရွေးကောက်ရန် မသင့်သော်လည်း ဗဟုဿုတ များလှသောကြောင့် သံဂီတိကာရကပုဂ္ဂိုလ်အဖြစ် ရွေးကောက်ကြကုန်အံ့” ဟု အသင့်စောင့်မျှော် ထိုင်နေတော်မူကြသော မထေရ်မြတ်တို့၏ သန္တာန်ဝယ် မိမိ အရဟတ္တဖိုလ်သို့ ရောက်ကြောင်းကို သိစေခြင်းဖြင့် စိတ်နှလုံး ချမ်းသာမှု = သောမနဿဝေဒနာတရား ဖြစ်ပွါးစေခြင်းငှါ၎င်း - “မမေ့မလျော့ ဖြစ်ရစ်လော့”ဟု မြတ်စွာဘုရား ပေးသနားအပ်သော အဆုံးအမ သြဝါဒ၏ အကျိုးရှိကြောင်း ကောင်းစွာပြလိုသောကြောင့်၎င်း, မိမိအရဟတ္တဖိုလ်သို့ ရောက်ရှိကြောင်း ကောင်းစွာထင်ရှား ပြောကြားသကဲ့သို့ ကြွလာတော်မူ၏။ ဤကား အဖြေတည်း)။

ထိုအခါ အရှင်အာနန္ဒာကို မြင်ရ၍ အရှင်မဟာကဿပ၏ စိတ်သန္တာန်တော်ဝယ် “အိုး... အရဟတ္တဖိုလ်ပေါက် ရောက်ရှိ လာသော အရှင်အာနန္ဒာကား လွန်စွာ တင့်တယ်လှဘိစွာ့၊ အကယ်၍များ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူပါမူ ဧကန်ပင် ယနေ့ အရှင်အာနန္ဒာအား သာဓုကောင်းကြီး ပေးတော်မူလေရာ၏။ ကိုင်း ... ယခုအခါ ထို အရှင်အာနန္ဒာအား မြတ်စွာဘုရား ပေးတော်မူမည့် သာဓုကောင်းကြီးကို ဘုရာ့း ကိုယ်စား ငါပေးပေအံ့”ဟု အကြံဖြစ်ရှိကာ အရှင်မဟာကဿပမထေရ်သည် “ငါ့ရှင်အာနန္ဒာ...သင်၏ အရဟတ္တဖိုလ်သို့

(နှာ-၄၇၇)

ရရှိဆိုက်ရောက် မျက်မှောက်ပြုရခြင်းကား တင့်တယ်လှဘိစွာ့” ဤသို့ အစရှိသည်ဖြင့် မိန့်မြွက်တော်မူကာ သာဓုကောင်းကြီး သုံးကြိမ်တိုင် ဟစ်ကြွေး ပေးတော်မူလေ၏။

သံဂါယနာသဘင် ဆင်ယင်တော်မူကြခြင်း

ဤကဲ့သို့ အရှင်အာနန္ဒာမထေရ်မြတ် ကြွရောက်လာသည်ရှိသော် သံဂီတိကာရက အရွေးချယ်ခံ သံဃာတော်များ စုံညီပြီဖြစ်၍ အရှင်မဟာကဿပ မထေရ်သည် ရဟန်းတော်တို့ကို ငါ့ရှင်တို့... ငါတို့သည် ဓမ္မ, ဝိနယ နှစ်ပါးရှိသည့်အနက် အဘယ်ကို ရှေးဦးစွာ သံဂါယနာတင်ကြမည်နည်း၊ ဓမ္မ(=သုတ်, အဘိဓမ္မာ) ကိုတည်း ရှေးဦးစွာ သံဂါယနာတင်ကြမည်လော၊ သို့မဟုတ် ဝိနယကိုတည်း ရှေးဦးစွာ သံဂါယနာတင်ကြမည်လော”ဟု ခေါ်ဆိုမေး မြန်းတော်မူလေ၏။ ရဟန်းတို့က__

“အရှင်မဟာကဿပဘုရား...ဝိနည်းတရားတော် မည်သည် ဗုဒ္ဓမြတ်စွာ သာသနာ၏ အသက်သွေးကြောဖြစ်ပါသည်။ အကြောင်းကိုဆိုသော် ဝိနည်းတရားတော် အဓွန့် တာရှည် တည်လတ်သော် ဗုဒ္ဓမြတ်စွာ သာသနာသည် အဓွန့်တာရှည် တည်သည်မည်ပါသည်။ ထို့ကြောင့် ရှေးဦးစွာ ဝိနယဒေသနာကို သံဂါယနာတင်ကြပါကုန်စို့”__

ဟု တညီတညွတ်တည်း ပြန်ကြား လျှောက်ဆိုကြလေလျှင် အရှင်မဟာကဿပမထေရ်သည် “အဘယ်သူ့ကို အကြီးအမှူး အဦးပြု၍ ဝိနယဒေသနာကို သံဂါယနာတင်ကြမည်နည်း” ဟု မေးမြန်းတော် မူပြန်လေ၏။ ရဟန်းတို့က “အရှင်ဥပါလိထေရ်ကို အကြီးအမှူး အဦးပြု၍ ဝိနယဒေသနာကို သံဂါယနာတင်ကြကုန်အံ့”ဟု ဖြေဆိုကြလေလျှင် အရှင်မဟာကဿပမထေရ်သည် “အရှင်အာနန္ဒာက မစွမ်းနိုင်၍လော”ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းတို့သည် “အရှင်အာနန္ဒာသည် မစွမ်းနိုင်သည်မဟုတ် = စွမ်းနိုင်ပါ၏။ သို့သော် မြတ်စွာဘုရားရှင်သည် သက်တော်ထင်ထင် ရှိစဉ်ကပင် ဝိနည်းသင်ကြားတတ်မြောက်မှု အကြောင်းအမှီပြု၍ အရှင်

(နှာ-၄၇၈)

ဥပါလိမထေရ်ကို “ရဟန်းတို့ ... ဝိနည်းကို သင်ဆောင်ကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ဥပါလိရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”ဟု ဧတဒဂ်ရာထူး၌ ထားတော် မူခဲ့ပါသည်၊ ထို့ကြောင့် အရှင်ဥပါလိမထေရ်ကို မေးမြန်း၍ ဝိနယ ဒေသနာကို သံဂါယနာတင်ကြကုန်အံ့”ဟု ကြောင်းကျိုးဖော်ပြ တညီတညွတ်တည်း ပြန်ကြားလျှောက်ဆိုကြလေ၏။

ဤပဌမ သံဂါယနာ၌ အရှင်မဟာကဿပမထေရ်သည် သံဃ မဟာနာယက ဖြစ်တော်မူသည်။ ထို့နောင်မှ အရှင်မဟာကဿပသည် မိမိသည်ပင် မိမိကိုယ်ကို ဝိနယပုစ္ဆကဉတ် ထားတော်မူ၍ အရှင်ဥပါလိသည်လည်း မိမိသည်ပင် မိမိကိုယ်ကို ဝိနယဝိဿဇ္ဇကဉတ် ထားတော်မူပြီးလျှင် မိမိတို့နေရာ ဓမ္မာသနပလ္လင်ထက်၌ အသီးအသီး ထိုင်နေတော်မူကြ၍ ဝိနည်းသိက္ခာပုဒ်တော် အသီး အသီး၏ ဝတ္ထု, နိဒါန်း, ပုဂ္ဂိုလ်, မူလပညတ်, အနုပညတ်, အာပတ် သင့်ပုံ, မသင့်ပုံ-စသည် မေးသင့်မေးထိုက်သမျှသော အချက် အလက်များကို သိက္ခာပုဒ် တခုစီ တခုစီ အရှင်မဟာကဿပ မထေရ်ကမေး၍ မေးတိုင်း မေးတိုင်းသော အချက်အလက်များကို အရှင်ဥပါလိမထေရ်က အပြည့်အစုံ ဖြေကြားတော်မူပြီးနောက် သံဂီတိကာရက သံဃာတော် ၅၀၀-တို့သည် မေး, ဖြေအပ်သော အစဉ်နည်းအတိုင်း (တေန သမယေန-စသည် တေန ခေါ ပန သမယေန-စသည်, အထ ခေါ-စသည်, ဧဝံ ဝုတ္တေ-စသည် ထညေသင့် ထည့်ထိုက်သော အဆက်အစပ် စကားရပ် စသည်ကို ထည့်သွင်းတော်မူကြ၍ “တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဝေရဉ္စာယံ ဝိဟရတိ”ဤသို့ အစရှိသည်ဖြင့်) စုပေါင်းညီညာ ရွတ်ဆိုတော် မူကြကာ သံဂါယနာ တင်တော်မူကြလေသည်။ (စုပေါင်း ညီညာ ရွတ်ဆိုကြခြင်းကို သံဂါယနာဟု ခေါ်၏)။

ပဌမပါရာဇိကကို စုပေါင်းရွတ်ဆို၍ ပြီးသောအခါ မဟာပထဝီ ဤမြေကြီးသည် သာဓုကောင်းကြီး ပေးသည့်အလား ရေအဆုံးအပိုင်းအခြားပြု၍ ပြင်းစွာတုန်လှုပ်လေ၏။

(နှာ-၄၇၉)

ဤနည်းအတိုင်းပင် ကျန်သော ပါရာဇိကသိက္ခာပုဒ် သုံးပါး အစရှိသည့် (၂၂၇) နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ်သော သိက္ခာပုဒ်တို့ကိုလည်း တခုစီ တခုစီ အပြည့်အစုံ မေး, ဖြေ သံဂါယနာတင်တော်မူကြ၍ ပါရာဇိကကဏ္ဍပါဠိ အမည်ကမ္ပည်းတပ်သော ဤ ဘိက္ခုဝိဘင်းပါဠိတော်ကို “မဟာဝိဘင်္ဂ” ဟု အမည်ပညတ် သတ်မှတ်တော်မူကြကာ ဝါစနာမဂ္ဂ = ချပို့သင်ကြားရိုးအစဉ် ထားတော်မူကြကုန်၏။ ထိုမဟာဝိဘင်းကို စုပေါင်းရွတ်ဆို၍ ပြီးသောအခါမှာလည်း ရှေးနည်းအတူပင် မဟာပထဝီမြေကြီး ပြင်းစွာတုန်လှုပ်လေ၏။

ထို့နောက် ဘိက္ခုနီဝိဘင်းလာ (၃၀၄) သိက္ခာပုဒ်ပေါင်း သုံးရာ့လေးတို့ကိုလည်း တခုစီ တခုစီ အပြည့်အစုံ မေး, ဖြေ, သံဂါယနာတင်တော်မူကြ၍ “ဘိက္ခုနီဝိဘင်း”ဟု အမည်ပညတ် သတ်မှတ်တော်မူကြ၍ ရှေးမဟာဝိဘင်းနှင့် ဤဘိက္ခုနီဝိဘင်း နှစ်ရပ်ကို “၆၄-ဘာဏဝါရရှိသော ဥဘတောဝိဘင်း” ဟု အမည်ပညတ် သတ်မှတ်တော်မူကြကာ ၀စနာမဂ္ဂ=ချပို့သင်ကြားရိုးအစဉ် ထားတော်မူကြကုန်၏။ ဥဘတောဝိဘင်းကို စုပေါင်း ရွတ်ဆို၍ ပြီးသောအခါမှာလည်း ရှေးနည်းအတူပင် မဟာပထဝီ မြေကြီး ပြင်းစွာတုန်လှုပ်လေ၏။

ဤနည်းဖြင့်ပင် ဘာဏဝါရရှစ်ဆယ်ရှိသော မဟာဝဂ္ဂ, စူဠဝဂ္ဂ ခန္ဓကပါဠိတော်တို့နှင့် နှစ်ဆယ့်ငါးဘာဏဝါရ ပမာဏရှိသော ပရိဝါရပါဠိတော်ကိုလည်း သံဂါယနာ တင်တော်မူကြပြီးလျှင် “ဤကား ဝိနယပိဋကမည်စေ”ဟု အမည်ပညတ် သတ်မှတ်ထားတော်မူကြကုန်၏။ ဝိနည်းပိဋကတ်ကို စုပေါင်းရွတ်ဆို(သံဂါယနာတင်)၍ ပြီးသောအခါမှာလည်း ရှေးနည်းအတူပင် မဟာပထဝီ မြေကြီး ပြင်းစွာတုန်လှုပ်လေ၏။

ဝိနည်းပိဋကတ်ကို အရှင်ဥပါလိသို့ အပ်နှင်းတော်မူကြခြင်း

ထိုသို့ သံဂါယနာတင်ပြီးသော ဝိနည်းပိဋကတ်တော်ကို သံဂီတိကာရက မထေရ်မြတ် ၅၀၀-တို့သည် “ငါ့ရှင်... ဤဝိနည်း

ပိဋကတ်ကို သင့်ထံ နိဿယည်းခံကြသည့် တပည့်များကို ပို့ချ သင်ကြားပေးပါလော့”ဟု တာဝန်ပေးစကား မိန့်ကြားတော်မူ ကြကာ အရှင်ဥပါလိမထေရ်သို့ အပ်နှင်းတော်မူကြလေကုန်၏။ ဝိနည်းပိဋကတ်ကို သံဂါယနာတင်၍ ပြီးဆုံးသောအခါ အရှင်ဥပါလိမထေရ်သည် ဆင်စွယ်ယပ်ကို ပလ္လင်ထက်ဝယ် ချထားခဲ့၍ ဓမ္မာသနပလ္လင်မှ ဆင်းတော်မူပြီးလျှင် မထေရ်ကြီးတို့ကို ရှိခိုး၍ မိမိအတွက် ရောက်သောနေရာ၌ ထိုင်နေတော်မူလေ၏။

(နှာ-၄၈၀)

ဝိနယ (=ဝိနည်းပိဋကတ်)ကို သံဂါယနာတင်ပြီးနောက် ဓမ္မ (= သုတ်, အဘိဓမ္မာ)ကို သံဂါယနာတင်တော်မူလိုသည် ဖြစ်၍ အရှင်မဟာကဿပမထေရ်သည် သံဂီတိကာရကမထေရ်တို့ကို “ငါ့ရှင်တို့...ဓမ္မ=သုတ်, အဘိဓမ္မာကို သံဂါယနာတင်ကြမည့် ငါတို့သည် အဘယ်မထေရ်ကို အကြီးအမှူး အဦးပြု၍ ဓမ္မ=သုတ်, အဘိဓမ္မာကို သံဂါယနာတင်ကြမည်နည်း”ဟု သံဃဆန္ဒကို ရယူ မေးမြန်းတော်မူလေ၏။ သံဂီတိကာရက မထေရ်အားလုံးတို့သည် “အရှင်အာနန္ဒာမထေရ်ကို အကြီးအမှူး အဦးပြု၍ သံဂါယနာတင်ကြကုန်အံ့”ဟု ညီတညွတ်တည်း ဖြေကြားတော်မူကြကုန်၏။

ထို့နောက် အရှင်မဟာကဿပမထေရ်သည် ဓမ္မပုစ္ဆာဉတ်ထားတော်မူ၍ အရှင်အာနန္ဒာမထေရ်သည် ဝိဿဇ္ဇကဉတ် ထားတော်မူပြီးလျှင် မိမိနေရာမှထ၍ သင်္ကန်းကို လက်ကန်တော့ စံပယ်တင်ပြီးလျှင် မထေရ်ကြီးတို့ကို ရှိခိုးပြီးနောက် ဆင်စွယ် ယပ်ဝန်းကို စွဲကိုင်တော်မူကာ ဓမ္မာသနပလ္လင်၌ ထိုင်နေတော်မူလေ၏။ ထိုသို့ ထိုင်နေပြီးသောအခါ အရှင်မဟာကဿပမထေရ် နှင့် သံဂီတိကာရကမထေရ်တို့ ဓမ္မကို သံဂါယနာတင်ရန်အတွက် ဆွေးနွေးတော်မူကြသည်မှာ__

(မဟာပဿပ ) ငါ့ရှင်တို့...ဓမ္မအရ သုတ္တန်ပိဋက, အဘိဓမ္မာပိဋကဟူ၍ နှစ်မျိုးရှိရာ အဘယ်ပိဋကကို ရှေးဦးစွာ သံဂါယနာ တင်ကြမည်နည်း။

(နှာ-၄၈၁)

(မထေရ်များ) သုတ္တန်ပိဋကကို ရှေးဦးစွာ သံဂါယနာ တင်ကြပါကုန်စို့ဘုရား... (ဝိနယပိဋကကား အဓိသီလ သိက္ခာကို ပဓာနအားဖြင့် ဟောကြားသည်၊ သုတ္တန္တ ပိဋကကား အဓိစိတ္တသိက္ခာကို ပဓာနအားဖြင့် ဟောကြားသည်၊ အဘိဓမ္မာပိဋကကား အဓိပညာသိက္ခာကို ပဓာနအားဖြင့် ဟောကြားသည်။ ဤ သီလ, သမာဓိ, ပညာ = သိက္ခာသုံးပါး အစဉ်အတိုင်း ပိဋကသုံးပုံကို သံဂါယနာ တင်တော်မူကြသည်ဟု အထူးမှတ်ရာ၏)။

(မဟာကဿပ) ငါ့ရှင်တို့... သုတ္တန် ပိဋကဝယ် သံဂါယနာတင်ရမည့် နိကာယ်ကြီး (သုတ်အပေါင်းအစုကြီး) လေးရပ်တို့ရှိလေရာ အဘယ်နိကာယ်ကို ရှေးဦးစွာ သံဂါယနာတင်ကြမည်နည်း။

(မထေရ်များ) ဒီဃနိကာယ်ကို ရှေးဦးစွာ သံဂါယနာ တင်ကြပါကုန်စို့ဘုရား...။

(မဟာကဿပ) ငါ့ရှင်တို့ဒီဃနိကာယ်၌ သုတ်ပေါင်း ၃၄-သုတ်၊ ဝဂ်ပေါင်း ၃-ဝဂ်တို့ရှိရာ အဘယ်ဝဂ်ကို ရှေးဦးစွာ သံဂါယနာတင်ကြမည်နည်း။

(မထေရ်များ) သီလက္ခန္ဓဝဂ်ကို ရှေးဦးစွာ သံဂါယနာ တင်ကြပါကုန်စို့ဘုရား...။

(မဟာကဿ၀) ငါ့ရှင်သီလက္ခန္ဓဝဂ်၌ သုတ်ပေါင်း ၁၃-သုတ်တို့ရှိရာ အဘယ်သုတ်ကို ရှေးဦးစွာ သံဂါယနာ တင်ကြမည်နည်း။

(မထေရ်များ) အရှင်ဘုရား...ဗြဟ္မဇာလသုတ်မည်သည် စူဠ, မဇ္ဈိမ, မဟာ = သုံးဖြာသောသီလတို့ဖြင့် တန်းဆာ ဆင်အပ်သောသုတ် ဖြစ်ပါသည်၊ အထူးထူး အပြားပြားသော မိစ္ဆာဇီဝ, ကုဟန=အံ့အဲအောင်ပြုမှု, လပန= လိမ်လည်လှည့်ဖြား ဝါကြွားပြောဆိုမှု-အစရှိသည့်သာသနာတော်နှင့် မလျော်မလျောက်ပတ်သော အမူအကျင့်

(နှာ-၄၈၂)

တို့ကို ပယ်လျှို့ဖျက်ဆီးနိုင်သည့် သုတ္တန်လည်း ဖြစ်ပါသည်၊ ၆၂-ဖြာ မိစ္ဆာအယူခပင်းတို့ကို ဖြေရှင်းဟောကြားရာလည်း ဖြစ်ပါသည်။ လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်းကို ၆၂-ကြိမ်တိုင်တိုင် တုန်လှုပ်စေသော သုတ္တန်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုဗြဟ္မဇာလသုတ်ကို ရှေးဦးစွာ သံဂါယနာတင်ကြပါကုန်စို့ဘုရား...။

ဤကဲ့သို့ ဆွေးနွေးတော်မူကြပြီးနောက် အရှင်မဟာကဿပ မထေရ်သည် အရှင်အာနန္ဒာမထေရ်ကို ဗြဟ္မဇာလသုတ်ဆိုင်ရာ နိဒါန်း, ပုဂ္ဂိုလ်, ဝတ္ထု-စသည် မေးသင့်သမျှ အချက်အလက်တို့ကို အပြည့်အစုံ မေးမြန်းတော်မူသည်။ အရှင်အာနန္ဒာမထေရ်မြတ်သည် မေးတိုင်းမေးတိုင်း အပြည့်အစုံ ဖြေကြားတော်မူသည်။ ထိုသို့ မေးဖြေပြီးဆုံးသောအခါ သံဂီတိကာရက ရဟန္တာမထေရ် ၅၀၀-တို့သည် ဗြဟ္မဇာလသုတ်ကို စုပေါင်းညီညွတ် ရွတ်ဆိုတော်မူကြကာ သံဂါယနာတင်တော်မူကြကုန်၏။ (စုပေါင်း ညီညွတ် ရွတ်ဆိုခြင်းကို သံဂါယနာတင်သည်ဟု ခေါ်၏)။ ဗြဟ္မဇာလသုတ်ကို သံဂါယနာတင်ပြီးသည်၏အဆုံး၌ မဟာပထဝီ မြေကြီး ရှေးနည်းအတူ ပြင်းစွာတုန်လှုပ်လေ၏။

ဤသိုဗြဟ္မဇာလသုတ်ကို သံဂါယနာတင်ပြီးနောက် သာမညဖလ-အစရှိသည့် ကျန်သော ၁၂-သုတ်တို့ကိုလည်း အပြည့်အစုံ မေး, ဖြေ, သံဂါယနာတင်တော်မူကြပြီးလျှင် ဗြဟ္မဇာလသုတ္တန် နှင့်တကွ ၁၃-သုတ်တို့ကို “ဤကား သီလက္ခန္ဓဝဂ် မည်၏”ဟု သတ်မှတ်ပိုင်းခြားဝါစနာမဂ္ဂ=ချပို့သင်ကြားရိုးအစဉ် ထားတော် မူကြကုန်၏။

ထို သီလက္ခန္ဓဝဂ်၏အခြားမဲ့၌ မဟာဝဂ် သုတ်ပေါင်း ၁၀-ကို၎င်း, ထိုမဟာဝဂ်၏ အခြားမဲ့၌ ပါထိကဝဂ် သုတ်ပေါင်း ၁၁သုတ်တို့ကို၎င်း အပြည့်အစုံ မေး, ဖြေ, သံဂါယနာတင်တော်မူကြပြီးလျှင် ဤဆိုအပ်ပြီးသည့် ဝဂ်ပေါင်းသုံးဝဂ်တို့ဖြင့် သင်္ဂြိုဟ် ရေတွက်အပ်၍ သုတ်ပေါင်း ၃၄-သုတ်တို့ဖြင့် တန်းဆာဆင်အပ်လျက် ၆၄-ဘာဏဝါရမျှ ပမာဏရှိသော ဘုရားစကားတော်

(နှာ-၄၈၃)

အစဉ်ကို စုပေါင်းရွတ်ဆိုတော်မူကြပြီးနောက် “ဤကား ဒီဃနိကာယ်= ရှည်လျားသော သုတ္တန်အပေါင်း မည်၏”ဟု အမည် ပညတ် သတ်မှတ်တော်မူကြပြီးလျှင် ထို ဒီဃနိကာယ်တရားတော်မြတ်ကို သံဂီတိကာရက မထေရ်အားလုံးတို့သည် “ငါ့ရှင်... ဒီဃနိကာယ်ကို ငါ့ရှင်၏ထံ၌ နိဿယည်း ခံယူနေထိုင်ကြသော တပည့်တို့ကို ချပေးပါလော့”ဟု မိန့်ကြားတော်မူကြကာ အရှင်အာနန္ဒာမထေရ်မြတ်ကို အပ်နှင်းတော်မူကြလေကုန်၏။

ထို့နောက် သံဂီတိကာရကမထေရ်မြတ်တို့သည် ဘာဏဝါရ ရှစ်ဆယ် ပမာဏရှိသော မဇ္ဈိမနိကာယ် ဘုရားစကားကို မေး, ဖြေ, သံဂါယနာတင်တော်မူကြပြီးလျှင် “ငါ့ရှင်တို့သည် ဤမဇ္ဈိမနိကာယ်ကို မပျောက်မပျက်အောင် ဆောင်ကြလော့”ဟု တာဝန် ပေးစကား မိန့်ကြားတော်မူကြ၍ အရှင်သာရိပုတ္တရာ၏ တပည့်များကို အပ်နှင်းတော်မူကြလေကုန်၏။

ထို့နောက် သံဂီတိကာရကမထေရ်မြတ်တို့သည် ဘာဏဝါရ တရာ ပမာဏရှိသော သံယုတ္တနိကာယ် ဘုရားစကားတော်ကို မေး, သံဂါယနာတင်တော်မူကြပြီးလျှင် “အရှင်ဘုရား ...ဤ သံယုတ္တနိကာယ် ဘုရားစကားတော်ကို အရှင်ဘုရားတို့၏ ထံ၌ နိဿယည်း ခံယူနေထိုင်ကြသော တပည့်တို့ကို ပို့ချပေးတော်မူကြပါလော့”ဟု လျှောက်ထားကြကာ အရှင်မဟာကဿပ မထေရ်မြတ်ကို အပ်နှင်းတော်မူကြလေကုန်၏။

ထို့နောက် သံဂီတိကာရကမထေရ်မြတ်တို့သည် ဘာဏဝါရ တရာ့နှစ်ဆယ် ပမာဏရှိသော အင်္ဂုတ္တရနိကာယ် ဘုရားစကားတော်ကို မေး, ဖြေ, သံဂါယနာတင်တော်မူကြပြီးလျှင်“ဤအင်္ဂုတ္တရ နိကာယ်ဘုရားစကားတော်ကို အရှင်ဘုရားတို့၏ထံ၌ နိဿယည်း ခံယူနေထိုင်ကြသော တပည့်တို့ကို ပို့ချပေးတော်မူကြပါလေရော့”ဟု လျှောက်ထားကြတော့ အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို အပ်နှင်းတော်မူကြလေကုန်၏။

(နှာ-၄၈၄)

ထို့နောက် သံဂီတိကာရက မထေရ်မြတ်တို့သည် ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်းဟူသော အဘိဓမ္မာခုနစ်ကျမ်းတို့ကို မေး,ဖြေ, သံဂါယနာတင်တော်မူကြလေသည်။ ရှေးဆိုအပ်ပြီးနည်းအတိုင်း မဟာပထဝီမြေကြီး ပြင်းထန်စွာ တုန်လှုပ်မှု ဖြစ်လေသည်။

ထို့နောက် သံဂီတိကာရက မထေရ်မြတ်တို့သည် ဇာတက, နိဒ္ဒေသ, ပဋိသမ္ဘိဒါမဂ္ဂ, အပဒါန, သုတ္တနိပါတ, ခုဒ္ဒကပါဌ, ဓမ္မပဒ, ဥဒါန, ဣတိဝုတ္တက, ဝိမာနဝတ္ထု၊ ပေတဝတ္ထု, ထေရဂါထာ, ထေရီဂါထာတို့ကို မေး,ဖြေ, သံဂါယနာတင်တော်မူကြပြီးလျှင် “ခုဒ္ဒကနိကာယ်”ဟု သတ်မှတ်တော်မူကြလေသည်။ ယင်းခုဒ္ဒကနိကာယ်ကို ဒီဃနိကာယ်ဆောင် အရှင်မြတ်တို့သည် “အဘိဓမ္မာ ပိဋက၌ သင်္ဂြိုဟ်သံဂါယနာတင်တော်မူကြပြီ”ဟု မိန့်ဆိုတော်မူကြကုန်၏။ မဇ္ဈိမနိကာယ်ဆောင် အရှင်မြတ်တို့သည်ကား “ဖော်ပြရာပါ တဆယ့်သုံးကျမ်းတို့နှင့်တကွ ဗုဒ္ဓဝံသ, စရိယာပိဋက=ဤ တဆယ့်ငါးကျမ်းလုံးသည် ခုဒ္ဒကနိကာယ် အမည်တွင်၍ သုတ္တန် ပိဋက၌ အကျုံးဝင်၏”ဟု မိန့်ဆိုတော်မူကြလေသည်။ (ဆိုအပ်ပြီးသည်ကား သုတ်သီလက္ခန်အဋ္ဌကထာ စာမျက်နှာ ၃-မှ ၁၆ အထိ ဖွင့်ပြချက်တည်း။ ထိုစကားရပ်စု၌ “ဘာဏဝါရ” ဟူသော အခေါ်အဝေါ်မှာ သံဂါယနာတင်တော်မူကြသောအခါ တကြိမ်ရွတ် တကြိမ်ရွတ်စာကို ခေါ်ဝေါ်သော သံဂါယနာဝေါဟာရ ဖြစ်သည်။ ယင်း တဘာဏဝါရကို စက်နာရီအားဖြင့် နှာရီဝက်ခန့် ရွတ်ဆိုရသည်။ သံဂါယနာ တင်တော်မူအံ့သောအခါ အရှင်မဟာကဿပ, အရှင်ဥပါလိ, အရှင်အာနန္ဒာတို့ မိမိကိုယ်ကို သမုတ်ကြသောဉာတ်ပါဠိကားဝိနည်း စူဠဝဂ္ဂ ပဉ္စသတိကက္ခန္ဓက၌ လာ၏)။

ဤသို့လျှင် အရှင်အာနန္ဒာမထေရ်မြတ်သည် ပဌမသံဂါယနာ တင်တော်မူရာ၌ဓမ္မခေါ်သည့်သုတ္တန်ပိဋက အဘိဓမ္မာပိဋကတို့ကို တာဝန်ဆောင်၍ ရဲရဲတောက် ဖြေကြားတော်မူခဲ့ရလေသည်။

ဤကား အရှင်အာနန္ဒာ၏ ပဌမသံဂါယနာ၌ အရေးပါပုံတည်း။

(နှာ-၄၈၅)

အရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံတော်မူခြင်း

အရှင်အာနန္ဒာမထေရ်မြတ်သည် မြတ်စွာဘုရားရှင်နှင့် ဖွား ဖက်တော်ဖြစ်ခြင်းကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ နှစ်, ပဌမသံဂါယနာတင်ရာနှစ်ဖြစ်သည့် မဟာသက္ကရာဇ်(၁၄၈) တရာ့လေးဆယ့်ရှစ်ခုနှစ်၌ အသက်တော်ရှစ်ဆယ် ရှိနေလေပြီ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ပဌမသံဂါယနာတင်ပြီးနောက် နှစ်ပေါင်းလေးဆယ်အရောက် မထေရ်မြတ်၏အသက်တော် အနှစ်(၁၂၀)တရာ့နှစ်ဆယ် ရှိသောအခါ တနေ့သ၌ မထေရ်မြတ်သည် မိမိ၏ အာယုသင်္ခါရခေါ် ဇီဝိတသန္တတိကို ကြည့်ရှုဆင်ခြင်တော်မူလေသော် ကုန်နေသောအဖြစ်ကို သိတော်မူ၍ “ငါသည် ယနေ့မှနောက် ခုနစ်ရက်မြောက်၌ ပရိနိဗ္ဗာန် ဝင်စံတော့အံ့”ဟု တပည့်ဖြစ်သူ ရှင်လူတို့အား မိန့်ကြားတော် မူလေသည်။

ထိုသတင်းကို ကြား၍ ရောဟိဏီမြစ်(သာကိယ, ကောလိယ မင်းတို့ ရေအမှုခင်းဖြစ်ရာ မြစ်)၏ ဟိုမှာဖက်, ဤမှာဖက် = ကမ်းနှစ်ဖက်၌ နေကြသူလူတို့တွင် ဤမှာဖက်ကမ်းနေလူတို့သည် “ငါတို့ကား မထေရ်မြတ်၏အပေါ်၌ ဥပကာရကျေးဇူး အထူး များသူတို့ ဖြစ်ကုန်၏။ ထို့ကြောင့် မထေရ်မြတ်သည် ငါတို့အထံ၌ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်”ဟု ပြောဆိုကြလေ၏။ ထိုမှာဖက် ကမ်း၌နေသူ လူတို့ကလည်း ထို့အတူပင် ပြောဆိုကြလေ၏။

မထေရ်မြတ်သည် ကမ်းနှစ်ဖက်၌နေသူ လူတို့၏စကားကို ကြားသိတော်မူရ၍ “ကမ်းနှစ်ဖက်၌နေသူ လူအားလုံးတို့ပင် ငါ့ အပေါ်၌ ဥပကာရကျေးဇူး အထူးများသူတို့ ဖြစ်ကြသည်။ ‘ဤမည်သောသူတို့သည် ကျေးဇူးမပြုကြကုန်’ဟူ၍ မပြောဆိုနိုင်၊ အကယ်၍ ငါသည် ဤမှာဖက်ကမ်း၌ ပရိနိဗ္ဗာန်စံခဲ့လျှင် ထိုမှာ ဖက်ကမ်းနေသူ လူတို့သည် ငါ၏သာရီရိကဓာတ်တို့ကို ရယူရန်အတွက် ဤမှာဖက်ကမ်း နေသူလူတို့နှင့် ခိုက်ရန်မှု ပြုကြပေလိမ့်မည်။ အကယ်၍ ထိုမှာဖက်ကမ်း၌ ပရိနိဗ္ဗာန်စံခဲ့လျှင် ဤမှာ ဖက်ကမ်းနေသူ လူတို့သည်လည်း ထို့အတူပင် ခိုက်ရန်မှု ပြုကြပေ

(နှာ-၄၈၆)

လိမ့်မည်။ ထိုခိုက်ရန်မှုသည် ဖြစ်ပေါ်လျှင်လည်း ငါ့ကို အမှီပြု၍ သာလျှင် ဖြစ်ပေါ်လိမ့်မည်၊ ငြိမ်းအေးလျှင်လည်း ငါ့ကို အမှီပြုရ မှသာ ငြိမ်းအေးပေလိမ့်မည် = ငါ မစီမံတတ်လျှင် ခိုက်ရန်မှု ဖြစ်ပွါးလိမ့်မည်၊ ငါ စီမံတတ်လျှင် ခိုက်ရန်မှု ငြိမ်းအေးလိမ့်မည်” ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင်__

“ဒါယကာ ဒါယိကာမအပေါင်းတို့...ဤမှာဖက်ကမ်းနေသူ လူတို့သည်လည်း ငါ၏အပေါ်မှာ ကျေးဇူးများ ကြသည်သာ ဖြစ်ကုန်၏၊ ထိုမှာဖက်ကမ်းနေသူ လူတို့သည်လည်း ငါ၏အပေါ်မှာ ကျေးဇူးများကြသည်သာ ဖြစ်ကုန်၏။ ကျေးဇူးမများကြသူဟူ၍ မရှိကြကုန်၊ ဤမှာ ဖက်ကမ်းနေသူ လူတို့သည်လည်း ဤမှာဖက်ကမ်း၌သာ စည်းဝေး၍ နေကြကုန်စေ၊ ထိုမှာဖက်ကမ်းနေသူ လူတို့သည်လည်း ထိုမှာဖက်ကမ်း၌သာ စည်းဝေး၍ နေကြကုန်စေ”__

ဟု မိန့်တော်မူလေ၏။ ထို့နောက် ခုနစ်ရက်မြောက်သောနေ့၌ မထေရ်မြတ်သည် ရောဟိဏီမြစ်၏ အလယ်ဗဟို အထက်

ကောင်းကင်(ထန်းခုနှစ်ပြန်ခန့်အမြင့်)၌ ထက်ဝယ်ဖွဲ့ခွေ(= တင်ပလ္လင်ခွေ)ထိုင်နေတော်မူပြီးလျှင် ရှေးဦးစွာ လူအများကို တရား ဟောတော်မူလေသည်။

ထိုသို့ တရားဟောတော်မူပြီးမှ “ငါ၏ကိုယ်သည် အလယ်မှ ထက်ခြမ်းကွဲ၍ တခြမ်းသည် ဤမှာဖက်ကမ်း၌ ကျစေသတည်း၊ တခြမ်းသည် ထိုမှာဖက်ကမ်း၌ကျစေသတည်း”ဟု အဓိဋ္ဌာန်တော် မူလေသည်။ ထိုသို့ အဓိဋ္ဌာန်တော်မူပြီးနောက် အဘိညာဏ်၏ အခြေပဒဖြစ်သော တေဇောကသိဏဈာန်ကို ၀င်စားတော်မူလေသည်။ ထိုဈာန်မှထ၍ အဘိညာဏ်ဝီထိ ဖြစ်ပေါ်လာသောအခါ အဘိညာဏ်ဇောနှင့်ပြိုင်လျက် ကိုယ်တော်မှ မီးအလျှံများ တဟုန်းဟုန်း ထပေါ်ဖြစ်ပွါး၍ လာပြီးလျှင် ထိုအဘိညာဏ်ဝီထိ၏ အခြားမဲ့၌ မထေရ်မြတ်သည် ပစ္ဆိမစုတိစိတ် ကျတော်မူကာ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းတော်မူလေသည်။

(နှာ-၄၈၇)

အဓိဋ္ဌာန်တော်မူချက်အတိုင်း ကိုယ်တော်သည် အလယ်မှ ထက်ခြမ်းကွဲ၍ တခြမ်းသည် ဤမှာဖက်ကမ်း၌ ကျ၍ ကျန်တခြမ်းသည် ထိုမှာဘက်ကမ်း၌ ကျလေ၏။ ထိုအခါ ကမ်းနှစ်ဖက်နေသူ လူများအပေါင်းသည် သည်းစွာငိုကြွေးကြလေ၏။ ထိုလူတို့ ငိုကြွေးသောအသံသည် မြေပြိုအံ့သော အသံကဲ့သို့ ဖြစ်လေ၏။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသောအခါငိုကြွေးသောအသံထက် သနားဖွယ်ကောင်းလှ၏။ လူတို့သည် လေးလတို့ပတ်လုံး ငိုကြွေးကြကုန်လျက် “မြတ်စွာဘုရား၏ သပိတ်, သင်္ကန်းတော်ကို ကိုင်ဆောင်သော မထေရ်မြတ် ထင်ရှားရှိနေလတ်သော် မြတ်စွာဘုရား ထင်ရှားရှိတော်မူသောကာလကဲ့သို့ အကျွန်ုပ်တို့မှာ ဖြစ်ရှိပါသည်။ ယခုမှ အကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည် စင်စစ်အမှန် ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီ” ဟု တတွတ်တွတ် မြည်တမ်း စကား ပြောကြားလှည့်လည်ကာ နေကြရှာလေကုန်သတည်း။

သံဝေဂဂါထာ ပါဠိ, အနက်

ဟာ သံယောဂါ ဝိယောဂန္တာ၊ ဟာ အနိစ္စာဝ သင်္ခတာ။
ဟာ ဥပ္ပန္နာ စ ဘင်္ဂန္တာ၊ ဟာ ဟာ သင်္ခါရဓမ္မတာ။

သံယောဂါ = ဆရာဒကာ မိတ်သဟာနှင့် ဆွေဉာ ရင်းနှီး သားသမီးက ဇနီးမောင်နှံ ဆက်ဆံကြိုက်ကြုံ ပေါင်းဆုံရခြင်း ဟူသမျှတို့သည်။ ဝိယောဂန္တာ= ဒေသ ဝေးခြား ရပ်တပါးသို့ ပြောင်းသွားကွေကွင်းရခြင်း, ဘဝ ခြားကာ ကွဲကွာကွေကွင်းရခြင်း တည်းဟူသော သေကွဲ, ရှင်ကွဲ =ဤနှစ်ကွဲလျှင် မလွှဲနိုင်ဘိ အဆုံးရှိကုန်ရကား။ ဟာ…=သောက, ပရိဒေ၀ စရှိထွေထွေ ဒုက္ခပေါင်း ပင်လယ်ဝေ ဟင် ...ကြောက်လန့်ဖွယ်တို့ပါပေ။ သင်္ခတာ = ကံ, စိတ်, ဥ, ဟာ, ကြောင်းလေးတို့ ပေါင်းကာပြုပြင် စီရင်အပ်သမျှ သင်္ခတ တရားအစုတို့သည်။ (နှာ-၄၈၈)

အနိစ္စာဝ = အစိုင်အခဲ အမြဲမတည် အဓွန့်ရှည်ကြကုန်သည် ဖြစ်၍သာလျှင်။ ဟာ =သောက, ပရိဒေဝ စရှိ ထွေထွေ ဒုက္ခပေါင်း ပင်လယ်ဝေ ဟင် ... ကြောက်လန့် ဖွယ်ရှိပါပေ။ ဥပ္ပန္နာ စ = ဥပါဒ်မကင်း ဖြစ်ပေါ်ခြင်း ရှိကြသည့် မြင်သမျှအလုံးစုံ သင်္ခါရအဖုံဖုံတို့သည်လည်း။ ဘင်္ဂန္တာ = ပြိုခြင်း ပျက်ခြင်း ချုပ်ပျောက်ခြင်းလျှင် မငြင်းနိုင်ဘိ အဆုံးရှိကုန်ရကား။ ဟာ... = သောက, ပရိဒေဝ စရှိထွေထွေ ဒုက္ခပေါင်း ပင်လယ်ဝေ ဟင်...ကြောက်လန့်ဖွယ်တို့ပါပေ။ သင်္ခါရဓမ္မတာ = ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ နိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ သဘောတံထွာ ဓမ္မတာလမ်းရိုးကြီးသည်။ ဟာ...ဟာ... =ဒုက္ခသမုဒ်ဝဲဇလုတ်ဝယ်နစ်မြုပ်စေတတ် အကြောင်းရင်း ဧကန် အခြေခံမှန်လတ်သဖြင့် ဆတ်ဆတ်ပုံသေ ဟင်... ဟင်...ကြောက်ရွံ့ထိတ်လန့်ဖွယ်ပေတကား...။

ဤကား အရှင်အာနန္ဒာမထေရ်မြတ် အကြောင်းတည်း။

______

(၃၁) အရှင်ဥရုဝေလကဿပမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤမထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်တွင် အမျိုးကောင်းအိမ်၌ ပဋိသန္ဓေ တည်ယူနေ၍ အရွယ်သို့ရောက်လတ်သော် ပဒုမုတ္တရမြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ပရိသတ် အခြံအရံ များသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ် ရာထူး”၌ ထားတော်မူသည်ကိုမြင်ရ၍“ငါသည်လည်း အနာဂတ နောက်ကာလဝယ် ဤရဟန်းနည်းတူ ပရိသတ်အခြံအရံ များသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရသူဖြစ်မှ သင့်တော်မည်”ဟု ကြံစည်ဆင်ခြင်လျက် ခုနစ်ရက်ကြာ ဘုရား အမှူးရှိသောသံဃာအား မဟာဒါနကြီး ပေးလှူပြီးလျှင် ခုနစ်ရက်

(နှာ-၄၈၉)

မြောက် ရောက်သောနေ့၌ ထိုဘုရားအမှူးရှိသော သံဃာအား တိစီဝရိက် (= သင်္ကန်းသုံးထည်) တစုံစီ ဆက်ကပ်လှူဒါန်းပြီးနောက် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးဦးညွှတ်၍ ပရိသတ် အခြံအရံ များသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ် ဘွဲ့ထူးရပုဂ္ဂိုလ်ဖြစ်ရန် ဆုတောင်းပတ္ထနာမှု ပြုလေ၏။

ပဒုမုတ္တရ မြတ်စွာဘုရားရှင်သည် ထို အမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို သိမြင်တော်မူ၍ “သင်သည် အနာဂတ နောက်ကာလဝယ် ဂေါတမမြတ်စွာ သာသနာ၌ ပရိသတ်အခြံအရံ များကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့၍ ဖဲကြွတော်မူလေ၏။

ဖုဿမြတ်စွာဘုရားရှင်၏ ညီတော်မင်းသားဘဝ

ထို အမျိုးကောင်းသားသည် ဗျာဒိတ်ရသော ထို ဘဝဝယ် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဤယခု ဘဒ္ဒကမ္ဘာမှ ပဋိလောမအဆန် ပြန်၍ရေတွက်လျင် (၉၂) ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပွင့်ထွန်းတော်မူသော ဖုဿမြတ်စွာဘုရားရှင်၏ ဖတူမိကွဲ ညီတော် မင်းသားကြီး ဖြစ်လာလေသည်။ ထို မင်းသားမှာ အခြား ညီတော်မင်းသား နှစ်ဦးတို့ ရှိကြလေသည်။ (ထိုမင်းသားသုံးဦးကို ဖုဿမြတ်စွာဘုရားအမှူးပြုသော သံဃာတော်အား ဝါတွင်း သုံးလ ပစ္စည်းလေးပါးတို့ဖြင့် ပြုစုပူဇော်ခဲ့ကြပုံ အကြောင်းအရာ အကျယ်ကိုကား အောက်မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၆၀၇-မှ စ၍၎င်း, ဤမဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ စာမျက်နှာ ၃၃၆-မှ စ၍၎င်း ပြန်လည်ကြည့်ရှု မှတ်ယူကုန်ရာ၏)။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို မင်းသားညီနောင် သုံးဦးတို့သည် ဝါကျွတ်သောအခါ၊ ဘုရားအမှူးရှိသောသံဃာကို အလွန်မွန်မြတ်သော ပစ္စယပူဇာဖြင့်

(နှာ-၄၉၀)

ပူဇော်ကြ၍ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုကြပြီးလျှင် အပါယ်လေးပါး မလားမရောက်ကြပဲ ဤ ဘဒ္ဒကမ္ဘာဝယ် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူသည်မှ ရှေးဦးကပင်(=ပွင့်ထွန်းတော်မမူမီကပင်) ပုဏ္ဏားမျိုး၌ ဖြစ်ကြ၍ မိမိတို့ အနွယ်အားဖြင့် ညီနောင် သုံးဦးသားလုံးတို့ပင် ကဿပ-ဟူ၍ အမည်ရှိကြလေသည်။ ကဿပညီနောင် သုံးဦးသားတို့သည် အရွယ်သို့ရောက်ကြလတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြားတတ် မြောက်ကြလေသည်။ ထိုညီနောင်သုံးဦးတို့အနက် နောင်တော် အကြီးမှာ တပည့်လုလင်ပရိသတ်အခြံအရံ ငါးရာ, ညီအလတ်မှာ သုံးရာ, ညီအငယ်မှာ နှစ်ရာ အသီးအသီးရှိကြလေသည်။

ထိုညီနောင် သုံးဦးလုံးတို့ပင် မိမိတို့၏ ဗေဒင်ကျမ်းများ၌ အနှစ်သာရကို ကြည့်ရှု ဆင်ခြင်ကြသည်ရှိသော် မျက်မှောက် အကျိုးကို တွေ့မြင်ကြရ၍ တမလွန်အကျိုးကို မတွေ့မြင်ကြရကုန်။ ထို့နောက် ညီနောင်သုံးဦးတို့အနက် နောင်တော်အကြီး ဖြစ်သော ကဿပဂိုဏ်းဆရာကြီးသည် မိမိ၏ တပည့်ပရိတ်သတ် အခြံအရံငါးဦးတို့နှင့်အတူတကွ ဥရုဝေလတောသို့ သွားရောက်၍ ရသေ့ရဟန်းပြုပြီးလျှင် (နေရာတောကို အစွဲပြုကာ) ဥရုဝေလကဿပဆရာကြီးဟူ၍ အမည်တွင်လေသည်။ ညီအလတ်ကား ဂင်္ဂါမြစ်ကြီး၏ အကွေ့၌ ထို့အတူ တပည့်ပရိတ်သတ် အခြံအရံ သုံးရာတို့နှင့်အတူတကွ ရသေ့ရဟန်းပြုကာနေသဖြင့် နဒီကဿပ ဂိုဏ်းဆရာဟု အမည်တွင်လေသည်။ ညီအငယ်ကား ထို့အတူ တပည့်ပရိတ်သတ်အခြံအရံ နှစ်ရာတို့နှင့် အတူတကွ ဂယာသီသ အရပ်၌ ရသေ့ရဟန်းပြုကာ နေသဖြင့် ဂယာကဿပဂိုဏ်းဆရာ ဟု အမည်တွင်လေသည်။

ဤသို့လျှင် ထိုညီနောင်သုံးဦးတို့ ရသေ့ရဟန်းပြုကြ၍ ဥရုဝေလ တောအုပ် စသော ဖော်ပြရာပါ ဌာနအသီးသီးတို့၌ ဂိုဏ်းဆရာကြီးများ ပြုလုပ်ကာ နေထိုင်ကြစဉ်ပင် ရက်ပေါင်းနေ့ပေါင်း များစွာ ကုန်လွန်သောအခါ အကျွန်ုပ်၏ မြတ်စွာဘုရားရှင်သည် ပွင့်ထွန်းတော်မူလာ၍ ပဌမဝါကို ဣသိပတန-မိဂဒါဝုန်

(နှာ-၄၉၁)

တော၌ ဝါကပ်ဆိုတော်မူလျက် ဓမ္မစကြာတရားဦး ဟောတော်မူကာ ပဉ္စဝဂ္ဂီ မထေရ်ငါးဦးတို့ကို ချေချွတ်တော်မူခြင်း, ယသသူဌေးသားအမှူးပြုသော သူငယ်ချင်း (၅၅) ငါးကျိပ်ငါးယောက်တို့ကို ဆုံးမချေချွတ်တော်မူခြင်းအမှုကို ပြုသဖြင့် လူ့ပြည်လောကဝယ် လူသားရဟန္တာခြောက်ကျိပ်တို့ဖြစ်ထွန်းလာ၍ထိုနှစ်ဝါကျွတ်သောအခါ ရဟန္တာ ခြောက်ကျိပ်တို့ကို သာသနာပြု စေလွှတ်တော်မူပြီးနောက် ကိုယ်တော်တိုင်ကမူ ဥရုဝေလတောအုပ်ဖက်သို့ အသွား လမ်းခရီးအကြားဝယ် ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီ နောင်ညီမင်းသားသုံးကျိပ်တို့ကို သေက္ခအရိယာဘုံရောက် ဆုံးမ ချေချွတ်တော်မူကာ ဧဟိဘိက္ခု ရဟန်းချည်း ဖြစ်ကြစေလျက် ဥရုဝေလကဿပဂိုဏ်းဆရာရသေ့ကြီး၏ မဂ်, ဖိုလ်၏ ဥပနိဿယည်း ရှေးကောင်းမှု ပစ္စည်းကို ကြည့်ရှုဆင်ခြင်တော်မူလတ်သော် “ငါဘုရား ထိုသူထံ ကြွသွားလျှင် ညီနောင်သုံးဦးတို့ပင် မိမိတို့၏ ပရိသတ် အခြံအရံတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလိမ့်မည်”ဟု သိတော်မူ၍ အဖော်မပါ ကိုယ်တော်ထီးသာ ဥရုဝေလတောအုပ်သို့ ကြွရောက်၍ အောက်၌ဆိုအပ်ပြီး နည်းအတိုင်း နဂါးမင်းကို ဆုံးမခြင်းအစရှိသည့် ပြာဋိဟာပေါင်း (၃၅၀၀) သုံးဆောင့်ငါးရာတို့ဖြင့် အခြံအရံ တပည့်ပရိသတ်ငါးရာနှင့်တကွသော ဥရုဝေလကဿပဂိုဏ်းဆရာကြီးကို ဆုံးမတော်မူ၍ ဧဟိ ဘိက္ခု ရဟန်းချည်း ပြုစေတော်မူလေသည်။ နောင်တော်ကြီး ရဟန်းပြုကြောင်း သိရ၍ ညီတော်နှစ်ဦးတို့လည်း မိမိတို့ပရိသတ် နှင့် အတူတကွ ရဟန်းပြုကြလေသည်။ ထိုသူတို့အားလုံးပင် ဧဟိ ဘိက္ခု ရဟန်းချည်း ဖြစ်ကြလေသည်။ (ဤစာပိုဒ်ပါ အကြောင်းအရာ အကျယ်တို့ကို အောက်မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၅၄၃-၅၇၉ ၌ ပြန်လည်ကြည့်ရှု မှတ်ယူကုန်ရာ၏)။

မြတ်စွာဘုရားသည် ထိုရဟန်းတထောင်ကို ခေါ်ဆောင်၍ ဂယာသီသသို့ သွားရောက်ပြီးလျှင် ဂယာသီသကျောက်ဖျာ၌ ထိုင်နေတော်မူလျက် “ဤရဟန်းတို့အား အဘယ်သို့သော တရား ဒေသနာသည် သပ္ပါယဖြစ်လိမ့်မည်နည်း” ဟု ကြည့်ရှုဆင်ခြင်

(နှာ-၄၉၂)

တော်မူလတ်သော် “ဤသူတို့ကား သာသနာဝန်ထမ်း ရဟန်း မဖြစ်မီကာလက မီးကို လုပ်ကျွေးကြလျက် လှည့်လည်နေထိုင်ခဲ့ကြလေပြီ၊ ဤရဟန်းတို့အား ဘ၀သုံးပါးတို့ကို ရဲရဲပြောင်ပြောင် မီးတောက်လောင်သည့် အိမ်နှင့်တူအောင် ဥပမာပြု၍ တရားပြမှသာ သင့်လျော်လျောက်ပတ်ပေမည် = မီးသမားတို့ကို မီးတရား ‌ဟောမှ သင့်လျော်တော့မည်”ဟု သိတော်မူ၍ အာဒိတ္တပရိယာယသုတ်ကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ အားလုံးတို့ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြ လေကုန်၏။

မြတ်စွာဘုရားသည် ထို ရဟန္တာပေါင်းတထောင် ခြံရံအပ်လျက် ရှေးအခါက ဗိမ္ဗိသာရမင်းတရားအား ပဋိညာဉ်ဝန်ခံချက် (=ဘုရားဖြစ်ပြီးက ရာဇဂြိုဟ်သို့ ကြွပါမည်-ဟူသောဝန်ခံချက်) ပေးအပ်ပြီး ဖြစ်ရကား ရာဇဂြိုဟ်ပြည် ထန်းတောဥယျာဉ်သို့ ကြွတော်မူလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား ကြွရောက်တော်မူလာကြောင်း ကြားသိရ၍ ပုဏ္ဏားသူကြွယ် (ပုဏ္ဏားသူဌေး)ပေါင်း(၁၂၀၀၀၀)တသိန်းနှစ်သောင်းတို့နှင့် အတူတကွ မြတ်စွာဘုရားထံတော်သို့ သွားရောက် ရှိခိုးလျက် အပြစ်လွတ်ရာအရပ်ဝယ် ထိုင်နေလေ၏။ မြတ်စွာဘုရားရှင်သည် ထိုအလုံးစုံသောပရိသတ်ကို ကြည့်ရှုတော်မူ၍ ထိုလူများအပေါင်းက ဥရုဝေလကဿပအားသာ အထင်ကြီး ကြလျက် ရိုသေကျိုးနွံမှု ပြုကြသည်ကို မြင်တော်မူ၍ “ဤသူတို့သည် ငါဘုရားနှင့် ဥရုဝေလ ကဿပကို မည်သူကမြင့်မြတ်သည်ကို အတတ်ထင်ထင် မသိမြင်ကြကုန်၊ အကြံထွေးပြား များနေသူတို့မည်သည် တရားဒေသနာကို လက်ခံခြင်းငှါ မတတ်နိုင်ကြကုန်”ဟု ကြံစည်တော်မူပြီးလျှင် အရှင်ဥရုဝေလကဿပမထေရ်ကို “ချစ်သားကဿပ... သင့်ဒကာများ၏ အကြံအစည်မှား ဝိတက်များကို သင်ချစ်သား ပင် ဖြတ်တောက်လော့”ဟု မိန့်တော်မူကာ မထေရ်မြတ်အား တန်ခိုးဖန်ဆင်းမှုပြုလုပ်ရန်အမှတ်အချက်ပေးတော်မူလိုက်လေ၏။

(နှာ-၄၉၃)

မထေရ်မြတ်သည် မြတ်စွာဘုရား၏ စကားတော်ကို ရိုသေစွာ လက်ခံလျက် နေရာမှထကာ မြတ်စွာဘုရားရှင်ကို တည်ခြင်း ငါးပါးဖြင့် ရှိခိုး၍ ထန်းတဆခန့် ပမာဏရှိသော ကောင်းကင်သို့ ပျံတက်၍ ဣဒ္ဓိရုပ်တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းပြသပြီးလျှင် “မြတ်စွာဘုရား...ဘုန်းတော်ကြီးသော ရှင်တော်ဘုရားသည် တပည့်တော်၏ဆရာ ဖြစ်ပါသည်၊ တပည့်တော်သည် တပည့် သာဝက ဖြစ်ပါသည်။ မြတ်စွာဘုရား... ဘုန်းတော်ကြီးသော ရှင်ဘော်ဘုရားသည် တပည့်တော်၏ဆရာ ဖြစ်ပါသည်၊ တပည့်တော်သည် တပည့်သာဝက ဖြစ်ပါသည်”ဟု လျှောက်ထားကာ သက်ဆင်း၍ မြတ်စွာဘုရားခြေတော်ရင်း၌ ဝပ်စင်းရိုကျိုး ရှိခိုးလေ၏။ ဤနည်းဖြင့် ခုနစ်ကြိမ်မြောက် ရောက်သောအခါ ထန်း ခုနစ်ဆင့်ခန့် ပမာဏရှိသော ကောင်းကင်သို့ ပျံတက်၍ တဖန် ဆင်းသက်ပြီးလျှင် ရှေးနည်းအတူ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေတော်မူလေ၏။

ထိုအခါမှ လူများအပေါင်းသည် “ဤဘုရားမြတ်ကား လောက၌ အမြတ်ဆုံးသောရဟန်း ဖြစ်တော်မူပါပေ၏”ဟု ဘုရားရှင် အပေါ်၌ ယုံမှား သံသယ ကင်းရှင်းကြလေ၏။ ထိုအခါ ထိုလူများ အပေါင်းအား မြတ်စွာဘုရားသည် တရားဟောတော်မူလေ၏။ ဒေသနာနိဂုံးဆုံးသောအခါ ဗိမ္ဗိသာရမင်းကြီးသည်(၁၁၀၀၀၀) တသိန်းတသောင်းသော ပုဏ္ဏားသူကြွယ် (= ပုဏ္ဏားသူဌေး) တို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ ပုဏ္ဏား သူဌေးပေါင်း(၁၀၀၀၀) တသောင်းသည်ကား ရတနာသုံးရပ်ကို ဆည်းကပ်သူ=ဥပါသကာအဖြစ်ကို လျှောက်ထားပြောကြားလေ၏ = သရဏဂုံတည်သူ ဥပါသကာများ ဖြစ်ကြလေ၏ဟု ဆိုလိုသည်။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

အရှင်ဥရုဝေလကဿပမထေရ်၏ အခြံအရံဖြစ်သော ထိုရဟန်း ပေါင်း(၁၀၀၀) တထောင်တို့သည်လည်း မိမိတို့ အလေ့အလာ

(နှာ-၄၉၄)

အတိုင်း “ငါတို့အဖို့ရာ ရဟန်းကိစ္စ အထွတ်အထိပ်သို့ ရောက်လေပြီ၊ အပြင်အပ လှည့်လည်သွားလာနေ၍ အဘယ်မူစအံ့နည်း= အပြင်အပ လှည့်လည်သွားလာနေရန် အလုပ်ကိစ္စ မရှိတော့ပြီ”ဟု ကြံစည်ဆင်ခြင်မိကြကာ အရှင်ဥရုဝေလကဿပ မထေရ်ကိုသာလျှင် ဝန်းရံ၍ လှည့်လည်သွားလာ နေထိုင်ကြကုန်၏။

နောက်တချိန်၌ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်ဝယ် သီတင်းသုံး နေထိုင်တော်မူစဉ် အရိယသံဃာတို့ အလယ်၌ အရှင်ဥရုဝေလကဿပမထေရ်သူမြတ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မဟာပရိသာနံ ယဒိဒံ ဥရုဝေလကဿပေါ= ရဟန်းတို့... များသောပရိသတ်အခြံအရံရှိကြသည့် ငါဘုရား၏တပည့် သာဝကရဟန်းတို့တွင် ဥရုဝေလကဿပသည် အသာဆုံးအမြတ်ဆုံး ဖြစ်ပေ၏” __

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “မဟာပရိသ = တပည့်ပရိသတ် များသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤ၌ အခြားသော မထေရ်တို့မှာ တရံတခါ အခြံအရံ ပရိသတ် ပေါများ၍ တရံတခါ အခြံအရံ တပည့်ပရိသတ် နည်းပါးလေသည်။ ဤအရှင်ဥရုဝေလကသေပမထေရ်၏ အဖို့မှာမူ ညီတော် ရဟန်း နှစ်ပါး(နဒီကဿပမထေရ်, ဂယာကဿပမထေရ်)တို့နှင့်တကွ ရဟန်းပေါင်းတထောင် အမြဲအခြံအရံ ဖြစ်ရှိ၍ နေ၏၊ ထိုရဟန်းတထောင်တို့ အနက်မှ တပါး တပါးလျင် တပည့်တပါး တပါး ရှင်ရဟန်းပြုပေးလျှင် တပည့်ရဟန်းနှစ်ထောင်တို့ ဖြစ်နိုင်ကုန်၏၊ တပါး တပါးလျှင် တပည့် နှစ်ပါး နှစ်ပါး ရှင်ရဟန်းပြုပေးလျင် တပည့်ရဟန်းပေါင်း(၃၀၀၀) သုံးထောင်တို့ ဖြစ်နိုင်ကုန်၏၊ ထို့ကြောင့် အရှင်ဥရုဝေလကဿပမထေရ်သည် တပည့်ပရိသတ် အခြအရံများကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူလေသည်။ ။ အံ၊ဋ္ဌ၊၁၊၂၃၁-မှ)။

ဤကား ဥရုဝေလကဿပမထေရ် အကြောင်းတည်း။

(နှာ-၄၉၅)

(၃၂) အရှင်ကာဠုဒါယီမထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

ဤမထေရ်မြတ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေ ပြည်တွင် အမျိုးကောင်းအိမ်၌ ဖြစ်ခဲ့၍ ပဒုမုတ္တရမြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော် တပါးကို“မြတ်စွာဘုရာအား မဖူးမြော်ရသေးမီကပင် ဆွေတော် မျိုးတော်တို့ကို သဒ္ဓါ ရွှန်းစို ကြည်ညိုနှင့်ကြစေသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်မူသည်ကို မြင်ရ၍ အဓိကာရ (=အထိကရ)ကောင်းမှုကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ရရှိရန် ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရမြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။ ။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကိုပြု၍ ထိုဘဝမှ စုတေလတ်သော် အပါယ်လေးပါး မလားမရောက်ရပဲ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားအလောင်းတော် မယ်တော် ဝမ်း၌ ပဋိသန္ဓေ တည်နေသောနေ့မှာပင် ကပိလဝတ်ပြည်ဝယ် အမတ်တဦး၏အိမ်၌ ပဋိသန္ဓေ ယူနေလေ၏။ ဖွားမြင်သောနေ့၌ ဘုရားအလောင်းတော်နှင့် တနေ့တည်းမှာပင် ဖွားမြင်လေရကား ထိုနေ့မှာပင် ထိုသူငယ်ကို မိဖတို့က ဘွဲ့ဖြူအဝတ်အနှီး၌ လျောင်းစေ၍ အလောင်းတော်သူမြတ်ကို ပြုစုလုပ်ကျွေးရန် အလို့ငှာ သုဒ္ဓေါဒနမင်းကြီးထံသို့ ပို့သဆောက်နှင်းကြလေကုန်၏။

ကာဠုဒါယီဟု အမည်မှည့်ခြင်း

ထို့နောက် ထိုသူငယ်ကို အမည်မှည့်သောနေ့၌ “တမြို့လုံး ဘုရားအလောင်းတော် ဖွားမြင်သဖြင့် စိတ်တက်ကြွအားရမ်း ဝမ်းမြောက်နေသောနေ့ဝယ် ဖွားမြင်သူဖြစ်သောကြောင့်”ဥဒါယီ

(နှာ-၄၉၆)

ဟူ၍ အမည်မှည့်ခေါ်ကြကုန်၏၊ ကိုယ်ရောင်အသွေး အနည်းငယ် မည်းနက်သောကြောင့် ကာဠ (အမည်းဟော) သဒ္ဓါနှင့် တွဲဖက်ပြီးလျှင် “ကာဠုဒါယီသူငယ်” ဟူ၍ အမည်ထင်ရှား ဖြစ်ပွါးလေသည်။ ထို ကာဠုဒါယီသူငယ်သည် ဘုရားအလောင်းတော်နှင့် အတူတကွ ကပိလဝတ်ရွှေနန်းတော်မှာပင် မင်းသားသူငယ်တို့၏ ပြုံးရွှင် ပျော်ပါး ကစားခြင်းမျိုးကို ကစားလျက် ကြီးပြင်းခြင်းသို့ ရောက်ရှိခဲ့လေသည်။

နောက်အဖို့ဝယ် ဘုရားအလောင်းတော်သည် တောထွက်၍ ဒုက္ကရစရိယာ ခြောက်နှစ်ရာကျင့်သုံးလျက် ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦးဟောတော်မူပြီးလျှင် သတ္တလောကကို ချီးမြှောက်မှု ပြုတော်မူလျက် ရာဇဂြိုဟ်ပြည်ကို အမှီဂေါစရဂါမ် ပြုတော်မူ၍ နေတော်မူဆဲ ဖြစ်၏။ (ထိုအချိန်ကား ဘုရားဖြစ်သည့် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ပြာသိုလပြည့်ကျော် ဆောင်း ရာသီကာလ ဖြစ်လေသည်)။ ထိုအခါ ဘုရားခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်ဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ နေတော်မူကြောင်း သတင်းကောင်းစကား ကြားသိရ၍ “ငါ၏ သားတော်ဘုရားကို ဤကပိလ၀တ်နေပြည်တော်ရောက်အောင် ပင့်ဆောင်ခဲ့ရမည်” ဟု မိန့်တော်မူကာ အမတ်တယောက်ကို အခြံအရံမင်းချင်းယောက်ျား တထောင်နှင့် အတူတကွ စေလွှတ်လိုက်လေ၏။ ထိုအမတ်သည် ယူဇနာခြောက်ဆယ် ဝေးကွာသောခရီးကို သွားရောက်၍ မြတ်စွာဘုရားရှင် ပရိသတ် လေးပါးအလယ်၌ ထိုင်နေတော်မူကာ တရားဟောနေတော်မူသောအချိန်၌ ဝေဠုဝန်ကျောင်းတိုက်တွင်းသို့ ရောက်ရှိ ဝင်မိလေ၏။ ထိုအမတ်သည် “ငါတို့မင်းကြီး စေခိုင်းလိုက်သည့် သတင်းစကားကို လျှောက်ထားရန် ရှိစေဦး (ငါ တရားနာ ဦးအံ့)”ဟု ကြံစည်၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်ကာ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ ရပ်တည်ရင်းပင် အခြံအရံမင်းချင်းယောက်ျား တထောင်တို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ရောက်ရှိလေ၏။ ထိုအခါ ထိုသူတို့အား မြတ်စွာဘုရား

(နှာ-၄၉၇)

သည် “ဧထ ဘိက္ခဝေ= ရဟန်းတို့...လာကြလော့”ဟု မိန့်မြွက်၍ လက်ျာလက်တော်ကို ဆန့်တန်းတော်မူလေ၏၊ ထိုခဏမှာပင် ထိုသူအားလုံးတို့ မင်းမှုထမ်းအသွင်ပျောက်ကာ ဣဒ္ဓိမယပရိက္ခရာတို့ကို ဆင်မြန်း ဝတ်ရုံ ဆောင်ယူကြကုန်လျက် ဝါတော်ခြောက်ဆယ် (= သက်တော်ရှစ်ဆယ်)ရှိသည့် မထေရ်ကြီးများကဲ့သို့ ကြီးမားသော ရှင်, ရဟန်းတော်ကြီးများ ဖြစ်သွားကြလေကုန်၏။

“အရိယာပုဂ္ဂိုလ်တို့မည်သည် အရဟတ္တဖိုလ်သို့ ရောက်သောအခါမှစ၍ လောကီကိစ္စ အဝဝကို လျစ်လျူရှုကြကုန်မြဲ ဓမ္မတာ” ဖြစ်ရကား ထိုရဟန်းတထောင်တို့သည် ခမည်းတော်သုဒ္ဓေါဒန မင်းကြီး မှာကြားစေလွှတ်လိုက်သည့် သတင်းစကားကို မြတ်စွာဘုရားအား မလျှောက်ထားကြတော့ပဲ ဖလသမာပတ်ချမ်းသာဖြင့်သာ နေတော်မူကြလေကုန်၏။

ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် “သွားသောအမတ်လည်း ပြန်မလာ၊ သတင်းစကားကိုမျှလည်း မကြားရ” ဟု မချင့် မရဲ ဖြစ်ရှိတော်မူကာ အခြား အမတ်တယောက်ကို “လာလော့ ချစ်သား... သင်သွားပါဦးလော့” ဟု မိန့်တော်မူကာ ရှေးနည်း အတူပင် မင်းချင်းယောက်ျားတထောင်တို့နှင့် အတူတကွ ဒုတိယ အကြိမ် စေလွှတ်တော်မူလိုက်ပြန်လေ၏။ ထို အမတ်သည်လည်း မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်၍ ရှေး(ပဌမ) အမတ်နည်းတူပင်လျှင် တရားနာရ၍ ပရိသတ် အခြံအရံမင်းချင်း ယောက်ျားတထောင်တို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ရောက် ရှိကာ ဆိတ်ဆိတ်သာလျှင် ဖြစ်ပြန်လေ၏။ ဤသို့လျှင် ဆက်ကာ ဆက်ကာ အမတ်ကိုးယောက်တို့နှင့် အတူတကွ မင်းချင်း ယောက်ျား (၉၀၀၀) ကိုးထောင်တို့ကို စေလွှတ်ပါသော်လည်း ထိုသူအားလုံးကိုပင် မိမိတို့ရဟန်းကိစ္စကို ပြီးစေကြကာ (အားလုံးပင် ရဟန္တာဖြစ်ကြကာ)သတင်းစကား မပြန်မကြပဲ ဆိတ် ဆိတ်သာလျှင် နေကြကုန်၏။

(နှာ-၄၉၈)

ကာဠုဒါယီအမတ်ကို စေလွှတ်ခြင်း

ထို့နောက် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြံစည်စဉ်းစား မိသည်မှာ- “ဤမျှသော အမတ်ကိုးယောက်တို့နှင့်တကွ မင်းချင်းယောက်ျားကိုးထောင်တို့သည် ငါ့အပေါ်မှာ မေတ္တာဖြင့် ချစ်ခင်ခြင်း အလျှင်းမရှိကြသောကြောင့် မြတ်စွာဘုရားအား ဤ ငါတို့ ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူဖို့ရန် တစုံတရာကိုမျှ မလျှောက်ထားကြချေ၊ အခြားသောအမတ်များ သွားရောက်ကြသော်လည်း မြတ်စွာဘုရားကို ပင့်ဆောင်နိုင်ကြမည် မဟုတ်ကုန်။ ငါ့သား ဥဒါယီကား မြတ်စွာဘုရားနှင့် အရွယ်တူဖွားဖက်တော် ဖြစ်သည့်ပြင် ငယ်စဉ်က အတူတကွ မြေမှုန့်ကစားဖက် သူငယ်ချင်း ဖြစ်ရုံမျှမက ငါ့အပေါ်မှာလည်း မေတ္တာချစ်ခင် အကျွမ်းဝင်သူ တယောက် ဖြစ်လေသည်”ဟု ကြံစည်ဆင်ခြင်တော်မူမိ၍ ကာဠုဒါယီအမတ်ကို ခေါ်စေတော်မူပြီးလျှင် “ချစ်သားသင်ချစ်သားသည် မင်းချင်းယောက်ျား ဗိုလ်ပါတထောင် ခြံရံလျက် သွားရောက်ကာ မြတ်စွာဘုရားကို ပင့်ဆောင်ခဲ့လော့” ဟု မိန့်တော်မူလေ၏။

ဖွားဖက်တော် ကာဠုဒါယီအမတ်သည် “သမ္မုတိနတ် အရှင်မင်းမြတ်...ရှေးဦးစွာသွားကြသော မင်းချင်းယောက်ျား အမတ် များကဲ့သို့ အကျွန်ုပ်သည်လည်း ရှင်, ရဟန်းပြုခွင့်ရပါမူ မြတ်စွာဘုရားကို ပင့်ဆောင်ခဲ့ပါမည်”ဟု လျှောက်ထားလေ၏။ ထိုအခါ သုဒ္ဓေါဒန မင်းကြီးက “ချစ်သား...သင်ချစ်သား အလိုရှိရာ တစုံတရာအမှုကို ပြုပြီးလျှင် သားတော်ဘုရားကိုသာ ငါ ဖူးမြင်ရအောင် ကြံဆောင်ကြိုးကုတ် အားထုတ်ပါလော့” ဟု ကျယ်ပြန့်စွာ ခွင့်လွှတ်စကား မိန့်ကြားတော်မူလေလျှင် ကာဠုဒါယီအမတ်သည်“ကောင်းပါပြီ အရှင်မင်းမြတ်...”ဟု မင်းကြီး၏ သတင်းစကားကို ယူဆောင်ခဲ့ကာ မင်းချင်းယောက်ျား ဗိုလ်ပါ တထောင် ခြံရံအပ်လျက် ရာဇဂြိုဟ်ပြည်သို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရား တရားဟောတော်မူချိန်၌ ပရိသတ်အစွန်အဖျားက ရပ်တည်ကာ တရားတော်ကို ကြားနာရ၍ အခြံအရံ မင်းချင်း

(နှာ-၄၉၉)

ယောက်ျား ဗိုလ်တထောင်တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ရှိပြီးနောက် ဧဟိဘိက္ခုရဟန်းအဖြစ်၌ တည်လေ၏။

ထို့နောက် ကာဠုဒါယီ မထေရ်မြတ်သည် “ဤ အချိန်ကား ဆောင်းကာလဖြစ်၍ မြတ်စွာဘုရား၏အဖို့ရာ ကပိလဝတ်နေပြည်တော်သို့ ကြွရောက်ရန် အခါမတန်သေး=အလွန် အေးသေး၏။ နွေဦးပေါက်အခါ တောအုပ်ကို ကောင်းစွာ ပွင့်လတ်ကုန်မှ မြေတဝှန်းလည်း စိမ်းလန်းသာရွှင် မြက်သစ်ပင်တို့ဖြင့် ရှုချင် ဘနန်း ဖုံးလွှမ်းအပ်ကာမှ နေပြည်တော်သို့ ကြွရောက်ရန် အချိန် တန်ပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်တော်မူလျက် နွေဦးပေါက် အခါကို စောင့်ဆိုင်းနေတော်မူခဲ့ရာ တပေါင်းလပြည့်သို့ တိုင်လတ်သော် ကြွတော်မူရန် အခါတန်ကြောင်း ကောင်းစွာရိပ်မိ သိရှိတော်မူရကား(အောက်မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၃၀-မှစ၍ လာသောအတိုင်း) ဂါထာခြောက်ဆယ်တို့ဖြင့် ဘုရား ကိုယ်တော်မြတ် ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူရန် လမ်းခရီး၏ ဂုဏ်ကျေးဇူးများကို ချီးမွမ်းလျှောက်ထားလေ၏။ (အောက်မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၃၀-ပြန်လည် ကြည့်ရှုပါကုန်)။

မြတ်စွာဘုရားရှင်သည် “ဥဒါယီကား လမ်းခရီး၏ဂုဏ်ကျေးဇူးကို အထူးချီးမွမ်းလျှောက်ထား၏၊ ဤအချိန်ကား ကပိလဝတ် နေပြည်တော်သို့ သွားရောက်ရန် အချိန်ဖြစ်သည်”ဟု ကြံစည် ဆင်ခြင်တော်မူကာ ရဟန္တာပေါင်း ထေရ်နှစ်သောင်း ခြံရံအပ်လျက် မဆောမလျင် ကြွမြန်းခြင်းဖြင့် အတုရိတဒေသရီ ထွက်ချီ ကြွမြန်းတော်မူလေ၏။

အရှင်ကာဠုဒါယီ မထေရ်သူမြတ်သည် မြတ်စွာဘုရား ခရီး ဒေသစာရီ ထွက်ကြွတော်မူသည်ကို သိရှိတော်မူကာ “ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား အသိပေးမှ သင့်တော်မည်”ဟု ကြံစည်ဆင်ခြင်၍ ကောင်းကင်သို့ပျံတက်ကာ သုဒ္ဓေါဒနမင်းကြီး၏ ရွှေနန်းတော်၌ ထင်ရှားပေါ်တော်မူလေ၏။ မင်းကြီးသည် မထေရ်မြတ်ကိုမြင်ရလျှင်ပင် ဝမ်းမြောက်သောစိတ်ရှိလျက် သူမြတ်

(နှာ-၅၀၀)

တို့နှင့်သာ ထိုက်တန်သော ရာဇပလ္လင်၌ ထိုင်နေစေပြီးလျှင် မိမိအဘွက် စီမံအပ်သော ဆွမ်း, ဆွမ်းဟင်းများ သပိတ်အပြည့် ထည့်၍ မထေရ်မြတ်အား ဆက်ကပ်လေ၏။ အရှင်ကာဠုဒါယီ မထေရ်မြတ်က ဆွမ်းရတော်မူသောအခါ ထ၍ ကြွအံ့သော အခြင်းအရာကို ပြလေလျှင် သုဒ္ဓေါဒနမင်းကြီးသည် “ဤနေရာမှာပင် ထိုင်၍ ဘုဉ်းပေးပါလော့ ချစ်သား...”ဟု လျှောက်ထားလေ၏။ မထေရ်မြတ်က “မြတ်သော မင်းကြီး... မြတ်စွာဘုရားရှင် အထံတော်သို့ ရောက်မှ စားပါတော့အံ့”ဟု မိန့်ဆိုလေလျှင် သုဒ္ဓေါဒနမင်းကြီးသည် “ချစ်သား...ယခုအခါ မြတ်စွာဘုရားသည် အဘယ်မှာနည်း”ဟု မေးလျှောက်လေ၏။ မထေရ်မြတ်က “မြတ်သောမင်းကြီး... မြတ်စွာဘုရားသည် ယခုအခါ ရဟန္တာ ပေါင်း နှစ်သောင်းခြံရံအပ်လျက် ဒါယကာမင်းကြီးတို့ကို တွေ့မြင်ရန် ခရီးဒေသစာရီ ထွက်ချီတော်မူလာပြီ”ဟု မိန့်ဆိုလေလျှင် သုဒ္ဓေါဒနမင်းကြီးသည် “ချစ်သား... သင်ချစ်သားတို့သည် ယခု လှူကပ်အပ်သော ဆွမ်းကို ဤရွှေနန်းတော်၌ပင် ဘုဉ်းပေးတော်မူ၍ သားတော်ဘုရား ဤကပိလဝတ်နေပြည်တော်သို့ ရောက်ဆိုက်တော်မူသည်တိုင်အောင် သားတော်ဘုရားအတွက် ဤရွှေနန်းတော်မှပင် ဆွမ်းဘောဇဉ်ကို ယူဆောင်ဆက်ကပ်တော်မူပါကုန်” ဟူ၍ တောင်းပန်လျှောက်ထားလေ၏။

မထေရ်မြတ်သည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီးလတ်သော် မြတ်စွာဘုရားအတွက် ဆောင်ယူ ဆက်ကပ်လာသော ဆွမ်းကို ခံယူပြီးနောက် တရားစကား ဟောကြားပြီးလျှင် မြတ်စွာဘုရားရှင်ကို မဖူးမြင်သေးမီကပင်သုဒ္ဓေါဒနမင်းကြီး၏ ရွှေနန်းတော်နေ ဆွေတော်, မျိုးတော်, မှူးတော်, မတ်တော်-အစရှိသော သူအားလုံးကို မြတ်စွာဘုရားရှင်၌ သဒ္ဓါရွှန်းစို ကြည်ညိုစေလျက် သူခပ်သိမ်းတို့ ကြည့်နေစဉ်ပင် သပိတ်ကို ကောင်းကင်၌ ပစ်လွှင့်လိုက်၍ ကိုယ်တိုင်လည်း ကောင်းကင်သို့ ပျံတက်ကာ ဆွမ်းတော်ကို ယူဆောင်ခဲ့၍ မြတ်စွာဘုရား၏ လက်တော်၌ ဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် ထိုဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူ၏။

(နှာ-၅၀၁)

မထေရ်မြတ်သည် ယူဇနာခြောက်ဆယ်ရှိသော ခရီးကို တနေ့လျှင် တယူဇနာ အတုရိတ ဒေသစာရီ ကြွချီတော်မူသော မြတ်စွာဘုရားအား နေ့တိုင်းနေ့တိုင်း ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ ရွှေနန်းတော်မှ ဆွမ်းကို ယူဆောင်၍ ဆက်ကပ် လေ၏။ (ဤကား ဧတဒဂ်ရဖို့ရန် ပစ္စုပ္ပန်အကြောင်းဝတ္ထု တည်း)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း။

ထို့နောက်တချိန်ဝယ် မြတ်စွာဘုရားသည် အရိယသံဃာတော် တို့အလယ်၌ “ကာဠုဒါယီ၏ ရဟန်းသည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ ရွှေနန်းတော်နေ ဆွေတော်မျိုးတော် အားလုံးကို သဒ္ဓါ ရွှန်းစို ကြည်ညိုစေသူဖြစ်သည်”ဟု ဆင်ခြင်တော်မူ၍ အရှင်ကာဠုဒါယီမထေရ်မြတ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ကုလပ္ပသာဒကာနံ ယဒိဒံ ကာဠုဒါယီ= ရဟန်းတို့ ...ဆွေတော် မျိုးတော်တို့အား ဘုရား၌ သက်ဝင်ကြည်ညိုခြင်းကို ဖြစ်စေကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့ အနက် ကာဠုဒါယီရဟန်းသည် အသာဆုံး အမြတ်ဆုံးဖြစ်ပေ၏”__

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “ကုလပ္ပသာဒက= ဆွေတော် မျိုးတော်တို့အား သဒ္ဓါတရား ဖြစ်ပွါးစေသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်ကာဠုဒါယီမထေရ် အကြောင်းတည်း။

_____

(၃၃) အရှင်ဗာကုလမထေရ်အကြောင်း -

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

ဤ အရှင်ဗာကုလမထေရ်အလောင်း သူတော်ကောင်းသည် ရှေးလွန်လေပြီသောအခါ တသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ အနောမဒဿီမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မမူမီ ရှေးဦးကပင်

(နှာ-၅၀၂)

ပုဏ္ဏားမျိုး၌ ပဋိသန္ဓေ ယူနေဖြစ်ပွါး၍ အရွယ်သို့ ရောက်လတ်သော် ဗေဒင်သုံးရပ် သင်ကြားတတ်မြောက်ပြီးလျှင် ထိုဗေဒင် ကျမ်းများ၌ အနှစ်သာရကို မတွေ့မမြင်ရကား “ငါသည် တမလွန်လောကကောင်းကျိုးကို ရှာကြံပေတော့အံ့”ဟု ကြံစည် ဆင်ခြင်မိ၍ တောင်ခြေတခုဝယ် ရသေ့ရဟန်း ပြုလုပ်ပြီးကာ အဘိညာဏ်ငါးရပ် သမာပတ်ရှစ်ပါးတို့ကို ရရှိလျက် ဈာန်ကို ဝင်စား မွေ့လျော်မှုဖြင့် အချိန်ကို ကုန်လွန်စေလေ၏။

ထိုအခါ အနောမဒဿီဘုရားအလောင်းတော်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရရှိကာ လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူ၍ အရိယာသံဃာအပေါင်း ခြံရံလျက် ဒေသစာရီ ကြွချီလှည့်လည်တော်မူလေ၏။ အရှင်ဗာကုလအလောင်းရသေ့သည် “လောက ဝယ် ဘုရား, တရား, သံဃာ ရတနာသုံးပါး ထင်ရှားပွင့်ထွန်း လာပြီ”ဟူသော သတင်းစကားကို ကြားသိရ၍ အနောမဒဿီ မြတ်စွာဘုရားရှင်အထံတော်သို့ သွားရောက်ကာ တရားတော်ကို နာကြားရလေလျှင် တရားဒေသနာအဆုံး၌ သရဏဂုံသုံးပါးကို ခံယူဆောက်တည်သူ ဖြစ်ပါသော်လည်း မိမိ၏တောင်ခြေသင်္ခမ်းကျောင်းကို မစွန့်နိုင်သဖြင့် ထိုတောင်ခြေသင်္ခမ်းကျောင်း၌ပင် ရသေ့ရဟန်းအဖြစ်ဖြင့် နေထိုင်လေ၏၊ အခါမပြတ်လည်း ဘုရားဖူးရန် သွားရောက်၍ တရားတော်ကို နာကြားလေ၏။

တနေ့သ၌ အနောမဒဿီ မြတ်စွာဘုရားရှင် ကိုယ်တော်မှာ လေနာရောဂါ ဖြစ်ပွါးလာလေ၏။ ရသေ့သည် ဘုရားဖူးရန် လာလတ်သည်တွင် “မြတ်စွာဘုရားရှင် မမာမကျန်းဖြစ်နေသည်” ဟူသော သတင်းစကားကို ကြားသိရ၍ “အရှင်ဘုရား... အဘယ်ရောဂါ အနာပါနည်း ဘုရား”ဟု မေးလျှောက်လေ၏။ “ဝမ်း လေနာတည်း” ဟု ဆိုပြန်အပ်လေသော် ရသေ့သည် “ဤအခါကား ငါ့အဖို့ရာ ကောင်းမှုပြုရန် အခါကောင်းတည်း” ဟု ကြံစည်အောက်မေ့ကာ တောင်ခြေသို့ သွားရောက်၍ အထူးထူးသောဆေးတို့ကို ဖော်စပ်ပြီးလျှင် “ဤဆေးကို မြတ်စွာဘုရားအား ဆက်ကပ်တော်မူကြပါ ဘုရား”ဟု အလုပ်အကျွေး

(နှာ-၅၀၃)

မထေရ်လက်သို့ ဆက်ကပ် အပ်နှင်းခဲ့လေ၏။ ထိုဆေးကို သုံးဆောင်တော်မူလိုက်သည်နှင့် တပြိုင်နက် မြတ်စွာဘုရားကိုယ် တော်၌ စွဲကပ်သောဝမ်းလေနာသည် အပြီးတိုင် ငြိမ်းစဲ ပျောက်ကင်းလေ၏။

ရသေ့သည် မြတ်စွာဘုရားရှင် ကျန်းမာတော်မူသောအခါ၌ ဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ပြီးလျှင် “မြတ်စွာဘုရား...တပည့်တော်၏ဆေးဖြင့် မြတ်စွာဘုရား၏ ကျန်းမာတော် မူခြင်းသည် ဖြစ်ခဲ့ပါပြီ၊ ထိုကောင်းမှု၏ အကျိုးဆက်ကြောင့် ဖြစ်လေရာရာ သံသရာဘဝ၌ တပည့်တော်၏ ကိုယ်ခန္ဓာဝယ် နွားနို့တကြိမ်ညှစ် ကာလမျှလည်း အနာရောဂါ မဖြစ်ပါစေသား” ဟု ဆုတောင်းစကား လျှောက်ထားလေ၏။ ဤသည်ကား - အရှင်ဗာကုလအလောင်း သူတော်ကောင်း၏ ထိုဘဝ၌ ပြုအပ်သော ကောင်းမှုအထူး ဖြစ်ပေသည်။

အနာကင်းသောအရာ ဧတဒဂ်ဆုတောင်းခြင်း

ထို အရှင်ဗာကုလအလောင်း သူတော်ကောင်းသည် ထိုဘဝမှ စုတေလတ်သော် ဗြဟ္မာပြည်၌ဖြစ်၍ တသင်္ချေရှည်လျားစွာ အခါ ကာလပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ပဒုမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို အနာကင်းသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု (ရှေး ဖော်ပြရာပါ မဟာသာဝက အလောင်းလျာကြီးများနည်းတူ) ပြုလုပ်၍ ထို အနာကင်းသော အရာဝယ် အသာဆုံး အမြတ်ဆုံး = အပ္ပါဗာဓ ဧတဒဂ်ရာထူးကို ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ် စကား မိန့်ကြားတော်မူလေ၏။

(နှာ-၅၀၄)

တဖန် ရသေ့ဘဝ ဆေးကုသခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် (ဤကမ္ဘာမှအထက် ကိုးဆယ့်တကမ္ဘာထက်ဝယ်) ဝိပဿီ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ ရှေးဦးကပင် ဗန္ဓုမတီမြို့ ဝယ် ပုဏ္ဏားမျိုး၌ ဖြစ်လတ်၍ ရှေးနည်းအတူပင် ရသေ့ရဟန်း ပြုလုပ်ကာ ဈာန်ရပုဂ္ဂိုလ်ဖြစ်လျက် တောင်ခြေ၌ ချမ်းသာစွာ နေထိုင်လေ၏။

ဝိပဿီမြတ်စွာဘုရားအလောင်းတော်သည်လည်း သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိကာ လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူ၍ ရဟန်းသံဃာတော်ပေါင်း (၆၈ဝဝဝဝဝ) ခြောက်သန်း ရှစ်သိန်း ခြံရံလျက် ဗန္ဒုမတီ မင်းနေပြည်ကို အမှီပြုကာ ခမည်းတော် ဗန္ဓုမ-မင်းတရားအား ချီးမြှောက်မှု ပြုတော်မူလျက် ခေမမည်သော မိဂဒါဝုန်တော၌ သီတင်းသုံး နေထိုင်တော်မူ၏။

ထိုအခါ ဤအရှင်ဗာကုလအလောင်း ရသေ့သူတော်ကောင်းသည် လောက၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူကြောင်းကို ကြားသိရ၍ ဘုရားရှင့်ထံမှောက်သို့ သွားရောက်ဆည်းကပ်ကာ တရားတော်ကိုနာရသဖြင့် သရဏဂုံ ခံယူဆောက်တည်သူ ဖြစ်ပါသော်လည်း မိမိ၏ ရသေ့ရဟန်းအဖြစ်ကို မစွန့်နိုင်ပဲ တောင်ခြေ သင်္ခမ်းကျောင်း၌ပင် ရသေ့ရဟန်းအဖြစ်ဖြင့် နေထိုင်လျက် အခါမပြတ် မြတ်စွာဘုရားရှင်ကို ဆည်းကပ်ပြုစုရန် သွားရောက်လေ၏။

ထို့နောက် တနေ့သ၌ ဟိမဝန္တာဝယ် အဆိပ်ပင်များ ပွင့်ကြသဖြင့် ထိုအဆိပ်ပင် အဆိပ်ပွင့်တို့ကို တိုက်ခတ်လာသော လေ အတွေ့ကြောင့် (မြတ်စွာဘုရားနှင့် အဂ္ဂသာဝက မထေရ်မြတ် နှစ်ပါးတို့ကို ချန်လှပ်၍ ) ကြွင်းကျန်သော ရဟန်းအားလုံးတို့၏ ကိုယ်မှာ ပြင်းစွာသော ဦးခေါင်းနာရောဂါ စွဲကပ်ဖြစ်ပွါး၍ လာလေ၏။ ရသေ့သူမြတ်သည် မြတ်စွာဘုရားရှင်ကို ဆည်းကပ်ပြု စုရန် လာလတ်သည်ရှိသော် ရဟန်းတော်များ ခေါင်းမြီးခြုံ၍

(နှာ-၅၀၅)

လျောင်းနေတော်မူကြသည်ကို တွေ့မြင်ရ၍ “အရှင်ဘုရားတို့... ရဟန်းသံဃာတော်၏ကိုယ်မှာ အဘယ်သို့သော မကျန်းမမာမှု ဖြစ်ရှိပါသနည်း”ဟု မေးမြန်းလေ၏။ “ငါ့ရှင်ရသေ့ ရဟန်း သံဃာတို့မှာ အဆိပ်မြက်ပွင့် ဘေးဒဏ်သင့်သောရောဂါ ဖြစ်ရှိနေ ၏”ဟု ဖြေကြားလေလျှင် ရသေ့သူတော်စင်သည် “ဤအခါကား ငါ့အဖို့ရာ ကိုယ်တိုင်ကိုယ်ကျ ဝေယျာဝစ္စပြု၍ ကောင်းမှုကိုဆည်းပူးရန် လျှော်ကန်သင့်မြတ်သောအခါတည်း”ဟု ကြံစည်အောက်မေ့ကာ မိမိ၏ အာနုဘော်ဖြင့် ဆေးအမျိုးမျိုးတို့ကို စုဆောင်း, ဖော်စပ်ပြီးလျှင် ရဟန်းသံဃာတော်အား လှူဒါန်းဆက်ကပ်လေ၏။ ထိုဆေးကို နမ်းရှူရုံမျှဖြင့်ပင် ရဟန်းတော်အားလုံးတို့၏ ရောဂါသည် တခဏချင်း ပျောက်ကင်းငြိမ်းစဲ၍ သွားလေ၏။

ကျောင်းတိုက်အိုကို မွမ်းမံပြင်ဆင်ခြင်း

ထိုရသေ့သူမြတ်သည် အသက်တမ်းအတိုင်း လူ့ပြည်၌နေ၍ ထိုဘဝမှ စုတေလတ်သော် ဗြဟ္မာ့ပြည်၌ဖြစ်ပြီးလျှင် ကိုးဆယ့် တကမ္ဘာ အခါကာလတို့ပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ကဿပမြတ်စွာ သာသနာခေတ်သို့ ရောက်လတ်သော် ဗာရာဏသီပြည်ဝယ် အမျိုးကောင်းသား ဖြစ်လာ၍ အိမ်ရာကိုစိုးအုပ် နေထိုင်စဉ် တနေ့သ၌ “ငါ၏နေအိမ်ကား အားနွဲ၏။ ပစ္စန္တရစ်သို့ သွားရောက်ကာ သစ်အဆောက်အဦများကို ယူဆောင်ခဲ့ကာ အိမ်သစ်ဆောက်လုပ်ပေအံ့”ဟု လက်သမား များနှင့် အတူတကွ ပစ္စန္တရစ်သို့ သွားလေသော် လမ်းခရီး အကြား၌ ကျောင်းတိုက်အိုကြီး တတိုက်ကို တွေ့မြင်ရ၍ “ငါ၏အတွက် အိမ်သစ်ဆောက်ရန်အမှု ရှိပစေဦး (= ဆိုင်းထားဦးမည်)၊ ငါ့အိမ်သည် ငါနှင့်အတူတကွ သံသရာတလျှောက် လိုက်ပါလိမ့်မည် မဟုတ်၊ တစုံတရာအမှုကို ပြုလုပ်လျှင် ကိုယ်နှင့် ထက်ကြပ်မကွာ သံသရာတလျှောက် လိုက်ပါမည့်ကောင်းမှုကိုသာ အလျင်လက်ဦး ပြုသင့်၏”ဟု ကြံစည်ဆင်ခြင်၍ ထိုအဖော် ခေါ်လာသည့် လက်သမားများကိုပင် သစ်အဆောက်အဦများကို

(နှာ-၅၀၆)

တောမှယူဆောင်စေ၍ ထိုကျောင်းတိုက်အိုကြီး၌ ဥပုသ်အိမ် အသစ်, ဆွမ်းစားကျောင်းအသစ်, မီးတင်းကုပ်အသစ်, စင်္ကြံ အသစ်, ချွေးအောင်းရုံအသစ်, ကပ္ပိယကုဋီအသစ်, ဝစ္စကုဋီအသစ်, အာရောဂျသာလာ = ကျန်းမာရေး ဆေးကျောင်းအသစ်များကို ဆောက်လုပ်စေကာ သံဃာအား လှူဒါန်းလေ၏။ ရဟန်းသံဃာတော်များ သုံးဆောင်နိုင်သည့် စားဆေး, သောက်ဆေး,ရှူဆေးစသော ဆေးအမျိုးမျိုးကိုလည်း အလုံးစုံစီမံထားရှိကာ သံဃာတော်အား လှူဒါန်းလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုအရှင်ဗာကုလအလောင်း သူတော်ကောင်း အမျိုးသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ ဗုဒ္ဓန္တရ အသင်္ချေယျ (ကဿပမြတ်စွာဘုရားနှင့် အကျွန်ုပ်တို့၏ မြတ်စွာဘုရား =ဤနှစ်ဆူသော ဘုရားရှင်တို့၏အကြား မရေမတွက်နိုင်သော နှစ်ပရိစ္ဆေဒ အခါကာလ)ပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ ရှေးဦးကပင် ကောသမ္ဗီပြည် သူဌေးကြီး၏ အိမ်၌ ပဋိသန္ဓေ ယူနေလေသည်။ ထိုအမျိုးကောင်းသား ပဋိသန္ဓေ ယူနေသောနေ့မှ စ၍ ထို သူဌေးအိမ်မှာ လာဘ်လာဘ အထွတ်အထိပ်, ကောင်းသောသတင်း ကျော်စောခြင်းအထွတ် အထိပ်သို့ ရောက်ရှိလေသည်။ ထို့နောက် ထိုအမျိုးကောင်းသား၏ မိခင်သူဌေးကတော်သည် သားကို ဖွားမြင်ပြီးလျှင်“ငါ၏သား ဤသူငယ်သည် ဘုန်းကံကြီးမားသူ အဓိကာရကောင်းမှု ပြုခဲ့သူ ဖြစ်သည်၊ ထိုသည့် ငါ့သား အသက်ရှည်ကြာ အနာကင်း၍ တည်ရှိနေသမျှ ကာလပတ်လုံး ငါတို့အား စည်းစိမ်ဥစ္စာကို ပေးစွမ်းမည့်သား ဖြစ်သည်။ မွေးဖွားသောနေ့မှာပင် ယမုနာ မြစ်ကြီး၌ ရေချိုးသောသူငယ်တို့သည် အသက်ရှည်ကြာ အနာ ကင်းကုန်၏”ဟု ကြံစည်ဆင်ခြင်၍ ထိုသူငယ်ကို ယမုနာမြစ်သို့ ရေချိုးရန် အခမ်းအနားဖြင့် ပို့စေလေ၏၊ (မဇ္ဈိမနိကာယ်ဆောင် မထေရ်တို့ အလိုအားဖြင့် မွေးဖွားပြီးနောက် ငါးရက်မြောက်၌

(နှာ-၅၀၇)

ဦးခေါင်းဆေး၍ မြစ်ရေကစားရန် ထို သူငယ်ကို ပို့စေလေသည်)။

ထို ယမုနာမြစ်၌ အထိန်းတော်ကြီးက သူငယ်ကို ငုပ်ချည် ပေါ်ချည်ပြုလျက် ရေကစားနေစေစဉ်ပင် ငါးကြီးတကောင်သည် သူငယ်ကို မြင်၍ “ဤဝတ္ထုကား ငါ၏အစာတည်း”ဟုအောက်မေ့မှတ်ထင်ကာ ခံတွင်းကို ဖွင့်လျက် (= ဟလျက်) သူငယ်ရှိရာသို့ ချဉ်းကပ်လာလေ၏။ အထိန်းတော်ကြီးသည် ကြောက်လန့်၍ သူငယ်ကို စွန့်ပစ်ကာ ပြေးသွားလေလျှင် ငါးကြီးသည် သူငယ်ကို မျိုလေ၏။

သူငယ်သည် ဘုန်းကံကြီးမားသူ ဖြစ်ရကား ဆင်းရဲဒုက္ခသို့ မရောက်ပဲ အိပ်ရာတိုက်ခန်းသို့ ဝင်၍ လျောင်းရသကဲ့သို့ ဖြစ်လေ၏။ (သာမည သူငယ်တယောက်ဖြစ်က ငါးအမျိုခံရလျှင်ပင် သေလွန်သွားနိုင်သော်လည်း ဤ သူငယ်မှာမူ နောက်အခါ ဗာကုလရဟန္တာမထေရ် ဖြစ်ပေလိမ့်မည်။ ထိုသို့ ထိုသူငယ် သန္တာန်၌ ဖြစ်ပေါ်လတ္တံ့သော အရဟတ္တမဂ်ဉာဏ်၏ အာနုဘော်ကြောင့် ထိုသူငယ် မသေပဲ အသက်ချမ်းသာရသည်။ ဤတန်ခိုး ဣဒ္ဓိမျိုးကို ဉာဏဝိပ္ဖါရဣဒ္ဓိဟု ခေါ်၏)။ ငါးကြီးသည် သူငယ်၏ တန်ခိုးအရှိန်ကြောင့် လောလောပူသည့် သံတွေခဲကို မျိုးမိသည့်ပမာ ပြင်းစွာပူလောင်၍ အလွန်လျင်သော အဟုန်ဖြင့် ယူဇနာ သုံးဆယ်တိုင်တိုင် ပြေးသွား၍ ဗာရာဏသီမြို့နေ တံငါသည်၏ ပိုက်ကွန်တွင်းသို့ ဝင်မိလေ၏။ အထူးအားဖြင့် ငါးကြီးများ ပိုက်ကွန်၌မိလျှင် တမင်သတ်မှ သေကြမြဲဓမ္မတာ ဖြစ်သော်လည်း ဤငါးကြီးကား သူငယ်၏ တန်ခိုးအရှိန်ကြောင့် ပိုက်ကွန်မှ ထုတ်လိုက်လျှင်ပင် မထုရ, မရိုက်ရပဲ သူ့အလိုလို သေ၍ သွားလေ၏။ ထို့ပြင်လည်း တံငါသည်တို့သည် ငါးကြီးများကို ရကြလျှင် အစုစု ခွဲစိတ်ပြီးမှ ရောင်းချကြမြဲ ဓမ္မတာဖြစ်သော်လည်း ထိုငါးကြီးကိုမူ သူငယ်၏ အာနုဘော်ကြောင့် အစုစု မခွဲမစိတ်ပဲ ငါးအကောင် လိုက်ပင် ထမ်းပိုးဖြင့် ထမ်းဆောင်၍ “ငွေတထောင်ဖြင့် ဝယ်ယူမှ

(နှာ-၅၀၈)

ပေးကြမည်”ဟု ပြောဆိုကြလျက် မြို့တွင်း၌ လှည့်လည်ကြကုန်၏။ တဦးတယောက်မျှ မဝယ်ယူနိုင်ချေ။

အထူးအားဖြင့် ထို ဗာရာဏသီမြို့မှာ ကုဋေရှစ်ဆယ်ကြွယ်ဝလျက် သား, သမီး မဖြစ်ထွန်းသော သူဌေးကြီး အိမ်ထောင် တခု ရှိလေသည်။ ထို သူဌေးအိမ်တံခါးဝသို့ရောက်လျှင် အိမ်သူ အိမ်သားတို့က ထိုငါးကြီးအဖိုးကို မေး၍ အသပြာတထောင် ပေးကာ ဝယ်ယူကြလေ၏။ သူဌေးကတော်ကြီးသည်လည်း အခြားသော နေ့များ၌ သား, ငါးကို ကိုယ်တိုင်မစီမံသော်လည်း ထိုနေ့၌ကား သူငယ်၏ အာနုဘော်ကြောင့် သူဌေးကတော်ကြီး ကိုယ်တိုင် ထိုငါးကြီးကို ခွဲစိတ်ချက်ပြုတ်ရန် “စဉ်းတီးပျဉ်ချပ်၌ တင်၍ ခွဲစိတ်လေသည်။ အခြားသော မိန်းမတို့သည် ငါးကို ခွဲစိတ်ကြလျှင် ဝမ်းဖက်မှ ခွဲစိတ်ကြမြဲ ဓမ္မတာဖြစ်သော်လည်း သူဌေး ကတော်ကြီးကား ထိုငါးကို ကျောဖက်မှ ခွဲစိတ်လေလျှင် ငါး၏ ဝမ်း၌ ရွှေအဆင်းရှိသော သူငယ်ကို တွေ့မြင်ရ၍ အားရဝမ်းသာစွာ ငါသည် ငါး၏ဝမ်းတိုက်၌ သားကို ရအပ်လေပြီ”ဟု ကျူးရင့်ပြောဆိုကာ သူငယ်ကို ပွေ့ချီ၍ အိမ့်ရှင်သူဌေးကြီးထံသို့ သွားရောက်လေ၏။ သူဌေးကြီးသည် ထိုခဏမှာပင် မြို့တွင်း၌ ထို အကြောင်းကို စည်လည်စေပြီးနောက် သူငယ်ကို ယူဆောင်၍ ဗာရာဏသီမင်းကြီးထံသို့ သွားရောက်ပြီးလျှင် “အရှင်မင်းကြီး အကျွန်ုပ်သည် ငါဝမ်းတိုက်၌ သူငယ်ကို ရအပ်ပါပြီ။ အသို့ပြုကြ ရပါမည်နည်း”ဟု မေးလျှောက်လေ၏။ ဗာရာဏသီမင်းကလည်း ငါး၏ဝမ်း၌ အနာမဲ့ာ့ ချမ်းသာစွာနေနိုင်သော ဤ သူငယ်ကား ဧကန္တ ဘုန်းကံကြီးမားသူ ဖြစ်ပေသည်။ ထိုသူငယ်ကို သင်သူဌေးကြီးပင် ကျွေးမွေးပြုစုလော့”ဟု မိန့်ဆိုလေ၏။

ဗကုလ-ဟု အမည်တွင်ခြင်း

မိဖအရင်းဖြစ်သည့် ကောသမ္ဗီသူဌေးအိမ်ကလည်း “ဗာရာဏသီပြည်၌ သူဌေးအိမ်တအိမ်မှာ ငါဝမ်းတိုက်မှ သူငယ်ကို ရရှိသတဲ့” ဟူသော သတင်းစကားကို ကြားသိရ၍ မိဖအရင်း

(နှာ-၅၀၉)

ဖြစ်ကြသည့် ကောသမ္ဗီသူဌေး ဇနီးမောင်နှံတို့သည် ဗာရာဏသီပြည်သို့ သွားရောက်ကြလေ၏။ ဗာရာဏသီပြည်သို့ ရောက်သောအခါ သူငယ်၏ မွေးမိခင်သည် အဆင်တန်းဆာဆင်ယင်လျက် မြူးရွှင်ပျော်ပါး ကစားစေအပ်သော (မိမိ၏သား) သူငယ်ကို မြင်ရလျှင် “ဤသူငယ်ကား အလွန်နှစ်သက်ဖွယ်ရှိစွာ့”ဟု ချီးမွမ်းကာ မိမိ၏သားဖြစ်ကြောင်းကို ပြောကြားလေ၏။ ထို့နောက် သူဌေးကတော်နှစ်ယောက်တို့ သူ့သားငါ့သား အငြင်းပွါးကြ သည်မှာ__

(ကျွေးမယ်တော်) ဤသူငယ်ကား ကျွန်ုပ်၏သား ဖြစ်သည်။

(မွေးမယ်တော်) သင်သည် အဘယ်အရပ်၌ ဤသားကို ရအပ်သနည်း။

(ကျွေးမယ်တော်) ငါးဝမ်းတိုက်၌ ငါရအပ်ပေသည်။

(မွေးမယ်တော်) ထိုသို့ဖြစ်လျှင် (=ဒီလိုဆိုလျှင်) ဤ သူငယ်သည် သင်၏သား မဟုတ်၊ ငါ့သား ဖြစ်သည်။

(ကျွေးမယ်တော်) သင်သည် ဤသားကို အဘယ်အရပ်၌ ရအပ်သနည်း။

(မွေးမယ်တော်) ငါသည် ဤသားကို ဆယ်လကြာ ဝမ်းဖြင့် လွယ်ဆောင်၍ မွေးဖွား အပ်ပါသည်၊ ထိုသို့ မွေးဖွားပြီးနောက် ထို ငါ့သားကို ယမုနာမြစ်၌ ရေချိုးကစား စေအပ်စဉ် ငါးကြီးသည် သားကို မျို၍ သွားလေသည်။

(ကျွေးမယ်တော်) သင့်သားကို အခြားငါးက မျိုးအပ်ပါလိမ့်မည်၊ ဤသားကိုကား ငါသည် ငါး ဝမ်း၌ အမှန်တကယ်ရအပ်ပါသည်__

(နှာ-၅၁၀)

ဤသို့စသည်ဖြင့် မွေးမယ်တော်နှင့်ကျွေးမယ်တော် သူဌေးကတော် နှစ်ယောက်တို့သည် သူ့သား ငါ့သား အငြင်းပွါးကြလျက် နှစ်ယောက်လုံးပင် ဗာရာဏသီ မင်းကြီးထံ အဆုံးအဖြတ် ခံယူရန် နန်းတော်သို့ သွားရောက်ကြလေကုန်၏။ ဗာရာဏသီမင်းသည် “ဤကောသမ္ဗီ သူဌေးကတော်ကား ဆယ်လတို့ပတ်လုံး ဝမ်းကြာတိုက်ဖြင့် ဆောင်ပိုက်ခဲ့သူ ဖြစ်သောကြောင့် ထိုသူဌေးကတော်ကို အမိမဟုတ် ဟူ၍လည်း မဆုံးဖြတ်နိုင်၊ ငါးကို ဝယ်ယူသောသူတို့မည်သည် အညှို့, အသည်း-စသည်တို့ကို အပြင်သိုထုတ်၍ ဝယ်ယူရိုးထုံးတမ်း မရှိ = ဝမ်းတွင်း ပစ္စည်းနှင့်တကွသာ ဝယ်ယူရိုးဖြစ်သောကြောင့် ထိုငါး၏ဝမ်း၌ ရအပ်ရကား ဤဗာရာဏသီသူဌေးကတော်ကိုလည်း အမိမဟုတ် ဟူ၍ မဆုံးဖြတ်နိုင်၊ ဤသူငယ်ကား ကောသမ္ဗီသူဌေးကတော်၏ အဖို့ အတြဇသား ဖြစ်၍ ဗာရာဏသီသူဌေးကတော်၏အဖို့မူ ဒိန္နကသား ဖြစ်လေသည်၊ သို့ရကား သူငယ်သည် ကောသမ္ဗီသူဌေး အိမ်, ဗာရာဏသီသူဌေးအိမ် = နှစ်အိမ်လုံး၏ အမွေခံသား ဖြစ်စေ”ဟု ဆုံးဖြတ်ချက်ချမှတ်လေ၏။ ထိုအချိန်မှစ၍ သူဌေးအိမ် နှစ်အိမ်လုံးတို့ပင် လာဘ်လာဘအထွတ်အထိပ်, ကောင်းသော သတင်း ကျော်စောခြင်း အထွတ်အထိပ်သို့ ရောက်ရှိကြလေကုန်၏။ ထိုသူငယ်၏အမည်ကိုလည်း သူဌေးအိမ် နှစ်အိမ်လုံးက ပင် ချမ်းသာစွာ ကြီးပြင်းစေအပ်သောကြောင့် “ဗာကုလကုမာရ = ဗာကုလသူဌေးသား”ဟူ၍ မှည့်ခေါ်ကြကုန်၏။

ဗာကုလသူသဌေးသား၏ စည်းစိမ်

ထိုဗာကုလသူဌေးသား အရွယ်သို့ ရောက်လတ်သည်ရှိသော် ကောသမ္ဗီပြည်, ဗာရာဏသီပြည် နှစ်ပြည်လုံး၌ပင် မယ်တော် ခမည်းတော်တို့က စံအိမ်ပြသာဒ် သုံးဆောင်စီ သုံးဆောင်စီ ဆောက်လုပ်စေကြ၍ ကခြေသည်မောင်းမမိဿံ များစွာတို့ကို ပြုစုဖျော်ဖြေ ခစားစေကြလေကုန်၏။ ဗာကုလသူဌေးသားသည် တမြို့ တမြို့၌ လေးလ လေးလသာ စံနေ၏။ ဗာကုလသူဌေးသား

(နှာ-၅၁၁)

တမြို့၌ လေးလပတ်လုံး သူဌေးစည်းစိမ်ကို ခံစံသုံးဆောင်နေထိုင် ပြီးလတ်သော် ပေါင်းကူးလှေကြီးတို့၌ မဏ္ဍပ်ကြီးစွာ ဆောက်လုပ် စေပြီးလျှင် ထိုမဏ္ဍပ်၌ သူဌေးသားဗာကုလကို ကခြေသည် မောင်းမမိဿံများနှင့်တကွ တင်ဆောင်၍ ကြီးစွာသော အခမ်းအနားဖြင့် အခြားမြို့သို့ ပို့စေကြလေသည်။ ဗာကုလသူဌေးသားသည် ကြီးစွာသော သူဌေးစည်းစိမ်ကို ခံစားသုံးဆောင်လျက် လေးလရှိမှ အခြားမြို့သို့ ရောက်ဆိုက်လေသည်။

ထိုအခြားမြို့မှာ နေထိုင်ကြရသည့် ကခြေသည် မောင်းမမိဿံတို့သည် “နှစ်လ(၂-လ)တာ အချိန်ဖြင့် ငါတို့အရှင်သူဌေးသားသည် လမ်းထက်ဝက်သို့ ရောက်ဆိုက်တော်မူလာလိမ့်မည်”ဟု လမ်း ထက်ဝက်ကပင် ခရီးဦးကြိုနှင့်ကြ၍ ဗာကုလသူဌေးသားကို ဝိုင်းဝန်းဖျော်ဖြေ ပြုစုယုယကြကာ နှစ်လ(၂ -လ)တာအချိန်ဖြင့် မိမိတို့မြို့သို့ ရောက်အောင်ဆောင်ယူခဲ့ကြလေ၏၊ လိုက်၍ပိုသော မြို့မှ ကခြေသည်မောင်းမမိဿံတို့သည် လမ်းထက်ဝက်ကပင် မိမိတို့မြို့သို့ ပြန်ကြရကုန်၏။ ထိုရောက်သောမြို့၌ ဗာကုလသူဌေးသားသည် လေးလကြာ သူဌေးစည်းစိမ်ကို ခံစားသုံးဆောင် နေထိုင်ပြီးလျှင် ထိုနည်းအတိုင်းပင် အခြားမြို့သို့ သွားပြန်လေ၏။ ဤသို့လျှင် ဗာကုလသူဌေးသားသည် အလွန်ကြီးစွာသော သူဌေး စည်းစိမ်ကို ခံစားသုံးဆောင်လျက် ချမ်းသာစွာ နေထိုင်ခဲ့ရာ အသက်အရွယ် အနှစ်ရှစ်ဆယ် တင်းတင်း ပြည့်သောအချိန်သို့ ရောက်ခဲ့လေ၏။

ဗာကုလသူဌေးသား ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း

ဗာကုလသူဌေးသား အသက်ရှစ်ဆယ် အရွယ်တင်းတင်း ပြည့်လတ်သောအခါ အကျွန်ုပ်တို့၏ မြတ်စွာဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုံသုံးပါး၌ ဘုရား စင်စစ် ဖြစ်တော်မူပြီးလျှင် ဓမ္မစကြာတရားဦး ဟောတော်မူပြီးနောက် အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူရာ ကောသမ္ဗီ

(နှာ-၅၁၂)

ပြည်သို့ ရောက်ဆိုက်တော်မူလာလေ၏။ (မဇ္ဈိမဘာဏကမထေရ်တို့အလို ဗာရာဏသီပြည်သို့ ရောက်ဆိုက်တော်မူလာလေ၏)။ ဗာကုလသူဌေးသည်လည်း “မြတ်စွာဘုရားရှင် မိမိတို့မြို့သို့ ရောက်ဆိုက် ကြွချီတော်မူလာပြီ”ဟူသော သတင်းစကားကို ကြားသိရလျှင် ရှေးအဓိကာရကောင်းမှု ကုသိုလ်ကံက တိုက်တွန်းလှုံ့ဆော် အပ်ရကား များစွာသော နံ့သာ,ပန်းတို့ကို ယူဆောင်၍ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်၍ တရားနာလေသော် သဒ္ဓါတရား ကြီးမားစွာဖြစ်ကာ သာသနာဝန်ထမ်း ရဟန်းပြုလေ၏။ ထိုဗာကုလမထေရ်သည် ခုနစ်ရက်သာလျှင် ပုထုဇန် ဖြစ်လျက် ရှစ်ရက်မြောက်အရုဏ်၌ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်တော်မူလေသည်။

ထိုအခါ ဗာရာဏသီပြည်, ကောသမ္ဗီပြည် = နှစ်ပြည်မှာရှိကြသည့် အရှင်ဗာကုလမထေရ်၏ လူဖြစ်စဉ်အခါ အလုပ်အကျွေး အဖျော်အဖြေ ကခြေသည် မောင်းမမိဿံတို့သည် မိမိတို့မိဖအိမ်သို့ ပြန်လာကြ၍ ထိုမိဖတို့အိမ်၌ နေထိုင်ကြရင်းပင် သင်္ကန်းတို့ကို ချုပ်လုပ်၍ အရှင်ဗာကုလမထေရ်မြတ်ထံ ပို့သလှူဒါန်းကြလေ၏။ မထေရ်မြတ်သည် လ-ဝက် (= တပက္ခ) ပတ်လုံး ကောသမ္ဗီမြို့၌ နေသူတို့က ပို့သလှူဒါန်းသော သင်္ကန်းကို သုံးဆောင်တော်မူ၏။ အခြား လ-ဝက်(တပက္ခ)ပတ်လုံး ဗာရာဏသီပြည်၌ နေသူတို့က ပို့သလှူဒါန်းသော သင်္ကန်းကို သုံးဆောင်တော်မူ၏။ ဤနည်းဖြင့် နှစ်မြို့နေသူတို့က လှူဒါန်းသည့်သင်္ကန်းကို လ-ဝက်စီ အလဲအလှယ် သုံးဆောင်တော်မူ၏။ ဤနည်းဖြင့်ပင် ဗာရာဏသီ, ကောသမ္ဗီနှစ်ပြည်တို့၌ မွန်မြတ်သောဝတ္ထု ပေါ်ပေါက်တိုင်း ပေါ်ပေါက်တိုင်း အရှင်ဗာကုလမထေရ်မြတ်အထံသို့သာ ပို့ဆက်လှူဒါန်းအပ်လေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

အရှင်ဗာကုလမထေရ်မှာ နှစ်ပေါင်းရှစ်ဆယ်ကြာ အိမ်ရာတည်ထောင် လူ့ဘောင်၌နေစဉ် လက်နှစ်ချောင်းဖြင့် နံ့သာစိုင်

(နှာ-၅၁၃)

နံ့သာခဲကို ကောက်ယူကာ နမ်းရှူသည့်အချိန် (= နံ့သာတရှူ အချိန်) မျှလောက်သော်မှလည်း တစုံတရာ အနာဟူ၍ မဖြစ်ခဲ့ စဘူး၊ အနှစ်ရှစ်ဆယ်မြောက်၌ ချမ်းသာစွာ ရဟန်းအဖြစ်သို့ ကပ်ရောက်တော်မူခဲ့လေသည်၊ ရဟန်းဖြစ်သောအခါမှာလည်း အရှင်ဗာကုလမထေရ်၏အဖို့ရာ အနည်းငယ်မျှသော အနာရောဂါဟူ၍ မရှိသည့်ပြင် ပစ္စည်းလေးပါးတို့ဖြင့် ချို့တဲ့ခြင်းဟူ၍လည်း အလျှင်း မရှိချေ။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တော်၌ အရိယသံဃာတော်အား ဧတဒဂ်ဘွဲ့ထူး ချီးကျူးသော ဓမ္မသဘင်ဝယ် အရှင်ဗာကုလမထေရ်မြတ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ အပ္ပါဗာဓာနံ ယဒိဒံ ဗာကုလော = ရဟန်းတို့ အနာရောဂါ ကင်းကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် ဗာကုလရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “အပ္ပါဗာဓ = အနာရောဂါ ကင်းသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး= ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

အရှင်ဗာကုလ၏အံ့ဩဖွယ်များ

ဤ အရာ၌ အရှင်ဗာကုလမထေရ်၏အံ့သြဖွယ်တို့ကို ဥပရိပဏ္ဏာသ ဗာကုလသုတ်မှ ထုတ်နုတ်ဖော်ပြပါဦးအံ့__

အခါတပါး၌ အရှင်ဗာကုလမထေရ်သည် ရာဇဂြိုဟ်ပြည် - ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်တော်မူစဉ် ထိုအရှင် ဗာကုလ၏ ရှေးလူ့ဘဝက မိတ်ဆွေဖြစ်သော အစေလကဿပသည် (= အဝတ်မလွှမ်းသော ကဿပသည်) အရှင်ဗာကုလ မထေရ်ထံသို့ လာရောက်၍ ဝမ်းမြောက်ဖွယ်စကား ပြောကြားပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးသော် အရှင်ဗာကုလ မထေရ်ကို “ငါ့ရှင်ဗာကုလ... သင် ရဟန်းပြုသည်မှာ အဘယ်မျှ ကြာပြီနည်း” ဟု မေးလေ၏။ အရှင်ဗာကုလမထေရ်မြတ်က “ငါ့ရှင်...ငါရဟန်းပြုသည်မှာ အနှစ်ရှစ်ဆယ်ရှိပြီ” ဟု ဖြေတော်

(နှာ-၅၁၄)

မူလေလျှင် အစေလကဿပသည် အရှင်ဗာကုလမထေရ်ကို “ဤအနှစ်ရှစ်ဆယ်အတွင်းမှာ ဘယ်နှစ်ကြိမ် မေထုန်အကျင့်ကို သင်မှီဝဲဘူးသနည်း” ဟု ရိုင်းပြ ရင့်သီးစွာ သာသနာပြင်ပ ဗာဟိရက ရဟန်းတုပီပီ မေးမြန်းလေ၏။

ထိုအခါ အရှင်ဗာကုလမထေရ်သည် ဤ ဆိုလတ္တံ့သော အတိုင်း မိမိ၏အံ့သြဖွယ်တို့ကို ဟောကြားမိန့်ဆိုတော်မူလေ၏။ မိန့်ဆိုတော်မူပုံမှာ__

(၁) ငါ့ရှင်ကဿပ... ငါ့ကို “ငါ့ရှင်ဗာကုလ... ဤအနှစ် ရှစ်ဆယ်အတွင်းမှာ ဘယ်နှစ်ကြိမ် မေထုန်အကျင့်ကို သင် မှီဝဲဘူးသနည်း” ဟု ရိုင်းပြရင့်သီးစွာ မမေးမြန်းသင့်၊ ငါ့ရှင်ကဿပ... ငါ့ကို “ငါ့ရှင်ဗာကုလ... သင့်၏ စိတ်သန္တာန်မှာ ဤအနှစ်ရှစ်ဆယ်အတွင်း ကာမဂုဏ်နှင့်စပ်သော အမှတ်သညာ ဘယ်နှစ်ကြိမ် ဖြစ်ဘူးသနည်း” ဟူ၍သာ မေးမြန်းသင့်၏။ ငါ့ရှင်ကဿပ... ငါရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ (ထိုအချိန်၌ အရှင်ဗာကုလမှာ သက်တော်- ၁၆ဝ၊ ဝါတော်-၈ဝ ရှိနေလေပြီ)၊ အနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း ငါ့သန္တာန်မှာ ကာမဂုဏ် နှင့် စပ်သော အမှတ်သညာ = ကာမသညာ တကြိမ်တခါမျှ မဖြစ်ဘူးချေ။ (ယင်းသို့ အနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း ကာမသညာ တကြိမ်တခါမျှ မဖြစ်ခြင်းသည်လည်း အရှင်ဗာကုလ မထေရ်၏အံ့ဖွယ်တပါးတည်း)။

(၂) (၃) ငါ့ရှင်ကဿ... ငါရဟန်း ပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ ဤ အနှစ်ရှစ်ဆယ်=ဝါရှစ်ဆယ်အတွင်း ငါ့ သန္တာန်မှာ သူတပါးကို ဖျက်ဆီးလိုမှုနှင့်စပ်သော သညာ = ဗျာပါဒသညာ, သူတပါးကို ညှဉ်းဆဲလိုမှုနှင့်စပ်သော သညာ = ဝိဟိံသာသညာ ဤ သညာနှစ်ပါး တကြိမ်တခါမျှ မဖြစ်ဘူးချေ။ (ယင်းသို့ ဗျာပါဒသညာ တကြိမ်တခါမျှမဖြစ်ခြင်းသည်လည်း အံ့ဖွယ်တပါး, ဝိဟိံသာသညာ တကြိမ်တခါမျှ မဖြစ်ခြင်းသည်လည်းအံ့ဖွယ်တပါး ဖြစ်သည်)။

(နှာ-၅၁၅)

(၄) ငါ့ရှင်ကဿပ... ရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ်=ဝါရှစ်ဆယ်အတွင်း ငါ့သန္တာန်မှာ ကာမဂုဏ်နှင့်စပ်သော ကြံစည်မှု = ကာမဝိတက် တကြိမ်တခါမျှ မဖြစ်ဘူးချေ။ (ယင်းသို့ ကာမဝိတက် တကြိမ်တခါမျှ မဖြစ်ခြင်းသည်လည်းအံ့ဖွယ်တပါးဖြစ်သည်)။

(၅-၆) ငါ့ရှင်ကဿပ...ငါ ရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ် ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ် =ဝါရှစ်ဆယ်အတွင်း ငါ့သန္တာန်မှာ သူတပါးကို ဖျက်ဆီးလိုမှုနှင့် စပ်သော ကြံစည်မှု = ဗျာပါဒ ဝိတက်, သူတပါးကို ညှဉ်းဆဲလိုမှုနှင့် စပ်သော ကြံစည်မှု = ဝိဟိံသာဝိတက် ၍ဝိတက်နှစ်ပါး တကြိမ်တခါမျှ မဖြစ်ဘူးချေ။ (ယင်းသို့ ဗျာပါဒဝိတက် တကြိမ်တခါမျှ မဖြစ်ခြင်းသည်လည်းအံ့ဖွယ် တပါး, ဝိဟိံသာဝိတက် တကြိမ်တခါမျှ မဖြစ်ခြင်းသည်လည်း အံ့ဖွယ်တပါးဖြစ်သည်)။

(၇) ငါ့ရှင်ကဿပ... ငါ ရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း (ဆွေမျိုးမတော်သည့်)ဒါယကာတို့ လှူသော သင်္ကန်းကို မသာယာစဘူး, မခံယူ စဘူးချေ။ (ယင်းသို့ ဆွေမျိုးမတော်သည့် ဒါယကာတို့ လှူသော သင်္ကန်းကို တကြိမ်မျှ မသာယာခြင်း မခံယူခြင်းသည်လည်း အံ့ဖွယ်တပါးဖြစ်သည်)။

(ဂ) ငါ့ရှင်ကဿပ ရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ်=ဝါရှစ်ဆယ်အတွင်း ငါသည် သင်္ကန်းကို (သင်္ကန်းလျာအထည်ကို သင်္ကန်းပြုလုပ်ရန်) ဓားဖြင့် တကြိမ်မျှ မဖြတ်စဘူး။ (ယင်းသို့ မဖြတ်ဘူးခြင်းသည်လည်းအံ့ဖွယ် တပါး ဖြစ်သည်)။

(၉-၃၃) ငါ့ရှင်ကဿပ... ရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ် ဆယ်တို့ ရှိပြီ၊ ဤအနှစ်ရှစ်ဆယ် = ဝါရှစ်ဆယ်အတွင်း ငါသည် သင်္ကန်းကို တကြိမ်မျှ အပ်ဖြင့် မချုပ်စဘူး၊ (ပ) သင်္ကန်းကို တကြိမ်မျှ ဆိုးရည်ဖြင့် မဆိုးစဘူး၊

(နှာ-၅၁၆)

ကထိန်သင်္ကန်းကို တကြိမ်မျှ မချုပ်လုပ်စဘူး၊ သီတင်းသုံးဖော်တို့ သင်္ကန်းချုပ်ရာ၌ တကြိမ်မျှ မပါဝင် မစီရင်စဘူး၊

ဒါယကာတို ပင့်ဖိတ်သောဆွမ်းကို တကြိမ်မျှ မသာယာစဘူး၊

“ဒါယကာ တဦးတယောက်က ငါ့ကို ပင့်ဖိတ်ပါမူ ကောင်းလေစွာ့” ဟု ဤသို့သောစိတ်မျိုး ငါ့သန္တာန်မှာ တကြိမ်မျှ မဖြစ်စဘူး၊

မြို့ရွာအတွင်း အိမ်တံစက်မြိတ်အတွင်း၌ တကြိမ်မျှ မထိုင်စဘူး၊

မြို့ရွာအတွင်း၌ တကြိမ်မျှ ဆွမ်းမစားစဘူး။

မာတုဂါမကို မိန်းမဟူသော အမှတ်လက္ခဏာဖြင့် တကြိမ်မျှ မကြည့်စဘူး၊

မာတုဂါမအား အယုတ်ဆုံး လေးပါဒရှိသော ဂါထာ မျှဖြင့်လည်း တရားမဟောစဘူး၊

(မာတုဂါမအား ၅-ခွန်း, ၆-ခွန်းသော စကားတို့ဖြင့် တရား ဟောကောင်း၏။ ပြဿနာ မေးအပ်သော်ကား ဂါထာတထောင်ကိုပင်သော်လည်း ရွတ်ဆိုဖြေ ကြားကောင်း၏၊ မထေရ်မြတ်ကား အပ်စပ်လျက်ပင် ပြုတော်မမူ၊ မှန်၏__ ဤတရားဟောခြင်း အလုပ်ကား များသောအားဖြင့် ဒကာအိမ်သို့ ကပ်ရောက်သော = ကုလူပကမထေရ်တို့၏ အလုပ်ဖြစ်သည်၊ အထူးမှတ်ရန်)။

ဘိက္ခုနီမကျောင်းသို့ မချဉ်းကပ် မသွားရောက်စဘူး၊

(ဤ၌လည်း ဘိက္ခုနီမကျောင်းသို့ သူနာမေးရန်ကား သွားရောက်ကောင်း၏။ မထေရ်ကား အပ်စပ်လျက်ပင် ပြုတော်မမူ။ အရာခပ်သိမ်း ဤနည်းချည်း)။

(နှာ-၅၁၇)

ဘိက္ခုနီမအား တရားမဟောစဘူး၊
သိက္ခမာန်မအား တရားမဟောစဘူး၊
သာမဏေမအား တရားမဟောစဘူး။
ဥပဇ္ဈာယ်ဆရာပြုလျက် ရှင်ပြုမပေးစဘူး၊
ဥပဇ္ဈာယ်ဆရာပြုလျက် ရဟန်းခံမပေးစဘူး၊
ရဟန်းတပါးအားမျှ နိဿယည်း မပေးစဘူး၊
သာမဏေကို မလုပ်ကျွေးစေစဘူး (=သာမဏေ၏ အပြုအစု အလုပ်အကျွေးကို မခံစဘူး)၊
ရေချိုးအုံ = ရေချိုးအိမ်၌ ရေမချိုးစဘူး၊
ရေချိုးကသယ်မှုန့်(=ဆပ်ပြာမှုန့်မျိုး)ဖြင့် ပွတ်တိုက်၍ ရေမချိုးစဘူး၊

သီတင်းသုံးဖော်တဦးဦးကို ကိုယ်ကို ဆုပ်နယ်မှု၌ မစီရင်စဘူး(=သီတင်းသုံးဖော်တဦးဦးကိုမျှ ငါ့ကိုယ်ကို ဆုပ်နယ်ပေးစမ်းပါဟူ၍ မခိုင်းရစဘူးဟု ဆိုလိုသည်)၊
အယုတ်သဖြင့် ငါ၏ကိုယ်ဝယ် နွားနို့တညှစ် အချိန်ခန့် မျှလည်း အနာရောဂါ မဖြစ်စဘူး၊
အယုတ်သဖြင့် သျှိသျှားသီးပိုင်းမျှဖြစ်သော ဆေးကို မျှလည်း မသုံးဆောင်ရစဘူး (= ကျန်းမာရေးအတွက် ဆေးအနေဖြင့် သျှိသျှားသီးပိုင်းကလေးမျှကို မစားရ စဘူးဟု ဆိုလိုသည်)၊
တံကဲပျဉ်ကို မှီ၍ မအိပ်စဘူး။
အိပ်ရာ၌ လျောင်း၍ မအိပ်စဘူး၊ (ဤသည်လည်းအံ့ဖွယ်တပါး ဖြစ်သည်)။

(၃၄) ငါ့ရှင်ကဿပ...ငါရဟန်းပြုခဲ့သည်မှာ အနှစ်ရှစ်ဆယ်တို့ ရှိပြီ၊ အနှစ်ရှစ်ဆယ် =ဝါရှစ်ဆယ်အတွင်း ငါသည် ရွာနီး

(နှာ-၅၁၈)

ကျောင်း၌ ဝါမကပ်စဘူး၊ (ယင်းသို့ ရဟန်းဝါနှင့်အမျှ တောကျောင်း၌နေခြင်းသည်လည်းအံ့ဖွယ်တပါး ဖြစ်သည်)။

(၃၅) ငါ့ရှင်ကဿပ...ငါသည် ရဟန်းဖြစ်ပြီးနောက် ခုနစ်ရက်သာလျှင် ကိလေသာရှိသူ(ပုထုဇန်ရဟန်း) ဖြစ်၍ တိုင်းပြည်၏ ဆွမ်းကို စားခဲ့ပြီ၊ ထို့နောက် ရှစ်ရက်မြောက်၌ ငါ့သန္တာန်ဝယ် အရဟတ္တဖိုလ်တရား ထင်ရှားဖြစ်ခဲ့ပြီ၊ (ထိုသို့ဖြစ်ခြင်းသည်လည်း အရှင်ဗာကုလ၏အံ့ဖွယ်တပါး ဖြစ်သည်)။

(အရှင်ဗာကုလမထေရ်၏ ဤအံ့ဖွယ်များကို ကြားနာရသောအခါ အစေလကဿပသည် အရှင်ဗာကုလထံ၍ သာသနာတော်၌ မိမိ ရှင်, ရဟန်းပြုလိုကြောင်း တောင်းပန်လျှောက်ထားသည်။ အရှင်ဗာကုလမထေရ်သည်လည်း မိမိကိုယ်တိုင်က ဥပဇ္ဈာယ်ဆရာပြုလုပ်ကာ ရှင်, ရဟန်း ပြု၍ မပေးပဲ အခြား သင့်လျော်သော မထေရ်မြတ်ကို ဥပဇ္ဈာယ်ဆရာပြုလုပ်ရန် စီမံ၍ အစေလကဿပကို ရှင်, ရဟန်းအဖြစ်ရောက် ချီးမြှောက်တော်မူလေသည်။

ထို့နောက် အရှင်ကဿပသည် ရဟန်းတရား ပွါးများ ကြိုးကုတ် အားထုတ်သဖြင့် မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ရဟန္တာဖြစ်တော်မူလေ၏)။

(၃၆ ) ထို့နောက် အခါတပါး၌ အရှင်ဗာကုလမထေရ် (သက်တော်တရာ့ခြောက်ဆယ်)သည် သံကောက် = သော့ကို ယူ၍ တကျောင်းမှ တကျောင်းသို့ သွားရောက်ပြီးလျှင် “အရှင်တို့...ကြွတော်မူကြကုန်လော့၊ အရှင်တို့...ကြွတော်မူကြကုန်လော့၊ ယနေ့ တပည့်တော်၏ ပရိနိဗ္ဗာန်ဝင်စံခြင်းသည် ဖြစ်ပေလိမ့်မည်” ဟု လှည့်လည်ပြောဆို ဖိတ်ကြားတော်မူ၏။ (ထိုသို့ ဖိတ်ကြား ပြောဆိုနိုင်ခြင်းသည်လည်း အရှင်ဗာကုလမထေရ်၏အံ့ဖွယ် တပါး ဖြစ်သည်)။

(၃၇) အရှင်ဗာကုလမထေရ်သည် ဤသို့ သံဃာတော်များကို ဖိတ်ခေါ်ပြီးလျှင် သီတင်းသုံးဖော် သံဃာတော်များ စုရုံး

(နှာ-၅၁၉)

စည်းဝေးမိသောအခါ “ငါသည် အသက်ရှင်စဉ်လည်း အခြား ရဟန်း တပါးပါး၏ တာဝန်မဖြစ်ချေ=မိမိခန္ဓာကိုယ်ရေးအတွက် အခြားရဟန်းတပါးအားမျှ တာဝန်မပေးခဲ့ချေ၊ ယခု ပရိနိဗ္ဗာန် ဝင်စံသောအခါမှာလည်း ဤငါ့ ကိုယ်ခန္ဓာသည် သီတင်းသုံးဖော် ရဟန်းသံဃာတော်၏ ပလိဗောဓ ကြောင့်ကြဖွယ်မှု မဖြစ်ရစ်ပါစေလင့်”ဟု ဆင်ခြင်အောက်မေ့တော်မူကာ တေဇောကသိဏဈာန်ကို ဝင်စားတော်မူ၍ ရဟန်းသံဃာ၏ အလယ်၌ ထိုင်လျက်ပင်လျှင် ပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏။ ပရိနိဗ္ဗာန် ဝင်စံလျှင်ပင် ခန္ဓာကိုယ်မှ တေဇောဓာတ်မီး ဟုန်းကနဲထ၍ လောင်ကျွမ်းသဖြင့် အရေ, အသား, အသွေးကို ကုန်ခန်းပြီးလျှင် မုလေးပန်းငုံအဆင်း ရှိသော ဓာတ်တော်တို့သာ ကြွင်းကျန်လေကုန်၏။ (ဤသို့ ဖြစ်ခြင်းသည်လည်း အရှင်ဗာကုလမထေရ်၏အံ့ဖွယ်တပါး ဖြစ်သည်)။

ဤကား အရှင်ဗာကုလမထေရ် အကြောင်းတည်း။

______

(၃၄) အရှင်သောဘိတမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤအရှင်သောဘိတ မထေရ်အလောင်း အမျိုးကောင်းသားသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော် အခါ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်းသားဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတပါးကို ပုဗ္ဗေနိဝါသဉာဏ် (= ရှေးကဖြစ်ဘူးသည့် ခန္ဓာအစဉ်ကို အောက်မေ့သိမြင်သော အဘိညာဏ်)ကို ရကြသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံးဧရာဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရ ကောင်းမှု့ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး=ဌာနန္တရကို ဆုတောင်း ပတ္ထနာမှု ပြုလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်သည်လည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

(နှာ-၅၂၀)

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကောင်းမှု ကုသိုလ်ကိုပြု၍ အပါယ်လေးပါး မလားမရောက်ပဲ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဤအကျွန်ုပ်တို့ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာကာလဝယ် သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍လာလေ၏။ ထိုသူငယ်၏အမည်ကို “သောဘိတလုလင်” ဟု အမည်မှည့်ကြကုန်၏။

သောဘိတ လူလင်သည် နောက်တချိန်၌ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သဒ္ဓါတရား ဖြစ်ပွါးကာ သာသနာ ဝန်ထမ်း ရှင်, ရဟန်းပြုပြီးလျှင် ဝိပဿနာတရား ပွါးများအားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိကာ(=ရဟန္တာဖြစ်ကာ) ပုဗ္ဗေနိဝါသဉာဏ်၌ အထူး လေ့လာနိုင်နင်းတော်မူလေသည်။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

ဤအရှင်သောဘိတမထေရ်မြတ်သည် လွန်ခဲ့သော မဟာကပ် ၅၀၀-အထက်က တိတ္ထိတို့သာသနာဝယ် ရဟန်းပြု၍ သညာဝိရာဂ ရူပါဝစရစတုတ္ထဈာန်သမာပတ်ကို ဖြစ်စေ၍ ဈာန်မလျောကျပဲ ထိုဘဝမှ စုတေလတ်သော် အသညသတ်ဘုံ၌ ဖြစ်လေ၏။ ထိုအသညသတ်ဘုံ၌ အသက်တမ်းပြည့် မဟာကပ်-၅၀၀ တည်နေ၍ ထိုမဟာကပ်-၅၀၀ ကုန်ဆုံးသောအခါ ဤလူ ပြည်ဝယ် သောဘိတလုလင်ဖြစ်၍ နိယျာနိက၏ဘုရားသာသနာ၌ ရဟန်း ပြုပြီးလျှင် ဝိပဿနာတရား ပွါးများအားထုတ်သဖြင့် ပု, ဒိ, အာ= ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော တေဝိဇ္ဇရဟန္တာ ဖြစ်တော်မူလေသည်။

ထိုအရှင်သောဘိတ မထေရ်သူမြတ်သည် တနေ့သ၌ မိမိ၏ ရှေး၌ဖြစ်ဘူးလာ ခန္ဓာအစဉ်ကို အောက်မေ့ဆင်ခြင်တော်မူ လတ်သော် ဤယခုနောက်ဆုံး ပစ္ဆိမဘ၀ ပဋိသန္ဓေကို မြင်တော်မူ၍ ထို့နောက် တတိယဘဝ စုတိကိုသာ မြင်တော်မူလေသည်။ (လွန်ခဲ့သည့် ဒုတိယ အသညသတ်ဘဝကို မြင်တော်မမူ)။

(နှာ-၅၂၁)

(ပုဗ္ဗေနိဝါသဉာဏ်သည် စုတိ, ပဋိသန္ဓေကို အာရုံပြု၍ ယူသော်လည်း အနန္တရပစ္စည်းအစဉ်ရှိသည့် နာမ်တရားတို့နှင့်စပ်၍သာ ယူနိုင်လေသည်။ ထို့ကြောင့် ရုပ်တရားချည်းသက်သက်ဖြစ်သော လွန်ခဲ့သည့် ဒုတိယအသညသတ်ဘဝကို မမြင်ပဲရှိလေသည်။ သာရတ္ထဋီ-၂၊၂၉၇) ထိုအခါ ယခုနောက်ဆုံး ပစ္ဆိမဘဝနှင့် လွန်ခဲ့သည့် တတိယ ဘဝ = ဤနှစ်ဘဝတို့၏အကြားဝယ် စိတ်မရှိသည့် အသညသတ် အတ္တဘောကို ပုဗ္ဗေနိဝါသဉာဏ်ဖြင့် အောက်မေ့ခြင်းငှါ မတတ်နိုင်ရကား “သံသရာဝဋ်၌ ကျင်လည်ကြသော သတ္တဝါတို့အဖို့ရာ ခန္ဓာမဖြစ်သောကာလဟူ၍ မရှိချေ။ အသညသတ်ဘုံ၌ ဖြစ်ကြသော သတ္တဝါတို့သည်သာ စိတ်မရှိကြပဲ မဟာကပ် - ၅၀၀ ကာလကြာအောင် ဖြစ်ကြလေသည်။ သို့ရကား ငါသည် ဧကန်ပင် ဤဘဝ, တတိယဘဝ နှစ်ဘဝတို့၏ အကြားကာလ မဟာကပ် ၅၀၀-ကာလ ကြာအောင် အသညသတ်ဘုံ၌ ဖြစ်ခဲ့လေပြီ”ဟု နည်းအားဖြင့် ထိုအသညသတ်ဘဝကို မှတ်ယူတော်မူလေသည်။

ထိုသို့ နာမ်ခန္ဓာမရှိသည့် အသညသတ်ဘဝကို အောက်မေ့မှုကို မြတ်စွာဘုရားများမှသာ ပိုင်နိုင်စွာ ပြုနိုင်သည်။ သို့ဖြစ်၍ ယခု အရှင်သောဘိတမထေရ်၏ နည်းအားဖြင့် အသညသတ် ဘဝကို အောက်မေ့မှုကို ပြုခြင်းသည် ခဲယဉ်းသော အမှုကို ပြုခြင်း ဖြစ်လေသည်၊ သားမြီးဖျားတခုဖြင့် သားမြီးဖျားတခုကို မှန်အောင် ပစ်ရသည်နှင့် တူလှဘိ၏။ ခြေရာမထင်နိုင်သော ကောင်းကင်၌ ခြေရာကို ပြုအပ်သကဲ့သို့ ဖြစ်လေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ဤအဋ္ဌုပ္ပတ်ကို အကြောင်းပြု၍ ဧတဒဂ် ဘွဲ့နှင်းသဘင် ယင်တော်မူသောအခါ အရှင်သောဘိတမထေရ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပုဗ္ဗေနိုဝါသံ အနုဿရန္တာနံ ယဒိဒံ သောဘိတော=ရဟန်းတို့... ရှေး၌ဖြစ်ဘူးသည့် ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် သောဘိတ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏"__

(နှာ-၅၂၂)

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “ပုဗ္ဗေနိဝါသလာဘီ= ပုဗ္ဗေနိဝါသအဘိညာဏ်ကို ရသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး =ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤ အရှင်သောဘိတမထေရ်၏ ပုဗ္ဗေနိဝါသဉာဏ် အကြောင်းအရာ ထိုကို ဝိနယ ပါရာဇိက စတုတ္ထပါရာဇိက ဝိနီတဝတ္ထုအဆုံး ပါဠိ, အဋ္ဌကထာ, ဋီကာတို့မှ မှတ်ယူကုန်ရာ၏)။

ဤကား အရှင်သောဘိတမထေရ် အကြောင်းတည်း။

_______

(၃၅) အရှင်ဥပါလိမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤ အရှင်ဥပါလိ မထေရ်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရ မြတ်စွာဘုရားရှင်လက်ထက်တော်အခါဝယ် ဟံသာဝတီ ပြည်၌ အမျိုးကောင်းသားဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို ဝိနည်းဆောင်သောအရာဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်လတ်၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်သည်လည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုအမျိုးကောင်းသားသည် ထိုဘဝ၌ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက် စားလျက် ဤဘုရားသာသနာခေတ်ဝယ် ဆေတ္တာသည်အမျိုး၌ ဖြစ်၍“ဥပါလိသူငယ်”ဟု အမည်တွင်လေသည်။ ထိုဥပါလိသူငယ်သည် အရွယ်သို့ရောက်လတ်သော် ဘဒ္ဒိယ, အနုရုဒ္ဓ, ကိမိလ, ဘဂု, အာနန္ဒ, ဒေဝဒတ္တ-တည်းဟူသော သာကီဝင်မင်းသား ခြောက်ဦးတို့ကို ဆံ, မုတ်ဆိတ် သုတ်သင် တန်းဆာဆင်ပေးရသူ ဖြစ်လျက် မြတ်စွာဘုရားရှင် အနုပီယမြို့အနီး အနုပီယသရက်ဥယျာဉ်တော်၌

(နှာ-၅၂၃)

နေတော်မူစဉ် ရဟန်းပြုရန် တောထွက်လာကြသော ထိုမင်းသားခြောက်ယောက်တို့နှင့် အတူတကွ ရဟန်းပြုလေသည်။ (ထိုသူတို့ ရဟန်းပြုကြပုံ အကြောင်းအရာအကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ အခဏ်း ၁၉၊ စာမျက်နှာ ၁၄၅-မှစ၍ ပြန်လည် ကြည့်ရှု သုံးသပ်ကုန်ရာ၏)။

ထိုအရှင်ဥပါလိသည် ရဟန်းဖြစ်ပြီးလတ်သော် မြတ်စွာဘုရားရှင်အထံတော်မှ တရားတော်ကို နာယူပြီးနောက် မြတ်စွာဘုရား...တပည့်တော်အား တောကျောင်းနေရန် ခွင့်ပြုတော် မူကြပါဘုရား”ဟု လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်က “ချစ်သား...သင့်အဖို့ရာ တောကျောင်း၌နေလျှင် ဝိပဿနာဓုရ= ကမ္မဋ္ဌာန်းအလုပ်တခုသာလျှင် တိုးတက်နိုင်ချိမ့်မည်။ ငါဘုရားတို့ အနီးထံပါး၌ သင်ချစ်သားနေလျှင်ကား ဝိပဿနာဓုရ = ကမ္မဋ္ဌာန်းအလုပ်, ဂန္ထဓုရ = ပရိယတ္တိအလုပ် = နှစ်မျိုးစုံပင် ကုံလုံ ပြည့်ဝလိမ့်မည်” ဟု မိန့်တော်မူလတ်သော် အရှင်ဥပါလိသည် မြတ်စွာဘုရားရှင်၏ မိန့်ကြားချက်ကို နှစ်သက်အားရစွာ သဘောတူလက်ခံ၍ ဝိပဿနာအလုပ် အားထုတ်တော်မူလေလျှင် မကြာမြင့်မီပင် အရဟတ္တဖိုလ်ပေါက် ရောက်တော်မူလေ၏ = ရဟန္တာ ဖြစ်တော်မူလေ၏။ ထို့နောက် အရှင်ဥပါလိမထေရ်ကို မြတ်စွာဘုရားရှင်သည် ကိုယ်တော်တိုင်ပင် အလုံးစုံသောဝိနည်းပိဋကကို ပို့ချ သင်ပြပေးတော်မူ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

အရှင်ဥပါလိ ရဟန္တာမထေရ်သည် ဝိနည်းပိဋကကို တတ်မြောက် ကျွမ်းကျင်တော်မူပြီးနောက် (၁) ဘာရုကစ္ဆကဝတ္ထု၊ (၂) အဇ္ဇုကဝတ္ထု၊ (၃) ကုမာရကဿပဝတ္ထု-တည်းဟူသော ဤသုံးဝတ္ထုတို့ကို သဗ္ဗညုတ ရွှေဉာဏ်တော်နှင့် နှိုင်းညှိလျက် မြတ်စွာဘုရားရှင် အလိုတော်ကျ ဖြေကြား ဆုံးဖြတ်တော်မူလေသည်။ ထို သုံးဝတ္ထုတို့တွင် (၃) ကုမာရကဿပဝတ္ထုကို ဤမဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ ထေရာပဒါန ၂၈-အရှင်ကုမာရကဿပ မထေရ်အကြောင်း စာမျက်နှာ ၄၁၇-၄၁၈-တို့၌ ပြန်လည်

(နှာ-၅၂၄)

ကြည့်ရှု သုံးသပ်ကုန်ရာ၏။ ကျန်သောနှစ်ဝတ္ထုတို့ကို အကျဉ်းအားဖြင့် ဖော်ပြပေအံ့__

ဘာရုကစ္ဆကဝတ္ထု

ဘာရုကစ္ဆကအရပ်သား ရဟန်းတပါးသည် အိပ်မက်၌ မယားဟောင်းကို မေထုန်ကျင့်ရသည်ဟု မြင်မက်သောကြောင့် “ငါသည် ရဟန်းမဟုတ်တော့ပြီ၊ လူထွက်တော့အံ့”ဟု မိမိနေရပ် ဘာရုကစ္ဆကမြို့သို့ သွားလေသော် လမ်းခရီးအကြား၌ အရှင်ဥပါလိကို တွေ့မြင်ရ၍ အရှင်ဥပါလိအား ထို အကြောင်းကို လျှောက်ထားလေ၏။ အရှင်ဥပါလိမထေရ်သည် “ငါ့ရှင်... အိပ်မက်ဖြင့် အာပတ်မသင့်နိုင်”ဟု မိန့်တော်မူ၏။ (ဤဝတ္ထုကား ဝိနယ ပါရာဇိကပါဠိ မျက်နှာ ၄၉၊ ပိဋကတ်မြန်မာပြန် မျက်နှာ ၅၃-၌ လာ၏)။ ဘာရုကစ္ဆကအရပ်ကား သင်္ဘောဆိပ် အရပ် ဖြစ်သည်။

ဤ အိပ်မက်မက်ခြင်းသည် အာပတ်သင့်ခြင်း၏ အရာမဟုတ်သောကြောင့် အရှင်ဥပါလိမထေရ်သည် ဤဝတ္ထုမျိုးကို ရှေးက မြတ်စွာဘုရား ဆုံးဖြတ်အပ်ပြီး မရှိငြားသော်လည်း ယခု ဘာရုကစ္ဆကရဟန်းဝတ္ထုကို နယဂ္ဂါဟ (= အိပ်မက်၌ သုက် လွတ်ခြင်းကြောင့် အာပတ်မသင့်မှုကို နည်းယူသော)အားဖြင့် “အာပတ်မသင့်”ဟု ရဲရဲတောက် ဆုံးဖြတ်တော်မူလေသည်။

မြတ်စွာဘုရားရှင်သည်လည်း ထိုအကြောင်းကို ကြားသိမူ၍ “ရဟန်းတို့...ဥပါလိသည် ကောင်းစွာ ဖြေကြားအပ်ပေ၏။ ခြေရာမထင်နိုင်သော ကောင်းကင်၌ ခြေရာကိုပြသကဲ့သို့ ဥပါလိ ရဟန်းသည် ဤ ပြဿနာကို ကောင်းစွာ ဖြေကြားအပ်ပေ၏”ဟု မိန့်တော်မူကာ သာဓုကောင်းကြီး ပေးတော်မူလေသည်။

အဇ္ဇုကဝတ္ထု

တရံရောအခါ ဝေသာလီပြည်၌ အရှင်အဇ္ဇုက၏ အလုပ် အကျွေး ဒါယကာမှာ သားနှင့်တူအားဖြင့် သူငယ်နှစ်ယောက်

(နှာ-၅၂၅)

ရှိကြရာ ထိုဒါယကာသည် အရှင်အဇ္ဇုကကို “အရှင်ဘုရား... ဤသူငယ်နှစ်ယောက်ရှိတွင် သဒ္ဓါတရားရှိ၍ ရတနာသုံးပါးကို ကြည်ညိုသော သူငယ်အား ဤ ဥစ္စာစု၏ တည်နေရာကို ပြောကြားတော်မူပါ”ဟု လျှောက်ထားမှာကြားပြီး ထို ဒါယကာ ကွယ်လွန်ခဲ့လေသည်။

ထိုအခါ ထိုဒါယကာ၏ တူဖြစ်သော သူငယ်သည် သဒ္ဓါတရားရှိ၍ ရတနာသုံးပါးကို ကြည်ညိုသူဖြစ်ရကား အရှင်အဇ္ဇုကသည် ထို ဥစ္စာစု၏ တည်နေရာကို တူဖြစ်သူ သူငယ်အား ပြောကြားလေ၏။ ထို သူငယ်သည် ထို ဥစ္စာစုဖြင့် ရောင်းဝယ်ဖောက် ကားမှု ပြုကာ စီးပွါးဥစ္စာကိုလည်း တည်တံ့စေ၏၊ အလှူအတန်းကိုလည်း ပေးကမ်း၏။

ထိုအခါ ထိုဒါယကာ၏ သားဖြစ်သော သူငယ်သည် အရှင်အာနန္ဒာမထေရ်ကို “အရှင်အာနန္ဒာဘုရား(သားနှင့် တူကို ရှိကြရာဝယ်) အဘယ်သူသည် ဖခင်၏ အမွေခံဖြစ်ပါသနည်း၊ သားသည်ပင် အမွေခံဖြစ်ပါသလော၊ သို့မဟုတ် တူသည်ပင် အမွေခံဖြစ်ပါသလော”ဟု မေးလျှောက်လေ၏။ ထိုအခါ အရှင်အာနန္ဒာက “ဒါယကာ...သားသည် ဖခင်၏အမွေခံဖြစ်သည်”ဟု မိန့်တော်မူလေလျှင် ထိုသားဖြစ်သူ သူငယ်သည် “အရှင်ဘုရား... အရှင်အဇ္ဇုကသည် တပည့်တော်တို့၏ ဥစ္စာနှစ်ကို တပည့်တော်တို့၏ ယောက်ဖ (= အဖေ့တူ)အား ညွှန်ကြားလေပြီ” ဟု လျှောက်ထားလေ၏။ ထိုအခါ အရှင်အာနန္ဒာသည် ထိုဝတ္ထု အကြောင်းအရာကို စေ့စုံစွာ လေ့လာမှုပြုတော်မမူပဲ ရုတ်တရက်အားဖြင့် “ဒါယကာ...ထိုသို့ဖြစ်လျှင် အရှင်အဇ္ဇုကသည် ရဟန်း မဟုတ်တော့ပြီ”ဟု မိန့်ကြားတော်မူလေ၏။

ထိုအခါ အရှင်အဇ္ဇုကသည် အရှင်အာနန္ဒာမထေရ်ကို “ငါ့ရှင် အာနန္ဒာ...ငါ့အား အဆုံးအဖြတ်ကို ပေးပါလော့”ဟု ပြောဆိုလေ၏။ ထို အချိန်၌ အရှင်ဥပါလိသည် အရှင်အဇ္ဇုက၏ ဘက်သား ဖြစ်တော်မူ၏။ (ဤ၌ အရှင်ဥပါလိသည် အဂတိ

(နှာ-၅၂၆)

လိုက်သောအားဖြင့် အရှင်အဇ္ဇုက၏ ဘက်သားဖြစ်သည်မဟုတ်။ စင်စစ်သော်ကား အာပတ်မသင့်ကြောင်း ကောင်းစွာသိသဖြင့် လဇ္ဇီပုဂ္ဂိုလ်ကို ချီးမြှောက်သောအားဖြင့်၎င်း, နည်းကိုချီးမြှောက်သောအားဖြင့်၎င်း အရှင်အဇ္ဇုက၏ ဘက်သားဖြစ်တော်မူသည် ဟု အထူးမှတ်အပ်၏။

ထိုအခါ အရှင်ဥပါလိမထေရ်သည် အရှင်အာနန္ဒာမထေရ်ကို ရှင်အာနန္ဒာ...ဥစ္စာရှင်က “ဤဥစ္စာစု၏ တည်ရာကို ဤမည်သောသူအား ပြောပါ”ဟု မှာထားသဖြင့် ထိုသူအား ပြောဆိုရာ ထိုပြောသောရဟန်းသည် အဘယ်အပြစ်အာပတ် သင့်သနည်း” ဟု မေးတော်မူလေ၏။ အရှင်အာနန္ဒာမထေရ်သည် “အရှင်ဘုရား...အဘယ်အာပတ်အပြစ်မှ မသင့်ပါ။ အယုတ်သဖြင့် ဒုက္ကဋ်အာပတ်အပြစ်မျှပင် မသင့်ပါ"ဟု ပြန်ကြားဖြေဆိုတော်မူလေ၏။ ထိုအခါ အရှင်ဥပါလိမထေရ်သည် အရှင်အာနန္ဒာမထေရ်ကို “ငါ့ရှင်အာနန္ဒာ...ဤအရှင်အဇ္ဇုကသည် ဤ ဥစ္စာအစု၏ တည်ရာကို ဤမည်သောသူအား ညွှန်ကြားတော်မူပါ”ဟု ဥစ္စာရှင်က မှာထားခဲ့သဖြင့် ထိုတူဖြစ်သူ သူငယ်အား ညွှန်ကြားလေသည်။ ငါ့ရှင်အာနန္ဒာ အရှင်အဇ္ဇုက အာပတ်မသင့်=အပြစ်မရှိ” ဟု ဖြေရှင်းမိန့်ဆိုတော်မူကာ ရဲရဲတောက် ဆုံးဖြတ်ချက် ချမှတ်တော်မူလေ၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကို ကြားသိတော်မူ၍ “ချစ်သားတို့... ဥပါလိရဟန်းသည် ကောင်းစွာဆုံးဖြတ် ဖြေကြားအပ်လေပြီဟု မိန့်တော်မူကာ သာဓုကောင်းကြီး ပေးတော်မူလေ၏။ (ထိုမှတပါး ဤအရှင်ဥပါလိ၏ ထေရာပဒါန်မှာ အလွန်ကြည်ညိုဖွယ်ရာ ကောင်းလှစွာ၏။ ထို ဥပါလိထေရာပဒါန် ပါဠိ အနက်ကို မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး၏ ဆိဒ္ဒပိဓာနနီကျမ်း၌ ကြည့်ရှုမှတ်ယူ ကြည်ညိုကုန်ရာ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် အဆုံးအဖြတ် တခုတခုလျှင် သာဓုကောင်းကြီး အသီးအသီးပေးတော်မူ၍ ထိုဆုံးဖြတ်ချက် သုံးရပ်တို့ကို အဋ္ဌုပ္ပတ်ပြုတော်မူကာ နောက်တချိန်၌ အရိယာ သံဃာတော်တိုအလယ်တွင် အရှင်ဥပါလိမထေရ်ကို

(နှာ-၅၂၇)

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဝိနယဓရာနံ ယဒိဒံ ဥပါလိ = ရဟန်းတို့...ဝိနည်းပိဋကတ်ကို ဆောင်ကြသည့် ငါဘုရား၏တပည့်သာဝကရဟန်းတို့တွင် ဥပါလိရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “ဝိနယဓရ = ဝိနည်းပိဋကတ်ကို ဆောင်သောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်ဥပါလိမထေရ် အကြောင်းတည်း။

_______

(၃၆) အရှင်နန္ဒကမထေရ် အကြောင်း ၊

(က) မထေရ်၏ ရှေးဆုတောင်း

ဤအရှင်နန္ဒကမထေရ်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသားဖြစ်၍ မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို ဘိက္ခုနောဝါဒ=ဘိက္ခုနီမတို့ကို ဆုံးမသောအရာဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံးကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စား၍ လာခဲ့ရာ ဤ ဘုရားမြတ်စွာ ပွင့်ထွန်းရာအခါခေတ်ဝယ် သာဝတ္ထိပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ အရွယ်သို့ ရောက်လတ်လျှင် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရ၍ သဒ္ဓါတရား ဖြစ်ပွါးကာ သာသနာဝန်ထမ်း ရှင်, ရဟန်းပြုပြီးလျှင် ဝိပဿနာ

(နှာ-၅၂၈)

တရား ပွါးများအားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏ = ရဟန္တာဖြစ်တော်မူလေ၏။ ထိုအရှင်နန္ဒက မထေရ်မြတ်သည် ပုဗ္ဗေနိဝါသ အဘိညာဏ်၌ လေ့လာနိုင်နင်းတော်မူလေ၏။ ထို အရှင်နန္ဒက ရဟန္တာမထေရ်မြတ်သည် ကိုယ်တော်ထံမှောက်သို့ ပရိသတ်လေးပါးကို ရောက်ဆိုက်လာကြသည် ရှိသော်“ခပ်သိမ်းသောသူတို့၏စိတ်ကို ဆွဲယူကာ တရားဟောစွမ်းတော်မူနိုင်သောကြောင့်” “ဓမ္မကထိက အရှင်နန္ဒကမထေရ်”ဟု အမည်ထင်ရှားတော်မူလေသည်။

မြတ်စွာဘုရားရှင်သည် ရောဟိဏီမြစ်ရေကို အကြောင်းပြု၍ ကောလိယသာကီဝင်, ကပိလဝတ်သာကီဝင်တို့ ခိုက်ရန်ဖြစ်ပွါးသောအခါ တရားရေအေး တိုက်ကျွေး၍ ရန်စစ်ငြိမ်းစေတော်မူ သည်တွင် နှစ်ဖက်သော သာကီဝင်တို့မှ သာကီဝင်မင်းသား ၂၅ဝ-စီ အိမ်ရာတည်ထောင် လူ့ဘောင်မှထွက်၍ ရဟန်းပြုကြရာ ထိုသာကီဝင်မင်းသား ရဟန်းငါးရာတို့ သာသနာတော်၌ မမွေ့‌လျော် မပျော်ပိုက်ကြသဖြင့် ထိုရဟန်းတို့ကို ခေါ်ဆောင်ကာ ကုဏာလအိုင်သို့ ကြွရောက်၍ ထိုအိုင်၌ ကုဏာလဇာတ်ကို ဟောတော်မူခြင်းဖြင့် ထိုရဟန်းတို့စိတ် ထိတ်လန့်သံဝေဂ ဖြစ်ပွါးသည်ကို သိတော်မူပြီးလျှင် သစ္စာလေးပါး တရား ဟောတော်မူ၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူလေသည်။ ထို့နောက် မဟာဝုန်တောဝယ် မဟာသမယသုတ္တန်ကို ဟော၍ ထိုရဟန်းငါးရာတို့ကို အရဟတ္တဖိုလ်၌ တည်စေတော်မူ၏။ (ထိုအကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ အခဏ်း ၂၂၊ စာမျက်နှာ ၃၈၈-မှစ၍ ပြန်လည်ကြည့်ရှု သုံးသပ်ကုန်ရာ၏)။

ထိုသာကီဝင်မင်းသား မဟာသမယရဟန္တာငါးရာတို့၏ ဇနီးဟောင်းများသည် “ငါတို့သည်ယခုအခါ ဤနန်းတော်၌ အဘယ် အမှု ပြကုန်အံ့နည်း”ဟု ပြောဆိုကြ၍ အားလုံးတို့သည်ပင် စိတ်သဘောတူကြလျက် မိထွေးတော်ကြီး မဟာပဇာပတိ ဂေါတမီထံသို့ သွားရောက်ကြ၍ မိထွေးတော်ကြီး မဟာပဇာပတိ ဂေါတမီကို ရှေ့ဆောင်ရှေ့ရွက် ပြုလုပ်ကြကာ ဝေသာလီပြည်

(နှာ-၅၂၉)

မဟာဝုန်တော မြတ်စွာဘုရားထံတော်မှောက်သို့ သွားရောက်ကြ၍ ဤဘုရားသာသနာဝယ် အမျိုးသမီးများ ဘိက္ခုနီမပြုလုပ် နိုင်ရန် မြတ်စွာဘုရားရှင်ကို မိထွေးတော်ကြီးတောင်းပန်၍ ဘိက္ခုနီ သာသနာကို ခွင့်ပြုတော်မူလေရာ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီသည် ဂရုဓမ္မပဋိဂ္ဂဟဏဥပသမ္ပဒါဖြင့် ဘိက္ခုနီမ ဖြစ်ခဲ့လေသည်။ ထိုသာကီဝင်မင်းသမီးငါးရာတို့သည် မဟာပဇာပတိဂေါတမီ ထေရီမကြီးအထံ၌ ဧကတောဥပသမ္ပန္န = (ထိုအချိန်၌ ဘိက္ခုနီသံဃာ မရှိသေးသဖြင့်) ဘိက္ခုသံဃာတဖက်ဖြင့် ရဟန်းမ-အဖြစ်သို့ ရောက်ရှိကြလေသည်။ အထူးအားဖြင့် ထို သာကီဝင်မင်းသမီး ရဟန်းမ ငါးရာတို့သည် လွန်ခဲ့သော အခြားမဲ့ဘဝတုန်းက ငါးရာလုံးပင် အရှင်နန္ဒကမထေရ် မင်းဖြစ်စဉ်ဘဝ၌ မိဖုရားငါးရာတို့ ဖြစ်ခဲ့ကြလေသည်။

ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် “ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမကြရမည်”ဟု အမိန့်အာဏာ မှတ်တော် မူလေသည်။ အရှင်နန္ဒကမထေရ်သည် မိမိအလှည့် အကြိမ်သို့ ရောက်လတ်သောအခါ ထိုဘိက္ခုနီမငါးရာတို့ လွန်ခဲ့သည့်ဘဝတုန်းက မိမိ၏ အလုပ်အကျွေး မိဖုရား မောင်းမများ ဖြစ်ခဲ့ကြသည်ကို သိမြင်တော်မူ၍ “ငါ့ကို ဤဘိက္ခုနီမငါးရာတို့အလယ်၌ ထိုင်နေကာ ဥပမာအမျိုးမျိုး အကြောင်းအမျိုးမျိုးတို့ကို ထုတ်ဆောင် ဖော်ပြ၍ တရားဟောနေသည်ကို အခြား ပုဗ္ဗေနိဝါသအဘိညာဏ်ကို ရရှိသည့် ရဟန်းတော်တပါး မြင်သွားခဲ့လျှင် ဤအတိတ်ဖြစ်ရပ်ကို ကြည့်ရှုတော်မူကာ “အရှင်နန္ဒကသည် ယနေ့တိုင်ပင် မောင်းမမိဿံတို့ကို မစွန့်သေးဘိတကား၊ ဤအရှင်နန္ဒကသည် မောင်းမအပေါင်း ခြံရံအပ်လျက် တင့်တယ်ဘိတကား”ဟု ရှုတ်ချ ကဲ့ရဲ့စကား မိန့်ကြားလေရာ၏” ဟူ၍ ကြံစည်ဆင်ခြင်တော်မူမိသောကြောင့် ကိုယ်တိုင်မသွားရောက်ပဲ အခြားရဟန်းတပါးကို မိမိကိုယ်စား ဘိက္ခုနီမတို့ကို ဆုံးမရန် လွှတ်ခဲ့လေသည်။

အထူးအားဖြင့် ထိုဘိက္ခုနီမ ငါးရာတို့သည် အရှင်နန္ဒက မထေရ်၏ ဩဝါဒကိုသာလျှင် လွန်စွာတောင့်တ အလိုရှိကြ

(နှာ-၅၃၀)

ကုန်၏။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် အရှင်နန္ဒက မထေရ်ကို “မိမိအလှည့်အကြိမ်သို့ ရောက်လျှင် အခြားရဟန်းကို မစေလွှတ်ပဲ ကိုယ်တိုင်သွားရောက်၍ ဘိက္ခုနီသံဃာကို ဆုံးမလော့”ဟု မိန့်တော်မူလေ၏။ အရှင်နန္ဒကမထေရ်သည် ဘုရားရှင်၏ စကားကို မပယ်ရှားနိုင်ရကား မိမိအလှည့်ရောက်လတ်၍ စာတုဒ္ဒသီ = တဆယ့်လေးရက် ဥပုသ်နေ့၌ ဘိက္ခုနီသံဃာအား ဩဝါဒ ပေးတော်မူလတ်သည်ရှိသော် ထိုသာကီဝင်မင်းသမီး ရဟန်းမ ငါးရာလုံးတို့ကို အာယတနခြောက်ပါး တရားဒေသနာဖြင့် သောတာပတ္တိဖိုလ်၌ တည်စေတော်မူ၏။ သောတာပန် အရိယာအဖြစ်သို့ ရောက်စေတော်မူလေ၏။

ထို့ဘိက္ခုနီမငါးရာတို့သည် အရှင်နန္ဒကမထေရ်၏ တရားဒေသနာဖြင့် နှစ်လိုအားရစိတ်တိုင်းကျဖြစ်ရှိကြကာ မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်ကြ၍ မိမိတို့ရအပ်သည့်သောတာပတ္တိ မဂ်ဖိုလ်တည်းဟူသော လောကုတ္တရာ ဂုဏ်ကျေးဇူးကို လျှောက်ထားကြလေသည်။ မြတ်စွာဘုရားရှင်သည် “အဘယ်သူက တရားဟောလျှင် ဤဘိက္ခုနီမများသည် အထက်မဂ်ဖိုလ်တို့သို့ရောက်ကြ မည်နည်း”ဟု ဆက်၍ ဆင်ခြင်တော်မူလေလျှင် တဖန် “အရှင်နန္ဒကမထေရ်၏ ထိုပဌမနေ့ဟောကြားအပ်သည့် တရားဒေသနာတော်ကိုပင် ကြားနာကြရလျှင် ထိုဘိက္ခုနီမငါးရာလုံးပင် အရဟတ္တဖိုလ်သို့ရောက်ကြလိမ့်မည်”ဟု သိမြင်တော်မူ၍ နောက်တနေ့၌လည်း အရှင်နန္ဒကမထေရ်၏ အထံသို့ပင် တရားနာကြရန် လွှတ်တော်မူလေ၏။ ထိုဘိက္ခုနီမ ငါးရာတို့သည် နောက်တနေ့၌ အရှင်နန္ဒကမထေရ် ပဌမနေ့ဟောကြားအပ်သည့် တရားဒေသနာကိုပင် ကြားနာကြရ၍ ငါးရာလုံးပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေ၏။ ထိုနေ့၌ မြတ်စွာဘုရားရှင်သည် ထိုဘိက္ခုနီမငါးရာတို့ ကိုယ်တော်မြတ်အထံသို့ လာရောက် ဆည်းကပ်ကြသောအခါ အရှင်နန္ဒက ဟောကြားအပ်သည့် တရားဒေသနာ၏ အကျိုးရှိသည်။ အဖြစ်ကို သိတော်မူ၍ “ယမန်နေ့က နန္ဒကရဟန်း၏ တရား

(နှာ-၅၃၁)

ဒေသနာသည် တဆယ့်လေးရက်နေ့၌ ပေါ်ထွန်းသော လပြည့်ဝန်းနှင့်တူ၏။ ဤယခုနေ့ နန္ဒကရဟန်း၏ တရားဒေသနာသည် လပြည့်နေ့၌ ပေါ်ထွန်းသော လပြည့်ဝန်းနှင့်တူ၏”ဟု မိန့်တော်မူ၍ အရှင်နန္ဒကမထေရ်အား သာဓုကောင်းကြီး ပေးတော်မူလေ၏။ (ဤအကြောင်းအရာကို ဥပရိပဏ္ဏာသ ပိဋကတ်မြန်မာပြန် နန္ဒကောဝါဒသုတ္တန်၌ အကျယ်ကြည့်ရှု မှတ်ယူကုန်ရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

ထိုအကြောင်းကိုပင် အဋ္ဌုပ္ပတ္တိပြုတော်မူကာ မြတ်စွာဘုရားသည် နောက်တချိန်ဝယ် အရိယာသံဃာတို့အလယ်၌ အရှင်နန္ဒက မထေရ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဘိက္ခုနောဝကာနံ ယဒိဒံ နန္ဒကော = ရဟန်းတို့...ဘိက္ခုနီမတို့ကို ဆုံးမကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် နန္ဒကရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”ဟု ချီးကျူးမိန့်မြွက်တော်မူကာ “ဘိက္ခုနောဝါဒက=ရဟန်းမိန်းမတို့ကို ဆုံးမသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ် ရာထူး၌ ထားတော်မူ၏။

ဤကား အရှင်နန္ဒကမထေရ် အကြောင်းတည်း။

______

(၃၇) အရှင်နန္ဒမထေရ် အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤ အရှင်နန္ဒအလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသားဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မြတ်စွာဘုရားအထံတော်၌ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတပါးကို “ဣန္ဒြိယေသုဂုတ္တဒွါရ =

(နှာ-၅၃၂)

ဣန္ဒြေခြောက်ပါးတို့၌ တံခါးကို လုံခြုံစေကြသည့် ရဟန်း”တို့တွင် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြခဲ့လေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စား ခဲ့ရလျက် ဤ နောက်ဆုံးပစ္ဆိမဘဝဝယ် ကပိလဝတ်မင်းနေပြည်၌ မြတ်စွာဘုရား၏ မိထွေးတော် မဟာပဇာပတိဂေါတမီ၏ သား ဖြစ်လာလေသည်။ (မယ်တော် မဟာမာယာဒေဝီမှ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီးနောက် နှစ်ရက်, သုံးရက်မြောက်တွင် မာယာဒေဝီ၏ ညီမတော် = ဘုရားအလောင်း၏ မိထွေးတော် မဟာပဇာပတိဂေါတမီမှ နန္ဒမင်းသားကို ဖွားမြင်လေသည်။ ဤနန္ဒမင်းသား ရဟန်းပြုသောအကြောင်းကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ အခဏ်း ၁၈၊ စာမျက်နှာ ၁၂၉-မှစ၍ ပြန်လည်ကြည့်ရှု သုံးသပ်ကုန်ရာ၏)။ ။

မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးနောက် ကပိလဝတ် နေပြည်တော်သို့ ပဌမအခေါက် ကြွရောက်တော်မူသည့် သုံးရက်

မြောက်သောနေ့၌ ညီတော်နန္ဒမင်းသားကို ရဟန်းပြုပေးတော် မူလေသည်၊ (အကြောင်းအရာအကျယ် အောက်ကဖော်ပြခဲ့ပြီ)

အရှင်နန္ဒမထေရ်သည် ရဟန်းဖြစ်သောနေ့မှစ၍ နှမတော် ဇနပဒကလျာဏီက မှာကြား ပြောဆိုလိုက်သည့် “အို အရှင့် သား...လျင်မြန်စွာ ပြန်လာတော်မူခဲ့ပါ”ဟူသော စကားကိုသာလျှင် ပြန်လည်အောက်မေ့ အမှတ်တရရရှိ၍နေ၏၊ ထိုသို့ ပြန်လည် အောက်မေ့မိသောအခါ အရှင်နန္ဒ၏အဖို့ရာ ဇနပဒကလျာဏီသည် မိမိအနီး၌ လာရောက်ရပ်တည်၍ နေသကဲ့သို့ ဖြစ်ရှိနေ၏။ အရှင်နန္ဒသည် သာသနာတော်ဝယ် မမွေ့လျော်မှုဖြင့် နှိပ်စက်အပ်

(နှာ-၅၃၃)

ရကား နိဂြောဓာရုံကျောင်းတိုက်မှ အနည်းငယ် အပြင်ဖက်ဌာနရောက်အောင် ထွက်၍ပြေးသွားလေ၏။ ထိုအခါ အရှင်နန္ဒ၏ အဖို့ရာ ချုံဖုတ်တခု သစ်ပင်စုတခုလောက်ကို လွန်အောင်သွားမိလျှင်ပင် မြတ်စွာဘုရားရှင်သည် ရှေ့မှ ရပ်တည်တော်မူလာ သကဲ့သို့ ဖြစ်ရှိနေလေ၏။ ထိုအခါ အရှင်နန္ဒသည် မီး၌ ပစ်ချအပ်သော ကြက်တောင်ပမာ တွန့်ဆုတ်၍ မိမိနေရာ ကျောင်းသို့ပင် ဝင်ပြန်လေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် “နန္ဒရဟန်းသည် အလွန်လျှင် မေ့မေ့လျော့လျော့ နေဘိ၏၊ သာသနာတော်၌ မမွေ့လျော်ခြင်းကို ပယ်ဖျောက်ခြင်းငှါ မစွမ်းနိုင်ရှာ၊ ငါဘုရားသည် နန္ဓရဟန်း၏ စိတ်ငြိမ်းချမ်းမှုရအောင် ပြုမှ သင့်တော့မည်” ဟု ကြံစည်ဆင်ခြင်တော်မူပြီးလျှင် အရှင်နန္ဒမထေရ်ကို “လာလော့ ချစ်သားနန္ဒ... နတ်ပြည်၌ ခရီးလှည့်လည်ခြင်း = ဒေဝစာရီ လှည့်လည်သွားကြစို့” ဟု မိန့်တော်မူလေ၏။ အရှင်နန္ဒမထေရ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ... တန်ခိုးရှင်တို့မှသာ သွားရောက်နိုင်သော နတ်ပြည်လောက ဘုံဌာနသို့ တပည့်တော်သည် အဘယ်သို့လျှင် သွားရောက်နိုင်ပါမည်နည်း = မသွားရောက်နိုင်ပါ ဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် အရှင်နန္ဒမထေရ်ကို “ချစ်သားနန္ဒ... သင်ချစ်သားသည် နတ်ပြည်သို့ သွားလိုသောစိတ်ကိုသာ ဖြစ်စေလော့၊ ထိုသို့ သင်ချစ်သွားက သွားလိုသောစိတ်ကိုဖြစ်စေလျှင် နတ်ပြည်သို့ သွားရောက်၍ နတ်အာရုံတို့ကို သင်ချစ်သား မြင်ရပါလိမ့်မည်” ဟု အားပေးစံကား မိန့်ကြားတော်မူလေ၏။ (ဤဆိုအပ်ပြီးသည်ကား အံ ဋ္ဌ ၁၊ စာမျက်နှာ ၂၄၄ - ၂ ၄၅-မှ ဖြစ်သည်။ ဤမှနောက်၌ အရှင်နန္ဒ မထေရ်အကြောင်းကို ဥဒါနပါဠိ အဋ္ဌကထာတို့ကို မှီ၍ ရေးသား ပြဆိုပေအံ့)

မြတ်စွာဘုရားရှင်သည် ထိုကဲ့သို့ မိန့်ကြားတော်မူပြီးနောက် “နန္ဒရဟန်း၏ သန္တာန်၌ ဖြစ်ပွါးနေသောရာဂကို ဥပါယ်တမျဉ်ဖြင့် ငြိမ်းစေမည်”ဟု ကြံစည်တော်မူပြီးလျှင် အရှင်နန္ဒမထေရ်ကို

(နှာ-၅၃၄)

လက်ရုံး၌ ဆွဲကိုင်၍ ခေါ်ဆောင်သွားသည့်ပမာ ကိုယ်တော်မြတ်၏ တန်ခိုးအစွမ်းဖြင့် တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင် သွားတော်မူသည်ရှိသော် (နတ်ပြည်သို့ တိုက်ရိုက်မသွားသေးပဲ) လမ်းခရီးအကြားဝယ် မီးလောင်ထားသည့် လယ်ကွက်အတွင်း မီးလောင်ထားသည့် သစ်ငုတ်တခုထိပ်၌ နား, နှာခေါင်း, အမြီးများ မီးသင့်ထား၍ စုတ်ပြတ်ကာ လွန်စွာရွတ်တွအိုမင်းနေသော မျောက်အိုမတကောင်ကို မြင်စေပြီး(= ပြတော်မူပြီး)မှ တာဝတိံသာနတ်ပြည်သို့ ကြွတော်မူလေ၏။

(ဤ၌။ အကယ်၍ မြတ်စွာဘုရားရှင်သည် အရှင်နန္ဒမထေရ်အား တာဝတိံသာနတ်ပြည်ကို မြင်ရရုံ (သို့မဟုတ်) အရှင်နန္ဒမထေရ် တာဝတိံသာ နတ်ပြည်သို့ ဝင်ရောက်ရုံမျှကိုသာ အလိုတော်ရှိခဲ့လျှင် လောကဝိဝရဏ တန်ခိုးပြတော်မူသောအခါမှာကဲ့သို့ ဇေတဝန်ကျောင်းတော်၌ ထိုင်နေတော်မူရင်းကပင် အရှင်နန္ဒမထေရ် နတ်ပြည်ကိုမြင်အောင် ပြတော်မူလေရာ၏၊ (သို့မဟုတ်) ကိုယ်တော်မြတ်၏ တန်ခိုးဖြင့် အရှင်နန္ဒမထေရ်တပါးတည်း နတ်ပြည်သို့ လွှတ်လိုက်တော်မူလေရာ၏။

စင်စစ်သော်ကား နတ်၌ဖြစ်သော အတ္တဘောထက် လူ၌ဖြစ်သော အတ္တဘောက ယောနိအားဖြင့် ယုတ်ညံ့, စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်ကို အရှင်နန္ဒမထေရ် မှတ်ယူလွယ်စေရန် လမ်းခရီးအကြား၌ ထို့မျောက် အိုမကိုလည်း ပြတော်မူလိုက်၊ နတ်ပြည်လောက၌ဖြစ်သော ကျက်သရေ, စည်းစိမ်တို့ကိုလည်း သက်သက်ဝင်ဝင်ပြတော်မူလို၏၊ ထိုသို့ပြမှသာလျှင် အရှင်နန္ဒအဖို့ရာ နတ်စည်းစိမ်အလို့ငှါ သုံးပါးသိက္ခာ သာသနာတည်း ဟူသော မြတ်သောအကျင့်ကို ကျင့်သုံးခြင်း၌ အထူးသဖြင့် မွေ့လျော်ပျော်ပိုက်ခြင်းတည်းဟူသော အကျိုးကို ရလိမ့်မည်ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် အရှင်နန္ဒမထေရ်ကို ကိုယ်တော်တိုင်ခေါ်ဆောင်၍ နတ်ပြည်သို့ ကြွရောက်တော်မူလေ၏ ဟု အထူးမှတ်ယူရာ၏)

ဤသို့လျှင် မြတ်စွာဘုရားသည် အရှင်နန္ဒမထေရ်ကို တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်တော်မူ၍ ထိုတာဝတိံသာနတ်ပြည်သို့ ရောက်သောအခါ သိကြားနတ်မင်းအား ယုယဖျော်ရန် လာရောက်ကြသည့် ခိုခြေအသွေး နီထွေးသော ခြေရှိကြသည့် နတ်သမီးငါးရာတို့ ကိုယ်တော်မြတ်ကို ရှိခိုး၍ ရပ်တည်နေကြသည်

(နှာ-၅၃၅)

တို့ကို အရှင်နန္ဒအား ပြတော်မူပြီးလျှင် မြတ်စွာဘုရားရှင်နှင့် အရှင်နန္ဒမထေရ်တို အတုံ့အပြန် မေးတော်မူကြသည်မှာ__

(ဗုဒ္ဓ) နန္ဒ...သင်သည် ခိုခြေအဆင်းရှိသည့် ဤနတ် သမီးငါးရာတို့ကို မြင်၏လော။

(အရှင်နန္ဒ) မြင်ပါသည် မြတ်စွာဘုရား ...။

(ဗုဒ္ဓ) နန္ဒ... ယခု ငါဘုရားမေးမည့်စကားကို သင် အဘယ်သို့သဘောကျသနည်း=သဘောကျသည့်အတိုင်း ဆိုနိုင်သည်၊ သာကီဝင်မင်းသမီး ဇနပဒကလျာဏီ နှင့် ခိုခြေအဆင်းရှိကြသည့် ဤနတ်သမီးငါးရာတို့အနက် အဘယ်သူက ပို၍အဆင်းလှသနည်း, ပို၍ ရှုချင်ဖွယ်ရှိသနည်း, ပို၍ နှစ်သက်ဖွယ်ရှိသနည်း။

(အရှင်နန္ဒ) မြတ်စွာဘုရား ... နား, နှာခေါင်း စုတ်ပြတ်ကာ ကိုယ်အင်္ဂါပျက်စီးသော (လမ်းမှာ တွေ့ခဲ့သည့်) မျောက်အိုမကဲ့သို့ ဤအတူပင် ဤနတ်သမီး ငါးရာတို့ကို ထောက်ဆလျှင် သာကီဝင်မင်းသမီး ဇနပဒကလျာဏီသည် မိန်းမဟူသော အရေအတွက်သို့ပင် မဝင်တော့ပါ, တစိတ်မျှ မမှီပါ, မနှိုင်းစာလောက်ပါ၊ စင်စစ်မှာမူ ဤ နတ်သမီးငါးရာတို့ကသာ ပို၍ အဆင်းလှပါကုန်၏။ ပို၍ ရှုချင်ဖွယ်ရှိပါကုန်၏။ ပို၍နှစ်သက်ဖွယ် ရှိပါကုန်၏။

(ဗုဒ္ဓ) နန္ဒ... သာသနာတော်၌ ပျော်ရွှင်စွာနေလော့၊ နန္ဒ...သာသနာတော်၌ ပျော်ရွှင်စွာနေလော့၊ ခိုခြေ အဆင်းရှိသည့် နတ်သမီးငါးရာတို့ကို ရရန်အတွက် ငါဘုရား အာမခံ (=တာဝန်ယူ)၏။ (= သင်ချစ်သားကသာ သာသနာတော်၌ ပျော်ရွှင်စွာနေ၍ တရားအားထုတ်လျှင် နတ်သမီးငါးရာတို့ကို ရရှိရန်အတွက် ငါဘုရား အာမခံ၏ = တာဝန်ယူ၏-ဟု ဆိုလိုသည်)

(အရှင်နန္ဒ) မြတ်စွာဘုရားမြတ်စွာဘုရားသည်တပည့်တော်အတွက် ခိုခြေအဆင်းရှိသည့် နတ်သမီးငါးရာတို့ကို

(နှာ-၅၃၆)

ရရန် အာမခံ(တာဝန်ယူ)နိုင်ပါမူ တပည့်တော်သည် သာသနာတော်ဝယ် ဘုရားရှင်အထံတော်၌ ပျော်ရွှင်စွာနေပါတော့မည်__

ဤသို့ အပေး, အယူစကား မိန့်ကြားတော်မူပြီးနောက် မြတ်စွာဘုရားသည် ခဏအတွင်းမှာပင် အရှင်နန္ဒမထေရ်ကို လက်ရုံး၌ ဆွဲ၍ ခေါ်ယူသည့်ပမာ ခေါ်ဆောင်တော်မူ၍ တာဝတိံသာ နတ်ပြည်၌ ကွယ်ခဲ့ပြီးလျှင် ဇေတဝန် ကျောင်းတိုက်တော်၌ ထင်ရှားဖြစ်တော်မူလာ၏။

(ဤ၌။ ။ အဘယ့်ကြောင့် မြတ်စွာဘုရားသည် ရာဂကိလေသခံ နှိပ်စက်ခံနေရသည့် အရှင်နန္ဒမထေရ်ကို နတ်သမီးများကို ပြတော်မူသနည်း-ဟု မေးဖွယ်ရှိ၏။ အဖြေကား_ အရှင်နန္ဒ၏သန္တာန်၌ ဖြစ်နေသော ကိလေသာတို့ကို အလွယ်နှင့် ပယ်ထုတ်ဖို့ရန် နတ်သမီးများကို ပြတော်မူ၏။ ထင်ရှားစေဦးအံ့-လိမ္မာသော ဆေးဆရာသည် သလိပ်, သည်းခြေ, လေဒေါသတို့ ပြောများနေသောသူနာကို အလွယ်တကူနှင့် ဆေးကုလိုသည်ရှိသော် ရှေးဦးစွာ ဆီဆေးစသည်ဖြင့် ဒေါသတို့ကို ပွရွနူးနပ်စေပြီးနောက်မှ အန်ဆေး, ဝမ်းလားဆေးတို့ဖြင့် ထိုဒေါသတို့ကို အလွယ်နှင်ထုတ်ဆောင်သကဲ့သို့ ထို့အတူပင် ဝေနေယျတို့ကို ဆုံးမခြင်း၌ အတုမရှိ လိမ္မာတော်မူသော မြတ်စွာဘုရား ဆေးသမားကြီးသည် ရာဂတည်းဟူသော ဒေါသများ၍နေသော အရှင်နန္ဒမထေရ်တည်း ဟူသော သူနာကို နတ်သမီး အာရုံတည်းဟူသော ဒေါသနူးနှပ်ဆေး (=ဒေါသပွရွဆေး) တိုက်ကျွေးတော်မူသည်မှာ အရိယမဂ်တည်းဟူသော ကိလေသာအန်ဆေး, ဝမ်းလားဆေးတို့ဖြင့် ကိလေသာတည်းဟူသော ဒေါသတို့ကို အကြွင်းမဲ့ ပယ်ထုတ်တော်မူလိုသောကြောင့် ဖြစ်သည်ဟု အထူး မှတ်ယူရာ၏။

တဖန်-မြတ်စွာဘုရားသည် အရှင်နန္ဒ မထေရ်အတွက် သာသနာတော်တည်းဟူသော မြတ်သောအကျင့်ဖြင့် နေခြင်းကို အလိုရှိတော်မူသည် ဖြစ်ပါလျက် နတ်သမီးတို့နှင့် အတူတကွနေရခြင်းတည်းဟူသော =အဗြဟ္မစရိယဝါသအလို့ငှါ အဘယ့်ကြောင့် အာမခံ=တာဝန်ယူတော်မူသနည်း-ဟုမေးရန်ရှိပြန်၏။ အဖြေကား—ဇနပဒကလျာဏီတည်း ဟူသော အာရုံ၌ ကာလမြင့်ကြာ အခိုင်အမာ ကျရောက်နေသော ရာဂ ကိလေသာကို အာဂန္တုကဖြစ်သည့် နတ်သမီးအာရုံ၌ ပြောင်းရွှေ့ပေးမှ

(နှာ-၅၃၇)

အလွယ်နှင့် စွန့်နိုင်မည် ဖြစ်ကြနှင့် အာမခံ=တာဝန်ယူတော်မူသည် ဟူပေ။ (မြတ်စွာဘုရားရှင်၏ တရားဟောစဉ်အနုပုဗ္ဗိကထာ၌ သဂ္ဂကထာ=နတ်ရွာချမ်းသားနှင့်စပ်သော တရားစကား ဟောကြားတော်မူခြင်းမှာ ဤအနက်အဓိပ္ပါယ်အတွက်သက်သေသာဓကဖြစ်သည်) ဟု အထူးမှတ်ယူရာ၏။ ဥဒါန၊ဋ္ဌ၊၁၅၄-၁၅၅-မှ)။

ဇေတဝန်ကျောင်းတိုက်တော်သို့ ရောက်သည့်အချိန်မှ စ၍ အရှင်နန္ဒမထေရ်သည် နတ်သမီးတို့ကို ရယူလိုသည့်အတွက် နေ့ ညဆက်ကာ ရဟန်းတရား အားထုတ်လေ၏၊ ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ချစ်သားရဟန်းတို့ ... သင်ချစ်သား တို့သည် နုန္ဒရဟန်း၏ ကမ္မဋ္ဌာန်းကျောင်းနေရာ အနီးဌာနဝယ် ‘ရဟန်းတပါးသည် မြတ်စွာဘုရားကို အာမခံထား၍ နတ်သမီးတို့ကို ရယူလိုသောကြောင့် ရဟန်းတရားကို မနေမနားအားထုတ် နေသတဲ့’ဟု ထိုထိုအရပ်၌ ပြောဆိုကြကာ လှည့်လည်ကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့သည် “ကောင်းပါပြီ မြတ်စွာဘုရား”ဟု ဝန်ခံကြကာ အရှင်နန္ဒမထေရ် ကြားလောက်ရာအရပ်၌ “အရှင်နန္ဒသည် နတ်သမီးတို့ကို ရလိုမှုကြောင့် မြတ်သောအကျင့်ကို ကျင့်နေသတဲ့၊ ထိုအရှင်နန္ဒအတွက် ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန် မြတ်စွာဘုရားက အာမခံ တာဝန်ယူတော်မူခဲ့သတဲ့၊ အရှင်နန္ဒသည် ကြေးစား ဖြစ်စွာ့တကား။ အရှင်နန္ဒသည် အဝယ်တော်ဖြစ်စွာ့တကား”ဟု ကြေးစား ဟူသော စကားလုံး, အဝယ်တော် ဟူသော စကားလုံးတို့ဖြင့် ပြက်ရယ်ဂျီစယ် ပြောဆိုကြလေကုန်၏။

ထိုစကားကို ကြားရ၍ အရှင်နန္ဒမထေရ်သည် “ဤရဟန်းတို့ကား တပါးသူကို ပြောကြသည် မဟုတ်၊ ငါ့ကိုသာ အကြောင်း ပြု၍ ပြောဆိုကြ၏။ ငါ၏ အလုပ်ကား မသင့်လျော်စွာ့တကား” ဟူ၍၎င်း၊ “ငါသည် ဣန္ဒြေတို့ကို မစောင့်စည်းမှုကို အမှီပြု၍ ဤကဲ့သို့ ရှက်ဖွယ်လိလိ အဖော်ရဟန်းတို့၏ ပြက်ရယ်ဂျီစယ်မှုကို ခံရလေသည်၊ ထိုဣန္ဒြေတို့ကို ငါကား ကောင်းစွာ နှိမ်နှင်းစောင့်စည်းပေတော့အံ့”ဟူ၍၎င်း အကြံတော်ဖြစ်ရှိကာ ထိုအချိန်မှစ၍ အရှေ့, အနောက်, တောင်, မြောက်, အထက်, အောက်, ဖီလာ

(နှာ-၅၃၈)

အထောင့်ဟူသော အရပ်မျက်နှာကို ကြည့်ရှုတော်မူလိုလျှင် လောဘ, ဒေါသ-စသော အကုသိုလ်တရားတို့ မဖြစ်ပွါးအောင် သတိ သမ္ပဇဉ် အမြဲယှဉ်၍ ကြည့်ရှုတော်မူခြင်းတည်းဟူသော = ဣန္ဒြိယသံဝရ ဥက္ကဌ်ပဋိပတ်ကို ကျင့်ကြံတော်မူလျက် ရဟန်းတရားကို ပွါးများကြိုးကုတ် အားထုတ်တော်မူလေရာ မကြာမြင့်မီပင် အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်တော်မူလေ၏။

ထိုအခါ ရဟန္တာ ဗြဟ္မာကြီးတယောက်သည် သန်းခေါင်ယံ အချိန်ဝယ် မြတ်စွာဘုရားရှင်ထံတော်မှောက်သို့ လာရောက် ရပ်တည်လျက် အရှင်နန္ဒမထေရ် ရဟန္တာဖြစ်ပြီဖြစ်ကြောင်း သတင်းကောင်းစကား လျှောက်ထားလာလေ၏။ ဗြဟ္မာကြီး လျှောက်ထားသည့်စကား၏ အခြားမဲ့မှာပင် “အဘယ်သို့နည်း”ဟု ဆင်ခြင်တော်မူသော မြတ်စွာဘုရား၏ သန္တာန်တော်မှာလည်း “နန္ဒရဟန်းသည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုအပ်ပြီ”ဟု သိမြင်သော အသိဉာဏ်တရား ထင်ရှားဖြစ်ပေါ်လာလေ၏။

အာမခံမှ လွှတ်ခြင်း, လွတ်တော်မူခြင်း

အရှင်နန္ဒမထေရ်သည် သူငယ်ချင်းရဟန်းတို့က ပြက်ရယ်ကို ကျီစယ်ပြောင်လှောင်မှု ပြုအပ်သည်ရှိသော် “ငါသည် ကောင်းစွာ ဟောကြားအပ်သည့် ဓမ္မ, ဝိနယသာသနာတော်ဝယ် ရဟန်းပြုပြီးလျှင် နတ်သမီးတို့ကို ရရှိရေးအတွက် မြတ်စွာဘုရားကို အာမခံ ပုဂ္ဂိုလ်တယောက်ဖြစ်အောင် ပြုမိခဲ့လေပြီ၊ ငါကား ဝန်လေးသော အမှုကို ပြုအပ်ခဲ့ပြီတကား”ဟု သံဝေဂကြီးစွာဖြစ်ရှိလျက် အရှက်, အကြောက်အားကြီးကာ ရဟန်းတရားကို မနေမနား ပွါးများ အားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်ရှိပြီးနောက် “ငါသည် မြတ်စွာဘုရားကို ထို အာမခံ = တာဝန်ယူခြင်းမှ လွတ်စေတော့အံ့”ဟု ကြံစည်ဆင်ခြင်မိလေသည်။ ထိုသို့ကြံစည်ဆင်ခြင်ပြီးနောက် နံနက်မိုးသောက် ရောက်သောအခါ အရှင်နန္ဒမထေရ်သည် မြတ်စွာဘုရားရှင်ထံတော်မှောက်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာ အရပ်၌ ထိုင်နေလျက် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား... တပည့်တော်အတွက် ခိုခြေအဆင်းရှိသည့် နတ်သမီးငါးရာတို့ကို

(နှာ-၅၃၉)

ရရှိရန် မြတ်စွာဘုရားက အာမခံ = တာဝန်ယူတော်မူခဲ့ပါ၏။ မြတ်စွာဘုရားရှင်တော်ဘုရားကို တပည့်တော်သည် ထို အာမခံ= တာဝန်ယူချက်မှ လွှတ်ပါ၏ဘုရား”ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်နန္ဒမထေရ်ကို“ချစ်သား နန္ဒ...ငါဘုရားသည်လည်း ‘နန္ဒရဟန်းသည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုအပ်လေပြီ”ဟု ငါဘုရားစိတ်ဖြင့် သင်၏စိတ်ကို ပိုင်းခြား၍ သိပြီးဖြစ်သည်၊ ဤတွင်မျှမက - ဗြဟ္မာကလည်း သင် ချစ်သား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြောင်း လာရောက်လျှောက်ထားပြီး ဖြစ်လေသည်။ ချစ်သားနန္ဒ... သင်ချစ်သား၏ စိတ် စွဲလမ်းမှုကင်းလျက် အာသဝေါတရားတို့မှ ကျွတ်လွတ်သောအခါကပင် (= သင်ချစ်သား အရဟတ္တဖိုလ်သို့ ရောက်သောအခါကပင်) ငါဘုရားသည် ထိုအာမခံချက်= တာဝန်ယူချက်မှ လွတ်ပြီးဖြစ်လေတော့သည် (= သင်ချစ်သား၏စိတ် အာသဝေါ တရားတို့မှ လွတ်ပြီးသည်၏အခြားမဲ့မှာပင် ငါဘုရားသည် ထို အာမခံချက် = တာဝန်ယူချက်မှ သဘာဝအားဖြင့် လွတ်ပြီးဖြစ် တော့သည်၊ သင်ချစ်သားက အထူးလွှတ်ရန်မလို”ဟု မိန့်တော်မူပြီးနောက် အရှင်နန္ဒမထေရ်၏ ခပ်သိမ်းသော အာသဝေါ တရားတို့ကို ကုန်ခန်းစေပြီး ဖြစ်သည့်အတွက် သုခ, ဒုက္ခ-အစရှိသော လောကဓံတို့ကြောင့် ဖောက်ပြန်တုန်လှုပ်ခြင်း အလျှင်း မရှိမှုဟူသော အနက်သဘောကို ထင်ရှားစွာ သိမြင်တော်မူသည့်အတွက် လွန်စွာအားရမ်း ဝမ်းမြောက်တော်မူကာ ဤဆိုလတ္တံ့ သော ဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏__

ယဿ နိတ္တိဏ္ဏော ပင်္ကော၊၊ မဒ္ဒိတော ကာမကဏ္ဋကော။
မောဟက္ခယံ အနုပ္ပတ္တော၊ သုခဒုက္ခေသု န ဝေဓတီ သ ဘိက္ခု။

ယဿ = အကြင်အရိယာပုဂ္ဂိုလ်သည်။ ပင်္ကော = သံသရာနက်ရှောင်း ရွှံ့ညွှန်ပြောင်းကို။ နိတ္တိဏ္ဏော =

(နှာ-၅၄၀)

နိဗ္ဗူသာဝှမ်း ထိုမှာကမ်းသို့ ဖြောင့်တန်းတောက်လျောက် အရိယမဂ် တံတားဆောက်၍ ကူးမြောက်အပ်လေပြီ။ ယဿ= အကြင်အရိယာပုဂ္ဂိုလ်သည်။ ကာမကဏ္ဋကော = လူနတ်ဗြဟ္မာ သတ္တဝါကို မခံသာအောင် ထိုးဆွသည့် ကိလေသာမတည်းဟူသော ဆူးငြောင့်ကို။ မဒ္ဒိတော = အရဟတ္တမဂ်ဉာဏ် တုတ်လှင်ကန်ဖြင့် မကျန်မြူလောက် ပယ်ဖျောက်ဖျက်ဆီးအပ်လေပြီ။ ယော=အကြင်အရိယာ ပုဂ္ဂိုလ်သည်။ မောဟက္ခယံ=မောဟ၏ကုန်ရာ အရဟတ္တဖိုလ်, နိဗ္ဗာန်သို့။ အနုပ္ပတ္တော = မဂ်ဉာဏ်လေးထောက် အစဉ်လျှောက်၍ ဆိုက်ရောက်ခဲ့လေပြီ။ =သော ဘိက္ခု = ကိလေသာမဲ မှောင်ထုခဲကို ဖြိုခွဲပြီးလစ် ရဟန္တာဖြစ်သော ထိုရဟန်းသည်။ သုခဒု‌က္ခေသု = သုခ, ဒုက္ခစသည်ရှစ်တန် လောကဓံတို့ကြောင့်။ န ဝေဓတိ=ပုထုဇန် သူငါများကဲ့သို့ စိတ်ထားမမှန် ယောက်ယက်ဆန်သည့် ဖောက်ပြန်တုန်လှုပ်ခြင်း အလျှင်းရှိတော်မမူချေ။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

မြတ်စွာဘုရားသည် နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးနေထိုင်တော်မူစဉ် အရိယသံဃာတို့ အလယ်၌ အရှင်နန္ဒမထေရ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဣန္ဒြိယေသု ဂုတ္တဒွါရာနံ ယဒိဒံ နန္ဒော = ရဟန်းတို့... ဣန္ဒြေခြောက်ပါးတို့၌ တံခါးကို လုံခြုံစေကြသည့် ငါဘုရား၏ တပည့်သာဝကရဟန်းတို့တွင် နန္ဒရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “ဣန္ဒြိယေသု ဂုတ္တဒွါရတာ=ဣန္ဒြေ ခြောက်ပါး တံခါးကို လုံခြုံစေကြသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(နှာ-၅၄၁)

(ဤ၌။ ။ မြတ်စွာဘုရား၏ တပည့်သား အခြားသောရဟန်းတို့သည်လည်း ဣန္ဒြေကို စောင့်စည်းတော်မူကြသည်သာ ဖြစ်၏။ ထိုသို့ ဖြစ်သော်လည်း အရှင်နန္ဓမထေရ်သည်ကား အခြားသောသာဝကတို့ထက် ထူးချွန်စွာ အရပ်ဆယ်မျက်နှာတို့ကို ကြည့်ရှုတော်မူလိုလျှင် ရှေး၌ ဆိုအပ်ပြီးသောအတိုင်း သတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်, ဂေါစရသမ္ပဇဉ်, အသမ္မောဟသမ္ပဇဉ်တည်းဟူသော သမ္ပဇဉ်လေးပါးတို့ဖြင့် ပိုင်းခြားဆင်ခြင်ပြီးမှသာ ကြည့်ရှုတော်မူလေ့ရှိ၏။ မှန်၏-ထိုအရှင်နန္ဒ မထေရ်မြတ်သည် “ငါကား ဣန္ဒြေကို မစောင့်စည်းမှုကြောင့် သာသနာတော်ဝယ် မမွေ့လျော်ခြင်း-စသည် ဖောက်ပြန်မှုသို့ ရောက်ခဲ့ရလေပြီ။ ယင်းဣန္ဒြေမစောင့်စည်းမှုကိုပင်အတိုင်းထက်အလွန် နှိပ်ကွပ်ပေအံ့” ဟု အထူးလုံ့လအားသစ်သည်ဖြစ်၍၎င်း, အားကြီးသောဟိရီ, ဩတ္တပ္ပရှိသည်ဖြစ်၍၎င်း, ဣန္ဒြေတို့ကို စောင့်စည်းခြင်းအတွက် လွန်ခဲ့သော ကမ္ဘာတသိန်းထက်ကပင် အဓိကာရကောင်းမှု ပြုခဲ့သူဖြစ်ရကား ယင်းဣန္ဒြေတို့ကို စောင့်စည်းမှု၌ သူ့ထက်ကဲချွန် အထွတ်အထိပ်မြောက် ရောက်တော်မူသည်ဖြစ်၍၎င်း သမ္ပဇဉ်လေးပါးကို လက်မလွတ်စေပဲ အလုံးစုံသော အရပ်မျက်နှာတို့ကို ကြည့်ရှုတော်မူလေ့ရှိ၏၊ ထို့ကြောင့် ဤအရှင်နန္ဒမထေရ်ကိုသာ မြတ်စွာဘုရားသည် “ဣန္ဒြိယေသု ဂုတ္ထဒွါရတာ= ဣန္ဒြေခြောက်ပါး တံခါခြောက်ပေါက်တို့ကို လုံခြုံစေသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူသည် ဟု အထူးမှုတ်ယူရာ၏။)

ဤကား အရှင်နန္ဒမထေရ် အကြင်းတည်း။

_______

(၃၈) အရှင်မဟာကပ္ပိန မထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤ မဟာကပ္ပိန မထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ဟံသာဝတီပြည်၌ အမျိုးကောင်းသားဖြစ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏ တရားစကားကို နာကြားနေစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ဘိက္ခုဩဝါဒက= ရဟန်းတို့ကိုအံ့သြလောက်အောင် ဆုံးမဟောကြားသောအရာ”ဝယ် အသာ

(နှာ-၅၄၂)

ဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုဘိက္ခုဩဝါဒက ဧတဒဂ်ရာထူးကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ပတ္ထနာဆုတောင်း ပြည့်စုံမည့် အကြောင်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။ (အင်္ဂုတ္တရ အဋ္ဌကထာ၌ မထေရ်မြတ်၏ ကဿပမြတ်စွာ လက်ထက်တော်အခါက ကောင်းမှုကို အရိပ်အမြွက်မျှသာ ဖော်ပြ၍ နောက်ဆုံး ပစ္ဆိမဘဝအကြောင်းကိုသာ အကျယ်ဖွင့် ပြလေသည်။ ဤ မဟာဗုဒ္ဓဝင်ကျမ်း၌ကား ဗုဒ္ဓဝင်စာဖတ် သူတော်စင်ပရိသတ်တို့ သဒ္ဓါ တရား ဖြစ်ပွါးစေရန် ဓမ္မပဒအဋ္ဌကထာလာ မထေရ်၏ အကြားကာလ ကောင်းမှုကုသိုလ်ပြုခဲ့ပုံကို ဖော်ပြဦးအံ့)___

ယက်ကန်သည် အကြီးအမှူးဘဝ

ထို အရှင်မဟာကပ္ပိန အလောင်း အမျိုးကောင်းသားသည် ထိုဘဝ၌ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ ထိုဘ၀မှ စုတေလတ်သော် နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် တခုသောဘဝဝယ် ဗာရာဏသီပြည်၏အနီး ယက်ကန်း သည်တို့ရွာကြီးဝယ် ယက်ကန်းသည်အကြီးအမှူး ဖြစ်လေသည်။ ထိုအခါ ပစ္စေကဗုဒ္ဓါ ဆူရေပေါင်း တထောင်တို့သည် ဆောင်း လေးလ, နွေလေးလအားဖြင့် ရှစ်လကြာအောင် ဟိမဝန္တာ၌ နေထိုင်ကြ၍ မိုးလေးလကာလတို့ပတ်လုံး ဇနပုဒ်တိုက်နယ်၌ နေထိုင်တော်မူလေ့ ရှိကြကုန်၏။

ထိုပစ္စေကဗုဒ္ဓါတို့သည် တကြိမ်၌မူ ဗာရာဏသီပြည်၏အနီး၌ ကောင်းကင်မှ သက်ဆင်းတော်မူကြ၍ “ကျောင်းဆောက်လုပ်ရန် ဟတ္တကံ = လက်အမှုကို မင်းကြီးထံ သွားရောက်၍ တောင်းခံကြလော့”ဟု ပြောဆိုမှာကြား၍ ပစ္စေကဗုဒ္ဓါရှစ်ဆူတို့ကို ဗာရာဏသီ မင်းကြီးထံသို့ စေလွှတ်လိုက်ကြလေကုန်၏။ အထူးအားဖြင့် ထို အခါဝယ် ဗာရာဏသီမင်းကြီး၏ လယ်ထွန်မင်္ဂလာသဘင် ယင်အံ့ ဆဲသောကာလ ဖြစ်လေသည်။ ဗာရာဏသီမင်းကြီးသည်“ပစ္စေက

(နှာ-၅၄၃)

ဗုဒ္ဓါအရှင်မြတ်များ ကြွလာတော်မူကြသတဲ့” ဟူသော သတင်းကို ကြားသိရလျှင်ပင် အချိန်မဆိုင်းပဲ ထိုခဏမှာပင် ထွက်၍ ကြွလာသည့် အကြောင်းကို လျှောက်ထား မေးမြန်းပြီးလျှင် “အရှင်ဘုရားတို့...ယနေ့ကား ကျောင်းဆောက်နိုင်ရန် အခါအခွင့် မရှိတော့ချေ။ နက်ဖြန့်ခါမှာလည်း တပည့်တော်များ၏ လယ်ထွန် မင်္ဂလာပွဲသဘင် ရှိ၍နေပါသည်။ သို့ပါ၍ ယနေ့မှနောက် သုံးရက် မြောက်နေ့ရောက်မှ ဆောက်လုပ်ပါရစေဘုရား” ဟု လျှောက်ထားပြီးလျှင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို နက်ဖြန်ခါ ဆွမ်းခံ ကြွရန် မပင့်မဖိတ်မိပဲ နန်းတွင်းသိုဝင်လေ၏။

ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် “အရပ်တပါး ဖဲသွားကြကုန်အံ့” ဟု မင်းနန်းတော်မှ ဖဲကြွတော်မူခဲ့ကြလေကုန်၏။ ထိုခဏ၌ ယက်ကန်းသည် အကြီးအမှူး၏ဇနီးသည် တစုံတခု ပြုဖွယ်ကိစ္စဖြင့် ဗာရာဏသီပြည်သို့ သွားသည်ရှိသော် ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို ဖူးတွေ့ရ၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့... အရှင်မြတ်တို့သည် အခါမဟုတ်သည်၌ အဘယ့်ကြောင့် ကြွတော် မူလာကြပါသနည်း”ဟု မေးလျှောက်၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည်လည်း အကြောင်းအရာကို အစမှစ၍ မိန့်ကြားတော်မူကြ လေကုန်၏။ ထိုအကြောင်းကို ကြားသိရ၍ သဒ္ဓါ,ပညာနှစ်ပါးနှင့် ပြည့်စုံသော ထိုယက်ကန်းသည် အကြီးအမှူး၏ဇနီး အမျိုးသမီးသည် “အရှင်ဘုရားတို့...နက်ဖြန်ခါ တပည့်တော်မတို့၏ ဆွမ်းကို ကရုဏာရှေးရှူ အလှူခံတော်မူကြပါဘုရား...” ဟု လျှောက်ထား ပင့်ဖိတ်လေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က “နှမ...ငါတို့ပစ္စေက ဗုဒ္ဓါများကား များလှကုန်၏”ဟု မိန့်ဆိုတော်မူကြလေလျှင် အမျိုးသမီးသည် “အဘယ်မျှ ရှိပါကုန်သနည်း အရှင်ဘုရားတို့...” ဟု မေးမြန်း လျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က “တထောင်မျှ ရှိကြကုန်၏” ဟု မိန့်ဆိုတော်မူကြလေလျှင် အမျိုးသမီးသည် “အရှင်ဘုရားတို့...ဤယက်ကန်းသည်ရွာ၌ ယက်ကန်း သည်အိမ်ထောင်ပေါင်း တထောင်တို့ နေကြပါသည်။ တအိမ်ထောင် တအိမ်ထောင်သည် ပစ္စေကဗုဒ္ဓါအရှင်မြတ် တပါးတပါး

(နှာ-၅၄၄)

အား ဆွမ်းလှူဒါန်းပါလိမ့်မည်။ တပည့်တော်မ ပင့်လျှောက်သည့် ဆွမ်းကိုသာ လက်ခံ သာယာတော်မူကြပါကုန် ဘုရား၊ တပည့်တော်မပင်လျှင် ဦးစီး၍ အရှင်ဘုရားတို့၏အတွက် နေထိုင်ရာကျောင်းကိုလည်း ဆောက်လုပ်စေပါမည်ဘုရား”ဟု ပြတ်ပြတ် သားသား လျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ထိုအမျိုးသမီး၏ပင့်လျှောက်ချက်ကို လက်ခံ သာယာမှုကြ လေကုန်၏။

ယက်ကန်းသည်မှူး၏ဇနီး ထိုအမျိုးသမီးသည် ရွာတွင်းသို့ ဝင်၍ “အမောင်တို့ ... အမိတို့... ငါသည် တထောင်မျှ အတိုင်း အရှည်ရှိသော ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို ဖူးတွေ့ရ၍ ပင့်ဖိတ်ခဲ့လေပြီ။ အရှင်မြတ်များအတွက် နေထိုင်ရန်နေရာများကို စီမံကြကုန်လော့၊ ယာဂုဆွမ်း-စသည်တို့ကို ပြည့်စုံစေကြကုန်လော့” ဟု ကြွေးကြော် နှိုးဆော်လေ၏။ ထို့နောက် ရွာအလယ်၌ မဏ္ဍပ်ဆောက်လုပ်စေပြီးကာ နေရာများကို ခင်းထားစေပြီးနောက် တနေ့၌ ပစ္စေကဗုဒ္ဓါအရှင်မြတ် တထောင်တို့ကို နေရာအသီးသီး၌ ထိုင်နေစေပြီးနောက် မွန်မြတ်သော ခဲဘွယ်, ဘောဇဉ်တို့ဖြင့် ပြုစု လုပ်ကျွေးပြီးလျှင် ဆွမ်းကိစ္စပြီးဆုံးသောအခါဝယ် ထိုရွာမှာနေကြသည့် ခပ်သိမ်းသောမိန်းမကို ခေါ်ဆောင်ခဲ့၍ ထိုအမျိုးသမီးမိန်းမတို့နှင့် အတူတကွ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို ရှိခိုး၍ “အရှင်တို့ဘုရား...ဝါတွင်းသုံးလ နေတော်မူကြရန် ခံဝန်ချက် ပေးသနားတော်မူကြပါ ဘုရား” ဟု လျှောက်ထားကာ ပစ္စေက ဗုဒ္ဓါအရှင်မြတ်တို့၏ ခံဝန်ချက်ကို ရယူပြီးမှ တဖန် ရွာတွင်း၌ “အမောင်တို့...အမိတို့...တအိမ်တအိမ်မှ ယောက်ျားတယောက် တယောက်ကျစီ ပုဆိန့်,ပဲခွပ်စသည် စွဲကိုင်ကြ၍ တောသို့ဝင်လျက် သစ်အဆောက်အဦတို့ကို ယူဆောင်ခဲ့ကြပြီးလျှင် အရှင်ပစ္စေကဗုဒ္ဓါတို့အတွက် နေထိုင်ရန်ကျောင်းကို ဆောင်လုပ်စေချင်၏” ဟု ကြွေးကြော နှိုးဆော်လေ၏။

ယက်ကန်းသည်ရွာနေ လူတို့သည် ထိုအမျိုးသမီး၏ နှိုးဆော် စကားကို ကြားရလျှင်ပင် တယောက်တယောက်လျှင် တကျောင်း

(နှာ-၅၄၅)

ကျ တကျောင်းကျစီ ညဉ့်သန့်ရာဌာန, နေ့သန့်ရာဌာနတို့နှင့် တကွ သစ်ရွက်မိုး သင်္ခမ်းကျောင်းတထောင် ဆောက်လုပ်ကြ၍ မိမိ, မိမိ၏ သင်္ခမ်းကျောင်း၌ ဝါကပ်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို “အကျွန်ုပ်သည် ရိုသေစွာ ပြုစုလုပ်ကျွေးပါမည်။ အကျွန်ုပ်သည် ရိုသေစွာ ပြုစုလုပ်ကျွေးပါမည်”ဟု သူ့ထက်ငါ သဒ္ဓါတိုးပွါး ပြောကြား တာဝန်ယူကြ၍ ဝါတွင်းသုံးလပတ်လုံး ရိုသေစွာ ပြုစုလုပ်ကျွေးကြလေကုန်၏။ ယက်ကန်းသည်မှူး၏ဇနီး ထိုအမျိုးသမီးသည် ဝါကျွတ်သောအခါမှာ “အမောင်တို့...အမိတို့...မိမိ, မိမိ၏ သင်္ခမ်းကျောင်း၌ ဝါလပတ်လုံး သီတင်းသုံးတော် မူပြီးကြသော (ဝါကျွတ်တော်မူကြသော) ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အတွက် သင်္ကန်းလျာအဝတ်များကို စီရင်ကြကုန်လော့” ဟု နှိုးဆော် ဆောက်တည်စေ၍ ပစ္စေကဗုဒ္ဓ တဆူ, တဆူအား အသပြာတထောင်, တထောင်တန် သင်္ကန်းကို ပေးလှူစေလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဝါကျွတ်ပြီး သင်္ကန်းများလှူပြီးကြသော် အနုမောဒနာတရား ဟောကြားဆုညွှန်း၍ ဖဲကြွတော်မူကြ လေကုန်၏။

သူကြွယ်အကြီးအမှူးဘဝ

ယက်ကန်းသည်ရွာ၌ နေသူ လူအပေါင်းတို့သည်လည်း ဤ ကောင်းမှုကို ပြုလုပ်ကြ၍ ထိုဘဝမှစုတေကြသည်ရှိသော် တာဝတိံသာ နတ်ပြည်၌ အဖွဲ့လိုက်နတ်သား, နတ်သမီးများ ဖြစ်ကြလေ၏။ ထိုသူတို့သည် တာဝတိံသာ နတ်ပြည်၌ နတ်စည်းစိမ်ကို မြိန်ရှက်စွာ ခံစားပြီးနောက် ကဿပမြတ်စွာ လက်ထက်တော်အခါဝယ် ဗာရာဏသီပြည် သူကြွယ်များအိမ်တို့၌ အသီးအသီး ဖြစ်ကြလေကုန်၏၊ ယက်ကန်းသည်မှူးသည် အကြီးဆုံးသူကြွယ်၏ သားဖြစ်၍ သူ၏ဇနီးသည်လည်း သူကြွယ်ကြီး၏သမီးပင် ဖြစ်လာလေသည်။ ထိုအမျိုးသမီးအားလုံးတို့သည်ပင် အရွယ်သို့ရောက်ကြ၍ အရှင်သခင် လင်ယောက်ျား၏အိမ်သို့ လိုက်ပါကြရသည်ရှိသော် ရှေးယက်ကန်းသည်ဘဝက အတိုင်းပင် ထိုထိုသူကြွယ်သားတို့၏ အိမ်တို့သို့ လိုက်ပါ ရောက်ရှိကြလေကုန်၏။

(နှာ-၅၄၆)

တနေ့သ၌ ကဿပမြတ်စွာဘုရား သီတင်းသုံးတော်မူရာ ကျောင်းတိုက်တော်ဝယ် တရားနာဖို့ရန် ကြွေးကြော နှိုးဆော် အပ်လေသော် “မြတ်စွာဘုရား တရားဟောတော်မူလိမ့်မည်” ဟူသောသတင်းကို ကြား၍ ထိုသူကြွယ်အားလုံးတို့ပင် “တရား နားကြကုန်အံ့”ဟု ဇနီးမယား သူကြွယ်ကတော်တို့နှင့် အတူတကွ ကျောင်းတိုက်တော်သို့ သွားကြလေကုန်၏။ ထိုသူတို့ ကျောင်းတိုက်တော်အတွင်း ဝင်မိသောခဏမှာပင် မိုးကြီးသည်းစွာ ရွာသွန်းလေ၏။ ဆွမ်းခံကိုယ်တော်, ဆွေမျိုးသာမဏေ-စသည် ရှိကြသော အခြားလူတို့သည် ထိုဆွမ်းခံကိုယ်တော်, ဆွေမျိုးသာမဏေ-စသည်တို့နေရာ ပရိဝုဏ်တို့သို့ မိုးလွတ်အောင် ပြေးဝင် ခိုလှုံကြလေကုန်၏။

ထိုသူကြွယ် ဇနီးမောင်နှံစုံ တထောင်တို့သည်ကား ထိုကဲ့သို့ သော ဆွမ်းခံကိုယ်တော်, ဆွေမျိုး သာမဏေ-စသည်တို့ မရှိကြသည့်အတွက် မည်သည့်ပရိဝုဏ်တွင်းသို့မျှ မဝင်ဝံ့ကြပဲ ကျောင်းတိုက်အလယ်မှာပင် ရပ်တည်ကြရင်း မိုးအစွတ်ခံကြရလေကုန်၏။ ထိုအခါ ကျန်သောသူကြွယ်တို့ကို အကြီးအမှူး သူကြွယ်သည် “အမောင်တို့..ငါတို့၏ ကိုးရာမဲ့ဟန် ဖောက်ပြန်ပုံကို ရှုကြလော့၊ အမျိုးကောင်းသားဆိုလျှင် ဤမျှဖြင့်ပင်ရှက်သင့်လှပြီ”ဟု ပြောဆိုလေ၏။ ကျန်သူကြွယ်တို့က “အရှင်...အကျွန်ုပ်တို့တစုသည် အဘယ် ကောင်းမှု ပြုကြရပါမည်နည်း”ဟု မေးမြန်းကြလေလျှင် အကြီးအမှူး သူကြွယ်သည် “ငါတို့မှာ အကျွမ်းဝင်ရာဌာန မရှိကြခြင်းကြောင့် ဤသို့သော ဖောက်ပြန်မှုသို့ ရောက်ကြရလေသည်။ ငါတို့ အားလုံးပင် ဥစ္စာကိုစု၍ ပရိဝှဏ်တခု ဆောက်လုပ်ကြကုန်စို့” ဟု တိုင်ပင် အကြံပေးစကား ပြောကြားလေ၏။ ကျန်သောသူကြွယ် အားလုံးတို့က “ကောင်းပါပြီ အရှင်...”ဟု သဘောတူစကား ပြောကြားလေသော် အကြီးအမှူးသူကြွယ်က အသပြာတထောင် ကျန်သောသူကြွယ်များက အသပြာငါးရာစီ, သူကြွယ်ကတော်များက အသပြာနှစ်ရာ့ငါးဆယ်စီ အသီးအသီး ထည့်ဝင်လှူဒါန်း ကြလေသည်။ ထိုသူကြွယ်အိမ်ထောင်စု တထောင်တို့သည် ဥစ္စာကို

(နှာ-၅၄၇)

စုပေါင်း၍ အထွက်တပ်သည့် ပြာသာဒ်တထောင် အရံရှိသည့် ကဿပမြတ်စွာဘုရားရှင် သီတင်းသုံးနေထိုင်တော်မူရန် ကြီးစွာသော ပရိဝုဏ်ကျောင်းဝိုင်းကြီး စတင်တည်ဆောက်ကြလေ၏။ ပြုလုပ်ရမည့်အမှုသစ်က အားကြီးလှသောကြောင့် မူလ စုထားသောဥစ္စာ မလောက်ပြန်သော် တဖန်ရှေးစုဆောင်းလှူဒါန်းသော ဥစ္စာအောက် ထက်ဝက်စီ ထက်ဝက်စီ လျှော့ကာ စုဆောင်းလှူဒါန်းကြပြန်လေသည်။ ဤနည်းဖြင့် ပရိဝုဏ်ကျောင်းဝိုင်းကြီး ဆောက်လုပ်ပြီးလတ်သော် ကျောင်းလွှတ်(=ကျောင်းရေစက်ချ) သဘင် ဆင်ယင်ပြုလုပ်ကြလျက် ကဿပမြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အား ခုနှစ်ရက်ကြာ မဟာဒါနကြီး လှူဒါန်းကြပြီးလျှင် ရဟန္တာပေါင်း နှစ်သောင်းတို့အား လှူဒါန်းရန်အတွက် သင်္ကန်းများကို စီမံအားထုတ်ကြလေကုန်၏။

သူကြွယ်ကတော်အကြီးအမှူး၏ ထူးကဲသော စေတနာ

အထူးသဖြင့် သူကြွယ်ကြီး၏ဇနီး သူကြွယ်ကတော်ကြီးသည် အခြားသူခပ်သိမ်းတို့နှင့် ထပ်မျှညီတူ မပြုမူပဲ မိမိ၏ ပညာ၌ တည်ရှိကာ “သူ့ထက်ကဲချွန် သာလွန်အောင်ပြု၍ ငါသည် မြတ်စွာဘုရားရှင်ကို ပူဇော်မည်” ဟု ကြံစည်ပြီးလျှင် လိပ်ဆူးရွှေပန်း (အနော်ဇာပန်း) အဆင်း ဝါဝင်းသောအသွေးအရောင်ရှိသည့် အဖိုးတထောင်တန် သင်္ကန်းလျာအဝတ်အထည်နှင့်တကွ လိပ်ဆူး ရွှေပန်း(အနော်ဇာပန်း) ခြင်းတောင်းကို ယူဆောင်ခဲ့၍ ကျောင်း အနုမောဒနာတရား ဟောကြားသောအခါ ကဿပမြတ်စွာဘုရားရှင်ကို လိပ်ဆူးရွှေပန်း (အနောဇာပန်း)တို့ဖြင့် ပူဇော်ပြီးနောက် ထိုသင်္ကန်းလျာအဝတ်စုံကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ချထားပြီးလျှင်__

“မြတ်စွာဘုရား... ဖြစ်လေရာရာ သံသရာဘဝ၌ တပည့်တော်မ၏ ကိုယ်သည် ဤလိပ်ဆူးရွှေပန်း (အနော်ဇာပန်း) အဆင်း ဝါဝင်းသော အသွေးအရောင်ရှိသည် ဖြစ်ပါစေသား။

(နှာ-၅၄၈)

တပည့်တော်မ၏ အမည်သည်လည်း အနောဇာ ဟူ၍သာလျှင် တွင်မည်သည် ဖြစ်ပါစေသား”__

ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားရှင်ကလည်း ဧဝံ ဟောတု = ဤယခု သင်ဆုတောင်းသည့်အတိုင်း ဖြစ်စေ သတည်း” ဟု အနုမောဒနာပြုတော်မူလေ၏။

(ဂ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုသူအားလုံးတို့ပင် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုကြ၍ ထိုဘဝမှ စုတကြလေလျှင် နတ်ပြည်၌ဖြစ်ကြ၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းရာကာလဝယ် နတ်ပြည်မှ စုတေခဲ့ကြ၍ သူကြွယ် အကြီးသည် ကုက္ကုဋဝတီ မင်းနေပြည် ရွှေနန်းတော်၌ မဟာကပ္ပိနမည်သော မင်းသားဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မဟာကပ္ပိနမင်းတရား ဖြစ်လေ၏။ ကျန်သောသူကြွယ်တို့သည် အမတ်မျိုး၌ အသီးအသီး ဖြစ်ကြလေ၏။ သူကြွယ်ကြီး၏ဇနီးသည် မဒ္ဒတိုင်း သာဂလမြို့ ရွှေနန်းတော်၌ မဒ္ဒမင်းသမီး ဖြစ်လာလေ၏။ ထိုမင်းသမီး၏ ကိုယ်ရေအဆင်းမှာ လိပ်ဆူးရွှေပန်း(အနောဇာပန်း) အဆင်း ဝါဝင်းသော အသွေးအရောင်ရှိခြင်းကြောင့် ရှေး ဆုတောင်းအတိုင်း ထိုမင်းသမီး၏ အမည်ကို “အနောဇာ” ဟူ၍ မှည့်ခေါ်ကြလေ၏။

အနောဇာမင်းသမီး အရွယ်သို့ရောက်လတ်သော် မဟာကပ္ပိနမင်း၏ နန်းအိမ်သို့ရောက်၍ အနောဇာဒေဝီ မိဖုရားကြီး ဖြစ်လာလေသည်။ ကျန်သော သူကြွယ်ကတတော်များသည်လည်း အမတ်မြို့၌ အသီးအသီး ဖြစ်ကြ၍ အရွယ်သို့ရောက်ကြလေလျှင် ရှေးရေစက်အတိုင်း အရှင်ဟောင်းအမတ်သားတို့၏ဇနီးများ ဖြစ်လာ ကြလေကုန်၏။ ထိုသူအားလုံးတို့သည်ပင် မဟာကပ္ပိနမင်းကြီး၏ စည်းစိမ်နှင့်တူသော စည်းစိမ်ကို ခံစံသုံးဆောင်ကြရလေသည်။ သုံးဆောင်ကြရပုံမှာ__မဟာကပ္ပိနမင်းကြီး အဆင်တန်ဆာစုံ ဝတ်ဆင်၍ ဆင်စီးပြီး ခရီးလှည့်လည်လျှင် ထိုအမတ်တထောင်တို့သည်လည်း မင်းကြီးနည်းတူ ဆင်စီး၍ ခရီးလှည့်လည်ကြရ

(နှာ-၅၄၉)

ကုန်၏။ မင်းကြီး မြင်းဖြင့်ဖြစ်စေ, ရထားဖြင့်ဖြစ်စေ ခရီးလှည့်လည်တော်မူသောအခါ ထိုအမတ်တထောင်တို့သည်လည်း မင်းကြီး နည်းတူ မြင်းဖြင့်, ရထားဖြင့် ခရီးလှည့်လည်ကြရကုန်၏။ ဤသို့လျှင် ထိုသူတော်ကောင်းတထောင်တို့သည် အတူတကွ ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်တို့၏ အာနုဘော်ကြောင့် အတူတကွ သာလျှင် စည်းစိမ်ကို ခံစံသုံးဆောင်ကြရလေကုန်၏။

မင်းကြီး မြင်းစေကျော်တို့ဖြင့် သတင်းစကား နာယူစေခြင်း

မဟာကပ္ပိနမင်းကြီးမှာ (၁) ဗလမည်သောမြင်း၊ (၂) ဗလဝါဟနမည်သောမြင်း၊ (၃) ပုပ္ဖမည်သော မြင်း၊ (၄) ပုပ္ဖဝါဟန မည်သောမြင်း၊ (၅) သုပတ္တမည်သောမြင်း ဟူ၍ = မြင်းကျော် ၅-စီးတို့ ရှိကြလေသည်။ မင်းကြီးသည် ထို မြင်းကျော် ၅-စီးတို့ အနက် သုပတ္တမည်သောမြင်းကျော်ကို ကိုယ်တော်တိုင် စီးနင်း သုံးဆောင်၍ ကျန်သည့် မြင်းကျော် ၄-စီးတို့ကို မြင်းစီးသူရဲကောင်းတို့အား သတင်းစကားဆောင်ယူရန် ပေးအပ်ထားလေသည်။ မင်းကြီးသည် ထိုမြင်းစေကျော် သူရဲကောင်း ၄-ယောက်တို့ကို စောစောစီးစီး မွန်မြတ်သောထမင်းဘောဇဉ်ကို ကျွေးမွေးပြီးလျှင် “အမောင်တို့ သွားကြကုန်၊ ကုက္ကုဋဝတီနေပြည်တော်မှ ပတ်ဝန်းကျင် နှစ်ယူဇနာ သုံးယူဇနာတိုင်တိုင် လှည့်လည်ကြ၍ ဘုရား, တရား, သံဃာ = ရတနာသုံးပါးတို့ လောက၌ ပွင့်ပေါ် ဖြစ်ထွန်းကြောင်း သတင်းကောင်းကို ကြားသိကြရလျှင် ထို ချမ်းသာကြောင်း သတင်းကောင်းကို ငါ့အထံသို့ လျင်မြန်စွာ ပို့ဆောင်ကြရမည်” ဟု မှာတမ်း၍ မြင်းစေကျော သူရဲကောင်းတို့ကို နေ့စဉ်နေ့စဉ် အရပ်လေးမျက်နှာတို့သို့ စေလွှတ်တော်မူ၏။ ထို မြင်းစေကျော် သူရဲကောင်းတို့သည် မြို့တံခါးလေးပေါက်တို့မှ တယောက်စီထွက်ကြ၍ သုံးယူဇနာတိုတိုင်တိုင် လှည့်လည်ကာ သတင်းစကား နားထောင်ကြပြီးလျှင် ရတနာသုံးပါး ဖြစ်ထွန်းပြီ ဟူသော သတင်းကို မရကြပဲ မြို့တော်သို့ တဖန် ပြန်လာကြရကုန်၏။

(နှာ-၅၅၀)

ရတနာသုံးပါးသတင်း ကြားသိရခြင်း

ထို့နောက် တနေ့သ၌ မဟာကပ္ပိနမင်းကြီးသည် သုပတ္တ မည်သော မြင်းကျော်ကို စီး၍ အမတ်တထောင် ခြံရံအပ်လျက် ဥယျာဉ်တော်သို့ ထွက်လေလျှင် ကုန်သည်ငါးရာတို့ ခရီးပင်ပန်း နွမ်းနယ်သောသဘော ရှိကြလျက် မြို့တော်သို့ ဝင်ကြသည်ကို မြင်လတ်၍ “ဤကုန်သည်တို့ကား ခရီးပန်း လာကြကုန်၏။ ဧကန် မချွတ်ပင် ဤကုန်သည်တိုထံမှ သတင်းကောင်းတခုခုကို ကြားရလိမ့်မည်” ဟု ယုံကြည်မျှော်လင့်ကာ ထိုကုန်သည်များကို ရှေ့တော်သို့ ခေါ်စေပြီးလျှင် “အမောင်တို့...အဘယ်အရပ်မှ လာကြသနည်း”ဟု မေးမြန်းလေ၏။ ကုန်သည်တို့က “အရှင်မင်းကြီး ဤကုက္ကုဋဝတီ မင်းနေပြည်မှ ယူဇနာ (၁၂၀) တရာ့နှစ်ဆယ် ထက်၌ သာဝတ္ထိမည်သောပြည် ရှိပါသည်။ ထိုသာဝတ္ထိပြည်မှ အကျွန်ုပ်တို့ လာကြပါသည်”ဟု ပြန်ကြားလျှောက်ထားကြလေလျှင် မင်းကြီးသည် တဖန်ဆက်၍“အမောင်တို့...အမောင်တို့၏ သာဝတ္ထိပြည်အရပ်၌ တစုံတခု သတင်းထူး သတင်းဆန်း ဖြစ်ပေါ်ထွန်းသည်များ ရှိပါသလော”ဟု မေးမြန်းလေ၏။ ကုန်သည်များကလည်း “အရှင်မင်းကြီး...အခြား တစုံတခု လျှောက်ထားရန် သတင်းထူး သတင်းဆန်း မရှိပါ။ စင်စစ်သော်ကား အကျွန်ုပ်တို့၏ သာဝတ္ထိပြည်အရပ်၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေ ပါသည်”ဟု လျှောက်ထားကြလေကုန်၏။

မင်းကြီးသည် ထိုခဏ၌ပင် ပီတိ ၅-မျိုး ကိုယ်လုံးဖြိုးလျက် တစုံတရာကို မမှတ်မသားနိုင်ပဲ တမုဟုတ်မျှ အချိန်ကို လွန်စေပြီးနောက် “အမောင်တို့... အဘယ်လိုသတင်းစကား လျှောက်ထား လိုက်ကြသနည်း”ဟု မေးမြန်း၍ ကုန်သည်တို့ကလည်း “အရှင်မင်းကြီး...လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပါသည်” ဟု ထပ်မံလျှောက်ထားကြလေကုန်၏။ မင်းကြီးသည် နှစ်ကြိမ်မြောက်၎င်း, သုံးကြိမ်မြောက်၎င်း ထိုနည်းအတူပင် အချိန်ကို လွန်စေ၍ လေးကြိမ်မြောက်၌ “အမောင်တို့...အဘယ်ပုံသတင်း စကား လျှောက်ထားလိုက်ကြသနည်း”ဟု မေးမြန်းပြီးလျှင် ကုန်

(နှာ-၅၅၁)

သည်တို့ကလည်း “အရှင်မင်းကြီး...လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပါသည်”ဟု ရှေးနည်းအတူ ထပ်မံလျှောက်ထားကြလေသော် မဟာကပ္ပိနမင်းကြီးသည် “အမောင်တို့... အမောင်တို့အား “မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပါသည်” ဟူသော ဤသတင်းစကား လျှောက်ထားကြသည့်အတွက် အသပြာ တသိန်း ငါ ဆုတော်ပေးသနား၏” ဟု မိန့်ဆိုတော်မူလေ၏။

ထိုသို့ မိန့်ဆိုပြီးလျှင် မင်းကြီးသည် တဖန် “အခြား တစုံတခု သတင်းထူးများ ရှိသေး၏လော”ဟု မေးတော်မူ၍ ကုန်သည်ကို ကလည်း “ရှိပါသည် အရှင်မင်းကြီး...လောက၌ တရားရတနာသည် ဖြစ်ပေါ်နေပါသည်”ဟု ထပ်မံ လျှောက်ထားကြလေ၏။ မင်းကြီးသည် ထိုသတင်းကို ကြားသိရလျှင်လည်း ရှေးနည်းအတူပင် သုံးကြိမ်တိုင်တိုင် အချိန်ကို ကုန်လွန်စေ၍ လေးကြိမ်မြောက်၌ “လောက၌ တရားရတနာသည် ဖြစ်ပေါ်နေပါသည်”ဟု ကုန်သည်တို့က လျှောက်ထားကြလေသော် “အမောင်တို့...အမောင်တို့အား ဤ ‘တရားရတနာ ဖြစ်ပေါ်နေပါသည်’ဟူသော သတင်း စကား လျှောက်ထားကြသည့်အတွက်လည်း အသပြာတသိန်း ငါ ဆုတော်ပေးသနား၏”ဟု မိန့်ဆိုတော်မူလေ၏။

ထို့နောက် မင်းကြီးသည် တဖန် “အမောင်တို့... အခြား တစုံတခု သတင်းထူးများ ရှိသေး၏လော”ဟု မေးတော်မူ၍ ကုန်သည်တို့ကလည်း “ရှိပါသည် အရှင်မင်းကြီး...လောက၌ သံဃာရတနာသည် ဖြစ်ပေါ်နေပါသည်”ဟု ထပ်မံလျှောက်ထား ကြလေ၏။ မင်းကြီးသည် ထိုသတင်းကို ကြားသိရလျှင်လည်း ရှေးနည်းအတူပင် သုံးကြိမ်တိုင်တိုင် အချိန်ကို ကုန်လွန်စေ၍ လေးကြိမ်မြောက်၌ “သံဃာ”ဟူသော ပုဒ်တစိတ်မျှ ကုန်သည်တို့က ပြောဆိုကြလျှင်ပင် “အမောင်တို့...အမောင်တို့အား ဤ “သံဃာရတနာ ဖြစ်ပေါ်နေပါသည်”ဟူသော သတင်းစကား လျှောက်ထားကြသည့်အတွက်လည်း အသပြာတသိန်း ငါ ဆု တော်ပေးသနား၏”ဟု မိန့်ဆိုတော်မူလေ၏။

(နှာ-၅၅၂)

မဟာကပ္ပိနမင်းကြီး တောထွက်တော်မူခြင်း

ထိုသို့မိန့်တော်မူပြီးလျှင် မဟာကပ္ပိနမင်းကြီးသည် အမတ် တထောင်ကို ကြည့်တော်မူ၍ အမောင်တို့...အဘယ်သို့ ပြုကြ မည်နည်းဟု မေးတော်မူလေ၏။ အမတ်တို့က “အရှင်မင်းကြီး အရှင်မင်းကြီးတို့ကော အဘယ်သို့ပြုကြမည်နည်း”ဟု မေးကြလေလျှင် မဟာကပ္ပိနမင်းကြီးသည် “အမောင်တို့...ငါသည် ဘုရား ရတနာ ဖြစ်ပေါ် ပွင့်ထွန်းနေပြီး, တရားရတနာ ဖြစ်ပေါ်နေပြီ, သံဃာရတနာ ဖြစ်ပေါ်နေပြီ”ဟူသော သတင်းစကားကို ကြားသိရသောကြောင့် ရွှေနန်းတော်သို့ တဖန် မပြန်နစ်တော့ပြီ။ ဤနေရာမှပင် မြတ်စွာဘုရားကို ရည်ညွှန်း၍ သွားရောက်ပြီးလျှင် ထို မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုတော့မည်”ဟု မိန့်ဆိုတော်မူလေ၏။ အမတ်တို့သည်လည်း “အရှင်မင်းကြီး အကျွန်ုပ်တို့သည်လည်း အရှင်မင်းကြီးတို့နှင့် အတူတကွ ရဟန်းပြုကြမည်”ဟု တညီတညွတ်တည်း လျှောက်ထားကြလေကုန်၏။

မဟာကပ္ပိနမင်းကြီးသည် ရွှေပြား၌ စာလုံးအက္ခရာ အမှာစကား ရေးသားထွင်းထုစေပြီးလျှင် ကုန်သည်တို့ကို “အမောင် တို့...အနောဇာဒေဝီ မိဖုရားကြီးသည် အမောင်တို့အား အသပြာသုံးသိန်း ကိုယ်စား ဆုပေးသနားလိမ့်မည်၊ ငါ အထူး မှာတမ်း လိုသည်မှာ- အနာဇာဒေဝီမိဖုရားကြီးကို ‘မင်းကြီးက အရှင်မိဖုရားကြီးအား မင်း၏စည်းစိမ် အစိုးရ ဂုဏ်သိရ်အားလုံးကို စွန့်ပေးအပ်ပြီတဲ့၊ အလိုရှိတိုင်း ချမ်းသာစွာ မင်းစည်းစိမ်ကို ခံစံ သုံးဆောင်တော်မူပါလော့”ဟု အမောင်တို့ လျှောက်ထားကြရ မည်။ အကယ်၍များ အမောင်တို့ကို အနောဇာဒေဝီမိဖုရားကြီးက “မင်းကြီး အဘယ်မှာနည်းဟု မေးခဲ့လျှင် “မြတ်စွာဘုရားကို ရည်ညွှန်း၍ ရဟန်းပြုတော့မည်ဟု ထွက်ကြွသွားပါပြီဟု အမောင်တို့ လျှောက်ထားကြပါလော့”ဟု နှုတ်ဖြင့် မှာတမ်းဆိုပြီးလျှင် ကုန်သည်တို့လက်၌ ရွှေပြားကိုအပ်၍ လွှတ်လိုက်လေ၏။ အမတ်တို့သည်လည်း မိမိ, မိမိတို့၏ အမတ်ကတော်များထံသို့ ထိုနည်း အတူပင် သတင်းစကား မှာကြား ပို့သစေကြလေ၏။ မင်းကြီး

(နှာ-၅၅၃)

သည် ကုန်သည်တို့ကို လွှတ်လိုက်ပြီးလျှင် သုပတ္တမြင်းကျော်ကို စီး၍ အမတ်တထောင်ခြံရံအပ်လျက် ထိုခဏမှာပင် တောထွက်တော်မူလေ၏။

မြတ်စွာဘုရား အသင့်စောင့်ကြိုနေတော်မူခြင်း

မြတ်စွာဘုရားရှင်သည်လည်း ထိုမဟာကပ္ပိနမင်းကြီး တောထွက်တော်မူမည့်နေ့၌ သတ္တလောကကို ကြည့်ရှု ဆင်ခြင်တော် မူလေလျှင် အမတ်တထောင်အခြံအရံနှင့်တကွသော မဟာကပ္ပိနမင်းကြီးကို မြင်တော်မူ၍ “ဤမဟာကပ္ပိနမင်းသည် ကုန်သည်တို့၏ အထံမှ ရတနာသုံးပါးကို ဖြစ်ပေါ်ပွင့်ထွန်းကြောင်း သတင်းကောင်းကို ကြားသိ၍ ထိုကုန်သည်တို့၏သတင်းစကားကို အသပြာသုံးသိန်းတို့ဖြင့် ပူဇော်ပြီးလျှင် မင်းစည်းစိမ်ကို ပယ်စွန့်၍ အမတ်တထောင်ခြံရံအပ်လျက် ငါဘုရားကိုရည်စူး၍ ရဟန်းပြုလိုသည်ဖြစ်၍ နက်ဖြန် တောထွက်လာလိမ့်မည်။ ထိုမဟာကပ္ပိနမင်းသည် အမတ်တထောင် အခြံအရံနှင့်တကွပင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်ပေလိမ့်မည်၊ ငါဘုရားသည် ထို မဟာကပ္ပိနမင်းအား ခရီးဦးကြိုမှုကို ပြုပေအံ့”ဟု ကြံစည်ဆင်ခြင်တော်မူပြီးလျှင်နောက် တနေ့၌ ရွာစားငယ်ကို ခရီးဦးကြိုဆိုသော စကြဝတေးမင်းကဲ့သို့ ကိုယ်တော်တိုင်ပင် သပိတ်, သင်္ကန်းကို ယူတော်မူ၍ ယူဇနာ တရာ့နှစ်ဆယ်ခရီးတိုင်အောင် ကြိုဆိုသွားရောက်တော်မူကာ စန္ဒဘာဂါအမည်ရှိသော မြစ်၏ဆိပ်ကမ်း ပညောင်ပင်ရင်း၌ ရောင်ခြည်တော်ခြောက်သွယ်တို့ကို လွှတ်တော်မူကာ ထိုင်နေတော်မူလေ၏။

မဟာကပ္ပိနမင်း မြစ်သုံးတန်ကို ကူးမြောက်ခြင်း

မဟာကပ္ပိနမင်းကြီးသည်လည်း အမတ်တထောင်နှင့် တကွ မြင်းကိုယ်စီ စီးလျက် တောထွက်လာသည်ရှိသော် မြစ်တခုသို့ ရောက်၍ “ဤမြစ်ကား အဘယ်အမည်ရှိသော မြစ်နည်း” ဟု မေးမြန်းလေ၏။ အမတ်တို့က “အရှင်မင်းကြီး...ဤမြစ်ကား အပရစ္ဆာ အမည်ရှိပါ၏”ဟု လျှောက်ထားကြလေသော် “အမောင်

(နှာ-၅၅၄)

တို့...ဤအပရစ္ဆာမြစ်၏ ပမာဏကား အဘယ်မျှရှိသနည်း”ဟု မေးပြန်လေ၏။ အမတ်တို့က “အရှင်မင်းကြီး...ဤမြစ်၏ ပမာဏကား အနက်အားဖြင့် တဂါဝုတ်ရှိ၍ အကျယ်အားဖြင့် နှစ်ဂါဝုတ်တို့ ရှိပါသည်”ဟု လျှောက်ထားလေလျှင် မင်းကြီးသည် “ဤမြစ် ကမ်းနား၌ လှေဖြစ်စေ ဖောင်ဖြစ်စေ ရှိသလော”ဟု မေးပြန်လေ၏။ အမတ်တို့က “မရှိပါ အရှင်မင်းကြီး” ဟု လျှောက်ထားကြလေလျှင် မင်းကြီးသည်__

“လှေ, ဖောင်တို့ကို ရှာကြံကြည့်ရှုနေစဉ်ပင် ငါတို့ကို ဇာတိ = ပဋိသန္ဓေတည်နေခြင်းတရားက ဇရာ = အိုမင်းခြင်းတရားသို့ ရောက်အောင် ဆောင်နေဘိတကား၊ ဇရာ= အိုမင်းခြင်းတရားက မရဏ = သေခြင်းတရားသို့ ရောက်အောင် ဆောင်နေဘိတကား၊ ငါသည် ယုံမှားကင်းသူဖြစ်၍ ရတနာသုံးပါးတို့ကို ရည်ညွှန်းကာ တောထွက်လာသူ စင်စစ် ဖြစ်ပေ၏၊ ငါ့အဖို့ရာ ထိုရတနာ သုံးပါးတို့၏ အာနုဘော်ကြောင့် ဤရေသည် ရေကဲ့သို့ မဖြစ်ပါစေလင့်”__

ဟု ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်လျက် “ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ”= အစရှိသည်ဖြင့် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းအောက်မေ့ကာ__

ဘဝသောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ဝိဒူ။

ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။

ဗုဒ္ဓေါ=သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားသည်။ ဟဝေ = စင်စစ်ဧကန်အမှန်ပင်။ ဘ၀ သောတံ = ဘဝသုံးသွယ် ရေပြင်ကျယ်ကို။ တိဏ္ဏော = နိုဗ္ဗူထုတ်ချောက် မှာကမ်းရောက်အောင် ကူးမြောက်တော်မူပြီးလေပြီ။ ဝါ-ကူးမြောက်တော်မူပြီး ဖြစ်ရကား။ လောကန္တဂူ = လောက၏အဆုံးသို့ နှလုံးကြည်ဖြူ ဆိုက်ရောက်တော်မူလေပြီ။ ဝိဒူ = ခပ်သိမ်းသော တရားကို

(နှာ-၅၅၅)

ပိုင်းခြားထင်ထင် သိမြင်တော်မူလေပြီ။ ဧတေန သစ္စဝဇ္ဇေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ မေ = မဟာကပ္ပိန နာမသမုတ် အကျွန်ုပ်၏။ ဂမနံ=မြတ်ဘုရားထံမှောက် ရဟန်းပြုရန် သွားရောက်ခြင်းသည်။ သမိဇ္ဈတု = အန္တရာယ်မမှောက် ရန်မနှောက်ပဲ ထမြောက်ကုံလုံ ပြည့်စုံပါစေသတည်း”__

ဤဂါထာကို နုတ်ကတွတ်တွတ် ရွတ်ဆိုလျက် အခြံအရံအမတ် တထောင် သိန္ဓောမြင်းတထောင်တို့နှင့် အတူတကွ နှစ်ဂါဝုတ် အပြန့်ကျယ်သော ရေအပြင်ကို ကူးလေ၏။ သိန္ဓောမြင်းတို့သည် ကျောက်ဖျာပေါ်၌ကဲ့သို့ ပြေးသွားကြလေ၏။ ခွါဖျားတို့ကိုသော်မှလည်း ရေကြည်တပေါက် မစွတ်မစိုချေ။

မဟာကပ္ပိနမင်းကြီးသည် ထိုအပရစ္ဆာမြစ်ကို ကူးပြီး ရှေ့သို့ ဆက်၍ ခရီးနှင်ပြန်လေသော် ဒုတိယမြစ်တခုကို တွေ့ပြန်လေ၍ “ဤမြစ်ကား အဘယ်အမည်ရှိသနည်း”ဟု မေးလေ၏။ အမတ်တို့က “နီလဝါဟိနီ အမည်ရှိပါ၏ အရှင်မင်းကြီး”ဟု လျှောက်ထားကြလေသော် မင်းကြီးသည် “အမောင်တို့...ဤနီလဝါဟိနီ မြစ်၏ ပမာဏကား အဘယ်မျှရှိသနည်း”ဟု မေးပြန်လေ၏။ အမတ်တို့သည် “အရှင်မင်းကြီး...ဤနီလဝါဟိနီမြစ်၏ ပမာဏကား အစောက်အနက်အားဖြင့်၎င်း, အပြန့်အကျယ်အားဖြင့်၎င်း ယူဇနာဝက် ရှိပါ၏”ဟု လျှောက်ထားကြကုန်၏။ (အကြွင်း ရှေးနည်းအတူတည်း)။ မင်းကြီးသည် ထိုနီလဝါဟိနီမြစ်ကို “သွာက္ခာတော ဘဂဝတာ ဓမ္မာ”အစရှိသည်ဖြင့် ဓမ္မာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းအောက်မေ့ကာ__

“ယဒိ သန္တိဂမော မဂ္ဂေါ၊ မောက္ခော စစ္စန္တိကံ သုခံ။
ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။

မဂ္ဂေါ= လောကုတ္တရာတရား အရိယမဂ်လေးပါးသည်။ ယဒိ = ဇာတု = စင်စစ်ဧကန် အမှန်ပင်။ သန္တိဂမော = နိဗ္ဗာန်ထုတ်ချောက် ရောက်စေနိုင်၏။ မောက္ခောစ = အရိယမဂ်ဖြင့်ရောက်အပ် နိဗ္ဗာန်တရားမြတ်သည်လည်း။ အစ္စန္တိကံ

(နှာ-၅၅၆)

သုခံ= ချမ်းသာစင်စစ် ဧကန်ဖြစ်၏။ ဧတေန သစ္စဝဇ္ဇေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ မေ = မဟာကပ္ပိန နာမ သမုတ် အကျွန်ုပ်၏။ ဂမနံ=မြတ်ဘုရားထံမှောက် ရဟန်းပြုရန် သွားရောက်ခြင်းသည်။ သမိဇ္ဈတု = အန္တရာယ်မမှောက် ရန်မနှောက်ပဲ ထမြောက်ကုံလုံ ပြည့်စုံပါစေသတည်း”__

ဤဂါထာကို နှုတ်ကတွတ်တွတ် ရွတ်ဆိုလျက် အခြံအရံအမတ် တထောင် သိန္ဓောမြင်းတထောင်တို့နှင့် အတူတကွ ယူဇနာဝက် အပြန့်ကျယ်သော ရေအပြင်ကို ကူးလေ၏။ ရှေးနည်းအတူပင် သိန္ဓောမြင်းတို့သည် ကျောက်ဖျာပေါ်၌ကဲ့သို့ ပြေးသွားကြ၍ ခွါဖျားတို့ကိုသော်မှလည်း ရေကြည်တပေါက် မစွတ်မစိုချေ။

မဟာကပ္ပိနမင်းကြီးသည် ထိုနီလဝါဟိနီမြစ်ကို ကူးပြီး ရှေ့သို့ ဆက်၍ ခရီးနှင်ပြန်လေသော် တတိယမြစ်တခုကို တွေ့ပြန်လေ၍ “ဤမြစ်ကား အဘယ်အမည်ရှိသနည်း”ဟု မေးလေ၏။ အမတ်တို့က “စန္ဒဘာဂါ အမည်ရှိပါ၏ အရှင်မင်းကြီး...”ဟု လျှောက်ထားကြလေသော် မင်းကြီးသည် “အမောင်တို့...ဤ စန္ဒဘာဂါ မြစ်၏ ပမာဏကား အဘယ်မျှရှိသနည်း”ဟု မေးပြန်လေ၏။ အမတ်တို့သည် “အရှင်မင်းကြီး...ဤစန္ဒာဂါမြစ်၏ ပမာဏကား အစောက်အနက်အားဖြင့်၎င်း, အပြန့်အကျယ်အားဖြင့်၎င်း တယူဇနာ ရှိပါ၏” ဟု လျှောက်ထားကြကုန်၏။ (အကြွင်း ရှေးနည်းအတူတည်း)။ မင်းကြီးသည် ဤစန္ဒာဂါမြစ်ကိုကား “သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော” အစရှိသည်ဖြင့် သံဃာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းအောက်မေ့ကာ__

“သံဃာ ဝေ တိဏ္ဏကန္တာရော၊ ပုညက္ခေတ္တော အနုတ္တရော။
ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။

သံဃော = ပရမတ္ထအရိယာ သံဃာတော်မြတ်သည်။ ဝေ=စင်စစ်ဧကန် အမှန်ပင်။ တိဏ္ဏကန္တာရော =သံသရာ

(နှာ-၅၅၇)

ခရီးခဲကိုအံ့အဲစလောက် ဖက်ကမ်းရောက်အောင် ကူးမြောက်ပြီးဖြစ်တော်မူပေ၏။ အနုတ္တရော = အတုမရှိ လွန်မြတ်ဘိသော။ ပုညက္ခေတ္တော = ကောင်းမှုမျိုးကို စိုက်ပျိုး ကြဲချရာ လယ်ယာမြေစစ် ပုညခေတ်လည်း ဖြစ်ပါပေ၏။ ဧတေန သစ္စ၀ဇ္ဇေန=ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ မေ= မဟာကပ္ပိန နာမသမုတ် အကျွန်ုပ်၏။ ဂမနံ= မြတ်ဘုရားထံမှောက် ရဟန်းပြုရန် သွားရောက်ခြင်းသည်။ သမိဇ္ဈတု = အန္တရာယ်မမှောက် ရန်မနှောက်ပဲ ထမြောက်ကုံလုံ ပြည့်စုံပါစေသတည်း”__

ဤဂါထာကို နှုတ်ကတွတ်တွတ် ရွတ်ဆိုလျက် အခြံအရံအမတ် တထောင် သိန္ဓောမြင်းတထောင်တို့နှင့် အတူတကွ တယူဇနာ အပြန့်ကျယ်သော ရေအပြင်ကို ကူးလေ၏။ ရှေးနည်းအတူပင် သိန္ဓောမြင်းတို့သည် ကျောက်ဖျာပေါ်၌ကဲ့သို့ ပြေးသွားကြ၍ ခွာဖျားတို့ကိုသော်မှလည်း ရေကြည်တပေါက် မစွတ်စိုချေ။ ။ (ဤမဟာကပ္ပိနမင်းကြီး မြစ်သုံးတန် ကူးသည့် သုံးဂါထာတို့ကို မဟာကပ္ပိနထေရာပဒါန်ပါဠိမှ ထုတ်နုတ်ဖော်ပြအပ်သည်)။

မြတ်စွာဘုရားနှင့်တွေ့၍ ရဟန်းပြုကြခြင်း

မင်းကြီးသည် ထိုစန္ဒဘာဂမြစ်ကို ကူးမြောက်၍သွားလျှင်ပင် ပညောင်ပင်ရင်း၌ သီတင်းသုံး နေထိုင်တော်မူသော မြတ်စွာဘုရား၏ကိုယ်တော်မှ ထွက်ပေါ်ကွန့်မြူ၍နေသော ရောင်ခြည်တော်ခြောက်သွယ်တို့ကို အံ့သြစဖွယ် ဖူးတွေ့ရလေ၏။ ထိုအချိန်၌ ပညောင်ပင်ကြီးတပင်လုံးရှိ ပင်စည်, အကိုင်း, အခက်အရွက်တို့မှာ ရွှေသားစတိပမာ ဝါဝင်းထိန်ဝေလျက် ရှိကြကုန်၏။ ထိုအခါ မင်းကြီးသည် “ဤအရောင်ကား လ၏အရောင်လည်း မဟုတ်၊ နေ၏အရောင်လည်း မဟုတ်၊ နတ်, မာရ်, နဂါး, ဂဠုန်စသည်တို့တွင် တဦးဦး၏အရောင်လည်း မဟုတ်၊ မချွတ်ဧကန် အမှန်ပင် ငါ မြတ်စွာဘုရားကို ရည်ညွှန်း၍ ရဟန်းပြုရန် လာရောက်သည်ကို ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကြီး

(နှာ-၅၅၈)

မြင်တော်မူသည် ဖြစ်လိမ့်မည်”ဟု အမှန်အတိုင်းပင် ဆင်ခြင် ကြံစည်မိလေ၏။

မဟာကပ္ပိနမင်းကြီးသည် ထိုခဏမှာပင် မြင်းကျောက်ကုန်း ထက်မှ ဆင်းသက်၍ ကိုယ်ကိုညွှတ်ကာ ရောင်ခြည်တော်ကွန့်မြူးရာသို့ အစဉ်လိုက်ပါလျက် မြတ်စွာဘုရားရှင်ထံတော်သို့ ဆည်းကပ်ပြီးလျှင် ဆေးခန်းမြင်းသီလာရေ၌ နှစ်မြုပ်ငုပ်သောသူကဲ့သို့ ဘုရားရောင်ခြည်တော်တို့၏ အတွင်းသို့ ဝင်ရောက်ကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အမတ်တထောင်တို့နှင့်အတူတကွ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။ မြတ်စွာဘုရားသည် ထိုမဟာကပ္ပိနမင်းကြီးအား မဂ်ဖိုလ်ရောက်ကြောင်းကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ = ဒါနနှင့်စပ်သော တရားစကား၊ (၂)သီလကထာ=သီလနှင့်စပ်သော တရားစကား၊ (၃) သဂ္ဂကထာ = နတ်ရွာသုဂတိနှင့်စပ်သောတရားစကား၊ (၄) မဂ္ဂကထာ = မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်းကျင့်စဉ်နှင့်စပ်သော တရားစကားတို့ကို အစဉ်အတိုင်း ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ပြီးဆုံးသောအခါ မဟာကပ္ပိနမင်းကြီးသည် အမတ်တထောင်နှင့် တကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုအခါ အားလုံးပင် နေရာမှထ၍ ရှင်, ရဟန်းအဖြစ်ကို တောင်းခံကြလေကုန်၏။ မြတ်စွာဘုရားသည် “ဤအမျိုးကောင်းသားတို့၏ အဖို့ရာ ဣဒ္ဓိမယ သပိတ်, သင်္ကန်း လာရောက်မည်လော”ဟု စူးစမ်းဆင်ခြင်တော်မူလတ်သည်ရှိသော် “ဤ အမျိုးကောင်းသားတို့သည် ပစ္စေကဗုဒ္ဓါတထောင်အား သင်္ကန်းစုံရေ တထောင် လှူခဲ့ဘူးကြပြီ၊ ဤတွင်မျှမကသေး ကဿပမြတ်စွာ လက်ထက်တော်အခါကလည်း ရဟန္တာပေါင်း ထေရ်နှစ်သောင်းတို့အား သင်္ကန်းစုံရေပေါင်း နှစ်သောင်းတို့ကို လှူခဲ့ဘူးကြပြီ၊ ဤ အမျိုးကောင်းသားတို့အဖို့ရာ ဣဒ္ဓိမယ သပိတ်, သင်္ကန်းများ ကိုယ်သို့ ရောက်လာခြင်းမှာ အထူးတဆန်း အံ့ဘနန်းမဟုတ်တော့ချေ__အလွယ်နှင့်ပင် ရောက်မည်သာ”ဟု သိတော်မူ၍ လက်ျာ

(နှာ-၅၅၉)

လက်တော်ကို ဆန့်တန်းတော်မူပြီးလျှင် “ဧထ ဘိက္ခဝေါ-အစရှိ သည်ဖြင့် = ရဟန်းတို့...လာကြလော့၊ သင်ချစ်သားတို့ တောင်းပန်အပ်သော ရှင်, ရဟန်းအဖြစ်ကို ခံယူကြလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်လေပြီ၊ သင်ချစ်သားတို့သည် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ သိက္ခာသုံးရပ် မြတ်သော အကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြလော့”ဟု ဧဟိဘိက္ခု ခေါ်တော်မူလိုက်လေ၏။ ထိုသို့ ဧဟိဘိက္ခုခေါ်တော်မူလိုက်သည် နှင့်တပြိုင်နက် မဟာကပ္ပိနမင်းကြီးနှင့်တကွ အမတ်တလောင်တို့သည် ဣဒ္ဓိမယပရိက္ခရာကို သူ့နေရာနှင့်သူ အဆင်သင့် ဆင်ယင် ပြီးသား ဖြစ်ကြလျက် အဝါ ၆၀-ရသော(= သက်တော်ရှစ်ဆယ် ရှိပြီး)မထေရ်ကြီးများပမာ လူ့အသွင်ကွယ်ပျောက် ရဟန်းအဖြစ်သို့ ရောက်ကြ၍ ကောင်းကင်သို့ တက်ကြကာ တဖန် ပြန်၍ ဆင်းပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ ထိုင်နေကြလေကုန်၏။

ကုန်သည်များ အနောဇာမိဖုရားကြီးထံ သွားရောက်ကြခြင်း

သာဝတ္ထိပြည်သား ထိုကုန်သည်များသည်လည်း ကုက္ကုဋဝတီ ရွှေနန်းတော်သို့ သွားရောက်ကြ၍ မင်းကြီးက စေလွှတ်လိုက်ကြောင်းကို မိဖုရားကြီးအား သံတော်ဦးတင် လျှောက်ထားစေပြီးလျှင် အနောဇာဒေဝီမိဖုရားကြီးက “လာရောက်ကြစေ”ဟူ၍ အခွင့်ပြုစကား ပြန်ကြားပြောဆိုအပ်လေလျှင် ရွှေနန်းတော်သို့ ဝင်၍ မိဖုရားကြီးကို ရိုသေမြတ်နိုး ရှိခိုးကြကာ အပြစ်လွတ်ရာ အရပ်၌ ရပ်တည်ကြလေကုန်၏။ ထိုအခါ မိဖုရားကြီးနှင့်ကုန်သည်တို့ အပြန်အလှန် မေးကြဖြေကြသည်မှာ__

(မိဖုရားကြီး) အမောင်တို့...အဘယ်အကြောင်းကြောင့် ဤ ရွှေနန်းတော်သို့ လာရောက်ကြသနည်း။

(ကုန်သည်များ) အရှင်မိဖုရားကြီး... အကျွန်ုပ်တို့ကို မင်းကြီးက အရှင်မိဖုရားကြီးတို့ထံ စေလွှတ်အပ်ပါကုန်

(နှာ-၅၆၀)

သည်၊ အကျွန်ုပ်တို့အား အသပြာသုံးသိန်း ဆုလာဘ်တော်များ ပေးသနားတော်မူလိုက်ကြပါတဲ့။

(မိဖုရားကြီး) အမောင်တို့... အမောင်တို့သည် အလွန်များစွာ ပြောဆိုကြဘိ၏။ အမောင်တို့သည် မင်းကြီး၏ အပေါ်၌ အဘယ်သို့သော ဥပကာရကျေးဇူးကို ပြုအပ် ကြသနည်း၊ အဘယ်သို့သော ကျေးဇူးဥပကာရ၌ မင်းကြီးသည် စိတ်တော်ကြည်လင်၍ အမောင်တို့အား ဤမျှသော ဆုလာဘ်ကို ပေးသနားစေတော်မူသနည်း။

(ကုန်သည်များ) အရှင်မိဖုရားကြီး... အကျွန်ုပ်တို့သည် မင်းကြီးအပေါ်၌ အခြား ဥပကာရကျေးဇူးကို ပြုအပ်ကြသည် မဟုတ်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်တို့သည် မင်းကြီးအား သတင်းထူးတရပ်ကို လျှောက်ထားကြပါသည်။ ထို့ကြောင့် မင်းကြီးစိတ်တော်ကြည်၍ ဤမျှ (အသပြာသုံးသိန်း)သော ဆုလာဘ်ကို အကျွန်ုပ်တို့အား ပေးသနားစေခြင်း ဖြစ်ပါသည်။

(မိဖုရားကြီး) အမောင်တို့... ထိုသတင်းထူးကို အားကော ပြောကြား လျှောက်ထားနိုင်ကြပါမည်လော။

(ကုန်သည်များ) လျှောက်ထားနိုင်ပါသည် အရှင်မိဖုရားကြီး...။

(မိဖုရားကြီး) အမောင်တို့... ထိုသို့ဖြစ်လျှင် လျှောက်ထားကြလော့။

(ကုန်သည်များ) အရှင်မိဖုရားကြီး...လောက၌ ဘုရား ရတနာ ပွင့်ထွန်းတော်မူနေပါပြီ__ ။

မိဖုရားကြီးသည် ထိုသတင်းကိုကြားလျှင်ပင် မင်းကြီးနည်းတူ ပီတိ ၅-မျိုး ကိုယ်လုံးဖြိုးလျက် သုံးကြိမ်တိုင်အောင် တစုံတခုကို မမှတ်မသားနိုင်ပဲ လေးကြိမ်မြောက်၌ “ဘုရားရတနာ”ဟူသော ပုဒ်တစိတ်ကိုမျှ ကြားသိရလျှင်ပင် “အမောင်တို့...ဤဘုရား ရတနာဟူသောပုဒ်၌ မင်းကြီးက အမောင်တို့အား အဘယ်မျှ

(နှာ-၅၆၁)

ဆုလာဘ်ပေးသနားလိုက်သနည်း” ဟု မေး၍ ကုန်သည်တို့က “အရှင်မိဖုရားကြီး...အသပြာတသိန်း ဆုလာဘ်ပေးသနားတော် မူလိုက်ပါသည်”ဟု လျှောက်ထားကြလေလျှင် “အမောင်တို့... ဤသို့စဉ် ထူးဆန်းအံ့ဘနန်း ကြားရခဲလှသည့် သတင်းစကားကို ကြားသိရပါလျက် မင်းကြီးသည် အမောင်တို့အား ဆုလာဘ်ငွေ အသပြာတသိန်းမျှ ပေးသနားတော်မူလိုက်သည်မှာ သတင်း တန်ဖိုးနှင့်မလျော် မသင့်တော်သည်ကို ပြုအပ်ဘိ၏။ ငါတမူကား အမောင်တို့အား ငါ၏ ဆင်းရဲသားလက်ဆောင် အသပြာ သုံးသိန်းတို့ကို ပေးပါ၏။ မင်းကြီးအား အမောင်တို့သည် အခြား မည်သည့်သတင်းထူးများကိုလည်း လျှောက်ထားအပ် သေးသနည်း”ဟု မေးမြန်းလေ၏။ ကုန်သည်တို့သည် ကျန်သော တရားရတနာ ဖြစ်ပေါ်နေကြောင်းသတင်း, သံဃာရတနာ ဖြစ်ပေါ်နေကြောင်းသတင်း = ဤသတင်းနှစ်ရပ်တို့ကိုလည်း အစဉ်အတိုင်း ဆက်၍ လျှောက်ထားကြလေကုန်၏။ မိဖုရားကြီးသည် ရှေးနည်းအတူပင် ပီတိ ၅-မျိုး ကိုယ်လုံးဖြိုးလျက် သုံးကြိမ် တိုင်အောင် တစုံတခုကို မမှတ်မသားနိုင်ပဲ လေးကြိမ်မြောက်၌ ထို့အတူပင် တရားဟူသော ပုဒ်တစိတ်, သံဃာဟူသော ပုဒ်တစိတ်ကို ကြားရလျှင်ပင် အသပြာသုံးသိန်းစီ သုံးသိန်းစီ ဆုလာဘ် ပေးသနားစေလေ၏။ ဤသို့လျှင် ကုန်သည်တို့သည် မင်းကြီးပေးသည့် ဆုလာဘ် အသပြာသုံးသိန်း, မိဖုရားကြီးပေးသည့်ဆုလာဘ် အသပြာ ကိုးသိန်းအားဖြင့် (၁၂၀၀၀၀၀) အသပြာ တသန်း နှစ်သိန်း ဆုလာဘ်တို့ကို ရရှိကြလေကုန်၏။

ထိုနောက်မှ မိဖုရားကြီးသည် ကုန်သည်တို့ကို “အမောင်တို့... ယခုအခါ မင်းကြီး အဘယ်အရပ်မှာနည်း”ဟု မေး၍ ကုန်သည်တို့က “အရှင်မိဖုရားကြီး... “မြတ်စွာဘုရားကို ရည်ညွှန်း၍ ငါ ရဟန်းပြုတော့မည်” ဟု တောထွက်သွားပါပြီ”ဟု လျှောက်ထား ကြလေလျှင် မိဖုရားကြီးသည် “မင်းကြီးက ငါ့အား အဘယ်သို့သော သတင်းစကားကို မှာကြားပေးအပ်လိုက်ပါသေးသနည်း” ဟု မေးပြန်လေ၏။ ကုန်သည်တို့သည် မင်းကြီးမှာကြားလိုက်

(နှာ-၅၆၂)

သည့်အတိုင်း “အရှင်မိဖုရားကြီး...မင်းကြီးက အရှင်မိဖုရားကြီးတို့အား မင်း၏စည်းစိမ် အစိုးရဂုဏ်သိရ်အားလုံးကို စွန့်ပေးအပ် ပြီတဲ့၊ အရှင်မိဖုရားကြီးသည် အလိုရှိတိုင်း မင်းစည်းစိမ်ကို ခံစံ သုံးဆောင်တော်မူကြပါကုန်” ဟု ပြန်ကြားလျှောက်ထားကြလေ၏။ တဖန် မိဖုရားကြီးက ကုန်သည်တို့ကို “အမောင်တို့... အမတ်တထောင်တို့သည်ကား ယခုအခါ အဘယ်အရပ်မှာနည်း” ဟု မေးလေလျှင် ကုန်သည်တို့သည် မိမိတို့ တွေ့မြင်ခဲ့ရသည့် အတိုင်း “အရှင်မိဖုရားကြီး အမတ်များသည်လည်း “ငါတို့သည် မင်းကြီးနှင့်အတူပင် ရဟန်းပြုကြကုန်အံ့”ဟု လိုက်ပါသွားကြပါပြီ” ဟု းကြလေကုန်၏။ လျောက်ထားကြလေကုန်၏။

အနေဇာမိဖုရားကြီး အမတ်ကတော်တို့နှင့် တိုင်ပင်၍ တောထွက်ခြင်း

အနောဇာဒေဝီမိဖုရားကြီးသည် အမတ်ကတော်တထောင်တို့ကို ခေါ်စေပြီးလျှင် ထိုအမတ်ကတော်တို့နှင့် တိုင်ပင်နှီးနှော စကား ပြောဆိုသည်မှာ__

(မိဖုရားကြီး) အမိတို့...အမိတို့အိမ်သား အမတ်များသည် “မင်းကြီးနှင့်အတူ ရဟန်းပြုကြကုန်အံ့” ဟူ၍ လိုက်ပါသွားကြပြီ၊ ရှင်မတို့သည် အဘယ်အမှု ပြုကြမည်နည်း။

(က‌တော်များ) အရှင်မိဖုရားကြီး ... ထိုအမတ်တို့က ကျွန်တော်မတို့အား အဘယ်သို့သော သတင်းစကားကို ပါးအပ်လိုက်ပါသတဲ့နည်း။

(မိဖုရားကြီး) အမိတို့အိမ်သား ထိုအမတ်များက မိမိတို့၏ စည်းစိမ်အားလုံးကို အမိတို့အား ပေးစွန့်အပ်ခဲ့ပြီတဲ့။ အမိတို့သည်ထိုစည်းစိမ်ကို အလိုရှိတိုင်း သုံးဆောင်ခံစံကြကုန်တဲ့။

(ကတော်များ) အရှင်မိဖုရားကြီး... အရှင်မိဖုရားကြီးတို့ကော အဘယ်အမှုကို ပြုကြပါမည်နည်း။ "

(နှာ-၅၆၃)

(မိဖုရားကြီး) အမိတို့... ထိုငါ၏အရှင်မဟာကပ္ပိနမင်းကြီးသည် ရတနာသုံးပါးပွင့်ထွန်းကြောင်းသတင်းစကား ကြားသိရ၍ ခရီးလမ်း၌ ရပ်တည်ရင်းကပင် အသပြာ သုံးသိန်းတို့ဖြင့် ရတနာသုံးပါးတို့ကို ပူဇော်ပြီးလျှင် မင်းစည်းစိမ်ကို တံတွေးပေါက်ပမာ စွန့်ပယ်ခွါလျက် “ငါရဟန်းပြုတော့မည်”ဟု တောထွက်တော်မူနှင့်လေပြီ၊ ငါတမူကား ရတနာသုံးပါးတို့ ပွင့်ထွန်းဖြစ်ပေါ်ကြောင်း သတင်းကောင်းကြားသိရ၍ ရတနာသုံးပါးတို့ကိုအသပြာ ကိုးသိန်းတို့ဖြင့် ပူဇော်အပ်ပြီးကုန်ပြီ။ ဤမင်းစည်းစိမ် မည်သည် မင်းကြီး၏ အဖို့ရာသာ ဆင်းရဲဒုက္ခ ဖြစ်စေနိုင်သည် မဟုတ်။ ငါ့အဖို့ရာလည်း ဆင်းရဲဒုက္ခ ဖြစ်စေနိုင်သည်သာ ဖြစ်၏။ မင်းကြီး ထွေးစွန့်၍ သွားသော တံတွေးပေါက်ကို ပညာရှိမူ အဘယ်သူသည် ပုဆစ် တုပ်ကာ ခံတွင်းဖြင့် ခံပါမည်နည်း = မခံမည်သာ ဖြစ်၏၊ ငါ့အား မင်းစည်းစိမ်ဖြင့် အလိုမရှိ = ငါသည် မင်းစည်းစိမ်ကို မလိုချင်၊ ငါသည်လည်း မြတ်စွာဘုရားကို ရည်ညွှန်းကာ မြတ်စွာဘုရားထံမှောက် သွားရောက်၍ ရဟန်းပြုပေအံ့။

(ကတော်များ) အရှင်မိဖုရားကြီး... ကျွန်တော်မတို့သည်လည်း အရှင်မိဖုရားကြီးတို့နှင့်အတူတကွပင် ရဟန်းပြုကြ ပါကုန်အံ့။

(မိဖုရားကြီး) စွမ်းနိုင်ကြလျှင် ကောင်းပါသည် အမိတို့...။

(ကတော်များ)စွမ်းနိုင်ကြပါသည် အရှင်မိဖုရားကြီး...။

ထိုအခါ မိဖုရားကြီးသည်“ကောင်းပြီအမိတို့... ထိုသို့ ဖြစ်လျှင် လာသွားကြစို့”ဟုပြောဆိုကာ ရထားစီးရေ တထောင်ကို ကစေ၍ ရထားထက်သို့ တက်စီးပြီးလျှင် ထိုအမတ်ကတော် တထောင်တို့နှင့်အတူတကွ ပြည်မှထွက်ခဲ့၍ လမ်းခရီးအကြားဝယ် ပဌမမြစ်ကို တွေ့ရလေသော် မဟာကပ္ပိနမင်းကြီး အမတ်တို့ကို

(နှာ-၅၆၄)

မေးသည့်နည်းအတူ မေးမြန်း၍ ခပ်သိမ်းသော အကြောင်းကို ကြားသိရပြီးလျှင်“မင်းကြီး ကူးသွားသောလမ်းကို ကြည့်ရှုရှာဖွေ ကြလော့” ဟု ပြောဆိုမိန့်ကြား၍ “အရှင်မိဖုရားကြီး...သိန္ဓောမြင်းတို့၏ခြေရာကိုမျှ မတွေ့မမြင်ကြရပါကုန်” ဟု ပြန်ပြီး လျှောက်ထားအပ်လေသော် မိဖုရားကြီးသည် “ငါ၏သခင် မဟာကပ္ပိနမင်းကြီးကား ရတနာသုံးပါးကို ရည်ညွှန်း၍ တောထွက်တော်မူလျက် သစ္စာပြုကာ ဤမြစ်ကို ကူးသန်းသွားရောက်မူသည် ဖြစ်လိမ့်မည်။ ငါသည်လည်း ရတနာ သုံးပါးတို့ကို ရည်ညွှန်း၍ တောထွက်ခဲ့လေပြီ။ ထိုရတနာသုံးပါးတို့၏ အာနုဘော်ကြောင့်ပင် ဤမြစ်ရေသည် ရေကဲ့သို့ မဖြစ်ပါစေလင့်” ဟု ရတနာသုံးပါးတို့၏ ဂုဏ်ကို ဆင်ခြင်အောက်မေ့၍ ရထား တထောင်ကို မြစ်ရေအပြင်၌ မောင်းနှင်းစေလေ၏။ ထိုအခါ ရေအပြင်သည် ကျောက်ဖျာကဲ့သို့ ဖြစ်၍နေ၏၊ ရထားဘီးတို့၏ အကွပ်အနားကိုမျှ ရေမစွတ်မချေ။ ဤနည်းဖြင့်ပင် ကျန်သော မြစ်နှစ်တန်ကိုလည်း မင်းကြီးအတူ ကူးမြောက်ခဲ့လေ၏။ (ဤတွင်ရှေ့ကား ဓမ္မပဒ အဋ္ဌကထာမှ ထုတ်နုတ် ရေးသားအပ်သော စကားစုတည်း၊ ဤမှနောက်၌ အံ၊ဋ္ဌ၊၁-ဖွင့်ပြချက် အတိုင်း ရေးသားဖော်ပြပေအံ့)

အနောဇာဒေဝီ မိဖုရားကြီးသည် တတိယမြောက်ဖြစ်သည့် စန္ဒဘာဂါမြစ်ကို ကူးမြောက်မိလျှင်ပင်ပညောင်ပင်ရင်း၌ သီတင်း သုံးထိုင်နေတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးမြင်ရလေ၏။ မြတ်စွာဘုရားရှင်သည်လည်း “အမျိုးသမီးတို့၏ “ငါ့အဖို့ရာ မိမိတို့၏ အရှင်သခင် လင်ယောက်ျားတို့ကို တွေ့မြင်ရလျှင် ဆန္ဒရာဂသည် ဖြစ်ပေါ်၍ မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုလေရာ၏။ တရားကိုလည်း ဖြောင့်ဖြောင့် နာယူနိုင်ကြလိမ့်မည် မဟုတ်” ဟု ကြံစည်ဆင်ခြင် သိမြင်တော်မူသဖြင့် ထိုသူတို့ အချင်းချင်း မမြင်ရလေအောင် တန်ခိုးဖန်ဆင်းမှု ပြုတော်မူလေ၏။ ထိုအမျိုးသမီး အားလုံးတို့သည်လည်း စန္ဒဘာဂါမြစ်ဆိပ်ကမ်းမှ တက်၍ မြတ်စွာဘုရားရှင်ကို ရှိခိုးကာ ထိုင်နေကြလေ၏။ မြတ်စွာဘုရားသည်

(နှာ-၅၆၅)

ထိုအမျိုးသမီးတို့အား တရားစကား ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ အားလုံးသော အမျိုးသမီးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြ၍ အချင်းချင်း “မိမိတို့၏ အရှင်သခင် လင်ယောက်ျားတို့ကို မြင်ကြရလေကုန်၏။ မြတ်စွာဘုရားသည်“ဥပ္ပလဝဏ္ဏထေရီမသည် လာရောက်စေသတည်း” ဟု ကြံစည်အောက်မေ့တော်မူလျှင်ပင် ထေရီမသည် လာရောက်၍ အားလုံးသော အမျိုးသမီးတို့ကို ရဟန်းမ ပြုပေးပြီးလျှင် ခေါ်ဆောင်၍ ဘိက္ခုနီမကျောင်းတိုက်သို့ သွားရောက်လေ၏။ မြတ်စွာဘုရားသည် ရဟန်းတထောင်ကို ခေါ်ဆောင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ဇေတဝန်ကျောင်းတိုက်သို့ ကြွရောက်တော်မူလေ၏။

အရှင်မဟာကပ္ပိန မထေရ်ကိုအကြောင်းပြု၍ ဓမ္မပဒဂါထာကို ဟောတော်မူခြင်း

ထို့နောက် အရှင်မဟာကပ္ပိနမထေရ်သည် ရဟန်းတရား ပွါးများအားထုတ်သဖြင့် အရဟတ္တဖိုလ်ပေါက် ရောက်လတ်သောအခါမိမိ၏ရဟန်းကိစ္စ အထွတ်အထိပ်ရောက် ပြီးမြောက်သည်ကို သိ၍ မိမိအနီးနေ တပည့်ရဟန်းတထောင်တို့အား တရားဟောရန် ကြောင့်ကြအားထုတ်မှု ပြုတော်မမူပဲ အရဟတ္တဖိုလ်သမာပတ် ချမ်းသာဖြင့် အချိန်ကို ကုန်လွန်စေလျက် တောသို့ ကပ်ရောက်စဉ်၎င်း, သစ်ပင်ရင်းသို့ ကပ်ရောက်စဉ်၎င်း, ဆိတ်ငြိမ်ရာသို့ ကပ် ရောက်စဉ်၎င်း “အဟော သုခံ, အဟော သုခံ=သြ...ချမ်းသာစွာ့, သြ...ချမ်းသာစွာ့”ဟု အမြဲမပြတ် ဥဒါန်းကျူးရင့်တော်မူလေ၏။ အခြားရဟန်းတို့သည် ထိုဥဒါန်းကိုကြားသိကြရ၍ “ကပ္ပိနမထေရ်သည် ပြည်စည်းစိမ်ကို အမှတ်ရ အောက်မေ့ကာ ဥဒါန်းကျူးရင့် နေသည်”ဟု အထင်လွဲစကား ပြောကြားကြကုန်၏။ ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရားရှင်အား ထိုအကြောင်းကို လျှောက်ထားကြလေသော် မြတ်စွာဘုရားရှင်သည် “ငါ၏သားတော် ကပ္ပိနထေရ်ကျော်သည် မဂ်ချမ်းသာ, ဖိုလ်ချမ်းသာကို အာရုံပြု၍ ဥဒါန်းကျူးရင့်သည်”ဟု မိန့်တော်မူ၍ ဓမ္မပဒ၌ ဤ တရားဂါထာကို ဟောကြားတော်မူလေ၏__

(နှာ-၅၆၆)

ဓမ္မပီတိ သုခံ သေတိ၊ ဝိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့...။ ဓမ္မပီတိ=အမြိုက်ကိုးပါး လောကုတ္တရာတရားကို ရွှင်အား ဝဝ သောက်သုံးရသော ပုဂ္ဂိုလ်သည်။ ဝိပ္ပသန္နေန စေတသာ=ဥပက္ကိလေသကင်းစင် အထူးကြည်လင်သော စိတ်ဖြင့် သုခံ

=ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ။ သတိ = အိပ်ရ၏။ (ဝါ) သုခံ သေတိ = လေးဖြာယာပထ ချမ်းသာစွာနေရ၏။ ပဏ္ဍိတော= ခန္ဓာကိုယ်ရေး ထောက် တွေးသိမြင် ပညာရှင်သည်။ အရိယပ္ပဝေဒိတေ =ဘုရား အစရှိသည့် အရိယာသူမြတ်တို့ ဟောကြားအပ်သော။ ဓမ္မေ = ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ့် ခုနှစ်ပါး၌။ သဒါ = နေ့ညဉ့်ဆက်ကာ အခါခပ်သိမ်း ရမတိ = မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ပေ၏။

(ဒေသနာတော်၌ အဆုံး၌ များစွာသောသူတို့ သောတာပန် အရိယာ စသည် ဖြစ်ကြလေကုန်သည်။ ဓမ္မပဒ၊ဋ္ဌ၊၁၊၃၅၉-မှ) ။

အရှင်မဟာကပ္ပိနမထေရ် အနီးနေတပည့်တို့ကို တရားဟောတော်မူခြင်း

ထို့နောက် တနေ့သ၌ မြတ်စွာဘုရားသည် အရှင်မဟာကပ္ပိန မထေရ်၏ အနီးနေတပည့်ရဟန်းတထောင် (ရှေးကအမတ်များ)တို့ကို ခေါ်တော်မူ၍ “ရဟန်းတို့...အသို့နည်း = ဘယ့်နှယ်လဲ၊ သင်တို့ဆရာသည် သင်တို့အား တရားကို ဟော၏လော” ဟု မေးတော်မူ၏။ ရဟန်းတထောင်တို့က “မြတ်စွာဘုရားတပည့်တော်တို့ဆရာသည် တပည့်တော်တို့အား တရားမဟောပါ။ တရားဟောရန်အလုပ် ကြောင့်ကြအားထုတ်မှုမပြုပဲ မျက်မှောက် ဘ၀၌ ချမ်းသာစွာ နေထိုင်ကြောင်းဖြစ်သည့် အရဟတ္တဖိုလ် သမာပတ်ကိုသာ မပြတ်အားထုတ်လျက် နေတော်မူပါ၏။ တပည့်

(နှာ-၅၆၇)

တပါးအားမျှ အဆုံးအမ သြဝါဒမျှကိုပင် မပေးပါဘုရား”ဟု လျှောက်ထားကြလေလျှင် မြတ်စွာဘုရားသည် အရှင်မဟာကပ္ပိန မထေရ်ကို ခေါ်စေတော်မူ၍ ချစ်သားကပ္ပိန... သင်ချစ်သားသည် အန္တဝါသိက = အနီးနေတပည့်တို့အား အဆုံးအမ သြဝါဒမျှကိုပင် မပေးဟူသည် မှန်သလော”ဟု မေးတော်မူ၏။ အရှင်မဟာကပ္ပိနမထေရ်က “မှန်ပါသည် မြတ်စွာဘုရား...”ဟု ပြန်ကြားလျှောက်ထားလေလျှင် မြတ်စွာဘုရားသည် အရှင်မဟာကပ္ပိနမထေရ်ကို“ဗာဟိတပါပ အနွတ္ထကြောင့် ဗြာဟ္မဏမည်ငြား အိုချစ်သား...ဤသို့ မပြုပါလင့် = တရားမဟောပဲ မနေပါလင့်၊ ယနေ့မှစ၍ သင်ချစ်သားသည် အန္တေဝါသိက=အနီးနေတပည့် ရဟန်းတထောင်တို့အားတရားကို ဟောပါလော့”ဟု တိုက်တွန်း စကား မိန့်ကြားတော်မူ၏။

မထေရ်မြတ်သည်“ကောင်းပါပြီ မြတ်စွာဘုရား” ဟု မြတ်စွာဘုရား၏ တိုက်တွန်းချက်စကားကို ဦးထိပ်ရွက်ပန်ဆင်၍ တရား တပွဲတည်း၌ပင် ရဟန်းတထောင်အား တရားကို ဟောကြား၍ အားလုံး (ရဟန်းတထောင်လုံး)တို့ကိုပင် အရဟတ္တဖိုလ်သို့ ရောက်စေတော်မူလေ၏။ ။ (ဤအချက်သည်ပင် မထေရ်၏ အဖို့ရာ ဧတဒဂ်ဘွဲ့ထူးရကြောင်း လုပ်ငန်းရပ်ဖြစ်လေသည်။)

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

နောက်တချိန်ဝယ် မြတ်စွာဘုရားသည် အရိယာသံဃာတို့ အလယ်၌ ထိုင်နေတော်မူကာ အစဉ်အတိုင်း မထေရ်မြတ်တို့ကို ဧတဒဂ်ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် အရှင်မဟာကပ္ပိနမထေရ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဘိက္ခုဩဝါဒကာနံ ယဒိဒံ မဟာကပ္ပိနော = ရဟန်းတို့... ရဟန်းယောက်ျားတို့ကို ဆုံးမကြသည့် ဘုရား၏တပည့် သာဝကရဟန်းတို့တွင် မဟာကပ္ပိနရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

(နှာ-၅၆၈)

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “ဘိက္ခုသြဝါဒက = ရဟန်း ယောက်ျားတို့ကို ဆုံးမသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး =ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်မဟာကပ္ပိနမထေရ် အကြောင်းတည်း။

_______

(၃၉) အရှင်သာဂတမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

ဤ အရှင်သာဂတမထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသားဖြစ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏တရားဒေသနာကိုနာယူစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “တေဇောကသိဏဈာန်ကို ဝင်စားရာ၌ ကျွမ်းကျင်လိမ္မာကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်မူသည်ကို မြင်လတ်၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုတေဇောဓာတုကုသလ = တေဇောကသိဏဈာန်ကို ၀င်စားရာ၌ ကျွမ်းကျင်လိမ္မာမှုဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး ဌာနန္တရကို ဆုတောင်း ပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရမြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့လျက် ဤဘုရားမြတ်စွာ ပွင့်ထွန်းရာကာလဝယ် သာဝတ္ထိပြည်၌ သာဂတမည်သော ပုဏ္ဏားလုလင်ဖြစ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရသဖြင့် သဒ္ဓါတရား ဖြစ်ပွါး တိုးတက်ကာ သာသနာဝန်ထမ်း ရဟန်းပြု၍ လောကီဈာန်သမာပတ်ရှစ်ပါးတို့ကို ဖြစ်ပွါးစေပြီးလျှင် ထိုဈာန်သမာပတ်တို့၌ အလွန်

(နှာ-၅၆၉)

နိုင်နင်းခြင်းသို့ ရောက်ရှိလေ၏။ လောကီအဘိညာဏ် ၅-ပါးတို့၌ လေ့လာနိုင်နင်းခြင်းသို့ ရောက်တော်မူလေ၏။

အရှင်သာဂတ နဂါးကို ဆုံးမခြင်း

(ဝိနည်း ပါစိတ်ပါဠိတော် သုရာပါနသိက္ခာပုဒ်မှ ထုတ်နှုတ် ဖော်ပြပေအံ့)-တနေ့သ၌ မြတ်စွာဘုရားသည် စေတိယတိုင်း၌ ဒေသစာရီ ကြွချီတော်မူလတ်သော် ဘဒ္ဒဝတိက-မည်သောရွာသို့ ရောက်တော်မူလေ၏၊ (ရွာစည်းရိုး အလွန်ကောင်းသောကြောင့် ထိုရွာ၏အမည်မှာ ဘဒ္ဒဝတိကရွာဟု တွင်မည်လေသည်)။ နွားကျောင်းသား, ဆိတ်ကျောင်းသား, လယ်ထွန်သမားမှ ခရီးသွားသောသူတို့သည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးကပင် မြင်ကြ၍ “မြတ်စွာဘုရား...သရက်ပင်ဆိပ်သို့ ကြွတော်မမူပါလင့်၊ သရက်ပင်ဆိပ်ရသေ့၏ ကျောင်းသင်္ခမ်း၌ လျင်လည်းလျင် ကြမ်းလည်းကြမ်းသည့် အဆိပ်ရှိသော တန်ခိုးနှင့် ပြည့်စုံသော နဂါးသည် နေပါ၏ဘုရား၊ ထိုနဂါးသည် မြတ်စွာဘုရားကို မညှဉ်းဆဲပါစေလင့်”ဟု တောင်းပန် လျှောက်ထားကြကုန်၏။ ဤသို့ လျှောက်ဆိုအပ်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်သောလျှင် နေတော်မူ၏။

(ဤ၌။ သရက်ပင်ဆိပ်နဂါး၏ အကြောင်းအက္ခုပ္ပတ္တိအကျဉ်းချုပ်ကား—-ထိုသရက်ပင်ဆိပ်ဝယ် ကူးတို့ပို့၍စားသော လှေသမားတဦး ရှိလေသည်။ တချိန်တွင် များစွာသောခရီးသွားဧည့်သည်တို့သည် ထို လှေသမားနှင့်အဆင်မပြေ ပဋိပက္ခရန်သူများဖြစ်ကြ၍ ထိုလှေသမားကို ရိုက်ပုတ်သတ်ဖြတ်ကြလေသည်။ ထို လှေသမားသည် ဆန့်ကျင်သော စိတ်ဖြင့် ဆုတောင်းပတ္ထနာမှု ပြုခဲ့သောကြောင့် ထိုသရက်ပင်ဆိပ်၌ပင် တန်ခိုးအာနုဘော်ကြီးမားသော နဂါးမင်းဖြစ်လာလေသည်။

ထိုနဂါးမင်းသည် နယ်ပယ်နေသူ လူတို့အပေါ် အလွန်ဆန့်ကျင်သော စိတ်ရှိခြင်းကြောင့် မိမိတန်ခိုးဖြင့် မိုးမရွာသင့်သောအခါ၌သာ မိုးကို ရွာသွန်းစေ၏၊ ရွာသင့်သောအခါ၌ကား မိုးကို မရွာသွန်းစေ၊ သို့ရကား ထိုနယ်ပယ်၌ ကောက်စပါးတို့သည် မပြည့်စုံ မအောင်မြင်လေကုန်။ ထိုစေတိယတိုင်း၌နေသူ လူခပ်သိမ်းတို့သည်လည်း ထို အန္တရာယ်ငြိမ်းစိမ့်သောငှါ နှစ်စဉ် နှစ်စဉ် ပူဇော်မှုကို ပြုကြကုန်၏၊

(နှာ-၅၇၀)

ထိုနဂါးနေရန်အတွက်လည်း သင်္ခမ်းကျောင်းတခု ဆောက်လုပ်ပေးကြလေသည်။ ဤကား သရက်ပင်ဆိပ်နဂါး၏ အဋ္ဌုပ္ပတ္တိအကြောင်း အကျဉ်းချုပ်တည်း။ ။အံ၊ဋ္ဌ၊၁၊၂၅၁-မှု) ။ မြတ်စွာဘုရားရှင်သည်လည်း ထိုသရက်ပင်ဆိပ်ဖြင့်ပင် ကမ်း သို့တက်၍ ရဟန်းအပေါင်းခြံရံတော်မူအပ်လျက် “ထိုအရပ်၌ပင် ညဉ့်သီတင်းသုံး နေတော်မူမည်” ဟူသော ရည်ရွယ်ချက်ဖြင့် ကြွတော်မူလေသည်။ အစိုးရိမ်ကြီးကြ၍ နွားကျောင်းသား, ဆိုတ်ကျောင်းသား, လယ်ထွန်သမား, ခရီးသွားသော သူတို့က သုံးကြိမ်တိုင်တိုင်ပင် မကြွရောက်ရန် တောင်းပန်လျှောက်ထားအပ်သော်လည်း အကြောင်းကိုသိတော်မူပြီးဖြစ်၍ ဆိတ်ဆိတ်သာလျှင် နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူ၍ ဘဒ္ဒဝတိက ဆိုက်ရောက်တော်မူကာ ထိုရွာ၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အရှင်သာဂတသည် သရက်ပင်ဆိပ် ရသေ့ကျောင်းသင်္ခမ်းသို့ သွားရောက်၍ နဂါးနေရာ မီးတင်းကုပ်သို့ ဝင်လျက် မြက်ဖျာကို ခင်းပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ (= တင်ပလ္လင်ခွေ)နေကာ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေတော်မူလေ၏။

နဂါးသည် အရှင်သာဂတ ဝင်လာသည်ကို မြင်လျှင်ပင် နှလုံး မသာယာသဖြင့် အခိုးလွှတ်လေ၏။ အရှင်သာဂတကလည်း ဣဒ္ဓိဝိဓတန်ခိုးဖြင့် ထိုထက်လွန်ကဲသော အခိုးကို လွှတ်တော်မူ၏။ ထိုအခါ နဂါးသည် မိမိ၏အမျက်ဒေါသကို မချုပ်တည်းနိုင် သည်းမခံနိုင်ရကား မီးအလျှံတွေတဖွားဖွား လွှတ်လေတော့၏။ အရှင်သာဂတကလည်း တေဇောကသိဏဈာန်ကို ၀င်စား၍ နဂါးလွှတ်သည့်အလျှံထက် ကဲလွန်သော မီးအလျှံများကို လွှတ်တော်မူလေ၏။

ထိုအခါ နဂါးသည်“ဤရဟန်းကား တန်ခိုးကြီးလှ၏တကား” ဟု အရှင်သာဂတမထေရ်၏ခြေရင်း၌ ဝပ်စင်း၍ “အရှင်ဘုရား...

(နှာ-၅၇၁)

အကျွန်ုပ်သည် အရှင်ဘုရားတို့အား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” ဟု လျှောက်ထားလေ၏။ - အရှင်သာဂတမထေရ်က “ငါအား ကိုးကွယ်ရာဟု ဆည်းကပ်ရန် ကိစ္စမရှိ၊ မြတ်စွာဘုရားအားသာ ကိုးကွယ်ရာဟု ဆည်းကပ်လေ”ဟူ၍ မိန့်တော်မူလေလျှင် နဂါးမင်းသည်“ကောင်းပါပြီ”ဟု ဝန်ခံပြီးနောက် သရဏဂုံ တည်သူဖြစ်ကာ ထိုအချိန်မှစ၍ တစုံတယောက်ကိုမျှ ညှဉ်းဆဲမှု မပြုတော့ချေ။ မိုးကိုလည်း အချိန်မှန်မှန် ရွာသွန်းစေ၏။ သို့ရကား ကောက်စပါးတို့သည်လည်း ကောင်းစွာပြည့်စုံကြလေကုန်၏။ ။ (ဤစကားပိုဒ်ကား အံ၊ဋ္ဌ၊၁၊၂၅၂-မှ ဖြစ်သည်)။

ထို့နောက် အရှင်သာဂတမထေရ်သည် နဂါးကို နိုင်နင်းစွာ ဆုံးမတော်မူပြီးလျှင် မြတ်စွာဘုရားရှင်ရှိရာ ဘဒ္ဒဝတိကရွာသို့ သွားရောက်တော်မူလေ၏။

ကောသမ္ဗီပြည်ဖက်သို့ ခရီးဆက်ခြင်း

ထို့နောက် မြတ်စွာဘုရားသည် ဘဒ္ဒဝတိကရွာ၌ ချေချွတ်ဆုံးမသင့်သူ ရှိသလောက် သီတင်းသုံးနေတော်မူပြီးလျှင် ကောသမ္ဗီပြည်သို့ ဒေသစာရီ ကြွချီတော်မူလေ၏။ ကောသမ္ဗီပြည်သား ဥပါသကာများသည် “သရက်ပင်ဆိပ်၌နေသော နဂါးနှင့်အတူ အရှင်သာဂတသည် နိုင်အောင် စစ်ထိုးတော်မူသတဲ့” ဟူသော သတင်းစကားကို ကြားသိပြီးသား ဖြစ်ကြကုန်၏။ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူလေသော် ကောသမ္ဗီပြည်သို့ ရောက်တော်မူ၏။ ထိုအခါကောသမ္ဗီပြည်သား ဥပါသကာများသည် မြတ်စွာဘုရားအား ခရီးဦး ကြိုဆိုကြပြီးလျှင် အရှင်သာဂတမထေရ်ထံသို့ ချဉ်းကပ်ပြီးနောက် မထေရ်ကို ရှိခိုးကြပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်ကြလျက် “အရှင်ဘုရား...အရှင်ဘုရားတို့အဖို့ရာ အဘယ်ဝတ္ထုပစ္စည်းသည် ရခဲပါသနည်း၊ နှစ်ခြိုက်ဖွယ်လည်း ဖြစ်ပါသနည်း၊ တပည့်တော်များသည် အဘယ်ဝတ္ထုပစ္စည်းကို စီရင်ကြရပါမည်နည်း”ဟု လျှောက်ထားကြကုန်၏။

(နှာ-၅၇၂)

ဤသို့ လျှောက်ထားအပ်သည်ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့သည်ကြားက ဝင်ရောက်၍ ကောသမ္ဗီပြည်သား ဥပါသကာများကို “ဒါယကာတို့ ... ကာပေါတိက-အမည်ရှိသော = ခိုခြေအသွေး နီတွေးသော အဆင်းရှိသော ကြည်လင်သော သေအရက်သည် ရဟန်းတို့ အဖို့ရာ ရလည်းရခဲ၏။ နှစ်ခြိုက်ဖွယ်လည်း ဖြစ်၏။ ထို သေအရက်ကို စီရင်ကုန်လော့”ဟု ပြောဆိုကြလေကုန်၏။

(ဤ၌။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့၏ အကြောင်းအရာ အကျဉ်းချုပ်ကား သာဝတ္ထိပြည်သား (၁-၂) ပဏ္ဍုကနှင့် လောဟိတက (၃-၄) မေတ္တိယ နှင့် ဘူမဇက (၅-၆) အဿဇိ နှင့် ပုနဗ္ဗသုက-ဟူသော သူငယ်ချင်း ၆-ယောက်တို့သည် “သူငယ်ချင်းတို့...လူ့ပြည်လောကဝယ် လယ်ထွန်မှု စသည်တို့သည် ခဲယဉ်းလှကုန်၏၊ ကိုင်း...သူငယ်ချင်းတို့ ငါတို့သည် ရဟန်းပြုကြကုန်စို့၊ ရဟန်းပြုကြလျှင်လည်း ကိစ္စကြီးငယ် ဖြစ်ပေါ်လာလျှင် စိုးရပိုင်ပိုင် ဆုံးဖြတ်နိုင်ရာဌာန (မျက်နှာကြီးပုဂ္ဂိုလ်အထံ) ၌ ရဟန်းပြုမှ သင့်တော်မည်”ဟု တိုင်ပင်ညီညွတ်ကြ၍ အဂ္ဂသာဝကနှစ်ပါးတို့အထံ ရဟန်းပြုကြလေကုန်၏။

ထိုရဟန်းတို့သည် ရဟန်းသိက္ခာ ၅-ဝါစီ ရရှိပြီးကြသေ့၌ မာတိကာကို လေ့လာနိုင်နင်းအောင် ပြုကြ၍ “ငါ့ရှင်တို့... ဇနပုဒ်=တိုက်နယ်ဟူသည်မှာ ရံခါ အစာပေါများ၍ ရံခါ အစာရှားတတ်သည်၊ သို့ရကား ငါတို့ ၆-ဦး တနေရာတည်း၌ စု၍ မနေကြပဲ သုံးဌာနတို့၌ခွဲ၍ နေကြကုန်စို့”ဟု တိုင်ပင်ကြလေကုန်၏။

ထို့နောင်မှ (၁) ပဏ္ဍုကရဟန်းနှင့် (၂) လောဟိတကရဟန်းတို့ကို “ငါ့ရှင်တို့...သောဝတ္ထိပြည်ဆိုသည်မှာ အမျိုးအိမ်ခြေပေါင်း (၅၇၀ဝဝဝဝ) ငါးသန်း ခုနစ်သိန်းတို့ နေထိုင်ရာမြို့ကြီး ဖြစ်သည်။ ကျေးလက်ရွာပေါင်း (၈၀၀၀၀) ရှစ်သောင်းတို့ဖြင့် တန်းဆာဆင်အပ်သည့် ကာသိတိုင်း, ကောသလတိုင်း=ဤနှစ်တိုင်းတို့က အခွန်အတုတ် ဆက်သရာ မင်းနေပြည်ကြီးလည်း ဖြစ်သည်။ ငါ့ရှင်တို့သည် ထိုသာဝတ္ထိပြည်ဝယ် အဦးကျရာဌာန၌ ကျောင်းဝိုင်းပရိဝုဏ်တို့ကို ဆောက်လုပ်ပြီးလျှင် သရက်ပင်, ပိန္နဲပင်, အုန်းပင်စသည်တို့ကို စိုက်ပျိုးကြ၍ ပန်းမာလ်, သစ်သီးဝလံတို့ဖြင့် အမျိုးဒါယကာတို့ကို ချီးမြောက်ဆွဲဆောင်ကြကုန်လျက် အမျိုးသားသူတွေတို့ကို ရှင်, ရဟန်းပြုပေးကြကာ ပရိသတ် တိုးပွါးအောင် အားထုတ်ကြကုန်လော့”ဟု စီမံစကား ပြောကြားကြကုန်၏။

(နှာ-၅၇၃)

(၃) မေတ္တိယရဟန်းနှင့် (၄) ဘူမဇကရဟန်းတို့ကို “ငါ့ရှင်တို့ ... ရာဇဂြိုဟ်ပြည်ဆိုသည်မှာ လူဦးရေပေါင်း (၁၈ဝဝဝဝဝဝဝ)တဆယ့်ရှစ် ကုဋေတို့ နေထိုင်ရာမြို့ကြီးဖြစ်သည်။ ကျေးလက်ရွာပေါင်း(၈ဝဝဝဝ)ရှစ်သောင်းတို့ဖြင့် တန်းဆာဆင်အပ်သည့် ယူဇနာ (၃၀၀)သုံးရာကျယ်ပြန့်သော အင်္ဂတိုင်း, မဂဓတိုင်း=ဤနှစ်တိုင်းတို့၏ အခွန်ဆက်သရာ မင်းနေပြည်ကြီးလည်း ဖြစ်သည်။ ငါ့ရှင်တို့သည် ရာဇဂြိုဟ်ပြည်ဝယ် အဦးကျရာဌာန=အကွက်ကောင်း နေရာကောင်း၌ ကျောင်းဝိုင်းပရိဝုဏ်ကို ဆောက်လုပ်ပြီးလျှင် သရက်ပင်, ပိန္နဲပင်, အုန်းပင်-စသည်တို့ကို စိုက်ပျိုးကြ၍ ပန်းမာလ် သစ်သီးဝလံတို့ဖြင့် အမျိုးဒါယကာတို့ကို ချီးမြှောက်ဆွဲဆောင်ကြကုန်လျက် အမျိုးကောင်းသား သူငယ်တို့ကို ရှင်, ရဟန်းပြုပေးကြကာ ပရိသတ်တိုးပွါးအောင် အားထုတ်ကြကုန်လော့”ဟု စီမံစကား ပြောကြားကြကုန်၏။

(၅) အဿဇိရဟန်းနှင့် (၆) ပုနဗ္ဗသုကရဟန်းတို့ကို ငါ့ရှင်တို့ ကိဋာဂိရိဇနပုဒ်= တိုက်နယ်ကြီးသည် မိုးတွင်းမိုး, ဆောင်းရာသီမိုး, ဤမိုးနှစ်မျိုးတို့ ဖြိုးဖြိုးရွာသွန်းအပ်သောကြောင့် ကောက်စပါးသုံးဆီတို့ ပွါးစီးပြည့်စုံရာ တိုက်နယ်ကြီးဖြစ်သည်။ ငါ့ရှင့်တို့သည် ထိုကိဋာဂိရိဇနပုဒ်=တိုက်နယ်ကြီးဝယ် အဦးကျရာဌာန=အကွက်ကောင်း နေရာကောင်း၌ ကျောင်းဝိုင်းပရိဝုဏ်ကို ဆောက်လုပ်ပြီးလျှင် သရက်ပင်, ပိန္နဲပင်, အုန်းပင်-စသည်တို့ကို စိုက်ပျိုးကြ၍ ပန်းမာလ် သစ်သီးဝလံတို့ဖြင့် အမျိုးဒါယကာတို့ကို ချီးမြှောက်ဆွဲဆောင်ကြကုန်လျက် အမျိုးကောင်းသား သူငယ်တို့ကို ရှင်, ရဟန်းပြုပေးကြကာ ပရိသတ်တိုးပွါးအောင် အားထုတ်ကြကုန်လော့”ဟု စီမံစကား ပြောကြားကြကုန်၏။

(ထိုရဟန်းခေါင်းဆောင် ၆-ဦးတို့သည် စီမံတိုင်ပင် ပြောဆိုကြသည့် အတိုင်းပင် ရွက်ဆောင်ကြကုန်၏။ ထိုရဟန်း ၃-စုတို့အနက် တစု တစု တပက္ခတပက္ခလျင် ပရိသတ်အခြံအရံရဟန်းတို့ ငါးရာစီ ငါးရာစီ ရှိကြကုန်၏။ ဤသို့လျှင် ခေါင်းဆောင်ရဟန်း ၆-ဦးတို့နှင့်တကွ ဆဗ္ဗဂိုဏ်းဝင် ရဟန်းတို့သည် (၁၅ဝဝ) တထောင့်ငါးရာကျော် ရှိကြလေသည်။ (ခေါင်းဆောင်ရဟန်း ၆-ဦးကို အစွဲပြု၍ ထိုရဟန်းအပင်းအသင်းကို ဆဗ္ဗဂ္ဂီ=၆-ဦးအစုရှိသော ရဟန်းတို့ဟူ၍ ခေါ်ဆိုအပ်လေသည်)။

ထိုဆဗ္ဗဂ္ဂီရဟန်းတို့အနက် ပဏ္ဍုကရဟန်းနှင့် လောဟိတကရဟန်းတို့သည် ပရိသတ်ရဟန်းငါးရာတို့နှင့်တကွ သီလရှိကြသည့် သီလဝန္တပုဂ္ဂိုလ်တို့သာ ဖြစ်ကုန်၏၊ မြတ်စွာဘုရားနှင့် အတူတကွ ဒေသစာရီလှည့်လည်

(နှာ-၅၇၄)

ရာသို့လည်း လိုက်ပါကြကုန်၏၊ ထိုရဟန်းတို့သည် ရှေးကပြုအပ်ဘူးသည့် လွန်ကျူးမှုဝတ္ထုကို ပြုကြကုန်သော်လည်း ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကို မကျူးလွန်ကြကုန်။ ကျန်သည့် နှစ်ပက္ခဝင်ရဟန်းတို့ကား အားလုံးပင် အလဇ္ဇီရဟန်းတို့ချည်း ဖြစ်ကုန်၏၊ ရှေးက မပြုအပ်ဘူးသည့် လွန်ကျူးမှုဝတ္ထုကိုလည်း ပြုကြကုန်၏။ ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကိုလည်း လွန်ကျူးကြကုန်၏။ “ဤကား ဆဗ္ဗဂ္ဂီရဟန်းတို့၏ အကြောင်းအရာအကျဉ်းတည်း။ ဝိ၊ဋ္ဌ၊၂၊၁၉၉-မှ)။

ဆဗ္ဗဂ္ဂီရဟန်းတို့ တိုက်တွန်းပြောဆိုချက်အရ ရိုးသားရှာကြသော ကောသမ္ဗီပြည်သား ဥပါသကာများသည် အိမ်တိုင်း အိမ်တိုင်း၌ ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို စီမံကြပြီးလျှင် ဆွမ်းခံဝင်လာသော အရှင်သာဂတကို မြင်ကြ၍ “အရှင်ဘုရား...အရှင်သာဂတသည် ကာပေါတိက မည်သော ကြည်လင်သော သေအရက်ကို သောက်သုံးတော်မူပါလော့၊ အရှင်ဘုရား...အရှင်သာဂတသည် ကာပေါတိက မည်သော ကြည်လင်သော သေအရက်ကို သောက်သုံးတော်မူပါလော့”ဟု အရှင်သာဂတကို လျှောက်ထားကြလေကုန်၏။ ထိုအခါ အရှင်သာဂတသည် (သိက္ခာပုဒ် မပညတ်အပ်သေးမီဖြစ်၍ အပြစ်ရှိ၏ ဟု မယူဆမိပဲ ဒါယကာတို့ တောင်းပန်အပ်သောကြောင့် အိမ်တိုင်း အိမ်တိုင်း၌ အနည်းငယ် အနည်းငယ်သော ကာပေါတိက မည်သော ကြည်လင်သော သေအရက်ကို သောက်၍ မြို့မှ ထွက်လာသည်ရှိသော် မြို့တံခါးဝ၌ လဲကျလေတော့၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းများစွာတို့နှင့် အတူတကွ မြို့မှ ထွက်ကြွလာသည်ရှိသော် မြို့တံခါးဝ၌လဲကျနေသော အရှင်သာဂတကို မြင်တော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့ ...သာဂတကို ယူဆောင်ခဲ့ကုန်လေလော့”ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် “ကောင်းပါပြီ မြတ်စွာဘုရား...”ဟု မြတ်စွာဘုရား၏ စကားတော်ကို ဝန်ခံကြ၍ အရှင်သာဂတကို ကျောင်းတိုက်အရာမ်ဘို ဆောင်ယူခဲ့ကြပြီးလျှင် မြတ်စွာဘုရားရှင် ရှိတော်မူရာဖက်သို့ ဦး ခေါင်းပြုလျက် အိပ်စေကုန် (=သိပ်ကြကုန်)၏။ ထိုအခါ အရှင်သာဂတသည် အမူးလွန်ကာ သတိလုံးဝမရပဲ ပြန်လှည့်၍ မြတ်စွာ

(နှာ-၅၇၅)

ဘုရားရှင် ရှိတော်မူရာဖက်သို့ ခြေပြုလျက် အိပ်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်နှင့် ရဟန်းတို့ အပြန်အလှန် မေး, ဖြေကြသညေမှာ__

(ဘုရား) ရဟန်းတို့ ...ရှေးအခါက သာဂတသည် ငါ ဘုရား၌ ရိုသေခြင်း, တုပ်ဝပ်ခြင်း ရှိသည်မဟုတ်လော။

(ရဟန်းများ) ရှိပါသည် မြတ်စွာဘုရား...။

(ဘုရား) ရဟန်းတို့...သာဂတသည် ယခုအခါ ငါ ဘုရား၌ ရိုသေခြင်း, တုပ်ဝပ်ခြင်း ရှိသေး၏လော။

(ရဟန်းများ) မရှိတော့ပါ မြတ်စွာဘုရား...။

(ဘုရား) ရဟန်းတို့...သာဂတသည် သရက်ပင်ဆိပ်၌ နေသောနဂါးနှင့်အတူ အနိုင်စစ်ထိုးခဲ့သည်မဟုတ်လား။

(ရဟန်းများ) အနိုင်စစ်ထိုးခဲ့ပါသည် မြတ်စွာဘုရား။

(ဘုရား) ရဟန်းတို့...ယခုအခါ သာဂတသည် နဂါး နှင့်အတူ အနိုင် စစ်ထိုးခြင်းငှါ စွမ်းနိုင်ပါဦးမည်လော။

(ရဟန်းများ) မစွမ်းနိုင်တော့ပါ မြတ်စွာဘုရား။

(ဘုရား) ရဟန်းတို့ ... အကြင်သေအရက်ကို သောက်သည်ရှိသော် မူးယစ်သောကြောင့် အမှတ်သညာ ကင်းရာ၏ = မိန်းမောတွေဝေရာ၏၊ ထိုသေအရက်ကို သောက် သုံးသင့်ပါ၏လော။

(ရဟန်းများ) မသောက်သုံးသင့်ပါ မြတ်စွာဘုရား။

မြတ်စွာဘုရားသည် ဆက်လက်၍ “ရဟန်းတို့အဘိညာဏ် ၅-ပါးရရှိပါလျက် သာဂတရဟန်း၏ ယခုကဲ့သို့ သေအရက်ကို သောက်သုံးခြင်းသည် မလျောက်ပတ်, မလျော်ကန်, မသင့်တင့်, ရဟန်းတို့၏ အပြုအမူမဟုတ်, မအပ်စပ်, မပြုသင့်၊ ရဟန်းတို့ အဘယ့်ကြောင့်လျှင် သာဂတသည် သေအရက်ကို သောက်ဘိသနည်း၊ ရဟန်းတို့ ...သာဂတပြုသော ဤအမှုသည် မကြည်ညို သေးသော သူတို့၏ ကြည်ညိုခြင်းငှါလည်းမဖြစ်”__ဤသို့စသည်

(နှာ-၅၇၆)

ဖြင့် ကဲ့ရဲ့ရှုရှုတ်ချတော်မူပြီးလျှင် ရဟန်းတို့အား “သုရာမေရယပါနေ ပါစိတ္တိယံ = သေအရက်ကိုသောက်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏”ဟူသော ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။ (ဝိနည်း ပါစိတ်ပါဠိတော် သုရာပါနသိက္ခာပုဒ်မှ ထုတ်နုတ် ဖော်ပြသည်)။

အရှင်သာဂတ ရဟန္တာဖြစ်ခြင်း

အရှင်သာဂတသည် နောက်တနေ့၌ အမူးပြေကာ သတိရ၍ မိမိပြုမှားမိသော အကြောင်းကို သိရလေလျှင် အလွန်ပင် အကုသိုလ်တရားမှရှက်ကြောက်လျက် မိမိအပြစ်ကို ဝန်ခံလျှောက်ကြား မြတ်စွာဘုရားရှင်ကို ကန်တော့ပြီးနောက်ထိတ်လန့်သံဝေဂ ကြီးစွာရလျက် ဝိပဿနာတရား ပွါးများ အားထုတ်လေသော် မကြာမီပင် အရဟတ္တဖိုလ်သိုဆိုက်ရောက်လေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

နောက်တချိန်၌ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတိုက်တော်ဝယ် နေတော်မူ၍ အစဉ်အတိုင်း မထေရ်မြတ်တို့ကို ဆိုင်ရာ ဆိုင်ရာ ဧတဒဂ်ရာထူး ဌာနန္တရ၌ ထားတော်မူသည် ရှိသော် အရှင်သာဂတမထေရ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ တေဇောဓာတုကုသလာနံ ယဒိဒံ သာဂတော = ရဟန်းတို့...

တေဇောကသိဏဈာန်ကို ၀င်စားရာ၌ ကျွမ်းကျင်လိမ္မာကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် သာဂတရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏။__

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “တေဇောဓာတု ကုသလ= တေဇောကသိဏဈာန်ကို ဝင်စားမှု၌ ကျွမ်းကျင်လိမ္မာသော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ထားတော်မူလေ၏။

ဤကား အရှင်သာဂတ မထေရ်အကြောင်းတည်း။

(နှာ-၅၇၇)

(၄၀) အရှင်ရာဓမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

(ဤမထေရ်၏ ရှေးဆုတောင်းကို ဖော်ပြရာ၌ အင်္ဂုတ္တိုရ်အဋ္ဌကထာ ထက် ထေရဂါထာအဋ္ဌကထာက အနည်းငယ်ကျယ်သောကြောင့် ထို ထေရဂါထာအဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၃၂၁-လာအတိုင်း ဖော်ပြပေအံ့)__

ဤ အရှင်ရာဓမထေရ်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ သိကြားလိမ္မာသော အရွယ်သို့ ရောက်လတ်သော် ကျောင်းတိုက်တော်သို့ သွားရောက်ကာ မြတ်စွာဘုရားကို ဆည်းကပ်, ရှိခိုးလျက် အပြစ်လွတ်ရာ အရပ်၌ ထိုင်နေစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို ပဋိဘာနေယျက = မြတ်စွာဘုရားရှင်၏ တရားဟောဆိုကြောင်း ဓမ္မဒေသနာ ပဟာန်ဉာဏ်အသစ်အသစ်ကို ဖြစ်စေသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ ကိုယ်တိုင်ကလည်း ထိုရာထူး=ဌာနန္တရကို တောင့်တလျက် ကြီးစွာသော အလှူကြီးကို ဖြစ်စေလေ၏။ မြတ်စွာဘုရားရှင်အားလည်း ပြန့်ပြောကြီးကျယ်သော ပူဇော်မှုကို ပြုလေ၏။

နောက်တဖန် အမျိုးသားဘဝ

ထိုအမျိုးကောင်းသားသည် ဤကဲ့သို့ မဟာသာဝက ဆုပန်မှုကို ပြုလျက် ထိုဘဝမှ စုတေလတ်သော် ထိုထိုဘဝတို့၌ ကောင်းမှုတို့ကို ဆည်းပူးခဲ့ရာ ဝိပဿီမြတ်စွာ လက်ထက်တော်အခါ၌ တဖန် အမျိုးကောင်းသားပင် ဖြစ်၍ သိကြား လိမ္မာသော အရွယ်သို့ ရောက်လတ်သော် တနေ့သ၌ ဆွမ်းခံကြွသော ဝိပဿီမြတ်စွာဘုရားရှင်ကို ဖူးမြင်ရ၍ သဒ္ဓါရွှန်းစို ကြည်ညိုသောစိတ် တရိပ်ရိပ် ဖြစ်ရှိလျက် အလွန်ချိုမြိန်သော သရက်သီးမှည့်တို့ကို ပေးလှူပြန်လေ၏။

(နှာ-၅၇၈)

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုအမျိုးကောင်းသားသည် ထိုကောင်းမှုကြောင့် နတ်ပြည်၌ ဖြစ်ပြီး၍ ဘဝ အဆက်ဆက် ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်လျက် နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့ရာ ဤဘုရားမြတ်စွာ ပွင့်ထွန်းရာကာလဝယ် ရာဇဂြိုဟ်ပြည်၌ ရာဓအမည်ရှိသောပုဏ္ဏား လုလင်ဖြစ်၍ အရွယ်သို့ရောက်လျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌နေလျက် အသက်အရွယ် ကြီးရင့်သောအခါ၌ မိမိ၏ သား, မယားတို့က ရှေးကလို မြတ်နိုးယုယမှု မပြုအပ်ရကား “ငါသည် ရဟန်းပြု၍ အချိန်အခါကို ကုန်လွန်စေတော့မည်”ဟု ကြံစည်၍ ကျောင်းတိုက်သို့ သွားရောက်ပြီးလျှင် မထေရ်တို့ကို ရှင်, ရဟန်းပြုပေးကြပါရန် တောင်းပန် လျှောက်ထားလေ၏။ “ရွတ်တွ ယွင်းယို အိုလည်းအိုလျက် အသက်လည်းကြီးသော ပုဏ္ဏားဖြစ်သည်။ ဝတ်ကြီး,ဝတ်ငယ်ကို ဖြည့်ကျင့်ရန် စွမ်းနိုင်မည် မဟုတ်” ဟု အောက်မေ့တော်မူကြကာ မထေရ်တပါးပါးကမျှ ရှင်, ရဟန်းပြုပေးရန် အလိုမရှိချေ။

ရာဓပုဏ္ဏားကြီးသည် အသက်လည်းကြီး, မိမိအလိုရှိသည့် ရှင်, ရဟန်းအဖြစ်ကိုလည်း မရသောကြောင့် ပိန်လည်းပိန်ကြုံ, အသွေးအသားလည်းခေါင်းပါး, ရုပ်အဆင်းလည်ပျက်, ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းလည်းရှိသည့်ပြင် ကွန်ရက် (=ဇာ)ကို ဖြန့်ခင်းထားသကဲ့သဲ့ အပြိုင်းပြိုင်းထသော ကိုယ်လည်း ရှိနေလေ၏။ တနေ့သ၌ ပုဏ္ဏားကြီးသည် ဘုရားရှင် ထံမှောက်သို့ သွားရောက်၍ အစေ့အစပ်စကား ပြောကြားမှု ပြုပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။ မြတ်စွာဘုရားရှင်သည် ထိုပုဏ္ဏားကြီး၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံခြင်းကို သိမြင်တော်မူ၍ စကားစ-ဖြစ်စေရန် “ပုဏ္ဏား... သင့်ကို သားမယားတို့က ပြုစုလုပ်ကျွေးကြ၏လော”ဟု မေးတော်မူ၏။ ပုဏ္ဏားကြီးက “အိုအရှင်ဂေါတမ... အကျွန်ုပ်ကို သားမယားတို့က ပြုစုလုပ်ကျွေးမှုအဘယ်မှာရှိအံ့နည်း=မရှိသည်သာ၊ အသက်ကြီးပြင်းသည့် လူအိုလူမင်းဟု အကျွန်ုပ်ကို သား

(နှာ-၅၇၉)

မယားတို့က အပြင်ထုတ်၍ ထားကြပါသည်” ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ပုဏ္ဏားကြီးကို “ပုဏ္ဏား...ထိုသို့ ဖြစ်လျှင် သင့်အဖို့ရာ ရဟန်းပြုရန် မသင့်လျော်ဘူးလော့”ဟု မေးတော်မူလေ၏။

အရှင်သာရိပုတ္တရာ၏ ကတညုတာ, ကတဝေဒိတာဂုဏ်

ရာဓပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်ကို“အိုအရှင်ဂေါတမ... အဘယ်သူက အကျွန်ုပ်ကို ရဟန်းပြုပေးလိမ့်မည်နည်း၊ အသက် ကြီးသောကြောင့် အကျွန်ုပ်ကို မထေရ်တပါးပါးကမျှ ရှင်, ရဟန်း ပြုပေးရန် အလိုမရှိ” ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို ရာဓပုဏ္ဏားကြီး၏ ကြုံလှီ, ခေါင်းပါး အဆင်းပျက် ဖောက်ပြန်၍ နေခြင်း၏အကြောင်းကို မေးတော်မူ၍ ရဟန်းတို့က ရှင်, ရဟန်းပြုပေးသူ မရှိသောကြောင့် ထိုပုဏ္ဏားကြီး ကြုံလှီ, ခေါင်းပါး အဆင်းပျက်ပြား ဖောက်ပြန်၍ နေကြောင်းကို ဖြေကြား လျှောက်ထားကြသဖြင့် “ရဟန်းတို့ ... အဘယ်သူသည် ထိုပုဏ္ဏား၏ကျေးဇူးကို အမှတ် ရသနည်း” ဟု ရဟန်းတို့ကို မေးတော်မူလေ၏။

ထိုအခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား တပည့်တော်သည် ထိုပုဏ္ဏား၏ ကျေးဇူးကို အမှတ်ရပါ၏” ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားက “ချစ်သားသာရိပုတ္တရာ... သင်ချစ်သားသည် အဘယ်သို့လျှင် ထို ပုဏ္ဏား၏ကျေးဇူးကို အမှတ်ရသနည်း” ဟု မေးတော်မူလေလျှင် အရှင်သာရိပုတ္တရာသည် “မြတ်စွာဘုရား...တချိန်က ဤရာဇဂြိုဟ်ပြည်ဝယ် ဆွမ်းခံလှည့်လည်သော တပည့်တော်အား ထိုပုဏ္ဏားသည် တယောက်ချိုမျှသောဆွမ်းကို လှူဘူးပါ၏။ မြတ်စွာဘုရား တပည့်တော်သည် ထိုပုဏ္ဏား၏ ဤ (ဆွမ်းတယောက်ချို လှူဘူးသော) ကျေးဇူးကို အမှတ်ရပါ၏” ဟု ပြန်ကြားလျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “သာရိပုတ္တရာ...ကောင်းစွာ့ ကောင်စွာ့၊ ချစ်သားသာရိပုတ္တရာ...သူတော်ကောင်းတို့သည်

(နှာ-၅၈၀)

ကျေးဇူးကို သိတတ်ကြကုန်၏။ ကျေးဇူးတုံ့ဆပ်ရမည်ကို သိတတ်ကြကုန်၏။ ချစ်သားသာရိပုတ္တရာ... ထိုသို့ဖြစ်လျှင် သင် ချစ်သားသည် ထိုပုဏ္ဏားကို ရှင်လည်းပြုပေးလော့, ပဉ္စင်းလည်း ခံပေးလော့” ဟု မိန့်တော်မူလေ၏။

ထိုအခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား... တပည့်တော်သည် အဘယ်သို့လျှင် ထိုပုဏ္ဏားကို ရှင်ပြုပေးရပါမည်နည်း, ပဉ္စင်းခံပေးရပါမည်နည်း” ဟု မေးလျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအရှင်သာရိပုတ္တရာမေးလျှောက်ခြင်းဟူသော အကြောင်းအရာကြောင့်တရားစကား ဟောကြားတော်မူပြီးလျှင် ရဟန်းတို့အား “ရဟန်းတို့ ငါဘုရားခွင့်ပြုခဲ့သော သရဏဂုံသုံးပါးဖြင့် ပဉ္စင်းခံပေးခြင်းကို ယနေ့မှစ၍ ပယ်ဖျက်အပ်ပြီ၊ ရဟန်းတို့... ဉတ္တိစတုတ္ထ (=ဉတ်လျှင် လေးကြိမ်မြောက်ရှိသော) ကံဖြင့် ပဉ္စင်းခံပေးရန် ငါဘုရားခွင့်ပြု၏။ ရဟန်းတို့... ဤသို့ ပဉ္စင်းခံပေးရမည်”___အစရှိသည်ဖြင့် ဉတ္တိစတုတ္ထကမ္မဝါစာကို ဟောကြားတော်မူလေ၏။

(အထူးမှတ်ရန်။ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့၌ ဘုရားဖြစ်တော်မူပြီးနောက် ထိုနှစ် ဝါကို မိဂဒါဝုန်တော၌ သီတင်းသုံးကပ်ဆိုနေတော်မူ၍ ဝါကျွတ်သောအခါ ခြောက်ကျိပ်သော ရဟန္တာတို့ကို သာသနပြု စေလွှတ်တော်မူလေသည်။ ထိုသာသနာပြု ရဟန္တာမထေရ်တို့ ခေါ်ဆောင်ခဲ့သော ရှင်လောင်း, ပဉ္စင်းလောင်းတို့ကို ပဌမရှေ့ပိုင်း၌ ကိုယ်တော်တိုင် သရဏဂုံဖြင့်ပင် ရှင်လည်း ပြုပေးတော်မူသည်။ ပဉ္စင်းလည်း ခံပေးတော်မူသည်။ နောက်ပိုင်း၌ ရှင်လောင်း, ပဉ္စင်းလောင်း, သာသနာပြုမထေရ်များ=ဤ သုံးဦးလုံးပင် (ခရီးဝေးကလည်း ခေါ်ဆောင်လာရသောကြောင့်) ပင်ပန်း နွမ်းနယ်မှု ဖြစ်ကြသည်ကို အကြောင်းပြု၍ ရဟန်းတို့ကိုယ်တိုင်ပင် ထိုသို့ အရပ်ဌာနတို့၌ သရဏဂုံဖြင့် ရှင်ပြုပေးရန်, ပဉ္စင်းခံပေးရန် ခွင့်ပြုတော် မူလေသည်။

ထိုနှစ် ပြာသိုလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ တပို့တွဲလဆန်း (၁) ရက်နေ့တွင် အဂ္ဂသာဝက ၂-ပါး တပည့်များနှင့်တကွ ရဟန်းပြုကြသည်။ ရဟန်းဖြစ်ပြီးနောက် ခုနစ်ရက်မြောက်၌ အရှင်

(နှာ-၅၈၁)

မဟာမောဂ္ဂလာန် ရဟန္တာဖြစ်၍ တဆယ့်ငါးရက် = တပက္ခမြောက် (=တပို့တွဲလပြည့်)နေ့၌ အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တော်မူသည်။ ဤ ရာဓပုဏ္ဏားကြီး၏ ပဉ္စင်းခံခြင်းကိစ္စကား တပို့တွဲလပြည့်နေ့နှင့် တပေါင်းလပြည့်နေ့တို့အကြား တလအတွင်း၌ ဖြစ်သည်။

ဤအရာ၌ “အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်က ဗာရာဏသီပြည် မိဂဒါဝုန်တော၌ နေတော်မူစဉ် သရဏဂုံသုံးပါးဖြင့် ရှင်ပြုပေးရန်, ပဉ္စင်းခံပေးရန် ခွင့်ပြုထားတော်မူသည်ကို သိပါလျက် အဘယ့်ကြောင့် ဤ ရာဓပုဏ္ဏားကြီးကို ရဟန်းခံ=ပဉ္စင်းခံပေးရန်ကိစ္စအတွက် အထူးတလည်ပြုလုပ်ကာ “မြတ်ဘုရား တပည့်တော်သည် အဘယ်သို့လျှင် ထိုပုဏ္ဏားကို ရှင်ပြုပေးရပါမည်နည်း ပဉ္စင်းခံပေးရပါမည်နည်း” ဟူ၍ မေးလျှောက်နေရသေးသနည်း”ဟု မေးမြန်းဖွယ်ရှိ၏။

အဖြေ _မြတ်စွာဘုရားရှင်သည် အဦးအစကာလ ရဟန်းတို့ မများကြသေးမီ သရဏဂုံသုံးပါးဖြင့် ပေါ့ပေါ့ပါးပါး ပဉ္စင်းခံပေးရန် ခွင့်ပြုတော်မူခဲ့သော်လည်း ရာဇဂြိုဟ်ပြည်သို့ရောက်၍ ရဟန်းတို့ များပြားလာသောအခါ (ထိုအချိန်၌ ရဟန္တာပေါင်း နှစ်သောင်းကျော် ရှိနေလေပြီ) ထို ပေါ့ပေါ့ပါးပါး သရဏဂုံသုံးပါးဖြင့် ရဟန်းပဉ္စင်းခံပေးခြင်းကို ပယ်ဖျက်၍ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် အလေးဂရု ပဉ္စင်းခံပေးမှုကို ခွင့်ပြုတော်မူလိုသည်။ ထိုအခါ မြတ်စွာဘုရား၏ အလိုတော်ကိုသိ၍ အရှင်သာရိပုတ္တရာမထေရ်မြတ်သည် “မြတ်စွာဘုရား...တပည့်တော်သည် အဘယ်သို့လျှင်(=ဘယ်လို ထိုပုဏ္ဏားကို ရှင်ပြုပေးရပါမည်နည်း။ ပဉ္စင်းခံပေးရပါမည်နည်း” ဟူ၍ မေးလျှောက်လေသည်။ မှန်၏-မြတ်စွာဘုရားရှင်တို့၏ ပရိသတ်တို့သည် ဘုရားအလိုတော်၌ လိမ္မာကျွမ်းကျင် သိမြင်ကြကုန်၏၊ ဤအရှင်သာရိပုတ္တရာ မထေရ်သည်လည်း မြတ်စွာဘုရား၏ ပရိသတ်တွင် အသာဆုံး အမြတ်ဆုံး ပရိသတ်ဖြစ်လေသည်၊ ထို့ကြောင့် ဘုရားရှင်၏ အလိုတော်ကို သိမြင်တော်မူသောကြောင့် အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ထိုသို့ မေးမြန်းတော်မူသည်ဟု သန္နိဋ္ဌာန်ကျ မှတ်ယူအပ်၏။

ဤတွင်မျှမကသေး - မြတ်စွာဘုရားရှင် ထိုမဟာသက္ကရာဇ် ၁၀၃-ခုနှစ် တပေါင်းလပြည့်နေ့မှစ၍ ၂-လတိုင်တိုင် တနေ့ တယူဇနာကျ ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွရောက်၍ ၁၀၄-ခုနှစ် ကဆုန် လပြည့်နေ့၌ ကပိလဝတ်ပြည်သို့ ရောက်တော်မူပြီးနောက် ခုနှစ်ရက်

(နှာ-၅၈၂)

မြောက်နေ့ဝယ် အမွေတောင်း လိုက်လာသော ရာဟုလာမင်းသားကို မြတ်စွာဘုရားရှင်က ရှင်ပြုပေးရန် အရှင်သာရိပုတ္တရာကို စေခိုင်းတော်မူသောအခါမှာလည်း (ရှေးက သရဏဂုံဖြင့် ရှင်ပြုပေးမှုကို ခွင့်ပြုပြီး ရှိပါလျက်လည်း) အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်၏ အလိုတော်ကို အလိုက်သိကာ“ကထာဟံ ဘန္တေ ရာဟုလကုမာရံ ပဗ္ဗာဇေမိ= မြတ်စွာဘုရား ... တပည့်တော်သည် ရာဟုလာမင်းသားကို အဘယ်သို့ (= ဘယ်လို) ရှင်ပြုပေးရပါမည်နည်း”ဟု မေးမြန်းလျှောက်ထားလေသည်။

ထင်ရှားစေဦးအံ့- ဤရှင်ပြုပေးသောအရာဝယ် မြတ်စွာဘုရားသည် ဗာရာဏသီပြည် မိဂဒါဝုန်တော၌ သီတင်းသုံးတော်မူစဉ်က သရဏဂုံ သုံးပါးတို့ဖြင့် ရှင်ပြုပေးရန်၎င်း ပဉ္စင်းခံပေးရန်၎င်း ခွင့်ပြုအပ်ခဲ့လေသည်။ ထိုနှစ်မျိုးမှု ရာဇဂြိုဟ်ပြည်သို့ရောက်၍ ယခုရာဓပုဏ္ဏားကြီး၏ အကြောင်းဝတ္ထုပေါ်ပေါက်သောအခါ ပေါ့ပေါ့ပါးပါး သရဏဂုံသုံးပါးတို့ဖြင့် ရဟန်းခံပေးခြင်းကို ပယ်ဖျက်၍ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပဉ္စင်းခံပေးရန် ခွင့်ပြုတော်မူအပ်ခဲ့လေသည်။ သရဏဂုံသုံးပါးတို့ဖြင့် ရှင်ပြုပေးခြင်းကိုမူ ပယ်လည်းမပယ်ဖျက်အပ်, တဖန်ထပ်၍လည်း ခွင့်မပြုအပ်သေးချေ။ ထို့ကြောင့် အနာဂတ နောက်ကာလဝယ် ရဟန်းတို့သန္တာန်၌ “ဤရှင်ပြုပေးခြင်းသည် ရှေးအခါက ပဉ္စင်းခံပေးခြင်းနှင့် သရဏဂုံသုံးပါးတို့ဖြင့်ပင် ပြုရမည်လော”ဟု ယုံမှားသံသယ ဖြစ်ပါလိမ့်မည်၊ ဤအကြောင်းကို သိတော်မူ၍ မြတ်စွာဘုရားသည် ခိုင်မြဲလေအောင် သရဏဂုံသုံးပါးတို့ဖြင့် ရှင်သမဏေပြုပေးခြင်းကို တဖန်ထပ်၍ ခွင့်ပြုတော်မူလိုနေသည်။ ထို့ကြောင့် တရားစစ်မှူးကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်သည် မြတ်စွာဘုရားရှင်၏ အလိုတော်ကို သိရှိကာ မြတ်စွာဘုရားရှင်ကို တဖန်ထပ်၍ သရဏဂုံသုံးပါးတို့ဖြင့် ရှင်သာမဏေပြုပေးမှုကို အခိုင်အမာ ခွင့်ပြုတော်မူစေရန် “ကထာဟံ ဘန္တေ ရာဟုလကုမာရံ ပဗ္ဗာဇေမိ= မြတ်စွာဘုရား တပည့်တော်သည် ရာဟုလာမင်းသားကို အဘယ်သို့ (=ဘယ်လို) ရှင်ပြုပေးရပါမည်နည်း”ဟု မေးမြန်းလျှောက်ထားလေသည်၊ အလိုတော်ကို သိပါပေစွာ့။ “ဤကား အထူးမှတ်ရန် ဝိနည်းမဟာ အဋ္ဌကထာမူ ထုတ်နုတ်ဖော်ပြချက်တည်။)

(နှာ-၅၈၃)

ရာဓပုဏ္ဏားကြီး ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း

အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရား၏ အမိန့် စကားကို ဦးထိပ်ပန်ဆင်၍ ရာဓပုဏ္ဏားကြီးကို မိမိကိုယ်တိုင် ဥပဇ္ဈာယ်ဆရာပြုကာ ရှင်ပြုပေးပြီး, ပဉ္စင်းခံပေးပြီးနောက် “မြတ်စွာဘုရားရှင်သည် ဤ ရာဓပုဏ္ဏားကြီးကို တရိုတသေ အလေးဂရုပြုကာ ငါ့ကို ရှင်, ရဟန်းပြုပေးရန် စေခိုင်းတော်မူလေသည်၊ ငါသည် ဤရာဓရဟန်းကြီးကို မရိုမသေ ပေါ့ပေါ့ တန်တန် စောင့်ရှောက်ရန် မသင့်လျော်ချေ = ဂရုတစိုက် စောင့်ရှောက်မှ သင့်လျော်မည်” ဟု ကြံစည်ဆင်ခြင်တော်မူ၍ ရာဓ မထေရ်ကို ခေါ်ဆောင်ကာ ရွာငယ်ကျောင်းတခုသို့ ကြွရောက်တော်မူလေ၏။

ထိုရွာငယ်ကျောင်းတိုက်၌ ယခုမှ ရဟန်းဖြစ်စ ဖြစ်သောကြောင့် ကျောင်းအိပ်ရာနေရာ-စသည် ငြိုငြင်ပင်ပန်း ဆင်းရဲလှသော ရာဓမထေရ်အား ဥပဇ္ဈာယ်ဆရာအရှင်သာရိပုတ္တရာမထေရ်မြတ်သည် မိမိအတွက် ဝါစဉ်အလိုက် ရရှိသော ကျောင်း, အိပ်ရာ နေရာကောင်းကိုပေးကမ်းချီးမြှောက်တော်မူသည့်ပြင်မိမိအတွက် ဝါစဉ်အလိုက် ဆိုက်ရောက်ရရှိသော ဆွမ်းကောင်းများကိုလည်း ထိုရာဓမထေရ်အား ပေးကမ်းချီးမြှောက်တော်မူ၍ ကိုယ်တော်တိုင်ကမူ ဆွမ်းခံလှည့်လည်၍ ရသောဆွမ်းဖြင့် မျှတတော်မူလေ၏။ ရာဓမထေရ်သည် ဥပဇ္ဈာယ်ဆရာ အရှင်သာရိပုတ္တရာမထေရ်မြတ်၏ ချီးမြှောက်ချက်ဖြင့် သပ္ပါယဖြစ်သော ကျောင်းအိပ်ရာ နေရာ, သပ္ပါယဖြစ်သောဆွမ်းခဲဖွယ်ဘောဇဉ်ကိုရ၍ အရှင်သာရိပုတ္တရာမထေရ်၏ အထံ၌ ကမ္မဋ္ဌာန်းတရားကို သင်ယူ၍ အားထုတ်လေရာ မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏ = ရဟန္တာဖြစ်လေ၏။

အလီနစိတ္ထဇာတ်ကို ဟောတော်မူခြင်း

ထို့နောက် အရှင်သာရိပုတ္တရာသည် ရာဓမထေရ်ကို ခေါ်ဆောင်၍ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ရန် လာရောက်လေ၏။

(နှာ-၅၈၄)

မြတ်စွာဘုရားသည် သိတော်မူလျက်ပင် အရှင်သာရိပုတ္တရာ မထေရ်ကို “ချစ်သားသာရိပုတ္တရာ... သင်ချစ်သားအား ငါဘုရားသည် အကြင် နိဿယည်းယူတပည့် ရာဓရဟန်းကို ပေးအပ်လေပြီ၊ ထိုရာဓရဟန်း၏ ဖြစ်ရပ်ကား အသို့နည်း၊ ထိုရဟန်းသည် သာသနာဝယ် မပျင်းရိပဲ ရှိ၏လော”ဟု မေးတော်မူလေ၏။ အရှင်သာရိပုတ္တရာသည် “မြတ်စွာဘုရား သာသနာတော်၌ မွေ့လျော် ပျော်ပိုက်သော ရဟန်းမည်သည် ဤရာဓရဟန်းကဲ့သို့ သဘောရှိသောသူသာ ဖြစ်သင့်ပါ၏”ဟု လျှောက်ထားလေ၏။

ထို့နောက် သံဃာတော်တို့အလယ်၌ “ငါ့ရှင်တို့... အရှင်သာရိပုတ္တရာသည် သူ့ကျေးဇူးကိုလည်း သိတော်မူပါပေ၏။ သူ့ကျေးဇူးတုံ့ဆပ်မှုကိုလည်းပြုတော်မူပါပေ၏”ဟုအရှင်သာရိပုတ္တရာမထေရ်၏ ဂုဏ်ကျေးဇူးနှင့်စပ်သော ချီးမွမ်းစကားဖြစ်ပွါး လာလေသည်။ ထိုစကားကို ကြား၍ မြတ်စွာဘုရားသည် ရဟန်းတို့ကို“ရဟန်းတို့ သာရိပုတ္တရာ၏ ယခုနောက်ဆုံး ပစ္ဆိမဘဝ၌ သူ့ကျေးဇူးကိုသိခြင်း, ကျေးဇူးတုံ့ဆပ်မှုကို ပြုခြင်းသည် မအံ့သြလောက်သေး၊ သာရိပုတ္တရာသည် အတိတ်ဝေးစွာ ရှေးအခါဝယ် အဟိတ်တိရစ္ဆာန်ပဋိသန္ဓေ ဖြစ်စဉ်ကလည်း သူ့ကျေးဇူးကို သိတတ်, ကျေးဇူးတုံ့ဆပ်မှုကို ပြုတတ်သည်သာ ဖြစ်၏”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့က “မြတ်စွာဘုရား...အဘယ်အခါ၌ပါနည်း”ဟု မေးလျှောက်ကြလေလျှင် မြတ်စွာဘုရားသည် ။ ဆိုလတ္တံ့သောအတိုင်း အတိတ်ဖြစ်ရပ် (ဒုကနိပါတ်လာ) အလီန စိတ္တဇာတ်ကို ဟောတော်မူလေ၏။

ရဟန်းတို့ ...လွန်လေပြီးသောအခါဝယ် တောင်ခြေ (တောင်ရင်း)၌ နေထိုင်ကြသည့် လက်သမားယောက်ျား (၅ဝဝ)ငါးရာတို့သည် တောအုပ်ကြီး အတွင်းသို့ ဝင်၍ သစ်အဆောက်အဦတို့ကို ဖြတ်တောက်ခုတ်ရွေကြပြီးလျှင် ကြီးစွာသောဖောင်ကို ဖွဲ့ကြလျက် မြစ်ကြောအတိုင်း မျှောဆောင်လေ့ရှိကြကုန်၏။ ထို့နောက် ဆင်ပြောင်ကြီးတကောင်သည် မြေမညီညွတ်သည့် တခုသောနေရာ၌ နှာမောင်းဖြင့် သစ်ခက်ကို ချိုးယူလတ်သော် သစ်ခက်ကျိုးက

(နှာ-၅၈၅)

ကြီးမားလှသဖြင့် ထိုသစ်ခက်ကျိုး၏အဟုန်ကိုမထိန်းမဆောင်နိုင်တော့ပဲ ထက်လှစွာသော သစ်ငုတ်တခု၌ ခြေဖြင့် နင်းမိလေ၏။ ခြေထောက်ကို သစ်ငုတ်စူးဝင်သဖြင့် ဆင်ပြောင်ကြီး၏ကိုယ်မှာ ဒုက္ခဝေဒနာတို့ ပြင်းစွာဖြစ်လေကုန်၏။ ဆင်ပြောင်ကြီးသည် အလွန်နာကျင်လှ၍ ခရီးဆက်၍ မသွားနိုင်တော့ပဲ ထိုနေရာ၌ပင် လဲလျောင်း၍ နေရလေ၏။

ဆင်ပြောင်ကြီးသည် နှစ်ရက် သုံးရက် လွန်သောအခါ ထို လက်သမားများ မိမိ၏အနီးဖြင့် သွားကြသည်တို့ကို မြင်၍ “လက်သမားတို့ကို အမှီပြုပြီးလျှင် ငါသည် အသက်ရှင်မှုကို ရပေလိမ့်မည်”ဟု ကြံစည်အောက်မေ့ကာ ထိုလက်သမားတို့၏နောက်သို့ ထ၍ လိုက်ပါလေ၏။ လက်သမားတို့သည် ပြန်နစ်၍ ဆင်ပြောင်ကြီးကို မြင်လတ်သော် အလွန်ကြောက်လန့်ကြလျက် ပြေးသွားကြလေ၏။ ဆင်ပြောင်ကြီးသည် လက်သမားများကြောက်၍ ပြေးသောအခါ ရပ်တည်နေ၍ တဖန် လက်သမားကို ရပ်နေပြန်သောအခါ လိုက်ပြန်လေ၏။

ပညာအမြော်အမြင်ရှိသော လက်သမားဆရာကြီးသည် “ဤ ဆင်ကြီးကား ငါတို့ ရပ်ကြလျှင် လိုက်လာ၍ ငါတို့ ပြေးကြလျှင် ရပ်တည်နေ၏၊ ဤသို့ပြုလုပ်ရာ၌ အကြောင်းထူးတခုခု ရှိရမည်”ဟု ကြံစည်ဆင်ခြင်မိလေ၏။ ထို့နောက် လက်သမားများ အားလုံးပင် ထိုထိုသစ်ပင်ထက်သို့ တက်ကြ၍ ဆင်ပြောင်ကြီးအလာကို စောင့်နေကြကုန်၏။ ဆင်ပြောင်ကြီးသည် ထိုလက်သမားတို့ အထံသို့ သွားရောက်၍ မိမိ၏ သစ်ငုတ်စူးနေသောခြေကို ပြန်လှည့်လျက် ပြသကာ လဲလျောင်းနေလေ၏။ ထိုအခါ လက်သမားတို့စိတ် သန္တာန်ဝယ် “အချင်းတို့...ဤဆင်ကြီးသည် မကျန်းမာသောကြောင့် ငါတို့နောက်သို့ လိုက်ပါလာ၏။ အခြားအကြောင်းကြောင့် မဟုတ်” ဟု အမှတ်အသိဉာဏ် ဝင်ရောက်ပြီးလျှင် ဆင်ပြောင်ကြီး အနီးသို့ သွားရောက် ကြည့်ရှုကြလေလျှင် ခြေဖဝါး၌ စူးဝင်နေသော သစ်ငုတ်ကြီးကို မြင်ကြ၍ “ဤငြောင့်စူးနေ ခြင်းဟူသောအကြောင်းကြောင့် ဤဆင်ကြီးသည် ငါတို့နောက်သို့

(နှာ-၅၈၆)

လိုက်ပါလာ၏”ဟု အမှန်အတိုင်း စဉ်းစားသိရှိကြပြီးလျှင် ထက်လှစွာသော ပဲခွပ်ဖြင့် သစ်ငုတ်ကြီး၏ အစွန်အဖျား၌ အရေး အရစ် ထွင်းလှစ်ကြ၍ မြဲမြံစွာသောကြိုးဖြင့် ဖွဲ့ချည်ကာ ဆွဲငင် ထုတ်ကြလေကုန်၏၊ ထို့နောင်မှ ဆင်ပြောင်ကြီး၏ ဖဝါးအနာဝကို ညှစ်၍ ပြည်, သွေးများကို ထုတ်ပစ်ကြလျက် ဖန်ဆေးကြပြီးနောက် မိမိတို့ တတ်သိမှတ်မိသော ဆေးဝါးများကို လိမ်းကျံ ပေးကြ၍ မကြာမီပင် ပကတိ ချမ်းသာအောင် ပြုစုကုသပေးကြလေ၏။

ဆင်ပြောင်ကြီးသည် နာလန်ထပြီးနောက် “ဤလက်သမားတို့သည် ငါ၏အပေါ်၌ အလွန်ကျေးဇူးများကြကုန်၏၊ ငါသည် လက်သမားတို့အပေါ်၌ ကျေးဇူးကိုသိသူ, ကျေးဇူးကို တုံ့ဆပ်သူ ဖြစ်မှ သင့်တော်တော့မည်”ဟု ကြံစည်ကာ မိမိနေရာတောအရပ်သို့ သွားရောက်၍ ကိုယ်လုံးဆွတ်ဆွတ်ဖြူသော ဂန္ဓအမျိုး မင်္ဂလာ ဆင်ဖြူတော်သားငယ်ကို ခေါ်ဆောင်၍ လာလေ၏။ လက်သမားတို့သည် ဆင်ဖြူတော်သားငယ်ကို မြင်ရလေလျှင် “ငါတို့၏ ဆင်ကြီးသည် သားကိုလည်း ခေါ်ဆောင်၍ လာပြီ”ဟု အလွန်အားရ ဝမ်းမြောက်သောစိတ် ရှိကြလေကုန်၏။ ထိုနောင် ဆင်ပြောင်ကြီးသည် “ဤအရပ်၌ ဆက်လက်တည်ရှိနေလျှင် “အဘယ့်ကြောင့် ဤဆင်ကြီး လာသည်” ဟု ငါ၏ လာရောက်ခြင်းအကြောင်းကို လက်သမားများ သိကြလိမ့်မည်မဟုတ်”ဟု ကြံစည်၍ မိမိရပ်တည်နေရာဌာနမှ သွားလေ၏။

ဆင်ဖြူတော်သားငယ်သည် ဖခင်ဆင်ပြောင်ကြီး၏ နောက်မှ ကောက်ကောက် လိုက်လေ၏၊ ဆင်ပြောင်ကြီးသည် သားငယ် လိုက်ပါလာသည်ကို သိ၍ လက်သမားတိုထံ ပြန်နစ်ဖို့ရန် အသံ အမှတ်ကို ပေးလေ၏။ သားငယ်ဆင်ဖြူတော်ကလေးသည် ဖခင် ဆင်ပြောင်ကြီး၏ စကားအသံကို ကြားသိ၍ ပြန်နစ်ပြီးလျှင် လက်သမားတို့အထံသို့ သွားရောက်လေ၏။ ထိုအခါမှ လက် သမားတို့သည် “ဤဆင်ပြောင်ကြီးကား ဤမိမိသားငယ် ဆင်ဖြုတော်ကလေးကို ငါတို့အား ပေးရန် လာရောက်သည် ဖြစ်လိမ့်

(နှာ-၅၈၇)

မည်” ဟု သိကြ၍ သားငယ်ဆင်ဖြူတော်ကလေးကို “ငါတို့၏ အထံ၌ သင်ပြုလုပ်ရမည့်ကိစ္စမရှိပါ၊ သင့်ဖခင်၏ အထံသို့သာလျှင် ပြန်သွားလော့”ဟု ခွင့်ပြုစေလွှတ်ကြကုန်၏။ ဆင်ပြောင်ကြီးသည် မိမိ၏သားငယ်ကို သုံးကြိမ်တိုင်တိုင် မိမိအထံသို့ လာရောက်သော်လည်း တဖန် လက်သမားတို့၏ အထံသို့ သာလျှင် ပြန်၍ စေလွှတ်လေ၏။ ထိုအချိန်မှစ၍ လက်သမားတို့သည် ဆင်ဖြူတော်ငယ်ကို မိမိတိုအထံ၌သာ ထား၍ မွေးကျွေးကြလေကုန်၏။ ထမင်း စားချိန်၌ လက်သမားတယောက်တယောက်လျှင် ထမင်းတဆုပ် တဆုပ်ကျ ဆင်ဖြူတော်ငယ်အား ပေးကြလေ၏၊ သို့ရကား ထို ဆင်ဖြူတော်ငယ်၏အဖို့ရာ အစာထမင်းသည် လိုအပ်သလောက် ပြည့်စုံနေလေ၏။ ဆင်ဖြူတော်ငယ်သည် လက်သမားများ တောတွင်း၌ ဖြတ်တောက် ခုတ်ရွှေအပ်ပြီးသမျှသော သစ်အဆောက်အဦအားလုံးကို တောမှ ထုတ်ဆောင်သယ်ယူခဲ့၍ ဟင်းလင်းလွင်ပြင်၌ စုပုံ၍ထားလေ၏။ ဤနည်းဖြင့်ပင် လက်သမားတို့ အပေါ်ဝယ် အခြားကျေးဇူး ဥပကာရကိုလည်း ပြုပေ၏။

(အင်္ဂုတ္တရအဋ္ဌကထာ၌ အလီနစိတ္တဇာတ်ကို ဤမျှ (အရှင်သာရိပုတ္တရာ၏ သူကျေးဇူးသိတတ်ပုံ ထင်ရှားရုံ)သာ ဖော်ပြ အပ်လေသည်။ ဇာတ်တော်ကား မဆုံးသေးချေ။ ဆက်လက်၍ အကျဉ်းချုပ် ဖော်ပြဦးအံ့)__

(အလီနစိတ္တဇာတ်တော်အဆက်)။ ။ ထိုအချိန်မှစ၍ ဆင်ဖြူတော်ကလေးသည် လက်သမားတို့၏ စကားကိုလိုက်နာ, ဆုံးမ သည်ကို ခံယူလျက် ခပ်သိမ်းသော အလုပ်ကိစ္စတို့ကို ရွက်ဆောင် ပြုလုပ် ပေးလေသည်။ လက်သမား တို့ကလည်း ဆင်ဖြူတော် ကလေးကို နေ့စဉ်နေ့စဉ် ထမင်းတလုပ်ကျစီပေး၍ မွေးမြူကြကုန်၏။ ဆင်ဖြူတော်ကလေးသည် အလုပ်ပြီးဆုံးလျှင် မြစ်သို့ဆင်း၍ ရေချိုး, ရေကြစားပြီးမှ ပြန်လာ၏။ လက်သမားတို့၏ သားငယ် များသည်လည်း ဆင်ဖြူတော်ကလေးကို နှာမောင်း-စသည်တို့၌ ဆွဲကိုင်ကြကာ ရေ၌၎င်း, ကုန်း၌၎င်း ဆင်တော်ကလေးနှင့် အတူတကွ ကစားကြကုန်၏။

(နှာ-၅၈၈)

အထူးအားဖြင့် ဆင်အာဇာနည်, မြင်းအာဇာနည်, ယောက်ျားအာဇာနည်တို့သည် ရေ၌ ကျင်ကြီး, ကျင်ငယ်ကို မစွန့်ကြကုန်၊ ထို့ကြောင့် ဆင်ဖြူတော် ကလေးသည်လည်း မြစ်အတွင်း၌ ကျင်ကြီး, ကျင်ငယ်ကို မစွန့်ပဲ မြစ်မှ လွတ်ရာ အပြင်အပ၌သာ ကျင်ကြီး ကျင်ငယ်ကို စွန့်လေသည်။

တနေ့သ၌ ဗာရာဏသီပြည်မှ အထက်မြစ်ညာ ဆင်ဖြူတော် ကလေးများနေရာ၌ မိုးသည်းစွာ ရွာသွန်းလေ၏။ ထိုအခါ ဆင်ဖြူတော်ကလေး မြစ်အပြင် အပ၌ စွန့်၍ထားသော ကျင်ကြီး ခြောက်တခုသည် မိုးကျရေဖြင့် မြစ်အတွင်းသို့ သက်ရောက်ကာ သွားလျက် ဗာရာဏသီမြို့တော် ရေဆိပ်ဝယ် တခု၌ ငြိတွယ်၍တည်လေ၏။ ထိုအခါ မင်းကြီး၏ ဆင်ထိန်းတို့သည် “ဆင်များကို ရေချိုးပေးကြကုန်အံ့” ဟု ဆင်အစီး (၅၀၀) ငါးရာတို့ကို မြစ်ဆိပ်သို့ မောင်းနှင်ခေါ်ဆောင် လာကြကုန်၏။ အာဇာနည်ဆင်ဖြူတော်ကလေး၏ ကျင်ကြီးနံ့ကို နမ်းရှုမိကြ၍ ဆင်တကောင်မျှ မြစ်တွင်းသို့ မဆင်းဝံ့ကြပဲ ဆင် အားလုံးတို့ပင် အမြီးကိုထောင်၍ ပြေးရန် အားထုတ်ကြကုန်၏၊ ဆင်ထိန်းတို့သည် ဆင်ဆေးဆရာတို့အား ထိုအကြောင်းကို ပြောကြားကြကုန်၏။ ဆင်ဆေးဆရာတို့သည် “ရေထဲ၌ တစုံတခုဘေးရန် ရှိသည် ဖြစ်လိမ့်မည်” ဟု ရေကို သုတ်သင် စေကြသည် ရှိသော် ချုံဖုတ်၌ ကပ်ငြိနေသော ဆင်အာဇာနည်၏ ကျင်ကြီးကို တွေ့မြင်ကြ၍ “ဤဆင်များ ပြေးသွားရန် အားထုတ်မှု၌ ကျင်ကြီးသည် အကြောင်းရင်းဖြစ်သည်” ဟု သိရှိကြကာ အိုးစရည်းကို ယူဆောင်စေ၍ ရေအပြည့်ထည့်ကြလျက် ထို ဆင်အာဇာနည်၏ ကျင်ကြီးကို အိုးစရည်အတွင်း၌ နယ်စေကြပြီးလျှင် ငါးရာသော ဆင်တို့၏ ကိုယ်၌ လောင်းစေကြကုန်၏၊ ဆင်များ၏ ကိုယ်သည် ရနံ့ကောင်း မွှေးကြိုင် လှိုင်၍နေကုန်၏။ ထိုအခါမှာမှ ဆင်တို့သည် မြစ်သို့ဆင်း၍ ရေချိုးကြလေကုန်၏။

(နှာ-၅၈၉)

ဆင်ဆေးဆရာတို့သည် ထို အကြောင်းကို မင်းကြီးအား ပြောကြားကြ၍ “အရှင်မင်းကြီး...ထို ဆင်အာဇာနည်ကို တွေ့အောင်ရှာ၍ ရွှေနန်းတော်အရောက် ဆောင်ယူမှ သင့်တော်မည်”ဟု လျှောက်ထားကြလေ၏။ မင်းကြီးသည် လှေအပေါင်းတို့ဖြင့် မြစ်ကို ဆန်တက်ခဲ့ရာ အထက်မြစ်ညာသို့ ဆန်သော လှေ အပေါင်းတို့ဖြင့် လက်သမားများနေရာ တောင်ခြေတောအုပ်သို့ရောက်လေ၏။ ဆင်ဖြူတော်ကလေးသည် မြစ်ဆိပ်၌ ရေကစားစဉ် စည်သံကို ကြား၍ ပြေးသွားကာ လက်သမားတို့၏ အနီး၌ ရပ်တည်လာလေ၏။ လက်သမားတို့သည် မင်းကြီးအား ခရီးဦး ကြိုဆိုကြပြီးလျှင်“အရှင်မင်းကြီး...အကယ်၍ သစ်သားတို့ကို အလိုတော်ရှိပါလျှင် အဘယ့်ကြောင့် မင်းကြီးကိုယ်တိုင် ကြွရောက်တော်မူလာရသနည်း၊ တမန်စေလွှတ်၍ ဆက်သစေခြင်း(= အဆက်အသခိုင်းရန်) မသင့်လျော်ဘူးလော့”ဟု လောကဝတ် ပျူငှါစကား လျှောက်ထားကြကုန်၏။ မင်းကြီးက “အချင်းလက်သမားတို့...ငါသည် သစ်သားတို့ကို ရယူရန်အကျိုးငှါ လာသည် မဟုတ်၊ စင်စစ်သော်ကား သင်တိုထံမှာရှိနေသည့် ဤဆင်ဖြူငယ်ကို ရယူရန်အကျိုးငှါ လာရောက်ပေသည်”ဟု မိန့်ဆိုလေလျှင် လက်သမားတို့သည်“အရှင်မင်းကြီး... ထိုသို့ဖြစ်လျှင် အလိုတော် ရှိတိုင်း ဖမ်းယူစေ၍ ကြွသွားတော်မူကြကုန်လော့”ဟု ခွင့်ပြုစကား လျှောက်ထားကြကုန်၏။

ဆင်ဖြူတော်ကလေးသည် လိုက်ပါခြင်း အလိုမရှိ =ဆင် ဆရာတို့က ဖမ်းယူဆွဲဆောင်ကြသော်လည်း ကြံ့ကြံ့ရပ်တည်၍သာ နေ၏။ ထိုအခါ မင်းကြီးက ဆင်ဆရာတို့ကို “အချင်းဆင်ဆရာတို့...ဆင်ဖြူတော်သည် အဘယ်အမှုကို ပြုစေလိုသနည်း”ဟု မေး၍ ဆင်ဆရာတို့က “အရှင်မင်းကြီး ဆင်ဖြူတော်သည် လက်သမားတို့အား ကျွေးမွေးခကို ပေးဆောင်စေလိုပါ၏”ဟု လျှောက်ထားလေလျှင် မင်းကြီးသည် “ကောင်းပြီ အချင်းတို့... ဟု ဆို၍ ဆင်ဖြူတော်၏ ခြေလေးဖက်, နှာမောင်း, အမြီး =ဤခြောက်ဌာနတို့ အနီး၌ အသပြာတသိန်းစီ တသိန်းစီကို စုပုံထားစေလေ၏။

(နှာ-၅၉၀)

ဆင်ဖြူတော်သည် ဤမျှ(ခြောက်သိန်းသော အသပြာ)ဖြင့်လည်း မလိုက်ပါပြန်လေသော် လက်သမား အားလုံးတို့အား ဝတ်စုံ တစုံစီ, လက်သမားမယားတို့အား ထဘီဝတ်စုံတစုံစီ, မိမိနှင့် ကစားဖော် သူငယ်တို့အား သူငယ်တို့အသုံးအဆောင်အစုံအလင် မင်းကြီးက ပေးစေလေသည်။ ထိုသို့ ပေးစေမှသာလျှင် ဆင်ဖြူတော်သည် လက်သမားများ, လက်သမားမိန်းမများ, ကစားဖော် သူငယ်များကို ပြန်နှစ်ကာ ကြည့်လျက် ကြည့်လျက်ပင် မင်းကြီးနှင့် အတူတကွ လိုက်ပါလေ၏။

မင်းကြီးသည် ဆင်ဖြူတော်ကို ယူဆောင်၍ မြို့သို့ ရောက်လေသော် မြို့ကို၎င်း, ဆင်တင်းကုပ်ကို၎င်း တန်းဆာဆင်စေ၍ ဆင်ဖြူတော်ကို မြို့ကို လက်ျာရစ်လှည့်လည်စေလျက် ဆင်တင်းကုပ်သို့ သွင်းပြီးလျှင် ဆင်တော်ဆိုင်ရာ အဆင်တန်းဆာအစုံတို့ဖြင့် တန်းဆာဆင်ကာ မင်္ဂလာအဘိသိက် သွန်းတော်မူပြီးလျှင် မင်းစီးဆင် ပြုလုပ်၍ မိမိ၏ အဆွေတော်အရာ၌ ထားလျက် ပြည်စည်းစိမ်တဝက်ကို ဆင်ဖြူတော်အား ပေးပြီးလျှင် မိမိနှင့် အဆောင်အယောင် အခမ်းအနားတူ ပြုမှုချီးမြှောက်တော်မူလေ၏။ ဆင်ဖြူတော် ရောက်သည့် အချိန်မှစ၍ ဗာရာဏသီမင်းကြီး၏ အဖို့ရာ ဇမ္ဗူဒိပ်ကျွန်းလုံး၌ မင်းအဖြစ်(=မင်းစည်းစိမ်)သည် လက်တော်ရောက် ရပြီးသာလျှင် ဖြစ်လေ၏။

ဤနည်းဖြင့် အချိန်ကာလ အတန်ကြာလွန်လတ်သည် ဘုရားအလောင်းတော်သည် ထို ဗာရာဏသီမင်းကြီး၏ အဂ္ဂဒေဝီ မဟေသီ မိဖုရားခေါင်ကြီးဝမ်း၌ ပဋိသန္ဓေ နေတော်မူလာ၏။ မိဖုရားကြီး၏ကိုယ်ဝန် ရင့်ကျက်သောအခါ၌ ဗာရာဏသီမင်းကြီးသည် နတ်ရွာစံလေ၏။ ဆင်ဖြူတော်သည် အကယ်၍ မင်းကြီး နတ်ရွာစံကြောင်း သိရှိလျှင် ထိုသိရာနေရာမှာပင် နှလုံးကွဲ၍ သေပွဲဝင်လေရာ၏။ ထို့ကြောင့် မှူးမတ်တို့က ဆင်ဖြူတော်ကို မင်းကြီးနတ်ရွာစံကြောင်း မသိကြစေပဲ ပြုစုလုပ်ကျွေးမြဲ လုပ်ကျွေး၍ ထားကြကုန်၏။

(နှာ-၅၉၁)

(အထူးအားဖြင့် ဗာရာဏသီမင်းကြီး နတ်ရွာစံကြောင်း ကြားသိရ၍ “ဗာရာဏသီပြည်သည် မင်းမှ ဆိတ်သုဉ်းနေသတဲ့”ဟု အခြားမဲ့ အနီးအပါး ကောသလတိုင်းရှင် (=ကောသလဘုရင်) မင်းတပါးသည် များစွာသော စစ်တပ်ကြီးဖြင့် လာရောက်၍ မြို့ကို ဝန်းရံထားလေ၏။ ဗာရာဏသီမြို့သားတို့သည် ကောသလ မင်းအထံသို့ “အကျွန်ုပ်တို့မင်းကြီး၏ မိဖုရားခေါင်ကြီးသည် ယခုအခါ ကိုယ်ဝန်အရင့်အမာဖြစ်ရှိလျက် “ယနေ့မှနောက် ခုနစ်ရက်မြောက်၌ သားတော်ကို ဖွားမြင်လိမ့်မည်”ဟု အင်္ဂဝိဇ္ဇာတတ် လက္ခဏာဖတ်ဆရာတို့က ဟောဆိုကြပါသည်။ အကယ်၍ မိဖုရားကြီးက သားတော်ကို ဖွားမြင်ခဲ့ပါလျှင် ကျွန်ုပ်တို့သည် ခုနစ်ရက် မြောက်သောနေ့၌ တိုင်းပြည်ကိုကား မပေး, စစ်ထိုးခြင်းကိုသာလျှင် ပေးကြကုန်အံ့၊ ဤမျှ (=ခုနစ်ရက်ကြာ) ကာလပတ်လုံး စောင့်ဆိုင်းကုန်လော့”ဟု သတင်းစကား သဝဏ်လွှာ ပို့သကြကုန်၏။ ကောသလမင်းသည် “ကောင်းပြီ” ဟု သဘောတူ လက်ခံလေ၏။

မိဖုရားကြီးသည် ခုနစ်ရက်မြောက် ရောက်သောနေ့၌ သားတော်ကို မီးရှူးသန့်စင် ဖွားမြင်လေ၏။ ထိုမင်းသား၏ အမည် မှည့်သောနေ့၌ တိုင်းသားပြည်သူ လူအပေါင်း၏မဆုတ်နစ်သော စိတ်ကို ချီးမြှောက်လျက် ဖွားမြောက် သန့်စင်လာသောကြောင့် “အလီနစိတ္တမင်းသား”ဟူ၍ မင်းသား၏အမည်ကို မှည့်ခေါ်ကြလေကုန်၏၊ (အလီနစိတ္တ =မဆုတ်နစ်သောစိတ်ကို ဖြစ်တတ်သော မင်းသားဟု ဆိုလိုသည်)။

အထူးအားဖြင့် မင်းသားဖွားမြင်သောနေ့မှ စ၍ ဗာရာဏသီ မြို့သားတို့သည် ကောသလမင်းနှင့် ပြိုင်ဆိုင် စစ်ထိုးကြလေကုန်၏၊ သို့ပါသော်လည်း စစ်မြေဦးစီး ဘုရင်မင်းတရား မရှိသောကြောင့် စစ်သည်ဗိုလ်ပါ များလှစွာသော်လည်း စစ်ထိုးရင်း ထိုး ရင်းပင် အနည်းငယ် အနည်းငယ် စိတ်ဓာတ်ကျဆင်း ဆုတ်နစ်၍ လာလေ၏။ အမတ်တို့သည် ထိုအကြောင်းကို မိဖုရားကြီးအား ပြောကြားကြ၍“အရှင်မိဖုရား... အကျွန်ုပ်တို့သည် ဤနည်းအတိုင်း

(နှာ-၅၉၂)

ယာစစ်သည်ဗိုလ်ပါများ စိတ်ဓာတ်ကျဆင်း ဆုတ်နှစ်နေလျှင် စစ်ရှုံးမည်မှ ကြောက်လန့်ကြရပါသည်။ အထူးလျှောက်ထားလိုပါသည်မှာ- အကျွန်ုပ်တို့မင်းကြီး နတ်ရွာစံကျောင်း သားတော် ဖွားမြင်ကြောင်း ကောသလမင်းလာရောက်၍ အကျွန်ုပ်တို့၏ ပြည်ကို စစ်ထိုးနေကြောင်း = ဤအကြောင်းများကို မင်းကြီး၏ အဆွေ မင်္ဂလာဆင်ဖြူတော် မသိရှိသေးပါ။ ထိုအကြောင်းများကို မင်္ဂလာဆင်ဖြုတော်ကို သိစေကြကုန်စို့လား”ဟု မေးမြန်းတိုင်ပင် စကား ပြောကြားကြကုန်၏။ မိဖုရားကြီးသည် “ကောင်းပြီ”ဟု ဝန်ခံ၍ သားတော်ကို တန်းဆာဆင်ပြီးလျှင် ဘွဲ့ဖြူခင်းနှီး၌ လဲလျောင်းစေကာ ပြာသာဒ်မှဆင်း၍ အမတ်ပေါင်း ခြံရံအပ်လျက် ဆင်တင်းကုပ်သို့ သွားရောက်ပြီးလျှင် ဘုရားအလောင်းတော် မင်းသားကို ဆင်ဖြူတော်၏ ခြေရင်း၌ သိပ်ထား၍ “အို အရှင်ဆင်ဖြူတော်မင်း...အရှင်မင်း၏ သူငယ်ချင်းကား နတ်ရွာစံလေပြီ။ အကျွန်ုပ်တို့သည် အရှင်ဆင်မင်း နှလုံးကွဲ၍ သေပွဲဝင်မည့်ဘေးမှ ကြောက်သဖြင့် မလျှောက်ထားခဲ့ကြပါကုန်၊ ဤမင်းသားကား အရှင်ဆင်မင်းသူငယ်ချင်း၏ သားတော်ဖြစ်ပါသည်။ ယခုအခါ ကောသလမင်း လာရောက်၍ မြို့ကိုဝန်းရံပြီးလျှင် အရှင်ဆင်မင်း ၏သားတော်နှင့် စစ်ထိုးလျက် ရှိပါသည်၊ “ဗိုလ်ပါများလည်း စိတ်ဓာတ်ကျဆင်း ဆုတ်နစ်လျက်ရှိနေကြပါသည်။ အရှင်ဆင်မင်း ဤ သားတော်ကို အရှင်ဆင်မင်းပင်လျှင် သတ်လိုမူလည်းသတ်လော့၊၊ သို့မဟုတ် ထိုမင်းသားအား မင်းအဖြစ်ကို အရှင်ဆင်မင်းပင် ယူ၍ ပေးလိုမူလည်း ပေးလော့”ဟု မိဖုရားကြီးက ပြောဆို လေ၏။

ထိုအခါ ဆင်ဖြူတော်သည် ဘုရားအလောင်း (=အလီနစိတ္တ မင်းသားငယ်)ကို နှာမောင်းဖြင့် သုံးသပ် ပွေ့ပိုက်မြှောက်ချီ၍ ဦးကင်း၌ထားကာ သည်းစွာငိုကြွေးလျက် ဘုရားအလောင်းကို ဦးကင်းမှတဖန် ပြန်၍ချပြီးလျှင် မိဖုရားကြီး၏ လက်၌ သိပ်ထားစေပြီးမှ “ကောသလမင်းကို အရှင်လတ်လတ်ငါဖမ်းယူအံ့” ဟု ကြိုးဝါးလျက် ဆင်တင်းကုပ်မှ ထွက်လေ၏။ ထိုအခါ အမတ်တို့

(နှာ-၅၉၃)

သည် ဆင်ဖြူတော်အား ချပ်ဝတ်တန်းများ ဝတ်ဆင်ပေးကြ၍ မြို့တံခါးကို ဖွင့်ကြကာ ဆင်ဖြူတော်ကို ဝန်းရံကုန်လျက် မြို့မှ ထွက်ကြလေကုန်၏။ ဆင်ဖြူတော်သည် မြို့မှထွက်ပြီးလျှင် ကြိုးကြာ သံကိုဟစ်လျက် လူအပေါင်းကို ထိတ်လန့်ပြေးသွား ဖယ်ရှားစေ၍ ရန်သူမင်း၏ ဗိုလ်ပါရဲမက် အစုကို ဖောက်ထွင်းပြီးနောက် ရန်သူကောသလမင်းကို ဦးသျှောင် ဆွဲယူ ဖမ်းဆောင်ခဲ့၍ ဘုရားအလောင်းတော် အလီနစိတ္တမင်းသားငယ်၏ ခြေရင်း၌ လဲလျောင်းစေ၍ ထိုမင်းကို သတ်ရန် ထကြွလှုပ်ရှားသော မိမိတို့ဖက် ရဲမက်များကို ဟန့်တားပြီးလျှင် “အသင်ကောသလမင်းသည် ဤအခါမှစ၍ မမေ့မလျော့သူ ဖြစ်လေလော့၊ ‘မင်းသား ကလေး ငယ်သော’ ဟု အမှတ်မပြုလင့်” ဟူ၍ သတိပေးစကား ပြောကြားဆုံးမ၍ လွှတ်လိုက်လေ၏။

ထို အချိန်မှ စ၍ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းစည်းစိမ်သည် အလောင်းတော် အလီနစိတ္တမင်းသား၏လက်သို့ ရောက်ပြီးသည်သာလျှင် ဖြစ်တော့၏။ အခြားရန်သူ တဦးတယောက် ထကြွဝံ့သောမည်သည် မရှိဖြစ်လေ၏။ ဘုရားအလောင်းသည် အသက်တော် ခုနစ်နှစ်ရှိသောအခါ၌ ရာဇအဘိသိက်သွန်းခံ၍ အလီနစိတ္တမည်သောမင်းဖြစ်လျက် တရားသဖြင့် မင်းပြုပြီးလျှင် အသက်အဆုံး၌ နတ်ပြည်သို့ လားရောက်တော်မူလေ၏။

(ဤ အလီနစိတ္တဇာတ်တော်အရင်းကို မူလပဌမ လုံ့လဝီရိယ လျော့ချသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။ နောက်အခါ အရှင်ရာဓမထေရ်ဝတ္ထု ဖြစ်ပေါ်လာသောအချိန်၌ အရှင်သာရိပုတ္တရာမထေရ်၏ ကတညူ, ကတဝေဒီတာဂုဏ် ထင်ရှားစေရန် ဖခင်ဆင်ပြောင်ကြီးက သားငယ်ဆင်ဖြူတော်ကလေးကို လက်သမားတို့အား ပေးအပ်သောအခဏ်းတိုင်အောင် ဟောကြားတော်မူပြန်၏ဟု အထူးမှတ်ယူရာ၏)။

မြတ်စွာဘုရားရှင်သည် ဤ အတိတ်ဇာတ် အဋ္ဌုပ္ပတ်ကို ထုတ်ဆောင်ဟောကြားတော်မူ၍ ယခု ဘုရားဖြစ်တော်မူသောအခါ ဤဆိုလတ္တံ့သော ၂-ဂါထာတို့ကို ဟောကြားတော်မူလေ၏

(နှာ-၅၉၄)

(၁) အလီနစိတ္တံ နိဿာယ၊ ပဟဋ္ဌာ မဟတီ စမူ။
ကောသလံ သေနာသန္တုဋ္ဌံ၊ ဇီဝဂ္ဂါဟံ အဂါဟယိ။

ဘိက္ခဝေ=ရဟန်းတော်များ အိုချစ်သားတို့... ။အလီနစိတ္တံ = အလီနစိတ္တ အမည်ရသည့် ဘုရားအလျာ သူမြတ်ငါကို။ နိဿာယ = အားထားသမှု အမှီပြု၍။ ပဟဋ္ဌာ= နှစ်လိုအားရမ်း ဝမ်းမြောက်သော။ မဟတီ စမူ = ဗာရာဏသီဘက်သား ကြီးမားသောစစ်တပ်ကြီးသည်။ သေန= မိမိပိုင်စံ တိုင်းနိုင်ငံဖြင့်။ အသန္တုဋ္ဌံ =လောဘထန်ကဲ မရောင့်ရဲသော။ ကောသလံ=ကောသလတိုင်းရှင် ရန်သူ ဘုရင်မင်းကို။ ဇီဝဂ္ဂါဟံ = ဆင်ဖြူတော်ဝင် သူစွမ်းအင်ဖြင့် အရှင်ဖမ်းယူခြင်းကို အဂါဟယိ = အခွင့်ပိုင်ပိုင် ဖမ်းယူနိုင်ခဲ့လေပြီ။

(၂) ဧဝံ နိဿယသမ္ပန္နော၊ ဘိက္ခု အာရဒ္ဓဝီရိယော။
ဘာဝယံ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။
ပါပုဏေ အနုပုဗ္ဗေန၊ သဗ္ဗသံယောဇနက္ခယံ။

ဧဝံ = ဤအတူ။ နိဿယသမ္ပန္နော = ဘုရားမြတ်စွာ အရိယာသာဝကတည်းဟူသော ကလျာဏ မိတ္တကုံလုံ မှီရာနှင့်ပြည့်စုံသော။ အာရဒ္ဓဝီရိယော = ဖန်ဖန်ပွါးလစ် အားသစ်အပ်သောလုံ့လ ဝီရိယရှိသော။ ဘိက္ခု=သံသရာ ဘေး ခန္ဓာရေးကို ထောက်တွေးသိမြင် ပညာရှင်သည်။ ယောဂက္ခေမဿ = ယောဂလေးတန် ကုန်ရာမှန်သမား နိဗ္ဗာန်ကြငှန်း ဘေးမနန်းသို့။ ပတ္တိယာ = လျင်မြန်ထုတ်ချောက် ရောက်စိမ့်သောငှါ။ ကုသလံ ဓမ္မံ = အပြစ်မဲ့ငြား ဗောဓိဗက္ခိယ တရားကို။ ဘာဝယံ = ဘာဝယန္တော= သမ္မပ္ပဓာန်လေးပါး လုံ့လအားဖြင့် ပွါးများလတ်သည် ရှိသော်။ သဗ္ဗသံယောဇနက္ခယံ = သံယောဇန်ဆယ်သင်း အကုသိုလ်ခပင်းတို့၏ အကြွင်းမဲ့ကုန်ဆုံးရာ အရဟတ္တဖိုလ်သို့။ အနုပုဗ္ဗေန = မဂ်ဉာဏ်လေးပါး အစဉ်အားဖြင့် 

 (နှာ-၅၉၅)

ပါပုဏေ = ပါပုဏေယျ = ရည်ရွယ်သလောက် ခရီးပေါက်၍ ဆိုက်ရောက်လေရာ၏။

ဤသို့လျှင် မြတ်စွာဘုရားသည် အမြိုက်နိဗ္ဗာန်ဖြင့် တရားဒေသနာ၏ အထွတ်ကို တပ်ဆင်ကာ ထို၏အထက် တဖန်ဆက်၍ သစ္စာလေးပါး တရားကိုပြတော်မူ၍ ဇာတ်တော်ကို ပေါင်းတော်မူလေ၏။ သစ္စာလေးပါး တရားကိုဟောပြသည်၏အဆုံး၌ လုံ့လ ဝီရိယ လျော့ချသောရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။ ထိုအခါ မယ်တော်သည် ယခုအခါ မဟာမာယာမိဖုရား, ထိုအခါ ခမည်းတော်သည် ယခုအခါ သုဒ္ဓေါဒန မင်းတရားကြီး ဖြစ်၍ လာ၏။ ထိုအခါ မင်းစည်းစိမ်ကို အရယူ၍ပေးသောဆင်ဖြူတော်သည် ယခုအခါ လုံ့လဝီရိယ လျှော့ချသောရဟန်း, ဖခင်ဆင်ပြောင်ကြီးသည် ယခုအခါ အရှင်သာရိပုတ္တရာမထေရ်, ပြည်နီး ဖြစ်သော ကောသလမင်းသည် ယခုအခါ အရှင်မဟာမောဂ္ဂလာန် ဖြစ်၍ ထိုစဉ်အခါ အလီနစိတ္တမင်းသားသည် ယခုအခါ ဘုရားဖြစ်လာ၏-ဟု ဇာတ်တော်ကို ပေါင်းတော်မူလေ၏။ ။ ဤကား ဒုကနိပါတ်လာ အလီနစိတ္တဇာတ်တည်း။

မြတ်စွာဘုရားရှင်သည် ဤအလီနစိတ္တဇာတ်တော်ကို ထုတ်ဆောင်ဟောပြ၍ ရှေးအခါကလည်း အရှင်သာရိပုတ္တရာမထေရ်မြတ်၏ သူ့ကျေးဇူးသိတတ်သည်၏အဖြစ်ကို ပြတော်မူ၏။ ထို့ပြင် အရှင်ရာဓမထေရ်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်သည် သံယုတ္တနိကာယ် ခန္ဓဝဂ္ဂသံယုဂ်၌ ဝဂ်ပေါင်း ၄-၀ဂ်, သုတ်ပေါင်း ၄၆-သုတ်တို့ဖြင့် တန်းဆာဆင်အပ်သော (၂) ရာဓသံယုတ်ကို ဟောတော်မူအပ်လေသည်။

ထို့ပြင်လည်း အရှင်သာရိပုတ္တရာမထေရ်မြတ်က အရဟတ္တဖိုလ်သို့ ရောက်ပြီးသော အရှင်ရာဓမထေရ်ကို ခေါ်ဆောင်၍ မြတ်စွာဘုရားထံတော်မှောက်သို့ လာရောက်ရှိခိုး ထိုင်နေသောအခါ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာမထေရ်ကို “ချစ်သားသာရိပုတ္တရာ...သင်၏ အန္တဝါသိက = အနီးနေ တပည့်ဖြစ်သူ ရာဓ

(နှာ-၅၉၆)

ရဟန်းသည် ဆုံးမလွယ်သူဖြစ်၏လော”ဟု မေးတော်မူသဖြင့် အရှင်သာရိပုတ္တရာမထေရ်က “မြတ်စွာဘုရား...ရာဓ ရဟန်းသည် အလွန်ပင် ဆုံးမလွယ်သူဖြစ်ပါ၏။ တစုံတရာအပြစ်ကို ပြောဆို အပ်လျှင် အမျက်ထွက်ဘူးသည်ဟူ၍မရှိပါ” ဟုပြန်ကြားလျှောက်ထားသောအခါ မြတ်စွာဘုရားရှင်က “ချစ်သားသာရိပုတ္တရာ... ဤသိုဆုံးမလွယ်သော တပည့်များကိုရလျှင် သင်ချစ်သားသည် အဘယ်မျှ(ဘယ်နှစ်ဦးလောက်)ရယူလိုသနည်း”ဟု မေးတော်မူ၏။ အရှင်သာရိပုတ္တရာ မထေရ်ကလည်း “မြတ်စွာဘုရား ဤရာဓရဟန်းကဲ့သို့ ဆုံးမလွယ်သော တပည့်တို့ကို ရပါမူ တပည့်တော်သည် များစွာသောတပည့်တို့ကိုလည်း ရယူလိုပါ၏”ဟု ပြန်ကြားလျှောက်ထားလေ၏။

ထို့နောက် ရဟန်းတို့က အရှင်သာရိပုတ္တရာ၏ ကတညုတာ ကတဝေဒိတာ ဂုဏ်ကျေးဇူးကို ချီးမွမ်း ပြောဆိုကြသောအခါ မြတ်စွာဘုရားရှင်သည် ဖော်ပြရာပါ အလီနစိတ္တဇာတ်ကိုဟော၍ အဟိတ်တိရစ္ဆာန် ဘဝ၌ပင်သော်လည်း အရှင်သာရိပုတ္တရာ၏ သူ့ကျေးဇူးသိတတ်ပုံကို ထင်ရှားစေတော်မူပြီးနောက် အရှင်ရာဓ မထေရ်ကို အကြောင်းပြု၍ “ရဟန်းတို့...ရဟန်းဖြစ်သောသူမည်သည် ဤရာဓရဟန်းကဲ့သို့ ဆိုဆုံးမလွယ်သူ ဖြစ်သင့်၏၊ အပြစ်ကို ပြ၍ ဆရာသမားတို့က ဆိုဆုံးမအပ်လျှင် အမျက်မထွက်ရာ၊ အဆုံးအမ သြဝါဒပေးသောဆရာကို ရွှေအိုး, ငွေအိုးကို ညွှန်ပြသောသူကဲ့သို့ မှတ်ယူရမည်ဟု မိန့်တော်မူ၍ စကားအနုသန္ဓေ ဆက်စပ်ကာ တရားဒေသနာကို ဟောတော်မူလိုသည်ဖြစ်၍ ဓမ္မပဒဝယ် ဤဂါထာကို မိန့်ဆိုဟောကြားတော်မူလေ၏

နိဓိနံဝ ပဝတ္တာရံ၊ ယံ ပဿေ ဝဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။

(နှာ-၅၉၇)

ဘိက္ခဝေ= ရဟန်းတော်များ အိုချစ်သားတို့...။ နိဓိနံ = ရတနာမျိုး ရတနာအိုးကို။ ပဝတ္တာရံ ဝိယ = အကျိုး လိုလား ညွှန်ကြားပြောဆိုသောသူကိုကဲ့သို့။ ဝဇ္ဇဒဿိနံ= မိမိအပေါ် အကျိုးကို မျှော်၍ မလျော်သည့် အပြစ်ကို စိစစ်ရှုကြည့်လေ့ရှိသော။ ယံ = အကြင်ဆရာသခင် ပညာ့ရှင်ကို။ ပဿ=ပဿေယျ=ရှေးကုသိုလ်ကံ စီမံထောက်မ တွေ့ကြုံရငြားအံ့။ နိဂ္ဂယှဝါဒိံ = အပြစ်အလျောက် ခြိမ်းခြောက်နှိပ်ကွပ်၍ ပြောဆိုဆုံးမလေ့ရှိသော။ မေဓာဝိံ= တရားခပင်း ထိုးထွင်းမြင်သိ ဓမ္မာဇပညာလည်း ရှိပေထသော။ တာဒိသံ ပဏ္ဍိတံ=ထိုသိုရှုအပ် မြတ်သောပညာ့ရှင် ဆရာသခင်ကို။ ဘဇေ = ဘဇေယျ =နေ့ညဉ့်မကွာ ဆည်းကပ်ရာ၏။ တာဒိသံ = ထိုသို့ရှုအပ် မြတ်သောပညာရှင် ဆရာသခင်ကို။ ဘဇမာနဿ= နေ့ညဉ့်မလပ် ဆည်း ကပ်သောသူ၏ (အဖို့ရာ)။ သေယျော = အထူးသဖြင့် ချီးမွမ်းအပ်လျှင်း ကြီးပွါးခြင်းသည်သာ။ ဟောတိ = ဖြစ်၏။ ပါပိယော = ယုတ်ညံ့ဘိလျှင်း ဆုတ်ယုတ်ခြင်းသည်။ န ဟောတိ = မဖြစ်။

ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့ သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်ကြလေသည်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၄၆-မှ)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

နောက်တချိန်၌ မြတ်စွာဘုရားသည် မထေရ်မြတ်တို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး = ဌာနန္တရ၌ ထားတော်မူသည် ရှိသော် အရှင်ရာဓမထေရ်ကို__

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပဋိဘာနေယျကာနံ ယဒိဒံ ရာဓော=ရဟန်းတို့...ငါဘုရား တရား ဟောဆိုကြောင်း = ဓမ္မဒေသနာ ဉာဏ်ပညာပဋိဘာန်ကို

(နှာ-၅၉၈)

ဖြစ်စေတတ်ကြသော ဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ရာဓရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်၏” ဟု ချီးကျူးမိန့်မြွက်တော်မူကာ “ပဋိဘာနေယျက=မြတ်စွာဘုရား၏ တရားဟောကြောင်း = ဓမ္မဒေသနာ ဉာဏ်ပညာပဋိဘာန်ကို ဖြစ်စေသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤအရာ၌။ ။အရှင်ရာမထေရ်၏ အသိအမြင်ဉာဏ်ဖြစ်ပုံ, တရားတော်၌ သက်ဝင်ယုံကြည်မှုသဒ္ဓါတရား ကြီးမားပုံတို့ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်၏ သန္တာန်တော်ဝယ် အသစ်အသစ်ဖြစ်သော တရားဟောဆိုကြောင်း=ဓမ္မဒေသနာ အသိဉာဏ်ပညာတို့ တိုး၍ တိုး၍ ဖြစ်ပွါးလာလေသည်။ (ဤအချက်ကို ရာဓသံယုတ် ပဌမဝဂ် နောက် ၆-သုတ်နှင့်၎င်းရာဓသံယုတ် စတုတ္ထဝဂ်တခုလုံးကို ရှု၍ သိမှတ်ရာ၏။ သိမ်မွေ့စွာ့)၊ ထိုကြောင့် အရှင်ရာဓမထေရ်သည် ပဋိဘာနေယျက= မြတ်စွာဘုရား၏ ဓမ္မဒေသနာ ဉာဏ်ပညာပဋိဘာန်ကို ဖြစ်စေသောအရာဝယ် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်လာလေသည်။ ပဋိဘာနံ ဇနေန္တီတိ ပဋိဘာနေယျကာ။ ယေ=အကြင်သာဝကတို့သည်။ ပဋိဘာနံ=မြတ်ဘုရား၏ တရားဟောကြကြောင်း=ဓမ္မဒေသနာဉာဏ်ပညာ ပဋိဘာန်ကို ဇနေန္တိ=ဖြစ်စေတတ်ကုန်၏။ ဣတိတသ္မာ=ထို့ကြောင့်။ တေ=ထိုသာဝကတို့သည်။ ပဋိဘာနေယျကာ=ပဋိဘာနေယျက မည်ကုန်၏။ ပဋိဘာနေယျကာ=မြတ်စွာဘုရား၏ ဓမ္မဒေသနာ ဉာဏ်ပညာ ပဋိဘာန်ကို ဖြစ်စေတတ်သော သာဝကတို့။ ဤသို့ ဝိဂြိုဟ်ပြုရာ၏)။

ဤကား အရှင်ရာဓမထေရ် အကြောင်းတည်း။

_______

(၄၁) အရှင်မောဃရာဇမထေရ်အကြောင်း

(ဤ အရှင်မောသရာဇမထေရ်၏ အကြောင်းအရာကို အင်္ဂုတ္တရအဋ္ဌကထာ, သုတ္တနိပါတ်အဋ္ဌကထာ ပါရာယနဝဂ်အဖွင့်တို့မှ ထုတ်နုတ် ရေးသား ဖော်ပေအံ့)__

(က) မထေရ်၏ ရှေးဆုတောင်း

ဤ အရှင်မောဃရာဇမထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာ

(နှာ-၅၉၉)

ဝတီ မင်းနေပြည်၌ အမျိုးကောင်းသားဖြစ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားစကားကို နာကြားစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို အဝတ်အထည်, ချည်, ဆိုးရည်အားဖြင့် သုံးပါးစုံ ခေါင်းပါး ဖျင်းညံ့သည့် ပံသုကူသင်္ကန်းကို ဆင်မြန်းဝတ်ရုံ ဆောင်ယူကြသောရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုလူခစီဝရဓာရီဧတဒဂ် (= ခေါင်းပါးဖျင်းညံ့သည့် ပံသုကူသင်္ကန်းကို ဆင်မြန်းဝတ်ရုံသော အရာဝယ် အသာဆုံး အမြတ်ဆုံး) ရာထူးကို ဆုတောင်း ပတ္ထနာမှု ပြုခဲ့လေသည်။ ပဒုမုတ္တရမြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

ကဋ္ဌဝါဟနမင်း၏ အမတ်ကြီးဘဝ

အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် ကဿပမြတ်စွာဘုရား ပွင့်ထွန်းတော်မူသည်မှ ရှေးကာလကပင် ကဋ္ဌဝါဟနမြို့ဝယ် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကဋ္ဌဝါဟနမင်းကို ဆည်းကပ်ခစားလျက် အမတ်ကြီးရာထူးကို ရရှိလေ၏။

ကဋ္ဌဝါဟနမင်း၏ အကြောင်းအရာ အကျယ်ကား (သုတ္တနိပါတ၊ဋ္ဌ၂-မှ) လွန်လေပြီးသောအခါ (ကဿပမြတ်စွာ ပွင့်ထွန်းတော်မမူမီ) ဗာရာဏသီပြည်သား လက်သမား ဆရာကြီးသည် မိမိ၏ဆရာ့ဥစ္စာ လက်သမားပညာ၌ နှစ်ယောက်မြောက် သူမရှိ တတ်သိလိမ္မာသူ ဖြစ်၏။ ထိုဆရာကြီးမှာ တပည့်ကြီး (၁၆) တဆယ့်ခြောက်ယောက် ရှိ၍ တပည့်ကြီး တယောက် တယောက်မှာ လက်စောင်အနီးနေ တပည့်ပေါင်း (၁၀၀၀) တထောင်စီ ရှိကြလေသည်။ ဤသို့လျှင် (၁၆၀၁၇) တသောင်းခြောက်ထောင်တကျိပ်ခုနစ်ဦးသော ဆရာတပည့် အားလုံးတို့သည် ဗာရာဏသီပြည်ကို အမှီပြု၍ အသက်မွေးမှု ပြုလုပ်နေထိုင်

(နှာ-၆၀၀)

ကြပုံမှာ-သစ်တောတောင်အနီးသို့ သွားရောက်ကြ၍ သစ်များကို ခုတ်လှည်း ခွဲစိတ်ကြကာ ထိုတောအရပ်မှာပင် အမျိုးမျိုးသော ပြာသာဒ်နန်းအိမ်ဆိုင်ရာ သစ်ဘဏ္ဍာပရိဘောဂတို့ကို ပြုလုပ်ပြီး ပြေစေကြ၍ ဖောင်ကြီးဖွဲ့ကာ တင်ဆောင်ခဲ့ကြလျက် ဂင်္ဂါမြစ်အတိုင်း ဗာရာဏသီပြည်သို့ ဆောင်ခဲ့ကြပြီးလျှင် အကယ်၍ ဗာရာဏသီမင်းက အလိုရှိလျှင် မင်းအား ဘုံတဆင့် (တထပ်) ရှိသော ပြာသာဒ်ကို၎င်း (ပ)ဘုံခုနစ်ဆင့် (ခုနစ်ထပ်) ရှိသော ပြသာဒ်ကို၎င်းတပ်ဆင်ဆောက်လုပ်၍ပေးကြကုန်၏။ အကယ်၍ ဗာရာဏသီမင်းက အလိုမရှိလျှင် အခြားသူများအားလည်း ရောင်း၍ သား, မယားကျွေးမွေးမှုပြု၍ နေကြကုန်၏။

ဆရာကြီး ဂဠုန်ရုပ်စက်ယာဉ်ပျံ တည်ဆောက်ခြင်း

ထို့နောက် တနေ့သ၌ လက်သမားဆရာကြီးသည် “အမြဲတစေ လက်သမားဗိသုကာအလုပ်ဖြင့် အသက်မွေးမှု ပြုလုပ်ရန် မတတ်နိုင်ချေ။ မှန်ပေ၏—အသက်အရွယ် ကြီးရင့် အိုမင်းသောအခါ၌ ဤလက်သမားအမှုကို ပြုလုပ်ရန် ခဲယဉ်းလှ၏”ဟု ကြံစည်စဉ်းစား မိ၍ မိမိ၏ တပည့်များကို “အမောင်တို့... ရေသဖန်းသားအစရှိသည့် အနှစ်မဲ့ငြား ပေါ့ပါးသောသစ်သားတို့ကို ဆောင်ခဲ့ကြလော့” ဟု ပြောဆိုလေ၏။ တပည့်တို့ကလည်း “ကောင်းပါပြီ” ဟု ဝန်ခံကြကာ ပေါ့ပါးသစ်သားတို့ကို ဆောင်ယူခဲ့ကြလေကုန်၏။ ဆရာကြီးသည် ထိုသစ်သားတို့ဖြင့် ဂဠုန်ရုပ်ကြီးပြုလုပ်ကာ ထိုဂဠုန်ရုပ်၏အတွင်းသို့ ဝင်ရောက်ကာ ယန္တရားစက်တို့ကို တပ်ဆင်လေ၏။ ဂဠုန်ရုပ်စက်ယာဉ်ပျံကြီး ပြီးသောအခါ ဆရာကြီးသည် စက်ကိုနှိုး၍ ထိုဂဠုန်ရုပ်စက်ယာဉ်ပျံကို စီးလျက် တပည့်များအလုပ်လုပ်နေသည့်တောအရပ်သို့ သွားလေ၏။ ဂဠုန်ရုပ် စက်ယာဉ်ပျံကြီးသည် အသက်ရှင်သော ဂဠုန်မင်းပမာ ဧကောင်းကင်သို့ ပျံတက်၍ တောအထက်က သွားပြီးလျှင် တပည့်တို့၏ ရှေ့၌ သက်ဆင်းကျရောက်လေ၏။

(နှာ-၆၀၁)

ထိုအခါ ဆရာကြီးသည် တပည့်များကို “အမောင်တို့...ငါတို့သည် ဤသို့သော ဂဠုန်ရုပ် စက်ယာဉ်ပျံများကို ပြုလုပ်တည်ဆောက်ကြကာ ဇမ္ဗူဒိပ်တကျွန်းလုံး၌ မင်းအဖြစ်ကို ရယူနိုင်ကြကုန်၏၊ အမောင်တို့...အမောင်တို့လည်း ဤဂဠုန်ရုပ်စက်ယာဉ်ပျံများကို ပြုလုပ်တည်ဆောက်ကြကုန်လော့၊ မင်းအဖြစ်ကို ရယူ၍ အသက်ရှင်ကြကုန်စို့၊ လက်သမားအတတ်ဖြင့် အသက်မွေးရခြင်းသည် ဆင်းရဲ၏”ဟုအကြံပေးတိုက်တွန်းစကား ပြောကြားလေ၏။ တပည့်တို့သည် ဆရာကြီး ညွှန်ကြားပြောဆိုပြသသည့်အတိုင်း ဂဠုန်ရုပ်စက်ယာဉ်ပျံတို့ကို ပြုလုပ်တည်ဆောက်ကြပြီးလျှင် ဆရာကြီးအား ထိုအကြောင်းကိုပြောကြားသိစေကြကုန်၏။ ထိုနောက်မှ ဆရာကြီးက တပည့်များကို “အမောင်တို့...အဘယ်ပြည်ကို ငါတို့ သိမ်းယူကြမည်နည်း”ဟု မေးမြန်း တိုင်ပင်လေလျှင် တပည့်များသည် တညီတညွတ်တည်း “ဆရာကြီး...ဗာရာဏသီပြည်ကို သိမ်းယူကြကုန်စို့”ဟု ပြန်ကြားပြောဆိုကြလေ၏။ ထိုအခါ ဆရာကြီးက “အမောင်တို့...မသင့်လျော်ဘူး, ဤသို့ဗာရာဏသီပြည်ကို သိမ်းယူ ရန်အကြံကို မနှစ်သက်ကြလင့်၊ မှန်၏-ငါတို့သည် ထိုဗာရာဏသီပြည်ကို သိမ်းယူကြလျှင်လည်း လက်သမားမင်း, လက်သမားအိမ်ရှေ့မင်း, လက်သမားမင်းသား, လက်သမားမင်းအမတ်, ဤသို့ စသည်ဖြင့် လက်သမားဟု ပြောဆိုခေါ်ဝေါ်ခြင်းမှ လွတ်မြောက်ကြလိမ့်မည် မဟုတ်ချေ။ ဇမ္ဗူဒီပါကျွန်းကား ကျယ်ဝန်းလှစွာ၏။ ငါတို့သည် အခြားအရပ်သို့ သွားကြကုန်စို့” ဟု အကြံပေးစကား ပြောကြားလေလျှင် အားလုံးပင် သဘောတူညီကြလေကုန်၏။

ကဋ္ဌဝါဟနမင်းကြီး ဖြစ်လာခြင်း

ထို့နောင်မှ ဆရာတပည့်ပေါင်း တသောင်းခြောက်ထောင် တကျိပ်ခုနှစ်ဦးတို့သည် သားမယားတို့နှင့် အတူတကွ ဂဠုန်ရုပ် စက်ယာဉ်ပျံအသီးသီး စီးနင်းကြ၍ လက်နက်များကို အသင့်ပြင်ဆင် စွဲကိုင်ပြီးဖြစ်ကြလျက် ဟိမဝန္တာသို့ရှေးရှူ စက်ယာဉ်ပျံတို့ကို မောင်းနှင်သွားကြပြီးလျှင် ဟိမဝန္တာ၏အနီးမြို့တမြို့သို့ ဝင်ရောက်ကြ၍ မင်း၏နန်းတော်၌ပင် စုရုံးရပ်တည်ကြလေကုန်၏။ ထိုဆရာ

(နှာ-၆၀၂)

တပည့်တို့သည် ထိုမြို့၌ မင်းအဖြစ်ကို သိမ်းယူကြ၍ လက်သမား ဆရာကြီးကို ရာဇအဘိသိက်သွန်းဖျန်းကာ မင်းမြှောက်ကြကုန်၏။ ထိုမင်းသည် သစ်သားဖြင့်ပြုလုပ်အပ်သည့် ဂဠုန်ရုပ်စက်ယာဉ်ပျံ၏ အရှင်ဖြစ်သောကြောင့် “ကဋ္ဌဝါဟနမင်း” ဟူ၍ ထင်ရှားလေ၏။ ထိုကဋ္ဌဝါဟနမင်း သိမ်းပိုက်စိုးမိုးအပ်သောကြောင့် ထိုပြည် ထိုမြို့သည်လည်း ကဋ္ဌဝါဟနပြည်, ကဋ္ဌဝါဟနမြို့ဟူ၍ အမည်တွင်လေသည်။ ကဋ္ဌဝါဟနမင်းကြီးသည်၎င်း, အိမ်ရှေ့မင်းသားသည်၎င်း, အမတ်ကြီးရာထူး၌ တင်ထားအပ်သည့် တပည့်ကြီး (၁၆) တကျိပ် ခြောက်ယောက်တို့သည်၎င်း တရားကို လိုက်နာကျင့်သုံးကြသည့် ဓမ္မိကမင်း ဓမ္မိကအမတ်တို့သာ ဖြစ်ကြလေကုန်၏။ ထိုကဋ္ဌဝါဟန တတိုင်းလုံးသည် မင်းကြီးက သင်္ဂဟဝတ္ထု လေးပါးတို့ဖြင့် ချီးမြှောက်စောင့်ရှောက်အပ်ရကား အလွန်ပင် ပြည့်လည်းပြည့်စုံ လည်းဝပြော ဘေးဥပဒ္ဒဝေါလည်းကင်းရှင်းပေ၏။ မြို့သူမြို့သား ဇနပုဒ် = တိုက်နယ်သူ တိုက်နယ်သားတို့သည် “ငါတို့သည် မင်းကောင်းမင်းမြတ်ကို ရအပ်လေပြီ၊ အလွန်ကောင်းမြတ်သည့် မင်းပရိသတ်ကို ရအပ်လေပြီ”ဟု ဝမ်းမြောက်စကား ပြောကြားကြလျက် မင်းကြီးကို၎င်း, မင်းပရိသတ် မှူးမတ်ဗိုလ်ပါကို၎င်း အလွန်လျှင် အားကိုး မြတ်နိုးကြလေကုန်၏။

ဗာရာဏသီမင်းနှင့် မဟာမိတ်ဖြစ်ခြင်း

တနေ့သ၌ မဇ္ဈိမတိုက် (ဗာရာဏသီပြည်)မှ ကုန်သည်တို့သည် ရောင်းရန် ဘဏ္ဍာကို ယူဆောင်ခဲ့ကြ၍ ကဋ္ဌဝါဟနမြို့သို့ လာရောက်ကြကာ လက်ဆောင်ပဏ္ဏာကို ယူဆောင်၍ ကဋ္ဌဝါဟန မင်းကြီးကိုလည်း ဖူးမြော်တွေ့ရှိကြကုန်၏။ မင်းကြီးက“အမောင်တို့... အဘယ်အရပ်မှ လာရောက်ကြသနည်း” ဟု မေးလေလျှင် ကုန်သည်ရှိသည် “ဗာရာဏသီပြည်မှ လာရောက်ကြပါသည် အရှင်မင်းကြီး”ဟု လျှောက်ထားကြကုန်၏။ ကဋ္ဌဝါဟနမင်းကြီးသည် ဗာရာဏသီပြည်၌ အလုံးစုံသော ဖြစ်ရပ် အခြေအနေကို မေးမြန်းပြီးလျှင် အမောင်တို့...အမောင်တို့၏ ဗာရာဏသီမင်း နှင့် အကျွန်ုပ်တို့ မိတ်ဆွေ (မဟာမိတ်) ဖြစ်အောင် ရွက်ဆောင်

(နှာ-၆၀၃)

ပြုလုပ်ပေးကြပါလော့”ဟု မိန့်ဆိုလေ၏။ ကုန်သည်တို့ကလည်း “ကောင်းပါပြီ” ဟု ဝန်ခံကြကုန်၏။ ကဋ္ဌဝါဟနမင်းကြီးသည် ထိုဗာရာဏသီပြည်သား ကုန်သည်တို့အား စားနပ်ရိက္ခာ နေရာထိုင်ခင်း-စသည် လိုအပ်သမျှအကူအညီကိုပေး၍ ထိုကုန်သည်များ ပြန်သွားချိန် ရောက်လတ်သော် ထပ်၍တဖန် မဟာမိတ် ဖြစ်လိုကြောင်း ရိုသေစွာ ပြောကြား၍ ကုန်သည်များကို လွှတ်လိုက်လေ၏။

ထိုကုန်သည်တို့သည် မိမိတို့နေရာ ဗာရာဏသီပြည်သို့ ရောက်ကြလျှင် ဗာရာဏသီမင်းကြီးအား ထိုအကြောင်းကို လျောက်ထားကြကုန်၏။ ဗာရာဏသီမင်းကြီးသည် ထိုအကြောင်းကို ကြားသိရလျှင် အားရဝမ်းမြောက်လျက် “ကဋ္ဌဝါဟနပြည်မှ လာရောက်ကြသော ကုန်သည်တို့အား ယနေ့မှစ၍ အခွန်အတုတ်ကို ကင်းလွတ်ခွင့်ပြု၏” ဟု စည်လည်စေ၍ “ကဋ္ဌဝါဟနမင်းကြီးသည် ငါ၏အဆွေတော် မဟာမိတ်ဖြစ်စေ”ဟု ဆုံးဖြတ်ချက်ချမှတ်ကာ မင်းနှစ်ပါးလုံးတို့ပင် အဒိဋ္ဌမဟာမိတ် = တဦးကိုတဦး မမြင်ရပဲ အလွန်ချစ်ခင်သည့် မိတ်ဆွေများ ဖြစ်ကြလေကုန်၏။ ကဋ္ဌဝါဟန မင်းကြီးသည်လည်း မိမိ၏မြို့၌ “ယနေ့မှစ၍ ဗာရာဏသီပြည်မှ လာရောက်ကြသောကုန်သည်တို့အား အခွန်အတုတ်ကို(လွှတ်၏) ကင်းလွတ်ခွင့်ပြု၏၊ ထိုဗာရာဏသီပြည်မှ လာသော ကုန်သည်တို့အား စားနပ်ရိက္ခာ နေရာထိုင်ခင်း-စသည် လိုအပ်သမျှ အကူအညီကို ရွှေတိုက်တော်မှ ထုတ်ပေးရမည်”ဟု စည်လည်စေ၏။

ထို့နောက် ဗာရာဏသီမင်းကြီးသည် ကဋ္ဌဝါဟနမင်းကြီးထံသို့ “အကယ်၍ အဆွေတော်တို့၏ ဇနပုဒ်= တိုက်နယ်၌ ကြည့်ရှု ဖို့ရန်, နားထောင်ဖို့ရန် လျော်ကန်သင့်မြတ်သည့် တစုံတခုအံ့သြဖွယ်များ ဖြစ်ပေါ်လာလျှင် အကျွန်ုပ်တို့ကိုလည်း ကြည့်ရှုခွင့်, နားထောင်ခွင့် ရအောင် စီမံစောင့်ဆောင်စေချင်ပါသည်” ဟု သဝဏ်လွှာ ပို့သစေလေ၏။ ကဋ္ဌဝါဟနမင်းကြီးကလည်း ထို့အတူပင် ဗာရာဏသီမင်းကြီးထံ ချစ်ကြည်ရေးသဝဏ်လွှာ ပို့သစေလေ၏။

(နှာ-၆၀၄)

လက်ဆောင် အပြန်အလှန် ပေးပို့ကြခြင်း

ဤကဲ့သို့ မင်းနှစ်ပါးတို့ ကတိကဝတ်ထား၍ နေကြစဉ် အခါတပါး၌ ကဋ္ဌဝါဟနမင်းကြီးမှာ တက်သစ်စနေလုလင်အရောင် တပြောင်ပြောင် တလက်လက် တောက်ပသော အလွန်နူးညံ့လှသည့် ကမ္ဗလာအထည်များ ဖြစ်ပေါ်ရရှိ၍ လာကုန်၏။ ထိုကမ္ဗလာအထည်တို့ကို တွေ့မြင်ရရှိလျှင်ပင် ကဋ္ဌဝါဟနမင်းကြီးသည် “ငါ သူငယ်ချင်း ဗာရာဏသီမင်းကြီးထံသို့ ပေးပိုမည်”ဟု မိန့်ဆိုကာ ဆင်စွယ်ပွတ်သတို့ကို ဆင်စွယ်ကြုတ်ရှစ်လုံး ထွင်းစေ၍ ကမ္ဗလာအထည်တို့ကို ထို ဆင်စွယ်ကြုတ်တို့၌ ထည့်သွင်းစေပြီးလျှင် တဖန် ချိပ်ဆရာတို့ကို ကြုတ်များ၏ အပြင်အပ ရုပ်လုံးနှင့် တူအောင် မွမ်းမံပြုလုပ်စေပြီးမှ ထိုချိပ်လုံးရှစ်လုံးတို့ကို တံတင်း= သေတ္တာ၌ထည့်သွင်းကာ အပေါ်မှ အလွန်နူးညံ့သော အဝတ်ဖြင့် ရစ်ပတ်၍ မင်းတံဆိပ် ခတ်နှိပ်ပြီးလျှင်“ဗာရာဏသီမင်းကြီးအား ဆက်သကြကုန်”ဟု ပြောဆို၍ အမတ်တို့ကို စေလွှတ်လိုက်လေ၏။ ထို့ပြင်လည်း “ဤလက်ဆောင်ကို ရွှေမြို့တော်အလယ်၌ အမတ်အပေါင်း ခြံရံအပ်လျက် အဆွေတော် ဗာရာဏသီမင်းကြီး ဖွင့်လှစ် ကြည့်ရှုစေချင်ပါသည်”ဟူ၍ သဝဏ်လွှာကို ပါးလိုက် ပြန်၏။

အမတ်တို့သည် သွားကြကာ ဗာရာဏသီမင်းကြီးအား ဆက်သကြကုန်၏။ ဗာရာဏသီမင်းကြီးသည် သဝဏ်လွှာကိုဖတ်ကြား၍ အမတ်တို့ကိုစည်းဝေးစေလျက် မြို့၏အလယ် မင်းယင်ပြင်၌ ခတ်နှိပ်ထားသော မင်းတံဆိပ်ကို ဖျက်ကာ ရစ်ပတ်ထားသော အဝတ်ကို ဖယ်ရှား၍ တံတင်း = သေတ္တာကို ဖွင့်လှစ်လိုက်လေလျှင် ချိပ်လုံးရှစ်လုံးတို့ကို တွေ့မြင်ရ၍ “ငါသူငယ်ချင်း ကဋ္ဌဝါဟနမင်းသည် ချိပ်လုံးတို့ဖြင့် ပြုံးရွှင်ပျော်ပါး ကစားကြသည့် သူငယ်လေးများအားကဲ့သို့ ငါ့အား (ကစားဖို့ရန်)ချိပ်လုံးတို့ကို လက်ဆောင် ပေးပို့လိုက်ဘိ၏”ဟု အောက်မေ့လျက် နှလုံးမသာမယာ မျက်နှာပျက်ပြီးလျှင် ချိပ်လုံးတလုံးကို မိမိထိုင်နေရာ ရာဇပလ္လင်၌ ထုရိုက် လိုက်လေ၏။ ထိုခဏမှာပင် ချိပ်များ အောက်သို့ ကျ၍ ဆင်စွယ်

(နှာ-၆၀၅)

ကြုတ်သည် ပွင့်လာပြီးလျှင် အဖုံး, အမ နှစ်ဖို့နှစ်ပုံဖြစ်၍ လာလေ၏။ ဗာရာဏသီမင်းသည် ကြုတ်၏အတွင်း၌ ကမ္ဗလာအထည်ကို တွေ့မြင်ရပြီးလျှင် ကျန်သော ကြုတ်ခုနှစ်လုံးတို့ကိုလည်း ဖွင့်၍ ကြည့်လေ၏၊ ကြုတ်အားလုံး၌ပင် ထို့အတူ ကမ္ဗလာအထည်ကို တွေ့မြင်ရလေ၏။ ကမ္ဗလာ တထည်တထည်လျှင် အလျား(၁၆) တဆယ့်ခြောက်တောင် အနံ (၈) ရှစ်တောင်စီ ရှိလေသည်။ ကမ္ဗလာ အထည်တို့ကို ဖြန့်လိုက်သောအခါ မင်းယင်ပြင် တခုလုံး နေအရောင်ဟပ်သကဲ့သို့ တလျှပ်လျှပ် တဖိတ်ဖိတ် ဖြစ်၍ နေလေ၏။

ထို အခြင်းအရာကို မြင်ရ၍ လူများအပေါင်းသည် လက်ချောင်းတို့ကို ခါတွက်ကြကုန်၏၊ ဦးရစ်ခေါင်းပေါင်း ပစ်လွှင့်ခြင်း အမှုကိုလည်း ပြုကြကုန်၏။ “ငါတို့မင်းကြီး၏ အဒိဋ္ဌသဟာယ= မတွေ့ရဘူးသေးသောမိတ်ဆွေ ကဋ္ဌဝါဟနမင်းကြီးသည် ဤသို့ သဘောရှိသော လက်ဆောင်ပဏ္ဏာကို ပို့သတော်မူ၏၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မဟာမိတ်ဖွဲ့ဖို့ရန် လျော်ကန်သင့်မြတ် လှပေ၏”ဟု နှစ်လိုအားရ စိတ်တိုင်းကျ ဖြစ်လေ၏။

လက်ဆောင်တုံ တဖန်ပြန်ခြင်း

ဗာရာဏသီမင်းကြီးသည် ရာပြတ်ဝန်တို့ကို ခေါ်စေ၍ ကမ္ဗလာ တထည်တထည်ကို တန်ဖိုးဖြတ်စေတော်မူလေ၏၊ အားလုံးပင် အဖိုးမပြတ်နိုင်အောင် ရှိကုန်၏။ ထို့နောင်မှ ဗာရာဏသီ မင်းကြီးသည် “လက်ဆောင်တုံ့ တဖန်ပြန်၍ ပို့သသောသူသည် ရှေးဦး=ပဌမ ပို့သအပ်သော လက်ဆောင်ပဏ္ဏာထက် သာလွန် မြင့်မြတ်သော လက်ဆောင်ကို ပို့သမှ သင့်ချေ၏၊ ငါ့သူငယ်ချင်း ကဋ္ဌဝါဟနမင်းကလည်း ငါ့အထံသို့ အဖိုးအနဂ္ဃထိုက်တန်သော ကမ္ဗလာအထည် လက်ဆောင်များကို ပို့သအပ်လေပြီ၊ ငါသည် ငါ့သူငယ်ချင်း ကဋ္ဌဝါဟနမင်း၏ အထံသို့ အဘယ်သို့သော လက်ဆောင်တို့ကို ပို့သရပါမည်နည်း” ဟု ကြံစည် စဉ်းစား ဆင်ခြင်လေ၏။

(နှာ-၆၀၆)

ထိုအချိန်၌ ကဿပမြတ်စွာဘုရားသည် လူသုံးပါး၌ ထင်ရှား ပွင့်ထွန်းတော်မူ၍ ဗာရာဏသီပြည်၌ သီတင်းသုံး နေထိုင်တော် မူဆဲဖြစ်၏။ ထိုအခါ ဗာရာဏသီမင်းကြီး၏ စိတ်သန္တာန်ဝယ် “ဤလောကဝယ် ဘုရား, တရား, သံဃာ= ရတနာသုံးပါးထက် သာလွန်သည့် အခြားရတနာမည်သည် မရှိချေ၊ ကိုင်း...ငါသည် သူငယ်ချင်း ကဋ္ဌဝါဟနမင်းအထံသို့ လောကဝယ် ရတနာ သုံးပါး ထင်ရှား ပွင့်ထွန်းနေကြောင်း သတင်းကောင်း လက်ဆောင်တို့ကို ပို့သပေအံ့” ဟု စဉ်းစား ဆုံးဖြတ်ပြီးလျှင်__

“ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောက သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊ ပုညက္ခေတ္တံ အနုတ္တရံ။

သမ္မ =ကဋ္ဌဝါဟန နာမမည်လျှင်း အို အဆွေတော် မင်း...။ လောကေ=ငါတို့နေကြ လူ့လောက၌။ ဗုဒ္ဓေါ =သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားသည်။ သဗ္ဗပါဏိနံ = ခပ်သိမ်းဥဿုံ အလုံးစုံသော သတ္တဝါတို့၏။ ဟိတာယ = ချမ်းသာဖြစ်ကြောင်း စီးပွားကောင်းအလို့ငှါ။ သမုပ္ပန္နော=ဥဒည်တောင်စွန်း နေစမ်းဝန်းသို့ ပွင့်ထွန်းတော်မူခဲ့လေပြီ။

လောကေ=ငါတို့နေကြ လူ့လောက၌။ ဓမ္မာ= မဂ်, ဖိုလ်, နိဗ္ဗာန်, ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်သည်။ သဗ္ဗပါဏိနံ= ခပ်သိမ်းဥဿုံ အလုံးစုံသော သတ္တဝါတို့၏။ သုခါယ=လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာအလို့ငှါ။ သမုပ္ပန္နော=ဥဒည်တောင်စွန်း နေစက်ဝန်းသို့ ပွင့်ထွန်းတော်မူခဲ့လေပြီ။

လောကေ = ငါတို့နေကြ လူ့လောက၌။ အနုတ္တရံ= အတုမရှိ လွန်မြတ်ဘိသော။ ပုညက္ခေတ္တံ = ကောင်းမှု မျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေစစ် ပုညခေတ်ဖြစ်သော။ သံဃော=ပရမတ္ထအရိယာ သံဃာရတနာသည်။

(နှာ-၆၀၇)

သမုပ္ပန္နော= ဥဒည်တောင်စွန်း နေစက်ဝန်းသို့ ပွင့်ထွန်းတော်မူခဲ့လေပြီ”__

ဤ(ခြောက်ပုဒ်=ခြောက်ပါဒရှိသော)ဂါထာကို၎င်း, ထို့ပြင်လည်း ရဟန်းတပါး၏ဆိုင်ရာ သီလဖြည့်ကျင့်ပုံမှစ၍ အရဟတ္တဖိုလ် တိုင်အောင်သော ကျင့်စဉ်ပဋိပတ်ကို၎င်း ရွှေပြားရွှေလွှာ၌ ဟင်္သာ ပြဒါးဖြင့် ရေးသားစေပြီးလျှင် ထိုရွှေပြားရွှေလွှာကို ရှေးဦးစွာ (၁) ရတနာခုနစ်ပါး ခြယ်စီသောကြုတ်၌ ထည့်သွင်းစေတော်မူသည်။ (၂) တဖန် ထိုရတနာခုနစ်ပါး ခြယ်စီသောကြုတ်ကို မြသားကြုတ်၌ ထည့်သွင်း စေတော်မူပြန်သည်။ (၃) ထိုမြသား ကြုတ်ကို မသာရဂလ် ကျောက်မျက်ရတနကြုတ်၌ ထည့်သွင်း စေတော်မူပြန်သည်၊ (၄) ထိုကြုတ်ကို ပတ္တမြားနီကြုတ်၌ ထည့်သွင်းစေတော်မူပြန်သည်၊ (၅) ထိုပတ္တမြားကြုတ်ကို ရွှေကြတ်၌ ထည့်သွင်းစေတော်မူပြန်သည်၊ (၆) ထိုရွှေကြုတ်ကို ငွေသား ကြုတ်၌ ထည့်သွင်းစေတော်မူပြန်သည်။ (၇) ထိုငွေကြုတ်ကို ဆင်စွယ်ကြုတ်၌ ထည့်သွင်းစေတော်မူပြန်သည်။ (၈) ထိုဆင်စွယ်ကြုတ်ကို သစ်သားနှစ် = နံ့သာနှစ်ကြုတ်၌ ထည့်သွင်းစေတော် မူပြန်သည်။ ထိုနံ့သာနှစ်ကြုတ်ကို သေတ္တာ၌ထည့်၍ ထိုသေတ္တာကို တဖန် နူးညံ့သောအဝတ်ဖြင့် ရစ်ပတ်ပြီးမှ မင်းတံဆိပ် ခတ်နှိပ် စေတော်မူသည်။

ထို့နောင်မှ အမုန်ယစ်သောဆင်ရတနာကို ရွှေအလံစိုက်တင် ရွှေတန်းဆာဆင်ယင် ရွှေဇာကွန်ရက်ဖြင့် ဖုံးအုပ်စေပြီးမှ ထို ဆင်ရတနာ၏အထက်၌ ပလ္လင်ကိုခင်းစေ၍ ပလ္လင်ထက်၌ လက်ဆောင်ရတနာ သေတ္တာကို တင်ထားပြီးလျှင် ထီးတော်အုပ်မိုးလျက် အလုံးစုံသော နံ့သာမျိုး, ပန်းမျိုး-စသည်တို့ဖြင့် ပူဇော်မှု ပြုလုပ်ကာ တူရိယာမျိုးစုံ တီး, မှုတ်, သီဆိုမှု အဖုံဖုံတို့ဖြင့် မိမိ၏ ကာသိတိုင်း နယ်စွန်နယ်စပ်တိုင်အောင် လမ်းခရီးကို သုတ်သင် တန်းဆာဆင်စေပြီးလျှင် ဗာရာဏသီမင်းကြီးကိုယ်တိုင်အုပ်ချုပ်၍ လက်ဆောင်တုံ့ကို ပို့သစေလေ၏။ ဤတွင်မျှ မကသေး=ဗာရာဏသီမင်းကြီးသည် မိမိ၏နယ်စပ်၌ ရပ်တည် စံနေတော်မူကာ

(နှာ-၆၀၈)

ပြည်နီးနားချင်း မင်းများအထံသို့လည်း “ဤနည်းနှင်နှင် အသင် ပြည်ထောင်မင်းတို့သည် ပူဇော်မှု ပြုလုပ်ကြကာ ဤရတနာ လက်ဆောင်ပဏ္ဏာကို အဆင့်ဆင့်ပို့သကြရမည်”ဟု သဝဏ်လွှာနှင့် လက်ဆောင်ပဏ္ဏာများကို ပို့သစေလေ၏။ ထိုသဝဏ်လွှာပါ စကားကို ကြားသိကြရ၍ ထိုထိုပြည်နီးနားချင်း မင်းတို့သည် ခရီးရင်ဆိုင် လာရောက်ကြိုဆိုကြကာ ကဋ္ဌဝါဟနတိုင်းနယ်စပ် တိုင်အောင် အခမ်းအနားကြီးစွာဖြင့် ပို့ဆောင်ကြလေကုန်၏။

ကဋ္ဌဝါဟနမင်းကြီးသည်လည်း ရတနာ လက်ဆောင်ပဏ္ဏာတော် လာရောက်ကြောင်း သတင်းကောင်း ကြားသိရ၍ ခရီး ရင်ဆိုင် သွားရောက်ကြိုဆိုလျက် ထိုနည်းအတူ ပူဇော်ကာ နေပြည်တော်သို့ ပင့်သွင်း၍ အမတ်များ, မြို့သူမြို့သားများကို စည်းဝေးစေတော်မူကာ မင်းယင်ပြင် (= နန်းတော်မြေကွက်လပ်)၌ ပရိသတ်မျက်မှောက်ဝယ် အပေါ်ကရစ်ပတ်သော အဝတ် အထည်ကို ဖယ်ရှား၍ သေတ္တာကို ဖွင့်ကြည့်လေသော် သေတ္တာ အတွင်း၌ နံ့သာနှစ်ကြုတ်ကို တွေ့ရ၍ အစဉ်သဖြင့် ကြုတ်ရှစ်လုံးတို့ကို အဆင့်ဆင့် ဖွင့်၍ဖွင့်၍ ကြည့်ရှုလေလျှင် ရွှေပြားရွှေလွှာ၌ ရတနာသုံးပါး ပွင့်ထွန်းနေကြောင်းနှင့် ပဋိပတ်ကျင့်စဉ်အရေး အသားကို ဖတ်ကြားတွေ့ရှိရ၍ “သြ... ငါ့သူငယ်ချင်း ဗာရာဏသီမင်းသည် အသိန်းသင်္ချာ ကမ္ဘာတို့ဖြင့် လွန်စွာရခဲလှသော လက်ဆောင်မွန်ရတနာကို ပို့သပါပေသည်”ဟု နှစ်လိုအားရ စိတ်တိုင်းကျ ဖြစ်ရှိလျက် “ရှေးက မကြားဘူးသည့်”လောကဝယ် မြတ်စွာဘုရားပွင့်ထွန်းတော်မူနေပြီ”ဟူသောသတင်းထူးကို ငါတို့ ကြားရကုန်ပြီတကား၊ ငါသည် သွားရောက်ကာ မြတ်စွာဘုရားကိုလည်း ဖူးမြင်ရ တရားတော်ကိုလည်း နာယူရပါမူ ကောင်းလေစွာ့”ဟု ကြံစည်ဆင်ခြင်၍ မိမိ၏အမတ်တို့ကို “အမောင်တို့...လောက၌ ဘုရား, တရား, သံဃာ = ရတနာသုံးပါးတို့ ထင်ရှား ပွင့်ထွန်းတော်မူကြပြီတဲ့၊ အဘယ်သို့ ပြုသင့်သည်ဟု မောင်တို့ မှတ်ထင် သဘောရပါကုန်သနည်း”ဟု မေးမြန်းလေ၏။ အမတ် တကျိပ်ခြောက်ယောက်တို့သည် မြတ်သော မင်းကြီး…. အရှင်

(နှာ-၆၀၉)

မင်းကြီးတို့သည် ဤကဋ္ဌဝါဟနမြို့မှာပင် စံနေတော်မူရစ်ကြပါကုန်၊ အကျွန်ုပ်တို့သွားရောက်၍ ဖြစ်ပုံအကြောင်း သတင်းကိုသိအောင် ထောက်လှမ်း စုံစမ်းကြပါကုန်အံ့”ဟု တညီတညွတ်တည်း လျှောက်ဆိုကြလေကုန်၏။

အမတ်တို့ သွားရောက်စုံစမ်းကြခြင်း

ထို့နောင်မှ (တကျိပ်ခြောက်ယောက်ပေါင်းလျှင်) တသောင်း ခြောက်ထောင် အခြံအရံရှိကြသည့် တပည့်လက်စောင် အမတ်ကြီး တကျိပ်ခြောက်ယောက်တို့သည် ကဋ္ဌဝါဟနမင်းကြီးကို ရိုသေစွာ ရှိခိုးကြ၍ “မြတ်သောမင်းကြီး အကယ်၍ လောကဝယ် မြတ်စွာဘုရား ထင်ရှားပွင့်ထွန်းတော်မူရိုးမှန်ပါလျှင် အကျွန်ုပ်တို့အဖို့ရာ တဖန် ပြန်၍ အရှင်မင်းကြီးတို့ကို ဖူးမြင်နိုင်ခွင့် မရှိတော့ပါ (ရဟန်းပြုကြတော့မည်ဟု ဆိုလိုသည်)၊ အကယ်၍ မြတ်စွာဘုရား ထင်ရှား ပွင့်ထွန်းတော်မူသည် မဟုတ်ပါလျှင် အရှင်မင်းကြီးထံ အကျွန်ုပ်တို့ တဖန်ပြန်၍ လာကြပါကုန်အံ့”ဟု လျှောက်ထားကာ ပြည်မှ ထွက်ကြလေကုန်၏။

အထူးအားဖြင့် ကဋ္ဌဝါဟနမင်းကြီး၏ တူအရင်း (နှမ၏ သား) ဖြစ်သော အမတ်သည် နောက်ဆုံးမှ မင်းကြီးကို ရှိခိုး၍ “အကျွန်ုပ်သည်လည်း သွားပါတော့အံ့” ဟူ၍ လျှောက်ဆိုလေသော် မင်းကြီးသည် “ချစ်သား...သင်သည် ထိုမဇ္ဈိမတိုက်အရပ်၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသည်ကို သိပြီးလျှင် တဖန်ပြန်လာ ငါ့အား လျှောက်ကြားပါဦး”ဟု အထူးမှာတမ်း ပြောဆိုလိုက်လေ၏။ တူဖြစ်သော အမတ်သည် “ကောင်းပါပြီ” ဟု ဝန်ခံ၍ သွားရောက်လေ၏။

အခြံအရံတပည့်ပရိသတ်ပေါင်းတသောင်းခြောက်ထောင်နှင့် တကွ ထိုအမတ်ကြီး တကျိပ်ခြောက်ယောက်တို့သည် လမ်း ခရီးအကြား ခပ်သိမ်းသော အရပ်တို့၌ တညဉ့်အိပ်နေခြင်းဖြင့် ခရီးပြင်းသွားကြ၍ ဗာရာဏသီပြည်သို့ ဆိုက်ရောက်ကြကုန်၏။ အထူးအားဖြင့် ထိုအမတ်တို ဗာရာဏသီပြည်သို့ မရောက်ကြမီပင်

(နှာ-၆၁၀)

ကဿပမြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန် ဝင်စံတော်မူပြီး ဖြစ်နှင့်လေသည်။ အမတ်တို့သည် ကျောင်းတိုက်တော်သို့ ဝင်ရောက်ကြကာ “အဘယ်သူသည် မြတ်စွာဘုရားပါနည်း၊ ယခုအခါ ဘုရားသည် အဘယ်အရပ်၌ နေပါသနည်း” ဟု မေးကြ၍ ကျောင်းတိုက် တခုလုံး လှည့်လည်ကြလေသော် မျက်မှောက် သာဝက မထေရ်ကြီးများကို ဖူးတွေ့ကြ၍ ထိုအကြောင်းကို မေးမြန်းမိကြလေကုန်၏။

မျက်မှောက်သာဝက မထေရ်ကြီးများသည် အမတ်တို့အား “မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသွားပြီ” ဟု မိန့်ကြားတော် မူကြကုန်၏။ အမတ်တို့သည် “သြ...ခရီးဝေးစွာ လာရောက်ကြရပါလျက် မြတ်စွာဘုရားကို ဖူးမျှော်ရုံမျှကိုလည်း ငါတို့ မရကုန် တကား” ဟု ပြောဆိုကြွေးကြကုန်လျက် တဖန်ဆက်၍ မထေရ်ကြီးတို့ကို “အရှင်ဘုရားတို့... မြတ်စွာဘုရား ပေးသနားတော်မူ အပ်ခဲ့သော တစုံတရာ အဆုံးအမ သြဝါဒများ ကျန်ရှိရစ်ပါ သလား” ဟု မေးလျှောက်ကြလေကုန်၏။ မထေရ်ကြီးတို့က “ဒါယကာတို့... အိမ်း... ကျန်ရှိရစ်ပေသည်။ သရဏဂုံသုံးပါး၌ တည်ကြရမည်။ ငါးပါးသီလတို့ကို ဆောက်တည်ကျင့်သုံးကြရ မည်၊ အင်္ဂါရှစ်ပါးရှိသော အဋ္ဌင်္ဂဥပုသ်ကို ကျင့်သုံးကြရမည်။ အလှူဒါန ပေးလှူကြရမည်၊ (ထို့ထက်တတ်နိုင်လျှင်) ကိုယ်တိုင်ပင် သာသနာဝန်ထမ်း ရှင်, ရဟန်းပြုကြရမည်” ဟု မိန့်တော်မူကြလေလျှင် အမတ်တို့သည် တူဖြစ်သောအမတ်ကို ထား၍ အားလုံးပင် အခြံအရံပရိသတ်နှင့်တကွ ရဟန်းပြုကြလေကုန်၏။

ကဋ္ဌဝါဟနမင်းကြီး အသက်ထက်ဆုံး ကောင်းမှုပြု၍ နတ်ရွာစံခြင်း

တူဖြစ်သောအမတ်သည် မျက်မှောက်သာဝက မထေရ်ကြီးတို့ အထံမှ ပရိဘောဂဓာတ် = ပရိဘောဂစေတီကို ပင့်ဆောင်၍ ကဝါဟနမြို့သို့ တဖန် ပြန်ခဲ့လေ၏။ ပရိဘောဂဓာတ် = ပရိဘောဂစေတီဟူသည်မှာ မြတ်စွာဘုရား သုံးဆောင်တော်မူသွား သော ဗောဓိပင်, သပိတ်, သင်္ကန်း, ဓမကရိုဏ် ရေစစ်-စသည်ကို

(နှာ-၆၁၁)

ခေါ်ဆို၏။ တူဖြစ်သောအမတ်သည်ကား မြတ်စွာဘုရား သုံး ဆောင်တော်မူသွားသော ဓမကရိုဏ်ရေစစ်တည်းဟူသော ပရိဘောဂစေတီတော်နှင့်တကွ သုတ်, ဝိနည်း, အဘိဓမ္မာကို ဆောင်သော မထေရ်တပါးကိုပါ ပင့်ဆောင်၍ ကဋ္ဌဝါဟနမြို့သို့ တဖန် ပြန်လာလေသည်။

အမတ်သည် အစဉ်သဖြင့် ကဋ္ဌဝါဟနမြို့သို့ ရောက်လေသော် မင်းကြီးအား “ဦးရီးတော်မင်းကြီးလောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသည်မှာလည်း အမှန်ပင်ဖြစ်၏။ ယခုအခါ ပရိနိဗ္ဗာန် ဝင်စံတော်မူသွားသည်မှာလည်း အမှန်ပင် ဖြစ်၏”ဟု လျှောက်ထား၍ မြတ်စွာဘုရား ပေးသနားအပ်ခဲ့သည့် အဆုံးအမ ဩဝါဒကို မထေရ်ကြီးများ မိန့်ကြားလိုက်သည့်အတိုင်း ပြန်ကြား လျှောက်ထားလေ၏။ ကဋ္ဌဝါဟနမင်းကြီးသည်ပိဋကသုံးပုံဆောင် မထေရ်ကို ဆည်းကပ်၍ တရားတော်ကို နာကြားလျက် မထေရ်မြတ်အတွက် ကျောင်းကို တည်ဆောက်ကိုးကွယ်ပြီးလျှင် တူတော် အမတ် ယူဆောင်လာသည့် ဓမကရိုဏ်ရေစစ်ကို စေတီတော် တည်ထားလျက် ဗောဓိပင်အသစ် စိုက်ပျိုးပူဇော်ကာ သရဏဂုံ နှင့်တကွ ငါးပါးသီလတို့၌ အမြဲတည်လျက် ဥပုသ်နေ့များဝယ် အဋ္ဌင်္ဂဥပုသ်ကို စောင့်သုံးကာ ဒါန-အစရှိသော ကောင်းမှုတို့ကို ပြုလုပ်၍ အသက်တမ်းပြည့် တည်နေပြီးသော် ကာမာဝစရ နတ်ပြည်၌ ဖြစ်လေ၏။ တပည့်ကြီးအမတ် တကျိပ်ခြောက်ယောက်တို့သည်လည်း ပရိသတ်အခြံအရံ တသောင်း ခြောက်ထောင်တို့နှင့် အတူတကွ ရဟန်းပြုကြ ရဟန်းတရား ပွါးများအားထုတ်ကြ၍ ပုထုဇန်တို့၏ သေခြင်းဖြင့်ပင် စုတိပြတ်ကြွေ သေလွန်ကြ၍ ကဋ္ဌဝါဟန နတ်မင်း၏ အခြံအရံနတ်များ ဖြစ်ကြလေကုန်၏။ (ဤတပည့်ကြီး တကျိပ်ခြောက်ယောက်တို့၌ အရှင်မောဃရာဇ မထေရ်အလောင်း သူတော်ကောင်းသည်လည်း တပည့်ကြီး အမတ်တယောက် ရဟန်းတပါးအဖြစ်ဖြင့် ပါဝင်လျက်ရှိသည်ကို သတိချပ်၍ သိမှတ်ရာ၏)။

(နှာ-၆၁၂)

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

ထိုဆရာတပည့်တစုတို့သည် ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည်၌ အချိန်ကို ကုန်လွန်စေကြ၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီပင် နတ်ပြည်မှ စုတေခဲ့ကြပြီးလျှင် ဆရာဖြစ်သူသည် ပသေနဒီ ကောသလမင်း၏ ဖခမည်းတော် မဟာကောသလမင်းကြီး၏ ပုရောဟိတ်ကြီး၏သားဖြစ်၍ အမည်အားဖြင့် ဗာဝရီ ဟူ၍ မည်တွင်လေသည်။ ထို ဗာဝရီပုဏ္ဏားကား မဟာပုရိသလက္ခဏာကြီး သုံးပါးတို့နှင့်လည်း ပြည့်စုံသူ ဖြစ်၏။ ဗေဒင်သုံးခဏ်း ကမ်းဆုံးရောက် တတ်မြောက်သူလည်း ဖြစ်၏။ ထို ဗာဝရီ ပုဏ္ဏားသည် ခမည်းတော် ပုရောဟိတ်ကြီး ကွယ်လွန်သောအခါ မဟာကောသလမင်းကြီး၏ ပုရောဟိတ်ရာထူးကို ရရှိလေ၏။ ကြွင်းကျန်သည့် တသောင်းခြောက်ထောင် တကျိပ်ခြောက်ယောက်သော တပည့်တို့သည်လည်း သာဝတ္ထိပြမည်မှာပင် ပုဏ္ဏားမျိုး၌ ဖြစ်ကြလေကုန်၏။ ထို တသောင်း ခြောက်ထောင် တကျိပ်ခြောက်ယောက်တွင် __

“အဇိတော, တိဿမေတ္တေယျော၊ ပုဏ္ဏကော, အထ မေတ္တဂူ။
ဓောတကော, ဥပသီဝေါ စ၊ နန္ဒော စ အထ ဟေမကာ။
တောဒေယျ, ကပ္ပါ ဒုဘယော၊ ဇတုကဏ္ဏီ စ ပဏ္ဍိတော။
ဘဒြဝုဓော, ဥဒယော စ၊ ပေါသာလော စာပိ ဗြဟ္မဏော။
မောဃရာဇာ စ မေဓာဝီ၊ ပိင်္ဂိယော စ မဟာဣသိ”__

ဟူသော (ခု၊၁၊ မျက်နှာ ၄၃၁-၄၃၂-လာ) ဂါထာအတိုင်း (၁) အဇိတလုလင် (၂) တိဿမေတ္တေယျလုလင် (၃) ပုဏ္ဏက လုလင် (၄) မေတ္တဂူလုလင် (၅) ဓောတကလုလင် (၆) ဥပသီဝလုလင် (၇) နန္ဒလုလင် (၈) ဟေမကလုလင် (၉) တောဒေယျ

(နှာ-၆၁၃)

လုလင် (၁၀) ကပ္ပလုလင် (၁၁) ဇတုကဏ္ဏီလုလင် (၁၂ ) ဘဒြဝုဓလုလင် (၁၃) ဥဒယလုလင် (၁၄) ပေါသာလလုလင် (၁၅) မောဃရာဇလုလင် (၁၆) ပိင်္ဂိယလုလင် = ဤတကျိပ်ခြောက်ယောက်သောတပည့်ကြီးတို့သည် ဗာဝရီဆရာကြီးအထံ၌ အတတ်ပညာသင်ယူကြကုန်၏။ ကျန်သော(၁၆၀၀၀)တသောင်း ခြောက်ထောင်သော တပည့်တို့သည် ထိုလက်စောင် တပည့်ကြီး တကျိပ်ခြောက်ယောက်တို့အထံ၌ အသီးအသီးတထောင်စီ ပညာသင်ကြကုန်၏။ ဤသို့လျှင် ထိုဆရာတပည့်ပေါင်း (၁၆၀၁၇) တသောင်းခြောက်ထောင်တကျိပ်ခုနှစ်ဦးလုံးတို့ပင် ဤနောက်ဆုံး ပစ္ဆိမဘဝ၌ တဖန်ပြန်၍ ပေါင်းမိကြပြန်လေ၏။ (ဇော်ပြရာပါ တပည့်ကြီး တကျိပ်ခြောက်ယောက်တို့တွင် အမှတ်-၁၅ မောသရာဇလုလင်သည်ပင် နောက်တချိန်၌ အရှင်မောဃရာဇမထေရ် ဖြစ်လာမည်ကို ကြိုတင် သတိချပ် သိမှတ်ထားနှင့်ရာ၏)။ ။

ဗာဝရီပုရောဟိတ်ဆရာကြီး တပည့်တို့နှင့်တကွ ရသေ့ ရဟန်းပြုခြင်း

မဟာကောသလမင်းကြီး နတ်ရွာစံပြီးသောအခါ သားတော် ပသေနဒီ ကောသလမင်းကို မင်းအဖြစ်၌ အဘိသိက် ရေချမ်း သွန်းဖျန်းကြကုန်၏။ ဗာဝရီပုရောဟိတ်ဆရာကြီးသည် ပသေနဒီကောသလမင်း၏ လက်ထက်၌လည်း ပုရောဟိတ်ဆရာကြီးပင် ဆက်၍ ဖြစ်လေ၏၊ ပသေနဒီကောသလမင်းသည် ခမည်းတော် မဟာကောသလမင်းကြီး ပေးအပ်သော စည်းစိမ်အပြင် မိမိလက်ထက်၌ အခြားများသော စည်းစိမ်ကိုလည်း ဗာဝရီပုရောဟိတ် ဆရာကြီးအား ပေးကမ်းချီးမြှောက် ပူဇော်လေသံည်။ မှန်၏__ ပသေနဒီ ကောသလမင်းသည် အသက်အရွယ် ငယ်စဉ်အခါ ဗာဝရီဆရာကြီး၏ အထံမှာပင် အတတ်ပညာကို သင်ယူခဲ့ရလေသည်။ (ထို့ကြောင့် ဗာဝရီဆရာကြီးသည် ပသေနဒီကောသလ မင်း၏ အကြီးတော်လည်းဖြစ် ပုရောဟိတ်လည်းဖြစ်ရကား ထို ဆရာကြီးအား ပသေနဒီကောသလမင်းသည် ခမည်းတော်မဟာကောသလမင်းကြီး ပေးခဲ့ရင်းဖြစ်သော စည်းစိမ်အပြင် အခြား

(နှာ-၆၁၄)

များစွာသော စည်းစိမ်ကိုလည်း ပေးကမ်းချီးမြှောက် ပူဇော်လေသည်)။

တနေ့သ၌ ဗာဝရီဆရာကြီးသည် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် မိမိ၏ဗေဒင်အတတ်ပညာ၌ အနှစ်သာရကို ကြည့်ရှုဆင်ခြင်လေလျှင် တမလွန်လောက၌ သုံးဆောင်ခံစံရမည့် အနှစ်သာရကို မတွေ့မြင်၍ “ရသေ့ရဟန်းပြုလုပ်ကာ တမလွန်လောကအတွက် အနှစ်သာရကို ငါ ရှာကြံတော့အံ့”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် ပသေနဒီကောသလမင်းထံ သွားရောက်၍ “မြတ်သောမင်းကြီး.. ငါသည် ́ ရသေ့ရဟန်းပြုတော့အံ့”ဟု ပြောဆိုလေ၏။ ကောသလ မင်းကြီးက “ဆရာကြီး ဆရာကြီးတို့ ရှိနေလျှင် ကျွန်ုပ်၏ဖခမည်းတော် မင်းတရား မားမားမတ်မတ် ရပ်တည်နေသကဲ့သို့ ဖြစ်ပါသည်၊ ရဟန်းပြုတော်မမူကြပါလင့်”ဟု တားမြစ်စကား ပြောကြားလေလျှင် ပါရမီအာနုဘော် လှုံ့ဆော်အပ်ရကား ဗာဝရီ ဆရာကြီးသည် “မြတ်သောမင်းကြီး...(ငါ့အဖို့ရာ ရဟန်းမပြပဲ နေရန်) မသင့်၊ ဧကန်ပင် ရဟန်းပြုပေအံ့” ဟု အတင်းအကြပ် ပြောဆိုလေ၏။ ပသေနဒီကောသလမင်းကြီးသည် တားမြစ်ရန် မတတ်နိုင်ရကား နောက်ဆုံး၌ “ဆရာကြီး...ထိုသို့ဖြစ်လျှင် ညဉ့်, နံနက် အလိုရှိသောအချိန်၌ အကျွန်ုပ် အလွယ်တကူ ဖူးမြော် တွေ့ရှိနိုင်ရာ မင်းဥယျာဉ်၌ ရသေ့ရဟန်းပြု၍ နေတော်မူကြစေ ချင်ပါ၏”ဟု တောင်းပန်စကား ပြောကြားလေ၏။ ဆရာကြီးသည် တပည့်ငယ် တသောင်းခြောက်ထောင် အခြံအရံရှိကြသည့် လက်စောင်တပည့်ကြီး တကျိပ်ခြောက်ယောက်တို့နှင့် အတူတကွ ရသေ့ရဟန်း ပြုလုပ်၍ ကောသလမင်းကြီး၏ ဥယျာဉ်၌ နေထိုင်လေ၏။ ကောသလမင်းကြီးသည် ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့ပြုစုသည့်ပြင် ညဉ့်, နံနက် မှန်မှန် ဆရာကြီးထံ ဆည်းကပ်ရန် သွားရောက်လေ၏။

ထို့နောက် တနေ့သ၌ တပည့်တို့သည် ဆရာကြီးကို“ဆရာကြီး... မြို့၏ အနီး၌ နေရခြင်းမည်သည် ပလိဗောဓကြောင့်ကြများလှ၏။ ဆရာကြီး...လူများအသွားအလာပြတ်သည့် အရပ်သို့ သွားကြစို့၊

(နှာ-၆၁၅)

မြို့ရွာနှင့်ဝေးသောအရပ်၌ နေရခြင်းမည်သည် ရသေ့ရဟန်းတို့ အဖို့ရာ လွန်စွာ ကျေးဇူးများလှပါသည်”ဟု တညီတညွတ်တည်း ပြောကြားအကြံပေးကြကုန်၏။ ဆရာကြီးသည် “ကောင်းပြီ” ဟု ဝန်ခံ၍ ကောသလမင်းကြီးအား ထိုအကြောင်းကို ပြောကြားလေ၏။ ကောသလမင်းကြီးသည် သုံးကြိမ်တိုင်တိုင် တားမြစ်၍ မရသည့်အဆုံး၌ အသပြာနှစ်သိန်း ပေးအပ်ပြီးလျှင် အမတ်နှစ် ယောက်တို့ကို “ရသေ့အပေါင်းတို နေထိုင်လိုရာအရပ်၌ သင်္ခမ်း ကျောင်း ဆောက်လုပ်၍ ပေးကြရမည်”ဟု အမိန့်ပေး၍ ထည့်လိုက်လေ၏။

ဗာဝရီဆရာရသေ့ကြီးသည် တပည့်ရသေ့ပေါင်း တသောင်း ခြောက်ထောင်တကျိပ်ခြောက်ယောက်တို့ဝန်းရံအပ်လျက် အမတ်တို့၏ အချီးအမြှောက် အပြုအစုကို ခံယူကာ သာဝတ္ထိပြည်မှ တောင်အရပ်မျက်နှာသို့ ရှေးရှူသွားလေ၏။ ထိုသို့သွားသည်သော် မဇ္ဈိမတိုက်၏အပြင်ဖက် အဿကမင်း, အဠကမင်းတို့ စိုးပိုင်ရာ အဿကတိုင်း, အဠကတိုင်း = နှစ်တိုင်းတို့၏ အကြားဝယ် ဂေါဓာဝရီမြစ်ကြီး နှစ်မြွှာကွဲ၍ သုံးယူဇနာ ကျယ်ဝန်းသော အလယ်ကျွန်းဖြစ်ရာ သီးပင်တောဖြင့် ဖုံးလွှမ်းအပ်သည့် ရှေးအခါက သရဘင်္ဂ-အစရှိသော ရသေ့ဆရာကြီးတို့ နေထိုင်ရာအရပ်ကို တွေ့ရလေလျှင် ဗာဝရီရသေ့ဆရာကြီးသည် အမတ်တို့အား “ဤ နေရာကား ရှေးရသေ့ရဟန်းတို့ နေရာဖြစ်၍ ရဟန်းတို့အား သင့် လျောက်ပတ်၏” ဟု ပြောကြားသိစေလေ၏။

အမတ်တို့သည် မြေနေရာကို ရယူရန် အဿကမင်းအား အသပြာတသိန်း, အဠကမင်းအား အသပြာတသိန်းကို ပေးဆက်ကြကုန်၏။ ထိုမင်းနှစ်ပါးတို့ကလည်း ထိုသုံးယူဇနာရှိသော အရပ်အပြင် နောက်ထပ်၍ နှစ်ယူဇနာမျှကျယ်ဝန်းသောအရပ် ဤသို့အားဖြင့် အလုံးစုံ ၅-ယူဇနာမျှ ကျယ်ဝန်းသောအရပ်ကို ကျေကျေနပ်နပ်ပင် ပေးကြလေကုန်၏။ သာဝတ္ထိပြည်မှ လိုက်ပါလာကြသော အမတ်နှစ်ယောက်တို့သည် ထိုအရပ်၌ သင်္ခမ်းကျောင်းတိုက် (=ရသေ့ကျောင်းတိုက်) အရာမ်ကို ဆောက်လုပ်စေကြ

(နှာ-၆၁၆)

ပြီးလျှင် သာဝတ္ထိပြည်မှ နောက်ထပ် အခြားဥစ္စာများကိုလည်း ယူဆောင်စေကြ၍ ဆွမ်းခံရွာကြီး တည်ထားပြီးလျှင် ပြန်သွားကြလေ၏(ဤကား သုတ္တနိပါတ်အဋ္ဌကထာအဆိုတည်း) (အင်္ဂုတ္တိုရ် အဋ္ဌကထာ အလိုမှာ)__အမတ်တို့ ရသေ့ကျောင်းတိုက် တည်ဆောက်ပြီး ပြန်သွားကြသည့်နောက် တနေ့သ၌ ယောကျား တယောက်သည် ရသေ့တို့ကို ဖူးမြော်ရန် လာရောက်ပြီးလျှင် ထို ရသေ့တို့ ခွင့်ပြုချက်အရ ထိုရသေ့တို့ပိုင်သည့် မြေအရပ်၌ မိမိ၏ နေအိမ်ကို ဆောက်လုပ်နေထိုင်လေ၏။ ထို လူနေအိမ်ဆောက်၍ နေသည်ကို မြင်၍ အခြားအိမ်ထောင်သည် တရာတို့ကလည်း ထို အရပ်၌ အိမ်ပေါင်းတရာ ဆောက်လုပ်နေထိုင်ကြလေ၏။ ဤနည်းဖြင့် ထို ဗာဝရီရသေ့ဆရာကြီးကို အကြောင်းပြု၍ ရွာကြီးသည် တနေ့တခြား ကြီးမားပြန့်စည်ပင်၍ လာလေ၏။ တပည့်တို့နှင့်တကွသော ဗာဝရီရသေ့ဆရာကြီးသည် ထိုရွာကြီး၌ ဆွမ်းခံခြင်းဖြင့်၎င်း, ရံခါ တောသစ်သီးတို့ကို ရှာသုံးဆောင်ခြင်းဖြင့်၎င်း ချမ်းသာစွာ နေထိုင်လေ၏။

ဗာဝရီဆရာကြီး နှစ်စဉ်အသပြာတသိန်း အလှူကြီးပေးခြင်း

ထိုဂေါစရဂါမ်ရွာကြီး၌ လယ်လုပ်မှု-အစရှိသည်ဖြင့် နှစ်စဉ် အခွန်တသိန်းဖြစ်လေသည်။ ထိုအခွန်ဘဏ္ဍာအသပြာတသိန်းကို ယူဆောင်ကြ၍ ထိုရွာနေ သူကြွယ်တို့သည် အဿကမင်းထံသို့ “အရှင်မင်းကြီးသည် ဤအခွန်အသပြာကို လက်ခံသာယာတော် မူပါလော့” ဟု သွားရောက် ပြောဆို ပို့သကြကုန်၏။ အဿက မင်းသည် ဤအခွန်အသပြာ တသိန်းကို ငါ လက်မခံလို မသာ ယာလို၊ ဗာဝရီဆရာကြီး၏ အထံသို့သာ ပို့ဆောင်ကြကုန်လော့” ဟု ငြင်းပယ်စကား ပြောကြားလိုက်လေ၏။ သူကြွယ်တို့သည် ထိုအသပြာတသိန်းကို ဗာဝရီဆရာကြီးထံသို့ ယူဆောင်လာကြ လေသော် ဆရာကြီးက “အဘယ်အလိုငှါ ဤအသတို့ကို ယူဆောင်အပ်ခဲ့ကုန်သနည်း” ဟု မေးသဖြင့် သူကြွယ်တို့သည် “အရှင်ဆရာကြီး...အကျွန်ုပ်တို့ အရှင်ဆရာကြီးများပိုင် မြေအရပ်၌ ချမ်းသာစွာ စားသောက်လုပ်ကိုင် နေထိုင်ရခြင်းအတွက် ကျေးဇူး

(နှာ-၆၁၇)

တုံ့ဆပ်ပေးလှူရန်အလို့ငှါ ယူဆောင်အပ်ခဲ့ပါကုန်သည်”ဟု ပြန်ကြားလျှောက်ထားကြလေကုန်၏။ ဗာဝရီဆရာကြီးက “ငါသည် အကယ်၍ ရွှေငွေကို အလိုရှိလျှင် များစွာသောဥစ္စာစုကို စွန့်ပယ်၍ ရသေ့ရဟန်းပြုမည်မဟုတ် = ရွှေငွေကို အလိုမရှိ၍သာ များစွာသောဥစ္စာကို စွန့်၍ ရသေ့ရဟန်းပြုခဲ့ပေသည်၊ သင်တို့၏ဥစ္စာကို ယူဆောင်၍သာ သွားကြလော့”ဟု မြစ်ပယ်စကား မိန့်ကြားလေလျှင် သူကြွယ်တို့သည် “တပည့်တော်တို့သည် အရှင်မြတ်အား စွန့်လှူအပ်ပြီးသော ဥစ္စာကို တဖန်ပြန်၍ မယူကြပါကုန်၊ စင်စစ်သော်ကား နှစ်စဉ်နှစ်တိုင်းပင် ဤနည်းဖြင့် အသပြာတသိန်း တသိန်း ပို့ဆောင်ကြပါမည်၊ ဤအသပြာတို့ကို လက်ခံတော်မူ၍ အရှင်ဆရာကြီးသည် အလှူဒါနကို ပေးလှူစေချင်ပါသည်” ဟု

တောင်းပန်လျှောက်ထားကြကုန်၏။ ဗာဝရီရသေ့ဆရာကြီးသည် ငြင်းဆန်၍ မရသည့်အဆုံး၌ ထိုအသပြာတသိန်းကို လက်ခံလိုက်ရ၍ အထီးကျန်ကပ္ပါး ဆင်းရဲသား, ခရီးသွား, ဖုန်းတောင်း, ယာစကာတို့အား ထိုအသပြာတသိန်းကို ပေးစွန့်လှူဒါန်းခြင်း အမှု နှစ်စဉ်နှစ်စဉ် ပြုလေ၏။ ထိုဆရာကြီး၏ နှစ်စဉ်နှစ်စဉ် အသပြာတသိန်း တသိန်း မဟာဒါနကြီး ပေးစွန့်လှူဒါန်းကြောင်း သတင်းကောင်းသည် အဆင့်ဆင့် ဇမ္ဗူဒိပ်ကျွန်း အလုံး၌ ပြန့်နှံ့ ထင်ရှားကျော်ကြား၍နေလေ၏။

လူလိမ်ပုဏ္ဏားတယောက် လာရောက်ခြောက်လှန့်ခြင်း

ဤသို့လျှင် ဗာဝရီဆရာကြီးသည် နှစ်စဉ်နှစ်စဉ် အလှူကြီးပေး လှူ၍ လာခဲ့ရာ တခုသောနှစ်၌ ထိုအလှူကြီးပေးလှူပြီးနောက် ထို ရွာမှထွက်ခဲ့၍ မိမိ၏သင်္ခမ်းကျောင်းသို့ ဝင်ရောက်ပြီးလျှင် “ငါသည် အလှူကြီးကို ကောင်းမွန်အောင်မြင်စွာ ပေးလှူအပ်လေပြီ”ဟု မိမိ၏ အလှူဒါနကို ဝမ်းမြောက်စွာ အောက်မေ့ကာ လျောင်းစက်၍ နေလေ၏။ ထိုခဏ၌ ကလိင်္ဂတိုင်း ဒုန္နိဝိဋ္ဌမည်သော ပုဏ္ဏားရွာဝယ် ဇူဇကာပုဏ္ဏား၏ အနွယ်အဆက်၌ ဖြစ်သော လူလိမ် ပုဏ္ဏားတယောက်၏ အိမ့်ရှင်ပုဏ္ဏေးမသည် ခဏ ခဏ အပြစ်ကို ဖော်ပြလျက် ထိုလူလိမ်ပုဏ္ဏားကို “ဗာဝရီပုဏ္ဏားကြီးသည် အလှူ

(နှာ-၆၁၈)

ကြီးပေးနေသည့်၊ သင်သွားရောက်၍ ထို အလှူပေးရာ အရပ်မှ ရွှေငွေကို ဆောင်ခဲ့လော့”ဟု မောင်းမပြောဆိုလေ၏။ လူလိမ် ပုဏ္ဏားသည် ပုဏ္ဏေးမက အပြစ်တင်ပြ မောင်းဆိုအပ်ရကား ရပ်တည်၍ မနေနိုင်တော့ပဲ ဗာဝရီဆရာကြီးထံသို့ သွားရောက်လေရာ ရှေးဖော်ပြရာပါ (ဗာဝရီဆရာကြီး မိမိ၏အလှူကို ဝမ်းမြောက်စွာ အောက်မေ့နေသော) အချိန်၌ ဆိုက်ရောက် လာလေ၏။

ထိုသို့ဆိုက်ရောက်လာပြီးသော် ထို လူလိမ်ပုဏ္ဏားသည် “အိုဗာဝရီပုဏ္ဏား...ငါ့အား အလှူဒါနကို ပေးလော့၊ အို ဗာဝရီပုဏ္ဏား… ငါ့အား အလှူဒါနကို ပေးလော့”ဟု တစာစာတောင်းရမ်းလေ၏။ ဗာဝရီဆရာကြီးက “အိုပုဏ္ဏားသင်ကား အခါမဟုတ်မှ နောက်ကျ၍ ရောက်လာဘိ၏၊ ငါသည် ရောက်ဆိုက်လာသော အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူအပ်ပြီးလေပြီ။ ယခုအခါ ငါ့မှာ အသပြာမရှိတော့ချေ”ဟု ပြောဆိုလေလျှင် လူလိမ်ပုဏ္ဏားသည်“အိုဗာဝရီပုဏ္ဏား...ငါသည် အသပြာများစွာတို့ကို အလိုမရှိပါ။ ဤမျှလောက် အလှူဒါနကြီးကို ပေးလှူနေသော သင့်အဖို့ရာ အသပြာတို့နှင့် ကင်းကွာမှု ဘယ်နည်းနှင့်မျှ မဖြစ်နိုင်၊ ငါအား အသပြာငါးရာတို့ကို ပေးလော့”ဟု အတင်းအကြပ် တောင်းရမ်းလေ၏။ တဖန် ဗာဝရီဆရာကြီးက “အိုပုဏ္ဏား… ငါမှာ အသပြာ ငါးရာတို့လည်း မရှိပါကုန်၊ နောက်တဖန် လှူဒါန်းသောအချိန်သို့ ရောက်လတ်လျှင် သင်ရပါလိမ့်မည်”ဟု အပြေအလည်စကား ပြောကြားပြန်လေလျှင် လူလိမ်ပုဏ္ဏားသည် “ငါသည် သင်လှူဒါန်းသော အခါကာလကို စောင့်ဆိုင်းငံ့လင့်နေရမှာတဲ့လား”ဟု အမျက်ထွက်စကား ပြောကြားပြီးလျှင် နွားချေး, ပန်းနီ, သမန်း မြက်-စသည်တို့ကို ယူဆောင်ခဲ့၍ လျင်လျင်မြန်မြန် ဗာဝရီဆရာကြီး၏ သင်္ခမ်းကျောင်း တံခါးဝသို့ သွားရောက်လျက် နွားချေးဖြင့် မြေကိုလိမ်းကျံ, ပန်းနီတို့ကို ဖြန့်ကြဲ, သမန်းမြက်တို့ကို ခင်းပြီးနောက် မိမိ၏ လက်ဝဲခြေကို ကရားရေဖြင့် ဆေး၍ ခုနစ်လှမ်းမျှ

(နှာ-၆၁၉)

လှမ်းသွားကာ မိမိ၏ခြေအပြင်ကို သုံးသပ်ဆုပ်နယ်လျက် မန္တန် စိပ်သည့်အဟန် နှုတ်ခမ်းကို တဆတ်ဆတ်လှုပ်ပြီးသော်__

“သစေ မေ ယာစမာနဿ၊ ဘဝံ နာနုပဒဿတိ။၊
သတ္တမေ ဒိဝသေ တုယှံ၊ မုဒ္ဓါ ဖလတု သတ္တဓာ။

ယာစမာနဿ= တောင်းခံသော။ မေ= ငါ့အား။ ဘဝံ = အရှင်ဗာဝရီပုဏ္ဏားသည်။ သစေ နာနုပဒဿတိ = အသပြာငါးရာ အကယ်၍ မပေးပါအံ့။ သတ္တမေ ဒိဝသေ = ယနေ့မှနောက် ခုနစ်ရက်မြောက်သောနေ့၌။ တုယှံ = သင်ဗာဝရီပုဏ္ဏား၏။ မုဒ္ဓါ= ဦးခေါင်းဦးထိပ်သည်။ သတ္တဓာ =ခုနစ်စိတ် ခုနစ်မြွာ။ ဖလတု =ကွဲစေသတည်း”__

ဤကဲ့သို့ ကျိန်ဆဲသည့်ဂါထာကို ရွတ်ဆိုလေ၏။

ထိုအခါ ဗာဝရီဆရာကြီးသည် “ထိုပုဏ္ဏား၏ စကားသည် တရံတခါ မှန်သော်မူ မှန်လေရာ၏”ဟု စဉ်းစားအောက်မေ့ကာ ပြင်းစွာစိတ်ပူပန်လျက် အိပ်ရာညောင်စောင်းထက်ဝယ် လျောင်း၍ နေလေ၏။ ထိုသို့နေစဉ် သန်းခေါင်ယံအချိန်၌ အခြား လွန်ခဲ့သောဘဝက ဗာဝရီဆရာကြီး၏ အမိဖြစ်ခဲ့ဘူးသော နတ်သမီး (သင်္ခမ်းကျောင်းစောင့်နတ်သမီး)သည် မိမိ၏သား စိုးရိမ် ပူဆွေးနေသည်ကို သိမြင်၍ အနီးသို့ ရောက်လာပြီးလျှင်__

“န သော မုဒ္ဓံ ပဇာနာတိ၊ ကုဟကော သော ဓနတ္ထိကော။
မုဒ္ဓနိ မုဒ္ဓပါတေ ဝါ၊ ဉာဏံ တဿ န ဝိဇ္ဇတိ။

တာတ=ချစ်သားဗာဝရီ...။ သော=ထိုပုဏ္ဏားသည်။ ဗုဒ္ဓံ= မုဒ္ဓမည်ငြား ဦးခေါင်းဦးထိပ်ခေါ်သော တရားကို။ န ပဇာနာတိ = ပိုင်းခြားထင်ထင် မသိမြင်ချေ။ သော= သင့်ထံရောက် ထိုပုဏ္ဏားသည်။ ဓနတ္ထိကော=သင့် ဥစ္စာကို သက်သက်အလိုရှိသော။ ကုဟကော = သင့်ကို လှည့်ဖြား လူလိမ်ပုဏ္ဏားတည်း။ မုဒ္ဓနိ ဝါ=မုဒ္ဓမည်ငြား ဦးခေါင်းဦးထိပ် တရား၌၎င်း။ မုဒ္ဓပါတေ ဝါ = မုဒ္ဓဓိ

(နှာ-၆၂၀)

ပါတ နာမခေါ်ရိပ် ထိုဦးထိပ်ကို ခွဲစိတ်နိုင်တောင်း တရားကောင်း၌၎င်း။ ဉာဏံ = အသိဉာဏ်သည်။ တဿ= ထို ကောက်ကျစ်လှည့်ဖြား လူလိမ်ပုဏ္ဏ၏ (သန္တာန်၌)။ န ဝိဇ္ဇတိ = တစိုးတစိ မရှိချေ”__

ဤသို့ ရှင်းလင်းပြောပြလေ၏။ ထိုအခါ ဗာဝရီဆရာကြီးသည် ထိုအမိဟောင်း နတ်သမီးကို “အိုမိခင်နတ်သမီး... အရှင်မိခင်နတ်သမီးသည် မုဒ္ဓ=ဦးခေါင်းဦးထိပ်မည်သောတရား, မုဒ္ဓါဓိပါတ= ထို ဦးခေါင်းဦးထိပ်ကို ခွဲစိတ်ဖောက်ထွင်းနိုင်သော တရား = ဤနှစ်ပါးကို အကယ်၍ သိမြင်ပါလျှင် အကျွန်ုပ်အား ဟောကြား ဖြေဆိုပါလော့၊ မိခင်ဟောကြား ထိုတရားစကားကို အကျွန်ုပ်တို့ နာကြားပါရစေ”ဟု တောင်းပန်စကား ပြောကြားလေ၏ (ဆိုင်ရာ ဂါထာကို သုတ္တနိပါတပါဠိ ခု၊ ၁၊ မျက်နှာ ၄၃၀-မှ ထုတ်နုတ်မှတ်ယူကုန်ရာ၏)။ နတ်သမီးက “ချစ်သားဗာဝရီ...ဤတရား နှစ်မျိုးကို ငါမိခင်လည်း မသိမမြင်ပါ၊ ဤတရားနှစ်မျိုး၌ အသိဉာဏ်သည် ငါမိခင်မှာ မရှိပါ။ မုဒ္ဓ, မုဒ္ဓါဓိပါတ=၍တရားနှစ်မျိုး၌ သိမြင်သောအသိဉာဏ်ကား ဘုရားတို့မှာသာလျှင် ရှိပါ၏”ဟု ပြောဆိုလေလျှင် ဗာဝရီဆရာကြီးသည် “မိခင်တို့မှ မသိလျှင် အဘယ်သူသည် မုဒ္ဓ, မုဒ္ဓါဓိပါတ = ဤတရားနှစ်မျိုးကို သိပါသနည်း၊ ထိုသိသောသူကို အကျွန်ုပ်အား ညွှန်ကြားပါလော့”ဟု တဖန် တောင်းပန်လေ၏။ နတ်သမီးက သမ္မာသမ္ဗုဒ္ဓ သုံးလောက ထွတ်ထား မြတ်စွာဘုရားသည် သိမြင်ကြောင်းကို ဖြေကြားလေလျှင် ဗာဝရီဆရာကြီးသည် ဘုရားဟူသောစကားကို ကြားရလျှင်ပင် သောကငြိမ်းပျောက် အလွန်လျှင်ဝမ်းမြောက်လျက် “ယခုအခါ မြတ်စွာဘုရား အဘယ်အရပ်၌ သီတင်းသုံးနေပါသနည်း” ဟု မေးမြန်း၍ နတ်သမီးကလည်း သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူကြောင်းကို ဖြေကြား ပြောဆိုလေသည်။

ဗာဝရီဆရာကြီးသည် နံနက်မိုးသောက် နောက်တနေ့အရုဏ်တက်လျှင်ပင် မိမိ၏ လက်စောင်တပည့်ကြီး တဆယ့်ခြောက်

(နှာ-၆၂၁)

ယောက်လုံးတို့ကို ခေါ်၍ “အမောင်တို့...လောက၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေပြီတဲ့၊ အမောင်တို့သည် လျင်စွာ သွားကြ၍ ဘုရား ဟုတ်, မဟုတ် သိအောင်စုံစမ်းပြီးလျှင် ငါ့ထံသို့ တဖန်ပြန်လာ၍ ပြောကြားကြပါဦး၊ ငါသည် မြတ်စွာဘုရားထံတော်သို့ လိုက်ပါပေအံ့၊ စင်စစ်သော်ကား အသက်အရွယ်ကြီးလှပြီဖြစ်သောကြောင့် ငါ၏ အသက်အန္တရာယ်ကား သိနိုင်ခဲလှ၏။ အမောင်တို့သည် ဘုရားရှင်အထံတော်သို့ သွားရောက်ကြ၍ ဤနည်း ဤနည်းဖြင့် ပြဿနာတို့ကို မေးကြကုန်လော့”ဟု အမေး ပုစ္ဆာ ခုနစ်ချက်ပါသည့် “မုဒ္ဓဖာလန” မည်သော (တနည်းမုဒ္ဓါဓိပါတ-မည်သာ) ပြဿနာကို မေးမြန်းပုံနှင့်တကွ အပြည့်အစုံ သင်ကြား၍ ပေးလေ၏။ (နောက်၌ ထင်ရှားလတ္တံ့)။

(အထူးမှတ်ရန်မှာ- ဗာဝရီဆရာကြီး ဂါဝရီမြစ်ကမ်း သင်္ခမ်းကျောင်း၌ နေစဉ် ရှစ်နှစ်လွန်မြောက်သောအခါ၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူလေသည်။ သုတ္တနိပါတ၊ဋ္ဌ၊၂၊၂၉၇-မှ)။

ထို့နောင်မှ ဗာဝရီဆရာကြီးသည်“ဤငါ၏တပည့်ကြီး လုလင် တဆယ့်ခြောက်ဦးစလုံးတို့ပင် ပညာရှိသူများ ဖြစ်ကြလေသည်။ မြတ်စွာဘုရား၏ တရားစကားကို ကြားနာကြရ၍ မိမိတို့၏ ရဟန်းကိစ္စ အထွတ်အထိပ်မြောက် ရောက်လတ်လျှင် တဖန် ငါ့အထံသို့ ပြန်လိုမှုလည်း ပြန်လာကြလိမ့်မည်။ မပြန်လာပဲသော်မူလည်း ရှိကြလိမ့်မည်”ဟု ကြံစည် ဆင်ခြင်မိပြီးလျှင် မိမိ၏တူ ပိင်္ဂီယအမည်ရှိသော လုလင်အား “အမောင်ပိင်္ဂီယ ငါ့တူ... သင်သည်ကား ဧကန်ပင် ငါ့အထံသို့ တဖန် ပြန်လာခြင်းငှါ ထိုက်၏၊ သင်ရအပ်သော လောကုတ္တရာဂုဏ်ကျေးဇူးကို ငါ့အား တဖန်ပြန်၍ ဟောကြားပါဦး”ဟု အထူးမှာတမ်းလိုက်လေသည်။

ထို့နောက် တပည့်ရသေ့ပေါင်း တသောင်း ခြောက်ထောင်တို့သည် အဇိတလုလင်(တပည့်ကြီး)ကို အကြီးအမှူး ဦးစီးဥက္ကဋ္ဌ ပြု၍ တပည့်ကြီး တဆယ့်ခြောက်ယောက်တို့နှင့် အတူတကွ ဆရာကြီးဗာဝရီကို ရိုသေမြတ်နိုး ရှိခိုးအရိုအသေပြုကြ၍ ထိုရသေ့ သင်္ခမ်းကျောင်းတိုက်မှ မြောက်အရပ်သို့ ရှေးရှုထွက်ခဲ့ကြကုန်၏။‌

(နှာ-၆၂၂)

(ထိုရသေ့တို့သည် အဠကမင်း၏ စိုးပိုင်ရာ မာဟိဿတိပြည်, ဥဇ္ဇေနီပြည်, ဝေါနဒ္ဓပြည်, ဝေဒိသပြည်, ပဝနပြည်, ကောသမ္ဗီပြည်, သာကေတပြည်, သာဝတ္ထိပြည်, သေတဗျပြည်, ကပိလဝတ်ပြည်, ကုသိနာရုံပြည်, ပါဝါပြည်, ဘောဂပြည်, ဝေသာလီပြည်, မဂဓတိုင်း ရာဇဂြိုဟ်ပြည် = ဤပြည်တို့သို့ အစဉ်အတိုင်း တပြည်ဝင် တပြည်ထွက် ယူဇနာပေါင်းများစွာ ခရီးဆက်ခဲ့ကြလေသည်)။

ထိုရသေ့တို့ ရောက်ရာ ရောက်ရာ ဌာနတို့၌ လူအများက “အရှင်ဘုရားတို့... အဘယ်အရပ်သို့ ကြွကြမည်နည်း”ဟု မေးမြန်းကြ၍ “ငါတို့သည် မြတ်စွာဘုရား အထံတော်သို့ ပြဿနာမေးလျှောက်ရန် သွားရောက်ကြကုန်အံ့”ဟု ဖြေကြားကြသဖြင့် ထိုထို ရောက်ရာရောက်ရာ ဌာနတို့မှ လူအများ စုရုံး၍ လိုက်ပါလာကြသည်မှာ ကောသမ္ဗီပြည်မှ သာကေတပြည်သို့ ရောက်လာကြလျှင်ပင် ပရိသတ်ကား ခြောက်ယူဇနာမျှ ရှိလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဗာဝရီ၏တပည့် ရသေ့တို့သည် လူများအပေါင်းကိုတိုးပွါးစေလျှက် လာရောက်ကြကုန်၏။ ထိုရသေ့တို့၏ ဣန္ဒြေများကား ရင့်ကျက်ခြင်းသို့မရောက်ကြကုန်သေး၊ ဤသာဝတ္ထိ အရပ်သည်လည်း ထိုရသေ့တို့အဖို့ရာ သပ္ပါယ အရပ် မဟုတ်ချေ။ စင်စစ်သော်ကား မဂဓတိုင်း ပါသာဏကစေတီ အရပ်သည် ထိုရသေ့တို့၏ သပ္ပါယအရပ် ဖြစ်သည်၊ မှန်၏ - ထိုအရပ်၌ ငါဘုရားတရားဟောလျှင် လူများအပေါင်း၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်းသည်လည်း ဖြစ်ပေလိမ့်မည်။ ထိုရသေ့တို့သည်လည်း ပြည်အားလုံးတို့သို့ ဝင်၍ လာရောက်ကြလျှင် အလွန်များစွာသော လူအပေါင်းဖြင့် လာရောက်ကြလိမ့်မည်” ဟု ဆင်ခြင်တော်မူ၍ ရဟန်းအပေါင်း ခြံရံအပ်လျက် သာဝတ္ထိပြည်မှ ရာဇဂြိုဟ်ပြည်သို့ ရှေးရှု အလျင် ကြွနှင့်တော် မူလေ၏။

ထိုရသေ့တို့သည်လည်း သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန် ကျောင်းတိုက်တော်သို့ ဝင်ပြီးလျှင် “အဘယ်သူသည် မြတ်စွာဘုရားပါနည်း၊ ယခုအခါ မြတ်စွာဘုရားသည် အဘယ် အရပ်၌

(နှာ-၆၂၃)

နေပါသနည်း” ဟု စုံစမ်းရှာဖွေကြသည်ရှိသော် ဂန္ဓကုဋီကျောင်းတော်၏ အနီးသို့ ရောက်ကြ၍ (ထိုရသေ့ကို မြင်အောင် မြတ်စွာဘုရားရှင် အဓိဋ္ဌာန်တော်မူ၍ ချထားတော်မူအပ်သော) ဘုရား ခြေတော်ရာကို မြင်ကြလေလျှင်__

ရတ္တဿ ဟိ ဥက္ကုဋိကံ ပဒံ ဘဝေ၊ ဒုဋ္ဌဿ ဟောတိ အဝကဎ္ဍိတံ ပဒံ။
မူဠှဿ ဟောတိ သဟသာနုပီဠိတံ၊ ဝိဝဋစ္ဆဒဿ ဣဒမီဒိသံ ပဒံ၊

ရာဂများသူ၏ ခြေရာသည် အလယ်က မထိပဲ ရှိတတ်၏။
ဒေါသများသူ၏ ခြေရာသည် နောက်သို့ ငင်သကဲ့သို့ရှိ၏။
မောဟများသူ၏ ခြေရာသည် ခြေဖျားဖနောင်းတို့ဖြင့် ဖိ၍ နင်းသကဲ့သို့ ရှိ၏။

ယခုတွေ့မြင်ရသော ဤခြေရာကား ကိလေသာ အမိုး ဖျက်ချိုး ဖွင့်လှစ်ပြီးသူ သဗ္ဗညူ မြတ်စွာဘုရား၏ ခြေတော်ရာ ဖြစ်၏။

ဟူသော ဤဂါထာအရ “ဤခြေတော်ရာ့ရှင်ကား သဗ္ဗညူဗုဒ္ဓ မြတ်စွာဘုရားတည်း”ဟု ဆုံးဆုံးဖြတ်ဖြတ် သိမှတ်ကြလေကုန်၏။

မြတ်စွာဘုရားသည်လည်း အစဉ်အတိုင်း သေတဗျပြည်, ကပိလဝတ်ပြည်-စသည်တို့သို့ ဝင်တော်မူ၍ လူအပေါင်းကို တိုးပွါး စေတော်မူကာ မဂဓတိုင်း ရာဇဂြိုဟ်ပြည် ပါသာဏကစေတီသို့ ဆိုက်ရောက်တော်မူလေ၏။ ရသေ့တို့သည်လည်း ထိုသို့ဆုံးဖြတ် သိမှတ်ပြီးသောခဏမှာပင် သာဝတ္ထိမှ ထွက်ခဲ့၍ ထိုသေတဗျပြည်, ကပိလဝတ်ပြည်-အစရှိသော အလုံးစုံသောပြည်တို့သို့ ဝင်ရောက်ကြကာ အစဉ်သဖြင့် မဂဓတိုင်း ရာဇဂြိုဟ်ပြည် ပါသာဏက စေတီသို့ ရောက်ဆိုက်ကြလေကုန်၏။

(ပါသာဏကစေတီ-ဟူသည်မှာ ဘုရားပွင့်တော်မမူမီ ရှေးအခါက ကြီးစွာသော ကျောက်ဖျာထက်၌ နတ်ကွန်းရှိလေသည်။ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူလာသောအခါ ထိုနေရာကို ဒါယကာတို့ ကျောင်း

(နှာ-၆၂၄)

ဆောက်လုပ်၍ သာသနာတော်အား လှူဒါန်းလေသည်။ ထိုကျောင်းတိုက်သည် ရှေးအမည်နှောင်းအတိုင်း “ပါသာဏကစေတီ”ဟူ၍တွင် မည်လေသည်။

ထိုပါသာဏကစေတီ၌ သိကြားမင်းသည် ကြိုတင်၍ တရားမဏ္ဍပ်ကြီး ဖန်ဆင်းထားအပ်လေသည်။ ရသေ့တို့သည် မြတ်စွာဘုရားရှင်ကို အမှီလိုက်လာကြရာ ညချမ်းသွားရမည့်ခရီးကို နံနက်, နံနက်သွားရမည့်ခရီးကို ညချမ်း ခရီးကြမ်းနှင်ခဲ့ကြသဖြင့် “ဤ ပါသာဏကစေတီကျောင်းတိုက်၌ မြတ်စွာဘုရား ရှိတော်မူ၏” ဟူ၍ ကြားသိကြရလေလျှင် အေးမြသောရေကို တွေ့သည့် ရေငတ်သူကဲ့သို့၎င်း, ကြီးစွာသောလာဘ်ကို ရရှိသည့် ကုန်သည်ကို သို့၎င်း, အရိပ်ကိုတွေ့ရှိသည့် ခရီးပန်းသူကဲ့သို့၎င်း အလွန့်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကြကာ ထိုပါသာဏကစေတီကျောင်း တိုက်ကုန်းသို့ အပြေးအလွှား တက်၍ သွားကြလေကုန်၏။

ထိုအချိန်၌ မြတ်စွာဘုရားသည် ရဟန်းအပေါင်းခြံရံအပ်လျက် တောအတွင်းဝယ် ခြင်္သေ့မင်းဟောက်သကဲ့သို့ ရဟန်းတို့အား “တရားဟောနေတော်မူဆဲ ဖြစ်၏။ အဇိတလုလင်(တပည့်ကြီး ရသေ့)သည် ရောင်ခြည်တော်ခြောက်သွယ် လက္ခဏာတော်ကြီး ငယ်တို့ဖြင့် တင့်တယ်လှစွာ နေစက်ဝန်း လပြည့်ဝန်းပမာ တရား မဏ္ဍပ်၌ ထိုင်နေကာ တရားဟောလျက်ရှိသော မြတ်စွာဘုရားကို ဖူးတွေ့ရသည့်ပြင် မြတ်စွာဘုရားရှင်က “ရသေ့တို့... အသို့နည်း= ဘယ့်နှယ်လဲ ဥတုဒဏ် ခံနိုင်ကြပါ၏လော” ဤသို့စသည်ဖြင့် ဝမ်းမြောက်ဖွယ်စကား မိန့်ကြားအပ်လေလျှင် “အိုအရှင်တမ... အကျွန်ုပ်တို့သည် ဥတုဒဏ်ကို ခံနိုင်ကြပါ၏” ဤသို့စသည်ဖြင့် ကိုယ်တိုင်ကလည်း အစေ့အစပ်စကား ပြောကြားရသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကာ အပြစ်လွတ်ရာအရပ်က ရပ်တည်လျက် မိမိတို့ဆရာကြီး ဗာဝရီက မှာတမ်းလိုက်သည့် အတိုင်း (နှုတ်က မမြွက်မဆိုပဲ) စိတ်ဖြင့်သာ __

အာဒိဿ ဇမ္မနံ ဗြူဟိ၊ ဂေါတ္တံ ဗြူဟိ သလက္ခဏံ။
မန္တေသု ပါရမိံ ဗြူဟိ၊ ကတိဝါစေတိ ဗြဟ္မဏော။

(နှာ-၆၂၅)

(စိတ်ထဲကသာ ရည်ညွှန်းလျက်)-(၁) ကျွန်ုပ်တို့ ဆရာကြီး၏ အသက်အရွယ်ကို ဟောဆိုပါလော့၊ (၂) ကျွန်ုပ်တို့ဆရာကြီးမှာ ရရှိသော မဟာပုရိသလက္ခဏာနှင့် တကွ (၃) ကျွန်ုပ်တို့ဆရာကြီး၏ အနွယ်ကို ဟောဆိုပါလော့၊ (၄) ကျွန်ုပ်တို့ ဆရာကြီး၏ ဝေဒကျမ်းတို့၌ တဖက်ကမ်းရောက် (= အပြီးအဆုံးတတ်မြောက်) ပုံကို ဟောဆိုပါလော့၊ (၅) ကျွန်ုပ်တို့ ဆရာပုဏ္ဏားသည် အဘယ်မျှလောက်သော တပည့်တို့ကို ဝေဒကျမ်းများကိုယ်တိုင် ပိုချနေပါသနည်း”__

ဟူ၍ မေးမြန်းလေ၏။ (အဇိတလုလင်ကို ဗာဝရီဆရာကြီးက ဤအမေးဂါထာကို သင်ပေးပြီး “အမေးဂါထာကို အမောင် စိတ်ဖြင့်သာမှတ်၍ မေးလေ၊ ဘုရားစင်စစ် ဧကန်ဖြစ်လျှင် အမောင်က စိတ်ဖြင့် မေးသည်ကို နှုတ်မြွက်၍ ဖြေဆိုလိမ့်မည်”ဟု မှာတမ်း လိုက်သည့်အတိုင်း အဇိတလုလင် (ခေါင်းဆောင်တပည့်ကြီး)သည် ဤဂါထာကို စိတ်ဖြင့်သာ အောက်မေ့မှတ်၍ ပြဿနာ ၅-ရပ် မေးလေသည်)။

ထိုအခါ မြတ်စွာဘုရားသည် အဇိတလုလင် စိတ်ဖြင့်မေးမြန်း အပ်သည့် ပြဿနာ ၅-ရပ်ကို ဆိုတော်မူလိုသည်ဖြစ်၍

ဝီသံ ဝဿသတံ အာယု၊ သော စ ဂေါတ္တေန ဗာဝရီ။
တီဏိဿ လက္ခဏာ ဂတ္တေ၊ တိဏ္ဏံ ဝေဒါန ပါရဂူ။
လက္ခဏေ ဣတိဟာသေ စ၊ သနိဃဏ္ဍု သကေဋုဘေ။
ပဉ္စသတာနိ ဝါစေတိ၊ သဓမ္မေ ပါရမိံ ဂတော။

(၁) ချစ်သားအဇိတ...သင်တို့ဆရာကြီး၏ အသက်သည် နှစ်ပေါင်း(၁၂၀)တရာ့နှစ်ဆယ်ရှိပြီ၊ (၂) ထို သင်တို့ဆရာကြီးသည် အနွယ်အားဖြင့် ဗာဝရီ ဖြစ်၏။ (၃) ထို သင်တို့ဆရာ ဗာဝရီ၏ ကိုယ်၌ မဟာပုရိသ လက္ခဏာကြီး သုံးပါးတို့ ပါရှိကြကုန်၏။ (၄) ထိုသင်တို့

(နှာ-၆၂၆)

ဆရာ ဗာဝရီပုဏ္ဏားကြီးသည် ဗေဒင်သုံးပုံတို့၌ တဖက်ကမ်းရောက် တတ်မြောက်သည့်ပြင်__

နိဃဏ္ဍုခေါ် အဘိဓာန်ကျမ်း, ကေဋုဘခေါ် အလင်္ကာ ကျမ်းတို့နှင့်တကွသော မဟာပုရိသလက္ခဏာကျမ်း, ဣတိဟာသကျမ်း (ပုရာဏ်ကျမ်း)တို့၌လည်း တဖက်ကမ်းရောက် (= အပြီးအဆုံးရောက်) တတ်မြောက်သူ ဖြစ်၏။ (၅) ထို သင်တို့ဆရာ ဗာဝရီပုဏ္ဏားကြီးသည် မိမိ၏ ဥစ္စာ ဖြစ်သော ဝေဒကျမ်းတို့၌ တဖက်ကမ်း (= အပြီးအဆုံး) ရောက် တတ်မြောက်သူဖြစ်လျက် ပျင်းရိသူ ဉာဏ်ထိုင်းသူ တပည့်ငါးရာတို့ကို ကိုယ်တိုင်ပင် ဝေဒကျမ်းများ ပို့ချနေ၏__

ဤနှစ်ဂါထာတို့ကို နှုတ်မြွက်မိန့်ဆို ရဲရဲတောက် ဖြေကြားတော်မူလေ၏။

ထိုအခါ အဇိတလုလင်သည် (၃)အမှတ်ပြ တတိယအဖြေဝယ် “မဟာပုရိသလက္ခဏာကြီးသုံးပါးတို့ ပါရှိကြကုန်၏”ဟု အပေါင်း အရေအတွက် သင်္ချာ ဖြေဆိုတော်မူသည်ကို သရုပ်အကောင် အထည်နှင့်တကွ ထင်ရှားစွာ ဖြေဆိုစေလို၍ တဖန် စိတ်ဖြင့်သာ_

လက္ခဏာနံ ပဝိစယံ၊ ဗာဝရိဿ နရုတ္တမ။
ကင်္ခစ္ဆိဒ ပကာသေဟိ၊ မာ နော ကင်္ခါယိတံ အဟု။

ကင်္ခစ္ဆိဒ= လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ယုံမှားကို ပယ်ရှားဖြတ်တောက်တော်မူနိုင်သော။ နရုတ္တမ = လူတို့ ထက်မြတ်တော်မူသော ရှင်ပင်ဘုရား...။ ဗာဝရိဿ = အကျွန်ုပ်တို့ဆရာ ဗာဝရီပုဏ္ဏား၏။ လက္ခဏာနံ = ခန္ဓာကိုယ်ဝယ် တင့်တယ်ဖြစ်ပွါး လက္ခဏာကြီး သုံးပါးတို့၏။ ပဝိစယံ=သိမှတ်စဖွယ် အကျယ်ဖြစ်သော သရုပ်အကောင် အထည်ကို။ ပကာသေဟိ = ထင်ရှားသိသာ ပြတော်မူပါလော့။ နော=အကျွန်ုပ်တို့၏ (သန္တာန်၌)။ ကင်္ခါယိတံ

 (နှာ-၆၂၇)

သို့လော သို့လော တွေးတောယုံမှားခြင်းသည်။ မာ အဟု = မဖြစ်ပါစေလင့်__

ဟူ၍ မေးမြန်းပြန်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် အဇိတ လုလင်ကို ရွှေနှုတ်တော် မြွက်ဟ၍__

မုခံ ဇိဝှါယ ဆာဒေတိ၊ ဥဏ္ဏဿ ဘမုကန္တရေ။
ကောသောဟိတံ ဝတ္ထဂုယှံ၊ ဧဝံ ဇာနာဟိ မာဏ၀။

(မာဏဝ= အဇိတမည်တွင် အိုလုလင်...။ သော = ထိုသင်တို့ဆရာ ဗာဝရီပုဏ္ဏားသည်။ (၁) ဇိဝှါယ=မိမိ လျှာဖြင့်။ မုခံ=မျက်နှာပြင်တခုလုံးကို။ ဆာဒေတိ=ဖုံးအုပ်နိုင်၏ (ထူလဇိဝှတာလက္ခဏာကို ဆိုသည်)။ (၂) အဿ = ထိုသင်တို့ဆရာ ဗာဝရီပုဏ္ဏား၏။ ဘမုကန္တရေ=မျက်မှောင်နှစ်ဖတ် အလယ်ချက်၌။ ဥဏ္ဏာ = ဥဏ္ဏလုံခေါ်တွင် မွေးမှင်ရှင်သည်။ ဇာတံ = ပေါက်ရောက် ဖြစ်ပွါးလျက်ရှိ၏ (မုဒုဩဒါတ ဥဏ္ဏလောမတာလက္ခဏာ ကိုဆိုသည်)။ (၃) အဿ = ထိုသင်တို့ဆရာ ဗာဝရီ ပုဏ္ဏား၏။ ဝတ္ထဂုယှံ = အဝတ်ဖြင့်ဖုံးရမည့် ပုရိသအင်္ဂါသည်။ ကောသောဟိတံ = ဆဒ္ဒန်ဆင်ပုံဟပ် အအိမ်ဖြင့် ဖုံးအပ်ပေ၏ (ကာသောဟိတဝတ္ထဂုယှလက္ခဏာကို ဆိုသည်)။ = အဇိတမည်တွင် သင်လုလင်သည်။ ဧဝံ ဇာနာဟိ = လက္ခဏာသုံးပါး ဤသို့အားဖြင့် ထင်ရှားသိလေလော့__

ဤကဲ့သို့ အတိအကျဖြေကြားတော်မူလေ၏။ ထိုအခါ တစုံတရာ အမေးပုစ္ဆာသံကို မကြားရပဲ မြတ်စွာဘုရား ဖြေကြားအပ်သည့် ပြဿနာ (= အဖြေ)တို့ကို ကြားရ၍ (တဆယ့်နှစ်ယူဇနာ ကျယ်ဝန်းသည့်) ပရိသတ်လူအပေါင်းသည် နှစ်ထောင်းအားရ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလျက် လက်အုပ်ကိုယ်စီ မြှောက်ချီလျက် “စိတ်ဖြင့်မေးအပ်သည့် ပြဿနာကို အဘယ်သူသည် မေးလိုက်ပါလိမ့်၊ နတ်သည်ပင် မေးလေသလော၊ ဗြဟ္မာသည်ပင်

(နှာ-၆၂၈)

မေးလေသလော၊ သူဇာသက်နှင်း သိကြားမင်းသည်ပင် မေးလေသလော။ မြတ်စွာဘုရားသည် ဤအဖြေကို အဘယ်သူအား ဖြေကြားတော်မူပါ”ဟု တအံ့တသြ ပြောဆို ကြံစည်လေ၏။

ဤသို့လျှင် အဇိတလုလင်သည် ပြဿနာ ၅-ရပ်တို့၏ အဖြေကို ကြားနာရပြီးလျှင် ပြဿနာ ၂-ရပ်တို့ကို မေးလိုရကား စိတ်ဖြင့် သာလျှင်__

မုဒ္ဓံ မုဒ္ဓဓိပတဉ္စ၊ ဗာဝရီ ပရိပုစ္ဆတိ။
တံ ဗျာကရောဟိ ဘဂဝါ၊ ကင်္ခံ ဝိနယ နော ဣသေ။

ထူသေ = သီလက္ခန္ဓ-စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီးလေ့လာတော်မူပြီးသော မြတ်စွာဘုရား...။ ဗာဝရီ = အကျွန်ုပ်တို့ဆရာ ဗာဝရီပုဏ္ဏားသည်။ ဗုဒ္ဓဉ္စ= မုဒ္ဓ-ခေါ်ငြား ဦးခေါင်း ဦးထိပ်မည်သော တရားကို၎င်း, (၆)။ မုဒ္ဓါဓိပါတဉ္စ = မုဒ္ဓါဓိပတ နာမခေါ်ရိပ် ထို ဦးထိပ်ကို ခွဲစိတ်နိုင်တောင်း တရားကောင်းကို၎င်း, (၇) ပရိပုစ္ဆတိ = သိလိုရေးဖြင့် မေးလျှောက်လိုက်ပါ၏။ ဘဂဝါ= ဘုန်းတော်ကြီးသော မြတ်စွာဘုရား...။ တံ = မုဒ္ဓ, မုဒ္ဓဓိပါတ ဓမ္မအပြား ထိုနှစ်ပါးကို။ ဗျာကရောဟိ = ကရုဏာရှေ့ထား ဖြေကြားတော်မူပါလော့။ နော= အကျွန်ုပ်တို့၏။ ကင်္ခံ= သို့လော သို့လော တွေးတော ယုံမှားခြင်းကို။ ဝိနယ = ဒေသနာ ဉာဏ်စက်သွားဖြင့် ပယ်ရှားဖျောက်လွှင့်တော်ပါလော့” ဟူ၍ မေးမြန်းပြန်လေ၏။ မြတ်စွာဘုရားသည် အဇိတလုလင် စိတ်ဖြင့်သာ မေးမြန်းအပ်သည်ကို ရွှေနှုတ်တော် မြွက်ဟ၍__

အဝိဇ္ဇံ မုဒ္ဓါတိ ဇာနာဟိ၊ ဝိဇ္ဇာ မုဒ္ဓါဓိပါတိနီ။
သဒ္ဓါသတိသမာဓီဟိ၊ ဆန္ဒဝီရိယေန သံယုတာ။

အဇိတ = အဇိတမည်တွင် အိုလုလင်... (၆) အဝိဇ္ဇံ = သစ္စာလေးခဏ်း မမြင်ကန်းအောင် ဖုံးလွှမ်း တတ်စွာ အဝိဇ္ဇာ = မောဟကို။ မုဒ္ဓါတိ = အနမတဂ္ဂ

(နှာ-၆၂၉)

သံသာရ၏ မုဒ္ဓခေါ်ငြား ဦးခေါင်း ဦးထိပ်တရား ဟူ၍။ ဇာနာဟိ = သတိစွဲချပ် သင်သိမှတ်လော့။ (၇) သဒ္ဓါသတိသမာဓီဟိ = သဒ္ဓါတရား, သတိတရား, သမာဓိ တရားတို့နှင့်၎င်း။ ဆန္ဒဝီရိယေန = ဆန္ဒတရား, ဝီရိယတရားနှင့်၎င်း။ သံယုတာ = ယှဉ်သော။ ဝိဇ္ဇာ=အရဟတ္တ မဂ္ဂဝိဇ္ဇာ ဉာဏ်ပညာသည်။ မုဒ္ဓါဓိပါတိနီ=အဝိဇ္ဇာတည်း ဟူသော သံသရာ့ဦးထိပ်ကို ခွဲစိတ်နိုင်တောင်း တရားကောင်းပေတည်း__

ဤကဲ့သို့ အတိအကျ ဖြေကြားတော်မူလေ၏။ ထိုအခါ အဇိတ လုလင်(ရသေ့)သည် အလွန့်အလွန် ဝမ်းမြောက်လှ၍ သစ်နက်ရေကို လက်ဝဲပခုံးထက်၌ စံပယ်တင်ပြီးလျှင် မြတ်စွာဘုရားရှင်၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ဦးခိုက်၍__

ဗာဝရီဗြာဟ္မဏော ဘောတော၊ သဟ သိဿေဟိ မာရိသ။
ဥဒဂ္ဂစိတ္တော သုမနော၊ ပါဒေ ဝန္ဒတိ စက္ခုမ။

မာရိသ=ဒုက္ခခပ်သိမ်း ငြိမ်းတော်မူပြီးသော။ စက္ခုမ= စက္ခု ၅-မျိုး စိုးမိုးပိုင်သ လောကထွတ်ထား ရှင်တော် မြတ်ဘုရား... ဗာဝရီဗြာဟ္မဏော= ဗာဝရီခေါ် တပည့်တော်တို့၏ ဆရာပုဏ္ဏားသည်။ ဥဒဂ္ဂစိတ္တော = အလွန်တက်ကြွ အားရသော စိတ်ရှိသည်ဖြစ်၍။ သုမနော = အနှစ်လိုအားရမ်း ဝမ်းမြောက်သော စိတ် ရှိသည်ဖြစ်၍။ သိဿေဟိ သဟ = တပည့် ရသေ့ပေါင်း တသောင်း ခြောက်ထောင်ကျော်တို့နှင့်တကွ။ ဘောတော=ရှင်တော် ဘုရား၏။ ပါဒေ =ခြေတော်အစုံ ကြာပဒုံတို့ကို။ ဝန္ဒတိ = ရိုသေမြတ်နိုး ဦးညွှတ်လျှိုး၍ ရှိခိုးလိုက်ပါ၏ဘုရား__

ဤဂါထာကို ရွတ်ဆိုဟစ်အော် ကြွေးကြော်ကာ ဆရာတပည့် အားလုံးတို့ကိုယ်စား အားရဝမ်းသာ ရှိခိုးလေ၏။ မြတ်စွာဘုရား

(နှာ-၆၃၀)

ရှင်သည်လည်း ထို အဇိတလုလင် (ရသေ့)ကို မေတ္တာ, ကရုဏာ ကြီးလှသောကြောင့်__

သုခိတော ဗာဝရီ ဟောတု၊ သဟ သိဿေဟိ ဗြာဟ္မဏော။
တွဉ္စာပိ သုခိတော ဟောဟိ၊ စိရံ ဇီဝါဟိ မာဏ၀။

မာဏ၀=အဇိတမည်တွင် အိုလုလင်...။ ဗာဝရီဗြာဟ္မဏော = သင်တို့ဆရာ ဗာဝရီပုဏ္ဏားသည်။ သိဿေဟိ သဟ = တပည့် မြားမြောင် သောင်းခြောက်ထောင်ကျော်တို့နှင့်တကွ။ သုခိတော = ကာယ, စိတ္တ သုခနှစ်သင်း ဖြစ်ခြင်းရှိသည်။ ဟောတု= ဖြစ်ပါစေသတည်း။ တွဉ္စာပိ =အဇိတမည်တွင် သင်လုလင်သည်လည်း။ သုခိတော = ကာယ, စိတ္တ သုခနှစ်သင်း ဖြစ်ခြင်းရှိသည်။ ဟောဟိ = ဖြစ်ပါစေသတည်း။ စိရံ = အာယုကပ်ကြာ ရှည်မြင့်စွာ။ ဇီဝါဟိ = အသက်ရှည်ထွေ တည်နေပါစေသတည်း။ (ဤဂါထာဖြင့် ဆုတောင်းအာသီသ ပြုတော် မူပြီးလျှင် တဖန်ဆက်၍)__

ဗာဝရိဿ စ တုယှံ ဝါ၊ သဗ္ဗေသံ သဗ္ဗသံသယံ။
ကတာ၀ကာသာ ပုစ္ဆဝှေါ၊ ယံကိဉ္စိ မနသိစ္ဆထ။

မာဏဝ = အဇိတမည်တွင် အိုလုလင်...။ ယံကိဉ္စိ = အမှတ်မထင် သံသယဝင်သည့် အကြင်ပြဿနာကို။ မနသိ= သင်တို့စိတ်၌။ ဣစ္ဆထ =တောင့်တလင့်ဆို မေးလိုကြကုန်၏။ ဗာဝရိဿစ=သင်တို့ဆရာ ဗာဝရီပုဏ္ဏား၏၎င်း။ တုယှံ ဝါ =အဇိတမည်တွင် သင်လုလင်၏၎င်း။ သဗ္ဗေသံ = ခပ်သိမ်းဥဿုံ အလုံးစုံသော သင်တို့ဆရာ တပည့် တစုတို့၏။ သဗ္ဗသံသယံ = အလုံးစုံရှိသမျှ ယုံမှား သံသယကို။ ကတာဝကာသာ =ငါဘုရားတို့ သနားသမှု အခွင့်ပြုအပ်သော သင်တို့သည်။ ပုစ္ဆဝှေါ = အားမနာတမ်း ဉာဏ်ထောက်လှမ်း၍ မေးမြန်းကြကုန်လော့__

(နှာ-၆၃၁)

ဟု သဗ္ဗညုပဝါရဏာ=မြတ်စွာဘုရားရှင်တို့၏ ဖိတ်ကြားခြင်းဖြင့် ဖိတ်ကြား မိန့်ဆိုတော်မူလေ၏။

ထိုသို့ မြတ်စွာဘုရားရှင်က ပြဿနာမေးလျှောက်ရန် ဖိတ်ကြားခွင့်ပြုတော်မူအပ်လေလျှင် ထိုရသေ့တို့သည် ရပ်တည်နေရာမှ အားလုံးထိုင်ကြ၍ လက်အုပ်ကိုယ်စီ မြှောက်ခဲ့ကြလျက် အဇိတလုလင်က အစဦးစွာ ပြဿနာမေးလျှောက်လေသည်။ မြတ်စွာဘုရားရှင်ကလည်း မေးအပ်သော ပြဿနာကို အရဟတ္တဖိုလ် အထွတ်တပ်၍ ဖြေကြားတော်မူလေသည်။ ဒေသနာနိဂုံး ဆုံးသောအခါ အဇိတလုလင်သည် တပည့်ပေါင်း တထောင်တို့နှင့် တကွ အရဟတ္တဖိုလ်၌ တည်လေ၏။ ထောင်ပေါင်းများစွာ အခြား တရားနာပရိသတ်တို့သည်လည်း မဂ်ဖိုလ်သို့ဆိုက်ရောက် ကြလေ၏။ အရဟတ္တဖိုလ်သို့ ရောက်သည်နှင့်တပြိုင်နက် အရှင်အဇိတနှင့်တကွ တပည့် တထောင်တို့သည် ဧဟိဘိက္ခုရဟန်း ရဟန်းအဖြစ်ကို ရရှိကြကာ ရသေ့အသွင်ပျောက်၍ အဝါခြောက်ဆယ်ရသော မထေရ်ကြီးများကဲ့သို့ ဣဒ္ဓိမယ ပရိက္ခရာကို ကိုယ်မှာ ဆင်ယင်ပြီးဖြစ်ကြလျက် မြတ်စွာဘုရားရှင်ကို ရိုသေစွာ လက်အုပ် ချီမိုး ရှိခိုး၍ ထိုင်နေကြကုန်၏။ (ကြွင်းသော တပည့်ကြီးတို့ မြတ်စွာဘုရားကို ပြဿနာ မေးလျှောက်ရာ၌လည်း ဤနည်း အတူပင်တည်း။ ပြဿနာမေးလျှောက်ပုံ, မြတ်စွာဘုရားရှင်က ဖြေဆိုပုံတို့ကို သုတ္တနိပါတ ပိဋကတ်မြန်မာပြန် “ခု၊မြန် ၁၊ စာမျက်နှာ ၄၁၀-မှစ၍” အစဉ်အတိုင်း ကြည့်ရှု မှတ်ယူကုန်ရာ၏၊ ဤ ကျမ်း၌ကား အရှင်မောဃရာဇမထေရ်အကြောင်းနှင့်ဗာဝရီဆရာကြီး၏နောက်ပိုင်းအကြောင်းကိုသာ သိသာရုံ ဖော်ပြပါအံ့)__

အဇိတလုလင် ပဌမရှေးဦးစွာ ပြဿနာမေးလျှောက်ပြီးနောက် ရှေးဖော်ပြရာပါ တပည့်ကြီးလုလင်တို့သည် အစဉ်အတိုင်း မိမိတို့အလိုရှိရာ ပြဿနာတို့ကို မေးလျှောက်ကြလေသည်။ မေးတိုင်းမေးတိုင်းသော ပြဿနာတို့ကို မြတ်စွာဘုရားသည် ရှင်းလင်းဖြေဆိုကာ တရားဟောတော်မူလေသည်။ အမေး, အဖြေ တရပ် တရပ် ပြီးဆုံးသောအခါ ပြဿနာရှင်တပည့်ကြီးနှင့်

(နှာ-၆၃၂)

တကွ အန္တေဝါသိကတပည့် တထောင် တထောင်တို့ ရဟန္တာ ဖြစ်ကြကာ ဧဟိဘိက္ခုရဟန်းအဖြစ်ကို ခံယူရရှိကြလေသည်။

အထူးအားဖြင့် ထိုတပည့်ကြီး တကျိပ်ခြောက်ယောက်တွင် မောဃရာဇလုလင်ကား “ငါသည် ထိုသူအားလုံးတို့ထက် အထူးသဖြင့် ပညာရှိသူ ဖြစ်၏”ဟု မာနခက်ထန်သူ ဖြစ်လေသည်။ မောဃရာဇလုလင်၏စိတ်၌ “ဤအဇိတလုလင်သည် တပည့်ကြီး အားလုံးတို့အနက် အကြီးဆုံးဖြစ်သည်။ ငါသည် သူ၏ အလျင် ပြဿနာမေးလျှောက်ရန် မသင့်လျော်”ဟု အကြံဖြစ်ရှိကာ အဇိတလုလင်၏အပေါ် ရှက်နိုးသဖြင့် အလျင်လက်ဦးပြဿနာ မမေးသေးပဲ ထိုအဇိတလုလင် မေးပြီးသောအခါ ဒုတိယတပည့်ကြီးအနေဖြင့် မောဃရာဇလုလင်က မြတ်စွာဘုရားရှင်ကိုပြဿနာ မေးလျှောက်လေသည်။

မြတ်စွာဘုရားရှင်သည် “မောဃရာဇလုလင်ကား မာန်မာန ခက်ထန်သူ ဖြစ်၏။ သူ၏ ဉာဏ်ပညာသည် မရင့်ကျက်သေး၊ သူ၏မာနကို တားမြစ်မှ သင့်မည်”ဟု ဆင်ခြင်တော်မူကာ “မောဃရာဇ...သင်ဆိုင်းငံ့ဦး၊ အခြားသူများ ပြဿနာကို မေးကြ ကုန်စေဦး”ဟု ဟန့်တားစကား မိန့်ကြားတော်မူလေ၏။ မောဃရာဇလုလင်သည် မြတ်စွာဘုရားက ဟန့်တားအပ်သည် ရှိသော် “ငါသည် ဤမျှကာလကြာမြင့်အောင် ငါ့ထက် ပညာရှိသောသူ မည်သည် မရှိဟု အောက်မေ့ကာ လှည့်လည်နေထိုင်ခဲ့၏။ ဘုရားရှင်တို့မည်သည်လည်း မသိပဲ မိန့်ဆိုတော်မမူကြကုန်၊ မြတ်စွာဘုရားသည် ဧကန်ပင် ငါ၏မေးလျှောက်ခြင်း၌ အပြစ်တစုံတရာ မြင်တော်မူသည် ဖြစ်ပေလိမ့်မည်”ဟု ကြံစည်ကာ ဆိတ်ဆိတ်နေလေ၏။

မောဃရာဇလုလင်သည် ၁-အဇိတ, ၂-တိဿမေတ္တေယျ, ၃-ပုဏ္ဏက, ၄-မေတ္တဂူ, ၅-ဓောတက, ၆-ဥပသီဝ, ၇-နန္ဒ, ၈-ဟေမကလုလင်တို့ မေးပြီးသောအခါ မမေးပဲ မနေနိုင်ပြန်သဖြင့် တဖန် မေးလျှောက်ပြန်လေသည်။ မြတ်စွာဘုရားသည်လည်း မောဃရာဇလုလင်၏ ဣန္ဒြေမရင့်ကျက်သေးသဖြင့် ရှေးနည်းအတူ ဟန့်

(နှာ-၆၃၃)

တားတော်မူလေ၏။ မောဃရာဇလုလင်လည်း ဆိတ်ဆိတ်ပင် နေပြန်၍ ၉-တောဒေယျလုလင်, ၁၀-ကပ္ပလုလင်, ၁၁-ဇတုကဏ္ဏီလုလင်, ၁၂-ဘဒြာဝုဓလုလင်, ၁၃-ဥဒယလုလင်, ၁၄-ပေါသာလလုလင်တို့ ပြဿနာမေးလျှောက်ပြီးကြသောအခါ “ငါသည် ဘယ်နည်းနှင့်မျှ သံဃနဝက=သံဃနော= သံဃာအငယ်ဆုံး အဖြစ်မခံနိုင်” ဟု ကြံစည်အောက်မေ့ကာ တဆယ့်ငါးယောက်မြောက် ပြဿနာရှင်ဖြစ်၍ မြတ်စွာဘုရားရှင်ကို မေးလျှောက်လေ၏။ ဤ အကြိမ်၌ကား မောဃရာဇလုလင်၏ ဣန္ဒြေမှာ ရင့်ကျက်ပြီဖြစ်၍ မြတ်စွာဘုရားရှင်သည်လည်း မောဃရာဇလုလင်၏ အမေးကို ဖြေကြားတော်မူလေသည်။ မေးဖြေကြပုံမှ__

(မောဃရာဇ) ဒွါဟံ သက္ကံ အပုစ္ဆိဿံ၊
န မေ ဗျာကာသိ စက္ခုမာ။
ယာဝတတိယဉ္စ ဒေဝီသိ၊
ဗျာကရောတီတိ မေ သုတံ။

အဟံ = မောဃရာဇ နာမတွင်ခေါ် တပည့်တော်သည်။ သက္ကံ= သာကီဝင်မင်းသား မြတ်စွာဘုရားကို။ ဒွေ ဝါရေ = အဇိတလုလင် မေးပြီးစက တကြိမ်, ဟေမကလုလင် မေးပြီးစက တကြိမ်=ဤသို့ နှစ်ကြိမ်တို့တိုင်တိုင်။ အပုစ္ဆိဿံ = ပြဿနာနက်လေး သိလိုရေးဖြင့် မေးလျှောက်ခဲ့ပါပြီ။ စက္ခုမာ = စက္ခု ၅-မျိုး စိုးမိုးပိုင်သ လောကထွတ်ထား မြတ်ဘုရားသည်။ မေ= အကျွန်ုပ်အား။ န ဗျာကာသိ= မြစ်ပယ်ဟန့်တား ဖြေကြားတော် မမူခဲ့ချေ။ ဒေဝီသိ = ဝိသုဒ္ဓိနတ် ဘုရားမြတ်မည်သည်။ ယာဝတတိယံ= သုံးကြိမ်တိုင်အောင်။ ပုဋ္ဌော စ = သိလိုရေးဖြင့် မေးလျှောက်အပ်လျှင်မူ။ ဗျာကရောတိ = ကရုဏာရှေ့ထား ဖြေကြားတော်မူ၏။ ဣတိ = ဤသို့။ မေ= မောဃရာဇတွင်ခေါ် တပည့်တော်သည်။ သုတံ=ဂေါဓာဝရီမြစ်ကမ်း၌ နေစဉ်ကပင် ကြားအပ်ဘူးပြီ။ (နှာ-၆၃၄)

အယံ လောကော ပရော လောကော၊ ဗြဟ္မလောကော သဒေဝကော။
ဒိဋ္ဌိံ တေ နာဘိဇာနာတိ၊ ဂေါတမဿ ယသဿိနော။

အယံ လောကော=ပစ္စုပ္ပန္န ဤလူ့ပြည်လောကသည်၎င်း။ ပရော လောကော=လူမှတပါး အခြားကြွင်းကျန်သော လောကသည်၎င်း။ သဒေဝကော = ဗြဟ္မာကို ချန်လှပ်၍ ဥပပတ္တိနတ် သမ္မတိနတ်နှင့် တကွသော။ ဗြဟ္မလောကော = ဗြဟ္မာလောကသည်၎င်း (လူရော နတ်ပါ ဗြာဟ္မာမကြွင်း သတ္တဝါခပင်းကို ဆိုလိုသည်)။ ဂေါတမဿ =ဂေါတမအနွယ် ဖြစ်တော်မူသော။ ယသဿိနော= များသောအခြံအရံ အကျော်အစောရှိတော်မူသော။ တေ = ရှင်ပင်ဘုရား၏။ ဒိဋ္ဌိံ = အယူကို။ နာဘိဇာနာတိ = မသိဧကန် မှန်လှပါ၏။

ဧဝံ အဘိက္ကန္တဒဿာဝိံ၊ အတ္ထိ ပဉှေန အာဂမံ။
ကထံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။

ဧဝံ= ဤသို့။ အဘိက္ကန္တဒဿဝိံ = နှစ်လိုဖွယ်အပ် မြတ်သောအသိအမြင်ရှိတော်မူသော၊ (ဝါ) သတ္တလောက၏ အာသယ, အဓိမုတ္တိ ဂတိ, ပရာယဏ-စသည်ကုန်စင် ထိုးထွင်း သိမြင်တော်မူနိုင်သော မြတ်စွာဘုရားအထံတော်သို့။ ပဉှေန အတ္ထိ = အမေးပုစ္ဆာ ပြဿနာဖြင့်။ အတ္ထိ = အလိုရှိသည်ဖြစ်၍။ (ဝါ) ပဉှေန အတ္ထိ = ပြဿနာ နက်လေး မေးလျှောက်လိုသည်ဖြစ်၍။ အာဂမံ = ရွှေဖဝါးတော်အောက် တပည့်တော်လာရောက်ခဲ့ပါပြီ။ လောကံ = သက်ရှိ,သက်မဲ့ ပြဲ့ပြဲ့ကုန်စင် သင်္ခါရလောကကို။ တထံ = အဘယ်သို့ အဘယ်ပုံ။ အဝေက္ခန္တံ = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ရှုကြည့်သောသူကို။ မစ္စုရာဇာ = မစ္စုခေါ်လျှင်း ရှင်သေမင်းသည်။ န ပဿတိ = မမြင်နိုင်ပါသနည်း (သက်ရှိ သက်မဲ့ သင်္ခါရလောက တရားအစုကို အဘယ်

(နှာ-၆၃၅)

သို့ရှုသောသူသည် အရဟတ္တမဂ်, အရဟတ္တဖိုလ်ပေါက် ရောက်သဖြင့် သေခြင်း တရားမှ လွတ်မြောက်နိုင်ပါသနည်း = သေခြင်းတရားမှ လွတ်မြောက်အောင် သင်္ခါရလောကကို အဘယ်သို့ ရှုရပါမည်နည်းဟု မေးလိုရင်း ဖြစ်သည်)။

ဤသို့ မောဃရာဇလုလင်က ၃-ဂါထာတို့ဖြင့် အကျိုး, အကြောင်း ဖော်ပြ ချီးမွမ်း၍ နောက်ဆုံး ဂါထာ နောက်ထက်ဝက်ဖြင့် ပြဿနာမေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည်__

သုညတော လောကံ အဝေက္ခဿု၊
မောဃရာဇ သဒါ သတော။
အတ္တာနုဒိဋ္ဌိံ ဦဟစ္စ၊ ဧဝံ မစ္စုတရော သိယာ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတီ”တိ။

မောဃရာဇ= ချစ်သား မောဃရာဇ်...။ တွံ = သင် ချစ်သားသည်။ သဒါ= နေ့ရောညဉ့်ပါ အခါခပ်သိမ်း။ သတော = အောက်မေ့မှု, သတိ လင်းလင်းရှိလျက်။ အတ္တာနုဒိဋ္ဌိံ = ခန္ဓာငါးဝ တရားမျှဝယ် အတ္တ= လိပ်ပြာ ငါဟုမှတ်စွဲ အယူလွဲကို။ ဦဟစ္စ= ပညာထိန်းချုပ် စွန့်ပယ်နုတ်၍။ လောကံ = သက်ရှိ သက်မဲ့ ပြဲ့ပြဲ့ ကုန်စင် သင်္ခါရလောကကို။ သုညတော = အလိုသို့ မလိုက်ပါ သင်္ခါရ သက်သက်မျှ သုညတရား - ပါတကား ဟူ၍။ အဝေက္ခဿု = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ရှုကြည့်လေလော့။ ဧဝံ =ဤသို့ ရှုကြည့်သည်ရှိသော်။ မစ္စုတရော= သေခြင်းတရားကို လွန်မြောက်သည်။ သိယာ= ဖြစ်ရာ၏။ ဧဝံ=ဤသို့ဤပုံ။ လောကံ = သက်ရှိ,သက်မဲ့ ပြဲ့ပြဲ့ကုန်စင် သင်္ခါရလောကကို။ အဝေက္ခန္တံ = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ရှုကြည့်သောသူကို။ မစ္စုရာဇာ = မစ္စုမည်လျှင်း ရှင်သေမင်းသည်။ န ပဿတိ = မမြင်နိုင်

ဟူသော ဤတရားဒေသနာ အဖြေဂါထာကို ဟောကြားတော် မူလေ၏။

(နှာ-၆၃၆)

(အတ္တဒိဋ္ဌိ=သက္ကာယဒိဋ္ဌိကို ခွါ၍ သင်္ခါရတရားအစုကို အနတ္တ-ဟူ၍ သုည-ဟူ၍ ရှုရမည်၊ ထိုသို့ရှုဖန်များလျှင် သေခြင်းတရားကို လွန်မြောက်၏-ဟု ဆိုလိုသည်။ အရဟတ္တဖိုလ်သို့ရောက်လျှင် သေခြင်းတရားကို လွန်မြောက်သောကြောင့် “သေခြင်းတရားကို လွန်မြောက်၏”ဟု ဟောဆိုသဖြင့် “အရဟတ္တဖိုလ်သို့ ရောက်၏”ဟု ဟောဆိုခြင်းကိစ္စ ပြီးသည်။ ထို့ကြောင့် ယခု မြတ်စွာဘုရား ဟောကြားအပ်သော တရားဂါထာသည် အရဟတ္တဖိုလ်အထွတ်တပ်သော တရားဂါထာ ဖြစ်လေသည်)။

ဤသို့ အရဟတ္တဖိုလ်အထွတ်တပ်လျက် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားဂါထာ ဒေသနာနိဂုံး ဆုံးသောအခါ မောဃရာဇလုလင်သည်လည်း ရှေးတပည့်ကြီးများနည်းတူ မိမိ၏ အန္တဝါသိက တပည့်ပေါင်း တထောင်နှင့်တကွ အရဟတ္တဖိုလ်ပေါက် ရောက်၍ ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ခံယူရရှိလေ၏။ ထောင်ပေါင်းများစွာ တရားနာပရိသတ်တို့သည်လည်း မဂ်ဖိုလ် အကျွတ်တရားကို ရရှိကြကုန်၏။

(ဂ)ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

ဤ မောဃရာဇရဟန္တာမထေရ်မြတ်သည် ထိုသို့ ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ရရှိသောအချိန်မှစ၍ (၁) ဝတ္ထလူခ= အဝတ် အထည်အမျိုးအစားအားဖြင့် ကြမ်းတမ်းညံ့ဖျင်း၍ (၂) သုတ္တလူခ= သင်္ကန်းချုပ်သော ချည်အနေအားဖြင့်လည်း ကြမ်းတမ်း ခေါင်းပါးညံ့ဖျင်းလျက် (၃) ရဇနလူခ= ဆိုးရည်အနေအားဖြင့်လည်း အပ်စပ်သည်ဟု ဆိုရရုံ ကြမ်းတမ်းခေါင်းပါးညံ့ဖျင်းသည့် ဆိုးရည်ဖြင့် ဆိုအပ်သည့် သင်္ကန်းကိုသာ ဝတ်ရုံသုံးဆောင်တော် မူလေ့ရှိ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတိုက်တော်၌ နေတော်မူလျက် မထေရ်မြတ်တို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး =ဌာနန္တရ၌ ထားတော်မူသည်ရှိသော် အရှင်မောဃရာဇမထေရ်မြတ်ကို__

(နှာ-၆၃၇)

“ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ ဘိက္ခူနံ လူခစီဝရဓရာနံ ယဒိဒံ မောဃရာဇာ=ရဟန်းတို့...သုံးမျိုးသော အခြင်းအရာဖြင့် ခေါင်းပါးညံ့ဖျင်းသောသင်္ကန်းကို ဆင်မြန်းဝတ်ရုံသုံးဆောင်လေ့ရှိကြသည့် ဘုရား၏ တပည့် သာဝကရဟန်းတို့တွင် မောဃရာဇရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”__

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “လူခစီဝရဓရ = ခေါင်းပါး ညံ့ဖျင်းသောသင်္ကန်းကို ဆင်မြန်းဝတ်ရုံ သုံးဆောင်သော အရာ” ဝယ် အသာဆုံး အမြဘ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။ ဤကား အရှင်မောဃရာဇမထေရ်အကြောင်းတည်း။

_______

နောက်ဆက်တွဲ

ဗာဝရီဆရာကြီးအကြောင်း

ဗာဝရီဆရာကြီး၏ တပည့်ကြီး တကျိပ်ခြောက်ယောက်တို့ အနက် အဇိတလုလင်အစ မောဃရာဇလုလင်တိုင်အောင်သော တပည့်ကြီး တကျိပ်ငါးယောက်တို့ ပြဿနာမေးလျှောက်ကြ၍ မိမိတို့၏ အန္တေဝါသိက=အနီးနေတပည့်ပေါင်း တထောင်စီနှင့် တကွ အရဟတ္တဖိုလ်ပေါက် ရောက်ကြ၍ ဧဟိဘိက္ခု ရဟန်း အသီးသီး ဖြစ်ကြပြီးသောအဆုံး၌ ထိုဗာဝရီဆရာကြီး၏တူအရင်း အသက် နှစ်ပေါင်း(၁၂၀) တရာ့နှစ်ဆယ်ရှိပြီဖြစ်သော ပိင်္ဂိယလုလင်သည် နောက်ဆုံးတကျိပ်ခြောက်ယောက်မြောက် ပုဂ္ဂိုလ် ဖြစ်၍ မြတ်စွာဘုရားရှင်ကို__

ဇိဏ္ဏောဟမသ္မိ အဗလော ဝီတဝဏ္ဏော၊
နေတ္တာ န သုဒ္ဓါ သဝနံ န ဖာသု။
မာဟံ နဿံ မောမုဟော အန္တရာဝ၊
အာစိက္ခ ဓမ္မံ ယမဟံ ဝိဇညံ။
ဇာတိဇရာယ ဣဓ ဝိပ္ပဟာနံ။

(နှာ-၆၃၈)

ဘန္တေ= သုံးလောက ထွတ်ထား မြတ်စွာဘုရား။ အဟံ= ပိင်္ဂိယတွင်ခေါ် တပည့်တော်သည်။ ဇိဏ္ဏော= အရွယ်ယိုယွင်း အိုမင်းသူသည်။ အဗလော =ဇရာဖိစီး အားနည်းသူသည်။ ဝီတဝဏ္ဏော =ငယ်ကရုပ်ဆင်းကင်း ပျောက်ပြီးသူသည်။ အသ္မိ = ဖြစ်ပါ၏။ မေ= တပည့်တော်၏။ နေတ္တော = မျက်စိတို့သည်။ န သုဒ္ဓါ=မှုန်မှုန်ရီရီ မကြည်ကြတော့ပါကုန်။ သဝနံ = နားသည်။ န ဖာသု= ထိုင်းမှိုင်းဘိတောင်း ကောင်းကောင်းမကြားရတော့ပါ။ အဟံ = တပည့်တော်သည်။ အန္တရာဝ = အရှင်ဘုရား ဟောမိန့်ကြားသည့် တရားတော်ကို မျက်မှောက်မပြုရမီ အကြား၌သာလျှင်။ မောမုဟော = အဝိဇ္ဇာလွှမ်းထွေ တွေဝေသူ ဖြစ်လျက်။ မာ နဿံ = ကိုယ်ခန္ဓာ ပြုန်းတီး မပျက်စီးပါရစေနှင့်ဘုရား။ ဣဓ-ဣဓေဝ= ဓမ္မရာဇ်သနင်း ဤအရှင်ဘုရား၏ ခြေတော်ရင်း၌ပင်။ အဟံ= တပည့်တော်သည်။ ဇာတိဇရာယ=ပဋိသန္ဓေနေခြင်း, အိုခြင်းကို။ ဝိပ္ပဟာနံ= ပယ်စွန့်နိုင်ကြောင်း ဖြစ်သော။ ယံ ဓမ္မံ = နိဗ္ဗာန်ရောက်ကြောင်း အကြင်တရားကောင်းကို။ ဝိဇညံ = သိနိုင်ရာပါ၏။ တံ ဓမ္မံ = ထိုနိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို။ အာစိက္ခ= ကရုဏာရှေ့ထား ဟောကြားတော်မူပါဘုရား__

ဤသို့ တောင်းပန် လျှောက်ထားလေ၏။ ပိင်္ဂိယလုလင် ကိုယ်၌ ငြိကပ် တွယ်တာသူဖြစ်သောကြောင့် ခန္ဓာကိုယ်ရေး ဤမျှလောက် ဦးစားပေးကာ လျှောက်ထားနေလေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုပိင်္ဂိယလုလင်၏ ကိုယ်ခန္ဓာ၌(အထူးသဖြင့် ရုပ်တရား၌) တွယ်တာတပ်စွဲမှုကို ပယ်ဖျောက်ရန်__

ဒိသွာန ရူပေသု ဝိဟညမာနေ၊ [ပိင်္ဂိယာတိ ဘဂဝါ]
ရုပ္ပန္တိ ရူပေသု ဇနာ ပမတ္တာ။
တသ္မာ တုဝံ ပိင်္ဂိယ အပ္ပမတ္တော၊ ဇဟဿု ရူပံ အပုနဗ္ဘဝါယ။

(နှာ-၆၃၉)

ပိင်္ဂိယ=ချစ်သားပိင်္ဂိယ...။ ပမတ္တာ=သတိယွင်းပေါ့ မေ့လျော့ကုန်သော။ ဇနာ= သတ္တဝါထိုထို လူဗိုလ်ဗိုလ်တို့ကို။ ရူပေသု = သင်နှစ်သက် ရုပ်တရားတို့ကြောင့်။ ရုပ္ပန္တိ = ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ ကျင်နာခံခက် ရုပ်ဆင်းပျက်အောင် နှိပ်စက်အပ်ကုန်၏။ တသ္မာ= ထိုကြောင့်။ တုဝံ =သင်ချစ်သားသည်။ တေ စ = ထိုရုပ်ရှိသောကြောင့် ရောဂါမှောင့်သဖြင့် တကြောင့်ကြကြ ဆင်းရဲရသည့် များလှဘိတောင်း မေ့လျော့သူ လူ အပေါင်းတို့ကို၎င်း။ ရူပေသု=ရုပ်တရားတို့ကြောင့်။ ဝိဟညမာနေ=သုံးဆယ့်နှစ်ဖြာ ကံကြမ္မာ.အစရှိသည်တို့ဖြင့် မချိအောင် နှိပ်စက်အပ်၍ တလျှပ်လျှပ်ဟိန်းဟဲ ဆင်းရဲကြသူ လူအပေါင်းတိုကို၎င်း။ ဒိသွာန = မျက်ဝါးထင်ထင် သင်ချစ်သား တွေ့မြင်ပြီးဖြစ်ရကား၊ (ဝါ) တွေ့မြင်ပြီး ဖြစ်သောကြောင့် ။ အပ္ပေတ္တော = အပ္ပမာဒတရား လက်ကိုင်ထားလျက်။ အပုနဗ္ဘဝါယ=တဖန် ဘဝသစ် မဖြစ်ရန် အလို့ငှါ။ ရူပံ = ရုပ်တရားကို၊ (ဝါ) ရုပ်၌တွယ်တာသည့် တဏှာလောဘတရားကို။ ဇဟဿု = အနုသယအမြစ်မကျန် တွန်းလှန်ပယ်စွန့်လေလော့__

ဤဂါထာကို ဟောကြားတော်မူလေသည်။ (ဤ၌ အရဟတ္တဖိုလ်ရောက်လျှင် တဖန် ဘဝသစ်၌ မဖြစ်သောကြောင့် “အပုနဗ္ဘဝါယ = တဖန် ဘဝသစ်မဖြစ်ရန်အလို့ငှါ”ဟူသော စကားရပ်ဖြင့်ပင် မြတ်စွာဘုရားသည် အရဟတ္တဖိုလ်တိုင်အောင်သော အကျင့် ပဋိပတ်ကို ဟောတော်မူလိုက်လေသည်)။ ဤသို့ မြတ်စွာဘုရားရှင်က အရဟတ္တဖိုလ်တိုင်အောင် ဟောကြားအပ်သည့်ပဋိပတ်ကို ကြားနာရသော်လည်း ပိင်္ဂိယလုလင်သည် အိုမင်းအားနွဲ့သူ ဖြစ်သောကြောင့် မဂ်ဖိုလ်တရားထူးကို မရနိုင်ရှာသေးဘဲ တဖန် ထပ်၍__

(နှာ-၆၄၀)

ဒိသာ စတဿော ဝိဒိသာ စတဿော၊ ဥဒ္ဓံ အဓော ဒသ ဒိသာ ဣမာယော။
န တုယှံ အဒိဋ္ဌံ အဿုတံ အမုတံ၊ အထော အဝိညာတံ ကိဉ္စိ နမတ္ထိ လောကေ။
အာစိက္ခ ဓမ္မံ ယမဟံ ဝိဇညံ၊ ဇာတိဇရာယ ဣဓ ဝိပ္ပဟာနံ။

ဘန္တေ = သုံးလောကထွတ်ထား မြတ်စွာဘုရား...။ လောကေ = ယခုနေကြ လူ့လောက၌။ စတဿော ဒိသာ = တူရူခေါ်အပ် အရပ်လေးမျက်နှာတို့၎င်း။ စတဿော ဝိဒိသာ=အထောင့်ခေါ်အပ် အရပ်လေးပါးတို့၎င်း။ ဥဒ္ဓံ= အထက်အရပ်၎င်း။ အဓော=အောက်အရပ်၎င်း။ ဣမာယော ဒသ ဒိသာ=အရပ်မျက်နှာ ဤဆယ်ဖြာတို့၌။ တုယှံ = အရှင်ဘုရားသည်။ အဒိဋ္ဌံ = မမြင်အပ်သော။ အသုတံ= မကြားအပ်သော။ အမုတံ = နှာ, လျှာ, ကိုယ်တို့ဖြင့် မရောက်အပ်သော။ အထော = ထိုမှတပါး။ အဝိညာတံ= စိတ်ဖြင့် မသိအပ်သော။ ကိဉ္စနံ= တစုံတခုသော တရားမျှ။ န အတ္ထိ = မရှိဧကန် မှန်လှပါသည်ဘုရား။ (တသ္မာ= ထို့ကြောင့်။ တွံ = အရှင်ဘုရားသည်)။ ဣဓ-ဣဓေဝ= ဓမ္မရာဇ်သနင်း ဤအရှင်ဘုရား၏ ခြေရင်း၌ပင်။ ဇာတိဇရာယ = ပဋိသန္ဓေနေခြင်း, အိုခြင်းကို။ ဝိပ္ပဟာနံ= ပယ်စွန့်ကြောင်းဖြစ်သော။ ယံ ဓမ္မံ = အကြင်နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို အဟံ

= တပည့်တော်သည်။ ဝိဇညံ = သိနိုင်ရာပါ၏။ တံ ဓမ္မံ = ထို နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို။ အာစိက္ခ= ကရုဏာရှေ့ထား ဟောကြားတော်မူပါဘုရား__

ဟု မြတ်စွာဘုရားကို ချီးမွမ်းလျက် တရားဟောရန် တောင်းပန် ပြန်လေ၏။ ထိုအခါ ပိင်္ဂိယလုလင်အား မြတ်စွာဘုရားသည် အရဟတ္တဖိုလ် တိုင်အောင်သော အကျင့်ပဋိပတ်ကို ပြတော်မူလို၍__

(နှာ-၆၄၁)

တဏှာဓိပန္နေ မနုဇေ ပေက္ခမာနော၊
သန္တာပဇာတေ ဇရသာ ပရေတေ။
တသ္မာ တုဝံ ပိင်္ဂိယ အပ္ပမတ္တော၊
ဇဟဿု တဏှံ အပုနဗ္ဘဝါယ။

ပိင်္ဂိယ=ချစ်သားပိင်္ဂိယ...။ တဏှာဓိပန္နေ = တဏှာ နှိပ်စက် လွှမ်းမိုးဖျက်ဆီးအပ်ကုန်သောကြောင့်။ သန္တာပဇာတေ = ဇာတိစသည်ဖြင့် ပူပန်ခြင်း ဖြစ်ရှိ၍ နေကြကုန်သော။ ဇရသာ = အရွယ်ယိုယွင်း အိုမင်းခြင်းဖြင့်။ ပရေတေ = အတင်း အကြပ် နှိပ်စက်အပ်ကုန်သော။ မနုဇေ= လူအပေါင်းတို့ကို။ ပေက္ခမာနော= မျက်ဝါး ထင်ထင် သင်ချစ်သားတွေ့မြင်ရ၏။ တသ္မာ= ထို့ကြောင့်။ တုဝံ=သင်ချစ်သားသည်။ အပ္ပမတ္တော = ကုသိုလ်တရား ဟူသည်များ၌ မခြားနေ့ည ကြိုးလုံ့လသား အပ္ပမာဒတရား လက်ကိုင်ထားလျက်။ အပုနဗ္ဘဝါယ = တဖန် ဘဝသစ် မဖြစ်ရန်အလို့ငှါ။ တဏှံ =ကာမ, ဘဝ, ဝိဘဝဟု သုံးဝအပြား တဏှာတရားကို။ ဇဟဿု = အနုသယ အမြစ်မကျန် သမုစ္ဆေဒပဟာန်ဖြင့် တွန်းလှန်ပယ်စွန့်လေလော့__

ဤတရားဂါထာကို ဟောကြားတော်မူ၏။ ဤသို့ အရဟတ္တဖိုလ် အထွတ်တပ်၍ ဟောကြားအပ်သည့် တရားဒေသနာ ဂါထာနိဂုံး ဆုံးသောအခါ အရှင်ပိင်္ဂိယသည် အနာဂါမိဖိုလ်၌ တည်လေ၏= အနာဂါမ်အရိယာ ဖြစ်လေ၏။ ထိုအရှင်ပိင်္ဂိယသည်ကား တရားနာစဉ် အကြားအကြား၌ “ဤသို့စဉ် ဆန်းကြယ်သော ပဋိဘာန် အသိဉာဏ်ပါရှိသည့် တရားဒေသနာကို ဦးရီးတော်(= အမေ့မောင်)ဗာဝရီဆရာကြီးသည် ကြားနာခွင့်ကို မရရှာပါတကား” ဟု စဉ်းစားဆင်ခြင် အကြံဝင်၍ ဝင်၍ နေ၏၊ ထိုသို့ ဦးရီးတော် အပေါ် ချစ်ခင်မှုဖြင့် စိတ်ပျံ့လွင့်နေသောကြောင့် အရဟတ္တဖိုလ်သို့ မရောက်နိုင်ချေ။ သူ၏ တပည့် ရသေ့တထောင်သည်ကား အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏ = ရဟန္တာ ဖြစ်ကြကုန်၏။

(နှာ-၆၄၂)

ထိုသို့ အနာဂါမ်, ရဟန္တာ အရိယာများ ဖြစ်ကြပြီးနောက် ဆရာ တပည့်အားလုံးပင် ဣဒ္ဓိမယပရိက္ခရာတို့ကို ဆင်မြန်းကြရသည့် ဧဟိဘိက္ခုရဟန်းတို့ချည်း ဖြစ်ကြလေကုန်၏။

[ဤဗာဝရီဆရာကြီး၏ တပည့်ကြီး တကျိပ်ခြောက်ယောက်တို့မိမိတို အလိုရှိရာ မေးလျှောက်ကြ၍ မြတ်စွာဘုရားရှင်က ဖြေကြားအပ်သော အမေး, အဖြေ တရားဒေသနာ တစုတစုကို အဇိတသုတ္တန်-စသည်ဖြင့် တသုတ် တသုတ်ထား၍ သံဂီတိကာရကမထေရ်တို့ သံဂါယနာတင်တော် မူကြလေသည်။ ဝတ္ထုဂါထာနှင့်တကွ ထိုသုတ်ပေါင်း(၁၆) တဆယ့်ခြောက်သုတ်တို့ကို “သံသရာ၏ ထိုမှာဖက်ကမ်းဖြစ်သည့် နိဗ္ဗာန် ထုတ်ချောက် ရောက်စေကြောင်း ဖြစ်သောကြောင့်” “ပါရာယန သုတ္တန်”ဟု ခေါ်၏။ (ပါရ=နိဗ္ဗာန်သို့+အယန=ထုတ်ချောက်ရောက်စေနိုင်သော တရားများ-ဟု ဆိုလိုသည်။)]

ပါရာယနသုတ္တန်ကို မြတ်စွာဘုရား ဟောကြားပြီးဆုံးသောအခါ (၁၆ဝ၁၆) တသောင်း ခြောက်ထောင် တကျိပ်ခြောက် ယောက်သောရသေ့တို (ပိင်္ဂိယရသေ့တဦးသာ အနာဂါမိဖိုလ်သို့ ရောက်၍ ကျန်အားလုံးတို့)အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေသည်။ ထိုမှကြွင်းသည့် နတ်, လူပေါင်း (၁၄ဝဝဝဝဝဝဝ) တဆယ့်လေးကုဋေတို့သည်လည်း သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။

တရားပွဲကြီး ပြီးဆုံးသောအခါ ထိုထိုအရပ်မှ လာကြသည့် တရားနာသူ လူတို့သည် မြတ်စွာဘုရား၏ အာနုဘော်တော်ကြောင့် မိမိတို့နေရာ ရွာ, နိဂုံးတို့၌ ထင်ရှားဖြစ်ကြ = အလိုလို ရောက်ပြီး ဖြစ်ကြလေသည်။ မြတ်စွာဘုရားသည်လည်း (အရှင်ပိင်္ဂိယမထေရ်ကိုထား၍) ထောင်ပေါင်းများစွာသော ရဟန်းတို့ ခြံရံအပ်လျက် သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူလေ၏။

အရှင်ပိင်္ဂိယ ဗာဝရီဆရာကြီးအား တဖန်ပြန်၍တရားဟောခြင်း

အရှင်ပိင်္ဂိယသည်ကား မြတ်စွာဘုရားကို ရှိခိုး၍ “မြတ်စွာဘုရား...တပည့်တော်သည် ဦးရီးတော်ဗာဝရီအား လောက၌

(နှာ-၆၄၃)

မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေကြောင်း ပြောကြားရန် ဦးရီးတော်ထံ သွားပါရစေဘုရား၊ မှန်ပါသည်__ တပည့်တော်သည် ထိုဗာဝရီ ဦးရီးတော်အား တဖန်ပြန်ခဲ့မည်ဟု ဝန်ခံအပ်ခဲ့ပါသည် ဘုရား”ဟု ခွင့်ပန်စကား လျှောက်ထားပြီးနောက် မြတ်စွာဘုရား၏ ခွင့်ပြုတော်မူချက်အရ ဉာဏ်ဖြင့် သွားခြင်း (= ဣဒ္ဓိဝိဓ အဘိညာဏ်ဖြင့် ခဏအတွင်း သွားရောက်ခြင်းဖြင့် ဂေါဓာဝရီ ဆိပ်ကမ်းသို့ ကြွရောက်တော်မူပြီးလျှင် ထိုနေရာမှ ခြေလျင်သွားခြင်းဖြင့် ဗာဝရီဆရာကြီးနေရာ သင်္ခမ်းကျောင်းသို့ ရှေးရှူသွားတော်မူလေ၏။

ဗာဝရီဆရာကြီးသည် လာမည့်လမ်းကို မျှော်၍ ထိုင်နေစဉ် အရှင်ပိင်္ဂိယမထေရ်သူမြတ် ရသေ့ပရိက္ခရာ အသုံးအဆောင်များ မပါရှိပဲ ရဟန်းအသွင်ဖြင့် ကြွလာလတ်သည်ကို အဝေးမှပင် မြင်၍ “လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပြီ”ဟု ဆုံး ဖြတ်ချက် ချမှတ်လေ၏။ သင်္ခမ်းကျောင်းသို့ ရောက်ရှိလာသော အရှင်ပိင်္ဂိယမထေရ်ကို “အသို့နည်း = ဘယ့်နှယ်လဲ ပိင်္ဂိယ... လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပြီလား”ဟု မေးလေ၏။ အရှင်ပိင်္ဂိယမထေရ်က “အိမ်း...ဟုတ်ပေသည် ပုဏ္ဏား... လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပြီ၊ ပါသာဏက စေတီကျောင်းတိုက်၌ နေတော်မူလျက် ငါတို့အား တရားဟောတော်မူလိုက်ပြီ၊ ထိုတရားကို ငါသည် သင့်အား တဖန်ပြန်၍ ဟောကြားပေအံ့”ဟု မိန့်ဆိုလေလျှင် ဗာဝရီဆရာကြီးသည် တပည့် ပရိသတ် လုလင်ငါးရာတို့နှင့် အတူတကွ အရှင်ဝီရိယကို ကြီးစွာသော ပူဇော်ခြင်းဖြင့် ပူဇော်၍ နေရာခင်းပေးလေသည်။ ထို နေရာ၌ ထိုင်နေတော်မူကာ အရှင်ပိင်္ဂိယမထေရ်သည် ဗာဝရီ ဆရာကြီးအား “ပါရာယနာနုဂီတိ” မည်သော တရားဒေသနာ ၁၅-ဂါထာတို့ကို ဟောကြားတော်မူလေသည်။ (ဂါထာပါဠိတို့ကို ခု၊၁၊ သုတ္တနိပါတပါဠိ စာမျက်နှာ ၄၄၉-မှစ၍ ကြည့်ရှု လေ့ကျက်ကုန်ရာ၏။ ဤကျမ်း၌ကား မြန်မာပြန်သက်သက်ကိုသာ နားလည်လွယ်သောစကားတို့ဖြင့် ရေးသား ဖော်ပြပေအံ့)

(နှာ-၆၄၄)

(၁) အရှင်ပိင်္ဂိယသည် ဤသို့ ဟောဆို၏__

မြတ်စွာဘုရားဟောကြားအပ်သော ပါရာယနသုတ်ကို အတုယူ၍ ဟောပေအံ့။ ကိလေသာ အညစ်အကြေး ကင်းတော်မူသော, မြေကြီးနှိုင်းဆွယ်, ပြန့်ကျယ်သော ပညာရှိတော်မူသော, ကာမမှ ထွက်မြောက်တော်မူပြီးသော, ကိလေသာတော ကင်းတော်မူပြီးသော, ရဟန္တာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သစ္စာဘိသမ္ဗောဓဉာဏ်, အသာဓာရဏဉာဏ်တော်ဖြင့် သိမြင်တော်မူသည့် အတိုင်း တရားကို ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အဘယ့်ကြောင့် ချွတ်လွဲသောစကားကို ပြောကြားလိမ့်မည်နည်း= မပြောကြားသည်သာတည်း။

(၂) တွေဝေမှု = မောဟတည်းဟူသော အညစ်အကြေးကိုလည်း ပယ်ပြီးသော, ထောင်လွှားမှု = မာန, သူ့ကျေးဇူးကန်းမှု= မက္ခ တရားဆိုးတို့ကိုလည်း ပယ်ပြီးသော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးနှင့်စပ်သော တရားစကားကို ယခုအခါ သင့်အား ငါ ဟောကြားပေအံ့။

(၃) ပုဏ္ဏား... မြတ်စွာဘုရားသည် ကိလေသာ အမိုက်မှောင်ကို ပယ်ဖျောက်ပြီးဖြစ်၏၊ ထက်ဝန်းကျင် မြင်နိုင်သော ဉာဏ်မျက်စိ ရှိတော်မူ၏။ လောကအဆုံးသို့ ရောက်တော်မူပြီးဖြစ်၏။ ဘဝ အားလုံးကိုလည်း လွန်မြောက်ပြီး ဖြစ်တော်မူ၏။ အာသဝတရားကင်းတော်မူ၏။ ဆင်းရဲအားလုံးကို ပယ်ပြီးသူလည်း ဖြစ်၏။ ဗုဒ္ဓ-ဟူသော အမည်မှန်လည်း ရှိတော်မူ၏၊ အိုပုဏ္ဏား...ငါသည် ထို မြတ်စွာဘုရားကို ဆည်းကပ်အပ်ခဲ့လေပြီ။

(၄) ပုဏ္ဏား...ငှက်သည် အသီးနည်းသည့် စက်ဆုပ်ဖွယ်တောကို ပယ်စွန့်ကာ အသီးများစွာရှိသော တောကို မှီလျက် နေသကဲ့သို့ ဤအတူ ငါသည် ဉာဏ်အမြင်နည်းသူတို့ကို ပယ်စွန့်၍ ဟင်္သာသည် ရေများသောအိုင်သို့ သက်

(နှာ-၆၄၅)

ဆင်းမိသကဲ့သို့ ဉာဏ်ပညာရေ များသည့် ဘုရားရှင် ထံမှောက် သက်ဆင်းဆိုက်ရောက်ခဲ့လေပြီ။

(၅) ပုဏ္ဏား... ဂေါတမမြတ်စွာ သာသနာတော် မပေါ်ထွန်းသေးမီ ရှေးအခါက အကြင်ဆရာတို့သည် “ဤသို့ဖြစ်ပြီ၊ ဤသို့ဖြစ်လိမ့်မည်”ဟု မိမိတို့၏ အယူဝါဒကို ငါ့အား ပြောဆိုခဲ့ကြပြီ၊ ထို ဆရာတို့ ပြောဆိုအပ်သမျှ အယူဝါဒအလုံးစုံသည် ဤသို့တဲ့, ဤလိုတဲ့ဟု တဆင့်စကား ပြောသံကြားမျှသာ ဖြစ်၏။ ထိုဝါဒအလုံးစုံသည် ကာမ ဝိတက်စသော အကုသိုလ်အကြံ သုံးမျိုးကိုသာ ပွါးစေ တတ်၏။

(၆) ပုဏ္ဏား...ဂေါတမနွယ်ဖွား ထို ငါဆည်းကပ်ခဲ့သော မြတ်စွာဘုရားသည် ပြိုင်ဖက်မပြူ တဆူတည်း ဖြစ်တော်မူ၏။ ကိလေသာအမိုက်မှောင်ကို ဖျက်ဆီးပြီးကာ နေတော်မူ၏။ ကိုယ်တော်ရောင် တောက်ပသည့်ပြင် ဝေနေယျတို့အတွက်တာ ပညာအရောင်ကိုလည်း ပြုတော်မူ၏။ ဂေါတမနွယ်ဖွား ဆရာ မြတ်စွာဘုရားသည် ပညာတံခွန်ရှိတော်မူ၏။ မြေကြီးနှိုင်းဆွယ် ကျယ်ပြန့်သော ပညာရှိတော်မူ၏။

(၇) ပုဏ္ဏား...ယင်း ငါ့ဆရာ မြတ်စွာဘုရားသည် ငါ့အား ကိုယ်တိုင်လည်း သိမြင်အပ်, အခါမလင့် အကျိုးလည်းပေးတတ်, တပ်မက်မှု=တဏှာ၏ ကုန်ရာလည်းဖြစ်, ဘေးရန်လည်းမရှိသည့် တရားကို ဟောတော်မူ၏။ ယင်း ငါ့ဆရာ မြတ်စွာဘုရားမှာ တစုံတရာ နှိုင်းယှဉ်ဖွယ်ရာ ဥပမာ မရှိချေ။

(၈-၉) (ထိုအခါ ဗာဝရီဆရာကြီးက အရှင်ပိင်္ဂိယကို ဤသို့ပြောဆိုမေးမြန်းပြန်လေသည်)- ပိင်္ဂိယ...ယင်းသင့် ဆရာ မြတ်စွာဘုရားသည် သင့်အား ကိုယ်တိုင်လည်း သိမြင်အပ်, အခါမလင့် အကျိုးလည်းပေးတတ်, တပ်မက်

(နှာ-၆၄၆)

မှု= တဏှာ၏ ကုန်ရာလည်းဖြစ် ကိလေသာ ဘေးရန် လည်းမရှိသည့် တရားကို ဟောတော်မူ၏-ဆိုလျှင် ယင်း သင့်ဆရာ မြတ်စွာဘုရားမှာ တစုံတရာ နှိုင်းယှဉ်ဖွယ်ရာ ဥပမာ မရှိဘူးပ–ဆိုလျှင် ပညာတံခွန်လည်း ရှိတော်မူ, မြေကြီးနှိုင်ဆွယ် ကျယ်ပြန့်သော ပညာလည်း ရှိတော်မူသော ထိုသင့်ဆရာ မြတ်စွာဘုရားမှ သင်သည် တမုဟုတ်မျှပင် ကင်း၍ အဘယ့်ကြောင့် နေဘိသနည်း။ (သင် ချီးမွမ်းအပ်သည့်အတိုင်း သင့်ဆရာ မြတ်စွာဘုရားသည် ကျေးဇူးဂုဏ်နှင့် ပြည့်စုံသူဖြစ်ပါလျှင် ထိုသို့သော ဆရာမျိုးနှင့် တမုဟုတ်မျှပင် ကင်းကွာ၍ မနေသင့်၊ ယခုမူ သင် အဘယ့်ကြောင့် ကင်းကွာ၍ နေဘိသနည်း-ဟု မိမိ၏ တူရင်းအပေါ်၌ အပြစ်တင်၍ ပြောဆိုခြင်းဖြစ်သည်)။

(၁၀-၁၁) (ထိုအခါ အရှင်ပိင်္ဂိယသည် မိမိမှာ စိတ်အားဖြင့် ဘုရားရှင်နှင့် ကင်းကွာ၍ မနေကြောင်းကို ဖော်ပြလျက် ဗာဝရီဆရာကြီးကို ဤဆိုလတ္တံ့သောအတိုင်း ပြန်လည် ဖြေကြားတော်မူလေသည်)– ပုဏ္ဏား...ယင်း ငါ့ဆရာ မြတ်စွာဘုရားသည် ငါ့အား ကိုယ်တိုင်လည်း သိမြင်အပ်, အခါမလင့် အကျိုးလည်းပေးတတ်, တပ်မက်မှု= တဏှာ၏ ကုန်ရာလည်းဖြစ်, ကိလေသာ ဘေးရန်လည်းမရှိသည့် တရားကို ဟောတော်မူ၏၊ ယင်း ငါ့ဆရာ မြတ်စွာဘုရားမှာ တစုံတရာ နှိုင်းယှဉ်ဖွယ်ရာ ဥပမာလည်း မရှိချေ။ ပညာတံခွန်လည်း ရှိတော်မူ မြေကြီးနှိုင်းဆွယ် ကျယ်ပြန့်သောပညာလည်း ရှိတော်မူသော ထို ငါ့ဆရာ မြတ်စွာဘုရားမှသည် တမုဟုတ်မျှပင် ကင်းကွာ၍ မနေပါ။ (အရှင်ပိင်္ဂိယ၏ စကားမကုန်သေး)__

(၁၂) ပုဏ္ဏား... ထိုငါ့ဆရာ မြတ်စွာဘုရားကို ပကတိ မံသမျက်စိဖြင့် မြင်နေရသကဲ့သို့ မမေ့မလျော့မူ၍ နေ့ရော ညဉ့်ပါ စိတ်ဖြင့် ငါမြင်၍ နေပါ၏။ ငါသည် ထိုငါ့ဆရာ မြတ်စွာဘုရားကို ရှိခိုးလျက်သာ ညဉ့်အချိန်ကို ကုန်လွန်

(နှာ-၆၄၇)

စေပါ၏။ ထို့ကြောင့်ပင် တမုဟုတ်မျှ ကင်း၍မနေဟု ငါ မှတ်ယူသိမြင်ပေ၏။

(၁၃) ပုဏ္ဏား... ငါ၏ ယုံကြည်မှု= သဒ္ဓါတရား, နှစ်သက်မှု=ပီတိတရား, သိမှု = စိတ်တရား, အောက်မေ့မှု= သတိတရား = ဤတရားများသည် ငါ၏ဆရာ ဂေါတမမြတ်စွာ အဆုံးအမ = သာသနာမှ ကင်းဖဲ၍ မသွားကြကုန်။ မြေကြီးနှိုင်းဆွယ် ကျယ်ပြန့်သောပညာရှိသည့် ငါ့ဆရာ မြတ်စွာဘုရား ကြွသွားရာရာအရပ်သို့သာလျှင် ငါသည် (စိတ်ဖြင့်) အမြဲတစေ ညွတ်ကိုင်းနေသူ ဖြစ်ပေ၏။

(၁၄) ပုဏ္ဏား...အိုမင်း၍ အား, အစွမ်း နည်းနေသောကြောင့်သာ ငါ၏ကိုယ်သည် ထိုငါ့ဆရာ မြတ်စွာဘုရားရှိရာသို့ မသွားရောက်နိုင်ပါ၊ ငါသည် စိတ်အကြံ ဟူသော သွားခြင်းဖြင့်သာ ထိုငါ့ဆရာ မြတ်စွာဘုရား ရှိရာသို့ အမြဲသွားရောက်နေပါ၏။ မှန်၏-ငါ၏ စိတ်သည် ထို ငါ့ဆရာ “မြတ်စွာဘုရား ရှိရာ အရပ်နှင့် အမြဲတစေ စပ်ယှဉ်၍ နေပေ၏။

(၁၅) ပုဏ္ဏား...ငါသည် ကာမညွှန်ထဲ လျောင်းလဲလျက် အမြဲတုန်လှုပ်ကာ ဆရာတဦးတည်းဟူသော=ကျွန်း တခုမှ အခြား ဆရာတဦးတည်းဟူသော = ကျွန်းတခုသို့ ပြောင်းလဲဆည်းကပ်ကာ မျောပါခဲ့ရလေပြီ။ အိုပုဏ္ဏား.... ထိုသို့ ပြောင်းလဲကာ မိစ္ဆာအယူရေကြော မျောပါ၍ နေရာမှ ယခုအခါ ငါသည် ပါသာဏကစေတီကျောင်းတိုက်၌ သံသရာအယဉ် = သြဃကိုလည်း လွန်မြောက်တော်မူပြီးသော, အာသဝတရားလည်း ကင်းတော်မူသော ငါ့ဆရာ မြတ်စွာဘုရားကို ဖူးတွေ့ရလေပြီ။

(ဤ ဗာဝရီဆရားကြီး တူ, ဝရီးတို အပြန်အလှန် ပြောဆိုကြရာ၌ အရှင်ပိင်္ဂိယမထေရ်ကလည်း မိမိမှာ အရိယာရဟန်းတော်တပါး ဖြစ်သဖြင့် ရဟန်းပီသစွာ “ဗြာဟ္မဏ=ပုဏ္ဏား...”ဟူ၍သာ ဦးရီးတော်ကို

(နှာ-၆၄၈)

ခေါ်ဆိုလေသည်။ ဗာဝရီဆရာကြီးကလည်း မိမိတူ အရင်းဖြစ်၍ ရှေးကခေါ်မြဲတိုင်းပင် “ပိင်္ဂိယ”ဟူ၍ ခေါ်ဆို နေလေသည်။ ရိုင်းပြသည်ဟု မမှတ်ယူသာ)။

မြတ်စွာဘုရား ရောင်ခြည်တော်လွှတ်၍ တရားဟောခြင်း

ဖော်ပြရာပါ ၁၅-ခုမြောက် ဂါထာအဆုံး၌ အရှင်ပိင်္ဂိယမထေရ်(နှင့်)ဦးရီးတော်ဗာဝရီဆရာကြီးတို့၏ ဣန္ဒြေများ(=သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ = ဤတရား ၅-ပါးတို) ရင့်ကျက် နေပြီကို သိတော်မူ၍ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်တော်၌ နေတော်မူရင်းကပင် ရွှေရောင်အဆင်း ဝါဝင်းထိန်ပြေသော ပီတရောင်ခြည်တော်ကို (ရုပ်ရှင်ပွဲ, ဇာတ်ပွဲတို့၌ လျှပ်စစ်မီးမောင်းကြီး ထိုးပြလိုက်သကဲ့သို့) လွှတ်တော် မူလိုက်လေ၏။ အရှင်ပိင်္ဂိယမထေရ်သည် ဦးရီးတော်ဗာဝရီဆရာကြီးအား မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတို့ကို ချီးမွမ်းနေရင်းကပင် ထိုရောင်ခြည်တော်ကို ဖူးမြင်ရ၍ “ဤအရာကား အဘယ်နည်း =ဒီဟာ ဘာပါလိမ့်” ဟု ဂရုတစိုက် ကြည့်ရှုလေလျှင် မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကို မိမိ၏ရှေ့၌ မားမားမတ်မတ် ရပ်တည်တော်မူနေသကဲ့သို့ ဖူးမြင်ရ၍ ဗာဝရီ ဆရာကြီးအား “ဟော မြတ်စွာဘုရား ကြွလာတော်မူပြီ” ဟုအံ့အားသင့်စွာ ပြောကြားလေ၏။

ထိုအခါ ဗာဝရီဆရာကြီးသည်လည်းနေရာမှထကာ လက်အုပ် မြှောက်ချီ ရပ်တည်၍ နေလေ၏။ မြတ်စွာဘုရားသည်လည်း ရောင်ခြည်တော်ကို တိုးတက်ကာ ဖြန့်၍ ဗာဝရီဆရာကြီးအား ကိုယ်တော်ထင်ထင် ပြတော်မူလျက် တူ,ဝရီး နှစ်ဦးလုံးအားပင် သပ္ပါယဖြစ်မည်ကို သိမြင်တော်မူကာ အရှင်ပိင်္ဂိယမထေရ်ကိုပင် အာလုပ်ထား ခေါ်တော်မူ၍__

ယထာ အဟူ ဝက္ကလိ မုတ္တသဒ္ဓေါ၊
ဘဒြာဝုဓော အာဠဝိ ဂေါတမော စ။
ဧဝမေဝ တွမ္ပိ ပမုဉ္စဿု သဒ္ဓံ၊
ဂမိဿသိ တွံ ပိင်္ဂိယ မစ္စုဓေယျဿ ပါရံ။

(နှာ-၆၄၉)

ပိင်္ဂိယ = ချစ်သား ပိင်္ဂိယ ...။ ဝက္ကလိ = ဝက္ကလိရဟန်းသည်၎င်း။ ဘဒြာဝုဓော = ဗာဝရီ၏ တပည့်ကြီးများ တဆယ့်ခြောက်ပါးတွင်အဝင်အပါ ဘဒြာဝုဓ ရဟန်းသည်၎င်း။ အာဠဝိဂေါတမော စ= အာဠဝီပြည်သား ဂေါတမ ရဟန်းသည်၎င်း။ မုတ္တသဒ္ဓေါ= ယုံကြည်မှု = သဒ္ဓါ တရားကို စေလွှတ်လျက်။ မစ္စုဓေယျဿ ပါရံ = သေမင်း တည်ရာ သံသရာ၏ တဖက်ကမ်း နိဗ္ဗာန်နန်းသို့။ ဂစ္ဆတိ ယထာ = အရဟတ္တဖိုလ်ပေါက် ရောက်သကဲ့သို။ ဧဝံမေဝ = ဤအတူပင်လျှင် တွမ္ပိ = သင်ချစ်သားသည်လည်း။ သဒ္ဓံ= ယုံကြည်မှု = သဒ္ဓါတရားကို။ ပမုဉ္စဿု = နိဗ္ဗာန်သို့ ဦးညွှတ် စေလွှတ်လေလော့။ ဧဝံ = ဤသို့ စေလွှတ်သည်ရှိသော်။ ဝိပဿနံ အာရဘိတွာ = ဝိပဿနာ တရား အားထုတ်၍။ တွံ= သင်ချစ်သားသည်။ မစ္စုဓေယျဿ = သေမင်းတည်ရာ သံသရာ၏။ ပါရံ = ဟိုမှာဖက်ကမ်း နိဗ္ဗာန်နန်းသို့။ ဂမိဿသိ=ပဋိဘာန အရဟတ္တဖိုလ်ပေါက် ရောက်ရလိမ့်သတည်း__

ဤတရားဒေသနာ ဂါထာကို ဟောတော်မူလေ၏။ ဒေသနာ နိဂုံး ဆုံးသောအခါ အရှင်ပိင်္ဂိယမထေရ်သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၍ ဗာဝရီဆရာကြီးသည် အနာဂါမိဖိုလ်သို့ ဆိုက်ရောက်လေ၏။ ဗာဝရီဆရာကြီး၏ တပည့်လုလင်ငါးရာတို့သည်ကား သောတာပန်အရိယာတို့ ဖြစ်ကြလေကုန်၏။

ယခုအခါ အရှင်ပိင်္ဂိယသည် မိမိ၏ သဒ္ဓါကြည်ညိုမှုကို အထင်အရှား ပြောကြားထုတ်ဖော်လိုသောကြောင့် ဤဆိုလတ္တံ့သော သုံးဂါထာတို့ကို ရွတ်ဆိုလေ၏။__

ဧသ ဘိယျော ပသီဒါမိ၊ သုတွာန မုနိနော ဝစော။
ဝိဝဋ္ဋစ္ဆဒေါ သမ္ဗုဒ္ဓါ၊ အခိလော ပဋိဘာနဝါ။ (၁)

(နှာ-၆၅၀)

အဓိဒေဝေ အဘိညာယ၊ သဗ္ဗံ ဝေဒိ ဝရောဝရံ ။
ပဉှာနန္တကရော သတ္ထာ၊ ကင်္ခီနံ ပဋိဇာနတံ။ (၂)

ဘန္တေ = မြတ်စွာဘုရား...။ ဧသ = ဧသော အဟံ = ပိင်္ဂယတွင်ခေါ် ထိုတပည့်တော်သည်။ မုနိနော = မဟာမုနိ အတုမရှိသော မြတ်စွာဘုရား၏။ ဝစော = မိန့်ဖော်ဟောကြား တရားစကားကို။ သုတွာန = သဒ္ဓါနားဖြင့် နာကြားရသောကြောင့်။ ဘိယျာပသီဒါမိ=ဆဆထပ်ပိုး တိုး၍ကြည်လင် သဒ္ဓါသက်ဝင်လှပါ၏။ ဝိဝဋ္ဋစ္ဆဒေါ = သုံးပါးဝဋ်မျိုး သံသရာ့အမိုးကို ဖျက်ချိုးဖွင့်လှစ်တော်မူပြီး သော။ အခိလော = ကိလေသာ ငြောင့်တံသင်း ကင်းတော်မူပြီးထသော။ ပဋိဘာနဝါ= ပဋိဘာန ပဋိသမ္ဘိဒါ ပညာဉာဏ်လည်း ရှိတော်မူပေထသော။

ပဉှာနံ = အမေးပုစ္ဆာ ပြဿနာခပင်းတို့၏။ အန္တကရော = အဆုံးကို ပြုတော်မူတတ်သော။ ကင်္ခီနံ = ဝိစိကိစ္ဆာ တံသင်း ယုံမှားခြင်း ရှိကြပါကုန်လျက်။ ပဋိဇာနတံ=ယုံမှားကင်းသူ ဆရာတဆူဟု အယူဖောက်ပြန် ဝန်ခံကြသူတို့၏။ သတ္တာ = ဆရာတဆူ ဖြစ်တော်မူသော။ သမ္ဗုဒ္ဓေါ= လောကထွတ်ထား မြတ်စွာဘုရားသည်။ အမိဒေဝေ= သမ္မုတိနတ် ဥပပတ္တိနတ်တို့ထက် ဥက္ကဌကဲချွန် သာလွန်မြင့်မြတ် ဝိသုဒ္ဓိနတ်ဖြစ်သော အရိယာတို့ကို။ အဘိညာယ = ထူးသောဉာဏ်ဖြင့် သိတော်မူ၍။ သဗ္ဗံ ဝရောဝရံ = ဝိသုဒ္ဓိနတ်-အဖြစ်ကို ပြုတတ်သည့် အမြတ်, အယုတ်အား = နှစ်ထွေပြားသည့် တရားဥဿုံ အလုံးစုံကို။ ဝေဒိ=ပိုင်းခြား၍ထွင် သိမြင်တော်မူလေပြီ။

(နှာ-၆၅၁)

အသံဟီရံ အသင်္ကုပ္ပံ၊ ယဿ နတ္ထိ ဥပမာ ကွစိ။
အဒ္ဓါ ဂမိဿာမိ န မေတ္ထ ကင်္ခါ၊ ဧဝံ မံ ဓာရေဟိ အဓိမုတ္တစိတ္တံ။

မုနိ = ခပ်သိမ်းသောတရားကို ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရား...။ အဟံ=ပိင်္ဂိယတွင်ခေါ် တပည့်တော်သည်။ ယဿ = အကြင်နိဗ္ဗာန်တရား၏။ ကွစိ = တစုံတခုသော ဥပမာ = နှိုင်းယှဉ်ဖွယ်ရာ ဥပမာသည်။ နတ္ထိ = မရှိ။ အသံဟီရံ = ရွေ့ရှားတုန်လှုပ်ခြင်း အလျှင်းမရှိသော။ အသံကုပ္ပံ = ဖောက်ပြန်ပျက်စီးခြင်း အလျှင်မရှိသော။ တံ = ထိုအနုပါဒိသေသ နိဗ္ဗာနဓာတ်သို့။ အဒ္ဓါ ဂမိဿာမိ= မချွတ်ဧကန် အမှန်ပင် ရောက်ရပါအံ့။ ဧတ္ထ =ဤအနုပါဒိသေသ နိဗ္ဗာန်သို့ မချွတ်ဆိုက်ရောက် မှု၌။ မေ= ပိင်္ဂိယတွင်ခေါ် တပည့်တော်၏ (အဖို့ရာ) ကင်္ခါ= သို့လောသို့လော တွေးတောဝိုးဝါး ယုံမှားခြင်းသည်။ န အတ္ထိ = တစိုးတစိ မရှိပါဘုရား။ မံ= ပိင်္ဂိယတွင်ခေါ် တပည့်တော်ကို။ ဧဝံ= ဤသို့ “ဧ၀မေ၀ တွမ္ပိ ပမုဉ္စဿု သဒ္ဓံ”ဟု ရှင်ပင်ဘုရား မိန့်ကြားတော်မူသည့် အတိုင်း အဓိမုတ္တစိတ္တံ=သဒ္ဓါတရား အဦးထား၍ သုံးပါး ယာဉ်သာ လက္ခဏာဖြင့် ခေမာသိဝ နိဗ္ဗာနကို အရဟတ္တဖိုလ်ထိ စိတ်ညွှတ်ခြင်းရှိသူဟူ၍ ။ ဓာရေဟိ =စိတ်တော် စွဲယူ သိမှတ်တော်မူပါဘုရား...။

ဤကား နောက်ဆက်တွဲ ဗာဝရီဆရာကြီး အကြောင်းတည်း။

ဤတွင် (ထေရာပဒါန) အခဏ်း-၄၃ ပြီး၏။

ဤတွင် မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပဌမပိုင်း)

ပြီး၏။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ