Skip to main content

ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ

ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ

ရည်ညွှန်းချက်

အမှတ် (၁)
ကျောက်သင်္ဘောဝါဒ
ဝိနိစ္ဆယ
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။
သာသနာ ၂၅၂၄ ကောဇာ ၁၃၄၂ '၁၉၈၁
ရန်ကုန်မြို့ ကမ္ဘာအေး သာသနာရေးဦးစီးဌာန
ပုံနှိပ်တိုက်တွင် ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်မောင်
(မှတ်ပုံတင်အမှတ် ဝ၂၄၀၅/ဝ၂၅၂၇) က ပုံနှိပ်ထုတ်ဝေသည်။

ရည်ညွှန်းချက်

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်များက နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဆရာတော်များအား ကျောက်သင်္ဘောဝါဒကို ဓမ္မ, အဓမ္မ စိစစ်ဆုံးဖြတ်ရန် တာဝန်ပေးအပ်ခဲ့ကြပါသည်။

ယင်းတာဝန်ပေးချက်အရ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)ဆရာတော်များက အလေးအနက် စိစစ်သုံးသပ်၍ ကျောက်သင်္ဘောဝါဒကို အဓမ္မဝါဒ-ဟု ဆုံးဖြတ်တော်မူကြပါသည်။

အဘယ့်ကြောင့် အဓမ္မဝါဒ-ဟု ဆုံးဖြတ်ရသနည်း-

ဤအချက်ကို ထင်ရှားစေရန် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)ဆရာတော်များသည် ထေရဝါဒပိဋကတ်တော်လာ ပါဠိတော် အဋ္ဌကထာ ဋီကာများ, အခြား ဂန္ထန္တရကျမ်း အကိုးအကားများနှင့် ညှိနှိုင်းတိုက်ဆိုင်၍ ကျောက်သင်္ဘောဝါဒကို အသေးစိတ်ဝေဖန်သုံးသပ်ပြီးမှ အဓမ္မဝါဒဟု ဆုံးဖြတ်တော်မူကြခြင်း ဖြစ်သည်။

သုံးသပ်ဆုံးဖြတ်ချက် အနှစ်ချုပ်ကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည်-

(၁) မြတ်စွာဘုရား၏ ဝါဒသည် ဓမ္မက္ခန္ဓာကို အလေးထားသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် ဓမ္မက္ခန္ဓာတော်ကို အလေးမထားပဲဖြိုခွဲဖျက်ဆီးသော ဝါဒဖြစ်သည်။

(၂) မြတ်စွာဘုရား၏ ဝါဒသည် ရှုမှတ်ပွားများအားထုတ်မှု ရှိမှသာ နိဗ္ဗာန် ရနိုင်သော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် ရှုမှတ်ပွားများအားထုတ်မှု မရှိမှ နိဗ္ဗာန် ရနိုင်သော ဝါဒဖြစ်သည်။

(၃) မြတ်စွာဘုရား၏ ဝါဒသည် ခန္ဓာကိုယ်ကို ရှုလျှင် နိဗ္ဗာန် ရနိုင်သော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် ခန္ဓာကိုယ်ကို ရှုလျှင် နိဗ္ဗာန် မရနိုင်သော ဝါဒဖြစ်သည်။

(၄) မြတ်စွာဘုရား၏ ဝါဒသည် ရုပ်နာမ်ကို (ပစ္စက္ခ) မျက်မှောက်ပြုလျက် ရှုရသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် ရုပ်နာမ်ကို မျက်မှောက်ပြုလျက် မရှုရသော ဝါဒဖြစ်သည်။

(၅) မြတ်စွာဘုရား၏ ဝါဒသည် တေဘူမိကသင်္ခါရတို့ကို သတိပြုကာ ပွားများရသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် တေဘူမိကသင်္ခါရတို့ကို သတိပြုကာ မပွားများရသော ဝါဒဖြစ်သည်။

(၆) မြတ်စွာဘုရား၏ ဝါဒသည် ထင်ရှားရှိသော ရုပ်နာမ်နှစ်ဖြာကို ရှုမှသာ ဝိပဿနာဉာဏ် ဖြစ်ပေါ်လာနိုင်သော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် ထင်ရှားမရှိသော အရာကို ရှုမှသာ ဝိပဿနာဉာဏ် ဖြစ်ပေါ်လာနိုင်သော ဝါဒဖြစ်သည်။

(၇) မြတ်စွာဘုရား၏ ဝါဒသည် ခန္ဓာကိုယ်အတွင်းမှာ နိဗ္ဗာန်ရှိနှင့်မနေသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် ခန္ဓာကိုယ်အတွင်းမှာ နိဗ္ဗာန်ရှိနှင့်နေသော ဝါဒဖြစ်သည်။

(၈) မြတ်စွာဘုရား၏ ဝါဒသည် နောက်ထပ်တဖန် ပြန်လည်၍ မပူလောင်ရသော ငြိမ်းအေးချမ်းသာမှု (သန္တိသုခ) အစစ်အမှန် ဟုတ်သည်ကို နိဗ္ဗာန်ဟု မူချကာ ဟောကြားသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် နောက်ထပ်တဖန် ပြန်လည်၍ ပူလောင်ရသော ငြိမ်းအေးချမ်းသာမှု (သန္တိသုခ) အစစ်အမှန် မဟုတ်သည်ကို နိဗ္ဗာန်ဟု ယူဆကာ ဟောကြားသော ဝါဒဖြစ်သည်။

(၉) မြတ်စွာဘုရား၏ ဝါဒသည် နိဗ္ဗာန်ကို လိုချင်တောင့်တမှုကို ကုသိုလ်ဆန္ဒသာဟု မူချကာ ဟောကြားသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် နိဗ္ဗာန်ကို လိုချင်တောင့်တမှုကို အကုသိုလ် သမုဒယ တဏှာဟု ယူဆကာ ဟောကြားသော ဝါဒဖြစ်သည်။

(၁၀) မြတ်စွာဘုရား၏ ဝါဒသည် စိတ်ကို စိတ်အတိုင်းတိုင်း ထားမရသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် စိတ်ကို စိတ်အတိုင်းတိုင်း ထားရသော ဝါဒဖြစ်သည်။

(၁၁) မြတ်စွာဘုရား၏ ဝါဒသည် ပုထုဇဉ်နှင့် အောက်ဖလဋ္ဌာန် ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဆိုင်ရာ အနုသယကိလေသာရှိနေသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် ပုထုဇဉ်နှင့် အောက်ဖလဋ္ဌာန် ပုဂ္ဂိုလ်တို့၏ သန္တာန်၌ပင် ဆိုင်ရာ အနုသယကိလေသာ မရှိသော ဝါဒဖြစ်သည်။

(၁၂) မြတ်စွာဘုရား၏ ဝါဒသည် သက္ကာယဒိဋ္ဌိကို ပယ်ခွါရသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် သက္ကာယဒိဋ္ဌိကို မပယ်ခွါရသော ဝါဒဖြစ်သည်။

(၁၃) မြတ်စွာဘုရား၏ ဝါဒသည် အာရုံကြောင့် စိတ် ဖြစ်ပေါ်လာရသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် စိတ်ကြောင့် အာရုံ ဖြစ်ပေါ်လာရသော ဝါဒဖြစ်သည်။

(၁၄) မြတ်စွာဘုရား၏ ဝါဒသည် သီလ သမာဓိ ပညာ သိက္ခာ သုံးရပ်လုံးကို ပြည့်စုံစွာ အားထုတ်ရသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် သီလ သမာဓိ ပညာ သိက္ခာ သုံးရပ်လုံးကို ပြည့်စုံစွာ အားမထုတ်ရသော ဝါဒဖြစ်သည်။

(၁၅) မြတ်စွာဘုရား၏ ဝါဒသည် စိတ်တရားကို အနိစ္စ, အဓုဝဟု မူချကာ ဟောကြားသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် စိတ်တရားကို နိစ္စ, ဓုဝ, သဿတဟု ယူဆကာ ဟောကြားသော ဝါဒဖြစ်သည်။

အထက်ပါ အကြောင်းအရာ အသီးသီး၏ ညှိနှိုင်းသုံးသပ် ဆုံးဖြတ်ချက် အကျယ်အပွားကို သိလိုမူ စာမျက်နှာညွှန်းအတိုင်း အလွယ်တကူ လေ့လာနိုင်ပါသည်။

အမှာစကား

စည်းမျဉ်း, လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေပြဋ္ဌာန်းခြင်း

'ဝိနည်းတရားတော် တည်တံ့ပါမှ သာသနာတော် တည်တံ့မည်' ဟူသော ထေရဝါဒ ပရိဘာသာအရ လောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား၏ သဒ္ဓမ္မသုံးဖြာ သာသနာသုံးရပ် အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် ကြောင့်ကြတော် မူကြကုန်သော ဘန္ဒန္တဣန္ဒာစာရ (အဂ္ဂမဟာပဏ္ဍိတ) ပဲခူးမြို့မဆရာတော် ဦးဆောင်သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ဖြစ်မြောက်ရေး သံဃာ့ဝန်ဆောင်ဆရာတော်(၆၆)ပါးတို့ ကြီးမှူး၍ သံဃာတသိန်းကျော်တို့၏ကိုယ်စား သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်(၁၂၁၈)ပါးတို့ တက်ရောက်သော ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးက အောက်ပါစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်-

(၁) သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊
(၂) သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ၊
(၃) ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ။

ထိုပြဋ္ဌာန်းချက်များအနက် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ၁၃၄၂-ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၄-ရက် (၂၆-၆-၈၀) နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ အထူးအစည်းအဝေးက အောက်ပါဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါသည်-

ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာဥပဒေ'

[၁၉၈၀-ပြည့်နှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၃]

သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ထေရဝါဒမူသုံးရပ်

ပထမသံဂါယနာပွဲကြီး၌ ရှင်မဟာကဿပ ဦးဆောင်သော ရဟန္တာမထေရ်ကြီးတို့သည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအတွက် လိုက်နာကျင့်သုံးရန် ထေရဝါဒ မူသုံးရပ်ကို အောက်ပါအတိုင်း တညီတညွတ်တည်း ချမှတ်ခဲ့ကြပါသည်-

(၁) အပ္ပညတ္တံ န ပညပေတိ
ပညတ်တော်ကို အသစ်မတိုးရ။
(၂) ပညတ္တံ န သမုစ္ဆိန္ဒတိ
ပညတ်တော်ကို မနုတ်ပယ်ရ။
(၃) ယထာပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တတိ
ရှိပြီးသား ပညတ်တော်အတိုင်း လိုက်နာကျင့်သုံးရမည်။

သာသနာတော်၏ လက်ရှိအခြေအနေ

သာသနာတော်၏ အခြေအနေအရပ်ရပ်အနက် ဓမ္မ, အဓမ္မနှင့်စပ်သည့် လက်ရှိအခြေအနေကို သုံးသပ်ကြည့်သောအခါ ဓမ္မ, အဓမ္မနှင့်စပ်လျဉ်း၍ အငြင်းပွားများမှုကြောင့် ရဟန်းသံဃာတော်များ အတွင်း၌ ဖြစ်စေ၊ ဒါယကာ ဒါယိကာမများ အတွင်း၌ ဖြစ်စေ မညီညွတ်သည့် သဘောများ စည်းလုံးမှု ပျက်ပြားသည့်သဘောများကို တွေ့မြင်ကြရပါသည်။ ပိုမိုထင်ရှားအောင် ဖော်ပြရလျှင် အချို့သော ပုဂ္ဂိုလ်များသည် 'မိမိတို့ အလိုရှိသော အနက်အဓိပ္ပါယ်များကို ပိဋကတ်တော်များ၌ အသစ်ထပ်မံ ထည့်သွင်းခြင်းအားဖြင့် ထေရဝါဒ ပထမမူကို ချိုးဖျက်နေကြပါသည်' ဟူ၍လည်းကောင်း၊ အချို့သော ပုဂ္ဂိုလ်များသည် 'လက်ရှိ ပိဋကတ်တော်များကို ဘုရားဟော မဟုတ်ဟု ပယ်ပစ်ခြင်းအားဖြင့် ထေရဝါဒ ဒုတိယမူကို ချိုးဖျက်နေကြပါသည်' ဟူ၍လည်းကောင်း၊ အချို့သော ပုဂ္ဂိုလ်များသည် 'ဗုဒ္ဓဒေသနာတော်၏ အကာလိက အချိန်မရွေး အကျိုးပေးတတ်သည့် ပဋိပတ်ကျင့်စဉ်များကိုပင် မကျင့်နိုင်မူ၍ ပြန်လည်ပြင်ဆင်ခြင်းအားဖြင့် ထေရဝါဒ တတိယမူကို ချိုးဖျက်နေကြပါသည်' ဟူ၍လည်းကောင်း စွပ်စွဲငြင်းခုံကြလျက် ဘာသာရေးပဋိပက္ခ အသွင်လက္ခဏာများကို နိုင်ငံတော်အတွင်း၌ တွေ့မြင်လာကြရပေသည်။ ဤသည်မှာ အချိန်မီ မဖြေရှင်းပေးလျှင် အနာဂတ် သာသနာတော်အတွက် အလွန်တရာ မြင့်မားသည့် အန္တရာယ်ကြီး တရပ်ပင် ဖြစ်ပေသည်။

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားစေရန် ဆောင်ရွက်နည်း

သာသနာတော်အတွက် အန္တရာယ်ကြီးမားသည့် အခြေအနေတရပ်ရပ်နှင့် တွေ့ကြုံလာသဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက်ရာ၌ ယင်းအန္တရာယ်သည် ဓမ္မ အဓမ္မ အငြင်းပွားမှုနှင့် ပတ်သက်လာလျှင် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ဖြင့် ဆောင်ရွက်၍ အခြား ဝိနည်းဓမ္မကံ မှုခင်းများနှင့် ပတ်သက်လာလျှင် သံဃဝိနိစ္ဆယအဖွဲ့ဖြင့် ဆောင်ရွက်ရပါသည်။ ထိုသို့ ဆောင်ရွက်သောအခါ ဝိနည်းတရားတော်ကို အလေးထား၍ ပိဋကတ်တော်များနှင့်အညီ ဆောင်ရွက်ရပါသည်။ တဖန် ပိဋကတ်တော်များကိုလည်း ရှင်မဟာကဿပ၏ ပထမသံဂါယနာ ထေရဝါဒ မူသုံးချက်နှင့် ညီစေရပြန်ပါသည်။ ထေရဝါဒ မူသုံးချက်ကိုလည်း တဖန် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးပွဲကြီးက အတည်ပြု ပြဋ္ဌာန်းထားသော အခြေခံစည်းမျဉ်းများ, လုပ်ထုံးလုပ်နည်းများ, ဥပဒေများနှင့် ညီစေရပြန်ပါသည်။ ဤသို့ အဆင့်ဆင့်ညီစေ၍ ဆောင်ရွက်ရခြင်းသည် ဂိုဏ်းပေါင်းစုံ သံဃာတော်များအတွင်း၌ ဖြစ်စေ၊ ဒါယကာ, ဒါယိကာမများ အတွင်း၌ ဖြစ်စေ အချင်းချင်း စိတ်ဝမ်းမခြား တသားတည်းဖြစ်လျက် ငြိမ်းချမ်းစွာ သီတင်းသုံး နေထိုင်ရေးနှင့် ဖြစ်ပေါ်လျက်ရှိသော ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများကို အားလုံး ကျေနပ်လောက်အောင် ယထာဓမ္မ ယထာဝိနယနှင့်အညီ မှန်မှန်ကန်ကန်နှင့် စနစ်တကျ ဖြေရှင်း ဆုံးဖြတ်နိုင်ရေးအတွက် ဖြစ်ပါသည်။

ဝိနည်းပိဋကတ်နှင့် ထေရဝါဒမူသုံးချက်တို့သည် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက အတည်ပြုပြဋ္ဌာန်းလိုက်သည့် အခြေခံစည်းမျဉ်း, လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေတို့၏ အကူအညီ အထောက်အပံ့ကို အမှန်လိုအပ်ပါသည်။ လိုအပ်၍လည်း ဒီဃဒဿီ မဟာထေရ်ကြီးများ ဦးဆောင်သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက နိုင်ငံတော်အစိုးရ၏ အကူအညီဖြင့် အခြေခံစည်းမျဉ်း, လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေတို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။

ကျောက်သင်္ဘောဝါဒ

၁၃၁၀-ခုနှစ် ပတ်ဝန်းကျင်ခန့်မှစ၍ ပေါ်ထင်လာသော ကျောက်သင်္ဘောဝါဒသည် မြန်မာနိုင်ငံအတွင်း၌ ဘာသာရေး ပဋိပက္ခမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ထိုသို့ဖြစ်ပေါ်စေခဲ့သော်လည်း ဝိနည်းပိဋကတ်နှင့် ထေရဝါဒ မူသုံးချက်အရ ဗုဒ္ဓဘာသာဝင် အားလုံးတို့က ကျေနပ်လက်ခံနိုင်လောက်အောင် မှန်မှန်ကန်ကန်နှင့် စနစ်တကျ ဖြေရှင်းဆုံးဖြတ်၍ ပြေငြိမ်းသွားသည့်အဆင့်သို့ မရောက်နိုင်ခဲ့ပဲ ရှိခဲ့ပါသည်။ ပြေငြိမ်းသွားသည့်အဆင့်သို့ မရောက်နိုင်ခြင်းမှာလည်း ဝိနည်းပိဋကတ်နှင့် ထေရဝါဒဒမူသုံးချက်တို့သည် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက အတည်ပြုပြဋ္ဌာန်းထားသည့် အခြေခံစည်းမျဉ်း, လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေတို့ မပေါ်ပေါက်သေးသဖြင့် ယင်းတို့၏ အကူအညီ အထောက်အပံ့ကို မရနိုင်သောကြောင့်သာ ဖြစ်ပါသည်။

ယနေ့အခြေအနေအရဆိုရလျှင် ဓမ္မ အဓမ္မနှင့် စပ်၍ဖြစ်စေ၊ အခြားအဓိကရုဏ်းများနှင့် စပ်၍ဖြစ်စေ သာသနာတော်အတွင်း၌ ဖြစ်ပေါ်လာသည့် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းမှန်သမျှကို အများလက်ခံ ကျေနပ်နိုင်လောက်အောင် မှန်မှန်ကန်ကန်နှင့် စနစ်တကျ ဖြေရှင်းဆုံးဖြတ်နိုင်ပေတော့မည်။ အဘယ့်ကြောင့်ဆိုသော် ဝိနည်းပိဋကတ်နှင့် ထေရဝါဒဒမူသုံးချက်တို့သည် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက အတည်ပြုပြဋ္ဌာန်းထားသည့် အခြေခံစည်းမျဉ်း, လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေတို့၏ အားကြီးသော အထောက်အပံ့ကို ရရှိလေသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍လည်း ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ဓမ္မ အဓမ္မအငြင်းပွားမှုသည် နှစ်ပေါင်းသုံးဆယ်ကျော် မပြေငြိမ်းနိုင်ပဲရှိနေခဲ့ရာမှ ၁၃၄၂-ခုနှစ် တပို့တွဲလပြည့်ကျော် ၄-ရက်နေ့တွင် ဗုဒ္ဓဘာသာဝင် လူရှင်ရဟန်းတို့၏ ကောင်းချီးနုမော် သာဓုခေါ်ရလောက်အောင် နှလုံးစိတ်ဝမ်း ငြိမ်းချမ်းအေးမြခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။

ထို့ကြောင့် ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍-
- မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေခြင်းငှာ၊
- ဖြစ်ပေါ်ဖူးသော အကုသိုလ်တရားတို့ကို ပယ်သတ်စေခြင်းငှာ၊
- မဖြစ်ပေါ်ရသေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေခြင်းငှာ၊
- ဖြစ်ပေါ်ဖူးသော ကုသိုလ်တရားတို့ကို တိုးပွားစေခြင်းငှာ-

ဟူသော သမ္မပ္ပဓာန တရားလေးပါးတို့သည် ဗုဒ္ဓဘာသာဝင် လူရှင်ရဟန်းတို့၏ သန္တာန်၌ ဖြစ်ပေါ်ရန် အခွင့်သင့်ခဲ့ကြပါပြီ။

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)သည် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက အတည်ပြုပြဋ္ဌာန်းလိုက်သည့် အခြေခံစည်းမျဉ်း, လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေတို့၏ လက်တွေ့သရုပ် ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုရလျှင် ယင်းစည်းမျဉ်း, လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေတို့၏ အာဏာသက်ရောက်မှုကြောင့် မည်မျှသောအတိုင်းအတာအထိ အောင်မြင်စွာ အကောင်အထည်ဖော်၍ ဆောင်ရွက်နိုင်ကြောင်း ပထမဦးဆုံး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လိုက်ခြင်းတရပ်ပင် ဖြစ်ပါသည်။

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့သည် ကျောက်သင်္ဘောဝါဒနှင့်ပတ်သက်၍ ဓမ္မ အဓမ္မအဖြစ် စိစစ်ဆုံးဖြတ်ရာတွင် ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း ၁၀-ရက် (၁၅-၁-၈၁) နေ့မှ ၁၃၄၂-ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄-ရက် (၂၃-၂-၈၁) နေ့အထိ တလကျော်ကျော် အချိန်ယူခဲ့ပါသည်။ စိစစ်ဆုံးဖြတ်ရာတွင်လည်း စောဒကများကို စောဒကအင်္ဂါနှင့်ညီအောင်, စုဒိတကများကို စုဒိတကအင်္ဂါနှင့်ညီအောင်, ဝိနည်းဓိုရ်များကို ဝိနည်းဓိုရ်အင်္ဂါနှင့်ညီအောင် လိုက်နာကျင့်သုံးစေခဲ့ပါသည်။ သို့ဖြစ်၍ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)သည် အောင်မြင်မှု၏ ရှေ့သွားနည်းယူရန် အထောက်အထားဖြစ်ခဲ့ပါသည်။

အခြေခံစည်းမျဉ်း, လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေ၏ကဏ္ဍ

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က-

အဂ္ဂမဟာပဏ္ဍိတ ခရမ်းမြို့ ကိုင်းကုန်းကျောင်းတိုက် ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဝိနည်းဓိုရ်ဆရာတော်များသည် မိမိတို့ ကိစ္စများရှိနေသည့်ကြားက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တာဝန်ပေးချက်အရ ယခုကဲ့သို့ ကြွရောက်ဆောင်ရွက်သဖြင့် ကြည်ညိုလေးစားမိပါကြောင်း၊

စောဒကနှင့် စုဒိတကဆရာတော်များကလည်း ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏ အဆုံးအဖြတ်ကို လိုက်နာရန် ဝန်ခံကတိပြု၍ ယခုကဲ့သို့ ကြွရောက်လျက် စောဒနာ, သောဓနာ ပြုကြသဖြင့် ဝမ်းမြောက်မိပါကြောင်း၊

ဥပဒေသဘောအရ မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို မြို့နယ်ပြည်သူ့ကောင်စီများက လည်းကောင်း၊ ပြည်နယ်/တိုင်းသံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီများကလည်းကောင်း၊ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနကလည်းကောင်း ဆုံးဖြတ်ချက်အတိုင်း လိုက်နာအောင် တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊

ဥပဒေမပြဋ္ဌာန်းမီက ယခုကဲ့သို့သော ဓမ္မ အဓမ္မ အငြင်းပွားမှုများကို ဖြေရှင်းဆုံးဖြတ်၍ မရနိုင်ခဲ့ပဲ 'သံဃကိစ္စ သံဃာဖြေရှင်း' ဟူသော မူအရ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ကျင်းပပြီး ဥပဒေဖြစ်လာအောင် ဆောင်ရွက်တော်မူကြသည့်အတွက် အာဏာစက် အပြည့်အဝရှိသော ဥပဒေဖြစ်လာပြီ ဖြစ်သဖြင့် သာသနာတော်အတွင်း၌ ဖြေရှင်း၍ မရနိုင်သော မှုခင်းများဟူ၍ မရှိနိုင်တော့ပါကြောင်း၊

ဤဥပဒေသည် အထူးလွှတ်တော်ခေါ်၍ ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်သည့်အတွက် အာဏာစက် အပြည့်အဝရှိသဖြင့် စောဒကနှင့် စုဒိတကတို့သည် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့၏ အဆုံးအဖြတ်ကို မလိုက်နာပဲ နေ၍ မရကြောင်း၊

အကယ်၍ မလိုက်နာလျှင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန အနေဖြင့် လိုက်နာအောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါကြောင်း၊

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးကို အကြောင်းပြု၍ အချင်းချင်း ကွဲပြားနေကြသည့် နိုင်ငံရေးသမားများပင် စည်းလုံးညီညွတ်မှုကို ရခဲ့ကြသဖြင့် စောဒကနှင့် စုဒိတကတို့သည်လည်း ဓမ္မ, အဓမ္မ အငြင်းပွားမှုများကို ပယ်ဖျောက်၍ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် စည်းလုံးညီညွတ်မှုကို ရလိမ့်မည်ဟု မျှော်လင့်ပါကြောင်း-

ဖြင့် ဥပဒေ၏ အခန်းကဏ္ဍနှင့် သဘာဝတို့ကို ရှင်းလင်းလျှောက်ထားခဲ့ပါသည်။

ဝိနိစ္ဆယချမှတ်ပွဲ အခမ်းအနားတွင်လည်း ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန ဝန်ကြီးကိုယ်စား သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က-

ဥပဒေအရ ဆုံးဖြတ်တဲ့အခါ ပုထုဇဉ်တို့၏ သဘာဝအရ နိုင်တဲ့ဘက်က ကျေနပ်ပြီး မနိုင်တဲ့ဘက်က ကျေနပ်မည် မဟုတ်ကြောင်း၊ သို့သော်လည်း သီးခြားဝိနိစ္ဆယအဖွဲ့၏ အဆုံးအဖြတ်ကို နှစ်ဘက်စလုံးက လိုက်နာကြမည်ဟု ပဋိညာဉ် ပေးကြသည့်အတွက် ဝမ်းသာစရာ ဖြစ်ကြောင်း၊

ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃-အရ ဥပဒေပါ ပြဋ္ဌာန်းချက်များ ထမြောက်အောင်မြင်စွာ ဆောင်ရွက်ရန် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးအား တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားကြောင်းကိုလည်း အသိပေး လျှောက်ထားလိုပါကြောင်း၊

အမှန်အားဖြင့် ပဋိပက္ခဖြစ်လို့ အဆုံးအဖြတ် ခံယူခြင်းဟု သဘောမထားပဲ ဓမ္မရေးရာတွင် အယူအဆ ကွဲနေ၍ နှစ်ဘက်ညှိနှိုင်းပြီး အေးဆေးစွာ အဆုံးအဖြတ် ခံယူခြင်းဟု သဘောထားသင့်ပါကြောင်းဖြင့်-

ဝန်ကြီး၏ စေတနာကို ဖော်ပြလျက် ရှင်းလင်း လျှောက်ထားခဲ့ပါသည်။

ပုံနှိပ်ဖြန့်ချီခြင်း၏ ရည်ရွယ်ချက်

ပုထုဇဉ်တို့သည် မိမိအယူ မိမိအတွေးအခေါ်သာ မှန်သည် (ဣဒမေဝ သစ္စံ)၊ အခြားသူများ၏ အယူ အခြားသူများ၏ အတွေးအခေါ် မမှန် (မောဃမညံ) ဟူ၍ ခံယူ ကျင့်သုံးတတ်ကြပါသည်။ ထို ခံယူကျင့်သုံးချက်အရ ကျောက်သင်္ဘောဝါဒ၌ သက်ဝင်ယုံကြည်ဖူးသူတို့သည် မကျေမလည်နှင့် ကျောက်သင်္ဘောဝါဒကို စွန့်လွတ်ရပါက မပြစ်မှားထိုက်သူများအပေါ် မကျေမနပ်ဖြင့် စွပ်စွဲပြစ်မှားခြင်း (ဥပဝါဒ) မျိုး ဖြစ်လာနိုင်ပါသည်။

သို့ဖြစ်၍ ထိုပုဂ္ဂိုလ်များအတွက် ကျောက်သင်္ဘောဝါဒဝိနိစ္ဆယကို ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်နိုင်ရန် အထူး လိုအပ်ပါသည်။ ထို့အပြင် အခြားပုဂ္ဂိုလ်များအတွက်လည်း ဓမ္မရေးရာနှင့် ပတ်သက်၍ မသိဖူးသေးသည်ကို သိစေခြင်း (အညာတဝီသယံ ဉာဏံ) အကျိုးမှာ ဤကျမ်းကို လေ့လာသုံးသပ်ရန် လိုအပ်ပြန်သည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်နှစ်မျိုးတို့အတွက် ဤ 'ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ' ကျမ်းကို သာသနာရေးဦးစီးဌာနက ပုံနှိပ်ဖြန့်ချီခြင်း ဖြစ်ပါသည်။

'ဘဒ္ဒန္တခမာဝုဓ
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့။

အခန်း(၁)

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်
ဖွဲ့စည်းခြင်း

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဓမ္မ၊ အဓမ္မ စိစစ်ဆုံးဖြတ်ရေး သီးခြားဝိနည်းဓိုရ်အဖွဲ့များ
[ဥပဒေ အခန်း(၂) ပုဒ်မ(၃)၊ လုပ်ထုံးလုပ်နည်းများ ပုဒ်မ ၅၇]

အဖွဲ့(၁) ကျောက်သင်္ဘောဝါဒ စိစစ်ရေးအဖွဲ့

အမှတ်စဉ် ဘွဲ့တော် သိက္ခာ ကျောင်းတိုက်
၁။ ဦးသုဒဿန ၆၁ ကိုင်းကုန်းပါဠိတက္ကသိုလ်၊ ခရမ်းမြို့။
၂။ ဦးဇောတိက ၅၂ မိုးကောင်းတိုက်၊ မန္တလေးမြို့။
၃။ ဦးသောမ ၄၀ ဘိုးဦးစိန်ကျောင်း၊ ဝေါမြို့။
၄။ ဦးဇောတိပါလ ၃၀ ကြခတ်ဝိုင်းကျောင်း၊ ပဲခူးမြို့။
၅။ ဦးဝိဇ္ဇောဒယာဘိဝံသ ၃၈ မင်္ဂလာဇေယျုံကျောင်း၊ ဗားကရာတိုက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
၆။ ဦးကေသရ ၃၄ အောင်မင်္ဂလာကျောင်း၊ သရက်မြို့။
၇။ ဦးဝိမလာဘိဝံသ ၃၃ ပုခန်းကျောင်း၊ ရွှေဘိုမြို့။

[၁၃၄၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း-၁၃ (၂၀-၁၁-၈၀) ရက်နေ့။ ပထမအကြိမ်၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယအစည်းအဝေး စတုတ္ထနေ့ ဆုံးဖြတ်ချက် အပိုဒ် ၉-မှ]

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ရွေးချယ်သည့်

နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်များသာ ပါဝင်သော

နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)

ဖွဲ့စည်းခြင်းအမိန့်
(လုပ်ထုံးလုပ်နည်းများ အပိုဒ် ၅၇)

၁။ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့သည် စောဒက ဦးကုသလ၊ အလင်းရောင်ကျောင်း၊ သရက်မြို့၊ မကွေးတိုင်း။ ဦးကောသလ္လ၊ သိမ်တော်ကျောင်း၊ ချောင်းဦးမြို့၊ စစ်ကိုင်းတိုင်း။ ဦးပဏ္ဍိတ၊ မြောင်တိုက်၊ ဒေးဝန်းအရှေ့ပိုင်း၊ အေလမ်း၊ မန္တလေးမြို့တို့နှင့် စုဒိတက ဦးဣန္ဒောဘာသ၊ ရွှေကျောင်း၊ ကြာပိုင်ရွာ၊ မုံရွာမြို့နယ်။ ဦးဝိသုဒ္ဓိ၊ ကျောက်သင်္ဘောရိပ်သာ၊ ကျောက်ဆည်မြို့။ ဦးနန္ဒိယ၊ ငါးစို့တိုက်၊ ကျောက်သင်္ဘောရိပ်သာ၊ မန္တလေးမြို့။ ဦးကောဝိဒ၊ ကျောက်သင်္ဘောရိပ်သာ၊ ကျိုက္ကစံဘုရားအရှေ့ဘက်၊ သင်္ကန်းကျွန်းမြို့နယ်တို့၏ ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ ဓမ္မ၊ အဓမ္မအဖြစ် အငြင်းပွားမှုကို ဝိနည်း တရားတော်နှင့်အညီ စစ်ဆေး ဆုံးဖြတ် ပေးရန်အတွက် အောက်ဖော်ပြပါ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများသာ ပါဝင်သော နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)ကို ဖွဲ့စည်းလိုက်ပါသည်။

အမှတ်စဉ် ဘွဲ့တော် သိက္ခာ ကျောင်းတိုက်
၁။ ဦးသုဒဿန(အဂ္ဂမဟာပဏ္ဍိတ) ၆၁ ကိုင်းကုန်းပါဠိတက္ကသိုလ်၊ ခရမ်းမြို့။
၂။ ဦးဇောတိက ၅၂ မိုးကောင်းတိုက်၊ မန္တလေးမြို့။
၃။ ဦးသောမ ၄၀ ဘိုးဦးစိန်ကျောင်း၊ ဝေါမြို့။
၄။ ဦးဇောတိပါလ ၃၀ ကြခတ်ဝိုင်းကျောင်း၊ ပဲခူးမြို့။
၅။ ဦးဝိဇ္ဇောဒယာဘိဝံသ ၃၈ မင်္ဂလာဇေယျုံကျောင်း၊ ဗားကရာတိုက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
၆။ ဦးကေသရ ၃၄ အောင်မင်္ဂလာကျောင်း၊ သရက်မြို့။
၇။ ဦးဝိမလာဘိဝံသ ၃၃ ပုခန်းကျောင်း၊ ရွှေဘိုမြို့။

၂။ အထက်ပါ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)တွင် သင့်လျော်ရာတပါးကို သဘာပတိအဖြစ် တင်မြှောက်၍ ကျန်ဆရာတော်များက အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်တော်မူကြရန် ဖြစ်ပါသည်။

ဦးဝိမလ
(ဘဒ္ဒန္တဝိမလ-အဂ္ဂမဟာပဏ္ဍိတ)
ဒုတိယ ဥက္ကဋ္ဌဆရာတော်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့။
စာအမှတ် ၂၀၈/၁/သာ-မဟန
နေ့စွဲ ၁၃၄၂-ခုနှစ် ပြာသိုလဆန်း ၈-ရက်။
၁၉၈၁-ခုနှစ်၊ ဇန်နဝါရီလ ၁၃-ရက်။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) တည်ရာ

ဌာနသို့ စောဒက စုဒိတက ကြွရောက်ရန်

ပင့်လျှောက်စာ
(လုပ်ထုံးလုပ်နည်းများ အပိုဒ် ၃၅)

နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)
၁၃၄၂-ခုနှစ် ဓမ္မ၊ အဓမ္မ မှုခင်း အမှတ်(၁)

စောဒက- ဦးကုသလ၊ အလင်းရောင်ကျောင်း၊ သရက်မြို့၊ မကွေးတိုင်း။
ဦးကောသလ္လ၊ သိမ်တော်ကျောင်း၊ ချောင်းဦးမြို့၊ စစ်ကိုင်းတိုင်း။
ဦးပဏ္ဍိတ၊ မြောင်တိုက်၊ ဒေးဝန်းအရှေ့ပိုင်း၊ အေလမ်း၊ မန္တလေးမြို့။
တို့နှင့်
စုဒိတက- ဦးဣန္ဒောဘာသ၊ ရွှေကျောင်း၊ ကြာပိုင်ရွာ၊ မုံရွာမြို့နယ်။
ဦးဝိသုဒ္ဓိ၊ ကျောက်သင်္ဘောရိပ်သာ၊ ကျောက်ဆည်မြို့။
ဦးနန္ဒိယ၊ ငါးစို့တိုက်၊ ကျောက်သင်္ဘောရိပ်သာ၊ မန္တလေးမြို့။
ဦးကောဝိဒ၊ ကျောက်သင်္ဘောရိပ်သာ၊ ကျိုက္ကစံဘုရားအရှေ့ဘက်၊သင်္ကန်းကျွန်းမြို့နယ်။

တို့၏ ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ ဓမ္မ၊ အဓမ္မအဖြစ် အငြင်းပွားမှုတွင် စောဒကနှင့် စုဒိတက နှစ်ဘက်လုံးသည် ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း ၁၀-ရက်နေ့ မွန်းလွဲ ၁-နာရီအချိန်တွင် ဤနိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) တည်ရာဌာန၊ အပရဂေါယာနကျောင်းဆောင်၊ ကမ္ဘာအေးသို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ် စေလွှတ်၍ဖြစ်စေ၊ ကြွရောက်ကြရမည်၊ မိမိတို့၏ အထောက်အထားအဖြစ် တင်ပြလိုသည့် စာရွက်စာတမ်း အရပ်ရပ်ကိုလည်း တပါတည်း ယူဆောင်လာကြရမည်။

၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း (၈)ရက်နေ့တွင် ဤနိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) တံဆိပ်ရိုက်နှိပ်၍ ကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်သည်။

ဦးသုဒဿန
(ဘဒ္ဒန္တသုဒဿန၊ အဂ္ဂမဟာပဏ္ဍိတ)
သဘာပတိဆရာတော်
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁)
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။
ရက်စွဲ ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း ၈-ရက်။
၁၉၈၁-ခုနှစ်၊ ဇန်နဝါရီ ၁၃-ရက်။

အခန်း(၁) ပြီး၏၊

အခန်း(၂)

စောဒကစောဒနာနှင့်

စုဒိတကသောဓနာ

နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)

သဘာပတိဆရာတော်ဘုရားကြီး၏ ဝိနိစ္ဆယ အဖွင့်မိန့်ခွန်း အကျဉ်းချုပ်

အခု ညွှန်ကြားရေးမှူးချုပ် လျှောက်ထားသွားတဲ့အတိုင်း ဆရာတော်တို့ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ဟာ စောဒကများနဲ့လဲ အကျွမ်းတဝင် မရှိကြသလို၊ စုဒိတကများနဲ့လဲ အကျွမ်းတဝင် မရှိကြပါဘူး။ ဒါတင်မက အခု ဓမ္မ၊ အဓမ္မဆုံးဖြတ်ပေးရမယ့် ကျောက်သင်္ဘောဝါဒအကြောင်းကိုလဲ ကြားသာကြားဖူးတယ်။ ဘယ်လိုဟာမှန်း ဆရာတော်တော့ မသိပါဘူး။ အခုကိစ္စ ပေါ်လာတဲ့အခါကျမှ 'အော် ... ဒီလိုယူဆ ဒီလိုဟောပြောနေကြပါကလား'လို့ သိရပါတယ်။ ဆရာတော်တို့မှာ အဂတိလေးပါးလိုက်စားဖို့ ဘာမျှအကြောင်းမရှိကြပါ။ ဘုရားမျက်နှာကိုသာ ကြည့်ပြီးတော့ ကျောက်သင်္ဘောဝါဒလာ အယူအဆများကို ထေရဝါဒလာ ပိဋကတ်တော်များနှင့် ညှိနှိုင်းပြီး ဓမ္မ၊ အဓမ္မအဖြစ် ဆုံးဖြတ်ပေးကြမည်ဖြစ်ပါတယ်။ စောဒကမျက်နှာ စုဒိတကမျက်နှာများကို ကြည့်ရှုငဲ့ညှာပြီး အဂတိလေးပါးနဲ့ ဘက်လိုက်ကြမည် မဟုတ်ပါ။ ဘုရားမျက်နှာသာကြည့်ပြီး ဘုရားဘက်ကိုသာ လိုက်ကြမှာဖြစ်ပါတယ်။ အဲဒါကို ဆရာတော်တာဝန်ယူပါတယ်။

ဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် အာဃာတ မာန ဒေါသ စတဲ့သဘောတွေ မထားကြဘဲ စောဒကဆရာတော်ကလဲ မေတ္တာရှေ့သွားပြီး စောဒနာကြပါ။ စုဒိတကပုဂ္ဂိုလ်များကလဲ မေတ္တာစေတနာ ရှေ့ထားပြုပြီး သောဓနာကြပါ။ အဲဒီလိုမှသာ သာသနာတော်အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက် အောင်မြင်နိုင်ပါလိမ့်မယ်။ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့က ဓမ္မ၊ အဓမ္မအဖြစ် ဆုံးဖြတ်ချက်ချတဲ့အခါ သင်္ဂါယနာခြောက်တန်တင်ထားတဲ့ ထေရဝါဒ ပိဋကတ်တော်များနဲ့ လျော်ညီစွာ ခိုင်ခိုင်လုံလုံ တိတိကျကျ ဆုံးဖြတ်ထားတာကို တွေ့ကြရပါလိမ့်မယ်။

ဤသို့စသည်ဖြင့် သဘာပတိဆရာတော်ဘုရားကြီးက အဖွင့်မိန့်ခွန်းကို မြွက်ကြားတော်မူပါသည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)သို့ ကျောက်သင်္ဘောဝါဒနှင့်

ကျောက်သင်္ဘောဝါဒီများအပေါ် ဓမ္မဝိနယနှင့်အညီ အရေးယူဆုံးဖြတ်ပေးပါရန် စောဒနာတင်သွင်းချက်

နေ့စွဲ။ ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း ၁၀-ရက်၊ (၁၉၈၁-ခုနှစ်၊ ဇန်နဝါရီလ ၁၅-ရက်) ကြာသပတေးနေ့။

အကြောင်းအရာ။ ကျောက်သင်္ဘောဝါဒနှင့် ကျောက်သင်္ဘောဝါဒီများသည် အဓမ္မဝါဒနှင့် အဓမ္မဝါဒီများသာဖြစ်ကြောင်း ဓမ္မ ဝိနယနှင့်အညီ ဆုံးဖြတ်ပေးပါရန် စောဒနာ တင်သွင်းချက်ပါဘုရား။

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ဆရာတော် အရှင်သူမြတ်များဘုရား-

၁။(က) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁၊အပိုဒ် ၁၅၃ (ခ)၌-

'နိုင်ငံသားတိုင်းသည် မိမိတို့ ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာနှင့် စောင့်ထိန်းအပ်သော ဓလေ့ထုံးတမ်းများကို သီးခြားလွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်၊ ယင်းသို့ ဆောင်ရွက်ခြင်းသည် ပြည်ထောင်စု တစ်ခုလုံးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဆိုရှယ်လစ်လူနေမှု စနစ်တို့ကို ထိပါးရာရောက်ပါက လုံးဝရှောင်ကြဉ်ရမည်။'

(ခ) ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့၏ သဘောထား ထုတ်ပြန်ကြေငြာချက် အပိုဒ် ၂ (ခ) ၌-

'ဘာသာတစ်ခုက အခြားဘာသာတစ်ခုကို ပုတ်ခတ်ရေးသားထားသော စာပေများ၊ ဘာသာတူ အချင်းချင်း အယူအဆကွဲပြားစေသည့် စာပေများကို ထုတ်ဝေခြင်းမပြုရန်'-

ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်ဘုရား။

၂။ ကျောက်သင်္ဘောဆရာတော် ဦးကေသဝ (ပျံလွန်)နှင့် ယင်း၏နောက်လိုက် ရဟန်းသာမဏေ၊ လူဝတ်ကြောင်တို့သည် နိုင်ငံတော်အစိုးရက သဘောထားကြီးစွာ ခွင့်ပြုထားသော 'လွတ်လပ်စွာကိုးကွယ်ခွင့်' ကို အလွဲသုံးစားပြုလုပ်ကြပြီး ထေရဝါဒနှင့်လည်းကောင်း၊ ထေရဝါဒီတို့နှင့်လည်းကောင်း လုံးဝဆန့်ကျင်သော ဗုဒ္ဓဝါဒအတုအယောင် အဓမ္မဝါဒကို နိုင်ငံတော်အတွင်း၌ ဟောပြော၊ ရေးသား၊ စည်းရုံး ဖြန့်ဝေလာခဲ့ကြပါသည်။ ယင်းသို့ဖြန့်ဝေကြရာ၌ 'တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးရာရောက်ပါက ရှောင်ကြဉ်ရမည်'ဟူသော တားမြစ်ချက်ကို ဘာသာရေးအကာအကွယ်ဖြင့် ကျူးလွန်လာခဲ့ကြသည့်အပြင် 'ဘာသာတူအချင်းချင်း အယူအဆကွဲပြားစေသည့် စာပေများကိုထုတ်ဝေခြင်းမပြုရန်'ဟူသော နိုင်ငံတော်အစိုးရ၏ သဘောထားနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သော လုပ်ရပ်များကိုလည်း ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာခဲ့ကြပါသည်ဘုရား။

၃။ ဤကဲ့သို့ ကျောက်သင်္ဘောဝါဒီများသည် ဓမ္မဝိနယနှင့်ဆန့်ကျင်၍လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်၍လည်းကောင်း၊ အစိုးရ၏သဘောထားကို ဂရုမစိုက်မူ၍လည်းကောင်း မိမိတို့၏ ဗုဒ္ဓဝါဒအတုအယောင် အဓမ္မဝါဒကို ဖြန့်ဝေခဲ့ကြသောကြောင့် ဘာသာရေးကို အကြောင်းပြုပြီး နဂိုက စည်းရုံးညီညွတ်လျက်ရှိသော ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူလူထုအပေါင်းသည် ယခုအခါ၌ ဝါးအစီးပြေသကဲ့သို့ စည်းလုံးညီညွတ်မှု ပျက်ပြားလျက် ဗုဒ္ဓဘာသာ သာသနာတွင် အားနည်းရာ အားနည်းကြောင်း ဖြစ်ခဲ့ရပါသည်။ သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ကြီးမားသော အန္တရာယ်ကြီး ကြုံခဲ့ရပါသည်။ ဗုဒ္ဓဝါဒအတု အယောင်ဖြစ်သော ကျောက်သင်္ဘောဝါဒသည် မှန်ကန်သော ထေရဝါဒ သာသနာတော်အတွက် အဖျက်လုပ်ငန်းဖြစ်ရုံမျှမက ဗုဒ္ဓဘာသာ ဒကာ၊ ဒကာမတို့၏ ကုသိုလ်ရေး၊ ပညာရေး၊ လူမှုရေး၊ အချင်းချင်း စည်းလုံးညီညွတ်ရေးတို့အတွက် တစ်စုံတစ်ရာမျှ အသုံးမကျဖြစ်ခဲ့ရသည့်အပြင် ပျက်ပြားမှုများပင် လက်တွေ့ကြုံခဲ့ရပါသည်။ အမှန်စင်စစ် ဗုဒ္ဓဘာသာ ပြည်သူတရပ်လုံး အေးချမ်းစွာ ဒါနသီလဘာဝနာ ပွားများအားထုတ်မှုကို ဖျက်ဆီးပြီး ဘာသာဝင်တို့၏အင်အားကို အလဟဿ ကုန်ခမ်းစေခဲ့ပါသည်။ လက်တွေ့အားဖြင့် ကျောက်သင်္ဘောဝါဒနှင့် ကျောက်သင်္ဘောဝါဒီများ မရောက်သော မြို့ရွာများ၌ ဘာသာဝင်အချင်းချင်း သဘောထားကွဲပြားမှုမရှိ၊ ပကတိအေးချမ်းလျက် ကျောက်သင်္ဘောဆိုက်သော ကံဆိုးသည့်မြို့ရွာများတွင်မူ ဘာသာရေးသဘောထား ပဋိပက္ခများ ပေါ်ပေါက်လာပြီး ဆူသံညံသံများ အဆက်မပြတ် ကြားနေရခြင်းက အထက်ပါကောက်ချက်များကို အခိုင်အမာ ထောက်ခံလျက်ရှိနေပါသည်ဘုရား။

၄။ ဤကဲ့သို့ ဗုဒ္ဓဝါဒအတုအယောင်ဖြစ်သော ကျောက်သင်္ဘောဝါဒကြောင့် နိုင်ငံတော်အတွင်း၌ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရပုံများကို အကျဉ်းမျှဖော်ပြရပါလျှင် ဤသို့တွေ့ကြရပါသည်ဘုရား။

(က) ၁၉၇၁-ခုနှစ်၊ ဒီဇင်ဘာလ ၂၄-ရက်နေ့က ပဲခူးမြို့ ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ် ပြန့်ပွားရေး အကျိုးဆောင်အဖွဲ့က စိတ် စိတ်အတိုင်းတိုင်းထားဟူသော ကျောက်သင်္ဘောဝါဒကို ဝေဖန်စိစစ် ကန့်ကွက်ခဲ့ကြပါသည်။

(ခ) ၁၉၇၂-ခုနှစ်၊ ဇန်နဝါရီလ ၁၈-ရက်နေ့က ပဲခူးမြို့ သုံးဂိုဏ်းဝင် သံဃာများနှင့် ဗုဒ္ဓသာသာလူထုက ကျောက်သင်္ဘောဝါဒကို စုပေါင်းကန့်ကွက်ခဲ့ကြပါသည်။ ထိုသုံးဂိုဏ်းဝင် သံဃာတော်တို့က ကျောက်သင်္ဘောစာအုပ်ပါ ရေးသားချက်များကို ထုတ်နုတ်၍ ပိဋကတ်တော်နှင့် မညီညွတ်မှားယွင်းကြောင်း ဝေဖန်ဖော်ပြ ကြေငြာခဲ့ကြပါသည်။

(ဂ) ၁၉၇၄-ခုနှစ်၊ မေလ ၂၈-ရက်နေ့က သာယာဝတီမြို့နယ်မှ ရဟန်းရှင်လူတို့က ကျောက်သင်္ဘောဂိုဏ်း ငှက်ပေါက်ကုန်း ဘုန်းကြီးဟောကြားချက်နှင့် ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါသည်။

(ဃ) ပဲခူးတိုင်း တာဝတိုက်နယ်မှ သံဃာများကလည်း ကြေငြာစာတမ်းထုတ်၍ ကျောက်သင်္ဘောဝါဒကို ကန့်ကွက်ခဲ့ကြပါသည်။

(င) သာယာဝတီမြို့နယ်မှ ဂိုဏ်းပေါင်းစုံ သာသနပါလ သံဃာ့အဖွဲ့ကြီးကလည်း ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒဖြစ်ကြောင်း ဝေဖန်စိစစ် ကြေငြာခဲ့ကြပါသည်။

(စ) ၁၉၇၄-ခုနှစ်၊ ဇူလိုင်လ ၂၂-ရက်နေ့က ပင်လယ်ဘူးမြို့နယ်မှ သံဃာထုက ကျောက်သင်္ဘောဝါဒဖြန့်ချီမှုကို ပိတ်ပင်ပေးရန် တောင်းဆိုကြေငြာခဲ့ကြပါသည်။

(ဆ) မုံရွာခရိုင် ချောင်းဦးမြို့မှ ဓမ္မမဏ္ဍိုင် ဆရာတော်အဖွဲ့ကလည်း ကျောက်သင်္ဘောဝါဒ သုတ်သင်ရေးအတွက် စာအုပ်စာတမ်းများ ရေးသားပြုစု ဖြန့်ဝေလျက် ကျောက်သင်္ဘောဝါဒသည် ပိဋကတ်တော်နှင့် မညီညွတ်သော အဓမ္မဝါဒသာဖြစ်ကြောင်း ကြေငြာခဲ့ကြပါသည်။

(ဇ) မိတ္ထီလာမြို့ သံဃာတော်များကလည်း ကျောက်သင်္ဘောဝါဒသည် ဘုရားဟောနှင့် ဆန့်ကျင်သော အဓမ္မဝါဒဖြစ်ကြောင်း ကြေငြာပြီး ကျောက်သင်္ဘောဝါဒကို ကန့်ကွက်ခဲ့ကြပါသည်။

(စျ) ကျည်တောင်ကန်မှ သာသနာ့အလင်းရောင် သံဃာ့အဖွဲ့ကလည်း အလားတူပင် ကျောက်သင်္ဘောအဓမ္မဝါဒကို တားဆီးပေးရန် တောင်းဆိုခဲ့ကြပါသည်။

(ည) ကျောက်ဆည်မြို့၌လည်း ကျောက်သင်္ဘောဝါဒကြောင့် ရဟန်းရှင်လူများ မခံမရပ်နိုင်ဖြစ်ကြပြီး ဓမ္မမဏ္ဍိုင်တရားပွဲများ တန်ပြန်ကျင်းပလျက် ဝေဖန်ကန့်ကွက်ခဲ့ကြပါသည်။

(ဋ) သရက်မြို့၌ ကျောက်သင်္ဘောဝါဒ ဝင်လာသောအခါ ဘာသာရေးအခြေအနေလှုပ်ရှားပြီး ရဟန်းသံဃာတော်များ အတော်ပင် အလုပ်များခဲ့ရပါသည်။

(ဌ) ချောင်းဦးမြို့နယ်၊ ကျေးရွာအချို့၌ ကျောက်သင်္ဘောဝါဒကြောင့် သားနှင့် အဘ စိတ်ဝမ်းကွဲပြား ပဋိပက္ခ ဖြစ်ပွားသည်အထိ မလိုလားအပ်သော ဖြစ်ရပ်များ ဖြစ်ခဲ့ရပါသည်။

(ဍ) ရွှေဘိုမြို့ပေါ်နှင့် ရွှေဘိုမြို့နယ်မှ ကော့ရွာ၊ လက်လုပ်ရွာ၊ ညောင်ပင်သာရွာ၊ ရွာသစ်ရွာတို့မှ ကျောက်သင်္ဘောဝါဒီတို့ကလည်း သာသနာကို စော်ကားခဲ့ကြပါသည်။

(‘) ဝန်းသိုမြို့နယ်၊ တောင်ပို့လှကျေးရွာမှ ကျောက်သင်္ဘောနောက်လိုက် လူ(၅၀)ခန့်တို့သည် သူတို့၏ဝါဒအတိုင်း လက်တွေ့အားဖြင့် စိတ် စိတ်အတိုင်း မထားနိုင်ကြဘဲ အဓမ္မအကြမ်းဖက်ပြီး ထေရဝါဒီသံဃာတော်များကို လိုက်လံရိုက်နှက် နှိပ်စက်ခဲ့ကြပါသည်။

(ဏ) အလားတူပင် ကျောက်သင်္ဘောဝါဒကြောင့် မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာ၊ ကျောက်ဆည်မြို့နယ်၊ ချောင်းဂွကျေးရွာ၊ စစ်ကိုင်းတိုင်း၊ ရေတွင်းကောင်းကျေးရွာ စသော အရပ်ဒေသများ၌လည်း ညီညွတ်ရေးပျက်ပြားပြီး ဆိုးဝါးသောဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ရပါသည်။

(တ) ထို့ပြင် မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ ကသာခရိုင်စသည်တို့၌လည်း ကျောက်သင်္ဘော တရားပွဲများကို တိုင်းပြည်ငြိမ်ဝပ်ပိပြားရေး ထိခိုက်စေသည့်အတွက် သက်ဆိုင်ရာတို့က ပိတ်ပင် တားဆီးခဲ့ရပါသည်။

ဤသို့စသည်ဖြင့် ကျောက်သင်္ဘောဝါဒ ပေါ်လာကတည်းက ဗုဒ္ဓဘာသာ ရဟန်းရှင်လူ ပြည်သူအတွင်း၌ ပြဿနာမျိုးစုံဖြစ်ပေါ်ရပြီး မလိုလားအပ်သော ဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့ပါသည်။

၅။ ဤကဲ့သို့ ဗုဒ္ဓဝါဒအတုအယောင်ဖြစ်သော ကျောက်သင်္ဘောဝါဒ ပေါ်လာချိန်ကစပြီး ဘာသာဝင်အချင်းချင်း အယူဝါဒကွဲပြားလျက် အကုသိုလ်တရားဆိုးများသာ တိုးပွားလျက်ရှိခဲ့ပါသည်။ လူလောကတွင် အယဉ်ကျေးဆုံးဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်တွင်း၌ ကျောက်သင်္ဘောဝါဒကြောင့် မယဉ်ကျေးသောဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ရပါသည်။ ဘာသာဝင် အချင်းချင်း စည်းလုံးညီညွတ်မှုသည်လည်း လွန်စွာပျက်စီးခဲ့ရပါသည်။ သို့ပါသော်လည်း ကျောက်သင်္ဘောဝါဒီတို့သည် လက်တွေ့ကျင့်သုံး အောင်မြင်၍ သမိုင်းစဉ်ဆက် အရှည်တည်တံ့လာသော ထေရဝါဒအများ၏ အမြင်ကိုလည်းကောင်း၊ ဓမ္မစက်ဒေသနာတော်ကို လည်းကောင်း အမှုမထားကြဘဲ မိမိတို့ အတ္တနောမတိများဖြင့် ဗုဒ္ဓဝါဒအတုအယောင်ကို ယနေ့အထိ လက်ရဲဇက်ရဲ ဖြန့်ဝေလာခဲ့ကြပါသည်ဘုရား။

၆။ ယခုအခါတွင်မူ ၁၃၄၂-ခုနှစ်၊ နယုန်လက ကျင်းပခဲ့သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက နိုင်ငံတော်တဝန်းလုံး သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများနှင့် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အတည်ပြုပြဋ္ဌာန်းပေးခဲ့ပါသည်။ ၁၉၈၀-ပြည့်နှစ်၊ ဇွန်လ ၂၆-ရက်နေ့၌ ပြည်သူ့လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးသော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာဥပဒေကြီး ပေါ်လာပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဓမ္မစက်ကို ဂရုမစိုက်သူများအား အာဏာစက်ဖြင့် တားမြစ်၍ ယင်းတို့၏ ဗုဒ္ဓဝါဒအတုအယောင် ဝါဒကို လုံးဝတားမြစ် ပိတ်ပင်နိုင်ရန်အလို့ငှာ ဤကျောက်သင်္ဘောဝါဒနှင့် ကျောက်သင်္ဘောဝါဒီများကို ဝိနည်းဓမ္မကံ ဥပဒေနှင့်အညီ အဓမ္မဝါဒအဓမ္မဝါဒီများဖြစ်ကြောင်း အဆုံးအဖြတ်ပေးပါရန် စောဒနာလွှာတင်သွင်းရခြင်း ဖြစ်ပါသည်ဘုရား။

စောဒနာခြင်း၏ အခြေခံမူ

၇။ ဤသို့ စောဒနာရာ၌ အောက်ပါတို့ကို အခြေခံအဖြစ် ထားရှိပါသည်ဘုရား။

(က) သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း-၁၊အပိုဒ်-၂ (စ)- 'ထေရဝါဒ'ဆိုသည်မှာ ပဌမသင်္ဂါယနာမှ ဆဋ္ဌမသင်္ဂါယနာအထိ သင်္ဂါယနာ(၆)တန်တင်ထားသော ပါဠိတော် အဋ္ဌကထာ ဋီကာ အစရှိသော ပိဋကကိုဆိုသည်။

(ခ) ယင်းစည်းမျဉ်း အခန်း-၂၊ အပိုဒ်-၃ ' 'ဤအခြေခံစည်းမျဉ်းသည် သဗ္ဗညုဘုရားရှင်ဓမ္မဝိနယနှင့်အညီသာလျှင် ဖြစ်စေရမည်။'

(ဂ) ယင်းအခြေခံ စည်းမျဉ်း အခန်း-၂၊ အပိုဒ်-၁၂ (ဂ)- 'ပရိယတ္တိသာသနာတော် တိုးတက်စည်ပင် ပြန့်ပွားစေရန် ကူညီထောက်ပံ့၍ ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန်ဖြစ်သည်။'

(ဃ) ယင်းစည်းမျဉ်း အခန်း-၂၊ အပိုဒ်-၁၂(ဃ)- 'ပရိယတ္တိနှင့် လျော်ညီသော ပဋိပတ္တိသာသနာတော်ကို တိုးတက်စည်ပင် ပြန့်ပွားစေရန်ဖြစ်သည်။'

(င) ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နိဒါန်း- 'ယင်းသို့ တညီတညွတ်တည်း ပေါင်းသင်းဆက်ဆံကာ သာသနာတော်၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရန်အလို့ငှာလည်းကောင်း၊'

'လဇ္ဇီပေသလ သီလဝန္တ သိက္ခ ကာမ ဖြစ်တော်မူကြကုန်သော သံဃာတော်များ၏ သံဃသုဋ္ဌုသံဃဖာသုဖြစ်စေခြင်းအကျိုးငှာလည်းကောင်း၊'

'ဥပ္ပန္နုပ္ပန္နာနံ အဓိကရဏာနံ သမထာယ ဝူပသမာယ' အစရှိသော ဒေသနာတော်မြတ်နှင့်အညီ ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော အဓိကရုဏ်းတို့ကို သမထနည်းလမ်းဖြင့် အေးငြိမ်းစေခြင်းငှာ လည်းကောင်း၊

ဤသို့စသည်ဖြင့် ပြဋ္ဌာန်းချက်စာအုပ်များပါ- မူ၊ စည်းမျဉ်း၊ ရည်ရွယ်ချက်များအရ ယခုစောဒနာကို တင်သွင်းရခြင်းဖြစ်ပါသည်ဘုရား။

ကျောက်သင်္ဘောဝါဒ

၈။ ကျောက်သင်္ဘောဝါဒသည် 'စိတ် စိတ်အတိုင်းထား'ဟူသော အယူဝါဒဖြစ်ပါသည်။ စိတ် စိတ်အတိုင်းထားလျှင် လောကုတ္တရာကိစ္စ အားလုံးပြီးသည်၊ နိဗ္ဗာန် မဂ်ဖိုလ်နှင့်တကွ ဘာသာရေးကိစ္စ အားလုံးပြီးသည်ဟူသော အယူဝါဒဖြစ်ပါသည်။ ဤအယူဝါဒသည် မြတ်စွာဘုရား ဟောသော အယူဝါဒမဟုတ်ပါ၊ နိကာယ်(၅)ရပ်ပိဋကသုံးပုံနှင့် ဆန့်ကျင်သော အဓမ္မဝါဒသာဖြစ်ပါသည်။

၉။ ကျောက်သင်္ဘောဝါဒီတို့သည် စိတ် စိတ်အတိုင်းထားဟူသော ဗုဒ္ဓဝါဒအတုအယောင် အဓမ္မဝါဒကို ဖြန့်ဝေရန် ကြိုးစားကြရာတွင် ဗုဒ္ဓသာသနာတော်၌ အခိုင်အမာတည်ရှိနေသော သံဂါယနာ(၆)တန်တင် နိကာယ်ငါးရပ်ပိဋကသုံးပုံ၊ ပါဠိ အဋ္ဌကထာ ဋီကာ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်တို့သည်လည်းကောင်း၊ ထိုပရိယတ္တိတရားတော်ကို အမှန်အတိုင်း သင်ယူလိုက်နာ လက်ခံကျင့်သုံးနေကြသော ဗုဒ္ဓဘာသာ ရဟန်းရှင်လူတစ်ရပ်လုံးသည်လည်းကောင်း၊ သူတို့၏ အဟန့်အတားကြီးများအဖြစ် တည်ရှိနေကြပါသည်။ သို့ဖြစ်ပါသောကြောင့် ကျောက်သင်္ဘောဝါဒီတို့သည် မိမိတို့၏ဝါဒကို သွတ်သွင်းနိုင်ရန်အလို့ငှာ အတားအဆီးသဖွယ်ဖြစ်နေသော ထေရဝါဒ ဗုဒ္ဓဓမ္မ ပိဋကတ်တော်များနှင့် ထေရဝါဒ ဓမ္မဝါဒီပုဂ္ဂိုလ်တို့ကို ဝေဖန်ပုတ်ခတ် ဆန့်ကျင်လာခဲ့ကြပါသည်။

၁၀။ ဤသို့ဆန့်ကျင်ကြရာတွင်-

(က) မြတ်စွာဘုရားရှင်၏ မုက္ခပါဌ်တော်များဖြစ်သော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကို တိုက်ခိုက် ဝေဖန် ပုတ်ခတ်ခြင်း၊

(ခ) ဘုရားဟောပါဠိတော်များကို မိမိတို့ဝါဒအတွက် မဟုတ်မတရား အသုံးချခြင်း၊ မတရားအသုံးချပုံမှာ- ဘုရားရှင်က မဟောသည်ကို အဟော၊ ဟောသည်ကို မဟောဟူ၍ ဆန့်ကျင်ဘက် ဖော်ပြခြင်း၊ ပါဠိတော်များကို လို လိုသလို၊ မလို မလိုသလို စည်းလွတ်ဝါးလွတ် ကြိုက်သလို အနက်ပေးခြင်း၊ အဓိပ္ပာယ်ကောက်ယူခြင်း၊

(ဂ) ပါဠိတော်များကို ယထာဘူတကျအောင် ဖွင့်ပြထားသော အဋ္ဌကထာ ဋီကာများကို မလိုလျှင် မလိုသလို ပယ်ခြင်း၊

(ဃ) သမိုင်းစဉ်ဆက် လက်တွေ့ အခိုင်အမာ သင်ယူလေ့လာ ကျင့်ကြံလာခဲ့ကြသော ထေရဝါဒီ ရဟန်း သံဃာများနှင့် ဒါယကာ ဒါယိကာမများကို မသိနားမလည်သူများ၊ အယူမှားနေသူများအဖြစ် စွပ်စွဲ ပြောကြားခြင်း၊

(င) သာသနာနှစ် နှစ်ထောင့်ငါးရာကျော်ကာလပတ်လုံး လက်တွေ့ကျင့်သုံးလာခဲ့ကြသော ထေရဝါဒ ဓမ္မဝါဒီ ရဟန်းရှင်လူများကို အယူမှားနေသူများအဖြစ် ဝေဖန်လျက် ခုမှပေါ်လာသော ကျောက်သင်္ဘောဝါဒီတို့သာလျှင် ဗုဒ္ဓဝါဒအမှန်ကို တတ်သိနားလည်သူများအဖြစ် ဝါကြွားစကား ပြောကြားလျက်ရှိခြင်း၊

ဤသို့စသည်ဖြင့် မလုပ်သင့်မလုပ်ထိုက်သော အလွန်ဝန်လေးသည့် တရားမဲ့လုပ်ရပ်များကို ပြုလုပ်လာခဲ့ကြပါသည် ဘုရား။

၁၁။ ဗုဒ္ဓဝါဒ အတုအယောင်ဖြစ်သော စိတ် စိတ်အတိုင်းထား ဟူသော ကျောက်သင်္ဘောဝါဒကို မသိနားမလည်သူများအား ဝါဒအမှန်အဖြစ် နားလည်စေရန်အတွက် စည်းရုံးသိမ်းသွင်းရာတွင် ပိဋကတ်တော်နှင့် ဆန့်ကျင်၍ ဟောပြောရေးသားခဲ့ကြသော အချက်အလက်ပေါင်း များစွာအနက်မှ အနည်းငယ်ကို လျှောက်ထားခွင့် ပြုပါဘုရား။

(က) စိတ်နှင့် အာရုံသည် သဘာဝနှစ်ခု မဟုတ်၊ တစ်ခုတည်းသာဖြစ်သည်။

(ခ) စိတ်ကြောင့်သာလျှင် အာရုံဖြစ်သည်၊ စိတ်က အာရုံကို ဖော်ထုတ်သည်။

(ဂ) စိတ် စိတ်အတိုင်း ထားခြင်းသည် နိဗ္ဗာန်ဖြစ်သည်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဟူ၍ သီးခြားတရားမရှိ။

(ဃ) မဂ်လေးတန်ဖြင့် ပယ်ရန် အနုသယကိလေသာဟူ၍ မရှိ၊ ပယ်ရန်မလို။

(င) ဝိပဿနာတရား အားထုတ်ဖို့မလို၊ ရုပ်နာမ်တရားတို့ကို လက္ခဏာယာဉ်သုံးပါးတို့ဖြင့် ရှုဖို့မလို။

(စ) တရားအားထုတ်ဖို့မလို၊ အားထုတ်လျှင် ဒုက္ခသာဖြစ်သည်။ လုပ်သမျှ ဒုက္ခသာဖြစ်သည်။

ဤသို့ စသည်ဖြင့် ကျောက်သင်္ဘောဝါဒီတို့သည် ဓမ္မကို အဓမ္မအဓမ္မကို ဓမ္မ၊ ဘုရားမဟောသည်ကို အဟော၊ ဘုရားဟောသည်ကို မဟောဟူ၍ ရေးသားပြောဆို ဖြန့်ဝေလာခဲ့ကြပါသည်။ ဤကဲ့သို့ ပြုလုပ်ကြခြင်းအားဖြင့် မြတ်စွာဘုရားကိုလည်း စွပ်စွဲကြပါသည်။ မိမိကိုယ်ကိုလည်း တူးဖြိုကြပါသည်။ အကုသိုလ် အများအပြားကိုလည်း တိုးပွားစေကြပါသည်။ မိမိတို့ ကိုယ်တိုင် အယူမှားနေကြပါလျက် သူတစ်ပါးတို့အားလည်း အယူမှားအောင် တိုက်တွန်း ဆောက်တည် စေကြပါသည်။

သို့ဖြစ်ပါ၍-

(က) နိုင်ငံတော်အတွင်း၌ ဘာသာရေးကို အကြောင်းပြုလျက် ပဋိပက္ခမှုများ ထပ်မံ မပေါ်ပေါက်စေရန် အလို့ငှာလည်းကောင်း၊

(ခ) ထေရဝါဒ ပိဋကတ်တော်နှင့် မညီညွတ်သော ဗုဒ္ဓဝါဒ အတုအယောင်များ ပပျောက်စေရန် အလို့ငှာ လည်းကောင်း၊

(ဂ) ပရိယတ္တိသာသနာတော် တိုးတက်စည်ပင် ပြန့်ပွား၍ ပရိယတ္တိနှင့် လျော်ညီသော ပဋိပတ္တိသာသနာတော် ဖြစ်ပေါ်လာစေရန် အလို့ငှာလည်းကောင်း၊

(ဃ) သံဃာတော်အချင်းချင်း ဝိနည်းတရားတော်နှင့်အညီ ကြပ်မတ်ကွပ်ကဲ၍ ချမ်းသာစွာ သီတင်းသုံးနိုင်စေရန် အလို့ငှာလည်းကောင်း၊

(င) ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားစေရန် အလို့ငှာလည်းကောင်း၊

အထက်ဖော်ပြပါ ကျောက်သင်္ဘောဝါဒနှင့် ကျောက်သင်္ဘောဝါဒီတို့အား အဓမ္မဝါဒအဓမ္မဝါဒီများသာ ဖြစ်ကြောင်း သိသာထင်ရှားစေရန် ဓမ္မဝိနယနှင့်အညီ အဆုံးအဖြတ် ချမှတ်ပေးတော်မူပါမည့်အကြောင်း ရိုသေစွာ ရှိခိုးလျှောက်ထားအပ်ပါသည် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ ဆရာတော်အရှင်မြတ်တို့ဘုရား။

-ဤစောဒနာလွှာနှင့်အတူ ကျောက်သင်္ဘောဝါဒဆိုင်ရာ ကျောက်သင်္ဘောဝါဒီများ ရေးသားပြုစု ထုတ်ဝေသော စာအုပ် ၁၆-မျိုးကို စာရင်းနှင့်တကွ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့သို့ တင်ပြအပ်ပါသည် ဘုရား။

-ကြာပိုင် ဦးဣန္ဒောဘာသ (အရှင်ဝဏ္ဏသီရိ) ဟောပြောသော တရားများကို ဖမ်းယူထားသည့် အသံဖမ်းကြိုးခွေ သုံးခုကိုလည်း အထောက်အထားအဖြစ် တင်ပြပါသည်ဘုရား။

ခြေတော်ဦးခိုက်လျက်---

စောဒကပုဂ္ဂိုလ်များ

၁။ ဦးကောသလ္လ ပဓာနနာယက ဆရာတော်၊
ရွှေသိမ်တော်စာသင်တိုက်၊
ချောင်းဦးမြို့၊ စစ်ကိုင်းတိုင်း။

၂။ ဦးပဏ္ဍိတ သာသနဓဇ သိရီပဝရဓမ္မာစရိယ၊
မြောင်ကျောင်းတိုက်၊
အေလမ်း၊ ဒေးဝန်းအရှေ့ပိုင်း၊
မန္တလေးမြို့၊
မန္တလေးတိုင်း။

၃။ ဦးကုသလ သာသနဓဇ ဓမ္မာစရိယ၊
သာသနာ့အလင်းရောင်ကျောင်း၊
သရက်မြို့၊
မကွေးတိုင်း။

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)သို့ တင်ပြသော ကျောက်သင်္ဘော စာအုပ်စာရင်း

၁။ ကျောက်သင်္ဘောဆရာတော်ဘုရားကြီး၏ ထေရုပတ္တိနှင့် တရားတော်များ၊ ဦးစိန်တင်၊ သုခဝတီပုံနှိပ်တိုက်၊ ၈၄/၃၁ လမ်းထောင့်၊ ကျောက်သွေးတန်း၊ မန္တလေး၊ ၁၉၇၃-ခု ဇူလိုင်လ။ (ပဉ္စမအကြိမ်)

၂။ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင် တရားစာ၊ ကျောက်ဆည်မြို့ ကျောက်သင်္ဘော ဆရာတော်ဘုရားကြီး၊ ယောဂီပုံနှိပ်တိုက်၊ အမှတ် (၂၄၅)၊ လွစ္စလမ်း၊ ရန်ကုန်မြို့၊ ပဉ္စမအကြိမ်။

၃။ ဝိမုတ္တိဓမ္မသန္တိသုခတရားတော်၊ ကျောက်ဆည်မြို့၊ ကျောက်သင်္ဘောရိပ်သာ ဦးဝိသုဒ္ဓ၊ အောင်မိတ်ဆက် စာပုံနှိပ်တိုက်၊ အမှတ်(၅၀)၊ ဗိုလ်ချုပ်လမ်း၊ ရန်ကုန်မြို့၊ ၁၇-၁၀-၇၅။

၄။ နိဗ္ဗာန်မြင်သိ ဝိမုတ္တိ တရားဒေသနာတော်၊ သင်္ကန်းကျွန်း၊ ကျောက်သင်္ဘောရိပ်သာ ဦးဝိသုဒ္ဓ၊ စန္ဒာဝင်း ပုံနှိပ်တိုက်၊ ၂၂/၁၇၅လမ်း၊ တာမွေ၊ ရန်ကုန်မြို့၊ ၁၃၂၈-ခု တော်သလင်းလပြည့်ကျော် ၅-ရက်။

၅။ ကျောက်သင်္ဘောတရားနှင့် အနုသယသဘော၊ ကြာပိုင် ဦးဣန္ဒောဘာသ၊ ပုသိမ်ပုံနှိပ်တိုက်၊ ၆၈/၁၆၅လမ်း၊ တာမွေ၊ ရန်ကုန်မြို့၊ ၁၉၇၄-ခု၊ နိုဝင်ဘာလ (၁၉၇၅-ခု၊ ဇွန်လ ဒုတိယအကြိမ်)။

၆။ ဝိမုတ္တိသာသနာ၊ ကြာပိုင် ဦးဣန္ဒောဘာသ (အရှင်ဝဏ္ဏသီရိ)၊ စာပေလောက ပုံနှိပ်တိုက်၊ ၁၇၃-၃၃လမ်း၊ ရန်ကုန်မြိ့၊ ၁၉၇၄ခု၊ ဧပြီလ။

၇။ ကျောက်သင်္ဘောတရားနှင့် ခန္ဓာ ၂-လွှာ၊ ကြာပိုင် ဦးဣန္ဒောဘာသ၊ ပုသိမ်ပုံနှိပ်တိုက်၊ ၆၈/၁၆၅လမ်း၊ တာမွေ၊ ရန်ကုန်မြို့၊ ၁၃၃၇-ခု၊ သီတင်းကျွတ်လ။

၈။ ယောဂီလက်စွဲ သုံးစောင်တွဲ၊ ကျောက်သင်္ဘော ဦးနန္ဒိယ၊ နယားပျံ့ပုံနှိပ်တိုက်၊ ကျောက်ကာလမ်း၊ မုံရွာမြို့၊ ၁-၄-၆၅။

၉။ ဗုဒ္ဓလက်ညှိုး၊ ဦးနန္ဒိယ၊ ပုသိမ်ပုံနှိပ်တိုက်၊ ၆၈/၁၆၅လမ်း၊ တာမွေ၊ ရန်ကုန်မြို့၊ ၁၃၃၆-ခု၊ သီတင်းကျွတ်လ။

၁၀။ သန္ဒိဋ္ဌိကနိဗ္ဗာန်၊ ဦးနန္ဒိယ၊ ပုသိမ် ပုံနှိပ်တိုက်၊ ၆၈/၁၆၅လမ်း၊ တာမွေ၊ ရန်ကုန်မြို့၊ ၁၃၃၇-ခု၊ နတ်တော်လ။

၁၁။ ဓမ္မရေးရာပြဿနာများ၊ ဦးနန္ဒိယ၊ ပုသိမ် ပုံနှိပ်တိုက်၊ ၆၈/၁၆၅လမ်း၊ တာမွေ၊ ရန်ကုန်မြို့၊ ၁၃၃၇-ခု၊ နတ်တော်လ။

၁၂။ အတိုင်းတိုင်းဋီကာ၊ ပဲခူး ဦးစိန်ဖေ၊ သုခဝတီ စာပုံနှိပ်တိုက်၊ ၈၄-ဗိုလ်ချုပ်လမ်း၊ မန္တလေးမြို့၊ ၁၃၃၆-ခု၊ သီတင်းကျွတ်လ။

၁၃။ သစ္စာဉာဏ်မြင် နိဗ္ဗာန်ဝင်၊ ဦးနိန္ဒိယ၊ ရတနာဒီပံ ပုံနှိပ်တိုက်၊ ၈၆-ဆိုင်းတန်း၊ မန္တလေးမြို့၊ ၁၃၃၁-ခု။

၁၄။ သစ္စာဉာဏ်ပေါက် နိဗ္ဗာန်ရောက်၊ ဦးပဏ္ဍိစ္စ၊ ပုသိမ်ပုံနှိပ်တိုက်၊ ၆၈-၁၆၅လမ်း၊ တာမွေ၊ ၁၃၃၈-ခု၊ သီတင်းကျွတ်လ။

၁၅။ နိဗ္ဗာန်ကိုမြင် ဉာဏ်လေယာဉ်၊ ဦးပညာစက္က၊ လယ်တီမဏ္ဍိုင်ပုံနှိပ်တိုက်၊ ၁၆၈-၄ရလမ်း၊ ရန်ကုန်မြို့။

၁၆။ ဝိမုတ္တိအရသာ ဓမ္မသာကစ္ဆာမင်္ဂလာ၊ ဦးဩသဓနှင့် ဦးဣန္ဒာစာရ၊ သီရိမင်္ဂလာ ပုံနှိပ်တိုက်၊ ၆-လမ်း၊ ပေါင်းတည်မြို့။

စာမူများ

၁၇။ ဗာဟိယသုတ္တန်တရားတော်၊ ကြာပိုင် ဦးဣန္ဒောဘာသ။

၁၈။ မေတ္တသုတ်ကျင့်စဉ်၊ ဦးနန္ဒိယ။

အသံဖမ်း တိတ်ကြိုးခွေများ

၁၉။ ကြာပိုင် ကျောက်သင်္ဘော ဦးဣန္ဒောဘာသနှင့် ချောင်းဦးမြို့နယ်၊ မှန်ချိုရွာဒကာများ ဆွေးနွေးသော-

(၁) အနုသယကိလေသာ ရှိ မရှိ၊

(၂) သတိပဋ္ဌာန် ပွားရေး မပွားရေး၊

(၃) ဝိပဿနာ ပွားရေး ဆွေနွေးချက်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) သို့

၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း (၁၀) ရက်နေ့က တင်သွင်းခဲ့သော

စောဒနာတင်သွင်းချက်ကို

သောဓနာပြုချက်

နေ့စွဲ၊ ၁၃၄၂-ခုနှစ်၊ ပြာသိုလဆုတ် ၃-ရက်
၁၉၈၁-ခုနှစ်၊ ဇန်နဝါရီလ ၂၃-ရက်။

အကြောင်းအရာ။ ကျောက်သင်္ဘောဝါဒနှင့် ကျောက်သင်္ဘောဝါဒီများသည် အဓမ္မဝါဒဖြစ်ကြသည် ဟူသော စောဒနာတင်သွင်းချက်ကို သောဓနာပြုချက်ပါဘုရား။

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ဝင် ဆရာတော် အရှင်သူမြတ်တို့ ဘုရား။

တစ်ဖက်သော စောဒက ဆရာတော်များ၏ စောဒနာတင်သွင်းချက် အသီးသီးကို သောဓနာပြုရာတွင် အလွန်တရာ အရေးကြီးသည့်အတွက် အမှတ်(၃) စောဒနာတင်သွင်းချက်ကို ပထမဦးစွာ သောဓနာပြုခွင့် ပေးတော်မူပါဘုရား။

အမှတ်(၃) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

ဤ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)မှ ဤအမှုကို စတင် ကြားနာရန် ဖွင့်လှစ်စဉ်တုန်းက သဘာပတိ ဆရာတော်ဘုရားကြီးက ဤအဖွဲ့သည် (အာပတ္တာဓိကရုဏ်း) စသော အမှုအခင်းများကို ကြားနာစစ်ဆေးရန် မဟုတ်ကြောင်း၊ ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ ဓမ္မ၊ အဓမ္မ အငြင်းပွားမှုကို ကြားနာစစ်ဆေးရန်သာ ဖြစ်ကြောင်း၊ ထည့်သွင်းမိန့်ကြားတော်မူခဲ့ပါသည်။ သဘာပတိဆရာတော်ဘုရားကြီးက ဤသို့ အတိအလင်း မိန့်ကြားတော်မူခဲ့ပါလျက် တစ်ဖက်က စောဒက ဆရာတော်များသည် ဤမိန့်ကြားချက်ကို လက်ခံခြင်း လိုက်နာခြင်း မရှိကြပါ။ အကြောင်းမှာ-စောဒနာချက် အမှတ်(၃)ထဲတွင် 'ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်၍လည်းကောင်း၊ အစိုးရ၏ သဘောထားကို ဂရုမစိုက်မူ၍လည်းကောင်း' ဟူသော စကားရပ်တို့ကို အံ့ဩဖွယ်ရာ ကြားနာလိုက်ရ၍ ဖြစ်ပါသည်ဘုရား။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဟူသည်မှာ အလွန်တရာ အပြစ်ကြီးလေးလှသော နိုင်ငံရေး ပြစ်မှုကြီး ဖြစ်ပါသည်။ ဤသို့သော ပြစ်မှုကြီးများကို သံဃာ့အဖွဲ့အစည်းများက ကြားနာစစ်ဆေးရန် တာဝန်မရှိပါ။ နိုင်ငံတော် တရားရုံးများကသာလျှင် ကြားနာစစ်ဆေးပိုင်ခွင့် စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိပါသည်။ ဤသို့သော ပြစ်မှုကြီးများကို သံဃာတော်များက စောဒနာချက် တင်သွင်းရန် တာဝန်မရှိပါ။ နိုင်ငံတော် အစိုးရကသာ တရားစွဲဆိုပိုင်ခွင့် ရှိပါသည် ဘုရား။

အရာဌာန နှစ်ခုတို့ ဤမျှလောက် သိသိသာသာ ထင်ထင်ရှားရှားကြီး ခြားနားနေပါလျက် တပည့်တော်တို့အပေါ် အလွန်တရာ အပြစ်ကြီးလေးလှသော နိုင်ငံရေးပြစ်မှုကြီးပါ ရောစွက်၍ စောဒနာတင်သွင်းလိုက်ခြင်းသည် တပည့်တော်တို့အား အလွန်တရာ ကြီးလေးလှသော အပြစ်ဒဏ်ကြီး ကျရောက်စေလိုသော ဒေါသဇောတို့ ထကြွသောင်းကျန်းနေသောကြောင့် လည်းကောင်း၊ အလွန်တရာ သိသာ ခြားနားနေသော အရာဌာနနှစ်ခုကိုပင် ခွဲခြား၍ မသိနိုင်လောက်အောင် မောဟအမိုက်မှောင် ဖုံးလွှမ်းနေသောကြောင့် လည်းကောင်း၊ သဘာပတိဆရာတော်ဘုရားကြီး၏ အဖွင့်မိန့်ခွန်းတော်ကို မထီလေးစားပြုမူလိုသော မာန်မာနတရားတို့ ထောင်လွှား တက်ကြွနေ၍သော်လည်းကောင်း၊ ထိုအကြောင်းတရား သုံးပါးတို့ ပေါင်းဆုံနေကြသောကြောင့်လည်းကောင်း ဖြစ်နိုင်ပါသည်ဘုရား။

ထို့ကြောင့် အရာဌာနမဟုတ်ဘဲ အရမ်းကာရော တင်သွင်းလာသော အထက်ပါ စောဒနာချက်ကို ပြတ်ပြတ်သားသား ပယ်ချတော်မူပါရန် ရိုသေလေးမြတ်စွာ လျှောက်ထားပါသည် ဘုရား။

ထို့ပြင် အဆိုပါ အမှတ်(၃) စောဒနာချက်ထဲမှာ ကြွင်းကျန်သော အချက်များကို အောက်ဖော်ပြပါ အကြောင်းများဖြင့် ငြင်းဆိုပါသည်။ ယခုနှစ် နယုန်လအတွင်းက သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ နိုင်ငံတော် တဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမ အပေါင်းတို့သည်လည်း မိမိတို့ သက်ဆိုင်ရာ ပါတီ ကောင်စီတို့၏ ဦးဆောင်လမ်းညွှန်မှု ထောက်ပံ့ကူညီမှုများဖြင့် လူမှုရေး ပညာရေး လုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်လျက် ရှိကြပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား အပေါင်းတို့သည်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဦးဆောင်လမ်းညွှန်မှုအောက်၌ မြန်မာနိုင်ငံတော် သမိုင်းတွင် မကြုံဖူးလောက်အောင် ထူးထူးခြားခြား စည်းလုံးညီညွတ်စွာ ရပ်တည်လျက် ရှိကြပါသည်။ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာရေး သာသနာရေး လုပ်ငန်းများကို စေတနာသဒ္ဓါတရား ထက်သန်စွာ ပွားများအားထုတ်လျက် ရှိကြပါသည်။ ထို့ကြောင့် စောဒနာချက်တွင် တင်သွင်းထားသည့်အတိုင်း လူမှုရေး ပညာရေး စည်းလုံးညီညွတ်ရေးတို့သည် လုံးဝမပျက်ပြားပါ။ သာသနာရေး လုပ်ငန်းများမှာလည်း ချို့တဲ့ခြင်း မရှိပါ။ ထို့ကြောင့် ဤစောဒနာချက်ကို မဟုတ်မမှန်ကြောင်း ငြင်းဆိုပါသည်ဘုရား။

အမှတ်(၁) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

(က) (ခ) အမှတ်ပါ အချက်များသည် နိုင်ငံတော်အတွက် အရေးကြီးဆုံး အချက်ဖြစ်ပါသည်။ သို့ရာတွင် ဤအချက်များသည် ဓမ္မ အဓမ္မ အငြင်းပွားမှုများကို အဆုံးအဖြတ်ပေးရန် မဟုတ်ပါ။ ဓမ္မ အဓမ္မ အငြင်းပွားမှုကို ဆုံးဖြတ်ရေးအတွက် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှိနေပါပြီ ဘုရား။

အမှတ်(၂) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

စာပေစိစစ်ဆေးရေးဌာန ပေါ်ပေါက်လာသည့်အချိန်မှစ၍ ကျောက်သင်္ဘော စာအုပ်များအားလုံးကို စာပေစိစစ်ရေးဌာနသို့ တင်ပြပြီး ဘာသာရေး စာမူခွင့်ပြုချက်ရကာမှ တရားဝင်ရိုက်နှိပ်ဖြန့်ဝေခဲ့ပါသည်။ အခြေအနေအရ ထုတ်ဝေခွင့်မရသေးသော စာမူများကိုလည်း စာကူးစက်ဖြင့်ပင် မိတ္တူပွားခြင်း မပြုလုပ်ပဲ အခွင့်သာမည့် အချိန်ကိုသာ စောင့်မျှော်နေကြပါသည် ဘုရား။

ဤစောဒနာချက်ထဲတွင်လည်း 'နိုင်ငံတော်အစိုးရက သဘောထားကြီးစွာ ခွင့်ပြုထားသော လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အလွဲသုံးစားပြုပြီး' ဟူသော စကားရပ်နှင့် 'နိုင်ငံတော်အစိုးရ၏ သဘောထားနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သော လုပ်ရပ်များကိုလည်း ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာခဲ့ကြပါသည်' ဟူသော စကားတရပ် ပါရှိနေပါသည်။ ထိုစကားရပ်များအရ အစိုးရက သဘောထားကြီးစွာ ခွင့်ပြုထားသော လွပ်လွတ်စွာကိုးကွယ်ခွင့်ကို အလွဲသုံးစား ပြုသူနှင့် နိုင်ငံတော်အစိုးရ၏ သဘောထားနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း လုပ်နေသူတို့သည် မည်သူမည်ဝါတို့ဖြစ်ကြောင်း အမှတ်-၄ စောဒနာချက်ကို သောဓနာပြုရာတွင် တစိတ်တဒေသ တွေ့မြင်နိုင်ပါသည်ဘုရား။

ဘုရားသားတော်အချင်းချင်း ဓမ္မ အဓမ္မ အငြင်းပွားမှုကို ဖြေရှင်းဆုံးဖြတ်နိုင်သော နည်းလမ်းများသည် ဝိနည်းပိဋကတွင် အပြည့်အစုံရှိပြီး ဖြစ်ပါသည်။ သို့ပါလျက် ထိုကျောက်သင်္ဘောဆန့်ကျင်ရေး ပုဂ္ဂိုလ်များသည် ဝိနည်းတော်ကို ကျောခိုင်းလျက် လက်နက်အားကိုး လူစုလူဝေး အားကိုးဖြင့် နိုင့်ထက်စီးနင်း အပြုအမူများကိုသာ လုပ်ကိုင်ခဲ့ကြပါသည်။ ဤသို့ လျှောက်ထားရခြင်းမှာ ထိုပုဂ္ဂိုလ်တို့အား ဤနိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့တွင် တရားစွဲဆိုရန် မဟုတ်ပါ။ မိမိတို့အပေါ် တင်သွင်းထားသော စောဒနာချက်ကို စင်စင်ကြယ်ကြယ် သောဓနာပြုနိုင်ရန် အထောက်အထား ပြလိုက်ရခြင်းသာ ဖြစ်ပါသည် ဘုရား။

ထို့ပြင် ဝိနယပိဋက စူဠဝဂ်ပါဠိတော်(၅၀၇) ပါတိမောက္ခထပနက္ခန္ဓကတွင် စောဒက ပုဂ္ဂိုလ်မှန်လျှင် မရှိမဖြစ် ဧကန်ရှိရမည်ဖြစ်သော အင်္ဂါ ၅-ပါးကို ပြဆိုထားပါသည်။ ထို အင်္ဂါ ၅-ပါးအနက်မှ 'သဏှေန ဝက္ခာမိ = နော ဖရုသေန။ မေတ္တာစိတ္တောဝက္ခာမိ = နော ဒေါသန္တရော' ဟူသော အင်္ဂါနှစ်ပါးသည် စောဒကဆရာတော်တို့၏ စိတ်သန္တာန်တွင် တည်နေကိန်းဝပ်ဟန်မရှိပါ။ အထက်ပါနိုင်ငံရေးပြစ်မှုကြီးပါ ထည့်သွင်း၍ စောဒနာတင်သွင်းခြင်း၊ ထေရဝါဒနှင့်လည်းကောင်း၊ ထေရဝါဒီတို့နှင့်လည်းကောင်း လုံးဝ ဆန့်ကျင်သော ဗုဒ္ဓဝါဒ အတုအယောင်ဟူသော စကားများကို တစုံတရာ ကျိုးကြောင်းဖော်ပြခြင်း မပြုရသေးခင်က ကြိုကြိုတင်တင်သုံးနှုန်းထားနှင့်ခြင်းတို့က ဤသဘောကို ဖော်ပြနေကြပါသည်။ ထို့ကြောင့် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ဝင်ဆရာတော်ကြီးများသည် စောဒကဆရာတော်များ၏ စောဒနာတင်သွင်းချက်ကိုသာမက ထိုဆရာတော်တို့၏ စိတ်စေတနာကိုပါ ထည့်သွင်း၍ စဉ်းစားတော်မူကြပါရန် ရိုသေလေးမြတ်စွာ လျှောက်ထားပါသည် ဘုရား။

အမှတ် ၄ စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

ဤစောဒနာချက်မှာ အလွန်တရာ ကျယ်ဝန်းလှပါသည်။ နိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့ရသော မကျေလည်မှုများကို ဖော်ပြထားပါသည်။ ဤကိစ္စများကို အကြောင်းပြ၍ ကျောက်သင်္ဘောဝါဒအပေါ် အပြစ်ဖို့ထားရာတွင် တပည့်တော်တို့ဘက်ကလည်း ဖြစ်ရပ်အမှန်များကို ပြန်လည်ဖော်ထုတ်ကာ သောဓနာရပါတော့မည်။ ဤသို့ဆိုလျှင် ဤကိစ္စများနှင့် ပတ်သက်ခဲ့ဖူးကြသော ပုဂ္ဂိုလ်အသီးသီးအား ထိခိုက်သွားနိုင်ပါသည်။ အလွန်တရာအရေးကြီး၍ သိမ်မွေ့လှသော တရားသဘောများကို စောဒနာ သောဓနာပြုကြရာတွင် ပုဂ္ဂိုလ်ရေးရာ၊ ဂိုဏ်းဂဏရေးရာတွေကို အဓိကထားနေကြသကဲ့သို့ အထင်မှားစရာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့သောထိခိုက်မှုမျိုးကို ရှောင်ရှားနိုင်ရေးအတွက် ဤ အမှတ် ၄ စောဒနာချက်ကို ပြန်လည် ရုပ်သိမ်းပေးပါရန် သဘာပတိ ဆရာတော်ကြီးများမှတဆင့် တဘက်သော စောဒက ဆရာတော်များထံ ပန်ကြားရာ စောဒကဆရာတော်များက ရုပ်သိမ်းရန် သဘောမတူပါ။ သို့ဖြစ်ပါ၍ တပည့်တော်တို့အပေါ် ကျရောက်လာသော စောဒနာချက်များကို စင်စင်ကြယ်ကြယ် သောဓနာနိုင်ရေးအတွက် ဘုရားတပည့်တော်တို့ မလျှောက်ထားလိုသော အကြောင်းခြင်းရာများကိုသာ မလွှဲသာ မရှောင်သာ လျှောက်ထားရပါတော့မည် ဘုရား။

(က) (ခ) အမှတ်ပါ ကြေငြာချက်များထဲ၌ ပါဝင်သကဲ့သို့ ကျောက်သင်္ဘောဝါဒသည် သာသနာ့အပြင်အပက မိစ္ဆာဝါဒမဟုတ်ပါ ဘုရား။

ထို့ပြင် ထိုကြေငြာစာရွက်များ ဖြန့်ဝေစဉ်က ပဲခူးမြို့ ကျောက်သင်္ဘော သာဝကကြီးများက ပဲခူးမြို့ပေါ်ရှိ သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ ဒွါရဂိုဏ်းဝင် နာယကဆရာတော်ကြီးများထံ ဝင်ရောက်ရှိခိုး၍ ထိုကြေငြာချက်များအကြောင်းကို လျှောက်ထားကြရာ သုံးဂိုဏ်းဝင် နာယကဆရာတော်ကြီး တော်တော်များများက ဤကြေငြာချက်တွင် မိမိတို့၏ သဘောဆန္ဒမပါဝင်ကြောင်း နှုတ်အားဖြင့် မိန့်ကြားလိုက်ကြောင်း ပဲခူးမြို့မှ ကျောက်သင်္ဘော သာဝကကြီးများက လာရောက် လျှောက်ထားကြပါသည် ဘုရား။

(ဂ) (ဃ) (င) (စ) အမှတ်ပါကြေငြာချက်များ၌ ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒဖြစ်ကြောင်း ပါရှိလျှင် ထိုရေးသားချက်ကို ငြင်းဆိုပါသည် ဘုရား။

(ဆ) အမှတ်ပါ စောဒနာချက်၌ 'ကျောက်သင်္ဘောသုတ်သင်ရေးအတွက်' ဟူသော စကားကို သုံးနှုန်းထားပါသည်။ ဤစကားမှာ သီတင်းသုံးဖော်အချင်းချင်း ပြောဆို၍ မသင့်လောက်အောင် ရင့်သီးပြင်းထန်လှပါသည်။ သဘာပတိဆရာတော်ဘုရားကြီးက စောဒကနှင့် စုဒိတကတို့ တဘက်နှင့်တဘက် မေတ္တာထား၍ စောဒနာ သောဓနာကြရန် အဖွင့်မိန့်ခွန်းမှာ မိန့်ကြားထားပါလျက် ဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်ကို မထီလေးစားပြုမူလိုက်ခြင်းဖြစ်ပါသည်။

စောဒက ဆရာတော်တပါးကိုယ်တိုင် ပါဝင်ခဲ့သော ချောင်းဦးမြို့ ဓမ္မမဏ္ဍိုင်မဟာဓမ္မကထိကအဖွဲ့ကြီး၏ စိတ်ရင်းစေတနာကို ဖော်ပြထားခြင်းလည်း ဖြစ်ပါသည် ဘုရား။

ချောင်းဦးမြို့ ဗုဒ္ဓသာသနာပြု ဓမ္မမဏ္ဍိုင်မဟာဓမ္မကထိကအဖွဲ့ဝင်ဆရာတော်များက မိမိတို့ ဘွဲ့အမည်ကို မထည့်ပဲ ရိုက်နှိပ်ဖြန့်ဝေခဲ့သော ဓမ္မမဏ္ဍိုင်စာအုပ်တွင် ကျောက်သင်္ဘောဝါဒကို အဓမ္မဝါဒ ဖြစ်ကြောင်း တအုပ်လုံး ရေးသားထားပါသည်၊ စောဒကဆရာတော်များ ကိုယ်တိုင်တင်သွင်းခဲ့သော စေဒနာချက် အမှတ် (၁) (ခ) နှင့် စောဒနာချက် အမှတ်(၂)ပါ အချက်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ ဤသို့ဖြင့် ဓမ္မမဏ္ဍိုင်စာအုပ်သည် သူတပါးကို အားပါးတရ ရှုတ်ချထားသော်လည်း မိမိကိုယ်တိုင်မှာကား အမှားမကင်းစင်ပါ ဘုရား။

အဆိုပါ ဓမ္မမဏ္ဍိုင်စာအုပ် စာမျက်နှာ ၁၃၂-၁၃၃ တို့၌ အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။

ယော သဟ လောကိယေန မဂ္ဂေန ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ သင်္ခံ ဂတော။ (အဘိ၊ဋ္ဌ၊၂၊၁၁၄။)(သမ္မောဟဝိနောဒနီအဋ္ဌကထာ)

ယော၊ အကြင် လောကုတ္တရာမဂ္ဂင်သည်။ လောကိယေန မဂ္ဂေန၊ လောကီမဂ္ဂင်နှင့်။ သဟ၊ တကွ။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ သင်္ခံ၊ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်ဟူသော ရေတွက်ခြင်းသို့။ ဂတော၊ ရောက်၏၊

အဓိပ္ပါယ်မှာ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ = ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဟူသည် လောကီ မဂ္ဂင်နှင့်တကွ လောကုတ္တရာမဂ္ဂင်ကို ခေါ်ပါသည်။ လောကုတ္တရာမဂ္ဂင်ချည်း သန့်သန့်ဆိုပါလျှင် အကျင့်ဟူ၍ ခေါ်ရန်မလိုပါ။ အဘယ့်ကြောင့်နည်း- လောကီမဂ္ဂင်ကတော့ သီလမဂ္ဂင်သည် ၎င်းဆိုင်ရာ ဝီတိက္ကမိတဗ္ဗဝတ္ထု သိက္ခာပုဒ်ကျူးလွန်မည့် ဝတ္ထုကို အာရုံပြုလျက် သမာဓိမဂ္ဂင်ကလဲ သတိပဋ္ဌာန်ကို အာရုံပြုကာ ပညာမဂ္ဂင်က ရုပ် နာမ် ဓမ္မ သင်္ခါရကို အာရုံ(၆)မျိုးတွင် တမျိုးမျိုးကို အာရုံပြု၏၊ ကျင့်၏၊ လောကုတ္တရာသည် ရှစ်ပါးလုံး နိဗ္ဗာန်ကို အာရုံပြုပြီး ဖြစ်နေ၏၊ အကျင့်စခန်းလမ်းဆုံးပြီး လိုရာပန်းတိုင်သို့ ရောက်ပြီးဖြစ်၏၊ ထို့ကြောင့် ဒုက္ခနိရောဓဂါမိနီပဋိပဒါလို့ တိုက်ရိုက် မခေါ်တော့ပေ။

ဤသို့ ရေးသားထားသည်ကို ဝေဖန်ရသော် ကျမ်းဆရာများ ကိုယ်တိုင် ကိုးကားခဲ့သော သမ္မောဟဝိနောဒနီ ဖွင့်ဆိုချက်များသည် ဒုက္ခနိရောဓဂါမိနီပဋိပဒါကို ကောက်ယူရာတွင် လောကီမဂ္ဂင်များကိုပါ တပေါင်းတည်း သိမ်းယူထားပါသည်။ သို့ရာတွင် လောကုတ္တရာမဂ္ဂင်ကို ဖယ်ထုတ်ခြင်းအလျဉ်းမပြုပါ၊ နိဗ္ဗာန်ကို အာရုံပြုပြီး ဖြစ်သောကြောင့် ဒုက္ခနိရောဓဂါမိနီပဋိပဒါလို့ မခေါ်ရဟု တားမြစ်ခြင်း လုံးဝ မပြုခဲ့ပါ၊ နိဗ္ဗာန်ကို သစ္ဆိကရဏကိစ္စအားဖြင့် အာရုံပြုသော လောကုတ္တရာမဂ္ဂင်ကို ဒုက္ခနိရောဓဂါမိနီပဋိပဒါဟု သာသနာဝင် ကျမ်းဂန်ကြီးများတွင် တညီတညွတ်တည်း မိန့်ဆိုထားကြပါသည် ဘုရား။

ဓမ္မမဏ္ဍိုင်စာအုပ် စာမျက်နှာ (၁၆၈-၁၆၉) တို့တွင်လည်း ဤသို့ ရေးသားထားပါသည်။ (ကထာဝတ္ထုပါဠိတော်)

၁။ ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္ထမှီတိအာမန္တာ

၂။ ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထမှီတိအာမန္တာ

၁။ ပရိနိဗ္ဗုတော ပုဂ္ဂလော၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်သည်။ အတ္ထမှိ၊ နိဗ္ဗာန်၌။ အတ္ထိ၊ ရှိပါသလော။ ဣတိ၊ ဤသို့ မေးသည်ရှိသော်။ အာမန္တာ၊ အိမ်း . . . ပရိနိဗ္ဗုတပုဂ္ဂိုလ် နိဗ္ဗာန်မှာရှိပါတယ်။

၂။ ပရိနိဗ္ဗုတော ပုဂ္ဂလော၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်သည်။ အတ္ထမှိ၊ နိဗ္ဗာန်၌။ နတ္ထိ၊ မရှိပါသလော။ ဣတိ၊ ဤသို့ မေးသည်ရှိသော်။ အာမန္တာ၊ အိမ်း . . . ပရိနိဗ္ဗုတပုဂ္ဂိုလ် နိဗ္ဗာန်မှာ မရှိပါဘူး။

အဓိပ္ပါယ်အကျဉ်းမှာ ကိလေသာ ခန္ဓာတို့ချုပ်ငြိမ်းရာ နိဗ္ဗာန်၌ ပရိနိဗ္ဗုတပုဂ္ဂိုလ် ရှိသလား မရှိဘူးလားဟူသော ပရဝါဒီ အမေးကို အာမန္တာ ဟုတ်တယ် မရှိဘူး ရှိတယ်လို့ ဖြေတယ်။

ဤသို့ ရေးသားထားသည်ကို မှန်, မမှန် ဆန်းစစ်နိုင်ရန်၊ ဆဋ္ဌသံဂါယနာမူ ကထာဝတ္ထုပါဠိတော်မှာ ပါရှိသည်ကို ထုတ်နုတ်လျှောက်ထားရသော်-

ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္ထမှိ၊ နတ္ထတ္ထမှီတိ? အတ္ထတ္ထမှီတိ။(အဘိ၊၄၊၅၄။)

ဟူ၍ ပါရှိပါသည်။

သကဝါဒီ၏ အမေးအဖြစ်၍ ခရေပွင့်အမှတ်အသား ပြထားပါသည်။ နိဿယစာအုပ်မှာလည်း ထိုပါဠိအတိုင်း အနက်ပေးထားပါသည်။ ပုဂ္ဂိုလ်ဟူ၍ မရှိကြောင်း နည်းပေါင်းမျိုးစုံဖြင့် မေးမြန်း၍ သက်သေထူလာခဲ့သော သကဝါဒီက ပုဂ္ဂိုလ်အရှိထား၍ မေးသော မေးခွန်းနှစ်မျိုးလုံးကို အာမန္တာဟု ဖြေဆိုကြောင်း ရေးသားထားခြင်းမှာ ကျမ်းဆရာတို့၏ သိသာ ထင်ရှားလွန်းလှသော ချို့တဲ့ချက်ကြီး ဖြစ်ပါသည် ဘုရား။

ထို့ကြောင့် ကျောက်သင်္ဘောဝါဒကို စိစစ်ရာတွင် ဓမ္မမဏ္ဍိုင်စာအုပ်ကို အလေးဂရုပြုရန် မလိုအပ်ပါဘုရား၊ ထို့အတူ ဓမ္မမဏ္ဍိုင်၏ နောက်ဆက်တွဲ ဓမ္မဂုဏ်ရောင် စာအုပ်မှာလည်း ကျောက်သင်္ဘောဝါဒကို ကျောက်ရောဂါ စသည်ဖြင့် ရင့်ရင့်သီးသီး သုံးနှုန်းရေးထားပါသည်။

ကျောက်သင်္ဘောဆရာတော်များက တရားမဝင်ဖြန့်ချီခဲ့သော စာအုပ်တအုပ်ကို ထည့်သွင်း၍ ဝေဖန် ရေးသားထားပါသည်၊ ထို့ကြောင့် ထို ဓမ္မဂုဏ်ရောင် စာအုပ်ကိုလည်း အလေးဂရုပြုရန် မလိုပါဘုရား။

(ဇ) မိတ္ထီလာသံဃာတော်များ ကန့်ကွက်ကြရခြင်း အဓိက အကြောင်းအရင်းမှာ လူနာမည် ဦးကျော် ရဟန်းဘွဲ့ ဦးကိတ္ထိသာရ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပါသည်။ ဦးကိတ္ထိသာရသည် မိတ္ထီလာမြို့နယ်၊ လိန်တောရွာသားဖြစ်၍ ကျောက်သင်္ဘော ဆရာတော်ကြီးကိုပင့်၍ မိမိရွာတွင် တရားပွဲ သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့ဖူးပါသည် ဘုရား၊ ထို့နောက်မှ ကျောက်သင်္ဘောဆရာတော်ကြီးကို ဆန့်ကျင်ဘက်ပြုကာ ကျောက်သင်္ဘောတရားပွဲများ ပိတ်ပင်ရေးအတွက် အစိုးရဌာနပေါင်းစုံသို့ ပစ်စာများ မရပ်မနား ရေးသားပါသည်၊ မိတ္ထီလာမြို့ပေါ် မြို့နယ်တရားပွဲများကို ကန့်ကွက်ဟန့်တားရန် ပတ်ဝန်းကျင် သံဃာများကို သွေးထိုးလှုံ့ဆော်ခဲ့သည်ဟု သတင်းရရှိပါသည်။ ယင်း ဦးကိတ္ထိသာရသည် ကျောက်သင်္ဘောတိုက်ဖျက်ရေး လှုပ်ရှားမှုများကို မုံရွာမြို့မှာလည်း လူသိထင်ရှား အကျော်တစော ပြုလုပ်ခဲ့ပါသေးသည်၊ သို့ရာတွင် စောဒနာချက်တွင် မိတ္ထီလာမြို့ကိုသာ ဖော်ပြထားသဖြင့် စောဒနာချက်နှင့် မသက်ဆိုင်သော မုံရွာကိစ္စကို အသေးစိတ် မလျှောက်ထားလိုပါ ဘုရား။

(စျ) (ည) အမှတ်ပါ ကန့်ကွက်လွှာများ၌ ကျောက်သင်္ဘောဝါဒ အဓမ္မဝါဒဖြစ်ကြောင်း ရေးသားဖော်ပြထားလျှင် ထိုကြေငြာချက်ကို ငြင်းဆိုပါသည်၊ ထို့ပြင် ကျောက်ဆည်မြို့၌ ဓမ္မမဏ္ဍိုင်တရားပွဲကို ထိုတနှစ်ထဲတွင်သာ ကျင်းပနိုင်ခဲ့ပါသည်၊ နောက်နှစ်များတွင်မူ တရားနာမည့်သူမရှိ၍ မကျင်းပနိုင်တော့ပါ ဘုရား။

(ဋ) သရက်မြို့၌ အခြေအနေလှုပ်ရှား၍ သံဃာတော်များ အလုပ်များရခြင်းမှာ ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒဖြစ်သောကြောင့် မဟုတ်ပါ၊ အခြားအကြောင်းများကြောင့်သာ ဖြစ်ပါသည်၊ ထိုအကြောင်းများကို တပည့်တော်တို့ မလျှောက်ထားလိုပါဘုရား။

(ဌ) ချောင်းဦးမြို့နယ် ကျေးရွာများ၌ အကယ်၍ စောဒနာချက်ထဲမှာ ပါဝင်ခဲ့သည့်အတိုင်း သားနှင့်အဖ ကွဲပြားမှုများ ရှိခဲ့ပါလျှင် တဖက်လူမှာ ဓမ္မမဏ္ဍိုင်ဘက်မှ ဖြစ်ပါလိမ့်မည်။ စောဒနာချက်ထဲတွင် ပါဝင်ခဲ့သည့်အတိုင်း ချောင်းဦးမြို့နယ်ထဲ၌ မလိုလားအပ်သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ပါသည်၊ ချောင်းဦးမြို့နယ် မှန်ချိုရွာ ကျောက်သင်္ဘောဘုန်းတော်ကြီးကျောင်းကို တုတ်, ဓား, အုတ်ခဲ, လက်နက်မျိုးစုံဖြင့် ပစ်ခတ်ဖျက်ဆီးမှုဖြင့် ချောင်းဦးမြို့နယ် တရားရုံးမှ အပြစ်ပေး အရေးယူခံရသော မှန်ချိုရွာသားများမှာ ဓမ္မမဏ္ဍိုင် သံဃာတော်များ၏ တပည့်များ ဖြစ်ပါသည် ဘုရား။

ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာအုပ်စု တောင်အင်းရွာ၌ ကျောက်သင်္ဘောတရားပွဲ ကျင်းပနေသော ညတွင် ရွာစည်းရိုးရှိ ဝါးရုံကို လူအုပ်နှင့်လာ၍ မီးရှို့ကြရာ ထိုလူများတဲတွင် ဓမ္မမဏ္ဍိုင် ရဟန်းငယ်တပါးကိုလည်း လူဝတ်နှင့် ပါလာသည်ကို မြင်လိုက်ကြောင်း ကင်းစောင့်သူများက လျှောက်ထားကြပါသည်။ ထို့ပြင် တောင်အင်းရွာမှာ ကျောက်သင်္ဘောတရားပွဲကို ဦးဆောင်ကျင်းပသော ဦးစိုးမြင့်၏ တလင်းထဲတွင် လွန်ခဲ့သော နွေဦးရာသီက နိုင်ငံတော်အတွက် ပေးသွင်းမည့်ဆဲဆဲ တင်းတရာကျော်ခန့်ထွက်မည့် ဂျုံကောက်လှိုင်းပုံကြီးကို မသမာသူများက မီးရှို့ခဲ့ကြပါသည် ဘုရား။

ဤသို့ ချောင်းဦးမြို့နယ်ထဲ၌ မလိုလားအပ်သော ဖြစ်ရပ်များ ဖြစ်ပွားလာရခြင်းမှာ ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒဖြစ်သောကြောင့် မဟုတ်ပါ။ ဓမ္မမဏ္ဍိုင် သံဃာတော်များ၏ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားမှုနှင့် သွေးထိုး လှုံ့ဆော်မှုကြောင့်သာ ဖြစ်ပါသည် ဘုရား။

(ဍ) ရွှေဘိုမြို့ပေါ် မြို့နယ်ရှိ ကျောက်သင်္ဘော သာဝကများထဲမှ ပြောမှားဆိုမှား ဖြစ်မိသူများ ရှိနိုင်ပါသည်။ သို့ရာတွင် တပည့်များ ပြောမှားဆိုမှား ဖြစ်မိရုံမျှဖြင့် သူတို့ဆရာများဟောကြားသော တရားကို အဓမ္မဝါဒဟု ပုံသေသတ်မှတ်ရန် အကြောင်းမလုံလောက်ပါ၊ ကျောက်သင်္ဘော သံဃာတော်များကလည်း ဤသို့သော သဝကများကို အားပေးအားမြှောက် မပြုပါ၊ အတတ်နိုင်ဆုံး ထိန်းသိမ်းဆုံးမလျက် ရှိကြပါသည် ဘုရား။ ရွှေဘိုမြို့ပေါ် မြို့နယ်နှင့် အနီးဝန်းကျင်ရှိ ကျောက်သင်္ဘောသာဝက အများစုမှာကား ဤလိုအမှုမျိုး မပြုကြပါ၊ ကျောက်သင်္ဘောတရား လက်ခံထားကြခြင်းကို အကြောင်းပြုကာ သူတို့မှာသာ လူမှုရေး ဘာသာရေး ကိစ္စတို့၌ အချုပ်ချယ်ခံနေကြရပါသည်။ သို့ရာတွင် ထိုအကြောင်းများကို အကျယ်တဝင့် လျှောက်ထားရန် မသင့်၍ မလျှောက်ထားလိုတော့ပါ ဘုရား။

(ဎ) ဝန်းသိုမြို့နယ် တောင်ဘို့လှကျေးရွာမှာ ဖြစ်ပွားခဲ့သော ကိစ္စမှာလည်း ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒဖြစ်သောကြောင့် မဟုတ်ပါ၊ ခန္တီးစာသင်တိုက်မှ သံဃာတော်များ၏ အကြမ်းဖက် ကြိမ်းဝါးမှုကြောင့်သာ ဖြစ်ပါသည်၊ ခန္တီးစာသင်တိုက်မှ ဦးဆောင်သော ဝန်းသိုသံဃာတော်များသည် တုတ်ဓားလက်နက် ဆေးဝါးပတ်တီး အရက်ပုလင်းစသော ပရိက္ခရာ အပြည့်အစုံဖြင့် တောင်ဘို့လှကျေးရွာသို့ လာရောက်ကာ သူတို့အလိုရှိသူကို ထုတ်ပေးရန် တောင်းဆိုကြပါသည်၊ ထုတ်မပေးလျှင် ရွာကို မီးတင်ရှို့မည်ဟု ကြိမ်းဝါးကြပါသည်၊ ဤတွင် မတတ်သာတော့၍ ရွာလုံးကျွတ်ထွက်ပြီး တွန်းလှန်လိုက်ကြောင်း ကြားသိရပါသည်ဘုရား။ ထိုစောဒနာချက်ထဲမှာပင် စိတ် စိတ်အတိုင်းတိုင်း မထားနိုင်ကြတော့ပဲ အဓမ္မ အကြမ်းဖက်ပြီးဟု ပါရှိခဲ့ရာ၊ စိတ် စိတ်အတိုင်းတိုင်းသာ ထားကြလျှင် ထိုကဲ့သို့ အကြမ်းဖက်မှုများ မပေါ်ပေါက်နိုင်ကြောင်း စောဒကဆရာတော်များ စောဒကဆရာတော်များ ကိုယ်တိုင်က ထောက်ခံပြီး ထွက်ဆိုရန် ဖြစ်နေပါသည် ဘုရား။

(ဏ) စောဒနာချက်တွင် ရည်ညွှန်းထားသော ချောင်းခွရွာသည် ကျောက်ဆည်မြို့တွင် မရှိပါ၊ တံတားဦးမြို့ထဲတွင်သာ ရှိပါသည်၊ ထိုရွာများတွင် ကွဲပြားကြရသည်မှာလည်း ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒဖြစ်သောကြောင့် မဟုတ်ပါ၊ ချောင်းဦးမြို့ ဓမ္မမဏ္ဍိုင် သံဃာတော်များနှင့် ရွာခံ ကျောက်သင်္ဘော ဆန့်ကျင်ရေး ပုဂ္ဂိုလ်များ၏ လှုံ့ဆော်မှုကြောင့်သာ ဖြစ်ပါသည် ဘုရား။

(တ) စောဒနာချက်တွင် ပါဝင်သော ခရိုင်ဟူသော စကားသည် ယခု နိုင်ငံတော် ဖွဲ့စည်းပုံတွင် မရှိတော့ပါ၊ ထိုထိုမြို့နယ်များမှ ကျောက်သင်္ဘောတရားပွဲ ဖိတ်စာများမှာလည်း ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပါ၊ ငြိမ်ဝပ်ပိပြားရေး အလို့ငှါသာ ပိတ်ခဲ့ကြခြင်း ဖြစ်ပါသည်။

ဘုရားတပည့်တော်တို့သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အဆုံးအဖြတ်ကို ခံယူလိုပါကြောင်း လျှောက်လွှာတင်စဉ်ကတည်းက တရားရေးရာကိစ္စများကိုသာ ပြေလည်အောင် ဆောင်ရွက်ရန် အာရုံစိုက်ထားခဲ့ကြပါသည်၊ သို့ရာတွင် တဖက်သော စောဒကဆရာတော်များက နယ်ပယ် အခြေအနေများကိုပါ စောဒနာချက်တွင် သွင်းယူလာခဲ့ကြသဖြင့် စောဒနာချက်ကို စင်စင်ကြယ်ကြယ် သောဓနာပြုနိုင်ရန် နယ်ပယ် ဒေသများမှာ ဖြစ်ပွားခဲ့သည်တို့ကို လျှောက်ထားခဲ့ရခြင်း ဖြစ်ပါသည်။ မလွှဲမရှောင်သာ၍ လျှောက်ထားကြရသော်လည်း စောဒနာချက်နှင့် ပတ်သက်သော အရေးအခင်းများကိုသာ တင်လျှောက်ပါသည်။ စောဒနာချက်နှင့် မပတ်သက်သော အရေးအခင်းများကိုကား သတိကြီးစွာထား၍ ရှောင်ရှားခဲ့ပါသည် ဘုရား။

ဖော်ပြပါ အရေးအခင်းများကို ခြုံငုံ၍ သုံးသပ်သောအခါ ဆန့်ကျင်ရေး ပုဂ္ဂိုလ်များမှာ အပြစ်ရှိသကဲ့သို့ တပည့်တော်တို့မှာလည်း အပြစ်မကင်းကြောင်း ဝန်ခံပါသည်ဘုရား၊ မှန်ကန်သော ဗုဒ္ဓဓမ္မကို ဟောကြားရာတွင် ပရိယတ်ဒေသနာတော်များနှင့် တိကျသေချာအောင် မညှိနှိုင်းပဲ တိကျသည်အထင်နှင့် ဟောကြားခဲ့မိကြ၍ ဖြစ်ပါသည်၊ ထို့ကြောင့် ထိုချို့တဲ့ချက်များကို နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ဝင် ဆရာတော်ကြီးများ၏ ဆုံးမသွန်သင်မှုဖြင့် ပြုပြင်သွားရန်အတွက် ဆရာတော်ကြီးတို့၏ ရှေ့တော်မှောက် ဝင်ရောက်လာကြခြင်း ဖြစ်ပါသည် ဘုရား။

အမှတ်(၅) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

စောဒနာချက် အမှတ်(၃)ကို သောဓနာပြုရာတွင် ပါဝင်ခဲ့သော အကြောင်းပြချက်များအရ၊ ဤစောဒနာကို မဟုတ်မှန်ကြောင်း ငြင်းဆိုပါသည်ဘုရား။

အမှတ်(၆) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

ဤစောဒနာချက်သည် ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ တစုံတရာကြောင်းကျိုး ဖော်ပြခြင်းမရှိပဲ၊ ကျောက်သင်္ဘောဝါဒကို အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်ပေးရန်ကိုသာ အသားလွတ် တောင်းဆိုထားခြင်းသာ ဖြစ်ပါသည်ဘုရား။

အမှတ်(၇) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

ဤစောဒနာချက်တွင် ဖော်ပြထားသော အခြေခံမူများမှာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးမှ တညီတညွတ်တည်း ပြဋ္ဌာန်းပေးလိုက်သော မူများဖြစ်၍ တပည့်တော်တို့ ဦးထိပ်ရွက် ပန်ဆင်ကြပါသည်ဘုရား၊ သို့ရာတွင် ထိုမူများကို ပြဋ္ဌာန်းခြင်းသည် ကျောက်သင်္ဘောဝါဒကို အဓမ္မဝါဒဟု ဆုံးဖြတ်ပေးဖို့ အသားလွတ် တောင်းဆိုရန် မဟုတ်ပါဘုရား။

အမှတ်(၈) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

စောဒနာချက်တွင် ဖော်ပြထားသည့်အတိုင်း ကျောက်သင်္ဘောဝါဒသည် 'စိတ်အတိုင်းတိုင်းထား' ဟူ၍ ဖြစ်ပါသည်၊ ထိုစကားသည် ကျောက်သင်္ဘောဆရာတော်ကြီး၏ လက်သုံးစကား ဖြစ်ပါသည်၊ သို့ရာတွင် စိတ်အတိုင်းတိုင်း ထားရုံနှင့် လောကုတ္တရာ ကိစ္စအားလုံး ပြီးစီးသည်၊ မဂ်ဖိုလ် နိဗ္ဗာန်နှင့်တကွ ဘာသာရေးကိစ္စ အားလုံးပြီးစီးသည် ဟူ၍ကား မယူဆပါ။ ဤဝိပဿနာနည်းအတိုင်း နည်းမှန်လမ်းကျ ကျင့်သုံးပါလျှင် နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနှင့် ရနိုင်ကြောင်းသာ ဟောကြားကြပါသည်၊ ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော်လာ ဗာဟိယသုတ္တန် တရားတော်ကို အဋ္ဌကထာ ဖွင့်ဆိုချက်များ, အခြားဆီလျော်ရာ ဒေသနာတော်များဖြင့် အကျယ်တဝင့် ဖွင့်ဆို၍ ဟောကြားလျက်ရှိကြပါသည်၊ ဤသို့ ဟောကြားထားသော ဗာဟိယသုတ္တန်တရားတော် စာမူကို ကျောက်သင်္ဘော သံဃာတော်များက တရားဝင် လက်ခံထားသော စာမူအဖြစ် စောဒကဆရာတော်များကိုယ်တိုင်က သဘာပတိ ဆရာတော်ဘုရားကြီးထံတော်သို့ မေတ္တသုတ်ကျင့်စဉ် စာမူနှင့်အတူ စာရင်းသွင်း ဆက်ကပ်ထားပြီး ဖြစ်ပါသည် ဘုရား။

အမှတ်(၉) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

အမှတ်(၉) စောဒနာချက်ကို သောဓနာပြုရာတွင် တင်ပြခဲ့သော အထောက်အထားများဖြင့် ဤစောဒနာချက်ကို ငြင်းဆိုပါသည် ဘုရား။

အမှတ်(၁၀) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

(က) ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို တကယ်တမ်း ရည်မှန်းကာ ဝေဖန်ပုတ်ခတ်လိုသော မနောဆိုးဖြင့် မဟောခဲ့ဘူးပါ ဘုရား။

အမှတ်(၈) စောဒနာချက်ကို သောဓနာပြုရာတွင် တင်ပြခဲ့သော အထောက်အထားများအရ (ခ) (ဂ) (ဃ) (င) အမှတ်ပါ စောဒနာချက်များကို ငြင်းဆိုပါသည်ဘုရား၊ ဤသို့သော မကောင်းမှုမျိုးကို မပြုခဲ့သည့်အတွက် တပည့်တော်တို့မှာ ဝန်လေးသော လုပ်ရပ်များ မရှိပါ ဘုရား။

အမှတ်(၁၁) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

အမှတ်(၁၁) စောဒနာချက်ပါ တရားသဘောများကို ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း ၁၄-ရက်က တင်သွင်းသော စောဒနာချက်ကို သောဓနာပြုရာတွင် ဆက်လက်၍ လျှောက်ထားပါဦးမည် ဘုရား။

စုဒိတကပုဂ္ဂိုလ်များ

၁။ ဦးကောဝိဒ
၂။ ဦးဣန္ဒောဘာသ
၃။ ဦးဝိသုဒ္ဓ
၄။ ဦးနန္ဒိယ

မိတ္တူမှန်

---

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)သို့

ကျောက်သင်္ဘောဝါဒနှင့် ကျောက်သင်္ဘောဝါဒီများကို အဓမ္မဝါဒ, အဓမ္မဝါဒီများသာ ဖြစ်ကြောင်း

ဓမ္မဝိနယနှင့်အညီ အရေးယူ ဆုံးဖြတ်ပေးပါရန် တင်သွင်းသော စောဒနာ။

နေ့စွဲ၊ ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း ၁၄-ရက် တနင်္လာနေ့။

၁၉၈၁-ခုနှစ်၊ ဇန်နဝါရီလ ၁၉-ရက်။

အကြောင်းအရာ။။ကျောက်သင်္ဘောဝါဒနှင့် ကျောက်သင်္ဘောဝါဒီများသည် ၎င်းတို့ ဟောပြော ရေးသားဖြန့်ဝေချက်များအရ အဓမ္မဝါဒနှင့် အဓမ္မဝါဒီများသာဖြစ်ကြောင်း ဓမ္မ ဝိနယနှင့်အညီ ဆုံးဖြတ်ပေးပါရန် စောဒနာ တင်သွင်းချက်ပါဘုရား။

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့၊ အမှတ်(၁) သဘာပတိ ဆရာတော်ဘုရားကြီးနှင့်တကွ အဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်များ ဘုရား-

၁။ (၁၅၊၁၊၈၁) နေ့က တင်သွင်းခဲ့သော သက်သေခံစာအုပ်များနှင့် ပတ်သက်၍ အထူးလျှောက်ထားလိုသည်မှာ ဘုရားတပည့်တော် စောဒကများအနေဖြင့် ကျောက်သင်္ဘောဝါဒနှင့် ကျောက်သင်္ဘောဝါဒီများ အပေါ်သာလျှင် ဓမ္မဝိနယနှင့်အညီ ဆုံးဖြတ်ပေးပါရန် စောဒနာခြင်းသာ ဖြစ်ပါသည်ဘုရား။ စာအုပ်များကို အမှားအမှန် စိစစ်ပေးရန် လျှောက်ထားခြင်း မဟုတ်ပါ ဘုရား။ စာအုပ်များကို သက်သေခံပစ္စည်းအဖြစ်မျှသာ တင်ပြခြင်းဖြစ်ပါသည် ဘုရား။ ဤအချက်ကို ကွဲပြားခြားနားစွာ နှလုံးထားတော်မူရန် အထူးလျှောက်ဆိုထားခြင်း ဖြစ်ပါသည် ဘုရား။

၂။ စာအုပ်စာတမ်းများနှင့်ပတ်သက်၍ ယေဘုယျသဘောကို လျှောက်ထားရပါလျှင် မှတ်စုစာအုပ်၊ စွယ်စုံစာအုပ်၊ အရူးလွယ်အိတ်ကဲ့သို့ ဗဟုသုတမျိုးစုံ ဖော်ပြသော စာအုပ်မျိုးနှင့် ဝါဒသဘောတရားရေးရာ စာအုပ်များ မတူပါ ဘုရား။ ဝါဒရေးရာ စာအုပ်များသည် ဝါဒရှင်များ၏ အမြင်ကို အခြေခံ၍ ရေးသားပြုစုထားသော စာအုပ်များ ဖြစ်သည်အားလျော်စွာ တအုပ်လုံးကို ခြုံငုံသုံးသပ်၍ ပိဏ္ဍတ္ထကောက်ယူပါလျှင် ဝါဒရှင်၏အမြင်ကို ရရှိစမြဲပင်ဖြစ်ပါသည် ဘုရား။ ပုံစံအားဖြင့် ရုပ်ဝါဒီတို့ရေးသားသော ဝါဒရေးရာစာအုပ်များ၊ အတ္တဝါဒီတို့ ရေးသားသော ဝါဒရေးရာစာအုပ်များ၊ ဣဿရနိမ္မာနဝါဒီတို့ ရေးသားသော ဝါဒရေးရာစာအုပ်များသည် မည်သို့ပင် လှည့်ပတ်ရေးသားစေကာမူ နောက်ဆုံးဆိုလိုရင်းမှာ သူတို့ဝါဒ သူတို့အမြင်ပင် ပေါ်လွင်လျက်ရှိပါသည် ဘုရား။ ဤနည်းတူပင် ယခုကျောက်သင်္ဘောဝါဒီတို့ ဟောပြောရေးသားပြုစုသော စာအုပ်စာတမ်း မှန်သမျှသည်လည်း မည်သို့ပင် လှည့်ပတ်၍ ရေးသားစေကာမူ ပိဏ္ဍတ္ထအဓိပ္ပါယ်မှာမူ စိတ်အတိုင်းတိုင်းထား-စသော ကျောက်သင်္ဘောဝါဒပင် ပေါ်လွင်လျက်ရှိပါသည်ဘုရား။

၃။ ယခု ဆက်လက်၍ ကျောက်သင်္ဘောဝါဒစာအုပ်များ၌ ပါရှိသော, ကျောက်သင်္ဘောဝါဒကို ဖော်ပြသော စာပိုဒ်များကို ထုတ်နုတ်၍ လျှောက်ထားခွင့်ပြုပါ ဘုရား။ ယခု ထုတ်နုတ်လျှောက်ထားမည့် အချက်အလက်များမှာ ကျောက်သင်္ဘောဝါဒသည် ထေရဝါဒပိဋကတ်တော်များနှင့် ဆန့်ကျင်သော အဓမ္မဝါဒသာဖြစ်သည့် အကြောင်းကို အခြေပြု၍ လျှောက်ထားမည့် အချက်များ ဖြစ်ပါသည် ဘုရား။

(က) ဒီအတိုင်းနေတော့ ဒီအတိုင်း အေးနေတာကို တရားမှန်းမသိဘူး။ ဟိုလိုပြု ဒီလိုပြုနဲ့၊ ဟိုလိုမှတ် ဒီလိုမှတ်နဲ့၊ ဟိုလိုဒီလိုပြုမှ မနေနိုင်လို့ ဒုက္ခတွေ များလာတာကိုမှ တရားရယ်လို့ မြင်တယ်၊ မှန်ပါတယ်၊ အဲဒါကလဲ မှန်တယ် ဒုက္ခများလို့ ဆင်းရဲတဲ့တရားမှန်တယ်။ ကြာလေ ကြာလေ နိဗ္ဗာန်နဲ့ဝေးပြီးသွားတဲ့တရား၊ ဘာပြုလို့ ဝေးပြီးသွားရသလဲဆိုတော့ နိဗ္ဗာန်ကဝေးပြီး နောက်မှာ ကျန်ရစ်ခဲ့လို့။ (ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၂၃၆ မှ)

(ခ) 'စိတ် စိတ်အတိုင်းတိုင်းထား' ဆိုတာ စိတ်အလုပ်မရှိဘူးပေါ့၊ စိတ်အလုပ်မရှိတော့ စိတ်ငြိမ်းနေတာ၊ စိတ်ငြိမ်းနေတာ ဆိုလိုရင်းကတော့ ဖိုလ်စိတ်ဗျ၊ စိတ်နားနေတာ စိတ်အနားယူနေတာ, စိတ်နားထားတာ၊ အဲဒါ ဖလသမာပတ်ဝင်စားတယ်လို့ ပြောတာ။ စာလိုတော့ ကြီးကျယ်တာ။ ဗမာလိုတော့ ဖိုလ်ဝင်စားတယ်။ ဖိုလ်ဝင်စားတယ်ဆိုတာ ဘယ့်နှယ်ဟာတုံး၊ စိတ်နားတာပဲ၊ စိတ်အနားယူတာပါပဲဗျာ။ တခါစိတ်နားတယ်ဆိုတာကို နားလည်အောင် ထပ်ပြောရတော့ စိတ် အလုပ်မလုပ်တာ စိတ်အလုပ်မရှိဘူး၊ စိတ်ဒီအတိုင်းနေတာ အတိုင်းတိုင်းနေတာ၊ စိတ် စိတ်အတိုင်း တိုင်းနေတာက ဖိုလ်စိတ်လို့ ပြောတာ။ စိတ်တွေဖြစ်အောင် လုပ်မပေးပဲ ပကတိအတိုင်းနေလိုက်တာ။ အဲဒါဖိုလ်စိတ်တဲ့။ (ပ)ပကတိ အတိုင်းကတော့ ငြိမ်းပြီးသား လွတ်ပြီးသား ကင်းပြီးသား ရှင်းပြီးသား။(ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ ၃၆၁-၃၆၂ မှ)

(ဂ) 'စိတ် စိတ်အတိုင်း တိုင်းမထားသောစိတ်' နှင့် 'စိတ် စိတ်အတိုင်း တိုင်းထားသော စိတ်' ကိုပင်လျှင် 'သရာဂစိတ်' နှင့် 'ဝိရာဂစိတ်' ဟူ၍ မြတ်စွာဘုရားသခင်သည် ဝိဘင်းပါဠိတော်ကြီးတွင် ဟောကြားတော် မူခဲ့လေသည်။ (ပ) တဏှာ, ဒိဋ္ဌိတို့ဖြင့် မမှီသောစိတ်ကို မမှီသေးသောစိတ်အတိုင်းတိုင်းထား၍ ကျင့်သုံးပွားများကြ။ (ပ) ပင်ကိုက ငြိမ်းသည့်အတိုင်းတိုင်း ရှိနေသော စိတ်၏ ပင်ကို အနတ္တသဘောအတိုင်းထားကြ။ ရှေ့ဆက်၍ အတ္တအနေနဲ့ အလွဲသုံးစားမလုပ်ပဲ (ဝါ) စိတ်က အာရုံပေါ်တွင် ဆောက်မပေးပဲ စိတ်အတိုင်းတိုင်းထားဟူ၍ အနတ္တသဘောအတိုင်း ထားခိုင်းခြင်း ဖြစ်လေသည်။ (အတိုင်းတိုင်းဋီကာ၊ နှာ ၁၄-၃၈ မှ)

(ဃ) ငြိမ်းလျှင် ငြိမ်းသည့်အတိုင်းတိုင်း၊ ဝါ-အလိုတဏှာတည်းဟူသော ကိလေသာမပါသေးလျှင် မပါသေးသည့်အတိုင်းတိုင်း၊ မြင်လျှင်မြင်ကာမျှ၊ ကြားလျှင်ကြားကာမျှသာလျှင် ကျင့်သုံး၍နေရန် မြတ်စွာဘုရားသည် မာလုကျပုတ္တအား အောက်ပါအတိုင်း ဟောကြားတော်မူလေသည်။ (ပ) 'ကျောက်သင်္ဘောဆရာတော်ဘုရားကြီး' ဟောလေ့ရှိသော စကားတို့ဖြင့် ဆိုရသော် 'မြင်သည်ရှိသော် ..... မြင်သည့် စိတ်အတိုင်းတိုင်းထား၊ မြင်သည့်အပေါ်၌ ဘာဘာ ညာညာ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော အလိုတဏှာတို့နှင့်တကွ အလိုကျမှု, မကျမှုတို့ကို ကြံစည်မပေးနှင့်၊ တွေးတောမပေးနှင့်၊ တွေးတောမပေးပါက အလုံးစုံသောကိလေသာတို့မှ လွတ်နေပါတကားဟု အသိဉာဏ်ယှဉ်ပြီးလျှင် လွတ်လျှင် လွတ်သည့်စိတ်အတိုင်းတိုင်းထား၊ ကိလေသာ ဖြစ်ရာ ဖြစ်ကြောင်းတို့ကို ထူထောင်မပေးနဲ့၊ အားထုတ်မပေးနဲ့၊ ပြုလုပ်မပေးနဲ့' ဟူ၍ ဆုံးမပေးတော်မူခြင်း ဖြစ်လေသည်။ (အတိုင်းတိုင်းဋီကာ၊ နှာ ၉၄-၉၆ မှ)

(င) တတိယ အဆုံးအမဖြစ်သော 'သစိတ္တပရိယောဒပနံ' ဟူသော အဆုံးအမသည် 'ကျေးဇူးရှင် ကျောက်သင်္ဘောဆရာတော်ဘုရားကြီး' ဆုံးမသော 'စိတ်-စိတ်အတိုင်းတိုင်းထား' ဟူသော အဆုံးအမနှင့် အဓိပ္ပါယ်အတူတူပင်ဖြစ်သည်။ 'သစိတ္တပရိယောဒပနံ' ဟူသော ပါဠိတော်ကို မြန်မာပြန်လျှင် 'မိမိတို့ စိတ်ကို ထက်ဝန်းကျင် ဖြူစင်စွာထား' ဟူ၍ပင်ရသည်။ (ပ) အင်္ဂုတ္တရပါဠိတော်တွင်လည်း 'ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ' စသည်ဖြင့် ဟောကြားတော်မူခဲ့လေသည်။ (ပ) ကိလေသာမှ ငြိမ်းအေး၍နေသောစိတ်ကို ငြိမ်းအေးသည့် စိတ်အတိုင်းတိုင်းထား၊ မဲညစ်အောင်သွားမလုပ်ကြနဲ့။ (အတိုင်းတိုင်းဋီကာ၊ နှာ ၁၄၀-၄၁ မှ)

(စ) နိဗ္ဗာန်ဆိုတာကဘာလဲ၊ ဘယ်မှာလဲ။ တခြားမှာမဟုတ်ဘူးဗျ၊ မိမိတို့ခန္ဓာကိုယ်မှာရှိကြောင်း ရောဟိတဿနတ်သား အစရှိသည်တို့ကို ဟောကြားထားတဲ့ ဒေသနာတွေမှာ ရှိပါတယ်။ ကြားဘူးကြမှာပေ့ါ။ ထပ်မံပြီး အကျယ်တဝင့် ပြောမနေပါရစေနဲ့တော့၊ နိဗ္ဗာန်ဆိုတာ မိမိတို့ရဲ့ ခန္ဓာမှာ ရှိတယ်။ (ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၁၄၀ မှ)

(ဆ) ရှုမှ၊ မှတ်မှ၊ ပွားမှ၊ ဒါမှရမှာလို့ သိပြန်ရော။ အဲဒီတော့မှ သင်္ခါရတွေက ဖြစ်လာပါရော။ နိဗ္ဗာန်ဆိုတာ အလုပ်လုပ်ယူရမယ် အစရှိသည်ဖြင့် ဒီလိုသိသွားကြပြန်ရော။ ဘုရားက ဟောထားခဲ့ပါတယ်။ သစ္စာလေးပါးဖြစ်လာအောင် မင်းတို့က လုပ်မပေးရပါဘူး။ သစ္စာလေးပါးတရားဆိုတာ သူ့အနေအားဖြင့်ကိုက မဖောက်မပြန် ဟုတ်မှန်စွာရှိပြီးသားပါတဲ့။ (ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ ၁၄၅)

(ဇ) နိဗ္ဗာန်မြင်အောင်က ခင်ဗျားတို့ ဘယ့်နှယ်မှ မလုပ်ရဘူး၊ ဘယ့်နှယ်မှ မလုပ်ရလို့ နိဗ္ဗာန်လို့ ပြောတာ။ (ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၁၅၁ မှ)

(စျ) နိဗ္ဗာန်ဆိုတာ ဒီသဘောပဲ၊ ဘယ်လိုမှ မလုပ်ရပဲ အလိုလို ငြိမ်းနေတဲ့သဘော၊ ဒီအတိုင်းတိုင်း လွတ်နေတဲ့သဘော၊ ဘယ်လိုမှ မလုပ်ရဘူး၊ ဥပမာ-ဒီလိုပြောတာ ထောင်ကလွတ်အောင်ကတော့ ဘယ့်နှယ်မှ မလုပ်ရဘူး၊ ဒီအတိုင်းနေရုံပဲ၊ လွတ်ပြီးသား လွတ်ပြီးသားအတိုင်း နေလိုက်ရုံပဲ။ (ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၁၅၂ မှ)

(ည) ဖြစ်လာအောင်ကတော့ ကြံမှစည်မှ၊ တွေးမှ၊ အောက်မေ့မှ၊ မနေနိုင်လို့ ပြုလုပ်မှ ငွေမြိုင် ဒုက္ခများဆိုတဲ့ စကားပမာလို ဒုက္ခများလာရမှာပါ။ ဒီလိုသိလို့ ပကတိတော့ ငြိမ်းနေတာ အေးနေတာ ချမ်းသာနေတာ တခုပဲ ရှိပါတယ်။

အဲဒီငြိမ်းချမ်းနေတဲ့ ငြိမ်းရာတခုကိုတော့ ဘယ်တော့မှ မမေ့ကြနဲ့ အဲဒါကို မမေ့ဖို့ ဘုရားက-

ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ = သင်္ခါရတို့ရဲ့ ကုန်ရာခမ်းရာ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံကြလေတဲ့။ (ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ ၃၆၅-၃၆၆ မှ)

(ဋ) လိုရင်းကတော့ စိတ်တွေ မဖြစ်သေးခင်က အဖြစ်အေးနေတာက နိဗ္ဗာန်၊ မပြုပြင်ခင်သဘောက နိဗ္ဗာန်၊ စိတ်တွေ သင်္ခါရတွေ မဖြစ်သေးခင်က အဖြစ်အေးရာ ကုန်ရာ နိဗ္ဗာန်။(ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၂၃၆ မှ)

(ဌ) မသိတော့ နိဗ္ဗာန်ကို ရချင် ယူချင်လို့ သမုဒယကြီးက ဖြစ်ကရော။(ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၂၃၇ မှ)

(ဍ) နိဗ္ဗာန်မမြင်တော့ နိဗ္ဗာန်ကို လိုချင်တယ်၊ လိုချင်နေတာ သမုဒယ။(ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၃၀၄ မှ)

(ဎ) အဲဒီချုပ်နေတာသိတာ ဝိပဿနာဉာဏ်ခေါ်တယ်၊ ဝိပဿနာဉာဏ်က ဒီလိုဖြစ်နေတာတွေ မရှိဘူး၊ ချုပ်နေတာသာလျှင် ရှိပါကလားလို့ သိတယ်။ (ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၁၂၀ မှ)

(ဏ) အဲဒီ ခြေအစ ခေါင်းအဆုံးဖြစ်တဲ့ ပဉ္စက္ခန္ဓာ၊ ဝါ - အနုပါဒါနက္ခန္ဓာကို ကြည့်ရမှာ မဟုတ်ဘူး။ မြင်တာတို့ ကြားတာတို့ နံတာတို့ စားတာတို့ ဒီလိုကြည့်ရမှာ မဟုတ်ဘူး။ ဒီခန္ဓာ ကြည့်နေလို့ မဂ်မဖြစ်ဘူး။ နိဗ္ဗာန်ရောက်မှာ မဟုတ်ဘူး။ (ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၁၄၈ မှ)

(တ) သူ့ဟာသူ အဖြစ်တွေမှ ချုပ်နေတာ၊ ငြိမ်းနေတာမှန်တယ်။ အဲဒါ သုညလို့ ခေါ်တယ်၊ သုညတ အနတ္တလို့ ခေါ်တယ်၊ အနိမိတ္တအနိစ္စနုပဿနာလို့လဲ ခေါ်တယ်၊ အဲဒါ ဝိပဿနာဉာဏ်။'(ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၁၆၀ မှ)

(ထ) အကုသိုလ်စိတ်ဆိုးတွေက သူ့အလိုလိုက ငြိမ်းနေလို့မို့ ငြိမ်းနေတယ်လို့ သိတာ ဝိပဿနာဉာဏ်။ ' (ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၂၁၄ မှ)

(ဒ) အလုံးစုံသော ကိလေသာ အဖြစ်တွေ ဖြစ်မှုတွေမရှိဘူးလို့ သိတာက ဝိပဿနာဉာဏ်။ (ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၂၇၆ မှ)

(ဓ) ငြိမ်းတာကို သိတာက အထက်တန်း ဝိပဿနာဉာဏ်အနိမိတ္တာနုပဿနာဉာဏ်သုညတာနုပဿနာဉာဏ်။ (ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၃၁၆ မှ)

(န) ဝိပဿနာရှု ဆိုတာက ခြေအစ ခေါင်းအဆုံး တကိုယ်လုံး ရုပ်ကြီးပြောတာ မဟုတ်ဘူး။ သဏ္ဌာန်ဒြပ်နဲ့ အထည်ကောင်ကြီးက စိတ်ရယ်, ဥတုရယ်, အာဟာရရယ်ကြောင့် ဖြစ်နေတာတွေ။ အဲဒါ ရှုရမှာ မဟုတ်ဘူး။ ထေရုပ္ပတ္တိနှင့်တရားတော်များ၊ နှာ-၃၃၁ မှ)

(ပ) စိတ်တွင် ကိလေသာတရားတို့ မရှိသေးပါကလားဟူ၍ ကိလေသာတို့မရှိပုံကို သိမြင်သော ဉာဏ်သည် အထက်တန်းကျသော ဝိပဿနာဉာဏ်ပင် ဖြစ်လေသည်။ (အတိုင်းတိုင်းဋီကာ၊ နှာ-၅၃ မှ)

(ဖ) ဝိပဿနာဆိုတာ စာလိုကတော့ခန့်ငြားတယ်၊ ဗမာလိုကတော့ အထူးထူးအပြားပြား ဆန်းပြား ဆန်းကျယ်တဲ့ ကိလေသာ စိတ်တွေ မနောစိတ်နဲ့ စိတ်မကူးမီက၊ စိတ်ရူးတွေ မဖြစ်သေးဘူးလို့ သိတာ (ဝါ) စိတ်ရူးပေါ်ပေါက်လာအောင် ကူးပေးတဲ့စိတ်ကိုက မရှိသေးပါကလားလို့သိတာ၊ အဲဒီ အသိဉာဏ်ကို စာလိုကတော့ ဝိပဿနာဉာဏ်ခေါ်တယ်။ (ယောဂီလက်စွဲ၊ နှာ-၇ မှ)

(ဗ) ယခုကတော့ ကျောက်သင်္ဘောက မရှုမပွားရဘူးရယ်လို့ သိမ်းကြုံးပြီး ထင်နေကြပါတယ်၊ ပြောလဲ ပြောနေကြပါတယ်၊ ပွားများနည်းကိုတော့ ခွဲခြားပြီး မသိကြခြင်းကြောင့် အလွဲအမှားသာထင်ပြီး ပြောကြခြင်းနဲ့ စွပ်စွဲခြင်းသာ ဖြစ်ကြပါတယ်။ ပွားများနည်း-

၁။ ရုပ်နာမ်ကို မျက်မှောက်ပြုပြီး ပွားများနည်း၊

၂။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ပွားများနည်း-

ရယ်လို့ ၂-မျိုးရှိရာမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ပွားများကြပါလို့ ဟောလဲဟောခဲ့ပါတယ်၊ တိုက်လဲတိုက်တွန်းပါတယ်၊ ရုပ်နာမ်ကိုတော့ ပိုင်းခြားသိဖို့လဲ ဟောပါတယ်၊ ပွားများဖို့ကတော့ မဟောပါဘူး။ (နိဗ္ဗာန်မြင်သိ ဝိမုတ္တိ၊ နှာ-၁၅ မှ)

(ဘ) သီလသိက္ခာပြည့်စုံလျှင် ပညာသိက္ခာသမာဓိသိက္ခာတို့ကို အထူးတလည် ရှာဖွေဆည်းပူးနေစရာ မလိုတော့ပါ။ (ဝိမုတ္တိသာသနာ၊ နှာ-၁၁၇ မှ)

(မ) ကိလေသာဆိုတာ ရှိနေတယ်၊ ပရိယုဋ္ဌာနအားဖြင့် မရှိငြားသော်လည်း အနုသယအားဖြင့်တော့ ရှိနေတယ်ရယ်လို့ လာပြန်သေးတယ်။ တရားဟောရင်လဲ ဟောတဲ့အတိုင်း မသိဘူး၊ ပိုပိုပြီးတော့ လာလိုက်တာတွေက နဲတာမဟုတ်ဘူး၊ ဘုရားက သဗ္ဗေသင်္ခါရာ အနိစ္စာရယ်လို့ ဟောတယ်၊ သူတို့က ရှိနေတယ်လို့ယူတယ်။ တည့်ပါ့မလား မတည့်ပါဘူး၊ ကိလေသာ အမြဲရှိနေတယ်လို့ ယူတဲ့ အယူတရားတသမားဟာ နိဗ္ဗာန်နဲ့ဝေးသွားပြီး တော်တော်ကြီး ခက်သွားပြီ။(ထေရုပ္ပတ္တိနှင့် တရားတော်များ၊ နှာ-၁၅၅ မှ)

(ယ) ကိလေသာအားလုံး ပင်ကိုယ်က လုံးဝမရှိဘူးလို့ ဆိုလိုပါတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အစဉ်အမြဲ ကိန်းနေတဲ့ ကိလေသာရယ်လို့ လုံးဝမရှိပါဘူး။(ဦးဣန္ဒောဘာသ တိတ်ခွေမှ)

(ရ) သက္ကာယဒိဋ္ဌိက သူ့အလိုလို သေနေတယ်။ သက္ကာယဒိဋ္ဌိကိုချုပ်သွားအောင် သွားမလုပ်နဲ့၊ သေအောင် သွားမလုပ်နဲ့၊ သေနေတာသိရမှာ၊ ကုန်အောင် သွားမဖြုတ်နဲ့၊ ပြုတ်အောင်တော့ သွားမဖြုတ်နဲ့၊ ကုန်အောင် သွားမလုပ်နဲ့၊ သွားဖြုတ်ရင် တပ်လျက်သားကြီး ဖြစ်နေမယ်။(ထေရုပ္ပတ္တိနှင့် တရားတော်များ၊ နှာ-၂၉၈ မှ)

(လ) ဒီခန္ဓာကိုယ်ကြီး ပြောတာမဟုတ်ဘူး၊ ဒီခန္ဓာကိုယ်ကြီးက ပဉ္စက္ခခန္ဓာခေါ်တယ်၊ အနုပါဒါနက္ခခန္ဓာ လို့လဲခေါ်တယ်၊ အဲဒီခြေအစ ခေါင်းအဆုံးဖြစ်တဲ့ ပဉ္စက္ခခန္ဓာ၊ ဝါ-အနုပါဒါနက္ခခန္ဓာကို ကြည့်ရမှာ မဟုတ်ဘူး။' (ထေရုပ္ပတ္တိနှင့် တရားတော်များ၊ နှာ-၁၄၈ မှ)

(ဝ) စင်စစ်တော့ ပကတိစိတ်ကို လောဘ ဒေါသ လာယှဉ်လျှင် လောဘ ဒေါသတရားနဲ့ နေရာမှာပဲ၊ လောဘ ဒေါသတရားတွေဖြစ်နေလျှင် ၎င်းလောဘ ဒေါသတရားတွေရဲ့ကုန်ရာ ငြိမ်းရာ နိဗ္ဗာန်တရားနဲ့ နေပြီးသားဆိုတာ ထင်ရှားနေတယ်မဟုတ်လား။ (ယောဂီလက်စွဲ၊ နှာ-၇၇ မှ)

(သ) ချုပ်တယ် ချုပ်တယ်ဆိုတဲ့ စကားဟာ ဘာချုပ်တာလဲလို့ မေးတော့ ယခင်က ရေးပြခဲ့တဲ့ စိတ်မှောင်လို့ခေါ်တဲ့ လောဘ ဒေါသ မောဟဆိုတဲ့ ကိလေသာ စိတ်တွေသာ ချုပ်တာ ယောဂီ၊ စိတ်အတိုင်းတိုင်းက ချုပ်တာမဟုတ်ဘူး။(ယောဂီလက်စွဲ၊ နှာ-၂၅ မှ)

(ဟ) တကယ်တော့ဖြင့် စီမံဖန်တီးထားတဲ့ အာရုံတွေဟာ စိတ်ရဲ့ လက်ရာတွေပါ။ ဒီအာရုံတွေဟာ စိတ်အလိုလိုက် စိတ်အကြိုက်ပါနေရတဲ့ နောက်လိုက်တွေပါ။

ပကတိစိတ်မှာ အိုနာသေ ဝိပါကဝဋ်ကြီးက လွတ်ပြီးသား ကျွတ်ပြီးသား။(ဝိမုတ္တိသာသနာ၊ နှာ-၃၉၊ ၁၁၃ မှ)

(ဠ) ဒီဣဋ္ဌာရုံ အနိဋ္ဌာရုံတွေ (ဝါ) ချစ်အာရုံ, မုန်းအာရုံတွေက ပြုပေးတဲ့အခါမှ ဖြစ်တယ်။ တွေးမှု, ကြံမှု စိတ်တခုခုနဲ့ ပြုမပေးရင် အလျှင်းမရှိ၊ ဘိတ်မရှိ၊ ရှင်းရှင်းကြီး ကင်းစင်နေတယ်လို့ ဆိုလိုတာ တကာလေးရဲ့။ (ဓမ္မရေးရာပြဿနာများ၊ နှာ-၇၀ မှ)

(အ) အဲဒါဘာမှ လုပ်ရမှာ မဟုတ်ဘူး။ ဒီသဘော သိရုံသာ သိပါလို့ ပြောတာ၊ ဘုရားဟောဆိုတာ ဒါပြောတာ၊ ဟိုလိုလုပ်ပါဦး ဒီလိုလုပ်ပါဦးလို့ ပြောတာမဟုတ်ဘူး။ ယခုပြောတာက သုခပဋိပဒါလမ်း၊ ဒီလိုတော့ မကြိုက်သေးဘူးဘုရား။ ဘုရားတပည့်တော်တို့ တခုခုလုပ်ရဦးမှ ကျေနပ်မယ်လို့ ဆိုရင်လဲ ဒုက္ခပဋိပဒါလိုင်းတော့ ရှိတယ်။ ယောဂီတို့ ဒုက္ခဖြစ်အောင်လို့ ပြောခဲ့မယ်။ ဟောခဲ့မယ်။ နက်ဖြန်ခါ လာတောင်းလှဲ့ကြ၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုပြီး နည်းပေါင်းများစွာ ရှိတယ်။ အဲဒါ ဒုက္ခပဋိပဒါလမ်းဘဲ၊ ဒီလို လွယ်လွယ်ကူကူနဲ့တော့ ဘုရားတပည့်တော်တို့ ယုံလဲ မယုံဘူး၊ ယူလဲ မယူနိုင်၊ ဖြစ်လဲမဖြစ်နိုင်ဘူး၊ လုပ်ရမှာလို့ လုပ်ချင်သေးတာပဲလို့ အားထုတ်ချင်သေးတာပဲရယ်လို့ ဆိုလို့ရှိရင် မနက်ဖြန် လာသာလာခဲ့ကြ။ ခင်ဗျားတို့ ဆင်းရဲအောင်တော့ ခိုင်းထားခဲ့မယ်။(ထေရုပ္ပတ္တိနှင့် တရားတော်များ၊ နှာ-၃၁၇ မှ)

၄။ အထက်ဖော်ပြပါ ကောက်နုတ်ချက်များမှာ ကျောက်သင်္ဘောဝါဒဇာတိရုပ် ပေါ်ရုံမျှသာ ဖြစ်ပါသည်။ အကျယ်ကိုမူ သက်သေခံစာအုပ်များ၌ ဖတ်ရှုသုံးသပ်တော်မူနိုင်ကြပါသည်။

၅။ အထက်ပါကောက်နုတ်ချက် အပိုဒ်(၃)(အ)တွင် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကို ဒုက္ခပဋိပါဒလမ်းစဉ်ဟူ၍ ကျောက်သင်္ဘောဆရာတော် ဦးကေသဝ ကိုယ်တိုင်က စွပ်စွဲ ဟောကြားထားသည်ကို တွေ့ကြရပါသည်။ သို့ဖြစ်၍ ဤကျောက်သင်္ဘောဝါဒကို ဗုဒ္ဓပိဋကတ်တော်များနှင့် ညီညွတ်သလော၊ မညီညွတ်သလောဟူ၍ အထူးချင့်ချိန်ရန်ပင် မလိုပါ၊ ပိဋကတ်တော်တခုလုံးကို မဟုတ်မတရား စွပ်စွဲ ပြောကြားထားသော အထက်ပါ စကားအရသည်ပင်လျှင် ကျောက်သင်္ဘောဝါဒသည် ပိဋကတ်ပါဠိတော်များနှင့် ညီအောင်လုပ်မည့်ဝါဒ မဟုတ်ကြောင်း သိသာထင်ရှားပြီးဖြစ်ပါသည်။ 'စကား-စကား ပြောပါများ စကားထဲက ဇာတိပြ' ဆိုသည့်အတိုင်းပင် ကျောက်သင်္ဘောဝါဒီတို့အနေဖြင့် ဓမ္မက္ခန္ဓာတရားတော်များအပေါ် မည်သို့ သဘောထားရှိကြောင်း ပေါ်လွင်ပြီး ဖြစ်ပါသည်။ ကျောက်သင်္ဘောဆရာတော်၏ နောက်လိုက်များသည်လည်း ထိုနည်းအတူပင် ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်တို့ကို မိမိတို့မူဝါဒအတွက် အသုံးချပစ္စည်းတမျိုးအနေဖြင့်သာ အသုံးချထားကြောင်း တွေ့ရပါသည် ဘုရား။

၆။ ထိုကဲ့သို့ ကျောက်သင်္ဘောဝါဒီတို့၏ လက်ရာများ အထောက်အထား အခိုင်အမာရှိနေပြီဖြစ်၍ ဒုတိယသင်္ဂါယနာခေတ်က ဒသဝတ္ထုကို ရဟန္တာပုဂ္ဂိုလ်ကြီးများက အဓမ္မဖြစ်ကြောင်း ဓမ္မဝတ်နည်းလမ်းဖြင့် ဆုံးဖြတ်တော်မူကြသကဲ့သို့ ယခုသီးခြား ဝိနည်းမိုရ်ပညာရှိ ဆရာတော်ကြီးများကလည်း ဓမ္မဝတ်ကိုလိုက်၍ ကျောက်သင်္ဘောဝါဒကို တင်ပြထားသော သက်သေခံစာအုပ်များအရ ဓမ္မ အဓမ္မ ဆုံးဖြတ်ချက်ချမှတ်ဖွယ်ရာ ရှိပါသည်ဘုရား၊ သို့ပါသော်လည်း လောကဝတ်ကိုငဲ့၍ လုပ်ထုံးလုပ်နည်းများအရ စောဒနာသောဓနာခွင့်များကို ပေးအပ်တော်မူထားသဖြင့် ဘုရားတပည့်တော် စောဒကများအနေဖြင့် အကျဉ်းရုံး၍ သိသာရုံမျှ စောဒနာအပ်ပါသည် ဘုရား။

၇။ အထက်ပါ ကောက်နုတ်ချက်များနှင့်တကွ ကျောက်သင်္ဘောဝါဒ စာအုပ်များအရ သိရသည်မှာ ဤသို့ဖြစ်ပါသည် ဘုရား၊ ကျောက်သင်္ဘောတို့၏အမြင်သည် လူ၏ကိုယ်ထဲ၌ နဂိုထဲက အငြိမ်းဓာတ်ကြီးက ရှိပြီးသား၊ ထိုအငြိမ်းဓာတ်ကြီးနှင့်နေသော စိတ်ကလည်း ရှိပြီးသားဖြစ်သည်။ ထိုပင်ကိုယ် အငြိမ်းဓါတ်ကြီးကို နိဗ္ဗာန်ဟု ခေါ်ထား၍ အာဒိနိဗ္ဗာနဝါဒမျိုးဖြစ်လေသည်။ ဤကျောက်သင်္ဘော အခြေခံဒဿနမှ ဖြာထွက်လာသော အချက်များမှာ ပကတိငြိမ်းနေသောစိတ်ကို သူ့အတိုင်းတိုင်းထား၊ အခြားဗုဒ္ဓဝါဒီများကဲ့သို့ ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်ရန် မလို၊ ထိုပကတိစိတ်သည် နဂိုက အာရုံမရှိ၊ အာရုံဆိုတာ စိတ်က ဖောက်ထုတ်သောအရာမျှသာ ဖြစ်သည်။ အနုသယကိလေသာဟူ၍ မရှိ၊ တရားရဖို့အားထုတ်လျှင် ဒုက္ခသာဖြစ်သည် စသည်တို့ဖြစ်ပါသည်။

၈။ စိတ်၏သဘောရင်းကို ပကတိအငြိမ်းတရား၊ ပကတိချမ်းသာနှင့် နေသည်ဟူ၍ ရှုမြင်ခြင်းသည် အောက်ပါပိဋကတ်တော်များနှင့် လုံးဝဆန့်ကျင်လျက် ရှိပါသည်။

နာဟံ ဘိက္ခဝေ ဧကဓမ္မမ္ပိ သမနုပဿမိ၊ ယံ ဧဝံ လဟုပရိဝတ္တံ၊ ယထယိဒံ စိတ္တံ။ ယာဝဉ္စိဒံ ဘိက္ခဝေ ဥပမာပိန သုကရာယာဝ လဟုပရိဝတ္တံ စိတ္တန္တိ။ (အံ၊၁၊၉)

ဧဝံ လဟုပရိဝတ္တန္တိ ဧဝံ လတုံ ဥပ္ပဇ္ဇိတွာ လတုံ နိရုဇ္ဈနကံ။ (အံ၊ဋ္ဌ၊၁၊၄၅)

ဧကစ္ဆရက္ခဏေ ဟိ ကောဋိသတသဟဿသင်္ချာ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ။ (အဘိ၊ဋ္ဌ၊၂၊၃၁။)

ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ၊ စိတ္တန္တိ ဘဝင်္ဂစိတ္တံ၊ (အံ၊ဋ္ဌ၊၁၊၄၅)

စိတ္တံ ဘိက္ခဝေ အဒန္တံ အဂုတ္တံ အရက္ခိတံ အသံဝုတံ မဟတော အနတ္ထညာ သံဝတ္တတိ။ (အံ၊၁၊၇)

ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုလာနံ အနန္တရပစ္စေယေန ပစ္စယော။(ပဋ္ဌာန၊၁၊၁၃၇။)

နိရောဓာ ဝုဋ္ဌဟန္တဿ နေဝသညာနာသညာယတနကုသလံ ဖလသမာပတ္တိယာ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၃၈။)

ယဿ စိတ္တံ ဥပ္ပဇ္ဇတိ န နိရုဇ္ဈတိ၊ တဿ စိတ္တံ နိရုဇ္ဈိဿတိ န ဥပ္ပဇ္ဇိဿတိ။ ယဿ ဝါပန စိတ္တံ နိရုဇ္ဈိဿတိ န ဥပ္ပဇ္ဇိဿတိ န ဥပ္ပဇ္ဇိဿတိ၊ တဿ စိတ္တံ ဥပ္ပဇ္ဇတိ န နိရုဇ္ဈတိ။ (ယမက၊၂၊၂၈၉။)

ယံ စိတ္တံ ဥပ္ပဇ္ဇမာနံ ခဏံ ခဏံ ဝီတိက္ကန္တံ အတိက္ကန္တကာလံ နိရုဇ္ဈမာနံ ခဏံ ခဏံ ဝီတိကန္တံ အတိက္ကန္တကာလံ တံ စိတ္တံ။ ယဿ စိတ္တံ ဥပ္ပဇ္ဇတိ၊ တဿ စိတ္တံ ဥပ္ပဇ္ဇတီတိ။ အာမန္တာ။ (စသည်) (ယမက၊၂၊၂၉၂။)

ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ သောမနဿသဟဂတံ ဉာဏသမ္ပယတ္ထံ ရူပါရမ္မဏံ ဝါ(ပ) ဓမ္မာရမ္မဏံ ဝါ၊ ယံ ယံ ဝါ ပနာရဗ္ဘ၊ တသ္မိံ သမယေ ဖေဿာ ဟောတိ(ပ) စိတ္တံ ဟောတိ။ (ဓမ္မသင်္ဂဏီ)

ယံ ယံဓမ္မံ အာရဗ္ဘ၊ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ (ပဋ္ဌာနပါဠိတော်)

ယံ ယံ ဓမ္မံ အာရဗ္ဘာတိ ဣမိနာ ယေ ဧတေ ဧတာသုံ သတ္တန္နံဝိညာဏဓာတူနံ အာရမ္မဏဓမ္မာ ဝုတ္တာ၊ တာ တာသံ ဓာတူနံ အာရမ္မဏံ ကတွာ ဥပ္ပဇ္ဇနက္ခဏေယေဝ အာရမ္မဏပစ္စယော ဟောန္တီတိ ဒီပေတိ၊ ဧဝံ ဟောန္တာပိ စ န ဧကတော ဟောန္တိ၊ ယံ ယံ အာရဗ္ဘ ယေ ယေ ဥပ္ပဇ္ဇန္တိ။

တေသံ တေသံ တေ တေ ဝိသုံဝိသုံ အာရမ္မဏပစ္စယော ဟောန္တီ တိ ဒီပေတိ။ (ပဋ္ဌာနအဋ္ဌကထာ)

- ရဟန်းတို့ ဤစိတ်သည် လျင်မြန်စွာ ပြောင်းလဲသကဲ့သို့ ဤအတူ လျင်မြန်စွာ ပြောင်းလဲသော အခြားတခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ စိတ်သည် အလွန်လျင်မြန်စွာ ပြောင်းလဲ၏၊ ဥပမာပြုရန် မလွယ်ဟု (မိန့်တော်မူ၏)။ (အင်္ဂုတ္တရပါဠိတော်)။

- လဟုပရိဝတ္တဟူသည်-ဤသို့ လျင်မြန်စွာဖြစ်၍ လျင်မြန်စွာချုပ်ခြင်းပင်။ (အင်္ဂုတ္တရအဋ္ဌကထာ)။

- လက်ဖျစ်တတွတ် လျှပ်တမြက်အခိုက်၌ ကုဋေတသိန်းခန့် စိတ်တို့သည် ဖြစ်ကုန်၏၊ ချုပ်ကုန်၏၊ (ဝိဘင်္ဂအဋ္ဌကထာ)။

- ပဘဿရဟူသည် ပြိုးပြိုးပြက် အရောင်ထွက်၏၊ ဖြူစင်၏၊ စိတ်ဟူသည် ဘဝင်စိတ်ပင်။ ရဟန်းတို့ မယဉ်ကျေးသော မလုံခြုံသော မစောင့်ရှောက်အပ်သော မစောင့်စည်းအပ်သော စိတ်သည် များစွာ အကျိုးမဲ့ ဖြစ်ခြင်းငှာ ဖြစ်၏၊ (အင်္ဂုတ္တရပါဠိတော်)။

- ရှေးရှေး၌ 'ဖြစ်ကုန်သော ကုသိုလ်ခန္ဓာတို့သည် နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်ခန္ဓာတို့အား အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏၊ (ပဋ္ဌာနပါဠိတော်)။

- နိရောဓသမပတ်မှ ထသော ပုဂ္ဂုလ်၏ နေဝသညာနာသညာယတနကုသိုလ်သည် ဖလသမာပတ်အား အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏၊ (ပဋ္ဌာနပါဠိတော်)။

- အကြင်စိတ်သည် ဖြစ်ဆဲ ချုပ်ဆဲ မဟုတ်၊ ထိုစိတ်သည် ချုပ်လတံ့ ဖြစ်လတံ့မဟုတ်။ အကြင်စိတ်သည် ချုပ်လတံ့ ဖြစ်လတံ့မဟုတ်၊ ထိုစိတ်သည် ဖြစ်ဆဲ ချုပ်ဆဲမဟုတ်။ (ယမကပါဠိတော်)။

- အကြင်စိတ်သည် ဖြစ်ဆဲသော ဥပ္ပါဒက္ခဏကို မကြာမီ မလွန်သည်ဖြစ်၍ မလွန်သော ကာလရှိသည်ဖြစ်၏ ထိုစိတ်သည် ချုပ်ဆဲသော ဘင်ခဏကို လွန်သည်ဖြစ်၍ လွန်သောကာလ ရှိသလော။ (ယမကပါဠိတော်)။

- အကြင်ပုဂ္ဂိုလ်၏ စိတ်သည်ဖြစ်ဆဲ၊ ထိုပုဂ္ဂိုလ်၏စိတ်သည် ဖြစ်ဆဲလော၊ ဖြစ်ဆဲ ဟုတ်၏၊

- အကြင်အခါ၌ သောမနဿနှင့်တကွဖြစ်သော ဉာဏ်နှင့်ယှဉ်သော ရူပါရုံလျှင် အာရုံရှိသည်မူလည်း ဖြစ်သော (ပ)ဓမ္မာရုံလျှင် အာရုံရှိသည်မူလည်း ဖြစ်သော၊ အကြင် အကြင်အာရုံကို အာရုံပြု၍ ကာမာဝစရမည်သော ကုသိုလ်စိတ်သည် ဖြစ်၏၊ထိုအခါ၌ ဖဿသည် ဖြစ်၏ (ပ) စိတ်သည် ဖြစ်၏၊

- အကြင် အကြင်အာရုံခြောက်ပါး ပစ္စည်းတရားတို့ကို အာရုံပြု၍ စိတ် စေတသိက်ဖြစ်ကုန်သော အကြင် အကြင် ပစ္စုပ္ပန်တရားတို့သည် ဖြစ်ကုန်၏၊

- ထိုထို ပစ္စည်းတရားတို့သည် ထိုထို ပစ္စုပ္ပန်တရားတို့အား အာရမ္မဏ ပစ္စည်းဖြင့် ကျေးဇူးပြု၏၊

- ယံ ယံ ဓမ္မံ အာရဗ္ဘာတိ- ဟူသော ဤပါဌ်ဖြင့် အကြင်အာရုံခြောက်ပါး ပစ္စည်းတရားတို့ကို ထိုသတ္တဝိညာဏဓာတ်တို့အား အာရုံပြု၍ ဖြစ်ဆဲခဏ၌သာလျှင် အာရမ္မဏ ပစ္စည်းဖြစ်ကုန်၏၊ ဤသို့ဖြစ်သော်လည်း တပေါင်းတည်း မဖြစ်ကုန်၊ အကြင် အကြင် အာရုံကို အာရုံပြု၍ အကြင်အကြင် ပစ္စုပ္ပန်တရားတို့သည် ဖြစ်ကုန်၏၊ ထိုထို ပစ္စည်းတရားတို့သည် ထိုထို ပစ္စုပ္ပန်တရားတို့အား အသီးသီး အာရမ္မဏပစ္စည်း ဖြစ်သည်ကို ပြ၏၊

၉။ အထက်ပါ သာဓက အနည်းငယ်မျှကိုပင် ကြည့်ပါလျှင် စိတ်သည် လက်ဖျစ်တတွတ် လျှက်တပြက် တစက္ကန့် အချိန်ကလေး၌ ကုဋေတသိန်းခန့် လျင်မြန်စွာ ဖြစ်ချုပ်လျက်ရှိကြောင်း၊ စိတ်သည် စိတ္တနိယာမအားဖြင့် အာရုံအလိုက် မပြတ်ဖြစ်ချုပ်လျက် ရှိကြောင်း၊ ထိုစိတ်ကို လုံခြုံအောင် မစောင့်ရှောက်နိုင်လျှင် အကျိုးများစွာနည်းကြောင်း စသည်တို့ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ထို့ကြောင့် စိတ်ကို ပင်မအခြေခံ ပကတိ အငြိမ်းတရားကြီးနှင့် ထားခြင်းသည် အထက်ပါဓမ္မများနှင့် မညီညွတ်သော အဓမ္မသာဖြစ်ကြောင်း ထင်ရှားပါသည်။

၁၀။ ထို့ပြင် စိတ်ကသာ အာရုံများကို တွေးကြံ၍ ဖော်ထုတ်သည်၊ အာရုံဟူသည် နဂိုကမရှိ စသည်ဖြင့် ရှုမြင်ခြင်းသည်လည်း အောက်ပါ ပါဠိများနှင့် လုံးဝဆန့်ကျင်ပါသည်။

အဂ္ဂိ၊ အသန္တောပိ သမာဂမေ။

ယထာ ဟောတိ တထာ စိတ္တံ၊ ဝတ္ထာလမ္ဗာဒိသင်္ဂမေ။ (အဘိဓမ္မာအဋ္ဌကထာ) (သစ္စသင်္ခေပေါ၊၂၈)

"စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊(မ၊၃၊၃၂၈။) (မဇ္ဈိမနိကာယ)

မီးသည်(ရှေးဦးစွာ) မရှိငြားသော်လည်း ကျောက်-မီးစာ-နေပူသည် ပေါင်းဆုံမိသည်ရှိသော် မီးသည် ဖြစ်ပေါ်လာသကဲ့သို့ ဝတ္ထု-အာရုံ-မနသိကာရ စသော အကြောင်းတရားတို့ ပေါင်းဆုံမိသည်ရှိသော် စိတ်သည် (ဥပါဒ်အနေအားဖြင့်) ဖြစ်ပေါ်ရှိလာ၏၊

စက္ခုပသာဒကို၎င်း ရူပါရုံတို့ကို၎င်း စွဲ၍ (အကြောင်းပြု၍) စက္ခုဝိညာဏ်စိတ်သည် ဖြစ်၏၊(မဇ္ဈိမနိကာယ်-သဠာယတန သံယုတ်ပါဠိတော်။)

အထက်ပါ တရားတော်အရ စိတ်သည် ဝတ္ထုအာရုံ ပေါင်းဆုံမိမှ ပေါ်ပေါက်လာသော အဖြစ်တရားမျှသာ ဖြစ်သည်။ ကျောက်သင်္ဘောဝါဒမှာ ပိဋကတ်တော်နှင့် ပြောင်းပြန်ဖြစ်လျက်ရှိသည်။

၁၁။ ကျောက်သင်္ဘောဝါဒီတို့က 'သစိတ္တပရိယောဒပနံ'ကို ကိုးကား၍ စိတ်အတိုင်းတိုင်းထား ဝါဒကို ဘုရားဟောဖြစ်လေဟန် ဟောပြောရာ၌လည်း မည်သို့မျှ သက်ဆိုင်ခြင်းမရှိ၊ သစိတ္တပရိယောဒပနံအရ မိမိ၏စိတ်ကို ထက်ဝန်းကျင်မှ ဖြူစင်စေခြင်း ဆိုသည်မှာ နဂိုကမဖြူစင်သေး၍ ဖြူစင်အောင် လုပ်ရမည်ဆိုသော အဓိပ္ပါယ်အမှန်မှာ ပေါ်လွင်လျက်ရှိပါသည်။ 'ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ' စသည်ကို ကိုးကား၍ ပင်ကိုစိတ် သန့်ရှင်းပုံကိုလည်း ပြောကြားသည်။ ထိုစိတ်မှာ ဘဝင်စိတ်ဖြစ်၍ ဘဝင်စိတ် အတိုင်းတိုင်းထားရမည်ဆိုလျှင် ကျောက်သင်္ဘောဝါဒီတို့သည် တသက်လုံး အိပ်နေကြဖို့ပင် ရှိလေသည်။ အိပ်နေစဉ်အခါ၌ ဘဝင်စိတ်သည် ဖြစ်လေသည်။ ဖိုလ်စိတ်ကို အတိုင်းတိုင်းထားဟူ၍လည်း ဆရာတော် ဦးကေသဝ-က ဟောကြားသေးသည်။ ဘာမှမလုပ်ရပဲနှင့် ဘယ်လိုနည်းဖြင့် ဖိုလ်စိတ်ကို ရရှိနိုင်မည်နည်း။ ကျောက်သင်္ဘော၏ သစိတ္တပရိယောဒပနံ အယူအဆမှာ အောက်ပါ ပါဠိကျမ်းဂန်များနှင့် လုံးဝဆန့်ကျင်ပါသည်။

သစိတ္တပရိယောဒပနန္တိ အတ္တနော စိတ္တဇောတနံ၊ တံ ပန အရဟတ္တေန ဟောတိ။ (ဒီ၊ဋ္ဌ၊၂၊၆၉။)

ဣတိ သီလသံဝရေန သဗ္ဗပါပံ ပဟာယ သမထဝိပဿနာဟိ ကုသလံ သမ္ပာဒေတွာ အရဟတ္တဖလေန စိတ္တံ ပရိယောဒါပေတဗ္ဗံ။ (ဒီ၊ဋ္ဌ၊၂၊၆၉။)

သစိတ္တပရိယောဒပနံ ဟူသည်ကား မိမိ၏စိတ်ကို ဖြူစင်တောက်ပစေခြင်းပင်တည်း။ ထိုဖြူစင် တောက်ပစေခြင်းသည် အရဟတ္တဖိုလ်စိတ်ဖြင့် ဖြစ်၏၊

ဤသို့ သီလကို စောင့်စည်းခြင်းဖြင့် အလုံးစုံသော မကောင်းမှုကို ပယ်၍ သမထဝိပဿနာတို့ဖြင့် ကုသိုလ်ကိုပြည့်စုံစေ၍ အရဟတ္တဖိုလ်ဖြင့် စိတ်ကို ဖြူစင်စေအပ်၏၊

၁၂။ စိတ်အတိုင်းတိုင်းထားဖို့ ဝိဘင်္ဂပါဠိတော် စိတ္တာနုပဿနာအပိုင်းကို ကိုးကား၍ ပြောဆိုထားသည်မှာလည်း သာဓကမမြောက်ပဲ ဘုရားဟော ပါဠိတော်ကို မိမိဝါဒအတွက် အသုံးချထားကြောင်း ပေါ်လွင်ပေသည်။ အမှန်စင်စစ် စိတ္တာနုပဿနာဖြစ်ပုံကို အောက်ပါအတိုင်း အဋ္ဌကထာဆရာများက ပြဆိုထားပါသည်။

ယသ္မိံ ယသ္မိံ ခဏေ ယံ ယံ စိတ္တံ ပဝတ္တတိ၊ တံ တံ သလ္လက္ခေန္တော အတ္တနော ဝါ စိတ္တေ၊ ပရဿ ဝါ စိတ္တေ၊ ကာလေန ဝါ အတ္တနော၊ ကာလေန ဝါ ပရဿ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (မ၊ဋ္ဌ၊၁၊၂၈၅။)

အကြင် အကြင် ခဏ၌ အကြင်အကြင် စိတ်သည်ဖြစ်၏၊ ထိုထိုစိတ်ကို မှတ်လျက် မိမိ၏စိတ်၌၎င်း, သူတပါး၏စိတ်၌၎င်း, ရံခါ မိမိ၏စိတ်၌၎င်း, ရံခါ သူတပါး၏စိတ်၌၎င်း, စိတ်ကို အဖန်တလဲလဲ ရှုသည်ဖြစ်၍ နေ၏၊

အဋ္ဌကထာကို လွှတ်၍ စိတ်အတိုင်းတိုင်း ထားဖြစ်အောင် ကျောက်သင်္ဘောဝါဒီတို့က ဆန့်ကျင်ဘက် ပြောထားသည်ကို တွေ့ကြရပါသည်။

၁၃။ စိတ်အတိုင်းတိုင်း ထားခိုင်းခြင်းသည် မဖြစ်နိုင်သောအလုပ်ကို လုပ်ခိုင်းခြင်း ဖြစ်ပါသည်။ မြေကြီးပေါ်၌ရပ်နေလျက် ခြေထောက်ပေမည်စိုး၍ ခြေနှစ်ချောင်းမြှောက်၍ ရပ်နေစေရန် တိုက်တွန်းဘိသကဲ့သို့ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် စိတ်၏သဘောရင်းမှာ အောက်ပါအတိုင်း အလွန်ပင် ထိန်းသိမ်းရ ခက်လှသောကြောင့် ဖြစ်ပါသည်။

သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။

ဖန္ဒနံ စပလံ စိတ္တံ၊ ဒုရက္ခံ ဒုန္နိဝါရယံ။

ဒုရင်္ဂမံ ဧကစာရံ၊ အသရီရံ ဂုဟာသယံ။

ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။ (ဓမ္မပဒ၊၁၈။)

၁၄။ ကျောက်သင်္ဘောဝါဒီတို့သည် စိတ်ကို အမြုတေအဖြစ် အားလုံးသော တရားဟူသမျှ၏ အချုပ်အဖြစ် ထူထောင်ရာတွင် မိမိတို့အမြင်နှင့်ဆန့်ကျင်သော ဘုရားဟော တရားမှန်များကို ပယ်ဖျက်ကြသည်။ အနုသယကိလေသာကို ကျောက်သင်္ဘောဆရာတို့သည် ခါးခါးသီးသီး ပယ်ကြသည်။ ဤသို့ပယ်ရာ၌ 'သဗ္ဗေ သင်္ခါရာ အနိစ္စာ' ဟူသော ဘုရားဟောပါဠိကို လက်နက်အဖြစ် အသုံးချသည်။ သို့ရာတွင် ထိုအနိစ္စထဲတွင် ကျောက်သင်္ဘောတို့၏ ပကတိစိတ်ကိုမူ ချန်ထားခဲ့လေသည်။ အမှန်စင်စစ် အနုသယကိလေသာသည် မှန်ကန်သော နိဗ္ဗာန်ကို မရရှိသေးသမျှ ကိန်းနေသောသဘော ဖြစ်ပါသည်။ ကျောက်သင်္ဘောတို့၏ အနုသယ ပယ်သောအယူသည် အောက်ပါ ပါဠိတော်များနှင့် လုံးဝဆန့်ကျင်လျက် ရှိပါသည်။

ယဿ ကာမရာဂါနုသယော အနုသေတိ၊ တဿ ပဋိဃာနုသယော အနုသေတီတိ။ အာမန္တာ။ (ယမက၊၂၊၆၀။)

ပုထုဇ္ဇနဿ အဝိဇ္ဇာနုသယော စ အနုသေတိ၊ ကာမရာဂါနုသယော စ, ပဋိဃာနုသယော စ, မာနာနုသယော စ, ဒိဋ္ဌာနုသယော စ, ဝိစိကိစ္ဆာနုသယော စ, ဘဝရာဂါနုသယော စ အနုသေန္တိ။ အနုသယာ ဘင်္ဂါ နတ္ထိ။

အကြင်ပုဂ္ဂိုလ်အား ကာမရာဂအနုသယသည် ကိန်း၏၊ ထိုကာမရာဂအနုသယကိန်းသော ပုဂ္ဂိုလ်အား ပဋိဃအနုသယသည် ကိန်းသလော။ ဤသို့သောအမေးသည် ဖြစ်လတ်သော် ကာမရာဂအနုသယသည် ကိန်းသော ပုဂ္ဂိုလ်အား ပဋိဃအနုသယကိန်း၏၊ ဤသို့ ဖြေတော်မူသည်။

ပုထုဇဉ်ပုဂ္ဂိုလ်အား အဝိဇ္ဇာအနုသယသည် ကိန်း၏၊ ကာမရာဂအနုသယသည် လည်းကောင်း၊ ပဋိဃအနုသယသည်လည်းကောင်း၊ မာနအနုသယသည်လည်းကောင်း၊ ဒိဋ္ဌိအနုသယသည်လည်းကောင်း၊ ဝိစိကိစ္ဆာအနုသယသည်လည်းကောင်း၊ ဘဝရာဂအနုသယသည်လည်းကောင်း ကိန်းကုန်၏၊ ဤအမည်ရှိသော အနုသယသည် ကိန်း၏၊ ဤအမည်ရှိသော အနုသယသည် မကိန်းဟု ခွဲခြမ်းဝေဖန်အပ်ကုန်သော အနုသယတို့သည် မရှိကုန်။ (ယမကပါဠိတော်)

၁၅။ ကျောက်သင်္ဘောတို့၏ နိဗ္ဗာန်အယူအဆမှာ ခန္ဓာကိုယ်ထဲ၌ ပကတိငြိမ်းနေသော အေးနေသော အရာကို နိဗ္ဗာန်ဟူ၍ပင် ခေါ်ဝေါ် ထားခြင်းဖြစ်၍ ဗုဒ္ဓပိဋကတ်တော်လာ နိဗ္ဗာန်နှင့် လုံးဝဆန့်ကျင်လျက် ရှိလေသည်။

ကျောက်သင်္ဘောအလိုအရ သတ္တဝါတိုင်းမှာ မွေးလာကတည်းက နိဗ္ဗာန်ပါလာသည်၊ နိဗ္ဗာန်ရှိနေနှင့်သည်ဟု စွဲယူခြင်းသည် အောက်ပါ ပါဠိ အဋ္ဌကထာ ဋီကာများနှင့် လုံးဝဆန့်ကျင်လေသည်။

နိဗ္ဗာနံ ပန လောကုတ္တရသင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ မဂ္ဂဖလာနအာရမ္မဏဘူတံ ဝါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပဝုစ္စတိ။ (အဘိဓမ္မတ္ထသင်္ဂဟ၊၄၅။)

နိဗ္ဗာနံ ဂေါတြဘုဿ ဝေါဒါနဿ မဂ္ဂဿ အာရမ္မဏပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၁၃၅။)

စောဒကကို ပါဠိမြန်မာပြန်

ပန၊ အဖို့တစ်ပါးကိုဆိုဦးအံ့။ လောကုတ္တရသင်္ခါတံ၊ လောကုတ္တရာဟု ဆိုအပ်သော။ စတုမဂ္ဂဉာဏေန၊ လေးပါးသောမဂ်ဉာဏ်ဖြင့်။ သစ္ဆိကာတဗ္ဗံ၊ မျက်မှောက်ပြုအပ်သော။ မဂ္ဂဖလာနံ၊ မဂ်ဖိုလ်တို့၏၊ အာရမ္မဏဘူတံ၊ အာရုံဖြစ်၍ဖြစ်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ဝါနသင်္ခါတာယ၊ ဝါနဟုဆိုအပ်သော။ တဏှာယ၊ တဏှာမှ။ နိက္ခန္တတ္တာ၊ ထွက်မြောက်သည်၏အဖြစ်ကြောင့်။ နိဗ္ဗာနန္တိ၊ နိဗ္ဗာန်ဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏၊

နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ ဂေါတြဘုဿ၊ ဂေါတြဘုစိတ်အား။ ဝေါဒါနဿ၊ ဝေါဒါန်စိတ်အား။ မဂ္ဂဿ၊ မဂ်စိတ်အား။ အာရမ္မဏပစ္စယေန၊ အာရမ္မဏပစ္စယသတ္တိဖြင့်။ ပစ္စယော ဥပကာရကော၊ ကျေးဇူးပြုတတ်သည်။ ဟောတိ၊ ဖြစ်၏၊ (ပဋ္ဌာန်းပါဠိတော် အာရမ္မဏပစ္စည်း။)

၁၆။ ကျောက်သင်္ဘောဝါဒီတို့သည် ရောဟိံတဿနတ်သားအား ဟောကြားခဲ့သော သစ္စာလေးပါးတရားကို ကိုးကား၍ နိဗ္ဗာန်သည် ကိုယ်ထဲမှာရှိသည်၊ သို့မဟုတ် သူတို့ နိဗ္ဗာန်ဟူ၍ထင်သော ပကတိ အငြိမ်းဓာတ်ကြီးသည် ကိုယ်ထဲမှာ ရှိသည်ဟူ၍ ဟောပြောရေးသားကြသည်။ သို့သော် မဟုတ်ပေ၊ ဤဒေသနာမှာ ဆောင်၍ယူအပ်သော နေယျတ္ထဒေသနာသာ ဖြစ်သည်၊ ဘုရားဟောတရားတော်များသည် နာနာနယ နိပုဏဂမ္ဘီရံ ဆိုသည်ကို စာမတတ်သူများ မသိကြချေ၊ နိတတ္ထကို နေယျတ္ထနေယျတ္ထကို နိတတ္ထ အကောက်အယူမှားလျှင်လည်း ဘုရားရှင်အလိုနှင့် ဆန့်ကျင်သွားရလေသည်။ ဤကဲ့သို့ နိတတ္ထမှန်း နေယျတ္ထမှန်း မသိသူတို့သည် "မာတရံ ပိတရံ ဟန္တွာ"ဟူသော ဒေသနာကို ကိုးကား၍ အမေ အဖေကိုသတ်ရန် မြတ်စွာဘုရားက ဟောခဲ့သည်ဟု နောင်တစ်ကြိမ်တွင် ပြောလာနိုင်ပေသည်။ သို့ဖြစ်၍ ကိုယ်ထဲမှာ နဂိုထဲက နိဗ္ဗာန်ရှိပြီးသား နိဗ္ဗာန်ရပြီးသားဟူ၍ အာဒိနိဗ္ဗာနဝါဒအယူသည် အောက်ပါ ပါဠိတော်များနှင့် လုံးဝဆန့်ကျင်နေပေသည်။

အနိန္ဒြိယဗဒ္ဓရူပဉ္စ နိဗ္ဗာနဉ္စ ဌပေတွာသဗ္ဗေ ဓမ္မာ သိယာ အဇ္ဈတ္တာသိယာ ဗဟိဒ္ဓါသိယာ အဇ္ဈတ္တဗဟိဒ္ဓါအနိန္ဒြိယဗဒ္ဓရူပဉ္စ နိဗ္ဗာနဉ္စ ဗဟိဒ္ဓါ။(အဘိ၊၁၊၂၇၃။)

အညေ ခန္ဓာ, အညံ နိဗ္ဗာနန္တိအာမန္တာ။ (အဘိ၊၄၊၅၃။)

အဇ္ဈတ္တိကာ ဓမ္မာဗာဟိရာ ဓမ္မာ။ (အဘိဓမ္မမာတိက၊၅။)

အဘိဓမ္မာ ဓမ္မသင်္ဂဏီပါဠိတော် -၂၇၇

အနိန္ဒြိယဗဒ္ဓရူပဉ္စ၊ ဣန္ဒြေနှင့်မစပ်သောရုပ်ကို၎င်း။ နိဗ္ဗာနဉ္စ၊ နိဗ္ဗာန်ကို၎င်း။ ဌပေတွာ၊ ထား၍။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဓမ္မာ၊ တရားတို့သည်။ သိယာ၊ ရံခါ။ အဇ္ဈတ္တာ၊ အဇ္ဈတ္တတို့ဖြစ်ကုန်၏၊ သိယာ၊ ရံခါ။ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓတို့ဖြစ်ကုန်၏၊ သိယာ၊ ရံခါ။ အဇ္ဈတ္တဗဟိဒ္ဓါ၊ အဇ္ဈတ္တ, ဗဟိဒ္ဓတို့မည်ကုန်၏၊

အနိန္ဒြိယဗဒ္ဓရူပဉ္စ၊ အနိန္ဒြိယဗဒ္ဓရုပ်သည်၎င်း။ ဝါ၊ ဣန္ဒြေနှင့်မစပ်သောရုပ်သည်၎င်း။ နိဗ္ဗာနဉ္စ၊ နိဗ္ဗာန်သည်၎င်း။ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓတို့မည်ကုန်၏၊

ခန္ဓာ၊ ခန္ဓာတို့သည်။ အညေ၊ တစ်ပါးတို့လော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ အညံ၊ တစ်ပါးလော။ ဣတိ၊ ဤသို့မေးသည်ရှိသော်။ အာမန္တာ၊ အိမ်းခန္ဓာတစ်ပါး, နိဗ္ဗာန်တစ်ပါး ဟုတ်ကုန်၏၊

အဇ္ဈတ္တိကာ၊ အတွင်း၌ဖြစ်ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ သန္တိ၊ ရှိကုန်၏၊ ဗာဟိရာ၊ အပ၌ ဖြစ်ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ သန္တိ၊ ရှိကုန်၏၊

၁၇။ ကျောက်သင်္ဘောဆရာတော်သည် လူ၌စိတ်အငြိမ်းဓာတ်ကြီး ရှိပြီးသားဆိုသော ဒဿနအမြင်ကို ထူထောင်ရာ၌ အနုသယကို ငြင်းဆိုခြင်း၊ နိဗ္ဗာန်ကို ဆွဲသွင်းခြင်းများ ပြုလုပ်ပြီးနောက် ဂွင်းဆက်အနေဖြင့် ဝိပဿနာတရား အားထုတ်မှုကို ဆန့်ကျင်ရန် စစ်မျက်နှာတစ်ခု ဖွင့်ရပြန်သည်။ သူ့သဘောက အားထုတ်ဖို့မလို၊ လုပ်သမျှ ဒုက္ခ၊ မရှုမပွား အငြိမ်းထား၊ ဤသို့ လူပြိန်းကြိုက် အသုံးအနှုန်းကလေးများဖြင့် ကျွတ်ထိုက်သော ဝေနေယျတို့၏ မဂ်လမ်း ဖိုလ်လမ်းကို ပိတ်ပင်ဟန့်တားခဲ့လေသည်။ သို့ရာတွင် ကျောက်သင်္ဘောနိဗ္ဗာန် မဟုတ်ဘဲနှင့် ဂေါတမဘုရား၏ နိဗ္ဗာန်သာဆိုပါက ဝိပဿနာကမ္မဋ္ဌာန်းကို ပါရမီအလိုက် ကြိုးစားအားထုတ်ရမည်မှာ မလွဲပါ။ ကျောက်သင်္ဘော၏ ဝိပဿနာကိစ္စအမြင်မှာ ဘုရားဟောတရားတော်များနှင့် လုံးဝဆန့်ကျင်ကြောင်း သိသာရုံမျှ ဖော်ပြအပ်ပါသည်။

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ, သတ္တာနံ ဝိသုဒ္ဓိယာ, သောကပရိဒေဝါနံ သမတိက္ကမာယ, ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ, ဉာယဿ အဓိဂမာယ, နိဗ္ဗာနဿ သစ္ဆိကိရိယာယ, ယဒိဒံ စတ္တာရော သတိပဋ္ဌာနာကတမေ စတ္တာရောဣဓ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ, အာတာပီ သမ္ပဇာနော သတိမာဝေနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ။ (ဒီ၊၂၊၂၃၁။)

ယသ္မာ ပန ကာယဝေဒနာစိတ္တဓမ္မေသု ကဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာ နာမ နတ္ထိတသ္မာ တေပိ ဣမိနာဝ မဂ္ဂေန သောကပရိဒေဝေ သမတိက္ကန္တာတိ ဝေဒိတဗ္ဗာ။ (ဒီ၊ဋ္ဌ၊၂၊၃၃၉။)

နိဗ္ဗာနသပ္ပါယံ ဝေါ ဘိက္ခဝေ ပဋိပဒံ ဒေသေဿာမိတံ သုဏာထကတမာ စ သာ ဘိက္ခဝေ နိဗ္ဗာနသပ္ပါယာ ပဋိပဒါဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုံ အနိစ္စန္တိ ပဿတိရူပါ အနိစ္စာတိ ပဿတိစက္ခုဝိဉာဏံ အနိစ္စန္တိ ပဿတိ

သေက္ခာ ဝါ, ပုထုဇ္ဇနာ ဝါ စက္ခုံ အနိစ္ဇတော, ဒုက္ခတော, အနတ္တတော ဝိပဿန္တိသောတံ, ဃာနံ, ဇိဝှံ, ကာယံ, ရူပေ, သဒ္ဒေ, ဂန္ဓေ, ရသေ, ဖောဋ္ဌဗ္ဗေ, ဝတ္ထုံ အနိစ္ဇတော, ဒုက္ခတော, အနတ္တတော ဝိပဿန္တိ

ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိယံ သီလဝါ ဘိက္ခု ဣမေ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္ဇတော, ဒုက္ခတော, အနတ္တတော, ယောနိသော မနသိကရောန္တော သောတာပတ္တိဖလံ သစ္ဆိကရေယျ။ (သံ၊၂၊၁၃၆။)

ရဟန်းတို့ လေးပါးကုန်သော အကြင်သတိပဋ္ဌာန်တို့သည် ရှိကုန်၏၊ သတိပဋ္ဌာန်ဟူသော ဤအကျင့်လမ်းသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာ သာဝကအလောင်း အလုံးစုံသော သတ္တဝါအပေါင်းတို့၏ စိတ်အညစ်အကြေးမှ ကင်းဝေးစင်ကြယ်ခြင်းငှါ တစ်ခုတည်းသောလမ်း, တစ်ကြောင်းတည်းသောလမ်းပေတည်း။

စိုးရိမ်ပူဆွေးရခြင်း ငိုကြွေးရခြင်းတို့ကို လွန်မြောက်ခြင်းငှါ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့၏ ချုပ်ငြိမ်းကွယ်ပျောက်ခြင်းငှါ, အရိယာမဂ်ကို ရခြင်းငှါ, နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ တစ်ခုတည်းသောလမ်း တစ်ကြောင်းတည်းသော လမ်းပေတည်း။

လေးပါးကုန်သော သတိပဋ္ဌာန်တို့သည် အဘယ်သည်တို့နည်း၊ ရဟန်းတို့ ဤသာသနာတော်က ရဟန်းသည် အပြင်းအထန်အားထုတ်သည်ဖြစ်၍၊ သတိရှိသည်ဖြစ်၍၊ မှန်စွာအပြားအားဖြင့် သိသည်ဖြစ်၍၊ ရုပ်အပေါင်းကိုယ်၌ ရုပ်အပေါင်းမျှဟု ရှုမြင်လျက် ရှုမြင်အပ်သော ရုပ်အပေါင်းလောက၌ လောဘ ဒေါသကို ဖယ်ရှားဖျောက်ဖျက်၍နေ၏၊

အကြင်ကြောင့် ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၌ တစ်စုံတစ်ခုသောတရားကို မရှုမှတ် မပွားများမူ၍ ဘာဝနာမည်သည်မရှိ၊ ထို့ကြောင့် သန္တတိနဲ့ ပဋာစာရီတို့သည်လည်း ဤသတိပဋ္ဌာန်တည်းဟူသော လမ်းကြောင်းအကျင့်ဖြင့်သာလျှင် သောကပရိဒေဝတို့ကို လွန်မြောက်ကုန်၏ ဟူ၍ သိအပ်ကုန်၏၊

ရဟန်းတို့ သင်ချစ်သားတို့အား နိဗ္ဗာန်နှင့်လျောက်ပတ်သောအကျင့်ကို ဟောကြားမည်။ ထိုအကျင့်ကို နားထောင်ကြ။ ရဟန်းတို့ နိဗ္ဗာန်နှင့် လျောက်ပတ်သောအကျင့်ဟူသည် အဘယ်ဟာလဲ၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စက္ခုပသာဒရုပ်ကို မမြဲဟု ရှုမြင်၏၊ အဆင်းရူပါရုံကို မမြဲဟု ရှုမြင်၏၊ စက္ခုဝိဉာဏ်စိတ်ကို မမြဲဟု ရှုမြင်၏၊

သေက္ခ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် စက္ခုပသာဒရုပ်ကို မမြဲ, ဆင်းရဲ, အစိုးမရဟု ရှုကုန်၏၊ သောတ ဃာန ဇိဝှာ ကာယ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ ဝတ္ထုရုပ်တို့ကို မမြဲ, ဆင်းရဲ, အစိုးမရဟု ရှုကုန်၏၊

စင်စစ် ဤအကြောင်းသည်ရှိ၏၊ သီလရှိသော အကြင်ရဟန်းသည် ဤဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို မမြဲ, ဆင်းရဲ, အစိုးမရသောအားဖြင့် နှလုံးသွင်းသည်ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရာ၏၊

အထက်ပါ အကိုးသာဓကများ၏ ယထာဘူတအဓိပ္ပါယ်ကို ဝိနည်းဓိုရ်ဆရာတော်ဘုရားများ သိရှိတော်မူကြပြီးဖြစ်၍ အထူးမလျှောက်ထားတော့ပါ ဘုရား။ ဤတရားဒေသနာတော်များအရ လုပ်သမျှ ဒုက္ခဟူသော ကျောက်သင်္ဘောဝါဒသည် ဘုရားဟောနှင့်အဘယ်မျှဆန့်ကျင်ကြောင်း ရိုးသားစွာ ဗုဒ္ဓတရားကို ကျင့်ကြံအားထုတ်လိုသူများအတွက် အဘယ်မျှ ဆုံးရှုံးနစ်နာမှု ဖြစ်စေလျက်ရှိကြောင်း ဝေဖန်တော်မူနိုင်ကြပြီ ဖြစ်ပါသည်။

၁၈။ ထို့ပြင်လည်း ကျောက်သင်္ဘောဆရာတော်က သက္ကာယဒိဋ္ဌိဖြုတ်ဖို့ မလိုဟု ပြောင်းပြန်တရားကို ဟောကြားထားပါသည်။ သက္ကာယဒိဋ္ဌိနှင့် ပတ်သက်၍ မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောကြားထားသည်ကို ဆရာတော်ကြီးများ အသိပင် ဖြစ်ပါသည်။

သတ္တိယာ ဝိယ ဩမဋ္ဌောဍယှမာနောဝ မတ္ထကေ

သက္ကာယဒိဋ္ဌိပ္ပဟာနာယသတော ဘိက္ခု ပရိဗ္ဗဇေ။ (သံ၊၁၊၁၂။)

လှံဖြင့် ရင်ဝ၌ စူးဝင်အပ်သောသူသည် အရေးတကြီး လှံကိုဆွဲနုတ်ရန် လုံ့လကြိုးကုတ် အားထုတ်သကဲ့သို့၎င်း၊ ဦးခေါင်းထက်၌ မီးလောင်သောသူသည် အရေးတကြီး မီးကိုငြိမ်းရန် အားထုတ်သကဲ့သို့၎င်း ထို့အတူ သတိရှိသောရဟန်းသည် သက္ကာယဒိဋ္ဌိကို ပယ်ခြင်းငှာ လုံ့လကြိုးကုတ် အားထုတ်ရာ၏၊

လူ နတ် ဗြဟ္မာတို့၏ဆရာ မြတ်စွာဘုရားက သက္ကာယဒိဋ္ဌိပယ်ဖို့ အလေးအနက် တိုက်တွန်းထားသည်။ ကျောက်သင်္ဘောဆရာတော်က သက္ကာယဒိဋ္ဌိ သူ့အလိုလိုသေနေတယ် သွားမဖြုတ်နဲ့ဟူ၍ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် ဟောကြားထားလေသည်။

၁၉။ လူတို့၏ ခန္ဓာကိုယ်ကိုလည်း အနုပါဒါနက္ခန္ဓာဟူ၍ ကျောက်သင်္ဘောဝါဒကို စတင်တည်ထောင်ခဲ့သော ဆရာတော်က သုံးသပ်ဟောကြားခဲ့ပါသည်။ ပါဠိတော်များ၌ အနုပါဒါနိယာကို အောက်ပါအတိုင်း ဖော်ပြပါသည်။

ကတမေ ဓမ္မာ အနုပါဒါနိယာ? စတ္တာရော မဂ္ဂါ အပရိယာပန္နာစတ္တာရိ စ သာမညဖလာနိနိဗ္ဗာနဉ္စ -- ဣမေ ဓမ္မာ အနုပါဒါနိယာ။ (အဘိ၊၁၊၂၉၀။)

ကတမေ ဓမ္မာ၊ အဘယ်တရားတို့သည်။ အနုပါဒါနိယာ၊ ဥပါဒါန်၏ အာရုံမဟုတ်သော တရားတို့ မည်ကုန်သနည်း။ ဝါ၊ ဥပါဒါန်၏ အစီးအပွား မဟုတ်သော တရားတို့ မည်ကုန်သနည်း။ အပရိယာပန္နာ၊ လောက၌အကျုံးမဝင်ကုန်သော။ စတ္တာရော၊ လေးပါးကုန်သော။ မဂ္ဂါ၊ မဂ်တို့၎င်း။ စတ္တာရိ၊ လေးပါးကုန်သော။ သာမညဖလာနိ၊ သာမညဖိုလ်တို့၎င်း။ နိဗ္ဗာနဉ္စ၊ နိဗ္ဗာန်၎င်း။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ အနုပါဒါနိယာ၊ ဥပါဒါန်၏ အာရုံမဟုတ်သော တရားတို့ မည်ကုန်၏၊

ဤပါဠိတော်အရ မဂ်လေးပါး ဖိုလ်လေးပါး (၎င်းနှင့်ယှဉ်ဘက်စေတသိက်များ)နှင့် နိဗ္ဗာန်တရားတို့ကို အနုပါဒါနိယတရားဟူ၍ ဟောကြားထားပါသည်။ သို့ဖြစ်၍ ကျောက်သင်္ဘောဆရာတော်စကားသည် ကျမ်းဂန်မှ ချော်နေသော စကားသာဖြစ်ကြောင်း သိနိုင်ပါသည်။

၂၀။ ယခု စုဒိတကပုဂ္ဂိုလ်တစ်ဦးဖြစ်သော ရှင်ဝဏ္ဏသီရိအမည်ခံ ကြာပိုင်ဦးဣန္ဒောဘာသက သီလသိက္ခာနှင့် ပြည့်စုံလျှင်ပြီးရော၊ ပညာသိက္ခာ, သမာဓိသိက္ခာတို့ကို အထူးတလည် ရှာဖွေဆည်းပူးနေစရာ မလိုကြောင်း ရေးသားထားပါသည်။ ဤသို့သော ရေးသားချက်သည် ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာကြီးက လေးစားသော ဘုရားရှင် တရားတော်နှင့် ပြောင်းပြန်ရေးသားထားခြင်းဖြစ်ကြောင်း အောက်ပါသာဓကအရ သိနိုင်ပါသည်။

- သီလေ ပတိဋ္ဌာယ နရော သပညောစိတ္တံ ပညဉ္စ ဘာဝယံ

အာတာပီ နိပကော ဘိက္ခုသော ဣမံ ဝိဇဋယေ ဇဋံ။ (သံ၊၁၊၁၃။)

- သီလေန စ တဒင်္ဂပ္ပဟာနဝသေန ကိလေသပ္ပဟာနံ ပကာသိတံ ဟောတိသမာဓိနာ ဝိက္ခမ္ဘနပ္ပဟာနဝသေန ပညာယ သမုစ္ဆေဒပ္ပဟာနဝသေန။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၁၊၅။)

ပညာရှိသောသူသည် သီလ၌ မြဲစွာတည်၍ အကုသိုလ်ကို ပူပန်စေတတ်သော အလွန် လုံ့လရှိသည်ဖြစ်၍ ဆန့်ကျင်ဘက်ကို ခြောက်သွေ့စေတတ်သော ပညာရှိသည်ဖြစ်၍ သမာဓိကို၎င်း၊ ဝိပဿနာပညာကို၎င်း ပွားစေသည်ဖြစ်၏၊ ထိုထိုသော သံသရာဘေးကို ရှုလေ့ရှိသောသူသည် ဤတဏှာဟူသော အယှက်အမြှေးကို ဖြေဖြတ်ရှင်းလင်းနိုင်၏၊

ထိုမှတပါး သီလဖြင့် တဒင်္ဂပဟာန်၏အစွမ်းဖြင့် ကိလေသာတို့ကို ပယ်ခြင်းကို ပြအပ်သည်ဖြစ်၏၊ ဥပစာရအပ္ပနာ အပြားရှိသော သမာဓိဖြင့် ဝိက္ခမ္ဘနပ္ပဟာန်၏အစွမ်းဖြင့် ကိလေသာတို့ကို ပယ်ခြင်းကို ပြအပ်သည်ဖြစ်၏၊ မဂ်ပညာဖြင့် သမုစ္ဆေဒပဟာန်၏အစွမ်းဖြင့် ကိလေသာတို့ကို ပယ်ခြင်းကို ပြအပ်သည်ဖြစ်၏၊

၂၁။ ကျောက်သင်္ဘောဆရာတော်ကိုယ်တိုင်က နိဗ္ဗာန်ကိုလိုချင်ခြင်းသည် သမုဒယသစ္စာဟူ၍ ဟောကြားခဲ့သည်။ ထိုစကားရပ်သည် အောက်ပါ ထေရဝါဒပါဠိတော်များနှင့် ဆန့်ကျင်လျက် ရှိပါသည်။

အနုတ္တရံ ယောဂက္ခေမံ ပတ္ထယမာနော ဝိဟရတိ။ (မ၊၁၊၅။)

ပတ္ထယမာနောတိ ဒွေ ပတ္ထနာ တဏှာပတ္ထနာ စဆန္ဒပတ္ထနာ စ။(မ၊ဋ္ဌ၊၁၊၄၃။)

ဧတ္ထ ကတ္တုကမျတာ ကုသလစ္ဆန္ဒပတ္ထနာအယမေဝ ဣဓာဓိပ္ပေတာ။ (မ၊ဋ္ဌ၊၁၊၄၃။)

မိမိထက်လွန်သော တရားမရှိသော ဝါ-တုဘက်ကင်းသော ယောဂလေးပါးတို့၏ ကုန်ရာဖြစ်သော နိဗ္ဗာန်ကို တောင့်တသည်ဖြစ်၍နေ၏၊

တောင့်တခြင်းဟူသောစကား၌ တောင့်တခြင်းတို့သည် တဏှာဖြင့် တောင့်တခြင်း၎င်း၊ ဆန္ဒဖြင့် တောင့်တခြင်း၎င်း ဤသို့ နှစ်ပါးရှိကုန်၏၊

ထိုနှစ်ပါးတို့တွင် ကောင်းသောအမှုကို ပြုလုပ်လိုသောသူ၏ အဖြစ်သည် ကုသိုလ်ဆန္ဒဖြင့် တောင့်တခြင်း မည်၏၊ ဤနိဗ္ဗာန်ကို လိုလားတောင့်တရာ၌ ဤကုသိုလ်ဆန္ဒဖြင့် တောင့်တခြင်းကိုသာလျှင် အလိုရှိအပ်၏၊

နိဗ္ဗာန်လိုချင်မှုသည် သမုဒယတဏှာမဟုတ်၊ ကုသိုလ်ဆန္ဒသာလျှင် ဖြစ်ပါသည်။

စောဒနာနိဂုံး

၂၂။ ကျောက်သင်္ဘောဝါဒီများ ရေးသား ဟောကြားထားသော စာအုပ်စာတမ်းများနှင့် တိတ်ခွေများမှ မှားယွင်းသော အချက်အလက်အားလုံးကို မထုတ်ယူမူ၍ အနည်းအပါးသော အချက်အလက်တို့ကိုသာ ထုတ်ယူပြီးလျှင် သီးခြားစီ သီးခြားစီ စောဒနာ၍ကား ပြီးပါပြီ၊ ယခုမူ ယင်းအချက် အလက်များကို ခြုံငုံစုပေါင်း၍ နိဂုံးချုပ်အနေဖြင့် စောဒနာပါဦးမယ် ဘုရား။

၂၃။ ကျောက်သင်္ဘောဝါဒဟူသည် အဓိကပင်မအားဖြင့် 'စိတ် စိတ်အတိုင်းတိုင်းထားသော ဝါဒ' ပင်ဖြစ်ပါတယ်။

၂၄။ စိတ် စိတ်အတိုင်းတိုင်းထားဝါဒ သရုပ်ဖော်ပုံ ဟောကွက်တစ်ခုကို အကျဉ်းချုပ်မျှ တင်ပြပါရစေ.....ကျောက်သင်္ဘောဝါဒီ တရားဟောပုဂ္ဂိုလ်တစ်ဦးက ပရိသတ်ကို မေးမြန်း၍ ဟောကြားနေပုံမှာ ပရိသတ်ကြီးများ၊ ဘုရား၊ ယခုလို ပရိသတ်တို့ တရားနာနေတဲ့အချိန်မှာဆိုရင် ပရိသတ်တို့ရဲ့ စိတ်အစဉ်မှာ သူတပါးပစ္စည်းကို မတရားလိုချင်မှု လောဘတွေ ဖြစ်နေသေးသလား၊ မဖြစ်ပါဘုရား၊ သူတပါးအပေါ် မလိုမုန်းထား စော်ကားချင်တဲ့ ဒေါသတွေကော ဖြစ်နေသေးသလား၊ မဖြစ်ပါဘုရား၊ ဟုတ်ပြီ၊ ဒီလိုဆိုရင် အဖြစ်တို့မှ အေးမနေဘူးလား၊ အေးနေပါတယ်ဘုရား၊ ငြိမ်းမနေဘူးလား၊ ငြိမ်းနေပါတယ်ဘုရား၊ လောဘ ဒေါသတွေ ကုန်မနေဘူးလား၊ ကုန်နေပါတယ်ဘုရား၊ အေး ဟုတ်တယ်၊ အဲဒီ လောဘ ဒေါသတို့၏ ကုန်ရာ ခန်းရာ အေးရာ ငြိမ်းရာကြီးဟာ နိဗ္ဗာန်လို့ခေါ်တယ်၊ ဒါကြောင့် မြတ်စွာဘုရားက 'ရာဂက္ခယော နိဗ္ဗာနံဒေါသက္ခယော နိဗ္ဗာနံ'လို့ ဟောတော်မူခဲ့တာပေါ့။

၂၅။ လောဘ ဒေါသတို့ ကုန်ရာ ခန်းရာ အေးရာ ငြိမ်းရာကြီးကို သိနေတာက မဂ်ဉာဏ်ခေါ်တယ်။ ဒါကြောင့် ဘုန်းကြီးတို့က 'အေး-အေးတဲ့ အတိုင်းတိုင်းထားငြိမ်း-ငြိမ်းတဲ့အတိုင်းတိုင်းထား'လို့ ဟောခဲ့တာ- စသည်ဖြင့် ဟောကြား ရေးသားပြီး လူပြိန်းကြိုက် 'အတိုင်းတိုင်းထား ဝါဒမှားကြီး'ကို ဗုဒ္ဓဘာသာဝင် သူတော်စင် အမှန်ကြိုက်သမားများ ဒုက္ခပွားအောင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အတွင်းမှာ ထူထောင်လိုက်ပါတော့တယ် ဘုရား။

၂၆။ ယင်းသို့ထူထောင်လိုက်၍ လူပြိန်းကြိုက်က ခေတ်စားလာသောအခါ အဘိဓမ္မာသဘာဝကို သိမြင်ကြတဲ့ ပညာရှင်များက 'စိတ် စိတ်အတိုင်း တိုင်းထားဆိုတာက ဟုတ်ပါပြီဘယ်စိတ်ကို အတိုင်း တိုင်းထားပါသလဲ'ဟု စစ်ဆေးမေးမြန်းကြသော ပြဿနာပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာသောအခါ 'ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ- အစရှိသော ဒေသနာတော်ကို အထောက်အထားပြလျက် စိတ်သည် ပကတိအားဖြင့် ဖြူစင်သန့်ရှင်းနေတယ်၊ ထိုစိတ်ကို အတိုင်းတိုင်းထားရမယ်'ဟု ဩဝါဒပြုပါတော့တယ် ဘုရား။

၂၇။ ကျောက်သင်္ဘောဝါဒီတို့က သာဓကပြပြီး အတိုင်းတိုင်း အထားခိုင်းသောစိတ်က ဘဝင်စိတ် ဖြစ်နေကြောင်း ထောင်သောင်းမကသော ပညာရှိ ရဟန်းရှင်လူများက ဝိုင်းဝန်း၍ ဝေဖန်လာကြပြန်သောအခါ သာဓကမပြတော့ဘဲ 'ဖိုလ်စိတ်ကို အတိုင်းတိုင်းထား'ဟူ၍ အတိုင်းတိုင်းထားသော စိတ်ကို ဒုတိယမ္ပိ ပြောင်းလွှဲကာ ဟောကြားလိုက်ပြန်ပါတော့တယ် ဘုရား။

၂၈။ ဤသို့ ပြောင်းလွှဲကာ ဟောကြားလိုက်ပြန်သောအခါကျမှပင် 'အတိုင်းတိုင်းထားရုံမျှဖြင့် ဖိုလ်စိတ်က ဘယ်ကလာပြီး ဖြစ်နေသလဲ၊ ဘုရားရှင်ဟောကြားတော်မူခဲ့သော ဒေသနာတော်များတွင် ရုမ်နာမ် ဓမ္မ သင်္ခါရတရားများကို ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန် ရှုမှတ်ပွားများမှုများ ပြုလုပ်ပြီးမှသာ မဂ်စိတ် ဖိုလ်စိတ်ဆိုတာ ဖြစ်လာနိုင်တာပဲ၊ အတိုင်းတိုင်းထားရုံမျှဖြင့် ဘယ်လိုနည်းနှင့်မျှ မဂ်စိတ် ဖိုလ်စိတ်မဖြစ်နိုင်' ဟု မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဝိုင်းဝန်း၍ စောဒနာလာကြပြန်သောအခါ ကျောက်သင်္ဘောဝါဒီတို့ဟာ 'ပေါက်တဲ့နဖူး မထူးဘူး'ဆိုတဲ့ အနေမျိုးဖြင့် မိမိတို့၏ 'အတိုင်းတိုင်းထားတာ ဖိုလ်စိတ်'ဟူသော အယူဝါဒလမ်းစဉ်ကြီး မပျက်စီးဘဲ ရပ်တည်မြဲ ရပ်တည်နိုင်ရေးအတွက် အဟန့်အတားကြီးသဖွယ် ဖြစ်နေသော ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ 'ရှုမှတ်ပွားများမှ မဂ်ဖိုလ်နိဗ္ဗာန်ရမည်'ဟူသော ဒေသနာတော်များကို ဖျက်ဆီးပစ်ဖို့ရာ အရေးကြုံလာပြန်ပါတော့တယ် ဘုရား။

၂၉။ ယခုအရေးတော်ပုံမှာ ယခင်က သုံးစွဲလာခဲ့သော 'အတိုင်းတိုင်းထား'ဟူသော စကားမျှဖြင့် မလုံလောက်တော့တဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန် ရချင်ရင် ရုပ်နာမ်မရှုရရုပ်နာမ်ရှု၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရနိုင်မဂ်စိတ်ဖိုလ်စိတ် မဖြစ်နိုင်နိဗ္ဗာန်မရောက်နိုင်ရုပ်နာမ်ရှုရင် ရှုဒုက္ခသာ ဖြစ်မယ်ပွားရင် ပွားဒုက္ခသာဖြစ်မယ်၊ နောက်ဆုံးတော့ လုပ်သမျှသာဖြင့် ဒုက္ခသာဖြစ်မယ်လို့ 'လုပ်သမျှ ဒုက္ခ'ဆိုတဲ့ ဝေါဟာရသစ်တစ်လုံးကို တီထွင်လိုက်ကာ ဗုဒ္ဓမြတ်စွာ၏ 'ရှုမှတ်ပွားများမှ မဂ်ဖိုလ်နိဗ္ဗာန်ရမည်'ဆိုတဲ့ ဒေသနာတော်ကြီးကို ဖျက်ဆီးပစ်လိုက်ကြပါတော့တယ် ဘုရား။

၃၀။ 'လုပ်သမျှ ဒုက္ခ'ဟူသော ဝေါဟာရသစ်တစ်လုံးကို တီထွင်ပြီး သုံးစွဲလာကြတဲ့အခါကျမှ ပြည်ထောင်စု တစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင် ပညာရှင်များက မခံမရပ်နိုင်ဖြစ်ကြပြီး ဝေဖန်မှုများဟာ ရှေးကထက်ပိုမို၍သာ များပြားလာပြန်ပါတော့တယ် ဘုရား။

၃၁။ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သော ဒေသနာတော်များမှာလည်း သံသရာဝဋ်ဒုက္ခ အမျိုးမျိုးတို့မှ လွတ်မြောက်၍ နိဗ္ဗာန်ရောက်နိုင်ရန်အတွက် 'ဒါန, သီလ, ဘာဝနာ' လုပ်ငန်းတို့ကို ကြိုးပမ်းကြရမည်၊ 'သီလ, သမာဓိ, ပညာ သိက္ခာကျင့်ထုံးတို့ကို ကျင့်သုံးကြရမည်'ဟူ၍သာ ပါရှိနေပါတယ်။

၃၂။ မှန်ပါတယ်၊ ထိုလုပ်ငန်းနှင့် သိက္ခာများကို ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ပြုလုပ်မှသာ ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းအမှန်ကို လက်ခံသိရှိနေကြသော ဗုဒ္ဓဘာသာဝင် ပညာရှင်များက ပိုသည်ထက်ပိုမိုပြီး ဝေဖန်လာကြပြန်သောကြောင့် 'တိုးမဲ့တိုးရင် ဆုံးအောင် တိုးမှဖြစ်မယ်'လို့ ယူဆကြပြီး တိုးကြလေသလားမသိပါ။ 'ကိုယ်နှင့်လည်း မလုပ်နှင့်နှုတ်နှင့်လည်း မလုပ်နှင့်စိတ်နှင့်လည်း မလုပ်နှင့်လုပ်သမျှသာဖြင့် ဒုက္ခသာဖြစ်မယ်'လို့ ထပ်ဆင့်ပြီး တိုးလိုက်ကြပြန်ပါတော့တယ် ဘုရား။

၃၃။ ထို့ပြင်လည်း တရားနာနေစဉ် အချိန်အခါမှာ ကျောက်သင်္ဘောဝါဒီများ ယူဆထားကြသလို လောဘ, ဒေါသ စသော ကိလေသာ တရားများဟာ ငြိမ်းနေခြင်းမဟုတ်ပါငြိမ် (င-ရ-ရစ်လုံးကြီးတင် မ-သတ်) နေကြခြင်းသာဖြစ်ပါတယ်။ လုံလောက်တဲ့အကြောင်းတရားတွေနှင့် တိုက်ဆိုင်လာရင် လောဘ, ဒေါသ အစရှိတဲ့ ကိလေသာတရားတွေဟာ ထင်ရှားစွာ ဖြစ်ပေါ်လာကြဦးမယ် စသည်ဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်လာကြပြန်သောအခါ 'အတိုင်းတိုင်းထားတာ ဖိုလ်စိတ်'ဟု မြည်တမ်းနေကြသော ကျောက်သင်္ဘောဝါဒီတို့မှာ စိတ်ပျက်စရာကြီးတစ်ခုနှင့် ပြေးမလွတ်အောင် ကြုံလာရပြန်ပါတော့တယ်။

၃၄။ ထိုအခါ ထွက်ပေါက်မရနိုင်၍ ကြံမိကြံရာ 'ငါ့လှေ ငါထိုး ပဲခူး(ပဂိုး) ရောက်ရောက်' ဟူသောသဘောမျိုးဖြင့် 'အနုသယ ကိလေသာဆိုတာ လုံးဝမရှိ' ဆိုပြီး ရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားတဲ့ အဘိဓမ္မာ ဒေသနာတော်လာ အနုသယ ယမိုက် ပါဠိတော်ကြီးကို ပြောင်ပြောင်တင်းတင်းကြီး ဖျက်ဆီးပစ်လိုက်ကြပြန်ပါတော့တယ် ဘုရား။

၃၅။ ဤကဲ့သို့ သုတ္တန်, အဘိဓမ္မာ ၂-ဖြာသော ဒေသနာတော်များကို ဖျက်ဆီးကြရုံမျှဖြင့်လည်း 'အတိုင်းတိုင်းထားတာ ဖိုလ်စိတ်'ဟူသော လမ်းစဉ်ကြီးက မရပ်တည်နိုင်သေးဘဲ နိဒါန်းအစတွင် ဖော်ပြခဲ့သော မြို့ရွာဒေသပေါင်း မြောက်မြားစွာတို့မှ အသိလိမ္မာ ဉာဏ်ပညာရှိကြသော ရဟန်း ရှင်လူ ပြည်သူအများတို့က ပြင်းထန်လှစွာ ဆက်ကာဆက်ကာ ဝေဖန်လာကြပြန်သောကြောင့် 'အင်း ... ရှစ်သောင်းလေးထောင် မြားမြောင်လှစွာ ဒီဓမ္မက္ခန္ဓာတွေ တည်ရှိနေသမျှ ဘယ်နံရောအခါမှ ငါတို့ရဲ့ အတိုင်းတိုင်းထားဝါဒကြီးဟာ ပြစ်တင်ဝေဖန်မှုတွေကြားက လွတ်မြောက်ရတော့မှာမဟုတ်ဘူး'လို့ သဘောပေါက်လာကြပြန်ပြီး 'ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်လာ အကျင့်လမ်းစဉ်သည် ဒုက္ခပဋိပဒါ လမ်းစဉ်ဖြစ်သည်'ဟု ဘုရားဟောဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ကို ဒုက္ခပဋိပဒါလမ်းစဉ် (ဆင်းရဲသော လမ်းစဉ်)ဟု ကင်ပွန်းတပ်ကာ မိမိတို့၏ အတိုင်းတိုင်းထား လမ်းစဉ်ကြီးကိုတော့ သုခပဋိပဒါလမ်းစဉ် (ချမ်းသာသော အကျင့်လမ်းစဉ်)ဟု ကြေငြာလျက် ဘုရားဟောဟူသမျှကို အပြစ်ပြကာ ဖျက်ဆီးပစ်လိုက်ကြပြန်ပါတော့တယ် ဘုရား။

၃၆။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ် အဖွဲ့အမှတ်(၁)တွင် ပါဝင်တော်မူကြကုန်သော ဝိနည်းဓိုရ် ဆရာတော်သခင် အရှင်သူမြတ်တို့ ဘုရား-

ဘုရားတပည့်တော်များ၏ စောဒနာချက်ကို သာမညမျှ နားထောင်ကြရပါလျှင် အပြစ်တွေကို အပြောများလွန်းသည်ဟု ထင်ကောင်းထင်ကြပါ လိမ့်မယ်ဘုရား။ အမှန်ကတော့ နိဂ္ဂဟေတဗ္ဗပုဂ္ဂိုလ်များ ဖြစ်နေကြသော ကျောက်သင်္ဘောဝါဒီများအား အလွန်သိမ်မွေ့သော နှိပ်ကွပ်ခြင်းမျိုးဖြင့် လျှောက်ထားနေခြင်းမျှသာ ဖြစ်ပါသေးတယ် ဘုရား။

၃၇။ အဋ္ဌသာလိနိအဋ္ဌကထာဆရာက အဘိဓမ္မာ ဒေသနာတော်ကို ဖျက်ပယ်သူများအား နှိပ်ကွပ် ဆုံးမထိုက်ပုံအလုံးစုံကို အကျယ်တဝင့် ဖွင့်ပြထားသည်ကို ဆရာတော်ဘုရားများ သိရှိတော်မူကြပြီးဖြစ်ပါတယ်။ အနည်းငယ်မျှ လျှောက်ထားတင်ပြရမည်ဆိုလျှင် 'ဂစ္ဆ ဝိဃာသာဒေါ ဟုတွာ ဇီဝိဿသီတိ' ဟဲ့အချင်း၊ သင်သွားတော့၊ (ဒီမှာမနေလင့်)၊ သင်ဟာစားကြွင်းစားအဖြစ်ဖြင့် အသက်ရှင်ရလိမ့်မယ် (နင်ဟာစားကြွင်းစား၊ သူတစ်ပါး၏ စားကြွင်းစားကျန်များကို တောင်း၍စားရသော သူတောင်းစားဘဝနှင့် အသက်မွေးပေတော့)လို့ ပြောဆိုကြိမ်းမောင်းပြီး နှင်ထုတ်သင့်ပုံကို တွေ့ရှိရပါတယ်။ သာသနာတော်ကို ဖျက်ဆီးနေကြတဲ့ ပုဂ္ဂိုလ်များဖြစ်သောကြောင့် ငဲ့ညှာနေသင့်မယ် မထင်ပါ ဘုရား။(အဘိ၊ဋ္ဌ၊၁၊၃၀။)

၃၈။ ထိုမှတစ်ပါးလည်း သုတ္တန်ကိုပယ်ဖျက်သော ကျောက်သင်္ဘောဝါဒီများကို 'ဘုရားရှင်ကိုပင် ပယ်ဖျက်နေသူများ'ဟု သတ်မှတ်ထိုက်ကြောင်းကို မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာဆရာက 'သုတ္တံ အပ္ပဋိဗာဟိယံတံ ပဋိဗာဟန္တေန ဗုဒ္ဓေါဝ ပဋိဗာဟိတော ဟောတိ'ဟု ဖွင့်ဆိုထားပြန်ပါတယ် ဘုရား။ (ဒီ၊ဋ္ဌ၊၂၊၁၅၈။)

၃၉။ တနည်းအားဖြင့် 'ပစ္စတ္ထိကာ နာမ -- အတ္တပစ္စတ္ထိကာ စ သာသနပစ္စတ္ထိကာ စအဗုဒ္ဓသာသနံ "ဗုဒ္ဓသာသန"န္တိ ဝတွာ ကတပဂ္ဂဟာ သာသနပစ္စတ္ထိကာ နာမ.'ဟူသော ပါစိတျာဒိ အဋ္ဌကထာဆရာ၏ ဖွင့်ဆိုချက်အရ 'ဘုရားရှင်၏အဆုံးအမ မဟုတ်သည်ကို ဘုရားရှင်၏အဆုံးအမအဖြစ် ပြုလုပ်၍ဟောကြားလျှင် သာသနာတော်၏ ရန်သူမည်တယ်'လို့ မှတ်ယူရမယ်လို့ ဆိုလိုပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၁၄၃။)

၄၀။ သို့ဖြစ်၍ 'အဲဒါ ဘာမှလုပ်ရမှာမဟုတ်ဘူးဒီသဘောသိရုံသာ သိပါလို့ပြောတာဘုရားဟောတယ်ဆိုတာ ဒါပြောတာ' စသည်ဖြင့် ဘုရားရှင်၏အဆုံးအမ မဟုတ်သည်ကို ဘုရားရှင်၏ အဆုံးအမ ပြုလုပ်၍ ဟောကြားနေကြသော ကျောက်သင်္ဘောဝါဒီများဟာ သာသနာတော်၏ ရန်သူများအဖြစ်သို့ ရောက်မှန်းမသိ ရောက်နေကြပါတယ်။

'သံကိုသံဖျက် သံချေးတက်' ဆိုသကဲ့သို့ သာသနာတော်၏အတွင်းသို့ဝင်လျက် သာသနာတော်ကို ပျက်စီးအောင် ဖျက်ဆီးနေသူများ ဖြစ်သောကြောင့် အလွန်တရာမှ ကြောက်စရာကောင်းလှသော ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး၏ အတွင်းရန်သူများဟု သမုတ်ရမလို ဖြစ်နေပါတယ် ဘုရား။

၄၁။ ထိုမျှသာမကသေးပါ။ 'ဗုဒ္ဓဿ ဘဂဝတော ဘာသိတေ အပနေတဗ္ဗံ နာမ နတ္ထိန ဟိ တထာဂတာ ဧကဗျဉ္ဇနမ္ပိ နိရတ္ထကံ ဝဒန္တိ၊' (သာရတ္ထ၊၁၊၆၀။)ဟု သာရတ္ထဒီပနိဋီကာဆရာက လေးနက်စွာ မိန့်မှာထားပါလျက် 'ယောဂီတို့ ဒုက္ခများအောင်လို့ ပြောခဲ့မယ်ဟောခဲ့မယ်နက်ဖြန်ခါလာတောင်းလှည့်ကြဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုပြီး နည်းပေါင်းများစွာရှိတယ်အဲဒါ ဒုက္ခပဋိပဒါလမ်းပဲ'ဟူ၍ အက္ခရာတစ်လုံးကိုမျှ ပယ်ရှားရန် မရှိသော ဘုရားဟော ဓမ္မက္ခန္ဓာတွေကို တစ်လုံးတစ်လေမျှ မကျန်ရအောင် ဒုက္ခပဋိပဒါလမ်းစဉ်အဖြစ် ကင်ပွန်းတပ်လျက် ပယ်ဖျက်လိုက်ကြပြန်ပါတော့တယ် ဘုရား။

အဘိဓမ္မာနှင့် သုတ္တန်ကို တော်လှန်ဖျက်ဆီးရုံမျှဖြင့် အားရတင်းတိမ်မှု မရှိကြသေးဘဲ ထိုထက်လွန်ကဲကာ ဝိနည်းတော်ပါ မကျန်ရအောင် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို အထက်ပါအတိုင်း ပယ်ရှား ဖျက်ဆီးလိုက်ကြသောအခါ အလွန်တရာမှ ကြီးလေးလှစွာသော အကုသိုလ်တရားဆိုးကြီးများက နောက်ဘဝတိုင်အောင် စောင့်ဆိုင်းမနေနိုင်ကြတော့ဘဲ ယခုပစ္စက္ခဘဝအတွင်းမှာပင် အကျိုးပေးသော အနေအားဖြင့် နိုင်ငံတော်သီးခြားဝိနည်းဓိုရ် အဖွဲ့အမှတ်(၁)၏ ရုံးတော်သို့ စုဒိတကအဖြစ် လာရောက်၍ အစစ်ခံနေကြရသော ကျောက်သင်္ဘောဝါဒီများက ဘုရားတပည့်တော်တို့ စောဒကပုဂ္ဂိုလ်များဘက်မှ စောဒနာထားခဲ့သော အချက်များကို 'စာမကြည့်ဘဲ မှားယွင်း၍ ရေးသားခဲ့မိပါသည်မှားယွင်း၍ ဟောကြားခဲ့မိပါသည်'ဟု ဝန်ခံပြီးနောက် ဤအမှားများကို ပယ်ရှားပါမည်၊ အခြားကျန်နေသော အချက်များဖြင့် ဘုရားတပည့်တော်တို့ကို ရပ်တည်ခွင့်ပြုတော်မူပါဟု အသနားခံကာ တောင်းပန်ကောင်း တောင်းပန်ကြပါလိမ့်မယ် ဘုရား။

၄၂။ ဘယ်လိုပင်အသနားခံ၍ တောင်းပန်ကြငြားသော်လည်း ဓမ္မက္ခန္ဓာများကို ဖျက်ဆီးကာ သာသနာတော်မြတ်ကြီး၏ ရန်သူအရာမှာ တည်ရှိလာခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်နေကြသောကြောင့် သီးခြားရပ်တည်ခွင့် ပြုသင့်မည်မဟုတ်ပါဘုရား။ 'သီးခြားရပ်တည်ခွင့် မပြုသင့်ရုံသာမက ဤကျောက်သင်္ဘောဝါဒကို ဓမ္မဝိနယနှင့် မညီညွတ်သော အဓမ္မဝါဒဖြစ်သည်ဟုလည်းကောင်းထိုကျောက်သင်္ဘောဝါဒကို ဟောပြောရေးသား လက်ခံယုံကြည်နေကြသော ရဟန်းရှင်လူ အားလုံးကို အဓမ္မဝါဒီများ ဖြစ်သည်'ဟုလည်းကောင်း ဆုံးဖြတ်ချက် ချမှတ်တော်မူကြပြီးလျှင် 'စိတ် စိတ်အတိုင်းတိုင်းထားလုပ်သမျှ ဒုက္ခကျောက်သင်္ဘောဝါဒ' စသောစကားလုံးများပင် မကျန်ရလေအောင် ကျောက်သင်္ဘောဂိုဏ်း ခေါင်းဆောင်ပုဂ္ဂိုလ်များ၊ ကျောက်သင်္ဘောဂိုဏ်း နောက်လိုက်ပုဂ္ဂိုလ်များနှင့် ကျောက်သင်္ဘောဝါဒကို လက်ခံယုံကြည် အားပေး ထောက်ပံ့နေကြသော ရဟန်းရှင်လူ မည်သူမဆို ထိုထိုဤဤ အလီလီသော ပုဂ္ဂိုလ်များကို ယင်းတို့၏ အယူမှားကြီးကို အပြီးအပိုင် စွန့်လွှတ်ကြ၍ အမြင်မှန်ရကာ လိမ္မာယဉ်ကျေးသော ပုဂ္ဂိုလ်များ ပြန်လည်ဖြစ်မြောက်လာအောင် ဓမ္မဝိနယနှင့် ညီညွတ်စွာ ဆုံးမပေးတော်မူကြဖို့ရန် တောင်းပန်ပါတယ် ဘုရား။

၄၃။ ယင်းကဲ့သို့ ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံတော်က 'သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး' ဟူသော မွန်မြတ်လှစွာသော ကြွေးကြော်သံကြီးဖြင့် ဆောင်ရွက်လျက်ရှိနေသော သာသနာတော်လုပ်ငန်းကြီးသည် မူလဦးတည်ချက်အတိုင်း အောင်မြင်လာနိုင်မည်ဖြစ်ကြောင်း ဘုရားရှင်၏ မျက်နှာတော်ကို ထောက်ထားသော စိတ်ထားဖြင့် သန်းပေါင်းသုံးဆယ်ကျော်မျှသော ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ နိုင်ငံတော်သူ နိုင်ငံတော်သားများနှင့် ထေရဝါဒ ဗုဒ္ဓသာသနာဝင် သူတော်စင် အားလုံးတို့၏ကိုယ်စား ရိုးသားစွာ ဤစောဒနာလွှာကို နိဂုံးချုပ်တင်သွင်းရခြင်း ဖြစ်ပါတယ် ဘုရား။

စောဒကပုဂ္ဂိုလ်များ

၁။ (ဦးကောသလ္လ)။ ပဓာနနာယကဆရာတော်၊ ရွှေသိမ်တော်စာသင်တိုက်၊
ချောင်းဦးမြို့၊ စစ်ကိုင်းတိုင်း။

၂။ (ဦးပဏ္ဍိတ)။ သာသနဓဇသီရိပဝရဓမ္မာစရိယ၊ မြောင်ကျောင်းတိုက်၊
အေလမ်း၊ ဒေးဝန်းအရှေ့ပိုင်း၊ မန္တလေးမြို့၊ မန္တလေးတိုင်း။

၃။ (ဦးကုသလ)။ သာသနဓဇဓမ္မာစရိယ၊ သာသနအလင်းရောင်ကျောင်းတိုက်၊
သရက်မြို့၊ မကွေးတိုင်း။

'ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု'

နေ့စွဲ၊ ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း ၁၄-ရက်။
၁၉၈၁-ခုနှစ်၊ ဇန်နဝါရီလ ၁၉-ရက်၊ တနင်္လာနေ့။

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)သို့

၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း ၁၄-ရက်က တင်သွင်းသော

စောဒနာချက်ကို သောဓနာချက်

နေ့စွဲ၊ ၁၃၄၂-ခုနှစ်၊ ပြာသိုလဆုတ် ၃-ရက်။

၁၉၈၁-ခုနှစ်၊ ဇန်နဝါရီလ ၂၃-ရက်။

အကြောင်းအရာ။။ကျောက်သင်္ဘောဝါဒနှင့် ကျောက်သင်္ဘောဝါဒီတို့သည် ၎င်းတို့ဟောပြောရေးသား ဖြန့်ဝေချက်များအရ အဓမ္မဝါဒနှင့် အဓမ္မဝါဒီများသာ ဖြစ်ကြသည်ဟူသော စောဒနာတင်သွင်းချက်ကို သောဓနာတင်သွင်းချက်ပါ ဘုရား။

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) အဖွဲ့ဝင် ဆရာတော်အရှင်မြတ်ကြီးတို့ ဘုရား။

စောဒကဆရာတော်များ၏ စောဒနာချက်အသီးသီးကို သောဓနာပြုရာတွင် နောက်ဆုံးဖြစ်သော အမှတ် ၄၂၊၄၃ စောဒနာချက်များမှ စတင်၍ သောဓနာပြုခွင့် ပေးတော်မူကြပါ ဘုရား။

အမှတ် ၄၂ စောဒနာချက်ထဲ၌ စုဒိတကပုဂ္ဂိုလ်များက မည်သို့ပင် ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်ကြသော်လည်း ကျောက်သင်္ဘောဟူသော စကားလုံးများပင် မကျန်ရအောင် ဖျောက်ဖျက်ချေမှုန်းပေးရန် တောင်းဆိုချက်များ ပါဝင်ခဲ့ပါသည်။ အမှတ် ၄၃ စောဒနာချက်တွင်ကား အကယ်၍ ဤတောင်းဆိုချက်ကိုမှ ဆောင်ရွက်မပေးကြလျှင် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၏ မူလဦးတည်ချက်ကြီး ပျက်စီးတော့မည်ဟု သံဃာ့အစည်းအဝေးကြီးကို ပုတ်ခတ်ထားပါသည်။ အနာဂတ်သာသနာတော်ကြီးအတွက် အလွန်တရာ ကြီးမားကျယ်ပြန့်လှစွာသော ဦးတည်ချက်ကြီးများဖြင့် ပြုလုပ်ခဲ့သော ကိစ္စကြီးတစ်ခုလုံးကိုပင် ကျောက်သင်္ဘောတိုက်ဖျက်ရေး ကိစ္စကလေးတစ်ခုတည်းအတွက် ပြုလုပ်ရဘိသကဲ့သို့ စွပ်စွဲထားပါသည် ဘုရား။

ထို့ပြင် 'သန်းပေါင်းသုံးဆယ်ကျော်မျှသော နိုင်ငံတော်သူ နိုင်ငံတော်သားများနှင့် ထေရဝါဒ ဗုဒ္ဓသာသနာဝင် သူတော်စင်အားလုံး၏ကိုယ်စား'ဟု ဆိုထားပြန်ရာ သန်းပေါင်းသုံးဆယ်ကျော် နိုင်ငံသူ နိုင်ငံသားများက တခြား၊ ဗုဒ္ဓသာသနာဝင် သူတော်စင်များက တခြားစီဖြစ်နေပါသည်။ စောဒကဆရာတော်တို့၏ အပြောမလိမ္မာမှုကြောင့် သန်းပေါင်းသုံးဆယ်ကျော်မျှသော နိုင်ငံသူနိုင်ငံသားများသည် ဗုဒ္ဓသာသနာဝင် မဟုတ်သကဲ့သို့ ဖြစ်သွားရပါတော့သည်။ ဤသို့အပြောမတတ်၍ ဆဲရာရောက်သွားသည်ကို ခွင့်လွှတ်၍ရနိုင်သော်လည်း ဗုဒ္ဓသာသနာဝင် သူတော်စင်အားလုံး၏ ကိုယ်စားဟူသောစကားမှာကား ရိုးသားမှုမရှိဆုံးသော စကားဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ရှိ ဗုဒ္ဓသာသနာဝင် သူတော်စင်အပေါင်းတို့က ကျောက်သင်္ဘောသံဃာတော်များအား မဟုတ်မတရား လုပ်ကြံစွပ်စွဲပုတ်ခတ်ရန် ဆန္ဒပေးလိုက်သကဲ့သို့ ဖြစ်နေပါသည်။ ဤမျှလောက် ရိုးသားမှုကင်းဝေးနေပါလျက် မိမိတို့ကိုယ်ကို 'ရိုးသားစွာ'ဟု သုံးရဲကြသည်မှာ အရှက်မရှိ၍ပင် ဖြစ်ပါလိမ့်မည်။ သို့မဟုတ် မိမိစကားအနက်အဓိပ္ပါယ် ဘယ်ရောက်၍ ရောက်သွားမှန်းမသိ၍ပင် ဖြစ်ပါလိမ့်မည်။ ထိုအကြောင်းတရားနှစ်ပါး စုပေါင်းဆုံသွားသောကြောင့်လည်း ဖြစ်ပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ၊ ဘုရားတပည့်တော်တို့သည် တပည့်တော်တို့အပေါ် တင်ရှိနေသော သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် တင်သွင်းထားသော စောဒနာချက်များကို ဆက်လက်၍ သောဓနာပြုပါမည် ဘုရား။ အမှတ် ၁ မှ အမှတ် ၄ အထိ စောဒနာချက်များမှာ အခြေပြုရုံမျှသာရှိသေး၍ သောဓနာပြုရန် မလိုပါ ဘုရား။ ထို့ကြောင့် အမှတ်(၅) စောဒနာချက်မှ စတင်၍ သောဓနာပြုပါမည် ဘုရား။

အမှတ် (၅) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

ဗုဒ္ဓမြတ်စွာ၏ တပည့်သာဝကဖြစ်တော်မူသော ကျောက်သင်္ဘောဆရာတော်ဘုရားကြီးသည် ဗုဒ္ဓမြတ်စွာ၏ ရွှေနှုတ်တော်ထွက် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို အမှန်တကယ်ပုတ်ခတ်လိုသော မနောဆိုးဖြင့် ဟောကြားခဲ့သည်မဟုတ်ပါ။ တစုံတခုသော သဘောအဓိပ္ပာယ်ကို ဟောပြောရန် ရည်ရွယ်ရင်းက ချွတ်ချော်တိမ်းပါးသွားဟန်ရှိပါသည်။ ဤသို့ ဖြစ်နိုင်သော်လည်း စကားကျသက်သက်ဖြင့်ကြည့်ပါသော် ဤစကားများမှာ ဓမ္မက္ခန္ဓာများအပေါ် ပုတ်ခတ်ရာရောက်နေသဖြင့် နောက်ထပ်ရိုက်နှိပ်ရန် တည်းဖြတ်ထားသော စာမူတွင် ယင်းစာကြောင်းများကို ပယ်ထားခဲ့ပါသည်။ ကျောက်သင်္ဘောဆရာတော်ကြီးသည် ဤစကားများကို ဤတကြိမ်သာ ဟောကြားဘူးပါသည်။ ဘုရားတပည့်တော်တို့ကား ဤသို့သော စကားမျိုးကို လုံးဝမဟောကြားဘူးပါ ဘုရား။

အမှတ် (၆) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

ဤစောဒနာချက်ထဲ၌ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့က ဤအမှုနှင့်ပတ်သတ်၍ ဘုရားတပည့်တော်တို့အား စောဒနာခွင့်၊ သောဓနာခွင့်ပြုထားခြင်းသည် လောကဝတ်ကိုငဲ့၍ဟု ဆိုထားပါသည်။ ဤသို့နှစ်ဖက် ပုဂ္ဂိုလ်များကို အခွင့်အရေးပေးရခြင်းမှာ လောကဝတ်ကြောင့်မဟုတ်ပါ။ တနည်းအားဖြင့် အစိုးရ၏အလိုသို့ လိုက်လျောရန် မဟုတ်ပါ။ ဝိနည်းတော်လာ ပညတ်တော်များအရသာ ဖြစ်ပါသည်။ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာလည်း ဘုရားရှင်ပညတ်တော်မူခဲ့သော ဝိနည်းတော်နှင့် အညီအညွတ်သာ ဖြစ်ပါသည်။ ဤသို့အားဖြင့် ဝိနည်းတော်က ပေးအပ်လာသော သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူရသော နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော်ကြီးများကိုပင် လောကဝတ်ကိုငဲ့၍ ဆောင်ရွက်နေရကြောင်း စွပ်စွဲထားပါသည်။ အလွန်တရာ မွန်မြတ်လှစွာသော သာသနာ့တာဝန်ကြီးကို သေးသိမ်သွားအောင် ရှုတ်ချထားခြင်းလည်း ဖြစ်ပါသည်။ ထို့ပြင် သာသနာရေးရာ ကိစ္စများကို သံဃာတော်များကိုယ်တိုင် တာဝန်ယူ၍ ဆုံးဖြတ်တော်မူကြရန် နိုင်ငံတော်အစိုးရက အာဏာကုန်လွှဲအပ်ထားပြီး ဖြစ်ပါလျက် ယခုကိစ္စမှာ အစိုးရအလိုကျ ဆရာတော်ကြီးများက လုပ်ပေးနေရသကဲ့သို့ နိုင်ငံတော်အစိုးရကိုလည်း စွပ်စွဲထားလိုက်ပါသေးသည် ဘုရား။

အမှတ် (၇) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

အမှတ် ၄-စောဒနာချက်မှ ကောက်နတ်ချက်များအပေါ် စောဒကဆရာတော်များ၏ တဖက်သတ် သုံးသပ်တင်ပြချက်များ ဖြစ်ပါသည်။ နောက်ပိုင်း စောဒနာချက်များ၌ ဤအကြောင်းများ အကျယ် ဝေဖန်ချက်နှင့်တကွ လာမည်ဖြစ်၍ ထိုအချက်များကျမှ ကြောင်းကျိုးပြ၍ သောဓနာရန် ဖြစ်ပါသည်။ ယခု စောဒနာချက်ထဲတွင် အာဒိနိဗ္ဗာနဝါဒ ဟူသော စကား ပါရှိရာ ထိုဝါဒသည် ဘုရားတပည့်တော်တို့ သင်ယူဘူးသော ပိဋကတ်ကျမ်းဂန်များတွင် မပါဝင်၍ တပည့်တော်တို့ မဖြေရှင်းတတ်ပါဘုရား။ တပည့်တော်တို့ ဟောကြားသော နိဗ္ဗာန်မှာ ထေရဝါဒပိဋကတ်တော်လာ နိဗ္ဗာန်တရားတော်များသာ ဖြစ်ပါသည် ဘုရား။

အမှတ် (၈) စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

မိမိစောဒနာပြုလိုသော စာပိုဒ်သည် မည်သည့်စာပိုဒ်ဖြစ်ကြောင်း အတိအကျ ညွှန်ပြထားခြင်းမရှိ၍ သောဓနာပြုရန် ခက်နေပါသည်။ သို့ရာတွင် စောဒနာ၏ ဦးတည်ရာကို မှန်းဆရသော် (ဝ) အမှတ်စာပိုဒ် ဖြစ်နိုင်ပါသည်။ ဤသဘောမျိုး ဖော်ပြထားသော အခြားစာပိုဒ်များလည်း ဤသောဓနာချက်ထဲမှာ ပါဝင်ပြီး ဖြစ်သည်ဟု မှတ်ယူတော်မူကြပါ ဘုရား။

ဘုရားတပည့်တော်တို့ အလိုအားဖြင့် ပကတိစိတ်အရ ဝိညာဏစရိယ အမည်ရသော အာဝဇ္ဇန်းနှစ်ပါးနှင့် အဟိတ်ဝိပါက် ဝီထိစိတ်များကို ကောက်ယူပါသည်။ ဘဝင်စိတ်များကို မကောက်ယူပါ။ ဝိပဿနာ အရာတွင် ဘဝင်စိတ်ကို လက္ခဏာတင်ရန် မလွယ်ကူသောကြောင့် ဖြစ်ပါသည်။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်အရလည်း ဖြစ်ပါသည်။

ပဋိသမ္ဘိဒါမဂ် ပါဠိတော်၊ စရိယာနာနတ္တဉာဏနိဒ္ဒေသ၊ ဝိညာဏစရိယ အခန်းတွင် ဝိညာဏစရိယစိတ်များကို ပရိယာယ်အမျိုးမျိုးနှင့် ကောက်ပြပြီးနောက် နိဂုံးချုပ်ရာ၌ -

နိက္ကိလေသဋ္ဌေန၊ ကိလေသာမရှိသော အနက် သဘောဖြင့်၊ ဣဒံ စိတ္တံ၊ ဤ ဝိညာဏစရိယ အမည်ရသော ဤစိတ်သည်၊ ပကတိပရိသုဒ္ဓံ၊ ပကတိအားဖြင့် စင်ကြယ်၏ဟု ပြဆိုထားပါသည် ဘုရား။(ပဋိသံ၊၇၈။)

ပကတိ ပရိသုဒ္ဓံ- ဟူသော ပုဒ်ကို အဋ္ဌကထာကဖွင့်ပြရာတွင် (ပကတိယာဧဝ၊ သူ့အလိုလို နဂိုအတိုင်းကပင်လျှင်၊ ပရိသုဒ္ဓံ၊ စင်ကြယ်နေသော စိတ်) (ပဋိသံ၊ဋ္ဌ၊၁၊၂၆၆။)ဟု ပါရှိပါသည်။ မြင်ခြင်း၊ ကြားခြင်းစသော အဟိတ် ဝိပါက်ဝီထိစိတ်များနှင့် အာဝဇ္ဇန်းစိတ်နှစ်ပါးတို့သည် သူ့အလိုလို နဂိုအတိုင်းတိုင်းက စင်ကြယ်နေသည်ဟု ဆိုလိုပါသည်။ ဤစိတ်များကိုပင် တပည့်တော်တို့က အခေါ်ရ လွယ်ကူစေရန် ပကတိစိတ်ဟူ၍ အတိုချုံး၍ ခေါ်ဝေါ်ကြပါသည်။ ပကတိစိတ်ကိုမှ တဖန် နဂိုစိတ်ဟူ၍လည်း ဘာသာပြန်၍ ဟောကြားကြပါသည်။ နဂိုအတိုင်းတိုင်း မနေပဲ ကိလေသာယှဉ်စပ်ကြသော အကုသိုလ်စိတ်များကို နဂိုစိတ်နှင့် ကာရန်တူ ယူပြီး အပိုစိတ်ဟူ၍ ခေါ်ဝေါ်ကြပါသည်။ နဂိုစိတ် အပိုစိတ် ဝေါဟာရများနှင့် ပတ်သတ်၍ ဝဒန္တပုဂ္ဂိုလ်ဖြစ်သော တပည့်တော်တို့၏ နှလုံးသွင်း အာဘောဂကို လျှောက်ရခြင်း ဖြစ်ပါသည် ဘုရား။

ဗာဟိယသုတ္တန် ဒေသနာတော်အရ ကိလေသာမယှဉ် စင်ကြယ်နေသော ပကတိစိတ်များ အတိုင်းတိုင်း သူတို့နောက်မှာ ဖြစ်ပေါ်လာကြမည့် ဇောစိတ်များကိုလည်း ကိလေသာ မယှဉ်သေးသည့် အတိုင်းတိုင်း ထားနိုင်ရန်၊ ဝါ-ကိလေသာမယှဉ် စင်ကြယ်သော ဝိပဿနာဇောများ ပွားနိုင်ကြရန် ဖြစ်ပါသည်။ ထိုသဘောကိုပင် တပည့်တော်တို့က စိတ် စိတ် အတိုင်းထားဟု ဆောင်ပုဒ်ပြု၍ ဟောကြားကြပါသည်။ စိတ် စိတ် အတိုင်းတိုင်းထား ဟူသော ဆောင်ပုဒ်၏ အနက်အဓိပ္ပာယ်အပြည့်အစုံကို အမှတ်-၁၂၊၁၃ စောဒနာချက်များကို သောဓနာပြုရာတွင်မှ လျှောက်ထားပါတော့မည် ဘုရား။

ဤသို့သော ဒေသနာတော်နည်းအရ စိတ်ကို စိတ်အတိုင်းတိုင်းမထားနိုင်ကြပါလျှင် ပကတိစိတ်မှာ ကိလေသာ ယှဉ်လာတတ်ပါသည်။ ယှဉ်သည်ဆိုသော်လည်း စေတသိက လက္ခဏာလေးပါးအရ ယှဉ်ခြင်းကို မဆိုလိုပါ။ ပကတိစိတ်များနောက်တွင် ကိလေသာယှဉ်သောဇောစိတ်များ ဖြစ်ပေါ်လာခြင်းကိုပင် နီးစပ်ရာ၌ တင်စား၍ ဆိုခြင်းသာ ဖြစ်ပါသည်။ ဤသို့ မိမိနောက်မှာ လောဘ၊ ဒေါသဇောများ စောလာသောကြောင့်ပင် လောဘ ဒေါသနှင့် နေရသည်ဟု တင်စား၍ ဆိုရပါသည်။ လောဘ ဒေါသတွေ ဖြစ်နေလျှင်လည်း လောဘ ဒေါသတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်တရားနှင့် နေရခြင်းကိုလည်း ဥပစာအားဖြင့် ဟောကြားခြင်းသာ ဖြစ်ပါသည်။

သစ္စဝိဘင်း ပါဠိတော် သမုဒယသစ္စနိဒ္ဒေသ၌ စက္ခု လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ-စသည်ဖြင့် ဟောတော်မူပါသည်။ တဏှာဟူသော သမုဒယသစ္စာ၏ အမှီအတွယ်ပြုရာ ဌာနများကို ဖော်ပြ၍ ထိုဌာနများမှာ အခြေခံ၍ သမုဒယသစ္စာကို အကျယ် ဝေဖန်ထားပါသည်။

ထို့အတူ နိရောဓသစ္စာနိဒ္ဒေသမှာလည်း -

စက္ခုလောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။- စသည်ဖြင့် ဟောကြားတော်မူပါသည်။ တဏှာ၏ အမှီအတွယ် ပြုရာဌာနများပင် တဏှာ၏ ချုပ်ရာ နိရောဓသစ္စာကို ဟောကြားတော်မူပါသည်။ ဤတရားများကို မှီတွယ်၍ ဖြစ်တတ်သော တဏှာသည် ချုပ်တော့လည်း ဤ တရားများမှာပင် ချုပ်သည်ဟု ဆိုလိုပါသည်။ ဤသဘောများကို ရည်ညွှန်း၍ မြက်မှာလောင်သောမီးသည် မြက်မှာပင် ငြိမ်းသည်ဟူ၍ လည်းကောင်း၊ ထင်းမှာ လောင်သောမီးသည် ထင်းမှာပင် ငြိမ်းသည်ဟူ၍ လည်းကောင်း သုတ္တန်ဒေသနာတော်များ၌ ဥပမာပေး၍ ဟောကြားတော်မူပါသည် ဘုရား။

ဤသို့ ဒုက္ခနိရောဓသစ္စာကို တဏှာချုပ်ငြိမ်းခြင်းဖြင့် ဟောတော်မူရခြင်း အကြောင်းရင်းကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ဣန္ဒြိယသစ္စနိဒ္ဒေသ၊ နိရောဓနိဒ္ဒေသကထာမှာ ဤသို့ ရှင်းပြထားပါသည်။

ဣတိ၊ ဤသို့ ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠှေ- (ဓမ္မပဒ၊၆၂။) စသည်ဖြင့် ဓမ္မပဒပါဠိတော်မှာ ဟောကြားထားသည့်အတိုင်း။ ယသ္မာ၊ အကြင့်ကြောင့်။ သမုဒယနိရောဓနေဝ၊ သမုဒယ၏ ချုပ်ခြင်းကြောင့်သာလျှင်။ ဒုက္ခံ၊ ဒုက္ခသည်။ နိရုဇ္ဈတိ၊ ချုပ်၏၊ တသ္မာ၊ ထို့ကြောင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဒုက္ခနိရောဓံ၊ ဒုက္ခချုပ်ငြိမ်းရာကို။ ဒေသေန္တော၊ ဟောတော်မူသည်ရှိသော်။ သမုဒယနိရောဓနေဝ၊ သမုဒယချုပ်ခြင်းဖြင့်သာလျှင်။ ဒေသေတိ၊ ဟောတော်မူပြီ -ဟု ရှင်းပြထားပါသည်။

ထိုမှဆက်လက်၍ ဘုရားရှင်တို့သည် ဒုက္ခချုပ်ငြိမ်းရေးအတွက် ကိုယ်တိုင် ကျင့်သုံးတော်မူရာတွင် လည်းကောင်း၊ ဒုက္ခချုပ်ကြောင်း နည်းလမ်းကောင်းများကို ဟောပြရာတွင် လည်းကောင်း၊ အကြောင်းတရားမှာသာ ကျင့်သုံးကြကြောင်း၊ ထို့ကြောင့် ဘုရားရှင်တို့ အပြုအမူသည် ခြင်္သေ့မင်း၏ အပြုအမူနှင့်တူကြောင်း ဖွင့်ဆိုထားပါသည်။ ခြင်္သေ့မင်းအား တစုံတယောက်က ခဲနှင့် ပစ်ပေါက်လိုက်လျှင် ခြင်္သေ့မင်းသည် ကျလာသော ခဲကို ပမာဏမထားပဲ ပစ်ပေါက်သော လက်သည်ကိုသာ တချက်ထဲနှင့် ကိုက်ဘိသကဲ့သို့ဖြစ်ကြောင်း ဋီကာဆရာက ထပ်ဆင့်၍ ဖွင့်ဆိုထားပါသည် ဘုရား။

ဤသို့အားဖြင့် ဒုက္ခနိရောဓသစ္စာကို တဏှာချုပ်ငြိမ်းခြင်းဖြင့် ပြဆိုရာတွင် တဏှာ၏ မှီတွယ်ရာ ကျက်စားရာဌာနများ၌ ဘုရားရှင်က တင်စား၍ ဟောတော်မူပါသည်။ နိဗ္ဗာန်သည် ဤတရားများနှင့် မကွဲမပြားတသားထဲ ပေါင်းနေသည်၊ ရောနေသည်ဟု မဆိုလိုပါ။ တဏှာသည် ဖြစ်ခြင်းဖြစ်လျှင် ဤအရာဌာနများမှာ ဖြစ်ရသကဲ့သို့ ဖြစ်သဘောမရှိ၍ ချုပ်နေပြန်တော့လည်း ဤအရာဌာနများပင် ချုပ်သည်ဟု သိလွယ်မြင်လွယ်အောင် ဟောတော်မူခြင်း ဖြစ်ပါသည်။ ရောဟိတဿသုတ္တန် (သံ၊၁၊၆၀။)ဒေသနာတော်လာ သစ္စာလေးပါးလုံးကို ကိုယ်ခန္ဓာနှင့် ယှဉ်စပ်ပြရာတွင်လည်း ဤသဘောအတိုင်းသာ ဖြစ်ပါသည် ဘုရား။

ထိုကဲ့သို့သော ဒေသနာတော်ကို အမှီပြု၍ တပည့်တော်တို့ကလည်း စိတ်ကို ပရိကံထား၍ ဟောကြားကြသည့် အားလျော်စွာ ပကတိစိတ်မှာ လောဘ ဒေါသတွေ ယှဉ်မလာလျှင် ထိုလောဘ ဒေါသတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်တရားနှင့် နေပြီးသားဟု တင်စား၍ ဟောကြားပါသည်။ ပကတိစိတ်နှင့် နိဗ္ဗာန်တို့ အာရုံ အာရမ္မဏိက ပစ္စည်း ဆက်နေခြင်းကို မဆိုလိုပါ ဘုရား။

ထို့ကြောင့် စောဒနာချက်မှာ ပါဝင်သော အနက်အဓိပ္ပာယ်သည် စောဒနာ ဆရာတို့၏ အာဘော်သာဖြစ်၍ ဝဒန္တပုဂ္ဂိုလ်ဖြစ်သော ဘုရားတပည့်တော်တို့၏ အာဘော်များကား အထက်ပါ သစ္စဝိဘင်းပါဠိတော်၊ ပဋိသမ္ဘိဒါမဂ် ပါဠိတော်နှင့် ဝိသုဒ္ဓမဂ် အဋ္ဌကထာကြိးတို့၏ ဖွင့်ဆိုချက်ဘောင်အတွင်းကသာ ဖြစ်ပါသည် ဘုရား။

အမှတ်-၉ စောဒနာချက်မှာလည်း အမှတ်-၈နှင့် မထူးသဖြင့် သီးသန့် သောဓနာပြုရန် မလိုတော့ပါ ဘုရား။

အမှတ် (၁၀) စောဒနာချက်ကို သောဓနာပြုချက်ပါ ဘုရား

ဤစောဒနာချက်၏ ဦးတည်ရာမှာ (ဟ)အမှတ် (ဠ)အမှတ် ကောက်နုတ်ချက်များ ဖြစ်ပါလိမ့်မည်။ ထိုတွင် (ပကတိစိတ်မှာ အို နာ သေ ဝိပါကဝဋ်ကြီးက လွတ်ပြီးသား ကျွတ်ပြီးသား) ဟူသော ဝိမုတ္တိသာသနာ ကောက်နုတ်ချက်ကား အာရုံအကြောင်းနှင့် မဆိုင်ပါ။ နိဗ္ဗာန်ကို သစ္ဆိကရဏ ကိစ္စဖြင့် မျက်မှောက်ပြုပြီးသော အရိယာပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာတွင် အို နာ သေ ဝိပါကဝဋ်တရားကြီးက နှိပ်စက်နေသော်လည်း ထိုပုဂ္ဂိုလ်၏ အသိစိတ်မှာတော့ အို နာ သေ လွတ်ရာ နိဗ္ဗာန်ကို အာရုံပြုနေကြောင်းကို ဆိုလိုပါသည်။ ပကတိစိတ်ဟူသော စကားတို့၌ ပကတိသဒ္ဒါ အပိုပါသွားပါသည်။ နောက်နောင် ဤစာအုပ်ရိုက်ဖြစ်လျှင် ဤပကတိသဒ္ဒါကို ပယ်ဖျက်ရန် တည်းဖြတ်ထားပြီး ဖြစ်ပါသည် ဘုရား။

ဤကောက်နုတ်ချက်များ၌ ပါဝင်သော ဣဋ္ဌာရုံ အနိဋ္ဌာရုံများမှာ အဘိဓမ္မာမှာ လာရှိသော ဣဋ္ဌာရုံ အနိဋ္ဌာရုံများကို တိုက်ရိုက်ဆိုလိုခြင်း မဟုတ်ပါ။ ချစ်အာရုံ၊ မုန်းအာရုံ၊ ဝါ၊ ချစ်စိတ်၏ အာရုံဖြစ်သော သုဘနိမိတ်၊ မုန်းစိတ်၏ အာရုံဖြစ်သော ပဋိဃ နိမိတ် စသည်တို့ ဖြစ်ပါသည်။

ထိုအာရုံတို့ကို တကယ်တမ်း ဆန်းစစ်ကြည့်လျှင် ရူပါရုံ သဒ္ဒါရုံ စသော အာရုံခြောက်ပါး တရားအစုတို့သာ ဖြစ်ပါသည်။ ထိုတရားအစုထဲ၌ ချစ်စရာဟူ၍လည်း မရှိပါ။ မုန်းစရာ ဟူ၍လည်း မရှိပါ။ ချစ်စိတ်နှင့် တွေးယူမှ ချစ်စရာဟူ၍ ဖြစ်လာရပါသည်။ မုန်းစိတ်နှင့် တွေးမှ မုန်းစရာဟူ၍ ဖြစ်လာရပါသည်။ ဤသည်ကို ပါဠိတော်များက အယောနိသော မနသိကာရဟု ပြဆိုကြပါသည်။ (ယောနိသော) ဟူသောပုဒ်ကို အဋ္ဌကထာများက (ပထသော)ဟု ဖွင့်ပြကြသည့်အတိုင်း (အယောနိသော)ဟူသော ပုဒ်ကိုလည်း (ဥပ္ပထသော)ဟု ဖွင့်ဆိုရန် ရှိပါသည်။ နည်းမှန် လမ်းကျ မဟုတ်သော နှလုံးသွင်းခြင်း၊ ဝါ၊ အရှိကို အရှိအတိုင်း မရှုမြင်ပဲ တကယ်မရှိသော အရိပ်အရောင်တို့ကို နှလုံးသွင်းခြင်းကို အယောနိသော မနသိကာရဟု ဆိုရပါသည်။ ထိုသို့ နှလုံးသွင်းမှားသောကြောင်းသာလျှင် ကာမစ္ဆန္ဒနှင့် ဗျာပါဒတို့ ဖြစ်ပေါ်လာကြောင်း၊ ဖြစ်ပေါ်လာပြီး နောက်မှာလည်း ဆတက်ထမ်းပိုးတိုး၍သာလာကြောင်း ဗောဇ္ဈင်္ဂသံယုတ်၊ ကာယသုတ်ပါဠိတော် (သံ၊၃၊၅၈။)မှာ ဟောကြားထားပါသည်။ ယောက်ျား၊ မိန်းမ၊ ပုပုဝဝ စသော အာရုံတို့မှာလည်း ထို့အတူ တကယ်မရှိသော အရိပ်အယောင်များသာ ဖြစ်ပါသည် ဘုရား။

ထိုထို နိမိတ် အရိပ်အရောင်တို့သည် ရူပါရုံစသော အာရုံခြောက်ပါး တရားအစုတို့ကဲ့သို့ ပရမတ္ထ သဘာဝအားဖြင့် ရှိနေကြသည် မဟုတ်ပါ။ မသင့်မတင့် နှလုံးသွင်းသော စိတ်ကြောင့်သာ စိတ်နှင့်ယှဉ်စပ်၍ ထင်ဟပ်လာကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် စိတ်တခုခုနှင့် ပြုမပေးရင် အရှင်းမရှိ၊ ဘိတ်မရှိ၊ ရှင်းရှင်းကြီး ကင်းစင်နေ၏ ဟု ရေးသားကြရခြင်း ဖြစ်ပါသည်ဘုရား။

ဤသဘောနှင့် ဆက်လက်၍ အတိတ်အနာဂတ် အာရုံများကိုလည်း လျှောက်ထားလိုပါသည်။ ကထာဝတ္ထု ပါဠိတော်၊ နဝမဝဂ်၊ အတီတာနာဂတာရမ္မဏ ကထာတွင် ဤအာရုံများ အကြောင်းကို အပြန်အလှန် ဆွေးနွေးထားပါသည်။ ပရဝါဒီ ပုဂ္ဂိုလ်က အတီတာရမ္မဏစိတ်၊ အနာဂတာရမ္မဏစိတ်တို့မှာ အာရုံမရှိဟု ယူဆပါသည်။ သကဝါဒီ ပုဂ္ဂိုလ် အတီတာရမ္မဏစိတ်၊ အနာဂတာရမ္မဏစိတ်ဟု ဆိုထားသဖြင့်ပင် ထိုစိတ်များမှာ အာရုံရှိနေကြောင်း ရှင်းပြပါသည်။ ထိုအဆိုကိုပင် မကျေနပ်သေး၍ ပရဝါဒီ ပုဂ္ဂိုလ်က အတိတ် အနာဂတ် တရားတို့သည် ယခု ပစ္စုပ္ပန်ဆဲဆဲတွင် မရှိသည် မဟုတ်လောဟု မေးခွန်းထုတ်ရာ သကဝါဒီ ပုဂ္ဂိုလ်က (အာမန္တာ) ဟု ဖြေဆိုရပါသည် ဘုရား။

ဤအမေးအဖြေများကို ထောက်သောအားဖြင့် အတိတ်အနာဂတ်အာရုံများသည်လည်း အာရုံပြုနေဆဲဆဲ ကာလတွင် ဥပါဒ်ဌီဘင်အားဖြင့် အထင်အရှား မရှိကြပါ။ သို့သော် ထိုအာရုံများ မရှိဟုလည်း မဆိုရပါ။ သကဝါဒီ တင်ပြခဲ့သည့်အတိုင်း ထိုအတိတ်အနာဂတ် တရားများကို အာရုံပြုခြင်း၊ တမ်းတခြင်း စသည် ရှိနေသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ထိုအာရုံများမှာလည်း သူတို့ဘာသာ ပရမတ္ထသဘာဝအားဖြင့် ထင်ရှားရှိနေသော တရားတို့ မဟုတ်ပါ။ အာရုံပြုခြင်း၊ တမ်းတခြင်း စသောစိတ်များနှင့် ယှဉ်စပ်၍ ထင်ဟပ်လာကြသော အာရုံများသာ ဖြစ်ပါသည်။ ဝိမုတ္တိသာသနာ စာအုပ်မှ ကောက်နုတ်ချက်သည် ဤသဘောကို ရေးသားထားခြင်း ဖြစ်ပါသည်။ သို့ရာတွင် အကယ်၍ ယခု တင်ပြသော သဘောတရားနှင့် စာအုပ်မှာ ရှိနေသော အရေးအသားတို့ တသားထဲ မကျပါသေးလျှင် စာအုပ်မှာပါသော စာများကို ပြုပြင်ရန် ဖြစ်ပါသည် ဘုရား။

အမှတ်-၁၁ စောဒနာချက်ကို သောဓနာ ပြုချက်ပါဘုရား

ရှေ့ပိုင်းမှာတုန်းက တပည့်တော်တို့သည် နဂိုစိတ်အရကောက်ရာတွင် ပဘဿရမိဒံ စသော အင်္ဂုတ္တရ ပါဠိတော်ကို ကိုးကားခဲ့ကြဘူးပါသည်။ နောက်ပိုင်းမှာကား အဋ္ဌကထာနှင့် ဆန့်ကျင်နေမည်ဖြစ်၍ ထိုပါဠိကို မကိုးတော့ဘဲ (ပကတိပရိသုဒ္ဓမိဒံ စိတ္တံ နိက္ကိလေသဋ္ဌေနာတိ -- ဝိညာဏစရိယာ။) (ပဋိသံ၊၇၈။)ဟူသော ပါဠိကိုသာ ကိုးကားကြပါသည်။ သစိတ္တပရိယောဒပနံ (ဒီ၊၂၊၄၂။)ဟူသော ပါဠိမှာလည်း အရဟတ္တဖိုလ်ကို ဟောကြားသော စကားဖြစ်နေ၍ ပကတိစိတ်အတွက် သက်သေ မထူကြတော့ပါ ဘုရား။

ကျောက်သင်္ဘော ဆရာတော်ဘုရားကြီးသည် မည်သည့်အဓိပ္ပာယ်ဖြင့် ဖိုလ်စိတ်ကို အတိုင်းတိုင်းထားသည်ဟု မဆိုနိုင်ပါ။ စိတ်အတိုင်းတိုင်းထား၍ ပွားများသော ဘာဝနာ၏ အကျိုးတရားအဖြစ်ဖြင့် ဟောခြင်းဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် တပည့်တော်တို့ကား အတိုင်းတိုင်းထားရသော ဝိပဿနာနှင့် ဖိုလ်စိတ်တို့ ရောထွေးသွားမည်စိုး၍ ဤကဲ့သို့ ဟောလည်း မဟောကြပါ။ ရေးလည်း မရေးကြပါ ဘုရား။

အမှတ်-၁၂ စောဒနာချက်ကို သောဓနာ ပြုချက်ပါဘုရား။

အတိုင်းတိုင်း ဋီကာကျမ်းဆရာ ကိုးကားထားခြင်းမှာ အတိုင်းတိုင်းမထားသော စိတ်နှင့် အတိုင်းတိုင်းထားသော စိတ်များအတွက်သာဖြစ်၍ သရာဂစိတ်စသော ရှေ့ပိုင်းစိတ်များသည် အတိုင်းတိုင်း မထားသော စိတ်များဖြစ်၍ ဝီတရာဂစိတ် စသော စိတ်များသည် အတိုင်းတိုင်းထားသော စိတ်များဖြစ်ပါသည်။ ထို့ကြောင့် သာဓကသာဓျ နှစ်ဌာန ဟပ်မိနေပါသည်။ အတိုင်းတိုင်းထားပုံ အပြည့်အစုံကိုကား အမှတ်-၁၃ စောဒနာချက်ကို သောဓနာပြုရာတွင်မှ လျှောက်ထားပါမည် ဘုရား။

အမှတ်-၁၃ စောဒနာချက်ကို သောဓနာ ပြုချက်ပါဘုရား။

ဤစောဒနာချက်တွင်လည်း စောဒကဆရာတော်တို့၏ မရိုးသားသော စိတ်သဘောကို အထင်းသား အရှင်းသား ဖော်ပြလျက် ရှိကြပါသည်။ စောဒက ဆရာတော်များ ပထမဦးစွာ ကိုးကားသော ပါဠိမှာ-

သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထ ကာမနိပါတိနံ-

ဟူ၍ ဖြစ်ပါသည်။ ထိုပါဠိမှာ ဂါထာတဝက်မျှသာ ရှိပါသေးသည်။ ကျန်တဝက်ကား။

စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ-(ဓမ္မပဒ၊၁၈။)

ဟူ၍ ဖြစ်ပါသည်။ ဓမ္မပဒ ပါဠိတော် စိတ္တဝဂ်၊ အညတြ ဥက္ကဏ္ဌိတ ဘိက္ခုဝတ္ထုမှ ဖြစ်ပါသည်။ စောဒက ဆရာတော်များက မိမိ ကိုးကားသော ပါဠိကိုပင် ဘယ်ကရကြောင်း ထုတ်ဖော်ထားခြင်းမရှိ၍ တပည့်တော်တို့က ဖြည့်စွက် လျှောက်ထားရခြင်း ဖြစ်ပါသည် ဘုရား။

ပထမ ဂါထာဝဂ်၏ အနက်အဓိပ္ပါယ်မှာ အလွန် မြင်နိုင်ခဲထသော အလွန် သိမ်မွေ့လှသော အလိုရှိရာ အာရုံသို့ ကျရောက်လေ့ ရှိထသော ဟူ၍ဖြစ်ပါသည်။ စိတ္တံဟူသော ဝိသေသပုဒ်ကား တမင်ချန်ထားသော နောက်တဝက်ထဲမှာ ရှိနေ၍ ဝိသေသန တန်းလန်း ဖြစ်နေရပါသည်။ မိမိ စိတ်သန္တာန်ကို ပြန်လည်သုံးသပ် ဆင်ခြင်တတ်သော အတတ်ပညာမျိုး မရပါက ငါးဝအာရုံ ကာမဂုဏ်တို့ကို ဟိုခုန်သည်ကူး မြူးချင်တိုင်းမြူး၍ နေသောစိတ်ကို သိနိုင်မြင်နိုင်ခဲလှကြောင်း၊ အလွန်သိမ်မွေ့လှကြောင်း ဟောကြားထားခြင်း ဖြစ်ပါသည်။ သို့ရာတွင် ထိုမျှလောက် မြင်နိုင်ခဲလှသော ထိုမျှလောက် သိမ်မွေ့လှသော ထိုမျှလောက် အပြောင်းအလဲမြန်လှသော စိတ်ကို စောင့်ရှောက် မရဟူ၍ကား ဘုရားမဟောပါ။ စောင့်ရှောက်၍ ရသောကြောင့်ပင် နောက်ဂါထာတဝက်ကို ဆက်လက်၍ ဟောကြားတော်မူခြင်း ဖြစ်ပါသည်။ ဝိပဿနာ ဉာဏ်ပညာရှိသောသူသည် ထိုစိတ်ကို စောင့်ရှောက်ရာ၏၊ စောင့်ရှောက်နိုင်လျှင် ချမ်းသာကို ဆောင်၏-ဟူ၍ အကျိုးအာနိသင်နှင့်တကွ ဟောပြတော်မူပါသည်။

စိတ်ကို စောင့်ရှောက်ခြင်းဟူသည်မှာ လောဘ ဒေါသ စသော ကိလေသာတွေ မယှဉ်သေးသော ပကတိစိတ်အတိုင်းတိုင်း ကိလေသာမယှဉ်သော ဝိပဿနာဇောများကိုထား၍ ပွားများခြင်းပင် ဖြစ်ပါသည်။ အတိုချုပ်အားဖြင့် စိတ် စိတ်အတိုင်းတိုင်းထား၍ စောင့်ရှောက်ခြင်း ဖြစ်ပါသည်။ ဤသဘောအဓိပ္ပာယ်ကို ဖော်ပြသော ပါဠိကိုကား တမင်သက်သက် ချန်ထားခဲ့ကြပါသည်။ ကျောက်သင်္ဘော တိုက်ဖျက်ရေးအတွက်ဆိုလျှင် ဘုရားဟော ပါဠိတော်ကြီးကိုပင် မလိုလျှင် မလိုသလိုဖဲ့၍ ထုတ်ရဲသူများ ဖြစ်ပါသည် ဘုရား။

ဘယ်လိုပင် ဖဲ့၍ထုတ်သော်လည်း တရားတော်၏ တန်ခိုးအရှိန်စော် အာနုဘော်ကို မလွန်ဆန်နိုင်သဖြင့် နောက်ဆုံးဂါထာကိုကား တစ်ပုဒ်လုံး ပါလာရပါတော့သည်။

ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။ (ဓမ္မပဒ၊၁၈။)

ဤပါဠိကား စိတ် စိတ်အတိုင်းတိုင်း ထားနိုင်ကြောင်း သက်သေကောင်းတစ်ခုပင် ဖြစ်ပါသည်။

ဤနေရာ ဤဌာနတွင် အကြောင်းဆိုက်လာသည့်အခိုက် စောဒနာချက်နှင့်လည်း တိုက်ဆိုင်နေ၍ စိတ် စိတ်အတိုင်းတိုင်းထားပုံကို ပြည့်ပြည့်စုံစုံ လျှောက်ထားလိုပါသည် ဘုရား။

စိတ် စိတ်အတိုင်းတိုင်းထား ဟူသောစကားတွင် မြန်မာဘာသာ ဝိဘတ်တစ်လုံး ကျေနေပါသည်။ ကျေနေသော ဝိဘတ်ကိုပါ ထုတ်ဆောင်၍ ဆိုရပါလျှင် စိတ်ကို စိတ်အတိုင်းတိုင်းထားဟူ၍ ဖြစ်ပါသည်။ ဘယ်စိတ်ကို ထားရမည်ဆိုလျှင် ဇောစိတ်ကို ထားရပါမည်။ ဘယ်စိတ်အတိုင်းတိုင်း ထားရမလဲဆိုလျှင် ကိလေသာမယှဉ် စင်ကြယ်သော ပကတိစိတ်အတိုင်းတိုင်း ထားရပါလိမ့်မည်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၊ စရိယာနာနတ္တဉာဏနိဒ္ဒေသမှာ လာရှိသော ဝိညာဏစရိယာစိတ်များကို ပကတိစိတ်အရ ကောက်ယူရပုံကို ရှေ့နားမှာ လျှောက်ထားခဲ့ပါပြီ၊ ယခု ထိုပကတိစိတ်များအတိုင်းတိုင်း ဇောစိတ်ကို ထားနိုင်ပုံ သိသာထင်ရှားစေရန် ဥဒါန်းပါဠိတော်မှ ဗာဟိယသုတ္တန်နှင့် သာဓကပြုလိုပါသည် ဘုရား။

သာဝတ္ထိမြို့တော်တွင်းမှာ ဆွမ်းခံတော်မူနေစဉ်တွင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဗာဟိယအား ဟောကြားတော်မူသည်မှာ-

တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ။ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ။ ဧဝဥှိ တေ ဗာဟိယ သိက္ခိတဗ္ဗံ။ (ဒီ၊ဋီ၊၁၊၂၄၆။)

ဗာဟိယ၊ ဗာဟိယ။ တသ္မာ၊ သင်၏ဣန္ဒြေများ ရင့်ကျက်လာသောကြောင့်။ တေ၊ သင်သည်။ ဧဝံ၊ ဤသို့ ငါဘုရား ဟောကြားသည့်အတိုင်း။ သိက္ခိတဗ္ဗံ၊ ကျင့်သုံးအပ်၏၊ ဝါ၊ ကျင့်သုံးပါလေ။ ဒိဋ္ဌေ၊ မြင်သည်၌။ ဒိဋ္ဌမတ္တံ၊ မြင်ကာမျှသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သုတေ၊ ကြားသည်၌။ သုတမတ္တံ၊ ကြားကာမျှသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ မုတေ၊ နံသည်၌။ မုတမတ္တံ၊ နံကာမျှသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ မုတေ၊ စားသည်၌။ မုတမတ္တံ၊ စားကာမျှသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ မုတေ၊ ထိသည်၌။ မုတမတ္တံ၊ ထိကာမျှသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဝိညာတေ၊ သိသည်၌။ ဝိညာတမတ္တံ၊ သိကာမျှသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဗာဟိယ၊ ဗာဟိယ။ ဧဝဥှိ=ဧဝံ ဧဝ၊ ဤကဲ့သို့ ငါဘုရား ဟောကြားသည့်အတိုင်းသာလျှင်။ တေ၊ သည်သည်။ သိက္ခိတဗ္ဗံ၊ ကျင့်သုံးအပ်၏၊ ဝါ၊ ကျင့်သုံးပါလေ။

မုတသဒ္ဒါသည် နံခြင်း, စားခြင်း, ထိခြင်း သုံးမျိုးကို ရည်ညွှန်းထားသဖြင့် သုံးမျိုးခွဲ၍ အနက်ပေးလိုက်ပါသည်။ ဤဒေသနာတော်၏ လိုရင်းမှာ မြင်လျှင် မြင်ကာမတ္တ စသည်ဖြင့် ဒွာရအာရုံ ၆-ပါး ဆုံလေတိုင်း ကိလေသာမနှောသေးသော ပကတိစိတ် အတိုင်းတိုင်းထားရန် ဖြစ်ပါသည်။

ဤသဘောကို ပါဠိတော်သက်သက်ဖြင့် မထင်ရှားသေးပါ။ အရှင်ဓမ္မပါလ၏ အဋ္ဌကထာ ဖွင့်ဆိုချက်ထဲကျခါမှ ပိုမို၍ ထင်ရှားလာပါသည်။

ဒိဋ္ဌေ ဒိဋ္ဌမတ္တစသော ပါဠိတော်ကို အဋ္ဌကထာဆရာ အရှင်ဓမ္မပါလ က သဒ္ဒါနည်းအရ အဘိဓမ္မာနည်းအရ အမျိုးမျိုး ဖွင့်ပြထားပါသော်လည်း လိုရင်းပိဏ္ဍတ္ထဝါကျကိုသာ လျှောက်ထားပါတော့မည်ဘုရား။

ဣဒံ အယံ အဓိပ္ပါယော၊ ဤသို့သော အဓိပ္ပါယ်ကို။ ဝုတ္တံ ဝုတ္တော၊ ဆိုလိုသည်။ ဟောတိ၊ ဖြစ်၏၊ ယထာ အာပါထဂတေ၊ စက္ခုဒွါရမှာ ထင်လာတိုင်းသော။ ရူပေ၊ ရူပါရုံ၌။ စက္ခုဝိညာဏံ၊ စက္ခု၊ ဝိညာဏ်စိတ်သည်။ န ရဇ္ဇတိ၊ လောဘဖြင့် မတပ်မက်။ န ဒုဿတိ၊ ဒေါသဖြင့် မပြစ်မှား။ န မုယှတိ၊ မောဟဖြင့် မတွေဝေ။ ဧဝံ၊ ဤသို့။ ရာဂါဒိဝိရဟေန၊ ရာဂစသည်မှ ကင်း၍နေသော။ စက္ခုဝိညာဏ မတ္တမေဝ၊ စက္ခုဝိညာဏ်စိတ်မျှဖြင့်သာလျှင်။ မေ၊ ငါ၏၊ ဇဝနံ၊ ဇောစိတ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ စက္ခုဝိညာဏပ္ပမာဏေနေဝ၊ စက္ခုဝိညာဏ်စိတ် အတိုင်းတိုင်းသာလျှင်။ ဇဝနံ၊ ဇောစိတ်ကို။ ဌပေဿာမိ၊ ထားအံ့။ ဣတိ၊ ဤကား ဆိုလိုသော အနက်အဓိပ္ပါယ်ပေတည်း။

စိတ်ကို စိတ်အတိုင်းတိုင်းထားရမည် ဟူသောစကားကို တိုက်ရိုက်အားဖြင့် ထင်ထင်ရှားရှား ဖွင့်ဆိုထားခြင်းဖြစ်ပါသည်။ ဤတွင် မြင်စိတ်ဟူရာ၌ စက္ခုဝိညာဉ်စိတ်သက်သက်ကိုသာ မဟုတ်ပါ။ ပဉ္စဒွါရာဝဇ္ဇန်းမှစ၍ သန္တိရဏတိုင်အောင် မြင်ခြင်းနှင့် သက်ဆိုင်သော စိတ်များလည်း အပါအဝင်ဖြစ်ပါသည်။ ထိုမြင်စိတ်အစုတွင် လောဘ ဒေါသ မောဟမှစ၍ ကိလေသာများ မယှဉ်သေးသည့်အတိုင်း သူ့နောက်မှာပေါ်လာမည့် ဇောစိတ်ကို ထားပါ၊ ကိလေသာတွေ ဖြစ်လာအောင် အကြောင်းပြုမပေးသောအားဖြင့် ကိလေသာကင်းသော ဝိပဿနာဇောစိတ်များကို ထားပါဟုဆိုလိုပါသည်။ ဇောကို ဆိုသဖြင့် သူ့ရှေ့က' ကပ်နေသော ဝုဋ္ဌောလည်း ပါပြီးဖြစ်ပါသည်။ မြင်စိတ်ကို ဆိုသဖြင့် ကြားစိတ် နံစိတ် စသည်များကိုလည်း သိမ်းယူပြီး ဖြစ်ပါသည် ဘုရား။

မြင်ရုံ မြင်ကာမျှ စသောစိတ်များတွင် ကိလေသာမယှဉ် စင်ကြယ်နေကြသဖြင့် ပကတိ ပရိသုဒ္ဓစိတ်ဟူ၍ ပဋိသမ္ဘိဒါမဂ် ပါဠိတော်က ပြဆိုထားပါသည်။ ထိုပကတိစိတ်များသည် မိမိတို့ သက်ဆိုင်ရာအာရုံကို သိရုံသိကာမျှ အာရုံပြုကာမျှသာ ဖြစ်ပါသည်။ ထင်လာမြင်လာသော အာရုံပေါ်၌ လိုချင်စရာဟူသော သုဘနိမိတ် အရိပ်အရောင် မုန်းချင်စရာဟူသော ပဋိဃနိမိတ် အရိပ်အရောင်များ မပါသေးပါ။ ထိုအရိပ်အရောင်များကား အယောနိသော မနသိကာရကြောင့်သာ ပေါ်လာကြရပါသည်။ အရှိကိုအရှိအတိုင်း သဘောမထားဘဲ လိုချင်စိတ်နှင့် တွေးလိုက်၍သာ လိုချင်စရာဟူ၍ ထင်မြင်လာရပါသည်။ မုန်းချင်စိတ်နှင့် တွေးလိုက်၍သာ မုန်းစရာဟူ၍ ထင်မြင်လာရသည်။ ထိုစိတ်များနှင့် မတွေးလျှင်ကား မုန်းစရာလည်း ထင်မလာ၊ ချစ်စရာလည်း မထင်လာ၍ စင်ကြယ်သော စိတ်အတိုင်းတိုင်း ဆက်ကာဆက်ကာ ပွားများ၍ နေနိုင်ပါသည် ဘုရား။

ဤကဲ့သို့ ချစ်စရာ မုန်းစရာ ဝမ်းသာစရာ၊ ဝမ်းနည်းစရာမှစ၍ အတွေးအကြံအားလုံးကို ပယ်စွန့်၍ စိတ်အတိုင်းတိုင်း ထားနေသောအခါ ဝိပဿနာဘာဝနာ ပွားများပြီးဖြစ်ပုံကို အဋ္ဌကထာက ဤသို့ ဖွင့်ပြပါသည် ဘုရား။

ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဗာဟိယဿ၊ ဗာဟိယ၏၊ သံခိတ္တရုစိတာယ၊ အကျဉ်းချုပ်တရား နာကြားလိုသည်၏ အဖြစ်ကြောင့်။ ဆဟိ ဝိဉာဏကာယေဟိ၊ ဝိညာဉ်ခြောက်ပါး တရားအစုတို့နှင့်။ သိဒ္ဓိံ၊ တကွ။ ဆဋ္ဌာရမ္မဏဘေဒသိန္နံ၊ အာရုံခြောက်ပါး အပြားအားဖြင့် ပြားသော။ ဝိပဿနာယ ဝိသယံ၊ ဝိပဿနာ၏ အာရုံကို။ ဒိဋ္ဌာဒီဟိ စတူဟိ ကောဋ္ဌာသေဟိ၊ ဒိဋ္ဌသုတ စသော လေးပါးသော အဖို့တို့ဖြင့်။ တတ္ထ၊ ထိုဝိပဿနာ အာရုံ၌။ အဿ၊ ထိုဗာဟိယအား။ ဝါ၊ ထိုဗာဟိယ၏၊ ဉာတတီရဏပရိညံ၊ ဉာတတီရဏပရိညာနှစ်ပါးကို။ ဒေဿတိ၊ ပြတော်မူ၏၊

မြင်လျှင် မြင်ကာမတ္တ စသဖြင့် မိမိစိတ်ကို ရပ်နား၍ ရပ်နား၍ ပွားများသော ဘာဝနာမှာပင် ဉာတပရိညာနှင့် တီရဏပရိညာနှစ်ပါး ပါဝင်နေကြောင်း ပြဆိုထားခြင်း ဖြစ်ပါသည်။

ဉာတပရိညာဟူသည်မှာ ရုပ်နာမ် ဓမ္မ သင်္ခါရသဘောများကို သူမပါ ငါမနှောသည့် တရားသဘောသက်သက် ပါကလားဟု သိသောဉာဏ်ဖြစ်ပါသည်။ မြင်လျှင်မြင်ကာမတ္တ နားနေသောသူ၌ မြင်အပ်သော ရူပါရုံအပေါ်တွင် ချစ်စရာ မုန်းစရာတွေ၊ ဝမ်းသာစရာ ဝမ်းနည်းစရာတွေ မပါဘဲ၊ သူ့ဟာ ငါ့ဟာ မလုပ်ဘဲ မြင်အပ်သော ရူပါရုံ သဘာဝသန့်သန့်ကိုသာ ရှုမြင်နေသဖြင့် ဉာတပရိညာဆိုက်သည်ဟု ဆိုရပါသည်။ ထို့အတူပင် မြင်အပ်သော ရူပါရုံအပေါ်တွင် အနိစ္စစသော လက္ခဏာများတင်၍ ရှုမြင်ခြင်းကိစ္စ ပါဝင်သွားသဖြင့် တီရဏပရိညာဆိုက်သည် ဆိုရပါသည်။ ထိုသို့ တီရဏပရိညာဆိုက်ပုံကို အဋ္ဌကထာဆရာကပင် ဤသို့ ရှင်းပြထားပါသည်။

တတ္ထ၊ ထိုတေဘူမိက တရားအပေါင်း၌။ သုဘ သုခ နိစ္စ အတ္တဂ္ဂါဟပရိဝဇ္ဇနံမုခေန၊ သုဘ သုခ နိစ္စ အတ္တဟူသော အယူအစွဲမှ ရှောင်ကြဉ်ခြင်းကို အဦးမူသောအားဖြင့်။ အသုဘဒုက္ခာ နိစ္စာနတ္တာနုပဿနာ၊ အသုဘာနုပဿနာ, ဒုက္ခာနုပဿနာ, အနိစ္စာနုပဿနာ, အနတ္တာနုပဿနာတို့ကို။ ဒဿိတာ၊ ပြအပ်ကုန်၏၊

အသုဘဟူ၍လည်းကောင်း၊ ဒုက္ခဟူ၍လည်းကောင်း၊ အနိစ္စဟူ၍လည်းကောင်း၊ အနတ္တဟူ၍လည်းကောင်း တသီးတသန့် ပွားများခြင်းမရှိသော်လည်း သဘောအားဖြင့် ပွားများပြီးဖြစ်သွားပုံကို ဖွင့်ဆိုထားခြင်းဖြစ်ပါသည်။ ဤသာသနာတော်၌ အသုဘကမ္မဋ္ဌာန်း စီးဖြန်းကြရခြင်းသည် တဏှာရာဂကို ပယ်နိုင်ရေးအတွက် ဖြစ်ပါသည်။ မြင်လျှင် မြင်ကာမတ္တအတိုင်းတိုင်း ထားနေသူတွင် မြင်အပ်သော အာရုံကို ခုံမင်ဖွယ်ရာဟု နှလုံးသွင်းမှားမှု မရှိနိုင်သဖြင့် ရာဂမှ လွတ်ငြိမ်းခွင့်ရနေပါသည်။ ရာဂမှ လွတ်ငြိမ်းခွင့်ရနေသော အကျိုးတရားကို ထောက်ရှု၍ ယင်း၏ အကြောင်းတရားဖြစ်သော အသုဘနုပဿနာ ပွားများပြီးဖြစ်သည်ဟူ၍ အဋ္ဌကထာက ဖွင့်ပြခြင်းဖြစ်ပါသည်။ ကျန်သော အနုပဿနာများမှာလည်း ဤနည်းအတိုင်းသာ ဖြစ်ပါသည် ဘုရား။

မြင်လျှင် မြင်ကာမတ္တ၊ ကြားလျှင် ကြားကာမတ္တ စသည်ဖြင့် ချစ်စရာ၊ မုန်းစရာ၊ ဝမ်းသာစရာ၊ ဝမ်းနည်းစရာ ပုံဟန်သဏ္ဌန် အရိပ်နိမိတ်တို့ မသမ်းလာစေဘဲ မြင်စိတ် ကြားစိတ်များအတိုင်းတိုင်း စောင့်ရှောက်ထားနိုင်ခြင်းကိုပင် 'စိတ္တံ ရက္ခေထ မေဓာဝီ' ဟု ဓမ္မပဒပါဠိတော်မှာ ဟောတော်မူထားပါသည်။ စောဒကဆရာတော်တို့က တမင်သက်သက် ဖဲ့ထုတ်ခဲ့သော ပါဠိဖြစ်ကြောင်း ဤသောဓနာချက် အစပိုင်းမှာ ထုတ်ဖော်လျှောက်ထားခဲ့ပြီး ဖြစ်ပါသည် ဘုရား။

ထိုမှတစ်ဖန် စောဒကဆရာတော်များက တစ်ဝက်တစ်ပျက်သာ ထုတ်ယူခဲ့ကြသော ဓမ္မပဒပါဠိတော်ကို တစ်ဂါထာလုံး ပြည့်စုံအောင် ဖော်ပြရသော်-

ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။

ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။(ဓမ္မပဒ၊ဋ္ဌ၊၁၊၁၈၂။)

ဟူ၍ ဖြစ်ပါသည်။ ဂါထာရှေ့ပိုင်းတွင် ဝိပဿနာ ဘာဝနာ အလေ့မထုံသဖြင့် တုန်လှုပ်တတ်သော လျှပ်ပေါ်လော်လီတတ်သော, စောင့်ရှောက်ရန်ခဲယဉ်းသော တားမြစ်ရန် ခဲယဉ်းသော စိတ်သဘောကို ပြဆိုထားပါသည်။ ဤသို့ တုန်လှုပ်ခြင်း စောင့်ရှောက်ရန် တားမြစ်ရန် ခက်ခဲခြင်းမှာ ဝိပဿနာ ဘာဝနာဉာဏ် မရှိ၍သာဖြစ်ပါသည်။ တည်ငြိမ်ဖို့ မဖြစ်နိုင်သောကြောင့် မဟုတ်ပါ။

စောင့်ရှောက်ရန် တားမြစ်ရန် လုံးဝမဖြစ်နိုင်ဟု မဆိုလိုပါ။ ဝိပဿနာ ဘာဝနာဖြင့် ဉာဏ်ပညာရှိသော ပုဂ္ဂိုလ်များအဖို့ကား ထိုမျှလောက် ခက်ခဲသောစိတ်ကိုပင် နည်းမှန်လမ်းကျ မြင်လျှင်မြင်ကာမတ္တ ထားနိုင်ကြပါသည်။ ဤသဘောကိုပင် 'ဥဇုံ ကရောတိ မေဓာဝီ' စသော ကျန်ဂါထာတစ်ဝက်က ပြဆိုထားခြင်း ဖြစ်ပါသည်ဘုရား။

မိမိမလိုရာကို ဘယ်လိုပင် ဖဲ့၍ထုတ်သော်လည်း ဖဲ့ထုတ်၍မရနိုင်သော တရားတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် နောက်ဆုံးကိုးကားချက်မှာကား၊ တစ်ဂါထာလုံး ပါလာခဲ့ပါသည်။ ဟဒယနှလုံးအိမ်မှ မှီတွယ်နေပါသော်လည်း မျက်မြင်ဒိဋ္ဌ တွေ့ကြုံနေရဆဲဆဲ အာရုံများမှ ထွက်ခွာ၍ အဝေးအလံ ကြံဖန်တွေးတောမှ ပေါ်လာကြသော အရိပ်အရောင်များနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါကျက်စားနေတတ်သော စိတ်ကို စောင့်စည်းနိုင်သူတို့သည် စာရီမင်း၏ ကိလေသာနှောင်ကြိုးမှ လွတ်မြောက်နိုင်ကြောင်း မိန့်ကြားထားခြင်း ဖြစ်ပါသည်။ စိတ်ကို စောင့်စည်းခြင်းဟူသည်မှာလည်း စောစောက လျှောက်ထားခဲ့သည့်အတိုင်း ချစ်စရာ၊ မုန်းစရာ၊ ဝမ်းသာစရာ၊ ဝမ်းနည်းစရာ အရိပ်နိမိတ်တွေ ပေါ်လာအောင် မတွေးတော မကြံစည်ဘဲ မြင်လျှင်မြင်ကာမတ္တ စသည်ဖြင့် အတိုင်းတိုင်းထားသော ဘာဝနာနည်းသာဖြစ်ပါသည်။ ဤသို့ မြင်လျက်ကြားလျက်နှင့် ကိလေသာလွတ်နေသည့် အတိုင်းတိုင်းထား၍ ပွားများတတ်သော ဘာဝနာကိုပင် ဥပရိပဏ္ဏာသပါဠိတော် ဣန္ဒြိယဘာဝနာသုတ်၌ ဣန္ဒြေကို စောင့်ရှောက်ခြင်းဟု ဟောကြားတော်မူပါသည် ဘုရား။

ဤသို့သော ဘုရားဟော ပါဠိတော်ကြီးများနှင့် လျော်ညီစွာ နည်းမှန်လမ်းကျ ကျင့်သုံးရသော ဘာဝနာကြောင့် ရဟန္တာအတုဖြစ်ခဲ့ရသော ဗာဟိယသည် ထိုနေရာမှာပင် ရဟန္တာအစစ်ကြီး ဖြစ်တော်မူပါသည်။ ဤမျှ တိုတောင်းလှသော တရားတစ်ပုဒ်ဖြင့် ချက်ချင်းလက်ငင်း ရဟန္တာဖြစ်ရသည်မှာ (ခိပ္ပါဘိညတာယ) အသိဉာဏ် လျင်မြန်လှသောကြောင့်ဟု အဋ္ဌကထာဆရာက ဟိတ်ခတ်ပြထားပါသည်။ ဤသို့ဆိုလျှင် ခိပ္ပါဘိညပုဂ္ဂိုလ်များသာ သိနိုင်သော ဤဒေသနာတော်ကို ယခုခေတ် ဒကာ ဒကာမတွေ ဟော၍ သိနိုင်ပါမည်လောဟု မေးစရာရှိနေပါသည်။ ပါဠိတော်လာ အကျဉ်းချုပ်အတိုင်းဆိုလျှင်တော့ သိနိုင်ရန် မလွယ်ကူသေးပါ။ သို့သော်လည်း ဘုရားရှင်အလိုတော်ကျ ဖွင့်ပြထားသော အဋ္ဌကထာမှာ အဓိပ္ပာယ်အကျယ် ရှိနေပါပြီ၊ တခြားဆီလျော်ရာ ဒေသနာတော်များ၏ အထောက်အကူလည်း ရှိပါသေးသည်။ ထို့ကြောင့် အရှင်ဗာဟိယကဲ့သို့ ချက်ချင်းကြီး မသိသေးသော်လည်း တစ်ချိန်မှာ သိပါစေ၊ အရှင်ဗာဟိယကဲ့သို့ ရဟန္တာကြီးထိ ဖြစ်မသွားသော်လည်း မိမိတို့ဉာဏ်ပါရမီအလျောက် ခရီးပေါက်နိုင်သမျှ ပေါက်ကြပါစေဟု စေတနာထားပြီး ဘုရားတပည့်တော်တို့ နယ်လှည့်ဟောကြားရခြင်း ဖြစ်ပါသည် ဘုရား။

ဤဗာဟိယသုတ္တန် တရားတော်စာမူသည် စောဒကဆရာတော်များကိုယ်တိုင်က ကျောက်သင်္ဘောသံဃာများ လက်ခံထားသော စာမူအဖြစ်ဖြင့် သဘာပတိဆရာတော်ကြီးထံ ဆက်ကပ်ခဲ့ပါသည်။ ထိုစာမူကို သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးအတွက် လူသိရှင်ကြား မဆောင်ရွက်ရသေးမီကတည်းက ပြုစုထားခြင်းဖြစ်ပါသည်။ စာပေစိစစ်ရေးဌာနမှတစ်ဆင့် သာသနာရေး ဦးစီးဌာနသို့ ပေးပို့၍ စေ့စေ့စပ်စပ် သုံးသပ်ထားကြပြီး ဖြစ်ပါသည်။ သို့သော်လည်း အခြေအနေအရ စာအုပ်အဖြစ် မရောက်နိုင်သေး၍ စာမူအဖြစ်ဖြင့်သာ ဆက်ကပ်ရခြင်း ဖြစ်ပါသည်ဘုရား။ ဤသို့အားဖြင့် စိတ် စိတ်အတိုင်းထား ဘုရားဟောဟုတ်မှန်ကြောင်း သိသာလောက်ပါပြီ ဘုရား။

အမှတ်-၁၄ စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

ဤစောဒနာချက်မှ အနုသယအခန်းမှာ (မ) နှင့် (ယ)အမှတ် ကောက်နုတ်ချက်များကို ဦးတည်ဟန်ရှိပါသည်။ အနုသယနှင့်ပတ်သက်၍ ကျောက်သင်္ဘောနှင့် အနုသယသဘောဟူသော စာအုပ်ငယ်တွင် တတ်စွမ်းသမျှ သုံးသပ်ဝေဖန်ထားပါသည်။ ထိုစာအုပ်ထဲ၌ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်များကို စိတ္တက္ခဏတစ်ချက်ကလေးမျှသာ ကြာလိုက်သည့်အတွက် ပေးလှူ၍မရနိုင်ကြောင်း ရေးသားခဲ့ပါသည်။ ထို့နောက် ဒက္ခိဏာဝိဘင်္ဂသုတ် အဋ္ဌကထာအရ ထိုပုဂ္ဂိုလ်များကိုလည်း လှူ၍ရကြောင်း ဖတ်ရှုရပါသည်။ အဋ္ဌကထာနှင့် မဆန့်ကျင်စေရန် နောက်တစ်ခါရိုက်လျှင် ထိုစာကြောင်းများကို ပယ်စွန့်ရန် တည်းဖြတ်ထားပါသည် ဘုရား။

တိတ်ခွေမှာ တရားဆွေးနွေးစဉ်က မေးမြန်းလာကြသော ဒကာများကို ဤသို့ မေးခဲ့ပါသည်။ အနုသယအဟုတ်တကယ် ရှိနေသည်ဆိုလျှင် သင်္ခတအနေနှင့် ရှိသလား အသင်္ခတအနေနှင့် ရှိသလားဟု မေးခဲ့ပါသည်။ အဘိဓမ္မာခုနစ်ကျမ်း၏အစ ဓမ္မသင်္ဂဏီပါဠိတော် ဒုကမာတိကာ၌ သင်္ခတဒုက်ဟူ၍ ပါရှိခဲ့ရာ သင်္ခတာဓမ္မာဟူသော ပဌမပုဒ်အရ စိတ်စေတသိက်နှင့် ရုပ်တရားအားလုံးရပါသည်။ အသင်္ခတာဓမ္မာဟူသော နောက်ပုဒ်အရ နိဗ္ဗာန်တရားတစ်ခုတည်းရပါသည်။ ဤသို့ နှစ်ပုဒ်ကောက်ယူလိုက်ရုံနှင့် ပရမတ္ထတရားအားလုံး ကုန်သွားသဖြင့် ဤဒုက်ကို အနဝသေသဒုက်၊ တရားအကြွင်းအကျန်မရှိသော ဒုက်ဟူ၍ဆိုရပါသည်။ အကယ်၍ အနုသယသည် ပရမတ္ထတရားအဖြစ်ဖြင့် အဟုတ်တကယ်ရှိခဲ့သော် ဤပုဒ်နှစ်ခုအနက် တစ်ခုခုမှာတော့ ပါဝင်ရပါလိမ့်မည်။ အနဝသေသဒုက်ဖြစ်၍ ဒုက်မုတ်အနေနှင့်လည်း ကောက်ယူ၍ မရနိုင်ပါ ဘုရား။

ဤနေရာတွင် တပည့်တော်လျှောက်ထားလိုသည်မှာ အနုသယကို အဟုတ်တကယ်မရှိ၍ တစ်ခါတည်းပစ်ပယ်ရန် မဟုတ်ပါ။ အကြောင်းပြုပေးလျှင် အကြောင်းတိုက်ဆိုင်လာလျှင် ဖြစ်ခွင့်ဖြစ်စရာ ဖြစ်ဖို့ အလားအလာရှိနေသော သဘောကို တပည့်တော်မငြင်းပယ်ပါ။ ဤသို့ အနုသယယမိုက်ပါဠိတော်က ဟောထားသလို ဤသင်္ခတဒုက်မှာလည်း ဤသို့ ဟောထားကြောင်း ကျမ်းချင်း ညှိနှိုင်းနိုင်ရန်သာ ဖြစ်ပါသည်။ အနုသယယမိုက်သည် အဘိဓမ္မာခုနစ်ကျမ်းမှာ ပါသကဲ့သို့ သင်္ခတဒုက်မှာလည်း အဘိဓမ္မာခုနစ်ကျမ်း၏အစ ဓမ္မသင်္ဂဏီပါဠိတော်မှာ ပါဝင်ခဲ့ပါသည်။

ဤသို့ အဘိဓမ္မာကျမ်းချင်း ညှိနှိုင်းရုံသာမက သုတ္တန်ကျမ်းကြီးများနှင့်လည်း ညှိနှိုင်းရန်လိုပါသေးသည်။ မူလပဏ္ဏာသပါဠိတော် သလ္လေခသုတ်မှ ဥပ္ပဇ္ဇန္တိ၊ အနုသေန္တိဟူသော ပုဒ်များကို အဋ္ဌကထာဖွင့်ပြရာတွင်-
ဇာတိ၏အစွမ်းအားဖြင့် မဖြစ်ပေါ်ဖူးသေးသော တရားတို့ ဖြစ်ပေါ်လာခြင်းကို။ ဥပ္ပဇ္ဇန္တိ၊ ကြိမ်ဖန်အထပ်ထပ် မှီဝဲအပ်သော တားမြစ်၍ မရနိုင်လောက်သော ကိလေသာတို့ကို အနုသေန္တိ-ဟု ဖွင့်ဆိုထားပါသည်။ အနုသေန္တိ-ဟူသော ကြိယာပုဒ်ကို နာမ်ပုဒ်ပြုလိုက်လျှင် အနုသယဖြစ်လာပါသည်။ အနုသယဆိုလိုက်သည်နှင့် ဥပါဒ်ဋ္ဌီဘင် ကင်းမဲ့ပြီး တစ်ကိန်းထဲကိန်းသည်ဟု သာသနာဝင်ကျမ်းကြီးများက လှေနံဓားထစ် မိန့်ဆို၍မထားကြောင်း သာဓကတစ်ရပ်ဖြစ်ပါသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(၃၂၄-၃၂၅) ဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသ၊ မဟာတဗ္ဗဓမ္မမဟာနကထာ မှာလည်း ဤသဘောကို ဖွင့်ပြပါသေးသည် ဘုရား။

ဤစကားများမှာ အဋ္ဌကထာစကားမျှသာဖြစ်၍ ထိုထက်အားကောင်းသော အကိုးအကားကို ရှာသောအခါ ပဋိသမ္ဘိဒါမဂ်ပါဠိတော် စရိယာ နာနတ္တဉာဏနိဒ္ဒေသ ဝိညာဏစရိယ စိတ်များ၌-နာနုသယာ စရတီတိ ဝိညာဏစရိယာဟု ပါရှိပါသည်။ ဝိညာဏာစရိယစိတ်များ၌ အနုသယမရှိ၊ မကိန်းဟု အနက်ရပါသည်။
တစ်ဖန် အညာဏာစရိယစိတ်များမှာလည်း-အနုသယဿ ဇဝနာ အညာဏစရိယာ။ (ပဋိသံ၊၇၈။)
အနုသယာ စရတီတိ အညာဏစရိယာ။
အနုသယသမ္ပယုတ္တာ စရတီတိ အညဏာစရိယာ။ (ပဋိသံ၊၇၉။)
ဤသို့စသဖြင့် ဥပါဒ်ဋ္ဌီဘင် အထင်အရှားဖြစ်ပေါ်လာသော ကိလေသာများကို အနုသယဟု ဟောကြားထားပါသည်။

တဖန်၊ ဥပရိပုဏ္ဏာသပါဠိတော်(၃၃၂) ဆဆက္ကသုတ်-တွင်လည်း-

"စက္ခုဉ္စ၊ ဘိက္ခဝေ၊ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ သော သုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ။ တဿ ရာဂါနုသယော အနုသေတိ။(မ၊၃၊၃၃၂။)
စသဖြင့်လာရှိပါသည်။

ဤသို့သော သုတ္တန်ဒေသနာတော်ကြီးများက ဖြစ်ပေါ်လာဆဲ ကိလေသာတို့ကို အနုသယဟု ကောက်ပြထားသဖြင့် အနုသယဟူသော စကားလုံးကို ကြားရုံနှင့် အနုသယ ယမိုက်မှလာသော သဘောကိုချည်း တထစ်ချ စွဲပိုက်ထား၍ မရနိုင်ပါ၊ ကျောက်သင်္ဘောဆရာတော်ကြီး၏ တရားထဲ၌ ဟောကြားထားသော အနုသယမှာ ဖြစ်တတ် ပျက်တတ်သော သုတ္တန်အနုသယဖြစ်ပါသည်။ ထို့ကြောင့်လည်း 'သဗ္ဗေသင်္ခါရာ အနိစ္စာ' ဟု အကိုးပြထားခြင်း ဖြစ်ပါသည်။ ဆွေးနွေးပွဲ တိတ်ခွေမှာပါသော စကားရပ်များမှာလည်း ဤသဘောသာ ဖြစ်ပါသည် ဘုရား။

အမှန်အားဖြင့် အဘိဓမ္မာအနုသယသဘောမှာ ဝိပဿနာဉာဏ် ထက်သန်ရေးအတွက် အကျိုးမပြုပါ။ ဝိပဿနာဟူသည် ဖြစ်ခြင်း ပျက်ခြင်းသဘောတို့ကို ဆင်ခြင်သုံးသပ်ရသောကြောင့် ဖြစ်ပါသည်။ တဖန် ဝိပဿနာ စခန်းမှ မဂ်ဖိုလ်စခန်း ရောက်ပြန်တော့လည်း နိဗ္ဗာန်ကိုသာ မျက်မှောက်ပြုရသောကြောင့် အနုသယကို အာရုံပြုရန် မရှိတော့ပါ။

ဤသို့ဆိုလျှင် အနုသယ ယမိုက်ပါဠိတော်မှာ ဟောကြားထားသော အနုသယသဘောသည် ဤသာသနာတော်အတွက် အကျိုးမရှိတော့ပြီလားဟု မေးလျှင် အလွန်အကျိုးရှိပါသည်ဟု ဖြေရပါသည်။ အဘယ့်ကြောင့်ဆိုသော် အကြောင်းပြုပေးလျှင် ဖြစ်ပေါ်လာမည့် ကိလေသာတို့ကို သတိပြုကာ ထိုကိလေသာတွေ မဖြစ်သာသေးသည့်အတိုင်းတိုင်း နေတတ်ကြ ထားတတ်ကြစေရန် သတိပေးထားသောကြောင့် ဖြစ်ပါသည် ဘုရား။

ဤသို့အားဖြင့် တပည့်တော်တို့သည် ဝိပဿနာအရာတွင် ဖြစ်ပျက်လက္ခဏာထင်ရှားသော သုတ္တအနုသယကို အဓိကထား၍ ထိုအနုသယတို့ မဖြစ်ပေါ်သေးသည်ကို မဖြစ်ပေါ်သေးသည့်အတိုင်း မိမိစိတ်ကို ထားနိုင်ကြရန် ဟောကြားကြပါသည်။ တဖက်ကလည်း အဘိဓမ္မာဒေသနာတော်အရ ဖြစ်ခွင့် ဖြစ်စရာ ဖြစ်ဖို့အလားအလာ ရှိနေသေးသော သဘောကိုလည်း မပစ်ပယ်ပါ။ ထိုသဘောတရားကိုလည်း သတိပေးတရား အဖြစ်ဖြင့် လေးစားစွာ ဟောကြားလျက်ရှိပါသည်။

ဤသို့အားဖြင့် အလွန်တရာ သိမ်မွေ့လှသော အနုသယသဘောကို နှစ်ဖက်အစွန်းလွတ်အောင် တပည့်တော်တို့ ဟောကြားလျက်ရှိပါသည် ဘုရား။

ဤစေဒနာချက်ထဲ၌ ပါဝင်သော 'သို့ရာတွင် ထိုအနိစ္စထဲတွင် ကျောက်သင်္ဘောတို့၏ ပကတိစိတ်ကိုမှ ချန်ထားခဲ့သည်' ဟူသောစကားမှာ (၁၁)အမှတ် ကောက်နုတ်ချက်ကို ရည်ညွှန်းဟန်တူပါသည်။
အတိုင်းတိုင်းက မချုပ်ဟူသောစကားမှာ ပကတိစိတ်များက လုံးဝမပျက်ပဲ တည်ရှိနေသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ကိလေသာများသည် မဂ်ဖြင့် ပယ်သတ်လိုက်၍ ကုန်ဆုံးသွားသောအခါ ကိလေသာမယှဉ် စင်ကြယ်သော ပကတိစိတ်များကား ဆက်လက်၍ ဖြစ်ပေါ်နေခွင့် ရှိနေသေးသော သဘောကို ဆိုလိုရင်းဖြစ်ပါသည် ဘုရား။

---

အမှတ်-၁၅ စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

အမှတ် ၈-စောဒနာချက်ကို သောဓနာပြုရာတွင် ဤစောဒနာချက်လည်း ပါဝင်ပြီး ဖြစ်ပါသည်။ ဤစောဒနာချက် 'သတ္တဝါတိုင်းမှာ မွေးလာကတည်းက နိဗ္ဗာန်ပါလာသည်' ဟူသော စကားမှာ အမှတ်(ဋ) ကောက်နုတ်ချက်ကို ရည်ရွယ်ဟန်တူပါသည်။ ထိုကောက်နှုတ်ချက်ပါ စကားမှာလည်း စေဒနာထားသကဲ့သို့ မဟုတ်ပါ။ သမ္မောဟဝိနောဒနီအဋ္ဌကထာ(၁၀၆)၊ သစ္စဝိဘင်း၊ သုတ္တန္တဘာဇနီယ၊ နိရောဓသစ္စာနိဒ္ဒေသ၊၌ ဖွင့်ဆိုထားသော သဘောအဓိပ္ပါယ်ကိုသာ ရည်စူးထားပါသည်။

ထိုအဋ္ဌကထာ မိန့်ဆိုထားသည်မှာ-ဧကမေဝ ဟိ နိဗ္ဗာနံ။ နာမာနိ ပနဿ သဗ္ဗသင်္ခတာနံ နာမပဋိပက္ခဝသေန အနေကာနိ နိဗ္ဗာနဝေဝစနာနေဝ ဟောန္တိ၊(အဘိ၊ဋ္ဌ၊၂၊၁၀၆။)
ဟူ၍ ဖြစ်ပါသည်။

နိဗ္ဗာန်သည် နဂိုမူလ နိရောဓတရားဖြစ်ပျက်နိမိတ် သုဉ်းဆိတ်နေသောတရားဖြစ်၍ ယင်းကို အမည်နာမ သီးသန့်တပ်၍ ဟောပြောရန်မလွယ်ကူပါ။ ထို့ကြောင့် ဝေနေယျအများတို့ သိနိုင် မြင်နိုင်သော သင်္ခတနာမည်များကို ဆန့်ကျင်ဘက်ပြု၍၊ ဆန့်ကျင်ဘက်သဘောကို ဟောပြသော ဥပဿရပုဒ်၊ နိပါတ်ပုဒ်များနှင့် တွဲစပ်၍ ဟောကြားရပါသည်။ စိတ်တွေမဖြစ်သေးခင်က အဖြစ်အေးနေတာက နိဗ္ဗာန်၊ မပြုပြင်ခင်သဘောက နိဗ္ဗာန်၊ စိတ်တွေ သင်္ခါရတွေ မဖြစ်သေးခင်က အဖြစ်အေးရာက နိဗ္ဗာန်ဟူသော ဟောကြားချက်မှာလည်း ဤသဘောမျိုးသာ ဖြစ်ပါသည်။ ဖြစ်ပေါ်ပြုပြင်လာသော သင်္ခါရများ၏ အဖြစ်အပေါ်မရှိ။ အပြုအပြင်မရှိခြင်းဟူသော ဆန့်ကျင်ဘက် သဘောကို သိလွယ် မြင်လွယ်သောအချိန်အခါပြ စကားလုံးများ အငှားသုံးပြီး ဟောပြထားခြင်းဖြစ်ပါသည်။ စိတ်တွေ မဖြစ်ခင်ကဟူသည်မှာ ဟိုဟို သည်သည် တွေးတောကြံစည်သော စိတ်တွေမဖြစ်ခင်ကဟု ဆိုလိုပါသည်။ ဟိုဟို သည်သည် တွေးတောကြံစည်တတ်သောစိတ်ဟု ဆိုအပ်သော သင်္ခတသဘောမှတဆင့် တွေးတောကြံစည်ခြင်းဟူသမျှ၏ ချုပ်ငြိမ်းရာ အသင်္ခတသဘောကို ထိုးထွင်း၍ သိမြင်နိုင်ရန်ဖြစ်ပါသည်။

ဤသို့ဖြစ်သောကြောင့် မဖြစ်ခင်က၊ မပြုခင်က ဟူသော စကားများမှာ အချိန်အခါကို မရည်ရွယ်ပါ။ အကယ်၍ အချိန်အခါကို ရည်ရွယ်က မဖြစ်ခင်က ငြိမ်းနေသော တရားကြီးသည် တွေးတောကြံစည်သော စိတ်ဖြစ်လာသောအခါ ပျက်စီးသွားရပါတော့မည်။ နိဗ္ဗာန်ဟူသည်ကလည်း ပျက်စီးသောတရား မဟုတ်ပါ။ ထို့ကြောင့် စောဒနာမှာ ပါသကဲ့သို့ မွေးလာကတည်းက ပါလာသည် မဟုတ်ပါ။ မမွေးခင်ကလည်းရှိ၊ မွေးနေဆဲလည်းရှိ၊ သေပြီးတော့လည်း အစဉ်ထာဝရရှိနေသော နိဗ္ဗာန်ကိုသာ သင်္ခတတရားများ၏ ဆန့်ကျင်ဘက်အဖြစ် ထင်ရှားစေရန် တတ်စွမ်းသမျှ မြန်မာဘာသာစကားလုံး သုံး၍ ဟောပြခြင်း ဖြစ်ပါသည် ဘုရား။

သင်္ခတ၏ ဆန့်ကျင်ဘက် သဘောကို ဟောပြခြင်းဖြစ်၍ စောဒနာချက်မှာ တင်ပြထားသော ပါဠိများနှင့် မဆန့်ကျင်ပဲ အံဝင်ဂွင်ကျဖြစ်နေပါသည်။ စောဒနာချက်ထဲတွင် ပါဠိ အဋ္ဌကထာ ဋီကာဟု ၃-မျိုးလုံး ညွှန်းထားသော်လည်း တွေ့ရသည်မှာ နိဗ္ဗာနံ ပန စသော အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာ စကားနှင့် နိဗ္ဗာနံ ဂေါတြဘုဿ စသော ပဋ္ဌာန်းပါဠိတော်များကိုသာ တွေ့ရပါသည်။ ဋီကာကို မတွေ့ရပါ ဘုရား။

---

အမှတ်-၁၆ စောဒနာချက်ကို သောဓနာချက်ပါဘုရား

အမှတ်-၈နှင့် အမှတ်-၁၅ စောဒနာချက်တို့ကို သောဓနာပြုရာတွင် ပါဝင်သော ကြောင်းကျိုးဖော်ပြချက်များ၌ ဤစောဒနာကို သောဓနာပြုခြင်းကိစ္စ ပါဝင်သွားပါပြီ။ ထို့ကြောင့် စောဒနာမှာ ဖော်ပြသော ပါဠိတော်များနှင့် ဆန့်ကျင်မှု မရှိပါ ဘုရား။

---

အမှတ်-၁၇ စောဒနာချက်ကို သောဓနာချက်ပါဘုရား

လူ၌ စိတ်အငြိမ်းဓာတ်ကြီး ရှိပြီးသား ဟူသောစကားနှင့် အနုသယဆိုင်ရာတို့ကို ရှေ့မှာ ရှင်းလင်းလျှောက်ထားခဲ့ပါပြီ။ ဤစောဒနာ၌ အဓိက ဦးတည်သည်မှာ 'လုပ်သမျှ ဒုက္ခ' ဟူသော ကျောက်သင်္ဘော လက်သုံး စကားလုံး ဖြစ်ပါသည်။ ထိုစကားလုံးနှင့် ပတ်သက်သော ကောက်နှုတ်ချက်များမှာ (က) (ခ) (ဇ) (စျ) (ည) အမှတ်ပါ ကောက်နှုတ်ချက်များ ဖြစ်ပါလိမ့်မည်။

'လုပ်သမျှ ဒုက္ခ' ဟူသော ဟောကြားချက်သည် တရားအားထုတ်မှု၊ ဒါန သီလ စသော ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းများကို တားမြစ်ရန် မဟုတ်ပါ။ သာသနာတော်ကြီးနှင့် ကြုံရသည့်အခိုက် လက္ခဏဉာဏ် သစ္စဉာဏ် ပေါက်လာကြစေရန် စတုသစ္စာဒေသနာတော်များအရ ဆောင်ပုဒ်ပြုထားခြင်းသာ ဖြစ်ပါသည်။

ဤကမ္ဘာမြေပြင်၌ ဤသာသနာတော်ကြီး ပေါ်ထွန်း၍လာခြင်းသည် သစ္စာလေးပါးတရားတော်ကို ထိုးထွင်း၍သိမြင်သော ဉာဏ်အလင်းရောင် ပေါ်ပေါက်လာသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားရှင်၏ ဂုဏ်တော် ၉-ပါး အနက်မှ ဗုဒ္ဓဂုဏ်တော်ကို အနက်ဖွင့်ရာတွင် သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန၊ ဤသို့ သစ္စာလေးပါး တရားတော်ကို သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏-ဟု ဖွင့်ဆိုရခြင်း ဖြစ်ပါသည် ဘုရား။

ဤသို့အားဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် မိမိရှေ့မှာ မည်သူမည်ဝါမျှ မသိရသေးသော သစ္စာလေးပါး တရားတော်ကို ဆရာမကူ သယမ္ဘူဉာဏ်တော်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူခဲ့ပါသည်။ မိမိ သိမြင်ထားသော သစ္စာလေးပါးတရားတော်ကို ဝေနေယျကြာ များသတ္တဝါတို့ သိရှိကြစေရန် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်မျှ ဟောကြားတော် မူခဲ့ရပါသည်။ ထိုမျှလောက် များမြောင်လှသော ဘုရားစကားတော်များ၏ လိုရင်းအချုပ်ကား ဝိမုတ္တိဟူသော နိဗ္ဗာန်တရား၊ ဝါ၊ ဒုက္ခနိရောဓသစ္စတရားတော်ကို သိမြင်ရေး ကိစ္စအတွက်သာ ဖြစ်ကြောင်း အဋ္ဌကထာကြီးများက (သဗ္ဗေဉ္စတံ ဗုဒ္ဓဝစနံ) စသည်ဖြင့် မိန့်ဆိုတော်မူခဲ့ကြပါသည် ဘုရား။

ဝဋ်ဒုက္ခအပေါင်းတို့၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာကို မျက်မှောက်ပြုနိုင်ရေးအတွက် ပထမဦးစွာ ဒုက္ခသစ္စာကို ဟောတော်မူပါသည်။ ထိုမှတဖန် ထိုဒုက္ခသည်လည်း ဘာသာအလျောက် မိုးကောင်းကင်က ကျလာသည် မဟုတ်၊ အကြောင်းရှိ၍သာ ဖြစ်ပေါ်လာရကြောင်း သိရှိကြစေရန် သမုဒယသစ္စာကို ဟောကြားတော်မူပါသည်။

ထို သစ္စာတရား နှစ်ပါးသည် လောကီသစ္စာနှစ်ပါး၊ ဝါ၊ ဝဋ်တွင်းသစ္စာနှစ်ပါး ဖြစ်ပါသည်။ သမုဒယသည် အကြောင်းသစ္စာဖြစ်၍ ဒုက္ခမှာ အကျိုးသစ္စာ ဖြစ်ပါသည်။ ဝဋ်ကင်းသစ္စာဖြစ်သော နိရောဓတရားကို ထိုးထွင်း သိမြင်နိုင်ရေးအတွက် အခြေခံသစ္စာနှစ်ပါး ဖြစ်ပါသည် ဘုရား။

ထိုအခြေခံသစ္စာနှစ်ပါးကို တရားနာသူတို့ သိလွယ် မှတ်လွယ် ဆောင်လွယ်ကြစေရန် ဘုရားတပည့်တော်တို့၏ ကျေးဇူးရှင် ကျောက်သင်္ဘော ဆရာတော်ဘုရားကြီးက 'လုပ်သမျှ ဒုက္ခ' ဟု ဆောင်ပုဒ်တခု ပြုလုပ်၍ ပေးတော်မူခဲ့ပါသည်။ ဤသို့ ဆောင်ပုဒ်တခုပြုလုပ်ကာ သစ္စာနည်းကျ ဟောပြတော်မူခဲ့သဖြင့် ဤသာသနာတော်ဝယ် ထောက်ရာတည်ရာ ရသူများ ပေါ်ပေါက်လာခဲ့ပါသည်။ ထို့အတူ တဖက်ကလည်း ဤစကားလုံး၏ အသံထွက် သက်သက်ကိုသာ ဆုပ်ကိုင်ကာ မိမိလိုရာကောက်ယူကြသဖြင့် ပြဿနာမျိုးစုံ ကြုံခဲ့ရပါသည်။ ထို့ကြောင့် စောဒကဆရာတော်များ၏ စောဒနာချက်တွင် အမြွက်မျှသာ ပါဝင်ခဲ့သော်လည်း တပည့်တော် ဆက်ကာ ကြောင်းကျိုးပြ၍ စင်စင်ကြယ်ကြယ် သောဓနာပြုရန် တာဝန်ရှိနေပါသည် ဘုရား။

လုပ်သမျှဟူသော မြန်မာဘာသာစကားကို သဒ္ဒါရှိအတိုင်း အဓိပ္ပါယ် ကောက်ယူရမည်ဆိုလျှင် ဒါန သီလ စသော ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းများ၊ ဝိပဿနာ ဘာဝနာ ပွါးများခြင်းများလည်း ပါဝင်နိုင်ပါသည်။ အဋ္ဌကထာကြီးများ၌လည်း ပါဠိတော်လာ ပုဒ်တခု၏ အနက်များကို ဤသို့ပင် အတ္ထုဒွါရအဖြစ်ဖြင့် ထုတ်ပြန်ကြပါသည်၊ အတ္ထုဒွါရကို ထုတ်ပြပြီးကာမှ ဝဒန္တပုဂ္ဂိုလ်ဖြစ်သော ဘုရား ကိုယ်တော်မြတ်ကြီး၏ ဤနေရာ ဤဌာနတွင် လိုအပ်သောအနက်ကား ဤသို့တည်းဟု အဓိပ္ပေတတ္ထကို ရွေးထုတ်၍ ပြကြပါသည် ဘုရား။

ဤသို့သော အဋ္ဌကထာကြီးများ ဖွင့်ရိုးဖွင့်စဉ် နည်းစနစ်များအရ လုပ်သမျှ ဟူသော စကား၏ အဓိပ္ပေတတ္ထကို ဝဒန္တပုဂ္ဂိုလ်၏ အလိုကျ ကောက်ယူရပုံကို ခိုင်ခိုင်မာမာ တင်ပြနိုင်ရေးအတွက် ဓမ္မပဒဂါထာတပုဒ်ကို ကိုးကားလိုပါသည်။
ဓမ္မပဒပါဠိတော် လကုဏ္ဍကဘဒ္ဒိယဝတ္ထု၌-မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ စ ခတ္တိယေ။
ရဋ္ဌံ သာနုစရံ ဟန္တွာ၊ အနီဃော ယာတိ ဗြဟ္မဏော။(ဓမ္မပဒ၊၅၅။)

ဟု ပါရှိခဲ့ပါသည်။

ထိုဂါထာကို သဒ္ဒါရှိအတိုင်း၊ ဝါ၊ သာသနာတော်ကြီး၏ အကျိုးစီးပွားကို မလိုလားသော သုဏန္တပုဂ္ဂိုလ်တို့၏ အလိုကျ အနက်ပေးရပါလျှင် အမိအဖစသော သူများကို သတ်၍ဟု ဖြစ်ပါလိမ့်မည်။ သို့သော် အဋ္ဌကထာဆရာက ဤသို့ ကိုယ်လိုရာဆွဲ၍ အနက်အဓိပ္ပါယ်ကောက်ယူရန် ခွင့်မပြုပါ။ ဝဒန္တပုဂ္ဂိုလ်ဖြစ်တော်မူသော ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ အလိုတော်ကျအတိုင်း မာတရံ ဟူသည်ကား တဏှာကို ပယ်သတ်ရန်, ပိတရံ ဟူသည်ကား မာနကို ပယ်သတ်ရန် စသဖြင့် အပြုသဘောသက်သက် အနက် အဓိပ္ပါယ်များကိုသာ ကောက်ယူ၍ ပြခဲ့ပါသည် ဘုရား။

ထို့အတူပင် မူလပဏ္ဏာသပါဠိတော် စူဠယမကဝဂ် မာရတဇ္ဇနီယသုတ်တွင်လည်း-ကရောတော စီယတိ ပါပံ၊ စိရရတ္တာယ အန္တက။
မာရ နိဗ္ဗိန္ဒ ဗုဒ္ဓမှာ၊ အာသံ မာကာသိ ဘိက္ခုသု-(မ၊၁၊၄၁၅။)

ဟု ပါရှိခဲ့ပါသည်။

ထိုဂါထာတဝက်ကို အနက်ပေးရာတွင်- အန္တက၊ ဟယ်အယုတ်ကောင်။ ကရောတော၊ ပြုသူသည်။ ပါပံ၊ မကောင်းမှုကို။ စိရရတ္တာယ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။ စီယတိ၊ ဆည်းပူးအပ်၏-ဟု ဖြစ်ပါသည်။

ဂါထာအစမှာ ပါသော ကရောတော ဟူသောပုဒ်ကို နိဿယဆရာကလည်း ပြုသူသည်ဟူ၍သာ သာမညအားဖြင့် အနက်ပြန်ပေးခဲ့ပါသည်။ သာမညံ သဗ္ဗသာဓရဏံ ဟု ပရိဘာသာလာရှိသည့်အတိုင်း ထိုစကားထဲတွင် မကောင်းမှုပြုခြင်းလည်း ပါဝင်နိုင်ပါသည်။ ဒါန, သီလ စသော ကုသိုလ်ကောင်းမှု ပြုခြင်းလည်း ပါဝင်နိုင်ပါသည်။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများခြင်းလည်း ပါဝင်နိုင်ပါသည်။

ထိုဂါထာတဝက်၌ ပါဝင်သော ပါပံ-ဟူသောပုဒ်အရ မကောင်းမှုကို ကောက်ယူရသော်လည်း ပုဒ်အနက်သက်သက်မှာ ယုတ်မာခြင်းဟူ၍ ဖြစ်ပါသည်။ ထို့ကြောင့် ကရောတော စီယတိ ပါပံ ဟူသော ဘုရားပါဠိတော်ကို မြန်မာလို ဆောင်ပုဒ်ပြုရပါလျှင် 'လုပ်သမျှ ယုတ်စွ' ဟူ၍ ဖြစ်နိုင်ပါသည်။ လက္ခဏဉာဏ် သစ္စဉာဏ် ပေါက်မြောက်ရေးအတွက် တပည့်တော်တို့ ဟောကြားနေသော လုပ်သမျှ ဒုက္ခ ဟူသော ဆောင်ပုဒ်ကြောင့်ပင် ပြဿနာမျိုးစုံ ကြုံကြရပြီဖြစ်ပါ၍ ထိုလုပ်သမျှ ယုတ်စွ ဟူသော ဆောင်ပုဒ်ကို တပည့်တော်တို့ ဟောကြားရန်မဝံ့ပါ။ နာနာနယ နိပုဏ ဂမ္ဘီရံ ဟူသည်နှင့်အညီ နည်းမျိုးစုံဖြင့် သိမ်မွေ့နက်နဲစွာ ဟောကြားထားသော တရားတော်များကို ပေါ့ပေါ့တန်တန် အနက်အဓိပ္ပါယ် မကောက်ယူသင့်ကြောင်း စကားစပ်မိခိုက် လျှောက်ထားရခြင်းသာ ဖြစ်ပါသည် ဘုရား။

အထက်ပါ ဂါထာ၌ သာမညအားဖြင့် ဟောကြားထားသော သာမညသာလျှင် အနက်ပေးထားသော ကရောတော ဟူသောပုဒ်၌ ပြုပြုသမျှ ကုသိုလ် အကုသိုလ်မျိုးစုံ ပါဝင်နိုင်သော်လည်း ထိုအမှုအားလုံးကို ကောက်ယူရန် မဟုတ်ပါ။ ထိုသို့ကောက်ယူလျှင် ဒေသကပုဂ္ဂိုလ်ဖြစ်တော်မူသော ဘုရားရှင်၏ အလိုတော်ကျ ဖြစ်သည်မဟုတ်ပါ၊ အဘယ့်ကြောင့်ဆိုသော် ကရောတော ဟူသော အကြောင်းပြစကား၏နောက်တွင် ပါပံဟူသော အကျိုးပြစကားက အထင်အရှား ပါရှိနေသောကြောင့် ဖြစ်ပါသည်။ မကောင်းမှု ဟူ၍ ဖြစ်ပေါ်လာရခြင်းသည် မကောင်းသောစိတ် စေတသိက်များနှင့် ပြုလုပ်၍သာ ဖြစ်ပါသည်။ ထို့ကြောင့် ထိုမကောင်းသော စိတ် စေတသိက်တို့နှင့် ပြုလုပ်ခြင်းကိုကောက်ယူပါမှ ဘုရားအလိုတော်ကျ ဖြစ်ပါလိမ့်မည်။ သာမညပင် ဆိုထားသော်ငြားလည်း အရာဌာန အချိန်ကာလအားလျော်စွာ ရသင့်ရာကိုသာ ကောက်ယူသင့်ကြောင်း ကျမ်းဂန်အဆိုအမိန့်များ ရှိခဲ့ကြပါသည်။ ထို့ပြင် သုဏန္တပုဂ္ဂိုလ် ဝဒန္တပုဂ္ဂိုလ် နှစ်ဦးသားတို့အနက် ဝဒန္တပုဂ္ဂိုလ်အလိုအာဘောဂသာလျှင် ပဓာနဖြစ်ကြောင်း လမ်းညွှန်ကြားချက်များလည်း ရှိနေပါသည် ဘုရား။

အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် သီယသုတ် (အံ၊၃၊၂၄။)ပါဠိတော်တွင်လည်း ဤသဘောမျိုး ပါရှိခဲ့ပါသည်။ နိဂဏ္ဍနာဋပုတ္တဆရာကြီးက သင်တန်းပေးပြီး စေလွှတ်လိုက်သည့်အတိုင်း သီဟစစ်သူကြီးသည် ဘုရားရှင်ကို အကိရိယဝါဒဖြင့် လာ၍ စွပ်စွဲပါသည်။ ဘုရားရှင်နှင့်တကွ တပည့်သာဝကများသည် ကိလေသာ ပယ်သတ်ရေးအတွက် သူတို့လို ဆင်းရဲဒုက္ခခံရသော အတ္တကိလမထအလုပ်များကို မလုပ်ကြသောကြောင့် အလုပ်ပယ်ရေးဝါဒဖြစ်ကြောင်း တိုက်ပွဲဆင်လာခြင်း ဖြစ်ပါသည်။ ဤတွင် ဘုရားရှင်က သီဟစစ်သူကြီး၏ ဝေါဟာရအတိုင်း လိုက်လျောက ငါသည် အကိရိယဝါဒီဖြစ်ကြောင်း မိန့်ကြားတော်မူပါသည်။ ထိုမှ ဆက်လက်၍ အကိရိယဝါဒအရ မလုပ်ရ၊ မပြုရ၊ မပြုရဟူသည်မှာ ဒါန, သီလ, ဘာဝနာစသော ကုသိုလ်ကောင်းမှုများကို ဆိုလိုသည်မဟုတ်။ မပြုသင့် မပြုထိုက်သော ဒုစရိုက်များကို ကာယ, ဝစီ, မနော သုံးပါးသော ဒွါရတို့ဖြင့် မပြုရေး၊ မလုပ်ရေးပင် ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့ပါသည် ဘုရား။

ဤသို့သော ပါဠိတော်ကြီးတို့မှ ဝဒန္တပုဂ္ဂိုလ်၏ အလိုကျအတိုင်း လိုအပ်သော အနက်အဓိပ္ပါယ်ကိုသာ ကောက်ယူရသော သာသနာ့ထုံးတမ်းစဉ်လာနှင့် အညီ လုပ်သမျှဟူသော ပုဒ်အရ ကောက်ယူရသော် အလိုတဏှာ သမုဒယသစ္စာကိုသာ ကောက်ယူရလိမ့်မည်။ သို့မှသာလျှင် ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူခဲ့ကြသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည် သာမုက္ကံသိကာ ကိုယ်တော်တိုင် အသီးထုတ်၍ ဟောကြားတော်မူခဲ့ကြသော စတုသစ္စာဒေသနာတော်ကြီးများနှင့် ကိုက်ညီမည် ဖြစ်ပါသည်။ ဂင်္ဂါဝါဠုသဲစုမက ဘုရားကိုယ်တော်မြတ်တွေ တပါးပြီး တပါး ပြောင်းလဲ၍ သွားကြသော်လည်း ဟောထားခဲ့သော သစ္စာလမ်းကြောင်းကား ပြောင်းလဲမသွားပါ။ နောက်နောင်တွင် ဘုရားပေါင်း အသင်္ချေအနန္တ ပွင့်လာကြ၍ တရားဟောကြသော်လည်း ဤသစ္စာလမ်းကြောင်းကို ပြောင်းလဲ၍ ဟောကြမည်မဟုတ်ပါ။ အလိုတခု သမုဒယသစ္စာနှင့် ပြုလုပ်လျှင် ဒုက္ခသစ္စာဟူသော အကျိုးတရားမှတပါး အခြားဘာကိုမျှ မရနိုင်ပါ။ ထို့အတူ ဒုက္ခဟူသော အကျိုးသစ္စာကို ရစေနိုင်၊ ဖြစ်စေနိုင်သော အကြောင်းတရားကို ရှာပြန်လျှင်လည်း သမုဒယသစ္စာကိုသာ ရနိုင်ပါသည်။ စတုသစ္စာ ဒေသနာနည်းဟူ၍ ဘောင်ခပ်ထားသည့်အထဲတွင် သမုဒယသစ္စာမှတပါး အခြားဘာကိုမျှ မရနိုင်ပါ။ အလိုတဏှာ ယှဉ်စပ်၍ အလိုတဏှာ ဦးစီး၍ လုပ်သမျှသည် သမုဒယသစ္စာချည်းဖြစ်၍ ထို၏ အကျိုးတရားကား ဒုက္ခသစ္စာသာ ဖြစ်ပါသည်။ ထိုအကျိုးတရားပြ ဒုက္ခ ဟူသော ပုဒ်က အထင်အရှား ရှိနေသဖြင့် လုပ်သမျှဟူသော အကြောင်းပြစကားအရ သမုဒယသစ္စာကိုသာ ကောက်ယူရပါသည် ဘုရား။

အလိုဟူသော သမုဒယသစ္စာကို သရုပ်ခွဲရာတွင် ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဟူ၍ သုံးမျိုးရှိပါသည်။ ထိုတွင် ကာမတဏှာ ဟူသည်မှာ ကာမဂုဏ် အာရုံခံစားလိုမှုဖြစ်၍ သိသာထင်ရှားပါသည်။ ဘဝတဏှာကိုကား သဿတဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာဟု အဋ္ဌကထာက ဖွင့်ပြပါသည်။ သဿတဒိဋ္ဌိဟူသည်မှာ ငါဟူသော အယူအစွဲဖြင့် ဘဝစဉ်ဆက် ဆက်ကာ ဆက်ကာ သွားနေရသည်ဟူသော အယူဖြစ်ပါသည်။ ဥစ္ဆေဒဒိဋ္ဌိ ဟူသည်မှာ သေလျှင်တခါထဲ ပြတ်တော့သည်ဟူသော အယူဖြစ်ပါသည်။ ထိုအနက်အဓိပ္ပါယ်နှင့် လျော်ညီစွာ ယခုဘဝ တသက်တာ အတောအတွင်းမှာလည်း ကိလေသာတရားများနှင့် ပတ်သက်၍ အစွန်းနှစ်ဖက်သို့ ကပ်ရောက်နေသော အယူအဆမျိုးတွေရှိနေပါသည်။ တမျိုးကအကြောင်းပြုမှ ဖြစ်လာရသော ကိလေသာတွေကိုပင် အမြဲတစေ တည်ရှိနေသည်ဟု ယူဆကြပါသည်။ တမျိုးကတော့ အကြောင်းပြုပေးလျှင် ဖြစ်ပေါ်လာသည့် သဘောရှိနေပါလျက် လုံးဝမရှိဘူးဟု ယူဆကြပါသည်။ ဤသို့သော အစွန်းများသို့ မရောက်ကြမူ၍ မဇ္ဈိမပဋိပဒါကျကျ ကိလေသာကိုပယ်နိုင်ရေးအတွက် ဘုရားတပည့်တော်တို့၏ ကျေးဇူးရှင် ကျောက်သင်္ဘောဆရာတော်ဘုရားကြီးက စိတ် စိတ်အတိုင်းထား၍ ပွားများကြရန် ဩဝါဒ ပေးတော်မူခဲ့ပါသည် ဘုရား။

လုပ်သမျှဟူသော စကားမှာ အတိုချုံးထားသော စကားဖြစ်၍ အကျယ်ချဲ့လိုက်ရလျှင် လုပ်သည်နှင့်အမျှဟူ၍ ဖြစ်ပါသည်။ အလိုတဏှာယှဉ်စပ်၍ အလိုတဏှာဦးစီး၍ ပြုလုပ်လေသမျှ ဒုက္ခသာ တွေ့မည်ဟုဆိုလိုပါသည်။ ထိုသဘောကို ဘုရားရှင်ကိုယ်တော်တိုင်က ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါကို ဟောကြားတော်မူခဲ့ပါသည်။

ကျောင်းအမကြီးဝိသာခါသည် ချစ်လှစွာသော မြေးမကလေး သေဆုံး၍ သောက ပရိဒေဝ နှိပ်စက်ကာ ကျောင်းတော်သို့ ရောက်လာပါသည်။ ဤတွင် ဘုရားရှင်က သာဝတ္ထိ လူဦးရေနှင့်အမျှ သားသမီးတွေ မြေးတွေ မလိုချင်ပါသလောဟု မေးတော်မူရာ ကျောင်းအမကြီးက လိုချင်ပါသေးကြောင်း လျှောက်ထားရ၏၊ ဤတွင် ဘုရားရှင်က မြေးမလေးတယောက် သေ၍ပင် ငို၍မပြီးနိုင်သော သင် ကျောင်းအမဝိသာခါသည် သာဝတ္ထိမြို့တော်ရှိ လူဦးရေနှင့်အမျှ သားသမီးတွေရှိနေပါလျှင် သူတို့က နေ့စဉ်နေ့တိုင်း တဖြုတ်ဖြုတ် သေနေကြမည်ဖြစ်၍ သင့်မှာလည်း နေ့စဉ်နေ့တိုင်း တရှုတ်ရှုတ် ငိုနေရုံသာ ရှိတော့သည်။ မငိုရသောရက်ဟူ၍ မရှိနိုင်တော့ပြီ ဟု မိန့်ကြားတော်မူပါသည် ဘုရား။

ထိုမှ ဆက်လက် 'ဝိသာခါ အကြင်သူတို့အား ချစ်ခင်ဖွယ်ရာ ဝတ္ထု တရာ ရှိကုန်၏၊ ထိုသူတို့အား ဆင်းရဲဒုက္ခ တရာ ရှိကုန်၏၊ အကြင်သူတို့အား ချစ်ခင်ဖွယ် ဝတ္ထုကိုးဆယ် ရှိကုန်၏၊ ထိုသူတို့အား ဆင်းရဲဒုက္ခ ကိုးဆယ် ရှိကုန်၏' စသည်ဖြင့် ချစ်ခင်တွယ်တာတတ်သော တဏှာကို အရာဝတ္ထုမှာ ထင်ဟပ်၍ ဟောတော်မူခဲ့ပါသည်။ ဥဒါန်းပါဠိတော် ပါဋလိဂါမိယဝဂ် ဝိသာခါသုတ် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော လုပ်သမျှ ဒုက္ခ တရားတော်ကြီး ဖြစ်ပါသည် ဘုရား။

ဤစောဒနာချက်ထဲမှ (မရှုမပွါး အငြိမ်းထား) ဟူသော စကားသည် (ဆ) အမှတ် ကောက်နုတ်ချက်ကို ရည်ညွှန်းထားဟန် တူပါသည်။ ကျောက်သင်္ဘော ဆရာတော်ဘုရားကြီး၏ ရည်ရွယ်ချက်မှာ ရှုမှတ်ပွားများသော ဝိပဿနာအလုပ်များကို ရှုတ်ချရန် မဟုတ်ပါ။ ထိုဝိပဿနာအလုပ်များပေါ်၌ ကပ်ငြိလာတတ်သော ဒိဋ္ဌိ, တဏှာနှင့် မာနတို့ကို ပယ်ခွာနိုင်ရေးအတွက်သာ ဖြစ်ပါသည်။ တနည်းအားဖြင့် တရားကိစ္စမှာ ငါမပါရေးအတွက်သာ ဖြစ်ပါသည်။ ဤသဘောကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(၂၆၄)၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသတွင် အရိယဝံသကထာမှ ထုတ်နုတ်၍ ပြဆိုထားပါသည်။

ငါသည် ဝိပဿနာရှုအံ့၊ ငါ၏ ဝိပဿနာတည်း။ ဤသို့ယူသော ယောဂီအား ဒိဋ္ဌိကွာခြင်းမည်သည် မဖြစ်နိုင်။ သင်္ခါရတရားတို့သည်သာလျှင် သင်္ခါရတရားတို့ကို ဝိပဿနာရှုကုန်၏၊ သုံးသပ်ကုန်၏၊ နှလုံးပိုက်ထား မှတ်သားကုန်၏၊ သိမ်းဆည်းရုံးစုကုန်၏၊ ပိုင်းခြားကုန်၏၊ ဤသို့ယူသော ယောဂီအား ဒိဋ္ဌိကွာခြင်းသည် ဖြစ်၏၊
ငါသည် ကောင်းကောင်းကြီး ဝိပဿနာရှုအံ့၊ နှလုံးကို ပွားစေသည်ဖြစ်၍ ရှုအံ့၊ ဤသို့ယူသော ယောဂီအား မာနခွာသည်မမည်။ သင်္ခါရတရားတို့သည်သာလျှင် သင်္ခါရတရားတို့ကို ဝိပဿနာရှုကုန်၏၊ (ပ) ဤသို့ယူသော ယောဂီအား မာနခွာခြင်းသည် ဖြစ်၏၊
ငါသည် ဝိပဿနာရှုခြင်းငှာ စွမ်းနိုင်၏၊ ထို့ကြောင့် ဝိပဿနာရှု၍သာလျှင် ကာလကို လွန်စေအံ့၊ ဤသို့ ဝိပဿနာကို သာယာသော ယောဂီအား နိကန္တိတဏှာ ခန်းခြောက်ခြင်းမည်သည် မဖြစ်။ သင်္ခါရတရားတို့သည်သာလျှင် သင်္ခါရတရားတို့ကို ဝိပဿနာရှုကုန်၏၊ (ပ) ဤသို့ယူသော ယောဂီအား နိကန္တိတဏှာ ခန်းခြောက်ခြင်းဖြစ်၏၊

ဤသို့သော ဖွင့်ဆိုချက်များအရ ငါရှုသည်၊ ငါမှတ်သည်၊ ငါလုပ်မှ ငါရမည် စသည်ဖြင့် ဒိဋ္ဌိ မာနနှင့် တဏှာတို့က ဝိပဿနာကိစ္စအပေါ် ဖုံးပိတ်တားဆီးလာတတ်ကြသဖြင့် ထို အဖုံးအပိတ် အတားအဆီးများကို ဖယ်ရှားနိုင်ကြရန် တနည်းအားဖြင့် တရားကို တရားအတိုင်းသာ ရှုမြင်နိုင်ကြရန် ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။

သို့ရာတွင် အဆိုပါ ကောက်နုတ်ချက်စကားများသည် ရှုမှတ်ပွားများ တရားအားထုတ်နေကြသော ပုဂ္ဂိုလ်များကို အကယ်၍ ထိပါးရာရောက်နေပါလျှင် တပည့်တော်တို့ ပယ်စွန့်မည်ဖြစ်ကြောင်း ရိုသေစွာ လျှောက်ထားပါသည် ဘုရား။

ဤစောဒနာချက်ထဲမှာပင် 'ကျောက်သင်္ဘော၏ ဝိပဿနာကိစ္စမှာ' ဟူသော စကား ပါဝင်ခဲ့ရာ၊ ထိုစကား ရည်ညွှန်းချက်မှာ (') မှ (ဗ)အထိ အစဉ်အတိုင်း ဖော်ပြထားသော ကောက်နုတ်ချက်များနှင့် (လ)အမှတ် ကောက်နုတ်ချက်တို့ ဖြစ်ပါလိမ့်မည်။ ထိုကောက်နုတ်ချက်များမှ လိုရင်းကို ထုတ်ဆောင်ရသော် ရုပ်ခန္ဓာကြီးသည် ပဉ္စက္ခန္ဓာ၊ ဝါ၊ အနုပါဒါနက္ခန္ဓာ။ ထိုခန္ဓာကြီးကို ဝိပဿနာ မရှုရ၊ ဝိပဿနာရှုရန်မှာ ကိလေသာသင်္ခါရတွေ မဖြစ်မီ ချုပ်နေသော သုညတသဘောအနိမိတ္တ၊ အနိစ္စ၊ အနတ္တသဘော ဖြစ်သည်- ဟူ၍ ဖြစ်ပါသည်။

ထိုဟောကြားချက်များတွင် မဖြစ်မီက ချုပ်နေသော သဘောဟူသည်မှာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(၂၉၅) ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိနိဒ္ဒေသ သင်္ခါရုပေက္ခာဉာဏကထာ၊ တွင် ဖော်ပြထားသော -'အနိစ္စာနုပဿနာ ဟိ ဥဒယတော ပုဗ္ဗေ သင်္ခါရာ နတ္ထီတိ ပရိစ္ဆိန္ဒိတွာ' (ပဋိသံ၊ဋ္ဌ၊၂၊၁၆၀။)
ဟူသော ပါဌ်ကို ရည်ညွှန်းပါသည်။

ဟိ၊ ထိုစကားကို ချဲ့ဦးအံ့။ အနိစ္စာနုပဿနံ၊ အနိစ္စာနုပဿနာသည်။ ဥဒယတော၊ ဥပါဒ်မှသည်။ ပုဗ္ဗေ၊ ရှေး၌။ သင်္ခါရာ၊ သင်္ခါရတို့သည်။ နတ္တိ၊ မရှိကုန်။ ဣတိ၊ ဤသို့။ ပရိစ္ဆိန္ဒိတွာ၊ ပိုင်းခြား၍။ (သမနုပဿတိ၊ ကောင်းစွာ ရှု၏၊)

အထက်ပါသဘောအဓိပ္ပါယ်ကို (ဖ)အမှတ် ကောက်နုတ်ချက်တွင် ပေါ်ပေါ်လွင်လွင် ဟောကြားထားပါသည်။ (') (တ) (ထ) (ဒ) (ဓ) နှင့် (ပ) အမှတ်ပါ ကောက်နုတ်ချက်များသည်လည်း (ဖ) အမှတ် ကောက်နုတ်ချက်ပါ ဟောကြားချက်အတိုင်းသာ ဖြစ်ပါသည်ဘုရား။ (ပ) (ဏ) နှင့် (လ) အမှတ်ပါ ကောက်နုတ်ချက်များကိုကား ရုပ်ခန္ဓာကြီးကိုလည်းကောင်း၊ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကိုလည်းကောင်း၊ ဝိပဿနာရှုရန် ဟောကြားထားသော ဒေသနာတော် အမြောက်အမြား ရှိနေပါ၍ ထိုဒေသနာတော်တို့နှင့် မဆန့်ကျင်စေရန် တပည့်တော်တို့ ပယ်စွန့်ပါကြောင်း ရိုသေစွာ လျှောက်ထားပါသည် ဘုရား။

သို့ဖြစ်ပါ၍ ဤစောဒနာချက်တွင် ကိုးကားထားသော ပါဠိတော် အဋ္ဌကထာများသည် တပည့်တော်တို့ ယခုလက်ရှိ ဟောကြားချက် အနက်အဓိပ္ပါယ်များနှင့် ဆန့်ကျင်မှုမရှိပါ။ ဤသာဓကများကို စောဒကဆရာတော်များ တင်ပြပုံနှင့် ပတ်သက်၍ အနည်းငယ်မျှ လျှောက်ထားလိုသည်မှာ- 'အထက်ပါ အကိုးသာဓကများ၏ ယထာဘူတအဓိပ္ပါယ်ကို ဝိနည်းဓိုရ်ဆရာတော်ဘုရားများ သိရှိတော်မူကြပြီးဖြစ်၍ အထူးမလျှောက်တော့ပါ' ဟူသော စကားရပ်ဖြစ်ပါသည်။ မိမိကိုးကားသော ပါဠိများ၏ အနက်အဓိပ္ပါယ်ကို နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော်ကြီးများ သိရှိကြောင်း စောဒကနှင့် စုဒိတက မည်သူကမျှ သက်သေထူခွင့် မရှိပါ။ သက်သေထူခွင့်ရှိသော တရားရုံးသည် လောကမှာလည်း မရှိပါ၊ သာသနာတော်မှာလည်း မရှိပါ။ ထို့ကြောင့် မိမိကိုးကားသော ပါဠိကို မိမိဘာသာ အနက်အဓိပ္ပါယ်ရှင်းလင်း၍ ကျောက်သင်္ဘောဝါဒနှင့် မည်သို့ ဆန့်ကျင်နေကြောင်း သိသာထင်ရှားအောင် သက်သေထူရန်သာ တာဝန်ရှိပါသည်။ ယခုတော့ မိမိတာဝန်ကို နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော်ကြီးများထံ ပုံချလိုက်ကြပါသည်။ ဤမျှလောက် တာဝန်မဲ့သော၊ ဤမျှလောက် အရည်အချင်းမဲ့သော စောဒကပုဂ္ဂိုလ်များ၏ စကားကို အလေးထားရန် မလိုအပ်ပါဘုရား။ မိမိတို့ ဟောကြားသော တရားကို အနက်မှန် အဓိပ္ပါယ်မှန် တင်ပြနိုင်ရေးအတွက်သာ တပည့်တော်တို့ ဤမျှလောက် ရှည်ရှည်လျားလျား လျှောက်ထားနေရခြင်း ဖြစ်ပါသည် ဘုရား။

အမှတ် ၁၈-စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

သတ္တိယာ ဝိယ ဩမဋ္ဌော စသော ဂါထာသည် သက္ကာယဒိဋ္ဌိ ပယ်နိုင်ရေးအတွက် အလျင်အမြန်ဆုံးနည်းနှင့် တရားကျင့်သုံးကြရန် တိုက်တွန်းတော်မူသော ဂါထာ ဖြစ်ပါသည်။ ကျောက်သင်္ဘောဆရာတော်ကြီး ဟောကြားသည်ကား သက္ကာယဒိဋ္ဌိ ပယ်နိုင်ကြောင်း နည်းကောင်းကို ညွှန်ပြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုဒေသနာတော်နှင့် ထိုဟောကြားချက်တို့ ဆန့်ကျင်ဘက် မဖြစ်ကြပါ။

သဠာယတနသံယုတ် စိတ္တသံယုတ်၌ ဒုတိယ ဣသိဒတ္တသုတ်-(သံ၊၂၊၄၇၇။)၌ ကျောင်းတကာ ဓမ္မကထိက စိတ္တသူကြွယ်က မေးသဖြင့် အရှင်ဣသိဒတ္တက သက္ကာဒိဋ္ဌိ ပယ်နိုင်ကြောင်း နည်းလမ်းကောင်းကို မိန့်ကြားတော်မူခဲ့ပါသည်။ ထိုနည်းလမ်းကောင်းကား ခန္ဓာငါးပါး တရားတို့အပေါ်၌ ငါ, ငါ့ဟာ ဟူသော ရှုမြင်သုံးသပ်မှုများ မပြုဘဲနေရန် ဖြစ်ပါသည်။

ဗာဟိယသုတ်မှာလာရှိသည့်အတိုင်း ခြောက်ဒွါရ ခြောက်အာရုံ ဆုံလာသောအခါ စိတ်အတိုင်းတိုင်းထား၍ နားတတ်ပါလျှင် ထိုအယူစွဲများ မကပ်လာနိုင်ပါ။ ဤသို့ မကပ်လာသေးသည်ကို မကပ်လာသေးသည့်အတိုင်း သိပြီး၊ မကပ်လာသေးသည့်အတိုင်း ထား၍ ပွါးများပါလျှင် သက္ကာယဒိဋ္ဌိကို ပယ်သတ်နိုင်ပါသည်။

သက္ကာယဒိဋ္ဌိကို ပယ်သတ်ခြင်းဟူသည်မှာ ပယ်သတ်နိုင်စွမ်းရှိသော ဉာဏ်၏ ကိစ္စသာ ဖြစ်ပါသည်။ အရှင်ဣသိဒတ္တ ဟောကြားခဲ့သည့်အတိုင်း သက္ကာယဒိဋ္ဌိပယ်သတ်ရေးတွင် ခန္ဓာငါးပါး တရားအစုကို ငါဟူ၍လည်းကောင်း၊ ငါ့ဟာဟူ၍လည်းကောင်း မရှုမြင်ဘဲ အစွဲမပါဘဲ နေတတ်ရေး၊ ပွါးများရေးသာ အဓိက ဖြစ်ပါသည်။ သက္ကာယဒိဋ္ဌိကို ချုပ်အောင်၊ သေအောင်ဟူ၍ တမင်တကာ သွားသတ်နေလျှင် ခုဒ္ဒကဝတ္ထု ဝိဘင်းပါဠိတော်အရ နိရောဓတဏှာခေါ် ဝိဘဝတဏှာနှင့် ယှဉ်နေသဖြင့် ဥစ္ဆေဒဒိဋ္ဌိ ကပ်ရောက်လာပါသည်။ တဖန် သက္ကာယဒိဋ္ဌိကို အစဉ်ထာဝရရှိနေသည်၊ ဘယ်အချိန် ဘယ်အခါမှ သူ့လက်က မလွတ်ဟု ယူဆထားပြန်လျှင်လည်း သဿတဒိဋ္ဌိဘက် ရောက်လာပြန်ပါသည်။ ထို့ကြောင့် ဘုရားရှင်က ဖြစ်ပြီးလျှင် ပျက်ကြရသော ကိလေသာများကို အမြဲတစေ တည်ရှိနေပါသည်ဆိုလျှင် တဘက်သောအစွန်းတည်း, အကြောင်းပြုပေးလျှင် ဖြစ်လာတတ်သော သဘောရှိပါလျက် လုံးဝမရှိတော့ဘူးဟုယူလျှင် တဘက်သော အစွန်းတည်းဟု ဟောကြားတော်မူကာ ဆက်လက်၍ 'ဟေတုဝုတ္တိတော=အကြောင်းရှိ၍' 'ရှိလာသည်ဟု မဇ္ဈိမပဋိပဒါကျကျ ဟောပြတော်မူရပါသည်။

အကြောင်းရှိ၍ ရှိလာသော၊ ဝါ၊ ခန္ဓာငါးပါတရားတို့အပေါ်၌ ငါဟူ၍, ငါ့ဟာဟူ၍ တွေးယူခြင်းကြောင့် ဖြစ်ပေါ်လာသော သက္ကာယဒိဋ္ဌိသည် တွေးယူခြင်းတည်းဟူသော အကြောင်းမရှိပါက ရှိမလာနိုင် ဖြစ်မလာနိုင်ပါ။ ဤသို့အကြောင်းပြု မပေးသဖြင့် သူ့အလိုလိုကင်းပြီး ချုပ်ပြီးဖြစ်နေသော သဘောကို ကျောက်သင်္ဘော ဆရာတော်ကြီးက 'သက္ကာယဒိဋ္ဌိက သူ့အလိုလိုက သေနေတယ်' ဟု ဟောခဲ့ခြင်း ဖြစ်ပါသည်။ ဟေတုဝုတ္တိတော ဟူသော ပါဠိတော်၏ ပဋိလောမအနက်အဓိပ္ပါယ် ဖြစ်ပါသည်။

ထိုကဲ့သို့ အကြောင်းပြုမပေးလျှင် ငြိမ်းနေ၍ အကြောင်းပြုပေးလျှင် ပေါ်လာတတ်သော သက္ကာယဒိဋ္ဌိ အပြီးအပိုင် လက်စသတ် ချုပ်ငြိမ်းရေးအတွက်ကား ယင်းကို တမင်တကာ ချုပ်သွားအောင် တမင်တကာ စိတ်အင်အား စိုက်ထုတ်၍ နေရမည် မဟုတ်ပါ။ တနည်းအားဖြင့် ချုပ်အောင် လုပ်နေရမည် မဟုတ်ပါ။ သက္ကာယဒိဋ္ဌိ ဖြစ်စေကြောင်း မကောင်းသော မမှန်သော အတွေးအကြံတို့ကို တွေးကြံဖန်တီးခြင်းဖြင့် ပြုလုပ်မပေးဘဲ နေတတ် ကျင့်တတ် သွားတတ်ရန်သာ ဖြစ်ပါသည်။ ဤသဘောကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသ၊ ဘင်္ဂဉာဏ်အခန်းတွင် ဘင်္ဂဉာဏ်ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို ပြပြီးနောက် ရာဂချုပ်ငြိမ်းခြင်းကို ပြဆိုရာတွင် 'လောကိကေနေဝ တာဝ ဉာဏေန ရာဂံ နိရောဓေတိ၊ နော သမုဒေတိ၊ သမုဒယံ န ကရောတီတိ အတ္ထော' (ပဋိသံ၊ဋ္ဌ၊၁၊၂၄၀။)ဟု ဖွင့်ဆိုထားပါသည်။ ဤမျှသော လောကီဝိပဿနာဉာဏ်ဖြင့်ပင် ရှေးဦးစွာ ရာဂကို ချုပ်စေ၏၊ ချုပ်စေခြင်းဟူသည်မှာ မဖြစ်စေခြင်း၊ မဖြစ်စေခြင်း ဟူသည်မှာ ဖြစ်အောင် ပြုမပေးခြင်းဟု အဓိပ္ပါယ်သက်ရောက်ပါသည် ဘုရား။

ဤသို့ ရာဂချုပ်ရေးအတွက် ရာဂတွေကုန်အောင် ခန်းအောင်ဟု အာရုံစိုက်မနေရဘဲ ရာဂဖြစ်စေကြောင်း မကောင်းသော အတွေးအကြံများ မကြံဘဲနေသကဲ့သို့ ဒိဋ္ဌိပယ်နိုင်ရေးအတွက်လည်း ဒိဋ္ဌိကိုပယ်ရအောင်၊ သတ်ရလေအောင် တမင်တကာ စိတ်အားစိုက်ထားရန် မဟုတ်ပါ။ ဒိဋ္ဌိဖြစ်စေကြောင်း မကောင်းသော အတွေးအကြံများကို မတွေးမကြံသေးသည့် အတိုင်းတိုင်းထား၍ နား၍ ပွားတတ်ကြရန်သာ ရှိပါသည်။ ဤသို့မဟုတ်ဘဲ သက္ကာယဒိဋ္ဌိကို အမြဲတစေ အရှိထားနေလျှင် သဿတဒိဋ္ဌိဖြစ်လာ၍ ထိုမြဲသည်ဟု ထင်ထားသော ဒိဋ္ဌိကိုပယ်ချင်၊ သတ်ချင်နေခြင်းသည် ဥစ္ဆေဒ။ ဤသို့သော ဒိဋ္ဌိနှစ်မျိုးက တဘက်လှည့်၍ ဝင်လာတတ်ပါသည်။ ထို့ကြောင့် ကျောက်သင်္ဘောဆရာတော်ကြီးက 'သွားဖြုတ်လျှင် တပ်လျက်သား ဖြစ်နေမယ်' ဟု ဟောကြားခဲ့ခြင်းဖြစ်ပါသည် ဘုရား။

အမှတ် ၁၉ စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

ဥပါဒါန် မယှဉ်သောခန္ဓာကို အနုပါဒါနက္ခန္ဓာ ဟူ၍လည်းကောင်း၊ ဥပါဒါန်တရားများနှင့်တကွ ဥပါဒါန်နှင့်ယှဉ်သော တရားများကို ဥပါဒါနက္ခန္ဓာဟူ၍လည်းကောင်း ကျောက်သင်္ဘောဆရာတော်ကြီး ဟောကြားခဲ့ပါသည်။ မျက်မှောက်ဘဝတွင် တရားသိသော်လည်း မလွတ်နိုင်သော ဝိပါကဝဋ်တရားနှင့် တရားသိလျှင် လွတ်နိုင်သော ကိလေသဝဋ်တရားတို့ကို တရားသမား အများစုနှင့် နားယဉ်နေသော ခန္ဓာ, ဥပါဒါနက္ခန္ဓာ စကားများနှင့် ဟောကြားခြင်း ဖြစ်ပါသည်။ သို့ရာတွင် ပါဠိတော်ကြီးများတွင် လောကီရုပ်နာမ် ခန္ဓာများကို ဥပါဒါနက္ခန္ဓာဟူ၍ တသမတ်တည်း ကောက်ထားသဖြင့် တပည့်တော်တို့လည်း ပါဠိတော်မူအတိုင်းသာ လက်ခံဟောပြောရန် စည်းဝေးဆုံးဖြတ်ပြီး ဖြစ်ပါသည် ဘုရား။

အမှတ် ၂၀ စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

အမှန်အားဖြင့် စောဒကဆရာတော်များသာ ရိုးသားဖြောင့်မတ်သော စိတ်ဓာတ်ရှိလျှင် ဤစောဒနာချက် ပေါ်ပေါက်လာရန်ပင် မရှိပါ။ ကောက်နုတ်ချက် (ဘ)အမှတ်တွင် ပါရှိလာသော စာများရှေ့တွင် 'တရားတော်ကို နည်းမှန်လမ်းကျ ကျင့်သုံးပါလျှင် သီလသိက္ခာ ပြည့်စုံပြီးဖြစ်ပါတယ်' ဟူသော ဝါကျတစ်ခု ပါရှိပါသည်။ အကယ်၍ ထိုဝါကျနှင့်သာ တဆက်တည်းဆိုပါက သူ့အဓိပ္ပါယ်နှင့်သူ ပြည့်စုံပြီး ဖြစ်ပါသည်။ တရားတော်ကို နည်းမှန်လမ်းကျ ကျင့်သုံးခြင်းဆိုကတည်းက လောကီဝိပဿနာပိုင်းက ပဉ္စင်္ဂီကမဂ်သော်လည်းကောင်း၊ လောကုတ္တရာအဋ္ဌင်္ဂီကမဂ်သော်လည်းကောင်း တခုခု ဖြစ်ရတော့သည်သာ။ ထိုတွင် ပဉ္စင်္ဂီကမဂ်ဆိုသည်မှာလည်း လောကီဝိရတီများက အနိယတ ယောဂီဖြစ်၍သာ ဆိုရခြင်း ဖြစ်ပါသည်။ ဝိရတီသုံးမျိုးထဲက အမျိုးမျိုး ယှဉ်နိုင်ပါသည်။ ယှဉ်ရသော ဝိရတီသည် သီလသိက္ခာဖြစ်၍ ကျန်သော မဂ္ဂင်ငါးပါးက သမာဓိသိက္ခာနှင့် ပညာသိက္ခာတို့ ဖြစ်ကြပါသည်။ ထို့ကြောင့် အထူးတလည် ရှာဖွေဆည်းပူးမနေရဟု ရေးခဲ့ခြင်း ဖြစ်ပါသည် ဘုရား။

အမှတ် ၂၁-စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

(ဌ) အမှတ်နှင့် (ဍ) အမှတ် ကောက်နုတ်ချက်များတွင် 'မသိတော့' 'မမြင်တော့' ဟူသော စကားများ အထင်အရှား ပါနေကြသဖြင့် ထိုလိုချင်သော နိဗ္ဗာန်သည် နိဗ္ဗာန်အစစ် မဟုတ်နိုင်ပါ။ နိဗ္ဗာန်အစစ်ကိုလည်း အလိုတဏှာနှင့် ချဉ်းကပ်၍ မရနိုင်ပါ။ အလိုတဏှာ ရှိနေလျှင်လည်း အလိုကုန်ရာ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ပါ။ ထို့ကြောင့် "နိဗ္ဗာနံ နိဗ္ဗာနတော သဉ္ဇာနာတိ၊ နိဗ္ဗာနံ နိဗ္ဗာနတော သညတွာ နိဗ္ဗာနံ မညတိ' စသော မူလပဏ္ဏာသ၊ မူလပရိယာယသုတ် (မ၊၁၊၄။) မှာ ဟောထားသော နိဗ္ဗာန်ကို အဋ္ဌကထာဆရာက အသင်္ခတနိဗ္ဗာန်အစစ်မဟုတ်ကြောင်း၊ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒမှာ လာသော နိဗ္ဗာန်အတုမျိုးသာဖြစ်ကြောင်း ဖွင့်ပြတော်မူရပါသည် ဘုရား။

နိဗ္ဗာန်ကို လိုလားတောင့်တသဖြင့် ဒါန သီလ စသော ကုသိုလ်ကောင်းမှုပြုခြင်း, ကမ္မဋ္ဌာန်းဘာဝနာ ပွားများခြင်း စသဖြင့် ထိုအလိုသည် တစုံတခုသော အတိုင်းအတာအထိ ကျေးဇူးပြုသည်ကား မှန်ပါသည်။ အလိုအပေါ်မှာ အခြေပြုကာ ကြိုးစားလာခဲ့သဖြင့် တစထက်တစ အသိဉာဏ် ရင့်သန်လာခဲ့သည်လည်း မှန်ပါသည်။ သို့သော် ထိုအလို မစွန့်မပယ်ဘဲနှင့်ကား အလိုကုန်ရာ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ပါ။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လျှင်လည်း သမုဒယလက်တွင်းက မလွတ်ကင်းပါ။ ထို့ကြောင့် နိဗ္ဗာန်ရချင်သော အလိုကိုပင် သမုဒယသစ္စာထဲထည့်ရခြင်း ဖြစ်ပါသည်။ ဤသို့ နိဗ္ဗာန်ကို လိုချင်သော တဏှာအပါအဝင် ဓမ္မအာရုံများပေါ်မှာ လိုချင်သော တဏှာများကို ဓမ္မတဏှာဟူသော အမည်ဖြင့် ကထာဝတ္ထု ပါဠိတော် စုဒ္ဒသမဝဂ် ဓမ္မတဏှာ န ဒုက္ခသမုဒယောတိကထာ (အဘိ၊၄၊၃၅၄။)၌ အပြန်အလှန် ဆွေးနွေးထားပါသည်။

ပရဝါဒီ ပုဂ္ဂိုလ်က ဓမ္မတဏှာဟူသော စကား၌ ဓမ္မသဒ္ဒါပါနေသဖြင့် ထိုတဏှာသည် သမုဒယသစ္စာ မဟုတ်ဟု အဆိုပြုပါသည်။ သကဝါဒီဆရာက ဓမ္မဆိုဆို ဘာဆိုဆို တဏှာဆိုမှတော့ လောဘစေတသိက်သာ ဖြစ်၍ သမုဒယသစ္စာသာဖြစ်ကြောင်း ပြန်လည်ချေပပါသည်။ ထိုဓမ္မတဏှာဓမ္မသည် နိဗ္ဗာန်ဖြစ်နိုင်ပါသည်။ သို့သော် တဏှာပါနေသဖြင့် နိဗ္ဗာန်အစစ်ကား မဟုတ်နိုင်ပါ။

အနုတ္တရံ ယောဂက္ခေမံ ဟူသော ပါဠိတော်အရ နိဗ္ဗာန်ကို တောင့်တသော ကတ္တုကမျတာ ကုသိုလ်ဆန္ဒလည်း ရှိနိုင်ပါသည်။ သို့ရာတွင် ကျောက်သင်္ဘောဆရာတော်ကြီး ဟောကြားထားသော စကားထဲမှာပင် လိုချင်ဟူသော စကားကို အတိအလင်း သုံးထားပြီးမို့ ကုသိုလ်ဆန္ဒမဟုတ်ဘဲ သမုဒယသစ္စာထိုက်သော ဓမ္မတဏှာသာ ဖြစ်ပါသည် ဘုရား။

သဘာပတိ ဆရာတော်ဘုရားကြီးနှင့်တကွ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ဝင် ဆရာတော် အရှင်မြတ်ကြီးတို့ဘုရား-

တဘက်သော စောဒက ဆရာတော်များ၏ စောဒနာချက် အသီးသီးကို ဘုရားတပည့်တော်တို့ စွမ်းနိုင်သလောက် သောဓနာပြုလာခဲ့သည်မှာ ပြီးပြည့်စုံရန် နီးကပ်လာပါပြီ။ အခြေပြုအဖြစ် တင်သွင်းထားသော ရှေ့ပိုင်း စာပိုဒ်များကို ချန်လှပ်ပြီး အမှတ် ၅-စောဒနာချက်မှ စတင်၍ သောဓနာပြုလာခဲ့ကြသည်မှာ အမှတ် ၂၁-သို့ ရောက်ရှိခဲ့ပါပြီ။ စောဒနာ နိဂုံးပိုင်းမှာ ပါဝင်သော အမှတ် ၂၄-မှ အမှတ် ၄၀-တိုင်အောင် ရှည်လျားစွာ တင်သွင်းထားသော စောဒနာချက်များတွင် ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ တစုံတရာ အသစ်အဆန်း ဖော်ပြချက် မရှိပါ။ စောစောက စောဒနာခဲ့ပြီးသော အချက်များကိုပင် မပြီးနိုင် မစီးနိုင် မကျေနိုင် မချမ်းနိုင် တပည့်တော်တို့အပေါ် အပြစ်ကြီးနိုင်သမျှကြီးအောင် ပုံကြီးချဲ့၍ စွပ်စွဲထားချက်များသာ ဖြစ်ပါသည်။ သို့ရာတွင် ယခု တင်သွင်းခဲ့သော သောဓနာချက်များအရ တပည့်တော်တို့သည် ရှုမှတ်ပွားများ တရားအားထုတ်မှုများကို မရှုတ်ချပါ။ ဒါန သီလ စသော ကုသိုလ်ကောင်းမှုများကို မတားမြစ်ပါ။ ပိဋကတ်သုံးပုံနှင့်တကွ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကို မပစ်ပယ်ပါ။ သာသနာ့ရန်သူများ မဖြစ်ကြပါ။ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး၏ အကိုင်း အခက်ကလေးတခုအဖြစ်ဖြင့် မိမိတို့ စွမ်းအားရှိသလောက် သာသနာ့တာဝန် ထမ်းဆောင်နေကြသော ဘုရားတပည့်သား ရဟန်းသံဃာများသာ ဖြစ်ပါသည် ဘုရား။

ကျောက်သင်္ဘောစာအုပ်နှင့် တိတ်ခွေများထဲမှ ပိဋကတ်ကျမ်းဂန်နှင့် ဆန့်ကျင်သည်ထင်၍ ကောက်နုတ်တင်သွင်းထားသော အချက်များမှာ (က) မှ (အ) အထိ ၃၃-ချက် ရှိနေပါသည်။ သို့ရာတွင် အချို့သော အချက်များမှာကား မည်သို့သော ပါဠိတော် အဋ္ဌကထာနှင့် မည်ကဲ့သို့ ကွဲလွဲနေသည်ကို သေချာဂနထောက်၍ မပြနိုင်ကြပါ။ ကောက်နုတ်ချက်များကို ရည်ညွှန်းပြီး အမြွက်မျှလောက်သာ ဖော်ပြခဲ့ကြပါသည်။ သို့ပါသော်လည်း သဘာပတိ ဆရာတော်ဘုရားကြီးနှင့်တကွ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ဝင် ဆရာတော်ကြီးတို့အား လေးစားသောအားဖြင့် တပည့်တော်တို့ဘက်က ပြည့်ပြည့်စုံစုံ ဖြေရှင်းလျှောက်ထားရခြင်း ဖြစ်ပါသည် ဘုရား။

တပည့်တော်တို့၏ သောဓနာ နိဂုံးအခန်းတွင် အမှတ် ၄၁-စောဒနာချက်ကို သောဓနာပြုရန် ဖြစ်ပါသည် ဘုရား။

အမှတ် ၄၁-စောဒနာချက်ကို သောဓနာပြုချက်ပါဘုရား

ဤစောဒနာချက်ထဲမှ အဓိကထား၍ သောဓနာရန် အချက်မှာ 'အလွန်တရာမှ ကြီးလေးလှစွာသော အကုသိုလ် တရားဆိုးကြီးများက နောက်ဘဝတိုင်အောင် စောင့်ဆိုင်း မနေနိုင်ကြတော့ပဲ ယခု ပစ္စက္ခဘဝ အတွင်းမှာပင် အကျိုးပေးသော အနေအားဖြင့် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)၏ ရုံးတော်သို့ စုဒိတက အဖြစ်ဖြင့်လာရောက်၍ အစစ်ခံနေကြရသော ကျောက်သင်္ဘောဝါဒီများက ဟူသော စကားဖြစ်ပါသည်။

အဂ္ဂမဟာပဏ္ဍိတ သဘာပတိဆရာတော်ဘုရား အပါအဝင် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ဖြင့် ထင်ရှားကျော်ကြားသော ဆရာတော်ကြီးများ ရှေ့မှောက်သို့ ရောက်ခဲ့ရခြင်းကိုပင် တပည့်တော်၏ အကုသိုလ် အကျိုးပေးဟု စောဒနာ ထားပါသည်။ တပည့်တော်တို့အပေါ် ဤသို့ စောဒနာလိုက်ခြင်းဖြင့် မြောက်မြားလှစွာသော သာသနာ့တာဝန်များကြားမှ ဤကိစ္စအတွက် ကြွရောက်တော်မူလာရသော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ဝင် ဆရာတော်ကြီးများကိုလည်းကောင်း၊ သာသနာ့ဒါယကာ အဖြစ်ဖြင့် တာဝန်ယူ၍ နိုင်ငံတော်အစိုးရက ဤမျှလောက်ခမ်းနားသိုက်မြိုက်စွာ ပြင်ဆင်ပေးထားသော အခမ်းအနားကြီးကိုလည်းကောင်း စွပ်စွဲရာ ရောက်သွားပါသည်။ သာသနာတော်ကြီးသန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် မဟုတ်တော့ပဲ ကျောက်သင်္ဘော တိုက်ဖျက်ချေမှုန်းရေး အတွက်သာ လုပ်ကိုင်ဆောင်ရွက်နေသည်ဟု ဆိုရာရောက်နေပါသည် ဘုရား။

ဘုရားတပည့်တော်တို့သည် ဤစောဒနာချက်ကို ပြတ်ပြတ်သားသား ငြင်းပယ်ကြပါသည်။ အနယ်နယ်အရပ်ရပ်တွင် စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ကြုံဆုံဆည်းခဲ့ရသော ကိစ္စများကိုသာ တပည့်တော်တို့၏ ဘဝဘဝက အကုသိုလ်အကျိုးဆက်များဟူ၍ နှလုံးပိုက်ထားပါသည်။ ယခု ဆရာတော်ဘုရားကြီးများ ရှေ့တော်မှောက်သို့ ဝင်ရောက်ခွင့်ရသော ဖြစ်ရပ်ကိုကား အလွန်တရာ ထူးခြားမွန်မြတ်လှသော ကုသိုလ်ကံ အကျိုးပေးဟူ၍ သဘောပေါက်ထားပါသည်။ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့လိုက်လျောခြင်းများအပြင် ကုသိုလ်ကံ၏ အကျိုးတရား ဖြစ်သောကြောင့်သာလျှင် တပည့်တော်တို့မှာ ကပ်ငြိနေသောအပြစ် အာဒီနဝတို့ကို ဆေးကြောခွင့်ရ၍ တပည့်တော်တို့ ကျင့်သုံးဟောကြားနေသော တရားများကို သံသယကင်းအောင် ဖြေရှင်းလျှောက်ထားခွင့်ရခြင်း ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရကိုယ်စား တာဝန်ယူဆောင်ရွက်ပေးနေကြရသော သာသနာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း မည်သူ့ဘက်မှ မလိုက်ပဲ မိမိတို့ပြုသင့်ပြုထိုက်သော ဝေယျာဝစ္စ ကိစ္စအဝဝကို အစစကျေကုန်အောင် ဆောင်ရွက်ပေးကြသဖြင့် ဘုရားတပည့်တော်တို့ စိတ်နှလုံးချမ်းမြေ့ကြရပါသည်။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြရပါသည် ဘုရား။ ထို့ပြင် စောဒက စုဒိတက မည်သူ့မျက်နှာကိုမှမကြည့်ပဲ ဘုရားမျက်နှာတော်ကိုသာကြည့်၍ ဆုံးဖြတ်မည်ဟူသော သဘာပတိ ဆရာတော်ဘုရားကြီး မိန့်ခွန်းတော်ကိုလည်း ဦးလည်မသုံ ယုံကြည်ကိုးစားကြပါသည် ဘုရား။

တနည်းအားဖြင့် လျှောက်ထားရပါလျှင် ယခု တပည့်တော်တို့ ရရှိနေသော အခွင့်အရေးကြီးသည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပဌမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၏ အသီးအပွင့်ကို ပဌမဦးစွာ မြိန်မြိန်ရှက်ရှက်ကြီး စားသုံးရကြခြင်း ဖြစ်ပါသည် ဘုရား။

ဤသို့အားဖြင့် ယခုဆောင်ရွက်နေကြရသော ကိစ္စကြီးကြောင့်တဘက်သော စောဒက ဆရာတော်များက တပည့်တော်တို့၏ ဂုဏ်သိက္ခာကျဆင်းသွားပြီဟု ထင်မှတ်ကြသော်လည်း ထင်မှတ်သလို မဟုတ်ပါ။ ဘုရားတပည့်တော်တို့လို သာမညပုဂ္ဂိုလ်မဆိုထားဘိ ဓမ္မသေနာပတိလကျ်ာတော်ရံ အရှင်မဟာသာရိပုတ္တရာ အရှင်မြတ်ကြီးသည်ပင် ရန်လိုတတ်သော ရဟန်းတပါးက တိုင်ကြားသဖြင့် ဘုရားရှေ့တော်မှောက်သို့ စုဒိတကပုဂ္ဂိုလ်အဖြစ်ဖြင့် ရောက်ခဲ့ဘူးပါသည်။ ထို့အတူ မလ္လအမျိုးသား အရှင်ဒဗ္ဗသည်လည်း မေတ္တိယဘူမဇကရဟန်းဆိုးတို့က ဆန်ကွဲထမင်းပုန်းရည်ဟင်းနှင့် စားရသည်ကို မကျေနပ်၍ မမှန်မကန် လုပ်ကြံတိုင်တန်းကြသဖြင့် စုဒိတကပုဂ္ဂိုလ်အဖြစ်ဖြင့် ရှေ့တော်မှောက် ရောက်ခဲ့ရဘူးပါသည် ဘုရား။

ထိုမေတ္တိယဘူမဇက ရဟန်းတို့သည် ဆဗ္ဗဂ္ဂီအုပ်စုဝင်များဖြစ်ကြသည့်အားလျော်စွာ နေရာတကာတွင် အုပ်စုအားကိုးနှင့် စွာကျယ်စွာကျယ်လုပ်ခဲ့ကြသူများ ဖြစ်ပါသည်။ ဤသာသနာတော်၌ မကောင်းမှုဟူသမျှ ဒိုင်ခံပြုလုပ်လာကြသူများဖြစ်ပါသည်။ ထိုခြောက်ပါးထဲမှ နှစ်ပါးသောရဟန်းတို့မှာ အတေကိစ္ဆ ပါရာဇိကအာပတ်ကြီးများ သင့်ပြီးဖြစ်ကြောင်း ပါရာဇိကဏ်အဋ္ဌကထာက ပြဆိုထားပါသည်။ ဤကဲ့သို့သော ရဟန်းဆိုးများအား ဘုရားရှင်က တံစူးဝါးဖြင့်ဥပမာပြု၍ ဟောကြားတော်မူခဲ့ဘူးပါသည်။ အဝိဒူရေ လူသေဖုတ်သည့် သုသာန်မြေ၌ မစင်ကျင်ကြီးလူးပေနေသော တံစူးဝါးသည် တောမှာလည်းအသုံးမကျ၊ ရွာထဲမှာလည်း သုံးမရသကဲ့သို့ ထိုကဲ့သို့သော ရဟန်းဆိုး၊ ရဟန်းညစ်၊ ရဟန်းသီလကြောင်၊ ရဟန်းအူချောင်ချောင်တို့မှာလည်း ဘယ်နေရာမှာမှအသုံးမကျ၊ ပညာပေတုံး၊ ထမင်းဖြုန်း၍ ကတုံးသာလျှင် အဖက်တင်ရသူများဟု ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ပညာပေတုံး ထမင်းဖြုန်း၍ ကတုံးသာလျှင် အဖတ်တင်ကြရသော ရဟန်းဆိုး ရဟန်းညစ်၊ ရဟန်းသီလကြောင်၊ ရဟန်းအူကြောင်ကြောင်တို့က မည်မျှပင် မှုပြစ်ကြံကြသော်လည်း အရှင်မဟာသာရိပုတ္တရာနှင့် အရှင်ဒဗ္ဗတို့၏ဂုဏ်သိက္ခာသည် တစုံတရာ ညှိုးနွမ်းမှုမရှိပါ။ ထိုအရှင်မြတ်ကြီးတို့၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကြောင့်လည်းကောင်း၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် လည်းကောင်း ထိုအရှင်မြတ်ကြီးတို့၏ ဂုဏ်သိက္ခာသည် ဆထက်ထမ်းပိုး တိုး၍ပင် ထွက်လာခဲ့ပါသည်။

ထိုနည်းမခြား အလားတူစွာပင် ဘုရားတပည့်တော်တို့သည်လည်း အကြောင်းအားလျော်စွာ ဆရာတော်ဘုရားကြီးတို့၏ ရှေ့တော်မှောက်သို့ စုဒိတကပုဂ္ဂိုလ်အဖြစ်ဖြင့် ဝင်ရောက်၍ လာခဲ့ရပါသည်။ ထိုသို့ ဝင်ရောက်လာကြရသော်လည်း တပည့်တော်တို့၏ ဂုဏ်သိက္ခာသည် တစုံတရာ ညှိုးနွမ်းမှု မရှိပါ။ ယခုလောလောဆယ်တွင် သံဃာ့ဝန်ဆောင်အဖွဲ့များ၌ ပါဝင်ခွင့်မရသေးခြင်းမှာလည်း ယာယီမျှသာဖြစ်ကြောင်း၊ ဓမ္မအဓမ္မအငြင်းပွားမှုများကို ဖြေရှင်းဆုံးဖြတ်ပြီးလျှင် အများနည်းတူ သံဃာ့အဖွ့အစည်းများ၌ ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာတွင် အထင်အရှား ပါရှိပြီးဖြစ်သဖြင့် တပည့်တော်တို့၏ ရပ်တည်ခွင့်ကို တောင်းနေရန်မလိုပါ။ ဖြစ်ပွားခဲ့ရသော အငြင်းပွားမှုများမှာလည်း ယခု နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) အဖွဲ့ဝင် ဆရာတော်ဘုရားကြီးများ၏ ရှေ့မှောက်မှာပင် ပြီးစီးပြေငြိမ်းသွားမည် ဖြစ်ပါသည် ဘုရား။

စောဒနာ တင်သွင်းချက်များအနက်မှ တပည့်တော်တို့ ဒေသနာမကျွမ်းကျင်မှုကြောင့် အမှန်တကယ် ချွတ်ယွင်းခဲ့ရသော အချက်များကို ဟုတ်တိုင်းမှန်စွာ ဝန်ခံခဲ့ပါသည်။ စောဒက အချက်ထဲမှာ မပါဝင်သေးသော အချက်များကိုလည်း နောက်နောင် ပုံနှိပ်ဖြစ်သောအခါ အသေအချာ တည်းဖြတ်ပြင်ဆင်ပါမည်။ တပည့်တော်တို့ဘက်က လစ်လပ်သွားသည့်တိုင်အောင် သာသနာရေးဦးစီးဌာနမှ ပညာရှင်များက စေ့စေ့စပ်စပ် သုံးသပ်ပြုပြင်ပေးသွားကြမည် ဖြစ်ပါသည် ဘုရား။

ဤသို့ချွတ်ယွင်းချက်များကို ဟုတ်တိုင်းမှန်စွာ ဝန်ခံပြီးနောက် အခြေအမြစ်မရှိသော စွပ်စွဲချက်များကိုလည်း ပါဠိတော် အဋ္ဌကထာဋီကာများနှင့်အညီ သောဓနာပြုခဲ့ပါပြီ။ တပည့်တော်တို့ လက်ခံကျင့်သုံး ဟောပြောနေသော တရားများကို ထင်ရှားအောင်လျှောက်ထားခဲ့ပါပြီ။ ဝိဘဇ္ဇဝါဒီ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ တပည့်သာဝကဖြစ်တော်မူကြသော အရှင်မြတ်ကြီးတို့သည် ဤနှစ်ခုအနက်မှ မကောင်းသည်ကိုပယ်ချ၍ ကောင်းသည်ကို ကယ်မရန် ဖြစ်ပါသည် ဘုရား။

ဘုရားတပည့်တော်တို့ ယခုရင်ဆိုင်ဖြေရှင်းနေရသော အမှုမှာ အာပတ္တာဓိကရုဏ်းမှုမဟုတ်သဖြင့် တစုံတရာသော အာပတ်ဖြင့်သုံးသပ်ရန် ဆုံးဖြတ်ရန်မဟုတ်ပါ။ သို့ရာတွင် တပည့်တော်တို့၏ အဟောအပြော အရေးအသားချွတ်ယွင်းမှုများကြောင့် သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များ စိတ်အနှောက်အယှက် ဖြစ်ကြရသဖြင့် ထိုကိစ္စကို တပည့်တော်တို့၏ အပြစ်အာဒီနဝ အဖြစ်ဖြင့် ခံယူပါသည်။

ထို့ကြောင့်နိဂုံးချုပ်အားဖြင့်-

ဤကဲ့သို့သောအပြစ် အာဒီနဝတို့မှ ထမြောက်ခွင့် ရရေးအတွက် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) အဖွဲ့ဝင် ဆရာတော်ဘုရားကြီးများက တပည့်တော်များအပေါ် ဝုဋ္ဌာနကံ ပြုပေးတော်မူကြပါရန်နှင့်-

ဘုရားတပည့်တော်တို့ လက်ခံ, ကျင့်သုံး, ဟောကြားနေသောတရားများကို ဓမ္မဝါဒအဖြစ်ဖြင့် အဆုံးအဖြတ် ပေးတော်မူကြပါရန် ရိုသေလေးမြတ်စွာ လျှောက်ထား ပန်ကြားအပ်ပါသည် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) အဖွဲ့ဝင်ဆရာတော် အရှင်သူမြတ်တို့ ဘုရား။

စုဒိတကပုဂ္ဂိုလ်များ

၁။

(ဦးကောဝိဒ) ကျောက်သင်္ဘောရိပ်သာ၊ ကျိုက္ကစံဘုရားအရှေ့ဘက် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း။

၂။

(ဦးဣန္ဒောဘာသ) ရွှေကျောင်း၊ ကြာပိုင်ရွာ၊ မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်း။

၃။

(ဦးဝိသုဒ္ဓ) ကျောက်သင်္ဘောရိပ်သာ၊ ကျောက်ဆည်မြို့၊ မန္တလေးတိုင်း။

၄။

(ဦးနန္ဒိယ) ကျောက်သင်္ဘောရိပ်သာ၊ ငါးစို့တိုက်၊ မန္တလေး အရှေ့တောင်မြို့နယ်၊ မန္တလေးတိုင်း။

၁၃၄၂-ခု၊ ပြာသိုလပြည့်ကျော် (၃)ရက် (၂၃-၁-၈၁) သောကြာနေ့

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁)

သဘာပတိ ဆရာတော်၏ နှုတ်မေးခွန်းများ

မေး။။ဆရာတော် ဦးဣန္ဒောဘာသ၊ အရှင်ဘုရားသည် ဤကျောက်သင်္ဘောဝါဒကို မူလဆရာတော်ကြီးထံမှာ နှစ်ပေါင်းဘယ်လောက်နည်းယူပြီး သင်ကြားခဲ့ပါသလဲ ဘုရား။

ဖြေ။။ဆရာတော်ကြီးကို တပည့်တော် မမီလိုက်ပါ ဘုရား။

မေး။။ဒါဖြင့် ဆရာတော်ကြီးသက်တော်မရှိမှ ဒီဝါဒထဲ ရောက်လာသလား။

ဖြေ။။မှန်ပါ ဘုရား။

မေး။။အာစရိယ ဟတ္ထမုဋ္ဌိရလို့ ဟောပြောသလား။ စာအုပ်စာတမ်း ကြည့်ပြီး ဟောပြောသလား။

ဖြေ။။အာစရိယ ဟတ္ထမုဋ္ဌိ ဆရာ့ လက်ဆုပ် လက်ကိုင်တော့ မရရှိလိုက်ပါ။ စာအုပ်စာတမ်း ကြည့်ပြီးဟောပြောပါတယ်။ ဦးဝိသုဒ္ဓ၊ ဦးနန္ဒိယတို့ ဟောပြောတာကိုလဲ နည်းယူပါတယ် ဘုရား။

မေး။။အားလုံးနှစ်ပေါင်း ဘယ်လောက်ရှိပြီလဲ။

ဖြေ။။ကိုးနှစ်လောက် ရှိပါပြီ ဘုရား။

မေး။။အရှင်ဘုရားတို့ ဟောလို့ ကျောက်သင်္ဘော ကျောင်း ဘယ်လောက် ရှိပါပြီလဲ။

ဖြေ။။ကျောင်း အရေအတွက်တော့ မလျှောက်ထားတတ်ပါဘုရား။ သံဃာကတော့ (၁၀၃)ပါးလောက် တပည့်တော်တို့ စာရင်း ရထားပါတယ် ဘုရား။

မေး။။အရှင်ဘုရားတို့ နှစ်စဉ် ပဝါရဏာ ပြုသောအခါ ဘယ်ဂိုဏ်းမှာ ပဝါရဏာ ပြုပါသလဲ။

ဖြေ။။သုဓမ္မာဂိုဏ်းမှာ ပြုပါတယ်ဘုရား။ မုံရွာမြို့နယ် ဘုဘရွာ ဦးဝါယမကတော့ ရွှေကျင်ဂိုဏ်းမှာ ပါရှိပါတယ် ဘုရား။

မေး။။အရှင်ဘုရားတို့နဲ့ သမ္ဘောဂမပြုသောသံဃာ ရှိပါသလား။

ဖြေ။။သမ္ဘောဂမပြုတာကတော့ ချောင်းဦးမြို့ ဓမ္မမဏ္ဍိုင် အဖွဲ့ကပဲ များသောအားဖြင့် မပြုခြင်းပါ ဘုရား။

သဘာပတိဆရာတော်၏ နှုတ်မေးခွန်းကို ဦးဣန္ဒောဘာသက ဤသို့ဖြေကြား လျှောက်ထားလေသည်။

အခန်း (၂) ပြီး၏၊

---

အခန်း (၃)

ကျောက်သင်္ဘောဝါဒဝိနိစ္ဆယ

ကျောက်သင်္ဘောဝါဒ

ဝိဝါဒါဓိကရဏပရိပုဏ္ဏဝိနိစ္ဆယ

မဟာနိဒါနကထာ

(၁) ဗုဒ္ဓဿ သာသနေ မြမ္မ ရဋ္ဌေ စ ရာဇဓာနိယာ။
ဝေရိက္ခယေ စ နဂရေ၊ ဗလာကသာမတ္ထလေ ဝရေ။

(၂) ဇမ္ဗုဒီပိဋ္ဌကာလယေ၊ ဒွေ စတ္တာလီသ စာဓိကေ။
တိသတေကသဟဿကေ၊ ဖုဿကာဠေ စတုဒ္ဒသေ။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁)

သဘာပတိဆရာတော်ဘုရားကြီး၏

မိန့်ခွန်း

ယခုတင်က ညွှန်ကြားရေးမှူးချုပ် လျှောက်ထားသည်ကို ဆရာတော်များ နားလည်သဘော ပေါက်ကြပါတယ်။ မှန်လည်း မှန်ကန်ပါတယ်။ ဒီနေ့ အားလုံးသော ဒါယကာ ဒါယိကာမများ နားလည်ကြစေရန် ဩဝါဒစကား အနည်းငယ်ပြောကြားလိုပါတယ်။

တရားလိုဖြစ်တဲ့ စောဒကပုဂ္ဂိုလ်တို့က တရားခံဖြစ်တဲ့ စုဒိတကပုဂ္ဂိုလ်တို့အပေါ်မှာ လေးဆဲ့သုံးချက် စေဒနာခဲ့ကြပါတယ်၊ အပြစ်တင် စွဲဆိုခဲ့ကြပါတယ်။ အဲဒီ စွဲဆိုချက်ကို စုဒိတကဖြစ်တဲ့ တရားခံ ကိုယ်တော်လေးပါးက ပြန်ဖြေတဲ့အခါမှာ နံပါတ် (၂၄)ထိအောင် ဖြေပါတယ်။ ၂၄-ထိအောင် ဖြေရာမှာ (၁၇)ချက်သာ စောဒကပုဂ္ဂိုလ်များ တင်သွင်းထားသော စောဒနာချက်များနှင့် ဆိုင်ပါတယ်။ ကျန် အဖြေများကတော့ စေဒနာနှင့် မဆိုင်ဘဲ ဆရာတော်တို့ကို တောင်းပန်တာပဲ ပါ ပါတယ်။

တပည့်တော်တို့ကို သနားတော်မူသောအားဖြင့် ဓမ္မဝါဒ-ဟု အမိန့်ချပေးတော်မူပါ ဘုရား...။ ဓမ္မဝါဒီဟု အမိန့်ချပေးတော်မူပါဘုရားလို့ သနားစဖွယ် ကရုဏာသံဖြင့် တောင်းပန်ရှာကြပါတယ်။ ဆရာတော်များကလည်း သနားကြပါတယ်။ စောဒကများရဲ့ စောဒနာချက်၊ စုဒိတကများရဲ့ ချေပချက်တို့ကို ဝိနည်းဓိုရ်ဆရာတော်ကြီးများက ပါဠိတော် အဋ္ဌကထာ စသည်တို့ဖြင့် ညှိနှိုင်း စိစစ်ဝေဖန်ထားကြပါတယ်၊ အားလုံး စာမျက်နှာပေါင်း (၁၀၀)ကျော် ရှိပါတယ်။

အဲဒါ အဲဒါတွေကို ဝေဖန်ဖတ်ပြတဲ့အခါ နက်နဲခက်ခဲတဲ့ အဘိဓမ္မာသဘောတွေ ပါနေတာဖြစ်လို့ ဒါယကာ ဒါယိကာမအများစုက နားလည်ကြမှာမဟုတ်ဘူး၊ နောက်ဆုံး ဆုံးဖြတ်ချက်ချမှသာ အားလုံး နားလည်ကြပါလိမ့်မယ်။

ဆရာတော်တို့ ဝိနိစ္ဆယအဖွဲ့က စုဒိတကဘက်က ပြန်လည်ချေပချက်များကို စေ့စေ့စပ်စပ်လည်း နားထောင်ကြပါတယ်။ တစ်လုံးမှ မကျန်အောင်လည်း ဖတ်ရှုလေ့လာ သုံးသပ်ကြပါတယ်။ အဲဒီ အကြောင်းကို ဒကာ ဒကာမတွေ နည်းနည်း နားလည်အောင် ဝိနည်းဓိုရ်ဆရာတော်များရဲ့ ဆုံးဖြတ်ပုံကို ပြောပြပါမယ်။

ဥပမာ- စောဒကပုဂ္ဂိုလ်များက နိဗ္ဗာန်သည် ခန္ဓာကိုယ်တွင်းမှာရှိတယ်လို့ ရေးသားဟောပြောနေကြတဲ့ ကျောက်သင်္ဘောဝါဒကို မှားယွင်းကြောင်း စောဒနာချက်ကို ဗဟိဒ္ဓါ ဓမ္မအရ နိဗ္ဗာန်သည် ဗဟိဒ္ဓတရား ထင်ရှားနေသောကြောင့် စုဒိတက ကျောက်သင်္ဘောဆရာတော်များက ပြန်လည်၍ မဖြေကြားနိုင်ကြပါဘူး။

နိဗ္ဗာန်လိုချင်တာ သမုဒယလောဘတဏှာလို့ ရေးသားဟောပြောနေကြတဲ့ ကျောက်သင်္ဘောဝါဒကို မှားယွင်းကြောင်း စောဒကပုဂ္ဂိုလ်များက စောဒနာကြတဲ့အခါ စုဒိတကပုဂ္ဂိုလ်များက ပြန်လည် ဖြေကြားကြရာ၌ နိဗ္ဗာန်လိုချင်တာ ဓမ္မတဏှာဖြစ်ကြောင်း မှားယွင်းစွာ ဖြေကြားကြပါတယ်။

ဤသို့စသည်အားဖြင့် သူတို့စုဒိတကပုဂ္ဂိုလ်များ၏ ဖြေကြားချက်များသည် ဘုရားဟော တရားတော်နှင့် ကိုက်ညီတာ တစ်ချက်မှ မရှိဘူး။ စောဒကပုဂ္ဂိုလ်များဘက်က (၄၃)ချက် စောဒနာထားရာတွင် စုဒိတကပုဂ္ဂိုလ်များက (၂၄)ချက်သာ ဖြေဆိုကြပါတယ်။ ယင်းသို့ ဖြေဆိုကြရာတွင်လည်း ဘုရားဟောနဲ့ကိုက်ညီသော ဖြေကြားချက် မပါရှိကြပါဘူး။ အဲဒီလို မမှန်တာတွေကို ဖြေဆိုထားတော့ ဆရာတော်တို့ ဝိနည်းဓိုရ်အဖွဲ့က ဘယ်လိုလုပ်ရမှာတုံး၊ ဘုရားမျက်နှာပဲ ကြည့်ရတော့မယ်၊ ကျောက်သင်္ဘောမျက်နှာ ကြည့်လို့မဖြစ်တော့ဘူး။

ဒါကြောင့် အရှင်ဘုရားတို့ ဘုရားဟောဒေသနာတော် ရှိတဲ့အတိုင်း ဓမ္မဝိနယနှင့်အညီ မှန်ကန်တိကျအောင်သာ ဆုံးဖြတ်ကြပါစို့ဟု နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ဝင် ဆရာတော်များအား လျှောက်ထားတိုက်တွန်းရပါတော့တယ်။

ဤသို့စသောအားဖြင့် သဘာပတိဆရာတော်ကြီးက ဩဝါဒကထာ မိန့်ကြားတော်မူပါသည်။

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော်ကြီးများ၏

ထေရဝါဒ ဓမ္မဝိနယနှင့်အညီ

ဆုံးဖြတ်တော်မူအပ်သော

ကျောက်သင်္ဘောဝါဒ

ဝိဝါဒါဓိကရဏပရိပုဏ္ဏဝိနိစ္ဆယကထာ

---

သန္ဒေသကထာ

ယင်းအမှုကို စီရင်ဆုံးဖြတ်ချက်ချသော ဤနေ့သည်ကား .....

ဝိဇယုဿဝ ဒွိပဒုတ္တမ အတိဥက္ကဋ္ဌဖြစ်တော်မူသော လောကဦးကိုင် မြတ်ဘုန်းလှိုင် ရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန် ကြွဝင်စံလျက်သုံးလနှင့်လေးရက်အကြာ မင်္ဂလာအခါ၌ ရာဇဂြိုဟ်ပြည် စရည်းပင်ရောက်ရာ မဟာပါသာဏ လှိုင်ဂူဝ၌ ပဋိသမ္ဘိဒါပတ္တ ဆဠဘိည တိပိဋကဓရ ဧတဒဂ္ဂ ရဟန္တာကြီး အပါး ၅၀၀-နှင့် ပဉ္စသတိက ပဌမသင်္ဂါယနာ တင်သောခါမှ စ၍တွက်စစ် အတိတ်သာသနာနှစ်ကား ၂၅၂၄-ခုနှစ်ဖြစ်လေ၏၊ လူတို့ဝေါဟာ နှစ်ကောဇာကား ၁၃၄၂-ခုနှစ် တပို့တွဲလဆုတ် (၄)ရက် တနင်းလာနေ့၊ နံနက် (၉) နာရီ မိနစ် (၃၀) ဖြစ်လေ၏၊ ဤကျောက်သင်္ဘောဝါဒ ဝိဝါဒါဓိကရဏ အမှုကြီးကို-

(၁) ၁၃၄၂-ခုနှစ် ပြာသိုလဆန်း ၁၀-ရက် (၁၅-၁-၈၁) ကြာသပတေးနေ့၊ နေ့ (၁)နာရီမှ စတင်စစ်ဆေး၏၊
(၂) ၁၃၄၂-ခုနှစ် ပြာသိုလဆန်း ၁၄-ရက် (၁၉-၁-၈၁) တနင်းလာနေ့၊ နေ့ (၁)နာရီမှာ စောဒကပုဂ္ဂိုလ်များက စောဒနာလွှာတင်ကြ၏၊
(၃) ၁၃၄၂-ခုနှစ် ပြာသိုလဆုတ် ၃-ရက် (၂၃-၁-၈၁) သောကြာနေ့၊ နေ့ (၁)နာရီမှာ စုဒိတကပုဂ္ဂိုလ်များက ချေပလွှာတင်ကြ၏၊
(၄) ၁၃၄၂-ခုနှစ် ပြာသိုလဆုတ် ၄-ရက် (၂၄-၁-၈၁) စနေနေ့၊ နံနက်မှစ၍ ဝိနိစ္ဆယချနိုင်ရေးကိစ္စ စတင်ဆောင်ရွက်ကြ၏၊

ဤမျှ အချိန်ယူဆောင်ရွက်ရခြင်း အကြောင်းမှာ-

(၁) သံဃာတော်များပါဝင်ဦးစီးသော ဘာသာရေးမှုခင်းကြီးဖြစ်၍ တစ်သာသနာလုံးနှင့် သက်ဆိုင်လျက် အခြားမှုခင်းများနှင့် မတူသည့် ဝိနိစ္ဆယကြီးတစ်ရပ် ဖြစ်နေခြင်း၊
(၂) နိုင်ငံတော်ထိပ်တန်း ဘာသာရေးအမှုကြီးဖြစ်၍ အလုပ်ဖြစ်ရုံ ဖတ်ကောင်းရုံ သဘောမထားဘဲ ဒေသနာတော်နှင့် အတိအကျ (သဘာဝအာဂမ) နှစ်ဌာန ညီညွတ်လျက် သေချာသည်ထက် သေချာ၊ ရေရာသည်ထက် ရေရာစေလိုသော ဆန္ဒရှိတော်မူကြခြင်း၊
(၃) ယင်းဒေသနာ ပါဠိတော် အဋ္ဌကထာ ဋီကာလာ အာဂမပါဌ်နှင့် အနက်များကိုလည်း ကျက်လိုသူ ကြည့်လိုသူများ ကျက်နိုင် ကြည့်နိုင်ရန် စာမျက်နှာနံပါတ်နှင့်တကွ ထည့်သွင်းပေးလိုခြင်း၊
(၄) ဘာသာရေး၌ တွေဝေနေကြသူများပါ ရေရေလည်လည် ပေါ်ပေါ်ထင်ထင် အကြောင်း အကျိုးနှင့်တကွ ဖတ်ရှုရုံမျှဖြင့် အမှန်အတိုင်း အများနားလည်ကြစေလိုခြင်း၊
(၅) ဤဝိနိစ္ဆယကို ဖတ်ရှုလေ့လာကြသူတိုင်း တစ်သက်တာလုံးနှင့် သက်ဆိုင်သော ဗဟုသုတ အမှန်များရလာလျက် ကုသိုလ်တရားတိုးပွားကာ အကျိုးများလာစေလိုခြင်း-

ဤသို့ ထူးခြားသော အကြောင်းများကြောင့် ဖြစ်ပါသည်။ ယင်းကျောက်သင်္ဘောဝါဒ ဝိဝါဒါဓိကရဏပရိပုဏ္ဏဝိနိစ္ဆယ၌ အပိုင်းကြီး ၇-ပိုင်း ရှိပါသည်။ ယင်း ၇-ပိုင်းတို့မှာ အောက်ပါတို့ပင် ဖြစ်ကြကုန်၏၊

(၁) ဝန္ဒနာပဏာမ၊
(၂) ဝိနိစ္ဆယမဟာနိဒါန်း၊
(၃) ဝိဝါဒါဓိကရဏနိဒါန်း၊
(၄) စောဒကပုဂ္ဂိုလ်များ၏ စောဒနာချက်၊
(၅) စုဒိတကပုဂ္ဂိုလ်များ၏ ချေပချက်၊
(၆) ဝိနည်းဓိုရ်ဆရာတော်များ၏ သုံးသပ်ချက်များ၊
(၇) ဝိနည်းဓိုရ်ဆရာတော်များ၏ ဆုံးဖြတ်ချက်များ။

(၁) ဝန္ဒနာပဏာမ

ခမာ ဒယာ စ မေတ္တာယ၊ သမ္ပန္နံ ဟဒယံ တဝ။
ဘော နာထ သိရသာ ဝန္ဒေ၊ သက္ကစ္စံ တမနုတ္တရံ။

ဘော နာထ၊ ကမ္ဘာသူကမ္ဘာသား သတ္တဝါအများတို့၏ ထပ်မနားဦးခိုက် အမှန်ပင်အားထား ထိုက်သည့် အမြိုက်သခင် အို ..... အရှင်မြတ်ကြီးဘုရား။ တဝ၊ အရှင်ဘုရား၏၊ ဟဒယံ၊ နှလုံးတော်အနှစ် ပုလဲစစ်သည်။ ခမာ ခမာယ စ၊ သည်းခံခြင်းအလီလီ ခန္တီအစားစား ကြီးမားသော ဂုဏ်တော်များနှင့်လည်းကောင်း။ ဒယာ ဒယာယ စ၊ သနားခြင်းအခါခါ ကရုဏာအစားစား ကြီးမားသော ဂုဏ်တော်များနှင့်လည်းကောင်း။ မေတ္တာယ စ၊ ခင်မင်မှုများစွာ မေတ္တာအစားစား ကြီးမားသော ဂုဏ်တော်များနှင့်လည်းကောင်း။ သမ္ပန္နံ၊ များပြားစုပုံ ပြည့်စုံတော်မူလှပါပေ၏၊

ဘော နာထ၊ အို ..... အရှင်မြတ်ကြီးဘုရား။ အနုတ္တရံ၊ နှိုင်းစရာရှာမရ ထာဝရခန့်ထယ် တကယ်ပင်ကျင့်အပ်သဖြင့် အလွန်အမင်း မြင့်မြတ်တော်မူပေထသော။ တံ၊ အရဟတာဒိ စရှိများပြား ကြီးမားစုပုံ ဂုဏ်ကြီးသခင် ထွတ်တင်မြင့်ကြွား အရှင်ဘုရားကို။ သိရသာ၊ ကိုယ်အင်္ဂါမြင့် အမြတ်အမွန်ဆုံး ဦးခေါင်းရပ်ဖြင့်။ သက္ကစ္စံ၊ နှလုံးအိမ်အကြည်ဓာတ်၌ တည်ရပ် နဂိုရ်အနေ ရိုသေလှစွာ အမြဲသာလျှင်။ ဝန္ဒေ၊ ခါခါကြိမ်မိုး ညွတ်ကျိုးပန်ထွာ ရှိခိုးပါ၏ ခန္တီမေတ္တာ ကရုဏာဖြင့် ကောင်းစွာယူကြုံး ပြိုင်သူရှုံးရသည့် သုံးလောကထွတ်တင် အရှင်မြတ်ကြီး ဘုရား။

(၂) ဝိနိစ္ဆယမဟာနိဒါန်း

ညီတော် နောင်တော်များဖြစ်ခြင်း

စောဒကာ စုဒိတာ ဘေ ဒွေ၊ နော အမိတ္တာ သုမိတ္တကာ။
တနုဇာ ဗုဒ္ဓေဿကဿ၊ ဘဝိမှဒုမ္မနာဗဟုံ။

ဘဒ္ဒန္တာ၊ ဗုဒ္ဓရှင်တော် မြတ်ဘုန်းမော်၏ ရွှေရင်တော်နှစ် သားတော်စစ်ဖြစ်ကြကုန်သော အို ..... နှစ်ဖက်သော သံဃာတော်အရှင်မြတ်ကြီးတို့ ဘုရား။

စောဒကာ စ၊ သာသနာတော်အညစ် မဖြစ်စေရန် စေတနာအမှန်ဖြင့် ထုတ်ပြန်လျှောက်ထား စောဒက အရှင်မြတ်ဘုရားတို့သည်လည်းကောင်း။ စုဒိတာ စ၊ ဖမြတ်သာသနာ ပျံ့နှံ့ပါစေ စိတ်ကောင်းခြွေလျက် မိန့်ထွေဖော်ပြ စုဒိတက အရှင်မြတ်ဘုရားတို့သည်လည်းကောင်း။ ဒွေ၊ နှစ်ဘက်ကုန်သော၊ တေ၊ ထို တဖသားချင်းသားချင်း နောင်ရင်းမခြား အရှင်မြတ်ဘုရားတို့သည်။ နော အမှာကံ၊ နိုင်ငံတော်ပေးအပ် 'သီးခြားဝိနည်းဓိုရ်' တာဝန်ရပ်ဖြင့် ဆုံးဖြတ်ဖို့ရာ မလွှဲသာမရှောင်သာ ရောက်၍လာရသော ဘုရားတပည့်တော်တို့၏၊ အမိတ္တာ၊ မလိုမှုများ စိတ်ထားမမှန် ဖောက်ပြန်မုန်းတီး ရန်သူကြီးတို့သည်။ ၊ နည်းနည်းကလေးမျှ မဟုတ်ကြပါကုန်။

သုမိတ္တကာ၊ ခဏခဏ ဘဝများစွာ သံသရာက ဖန်လာတွေ့ကြ သမဂ္ဂဖြစ်ခြင်း မိတ်ဆွေရင်းကြီးတို့သာ ဖြစ်ကြပါကုန်၏၊ ဧကဿ ဗုဒ္ဓဿ၊ မဟာကရုဏာတော်သခင် အတုမရှိ မြတ်ဘုန်းရှင်၏၊ တနုဇာ ဧဝ၊ ဖရင်း မပြား တဖသားတို့သာ ဖြစ်ကြပါကုန်၏၊ ဒါနိ၊ ဒေသနာခွင် မှတ်ကျောက်တင်လျက် အမြင်သုံးသပ် ဆုံးဖြတ်ဖို့ရောက်လာ ယခုအခါ၌။ ဒုမ္မနာ၊ သနားခါခါ စိတ်မချမ်းသာခြင်းတို့သည်။ ဗဟုံ၊ များလှစွာ။ ဘဝိမှ၊ တကယ်စင်စစ် ဖြစ်ကြီးဖြစ်ရပါကုန်၏ အရှင်မြတ်တို့ ဘုရား။

မေတ္တာကရုဏာ ထားရှိကြခြင်း

စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ အသဒ္ဓမ္မော ဝိနဿတု။
ဧဝံ ဒွိန္နမ္ပိ မေတ္တာယ၊ ဒယာယိမံ ဝိနိစ္ဆယံ။

သဒ္ဓမ္မော၊ မဂ်ဖိုရ် နိဗ္ဗာန် သုံးတန်ရစေ ထွေထွေများပြား 'ဓမ္မက္ခန္ဓာ' တည်းဟူသော သူတော်ကောင်းတရားသည်။ စိရံ၊ အနှစ်ငါးထောင် မြင့်ခေါင်သာသနာ ရှည်မြင့်ကြာအောင်။ တိဋ္ဌတု၊ နှောင်ယှက်ကင်းဝေး ဘေးရန်မရှိ ပကတိကောင်းစွာ တိုးတက်တည်တံ့ပါစေသတည်း။

အသဒ္ဓမ္မော၊ လေးပါးအပါယ် သုံးသွယ်သောကပ် ရှစ်ရပ်အပြစ်ဆိုးညစ်စေမှူ ဒုစရိုက် အကုသိုလ်တရားစုသည်။ ဝိနဿတု။ မကြာမတင် လုံးလုံးစင်အောင် အလျင်ဆုံး ပျောက်ပျက်ပါစေသတည်း။

ဧဝံ(ပတနံ ကတွာ)၊ အသဒ္ဓမ္မ ကင်းပျောက်ကြ၍ ဗုဒ္ဓမြတ်စွာ သာသနာသည် မကြာအနှံ့ ကမ္ဘာပြန့်ကာ တည်တံ့ပါစေ တောင်းစုခြွေလျက်။ ဒွိန္နမ္ပိ၊ စောဒက စုတိတက နှစ်ပက္ခဟု များလှသိမ်းကြုံး လူရှင်အားလုံးတို့အားလည်း။

မေတ္တာယ စ၊ နီးကပ်သွန်သင် ပြုပြင်လိုလား မေတ္တာတရားဖြင့်လည်းကောင်း။ ဒယာ စ၊ ကိုယ်ဖြင့်နှိုင်းစာ ကြင်နာမှူပွား ဂရုဏာတရားဖြင့်လည်းကောင်း။ ဣမံ ဤဒိသံ၊ ဤသို့ ထည်ဝါခမ်းနား ဆန်းပြားပြည့်စုံသော သဘောရှိသော။ ဝိနိစ္ဆယံ၊ ထေရဝါရပိဋကမှန်အပြင် ဝိုင်းတင်ကြည့်ရှုဆုံးဖြတ်ခြင်းပြုအပ်သော 'ယထာဓမ္မ တထာကရ ကျနနေရာ ဝိဝါဒါဓိဏရဏ ပရိပဏ္ဏဝိနိစ္ဆိယ' ကျမ်းရွှေစာကို။ ကရိမှ၊ သာသနာနောင်ခေတ် ပြန်မညစ်အောင် ဆန်းသစ်သေချာ ပြုစုခဲ့ကြပါကုန်ပြီ အရှင်မြတ်တို့ ဘုရား။

မလွှဲမရှောင်သာ သာသနာအတွက် ဆောင်ရွက်ခြင်း

မြမ္မရဋ္ဌေ ဒေရိက္ခယေ၊ နဂရေ ရာဇာနိယာ။
လောကသာမတ္ထလေ သောဘေ၊ ပရဂေါယာနမတ္တကေ။
သင်္ဂါမေ မဒ္ဒိတုံ ဝေရံ၊ ဗလသူရောဝ မဏ္ဍိတော။
ကာလော နော နိစ္ဆိတုံ ပတ္တော၊ အဟော ဗုဒ္ဓဿ သာသနေ။

မြမ္မရဋ္ဌေ၊ ဒါဒို့ပြေ ဒါဒို့မြေ ဒို့ရဲ့ဘာသာ သာသနာကို ကမ္ဘာမှာ တအားလင်းစေဖို့ အားတင်းပြုလာ ပြည်မြန်မာ၌။ ရာဇာဓာနိယာ၊ လေးဆူဓါတ်အငုံ ရွှေတိဂုံနှင့် မြို့ပုံလက္ခဏာ ပြည့်စုံပါ၍ သာယာမြင့်ထီး မင်းနေပြည်ကြီး ဖြစ်ပေထသော။ ဝေရိက္ခယေ၊ ပြန်လည်မျှော်တွေး အတိတ်ရှေးက ရန်လှေးရန်ကြွင်း ရန်ခပင်းတို့ကို ပယ်ရှင်ချေမှုန်း ပျက်ပြုန်းစေတတ် ဂုဏ်သတတ်ကြောင့် ရန်တွေကင်းကုန် 'မြို့ရန်ကုန်'ဟု တွင်သော။ နဂရေ၊ ဝတိံနန်းနှယ် နတ်ဖန်ခြယ်သို့ တင့်တယ်ရှုမငြီး မြို့တော်ကြီး၌။

လောကသာမတ္ထလေ၊ ဆဋ္ဌသင်္ဂါယနာ ကမ္ဘာအေးခေါ် ကုန်းထိပ်ပေါ်၌။ အပရ ဂေါယာန မတ္တကေ၊ အပရဂေါယာန မည်ပြသပ်ရပ် မင်္ဂလာကျောင်းတော်ကြီး အထက်ဆုံးထပ်၌။ သောဘေ၊ တခမ်းတနား များပြားဆန်းကြယ် အလွန်တင့်တယ်သော နိုင်ငံတော် သတ်မှတ် 'သီခြားဝိနည်းဓိရ်' ရုံးတော်မြတ်၌။

သင်္ဂါမေ၊ သူနိုင်ငါနိုင် အပြိုင်ပစ်ခတ် စစ်မြေပြင်ခေါ်သည့် ထိုအရပ်၌။ ဝေရံ၊ ဒေါသပြင်းထန် တဘက်ရန်ကို။ မဒ္ဓိတုံ၊ နာလန်မထူ အနိုင်ယူ နှိပ်စက် ဖြိုဖျက်ခြေမှုန်း အံ့သောငှာ။ ဗာလုသူရော၊ ဗျူဟာသေနင်း ကျွမ်းကျင်သတ္တိ ရဲစွမ်းရှိသည့် စစ်သည်အထူး ဗိုလ်ချုပ်မှုးသည်။ မဏ္ဍိတောဝ လက်နက်ခဲယမ်း တရမ်းကြမ်းစီစဉ် ကြိုတင်မြင်ထားဘိလေသကဲ့သို့။

ဗုဒ္ဓသ၊ ဒသဗလ ပြည့်ဝဂုဏ်ရှင် ဘုရားသခင်၏၊ သာသနေ၊ သုံးဝဝေဖြာ သာသနာခေါ်တွင် တရားရင်ပြင်၌။ မဏ္ဍိတော၊ ရှာဖွေရေးမှတ် ဆုံးဖြတ်ရန်အသင့် ပြင်ဆင်ထားအပ်သည်ဖြစ်၍။ နောအမှာကံ တာဝန်ရှိထား ဘုရားတပည့်တော်တို့အား။ နိစ္ဆတုံ၊ တိကျသေချာ ဆုံးဖြတ်အံ့သောငှာ။ ကာလော၊ ချိန်းချက်ထားရာ ချိန်အခါသည်။ ပတ္တော၊ မသွေမဖောက် ရောက်ခဲ့လေပြီ။ အဟော၊ အော် ..... အမှားကင်းပျောက် အမှန်ရောက်၍ ထွန်းတောက်သာသနာ သန့်ရှင်း တည်တံ့ ပြန့်ပွားပါစေသတည်း။

မြင့်မြတ်သော စေတနာထားခြင်း

ဒွေစတ္တာလီသ စာဓိကေ၊ တိသတေကသဟဿကေ။
ဖုဿဿ ကာဋ္ဌပက္ခေယ စ၊ သောရိဝါရေ စတုဒ္ဒိနေ။
သာသနေ ကျောက်သင်္ဘောဝါဒ ဓမ္မာဓမ္မဝိနိစ္ဆယံ။
သံသန္ဒေတွာ သဋီကာယ၊ ပါဠိယာ ဋ္ဌကထာယ စ၊
န စ အာမိသံ နိဿာယ၊ န စ နိဿယ ပုဂ္ဂလံ။
သတ္ထာရမေဝ နိဿာယ၊ ဒေဿာဿံသု ယထာထတံ။

၊ ဝိနိစ္ဆယ စ၍ရေးလာ နေ့ရက်ပါအောင် သေချာကျန ရေးစီကာပြလိုက်ပါဦးအံ့။ ဒွေစတ္တာလီသာဓိကေ၊ လေးဆဲ့နှစ်ခု အလွန်ရှိသော။ တိသတေကသဟဿကေ၊ တစ်ထောင့်သုံးရာ ဖြစ်လာခုနှစ် သက္ကရာဇ်၌။

ဝါ၊ သက္ကရာဇ် ကောဇာ ၁၃၄၂-ခုနှစ် ဖြစ်လာသောအခါ၌။ ဖုဿဿ၊ ဟေမာန်ခေါ်ကြ ဆောင်းမာသမို့ အေးမြနှင်းစို လပြာသို၏၊ ကာဋ္ဌပက္ခေ စတုဒ္ဒိနေ၊ ရောင်ခြည်လျှောသက် ဆုတ်လေးရက်ဟုဆိုအပ်သော။ သောရိဝါရေ၊ စနေနေ့၌။ သာသနေ၊ မြန်မာ့သမိုင်းစဉ် တခန်းတွင်လာ ဘုရားမြတ်သာသနာ၌။

ကျောက်သင်္ဘောဝါဒဓမ္မာဓမ္မဝိနိစ္ဆယံ၊ ကျောက်သင်္ဘောဝါဒ 'လုပ်သမျှဒုက္ခ' စသည်များဖြင့် စွဲယူဝင်သည့် နှစ်ပြင်သဘော ဓမ္မလော အဓမ္မလောဟု စစ်ကြောဖော်ပြ ဝိဝါဒါဓိကရဏ အပြည့်ဝဆုံး ဝိနိစ္ဆယကို။ သဋိကာယ၊ သဂ'တိတ္တယ ပိဋကအသီးသီး အဖွင့် သံဝဏ္ဏနာ ဋီကာကြီးများနှင့်တကွ။ ပါဠိယာ စ၊ သုတ်ဘိဓမ္မာ ဝိနယာဟု သုံးဖြာထင်ပေါ် ပါဠိတော်နှင့်လည်းကောင်း။ အဋ္ဌကထာစ၊ သုတ် အဘိဓမ္မာ ဝိနယာဟု သုံးဖြာအသီးသီး အဋ္ဌကထာကြီးများနှင့်လည်းကောင်း။ သံသေန္ဒတွာ၊ အထပ်ထပ်တိုက်ဆိုင် ပိုင်ပိုင်ကြီး နှီးနှောကြကုန်၍။

အာမိသံ စ၊ သင်္ကန်း, ထီး, ဖိနပ် ရှိအပ်ဝတ္ထု အစုစုကိုလည်း။ နိဿယ၊ လေးစားကြည့်ရှု အမှီပြု၍။ ၊ ဆုံးဖြတ်ခြင်းမဟုတ်ကြကုန်။ ပုဂ္ဂလံ စ၊ ဂုဏ်ဟိတ်အလို ပုဂ္ဂိုလ်အသီးသီး အာဏာရှိကြီးများကိုလည်း။ နိဿယ၊ လေးစားကြည့်ရှု အမှီပြု၍။ ၊ ဆုံးဖြတ်ခြင်း မဟုတ်ကြကုန်။

သတ္ထာရမေဝ (သတ္ထုမုခမေဝ)၊ ဘုရားမြတ်စွာ စိန္တေယျာ၏ ကောင်းစွာထင်ပေါ် မျက်နှာတော်ကိုသာလျှင်။ နိဿယ၊ လေးစားကြည့်ရှု အမှီပြု၍။ ယထာတတံ၊ ဒေသနာအတိုင်း မဆိုင်းလျင်စွာ ဟုတ်မှန်ရာကိုသာ။ ဒေဿဿံသု၊ မြတ်ရှင်ဗုဒ္ဓ ကိုယ်တိုင်ပြသို့ ကျနထုတ်ဖော် ဆုံးဖြတ်ပြသတော် မူကုန်ပါသည် ဘုရား။

ဘုရားရှင်လက်ထက် ဝိနည်းဓိုရ် အဆက်ဆက်

အရှင်ဥပါလိသည်ကား ဘုရားရှင်လက်ထက်တော်ကပင် ဘုရားရှင်ကိုယ်တော်တိုင် ဝိနည်းအရာ၌ အလိမ္မာဆုံးဖြစ်ကြောင်း ဝိနည်းဓိုရ် ဧတဒဂ်ဘွဲ့ထူးဖြင့် အချီးကျူးခံခဲ့ရသော ရဟန္တာပုဂ္ဂိုလ်ကြီးပါတည်း။ ယင်း အရှင်ဥပါလိမှ အရှင်ဒါသက, အရှင်သောဏာက, အရှင်သိဂ္ဂဝ, အရှင်ဣဝ္ဆိယ, အရှင် ဥတ္တိယ, အရှင်သမ္ဗလ, အရှင်ဘဒ္ဒနာမ စသည်အားဖြင့် မဇ္ဈိမသီဟိုဋ္ဌ် ဝိနည်းဓိုရ်အဆက်ဆက် မြန်မာပြည်သို့ ဆင်းသက်၍ ယနေ့ နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော်ကြီးများအထိ ထေရဝါဒ ဝိနည်းဓိုရ် ဆရာတော်ကြီးများ အဆက်ဆက်သည် သာသနာတော်၏ အညစ်အကြေးတို့ကို သန့်ရှင်းစေတော်မူလာကြကုန်၏၊

ထို့ကြောင့်---

ဥပါလိ ဒါသကော စေဝ၊ သောဏကော သိဂ္ဂဝေဝေါ တထာ။
မောဂ္ဂလိပုတ္တေန ပဉ္စမ၊ ဧတေ ဇမ္ဗုသိရိဝှယေ။
တာတော မဟိန္ဒော ဣဋ္ဋိယော၊ ဥတ္တိယော သမ္ဗလော တထာ။
ဘဒ္ဒနာမော စပဏ္ဍိတော၊ ဇမ္ဗုဒီပေ ပတိဋ္ဌိတော။
ဧတေ နာဂါ မဟာပညာ၊ ဇမ္ဗုဒီပါ ဣဓာဂတာ။
ဝိနယံ တေ ဝါစယိံသု၊ ပိဋကံ ကမ္ဗပဏ္ဏိယာ။
နိကာယေ ပဉ္စ ဝါစေသုံ၊ သတ္တ စေဝ ပကရဏေ။ (ဝိ၊၅၊၁၄၇)

ဟုမိန့်တော်မူ၏၊ (ပရိဝါပါဠိ)

အနက်ကား

ဥပါလိစ၊ အရှင်ဥပါလိထေရ်၎င်း။ ဒါသောစ၊ အရှင်ဒါသကထေရ်၎င်း။ သောဏကော စ၊ အရှင်သောဏကထေရ်၎င်း။ တထာ၊ ထို့အတူ။ မောဂ္ဂလိပုတ္တေန၊ အရှင်မောဂ္ဂလိပုတ္တထေရ်နှင့်။ သဟ၊ အတူတကွ။ ပဉ္စမာ။ ငါးပါးမြောက်ဖြစ်သော။ သိဂ္ဂဝေါ၊ အရှင်သိဂ္ဂဝထေရ်၎င်း။ ဧတေ၊ ထိုရဟန်းန္တာကြီးတို့သည်။ ဇမ္ဗုသီရိဝှယေ၊ အသရေနှင့်ပြည့်စုံသော သပြေပင်နှင့်တူသော အမည်ရှိသောကျွန်း၌။ ဝါ ဇမ္ဗူဒိပ်ကျွန်း၌ ပတိဋ္ဌိတာ၊ တည်ကုန်၏၊

ကတော၊ ထို့နောင်မှ။ မဟိန္ဒော။ အရှင်မဟိန္ဒထေရ်သည်၎င်း။ ဣဋ္ဋိယော၊ အရှင်ဣဋ္ဋိယထေရ်သည်၎င်း။ ဥတ္တိယေ၊ အရှင်ဥတ္တိယထေရ်သည်၎င်း။ ကထာ၊ ထို့အတူ။ ပဏ္ဍိတေ၊ ပညာရှိသော။ ဘဒ္ဒနာမော စ၊ အရှင်ဘဒ္ဒနာမထေရ်၎င်း။ ဇမ္ဗုဒီပေ၊ ဇမ္ဗူဒိပ်ကျွန်း၌။ ပတိဋ္ဌိတော၊ တည်၏၊

မဟာပညာ၊ ပညာကြီးကုန်သော။ ဧတေ နဂါ၊ ထိုရဟန်းန္တာကြီးတို့သည်။ ဇမ္ဗုဒီပါ၊ ဇမ္ဗူဒိပ်ကျွန်းမှ။ ဣမ၊ ဤသီဟိုဋ္ဌ်ကျွန်းသို့။ အာဂတာ၊ ကြွလာတော်မူကြလေကုန်၏၊ တေ၊ ထိုရဟန်းန္တာကြီးတို့သည်။ တမ္ဗပဏ္ဏိယာ၊ သီဟိုဋ္ဌ်ကျွန်း၌။ ဝိနယံ ပိဋကံ၊ ဝိနည်းပိဋကတ်ကို။ ဝါစယိံသု၊ ပို့ချကြကုန်ပြီ။ ပဉ္စနိကာယေ စ၊ နိကာယ်ငါးရပ်တို့ကိုလည်း။ ဝါစေသုံ၊ ပို့ချကြကုန်ပြီ။ သတ္တပကရဏေ စေဝ၊ အဘိဓမ္မာခုနှစ်ကျမ်းတို့ကိုလည်း။

ဝါစေသုံ၊ ပို့ချကြကုန်ပြီ။

ထိုကဲ့သို့ ဆင်းသက်လာသော သာသနာ့သမိုင်းတလျောက်တွင် ကျင့်ဝတ်ကို အသက်တမျှခင်မင်သော ရဟန်းကောင်း ရဟန်းမြတ်များ ရှိဘိသကဲ့သို့ သိက္ခာကို မခင်တွယ် အကျင့်ကိုပယ်၍ ရှက်စဖွယ် ကျင့်ကြံနေခဲ့သော ပုဂ္ဂိုလ်တို့လည်း ရှိခဲ့ပေ၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်နှစ်မျိုးနှစ်စားတို့ကို သိသာခြားနားစွာ ဖော်ပြရသော် ဤသို့ဖြစ်ပေသည်။

လဇ္ဇီပုဂ္ဂိုလ်တို့၏ အင်္ဂါများ

အရှက်ရှိသော လဇ္ဇီပုဂ္ဂိုလ်ဟူသည်မှာ---

(၁) စေတနာဖြင့် အာပတ်သို့ မရောက်ခြင်း၊
(၂) အကယ်၍ရောက်လျင်လည်း မကွယ်မဝှက် ဒေသနာကြားသူဖြစ်ခြင်း၊
(၃) ဆန္ဒ ဒေါသ ဘယ မောဟဟ ဟူသောအဂတိလေးပါးသို့ မလိုက်စားခြင်း--

ဟူသော အင်္ဂါသုံးမျိုးနှင့် ပြည့်စုံပေ၏၊ ဤ အင်္ဂါသုံးမျိုးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် လဇ္ဇီပုဂ္ဂိုလ်မည်၏၊

ထို့ကြောင့်---

သဉ္စိစ္စ အာပတ္တိံ နာပဇ္ဇတိ၊ အာပတ္တိံ န ပရိဂူဟတိ။
အဂတိဂမနံ န ဂစ္ဆတိ၊ ဧဒိသော ဝုစ္စတိ လဇ္ဇီပုဂ္ဂလော။

ဟူ၍ဟောကြားတော် မူတော်ခဲ့၏၊ (ပရိဝါရပါဠိ-၂၇၉)

အနက်ကား

သဉ္စိစ္စ၊ စေတနာဖြင့် လုံ့လပြု၍။ အာပတ္တိံ၊ အာပတ်ကို။ န ပရိဂူဟတိ၊ မလျို့မဝှက်။ အဂတိဂမနံ၊ မလားအပ်သည်သို့ လားခြင်းသို့။ နဂစ္ဆတိ၊ မရောက်။ ဧဒိသော၊ ထိုအင်္ဂါသုံးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်မျိုးကို။ လဇ္ဇီပုဂ္ဂလော၊ လဇ္ဇီပုဂ္ဂိုလ် ဟူ၍။ ဝုစ္စတိ၊ဆိုအပ်၏၊

အလဇ္ဇီ ပုဂ္ဂိုလ်၏ အင်္ဂါများ

အရှက်မဲ့သော အလဇ္ဇီပုဂ္ဂိုလ်ဟူသည်မှာ-

(၁) စေတနာဖြင့် အာပတ်သို့လည်း ရောက်၏၊
(၂) ရောက်သည့်အာပတ်ကိုလည်း ဖုံးကွယ်ထား၏၊
(၃) အဂတိ လေးပါးသို့လည်း လိုက်၏-

ဟူသော အင်္ဂါသုံးမျိုးနှင့် ပြည့်စုံပေ၏၊ ဤ အင်္ဂါသုံးမျိုးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အလဇ္ဇီပုဂ္ဂိုလ်မည်၏၊

ထို့ကြောင့်

သဉ္စိစ္စ အာပတ္တိံ ပဇ္ဇတိ။
အာပတ္တိံ ပရဂူဟတိ။
အဂတိဂမနဉ္စ ဂစ္ဆတိ။
ဧဒိသော ဝုစ္စတိ လဇ္ဇီပုဂ္ဂလော-

ဟူ၍ဟောကြားတော်မူခဲ့၏၊ (ပရိဝါရပါဠိ-၂၇၉)

အနက်ကား

သိဉ္စစ္စ၊ စေတနာဖြင့် လုံ့လပြု၍။ အာပတ္တိံ၊ အာပတ်သို့။ အာပဇ္ဇတိ၊ ရောက်၏၊ အာပတ္တိံ၊ အာပတ်ကို။ ပရဂူဟတိ၊ လျှို့ဝှက်၏၊ အဂတိဂမနဉ္စ၊ မလားအပ်သည်သို့ လားခြင်းသို့လည်း။ ဂစ္ဆတိ၊ ရောက်၏၊ ဧဒိသော၊ ထိုအင်္ဂါသုံးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်မျိုးကို။ အလဇ္ဇီပုဂ္ဂလော၊ အလဇ္ဇီပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ဆိုအပ်၏၊

ဤသို့ လဇ္ဇီပုဂ္ဂိုလ် အလဇ္ဇီပုဂ္ဂိုလ်တို့၏ အင်္ဂါလက္ခဏာများနှင့်တကွ ကွဲပြားစွာ သိရှိပြီးသည့်အခါ ဆုံးဖြတ်ရပုံ နည်းလမ်းများကိုလည်း သိထားရဦးမည်။

ဆုံးဖြတ်ရပုံနည်းလမ်းများ

အမှုသည်သည် လဇ္ဇီပုဂ္ဂိုလ်ဖြစ်ခဲ့သော် သူဝန်ခံသော စကားကို အဓိကထား၍ ဆုံးဖြတ်ရ၏၊ အမှုသည်သည် အလဇ္ဇီပုဂ္ဂိုလ် ဖြစ်ခဲ့သော် ဆင်ခြေဆင်လက် အထွန့်တတ်၍ နှုတ်တတ်ရာရာ အမျိုးမျိုး ပြောဆိုစေကာမူ သူ၏စကားကို ပဓာနမပြုပဲ။ သူ၏ ရှေ့စကား နောက်စကားတို့ကိုသာ ထောက်ဆ၍ ဆုံးဖြတ်ရ၏၊

ထို့ကြောင့်--

ပဋိညာ လဇ္ဇီသု ကတာ၊
အလဇ္ဇိသု ဧဝံ န ဝိဇ္ဇတိ။
ဗဟုမ္ပိ အလဇ္ဇိ ဘာသေယျ။
ဝတ္ထာနုသန္ဓိတေန ကာရယေ-

ဟူ၍ဟောကြားတော်မူခဲ့၏၊ (ပရိဝါရပါဠိ-၂၇၉)

အနက်ကား

လဇ္ဇိသု၊ လဇ္ဇိပုဂ္ဂိုလ်တို့၌။ ပဋိညာ၊ ဝန်ခံခြင်းကို။ ကတာ၊ ပြုအပ်၏၊ အလဇ္ဇီသု၊ အလဇ္ဇီပုဂ္ဂိုလ်တို့၌။ ဧဝံ၊ ဤသို့။ ပဋိညာ၊ ဝန်ခံခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။ အလဇ္ဇီ၊ အလဇ္ဇီပုဂ္ဂိုလ်သည်။ ဗဟုမှီ၊ များစွာသော စကားကိုလည်း ဘာသေယျ ပြောဆိုငြားအံ့။ ဝတ္တာနုသန္ဓိတေန၊ သူဆိုအပ်သော ရှေ့စကား နောက်စကား နှစ်ပါးတို့ကို ဆက်စပ်နှိုင်းချိန်သဖြင့်။ ဝိနိစ္ဆယံ၊ အဆုံးအဖြတ်ကို။ ကာရယေ၊ ပြုရာ၏၊

ဤသည်ကား စောဒက စုဒိတကတို့နှင့် စပ်လျဉ်း၍ ဝိနိစ္ဆယ ချမည့်တရားသူကြီးတို့ အနေဖြင့် ကြိုတင် သတိပြုရမည့် အချက်များကို ဘုရားရှင် မှာကြားတော်မူခဲ့သည့်အတိုင်း ဖော်ပြချက်ပေတည်း။

သာသနာတော်၌ အဓိကရုဏ်းလေးမျိုးကိုလည်း အလွန်သိထိုက်ပါသည်၊ အဓိကရုဏ်းလေးမျိုး မကွဲပြားလျှင် ဆုံးဖြတ်နိုင်ဘို့ မလွယ်ပါ။

သာသနာတော်၌ အဓိကရုဏ်း လေးမျိုး

မြတ်စွာဘုရားသည် ဝေနေယျသတ္တဝါတို့၏အကျိုးငှါ မိမိ၏သာသနာတော်ကို ထားတော်မူခဲ့၏၊ ထိုသို့ ထားတော်မူခဲ့သော သာသနာတော်မြတ်နှင့်စပ်လျဉ်း၍ သာသနာဝင် ရှင်လူများအတွင်း၌ အကြောင်းအမျိုးမျိုးကို အစွဲပြု၍ အဓိကရုဏ်းများ ဖြစ်ပေါ်တတ်ပေ၏၊ ထိုသို့ဖြစ်ပေါ်တတ်သော အဓိကရုဏ်းတို့မှာ လေးမျိုးလေးစားရှိပေ၏၊ ယင်းအဓိကရုဏ်း လေးမျိုးလေးစားတို့ကား အောက်ပါအတိုင်းပင် ဖြစ်ကြ၏၊

(၁) ဝိဝါဒါဓိကရုဏ်းတမျိုး၊
(၂) အနုဝါဒါဓိကရုဏ်းတမျိုး၊
(၃) အာပတ္တာဓိကရုဏ်းတမျိုး၊
(၄) ကိစ္စာဓိကရုဏ်းတမျိုး။

ဤသို့ သာသနာတော်၌ အဓိကရုဏ်း လေးမျိုးရှိ၏၊

ထို့ကြောင့်--

စတ္တာရိမာနိ ဘိက္ခဝေ အဓိကရဏာနိ-
ဝိဝါဒါဓိကရဏံ။
အနုဝါဒါဓိကရဏံ။
အာပတ္တာဓိကရဏံ၊
ကိစ္စာဓိကရဏန္တိ-

ဟူ၍ဟောကြားတော်မူ၏၊ (စူဋ္ဌဝဂ္ဂပါဠိ-၂၁၁)

အနက်ကား

ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့။ သာသနေ၊ သာသနာတော်၌။ အဓိကရဏာနိ၊ အဓိကရုဏ်းတို့သည်။ ဣမာနိ စတ္တာရိ၊ ဤလေးပါးတို့၌သာတည်း။ ကတမာနိ စတ္တာရိ၊ အဘယ်လေးပါးတို့နည်း ဟူမူကား။ ဝိဝါဒါဓိကရဏံ၊ ဝိဝါဒါဓိကရုဏ်း၎င်း။ အနုဝါဒါဓိကရဏံ၊ အနုဝါဒါဓိကရုဏ်း၎င်း။ အာပတ္တာဓိကရဏံ။ အာပတ္တာဓိကရုဏ်း၎င်း။ ကိစ္စာဓိကရဏံ၊ ကိစ္စာဓိကရုဏ်း၎င်း။ ဣတိ၊ ဤသို့ လေးမျိုးလေးစား လေးပါးအပြား ရှိကုန်၏၊

ဤသို့ အဓိကရုဏ်းလေးမျိုး၏ သရုပ်ကိုသိပြီးနောက် အဓိပ္ပါယ်ကိုလည်း သိသင့်သေး၏၊

ဝိဝါဒါဓိကရုဏ်း အဓိပ္ပါယ်

ဝိဝါဒါဓိကရုဏ်းဟူသည် ရဟန်းအချင်းချင်း သူ့တရားက မှန်တယ် ငါ့တရားက မှန်တယ် အစရှိသည်ဖြင့် ဓမ္မ အဓမ္မ၊ ဝိနိယ အဝိနိယ စသည် ငြင်းခုံကြခြင်းတည်း။

မှတ်ချက်။။ယခု ကျောက်သင်္ဘောဝါဒအတွက် ဖြစ်ပေါ်နေသော အဓိကရုဏ်းသည် ဝိဝါဒဓိကရုဏ်းပါတည်း။

ထို့ကြောင့်-

တတ္တ ကတမံ ဝိဝါဒ ဓိကရဏံ။ ဣဓ ပန ဘိက္ခဝေ ဘိက္ခူ ဝိဝဒန္တိ ဓမ္မောတိ ဝါ အဓမ္မောတိ ဝါ၊ ဝိနယောတိ ဝါ အဝိနယောတိ ဝါ။ ပ။ ယံ တတ္ထ ဘဏ္ဍနံ ကလတော ဝိဂ္ဂဟော ဝိဝါဒေါ နာနာဝါဒေါ အညထာဝါဒေါ ဝိပစ္စတာယ ဝေါဟာရော မေဓဂံ၊ ဣဒံ ဝုစ္စတိ ဝိဝါဒါဓိကရဏံ-

ဟူ၍ ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၂၁၁။)

အနက်ကား

တတ္ထ၊ ထိုအဓိကရုဏ်း လေးပါးတို့တွင်။ ဝိဝါဒါဓိကရဏံ၊ ဝိဝါဒါဓိကရုဏ်းသည်။ ကတမံ၊ အဘယ်နည်း။ ပန၊ အဖြေကို ဆိုဦးအံ့။ ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခူ၊ ရဟန်းတို့သည်။ ဝိဝဒန္တိ၊ အချင်းချင်း ငြင်းခုံကြကုန်၏၊ ကိံဝိဝဒန္တိ၊ အဘယ်သို့ အချင်းချင်း ငြင်းခုံကြသနည်းဟူမူကား။ ဓမ္မောတိ ဝါ၊ အဓမ္မကို ဓမ္မဟူ၍၎င်း။ ဓမ္မောတိ ဝါ၊ ဓမ္မကို အဓမ္မဟူ၍၎င်း။ ဝိနယောတိ ဝါ၊ အဝိနယကို ဝိနယဟူ၍၎င်း။ အဝိနယောတိ ဝါ၊ ဝိနယကို အဝိနယဟူ၍၎င်း။ တတ္ထ၊ ထိုသို့ငြင်းခုံရာ၌။ ယံ ဘဏ္ဍနံ၊ အကြင် မျက်ကွယ်ငြင်းခုံခြင်းသည်။ ယော ကလတော၊ အကြင် မျက်မှောက်ငြင်းခုံခြင်းသည်။ ယော ဝိဂ္ဂဟော၊ အကြင် ကိုယ်ထိလက်ပါး ငြင်းခုံခြင်းသည်။ ယော ဝိဝါဒေါ၊ အကြင် ဆန့်ကျင်သော စကားကို ဆိုခြင်းသည်။ ယော နာနာဝါဒေါ၊ အကြင် အထူးထူးသော စကားကို ဆိုခြင်းသည်။ ယော အညထာဝါဒေါ၊ အကြင် တပါးသော စကားကို ဆိုခြင်းသည်။ ဝိပစ္စတာယ၊ စိတ်ပင်ပန်းခြင်းငှာ။ ယော ဝေါဟာရော၊ အကြင် ဆိုခြင်းသည်။ ယံ မေဓဂံ၊ အကြင် ငြင်းခုံခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ဣဒံ၊ ဤငြင်းခုံခြင်းကို။ ဝိဝါဒါဓိကရဏံ၊ ဝိဝါဒါဓိကရုဏ်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

ထို့အတူ အနုဝါဒါဓိကရုဏ်း၏ အဓိပ္ပါယ်ကိုလည်း သိထိုက်ပါသေးသည်။

အနုဝါဒါဓိကရုဏ်း အဓိပ္ပါယ်

အနုဝါဒါဓိကရုဏ်းဟူသည် ရဟန်းတို့သည် အခြားရဟန်းကို သင်သည် သီလ, အကျင့်, အယူ, အသက်မွေးမှု-ဟူသော ဝိပတ္တိ (ပျက်စီးခြင်း) လေးပါးတို့တွင် တပါးပါးပျက်စီးနေသည်ဟု စွပ်စွဲခြင်းတို့တည်း။

ထို့ကြောင့်-

တတ္ထ ကတမံ အနုဝါဒါဓိကရဏံ။ ဣဓ ပန ဘိက္ခဝေ ဘိက္ခူ ဘိက္ခုံ အနုဝဒန္တိ၊ သီလဝိပတ္တိယာ ဝါ အာစာရဝိပတ္တိယာ ဝါ ဒိဋ္ဌိဝိပတ္တိယာ ဝါ အာဇီဝဝိပတ္တိယာ ဝါ။ ယော တတ္ထ အနုဝါဒေါ အနုဝဒနာ အနုလ္လပနာ အနုဘဏနာ အနုသမ္ပဝင်္ကတာ အဗ္ဘုဿတနတာ အနုဗလပ္ပဒါနံ၊ ဣဒံ ဝုစ္စတိ အနုဝါဒါဓိကရဏံ-

ဟူ၍ မိန့်တော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၂၁၂။)

အနက်ကား

တတ္ထ၊ ထိုလေးပါးသော အဓိကရုဏ်းတို့တွင်။ အနုဝါဒါဓိကရဏံ၊ အနုဝါဒါဓိကရုဏ်းသည်။ ကတမံ၊ အဘယ်နည်း။ ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခူ၊ ရဟန်းတို့သည်။ ဘိက္ခုံ၊ ရဟန်းကို။ သီလဝိပတ္တိယာ ဝါ၊ သီလပျက်စီးခြင်းဖြင့်၎င်း။ အာစာရဝိပတ္တိယာ ဝါ၊ အကျင့်ပျက်စီးခြင်းဖြင့်၎င်း။ ဒိဋ္ဌိဝိပတ္တိယာ ဝါ၊ အယူပျက်စီးခြင်းဖြင့်၎င်း။ အာဇီဝဝိပတ္တိယာ ဝါ၊ အသက်မွေးခြင်းပျက်စီးခြင်းဖြင့်၎င်း။ အနုဝဒန္တိ၊ စွပ်စွဲကုန်၏၊ တတ္ထ၊ ထိုသို့စွပ်စွဲရာ၌။ ယော အနုဝါဒေါ၊ အကြင် စွပ်စွဲခြင်းသည်။ ယော အနုဝဒနာ၊ အကြင်စွပ်စွဲခြင်းသည်။ ယာ အနုလ္လပနာ၊ အကြင်ဆိုခြင်းသည်။ ယာ အနုဘဏနာ၊ အကြင်ဆိုခြင်းသည်။ ယာ အနုသမ္ပဝင်္ကတာ၊ အကြင်ကောက်သည်၏အဖြစ်သည်။ ယာ အဗ္ဘုဿတနတာ၊ အကြင်ရှေးရှုအားထုတ်သည်၏ အဖြစ်သည်။ ယံ အနုဗလပ္ပဒါနံ၊ အကြင်အား အဆင့်ကို ပေးခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ဣဒံ၊ ဤသို့သော အားအဆင့်ကိုပေးခြင်းကို။ အနုဝါဒါဓိကရဏံ၊ အနုဝါဒါဓိကရုဏ်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

ထို့အတူ အာပတ္တာဓိကရုဏ်း၏ အဓိပ္ပါယ်ကိုလည်း သိထိုက်ပါသေးသည်။

အာပတ္တာဓိကရုဏ်း အဓိပ္ပါယ်

ထုလ္လစ္စဉ်းအာပတ် ပါစိတ်အာပတ်စသော ငါးပါးသော အာပတ်အစုတို့သည်၎င်း၊ ပါရာဇိက သံဃာဒိသိသ်စသော ခုနစ်ပါးသော အာပတ်အစုတို့သည်၎င်း အာပတ္တာဓိကရုဏ်း မည်၏၊

ထို့ကြောင့်-

တတ္ထ ကတမံ အာပတ္တာဓိကရဏံ။ ပဉ္စပိ အာပတ္တိက္ခန္ဓာ အာပတ္တာဓိကရဏံ၊ သတ္တပိ အာပတ္တိက္ခန္ဓာ အာပတ္တာဓိကရဏံ၊ ဣဒံ ဝုစ္စတိ အာပတ္တာဓိကရဏံ-

ဟူ၍ မိန့်တော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၂၁၂။)

အနက်ကား

တတ္ထ၊ ထိုလေးပါးသော အဓိကရုဏ်းတို့တွင်။ အာပတ္တာဓိကရဏံ၊ အာပတ္တာဓိကရုဏ်းသည်။ ကတမံ၊ အဘယ်နည်း။ ပဉ္စပိ၊ ငါးပါးလည်းဖြစ်ကုန်သော။ အာပတ္တိက္ခန္ဓာ၊ အာပတ်အစုတို့သည်။ အာပတ္တာဓိကရဏံ၊ အာပတ္တာဓိကရုဏ်းမည်၏၊ သတ္တပိ၊ ခုနစ်ပါးလည်း ဖြစ်ကုန်သော။ အာပတ္တိက္ခန္ဓာ၊ အာပတ်အစုတို့သည်။ အာပတ္တာဓိကရဏံ၊ အာပတ္တာဓိကရုဏ်းမည်၏၊ ဣဒံ၊ ဤအာပတ်အစုကို။ အာပတ္တာဓိကရဏံ၊ အာပတ္တာဓိကရုဏ်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

ထို့အတူ ကိစ္စာဓိကရုဏ်း၏ အဓိပ္ပါယ်ကိုလည်း သိထိုက်ပါသေးသည်။

ကိစ္စာဓိကရုဏ်း အဓိပ္ပါယ်

သံဃာ့ကိစ္စအဝဝကို ကိစ္စအားလျော်စွာ ပန်ကြား၍ ဆောင်ရွက်ရသော အပလောကနကံ၊ ဉတ်တကြိမ် ရွတ်ဖတ်၍ ဆောင်ရွက်ရသော ဉ တ္တိကံ၊ ဉတ်တကြိမ် ကမ္မဝါစာ တကြိမ် ရွတ်ဖတ်၍ ဆောင်ရွက်ရသော ဉ တ္တိဒုတိယကံ၊ ဉတ်တကြိမ် ကမ္မဝါစာ သုံးကြိမ် ရွတ်ဖတ်၍ ဆောင်ရွက်ရသော ဉ တ္တိစတုတ္ထကံ၊ ဤကံလေးမျိုးသည် ကိစ္စာဓိကရုဏ်း မည်၏၊

ထို့ကြောင့်-

တတ္ထ ကတမံ ကိစ္စာဓိကရဏံ။ ယာ သံဃဿ ကိစ္စယတာ ကရဏီယတာ အပလောကနကမ္မံ ဉ တ္တိကမ္မံ ဉ တ္တိဒုတိယကမ္မံ ဉ တ္တိစတုတ္ထကမ္မံ။ ဣဒံ ဝုစ္စတိ ကိစ္စာဓိကရဏံ-

ဟူ၍ ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၂၁၂။)

အနက်ကား

တတ္ထ၊ ထိုလေးပါးသော အဓိကရုဏ်းတို့တွင်။ ကိစ္စာဓိကရဏံ၊ ကိစ္စာဓိကရုဏ်းသည်။ ကတမံ၊ အဘယ်နည်း။ သံဃဿ၊ သံဃာတော်၏၊ ယာ ကိစ္စယတာ၊ အကြင်ကိစ္စ၏အဖြစ်သည်။ ယာ ကရဏီယတာ၊ အကြင်ပြုအပ်သည်၏အဖြစ်သည်။ ယံ အပလောကနကမ္မံ၊ အကြင်အပလောကနကံသည်။ ယံ ဉ တ္တိကမ္မံ၊ အကြင် 'ဉ တ္တိကံသည်။ ယံ ဉ တ္တိဒုတိယကမ္မံ၊ အကြင် ဉ တ္တိဒုတိယကံသည်။ အယံ ဉ တ္တိစတုတ္ထကမ္မံ၊ အကြင် 'ဉ တ္တိစတုတ္ထကံသည်။ အတ္ထိ၊ ရှိ၏၊ ဣဒံ၊ ဤကံကို။ ကိစ္စာဓိကရဏံ၊ ကိစ္စာဓိကရုဏ်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

ထိုအဓိကရုဏ်းလေးမျိုးတို့တွင် ယခု ကျောက်သင်္ဘောဝါဒရေးရာနှင့်စပ်သော အဓိကရုဏ်းသည် ဝိဝါဒါဓိကရုဏ်းဖြစ်၍ ယင်း ဝိဝါဒါဓိကရုဏ်းကို ငြိမ်းစေနိုင်သော သမထတို့ကို သိဖို့ လိုလာပြန်၏၊

ဝိဝါဒါဓိကရုဏ်းကို ငြိမ်းစေနိုင်သော သမထ

ဝိဝါဒါဓိကရုဏ်းကို သမထ နှစ်ပါးတို့ဖြင့် ငြိမ်းစေနိုင်၏၊ ယင်းသမထနှစ်ပါးတို့ကား-

(က) သမ္မုခါ ဝိနယ သမထ တပါး၊
(ခ) ယေဘုယျသိက သမထ တပါး၊

ထို့ကြောင့်-

ဝိဝါဒါဓိကရဏံ ဒွီဟိ သမထေ သမ္မတိ၊
သမ္မုခါ ဝိနယေန စ၊
ယေဘုယျသိကာယ စာတိ-

ဟူ၍ ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၂၂၀)

အနက်ကား

ဝိဝါဒါဓိကရဏံ၊ ဝိဝါဒါဓိကရုဏ်းကို။ သမ္မုခါဝိနယေန စ၊ သမ္မုခါဝိနယသမထဖြင့်၎င်း။ ယေဘုယျသိကာယ စ၊ ယေဘုယျသိက သမထဖြင့်၎င်း။ ဣတိ၊ ဤသို့။ ဒွီဟိ၊ နှစ်ပါးကုန်သော။ သမထေဟိ၊ သမထတို့ဖြင့်။ သမ္မတိ၊ ငြိမ်း၏၊

သမ္မုခါဝိနယသမထ၌ သမ္မုခသည် လေးမျိုးရှိ၏၊ ယင်းလေးမျိုးကိုလည်း သိသင့်၏၊

သမ္မုခါဝိနယသမထ၌ သမ္မုခလေးပါး

(၁) သံဃ သမ္မုခ တပါး၊
(၂) ဓမ္မ သမ္မုခ တပါး၊
(၃) ဝိနယသမ္မုခ တပါး၊
(၄) ပုဂ္ဂလသမ္မုခ တပါး၊

ထို့ကြောင့်-

တတ္ထ'' သံဃသမ္မုခတာ,
ဓမ္မသမ္မုခတာ,
ဝိနယသမ္မုခတာ,
ပုဂ္ဂလသမ္မုခတာတိ၊
ဣဒံ သမ္မုခါဝိနယဿ နိဒါနံ-

ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရပါဠိ-၁၉၉)

အနက်ကား

တတ္ထ၊ ထို သမ္မုခါ ဝိနယသမထ၌။ သမ္မုခါ၊ သမ္မုခ တို့သည်။ သံဃသမ္မုခတာ၊ သံဃသမ္မုခသမထ၎င်း။ ဓမ္မသမ္မုခတာ၊ ဓမ္မသမ္မုခသမထ၎င်း။ ဝိနယသမ္မုခတာ၊ ဝိနယသမ္မုခသမထ၎င်း။ ပုဂ္ဂလသမ္မုခတာ၊ ပုဂ္ဂလသမ္မုခသမထ၎င်း။ ဣတိ၊ ဤသို့။ ဣဒံ၊ ဤ သမ္မုခလေးပါးသည်။ သမ္မုခါဝိနယဿ၊ သမ္မုခါဝိနယ သမထ၏၊ နိဒါနံ၊ နိဒါန်းပါတည်း။

ထိုသမ္မုခလေးပါးတို့တွင် သံဃသမ္မုခ၏ အဓိပ္ပါယ်ကိုလည်း သိသင့်၏

သံဃသမ္မုခ၏ အဓိပ္ပါယ်

ကံအား လျောက်ပတ်သော ရဟန်းတို့သည်လည်း ရောက်လာကြ၏၊ ဆန္ဒထိုက်သော ရဟန်းတို့၏ ဆန္ဒကိုလည်း ဆောင်ယူထား၏၊ မျက်မှောက်ရဟန်းတို့ကလည်း မတားမမြစ်ကြ။ ဤအင်္ဂါသုံးပါးနှင့်ညီညွတ်လျှင် သံဃသမ္မုခ မည်၏၊

ထို့ကြောင့်-

ကာ စ တတ္ထ သံဃာသမ္မုခတာ၊ ယာဝတိကာ ဘိက္ခူ ကမ္မပ္ပတ္တာ၊ တေ အာဂတာ ဟောန္တိ၊ ဆန္ဒရဟာနံ ဆန္ဒော အာဟဋော ဟောတိ၊ သမ္မုခီဘူတာ န ပဋိက္ကောသန္တိ၊ အယံ တတ္ထ သံဃာသမ္မုခတာ-

ဟူ၍ ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၂၂၀)

အနက်ကား

တတ္ထ၊ ထိုသမ္မုခလေးပါးတို့တွင်။ သံဃာသမ္မုခတာ၊ သံဃာသမ္မုခ၏ အဖြစ်သည်။ ကာ စ၊ အဘယ်နည်း။ ယာဝတိကာ၊ အကြင်မျှလောက်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့သည်။ ကမ္မပ္ပတ္တာ၊ ကံအား လျောက်ပတ်ကုန်၏၊ တေ၊ ထိုကံအား လျောက်ပတ်သော ရဟန်းတို့သည်။ အာဂတာ၊ လာကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဆန္ဒရဟာနံ၊ ဆန္ဒ ထိုက်ကုန်သော ရဟန်းတို့၏၊ ဆန္ဒော၊ ဆန္ဒကို။ အာဟဋော၊ ဆောင်အပ်သည်။ ဟောတိ၊ ဖြစ်၏၊ သမ္မုခီဘူတာ၊ မျက်မှောက်ဖြစ်သော ရဟန်းတို့သည်။ န ပဋိက္ကောသန္တိ၊ မတားမြစ်ကြကုန်။ အယံ၊ ဤ အင်္ဂါသုံးပါးနှင့် ပြည့်စုံသော သမ္မုခသည်။ တတ္ထ၊ ထိုသမ္မုခလေးပါးတို့တွင်။ သံဃာသမ္မုခတာ၊ သံဃာသမ္မုခ မည်၏၊

ဤနည်းအတူ ဓမ္မသမ္မုခ၏ အဓိပ္ပါယ်ကိုလည်း သိသင့်ပါသေးသည်။

ဓမ္မသမ္မုခ၏ အဓိပ္ပါယ်

ဓမ္မ-ဟူသော ဘုရားအဆုံးအမတော်ဖြင့် အဓိကရုဏ်းကို ငြိမ်းစေခြင်းသည် ဓမ္မသမ္မုခ မည်၏၊

ထို့ကြောင့်-

ကာ စ တတ္ထ ဓမ္မသမ္မုခတာ၊ ယေန ဓမ္မေန ယေန သတ္ထုသာသနေန တံ အဓိကရဏံ ဝူပသမ္မတိ။ အယံ တတ္ထ ဓမ္မသမ္မုခတာ-

ဟူ၍ ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၂၂၁)

အနက်ကား

တတ္ထ၊ ထိုသမ္မုခလေးပါးတို့တွင်။ ဓမ္မသမ္မုခတာ၊ ဓမ္မသမ္မုခ၏ အဖြစ်သည်။ ကာ စ၊ အဘယ်နည်း။ ယေန ဓမ္မေန၊ အကြင် ဟုတ်မှန်သော သဘောဖြင့်။ ယေန သတ္ထုသာသနေန၊ အကြင် မြတ်စွာဘုရားအဆုံးအမတော် ဖြစ်သော ဉတ်ကမ္မဝါစာဖြင့်။ တံ အဓိကရဏံ၊ ထို အဓိကရုဏ်းသည်။ ဝူပသမ္မတိ၊ ငြိမ်း၏၊ အယံ၊ ဤသမ္မုခတည်း။ တတ္ထ၊ ထိုသမ္မုခလေးပါးတို့တွင်။ ဓမ္မသမ္မုခတာ၊ ဓမ္မသမ္မုခ မည်၏၊

ဤနည်းအတူ ဝိနယသမ္မုခ၏ အဓိပ္ပါယ်ကိုလည်း သိသင့်ပါသေးသည်။

ဝိနယသမ္မုခ၏ အဓိပ္ပါယ်

ဝိနယ ဟူသော ဘုရားအဆုံးအမတော်ဖြင့် အဓိကရုဏ်းကို ငြိမ်းစေခြင်းသည် ဝိနယသမ္မုခ မည်၏၊

ထို့ကြောင့်-

ကာ စ တတ္ထ ဝိနယသမ္မုခတာ၊ ယေန ဝိနယေန ယေန သတ္ထုသာသနေန တံ အဓိကရဏံ ဝူပသမ္မတိ။ အယံ တတ္ထ ဝိနယသမ္မုခတာ-

ဟူ၍ ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၂၂၁)

အနက်ကား

တတ္ထ၊ ထိုသမ္မုခလေးပါးတို့တွင်။ ဝိနယသမ္မုခတာ၊ ဝိနယသမ္မုခ၏ အဖြစ်သည်။ ကာ စ၊ အဘယ်နည်း။ ယေန ဝိနယေန၊ အကြင် ဝိနည်းတရားဖြင့်။ ယေန သတ္ထုသာသနေန၊ အကြင် မြတ်စွာဘုရား အဆုံးအမတော် ဖြစ်သော ဉတ်ကမ္မဝါစာဖြင့်။ တံ အဓိကရဏံ၊ ထို အဓိကရုဏ်းသည်။ ဝူပသမ္မတိ၊ ငြိမ်း၏၊ အယံ၊ ဤသမ္မုခတည်း။ တတ္ထ၊ ထိုသမ္မုခလေးပါးတို့တွင်။ ဝိနယသမ္မုခတာ၊ ဝိနယသမ္မုခ မည်၏၊

ဤနည်းအတူ ပုဂ္ဂလသမ္မုခ၏ အဓိပ္ပါယ်ကိုလည်း သိသင့်ပါသေးသည်။

ပုဂ္ဂလသမ္မုခ၏ အဓိပ္ပါယ်

ငြင်းခုံသူ ပုဂ္ဂိုလ်အချင်းချင်း တပါးသည်တပါးနှင့် နှစ်ဦးမျက်မှောက် သဘောတူ ငြိမ်းစေခြင်းသည် ပုဂ္ဂလသမ္မုခ မည်၏၊

ထို့ကြောင့်-

ကာ စ တတ္ထ ပုဂ္ဂလသမ္မုခတာ၊ ယော စ ဝိဝဒတိ၊ ယေန စ ဝိဝဒတိ၊ ဥဘော အတ္ထပစ္စတ္ထိကာ သမ္မုခီဘူတာ ဟောန္တိ။ အယံ တတ္ထ ပုဂ္ဂလသမ္မုခတာ-

ဟူ၍ ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၂၂၁)

အနက်ကား

တတ္ထ၊ ထိုသမ္မုခလေးပါးတို့တွင်။ ပုဂ္ဂလသမ္မုခတာ၊ ပုဂ္ဂလသမ္မုခ၏ အဖြစ်သည်။ ကာစ၊ အဘယ်နည်း။ ယော စ၊ အကြင်ရဟန်းသည်လည်း။ ဝိဝဒတိ၊ ငြင်းခုံ၏၊ ယေန စ၊ အကြင်ရဟန်းနှင့်လည်း။ ဝိဝဒတိ၊ ငြင်းခုံ၏၊ ဥဘော၊ နှစ်ယောက်ကုန်သော။ တေ အတ္ထပစ္စတ္ထိကာ၊ ထို သပိတ် သင်္ကန်း စသော အကြောင်းကြောင့် ရန်သူဖြစ်သော ရဟန်းတို့သည်။ သမ္မုခီဘူတာ၊ မျက်မှောက်ဖြစ်၍ ဖြစ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏၊ အယံ၊ ဤသမ္မုခသည်ကား။ ပုဂ္ဂလသမ္မုခတာ၊ ပုဂ္ဂလသမ္မုခ မည်၏၊

ဤသမ္မုခလေးပါးတို့ဖြင့် တရားနှင့်အညီ ငြိမ်းလေပြီးသော အဓိကရုဏ်းကို ပြန်၍ မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်လျှင် အာပတ်နှစ်မျိုး သင့်နိုင်၏၊

ငြိမ်းပြီးကိစ္စ ပြန်ဖော်ခြင်း အာပတ်နှစ်မျိုး

ဓမ္မကံအရ ငြိမ်းလေပြီးသော အဓိကရုဏ်းကို အဓိကရုဏ်းအသစ် ပြန်ဖြစ်အောင် လှုံ့ဆွပေးခဲ့သော် ဥက္ကောဋနက ပါစိတ်အာပတ် သင့်၏၊ ဆန္ဒပေးပြီးဖြစ်လျက် ငါမကျေနပ်ဘူး စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချခဲ့သော် ခီယနကပါစိတ် အာပတ်သင့်၏၊

ထို့ကြောင့်-

ဧဝံ ဝူပသန္တံ စေ ဘိက္ခဝေ အဓိကရဏံ ကာရကော ဥက္ကောဋေတိ၊ ဥက္ကောဋနကံ ပါစိတ္တိယံ။ ဆန္ဒဒါယကော ခီယတိ။ ခီယနကံ ပါစိတ္တိယံ-

ဟူ၍ ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၂၂၁)

အနက်ကား

ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့။ ဧဝံ၊ ဤသို့။ ဝူပသန္တံ၊ ငြိမ်းလေပြီးသော။ အဓိကရဏံ၊ အဓိကရုဏ်းကို။ ကာရကော၊ ငြိမ်းအောင်ပြုတတ်သော ရဟန်းသည်လည်း။ စေ ဥက္ကောဋေတိ၊ အကယ်၍ ချောက်ချားသည်ဖြစ်အံ့။ ဝါ၊ အကယ်၍ လှန့်သည်ဖြစ်အံ့။ ဥက္ကောဋနကံ၊ ချောက်ချားခြင်းကြောင့်ဖြစ်သော။ ဝါ၊ လှန့်ခြင်းကြောင့်ဖြစ်သော။ ပါစိတ္တိယံ၊ ပါစတ်အာပတ်သင့်သည်။ ဟောတိ၊ ဖြစ်၏၊ ဆန္ဒဒါယကော၊ ဆန္ဒ ပေးတတ်သော ရဟန်းသည်။ ခီယတိ၊ ရှုတ်ချခဲ့၏၊ ခီယနကံ၊ ရှုတ်ချခြင်းကြောင့် ဖြစ်သော။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့်သည်။ ဟောတိ၊ ဖြစ်၏၊

အထက်ပါ အဓိကရုဏ်းများနှင့် စပ်၍ သံဃာကွဲပြားခြင်းဟူသော အဓိပ္ပါယ်ကိုလည်း သိသင့်၏၊

သံဃာကွဲပြားခြင်း အဓိပ္ပါယ်

(၁) အဓမ္မံ 'ဓမ္မော' တိ ဒီပေတိ (တရားအမှား = အဓမ္မကို တရားအမှန် ဓမ္မဟူ၍ ပြသ၏)၊
(၂) ဓမ္မံ 'အဓမ္မော' တိ ဒီပေတိ (တရားအမှန် = ဓမ္မကို တရားအမှား အဓမ္မ ဟူ၍ ပြသ၏)၊
(၃) အဝိနယံ 'ဝိနယော' တိ ဒီပေတိ၊ (ဝိနည်းမဟုတ်= အဝိနယကို ဝိနည်းအဟုတ်=ဝိနယ ဟူ၍ ပြသ၏၊)
(၄) ဝိနယံ 'အဝိနယော' တိ ဒီပေတိ၊ (ဝိနည်းအဟုတ်=ဝိနယကို ဝိနည်းမဟုတ်=အဝိနယ ဟူ၍ ပြသ၏၊)

ဤသို့အစရှိသော ၁၈-ပါးသော ဘေဒကရဝတ္ထုတို့ဖြင့် ငြင်းခုံကြကာ---

(က) ဥပုသ်ကို သီးခြားပြုကုန်၏၊
(ခ) ပဝါရဏာကို သီးခြားပြုကုန်၏၊
(ဂ) သံဃကံကို သီးခြားပြုကုန်၏၊

ဤသည်လျှင်၊ ဝါ-ဤသို့ဖြစ်လျှင် သံဃာကွဲပြားခြင်းမည်၏၊

ထို့ကြောင့်-

ဣမေဟိ အဋ္ဌာရသတိ ဝတ္ထူဟိ အပကဿန္တိ၊ အဝပကဿန္တိ၊ အာဝေနိံ ဥပေါသထံကရောန္တိ၊ အာဝေနိံ ပဝါရဏံ ကရောန္တိ၊ အာဝေနိံ သံဃကမ္မံ ကရောန္တိ။ ဧတ္တာဝတာ ခေါ ဥပါလိ သံဃော ဘိန္နောဟောတိ-

ဟူ၍ ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၃၆၈)

အနက်ကား

အဋ္ဌာရသဟိ၊ တစ်ဆယ့်ရှစ်ပါးကုန်သော။ ဣမေဟိ ဝတ္ထူဟိ၊ ဤဝတ္ထုတို့ဖြင့်။ အပကဿန္တိ၊ ငင်ကြကုန်၏၊ အဝပကဿန္တိ၊ အယုတ်အားဖြင့် ငင်ကြကုန်၏၊ အာဝေနိံ၊ အသီးအခြား။ ဥပေါသထံ၊ ဥပုသ်ကို။ ကရောန္တိ၊ ပြုကြကုန်၏၊ အာဝေနိံ၊ အသီးအခြား။ ပဝါရဏံ၊ ပဝါရဏာကို။ ကရောန္တိ၊ ပြုကြကုန်၏၊ အာဝေနိံ၊ အသီးအခြား။ သံဃကမ္မံ၊ သံဃကံကို။ ကရောန္တိ၊ ပြုကြကုန်၏၊ ဥပါလိ၊ ဥပါလိ။ ခေါ၊ စင်စစ်။ ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော အခြင်းအရာဖြင့်။ သံဃော၊ သံဃာသည်။ ဘိန္နော၊ ကွဲပြားသည်။ ဟောတိ၊ ဖြစ်၏၊

တရားမမှန်=အဓမ္မကို တရားအမှန်=ဓမ္မဟု ဟောပြေပြသခြင်း၏ အပြစ်များကိုလည်း သိသင့်၏၊

အဓမ္မကို ဓမ္မဟု ပြသခြင်း အပြစ်

အဓမ္မံ ဓမ္မောတိ ဒီပေတိ= ဘုရားဟော တရားမဟုတ်ပဲ ဘုရားဟောတရား-ဟု စသည် ပြောင်းပြန်ဟောသော ရဟန်းသည် သံဃာကွဲပြားခြင်း အကြောင်းဖြစ်သောကြောင့် သံဃဘေဒကခေါ် သံဃာကိုသင်းခွဲသူ မည်၏၊ ထို့ကြောင့် ညီညွတ်နေသော သံဃာကို ကွဲပြားအောင် အားထုတ်လျှင် ဆင်းရဲဒုက္ခ၌ အာယုကပ်ပတ်လုံး တည်နေရလတ္တံ့၊ မကောင်းမှု အကုသိုလ် ဒုစရိုက်တရားများလည်း အမြဲတိုးပွားနေ၏၊ အာယုကပ်ပတ်လုံး အဝီစိငရဲ၌ အကျက်ခံရလတ္တံ့၊

ထို့ကြောင့်-

သမဂ္ဂံ ပန ဘန္တေ သံဃံ ဘိန္ဒိတွာ ကိံ သော ပသဝတီတိ။ သမဂ္ဂံ ခေါ ဥပါလိ သံဃံ ဘိန္ဒိတွာ ကပ္ပဋ္ဌိကံ ကိဗ္ဗိသံ ပသဝတိ၊ ကပ္ပံ နိရယမှိ ပစ္စတီတိ-

ဟူ၍ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၃၆၉)

အနက်ကား

ဘန္တေ၊ အရှင်ဘုရား။ သမဂ္ဂံ၊ ညီညွတ်နေသော။ သံဃံ၊ သံဃာကို။ ဘိန္ဒိတွာ၊ ခွဲ၍။ ဝါ၊ ခွဲသောကြောင့်။ သော၊ ထိုသံဃာကို ခွဲသော ရဟန်းသည်။ ကိံ၊ အဘယ်တရားကို။ ပသဝတိ၊ ပွားစေသည်မည်သနည်း။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်ထား၏၊ ဥပါလိ၊ ဥပါလိ။ ခေါ၊ စင်စစ်။ သမဂ္ဂံ၊ ညီညွတ်နေသော။ သံဃံ၊ သံဃာကို။ ဘိန္ဒိတွာ၊ ခွဲ၍။ ဝါ၊ ခွဲသောကြောင့်။ ကပ္ပဋ္ဌိကံ၊ အာယုကပ်ပတ်လုံးတည်သော။ ကိဗ္ဗိသံ၊ မကောင်းမှုကို။ ပသဝတိ၊ ပွားစေသည် မည်၏၊ ကပ္ပံ၊ အာယုကပ်ပတ်လုံး။ နိရယမှိ၊ ငရဲ၌၊ ပစ္စတိ၊ ကျက်ရ၏၊ ဝါ၊ ခံရ၏၊

ဤသို့ အဓမ္မကို ဓမ္မဟူ၍၎င်း, ဓမ္မကို အဓမ္မဟူ၍၎င်း ပြသသူသည် သံဃဘေဒကကံ ထိုက်၏၊ သံဃာသင်းခွဲသူမည်၏၊ သံဃာသင်းခွဲသော သူနှင့်အပြစ်တူ၏၊ သံဃာသင်းခွဲလျှင် အပြစ်ကြီးသည်နှင့်အမျှ အပြန်အားဖြင့် သံဃာညီညွတ်အောင်ပြုလျှင် အကျိုးကြီး၏၊ ယင်းအကျိုးကိုလည်း သိသင့်၏၊

သံဃာညီညွတ်အောင် ပြုရခြင်းအကျိုး

သံဃာကို ညီညွတ်အောင်ပြုရခြင်းကြောင့် .....

(၁) အများသံဃာ ချမ်းသာမှုကို ပြုပေးရသကဲ့သို့ မိမိဘဝ ဘဝ ချမ်းသာရခြင်းအကျိုး၊
(၂) သံဃာညီညွတ်မှုကို ချီးမြှောက်ဆောင်ရွက်ရခြင်းကြောင့် မိမိလည်း ဘဝဘဝ ညီညွတ်သော သမဂ္ဂတို့နှင့်သာ နေထိုင်ရခြင်းအကျိုး၊
(၃) သံဃာတော်များ ညီညွတ်ခွင့်ရကြ၍ မွေ့ပျော်ချမ်းသာကြသလို မိမိလည်း ဘဝဘဝ မွေ့ပျော်ချမ်းသာရခြင်းအကျိုး၊
(၄) သံဃာတော်များ ညီညီညွတ်ညွတ်နေရ၍ တရား၌တည်ရှိ တိုးတက်မှုရသလို မိမိလည်း ဘဝဘဝမှာ တရားဓမ္မတို့၌သာ တည်ရှိလျှက် မဂ်ရကြောင်း ဖိုလ်ရကြောင်း တရားများကို မပြက်ပွားများနိုင်ခြင်းအကျိုး၊
(၅) သံဃာတော်များသည် ညီညွတ်ခွင့်ရ၍ တရား၌ မွေ့လျှော်ခွင့်ရ၍ ကာမ, ဘဝ, ဒိဋ္ဌိ, အဝိဇ္ဇာဟူသော ယောဂတရား လေးပါးတို့ ကုန်ရာ မဂ်ဖိုလ်နိဗ္ဗာန်မှ မဆုတ်ယုတ် မပျက်ပြားသလို မိမိသည်လည်း ထိုတရားတို့မှ မဆုတ်ယုတ် မပျက်ပြားနိုင်ခြင်း အကျိုး၊
(၆) အာယုကပ်ကာလပတ်လုံး စတုမဟာရာဇ်စသော အထက်တန်းကျသော နတ်ပြည်များ၌ မွေ့လျော်ခံစားရခြင်းအကျိုးတို့ကို ရရှိနိုင်၏၊

ထို့ကြောင့်-

သုခါ သံဃဿ သာမဂ္ဂီ၊
သမဂ္ဂါနဉ္ဇ အနုဂ္ဂဟော။
သမဂ္ဂရတော ဓမ္မဋ္ဌော၊
ယောဂက္ခေမာ န ဓံသတိ။
သံဃံ သမဂ္ဂံ ကတွာန၊
ကပ္ပံ သဂ္ဂမှိ မောဒတိ-
ဟူ၍ ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၃၆၉)

အနက်ကား
သံဃဿ၊ သံဃာတော်၏။ သာမဂ္ဂီ၊ ညီညွတ်သည်၏ အဖြစ်သည်။ ဝါ၊ ညီညွတ်ခြင်းသည်။ သုခါ၊ ချမ်းသာ၏၊ ဝါ၊ ချမ်းသာခြင်း အကြောင်းဖြစ်၏။ သမဂ္ဂါနဉ္ဇ၊ ညီညွတ်သော ရဟန်းတို့ကိုလည်း။ အနုဂ္ဂဟော၊ ချီးမြှောက်တတ်သော ရဟန်းသည်။ သမဂ္ဂရတော၊ ညီညွတ်ခြင်း၌ မွေ့လျော်သည်ဖြစ်၍။ ဓမ္မဋ္ဌော၊ ဓမ္မ၌တည်သည်ဖြစ်၍။ ယောဂက္ခေမာ၊ ယောဂ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်ချမ်းသာမှ။ နဓံသတိ၊ မပျက်စီး။ ဝါ၊ မဆုတ်ယုတ်။ သံဃံ၊ သံဃာကို။ သမဂ္ဂံ၊ ညီညွတ်သည် ကို။ ကတွာန၊ ပြုရခြင်းကြောင့်။ ကပ္ပံ၊ အာယုကပ်ပတ်လုံး။ သဂ္ဂမှိ၊ နတ်ရွာ၌။ မောဒတိ၊ မွေ့လျော်ရ၏၊

သံဃဘေဒကခေါ် သံဃာအသင်းခွဲခြင်းအင်္ဂါ ၅-မျိုးရှိ၏၊ ယင်း ၅-မျိုးကိုလည်း သိထားသင့်၏၊

သံဃဘေဒက ဖြစ်ပုံကိုပြခြင်း

(၁) အဓမ္မကို ဓမ္မဟု ပြသဟောပြော၏၊
(၂) ဓမ္မကို အဓမ္မဟု ပြသဟောပြော၏၊
(၃) အဝိနယ ကို ဝိနယဟု ပြသဟောပြော၏၊
(၄) ဝိနယ ကို အဝိနယဟု ပြသဟောပြော၏၊
(၅) အယူဝါဒကို ထူထောင်ဆောက်တည်၍ သီးခြားကံပြု၏၊

ထို့ကြောင့်-

ပဉ္စဟုပါလိ အင်္ဂေဟိ သမန္နာဂတော သံဃဘေဒကော၊ ကတမေဟိ ပဉ္စဟိ၊
ဣဓုပါလိ ဘိက္ခု-
အဓမ္မံ 'ဓမ္မော' တိ ဒီပေတိ၊
ဓမ္မံ 'အဓမ္မော' တိ ဒီပေတိ၊
အဝိနယံ 'ဝိနယော' တိ ဒီပေတိ၊
ဝိနယံ 'အဝိနယော' တိ ဒီပေတိ၊
ဝိနိဓာယ ဒိဋ္ဌိံ ကမ္မေန-
ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရပါဠိ-၃၅၀)

အနက်ကား
ဥပါလိ၊ ငါ့ရှင်ဥပါလိ။ ပဉ္စ၊ ငါးပါးကုန်သော။ အင်္ဂေ၊ အကြောင်းအင်္ဂါတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသောသူသည်။ သံဃဘေဒကော၊ သံဃာသင်းခွဲသူ မည်၏၊

ဥပါလိ၊ ငါ့ရှင်ဥပါလိ။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ရဟန်းသည်။ ကတမေဟိ ပဉ္စဟိ၊ အဘယ်အကြောင်း အင်္ဂါငါးပါးတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသောသူသည်။ သံဃဘေဒကာ၊ သံဃာ သင်းခွဲသူမည်သနည်း။

(၁) အဓမ္မံ 'ဓမ္မော' တိ ဒီပေတိ၊ (အဓမ္မကို ဓမ္မဟုပြခြင်း။)
(၂) ဓမ္မံ 'အဓမ္မော' တိ ဒဒီပေတိ၊ (ဓမ္မကို အဓမ္မဟုပြခြင်း။)
(၃) အဝိနယံ 'ဝိနယော'တိ ဒီပေတိ၊ (အဝိနယကို ဝိနယဟု ပြခြင်း။)
(၄) ဝိနယံ 'အဝိနယော'တိ ဒီပေတိ၊ (ဝိနယကို အဝိနယဟု ပြခြင်း။)
(၅) ဝိနိဓာယ ဒိဋ္ဌိံကမ္မေန၊ (အဓမ္မစသောအယူကို ဆောက်တည်၍၊ ဝါ-ဓမ္မစသည်တို့၏ အစွမ်းအားဖြင့် ပြ၍ ကံအသီးအခြားပြုခြင်း။)

ဤသို့ သံဃဘေဒက (သံဃသင်းခွဲသူ) အဖြစ်ကို သိရသလို ယင်းသံဃဘေဒက (သံဃာ သင်းခွဲသူ)၏ အပြစ်ကိုလည်း သိသင့်သေး၏၊

သံဃဘေဒက၏ အပြစ်ကိုပြခြင်း

(၁) အပါယ်လေးပါး၌ ဖြစ်ရခြင်း၊
(၂) အထူးအားဖြင့် အဝီစိငရဲ၌ ဖြစ်ရခြင်း၊
(၃) အာယုကပ်ပတ်လုံး ဆင်းရဲဒုက္ခ၌ တည်ရခြင်း၊
(၄) ဘုရားရှင်သော်မှ သူ့အား ကုသပေးခြင်းငှာ မတတ်ကောင်း။

ထို့ကြောင့်-

ဣမေဟိ ခေါ ဥပါလိ ပဉ္စဟင်္ဂေဟိ သမန္နာဂတော သံဃဘေဒကော-
(၁) အာပါယိကော၊
(၂) နေရယိကော၊
(၃) ကပ္ပဋ္ဌော၊
(၄) အတေကိစ္ဆောတိ-
ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရပါဠိ-၃၅၀)

အနက်ကား
ဥပါလိ၊ ငါ့ရှင်ဥပါလိ။ ခေါ၊ စင်စစ်။ ပဉ္စဟိ၊ ငါးပါးကုန်သော။ ဣမေဟိ အမင်္ဂဟိ၊ ဤအကြောင်း အင်္ဂါတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ သံဃဘေဒကော၊ သံဃာသင်းခွဲသော ရဟန်းသည်-

(၁) အာပါယိယော၊ အပါယ်လေးပါး၌ ဖြစ်ရ၏၊
(၂) နေရယိကော၊ အထူးအားဖြင့် အဝီစိငရဲ၌ ဖြစ်ရ၏၊
(၃) ကပ္ပဋ္ဌော၊ အန္တရကပ်တစ်ကပ်ဟု ဆိုအပ်သော အာယုကပ် ပတ်လုံးတည်၏၊ ဝါ၊ တစ်ခုသော အန္တရကပ်ကို အပြည့်အစုံပြု၍ ထိုအဝီစိ-ဟု ဆိုအပ်သော ငရဲကြီး၌ တည်၏၊
(၄) အတေကိစ္ဆော၊ ရှင်တော်ဘုရား ရာထောင်များလည်း ကုစားခြင်းငှာ မတတ်ကောင်း။

ဤ၌ စောဒနာသူသည် 'မတရား (အဓမ္မ) စောဒနာသူ၊ တရားသဖြင့် (ဓမ္မ) စောဒနာသူ' ဟု နှစ်မျိုးရှိ၏၊ မတရား စောဒနာသူသည် အဓမ္မစောဒကမည်၏၊ တရားသဖြင့် စောဒနာသူသည် ဓမ္မစောဒက မည်၏၊

အဓမ္မစောဒက မည်ခြင်းအကြောင်း

(၁) မလျောက်ပတ်သောအခါ၌ စောဒနာခြင်း၊
(၂) မဟုတ်မမှန်သောအားဖြင့် စောဒနာခြင်း၊
(၃) ကြမ်းတမ်းသောအားဖြင့် စောဒနာခြင်း၊
(၄) အကျိုးစီးပွားနှင့် မစပ်သောအားဖြင့် စောဒနာခြင်း၊
(၅) ဒေါသစိတ်ရှိသည်ဖြစ်၍ စောဒနာခြင်း၊
(၆) မေတ္တာစိတ်မရှိသည်ဖြစ်၍ စောဒနာခြင်း၊

ထို့ကြောင့်-

(၁) အကာလေန စောဒတိ၊
(၂) အဘူတေန၊
(၃) ဖရုသေန၊
(၄) အနတ္ထသံဟိတေန၊
(၅) ဒေါသန္တရော စောဒေတိ၊
(၆) နော မေတ္တာစိတ္တော၊ ဧဒိသော ဝုစ္စတိ အဓမ္မစောဒကော-
ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရပါဠိ-၂၈၃)

အနက်ကား
(၁) အကာလေန၊ သံဃမဇ္ဈစသော မလျောက်ပတ်သောအခါ၌။ စောဒေတိ၊ စောဒနာ၏၊
(၂) အဘူတေန၊ မဟုတ်မမှန်သဖြင့်။ စောဒေတိ၊ စောဒနာ၏၊
(၃) ဖရုသေန၊ ကြမ်းတမ်းသဖြင့်။ စောဒေတိ၊ စောဒနာ၏၊
(၄) အနတ္ထသံဟိတေန၊ အကျိုးစီးပွားနှင့် မစပ်သဖြင့်။ ဝါ၊ အကျိုးကျေးဇူးမဲ့ကို ဖြစ်စေသဖြင့်။ ဝါ၊ အကြောင်းမရှိသဖြင့်။ စောဒေတိ၊ စောဒနာ၏၊
(၅) ဒေါသန္တရော၊ ဒေါသစိတ်ရှိသည်ဖြစ်၍။ စောဒေတိ၊ စောဒနာ၏၊
(၆) မေတ္တာစိတ္တော၊ မေတ္တာစိတ်ရှိသည်ဖြစ်၍။ နော စောဒေတိ၊ မစောဒနာ။ (မေတ္တာစိတ်ကင်းမဲ့စွာ စောဒနာ၏၊)
ဧဒိသော၊ ဤသို့သဘောရှိသော စောဒနာသူကို။ အဓမ္မစောဒကော၊ အဓမ္မစောဒကပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

အဓမ္မစောဒက ပုဂ္ဂိုလ်ကို သိရသကဲ့သို့ ဓမ္မစောဒကပုဂ္ဂိုလ်ကိုလည်း သိသင့်သေး၏၊

ဓမ္မစောဒကမည်ခြင်း အကြောင်း

(၁) လျောက်ပတ်သောအခါ၌ စောဒနာခြင်း၊
(၂) ဟုတ်မှန်သောအားဖြင့် စောဒနာခြင်း၊
(၃) သိမ်မွေ့သောအားဖြင့် စောဒနာခြင်း၊
(၄) အကျိုးစီးပွားနှင့် စပ်သောအားဖြင့် စောဒနာခြင်း၊
(၅) မေတ္တာစိတ်ရှိသည်ဖြစ်၍ စောဒနာခြင်း၊
(၆) ဒေါသစိတ်မရှိသည်ဖြစ်၍ စောဒနာခြင်း။

ထို့ကြောင့်-

(၁) ကာလေန စောဒေတိ၊
(၂) ဘူတေန၊
(၃) သဏှေန၊
(၄) အထ္ထသံဟိတေန၊
(၅) မေတ္တာစိတ္တော စောဒေတိ၊
(၆) နော ဒေါသန္တရော၊ ဧဒိသော ဝုစ္စတိ ဓမ္မစောဒကော-
ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရပါဠိ-၂၈၃)

အနက်ကား
(၁) ကာလေန၊ အခွင့်တောင်းသဖြင့် လျောက်ပတ်သော အခါ၌။
(၂) ဘူတေန၊ ဟုတ်မှန်သဖြင့်။
(၃) သဏှေန၊ နူးညံ့သိမ်မွေ့သဖြင့်။
(၄) အထ္ထသံဟိတေန၊ အကျိုးစီးပွားနှင့် စပ်သဖြင့်။ ဝါ၊ မွန်မြတ်ကျိုးထူး ဂုဏ်ကျေးဇူးကို ဖြစ်စေသဖြင့်၊ ဝါ၊ အကြောင်းကို မှီသဖြင့်။
(၅) မေတ္တာစိတ္တော၊ မေတ္တာစိတ်ရှိသည်ဖြစ်၍။
(၆) ဒေါသန္တရော၊ ဒေါသစိတ်ရှိသည်ဖြစ်၍။ နော စောဒေတိ၊ မစောဒနာ။ (ဒေါသစိတ်ကင်းမဲ့စွာ စောဒနာ၏၊)
ဧဒိသော၊ ဤသို့သဘောရှိသော စေဒနာသူကို။ ဓမ္မစောဒကော၊ ဓမ္မစောဒကပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

ဤသို့ အဓမ္မစောဒကပုဂ္ဂိုလ်, ဓမ္မစောဒကပုဂ္ဂိုလ်တို့ကို ခွဲခြားပြပြီး၍ ဆက်စပ်လျက်ရှိသော စောဒနာခြင်း လေးမျိုးကို ပြပေအံ့။

စောဒနာခြင်း လေးမျိုးကိုပြခြင်း

(၁) သီလဝိပတ္တိ စောဒနာ၊
(၂) အာစာရဝိပတ္တိ စောဒနာ၊
(၃) ဒိဋ္ဌိဝိပတ္တိ စောဒနာ၊
(၄) အာဇီဝဝိပတ္တိ စောဒနာ၊

ဤသို့ စောဒနာခြင်း လေးမျိုးရှိပါသည်။

ထို့ကြောင့်-

သီလဝိပ္ပတ္တိယာ စောဒေတိ၊ အထော အာစာရဒိဌိယာ၊
အာဇီဝေနပိ စောဒေတိ၊ စောဒနာ တေန ဝုစ္စတိ-
ဟူ၍ ဟောတော်မူပါသည်။ ပရိဝါရပါဠိတော်(၂၈၃)

အနက်ကား
ဥပါလိ၊ ဥပါလိမထေရ်။ သီလဝိပတ္တိယာ၊ အာပတ်နှစ်ဖုံတည်းဟူသော သီလဝိပတ္တိဖြင့်။ စောဒေတိ၊ စောဒနာ၏၊ အထော၊ ထိုမှတစ်ပါး။ အာစာရဒိဌိယာ၊ အာပတ်ငါးဖုံတည်းဟူသော အာစာရဝိပတ္တိ မိစ္စာဒိဌိ အန္တဂ္ဂါဟိကဒိဌိတည်းဟူသော ဒိဌိဝိပတ္တိဖြင့်။ စောဒေတိ၊ စောဒနာ၏၊ အာဇီဝေနပိ၊ အာဇီဝတည်းဟူသော အကြောင်းကြောင့် ပညတ်အပ်သော သိက္ခာပုဒ်ခြောက်ပါးတည်းဟူသော အာဇီဝဖြင့်လည်း။ စောဒေတိ၊ စောဒနာ၏၊ တေန၊ ထို့ကြောင့်။ စောဒနာ၊ စောဒနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

ဤသို့ စောဒနာလေးမျိုး၏ သရုပ်ကိုပြပြီး၍ ယင်းလေးမျိုး၏ အဓိပ္ပါယ်တို့ကို ပြပေအံ့။

ယင်း စောဒနာလေးမျိုး၏ အဓိပ္ပါယ်

(၁) ပါရာဇိကအာပတ် သံဃာဒိသိသ်အာပတ်တို့ဖြင့် စောဒနာခြင်းသည် သီလဝိပတ္တိ စောဒနာမည်၏၊
(၂) ထုလ္လစ္စဉ်းအာပတ်, ပါစိတ်အာပတ်, ဒုက္ကအာပတ်, ဒုဗ္ဘာသီအာပတ်, ပါ'ိဒေသနီအာပတ် ယင်း အာပတ်ငါးမျိုးတို့ဖြင့် စောဒနာခြင်းသည် အာစာရဝိပ္ပတ္တိ စောဒနာခြင်းမည်၏၊
(၃) မိစ္စာဒိဌိ အန္တဂ္ဂါဟိကဒိဌိတို့ဖြင့် စောဒနာခြင်းသည် ဒိဌိဝိပ္ပတ္တိစောဒနာခြင်းမည်၏၊
(၄) အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ပညတ်အပ်ကုန်သော သိက္ခာပုဒ် ခြောက်ခုတို့၏ အစွမ်းဖြင့် စောဒနာခြင်းသည် အာဇီဝ ဝိပ္ပတ္တိစောဒနာမည်၏၊

ထို့ကြောင့်-

(၁) တတ္တ ဂရုကာနံ ဒွိန္နံ အာပတ္တိက္ခန္ဓာနံ ဝသေန သီလဝိပ္ပတ္တိစောဒနာ ဝေဒိဗ္ဗာ၊
(၂) အဝသေသာနံ ဝသေန အာစာရဝိပ္ပတ္တိစောဒနာ၊
(၃) မိစ္စာဒိဌိအန္တဂ္ဂါဟိကဒိဌိဝသေန ဒိဌိဝိပ္ပတ္တိစောဒနာ၊
(၄) အာဇီဝဟေတုပညတ္တာနံ ဆန္နံ သိက္ခာပဒါနံ ဝသေနအာဇီဝဝိပ္ပတ္တိစောဒနာ ဝေဒိတဗ္ဗာ-
ဟူ၍ ဟောတော်မူ၏၊ ဝိနယသင်္ဂဟအဋ္ဌကထာ(၃၀၉)

အနက်ကား
တတ္တ၊ ထိုစောဒနာခြင်းလေးပါးတို့တွင်။ ဂရုကာနံ၊ ဂရုကအာပတ်ဖြစ်ကုန်သော။ ဒွိန္နံ၊ နှစ်ပါးကုန်သော။ အာပတ္တိက္ခန္ဓာနံ၊ အာပတ်အစုတို့၏။ ဝသေန၊ အစွမ်းဖြင့်။ သီလဝိပ္ပတ္တိစောဒနာ၊ သီလဝိပ္ပတ္တိစောဒနာကို။ ဝေဒိတဗ္ဗာ၊ သိအပ်၏။ အဝသေသာနံ၊ ပါရာဇိကအာပတ် သံဃာဒိသိသ်အာပတ်မှ ကြွင်းကုန်သော ထုလ္လစ္စဉ်း, ပါစိတ်, ဒုက္ကဋ်, ဒုဗ္ဘာသီ, ပါဋိဒေသနီဟူသော အာပတ်အစုတို့၏။ ဝသေန၊ အစွမ်းဖြင့်။ အာစာရဝိပ္ပတ္တိစောဒနာ၊ အာစာရဝိပ္ပတ္တိစောဒနာကို။ ဝေဒိတဗ္ဗာ၊ သိအပ်၏။ အာဇီဝဟေတုပညတ္တာနံ၊ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ပညတ်အပ်ကုန်သော။ ဆန္နံ၊ ခြောက်ပါးကုန်သော။ သိက္ခာပဒနံ၊ သိက္ခာပုဒ်တို့၏။ ဝသေ၊ အစွမ်းဖြင့်။ အာဇီဝဝိပ္ပတ္တိစောဒနာ၊ အာဇီဝဝိပ္ပတ္တိစောဒနာကို။ ဝေဒိတဗ္ဗာ၊ သိအပ်၏၊

ဒိဌိဝိပ္ပတ္တိစောဒနာ၌ ဒိဌိနှစ်မျိုး၏ အဓိပ္ပါယ်ကိုလည်း သိသင့်၏၊

ဒိဌိနှစ်မျိုး၏အဓိပ္ပါယ်

(၁) ကံ ကံ၏ အကျိုးမရှိ အစရှိသည်အားဖြင့် ၁၀-ပါးသော မိစ္ဆာအယူသည် မိစ္ဆာဒိဌိမည်၏၊
(၂) ရုပ်နာမ်သည် မြဲ၏၊ ဝါ၊ မပျက်မစီး အစရှိသည်အားဖြင့် ၁၀-ပါးသော စွဲလမ်းမှုသည် အန္တဂ္ဂါဟိကဒိဌိမည်၏၊

ထို့ကြောင့်-

(၁) မိစ္ဆာဒိဌိတိ နတ္ထိ ဒိန္နန္တိအာဒိနာ ဒသဝတ္ထုကာ မိစ္ဆာဒိဋ္ဌိ။
(၂) အန္တဂ္ဂါဟိကဒိဌိတိ သဿတော လောကေတိအာဒိနာ ဒသဝတ္ထုကာ အန္တဂ္ဂါဟိကဒိဌိ-
ဟူ၍ ဖွင့်ဆိုတော်မူ၏၊ (ပါစိတျာဒိ ယောဇနာ-၆၀၂)

အနက်ကား
(၁) မိစ္ဆာဒိဌိတိ၊ မိစ္ဆာဒိဌိတိဟူသည်ကား။ ဒိန္နံ၊ အလှူ၏အကျိုးသည်။ နတ္ထိ၊ မရှိ။ ဣတိ အာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။ ဒသဝတ္ထုကာ၊ ဆယ်ပါးသောဝတ္ထုရှိသော။ မိစ္ဆာဒိဌိ၊ မှားသောအယူတည်း။
(၂) အန္တဂ္ဂါဟိကဒိဌိတိ၊ အန္တဂ္ဂါဟိကဒိဌိဟူသည်ကား။ လောကော၊ လောကသည်။ သဿတော၊ မြဲ၏၊ ဣတိ အာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။ ဒသဝတ္ထုကာ၊ ဆယ်ပါးသောဝတ္ထုရှိသော။ အန္တဂ္ဂါဟိကဒိဌိ၊ အန္တဟု စွဲလမ်းသောအယူတည်း။

မှတ်ချက်။။ယခု ကျောက်သင်္ဘောဝါဒ အရ စောဒနာခြင်းသည် 'လုပ်သမျှ ဒုက္ခ' စသည်ဖြင့် ဆယ်ပါးသော မိစ္ဆာအယူတို့တွင် အကျုံးဝင်သောကြောင့် ဒိဌိဝိပတ္တိ စောဒနာမည်၏၊ အယူနှင့်စပ်ပြီး စောဒနာသည်ဟူလို။

ဤသို့ စောဒနာရာ၌ စောဒကပုဂ္ဂိုလ်တိုင်းတို့သည် စိတ်ထားကောင်းဖို့ လိုပါသည်။

စောဒကပုဂ္ဂိုလ်များ ထားရမည့်စိတ်ထား

(၁) လျောက်ပတ်သောအခါ၌သာ စောဒနာအံ့၊ မလျောက်ပတ်သောအခါ၌ စောဒနာမည်မဟုတ်။
(၂) ဟုတ်မှန်သဖြင့်သာ စောဒနာအံ့၊ မဟုတ်မမှန်သဖြင့်ကား စောဒနာမည်မဟုတ်။
(၃) နူးညံ့သိမ်မွေ့သဖြင့်သာ စောဒနာအံ့၊ ကြမ်းကြမ်းတမ်းတမ်း စောဒနာမည်မဟုတ်။
(၄) အကျိုးစီးပွားနှင့်စပ်သဖြင့်သာ စောဒနာအံ့၊ မစပ်က စောဒနာမည်မဟုတ်။
(၅) မေတ္တာစိတ်ဖြင့်သာစောဒနာအံ့၊ ဒေါသစိတ်ဖြင့်ကား စောဒနာမည်မဟုတ်။

ထို့ကြောင့်-

စောဒကေနုပါလိ ဘိက္ခုနာ ပရံ စောဒေတုကာမေန ပဉ္စဓမ္မေ အဇ္ဈတ္တံ ဥပဌာပေတွာ ပရော စောဒေတဗ္ဗော
ကတမေ ပဉ္စ-
ကာလေန ဝက္ခာမိ၊ နော အကာလေန
ဘူတေန ဝက္ခာမိ၊ နော အဘူတေန
သဏှေန ဝက္ခာမိ၊ နော ဖရုသေန
အတ္တသံဟိတေန ဝက္ခာမိ၊ နော အနတ္ထသံဟိတေန
မေတ္တစိတ္တော ဝက္ခာမိ၊ နော ဒေါသန္တရောတိ-

ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရပါဠိ - ၃၃၀)

အနက်ကား
ဥပါလိ၊ ငါ့ရှင် ဥပါလိ။ ပရံ၊ သူတပါးကို။ စောဒေတုကာမေန၊ စောဒနာလိုသော။ စောဒကေန၊ စောဒကဖြစ်သော။ ဘိက္ခုနာ၊ ရဟန်းသည်။ ပဉ္စဓမ္မေ၊ ငါးပါးသောတရားတို့ကို။ အဇ္ဈတ္တံ၊ ခန္ဓာကိုယ်အတွင်း၌။ ဥပဌာပေတွာ၊ ဖြစ်စေ၍။ ပရော၊ သူတပါးကို။ စောဒေတဗ္ဗော၊ စောဒနာအပ်၏၊ ကတမေ ပဉ္စ၊ အဘယ်ငါးပါးတို့နည်းဟူမူကား။ ကာလေန၊ လျောက်ပတ်သောအခါ၌။ ဝက္ခာမိ၊ စောဒနာအံ့။ အကာလေန၊ မလျောက်ပတ်သောအခါ၌။ နော ဝက္ခာမိ၊ မစောဒနာအံ့။ ဘူတေန၊ ဟုတ်မှန်သဖြင့်။ ဝက္ခာမိ၊ စောဒနာအံ့။ အဘူတေန၊ မဟုတ်မမှန်သဖြင့်။ နော ဝက္ခာမိ၊ မစောဒနာအံ့။ သဏှေန၊ နူးညံ့သိမ်မွေ့သဖြင့်။ ဝက္ခာမိ၊ စောဒနာအံ့။ ဖရုသေန၊ ကြမ်းတမ်းသဖြင့်။ နော ဝက္ခာမိ၊ မစောဒနာအံ့။ အတ္တသံဟိတေန၊ အကျိုးစီးပွားနှင့်စပ်သဖြင့်။ ဝက္ခာမိ၊ စောဒနာအံ့။ အနတ္ထသံဟိတေန၊ အကျိုးစီးပွားနှင့်မစပ်သဖြင့်။ နော ဝက္ခာမိ၊ မစောဒနာအံ့။ မေတ္တာစိတ္တော၊ မေတ္တာစိတ်ရှိသည်ဖြစ်၍။ ဝက္ခာမိ၊ စောဒနာအံ့။ ဒေါသန္တရော၊ ဒေါသစိတ်ရှိသည်ဖြစ်၍။ နော ဝက္ခာမိ၊ မစောဒနာအံ့။

ဤသို့ စောဒက ပုဂ္ဂိုလ်များ လိုက်နာရန်ရှိသလို စုဒိကပုဂ္ဂိုလ်များ လိုက်နာရန်လည်းရှိပါသည်။

စုဒိတကလိုက်နာရန် ၂- ချက်

စုဒိကပုဂ္ဂိုလ်သည် အောက်ပါ တရားနှစ်ပါးကို အမြဲတမ်းလေးစားလိုက်နာရမည်။ ယင်းတရား ၂-ပါးကား-
(၁) ဝစီသစ္စာခေါ် မှန်ကန်စွာပြောရာ၌ ခိုင်မာမှုရှိရခြင်း၊
(၂) အမျက်ထားမှု လုံးဝမရှိရခြင်း။

ထို့ကြောင့်-

စုဒိတကေန ကထံ ပဋိပဇ္ဇတဗ္ဗန္တိ
စုဒိတကေန ဒွိသု ဓမ္မေသု ပဋိပဇ္ဇိတဗ္ဗံ
သစ္စေ စ
အကုပ္ပေ စ
စုဒိတကေန ဧဝံ ပဋိပဇ္ဇိတဗ္ဗံ-

ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရပါဠိ - ၂၈၃)

အနက်ကား
စုဒိတကေန၊ စုဒိတက ပုဂ္ဂိုလ်သည်။ ကထံ၊ အဘယ်သို့လျှင်။ ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်အပ်သနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိတေ၊ မေးအပ်သည်ရှိသော်။ စုဒိတကေန၊ စုဒိတကပုဂ္ဂိုလ်သည်။ ဒွိသု ဓမ္မေသု၊ တရားနှစ်ပါးတို့၌။ ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်အပ်၏၊ သစ္စေ စ၊ မှန်ကန်စွာ ဆိုရခြင်း၌၎င်း။ အကုပ္ပေ စ၊ အမျက်ထားမှု မရှိခြင်း၌၎င်း။ ဧဝံ၊ ဤသို့။ စုဒိတကေန၊ စုဒိတကပုဂ္ဂိုလ်သည်၊ ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်အပ်၏၊

ဤတရားနှစ်ပါး၌ အဓိပ္ပါယ်ငုပ်ပါ၍ ဋီကာအဖွင့်ကို ကြည့်သင့်၏၊

ယင်း နှစ်ပါးကို ဤသို့ ဋီကာ ဖွင့်ဆိုခြင်း

စုဒိတကပုဂ္ဂိုလ်တိုင်းတို့သည်-
(က) ဘယ်လိုအရေးအခင်းနှင့် ရင်ဆိုင်ရစေကာမူ မှန်ကန်သော စကားကိုသာ ဆိုရ၏၊
(ခ) ငါ့အား ဤလို မေးရလေသလော၊ ဤလို ပြောရလေသလော- ဟု ကိုယ်တိုင်ကလည်း စိတ်မဆိုးရ၊ သူတစ်ပါးကို မထိပါး မပုတ်ခတ်ရ။

ထို့ကြောင့်-

သစ္စေ စ အကုပ္ပေ စာတိ ဝစီသစ္စေ စ အကုပ္ပတာယ စစုဒိတကေန ဟိ သစ္စဉ္စ ဝတ္တဗ္ဗံကောပေါ စ န ကာတဗ္ဗောနေဝ အတ္တနာ ကုဇ္ဈိတဗ္ဗောန ပရော ဃဋေတဗ္ဗောတိ အတ္ထော-

ဟူ၍ မိန့်ဆိုတော်မူ၏၊ (သာရတ္ထဒီပနီ ဋီကာ ဒုတိယတွဲ - ၃၅၂)

အနက်ကား
သစ္စေ စ အကုပ္ပေ စာတိ၊ သစ္စေ စ အကုပ္ပေ စ ဟူသည်ကား။ ဝစီသစ္စေ စ၊ ဝစီသစ္စာခေါ် မှန်ကန်စွာ ပြောရာ၌ ခိုင်မာမှုရှိခြင်း၌၎င်း။ အကုပ္ပတာ ယ စ၊ အမျက်ထားမှု လုံးဝမရှိသည်၏ အဖြစ်၌၎င်း။ ဟောတိ၊ ဖြစ်၏၊ ဟိ၊ မှန်၏၊ စုဒိတကေန၊ စုဒိတကပုဂ္ဂိုလ်သည်။ သစ္စဉ္စ၊ မှန်ကန်သော စကားကိုလည်း။ ဝတ္တဗ္ဗံ၊ ပြောဆိုအပ်၏၊ ကောပေါစ၊ အမျက်ထွက်ခြင်းကိုလည်း။ န ကာတဗ္ဗော၊ မပြုအပ်။ အတ္တနာ၊ မိမိကိုယ်တိုင်ကလည်း။ နေဝ ကုဇ္ဈတဗ္ဗော၊ အမျက်မထွက်အပ်။ ပရော၊ သူတပါးကိုလည်း။ န ဃဋေတဗ္ဗော၊ မထိပါး မပုတ်ခတ်အပ်။ ဣတိ၊ ဤကား။ အတ္ထော၊ သစ္စေ စ အကုပ္ပေ စ- ဟူသော ပုဒ်တို့၏ အနက်တည်း။

စောဒက စုဒိတကပုဂ္ဂိုလ်တို့၏ အင်္ဂါနှင့် လိုက်နာရမည့် ကျင့်ဝတ်စသည်တို့ကို သိအပ်သလို အမှုစစ်ပုဂ္ဂိုလ်တို့၏ အင်္ဂါတို့ကိုလည်း သိသင့်ပါသေးသည်။

အမှုစစ် ပုဂ္ဂိုလ်၏ အင်္ဂါများ

(၁) အဓိကရုဏ်းကို သိရ၏၊
(၂) အဓိကရုဏ်း၏ ဖြစ်ကြောင်းကိုလည်း သိရ၏၊
(၃) အဓိကရုဏ်း၏ ကာယပယောဂ ဝစီပယောဂကိုလည်း သိရ၏၊
(၄) အဓိကရုဏ်း၏ ငြိမ်းကြောင်းကိုလည်း သိရ၏၊
(၅) အဓိကရုဏ်းကို ဆုံးဖြတ်ခြင်း၌လည်း လိမ္မာရ၏၊

ထို့ကြောင့်-

ပဉ္စတုပါလိ အင်္ဂေဟိ သမန္နာဂတေန ဘိက္ခုနာ
အနုယုဉ္ဇိတဗ္ဗံ၊ ကတမေဟိ ပဉ္စဟိ အဓိကရဏံ ဇာနာတိ၊ အဓိကရဏသမုဌာနံ ဇာနာတိ၊ အဓိကရဏဿ ပယောဂံ ဇာနာတိ၊ အဓိကရဏဿ ဝူပသမံ ဇာနာတိ၊ အဓိကရဏဿ ဝိနိစ္စယကုသလော ဟောတီတိ-

ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရပါဠိ - ၃၃၅)

အနက်ကား
ဥပါလိ၊ ငါ့ရှင် ဥပါလိ။ ပဉ္စဟိ၊ ငါးပါးကုန်သော။ အင်္ဂေဟိ၊ အကြောင်းအင်္ဂါတို့နှင့်။ သမန္နာဂတေန၊ ပြည်စုံသော။ ဘိက္ခုနာ၊ ရဟန်းသည်။ အနုယုဉ္ဇိတဗ္ဗံ၊ မေးစိစစ်အပ်၏၊ ကတမေဟိ ပဉ္စဟိ၊ အဘယ်အင်္ဂါငါးပါးတို့နှင့်။ သမန္နာဂတေန၊ ပြည့်စုံသော။ ဘိက္ခုနာ၊ ရဟန်းသည်။ အနုယုဉ္ဇတဗ္ဗံ၊ မေးစိစစ်အပ်သနည်း။
(၁) အဓိကရဏံ၊ အဓိကရုဏ်းကို။ ဇာနာတိ၊ သိရ၏၊
(၂) အဓိကရဏသမုဌာနံ၊ အဓိကရုဏ်းဖြစ်ကြောင်းကို။ ဇာနာတိ၊ သိရ၏၊
(၃) အဓိကရဏဿ၊ အဓိကရုဏ်း၏၊ ပယောဂံ၊ ကာပယောဂ ဝစီပယောဂကို။ ဇာနာတိ၊ သိရ၏၊
(၄) အဓိကရဏဿ၊ အဓိကရုဏ်း၏၊ ဝုပသမံ၊ ငြိမ်းကြောင်းကို။ ဇာနာတိ၊ သိရ၏၊
(၅) အဓိကရဏဿ၊ အဓိကရုဏ်း၏၊ ဝိနိစယကုသလော၊ အဆုံးအဖြတ်၌ လိမ္မာသည်။ ဟောတိ၊ ဖြစ်၏၊

ဤသို့ မေးစိစစ်အပ်သူ အင်္ဂါပြည့်စုံအပ်သလို ပညာရှိဝိနည်းဓိုရ်အဖို့လည်း လိုအပ်ပါသည်။

ပညာရှိဝိနည်းဓိုရ်၏ အင်္ဂါ

(၁) အဓိကရုဏ်းကို သိရ၏၊
(၂) အဓိကရုဏ်း၏ အရင်းအမြစ်ကိုလည်း သိရ၏၊
(၃) အဓိကရုဏ်း၏ ဖြစ်ကြောင်းကိုလည်း သိရ၏၊
(၄) အဓိကရုဏ်း၏ ချုပ်ကြောင်းကိုလည်း သိရ၏၊
(၅) အဓိကရုဏ်းချုပ်ခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်းသိရ၏၊

ထို့ကြောင့်-

ပဉ္စဟင်္ဂေဟိ သမန္နာဂတော ဝိနယဓရော
ပဏ္ဍိတောတွေဝ သင်္ခံ ဂစ္စတိ၊ ကတမေဟိ ပဉ္စဟိ ------
အဓိကရဏံ ဇာနာတိ
အဓိကရဏဿ မူလံ ဇာနာတိ
အဓိကရဏ သမုဒယံ ဇာနာတိ
အဓိကရဏနိရောဓံ ဇာနာတိ
အဓိကရဏနိရောဓဂါမိနိံ ပဋိပဒံ ဇာနာတိ

ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရ ပါဠိ - ၂၃၂)

အနက်ကား
ဥပါလိ၊ ငါ့ရှင် ဥပါလိ။ ပဉ္စဟိ၊ ငါးပါးကုန်သော။ အင်္ဂေဟိ၊ အကြောင်းအင်္ဂါတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ဝိနယဓရော၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်။ ပဏ္ဍိတောတွေဝ၊ ပညာရှိ ဝိနည်းဓိုရ်ဟူ၍သာလျှင်။ သင်္ခံ၊ ရေတွက်ခြင်းသို့။ ဂစ္စတိ၊ ရောက်၏၊ ကတမေဟိ ပဉ္စဟိ၊ အဘယ်အကြောင်း အင်္ဂါငါးပါးတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ဝိနယဓရော၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်။ ပဏ္ဍိတောတွေဝ၊ ပညာရှိ ဝိနည်းဓိုရ်ဟူ၍သာလျှင်။ သင်္ခံ၊ ရေတွက်ခြင်းသို့။ ဂစ္စတိ၊ ရောက်သနည်း။ အဓိကရဏံ ဇာနာတိ၊ အဓိကရုဏ်းကို သိ၏၊ အဓိကရဏဿ မူလံ ဇာနာတိ၊ အဓိကရုဏ်း၏ အရင်း အမြစ်ကို သိ၏၊ အဓိကရဏဿသမုဒယံ ဇာနာတိ၊ အဓိကရုဏ်း၏ ဖြစ်ကြောင်းကို သိ၏၊ အဓိကရဏနိရောဓံ ဇာနာတိ၊ အဓိကရုဏ်း၏ ချုပ်ကြောင်းကို သိ၏၊ အဓိကရဏနိရောဓဂါမိနိံ ပဋိပဒံ ဇာနာတိ၊ အဓိကရုဏ်းချုပ်ခြင်းသို့ ရောက်ကြောင်း အကျင့်ကိုသိ၏၊

ထို့အတူ အဓိကရုဏ်းငြိမ်းစေမှု၌ လိုက်နာရန် အင်္ဂါရပ်တို့ကိုလည်း သိသင့်ပါသေးသည်။

အဓိကရုဏ်းငြိမ်းစေမှု၌ လိုက်နာရန်

(၁) ချစ်သဖြင့် လိုက်လေ့ရှိသော ဆန္ဒဂတိသို့ မလိုက်ရ၊
(၂) မုန်းသဖြင့် လိုက်လေ့ရှိသော ဒေါသာဂတိသို့ မလိုက်ရ၊
(၃) တွေဝေသဖြင့် လိုက်လေ့ရှိသော မောဟာဂတိသို့ မလိုက်ရ၊
(၄) ကြောက်သဖြင့် လိုက်လေ့ရှိသော ဘယာဂတိသို့ မလိုက်ရ၊
(၅) ဘုရားဒေသနာတော်ကိုသာ အလေးဂရုပြု၍ အာမိသကို အလေးဂရုမပြုရ။

ထို့ကြောင့်-

ပဉ္စဟုပါလိ အင်္ဂေဟိ သမန္နာဂတော ဘိက္ခု အလံ အဓိကရဏံ ဝူပသမေတုံ။ ကတမေဟိ ပဉ္စဟိ-
န ဆန္ဒာဂတိံ ဂစ္ဆတိ
န ဒေါသာဂတိံ ဂစ္ဆတိ
န မောဟာဂတိံ ဂစ္ဆတိ
န ဘယာဂတိံ ဂစ္ဆတိ
သဒ္ဓမ္မဂရု ဟောတိ၊ နော အာဓိသဂရု-

ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရပါဠိ-၃၄၉)

အနက်ကား
ဆန္ဒာဂတိံ၊ ချစ်သဖြင့် မလားအပ်သည်သို့ လားခြင်းသို့။ နဂစ္ဆတိ၊ မလိုက်ရ။ ဒေါသာဂတိံ၊ မုန်းသဖြင့် မလားအပ်သည်သို့ လားခြင်းသို့။ နဂစ္ဆတိ၊ မလိုက်ရ။ မောဟာဂတိံ၊ တွေဝေသဖြင့် မလားအပ်သည်သို့ လားခြင်းသို့။ န ဂစ္ဆတိ၊ မလိုက်ရ။ ဘယာဂတိံ၊ ကြောက်သဖြင့် မလားအပ်သည်သို့ လားခြင်းသို့။ န ဂစ္ဆတိ၊ မလိုက်ရ။ သဒ္ဒမ္မဂရု၊ သူတော်ကောင်းတရားကို အလေးပြုရသည်၊ ဟောတိ၊ ဖြစ်၏၊ အာမိသဂရု၊ ထီး, ဖိနပ် စသော အာမိသကို အလေးဂရုပြုရသည်။ နော ဟောတိ၊ မဖြစ်။

စောဒနာလိုသော ပုဂ္ဂိုလ်သည် စောဒနာရန် အခြင်းအရာ နှစ်ပါးကို သိသင့်ပါသေးသည်။

စောဒနာရန် အခြင်းအရာနှစ်ပါး

(၁) ကာယစောဒနာ တပါး၊
(၂) ဝါစာစောဒနာ တပါး၊

ထို့ကြောင့်-

ကတမေဟိ ဒွီ ဟာကာရေဟိ စောဒေတိ
ကာယေန ဝါ စောဒေတိ
ဝါစာယ ဝါ စောဒေတိ
ဣမေဟိ ဝါ စောဒေတိ

ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရပါဠိ -၂၈၃)

အနက်ကား
ကတမေဟိ၊ အဘယ်မျှလောက်ကုန်သော။ ဒွီဟာကာရေဟိ၊ နှစ်ပါးသော အခြင်းအရာတို့ဖြင့်။ စောဒေတိ၊ စောဒနာရသနည်း။ ကာယေန ဝါ၊ ကိုယ်ဖြင့်လည်း။ စောဒေတိ၊ စောဒနာရ၏၊ ဝါစာယ ဝါ၊ နှုတ်ဖြင့်လည်း၊ စောဒေတိ၊ စောဒနာရ၏၊ ဣမေဟိ ဒွီဟာကာရေဟိ၊ ဤနှစ်ပါးသောအခြင်းအရာတို့ဖြင့်။ စောဒေတိ၊ စောဒနာရ၏၊

ထို့ပြင် စောဒနာအကြောင်းသုံးပါးကိုလည်း သိသင့်ပါသေးသည်။

စောဒနာအကြောင်း ၃-ပါးကား

(၁) ဒိဋ္ဌိ (မျက်မြင်) စောဒနာတပါး၊
(၂) သုတ (တဆင့်ကြား) စောဒနာတပါး၊
(၃) ပရိသင်္ကီတ (ယုံမှားသံသယ) စောဒနာတပါး။

ထို့ကြောင့်-

အယံ ပန စောဒနာ နာမ-
ဒိဋ္ဌိစောဒနာ,
သုတစောဒနာ,
ပရိသင်္ကီတစောဒနာတိ
တိဝိဓာ ဟောတိ

ဟူ၍ ဟောတော်မူပါသည်။ (ဝိနယသင်္ဂဟ အဋ္ဌကထာ နှာ-၃၀၉)

မှတ်ချက်။။ယခု ကျောက်သင်္ဘောဝါဒအရ စောဒနာခြင်းသည် မျက်မြင်စာအုပ်စာတမ်း သက်သေခံ ပစ္စည်းများနှင့်တကွ တင်ပြစောဒနာသဖြင့် ဒိဋ္ဌိစောဒနာ မည်၏၊

အနက်ကား
အယံ ပန စောဒ နာနာမ၊ ဤစောဒနာမည်သည်ကား။ ဒိဋ္ဌိစောဒနာ၊ မျက်မြင်စောဒနာခြင်း၎င်း။ သုတစောဒနာ၊ တဆင့်ကြား စောဒနာခြင်း၎င်း။ ပရိသင်္ကီတစောဒနာ၊ ယုံမှား သံသယရှိ၍ စောဒနာခြင်း၎င်း။ ဣတိ၊ ဤသို့။ စောဒနာ၊ စောဒနာခြင်းသည်။ တိဝိဓာ၊ သုံးပါးအပြားရှိသည်။ ဟောတိ၊ ဖြစ်၏၊

ထို့အတူ စောဒနာပုံ လေးရပ်ကိုလည်း သိသင့်ပါသေးသည်။

စောဒနာပုံလေးရပ်

(၁) ဝတ္ထုသန္ဒဿနာ စောဒနာ၊
(၂) အာပတ္တိသန္နဿနာ စောဒနာ၊
(၃) သံဝါသပဋိက္ခေပ စောဒနာ၊
(၄) သာမီစိပဋိက္ခေပ စောဒနာ။

ထို့ကြောင့်-

အပရာ စတုဗ္ဗိဓာ ဟောတိ-
ဝတ္ထုသန္ဒဿနာ
အာပတ္တိသန္ဒဿနာ
သံဝါသပဋိက္ခေပေါ
သာမီစိပဋိက္ခေပေါတိ -

ဟူ၍ မိန့်တော်မူပါသည်။ (ဝိနယသင်္ဂဟ အဋ္ဌကထာ-၃၁၀)

အနက်ကား
ဝတ္ထုသန္ဒဿနာ၊ ဝတ္ထုကိုပြ၍ စောဒနာခြင်း၎င်း။ အာပတ္တိသန္ဒဿနာ၊ အာပတ်ကိုပြ၍ စောဒနာခြင်း၎င်း။ သံဝါသပဋိက္ခေပေါ၊ သံဝါသကို ပယ်၍ စောဒနာခြင်း၎င်း။ သာမီစိပဋိက္ခေပေါ၊ ရိုသေမှုကိုပယ်၍ စောဒနာခြင်း၎င်း။ ဣတိ၊ ဤသို့။ အပရာပိ၊ တပါးလည်းဖြစ်သော။ စောဒနာ၊ စောဒနာခြင်းသည်။ ဟောတိ၊ ဖြစ်၏၊

ယင်းစောဒနာခြင်း လေးပါးတို့တွင် တခုစီ တခုစီ၏ အဓိပ္ပာယ်တို့ကို သိသင့်ပါသည်။

ဝတ္ထုသန္ဒဿနာ စောဒနာ အဓိပ္ပါယ်

သင် မေထုန်အကျင့်ကို ပြု၏၊ အရှင်မပေးသော သူတပါးဥစ္စာကို ခိုးယူ၏၊ လူဇာတ်ရှိသော သူကို သတ်၏၊ မဟုတ်မမှန်သော စကားကို ပြောဆို၏ စသည်ဖြင့် လုပ်ရပ်ကို ပြ၍ စောဒနာခြင်းသည် ဝတ္ထုသန္ဒဿနာ စောဒနာမည်၏၊

ထို့ကြောင့်-

ဝတ္ထုသန္ဒဿနာ နာမ တွံ မေထုနံ ဓမ္မံ ပဋိသေဝိ
အဒိန္နံ အာဒိယိ
မနုဿံ ဃာတယိတ္ထ
အဘူတံ အာရောစယိတ္ထာတိ-

ဟူ၍ ဖွင့်ဆိုတော်မူပါသည်။ (ဝိနယသင်္ဂဟ အဋ္ဌကထာ-၃၁၀)

အနက်ကား
ဝတ္ထုသန္ဒဿနာ နာမ၊ ဝတ္ထုကိုပြ၍ စောဒနာခြင်း မည်သည်ကား။ တွံ၊ သင်သည်။ မေထုနံ ဓမ္မံ၊ မေထုန်အကျင့်ကို။ ပဋိသေဝိ၊ မှီဝဲပြီ။ အဒိန္နံ အာဒိယိ၊ အရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူပြီ။ မနုဿ ဃာတယိတ္ထ၊ လူဇာတ်ရှိသော သူ၏ကိုယ်ကို သတ်ပြီ။ အဘူတံ အာရောစယိတ္ထ၊ မဟုတ်မမှန်သော စကားကို ပြောဆိုပြီ။ ဣတိ၊ ဤသို့ သိအပ်၏၊

ဤသို့ ဝတ္ထုကို ပြ၍ စောဒနာခြင်း၏ အဓိပ္ပါယ်ကို သိအပ်သကဲ့သို့ အာပတ်ကိုပြ၍ စောဒနာခြင်း၏ အဓိပ္ပါယ်ကို သိသင့်ပါသေးသည်။

အာပတ္တိသန္ဒဿနာ စောဒနာ အဓိပ္ပါယ်

သင် မေထုန်အကျင့်ကို ကျင့်ကြောင်းဖြစ်သော ပါရာဇိကအာပတ်သို့ ရောက်၏ စသည်ဖြင့် အာပတ်ကိုပြ၍ စောဒနာခြင်းသည် အာပတ္တိသန္ဒဿနာစောဒနာ မည်၏၊

ထို့ကြောင့်-

အာပတ္တိသန္ဒဿနာ နာမ တွံ မေထုနဓမ္မပါရာဇိကာပတ္တိံ အာပန္နောတိ ဧဝမာဒိနယပဝတ္တာ-

ဟူ၍ မိန့်တော်မူ၏၊ (ဝိနယသင်္ဂဟ အဋ္ဌကထာ-၃၁၀။)

အနက်ကား
တွံ၊ သင်သည်။ မေထုနဓမ္မပါရာဇိကာပတ္တိံ၊ မေထုန်မှုကို ပြု၍သင့်သော ပါရာဇိကအာပတ်သို့။ အာပန္နော၊ ရောက်၏၊ ဣတိ၊ ဤသို့။ ဧဝမာဒိနယပဝတ္တာ၊ ဤသို့ စသော နည်းဖြင့် ဖြစ်သော စောဒနာခြင်းသည်။ အာပတ္တိသန္ဒဿနာ နာမ၊ အာပတ်ကိုပြ၍ စောဒနာခြင်းမည်၏၊

ထို့အတူ သံဝါသကို ပယ်၍ စောဒနာခြင်း အဓိပ္ပါယ်ကိုလည်း သိသင့်ပါသေးသည်။

သံဝါသပဋိက္ခေပ စောဒနာ အဓိပ္ပါယ်

သင်နှင့်ငါ အတူ ဥပုသ်လည်း မပြုတော့ဘူး၊ ပဝါရဏာလည်း မပြုတော့ဘူး၊ သံဃာ့ကံလည်း မဆောင်တော့ဘူး စသည်ဖြင့် ပေါင်းဖော်မှုကို ပယ်၍ စောဒနာခြင်းသည် သံဝါသပဋိက္ခေပစောဒနာ မည်၏၊

ထို့ကြောင့်-

သံဝါသပဋိက္ခေပေါ နာမ နတ္ထိ တယာ သဒ္ဓိံ ဥပေါသထော ဝါ ပဝါရဏာ ဝါ သံဃကမ္မံ ဝါတိ ဧဝံ ပဝတ္တော-

ဟူ၍ မိန့်တော်မူ၏၊ (ဝိနယသင်္ဂဟအဋ္ဌကထာ-၃၁၀)

အနက်ကား
တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ ဥပေါသထော ဝါ၊ ဥပုသ်ပြုခြင်းသည်လည်း နတ္ထိ၊ မရှိ။ ပဝါရဏ ဝါ၊ ပါဝါရဏာပြုခြင်းသည်လည်း။ နတ္ထိ၊ မရှိ။ သံဃကမ္မံ ဝါ၊ သံဃကံပြုခြင်းသည်လည်း။ နတ္ထိ။ မရှိ။ ဣတိ ဧဝံ ပဝတ္တော၊ ဤသို့သော နည်းအားဖြင့်ဖြစ်သော စောဒနာခြင်းသည်။ သံဝါသပဋိက္ခေပေါ နာမ၊ သံဝါသပဋိက္ခေပ စောဒနာခြင်း မည်၏၊

စောဒနာလေးမျိုးတို့တွင် နောက်ဆုံးဖြစ်သော သာမီစိပဋိက္ခေပ စောဒနာ အဓိပ္ပါယ်ကိုလည်း သိသင့်ပါသေးသည်။

သာမီစိပဋိက္ခေပစောဒနာ အဓိပ္ပါယ်

ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီခြင်း, ယပ်လေခတ်ခြင်း စသည်တို့ကို မပြုမူ၍ စောဒနာခြင်းသည် သာမီစိပဋိက္ခေပစောဒနာ မည်၏၊

ထို့ကြောင့်-

သာမီစိပဋိက္ခေပေါ နာမ အဘိဝါဒန ပစ္စုဋ္ဌာန အဉ္ဇလီကမ္မဗီဇနာဒိကမ္မာနံ အကရဏံ။ ဧတ္တာဝတာပိ စောဒနာ နာမ ဟောတိ-

ဟူ၍ မိန့်တော်မူ၏၊ (ဝိနယသင်္ဂဟ အဋ္ဌကထာ-၃၁၀)

အနက်ကား
သာမီစိပဋိက္ခေပေါ နာမ၊ သာမီစိပဋိက္ခေပ စောဒနာခြင်း မည်သည်ကား။ အဘိဝါဒန ပစ္စုဋ္ဌာန အဉ္ဇလီကမ္မဗီဇနာနံ၊ ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီခြင်း, ယပ်လေခတ်ခြင်း စသော အမှုတို့ကို။ အကရဏံ၊ မပြုခြင်းတည်း။ ဧတ္တာဝတာပိ၊ ဤမျှလောက်ဖြင့်လည်း။ စောဒနာ နာမ၊ စောဒနာခြင်းမည်သည်။ ဟောတိ၊ ဖြစ်၏၊

ထိုမှတပါး၊ စောဒကပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား နှလုံးသွင်းလည်း အလွန်အရေးကြီးပါသည်။

စောဒကပုဂ္ဂိုလ်၏ နှလုံးသွင်း

(၁) သနားကြင်နာစိတ် ရှိရခြင်း၊
(၂) အကျိုးစီးပွား လိုလားစိတ် ရှိရခြင်း၊
(၃) အစဉ် စောင့်ရှောက်လိုစိတ် ရှိရခြင်း၊
(၄) အာပတ်မှ ထစေလိုစိတ် ရှိရခြင်း၊
(၅) ဝိနည်းဒေသနာတော် အရသာ ဖြစ်စေလိုခြင်း၊

ထို့ကြောင့်-

စောဒကေနုပါလိ ဘိက္ခုနာ ပရံ စောဒေတုကာမေန ပဉ္စ ဓမ္မေ အဇ္ဈတ္တံ မနသိကရိတွာ ပရော စောဒေတဗ္ဗော။ ကတမေ ပဉ္စ-
(၁) ကာရုညတာ
(၂) ဟိတေသိတာ
(၃) အနုကမ္ပတာ
(၄) အာပတ္တိဝုဋ္ဌာနတာ
(၅) ဝိနယပုရေက္ခာရတာ-

ဟူ၍ ဟောတော်မူပသည်။ (ပရိဝါရ ပါဠိ-၃၃၀)

အနက်ကား
ဥပါလိ၊ ငါ့ရှင် ဥပါလိ။ ပရံ၊ သူတပါးကို။ စောဒေတုကာမေန၊ စောဒနာလိုသော။ စုဒိတကေန၊ စုဒိတကဖြစ်သော။ ဘိက္ခုနာ၊ ရဟန်းသည်။ ပဉ္စ ဓမ္မေ၊ ငါးပါးသော တရားတို့ကို။ အဇ္ဈတ္တံ၊ ကိုယ်တွင်း၌။ မနသိကရိတွာ၊ နှလုံးသွင်း၍။ ပရော၊ တပါးသောသူကို။ စောဒေတဗ္ဗော၊ စောဒနာအပ်၏၊ ကတမေ ပဉ္စ၊ အဘယ်ငါးပါးတို့နည်း ဟူမူကား-
ကာရုညတာ = သနားကြင်နာစိတ် ရှိရခြင်း၎င်း။
ဟိတေသိကာ = အကျိုးစီးပွား လိုလားစိတ် ရှိရခြင်း၎င်း။
အနုကမ္ပတာ = အစဉ်စောင့်ရှောက်လိုစိတ် ရှိရခြင်း။
အာပတ္တိဝုဋ္ဌာနတာ = အာပတ်မှ ထစေလိုစိတ် ရှိရခြင်း၎င်း။
ဝိနယပုရေက္ခာရတာ = ဝိနည်းဒေသနာတော် အရသာ ဖြစ်စေလိုခြင်း၎င်း။
ဣတိ၊ ဤသို့။ အဇ္ဈတ္တံ၊ ကိုယ်တွင်း၌။ မနသိကရိတွာ၊ နှလုံးသွင်း၍။ ပရော၊ တပါးသော သူကို။ စောဒေတဗ္ဗော၊ စောဒနာအပ်၏၊

ထို့အတူ စောဒနာရာ၌ စောဒက ပုဂ္ဂိုလ်တိုင်းအား စောဒနာခွင့် ပြုထိုက် မပြုထိုက် လိုအပ်ပါသေးသည်။

လေးစားခွင့်ပြုထိုက်သော ပုဂ္ဂိုလ်အင်္ဂါ

(၁) သန့်ရှင်းသော ကိုယ်အကျင့် ရှိရခြင်း၊
(၂) သန့်ရှင်းသော နှုတ်အကျင့် ရှိရခြင်း၊
(၃) သန့်ရှင်းသော အသက်မွေးမှု ရှိရခြင်း၊
(၄) ပညာရှိ သူတော်ကောင်း ဖြစ်၍ စွမ်းနိုင်သူဖြစ်ရခြင်း၊
(၅) မေးစိစစ်လျက် ဖြေရှင်းပေးခြင်းငှာ စွမ်းနိုင်သူဖြစ်ရခြင်း၊

ထို့ကြောင့်-

ပဉ္စဟုပါလိ အင်္ဂေဟိ သမန္နာဂတဿ ဘိက္ခုနော၊ ဩကာသကမ္မံ ကာရာပေန္တဿ ဘိက္ခုနော၊ ဩကာသကမ္မံ ကာရာပေန္တဿ အလံ ဩကာသကမ္မံ ကာတုံ
ကတမေဟိ ပဉ္စဟိ-
ပရိသုဒ္ဓကာယသမာစာရော ဟောတိ
ပရိသုဒ္ဓဝစီသမာစာရော ဟောတိ
ပရိသုဒ္ဓဇီဝေါ ဟောတိ
ပဏ္ဍိတော ဟောတိ ဗျတ္တော
ပဋိဗလော အနုယုဉ္ဇိယမာနော အနုယောဂံ ဒါတုံ-

ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရ ပါဠိ-၃၃၁)

အနက်ကား
ဥပါလိ၊ ငါ့ရှင် ဥပါလိ။ ပဉ္စဟိ၊ ငါးပါးကုန်သော။ အင်္ဂေဟိ၊ အင်္ဂါတို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံသော။ ဘိက္ခုနော၊ ရဟန်းသည်။ ဩကာသကမ္မံ၊ ခွင့်တောင်းခြင်းအမှုကို။ ကာရာပေန္တဿ၊ ပြုသည်ရှိသော်။ ဩကာသကမ္မံ၊ ခွင့်ပြုခြင်းအမှုကို။ ကာတုံ၊ ပြုခြင်းငှာ။ အလံ၊ ထိုက်၏၊ ကတမေဟိ ပဉ္စဟိ၊ အဘယ်အင်္ဂါငါးပါးတို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံသောရဟန်းအား။ ဩကာသကမ္မံ၊ ခွင့်ပြုခြင်း အမှုကို။ ကရောတိ၊ ပြုရမည်နည်းဟူမူကား။
ပရိသုဒ္ဓကာယသမာစာရော၊ သန့်ရှင်းသော ကိုယ်အကျင့်ရှိသည်။ ဟောတိ၊ ဖြစ်၏၊ ပရိသုဒ္ဓဝစီသမာစာရော၊ သန့်ရှင်းသော နှုတ်အကျင့်ရှိသည်။ ဟောတိ၊ ဖြစ်၏၊ ပရိသုဒ္ဓဇီဝေါ၊ သန့်ရှင်းသော အသက်မွေးမှုရှိသည်။ ဟောတိ၊ ဖြစ်၏၊ ပဏ္ဍိတော ဗျတ္တော၊ ပညာရှိသူတော်ကောင်းဖြစ်၍ စွမ်းနိုင်သူသည်။ ဟောတိ၊ ဖြစ်၏၊ အနုယုဉ္စိယမာနော၊ မေးစိစစ်လျက်။ အနုယောဂံ၊ ဖြေရှင်းခြင်းကို။ ဒါတုံ၊ ပေးခြင်းငှာ။ ပဋိဗလော၊ စွမ်းနိုင်၏၊

ဝိနည်းဓိုရ်အဖြစ်ဆောင်ရွက်သော ပုဂ္ဂိုလ်တိုင်းတို့သည် မြတ်စွာဘုရားကိုယ်စား မားမတ်စွာ ရပ်တည်လျက်ရှိသော ပါဠိတော် အဋ္ဌကထာများကို အားကိုးရမည်။

ဝိနည်းဓိုရ်တိုင်း ပါဠိတော် အဋ္ဌကထာ လေးစားရခြင်း

ဝိနည်းဓိုရ် ပညာရှိပုဂ္ဂိုလ်သည် ပါဠိတော်ကို၎င်း အဋ္ဌကထာကို၎င်း စူးစူးစိုက်စိုက် ကြည့်၍ ယင်းပါဠိတော် အဋ္ဌကထာတို့နှင့်အညီသာ အဆုံးအဖြတ်ပေးရမည်။

ထို့ကြောင့်-
ပါဠိံ အဋ္ဌကထဉ္စေဝ၊ ဩလောကေတွာ ဝိစက္ခဏော-
ဟူ၍ မိန့်တော်မူ၏၊ (စူဠဝဂ္ဂအဋ္ဌကထာ-၁၀၈။)

အနက်ကား
ဝိစက္ခဏော၊ ကြောင်းကျိုးမြင်သိ ဝိနည်းဓိုရ် ပညာရှိသည်။ ပါဠိဉ္စ၊ ပါဠိတော်ကို၎င်း။ အဋ္ဌကထဉ္စ၊ အဋ္ဌကထာကို၎င်း။ ဩလောကေတွာ၊ ကြည့်ရှု၍။ ဝိနိစ္ဆယံ၊ ဆုံးဖြတ်ခြင်းကို။ ကရေယျ၊ ပြုရာ၏၊

ဝိနည်းဓိုရ်တိုင်း အထူးသတိပြုအပ်သော အဓိကအချက်ကြီး ၂-ချက်ရှိ၏၊ ယင်း ၂-ချက်တို့မှာ အလွန်အရေးကြီးပါသည်။

ဝိနည်းဓိုရ်အတွက် အဓိကအချက်

အာမိသကို အမှီပြု၍ မဆုံးဖြတ်ရခြင်း၊
ပုဂ္ဂိုလ်ကို အမှီပြု၍ မဆုံးဖြတ်ရခြင်း။

အထက်ပါ ၂-ချက်ကို ဝေးစွာကြဉ်၍ ဘုရားရှင်မျက်နှာကိုသာ ကြည့်ပြီး တရားအတိုင်း ဆုံးဖြတ်ရမည်။

ထို့ကြောင့်-
န စ အာမိသံ နိဿာယ၊
န စ နိဿာယ ပုဂ္ဂလံ။
ဥဘော ဧတေ ဝိဝဇ္ဇေတွာ၊
ယထာ ဓမ္မော တထာ ကရေ-

ဟူ၍ ဟောတော်မူ၏၊ (ပရိဝါရပါဠိ-၂၈၄)

အနက်ကား
အာမိသံ၊ သင်္ကန်းစသော အာမိသကို။ နိဿာယ၊ အမှီပြု၍။ ဝိနိစ္ဆယံ၊ ဆုံးဖြတ်ခြင်းကို။ န ကာတဗ္ဗံ၊ မပြုအပ်။ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို။ နိဿာယ၊ အမှီပြု၍။ ဝိနိစ္ဆယံ၊ ဆုံးဖြတ်ခြင်းကို။ န ကာတဗ္ဗံ၊ မပြုအပ်။ ဥဘော၊ နှစ်ပါးကုန်သော။ ဧတေ၊ ဤအချက်တို့ကို။ ဝိဝဇ္ဇေတွာ၊ ဝေးဝေးရှောင်ကြဉ်၍။ ယထာ၊ အကြင် အခြင်းအရာဖြင့် ပြုသည်ရှိသော်။ ဓမ္မော၊ တရားနှင့်ညီ၏၊ တထာ၊ ထိုအခြင်းအရာဖြင့်။ ကရေ၊ ပြုရာ၏၊

အရေးအကြီးဆုံးမှာ ပရိယတ္တိသာသနာဖြစ်သည်။ ပရိယတ္တိသာသနာ ခိုင်မာဖို့လိုပါသည်။ ပရိယတ် အားနည်းလာသည့်အခါ အဓမ္မရောဂါဆိုးများ ဝင်လာတတ်ပါသည်။

ပရိယတ္တိသာသနာ ခိုင်မာစေလိုခြင်း

အဓိကရုဏ်းဖြေရှင်းရန် လက်နက်ကောင်းသဖွယ် အားကိုးစရာကား စာပေကျမ်းဂန်တည်း ဟူသော ပရိယတ်ပင်ဖြစ်၏၊ ထို့ကြောင့် ပရိယတ်များ မကွယ်မပျောက်စေရန် အထူးစောင့်ရှောက်သင့်၏၊ အချို့သည် ထိကပါးရိကပါး ပုတ်ခတ်စော်ကားလာ၏၊ သာသနာကွယ်ကြောင်းပင်ဖြစ်၏၊ ပရိယတ်ကို အခြေခံ၍ အားလုံး ဖြစ်ပေါ်လာရသည်ဖြစ်၍ တစ်သာသနာလုံးကို ပုတ်ခတ်သည် မည်၏၊ ပရိယတ်ကွယ်လျှင် အားလုံး မထိန်းနိုင်တော့ပြီ။ ဗူးမီးလောင်လျှင် ရေဘယ်နည်းနှင့်မှ တွဲလဲမကျန်ရစ်နိုင်။

ပရိယတ်အားပျော့သော နေရာတို့၌ ဝါဒမှားတွေပြုံ၍ ဝင်လာတတ်၏၊ ပရိယတ် မပါဘဲ ပဋိပတ် အားထုတ်သူသည် မျက်စိမပါဘဲ (အကန်း) လမ်းသွားသည်နှင့် တူ၏၊ ပရိယတ်မရှိလျှင် ပဋိပတ်, ပဋိဝေဓတို့ မရှိနိုင်။ ပရိယတ်ရှိနေသေးသမျှ ပဋိပတ်, ပဋိဝေဓ ရှိနေမည်သာ။ နောင် သာသနာကြီးသုံးရပ် ကွယ်သွားလျှင် လိင်္ဂသာသနာကို တွေ့ရလတ္တံ့။ လိင်္ဂသာသနာဟူသည် 'သိက္ခာမတင် သိမ်မဝင်' အတုအယောင် သာသနာတည်း။ အစစ်ကို အတုဖျက်လတ္တံ့ပါတည်း။

ထို့ကြောင့်-
န ဟိ ပရိယတ္တိယာ အသတိ ပဋိဝေဓော အတ္ထိ၊
နာပိ ပရိယတ္တိယာ သတိ ပဋိဝေဓော န ဟောတိ။
လိင်္ဂံ ပန ပရိယတ္တိယာ အန္တရဟိတာယပိ စိရံ ပဝတ္ထိဿတိ-

ဟူ၍ မိန့်တော်မူ၏၊ (စူဠဝဂ္ဂအဋ္ဌကထာ-၁၂၇)

အနက်ကား
ဟိ၊ မှန်၏၊ ပရိယတ္တိယာ၊ ပရိယတ်သာသနာတော်သည်။ အသတိ၊ မရှိလတ်သော်။ ပဋိဝေဓော၊ ပဋိဝေဓသာသနာတော်သည်။ န အတ္ထိ၊ မရှိနိုင်။ ပရိယတ္တိယာ၊ ပရိယတ်သာသနာတော်သည်။ သတိ၊ ရှိလတ်သော်။ ပဋိဝေဓော၊ ပဋိဝေဓသာသနာတော်သည်။ နာပိ အတ္ထိ၊ မရှိခြင်းသည်ကား။ န ဟောတိ၊ မဖြစ်။ အတ္ထိ ဧဝ၊ ရှိသည်သာလျှင်တည်း။ လိင်္ဂံ ပန၊ လိင်္ဂသာသနာသည်ကား။ ပရိယတ္တိယာ၊ ပရိယတ်သာသနာတော်သည်။ အန္တရဟိတာယပိ၊ ကွယ်ပျောက်၍သွားသော်လည်း။ စိရံ၊ ကြာမြင့်စွာ။ ပဝတ္ထိဿတိ၊ ရှိနေလိမ့်ဦးမည် ဖြစ်လတ္တံ့။

ဝိနည်းတရားသည် ပို၍ အရေးကြီးပါသည်-
(၁) ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု၊ (ဝိနည်းတရားမည်သည် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး၏ အသက်ပါတည်း။)
(၂) ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ၊ (ဝိနည်းတည်မှ သာသနာတည်၏၊)

ပြဆိုအပ်ပြီးသည့်အတိုင်း အရေးကြီးရုံမျှမက အလွန်လည်း ကျယ်ဝန်းခက်ခဲပါသည်။

ဝိနည်းဒေသနာ ကျယ်ဝန်းခက်ခဲပုံများ

ဝိနည်းပိဋကတ်တော်ကို ဂမ္ဘီရ (နက်နဲပုံ) လေးပါးနှင့် ပြည့်စုံပုံကို ပြထား၏၊ ကျယ်ဝန်းသော ပင်လယ်ကြီးနှင့် ဥပမာပေးထား၏၊ ပင်လယ်ရေပြင်ကျယ်ကြီးကို ယုန်သူငယ် ကူးဖြတ်သည့်အလား ခက်ခဲနက်နဲပုံများကို ဆိုထားဘိ၏၊ ဝိနည်းဒေသနာပင်လယ်ကြီးကို ကူးဖြတ်နိုင်ခဲ၏၊

ထို့ကြောင့်-
အပ္ပေဝ သသကော ကောစိ၊ ပတိဋ္ဌေယျ မဟဏ္ဏဝေ။
န တွေဝ စတုဂမ္ဘီရေ၊ ဒုဂ္ဂါဟော ဝိနယဏ္ဏဝေ-

ဟူ၍ မိန့်တော်မူ၏၊ (ဝဇိရဗုဒ္ဓိဋီကာ-၄၃၇)

အနက်ကား
မဟဏ္ဏဝေ၊ သမုဒ္ဒရာပင်လယ် ရေပြင်ကျယ်ကြီးထဲ၌။ ကောစိ၊ တစ်စုံတစ်ခု အမှတ်မထင် ငယ်သောအင်အားရှိသော။ သသကော၊ ယုန်သူငယ်သည်။ အပ္ပေဝ ပတိဋ္ဌေယျ၊ ထောက်တည်ခြင်းငှာ ဘယ်လိုမှ မဖြစ်နိုင်ရာ။ ဧဝံ၊ ဤနည်းမခြား အလားအတူသာလျှင်။ စတုဂမ္ဘီရေ၊ အတ္ထ, ဓမ္မ စသည်လေးပါး နက်နဲသောတရားနှင့် ပြည့်စုံသော။ ဝိနယဏ္ဏဝေ၊ သမုဒ်ပြင်ကျယ် ပင်လယ်ခေါ်အပ် ဝိနည်းပိဋကတ်၌။ ဒုဂ္ဂါဟော၊ ဆုံးဖြတ်နိုင်ရန် အမှန်နက်နဲ တတ်နိုင်ခဲသည်။ ဟောတိ၊ ဖြစ်၏၊ တသ္မာ၊ ထို့ကြောင့်။ န တွေဝ= န တု ဧဝ၊ ထောက်တည်ခြင်းငှာ မုချပိုင်ပိုင် မဖြစ်နိုင်သည်သာတည်း။

ထို့ကြောင့် ရှေးအဋ္ဌကထာဆရာကြီးများက ဝိနည်းဓိုရ်ဆရာတော်ကြီးများ အလျင်စလို မဆုံးဖြတ်ကြဖို့ သတိပေးလေသည်။

အလျင်စလို မဆုံးဖြတ်ရခြင်း

ဝိနည်းဓိုရ်တိုင်းတို့သည် အမှတ်မဲ့ အလျင်စလို မဆုံးဖြတ်ရ။ နည်းနည်းချွတ်ယွင်းလျှင် များများ နစ်နာတတ်၏၊ တစ်နေရာ၌ စုဝေး၍ အမှု၏အခြင်းအရာကို ဆွေးနွေး။ နှစ်ဖက်ပြောဆိုသော စကားတို့ကို ကောက်ချက်ချ။ အဖန်ဖန် လေ့လာ။ အဖြေမှန်အတွက် မလုံလောက်သေးလျှင် (ဝါ) ရုပ်လုံးမပေါ်သေးလျှင် ဆိုင်းထား။ ထပ်မံစုံစမ်း။ အဖြေမှန် ရုပ်လုံးပေါ်မှ ဆုံးဖြတ်ရ၏၊

ထို့ကြောင့်-
ဝိနယဓရေန ဝတ္ထုဝိနိစ္ဆယတ္ထံ သန္နိပတိတေ သံဃေ ဩတိဏ္ဏေ ဝတ္ထုသ္မိံ စောဒကေန, စုဒိတကေန စ ဝုတ္ထေ ဝတ္တဗ္ဗေ သဟသာ အဝိနိစ္ဆိနိတွာဝ ဆ ဌာနာနိ ဩလောကေတဗ္ဗာနိ-
ဟူ၍ မိန့်တော်မူ၏၊ (ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ ပ-တွဲ-၂၀၁)

အနက်ကား
ဝတ္ထုသ္မိံ၊ အမှုအခင်းသည်။ သံဃေ၊ သံဃာ့ဘောင်သို့။ ဩတိဏ္ဏေ၊ သက်ရောက်၍လာသည် ရှိသော်။ ဝိနယဓရေန၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည်။ ဝတ္ထု၊ အမှုအခင်းကို။ ဝိနိစ္ဆယတ္ထံ၊ ဆုံးဖြတ်အံ့သောငှာ။ သန္နိပတိတေ၊ စည်းဝေးအပ်ရာ၌။ စောဒကေန စ၊ စောဒကပုဂ္ဂိုလ်သည်၎င်း။ စုဒိတကေန စ၊ စုဒိတက ပုဂ္ဂိုလ်သည်၎င်း။ ဝုတ္ထေ၊ သူ့ဘက်ကိုယ့်ဘက် ပြိုင်လျက် ပြောဆိုသည်ရှိသော်။ ဝတ္တဗ္ဗေ၊ ပြောဆိုအပ်သည်တို့ကို။ သဟသာ၊ အဆောတလျင်။ ဝိနိစ္ဆိဘုံ၊ ဆုံးဖြတ်ခြင်းငှာ။ နာလံ၊ မထိုက်။ အဝိနိစ္ဆိနိတွာဝ၊ မဆုံးဖြတ်မူ၍သာလျှင်။ ၊ ခြေက်ပါးကုန်သော။ ဌာနာနိ၊ ဌာနတို့ကို။ ဩလောကေတဗ္ဗာနိ၊ ရှုကြည့်အပ်ကုန်၏၊

ရောက်လာသောအမှုကို အဖန်ဖန်သုံးသပ်လျက် ပါဠိ အဋ္ဌကထာ ဋီကာတို့၏ အညွှန်အကြား အမှန်ကို နာခံရမည်သာ။

ဒေသနာနှင့် အံကိုက်ဝင်နေရခြင်း

ဝိနည်းဓိုရ်ပညာရှိ သူတော်ကောင်းတို့သည် အမှုသည်တို့၏ နှစ်ဘက်စကားကို အတိအကျ နားထောင်၍ အဖန်ဖန် စဉ်းစားပြီး အဖြေမှန် ရှာရမည်။ မျက်စိဖြင့်ရှာခြင်း, နားဖြင့်ရှာခြင်းတို့ကိုလည်း ထိုက်သလို အသုံးချရမည်။ ထို့နောက်မှ ဒေသနာတော်နှင့် ဖြစ်ရပ်များ အံကိုက်ဝင်နေမှ ဆုံးဖြတ်ချက်ချရမည်။

ထို့ကြောင့်-
တသ္မာ ပဏ္ဍိတဇာတိယော၊ သုဏေယျ ဣတရဿပိ။
ဥဘိန္နံ ဝစနံ သုတွာ၊ ယထာ ဓမ္မော တထာ ကရေ-

ဟူ၍ ဟောကြားတော်မူ၏၊ (ဇာတကပါဠိ၊ ပ-တွဲ၊ စတုက္ကနိပါတ-၁၀၉)

အနက်ကား
ပဏ္ဍိတဇာတိယော၊ ပဏ္ဍိတဇာတ် ဝိနည်းဓိုရ်ပုဂ္ဂိုလ်မြတ်သည်။ ဣတရဿပိ၊ အမှုသည်မှတစ်ပါး အခြားပုဂ္ဂိုလ်၏လည်း။ ဝစနံ၊ အမှုနှင့်စပ် စကားရပ်ကို။ သုဏေယျ၊ နာကြားရာ၏၊ ဥဘိန္နံ၊ စောဒက စုဒိတက သူနှစ်ဝတို့၏၊ ဝစနံ၊ အမှုနှင့်စပ် စကားရပ်ကို။ သုတွာ၊ နာကြားရ၍။ ယထာ၊ အကြင် အခြင်းအရာဖြင့် ပြုသည်ရှိသော်။ ဓမ္မော၊ ဒေသနာဓမ္မ ကောင်းကောင်းကျ၏၊ တထာ၊ ထိုအခြင်းအရာဖြင့်။ ဝိနိစ္ဆယံ၊ ဆုံးဖြတ်ခြင်းကို။ ကရေ၊ ပြုရာ၏၊

'ကြောက်တတ် ရန်ကင်း' ဆိုသကဲ့သို့ အချို့နေရာ အပြိုင် ဖြစ်နေတတ်၏၊ အလေးနှင့်အပေါ့ ယင်းသို့ပြိုင်နေခဲ့သော် အလေးဘက်က ဆုံးဖြတ်ရာ၏၊ ထို့ကြောင့် 'ဂရုကလဟုကေသု ဂရုဇော ဌာတဗ္ဗံ' ဟူသည်တည်း။

လေးရာကို ဦးစားပေးဆုံးဖြတ်ရခြင်း

အမှုဆုံးဖြတ်ရာ၌ တစ်ခါတစ်ရံ မလွှဲမရှောင်သာ 'အပ်-မအပ်' အလေးနှင့် အပေါ့ (ဂရုနှင့် လဟု) နှစ်ခု အပြိုင်တွေ့ရတတ်၏၊ အမြင်မကွဲ ဖြစ်နေတတ်၏၊ ထိုအခါ ဝိနည်းထုံးတမ်းအတိုင်း နောင်ကြဉ် ချမ်းသာစေလိုသော စေတနာကောင်းဖြင့် လေးရာဘက်သို့သာ တွန်းပို့ဆုံးဖြတ်ပေးရ၏၊ ဥပမာ- လက်ဖက်ရည်ကြမ်း ညဉ့်အပ်-မအပ် ဟူရာ၌ ၂-ဝါဒကွဲ၏၊ မအပ်ဟု ဆုံးဖြတ်ရန်၊ သို့မဟုတ် ခိုင်လုံသော သာဓကမရသေးမီ မသောက်ဘဲ ဆိုင်းငံ့ထားရန် ညွှန်ကြားပေးရ၏၊

ထို့ကြောင့်-
ဝိနယဝိနိစ္ဆယ ဟိ အာဂတေ ဂရုကေ ဌာတဗ္ဗံ၊ ဧသာ ဝိနယဓမ္မတာ-
ဟူ၍ မိန့်ကြားတော်မူလေ၏၊ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ-၂၇၆)

အနက်ကား
ဟိ၊ မှန်၏၊ ဝိနယဝိနိစ္ဆယ၊ ဝိနည်းဆုံးဖြတ်ဖို့ရန် အခွင့်သည်။ အာဂတေ၊ ရောက်လာသည် ရှိသော်။ ဂရုကေ၊ အလေးပြုသည့်ဘက်၌။ ဌာတဗ္ဗံ၊ ဆုံးဖြတ် ရပ်တည်အပ်၏၊ ဧသာ၊ ဤသို့ အပေါ့နှင့် အလေး ရှုပ်ထွေး၍နေရာ၌ အလေးဘက်မှ ဆုံးဖြတ်ရပ်တည်ရလေခြင်းသည်။ ဝိနယဓမ္မတာ၊ ဝိနည်းဓမ္မက္ခန် ထုံးစံသာပါတည်း။

ဝိနည်းဒေသနာတော်ကို 'ဝိနယောဓ သုသိက္ခိတော'ဆိုသည့်အတိုင်း လူဥပါသကာ ဥပါသိကာမများပါ သင်ဖို့ကောင်းပါသည်။ သင်လျှင် အမြဲမင်္ဂလာဖြစ်လျက် ကုသိုလ်တွေ တိုးပွားနေပါ သည်။ ရဟန်းတော်များ၌မူကား မြတ်စွာဘုရားက ဝိနည်းဒေသနာတော်ကို 'မသင်မနေရ ပညာ'အဖြစ် ပညတ်ခဲ့ပါသည်။

ဝိနည်းဓိုရ် ဝိနည်းကို နာနာလေ့လာရမည်

ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည် ဝိနည်းကို အလေးအစားပြု၍ ပါဠိတော်အပြင် အဋ္ဌကထာ ဋီကာ ဝိနိစ္ဆယများစွာနှင့်တကွ ဗဟုသုတဖြစ်စရာများကို အကြွင်းအကျန်မရှိ အဓိပ္ပါယ်ထိမိအောင် သတိကြီးကြီးဖြင့် လေ့လာပြီးမှ ဆုံးဖြတ်အပ်၏၊

ထို့ကြောင့်-
တသ္မာ ဝတ္ထုမှိ ဩတိဏ္ဏေ၊ ဘိက္ခုနာ ဝိနယညုနာ။
ဝိနယာနုဂ္ဂဟေနေတ္ထ၊ ကရောန္တေန ဝိနိစ္ဆယံ။
ပါဠိံ အဋ္ဌကထဉ္စေဝ၊ သာဓိပ္ပါယံအသေသတော။
ဩဂ္ဂယှ အပ္ပမတ္တေန၊ ကရဏီယော ဝိနိစ္ဆယော-

ဟူ၍ မိန့်တော်မူပါသည်။ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ-၃၄၆)

အနက်ကား
တသ္မာ၊ ထို့ကြောင့်။ ဧတ္ထ၊ ဤသို့ဆုံးဖြတ်ခြင်းပြုရာ၌။ ဝတ္ထုမှိ၊ အမှုအခင်းသည်။ ဩတိဏ္ဏေ၊ သံဃာ့ဘောင်အောက် ရောက်၍လာသည်ရှိသော်။ ဝိနယညုနာ၊ ဝိနည်း၌ကျွမ်းကျင်သော။ ဝိနယာနုဂ္ဂဟေန၊ ဝိနည်းကို ချီးမြှောက်ခြင်းရှိသော။ ဝိနိစ္ဆယံ၊ အဆုံးအဖြတ်ကို။ ကရောန္တေန၊ ပြုလိုသော။ ဘိက္ခုနာ၊ ရဟန်းပုဂ္ဂိုလ် ဝိနည်းဓိုရ်သည်။ အသေသတော၊ အကြွင်းမဲ့အားဖြင့်။ သာဓိပ္ပါယံ၊ အဓိပ္ပါယ်နှင့်တကွ။ ပါဠိဉ္စ၊ ပါဠိတော်ကို၎င်း။ အဋ္ဌကထဉ္စေဝ၊ အဋ္ဌကထာကို၎င်း။ အပ္ပမတ္တေန၊ မမေ့မလျော့ မပေါ့မဆသောအားဖြင့်။ ဩဂ္ဂယှ၊ ဉာဏ်ဖြင့် သက်ဝင်၍။ ဝိနိစ္ဆယော၊ ဆုံးဖြတ်ခြင်းအမှုကို။ ကရဏီယော၊ ပြုအပ်၏၊

မပြုသင့် မပြုထိုက်သော အဂတိလေးပါးနှင့်တကွ ပြုခြင်းကြောင့် ရအပ်သော အပြစ်များကိုပါ သိဖို့လိုပါသည်။

အဂတိလေးပါး လိုက်စားသောအပြစ်

(၁) ဆန္ဒာဂတိ= ခင်မင်ရင်းနှီးသဖြင့် တစ်ဖက်လိုက်ဆုံးဖြတ်ခြင်း။
(၂) ဒေါသာဂတိ= '' မနာလိုမုန်းတီးသဖြင့် တစ်ဖက်လိုက်ဆုံးဖြတ်ခြင်း။
(၃) ဘယာဂတိ= အားနာကြောက်ရွံ့သဖြင့် တစ်ဖက်လိုက်ဆုံးဖြတ်ခြင်း။
(၄) မောဟာဂတိ= ' ကျိုးကြောင်းမသိသဖြင့် တစ်ဖက်လိုက်ဆုံးဖြတ်ခြင်း။

ယင်းလေးပါး လိုက်စားဆုံးဖြတ်လျှင် 'လဆုတ်ပက္ခ ထွက်သောလ'သည် တဖြည်းဖြည်း တစ်နေ့အောက်တစ်နေ့ အရောင်အလင်းလျော့နည်းကာ မှေးမှိန်သေးသိမ်သကဲ့သို့ ထို့အတူ အကျော်အစော ဂုဏ်သတင်းများ တစ်နေ့တခြား ယုတ်လျော့သွား၏၊ အကယ်၍ ရှောင်ရှားလျက် စိတ်ထားဖြောင့်မတ်က 'လဆန်းပက္ခ ထွက်သောလ'သို့ တစ်နေ့ထက်တစ်နေ့ တိုး၍တိုး၍သာ ဂုဏ်သတင်းသင်းလျက် ခန့်ညား ဝေဆာလာ၏၊

ထို့ကြောင့်-
ဆန္ဒာ ဒေါသာ ဘယာ မောဟာ၊ ယော ဓမ္မံ အတိဝတ္တတိ။
နိဟီယတိ တဿ ယသော၊ ကာဠပက္ခေဝေ စန္ဒိမာ-

ဟူ၍ ဟောတော်မူ၏၊ ပရိဝါရပါဠိ(၂၉၄)

အနက်ကား
ဆန္ဒာ၊ ဆန္ဒာဂတိ၎င်း။ ဒေါသာ၊ ဒေါသာဂတိ၎င်း။ ဘယာ၊ ဘယာဂတိ၎င်း။ မောဟာ၊ မောဟာဂတိ၎င်း။ ဣတိ၊ ဤသို့။ ဓမ္မံ၊ အဂတိလေးပါးတရားအစုကို။ ယော၊ အကြင် ဆုံးဖြတ်ဖို့လို ဝိနည်းဓိုရ်သည်။ အတိဝတ္တတိ၊ လွန်၍ ကျင့်၏၊ ဝါ၊ လိုက်စားမိ၏၊ တဿ၊ ထို ဆုံးဖြတ်ဖို့လို ဝိနည်းဓိုရ်၏၊ ယသော၊ ရံခြွေကျေးဇူး ဂုဏ်ထူးသတင်း ကျော်စောခြင်းသည်။ စန္ဒိမာ၊ ကောင်းစွာတက်ထွန်း လပြည့်ဝန်းသည်။ ကာဠပက္ခေ၊ လဆုတ်ပက္ခ၌။ နိဟီယတိဣဝ၊ တနေ့တခြား တိုးပွါးမရှိ ဆုတ်ယုတ်ဘိသကဲ့သို့။ နဟီယတိ၊ ဆုတ်ယုတ်၏၊

ဤသို့ ဆုံးဖြတ်ရာ၌ လဇ္ဇီ, အလဇ္ဇီ ဟူသော ပုဂ္ဂိုလ်နှစ်ပါး ခွဲခြားသိဖို့ လိုပါသည်။

အလဇ္ဇီပုဂ္ဂိုလ် ဖြစ်လျှင် ပဋိညာဉ်မလို

အမှုအတွက် မေးစိစစ်သည့်အခါ အလဇ္ဇီပုဂ္ဂိုလ်ဖြစ်ခဲ့သော် ယင်းထံမှ ပဋိညာဉ်တောင်းစရာ မလို။ သူ၏စကားအားမကိုးထိုက်၊ လဇ္ဇီသူမွတ် သီလဝန်များကိုသာ ပဋိညာဉ်တောင်းရ၏၊ သူ၏စကားလည်း လေးစားအားကိုးရ၏၊

ထို့ကြောင့်-
အနုယောဂံ ကတွာ လဇ္ဇီေဿဝ ပဋိညာယ ကမ္မံ ကာတဗ္ဗံ-
ဟူ၍ မိန့်တော်မူ၏၊ ပါရာဇိကဏ်အဋ္ဌကထာ(ဒု-၁၇၆)

အနက်ကား
အနုယောဂံ၊ မေးစိစစ်ခြင်းကို။ ကတွာ၊ ပြုပြီး၍။ လဇ္ဇီေဿဝ၊ လဇ္ဇီသူမွန် သီလဝန်အားသာလျှင်။ ပဋိညာယ၊ ဝန်ခံခြင်းဖြင့်။ ကမ္မံ၊ ဆုံးဖြတ်ခြင်းအမှုကို။ ကာတဗ္ဗံ၊ ပြုအပ်၏၊

စတုဗ္ဗိဓဝိနယ-ဟူသည် ဝိနည်းလေးမျိုးတည်း၊ မဟာပဒေသလေးမျိုးလည်း ခေါ်၏၊ အထူးသိထားရမည်ပင် ဖြစ်၏၊

ဝိနည်းဓိုရ် အထူးသိထိုက်သော စတုဗ္ဗိဓဝိနယ

(၁) သုတ္တ = သင်္ဂါယနာသုံးတန်တင် ဗုဒ္ဓပါဝစန ပိဋကတ်သုံးပုံ ပါဠိတော်တို့တည်း။ အားအရှိဆုံး သဗ္ဗဗလဝတည်း။
(၂) သုတ္တာနုလောမ = ' ယင်း ပါဠိတော်တို့နှင့် အဓိပ္ပါယ်ကျ တူမျှသော စကားများတည်း။
(၃) အာစရိယဝါဒ = ဗုဒ္ဓမတညူ အဋ္ဌကထာဆရာကြီးများ၏ စကားများတည်း။
(၄) အတ္တနောမတိ = မိမိအယူအဆဖြင့် ပြောဆိုနေသော စကားများတည်း။ အားအနည်းဆုံး သဗ္ဗဒုဗ္ဗလတည်း။

ယင်းလေးပါးကို ဤသို့ အတိအကျ သိအပ်၏၊ သုတ္တာနုလောမ အာစရိယဝါဒ အတ္တနောမတိတို့သည် ပါဠိတော် (သုတ္တ) နှင့် အဓိပ္ပါယ် သဘာဝ သက်ဝင်ညီညွတ်က အားလုံး အမှန်ဟု ယူနိုင်၏၊ မညီညွတ်က အမှန်မဟုတ်၊ မယူရဟု မှတ်ကုန်ရာ၏၊

ထို့ကြောင့်-
တသ္မိံ ပန သိက္ခာပဒေ စ သိက္ခာပဒဝိဘင်္ဂေ စ သကလေ စ ဝိနယဝိနိစ္ဆယေ ကောသလ္လံ ပတ္ထယန္တေန စတုဗ္ဗိဓော ဝိနယော ဇာနိတဗ္ဗော။
ကတမံ စတုဗ္ဗိဓံ-
သုတ္တံ, သုတ္တာနုလောမံ, အာစရိယဝါဒံ, အတ္တနောမတိန္တိ-

ဟူ၍ မိန့်တော်မူ၏၊ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ-၁၉၅-၆)

အနက်ကား
ပန၊ ဆက်ဦးအံ့။ တသ္မိံ သိက္ခာပဒေ စ၊ ထိုသိက္ခာပုဒ်၌၎င်း။ သိက္ခာပဒဝိဘင်္ဂေ စ၊ သိက္ခာပုဒ်ကို အကျယ်ဝေဖန်ရာ၌၎င်း။ သကလေ စ၊ အလုံးစုံသော သိက္ခာပုဒ်၎င်း။ ဝိနယဝိနိစ္ဆယေ စ၊ ဝိနည်းဆုံးဖြတ်ရာ၌၎င်း။ ကောသလ္လံ၊ လိမ္မာသည်၏ အဖြစ်ကို။ ပတ္ထယန္တေန၊ တောင့်တသော။ ဘိက္ခုနာ၊ ရဟန်းပုဂ္ဂိုလ် ဝိနည်းဓိုရ်သည်။ စတုဗ္ဗိဓော၊ လေးပါးအပြားရှိသော။ ဝိနယော၊ ဝိနည်းကို။ ဇာနိတဗ္ဗော၊ သိအောင် ပြုအပ်၏၊

စတုဗ္ဗိဓံ၊ လေးပါးအပြားရှိသော ဝိနည်းသည်။ ကတမံ၊ အဘယ်နည်း။ သုတ္တံ၊ အလုံးစုံသော ဝိနည်းပါဠိ၎င်း။ သုတ္တာနုလောမံ၊ အလုံးစုံသော ဝိနည်းပါဠိအားလျော်သော မဟာပဒေသ၎င်း။ အာစရိယဝါဒံ၊ ဆရာတို့သည် ဖွင့်ဆိုအပ်သော အဋ္ဌကထာ၎င်း။ အတ္တနောမတိံ၊ မိမိ၏ အလို၎င်း။ ဣတိ၊ ဤသို့ သိအပ်၏၊

ဤသို့ စတုဗ္ဗိဓဝိနယခေါ် ဝိနည်းလေးမျိုးကို သိရသလို ဝိနည်းဓိုရ်လက္ခဏာ သုံးပါးကိုလည်း သိသင့်ပါသေးသည်။

လိုအပ်သော ဝိနည်းဓိုရ်လက္ခဏာ သုံးပါး

(၁) သုတ္တခေါ် ဝိနည်းပါဠိတော်ကို မိ-၄-နက်ထင် အကွက်မြင်အောင် လေ့လာလျက် အာဂမ, သဘာဝ နှစ်ဌာနလုံး ဝိနိစ္ဆယဉာဏ် ရင့်သန်ပြီးဖြစ်ခြင်း၊
(၂) ဝိနည်းပိဋကတ်တော်၌ ဆုတ်ယုတ်ခြင်းမရှိ၊ အဖွင့်သံဝဏ္ဏနာနှင့်တကွ နှံ့စပ်ပြည့်စုံအောင် လေ့လာထားရခြင်း၊
(၃) ဆရာသမားကောင်းများထံမှ အာစရိယမုဋ္ဌိ (လက်ဆုပ်လက်ကိုင်ရမိ) နည်းယူလျက် ဆရာတဆူ ခံယူနိုင်လောက်အောင် ကျွမ်းကျင်မှုရှိရခြင်း။

ထို့ကြောင့်-
တီဏိ ဟိ ဝိနယဓရဿ လက္ခဏာနိ ဣစ္ဆိတဗ္ဗာနိ။
ကတမာနိ တီဏိ-
(၁) သုတ္တဉ္စဿ သွာဂတံ ဟောတိ၊ သုပ္ပဝတ္တိ သုဝိနိစ္ဆိတံ သုတ္တတော အနုဗျဉ္ဇနတောတိ ဣဒမေကံ လက္ခဏံ၊
(၂) ဝိနယေ ခေါ ပန ဌိတော ဟောတိ၊ အသံဟီရောတိ ဣဒံ ဒုတိယံ၊
(၃) အာစရိယပရမ္မရာ ခေါ ပနဿ သုဂ္ဂဟိတာ ဟောတိ၊ သုမနသိကတာ သူပဓာရိတာတိ ဣဒံ တတိယံ-

ဟူ၍ မိန့်တော်မူ၏၊ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ-၁၉၉)

အနက်ကား
ဟိ၊ မှန်၏၊ ဝိနယဓရဿ၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်၏၊ တီဏိ၊ သုံးပါးကုန်သော။ လက္ခဏာနိ၊ လက္ခဏာတို့ကို။ ဣစ္ဆိတဗ္ဗာနိ၊ အလိုရှိအပ်ကုန်၏၊ တီဏိ၊ သုံးပါးသော လက္ခဏာတို့သည်။ ကတမာနိ၊ အဘယ်တို့နည်း ဟူမူကား။

အဿ ပုဂ္ဂလဿ၊ ထိုဝိနည်းကိုဆောင်သော ပုဂ္ဂိုလ်အား။ သုတ္တဉ္စ၊ အလုံးစုံသော ဝိနည်းပိဋကတ် ပါဠိတော်သည်လည်း။ သွာဂတံ၊ ကောင်းစွာ နှုတ်၌ လာသည်။ သုပ္ပဝတ္တိ၊ ကောင်းစွာ ဖြစ်သည်။ သုတ္တတော၊ ဝိနည်းမှတပါးသော ပါဠိတော်အားဖြင့်လည်းကောင်း။ အနုဗျဉ္ဇနတော၊ ပါဠိသို့လိုက်သော အနက်ကိုပြတတ်သော ပရိပုစ္ဆာအဋ္ဌကထာ အားဖြင့်လည်းကောင်း။ သုဝိနိစ္ဆိတံ၊ ကောင်းစွာဆုံးဖြတ်အပ်သည်။ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့။ ဣဒံ၊ ဤသည်ကား။ ဧကံ၊ တခုသော။ လက္ခဏံ၊ လက္ခဏာပါတည်း။

ခေါ ပန၊ စင်စစ်။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဝိနယေ၊ ဝိနည်းအကျင့်၌။ ဌိတော၊ လဇ္ဇီ၏အဖြစ်ဖြင့် တည်၏၊ အသံဟီရော၊ မယိုယွင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့။ ဣဒံ၊ ဤသည်ကား။ ဒုတိယံ၊ နှစ်ခုမြောက်ဖြစ်သော။ လက္ခဏံ၊ လက္ခဏာပါတည်း။

ခေါ ပန၊ စင်စစ်။ အဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား။ ဝါ၊ ထိုပုဂ္ဂိုလ်သည်။ အာစရိယပရမ္မရာ၊ ဆရာတို့၏အဆက်ဆက်သည်။ ဝါ၊ ကို။ သုဂ္ဂဟိတာ၊ ကောင်းစွာသင်ယူအပ်သည်။ သုမနသိကတာ၊ ကောင်းစွာစိတ်၌ ပြုအပ်သည်။ သူပဓာရိတာ၊ ကောင်းစွာအပြားအားဖြင့် ဆောင်အပ်သည်။ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့။ ဣဒံ၊ ဤသည်ကား။ တတိယံ၊ သုံးခုမြောက်ဖြစ်သော။ လက္ခဏံ၊ လက္ခဏာပါတည်း။

တရားဆုံးဖြတ်မည့် ပုဂ္ဂိုလ်သည် အောက်ပါ ၆-ဌာနလုံးကို သေချာစွာ ကြည့်အပ်ပါသည်။

ဤ ၆-ဌာနကို အထူး ကြည့်အပ်ကြောင်း-
(၁) အမှု၏ အခြေခံ အကြောင်းခြင်းရာကို ကြည့်ရ၏၊
(၂) အမှု ဖြစ်လာသော အစဉ်အဆက်ကို ကြည့်ရ၏၊
(၃) အမှု၏ ပတ်ဝန်းကျင် အကျယ်ကို ကြည့်အပ်၏၊
(၄) အမှု၏ အပိုင်းအခြား စ, လယ်, ဆုံး သုံးပါးလုံး ကြည့်ရ၏၊
(၅) အမှု၏ အတွင်း၌ သင့်သော အာပတ်ကို ကြည့်ရ၏၊
(၆) အမှုအရ အာပတ်မသင့်နိုင် (သက်သာခွင့်ရှိ) ပုံကိုလည်း ကြည့်ရ၏၊

ထို့ကြောင့်-
ဆ ဌာနာနိ ဩလောကေတဗ္ဗာနိ။
ကတမာနိ ဆ-
ဝတ္ထု ဩလောကေတဗ္ဗံ၊
မာတိကာ ဩလောကေတဗ္ဗာ၊
ပဒဘာဇနီယံ ဩလောကေတဗ္ဗာ၊
တိကပရိစ္ဆေဒေါ ဩလောကေတဗ္ဗာ၊
အန္တရာပတ္တိ ဩလောကေတဗ္ဗာ၊
အနာပတ္တိ ဩလောကေတဗ္ဗာတိ-

ဟူ၍ မိန့်တော်မူပါသည်။ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ-၂၀၁)

အနက်ကား

ဆ ဌာနာနိ၊ ခြောက်ပါးသော အရာတို့ကို။ ဩလောကေတဗ္ဗာနိ၊ ကြည့်အပ်ကုန်၏၊ ကတမာနိ၊ အဘယ်မျှလောက်ကုန်သော။ ၊ ခြောက်ပါးကုန်သော။ ဌာနာနိ၊ အရာတို့ကို။ ဩလောကေတဗ္ဗာနိ၊ ကြည့်အပ်ကုန်သနည်း။

ဝတ္ထု၊ ဝတ္ထုကို။ ဩလောကေတဗ္ဗံ၊ ကြည့်အပ်၏၊ မာတိကာ၊ မာတိကာကို။ ဩလောကေတဗ္ဗာ၊ ကြည့်အပ်၏၊ ပဒဘာဇနီယံ၊ ပဒဘာဇနီကို။ ဩလောကေတဗ္ဗာ၊ ကြည့်အပ်၏၊ တိကပရိစ္ဆေဒေါ၊ တိက်တို့၏ အပိုင်းအခြားကို။ ဩလောကေတဗ္ဗာ၊ ကြည့်အပ်၏၊ အန္တရာပတ္တိ၊ အကြား၌ ရောက်အပ်သော အာပတ်ကို။ ဩလောကေတဗ္ဗာ၊ ကြည့်အပ်၏၊ အနာပတ္တိ၊ အာပတ်မသင့်ခြင်းကို။ ဩလောကေတဗ္ဗာ၊ ကြည့်အပ်၏၊ ဣတိ၊ ဤသို့ သိအပ်၏၊

နေရာတကာ အမှုအလိုက် တရားနှင့်အညီသာ ဆုံးဖြတ်သင့်၏၊ များစွာလည်း အကျိုးကြီးလှ၏၊

တရားနှင့်အညီ ဆုံးဖြတ်ပေးလျှင် အကျိုးကြီးခြင်း

ဒေသနာတော်၏ ညွှန်ကြားချက်များအရ သာသနာစိတ်ဓာတ် မြင့်မြတ်စွာ နှလုံးသွင်းလျက် ယထာဓမ္မကျအောင် သန့်စင်သော စေတနာဖြင့် ဆုံးဖြတ်အပ်၏၊ ဤသို့ ဆုံးဖြတ်ပေးက ကုသိုလ်ရ အကျိုးကြီးလှ၏၊ မဂ်ဖိုလ်နိဗ္ဗာန် ရရန်အကြောင်း ကောင်းသော အထောက်အပံ့ဖြစ်၏၊

ထို့ကြောင့်-
ဓမ္မေန သမေန အ'ဝိနိစ္ဆယံ နာမ ကုသလံ၊ သဂ္ဂမဂ္ဂေါ ဧသ-
ဟူ၍ မိန့်ဆိုတော်မူ၏၊ (ရာဇောဝါဒသုတ်၊ ဒုကနိပါတ်ဇာတ်အဋ္ဌကထာ(၁)

အနက်ကား
ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်စွာ။ အ'ဝိနိစ္ဆယံ နာမ၊ တရားဆုံးဖြတ်ခြင်း မည်သည်ကား။ ကုသလံ၊ ကုသိုလ်ဖြစ်ကြောင်း တရားကောင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဧသ ဧသော၊ ဤကုသိုလ်မျိုးသည်။ သဂ္ဂမဂ္ဂေါ၊ နတ်ပြည်နိဗ္ဗာန် မဂ်ဖိုလ်ဉာဏ်တို့ ရရန်အကြောင်း ကောင်းမြတ်သော ကုသိုလ်မျိုးပါတည်း။

ပေါ်လာသော မှုခင်းတို့ကို မွေးမထားရ၊ မုချငြိမ်းအောင် နည်းလမ်းရှာဖွေရမည်။

ဓမ္မဝါဒီအဆုံးအဖြတ်ဖြင့် မုချငြိမ်းစေရခြင်း

ဓမ္မဝါဒီဖြစ်သော ဝိနည်းဓိုရ်အရှင်မြတ်တို့ ဆုံးဖြတ်အပ်သော ဝိနိစ္ဆယကို အထူးလေးစားကာ အားလုံးလိုက်နာအပ်၏၊ ဤသို့ လေးစားလိုက်နာလျက် အဓိကရုဏ်းကို လက်စသိမ်းပြီးပြတ် ငြိမ်းအေးစေအပ်၏၊ သက်ဆိုင်ရာတို့ကလည်း အစကောင်းမှ အနှောင်းသေချာမို့ သတိပြုသင့်၏၊

ထို့ကြောင့်-
ယထာ စ တေ ဓမ္မဝါဒိနော ဝဒန္တိ၊
တထာ တံ အဓိကရဏံ ဝူပသမေတဗ္ဗန္တိ-

ဟူ၍ မိန့်တော်မူ၏၊ စူဠဝါအဋ္ဌကထာ(၄၃)

အနက်ကား
၊ ဆက်ဦးအံ့။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ ဓမ္မဝါဒိနော၊ ဓမ္မဝါဒီ ဖြစ်တော်မူကြကုန်သော။ တေ၊ ထိုဝိနုည်းဓိုရ်ပုဂ္ဂိုလ်ကြီးတို့သည်။ ဝဒန္တိ၊ ဆုံးဖြတ်ပြောဆိုတော်မူကြလေကုန်၏၊ တထာ၊ ထိုအခြင်းအရာဖြင့်။ တံ အဓိကရဏံ၊ ထိုဝိဝါဒစသော အဓိကရုဏ်းကို။ ဝူပသမေတဗ္ဗံ၊ မြော်မြင်ကြပ်မတ် ငြိမ်းစေအပ်၏၊ ဣတိ၊ ဤသို့သိအပ်၏၊

အချို့ မိမိအားထုတ်နေသော တရားက မှန်ပါ၏၊ သို့သော် ဆရာနည်းမရ၍ ရှေ့ကနောက်ရောက် နောက်ကရှေ့ရောက် တရားထူးမရပဲ ရှိတတ်၏၊

မှန်လျက် မှားနေသော ဖားဝါဒ

အမှန်မှာ သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးကို အစဉ်အတိုင်း အားထုတ်ကြရမည်၊ သီလမှ သမာဓိသို့၊ သမာဓိမှ ဝိပဿနာပညာသို့ တခုပြီးတခု အခြေခံတောင့်အောင် အားထုတ်ရ၏၊ ဖားများ ခုန်ကျော် ပြေးသွားသကဲ့သို့ သီလကိုအားမထုတ်ပဲ၊ သို့မဟုတ် သမာဓိပါ အားမထုတ်ပဲ ဝိပဿနာပညာကို ခုန်ကျော်အားထုတ်က တရားမှန်လျက် အားထုတ်နည်းမကျ၍ အမှားဖြစ်နေပြီး မဂ်ဖိုလ်မရနိုင်။

ထို့ကြောင့်-
မဏ္ဍုကဿ ဥပ္ပတိတွာ ဂမနံ ဝိယ အာဒိတောဝ သီလပူရဏာဒိံ အကတွာ အရဟတ္တပဋိဝေဓော နာမ နတ္ထိ၊ ပဋိပါဋိယာ ပန သီလသမာဓိပညာယော ပူရေတွာဝ သက္ကာ အရဟတ္တံ ပတ္တုန္တိ-
ဟူ၍ မိန့်တော်မူ၏၊ (အင်္ဂုတ္တရအဋ္ဌကထာ-၂၂၁)

အနက်ကား

မဏ္ဍုကဿ၊ ဖား သတ္တဝါ၏၊ ဥပ္ပတိတွာ၊ ခုန်ကျော်၍။ ဂမနံ ဝိယ၊ သွားခြင်း ကဲ့သို့။ အာဒိတောဝ၊ အစမှ သာလျှင်။ သီလပူရဏာဒိံ၊ သီလကို ဖြည့်ကျင့်ခြင်း စသည်ကို။ အကတွာ၊ မပြုမူ၍။ ဝါ၊ မပြုခြင်းကြောင့်။ အရဟတ္တပဋိဝေဓော နာမ၊ အရဟတ္တပဋိဝေဓ-ခေါ် ရဟန္တာအဖြစ်သို့ ရောက်နိုင်ခြင်း မည်သည်။ နတ္ထိ၊ မရှိ။

ပန၊ ထိုမှတပါး။ ပဋိပါဋိယာ၊ အစဉ်အားဖြင့်။ သီလသမာဓိပညာယော၊ သီလအကျင့်, သမာဓိအကျင့်, ဝိပဿနာပညာ အကျင့်တို့ကို။ ပူရေတွာဝ၊ ဖြည့်ကျင့်မှသာလျှင်။ အရဟတ္တံ၊ ရဟန္တာအဖြစ်သို့။ ပတ္တုံ၊ ရောက်ခြင်းငှါ။ သက္ကာ၊ စွမ်းနိုင်ကုန်၏၊

ဖား ယောဂီ ဖြစ်နေတတ်၏၊ အဖျားတက် အမှည့်ရနိုးနိုး ဝိပဿနာမှ တရားဟု ထင်နေတတ်၏၊ အယူအဆ ဝါဒမှားက အပြစ်ကြီးလှ၏၊ မဂ်ဖိုလ် မရနိုင်။

ဝါဒမှားအတွက် ကြီးလေးသော အပြစ်များ

မှန်ကန်သော ဝါဒကို လက်ခံဖို့ များစွာလို၏၊ အကယ်၍ ဝါဒမှားကို လက်ခံ ယူမိလျှင် ကုန်ရှုံးလျှင် တခေါက် အယူဝါဒရှုံးလျှင် တသက်လုံးမှောက်၊ မဂ်ဖိုလ်နှင့် လွဲရုံသာမက ဘုရားကိုလည်း စွပ်စွဲရာရောက်၏၊ မိမိကိုယ်ကိုလည်း တူးဖြိုနှိပ်စက်ရာ ရောက်၏၊ များစွာသော အကုသိုလ်တွေလည်း နေ့စဉ် တိုးပွားနေ၏၊ များစွာသော နေ့ညဉ့်ပတ်လုံးလည်း အကျိုးမဲ့များနှင့် ဆင်းရဲဒုက္ခတွေသာ ဖြစ်နေ၏၊

ထို့ကြောင့်-
အထ စ ပန တွံ မေ ဃပုရိသ အတ္တန ဒုဂ္ဂဟိတေန အမှေ စေဝ အဗ္ဗာစိက္ခသိ၊ အတ္တာနဉ္စ ခဏသိ၊ ဗဟုဉ္စ အပုညံ ပသဝတိ၊ တဉ္စိ တေ မေ ဃပုရိသ ဘဝိဿတိ၊ ဒီဃရတ္တံ အဟိတာယ ဒုက္ခယာတိ-
ဟူ၍ ဟောတော်မူ၏၊ (စူဠဝဂ္ဂပါဠိ-၇၀)

အနက်ကား
အထ စ ပန၊ ထိုအခါ၌ကား။ မေ ဃပုရိသ၊ မဂ်ဖိုလ်မပြီး အချီးနှီးသော ဟယ် ယောကျ်ား။ တွံ၊ သင်သည်။ အတ္တန၊ မိမိကိုယ်တိုင်။ ဒုဂ္ဂဟိတေန၊ မှားသောအယူကို ယူသဖြင့်။ အမှေ စေဝ၊ ငါတို့ကိုလည်း။ အဗ္ဗာစိက္ခသိ၊ စွပ်စွဲနှိပ်စက်ရာ ရောက်၏၊ အတ္တာနဉ္စ၊ မိမိကိုယ်ကိုလည်း။ ခဏသိ၊ တူးဖြိုဖျက်ဆီးရာ ရောက်၏၊ ဗဟုဉ္စ၊ များစွာလည်း ဖြစ်သော။ အပုညံ၊ မကောင်းမှု အကုသိုလ်တရားစုသည်။ ပသဝတိ၊ နေ့စဉ် တိုးပွား၍နေ၏၊ ဟိ၊ မှန်၏၊ မေ ဃပုရိသ၊ မဂ်ဖိုလ်မပြီး အချီးနှီးသော ဟယ် ယောကျ်ား။ တံ၊ ထိုအပြစ်သည်။ တေ၊ သင့်အား။ ဒီဃရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။ အဟိတာယ၊ စီးပွားမဲ့အလို့ငှါ။ ဒုက္ခာယ၊ ဆင်းရဲအလို့ငှါ။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မည်။ ဣတိ၊ ဤသို့သိအပ်၏၊

အယူမှားခြင်းသည် အလွန်ဆိုး၏၊ ဝိဝါဒါဓိကရုဏ်းဖြစ်၍ များစွာလည်း ကြောက်စရာကောင်း၏၊ အတိုင်းအတာ မျှော်မှန်းမရအောင် ဖြစ်တတ်၏၊

ဝိဝါဒါဓိကရုဏ်းကို ပေါ့ဆစွာ မမြင်သင့်

ဓမ္မ, အဓမ္မအားဖြင့် ငြင်းခုံသော အဓိကရုဏ်းသည် ဝိဝါဒါဓိကရုဏ်းမည်၏၊ ယင်း ဝိဝါဒါဓိကရုဏ်းကို မွေးမြူမထားအပ်၊ အမြန် ပြတ်စဲအောင် ငြိမ်းစေရ၏၊ အကယ်၍ မငြိမ်းစေနိုင်လျှင် အဓိကရုဏ်းလေးပါးတို့တွင် ကြွင်းကျန် မဖြစ်ပေါ်သေးသော-
(က) အနုဝါဒါဓိကရုဏ်း
(ခ) အာပတ္တာဓိကရုဏ်း
(ဂ) ကိစ္စာဓိကရုဏ်း-
ဟူသော အဓိကရုဏ်းသုံးပါးတို့ပါ ဆက်၍ ဖြစ်လာတတ်ကြောင်း ကျမ်းဂန်၌ ဆို၏၊ တခုပြီးတခု ကူးစက်လာတတ်၏၊ ယင်း ဝိဝါဒါဓိကရုဏ်းကို အကြွင်းအကျန်မရှိ တိကျမိရစွာ ငြိမ်းသွားအောင် လုပ်ဖို့ လိုအပ်၏၊ အမှိုက်ကစ ပြဿာဒ်မီးလောင် ဖြစ်တတ်၏၊ 'အပ်ဖြင့်ထွင်းချက် ပေါက်ဆိန်ဖက်' မဖြစ်စေသင့်၊ 'လသာတုန်းဗိုင်းငင်' ကုန်ရာ၏၊ 'ဦးကနင်း ပဲ့ကထောင်' ဆိုသကဲ့သို့ မငြိမ်မသက် မနိုင်မနင်း ရုပ်ပျက် ဆင်းပျက် ဖြစ်လာတတ်၏၊ မသူတော်တို့၏ ပယောဂဝင်လျက် သာသနာရေးတိုက်ပွဲကလေးအသွင် ဆင်ပေးသလို ဖြစ်တတ်၏၊ တဖြည်းဖြည်း ဒ 'ဘီလူးကလေး မွေးမိသလို' ဖြစ်တတ်၏၊ 'ဒကြာလျှင်ကြီး၊ ကြီးလျှင်ခက်' လောကထုံး နှလုံးမူသင့်၏၊

ထို့ကြောင့်-
အပိ စ ဝိဝါဒါဓိကရဏပစ္စယာ စတ္တာရော အဓိကရဏာ ဇာယန္တိ-
ဟူ၍ မိန့်တော်မူကြ၏၊ (ပရိဝါပါဠိ-၂၀၂)

အနက်ကား
အပိ စ၊ စင်စစ်သော်ကား။ ဝိဝါဒါဓိကရဏပစ္စယာ၊ ဓမ္မ-အဓမ္မ, ဝိနယ-အဝိနယ စသည်အစုံ ငြင်းခုံခြင်း တည်းဟူသော ဝိဝါဒါဓိကရုဏ်း ဟူသော မူလအကြောင်းကြောင့်။ စတ္တာရော၊ လေးပါးကုန်သော။ အဓိကရဏာ၊ 'ဒဝိဝါဒ၊ အနုဝါဒ၊ အာပတ္တ၊ ကိစ္စ' ဟူသော အဓိကရုဏ်းလေးမျိုးလုံးတို့သည်။ ဇာယန္တိ၊ ကူးစက် ဖြစ်ပေါ်လာတတ်ကုန်၏၊

ဤသို့ သတိကြီးစွာထားလျက် ဘုရားရှင်ကိုယ်တိုင် ဆုံးဖြတ်ထားသကဲ့သို့ ဖြစ်နေကြောင်းကိုလည်း သိသင့်ပါသည်။

ဘုရားရှင်ကိုယ်တိုင် ကြွရောက် ဆုံးဖြတ်သည်နှင့် တူ၏

မူခင်းဆုံးဖြတ်ရာ အရေးကြီးဆုံးဖြစ်သော အဓိကပါဝင်သင့်သော-

(၁) စတုဗ္ဗိဓဝိနယ (ဝိနည်းလေးမျိုး)၌ လိမ္မာခြင်း၊

(၂) တိလက္ခဏ (လက္ခဏာသုံးပါး)နှင့် ပြည့်စုံခြင်း၊

(၃) ဆဋ္ဌာန (အရာခြောက်ခု)ကို ကြည့်ရှုခြင်း။

ဤသို့ ဒေသနာတော်နှင့် အထူးညီညွတ်စွာ ဝိနိစ္ဆယချ ဆုံးဖြတ် ငြိမ်းအေးစေခဲ့၏၊ ထို့ကြောင့် ထိုသို့ ဒေသနာတော်နှင့် အထူးညီညွတ်သော အဆုံးအဖြတ် ဒ 'ထေရဝါဒ သတ္ထုသာသန ပရိပုဏ္ဏ ဝိနိစ္ဆယ' မျိုးကို လူနတ်ဗြဟ္မာ အဘယ်မည်သော သတ္တဝါမျှ မတားမြစ်ထိုက်၊ အကြောင်းကား ယင်းပါဠိတော်အညီ ဆုံးဖြတ်ထားသော ဝိနိစ္ဆယသည် မြတ်စွာဘုရား ကိုယ်တော်တိုင် ကြွရောက်ပြီး ဝိနိစ္ဆယ-ချ ဆုံးဖြတ်ပေးသည်နှင့် အတိအကျတူ၏၊ ထို့ကြောင့် မည်သူမျှ မတားမြစ်ထိုက်၊ တားမြစ်၍ မရဟူလို။

ထို့ကြောင့်-

ယော ဟိ ဘိက္ခု စတုဗ္ဗိဓဝိနယကောဝိဒေါ တိလက္ခဏသမ္ပန္နော ဣမာနိ ဆဌာနာနိ ဩလောကေတွာ အဓိကရဏံ ဝူပသမေဿတိ။ တဿ ဝိနိစ္ဆယော အပ္ပဋိဝတ္တိယော ဗုဒ္ဓေန သယံ နိသီဒိတွာ ဝိနိစ္ဆိတသဒိသော ဟောတိ။

ဟူ၍ မိန့်တော်မူ၏၊ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ-၂၀၂)

အနက်ကား

ဟိ၊ မှန်၏၊ ယော ဘိက္ခု၊ အကြင်ရဟန်းပုဂ္ဂိုလ် ဝိနည်းဓိုရ်သည်။ စတုဗ္ဗိဓဝိနယကောဝိဒေါ၊ လေးပါးအပြားရှိသော ဝိနည်း၌ လိမ္မာ၏၊ တိလက္ခဏသမ္ပန္ဓော၊ သုံးပါးသော လက္ခဏာနှင့် ပြည့်စုံ၏၊ ဣမာနိ ဆဌာနာနိ၊ ဤခြောက်ပါးသော အရာတို့ကို။ ဩလောကေတွာ၊ ကြည့်၍။ အဓိကရဏံ၊ အဓိကရုဏ်းကို။ ဝူပသမေဿတိ၊ ငြိမ်းစေအံ့။ တဿ၊ ထို ရဟန်းပုဂ္ဂိုလ် ဝိနည်းဓိုရ်၏၊ ဝိနိစ္ဆယော၊ အဆုံးအဖြတ်ကို။ အပ္ပဋိဝတ္တိယော၊ မည်သူမျှ မတားမြစ်အပ်။ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ သယံ၊ ကိုယ်တော်တိုင်။ နိသီဒိတွာ၊ ထိုင်တော်မူ၍။ ဝိနိစ္ဆိတသဒိသော၊ အဆုံးအဖြတ် ပြုထားသည်နှင့် တူသည်။ ဟောတိ၊ ဖြစ်၏၊

ရဟန်းရှင်လူ အားလုံးတို့ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှ၏၊ လွယ်လွယ်ပြော လွယ်လွယ်လုပ် မဖြစ်သင့်၊ ဘုရားနှင့် ထိပ်တိုက် မတိုးမိစေရန် ရှောင်တတ်ဖို့ လို၏၊

ပါဠိတော်ကို ပယ်လျှင် ဘုရားကို ပယ်သည်မည်၏

တရားဆုံးဖြတ်ရာ၌ စတုဗ္ဗိဓဝိနယခေါ် မဟာပဒေသ လေးပါးတို့တွင် သုတ္တခေါ် ပါဠိတော်ကို၎င်း၊ ယင်းပါဠိတော်နှင့် လျှော်သော ဒေသနာတော်များကို၎င်း။ ယင်းပါဠိတော် စသည်တို့နှင့် ဆုံးဖြတ်ထားသော ဝိနိစ္ဆယကို၎င်း မည်သူမျှ ပယ်ခြင်းငှါ လုံးဝမထိုက်၊ မည်သူမျှ မပယ်အပ်။ မပယ်ကောင်းပါ၊ ရဟန်းရှင်လူအားလုံး လက်ခံလိုက်နာရ၏၊ ပရိယာယ်ဝေဝုစ်ဖြင့် ဉာဏ်ထုတ်ဖယ်ရှား တားမြစ်အံ့သောငှါ မစွမ်းနိုင်၊ ယင်း ထေရဝါဒ ပါဠိ ပိဋကတ်တော်များကို အကယ်၍ ပယ်လျှင် မြတ်စွာဘုရားကို ပယ်သည်မည်၏၊ လူတစ်ယောက်လုံးကို သတ်ထားသော သူသော်မှလည်း ငြင်းဆိုမြဲဖြစ်ကြ၏၊ သူငြင်းဆိုစေကာ အပြစ်ကား အပြစ်ပင်၊ ငြင်းဆိုသည့်အတွက် မလွတ်သည့်အပြင် မလေးစားမှုအတွက် အပြစ်ပိုလာ၏ ဟူလို။

ထို့ကြောင့်-

တတ္ထ သုတ္တံ အပ္ပဋိဗာဟိယံ တံ ပဋိဗာဟန္တေန ဗုဒ္ဓေါဝ ပဋိဗာဟိတော ဟောတိ-

ဟူ၍ မိန့်တော်မူ၏၊ မဟာဝဂ္ဂအဋ္ဌကထာ(၁၅၇)

အနက်ကား

တတ္ထ၊ ထိုလေးပါးတို့တွင်။ သုတ္တံ၊ ပါဠိတော်မြတ် ထေရဝါဒပိဋကတ်ကို။ အပ္ပဋိဗာဟိယံ၊ မတားမြစ်အပ်။ တံ၊ ထိုပါဠိတော်မြတ် ထေရဝါဒပိဋကတ်ကို၊ ပဋိဗာဟန္တေန၊ တားမြစ်သော ရဟန်းရှင်လူသည်။ ဗုဒ္ဓေါဝ၊ မြတ်စွာဘုရားကိုသာလျှင်။ ပဋိဗာဟိတော၊ တားမြစ်အပ်သည် မည်သည်။ ဟောတိ၊ ဖြစ်၏၊

ဝါဒအမှားသို့ မလိုက်မိဖို့ များစွာ အရေးကြီးပါသည်။ လောကပြစ်လည်း ဆိုးဝါး လောကုတ္တရာပြစ်လည်း ဆိုးဝါးပါသည်။

ဝါဒအမှားကို ယူ၍ အပြစ်ကြီးပုံ ဘုရားဟောခြင်း

ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူစဉ် ကေဝ'၏သား အရှင်သာတိသည် အမှားဝါဒတွေကို အမှန်ဝါဒလုပ်၍ ပြောင်းပြန် လိုက်လံဟောပြော ပြသနေ၏၊ ဘုရားရှင်သိ၍ ရဟန်းများကို ဤသို့ မိန့်၏၊

ရဟန်းတို့ ကေဝ'၏သား အရှင်သာတိမည်သော ရဟန်းသည် (အမှားဝါဒတွေကို အမှန်ဝါဒလုပ်ပြီး) လိုက်လံဟောပြော ပြသနေ၏၊ ဤသို့ ဟောပြောပြသခြင်းသည် များသော အပြစ်ရှိ၏၊ အပြစ်ကြီးလှ၏၊ အပြစ်ကြီးပုံကား မိမိက ဝါဒအမှားကို ယူမိသဖြင့် ငါဘုရားကိုလည်း စွပ်စွဲနှိပ်စက်ရာ ရောက်၏၊ မိမိကိုယ်တိုင်ကိုလည်း တူးဖြို ဖျက်ဆီးရာရောက်၏၊ မကောင်းမှု အကုသိုလ်တွေလည်း များစွာ တိုးပွား၏၊ မဂ်ဖိုလ်မပြီး အချီးနှီးသောရဟန်း၊ သင့်အား ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး အကျိုးမဲ့တွေ ဆင်းရဲဒုက္ခတွေ ဖြစ်လတ္တံ့။

ဤသို့ ရဟန်းများအလယ်တွင် အရှင်သာတိအား မြတ်စွာဘုရား မိန့်တော်မူ၏၊ ယနေ့ သက်တော်ထင်ရှားရှိလျှင် အဘယ်သို့ မိန့်မည်နည်း။

ထို့ကြောင့်--

ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ ပေ။ အထ စ ပနာယံ သာတိဘိက္ခု ကေဝ'ပုတ္တော အတ္တနာ ဒုဂ္ဂဟိတေန အမှေ စေဝ အဗ္ဘာစိက္ခတိ၊ အတ္တာနဉ္စ ခဏတိ၊ ဗဟုဉ္စ အပုညံ ပသဝတိ၊ တံ ဟိ တဿ မောဃပုရိသဿ ဘဝိဿတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာတိ-

ဟူ၍ ဟောတော်မူပါသည်။ (မူလပဏ္ဏာသပါဠိ-၃၂၆)

အနက်ကား

ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဧကံ၊ တပါးသော။ သမယံ၊ အခါ၌။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။ အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဌေး၏၊ အာရာမေ၊ နှလုံးမွေ့လျှော် ပျော်ဖွယ်ရာဖြစ်သော။ ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။ ဝိဟရတိ၊ နေတော်မူ၏၊။ ပေအထ စ ပန။ ထိုအခါ၌ကား။ ကေဝ'ပုတ္တေ၊ ကေဝ'၏ သားဖြစ်သော။ အယံ သာတိ ဘိက္ခု၊ ဤသာတိမည်သော ရဟန်းသည်။ အတ္တနာ၊ မိမိကိုယ်တိုင်။ ဒုဂ္ဂဟိတေန၊ မှားသော အယူကိုယူသဖြင့်။ အမှေ စေဝ၊ ငါတို့ကိုလည်း။ အဗ္ဘာစိက္ခတိ၊ စွပ်စွဲနှပ်စက်ရာ ရောက်၏၊ အတ္တာနဉ္စ၊ မိမိကိုယ်ကိုလည်း။ ခဏတိ၊ တူးဖြိုဖျက်ဆီးရာ ရောက်၏၊ ဗဟုဉ္စ၊ များစွာလည်းဖြစ်သော၊ အပုညံ၊ မကောင်းမှု အကုသိုလ်တရားစုသည်လည်း။ ပသဝတိ၊ နေ့စဉ်တိုးပွား၍ နေ၏၊ ဟိ၊ မှန်၏၊ မောဃပုရိသ၊ မဂ်ဖိုလ်မပြီး အချီးနှီးသော ဟယ် ယောက်ျား။ တံ၊ ထိုအပြစ်သည်။ တေ၊ သင်အား။ ဒီဃရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။ အဟိတာယ၊ စီးပွားမဲ့အလို့ငှါ၊ ဒုက္ခာယ၊ ဆင်းရဲအလို့ငှါ။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မည်။ ဣတိ၊ ဤသို့ မိန့်တော်မူ၏၊

ဤသို့ အရှင်သာတိမည်သော ရဟန်းအား မှားသောအယူကို ယူသဖြင့် ကြီးမားသော အပြစ်ရှိကြောင်းကို အထူးသတိပြု၍ မြတ်စွာဘုရား ဟောတော်မူအပ်သော ပါဠိတော်များ တန်ဖိုးရှိပုံများကိုလည်း အထူးပင် သိသင့်ပါသည်။

ပါဠိတော်၌ ပယ်စရာအမှား လုံးဝ မရှိ

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးစဖြစ်သော အဇာတသတ်မင်းလက်ထက် ရာဇြုဂိလ်ပြည်၌ တိပိဋကသဗ္ဗပရိယတ္တိပ္ပဘေဒဓရ ပဋိသမ္ဘိဒါပတ္တ အသေက္ခ(ရဟန္တာ)အပါး ၅၀၀-တို့၏ အလယ် ပထမသင်္ဂါယနာတင်စဉ် ပထမ ပါရာဇိက အခန်း၌ အရှင်မဟာကဿပ (သံဃသဘာပတိ)က မေး၍ ဝိနယဧတဒဂ်ရ အရှင်ဥပါလိက ဖြေကြားသည်မှာ--

မေး။။ပထမပါရာဇိကပါဠိတော်၌ ပယ်စရာ၊ သို့မဟုတ် ထည့်စရာ များရှိ မရှိ ဖြေစမ်းပါ။

ဖြေ။။ပယ်စရာ မရှိပါ။ ဘုရားဟော ပါဠိတော်တိုင်းတို့၌ ပယ်စရာ လုံးဝမရှိပါ။ အားလုံး အမှန်ချည်းသာ ဖြစ်ပါကုန်၏၊ ဘုရားရှင်တို့မည်သည်မှာ စာတပုဒ် မပြောနှင့် စာတလုံးကိုမျှ သတ္တဝါများ အကျိုးမဲ့ အချည်းနှီး အမှားစကား မပြောကြားခဲ့ပါ။

မှတ်ချက်။။ထည့်စရာကား ရှိ၏၊ သဗ္ဗညုတဉာဏ်ရှင် ဘုရားရာသခင်သည် အားလုံးကား သိ၏၊ သို့သော် အကြောင်းမပေါ်၍ အချို့ မဟော၊ ထို့ကြောင့် ထည့်သင့်သော နေရာတို့၌ သက်တော်ထင်ရှား ဘုရားနှင့် အတူနေယင်း ရဟန္တာကြီးများက အကြောင်းသာပေါ်လျှင် ဤသို့ ဟောရာ၏ဟု တိုင်ပင်ပေါင်းစု အတည်ပြုကြကုန်၍ ထည့်ကြသေးသည်။ ထို့ကြောင့်- ပါဠိတော်အကျ ဝိနိစ္ဆယချခဲ့သော် အမှန်ချည်းသာ ဖြစ်ကုန်၏၊

ထို့ကြောင့်-

ကိံ ပနေတ္ထ ပဌမပါရာဇိကေ ကိဉ္စိ အပနေတဗ္ဗံ ဝါ ပက္ခိပိတဗ္ဗံ ဝါ အတ္ထိ နတ္ထီတိ' အပနေတဗ္ဗံ နတ္ထိ။ ဗုဒ္ဓဿ ဟိ ဘဂဝတော ဘာသိတေ အပနေတဗ္ဗံ နာမ နတ္ထိ။ န ဟိ တထာဂတာ ဧကဗျဉ္ဇနမ္ပိ နိရတ္ထကံ ဝဒန္တိ။-

ဟူ၍ မိန့်တော်မူ၏၊ သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ(၁၂)

အနက်ကား

ဧတ္ထ၊ ပယ်စရာ, ထည့်စရာနှစ်ပါးတို့တွင်။ ပဌမပါရာဇိကေ၊ ပဌမပါရာဇိက သိက္ခာပုဒ်၌၊ ကိံ ပန၊ အသို့ မှတ်ရမည်နည်း။ ကိဉ္စိ၊ တစုံတခုသော။ အပနေတဗ္ဗံ ဝါ၊ ပယ်စရာသည်သော်၎င်း၊ ပက္ခိပိတဗ္ဗံဝါ၊ထည့်စရာသည်၎င်း။ အတ္ထိ၊ ရှိသလော။ နတ္ထိ၊ မရှိပါသလော။ ဣတိ၊ ဤသို့။ ပုစ္ဆန္တေ၊ မေးမြန်းလတ်သည်ရှိသော်။ အပနေတဗ္ဗံ၊ ပယ်စရာသည်။ နတ္ထိ၊ မရှိပါ။ ဟိ၊ မှန်၏၊ ဘဂဝတော၊ ဘုန်းတော်ကြီးသော။ ဗုဒ္ဓဿ၊ မြတ်ဘုရား၏၊ ဘာသိတေ၊ ဟောတော်မူအပ် အလုံးစုံသော တရားတော်မြတ်၌။ အပနေတဗ္ဗံ နာမ၊ ပယ်စရာမည်သည်၊ နတ္ထိ၊ မရှိ။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ တထာဂတော၊ မြတ်စွာဘုရားတို့သည်။ ဧကဗျဉ္ဇနမ္ပိ၊ ပုဒ်တစ်ခုသာမက ဗျည်းခေါ် အက္ခရာလေး တစ်လုံးကိုလည်း။ နိရတ္ထကံ၊ သတ္တဝါတို့ အကျိုးမဲ့ အပိုသက်သက်ကို။ န ဝဒန္တိ။ ဟောတော်မမူကုန်။ တသ္မာ၊ ထို့ကြောင့်။ အပနေတဗ္ဗံနာမ၊ ပယ်စရမည်သည်။ နတ္ထိ၊ မရှိ။

မည်သူမဆို ငယ်စဉ် ရွယ်စဉ်က ဆရာနည်းကျကျ ပရိယတ္တိများကို ကျိုးကျိုးနွံနွံ စောက်ချ သင်ကြားဖို့ လို၏၊ သို့မဟုတ် မပိုင်မနိုင် ယောင်ဝါးဝါး အယူအဆ အကောက်မှားတတ်၏၊

အယူအဆ အကောက်မှားသဖြင့် ဝါဒမှားအဖြစ် ရောက်ခြင်း

သုတ္တန်ဒေသနာတော်၌ ကာယာနုပဿနာ စသည်ကို ကောင်းစွာ မရှုမမှတ်၊ မကောင်းသဖြင့်သာ ပေါ့တန်စွာ (ဆရာနည်းမကျ) နေလာရသည်ဖြစ်၍ အဓိပ္ပါယ်ကို အယူအဆလွဲ အကောက်လွဲနေလျက် အမှန်ကို မသိရသည်ဖြစ်၍ မှားသောအယူဝါဒကို ယူမိ၏၊ ယင်းဝါဒမှားဟူသော အဓိပ္ပါယ်ကို ရည်၍ ဘုရားရှင်သည် အောက်ပါအတိုင်း မိန့်လေ၏၊

မိမိကိုယ်တိုင်က အယူဝါဒမှားကို ယူထားသဖြင့် ဘုရားရှင်တို့ကိုလည်း စွပ်စွဲနှိပ်စက်ရာ ရောက်၏၊ မိမိကိုယ်ကိုလည်း တူးဖြိုဖျက်ဆီးရာ ရောက်၏၊ များစွာသော အကုသိုလ် ဒုစရိုက်တရားသည်လည်း တိုးပွါး၏၊ ထို့နောင် အယူဝါဒမှား (မိစ္ဆာဒိဋ္ဌိ) အဖြစ်သို့ ရောက်၏၊

ထို့ကြောင့်-

သုတ္တေ ဒုပ္ပဋိပန္နော -- 'စတ္တာရော မေ ဘိက္ခဝေ၊ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ' တိအာဒီသု အဓိပ္ပါယံ အဇာနန္တော ဒုဂ္ဂဟိတံ ဂဏှာတိ၊ ယံ သန္ဓာယ ဝုတ္တံ၊ အတ္တနာ ဒုဂ္ဂဟိတေန အမှေစေဝ အဗ္ဘာစိက္ခတိ။

အတ္တာနဉ္စ ခဏတိ၊ ဗဟုဉ္စ အပုညံ ပသဝတီတိ တတော မိစ္ဆာဒိဋ္ဌိတံ ပါပုဏာတိ-

ဟူ၍ မိန့်တော်မူ၏၊ (သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ-၂၃)

အနက်ကား

သုတ္တေ၊ သုတ္တန်တရားဒေသနာတော်၌။ ဒုပ္ပဋိပန္နော၊ မကောင်းသဖြင့် ကျင့်သည်ဖြစ်၍။ ဝါ ကောင်းစွာမကျင့်သည်ဖြစ်၍။ စတ္တာရော မေ ဘိက္ခဝေ၊ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာတိအာဒီသု၊ စတ္တာရော မေ ဘိက္ခဝေ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ ဤသို့ အစရှိသည်တို့၌။ အဓိပ္ပါယံ၊ အဓိပ္ပါယ်ကို။ အဇာနန္တော၊ မသိသည်ဖြစ်၍။ ဒုဂ္ဂဟိတံ၊ မကောင်းသဖြင့် ယူအပ်သော မိစ္ဆာဝါဒကို။ ဂဏှာတိ၊ စွဲယူ၏၊

ယံ၊ အကြင်စကားကို။ သန္ဓာယ၊ ရည်ရွယ်၍။ ဝုတ္တံ၊ ဟောတော်မူအပ်၏၊ တံ ပန၊ ထိုစကားသည်ကား။ အတ္တနာ၊ မိမိကိုယ်တိုင်။ ဒုဂ္ဂဟိတေန၊ မှားသောအယူကို ယူသဖြင့်။ အမှေစေဝ၊ ငါတို့ကိုလည်း။ အဗ္ဘာစိက္ခတိ၊ စွပ်စွဲနှိပ်စက်ရာရောက်၏၊ အတ္တာနဉ္စ၊ မိမိကိုယ်ကိုလည်း။ ခဏတိ၊ တူးဖြိုဖျက်ဆီးရာ ရောက်၏၊ ဗဟုဉ္စ၊ များစွာလည်းဖြစ်သော။ အပုညံ၊ မကောင်းမှု အကုသိုလ်တရားစုသည်။ ပသဝတိ၊ နေ့စဉ်တိုးပွား၍ နေ၏၊ ဣတိ၊ ဤသို့ သိအပ်၏၊ တတော၊ ထို့နောင်မှ။ မိစ္ဆာဒိဋ္ဌိတံ၊ မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်၏အဖြစ်သို့။ ပါပုဏာတိ၊ ရောက်၏၊

မည်သူမဆို မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်၏အဖြစ်သို့ မရောက်စေသင့်ပါ။ အကြောင်းကား- မိစ္ဆာဒိဋ္ဌိ အယူရှိသော ပုဂ္ဂိုလ်သည် ဒုဿီလ (သီလမဲ့)ပုဂ္ဂိုလ်အဖြစ်သို့ ရောက်တတ်၏၊ ယင်းသီလမဲ့ ပုဂ္ဂိုလ်၏အဖြစ်သို့ ရောက်လျှင် ထောက်တည်ရာ ရတော့မည် မဟုတ်ပေ။

ဝါဒမှား ယူမိသဖြင့် ဒုဿီလ (သီလမရှိသူ) အဖြစ်ရောက်ခြင်း

ဝိနည်းဒေသနာတော်၌ ဒေသနာနည်းမကျ, ဆရာနည်းမရ, မကောင်းသဖြင့် ကျင့်ကြံနေသော ပုဂ္ဂိုလ်သည် ဘုရားခွင့်ပြုသည့် ချောမွေ့ချမ်းသာသော ကတ္တီပါ အခင်းအရုံ, ပိုးဖဲ အခင်းအရုံ စသည်ကဲ့သို့ ဘုရားပယ်မြစ်တော်မူသည့် ဣတ္ထိဖဿ (မာတုဂါမအတွေ့)တို့လည်း အပ်၏, ခွင့်ပြု၏ဟု မှတ်ပြီး အပြစ်မရှိဟုသာ စွဲထားလေ၏၊

ဤသို့ အပ်၏ဟု ဘုရားဟောထား၏၊ ဤသို့ ဘုရားဟောထားကြောင်း သိရ၏၊ ဘုရားရှင်သည် စျာန်မဂ်ဖိုလ်အန္တရယ် ဖြစ်ကြောင်းကို စျာန်မဂ်ဖိုလ်၏ အန္တရယ်ဖြစ်သည်ဟု ဟော၏၊ ယခု ဣတ္ထိဖဿ (မာတုဂါမအတွေ့)မှာ စျာန်မဂ်ဖိုလ်၏ အန္တရာယ်မဖြစ်နိုင်ဟု ယူသော ဝါဒအမှားကို ဝါဒအမှန်ဟု ထင်ယူထား၏၊ ထိုရဟန်းသည် ဝါဒအမှားကို ယူမိသောကြောင့် တနေ့ ထိုဣတ္ထိဖဿအတွက် ဒုဿီလ (သီလမရှိသူ) အဖြစ်သို့ ရောက်၏၊

ထို့ကြောင့်--

ဝိနယေ ပန ဒုပ္ပဋိပန္နော အနုညာတသုခသမ္ဖဿအတ္ထရဏပါဝုရဏာဒိဖဿသာမညတော ပဋိက္ခိတ္တေသု ဥပါဒိန္နကဖဿာဒီသု အနဝဇ္ဇသညီ ဟောတိ။

ဝုတ္တမ္ပိ ဟေတံ 'တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ၊ ယထာ ယေ မေ အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ၊ တေ ပဋိသေဝတော နာလံ အန္တရာယာယာ' တိ။ တတော ဒုဿီလဘာဝံ ပါပုဏာတိ။

ဟူ၍ မိန့်တော်မူ၏၊ (သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ- ၂၃)

အနက်ကား

ပန၊ ဆက်၍ဆိုဦးအံ့။ ဝိနယေ၊ ဝိနည်းတရားဒေသနာတော်၌။ ဒုပ္ပဋိပန္နော၊ မကောင်းသဖြင့် ကျင့်သည်ဖြစ်၍။ ဝါ၊ ကောင်းစွာ မကျင့်သည်ဖြစ်၍။ အနုညာတသုခသမ္ဖဿအတ္ထရဏပါ-ဝုရဏာဒိဖဿသာမညတော၊ မြတ်စွာဘုရားခွင့်ပြုတော်မူအပ်သော ချောမွေ့ချမ်းသာသော ကတ္တီပါ အခင်းအရုံ, ပိုးဖဲအခင်းအရုံ အစရှိသော သာမာန် ဖဿ (အတွေ့) အပေါင်းမှ။ ပဋိက္ခိတ္တေသု၊ ပယ်တော်မူအပ်ကုန်သော။ ဥပါဒိန္နကဖဿာဒီသု၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲ၍ ယူအပ်သော (မာတုဂါမအတွေ့) စသည်တို့၌။ အနဝဇ္ဇသညီ၊ အပြစ်မရှိဟု အမှတ်ရရှိသည်။ ဟောတိ၊ ဖြစ်၏၊

ဟိ ယသ္မာ၊ အကြင်ကြောင့်။ တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိပေနာလံ အန္တရာယာတိ ဧတံ၊ တထာဟံ- ဤသို့အစရှိသော စကားကို။ ဝုတ္တမ္ပိ ဝုတ္တံဧဝ၊ ဆိုအပ်ခဲ့ပြီးသည်သာလျှင်တည်း။ တတော၊ ထို့နောင်မှ။ ဒုဿီလဘာဝံ၊ ဒုဿီလဘာဝံ၊ ဒုဿီလ (သီလမဲ့သူ) ပုဂ္ဂိုလ်၏ အဖြစ်သို့။ ပါပုဏာတိ၊ ရောက်၏၊

အချို့လည်း ပရိယတ်အားသေးမှုကြောင့် အတွေးအခေါ် ချော်နေတတ်၏၊ ဆရာတစ်ဆူလည်း လုပ်နေ၏၊ သူတပါးကိုလည်း တပည့်ခံ မမေးလို။ တိုးတက်ကြီးပွားမှုကို အမှန်လိုလားလျှင် အမြဲတန်း ဆရာရှာနေရ၏၊ ငါ့အား ဆရာလုပ်ပြ, သ,ပေးမည့်သူ အမြန်ပေါ်ပါစေဟု အမြဲတောင့်တနေရ၏၊

မကြံအပ်သည်ကို ကြံဖန်ယူဆလျှင် အရူးဘဝသို့ရောက်နိုင်ခြင်း

အချို့လည်း ငယ်စဉ်က အဘိဓမ္မာအခြေခံ အဘိဓမ္မတ္ထသင်္ဂဟမှစ၍ ဋီကာကျော်နှင့်တကွ ဓာတုကထာ ယမိုက် ပဋ္ဌာန်း စသည် မသင်ဖူးခဲ့ကြရ၊ နောင် အရွယ်ကြီးမှ နည်းအမျိုးမျိုးရှာ ဆရာအမျိုးမျိုးကပ်၍ ရက်တိုသင်တန်းဖြင့် လေ့လာလျက် ဆရာတစ်ဆူလုပ် တရားပြသကြ၏၊ အဘိဓမ္မာအခြေမခိုင်ခဲ့၍ အသိမှား အကျင့်မှား အပြောမှား ဖြစ်ကြရ၏၊ အချို့ အတွေးအခေါ်လွန်ကဲ အမှားထဲသို့ ရောက်ကြရ၏၊ အချို့စိတ်မငြိမ်မသက် သောကဘက်သို့ ရောက်ကြရ၏၊ အတွေးချော် မကြံအပ်သည်ကို ကြံမိ မပြောအပ်သည်ကို ပြောမိသည့်အတွက် စိတ်ရူးသွပ်ခြင်း၊ စိတ်ပင်ပန်းခြင်းသို့ ရောက်ကြရ၏၊ မရပ်မနား ရှေ့ဆက်သွားကြလျှင် အစဉ်အတိုင်း ခံစားရလတ္တံ့-

(၁) ဒုဿီလ - ဥတ္တရိမနုဿဓမ္မ သိက္ခာပုဒ်အရ သီလဝိပတ္တိ ခေါ် သီလပျက်စီးခြင်းသို့ ရောက်တတ်၏၊

(၂) မိစ္ဆာဒိဋ္ဌိ - အပါယ်လေးပါး၏အစာ ဒိဋ္ဌိဝိပတ္တိ ခေါ် အယူပျက်စီးခြင်းသို့ ရောက်တတ်၏၊

(၃) စိတ္တက္ခေပ - စိတ်မရပ်မတည်ဘဲ အာစာရဝိပတ္တိ ခေါ် အကျင့်ပျက်စီးခြင်းသို့ ရောက်တတ်၏၊

ထို့ကြောင့်-

အဘိဓမ္မေ ဒုပ္ပဋိပန္နော ဓမ္မစိန္တံ အတိဓာဝန္တော အစိန္တေယျာနိပိ စိန္တေတိ၊ တတော စိတ္တက္ခေပံ ပါပုဏာတိ။ ဝုတ္တေဥှတံ-

'စတ္တာရိမာနိ ဘိက္ခဝေ အစိန္တေယျာနိ န စိန္တေ တဗ္ဗာနိ၊ ယာနိ စိန္တေတွာ ဥမ္မဒဿ ဝိဃာတဿ ဘာဂီ အဿာ'တိ

ဧဝ မေ တေသု ဒုပ္ပဋိပန္နော ယထာက္ကမေန ဣမံ ဒုဿီလ ဘာဝမိစ္ဆာဒိဋ္ဌိတာစိတ္တက္ခေပဘေဒံ ဝိပတ္တိံ ပါပုဏာတီတိ-

ဟူ၍ မိန့်တော်မူ၏၊ (သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ-၂၃)

အနက်ကား

အဘိဓမ္မေ၊ အဘိဓမ္မာတရားဒေသနာတော်၌။ ဒုပ္ပဋိပန္နော၊ မကောင်းသဖြင့် ကျင့်သည်ဖြစ်၍ (ဝါ) ကောင်းစွာမကျင့်သည်ဖြစ်၍။ ဓမ္မစိန္တံ၊ တရား၌အကြံအစည်သည်။ အတိဓာဝန္တော၊ မရပ်မတည် ပြေးသွား လည်ပတ်၍သာ နေသည်ဖြစ်၍။ အစိန္တေယျာနိပိ၊ မကြံအပ် မကြံသင့် မကြံကောင်းသည်တို့ကိုလည်း။ စိန္တေတိ၊ ကြံမိ၏၊ တတော၊ ထို့နောင်မှ။ စိတ္တက္ခေပံ၊ မရွှင်ခွေနွမ်း စိတ်ပင်ပန်းခြင်းသို့။ ပါပုဏာတိ၊ ရောက်၏၊

ဟိ၊ မှန်၏၊ ဘိက္ခဝေ၊ ရဟန်းတော်များ အို ချစ်သားတို့။ စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိ အစိန္တေယျာနိ၊ ဤ မကြံအပ် မကြံသင့် မကြံကောင်းသည်တို့ကို။ နစိန္တေတဗ္ဗာနိ၊ မကြံအပ်ကုန်။ ယာနိ၊ အကြင် မကြံအပ် မကြံသင့် မကြံကောင်းသည်တို့ကို။ စိန္တေတွာ၊ ကြံ၍။ ဥမ္မာဒဿ၊ စိတ်ထားမမှန် ရူးသွပ် ဖောက်ပြန်ခြင်း၏၊ ဝိဃာတဿ၊ နွမ်းရိ ပေါ့ပျင်း စိတ်ပင်ပန်းခြင်း၏၊ ဘာဂီ၊ အဖို့အစုသည်။ အဿ၊ ဖြစ်ရာ၏၊ ဣတိ ဧတံ၊ ဤစကားကို။ ဘဂဝတာ၊ ခြောက်ဘုန်းရှင် ဘုရားသခင်သည်။ ဝုတ္တံ၊ ဟောကြားတော်မူအပ်၏၊

ဧဝံ၊ ဤသို့။ ဧတေသု၊ ထိုတရားဒေသနာတော်တို့၌။ ဒုပ္ပဋိပန္နော၊ မကောင်းသဖြင့် ကျင့်သည်ဖြစ်၍။ ဝါ၊ ကောင်းစွာ မကျင့်သည်ဖြစ်၍။ ယထာက္ကမေန၊ အစဉ်အတိုင်းအားဖြင့်။ ဣမံ ဒုဿီလ ဘာဝမိစ္ဆာဒိဋ္ဌိတာ စိတ္တက္ခေပဘေဒံ၊ ဤသို့ ဒုဿီလအဖြစ် မိစ္ဆာဒိဋ္ဌိအဖြစ် စိတ္တက္ခေပအဖြစ် ဟူသော အပြားရှိသော။ ဝိပတ္တိံ၊ ပျက်စီးခြင်းသို့။ ပါပုဏာတိ၊ ရောက်၏၊

ဤသို့ ဝါဒရေးရာ အကျိုးအပြစ်တွေကို အကြောင်းအကျိုးနှင့်တကွ လေ့လာရသလို ဗုဒ္ဓရှင်တော်၏ ဝါဒအမှန်ကိုလည်း တိကျမှန်ကန်စွာ သိဖို့ လိုပါသေးသည်။

ဗုဒ္ဓရှင်တော်၏ ဝါဒအမှန် ဘယ်လိုလဲ

မြတ်စွာဘုရားကိုယ်တော်တိုင် ဧတဒဂ်ငါးတန် ဘွဲ့ထူးခံရသော ဓမ္မဘဏ္ဍာဂါရိက အရှင်အာနန္ဒာအား ဤသို့ မိန့်ဖူး၏၊

(၁) ငါ့ရှင် အာနန္ဒာ ..... သင်ပြုသည့် ကုသိုလ်ကား မနည်းလှ၊

(၂) ငါ့ရှင် အာနန္ဒာ ..... သင် ကမ္မဋ္ဌာန်းအလုပ် အားထုတ်လိုက်ပါဦးလော၊

(၃) ငါ့ရှင် အာနန္ဒာ ..... သင် အားထုတ်လိုက်လျှင် မကြာမီပဲ ရဟန္တာ ဖြစ်သွားလိမ့်မည်။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က မိန့်ကြားဖူးသည်ကို ယခု နားမှာ ကြားသကဲ့သို့ဖြစ်ပြီး အောက်ပါအတိုင်းပင် စဉ်းစားမိ၏၊

(၁) ဘုရားရှင်တို့စကားသည် ဘယ်တော့မှ မလွဲ၊ မုချ မှန်ရာ၏၊

(၂) ငါ့မှာကား အပြစ်တစ်ခု ရှိနေ၏၊ အခြားမဟုတ်၊ ဝီရိယလွန်ကဲနေ၏၊ ဝီရိယလွန်က ဥဒ္ဓစ္စ ဖြစ်တတ်သည်မဟုတ်လော၊

(၃) မလျော့မတင်း စောင်းကြိုးညှင်းမို့ မျှတအောင် အားထုတ်ရာ၏၊

ဤသို့ စဉ်းစား၍ မျှတအောင် အားထုတ်လိုက်သော် မကြာမီ ရဟန္တာ ဖြစ်သွား၏၊

ထို့ကြောင့်-

နနု မံ ဘဂဝါ ဧတဒဝေါ စ၊ ကတပုညောသိ အာနန္ဒ၊ ပဓာနမနုယုဉ္စ၊ ခိပ္ပံ ဟောဟီသိ အနာသဝေါတိ၊ ဗုဒ္ဓါနဉ္စ ကထာ ဒေါသော နာမ နတ္ထိ၊ မမ ပန အစ္စာရဒ္ဓံ ဝီရိယံ၊ တေန မေ စိတ္တံ ဥဒ္ဓစ္စာယ သံဝတ္တတိ၊ ဟန္ဒာဟံ ဝီရိယ သမတံ ယောဇေမိ-

ဟူ၍ မိန့်တော်မူ၏၊ (သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ-၁၀)

အနက်ကား

အာယသ္မာ၊ ရှည်သော သက်တော်ရှိသော။ အယံ အာနန္ဒော၊ ဤအရှင်အာနန္ဒာသည်။ ဗဟိ၊ အပ၌။ စင်္ကမေန၊ စင်္ကြံဖြင့်။ ဝီတနာမေတွာ၊ လွန်စေ၍။ ဝိသေသံ၊ တရားအထူးကို။ နိဗ္ဗတ္တေတုံ၊ ဖြစ်စေခြင်းငှာ။ အသက္ကောန္တော၊ မစွမ်းနိုင်သည်ဖြစ်၍။ စိန္တေသိ၊ ကြံမိ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ မံ၊ ငါ့ကို။ အာနန္ဒ၊ အာနန္ဒာ။ တွံ၊ သင်သည်။ ကတပုညော၊ ပြုခဲ့ဖူးသော ကောင်းမှုရှိသည်။ အသိ၊ ဖြစ်၏၊ ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။ အနုယုဉ္စ၊ လုံ့လပြုလော့။ ခိပ္ပံ၊ လျင်စွာ။ အနာသဝေါ၊ ရဟန္တာသည်။ ဟောဟီသိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ ဧတံ ဝစနံ၊ ထိုစကားကို။ အဝေါစ နနု၊ ဆိုတော်မူပြီး မဟုတ်တုံလော။

ဗုဒ္ဓါနဉ္စ၊ ဘုရားရှင်တို့၏လည်း။ ကထာ၊ စကားသည်။ ဒေါသောနာမ၊ အပြစ်မည်သည်။ နတ္ထိ၊ မရှိ။ ပန ဧကန္တေန၊ စင်စစ်အားဖြင့်။ မမ၊ ငါသည်။ ဝီရိယံ၊ ဝီရိယကို။ အစ္စာရဒ္ဓံ၊ အလွန်အားထုတ်အပ်၏၊ တေန၊ ထိုသို့ အားထုတ်သောကြောင့်။ မေ၊ ငါ၏၊ စိတ္တံ၊ စိတ်သည်။ ဥဒ္ဒစ္စာယ၊ တုန်လှုပ်ခြင်းငှာ (ဝါ) မငြိမ်သက်ခြင်းငှာ။ သံဝတ္တတိ၊ ဖြစ်၏၊ တန္ဒ၊ ယခု။ အဟံ၊ ငါသည်။ ဝီရိယသမတံ၊ ဝီရိယနှင့်မျှသည်၏ အဖြစ်ကို။ ယောဇေမိ၊ ယှဉ်အံ့။ ဣတိ၊ ဤသို့။ စိန္တေသိ၊ ကြံမိ၏၊

ဤ အရေးအခင်းကို ထောက်လျှင် ဗုဒ္ဓရှင်တော်၏ ဝါဒ ကောင်းကောင်းကြီး ပေါ်လွင်လှပါသည်။ ယနေ့ကား ဗုဒ္ဓရှင်တော် ထင်ထင်ရှားရှားကြီး ရှိနေပါသေးသည်ဟု ဆိုက မမှားနိုင်ပါ။

ယနေ့ ဘုရားရှစ်သောင်းလေးထောင် ရှိနေခြင်း

ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးစမှာပင် စုဒ္ဓပဗ္ဗဇိတ(တောထွက်)ရဟန်းကြီး သုဘဒ္ဒက အောက်ပါအတိုင်း လိုက်ပြောနေ၏၊

(၁) ငါ့ရှင်တို့ ဘာမျှ မစိုးရိမ်လင့်၊ ဘယ်လိုမှ မငိုကြွေးကြလင့်။

(၂) ငါ့ရှင်တို့ ငါတို့သည် ယခု ရဟန်းကြီးရှင်ဂေါတမမှ လွတ်ပြီ။

(၃) ငါ့ရှင်တို့ သူသာရှိလျှင် ဒါကမအပ်ဘူး၊ ဒါက အပ်တယ် စသည်ဖြင့် ငါတို့ကို နှိပ်စက်၏၊

(၄) ယခုကား ကြိုက်သလိုနေ ကြိုက်သလိုစား ကြိုက်သလိုသွားနိုင်ပြီ။

ရဟန်းပျက် ရဟန်းဆိုးများသည် ဤသို့ လှည့်လည် ပြောဆိုလျက် ယခု-

(၁) ဘုရား မရှိတော့ဘူး။

(၂) ဘုရား ကွယ်ပသွားပြီ။

ဤသို့ဆိုလျက် လှည့်လည် စည်းရုံးလေ၏၊ ရဟန်းကောင်းများ ကြားလေလျှင် အလွန်ထိတ်လန့်တော်မူကြ၏၊ အဓမ္မဝါဒီတွေ အင်အားများလာသည့်အခါ ဓမ္မဝါဒီများ တဖြည်းဖြည်း လုံးပါးပါး၍ တစ်သာသနာလုံး ကွယ်ပပြုတ်ပြုန်းစေကုန်လိမ့်မည်။ အမှန်မှာ ဓမ္မ ဝိနယ သတ္ထုသာသန ခေါ် 'ဓမ္မက္ခန္ဓာ' တရားအစုတွေ ရှိနေသေးသမျှ ဘုရားရှိနေသေးသည်။ ဘုရား မကွယ်ပအောင် ဓမ္မက္ခန္ဓာတို့ကို သင်္ဂါယနာတင်ရမည်။ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ရှိနေလျှင် ဘုရားရှစ်သောင်းလေးထောင် ရှိနေသည်။ ဘုရားရှင်ကိုယ်တော်တိုင် အရှင်အာနန္ဒာအား ဤသို့ မှာသွားလေ၏၊

(၁) ချစ်သား အာနန္ဒာ၊ ငါသည် ၄၅-ဝါ ကာလပတ်လုံး သုတ္တန်, ဝိနည်း, အဘိဓမ္မာ ဟူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ဟောခဲ့၏၊

(၂) ယင်း ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သည် ငါဘုရား မရှိသည့်နောက် ငါဘုရား၏ ကိုယ်စား သင်တို့အား အမြဲ ဆုံးမနေမည့် ဘုရားပေါင်း ရှစ်သောင်းလေးထောင်ပါတည်း တဲ့။

ထို့ကြောင့်-

ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ၊ ယံ ပါပဘိက္ခူ 'အတီတသတ္ထုကံ ပါဝစန'န္တီ မညမာနာ ပက္ခံ လဘိတွာ နစိရေဿဝ သဒ္ဓမ္မံ အန္တရဓာပေယျုံ၊ ယာဝ စ ဓမ္မဝိနယော တိဋ္ဌတိ၊ တာဝ အနတီတသတ္ထုကမေဝ ပါဝစနံ ဟောတိ။

ပုတ္တေဥှတံ ဘဂဝတာ-

ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာတိ-

ဟူ၍ မိန့်တော်မူ၏၊ (သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ-၃။)

အနက်ကား

ပါပဘိက္ခူ၊ ယုတ်မာသော အကျင့်ရှိကုန်သော ရဟန်းတို့သည်။ ပါဝစနံ၊ ဘုရားစကားသည်။ အတီတသတ္ထုကံ၊ လွန်ပြီးသော ဆရာရှိ၏၊ ဣတိ၊ ဤသို့။ မညမာနာ၊ အောက်မေ့ကုန်သည်ဖြစ်၍။ ပက္ခံ၊ အလဇ္ဇီ အသင်းအပင်းကို။ လဘိတွာ၊ ရ၍။ နစိရေဿဝ၊ မကြာမြင့်မီလျှင်။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ ယံ ယေန ကာရဏေန၊အကြင် အကြောင်းကြောင့်။ အန္တရာဓာပေယျုံ၊ ကွယ်စေကုန်ရာ၏၊ ဧတံ ဌာနံ၊ ထိုသို့ကွယ်စေရာသော အကြောင်းသည်။ ဝိဇ္ဇတိ ခေါ ပန၊ ရှိသည်သာလျှင်တည်း။

ယာဝ စ၊ အကြင်မျှလောက်သော ကာလပတ်လုံးလည်း။ ဓမ္မဝိနယော၊ သုတ် အဘိဓမ္မာ ဝိနည်းသည်။ တိဋ္ဌတိ၊ တည်၏၊ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ ပါဝစနံ၊ မြတ်စွာဘုရား စကားတော်သည်။ အနတီတသတ္ထုကမေဝ၊ မလွန်သေးသော ဆရာရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်၏၊

ဟိ၊ မှန်၏၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ အာနန္ဒ၊ အာနန္ဒာ။ မယာ၊ ငါသည်။ ယော ဓမ္မောစ၊ အကြင် သုတ် အဘိဓမ္မာကို၎င်း။ ယော ဝိနယောစ၊ အကြင် ဝိနည်းကို၎င်း။ ဒေသိတော၊ ဟောအပ်ပြီ။ ပညတ္တော၊ ပညတ်အပ်ပြီ။ သော ဓမ္မဝိနယော၊ထို သုတ် အဘိဓမ္မာ ဝိနည်းဟု ဆိုအပ်သော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်သည်။ မမစ္စယေန၊ ငါဘုရား လွန်သဖြင့်။ ဝေါ၊ သင်တို့၏၊ သတ္ထာ၊ ဆုံးမမည့် ဆရာဖြစ်သော ဘုရားပေါင်း ရှစ်သောင်း လေးထောင်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ ဧတံ ဝစနံ၊ ထိုစကားကို။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။

ဘုရားရှင် အဆုံးအမတွေကို လိုက်နာနေလျှင် ဘုရားနှင့် တွေ့နေရသလို၊ ဘုရားကို ဖူးနေရသလို အကျိုးများပါသည်။ ထိုဓမ္မက္ခန္ဓာတွေ မပျောက်မပျက်ပါဘဲ အဓမ္မဝါဒတွေ ထိုးဖောက်ဝင်ရောက် မလာအောင် အထူးကြောင့်ကြရမည်။

အဓမ္မဝါဒအတွက် အရှင်မဟာကဿပ မိန့်ကြားပုံ

သံဃသဘာပတိ ဓုတင်္ဂဧတဒဂ်ရ အရှင်မဟာကဿပကိုယ်တော်တိုင် ပထမသင်္ဂါယနာ အခန်း၌ ရဟန်း (သံဃာ)တော်များအား အဓမ္မဝါဒအတွက် အရေးတကြီး ဤသို့ မိန့်၏၊ ငါ့ရှင်တို့ ဓမ္မဝါဒဖြစ်စေ၊ အဓမ္မဝါဒဖြစ်စေ အကြောင်းအားလျော်စွာ အားကြီးလာတတ်ကုန်၏၊ အကယ်၍ အဓမ္မဝါဒတွေ အားကြီးလာမည်ဆိုလျှင် တသာသနာလုံး ထိန်းမရအောင် ခက်ကုန်လိမ့်မည်၊ ထို့ကြောင့် အဓမ္မဝါဒတွေ မထွန်းပမီ၊ ဓမ္မဝါဒတွေ အပ မဖြစ်မီ၊ အဓမ္မဝါဒီတို့ အားမရှိကုန်မီ၊ ဓမ္မဝါဒီတို့ အားမနည်းကုန်မီ၊ အဝိနယဝါဒီတို့ အားမရှိကုန်မီ၊ ဝိနယဝါဒီတို့ အားမနည်းကုန်မီ သင်္ဂါယနာ တင်ထားကြပါကုန်စို့ ဟူ၏၊

ထို့ကြောင့်-

ဟန္ဒ မယံ အာဝုသော ဓမ္မဉ္စ ဝိနယဉ္စ သင်္ဂါယာမ၊ ပုရေ အဓမ္မော ဒိပ္ပတိ၊ ဓမ္မော ပဋိဗာဟိယျတိ၊ ပုရေ အဝိနယော ဒိပ္ပတိ၊ ဝိနယော ပဋိဗာဟိယျတိ၊ ပုရေ အဓမ္မဝါဒိနော ဗလဝန္တော ဟောန္တိ၊ ဓမ္မဝါဒိနော ဒုဗ္ဗလာ ဟောန္တိ၊ ပုရေ အဝိနယဝါဒိနော ဗလဝန္တော ဟောန္တိ၊ ဝိနယဝါဒိနော ဒုဗ္ဗလာ ဟောန္တတီတိ-

ဟူ၍ မိန့်တော်မူ၏၊ (သီလက္ခန္ဓာဝဂ္ဂအဋ္ဌကထာ-၄)

အနက်ကား

မဟာကဿပေါ၊ အရှင်မဟာကဿပသည်။ အာဟ၊ မိန့်ပြီ။ အာဝုသော၊ ငါ့ရှင်တို့။ ဟန္ဒ ဣဒါနိ၊ ယခုအခါ၌။ မယံ၊ ငါတို့သည်။ ဓမ္မဉ္စ၊ ဓမ္မကို၎င်း။ ဝိနယဉ္စ၊ ဝိနယကို၎င်း။ သင်္ဂါယာမ၊ သင်္ဂါယနာတင်ကုန်အံ့။ အဓမ္မော၊ အဓမ္မသည်။ ပုရေ ဒိပ္ပတိ၊ မထွန်းပမီ။ ဓမ္မော၊ ဓမ္မသည်။ ပုရေ ပဋိဗာဟိယျတိ၊ အပမဖြစ်မီ။ အဝိနယော၊ အဝိနယသည်။ ပုရေဒိပ္ပတိ၊ မထွန်းပမီ။ ဝိနယော၊ ဝိနယသည်။ ပုရေ ပဋိဗာဟိယျေတိ၊ အပ မဖြစ်မီ။

အဓမ္မဝါဒိနော၊ အဓမ္မဝါဒီ ပုဂ္ဂိုလ်တို့သည်။ ဗလဝန္တော၊ အားရှိကုန်သည်။ ပုရေ ဟောန္တိ၊ မဖြစ်ကုန်မီ။ ဓမ္မဝါဒိနော၊ ဓမ္မဝါဒီပုဂ္ဂိုလ်တို့သည်။ ဒုဗ္ဗလာ၊ အားနည်းကုန်သည်။ ပုရေ ဟောန္တိ၊ မဖြစ်ကုန်မီ။ အဝိနယဝါဒိနော၊ အဝိနယဝါဒီ ပုဂ္ဂိုလ်တို့သည်။ ဗလဝန္တော၊ အားရှိကုန်သည်။ ပုရေ ဟောန္တိ၊ မဖြစ်ကုန်မီ။ ဝိနယဝါဒိနော၊ ဝိနယဝါဒိပုဂ္ဂိုလ်တို့သည်။ ဒုဗ္ဗလာ၊ အားနည်းကုန်သည်။ ပုရေ ဟောန္တိ၊ မဖြစ်ကုန်မီ။ သင်္ဂါယာမ၊ သင်္ဂါယနာ တင်ကုန်အံ့။

မြတ်စွာဘုရား၏ ဒေသနာအတိုင်း ကိုက်ညီလျှင် ဓမ္မ မည်၏၊ မကိုက်ညီလျှင် အဓမ္မ မည်၏၊ ယင်း အဓမ္မသည် အလွန်ကြောက်ဖွယ်ကောင်းသည်။ ထို့ကြောင့် ဘုရား မဟောသည်ကို အဟောလုပ်ပြသလျှင် သာသနာတော်၌ ခိုးသူကြီးပင် မည်၏၊

ဘုရားဟော လုပ်ပြသလျှင် သာသနာ့ခိုးသူကြီး မည်ခြင်း

ရဟန်းတစ်ပါးသည် ဤသို့ ဘုရားမဟောဘဲ ဟောသည်ဟု လိုက်လံဟောပြောပြသ၏၊ ဘုရားသာသနာတော်၌ သူ့အား ပေါ့ပေါ့ကလေးတွေးပြီး လျစ်လျူမရှုသင့်၊ ရဲရင့်စွာ လှုပ်ရှားမှု မပြုနိုင်ရန် တားမြစ်ရ၏၊ သဘောပေါက်အောင် ရှင်းပြပေးရ၏၊ မဂ်ဖိုလ်မှ ဖီလာဖြစ်၍ သူသည် အကျိုးမဲ့ ဆင်းရဲကြောင်းဖြစ်သော အကျင့်ကို ကျင့်၏၊ ဥပမာပြရလျှင် အစိုးရမင်း၏ အုပ်ချုပ်ရာ တိုင်းပြည်တစ်ခု၌ ခိုးသူကြီးတစ်ဦးသည် လူထု၏ အကျိုးမဲ့ ဆင်းရဲဒုက္ခဖြစ်အောင် လုပ်နေ၏၊ ဤသို့ လုပ်သောကြောင့် ထိုသူအား ခိုးသူကြီး (မဟာစောရ)ဟု အမည်တွင်လာ၏၊

ထို့အတူ ဘုရားသာသနာတော်၌လည်း အဓမ္မကို ဓမ္မဟု ပြသသောအားဖြင့် သာသနာတော်ကို ကြည်ညိုသော လူထု၏ အကျိုးမဲ့ ဆင်းရဲဒုက္ခကို သူသည် အမြဲဖြစ်စေလေ၏၊ ထို့ကြောင့် ထိုဘုရားမဟောသည်ကို အဟောလုပ်ပြီး မရေမရာ ဟောပြောပြသသော ရဟန်းသည် သာသနာ့ခိုးသူကြီး (မဟာစောရ)ပင် မည်၏၊

ထို့ကြောင့်-

တသ္မာ အယံ ဘိက္ခု ဗုဒ္ဓေန အကထိတံ ကထေဟိ၊ ဇိနစက္ကေ ပဟာရံ ဒေတိ။ အဟိတာယ ဒုက္ခာယ ပဋိပန္နော။

ယထာ နာမ ရညော ရဇ္ဇေ မဟာစောရော ဥပ္ပဇ္ဇမာနော မဟာဇနဿ အဟိတာယ ဒုက္ခာယ ဥပ္ပဇ္ဇတိ။ ဧဝံ ဇိနသာသနေ စောရောဟုတွာ မဟာဇနဿ အဟိတာယ ဒုက္ခာယ ဥပ္ပန္နောတိ

ဟူ၍ မိန့်တော်မူ၏၊ (မူလပဏ္ဏာသအဋ္ဌကထာ-၂၀၆)

အနက်ကား

တသ္မာ၊ ထို့ကြောင့်။ အယံ ဘိက္ခု၊ ဤ သာတိမည်သော ရဟန်းသည်။ ဗုဒ္ဓေန၊ ဘုရားသခင်သည်။ အကထိတံ၊ မဟောအပ်သော အဓမ္မဝါဒကို။ ကထေတိ၊ ဓမ္မဝါဒကဲ့သို့လုပ်ပြီး ဟော၏၊ ဇိနစက္ကေ၊ ဇိနစက်ဟု ဆိုအပ်သော ဘုရားသာသနာတော်၌။ ပဟာရံ၊ ဒဏ်ခတ်ခြင်းကို။ ဒေတိ၊ ပေးရ၏၊ အဟိတာယ၊ စီးပွားမဲ့ အလို့ငှာ။ ဒုက္ခာယ၊ ဆင်းရဲခြင်းအလို့ငှာ။ ပဋိပန္နော၊ ကျင့်ကြံအားထုတ်ပြုလုပ်လေ၏၊

ယထာ နာမ၊ ဥပမာ မည်သည်ကား။ ရညော၊ မင်း၏၊ ရဇ္ဇေ၊ တိုင်းပြည်၌။ မဟာစောရော၊ ခိုးသူကြီးသည်။ ဥပ္ပဇ္ဇမာနော၊ ဖြစ်လျက်။ မဟာဇနဿ၊လူများအပေါင်း၏၊ အဟိတာယ၊ စီးပွားမဲ့ အလို့ငှာ။ ဒုက္ခာယ၊ ဆင်းရဲခြင်း အလို့ငှာ။ ဥပ္ပဇ္ဇတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဇိနသာသနေ၊ မြတ်စွာဘုရား သာသနာတော်၌။ စောရော၊ ခိုးသူကြီးသည်။ ဟုတွာ၊ ဖြစ်၍။ မဟာဇနဿ၊ လူများအပေါင်း၏၊ အဟိတာယ၊ စီးပွားမဲ့အလို့ငှာ။ ဒုက္ခာ၊ ဆင်းရဲအလို့ငှာ။ ဥပ္ပန္နော၊ ဖြစ်၏၊

အဓမ္မဝါဒကို မဟောသင့် မပြသင့်၊ ဟောခြင်း ပြခြင်း၏ အပြစ်များကိုလည်း ပြခဲ့ပြီ။ ယင်း အဓမ္မဝါဒများ ကြာလျှင် မြတ်စွာဘုရားသာသနာပါ ကွယ်သွားနိုင်သည်။ ထို့ကြောင့် သာသနာကို ဖျက်ဆီးသောသူနှင့် တူသည်။

အဓမ္မဝါဒ ကြာရှည်လျှင် သာသနာ ကွယ်နိုင်ခြင်း

ရဟန်းတစ်ပါးသည် ဘုရားဟော ဒေသနာတော်တွေကို ဖောက်ပြန်ချွတ်ယွင်း မူမမှန်ခြင်းအားဖြင့် ပျက်ပြယ်စေလျက် လိုက်လံ ဟောပြောပြသ၏၊ ရဟန်းကောင်းတို့ ကြားလေလျှင် သာသနာတော်အတွက် အလွန်မခံမရပ်နိုင် ဖြစ်ကြ၍ ဘုရားရှင်ထံသို့ အမြန် စုဝေးသွားကြကုန်၏၊ ယင်းသို့ အမြန်စုဝေးသွားကြခြင်းမှာ-

ဤရဟန်းဟောသော တရားသည် မမှန်သောတရား ဖြစ်သော်လည်း (ဝါ) အမှားများသာ ဖြစ်သော်လည်း တရားအရည် မဝသူတို့အား အမှန်ထင်စေနိုင်၏၊ အမှန် အမှား ပိုင်းခြားနိုင်သူကား ရှားလှ၏၊ မကြာမီ ပရိသတ်အစုအဝေးကြီး ဖြစ်လျှင်လည်း ဖြစ်တတ်၏၊ အကယ်၍ ဤသို့ဖြစ်လာလျှင် အမှန်တွေ တဖြည်းဖြည်းပျောက်လျက် အမှားတွေရောက်ပြီး လွှမ်းမိုးကာ ယင်းအမှားများက အုပ်စိုးလာတော့မည်။ တရားစစ် တရားမှန်တွေ ကွယ်ပချုပ်ငြိမ်းသွားတော့မည်၊ အဓမ္မဝါဒ အသင်းအပင်း အစုအဝေးကြီး မဖြစ်မှီ ထို 'အဓမ္မဝါဒီ' ရဟန်းအား သူ၏မိစ္ဆာဝါဒ(အယူမှား) အပေါင်းမှ အမြန်ကင်းဝေး ကျွတ်လွတ်စေကုန်အံ့ဟု ကြားရာ ကြားရာ အရပ်တိုင်းမှ ရဟန်းအပေါင်းတို့သည် မရပ်မတံ့ မထိုင်မနားပဲ အရေးတကြီး ဘုရားထံ အမြန်ကြွလာ လျှောက်ထားကြကုန်၏၊

ထို့ကြောင့်-

အယံ (ဘိက္ခု)ပရိသံ လဘိတွာ သာသနာမ္ပိ အန္တရဓာပေယျ၊ ယာဝ ပက္ခံ န လဘတိ၊ တာဝဒေဝ နံ ဒိဋ္ဌိဂတာ ဝိဝေစေမာတိ။ သုတသုတဋ္ဌာနတော ယေဝ အဋ္ဌတွာ အနိသီဒိတွာ ဥပသင်္ကမိံ သု-

ဟူ၍ မိန့်တော်မူ၏၊ (မူလပဏ္ဏာသအဋ္ဌကထာ - ၂၀၆)

အနက်ကား

အယံ(ဘိက္ခု)၊ ဤ အရှင်သာတိမည်သော ရဟန်းသည်။ ပရိသံ၊သူနှင့်အလားတူ အဓမ္မဝါဒီ ပရိသတ်ကို။ လတိတွာ၊ ရသည်ဖြစ်၍။ ဝါ၊ ရသည်ရှိသော်။ သာသနမ္ပိ၊ ဘုရား သာသနာတော်သည်လည်း။ အန္တရဓာပေယျ၊ ကွယ်ပျောက်စေနိုင်ရာ၏၊ ယာဝ၊ အကြင်မျှ လောက်သော ကာလပတ်လုံး။ ပက္ခံ၊ အဓမ္မဝါဒီ အသင်းအပင်းကို။ န လဘတိ၊ မရသေး။ တာဝေဒေဝ၊ ထို မရသေးမီ ခဏ၌သာလျှင်။ နံ၊ ထိုအဓမ္မဝါဒီ အရှင်သာတိ မည်သော ရဟန်းကို။ ဒိဋ္ဌိဂတာ၊ အဓမ္မခေါ်ငြား မိစ္ဆာဝါဒအများမှ။ ဝိဝေစေမ၊ ဝိုင်းဝန်းနားချ လွတ်မြောက်စေကြ ပါကုန်အံ့။ ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံကြကုန်၍။ သုတသုတဋ္ဌာနတောယေဝ၊ ကြားရာ ကြားရာ အရပ်မှသာလျှင်၊ ဝါ- ကြားလျှင်ကြားခြင်းပင်။ အဋ္ဌတွာ၊ မရပ်မတံ့ပဲ အနိသီဒိတွာ၊ မထိုင်မနားပဲ။ ဥပသင်္ကမိံ သု၊ အရေးတကြီး ဘုရားထံ အမြန်ကြွလာ လျှောက်ထားကြကုန်၏၊

ဤသို့ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော် မကွယ်ပျောက်ရလေအောင် ရဟန်း သံဃာတော်များ အရေးတယူ အလေးမူသလို သာသနာတော်အတွက် ယထာဓမ္မ ဆုံးဖြတ်ချက် ချထားသော အစိုးရမင်းကလည်း အာဏာစက်ဖြင့် အတည်ပြု အရေးယူကာ ကူညီခဲ့ပါသည်။

ဓမ္မစက်ကို အာဏာစက်ဖြင့် မင်းကူညီခြင်း

ထိုအခါ ဘာတိယမည်သော မင်းသည် တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်၍ နေ၏၊ ထိုဘာတိယမင်းသည် တနေ့သ၌ စေတီတော်ကို ရှိခိုးဝတ်ပြုအံ့သောငှာ မြို့မှထွက်ခဲ့၏၊ မကြာမီ ထိုအရပ်၌ ထူးဆန်းသော အသံတခုကို ကြား၏၊ ဤအသံသည် အဘယ်သို့သော အသံနည်းဟု မေး၏၊ ဝိုင်းဝန်းနားထောင် စုံစမ်းကြ၏၊ ပြဿနာမှုခင်း အဓိကရုဏ်းနှင့် စပ်သော ကောင်းချီး အသံဖြစ်နေသည်ကို သိရ၏၊ ယင်းအဓိကရုဏ်း၏ အချင်းအရာ အလုံးစုံကိုလည်း အစဉ်အတိုင်း အမှန်သိရ၏၊ ငါ့မှာတာဝန်ရှိ၏၊ မတရား(အဓမ္မ)မှုကို ငါမလိုလား။ ထို့ကြောင့် မြို့တွင်းသို့လှည့်လည် စည်ထု ကြေငြာစေ၏၊

ကြေငြာပုံမှာ

ငါသည်ထင်ရှားရှိ၏၊ အာဘိဓမ္မိက အရှင်ဂေါဒတ္တ မထေရ်မြတ်သည် ရဟန်းယောကျ်ား ရဟန်းမိန်းမ လူယောကျ်ား လူမိန်းမတို့၏ အဓိကရုဏ်း မှုခင်းအလုံးစုံကို ဒေသနာနှင့်အညီ ဆုံးအဖြတ်ပေးသည်ကို သိရ၏၊ ထို အဆုံးအဖြတ်သည်ဒေသအလိုက် အလွန် မှန်ကန်တိကျလျက် ကောင်းမြတ်သော အဆုံးအဖြတ်သာဖြစ်၏၊ ထို အရှင်ဂေါဒတ္တမထေရ်မြတ်၏ အဆုံးအဖြတ်အလုံးစုံတွင် အတည်မဖြစ်သေး၊ လိုက်နာသည့်အဖြစ်သို့ မရောက်သေးသော အဆုံးအဖြတ်များ အတည်ဖြစ်စေ အားလုံးလိုက်နာစေဟု အရှင်ဂေါဒတ္တမထေရ်မြတ်၏ ဝိနိစ္ဆယ ဓမ္မစက်ကို ခိုင်မြဲအောင် ဘာတိယမင်းက အာဏာစက်ဖြင့် အတည်ပြုလျက် အေးငြိမ်းစေလေ၏၊

ထို့ကြောင့်-

တသ္မိဉ္စ သန္နိပါတေ အာဘိဓမ္မိကဂေါဒတ္တတ္ထေရော နာမ ဝိနယကုသလော ဟောတိ။ သော ဧဝမာဟ -- "ဣမိနာ ဣဒံ ထာလကံ ကုဟိံ အဝဟဋ"န္တိ? "အန္တရသမုဒ္ဒေ အဝဟဋ"န္တိ။ "တတြိဒံ ကိံ အဂ္ဃတီ"တိ? "န ကိဉ္စိ အဂ္ဃတိ။ တတြ ဟိ နာဠိကေရံ ဘိန္ဒိတွာ မိဉ္ဇံ ခါဒိတွာ ကပါလံ ဆဍ္ဍေန္တိ၊ ဒါရုအတ္ထံ ပန ဖရတီ"တိ။ "ဣမဿ ဘိက္ခုနော ဧတ္ထ ဟတ္ထကမ္မံ ကိံ အဂ္ဃတီ"တိ? "မာသကံ ဝါ ဦနမာသကံ ဝါ"တိ။ "အတ္ထိ ပန ကတ္ထစိ သမ္မာသမ္ဗုဒ္ဓေန မာသကေန ဝါ ဦနမာသကေန ဝါ ပါရာဇိကံ ပညတ္တ"န္တိ။ ဧဝံ ဝုတ္တေ "သာဓု! သာဓု! သုကထိတံ သုဝိနိစ္ဆိတ"န္တိ ဧကသာဓုကာရော အဟောသိ။ တေန စ သမယေန ဘာတိယရာဇာပိ စေတိယဝန္ဒနတ္ထံ နဂရတော နိက္ခမန္တော တံ သဒ္ဒံ သုတွာ "ကိံ ဣဒ"န္တိ ပုစ္ဆိတွာ သဗ္ဗံ ပဋိပါဋိယာ သုတွာ နဂရေ ဘေရိံ စရာပေသိ -- "မယိ သန္တေ ဘိက္ခူနမ္ပိ ဘိက္ခူနီနမ္ပိ ဂိဟီနမ္ပိ အဓိကရဏံ အာဘိဓမ္မိကဂေါဒတ္တတ္ထေရေန ဝိနိစ္ဆိတံ သုဝိနိစ္ဆိတံ၊ တဿ ဝိနိစ္ဆယေ အတိဋ္ဌမာနံ ရာဇာဏာယ ဌပေမီ"တိ။ (ဝိ၊ဋ္ဌ၊၁၊၂၆၆-၂၆၇။) ဟူ၍ မိန့်တော်မူ၏၊ (ပါရာဇိကကဏ္ဍဋ္ဌကထာ-ပတွဲ-၂၆၇)

အနက်ကား

စ၊ ဆက်၍ ဆိုဦးအံ့။ တသ္မိဉ္စ သန္နိပါတေ၊ ထိုစည်းဝေးကြကုန်ရာ ဖြစ်သော အရပ်၌။ ဝါ၊ ထို မထေရ်တို့၏ အစည်းအဝေး၌။ အာဘိဓမ္မိက ဂေါဒတ္တတ္ထေရော နာမ၊ အဘိဓမ္မာကို ဆောင်သော ဂေါဒတ္တတ္ထေအမည်ရှိသော မထေရ်သည်။ ဝိနယကုသလော၊ ဝိနည်း၌ လိမ္မာသည်။ ဟောတိ၊ ဖြစ်၏၊ သော သာဘိဓမ္မိကဂေါဒတ္တတ္ထေရော၊ ထို အဘိဓမ္မာကိုသော ဂေါဒတ္တအမည်ရှိသော မထေရ်သည်။ ဧဝံ၊ ဤသို့။ အာဟ၊ ဆိုပြီ။ ကိံ၊ အဘယ်သို့။ အာဟ၊ ဆိုသနည်း။

ဣမိနာ ဘိက္ခုနာ၊ ဤရဟန်းသည်။ ဣဒံ ထာလကံ၊ ဤခွက်ကို။ ကုဟိံ၊ အဘယ်မည်သော။ ဌာနေ၊ အရပ်၌။ အဝဟဋံ၊ ခိုးယူခဲ့ပါသနည်း။ ဣတိ၊ ဤသို့။ အာဟ၊ ဆိုပြီ။ ဣမိနာ ဘိက္ခုနာ၊ ဤရဟန်းသည်။ ဣဒံထာလကံ၊ ဤခွက်ကို။ အန္တရသမုဒ္ဒေ၊ သမုဒ္ဒရာ၏ အကြား၌။ အဝဟဋံ၊ ခိုးယူခဲ့ပါ၏၊ ဣတိ၊ ဤသို့။ အာဟံသု၊ လျှောက်ထားကြကုန်ပြီ။ တတြ၊ ထို သမုဒ္ဒရာအကြား၌။ ဣဒံ၊ ဤခွက်သည်။ ကိံ၊ အဘယ်မျှ။ အဂ္ဃတိ၊ အဖိုးထိုက်သနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေးပြီ။ တတြ၊ ထို သမုဒ္ဒရာ၏အကြား၌။ ဣဒံ ဤခွက်သည်။ ကိဉ္စိ၊ တစုံတခုကို၊ န အဂ္ဃတိ၊ အဖိုးမထိုက်ပါ။

ဟိ၊ မှန်၏၊ တတြ၊ ထိုသမုဒ္ဒရာ၏ အကြား၌။ နာဋ္ဌိကေရံ၊ အုန်းသီးကို။ ဘိန္ဒိတွာ၊ ခွဲကြကုန်၍။ မိဉ္ဇံ၊ အဆံကို။ ခါဒိတွာ၊ ခဲကြကုန်ပြီး၍။ ကပါလံ၊ အခွံကို။ ဆဍ္ဍေန္တိ၊ စွန့်ကြကုန်၏၊ ဒါရုအတ္ထံ ပန၊ ထင်းဖြင့် ပြုအပ်သော ကိစ္စကိုကား။ ဖရတိ၊ ပြီးစေတတ်ပါ၏၊ ဣတိ၊ ဤသို့။ အာဟံသု၊ လျှောက်ထားကြကုန်ပြီ။

ဣမဿ ဘိက္ခုနော၊ ဤရဟန်း၏၊ ဧတ္ထ၊ ဤခွက်၌။ ဟတ္ထကမ္မံ၊ လက်တို့ဖြင့် ပြုအပ်သော အမှုသည်။ ကိံ၊ အဘယ်မျှ။ အဂ္ဃတိ၊ အဖိုးထိုက်သနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေးပြီ။ ဣမဿ ဘိက္ခုနော၊ ဤရဟန်း၏၊ ဧတ္ထ၊ ဤခွက်၌။ ဟတ္ထကမ္မံ၊ လက်တို့ဖြင့် ပြုအပ်သော အမှုသည်။ မာသကံ ဝါ၊ ပိုက်ဆံ ၁ ပဲကို၎င်း။ ဦနမာသကံ ဝါ၊ ပိုက်ဆံ ၁ ပဲအောက်အယုတ်ကို၎င်း။ အဂ္ဃတိ၊ ထိုက်ပါပေ၏၊ ဣတိ၊ ဤသို့။ အာဟံသု၊ လျှောက်ထားကြကုန်ပြီ။

ကတ္ထစိ၊ အချို့သော။ ဌာနေ၊ အရပ်၌။ သမ္မာသမ္ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ မာသကေန ဝါ၊ ပိုက်ဆံ ၁ ပဲအောက် အယုတ်ဖြင့်၎င်း။ ပညတ္တံ၊ ပညတ်တော်မူအပ်ပြီးသော။ ပါရာဇိကံ၊ ပါရာဇိကအာပတ်သည်။ အတ္ထိ ပန၊ ရှိသလော။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်ကြားပြီ။ ဧဝံ၊ ဤသို့ 'အတ္ထိ ပန။ပ။ပညတ္တံ'ဟူ၍ ဝုတ္တေ၊ မိန့်ကြားသည်ရှိသော်-

သာဓု သာဓု၊ ကောင်းပါပေစွ ကောင်းပါပေစွ။ သုကထိတံ၊ ကောင်းစွာဆိုအပ်ပါပေပြီ။ သုဝိနိစ္ဆိတံ၊ ကောင်းစွာ ဆုံးဖြတ်အပ်ပါပေပြီ။ ဣတိ၊ ဤသို့၊ ဧကသာဓုကာရော၊ တပြိုင်နက်သော ရဟန်းတော်များ၏ ကောင်းချီးပြုခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။

စ၊ ဆက်၍ ဆိုဦးအံ့။ တေန သမယေန၊ ထိုသို့ ဖြစ်ပြီးရာ ဖြစ်သောအခါ၌။ ဘာတိယရာဇာပိ၊ ဘာတိယ မည်သော မင်းသည်လည်း။ စေတိယဝန္ဒနတ္ထံ၊ စေတီတော်ကို ရှိခိုးအံ့သောငှာ။ နဂရတော၊ မြို့မှ။ နိက္ခမန္တော၊ ထွက်လတ်သော်။ တံ သဒ္ဒံ၊ ထိုရဟန်းတော်များ၏ ကောင်းချီးအသံကို။ သုတွာ၊ ကြားရ၍။ ဣဒံ ကာရဏံ၊ ဤကောင်းချီးပြုသောအကြောင်းသည်။ ကိံ၊ အဘယ်နည်း ဣတိ၊ ဤသို့။ ပုစ္ဆိတွာ၊ မေး၍။ သဗ္ဗံ၊ အလုံးစုံသော (ဒေသအလိုက် ဒေသနာနှင့်အညီ ဆုံးဖြတ်အပ်သော)အကြောင်းကို။ ပဋိပါဋိယာ၊ အစဉ်အားဖြင့်။ သုတွာ၊ ကြားရ၍။ နဂရေ၊ မြို့၌။ ဘေရိံ၊ စည်ကို။ စရာပေသိ၊ လည်စေပြီ။

ကိံ၊ အဘယ်စကားကို။ ဝဒါပေတွာ၊ ဆိုစေ၍။ စရာပေသိ၊ လည်စေသနည်း။ မယိ၊ ငါသည်။ သန္တေ၊ ထင်းရှားရှိစဉ်။ ဘိက္ခူနမ္ပိ၊ ရဟန်းတို့၏ လည်းကောင်း။ ဘိက္ခူနမ္ပိ၊ ဘိက္ခုနီမတို့၏လည်းကောင်း။ ဂိဟီနမ္ပိ၊ လူတို့၏လည်းကောင်း။ အဓိကရဏံ၊ အဓိကရုဏ်းကို။ အာဘိဓမ္မိက ဂေါဒတ္တတ္ထေရေန၊ အဘိဓမ္မာကို ဆောင်သော ဂေါဒတ္တအမည်ရှိသော မထေရ်သည်။ ဝိနိစ္ဆိတံ၊ ဆုံးဖြတ်အပ်သော ဝိနိစ္ဆယသည်။ သုဝိနိစ္ဆိတံ၊ ကောင်းစွာ ဆုံးဖြတ်အပ်သော ဝိနိစ္ဆယတည်း။ တဿ ထိုအရှင်ဂေါဒတ္တ အမည်ရှိသော မထေရ်၏၊ ဝိနိစ္ဆယေ၊ အဆုံးအဖြတ်၌။ အတိဋ္ဌမာနံ၊ မတည်သောသူကို။ ရာဇာဏာယ၊ မင်း၏ အာဏာဖြင့်။ ဌပေမိ၊ ထားအံ့။ ဝါ၊ တည်စေ၏၊ တည်စေရမည်၊ အတည်ဖြစ်လော့။ ဣတိ၊ ဤသို့။ ဝဒါပေတွာ၊ ဆိုစေ၍။ စရာပေသိ၊ လည်စေသည်သာတည်း။

ဤသို့ ဘာတိယမင်း ကိုယ်တိုင် စည်ထု လှည့်လည် ကြွေးကြော်စေကာ ဓမ္မစက်ကို အာဏာစက်ဖြင့် အတည်ပြုပေးရုံမျှမက ကြောင့်ကြောင့်ကြကြဖြင့် အဓိကရုဏ်းများကို ငြိမ်းပေးစေခဲ့ပါသည်။

မင်းကိုယ်တိုင် ကြောင့်ကြစိုက်၍ အဓိကရုဏ်း ငြိမ်းပေးခြင်း

အချို့မှာ သုတ်အဘိဓမ္မဝိနည်းနှင့် လျော်သောကျင့်ဝတ်ပဋိပတ်တို့ကို မကျင့်ပဲ သာသနာတော်၏ 'ဘေးရန် အညစ်အကြေး ဆူးငြောင့်' တို့ကိုသာ လုပ်နေကြ၏၊ အချို့မှာ မီးကို လုပ်ကျွေးကုန်၏၊ အချို့မှာ ပဉ္စာတပခေါ် အပူငါးပါး(အပေါ်နှင့် ဘေးလေးဘက်)ဖြင့် အပူခံကုန်၏၊ အချို့မှာ နေကို တည့်တည့်ကြည့်ပြီး ရှိခိုးခြင်းစသည် ပြုကုန်၏၊ အချို့ကလည်း ထေရဝါဒ ဓမ္မ ဝိနယတို့ကို ဖျက်ဆီးလျက် ဆန့်ကျင်ဘက်လုပ်နေကြကုန်၏၊ ထိုအခါ ရဟန်းကောင်းတွေက ထိုပုဂ္ဂိုလ်တို့နှင့်အတူဥပုသ်, ပဝါရဏာမပြုကြ၊ အသောကာရုံကျောင်းတိုက်၌ ခုနစ်နှစ်တိုင် ဥပုသ်မပြုကြ။ အသောကမင်းကြီး ကိုယ်တိုင် 'ယင်းအဓိကရုဏ်းများကို အမြန်ငြိမ်းအောင်' လုပ်၍ ဥပုသ်ပြုကြစေရန် အမတ်တယောက်ကို စေလေ၏၊

ထို့ကြောင့်-

တဒါ ဘိက္ခုသံဃော န တေဟိ သဒ္ဓိံ ဥပေါသထံ ဝါ ပဝါရဏံ ဝါ အကာသိ၊ အသောကာရာမေ သတ္တဝဿစနိ ဥပေါသထော ဥပစ္ဆိဇ္ဇိ၊ ရညောပိ ဧတမတ္ထံ အာရောစေသုံ။ ရာဇာဧကံ အမစ္စံ အာဏာပေသိ ' ဝိဟာရံ ဂန္တာ အဓိကရဏံ ဝူပသမေတွာ ဥပေါသထံ ကာရာပေဟီ' တိ- (ဝိ၊ဋ္ဌ၊၁၊၄၀။)

ဟူ၍ မိန့်တော်မူ၏၊ (ပါရာဇိကကဏ္ဍအဋ္ဌကထာ ပ.တွဲ-၄၀)

အနက်ကား

တဒါ၊ ထိုအခါ၌။ ဘိက္ခုသံဃော၊ ရဟန်းအပေါင်းသည်။ တေဟိ၊ ထို တိတ္ထိတို့နှင့်။ သဒ္ဓိံ၊ တကွ။ ဥပေါသထံ ဝါ၊ ဥပုသ်ပြုခြင်းကို၎င်း။ ပဝါရဏံ ဝါ၊ ပဝါရဏာပြုခြင်းကို၎င်း။ န အကာသိ၊ မပြု။ အာသောကာရာမေ၊ အသောကာရုံကျောင်းတော်၌။ သတ္တဿနိ၊ ခုနစ်နှစ်တို့ ကာလပတ်လုံး။ ဥပေါသထော၊ ဥပုသ်သည်။ ဥပစ္ဆိဇ္ဇိ၊ ပြတ်၏၊ ရညောပိ၊ အသောကမင်းအားလည်း။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ အာရောစေသုံ၊ ပြောကြားကုန်၏၊ ရာဇာ၊ အသောကမင်းသည်။ ဧကံ အမစ္စံ၊ အမတ်တယောက်ကို။ အာဏာပေသိ၊ စေ၏၊ ဝိဟာရံ၊ အသောကာရုံကျောင်းသို့။ ဂန္တာ၊ သွား၍။ အဓိကရဏံ၊ ဝိဝါဒ အစရှိသော အဓိကရုဏ်းကို။ ဝူပသမေတွာ၊ ငြိမ်းစေ၍။ ဥပေါသထံ၊ ဥပုသ်ကို။ ကာရာပေသိ၊ ပြုစေလော့။ ဣတိ၊ ဤသို့။ အာဏာပေသိ၊ စေ၏၊

ဤသို့ အသောကမင်းတရားကြီးကိုယ်တိုင် သံဃာ့အဓိကရုဏ်းများ ငြိမ်းစေကာ သာသနာတော်ကို စောင့်ရှောက်ကြသည်မှာ အတုယူဖွယ် ကောင်းလှ၏၊ တိဿဗြဟ္မာမင်းကြီးကိုလည်း အတုယူသင့်ကြသည်။

သာသနာပြုခွင့်ရ၍ တိဿဗြဟ္မာကြီး အလွန်ဝမ်းမြောက်ခြင်း

ဒုတိယသင်္ဂါယနာတင်ပြီးသည့်အခါ ယင်းမထေရ်တို့က 'ငါတို့သည် လူ့ပြည်အလုံးကို၎င်း၊ ကာမာဝစရ နတ်ပြည်ခြောက်ထပ်ကို၎င်း လိုက်လံကြည့်ရှုလျက် သာသနာတော်ကို ချီးမြှောက် ထောက်ပံ့အံ့သောငှာ စွမ်းနိုင်သူ တစုံတယောက်မျှ မတွေ့၍ ဗြဟ္မာ့ပြည်၌ ရှာဖွေခဲ့ပြန်၏၊ ထိုအခါ တိဿမည်သော ဗြဟ္မာကြီးကို မြင်၏၊ သူတော်ကောင်းဖြစ်သော ဗြဟ္မာမင်း- ငါတို့ တောင်းပန်ကုန်၏၊ သင်သည် လူ့ပြည်၌ ဖြစ်၍ ဘုရားသာသနာကို ချီးမြှောက်ဖို့ရန် ငါတို့အား ပဋိညာဉ်ပေးလော့' ဟုဆို၏၊ ထိုအခါ ဗြဟ္မာကြီးက ..... ငါသည် သာသနာ၌ဖြစ်သော ဘေးရန်တို့ကို သုတ်သင်၍ သာသနာတော်ကို ချီးမြှောက်ရန် စွမ်းနိုင်သူဖြစ်တော့မည်ဟု အလွန်ဝမ်းမြောက် အားတက်လျက်ကောင်းပြီဟု ဝန်ခံလေ၏၊

ထို့ကြောင့်-

မယဉ္စ သကလံ မနုဿလောကံယ ဆကာမာဝစရဒေသလောကဉ္စ ဩလောကယမာနာ ကဉ္စိ သာသနံ ပဂ္ဂဟေတုံ သမတ္ထံ အဒိသွာ ဗြဟ္မလောကံ ဝိစိနန္တာ ဘဝန္တမေဝ အဒ္ဒသာမ၊ သာဓု သပ္ပုရိသ မနုဿလောကေ နိဗ္ဗတ္တိတွာ ဒသဗလဿ သာသနံ ပဂ္ဂဏှိဘုံ ပဋိညံ ဒေဟီတိ

ဧဝံ ဝုတ္တေ မဟာဗြဟ္မာ 'အဟံ ကိရ သာသနေဥပ္ပန္နံ အဗ္ဗုဒံ သောဓေတွာ သာသနံ ပဂ္ဂဟေတုံ သမတ္ထော ဘဝိဿာမိ'တိ ဟဋ္ဌပဟဋ္ဌော ဥဒဂ္ဂုဒဂ္ဂေါ ဟုတွာ သာဓူတိ ပဋိဿုဏိတွာ ပဋိညံ အဒါသိ- (ဝိ၊ဋ္ဌ၊၁၊၂၈။)

ဟူ၍ မိန့်တော်မူ၏၊ (ပါရာဇိကကဏ္ဍအဋ္ဌကထာ ပ.တွဲ-၂၈)

အနက်ကား

မယဉ္စ၊ ငါတို့သည်လည်း။ သကလံ၊ အလုံးစုံသော။ မနုဿလောကဉ္စ၊ လူ့ပြည်ကို၎င်း။ ဆကာမာဝစရဒေဝလောကဉ္စ၊ ကာမဝစရ နတ်ပြည်ခြောက်ထပ်ကို၎င်း။ ဩလောကယမာနာ၊ ကြည့်ကုန်သည်ရှိသော်။ သာသနံ၊ သာသနာတော်ကို။ ပဂ္ဂဟေတုံ၊ ချီးမြှောက်အံ့သောငှာ။ သမတ္ထံ၊ စွမ်းနိုင်သော။ ကဉ္စိ၊ တစုံတယောက်သောသူကို။ အဒိသွာ၊ မမြင်၍။ ဗြဟ္မလောကံ၊ ဗြဟ္မာ့ပြည်ကို။ ဝိစိနန္တာ၊ ရှာဖွေကုန်သည်ရှိသော်။ ဘဝန္တ မေဝ ဗြဟ္မာနံ၊ တိဿမည်သော အရှင်ဗြဟ္မာကြီးကိုသာလျှင်။ အဒ္ဒသာမ၊ ငါတို့မြင်ကုန်၏၊ သပ္ပုရိသ၊ သူတော်ကောင်းဖြစ်သော ဗြဟ္မာမင်း။ သာဓု အာယာစာမ၊ ငါတို့ တောင်းပန်ကုန်၏၊ မနုဿလောကေ၊ လူပြည့်၌။ နိဗ္ဗတ္တိတွာ၊ ဖြစ်၍။ ဒသဗလဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ သာသနာတော်ကို။ ပဂ္ဂဏှိဘုံ၊ ချီးမြှောက်အံ့သောငှါ။ ပဋိညံ၊ ပဋိညာဉ်ကို။ ဒေဟိ၊ ပေးလော့။ ဣတိ၊ ဤသို့။ ဝုတ္တေ ဆိုအပ်သည်ရှိသော်။ မဟာဗြဟ္မာ၊ မဟာဗြဟ္မာကြီးသည်။ အဟံ၊ ငါကား။ သာသနေ၊ သာသနာတော်၌။ ဥပ္ပန္နံ၊ ဖြစ်သော။ အဗ္ဗုဒံ၊ ဘေးရန်ကို။ သောဓေတွာ၊ သုတ်သင် သန့်ရှင်းစေ၍။ သာသနံ၊ သာသနာတော်ကို။ ပဂ္ဂဟေတုံ၊ ချီးမြှောက်အံ့သောငှါ။ သမတ္ထော၊ စွမ်းနိုင်သည်။ ဘသိဿမိ ကိရ။ ဖြစ်အံ့သတက်။ ဣတိ၊ ဤသို့။ ဟဋ္ဌပဟဋ္ဌော၊ အလွန်းဝမ်သာသည်။ ဥဒဂ္ဂုဒဂ္ဂေါ၊ အလွန် ဝမ်းမြောက်သည်။ ဟုတွာ၊ ဖြစ်၍။ သာဓုတိ၊ ကောင်းပြီဟူ၍။ ပဋိဿုဏိတွာ၊ ဝန်ခံ၍။ ပဋိညံ၊ ပဋိညာဉ်ကို။ အဒါသိ၊ ပေး၏၊

ဒုတိယသင်္ဂါယနာတင် မထေရ်တို့အား တိဿဗြဟ္မာမင်းကြီး သာသနာအတွက် ဝန်ခံလေ၏၊ ယင်းသာသနာတော်အတွက် ရှေးအခါကပင် ဝါဒဆိုးများ ပေါ်လတ္တံ့သည်ကို မြင်ကြဟန် ရှိပါသည်။

ဘာကြောင့် မိမိဝါဒကို ထိုးသွင်းပြသကြသနည်း

ဤနှစ်မှ နောင် ၁၁၈ နှစ်လောက်ကြာခဲ့သော် ပါဋလိပုတ်ပြည်၌ ဓမ္မာသောကမည်သောမင်းသည် မင်းပြုလျက် ဇမ္ဗူဒိပ်ကျွန်းတခုလုံးကို စိုးစံရလတ္တံ့။ ထိုမင်းသည် ဘုရားသာသနာတော်၌ အလွန်ကြည်ညို၍ ကြီးစွာသော လာဘ်ပူဇော်သကာကို ဖြစ်စေပေလိမ့်မည်။ ထို့ကြောင့်တိတ္တိတို့သည် လာဘ်ပူဇော်သကာကို တောင့်တကုန်သည်ဖြစ်၍ သာသနာတော်၌ ဝင်ရောက် ရဟန်းပြုပြီး မိမိ မိမိတို့၏ ဝါဒ(တိတ္ထိအယူ)များကို တစတစထိုးသွင်း ဆွဲဆောင် ပြသကုန်လတ္တံ့။ ဤသို့ သာသနာတော်၌ ကြီးစွာသော သာသနာ့ဘေးရန် ဖြစ်လတ္တံ့။ ဤအကြောင်းကို မထေရ်များ မြင်ခဲ့၏၊

ထို့ကြောင့်-

ဣတော ဝဿသတဿ ဥပရိ အဋ္ဌာရသမေ ဝဿ ပါဋလိပုတ္တေ ဓမ္မာသောကော နာမ ရာဇာ ဥပ္ပဇ္ဇိတွာ သကလ ဇမ္ဗုဒီပေ ရဇ္ဇံ ကာရေဿတိ၊ သော ဗုဒ္ဓသာသနေ ပသီဒိတွာ မဟန္တံ လာဘသက္ကာရံ ပဝတ္တယိဿတိ

တတော တိတ္တိယာ လာဘသက္ကာရံ ပတ္တယမာနာ သာသနေ ပဗ္ဗဇိတွာ သကံ သကံ ဒိဋ္ဌိံ ပရိဒိပေဿန္တိ၊ ဧဝံ သာသနေ မဟန္တံ အဗ္ဗုဒံ ဥပ္ပဇ္ဇိဿတီဟိ။ (ဝိ၊ဋ္ဌ၊၁၊၂၇။)

ဤသို့ မိန့်တော်မူ၏၊ (ပါရာဇိကကဏ္ဍ အဋ္ဌကထာ၊ ပ.တွဲ-၂၇။)

အနက်ကား

ဣတော ဝဿတော၊ ဤနှစ်မှ။ ဝဿသတဿ၊ အနှစ်တရာ၏၊ ဥပရိ၊ အထက်၌။ အဋ္ဌာရသမေ ဝေဿ၊ တဆဲ့ရှစ်နှစ်မြောက်သောနှစ်၌။ ပါဋလိပုတ္တေ၊ ပါဋိလိပုတ်ပြည်၌။ ဓမ္မာသောကော နာမ၊ သိရီဓမ္မာသောက အမည်ရှိသော။ ရာဇာ၊ မင်းသည်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်၍။ သကလဇမ္ပုဒဒီပေ၊ ဇမ္ဗူဒိပ်တကျွန်းလုံး၌။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကာရေဿတိ၊ ပြုစေလတ္တံ့။ သောရာဇာ၊ ထိုသိရီဓမ္မာသောကမင်းသည်။ ဗုဒ္ဓသာသနေ၊ ဘုရားသာသနာတော်၌။ ပသီဒိတွာ၊ ကြည်ညို၍။ မဟန္တံ၊ ကြီးစွာသော။ လာဘသက္ကာရံ လာဘ်ပူဇော်သကာကို။ ပတ္တေယိဿတိ၊ ဖြစ်စေလတ္တံ့။ တတော၊ ထိုသို့ဖြစ်သောကြောင့်။ တိတ္ထိယာ၊ တိတ္ထိတို့သည်။ လာဘသက္ကာရံ၊ လာဘ်ပူဇော်သကာကို။ ပတ္တေယိဿတိ၊ ဖြစ်စေလတ္တံ့။ တတော၊ ထိုသို့ ဖြစ်သောကြောင့်။ တိတ္ထိယာ၊ တိတ္ထိတို့သည်။ လာဘသက္ကာရံ၊ လာဘ် ပူဇော်သကာကို။ ပတ္ထယမာနာ၊ တောင့်တကုန်သည်ဖြစ်၍။ သာသနေ၊ ဘုရားသာသနာတော်၌။ ပဗ္ဗဇိတွာ၊ ရဟန်းကောင်းများကဲ့သို့ သင်္ကန်းဝတ်ကြကုန်၍။ သကံ သကံ ဒိဋ္ဌိံ၊ မိမိ မိမိတို့၏တိတ္ထိအယူဝါဒကို။ ပရိဒီပေဿန္တိ၊ ပြကြကုန်လတ္တံ့။ ဧဝံ၊ ဤသို့။ သာသနေ၊ သာသနာ၌။ မဟန္တံ၊ ကြီးစွာသော။ အဗ္ဗုဒံ၊ ဘေးရန်သည်။ ဥပ္ပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤအကြောင်းကို။ ထေရာ၊ ဒုတိယသင်္ဂါယနာတင် မထေရ်တို့သည်။ အဒ္ဒသံသု၊ မြင်ကြကုန်ပြီ။

ဤသို့ လာဘသက္ကာရ၏ အန္တရာယ်ကို ပြခဲ့ပြီ။ မြတ်စွာဘုရား၏သာသနာတော်ကြီးကို သိရီဓမ္မာသောကမင်းကြီးကိုယ်တိုင် သာသနာသန့်ရှင်းတည်တံ့ တိုးတက်ရေး မည်သို့ ဆောင်ရွက်ပါသနည်း။

အဓမ္မဝါဒတွေကို သုတ်သင်ခဲ့သော သိရီဓမ္မာသောကမင်း

သိရီဓမ္မာသောကမင်းကြီးသည် တတိယသင်္ဂါယနာတင် သာသနာ့ဒါယကာ ခံယူပြုစုလျက် ဗမာပြည်အပါ ၉-တိုင်း၊ ၉-ဌာန ကမ္ဘာသို့ သာသနာပြု သံဃာ့အဖွဲ့တွေ စေလွှတ်သော မင်းကြီးပါတည်း၊ ယင်းမင်းကြီးကိုယ်တိုင် ၇-ရက် ပတ်လုံး မင်းဥယျာဉ်၌ သမ္မာသမ္ဗုဒ္ဓလဒ္ဓိ(ဘုရားအယူ)ကို သင်ယူ၏၊ အထပ်ထပ် လေ့လာ၏၊ ၇-ရက်မြောက်သောနေ့၌ အသောကာရုံကျောင်း၌ ရဟန်းအပေါင်းကို စည်းဝေးစေ၍ တင်းတိမ် (ကန့်လန့်ကာ) အတွင်းမှ ထိုင်လျက် ဝါဒ-တူရာ တူရာ စုစေပြီး တစုတစု ကို ခေါ်လျက်-

မင်းကြီးမေး။''။ကိံ ဝါဒီ သမ္မာသမ္ဗုဒ္ဓေါ (မြတ်ဘုရားသည် အဘယ်အယူ ရှိတော်မူသနည်း)ဟု အသီးသီးမေး၏၊

(၁) သဿတ အယူရှိသော တိတ္ထိတို့က မြတ်စွာဘုရားသည် သဿတအယူရှိတော်မူ၏ဟု ဖြေကြကုန်၏၊ (ယင်းတို့ကိုခွဲထားလိုက်၏၊)

(၂) ဧကစ္စသဿတ အယူရှိသော တိတ္ထိတို့က မြတ်စွာဘုရားသည် ဧကစ္စသဿတ အယူရှိတော်မူ၏ဟု ဖြေကြကုန်၏၊ (ယင်းတို့ကိုခွဲထားလိုက်၏၊)

(၃) အဆုံးရှိ၏၊ အဆုံးမရှိဟူ၍ အယူရှိသော တိတ္ထိတို့က မြတ်စွာဘုရားသည် အဆုံးရှိ၏၊ အဆုံးမရှိဟူ၍ အယူရှိတော်မူ၏ဟု ဖြေကြကုန်၏၊ (ယင်းတို့ကို ခွဲထားလိုက်၏၊)

(၄) အမရာမည်သော ငါးကဲ့သို့ အစမရှိသော အယူရှိသော တိတ္ထိတို့က မြတ်စွာဘုရားသည် အမရာမည်သော ငါးကဲ့သို့ အစမရှိသော အယူရှိ၏ဟု ဖြေကြကုန်၏၊ (ယင်းတို့ကို ခွဲထားလိုက်၏၊)

(၅) ဖြစ်လိုသရွေ့ အကြောင်းမဲ့ဖြစ်၏ဟူ၍ အယူရှိသော တိတ္ထိတို့သည် မြတ်စွာဘုရားသည် ဖြစ်လိုသရွေ့ အကြောင်းမဲ့ဖြစ်၏ဟူ၍ အယူရှိ၏ဟု ဖြေကြကုန်၏၊ (ယင်းတို့ကိုခွဲထားလိုက်၏၊)

(၆) သညာရှိ၏ဟူ၍ အယူရှိသော တိတ္ထိတို့သည် မြတ်စွာဘုရားသည် သညာရှိ၏ဟူ၍ အယူရှိ၏ဟု ဖြေကြကုန်၏၊ (ယင်းတို့ကိုခွဲထားလိုက်၏၊)

(၇) သညာမရှိဟူ၍ အယူရှိသော တိတ္ထိတို့သည် မြတ်စွာဘုရားသည် သညာမရှိဟူ၍ အယူရှိတော်မူ၏ဟု ဖြေကြကုန်၏၊ (ယင်းတို့ကိုခွဲထားလိုက်၏၊)

(၈) သညာရှိသည်လည်းမဟုတ်၊ သညာမရှိသည်လည်းမဟုတ်ဟူ၍ အယူရှိကုန်သော တိတ္ထိတို့သည် မြတ်စွာဘုရားသည် သညာရှိသည်လည်းမဟုတ်၊ သညာမရှိသည်လည်းမဟုတ်ဟူ၍ အယူရှိတော်မူ၏ဟု ဖြေကြကုန်၏၊ (ယင်းတို့ကိုခွဲထားလိုက်၏၊)

(၉) ဥစ္ဆေဒအယူရှိသော တိတ္ထိတို့သည် မြတ်စွာဘုရားသည် ဥစ္ဆေဒအယူရှိတော်မူ၏ဟု ဖြေကြကုန်၏၊ (ယင်းတို့ကိုခွဲထားလိုက်၏၊)

(၁၀) မျက်မှောက်သော ကိုယ်၏အဖြစ်၌ နိဗ္ဗာန်ရှိ၏ဟူ၍ အယူရှိသော တိတ္ထိတို့သည် မြတ်စွာဘုရားသည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ နိဗ္ဗာန်ရှိ၏ဟု ဖြေကြကုန်၏၊ (ယင်းတို့ကိုခွဲထားလိုက်၏၊)

မှတ်ချက်။။အထက်ပါ အဓမ္မဝါဒတို့ကို ကျင့်သုံးကြသော အဓမ္မဝါဒီတို့ကား ဝါဒတူအဖွဲ့အားဖြင့် ၁၀-ဖွဲ့၊ ပုဂ္ဂိုလ် အရေအတွက်အားဖြင့်မူ ခြောက်သောင်းဖြစ်၏၊ ကြွင်းသည်မှာ ရဟန်းကောင်းတို့ သာတည်း။

ရှေ့ဆက်၍မေးပုံ

မေး။။ကိံ ဝါဒီ ဘန္တေ သမ္မာသမ္ဗုဒ္ဗေါ၊ (ပါဠိ)

အရှင်ဘုရားတို့ - မြတ်စွာဘုရားသည် အဘယ်အယူရှိတော်မူသနည်း၊ (မြန်မာ)

ဖြေ။။ဝိဘဇ္ဇဝါဒီ မဟာရာဇ၊ (ပါဠိ)

မင်းကြီး - မြတ်စွာဘုရားသည် ခွဲခြမ်းဝေဖန်သောအယူ ရှိတော်မူ၏၊ (မြန်မာ)

မေး။။ဝိဘဇ္ဇဝါဒီ ဘန္တေ သမ္မာသမ္ဗုဒ္ဗေါ၊ (ပါဠိ)

အရှင်ဘုရား - မြတ်စွာဘုရားသည် ခွဲခြမ်းဝေဖန်သောအယူ ရှိတော်မူသလော၊ (မြန်မာ)

ဖြေ။။အာမ မဟာရာဇ၊ (ပါဠိ)

မင်းကြီး- ဩော် ..... ဟုတ်သတည်း၊ (မြန်မာ)

ထိုအခါ 'အဓမ္မဝါဒီ' တိတ္ထိ ခြောက်သောင်းတို့အား ပုဆိုးဖြူတို့ကိုပေး၍ လူထွက်စေလိုက်၏၊ မကြာမီ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ကြီးမှူး၍ ရဟန်းခြောက်သန်း စည်းဝေးလျက် တိပိဋက ပရိယတ္တိဓရ ပဋိသမ္ဘိဒါပတ္တ တေဝိဇ္ဇပတ္တ ဖြစ်သော ရဟန္တာတထောင် ရွေးကောက်ပြီး တတိယသင်္ဂါယနာတင်၏၊ ကိုးလကြာမှ ပြီးဆုံး၏၊ ယင်း တတိယသင်္ဂါယနာ အပြီးအဆုံး၌ များမြတ်သောအခြင်းအရာထူးတို့နှင့် ပြည့်စုံသော မြေငလျင် တသိမ့်သိမ့် ငြိမ့်တော်မူလေ၏၊ ထိုအခါ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် သက်တော် ၇၂-နှစ်တည်း။

ထို့ကြောင့်-

ဧဝံ ထေရော ရာဇာနံ သညာပေတွာ တတ္ထေဝ ရာဇုယျာနေသတ္တ ဒိဝဿနိ ဝသန္တော ရာဇာနံ သမယံ ဥဂ္ဂဏှာပေသိ၊ ရာဇာသတ္တမေ ဒိဝဿ အသောကာရာမေ ဘိက္ခုသံဃံ သန္နိပါတာပေတွာ သာဏိပါကာရံ ပရိက္ခိပါပေတွာ သာဏိပါကာရန္တရေ နိသိန္နော ဧကသဒ္ဓိကေ ဘိက္ခူ ဧကတော ဧကတောကာရာပေတွာ ဧကမေတံ ဘိက္ခုသမူဟံ ပက္ကောသာပေတွာ ပုစ္ဆိ၊ ကိံဝါဒီ သမ္မာသမ္ဗုဒ္ဓေါတိ၊ တတော သဿတဝါဒိနော သဿတဝါဒိတိ အာယံသု၊ ဧကစ္စသဿတိကာ ဧကစ္စသဿတဝါဒီတိ အာဟံသု၊ အန္တာနန္တိကာ အန္တာနန္တိကဝါဒီတိ အာဟံသု၊ အမရာဝိက္နေပိကာ အမရာဝိက္နေပိကဝါဒီတိ အာဟံသု၊ အဓိစ္စသမုပ္ပန္နိကဝါဒီတိ အာဟံသု၊ သညီဝါဒါ သညီဝါဒီတိ အာဟံသု၊ အသညီဝါဒါ အသညီဝါဒီတိ အာဟံသု၊ နေဝသညီနာသညီဝါဒါ နေဝသညီနာသညီဝါဒီတိ အာဟံသု၊ ဥစ္ဆေဒဝါဒါ ဥစ္ဆေဒဝါဒီတိ အာဟံသု၊ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒါ ဒဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒီတိ အာဟံသု

ရာဇာ ပဌမမေဝ သမယဿ ဥဂ္ဂဟိတတ္တာ 'နယိမေ ဘိက္ခူ၊ အညတိတ္ထိယာ ဣမေ' တိ ဉတွာတေသံ သေတကာနိ ဝတ္ထာနိ ဒတွာ ဥပ္ပဗ္ဗာဇေသိ၊ တေ သဗ္ဗေပိ သဋ္ဌိသဟဿာ အဟေသုံ

အထညာ ဘိက္ခူ ပက္ကောသာပေတွာ ပုစ္ဆိ 'ကိံဝါဒီ ဘန္တေ သမ္မာသမ္ဗုဒ္ဓေါ'တိ၊ ဝိဘဇ္ဇာဝါဒီ မဟာရာဇာတိ၊ ဧဝံ ဝုတ္တေ ရာဇာ ထေရံ ပုစ္ဆိ 'ဝိဘဇ္ဇာဝါဒီ ဘန္တေ သမ္မာသမ္ဗုဒ္ဓေါ'တိ၊ အာမံ မဟာရာဇာတိ

တတော ရာဇာ 'သုဒ္ဓံ ဒါနိ ဘန္တေ သာသနံ၊ ကရောတု ဘိက္ခုသံဃော ဥပေါသထ'န္တိ အာရက္ခံ ဒတွာ နဂရံ ပါဝိသိ- (ဝိ၊ဋ္ဌ၊၁၊၄၅။)

'ဟူ၍ မိန့်တော်မူ၏၊ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ-၄၅)

အနက်ကား

ဧဝံ၊ ဤသို့။ ထေရော၊ မောဂ္ဂလိပုတ္တတိဿ ထေရ်သည်။ ရာဇာနံ၊ သိရီဓမ္မသောကမင်းကြီးကို။ သညာပေတွာ၊ သိစေ၍။ တတ္ထေဝ ရာဇုယျာနေ၊ ထိုမင်းဥယျာဉ်၌သာလျှင်။ သတ္တ ဒိဝဿနိ၊ ခုနစ်ရက်တို့ပတ်လုံး။ ဝသန္တော၊ နေလျက်။ ရာဇာနံ၊ မင်းကြီးကို။ သမယံ (သမ္မာသမ္ဗုဒ္ဓဿ လဒ္ဓိံ)၊ ဘုရားအယူတော်ကို။ ဥဂ္ဂဏှာပေသိ၊ သင်စေ၏၊

ရာဇာ၊ မင်းကြီးသည်။ သတ္တမေ ဒိဝဿ၊ ခုနစ်ရက်မြောက်သောနေ့၌။ အသောကာရာမေ၊ အသောကာရုံကျောင်း၌။ ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။ သန္နိပါတာပေတွာ၊ စည်းဝေးစေ၍။ သာဏိပါကာရံ၊ တင်းတိမ် (ကန့်လန့်ကာ) ရံသည်ကို။ ပရိက္ခိပါပေတွာ၊ ရံစေ၍။ သာဏိပါကာရန္တရေ၊ တင်းတိမ်တွင်း၌။ နိသိန္နော၊ နေလျက်။ ဧကသဒ္ဓိကေ၊ အယူတူ အယူတူရှိကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဧကတော၊ တပေါင်းတည်း။ ကာရာပေတွာ၊ ပြုစေ၍။

ဧကမေတံ ဘိက္ခုသမူဟံ၊ တစုတစုသောရဟန်း အပေါင်းကို။ ပက္ကောသာပေတွာ၊ ခေါ်စေ၍။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ကိံဝါဒီ၊ အဘယ်အယူရှိတော်မူသနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေး၏၊ တတော၊ ထိုအစုများအပေါင်းမှ။

(၁) သဿတဝါဒိနော၊ သဿတအယူရှိသော တိတ္ထိတို့သည်ကား။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ သဿတဝါဒီတိ၊ သဿတအယူရှိတော်မူ၏ဟု။ အာယံသု၊ ပြောကြားကုန်၏၊

(၂) ဧကစ္စသဿတိကာ၊ အချို့သာ သဿတဟူ၍ အယူရှိသော တိတ္ထိတို့သည်ကား။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဧကစ္စသဿတဝါဒီတိ၊ အချို့သော သဿတဟူ၍ အယူရှိတော်မူ၏ဟု။ အာဟံသု၊ ပြောကြားကုန်၏၊

(၃) အန္တာနန္တိကာ၊ အဆုံးရှိ၏ အဆုံးမရှိဟူ၍ အယူရှိသော တိတ္ထိတို့သည်ကား။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အန္တာနန္တိကဝါဒီတိ၊ အဆုံးရှိ၏, အဆုံးမရှိဟူ၍ အယူရှိတော်မူ၏ဟု။ အာဟံသု၊ ပြောကြားကုန်၏၊

(၄) အမရာဝိက္နေပိကာ၊ အမရာမည်သော ငါးကဲ့သို့ အစမရှိသော အယူရှိသော တိတ္ထိတို့သည်ကား။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အမရာဝိက္ခေပဝါဒီတိ၊ အမရာမည်သော ငါးကဲ့သို့ အစမရှိဟူသော အယူရှိတော်မူ၏ဟု။ အာဟံသု၊ ပြောကြကုန်၏၊

(၅) အဓိစ္စသမုပ္ပန္နိကာ၊ ဖြစ်လိုသရွေ့ အကြောင်းမဲ့ဖြစ်၏ ဟူ၍အယူရှိသော တိတ္ထိတို့သည်ကား။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အဓိစ္စသမုပ္ပန္နဝါဒီတိ၊ ဖြစ်လိုသရွေ့ အကြောင်းမဲ့ဖြစ်၏ဟူသော အယူရှိတော်မူ၏ဟု။ အာဟံသု၊ ပြောကြကုန်၏၊

(၆) သညီဝါဒါ၊ သညာရှိ၏ဟူ၍ အယူရှိသော တိတ္ထိတို့သည်ကား။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ သညီဝါဒီတိ၊ သညာရှိ၏ဟူ၍ အယူရှိတော်မူ၏ဟု။ အာဟံသု၊ ပြောကြကုန်၏၊

(၇) အသညီဝါဒါ၊ သညာရှိ၏ဟူ၍ အယူရှိသော တိတ္ထိတို့သည်ကား။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အသညီဝါဒီတိ၊ သညာမရှိဟူ၍ အယူရှိတော်မူ၏ဟု။ အာဟံသု၊ ပြောကြကုန်၏၊

(၈) နေဝသညီနာသညီဝါဒါ၊ သညာရှိသည်လည်းမဟုတ်, သညာမရှိသည်လည်းမဟုတ်ဟူ၍ အယူရှိသော တိတ္ထိတို့သည်ကား။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ နေဝသညီနာသညီဝါဒီတိ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူ၍ အယူရှိတော်မူ၏ဟု။ အာဟံသု၊ ပြောကြကုန်၏၊

(၉) ဥစ္ဆေဒဝါဒါ၊ ဥစ္ဆေဒအယူရှိသော တိတ္ထိတို့သည်ကား။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဥစ္ဆေဒဝါဒီတိ၊ ဥစ္ဆေဒအယူရှိတော်မူ၏ဟု။ အာဟံသု၊ ပြောကြကုန်၏၊

(၁၀) ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒါ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌ နိဗ္ဗာန်ရှိ၏ဟူ၍ အယူရှိသော တိတ္ထိတို့သည်ကား။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဒဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒီတိ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌ နိဗ္ဗာန်ရှိ၏ဟု အယူရှိတော်မူ၏ဟု။ အာဟံသု၊ ပြောကြကုန်၏၊

ရာဇာ၊ သိရီဓမ္မသောကမင်းကြီးသည်။ ပဌမမေဝ၊ ရှေးဦးစွာကလျှင်။ သမယဿ၊ ဘုရားမြတ်စွာ၏ အယူတော်ကို။ ဥဂ္ဂဟိတတ္တာ၊ သင်ပြီးသောကြောင့်။ ဣမေ၊ ဤသူတို့ကား။ န ဘိက္ခူ၊ ရဟန်းမဟုတ်ကုန်။ ဣမေ၊ ဤသူတို့ကား။ အညတိတ္ထိယာ၊ တပါးသော အယူရှိသော တိတ္ထိတို့တည်း။

ဣတိ၊ ဤသို့။ ဉတွာ၊ သိ၍။ တေသံ၊ ထိုတိတ္ထိတို့အား။ သေတကာနိ ဝတ္ထာနိ၊ ပုဆိုးဖြူတို့ကို။ ဒတွာ၊ ပေး၍။ ဥပ္ပဗ္ဗာဇေသိ၊ လူထွက်စေ၏၊ တေ သဗ္ဗေပိ၊ ထိုခပ်သိမ်းသော တိတ္ထိတို့သည်လည်း။ သဋ္ဌိသဟဿာ၊ ခြောက်သောင်း အရေအတွက်ရှိကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်၏၊

အထညာ၊ ထိုမှတပါးကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ပက္ကောသာပေတွာ၊ ခေါ်စေ၍။ ဘန္တေ၊ အရှင်ဘုရားတို့။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ကိံဝါဒီ၊ အဘယ်အယူရှိတော်မူသနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေး၏၊ မဟာရာဇ၊ မြတ်သောမင်းကြီး။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဝိဘဇ္ဇဝါဒီ၊ ခွဲခြမ်းဝေဖန်သော အယူရှိတော်မူ၏၊ ဣတိ၊ ဤသို့။ အာဟံသု၊ ပြောကြကုန်၏၊

ဣတိ၊ ဤသို့။ ဝုတ္တေ၊ ပြောလတ်သော်။ ရာဇာ၊ မင်းကြီးသည်။ ထေရံ၊ မထေရ်ကို။ ဘန္တေ၊ အရှင်ဘုရား။ သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဝိဘဇ္ဇဝါဒီ၊ ခွဲခြမ်းဝေဖန်သော အယူရှိတော်မူသလော။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေး၏၊ မဟာရာဇ၊ မြတ်သောမင်းကြီး။ အာမ၊ ဩော်-ဟုတ်သတည်း။ ဣတိ၊ ဤသို့။ အာဟ၊ မိန့်၏၊

တတော၊ ထို့နောင်မှ။ ရာဇာ၊ မင်းကြီးသည်။ ဘန္တေ၊ အရှင်ဘုရား။ ဒါနိ၊ ယခု။ သာသနံ၊ သာသနာတော်သည်။ သုဒ္ဓံ၊ စင်ကြယ်ပြီ။ ဘိက္ခုသံဃော၊ ရဟန်းအပေါင်းသည်။ ဥပေါသထံ၊ ဥပုသ်ကို။ ကရောတု၊ ပြုလော့။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ အာရက္ခံ၊ အစောင့်အရှောက်ကို။ ဒတွာ၊ ပေး၍။ နဂရံ၊ မြို့သို့။ ပါဝိသိ၊ ပြန်လျက်ဝင်သွားလေပြီ။

အချုပ်ကား

ဗုဒ္ဓရှင်တော်၏ဝါဒမှာ ဝိဘဇ္ဇဝါဒ (ခွဲခြမ်းဝေဖန်သောအယူ) တည်း။ ထိုအခါ သာသနာတော်၌ ယင်း ဗုဒ္ဓရှင်တော်၏ ဝိဘဇ္ဇဝါဒနှင့် မတူဆန့်ကျင်သော မိစ္ဆာဝါဒခေါ် တိတ္ထိဝါဒတို့မှာ ၁၀-မျိုးရှိ၏၊ လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်တို့မှာ ခြောက်သောင်းရှိ၏၊ ယင်း တိတ္ထိဝါဒ ၁၀-မျိုးတို့မှာ-

(၁) သဿတဝါဒ= သတ္တဝါတို့ သန္တာန်၌ အတ္တ-ရှိ၏၊ ထိုအတ္တသည် ဘယ်အခါမှ မပျက်စီးပဲ မြဲ၏-ဟု ယူသောဝါဒ၊

(၂) ဧကစ္စသဿတဝါဒ= သတ္တဝါတို့ သန္တာန်၌ အတ္တ-ရှိ၏၊ ထိုအတ္တသည် အချို့မြဲ၏၊ အချို့မမြဲ-ဟု ယူသောဝါဒ၊

(၃) အန္တာနန္တိကဝါဒ= သတ္တဝါသည် အချို့အဆုံးရှိ၏၊ အချို့အဆုံး မရှိ၊ အထက်အောက်၌ အဆုံးရှိ၏၊ ဘေးပတ်ဝန်းကျင်၌ အဆုံးမရှိ၊ အဆုံးရှိသည်လည်းမဟုတ်၊ အဆုံးမရှိသည်လည်း မဟုတ်-ဟု ယူသောဝါဒ၊

(၄) အမရာဝိက္ခေပိကဝါဒ= အမရာမည်သော ငါး၏ ဖမ်းမရနိုင်အောင် ရှောင်တိမ်းပုံမျိုးကဲ့သို့ ဘယ်ဟာရယ်လို့ကို ဖမ်းမရနိုင်အောင် ရှောင်တိမ်းပြောဆိုသော ဝါဒ၊

(၅) အဓိစ္စသမုပ္ပန္နဝါဒ='' အတ္တသည် ဘာအကြောင်းကြောင့်မှ ဖြစ်လာသည်မဟုတ်၊ အကြောင်းတစုံတရာကို မစွဲမမှီပဲ သူဖြစ်ချင်သလို ဖြစ်တာပဲ-ဟု ယူသောဝါဒ၊

(၆) သညီဝါဒ=' အတ္တသည် အပြောင်းအလဲ သဘောတော့ရှိ၏၊ သို့သော် သေပြီးနောက်၌ ပျက်စီးခြင်းမရှိ၊ အနာရောဂါလည်း မရှိ၊ သညာကားရှိ၏-ဟု ယူသောဝါဒ၊

(၇) အသညီဝါဒ= အတ္တသည် အပြောင်းအလဲ သဘောတော့ရှိ၏၊ သို့သော် သေပြီးနောက်၌ ပျက်စီးခြင်း မရှိ၊ အနာရောဂါလည်း မရှိ၊ သညာကား မရှိ-ဟု ယူသောဝါဒ၊

(၈) နေဝသညီ နာသညီဝါဒ= ဆိုပြီးအပေါ်၌ သညာရှိသည်လည်း မဟုတ်၊ သညာ မရှိသည်လည်း မဟုတ်-ဟု ယူသောဝါဒ၊

(၉) ဥစ္ဆေဒဝါဒ= သတ္တဝါသည် သေလျှင် အဆက်မရှိ၊ ပြတ်စဲတော့၏၊ ဒီဘဝ လုပ်ချင်ဒါလုပ်၊ သေလျှင် ပြီးတာပဲ၊ ပြတ်တာပဲ-ဟု ယူသောဝါဒ၊

(၁၀) ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ= လက်ရှိခန္ဓာကိုယ်၌ ဒုက္ခတွေ ငြိမ်းနေတယ်၊ ချမ်းသာနေတယ်၊ ဤသည်ပင် နိဗ္ဗာန်တည်း-ဟု ယူသောဝါဒ။

ဤသို့ တချိန်က ဝါဒန္တရရေးရာ အပိုင်းများကို ပြခဲ့ပြီ၊ ဗုဒ္ဓဘာသနာ သန့်ရှင်းတည်တံ့ တိုးတက်ရေး ခေတ် ၃-ခေတ်ကို အကျဉ်းချုပ် ဖော်ပြလိုပါသေးသည်။

---

သာသနာ သန့်ရှင်းတည်တံ့ တိုးတက်ရေး ခေတ် ၃-ခေတ်

ဆိုခဲ့ပြီးသော ၁၀-မျိုးသော မိစ္ဆာဝါဒတို့ကို ကျင့်သုံးသော မိစ္ဆာဝါဒီခေါ် တိတ္ထိပေါင်း ခြောက်သောင်းတို့အား သိရီဓမ္မာသောကမင်းကြီး ကိုယ်တိုင် အဝတ်ဖြူများပေး၍ လူဝတ်လဲစေခဲ့ပါသည်။ ထို့နောက် ရဟန္တာကြီး တထောင်ဖြင့် သာသနာနှစ် ၃-ရာစုတွင် တတိယသင်္ဂါယနာ တင်ခဲ့ပါသည်။ ယင်း ရဟန္တာကြီးများ၏ အမိန့်အရ သိရီဓမ္မာသောကမင်းကြီးကပင် ကိုးတိုင်းကိုးဌာနသို့ သာသနာတော် သန့်ရှင်းတည်တံ့ တိုးတက်စေရန် သာသနာပြုအဖွဲ့များ စေလွှတ်ခဲ့ပါသည်။ ယင်း စေလွှတ်ရာ အတိုင်းအတာတို့မှာ-

(၁) အနောက်သို့လားသော် ဂန္ဓာရတိုင်းနှင့် တူရကီ ဂရိတ်တို့ဒေသ ယောနကလောက တိုင်အောင်၊

(၂) အရှေ့သို့လားသော် သုဝဏ္ဏဘူမိခေါ် မြန်မာနှင့်ထိုင်းနိုင်ငံ တိုင်အောင်၊

(၃) တောင်သို့လားသော် သီရိလင်္ကာခေါ် သီဟိုဠ်ကျွန်း တိုင်အောင်၊

(၄) မြောက်သို့လားသော် ဟိမဝန္တာတောင်တန်းဒေသ တိုင်အောင်၊

ဖြစ်ပါသည်။ တချိန် မိစ္ဆာဝါဒီမင်းများ အုပ်စိုးစဉ်ကလည်း ဗုဒ္ဓသာသနာတော်ကို အဖိအနှိပ် အဖျက်အဆီးများစွာ ခံခဲ့ရပါသေးသည်။ ထိုအခါကလည်း ဒုဋ္ဌဂါမဏိမင်းကြီးကိုယ်တိုင် မိစ္ဆာဒိဋ္ဌိ သာသနာဖျက် ကျေးကုလားတွေကို တိုက်ခိုက်နှိပ်နှင်း၍ ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ တိုးတက်ရေးများ ဆောင်ရွက်ပေးခဲ့ပါသေးသည်။

အနှစ်ပေါင်း ၂၅၂၄ နှစ်အတွင်းမှာ ဗုဒ္ဓသာသနာ သန့်ရှင်းတည်တံ့ တိုးတက်ရေးသည် ယခုအကြိမ်ပါဆိုလျှင် ပေါင်း ၃-ကြိမ် ရှိခဲ့ပြီ၊ ကျောက်တိုင်ကြီးသဖွယ် ခန့်ထည်ခဲ့လေပြီ၊ အဘယ်သူမျှ မေတ္တာမဝင် ဂုဏ်မတင်ပဲ ရှိနိုင်ပါတော့အံ့နည်း။

---

သာသနာတော်ကွယ်ခြင်း အကြောင်းငါးပါး

သာသနာတော်ကွယ်ခြင်း အကြောင်းသည် ငါးပါးရှိ၏၊ ယင်း ငါးပါးကို ဗုဒ္ဓသာသနာဝင်တိုင်း အမြဲသတိပြု ထိန်းသိမ်းသွားရမည်။ အကျဉ်းချုပ်၍ အစဉ်အတိုင်းပြပါအံ့-

(၁) ပရိယတ္တိသာသနာဟူသော စာပေကျမ်းဂန်များ ကွယ်ခြင်း၊

(၂) ပဋိပတ္တိသာသနာဟူသော (ထိုစာပေကျမ်းဂန်လာ) အကျင့်မြတ်တွေ ကွယ်ခြင်း၊

(၃) ပဋိဝေဓသာသနာဟူသော မဂ်ဉာဏ် ဖိုဉာဏ်တွေ ကွယ်ခြင်း၊

(၄) လိင်္ဂသာသနာဟူသော ရဟန်းကောင်းများ၏ တင့်တယ်သော သပိတ်၊ သင်္ကန်း အဝတ်အရုံ အသွင်အပြင် အမူအရာတွေ ကွယ်ခြင်း၊

(၅) ဓာတုသာသနာဟူသော ဘုရားရှင်၏ ကိုယ်တော်အစိတ် ဓာတ်တော် မွေတော်တွေ ကွယ်ခြင်း၊

အနည်းငယ် ရှင်းပြပေအံ့-

(၁) ပရိယတ္တိသာသနာဟူသော စာပေကျမ်းဂန်သည်သာ ဘုရားသာသနာတည်ခြင်း အဓိက အကြောင်းရင်းဖြစ်၏၊ မှန်၏၊ ပရိယတ္တိ ပညာရှိသောပုဂ္ဂိုလ်သည် ပဋိပတ္တိ, ပဋိဝေဓ နှစ်ပါးကို အလွယ်ဖြင့် ဖြည့်ကျင့်နိုင်၏၊ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက်ပြီး အာဠာရ ရသေ့ထံဝင်၍ အဘိညာဉ်ငါးပါး, သမာပတ် ခုနစ်ပါးကို ကြားနာပြီး တခဏချင်းပင် ပြီးမြောက်စေ၏၊ နေဝသညာနာသညာယတနသမာပတ်၌ စီးဖြန်းနည်းကို ယင်းအာဠာရ ရသေ့အား မေးသော် မပြောနိုင်၍ ဥဒက ရသေ့ထံ ဝင်မေးလျက် ပြောပြီးခြင်းခဏ၌ပင် ပြီးမြောက်စေ၏၊ ထို့ကြောင့် ပရိယတ္တိပညာရှိသောပုဂ္ဂိုလ်သည် ပဋိပတ္တိ, ပဋိဝေဓ နှစ်ပါးကို ဖြည့်ကျင့်နိုင်၏ဟု မိန့်ခဲ့၏၊

(၂) ပရိယတ္တိတည်မှ သာသနာသုံးရပ်လုံး တည်၏၊ ပရိယတ္တိမတည်သော် သာသနာသုံးရပ်လုံး မတည်တော့ပေ၊ နောင် ကာလအကြာ ကလိယုဂ်မင်းတို့၏ လက်ထက်၌-

(က) လူတို့တရားမစောင့်ကုန်လျှင် မိုးလေဝသမမှန်၊

(ခ) မိုးလေဝသမမှန်လျှင် ပစ္စည်းလေးပါးရှားပါး၊

(ဂ) ပစ္စည်းလေးပါးရှားပါးလျှင် ပရိယတ်တွေယုတ်လျော့၊

(ဃ) ပရိယတ်တွေယုတ်လျော့လျှင် ပဋိပတ္တိ ပဋိဝေဓတို့လည်း ယုတ်လျှော့ပြီ။

တဖြည်းဖြည်း 'ပရိယတ်၊ ပရိပတ်၊ ပဋိဝေဓ' သုံးပါးလုံး လုံးပါး ပါးနိုင်ပါသည်။ ငါတို့ မြန်မာနိုင်ငံကား များစွာအားရဖွယ်ကောင်း၏၊ လောကအလယ် ဂုဏ်ယူဖွယ်ကောင်း၏၊

လိင်္ဂသာသနာကွယ်ပုံ

သာသနာတော်နောက်ပိုင်း၌ ကာလရှည်လျားသဖြင့် သပိတ်ကိုင်ပုံ, သင်္ကန်းရန်းပုံ, စားသောက်သုံးစွဲပုံ, ကြည့်ပုံ, ရှုပုံမှစ၍ အပြုအမူ အနေအထိုင်တွေ ကြည်ညိုဖွယ်အသွင် (လိင်္ဂ)တွေ ကွယ်ပျောက်လာမည်။ တက္ကတွန်းများ, အရည်းကြီးများ, ပရိဗိုဇ်များကဲ့သို့ ဖြစ်လာတတ်သည်။ သင်္ကန်းအရောင်အဆင်းမှာလည်း ကုလားအုတ်များ၏ ကျောက်ကုန်းအဆင်းကဲ့သို့ ဆိုးရည်မပြည့် ဖြစ်လာသည်။ နောင်ကာလ ကြာသော် အရောင်မရှိတော့သော သင်္ကန်းခေါ် ပိတ်စကလေးမျှ လည်၌ပတ်ခြင်း, လက်၌ချည်ခြင်းတို့ဖြင့်သာ သွားလာကြမည်။

ထိုအချိန်အထိကား လိင်္ဂသာသနာ ရှိသေး၊ သာသနာမကွယ်သေးဟု ဆိုလို၏၊ ထို့ကြောင့် ထိုအခါ၌ သံဃာတော်ကိုရည်စူး၍ အလှူပေးသော သံဃဒါနအကျိုး အတိုင်းမသိ ရနိုင်သေး၏၊ ထို့ကြောင့် ဒက္ခိဏဝိဘင်္ဂသုတ်တော်၌-

ဘဝိဿန္တိ ခေါပနာနန္ဒ- စသည်ဖြင့် ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့၏၊ ယင်းပါဠိတော်၏ အဓိပ္ပါယ်အချုပ်မှာ-

ချစ်သားအာနန္ဒာ နောင်လာလတံ့သော ကာလ၌ ရဟန်း၏အနွယ်၌ ဖြစ်ကုန်သော, သင်္ကန်း သပိတ် လည်ရောက်ကာမျှဖြစ်ကုန်သော, သီလမရှိကုန်သော, ယုတ်မာသော အကျင့်ရှိကုန်သော ရှင်ယောင်တို့သည် စင်စစ် ဖြစ်ကုန်ပေလိမ့်မည်။

သီလမရှိကုန်သော ထိုရှင်ယောင်တို့၌ သံဃာတော်ကိုရည်မှတ်၍ အလှူဒါနကို ပေးလှူကုန်လတံ့၊ ချစ်သားအာနန္ဒာ ထိုအခါ၌လည်း သံဃာကိုရည်မှတ်၍ ဖြစ်သောအလှူကို မရေမတွက်နိုင်သော အကျိုးရှိ၏, အတိုင်းမသိသော အကျိုးရှိ၏ဟု ငါဘုရား ဟောတော်မူခဲ့၏၊

ထို့နောင် ကာလကြာသော် သင်္ကန်းစ လည်ရောက်ခြင်း, လက်ပတ်ခြင်းမျှပင် မရှိတော့၊ ထိုအခါမှ လိင်္ဂသာသနာ ကွယ်သည်မည်၏၊

ဓာတုသာသနာကွယ်ပုံ

(၁) မဟာဓေဓိပလ္လင်၌ တထောင့်ငါးရာ ကိလေသာကို ပယ်ခြင်းသည် ကိလေသပရိနိဗ္ဗာန်မည်၏၊

(၂) ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းတော၌ ငါးဝသော ခန္ဓာတော်ကို စွန့်ပစ်ခြင်းသည် ခန္ဓပရိနိဗ္ဗာန်မည်၏၊

(၃) ဓာတ်တော် မွေတော်တို့ တေဇောဓာတ်ဖြင့် အကုန်အစင်လောင်ခြင်းသည် ဓာတုပရိနိဗ္ဗာန်မည်၏၊

မှတ်ချက်။။ယင်းပရိနိဗ္ဗာန်သုံးမျိုးတွင် ဓာတုပရိနိဗ္ဗာန်သည် နောင်အခါဖြစ်လတံ့၊ ဓာတ်တော်တို့သည် မြတ်စွာဘုရား၏ အဓိဋ္ဌာန်တော်အရ ပူဇော်သက္ကာရ မရရာအရပ်မှ ရရာအရပ်သို့ ပြောင်းရွေ့၍ အပူဇော်ခံကြကုန်လတံ့၊ ထို့ကြောင့် လူ့ပြည်, နတ်ပြည်, နဂါးပြည်, ဂဠုန်ပြည်တို့၌ရှိသော ဓာတ်တော်များပါ မကျန် အားလုံးသော ဓာတ်တော်တို့သည် သာသနာ ဆုတ်ယုတ်လာသောအခါ-

(၁) သီဟိုဠ်ကျွန်းရှိ မဟာ စေတီတော်ကြီး၌သာ တပေါင်းတည်း စုကုန်လိမ့်မည်။

(၂) ထို့နောင် ထိုမှ ပြောင်းရွေ့၍ နာဂဒီပကျွန်းရှိ လင်းလွန်းပင် စေတီတော်၌သာ တပေါင်းတည်း စုကုန်လိမ့်မည်။

(၃) ထို့နောင် ထိုမှ ပြောင်းရွေ့၍ ပွင့်တော်မူရာ မဟာဗောဓိမဏ္ဍိုင်၌ တပေါင်းတည်း စုကုန်လိမ့်မည်။

(၄) ထို မဟာဗောဓိမဏ္ဍိုင်၌ နိမ္မိတဗုဒ္ဓရုပ်ပွားတော်ဖြစ်၍ ရောင်ခြည်တော် ခြောက်ပါးဖြင့် ပျံ့သန်းကွန်မြူးလျက် အထူး အကြည်ညိုခံကာ နောက်ဆုံး၌ ယင်း ရုပ်ပွားတော်မှ မီးအလျှံများထွက်လျက် ဓာတ်တော်များ အကြွင်းမရှိ လောင်ကျွမ်း ကုန်လိမ့်မည်။

ထိုအခါ ဓာတုသာသနာကွယ်ပြီ၊ ဤကား သာသနာကွယ်သော အချိန်ပါတည်း။

---

ကျောက်သင်္ဘောဝါဒဝိဝါဒါဓိကရဏဓမ္မအဓမ္မပရိပုဏ္ဏဝိနိစ္ဆယ

မဟာ နိဒါနကထာ နိဂမ ၃-ဂါထာ

ဓမ္မဝါဒကိုသာ လေးစားလက်ခံရခြင်း အကြောင်း

ယေစ အတီတာ သမ္ဗုဒ္ဓါ၊ ယေ စ ဗုဒ္ဓါ အနာဂတာ။
ယော စေတရဟိ သမ္ဗုဒ္ဓေါ၊ ဗဟူနံ သောကနာသနော။
သဗ္ဗေ သဒ္ဓမ္မဂရုနော၊ ဝိဟံသု ဝိဟရန္တိ စ။
တထာပိ ဝိဟရိဿန္တိ၊ ဧသာ ဗုဒ္ဓါန ဓမ္မတာ။
တသ္မာ ဟိ အတ္ထကာမေန၊ မဟတ္တမဘိကင်္ခတာ။
သဒ္ဓမ္မော ဂရု ကာတဗ္ဗော၊ သရံ ဗုဒ္ဓါနသာသနံ။

အတီတာ၊ ပရိနိဗ္ဗာန် ဝင်စံတော် မူသွားကြကုန်သော။ ယေ သမ္ဗုဒ္ဓါ စ၊ အကြင် မြတ်စွာဘုရားတို့သည်၎င်း။ အနာဂတာ၊ ပါရမီတော်မရင့် ပွင့်ခြင်းသို့ မရောက်ကြကုန်သေးသော။ ယေ ဗုဒ္ဓါ စ၊ အကြင် မြတ်စွာဘုရားတို့သည်၎င်း။ ဧတရဟိ၊ ပစ္စုပ္ပန်ဟု သိမှုပြုရာ ဤအခါ၌။ ဗဟူနံ၊ များလှဖုံဖုံ အစုံများစွာ သတ္တဝါတို့၏၊ သောကနာသနော၊ အပူသောကဟူသမျှကို ဓမ္မရေအေး အမြိုက်ဆေးဖြင့် ငြိမ်းအေး ပျောက်ကင်းစေတော်မူထသော။ ယော ဗုဒ္ဓါ စ၊ အကြင် မြတ်စွာဘုရားသည်၎င်း။ သန္တိ၊ ရှိတော်မူကြကုန်၏၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဧတေ၊ ဤသို့များဖြင့် ဘုရားရှင်တို့သည်။ သဒ္ဓမ္မဂရုနော၊ သူတော်ကောင်းတို့ ဟောဖော်ညွှန်ပြ မြတ် 'ဓမ္မ' ကို ပြသဂရု အလေးပြုခြင်း ရှိကြကုန်သည် ဖြစ်၏၊ ဝိဟံသု၊ နေလည်း နေတော်မူသွားကြကုန်ပြီ။ ဝိဟရန္တိ စ၊ နေလည်း နေတော်မူကြကုန်၏၊ ဝိဟရိဿန္တိ စ၊ နေလည်း နေတော်မူကြကုန်လတံ့။ ဧသော၊ ဤသို့ မယွင်း ဓမ္မကိုသာ အလေးပြု၍ နေတော်မူကြခြင်းသည်။ ဗုဒ္ဓါနံ၊ များလှကုန်စင် ဘုရားရှင်တို့၏၊ ဓမ္မတာ၊ ပဝေဏီ စဉ်လာ ထုံးစံတို့သာပါတည်း။

တသ္မာ ဟိ = တသ္မာ ဧဝ၊ ထို့ကြောင့်သာလျှင်။ အတ္ထကာမေန၊ လောကီ လောကုတ် မယုတ်တိုးပွား အကျိုးများခြင်းကို အလိုရှိသော။ မဟတ္တမဘိကင်္ခတာ၊ အရိယာ စင်စစ် မြတ်သောအဖြစ်ကို တောင့်တခြင်းရှိသော။ သတာ၊ မဂ်ဖိုလ်နိဗ္ဗာန် စိတ်သန်လိုအား သူတော်ကောင်းအများသည်။ ဗုဒ္ဓါနံ၊ များလှကုန်စင် ဘုရားရှင်တို့၏၊ သာသနံ၊ အဆုံးအမ ဓမ္မဝါဒတော်ကို။ သရံ သရန္တေန၊ အမြဲမပြတ် သတိချပ်လျက် သိမှတ်ခဲ့လေခြင်းကြောင့်။ သဒ္ဓမ္မော၊ ဘုရားပစ္စေကဗုဒ္ဓါ အရိယာတို့ ဟောလာညွှန်ပြ 'ဓမ္မ' သတ်မှတ် ဝါဒမြတ်ကိုသာလျှင်။ သူရော၊ တာဝန်သိသိ သတ္တိရှိလျက်။ ဂရု၊ လက်ခံ လေးစား ကျေနပ်ခြင်းများကို။ ကာတဗ္ဗော၊ အမြဲမသွေ ပြုအပ်ပေတော့သည်သာတည်း။ (သဂါထာဝဂ္ဂ သံယုတ္တပါဠိ-၁၄၂)

မဟတ္တဘိကင်္ခတာတိ မဟန္တဘာဝံ ပတ္ထယမာနေန။
သရံ ဗုဒ္ဓါနသာသနန္တိ ဗုဒ္ဓါနံ သာသနံ သရန္တေန။ (သဂါထာဝဂ္ဂ သံယုတ္တပါဠိ-၁၈၇)

သရန္တိ ကရဏေ ဧတံ ပစ္စတ္တဝစနန္တိ အာဟ သရန္တေနာတိ။
သရန္တိ ဝါ သရဏဟေတူတိ အတ္ထော။ (သဂါထာဝဂ္ဂ သံယုတ္တပါဠိ-၂၃၉)

နိဋ္ဌိတာ'ယ'မေတ္ထ
ကျောက်သင်္ဘောဝါဒဝိဝါဒါဓိကရဏပရိပုဏ္ဏဝိနိစ္ဆယ
မဟာနိဒါနကထာ

---

ပဏာမနှင့် ပဋိညာဉ်

ပဏမာမျာ-ဘိသမ္ဗုဒ္ဓံ၊ ကျောက်သင်္ဘောဝါဒ-နိစ္ဆယံ။
ရစယိဿံ သမာသေန၊ ဓမ္မ-ဝိနယ-သံယုတံ။

မယံ၊ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)တွင် ပါဝင်ကြကုန်သော ခုနစ်ပါးမျှသော ဘုရားတပည့်တော်တို့သည်။ အဘိသမ္ဗုဒ္ဓံ၊ သိဉာဏ်ဖွံ့ဖြိုး နတ်လူမျိုးကို လွှမ်းမိုးပိုင်ပိုင် ကိုယ်တော်တိုင်သာ လေးဆိုင်လေးတန် တရားမှန်ကို မကျန်ကုန်စင် အတွင်းဝင်အောင် သိမြင်တော်မူပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။ ပဏမာမိ, ပဏမာမ၊ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးလိုက်ကြပါကုန်၏ မြတ်စွာဘုရား။

ပဏမိတွာ၊ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုးကာ ရှိခိုးလိုက်ကြ ကုန်ပြီး၍။ ဓမ္မဝိနယသံယုတံ၊ သံဂါယနာ ကြိမ်ခြောက်ခါတိုင် တင်လာပေဘိ မြတ်မုနိ၏ သုတ်ဘိဓမ္မာ ဝိနယာဟု သုံးဖြာပိဋကတ် ညှိတိုင်းအောင် ညီညွတ်လှပေသော။ ကျောက်သင်္ဘောဝါဒနိစ္ဆယံ၊ မြန်မာပြည်တကြော ရှင်လူမောအောင် အတောမသတ် ငြင်းခုံလတ်၍ ဖွဲ့မြတ်သံဃာ တိုင်တန်းလာပြီး သုံးဖြာစောဒက စောဒနာကြသည့် 'စိတ် စိတ်အတိုင်းတိုင်းထား, လုပ်သမျှ ဒုက္ခ, မလုပ်ပဲနေမှ နိဗ္ဗာန်ရ' အစရှိသော ကျောက်သင်္ဘောဝါဒ အဆုံးအဖြတ်ကို။ ဝါ။ မြန်ပြည်တကြော ရှင်လူမောအောင် အတောမသတ် ငြင်းခုံလတ်၍ ဖွဲ့မြတ်သံဃာ တိုင်တန်းလာပြီး သုံးဖြာစောဒက စောဒနာကြသည့် 'စိတ် စိတ်အတိုင်းတိုင်းထား, လုပ်သမျှ ဒုက္ခ, မလုပ်ပဲနေမှ နိဗ္ဗာန်ရ' အစရှိသော ကျောက်သင်္ဘောဝါဒနှင့် စပ်လျဉ်းသည့် မှားသည် မှန်သည် ယင်းနှစ်လီကို တည်ကြည်စစ်ဆေး အဆုံးအဖြတ်ပေးသော စာကို။ သမာသေန၊ အပိုမသွင်း အလိုကင်း၍ လိုရင်းထုတ်လုပ် အကျဉ်းချုပ်အားဖြင့်သာလျှင်။ ရစယိဿံ, ရစယိဿာမှေ၊ ပြည်ခွင်အလုံး ကြည်ရွှင်ပြုံးအောင် စီကုံးလိုက်ကြပါကုန်တော့အံ့သတည်း။

---

ကျောက်သင်္ဘောဝါဒဝိနိစ္ဆယ သန္တိကေနိဒါန်း

ကျောက်သင်္ဘောဝါဒ ပေါ်လာခြင်း

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်ခန့်က ကျောက်ဆည်မြို့ ရွှေသာလျောင်း တောင်လပ်ကျောင်း၌ ဦးကေသဝ အမည်ရှိသော ရဟန်းတပါး သီတင်းသုံးနေထိုင်၏၊ ထိုဦးကေသဝ သီတင်းသုံးနေထိုင်ရာကျောင်းနှင့် မဝေးလှသော ဝေဘူချောင်၌ နောင်တွင် ဝေဘူဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာမည့် ရဟန်းတော်ဦးကုမာရလည်း သီတင်းသုံးနေထိုင်ခဲ့လေသည်။

ဝေဘူဆရာတော်သည် ဝိပဿနာကမ္မဋ္ဌာန်းကို မိမိကိုယ်တိုင် နှစ်ရှည်လများ ကြိုးကြိုးစားစား အားထုတ်တော်မူခဲ့၍ အရှိန်ရလာတော်မူသောအခါ တပည့်ဒါယကာ ဒါယိကာမများအားလည်း တရားဟောကြားတော်မူ၏၊ ဝေဘူဆရာတော် အထူးပြု၍ ဟောကြား တိုက်တွန်းသော အချက်တရပ်မှာ 'သမ္မာဝါယာမမဂ္ဂင်' ထူထောင်ရေးပင် ဖြစ်၏၊ မည်သည့်တရားကို ဟောသည်ဖြစ်စေ 'အားထုတ်ကြဗျာ' ဟု တရားအားထုတ်ရန်ကိုသာ အထူးတလည် တိုက်တွန်းတော်မူလေ့ရှိ၏၊ ဝေဘူဆရာတော်ဘုရားကြီး တစတစ ဘုန်းတန်ခိုးကြီးမား၍ ကျော်ကြားတော်မူလာသည်။

ထိုဝေဘူဆရာတော်နှင့် ချောင်နီးနားချင်း နေထိုင်သော ဦးကေသဝသည်ကား 'တရားအားမထုတ်ရ၊ နိဗ္ဗာန်ရဖို့ တရားအားထုတ်ရန်မလို၊ စိတ် စိတ်အတိုင်းတိုင်းထား' စသည်ဖြင့် တွင်တွင်ဟောကြားလာ၏၊

သို့ဖြစ်သောကြောင့် တရားအားထုတ်ကြရန် အဓိကထား၍ ဟောကြားနေသော ဝေဘူဆရာတော်နှင့် တရားအားမထုတ်ရန် ဟောကြားလာသော နောက်ကျောက်သင်္ဘော ဆရာတော်ဖြစ်လာမည့် ဦးကေသဝတို့သည် 'အညမညဿ ဥဇုဝိပစ္စနီကဝါဒါ' အချင်းချင်း ဖြောင့်ဖြောင့် ဆန့်ကျင်သောဝါဒ ရှိခဲ့ကြလေကုန်၏၊

ကာလအတန်ကြာသော် ဝေဘူဆရာတော်သည် ကောင်းသောကျော်စောမှုကြီးကို ရလာ၏၊ ကျောက်သင်္ဘော ဆရာတော်သည်ကား ကျောက်သင်္ဘောတရား ရောက်လေရာ၌ ဓမ္မ၊ အဓမ္မ အငြင်းပွားမှု ဝိဝါဒါဓိကရုဏ်းကြီးများ ဖြစ်ပေါ်လာပြီး တမျိုးသော ကျော်စောမှုကို ရရှိလာ၏၊

ပဉ္စမသံဂါယနာတင် ဘဝရှင်မင်းတရားကြီး လက်ထက်တော်ကာလက သာသနာ့ရန်သူ ဓာတ်ဆရာ ဆရာပိုဆိုသူကို နှိမ်နင်းတော်မူခဲ့ပြီးနောက် ငြိမ်းအေး ချမ်းမြေ့လာသော ဗုဒ္ဓဘာသာ သာသနာတော်မြတ်သည် ကျောက်သင်္ဘောဆရာတော် ဦးကေသဝ ပေါ်လာသောအခါ လှိုင်းလေဆန်သော မဟာသမုဒြာကဲ့သို့ လှုပ်ချောက်သွားခဲ့လေ၏၊

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး

သာသနာနှစ် ၂၅၂၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၄၂-ခုနှစ်၊ နယုန်မာသ သမယတွင်ကား မြန်မာနိုင်ငံတော် အစိုးရမင်း၏ ပန်ကြားလျှောက်ထားမှုကြောင့် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး အတွင်း၌ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် တထောင်နှစ်ရာ တဆယ့်ရှစ်ပါး တက်ရောက်သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပနိုင်ခဲ့ကြ၏၊ ထိုသံဃာ့အစည်းအဝေးကြီးက မြန်မာနိုင်ငံ ဗုဒ္ဓသာသနာတော် တရပ်လုံး၏ အရေးကိစ္စဟူသမျှကို စေ့ငှအောင် စိစစ်သုံးသပ်တော်မူကြလျက် ဗုဒ္ဓဘာသာ သာသနာတော်မြတ်ကြီး သန့်ရှင်း တည်တံ့ ပြန့်ပွား-ရာကို ရှေ့ရှု၍ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း တညီတညွတ်တည်း ရေးဆွဲပြဋ္ဌာန်း အတည်ပြုခဲ့ကြကုန်သည်။ နိုင်ငံတော်အစိုးရ ပြည်သူ့လွှတ်တော်ကလည်း ထိုသံဃာ့အစည်းအဝေးကြီးက ပြဋ္ဌာန်းခဲ့သော ဝိနည်းဓမ္မကံ လုပ်ထုံး လုပ်နည်းများကို အခြေခံလျက် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေတရပ်ကိုလည်း အတည်ပြု ပြဋ္ဌာန်းခဲ့ကြလေသည်။

ဤသို့လျှင် ဂိုဏ်းပေါင်းစုံ သံဃာတော်များက ပြဋ္ဌာန်းလိုက်သော သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအရ မြန်မာ့သာသနာ့သမိုင်းတွင် တကြိမ်တခါမျှ မပေါ်ပေါက်ခဲ့ဘူးသေးသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီး ထီးထီးမားမား ပေါ်ပေါက်လာခဲ့၏၊ ဤနိုင်ငံတော် သံဃမဟာနာယက အဖွဲ့သည် နိုင်ငံတော်အတွင်း၌ ဖြစ်ပေါ်နေသော သာသနာ့ အဓိကရုဏ်းကြီးများကို ပြေငြိမ်း ချမ်းမြေ့ကြစေရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ နေ့စဉ်ဆောင်ရွက်တော်မူလျက် ရှိလေသည်။

သီးခြားဝိနည်းဓိုရ်အဖွဲ့များ ဖွဲ့စည်းခြင်း

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သည် နိုင်ငံတော်အတွင်းရှိ ဗုဒ္ဓဘာသာ ရဟန်းရှင်လူ ပြည်သူတို့၏ တိုင်ကြားလျှောက်ထားချက်များအရ၊ နိုင်ငံတော်အတွင်း၌ ပေါ်ပေါက်နေသော အဓမ္မဝါဒတို့ကို စိစစ်နိုင်ရန် အလို့ငှာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များသာ ပါဝင်သော နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့(၇)ဖွဲ့တို့ကို ၁၃၁၂-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၃-ရက်(၂၀-၁၁-၈၀)နေ့က ကျင်းပသော နိုင်ငံတော်သံဃမဟာနာယက ၃၃-ပါး စုံညီအစည်းအဝေးက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်းပေးတော်မူခဲ့၏၊

ထိုသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဖွဲ့စည်းပေးထားသော နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ (၇)ဖွဲ့အနက် ယခု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁)အား ကျောက်သင်္ဘောဝါဒကို စိစစ်ဆုံးဖြတ်ပေးရန် ခန့်ထားတာဝန် ပေးအပ်ခဲ့လေသည်။ ဤသို့လျှင် နိုင်ငံတော်တဝန်းလုံးရှိ တသိန်းကျော်မျှသော ရဟန်းသံဃာတော်တို့၏ကိုယ်စား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မိမိတို့အား ကြီးလေးသော တာဝန်တရပ်ကို ပေးအပ်ခဲ့သည်ဖြစ်ရာ ယခု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)တွင် ပါဝင်သော ဝိနည်းဓိုရ် ဆရာတော်ကြီးများသည် ဓမ္မဝိနယနှင့်အညီ စိစစ်သုံးသပ် ဆုံးဖြတ်နိုင်ရန်အတွက် အဖက်ဖက်က ပြင်ဆင် စီစဉ်ခဲ့ကြလေသည်။

ဤကျောက်သင်္ဘောဝါဒ ဝိဝါဒါဓိကရုဏ်းမှုကို စစ်ဆေးရာတွင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက အတည်ပြု ပြဋ္ဌာန်းပေးထားသော ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများနှင့်လည်း ညီစေ၊ မြတ်စွာဘုရား၏ တရားတော်များနှင့်လည်း လျော်စေရန်အတွက် ဝီမံသာဓိပတိ လက်ကိုင်ရှိကြကုန်လျက် ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း (၁၀)ရက် (၁၅-၁-၈၁)နေ့မှ စတင်ပြီး ကျောက်သင်္ဘော ဝါဒဆိုင်ရာ စာအုပ်စာတမ်းနှင့် တိတ်ခွေဟူသော သက်သေခံပစ္စည်းများကို အခြေပြုလျက် စောဒက စုဒိတကတို့၏ တင်လွှာ၊ ချေလွှာတို့ကို ကောင်းစွာ ကြားနာခဲ့ကြပြီးဖြစ်သည်။

ယခုအခါမူ ထိုကျောက်သင်္ဘောဝါဒကို ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ၊ သုတ္တ၊ သုတ္တာနုလောမ၊ အာစရိယဝါဒအတ္တနောမတိဟူသော ဤအချက်ကြီးလေးပါးတို့တွင် အတ္တနောမတိကို ချန်လှပ်၍ လေးနက်ရာသို့လိုက်ကာ ထောက်ညှိ သုံးသပ်ကြပေကုန်တော့အံ့။

ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယကထာ၌ နောင်လာနောက်သားတို့ ဝိနိစ္ဆယဆိုင်ရာ ပညာဗဟုသုတ တိုးပွားစေရန် ရည်သန်၍ ဝိနိစ္ဆယမဟာနိဒါန်းကို သွယ်ပြီးမှ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စောဒက၊ စုဒိတကတို့၏ တင်လွှာ-ချေလွှာတို့အပေါ် ဝိနည်းဓိုရ်ဆရာတော်ကြီးများက ပေါင်းရုံးသုံးသပ်ချက် (ကောက်ချက်)ချမှတ်ခြင်း၊ အဓိကရုဏ်း ဖြစ်ရာ အချက်အလက်များကို ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကန္ထန္တရ အဝဝတို့နှင့် ညှိနှိုင်းလျက် အသေးစိတ် စိစစ်သုံးသပ်ခြင်းများ ပြုတော်မူကြခြင်း၊ ထို့နောက် ဝိနိစ္ဆယ ချမှတ်တော်မူကြခြင်း ဟူသော အင်္ဂါလက္ခဏာများနှင့် ညီညွတ်စွာ ရေးသားဆုံးဖြတ် ချမှတ်ကြ ပေကုန်အံ့သတည်း။

ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ဒုက္ခပဋိပဒါလမ်းဟု

စွပ်စွဲသော ကျောက်သင်္ဘောဝါဒနှင့် စပ်လျဉ်းသည့် စောဒနာ

သောဓနာနှစ်ရပ်ကို ဝိနည်းဓိုရ်ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်

စောဒကဆရာတော်များက-

(အ) အဲဒါ ဘာမှလုပ်ရမှာ မဟုတ်ဘူး၊ ဒီသဘော သိရုံသာသိပါလို့ ပြောတာ၊ ဘုရားဟောဆိုတာ ဒါပြောတာ၊ ဟိုလို လုပ်ပါဦး၊ ဒီလို လုပ်ပါဦးလို့ ပြောတာမဟုတ်ဘူး၊ ယခုပြောတာ သုခပဋိပဒါလမ်း။

ဒီလိုတော့ မကြိုက်သေးဘူးဘုရား၊ ဘုရားတပည့်တော်တို့ တခုခုလုပ်ရဦးမှ ကျေနပ်မယ်လို့ဆိုရင်လဲ

ဒုက္ခပဋိပဒါလိုင်းတော့ ရှိတယ်။ ယောဂီတို့ ဒုက္ခဖြစ်အောင် ပြောခဲ့မယ်၊ ဟောခဲ့မယ်၊ နက်ဖန်ခါ လာတောင်းလှဲ့ကြ။ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုပြီး နည်းပေါင်းများစွာရှိတယ်။ အဲဒါ ဒုက္ခပဋိပဒါလမ်းပဲ။

ဒီလို လွယ်လွယ်ကူကူနဲ့တော့ ဘုရားတပည့်တော်တို့ ယုံလဲမယုံ၊ ယူလဲမယူနိုင် ဖြစ်လဲ မဖြစ်နိုင်ဘူး၊ လုပ်ရမှာလို့၊ လုပ်ချင်သေးတာပဲရယ်လို့ ဆိုလို့ရှိရင် မနက်ဖန် လာသာလာခဲ့ကြ၊ ခင်ဗျားတို့ ဆင်းရဲအောင်တော့ ခိုင်းထားခဲ့မယ်ဟူသော (ထေရုပ္ပတ္တိနှင့်တရားတော်များ စာအုပ် စာမျက်နှာ-၃၁၇)၌ ပါရှိသော မူလကျောက်သင်္ဘောဆရာတော် ဦးကေသဝ၏ ဟောကြားချက်ကို ထုတ်ပြ၍ စောဒနာထားပါသည်။ စောဒနာရာတွင်-

(၅) အထက်ပါ ကောက်နုတ်ချက် အပိုဒ် (၃)(အ) အမှတ်တွင် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တို့ကို ဒုက္ခပဋိပဒါလမ်းစဉ် ဟူ၍ ကျောက်သင်္ဘောဆရာတော် ဦးကေသဝကိုယ်တိုင်က စွပ်စွဲဟောကြားထားသည်ကို တွေ့ကြရပါသည်။

သို့ဖြစ်၍ ကျောက်သင်္ဘောဝါဒကို ဗုဒ္ဓပိဋကတ်တော်များနှင့် ညီညွတ်သလော၊ မညီညွတ်သလော ဟူ၍ အထူးချင့်ချိန်ရန်ပင် မလိုပါ။ ပိဋကတ်တော်တခုလုံးကို မဟုတ် မတရား စွပ်စွဲပြောကြားထားသော အထက်ပါ စကားအရသည်ပင်လျှင် ကျောက်သင်္ဘော ဝါဒသည် ပိဋကတ်တော်များနှင့် ညီညွတ်အောင် လုပ်မည့် ဝါဒမဟုတ်ကြောင်း ပေါ်လွင်ပြီး ဖြစ်ပါသည်။

ကျောက်သင်္ဘောဆရာတော်၏ နောက်လိုက်များသည်လည်း ထိုနည်းအတူပင် ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်တို့ကို မိမိတို့ဝါဒအတွက် အသုံးချပစ္စည်း တမျိုးအနေဖြင့်သာ အသုံးချထားကြောင်း တွေ့ရပါသည်ဘုရားဟူ၍ စွဲဆိုတင်သွင်းထားသည်ကို တွေ့မြင်ရသည်။

ယင်းစွဲဆိုချက်ကို စုဒိတက ဆရာတော်(ကျောက်သင်္ဘောဝါဒီ)များက-

ဗုဒ္ဓမြတ်စွာ၏ တပည့်သာဝက ဖြစ်တော်မူသော ကျောက်သင်္ဘော ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓမြတ်စွာ၏ ရွှေနှုတ်တော်ထွက် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို အမှန်တကယ် ပုတ်ခတ်လိုသော မနောဆိုးဖြင့် ဟောကြားခဲ့သည် မဟုတ်ပါ။

တစုံတခုသော သဘောအဓိပ္ပါယ်ကို ဟောပြောရန် ရည်ရွယ်ရင်းက ချွတ်ချော် တိမ်းပါးသွားဟန် ရှိပါသည်။

ဤသို့ဖြစ်နိုင်သော်လည်း စကားကျသက်သက်ဖြင့် ကြည့်ပါသော် ဤစကားများမှာ ဓမ္မက္ခန္ဓာများအပေါ် ပုတ်ခတ်ရာရောက်နေသဖြင့် နောက်ထပ်ရိုက်နှိပ်ရန် တည်းဖြတ်ထားသော စာမူတွဲ၌ ယင်းစာကြောင်းများကို ဖယ်ထားခဲ့ပါသည်။

ကျောက်သင်္ဘောဆရာတော်ကြီးသည် ဤစကားကို ဤတကြိမ်သာ ဟောကြားဘူးပါသည်။ ဘုရားတပည့်တော်တို့ကား ဤသို့သော စကားမျိုးကို လုံးဝ မဟောကြားဘူးပါဘုရား- ဟူ၍ ချေပ တင်သွင်းထားသည်ကို တွေ့ရသည်။

ဝိနည်းဓိုရ်ဆရာတော်များ၏ သုံးသပ်ချက်

စောဒကဆရာတော်များက-

'ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကို ဒုက္ခပဋိပဒါလမ်းစဉ်' ဟူ၍ ကျောက်သင်္ဘော ဆရာတော် ဦးကေသဝကိုယ်တိုင်က စွပ်စွဲထားသည်ကို တွေ့ရကြောင်း စောဒနာထားသည်ကို-

စုဒိတကဆရာတော် ကျောက်သင်္ဘောဝါဒီများက-

'ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို အမှန်တကယ်ပုတ်ခတ်လိုသော မနောဆိုးဖြင့် ဟောကြားခဲ့သည်မဟုတ်ပါ။ ချွတ်ချော်တိမ်းပါးသွားဟန် ရှိပါသည်' ဟူ၍၎င်း၊

'ကျောက်သင်္ဘောဆရာတော်ကြီးသည် ဤစကားကို ဤတကြိမ်သာ ဟောကြားဖူးပါသည်' ဟူ၍၎င်း၊

နောက်ထပ်ရိုက်နှိပ်ရန် တည်းဖြတ်ထားသော စာမူတွဲ၌ ယင်းစာကြောင်းများကို ပယ်ထားခဲ့ပါသည်- ဟူ၍၎င်း ဝန်ခံထားပါသည်။

စုဒိတက ဆရာတော်များက တင်ပြကြသလို ဒီတနေရာထဲမှာသာ ဒီအမှားမျိုးကို တွေ့မြင်ရပြီး အခြားနေရာများမှာ ဒီအမှားမျိုးကို မတွေ့မြင်ရလျှင်တော့ ဟုတ်ပါ၏၊

သို့ရာတွင် စောဒက ဆရာတော်များဘက်မှ တင်ပြထားသော (ဇ)အမှတ် စောဒနာချက်၌-

'နိဗ္ဗာန် မြင်အောင်က ခင်ဗျားတို့ ဘယ့်နှယ်မှ မလုပ်ရဘူး။ ဘယ့်နှယ်မှ မလုပ်ရလို့ နိဗ္ဗာန်လို့ ပြောတာ'-

ဟူသော မူလ ကျောက်သင်္ဘောဆရာတော်၏ ဟောကွက်ကို တွေ့နေရပြန်သည်။

မူလကျောက်သင်္ဘောဆရာတော်၏ ယင်းဟောကွက်သည်-

နယိဒံ သိထိလဓာရဗ္ဘ၊ နယိဒံ အပ္ပေန ထာမသာ။
နိဗ္ဗာနံ အဓိဂန္တဗ္ဗံ၊ သဗ္ဗဒုက္ခပ္ပမောစနံ။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်(၄၆၆)

ဆင်းရဲဒုက္ခ ဟူသမျှတို့မှ လွတ်မြောက်ရာ ဖြစ်သော ဤနိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို ပေါ့ပေါ့လျော့လျော့ အားထုတ်၍ မရနိုင်၊ မရောက်နိုင်။
ဆင်းရဲဒုက္ခ ဟူသမျှတို့မှ လွတ်မြောက်ရာဖြစ်သော ဤနိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို အနည်းငယ်မျှသော လုံ့လအင်အား စွမ်းပကားဖြင့် မရနိုင်၊ မရောက်နိုင်- (ပြင်းပြင်းထန်ထန် ကြီးကြီးမားမား ကြိုးစားအားထုတ်မှသာ ရနိုင်၊ ရောက်နိုင်မည်ဟု ဆိုလိုသည်။) စသည်ဖြင့် ဟောကြားထားသော ဗုဒ္ဓမြတ်စွာ၏ ပါဠိတော်များကို ပယ်ရှားရာရောက်နေပြန်သည်။

ထို့ပြင် (မ) အမှတ်ပြ စောဒနာချက်၌-

'ဝိပဿနာရှုဆိုတာ ခြေအစ ခေါင်းအဆုံး တကိုယ်လုံး ရုပ်ကြီးပြောတာ မဟုတ်ဘူး၊ သဏ္ဌာန်ဒြပ်နဲ့ အထည်ကောင်ကြီးက စိတ်ရယ်, ဥတုရယ်, အာဟာရရယ်ကြောင့် ဖြစ်နေတာတွေ။ အဲဒါ ရှုရမှာ မဟုတ်ဘူး' ဟူသော ကျောက်သင်္ဘောဆရာတော်၏ ဟောကွက်တခုကို ထပ်မံတွေ့ရပြန်သည်။

ကျောက်သင်္ဘော ဆရာတော်၏ ယင်းဟောကွက်သည်-

ဌာနံ ခေါပနေတံ အာဝုသော ဝိဇ္ဇတိ၊ ယံ သီလဝါ ဘိက္ခု ဣမေ ပဉ္ဇုပါဒါနက္ခန္ဓေ အနိစ္စတော ဒုက္ခတော အနတ္တတော ယောနိသော မနသိ ကရောန္တော သောတာပတ္တိဖလံ သစ္ဆိကရေယျာတိ။
ခန္ဓာဝဂ္ဂသံယုတ်ပါဠိတော်(၁၃၆)

သီလရှိသော ရဟန်းတော်သည် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ် ဟူသော- ဤဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာဖြင့် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်း ရှုမှတ်ပါမူ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသော အကြောင်းမှန်သည် ဧကန်ရှိနေသည်သာ စသည်ဖြင့် ဟောကြားထားသော ဗုဒ္ဓမြတ်စွာ၏ ပါဠိတော်များကိုပင် ပယ်ရှားရာ ရောက်နေပြန်သည်။

သို့ဖြစ်၍ စုဒိတကဆရာတော်များဘက်မှ တင်ပြထားသော 'ဓမ္မက္ခန္ဓာကို အမှန်တကယ် ပုတ်ခတ်လိုသော မနောဆိုးဖြင့် ဟောကြားခဲ့သည်မဟုတ်ပါ။ ချွတ်ချော်တိမ်းပါးသွားဟန် ရှိပါသည်' ဟူသော စကားရပ်များကို ဝိနည်းဓိုရ် ဆရာတော်များက လက်ခံဖို့ရာ ခဲယဉ်းကြပေလိမ့်မည်။

ကျောက်သင်္ဘောဆရာတော်သည် မိမိကိုယ်တိုင် တီထွင်ဖော်ထုတ်ခဲ့သော ဝါဒသစ်ကို လူကြိုက်များအောင် အမွှမ်းတင်လိုသော သဘောမျိုးဖြင့် ဘုရားဟော ပါဠိတော် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကို နှိပ်ချ၍ ဟောကြားလေသလားဟု ယူဆရန် ရှိလာသည်။

အကြောင်းမှာ-

သူ၏ လမ်းစဉ်ကို 'သုခပဋိပဒါလမ်း'ဟု ဟောကြားထားသော စကားရပ်က ထောက်ခံလျက် ရှိနေသောကြောင့် ဖြစ်သည်။

တဖန် စောဒကဆရာတော်များဘက်က-

'ကျောက်သင်္ဘော ဆရာတော်၏ နောက်လိုက်များသည်လည်း ထိုနည်းအတူပင် ပိဋကသုံးပုံ၊ နိကာယ်ငါးရပ်တို့ကို မိမိတို့ ဝါဒအတွက် အသုံးချပစ္စည်း တမျိုးအနေဖြင့်သာ အသုံးချထားကြောင်း တွေ့ရပါသည်ဘုရား'

ဟူ၍ တင်ပြထားသည်ကို စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များဘက်မှ ဖြေရှင်းရာတွင်-

'တပည့်တော်တို့ကား ဤသို့သော စကားမျိုးကို လုံးဝမဟောကြားဘူးပါ' ဟူ၍ ဖြစ်သည်။ (ဓမ္မက္ခန္ဓာကို ပယ်သောစကားမျိုးကို မဟောကြားဘူးပါဟု ဆိုလိုဟန် တူသည်။)

သို့ရာတွင် စောဒကဆရာတော်များဘက်မှ တင်ပြထားသော စောဒနာအမှတ်(ယ)၌-

'ကိလေသာ အားလုံးကို ပင်ကိုက လုံးဝ မရှိဘူးလို့ ဆိုလိုပါတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အစဉ်အမြဲ ကိန်းနေတဲ့ ကိလေသာရယ်လို့ လုံးဝမရှိပါဘူး' ဟူ၍လည်းကောင်း။

တဖန် (ဘ)အမှတ်ပြ စောဒနာချက်၌-

'ချုပ်တယ် ချုပ်တယ်ဆိုတဲ့ စကားဟာ ဘာချုပ်တာလဲလို့မေးတော့ ယခင်က ရေးပြခဲ့တဲ့ စိတ်မှောင်လို့ ခေါ်တဲ့ လောဘ, ဒေါသ, မောဟ ဆိုတဲ့ ကိလေသာစိတ်တွေသာ ချုပ်တာ ယောဂီ စိတ်အတိုင်းတိုင်းက ချုပ်တာ မဟုတ်ဘူး' ဟူ၍လည်းကောင်း တွေ့ရှိနေရပြန်ပါသည်။

ထိုတွင် (ယ) အမှတ်ပြ စောဒနာချက်ပါ စကားရပ်သည်-

ယဿ ကာမရာဂါနုသယော အနုသေတိ၊
တဿ ပဋိဃာနုသယော အနုသေတီတိ၊ အာမန္တာ။ အနုသယ ယမိုက်ပါဠိတော်(၇၉)

အကြင်ပုဂ္ဂိုလ်အား၊ ဝါ အကြင်ပုဂ္ဂိုလ်၏ သန္တာန်မှာ ကာမရာဂါနုသယ ကိန်းနေ၏၊ ထိုပုဂ္ဂိုလ်အား။ ဝါ၊ ထိုပုဂ္ဂိုလ်၏ သန္တာန်မှာ ပဋိဃာနုသယလည်း ကိန်းနေသလော။ အိမ်း ဟုတ်၏၊ ကာမရာဂါနုသယ ကိန်းနေသော ပုဂ္ဂိုလ်၏သန္တာန်မှာ ပဋိဃာနုသယလည်း ကိန်းနေသည်- အစရှိသည်ဖြင့် ဟောကြားတော်မူထားသော ဗုဒ္ဓမြတ်စွာ၏ အဘိဓမ္မာ ပိဋကတ်တော်လာ ယမိုက်ဒေသနာတော်ကြီးကို ပယ်ဖျက်ထားသော ကြာပိုင် ဦးဣန္ဒောဘာသ၏ ဟောကွက်ဖြစ်သည်။

(သ)အမှတ်ပြ စောဒနာချက်ပါ စကားရပ်သည်-

အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။ သံယုတ်၊ နိဒါနဝဂ္ဂပါဠိတော်(၃၉၈)

ဖြစ်ခြင်း ပျက်ခြင်းသဘောရှိကုန်သော သင်္ခါရတရားတို့သည် အမြဲ မရှိကြလေကုန်။ ဖြစ်ပေါ်လာပြီးနောက် ချုပ်ပျောက်ကြရကုန်သည်ချည်းသာ-စသည်ဖြင့် ဟောကြားထားသော မြတ်စွာဘုရား၏ သုတ္တန်ပိဋကတ်တော်ကို ဖျက်ဆီးထားသော မန္တလေး ဦးနန္ဒိယ၏ ဟောကွက်ဖြစ်နေပြန်သည်။

သို့ဖြစ်လျှင် တပည့်တော်တို့ကား ဤသို့သော စုဒိတကဆရာတော်(ကျောက်သင်္ဘောဝါဒီ)တို့၏ စကားသည် ယုံကြည်လက်ခံနိုင်လောက်သော စကားမျိုးမဟုတ်ဟု ယူဆရန်ရှိနေသည်။

စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များဘက်မှ-

'နောက်ထပ် ရိုက်နှိပ်ရန် တည်းဖြတ်ထားသော စာမူတွဲ၌ ယင်းစာကြောင်းများကို ပယ်ထားခဲ့ပါသည်'ဟု ဝန်ခံထားရာ ယင်းဝန်ခံချက်ကို သာမန်အားဖြင့် စဉ်းစားမည်ဆိုလျှင် ရိုးသားစွာ ဝန်ခံထားခြင်းဖြစ်သည်။ ဓမ္မက္ခန္ဓာကို ချစ်ခင်မြတ်နိုးသူများ ဖြစ်သည်ဟု ထင်မှတ်စရာ ရှိနေပြန်သည်။

သို့သော် ဓမ္မက္ခန္ဓာကို ချစ်ခင်မြတ်နိုး၍ ရိုးသားစွာ ဝန်ခံမူ အစစ်အမှန်သာ ဖြစ်နေခဲ့လျှင် ပထမအကြိမ် ရိုက်နှိပ်စဉ်က မှားယွင်းပါရှိသွားသော စာပိုဒ်ကို ဒုတိယအကြိမ်, တတိယအကြိမ် ရိုက်နှိပ်သောအခါများ၌ ပယ်ရှားခဲ့ကြရမည်သာ ဖြစ်သည်။ ယခုမူ ပဉ္စမအကြိမ်တိုင်အောင် ငါးကြိမ်တိတိ ရိုက်နှိပ်ပြီးသည်အထိ မပယ်ဖျက်ကြသေးပဲ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)၏ ရှေ့တော်မှောက်သို့ မလွှဲမရှောင်သာ ရောက်လာကာမှ 'ထမင်းရည်ပူလာ လျှာလွှဲ'ဆိုသလို လှီးလွှဲပြုကာ လျှောက်ထားသည့် စကားမျိုးသာ ဖြစ်နေကြောင်း ပဉ္စမအကြိမ်ရိုက် ကျောက်သင်္ဘောဆရာတော်၏ ထေရုပ္ပတ္တိနှင့် တရားတော်များစာအုပ်က သက်သေခံလျက် ရှိနေပေသည်။

သို့ဖြစ်သောကြောင့် 'ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကို ဒုက္ခပဋိပဒါလမ်း'ဟူ၍ ရင့်ရင့်သီးသီး စွပ်စွဲသော မူလကျောက်သင်္ဘောဆရာတော် ဦးကေသဝနှင့်တကွ ယခု စုဒိတကဖြစ်သော ကြာပိုင်ဦးဣန္ဒောဘာသ စသော ကျောက်သင်္ဘောဝါဒီတို့သည် အဘိဓမ္မာဒေသနာကို ဖျက်ဆီးသူများ၊ သုတ္တန်ဒေသနာကို ပယ်ဖျက်သူများ၊ သာသနာတော်၏ရန်သူများဖြစ်ကြောင်း မိမိတို့လုပ်ရပ်ကပင် ပြန်လည်၍ သက်သေပြရာ ရောက်နေပေသည်။

ထို့ပြင် မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံဝင်တော်မူမည်ဟု အာယုသင်္ခါရ လွှတ်တော်မူသောအခါ အရှင်အာနန္ဒာက 'မှန်လှပါ၊ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်ဝင်စံ တော်မူခဲ့သော် ဘုရားတပည့်တော်များမှာ ဘယ်သူ့ကို ကိုးကွယ်ကြရပါမည်လဲဘုရား၊ အဘယ်သူ၏ အဆုံးအမကို နာခံကြရပါမည်လဲဘုရား၊ ဤသတ္တဝါပေါင်း မြောက်မြားစွာတို့သည်လည်း ဘယ်သူ့ကို ကိုးကွယ်မှု ပြုရှာကြရမှာပါလဲဘုရား၊ အဘယ်သူ၏ အဆုံးအမမှာတည်၍ ကောင်းမွန်စွာ ကျင့်ဆောင်ကြရပါမည်လဲဘုရား'ဟု ပြင်းထန်စွာ ငိုကြွေးမြည်တမ်းလျက် လျှောက်ထားတောင်းပန်သည့်အတွက်-

'ချစ်သား အာနန္ဒာ- သင်သည် ဆရာဘုရား ဟောကြားတော်မူထားသော တရားတော်များကို မမှိတ်မသုံ သက်ဝင်ယုံကြည်ပြီးသော အရိယာသာဝကတဦး ဖြစ်နေသည် မဟုတ်ပါလော'ဟု မိန့်တော်မူပြီးနောက် ဆက်လက်၍-

ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္တာ။ သုတ်မဟာဝါပါဠိတော်(၂၆၇-၂၆၈)

အဟဉ္စ ခေါ ပန ဒါနိ ဧကကောဝ ဩဝဒါမိ, အနုသာဿမိ၊ မယိ ပရိနိဗ္ဗုတေ ဣမာနိ စတုရာသီတိ ဓမ္မက္ခန္ဓသဟဿနိ တုမှေ ဩဝဒိဿန္တိ, အနုဿသိဿန္တိ ဟု ဟောတော်မူသည်။

သုတ်မဟာဝါအဋ္ဌကထာ(၁၈၃)

၎င်း၏အဓိပ္ပါယ်မှာ -

ချစ်သားအာနန္ဒာ- ဆရာဘုရားသည် သင်ချစ်သားတို့အတွက် သုတ္တန် အဘိဓမ္မာ ၂-ဖြာသော တရားဒေသနာကို ဟောကြားပြီးရုံမျှမက ဝိနည်းဒေသနာ တရပ်ကိုလည်း ပညတ်တော်မူပြီးပါပြီ။

ယခုအခါမှာမူ ဆရာဘုရားတစ်ဆူတည်းသာ သင်ချစ်သားတို့ကို ဆုံးမ ကံမြစ်တော်မူနေရသည်။ ဆရာဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးသောအခါမှာဆိုလျှင် ဤရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာတည်းဟူသော ဆရာဘုရားများက သင်ချစ်သားတို့ကို ဆုံးမတော်မူရစ်ကြလိမ့်မည်-

ဟု ဟောထားတော်မူခဲ့ပေသည်။

ယင်းကဲ့သို့ ဘုရားရှင် ကိုယ်တော်တိုင်က မိမိ၏ကိုယ်စားပြုကာ ဟောကြားထားခဲ့သော ဒဒ 'အက္ခရာတစ်လုံး ဘုရားတစ်ဆူ' ဆိုထိုက်သည့် ဓမ္မက္ခန္ဓာများကို ဗုဒ္ဓမြတ်စွာ သာသနာတော်ကို ချစ်ခင်မြတ်နိုး၍ အားကိုးနေကြသူတိုင်း တလုံးတပါဒမျှ မပယ်ထိုက်ပုံများကို-

ဗုဒ္ဓဘာသိတံ အပနေတဗ္ဗံ နာမ နတ္ထိ၊
န ဟိ တထာဂတာ ဧကဗျဉ္စနမတ္တပ္ပိ နိရတ္တကံ ဝဒန္တိ -

ဘုရားရှင်ဟောကြားတော်မူခဲ့သော ပယ်ထိုက်သော စကားတော်မည်သည် လုံးဝမရှိပါ။ မှန်ပါသည်၊ ဘုရားရှင်တို့မည်သည် အက္ခရာ ဗျည်းတလုံးမျှကိုသော်လည်း အကျိုးမရှိသည်ကို ဟောတော်မမူကြပါ-ဟု သာရတ္တဒီပနီ ဋီကာဆရာက လေးနက်စွာ မိန့်မှာထားခဲ့ပါသည်။

၎င်းပြင် ပုဂ္ဂိုလ်တဦးတယောက်က မိမိထံလာရောက်၍ အကြောင်းအရာတစ်ခုကိုပြောပြလျက် 'ဤစကားသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ရှေ့တော်မှောက် စက်တော်အောက်မှ ကျွန်ုပ်ကိုယ်တိုင်ကြားနာခဲ့ရသော မြတ်စွာဘုရား၏ စကားတော်ဖြစ်သည်' ဟု တိကျသေချာစွာပင် ပြောကြားစေကာမူ လက်လည်းမခံ၊ ပယ်လည်းမပယ်လှန်သေးပဲ၊ ဘုရားရှင်ဟောကြားတော်မူထားသော 'ဓမ္မ ဝိနယ' ခေါ် သုတ် အဘိဓမ္မာ ဝိနည်း ပိ'ကတ်တော်များနှင့် တိုက်ဆိုင်ကြည့်ရှုပြီး၍ ညီညွတ်မှသာ လက်ခံရမည်၊ မညီညွတ်လျှင် ပယ်စွန့်ရမည်ဟု- အင်္ဂုတ္တိုရ်ဧကနိပါတ် ပါဠိတော် မဟာပဒေသသုတ်၌ ဟောကြားတော်မူထားခဲ့သည်လည်း ရှိပါသည်။

မှတ်ချက်။။ဤနေရာ၌ ဗုဒ္ဓမြတ်စွာကမူ ချွတ်ချော်တိမ်းပါးသောစကားကို တလုံးတလေမျှ ဟောကြားတော်မမူပါ။ သို့သော် နာယူမှတ်သားသူများက ချွတ်ချော်တိမ်းပါးမှု ရှိနေမည်ကို စိုးရိမ်တော်မူသောကြောင့်သာ ဤသို့ မိန့်မှာတော်မူခဲ့ခြင်း ဖြစ်ပါသည်။

ဤမျှလောက် လေးနက်စွာ မိန့်မှာထားသော အချက်အလက်များစွာ ပါဠိတော် အဋ္ဌကထာတို့၌ ထင်ထင်ရှားရှားကြီး ရှိနေကြပါလျက်-

ကျောက်သင်္ဘောဂိုဏ်းကို စတင် ဦးဆောင် တည်ထောင်ခဲ့သော ကျောက်သင်္ဘောဆရာတော် ကိုယ်တိုင်က အထက်ဖော်ပြပါ- မိန့်မှာချက် အသီးသီးကို မျက်ကွယ်ပြုထားပြီး-

'အဲဒါ ဘာမှ လုပ်ရမှာ မဟုတ်ဘူး၊
သိရုံသာ သိပါလို့ ပြောတာ၊
ဘုရားဟောဆိုတာ ဒါပြောတာ'

စသည်ဖြင့် ဘုရားဟော မဟုတ်သည်ကို ဘုရားဟော ပြုလုပ်၍ ဟောကြားခဲ့ရုံသာမကပဲ-

သူ၏နောက်လိုက် တပည့်တပန်း ရဟန်းရှင်လူတို့ကလည်း .....

တစုံတစ်ခုသော အချက်အလက်ကို တွေ့ရှိလာလျှင် 'ဓမ္မဝိနယနှင့် ညီမညီတိုက်ဆိုင်ညှိနှိုင်းပြီးနောက် ညီညွတ်မှသာ လက်ခံရမည်' ဟူသော ဘုရားရှင် ဟောကြား မှာထားတော်မူခဲ့သည့် အခြေခံမူများကို မလိုက်နာကြပဲ မိမိတို့၏ ဆရာကြီး နည်းအတိုင်းပင် ပင်ကိုရင်း အလွဲအမှားကို အလွဲအမှားအတိုင်းတိုင်း ရပ်တည်နိုင်အောင် ကြံဆောင်ကြပြီး ဆက်ကာဆက်ကာ အမှားအယွင်းပေါင်း မြောက်မြားစွာတို့ဖြင့် နောက်ပိုင်းက တွန်းအားပေးကြလျက် အမှားဘက်သို့ချည်း ဦးတည်ကာ ရေးသားဟောကြားနေကြသော ပုဂ္ဂိုလ်များသာ ဖြစ်နေကြသည်ဟု လေ့လာသုံးသပ်၍ ရသည်။

အထက်ပါ အချက်အလက်ပေါင်း မြောက်မြားစွာတို့ကို ထောက်ထား ဆင်ခြင်ပါလျှင်-

ကျောက်သင်္ဘောဝါဒီ ရဟန်းရှင်လူများသည်-

'သာသနာတော်မြတ်ကြီး၏ အတွင်းရန်သူများဖြစ်ကြောင်း'

'ဘုရားရှင်ကိုပင် ဖျက်ဆီးနေကြသူများဖြစ်ကြောင်း'

ဟူသော စောဒက ဆရာတော်တို့၏ စောဒနာချက်သည် ယထာဘူတကျသော စောဒနာဖြစ်ကြောင်း တွေ့ရှိရပေသည်။

သို့ဖြစ်၍ မြတ်စွာဘုရား၏ဝါဒသည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကို သက်တော်ထင်ရှား ဘုရားရှင်ကဲ့သို့ အလေးထားစေသော ဝါဒဖြစ်ကြောင်း ထင်ရှားသည်။

ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ကို ဒုက္ခပဋိပဒါလမ်းဟု စွပ်စွဲ၍ ပါဠိတော်များကို ပယ်ဖျက်နေသော ကျောက်သင်္ဘောဝါဒသည် 'မြတ်စွာဘုရား၏ ဝါဒနှင့် အလွန်ဆန့်ကျင်၍ မှားယွင်းနေသော ဝါဒဖြစ်ကြောင်း ထင်ရှားသည်' ဟူ၍ ဝိနည်းဓိုရ်ဆရာတော်များက စိစစ်ဝေဖန်တော်မူကြသည်။

လုပ်သမျှဒုက္ခ၊ မရှုမပွား၊ အငြိမ်းထား' ဟူသော

ကျောက်သင်္ဘောဝါဒကို စောဒနာ၊ သောဒနာချက်များနှင့် စပ်လျဉ်း၍

ဝိနည်းဓိုရ် ဆရာတော်များ၏ သုံးသပ်ချက်

စောဒက ဆရာတော်တို့က သက်သေခံ စာအုပ်များမှ အောက်ပါအချက်များကို ထုတ်နုတ်၍ ကျောက်သင်္ဘောဝါဒီ ဆရာတော်တို့၏ 'လုပ်သမျှဒုက္ခ၊ မရှုမပွား အငြိမ်းထား' ဟူသော ဝါဒကို စောဒနာ ထားသည်။

၁။ (က) ဒီအတိုင်းနေတော့ ဒီအတိုင်း အေးနေတာကို တရားမှန်းမသိဘူး၊ ဟိုလိုပြု၊ ဒီလိုပြုနဲ့၊ ဟိုလိုမှတ်၊ ဒီလိုမှတ်နဲ့၊ ဟိုလိုပြု၊ ဒီလိုပြုမှ မနေနိုင်ကြလို့ ဒုက္ခတွေ များလာတာကိုမှ တရားရယ်လို့ မြင်ကြတယ်။

၂။ (ဆ) ရှုမှ၊ မှတ်မှ၊ ပွားမှ၊ ဒါမှရမှာလို့ သိပြန်ရော။ အဲဒီတော့မှ သင်္ခါရတွေ ဖြစ်လာပါရော၊ နိဗ္ဗာန်ဆိုတာ အလုပ်-လုပ်ယူရမယ် အစရှိသည်ဖြင့် ဒီလို သိသွားကြပြန်ရော။

၃။ (ဇ)' နိဗ္ဗာန်မြင်အောင်က ခင်ဗျားတို့ ဘယ်နှယ်မှ မလုပ်ရဘူး။

၄။ (စျ) နိဗ္ဗာန်ဆိုတာ ဒီသဘောပဲ၊ ဥပမာ ဒီလိုပြောတာ- ထောင်ကလွတ်အောင်ကတော့ ဘယ်နှယ်မှ မလုပ်ရဘူး၊ ဒီအတိုင်းနေရုံပဲ။

၅။ (ည) ဖြစ်လာအောင်ကတော့ ကြံမှ, စည်မှ, တွေးမှ, အောက်မေ့မှ, မနေနိုင်လို့ ပြုလုပ်မှ ငွေမြိုင်ဒုက္ခများဆိုတဲ့ စကားပမာလို ဒုက္ခများလာရမှာပါ။

ဤသို့ အစရှိသော ကောက်နုတ်ချက်များကို ထုတ်ပြကြပြီးလျှင် အဆိုပါ ကျောက်သင်္ဘောဝါဒသည် မူလပဏ္ဏာသ သတိပဌာနပါဠိတော်, မူလပဏ္ဏာသအဋ္ဌကထာ သတိပဌာနသုတ်အဖွင့်, ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်များနှင့်-
သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ စက္ခုံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ။ သောတံ, ဃာနံ, ဇိဝှံ, ကာယံ, ရူပေ, သဒ္ဒေ, ဂန္ဓေ, ရသေ, ဖောဌဗ္ဗေ, ဝတ္တုံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ- ဟူသော-
သဠာယတန သံယုတ်ပါဠိတော်များကို ကိုးကား၍ ပါဠိတော်, အဋ္ဌကထာတို့၌ ဟောဆိုမိန့်မှာသည့်အတိုင်း စနစ်တကျ ကျင့်ကြံအားထုတ်မှ နိဗ္ဗာန်မျက်မှောက် ပြုနိုင်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် 'လုပ်သမျှ ဒုက္ခ' ဟူသော ကျောက်သင်္ဘောဝါဒသည် တရားကို ကျင့်ကြံအားထုတ်လိုသူများအတွက် မဂ်, ဖိုလ်, နိဗ္ဗာန်မှ ဆုံးရှုံးနစ်နာစေသည်ဖြစ်၍ ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ကြောင်း အကျယ်တဝင့် တင်ပြစောဒနာကြသည်။

ယင်း စောဒကဆရာတော်တို့၏ စောဒနာချက်ကို စုဒိကဆရာတော်တို့က ဓမ္မပဒပါဠိတော် မူလပဏ္ဏာသပါဠိတော်များကို ကိုးကား၍ ဝဒန္တပုဂ္ဂိုလ်၏ အလိုအားဖြင့် ဒွါဓိပ္ပါယ စကားနှစ်မျိုးထွက်သော 'မာတရံ ပိတရံ ဟန္တွာ' 'ကရောတော ဝိယတိ ပါပံ' 'အကိရိယဝါဒေါ' ဟူသော ပုဒ်များကို သာဓကထုတ်ပြပြီးလျှင် 'လုပ်သမျှ ဒုက္ခ' ဟူသော စကားမှာ ဒါန, သီလ, ဝိပဿနာ တရားများကို ပြုလုပ်အားထုတ်ခြင်းများကို တားမြစ်ရန်မဟုတ်၊ အလိုတဏှာဦးစီး၍ ပြုလုပ်လေသမျှ ဒုက္ခသာ တွေ့မည်ဟု ဆိုလိုကြောင်း။

'မရှုမပွား၊ အငြိမ်းထား' ဟူသော ရေးသား ပြောဟောခြင်းသည် ဝိပဿနာအလုပ်များကို ရှုတ်ချလို၍ ကျောက်သင်္ဘောဆရာတော် ရေးသားဟောပြောသည် မဟုတ်၊ တဏှာဒိဌိမာနတို့ဖြင့် ဝိပဿနာကို တားဆီးပိတ်ပင်သည်ကို ပယ်ရှားနိုင်ကြရန် ဟောပြောခြင်းဖြစ်ကြောင်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကို ကိုးကားချေပကြသည်။

စုဒိတက ဆရာတော်တို့သည် ယင်းကဲ့သို့ 'လုပ်သမျှ ဒုက္ခ' ဟူသော စကားကို 'မာတရံ ပိတရံ ဟန္တွာ၊ ကရောတော စိယတိ ပါပံ၊ အကိရိယဝါဒေါ' ဟူသော ဝဒန္တဆိုလိုသော ပုဂ္ဂိုလ်အလိုအားဖြင့် အဓိပ္ပါယ်နှစ်မျိုး ရနိုင်သော ပဟေဠိဆန်သော ပုဒ်များကို ရှာဖွေရွေးချယ်ကာ ဥပမာပြကြပြီးလျှင် 'လုပ်သမျှ ဒုက္ခ' ဟူသော စကားတွင် ဒုက္ခဟူသော စကားအရ အကျိုးဒုက္ခသစ္စာကို ကောက်ယူ၍ လုပ်သမျှ ဟူသော စကားအရ အကြောင်း သမုဒယသစ္စာကိုကောက်ယူရကြောင်းဟုလည်းကောင်း။

သမုဒယသစ္စာနှင့် ပြုလုပ်လျှင် အကျိုး ဒုက္ခသစ္စာရနိုင်ပါသည်။ ဤသည်ကို ရည်ရွယ်၍ ကျောက်သင်္ဘော ဆရာတော်က 'လုပ်သမျှ ဒုက္ခ' ဟု ဟောပြောခြင်း ဖြစ်ပါသည်။ စောဒက ဆရာတော်တို့ ပြောသကဲ့သို့ နိဗ္ဗာန်ရရန်အတွက် လုပ်သမျှ ရှုမှတ်-ပွားများခြင်းများကို ရည်ရွယ်၍ လုပ်သမျှ ဒုက္ခဟု ပြောသည် မဟုတ်ပါ ဟုလည်းကောင်း ချေပထားကြသည်။

သုံးသပ်ချက်

ယင်းကဲ့သို့ ချေပထားကြသော်လည်း ကျောက်သင်္ဘော ဆရာတော်သည် နိဗ္ဗာန်ကို ရရှိအောင် ရှု-မှတ်-ပွားများ အားထုတ်ခြင်းများကို ရည်ရွယ်၍ 'လုပ်သမျှ ဒုက္ခ' ဟူသော ဆောင်ပုဒ်ကို ပြောဆို သုံးနှုန်းကြောင်းကို စောဒက ဆရာတော်တို့က တင်ပြထားသော ကောက်နုတ်ချက်များအပြင် အောက်ဖော်ပြပါ ကျောက်သင်္ဘော ဆရာတော်၏ ဟောပြောချက်များဖြင့်လည်း အလွန်ထင်ရှားနေသည်။

နိဗ္ဗာန်ဆိုတာ မလုပ်ပဲနဲ့ရတာ။ (ထေရုပ္ပတ္တိနှင့် တရားတော်များ-၂၃၂)
ပြုပြုသမျှ လုပ်လုပ်သမျှ မှတ်မှတ်သမျှ ဒုက္ခသစ္စာချည်းပါပဲ။
မလုပ်တော့ ငြိမ်းသွားတာ၊ အဲဒါ နိဗ္ဗာန်ရောက်တယ်ဆိုတာ။
(ထေရုပ္ပတ္တိနှင့် တရားတော်များ-၂၃၄)
သတိပဌာန် ပွားရေးကိစ္စ ပြောနေတာမဟုတ်ဘူး၊ နိဗ္ဗာန်မျက်မှောက်ပြုရေးကိစ္စကို ဟောနေတာ။
(ထေရုပ္ပတ္တိနှင့် တရားတော်များ-၁၃၀)

ဤသို့ ကျောက်သင်္ဘောဆရာတော်၏ ဟောပြောချက်များကို သက်သေခံ စာအုပ်များ၌ တွေ့မြင်ရခြင်းကြောင့် စုဒိတကဆရာတော်တို့က 'လုပ်သမျှ ဒုက္ခ' ဟူသော စကား၏ အဓိပ္ပါယ်ကို ကျောက်သင်္ဘောဆရာတော်၏ အာဘော်အရ 'ဒုက္ခသစ္စာအတွက် ပြုရသော သမုဒယသစ္စာကိုသာ ဆိုလိုပါသည်' ဟု ကြိုးစား၍ ချေပခြင်းသည် ကျောက်သင်္ဘောဆရာတော်၏ ဆိုလိုရင်း ရည်ရွယ်ချက်မဟုတ်ပဲ မိမိစုဒိတကတို့၏ အတ္တနောမတိဖြင့် ချေပနေကြောင်း ပေါ်လွင်ထင်ရှားသည်။

စုဒိတကဆရာတော်တို့သည် ဤ စောဒနာအပိုဒ်ကို အကျယ်တဝင့် ချေပပြီးနောက်-

သို့ရာတွင် အဆိုပါ ကောက်နုတ်ချက်စကားများသည် ရှုမှတ်ပွားများ တရားအားထုတ်နေကြသော ပုဂ္ဂိုလ်များကို အကယ်၍ ထိပါးရာရောက်နေပါလျှင် တပည့်တော်တို့ ပယ်စွန့်မည်ဖြစ်ကြောင်း ရိုသေစွာ လျှောက်ထားပါသည် ဘုရားဟု-
ဤ 'လုပ်သမျှ ဒုက္ခ' 'မရှုမပွား အငြိမ်းထား' ဟူသော ကောက်နှုတ်ချက်များကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါမည်ဟု ဝန်ခံ ကတိပြုကြလေသည်။

စုဒိတကဆရာတော်တို့က ယင်းကဲ့သို့ ချေပကြသော်လည်း အထက် စောဒကဆရာတော်တို့ ကောက်နှုတ်ဖော်ပြထားသော ကျောက်သင်္ဘောဆရာတော်၏ ဟောပြောချက်များသည်-
န ဘိက္ခဝေ ဟိနေန အဂ္ဂဿ ပတ္တိ ဟောတိ၊ အဂ္ဂေန စ ခေါ ဘိက္ခဝေ အဂ္ဂဿ ပတ္တိ ဟောတိ
ရဟန်းတို့ ယုတ်လျော့သောလုံ့လဝီရိယဖြင့် မြတ်သောနိဗ္ဗာန်ကို မရနိုင်၊ မြင့်မြတ်သော လုံ့လဝီရိယဖြင့်သာ နိဗ္ဗာန်ကို ရနိုင်သည်ဟု ဟောတော်မူသော နိဒါနဝဂ္ဂ သံယုတ်ပါဠိတော် ဒသဗလသုတ်၊ နှာ-၂၆၇ တို့နှင့် ဆန့်ကျင်ရုံမျှမက တရားအားထုတ်လိုသော ပုဂ္ဂိုလ်တို့အား-

၁။ မိမိသန္တာန်၌ ဖြစ်ဆဲဖြစ်ကုန်သော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ လုံ့လထုတ်ခြင်း။
၂။ မိမိသန္တာန်၌ ဖြစ်လတ္တံ့ကုန်သော အကုသိုလ်တရားတို့ကို နောင်ဖြစ်မလာစေခြင်းငှာ လုံ့လထုတ်ခြင်း။
၃။ မိမိသန္တာန်၌ မဖြစ်ဖူးသေးကုန်သော ကုသိုလ်တရားတို့ကို မိမိသန္တာန်၌ ဖြစ်စေခြင်းငှါ လုံ့လထုတ်ခြင်း။
၄။ မိမိသန္တာန်၌ ဖြစ်ပြီး၊ ဖြစ်ဆဲ ဖြစ်ကုန်သော ကုသိုလ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်းငှာ လုံ့လထုတ်ခြင်းဟူသော သမ္မပ္ပဓာန် တရားလေးပါးတို့မှ ယုတ်လျော့စေသည်။

ဘုရားရှင်သည် သာသနာတော်၌ မဂ်ဖိုလ် နိဗ္ဗာန် ရနိုင်ရန် လမ်းစဉ်နှင့် စည်းမျဉ်းများကို စနစ်တကျ ချထားတော်မူသည်။
အခါတစ်ပါး ဘုရားရှင်သည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဂဏကမောဂ္ဂလ္လာန အမည်ရှိသော ဂဏန်းဆရာ ပုဏ္ဏားသည် အရှင်ဂေါတမ- ဤပုဗ္ဗာရုံပြသာဒ်၏ အောက်ဆုံး လှေကားထစ်တိုင်အောင် အစဉ်အတိုင်း ဆောက်လုပ်ပြုပြင်ခြင်းကို တွေ့မြင်ရပါသည်။
အရှင်ဂေါတမ- ဤပုဏ္ဏားတို့၏ ဝေဒကို သင်ခြင်း၌လည်း အစဉ်အတိုင်းသင်ယူခြင်းကို တွေ့မြင်ရပါသည်။
အရှင်ဂေါတမ- ဤလေးသမားတို့၏လည်း လေးအတတ်၌ အစဉ်အတိုင်း သင်ကြား လေ့လာပြုကျင့်ခြင်းကို တွေ့မြင်ရပါသည်။
အရှင်ဂေါတမ- ဂဏန်းအတတ်ဖြင့် အသက်မွေးကုန်သော တပည့်တော်တို့၏လည်း ဂဏန်းတွက်ခြင်း၌ အစဉ်အတိုင်း သင်ကြားပေးခြင်းကို တွေ့မြင်ရပါသည်။ အရှင်ဂေါတမ- တပည့်တော်တို့သည် တပည့်တစ်ဦး ရသည်ရှိသော် ရှေးဦးစွာ 'ဧကံ ဧကကံ' တစ်တလီတစ် 'ဒွေ ဒုကာ' နှစ်နှစ်လီလေး။ပ။ 'ဒသ ဒသကာတိ' တစ်ဆယ်-ဆယ်လီ တစ်ရာ ဟူ၍ ရေတွက်ကြပါကုန်၏၊ အရာထက် အလွန်လည်း ရေတွက်ကြပါကုန်၏၊ အရှင်ဂေါတမ- ဤအတူသာလျှင် ဤဓမ္မဝိနယဟူသော သာသနာ၌လည်း အနုပုဗ္ဗသိက္ခာ= အစဉ်အတိုင်း သင်ခြင်းကို, အနုပုဗ္ဗကိရိယာ= အစဉ်အတိုင်း ပြုခြင်းကို, အနုပုဗ္ဗပဋိပဒါ= အစဉ်အတိုင်း ကျင့်ခြင်းကို ပညတ်သတ်မှတ်ခြင်းငှာ စွမ်းနိုင်ပါသလော၊ ဤသို့ ဘုရားရှင်အား လျှောက်ထားလေသည်။

ပုဏ္ဏား- ဤသာသနာတော်၌ အစဉ်အတိုင်း သင်ခြင်း, အစဉ်အတိုင်းပြုခြင်း, အစဉ်အတိုင်းကျင့်ခြင်းကို ပညတ်ခြင်းငှာ စွမ်းနိုင်ပါ၏၊ ပုဏ္ဏား- ကျွမ်းကျင်သော မြင်းဆရာသည် ကောင်းသော အာဇာနည်မြင်းကို ရသည်ရှိသော် ရှေးဦးစွာ မြင်းဇက်၌ ပြုလုပ်ဖွယ်ကို ပြုစေ၏၊ ထို့နောက် အထက်ဖြစ်သော သင်ကြားဖွယ်ပြုရန် ကိစ္စဟူသမျှကို သင်ကြားပြုလုပ်စေဘိသကဲ့သို့၊ ပုဏ္ဏား- ဤအတူသာလျှင် ငါဘုရားသည် ဆုံးမထိုက်သော ပုဂ္ဂိုလ်ကို ရသည်ရှိသော် ရှေးဦးစွာ သီနှင့် ပြည့်စုံအောင် ဆုံးမတော်မူသည်။ ထို့နောက် သမာဓိနှင့်ပြည့်စုံအောင်, ထို့နောက် နိဗ္ဗာန်ရောက်ရှိသည့်တိုင် ပညာနှင့်ပြည့်စုံအောင် အစဉ်အတိုင်း သိက္ခာသုံးပါးကို ကျင့်ဆဲဖြစ်ကုန်သော အကြင်ရဟန်းတို့သည် မရောက်အပ်သော အရဟတ္တဖိုလ် ရှိကုန်သည်ဖြစ်၍ အရဟတ္တဖိုလ်ကို တောင့်တကုန်လျက် နေကုန်၏၊ ထိုရဟန်းတို့၌ ငါဘုရား၏ ဤအစဉ်အတိုင်း ပြုကျင့်အားထုတ်ရန် ဆုံးမတော်မူ၏၊
(ဥပရိပဏ္ဏာသပါဠိတော် ဂဏကမောဂ္ဂလ္လာနသုတ်-၅၂)

ထို့ပြင် မဇ္ဈိမပဏ္ဏာသပါဠိတော် ကိဋာဂိရိသုတ်-၁၄၅ ၌လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို တေဘူမကသင်္ခါရ တရားတို့ကို လက္ခဏာရေးသုံးပါးဖြင့် မရှု မပွား အားမထုတ်ပဲ မရနိုင်။ စည်းကမ်းတကျ လမ်းစဉ်ချ၍ ရှုမှတ် ပွားများ အားထုတ်မှ ရနိုင်ကြောင်းကို-
နာဟံ ဘိက္ခဝေ အာဒိကေနေဝ အညာရာဓနံ ဝဒါမိ။ အပိ စ ဘိက္ခဝေ အနုပုဗ္ဗသိက္ခာ အနုပုဗ္ဗကိရိယာ အနုပုဗ္ဗပဋိပဒါ အညာရာဓနာ ဟောတိ
ရဟန်းတို့- ငါဘုရားသည် ကမ္မဋ္ဌာန်းအလုပ်ခွင်ဝယ် တရားအားထုတ်ရာ၌ ရှေးဦးစွာ စ-စချင်းသာလျှင် အရဟတ္တဖိုလ်၌ တည်၏ ဟူ၍ ဟောတော် မမူ။ ရဟန်းတို့- စင်စစ်အားဖြင့် အစဉ်အတိုင်း ဝိပဿနာပွားများနည်းကို သင်ခြင်းဖြင့်, အစဉ်အတိုင်းပြုခြင်းဖြင့်, အစဉ်အတိုင်း ကျင့်ခြင်းဖြင့် အရဟတ္တဖိုလ်၌ တည်ခြင်းသည် ဖြစ်၏ဟု ဘုရားရှင် ဟောတော်မူသည်။

၎င်းအဋ္ဌကထာ နှာ ၁၃၄-၌-
နာဟံ ဘိက္ခဝေ အာဒိကေနေဝါတိ အဟံ ဘိက္ခဝေ ပဌမမေဝ မဏ္ဍူကဿ ဥပ္ပတိတွာ ဂမနံ ဝိယ 'အညာရာဓနံ အရဟတ္တေ ပတိဌာနံ န ဝဒါမိ
ရဟန်းတို့- ငါဘုရားသည် ရှေးဦးစွာကပင်လျှင် ဖားသတ္တဝါ၏ ခုန်၍သွားခြင်းကဲ့သို့ ကမ္မဋ္ဌာန်းအားထုတ်ရာ၌ အစီအစဉ်မရှိပဲ ကျော်လွှားအားထုတ်ခြင်းဖြင့် အရဟတ္တဖိုလ်၌ တည်ခြင်းကို ဟောတော်မမူ-ဟု မိန့်ဆိုတော်မူသည်။

မဇ္ဈိမပဏ္ဏာသ ကိဋာဂိရိသုတ် နှာ-၁၄၅ တွင် တရားအားထုတ်ရာ၌ အစဉ်အတိုင်း သင်ခြင်း, ပြုခြင်း, ကျင့်ခြင်းများကို-
ကထဉ္စ ဘိက္ခဝေ အနုပုဗ္ဗသိက္ခာ အနုပုဗ္ဗကိရိယာ အနုပုဗ္ဗပဋိပဒါ အညာရာဓနာ ဟောတိ-
စသည်ဖြင့် ဟောတော်မူပါသည်။ ဟောကြားသော အစဉ်များမှာ-

ရဟန်းတို့- ဤသာသနာတော်၌ ယောဂါဝစရပုဂ္ဂိုလ်သည် ဘုရားနှင့်တရားတော်ကို ယုံကြည်ခြင်း= သဒ္ဓါတရား ရှိရသည်။
သဒ္ဓါတရားရှိသောသူသည် ကမ္မဋ္ဌာန်းဆရာ၏ အနီးသို့ ချဉ်းကပ်၏၊
ဆရာ၏ အနီးသို့ ချဉ်းကပ်သောသူသည် ဆရာ၏ အနီး၌ နေထိုင်၏၊
ဆရာ၏ အနီး၌ နေထိုင်သောသူသည် ဆရာ၏စကားကို နားထောင်၏၊
ဆရာ၏စကားကို နားထောင်သောသူသည် ဆရာဟောသော တရားကို ကြားနာ၏၊
တရားကို ကြားနာသောသူသည် တရားကို လေ့လာသည်ကို ပြု၍ ဆောင်၏၊
တရားကို ဆောင်သောသူသည် တရားတို့၏ အနက်သဘောကို စုံစမ်းဆင်ခြင်၏၊
တရားကို စုံစမ်းဆင်ခြင်သောသူအား တရားတို့သည် ဉာဏ်ဖြင့် ရှုခြင်းငှာ ခန့်ကုန်၏၊
တရားတို့ကို ဉာဏ်ဖြင့် ရှုခြင်းငှာ ခန့်ကုန်သည်ရှိသော် တရားကို အားထုတ်လိုသော ကုသလစ္ဆန္ဒဖြစ်၏၊
ဆန္ဒဖြစ်သောသူသည် လုံ့လကြိုးကုတ် အားထုတ်၏၊
အားထုတ်သောသူသည် သင်္ခါရတရားတို့ကို အနိစ္စအစရှိသည်တို့၏ အစွမ်းအားဖြင့် နှိုင်းချိန်၏၊
နှိုင်းချိန်သောသူသည် ပုဗ္ဗဘာဂမဂ္ဂဘာဝနာကို ပွားများအားထုတ်၏၊
ပုဗ္ဗဘာဂမဂ္ဂဘာဝနာကို ပွားများအားထုတ်သောသူသည် နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊
ဤသို့ အစီအစဉ်အတိုင်း စနစ်တကျ တရားအားထုတ်သော ပုဂ္ဂိုလ်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း ဘုရားရှင်ဟောတော်မူသည်။

ဤအစီအစဉ်အတိုင်း အားမထုတ်လျှင် နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သည်ကို သာပိ နာမ ဘိက္ခဝေ သဒ္ဓါ နာဟောသိ စသည်ဖြင့်-
ရဟန်းတို့- ယုံကြည်ခြင်း သဒ္ဓါတရားမည်သည် မရှိနိုင်ငြားအံ့။
ရဟန်းတို့- ကမ္မဋ္ဌာန်းဆရာ၏ အနီးသို့ ထိုချဉ်းကပ်ခြင်းမည်သည် မဖြစ်နိုင်ငြားအံ့။
ရဟန်းတို့- ကမ္မဋ္ဌာန်းဆရာ၏ အနီး၌ ထိုနေထိုင်ခြင်းမည်သည် မဖြစ်နိုင်ငြားအံ့။
ရဟန်းတို့- ထိုနားထောင်ခြင်းမည်သည် မဖြစ်နိုင်ငြားအံ့။
ရဟန်းတို့- ထိုတရားနာခြင်းမည်သည် မဖြစ်နိုင်ငြားအံ့။
ရဟန်းတို့- တရားကို ထိုဆောင်ခြင်းမည်သည် မဖြစ်နိုင်ငြားအံ့။
ရဟန်းတို့- တရား၏ ထိုအနက်သဘောကို စုံစမ်းဆင်ခြင်ခြင်းမည်သည် မဖြစ်နိုင်ငြားအံ့။
ရဟန်းတို့- တရားတို့သည် ထိုဉာဏ်ဖြင့် ရှုခြင်းငှာ ခန့်ခြင်းမည်သည် မဖြစ်နိုင်ငြားအံ့။
ရဟန်းတို့- ထိုတရားကို အားထုတ်လိုသော ကုသလစ္ဆန္ဒမည်သည် မဖြစ်နိုင်ငြားအံ့။
ရဟန်းတို့- ထိုတရားကို လုံ့လကြိုးကုတ် အားထုတ်ခြင်းမည်သည် မဖြစ်နိုင်ငြားအံ့။
ရဟန်းတို့- သင်္ခါရတရားတို့ကို ထိုအနိစ္စ အစရှိသည်တို့၏ အစွမ်းအားဖြင့် နှိုင်းချိန်ခြင်း မည်သည် မဖြစ်နိုင်ငြားအံ့။
ရဟန်းတို့- ပုဗ္ဗဘာဂမဂ္ဂဘာဝနာကို ပွားများအားထုတ်ခြင်းမည်သည် မဖြစ်နိုင်ငြားအံ့-ဟု ဟောတော်မူပြီးလျှင် ဆက်လက်၍-
ဝိပ္ပဋိပန္နာ' တ္ထ ဘိက္ခဝေ၊ မိစ္ဆာပဋိပန္နာ' တ္ထ ဘိက္ခဝေ၊ ကီဝဒူရေဝိ'မေ ဘိက္ခဝေ မောဃပုရိသာ အပက္ကန္တာ ဣမမှာ ဓမ္မဝိနယာ
ရဟန်းတို့- ဤအစီအစဉ်အတိုင်း တရားကို မကျင့်သော သူတို့သည် ဖောက်ပြန်သော အကျင့်ကို ကျင့်ကုန်၏၊ မှားယွင်းသော အကျင့်ကို ကျင့်ကုန်၏၊ ဤမဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောသူတို့သည် ဤသာသနာတော်မှ မည်မျှလောက်ဝေးအောင် ပြေးကုန်မည်နည်းဟု ပြဆိုခဲ့ပြီးသော အစီအစဉ်အတိုင်း တရားကို အားမထုတ်ကြကုန်သော သူတို့ကို ရည်ရွယ်၍ ဘုရားရှင်သည် ဓမ္မသံဝေဂဉာဏ်တော်ဖြင့် (ညည်းတွားတော်မူသောအားဖြင့်) ဟောတော်မူသည်။

မဇ္ဈိမပဏ္ဏာသပါဠိတော် စင်္ကီသုတ် ၃၈၅- မှာလည်း ဤနည်းအတိုင်း ဟောတော်မူပါသည်။

အထက်ဖော်ပြပါ ပါဠိ အဋ္ဌကထာများကို ထောက်ထား၍ ကျောက်သင်္ဘောဆရာတော်၏-
၁။ နိဗ္ဗာန်မျက်မှောက်ပြုရန် ရှု, မှတ်, ပွားများဖို့ မလို။
၂။ နိဗ္ဗာန်ရောက်အောင် ဘယ့်နှယ်မှ မလုပ်ရ။
၃။ ထောင်မကျသောသူသည် ထောင်ကလွတ်အောင် ဘယ်နှယ်မှ မလုပ်ရ၊ ဒီအတိုင်း နေရုံပဲ၊ လွတ်ပြီးသား လွတ်ပြီးသား အတိုင်းနေရုံပဲ၊ ထို့အတူ နိဗ္ဗာန်လည်း ဒီသဘောပဲ။
၄။ နိဗ္ဗာန်ရောက်အောင် သမထ, ဝိပဿနာ ပွားများအားထုတ်လျှင် ဒုက္ခများမှာပဲ။
၅။ လုပ်သမျှ ဒုက္ခ။
၆။ မရှုမပွား အငြိမ်းထား ဟူသော ရေးသားထုတ်ဝေ ဟောပြောချက်များသည် ဘုရားရှင်၏ ဒေသနာတော်များကို ဂရုမပြုရာရောက်သည်။

ကိစ္ဆေနမေ အဓိကတံ= ပင်ပန်းဆင်းရဲစွာ အားထုတ်မှ ဤတရားကို (ဤနိဗ္ဗာန်ကို) ငါဘုရား ရရှိသည်ဟု ဟောတော်မူသော ဘုရားရှင်၏ စကားတော်ကိုလည်း မလေးစားရာ ရောက်နေပေသည်။

အထက်ပါ စကားရပ်များကို ခြုံငုံသုံးသပ်လျှင် မြတ်စွာဘုရား၏ ဝါဒသည် ရှုမှတ် ပွားများ အားထုတ်မှု ရှိမှသာ မဂ်, ဖိုလ်, နိဗ္ဗာန် ရနိုင်သော ဝါဒဖြစ်ကြောင်း ထင်ရှားသည်။
လုပ်သမျှ ဒုက္ခသာ ဖြစ်သည်။ မရှုမပွား အငြိမ်းထားမှ နိဗ္ဗာန်ရနိုင်သည်ဟု ယူဆထားသော ကျောက်သင်္ဘောဝါဒသည် မြတ်စွာဘုရား၏ဝါဒနှင့် အရှေ့အနောက်ပမာ ကွာခြားလျက်ရှိနေသည်ဟု ဝိနည်းဓိုရ်ဆရာတော်များက စိစစ်ဝေဖန်တော်မူကြသည်။

ရုပ် နာမ် ဓမ္မသင်္ခါရတို့ကို မရှုမပွားရ စသော

ကျောက်သင်္ဘောဝါဒနှင့် စပ်လျဉ်း၍

နံပါတ် (၇) (၈)တို့၌ စောဒကဆရာတော်တို့၏ စောဒနာချက်နှင့်
စုဒိတကဆရာတော်တို့၏ ချေပချက်ကို စိစစ်ဝေဖန်ခြင်း

နံပါတ် (၇) (၈)တို့၌ စောဒကဆရာတော်တို့က (ဏ) (န) (ဗ) (လ) အမှတ်တို့ဖြင့် ကျောက်သင်္ဘောဝါဒီ ဆရာတော်တို့၏ ရေးသားဟောပြောချက်များကို-

၁။ (ဏ) ဒီ ခန္ဓာ ကြည့်နေလို့ မဂ်မဖြစ်ဘူး နိဗ္ဗာန်ရောက်မှာ မဟုတ်ဘူး။
၂။ (န)' ဝိပဿနာဆိုတာ ခြေ အစ ခေါင်းအဆုံး တကိုယ်လုံး ရုပ်ကြီးပြောတာမဟုတ်ဘူး၊ အဲဒါရှုရမှာ မဟုတ်ဘူး။
၃။ (ဗ)' ရုပ်နာမ်ကိုတော့ ပိုင်းခြားသိဖို့လဲ ဟောခဲ့တယ်၊ ပွားများဖို့တော့ မဟုတ်ဘူး။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ပွားများကြပါဟု ဟောခဲ့တယ်။
၄။ (လ) အဲဒီ ခြေအစ ခေါင်းအဆုံးဖြစ်တဲ့ ပဉ္စက္ခန္ဓာ (ဝါ) အနုပါဒါနက္ခန္ဓာကို ကြည့်ရမှာ မဟုတ်ဘူးဟု ကောက်ချက်များထုတ်ပြီးလျှင်-

(၁၉) အပိုဒ်ဖြင့်-
ကတမေ ဓမ္မာ အနုပါဒါနိယာ၊ စတ္တာရော မဂ္ဂါ အပရိယာပန္နာ စတ္တာရိ သာမညဖလာနိ, နိဗ္ဗာနဉ္စ။ ဣမေ ဓမ္မာ အနုပါဒါနိယာ-
ဟူသော ပါဠိတော်အရ မဂ်စိတ်လေးပါး၊ ဖိုလ်စိတ်လေးပါး၊ ၄င်းတို့နှင့်ယှဉ်သော စေတသိက်များနှင့် နိဗ္ဗာန်တို့ကိုသာ အနုပါဒါနိယာဟု ဟောကြားထားပါသည်။ သို့ဖြစ်၍ ကျောက်သင်္ဘော ဆရာတော်၏ စကားသည် ကျမ်းဂန်နှင့် မညီညွတ်ကြောင်း တင်ပြ၍ စောဒနာကြသည်။

ယင်းစောဒနာချက်ကို စုဒိတကဆရာတော်များက ဥပါဒါန် မယှဉ်သောခန္ဓာကို အနုပါဒါနက္ခန္ဓာဟူ၍လည်းကောင်း၊ ဥပါဒါန်နှင့်ယှဉ်သော တရားများကို ဥပါဒါနက္ခန္ဓာဟူ၍လည်းကောင်း ကျောက်သင်္ဘောဆရာတော်ကြီး ဟောကြားခဲ့ပါသည်ဟု ချေပကြပါသည်။ (ခြေအစခေါင်းအဆုံးဖြစ်တဲ့ ပဉ္စက္ခန္ဓာ (ဝါ) အနုပါဒါနက္ခန္ဓာကို ကြည့်ရမှာ မဟုတ်ဘူးဟု ကျောက်သင်္ဘောဆရာတော်ကြီး ဟောသည်, မဟောသည်ကို ထည့်သွင်း၍ ချေပခြင်း မပြုကြကုန်)။

ယင်းကဲ့သို့ ချေပပြီးနောက် စုဒိတကဆရာတော်တို့က-
သို့ရာတွင် ပါဠိတော်ကြီးများတွင် လောကီ ရုပ် နာမ် ခန္ဓာများကို ဥပါဒါနက္ခန္ဓာဟူ၍ တသမတ်တည်းကောက်ထားသဖြင့် တပည့်တော်တို့လည်း ပါဠိတော်မူအတိုင်းသာ လက်ခံဟောပြောရန် စည်းဝေးဆုံးဖြတ်ပြီး ဖြစ်ပါသည်ဘုရားဟု (ပြုပြင်၍ဟောပါမည်ဟု) ဝန်ခံကြလေသည်။

စုဒိတကဆရာတော်တို့သည် (၁၇) နံပါတ် ချေပလွှာတွင်-
(ဗ) (ဏ) နှင့် (လ) အမှတ်ပါ ကောက်နုတ်ချက်များကိုကား- ရုပ်ခန္ဓာကြီးကိုလည်းကောင်း၊ ရုပ်, နာမ် ဓမ္မ သင်္ခါရတရားတို့ကိုလည်းကောင်း၊ ဝိပဿနာရှုရန် ဟောကြားထားသော ဒေသနာတော် အမြောက်အမြား ရှိနေပါ၍ ထိုဒေသနာတော်တို့နှင့် မဆန့်ကျင်စေရန် တပည့်တော်တို့ ပယ်စွန့်ပါကြောင်း ရိုသေစွာ လျှောက်ထားပါသည် ဘုရားဟု-
ရုပ်, နာမ်ဓမ္မ, သင်္ခါရတို့ကို ဝိပဿနာမရှု မပွားရဟု ဟောပြောရေးသားချက်များကို ပယ်စွန့်ပါမည်ဟု ဝန်ခံကတိပြုကြသည်။ ဤအရာ၌ ကျောက်သင်္ဘောဝါဒ မှားယွင်းကြောင်း ဝန်ခံခြင်းပင်ဖြစ်လေသည်။

အထက်ပါ (ဗ) (ဏ) (လ) အမှတ်ပါ ရေးသားဟောပြောချက်များကို မရေးသား မဟောပြောရန် ဝန်ခံလျှင် (န) အမှတ်ပါ ရေးသားဟောပြောချက်များကိုလည်း ဝန်ခံပြီးသားဖြစ်သည်ဟု မှတ်ယူရမည်။

စောဒက ဆရာတော်များက ကောက်နုတ်ဖော်ပြထားသော ကျောက်သင်္ဘောဝါဒီ ဆရာတော်တို့၏ ရေးသား ဟောပြောချက်များတွင်-
၁။ ခြေအစ ခေါင်းအဆုံးဖြစ်တဲ့ ပဉ္စက္ခန္ဓာသည် အနုပါဒါနက္ခန္ဓာ၊
၂။ ခန္ဓာငါးပါးကို ဝိပဿနာပွားရမည်မဟုတ်၊
၃။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ဝိပဿနာပွားရမည်-
ဟု အချက် ၃-ချက် တွေ့ရှိရပါသည်။

၁-နံပါတ်ကို စိစစ်ဝေဖန်ချက်

ကတမေစ ဘိက္ခဝေ ပဉ္ဇုပါဒါနက္ခန္ဓာယံ ကိဉ္ဇိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္ဇုပ္ပန္နံ။ ပ။ ယံ ဒူရေ သန္တိကေ ဝါ ဘာသဝံ ဥပါဒါနိယံအယံ ပုစ္ဇတိ ရူပုပါဒါနက္ခန္ဓော

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်(၃၉)

ရဟန်းတို့- အဘယ်တရားတို့သည် ပဉ္ဇုပါဒါနက္ခန္ဓာ မည်ကုန်သနည်း။ ရဟန်းတို့- အလုံးစုံသော အတိတ် အနာဂတ် ပစ္ဇုပ္ပန်ဖြစ်သော။ပ။ အဝေးလည်းဖြစ်သော, အနီးလည်းဖြစ်သော အကြင်ရုပ်သည် အာသဝေါတရားတို့၏ အာရုံဖြစ်၏၊ ဥပါဒါန်၏ အစီးအပွားဖြစ်၏၊ ဤရုပ်အပေါင်းကို ရူပုပါဒါနက္ခန္ဓာဟု ဆို၏၊

တေ ရာသဌေန သဗ္ဗေပိ ခန္ဓေသု ပဝိဋ္ဌာတေဘူမကာ ပနေတ္ထ သာသဝဌေန ဥပါဒါနက္ခန္ဓေသု ပဝိဌာ။ (ခန္ဓဝဂ္ဂသံယုတ်အဋ္ဌကထာ-၂၄၉။)

ထိုအလုံးစုံသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာက်တို့သည် အစုဟူသော အနက်ကြောင့် ခန္ဓာတို့၌ ဝင်ကုန်၏၊ ထိုခန္ဓာတို့တွင် ဘုံသုံးပါး၌ ဖြစ်ကုန်သော လောကီခန္ဓာတို့သည် အာသဝတို့နှင့်တကွ ဖြစ်သောကြောင့်။ (ဝါ) အသဝေါတရားတို့၏ အာရုံဟူသော အနက်ကြောင့် ဥပါဒါနက္ခန္ဓာတို့၌ ဝင်ကုန်၏၊

ဤသို့ ပါဠိတော်အဋ္ဌကထာတို့၌ မိန့်ဆိုတော်မူသောကြောင့် လောကီခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာတို့ မည်ကုန်၏၊ အနုပါဒါနက္ခန္ဓာ မမည်ကုန်။ လောကုတ္တရာ စိတ် စေတသိက် ခန္ဓာတို့သာ အနုပါဒါနက္ခန္ဓာတို့ မည်ကုန်၏၊ ထို့ကြောင့် ကျောက်သင်္ဘောဆရာတော်၏ ခြေကအစ ခေါင်းအဆုံးရှိသော လောကီပဉ္ဇက္ခန္ဓာတို့ကို အနုပါဒါနက္ခန္ဓာဟု ဟောပြောခြင်းသည် ထေရဝါဒပိဋကတ်တော် ပါဠိအဋ္ဌကထာတို့နှင့် ဆန့်ကျင်သော, မှားယွင်းသော ဟောပြောချက်ဟု ဝိနည်းဓိုရ် ဆရာတော်များက စိစစ်ဝေဖန်တော်မူကြသည်။

၂-နံပါတ်ကို စိစစ်ဝေဖန်ချက်

ခန္ဓာငါးပါး ရုပ်, နာမ်တရားကို ဝိပဿနာ ရှုပွားရမည် မဟုတ်ဟု ကျောက်သင်္ဘောဆရာတော်၏ ရေးသားဟောပြောချက်သည်-

ပဉ္ဇက္ခန္ဓာ ပန ဝိပဿနာယ ဘူမိ နာမ

ခန္ဓာငါးပါးတို့သည် ဝိပဿနာ၏ အာရုံ မည်၏၊ (သမ္မောဟဝိနောဒနီအဋ္ဌကထာ-၂၈၅။)

ဘူမီတိ ဝိပဿနာယ အရမ္မဏဘူတာ တေဘူမကာ ပဉ္ဇက္ခန္ဓာ

ဘူမိဟူသည် ဝိပဿနာ၏ အာရုံဖြစ်၍ ဖြစ်သော ဘုံသုံးပါး၌ ဖြစ်ကုန်သော ငါးပါးသော ခန္ဓာတို့ပင်တည်း။ (အဋ္ဌသာလိနီအဋ္ဌကထာ-၁၀၉။)

ထို့ပြင် ပါထိကအဋ္ဌကထာ ၂၀၃ ၌-

တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ

ထို သစ္ဇာလေးပါးတို့တွင် ရဟန်း၏ ဝဋ်သစ္ဇာဖြစ်သော လောကီ ဒုက္ခသစ္ဇာ, သမုဒယသစ္ဇာ နှစ်ပါး၌ ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းသည် ဖြစ်၏၊

ဤသို့ လောကီရုပ်နာမ်ဖြစ်သော 'ဒုက္ခသစ္ဇာ, သမုဒယသစ္ဇာ နှစ်ပါး၌ ဝိပဿနာ ရှု မှတ် ပွားများခြင်း ဖြစ်သည်ဟု မိန့်ဆိုသောကြောင့်၎င်း,

ထို့ပြင် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် သီဝန္တသုတ် ၁၃၆-၌ လည်း-

သီလဝတာဝုသော ကောဋ္ဌိက ဘိက္ခုနာ ပဉ္ဇုပါဒါနက္ခန္ဓာ အနိစ္ဇတော ဒုက္ခတော။ ပ။ အနတ္တတော ယောနိသော မနသိကာတဗ္ဗာ

ငါ့ရှင် ကောဋ္ဌိက- သီလရှိသော ရဟန်းသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို မမြဲသောအားဖြင့်, ဆင်းရဲသောအားဖြင့်, အလိုသို့မလိုက်သောအားဖြင့်, အသင့်အားဖြင့် နှလုံးသွင်း ဆင်ခြင်အပ်ကုန်၏- ဟု ရှင်သာရိပုတ္တရာက ရှင်ကောဋ္ဌိကအား ဟောတော်မူအပ်သောကြောင့်၎င်း လောကီခန္ဓာငါးပါးတရားတို့သည် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံတရားများ ဖြစ်ကုန်၏၊

ထို့ပြင် ခန္ဓာငါးပါးကို ဖြစ်ခြင်း ပျက်ခြင်းအားဖြင့် ဝိပဿနာရှုမှတ် ပွားများသဖြင့် တဏှာကိလေသာတို့မှ ကင်းလွတ်လျက် နိဗ္ဗာန်မျက်မှောက်ပြုရကြောင်းကို မိတ္တာကာဠီ အမည်ရှိသော ရဟန္တာထေရီ ဘိက္ခုနီမ ဟောကြားသော စကားဖြင့်လည်း ခန္ဓာငါးပါး သင်္ခါရတရားတို့သည် ဝိပဿနာဉာဏ်၏ အာရုံဖြစ်ကြောင်းကို သိနိုင်သည်။

ယထာဘူတံ အဝေက္ခန္တီခန္ဓာနံ ဥဒယဗ္ဗယံ

ဝိမုတ္တစိတ္တ ဥဠာသိံကတံ ဗုဒ္ဓဿ သာသနံ

ခန္ဓာနံ၊ ရုပ်, နာမ်အစုတို့၏၊ ဥဒယဗ္ဗယံ၊ ဖြစ်ပျက်ကို။ ယထာဘူတံ။ အဟုတ်အမှန် သိမြင်အောင်။ အဝေက္ခန္တိ၊ ကြည့်ရှုဆင်ခြင်လျက်နေသော မိတ္တကာဠီ ငါထေရီသည်။ ဝိမုတ္တစိတ္တာ၊ တဏှာမှကင်းလွတ်သော စိတ်ရှိလျက်။ ဥဋ္ဌာသိံ၊ ထမြောက်သွားလေပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမ ဩဝါဒ သာသနာကို။ ကတံ၊ ပြုကျင့်၍ ပြီးဆုံးလေပြီ။

အထက်ဖော်ပြပါ ပါဠိအဋ္ဌကထာ သာဓကများ အထင်အရှားရှိသောကြောင့် ကျောက်သင်္ဘောဆရာတော်၏ ခန္ဓာငါးပါးကို ဝိပဿနာရှုပွားရမည် မဟုတ်ဟု ဟောပြောခြင်းသည် ထေရဝါဒပိဋကတ်တော်များနှင့် မညီညွတ်သည့်အပြင် တရားအားထုတ်လိုကြသည့် ယောဂါဝစရ ပုဂ္ဂိုလ်တို့အားလည်း ကုမ္မဂ္ဂဒေသက= မှားသော ဝိပဿနာလမ်းကို ညွှန်းရာရောက်သည်ဟု ဝိနည်းဓိုရ် ဆရာတော်များက စိစစ်ဝေဖန်တော်မူကြသည်။

၃-နံပါတ်စိစစ်ဝေဖန်ချက်

၃-နံပါတ် ကောက်နှုတ်ချက်ကို စိစစ် ဝေဖန်သော နိဗ္ဗာန်ကို မျက်မှောက်ပြု၍ ပွားကြပါဟု ကျောက်သင်္ဘောဝါဒီ ဆရာတော်တို့ကဆိုရာ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ အာရုံပြု၍ မည်သည့်တရားကို ပွားများရမည်နည်း။ ရုပ်နာမ် ရှုမှတ် ပွားများခြင်းကို ကျောက်သင်္ဘော ဆရာတော်က ပယ်ထားသောကြောင့် ရုပ်နာမ်ကို ပွားများရန် စုဒိတကဆရာတော်တို့ အနေဖြင့် မလိုတော့ပေ။ ယင်းသို့ဖြစ်လျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မည်သည့်တရားကို ပွားများရမည်နည်း။

နိဗ္ဗာန်မြင်သိ ဝိမုတ္တိကျမ်း- မျက်နှာ-၄၇ ၌-

ပကတိအေးရာ နိဗ္ဗာန်ကို မြင်ပြီး အေးသလို ငြိမ်းသလို မျက်မှောက် ပြုနေကြရုံပေါ့.....

ဟု ရေးသားထားသည်ကို တွေ့မြင်ရသည်။

ထို့ပြင် ထေရုပ္ပတ္တိနှင့်တရားတော်များ- စာမျက်နှာ-၁၄၈ မှာ-

နိဗ္ဗာန်ရောက်ဖို့ နိဗ္ဗာန်မြင်ဖို့က ဥပါဒါနက္ခန္ဓာတွေ သူ့အလိုလိုမဖြစ်ပဲ နေတာ သူ့အလိုလို ချုပ်ငြိမ်းနေတာ သူ့အလိုလို ခယဓမ္မဖြစ်နေတာ ဝယဓမ္မာဖြစ်နေတာကို သိကြရမည်-

ဟု ဟောပြော ထားသည်ကို တွေ့မြင်ရသည်။

ယင်းသို့ ရေးသား ဟောပြောထားသည်များကို တွေ့မြင်ရသဖြင့် ကျောက်သင်္ဘောဝါဒီ ဆရာတော်တို့၏ အလိုအားဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် နိဗ္ဗာန်ကို၊ (ဝါ) နိဗ္ဗာန်၏ ဂုဏ်များကို အာရုံပြု၍ ပွားများရမည်ဟု သိရပေသည်။

နိဗ္ဗာန်ကို အာရုံပြု၍ (ဝါ) နိဗ္ဗာန်၏ သန္တိ စသော ဂုဏ်များကို ဆင်ခြင်၍ ပွားများနေလျှင် မဂ် ဖိုလ် နိဗ္ဗာန်ကို ပဋိဝေဓအားဖြင့် သိနိုင်ပါမည်လော။

လောကီ ရုပ်နာမ် သင်္ခါရတရားများကို (ဝါ) ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်သော သတိပဋ္ဌာန်တရား လေးပါးတို့တွင် တပါးပါးကို ဝိပဿနာမရှုပဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်။ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ ပွားများခြင်းကြောင့်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်။

ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ပ-၂၈၅)၌-

ဥပသမဂုဏာနံ ပန ဂမ္ဘီရတာယ, နာနပ္ပကာရဂုဏာနုဿရတာဓိမုတ္တတာယ ဝါ အပ္ပနံ အပ္ပတွာ ဥပစာရပ္ပတ္တမေဝ စျာနံ ဟောတိ-

ပန၊ ဆက်၍ဆိုဦးအံ့။ ဥပသမဂုဏာနံ၊ နိဗ္ဗာန်၏ ဂုဏ်တို့ကို။ ဂမ္ဘီရတာယ၊ နက်နဲသည်၏ အဖြစ်ကြောင့်၎င်း။ နာနပ္ပကာရဂုဏာနုဿရတာဓိမုတ္တတာယ ဝါ၊ အထူးထူး အပြားပြား များသော ဂုဏ်တော်တို့ကို အောက်မေ့ခြင်းဖြင့် ဆုံးဖြတ်၍ လေးမြတ် ယုံကြည်သည်၏ အဖြစ်ကြောင့်၎င်း။ အပ္ပနံ၊ လောကုတ္တရာအပ္ပနာစျာန်သို့။ အပတွာ၊ မရောက်မူ၍။ ဥပစာရပ္ပတ္တမေဝဥပစာရသို့သာလျှင် ရောက်သော။ စျာနံစျာန်သည်။ ဟောတိ၊ ဖြစ်၏- ဟု မိန့်တော်မူသည်။

နိဗ္ဗာန်၏ ဂုဏ်တော်တို့၏ အလွန်နက်နဲသည်၏ အဖြစ်ကြောင့် နိဗ္ဗာန်ကို ဆင်ခြင်နှလုံးသွင်းခြင်းကြောင့် မဂ်စိတ်, ဖိုလ်စိတ် မဖြစ်နိုင်၊ ကာမာဝစရဥပစာရသမာဓိစျာန်ကိုသာ ရနိုင်သည်။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဆက်လက်၍ နိဗ္ဗာန်ကို နှလုံးသွင်းဆင်ခြင်ခြင်းကြောင့် ရရှိနိုင်သော အကျိုးများကို အောက်ဖော်ပြပါအတိုင်း ဖွင့်ဆိုသည်။

ပန၊ အကျိုးကိုဆိုဦးအံ့။ ဣမဉ္စ ဥပသမာနုဿတိံ၊ ဤနိဗ္ဗာန်ကို ဆင်ခြင်နှလုံးသွင်းခြင်းကို။ အနုပယုတ္တော ဘိက္ခု၊ အားထုတ်သော ရဟန်းသည်။ သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ရ၏၊ သုခံ၊ ချမ်းသာစွာ။ ပဋိဗုဇ္ဈတိ၊ နိုးရ၏၊ သန္တိန္ဒြိယော၊ ငြိမ်သက်သောဣန္ဒြေရှိ၏၊ သန္တမာနသော၊ ငြိမ်သက်သောစိတ်ရှိ၏၊ ပ။ ဥတ္တရိံ၊ အထက်ဖြစ်သော မဂ်, ဖိုလ် ကျေးဇူးကို။ အပ္ပဋိဝိဇ္ဈန္တော ပန၊ ထိုးထွင်း၍ မသိနိုင်သော်လည်း။ သုဂတိပရာယနောသုဂတိဘဝသို့ လားရသည်။ ဟောတိ၊ ဖြစ်၏၊

ဤသို့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ နိဗ္ဗာန်ကို ဆင်ခြင်နှလုံးသွင်းခြင်းကြောင့် ငြိမ်သက်သော ဣန္ဒြေရှိခြင်း, ငြိမ်သက်သောစိတ်ရှိခြင်း, သုဂတိဘဝသို့ လားရောက်ရခြင်း အကျိုးများကိုသာ ရရှိနိုင်သည်၊ မဂ်, ဖိုလ်ကို မရနိုင်ဟု အတိအလင်း မိန့်ဆိုထားသည်။

လောကီဒုက္ခသစ္စာ သမုဒယသစ္စ ဝဋ္ဋသစ္စာနှစ်ပါး၌သာ ဝိပဿနာ ရှုမှတ် ပွါးများနိုင်သည်၊ လောကုတ္တရာနိရောဓသစ္စာ မဂ္ဂသစ္စာ ဝိဝဋ္ဋသစ္စာနှစ်ပါး၌ ဝိပဿနာ ရှု-မှတ် ပွါးများခြင်းငှါ မဖြစ်နိုင်။ ထို့ကြောင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ(၁၀၉) သစ္စနိဒ္ဒေသ၌-

တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော-

တေသု၊ ထိုသစ္စာလေးပါးတို့တွင်။ ဘိက္ခုနော၊ ရဟန်းအား။ ဝဋ္ဋေ၊ လောကီ ဝဋ္ဋသစ္စာနှစ်ပါး၌။ ကမ္မဋ္ဌာနာဘိနိဝေသော၊ ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဝိဝဋ္ဋေ၊ လောကုတ္တရာ ဝိဝဋ္ဋသစ္စာနှစ်ပါး၌။ ကမ္မဋ္ဌာနာဘိနိဝေသော၊ ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းသည်။ နတ္ထိ၊ မရှိဟု - မိန့်တော်မူသည်။

သုတ္တန္တမဟာဝဂ္ဂဋီကာ(၃၄၂ ၌-

ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော သရူပတော ပရိဂ္ဂဟသဗ္ဘာဝတောဝိဝဋ္ဋေ နတ္ထိ အဝိသယတ္တာ, ဝိသယတ္တေ စ ပယောဇနာဘာဝတော

ဝဋ္ဋေ၊ ဒုက္ခ သမုဒယ ဝဋ်သစ္စာနှစ်ပါး၌။ သရူပတော၊ သရုပ်အားဖြင့်။ ပရိဂ္ဂဟသဗ္ဘာဝတောဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းခြင်း ဖြစ်သင့်သောကြောင့်။ ကမ္မဋ္ဌာနာဘိနိဝေသော၊ ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဝိဝဋ္ဋေနိရောဓ, မဂ္ဂ ဝိဝဋ္ဋသစ္စာနှစ်ပါး၌။ အဝိသယတ္တာဝိပဿနာဉာဏ်၏ အရာမဟုတ်သည်၏ အဖြစ်ကြောင့်။ ဝိသယတ္တေဥပသမာနုဿတိ၏ အရာ၏အဖြစ်သည်။ သတိ စ၊ ဖြစ်ငြားသော်လည်း။ ပယောဇနာဘာဝတောဝိဝဋ္ဋသစ္စာနှစ်ပါး၌ နှလုံးသွင်းခြင်း၏ အကျိုးမရှိသည်၏ အဖြစ်ကြောင့်၎င်း။ ကမ္မဋ္ဌာနာဘိနိဝေသော၊ ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်းသည်။ နတ္ထိ၊ မရှိ။

ဤသို့ ဝိဝဋ္ဋသစ္စာဖြစ်သော နိဗ္ဗာန်၌ ဝိပဿနာကမ္မဋ္ဌာန်း နှလုံးမသွင်းရခြင်းကို မိန့်ဆိုသည်။

ဘာဝနာကို အားထုတ်သော ယောဂါဝစရ ရဟန်းအား မည်သို့ နှလုံးသွင်း၍ မည်သည့် တရားကို ရှုမှတ် ပွားရပါမည်နည်း-

ဘာဝနာနုယောဂံ အနုယုတ္တဿ ဘိက္ခဝေ ဘိက္ခုနော ဝိဟရတော ကိဉ္စာပိ န ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇေယျ 'အဟော ဝတ မေ အနုပါဒါယ အာဝဝေဟိ စိတ္တံ ဝိမုစ္စောယျာ' တိ၊ အထ ခွဿ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စတိတံ ကိဿ ဟေုတု'ဘာဝိတတ္တာ' တိဿ ဝစနီယံကိဿ ဘာဝိတတ္တာဘာဝိတတ္တာ စတုန္နံ သတိပဋ္ဌာနာနံ။ (ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်၊ ဝါသိဇဋသုတ်၊ ၁၂၅)

ရဟန်းတို့- ဘာဝနာ ပွါးများခြင်းကို အားထုတ်လျက်နေသော ယောဂါဝစရ ရဟန်းအား 'ငါ့အား စင်စစ် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ စိတ်သည် လွတ်မြောက်ရာ၏'၊ ဤသို့ အလိုဆန္ဒသည် အကယ်၍ မဖြစ်ငြားအံ့၊ ထိုသို့ပင် အလိုဆန္ဒ မဖြစ်ငြားသော်လည်း ထိုယောဂါဝစရဘာဝနာပွါးသော ရဟန်းအား တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ စိတ်သည် လွတ်မြောက်၏၊ ထိုသို့ လွတ်မြောက်စေလိုသော ဆန္ဒမရှိပါပဲလျက် အာသဝတို့မှ လွတ်မြောက်ခြင်းသည် အဘယ်အကြောင်းကြောင့်ပါနည်း။ ပွါးများသည်၏ အဖြစ်ကြောင့် လွတ်မြောက်ပါသည်။ ဤသို့ ပြောရမည် ဖြစ်ပါသည်။ အဘယ်တရားကို ပွါးများခြင်းကြောင့် အာသဝတို့မှ စိတ်သည် လွတ်မြောက်ပါသနည်း။ လေးပါးကုန်သော သတိပဋ္ဌာန်တရားတို့ကို ရှုမှတ်ပွါးများခြင်းကြောင့် ထိုယောဂါဝစရ ရဟန်းအား အာသဝေါတရားတို့မှ စိတ်သည် လွတ်မြောက်ပါသည်။

ဤသို့ ဘုရားရှင်က သတိပဋ္ဌာန်တရားကို စနစ်တကျ ပွါးများလျှင် 'အာသဝေါတရားတို့မှ ကင်းလွတ်ပါစေ'ဟု အလိုဆန္ဒမရှိစေကာမူ ဧကန်မုချ အာသဝေါတရားတို့မှ ကင်းလွတ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း ဟောတော်မူသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ ပွါးရသည်ဟု မဟောခဲ့ပေ။

ဤသို့ ပါဠိအဋ္ဌကထာ ဋီကာတို့၌ မိန့်ဆိုတော်မူခြင်းကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ပွါးများရမည်ဟု ကျောက်သင်္ဘောဝါဒီ ဆရာတော်များ ရေးသား ဟောပြောခြင်းသည် ထေရဝါဒ ပါဠိ အဋ္ဌကထာ ဋီကာတို့နှင့် ညီညွတ်ခြင်း မရှိသည်ဖြစ်၍ မှန်ကန်သော ဝိပဿနာလမ်းစဉ် မဟုတ်ပေ၊ အဆန်းထွင်ထားသော ဝါဒသာ ဖြစ်ချေသည်။

အထက်ပါ စကားရပ်များကို ခြုံငုံသုံးသပ်လျှင် မြတ်စွာဘုရား၏ ဝါဒသည် ရုပ်နာမ်ခန္ဓာတို့ကို ရှုမှတ် ပွါးများရသောဝါဒ ဖြစ်ကြောင်း ထင်ရှားသည်။

'ခန္ဓာ မရှုရ၊ ခန္ဓာရှု၍ နိဗ္ဗာန်ရမှ မဟုတ်' ဟု ယူဆသော ကျောက်သင်္ဘောဝါဒသည် 'ဗုဒ္ဓလမ်းစဉ်နှင့် မညီညွတ်သော ဝါဒသာ ဖြစ်သည်' ဟု ဝိနည်းဓိုရ်ဆရာတော်များက စိစစ် ဝေဖန်တော်မူကြသည်။

---

ဝယဓမ္မာ သင်္ခါရာ-ကို နိဗ္ဗာန်ဟု ကောက်ယူ ဟောကြားသော

ကျောက်သင်္ဘောဝါဒအပေါ် စောဒကပုဂ္ဂိုလ်တို့၏

စောဒနာချက်ကို ဝေဖန်သုံးသပ် စိစစ်ခြင်း

ကျောက်သင်္ဘောဝါဒီ ပုဂ္ဂိုလ်တို့သည် စောဒကပုဂ္ဂိုလ်တို့၏ စောဒနာတည်ရာ (ည)အမှတ်ပြ နောက်ပိုင်း သာဓကစကားကို သောဓနာခြင်း (ချေပခြင်း) မပြုကြကုန်။ ဤသို့ သောဓနာခြင်း မပြုကြကုန်သော်လည်း ဝေဖန်သုံးသပ် စိစစ်ကြရမည်သာ ဖြစ်ကုန်၏၊

သာဓကစကားကို ဝေဖန်သုံးသပ် စိစစ်ကြရာ၌လည်း သာဓကချည်း သက်သက်မျှကိုသာ ဝေဖန်သုံးသပ် စိစစ်ခြင်းမျှဖြင့် ပြည့်စုံ ရှင်းလင်းစွာ သိနိုင်ကြမည် မဟုတ်ကုန်။ ရှေ့ပိုင်း တဆက်တည်းဖြစ်သော သာဓျစကားကိုပါ ထည့်သွင်း၍ သိနိုင်လောက်ရုံမျှ ဝေဖန်သုံးသပ် စိစစ်ကြပါအံ့။

ကျောက်သင်္ဘောဆရာတော်သည် ဤသို့သော ဟောပြောချက်တခုကို တရားပွဲ တခု၏အဆုံး၌ ထည့်သွင်း၍ နိဂုံးချုပ်အနေဖြင့် ဟောပြောထားသည်ကို တွေ့ရှိကြရ၏၊ ဟောပြောချက်မှာ-

(ည-အမှတ်ပြ ရှေ့ပိုင်း) အဲဒီ ငြိမ်းချမ်းနေတဲ့ ငြိမ်းရာတခုကိုတော့ ဘယ်တော့မှ မမေ့ကြနဲ့။

(ည-အမှတ်ပြ နောက်ပိုင်း) အဲဒါကို မမေ့ဖို့ရာ ဘုရားက 'ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ= သင်္ခါရတို့ရဲ့ကုန်ရာခန်းရာ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံကြလေတဲ့ (ထေရုပ္ပတ္တိနှင့် တရားတော်များ၊ နှာ-၃၆၅၊ ၃၆၆)ဟူ၍ ဖြစ်လေသည်။

ယင်း ဟောပြောချက်၌ 'ငြိမ်းရာတခု' ဟူသည် နိဗ္ဗာန်ကို ဆိုခြင်းဖြစ်၍ 'ဘယ်တော့မှ မမေ့ကြနဲ့ ' ဟူသည် သတိဖြင့် မမေ့မလျော့ပဲ အမြဲပင် သိနေရမည်ဟု ဆိုဖြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းစကားနှစ်ရပ်ကို ဆက်စပ်၍ အဓိပ္ပါယ်ယူလိုလျှင် နိဗ္ဗာန်ကို သတိဖြင့် မမေ့ မလျော့ပဲ အမြဲပင် သိနေရမည်ဟု ဟောပြောခြင်းပင် ဖြစ်၏၊

ကျောက်သင်္ဘောဆရာတော်၏ ဤဟောပြောချက်ကို ကောက်ချက်ချလျှင် ဝိပဿနာ အရာ၌ နိဗ္ဗာန်သည် ကမ္မဋ္ဌာန်းအာရုံဖြစ်သည်၊ ထိုကမ္မဋ္ဌာန်းအာရုံတည်းဟူသော နိဗ္ဗာန်ကို ဝိပဿနာစိတ်က အာရုံပြုသည်။ ဤသို့ ကောက်ချက် ချနိုင်ပေသည်။

ဤကောက်ချက်များအရ 'ငြိမ်းရာတခုကို ဘယ်တော့မှ မမေ့ကြနဲ့' ဟူသော ဟောပြောချက်သည် မှားယွင်း ချွတ်ချော်သော ဟောပြောချက်သာ ဖြစ်၏၊ အဘယ့်ကြောင့်ဟူမူ နိဗ္ဗာန်သည် အနိစ္စ-စသော အခြင်းအရာမှ ကင်းဆိတ်၏၊ ထိုသို့ သဘောရှိသော နိဗ္ဗာန်ကို လောကီဝိပဿနာစိတ်က မပွါးများနိုင်။ ထို့ကြောင့် ဧကန်ပင် မှားယွင်း ချွတ်ချော်သော ဟောပြောချက်သာ ဖြစ်၏၊

တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော

သုတ်မဟာဝါအဋ္ဌကထာ(၃၉၁)

ထိုသစ္စာလေးပါးတို့တွင် ဒုက္ခ သမုဒယ ဝဋ်သစ္စာ ၂-ပါး၌ ရဟန်း၏ ကမ္မဋ္ဌာန်း ပွါးများ နှလုံးသွင်းခြင်းသည် ဖြစ်နိုင်၏၊ နိရောဓ မဂ္ဂ ဝိဝဋ္ဋသစ္စာ ၂-ပါး၌ ကမ္မဋ္ဌာန်း ပွါးများ နှလုံးသွင်းခြင်းသည် မဖြစ်နိုင်-ဟူ၍၎င်း၊

ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော သရူပတော ပရိဂ္ဂဟသမ္ဘဝတောဝိဝဋ္ဋေ နတ္ထိ၊ အဝိသယတ္တာ, ဝိသယတ္တေစ ပယောဇနာ ဘာဝတော။ သုတ်မဟာဝါဋီကာ(၃၄၃။)

ဝဋ်သစ္စာ ၂-ပါး၌ သရုပ်သဘောအားဖြင့် သိမ်းဆည်းခြင်း၏ ဖြစ်သင့်သောကြောင့် ကမ္မဋ္ဌာန်း ပွားများနှလုံးသွင်းခြင်း ဖြစ်နိုင်၏၊ ဝိဝဋ္ဋသစ္စာ ၂-ပါး၌ ကမ္မဋ္ဌာန်းအရာ မဟုတ်သောကြောင့်၎င်း၊ ကမ္မဋ္ဌာန်းအရာ အဖြစ်၌ အကျိုးမပွား ကျေးဇူးမများသောကြောင့်၎င်း ကမ္မဋ္ဌာန်း ပွားများနှလုံးသွင်းခြင်းသည် မဖြစ်နိုင် ဟူ၍၎င်း မိန့်ဆိုကြကုန်သည်။

ဤအဋ္ဌကထာ ဋီကာတို့၌လည်း နိဗ္ဗာန်သည် ကမ္မဋ္ဌာန်းအာရုံ မဖြစ်၊ နိဗ္ဗာန်ကို ဝိပဿနာစိတ်က အာရုံမပြုနိုင်ဟု ဆိုကြခြင်း ဖြစ်ကုန်၏၊

သို့ဖြစ်၍ 'ငြိမ်းရာ တခုကိုတော့ ဘယ်တော့မှ မမေ့ကြနဲ့' ဟူသော ဟောပြောချက်သည် မှားယွင်း ချွတ်ချော်သော ဟောပြောချက်သာ ဖြစ်သည်ဟု ယူတော်မူကြသည်။

ဤကား (ည) အမှတ်ပြ ရှေ့ပိုင်း 'အဲဒီ ငြိမ်းချမ်းနေတဲ့ ငြိမ်းရာတခုကိုတော့ ဘယ်တော့မှ မမေ့ကြနဲ့' ဟူသော စကားရပ်ကို သိနိုင်လောက်ရုံမျှ ဝေဖန်သုံးသပ် စိစစ်ခြင်းတည်း။

ထို့နောက် ဆက်လက်၍ ကျောက်သင်္ဘောဆရာတော်သည် မိမိ၏ 'အဲဒီ ငြိမ်းချမ်းနေတာ တခုကိုတော့ ဘယ်တော့မှ မမေ့ကြနဲ့' ဟူသည့် မှားယွင်း ချွတ်ချော်နေသော ဟောပြောချက် ခိုင်ခန့်စေရန်အတွက်-

'အဲဒါကို မမေ့ဖို့ ဘုရားက 'ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ'= သင်္ခါရတို့ရဲ့ ကုန်ရာခန်းရာ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံကြလေတဲ့'

ဟူသော ပစ္ဆိမဗုဒ္ဓဝစနကို မိမိ၏ဟောပြောချက်နှင့် ကိုက်ညီအောင် အဓိပ္ပါယ်ပြန်ဆိုလျက် အကိုးသာဓက ပြုထား၏၊

ဤ အကိုးသာဓကကို အဓိပ္ပါယ်ပြန်ဆိုခြင်း၌ မလိမ္မာ၍ ကိုးကားထားမိခြင်းသည်လည်း ဖြစ်နိုင်၏၊ သို့မဟုတ် အမြီးအမောက် တည့်အောင် သာဓျ သာဓက မြောက်အောင် ကြံဆောင်ဖန်တီး၍ ပြန်ဆိုကိုးကားထားခြင်းလည်း ဖြစ်နိုင်၏၊ အကြောင်းကိုဆိုသော် အဓိကအကျဆုံး ဖြစ်နေသော ဝယဓမ္မာပုဒ်အရ နိဗ္ဗာန်ကို ကောက်ယူနိုင်ရန်အတွက် သဒ္ဒါကို၎င်း၊ အဖွင့် သံဝဏ္ဏနာကို၎င်း အနည်းငယ်မျှ ငဲ့ကွက်ခြင်း မပြုပဲ လုံးထွေးရောယှက် လိုရာသို့ ဆွဲယူလျက် အဓိပ္ပါယ်ကို ပြန်ဆိုကာ ကိုးကားထားခြင်းကြောင့် ဖြစ်၏၊

မည်သို့ပင် ပြန်ဆိုကိုးကားစေကာမူ အဋ္ဌကထာ ဋီကာတို့၌ သင်္ခါရာပုဒ်နှင့် ယှဉ်တွဲနေသော ဝယဓမ္မာပုဒ်မျိုးကို ကုန်ရာ ခန်းရာ ချုပ်ရာ နိဗ္ဗာန်ဟု ဖွင့်ဆိုကြရိုး မရှိကြကုန်။ သင်္ခါရတရားတို့ဟူ၍သာ ဖွင့်ဆိုကြကုန်သည်။ ထို့ကြောင့် မဇ္ဈိမပဏ္ဏာသဋီကာ(နှာ-၁၁၁)၌ ဝယသဘာဝါတိ ဝယဓမ္မာ-ဟု ဖွင့်ဆို၏၊ ဝယသဘာဝါ၊ ပျက်စီးခြင်းသဘောရှိကုန်၏၊ ဣတိ၊ ထို့ကြောင့်။ ဝယဓမ္မာဝယဓမ္မာမည်ကုန်၏၊ ဝယဓမ္မာ၊ ပျက်စီးခြင်းသဘောရှိကုန်သော သင်္ခါရတရားတို့။ ဤ ဋီကာ၌လည်း ဝယဓမ္မာအရ သင်္ခါရတရားတို့ကို ကောက်ယူရန် ဖွင့်တော်မူခြင်း ဖြစ်၏၊

ထို့ပြင် သင်္ခါရပုဒ် ဝယဓမ္မာပုဒ်တို့သည် သမ္ဗန် သမ္ဗန္ဓီ-သဒ္ဒါတို့ မဟုတ်ကြ၍ နာနတ္ထသဒ္ဒါ အတုလျတ္ထသဒ္ဒါ (မတူသောအနက်ရှိသော) သဒ္ဒါတို့ မဟုတ်ကြကုန်၊ ယင်းနှစ်ပုဒ်တို့သည် လိင်္ဂတ္ထဇောတက ပဌမာဝိဘတျန္တ ဗဟုဝစနသဒ္ဒါတို့ချည်း ဖြစ်ကြပြီး သမာနတ္ထသဒ္ဒါ တုလျတ္ထသဒ္ဒါ (တူသောအနက်ရှိသော) သဒ္ဒါတို့သာ ဖြစ်ကြကုန်၏၊ သို့ဖြစ်၍ ကျောက်သင်္ဘောဝါဒအတိုင်း-

သင်္ခါရာ၊ သင်္ခါရတရားတို့၏၊ ဝယဓမ္မာ၊ ကုန်ရာ ခန်းရာ ချုပ်ရာ နိဗ္ဗာန်ကို- ဟု အနက်ယောဇနာ၍ သင်္ခါရတရားတို့ရဲ့ ကုန်ရာ ခန်းရာ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို-

ဟူ၍ အဓိပ္ပါယ်မပြန်ဆိုနိုင်။

အကယ်၍ ကျောက်သင်္ဘော ဆရာတော်သည် ယင်း နှစ်ပုဒ်တို့သည် အနက်အားဖြင့်သာမတူကုန်၊ သဒ္ဒါအားဖြင့်ကား ပဌမာဝိဘတျန္တ အဖြစ်ဖြင့် တူကုန်၏ဟု ယူဆခြင်းရှိလျှင်လည်း- သင်္ခါရာ၊ သင်္ခါရတရားတို့သည်။ ဝယဓမ္မာ၊ ကုန်ရာ ခန်းရာ ချုပ်ရာ နိဗ္ဗာန်တို့တည်းဟု အနက်ယောဇနာရမည်ဖြစ်၏၊ ဤအနက်ယောဇနာအတိုင်းဆိုသော် ယင်းနှစ်ပုဒ်တို့သည် သဒ္ဒါတို့သာ မတူကြကုန်၊ အဓိပ္ပါယတ္ထတို့ကား တူကြကုန်သည်။ သို့ဖြစ်၏၊ သင်္ခါရလည်း နိဗ္ဗာန်ဖြစ်၊ နိဗ္ဗာန်လည်း သင်္ခါရဖြစ်ရပေတော့သည်။ ပစ္ဆိမဗုဒ္ဓဝစန ဩဝါဒတော်ကြီးသည်လည်း အနက်အဓိပ္ပါယ် ကင်းမဲ့၍ အချီးနှီး အနှစ်သာရမရှိသော ဩဝါဒအဖြစ်သို့ ရောက်ရလေတော့သည်။

စင်စစ်မှာမူကား ပစ္ဆိမဗုဒ္ဓဝစန ဩဝါဒတော်ကြီးသည် ဓမ္မခန္ဓာ ရှစ်သောင်းလေးထောင်ကို ခြုံငုံမိ၍ အနှစ်သာရ အဓိပ္ပါယ်အဝဝနှင့် ပြည့်စုံလှသော ဩဝါဒတော်ကြီးလည်း ဖြစ်သည်၊ သာသနာတော်အတွက် သာဝကတို့အား အရေးတကြီး မှာကြားတော် မူခဲ့သော မှာတမ်းတော်ကြီးလည်း ဖြစ်သည်။

ထင်ရှားစေဦးအံ့- ဗုဒ္ဓမြတ်စွာသည် ပရိနိဗ္ဗာန်ဝင်စံတော်မူရန်အလို့ငှာ ကုသိနာရုံ မြို့အနီး မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ် အတွင်းသို့ ကြွရောက်တော်မူပြီး အင်ကြင်းပင်ပျိုတို့၏ အကြား၌ ခင်းထားအပ်သော ညောင်စောင်းပေါ်ဝယ် လျောင်းတော်မူရင်းပင် ပရိနိဗ္ဗာန်ဝင်စံလုနီးနီး အချိန်သို့ တဖြေးဖြေး ဆိုက်ရောက်လာသောအခါ ဤသို့သော နှလုံးအလိုတော်မြတ်သည် ဖြစ်ပေါ်တော်မူ၏၊

ဖခင်ဖြစ်သူသည် မိမိကွယ်လွန်ခါနီးအခါ၌ နှလုံးသည်းပွတ်ပမာ တွယ်တာမြတ်နိုးရသည့် သားသမီးတို့ကို မိမိအနီးသို့ခေါ်၍ အရေးကြီးလှသော မှာထားဖွယ်တို့ကို အကြွင်းအကျန်မရှိစေပဲ ပြောဆိုညွှန်ကြား မှာထားဘိသကဲ့သို့ ငါဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရသည့် တပည့်သာဝကတို့အား ဧကန်မုချ ဖြစ်ကြရမည့် သောက, ပရိဒေဝ အစရှိသော တရားဆိုးတို့မှ သက်သာရာလည်း ရကြပါစေ၊ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ သဘာဝကို ရှုမြင်ကြ၍ သံဝေဂဉာဏ်လည်း ရင့်သန်ဖြစ်ပွားကြပါစေ၊ မမေ့မှု, အမှတ်ရမှု သတိဖြင့် သီလ, သမာဓိ, ပညာကို ပြီးစေရစ်ကြပါစေ-

ဟု နှလုံးအလိုတော်မြတ်သည် ဖြစ်ပေါ်တော်မူလာ၏၊ ထိုအခါ ဗုဒ္ဓမြတ်စွာသည် ရောက်ရှိနေကြကုန်သော တပည့်သာဝကတို့အား မိမိထံမှောက်သို့ ခေါ်တော်မူလျက် ဗုဒ္ဓသာသနာတော်အတွက် အရေးကြီးသည့် နောက်ဆုံးမှာတမ်းတော်အဖြစ်-

ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ

ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ

ဘိက္ခဝေ၊ ရဟန်းတို့။ ဒါနိ၊ ယခုအခါ၌။ ဝေါ၊ သင်တို့အား။ ဟန္ဒ၊ ယခု။ အာမန္တယာမိ၊ မှာထားအမိန့်ရှိခဲ့အံ့။ သင်္ခါရာ၊ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည်။ ဝယဓမ္မာ၊ ပျက်စီးကြသော သဘောရှိကြကုန်၏၊ အပ္ပမာဒေန၊ မမေ့မှု အမှတ်ရမှုသတိဖြင့်။ သမ္ပာဒေထ၊ သီလ သမာဓိ ပညာကို ပြီးစေရစ်ကြကုန်လော့-

ဟူသော ပစ္ဆိမဗုဒ္ဓဝစန ဩဝါဒတော်မြတ်ကို မှာထား မိန့်ကြားတော်မူခဲ့လေသည်။ ဤအနက် ယောဇနာချက်အရ အဓိပ္ပာယ်မှာ-

ရဟန်းတို့ ယခုအခါ၌ ဆရာဘုရားက သင်တို့အား ယခု မှာထား အမိန့်ရှိခဲ့မည်။ သင်္ခါရတရားတို့သည် ပျက်ကြသည်ချည်းပင်၊ မမေ့မှု အမှတ်ရမှု သတိဖြင့် သီလ သမာဓိ ပညာကို ပြီးစေရစ်ကြရမည်-

ဟူ၍ပင်ဖြစ်သည်။ အဓိပ္ပာယ်မှာ အကောက်အကွေ့မရှိ အလွန်ထင်ရှား၏၊ သင်္ခါရတရားတို့သည် ပျက်စီးကြခြင်း သဘောဧကန်ရှိကြ၍ မမေ့မလျော့သော သတိဖြင့် သိက္ခာသုံးပါးကို အပြီးရောက်အောင် ကြိုးစားအားထုတ်ကြဟု-မိန့်တော်မူခြင်း ဖြစ်သည်။ နိဗ္ဗာန်ကို သတိနဲ့ ပြည့်စုံကြဟု မိန့်တော်မူခြင်း မဟုတ်။ ဤ ဟန္ဒ ဒါနိ စသော ပစ္ဆိမဗုဒ္ဓ ဝစန ဓမ္မက္ခန္ဓာဒေသနာတော်သည် သေးငယ် သေးကွေးသော ဓမ္မက္ခန္ဓာ မဟုတ်ချေ။ ဘုရားရှင်၏ လေးဆဲ့ငါးဝါတိုင်တိုင် ဟောတော်မူခဲ့သော ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကိုထည့်သွင်း၍ နောက်ဆုံး ဆုမ္မဟောကြားထားသော ဓမ္မက္ခန္ဓာ ဒေသနာတော် တဆူဖြစ်လေသည်၊ ပိဋကသုံးပုံ လိုရင်းအတိုချုပ်ဖြစ်၏၊ အခြေနှစ်ချောင်း အခြေလေးချောင်းရှိကုန်သော သတ္တဝါအားလုံးတို့၏ ခြေရာသည် ဆင်ခြေရာ၌ ဝင်သကဲ့သို့ ငါဘုရားသည် ၄၅-ဝါတိုင်တိုင် ဟောကြားအပ်သော ဒေသနာတော်အားလုံးတို့သည် ပစ္ဆိမဗုဒ္ဓဝစန အပ္ပမာဒဒေသနာတော်၌ ဝင်ကြကုန်၏၊ မဝင်သော ဒေသနာတော်မည်သည် မရှိဟု ဗုဒ္ဓမြတ်စွာကိုယ်တိုင်လည်း မိန့်ကြားတော်မူ၏၊

ဤသို့ သာတ္ထ သဗျဉ္စန ကေဝလပရိပုဏ္ဏစသော ဂုဏ်အဆီတို့နှင့် စုံညီပြည့်လျှမ်းသော ပစ္ဆိမဗုဒ္ဓဝစန ဩဝါဒဒေသနာတော်ကြီးကို ကျောက်သင်္ဘော ဆရာတော်အမည်ခံ ဦးကေသဝသည် မိမိ၏ 'အဲဒီ ငြိမ်းရာတရားတခုကိုတော့ ဘယ်တော့မှ မမေ့ကြနဲ့' ဟူသော ဟောပြောချက်တခုအတွက် 'သင်္ခါရတရားတို့ရဲ့ကုန်ရာ ခန်းရာ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံကြလေတဲ့'ဟု မဟုတ် မဟတ် လုပ်ဇာတ်ခင်း၍ အဟုတ်အမှန်ထင်အောင် သရုပ်ဖန်ကာ အဓိပ္ပါယ်ပြန်ဆိုခြင်းသည် အလွန်ဝန်လေးဖွယ်ကြီး ဖြစ်လေသည်။

ကျောက်သင်္ဘောဆရာတော်မည်သော အာဒိကမ္မိက ဦးကေသဝသည်၎င်း၊ ယင်းဝါဒကို လက်ခံယုံကြည်ကြ၍ ဟောပြောဖြန့်ချီနေကြကုန်သော ကျောက်သင်္ဘောဝါဒီ သာဝကကြီးတို့သည်၎င်း၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသည်ကိုလည်း မဟောကြားသည့် အနေရောက်အောင်, မဟောကြားတော်မူသည်ကိုလည်း ဟောကြားတော်မူသည့် အနေရောက်အောင် ကြံဆောင်ဖန်တီး၍ ဝါဒသစ်တခုကို ထူထောင်ကြသူတို့ ဖြစ်ကုန်၏၊ ယင်းသို့ ဝါဒသစ်ကိုထူထောင်ကြသူတို့သည် ဖော်ပြပါအဋ္ဌကထာစကားကို သတိမူသင့်ကြကုန်သည်။

တတ္ထ ယံကိဉ္စိ ဧကံ အဓမ္မကောဋ္ဌာသံ ဂဟေတွာ 'ဣမံ အဓမ္မံ ဓမ္မောတိ ကရိဿမ၊ ဧဝံ အမှာကံ အာစရိယကုလံ နိယျာနိကံ ဘဝိဿတိ၊ မယဉ္စ လောလေ ပါကဋာ ဘဝိဿာမာ'တိ တံ အဓမ္မံ 'ဓမ္မော အယန္တိ' ကထေန္တာ 'ဓမ္မော'တိ ဝိဝဒန္တိ၊ တထေဝ ဓမ္မောကောဋ္ဌာသေသု ဧကံ ဂဟေတွာ 'အဓမ္မော အယံ'န္တိ ကထေန္တာ 'အဓမ္မော'တိ ဝိဝဒန္တိ။ (ဥပရိပဏ္ဏာသ အဋ္ဌကထာ၊နှာ-၃၁)

ထို ဓမ္မအဖို့အစု အဓမ္မအဖို့အစု နှစ်မျိုးတွင် အမှတ်မထင်အကြင် တစုံတခုသော အဓမ္မအဖို့အစုကို ဆုပ်ကိုင်စွဲယူကြ၍ ဤမည်သော အဓမ္မကို ဓမ္မပေတည်းဟု ပြုကြကုန်အံ့၊ ဤသို့ ပြုကြသော် ငါတို့၏ ဆရာစဉ် သမားဆက် အနွယ်အဆက်ဆက် မပျက်အောင် ယူဆောင်လာခဲ့သော အဓမ္မသည် သံသရာမှ လွတ်မြောက်ကြောင်း အယူဝါဒလည်း ဖြစ်ပေလတ္တံ့၊ ငါတို့သည်လည်း လောက၌ ဝါဒအယူတခု ထူထောင်သမှု ပြုသူများအဖြစ် တွင်ရစ် ထင်ရှားကုန်လတ္တံ့- ဟူ၍ ထိုတစုံတခုသော အဓမ္မကို 'ဤသည်ကား ဓမ္မပေတည်းဟု ပြောဆိုဟောကြား ဖြန့်ချီကြကုန်လျက် ငြင်းခုံကြကုန်၏၊ ထိုနည်းတူစွာ ဓမ္မအဖို့အစုတို့တွင်လည်း တစုံတခုသော ဓမ္မအဖို့အစုကို ဆုပ်ကိုင် စွဲယူကြကုန်၍ ဤသည်ကား အဓမ္မတည်းဟု ပြောဆိုဟောကြား ရေးသား ဖြန့်ချီကြကုန်လျက် ငြင်းခုံကြကုန်၏-

ဟု အဋ္ဌကထာဆရာရှင်သည် ဗုဒ္ဓသာသနာတော် အနာဂတ်အတွက် မြှော်တွေးရင်လေးကာ မိန့်ဆိုတော်မူခြင်းဖြစ်၏၊

ဤဆိုအပ်ခဲ့ပြီးသော စကားစဉ်အရ ကျောက်သင်္ဘောဆရာတော် ဦးကေသဝ၏ 'အဲဒီ ငြိမ်းချမ်းနေတဲ့ ငြိမ်းရာတခုကိုတော့ ဘယ်တော့မှ မမေ့ကြနဲ့' ဟူသော မှားယွင်းချွတ်ချော်နေသော ဟောပြောချက် သာဓျစကားအတွက် ပစ္ဆိမဗုဒ္ဓဝစနကို အကိုးသာဓကပြုခြင်းသည် ခုတ်ရာတခြား ရှရာတလွဲ အမြီးအမောက်မတဲ့ သာဓျသာဓကမမြောက်သော အကိုးသာဓကပြုခြင်းသာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်ကြီးများက ယူတော်မူကြသည်။

ဝိပဿနာဉာဏ်နှင့်ပတ်သက်၍ စောဒနာ သောဓနာတို့ကို စိစစ်ဝေဖန်ချက်

စောဒကဆရာတော်များက ကျောက်သင်္ဘောစာအုပ်များမှ အောက်ပါ ကောက်နုတ်ချက်တို့ကို ထုတ်ပြ၍ စောဒနာကြသည်။

(') အဲဒီ ချုပ်နေတာ သိတာ ဝိပဿနာဉာဏ်ခေါ်တယ်၊ ဝိပဿနာဉာဏ်က ဒီလိုဖြစ်နေတာကို မရှိဘူး၊ ချုပ်နေတာသာလျှင် ရှိပါသလားလို့ သိတယ်။ (ထေရုပတ္တိနှင့်တရားတော်များ နှာ-၁၂၀။)

(တ) သူ့ဟာသူ အဖြစ်တွေမှ ချုပ်နေတာ ငြိမ်းနေတာ မှန်တယ်၊ အဲဒါ သုညလို့ ခေါ်တယ်၊ သုညတ အနတ္တလို့ ခေါ်တယ်၊ အနိမိတ္တ အနိစ္စနုပဿနာလို့လဲခေါ်တယ်၊ အဲဒါ ဝိပဿနာဉာဏ်။ (ထေရုပတ္တိနှင့်တရားတော်များ နှာ-၁၀၆။)

(ထ) အကုသိုလ်တရားဆိုးတွေက သူ့အလိုလို ငြိမ်းနေလို့မို့ ငြိမ်းနေတယ်လို့သိတာ ဝိပဿနာဉာဏ်။ (ထေရုပတ္တိနှင့်တရားတော်များ နှာ-၂၁၄။)

(ဒ) အလုံးစုံသော ကိလေသာအဖြစ်တွေ ဖြစ်မှုတွေ မရှိဘူးလို့ သိတာက ဝိပဿနာဉာဏ်။ (ထေရုပတ္တိနှင့်တရားတော်များ နှာ-၂၇၆။)

(ဓ) ငြိမ်းတာကို သိတာက အထက်တန်း ဝိပဿနာဉာဏ်၊ အနိမိတ္တနုပဿနာသုညတနုပဿနာဉာဏ်။ (ထေရုပတ္တိနှင့်တရားတော်များ နှာ-၃၀၆။)

(ပ) စိတ်တွင် ကိလေသာတရားတို့ မရှိသေးပါ့ကလားဟူ၍ ကိလေသာတို့မရှိပုံကို သိမြင်သော ဉာဏ်သည် အထက်တန်းကျသော ဝိပဿနာဉာဏ်ပင် ဖြစ်လေသည်။ (အတိုင်းအတိုင်း ဋီကာ၊ နှာ-၅၃။)

(ဖ) ဝိပဿနာဆိုတာ စာလိုကတော့ ခန့်ငြားတယ်၊ မြန်မာလိုကတော့ အထူးထူး အပြားပြား ဆန်းပြား ဆန်းကြယ်တဲ့ ကိလေသာစိတ်တွေ မနောစိတ်နဲ့ စိတ်မကူးမီက စိတ်ရူးတွေ မဖြစ်သေးဘူးလို့သိတာ၊ (ဝါ) စိတ်ရူးတွေ ပေါ်ပေါက်လာအောင် ကူးပေးတဲ့ စိတ်ကိုက မရှိသေးပါကလားလို့ သိတာ၊ အဲဒီ အသိဉာဏ်ကို စာလိုကတော့ ဝိပဿနာဉာဏ်ခေါ်တယ်။ (ယောဂီလက်စွဲ၊ နှာ-၇။)

စောဒကဆရာတော်များက အကြောင်းပြထားသည်မှာ ဤသို့ဖြစ်၏၊ ကျောက်သင်္ဘော၏ အထက်ဖော်ပြပါ ဝိပဿနာကိစ္စ အမြင်မှာ ဘုရားဟော တရားတော်များနှင့် လုံးဝဆန့်ကျင်ကြောင်း 'ဧကာယနော အယံ ဘိက္ခဝေ' အစရှိသော ဤတရားဒေသနာတော်များအရ လုပ်သမျှ ဒုက္ခဟူသော ကျောက်သင်္ဘောဝါဒသည် ဘုရားဟောနှင့် ဆန့်ကျင်ကြောင်း၊ ရိုးသားစွာ ဗုဒ္ဓတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်လိုသူများအတွက် အဘယ်မျှ ဆုံးရှုံးနစ်နာမှု ဖြစ်စေလျက်ရှိကြောင်း၊ စောဒနာတင်သွင်းခဲ့ကြပါသည်။

စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များဘက်မှ သောဓနာပြုရာတွင် 'ရုပ်ခန္ဓာကြီးသည် ပဉ္စက္ခန္ဓာ၊ ဝါ-အနုပါပါနက္ခန္ဓာ၊ ထိုခန္ဓာကြီးကို ဝိပဿနာမရှုရ၊ ဝိပဿနာရှုရန်မှာ ကိလေသာ သင်္ခါရတွေ မဖြစ်မီ ချုပ်နေသော သုညတသဘော အနိမိတ္တ အနိစ္စ အနတ္တ သဘောဖြစ်သည်' ဟူ၍ ဖြစ်ပါသည်။ မဖြစ်မီက ချုပ်နေသော သဘော ဟူသည်မှာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၂၉၅) ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိနိဒ္ဒေသ သင်္ခါရုပေက္ခာဉာဏကထာတွင် ဖော်ပြထားသော-

အနိစ္စာနုပဿနံ ဟိ ဥဒယတော ပုဗ္ဗေ သင်္ခါရာ နတ္ထိတိ ပရိစ္ဆိန္ဒိတွာ-

ဟူသောပါဌ်ကို ရည်ညွှန်းပါသည်။

ဟိ၊ ထိုစကားကို ချဲ့ဦးအံ့။ အနိစ္စာနုပဿနံ၊ အနိစ္စာနုပဿနာသည်။ ဥဒယတော၊ ဥပါဒ်သည်မှ။ ပုဗ္ဗေ၊ ရှေး၌။ သင်္ခါရာ၊ သင်္ခါရတို့သည်။ နတ္ထိ၊ မရှိကုန်။ ဣတိ၊ ဤသို့။ ပရိစ္ဆိန္ဒိတွာ၊ ပိုင်းခြား၍။ (သမနုပဿတိ၊ ကောင်းစွာ ရှု၏)

သို့ဖြစ်၍ စောဒနာချက်တွင် ကိုးကားထားသော ပါဠိတော် အဋ္ဌကထာ ဋီကာများသည် တပည့်တော်တို့ ယခုလက်ရှိ ဟောကြားချက် အနက်အဓိပ္ပါယ်များနှင့် ဆန့်ကျင်မှု မရှိပါဟူ၍ ချေပ တင်သွင်းထားသည်ကို တွေ့ရှိရပေသည်။

---

ဝိနည်းဓိုရ်ဆရာတော်များ၏ သုံးသပ်ချက်

စောဒကဆရာတော်များက-(') (တ) (ထ) (ဒ) (ဓ) (ပ) နှင့် (ဖ) အမှတ်ပြ ကောက်နုတ်ချက်ပါ ကျောက်သင်္ဘောဝါဒ ဝိပဿနာကိစ္စ အမြင်မှာ ဘုရားဟောနှင့် ဆန့်ကျင်ကြောင်း၊ ရိုးသားစွာ ဗုဒ္ဓတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်လိုသူများအတွက် ဆုံးရှုံးနစ်နာမှုကို ဖြစ်စေကြောင်း စွဲဆိုတင်သွင်းခဲ့ကြသည်။

စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များက-(') (တ) (ထ) (ဒ) (ဓ) (ပ) နှင့် (ဖ) အမှတ်ပြ ကောက်နုတ်ချက်ပါ ဟောကွက်များသည် အထက်ဖော်ပြပါ ဝိသုဒ္ဓိမဂ် အဋ္ဌကထာပါဌ်ကို ရည်ညွှန်း၍ ဟောကြားထားသည် ဖြစ်သောကြောင့် စောဒကဆရာတော်များ ကိုးကားထားသော ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်ဘက်မရှိကြောင်း ငြင်းဆိုချေပထားသည်ကို တွေ့ရှိရသည်။

ယင်း စုဒိတကဆရာတော်များ ချေပထားသော စကားရပ် မှန်-မမှန်ကို သိရှိရအောင် ယင်းတို့ ကိုးကားထားသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၂၉၅)ကို ပြည့်စုံစွာ လေ့လာကြည့်ရှုရပေမည်။ လေ့လာကြည့်ရှုလျှင်-

'အနိစ္စာနုပဿနံ ဟိ ဥဒယတော ပုဗ္ဗေ သင်္ခါရာ နတ္ထီတိ ပရိစ္ဆိန္ဒိတွာ တေသံ ဂတိံ သမန္နေသမာနံ' ဝယတော ပရံ န ဂစ္ဆန္တိ၊ ဧတ္ထေဝ အန္တရဓာယန္တီတိ ပရိဝဋုမတော သမနုပဿတိ'-

ဟူ၍ ပြည့်စုံစွာ ဝါကျတစ်ခုလုံးကို တွေ့မြင်ရပေမည်။ ၎င်းဝါကျကို-

ဟိသစ္စံ၊ မှန်ပေ၏၊ အနိစ္စာနုပဿနံ၊ အနိစ္စာနုပဿနာသည်။ ဥဒယတော၊ ဖြစ်ခြင်းမှ။ ပုဗ္ဗေ၊ ရှေး၌။ (မဖြစ်မီကာလက။) သင်္ခါရာ၊ သင်္ခါရတို့သည်။ နတ္ထိ၊ မရှိကြကုန်သေး။ ဣတိ၊ ဤသို့။ ပရိစ္ဆိန္ဒိတွာ၊ ပိုင်းခြား၍။ တေသံ သင်္ခါရာနံ၊ ထိုသင်္ခါရတို့၏၊ ဂတိံ၊ ပြီးစီးခြင်းဟူသော အလားအလာကို။ (ဂဟန္တိ နိဗ္ဗတ္တိံ) ဝါ-ဖြစ်ပေါ်လာပုံကို။ (ဂဟန္တိ နိဗ္ဗတ္တိံ) သမန္နေသမာနံ၊ အစဉ်လိုက်၍ဆင်ခြင်လျက်။ 'ဝယတော၊ ပျက်ခြင်းမှ။ ပရံ၊ နောက်သို့။ နဂစ္ဆန္တိ၊ မသွားကြကုန်။ ဧတ္ထေဝ၊ ဤပျက်ခြင်း၌သာလျှင်။ အန္တရာဓာယန္တိ၊ ကွယ်ပျောက်ကုန်၏'။ ဣတိ၊ ဤသို့။ ပရိဝဋုမတော၊ နယ်ဆုံး အကန့်အသတ်အားဖြင့်။ သမနုပဿတိ၊ အဖန်တလဲလဲ ရှု၏-ဟူ၍ အနက်ပြန်ဆိုရမည်ဖြစ်သည်။

အဓိပ္ပါယ်ဆိုရပါမူ-အနိစ္စာနုပဿနာဉာဏ်ဆိုသည်မှာ ဖြစ်ခြင်းမှ ရှေး၌ (မဖြစ်မီ ကာလတုန်းက) သင်္ခါရတို့သည် မရှိကြကုန်သေးဟု အစက ပိုင်းခြားခဲ့ပြီးနောက် ထိုသင်္ခါတို့၏ ဖြစ်ပေါ်လာပုံကို အစဉ်လိုက်၍ ဆင်ခြင်လျက် ပျက်ခြင်းမှ နောက်သို့လည်း မသွားကြကုန်၊ ဤပျက်ရာ ခဏ၌သာလျှင် ကွယ်ပျောက်သွားကြရသည်ဟု နယ်ဆုံး အကန့်အသတ်အားဖြင့် အဖန်တလဲလဲရှုသော ဝိပဿနာဉာဏ်ပင် ဖြစ်သည်ဟူ၍ ဆိုရပေသည်။

ထိုအခန်းကို ဖွင့်ဆိုသော ဝိသုဒ္ဓိမဂ်မဟာဋီကာဆရာက သည်ထက်ပိုမို၍ ရှင်းလင်းစွာ ဖွင့်ဆိုထားပြန်၏၊ ဖွင့်ဆိုပုံမှာ-

'အနိစ္စာနုပဿနာ ဟိ သင်္ခါရေ အာဒိတော ဥဒယေန အန္တတော ဝယေန ပရိစ္ဆန္နေ ပဿတိ။ အာဒိအန္တဝန္တတာယ ဟိ တေ အနိစ္စာတိ-ဟူ၍ဖြစ်သည်။

၎င်းဋီကာဝါကျကို-ဟိသစ္စံ၊ မှန်ပေ၏၊ အနိစ္စာနုပဿနာ၊ အနိစ္စာနုပဿနာသည်။ သင်္ခါရေ၊ သင်္ခါရတို့ကို။ အာဒိတော၊ အစမှ။ ဝါ-အစ၌။ ဥဒယေန၊ ဖြစ်ခြင်းဖြင့်။ အန္တတော၊ အဆုံးမှ။ ဝါ-အဆုံး၌။ ဝယေန၊ ပျက်ခြင်းဖြင့်။ ပရိစ္ဆန္နေ၊ ပိုင်းခြားအပ်သည်တို့ကို။ ပဿတိ၊ ရှုမြင်တတ်၏၊ ဟိ၊ မှန်၏၊ ဝါ-ဆက်ဦးအံ့။ တေ၊ ထိုသင်္ခါရတို့သည်။ အာဒိအန္တဝန္တတာယ၊ အစ, အဆုံးရှိသည်၏အဖြစ်ကြောင့်။ အနိစ္စာ၊ မမြဲကုန်။ ဝါ-အနိစ္စမည်ကုန်၏၊ ဣတိ၊ ဤသို့ သိအပ်၏-ဟူ၍ အနက်ပြန်ဆိုရမည်ဖြစ်သည်။

အဓိပ္ပါယ် ထပ်မံ၍ ရှင်းရပါမူ-

အနိစ္စာနုပဿနာဉာဏ်ဟူသည် သင်္ခါရတရားတို့ကို အစပိုင်း၌ဖြစ်ပေါ်လာခြင်းဖြင့်လည်းကောင်း၊ အဆုံးပိုင်း၌ ပျက်စီးသွားခြင်းဖြင့်လည်းကောင်း ပိုင်းခြား၍ ရှုမြင်တတ်သော ဉာဏ်ပင်ဖြစ်သည်။

မှန်ပါသည်-ထိုသင်္ခါရတရားတို့သည် အစလည်း ရှိသလို အဆုံးလည်း ရှိနေသောကြောင့် အနိစ္စမည်ကုန်၏ဟု သိထားရမည်ဟု ဆိုလိုသည်။

ဝိသုဒ္ဓိမဂ် အဋ္ဌကထာစကားကို ထပ်ဆင့်ရှင်းလင်းရလျှင်-

အနိစ္စာနုပဿနာဉာဏ်ဟူသည် သင်္ခါရတို့၏ ဖြစ်ပေါ်လာပုံကို အစဉ်လိုက်၍ ဆင်ခြင်လျက် အဖန်တလဲလဲ ရှုမြင်တတ်သော ဉာဏ်ဖြစ်၏၊

ယင်းသို့ ရှုရာ၌ အနိစ္စာနုပဿနာဉာဏ်၏ 'အရှုခံ သင်္ခါရတို့သည် မဖြစ်ပေါ်သေးမီ ရှေးအဖို့ကလည်း မရှိကြ၊ ပျက်စီးပြီး နောက်အဖို့သို့လည်း မရောက်ကြပဲ ပျက်စီးရာ ခဏအတွင်းမှာပင် ကွယ်ပျောက်သွားကြသည်၊ ဖြစ်ပေါ်နေချိန်ဟု ခေါ်ဆိုရသော ဥပါဒ်ခဏနှင့် ဌီခဏကလေး အခိုက်အတန့်မှာသာလျှင် ထင်ရှားစွာ သိမြင်နိုင်သော တရားမျိုးတို့ပါတကား'ဟူ၍ ရှုမြင်ရန် ညွှန်ကြားထားသည်ဟု မှတ်ရမည်။

ဤသို့ဖြစ်လျှင် စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များသည် 'ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာက အနိစ္စာနုပဿနာဉာဏ်၏ အရှုခံ အာရုံနှင့် ရှုမြင်ပုံကို 'တေသံ ဝတိံ သမန္နေသမာနံ'ဟု တိကျစွာ ဖော်ပြထားပါလျက် ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာတော်၏ အာဘော်ကို အပြည့်အစုံမယူပဲ မိမိ လိုချင်သလောက်ကိုသာ ကွက်၍ ယူပြီးလျှင် 'ကိလေသာသင်္ခါရတွေ မဖြစ်မီက မရှိသေးသော သဘောကို သိတာဟာ ဝိပဿနာဉာဏ်ဖြစ်သည်'ဟု ရေးသား ဟောကြား နေကြခြင်းသည် ၎င်းတို့ကိုးကားသော ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် မကိုက်ညီသော ရေးသား ဟောကြားခြင်းသာ ဖြစ်ပေသည်။

တဖန် စောဒကဆရာတော်များက 'ကျောက်သင်္ဘော၏ ဝိပဿနာကိစ္စအမြင်မှာ ဘုရားဟော တရားတော်များနှင့် လုံးဝ ဆန့်ကျင်သည်'ဟု ဆိုထားကြ၏ ဘုရားဟော တရားတော်များနှင့် မည်သို့ ဆန့်ကျင်လေသနည်း၊ ဆန့်ကျင်ပုံကို သိရန် လိုအပ်လာပြန်၏၊ ဘုရားဟော ဝိပဿနာ အစစ်အမှန်ကား ယခု ဆိုလတ္တံ့သည့်အတိုင်းပင် ဖြစ်ပါသည်။

---

ဘုရားဟော ဝိပဿနာများ

မဟာကရုဏာတော်သခင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် လူနတ်ဗြဟ္မာသတ္တဝါ ဝေနေယျတို့အား မဂ်ဖိုလ်နိဗ္ဗာန် ရရှိရန်အတွက် ဝိပဿနာတရားတော်များကို ဟောကြားတော်မူခဲ့ပေသည်။

ဟောကြားတော်မူခဲ့ပုံမှာ-

နိဗ္ဗာနသပ္ပါယံ ဝေါ ဘိက္ခဝေ ပဋိပဒံ ဒေသေဿာမိ၊ တံ သုဏာထ၊ ကတမာစ သာ ဘိက္ခဝေ နိဗ္ဗာနသပ္ပါယာ ပဋိပဒါ။

ဣဓ ဘိက္ခဝေ ဘိက္ခု အနိစ္စန္တိ ပဿတိ၊ ရူပါ အနိစ္စာတိ ပဿတိ၊ စက္ခုဝိညာဏံ အနိစ္စန္တိ ပဿတိ-ဟူ၍ ဖြစ်သည်။ (သံယုတ်ပါဠိတော်)

အဓိပ္ပါယ်ကား-

ချစ်သားတို့ နိဗ္ဗာန်ရရန် လျော်ကန်သင့်မြတ်သော အကျင့်ကို ဆရာဘုရား ဟောကြားပြမည်၊ ထိုတရားကို သင်ချစ်သားတို့ နားထောင်ကြ။ ချစ်သားတို့ကို နိဗ္ဗာန်ရရန် လျော်ကန်သင့်မြတ်သော အကျင့်ကား ဘယ်ဟာပါလဲဆိုလျှင်-

ချစ်သားတို့သည် ဤသာသနာတော်၌ ရဟန်းတော် ယောဂီသည် စက္ခုပသာဒရုပ်သည် အမြဲမရှိဟူ၍ ရှုမှတ်၏၊ အဆင်းမျိုးစုံ ရူပါရုံတို့သည် အမြဲမရှိကြကုန်ဟူ၍ ရှုမှတ်၏၊ စက္ခုဝိညာဏ်စိတ်သည် အမြဲ မရှိဟူ၍ ရှုမှတ်အပ်၏ ဆိုလိုသည်။

ဤနေရာ၌ ဝိပဿနာဉာဏ်၏ ရှုစရာ မှတ်စရာ အာရုံကို 'စက္ခု ပသာဒ ရုပ်အဆင်းမျိုးစုံ ရူပါရုံများနှင့် စက္ခုဝိညာဏ်စိတ်ဟူသော ရုပ်နာမ်တရား'ဟု မြတ်စွာဘုရားက ညွှန်ကြားတော်မူခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရပေ၏၊

ထိုမှတဖန် ဟောကြားတော်မူပြန်သည်မှာ-

ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ၊ ယံ သီလဝါ ဘိက္ခု ဣမေ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စတော ဒုက္ခတော အနတ္တတော ယောနိသော မနသိကာရောန္တော သောတာပတ္တိဖလံ သစ္ဆိကရေယျ-

ဟူ၍ဖြစ်သည်။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်(၁၃၆)

အဓိပ္ပာယ်ကား-

သီလတရား ထင်ရှားရှိသော ရဟန်းတော်သည် ဤ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာ အားဖြင့် အသင့်အတင့် နှလုံးသွင်းကာ ရှုမှတ်ပါမူ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုဖို့ရန် အကြောင်းမှန်သည်။ စင်စစ်ဧကန် အမှန်ရှိသည်သာ ဟုဆိုလိုသည်။

ဤနေရာ၌လည်း ဝိပဿနာဉာဏ်၏ ရှုစရာ မှတ်စရာအာရုံကို 'ဥပါဒါနက္ခန္ဓာငါးပါး'ဟု မြတ်စွာဘုရား ညွှန်ကြားတော်မူထားသည်ကို သတိပြုရန်ဖြစ်၏၊

ထိုမှတပါး ဟောကြားတော်မူထားသည်မှာ-

ဣဓ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ။

ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊

စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊

ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဇျာ ဒေါမနဿံ-

ဟူ၍ဖြစ်သည်။ (သုတ်မဟာဝါ မဟာသတိပဋ္ဌာနသုတ် ပါဠိ)

အဓိပ္ပါယ်ကား -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း(အားထုတ်နေသောယောဂီပုဂ္ဂိုလ်)သည် အပြင်းအထန် အားထုတ်ကာ အမှတ်ရပြီး မှန်စွာ အပြားအားဖြင့် သိသည်ဖြစ်၍ မမြဲ, ဆင်းရဲ, အစိုးလဲမရ, မလှပသော ရုပ်အပေါင်း ကိုယ်၌ မမြဲ, ဆင်းရဲ, အစိုးလည်းမရ, မလှပသော ရုပ်အပေါင်းမျှဟု ရှုမြင်လျက်-

(မမြဲ, ဆင်းရဲ, အစိုးလည်းမရ, ခံစားမှုမျှ ဖြစ်သော ဝေဒနာတို့၌ မမြဲ, ဆင်းရဲ, အစိုးလဲမရ, ခံစားမှုမျှဟု ရှုမြင်လျက်။ မမြဲ, ဆင်းရဲ, အစိုးလည်းမရ, ကြံသိမှုမျှဖြစ်သော စိတ်၌ မမြဲ, ဆင်းရဲ, အစိုးလဲမရ, ကြံသိမှုမျှဟု ရှုမြင်လျက်။ မမြဲ, ဆင်းရဲ', အစိုးလည်းမရ, အတ္တမဟုတ်သော သဘောတရားမျှဟု ရှုမြင်လျက်။)

ရှုမြင်အပ်သော ရုပ်အပေါင်း လောက, ခံစားမှု လောက, ကြံသိမှု လောက, သဘောတရား လောကအပေါ်၌ မရှုမိလျှင် ဖြစ်ပေါ်လာနိုင်သော အဘိဇ္ဈာ ဒေါမနဿ ခေါ် လောဘနှင့် ဒေါသကို ဖြစ်ခွင့်မရအောင် ပယ်ရှားဖျောက်ဖျက်၍ နေ၏ ဟူ၍ ဖြစ်သည်။

ဤနေရာ၌လည်း ဝိပဿနာဉာဏ်၏ ရှုမှတ်စရာ အာရုံကို 'ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ'ဟု မြတ်စွာဘုရားက သတ်မှတ်ပြထားခဲ့သည်ကို သိကြရပေသည်။

ထိုမှတဖြာ အဋ္ဌကထာဆရာတော်ကလည်း-

ကာယ, ဝေဒနာ, စိတ္တ, ဓမ္မေသု ကိဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာ နာမ နတ္ထ-ဟု ထင်ထင်ရှားရှား မိန့်မှာတော်မူထားပြန်ပါသည်။

အဓိပ္ပါယ်ကား -

ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ ဤလေးဝသော ရှုစရာ မှတ်စရာ အာရုံတွေထဲက တခုခုသော ရှုမှတ်စရာအာရုံကိုမှ မသုံးသပ် မရှုမှတ်လျှင် ဝိပသာနာ ဘာဝနာမည်သည် မရှိနိုင်ပါ ဟူ၍ ဖြစ်၏၊

ထိုမှတပါး ပါဠိ မြန်မာ နှစ်ဘာသာဖြင့် ဒီပနီကျမ်းပေါင်း မြောက်များစွာတို့ကို ပြုစုတော်မူခဲ့သော ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးက ဝိပဿနာဉာဏ်အရာတွင် ပထမအဆင့်ဖြစ်သော နာမရူပ ပရိဂ္ဂဟညဏ် အစီအရင်ကို လယ်တီဒီပနီပေါင်းချုပ် သမ္မာဒိဋ္ဌိဒီပနီခန်း နှာ ၁၃၇-၁၃၈ ၌-

'နာမရူပပရိဂ္ဂဟ သမ္မာဒိဋ္ဌိကို ပြုလုပ် အားထုတ်လိုသောသူသည် များစွာသော နာမ်တရားတို့တွင် အကြင် အကြင် နာမ်တရားသည် ထင်ရှား၏၊ ပဓာနဖြစ်၏၊ နာမ်တရားအားလုံးတို့နှင့် ဆက်ဆံသော သဗ္ဗသာဓာရဏနာမ်လည်း ဖြစ်၏၊

ထင်ရှားသော ပဓာန 'သဗ္ဗသာဓာရဏ ' နာမ်တရားကိုသာလျှင် ကောင်းစွာ မှတ်သား၍ နှလုံးသွင်းအပ်၏၊

ထိုပဓာန ပါကဋ သဗ္ဗသာဓာရဏ နာမ်တရားကို သိမ်းဆည်းလိုက်သည်ရှိသော် ကြွင်းသော နာမ်တရားတို့သည်လည်း အန္တောဂဓ= အတွင်းဝင်ဖြစ်လေတော့၏၊ အသီးအခြား သိမ်းဆည်းဖွယ် မရှိပြီ။

ရုပ်တရားကို နှလုံးသွင်းရာ၌လည်း ထင်ရှားသော ဓာတ်လေးပါးကို နှလုံးသွင်းလျှင် ကြွင်းသော ရုပ်တရားစုလည်း အန္တောဂဓ= အတွင်းဝင်လေတော့၏'ဟု မိန့်ကြားတော်မူခဲ့သည်။

ဤ၌လည်း ဝိပဿနာညဏ်၏ ရှုမှတ်စရာ အာရုံကို ထင်ရှားသော နာမ်တရား, ထင်ရှားသော ရုပ်တရားဟု သေချာစွာ ထုတ်ပြထားတော်မူသည်ကို ရှင်းလင်းစွာ တွေ့ကြရပေသည်။

သို့ဖြစ်၍ နာမရူပပရိစ္ဆေဒ စသော ဝိပဿနာဉာဏ်အစစ်ကို ဖြစ်စေလိုသော ပုဂ္ဂိုလ်သည် ဆိုခဲ့ပြီးသော ပရမတ်, ပညတ် ၂-မျိုးတွင် ပရမတ်ရုပ်နာမ် အစစ်တို့ကိုသာလျှင် ရှုအပ်ကုန်၏၊ ပညတ်ဟူသမျှကို မရှုအပ်။ ပရမတ် ရုပ် နာမ်တို့တွင်လည်း လောကီတရားတို့ကိုသာလျှင် ရှုအပ်ကုန်၏၊ နိဗ္ဗာန်စသော လောကုတ္တရာကိုကား မရှုအပ်။

အကြောင်းမူကား မရဘူး မသိဘူးသေးသောကြောင့် ထိုလောကုတ္တရာတရားတို့သည် ပုထုဇဉ်တို့အား သဘာဝလက္ခဏာ စသည်အားဖြင့် အမှန်အတိုင်း မထင်ကုန်။ အရိယာတို့မှာ အမှန်အတိုင်း သိနိုင်သော်လည်း ထို လောကုတ္တရာကို ရှုခြင်းသည် အကျိုး မရှိချေ။

ထင်ရှားစေဦးအံ့- လောကီတရားတို့ကို ရှုခြင်းသည် ထိုတရားတို့၌ နိစ္စ, သုခ, အတ္တဟု စွဲလမ်းသော ကိလေသာတို့ကို ကင်းစေနိုင်ခြင်း အကျိုး ရှိ၏၊ လောကုတ္တရာတို့၌ကား ထိုသို့စွဲလမ်းသော ကိလေသာပင်မရှိချေ။ ထို့ကြောင့် ထိုတရားတို့ကို ရှုသော်လည်း ကိလေသာကို ပယ်နိုင်ခြင်းဟူသော အကျိုး မရှိသည်သာတည်း။

ဥပမာ- မြေတလင်းကို ညီညွတ်စေလိုသောသူမှာ မြင့်ရာကိုတူးဖြိုခြင်း, နိမ့်ရာကို ဖို့ခြင်းသည်သာလျှင် ညီညွတ်စေခြင်း အကျိုးရှိ၏၊ အလိုလိုပင် ညီညာသော နေရာ၌ တူးဖြိုခြင်း, ဖို့ခြင်းသည်ကား အကျိုးမရှိသကဲ့သို့တည်း။

ထိုမှတပါး ဝိပဿနာယာနိကဖြစ်သော ပုထုဇဉ် သေက္ခတို့၏ ပစ္စက္ခဝိပဿနာနှင့်ဆိုင်သော အာရုံတရားတို့ကို အောက်ပါအတိုင်း ပိုင်းခြား၍ မှတ်သားရာ၏၊

ပသာဒရုပ် ၅-ပါး, ဝိသယရုပ် ၇-ပါး, ဘာဝရုပ် ၂-ပါး, အာပေါဓာတ် ၁-ပါး, ဟဒယရုပ် ၁-ပါး, အာဟာရရုပ် ၁-ပါး, ဇီဝိတရုပ် ၁-ပါး ဟူသော ဤနိပ္ဖန္နရုပ် ၁၈-ပါး။

အကုသိုလ်စိတ် ၁၂-ပါး, ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် ၁၇-ပါး, မဟာကုသိုလ်စိတ် ၈-ပါး, မဟာကြိယာစိတ် ၈-ပါး ဟူသော ဤကာမစိတ် ၄၅-ပါး၊ ၎င်းစိတ်တို့၌ ယှဉ်သော စေတသိက် ၅၂-ပါး၊ ဤ ရုပ်, စိတ်, စေတသိက်တို့တွင် မျက်မှောက်ထင်ရှားသော တရားတခုခုကိုသာ ပဓာနပြု၍ ရှုအပ်၏ ဟူ၍ ဝိပဿနာဉာဏ်၏ အာရုံတရားများကို ပေါ်လွင်ထင်ရှားစွာ သရုပ်သကောင်ဖြင့် ထုတ်ဆောင်ရေတွက်၍ သိအပ်ပေသည်။

ပြဆိုခဲ့ပြီးသော ဝိပဿနာဉာဏ်၏ ရှုမှတ်စရာ အာရုံပေါင်းများစွာတို့သည် ဖြစ်ပေါ်ခဲ့ပြီး လွန်ခဲ့ပြီးသော အတိတ်အာရုံလည်း မဟုတ်ကုန်, မဖြစ်ပေါ်သေး မရှိသေးသော အနာဂတ် အာရုံတို့လည်း မဟုတ်ကုန်မူ၍ ယခု ဖြစ်ပေါ်နေဆဲ ထင်ရှားရှိနေဆဲ ပစ္စုပ္ပန်အာရုံတရားတို့သာဖြစ်ကြောင်းကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက-

အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။

ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာရတံ။

ပစ္စုပ္ပန္နဉ္စ ယံ ဓမ္မ၊တတ္ထ တတ္ထ ဝိပသာတိ။

အသံဟီရံ အသံကုပ္ပံ၊ တံ ဝိဒ္နါ မနုဗြူဟယေ (မ၊၃။၂၂၆)-

ဟူ၍ ဟောတော်မူခဲ့ပါသည်။

အဓိပ္ပါယ်ကား-

အတိတ်ဖြစ်သော ခန္ဓာငါးပါးသည် ချုပ်ပျောက်ပြီး ဖြစ်လေသောကြောင့် အတိတ်ခန္ဓာငါးပါးကို တဖန်ပြန်၍ မလာစေရာ၊ တဏှာဒိဋ္ဌိတို့ဖြင့် ပြန်၍ စဉ်းစား မနေရာ။ အနာဂတ် ခန္ဓာငါးပါးသည် မရောက်လာသေး မဖြစ်ပေါ်လာသေးသောကြောင့် အနာဂတ်ခန္ဓာငါးပါးကို တဏှာဒိဋ္ဌိတို့ဖြင့် မမျှော်လင့်မတောင့်တရာ။

ပစ္စုပ္ပန်ဖြစ်သော ခန္ဓာငါးပါးကိုလည်း ထိုထိုဖြစ်ဆဲခဏသာလျှင် ခုနစ်ပါးသော အနုပဿနာတို့ဖြင့် ရှုမှတ်၏၊တဏှာဒိဋ္ဌိတို့ မဆွဲငင်နိုင်အောင်, တဏှာဒိဋ္ဌိကြောင့် မပျက်စီးနိုင်အောင် ပစ္စုပ္ပန် ခန္ဓာတို့ကို ဖြစ်ခိုက် ဖြစ်ခိုက်၌ ရှုမှတ်သော ဝိပဿနာညဏ်ကို ပညာရှိသည် ပွားစေရာ၏ဟု ဆိုလိုသည်။

ထိုမှတဖြာ ပါဠိတော်လာ ဝိပဿနာ အကျဉ်းချုပ် တစ်မျိုးကိုလည်း ဤသို့ လေ့လာနိုင်ပေသည်။

(၁) အနိစ္စတော အနုပဿနဋ္ဌေန ဝိပဿနာ

(၂) ဒုက္ခတော အနုပဿနဋ္ဌေန ဝိပဿနာ

(၃) အနတ္တတော အနုပဿနဋ္ဌေန ဝိပဿနာ- ဟူ၍

ပဋိသမ္ဘိဒါမဂ်ပါဠိတော်(၂၈၇) ၌ ဟောတော်မူထားသည်။ ယင်းပါဠိတော်၏ အဓိပ္ပာယ်မှာ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာအားဖြင့် အဖန်ဖန် ရှုမြင်တတ်သော အနက်သဘောကြောင့် ဝိပဿနာမည်၏ဟု ဆိုလိုသည်။

အဖန်ဖန် ရှုမြင်တတ်သော ဝိပဿနာဉာဏ်၏ ရှုမြင်စရာ အာရုံအဖြာဖြာကို ပြသတော်မူရန်အတွက် 'ရူပံ, ဝေဒနံ, သညံ, သင်္ခါရေ, ဝိညာဏံ' ဟူ၍လည်း ဟောတော်မူထားသည်။ အဓိပ္ပာယ်မှာ ဝိပဿနာဉာဏ် ဟူသည် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဟူသော ခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာအားဖြင့် ရှုမြင်ပြီးမှ ဖြစ်ပေါ်လာသော ဉာဏ်မျိုးဖြစ်သည်ဟု ဆိုလိုသည်။

ထိုတွင် အနိစ္စ အခြင်းအရာဟူသည်-

ဟုတွာ အဘာဝဋ္ဌေန အနိစ္စာ-ဟု အဋ္ဌကထာဆိုသဖြင့် 'ဖြစ်ပေါ်လာပြီးနောက် ချုပ်ပျောက်ပျက်စီးသွားသော အနက်သဘောပင်' ဖြစ်၏၊

ဒုက္ခ အခြင်းအရာဟူသည်-

ဥဒယဗ္ဗယပဋိပီဠနဋ္ဌေန ဒုက္ခာဟု အဋ္ဌကထာဆိုသဖြင့် 'ဖြစ်မှု ပျက်မှု အစုစုတို့က အဖန်ဖန်အထပ်ထပ် နှိပ်စက်အပ်သော အနက်သဘောပင်' ဖြစ်၏၊

အနတ္တ အခြင်းအရာဟူသည်-

အဝသဝတ္တနဋ္ဌေန အနတ္တာဟု အဋ္ဌကထာဆိုသဖြင့် 'အလိုမလိုက်အကြိုက်မပါ သူ့သဘောအတိုင်းသာ ဖြစ်တတ်သော အနက်သဘောပင်' ဖြစ်၏၊

လက္ခဏာယာဉ် အခြင်းအရာသုံးပါးသည် ဝိပဿနာဉာဏ်၏ ရှုမြင်စရာ ထင်ရှားရှိနေသော အာရုံပေါ်မှာ မှီ၍သာ ဖြစ်ပေါ်လာသည်။ ရှုမြင်စရာ အာရုံမပါပဲ သူ့အလိုအလျောက် ဖြစ်ပေါ်လာရိုး ရှိသောတရားမျိုး မဟုတ်ချေ။

ကျောက်သင်္ဘောဝါဒလာ ဝိပဿနာဉာဏ်သည် 'သင်္ခါရတရားတို့ မဖြစ်ပေါ်မီ ရှေ့အဖို့က ဘာတခုမျှမရှိသေးသည်ကို သိတာ ဝိပဿနာဉာဏ်'ဟု ဆိုထားရာ မဖြစ်ပေါ်သေး, ထင်ရှားမရှိသေးသော အရာဟူသည် အဘာဝပညတ်သဘောမျှသာဖြစ်၍ ဖြစ်ပေါ်လာပြီးနောက် ချုပ်ပျောက်ပျက်စီးသော အနက်သဘောမရှိသောကြောင့် အနိစ္စ အခြင်းအရာလည်း မထင်နိုင်၊ ဖြစ်မှု ပျက်မှု အစုစုတို့က အဖန်ဖန် အထပ်ထပ် နှိပ်စက်အပ်သော အနက်သဘောလည်း မရှိသောကြောင့် ဒုက္ခအခြင်းအရာလည်း ထင်၍မရ၊ အလိုအလိုက် အကြိုက်မပါ သူ့သဘောအတိုင်း ဖြစ်တတ်သောအနက်သဘော ရှိသောကြောင့် အနတ္တအခြင်းအရာလည်း ထင်၍မဖြစ်နိုင်။

သို့ဖြစ်၍ ကျောက်သင်္ဘောဝါဒလာ ဝိပဿနာဉာဏ်သည် ဘုရားဟောအစစ်အမှန် ဝိပဿနာဉာဏ် မဟုတ်သောကြောင့် အရိယာတို့၏ မဂ်ဉာဏ်, ဖိုလ်ဉာဏ် အစစ်အမှန်ကိုလည်း မရနိုင်, နိဗ္ဗာန်အစစ်အမှန်သို့လည်း မရောက်နိုင်သော ဝိပဿနာဉာဏ် အမည်ခံမျှသာ (ဝိပဿနာဉာဏ် အတုအယောင်မျှသာ) ဖြစ်ချေသည်။

ဤ ဝိပဿနာဉာဏ် အတုအယောင်ကို ဖော်ထုတ်လျက် အကျင့်လမ်းမှား, အယူလမ်းမှားကို ဟောကြားပြသနေကြသော ပုဂ္ဂိုလ်များကို ရည်ရွယ်၍ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက အောက်ဖော်ပြပါ အင်္ဂုတ္တရနိကာယ်လာ ဉာတသုတ္တန်ကို ထုတ်ပြန် မိန့်ကြားတော်မူခဲ့လေသည်။

ဉာတသုတ္တန် မြန်မာပြန်

ရဟန်းတို့- တရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွား မရှိခြင်းငှာ၊ လူအများ၏ ဆင်းရဲခြင်းငှာ၊ လူအများ၏ အကျိုးမရှိခြင်းငှာ၊ နတ်လူတို့၏ အစီးအပွား မရှိခြင်းငှာ၊ ဆင်းရဲခြင်းငှာ ကျင့်သူဖြစ်၏၊

အဘယ်သုံးမျိုးတို့နည်းဟူမူ-

သာသနာတော်အား မလျော်သော ကာယကံ၌ (သူတပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား မလျော်သော ဝစီကံ၌ (သူတပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား မလျော်သော မနောကံ တရား၌ (သူတပါးတို့ကို) ဆောက်တည်စေ၏၊

ရဟန်းတို့- ဤတရားသုံးပါးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွား မရှိခြင်းငှာ၊ လူအများ၏ ဆင်းရဲခြင်းငှာ၊ လူအများ၏ အကျိုးမရှိခြင်းငှာ၊ နတ် လူတို့၏ အစီးအပွား မရှိခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သူဖြစ်၏-ဟု မိန့်တော်မူ၏၊

သာသနာတော်အား မလျော်သော ကာယကံ, ဝစီကံ, မနေကံ တရားတို့၌ သူတပါးတို့ကို ဆောက်တည်စေသူသည် မည်သည့်ပုဂ္ဂိုလ်မျိုးဖြစ်သည်ဟု တိကျစွာ ဖွင့်ပြတော်မူလိုသော အဋ္ဌကထာဆရာသည်-

ကမ္မထာနံ ဝိသံဝါဒေတွာ ကထေန္တော ပန အနနုလောမိကေသု ဓမ္မေသု သမာဒပေတိ နာမ-

ဟု မိန့်တော်မူ၏၊

အဓိပ္ပါယ်မှာ- ကမ္မဋ္ဌာန်းတရားကို မမှန်မကန် တွေးကြံခြင်းဖြင့် ချွတ်ယွင်းဖောက်ပြန်စေလျက် ဟောပြောနေသူသည် သာသနာတော်အား အလျော်ကန် မလျောက်ပတ်သော ကာယကံ, ဝစီကံ, မနောကံ တရားတို့၌ (သူတပါးတို့ကို) ဆောက်တည် (ကျင့်သုံး) စေသည်မည်၏-ဟု ဆိုလိုသည်။

အထက်ပါ ဘုရားဟောပါဠိတော် အဋ္ဌကထာတို့၏ ဟောကြားဖွင့်ဆိုချက်များအရ ဝိပဿနာဉာဏ်ကို မှားယွင်းစွာ ဟောပြောရေးသားနေကြသော ကျောက်သင်္ဘောဝါဒီတို့သည် ဗုဒ္ဓဘာသာ ရဟန်း, ရှင်, လူတို့၏ အကျိုးနည်းအောင်, ဆင်းရဲအောင် လုပ်ဆောင်နေကြသူများ ဖြစ်သည်ဟု သိအပ်ပေသည်။

သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်ရေးသည် ဗုဒ္ဓဘာသာတို့၏ အဓိက အရေးဖြစ်၏၊ ဝဋ်ဆင်းရဲမှ လွတ်မြောက်စေရန် တခုတည်းသောနည်းမှာ ဝိပဿနာကမ္မဋ္ဌာန်းနည်းပင် ဖြစ်၏၊ ဝိပဿနာကို မှန်ကန်စွာ ရှုမှတ် အားထုတ်ပါမှ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်အစစ်အမှန်ကို ရမည်ဖြစ်၏၊

ယခု ကျောက်သင်္ဘောဝါဒီတို့၏ ဝိပဿနာဉာဏ်မှာမူ အထက်ဖော်ပြပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် လုံးဝဆန့်ကျင်နေကြောင်း တွေ့ကြရပြီး ဖြစ်၏၊ ထိုသို့ ဆန့်ကျင်လျက်ရှိသောကြောင့် ကျောက်သင်္ဘောတရားကို အယုံမှားကြရှာသော သူတို့သည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ဆည်းပူးတော်မူမှ သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားစစ်စစ်ဖြစ်လာသော ဂေါတမဘုရား ဟောကြားခဲ့သည့် နိဗ္ဗာန်အစစ်ကို ရရှိနိုင်မည်မဟုတ်။ ကျောက်သင်္ဘောဆရာတော် ဦးကေသဝ၏ နိဗ္ဗာန်အတုမျှကိုသာ ရရှိနိုင်ကြမည် ဖြစ်ပေသည်။ အကြောင်းမူကား- ဝိပဿနာဉာဏ် ယူပုံကိုက မှားယွင်းလျက် ရှိနေသောကြောင့်တည်း။

သို့ဖြစ်သောကြောင့် ကျောက်သင်္ဘောဝါဒ ဝိပဿနာဉာဏ်သည် ဘုရားဟော တရားတော်များနှင့် ဆန့်ကျင်သောဉာဏ်ဖြစ်၍ ကျောက်သင်္ဘောဝါဒသည် မြတ်စွာဘုရား၏ တရားတော်နှင့် ဆန့်ကျင်သော ဝါဒဖြစ်ကြောင်း သုံးသပ်တော်မူကြသည်။

ခန္ဓာကိုယ်တွင်း၌ နိဗ္ဗာန်ရှိနေသည်ဟူသော ကျောက်သင်္ဘောဝါဒနှင့် စပ်လျဉ်းသည့် စောဒနာနှင့် သောဓနာကို သုံးသပ်ချက်

စောဒက ဆရာတော်များက-

(စ) နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ၊ တခြားမှာ မဟုတ်ဘူးဗျ၊ မိမိတို့ ခန္ဓာကိုယ်မှာ ရှိနေကြောင်း၊ ရောဟိတဿ နတ်သား အစရှိသည်တို့ကို ဟောကြားထားတဲ့ ဒေသနာတွေမှာ ရှိပါတယ်။ ကြားဖူးကြမှာပေါ့။ ထပ်မံပြီး အကျယ်တဝင့် ပြောမနေပါရစေနှင့်တော့။ နိဗ္ဗာန်ဆိုတာ မိမိတို့ရဲ့ ခန္ဓာမှာ ရှိတယ် (ထေရုပ္ပတ္တိနှင့် တရားတော်များ၊ နှာ-၁၄၀) စသော ကောက်နုတ်ချက်ကို ဖော်ပြပြီးနောက် စောဒနာခန်း ရောက်သောအခါ စောဒနာရာတွင်-

(၁၆) ကျောက်သင်္ဘောဝါဒီတို့သည် ရောဟိတဿ နတ်သားအား ဟောကြားခဲ့သော သစ္စာလေးပါး တရားကို ကိုးကား၍ 'နိဗ္ဗာန်သည် ခန္ဓာကိုယ်ထဲမှာရှိသည်၊ ကိုယ်ထဲမှာ နဂိုထဲက နိဗ္ဗာန်ရှိပြီးသား၊ နိဗ္ဗာန်ရပြီးသား' ဟူသော အာဒိနိဗ္ဗာနဝါဒ အယူသည် အနိန္ဒြိယဗဒ္ဓရူပဉ္စ- စသော ပါဠိတော်များနှင့် လုံးဝ ဆန့်ကျင်နေပေသည်ဟု စောဒနာထားကြသည်ကို တွေ့ရသည်။

ယင်း စောဒနာချက်ထဲ၌ အာဒိနိဗ္ဗာနဝါဒဟူသည် 'အာဒိ-အစကတည်းက၊ နိဗ္ဗာန=ခန္ဓာကိုယ်ထဲမှာ နိဗ္ဗာန်ရှိနေသည်ဟု ယူဆ၍၊ ဝါဒ=ပြောဟောနေခြင်းပင်' ဖြစ်သည်။

ကျောက်သင်္ဘောဝါဒီများ၏ 'နိဗ္ဗာန်ဆိုတာ မိမိတို့ရဲ့ ခန္ဓာမှာရှိတယ်' အစရှိသော ဟောကြားချက် ရေးသားချက်များသည် အာဒိနိဗ္ဗာနဝါဒနှင့် ထပ်တူထပ်မျှပင် ဖြစ်နေသည်ဟု ယူဆကြ၍ စောဒက ဆရာတော်များက စောဒနာ ထားကြဟန် တူသည်။

ယင်း စောဒနာချက် စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များက ပြန်လည်ချေပကာ သောဓနာပြုရာတွင် အာဒိနိဗ္ဗာန ဝါဒကို တပည့်တော်တို့ သင်ကြားဖူးသော ပိဋကတ်စာပေတွင် မပါဝင်၍ မရှင်းပြတတ်ပါဟုသာ တနေရာ၌ ချေပထားပြီး၊ ဤခန္ဓာကိုယ်တွင်း၌ နိဗ္ဗာန် ရှိ-မရှိ ဟူသော အဓိကစောဒနာချက်အတွက် တိကျစွာ ချေပထားသည်ကိုမူ မတွေ့ရပေ။

စောဒက ဆရာတော်များက နိဗ္ဗာန်သည် ခန္ဓာကိုယ်၏ ပြင်ပ၌ရှိသော ဗဟိဒ္ဓတရားသာ ဖြစ်သည်။ မွေးရာပါ ခန္ဓာကိုယ်တွင်း၌ ရှိသော တရားမျိုးမဟုတ်ဟု ဆိုလိုပေသည်။

ဝိနည်းဓိုရ်ဆရာတော်များ၏ သုံးသပ်ချက်

မူလ ကျောက်သင်္ဘောဆရာတော်၏ ဝါဒသည် ခန္ဓာကိုယ်တွင်း၌ နိဗ္ဗာန် ရှိနေသည်ဟု စွဲမြဲစွာ ယူဆထားသော ဝါဒဖြစ်ကြောင်းကို သူကိုယ်တိုင် ဟောထားသော 'နိဗ္ဗာန်ဆိုတာ မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ ရှိတယ်၊ စိတ်သညာနှင့်တကွ တလံမျှလောက်သော ကမဠဝရ ဤခန္ဓာကိုယ် ကောင်ပုပ်ကြီးထဲမှာ ရှိတယ်' ဟူသော (ထေရုပ္ပတ္တိ-၃၀၂) စကားက ထောက်ခံလျှက် ရှိနေပေသည်။

ဤကျောက်သင်္ဘောဝါဒ ယူဆချက်သည် မှန်ကန်မှုမရှိပဲ လွဲမှားနေကြောင်းကို သူကိုယ်တိုင် ကိုးကားထားသော ရောဟိတဿသုတ်ဖြင့်ပင် ပြန်လည် ရှင်းပြမည်။

ရောဟိတဿသုတ်ကို မရှင်းလင်းသေးမီ ဒေသနာယူဆနည်း မူဝါဒတခုကို သိထားဖို့ရာ လိုအပ်၏၊ ဒေသနာတော်သည်-

(၁) တိုက်ရိုက်ယူဆရသည့် မုချဒေသနာတော်

(၂) တင်စား ယူဆရသည့် ဥပစာဒေသနာတော်-

ဟူ၍ ၂-မျိုးနှစ်စား ရှိလေသည်။ ထိုတွင် တိုက်ရိုက် ယူဆရမည့် ဒေသနာကို တင်စား၍ ယူဆမိလျှင် ဘုရားရှင်ကို စွပ်စွဲရာ ရောက်သည်။

တဖန် တင်စား၍ ယူဆရမည့် ဒေသနာကို တိုက်ရိုက်ယူဆမိလျှင်လည်း ဘုရားရှင်ကို စွပ်စွဲရာ ရောက်ပြန်သည်။

ဤသို့ စွပ်စွဲရာ မရောက်အောင် ရောဟိတဿသုတ် ယူဆနည်းကို ရှင်းပြပါဦးမည်။

ရောဟိတဿသုတ်၌-

ဣမသ္မိံ ဗျာမမတ္တေ ကဠေဝရေ သသညမှိ သမနကေ လောကဉ္စ ပညပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ-

ဟူ၍ ဟောတော်မူထားသည်။

ဗျာမမတ္တေ၊ တလံမျှလောက်သော။ သသညမှိ၊ သညာရှိသော။ သမနကေ၊ စိတ်နှင့်တကွသော။ ဣမသ္မိံ ကဠေဝရေ၊ ဤအကောင်ပုပ်၌။ လောကဉ္စ၊ ဒုက္ခသစ္စာဟူသော လောကကိုလည်း။ ပညပေမိ၊ ငါဘုရား ပညတ်တော်မူ၏၊ လောကသမုဒယဉ္စ၊ ဒုက္ခသစ္စာဟူသော လောကဖြစ်ပွားကြောင်းကိုလည်း။ ပညပေမိ၊ ပညတ်တော်မူ၏၊ လောကနိရောဓဉ္စ၊ ဒုက္ခသစ္စာဟု ဆိုအပ်သော လောက၏ ချုပ်ဆုံးရာ နိဗ္ဗာန်ကိုလည်း။ ပညပေမိ၊ ပညတ်တော်မူ၏၊ လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ၊ ဒုက္ခသစ္စာဟု ဆိုအပ်သော လောက၏ ချုပ်ဆုံးရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကိုလည်း။ ပညပေမိ၊ ပညတ်တော်မူ၏၊

အထက်ပါ ဒေသနာတော်ကို သာဓကထားပြီး ကျောက်သင်္ဘောဝါဒီများသည် နိဗ္ဗာန်ကို ခန္ဓာကိုယ် အကောင်ပုပ်ကြီးထဲမှာ ရှိသည်ဟု ယူဆထားကြပေသည်။

သာမညမျှသာ ကြည့်လျှင် ယူဆစရာဖြစ်သည်။ သစ္စာလေးပါးလုံးကို ခန္ဓာကိုယ်ထဲ၌ ရှိကြောင်း ဟောကြားထားသော ဒေသနာဟု ထင်မှားစရာဖြစ်သည်။ သစ္စာလေးပါးထဲတွင် ပါဝင်နေသော နိရောဓသစ္စာခေါ် နိဗ္ဗာန်ကြီးကိုလည်း ခန္ဓာကိုယ်ထဲမှာပင် တကယ်ရှိနေသည်ဟု တွက်ဆရဖို့ ရှိ၏၊

သို့သော် အထက်က ညွှန်ပြခဲ့သည့်အတိုင်း ဤဒေသနာတော်သည် မုချဒေသနာတော် ဖြစ်လေသလား၊ ဥပစာ ဒေသနာတော် ဖြစ်လေသလားဟု ခွဲခြားတတ်ဖို့ရာ လိုအပ်လာပေပြီ။ မိမိ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် အတိအကျ မယူဆနိုင်လျှင် ဘုရားရှင်၏ အလိုတော်ကျ ဖွင့်ပြလျှက်ရှိသော အဋ္ဌကထာကို အားကိုးရပေလိမ့်မည်။ အဋ္ဌကထာဆရာက မည်သို့ဖွင့်ဆိုထားသနည်း။

အဒေသမ္ပိ ဟိ တံ ယေသံ နိရောဓော၊ တေသံ ဝသေန ဥပစာရတောပိ နိဒ္ဒိသိယတိ

(ဝိသုဒ္ဓိမဂ် အဋ္ဌကထာ)

အဓိပ္ပါယ် အကျဉ်းချုပ်မှာ- နိရောဓသစ္စာခေါ်သော နိဗ္ဗာန်၏တည်ရာ ဒေသမရှိပါ။ သို့သော်လည်း နိရောဓသစ္စာဟု ခေါ်သော နိဗ္ဗာန်ကို ခန္ဓာကိုယ်၌ ပညတ်၏-ဟု ဘုရားရှင် ဟောထားတော် မူခဲ့ခြင်းသည် (ကျောက်သင်္ဘောဝါဒီများ မှတ်ထင် ယူဆကြသလို အမှန်တကယ် ခန္ဓာကိုယ်အတွင်းမှာ ရှိနေခြင်းမျိုးမဟုတ်ပဲ) တင်စားပြီး ဟောထားခြင်းသာ ဖြစ်ကြောင်းကို ဖွင့်ပြထားခြင်း ဖြစ်သည်။

ထပ်ဆင့်၍ ရှင်းပြရပါမူ သစ္စာလေးပါး ရှိသည့်အနက်-

(၁) ဒုက္ခသစ္စာ (၂) သမုဒယသစ္စာ (၃) မဂ္ဂသစ္စာ- ဤသစ္စာသုံးပါးသည် ခန္ဓာကိုယ်အတွင်း၌ မုချအားဖြင့် ရနိုင်ပေသည်။ နိရောဓ သစ္စာခေါ်သော နိဗ္ဗာန်ကိုမူ ခန္ဓာကိုယ်အတွင်း၌ မုချအားဖြင့် မရနိုင်ပေ။

နိရောဓသစ္စာခေါ်သော နိဗ္ဗာန်သည် ချုပ်ငြိမ်းမှု သန္တိသုခ သဘောမျှသာဖြစ်၍ ခန္ဓာကိုယ်တွင်း၌ ရှိသောတရားအနေဖြင့် ခန္ဓာကိုယ်အတွင်း၌ ရထိုက်သည် မဟုတ်ပါ။ သို့သော် ခန္ဓာကိုယ်နှင့် စပ်နွယ်၍ သိအပ်သည်ကို အကြောင်းပြု၍သာ ခန္ဓာကိုယ်၌ ပညတ်တော်မူသည်ဟု ဘုရားရှင် ဟောထားတော်မူခြင်း ဖြစ်ပေသည်။

အဋ္ဌကထာဆရာ ဖွင့်ပြသည့်အတိုင်း နိဗ္ဗာန်သည် ခန္ဓာကိုယ်အတွင်း၌ မုချအားဖြင့် မရှိပဲ ဥပစာအားဖြင့်သာ ဟောကြားထားခြင်းမျိုး ဖြစ်သည်ဟု သိလောက်ပေပြီ။

သို့ဖြစ်၍ ရောဟိတဿသုတ်ကို ဥပစာအားဖြင့် ဟောကြားထားသော နေယျတ္ထသုတ်မှန်း မသိပဲ နီတတ္ထ ယူ၍ 'နိဗ္ဗာန် ခန္ဓာကိုယ်ထဲမှာ ရှိသည်'ဟု ယူသောဝါဒသည် စင်စစ် အမှားသာဖြစ် ကြောင်း သိအပ်ပေသည်။

အမှန်စင်စစ် နိဗ္ဗာန်သည် ဝိပဿနာတရားအားထုတ်၍ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရပါမှ ထိုမဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် အာရုံပြု၍ရသော ခန္ဓာကိုယ်မှ ပြင်ပဗဟိဒ္ဓ တရားမျိုးသာ ဖြစ်သည်။ ဤနေရာတွင် စောဒကဆရာတို့ ကိုးကားဖော်ပြသော ပါဠိတော်တို့သည် သာဓကမြောက်ကြပေသည်။

ဘုရားရှင် ဟောကြားထားသော ဒေသနာတော်များတွင် ရှေ့နှင့်နောက် ဆက်စပ်၍ မရနိုင်လောက်အောင် သဘာဝ နှစ်မျိုး နှစ်စား ကွဲပြားသော အရာဟူ၍ လုံးဝ မရှိစကောင်းပေ။ နိဗ္ဗာန်သည် ဗဟိဒ္ဓတရားမျိုးဖြစ်၍ ခန္ဓာကိုယ်၏ပြင်ပ၌သာ ရှိနေကြောင်းကို ထုတ်ပြထားခဲ့သော အဘိဓမ္မာဒေသနာတော်များအရ သိနိုင်လောက်ပေသည်။

ထိုမှတပါးလည်း အမှန်စင်စစ်အားဖြင့် 'နိဗ္ဗာန်သည် ခန္ဓာကိုယ်ထဲ၌ တည်ရှိသည်၊ အရှေ့ အနောက် တောင် မြောက် စသော အရပ်ဒေသ၌ တည်ရှိသည်' စသည်ဖြင့် နိဗ္ဗာန်၏ တည်ရာဒေသကို ညွှန်ပြ၍ မရနိုင်ပါ။ သို့ဖြစ်၍ မိလိန္ဒမင်းကြီးက အရှင်နာဂသိန်ကို မေးမြန်းဖူးသည်မှာ ဤသို့ ဖြစ်၏၊

မိလိန္ဒ။။နိဗ္ဗာန်၏ တည်ရာအရပ်သည် ရှိပါသလား။

ရှင်နာဂသိန်။''။နိဗ္ဗာန်၏ တည်ရာအရပ်မည်သည် မရှိပါ။

မိလိန္ဒ။။တည်ရာအရပ် မရှိခဲ့သော် နိဗ္ဗာန်လည်း မရှိ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသည်ဟူသော စကားသည်လည်း အမှားသာ ဖြစ်နေပေ၏--

ရှင်နာဂသိန်။''။တည်ရာအရပ် မရှိသော်လည်း နိဗ္ဗာန်သည် ရှိ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသည်ဟူသော စကားသည်လည်း အမှန်ပင်ဖြစ်၏--

ဟူ၍ မိလိန္ဒမင်း၏ အမေးကို ရှင်နာဂသိန်က ဖြေကြားလေသည်။ ဆက်လက်၍ မိန့်ကြားပြန်သည်မှာ-

ဥပမာ- မီးပွတ်သော ယောက်ျားသည် ၂ခုသော သစ်သားကိုပွတ်သည်ရှိသော် မီးကိုရ၏၊ ထိုမီး၏ တည်ရှိနေနှင့်သော တည်ရာအရပ်ဟူ၍ မရှိပေ။ ဤအတူ တည်ရာအရပ်မရှိသော်လည်း နိဗ္ဗာန်သည် ရှိ၏၊ ဝိပဿနာတရားကို အားထုတ်သောသူသည် နိဗ္ဗာန်ကို မျက်မှောက်ပြုရသည် အမှန်ပင်ဖြစ်၏-

ဟူ၍ဖြစ်သည်။

တဖန် ကျောက်သင်္ဘော ဝါဒီများက 'တပည့်တော်တို့ ဟောကြားသော နိဗ္ဗာန်မှာ ထေရဝါဒ ပိဋကတ်တော်လာ နိဗ္ဗာန် တရားတော်များသာ ဖြစ်ပါသည် ဘုရား'ဟု ဆိုထားကြပြန်၏၊ ယင်းသို့ ဆိုထားသည့်အတိုင်း ထေရဝါဒ ပိဋကတ်တော်လာ နိဗ္ဗာန်အစစ်သာ ဖြစ်ပါမူ ထေရဝါဒ ပိဋကတ်တော်များနှင့် ညီညွတ်ရပေမည်။

ထေရဝါဒ ပိဋကတ်တော်များနှင့် ညီညွတ်သည်, မညီညွတ်သည်ကို တိုက်ဆိုင်ကြည့်ရှုလျှင် ဤသို့ တွေ့မြင်ရမည်ဖြစ်၏၊

(က) အနိန္ဒြိယဗဒ္ဓရူပဉ္စ နိဗ္ဗာနဉ္စ ဌပေတွာ သဗ္ဗေ ဓမ္မာ သိယာအဇ္ဈတ္ထာ, သိယာဗဟိဒ္ဓါ, သိယာ အဇ္ဈတ္ထဗဟိဒ္ဓါ။ (ဓမ္မသင်္ဂဏီပါဠိတော်၊ ၂၇၃)

ထိုပါဠိတော်၏ အဓိပ္ပါယ်မှာ စက္ခု, သောတစသော ဣန္ဒြေနှင့် မစပ်သော အဝိညာဏက ရုပ်များနှင့် နိဗ္ဗာန်တရားကို ဖယ်ထား၍ ကျန်အားလုံးသော တရားတို့သည် အချို့က ခန္ဓာကိုယ်အတွင်းမှာ ဖြစ်နေကြသည်။ အချို့က ခန္ဓာကိုယ်၏ အပြင်မှာ ဖြစ်နေကြသည်။ အချို့က ခန္ဓာကိုယ်၏ အတွင်းမှာရော၊ ခန္ဓာကိုယ်၏ ပြင်ပမှာပါ ဖြစ်နေကြသည် ဟူ၍ ဖြစ်သည်။

နိဗ္ဗာန်သည် ခန္ဓာကိုယ်၏ ပြင်ပ၌သာ ရှိကြောင်းကို ဤသို့ ဆက်လက်၍ မိန့်၏၊

(ခ) အနိန္ဒြိယဗဒ္ဓရူပဉ္စ နိဗ္ဗာနဉ္စ ဗဟိဒ္ဓါ။ (ဓမ္မသင်္ဂဏီ ပါဠိတော်)

ထိုပါဠိတော်၏ အဓိပ္ပါယ်မှာ စက္ခု သောတစသော ဣန္ဒြေနှင့် မစပ်သော အဝိညာဏကရုပ်များနှင့် နိဗ္ဗာန်တရားတို့သည်ကား ခန္ဓာကိုယ်၏ ပြင်ပမှာသာ ဖြစ်နေကြသည် ဟူ၍ဖြစ်၏၊

တဖန် နိဗ္ဗာန်နှင့် ခန္ဓာသည် တမျိုးတခြားစီ ဖြစ်ကြောင်းကို ဤသို့မိန့်၏၊

(ဂ) အညေ ခန္ဓာ အညံ နိဗ္ဗာနန္တိ၊ အာမန္တာ။ (ကထာဝတ္ထုပါဠိတော်)

ထိုပါဠိတော် အဓိပ္ပါယ်မှာ ခန္ဓာတို့က တခြား၊ နိဗ္ဗာန်က တခြားလော။ ဟုတ်ပေ၏၊ ခန္ဓာတို့က တခြား၊ နိဗ္ဗာန်က တခြားသာ ဖြစ်သည်- ဟူ၍ ဖြစ်၏၊

တဖန် နိဗ္ဗာန်သည် ခန္ဓာကိုယ်၏ ပြင်ပ၌သာ ရှိကြောင်းကို ဤသို့ မိန့်ပြန်၏၊

(ဃ) အဇ္ဈတ္တိကာ ဓမ္မာ၊ ဗာဟိရာ ဓမ္မာ။ (ဓမ္မသင်္ဂဏီပါဠိတော်)

ထိုပါဠိတော်၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ခန္ဓာကိုယ်၏ အတွင်းမှာ ဖြစ်ကြသော တရားနှင့် ခန္ဓာကိုယ်၏ ပြင်ပမှာ ဖြစ်ကြသော တရားဟူ၍ ၂-မျိုး နှစ်စားရှိရာ ပရမတ္ထတရား လေးပါးထဲမှ စိတ်, စေတသိက်, ရုပ်တို့သည် ခန္ဓာကိုယ်၏ အတွင်းမှာဖြစ်ကြသော တရားတို့ဖြစ်သည်။ နိဗ္ဗာန်သည် ခန္ဓာကိုယ်၏ ပြင်ပမှာဖြစ်သော တရားသာဖြစ်သည်ဟု ဆိုလိုသည်။

သို့ဖြစ်၍ စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ) များ၏ 'နိဗ္ဗာန်ဆိုတာ မိမိတို့ရဲ့ ခန္ဓာမှာရှိသည်' ဟူသော အယူသည် 'ပါဠိတော်များနှင့် လုံးဝ ဆန့်ကျင်နေသည်' ဟူသော စောဒကဆရာတော်များ၏ စွဲဆိုချက်သည် တရားတော်များနှင့် ကိုက်ညီသော ဓမ္မစောဒနသာ ဖြစ်သည်။

စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များ၏ ချေပလွှာသည် စွဲဆိုသည်ကို မချေပပဲ မစွဲဆိုသည်ကိုသာ ချေပထားသောကြောင့် မသင့်လျော်သော ချေပချက်သာ ဖြစ်သည်ဟု ယူဆကြသည်။

အထက်ပါ အချက်အလက်များကို ခြုံငုံသုံးသပ်လျှင် မြတ်စွာဘုရား၏ ဝါဒသည် ခန္ဓာကိုယ်အတွင်းမှာ နိဗ္ဗာန် မရှိသော ဝါဒဖြစ်ကြောင်း ထင်ရှားသည်။

'ခန္ဓာကိုယ်အတွင်းမှာ နိဗ္ဗာန်ရှိသည်ဟု' ယူဆထားသော ကျောက်သင်္ဘောဝါဒသည် 'မြတ်စွာဘုရား၏ ဝါဒနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေသော ဝါဒမှားသာ ဖြစ်ကြောင်းလည်း ထင်ရှားသည်'ဟု ဝိနည်းဓိုရ် ဆရာတော်များက စိစစ်ဝေဖန်တော်မူကြသည်။

စိတ်တွေမဖြစ်သေးခင်က အဖြစ်အေးရာက နိဗ္ဗာန်ဟူသော ကျောက်သင်္ဘောဝါဒနှင့် စပ်လျဉ်းသည့် စောဒနာနှင့် သောဓနာနှစ်ရပ်ကို ဝေဖန်သုံးသပ်ချက်

စောဒကဆရာတော်များက-

(ဋ) လိုရင်းကတော့ စိတ်တွေ မဖြစ်သေးခင်က အဖြစ်အေးနေတာက နိဗ္ဗာန်၊ စိတ်တွေ သင်္ခါရတွေ မဖြစ်သေးခင်က အဖြစ်အေးရာကုန်ရာ နိဗ္ဗာန်- (ထေရုပ္ပတ္တိနှင့် တရားတော်များ၊ နှာ-၂၃၆) ဟူသော ကောက်နုတ်ချက်ကို ထုတ်ပြပြီး စောဒနာခန်း၌ စောဒနာရာတွင်-

(၁၅) ကျောက်သင်္ဘောတို့၏ နိဗ္ဗာန် အယူအဆမှာ ခန္ဓာကိုယ်ထဲ၌ ပကတိငြိမ်းနေသော အေးနေသောအရာကို နိဗ္ဗာန်ဟူ၍ပင် ခေါ်ဝေါ်ထားခြင်းဖြစ်၍ ဗုဒ္ဓပိဋကတ်တော်လာ နိဗ္ဗာန်နှင့် လုံးဝဆန့်ကျင်လျက် ရှိလေသည်ဟု စွဲဆိုထားသည်ကို တွေ့ရှိရသည်။

ယင်းစောဒနာချက်ကို စုဒိတကဆရာတော် (ကျောက်သင်္ဘော ဝါဒီများ)က ပြန်လည် ချေပရာတွင် သမ္ပောဟဝိနောဒနီအဋ္ဌကထာကို ကိုးကားပြီး အသင်္ခတသဘောရှိသော နိဗ္ဗာန်ကို ပေါ်လွင် ထင်ရှားစွာ သိမြင်နိုင်စေရန် သင်္ခတတရားတို့၏ ဆန့်ကျင်ဘက် နာမည်များဖြင့် ဟောကြားထားခြင်းမျိုး ဖြစ်ကြောင်း၊ အပြုအပြင်မရှိခြင်းဟူသော ဆန့်ကျင်ဘက်သဘောကို သိလွယ် မြင်လွယ်သော အချိန်အခါပြ စကားလုံးများကို အငှားသုံးပြီး ဟောပြထားခြင်းဖြစ်ကြောင်း၊ စိတ်တွေ မဖြစ်သေးခင်က ဟူသည်မှာ ဟိုဟိုသည်သည် တွေးတောကြံစည်သော စိတ်တွေ မဖြစ်သေးခင်ကဟု ဆိုလိုကြောင်း၊ မဖြစ်ပင်က မပြုခင်ကဟူသော စကားများမှာ အချိန်အခါကို မရည်ရွယ်ကြောင်း၊ နိဗ္ဗာန်သည် မွေးကတည်းက ပါလာသည်မဟုတ်ပဲ မမွေးခင်ကလည်းရှိ၊ မွေးနေဆဲလည်း သေပြီးတော့လည်း အစဉ်ထာဝရ ရှိနေသော နိဗ္ဗာန်ဖြစ်ကြောင်း ဟူသော စကားများကို တွေ့ရှိရသည်။

ထိုစောဒနာ သောဓနာနှစ်ရပ်ကို ဝိနည်းဓိုရ်ဆရာတော်များ၏ သုံးသပ်ချက်

ကျောက်သင်္ဘောဝါဒကို လေ့လာရာတွင် ယခု စောဒကဆရာတော်များ ကောက်နုတ်တင်ပြသော စကားရပ်နှင့် ကျောက်သင်္ဘောဝါဒီတို့ရေးသား ဟောကြားထားသော စာအုပ်၊ စာတမ်း၊ တိတ်ခွေပါ မကျန် လေ့လာမှသာ ယင်းတို့၏ ဝါဒအပြည့်အစုံကို ခြုံငုံနိုင်ပေမည်။

သို့ဖြစ်၍ မူလ ကျောက်သင်္ဘော ဆရာတော်၏ ဟောကွက်များကို ဖော်ပြထားသော ထေရုပ္ပတ္တိစာအုပ်ကို လေ့လာရာတွင် မူလကျောက်သင်္ဘောဆရာတော်သည် နိဗ္ဗာန်နှင့် စပ်လျဉ်းသော တရားပုဒ်ပေါင်း မြောက်မြားစွာကို ဟောကြားခဲ့သည်။ ဟောကြားရာတွင်လည်း နိဗ္ဗာန်ချင်း ထပ်နေအောင် တရစပ် ဟောကြားခဲ့သည်။ ဟောကြားသည့် အခါတိုင်းမှာလည်း နိဗ္ဗာန်ကို ခန္ဓာတွင်း၌ သွင်းထား၍ သွင်းထား၍သာ ဟောကြားခဲ့သည်။ ဟောကြားပုံမှာ ဤသို့ဖြစ်၏၊

နိဗ္ဗာန်ဆိုတာ မိမိတို့ မနောက ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော စိတ်တွေ မဖြစ်ခင်က သဘော၊ အဲဒီ ကောင်းကောင်း ဆိုးဆိုးအမျိုးမျိုးသော စိတ်တွေ မဖြစ်သေးဘူးဆိုယင် ဘယ့်နယ် နေလိမ့်မလဲ၊ မဖြစ်ရာဆိုတဲ့ အဖြစ်အေးရာ ရှိတာပေါ့၊ အဲဒီအဖြစ်အေးရာက နိဗ္ဗာန်။

(ထေရုပ္ပတ္တိနှင့် တရားတော်များ၊ နှာ-၁၃၀)

ဆိုလိုသည်မှာ- မိမိတို့ စိတ်အစဉ်မှာ အမျိုးမျိုးသော ကြံစဉ် စိတ်ကူးသော စိတ်တွေ မဖြစ်ပေါ်သေးမီက အေးနေတဲ့ သဘောဟာ နိဗ္ဗာန် ဖြစ်တယ်ဟူ၍ ဖြစ်၏၊

ဤဆိုလိုချက်သဘောကို ပရမတ္တတရားစုတွင် ပါဝင်သော စိတ်တရား၏ စိတ္တနိယာမသဘောဖြင့် နှီးနှောကြည့်လျှင် သတ္တဝါ တဦးတယောက်မှာ ပဋိသန္ဓေတည်နေချိန်မှ အစပြု၍ စုတိစိတ် မကျမီ တဘဝအတွင်း၌ ဝီထိစိတ်မဖြစ်လျှင် ဘဝင်စိတ်တွေသာ ဖြစ်ကြရ၏၊ ဘဝင်စိတ်မဖြစ်လျှင်လည်း ဝီထိစိတ်တွေသာ ဖြစ်ကြရသည်။ ထိုထို ဤဤ အလီလီသော အာရုံကို ကြံစည်တွေးတောသော စိတ်ကို ဝီထိစိတ်ဟု ဆိုရ၏၊

သို့ဖြစ်လျှင် ထို ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော၊ ကြံစည်စိတ်ကူးသော စိတ်တွေ မဖြစ်ခင်က သဘောဟူသည် အဘယ်နည်း၊ စိတ္တနိယာမ အလိုအားဖြင့် ကြံစည် စိတ်ကူးသော စိတ်(ဝီထိစိတ်)တွေ မဖြစ်ခင်ကဆိုလျှင် ဘဝင်စိတ်သာ ဖြစ်နေပေ၏၊

သို့ဖြစ်ပါက ကျောက်သင်္ဘောဝါဒီတို့၏ ကြံစည်စိတ်ကူးသော စိတ်တွေ မဖြစ်သေးခင်က အဖြစ်အေးရာ နိဗ္ဗာန်ဟူသည် သတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်း၌ ရှိနေသော ဘဝင်စိတ်သာ ဖြစ်ရချေတော့သည်။

ဤ သုံးသပ်ချက်ကို စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များက အောက်ပါအတိုင်း ဝန်ခံလျက်ရှိပေသည်။

စိတ်တွေ မဖြစ်သေးခင်က ဟူသည်မှာ ဟိုဟိုသည်သည် တွေးတောကြံစည်သော စိတ်တွေ မဖြစ်သေးခင်ကဟု ဆိုလိုပါသည်။ (အမှတ် ၁၅-သောဓနာချက်မှ)

တဖန် နိဗ္ဗာန်ဆိုတာ ဘုံကြီးနဲ့ ဗိမာန်ကြီးနဲ့ ပြာသာဒ်ကြီးနဲ့ မဟုတ်ဘူး၊ ရာဂ၊ ဒေါသ၊ မောဟ မရှိလေတော့ ရာဂ၊ ဒေါသ၊ မောဟတွေက မဖြစ်လေတော့၊ အပူတွေ အဆွေးတွေ မအေးတဲ့ စိတ်တွေမရှိလေတော့ မိမိတို့ရဲ့စိတ်မှာ ပကတိအတိုင်း အေးနေတာ၊ ငြိမ်းချမ်းနေတာ၊ အဲဒါ နိဗ္ဗာန်ဗျ- ဟူသော- (ထေရုပ္ပတ္တိနှင့် တရားတော်များ၊ နှာ-၁၅၆၊ ၁၅၇)

နိဗ္ဗာန် အယူအဆ ဟောကွက်တခုကို တိတိကျကျတွေ့ရပြန်သည်။ ဆိုလိုသည်မှာ ရှင်းပါ၏၊ ရာဂ၊ ဒေါသ၊ မောဟ အစရှိသော ကိလေသာ အပူအဆွေး မအေးတဲ့ စိတ်တွေမရှိသောကြောင့် မိမိတို့ရဲ့ စိတ်ထဲမှာ ပကတိအတိုင်း အေးနေ၊ ငြိမ်းချမ်းနေတာ နိဗ္ဗာန်-ဟု ယူဆထားခြင်းဖြစ်၏၊

ဤဟောကွက်သည်လည်း နိဗ္ဗာန်ကို ခန္ဓာကိုယ်အတွင်း၌ သွင်းထားပြီး ဟောကြားသော ဟောကွက်သာ ဖြစ်နေပြန်သည်။

ကြိုက်ရာ ကြိုက်ရာ အာရုံပေါ်မှာ ခုံမင် တပ်မက် နှစ်သက်လိုချင်မှုသဘောကို ရာဂဆိုသည်၊ မကြိုက်မနှစ်သက်ရာ အာရုံပေါ်မှာ စိတ်ဆိုး စိတ်ပျက် စိတ်ညစ်မှုသဘောကို ဒေါသဆိုသည်။ သစ္စာလေးပါးစသည်များအပေါ်မှာ တွေဝေမိန်းမော မသိမှုသဘောကို မောဟဆိုသည်။

ယမ္ပစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ-ဟူသော ဓမ္မစကြာ တရားတော်အတိုင်း မိမိတို့ကြိုက်ရာကို မရရှိကြသော သတ္တဝါတို့မှာ အများအားဖြင့် ကိုယ်ရောစိတ်ပါ ဆင်းရဲဒုက္ခ ရောက်ကြရသည်။ ဤနေရာမျိုးမှာ ပဘာဝတီမိဖုရား သာဂလမြို့သို့ ပြန်သွားသောအခါ ကုသဝတီမင်းနေပြည်မှာ မင်းစည်းစိမ်ကို မြိန်မြိန်ကြီး ခံစားမနေနိုင်တော့ပဲ စောင်းတော်ကိုပိုက်လျက် သာဂလမြို့ဘက်သို့ ခရီးပြင်းထွက်ရ၏၊ သာဂလမြို့ရောက်သွားသောအချိန်မှာလည်း အိုးလုပ်၊ ဖျာရက်၊ ထမင်းချက်နေရသော အလောင်းတော် ကုသလမင်းကြီးကို နမူနာထားပြီး ကြည့်နိုင် မြင်နိုင်ကြ၏၊

ကုဒ္ဓေါ အတ္ထံ န ဇာနာတိ-ဟူသော တရားတော်အတိုင်း မိမိမနှစ်သက်ရာ အာရုံနှင့် တွေ့ကြုံရသောအခါ စိတ်ဆိုးစိတ်ပျက် စိတ်ညစ်ကြရသည်။ ဤနေရာမျိုးမှာ အပြစ်ကင်းစင်သော ခန္တီဝါဒီရှင်ရသေ့ အပေါ်မှာ ကလာဗုမင်းက အမျက်ထွက်ကာ ခန္တီဝါဒီရှင်ရသေ့၏ နား၊ နှာခေါင်းတွေကို ဖြတ်လှီးရုံမျှ အားမရသေး၍ လက်မောင်းနှင့် ခြေထောက်တွေကိုပါ ဖြတ်တောက်ခိုင်းလျက် ရှင်ဘုရင်ဟန်မပေါက်ပဲ ပုံပျက်ပန်းပျက် မုဆိုးကြမ်းကြီးဟန် ထွက်နေသော ကလာဗုမင်းမိုက်ကို နမူနာထား၍ ကြည့်ကြရမည် ဖြစ်၏၊

အလောင်းတော် ကုသမင်းနှင့် ကလာဗုမင်းမိုက်တို့လို ရာဂ၊ ဒေါသ အစွန်းမထွက်ပဲ တောကြီးမျက်မဲထဲမှာ သစ်ရွက်မိုး သစ်ရွက်ကာ သစ်တုံးကလေးများကိုသာ ခင်းစီထားသော ကျောင်းသင်္ခမ်းကလေးအပေါ်မှာ လျော်တေသင်္ကန်းများကို ဝတ်ရုံလျက် တောသစ်ရွက် သစ်သီးကြမ်းများကို စားသုံးပြီး ပြုံးပြုံးကလေး သီတင်းသုံးနေနိုင်သော အလောင်းတော် တေမိမင်းသားကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုလည်း နမူနာတမျိုးအနေဖြင့် တွေ့မြင်ကြရပေမည်။

သိစေလိုသည်မှာ- ရာဂ၏ဒဏ်ချက်ကြောင့် တိုင်းပြည်သခင် ရှင်ဘုရင်ဟူသော ဂုဏ်သိန်ကိုပင် မထောက်ထားနိုင်ပဲ ကိုယ်ရော စိတ်ပါ ဆင်းရဲဒုက္ခရောက်နေရသော အလောင်းတော် ကုသမင်းတို့လို ပုဂ္ဂိုလ်မျိုးရှိသလို ဒေါသ၏ဒဏ်ချက်ကြောင့် ပုံပျက်ပန်းပျက် လူမိုက် လူရမ်းကားကြီးအဖြစ် နာမည်ကြီးလှသော ကလာဗုမင်းတို့လို ပုဂ္ဂိုလ်မျိုးလည်းရှိနေ၏၊

တဖန်- ရာဂ၊ ဒေါသဒဏ်မငြိပဲ ပကတိငြိမ်းချမ်းသော နှလုံးစိတ်ဝမ်းရှိနေသော အလောင်းတော် တေမိမင်းသားကဲ့သို့သော ပုဂ္ဂိုလ်မျိုးလည်း ရှိနေသည်သာ။

ကျောက်သင်္ဘောဝါဒီတို့၏ ရာဂ၊ ဒေါသ၊ မောဟတွေက မဖြစ်လေတော့၊ အပူတွေ၊ အဆွေးတွေ မအေးတဲ့စိတ်တွေ မရှိလေတော့ မိမိတို့ရဲ့စိတ်မှာ ပကတိအတိုင်း အေးနေတာ၊ ငြိမ်းချမ်းနေတာ၊ အဲဒါနိဗ္ဗာန်ဗျ- ဟူသော ဟောကွက်အတိုင်းသာ ပြောရလျှင် အလောင်းတော်တေမိမင်းသား တောထွက်ပြီး သစ်ရွက် သစ်သီး စားကာ တရားကျင့်နေသောအချိန်မှာ လိုချင်တပ်မက် နှစ်သက်မှုလည်း မရှိ၊ စိတ်ဆိုး စိတ်ပျက် စိတ်ညစ်မှုလည်း မရှိသောကြောင့် နိဗ္ဗာန်ရနေသည်ဟု ဆိုရပေတော့မည်။ ဘုရားအလောင်းတော်များသည်ပင် ဟို...ပါရမီနုနယ်စဉ် အချိန်အခါတုန်းကစ၍ နိဗ္ဗာန်ချမ်းသာကို မြိန်မြိန်ကြီး ခံစားခဲ့ကြဖူးပေပြီတကားဟု ပြောကြားရမည်ကဲ့သို့ ရှိ၏၊

ဘုရားအလောင်းတော်ဆိုသည်မှာ ဘုရားမဖြစ်ခင် နိဗ္ဗာန်ကို မျက်မှောက်ပြုသူမျိုး မဟုတ်ပေ၊ သုမေဓာဘဝတုန်းကပင် နိဗ္ဗာန်ကို လိုချင်လျှင် ရနိုင်သည်။ သို့သော် ဘုရားဖြစ်အောင် အားထုတ်လို၍ နိဗ္ဗာန်ချမ်းသာကို မယူခဲ့ကြောင်း အခိုင်အမာရှိသည်။ အဟုတ်နိဗ္ဗာန်ကို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် တကယ်မြင်သည်ရှိသော် အလွန်ဆုံး ခုနစ်ဘဝသာ ကြာသည်၊ ခုနစ်ဘဝအတွင်းမှာပင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် စံဝင်ရမြဲဖြစ်သည်။

ကျောက်သင်္ဘော နိဗ္ဗာန်သည်ကား စကားအဖြစ် ပြောသော အပျက်နိဗ္ဗာန်၊ သို့မဟုတ် ယခု လူတို့ တင်စားဆိုကြသော လောကနိဗ္ဗာန်မျိုးသာ ဖြစ်၏၊ ပရမတ္ထတရားလေးပါးတွင် ပါဝင်သော တကယ့်နိဗ္ဗာန် မဟုတ်ကြောင်း သိအပ်ပေသည်။

ထိုမှတပါး ကျောက်သင်္ဘောတရားတော် ဟောကြားထားသော နိဗ္ဗာန်များမှာ ဤသို့ ဖြစ်ပေ၏၊

စိတ်မှာ အဖြစ်ငြိမ်းနေတာ၊ ကိလေသာအဖြစ် ငြိမ်းရာက နိဗ္ဗာန်။ (ထေရုပ္ပတ္တိ၊ နှာ-၂၀၃)

စိတ်ကလေးကို အလုပ်မပေးပဲ ဒီအတိုင်းတိုင်း နေလိုက်တာ နိဗ္ဗာန်ရောက်တယ်ဆိုတာ၊ အဲဒီလိုရောက်တာ။ (ထေရုပ္ပတ္တိ၊ နှာ-၂၁၂)

ရှုတဲ့စိတ်က မရှုဘူး၊ မရှုတော့ ရှုမှု မငြိမ်းဘူးလား၊ သူ့ဘာသာသူငြိမ်းနေတော့ သက်သာတာပေါ့၊ ချမ်းသာတာပေါ့၊ နိဗ္ဗာန်ရောက်တယ်ဆိုတာ ဒီလိုရောက်တာ။ နိဗ္ဗာန်ကို ဘယ်ပုံဘယ်နည်း ရောက်သလဲဆိုရင် ဒီလို ရောက်တယ်လို့ ပြောကြလေ။ (ထေရုပ္ပတ္တိ၊ နှာ-၂၁၃)

အထက်ပါ ဟောကွက်များကို လေ့လာလျှင် ဤသို့ တွေ့မြင်ရမည် ဖြစ်၏၊

ရှုမှတ် ပွားများမှု ဘာတခုမှ မလုပ်ပဲ၊ စိတ်ကို အလုပ်မပေးပဲ ဒီအတိုင်းတိုင်း နေတာကိုပင် ရှုမှတ်မှု ငြိမ်းနေသောကြောင့် စိတ်သက်သာသည်၊ စိတ်ချမ်းသာနေသည်။ ဤစိတ်သက်သာမှု စိတ်ချမ်းသာမှုသည်ပင်လျှင် နိဗ္ဗာန်ဖြစ်၏၊ နိဗ္ဗာန် ရောက်သည် ဟူသည်မှာ ဤသို့ ရောက်ခြင်းဖြစ်၏ ဟူ၍ ဟောကြားထားခြင်း ဖြစ်လေသည်။

ဤသည်မှာလည်း စိတ်သက်သာမှု စိတ်ချမ်းသာမှုကို နိဗ္ဗာန်ဟုဆိုထားသောကြောင့် ဤနိဗ္ဗာန်သည်လည်း ခန္ဓာကိုယ်အတွင်း၌ပင် တည်ရှိနေသော နိဗ္ဗာန်ဖြစ်ရပြန်တော့၏၊

ထိုမှတဖန် နိဗ္ဗာန်တရား ဟောကြားပုံများမှာ ဤသို့ပေတည်း။

ငြိမ်းနေလို့ရှိရင် အဖြစ်တွေက ငြိမ်းရာကြီး ရှိတယ်၊ အဲဒီ ငြိမ်းရာက နိရောဓသစ္စာ။

(ထေရုပ္ပတ္တိ၊ နှာ-၂၁၄)

ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုး၊ ဟုတ်ဟုတ်၊ မှန်မှန်၊ မှားမှား များပြားသော စိတ်တွေက ဖြစ်နေတာ မရှိဘူး၊ အဖြစ်က ကုန်နေတယ်၊ ဒီလို သိလား။

ဖြစ်နေတာတွေ မရှိတော့ ဘာနဲ့လုပ်ကြမလဲ၊ ဘယ့်နှယ်လုပ်မှမဖြစ်လို့ ဒီအတိုင်း နေတယ်၊ အလုပ်ငြိမ်း၍ နေတာ။ အဲဒီ အလုပ် ငြိမ်းနေတဲ့ စိတ်မျိုးကို ဖိုလ်စိတ်ခေါ်တာ၊ လောကုတ္တရာစိတ်လို့ ခေါ်တယ်၊ အဲဒါ ဝိပဿနာလုပ်နေတာ မဟုတ်ဘူးပေါ့၊ နိဗ္ဗာန်ရောက်နေတယ် ပြောတာ။

(ထေရုပ္ပတ္တိ၊ နှာ-၂၁၅)

နိဗ္ဗာန်ဆိုတာ မလုပ်ပဲနဲ့ ရတာ၊ ဟုတ်တယ် နိဗ္ဗာန်ဆိုတာ မလုပ်မှ ရတာ။ (ထေရုပ္ပတ္တိ၊ နှာ-၂၃၂)

အထက်ပါ ဟောကွက်များကို စိစစ်လျှင် ဤသို့ အဖြေထွက်လာမည် ဖြစ်၏၊

ကိလေသာ စိတ်ဆိုးတွေ မဖြစ်သောအခါ အဖြစ်တွေက ငြိမ်းရာကြီး ရှိ၏၊ ထိုငြိမ်းရာကြီးသည် နိရောဓသစ္စာခေါ်သော နိဗ္ဗာန်ဖြစ်၏၊ လိုချင်တပ်မက် နှစ်သက်မှု၊ စိတ်ဆိုး စိတ်ပျက် စိတ်ညစ်မှု စသော အကုသိုလ်တရားတွေ မဖြစ်သောအခါ စိတ်ထဲမှာ ငြိမ်းအေးနေ၏၊ ချမ်းသာနေ၏၊ ဤ ငြိမ်းအေး ချမ်းသာမှုကိုပင် နိဗ္ဗာန်ဟု ဟောနေခြင်းဖြစ်သည်။

တဖန် ကောင်းဆိုး မှားမှန် အတန်တန်သော စိတ်တွေ ဖြစ်နေတာမရှိ၊ ဖြစ်နေတဲ့ စိတ်မရှိသဖြင့် ဘာမှလုပ်၍ မရနိုင်သောကြောင့် ဒီအတိုင်းနေရ၏၊ အလုပ် မလုပ်ပဲ ဒီအတိုင်း ငြိမ်းနေသည့် စိတ်ကိုပင် ဖိုလ်စိတ်ဟု ဆိုထား၏၊ လောကုတ္တရာ ဖိုလ်စိတ်ကို ရပြီးဖြစ်သဖြင့် နိဗ္ဗာန်ကို အလိုလို ရောက်ပြီးသားဖြစ်နေတော့သည်ဟု ဆိုလို၏၊

ဘာတခုမျှ မလုပ်ရပဲ ငြိမ်းတဲ့အတိုင်းတိုင်း အသာလေး နေလိုက်ရုံဖြင့် နိဗ္ဗာန်ကို အလိုအလျောက် မျက်မှောက်ပြုပြီးသား ဖြစ်နေသည်ဟု ယူဆထားခြင်းဖြစ်၏၊ စိတ် အနားယူခြင်း၊ စိတ် အားလပ်ချိန် ပေးထားခြင်း၊ (ဝါ) စိတ်ပင်စင်ယူထားခြင်းကို နိဗ္ဗာန်ဟု ကျောက်သင်္ဘောဆရာတော်က ဆိုနေ၏၊

ထိုစကားကို 'နိဗ္ဗာန်ဆိုတာ မလုပ်ပဲနဲ့ရတာ၊ ဟုတ်တယ်၊ နိဗ္ဗာန်ဆိုတာ မလုပ်မှ ရတာ' ဟူသော သူ၏စကားက ထောကခံလျက် ရှိနေလေသည်။

တဖန် နိဗ္ဗာန်ဟောကွက်မှာ တမျိုးတဖုံ ဆန်းသစ်လာပြန်၏၊

တရား တရားအတိုင်းတိုင်း သိကြရမယ်၊ မြင်ကြရမယ်၊ တရား တရားအတိုင်းတိုင်း သိတော့ မြင်တော့ ဘာဖြစ်သလဲ၊ တရား တရားအတိုင်းတိုင်း သိကြရင်တော့ အခုဘဝ အခုပစ္စက္ခက နေပြီးတော့ ရင်ပူအေးကြရမယ်၊ ခေါင်းမရှုပ်ကြရဘူး၊ ခေါင်းမနောက်ကြရဘူး၊ သဥပါဒိသေသနိဗ္ဗာန်ကို မျက်မှောက်ပြုကြရမယ်။ (ထေရုပ္ပတ္တိ၊ နှာ-၂၂၄)

ဤဟောကွက်သည် တမူထူးသော နိဗ္ဗာန်ဟောကွက်ဖြစ်၏၊ ယခင့် ယခင်က ဟောကွက်များကတော့ နိဗ္ဗာန်ဆိုတာ အေးတဲ့အတိုင်း ငြိမ်းတဲ့အတိုင်းသာ နေရမယ်ဟု ညွှန်ကြားခဲ့၏၊ ယခုတော့ မဟုတ်ပြန်ပါ၊ တရား တရားအတိုင်းတိုင်း သိကြရ၊ မြင်ကြရဦးမယ်၊ သိဖို့ မြင်ဖို့ရာ လိုလာပြန်၏၊ အသိခိုင်းနေပြန်၏၊ အမြင်ခိုင်းနေပြန်၏၊

ဟုတ်ပါပြီ၊ ဘယ်လို သိရ မြင်ရမလဲလို့ ပြန်လည် စိစစ်လိုက်တဲ့အခါ ဤသို့ တွေ့မြင်ရ၏၊

ဘာဘာ ညာညာ ဖြစ်လာတဲ့ စိတ်ကလဲ တရားပဲ၊ သင်္ခါရကလဲ တရားပဲ၊ နိဗ္ဗာန်ကလဲ တရားပဲ၊ ဤမှတပါး အပိုအလိုမရှိဘူး၊ အဲဒါကြောင့်မို့လို့ တရားဖြစ်တဲ့အတိုင်းတိုင်း နာရတယ်၊ မတရားဖြစ်မှာ မဟုတ်ဘူး။ တရားကို ကြားပြန်တော့ တရားတဲ့ တရားပဲ၊ ဝီရိယစိုက်ပြီး နာပြန်တော့ ဝီရိယတရား၊ သတိထားပြန်တော့ သတိတရား၊ ဟုတ်ပေတယ်၊ မှန်ပေတယ်လို့ ယုံကြည်ပြန်တော့ ယုံကြည်တဲ့သဒ္ဓါတရား၊ တရားမဟုတ်တာရယ်လို့ကို မရှိဘူး၊ တရားချည်းပဲ၊ အဲဒီလို သိတာကို တရားသိတယ်၊ တရားမြင်တယ်လို့ ပြောတာ။ (ထေရုပ္ပတ္တိ၊ နှာ-၂၁၈၊၂၁၉)

ဤဟောကွက်ကို ကြည့်လျှင် ရှေးရှေးက ဟောကွက်များနှင့် မတူညီပဲ ကွဲလွဲနေပုံကို ဤသို့ တွေ့မြင်ရမည်ဖြစ်၏၊

ရှေးရှေးက ဟောကွက်များက နိဗ္ဗာန်ရမှု မျက်မှောက်ပြုနိုင်မှုအတွက် ဘာတခုမျှ လုပ်စရာမလိုပဲ အေး အေးတဲ့အတိုင်းတိုင်း၊ ငြိမ်း ငြိမ်းတဲ့အတိုင်းတိုင်း အသာနေရမည်ဟု ဟောကြားခဲ့၏၊ ယခု ဟောကွက်ကမူ တရားကို တရားအတိုင်းတိုင်း သိကြရမယ်၊ မြင်ကြရမယ်ဟု ဟောနေပြန်၏၊

နိဗ္ဗာန်ရမှုအတွက် အသာနေ၍ မဖြစ်ပြန်တော့ချေ၊ သိဖို့ မြင်ဖို့ရာ လိုလာပြန်၏၊ ဤသို့ ကွဲလွဲနေခြင်းဖြစ်သည်။

ကျောက်သင်္ဘောဆရာတော်၏ တရားသိမြင်နည်းသည် ဓမ္မက္ခန္ဓာ၌လာသော သိမြင်နည်းမဟုတ်။ အနည်းငယ်မျှ စိစစ်၍ ပြအံ့။

ကျောက်သင်္ဘောဆရာတော် ဟောကြားသော တရားသိစရာ များစွာထဲမှ စိတ်တရား တခုကို ထုတ်၍ လေ့လာသော်-

စိတ်တရားကို စိတ်တရားအတိုင်းတိုင်းသာ သိပါ၊ ဤမှတပါး အပို အလိုမရှိဘူးဟု ဟောပြထား၏၊ ၎င်းဟောကြားချက်ကို မာဂဓဘာသာပြန်ဆိုသော် အောက်ပါအတိုင်းဖြစ်၏၊

ဝိညာဏံ ဝိညာဏနေ'ဝ ပဇာနာတိ၊ ဣတော နေဝါမိကံ နာပိ ဦနန္တိ။

ဝိညာဏံ၊ သိမှုအစုတွင် ပါဝင်နေသော စိတ်တရားကို။ ဝိညာဏနေ'ဝ၊ သိမှုအစုတွင် ပါဝင်သော စိတ်တရားဟူ၍သာလျှင်။ ပဇာနာတိ၊ သိရ၏၊ ဣတော၊ ဤလို သိမှုထက်။ အဓိကံ၊ ပိုလွန်၍။ နေဝ ပဇာနာတိ၊ မသိရချေ။ ဣတော၊ ဤလိုသိမှုမျိုးအောက်။ ဦနံ၊ ယုတ်လျော့၍။ နာပိ ဇာနာတိ၊ မသိရချေ။ ဣတိ၊ စိတ်တရားကို သိမှုပြီး၏၊ ဤသို့ အနက်ပြန်ဆိုရမည်။

ထေရဝါဒပိဋကတော်လာ ဓမ္မက္ခန္ဓာ၌ မည်သို့ရှိသနည်း။

ဝိညာဏံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။

ဝိညာဏံ၊ ဝိညာဏက္ခန္ဓာတွင် ပါဝင်သော စိတ်တရားကို။ အနိစ္စတော၊ မမြဲသော အခြင်းအရာအားဖြင့်၎င်း။ ဒုက္ခတော၊ ဆင်းရဲသော အခြင်းအရာအားဖြင့်၎င်း။ အနတ္တတော၊ အသက်ကောင်၊ ဝိညာဉ်ကောင်မဟုတ်သော အခြင်းအရာအားဖြင့်၎င်း။ ဝိပဿတိ၊ ထူးခြားစွာ သိမြင်၏၊

စိတ်တရားကို မမြဲသော အခြင်းအရာအားဖြင့် ထူးခြားစွာ သိမြင်ရမည်။ ဆင်းရဲသော အခြင်းအရာအားဖြင့်လည်း ထူးခြားစွာ သိမြင်ရမည်။ အသက်ကောင်၊ ဝိညာဉ်ကောင်မဟုတ်သော အခြင်းအရာအားဖြင့်လည်း ထူးခြားစွာ သိမြင်ရမည်-ဟူ၍သာ ညွှန်ကြားတော်မူခဲ့၏၊ စိတ်တရားကို စိတ်တရားအတိုင်းတိုင်းသာ သိမြင်ရမည်၊ ဤထက် ပို၍ လို၍ မမြင်ရဟု ညွှန်ကြားတော် မမူခဲ့ချေ။

ဤသို့ဖြစ်မူ ကျောက်သင်္ဘောဆရာတော်၏ တရားဟောကွက်များသည် ထင်မိ ထင်ရာ ဒေသနာမရှိ၊ စာပေ မသိပဲ လွဲမှားစွာ ဟောကြားထားသော ဟောကွက်များသာ ဖြစ်နေသည်ဟု ဆိုရပေမည်။

ထိုမှတပါး နိဗ္ဗာန်တရားကို မူလဟောကွက်အတိုင်း ထပ်မံ ဟောကြားနေပြန်သည်မှာ ဤသို့ ဖြစ်၏၊

'နိဗ္ဗာန်ဆိုတာ လွယ်လွယ် ပြောရရင်တော့ အဖြစ် ငြိမ်းနေတာပါ၊ စိတ်အလုပ် စိတ်အကြံ စိတ်အတွေး စိတ်အဆွေး စိတ်အမှု စိတ်ကိစ္စတွေ ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသောစိတ်၊ ဟုတ်ဟုတ်မှန်မှန် အတန်တန်သောစိတ်၊ ဘာစိတ်မှ မဖြစ်ပဲ ပကတိအတိုင်း ငြိမ်းအေးနေတာကို နိဗ္ဗာန် ခေါ်တာပဲ။

(ထေရုပ္ပတ္တိ-နှာ ၃၀၄)

'ခင်ဗျားတို့ စိတ်က ဘာမှ မလုပ်ရသေးခင်၊ ဘာမှ မပြုရသေးခင် ဘာမှ မတွေးရသေးခင်၊ စိတ်ကလေး ဒီအတိုင်းတိုင်း အေးနေပါတယ်၊ အဲဒီ အေးနေတဲ့ ငြိမ်းနေတဲ့ ချုပ်နေတဲ့တရားကို နိရောဓသစ္စာ၊ နိဗ္ဗာန်ရယ်လို့ မသိကြယင်တော့ တရားရှာရတဲ့ဒုက္ခတွေ ဖြစ်ကြရမယ်။ (ထေရုပ္ပတ္တိ-နှာ ၃၀၅)

အစပိုင်းက ဆိုခဲ့သည့်အတိုင်းပင် စိတ္တနိယာမသဘောအရ တွေးကြံ စဉ်းစားမှု ထင်ရှားတဲ့ ဝီထိစိတ်တွေ ဖြစ်မနေတဲ့အခါ တွေးကြံစဉ်းစားမှု (အာရုံပြုမှု) မထင်ရှားတဲ့ ဘဝင်စိတ်တွေသာ ဖြစ်နေကြရမည်။ ဤသည်မှာ ဗုဒ္ဓအဘိဓမ္မာ သဘာဝ၏ တိကျသော မူကြီးတခု ဖြစ်၏၊

ဤမူကြီးကို မြဲမြံစွာ စွဲကိုင်၍သာလျှင် စိတ်ပရမတ် အပေါ်မှာ ရှုမြင်ကြရမည်ဖြစ်၏၊ ဤသို့ မူမှန်အတိုင်းသာ စိစစ်လိုက်သောအခါ တွေးကြံစဉ်းစားစာရာ ထင်ရှားတဲ့ အာရုံတရားတွေ ပေါ်မလာသေးသည့်အတွက် စိတ်လှုပ်ရှားမှု မရှိသေးပဲ ငြိမ်သက်နေတဲ့ ဘဝင်စိတ်အစဉ်ကို ကျောက်သင်္ဘောဆရာတော်က နိဗ္ဗာန်ဟု မြင်နေပြီး ဘဝင်စိတ်ကို နိဗ္ဗာန်လုပ်ကာ ဟောကြားနေခြင်းသာ ဖြစ်သည်။ ဤသည်ကို 'မိမိတို့ရဲ့ စိတ်မှာ ပကတိအတိုင်း အေးနေတာ၊ ငြိမ်းချမ်းနေတာ အဲဒါ နိဗ္ဗာန်ဗျ' ဟု ဟောပြထားသော မူလ ကျောက်သင်္ဘောဆရာတော်၏ စကားက ထောက်ခံနေကြောင်း ထင်ရှားစွာ တွေ့မြင်ရပေသည်။

ထို့ပြင်-

ပဋိသန္ဓေ ဘဝင်္ဂဉ္စ၊ တထာ စဝနာနသံ။

ဧကမေဝ တတေဝေက- ဝိသယေဉ္စဇာတိကံ။ (အဘိဓမ္မတ္ထင်္ဂဟ နှာ-၈၁)

ဘဝတခုအတွင်းမှာ (သတ္တဝါ တဦးတယောက်၏ သန္တာန်၌ ဖြစ်သော) ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်နှင့် စုတိစိတ်သည် တမျိုးတစားတည်းသာ ဖြစ်သည်။ (စိတ်သာလျှင် တူသည် မဟုတ်သေး) အာရုံပြုပုံချင်းလည်း တူမျှလေသည်ဟူသော စိတ္တနိယာမ အဘိဓမ္မာသဘောမှန်အရ ကျောက်သင်္ဘောဝါဒီတို့၏ နိဗ္ဗာန်သည် မွေးကတည်းက ပါလာသည်- ဟူ၍ (ဝါ) အာဒိနိဗ္ဗာနဝါဒ= အစတည်းက နိဗ္ဗာန်ရနှင့်နေသည်ပင်ဟူသော ဝါဒဖြစ်ကြောင်း သိအပ်ပေသည်။

ထေရဝါဒ ပိဋကတ်တော်လာ နိဗ္ဗာန် အစစ်အမှန်ကား ဤသို့ဖြစ်၏၊

ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗတောပသံ။

ဧတ္ထ အာပေါ စ ပထဝီ၊ တေဇော ဝါယော န ဂါဓတိ။

ဝိညာဏဿ နိရောဓေန၊ ဧတ္ထေတံ ဥပရုဇ္ဈတိ။

(သုတ်သီလက္ခန်ပါဠိတော် ကေဝ'သုတ်၊ နှာ-၂၁၃)

ဝိညာဏံ၊ အရိယာမွန် ပုဂ္ဂိုလ်ချွန်တို့ ဉာဏ်လွန်ဉာဏ်မြတ် ဉာဏ်ထူးဓာတ်ဖြင့် သိအပ်သိပိုင် သိနိုင်ကောင်းထသော။ အနိဒဿနံ၊ အရာဝတ္ထု မဟုတ်မှုကြောင့် စက္ခုဖြင့်ပိုင် မမြင်အပ် မမြင်နိုင်ထသော။ အနိဒဿနံ၊ ငြိမ်သက်အေးမြ မွန်မြတ်လှသဖြင့် လောကဥပမာ ပြစရာလည်းမရှိထသော။ အနန္တံ၊ ဖြစ်ခြင်းရင့်ခြင်း ပျက်ကွက်ခြင်းဟု အခြင်းသုံးပါး ပိုင်းအခြားဖြင့် ကွဲပြားမထင် အမြဲသစ်လွင်၍ တည်ထသော။ သဗ္ဗတောပသံ၊ သမုဒ္ဒရာ ဆိပ်ကမ်းသာသို့ ဝင်ရာဖုံဖုံ အားလုံးစုံအောင် ဖုံဖုံ ကမ္မဋ္ဌာန်း ဆိပ်ကမ်းအဝင်ဝလည်း ရှိပေထသော။ သဗ္ဗတောပသံ၊ ကိလေသာညစ် မမြှေးရစ်သဖြင့် ဝင်းသစ်သည့်ပုံ အလုံးစုံ အရောင်ရှိထသော။ ယံ နိဗ္ဗာနံ၊ ဒုက္ခပြတ်ကိန်း ဝဋ်ဇာတ်သိမ်း၍ ငြိမ်းရာအမှန် အကြင်နိဗ္ဗာန်သည်။ အတ္ထိ၊ ပရမတ်တရား မြတ်တပါးဖြင့် ထင်ရှားမသွေ ရှိပါပေ၏၊

ဧတ္ထ နိဗ္ဗာနေ၊ ဒုက္ခပြတ်ကိန်း ဝဋ်ဇာတ်သိမ်း၍ ငြိမ်းရာအမှန် ဤနိဗ္ဗာန်၌။ အာပေါ စ၊ စိမ့်ဝင်သောအား မလွင့်ပါးအောင် ရုပ်များပေါင်းစပ် ဖွဲ့စည်းသော အာပေါဓာတ်သည်၎င်း။ ပထဝီ စ၊ အတူဖြစ်ငြား ရုပ်အများကို ခံထားနိုင်စွာ ခိုင်မာသော ပထဝီဓာတ်သည်၎င်း။ တေဇော စ၊ မီးကြောင့်ဖယောင်း ပျော့၍ပျောင်းသို့ ပျော့ပျောင်းပြကတေ့ ရုပ်တိုင်းတွေ့အောင် အငွေ့သဘော တေဇောဓာတ်သည်၎င်း။ ဝါယော စ၊ အတူဖြစ်လာ ရုပ်များစွာကို တောင့်မာစေမှု ရွေ့အောင်ပြုသော ဝါယောဓာတ်သည်၎င်း။ န ဂါဓတိ၊ မထောက်မမှီ မတည်မခိုင် မဖြစ်နိုင်တော့ချေ။

ဝိညာဏဿ၊ ဘဝတဖန် ပြုစီမံမည့် ကံဟုခေါ်တွင် ရှေးဝိညာဉ်၏၊ နိရောဓေန၊ အရဟတ္တမဂ် ဉာဏ်ဖြင့်ဖျက်၍ ကွယ်ပျက်ချုပ်ငြိမ်း ရုပ်သိမ်းသည့်အတွက်။ ဝိညာဏဿ၊ ရဟန္တာအရှင် နိဗ္ဗာန်ဝင်တို့ ဝိညာဉ်ဟုခေါ် စုတိစိတ်တော်၏၊ နိရောဓေန၊ ဥပါဒ်ဌီဘင် အစဉ်စေ့ရောက် ချုပ်ပျောက်သည့်အတွက်။ ဧတ္ထ နိဗ္ဗာနေ၊ ဒုက္ခပြတ်ကိန်း ဝဋ်ဇာတ်သိမ်းဖို့ အေးငြိမ်းရာမှန် ဤနိဗ္ဗာန်ကြောင့်။ ဧတံ နာမရူပံ၊ အိုနာသေရေး ဒုက္ခဘေးနှင့် ရောထွေးပိုက်ထုပ် ဤနာမ်နှင့်ရုပ်သည်။ ဥပရုဇ္ဈတိ၊ မီးတောက် မီးလျှံ ချုပ်ငြိမ်းဟန်သို့ ဧကန်မသွေ ချုပ်ငြိမ်းရပေသတည်း။

ပုထုဇဉ် မမြင်နိုင်။။ဤသုတ္တန်ပါဠိတော်ကို အစဉ်လိုက်၍ စူးစူးစိုက်စိုက် စဉ်းစားသောအခါ 'နိဗ္ဗာနဓာတ်သည် အထင်အရှားရှိသော ပရမတ္တတရားတပါး ဖြစ်ပေသည်' ဟု သိသာ၏၊ မိမိသန္တာန်၌ ဖြစ်သော စိတ်ကိုပင် မိမိကိုယ်တိုင် (စဉ်းစားလေ့ မရှိလျှင်) မသိနိုင်ရကား မိမိခန္ဓာအတွင်း၌ မပါဝင်သော နိဗ္ဗာန်ကို ပုထုဇဉ်တို့ ဉာဏ်ဖြင့် အဘယ်မှာ သိမြင်နိုင်ပါအံ့နည်း။

ဝိညာဏံ။။ထိုသို့ ပုထုဇဉ်တို့ ဉာဏ်ဖြင့် မမြင်နိုင်သော်လည်း ထူးသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့်ကား မဂ်ဖိုလ်ရသည်နှင့် တပြိုင်နက် လှမ်း၍ သိနိုင် မြင်နိုင်လောက်အောင် ထင်ရှားပါသည်။

အနိဒဿနံ။။ထိုသို့ ထင်ရှားသော်လည်း ပကတိစက္ခုဖြင့်ကား မည်သည့်နည်းနှင့်မျှ မမြင်နိုင်ပါ။ တနည်းဆိုရလျှင် ..... ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်းအေးမြ၍ မွန်မြတ်လှသော နိဗ္ဗာန်သည် 'မည်သို့သော ချမ်းသာပုံ အေးမြပုံ မွန်မြတ်ပုံနှင့် တူသည်' ဟု ထပ်တူပြဖို့ရာ ဥပမာလည်း မရှိပါ။

အနန္တံ။။စိတ်တခု၌ စ၍ဖြစ်ခြင်းဟူသော ဥပါဒ်အပိုင်း၊ ပျက်ခြင်းဟူသော ဘင်အပိုင်းနှင့် မပျက်မီ အခိုက်အတန့်မျှ တည်နေခြင်းဟူသော ဌီအပိုင်းအားဖြင့် သုံးပိုင်း ခွဲခြား၍ ရနိုင်သော်လည်း နိဗ္ဗာန်၌မူ ထိုကဲ့သို့ ပိုင်းခြားဖို့ရာ အပိုင်းအကန့် မရှိပါ။ ထိုသို့မရှိပါပဲ အမြဲသစ်လွင်နေပါသည်။

သဗ္ဗတောပဘံ။။သမုဒ္ဒရာ၌ ဝင်ဖို့ရန် ဆိပ်ကမ်းတွေ အများရှိသကဲ့သို့ ထို့အတူ သုံးဆယ့်ရှစ်ပါး (တနည်း ၄၀) အားဖြင့် များစွာသော ကမ္မဋ္ဌာန်းတရားတွေသည် နိဗ္ဗာန်ဟူသော သမုဒ္ဒရာသို့ ဝင်နိုင်ဖို့အကြောင်း ကောင်းမြတ်သော ဆိပ်ကမ်းတွေပင် ဖြစ်ပါသည်။

ဧတ္ထ အာပေါ.....န ဂါဓတိ။။ယခု လောက၌ တွေ့နေရသော ရုပ်နာမ်တရားတို့သည် ရုပ်ဖြစ်အောင် နာမ်က ကျေးဇူးပြု၍ နာမ်တည်နိုင်အောင် ရုပ်က ကျေးဇူးပြုသည့် ရုပ်အချင်းချင်း နာမ်အချင်းချင်း အပြန်အလှန် ကျေးဇူးပြုသောကြောင့် ဖြစ်ပြီးလျှင် ပျက်၊ ပျယ်ပြီးလျှင်လည်း ထပ်၍ ဖြစ်နိုင်၊ တည်နိုင်ကြ၏၊ ဤနိဗ္ဗာနဓာတ်တရားမြတ်ကြီး၌ကား ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော အရင်းခံဓာတ်ကြီးတို့ပင် မထောက်မမှီ မဖြစ်မတည်နိုင်တော့ပါ။

ဝိညာဏဿ နိရောဓေန။။ဘဝဖန်ခါ သံသရာ၌ ပြုခဲ့သမျှ အတန်တန် ကုသိုလ်ကံ အကုသိုလ်ကံတို့သည် အရဟတ္တမဂ်ခဏ၌ အဝိဇ္ဇာနှင့် တဏှာကို ပယ်ခွာလိုက်သောအခါ ဘဝကို စီမံရာဝယ် အဖော်သဟဲဖြစ်သော အဝိဇ္ဇာနှင့် တဏှာတို့၏ အကူအညီကို မရတော့သဖြင့် ဘဝအသစ်ကို မစီမံနိုင်ကြတော့၊ အသစ်ကံလည်း မဖြစ်တော့ရကား သံသရာစက်ရဟတ်လည်း အဆက်ပြတ်ရလေတော့သည်။ ထို့ကြောင့် ရဟန္တာအရှင်မြတ်တို့သည် ပရိနိဗ္ဗာန် ဝင်စံတော်မမူမီ ရုပ်နှင့်နာမ်တွဲ၍ ဆင်းရဲအမျိုးမျိုးကို ခံရပါသော်လည်း (ဘုရားရှင်သည်ပင် ပရိနိဗ္ဗာန်ဝင်စံတော်မူခါနီးဝယ် ဝမ်းတော်လားမှု စသည်တို့ကြောင့် ကိုယ်တော်၏ ဆင်းရဲမှုဒဏ်ကို ခံရပါသေးသော်လည်း) စုတိဝိညာဏ်တော် ချုပ်သောအခါ-

ဧတ္ထေတံ ဥပရုဇ္ဈတိ။။ထိုနိဗ္ဗာန်တရားမြတ်၏ အအေးဓာတ် အရှိန်ကြောင့် ရုပ်နာမ်အားလုံး ဆုံးတော်မူရကား ရုပ်နာမ်နှင့် စပ်မှသာ ဖြစ်လာရသော ဒုက္ခအတန်တန်လည်း မီလျှံမီးတောက် ငြိမ်းပျောက်သကဲ့သို့ အေးငြိမ်းရတော့၏၊ 'မီးငြိမ်း' ဟူရာ၌ မီးတောက်သည် ငြိမ်းပြီးသောအခါ တစုံတခု နာမည်တပ်၍ ခေါ်ဝေါ်ပညတ်ဖို့ရာ မကျန်တော့သကဲ့သို့ ထို့အတူ ရုပ်နာမ်ခပ်သိမ်း ကုန်ငြိမ်းသောအခါ ပုဂ္ဂိုလ်ဟု၎င်း၊ သတ္တဝါဟု၎င်း၊ သူဟု၎င်း၊ ငါဟု၎င်း ခေါ်ဝေါ်ပညတ် နာမည်တပ်ဖို့ရာ တစုံတခုမျှ မကျန်အောင် ချုပ်ငြိမ်းလေတော့၏ ဟု ဆိုလိုသည်။

သဒေဝကဿ လောကဿ၊ ဧတေ ဝေါ သုခသမ္မတာ။

ယတ္ထ စေတေ နိရုဇ္ဈန္တိ၊ တံ တေသံ ဒုက္ခသမ္မတံ။ (သဠာယတနံသံယုတ်ပါဠိတော်နှာ-၃၄၂)

သဒေဝကဿ၊ ဗြဟ္မာသိကြား နတ်အများနှင့်တကွဖြစ်သော။ လောကဿ၊ ပုထုဇဉ်ဟု ဉာဏ်မြင်ပေတုံး တလောကလုံးသည်။ ဧတေ၊ ရူပ၊ သဒ္ဒ စသည့်အာရုံ ဤကာမဂုဏ်တို့ကို။ သုခသမ္မတာ၊ ချမ်းသာဖွယ်တောင်း အလွန်ကောင်းဟု သမုတ်အပ်ကုန်ပြီ။ ယတ္ထ၊ အရိယာအများ လွန်လေးစားသည့် တရားမျက်ရှင် အကြင်သို့သော နိဗ္ဗာန်၌။ ဧတေ၊ ရူပ သဒ္ဒ စသည့်အာရုံ ကာမဂုဏ်တို့သည်။ နိရုဇ္ဈန္တိ၊ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းကြရလေကုန်၏၊ တံစ၊ ကာမဂုဏ်အားလုံး ပြုတ်ပြုတ်ပြုန်းလျက် ဆုံးရာအမှန် ထိုနိဗ္ဗာန်ကိုကား။ တေသံ၊ ထိုဉာဏ်ပေတုံး ပုထုဇဉ် အားလုံးတို့သည်။ ဒုက္ခသမ္မတံ၊ ခံစားဖွယ်အချက် ကင်းသည့်တွက်ကြောင့် သက်သက်ရှုတ်ချ၍ ဒုက္ခဟု သမုတ်အပ်လေသတည်း။ (ဧတေဝေါ-၌ ဝေါ-အတွက် အနက်သီးခြား မရှိ။)

သုခံ ဒိဋ္ဌိမရိယေဘိ၊ သက္ကာယဿ နိရောဓနံ။

ပစ္စနီကမိဒံ ဟောတိ၊ သဗ္ဗလောကေန ပဿတံ။ (သဠာယတနသံယုတ်ပါဠိတော်နှာ-၃၄၂)

သက္ကာယဿ၊ ပရမတ္ထအားဖြင့် ထင်ရှားဘိတောင်း ခန္ဓာငါးပါးအပေါင်း၏၊ နိရောဓနံ၊ ကင်းပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော။ သုခံ၊ နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို။ အရိယေဘိ၊ အရိယာအရှင် သူတော်စင်တို့သည်။ ဒိဋ္ဌံ၊ ဉာဏ်စက္ခုဖြင့် စေ့ငုထင်ထင် သိမြင်အပ်ပေပြီ။ ဣဒံ၊ များပုထုဇဉ် ဉာဏ်အမြင်ဖြင့် မမြင်နိုင်တန် ဤနိဗ္ဗာန်ကို။ ပဿတံ၊ တပ်အပ်ထင်ထင် ကိုယ်တိုင်မြင်သည့် အရှင်အပေါင်း သူတော်ကောင်းတို့မှာ။ သဗ္ဗလောကေန၊ အဝိဇ္ဇာဖုံး တဏှာတုံးဟု အားလုံးလောကဟူသမျှနှင့်။ ပစ္စနီကံ ဟောတိ၊ ကျောချင်းကပ်ယှဉ် ပြေးကြအင်သို့ အစဉ်ဆက်ဆက် ဆန့်ကျင်ဘက်အနေ ဖြစ်ရလေတော့သတည်း။

ပဒမစ္စုတမစ္စန္တံ၊ အသင်္ခတမနုတ္တရံ။

နိဗ္ဗာနမိတိ ဘာသန္တိ၊ ဝါနမုတ္တာ မဟေသယော။ (အဘိဓမ္မတ္ထသင်္ဂဟနှာ-၁၁၃)

အစ္စုတံ၊ စုတေရွေ့လျော သေရခြင်းသဘောလည်း မရှိထသော။ အစ္စန္တံ၊ အဆုံးအပိုင်းအခြားကိုလည်း လွန်ပြီးထသော။ အသင်္ခတံ၊ ကံစသော အကြောင်းလေးပါးတို့တွင် ဘယ်အကြောင်းတခုကမျှ မပြုအပ်သည်လည်း ဖြစ်ထသော။ အနုတ္တရံ၊ မိမိထက်မြတ်သော တရားလည်း မရှိထသော။ ပဒံ။ ရောက်သင့်ရောက်ရန် လျော်ကန်သင့်မြတ် ထင်ရှားရှိသော ဓာတ်တမျိုးကို။ ဝါနမုတ္တာ၊ တဏှာမှ လွတ်တော်မူကြကုန်ပြီးသော။ မဟေသယော၊ မဟာဣတိ မုနိထွတ်တင် ဘုရားရှင်တို့သည်။ နိဗ္ဗာနံဣတိ၊ နိဗ္ဗာန်ဟူ၍။ ဘာသန္တိ၊ ဟောတော်မူကြကုန်၏၊

အထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ အဆိုအမိန့်ကို တိုတိုကျဉ်းကျဉ်း လိုရင်းသာ အဓိပ္ပာယ်ဖော်ပြရပါမူ ဤသို့ဖြစ်၏၊

ပါဠိတော်လာ ဝိညာဏံ ဟူသောပုဒ်က နိဗ္ဗာန်ဟူသည် အရိယာသူမွန် ပုဂ္ဂိုလ်ချွန်တို့၏ အလွန်အကြူး ထူးမြတ်လှသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်ဝါးထင်ထင် တွေ့မြင်နိုင်သော တရားမျိုး ဖြစ်သည်ဟု ပြထားသည်။

ထိုစကားရပ်၏ အဓိပ္ပာယ်ကို ဗျတိရေကနည်း (ပြောင်းပြန်ယူရသောနည်း) ဖြင့် ဆိုရလျှင်မူ အရိယာသူမွန် ပုဂ္ဂိုလ်ချွန်တို့ စာရင်းတွင်မပါဝင်နိုင်သေးသော သာမန် ပုထုဇဉ်တို့၏ ကိလေသာမှောင်ရိပ် မကင်းသေးသော ဉာဏ်မွဲ ဉာဏ်နုပ်တို့ဖြင့် မျက်ဝါးထင်ထင် တွေ့မြင်နိုင်သော တရားမျိုးမဟုတ်ဟု ဆိုရပေမည်။

သို့သော် 'နိဗ္ဗာန်ဆိုတာ ဒကာကြီး ဦးပဉ္စင်း သေသေချာချာပြောမယ်၊ နိဗ္ဗာန်က အလိုလိုရောက်ပြီးသား။ ပုထုဇဉ်က နိဗ္ဗာန်ကို ရောက်သလား၊ ရောက်တယ်၊ ရောက်မှန်းမသိတာလေးတခု ခြားနေတာ' ဟူသော တိတ်ခွေ (ဦးဣန္ဒော-ခွေ)မှ ဟောကြားချက်ကို ကြားသိကြရ၏၊

စုဒိတကပုဂ္ဂိုလ်ဖြစ်သော ကြာပိုင် ဦးဣန္ဒေဘာသ၏ ဤဟောကြားချက်သည် ကျောက်သင်္ဘောဝါဒ နိဗ္ဗာန်သဘောကို အထင်အရှားဆုံး အသိသာဆုံးသော ဟောကြားချက် ဖြစ်၏၊ 'ပုထုဇဉ် နိဗ္ဗာန်ရောက်သည်၊ နိဗ္ဗာန်ဆိုသည်မှာ နဂိုကတည်းက ကိုယ်တည်းမှာ ရှိပြီးသား' ဟူသော ကျောက်သင်္ဘောဝါဒသည် ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်နှင့် လုံးဝ ဆန့်ကျင်သော အယူဝါဒသာဖြစ်ကြောင်း တွေ့ကြရသည်။ ဘုရားဟော တရားတော်၌မူကား- ပုထုဇဉ် နိဗ္ဗာန် မရောက်၊ အရိယာတွေမှ နိဗ္ဗာန်ရသည်။ ဝိပဿနာရှုမှ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမှ နိဗ္ဗာန်ရခြင်း ဖြစ်သတည်း။

အထက်ပါ အချက်အလက်ပေါင်း များစွာတို့ကို ခြုံငုံကြည့်ရှုသော် မြတ်စွာဘုရား၏ ဝါဒသည် နောက်ထပ်တဖန် ပြန်လည်၍ မပူလောင်ရသော ငြိမ်းအေးချမ်းသာမှု 'သန္တိသုခ' အစစ်အမှန် ဟုတ်သည်ကိုသာ 'နိဗ္ဗာန်' ဟု ယူဆသော ဝါဒဖြစ်ကြောင်း ထင်ရှားသည်။

ကျောက်သင်္ဘောဝါဒသည် နောက်ထပ်တဖန် ပြန်လည်၍ မပူလောင်ရသော ငြိမ်းအေးချမ်းသာမှု 'သန္တိသုခ' အစစ်အမှန် မဟုတ်သည်ကို 'နိဗ္ဗာန်'ဟု ယူဆသော ဝါဒဖြစ်ကြောင်းလည်း ထင်ရှားသည်ဟု ဝိနည်းဓိုရ်ဆရာတော်များက ဝေဖန်သုံးသပ်တော်မူကြသည်။

နိဗ္ဗာန်လိုချင်မှုသည် လောဘသမုဒယဖြစ်သည်ဟူသော

ကျောက်သင်္ဘောဆရာတော်၏ ဟောကြားချက်နှင့် စပ်လျဉ်း၍

စောဒနာချက်နှင့် သောဓနာချက်တို့ကို စိစစ်ဝေဖန်ချက်

(ဌ၊ဍ) အမှတ်ပြ ကျောက်သင်္ဘောဆရာတော် ဟောထားခဲ့သော စကားကို စောဒက ဆရာတော်များက အမှတ်(၂၁) စောဒနာချက်ဖြင့် စောဒနာ(အပြစ်ပြ) ထားသည်။

နိဗ္ဗာန်ကို လိုချင်မှုသည် သမုဒယသစ္စာ ဖြစ်သည်ဟူသော ကျောက်သင်္ဘော ဆရာတော်၏စကားသည် 'အနုတ္တရံ ယောဂက္ခေမံ ပတ္ထယမာနော ဝိဟရတိ' ဟူသော ပါဠိတော်ကို ဖွင့်ပြရာ အဋ္ဌကထာ၌ နိဗ္ဗာန်လိုချင်မှုသည် ကတ္တုကမျတာ ကုသလစ္ဆန္ဒသာဖြစ်၍ သမုဒယ တဏှာ မဟုတ်သောကြောင့် ထေရဝါဒ ပိဋကတ်တော်လာ ဘုရားစကားတော်နှင့် ဆန့်ကျင်ပါသည်။ သို့အတွက် (ယင်း အယူဝါဒသည်) အဓမ္မဝါဒ ဖြစ်ပါသည်ဟု စောဒကဆရာတော်များက ဆိုလိုသည်။

ဖော်ပြပါ (ဌ၊ဍ) အမှတ်ပြ ကျောက်သင်္ဘောဆရာတော်၏ စကားထဲတွင် သမုဒယ သာမညလောက်ကိုသာ ပြောဆိုထားပါလျက် စောဒကဆရာတော်များက 'သမုဒယသစ္စာ'ဟု အဘယ်ကြောင့် ရေးသားပြောဆိုလေသနည်းဟု ဝိနည်းဓိုရ်ဆရာတော်များက စိစစ်ကြသောအခါ ကျောက်သင်္ဘောဆရာတော်၏ 'ထေရုပတ္တိနှင့် တရားတော်များ' စာအုပ်နှာ(၃၀၄)တွင် စောဒက ဆရာတော်များထုတ်နုတ်ဖော်ပြထားသော 'နိဗ္ဗာန်မမြင်တော့ နိဗ္ဗာန်ကို လိုချင်တယ်၊ လိုချင်တာက သမုဒယ' ဟူသော စကားနှင့်စပ်လျက် တဆက်တည်း ဆိုထားသော 'လိုချင်တော့ ဒီအတိုင်းက မရဘူး၊ ဒီအတိုင်းမရတော့ ပြုရ, ပြင်ရ, လုပ်ရ, ကိုင်ရမယ် မဟုတ်လား၊ သင်္ခါရဒုက္ခတွေ ဖြစ်မနေဘူးလား၊ သင်္ခါရဖြစ်လာတာကို ဒုက္ခသစ္စာလို့ ပြောကြတာ၊ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာသာ ဖြစ်လာတာပဲ' ဟူသောစကားအရ ကျောက်သင်္ဘော ဆရာတော်သည် နိဗ္ဗာန်လိုချင်မှုကို သမုဒယသစ္စာဖြစ်သည်ဟု ယူဆပြောဆိုကြောင်း ထင်ရှားသည်။

သို့အတွက် စောဒက ဆရာတော်များက ထုတ်ပြသော စကားရပ်၌ ကျောက်သင်္ဘော ဆရာတော်က သမုဒယသာမည ဆိုထားသော်လည်း သမုဒယသစ္စာကိုသာ ဆိုလိုရင်း ဖြစ်သည်ဟု စောဒက ဆရာတော်များက ယူဆစောဒနာခြင်းသည် မှန်ကန်သော စောဒနာဖြစ်သည်ဟု ဆိုရပေမည်။

ကျောက်သင်္ဘောဝါဒီ စုဒိတက ဆရာတော်များ တင်သွင်းသော

သောဓနာချက်

စုဒိတက ဆရာတော်များ တင်သွင်းသော သောဓနာချက်ကို စိစစ်ကြည့်သောအခါ ဤသို့ တွေ့ရပေသည်-

(က) ဌ၊ဍ အက္ခရာအမှတ် စောဒက ဆရာတော်များ၏ ကောက်နုတ်ချက်များတွင် (မသိတော့) (မမြင်တော့) ဟူသော စကားများ အထင်အရှားပါနေသဖြင့် ထိုလိုချင်သော နိဗ္ဗာန်သည် နိဗ္ဗာန်အစစ် မဟုတ်နိုင်ပါ။

(ခ) နိဗ္ဗာန်ကို လိုလားတောင့်တသဖြင့် ဒါန သီလစသော ကုသိုလ်ကောင်းမှုပြုခြင်းဖြင့် တစုံတခုသော အတိုင်းအတာအထိ ကျေးဇူးပြုသည်ကား မှန်ပါသည်၊ (အလိုတဏှာ အပေါ်မှာ အခြေပြုကာ ကြိုးစားလာခဲ့သဖြင့် တစထက်တစ အသိဉာဏ်ရင့်သန်လာခဲ့သည်မှာလည်း မှန်ပါသည်။) သို့သော် ထိုအလိုကို မစွန့်မပယ်ဘဲနှင့်ကား အလိုကုန်ရာ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ပါ၊ ထို့ကြောင့် နိဗ္ဗာန် ရချင်သော အလိုကိုပင် သမုဒယသစ္စာထဲ ထည့်ရခြင်း ဖြစ်ပါသည်။

(ဂ) အနုတ္တရံ ယောဂက္ခေမံ ဟူသော ပါဠိတော်အရ နိဗ္ဗာန်ကို တောင့်တသော ကတ္တုကမျတာ ကုသိုလ်ဆန္ဒလည်း ရှိနိုင်ပါသည်။ သို့ရာတွင် ကျောက်သင်္ဘော ဆရာတော် ဟောကြားခဲ့သော စကားထဲမှာပင် 'လိုချင်' ဟူသော စကားကို အတိအလင်း သုံးထားပြီးမို့ ကုသိုလ်ဆန္ဒ မဟုတ်ဘဲ သမုဒယသစ္စာထိုက်သော ဓမ္မတဏှာသာ ဖြစ်ပါသည်။

ဖော်ပြပါ ကျောက်သင်္ဘောဝါဒီ စုဒိတကဆရာတော်များ၏ (စကားကျ) လိုရင်းချုပ်မှာ-

(၁) နိဗ္ဗာန်အစစ် မဟုတ်သည်ကို လိုချင်မှုသည်လည်း သမုဒယသစ္စာ

(၂) နိဗ္ဗာန်ကို လိုချင်မှုသည်လည်း သမုဒယသစ္စာ

(၃) လိုချင်မှု မှန်သမျှ သမုဒယသစ္စာ .....၊

ဟု စွဲမြဲစွာ ယူဆကြသည်ကို တွေ့ရပေသည်။

ဝေဖန်ချက်

စောဒက ဆရာတော်များ အထောက်အထား သာဓက ပြုထားသော

အနုတ္တရံ ယောဂက္ခေမံ ပတ္ထယမာနော ဝိဟရတိ-

ဟူသော ပါဠိတော်သည် မူလပဏ္ဏာသ ပါဠိတော် မူလပရိယာယဝဂ် မူလပရိယာယသုတ် (နှာ-၅)၌ လာရှိပေသည်။

အနက်အဓိပ္ပာယ် ထင်ရှားစေရန် ပါဠိတော်မှယူ၍ ဖြည့်စွက် ဖော်ပြရလျှင်-

'ယောပိ သော ဘိက္ခဝေ ဘိက္ခု သေက္ခော အပ္ပတ္တမာနသော အနုတ္တရံ ယောဂက္ခေမံ ပတ္ထယမာနော ဝိဟရတိ'

ဟူသော ပါဠိတော်ဝါကျ ဖြစ်၏၊

ဘိက္ခဝေ၊ ရဟန်းတို့။ သေက္ခော၊ မဂ်လေးပါး အောက်ဖိုလ် သုံးခုတို့၌ ယှဉ်သော သမ္မာဒိဋ္ဌိ အစရှိသော သေက္ခဓမ္မနှင့် ပြည့်စုံသော။ ဝါ၊ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို မပြတ်ကျင့်ဆဲ ဖြစ်သော။ ယော ပိ သော ဘိက္ခု၊ အမှတ်မထင် အကြင်ရဟန်းသည်လည်း။ အပ္ပတ္တမာနသော၊ မရောက်သေးသော အရဟတ္တဖိုလ် ရှိသည်ဖြစ်၍။ ဝါ၊ အရဟတ္တဖိုလ်ကို မရ မရောက်သေးသည် ဖြစ်၍။ အနုတ္တရံ၊ မြတ်သော။ ဝါ၊ အတုမရှိသော။ ယောဂက္ခေမံ၊ ယောဂ လေးပါးတို့နှင့် မယှဉ်သော အရဟတ္တဖိုလ်ကို။ ပတ္ထယမာနော၊ တောင့်တလျက်။ ဝိဟရတိ၊ နေပေ၏၊

ယင်း ပါဠိတော်၏အဖွင့် အဋ္ဌကထာ၌-

'စတူဟိ ယောဂေဟိ ခေမံ အနနုယုတ္တန္တိ ယောဂက္ခေမံ၊ အရဟတ္တမေဝ အဓိပ္ပေတံ။ ပတ္ထယမာနောတိ ဒွေ ပတ္ထနာ တဏှာပတ္ထနာ စ ဆန္ဒပတ္ထနာ စ။ ပတ္ထယမာနဿ ဟိ ပဇပ္ပိတာနိ ပဝေဓိတံ ဝါပိ ပကပ္ပိတေသူတိ ဧတ္ထ တဏှာပတ္ထနာ။

ဆိန္ဒံ ပါပိမတော သောတံ၊ ဝိဒ္ဓသ္တံ ဝိနဠီကတံ။

ပါမောဇ္ဇဗဟုလာ ဟောထ၊ ခေမံ ပတ္ထေထ ဘိက္ခဝေါတိ။

ဧတ္ထ ကတ္တုကမျတာ ကုသလစ္ဆန္ဒပတ္ထနာ။ အယမေဝ ဣဓာဓိပ္ပေတာ' ဟု ဖွင့်ဆိုထားသည်။

(မူလပဏ္ဏာသဋ္ဌကထာ-ပ-၄၃)

စတူဟိ၊ လေးပါးကုန်သော။ ယောဂေဟိ၊ ယောဂတို့နှင့်။ ခေမံ အနနုယုတ္တံ၊ မစပ်မယှဉ်သော တရားတည်း။ ဣတိ တသ္မာ၊ ထို့ကြောင့်။ ယောဂက္ခေမံ၊ ယောဂက္ခေမမည်၏၊ အရဟတ္တမေဝ၊ အရဟတ္တဖိုလ်တရားကိုသာလျှင်။ အဓိပ္ပေတံ၊ (ယောဂက္ခေမအရ) အလိုရှိအပ်၏၊ ပတ္ထယမာနောတိ ဧတ္ထ၊ တောင့်တလျက် ဟူသောစကား၌။ ပတ္ထနာ၏၊ တောင့်တခြင်းတို့သည်။ တဏှာပတ္ထနာ စ၊ တပ်မက်ခြင်း တဏှာဟူသော တောင့်တခြင်း၎င်း။ ဝါ၊ တပ်မက်ခြင်း တဏှာဖြင့် တောင့်တခြင်း၎င်း။ ဆန္ဒပတ္ထနာ စ၊ လိုလားမှုဟူသော တောင့်တခြင်း၎င်း။ ဝါ၊ လိုလားမှု ဆန္ဒဖြင့် တောင့်တခြင်း၎င်း (ဣတိ၊ ဤသို့)။ ဒွေ၊ ၂-မျိုးတို့ပေတည်း။ ပတ္ထယမာနဿ၊ ဘဝကြီးငယ်တို့၌ ထိုထိုဝတ္ထုကို တောင့်တသူအား။ (တတ္ထ၊ ထိုတောင့်တအပ်သော ဝတ္ထုတို့၌။) ပဇပ္ပိတာနိ၊ တမ်းတမှု တဏှာတို့သည်။ ဝါ၊ မာန၏ ထောင်လွှားခြင်းတို့သည်။ (ပုနပ္ဖုနံ ဟောန္တိယေဝ၊ အဖန်တလဲလဲ ဖြစ်ကုန်သည်သာတည်း။) ပကပ္ပိတေသု၊ ကြံစည်အပ်သော ဝတ္ထတို့၌။ ပဝေဓိတံ ဝါပိ၊ တုန်လှုပ်မှုသည်လည်း။ (ဟောတိ၊ ဖြစ်၏၊) ဣတိ ဧတ္ထ၊ ဤပါဠိ၌။ အာဂတာ ပတ္ထနာ၊ လာသော တောင့်တခြင်းသည်။ တဏှာ ပတ္ထနာ၊ တပ်မက်ခြင်း တဏှာဟူသော တောင့်တခြင်းတည်း။ ဝါ၊ တပ်မက်ခြင်း တဏှာဖြင့် တောင့်တခြင်းတည်း။

ပါပိမတော၊ မာရ်နတ်၏၊ သောတံ၊ ကိလေသာတည်း ဟူသော အလျဉ်ကို။ ဆိန္နံ၊ ဖြတ်အပ်ပြီ။ ဝိဒ္ဓသ္တံ၊ ဖျက်ဆီးအပ်ပြီ။ ဝိနဠီကတံ၊ ကင်းပြတ်သော အမြစ်ရှိသည်ကို ပြုအပ်ပြီ။ ဝါ၊ အမြစ်ကင်းအောင် ပြုအပ်ပြီ။ ဘိက္ခဝေါ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ပါမောဇ္ဇဗဟုလာ၊ များသော ဝမ်းမြောက်ခြင်း ရှိကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။ ခေမံ၊ အရဟတ္တဖိုလ်ကို။ ပတ္ထေထ၊ ပြုလိုသူ၏ အဖြစ်ဟူသော ဆန္ဒဖြင့် တောင့်တကြကုန်လော့။ ဝါ၊ ပြုခြင်းငှာ လိုလားကြကုန်လော့။ ဝါ၊ ဖြစ်စေခြင်းငှာ လိုလားကြကုန်လော့။

ဣတိ ဧတ္ထ၊ ဤဂါထာပါဠိ၌။ အာဂတာ ပတ္ထနာ၊ လာသော တောင့်တခြင်းသည်။ ကတ္တကမျတာ ကုသလစ္ဆန္ဒပတ္ထနာ၊ ပြုခြင်းငှာ အလိုရှိသူ၏ ဖြစ်ကြောင်းဖြစ်သော ကုသိုလ်ဆန္ဒ ဟူသော တောင့်တခြင်းတည်း။ ဝါ၊ ကုသိုလ်ဆန္ဒဖြင့် တောင့်တခြင်းတည်း။ ဣဓယောဂက္ခေမံ ပတ္ထယမာနော ဝိဟရတိ-ဟူသော ဤပါဠိ၌။ အယမေဝ၊ ကုသိုလ်ဆန္ဒ ဟူသော ဤတောင့်တခြင်းကိုသာ။ ဝါ၊ ဤကုသိုလ်ဆန္ဒဖြင့် တောင့်တခြင်းကိုသာ။ အဓိပ္ပေတာ၊ အလိုရှိအပ်၏၊

ဖော်ပြခဲ့သော 'ယော ပိ သော ဘိက္ခဝေ ဘိက္ခု သေက္ခော အပတ္တမာနသော ယောဂက္ခေမံ ပတ္တယမာနော ဝိဟရတိ' ပါဠိတော်၌ ယောဂက္ခေမံ ပုဒ်အရ အရဟတ္တဖိုလ်ကိုသာ ယူရမည်ဟု အဋ္ဌကထာဆရာဖွင့်ပြခြင်းသည် အရာအားလျော်စွာ ဖွင့်ပြခြင်းသာ ဖြစ်၏၊ ယောဂက္ခေမံပုဒ်က နိဗ္ဗာန်ကို မဟောမပြနိုင်သောကြောင့် ဖွင့်ပြထားခြင်း မဟုတ်ပေ။

သေက္ခော ဘိက္ခု = သေက္ခရဟန်းဆိုသဖြင့် သောတပတ္တိမဂ် ဖိုလ် ခဏနှင့် သောတာပတ္တိဖိုလ်ကို ဝင်စားရာ အခါကပင် နိဗ္ဗာန်ကို မြင်သိထားပြီး ဖြစ်သည်။ ထို့အတူ သကဒါဂါမိမဂ်, ဖိုလ်ခဏနှင့် သကဒါမိဖိုလ်ကို ဝင်စားရာ အခါ၊ အနာဂါမိမဂ်, ဖိုလ်ခဏနှင့် အနာဂါမိဖိုလ်ကို ဝင်စားရာ အခါတို့၌လည်း နိဗ္ဗာန်ကို မြင်သိ ထားကြပြီးပင် ဖြစ်သည်။ အရဟတ္တဖိုလ်ကို မရသေး မရောက်သေးသည် ဖြစ်၍ ယောဂလေးပါးလုံးမကုန်ဆုံးသေးသောကြောင့် ယောဂလေးပါးလုံး ကုန်ဆုံးနိုင်စေရန် အရဟတ္တဖိုလ်ကိုသာ တောင့်တကြပေလိမ့်မည်။ ထို့ကြောင့် ယောဂကေက္ခမံအရ အရဟတ္တဖိုလ်ကို ယူရမည်ဟု ဖွင့်ပြခြင်း ဖြစ်ပေသည်။

ဆိန္နံ ပါပိမတော သောတံအစရှိသော ဂါထာ၌ ပါဝင်သော ခေမံပထ္ထေထ ဘိက္ခဝေါ-ဝယ် ခေမံ-ပုဒ်အရ အရဟတ္တဖိုလ်ကို ဖွင့်ပြခြင်းသည်လည်း ယင်းဆိန္နံ ပါပိမတော သောတံအစရှိသော ဂါထာ၏ ရှေ့ဂါထာတွင် ဝိဝဋံ အမတဒွါရံ ခေမံ နိဗ္ဗာနပတ္တိယာ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရာမှန် နိဗ္ဗာန်ကို ဟောထားပြီးဖြစ်၍ အရဟတ္တဖိုလ်ကို အထွက်တပ်လျက် ဒေသနာနိဂုံးသတ်အနေ ဖြစ်စေရန် ဖွင့်ပြခြင်း ဖြစ်ပေသည်။

ဤနည်းအတူပင် အရာအားလုံးလျော်စွာ ဖွင့်ပြထားသည်ကိုလည်း တွေ့ကြရပေသည်။ သုတ္တနိပါတ်အဋ္ဌကထာ(ဒု-၃၄၊ မင်္ဂလသုတ် တပေါ စ ဂါထာအဖွင့်၌-

တိမ္ပိ ဟိ ပဉ္စဂတိဝါနနေန ဝါနသညိတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ဝုစ္စတိ-

ဟူသော စကားဖြင့် နိဗ္ဗာန်ကိုသာ နိဗ္ဗာန်ဟု ခေါ်ဆိုအပ်သည် မဟုတ်သေး၊ အရဟတ္တဖိုလ်ကိုလည်း နိဗ္ဗာန်ဟုပင် ခေါ်ဆိုအပ်သည်ဟု ဖွင့်ပြထားပေသည်။

ထို့ပြင် နိဗ္ဗာန်ကို လိုချင်မှုသည် လောဘတဏှာ သမုဒယသစ္စာ မဟုတ်ကြောင်း ဤသို့လည်း လာရှိသေး၏၊

ယံ ပနိဒံ ဝိဝ'ူပနိဿိတံ ကုလလံ၊ သေယျထိဒံ ဣဓေကစ္စော ဝိဝ'ံ ပတ္တေန္တော ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဂန္ဓမာဒိဟိ ဝထ္ထုပူဇံ ကရောတိ၊ ဓမ္မံ သုဏာတိဒေသေတိ၊ စျာနသမာပတ္တိယော နိဗ္ဗတ္တေတိ၊ ဧဝံ ကရောန္တော အနုပုဗ္ဗေန နိပ္ပရိယာယဓမ္မံ အမတံ နိဗ္ဗာနံ ပဋိလဘတိ အယံ ပရိယာယဓမ္မော။ (မူလပဏ္ဏာသအဋ္ဌကထာ ဓမ္မဒါယာဒ သုတ်အဖွင့် နှာ-၉၂)

ပန၊ မုချဓမ္မ မှတပါး ပရိယာယဓမ္မကို ဆိုဦးအံ့။ ဝိဝ'ူပနိဿိတံ၊ ဝဋ်ဆင်းရဲဇာတ် ကင်းပြတ်ရာမှန် မြတ်နိဗ္ဗာန်ကို စိတ်သန်ရည်ကပ် ပြုလုပ်အပ်သော။ ယံ ပနိဒံ ကုသလံ၊ အကြင်ကုသိုလ်မျိုးသည်။ အတ္တိ၊ ရှိပေ၏၊ ဣဒံ ကုသလံ၊ ဤကုသိုလ်မျိုးသည်။ သေယျထာ ကတမံ၊ ဘယ်လိုကုသိုလ်မျိုးနည်း။ ဣမ၊ ဤဂေါတမဘုရား သာသနာတော် အတွင်း၌။ ဧကစ္စော၊ နိဗ္ဗာန်ရောက်လို အချို့ပုဂ္ဂိုလ်သည်။ ဝိဝ'ံ၊ ဝဋ်ဆင်းရဲဇာတ် ကင်းပြတ်ရာမှန် မြတ်နိဗ္ဗာန်ကို။ ပထ္ထေန္တေ၊ လိုလား တောင့်တလျက်။ ဒါနံ၊ လှူဒါန်းဖွယ်ရာ အဖြာဖြာကို။ ဒေတိ၊ သဒ္ဒါရွှင်လန်း လှူဒါန်းလေ၏၊ သီလံ၊ ငါးပါး ဆယ်ပါး သီလများကို။ သမာဒိယတိ၊ ဆောက်တည် ကျင့်သုံး၏၊ ဥပေါသထကမ္မံ၊ ဥပုသ် စောင့်သုံးမှုကို။ ကရောတိ၊ မမေ့မယုတ် အားထုတ်၏၊ ဂန္ဓမာလာဒီဟိ၊ နံ့သာပန်း အစရှိသည်တို့ဖြင့်။ ဝထ္ထုပူဇံ ကရောတိ၊ ကိုးကွယ်ရာထား မြတ်သုံးပါးအား လေးစားကော်ရော် ပူဇော်လေ၏၊ ဓမ္မံ သုဏာတိ၊ နည်းမှန်တရားကို နာကြား၏၊ ဓမ္မံ ဒေသေတိ၊ လမ်းမှန်တရားကို ဟောကြား၏၊ စျာနသမာပတ္တိယော၊ စျာန် သမာပတ်တို့ကို။ နိဗ္ဗတ္တေတိ၊ ကိုယ်တွေ့အနေဖြစ်ပေါ်စေ၏၊ ဧဝံ ကရောန္တော၊ ဤသို့ နိဗ္ဗာန်တရား လိုလားအားသပ် ပြုလုပ်တတ်သူသည်။ ဝါ၊ ဧဝံ ကရောန္တော၊ ဤသို့ နိဗ္ဗာန်ဧရိပ် ရလိုစိတ်ဖြင့် မဆိတ် ပြုလုပ်သည်ရှိသော်။ အနုပုဗ္ဗေန၊ မြတ်ထက်မြတ်ငြား အစဉ်အားဖြင့်။ အမတံ နိဗ္ဗာနံ၊ မသေရာမှန် မြတ်နိဗ္ဗာန်ကို။ ပဋိလဘတိ၊ ဧကန်မုချ ရလေတော့၏၊ အယံ၊ နိဗ္ဗာန်တရား လိုလားမွတ်သိပ် ဤသည့်စိတ်ဖြင့် မဆိတ်ပြုအပ် ဒါနရပ်နှင့် အမြတ်သီလံ စျာန်သမာပတ် ဤတရား အရပ်ရပ်သည်။ ပရိယာယဓမ္မာ၊ ပရိယာယ ဓမ္မပေတည်း။ ဝါ၊ ဓမ္မစစ်မှန် မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ရန်မမှား အကြောင်းတရားပေတည်း။

ဤအဋ္ဌကထာဖြင့် နိဗ္ဗာန်ကို လိုလားတောင့်တ၍ ပြုလုပ်အပ်သော ဒါန သီလ စျာန် သမာပတ် တရားများသည် နိဗ္ဗာန်ရောက်ကြောင်းတရားများဖြစ်သည်ကို ဖွင့်ဆိုထားခြင်းဖြင့် နိဗ္ဗာန်လိုလား တောင့်တမှုသည် တဏှာသမုဒယသစ္စာမဟုတ်၊ ကုသလစ္ဆန္ဒသာ ဖြစ်သည်ကို သိရပေသည်။ အကယ်၍ နိဗ္ဗာန်ကို လိုလား တောင့်တမှုသည် တဏှာ သမုဒယသစ္စာဖြစ်ခဲ့လျှင် ယင်း နိဗ္ဗာန်ကို လိုလား တောင့်တမှုဖြင့် ပြုအပ်သော ဒါန သီလ စျာန် သမာပတ် ကုသိုလ်တရားများသည် နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်သော တရားများ မဟုတ်ကြတော့ပေ။ သို့သော် ပို့ဆောင်နိုင်ကြောင်းကိုကား အထက်ပါ အဋ္ဌကထာ စကားအရ သိရပေသည်။

ဘဝသမ္ပတ္တိ= ဘဝကောင်းနှင့် ပြည့်စုံမှု', ဘောဂသမ္ပတ္တိ= စည်းစိမ်ဥစ္စာနှင့် ပြည့်စုံမှုကို တဏှာ ပတ္ထနာဖြင့် မျှော်မှန်း တောင့်တလျက် ပြုလုပ်အပ်သော ဒါန သီလ စျာန် သမာပတ် ကုသိုလ်တို့သည်ကား နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်ကြသည် မဟုတ်။ ဘဝ, စည်းစိမ်ချမ်းသာဟူသော ဝဋ်ဆင်းရဲကိုသာ ဖြစ်ပွားစေကြသည်။ ယင်း ဘဝစည်းစိမ် ချမ်းသာ ဟူသော ဝဋ်ဆင်းရဲကို ဖြစ်ပွားစေနိုင်သော ဒါန သီလ စျာန် သမာပတ် ကုသိုလ်မျိုးတို့၏ မူလ အခြေခံဖြစ်သော တဏှာ ပတ္တနာသည်သာ ဝဋ်ဆင်းရဲ ဒုက္ခသစ္စာ၏ အကြောင်းဖြစ်၍ သမုဒယသစ္စာ ဖြစ်ပေသည်။

ယံ ပနိဒံ ဝ'ဂါမိကုသလံ၊ သေယျထိဒံ၊ ဣဓေကစ္စော ဝ'ံ ပတ္တေန္နော သမ္ပတ္တိဘဝံ ဣစ္ဆမာနော ဒါနံ ဒေတိ။ပ။ စျာနသမာပတ္တိယော နိဗ္ဗတ္တေတိ၊ ဧဝံ ကရောန္တေ အနုပုဗ္ဗေန ဒေဝမနုဿသမ္ပတ္တိံ ပဋိလဘတိ၊ ဣဒံ ပရိယာယာမိထံ နာမ။ (ယခင် ဓမ္မဒါယာဒသုတ် အဋ္ဌကထာအဆက်)

ပန၊ နိပ္ပရိယာယ အာမိသ မှတပါး ပရိယာယ အာမိသကို ပြဆိုဦးအံ့။ ယံ ဣဒံ ဝ'ဂါမိကုသလံ၊ ဝဋ်ဆင်းရဲသို့ ရောက်စေတတ်သော အကြင်ကောင်းမှု ကုသိုလ်မျိုးသည်။ အတ္တိ၊ ရှိလေ၏၊ ဣဒံ၊ ဝဋ်ဆင်းရဲသို့ ရောက်စေတတ်သော ဤကောင်းမှု ကုသိုလ်မျိုးသည်။ သေယျထာ ကတမံ၊ အဘယ် ကုသိုလ်နည်း။ ဣဓ၊ ဤလောက၌။ ဝါ၊ ဤသာသနာတော်အတွင်း၌။ ဧကစ္စော၊ ဘဝကောင်းကို မျှော်လင့်တောင်းဆို အချို့ပုဂ္ဂိုလ်သည်။ ဝ'ံ ပတ္တေန္တော သမ္ပတ္တိဘဝံ ဣစမ္ဆမာနော၊ ဝဋ်ဆင်းရဲ ဟူသော ပြည့်စုံသော ဘဝ စည်းစိမ်ချမ်းသာကို တောင့်တလိုလားလျက်။ ဒါနံ၊ လှူဒါန်းဖွယ်ရာ အဖြာဖြာကို။ ဒေတိ၊ ပေးလှူ၏၊ စျာနသမာပတ္တိယော၊ စျာန် သမာပတ်တို့ကို။ နိဗ္ဗတ္တေတိ၊ ဖြစ်စေ၏၊ ဧဝံ ကရောန္တော၊ ဤသို့ပြုသူသည်။ ဝါ၊ ဤသို့ပြုသည်ရှိသော်။ အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။ ဒေဝမနုဿသမ္ပတ္တိံ၊ နတ်, ဗြဟ္မာ စည်းစိမ်ချမ်းသာ, လူ့စည်းစိမ်ချမ်းသာကို။ ပဋိလဘကိ၊ ရလေ၏၊ ဣဒံ၊ ဝဋ်ဆင်းရဲ ဟူသော ဘဝစည်းစိမ်ချမ်းသာကို တောင့်တလိုလားလျက် ပြုလုပ်အပ်သော ဒါန သီလ စျာန်သမာပတ် ကုသိုလ်အရပ်ရပ်သည်။ ပရိယာယာမိသံနာမ၊ ပရိယာယ အာမိသမည်၏၊

နိဗ္ဗာန်ကို လိုလားတောင့်တ၍ ပြုလုပ်အပ်သော ဒါန သီလ စျာန် သမာပတ် ကုသိုလ်မျိုးသည် မသိမှု သိမှားမှု အဝိဇ္ဇာကို အကြွင်းမဲ့ ပယ်ဖျောက် ငြိမ်းစေကြောင်း ဖြစ်၍ ဝဋ်ဆင်းရဲ ငြိမ်းကြောင်း, ပဋိစ္စသမုပ္ပါဒ် ပြတ်စဲပျက်စီးကြောင်း သမ္မာပဋိပဒါ နည်းမှန်လမ်းမှန်အကျင့် ဖြစ်သည်ဟု၎င်း၊ ဘဝ စည်းစိမ် ချမ်းသာကို တောင့်တလိုလား၍ ပြုလုပ်အပ်သော ဒါန သီလ စျာန် သမာပတ် ကုသိုလ်မျိုးသည် မသိမှုသိမှားမှု အဝိဇ္ဇာကြောင့်ပြုလုပ်အပ်သည်ဖြစ်၍ ဝဋ်ဆင်းရဲကို မငြိမ်းစေနိုင်ပဲ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို မပြတ်စဲ မပျက်စီးစေနိုင်ပဲ ဝဋ်ဆင်းရဲကိုသာ ဆောင်ယူတိုးပွား စေတတ်သောကြောင့် မိစ္ဆာပဋိပဒါ အမှားကျင့်စဉ်ဖြစ်သည်ဟု၎င်း နိဒါနဝဂ္ဂသံယုတ်အဋ္ဌကထာ(၁၈) ပဋိပဒါသုတ် အဖွင့်တွင် ဖွင့်ဆိုထားလေသည်။

ထင်ရှားအောင် ထပ်ဆင့် ဖော်ပြရလျှင် ဤသို့ဖြစ်၏၊

မြတ်စွာဘုရားက ရဟန်းတော်များအား မိန့်ခေါ်တော်မူပြီး မိစ္ဆာပဋိပဒါ=အမှားကျင့်စဉ်(အကျင့်မှား)နှင့် သမ္မာပဋိပဒါ=မှန်ကန်သောအကျင့်(နည်းမှန် လမ်းမှန် အကျင့်)ကို ဟောမည်ဟု အသိပေးတော်မူကာ မိစ္ဆာပဋိပဒါဟူသည် အဘယ်နည်းဟု ကိုယ်တော်တိုင် မေးပြီး ဖြေဆိုဟောကြားတော်မူသည်။ မသိမှု သိမှားမှု အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်မှအစ ပဋိသန္ဓေနေရခြင်း အိုရခြင်း သေရခြင်း စိုးရိမ်ရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းထန်စွာ ပင်ပန်းခြင်းအဆုံးရှိသော တရားတို့သည် ဖြစ်ကြလေကုန်၏၊ ဤသို့ ချမ်းသာမဖက်ဆင်းရဲစု သက်သက်သာ ဖြစ်ပေါ်မှု ထင်ရှား၏ဟု ပဋိစ္စသမုပ္ပါဒ် အနုလောမဒေသနာဖြင့် ပြအပ်သော အကျင့်ကို မိစ္ဆာပဋိပဒါဟု ဟောတော်မူသည်။

ထို့ပြင် သမ္မာပဋိဒါဟူသည် အဘယ်နည်းဟု ကိုယ်တော်တိုင် မေးတော်မူ၏ ဖြေဆိုဟောကြားတော်မူလေသည်။ မသိမှု သိမှားမှု အဝိဇ္ဇာ၏ အကြွင်းမဲ့ ပျက်ပြယ်ချုပ်ငြိမ်းခြင်းကြောင့် သင်္ခါရချုပ်ငြိမ်းသည်မှအစ ပဋိသန္ဓေနေရခြင်း အိုရခြင်း သေရခြင်း စိုးရိမ်းရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းထန်စွာ ပင်ပန်းခြင်း အဆုံးရှိသော တရားတို့ချုပ်ငြိမ်းကုန်၏၊ ဤသို့ ချမ်းသာမဖက် ဆင်းရဲအစု သက်သက်၏ ချုပ်ငြိမ်းမှု ထင်ရှားသည်ဟု ပဋိစ္စသမုပ္ပါဒ် ပဋိလောမဒေသနာတော်ဖြင့် ပြအပ်သော အကျင့်ကို သမ္မာပဋိပဒါဟု ဟောတော်မူသည်။

ယင်းသို့ ပဋိစ္စသမုပ္ပါဒ် အနုလောမ ပဋိလောမ ဒေသနာပါဠိတော်၏ အဖွင့်အဋ္ဌကထာကား ဤသို့ဖြစ်၏၊

မိစ္ဆာပဋိပဒန္တိံ အယံ တာဝ အနိယျာနိကပဋိပဒါ။ နနု စ အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရောပိအတ္ထိ၊ အာနေဉ္စာဘိသင်္ခါရောပိ။ သော ကထံ မိစ္ဆာပဋိပဒါ ဟောတီတိ။ ဝ'သီသတ္တာ။ ယံ ဟိ ကိဉ္စိ ဘဝတ္တယသင်္ခါတံ ဝ'ံ ပတ္ထေတွာ ပဝတ္တိတံ၊ အန္တမသော ပဉ္စာဘိညာ အဋ္ဌ ဝါ ပန သမာပတ္တိယော။ သဗ္ဗံ တံ ဝ'ပက္ခိယံ ဝ'သီသန္တိ ဝ'သီသတ္တာ မိစ္ဆာပဋိပဒါဝ ဟောတိ။ ယံ ပန ကိဉ္စိ ဝိဝ'ံ နိဗ္ဗာနံ ပတ္ထေတွာ ပဝတ္ထိဟံ၊ အန္တမသော ဥဠုင်္ကယာ ဝုမတ္တဒါနမ္ပိ ပဏ္ဏမုဋ္ဌိဒါနမတ္တမ္ပိ၊ သဗ္ဗံ တံ ဝိဝ'ပက္ခိယံ ဝိဝ' နိဿိတံ၊ ဝိဝ'ပက္ခိကတ္တာ သမ္မာပဋိပဒါဝ ဟောတိ။ အပ္ပမတ္တာကမ္ပိဟိ ပဏ္ဏမုဋ္ဌိမတ္တဒါနကုသလံ ဝါ ဟောတု၊ မဟန္တံ ဝေလာမဒါ နာဒိကုသလံ ဝါ၊ သစေ ဝ'သမ္ပတ္တိံ ပတ္ထေတွာ ဝ'နိဿိတဝသေန မိစ္ဆာ ဌပိတံ ဟောတိ၊ ဝ'မေဝ အာဟရိတုံ သက္ကောတိနော ဝိဝ'ံ။ 'ဣဒံ မေ ဒါနံ အာသဝက္ခယာဝဟံ ဟောတု' တိ ဧဝံ ပန ဝိဝ'ံ ပတ္ထေန္တေန ဝိဝ'ဝသေန သမ္မာ ဌပိတံ အရဟတ္တမ္ပိ ပစ္စေကဗောဓိဉာဏမ္ပိ သဗ္ဗညုတညာဏမ္ပိ ဒါတုံ, သက္ကောတိယေဝ။ န အရဟတ္တံ အပ္ပတာ ပရိယောသာနံ ဂစ္ဆတိ။ ဣတိ အနုလောမဝသေန မိစ္ဆာပဋိပဒေါ, ပဋိလောမဝသေန သမ္မာပဋိပဒေါ ဒေသိတာတိ ဝေဒိတဗ္ဗာ။

ရှေးဦးစွာ မိစ္ဆာပဋိပဒါဟူသည်မှာ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်သော (ဝဋ်ဆင်းရဲမှ မထွက်မြောက်နိုင်ကြောင်းဖြစ်သော)အကျင့်ဖြစ်သည်။ ဤသို့ မေးမြန်းလိုပါသည်။ အဝိဇ္ဇာကြောင့်ဖြစ်သော သင်္ခါရတွင် ကာမကုသိုလ်, ရူပကုသိုလ်ဟူသော ပုညာဘိသင်္ခါရလည်းရှိ, အရူပကုသိုလ်ဟူသော အာနေဉ္စာဘိသင်္ခါရလည်း ရှိပါကုန်သေး၏၊ ထို ပုညာဘိသင်္ခါရ, အာနေဉ္စာဘိသင်္ခါရသည် အဘယ်နည်းဖြင့် မိစ္ဆာပဋိပဒါ ဖြစ်နိုင်ပါမည်နည်း ဤသို့ မေးပါ၏၊ ယင်းအမေးကို ဤသို့ ဖြေဆိုလိုပါ၏၊ ဝဋ်ဟူသော ဦးခေါင်းရှိသောကြောင့် (ဝါ) ဝဋ်ကို ဦးတည်၍ ပြုအပ် (ဝါ) ဝဋ်ကို ဦးခေါင်းကဲ့သို့ အမွန်အမြတ်ထား၍ ပြုအပ်သောကြောင့် ထိုပုညာဘိသင်္ခါရ, အာနေဉ္စာဘသင်္ခါရသည် မိစ္ဆာပဋိပဒါ ဖြစ်ပါသည်။ ဤသို့ ဖြေပါ၏၊

အကျယ်ကို ဆိုဦးအံ့။ ဘဝသုံးပါး ဟုဆိုအပ်သော ဝဋ်ကို တောင့်တလိုလား၍ တစုံတခုသော ကောင်းမှုကုသိုလ်ကို ဖြစ်စေအပ် ပြုအပ်သည်ဖြစ်အံ့၊ အထက်ဆုံးကျသော အဘိညာဉ်ငါးရပ်, သမာပတ်ရှစ်တန်တို့ကို ဖြစ်စေအပ် ပြုအပ် ရထားအပ်သည် ဖြစ်အံ့၊ ထိုကုသိုလ်အားလုံးသည် ဝဋ်အသင်း အပင်း၊ ဝဋ်အဖို့ ရှိ၏၊ ဝဋ်အတွင်း၌ ဖြစ်၏၊ ဝဋ်ဟူသော ဦးခေါင်းရှိ၏၊ ထို့ကြောင့် မိစ္ဆာပဋိပဒါသာ ဖြစ်ပါ၏၊

ဝဋ်ကင်းရာ နိဗ္ဗာန်ကို တောင့်တလိုလား၍ တစုံတခုသော ကောင်းမှုကုသိုလ်ကို ဖြစ်စေအပ်ပြုအပ်သည် ဖြစ်အံ့၊ အယုတ်ဆုံးအားဖြင့် ယောက်ချိုဟင်းကော် တခပ်စာ တကော်စာမျှသော ယာဂုဆန်ပြုတ် အလှူကိုသော်၎င်း, လက်တဆုပ်စာမျှသော သစ်ရွက် အလှူကိုသော်၎င်း ဖြစ်စေအပ်ပြုအပ်သည် ဖြစ်အံ့၊ ထိုကုသိုလ်အားလုံးသည် ဝိဝ'ဖြစ်သော နိဗ္ဗာန်အဖို့ ရှိ၏၊ နိဗ္ဗာန်အဖို့ ဖြစ်၏၊ နိဗ္ဗာန်ကို မှီ၏၊ နိဗ္ဗာန်အဖို့ ရှိသောကြောင့် သမ္မာပဋိပဒါသာဖြစ်၏၊

အကျိုးသွားကို ထင်ရှားအောင် ဖော်ပြရသော် အနည်းငယ်လည်းဖြစ်သော သစ်ရွက်လက်တဆုပ်စာမျှကို လှူဒါန်းမှုဒါနကုသိုလ်သော်လည်း ဖြစ်စေ, ကြီးကျယ် လှစွာသော ဝေလာမပုဏ္ဏား စသူတို့ လှူဒါန်းအပ်သော ဒါနကုသိုလ်သော်လည်း ဖြစ်စေ ဝဋ်စည်းစိမ်ချမ်းသာကို တောင့်တလိုလားလျှက် ဝဋ်ဆင်းရဲ၌ မှီသည်၏ အစွမ်းဖြင့် မှားယွင်းစွာ ထားအပ်ပြုအပ်သည် ဖြစ်အံ့၊ ယင်းကုသိုလ်သည် ဝဋ်ဆင်းရဲကို ဆောင်ရွက်ခြင်းငှာ စွမ်းနိုင်သည်။ ဝဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ကို မဆောင်ရွက်နိုင်။ နိဗ္ဗာန်ကို လိုလားသူသည် 'ငါ၏ ဤဒါနကုသိုလ်သည် အာသဝေါလေးဖြာ ကင်းရာအမှန် အရဟတ္တဖိုလ် နိဗ္ဗာန်ကို ဆောင်ရွက်နိုင်ပါစေသတည်း' ဟု ဝဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ကို တောင့်တလိုလားလျက် ဝိဝ'၏ အစွမ်းဖြင့် မှန်ကန်စွာ ပြုအပ် ထားအပ်သည် ဖြစ်အံ့၊ ယင်း ဒါနကုသိုလ်သည် အရဟတ္တဖိုလ်ကိုလည်း ပေးခြင်းငှာ စွမ်းနိုင်သည်သာ၊ ပစ္စေကဗောဓိဉာဏ်ကိုလည်း ပေးခြင်းငှာ စွမ်းနိုင်သည်သာ၊ သဗ္ဗညုတဉာဏ်ကိုလည်း ပေးခြင်းငှာ စွမ်းနိုင်သည်သာ။ ထိုပုဂ္ဂိုလ်၏ ထိုဒါနကုသိုလ်သည် အရဟတ္တဖိုလ်သို့ မရောက်ပဲ (အရဟတ္တဖိုလ်အထိ အကျိုးကို မပေးရသေးလျှင် မပေးရသေးသမျှ ကာလပတ်လုံး) ပြီးဆုံးခြင်းသို့ မရောက်။ ဤသို့ အနုလောမဒေသနာတော်၏ အစွမ်းဖြင့် မိစ္ဆာပဋိပဒါကို ပြအပ်၏၊ ပဋိလောမဒေသနာတော်၏ အစွမ်းဖြင့် သမ္မာပဋိပဒါကို ပြအပ်၏ဟု မှတ်အပ် သိအပ် မှတ်ရ သိရမည်။ (ဘာသာပြန်)

ဤအဋ္ဌကထာဖြင့် နိဗ္ဗာန်ကို ရည်မှန်းတောင့်တလျက် ပြုလုပ်အပ်သော အနည်းငယ်မျှသော ဒါနကုသိုလ်သည်ပင် အရဟတ္တဖိုလ်, နိဗ္ဗာန်တိုင်အောင်သော အကျိုးကို ပေးစွမ်းနိုင်သည်ဟု ဆိုထားသဖြင့် ယင်း နိဗ္ဗာန်အကျိုးတိုင်အောင် ပေးစွမ်းနိုင်သော ဒါနကုသိုလ် ထမြောက်အောင်မြင်နိုင်ကြောင်း အရင်းခံ မူလပတ္ထနာ တောင့်တလိုလားမှုသည် တဏှာပတ္ထနာမဟုတ်၊ ကုသလစ္ဆန္ဒသာ ဖြစ်ကြောင်း ထင်ရှားပေသည်။ တဏှာပတ္ထနာမဟုတ်ချေက သမုဒယသစ္စာ မဖြစ်သည်သာတည်း။

ဆက်၍ဆိုရပါမူ-

ကတိ ပရိဿယာ လောကေ၊ ဂစ္ဆာတော အဂတံ ဒိသံ။

ယေ ဘိက္ခု အဘိသမ္ဘဝေ၊ ဝန္တမှိ သယနာလနေ-

ဟူသော သုတ္တနိပါတ်ပါဠိတော် အဋ္ဌကဝဂ် သာရိပုတ္တသုတ်လာ ဂါထာကို အကျယ်ထုတ်ဖော် ဟောပြရာ မဟာနိဒ္ဒေသပါဠိတော်(၃၇၅)တွင်-

ဂစ္ဆတော အဝတံ ဒိသန္တ အဂတာ ဒိသာ ပုစ္စတိ အမတံ နိဗ္ဗာနံ။ ယော သော သဗ္ဗသင်္ခါသမထော သဗ္ဗူပဓိပဋိနိဿဂ္ဂေါ တဏှက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ၊ အဂတပုဗ္ဗာ သာဒိသာ၊ နသာ ဒိသာ ဝတပုဗ္ဗာ ဣမိနာ ဒီဃေန အဒ္ဓုနာ။

သမတိတ္တိကံ အနဝသေသံ၊ တေလပတ္တံ ယထာ ပရိဟရေယျ။

ဧဝံ သစိတ္တမနုရက္ခေ၊ ပတ္ထယာနော ဒိသံ အဝထပုဗ္ဗံ-

ဟု လာရှိပေသည်။

ဖော်ပြပါ ပါဠိရပ်တို့တွင် 'ပတ္ထယာနော ဒိသံ အဂတပုဗ္ဗံ' ကိုသာ ဖော်ပြလိုရင်းဖြစ်သည်။ ယင်းပါဠိဖြင့် နိဗ္ဗာန်ကိုသာ လိုလားတောင့်တရမည်ဟု တိုက်ရိုက်ပင် ညွှန်ပြထားပေသည်။ နိဗ္ဗာန်ကို လိုချင်မှုသည် တဏှာလောဘ မဟုတ်ချေ။

(ဂါထာအနက်) သမတိတ္တိကံ၊ ခွက်အတွင်း နခမ်းရေးနှင့် အညီအမျှ ဆီဖြင့် ပြည့်သော၊ တေလပတ္တံ၊ ဆီခွက်ကို။ အနဝဝေ သံ၊ ထက်ဝန်းကျင် စီးမကျနိုင်သည်၏ အဖြစ်ကို။ ကတွာ၊ ပြု၍။ ဝါ၊ အနဝသေသံ၊ ထက်ဝန်းကျင်မှ တစက်တလေမျှ မဖိတ်မစဉ် ရလေအောင်။ ပရိဟရေယျ ယထာ၊ ကိုင်ယူ သွားရာ သကဲ့သို့။ ဧဝံ၊ ဤအတူ။ အဂတံဒိသံ၊ မရောက်အပ်သေး, မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့။ ဂစ္ဆန္တော ဘိက္ခု၊ သွားနေသော ရဟန်းသည်။ အဂတပုဗ္ဗံ၊ ဗာလပုထုဇဉ်တို့ အိပ်မက်မျှပင် မရောက်အပ်, မရောက်ဖူးသေးသော။ ဒိသံ၊ တဏှာကုန်ရာ, တပ်မက်မှု၏ ပျက်ပြယ်ရာ စသည်ဖြင့် ညွှန်ပြအပ်သော နိဗ္ဗာန်ကို။ ပတ္ထယာနော၊ လိုလားတောင့်တသည်ဖြစ်၍ (လိုလားတောင့်တလျက်)။ သစိတ္တံ၊ မိမိစိတ်ကို။ အနုရက္ခေကာယဂတာသတိဖြင့် စောင့်ရှောက်ရာ၏၊

မဂ်ဖိုလ်နိဗ္ဗာန်ကို လိုလားတောင့်တ မျက်မှောက်ပြုလိုသည်ဟူသော မြန်မာဝေါဟာရများ အပြင် 'လိုချင်' ဟူသော စကားကိုလည်း တွဲဖက်၍ သာသနာတော်၌ ထင်ပေါ်ကျော်ကြားတော်မူသော 'ပဏ္ဍတဇေ သိရီ 'ပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု' တံဆိပ် နာမတော် ရှိတော်မူသော မိုင်းခိုင်းဆရာတော်ကြီး' ရေးသားသုံးနှုန်း ထားသည်ကို တိပေဋက ဝိနိစ္ဆယကျမ်း၌ ဤသို့ တွေ့ကြရပေသည်။

မဂ်ဖိုလ်ကို 'လိုချင်' တောင့်တရာ၌ ကုသိုလ်ဖြစ်သော သမ္မာဆန္ဒပတ္ထနာဖြစ်သည်။

(ဒွေပတ္ထနာအနက်) ပတ္ထနာ၊ လိုချင်တောင့်တ ဆုတောင်းခြင်းတို့သည်၊ တဏှာပတ္ထနာ စတဏှာလောဘ တည်းဟူသော လိုချင်တောင့်တခြင်း၎င်း။ ဆန္ဒပတ္ထနာ စ၊ ကုသိုလ်သမ္မာဆန္ဒ တည်းဟူသော လိုချင်တောင့်တခြင်း၎င်း။ ဣတိ၊ ဤုသို့။ ဒွေ၊ နှစ်ပါးတို့တည်း။

ဤကဲ့သို့ အလိုနှစ်မျိုးကို ခွဲခြား၍ နိဗ္ဗာန်ကို လိုချင်မှုသည် ဆန္ဒပတ္ထနာသာဖြစ်ကြောင်း မိန့်ဆိုကြသည်။

ဝိနည်းဓိုရ်ဆရာတော်များ၏ လိုရင်းကောက်နုတ်ချက်

ဖော်ပြခဲ့သော ပါဠိတော် အဋ္ဌကထာမျှတို့ဖြင့်-

(၁) မဂ်ဖိုလ်နိဗ္ဗာန်ကို ရလိုမှု တောင့်တမှု လိုချင်မှု ဆုတောင်းမှုတို့သည် တဏှာလောဘ သမုဒယသစ္စာ မဖြစ်၊ သမ္မာဆန္ဒ, ကတ္တုကမျတာကုသလစ္ဆန္ဒသာ ဖြစ်သည်။

(၂) 'လိုချင်' ဟူသော စကားကို ပြောဆိုသုံးနှုန်းရေးသားထားတိုင်း တဏှာလောဘ သမုဒယနှင့်သာ သက်ဆိုင်သော ပြောဆိုရေးသား သုံးနှုန်းခြင်း မဟုတ်နိုင်ဟု ဝိနည်းဓိုရ်ဆရာတော်များက ယူဆတော်မူကြသည်။

သို့ဖြစ်၍ မြတ်စွာဘုရားဝါဒသည် နိဗ္ဗာန်လိုချင်မှုကို ကုသိုလ်သမ္မာဆန္ဒ-ဟု ယူသောဝါဒ ဖြစ်သည်မှာ ထင်ရှားသည်။

နိဗ္ဗာန် လိုချင်မှုကို 'အကုသိုလ် သမုဒယသစ္စာ' ဟု ယူဆသောကျောက်သင်္ဘောဝါဒသည် ဗုဒ္ဓဝါဒနှင့် မညီညွတ်သောဝါဒ ဖြစ်ကြောင်းထင်ရှားသည်။

စိတ်အတိုင်းတိုင်းထား' ဟူသော ကျောက်သင်္ဘောဝါဒနှင့်စပ်လျဉ်း၍

စောဒက ဆရာတော်တို့၏ (ခ ဂ ဃ င) မူလစေဒနာ

(၁၁.၁၂.၁၃) အမှတ်ပြ ထပ်ဆင့်စောဒနာချက်များနှင့်

စုဒိတကဆရာတော်များ၏ (၁၁.၁၂.၁၃) အမှတ်ပြ သောဓနာချက်

များကို အပြန်အလှန် နှီးနှောသုံးသပ်ချက်

ဖော်ပြပါ စောဒနာချက် သောဓနာချက်များသည် အသီးသီးသော စောဒက စုဒိတကတို့၏ ရည်ရွယ်ရင်း အာဘောဂနှလုံးသွင်း အားလျော်စွာ ကျယ်ဝန်းသည်ဖြစ်၍ စောဒက ဆရာတော်များ၏ စောဒနာကို လွယ်ကူစွာ သိမြင်နိုင်ရန် ရှေးဦးစွာ အပြန်အလှန် နှီးနှောသုံးသပ်ကြပေအံ့။

စောဒက ဆရာတော်များက (ခ.ဂ.ဃ.င) အမှတ်ပြ ကျောက်သင်္ဘောဆရာတော် ဟောခဲ့သော စကားနှင့် အတိုင်းတိုင်းဋီကာ စကားတို့ကို ထုတ်ပြလျက်-

(က) ၁။ ကျောက်သင်္ဘော ဆရာတော်က အတိုင်းတိုင်း စိတ်ဟူသည် ဝါ၊ အတိုင်းတိုင်းနေသည့် စိတ်ဟူသည် 'ဖိုလ်' စိတ်ဟု ဟောထားခဲ့သည်။

၂။ ကျောက်သင်္ဘော ဆရာတော်၏ တပည့် သာဝကများက အတိုင်းတိုင်း စိတ်ဟူသည် ဘဝင်စိတ်ဟူ၍လည်းကောင်း၊

၃။ ဝီတရာဂစိတ် ဟူ၍လည်းကောင်း၊

၄။ မြင်၊ ကြား၊ ထိ၊ သိ၊ အဟိတ်ဝိပါတ် ဝိညာဉ်စိတ် ဟူ၍လည်းကောင်း ဟောပြော ရေးသားကြသည်ဖြစ်၍-

မူလ ကျောက်သင်္ဘော ဆရာတော်နှင့် ၎င်း၏ တပည့်သာဝကတို့သည် အတိုင်းတိုင်းစိတ်နှင့် ပတ်သက်၍ အချင်းချင်း အယူအဆ မတူကြပါဟု ဝိနည်းဓိုရ် ဆရာတော်များအား စောဒနာလွှာဖြင့် တင်ပြ လျှောက်ထားကြသည်။

ကျောက်သင်္ဘောဝါဒီ စုဒိတက ဆရာတော်များက-

(က) ၁။ မူလ ကျောက်သင်္ဘောဆရာတော်သည် မည်သည့် အဓိပ္ပာယ်ဖြင့် ဖိုလ်စိတ်ကို အတိုင်းတိုင်းထားရန် ညွှန်ကြားသည်ဟု မဆိုနိုင်ပါ။ စိတ်အတိုင်းတိုင်းထားသော ဘာဝနာ၏ အကျိုးတရား အဖြစ်ဖြင့်ဟောခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ဟူသော စကားရပ်ဖြင့်၎င်း၊ 'သစိတ္တပရိယောဒပနံ'ဟူသော ပါဠိမှာလည်း အရဟတ္တဖိုလ်ကို ဟောကြားသော စကားဖြစ်နေ၍ ပကတိစိတ်အတွက် သက်သေ မထူကြတော့ပါဘုရားဟူသော စကားရပ်ဖြင့်၎င်း ဖော်ပြခဲ့သော စောဒနာလွှာ အမှတ်(၁)အချက်ကို ဝန်ခံကြလေသည်။

၂။ ရှေ့ပိုင်းမှာတုန်းက တပည့်တော်တို့သည် နိဂိုစိတ် အရကောက်ရာတွင် 'ပဘဿရမိဒံ' စသော အင်္ဂုတ္တိုရ် ပါဠိတော်ကို ကိုးကားခဲ့ကြဘူးပါသည် ဟူသောစကားဖြင့် စောဒနာလွှာ အမှတ်-၂ ကိုလည်း ဝန်ခံကြသည်။

၃။ သရာဂစိတ် စသော ရှေ့ပိုင်းစိတ်များသည် အတိုင်းတိုင်းမထားသော စိတ်များဖြစ်၍ ဝီတရာဂစိတ် စသော စိတ်များသည် အတိုင်းတိုင်းထားသော စိတ်များ ဖြစ်ပါသည်။ ထို့ကြောင့် သာဓက သာဓျနှစ်ဌာန ဟပ်မိနေပါသည် ဟူသော စကားဖြင့် စောဒနာလွှာအမှတ်-၃ ကိုလည်း ဝန်ခံကြသည်။

၄။ စိတ်ကို စိတ်အတိုင်းတိုင်း ထားရမည်ဟူသော စကားကို တိုက်ရိုက်အားဖြင့်ပင် ထင်ထင်ရှားရှား ဖွင့်ဆိုထားခြင်းဖြစ်ပါသည်။ ဤတွင် မြင်စိတ်ဟူရာ၌ စက္ခုဝိညာဉ်စိတ်သက်သက်ကိုသာ မဟုတ်ပါ၊ ပဉ္စဒွါရာဝဇ္ဇန်း မှစ၍ သန္တီရဏတိုင်အောင် မြင်ခြင်းနှင့် သက်ဆိုင်သော စိတ်များလည်း အပါအဝင် ဖြစ်ပါသည် ဟူသော စကားဖြင့် စောဒနာလွှာအမှတ်-၄ကို တပိုင်းအနေဖြင့် ဝန်ခံကြသည်ကို တွေ့ကြရပေသည်။

(ခ) စောဒက ဆရာတော်များက ကျောက်သင်္ဘောဝါဒီတို့သည် 'သစိတ္တပရိယောဒပနံ' ကို ကိုးကား၍ စိတ်အတိုင်းတိုင်းထား ဝါဒကို ဘုရားဟော ဖြစ်လေဟန် ပြောဟောကြသည်။ ကျောက်သင်္ဘော၏ 'သစိတ္တပရိယောဒပနံ' အယူအဆမှာ မိမိတို့၏ စိတ်ကို ထက်ဝန်းကျင် ဖြူစင်စွာထား၊ စိတ်အတိုင်းတိုင်းထားဟု ယူဆကြသည်။ ယင်း အယူအဆမှာ အောက်ဖော်ပြပါ ပါဠိ ကျမ်းဂန်တို့နှင့် ဆန့်ကျင်ပါသည်ဟု စောဒနာချက် တင်ပြကြပြန်ပါသည်။

သစိတ္တပရိယောဒပနန္တိ အတ္တနော စိတ္တဇောတနံ တံ ပန အရဟတ္တေန ဟောတိ။

ဣတိ သီလသံဝရော သဗ္ဗပါပံ ပဟာယ သမထဝိပဿနာဟိ ကုသလံ သမ္ပာဒေတွာ အရဟတ္တဖလေန စိတ္တံ ပရိယောဒါပေတဗ္ဗံ။

ဤ စောဒနာချက်နှင့် စပ်လျဉ်း၍ စုဒိတက ဆရာတော်များ၏ သောဓနာ ချေပချက်ကို မတွေ့ကြရပေ။

(ဂ) စိတ်အတိုင်းတိုင်းထားဖို့ ဝိဘင်းပါဠိတော် စိတ္တာနုပဿနာပိုင်း ပါဠိတော်ကို ကိုးကားလျက် ပြောဆို ဟောပြောကြသည်မှာလည်း သာဓကမမြောက်ပဲ ဘုရားဟော ပါဠိတော်ကို မိမိတို့ ဝါဒအတွက် အသုံးချထားကြသည်ဟု စိတ္တာနုပဿနာဖြစ်ပုံကိုပြသော အဋ္ဌကထာ ပါဠိများကို ထုတ်ပြ၍ စောဒကဆရာတော်များက စောဒနာကြပြန်သည်။ ဤဘုရားဟော စိတ္တာနုပဿနာပိုင်းသည် စိတ်အတိုင်းတိုင်းထားရမည်ကို ဟောပြသောဒေသနာမဟုတ်၊ စိတ္တာနုပဿနာကိုသာ ဟောပြထားသော ဒေသနာဖြစ်သည်ဟု စောဒကဆရာတော်များက စောဒနာလိုရင်းဖြစ်သည်။ ဤစောဒနာ၏ သောဓနာချက်ကို တွေ့ကြရပေသည်။

(ဃ) သုဒုဒ္ဒသံ သုနိပုဏံ၊ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရင်္ဂမံ ဧကစာရံ-အစရှိသော ဓမ္မပဒ ပါဠိတော်များကို ကိုးကား၍ စိတ်သည်မြင်နိုင်ခဲသော သဘော, တုန်လှုပ်ခြင်းသဘော, အဝေးသို့ပျံ့လွင့် ကျက်စားတတ်သော သဘောစသည်ရှိသောကြောင့် မြေကြီးပေါ်၌ ခြေနှစ်ချောင်းမြှောက်၍ အရပ်ခိုင်းသကဲ့သို့ စိတ် စိတ်အတိုင်း ထားခိုင်းသည် မဖြစ်နိုင်သော အလုပ်ကို လုပ်ခိုင်းခြင်း ဖြစ်သည်ဟု စောဒက ဆရာတော်များက စောဒနာကြပြန်သည်။

(င) ဤစောဒနာချက်ကို စုဒိတကဆရာတော်များက ကျယ်ဝန်းစွာ သောဓနာထားသည်ကို တွေ့ကြရပေသည်။ ယင်း ကျယ်ဝန်းသော သောဓနာချက်များတွင် (၁) စိတ်ကို စောင့်ရှောက်ပုံတပိုင်း၊ (၂) စိတ် စိတ်အတိုင်းထားပုံ တပိုင်းအားဖြင့် နှစ်ပိုင်းပါရှိရာ ထိုအပိုင်းများကို ခွဲခြား၍ စိစစ်ဝေဖန်ကြပေအံ့။

'စိတ်ကို စောင့်ရှောက်ပုံ' စုဒိတက ဆရာတော်များက စိတ်ကို စောင့်ရှောက်နိုင်ခြင်း၏ အကျိုးအာနိသင်ကို မြတ်စွာဘုရား ဟောထားပါသည်။ စိတ်ကို စောင့်ရှောက်၍ မရနိုင်ဟု မဟောပါ။ စိတ်ကို စောင့်ရှောက်ခြင်းဟူသည်မှာ လောဘ, ဒေါသ စသော ကိလေသာတွေ မယှဉ်သေးသော ပကတိစိတ် အတိုင်းတိုင်း ကိလေသာ မယှဉ်သော ဝိပဿနာ ဇောစိတ်များကို ထား၍ ပွားများခြင်းပင် ဖြစ်ပါသည်။ အတိုချုပ်အားဖြင့် 'စိတ် စိတ်အတိုင်းထား၍' စောင့်ရှောက်ခြင်း ဖြစ်ပါသည်။ 'ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ' ဤပါဠိကား စိတ်အတိုင်းတိုင်းထားနိုင်ကြောင်း သက်သေကောင်းကြီး တခုပင် ဖြစ်ပါသည်ဟု သောဓနာပြုထားသည်ကို တွေ့ရပေသည်။

စုဒိတက ဆရာတော်များ၏ သောဓနာတွင် ပါဝင်သော စိတ်ကို စောင့်ရှောက်ပုံသည် စောဒက ဆရာတော်များ ထုတ်ပြထားသော ဓမ္မပဒပါဠိတော်၏ မိန့်ဆိုချက်နှင့် ညီ-မညီ စိစစ်နိုင်ရန် ရှေးဦးစွာ စောဒကဆရာတော်များ ဖော်ပြထားသော ဓမ္မပဒပါဠိတော်ဂါထာများကို အပြည့်အစုံ ဖော်ပြကြဦးအံ့။

ကာမ, ဗျာပါဒ, ဝိဟိံသ ဝိတက်သုံးရပ် မပြတ်ကပ်ငြိသည် ဖြစ်၍ ကမ္မဋ္ဌာန်း အားမထုတ်နိုင်တော့သဖြင့် မြတ်စွာဘုရားထံ ပြန်လာသော အရှင်မေဃိယကို မိန့်တော်မူပြီး ငါဘုရားနှင့် ခွဲခွာ မသွားရန် အတန်တန် မိန့်ကြားပါလျက် ငါဘုရားကို တပါးတည်းထားကာ ခွဲခွာသွားသော သင်ရဟန်းသည် ဒီနည်းအတိုင်း စိတ်အလိုသို့ မလိုက်သင့်၊ လျင်မြန်လှသောစိတ်ကို မိမိအလိုသို့သာလျှင် လိုက်စေသင့် စောင့်ရှောက်သင့်သည်ဟု မိန့်တော်မူပြီး ဤဂါထာကို ဟောတော်မူသည်-

ဖန္ဒနံ စပလံ စိတ္တံ၊ ဒုရက္ခံ ဒုန္နိဝါရယံ။

ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။

ဝါရိဇောဝ ထလေ ခိတ္တော၊ ဩကမောကတဥဗ္ဘတော။

ပရိပ္ပန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

(မြန်မာပြန်) အဆင်းစသော အာရုံတို့၌ တုန်လှုပ်တတ်သော ဣရိယာပုထ် တခုခုဖြင့်လည်း မနေတတ်သော သူငယ်ကဲ့သို့ အာရုံတခုတည်း၌ ရပ်တည်၍ မနေနိုင်ခြင်းကြောင့် လျှပ်ပေါ်ရွေ့ရှားတတ်သော ကောက်ပင်လယ်ကွင်း စပါးခင်းများရာ အရပ်အတွင်း၌ ကောက်ပင်စားတတ်သော နွားကို မစားအောင် စောင့်ရှောက်ရန် ခဲယဉ်းသကဲ့သို့ လျောက်ပတ်သည့် အာရုံတခုတည်းအပေါ်၌ အထားရခက်ခြင်းကြောင့် စောင့်ရှောက်နိုင်ရန် ခဲယဉ်းလှသောစိတ်ကို အသိဉာဏ်ရှိသူသည် လေးသမား၏ မြားကို ဖြောင့်အောင် ပြုသကဲ့သို့ ဖြောင့်အောင် ပြုလေ၏၊

ရေ ဟူသော မိမိ၏ တည်ရာအရပ်မှ ထုတ်ဆယ်ယူငင်၍ ကုန်းပေါ်၌ ပစ်တင်ထားသော ငါးသည် တည်နေစရာ ရေမရ၍ တုန်လှုပ်သကဲ့သို့ ငါးပါးအာရုံ ကာမဂုဏ်ဟူသော တည်ရာ၌ မွေ့လျော်တတ်သော စိတ်သည် ငါးပါးအာရုံ ကာမဂုဏ်တည်းဟူသော ထိုတည်ရာမှ ထုတ်၍ 'မာရဓေယျ' မာရ်၏ အရာဟု ဆိုအပ်သော ကိလေသဝဋ်ကို ပယ်ခြင်းငှါ ဝိပဿနာကမ္မာဋ္ဌာန်း၌ ပစ်ချအပ်လတ်သော် ကိုယ်စိတ်နှစ်ပါးလုံ့လအားဖြင့် ပူလောင်စေအပ်သည်ဖြစ်၍ တုန်လှုပ်လေ၏၊

သူတပါး၏ စိတ်အကြံကို သိနိုင်သော ဥပါသိကာမကြီးကို ကြောက်ရွံ့၍ မာတိကာရွာကျောင်းမှ ထွက်ပြေးပြောင်းရွေ့လာသော ရဟန်းတပါးအား ချစ်သားရဟန်း သင်၏စိတ်တခုတည်းကိုသာ စောင့်ရှောက်ပါ၊ စိတ်ဆိုသည်မှာ စောင့်ရှောက်ရခက်သည်၊ သင်ရဟန်းသည် ကိုယ့်စိတ်သာ နှိမ်ပေးပါ၊ စိတ်ကို နှိမ်မှုမှ တခြား ဘာကိမျှ မကြံစည်ပါနှင့်၊ စိတ်ဆိုသည်မှာ နှိမ်နိုင်ဖို့ ခဲယဉ်းသည်ဟု မိန့်တော်မူပြီး-

ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။

စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ-

ဟူသော ဤဂါထာကို ဟောတော်မူလေသည်။

(မြန်မာပြန်) ဆင်းရဲစွာ နှိမ်အပ်သော၊ ဖြစ်မှု, ချုပ်မှု လျင်မြန်သော၊ ရထိုက် မရထိုက် သင့်-မသင့်ကို၊ မသိ မမြင် အမျိုးအရွယ်ကို မဆင်ခြင်၊ လိုရာ လိုရာ အာရုံ၌သာ ကျရောက်တတ်သော စိတ်ကို အရိယာမဂ် လေးပါးတို့ဖြင့် ယဉ်ကျေးအောင် ဆုံးမခြင်းသည် ကောင်းလှပေ၏၊ အဘယ့်ကြောင့် ဟူမူကား- ယဉ်ကျေးလိမ္မာအောင် ဆုံးမပြီးသော စိတ်သည် မဂ် ဖိုလ် နိဗ္ဗာန် ချမ်းသာကို ဆောင်ရွက်နိုင်သောကြောင့်တည်း။

ဒုက္ခမှလွတ်လို၍ ရဟန်းပြုခဲ့ရာ ဟိုဟာ မအပ်၊ ဤဟာ မအပ် သိက္ခာပုဒ်အရပ်ရပ်တို့ကြောင့် လက်ဆန့်စရာပင် မရှိ၊ ပကတိအိမ်မှာပင် နေမှ ဆင်းရဲက လွတ်နိုင်တော့မည်ဟု လူထွက်ရန် အကြံအစည်ကြောင့် ဘုရားထံ အပို့ခံရသော ရဟန်းအား ချစ်သား ဒီပြင် စောင့်ရှောက်စရာ မရှိ၊ သင့်စိတ်ကိုသာ စောင့်ရှောက်ပါ၊ ဆင်းရဲမှ လွတ်နိုင်ပေ၏ဟု မိန့်တော်မူပြီး-

သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။

စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ-

ဟူသော ဤဂါထာကို ဟောတော်မူလေသည်။

(မြန်မာပြန်) ပညာရှိပုဂ္ဂိုလ်သည် မြင်နိုင်ခဲသော သိမ်မွေ့လှသော လိုရာလိုရာ အာရုံ၌သာ ကျရောက်လေ့ ဖြစ်လေ့ရှိသော စိတ်ကိုစောင့်ရှောက်ရာ၏၊ စောင့်ရှောက်ရမည်၊ စောင့်ရှောက်အပ် လုံခြုံစေအပ်ပြီးသော စိတ်သည် မဂ် ဖိုလ် နိဗ္ဗာန် ချမ်းသာကို ဆောင်ရွက်နိုင်သည်။

ထွေရာသောင်းပြောင်း စိတ်ကူးကောင်းလွန်း၍ ဦးရီးတော် သံဃရက္ခိတထေရ်၏ ဦးခေါင်းကို ယပ်တောင်ရိုးဖြင့် ရိုက်မိသောအခါ ငါ၏ ဦးရီးတော်သည် ကာမဂုဏ်မြူး ငါ၏ စိတ်ကူးအဖြာဖြာကို သိလေပြီတကားဟု အရှက်ကြီးရလျက် ထွက်ပြေးသွားလေရာ သာမဏေငယ်တို့ ဖမ်းယူ ပို့ဆောင်သဖြင့် မြတ်စွာဘုရားထံတော်မှောက်သို့ ရောက်ရှိလာသော သံဃရက္ခိတမထေရ်၏ တူ ရဟန်းအား-

သင်ရဟန်းသည် ဝန်လေးသော အမှုကို ပြုခဲ့ပေသည်၊ သင် ရဟန်းသည် ဝီရိယခွန်အားကြီးမားလှသော တဆူတည်းသော မြတ်စွာဘုရား၏ သားတော် မဟုတ်သလော၊ လုံ့လခွန်အားကြီးမားလှသော ငါဘုရား၏ သာသနာဘောင်၌ ရဟန်းပြုနေသူများ ဖြစ်ပါလျက် မိမိကိုယ်ကို ဆုံးမ၍ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာတွင် တစ်ဦးဦးဖြစ်သည်ကို ပြောဆိုနိုင်စွမ်း မရှိသလော စသည်ဖြင့် စောကြော သဘောကို သိတော်မူသောအခါ ချစ်သားရဟန်း လာလော့ ဘာမျှကြံစည် စိုးရိမ်မနေလင့်၊ စိတ်ဆိုသည့် တရားသည် အဝေးအာရုံကိုသော်လည်း ခံယူနိုင်စွမ်းရှိသည်၊ ရာဂ, ဒေါသ, မောဟ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ရန် အားထုတ်သင့်သည်ဟု မိန့်တော်မူလျက်-

ဒူရင်္ဂမံ ဧကစာရံ၊ အသရီရံ ဂုဟာသယံ။

ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ-

ဟူသော ဤဂါထာကို ဟောတော်မူသည်။

အနက်ကား

ဒူရင်္ဂမံ၊ အဝေးအာရုံကိုသော်လည်း ခံယူနိုင်သောကြောင့် အဝေးအရပ်သို့ သွားတတ်ထသော။ ဧကစာရံ၊ အများစုပေါင်း မဖြစ်ကောင်းပဲ တစ်ခုတစ်ခုသာ ဖြစ်တတ်ထသော။ အသရီရံ၊ ကိုယ်သဏ္ဍာန်ကင်း အဆင်းမရှိသော။ ဂုဟာသယံ၊ ဟဒယရုပ် နှလုံးဟူသော လိုဏ်ဂူလျှင် မှီရာရှိသော။ စိတ္တံ၊ စိတ်ကို။ ယေ၊ အကြင်သူတို့သည်။ သံယမေဿန္တိ၊ စောင့်စည်းကြကုန်အံ့။ တေ၊ ထိုစိတ်ကို စောင့်စည်းသူတို့သည်။ မာရဗန္ဓနာ၊ ကိလေသာ အနှောင်အဖွဲ့ဟူသော တေဘူမကဝဋ်မှ။ မောက္ခန္တိ၊ လွတ်ကြကုန်လတံ့။

အထက်ပါ ဒေသနာတော်များ၏ ယထာဘူတ မှန်ကန်ကျနသော အဓိပ္ပာယ် ယူဆချက်များမှာ အောက်ပါအတိုင်း ဖြစ်ပေ၏၊

လေးသမားသည် မြှားကိုဖြောင့်အောင် ပြုသကဲ့သို့ တုန်လှုပ်သော စိတ်အာရုံတစ်ခုတည်း၌ မတည်တတ်သောစိတ်, စောင့်ရှောက် တားမြစ်ရခက်သောစိတ်ကို ဖြောင့်ဖြောင့်မတ်မတ် 'ဖြစ်အောင်ပြုလုပ်မည့် နည်းလမ်းကို' ဤသို့ ဖွင့်ဆိုထားလေသည်။

ယထာ နာမ ဥသုကာရော အရညတော။ပ။ ကတွာ စ ပန သင်္ခါရေ သမ္မသိတွာ မဟန္တံ အဝိဇ္ဇက္ခန္ဓံ ပဒါလေတွာ တိဿော ဝိဇ္ဇာ ဆ အဘိညာ နဝ လောကုတ္တရဓမ္မေဟိ ဣမံ ဝိသေသံ ဟတ္ထဂတမေဝ ကတွာ အဂ္ဂဒက္ခိဏေယျဘာဝံ လဘတိ။

(မြန်မာပြန်) လေးသမားသည် တောအရပ်မှ တုတ်ကောက်စို တစ်ချောင်းကို ယူခဲ့ပြီး, အခွံခွာကာ ပအုံးရည်ဖြင့် သုတ်လိမ်း၍ မီးကျီးအိုးကင်၌ ကင်ပြီး, သစ်သားညှပ်တုံး၌ ညှပ်၍ သားမြီးမျှင်ကို ပစ်ခွဲနိုင်လောက်သည်အထိ ဖြောင့်ချွန်အောင် ပြုပြီး မင်း, မင်း၏အမတ်ကြီးတို့အား လေးအတတ်ကို ပြသဖြင့် များစွာသောပူဇော် မြတ်နိုးမှုကို ရသကဲ့သို့ ပညာရှိယောက်ျားသည် တုန်လှုပ်မှုစသော သဘောရှိသော ထိုစိတ်ကို ဓုတင်ဆောင်လျက် တောအရပ်၌ နေခြင်းဖြင့် ရုန့်ရင်းကြမ်းတမ်းသော ကိလေသာ အခွံကို ခွာ၍ သဒ္ဓါဟူသော ဆီအစေးဖြင့် စိုစေ၍ (ဆွတ်၍) ကိုယ်အားထုတ်မှု, စိတ်အားထုတ်မှုဖြင့် အပူပေးကာ သမထ ဝိပဿနာဟူသော ညှပ်တုံး၌ ညှပ်၍ ဖြောင့်အောင်ပြုလေ၏၊ ဖြောင့်အောင်ပြုပြီးသောအခါ သင်္ခါရတရားတို့ကို သုံးသပ်၍ ကြီးစွာသော အဝိဇ္ဇာအစိုင်အခဲကို ဖောက်ခွဲဖျက်ဆီးပြီးသော် ဝိဇ္ဇာသုံးပါး, အဘိညာဉ်ခြောက်ပါး, လောကုတ္တရာတရား ကိုးပါး ဟူသော တရားအထူးများကို လက်တွင်းရောက်အောင်ပြု၍ မြတ်သောအလှူခံပုဂ္ဂိုလ်အဖြစ်ကို ရလေ၏၊

လိုရင်းအချုပ်မှာ မတည်ငြိမ်သောစိတ်, စောင့်ရှောက်တားမြစ်ရ ခက်သောစိတ်ကို မဂ်ဖိုလ်နိဗ္ဗာန် ရသည်အထိ သမထ ဝိပဿနာ အလုပ်ကို တင်းတင်းရင်းရင်း အားထုတ်ခြင်းဖြင့် ဖြောင့်မတ်အောင် ပြုပေးပါဟု ဆိုလိုသည်။

စိတ္တဿ ဒမတော သာဓု စတူဟိ အရိယမဂ္ဂေဟိ ဒန္တဘာဝေါ ယထာ နိဗ္ဗိသေဝနံ ဟောတိ၊ တထာ ကထဘာဝေါ သာဓု-

ဤအဋ္ဌကထာနှင့်အညီ လေးပါးသော အရိယာမဂ်တို့ဖြင့် ယဉ်ကျေးသည်ကို ပြဆိုခြင်းဖြင့် အရိယာမဂ်လေးပါး ရနိုင်ကြောင်း သမထဝိပဿနာတို့ဖြင့် စိတ်ကို ဆုံးမပါဟု ဆိုလိုသည်။

သုဒုဒ္ဒသံ အစရှိသော ဂါထာအဖွင့်၌ 'စိတ္တံရက္ခေထ မေဓာဝီ' အဖွင့်ဝယ် စိတ်ကိုစောင့်ရှောက်ပုံ အထူးမဖွင့်။ ယင်းသို့မဖွင့်ခြင်းသည် ဖွင့်ပြခဲ့ပြီးသော စကားနှင့်တူ၍ အထူးမဖွင့်ခြင်း ဖြစ်သည်။

ယေ စိတ္တန္တိယေ ကေစိ ပုရိသာ ဝါ ဣတ္ထိယော ဝါ ဂဟဋ္ဌာ ဝါ ပဗ္ဗ္ဓဇ္ဇိတာ ဝါ အနုပ္ပန္နကိလေသဿ ဥပ္ပဇ္ဇိတုံ အဒေန္တာ သတိသမ္မောသေန ဥပ္ပန္နကိလေသံ ပဇဟန္တာ စိတ္တံ သံယမေဿန္တိ သံယတံ အဝိက္ခိတ္တံ ကရိဿန္တိ။

မဖြစ်သေးသော ကိလေသာအား ဖြစ်ခွင့်မပေးပဲ သတိမေ့လျော့မှုကြောင့် ဖြစ်ပေါ်လာသော ကိလေသာကို ပယ်စွန့်မှုသည် စိတ်ကိုစောင့်စည်းမှုဖြစ်သည်။

ဖော်ပြပါ ၅-ဂါထာတို့ဖြင့် ပြအပ်သော စိတ်ကို ဖြောင့်အောင်, ယဉ်ကျေးအောင်ပြုမှု, စိတ်ကိုဆုံးမမှု, စိတ်ကို စောင့်ရှောက်မှု, စိတ်ကိုစောင့်စည်းမှု ဆိုသည်မှာ မဂ်ဖိုလ်ရကြောင်း သမထဝိပဿနာ အလုပ်ကို လုပ်ကိုင်မှုပင် ဖြစ်သည်၊ ဆိုလိုသည်မှာ- သမထဘာဝနာ ဝိပဿနာ ပွားများအားထုတ်မှုဖြင့်သာ စိတ်ကို ထိန်းသိမ်းနိုင်သည်, ဆုံးမနိုင်သည်, စောင့်စည်းနိုင်သည်ဟု ဆိုလိုသည်။ ဘာကိုမျှ မလုပ်ပဲ စိတ်ကို သူ့အတိုင်းထား ဟူသော အဓိပ္ပါယ်မျိုးကို ဆိုလိုသည် မဟုတ်ပေ။

ကျောက်သင်္ဘောဝါဒီ စုဒိတက ဆရာတော်များ၏ စိတ်ကို စောင့်ရှောက်ခြင်း ဟူသည်မှာ အတိုချုပ်အားဖြင့် စိတ် စိတ်အတိုင်းထား၍ စောင့်ရှောက်ခြင်းပင် ဖြစ်သည်။ ထိုသောဓနာစကားသည် ဖော်ပြခဲ့သော မဂ်ဖိုလ်ရကြောင်း သမထဝိပဿနာအလုပ်ကို အားထုတ်ခြင်းဖြင့် စိတ်ကို စောင့်ရှောက်ပုံ ဖော်ပြသော ကျမ်းဂန်နှင့် တခြားစီ ဖြစ်နေသည်။ ကျမ်းဂန်မှ အလွတ်ဖြစ်နေသည်။ 'ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ ဤ ပါဠိကား စိတ် စိတ်အတိုင်း ထားနိုင်ကြောင်း သက်သေကောင်းကြီး တခု ဖြစ်ပါသည်' ဟူသော သောဓနာစကားသည်လည်း ပါဠိက ပြနေသော အဓိပ္ပါယ်က တခြား, စုဒိတကတို့၏ စိတ် စိတ်အတိုင်းတိုင်းထား ဝါဒက တခြား ဖြစ်နေသောကြောင့် သက်သေကောင်းကြီး ဖြစ်ဖို့ မည်သို့မျှ မနီးစပ်၊ မည်သို့မျှ သက်သေကောင်းကြီး မဖြစ်နိုင်ဟု ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြသည်။

ဆက်လက်၍ 'စိတ်ကို စောင့်ရှောက်ခြင်း ဟူသည်မှာ လောဘ ဒေါသ စသော ကိလေသာတွေ မယှဉ်သေးသော ပကတိစိတ်အတိုင်းတိုင်း ကိလေသာ မယှဉ်သော ဝိပဿနာဇောများကို ထား၍ ပွားများခြင်းပင် ဖြစ်ပါသည်' ဟုလည်း ပါရှိသောကြောင့် စိတ်အတိုင်းတိုင်း ထားပုံကို ဆက်လက်၍ စိစစ် ဝေဖန်ကြကုန်အံ့။

စိတ် စိတ်တိုင်းတိုင်းထားပုံ

စုဒိတကဆရာတော်တို့၏ စိတ် စိတ်အတိုင်းထားပုံကို ဖော်ပြရာ၌ လိုရင်းအချုပ်ကား စိတ်ကို စိတ်အတိုင်းတိုင်းထားပါ၊ ဇောစိတ်ကို (သူ၏ရှေ့က ဖြစ်ကြသော) ကိလေသာ မယှဉ် စင်ကြယ်သော ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဉ်၊ သမ္မဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော စိတ်များ အတိုင်းတိုင်းထားပါ။ စိတ် စိတ်အတိုင်းတိုင်းထားရမည် (ဝါ) စိတ် စိတ်အတိုင်းတိုင်း ထားခြင်း၏ ဝိပဿနာဖြစ်ကြောင်းကို ဥဒါန်းပါဠိတော်လာ ဗာဟိယသုတ္တန် ပါဠိတော် သက်သက်ထက် အရှင်ဓမ္မပါလ ဖွင့်ပြသော အဋ္ဌကထာဖြင့် စိတ် စိတ်အတိုင်းထားရမည်မှာ ပို၍ထင်ရှားပါသည်။

အထူးအားဖြင့် 'စက္ခုဝိညာဏပ္ပမာဏေနေဝ ဇဝနံ ဌပေဿာမိ' ဝယ် 'ဌပေဿာမိ' ဟု ထားခြင်းအနက်ဟော 'ဌပ' ဓာတ်ဖြင့် ဖွင့်ပြထားခြင်းကြောင့် ပို၍ ထင်ရှားပါသည်။ ထို့ကြောင့် စိတ် စိတ်အတိုင်းတိုင်းထားသည် (ဝါ) စိတ် စိတ်အတိုင်းတိုင်းထားဝါဒသည် ဘုရားဟော ဟုတ်မှန်ပါသည်ဟု ဆိုလိုရင်း ဖြစ်သည်ကို တွေ့ရပေသည်။

အဆိုပါ စုဒိတကပုဂ္ဂိုလ်တို့၏ ဖော်ပြချက်သည် အမှတ်တကယ် ဖြစ်သော ဗာဟိယသုတ္တန်ပါဠိ အဋ္ဌကထာတို့၏ အလို အစစ်အမှန် ဟုတ် မဟုတ် သိသာ ထင်ရှားစေရန် ဥဒါန်း အဋ္ဌကထာ ဗာဟိယသုတ် အဖွင့် လိုရင်းအဖွင့် သံဝဏ္ဏနာ ပါဌ်တို့ကို ထုတ်ပြကုန်အံ့-

(၁) တတ္ထ ဒိဋ္ဌေ ဒိဋ္ဌမတ္တန္တိ ရူပါယတန စက္ခုဝိညာဏေန ဒိဋ္ဌမတ္တံ၊ ယထာဟိ စက္ခုဝိညာဏံ ရူပေ ရူပမတ္တမေဝ ပဿတိ၊ န အနိစ္စာဒိသဘာဝံ၊ ဧဝမေဝ သေသစက္ခုဒွါရိက ဝိညာဏေနပိ မေ ဒိဋ္ဌမတ္တမေဝ ဘဝဿတီတိ သိက္ခိတဗ္ဗန္တ အတ္ထော

(၂) အထ ဝါ ဒိဋ္ဌေ ဒိဋ္ဌံနာမ စက္ခုဝိညာဏေန ရူပဝိဇာနနန္တိ အတ္ထော မတ္တန္တိ ပမာဏံ၊ ဒိဋ္ဌာ မတ္တာ ဧတဿာတိ ဒိဋ္ဌမတ္တံ၊ စက္ခုဝိညာဏမတ္တမေဝ စိတ္တံ ဘဝိဿတီတိ အတ္ထော။ ဣဒံ ဝုတ္တံ ဟောတိ ယထာ အာပါထဂတေ ရူပေ စက္ခုဝိညာဏံ န ရဇ္ဇတိ န ဒုဿတိ န မုယှတိ၊ ဧဝံ ရာဂါဒိ ဝိရဟေန စက္ခုဝိညာဏမတ္တမေဝ မေ ဇဝနံ ဘဝိဿတိ၊ စက္ခုဝိညာဏပ္ပမာဏေနေဝ ဇဝနံ ဌပေဿမီတိ

(၃) အထ ဝါ ဒိဋ္ဌံ/နာမ စက္ခုဝိညာဏေန ဒိဋ္ဌံ ရူပံ၊ ဒိဋ္ဌမတ္တံ နာမ တတ္ထေဝ ဥပ္ပန္နံ သမ္ပဋိစ္ဆနသန္တီရဏဝေါဋ္ဌဗ္ဗနသင်္ခါတံ စိတ္တတ္တယံ၊ ယထာ တံ န ရဇ္ဇတိ၊ န ဒုဿတိ န မုယှတိ၊ ဧဝံ အာပါထဂတေ ရူပေ တေနေဝ သမ္ပဋိစ္ဆနာဒိပ္ပမာဏေန ဇဝနံ ဥပ္ပါဒေဿာမိ၊ နာဟံ တံ ပမာဏံ အတိက္ကမိတွာ ရဇ္ဇနာဒိဝသေန ဥပ္ပဇ္ဇိတုံ ဒဿာမီတိ ဧဝမေတ္ထ အတ္ထော ဒဋ္ဌဗ္ဗော၊ ဧသေဝနယော သုတမုတေ၊ မုတန္တိ စ တဒါရမ္မဏဝိညာဏေဟိ သဒ္ဓိံ ဂန္ဓရသဖောဋ္ဌဗ္ဗာယတနံ ဝေဒိတဗ္ဗံ။ (ပဉ္စဒွါရအတွက်)

ဝိညာတေ ဝိညာတမတ္တန္တိ ဧတ္ထ ပန ဝိညာတံ နာမ မနောဒွါရာဝဇ္ဇနေန ဝိညာတာရမ္မဏံ၊ တသ္မိံ ဝိညာတေ ဝိညာတမတ္တန္တိ အာဝဇ္ဇနပ္ပမာဏံ၊ ယထာ အာဝဇ္ဇနံ န ရဇ္ဇတိ န ဒုဿတိ န မုယှတိ ဧဝံ ရဇ္ဇနာဒိဝသေန ဥပ္ပဇ္ဇိတုံ အဒတွာ အာဝဇ္ဇနပ္ပမာဏေနေဝ စိတ္တံ ဌပေဿာမီတိ အယမေတ္ထ အတ္ထော။ (မနေဒွါရအတွက် ဥဒါန်းအဋ္ဌကထာ(၈၁-၈၂)

နိဿယအနက်များ

(၁) တတ္ထ၊ ထို ဒိဋ္ဌေဒိဋ္ဌမတ္တံ ဘဝိဿတိ- အစရှိသော ဘုရားစကား ပါဠိတော်၌။ သာဓိပ္ပါယော၊ အဓိပ္ပါယ်နှင့် တကွဖြစ်သော။ အတ္ထော၊ အနက်ကို။ ဧဝံ၊ ဤသို့။ ဝေဒိတဗ္ဗော၊ သိအပ်၏။

ဒိဋ္ဌေ ဒိဋ္ဌမတ္တန္တိဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဟူသည်ကား။ စက္ခုဝိညာဏေန၊ စက္ခုဝိညာဏ်= မြင်သိစိတ်ဖြင့်။ ရူပယတန၊ ရူပယတနဟု ဆိုအပ်သော ပရမတ် အဆင်းရုပ်၌။ ဒိဋ္ဌမတ္တံ၊ မြင်အပ်ကာမျှသည်။ ဝါ၊ မြင်ရရုံမျှသည် (ဘဝိဿတိ၊ ဖြစ်လတ္တံ့)။

ဟိ တံ ပါကဋံ ကရောမိ၊ ထိုစကားကို ထင်ရှားအောင် ပြုဦးအံ့။ စက္ခုဝိညာဏံ၊ စက္ခုဝိညာဏ်= မြင်သိစိတ်သည်။ ရူပေ၊ အဆင်းအာရုံ၌။ ရူပမတ္တမေဝ၊ အဆင်းမျှကိုသာလျှင်။ ပဿတိ ယထာ၊ မြင်တတ်သကဲ့သို့။ အနိစ္စာဒိသဘာဝံ၊ မမြဲ အစရှိသောသဘောကို။ န ပဿတိ ယထာ၊ မမြင်တတ်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ သေသစက္ခုဒွါရိက ဝိညာဏေနပိ၊ စက္ခုဝိညာဏ်မှ ကျန်သော စက္ခုဒွါရ၌ ဖြစ်သောစိတ်ဖြင့်လည်း။ မေ၊ ငါ့အား။ ဒိဋ္ဌမတ္တမေဝ၊ မြင်အပ်ကာမျှသည်သာလျှင်။ ဝါ၊ မြင်ရရုံမျှသည်သာလျှင်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ ဣမိနာ မနသိကာရေန၊ ဤသို့သော စိတ်ထားဖြင့်။ သိက္ခိတဗ္ဗံ၊ ကျင့်ထိုက်၏၊ ကျင့်ရမည်၊ ကျင့်ပါလေ။ ဣတိအယံ၊ ဤသည်ကား။ အတ္ထောဒိဋ္ဌေ ဒိဋ္ဌမတ္တံပုဒ်၏ အနက်တည်း။

(၂) အထ ဝါ၊ တနည်းသော်ကား။ ဒိဋ္ဌေ၊ မြင်အပ်သော အဆင်း၌။ ဒိဋ္ဌံ နာမဒိဋ္ဌမည်သည်။ စက္ခုဝိညာဏေန၊ မြင်သိစိတ်ဖြင့်။ ရူပဝိဇာနနံ၊ အဆင်းကို မြင်သိခြင်းပေတည်း။ ဣတိအယံ၊ ဤသည်ကား။ အတ္ထောဒိဋ္ဌေ ဒိဋ္ဌ၏ အနက်တည်း။ မတ္တန္တိမတ္တံ ဟူသည်ကား။ ပမာဏံ၊ အတိုင်းအရှည်တည်း။ ဧတဿ၊ ထိုဇောစိတ်အား။ ဒိဋ္ဌာ၊ မြင်သိစိတ်ဟူသော။ မတ္တာ၊ အတိုင်းအရှည်သည်။ အတ္ထိ၊ ရှိ၏၊ ဣတိ တသ္မာ၊ ထို့ကြောင့်။ ဒိဋ္ဌမတ္တံဒိဋ္ဌမတ္တံမည်၏၊ စက္ခုဝိညာဏမတ္တမေဝ၊ မြင်သိစိတ် အတိုင်းအရှည် ရှိသည်သာလျှင်ဖြစ်သော။ စိတ္တံ၊ ဇောစိတ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ (ဣတိ သိက္ခိတဗ္ဗံ) ဣတိအယံ၊ ဤသည်ကား။ အတ္ထောဒိဋ္ဌမတ္တံ ဘဝိဿတိ၏ အနက်တည်း။

ဣဒံ အယံ အဓိပ္ပါယော၊ ဤအနက်အဓိပ္ပါယ်ကို။ ဝုတ္တံ ဝုတ္ထော၊ ဆိုအပ်သည် ဆိုလိုသည်။ ဟောတိ၊ ဖြစ်၏၊ အာပါထဂတေ၊ မျက်စိ၌ ထင်လာသော။ ရူပေ၊ အဆင်းရုပ်၌။ စက္ခုဝိညာဏံ၊ စက္ခုဝိညာဏ်= မြင်သိစိတ်သည်။ န ရဇ္ဇတိ ယထာ၊ မတပ်မက်သကဲ့သို့။ န ဒုဿတိ ယထာ၊ မပြစ်မှားသကဲ့သို့။ န မုယှတိ ယထာ၊ မတွေဝေသကဲ့သို့။ ဧဝံ၊ ဤအတူ။ မေ၊ ငါ့အား။ ဝါ၊ ငါ၏၊ ရာဂါဒိဝိရဟေန၊ တပ်မက်ခြင်း စသည်မှ ကင်းသဖြင့်။ စက္ခုဝိညာဏမတ္တမေဝ၊ မြင်သိစိတ် အတိုင်းအရှည် ရှိသည်သာလျှင်ဖြစ်သော။ ဇဝနံ၊ ဇောသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ (အဟံ၊ ငါသည်။ ထည့်) စက္ခုဝိညာဏပ္ပမာဏေနေဝ၊ မြင်သိစိတ် အတိုင်းအရှည်ဖြင့်သာလျှင်။ ဇဝနံ၊ ဇောကို။ ဌပေဿမိ၊ ထားပေအံ့- ထားမည်။ (ဗာဟိယ၊ ဗာဟိယ။) ဧဝံ ဟိ၊ ဤသို့လျှင်။ ဝါ၊ ဧဝံ ဟိ = ဣမိနာအာကာရေန ဧဝ၊ ဤသို့သော အခြင်းအရာဖြင့်သာလျှင်။ တေ၊ သင်သည်။ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏ ကျင့်ရမည် ကျင့်လေ။ (ပါဠိတော်ပြန်စပ်ပါ) ဣတိ ဣဒံ အယံ အဓိပ္ပါယော၊ ဤအနက်အဓိပ္ပါယ်ကို။ ဝုတ္တံ ဝုတ္ထော၊ ဆိုအပ်သည် ဆိုလိုသည်။ ဟောတိ၊ ဖြစ်၏၊ (ဣဒံ ဝုတ္တံ ဟောတိ၊ အဋ္ဌကထာ၌ ပြန်သတ်။ ဌပေဿာမီတိဣတိတလုံး အကျေကြံပါ။)

မှတ်ချက်။။မတ္တန္တိ ပမာဏံ၊ ဒိဋ္ဌာ မတ္တာ ဧတဿာတိ ဒိဋ္ဌမတ္တံ၊ စက္ခုဝိညာဏ မတ္တမေဝ စိတ္တံ ဘဝိဿတီတိ အတ္ထော- ဟု ဆိုခဲ့သည်ကို သတိပြုပါ။

ဒိဋ္ဌမတ္တံမတ္တာသဒ္ဒါ၏ အတိုင်းအရှည် အနက်ကို သေချာစွာ ဖွင့်ပြထားပေသည်။

(အထ ဝါ၊ စသည်ဖြင့် တတိယနည်း ဖွင့်သော ပါဠိနှင့် ကျန်အဖွင့်ပါဠိများကို နည်းမှီ၍ အနက်ပေးပါ)

ပါဠိတော်အနက် ယောဇနာပုံမှာ ဣဒံ ဝုတ္တံ ဟောတိ အစချီသော အဋ္ဌကထာနှင့်အညီ-

တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ၊ ဧဝဉ္ဇိ တေ ဗာဟိယ သိက္ခိတဗ္ဗံ-

ဟူသော ဗာဟိယသုတ် အခြေခံ လိုရင်းချုပ်ကို ပြရာ ပါဠိတော်ကို အနက်ယောဇနာကြကုန်အံ့။

(တိဟာတိ နိပါတမတ္တံ-ဟု ဖွင့်ထား၍ တိဟကိုချန်၍ အနက်ပြန်)

ဗာဟိယ၊ ဗာဟိယ။ တသ္မာ၊ ကြောင့်ကြစိုက်ကာ အားထုတ်လိုသော သဘောရှိလျက် ငါဘုရားကို တရားဟောရန် အလွန် တောင်းပန်နေသောကြောင့်။ ဝါ၊ သင် ဆိုတိုင်းပင် အသက် အန္တရာယ်ကိုလည်း သိနိုင်ခဲခြင်း, သင်၏ဣန္ဒြေတို့လည်း ရင့်ကျက်လာခြင်းကြောင့်။ တေ၊ သင်သည်။ ဧဝံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏ ကျင့်ရမည် ကျင့်လေ။ ကိံ၊ အဘယ်သို့။ သိက္ခိတဗ္ဗံ၊ ကျင့်အပ်သနည်း၊ ကျင့်ရမည်နည်း။ (ထည့်)

နောက်၌ ဧဝဉ္ဇိ ဝယ် ဧဝံ ဟူသော နိယမအာကာရဇောတကနိပါတ်ကို မြှော်၍ ရှေ့၌ ယထာ-ဟူသော အနိယမကာရဇောတကနိပါတ်ကို ထည့်ရမည်။ 'ယထာ တထာ၊ ဥပမာ မဟုတ်၊ ယင်းသို့ထုတ်မူ၊ တထာစပ်ရာ၊ ကြိယာသည်၊ မှန်စွာလက္ခဏာဖြစ်မြဲ' နိယာမ်နှင့်အညီ ဧဝံစပ်ရာ 'သိက္ခိတဗ္ဗံ' ကြိယာကို လက္ခဏပုဒ် ပြုလုပ်၍ အနက် ယောဇနာ ရမည်။

ဤကား ပါဠိတော်ကို အတ္ထယောဇနာမှု မပြုမီ သိထားရမည့် အခြေခံတည်း။

ယထာ ယေန အာကာရေန၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ သိက္ခိယမာနေ၊ ကျင့်အပ်သည်ရှိသော်။ တေ၊ သင့်အား။ ဒိဋ္ဌေ၊ မြင်အပ်သော, မြင်ရသော အဆင်းရုူပါရုံ၌။ ဒိဋ္ဌမတ္တံ၊ စက္ခုဝိညာဉ် မြင်သိမှု အတိုင်းအရှည်ရှိသော ဇောစိတ်သည်။ ဘဝိဿတိ၊ ဖြစ်လတံ့။ သုတေ၊ ကြားအပ်သော, ကြားရသော အသံသဒ္ဒါရုံ၌။ သုမတ္တံ၊ ကြားသိမှု အတိုင်းအရှည်ရှိသော ဇောစိတ်သည်။ ဘဝိဿတိ၊ ဖြစ်လတံ့။ မုတေ၊ နံခြင်း, စားခြင်း, ထိခြင်းဖြင့် ရောက်အပ်သော ရောက်ရသောအနံ့ ဂန္ဓာရုံ, အရသာ ရသာရုံ, အတွေ့ ဖောဋ္ဌဗ္ဗာရုံ၌။ မုတမတ္တံ၊ ဃာနဝိညာဉ် နံသိမှု, ဇိဝှါဝိညာဉ် စားသိမှု, ကာယဝိညာဉ် ထိသိမှု အတိုင်းအရှည်ရှိသော ဇောစိတ်သည်။ ဘဝိဿတိ၊ ဖြစ်လတံ့။ ဝိညာတေ၊ သိအပ်သော ဓမ္မာရုံ၌။ ဝိညာတမတ္တံ၊ ဆင်ခြင်မှု မနောဒွါရာဝဇ္ဇန်း အတိုင်းအရှည်ရှိသော ဇောစိတ်သည်။ ဘဝိဿတိ၊ ဖြစ်လတံ့။ ဗာဟိယ၊ ဗာဟိယ။ ဧဝံ ဟိ တထာ တေန အာကာရေန ဧဝ၊ ထိုအခြင်းအရာအားဖြင့်သာလျှင်။ တေ၊ သင်သည်။ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏ ကျင့်ရမည်။

ဗာဟိဟသုတ်အဋ္ဌကထာ၌ 'ဒိဋ္ဌေ ဒိဋ္ဌမတ္တံ' ကို ၃-နည်း ဖွင့်ဆိုထားလေသည်။

(ပဌမနည်း)

မျက်စိ၌ထင်လာသော အဆင်းရူပါရုံစက္ခုဒွါရိကဝိညာဉ်စိတ် (ဝါ) စက္ခုဒွါရ၌ ဖြစ်သောစိတ်ဖြင့် မြင်ကာမျှသာ ဖြစ်လတ္တံ့ဟု ကျင့်ရမည်။ စက္ခုဝိညာဉ် မြင်သိစိတ်သည် အနိစ္စ စသည်ကို မသိ၊ အဆင်းမျှကိုသာ သိသလို စက္ခုဒွါရ၌ဖြစ်သော ဇော, တဒါရုံ အဆုံးရှိသော စိတ်အားလုံးဖြင့် မြင်ရုံမျှသာ ဖြစ်အောင်ကျင့်ရမည်။

(ဒုတိယနည်း)

မျက်စိ၌ ထင်ပေါ်လာသော အဆင်း၌ စက္ခုဝိညာဉ်စိတ်သည် တပ်မက်ခြင်း စသည်ကင်းသကဲ့သို့ စက္ခုဝိညာဉ် အတိုင်းအရှည်ရှိသော (ဝါ) တပ်မက်ခြင်း စသည်ကင်းသော ဇောစိတ်ဖြစ်လတ္တံ့ဟု ကျင့်ရမည်။ ဇောစိတ်ကို စက္ခုဝိညာဉ် အတိုင်းအရှည်ဖြင့်သာ ထားအံ့ဟု (ထားရမည်ဟု) ကျင့်ရမည်။

(တတိယနည်း)

စက္ခုဝိညာဉ်ဖြင့် မြင်ရသော အဆင်း၌ သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော စိတ် ၃-ခုသည် တပ်မက်ခြင်း စသည် မဖြစ်သကဲ့သို့ သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော အတိုင်းအရှည်ဖြင့် ဇောစိတ်ကို ဖြစ်စေမည်ဟု ကျင့်ရမည်။ တပ်မက်ခြင်းကင်းသော ဇော-စိတ်ဖြစ်အောင် ကျင့်ရမည်။

ဖော်ပြခဲ့သော ဗာဟိယသုတ် အဋ္ဌကထာ စကားရပ်တို့တွင် စုဒိတကဆရာတော်များသည် မိမိတို့ အလွန်အားထား အလွန်ကျေနပ်လှသော ဒုတိယနည်း အဖွင့် 'ဣဒံ ဝုတ္တံ ဟောတိ' အစချီသော အဋ္ဌကထာစကားရပ်များကို အနက်ယောဇနာ ထားရာတွင်- ဧဝံ၊ ဤသို့။ ရာဂါဒိဝိရဟေန၊ ရာဂစသည်မှ ကင်း၍နေသော။ စက္ခုဝိညာဏမတ္တမေဝ၊ စက္ခုဝိညာဉ်စိတ်မျှဖြင့် သာလျှင်။ မေ၊ ငါ၏၊ ဇဝနံ၊ ဇောစိတ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ စက္ခုဝိညာဏပ္ပမာဏေနေဝ၊ စက္ခုဝိညာဉ်စိတ် အတိုင်းတိုင်းသာလျှင်။ ဇဝနံ၊ ဇောစိတ်ကို၊ ဌပေဿာမိ၊ ထားအံ့။ ဤသို့ အတ္ထယောဇနာ ပြုထားသည်ကို တွေ့ရပေသည်။

ယထာနှင့် ဧဝံ နိပါတ်ပုဒ်များသည် ဥပမာန ဥပမေယျ အနက်ကို ထွန်းပြနေသည်မှာ အလွန်ပင် ထင်ရှားလှသည် ဖြစ်ပါလျက် 'ယထာ အာပါထဂတေ' ဟု မဆိုင်ရာပုဒ်နှင့် တွဲ၍၎င်း၊ 'ဧဝံ၊ ဤသို့' ဟု 'နိဒဿန' အနက်ဖြင့်၎င်း၊ 'ရာဂဒိဝိရဟေန' နှင့် 'စက္ခုဝိညာဏမတ္တမေဝ' ပုဒ်တို့ကို ဝိသေသန, ဝိသေသျ အဖြစ်ဖြင့်၎င်း၊ စက္ခုဝိညာဏပ္ပမာဏေနေဝ၊ စက္ခုဝိညာဉ်စိတ် အတိုင်း အတိုင်းသာလျှင်ဟု 'ပမာဏ ' သဒ္ဒါ၏ အနက်ကို မိမိတို့ လက်ဆုပ်လက်ကိုင် ပြုထားသော အတိုင်းတိုင်း အနက်အဖြစ်ယူ၍၎င်း အတ္ထယောဇနာ ပြုထားသည်ကို တွေ့ကြရပေသည်။ (အမှန်မှာ စက္ခုဝိညာဏမတ္တမေဝ နှင့် ဇဝနံ- ပုဒ်တို့သည် အပြန်အလှန် ဝိသေသန, ဝိသေသျပုဒ်များ ဖြစ်ကြလေသည်။)

'စက္ခုဝိညာဏပ္ပမာဏေနေဝ' ၌ 'ပမာဏ' သဒ္ဒါသည် ပါဠိတော်၌ပါသော 'ဒိဋ္ဌမတ္တံ' ဝယ် 'မတ္တ' သဒ္ဒါကို 'မတ္တန္တိ ပမာဏံ' ဟု ပမာဏအနက် ဖွင့်ပြခဲ့သည့်အတိုင်း 'မတ္တ' သဒ္ဒါ၏အနက်ကို ဖော်ပြနေသည်။ 'ဒိဋ္ဌမတ္တံ' ၌ မတ္တ သဒ္ဒါသည် အတိုင်းအရှည် ဟူသော 'ပမာဏ' အနက်ကိုသာ ဟောသည်။

ယင်းသို့ဖြစ်လျှင် ယင်း 'ပမာဏ' သဒ္ဒါသည် ဤနေရာ၌ အဘယ်အနက်ကို ဟောသနည်းဟု မေး။

ပမာဏံ ဟေတုသတ္ထေသု၊ မာနေ စ သစ္စဝါဒိနိ။

ပမာတရိ စ နိစ္စမှိ၊ မရိယာဒါယ မုစ္စတေ (အဘိဓာန်၊ နှာ-၁၁၀)-

ဟူသော မာဂဓအဘိဓာန်လာ 'ပမာဏ' သဒ္ဒါ၏ အနက်တို့တွင် 'မရိယာဒ' အပိုင်းအခြား အနက်ဟောသာ ဖြစ်သည်။ အတိုင်းတိုင်း အနက်ဟော မဟုတ်ဟု ဖြေ။

'စက္ခုဝိညာဏပ္ပမာဏ' စက္ခုဝိညာဉ်၏ အတိုင်းအရှည်နှင့် စက္ခုဝိညာဉ်၏ အပိုင်းအခြားကား အဘယ်နည်းဟု မေး။

တပ်မက်ခြင်း, ပြစ်မှားခြင်း, တွေဝေခြင်းမှ ကင်းခြင်းသည် (မတပ်မက်ခြင်း, မတွေဝေခြင်း, မပြစ်မှားခြင်းသည်) စက္ခုဝိညာဉ်၏ အတိုင်းအရှည် ဖြစ်သည်။ တပ်မက်ခြင်း, ပြစ်မှားခြင်း, တွေဝေခြင်းမှ ကင်းသည်ကို မကျော်လွန်ခြင်း, မတပ်မက် မပြစ်မှား မတွေဝေခြင်းသည် စက္ခုဝိညာဉ်၏ အပိုင်းအခြား ဖြစ်သည်။ စက္ခုဝိညာဉ်၏ အတိုင်းအရှည်နှင့် အပိုင်းအခြားကား အတူတူပင် ဖြစ်သည်ဟု ဖြေ။

'ဒိဋ္ဌေ ဒိဋ္ဌမတ္တံ' ကျင့်နည်းကို အဘယ်သို့ ကျင့်ရမည်နည်းဟု မေး။

မြင်သိစိတ် ဖြစ်သည့်အခါ စက္ခုဝိညာဉ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော စိတ်တို့သည် တပ်မက်ခြင်း, ပြစ်မှားခြင်း, တွေဝေခြင်းမှ ကင်းသလို ဆက်လက် ဖြစ်လာမည့် ဇောများကိုလည်း တပ်မက်ခြင်း, ပြစ်မှားခြင်း, တွေဝေခြင်းမှ ကင်းသော ဇောစိတ်များ ဖြစ်လာအောင် ကျင့်ရမည့် အကျင့်ဟု မှတ်။ မြင်သိစိတ်တွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်းအစ ဝုဋ္ဌော အဆုံးရှိသော စိတ်များ၏ မတပ်မက်, မပြစ်မှား, မတွေဝေသော အတိုင်းအရှည် အပိုင်းအခြားအားဖြင့် ဇောစိတ်ကို ထားနိုင်အောင် ကျင့်ရမည့် အကျင့်ဟု မှတ်။ ဖြစ်လာမည့် ဇောစိတ်ကို တပ်မက်, ပြစ်မှား, တွေဝေမှုမှ ကင်းသည့် ဇောစိတ်အဖြစ်ဖြင့် ထားနိုင်အောင် ကျင့်ရမည့် အကျင့်ဟု မှတ်။ (မှတ်ချက်- ဖော်ပြထားသော စကားရပ်များ၌ ပဉ္စဒွါရာဝဇ္ဇန်းအစ ဝုဋ္ဌော အဆုံးရှိသော စိတ်များဟု ဆိုလိုက်ခြင်းမှာ 'အထဝါ ဒိဋ္ဌံ နာမ' စသည်ဖြင့် ဖွင့်ပြသော အဋ္ဌကထာ၏ တတိယအဖွင့်၌ ဆိုထားသော စိတ်များကိုပါ ယူ၍ ဆိုလိုက်ခြင်းဖြစ်သည်။

ကျောက်သင်္ဘောဝါဒီ စုဒိတကဆရာတော်များသည် 'ထား' ဟူသော စကားလုံးကို ရနိုင်ရန် 'ဌပေဿာမိ' ပုဒ်ကို အခိုင်အမာယူ၍ ပြောဆိုကြောင်း ထင်ရှားသည်။ 'ဒိဋ္ဌေ ဒိဋ္ဌမတ္တံ' စသည်ဖြင့် ညွှန်ပြခြင်းမှာ ဖော်ပြခဲ့သည့် 'ဒိဋ္ဌေ ဒိဋ္ဌမတ္တံ' ကျင့်နည်းသာဖြစ်သည်။

ဗာဟိယသုတ် အဋ္ဌကထာ၌ 'ဌပေဿာမိ' မျှကိုသာ ဖွင့်ဆိုထားသည် မဟုတ်၊ 'ဧဝံ ဇဝနံ ဥပ္ပါဒေဿာမိ' , 'နာဟံ။ ပ။ ဒဿမိ' ဟုလည်း ဖွင့်ဆိုထားသေးသည်။ ထိုတွင် 'နာဟံ တံ ပမာဏံ အတိက္ကမိတွာ ရဇ္ဇနာဒိဝသေန ဥပ္ပဇ္ဇိတုံ ဒဿာမိ' ဟူသော ဗျတိရေကဝါကျကို အနွယပြန်လိုက်လျှင် 'အဟံ တံ ပမာဏံ အနတိက္ကမိတွာ ရဇ္ဇနာဒိဝသေန ဥပ္ပဇ္ဇိတုံ ဒဿာမိ' ဟု ဖြစ်၏၊ မြန်မာပြန်သော် 'ငါသည် သမ္ပဋိစ္ဆိုင်းစိတ် စသည်တို့၏ ထိုအပိုင်းအခြား အတိုင်းအရှည်ကို မလွန်မူ၍ မတပ်မက်ခြင်း စသည်တို့၏ အစွမ်းဖြင့် ဇောစိတ်အား ဖြစ်ခွင့်ပေးအံ့' ဟု ဖြစ်၏၊

ထိုအဖွင့် ၂-မျိုးအရ ကျောက်သင်္ဘောဝါဒီ စုဒိတကဆရာတော်များ၏ အလိုအားဖြင့် 'စိတ် စိတ်အတိုင်းတိုင်းဖြစ်၊ စိတ် စိတ်အတိုင်းတိုင်းပေး' ဟု ဆောင်ပုဒ် ပြုလုပ်ရချေဦးမည်။

ဆက်၍ ဖော်ပြပါလျှင် 'ဌပေဿာမိ' ပါဠိကိုကြည့်၍ ဆောင်ပုဒ်လုပ်ခဲ့သည်ဖြစ်အံ့၊ 'စိတ် စိတ်အတိုင်းတိုင်းထားမည်' ဟုသာ ပြုလုပ်ခွင့်ရှိလေသည်၊ 'စိတ် စိတ်အတိုင်းတိုင်းထား' ဟု ပြုလုပ်ခွင့် မရှိပေ။ ဘုရားရှင် နှုတ်တော်ထွက် ပါဠိတော်နှင့် ပို၍လိုက်ဖက်လိုလျှင် 'ဘဝိဿတိ' ဟု ဟောထားသဖြင့် 'စိတ် စိတ်အတိုင်းတိုင်းဖြစ်' ဟု ဆိုကြပြန်တော့မည်။ 'စိတ် စိတ်အတိုင်းတိုင်းဖြစ်' ဆိုသည်ထက်လည်း 'စိတ်အတိုင်းတိုင်းဖြစ်လတ္တံ့' က 'ဘဝိဿတိ' ပါဌ်နှင့်ပို၍ ညီညွတ်ပေလိမ့်မည်။ ဖော်ပြခဲ့သော စကားများသည် ကျောက်သင်္ဘောဝါဒီ စုဒိတကဆရာတော်များ၏ သောဓနာစကားရပ် အကျဉ်းချုပ်ကို စိစစ်သည့် စကားများသာ ဖြစ်လေသည်။

စုဒိတကဆရာတော်များ၏ သောဓနာစကားသည် 'စိတ် စိတ်အတိုင်းတိုင်းထား' အဓိပ္ပါယ်ကို နောက်မှ ပြန်လည်ပြင်ဆင်၍ ပြောဆိုသော စကားများဖြစ်လေသလော၊ မူလ ကျောက်သင်္ဘောဆရာတော်၏ သဘောတော်အတိုင်းပင် ပြောဆိုသောစကားများ ဖြစ်လေသလော-ဟု ဝိနည်းဓိုရ်ဆရာတော်ကြီးများ စူးစမ်းလေ့လာကြသောအခါ ဤသို့ တွေ့မြင်ကြရလေသည်။

ကျောက်သင်္ဘောဆရာတော်၏ ထေရုပ္ပတ္တိနှင့်တရားတော်များ စာအုပ် (၁၅၄၊ ၁၅၇)၌-

(က) မိမိတို့စိတ်မှာ ပကတိအတိုင်း အေးနေတာ၊ ငြိမ်းနေတာ၊ အဲဒါ နိဗ္ဗာန်ဗျ၊ စိတ်ကို နိဗ္ဗာန်လို့လဲ မယူကြနဲ့ဦး၊ စိတ်ငြိမ်းချမ်းနေတယ်ဆိုတာ စိတ်အပူ မကပ်တာပေါ့၊ အပူတွေ မကပ်တော့ အေးရာနဲ့ နေတဲ့စိတ်၊ အဲဒါတနည်း ပြောတော့ နိဗ္ဗာန်နဲ့ နေတဲ့စိတ်၊ အဲဒါ 'စိတ်-အတိုင်းတိုင်း' ဆိုပြီး ဘုန်းကြီးကဟောဒါ၊ စိတ်-စိတ်အတိုင်း ဘာနဲ့ နေမလဲ၊ စိတ်-စိတ်အတိုင်း နိဗ္ဗာန်နဲ့နေတာပေါ့၊ စိတ်-စိတ် အတိုင်းတိုင်း ဆိုယင်ဖြူစင် သန့်ရှင်းတယ်ပေါ့။

(စာမျက်နှာ-၁၅၈၊ ၁၅၉)၌-

(ခ) စိတ်-စိတ်အတိုင်းတိုင်းဆိုတာ အစစ်အမှန် တိတိကျကျ သိကြရအောင် မေးကြပါလား၊ စိတ်ဆိုတာ အာရုံနဲ့ကင်းပြီးတော့ နေမဖြစ်ပါဘူး။ စိတ်အတိုင်းတိုင်း ဘာနဲ့ နေသလဲလို့ မေးကြပါလား၊ စိတ်-စိတ်အတိုင်း ဘာနဲ့ နေသလဲဆိုယင်၊ ဘာနဲ့ ထားသလဲဆိုရင် နိဗ္ဗာန်တည်းဟူသော အာရုံနဲ့နေ တယ်။ နိဗ္ဗာန်တည်းဟူသော အာရုံနဲ့ ထားတယ်။

ဘုန်းကြီးတို့က အနည်းနည်းနဲ့ ဟောခဲ့ပါတယ်၊ ဖြေခဲ့ပါတယ်၊ အခုနေအခါမှာ ခင်ဗျားတို့ လောဘတွေ ဖြစ်နေကြသလား၊ လောဘဖြစ်ယင် ဘယ်မှာဖြစ်သလဲ စိတ်မှာ ဖြစ်တာပါ၊ ဒေါသဖြစ်ယင် ဘယ်မှာဖြစ်သလဲ စိတ်မှာ ဖြစ်တာပါ၊ ဒါဖြင့် ဒေါသမဖြစ်တော့ ဒေါသစိတ်မဟုတ်ဘူးပေါ့၊ ဒေါသမဖြစ်တာနဲ့ ဒေါသမဖြစ်ပဲ ခင်ဗျားတို့မှာ စိတ်မရှိဘူးလို့ ပြောမလား၊ ဒေါသသာ မဖြစ်တာဗျ၊ စိတ်ကတော့ ရှိပါတယ်၊ ဒါဖြင့် ဒေါသမဖြစ်တဲ့ စိတ်ပေါ့၊ ဒေါသမဟုတ်တဲ့ စိတ်အတိုင်းတိုင်းပါပဲ၊ လောဘမဖြစ်လေတော့ လောဘ မဖြစ်တဲ့ စိတ်အတိုင်းတိုင်း၊ အဲဒါပြောတာ ဤလို ဟောတာ။

တနည်းအားဖြင့် နိဗ္ဗာန်နဲ့ နေတဲ့စိတ်၊ လောကုတ္တရာစိတ်နိဗ္ဗာန်နဲ့ထားတဲ့စိတ်၊ နိဗ္ဗာန်နဲ့ နေတတ်ကြပါပြီ ထားတတ်ကြပါပြီ။

(စာမျက်နှာ ၃၆၁၊၃၆၂)၌-

(ဂ) စိတ်နားတယ်ဆိုတာ နားလည်အောင် ထပ်ပြောရတော့၊ စိတ်အလုပ် မလုပ်တာ၊ စိတ်အလုပ် မရှိဘူး၊ စိတ် ဒီအတိုင်းနေတာ၊ အတိုင်းတိုင်းနေတာ၊ စိတ်-စိတ်အတိုင်းတိုင်း နေတာကို ဖိုလ်စိတ်လို့ ပြောတာ၊ စိတ်တွေဖြစ်အောင် လုပ်မပေးပဲ ပကတိအတိုင်း နေလိုက်တာ၊ အဲဒါ ဖိုလ်စိတ်တဲ့၊ ရှေးဦးစွာ သိတာဆိုတော့ မဂ်ဉာဏ်လို့ ပြောတာ၊ အဲဒီလို သိကြရမယ်၊ လွယ်လွယ်ကလေးပဲဗျ၊ ခုနပြောတဲ့ ပကတိ အတိုင်းကတော့ ငြိမ်းပြီးသား လွတ်ပြီးသား ကင်းပြီးသား ရှင်းပြီးသား။

(ဤအပိုဒ်စကားများကို စောဒကဆရာတော်များကလည်း ထုတ်ပြပြီးသား ဖြစ်သည်။)

ဤမျှဖြင့် မူလကျောက်သင်္ဘောဆရာတော်၏ စိတ်-စိတ်အတိုင်းတိုင်းနေပုံ၊ စိတ်-စိတ်အတိုင်းတိုင်း ထားပုံကို သိနိုင်ကြပေသည်။ ဖော်ပြပါ အတိုင်းတိုင်းထားပုံကို ပြသောစကားရပ်တို့တွင် (ဂ)အမှတ်ပါ စကားရပ်များကို ၁၃၂၄-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄-ရက်နေ့က ဟောခဲ့၍ (က၊ ခ) စကားရပ်များကို ၁၃၂၆-ခုနှစ်၊ တပို့တွဲလဆုတ် ၁၂-ရက်နေ့က ဟောခဲ့သည်ကို ထေရုပ္ပတ္တိနှင့် တရားတော်များ စာအုပ်တွင် ဖော်ပြထားချက်အရ သိရပေသည်။

ကျောက်သင်္ဘောဆရာတော်၏ စိတ်-စိတ်အတိုင်းတိုင်းနေပုံ ထားပုံမှာ ဤသို့ ဖြစ်၏-

(၁) ဖိုလ်စိတ်-ဖိုလ်စိတ်အတိုင်းတိုင်း နိဗ္ဗာန်နဲ့ 'နေ'၊ ဖိုလ်စိတ် ဖိုလ်စိတ်အတိုင်းတိုင်း နိဗ္ဗာန်နဲ့ 'ထား'။

(၂) လောဘဒေါသ မဖြစ်တဲ့စိတ်-လောဘ, ဒေါသ မဖြစ်တဲ့စိတ် အတိုင်းတိုင်း နိဗ္ဗာန်နဲ့ 'နေ'။ လောဘဒေါသ မဖြစ်တဲ့စိတ်- လောဘ, ဒေါသ မဖြစ်တဲ့ စိတ်အတိုင်းတိုင်း နိဗ္ဗာန်နဲ့ 'ထား'။

(၃) လောကုတ္တရာစိတ်-လောကုတ္တရာ စိတ်အတိုင်းတိုင်း နိဗ္ဗာန်နဲ့ 'နေ'။ လောကုတ္တရာစိတ်-လောကုတ္တရာစိတ် အတိုင်းတိုင်း နိဗ္ဗာန်နဲ့ 'ထား'။

ဤကား မူလကျောက်သင်္ဘောဆရာတော်၏ မနသိကာရ နှလုံးသွင်းအာဘော် အလိုတော်ကျ စိတ်-စိတ်အတိုင်းတိုင်း ထားပုံ နေပုံဖြစ်သတည်း။

ဤတွင် ထိုကျောက်သင်္ဘောဆရာတော်အား မေးရမည်မှာ-

(မေး)'' စိတ်-စိတ်အတိုင်းတိုင်းဆိုတဲ့ နေရာမှာ အတိုင်းတိုင်းရဲ့ အဓိပ္ပါယ်ကို မည်သို့ မှတ်ရပါမည်နည်း။

(ဖြေ)'' စိတ်-အလုပ်မလုပ်တာ စိတ်-အလုပ်မရှိတာ ဒီစိတ်အတိုင်းနေတာ၊ ဒီ စိတ်အတိုင်း ထားတာ၊ လောကုတ္တရာစိတ် အတိုင်းတိုင်း, လောဘဒေါသ မဖြစ်တဲ့ စိတ်အတိုင်းတိုင်း ဖြစ်နေတာကို ပြောတာ၊ မပြုနဲ့မပြင်နဲ့ မရွေ့နဲ့ မပြောင်းနဲ့။ မဂ်စိတ်က မဂ်စိတ်ပဲ၊ ဖိုလ်စိတ်က ဖိုလ်စိတ်ပဲ။ မဂ်စိတ်နေရာမှာ ဖိုလ်စိတ်ထား, ဖိုလ်စိတ်နေရာမှာ မဂ်စိတ်ထား၊ ဒီလို မဟုတ်ဘူး။ အပြောင်းအလွှဲ မလုပ်ရဘူး၊ လုပ်မပေးနဲ့၊ လောဘ မဖြစ်တဲ့စိတ်က လောဘမဖြစ်တဲ့စိတ်ပဲ၊ ဒေါသမဖြစ်တဲ့စိတ်က ဒေါသမဖြစ်တဲ့စိတ် ပဲ၊ လောဘမဖြစ်တဲ့ စိတ်နေရာမှာ ဒေါသမဖြစ်တဲ့စိတ်ကိုထား၊ ဒေါသမဖြစ်တဲ့ စိတ်နေရာမှာ လောဘမဖြစ်တဲ့ စိတ်ကိုထား၊ ဒီလိုအပြောင်းအလွှဲ မလုပ်ရ၊ မလုပ်နဲ့။ မဂ်စိတ်ကို မဂ်စိတ်ပကတိအတိုင်းထား။ ဖိုလ်စိတ်ကို ဖိုလ်စိတ်ပကတိအတိုင်းထား။ လောဘမဖြစ်တဲ့စိတ်ကို လောဘမဖြစ်တဲ့အတိုင်းထား၊ ဒေါသ မဖြစ်တဲ့စိတ်ကို ဒေါသမဖြစ်တဲ့ အတိုင်းထား၊ ဒီလိုမှတ်။ ဒါ အတိုင်းတိုင်း အဓိပ္ပါယ်ပဲ။

(မေး)'' လောဘ ဒေါသ မဖြစ်တဲ့စိတ်လို့ မိန့်ပါပြီ၊ လောဘ ဒေါသ မဖြစ်တာက အရိယာမဂ်နဲ့ အပါယဂမနီယအ=ပါယ်သို့လားစေတတ်တဲ့ ကိလေသာကိုပယ်ခြင်း, တနုကရ=ပါးအောင် ကျဲအောင် ပြု၍ပယ်ခြင်း, သမုစ္ဆေဒ=အကြွင်းမဲ့ ဖြစ်အောင် ပြု၍ ပယ်ခြင်းအားဖြင့် ပယ်ပြီး၍ မဖြစ်တာကို ဆိုလိုပါသလား။

(ဖြေ)'' ဟဲ့-ဒီလို မဖြစ်တာကို ပြောတာမဟုတ်ဘူး။ အခု တရားနာနေတော့ လောဘ ဖြစ်နေသလား၊ ဒေါသ ဖြစ်နေသလား၊ (မဖြစ်ပါဘူးဘုရား) အဲဒါကို ပြောတာ။

(မေး)'' နိဗ္ဗာန်နဲ့နေ, နိဗ္ဗာန်နဲ့ထားလို့ ဆရာတော်ဟောပါသည်။ နိဗ္ဗာန်က လွယ်လွယ်နဲ့ မရနိုင်ဘူး ဘုရာ့၊ နိဗ္ဗာန်ရအောင် အမိန့်ရှိပါဦးဘုရား။

(ဖြေ)'' နိဗ္ဗာန်ဆိုတာ လွယ်လွယ်ကလေးပဲ၊ နိဗ္ဗာန်ရအောင် ဘယ်လိုမှမလုပ်နဲ့၊ မင်းတို့စိတ်ထဲမှာ ပကတိအတိုင်း အလိုလို ငြိမ်းနေတာ ရှိတယ်။ ပကတိငြိမ်းပြီးသား, လွတ်ပြီးသား, ကင်းပြီးသား ရှိတယ်။ အဲဒါ နိဗ္ဗာန်ပဲ၊ နိဗ္ဗာန်ရအောင် ဘာမှ မလုပ်လေနဲ့။

ဤသည်လျှင် မူလကျောက်သင်္ဘောဆရာတော်၏ စိတ်-စိတ်အတိုင်းတိုင်း နေပုံ, စိတ်-စိတ် အတိုင်းတိုင်းထားပုံ ဖြစ်တော့သည်။ ယင်းဆရာတော်က ယင်းစိတ် စိတ်အတိုင်းနေပုံ, ထားပုံကို ဟောရာတွင် နိဗ္ဗာန်လည်း ပါဝင်နေသဖြင့် ဗုဒ္ဓဟောတော်မူသော နိဗ္ဗာန်၏သဘော, နိဗ္ဗာန်မြင်နိုင်အောင် ကျင့်ရမည့် ဒေသနာနည်းကျ ကျင့်စဉ်နှင့် ကျောက်သင်္ဘော ဆရာတော်တို့၏ 'စိတ် စိတ် အတိုင်းတိုင်းထား ဝါဒ'၏ ဓမ္မဖြစ်သည်၊ သို့မဟုတ် အဓမ္မဖြစ်သည်တို့ကို တိတိကျကျ သိနိုင်ရန် ယင်းကျောက်သင်္ဘောဆရာတော်၏ ယင်းနိဗ္ဗာန်ကို ကျောက်သင်္ဘောဝါဒီ ဆရာတော်တို့၏ ဤသောဓနာချက်ကို စိစစ်ပြီးကာမှ စိစစ်ဝေဖန်ကြဦးအံ့။

မူလ ကျောက်သင်္ဘော ဆရာတော်၏ စိတ်-စိတ်အတိုင်းတိုင်း ထားပုံကို စိစစ်ပြီး၍ ၎င်းဆရာတော်၏ တပည့် သိဿာနုသိဿ သာဝက ကျောက်သင်္ဘောဝါဒီတို့၏ စိတ်-စိတ်အတိုင်းတိုင်း ထားပုံကို ဆက်လက် စိစစ်ရသော်-

အတိုင်းတိုင်း ဋီကာ၏ စိတ်-စိတ်အတိုင်းတိုင်းထားပုံ

၁။ ပြုလုပ်ဆောင်ရွက်၍ထားခြင်း။။စားပွဲပေါ်ရှိစာအုပ်ကို ဘီရိုထဲမှာ ထားပါဆိုလျှင် စားပွဲသို့ သွားရဦးမည်၊ စားပွဲပေါ်မှ စာအုပ်ကို ယူရဦးမည်၊ ယူပြီး ဘီရိုရှိရာသို့ သွားရဦးမည်၊ ဘီရိုတံခါးကို ဖွင့်ရဦးမည်၊ ဖွင့်ပြီးမှ ဘီရိုထဲမှာ စာအုပ်ကို ထားရလိမ့်မည်၊ ဤထားခြင်းသည် သွားရ ယူရ သွားရ ဖွင့်ရ ထားရ ဟူသော သင်္ခါရမှု တခု သို့မဟုတ် များစွာပြုလုပ်၍ ထားရခြင်း ဖြစ်သောကြောင့် သင်္ခါရ သဘောမလွတ်။

၂။ သူ့အတိုင်းတိုင်းထားခြင်း။။စားပွဲပေါ်ရှိ စာအုပ်ကို သူ့အတိုင်းတိုင်းထားပါဆိုလျှင် ဒီအတိုင်း နေရုံမှတပါး ဘာမျှ မလုပ်ရတော့ပေ။ ဘီရိုထဲ ယူထားရသလို သွားရ, ယူရ, ဖွင့်ရ, ထားရမှု ဟူသော သင်္ခါရအမှုမှ ငြိမ်းလေသည်။

ဤ ထားခြင်း ၂-မျိုးတွင် နံပါတ် ၂-ထားခြင်းမျိုးကို ကျောက်သင်္ဘောဆရာတော်က ထားခိုင်းသည်ဟု အတိုင်းတိုင်း ဋီကာ၌ ဆိုထားသည်။ ဤအဆိုသည် ကျောက်သင်္ဘော ဆရာတော်၏ နှလုံးသွင်း အာဘော်ကျ သဘောမိမိ စိတ်-စိတ်အတိုင်းတိုင်း ထားပုံကို ဆိုထားသည်ဟု ယူဆကြရပေသည်။

ထားပုံမတူ စိတ်-စိတ်အတိုင်းထား ဟူသော စကားတွင် မြန်မာဘာသာ ဝိဘတ်တလုံး ကျေနေပါသည်။ ထိုကျေနေသော ဝိဘတ်ကိုပါ ထုတ်ဆောင်၍ ဆိုရပါလျှင် စိတ် 'ကို' စိတ်အတိုင်းတိုင်းထား ဟူ၍ဖြစ်ပါသည်။ ဘယ်စိတ်ကို ထားရမည်နည်းဆိုလျှင် ဇောစိတ်ကို ထားရပါမည်။ ဘယ်စိတ် အတိုင်းတိုင်း ထားရမည်နည်းဆိုလျှင် ကိလေသာမယှဉ် စင်ကြယ်သော ပကတိ စိတ်အတိုင်းတိုင်း ထားရပါလိမ့်မည်။

ဤကား ယခု ကျောက်သင်္ဘောဝါဒီ စုဒိတက ဆရာတော်တို့၏ သောဓနာ စကားတည်း။ ဤစကားအရ ဇောစိတ်ကို ကိလေသာမယှဉ် စင်ကြယ်သော ပကတိ စိတ်အတိုင်းတိုင်း ထားသည်ဟု ဆိုသဖြင့် မူလ ကျောက်သင်္ဘောဆရာတော်၏ ထားပုံထားနည်းနှင့်မတူ ကွဲပြားသည်။

မူလ ကျောက်သင်္ဘော ဆရာတော်က စိတ် စိတ်အတိုင်းတိုင်းတွင် စိတ်၂-ခု(စိတ် ၂-မျိုး)ကို မယူလို၊ စိတ်တခုတည်းကိုသာယူ၍ ထိုစိတ်ကို အတိုင်းတိုင်းထားဟု ဆိုထားသည် ဖြစ်သောကြောင့် ကျောက်သင်္ဘောဝါဒီ စုဒိတက ဆရာတော်တို့၏ စိတ်-စိတ်အတိုင်းတိုင်းထားပုံသည် မူလကျောက်သင်္ဘော ဆရာတော်၏ ထားပုံကို ပြန်လည် ပြင်ဆင်ချက်သာဖြစ်သည်။ တနည်းအားဖြင့် ကျောက်သင်္ဘောဝါဒ ပြန်လည်ပြင်ဆင်ရေးဝါဒီများ ဟုသာ ဆိုခွင့်ရှိတော့သည်။

စိတ်သရုပ်များ။။မူလကျောက်သင်္ဘောဆရာတော်က စိတ်-စိတ်အတိုင်းတိုင်းထား စကား၌ စိတ်သရုပ် ကို လောကုတ္တရာစိတ်ဟုလည်း အတိအကျ ဆိုသည်။ ရာဂ မဖြစ်သောစိတ်, ဒေါသမဖြစ်သောစိတ်ဟု မတိမကျ သမညလည်း ဆိုထားခဲ့သည်။

စုဒိတက ဆရာတော်များက ဆရာတော် ယူဆထားခဲ့သော ဖိုလ်စိတ်ကို အတိုင်းတိုင်းစိတ်မှ ဖယ်ထုတ်လိုက်ကြသည်။ ယင်းသို့ ဖယ်ထုတ်လိုက်ကြောင်းကို 'တပည့်တော်တို့ကား အတိုင်းတိုင်း ထားရသော ဝိပဿနာစိတ်နှင့် ဖိုလ်စိတ်တို့ ရောထွေးသွားမည် ဖြစ်သောကြောင့် ဤကဲ့သို့ ဟောလည်း မဟောကြတော့ပါဘုရား' ဟူသော သောဓနာချက် လျှောက်လွှာစကားဖြင့် ထင်ရှားစွာ သိရပေသည်။

သည်မျှမက 'ရှေ့ပိုင်းမှာတုန်းက တပည့်တော်တို့သည် နဂိုစိတ်အရကောက်ရာတွင် 'ပဘဿရမိဒံ' စသော အင်္ဂုတ္တိုရ်ပါဠိတော်ကို ကိုးကားခဲ့ကြဘူးပါသည်။ နောက်ပိုင်းမှာကား အဋ္ဌကထာနှင့် ဆန့်ကျင်နေမည်ဖြစ်၍ ထိုပါဠိကို မကိုးတော့ပဲ' ဟူသောစကားအရ ရှေ့ပိုင်းမှာတုန်းက နဂိုစိတ် (ဝါ) ပကတိစိတ် (ဝါ) အတိုင်းတိုင်းစိတ် အရ ဘဝင်စိတ်ကို ကောက်ယူခဲ့ဖူးကြောင်း, ဟောခဲ့ဖူးကြောင်း ထင်ရှားပြန်သည်၊ နောက်မှထပ်မံ ပြင် ဆင်ကြောင်းလည်း ထင်ရှားပြန်သည်။

တဖန် 'ပဋိသမ္ဘိဒါမဂ်ပါဠိတော် စရိယာနာနတ္တဉာဏနိဒ္ဒေသမှာ လာရှိသော ဝိညာဏစရိယ စိတ်များကို ပကတိ စိတ်အရ ကောက်ယူရပုံကို ရှေ့နားမှာ လျှောက်ထားခဲ့ပါပြီး' ဟူသော စကားဖြင့် ပကတိစိတ် နဂိုစိတ် စိတ်အတိုင်းတိုင်းက စိတ်အရ ဝိညာဏစရိယစိတ်များကို ကောက်ယူကြကြောင်း သိရပြန်သည်။

ဤသို့ဖြင့် မူလကျောက်သင်္ဘော ဆရာတော်နှင့် နောက်လိုက် တပည့်လက်သားတို့သည် အတိုင်းတိုင်းထားရန် ညွှန်ပြစရာ စိတ်ကို-

(၁) ဖိုလ်စိတ်၊ ဝါ၊ လောကုတ္တရာစိတ်

(၂) ဘဝင်စိတ်

(၃) ဝီတရာဂစိတ် စသည်

(၄) ဝိညာဏာစရိယစိတ်-

ဟူ၍ အမျိုးမျိုးကြံဆကြပြီး အကြားအမြင်နည်းပါးသူတို့အား တွေဝေသည်ထက် တွေဝေ၍ အကျင့်မှား အယူမှားစေရန် ပုံစံအမျိုးမျိုးပြောင်းလဲလျက် မတည်မငြိမ် ဣန္ဒြေမရသောဝါဒအပေါ်၌ ရပ်တည်နေကြောင်း မငြင်းနိုင်ကြပေ။ ဆက်လက်၍လည်း ဝိညာဏစရိယာစိတ်များကို ရှင်းလင်း စိစစ်ရန် လိုလာပြန်လေသည်။

ဝိညာဏစရိယာစိတ်

သသု ဒွါရေသု အဟေတုကာနံယေဝ စိတ္တာနံ ဝုတ္တတ္တာ ဒွေ အာဝဇ္ဖနာနိ ဒွေ ပဉ္စဝိညာဏာနိ ဒွေ သမ္ပဋိစ္ဆနာနိ တိဏိ သန္တီရဏာနိ ဧကံ ဟသိတုပ္ပါဒစိတ္တန္တိ အဋ္ဌာရသ အဟေတုကစိတ္တာနိယေဝ ဝိညာဏစရိယာတိ ဝေဒိတဗ္ဗာနိ။ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ(၂၆၅)
မြန်မာပြန်- ခြောက်ဒွါရ၌ဖြစ်ကုန်သော အဟိတ်စိတ် တို့ကိုသာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ ဟောထား အပ်သောကြောင့် အာဝဇ္ဖန်ဒွေး ပဉ္စဝိညာဏ်တဆယ် သမ္ပဋိစ္ဆိုင်းဒွေး သန္တိရဏသုံးခု ဟသိတုပ္ပါဒ်စိတ်တခု အားဖြင့် အဟိတ်စိတ် တဆယ့်ရှစ်ခုတို့ကိုသာ 'ဝိညာဏစရိယစိတ်' များဟု သိရမည်။

ယင်းအဟိတ်စိတ် ၁၈-ခု ဟူသော ဝိညာဏစရိယာစိတ်တို့၏ စွမ်းရည်ကား အဘယ်မျှ ရှိလေသနည်း၊ အဆင်း, အသံ, အနံ့, အရသာ, အတွေ့, သဘော ဟူသော အာရုံကို သိရုံမျှသာ စွမ်းရည် ရှိကြသည်။

ဣဒါနိ ဝိသယဝိဇာနနမတ္တဋ္ဌေန ဝိညာဏစရိယာတိ ဒေဿတုံ နီရာဂါ စရဟီတိအာဒိမာဟ၊ ဝိညာဏံ ဟိ ရာဂါဒိသမ္ပယောဂေ သဒ္ဓါဒိသမ္ပယောဂေ စ အဝတ္တန္တရံ ပါပုဏတိ၊ တေသု အသတိ သကာဝတ္ထာယမေဝ တိဋ္ဌတိ။ တသ္မာ နီရာဂါဒိဝစနေန တေသံ ဝုတ္တဝိညာဏာနံ ဝိညာဏကိစ္စမတ္တံ ဒေဿတိ
မြန်မာပြန်- ယခုအခါ အာရုံကို သိခြင်း အတိုင်းအရှည် ရှိသည်၏ အဖြစ်တည်းဟူသော အနက်ကြောင့် (ဝါ) အာရုံကိုသိရုံမျှ ဟူသောအနက်သဘောကြောင့် ဝိညာဏစရိယာမည်၏ဟု ပြခြင်းငှာ နိရာဂါစရတိ စသောစကားကို မိန့်ဆိုတော်မူ၏၊ အကျယ်ဖော်ပြရလျှင် ဝိညာဏ်သည် ရာဂ စသည်နှင့် ယှဉ်စပ်ခြင်း သို့မဟုတ် သဒ္ဓါစသည်နှင့် ယှဉ်စပ်ခြင်းရှိမှသာ အခိုက်အတန့် တပါးသို့ အခိုက်အတန့်တမျိုးသို့ သဘောတမျိုးသို့ ရောက်သွားတတ်သည်။

ရာဂ စသည်နှင့် ယှဉ်စပ်ခြင်း ဒေါသ စသည်နှင့် ယှဉ်စပ်ခြင်း မရှိခဲ့လျှင် မိမိ၏ အခိုက်အတန့်၌သာ (ဝါ) မိမိ၏အာရုံ သိရုံမျှ သဘော၌သာ တည်နေ၏၊ ထို့ကြောင့် နီရာဂါစရတိ အစရှိသောစကားဖြင့် ဆိုအပ်ခဲ့ပြီးသော ၁၈-ခုသော ထိုအဟိတ်စိတ် ဝိညာဏ်တို့၏ ဝိညာဏကိစ္စမျှကိုသာ ဖော်ပြပေသည်။

အနုသေန္တီတိ အနုသယာ၊ နိရဒသယာတိ ဝတ္တဗ္ဗေ နာနုသယာဘိ ဝုတ္တံ၊ သောယေဝတ္တော။ ပရိယုဋ္ဌာနပ္ပတ္တာနမောဝတ္ထ အတာဝေါ ဝေဒိတဗ္ဗော န ဟိ ဝိညာဏစရိယာ ပဟီနာနုသယာနံယေဝ ဝုတ္တာ။
(ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ နှာ-၂၆၆)
မြန်မာပြန်- ဖြစ်ပေါ်ခြင်းငှာ လျောက်ပတ်သောအကြောင်းကိုရလျှင် ဖြစ်ပေါ်လာတတ်ကုန်သောကြောင့် အနုသယတို့ မည်ကုန်၏၊ နိရာနုသယဟု ဆိုသင့်လျက် နာနုသယဟု ဆိုထားအပ်သည်၊ အနုသယ မရှိဟူသော၊ နိရာနုသယ၏ အနက်သည်ပင် နာနုသယ၏ အနက်ဖြစ်၏၊ အနုသယမရှိ ဆိုရာ၌ ထကြွသောင်းကျန်းမှု ပရိယုဋ္ဌာန အခိုက်သို့ရောက်လာသော ပရိယုဋ္ဌာန ကိလေသာတို့သာ မရှိခြင်းကို သိရမည်။ မှန်ပေသည်- အနုသယပယ်ပြီး ပုဂ္ဂိုလ်တို့ အတွက်သာ ဝိညာဏစရိယကို ဟောထားသည် မဟုတ်။

ဤ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာစကားကို အထူး သတိပြုသင့်သည်၊ အဘယ့်ကြောင့်ဆိုသော် ဖော်ပြခဲ့သော ဝိညာဏစရိယ အမည်ရသော အဟိတ်စိတ် ၁၈-ခုတို့ကို ရာဂမရှိပဲ ဖြစ်တတ်သောကြောင့် နိရာဂစိတ် အနုသယမရှိပဲ ဖြစ်တတ်သောကြောင့် နာနုသယစိတ် စသည်မည်ကြောင်း ပါဠိတော်က ပြလျက်ရှိရာ ရာဂ, လောဘ, ဒေါသ စသော အကုသိုလ် စေတသိက်တို့ အဟိတ်စိတ်တွင် မယှဉ်သည်မှာ သင်္ဂြိုလ်စေတသိက်ပိုင်းသင်ပြီး တက်ပြီးသော သီလရှင်ငယ်ကလေးများပင် သိနိုင်ကြပေသည်။

အနုသယမရှိပဲဖြစ်တတ်သောကြောင့် နာနုသယစိတ်မည်၏ဟု ဆိုရာတွင် ထကြွသောင်းကျန်းမှု ပရိယုဋ္ဌာန အခိုက်သို့ရောက်သော ကိလောသာတို့သာ မရှိခြင်းဖြစ်သည်။ ကိန်းနေသော (ထကြွ သောင်းကျန်းစရာ အကြောင်းနှင့် တိုက်ဆိုင်လာလျှင် ဖြစ်ပေါ်လာနိုင်သော) အနုသယကိလေသာတို့အား ရဟန္တာပုဂ္ဂိုလ်တို့၏ သန္တာန်၌ဖြစ်သော အဟိတ်စိတ်မှတပါး ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်တို့၏ သန္တာန်၌ဖြစ်သော အာဝဇ္ဇန်းဒွေး, ပဉ္စဝိညာဏ်တဆယ် သမ္ပဋိစ္ဆိုင်းဒွေး သန္တီရဏသုံးခု ဟူသော ၁၇-ခုသော အဟိတ်စိတ်တို့၌ ကိန်းထိုက်သော အနုသယအားလျော်စွာ ကိန်းလျက်ရှိသည်ကို သတိပြုသင့်ပေသည်။ ရဟန္တာပုဂ္ဂိုလ် သက်သက်၌သာဖြစ်သော ဟသိတုပ္ပါဒ် ဝိညာဏစရိယာစိတ်မှာမူ မည်သည့် အနုသယကိလေသာမျှ မကိန်းတော့ပေ။

ဤသို့ ပရိယုဋ္ဌာန ကိလေသာ မရှိရုံမျှကိုသာ ရည်ရွယ်၍-

ပကတိ ပရိသုဒ္ဓမိဒံ စိတ္တံ နိတ္တိလေသဋ္ဌေနာတိ ဝိညာဏစရိယာ-

ဟု ပဋိသမ္ဘိဒါမဂ် ပါဠိတော် (၇၈)၌ ဟောတော်မူသည်။

အနက်။။ဣဒံ စိတ္တံ၊ ဤတစ်ဆယ့်ရှစ်ပါးသော အဟိတ်စိတ်သည်။ နိတ္ထိလေသဋ္ဌေန၊ ရဟန္တာပုဂ္ဂိုလ်တို့၏ သန္တာန်၌ဖြစ်မူ အနုသယကိလေသာ မရှိဟူသော အနက်သဘော, ပုထုဇဉ် သေက္ခသန္တာန်၌ ဖြစ်မူ ပရိယုဠာနကိလေသာမျှသာ မရှိသော အနက်သဘောကြောင့်။ ပကတိပဋိသုဒ္ဓံ၊ ပြကတော့ အလိုလိုသဘောအားဖြင့် စင်ကြယ်၏၊ ဣတိ တသ္မာ၊ ဤသို့ဖြစ်တတ်သောကြောင့်။ ဝိညာဏစရိယာ၊ အာရုံကို သိတတ်သောအားဖြင့် ဖြစ်တတ်သော ဝိညာဏစရိယာ မည်၏-

ဟု မိန့်ဆိုထားလေသည်။

ဖော်ပြခဲ့သော ပဉ္စဒွါရာဝဇ္ဇန်း ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်းဒွေး သန္တိရဏ သုံးခု မနောဒွါရာဝဇ္ဇန်း ဟူသော ဤဝိညာဏစရိယ စိတ်တို့၌ ပကတိအားဖြင့် ပရိယုဋ္ဌာနကိလေသာမှ စင်ကြယ်နေသည်ကို မည်သို့မျှ အရေးတယူ အထင်တကြီး မဖြစ်သင့်ပေ၊ ရေးကြီးခွင်ကျယ် လုပ်၍လည်း ပြောဆိုမနေသင့်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းစိတ်များသည် ခွေး, ဝက်, ကြက်, ငှက် စသော တိရစ္ဆာန်တို့မှာပင် ဖြစ်သောကြောင့်တည်း။

ဆက်လက်၍ စိစစ်ပြန်သော် စုဒိတက ဆရာတော်တို့၏ အမှတ် ၁၂-စောဒနာချက်ကို သောဓနာပြုရာတွင် အတိုင်းတိုင်း ဋီကာကျမ်းဆရာ ကိုးကားထားခြင်းမှာ အတိုင်းတိုင်း မထားသောစိတ်နှင့် အတိုင်းတိုင်းထားသော စိတ်များအတွက်သာဖြစ်၍၊ သရာဂ စသော ရှေ့ပိုင်းစိတ်များသည် အတိုင်းတိုင်း မထားသော စိတ်များဖြစ်၍, ဝီတရာဂ စသော စိတ်များသည် အတိုင်းတိုင်းထားသော စိတ်များ ဖြစ်ပါသည်၊ ထို့ကြောင့် သာဓက သာဓျ နှစ်ဌာန ဟပ်မိနေပါသည် ဟူသော ချေပချက်စကားမှာ 'အခုနေ အခါမှာ ခင်ဗျားတို့ လောဘတွေ ဖြစ်နေသလား။ပ။ ဒေါသ မဟုတ်တဲ့ စိတ်အတိုင်းတိုင်း ပါပဲ၊ လောဘ မဖြစ်လေတော့ လောဘ မဖြစ်တဲ့ စိတ်အတိုင်းတိုင်း၊ အဲဒါပြောတာ ဤလိုဟောတာ' ဟူသော မူလကျောက်သင်္ဘောဆရာတော်၏ စကားသာဓျကို သာဓကပြုပေးလိုက်သဖြင့် သာဓက သာဓျ ဟပ်မိနေသည်ဟု ဆိုလိုကြောင်း ယူဆကြသည်။

အကျယ်ကို ဆိုရမူ အတိုင်းတိုင်းဋီကာ စာမျက်နှာ ၃၄-၌ 'စိတ်အတိုင်းတိုင်း မထားသော စိတ်နှင့် စိတ်အတိုင်းတိုင်းထားသော စိတ်ကိုပင်လျှင် သရာဂစိတ်နှင့် ဝီတရာဂစိတ်ဟူ၍ မြတ်စွာဘုရားသခင်သည် ဝိဘင်းပါဠိတော်ကြီးတွင် 'ဟောကြားတော် မူခဲ့လေသည်' ဟူသော စကားကို အစချီကာ 'ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခူ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ' အစရှိသော သတိပဋ္ဌာနဝိဘင်း စိတ္တာနုပဿနာပိုင်းလာ စကားတော်များကို ဖော်ပြလျက် သရာဂ စသော စိတ်များကို အတိုင်းတိုင်းမထားသောစိတ်, ဝီတရာဂ စသော စိတ်များကို အတိုင်းတိုင်းထားသော စိတ်ဟု ဆိုခြင်းသည် အတိုင်းတိုင်းဋီကာရှင်၏ သဘောမျှဖြင့် မြတ်စွာဘုရား၏ ဒေသနာတော်ကို ကျောက်သင်္ဘောဝါဒ၏ သာဓကအဖြစ် လွဲမှားစွာ အသုံးပြုထားကြောင်း တွေ့ရပေသည်။ အမှန်မှာ မြတ်စွာဘုရား ဟောထားသော သတိပဋ္ဌာန် ဒေသနာတော် အားလုံးနှင့်တကွ တရားတော်များသည် အတိုင်းတိုင်း မထားသောတရား, အတိုင်းတိုင်းထားသော တရားကို ခွဲခြားဖော်ပြကြသည် မဟုတ်ပေ၊ စိတ် စိတ်အတိုင်းတိုင်းထား, စိတ် စိတ်အတိုင်းတိုင်းနေ ဟူသော ကျောက်သင်္ဘောဝါဒနှင့် လုံးဝမပတ်သက်ချေ၊ ကျောက်သင်္ဘောဝါဒက တခြား ဗုဒ္ဓဝါဒက တဘာသာ ဖြစ်ချေသည်။

ထင်ရှားအောင် ဖော်ပြရသော် ဒီဃနိကာယ မဟာဝဂ္ဂအဋ္ဌကထာ(၃၆၇) မဟာသတိပဋ္ဌာနသုတ် အဖွင့်၌-

ဣတိ အဇ္ဈတ္တံ ဝါတိ ဧဝံ သရာဂါဒိ ပရိဂ္ဂဏှနေန ယသ္မိံ ယသ္မိံ ခဏေ ယံ ယံ စိတ္တံ ပဝတ္တိ၊ တံ တံ သလ္လက္ခေန္တော အတ္တနော ဝါ စိတ္တေ, ပရဿ ဝါ စိတ္တေ, ကာလေန ဝါ အတ္တနော, ကာလေန ဝါ ပရဿ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ သမုဒယဝယဓမ္မာနုပဿီတိ ဧတ္ထ ပန အဝိဇ္ဇာသမုဒယာ ဝိညာဏသမုဒယောတိ ဧဝံ ပဉ္စဟိ ပဉ္စဟိ အာကာရေဟိ ဝိညာဏဿ သမုဒယော စ ဝယော စ နီဟရိတဗ္ဗော။ ဣတော ပရံ ဝုတ္တနယမေဝ။ ကေဝလဥှိ ဣဓ စိတ္တပရိဂ္ဂါဟိကာ သတိ ဒုက္ခသစ္စန္တိ ဧဝံ ပဒယောဇနံ ကတွာ စိတ္တပရိဂ္ဂါဟကဿ ဘိက္ခုနော နိယျာနမုခံ ဝေဒိတဗ္ဗံ။

ဣတိ အဇ္ဈတ္တံ ဝါတိ ဧတ္ထ၊ ဤဆိုအပ်ပြီးသောနည်းဖြင့် မိမိ၏ စိတ်၌မူလည်း ဟူသော စကားတော်၌။ အတ္ထော၊ အနက်ကို။ ဧဝံ၊ ဤသို့။ ဝေဒိတဗ္ဗော၊ သိအပ်၏၊ ဧဝံ သရာဂါဒိပရိဂ္ဂဏှနေန၊ ဤသို့ ရာဂနှင့်တကွ ဖြစ်သော စိတ်စသည်ကို သိမ်းဆည်းခြင်း ရှုမှတ်ခြင်း ဖြင့်။ ယသ္မိံ ယသ္မိံ ခဏေ၊ အကြင်အကြင်ခဏ၌။ ယံ ယံ စိတ္တံ၊ အကြင်အကြင်စိတ်သည်။ ဝတ္တတိ၊ ဖြစ်၏၊ တသ္မိံ တသ္မိံ ခဏေ၊ ထိုထိုဖြစ်ဆဲခဏ၌။ တံ တံ၊ ထိုထိုဖြစ်ဆဲစိတ်ကို။ သလ္လက္ခေန္တော၊ မှတ်လျက်။ ဝါ၊ မှတ်သောသူသည်။ အတ္တနော၊ မိမိ၏၊ စိတ္တေ ဝါ၊ စိတ်၌သော်၎င်း။ ပရဿ၊ သူတပါး၏၊ စိတ္တေ ဝါ၊ စိတ်၌သော်၎င်း။ ကာလေန၊ ရံခါ။ အတ္တနော၊ မိမိ၏၊ စိတ္တေ ဝါ၊ စိတ်၌သော်၎င်း။ ကာလေန၊ ရံခါ။ ပရဿ၊ သူတပါး၏၊ စိတ္တေ ဝါ၊ စိတ်၌သော်၎င်း။ စိတ္တာနုပဿီ၊ စိတ်ဟု အဖန်တလဲလဲ ရှုသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏၊

သမုဒယ ဝယဓမ္မာနုပဿီတိ ဧတ္ထပန၊ စိတ်ဖြစ်ကြောင်း ပျက်ကြောင်းတရားကို အဖန်အလဲလဲ ရှုမြင်လျက်မူလည်း နေ၏ဟူသော ဤစကားတော်၌ကား အဝိဇ္ဇာ သမုဒယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့် ဝိညာဏသမုဒယော၊ ဝိညာဏ်ဖြစ်၏၊ ဣတိ ဧဝံ၊ ဤသို့ အစရှိသည်ဖြင့်။ ပဉ္စဟိ ပဉ္စဟိ အာကာရေဟိ၊ ငါးပါး ငါးပါးသော အကြောင်းတို့ဖြင့်။ ဝိညာဏဿ၊ ဝိညာဏ်၏၊ ဝါ၊ စိတ်၏၊ သမုဒယော စ၊ ဖြစ်ကြောင်းနှင့်တကွ ဖြစ်ခြင်းကို၎င်း။ ဝယော စ၊ ပျက်ကြောင်းနှင့်တကွ ပျက်ခြင်းကို၎င်း။ နီဟရိတဗ္ဗော၊ ထုတ်ဆောင်အပ်၏၊ ဣတော၊ ဤဆိုအပ်ပြီးသည်မှ။ ပရံ၊ တပါးသော ဖွင့်ဆိုဖွယ်သည်။ ဝုတ္တနယမေဝ၊ ဆိုအပ်ပြီးသော နည်းရှိသည်သာတည်း။ ဟိ၊ ဆက်၍ ဆိုဦးအံ့။ ကေဝလံ၊ ပုဂ္ဂိုလ်သတ္တဝါနှင့် မရောမဖက် သက်သက်။ ဣဓ၊ ဤစိတ္တာနုပဿနာခန်း၌။ ဝါ၊ စိတ်ကိုရှုမြင်ရာ၌။ စိတ္တပရိဂ္ဂါဟိကာ၊ တပ်မက်မှုရာဂနှင့် တကွဖြစ်သော စိတ်, တပ်မက်မှုရာဂကင်းသော စိတ် စသည်ကို သိမ်းဆည်းတတ်သော။ သတိ၊ အသိဉာဏ်နှင့်တကွ အမှတ်ရမှုသည်။ ဒုက္ခံ၊ ဒုက္ခသစ္စာတည်း။ ဣတိ ဧဝံ၊ ဤသို့။ ပဒယောဇနံ၊ ပုဒ်ကိုယှဉ်စပ်ခြင်းကို။ ကတွာ၊ ပြု၍။ စိတ္တပရိဂ္ဂါဟိကဿ၊ စိတ်ကို သိမ်းဆည်းတတ် ရှုတတ်သော။ ဘိက္ခုနော၊ လူ, နတ်, ဗြဟ္မာ, မိန်းမ, ယောက်ျား မကျန် ရှုမှတ်သူ မှန်သမျှ၏၊ နိယျာနမုခံ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်း၏ အကြောင်းကို။ ဝေဒိတဗ္ဗံ၊ သိအပ်၏၊

အဓိပ္ပါယ်ကား။။တပ်မက်သာယာသော စိတ်ဖြစ်လာလျှင် တပ်မက်သာယာသောစိတ် ဖြစ်မှန်းသိရမည်။ တပ်မက်သာယာသောစိတ် ကင်းပျောက်သွားသဖြင့် တပ်မက်သာယာမှုကင်းသောစိတ် ဖြစ်လာလျှင် တပ်မက်သာယာမှုကင်းသောစိတ် ဖြစ်မှန်းသိရမည်။ မပြတ်ရှုမှတ်နေသော ပုဂ္ဂိုလ်များကို ဆိုလိုသည်။ ဘာသိဘာသာနေရာမှ ပြောသံကြားဖြင့် သာယာစိတ်ဖြစ်မှန်း, သာယာကင်းသော စိတ်ဖြစ်မှန်း တခါတရံသိသူကို ဆိုလိုသည် မဟုတ်ပေ။

မပြတ်ရှုမှတ်နေသော ပုဂ္ဂိုလ်များမှာ တခါတရံ သာယာမှုစိတ် ဖြစ်ချင်လည်း ဖြစ်တတ်လေရာ ဖြစ်လာလျှင် ဖြစ်လာခြင်းဖြင့် သာယာသောစိတ် ဖြစ်မှန်းသိရမည်။ ယင်းသို့ သိနေရာမှ သာယာမှုစိတ် ပျောက်ကင်းပြီး မသာယာသောစိတ် ဖြစ်လာလျှင် ဖြစ်လာခြင်းခြင်း သိရမည်ကို ဆိုလိုသည်။ ယင်းသို့ ပြောင်းလဲဖြစ်ပေါ်လာသမျှ စိတ်ကို ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်း 'သလ္လက္ခန္တော' မှတ်နေသူ မှတ်သိနေသူသည် 'စိတ္တာနုပဿီ' သိမှုစိတ်ကို ရှုမြင်နေသူ ဖြစ်သည်။ စိတ္တာနုပဿနာ အားထုတ်သူသည် ဖြစ်ပေါ်လာသမျှ စိတ်ကို ရှုသိနေရမည်ဟု ဆိုလိုသည်။

ယင်းသို့ ရှုသိနေသူသည် စိတ်၏ဖြစ်မှု 'ဥဒယ' ကိုသာ သိသည်မဟုတ်၊ 'ဝယ' ပျက်မှုကိုလည်း သိသည်။ စိတ်၏ ဖြစ်မှုပျက်မှု နှစ်ခုစလုံးကို ရှုသိနေခြင်းသည် ယင်းပုဂ္ဂိုလ်၏ နိယျာနမုခ = ဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း ဖြစ်တော့သည်ဟု အဋ္ဌကထာဆရာက ဘုရားရှင် အလိုတော်ကျအတိုင်း ဖွင့်ပြတော်မူသည်။ စိတ်ကို အတိုင်းတိုင်းထားဖို့ ဘုရားရှင်ကလည်း မဟော၊ အဋ္ဌကထာကလည်း ဖွင့်ပြတော်မူသည် မဟုတ်-ဟု ဝိနည်းဓိုရ်ဆရာတော်များက ပိုင်းခြားတော်မူကြသည်။

စိတ္တာနုပဿနာခန်း၌ ဘုရားရှင် ထုတ်ပြတော်မူသော သရာဂစိတ် ဝီတရာဂစိတ် သဒေါသစိတ် ဝီတဒေါသစိတ် စသည်တို့တွင် ဝီတရာဂ=ရာဂကင်းသောစိတ်, ဝီတဒေါသ=ဒေါသကင်းသောစိတ် တို့ကိုမှ (ကျောက်သင်္ဘောဆရာတော်၏ ဟောနည်းအရအားဖြင့် တရားနာနေစဉ် လောဘမဖြစ်သော စိတ်၊ ဒေါသ မဖြစ်သောစိတ်တို့ကိုမှ) အတိုင်းတိုင်း ထားလိုကြသည်။ သရာဂစိတ်, သဒေါသစိတ်= ရာဂဖြစ်သောစိတ်, ဒေါသဖြစ်သောစိတ်တို့ကို အတိုင်းတိုင်း ထားဖို့မဆိုထားနှင့် စပ်၍ပင် မပြောလိုကြပေ။ ယင်းသို့ ကောင်းသည့်စိတ်ကိုမှ အတိုင်းတိုင်း ထားလိုကြလျှင် မဟဂ္ဂုတ် စျာန်စိတ်၊ အနုတ္တရ= သူ့ထက်အမြတ်မရှိသောစိတ်၊ သမာဟိတ= တည်ကြည်သောစိတ်၊ ဝိမုတ္တ= ကိလေသာမှ လွတ်သောစိတ်တို့ကို မည်သို့အတိုင်းတိုင်း ထားကြမည်နည်း။ ကျောက်သင်္ဘောဆရာတော်၏ အတိုင်းတိုင်းထားနည်းအရ ယင်းစိတ်များကို နိဗ္ဗာန်နှင့် မည်သို့ အတိုင်းတိုင်း ထားမည်နည်း နေမည်နည်းဟု ပြန်၍မေးစရာ ရှိပေတော့သည်။

အတိုင်းတိုင်းဋီကာ၊ စာမျက်နှာ (၃၇၊၃၈)တွင်လည်း 'တနည်း ဝီတရာဂစိတ်၊ ဝီတဒေါသစိတ်၊ ဝီတမောဟစိတ်၊ ဝိမုတ္တစိတ် တို့ကို ပွားများကျင့်သုံး၍ နေကြ။ပ။ စိတ်အတိုင်းတိုင်းဟူ၍ အနတ္တသဘောအတိုင်း ထားခိုင်းခြင်းဖြစ်လေသည်' ဟု ပါရှိရာ- ဝီတရာဂစိတ်၊ ဝီတဒေါသစိတ်၊ ဝီတမောဟစိတ်၊ ဝိမုတ္တစိတ်တို့ကိုသာ ကွက်၍ စိတ်အတိုင်းတိုင်း ထားခိုင်းထားသည်ကို တွေ့ရပြန်ပေသည်။

ထိုတွင်-

ဝီတရာဂ= ရာဂကင်းသောစိတ် အရ လောကီကုသိုလ် အဗျာကတစိတ်၊

ဝီတဒေါသ=ဒေါသကင်းသောစိတ်အရလည်း ယင်း လောကီ ကုသိုလ် အဗျာကတစိတ်များပင်၊

ဝီတမောဟ= မောဟကင်းသော စိတ်အရလည်း ယင်းနှင့်အတူပင်၊

ဝိမုတ္တ= ကိလေသာမှလွတ်သော စိတ်အရမှာ တဒင်္ဂအားဖြင့် ကိလေသာမှလွတ်သော ကာမာဝစရကုသိုလ်စိတ်နှင့် မဟဂ္ဂုတ်စိတ်များ ဖြစ်လေရာ ဆိုအပ်ပြီးသော-

ဝီတရာဂ ဝီတဒေါသ ဝီတမောဟ ဝိမုတ္တ စိတ် အားလုံးကိုပင် အတိုင်းတိုင်း စိတ်အရ ယူစေလိုဟန် ရှိသည်။ ယင်းသို့ ယူစေလိုလျှင် 'မဟာဝိပါက် မဟာကြိယာစိတ်, မဟဂ္ဂုတ်ဝိပါက် မဟဂ္ဂုတ်ကြိယာစိတ်' ဟူသော ဝီတရာဂ ဝီတဒေါသ ဝီတမောဟစိတ်, ဝိတ္ခမ္ဘန ဝိမုတ္တဖြစ်သော မဟဂ္ဂုတ်ကုသိုလ် ကြိယာစိတ်များဖြင့် အဘယ်သို့ အတိုင်းတိုင်းထား၍ အနတ္တသဘော ထားရမည်နည်းဟု မေးရန် ရှိလာပြန်လေသည်။

မဟာကြိယာစိတ် မဟဂ္ဂုတ်ကြိယာစိတ်များသည် ရဟန္တာတို့မှာသာ ဖြစ်သော စိတ်များဖြစ်သည်။ မဟာဝိပါက်စိတ်မှာကား ကာမသုဂတိဘုံ၌ ပဋိသန္ဓေ, ဘဝင်, စုတိ, တဒါရုံ ကိစ္စတပ်သော စိတ်ဖြစ်သည်။ မဟဂ္ဂုတ် ဝိပါက်စိတ်မှာ ရူပ, အရူပ ဗြဟ္မာဘုံ၌ ဖြစ်ကြသော ဗြဟ္မာတို့၏ ပဋိသန္ဓေ, ဘဝင်, စုတိ ကိစ္စတပ်သော စိတ်ဖြစ်သည်။ အတိုင်းတိုင်း ထားဖို့ အရာမဟုတ်သောစိတ်, မတန်မရာသော စိတ်များသာ ဖြစ်ခဲ့လေသည်။ အနုတ္တရစိတ်ကိုမှ အတိုင်းတိုင်း စိတ်တွင်ထည့်၍ အတိုင်းတိုင်းဋီကာဆရာ မဆိုလေသည်မှာ အနုတ္တရ= သူ့ထက် အသာမရှိသောစိတ် ဖြစ်နေ၍ အတိုင်းတိုင်းစိတ်တွင် ထည့်ဖို့ ဝန်လေးဟန်ရှိ၍ မထည့်ဟန် တူပေသည်။ အမှန်မှာ ဝန်လေးဖွယ် မဖြစ်သင့်ပေ။ 'အနုတ္တရန္တိ ရူပါဝစရံ အရူပါဝစရဉ္စ'ဟု အဋ္ဌကထာ ဖွင့်ဆိုထားသဖြင့် ဝိမုတ္တစိတ်ကိုပင် အတိုင်းတိုင်း ထားခိုင်းနိုင်လျှင် အနုတ္တရစိတ်ကိုလည်း အတိုင်းတိုင်း ထားခိုင်းရဲရမည်သာ ဖြစ်ချေသည်။

စိတ္တာနုပဿနာခန်းစိတ္တာနုပဿနာနည်းအရ အမှန်ဖြစ်သည့်သဘောမှာ စျာန်ရသော ပုထုဇဉ်, သေက္ခပုဂ္ဂိုလ်များ စျာန်မှထ၍ မဟဂ္ဂုတ်ကုသိုလ် စျာန်စိတ်ကို ပြန်၍ရှုသောအခါ စျာန်ရ ရဟန္တာအရှင်တို့ မဟဂ္ဂုတ်ကြိယာစျာန်မှ ထ၍ ယင်းစျာန်စိတ်ကို ပြန်၍ရှုသောအခါ သမ္မသနစာရ= သုံးသပ်ခံ အရှုခံ စိတ်များဖြစ်သောကြောင့် ဤ စိတ္တာနုပဿနာခန်း၌ ဘုရားရှင်ထည့်သွင်း၍ ဟောတော်မူခြင်း ဖြစ်ပေသည်-

ဝီတရာဂန္တိ လောကိယကုသလာဗျာကတံ။ ဝီတဒေါသန္တိ လောကိယကုသလာဗျာကတံ။ ဝီတမောဟန္တိ လောကိယကုသလာဗျာကတံ။ မဟဂ္ဂတန္တိ ရူပါရူပါဝစရံ။ သဥတ္တရန္တိ ကာမာဝစရံ။ အနုတ္တရန္တိ ရူပါဝစရံ အရူပါဝစရဉ္စ။ တတြာပိ သဥတ္တရံ ရူပါဝစရံ၊ အနုတ္တရံ အရူပါဝစရမေဝ။ သမာဟိတန္တိ ယဿ အပ္ပနာသမာဓိ ဥပစာရသမာဓိ ဝါ အတ္ထိ။ ဝိမုတ္တန္တိ တဒင်္ဂဝိက္ခမ္ဘနဝိမုတ္တီဟိ ဝိမုတ္တံ။ အဝိမုတ္တန္တိ ဥဘယဝိမုတ္တိဝိရဟိတံ။ သမုစ္ဆေဒပဋိပ္ပဿဒ္ဓိနိဿရဏဝိမုတ္တီနံ ပန ဣဓ ဩကာသောဝ နတ္ထိ။

(ဒီဃနိကာယအဋ္ဌကထာ ဒုတိယ၊ ၃၆၆၊ ၃၆၇)

တဒင်္ဂဝိမုတ္တိယာ ဝိမုတ္တံ ကာမာဝစရကုသလစိတ္တံ၊ ဝိက္ခမ္ဘနဝိမုတ္တိယာ ဝိမုတ္တံ မဟဂ္ဂတစိတ္တန္တိ တဒုဘယံ သန္ဓာယာဟ 'တဒင်္ဂဝိက္ခမ္ဘနဝိမုတ္တီဟိ ဝိမုတ္တ'န္တိ။ ယတ္ထ တဒုဘယဝိမုတ္တိ နတ္ထိ၊ တံ ဥဘယဝိမုတ္တိရဟိတန္တိ ဂယှမာနေ လောကုတ္တရစိတ္တေပိ သိယာ သင်္ကာတိ တန္နိဝတ္တနတ္ထံ 'သမုစ္ဆေဒ။ပ။ ဩကာသောဝ နတ္ထီ'တိ အာဟ။ ဩကာသဘာဝေါ စ သမ္မသနစာရဿ အဓိပ္ပေတတ္တာ ဝေဒိတဗ္ဗော။ (ဒီဃနိကာယဋီကာ ဒုတိယ ၃၁၄)

လောကိယကုသလာဗျာကတံ၊ လောကီကုသိုလ် အဗျာကတစိတ်သည်။ ဝီတရာဂန္တိ ဝီတရာဂံ နာမ၊ ရာဂကင်းသော စိတ်မည်၏၊ (ဝီတဒေါသ၊ ဝီတမောဟအရာ၌- အနက်တူ၏) ရူပါရူပါဝစရံ၊ ရူပစိတ်အရူပစိတ်သည်။ မဟဂ္ဂတန္တိ မဟဂ္ဂတံ နာမ၊ မဟဂ္ဂုတ်စိတ်မည်၏၊ ကာမာဝစရံ၊ ကာမာဝစရစိတ်သည်။ သဥတ္တရန္တိ သဥတ္တရံ နာမ၊ မိမိထက်အသာအလွန်ရှိသော စိတ်မည်၏၊ ရူပါဝစရဉ္စ၊ ရူပါဝစရစိတ်သည်၎င်း။ အရူပါဝစရဉ္စ၊ အရူပါဝစရစိတ်သည်၎င်း။ အနုတ္တရန္တိ အနုတ္တရံ နာမ၊ အနုတ္တရစိတ်မည်၏၊ တတြာပိ၊ ထိုရူပါဝစရ, အရူပါဝစရ စိတ်နှစ်ခုတွင်လည်း။ ရူပါဝစရံ၊ ရူပါဝစရစိတ်သည်။ သဥတ္တရံ၊ အသာအလွန်ရှိသောစိတ် မည်၏၊ အရူပါဝစရမေဝ၊ အရူပါဝစရစိတ်သည်သာလျှင်။ အနုတ္တရံ၊ အသာအလွန်မရှိသောစိတ် မည်၏၊ ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ယော အပ္ပနာသမာဓိ ဥပစာရသမာဓိ၊ အကြင်စျာန်ဟူသော အပ္ပနာသမာဓိ, စျာန်၏အနီးဟူသော ဥပစာရသမာဓိသည်။ အတ္ထိ၊ ရှိ၏၊ တဿ၊ ထို ပုဂ္ဂိုလ်၏၊ သော၊ ထိုအပ္ပနာသမာဓိ, ဥပစာရသမာဓိသည်။ သမာဟိတန္တိ သမာဟိတံ နာမ၊ တည်ကြည်သော စိတ်မည်၏၊ တဒင်္ဂဝိက္ခမ္ဘနဝိမုတ္တီဟိ၊ တဒင်္ဂအားဖြင့် လွတ်ခြင်း, ဝိက္ခမ္ဘနအားဖြင့် လွတ်ခြင်းတို့ဖြင့်။ ဝိမုတ္တံ၊ ကိလေသာမှ လွတ်သော စိတ်သည်။ ဝိမုတ္တန္တိ ဝိမုတ္တံ နာမ၊ ကိလေသာမှ လွတ်သော စိတ် မည်၏၊ ဥဘယဝိမုတ္တိဝိရဟိတံ၊ တဒင်္ဂဝိမုတ္တိ, ဝိက္ခမ္ဘနဝိမုတ္တိ နှစ်မျိုးမှ ကင်းသော စိတ်သည်။ အဝိမုတ္တန္တိ အဝိမုတ္တံ နာမ၊ ကိလေသာမှ မလွတ်သော စိတ်မည်၏၊ ပန၊ ဆက်ဦးအံ့။ ဣဓ၊ ဤစိတ္တာနုပဿာအရာ၌။ သမုစ္ဆေဒပဋိပ္ပဿဒ္ဓိနိဿရဏဝိမုတ္တီနံ၊ မဂ်စိတ်ဟူသော သမုစ္ဆေဒဝိမုတ္တိ, ဖိုလ် စိတ်ဟူသော ပဋိပ္ပဿဒ္ဓိဝိမုတ္တိ, နိဗ္ဗာန်ဟူသော နိဿရဏဝိမုတ္တိတို့၏၊ ဩကာသောဝ၊ အရှုခံတရားတွင် ပါဝင်ခွင့်သည်ပင်။ နတ္ထိ၊ မရှိသည်သာတည်း။ (အဋ္ဌကထာ အနက်)

ကာမာဝစရကုသလစိတ္တံ၊ ကာမာဝစရကုသိုလ်စိတ်သည်။ တဒင်္ဂဝိမုတ္တိယာ၊ တဒင်္ဂအားဖြင့် ကိလေသာမှ လွတ်မြောက်ခြင်းဖြင့်။ ဝိမုတ္တံ၊ လွတ်သောစိတ်တည်း။ မဟဂ္ဂတစိတ္တံ၊ မဟဂ္ဂုတ်စိတ်သည်။ ဝိက္ခမ္ဘနဝိမုတ္တိယာ၊ ခွာခြင်းအားဖြင့် ကိလေသာမှ လွတ်ခြင်းဖြင့်။ ဝိမုတ္တံ၊ လွတ်သောစိတ်တည်း။ တဒုဘယံ၊ ထိုနှစ်မျိုးသော စိတ်ကို။ သန္ဓာယ၊ ရည်ရွယ်၍။ တဒင်္ဂဝိက္ခမ္ဘနဝိမုတ္တီဟိ ဝိမုတ္တန္တိ၊ တဒင်္ဂဝိက္ခမ္ဘနဝိမုတ္တီဟိ ဝိမုတ္တံ ဟူ၍။ အာဟ၊ အဋ္ဌကထာဆရာမိန့်ဆိုတော်မူ၏၊ ယတ္ထ၊ အကြင်စိတ်၌။ တဒုဘယဝိမုတ္တိ၊ ထိုနှစ်မျိုးသော တဒင်္ဂ, ဝိက္ခမ္ဘနဝိမုတ္တိသည်။ နတ္ထိ၊ မရှိချေ။ တံ၊ ထိုစိတ်သည်။ ဥဘယဝိမုတ္တိရဟိတံ၊ တဒင်္ဂ, ဝိက္ခမ္ဘနဝိမုတ္တိ နှစ်မျိုးမှ ကင်းသော စိတ်တည်း။ ဣတိ၊ ဤသို့။ ဂယှမာနေ၊ ယူလုလတ်သော်။ လောကုတ္တရစိတ္တေပိ၊ လောကုတ္တရာစိတ်၌လည်း။ သင်္ကာ၊ အဝိမုတ္တစိတ် အရ ယူရမည်လောဟူသော ယုံမှားဖွယ်သည်။ သိယာ၊ ဖြစ်နိုင်ရာ၏၊ တန္နိဝတ္ထနတ္ထံ၊ ထိုယုံမှားဖွယ်ကို နစ်စေခြင်း တားမြစ်ခြင်း အကျိုးငှာ။ သမုစ္ဆေဒ။ပ။ဩကာသောဝ နတ္ထီတိဥမုစ္ဆေဒ။ပ။ ဩကာသောဝ နတ္ထိဟူသော စကားကို။ အာဟ၊ အဋ္ဌကထာဆရာ မိန့်ဆိုတော်မူ၏၊ ၊ ဆက်ဦးအံ့။ သမ္မသနစာရဿ၊ ခယဝယ အဖြစ်အပျက်ကိုရှုမြင်သုံးသပ်ထိုက်သော။ ဝါ၊ ဝိပဿနာ ရှုထိုက်သော စိတ်၏၊ ဝါ၊ စိတ်ကို။ အဓိပ္ပေတတ္တာ၊ အလိုရှိအပ်သည်၏ အဖြစ်ကြောင့်။ ဩကာသဘာဝေါ၊ ဩကာသ၏ အဖြစ်ကို။ ဝေဒိတဗ္ဗော၊ သိအပ်၏၊ (ဋီကာအနက်)

ကျောက်သင်္ဘောဝါဒီတို့သည် ပါဠိ အဋ္ဌကထာများကို အနက်ပြန်ဆိုသောအခါ မှန်မှန်ကန်ကန်မပြန်ပဲ ကိုယ်လိုရာဆွဲပြီး ပြန်ကြလေသည်။ အတိုင်းတိုင်း ဋီကာရှင်၏ အောက်ပါအနက်ပြန်ဆိုပုံကို ဤသို့ တွေ့ရပေသည်။

'ဧတ စ တေ မာလုကျပုတ္ထ ဒိဋ္ဌသုတမုတဝိညာတဗ္ဗေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ' အစရှိသော သဠာယတနဝဂ် သံယုတ်ပါဠိတော်တွင် ပါဝင်သော မာလုကျပုတ္ထသုတ်တော်လာ ပါဠိတော်ကို ဤသို့ကမောက်ကမ အနက်ပြန်ဆိုထားသည်ကို တွေ့ရလေသည်။

မာလုကျပုတ္တ၊ မာလုကျ ပုတ္တရဟန်း။ ဧတ္ထ၊ ဤသို့ မမြင်မကြား မနံမလျက် မတွေ့မသိသော အထည်ဒြပ် ဥပါဒ် ဌီ ဘင်ရှိသော ဝတ္ထုမျိုးတို့၌။ တေ၊ ထိုလေးဆယ့်လေးပါးသော စိတ်တို့သည်။ ဒိဋ္ဌသုတမုတဝိညာတဗ္ဗေသု၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ်ကုန်သော။ ဓမ္မေသု၊ အာရုံခြောက်ပါးတရားတို့၌။ ဒိဋ္ဌေ၊ မြင်လာသည်ရှိသော်။ ဒိဋ္ဌမတ္တံ၊ မြင်ရုံမျှသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ဟု ပြန်ထားသည်။

သံယုတ်အဋ္ဌကထာ တတိယအုပ် မာလုကျပုတ္တသုတ် အဋ္ဌကထာ၌-

'ဒိဋ္ဌေ ဒိဋ္ဌမတ္တန္တိ ရူပါယတနေ စက္ခုဝိညာဏေန ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ'

စသည်ဖြင့် ဖွင့်ဆိုထားသည်။

'' သဒ္ဒါအတွက် အထူးဖွင့်ဆိုချက်မရှိ။ ဗာဟိယသုတ် အဋ္ဌကထာ၌လည်း ဤအတူ ဖွင့်ဆို ထားသည်။ ဧတ္ထ စ အစရှိသော စကားတော် မရောက်မီက မမြင်မကြား မတွေ့ မသိဖူးသေး, မြင်ဆဲ ကြားဆဲ တွေ့ဆဲ သိဆဲလည်း မဟုတ်, မြင်ရလိမ့်မည် ကြားရလိမ့်မည် တွေ့ရလိမ့်မည် သိရလိမ့်မည်ဟု စိတ်ကူးပင်မထည့်သော အဆင်း အသံ အနံ့ အရသာ အတွေ့သဘော အာရုံတို့၌ လိုချင် နှစ်သက်တပ်မက်စွဲလမ်းခြင်း မရှိသည်၏ အဖြစ်ကို ဟောကြားပြီး၍ မြင်ဆဲ ကြားဆဲစသည့် အဆင်းအသံစသော အာရုံတို့၌လည်း ထိုနည်းပင် လိုချင်နှစ်သက် စွဲလမ်းခြင်း မရှိအောင် ကျင့်ရမည်ကို ဟောသည်ဟု ယူဆလျှင် စ-သဒ္ဒါ ပက္ခန္တရဇောတက၊ 'မမြင်ဖူး, မကြားဖူးသော အာရုံ၌ လိုချင် နှစ်သက် စွဲလမ်းခြင်း မရှိလျှင် မြင်ဆဲ, ကြားဆဲစသော အာရုံတို့၌ အဘယ်သို့ မှတ်ရမည်နည်း' ဟု မေးလျှောက်စရာရှိ၍ ဟောသည်ဟုယူလျှင် စ သဒ္ဒါသည် ဝါကျာရမ္ဘဇောတက၊ 'မမြင်ဖူး, မကြားဖူးသော အာရုံတို့၌သာ လိုချင်နှစ်သက် စွဲလမ်းခြင်း မရှိသည် မဖြစ်သည်သာ မဟုတ်၊ မြင်ဆဲ, ကြားဆဲစသော အာရုံတို့၌လည်း လိုချင်နှစ်သက် စွဲလမ်းခြင်းအစရှိသည် မဖြစ်သည်သာ' ဟု ဟောလိုသည်ဟု ယူဆလျှင် စ-သဒ္ဒါ သမ္ပိဏ္ဍနဇောတကဟု မှတ်သင့်ပေသည်။

ထို့ကြောင့် ဤသို့ အနက်မှန်ကို ပြန်ဆိုရာ၏၊

၊ အဖို့တပါးကို ဟောကြားဦးမည် (ပက္ခန္တရ)။ ၊ ဆက်၍ ဟောဦးအံ့။ (ဝါကျာရမ္ဘ)။ မာလုကျပုတ္ထ၊ မာလုကျ၏သား ရဟန်း။ တေ၊ သင့်အား။ ဝါ၊ သင်၏၊ (အဓိပ္ပါယ်နက်ထင်ရှားစေလိုလျှင် အပ္ပမတ္ထဿ၊ အမှတ်သတိ မမေ့မလျော့သည်ဖြစ်၍။ ဝိဟရတော၊ နေသာ။ တေ၊ သင့်အား။ ဝါ၊ သင်၏ ဟု လိုက်ပုဒ်ကို လိုက်ပေးပါ။) ဧတ္ထ စ= ဧတေသု ဒိဋ္ဌသုတမုတဝိညာတဗ္ဗေသု ဓမ္မေသု စ၊ မြင်အပ် ကြားအပ် ရောက်အပ် သိအပ်သော ဤအာရုံတို့တွင်လည်း (သမ္ပိဏ္ဍနဇောတက)။ ဒိဋ္ဌေ၊ မြင်အပ်သော အဆင်း၌။ ဒိဋ္ဌမတ္တံ၊ မြင်အပ်ကာမျှသည် မြင်ရုံမျှသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့- စသည်ပေးပါလေ။

အတိုင်းတိုင်း ဋီကာအနက်ကိုကြည့်ပါ။ ဧတ္ထ-ကို တခြား၊ ဝိညာတဗ္ဗေသု-ကို တခြား ပေးထားသည်။ - သဒ္ဒါအနက် လုံးဝမပါ။ အဆိုးရွားဆုံးကား (ဝါ) အချွတ်ချော်ဆုံးကား 'တေ၊ ထိုလေးဆယ့်လေးပါးသော စိတ်တို့သည်' ဟူ၍ အနက်ပေးထားခြင်းတည်း။ အမှန်ကား 'တေ၊ သင့်အား။ ဝါ၊ သင်၏'သာ ဖြစ်သည်။

ထို့အပြင် သတိပဋ္ဌာန်ပါဠိတော် စိတ္တာနုပဿနာပိုင်း၌ ဟောထားသော ပါဠိတော်များမှ အစိတ် အဝက်ဖြစ်သော-

'အတ္ထိ စိတ္တန္တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ' ဟူသော ပါဠိတော်ကို 'ဝါ ပန၊ သတိပဋ္ဌာန်ရှုနည်း တနည်းသော်ကား။ အတ္ထိ စိတ္တန္တိ၊ စိတ်၌ ကိလေသာဖြစ်မှု, အဖြစ်ငြိမ်းမှုသာ ရှိသည်ဟု။ အဿ သတိ၊ ထိုရဟန်း၏ သိမြင်မှုသတိသည်။ ပစ္စုပဋ္ဌိတာ၊ ရှေးရှုထင်၏' ဟု အနက်ပေးထားသည်ကိုလည်း တွေ့ရလေသည်။

'ရာဂဒေါသစသော ကိလေသာတို့နှင့် ယှဉ်စပ်ရောယှက်နေရမှုကြောင့် နောက်ကျူညစ်ပေနေသော စိတ်သည် အခိုက်အတန့်မျှ ရာဂ ဒေါသစသော ကိလေသာတို့နှင့် မယှဉ်မစပ် မရောမယှက် ဖြစ်နေစဉ်အခါ စိတ်သက်သက်ကျန်လျက် ငြိမ်းသည့်နိဗ္ဗာန်နှင့် နေသည်'ဟု ကျောက်သင်္ဘော ဆရာတော်၏ နှလုံးသွင်း အာဘော်ကျ ယူထားသည့်အတိုင်း ကိုက်ညီအောင် 'အတ္ထိ စိတ္တန္တိ၊ စိတ်၌ ကိလေသာဖြစ်မှု, အဖြစ်ငြိမ်းမှုများသာ ရှိသည်'ဟု အတိုင်းတိုင်းဋီကာရှင် အနက်ပြန်ဆိုခြင်းဖြစ်လေသည်။ ဘုရားဟောပါဠိတော်ကို ကျောက်သင်္ဘောဝါဒနှင့် ကိုက်ညီအောင် လိုသလိုအနက်ပေး ဖော်ပြခြင်းဖြစ်ပေသည်။

ယင်းအနက်ကို စိစစ်သော် ပါဠိတော်၏အနက်ကို ဖွင့်ဆိုကြသော အဋ္ဌကထာဆရာမြတ်တို့သည် သုတ်တသုတ်ထဲတွင် ရှေ့ပိုင်းက ဖွင့်ပြခဲ့ပြီး ပုဒ်ဝါကျတို့နှင့်တူသော နောက်ပိုင်းပုဒ်ဝါကျတို့ကို ဖွင့်ပြလေ့ရှိတော်မမူကြကုန်။ နည်းမှီ၍ သိလောက်ပြီဟု ဖွင့်မပြပဲ ထားလေ့ရှိတော်မူကြ၏၊ အချို့နေရာများတွင်မူ 'သေသာနိ ဝုတ္တသဒိသာနေဝ' စသည်ဖြင့် 'ကြွင်းသော ပုဒ်ဝါကျတို့သည် ဆိုခဲ့ပြီးသော နည်းရှိကုန်သည်သာ ရှေး၌ဆိုခဲ့ဖွင့်ခဲ့သည်နှင့် တူကုန်၏' ဟု ညွှန်ပြလေ့ရှိတော်မူကြသည်။

စိတ္တာနုပဿနာအဖွင့် အဋ္ဌကထာ၌ပင် 'ဣတော ပရံ ဝုတ္တနယမေဝ' ဟု ညွှန်းလျက်ရှိ၏၊ အချို့သောကျမ်းများတွင် 'ဤမည်သော အဋ္ဌကထာ၌ ဆိုထားသည့်အတိုင်း သိပါ၊ မှတ်ပါ' ဟုပင် ညွှန်ပြလေ့ရှိတော်မူကြသည်။

'အတ္ထိ စိတ္တန္တိ ဝါ ပနဿ သတိ ပစ္ခုပဋ္ဌိတာ ဟောတိ'

ဟူသော ဤဝါကျနှင့် အလားတူ ရှေးကျသော ကာယာနုပဿနာ အာနာပါနပိုင်း၌ ဟောထားသော-

'အတ္ထိကာယောတိ ဝါ ပနဿ သတိ ပစ္ခုပဋ္ဌိတာ ဟောတိ'

ဟူသော ဝါကျအဖွင့်ကို သတိပြုရပေမည်။

အဋ္ဌကထာအဖွင့်မှာ ဤသို့ဖြစ်ပေသည်။

အတ္ထိကာယောတိ ဝါ ပနဿတိ ကာယောဝအတ္ထိ၊ န သတ္တော၊ န ပုဂ္ဂလော၊ န ဣတ္ထိ၊ န ပုရိသော၊ န အတ္ထာ၊ န အတ္တနိယံ၊ နာ ဟံ၊ န မမ၊ န ကောစိ၊ န ကဿစိတိ ဧဝမဿ သတိ ပစ္ခုပဋ္ဌိတာ ဟောတိ။

သုတ်မဟာဝါအဋ္ဌကထာ(ဒု-၃၅၆)

အတ္ထိကာယောတိ ဝါ ပနဿတိ ဧတ္ထ၊ ၌။ ကာယောဝ၊ ထွက်သက် ဝင်သက် ရုပ်အပေါင်းသည်သာ။ အတ္ထိ၊ ရှိ၏၊ သတ္တော၊ သတ္တဝါဟူသည်။ ၊ မရှိ။ န ပုဂ္ဂလော၊ ပုဂ္ဂိုလ်မရှိ။ န ဣတ္ထိ၊ မိန်းမ မရှိ။ န ပုရိသော၊ ယောကျ်ားမရှိ။ န အတ္ထာ၊ အတ္တကောင်မရှိ။ န အတ္တနိယံ၊ အတ္တကောင်နှင့်စပ်သော ဥစ္စာဟူသည်မရှိ။ နာဟံ၊ ငါကောင်မရှိ။ န မမ၊ တပါးသူသည် တစုံတခုသောအရာ၌ ငါ၏ ကြောင့်ကြဖွယ်အဖြစ် ရှိနေသည်မဟုတ်။ န ကောစိ၊ တစုံတယောက်သောသူ ရှိသည်မဟုတ်။ န ကဿစိ၊ ငါသည် တစုံတယောက်သောသူ၏ တစုံတခုသောအရာ၌ ကြောင့်ကြဖွယ်အဖြစ် ရှိနေသည်မဟုတ်။ ဣတိ ဧဝံ၊ ဤသို့။ အဿ၊ ထိုရှုမှတ်သူ၏၊ သတိ၊ အသိဉာဏ်နှင့်တကွ အမှတ်ရမှုသတိသည်။ ပစ္ခုပဋ္ဌိတာ၊ ရှေးရှုထင်သည်။ ဟောတိ၊ ဖြစ်၏၊

ဤအဋ္ဌကထာဖြင့် သိစေလိုသည်မှာ အတ္ထိ, ကာယော နှစ်ပုဒ်တို့တွင် ကာယောပုဒ်၌ 'ကာယော ဧဝ' ဟု ဟောတော်မူလိုသည်။ ဧဝ- သဒ္ဒါကျေနေသည်။ အနက်ဖော်သောအခါ ထည့်ဖော်။ ယင်း ဧဝ- သဒ္ဒါ ဖြင့် 'သတ္တဝါ ပုဂ္ဂိုလ် စသည်ကိုကန့်ပါ' ဟု သိစေသည်။ 'ကာယာနုပဿနာနည်းဖြင့် အာနာပါနကို ရှုနေသူအား အာနာပါနရှုနေစဉ်အခါ ထွက်သက် ဝင်သက် ရုပ်အပေါင်းမျှသာ ရှိသည်။ ပုဂ္ဂိုလ် သတ္တဝါ ယောကျ်ား မိန်းမဟူသည် မရှိ။ အတ္တကောင်နှင့် အတ္တကောင်၏ပိုင်ဆိုင်ရာ ဥစ္စာဟူသည်လည်း မရှိ။ ငါကောင်၏ ကြောင့်ကြဖွယ်အဖြစ် တည်နေသော တပါးသူဆိုသည် မရှိ။ သက်သက်သော တပါးသူဆိုသည်လည်း မရှိ။ ငါကောင်ဆိုသည်လည်း တပါးသူ၏ ကြောင့်ကြဖွယ်အဖြစ် ရှိနေသည်မဟုတ်ပါကလားဟု အသိဉာဏ်နှင့်တကွ သတိဖြစ်နေသည်'ဟု ဟောတော်မူလိုရင်းဖြစ်သည်။

'အတ္ထိ စိတ္တန္တိ ဝါ ပနဿ သတိ ပစ္ခုပဋ္ဌိတာ ဟောတိ' ဟူသော ဤပါဠိတော်ဝါကျကိုလည်း ဖော်ပြခဲ့သော 'အတ္ထိကာယောတိ ဝါ ပနဿ' စသော ဝါကျနှင့်အတူပင် ဖွင့်ဆိုရမည်ဖြစ်သော်လည်း ဖွင့်ပြရမည့်နည်းအားလုံး တူနေသည်ဖြစ်၍ ရှေ့ကဖွင့်ဆိုခဲ့သည်ကို နည်းမှီ၍ သိလောက်ပြီသဘောဖြင့် ချန်လှပ်ခဲ့တော်မူပြီး 'ဣတော ပရံ ဝုတ္တနယမေဝ' ဟု အညွှန်းဖြင့် ပြထားတော်မူခဲ့သည်။

'အတ္ထိ ကာယော' စသော ဝါကျ၏ အဖွင့်ကိုနည်းမှီ၍ ဤ 'အတ္ထိ စိတ္တန္တိ' အစရှိသော ပါဠိတော်ဝါကျကို သံဝဏ္ဏနာ အဖွင့်ဝါကျရေးသော် ဤသို့ရ၏၊

အတ္ထိ စိတ္တန္တိ ဝါ ပနဿာတိ၊ စိတ္တံဝအတ္ထိ၊ န သတ္တော၊ န ပုဂ္ဂလော၊ န ဣတ္ထိ၊ န ပုရိသော၊ န အတ္တာ၊ န အတ္တနိယံ၊ နာ ဟံ၊ န မမ၊ န ကောစိ၊ န ကဿစိတိ ဧဝမဿ သတိ ပစ္ခုပဋ္ဌိတာ ဟောတိ။

အဓိပ္ပါယ်မှာ 'စိတ်သာရှိသည်။ သတ္တဝါ၊ ပုဂ္ဂိုလ်၊ ယောကျ်ား၊ မိန်းမ စသည် မရှိပါတကား' ဟု စိတ္တာနုပဿနာနည်းအရ 'ရာဂ ကင်းသော, မကင်းသော၊ ဒေါသ ကင်းသော, မကင်းသော ဖြစ်ပေါ်လာသမျှ စိတ်အားလုံးကို ဖြစ်ပေါ်လာခိုက် ဖြစ်ပေါ်လာခိုက်၌ ရှုသိ ရှုသိနေသော ပုဂ္ဂိုလ်၏အသိဉာဏ်နှင့်တကွ အမှတ်သတိဖြစ်၏' ဟုဆိုလိုပေသည်။

(စိတ်သာရှိသည်ဟု ဆိုသဖြင့် ရာဂ ဒေါသကင်းသွား၍ စိတ်သာကျန်ရှိနေသည်ဟု မမှတ်ကြသင့်။)

ထို့ကြောင့် 'အတ္ထိ စိတ္တန္တိ ဝါ ပနဿ သတိ ပစ္ခုပဋ္ဌိတာ ဟောတိ' ဟူသော ပါဠိတော်ဝါကျကို 'ဝါ ပန၊ အသိဉာဏ်နှင့်တကွ သတိထင်ပုံတနည်းကား။ စိတ္တံ စိတ္တံ ဧဝ၊ စိတ်သည်သာလျှင်။ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ဤသို့။ အဿ၊ ထိုရှုမှတ်သူ၏၊ သတိ၊ အသိဉာဏ်နှင့်တကွ အမှတ်ရမှု သတိသည်။ ဟောတိ၊ ဖြစ်၏၊' ဟု အနက်ပြသင့်ပေသည်။ ဖော်ပြပါဝါကျနှင့်ဆက်၍-

'ယာဝဒေဝ ဉာစမေတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိလောကေ ဥပါဒိယတိ၊ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တနုပဿီ ဝိဟရတိ'

ဟု ဟောတော်မူလျက် စိတ္တာနုပဿနာခန်းကို အပြီးသတ်တော်မူသည်။

အနက်ကား

သာ သတိ၊ အသိဉာဏ်နှင့်တကွဖြစ်သော ထိုသတိသည်။ ယာဝဒေဝ ဉာဏမတ္တာယ၊ အဆင့်ဆင့်အားဖြင့် အသိဉာဏ် တိုးပွါးရုံငှာသာတည်း။ 'ယာဝဒေဝ ပဋိဿတိမတ္တာယ၊ အဆင့်ဆင့်အားဖြင့် တဖန် အသိဉာဏ်နှင့်တကွ အမှတ်ရမှု တိုးပွားရုံငှာသာတည်း။ သော ဘိက္ခု၊ ထိုသို့အမှတ်ရလျက် ရှုမှတ်သိမြင်နေသူသည်။ အနိဿိတော စ၊ တဏှာ ဒိဋ္ဌိတို့ဖြင့် မမှီမှု မတွယ်မှုဟူ၍လည်း။ ဝိဟရတိ၊ နေသည်မည်၏၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသော လောက၌။ ကိဉ္စိ၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်တို့တွင် တစုံတခုကိုမျှ။ န စ ဥပါဒိယတိ၊ ငါကောင် ငါ့ဥစ္စာဟူ၍ တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလည်းမစွဲလမ်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘိက္ခု၊ အစဉ်မပြတ်ရှုမှတ်သူသည်။ ဧဝမ္ပိ ခေါ၊ ဤ စိတ္တာနုပဿနာနည်းဖြင့်လည်း။ စိတ္တေ၊ အသိစိတ်၌။ စိတ္တာနုပဿီ၊ သိမှုစိတ်သဘောမျှဟု ရှုမြင်သည်ဖြစ်၍။ ဝိဟရတိ၊ နေ၏၊

အတ္ထိ စိတ္တန္တိ ဝါ ပနဿ အစရှိသော ပါဠိတော်၏အနက်ကို အတိုင်းတိုင်း ဋီကာရှင်သည် ပါဠိတော်၏ ဆိုလိုရင်း အဋ္ဌကထာဆရာ၏ ဖွင့်ပြပုံကို မသိမူ၍ အနည်းငယ်သိခဲ့လျှင်လည်း လုံးဝနှစ်လိုမှုမရှိပဲ မိမိ၏ အတိုင်းတိုင်း ထားလိုမှုကိုသာ ဦးတည်လျက် 'အတိုင်းတိုင်းထားအယူ' ခိုင်မြဲနိုင်ရန် ဘုရားဟော ပါဠိတော်ကို စွယ်ရောင်ပြလောက်ထားကာ မိမိထင်ရာ အနက်ဖော်ပေးထားသည်ကို သိစေလိုရင်းဖြင့် အတိုင်းတိုင်းဋီကာရှင်၏ အနက်ကို စိစစ်ပြကြရပေသည်။

ယင်းသို့စိစစ်ပြရခြင်း အကြောင်းအရင်းမှာ အတ္ထိ စိတ္တန္တိ ဝါ အစရှိသော ဝါကျနှင့်တဆက်တည်း ဟောထားသော ယာဝဒေဝ ဉာဏမတ္တာယ အစ စိတ္တာနုပဿနာ နိဂုံးစကားတော်အဆုံးရှိသော ပါဠိတော်တွင် 'အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ' တဏှာ ဒိဋ္ဌိတို့ဖြင့် မမှီတွယ်ပဲ နေပုံ၊ ဥပါဒါနက္ခန္ဓာဟူသော လောက၌ တစုံတခုကိုမျှ တဏှာ ဒိဋ္ဌိတို့ဖြင့်မစွဲလမ်းပုံကို ဒေသနာတော်အရ အမှန်အတိုင်း ထင်ထင်ရှားရှား သိစေလိုရင်း သမ္မာဆန္ဒပင်ဖြစ်ပေသည်။

အဘယ့်ကြောင့် အမှန်အတိုင်း ထင်ထင်ရှားရှား သိစေလိုကြရသနည်းဟုမူ 'မြတ်စွာဘုရားက သရာဂ, ဝီတရာဂ, သဒေါသ, ဝီတဒေါသ စသော မည်သည့်စိတ်ကိုမျှ အတိုင်းတိုင်းထားဖို့ရန် ဟောတော်မူသည်မဟုတ်။ ယင်း သရာဂ, ဝီတရာဂစသော ပုဂ္ဂိုလ်အားလျော်စွာ ဝိပဿနာရှုထိုက်သော ဖော်ပြပါစိတ်တို့ကို ဝိပဿနာရှုလျက် ဝဋ်ဆင်းရဲမှ လွတ်ငြိမ်းကြစေရန် ဟောထားတော်မူခဲ့သည်' ဟုသာ အသိဉာဏ်ဖြစ်ကြပြီး 'စိတ် စိတ်အတိုင်းတိုင်းထား' ဟူသော ဝါဒသည် 'မြတ်စွာဘုရားရှင်၏ နိဗ္ဗာန်ရောက်ကြောင်း တရားအစဉ် ပိဋိကတ်တော် တခွင်တွင် မပါဝင်ပါတကား' ဟု အမြင်မှန် အသိမှန် ရင့်ကြစေလိုသောကြောင့် အမှန်အတိုင်း ထင်ထင်ရှားရှား သိစေလိုကြရပေသတည်း။

စိတ္တာနုပဿနာနည်းအရ စိတ်ကို ရှုမှတ်ခြင်းဖြင့် တဏှာဒိဋ္ဌိတို့ဖြင့် မမှီမတွယ်ပုံ မစွဲလမ်းပုံကို 'သမုဒယာယဓမ္မာနုပဿီတိ ဧတ္ထ ပနိ' စသည်ဖြင့် အဋ္ဌကထာဆရာ ဖွင့်ပြတော်မူသည်။ (၎င်း အဋ္ဌကထာ ပါဠိအနက် အပြည့်အစုံကို ဖော်ပြခဲ့ပြီးဖြစ်သည်။)

ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းသော စိတ်တို့ကို အစဉ်မပြတ် ရှုမှတ်နေသူသည် အရှုခံစိတ်၏ ဖြစ်ပေါ်ဖြစ်ပေါ်ပြီးနောက် ကွယ်ပျောက်ကွယ်ပျောက်သွားသည်ကိုသာ တွေ့ရ၏၊ အတိုင်းတိုင်းမနေသည်ကိုသာ တွေ့ရ၏၊ ထို့ပြင် အရှုစိတ်၏လည်း ဖြစ်ပေါ်ဖြစ်ပေါ်ပြီးနောက် ကွယ်ပျောက်ကွယ်ပျောက်သွားသည်ကိုသာ တွေ့ရ၏၊ အတိုင်းတိုင်းမနေသည်ကိုသာ တွေ့ရ၏၊ ယင်းသို့တွေ့ရသဖြင့် ယင်းအရှုခံစိတ် အရှုစိတ်တို့၏ တည်ရာနှလုံးရုပ်မှ စ၍ ရုပ်တရားတို့၏ ဖြစ်ပေါ်မှု ပျက်စီးမှု ဥဒယ ဝယ သဘောကိုလည်း ရှုသိခြင်းကိစ္စ ပြီးလေ၏၊

ယင်းသို့ အရှုခံ, အရှုစိတ်နှင့် နှစ်မျိုးလုံးလိုက်၍ ဥဒယဝယကို သိမြင်သဖြင့် 'ဥဒယသဗ္ဗယပဋိပိဠနဒ ဒုက္ခံ'နှင့်အညီ ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်း ပရိညာကိစ္စပြီးသည်။ ဖြစ်မှုပျက်မှု ဥဒယဝယ အနိစ္စလက္ခဏာကို မြင်သဖြင့် 'ယဒနိစ္စံ၊ တံ ဒုက္ခံ၊ တဒနတ္တာ' နှင့်အညီ ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာတို့ကိုလည်း သိမြင်ပြီးဖြစ်သည်။

ဖြစ်မှု ပျက်မှုကိုမြင်၍ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာ ထင်သဖြင့် ထိုထို စိတ်တရားတို့၌ မြဲသည့်အနေ, ကောင်းစား ချမ်းသာသည့်အနေ, ငါကောင်အနေဖြင့် ထင်မှတ်စွဲလမ်းလျက် သာယာတောင့်တမှုတဏှာ မဖြစ်နိုင်တော့ပြီ။ ဤတဏှာ မဖြစ်နိုင်အောင် သိခြင်းသည် တဏှာကို ပယ်ခြင်းပင်မည်သောကြောင့် ပဟာန ကိစ္စလည်းပြီးသည်။

ရှုသိအပ်, ရှုသိတတ်သော စိတ်တို့၌ တဏှာပင် မဖြစ်နိုင်တော့သည့်အတွက် စွဲလမ်းမှု ဥပါဒါန်, ချမ်းသာအောင်အားထုတ်မှု ကံနှင့် ထိုကံ၏အကျိုး ဘဝသစ်ရုပ်နာမ်တို့လည်း မဖြစ်နိုင်ကြတော့ပြီ။ ယင်းသို့ တဏှာမှစ၍ ဝဋ်ဒုက္ခ ဘဝအမျိုးမျိုးတိုင်အောင် မဖြစ်ခြင်း ငြိမ်းခြင်းသည်ပင် ဝိပဿနာအရာ၌ တဒင်္ဂနိယောဓသစ္စာ (ထိုရှုမှတ်မှုဟူသော အကြောင်းတစိတ်ဖြင့် သမုဒယဒုက္ခတို့ ချုပ်ငြိမ်းခြင်း) အမှန်ဖြစ်တော့သည်။ ဤဒုက္ခ သမုဒယတို့ ချုပ်ငြိမ်းမှုနိရောဓသို့ ဖြစ်ပေါ်လာတိုင်းသောစိတ်ကို မှတ်သိတိုင်း မှတ်သိတိုင်း ရောက်လျက် ရောက်လျက် နေသောကြောင့် သစ္ဆိကိရိယာကိစ္စလည်း ပြီးတော့သည်။

အရှုခံစိတ်, အရှုစိတ်တို့၏ ဖြစ်မှု ပျက်မှုကို အနိစ္စ ဒုက္ခ အနတ္တ, လက္ခဏာအားဖြင့် အမှန်အတိုင်း သိမြင်မှုသည် သမ္မာဒိဋ္ဌိမည်၏၊ အမှန်အတိုင်း ကြံမှု, အားထုတ်မှု, အမှတ်ရမှု, တည်ကြည်နေမှုတို့သည် သမ္မာသင်္ကပ္ပ, သမ္မာဝါယာမာ, သမ္မာသတိ, သမ္မာသမာဓိတို့မည်ကုန်၏၊

အရှုခံ, အရှုစိတ်နာမ်၊ ထိုစိတ်၏တည်ရာ နှလုံးရုပ် စသော ရုပ်တရားတို့နှင့် စပ်ဆိုင်သော မကောင်းပြုကျင့်မှု ဒုစရိုက်, မလျော် အသက်မွေးမှု ဒုရာဇီဝတို့ မဖြစ်ထိုက်လေသောကြောင့် ၎င်းဒုစရိုက် ဒုရာဇီဝတို့၏ ဆန့်ကျင်ဘက်ဖြစ်သော ရှုမှတ်မှု စိတ်စေတသိက်တရားတို့သည် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝတို့ပင် မည်ကုန်၏၊ ဤသည်လျှင် လောကီ မဂ္ဂင်ရှစ်ပါးဖြစ်တော့သည်။

စိတ်ကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဤလောကီမဂ္ဂင် မဂ္ဂသစ္စာတို့သည် ရှုမှတ်သူ၏ သန္တာန်၌ ဖြစ်ပေါ်လာသောကြောင့် ဖြစ်စေမှု ပွားများမှု ဘာဝနာကိစ္စလည်း ပြီးစီးတော့သည်။

ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၂၆၈)၌-

ယဉ္စဿ ဥဒယဗ္ဗယဒဿနံ၊ မဂ္ဂေါဝါယံ လောကိကောတိ မဂ္ဂသစ္စံ ပါကဋံဟောတိ-

ဟု မိန့်ဆိုလေပြီ။

အဿ၊ ထိုစိတ်၏ဖြစ်မှု ပျက်မှုကိုသိသော ဥဒယဗ္ဗယဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏၊ ယံ ဥဒယဗ္ဗယဒဿနံ၊ အကြင်ဖြစ်မှု ပျက်မှုကို သိမြင်ခြင်းသည်။ အတ္ထိ၊ ဉာဏ်ကိုင်မိမိ ရှိလေ၏၊ အယံ၊ ဤသိမြင်ခြင်းသည်။ လောကိကောမဂ္ဂေါဝ၊ လောကီမဂ်သာတည်း။ ဣတိ တသ္မာ၊ ထို့ကြောင့်။ အဿ၊ စိတ်၏ ဖြစ်မှု ပျက်မှုကို သိမြင်သော ထိုပုဂ္ဂိုလ်အား။ မဂ္ဂသစ္စံ၊ မဂ္ဂသစ္စာသည်။ ပါကဋံ၊ ထင်ရှားသည်။ ဟောတိ၊ မုချစင်စစ် ဖြစ်လေ၏၊ (စိတ္တာနုပဿနာနှင့်လျော်ညီစွာ အနက်ပြန်ထားသည်။)

ဤသို့ စိတ်ကို သတိပဌာန် နည်းလမ်းမှန်ဖြင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း သစ္စာလေးပါးလုံး ပါဝင်ပြီးစီးသည်။ သစ္စာလေးပါးတို့၌ ကိစ္စလေးချက် တပြိုင်နက်ပြီးစီးသော ဤစိတ္တာနုပဿနာကို မပြတ်ရှုပွါးလျှင် သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပေါ်ရင့်သန်ပြီး မဂ်ဖိုလ်သို့ ဆိုက်ရောက်လျက် ရုပ်နာမ်သင်္ခါရတို့ ငြိမ်းမှု နိဗ္ဗာန်ကို မုချဧကန် မျက်မှောက်ပြုနိုင်မည် ဖြစ်ပေသည်။

ဤစိတ္တာနုပဿနာ ရှုမှတ်စဉ်တွင် ပါဝင်သော နိယောဓသစ္စာဟူသည်ကား စိတ်နာမ်နှင့် ယင်း၏တည်ရာ ရုပ်တို့၌ဖြစ်ထိုက်သော သာယာမှု တဏှာ၊ ထိုတဏှာကြောင့် စွဲလမ်းမှု ဥပါဒါန်၊ အားထုတ်မှု ကံ၊ ထိုကံ၏ အကျိုး ဘဝသစ်ရုပ်နာမ်တို့ မဖြစ်ပဲ ချုပ်ငြိမ်းမှုသာ ဖြစ်သည်။ မဂ်ဉာဏ် အရာ၌ကဲ့သို့ နိဗ္ဗာန်ကို အာရုံပြုလျက်သိခြင်း သစ္ဆိကိရိယာကား မဟုတ်သေးဟု မှတ်ကြစေလိုသည်။

ဤသို့လျှင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်နိုင်သော စိတ္တာနုပဿနာကိုသာ မြတ်စွာဘုရား ဟောတော်မူသည်ဟု ဖွင့်ပြတော်မူသော အဋ္ဌကထာဆရာသည်-

ကောလဉ္စိ ဣဓ စိတ္တပရိဂ္ဂါဟိကာ သတိ ဒုက္ခသစ္ဆန္တိ ဧဝံပဒယောဇနံ ကတွာ စိတ္တပရိဂ္ဂါကဿ ဘိက္ခုနော နိယျာနမုခံ ဝေဒိတဗ္ဗံ-

ဟု မဟာသတိပဌာနသုတ် အဖွင့်၌ မိန့်ဆိုတော်မူသည်။ (အနက်ကို ပြန်ကြည့်ပါ။)

ဖော်ပြခဲ့သော စကားရပ်တို့ဖြင့် အတိုင်းတိုင်းဋီကာ၌ ဆိုထားသည့်အတိုင်း ဝီတရာဂစိတ်, ဝီတဒေါသစိတ်, ဝီတမောဟစိတ်, ဝိမုတ္တစိတ်တို့သည် ပွားများကျင့်သုံးရမည့်တရားများ မဟုတ်ဟု၎င်း၊ အတိုင်းတိုင်းထားရမည့် တရားများလည်း မဟုတ်ဟု၎င်း၊ ဝိနည်းဓိုရ်ဆရာတော်များ၏ သဘော၌ သက်ဝင်တော်မူကြသည်။

စိတ္တာနုပဿနာကို ဟောတော်မူသော ဘုရားရှင်၏အလိုတော်မှာ 'စိတ္တာနုပဿနာကို မပြတ်အားထုတ်သောသူ ဝီတရာဂစိတ်စသည်တို့တွင် မိမိနှင့်ဆိုင်ရာ ဝိပဿနာရှုထိုက်သော စိတ်တို့ကို သရာဂ သဒေါသ သမောဟစိတ်များပါ ဘယ်စိတ်ကိုမဆို မိမိသန္တာန်၌ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်း ရှုသိရှုသိနေလျှင် အရှုခံဖြစ်သော ထိုသရာဂစသော စိတ်တို့၏ ဖြစ်မှု ပျက်မှုကို သိမြင်သော မနောဒွါရိက ဝိပဿနာဇောစိတ်တို့သည်သာ ဖော်ပြခဲ့သည့်အတိုင်း သစ္စာလေးချက် တပြိုင်နက်ဖြစ်မှုကိစ္စ ပြီးလျက် တဏှာဒိဋ္ဌိတို့ဖြင့် မမှီမတွယ် မစွဲလမ်းသောစိတ်, တဏှာဒိဋ္ဌိတို့ အမှီအတွယ်မရှိသော စိတ်များဖြစ်ကြသည်။ အရှုခံဖြစ်ကြသော သရာဂစိတ် ဝီတရာဂစိတ် စသည်တို့မှာ အခွံသဘော အကာသဘောဖြစ်၍ စွန့်ပစ်ခံရသည့် စိတ်များသာ ဖြစ်သည်။ ယင်းစိတ်တို့၏ မခိုင်မြဲ, ဆင်းရဲ, အတ္တကောင် မဟုတ်ဟူသော အနှစ်ကို ယူငင်သည့်အနေဖြင့် သိလျက် အထက်စခန်း နိဗ္ဗာန်လမ်းကို ဖြောင့်တန်းစွာ သွားနိုင်ရေးအတွက် အနင်းခံ ခုတုံးစိတ်များလည်း ဖြစ်ကြလေသည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များက သဘောသက်ဝင်တော်မူကြသည်။

စိတ္တာနုပဿနာ မဟာကုသိုလ်စိတ်သည်သာ သစ္စာလေးချက် တပြိုင်နက်သိခြင်း ကိစ္စပြီးနေသောကြောင့် မည်သည့်တဏှာဒိဋ္ဌိမျှ မမှီမတွယ် မစွဲကပ်နိုင်သောစိတ် ဖြစ်ပေသည်။ ယင်းစိတ်နှင့်ပြည့်စုံနေသူကိုသာ 'တဏှာဒိဋ္ဌိအမှီအတွယ် အစွဲမရှိပဲ နေသူ' ဟု ဘုရားရှင် ဟောတော်မူလိုရင်း ဖြစ်ပေသည်။

စိတ္တာနုပဿနာ မဟာကုသိုလ်စိတ်ဖြင့် စိတ်ကိုပင် မပြတ်ရှုမှတ် နေခဲ့ပါလျှင် ပါရမီအလျောက် တမဂ်တဖိုလ် နှစ်မဂ်နှစ်ဖိုလ် သုံးမဂ်သုံးဖိုလ် လေးမဂ်လေးဖိုလ်ဖြင့် နိဗ္ဗာန်ကိုသိမြင်ကြ၍ အဆုံး၌ အနုပါဒိသေသနိဗ္ဗာနဓာတ် ဖြစ်ကြပေလိမ့်မည်။ (မုချ)၊ (ဝါ) အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဆိုက်ရောက်ကြပေလိမ့်မည်။ (ဥပစာ)။

ထို့ကြောင့် မဟာသတိပဌာနသုတ် အဋ္ဌကထာ ကာယာနုပဿနာ အာနပါနပိုင်း အဆုံး၌-

အဿာသပဿာသပရိဂ္ဂါတိကာ သတိ ဒုက္ခသစ္စံ၊ တဿာသမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ၊ ဥဘိန္နံ အပ္ပဝတ္တိ နိရောဓသစ္စံ၊ ဒုက္ခပရိဇာနနော သမုဒယပဇတနော နိယောဓာရမ္မဏော အရိယမဂ္ဂေါ မဂ္ဂသစ္စံ၊ ဧဝံ စတုသစ္စဝသေန ဥဿက္ကိတွာ နိဗ္ဗုတိံ ပါပုဏာတီတိ ဣဓမေကဿ အဿာသပဿာသဝသေန အဘိနိဝိဋ္ဌဿ ဘိက္ခုနော ယာဝ အရဟတ္တာနိယျာနမုခံ- ဟု မိန့်တော်မူသည်။

ထွက်သက်ဝင်သက်ကို ထက်ဝန်းကျင် ယူတတ် သိမ်းဆည်းတတ်သော အမှတ်သတိသည် ဒုက္ခသစ္စာတည်း။ ထိုသတိကို ဖြစ်စေတတ်သော ရှေ့၌ဖြစ်သော တဏှာသည် သမုဒယသစ္စာတည်း။ ဒုက္ခသမုဒယနှစ်မျိုးလုံးတို့၏ မဖြစ်ကြောင်း မဖြစ်ရာသည် နိရောဓသစ္စာတည်း။ (သတိပဋ္ဌာနဝိဘင်းမူလဋီကာ)

ဒုက္ခကို ပိုင်းခြားသိ၊ သမုဒယကို ပယ်၊ နိယောဓကို အာရုံပြုသော အရိယမဂ်၏အကြောင်းဖြစ်သော ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗဘာဂလောကီမဂ်သည် မဂ္ဂသစ္စာတည်း။

ဤသို့ လေးပါးသော သစ္စာ၏အစွမ်းဖြင့် အဆင့်ဆင့် အဆက်ဆက်အားထုတ်၍ (ဝါ) အားထုတ်ခဲ့သော် ရုပ်နာမ်ငြိမ်းမှု နိဗ္ဗာန်သို့ ရောက်လေ၏၊ ဤကား ထွက်သက်ဝင်သက်၏ အစွမ်းဖြင့် နှလုံးသွင်းရှုမှတ်သူ တစ်ယောက်၏ အရဟတ္တဖိုလ်တိုင်အောင် ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်း၏ အကြောင်းဖြစ်သတည်း။ (မြန်မာပြန်)။

ဖော်ပြပါ အဋ္ဌကထာ၌ နိယောဓာရမ္မဏော အရိယမဂ္ဂေါ= နိယောဓကို အာရုံပြုသော အရိယမဂ်ဟု ဆိုထားသော်လည်း လောကုတ္တရာအရိယမဂ်ကို ဆိုလိုသည်မဟုတ်၊ လောကီမဂ်ကိုသာ ဆိုလိုသည်ဟု ယူရမည်။ အဘယ်ကြောင့်ဆိုသော် ဝိပဿနာအခါ၌လည်း သစ္စာလေးချက်ပါဝင်ပုံကို ပြလိုရင်း ဖြစ်သောကြောင့်ပေတည်း။

ထို့ကြောင့် ဧဝံ စတုသစ္စဝသေန ဥဿက္ကိတွာ နိဗ္ဗုတိံ ပါပုဏာတိ- ဤသို့ သစ္စာလေးပါး၏ အစွမ်းဖြင့် အားထုတ်သော် နိဗ္ဗာန်သို့ ရောက်နိုင်၏၊ ရောက်၏ဟု ဆက်၍ ဖော်ပြထားပေသည်။

ဤအဋ္ဌကထာ၏ အဖွင့်ဋီကာ (ဒီ၊ဋီ၊၂၊၂၀၃)ဖြင့် ပြဆိုခဲ့သော အနက်အဓိပ္ပါယ်သည် ပို၍ ထင်ရှားပေသည်။

ဥဿက္ကိတွာတိ ဝိသုဒ္ဓိပရမ္ပရာယ အာရုဟိတွာ ဘာဝနံ ဥပရိနေတွာ တိအတ္ထော၊ နိယျာနမုခန္တိဝ'ဒုက္ခတော နိဿရဏူပါယော။

ဥဿက္ကိတွာတိ၊ ဥဿက္ကိတွာဟူသည်ကား။ ဝိသုဒ္ဓိပရမ္ပရာယ၊ ဝိသုဒ္ဓိအဆင့်ဆင့် အဆက်ဆက်ဖြင့်။ အာရုဟိတွာ၊ တက်၍။ (ဝါ)တက်သော်။ ဘာဝနံ၊ ပညာဘာဝနာကို။ ဥပရိ၊ အထက်သို့။ နေတွာ၊ ဆောင်၍။ (ဝါ)ဆောင်လတ်သော်။ (နိဗ္ဗုတိံ ပါပုဏာတိ)။ ဣတိ၊ ဤကား။ အတ္ထော၊ ဥဿက္ကိတွာပုဒ်၏အနက်တည်း။ နိယျာနမုခန္တိ၊ နိယျာနမုခံဟူသည်ကား။ ဝ'ဒုက္ခတော၊ ဝဋ်ဆင်းရဲမှ။ နိဿရဏူပါယော၊ ထွက်မြောက်ခြင်း၏ အကြောင်းတည်း။

ကာယာနုပဿနာ အာနာပါနပိုင်း၌ 'ဝိပဿနာ အခိုက်မှာပင် သစ္စာလေးချက် ပါဝင်လျက် ဝိပဿနာဉာဏ် အဆင့်ဆင့် ဝိသုဒ္ဓိ အဆင့်ဆင့်တက်၍ အားထုတ်လျှင် သင်္ခါရငြိမ်းမှု နိဗ္ဗာန်သို့ ရောက်လေ၏' ဟု ဖွင့်ခဲ့သည့်အတိုင်း စိတ္တာနုပဿနာ အရာ၌လည်း သင်္ခါရငြိမ်းမှု နိဗ္ဗာန်သို့ ရောက်လိုမှုကို ညွှန်ပြလို၍ 'ဣတော ပရံ ဝုတ္တနယမေဝ' ဟု မိန့်ဆိုပြီးနောက် သစ္စာလေးချက်တွင် ဒုက္ခသစ္စာ ကောက်ယူပုံနည်း၊ အမြွက်ကိုပြလျက် ဤ စိတ္တာနုပဿနာသည်လည်း ဝဋ်ဆင်းရဲ ငြိမ်းကြောင်းပင်ဟု ပြလို၍ 'ကေဝလဉ္စိ ဣဓ စိတ္တပရိဂ္ဂါဟိကာ သတိ ဒုက္ခသစ္စံ။ ပ။ နိယျာနမုခံ ဝေဒိတဗ္ဗံ' ဟု မိန့်ဆိုတော်မူသည်။

(စိတ္တာနုပဿနာအခိုက် သစ္စာလေးချက် ပါဝင်ပုံ ပြခဲ့ပြီးဖြစ်၏၊)

ဤမျှရှည်လျားသော စကားအစဉ်သည် ကျောက်သင်္ဘောဆရာတော်နှင့် ယင်း၏တပည့်များ စိတ် စိတ်အတိုင်းတိုင်း ထားပုံသည် ဘုရားဟော ပါဠိတော်, အဋ္ဌကထာ, ဋီကာတို့နှင့် မညီညွတ်သည်ကို သိရှိစေရန် စိစစ်ဝေဖန်ရာ စကားဖြစ်ပေသည်။

ယခုအခါ ဘုရားရှင်၏ အလိုတော်ကျ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ= မြင်အပ်သော အဆင်းစသည်၌ မြင်ရုံမျှစသည်ဖြစ်ပုံကို အဋ္ဌကထာဆရာတို့ ဖွင့်ပြသည်နှင့်အညီ ပါဠိတော်နှင့်တကွ ပါဠိတော်၏ဆိုလိုရင်း အဓိပ္ပါယ်ကို ထုတ်ဖော်ကြဦးအံ့။

(၁) တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ၊ ဧဝဉ္ဇိ တေ ဗာဟိယ သိက္ခိတဗ္ဗံ (အနက်ပြခဲ့ပြီး)။

အဓိပ္ပါယ်

မြင်အပ်သော အဆင်း၌ မြင်ရုံမျှ၊ ကြားအပ်သောအသံ၌ ကြားရုံမျှ၊ နံသိအပ်သောအနံ့၌ နံသိရုံမျှ၊ စားသိအပ်သော အရသာ စားသိရုံမျှ၊ တွေ့သိအပ်သော အတွေ့၌ တွေ့ထိရုံမျှ၊ ကြံသိအပ်သော သဘော၌ ကြံသိရုံမျှ ဖြစ်အောင် ကျင့်ပါ။

(၂) ယတော တေ ဗာဟိယ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ၊ တတော တွံ ဗာဟိယ န တေန။

ဗာဟိယ၊ ဗာဟိယ။ ယတော၊ အကြင်အခါ၌။ တေ၊ သင်အား။ ဝါ၊ သင်၏၊ ဒိဋ္ဌေ၊ မြင်အပ်သော အဆင်း၌။ ဒိဋ္ဌမတ္တံ၊ မြင်ရုံမျှသည်။ ခေါ၊ စင်စစ်။ ဘဝိဿတိ၊ ဖြစ်လတံ့။ ပ။ ဗာဟိယ၊ ဗာဟိယ။ တတော၊ ထိုအခါ၌။ တွံ၊ သင်သည်။ တေန၊ ထိုမြင်အပ်သောအဆင်း, ကြားအပ်သောအသံ။ ပ။ ကြံအပ်သော သဘောနှင့်စပ်သော (စပ်လျဉ်း၍ဖြစ်သော) ကိလေသာနှင့်တကွ။ ခေါ၊ စင်စစ်။ န(ဘဝိဿတိ)၊ မဖြစ်လတံ့။

အဓိပ္ပါယ်

မြင်အပ်သောအဆင်း စသည်၌ မြင်ရုံမျှ စသည်ဖြစ်အောင် ကျင့်နိုင်သောအခါ ကျင့်နိုင်ခဲ့လျှင် ထိုမြင်အပ်သောအဆင်း စသည်နှင့် စပ်လျဉ်း၍ တပ်မက်မှု ရာဂစသော ကိလေသာ မဖြစ်လတံ့၊ ကိလေသာမဖြစ်ပဲ နေလိမ့်မည်။

(၃) ယတော တွံ ဗာဟိယ န တေန၊ တတော တွံ ဗာဟိယ န တတ္ထ။

ဗာဟိယ၊ ဗာဟိယ။ ယတော၊ အကြင်အခါ၌။ တွံ၊ သင်သည်။ တေန၊ ထိုမြင်အပ်သောအဆင်း စသည်နှင့်စပ်သော (စပ်လျဉ်း၍ဖြစ်သော) ကိလေသာနှင့်တကွ။ ခေါ၊ စင်စစ်။ န(ဘဝိဿတိ)၊ မဖြစ်လတံ့။ ဗာဟိယ၊ ဗာဟိယ။ တတော၊ ထိုအခါ၌။ တွံ၊ သင်သည်။ တတ္ထ၊ ထိုမြင်အပ်သောအဆင်း စသည်၌။ န (တဏှာမာနဒိဋ္ဌီဟိ အလ္လိနော ပတိဋ္ဌိတော ဘဝိဿတိ)၊ တဏှာမာနဒိဋ္ဌိတို့ဖြင့် ကပ်ငြိလျက် တည်နေသူ မဖြစ်လတံ့။

အဓိပ္ပါယ်

မြင်အပ်သောအဆင်း စသည်နှင့် စပ်လျဉ်း၍ ရာဂ စသော ကိလေသာ မဖြစ်သောအခါ မဖြစ်ခဲ့လျှင် ထိုမြင်အပ်သောအဆင်း အာရုံစသည်၌ ငါ့ဥစ္စာဟု တဏှာဖြင့် မစွဲငြိသူ မမှီသူ၊ ငါဟု မာနဖြင့် မစွဲငြိသူ မမှီသူ၊ ငါကောင်ဟု ဒိဋ္ဌိဖြင့် မစွဲငြိသူ မမှီသူ ဖြစ်လိမ့်မည်။ တဏှာမာနဒိဋ္ဌိတို့ဖြင့် အမှီမခံရသူ အစွဲမခံရသူ ဖြစ်ပေလိမ့်မည်။

(၄) ယတော တွံ ဗာဟိယ န တတ္ထ၊ တတော တွံ ဗာဟိယ နေဝိဓ န ဟုရံ န ဥဘယမန္တရေန၊ ဧသေဝန္တော ဒုက္ခဿ။

ဗာဟိယ၊ ဗာဟိယ။ ယတော၊ အကြင်အခါ၌။ တွံ၊ သင်သည်။ တတ္ထ၊ ထိုမြင်အပ်သောအဆင်း စသည်၌။ ၊ တဏှာမာနဒိဋ္ဌိတို့ဖြင့် ကပ်ငြိလျက် တည်နေသူ မဖြစ်လတံ့။ ဗာဟိယ၊ ဗာဟိယ။ တတော၊ ထိုအခါ၌၊ ဝါ၊ ထိုမြင်အပ်သောအဆင်း စသည်၌ တဏှာမာနဒိဋ္ဌိတို့ဖြင့် မကပ်ငြိပဲ နေနိုင်သူဖြစ်သောအခါ။ တွံ၊ သင်သည်။ ဣဓ၊ ဤမျက်မှောက်ဖြစ်သော လူ့ဘဝ လူ့လောက၌။ ၊ မရှိတော့ပြီ။ ဟုရံ၊ မျက်မှောက်ဘဝမှတပါးသော နတ်, ဗြဟ္မာ, ငရဲ, တိရစ္ဆာန်, ပြိတ္တာဟူသော မျက်ကွယ်ဘဝလောက၌(လည်း)။ ၊ မရှိတော့ပြီ၊ မဖြစ်ရတော့ပြီ။ ဥဘယမန္တရေန၊ မျက်မှောက် မျက်ကွယ်ဘဝ လောကနှစ်မျိုးမှ တခြားသော ဘဝလောက၌(လည်း)။ ၊ မရှိပြီ၊ မဖြစ်ရတော့ပြီ။ ဧသေဝ ဧသော ဧဝ၊ ဤမျက်မှောက် မျက်ကွယ်ဘဝ လောကနှစ်မျိုးလုံး၌ သင် မဖြစ်ရတော့ခြင်းသည်ပင်လျှင်။ ဒုက္ခဿ၊ ကိလေသာဆင်းရဲ, ဝဋ်ဆင်းရဲ၏၊ အန္တော၊ အဆုံးပေတည်း။ ဝါ၊ အဆုံးဖြစ်သော အနုပါဒိသေသ နိဗ္ဗာန်ပေတည်း။

အဓိပ္ပါယ်

အဆင်း အစရှိသော အာရုံခြောက်ပါး တေဘူမက ရုပ်နာမ်တရားတို့၌ တဏှာမာနဒိဋ္ဌိတို့ဖြင့် မကပ်ငြိပဲ, မစွဲမမှီပဲ နေနိုင်သူဖြစ်ခဲ့လျှင် မျက်မှောက် မျက်ကွယ်ဘဝ လောကဟူသော ဂတိငါးမျိုးတို့တွင် ဘယ်လိုဂတိမျိုးမှာမှ မဖြစ်ရတော့ပြီ။ ဤသို့ မဖြစ်ရတော့ခြင်းသည်ပင် အနုပါဒိသေသနိဗ္ဗာန် ဖြစ်ပေသည်။

အထက်ဖာ်ပြပါ ဘုရားစကား ပါဠိတော် (၁)အမှတ်ပြ စကားတို့ဖြင့် အာရုံခြောက်ပါး ဟူသော တေဘူမက ရုပ်နာမ်တရား ဝိပဿနာ၏အာရုံ (ဝိပဿနာ မဟာကုသိုလ်စိတ်၏ အရှုခံတရားများ)ကို၎င်း၊ ထိုတရားတို့၏ ဖြစ်မှု ပျက်မှုကို ရှုသည်ဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ ဟု သိမြင်သော ဝိပဿနာဉာဏ် ၁၀-ပါး ဖြစ်ပေါ်လာသည်ကို၎င်း၊ ယင်း ဝိပဿနာဉာဏ်တို့ဖြင့် ရုပ်နာမ်တရားများသာဟု ပိုင်းခြားသိမြင်ခြင်း ဉာတပရိညာ၊ သက္ကာယဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, ဝိသမဟေတုဒိဋ္ဌိ စသည်နှင့်တကွ နိစ္စအဖြစ် သုခအဖြစ် သုဘအဖြစ် အတ္တအဖြစ်ကို ပယ်ခွါသောအားဖြင့် လွန်မြောက်၍ အနိစ္စ ဒုက္ခ အသုဘ အနတ္တ ဟု သိမြင်သော တီရဏပရိညာ ဖြစ်သည်ကို၎င်း၊ သီလဝိသုဒ္ဓိအစ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ အဆုံးရှိသော ဝိသုဒ္ဓိ ၆-ပါး ဖြစ်သည်ကို၎င်း မြတ်စွာဘုရား ဟောကြားတော်မူသည်။

(၂) အမှတ်ပြ စကားတော်တို့ဖြင့် ရာဂ-စသော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်ဖြတ်ခြင်းကို အလိုရှိအပ်သောကြောင့် မဂ်လေးပါး ပဟာနပရိညာ ဉာဏဒဿနဝိသုဒ္ဓိကို ဟောကြားတော်မူသည်။

(၃) အမှတ်ပြ စကားတော်တို့ဖြင့် ဖိုလ်လေးပါးကို ပြတော်မူသည်။

(၄) အမှတ်ပြ စကားတော်တို့ဖြင့် ဝိပါက်နာမက္ခန္ဓာကမ္မဇရုပ် အကြွင်းမရှိသော အနုပါဒိသေသနိဗ္ဗာန်ကို ဟောကြားတော်မူသည်။

ဤကား ဗာဟိယသုတ် အဋ္ဌကထာ၌ ဖွင့်ပြသည့်အတိုင်း လိုရင်းချုပ် အဓိပ္ပါယ် ဖြစ်ပေသည်။

ဖော်ပြပါ ဗာဟိယသုတ်၏ လိုရင်း အချုပ်လေးချက်တို့၌ ၁-အမှတ်ပြ အချက်သည် အရေးအကြီးဆုံး အချက်ဖြစ်သည်၊ အကြောင်းမှာ ယင်း ၁-အမှတ်ပြ အချက်ပြည့်စုံလျှင် ကျန် ၂-၃-၄- အချက်များ ပြည့်စုံတော့မည် ဖြစ်သောကြောင့်တည်း။

ထို ၁-အမှတ်ဖြင့် ပြအပ်သော အာရုံခြောက်ပါး တေဘူမကတရားတို့အပေါ်၌ မြင်သိရုံမျှ စသည်ဖြစ်အောင် (ဝါ) ပရမတ်သက်သက်ကိုသာ မြင်သိမှုဖြစ်အောင် ယင်းမြင်သိရုံမျှ စသည်ထက် ပိုလွန်၍ မိန်းမပဲ ယောကျ်ားပဲ သတ္တဝါပဲ စသော ပညတ်အသိမျိုး မဖြစ်အောင်ကျင့်ရန် အရေးကြီးသည်။ အရေးကြီးခဲ့သော် မည်သို့ကျင့်မည်နည်း။ မြတ်စွာဘုရားက 'ဧဝဉ္ဇိ တေ ဗာဟိယ သိက္ခိတဗ္ဗံ မြင်ရုံမျှ စသည်ဖြစ်အောင် ကျင့်ရမည်၊ ကျင့်ပါလေ' ဟုသာ ဗာဟိယအား တရားပေးတော်မူသည်၊ ဟောတော်မူသည်။ ယခုခေတ် ပုဂ္ဂိုလ်များ နားလည်လောက်အောင် ကိုင်ပြသလို ကျင့်နည်း ကျင့်ပုံ အတွေ့အကြုံကို မဟောခဲ့ပေ။ ဤဗာဟိယသုတ် အဋ္ဌကထာနှင့်တကွ မာလုကျပုတ္တသုတ် အဋ္ဌကထာ၌လည်း ဖော်ပြခဲ့သည့် ၁-၂-၃-၄- အချက်များအတိုင်းသာ မှတ်ချက်ချပြရုံသာ ရှိပါသည်။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဣန္ဒြိယသံဝရသီလအရာ န နိမိတ္တဂ္ဂါဟီ နာနုဗျဉ္ဇနဂ္ဂါဟီ ပုဒ်တို့၏ အဖွင့်၌ ဒိဋ္ဌမတ္တေယေဝ သဏ္ဌာတိ-ဟု ဖွင့်ဆိုထားသည်ကို မဟာဋီကာဆရာ အရှင်ဓမ္မပါလသည်ပင် 'ဒိဋ္ဌမတ္တေယေဝ သဏ္ဌာတီတိ ဗာဟိယသုတ္တေ ဝုတ္တနယေန ဝဏ္ဏာယတန စက္ခုဝိညာဏေန ဝီထိစိတ္တေဟိ စ ဂဟိတမတ္တေယေဝ တိဋ္ဌတိ၊ န တတော ပရံ ကိဉ္စိ သုဘာဒိအာကာရံ ပရိကပ္ပေတိ' ဟု ဒိဋ္ဌမတ္တအဓိပ္ပါယ်မျှကိုသာ ပြလျက် ဗာဟိယသုတ်ကိုပင် ညွှန်းပြခဲ့တော်မူသည်။

ထို့ကြောင့် ဤ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ= မြင်ရသည့်အဆင်းစသည်၌ မြင်ရုံမျှ စသည်ဖြစ်အောင် ကျင့်နည်းကျင့်ပုံအတွက် အခက်ကြုံရမည်ကဲ့သို့ ဖြစ်ဖွယ်ရှိသော်လည်း ထေရဂါထာ အဋ္ဌကထာဆရာ အရှင်ဓမ္မပါလသည် ဥဒါန်းဗာဟိယသုတ်ကို ဖွင့်ပြရာနှင့် ဖော်ပြခဲ့သော ဝိသုဒ္ဓိမဂ် အဋ္ဌကထာပါဌ်ကို ဖွင့်ပြရာတို့၌ အတိအကျ လက်ဆုပ်လက်ကိုင် မပြခဲ့ရသေးလို့လေလား မာလုကျပုတ္တတ္ထေရဂါထာအဖွင့် တိတိကျကျ ဖွင့်ပြခဲ့တော် မူပေသည်။

သတိပြုရန်

ဗာဟိယအား ဟောအပ်သောတရားနှင့် မာလုကျပုတ္တရဟန်းအား ဟောအပ်သော လိုရင်းတရားမှာ အတူတူသာဖြစ်သည်။ တသ္မာ တိဟ တွံ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ အစချီ၍ ဗာဟိယအား ဟောတော်မူသည်။ မာလုကျပုတ္တသုတ်၌ ရှေ့ပိုင်းက အမေးအဖြေပြု၍ ဟောခဲ့ပြီး လိုရင်းချုပ်နေရာ၌-

ဧတ္ထ စ တေ မာလုကျပုတ္တ ဒိဋ္ဌသုတမုတဝိညာတဗ္ဗေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ- အစချီ၍ ဟောတော်မူသည်။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ- စသည်ကား အတူတူပင်ဖြစ်ပေသည်။

သို့သော် ထူးခြားချက်ကား ဤသို့ဖြစ်၏၊

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ- စသောတရားတော်ကို နာယူပြီးသောအခါ မာလုကျပုတ္တရဟန်းက ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ၏ အဓိပ္ပါယ်ကို (ဝါ) ကျင့်ပုံကျင့်နည်းကို သူနားလည် သဘောပေါက်သလို မြတ်စွာဘုရားအား ပြန်၍ လျှောက်ထားသောအခါ မြတ်စွာဘုရားက 'သာဓု-သာဓု မာလုကျပုတ္တ' ဟု သာဓုခေါ်တော်မူပြီး 'မာလုကျပုတ္တရဟန်း ..... သင်သည် ငါဘုရား အကျဉ်းနည်း ဟောလိုက်သောတရား၏ အကျယ်ကို သိပေသည်။ ငါဘုရားလည်း ယင်းအကျဉ်းတရား၏ အကျယ်ကို ထပ်ဟောရလျှင် သင်လျှောက်ထားသည့်အတိုင်းပင် ဟောရပေလိမ့်မည်။ ထို့ကြောင့် ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဖြစ်အောင်ကျင့်ပုံကျင့်နည်းကို သင်လျှောက်ထားသည့်အတိုင်းပင် မှတ်' ဟု မာလုကျပုတ္တ လျှောက်ထားသည့် စကားအတိုင်း ပြန်လည်မိန့်ကြားလျက် မာလုကျပုတ္တရဟန်း၏ လျှောက်ထားချက်ကို အတည်ပြုတော်မူသည်။ ဆိုလိုသည်မှာ- မာလုကျပုတ္တသုတ်၌ 'ဒိဋ္ဌေ ဒိဋ္ဌမတ္တံ' ဖြစ်အောင် ကျင့်နည်းကျင့်ပုံ ပါလာခြင်းသည် ထူးခြားချက်ဖြစ်သည်ဟု ဆိုလိုပေသည်။

ပေါ်လွင်ထင်ရှားစေရန် အနည်းငယ် ထုတ်ပြကြကုန်အံ့။

မြတ်စွာဘုရား ..... ရှင်တော်မြတ်ဘုရား အကျဉ်းအားဖြင့် ေဧာပြအပ်သော 'ဒိဋ္ဌေ ဒိဋ္ဌမတ္တံ' တရား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဘုရားတပည့်တော် မာလုကျပုတ္တ ဤသို့ ဤပုံ နားလည်သဘောပေါက်မိပါသည်ဘုရား- ဟု စကားခံ၍ လျှောက်ထားလေတော့သည်။

ရူပံ ဒိသွာ သတိ မဋ္ဌာ၊ ပိယံ နိမိတ္တံ မနသိ ကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
တဿ ဝ'ုန္တိ ဝေဒနာ၊ အနေကာ ရူပသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိဟေသာ စ၊ စိတ္တမဿူပဟညတိ။
ဧဝံ အာစိနတော ဒုက္ခံ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။

(သဠာယတနဝဂ္ဂသံယုတ်၊ နှာ-၂၉၆)

ရူပံ၊ အဆင်းကို။ ဒိသွာ၊ မြင်ပြီး၍ မြင်ပြီးသော်။ တသ္မိံ ရူပေ၊ ထိုမြင်အပ်သောအဆင်း၌။ ပိယံ နိမိတ္တံ၊ ချစ်အပ်သည့်အာရုံဟု။ ဝါ၊ ချစ်စရာဟု။ မနသိ ကရောတော၊ နှလုံးသွင်းမိသူအား။ သတိ၊ အမှန်ကို သိမှုနှင့် အမှတ်ရမှု သတိသည်။ မုဋ္ဌာ၊ မေ့ပျောက်လေ၏၊ တထာ သတိ၊ ထိုသို့ မေ့ပျောက်သည် ရှိသော်။ သော၊ ထိုသူသည်။ သာရတ္တစိတ္တော၊ အဆင်းကို တပ်မက်သော စိတ်ရှိသည်ဖြစ်၍။ ဝေဒေတိ၊ နှစ်သက်ခံစား၏၊ တဉ္စ၊ ထိုအဆင်းအာရုံကိုလည်း။ အဇ္ဈောသ၊ ငါးမျိုသကဲ့သို့ သိမ်းပိုက်၍။ တိဋ္ဌတိ၊ တည်လေ၏၊ ဝါ၊ အဇ္ဈောသ တိဋ္ဌတိ၊ ချမ်းသာသည်, ကောင်းသည်, ချစ်စရာဟု ရှေးရှုဝင်ရောက်၍ နှလုံးသွင်း၍ မျိုသကဲ့သို့ ပြီးဆုံးစေလျက်တည်၏၊

တဿ၊ ထိုသူအား။ ရူပသမ္ဘဝါ၊ အဆင်းဟူသော အာရုံရှိကုန်သော။ ဝါ၊ အဆင်းကြောင့် ဖြစ်ကုန်သော။ ဝါ၊ အဆင်းမှစ၍ ဖြစ်ကုန်သော။ အနေကာ၊ များစွာကုန်သော။ ဝေဒနာ စ၊ ကိလေသာဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သော ဝေဒနာတို့သည်၎င်း။ အဘိဇ္ဈာ စ၊ လိုချင်မက်မောမှုတို့သည်၎င်း။ ဝိဟေသာ စ၊ ညှင်းဆဲလိုသော ဒေါသတို့သည်၎င်း။ ဝ'ုန္တိ၊ တိုးပွားကုန်၏၊ အဿ၊ ထိုသူ၏၊ စိတ္တံ၊ စိတ်သည်။ ဥပဟညတိ၊ လောဘ ဒေါသတို့ဖြင့် ပင်ပန်း၏၊ တနည်း၊ အနေကာ၊ များစွာကုန်သော။ ဝေဒနာ၊ ကိလေသာဖြစ်ကြောင်း ဝေဒနာတို့သည်။ ဝ'ုန္တိ၊ တိုးပွားကုန်၏၊ အဘိဇ္ဈာ စ၊ ချစ်ဖွယ်အာရုံ၌ တပ်မက်ခြင်းအားဖြင့်ဖြစ်သော အဘိဇ္ဈာသည်၎င်း။ ဝိဟေသာ-ဝိဟေသာယ စ၊ မုန်းစရာအာရုံ၌ အမျက်ထွက်ခြင်း, ချစ်စရာအာရုံ၏ပင် ဖောက်ပြန်ခြင်းကြောင့်သာ စိုးရိမ်ခြင်းစသော လက္ခဏာရှိသည့် ပင်ပန်းမှုညှင်းဆဲလိုမှု ဒေါသသည်၎င်း။ အဿ၊ ထိုသူ၏၊ စိတ္တံ၊ စိတ်သည်။ ဥပဟညတိ၊ ကပ်၍ ညှင်းဆဲအပ်၏၊ ဧဝံ၊ ဤသို့ဤပုံ။ အာစိနတော၊ ထိုထိုဝေဒနာကို သာယာခြင်းအားဖြင့် ဘဝကိုပြုစီမံတတ်သော ကံကိုဆည်းပူးနေသူအား။ ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။ ပဝတ္တတိ၊ ဖြစ်၏၊ တဿ၊ ထိုသူအား။ ဝါ၊ ထိုသူအဖို့။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ အာရာ၊ ဝေးလှ၏ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊ တနည်း၊ ဧဝံ၊ ဤသို့ဤပုံ။ ဒုက္ခံ၊ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို။ အာစိနတော၊ ဆည်းပူးစုဆောင်းနေသူအား။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ အာရာ၊ ဝေးလှ၏ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

အဓိပ္ပါယ်

အဆင်းအာရုံကို မြင်ပြီးနောက် ထိုအဆင်းအာရုံကို ချစ်စရာဟု နှလုံးသွင်း စိတ်ကူးသူအား ထိုအဆင်းအာရုံ၏ တင့်တယ်သောအခြင်းအရာ ချစ်စရာ စိတ်ကူးလိုက်ခြင်းကိုပင် အယောနိသောမနသိကာရ- မသင့်သော နှလုံးသွင်းမှု ဆင်ခြင်မှုဟု ခေါ်သည်။ တရားကိုယ်မှာ မနောဒွါရာဝဇ္ဇန်းပင် ဖြစ်သည်။ ပီပီပြင်ပြင် မြင်ခဲ့ပြီးနောက်မှဖြစ်သော စဉ်းစားဆင်ခြင်မှုဖြစ်သည်။ ယင်း မနောဒွါရာဝဇ္ဇန်းသည် သူ့ချည်းသက်သက်ဖြစ်ကာ တန့်ရပ်နေသည် မဟုတ် ဆက်လက်၍ ဇောစိတ်များ ဖြစ်လာပြန်သည်။ ယင်း ဇောစိတ်များကား လောဘဇော လောဘမူ အကုသိုလ်စိတ်များသာဖြစ်သည်။ မြင်အပ်သော အဆင်းအာရုံကို ရိုးရိုးသဘောကျ ကျေနပ်လျှင် ဒိဋ္ဌိမပါသော သောမနဿသဟဂုတ် လောဘမူ အကုသိုလ်ဇောဖြစ်သည်၊ မြင်အပ်သောအာရုံကို မြဲသည့်အနေ, ချမ်းသာသည့်အနေ, အသက် လိပ်ပြာ ဝိညာဉ်ကောင်အနေ စသည် ထင်မှတ်လျက် သဘောကျ ကျေနပ်လျှင် ဒိဋ္ဌိပါလာသော သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် လောဘမူ အကုသိုလ်ဇောဖြစ်သည်၊ (သသင်္ခါရိကဖြစ်မဖြစ်ကိုလည်း စိစစ်၍ သိပါ)။ ယင်း ဇောစိတ်များ၌ ယှဉ်သည့် စေတသိက်များတွင် စေတနာ ပါလာသည်ကို သတိပြုပါ။ ယင်း စေတနာသည်ပင် အပါယ်ဆင်းရဲ၌ ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သည့် ဘဝါဘိသင်္ခါရ၊ မကောင်းသည့်ဘဝကို စီမံပေးသည့် အပုညာဘိသင်္ခါရ ဖြစ်တော့သည်။ ဤနည်းဖြင့် ကိလေသာဖြစ်၊ ကံဖြစ်၊ ဘဝဝဋ်ဆင်းရဲဖြစ်ရသဖြင့် အဆင်းကိုမြင်ပြီး တဖန် အမှတ်မရသူသည် ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို ဆည်းပူးနေသူပင်ဖြစ်သည်သာမကသေး၊ မြင်အပ်သောအဆင်းကို ချစ်စရာဟု နှလုံးသွင်းဆင်ခြင်ထားလိုက်သဖြင့် ထိုအဆင်းကို လိုချင်မှု မရ-ရအောင် ကြံစည်မှု အဘိဇ္ဈာဖြစ်ရတော့သည်။ ယင်းအဆင်း၏ (အဆင်းဆိုသော်လည်း အဆင်းတည်ရာ အထည်ဒြဗ်တခု၏) တမျိုးတဖုံ ဖောက်ပြန်မှု ပျက်စီးမှု ဖြစ်သွားသောအခါ စိုးရိမ်မှု ပူဆွေးမှု နှလုံးမသာမှု စိတ်ပျက်မှု ပြင်းစွာပင်ပန်းမှုတို့လည်း ဖြစ်လာကြတော့သည်။ ထိုလိုချင်မှု အဘိဇ္ဈာ, စိုးရိမ် ပူဆွေး နှလုံးမအေး စိတ်ပျက် စိတ်နာ ဝိဟေသာတို့က ထိုသူ၏ စိတ်ကို ညှင်းဆဲနှိပ်စက်လေတော့သည်။ အဘိဇ္ဈာ ဝိဟေသာတို့ ဖြစ်ကြသောအခါ ယင်းတို့နှင့်အတူ လောဘမူ, ဒေါသမူ စိတ်တို့သည်လည်း ဖြစ်ကြတော့သည်။ ယင်း စိတ်များကား အဆင်းအာရုံကြောင့် ဆက်လက်ဖြစ်လာကြသော မကောင်းစိတ်တို့ချည်းသာတည်း။ ယင်းသို့ ဆက်ကာ ဆက်ကာ တိုး၍ တိုး၍ မကောင်းစိတ်များ ဖြစ်လာစေသည်ကို 'အာစိနန္တု' ဆည်းပူးနေသည်ဟု ခေါ်သည်။ ယင်းသို့ ဆည်းပူးထားပြီးဖြစ်သောကြောင့် အပါယ်ဝဋ်ဆင်းရဲ ဖြစ်ရတော့သည်။ ယင်းပုဂ္ဂိုလ်အဖို့ နိဗ္ဗာန်ကား ဝေးလွန်းလှတော့သည်။

အဘယ့်ကြောင့် နိဗ္ဗာန်နှင့် ဝေးရလေသနည်း၊ အဆင်းအာရုံကို မြင်စဉ်အခါက မြင်ရုံမျှမက ဆက်လက်၍ လောဘဇော အကြိမ်များစွာ ဖြစ်ခဲ့သောကြောင့်တည်း။ မလိုလားအပ်သော အဆင်းအာရုံထင်ရာ၌ ဒေါသဇောဖြစ်သည်မှစ၍ ဝဋ်ဆင်းရဲဖြစ်ပုံ, နိဗ္ဗာန်နှင့် ဝေးပုံတို့ကိုလည်း သိကြပါလေ။

အသံအာရုံစသည်တို့၌လည်း ဤနည်းအတူပင် မာလုကျပုတ္တရဟန်းက လျှောက်ထားလေသည်။

ထို့နောက် ဤသို့လျှောက်ထားပြန်သည်-

န သော ရဇ္ဇတိ ရူပေသု၊ ရူပံ ဒိသွာ ပဋိဿတော၊
ဝိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
ယထာဿ ပဿတော ရူပံ၊ သေဝတော စာပိ ဝေဒနံ။
ခီယတိ နော' ပစီယတိ၊ ဧဝံ သော စရတီ သတော။
ဧဝံ အပဟိနတော ဒုက္ခံ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။

(သဠာယတနဝဂ္ဂသံယုတ်၊ နှာ-၂၉၇)

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ရူပံ၊ အဆင်းကို။ ဒိသွာ၊ မြင်ပြီး၍။ ဝါ၊ မြင်ပြီးသော်။ ပဋိဿတော၊ တဖန် အမှတ်ရသည်။ ဟောတိ၊ ဖြစ်၏၊ သော၊ အဆင်းကိုမြင်ပြီးလျှင် တဖန်အမှတ်ရသော ထိုပုဂ္ဂိုလ်သည်။ ရူပေသု၊ မြင်အပ်သောအဆင်းတို့၌။ န' ရဇ္ဇတိ၊ မတပ်မက်။ ဝါ၊ တပ်မက်မှုကင်း၏၊ သော၊ အဆင်းကို မြင်ပြီးလျှင်ပြီးခြင်း တဖန် အမှတ်ရသောထိုပုဂ္ဂိုလ်သည်။ ဝိရတ္တစိတ္တော၊ တပ်မက်ကင်းသောစိတ်ရှိသည်ဖြစ်၍။ ဝေဒေတိ၊ ခံစားရ၏၊ တဉ္စ၊ ထိုအဆင်းကိုလည်း။ အဇ္ဈောသ၊ ဝါးမျိုသကဲ့သို့သိမ်းပိုက်၍။ နတိဋ္ဌတိ၊ မတည်။

ယထာ၊ မြင်ပြီးလျှင်ပြီးခြင်း မှတ်သိမှုပါသော အခြင်းအရာအားဖြင့်။ ရူပံ၊ အဆင်းကို။ ပဿတေယ စာပိ၊ မြင်သည်လည်းဖြစ်သော။ ဝေဒနံ၊ ခံစားမှုဝေဒနာကို။ သေဝတော စာပိ၊ မှီဝဲသည်လည်းဖြစ်သော။ အဿ၊ ထိုပုဂ္ဂိုလ်အား။ ဒုက္ခံ၊ တဖန် မှတ်သိမှု မရှိလျှင် ဖြစ်လာနိုင်သော ကိလေသာဆင်းရဲ, ဝဋ်ဆင်းရဲသည်။ ခီယတိ၊ ကုန်သာကုန်ခမ်း၏၊ နောပစီယတိ၊ ဆည်းပူးစုဆောင်းအပ် သည်ကားမဟုတ်။ ဧဝံ၊ ဤသို့သော အခြင်းအရာအားဖြင့်။ သော၊ ထိုပုဂ္ဂိုလ်သည်။ သတော၊ အမှတ် ရှိသည်ဖြစ်၍။ ဝါ၊ အမှတ်ရလျက်။ စရတိ၊ ကျင့်လေ၏၊ ဧဝံ၊ ဤဆိုအပ်ခဲ့သည့်အတိုင်း မြင်ပြီးလျှင် မြင်ပြီးခြင်း တဖန် သတိရသောအားဖြင့်။ ဝါ၊ မြင်ပြီးလျှင် မြင်ပြီးခြင်း မှတ်သိခြင်းအားဖြင့်။ ဒုက္ခံ၊ တဖန် ရှုသိမှုမရှိလျှင် ဖြစ်လာနိုင်သော ကိလေသာဆင်းရဲ, ဝဋ်ဆင်းရဲကို။ အပစိနတော၊ ဖျက်ဆီးနေသော ပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ သန္တိကေ၊ နီး၏ဟူ၍။ ဝုစ္စတိ၊ မုချဆတ်ဆတ် ဆိုအပ်၏၊

အဓိပ္ပါယ်-

အဆင်းကိုမြင်သောအခါ မြင်ပြီးလျှင် ပြီးချင်း တဖန် မှတ်သိသောပုဂ္ဂိုလ်သည် ထိုအဆင်းကို တပ်မက်မှု ကင်းလျက်သာ ခံစားသည်။ ထိုအဆင်းကို ဝါးမျိုသကဲ့သို့ သိမ်းပိုက်မထားတော့ပေ။ အဆင်းကို မြင်မှု ခံစားမှုဖြစ်သော်လည်း ကိလေသာဆင်းရဲ, ဝဋ်ဆင်းရဲကို မဖြစ်စေဘဲ ကိလေသာဆင်းရဲ, ဝဋ်ဆင်းရဲကို ဖျက်ဆီးလျက်သာ ဖြစ်နေတော့သည်။ ကိလေသာဆင်းရဲ, ဝဋ်ဆင်းရဲကို ဖျက်ဆီးလျက်သာ ဖြစ်-ဖြစ်သွားအောင် မြင်ပြီးလျှင် မြင်ပြီးခြင်း ရှုမှတ်နေသူများ နိဗ္ဗာန်နှင့် နီးနေသူ နိဗ္ဗာန်ကို မြင်တော့မည့်သူသာ ဖြစ်ပေသည်။

မာလုကျပုတ္တတ္ထေရဂါထာ အဋ္ဌကထာဖွင့်ပုံ

န သောရဇ္ဇတိ ရူပေသု၊ ရူပံဒိသွာ ပဋိဿတောတိ ယော ပုဂ္ဂလော ရူပံ ဒိသွာ အာပါထဂတံ ရူပါရမ္ပဏံ စက္ခုဒွါရိကေန ဝိညာဏသန္တာနေန ဂဟေတွာ စတုသမ္ပဇညဝသေန သမ္ပဇာနကာရိတာယ ပဋိဿတော ဟောတိ၊ သော ရူပါရမ္မဏေသု န ရဇ္ဇတိ ရာဂံ န ဇနေတိ၊ အညဒတ္ထု ဝိရတ္တစိတ္တော ဝေဒေတိ၊ ရူပါရမ္မဏမှိ သမုဒယာဒိတော ယထာဘူတံ ပဇာနန္တော နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒန္တော တံ တတ္ထုပ္ပန္နဝေဒနဉ္စ ဝိရတ္တစိတ္တော ဝေဒေတိ။

နဇ္ဈောသ တိဋ္ဌတီတိ တံ ရူပါရမ္မဏံ သမ္မဒေဝ ဝိရတ္တစိတ္တတာယ အဇ္ဈောသာယ န တိဋ္ဌတိ 'ဧတံ မမ၊ ဧသောဟသ္မိ၊ ဧသော မေ အတ္တာ' တိ တဏှာမာနဒိဋ္ဌိဝသေန နာဘိနိဝိသတိ။

(ထေရဂါထာ- ၂-၃၀၃-၃၀၄)

'န သော ရဇ္ဇတိ ရူပေသု၊ ရူပံ ဒိသွာ ပဋိဿတောတိ' အဆင်းကိုမြင်ပြီးလျှင် တဖန် အမှတ်ရသူသည် အဆင်းတို့၌ တပ်မက်မှု မဖြစ်ဆိုရာ၌ အဓိပ္ပာယ်ကား- ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ရူပံ၊ အဆင်းကို။ ဒိသွာ၊ မြင်ပြီး၍ မြင်ပြီးသော်။ အာပါထဂတံ၊ မျက်စိထဲ၌ ထင်ခြင်းသို့ ရောက်လာသော။ ဝါ၊ ထင်ပေါ်လာသော။ ရူပါရမ္ပဏံ၊ အဆင်းအာရုံကို။ စက္ခုဒွါရိကေန၊ စက္ခုဒွါရ၌ ဖြစ်သော။ ဝိညာဏသန္တာနေန၊ စိတ်အစဉ်ဖြင့် (ပဉ္စဒွါရာဝဇ္ဇန်းမှစ၍ တဒါရုံအဆုံးရှိသော စက္ခုဒွါရိကစိတ် မြင်သိပီတိစိတ်ကို ဆိုလိုသည်။) ဂဟေတွာ၊ ယူပြီး သိပြီး၍၊ ယူပြီးသိပြီးသော်။ စတုသမ္ပဇညဝသေန၊ လေးပါးသော သမ္ပဇဉ်တို့၏အစွမ်းဖြင့်။ သမ္ပဇာညကာရိတာယ၊ မှန်စွာသိလျက် ပြုလေ့ရှိသည်၏ အဖြစ်ဖြင့်။ ပဋိဿတော၊ တဖန်အမှတ်ရသည်။ ဟောတိ၊ ဖြစ်၏၊

သော၊ ထိုပုဂ္ဂိုလ်သည်။ ရူပါရမ္မဏေသု၊ အဆင်းအာရုံတို့၌။ နရဇ္ဇတိ၊ မတပ်မက်။ ရာဂုံ၊ တပ်မက်မှုကို။ န ဇနေတိ၊ မဖြစ်စေ။ အညဒတ္ထု၊ စင်စစ်သော်ကား။ ဝိရတ္တစိတ္တော၊ တပ်မက်ကင်းသော စိတ်ရှိသည်ဖြစ်၍။ ဝေဒေတိ၊ အဆင်းအာရုံကို ခံစား၏၊ ရူပါရမ္မဏမှိ၊ အဆင်းအာရုံ၌။ သမုဒယာဒိတော၊ ဖြစ်ကြောင်း သမုဒယ, ဖြစ်မှုသမုဒယစသောအားဖြင့်။ ဝါ၊ ဖြစ်ကြောင်းသမုဒယ, ဖြစ်မှုသမုဒယအစရှိသော။ ယထာဘူတံ၊ အမှန်သဘောကို။ ဝါ၊ ဟုတ်မှန်တိုင်းကို။ ပဇာနန္တော၊ သိလျက်။ နိဗ္ဗိန္ဒတိ၊ အဆင်း အာရုံအပေါ်၌ ငြီးငွေ့၏၊ နိဗ္ဗိန္ဒန္တော၊ ငြီးငွေ့သည်ဖြစ်၍ ငြီးငွေ့လျက်သာ။ တံ တတ္ထုပ္ပန္နဝေဒနဉ္စ၊ ထိုအဆင်းကို အစွဲပြု၍ ဖြစ်ပေါ်လာသော ဇော၌ပါသော ထိုဝေဒနာကိုလည်း။ ဝိရတ္တစိတ္တော၊ တပ်မက် ကင်းသော စိတ်ရှိလျက်။ ဝေဒေတိ၊ ခံစားလေ၏၊

တဉ္စ နဇ္ဈောသ တိဋ္ဌတီတိ၊ ထိုမြင်ရသောအဆင်းကိုလည်း ဝါးမျိုသကဲ့သို့ သိမ်းပိုက်၍ မတည်ဆိုရာ၌ အဓိပ္ပာယ်ကား။ တထာဘူတော စ၊ ထိုသို့တပ်မက်ကင်းသောစိတ်ဖြင့် ခံစားသည်ဖြစ်၍လည်း။ တံ ရူပါရမ္မဏံ၊ ထိုအဆင်းအာရုံကို။ သမ္မဒေဝ၊ ကောင်းစွာသာလျှင်။ ဝိရတ္တစိတ္တတာယ၊ တပ်မက်ကင်းသော စိတ်ရှိသည်၏အဖြစ်ကြောင့်။ ဝါ၊ စိတ်က မတပ်မက်လေသောကြောင့်။ အဇ္ဈောသာယ၊ ဝါးမျိုသကဲ့သို့ သိမ်းပိုက်လျက်။ နတိဋ္ဌတိ၊ မတည်။ ဧတံ၊ ဤအဆင်းသည်။ မမ၊ ငါ၏ အဆင်းတည်း။ ဝါ၊ ငါပိုင်တည်း။ ဧသော၊ ဤအဆင်းသည်။ အဟံ အသ္မိ၊ ငါဖြစ်၏၊ ဧသော၊ ဤအဆင်းသည်။ မေ၊ ငါ၏၊ အတ္တာ၊ အတ္တကောင်တည်း။ ဣတိ၊ ဤသို့။ တဏှာမာနဒိဋ္ဌိဝသေန၊ တဏှာမာနဒိဋ္ဌိတို့၏ အစွမ်းအားဖြင့်။ နာဘိနိဝိသတိ၊ ရှေးရှုမသက်ဝင်။ ဝါ၊ နှလုံးမသွင်း။

ဤအဖွင့် အဋ္ဌကထာ၌ 'အာပါထဂတံ ရူပါရမ္မဏံ စက္ခုဒွါရိကေန ဝိညာဏသန္တာနေန ဂဟေတွာ' ကို သတိပြုသင့်ပေသည်။ ပဉ္စဒွါရာဝဇ္ဇန်း အစ ဇော တဒါရုံအဆုံးရှိသော စက္ခုဒွါရိကဝီထိစိတ်အားလုံးဖြင့် အဆင်းအာရုံကို မြင်ပြီးလျှင် ပြီးခြင်း (သမ္ပဇညလေးပါးဖြင့် မှန်စွာသိသောအားဖြင့် တဖန်အမှတ်ရပါ) ဟု ဆိုလိုပေသည်။

ဤအဖွင့်သည် 'စက္ခုဒွါရိကဝိညာဏေန ဟိ မေ ဒိဋ္ဌမတ္တမေဝ ဘဝိဿတီတိ သိက္ခိတဗ္ဗန္တိ အတ္ထော' ဟူသောဥဒါန်း ဗာဟိယသုတ်လာ ဒိဋ္ဌေဒိဋ္ဌမတ္တံ၏ ပထမအဖွင့်နှင့် သဘောတူပင် ဖြစ်ပေသည်။ မြင်ပြီးလျှင် (ဝါ) မြင်ပြီးတဲ့အခါ ထိုမြင်အပ်သော အဆင်းအပေါ်၌ တပ်မက်မှုမဖြစ်အောင် မည်သို့ကျင့်ရပါမည်နည်း၊ မြင်လျှင် မြင်ရရုံမျှဖြစ်အောင် မည်သို့ အမှတ်သတိ ဖြစ်ရပါမည်နည်း-ဟု မေးဖွယ်ရှိပြန်၍ 'စတုသမ္ပဇညဝသေန သမ္ပဇာနကာရိတာယ ပဋိဿတော ဟောတိ' အမှန်သိ လေးမျိုးဖြင့် အမှန်ကို သိလိုက်ပါ။ ယင်းသို့သိလိုက်လျှင် တဖန် အမှတ်ရသူ ဖြစ်တာပါပဲ-ဟု ဆိုလိုသည်။

ဤတွင် သမ္ပဇဉ်လေးပါးကို ဂ-ဃ-ဏ-န ခွဲခြားသိဖို့ လိုလာပေသည်။

(၁) အကျိုးရှိ-မရှိ ဆင်ခြင်သိသော သာတ္ထကသမ္ပဇဉ်
(၂) အကျိုးရှိသော်လည်း သင့်လျော်-မသင့်လျော် ဆင်ခြင်သိသော သပ္ပါယသမ္ပဇဉ်
(၃) ဝိပဿနာအရာ၌ ဝိပဿနာ၏ အာရုံကို ဆင်ခြင်သိသော ဂေါစရသမ္ပဇဉ်
(၄) ရုပ်နာမ်တို့၏ သဘာဝလက္ခဏာ စသည်ကို, ပုဂ္ဂိုလ်သတ္တဝါမဟုတ်သည်ကို, မမြဲခြင်း စသည်ကို သိသော အသမ္မောဟသမ္ပဇဉ်

ဤသမ္ပဇဉ်လေးပါးတို့တွင် သာတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်တို့သည် ပကတိပုဂ္ဂိုလ် (ဝါ) ကမ္မဋ္ဌာန်းအလုပ် မလုပ်သည့်ပုဂ္ဂိုလ်များအတွက်လည်း လိုအပ်ပေသည်။ ဝိပဿနာမပြတ် ရှုမှတ်နေသော ပုဂ္ဂိုလ်များအတွက်မှာမူ မူလ အခြေခံစဉ်ကပင် ပြည့်စုံပြီးဖြစ်ပေသည်။

သို့ဖြစ်သောကြောင့် ဝိပဿနာ ရှုမှတ်နေသူများမှာ ဂေါစရသမ္ပဇဉ်နှင့် အသမ္မောဟသမ္ပဇဉ်နှစ်မျိုး ဖြစ်ဖို့သာ လိုအပ်ပေသည်။

ထိုသမ္ပဇဉ်နှစ်မျိုးတို့တွင်လည်း ဖြစ်ပေါ်လာတိုင်းသော အာရုံခြောက်ပါး တေဘူမကရုပ်နာမ်တရားတို့ကို မလွတ်တမ်း ရှုမှတ်ရမည်ကို သိထားပြီးဖြစ်သည့်ပြင် ရှုမှတ်လည်း ရှုမှတ်နေသည်ဖြစ်သောကြောင့် ဂေါစရသမ္ပဇဉ်လည်း ပြည့်စုံပြီးဖြစ်ပေသည်။

အရေးအကြီးဆုံးကား ရှုမှတ်လေသမျှ ဝိပဿနာဇောစိတ်၏ အာရုံဖြစ်သော ရုပ်နာမ်တရားတို့၏ သဘောလက္ခဏာစသော ဝိသေသလက္ခဏာ, အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာ ဟူသော သာမညလက္ခဏာတို့ကို သိသော အသမ္မောဟသမ္ပဇဉ် ဖြစ်ရေးပင်ဖြစ်ပေသည်။

ဂေါစရသမ္ပဇဉ် အသမ္မောဟသမ္ပဇဉ်

'ဧဝံ တာဝ ဒိဋ္ဌေ ဒိဋ္ဌေမတ္တံ ဘဝိဿတီတိ အာဒိနာ ဒိဋ္ဌာဒိဝသေန စတုဓာ တေဘူမကဓမ္မာ သင်္ဂဟေတဗ္ဗာ။ တတ္ထ သုဘသုခ နိစ္စ အတ္တဂ္ဂါဟ ပရီဝဇ္ဇနမုခေန အသုဘဒုက္ခာနိစ္စာနတ္တာနုပဿနာ ဒဿိတာတိ ဟေဋ္ဌိမာဟိ ဝိသုဒ္ဓီဟိ သဒ္ဓိံ သင်္ခေပေနေဝ ဝိပဿနာ ကထိတာ-'

ဟု ဖွင့်ပြအပ်သော ဗာဟိယသုတ် အဋ္ဌကထာနှင့်အညီ တေဘူမကဓမ္မသုံးပါး၌ဖြစ်သော ဝိပဿနာရှုထိုက်သော တရားတို့ကို နည်းမှန် လမ်းမှန် ဝိပဿနာ ရှုမှတ်ပွားများလျှင် ဂေါစရသမ္ပဇဉ် အသမ္မောဟသမ္ပဇဉ် ပြည့်စုံ၍ မြင်ရုံမျှ ကြားရုံမျှ စသည်ဖြစ်နိုင်တော့သည်။

ဝိပဿနာ ရှုပွားထိုက်သော တေဘူမကဓမ္မဆိုရာ၌လည်း မည်သို့မျှ အသိလုံးထွေး ရှုပ်ပွေနေစရာ မရှိပေ။ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့ပင် ဖြစ်ချေသည်။ ယင်း ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့၌ အနိစ္စစသည် ထင်မြင်အောင် ရှုပွားနိုင်လျှင် ရဟန္တာအထိ ဖြစ်နိုင်သည်ဟု မြတ်စွာဘုရားကိုယ်တော်တိုင် အာမခံ တာဝန်ယူထားအပ်ခဲ့ပေသည်။

မြင်အပ်သော အဆင်းစသည်၌ မြင်ရုံမျှစသည်ဖြစ်အောင် ကျင့်ရမည်ဟု မိန့်ဆိုထားသော ဤဗာဟိကသုတ်တော်အရ မြင်ဆဲ၊ ကြားဆဲ၊ နံဆဲ၊ စားဆဲ၊ ထိသိဆဲ၊ ကြံသိဆဲတို့၌ မြင်မှန်း၊ ကြားမှန်း၊ နံမှန်း၊ စားမှန်း၊ ထိသိမှန်း၊ ကြံသိမှန်း သိသိသွားအောင် ရှုမှတ်ရမည်။ ဤရှုမှတ်မှုသည် ဓမ္မနုပဿနာရှုမှတ်နည်း၌ အတွင်းဝင်ပေသည်။

ထိုမှတစ်ပါး မြင်ဆဲ၊ ကြားဆဲစသည်တို့အပြင် သွားနေဆဲ ရပ်နေဆဲ စသောအချိန်၊ ပူမှု အေးမှု စသည်နှင့် ထင်ထင်ရှားရှား တွေ့ကြုံနေဆဲအချိန်၊ တပ်မက်စိတ် အခံခက်စိတ်စသည် ထင်ထင်ရှားရှားဖြစ်နေသောအချိန် စသည်တို့လည်း ရှိသေးရာ မည်သည့်အချိန်မဆို မလစ်လပ်စေဘဲ တရစပ် ရှုမှတ်ဖို့သာ လိုလေသည်။

ရှုမှတ်နေမှ မဂ်ဖိုလ်ရ

ယင်းသို့ မပြတ်ရှုမှတ်နေရာ မြင်သိဆဲမှာ မြင်သိနေမှန်းသိအောင် ရှုမှတ်နေလျှင် မျက်စိနှင့် အဆင်းအာရုံက တခြား မြင်သိစိတ်က တခြား ကွဲကွဲပြားပြားသိသော နာမရူပပရိစ္ဆေဒဉာဏ်, မျက်စိရှိလို့ အရောင်အလင်းကလည်းရှိလို့ အဆင်းကလည်း ထင်လို့ မြင်အောင် ကြောင့်ကြစိုက် နှလုံးသွင်းမှုလည်းရှိလို့ မြင်သိမှုဖြစ်လာသည်ဟု သိသော ပစ္စယပရိဂ္ဂဟဉာဏ်တည်းဟူသော ဉာတပရိညာဖြစ်သည်မှစ၍ ဝိပဿနာဉာဏ် အဆင့်ဆင့်အားဖြင့် သမ္မသနဉာဏ်မှ အနုလောမဉာဏ်တိုင်အောင်သော တီရဏပရိညာ, မဂ်ဉာဏ်-တည်းဟူသော ပဟာန ပရိညာတို့လည်း မုချဖြစ်ကြရလေသည်။

ဤသို့ သတိပဋ္ဌာန်ဒေသနာတော်အရ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့၌ မပြတ်ရှုမှတ်နေသူအား ဘင်္ဂဉာဏ်ဖြစ်သည်မှစ၍ မြင်အပ်သောအဆင်း၌ မြင်ရုံမျှ, ကြားအပ်သောအသံ၌ ကြားရုံမျှ စသည်သာ ဖြစ်တော့သည်။ မြင်ရုံမျှ, ကြားရုံမျှထက် ပိုမဖြစ်တော့ချေ။

ဤ၌ မြင်ရုံမျှ, ကြားရုံမျှစသော သဘောကို ထင်ရှားအောင် ဖော်ပြရလျှင်-

သဒ္ဒံ ပဌမစိတ္တေန၊ တီတံ ဒုတိယစေတသာ။
နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္တစေတသာ-

ဟူသော မဏိသာရမဉ္ဇူသာဋီကာ၌ ဆိုအပ်သည်နှင့်အညီ- မျက်စိဟူသော စက္ခုပသာဒ အကြည်ဓာတ်၌ အဆင်းအာရုံ ထင်လာသောအခါ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော ၇-ကြိမ် တဒါရုံ နှစ်ကြိမ် (ရံခါ) ဘွင်-ဘွင်...အားဖြင့် စက္ခုဝိညာဏဝီထိဖြစ်၏၊ ဤဝီထိစိတ်များသည် ပစ္စုပ္ပန် အဆင်းပရမတ်အာရုံကို အာရုံပြုလျက်ဖြစ်သည်။

ထို့နောက် ဘဝင်မှထ၍ အတိတ်ဖြစ်သော ထိုအဆင်း ပရမတ်အာရုံကိုပင် အာရုံပြု၍ မနောဒွါရဝဇ္ဇန်း, ဇော ၇-ကြိမ် တဒါရုံ နှစ်ကြိမ် (ရံခါ) ဘွင်-ဘွင် ... အားဖြင့် တဒနုဝတ္တက သုဒ္ဓ မနောဒွါရိက ပထမ ကြံသိ ဝီထိဖြစ်ပေါ်၏၊ ဤဝီထိအခိုက်၌လည်း ကောကျ်ား, မိန်းမစသော ပုံသဏ္ဌာန်ပညတ် မထင်ရှားသေးဘဲ အတိတ် အဆင်းပရမတ်အာရုံကိုပင် အာရုံပြုသော စိတ်အစဉ်သည်ဖြစ်၏၊

ထို့နောက် ဤနည်းအတူပင် ဒုတိယကြံသိ ဝီထိစိတ်အစဉ် ဖြစ်ပြန်သည်။ ဤဝီထိစိတ်အစဉ်၌ ယောကျ်ားပဲ, မိန်းမပဲ စသော ပုံသဏ္ဌာန်ပညတ်များ ပေါ်လာသည်။

ထို့နောက် ဤနည်းအတူပင် တတိယကြံသိ ဝီထိစိတ်အစဉ် ဖြစ်ပေါ်လာပြန်သည်။ ဤဝီထိစိတ်အစဉ်၌ ယောကျ်ားပဲ, မိန်းမပဲ စသော အမည်ပညတ်များ ပေါ်လာတော့သည်။

ဤမှ နောက်၌ မုန်းစရာ ချစ်စရာ စသည်ဖြင့် အမျိုးမျိုး စိတ်ကူးကြံစည်သော ဝီထိစိတ်များ ဖြစ်ပေါ်လာတတ်ကြသည်။

ဖော်ပြပါ ၄-ဝီထိတွင် ဒုတိယ, တတိယ ကြံသိဝီထိစိတ်များဖြင့် ပုံသဏ္ဌာန်ပညတ်, အမည်ပညတ်ကို သိသွားခြင်းသည် ထင်လာသော အဆင်းအာရုံ၏ အမှန်သဘောကို မသိမှု မောဟကြောင့်ဖြစ်လေသည်။ ဝိပဿနာမပြတ် ရှုမှတ်နေသော ပုဂ္ဂိုလ်မှာ ထိုနှစ်ဝီထိ ဖြစ်သည်အထိ မရောက်တော့ဘဲ အစဦးဖြစ်သော စက္ခုဝိညာဏဝီထိစိတ်လောက်သာ ဖြစ်တော့သည်။

ဤဝီထိစိတ်မျှသာ ဖြစ်သည်ကို ရည်ရွယ်၍ 'စက္ခုဒွါရိကဝိညာဏေန ဟိ မေ ဒိဋ္ဌမတ္တမေဝ ဘဝိဿတီတိ သိက္ခိတဗ္ဗန္တိ အတ္ထော' ဟု ဗာဟိယသုတ်အဖွင့် နှာ-၈၁၌၎င်း၊ 'အာပါထဂတံ ရူပါရမ္မဏံ စက္ခုဒွါရိကေန ဝိညာဏသန္တာနေန ဂဟေတွာ စတုသမ္ပဇညဝသေန သမ္ပဇာနကာရိတာယ ပဋိဿတော ဟောတိ' ဟု မာလုကျပုတ္တထေရဝါအဖွင့် (ဒုတွဲ-နှာ-၃၀၄) ၌၎င်း အရှင်ဓမ္မပါလဆရာ မိန့်ခဲ့ပေသည်။

ထို့ပြင် စက္ခုဝိညာဏဝီထိမှ နောက် စ စဦးဖြစ်သော အတိတ်အဆင်း ပရမတ်အာရုံကိုသာ အာရုံပြုပေးသော တာနုဝတ္တက သုဒ္ဓမနောဒွါရိက ပထမ ကြံသိ ဝီထိမျှတိုင်အောင်သာ ဖြစ်လျှင်လည်း 'ဒိဋ္ဌေ ဒိဋ္ဌမတ္တံ= မြင်အပ်သော အဆင်း၌ မြင်ရုံမျှသာ ဖြစ်သည်'ဟု ဆိုနိုင်ပေသည်။

အဘယ့်ကြောင့်ဆိုသော် ဤပထမ ကြံသိ ဝီထိစိတ်အစဉ်တို့သည်လည်း ပုံသဏ္ဌာန်ပညတ်, အမည်ပညတ်များကို အာရုံမပြုသေးဘဲ အဆင်းပရမတ်မျှကိုသာ အာရုံပြုသည်ဖြစ်၍ ရဇ္ဇန, ဒုဿန တပ်မက်ခြင်း, မုန်းခြင်း မဖြစ်နိုင်သောကြောင့်ပေတည်း။

ဤ၌ အထူးဆိုဖွယ်ရှိသည်ကား အဆင်းကို မြင်သောအခါ စ စဦး စက္ခုဒွါရိကဝိညာဏဝီထိမျှသာ ဖြစ်အောင်၊ သို့မဟုတ် ပထမ ကြံသိ ဝီထိတိုင်ရုံမျှဖြစ်အောင် ထားနိုင်ရန် နေနိုင်ရန်မှာ လွယ်ကူသည် မဟုတ်ပေ။

ဖော်ပြခဲ့သော ထေရဂါထာအဋ္ဌကထာအရ စက္ခုဒွါရိကစိတ်ဖြင့် အဆင်းအာရုံကို ယူပြီး မြင်ပြီးမှ တန့်ရပ်၍ ဂေါစရသမ္ပဇဉ်, သတ္ထကသမ္ပဇဉ်ဖြစ်အောင် လုပ်နေ၍လည်း မဖြစ်တော့ပေ။

ထို့ကြောင့် ဝိပဿနာမပြတ် ရှုမှတ်နေသူမှသာ ဘင်္ဂဉာဏ် စသည်ဖြစ်သောအခါ မြင်လေသမျှ, ကြားလေသမျှ စသည်တို့သည် မြင်ရုံမျှ, ကြားရုံမျှ စသည်တို့သာ ဖြစ်ကြတော့သည်။ ခေတ္တခဏမျှ လေ့ကျင့်ရုံမျှဖြင့်၎င်း, ပြောရုံမျှဖြင့်၎င်း လုံးဝဖြစ်နိုင်သော အရာမဟုတ်ဟု သန္နိဋ္ဌာန်ကျ မှတ်ယူသင့်ကြပေသည်၊ မှတ်ယူကြလေ။

ထို့ပြင် ဗာဟိယသုတ် ဒုတိယနည်း အဖွင့်အရ၎င်း, ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဣန္ဒြိယသံဝရသီလ စောင့်စည်းပုံကို ဝီထိဖြင့် ပိုင်းခြားပြရာ အရအားဖြင့်၎င်း စက္ခုဒွါရိကစိတ်အစဉ်တွင် ဝုဋ္ဌောအထိ စိတ်များ၌ တပ်မက်မှုစသည် မဖြစ်သေးသလို တပ်မက်မှုမဖြစ်သော ဇောစိတ်အစဉ်ကို ဖြစ်စေမည်, ထားမည်ဟု ကျင့်ရမည် ဆိုသည်မှာလည်း ဝုဋ္ဌောအထိ စိတ်အစဉ်ဖြစ်ပြီးမှ ယင်းစိတ်အစဉ်ကဲ့သို့ ဇောကို တမင်ဖြစ်အောင် လုပ်ဖို့ ပြောလိုသည်မဟုတ်၊ ပြောလို့လည်းမဖြစ်၊ လုပ်လို့လည်း မရပေ။

အမှန်မှာ ဖော်ပြခဲ့သည့်အတိုင်း ဝိပဿနာဉာဏ် ရင့်သန်သော ပုဂ္ဂိုလ်များ၌ မြင်အပ်သော အဆင်းကို အာရုံပြု၍ ဝုဋ္ဌောအထိ စိတ်များသည် တပ်မက်မှုစသည် မရှိသေး မဖြစ်သေးသလို ဇောများသည်လည်း တပ်မက်မှုစသည် မရှိသော မဖြစ်သော ဇောများသာဖြစ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်။

အဘယ့်ကြောင့်ဆိုသော် အချို့သော တိက္ခာစာရ ဗလဝဝိပဿက ပုဂ္ဂိုလ်များ၌ စက္ခုဒွါရိကဝီထိ စိတ်အစဉ်တွင် ဇောတိုင်အောင်ပင် မဖြစ်တော့ဘဲ ဝုဋ္ဌောမျှလောက်သာ ဖြစ်သောကြောင့်တည်း။

ထိုစကားကို ထင်ရှားအောင် ဖော်ပြကြဦးအံ့၊ မူလပဏ္ဏာသအဋ္ဌကထာ(ဒု-၁၂၉) ၌ ဤသို့ ဆိုထားပေသည်။

စက္ခုဒွါရ စသည်တို့၌ အဆင်းစသော အာရုံထင်လာသောအခါ မသင့်လျော်သော နှလုံးသွင်းဆင်ခြင်မှု ပဉ္စဒွါရဝဇ္ဇန်း ဖြစ်လာသော်လည်း စက္ခုဝိညာဏ်စိတ်, သမ္ပိဋိစ္ဆိုင်း, သန္တီရဏစိတ်ဖြစ်၍ ဝုဋ္ဌောစိတ် ဖြစ်လတ်သော် တစ်ကြိမ် နှစ်ကြိမ် အာသေဝန မှီဝဲခြင်း ထုံခြင်းကိုရ၍ ဘဝင်ကျရလေသည်။ (ဝုဋ္ဌော ၂-ကြိမ် ၃-ကြိမ် ဖြစ်သည်ကို ဆိုလိုသည်။ သင်္ဂြိုလ်စကားအားဖြင့် ဝေါဋ္ဌဗ္ဗနဝါရဖြစ်သည်။) တပ်မက်ခြင်းစသည် မဖြစ်တော့ပေ။ (လောဘဇောစသည် မစောတော့ပြီဟု ဆိုလိုသည်။) ဤသို့ ဖြစ်နိုင်သူမှာလည်း ထိပ်ဖျားခေါင်ထိ ရောက်နေသော တိက္ခဝိပဿက ပုဂ္ဂိုလ်ဖြစ်သည်။ (၁)

ဝိပဿကပုဂ္ဂိုလ်တစ်ဦးမှာမူ ပဉ္စဒွါရဝဇ္ဇန်းမှစ၍ ဝုဋ္ဌောဖြစ်ပြီးနောက် လောဘဇောစသည် ဖြစ်လေ၏၊ ထိုသို့ဖြစ်သောအခါ လောဘဇော၊ သို့မဟုတ် ဒေါသဇော စောမှန်းသိပြီး ပြီးခြင်း ဘဝင်ခြားပြီးနောက် အာရုံကို သိမ်းဆည်းရှုမှတ်သောအခါ ရာဂဇော, ဒေါသဇော မစောမူ၍ ကုသိုလ်ဝိပဿနာဇောသာ စောတော့သည်။ ဤသို့ ဖြစ်နိုင်သူမှာ အလတ်တန်းစား မဇ္ဈိမ ဝိပဿကပုဂ္ဂိုလ်ဖြစ်သည်။ (၂)

ဝိပဿနာပုဂ္ဂိုလ်တစ်ဦးမှာမူ ရှုမှတ်နေလျက်ကပင် ပထမအကြိမ် လောဘဇော၊ သို့မဟုတ် ဒေါသဇော စောလေ၏၊ စောမှန်းသိပြီးနောက် ဒုတိယအကြိမ်မှာလည်း ဤနည်းတူ စောပြန်၏၊ စောမှန်းသိပြီး အာရုံကို သိမ်းဆည်းသည့်အတွက် တတိယအကြိမ်မှာမူ လောဘဇော, ဒေါသဇော မစောတော့ဘဲ ကုသိုလ်ဝိပဿနာဇောသာ စောတော့သည်။ ဤသို့ ဖြစ်နိုင်သည်မှာ အနုံ့စား မန္ဒဝိပဿကပုဂ္ဂိုလ်ဖြစ်သည် (၃)-

ဟု ပြဆိုထားပေသည်။

သင်္ခါရုပေက္ခာဉာဏ် ထက်ထက်သန်သန် ဖြစ်သောအခါ၌ (၁)နံပါတ်ပုဂ္ဂိုလ်ကဲ့သို့ မုန်းဖွယ်, ချစ်ဖွယ် အာရုံထင်ထင်ခြင်းပင် ပထမဝီထိ၌ ဇောဆိတ်ပြီး အာရုံမထင်ရှားသဖြင့် ဒုတိယမနောဒွါရဝီထိ၌ မယုတ်မလွန် ညီမျှစေသော တတြမဇ္ဈတ္တုပေက္ခာ ထင်ရှားလျက် ရှုမှတ်မှု ဝိပဿနာဇောများသာ ငြိမ်သက်စွာ ဖြစ်ကြသောကြောင့် ပုထုဇဉ်ပုဂ္ဂိုလ်ပင် ဖြစ်သော်လည်း ဝိပဿနာရှု၍ ဤအခြေအနေ ရောက်လာသောအခါ ရဟန္တာကဲ့သို့ပင် ဆဋ္ဌင်္ဂုပေက္ခာနှင့် ပြည့်စုံနေသူဖြစ်သည်။

ဤအကြောင်းကို ပဉ္စင်္ဂုတ္တရပါဠိ တိကဏ္ဍကီဝဂ် (နှာ-၁၅၀) စတုတ္ထဝဂ်၏ ပဉ္စမဝါရ၌-

ရဟန်းတို့ ... ရဟန်းသည် ရံဖန်ရံခါ၌ မုန်းဖွယ်, ချစ်ဖွယ် ၂-မျိုးလုံးကိုကြဉ်၍ အမှတ်ရလျက် သိလျက် (သတိသမ္ပဇဉ်နှင့် ပြည့်စုံလျက်) အမျှရှုနေရာ၏-

ဟု ဟောတော်မူခဲ့ပေသည်။

ယင်း အင်္ဂုတ္တရအဋ္ဌကထာ(တ-၅၂)၌ 'ပဉ္စမဝါရကို ဆဋ္ဌင်္ဂုပေက္ခာ၏ အစွမ်းဖြင့် ဟောတော်မူအပ်သည်။ ဤ ဆဋ္ဌင်္ဂုပေက္ခာဆိုသည်မှာလည်း ရဟန္တာပုဂ္ဂိုလ်၏ ဥပေက္ခာနှင့် တူသော ဥပေက္ခာသာဖြစ်သည်။ ရဟန္တာ၏ ဥပေက္ခာကားမဟုတ်။ ဤသုတ်၌ ငါးဌာနတို့မှာ ဝိပဿနာကိုသာ ဟောတော်မူအပ်၏၊ ထိုဝိပဿနာကို အားထုတ်စပြုခဲ့ပြီး၍ ဥဒယဗ္ဗယဉာဏ် စသည်နှင့်ပြည့်စုံသော အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်သည် ပြုခြင်းငှာ စွမ်းနိုင်ပေသည်'ဟု ဖွင့်ဆိုတော်မူသည်။

ထို့ပြင် မူလပဏ္ဏာသအဋ္ဌကထာ(ဒု-၁၃၀)၊ မဟာဟတ္ထိပဒေါပမသုတ် အဖွင့်၌လည်း ဤနည်းတူပင် ဖွင့်ဆိုထားလေသည်။

ဤသို့ နည်းလမ်းမှန်ကန်စွာ ဝိပဿနာ ရှုမှတ်ပွားများသဖြင့် ဝိပဿနာဉာဏ် ရင့်သန်သောအခါ အထူးအားဖြင့် သင်္ခါရုပေက္ခာဉာဏ် ထက်ထက်သန်သန် ဖြစ်လာသောအခါ၌ ယင်းဉာဏ်နှင့်ပြည့်စုံသော အာရဒ္ဓဝိပဿကပုဂ္ဂိုလ်၏ နှစ်လိုဖွယ်အာရုံ, မနှစ်လိုဖွယ်အာရုံ, နှစ်လိုဖွယ်လည်း မဟုတ် မနှစ်လိုဖွယ်လည်း မဟုတ်သော အာရုံတို့၌ မုန်းခြင်း, ချစ်ခြင်း, တွေဝေခြင်း မရှိမူ၍ ဥပေက္ခာအဖြစ် ထားနိုင်ခြင်းကို ရည်ရွယ်၍သာ ဥပရိပဏ္ဏာသပါဠိတော်(၄၃၇)၊ ဣန္ဒြိယဘာဝနာသုတ်ကို မြတ်စွာဘုရားဟောကြားတော်မူခဲ့လေသည်။

ထို့ကြောင့် ဤဣန္ဒြိယဘာဝနာသုတ် ပါဠိတော်အရ၎င်း၊

ယဒိဒံ ဥပေက္ခာတိ ယာ သော ဝိပဿနုပေက္ခာ နာမ၊ သော သန္တာ ဧသာ ပဏီတာ၊ အတပ္ပိကာတိ အတ္တော၊ ဣတိ အယံ ဘိက္ခု စက္ခုဒွါရေ ရူပါရမ္မဏမှိ ဣဋ္ဌေ အာရမ္မဏေ မနာပံ, အနိဋ္ဌေ အမနာပံ, မဇ္ဈတ္တေ မနာပါမနာပဉ္စ စိတ္တံ၊ တဿ ရဇ္ဇိတုံ ဝါ ဒုဿိတုံ ဝါ မယှိတုံ ဝါ အဒတွာဝ ပရိဂ္ဂဟေတွာ ဝိပဿနံ မဇ္ဈတ္တေ ဌပေတိ-

ဟု ဖွင့်ပြအပ်သော ယင်း ဣန္ဒြိယဘာဝနာသုတ်အဖွင့် ဥပရိပဏ္ဏာသအဋ္ဌကထာ(၂၅၁-အရ၎င်း၊

ကျောက်သင်္ဘောဝါဒီတို့၏ 'အတိုင်းတိုင်းထား' ကျောက်သင်္ဘောဝါဒကို ဝိနည်းဓိုရ်ဆရာတော်များက တညီတညွတ်တည်း ပယ်တော်မူကြသည်။

မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်မြင်ပုံ

ဖော်ပြအပ်ပြီးသည်နှင့်အညီ သင်္ခါရုပေက္ခာဉာဏ် ထက်ထက်သန်သန် ဖြစ်လာသောအခါ မဂ်ဖိုလ်ရထိုက်သော တိဟိတ်ပုဂ္ဂိုလ်ဖြစ်လျှင် သင်္ခါရုပေက္ခာဉာဏ်မှ ဆက်လက်၍-

ဘဝင်, မနောဒွါရာဝဇ္ဇန်း, ပရိကံဇော, ဥပစာဇော, အနုလုံဇော, ဂေါတြဘူဇော, မဂ်ဇော (တစ်ကြိမ်), ဖိုလ်ဇော, ဖိုလ်ဇော, ဘဝင်-

ဟု မဂ္ဂဝီထိဖြစ်လျက် မဂ်ဖိုလ်ဖြင့် နိဗ္ဗာန်ကို မြင်ရတော့သည်၊ မျက်မှောက်ပြုရတော့သည်။ အချို့ပုဂ္ဂိုလ်၌ ပရိကံဇော မပါသည်ဖြစ်၍ ဖိုလ်ဇော သုံးကြိမ် ဖြစ်သည်။ စ စဦး ရသော သောတာပတ္တိမဂ်၏ ရှေ့၌ ကပ်လျက်ဖြစ်သော ဇောကို ဂေါတြဘူဇောဟု နာမည်တပ်၍ အထက်မဂ်တို့၏ ရှေ့၌ကပ်လျက် ဖြစ်သောဇောကို ဝေါဒါန်ဟု နာမည်တပ်တော်မူကြသည်။

ဘုရားရှင်ကလည်း 'ဂေါတြဘူ မဂ္ဂဿ ဝေါဒါနံ မဂ္ဂဿ အနန္တရပစ္စယေန ပစ္စယော' ဟုပင် အမည်နှစ်မျိုးဖြင့် ဟောတော်မူခဲ့ပေသည်။

အာဝဇ္ဇန်းတစ်ခုတည်းရှိသော ဇော ၇-ကြိမ်တို့ ဖြစ်ကြရာ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ (ဝေါဒါန်) ဇောတို့မှာ လောကီကာမာဝစရ မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇောများဖြစ်ကြ၍ မဂ်ဖိုလ်ဇောတို့မှာ လောကုတ္တရာဇောများ ဖြစ်ကြသည်။

ထိုတွင်လည်း ပရိကံ, ဥပစာ, အနုလုံ ဇောများမှာ သင်္ခါရတရားကို အာရုံပြု၍ ဂေါတြဘူ ဝေါဒါန်ဇောတို့မှာ နိဗ္ဗာန်ကို အာရုံပြုကြသည်။ ဘုံအားဖြင့်တူ၍ အာရုံအားဖြင့် ကွဲပြားသော ဇောများဖြစ်ကြသည်။ ဤသို့ စိတ်အစဉ် တတန်းတည်း တဆက်တည်း, အာဝဇ္ဇန်းလည်း တစ်ခုတည်းဖြစ်ပါလျက် လောကီဇော အချင်းချင်းပင် အာရုံမတူကြသည်ကို သတိပြုကြရာသည်။ ဂေါတြဘူ ဝေါဒါန်ဇောနှင့် မဂ်ဇော ဖိုလ်ဇောများသည် အာရုံတူ၍ ဘုံကွဲပြားကြသည်။ မဂ်ဇောနှင့် ဖိုလ်ဇောတို့မှာ ဘုံတူ အာရုံတူများဖြစ်ကြသည်။

ဤသို့ သင်္ခါရတရားတို့ကို သုံးသပ်ရှုမှတ်နေရင်းက ဆက်လက်၍ မဂ္ဂဝီထိဖြစ်လျက် ဂေါတြဘူ ဝေါဒါန် မဂ်စိတ် ဖိုလ်စိတ်တို့ဖြင့် နိဗ္ဗာန်ကို အာရုံပြုသွားပုံ, မျက်မှောက်ပြု သိမြင်သွားပုံကို ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြားခဲ့သော စကားတော်လည်း မဇ္ဈိမပဏ္ဏာသပါဠိတော်(၉၉) မဟာမာလုကျပုတ္တသုတ်၊ နဝင်္ဂုတ္တရပါဠိတော်(၂၂၀) မဟာဝဂ် ပဉ္စမသုတ် စသည်တို့၌ လာရှိပေသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၃၁၃)နှင့် ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ စသည်တို့၌လည်း လာရှိပေသည်။

အထူးအားဖြင့် မိလိန္ဒပဥှာပါဠိတော်(၃၁၁)၌ အတိအလင်းပင် လာရှိပေသည်။

တဿ တံ ဝိတ္တံ အပရာပရံ မနသိကရောတော် ပဝတ္တံ သမတိက္ကမိတွာ အပ္ပဝတ္တံ ဩက္ကမတိ၊ အပ္ပဝတ္တမနုပ္ပတ္တော မဟာရာဇ သမ္မာပဋိပန္နော 'နိဗ္ဗာနံ သစ္ဆိကရောတီ'တိ ဝုစ္စတိ။

အပရာပရံ၊ ရှုမှတ်မှု အဆင့်ဆင့် အဆက်ဆက်။ မနသိကရောတော၊ နှလုံးသွင်းရှုလျက်သိနေသော။ တဿ၊ ထိုအာရဒ္ဓဝိပဿကပုဂ္ဂိုလ်၏၊ တံစိတ္တံ၊ ထိုရှုလျက်သိနေသောစိတ်သည် (အပရာပရံ၊ အစဉ်မပြတ် တရစပ်။ မနသိကရောတော၊ ရှုလျက်သိနေစဉ်မှာပင်)။ ပဝတ္တံ၊ မပြတ်ဖြစ်နေသော ရုပ်နာမ်အလျဉ်ကို။ သမတိက္ကမိတွာ၊ ကျော်လွန်၍။ အပ္ပဝတ္တံ၊ မပြတ်ဖြစ်နေသော ရုပ်နာမ်အလျဉ်၏ ဆန့်ကျင်ဘက်သဘောသို့။ ဝါ၊ မပြတ်ဖြစ်နေသော ရုပ်နာမ်အလျဉ် ပြတ်စဲလျက် ရုပ်နာမ်ချုပ်ငြိမ်းခြင်းသဘောသို့။ ဩက္ကမတိ၊ သက်ဝင်လေ၏၊ မဟာရာဇ၊ မိလိန္ဒမင်းကြီး။ သမ္မာပဋိပန္နော၊ မြင်ရုံမျှ စသည်ဖြစ်အောင် မမေ့မလျော့ မပြတ်ရှုသိလျက် မှန်ကန်စွာ ကျင့်ခဲ့သည်ဖြစ်၍။ အပ္ပဝတ္တံ၊ မပြတ်ဖြစ်နေသော ရုပ်နာမ်အလျဉ်၏ ပြတ်စဲလျက် ရုပ်နာမ်ချုပ်ငြိမ်းခြင်းသဘောသို့။ အနုပ္ပတ္တော၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အသိဉာဏ်ဖြင့် ဆိုက်ရောက်သွားသော ပုဂ္ဂိုလ်ကို။ နိဗ္ဗာနံ သစ္ဆိကရောတီတိ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသည်ဟူ၍။ ဝါ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသူဟူ၍။ ဝုစ္ဆတိ၊ မုချဆတ်ဆတ် ပြောဆိုအပ်ပေ၏၊

ဤသို့ နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် မဂ်လေးပါးအစဉ်ဖြင့် ပယ်သင့် ပယ်ထိုက်သော အနုသယကိလေသာတို့ကို သမုစ္ဆေဒသတ္တိဖြင့် ပယ်သတ်သွားသည်ဖြစ်၍ မြင်အပ်သော အဆင်းအာရုံစသည်တို့၌ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် ကပ်ငြိစွဲလမ်းခြင်း မရှိတော့သည်ကို၎င်း၊ အရဟတ္တမဂ်ဖိုလ်သို့ ရောက်ပြီးနောက် ပရိနိဗ္ဗာနစုတိဖြင့် ကိလေသာမှာ ကြွင်းကျန်ရစ်သော လက်ရှိ ရုပ်နာမ် ခန္ဓာအားလုံး အဆုံးသတ် ပျက်စီးပြီးနောက် မည်သည့်ဘုံဘဝမှာမှ ပဋိသန္ဓေနေခြင်းဖြင့် ရုပ်နာမ်ခန္ဓာ မဖြစ်တော့သည်ကို၎င်း ရှေ့ပိုင်းက ပြခဲ့သော အမှတ် ၂-၃-၄ ဗာဟိယသုတ် အဋ္ဌကထာ မှတ်ချက်တို့ဖြင့် ပြအပ်ပေသည်။

'မိမိ၏ ရုပ်နာမ် ခန္ဓာ၌ အနိစ္စလက္ခဏာ စသည် ထင်အောင် ဝိပဿနာရှုပွားနိုင်မှ နိဗ္ဗာန်ကို မြင်နိုင်သည်'ဟု ဝိနည်းဓိုရ်ဆရာတော်များ ဆိုလိုရင်းကို သတိချပ်ကြစေလိုသည်။

အထူးဖော်ပြချက်

နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသော ပုဂ္ဂိုလ်တို့သည် အမျိုးမျိုးရှိကြ၏၊ ဒွါရခြောက်ပါး၌ ပေါ်လာသမျှ ရုပ်နာမ်တရားတို့ကို မလစ်မလပ်စေဘဲ မပြတ်ရှုမှတ်နေကြရာ မြင်မှုဆိုင်ရာ သင်္ခါရတို့ကို ရှုမှတ်ရင်း နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသူလည်း ရှိ၏၊ ကြားမှုဆိုင်ရာ သင်္ခါရတို့ကို ရှုမှတ်ရင်း နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသူလည်း ရှိ၏၊ ဤသို့ စသည်ဖြင့် ဒွါရခြောက်ဖုံ အာရုံခြောက်မျိုး အသီးအသီး ထင်လာစဉ် ရှုမှတ်လျက် နိဗ္ဗာန်ကို မျက်မှောက်ပြုပြုသွားကြရာတွင်-

မြင်မှုဆိုင်ရာ သင်္ခါရတို့ကို ရှုမှတ်ရင်း နိဗ္ဗာန်အာရုံပြုသွားသော ပုဂ္ဂိုလ်များကို ရည်ရွယ်၍ သဠာယတနသံယုတ်ပါဠိတော် (၃၁၇)၌-

တသ္မာ တိဟ ဘိက္ခဝေ သေ အာယတနေ ဝေဒိတဗ္ဗေ၊ ယတ္ထ စက္ခု စ နိရုဇ္ဈတိ ရူပသညာ စ နိရုဇ္ဈတိ သေ အာယတနေ ဝေဒိတဗ္ဗေ။

မျက်စိနှင့် အဆင်း မှတ်သားမှု ရူပသညာချုပ်ရာ နိဗ္ဗာန်ကို သိရမည်၊ သိအောင် အားထုတ်ရမည် စသည်ဖြင့် ဒွါရခြောက်ပါး, အာရုံခြောက်မျိုးချုပ်ရာကို ဟောကြားအပ်ပေသည်။ 'ယမှိ နိရုဇ္ဈတိ ဘဝါနိ'ဟု ဟောတော်မူသကဲ့သို့ ချုပ်ရာဟု ဟောသည်ဟု ယူရပေမည်။

မြင်မှုဆိုင်ရာ သင်္ခါရတို့ကို ရှုမှတ်ရင်း, ရှုမှတ်ပြီးလျှင် ပြီးချင်း နိဗ္ဗာန်မျက်မှောက်ပြုသွားသူအား စက္ခု နှင့် ရူပသညာ ချုပ်ငြိမ်းကင်းဆိတ်ခြင်းသဘောသည် အထူးအားဖြင့် ထင်ရှားပေသည်။ ထို့ကြောင့် 'ထိုပုဂ္ဂိုလ် သိအပ်သည့် နိဗ္ဗာန်ကို စက္ခု နှင့် ရူပသညာဟူသော အာယတနနှစ်ပါး ချုပ်ခြင်းဖြင့် အထူးပြု၍ ဟောဖော်ပြသည်'ဟု ယူရပေမည်။ အမှန်အားဖြင့် မဂ်ဖိုလ်ဖြင့် သိအပ်သော ထိုနိဗ္ဗာန်၌ သင်္ခါရ အားလုံး ငြိမ်းမှုသည် ထင်ရှားသည် ဖြစ်သည်သာဖြစ်၏၊

ထို့ကြောင့် ဥပရိပဏ္ဏာသအဋ္ဌကထာ ပဉ္စတ္တယသုတ် အဖွင့် (၁၇)၌-

ယတ္ထ စက္ခု စ နိရုဇ္ဈတိ ရူပသညာ စ နိရုဇ္ဈတိ သေ အာယတနေ ဝေဒိတဗ္ဗေတိ ဧတ္ထ ဒွိန္နံ အာယတနာနံ ပဋိပက္ဗေပေန နိဗ္ဗာနံ ဒဿိတံ-

ဟု ဖွင့်ဆိုအပ်ပေသည်။ ကြားမှုဆိုင်ရာ စသည်ကို ရှုမှတ်ပြီး နိဗ္ဗာန်မျက်မှောက်ပြုရာတို့၌လည်း ဤနည်းပင် မှတ်ယူသင့်ပေသည်။

ထိုမှတပါး မဟာသတိပဋ္ဌာနသုတ် သမုဒယနိရောဓ သစ္စာပိုင်း၌ 'စက္ခု လောကေ ပိယရူပံ သာတရူပံ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ' စသည်ဖြင့်၎င်း ဟောတော်မူရာ၌လည်း ပြဆိုအပ်သည့်အတိုင်း ဘုရားရှင်၏ အလိုတော်နှင့် ညီညွတ် မှန်ကန်သော ယူဆယုံကြည်မှုတို့ကို ဖြစ်ကြစေကုန်ရာ၏၊

ဖော်ပြခဲ့သော မဂ္ဂဝီထိအစဉ်တွင် ဂေါတြဘူ ဝေါဒါန်အသိဉာဏ်တို့သည် နိဗ္ဗာန်ကို အာရုံပြုနိုင်သော်လည်း ကိလေသာ ပယ်မှုကိစ္စကို ပြုခြင်းငှာ မစွမ်းနိုင်ကြ။ မဂ်ဉာဏ်တို့ကသာ ကိလေသာပယ်မှုကိစ္စကို ပြုစွမ်းနိုင်ကြသောကြောင့် ဉာဏဒဿန ဝိသုဒ္ဓိအမည်ကို ရကြလေသည်။ ယင်းမဂ်ဉာဏ်သည် မိမိဖြစ်ရာ ပုဂ္ဂိုလ်နှင့်ဆိုင်သော ဖြစ်ထိုက်သည့် အနုသယကိလေသာ, ကံနှင့် အကျိုးခန္ဓာတို့ကို မဖြစ်သောငြိမ်းမှု မဖြစ်ရဘဲငြိမ်းမှု (အနုပ္ပါဒနိရောဓ) ဖြင့် ငြိမ်းစေသည်။ ယင်း မဂ္ဂဝီထိ မဂ်ဉာဏ်နှင့် ဖိုလ်ဉာဏ် အခိုက်၌သာ ငြိမ်းမှု နိဗ္ဗာန်ကို မြင်ရသည်။ နောင် ဖလသမာပတ်ဝင်စားစဉ်အချိန်၌လည်း ဖလသမာပတ်မှ မထမချင်း ဆိုင်ရာဖိုလ်စိတ်နှင့် အလားတူဖိုလ်စိတ် တစ်ခုပြီးတစ်ခု အဆက်ဆက် ဖြစ်လျက် နိဗ္ဗာန်ကိုသာ အာရုံပြုနေတော့သည်။

ထို့ကြောင့် 'မိမိတို့စိတ်မှာ ပကတိအတိုင်း အေးနေတာ၊ ငြိမ်း၍နေတာ အဲဒါ နိဗ္ဗာန်ဗျ' အစရှိသဖြင့် ကျောက်သင်္ဘော ဆရာတော် ဟောပြောခဲ့သော နိဗ္ဗာန်, ကျောက်သင်္ဘောဆရာတော်၏ သိဿာနုသိဿတို့ ဆက်လက် ဟောပြောအပ်သော နိဗ္ဗာန်သည် မြတ်စွာဘုရားဟောခဲ့သော နိဗ္ဗာန်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိသော နိဗ္ဗာန်, ဘုရားရှင်၏ အဆုံးအမ သာသနာပြင်ပမှ အတ္တနောမတိမျှဖြင့် ကြံဆ ပြောဆိုအပ်သော နိဗ္ဗာန်သာ ဖြစ်သည်ဟု၎င်း-

ကျောက်သင်္ဘောဆရာတော်နှင့် နောက်လိုက် နောက်ပါ တပည့်ဆိုသူဟူသမျှတို့ ဟောပြောသမျှ 'စိတ် အတိုင်းတိုင်းနေ၊ စိတ်အတိုင်းတိုင်းထား၊ စိတ်အတိုင်းတိုင်းထားကျင့်' ဟူသော အကျင့်သည်လည်း ကျောက်သင်္ဘောဝါဒီတို့၏ နိဗ္ဗာန်နှင့်လျော်ကန်သော ကျင့်စဉ်ဖြစ်နိုင်သော်လည်း ယခုလက်ရှိ သာသနာတော်ကြီးကို ပြုစုပျိုးထောင်တော်မူခဲ့သော သမ္မသမ္ဗုဒ္ဓ အတုလ ဇိန အာဒိစ္စဗန္ဓု စရှုများဖြင့် ဂုဏ်တော်သခင် သဗ္ဗညုဘုရားရှင်နှင့် ဂင်္ဂါဝါလု သဲစုမက ပွင့်ကြသောင်းသောင်း ဘုရားရှင်အပေါင်းတို့၏ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ပဋိပတ် လမ်းကောင်းလမ်းမြတ်နှင့် မည်သို့မျှ ဆက်စပ်ခြင်းမရှိသောအကျင့်, ဘုရားရှင်၏ ကိုယ်စား ဓမ္မက္ခန္ဓာ သာသနာမှ ပြင်ပ အတ္တနောမတိမျှဖြင့် ကြံဆ ပြောဆိုသောအကျင့် ဖြစ်သည်ဟု၎င်း သီးခြားဝိနည်းဓိုရ်ဆရာတော်များက ယူတော်မူကြသည်။

ထိုမှတပါး ယင်းသို့ အတ္တနောမတိမျှဖြင့် ယူဆပြောဆိုရေးသားဖြန့်ချီမှုသည် သဒ္ဓါတရားနည်းသူ, မရှိသူ, လုံ့လဝီရိယကို အားမကိုးသူ, အယူဖောက်ပြန်သူများအား မြှောက်စားအားပေးရာရောက်သဖြင့် ယင်းပုဂ္ဂိုလ်တို့၏ သံသရာဝဲဂယက်ကို နက်သည်ထက်နက်အောင် ပြုပေးနေရာရောက်သည့်အပြင် ဗုဒ္ဓဘာသာအခြေခံနည်းပါးသူတို့ကို ဗုဒ္ဓသာသနာ ဘာသာရေးကိစ္စ၌ အသိဉာဏ်ရှုပ်ထွေး တွေဝေစေရာ ရောက်သည်ဟု၎င်း၊

အဓိဂတော ခေါ မျာယံ ဂမ္ဘီရော ဒုဒ္ဒသော ဒုရနုဗောဓော သန္တော ပဏီတော အတက္ကာဝစရော။ပ။ ဣဒမ္ပိ ခါ ဌာနံ သုဒုဒ္ဒသံ ယဒိဒံ သဗ္ဗသင်္ခါရသမထော သဗ္ဗူပဓိပဋိနိဿဂ္ဂေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ (ဝိ-၃။၇)

စသည်ဖြင့် နိဗ္ဗာန်၏ နက်နဲပုံကို ဟောကြားတော်မူသော-

ချစ်သားရဟန်းတို့ ငါဘုရားသည် ဖြည့်စွက် ဖာထေးဖွယ်ရာမရှိ တိကျကောင်းမွန်စွာ ဟောထားအပ်ပြီ။ မရသေးသော မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်ရောက်နိုင်ရန် အင်္ဂါလေးတန် ဝီရိယထက်သန်စွာဖြင့် အားထုတ်ကြကုန်လော့။

ငါဘုရားသာသနာတွင်း၌ ပျင်းရိသူသည် ဆင်းရဲစွာ နေရသည်။ ငါဘုရားသာသနာမှ တပါးတခြားသော ပုဂ္ဂိုလ်တို့၏ အဆုံးအမသာသနာ၌ ပျင်းရိသူသည် ချမ်းသာစွာ နေရသည်။ သင်ချစ်သားတို့လည်း မရသေးသော တရားထူးကို ရကြရလေအောင်, သင်ချစ်သားတို့အား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းသူ ဒကာ, ဒကာမတို့မှာလည်း အကျိုးများကြရလေအောင် ကြိုးစား အားထုတ်ကြကုန်လော့-ဟု (သံ၊၂။ ၂၆၆-၇) တရားအားထုတ်ရေးကို အားပေးတိုက်တွန်းခဲ့တော်မူသော မြတ်စွာဘုရားကိုလည်း တော်လှန်ပုန်ကန်ရာ ရောက်သည်ဟု၎င်း၊

အမှန်တရားမဟုတ်သည်ကို အမှန်တရားအဟုတ်လုပ်၍, မြတ်စွာဘုရားမဟောသည်ကို အဟောလုပ်၍ ပြောဆိုရေးသား ဖြန့်ချီခဲ့ကြသည်ဖြစ်သောကြောင့် ရဟန်း ရှင် လူသာမက နတ်ဗြဟ္မာအဝဝတို့၏ အဟိတပဋိပန္န= စီးပွားမဲ့အောင် ဆင်းရဲပွားအောင် လုပ်ဆောင်ရာရောက်သည့်အပြင် မြတ်စွာဘုရား၏ သဒ္ဓမ္မသုံးဖြာ သာသနာကို ကွယ်ပအောင် လုပ်ရာရောက်သည်ဟု၎င်း သီးခြားဝိနည်းဓိုရ်ဆရာတော်များက စိစစ်သုံးသပ်တော်မူကြပေသည်။

အကျဉ်းချုပ်

မြတ်စွာဘုရား၏ နိဗ္ဗာန်သည် စစ်မှန်သသော နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရားကို ကျင့်သူမှသာ မြင်နိုင် သိနိုင်သော နိဗ္ဗာန်, ဆင်းရဲငြိမ်းမှု နိဗ္ဗာန်ဖြစ်သည်။ ယင်း စစ်မှန်သော နိဗ္ဗာန်ကို မြင်နိုင် သိနိုင်ရန် မှန်ကန်သော ကျင့်စဉ်နည်းလမ်း ရှိသည်။ ယင်း ကျင့်စဉ်နည်းလမ်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောပြခဲ့သည်။

ကျောက်သင်္ဘောဝါဒီတို့၏ နိဗ္ဗာန်ကား- စိတ်ကူး နိဗ္ဗာန်မျှသာဖြစ်သည်။ ယင်း စိတ်ကူး နိဗ္ဗာန် မြင်နိုင်ကြောင်းကား 'စိတ်-စိတ်အတိုင်းတိုင်းထား' ဖြစ်သည်။

အနုသယကိလေသာ မရှိဟူသော

ကျောက်သင်္ဘောဝါဒနှင့် စပ်လျဉ်းသည့် စောဒနာနှင့် သောဓနာကို ဝိနည်းဓိုရ်ဆရာတော်များ၏ စိစစ်ဝေဖန်ချက်

စောဒဆရာတော်များက-

ကိလေသာ ဆိုတာ ရှိနေတယ်။ ပရိယုဋ္ဌာနအားဖြင့် မရှိငြားသော်လည်း အနုသယအားဖြင့်တော့ ရှိနေတယ်ရယ်လို့ လာပြန်သေးတယ်။ တရားဟောရင် ဟောတဲ့အတိုင်းမသိဘူး။ ပိုပိုပြီးတော့ လာလိုက်တာတွေက နည်းတာမဟုတ်ဘူး။ ဘုရားက သဗ္ဗေ သင်္ခါ အနိစ္စရယ်လို့ ဟောတယ်။ သူတို့က ရှိနေတယ်လို့ယူတယ်၊ တည့်ပါ့မလား၊ မတည့်ပါဘူး။ ကိလေသာ ရှိနေတယ်လို့ ယူတဲ့ အယူတရားသမားတွေဟာ နိဗ္ဗာန်နဲ့ ဝေးသွားပြီ၊ အတော်ကြီး ခက်သွားပြီ။ (ထေရုပတ္တိနှင့် တရားတော်များ နှာ-၁၅၅)

(ယ) ကိလေသာအားလုံး ပင်ကိုယ်က လုံးဝမရှိဘူးလို့ ဆိုလိုပါတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အစဉ်အမြဲ ကိန်းနေတဲ့ ကိလေသာရယ်လို့ လုံးဝ မရှိပါဘူး (ဦးဣန္ဒောဘာသ တိတ်ခွေမှ) ဟူသော စကားဝါကျများကို ရှေ့ပိုင်း၌ ထုတ်ပြထားပြီးလျှင် နောက်ပိုင်းစောဒနာခန်း၌ စောဒနာရာတွင်-

(ရ) အထက်ပါ ကောက်နုတ်ချက်များနှင့်တကွ ကျောက်သင်္ဘောဝါဒ စာအုပ်များအရ အနုသယကိလေသာ ဟူ၍ မရှိကြောင်း၊

(၁၄) ကျောက်သင်္ဘောဝါဒီတို့သည် စိတ်ကို အမြုတေအဖြစ် (အားလုံးသော တရားဟူသမျှ၏ အချုပ်အဖြစ်) ထူထောင်ရာတွင် မိမိတို့ အမြင်နှင့် ဆန့်ကျင်သော ဘုရားဟော တရားမှန်သမျှကို ပယ်ဖျက်ကြကြောင်း၊ အနုသယကို ကျောက်သင်္ဘောဝါဒီတို့သည် ခါးခါးသည်းသည်း ငြင်းပယ်ကြကြောင်း၊ ဤသို့ပယ်ရာ၌ 'သဗ္ဗေ သင်္ခါရာ အနိစ္စာ' ဟူသော ဘုရားဟောပါဠိကို လက်နက်အဖြစ် အသုံးချသော်လည်း အနိစ္စထဲတွင် ကျောက်သင်္ဘောတို့၏ ပကတိစိတ်ကိုမူ ချန်ထားခဲ့ကြောင်း၊ အမှန်စင်စစ် အနုသယကိလေသာသည် မှန်ကန်သော နိဗ္ဗာန် (ကျောက်သင်္ဘောတို့၏ နိဗ္ဗာန်မဟုတ်)ကို မရရှိသေးသမျှ သတ္တဝါတို့၏ ဘဝသန္တာန်၌ အစဉ်အမြဲကိန်းနေသော သဘောဖြစ်ကြောင်း၊ ကျောက်သင်္ဘောတို့၏ အနုသယပယ်သော အယူသည် အောက်ပါ ပါဠိတော်များနှင့် လုံးဝ ဆန့်ကျင်လျက်ရှိကြောင်း စောဒနာပြီးလျှင် အောက်ပါ ပါဠိတော် သာဓကများကို ကိုးကားဖော်ပြကြသည်။

(၁) ယဿ ကာမရာဂါနုသယော အနုသေတိ၊ တဿ ပဋိဃာနုသယော အနုသေတီတိ အာမန္တာ

(၂) ပုထုဇ္ဇနဿ အဝိဇ္ဇာနုသယော စ အနုသေတိ၊ ကာမရာဂါနုသယော စ ပဋိဃာနုယော စ မာနာနုသယောစ ဒိဋ္ဌာနုသယော စ ဝီစိကိစ္ဆာနုသယော စ ဘဝရာဂါနုသယော စ အနုသေန္တိ

(၃) အနုသယာ ဘင်္ဂါ နတ္ထိ။ (ယမိုက်ပါဠိတော်)

ယင်းစောဒနာချက်ကို စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များက ရှည်လျားစွာ ချေပထားသည်ကို အကျဉ်းချုပ်၍ ထုတ်လိုက်သော် အောက်ပါအချက်တို့ကို ရပေ၏-

အဘိဓမ္မာပိဋက ဓမ္မသင်္ဂဏီပါဠိတော် သင်္ခတဒုက်လာ သင်္ခတာ ဓမ္မာအရ စိတ်, စေတသိက်, ရုပ် အားလုံးကို ရသည်။ အသင်္ခတာ ဓမ္မာအရ နိဗ္ဗာန်တစ်ခုတည်းကိုသာ ရသည်။ အနဝသေသဒုက်ဖြစ်၍ ဒုက်မုတ်ထုတ်စရာ တရားလည်း လက်ကျန်မရှိ ဖြစ်နေသည်။ သို့ဖြစ်လျှင် အနုသယကိလေသာကို သင်္ခတ တရားစုထဲလည်း ထည့်၍မရ, အသင်္ခတ တရားစုထဲလည်း ထည့်၍မရနိုင်။ အကြွင်းအကျန်တရားကလည်း မရှိသောကြောင့် အနုသယကိလေသာ ဟူ၍ လုံးဝမရှိဟု ယူဆထားကြ၏၊

သို့ရာတွင် စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များသည် 'အကြောင်းတိုက်ဆိုင်လာလျှင် ဖြစ်နိုင်ခွင့် ရှိနေသော သဘောကို မငြင်းပယ်ပါ'ဟု အနုသယကိလေသာ ရှိနေကြောင်းကို ဝန်ခံထားကြပြန်သည်။

တဖန် ရှိသည်ဟူရာ၌လည်း အနုသယယမိုက်၌ ဟောပြထားသော ကိန်းဝပ်ငုပ်လျှိုးသော အနုသယမျိုး (ဝါ- အဘိဓမ္မာအနုသယမျိုး) ရှိနေသလို ဥပါဒ် ဌီ ဘင် အထင်အရှား ဖြစ်ပေါ်နေသော အနုသယမျိုး (ဝါ-သုတ္တန် အနုသယမျိုး)လည်း ရှိနေသေးကြောင်း ကျောက်သင်္ဘောဝါဒီတို့က ယူဆထားကြသည်။

ဥပါဒ် ဌီ ဘင် အထင်အရှားဖြစ်ပေါ်နေသော သုတ္တန် အနုသယမျိုး ရှိနေသည်ဟူသော ယူဆချက်နှင့် စပ်လျဉ်း၍ မူလပဏ္ဏသပါဠိတော် သလ္လေခသုတ်၌လာသော ဥပ္ပဇ္ဇန္တိ၊ အနုစသန္တိ-ပုဒ်များကို ဖွင့်ဆိုထားသော အဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသ ပဟာတဗ္ဗဓမ္မကထာလာ ဖွင့်ပြချက်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာ စရိယာနာနတ္ထဉာဏနိဒ္ဒေသ ဝိညာဏစရိယစိတ်နှင့် ဥပရိပဏ္ဏာသပါဠိတော်လာ ဆဆက္ကသုတ်တို့ကို စုဒိတက ဆရာတော်တို့က သက်သေပြကြလေသည်။

တဖန် စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ) များက မိမိတို့ဟောကြားနေသော အနုသယသည် ဤသုတ္တန်အနုသယမျိုးသာ ဖြစ်ပါသည်။ အဘိဓမ္မာ အနုသယသည် ဝိပဿနာဉာဏ် ထက်သန်ရေးအတွက် အကျိုးမပြုနိုင်သောကြောင့် ယင်း အဘိဓမ္မာအနုသယများ မဖြစ်ပေါ်လာသေးသည်ကို မဖြစ်ပေါ်လာသေးသည့် အတိုင်းတိုင်း မိမိတို့စိတ်ကို ထားတတ်ကြရန် သတိပေးတရားအနေဖြင့် အလွန်သိမ်မွေ့လှသော အနုသယသဘောကို အစွန်း ၂-ဘက်လွတ်အောင် ဟောကြားလျက် ရှိပါသည် ဟူ၍ ချေပထားကြောင်း တွေ့ရပေသည်။

ယင်းစောဒနာ, သောဓနာနှစ်ရပ်ကို ဝိနည်းဓိုရ် ဆရာတော်တို့က ဤသို့ဝေဖန် သုံးသပ်အပ်ပေသည်။

အနုသယကိလေသာသည် (မဂ်ဖြင့် မပယ်ရသေးသမျှ) မှန်ကန်သော နိဗ္ဗာန်ကို မရရှိသေးသမျှ သတ္တဝါတို့၏သန္တာန်မှာ ကိန်းနေသော သဘောဖြစ်ကြောင်းကို အဘိဓမ္မာ ဒေသနာတော်ကြီး၌ ဤသို့ ဖော်ပြထား၏၊

'အကြင်ပုဂ္ဂိုလ်၏သန္တာန်မှာ ကာမရာဂါနုသယ ကိန်းနေ၏၊ ထိုပုဂ္ဂိုလ်၏သန္တာန်မှာ ပဋိဃာနုသယ ကိန်းနေသလော။ ဟုတ်ပေ၏၊ ကာမရာဂါနုသယကိန်းနေသော ပုဂ္ဂိုလ်၏သန္တာန်မှာ ပဋိဃာနုသယ ကိန်းနေသည်။

ပုထုဇဉ် ပုဂ္ဂိုလ်၏သန္တာန်မှာ အဝိဇ္ဇာနုသယလည်း ကိန်းနေသည်၊ ကာမရာဂါနုသယ, ပဋိဃာနုသယ, မာနာနုသယ, ဒိဋ္ဌာနုသယ, ဝိစိကိစ္ဆာနုသယနှင့် ဘဝရာဂါနုသယတို့လည်း ကိန်းနေကြသည်။

အနုသယတို့သည် (မဂ်ဖြင့် မပယ်ရသေးသမျှ ကာလပတ်လုံး သတ္တဝါတို့၏သန္တာန်အစဉ်မှာ) ချုပ်ပျောက်ပျက်စီးသည်ဟူ၍ မရှိကြလေကုန်'။

ဆိုလိုသည်မှာ အလှူပေး တရားနာ ဘုရားရှိခိုးနေသော အချိန်များမှာပင် အနုသယဓာတ် သတ္တိတို့သည် မဂ်တရားမြတ်ဖြင့် မပယ်သတ်နိုင်သေးသမျှ ကာလပတ်လုံး ကပ်ငြိ ကိန်းဝပ်လျက်သာ ရှိနေကြသည်ဟူ၍ ဆိုလိုပေသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သင်္ခတဓာတ်ကို ကိုးကား၍ အနုသယ ကိလေသာ မရှိဟူ၍ ကျောက်သင်္ဘောဝါဒီတို့၏ ယူဆချက်သည် မှားယွင်းသော ယူဆချက်သာဖြစ်သည်။ အဘယ့်ကြောင့် ဟူမူ အနုသယ ကိလေသာဟူသည် ပရမတ္ထတရားလေးပါးထဲမှ အလွတ်တရားများ မဟုတ်ကြပဲ 'လောဘ, ဒေါသ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, မောဟ' ဟူသော နာမည်တို့ဖြင့် အကုသိုလ် စေတသိက်စုတွင် ပါဝင်နေသော စေတသိက် ပရမတ္ထတရားများသာ ဖြစ်ကြ၍ သင်္ခတာ ဓမ္မာ အရ ကောက်ယူထားသော စေတသိက်များထဲတွင် ပါဝင်ပြီး ဖြစ်နေသောကြောင့်တည်း။

ထပ်ဆင့်၍ဆိုရသော် သင်္ခတဒုက်နှင့် မဝေးကွာလှသော ဒုကမာတိကာ ပါဠိတော်မှာပင် ကိလေသဂေါစ္ဆကဟူ၍ ရှိနေရာ ယင်းကိလေသဂေါစ္ဆကထဲ၌ ကိလေသဒုက်ဟူ၍လည်း ရှိနေပါသည်။ ယင်းကိလေသဒုက်လာ-

(၁) ကိလေသာ ဓမ္မာ-အရ ကိလေသာ တရားကိုယ် ၁၀-ပါးကို ရသည်။

(၂) နော ကိလေသာ ဓမ္မာ-အရ (ကိလေသာတရားကိုယ် ၁၀-ပါးကို ချန်ထား၍) ကြွင်းကျန်နေသော စိတ်, စေတသိက် ၄၂, ရုပ်, နိဗ္ဗာန် (ပရမတ္ထတရားအားလုံး)ကို ရသည်။

ကိလေသာ ဓမ္မာ-အရ ကိလေသာတရားကိုယ်များကို ကောက်ယူရာတွင် အနုသယကိလေသာ ပါသလော၊ မပါသလောဟု တွေးတောယုံမှားနေစရာမလို။ အနုသယအဆင့်, ပရိယုဋ္ဌာနအဆင့်, ဝိတိက္ကမအဆင့်ဟု မခွဲခြားတော့ပဲ ကိလေသာမှန်သမျှ ပါဝင်ကြပြီးဖြစ်သည်ဟု မှတ်ယူရမည်။

ဤနည်းအတူပင် အဘိဓမ္မာသဘောသဘာဝကို သာမညမျှ ဟောထားသော သင်္ခတာ ဓမ္မာ စသော အရာမျိုးတို့၌ စေတသိက် ဒွေပညာသ ဟု သာမညမျှသာ ကောက်ယူထားသော်လည်း အနုသယ တရားကိုယ်ဖြစ်သော လောဘ, ဒေါသ အစရှိသော စေတသိက် ၆-ပါးလည်း ပါဝင်ပြီး ဖြစ်သည်ဟူ၍သာ မှတ်ယူရမည်။

သို့ဖြစ်လျှင် အနုသယကိလေသာ လုံးဝမရှိဟု ယူဆထားနှင့်ကြပြီး သင်္ခတဒုက်ကို ကိုးကား၍ ဖြေကြားထားသော စုဒိတက ဆရာတော်တို့၏ သောဓနာ (ချေပလွှာ)သည် ပါဠိတော်များနှင့် ဆန့်ကျင်နေသော အဓမ္မ သောဓနာမျှသာ ဖြစ်ပေသည်။

တဖန် အကြောင်းတိုက်ဆိုင်လာလျှင် ဖြစ်နိုင်ခွင့်ရှိသော သဘောကို မငြင်းပယ်ပါဟု (အနုသယကိလေသာ ရှိနေကြောင်းကို) ဝန်ခံရာ၌လည်း ရိုးရိုးဝန်ခံသည် မဟုတ်သေးပဲ အဘိဓမ္မာ အနုသယမျိုးသာမက သုတ္တန် အနုသယမျိုးလည်း ရှိနေသည်ဟု ကွန့်၍ ဖော်ပြထားသည်ကို တွေ့ရသည်။

ဤသို့ အနုသယ နှစ်မျိုးနှစ်စား ခွဲခြားဖော်ပြရာ၌ စုဒိတက ဆရာတော်တို့၏ အယူအဆနှင့် ယင်းတို့၏ အကိုးသာဓကများ ဟပ်မိသည် မဟပ်မိသည်ကို သုံးသပ်ကြည့်ရန် လိုအပ်ပေသည်။

ယတ္ထ စေတာ ဒိဋ္ဌိယော ဥပ္ပဇ္ဇန္တိ၊ ယတ္ထ စ အနုသေန္တိ၊ ယတ္ထ စ သမုဒါစရန္တိ။ (မူလပဏ္ဏာသပါဠိတော်၊ သလ္လေခသုတ်-၄၉။)

ယတ္ထ စ၊ အကြင်ခန္ဓာ ငါးပါးတရား၌လည်း။ ဧတာ ဒိဋ္ဌိယော၊ ထို ဒိဋ္ဌိတို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ယတ္ထ စ၊ အကြင်ခန္ဓာငါးပါး တရား၌လည်း။ (ဧတာ ဒိဋ္ဌိယော၊ တို့သည်။) အနုသေန္တိ၊ ကိန်းဝပ်ကုန်၏၊ ယတ္ထ စ၊ အကြင် ခန္ဓာငါးပါး တရား၌လည်း။ (ဧတာ ဒိဋ္ဌိယော၊ တို့သည်။) သမုဒါစရန္တိ၊ လွန်စွာတိုးတက်၍ ဖြစ်ကုန်၏၊ (ဝါ) လွန်ကျူးကုန်၏၊ (ဤကား အနက်တည်း။ အဓိပ္ပါယ်အတွက် အောက်ပါအဋ္ဌကထာ ဋီကာတို့ကို ကြည့်ရန်လို၏၊)

စုဒိတကဆရာတော်တို့သည် အထက်ပါ သလ္လေခသုတ်ပါဠိတွင် 'သမုဒါစရန္တိ' ကို ချန်ထားခဲ့ကြပြီး ဥပ္ပဇ္ဇန္တိနှင့် အနုသေန္တိ ကြိယာ ၂-ပုဒ်ကို အဓိပ္ပါယ်တူ ယူဆကြလျက် ဥပါဒ် ဌီ ဘင် အထင်အရှား ဖြစ်ပေါ်နေသော အနုသယမျိုးလည်း ရှိနေကြောင်းကို ပြောဆိုကြခြင်း ဖြစ်သည်။

မှတ်ချက်။။စုဒိတက ဆရာတော်များက အမှတ် ၁၃- စောဒနာကို သောဓနာပြုကြရာ၌ သုဒုဒ္ဒသံ စသော ဓမ္မပဒပါဠိတော်လာ ဂါထာကို တဂါထာလုံး မကိုးကားသည့်အတွက် စောဒက ဆရာတော်များအား မရိုးသားသူများဖြစ်ကြောင်း စွပ်စွဲခဲ့ကြသည်။ ယခုမူ စုဒိတက ဆရာတော်များ ကိုယ်တိုင်က 'သမုဒါစရန္တိ' ကြိယာကို ချန်ထားခဲ့ကြသည်ကို တွေ့နေရပြန်ပေသည်။

ဥပ္ပဇ္ဇန္တိ-ကြိယာနှင့် အနုသေန္တိ-ကြိယာတို့ အဓိပ္ပါယ် တူ, မတူကို အဋ္ဌကထာဖွင့်ပုံ မူရင်းကို ကြည့်လျှင် သိရမည်ဖြစ်၏၊

ဧတ္ထစ ဥပ္ပဇ္ဇန္တိ, အနုသေန္တိ, သမုဒါစရန္တီတိ ဣမေသံ ဧဝံ နာနာကရဏံ ဝေဒိတဗ္ဗံ။ ဇာတိဝသေန ဟိ အဇာတာ ဇာယမာနာ 'ဥပ္ပဇ္ဇန္တီ'တိ ဝုစ္စန္တိ။ ပုနပ္ပုနံ အာသေဝိတာ ထာမဂတာ အပ္ပဋိဝိနိတာ 'အနုသေန္တီ'တိ။ ကာယ ဝစီဒွါရံ သမ္ပတ္တာ 'သမုဒါစရန္တီ'တိ၊ ဣဒ မေတေသံ နာနာကရဏံ။ (မူလပဏ္ဏသအဋ္ဌကထာ သလ္လေသုတ်အဖွင့် နှာ ၁၈၆-၇)

ဤ အဋ္ဌကထာဆိုလိုချက် အဓိပ္ပါယ်ကား-

ဤနေရာ၌ ဥပ္ပဇ္ဇန္တိ, အနုသေန္တိ, သမုဒါစရန္တိ-ဟူသော ဤသုံးပုဒ်တို့၏ ထူးခြားချက်ကို ဤသို့ သိအပ်၏၊ (ထူးခြားချက်ကို သိပါဆိုသဖြင့် အဓိပ္ပါယ်တူလိမ့်မည်မဟုတ် ဆိုသည်ကို သိနိုင်ပေသည်။)

ချဲ့ပါဦးမည်၊ ဇာတိ၏အစွမ်းဖြင့် မူလကထင်ရှားစွာ မဖြစ်ကြသေးသော, ယခုမှ ထင်ရှားစွာ ဖြစ်ပေါ်နေကြသော ဒိဋ္ဌိအစရှိသော ကိလေသာများကို 'ဥပ္ပဇ္ဇန္တိ'ဟု ခေါ်ဆိုကြရပါသည်။

အဖန်တလဲလဲ မှီဝဲအပ်ကုန်ပြီးသော, ဖြစ်ပေါ်လာနိုင်လောက်သော အားအစွမ်းသို့ ရောက်နေကြကုန်သော, မဂ်တရားတို့ဖြင့်လည်း မပယ်ရှားရကုန်သေးသော ဒိဋ္ဌိအစရှိသော ကိလေသာတို့ကို 'အနုသေန္တိ' ဟု ခေါ်ဆိုကြရပါသည်။

ကယဒွါရ ဝစီဒွါရသို့ ကောင်းစွာ ရောက်ကြကုန်ပြီးသော (ဝါ) ကာယကံမြောက်အောင် ဝစီကံမြောက်အောင် လွန်ကျူးကြကုန်ပြီးသော ဒိဋ္ဌိအစရှိသော ကိလေသာတို့ကို 'သမုဒါစရန္တိ' ဟု ခေါ်ဆိုကြရပါသည်။

ဤအဓိပ္ပါယ်ကို ပြဆိုသော အထက်ပါစကားဝါကျ သုံးခုသည် ဖော်ပြပါ ကြိယာသုံးပုဒ်တို့၏ ထူးခြားချက်ဖြစ်သည် ဟူ၍ ဆိုလိုသည်။

ယင်းအဋ္ဌကထာစကားရပ်ကို ဋီကာဆရာက ဤသို့ ထပ်မံရှင်းပြသည်။

အပ္ပဟံနာ ဟိ ကာမဂတာ ကိလေသာ 'အနုသေန္တီ'တိ ဝုစ္စန္တိ။ ဧတေန တေသံ ကာရဏလာဟေ သတိ ဥပ္ပဇ္ဇနာရဟတံ ဒေဿတိ။ သမုဒါစရန္တီတိ အဘိတဝန္တိ။ ဧတေန တေသံ ဝီတိက္ကမပ္ပတ္တတံ ဒေဿတိ။ ဥပ္ပဇ္ဇန္တီတိ ပန ဣမိနာဝ ပရိယုဋ္ဌာနာဝတ္ထာ ဒဿိတာ။ (မူလပဏ္ဏသဋီကာ သလ္လေခသုတ်အဖွင့် ၂၈၆)

ဤဋီကာဆရာတော်၏ အာဘော်ကား ဤသို့ဖြစ်၏၊

မှန်ပါသည်။ မဂ်တရားတို့ဖြင့် မပယ်ရှားရကုန်သေးသော ဖြစ်ပေါ်လာဖို့ရန် အင်အားအပြည့် ဖြစ်နေကြကုန်သော ကိလေသာများကို 'အနုသေန္တိ' (ဝါ အနုသယတို့) ဟူ၍ ခေါ်ဆိုကြရသည်။ ဤ အနုသေန္တိ ကြိယာပုဒ်ဖြင့် အကြောင်းလုံလောက်စွာ ရရှိပါလျှင် ထိုကိလေသာတရားများ ထင်ရှားစွာ ဖြစ်ပေါ်လာထိုက်ပုံ (ထင်ရှားစွာ ဖြစ်ပေါ်လာနိုင်ပုံ)ကို အဋ္ဌကထာဆရာက ပြသထားသည်။ (ထင်ရှားစွာ ဖြစ်ပေါ်နေဆဲ (ဥပါဒ်ဆဲ) ကို ပြသထားသည် မဟုတ်ဟူလို။)

အလွန်အကျူး ဖြစ်ကြသည်ကိုပင် 'သမုဒါစရန္တိ' ဟု ဆိုကြရသည်။ ဤ သမုဒါစရန္တိ- ဟူသော ကြိယာပုဒ်ဖြင့် ထိုကိလေသာတရားတို့၏ လွန်ကျူးခြင်းသို့ ရောက်နေကြသည်၏အဖြစ်ကို (လွန်လွန်ကျူးကျူး ဖြစ်နေကြပုံကို) အဋ္ဌကထာဆရာမြတ်က ပြသထားသည်။

ဥပ္ပဇ္ဇန္တိဟူသော ဤ ကြိယာပုဒ်ဖြင့်သာလျှင် ထကြွသောင်းကျန်းသော အခိုက်အတန့်သို့ ရောက်နေကြကုန်သော (ပရိယုဋ္ဌာန) ကိလေသာတို့ကို ပြဆိုထားခြင်း ဖြစ်သည်ဟု ဆိုလိုသည်။

အချုပ်မှာ အနုသေန္တိဖြင့် အနုသယသဘောကို ပြသည်။ ဥပ္ပဇ္ဇန္တိဖြင့် ဥပါဒ် ဌီ ဘင် ဖြစ်ပေါ် လာသော ပရိယုဋ္ဌာန အခြေအနေကိုပြသည်။ သမုဒါစရန္တိဖြင့် လွန်ကျူးသော ဝီတိက္ကမအဆင့်ကို ပြသည်။

သို့ဖြစ်၍ မူလပဏ္ဏာသအဋ္ဌကထာ (အနုသေန္တိ-ပုဒ်အဖွင့်) အရ ဖြစ်ပေါ်ဆဲ ကိလေသာကို ကောက်ယူကြပါသည် ဟူသော စုဒိတက ဆရာတော်တို့၏ ရှင်းလင်းချက်သည် ယင်းတို့ ကိုးကားသော သာဓကနှင့် မညီညွတ်ကြောင်း ထင်ရှားသည်။

စုဒိတက ဆရာတော်တို့၏ ဒုတိယ အကိုးသာဓကဖြစ်သော ဝိသုဒ္ဓိမဂ် အဋ္ဌကထာ အနုသယ အဖွင့်ကိုလည်း ကြည့်အပ်၏၊

အနုသယာတိ ထာမဂတဋ္ဌေန ကာမရာဂါနုသယော ပဋိဃ မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဘဝရာဂ အဝိဇ္ဇာနုသယောတိ ဧဝံ ဝုတ္တာ ကာမရာဂါဒယော သတ္တ။ တေ ဟိ ထာမဂတတ္တာ ပုနပ္ပုနံ ကာမရာဂါဒီနံ ဥပ္ပတ္တိဟေတုဘာဝနေ အနုသေန္တိယေဝါတိ အနုသယာ။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၃၂၄-၅)

ယင်း အဋ္ဌကထာပါဠိ၏ အဓိပ္ပါယ်မှာ ဤသို့ဖြစ်၏၊

အနုသယတို့ဟူသည်ကား အားအစွမ်းသို့ ရောက်သော (ဖြစ်နိုင်စွမ်းသော) အနက်သဘောအားဖြင့် ကာမရာဂါနုသယ, ပဋိဃာနုသယ, မာနာနုသယ, ဒိဋ္ဌာနုသယ, အဝိဇ္ဇာနုသယ, ဘဝရာဂါနုသယ, ဝိစိကိစ္စာနုသယဟူ၍ ဤသို့ ဟောထားသော ကာမရာဂ အစရှိသော ခုနှစ်ပါးသော တရားတို့တည်း။

မှန်ပေ၏၊ ထိုခုနစ်ပါးသော တရားတို့သည် အားအစွမ်းသို့ ရောက်သည်၏အဖြစ် (ဖြစ်စွမ်းနိုင်သည်၏အဖြစ်) ကြောင့် ကာမရာဂ စသည်တို့ အဖန်တလဲလဲ ဖြစ်ခြင်း၏ အကြောင်းအဖြစ်ဖြင့် ကိန်းနေကုန်သည်သာတည်း။ ထို့ကြောင့် အနုသယမည်ကုန်၏၊

ဖြစ်ပေါ်လာဖို့ရာ အင်အားအပြည့်ဖြင့် အသင့်အနေအထားသို့ ရောက်နေကြကုန်သော ကာမရာဂ စသည်တို့၏ နာမည်ဖြင့် ထပ်ကာထပ်ကာ ဖြစ်ပေါ်လာဖို့ရာ အကြောင်းသတ္တိ အဖြစ်ဖြင့် ကိန်းဝပ်ငုပ်လျှိုး နေကြကုန်သော လောဘ, ဒေါသ အစရှိကုန်သော ကိလေသာအခြေခံ သဘာဝတို့သည် အနုသယ မည်ကုန်၏ဟူ၍ ဆိုလိုသည်။

ဝိသုဒ္ဓိမဂ်မဟာဋီကာ(၄၉၅) ဆရာတော်ကလည်း သူ၏ မဟာဋီကာ၌-

အပ္ပဟီနဘာဝေန သန္တာနေ အနု အနု သေန္တီ တိ အနုသယာ-

ဟူ၍ အနုသယသဘောကို ဖွင့်ပြတော် မူထားသည်။

အပ္ပဟီနဘာဝေန၊ မပယ်အပ်သေးသည်၏ အဖြစ်ဖြင့်။ သန္တာနေ၊ သန္တာန်၌။ အနုအနု၊ အဖန်ဖန်။ သေန္တိ၊ ကိန်းဝပ်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ အနုသယာ၊ အနုသယတို့ မည်ကုန်၏၊ (မဟာဋီကာ နိဿယ ၅၃၄)

ဆိုလိုသည်မှာ မဂ်ဖြင့် မပယ်ရသေးသဖြင့် သတ္တဝါတို့၏ ခန္ဓာအစဉ်မှာ အကြိမ်ကြိမ် အဖန်ဖန် ထပ်ကာထပ်ကာ ကိန်းဝပ်နေတတ်သောကြောင့် အနုသယတို့ မည်ကုန်၏- ဟူ၍ ဖြစ်သည်။

သို့ဖြစ်သောကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကို အားကိုးပြီး 'ဖြစ်ပေါ်နေဆဲ ကိလေသာကို အနုသယ ဟူ၍ ဟောပြောနေကြပါသည်' ဟူသော စုဒိတကဆရာတော်တို့၏ ချေပချက်သည် မိမိတို့ ကိုးကားသော စာပေနှင့်ပင် ဆန့်ကျင်နေပြန်သည်။

စုဒိတက ဆရာတော်တို့သည် အားကောင်းလှသော အကိုးအကားအဖြစ် ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကို ဆက်လက်၍ ပြသထားကြပြန်၏၊ ယင်းအချက်ကိုလည်း စိစစ်ရပေမည်။

ဝိညာဏစရိယာတိ ကေနဋ္ဌေန ဝိညာဏစရိယာ၊ (ပ) နာနုသယာ စရတီတိ ဝိညာဏစရိယာ၊ (ပ) အနုသယဝိပ္ပယုတ္တာ စရတီတိ ဝိညာဏစရိယာ။ ပကတိပရိသုဒ္ဓမိဒံ စိတ္တံ နိက္ကိလေသဋ္ဌေနာတိ ဝိညာဏစရိယာ၊ (ပဋိသမ္ဘိဒါမဂ်ပါဠိတော် ၇၇-၇၈)

ပညာဏစရိယာတိဝိညာဏစရိယာ ဟူသည်ကား။ ကေနဋ္ဌေန၊ အဘယ်အနက်သဘောကြောင့်။ ဝိညာဏစရိယာဝိညာဏစရိယာ မည်သနည်း။ နာနုသယာ၊ အနုသယ မရှိသည်ဖြစ်၍။ စရတိ၊ ဖြစ်တတ်၏၊ ဣတိ၊ ထို့ကြောင့်။ ဝိညာဏစရိယာဝိညာဏစရိယာမည်၏၊ အနုသယဝိပ္ပယုတ္တာ၊ အနုသယနှင့် မယှဉ်သည်ဖြစ်၍။ စရတိ၊ ဖြစ်တတ်၏၊ ဣတိ၊ ထို့ကြောင့်။ ဝိညာဏစရိယာဝိညာဏစရိယမည်၏၊ ဣဒံ စိတ္တံ၊ ဤဝိညာဏစရိယ အမည်ရသော စိတ်သည်။ နိက္ကိလေသဋ္ဌေန၊ ကိလေသာမရှိသော အနက်သဘောကြောင့်။ ပကတိပရိသုဒ္ဓံ၊ ပြကတော့ အားဖြင့် သန့်ရှင်းစင်ကြယ်၏၊ ဣတိ၊ ထို့ကြောင့်။ ဝိညာဏစရိယာဝိညာဏစရိယမည်၏၊ ဤသို့ အနက်ပြန်ဆိုပြီး အဓိပ္ပါယ် အတိုချုပ်ကို ဆိုရလျှင်-

အဘယ်သို့သော အနက်သဘောကြောင့် ဝိညာဏစရိယမည်သနည်း၊ ကိလေသာမရှိသော အနက်သဘောကြောင့် ဝိညာဏစရိယာမည်ပါသည်၊ ဤဝိညာဏစရိယ အမည်ရသော စိတ်သည် ကိလေသာမရှိသော အနက်သဘောကြောင့် ပင်ကိုရင်းကတည်းက သန့်ရှင်း စင်ကြယ်နေပါသည် ဟူ၍- ဖြစ်၏၊

ပါဠိတော်၏ အာဘော်ကို သိမြင်သော အဋ္ဌကထာဆရာတော်က ဤ ပါဠိတော်ကို အောက်ပါအတိုင်း ဖွင့်ပြထား၏၊

အနုသေန္တီတိ အနုသယာ။ နိရနုသယာတိ ဝတ္တဗ္ဗေ နာနုသယာတိ ဝုတ္တံ၊ သောယေဝတ္တော။ ပရိယုဋ္ဌာနပ္ပတ္တာနမောဝတ္ထ အဘာဝေါ ဝေဒိတဗ္ဗော။ န ဟိ ဝိညာဏစရိယာ ပဟီနာနုသယာနံယေဝ ဝုတ္တာ။ ယာ စ နီရာဂါဒိနာမာ၊ သာ ရာဂါဒီဟိ ဝိပ္ပယုတ္တာဝ နာမ ဟောတီတိ ပရိယာယန္တရဒဿနတ္ထံ 'ရာဂဝိပ္ပယုတ္တာ' တိ အာဒိမာဟ။ (ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ ပ-၂၆၆)

ယင်းအဋ္ဌကထာပါဠိကို အနက်ပြန်ဆိုရလျှင် ဤသို့ဖြစ်ပေ၏၊

အနုသေန္တိ၊ အဖန်တလဲလဲ ကိန်းဝပ်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ အနုသယာ၊ အနုသယတို့ မည်ကုန်၏၊ နိရနုသယာတိ၊ နိရနုသယာဟူ၍။ ဝတ္တဗ္ဗေ၊ ဟောလိုအပ်ပါလျက်။ နာနုသယာတိ၊ နာနုသယာဟူ၍။ ဝုတ္တံ၊ ဟောထားအပ်ပါ၏၊ သောယေဝ၊ ထိုနိရနုသယအနက်သည် ပင်လျှင်။ အတ္ထော၊ နာနုသယ အနက်ပေတည်း။

ဧတ္ထ၊ ဤ အနုသေန္တီတိ အနုသယာ-ဟူသော ပါဌ်၌။ ပရိယုဋ္ဌာနပ္ပတ္တာနံ၊ ထကြွသောင်းကျန်းခြင်းသို့ ရောက်ပြီးကုန်သော ကိလေသာတို့၏၊ အဘာဝေါ၊ မရှိခြင်းကို။ ဝေဒိတဗ္ဗော၊ သိထိုက် ၏- ဟူ၍ ပြန်ဆိုရမည်။

ဆိုလိုသည်မှာ-

အဖန်တလဲလဲ ကိန်းဝပ်တတ်သောကြောင့် အနုသယမည်ကုန်၏၊ ပါဠိတော်၌ နိရနုသယာဟူ၍ ဟောတော်မူလိုပါလျက် နာနုသယာဟူ၍ ဟောတော်မူထားသည်။ ထိုသို့ဟောထားသော်လည်း နိရနုသယနှင့် နာနုသယ အနက်တူပင်ဖြစ်သည်။

အနုသေန္တီတိ အနုသယာ-ဟူသောပါဌ်၌ (ဝါ) အနုသေန္တိဟု တွေ့ရသည်ဖြစ်စေ, အနုသယာဟု တွေ့ရသည်ဖြစ်စေ တွေ့သမျှသော ပါဌ်တို့၌ ထကြွသောင်းကျန်းခြင်း ပရိယုဋ္ဌာနအဖြစ်သို့ ရောက်ကုန်ပြီးသော ကိလေသာတို့၏ မရှိသေးပုံကို သိထိုက်သည်၊ သိထားရမည်- ဟူ၍ ဆိုလိုသည်။

ကျန်ရှိနေသော အဋ္ဌကထာဝါကျများ၏ အနက်ကား ဤသို့ဖြစ်၏၊ ဟံ သစ္စံ၊ မှန်ပေ၏၊ ပဟီနာနုသယာနံယေဝ၊ ပယ်အပ်ပြီးသော အနုသယရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၏သာလျှင်။ ဝိညာဏစရိယာဝိညာဏစရိယကို။ န ဝုတ္တာ၊ ဟောတော်မူအပ်သည် မဟုတ်ပေ။ ၊ ဆက်ဦးအံ့။ ယာနိရာဂါဒိနာမာ၊ အကြင် နီရာဂအစရှိသော ဝိညာဏစရိယတို့၏ နာမည်သည်။ အတ္ထိ၊ ရှိနေ၏၊ သာ၊ ထိုနီရာဂအစရှိသော ဝိညာဏစရိယတို့၏ နာမည်သည်။ ရာဂါဒီဟိ၊ ရာဂအစရှိသော ကိလေသာတို့နှင့်။ ဝိပ္ပယုတ္တာ နာမ၊ မယှဉ်ကုန်သော ဝိညာဏစရိယတို့၏ နာမည်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့။ ပရိယာယန္တရဒဿနတ္ထံ၊ ပရိယာယ်တမျိုးကို ပြသခြင်းအကျိုးငှါ။ ရာဂဝိပ္ပယုတ္တာဒိအာဒိံရာဂဝိပ္ပယုတ္တာအစရှိသော စကားကို။ အာဟ၊ ဟောတော်မူ၏၊

ဤဝါကျများ၏ အဓိပ္ပာယ်ကား-

မှန်ပါသည်၊ ဤစရိယနာနတ္တ ဉာဏဒဿနနိဒ္ဒေသ အခန်း၌ ဟောပြထားသော ဝိညာဏစရိယသည် သာမညဝိညာဏစရိယသာ ဖြစ်ပါသည်။ အရိယမဂ်လေးပါးဖြင့် အနုသယအားလုံးကို ပယ်ထားတော်မူပြီးသော ရဟန္တာ အရှင်မြတ်ကြီးတို့၏ ဝိညာဏစရိယကို ဟောပြထားသည် မဟုတ်ပါ။

ဆက်ပါဦးမည်၊ နီရာဂအစရှိသော ဝိညာဏစရိယတို့၏ နာမည်သည် ရာဂအစရှိသော အနုသယကိလေသာ လုံးဝမကိန်းဝပ်သော ဝိညာဏစရိယတို့၏ နာမည်မဟုတ်ပါ။ ရာဂ အစရှိသော ကိလေသာတို့နှင့် မယှဉ်သော ဝိညာဏစရိယတို့၏ နာမည်သာ ဖြစ်ပါသည်။

ဤသို့သော ပရိယာယ်တစ်မျိုးကို ပြသရခြင်းအကျိုးငှာ ရာဂဝိပ္ပယုတ္တာ အစရှိသော စကားရပ်ကို ဟောတော်မူထားခြင်း ဖြစ်ပါသည်-ဟူ၍ ဖြစ်၏၊ ဆိုခဲ့ပြီးသော ပဋိသမ္ဘိဒါမဂ်ပါဠိ အဋ္ဌကထာ စကားရပ်ကို ကောက်ချက်ချသည်ရှိသော် ရဟန္တာအရှင်မြတ်တို့၏ ဝိညာဉ်မှတပါး မည်သည့်ဝိညာဉ်မှ အနုသယ မကင်းပေ။ အနုသယသည်လည်း ဥပါဒ် ဌီ ဘင် အထင်အရှားရှိသော အရာမျိုးမဟုတ်ဟု သိရပေသည်။

ထို့ကြောင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကို အားကိုးအားထားပြုလုပ်ပြီး 'ဥပါဒ် ဌီ ဘင် အထင်အရှား ဖြစ်ပေါ်နေဆဲ သုတ္တန် အနုသယမျိုးလည်း ရှိသည်' ဟု ဟောပြောနေကြသော စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များ၏ အယူအဆသည် သူတို့ အားကိုးထားသော ဤပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့်လည်း မညီညွတ်ဘဲ ဖြစ်နေပြန်ပါတော့သည်။

ထို့ပြင် စုဒိတကဆရာတော်တို့ ကိုးကားဖော်ပြသော ဥပရိပဏ္ဏာသပါဠိတော် ဆဆက္ကသုတ်ကို ဆက်လက်သုံးသပ်အပ်၏၊

သော သုခါယ ဝေဒနာယ ဖုဋ္ဌော သမာနော အဘိနန္ဒတိ အဘိဝဒတိ အဇ္ဈောသာယ တိဋ္ဌတိ၊ တဿ ရာဂါနုသယော အနုသေတိ။ (ဥပရိပဏ္ဏာသပါဠိတော်(၃၃၂ ဆဆက္ကသုတ်။)

ပါဠိတော်၏ အနက်ယောဇနာ-

သော၊ ထိုသုခဝေဒနာဖြစ်သော ပုဂ္ဂိုလ်သည်။ သုခါယ၊ သုခဖြစ်သော။ ဝေဒနာယ၊ ဝေဒနာဖြင့်။ ဖုဋ္ဌော၊ တွေ့ထိအပ်သည်။ သမာနော၊ ဖြစ်သည်ရှိသော်။ အဘိနန္ဒတိ၊ အလွန်နှစ်သက်၏၊ အဘိဝဒတိ၊ အလွန်ဆို၏၊ အဇ္ဈောသာယ၊ မျိုမတတ်စွဲလမ်း၍။ တိဋ္ဌတိ၊ တည်၏၊ တဿ၊ ထိုသုခ ဝေဒနာဖြစ်သော ပုဂ္ဂိုလ်၏ သန္တာန်၌။ ရာဂါနုသယော၊ ရာဂါနုသယသည်။ အနုသေတိ၊ (မဂ်တရားဖြင့် မပယ်ရှားရသေးသောကြောင့်) ကိန်းဝပ်နေ၏၊

ယင်းပါဠိတော်ကိုပင် ဆက်လက်၍ အဓိပ္ပာယ်ဖော်ထုတ်ပါက ဤသို့ တွေ့ရပေ၏၊

ကြိုက်နှစ်သက်သောအာရုံကို တွေ့ရှိရ၍ သုခဝေဒနာဖြစ်နေသောပုဂ္ဂိုလ်သည် ချမ်းသာမှု သုခဝေဒနာဖြင့် တွေ့ထိရသည်ရှိသော် တွေ့ရှိရသောအာရုံကို အလွန် နှစ်သက်နေသည်။ တွေ့ရှိရသော အာရုံ၏ အကြောင်းအရာ စပ်ရာ စပ်ရာတွေကိုသာ အလွန်တရာ ထပ်ကာထပ်ကာ ပြောဆိုနေသည်။ တွေ့ရှိသောအာရုံကို ပါးစပ်ဖြင့် ငုံထားတော့မလို မျိုထားတော့မလို စွဲစွဲလမ်းလမ်းကြီး တည်ရှိနေသည်။ ယင်း အခြင်းအရာများကို တွေ့မြင်သိရှိရသဖြင့် ထိုသုခဝေဒနာဖြစ်ပေါ်နေသောပုဂ္ဂိုလ်၏ သန္တာန်မှာ မဂ်တရားဖြင့် မပယ်ရှားရသေးသော ရာဂါနုသယ ကိန်းဝပ်နေသေးကြောင်း သိသာထင်ရှားသည်-ဟူလို။

အထက်ဖော်ပြပါ ပါဠိတော်၌ လာရှိသော 'အနုသေတိ' ဟူသော အဓိကကိရိယာစကားကို အဋ္ဌကထာကြီးက 'အနုသေတီတိ အပ္ပဟီနော ဟောတိ' ဟူ၍ ဥပရိပဏ္ဏာအဋ္ဌကထာ(၂၄၅) ဆဆက္ကသုတ်အဖွင့်၌ ထိထိမိမိ ဖွင့်ပြထားပေသည်။

အနုသေတီတိအနုသေတိဟူသည်ကား။ အပ္ပဟီနော၊ မဂ်တရားဖြင့် မပယ်ရှားရသေးသည်။ ဟောတိ၊ ဖြစ်၏၊

အနုသေတိ-အရ ကိန်း၏ဟူသည်မှာ မပယ်ရသေးသည့် သဘောပင်ဖြစ်သည်။ မဂ်တရားဖြင့် မပယ်ရှားရသေးသဖြင့် အနုသယကိလေသာ ကိန်းဝပ်လျက် ရှိနေသည်ဟု အဓိပ္ပါယ်ရပါသည်။

ယင်း စကားရပ်ကို ထပ်မံဖွင့်ဆိုသောဋီကာဆရာတော်က-

အပ္ပဟီနတ္ထော အနုသယတ္ထောတိ အာဟ 'အနုသေတီတိ အပ္ပဟီနော ဟောတီ' တိ။ အရိယမဂ္ဂေန ဟိ အပ္ပဟီနော ထာမဂတော ရာဂါဒိကိလေသော အနုသယော ကာရဏလာဘေ သတိ ဥပ္ပဇ္ဇနာရဟဘာဝတော ဥပရိပဏ္ဏာသဋီကာ(၄၃၅၊ဆဆက္ကသုတ် အဖွင့်)-

ဟူ၍ ဖွင့်ပြတော်မူပါသည်။

ယင်းဋီကာပါဠိကို အနက်ပြန်ဆိုလျှင်-

အပ္ပဟီနတ္ထော၊ မပယ်ရှားရသေးဟူသော အနက်သည်။ အနုသယတ္ထော၊ ကိန်းဝပ်လျက်ရှိနေသည်ဟူသော အနက်ပေတည်း။ ဣတိ ဣမံ အတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဒဿနတ္ထံ၊ ပြခြင်း အကျိုးငှာ။ အနုသေတီတိ အပ္ပဟီနော ဟောတီတိအနုသေတီတိ အပ္ပဟီနော ဟောတိ ဟူ၍။ အာစရိယော၊ အဋ္ဌကထာဆရာအရှင်မြတ်သည်။ အာဟ၊ ဖွင့်ဆိုတော်မူ၏၊

ဟိ သစ္စံ၊ မှန်ပေ၏၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်။ အပ္ပဟီနော၊ မပယ်ရှားရသေးသော။ ထာဂမတော၊ ဖြစ်ပေါ်နိုင်လောက်သော အားအစွမ်းသို့ ရောက်နေသော။ ရာဂါဒိကိလေသော၊ ရာဂအစရှိသော ကိလေသာသည်။ ကာရဏလာဘေ၊ သင့်လျော်သော အကြောင်းကို ရရှိသည်။ သတိ၊ ဖြစ်လတ်သော်။ ဥပ္ပဇ္ဇနာရဟဘာဝတော၊ ဖြစ်ပေါ်လာခြင်းငှာ ထိုက်တန်နေသည်၏ အဖြစ်ကြောင့်။ အနုသယော၊ အနုသယမည်၏၊ ဝါ၊ ကိန်းဝင်ငုပ်လျှိုးနေသည် မည်၏-ဟု ဖြစ်သည်။

ဆိုလိုရင်းကား-မပယ်ရှားရသေးဟူသော အနက်သည်ပင်လျှင် ကိန်းဝင်ငုပ်လျှိုးလျက် ရှိနေသေးသည် ဟူသော အနက်ဖြစ်ပါသည်။ ဤအဓိပ္ပါယ်ကို ပြသဖို့ရာအတွက် 'အနုသေတိ' ဟူသော ပါဠိတော်ကို 'အပ္ပဟီနော ဟောတိ' ဟု အဋ္ဌကထာ ဆရာမြတ်က ဖွင့်ပြခြင်း ဖြစ်သည်။

မှန်ပါသည်၊ အရိယာမဂ်တရားဖြင့် အမြစ်ပြတ်အောင် မပယ်သတ်ရသေးသော ဖြစ်ပေါ်နိုင်လောက်အောင် အားအစွမ်းသို့ ရောက်နေသော (ဖြစ်ပေါ်လုဆဲဆဲ အခြေအနေရှိသော) ရာဂ အစရှိသော ကိလေသာသည် သင့်လျော်သော အကြောင်းကို ရရှိသည်နှင့် တပြိုင်နက် ပေါ်ထွက်လာမည်ဖြစ်သောကြောင့် ကိန်းဝပ် ငုပ်လျှိုးလျက် ရှိနေသည်မည်၏- ဟူ၍ ဖြစ်ပေသည်။

သို့ဖြစ်၍ ဥပရိပဏ္ဏာသ ဆဆက္ကသုတ် ပါဠိတော်ကြီးကို ကိုးကား၍ 'ဥပါဒ် ဌီ ဘင် အထင်အရှား ဖြစ်ပေါ်နေဆဲ သုတ္တန် အနုသယမျိုးလည်း ရှိနေပါသေးသည်' ဟူ၍ အယူအဆထူးပိုင်ရှင် စုဒိတကဆရာတော် (ကျောက်သင်္ဘောဝါဒီ)များ၏ ယူဆချက်သည် ဤဥပရိပဏ္ဏာသပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့်လည်း မကိုက်ညီဘဲ ဖြစ်နေပြန်သောကြောင့် တက်တက်စင်အောင် လွဲချော်နေသော မဟာအလွဲတော်ကြီးသာ ဖြစ်နေသည်။ အမှန်စင်စစ် ယခု စုဒိတက ကျောက်သင်္ဘောဆရာတော်လက်သစ်တို့သည် မူလကျောက်သင်္ဘော လက်ဟောင်းဆရာတော် ဦးကေသဝ၏ ဝါဒအမှားများကို ခုခံကာကွယ်ယင်း မိမိတို့လည်း အသစ်ထပ်မံ မှားကြပြန်ကြောင်း တွေ့ရှိရပေသည်။ အန္ဓပဝေဏီ=သူကန်းတို့၏ အစဉ်ဆိုရာ၌ ရှေ့သူကန်းကလည်း အမှန်မမြင်သည့်နည်းတူ အဆက်ဆက်သော သူကန်းတို့သည်လည်း ဤအမှန်ကို မမြင်နိုင်ကြရှာကုန်။

'အထက်ပါ အချက်အလက်များကို ခြုံငုံကြည့်ရလျှင်-

မြတ်စွာဘုရား၏ ဝါဒသည် ပုထုဇဉ်, အောက်ဖလဋ္ဌာန် ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သက်ဆိုင်ရာ အနုသယကိလေသာ ရှိနေသည်ဟု ယူဆသော ဝါဒဖြစ်ကြောင်း ထင်ရှားသည်။

ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အစဉ်အမြဲကိန်းဝပ်နေတဲ့ အနုသယကိလေသာ လုံးဝမရှိဟု ယူဆထားသော ကျောက်သင်္ဘောဝါဒသည် မြတ်စွာဘုရား၏ဝါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိသော ဝါဒမှား ဖြစ်ကြောင်းလည်း ထင်ရှားသည်ဟု ဝိနည်းဓိုရ်ဆရာတော်များက စိစစ်ဝေဖန်တော်မူကြသည်။

'သက္ကာယဒိဋ္ဌိ ဖြုတ်ဖို့မလို' ဟူသော ကျောက်သင်္ဘောဝါဒ

စောဒနာ သောဓနာနှင့် စပ်လျဉ်း၍

ဝိနည်းဓိုရ်ဆရာတော်များ၏ သုံးသပ်ချက်

စောဒက ဆရာတော်တို့က (၁၁) နံပါတ်(၇) အမှတ်ဖြင့် 'သက္ကာယဒိဋ္ဌိက သူ့အလိုလို သေနေတယ်၊ သက္ကာယဒိဋ္ဌိကို ချုပ်သွားအောင် သွားမလုပ်နဲ့၊ သေနေတာ သိရမှာ၊ ကုန်သွားအောင် မဖြုတ်နဲ့၊ ပြုတ်အောင်တော့ သွားမဖြုတ်နဲ့၊ ကုန်အောင်တော့ သွားမလုပ်နဲ့၊ သွားဖြုတ်ရင် တပ်လျက်သားကြီး ဖြစ်နေမယ်' ဟု ထေရုပ္ပတ္တိနှင့် တရားတော်များ စာအုပ် စာမျက်နှာ-၂၉၈ မှ ကျောက်သင်္ဘော ဆရာတော်၏ ဟောပြောချက်ကို ထုတ်ပြပြီးလျှင်-

(၁၈) အပိုဒ်ဖြင့်-

သဂါထာဝဂ္ဂသံယုတ်ပါဠိတော်(၁၂ ၌

သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဍယှမာနောဝ မတ္ထကေ။
သက္ကာယဒိဋ္ဌိပ္ပဟာနာယ၊ သတောဘိက္ခု ပရိဗ္ဗဇေ-

ဟူသော ပါဠိတော်ကို သာဓကထုတ်၍ မြတ်စွာဘုရားက သက္ကာယဒိဋ္ဌိပယ်ဖို့ အလေးအနက် တိုက်တွန်းထားသည်ဖြစ်၍ ကျောက်သင်္ဘောဆရာတော်က 'သက္ကာယဒိဋ္ဌိပယ်ရန်မလို သူ့အလိုလို သေနေတယ် သွားမဖြုတ်နဲ့' ဟူ၍ ဟောပြောခြင်းသည် မြတ်စွာဘုရား စကားတော်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကြောင်း တင်ပြစောဒနာကြသည်။

စုဒိတကဆရာတော်တို့က သတ္တိယာ ဝိယ ဩမဋ္ဌော-ဟူသော ဂါထာသည် ဘုရားရှင်က သက္ကာယဒိဋ္ဌိကို ပယ်နိုင်ရေးအတွက် အလျင်အမြန် တရားကျင့်သုံးကြရန် တိုက်တွန်းသော ဂါထာဖြစ်သည်။ ကျောက်သင်္ဘော ဆရာတော်ကြီး ဟောပြောသည်ကား သက္ကာယဒိဋ္ဌိကို ပယ်နိုင်ကြောင်း နည်းကောင်းကို ညွှန်ပြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထိုဒေသနာတော်နှင့် ထိုဟောကြားချက်တို့ ဆန့်ကျင်ဘက် မဖြစ်ကြပါဟု ချေပကြပြီးလျှင်-

သဠာယတနသံယုတ်(၄၇၉) စိတ္တသံယုတ်၊ ဒုတိယ ဣသိဒတ္တသုတ်၌ အရှင်ဣတိဒတ္တက စိတ္တသူကြွယ်အား ခန္ဓာငါးပါးတရားတို့အပေါ် ငါ, ငါ့ဟာဟု ရှုမြင်သုံးသပ်မှုများ မပြုပဲနေလျှင် သက္ကာယဒိဋ္ဌိမဖြစ်။

ဗာဟိယသုတ်မှာ လာသည့်အတိုင်း ခြောက်ဒွါရ၌ ခြောက်အာရုံ ဆုံသောအခါ စိတ်-စိတ်အတိုင်းထား၍ နားနေတတ်ပါလျှင် ထိုအယူစွဲများ မကပ်နိုင်ပါ။ ဤသို့ မကပ်လာသေးသည်ကို မကပ်လာသေးသည့် အတိုင်းသိပြီး မကပ်လာသေးသည့်အတိုင်းထား၍ ပွါးများပါလျှင် သက္ကာယဒိဋ္ဌိကို ပယ်သတ်နိုင်သည်။

သက္ကာယဒိဋ္ဌိချုပ်အောင်, သက္ကာယဒိဋ္ဌိသေအောင် တမင်တကာ သွားသတ်နေလျှင် ဝိဘဝတဏှာနှင့် ယှဉ်နေသဖြင့် ဥစ္ဆေဒဒိဋ္ဌိ ကပ်ရောက်လာသည်။ တဖန် သက္ကာယဒိဋ္ဌိကို အစဉ်ထာဝရ ရှိနေသည်ဟု ယူဆထားလျှင် သဿတဒိဋ္ဌိ ရောက်လာပြန်သည်။

သက္ကာယဒိဋ္ဌိသည် ဖြစ်ပေါ်ရန်အကြောင်းပြုပေးမှ ရှိနိုင်သည်။ ဖြစ်ပေါ်ရန် ငါ, ငါ့ဟာ-ဟူ၍ တွေးယူခြင်းတည်းဟူသော အကြောင်းမရှိပါက ရှိမလာနိုင် ဖြစ်မလာနိုင်။ ဤသို့ အကြောင်းမပြုပေးသဖြင့် သူ့အလိုလို ကင်းပြီး ချုပ်ပြီး ဖြစ်နေသော သဘောကို ကျောက်သင်္ဘောဆရာတော်ကြီးက 'သက္ကာယဒိဋ္ဌိ သူ့အလိုလို သေနေတယ်' ဟု ဟောခဲ့ခြင်းဖြစ်ပါသည် ဟု အကျယ်တဝင့် ချေပကြသည်။

ဤသောဓနာချက်သည် မူလကျောက်သင်္ဘောဆရာတော်၏ အာဘော်မဟုတ်ဘဲ ကြားပုဂ္ဂိုလ်တဦးက အမှုပေါ့အောင် မိမိ၏ အတတ်ပညာကို အသုံးချ၍ လျှောက်လဲထားချက်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပေသည်။

အထက်ဖော်ပြပါ စုဒိတက ဆရာတော်တို့၏ ချေပချက်ကို စိစစ်ဝေဖန်သော် ၎င်းတို့၏ ချေပချက်၌-

  1. စောဒကဆရာတော်တို့ တင်ပြသော သတ္တိယာ ဝိယ ဩမဋ္ဌော အစရှိသော ဘုရားရှင် ဟောတော်မူသောဒေသနာနှင့် ကျောက်သင်္ဘောဆရာတော်၏ 'သက္ကာယဒိဋ္ဌိကို ချုပ်အောင် သွားမလုပ်နဲ့' ဟူသော ဟောပြောချက်သည် မဆန့်ကျင်ပါ။
  2. သက္ကာယဒိဋ္ဌိ ပယ်သတ်ရန် ခန္ဓာငါးပါးအပေါ်၌ ငါ, ငါ့ဟာဟု ရှုမြင်သုံးသပ်မှုမပြုဘဲ နေရန် ဖြစ်ပါသည်၊ တမင် အားထုတ်ပယ်ရန် မလို။
  3. သက္ကာယဒိဋ္ဌိ ချုပ်အောင် တမင် အားထုတ်၍ ပယ်နေလျှင် ဥစ္ဆေဒဒိဋ္ဌိ ကပ်ရောက်လာပါသည်။
  4. သက္ကာယဒိဋ္ဌိ အစဉ်ထာဝရရရှိနေသည်ဟု ယူဆလျှင် သဿတဒိဋ္ဌိ သက်ရောက်ပါသည်။

ဤသို့ အချက်လေးချက်ကို တွေ့ရှိရပေသည်။

မဆန့်ကျင်ဆိုသော ၁-နံပါတ်အချက်ကို စိစစ်ဝေဖန်ချက်

ရင်ဝ၌ စူးဝင်နေသောလှံကို အရေးတကြီး နုတ်ဘိသကဲ့သို့ ဦးခေါင်းထိပ်၌ လောင်နေသောမီးကို အရေးတကြီး ငြိမ်းဘိသကဲ့သို့ ထို့အတူ သတိရှိသောရဟန်းသည် သက္ကာယဒိဋ္ဌိကို ပယ်ခြင်းငှာ ဝိပဿနာကို ပွားများအားထုတ်ရာ၏-ဟု ဟောတော်မူသော ဘုရားရှင် စကားတော်နှင့် ကျောက်သင်္ဘောဆရာတော်၏ 'သက္ကာယဒိဋ္ဌိကို ချုပ်သွားအောင် မလုပ်နဲ့' ဟူသော ဟောပြောချက်သည် မဆန့်ကျင်ဟု မဆိုနိုင်၊ ဆန့်ကျင်သည် ဟုသာ မှတ်ယူရမည်။

အဘယ့်ကြာင့်နည်း၊ သတ္တဝါတိုင်းမှာ ယခုဘဝမှစ၍ ဘဝအဆက်ဆက် အကုသိုလ်အသစ် ဒုစရိုက်အသစ် အနန္တတို့သည် မဖြစ်သေးသော အနုပ္ပန္န အနာဂတ် အကုသိုလ်ဒုစရိုက်တို့ ဖြစ်ကုန်၏၊ ထိုအနုပ္ပန္န အကုသိုလ် ဒုစရိုက် အနန္တတို့သည် သက္ကာယဒိဋ္ဌိမှ ထွက်ပေါ်ကြကုန်၊ သက္ကာယဒိဋ္ဌိမှ ပေါက်ပွားကြကုန်၏၊ အကြင်အခါ၌ သက္ကာယဒိဋ္ဌိချုပ်၏၊ ထိုအခါ ထိုပုဂ္ဂိုလ်သန္တာန်၌ အနုပ္ပန္နဖြစ်သော အကုသိုလ်ကံသစ်တို့ အကြွင်းအကျန် မရှိမူ၍ ချုပ်ငြိမ်းကြကုန်၏၊

သက္ကာယဒိဋ္ဌိ ရှိနေလျှင် သိကြား ဗြဟ္မာဖြစ်စေကာမူ ဖြစ်ပြီး= ဥပ္ပန္န အကုသိုလ်, မဖြစ်သေးသော= အနုပ္ပန္နအကုသိုလ် နှစ်ရပ်တို့ဖြင့် ညှပ်လျက်သား နေကုန်၏၊ သံသရာမှ မထွက်မြောက်နိုင်ကြကုန်။ ဥပ္ပန္နအကုသိုလ် အနုပ္ပန္နအကုသိုလ် ပယ်နိုင်မှ သံသရာဝဋ်ဒုက္ခမှ လွတ်ကင်းနိုင်သည်။ ဥပ္ပန္န, အနုပ္ပန္န အကုသိုလ်နှစ်ရပ် ပယ်သတ်မှုဆိုသည်ကား- သက္ကာဒိဋ္ဌိ အကြွင်းမဲ့ ပယ်သတ်မှုသာတည်း။ သက္ကာယဒိဋ္ဌိ သေလျှင် ထိုအကုသိုလ်နှစ်ရပ် အကုန်ချုပ်ငြိမ်းကုန်တော့သည်။

ထို့ကြောင့်-

ရင်ဝ၌ လှံစူးသောသူသည် အရေးတကြီး လှံကို နုတ်ဘိသကဲ့သို့ ထိပ်၌ မီးလောင်ခံနေရသော သူသည် မီးကို အရေးတကြီး ငြိမ်းရဘိသကဲ့သို့ သက္ကာယဒိဋ္ဌိ လှံစူးဝင်နေသောသူ၊ သက္ကာယဒိဋ္ဌိမီး အလောင်ခံနေရသောသူသည် သက္ကာယဒိဋ္ဌိလှံကို အရေးတကြီးပယ်နုတ်နိုင်ရန်, သက္ကာယဒိဋ္ဌိမီးကို အရေးတကြီး ငြိမ်းသတ်နိုင်ရန် ကြိုးစား၍ ဝိပဿနာတရားများကို ပွါးများအားထုတ်ရမည်-

ဟု ဟောတော်မူသော ဘုရားစကားတော်နှင့် ကျောက်သင်္ဘောဆရာတော်၏ 'သက္ကာယဒိဋ္ဌိကို ချုပ်သွားအောင် သွားမလုပ်နဲ့၊ သွားဖြုတ်လျှင် တပ်လျက်သားကြီး ဖြစ်နေမယ်' ဟူသော ဟောပြောချက်သည် အလွန်ဆန့်ကျင်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များက စိစစ်ဝေဖန်တော်မူကြသည်။

သက္ကာယဒိဋ္ဌိကို တမင် အားထုတ်ပယ်ရန် မလိုဟူသော

၂-နံပါတ်အချက်ကို စိစစ်ဝေဖန်ချက်

စုဒိတကဆရာတော်တို့က သက္ကာယဒိဋ္ဌိကို ပယ်သတ်ရန် မလို၊ ခန္ဓာငါးပါးအပေါ်၌ ငါ, ငါ့ဟာ-ဟု ရှုမြင်သုံးသပ်ခြင်း မပြုပဲနေရန် ဖြစ်သည်။ တမင် အားထုတ်၍ ပယ်ရန် မလို-ဟု ချေပချက်ကို စိစစ်ဝေဖန်သော်-

စိတ္တသူကြွယ်က ရှင်ဣသိဒတ္တကို ၆၂-ပါးသော ဒိဋ္ဌိတို့သည် မည်သည့်တရားကြောင့် ဖြစ်ပါသနည်းဟု မေးလျှောက်ရာ-၆၂ပါးသော ဒိဋ္ဌိတို့သည် သက္ကာယဒိဋ္ဌိ ရှိနေခြင်းကြောင့် ဖြစ်ကုန်၏ဟု ဖြေတော်မူသည်။ တဖန် သက္ကာယဒိဋ္ဌိသည် အဘယ်အကြောင်းကြောင့် မဖြစ်ပါသနည်းဟု လျှောက်ထားရာ- ခန္ဓာငါးပါး၌ ငါ, ငါ့၏ကိုယ်ဟု နှလုံးမသွင်းလျှင် သက္ကာယဒိဋ္ဌိမဖြစ်ဟု ရှင်ဣတိဒတ္တက ဖြေတော်မူ၏၊

ဤသို့ ဟောရာ၌ ခန္ဓာငါးပါးအပေါ်၌ အတ္တ, အတ္တနိယ= ငါ, ငါ့ဟာ ဟု နှလုံးမသွင်းရန်ကိုသာ ဟောတော်မူသည်။ သက္ကာယဒိဋ္ဌိကို အကြွင်းမဲ့ မပယ်သတ်ပါက ဆိုခဲ့ပြီးသော ၆၂-ပါးသော ဒိဋ္ဌိတို့ ဖြစ်ခွင့်မှလည်း မလွတ်နိုင်၊ သံသရာဝဋ်ဒုက္ခမှလည်း မလွတ်နိုင်။

မဇ္ဈိမပဏ္ဏာသပါဠိတော် မဟာမာလုကျသုတ်-၉၆-၉၇-မျက်နှာတို့၌ကား-

  1. သက္ကာယဒိဋ္ဌိ အနုသယကိန်းပုံ၊
  2. သက္ကာယဒိဋ္ဌိ သံယောဇဉ်ဖြစ်ပုံ၊
  3. သက္ကာယဒိဋ္ဌိ အနုသယပယ်ရန်၊
  4. သက္ကာယဒိဋ္ဌိ အနုသယ ပယ်ရန်လမ်းစဉ်များကို-

အသီးသီး ဘုရားရှင် ဟောတော်မူသည်။

သက္ကာယဒိဋ္ဌိ အနုသယကိန်းပုံကို ဥပမာပြု၍ ဤသို့ဟောတော်မူသည်-

ဒဟရဿ ဟိ မာလုကျပုတ္တ ကုမာရဿ မန္ဒဿ ဥတ္တာနသေယျကဿ သက္ကာယောတိပိ န ဟောတိ၊ ကုတော ပနဿ ဥပ္ပဇ္ဇိဿတိ သက္ကာယဒိဋ္ဌိ၊ အနုသေတွေဝဿ သက္ကာယဒိဋ္ဌာနုသယော။

မာလုကျပုတ္တ- ပက်လက်အိပ်နေသော နုံ့သောစိတ်ရှိသော ငယ်ရွယ်သူ သူငယ်အား မိမိခန္ဓာကိုယ်ဟူသော အမှတ်ပင် မဖြစ်သေး။ ထိုသူငယ်အား အဘယ်မှာ သက္ကာယဒိဋ္ဌိ ဖြစ်နိုင်ပါအံ့နည်း။ သို့ရာတွင် ထိုသူငယ်အား သက္ကာယဒိဋ္ဌိ အနုသယသည် ကိန်းနေသည်သာလျှင် ဖြစ်၏၊

အထက်ပါ ပါဠိဖြင့် ပုဂ္ဂိုလ်တိုင်း၌ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ သက္ကာယဒိဋ္ဌိသည် ဥပါဒ်ဇာတိ အနေအားဖြင့် မဖြစ်သော်လည်း အနုသယအားဖြင့် ကိန်းနေသည်၏ အဖြစ်ကို မြတ်စွာဘုရား ဟောတော်မူသည်။

သက္ကာယဒိဋ္ဌိ သံယောဇဉ်ဖြစ်ပုံကို ဤသို့ ဟောကြားတော်မူ၏၊

ဣဓာနန္ဒ အဿုတဝါ ပုထုဇ္ဇနော အရိယာနံ အဒဿာဝီ အရိယဓမ္မဿ အကောဝိဒေါ အရိယဓမ္မေ အဝိနီတော သပ္ပုရိသာနံ အဒဿာဝီ သပ္ပုရိသဓမ္မဿ အကောဝိဒေါ သပ္ပုရိသဓမ္မေ အဝိနီတော သက္ကာယဒိဋ္ဌိပရိယုဋ္ဌိတေန စေတသာ ဝိဟရတိ သက္ကာယဒိဋ္ဌိပရေတေန၊ ဥပ္ပန္နာယစ သက္ကာယဒိဋ္ဌိယာ နိဿရဏံ ယထာဘူတံ နပ္ပဇာနာတိ။ တဿ သာ သက္ကာယဒိဋ္ဌိ ထာမဂတာ အပ္ပဋိဝိနီတာ ဩရမ္ဘာဂိယံ သံယောဇနံ။

အာနန္ဒာ- ဤလောက၌ အကြားအမြင် မရှိသော အရိယာသာဝကတို့ကို မတွေ့မြင်သော အရိယာဓမ္မ၌ မလိမ္မာသော အရိယာတရား၌ မဆုံးမအပ်သော သူတော်ကောင်းတို့ကို မတွေ့မြင်သော သူတော်ကောင်းတရား၌ မလိမ္မာသော သူတော်ကောင်းတရား၌ မဆုံးမအပ်သော ပုထုဇဉ် ပုဂ္ဂိုလ်သည် သက္ကာယဒိဋ္ဌိသည် ယူအပ်သည်ဖြစ်၍ လွှမ်းမိုးနှိပ်စက်အပ်သော သက္ကာယဒိဋ္ဌိသို့ အစဉ်လိုက်သောစိတ်ဖြင့် နေ၏၊ ဖြစ်လာသော သက္ကာယဒိဋ္ဌိ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ဟုတ်တိုင်းမှန်စွာ မသိ။ ထိုပုဂ္ဂိုလ်၏ အားအစွမ်းသို့ ရောက်သော မပယ်အပ်သေးသော ထိုသက္ကာယဒိဋ္ဌိသည် အောက်အဖို့ဖြစ်သော ဩရမ္ဘာဂိယသံယောဇဉ် မည်၏၊

အထက်ပါ ပါဠိဖြင့် ပုထုဇဉ် ပုဂ္ဂိုလ်အား သက္ကာယဒိဋ္ဌိသည် အနုသယ အခိုက်အတန့်မှ သက္ကာယဒိဋ္ဌိ သံယောဇဉ်ဖြစ်ပုံကို ဟောတော်မူသည်။

သက္ကာယဒိဋ္ဌိအနုသယကို ပယ်ရန် ဤသို့ဟောတော်မူ၏၊

သုတဝါ စ ခေါ အာနန္ဒ အရိယသာဝကော အရိယာနံ ဒဿာဝီ အရိယဓမ္မဿ ကောဝိဒေါ အရိယဓမ္မေ သုဝိနီတော သပ္ပုရိသာနံ ဒဿာဝီ သပ္ပုရိသဓမ္မဿ ကောဝိဒေါ သပ္ပုရိသဓမ္မေ သုဝိနီတော န သက္ကာယဒိဋ္ဌိပရိယုဋ္ဌိတေန စေတသာ ဝိဟရတိ န သက္ကာယဒိဋ္ဌိပရေတေန၊ ဥပ္ပန္နာယစ သက္ကာယဒိဋ္ဌိယာ နိဿရဏံ ယထာဘူတံ ပဇာနာတိ၊ တဿ သာ သက္ကာယဒိဋ္ဌိ သာနုသယာ ပဟီယတိ။

အာနန္ဒာ- အကြားအမြင်ရှိသော အရိယာတို့ကို တွေ့မြင်သော အရိယာတရား၌ လိမ္မာသော အရိယာတရား၌ ကောင်းစွာဆုံးမအပ်သော သူတော်ကောင်းတို့ကို တွေ့မြင်သော သူတော်ကောင်းတရား၌ လိမ္မာသော သူတော်ကောင်းများ၌ ကောင်းစွာဆုံးမအပ်သော အရိယာသာဝကသည် သက္ကာယဒိဋ္ဌိသည် ယူအပ်သည်ဖြစ်၍ လွှမ်းမိုး နှိပ်စက်အပ်သော စိတ်ဖြင့် မနေ၊ သက္ကာယဒိဋ္ဌိသို့ အစဉ်လိုက်သောစိတ်ဖြင့် မနေ။ ဖြစ်လာသောသက္ကာယဒိဋ္ဌိ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုပုဂ္ဂိုလ်သည် အနုသယနှင့်တကွ ထိုသက္ကာယဒိဋ္ဌိကို ပယ်အပ်၏၊

အထက်ပါ ပါဠိဖြင့် အနုသယနှင့်တကွ သက္ကာယဒိဋ္ဌိ ပယ်သင့်ကြောင်းကို ဟောတော်မူသည်။ သက္ကာယဒိဋ္ဌိ အနုသယကို မည်သို့ မည်ပုံ ပယ်ရမည်ဟု ပယ်ရမည့်ကျင့်စဉ်ကို ဤသို့ ဟောတော်မူ၏၊

ကတမော စာနန္ဒ မဂ္ဂေါ, ကတမာ ပဋိပဒါ ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပဟာနာယ။ ဣဓာနန္ဒ ဘိက္ခု ဥပဓိဝိဝေကာ အကုသလာနံ ဓမ္မာနံ ပဟာနာ။ ပ။ သော ယဒေဝ တတ္ထ ဟောတိ ရူပဂတံ, ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ၊ တေ ဓမ္မေ အနိစ္စတော ဒုက္ခတော။ ပ။ အနတ္တတော သမနုပဿတိ၊ သော တေဟိ ဓမ္မေဟိ စိတ္တံ ပဋိဝါပေတိ၊ သော တေဟိ ဓမ္မေဟိ စိတ္တံ ပဋိဝါပေတွာ အမတာယ ဓာတုယာ စိတ္တံဥပသံဟရတိ 'ဧတံ သန္တံ ဧတံ ပဏိတ' န္တိ။

အာနန္ဒ၊ အာနန္ဒာ။ ပဉ္စန္နံ၊ ငါးပါးကုန်သော။ ဩရမ္ဘာဂိယာနံ၊ အောက်အဖို့၌ဖြစ်သော သံယောဇဉ်တို့ကို။ ပဟာနာယ၊ ပယ်ခြင်းငှာ။ မဂ္ဂေါ၊ လမ်းစဉ်သည်။ ကတမော၊ အဘယ်နည်း။ ပဋိပဒါ၊ အကျင့်သည်။ ကတမာ၊ အဘယ်နည်း။ အာနန္ဒ၊ အာနန္ဒာ။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ရဟန်းသည်။ ဥပဓိဝိဝေကာ၊ ကိလေသာဥပဓိမှ ကင်းခြင်းကြောင့်။ အကုသလာနံ ဓမ္မာနံ၊ အကုသိုလ်တရားတို့ကို။ ပဟာန၊ ပယ်ခြင်းကြောင့်။ ပ။ သော၊ ထိုရဟန်းသည်။ တတ္ထ တသ္မိံ အန္တောသမာပတ္တိက္ခဏေ၊ ထိုသမာပတ်အတွင်းခဏ၌။ ယဒေဝ ရူပဂတံ၊ အကြင်ရုပ်အပေါင်းသည်။ ယဒေဝ ဝေဒနာဂတံ၊ အကြင်ဝေဒနာအပေါင်းသည်။ ယဒေဝ သညာဂတံ၊ အကြင်သညာအပေါင်းသည်။ ယဒေဝ သင်္ခါရဂတံ၊ အကြင်သင်္ခါရအပေါင်းသည်။ ယဒေဝ ဝိညာဏဂတံ၊ အကြင်ဝိညာဏ် အပေါင်းသည်။ အတ္ထိ၊ ရှိ၏၊ တေ ဓမ္မေ၊ ထိုခန္ဓာငါးပါးတို့ကို။ အနိစ္စတော ဒုက္ခတော အနတ္တတော၊ မမြဲသောအားဖြင့်။ ဆင်းရဲသောအားဖြင့်။ အနှစ်သာရမရှိ အလိုသို့ မလိုက်သောအားဖြင့်။ သမနုပဿတိ၊ ဆင်ခြင်၏၊ သော၊ ထိုရဟန်းသည်။ တေဟိ ဓမ္မေဟိ၊ လက္ခဏာရေးသုံးပါးတင်၍ မြင်အပ်ကုန်သော သမာပတ်အတွင်း၌ ဖြစ်သော ထိုခန္ဓာငါးပါးတို့မှ။ စိတ္တံ၊ စိတ်ကို။ ပဋိဝါပေတိ၊ လွတ်စေ၏၊ သော ဘိက္ခု၊ ထိုရဟန်းသည်။ တေဟိ ဓမ္မေဟိ၊ ထိုခန္ဓာငါးပါးတို့မှ။ စိတ္တံ၊ စိတ်ကို။ ပဋိဝါပေတိ၊ လွတ်စေ၍။ ဧတံ၊ ဤနိဗ္ဗာန်သည်။ သန္တံ၊ ငြိမ်းအေး၏၊ ဧတံ၊ ဤနိဗ္ဗာန်သည်။ ပဏီတံ၊ မြတ်၏၊ ဣတိ၊ ဤသို့။ အမတာယ ဓာတုယာ၊ အမတနိဗ္ဗာနဓာတ်၌။ စိတ္တံ၊ ဝိပဿနာစိတ်ကို။ ဥပသံဟရတိ၊ ရှေးရှုဆောင်၏၊

အာနန္ဒာ- ငါးပါးကုန်သော အောက်အဖို့၌ဖြစ်သော သံယောဇဉ်တို့ကို ပယ်ခြင်းငှါ လမ်းစဉ်သည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်း။ အာနန္ဒာ- ဤသာသနာ၌ ရဟန်းသည် ကိလေသာဥပဓိမှ ကင်းခြင်းကြောင့် အကုသိုလ်တရားတို့ကို ပယ်ခြင်းကြောင့်။ ပ။ ထိုရဟန်းသည် ထိုသမာပတ်အတွင်း ခဏ၌ အကြင်ရုပ်သည်, အကြင်ဝေဒနာသည်, အကြင်သညာသည်, အကြင်သင်္ခါရသည်, အကြင်ဝိညာဏ်သည် ရှိ၏၊ ထို ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ခန္ဓာငါးပါးတို့ကို မမြဲသောအားဖြင့်, ဆင်းရဲသောအားဖြင့်, အနှစ်သာရမရှိ အလိုသို့မလိုက်သောအားဖြင့် ဆင်ခြင်၏၊ ထိုရဟန်းသည် လက္ခဏာရေးသုံးပါးတင်၍ မြင်အပ်ကုန်သော သမာပတ်အတွင်း၌ ဖြစ်ကုန်သော ထို ခန္ဓာငါးပါးတို့မှ စိတ်ကို လွတ်စေ၏၊ ထိုရဟန်းသည် ထိုခန္ဓာငါးပါးတို့မှ စိတ်ကို လွတ်စေ၍ ဤနိဗ္ဗာန်သည် ငြိမ်းအေး၏၊ ဤနိဗ္ဗာန်သည် မြတ်၏ ဤသို့ အမတနိဗ္ဗာန်ဓာတ်၌ ဝိပဿနာစိတ်ကို ရှေးရှုဆောင်၏၊

အထက်ပါ ပါဠိဖြင့် သက္ကာယဒိဋ္ဌိ ပယ်ရန် လမ်းစဉ် ကျင့်စဉ်ကို ဘုရားရှင် ဟောတော်မူသည်။

မှတ်ချက်။။ဤ မဟာမာလုကျသုတ် သက္ကာယဒိဋ္ဌိပယ်ရန် ကျင့်စဉ်ကို အပ္ပနာစျာန်ခဏ၌ဖြစ်သော ခန္ဓာငါးပါးကို လက္ခဏာရေးသုံးပါးတင်၍ ရှုဆင်ခြင်ရန် ဟောတော်မူသည်။ ဥပစာရစျာန်ခဏ၌ ဖြစ်သော ခန္ဓာငါးပါးကိုလည်း လက္ခဏာရေးသုံးပါးတင်၍ ရှုဆင်ခြင်နိုင်ကြောင်းကိုလည်း မှတ်ယူရမည်။

ဤသို့ မဇ္ဈိမပဏ္ဏာသ ပါဠိတော် မဟာမာလုကျသုတ်၌-

  1. သက္ကာယဒိဋ္ဌိ အနုသယ ကိန်းပုံ၊
  2. သက္ကာယဒိဋ္ဌိ သံယောဇဉ် ဖြစ်ပုံ၊
  3. သက္ကာယဒိဋ္ဌိ အနုသယ ပယ်ရန်၊
  4. သက္ကာယဒိဋ္ဌိ အနုသယ ပယ်ရန် လမ်းစဉ်များကို-

ဘုရားရှင် ဟောကြားတော်မူခြင်းကြောင့်-

သက္ကာယဒိဋ္ဌိက သူ့အလိုလို သေနေတယ်၊ သက္ကာယဒိဋ္ဌိကို ချုပ်အောင် သွားမလုပ်နဲ့၊ သေနေတာ သိရမှာ၊ ကုန်အောင် သွားမဖြုတ်နဲ့၊ ပြုတ်အောင်တော့ သွားမဖြုတ်နဲ့၊ ကုန်အောင်တော့ သွားမလုပ်နဲ့၊ သွားဖြုတ်ရင် တပ်လျက်သားကြီး ဖြစ်နေမယ်-

ဟု ကျောက်သင်္ဘော ဆရာတော် ဟောပြောခြင်းသည် အထက်ဖော်ပြပါ ဘုရားဟော ပါဠိတော်ဒေသနာနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များက ဝေဖန်တော်မူကြသည်။

သက္ကာယဒိဋ္ဌိကို ပယ်ဖို့ကြိုးစားလျှင် ဒိဋ္ဌိဖြစ်မည်ဆိုသော

၃-နံပါတ် ၄-နံပါတ် အချက်တို့ကို စိစစ်ဝေဖန်ချက်

စုဒိတကပုဂ္ဂိုလ်တို့က သက္ကာယဒိဋ္ဌိကို အမြဲတစေ အရှိထားနေလျှင် သဿတဒိဋ္ဌိ ဖြစ်လာ၍ ထို မြဲနေသည်ဟု ထင်သော သက္ကာယဒိဋ္ဌိကို သတ်ချင်ခြင်းက ဥစ္ဆေဒဒိဋ္ဌိ၊ ဤသို့ ဒိဋ္ဌိနှစ်မျိုးက တပတ်လှည့်၍ဝင်လာတတ်ပါသည်- ဟု သက္ကာယဒိဋ္ဌိကို ပယ်သတ်ရန် အားထုတ်သော ပုဂ္ဂိုလ်တို့အား သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ နှစ်မျိုး ဖြစ်လာနိုင်ကြောင်း ချေပကြသည်။

ယင်း စုဒိတက ဆရာတော်တို့၏ ချေပချက်ကို ဤသို့ စိစစ်ဝေဖန်အပ်၏၊

သံသရာဝဋ်ဒုက္ခဘေးကို ရှုမြင်ပြီးသော တရားအားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် စည်းကမ်းတကျ သင်ပြသော ကမ္မဋ္ဌာနစရိယအထံသို့ လာရောက်၍ ကမ္မဋ္ဌာန်းတရား သင်ယူသောအခါ ကမ္မဋ္ဌာန်းဆရာက အနည်းဆုံး ခန္ဓာငါးပါး (တနည်း) ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, ဝိညာဏဓာတ်, အာကာသဓာတ် ဟူသော ဓာတ် ၆-ပါးမျှကို သင်ကြားပေးမည်ဖြစ်၍ ယောဂီပုဂ္ဂိုလ်သည် ခန္ဓာငါးပါး နာမ်, ရုပ် တရားတို့ကို (တနည်း) ပထဝီစသော ဓာတ် ၆-ပါးတို့ကို ဉာဏ်အနုအရင့် အလျောက် ပိုင်းခြား၍ သိထားပြီး ဖြစ်ရပါမည်။

ယင်းသို့ ပုဂ္ဂိုလ် သတ္တဝါ ဟူသည်မှာ နာမ်, ရုပ်မျှသာ ရှိသည်(ဝါ) ဓာတ် ၆-ပါးသာ ရှိသည်ဟု နာမ်ရုပ်ကို ပိုင်းခြား၍ သိလျှင်-

နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (သင်္ဂဟအဋ္ဌကထာ)

နာမရူပပရိဂ္ဂဟော၊ နာမ်, ရုပ်ကို သိမ်းဆည်းခြင်းသည်။ ဒိဋ္ဌိဝိသုဒ္ဓိ နာမ၊ အယူစင်ကြယ်သည် မည်၏၊

ဒိဋ္ဌိဝိသုဒ္ဓိ နာမ 'နာမရူပတော အတ္တာ နတ္ထိ' တိ ဒဿနတော ဒိဋ္ဌိ စ, အတ္တဒိဋ္ဌိပလိဝိသောဓနတော ဝိသုဒ္ဓိ စာတိ ကတွာ။ အဘိဓမ္မတ္ထဝိဘာနီဋီကာ(၂၆၉)

နာမရူပတော၊ နာမ်ရုပ်မှာ။ အတ္တာ၊ အတ္တသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ ဒဿနတော၊ မြင်သောကြောင့်။ ဒိဋ္ဌိ စ၊ အမြင်မှန်သည်လည်း။ ဟောတိ၊ ဖြစ်၏၊ အတ္တဒိဋ္ဌိပလိဝိသောဓနတော၊ အတ္တ- ဟူ၍ မြင်သော အညစ်အကြေးမှ စင်ကြယ်ခြင်းကြောင့်။ ဝိသုဒ္ဓိ စ၊ စင်ကြယ်သည်လည်း။ ဟောတိ၊ ဖြစ်၏၊ ဣတိ ကတွာ၊ ထို့ကြောင့်။ ဒိဋ္ဌိဝိသုဒ္ဓိ နာမ၊ အမြင်စင်ကြယ်သည် မည်၏၊

နာမရူပဝဝတ္ထာနေန သက္ကာယဒိဋ္ဌိယာ၊
ဥဒယဒဿနေန ဥစ္ဆေဒဒိဋ္ဌိယာ၊ ဝယဒဿနေန သဿတဒိဋ္ဌိယာ။ ပ။ ပဟာနံ ဧတံ တဒင်္ဂပဟာနံ နာမ။ မူလပဏ္ဏာသအဋ္ဌကထာ(ပ-၂၄၊) ခန္ဓဝဂ္ဂသံယုတ်အဋ္ဌကထာ(၂၃၃)

ယောဂီနော၊ ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်၏၊ နာမရူပဝဝတ္ထာနေန၊ နာမ်ရုပ်ကိုပိုင်းခြားသိမြင်သော နာမရူပပရိစ္ဆေဒဉာဏ်ဖြင့်။ သက္ကာယဒိဋ္ဌိယာ၊ သက္ကာယဒိဋ္ဌိကို။ ပဟာနံ၊ ပယ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဥဒယဒဿနေန၊ နာမ်, ရုပ်တို့၏ ဖြစ်ခြင်းကို မြင်သဖြင့်။ ဥစ္ဆေဒဒိဋ္ဌိယာ၊ ဥစ္ဆေဒဒိဋ္ဌိကို။ ဟာနံ၊ ပယ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဝယဒဿနေန၊ နာမ်, ရုပ်တို့၏ ပျက်ခြင်းကို မြင်သဖြင့်။ သဿတဒိဋ္ဌိယာ၊ သဿတဒိဋ္ဌိကို။ ပဟာနံ၊ ပယ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဧတံ၊ ဤ သက္ကာယဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိကို ပယ်ခြင်းသည်။ တဒင်္ဂပဟာနံ နာမ၊ တဒင်္ဂပဟာန် မည်၏၊

နာမရူပမတ္တမိဒံ၊ နတ္ထိ ဧတ္ထ 'အတ္တာ ဝါ အတ္တနိယံ ဝါ' တိ ဧဝံ ပဝတ္တဉာဏံ နာမရူပဝဝတ္ထာနံ။

ယသ္မာ သမ္မဒေဝ သင်္ခါရာနံ ဥဒယံ ပဿန္တော 'ဧဝမေဝ သင်္ခါရာ အနုရူပကာရဏတော ဥပ္ပဇ္ဇန္တိ၊ န ပန ဥစ္ဆိဇ္ဇန္တိ' တိ ဂဏှာတိ၊ တသ္မာ ဝုတ္တံ 'ဥဒယဒဿနေန ဥစ္ဆေဒဒိဋ္ဌိယာ' တိ။ ယသ္မာ ပန သင်္ခါရာနံ ဝယံ ပဿန္တော 'ယဒိပိ' မေ သင်္ခါရာ အဝိစ္ဆိန္နာ ဝတ္တန္တိ၊ ဥပ္ပန္နုပ္ပန္နာ ပန အပ္ပဋိသန္ဓိကာ နိရုဇ္ဈန္တေဝါ' တိ ပဿတိ၊ တေဿဝံ ပဿတော ကုတော သဿတဂ္ဂါဟော။ တသ္မာ ဝုတ္တံ 'ဝယဒဿနေန သဿတဒိဋ္ဌိယာ' တိ။

(မူလပဏ္ဏာသဋီကာ၊ ပထမ-၆၄၊၆၅)

ဣဒံ၊ ဤပုဂ္ဂိုလ်, သတ္တဝါဟူသည်။ နာမရူပမတ္တံ၊ နာမ်ရုပ်မျှသာတည်း။ ဧတ္ထ၊ ဤနာမ်ရုပ်၌။ အတ္တာ ဝါ၊ ငါသည်၎င်း။ ဝါ၊ ကိုယ်သည်၎င်း။ အတ္တနိယံ ဝါ၊ ငါ့ဟာသည်၎င်း။ နတ္ထိ၊ မရှိ။ ဧဝံ၊ ဤသို့။ ပဝတ္တဉာဏံ၊ ဖြစ်သောဉာဏ်သည်။ နာမရူပဝဝတ္ထာနံ၊ နာမ်ရုပ်ကို ပိုင်းခြား၍ သိသောဉာဏ် မည်၏၊

ယသ္မာ၊ အကြင်ကြောင့်။ သမ္မဒေဝ၊ ကောင်းစွာသာလျှင်။ သင်္ခါရာနံ၊ ရုပ်, နာမ် သင်္ခါရတို့၏၊ ဥဒယံ၊ ဖြစ်ခြင်းကို။ ပဿန္တော၊ မြင်သောသူသည်။ ဧဝမေဝ၊ ဤသို့သာလျှင်။ သင်္ခါရာ၊ ရုပ်, နာမ် သင်္ခါရတို့သည်။ အနုရူပကာရဏတော၊ လျောက်ပတ်သော အကြောင်းကြောင့်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ န ပန ဥစ္ဆိဇ္ဇန္တိ၊ မပြတ်ကြကုန်။ ဣတိ၊ ဤသို့။ ဂဏှာတိ၊ ယူ၏၊ တသ္မာ၊ ထို့ကြောင့်။ ဥဒယဒဿနေန ဥစ္ဆေဒဒိဋ္ဌိယာ၊ ဥဒယဒဿနေန ဥစ္ဆေဒဒိဋ္ဌိယာ-ဟူ၍။ အာစရိယေန၊ အဋ္ဌကထာဆရာသည်။ ဝုတ္တံ၊ ဆိုအပ်၏၊

ပန၊ အဖို့တပါးကို ဆိုဦးအံ့။ ယသ္မာ၊ အကြင်ကြောင့်။ သင်္ခါရာနံ၊ သင်္ခါရတို့၏၊ ဝယံ၊ ပျက်ခြင်းကို။ ပဿန္တော၊ မြင်သောယောဂီသည်။ ဣမေသင်္ခါရာ၊ ဤ ရုပ်, နာမ် သင်္ခါရတို့သည်။ အဝိစ္ဆိန္နာ၊ မပြတ်ကြကုန်သည်ဖြစ်၍။ ယဒိပိ ဝတ္တန္တိ၊ အကယ်၍ဖြစ်ကုန်၏၊ ပန၊ ထိုသို့ပင်ဖြစ်ကုန်သော်လည်း။ ဥပ္ပန္နုပ္ပန္နာ၊ ဖြစ်ကုန် ဖြစ်ကုန်သော သင်္ခါရတရားတို့သည်။ အပ္ပဋိသန္ဓိကာ၊ တခုနှင့်တခု မဆက်စပ်ကုန်သည် ဖြစ်၍။ နိရုဇ္ဈန္တေဝ၊ ချုပ်ကုန်သည်သာလျှင်တည်း။ ဣတိ၊ ဤသို့။ ပဿတိ၊ ယောဂီပုဂ္ဂိုလ်သည် မြင်၏၊

ဧဝံ၊ ဤသို့။ ပဿတော၊ မြင်သော။ တဿ၊ ထိုယောဂီအား။ သဿတဂ္ဂါဟော၊ နာမ်, ရုပ်တို့ကို မြဲ၏ဟု ယူခြင်းသည်။ ကုတော ဟောတိ၊ အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း။ တသ္မာ၊ ထို့ကြောင့်။ ဝယဒဿနေန သဿတဒိဋ္ဌိယာ၊ ဝယဒဿနေန သဿတဒိဋ္ဌိယာ-ဟူ၍။ အာစရိယေန၊ အဋ္ဌကထာဆရာသည်။ ဝုတ္တံ၊ ဆိုအပ်၏၊

ဤသို့ အဋ္ဌကထာဆရာ, ဋီကာဆရာတို့ မိန့်ဆိုတော် မူကြသောကြောင့် နာမရူပပရိစ္ဆေဒဉာဏ် ဥဒယဗ္ဗယဉာဏ်စခန်းရောက်အောင် ဝိပဿနာပွားများပြီးသော ယောဂီအား နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် သက္ကာယဒိဋ္ဌိကို ပယ်ပြီး, ဥဒယဗ္ဗယဉာဏ်ဖြင့် ဥစ္ဆေဒဒိဋ္ဌိနှင့် သဿတဒိဋ္ဌိကို တဒင်္ဂပဟာန်ဖြင့် ပယ်ပြီးဖြစ်ရကား စုဒိတက ဆရာတော်များ ချေပကြသလို မဟုတ်ပဲ သက္ကာယဒိဋ္ဌိကို ပယ်ရန် အားထုတ်ခြင်းသည် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ လုံးဝ မဖြစ်ကြောင်း ထင်ရှားပေသည်။

သို့ဖြစ်၍ စုဒိတက ဆရာတော်တို့က 'သက္ကာယဒိဋ္ဌိကို ပယ်ရန် အားထုတ်နေလျှင် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်နိုင်သည်' ဟု ချေပထားခြင်းသည် ထုတ်ဆောင်ပြဆိုခဲ့သော အဋ္ဌကထာ, ဋီကာတို့နှင့် ဆန့်ကျင်သော အယူဝါဒသာ ဖြစ်ကြောင်း ဝိနည်းဓိုရ် ဆရာတော်တို့က စိစစ်ဝေဖန်တော်မူကြသည်။

(သက္ကာယဒိဋ္ဌိနှင့် စပ်လျဉ်း ယထာဘူတကျသော မမြင်မှန်ကို ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရား၏ ဗောဓိပက္ခိယဒီပနီ စသည်၌ အကျယ်လေ့လာကြပါကုန်။)

အထက်ပါ စကားရပ်များ ခြုံငုံသုံးသပ်လျှင် မြတ်စွာဘုရား၏ဝါဒသည် သက္ကာယဒိဋ္ဌိကို ပယ်သတ်ရန် လိုအပ်သော ဝါဒဖြစ်ကြောင်း ထင်ရှားသည်။

သက္ကာယဒိဋ္ဌိကို ပယ်သတ်ရန်မလို၊ သက္ကာယဒိဋ္ဌိက အလိုလို သေပြီးသား-ဟု ယူဆထားသော ကျောက်သင်္ဘောဝါဒသည် မြတ်စွာဘုရား၏ဝါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိသည်ဟု ဝိနည်းဓိုရ်ဆရာတော်များက စိစစ်ဝေဖန်တော်မူကြသည်။

စိတ်ကြောင့် အာရုံဖြစ်ရသည်ဟူသော

ကျောက်သင်္ဘော အယူဝါဒအပေါ် စောဒနာနှင့် သောဓနာချက်တို့ကို
ဝေဖန်သုံးသပ်ချက်

စောဒကဆရာတော်များက (ဟ၊ ဠ) အက္ခရာအမှတ် မူလ စောဒနာဖြင့်၎င်း၊ (၁၀)အမှတ် ထပ်ဆင့် စောဒနာဖြင့်၎င်း 'တကယ်တော့ဖြင့် စီမံဖန်တီးထားတဲ့ အာရုံတွေဟာ စိတ်ရဲ့လက်ရာတွေပါ၊ ဒီအာရုံတွေဟာ စိတ်အလိုလိုက် စိတ်ကြိုက်ပါနေရတဲ့ နောက်လိုက်တွေပါ'။ (ဝိမုတ္တိသာသနာ-၃၉၊ ၁၁၃)

'ဒီ ဣဋ္ဌာရုံ, အနိဋ္ဌာရုံတွေ (ဝါ) ချစ်အာရုံ, မုန်းအာရုံတွေက ပြုပေးတဲ့အခါမှ ဖြစ်တယ်၊ တွေးမှု, ကြံမှု စိတ်တခုခုနဲ့ မပြုပေးရင် အရှင်းမရှိ၊ ဘိတ်မရှိ၊ ရှင်းရှင်းကြီး ကင်းစင်နေတယ်လို့ ဆိုလိုတာ တကာလေးရဲ့ ...' ဟူသော စကားလုံးတို့ကို ကောက်နှုတ်ဖော်ပြ၍ ကျောက်သင်္ဘောဆရာတော်များ၏ ရေးသား ဟောပြောချက်များသည်- (ဓမ္မရေးရာ ပြဿနာများနှင့်၊ နှာ-၇၀)

မဏိန္ဓနာတပေ အဂ္ဂိ၊ အသန္တောပိ သမာဂမေ။
ယထာ ဟောတိ တထာ စိတ္တံ၊ ဝတ္တာလမ္ဗာဒိသင်္ဂေမေ-

ဂါထာကို ကိုးကားလျက် ထေရဝါဒ ပိဋကတ်တော်လာ ဝတ္ထုအာရုံပေါင်းဆုံမှ စိတ်ဖြစ်ပေါ်လာသည် ဟူသော စကားနှင့် ဆန့်ကျင်လျက် ရှိပါသည်ဟု စောဒနာထားသည်။

ယင်း 'မဏိန္ဓနာတပေ' စသော ဂါထာသည် 'သစ္စေ သင်္ခေပ ပဉ္စမ ပရိစ္ဆေဒ နိဗ္ဗာနပညတ္တိ ပရိဒီပန-ဂါထာ(၁၁၁)' မှာ လာရှိပေသည်။

ယင်းဂါထာအနက်မှာ-
မဏိန္ဓနာတပေ၊ သူရကန်ဟု ခေါ်ပြုသညာ ကျောက်မီးစာနှင့် တဖြာယှဉ်တူ နေပူရောင်၌။ အဂ္ဂိ၊ ပူဟုန်ပြင်းထန် မီးလျှံသည်။ အသန္တောပိ၊ တခုစီမှာ ဘယ်နေရာဟု သေချာသတ်မှတ် အရပ်ထင်ရှား မရှိငြားပါသော်လည်း။ သမာဂတေ၊ မီးစာ နေပူ ပေါင်းတူသမှု နှစ်ခုယှဉ်ပြိုင် တိုက်ဆိုင်ကုန်၍ ဆုံတွေ့ကြသည်ရှိသော်။ အဂ္ဂိ၊ မီးပေါက်မီးပွား မီးလျှံများသည်။ ဟောတိ ယထာ၊ သဘာဝအလျောက် ပေါ်ပေါက်ထင်ရှား ဖြစ်ပွားလာသကဲ့သို့။ တထာ၊ မီးစာ နေရောင် ပမာဆောင်ထားပုံအလားသို့ မခြားတမူ အလားတူသာလျင်။ ဝတ္တာလမ္ဗာဒိသင်္ဂေမေ၊ ဝတ္ထုအဆင်း အလင်းစတုံ တွေ့ဆုံတိုက်ဆိုင် ယှဉ်ပြိုင်ထင်ဟပ် ပေါင်းစပ်မိသောအခါ၌။ ဝါ၊ ပေါင်းစပ်မိသည်ရှိသည်။ စိတ္တံ၊ အာရုံသိမြင် စိတ်ဝိညာဉ်သည်။ ဟောတိ၊ ခန္ဓာတလွှား သိုလှောင်ထားသည့် သီးခြားနေရာ မရှိပါလည်း ဓမ္မတာသဘာဝ သူ့ကိစ္စဖြင့် ကာလမလင့် အသင့်ထင်ဟပ် ဥပါဒ်ဖြစ်ပေါ်လာ၍ လာပေသတည်း- ဟူ၍ ဖြစ်သည်။

စောဒကဆရာတော်များ၏ စောဒနာချက်ကို စုဒိတကဆရာတော်များက သောဓနာပြုရာဝယ် အာရုံအရ အဘိဓမ္မာဒေသနာတော်လာ အာရုံ ၆-ပါးကို ဆိုလိုသည် မဟုတ်ပါ။ ချစ်အာရုံ, မုန်းအာရုံ (ဝါ) ချစ်စိတ်၏ အာရုံဖြစ်သော သုဘနိမိတ်, မုန်းစိတ်၏ အာရုံဖြစ်သော ပဋိဃနိမိတ်များကို ဆိုလိုကြောင်း လှီးလွှဲ၍ သောဓနာပြုထားသည်ကို တွေ့ရပေသည်။

ဝိနည်းဓိုရ် ဆရာတော်များ၏ သုံးသပ်ချက်

ဤ စကား၌ စုဒိတကဆရာတော်များ ရည်ရွယ် ပြောဆိုသော သုဘနိမိတ်, ပဋိဃနိမိတ်များသည်ပင် အာရုံ ၆-ပါးမှ လွတ်နိုင်သည် မဟုတ်ပေ။

ထို့ကြောင့် စုဒိတကတို့ ရှောင်သော်လည်း မလွတ်ကြောင်း တွေ့ရသည်။ ကျောက်သင်္ဘောဝါဒသည် စိတ်နှင့် စေတသိက် သရုပ်မကွဲသော ဝါဒဖြစ်သည်။ သင်္ကပ္ပ(ဝိတက်)၏ အခန်းကဏ္ဍကို သီးခြား မကြည့်မမြင်တတ်ပေ။ ထို့ကြောင့် သဘာဝဓမ္မမှ လွဲချော်နေပေသည်။ စိတ်ဟူသည်မည်သည့်အခါမျှ အာရုံနှင့်ကင်း၍ မဖြစ်နိုင်၊ အာရုံနှင့် ကင်း၍ဖြစ်သော စိတ်ဟူ၍ လုံးဝမရှိ။ တစ်စုံတစ်ခုသော အာရုံကို ယူပြီးဖြစ်ပေါ်လာသော စိတ်ကို အခြေခံ၍ ထင်ရှားရှိသည်လည်းဖြစ်သော ထင်ရှားမရှိသည်လည်းဖြစ်သော ပုံဟန်, သကတ်, ဒြပ်, နိမိတ်, အရိပ်အသွင်တို့အပေါ် မလျော်ကန် ဖောက်ပြန်မှားယွင်းသောအားဖြင့် အမှတ်မှား, အကြံမှား, အယူမှား ဝိပလ္လာသ သဘောတရားများ ဆင့်ပွားလက်ခံလျက် ချစ်ရန်, မုန်းရန် (ဝါ) ချစ်စိတ်, မုန်းစိတ် စသော မလိုလားအပ်သော အကုသိုလ်တရားများ တိုးပွားလာတတ်ပေသည်။ ယင်းသို့ တိုးပွားမလာအောင် ဣန္ဒြေကို စောင့်စည်းရမည်ဟု ဣန္ဒြေိယသံဝရသီလခန်းကို ပြဆိုရာ အင်္ဂုတ္တရနိကာယစသော ပိဋကတ်တော်လာ သဘာဝတ္ထဒေသနာတော်အရသာ အမှန်ဆိုရပေလိမ့်မည်။

ဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနဗျဉ္ဇနဂ္ဂါဟီ၊ ယတွာဓိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ၊ တဿ သံဝရာယ ပဋိပဇ္ဇတိ၊ ရက္ခတိ စက္ခုန္ဒြိယ။ အင်္ဂုတ္တိုရ်ပါဠိတော်(ပ-၁၁၁)

ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့။ ဣဓ၊ ဤ ငါဘုရားအဆုံးအမတော်၌။ ဘိက္ခဳ၊ နိဗ္ဗာန်ရည်မှန်း မြတ်ရဟန်းသည်။ စက္ခုနာ၊ စက္ခုဝိညာဉ်ဖြင့်။ ရူပံ၊ အဆင်း မည်တုံ ရူပါရုံကို။ ဒိသွာ၊ အကြောင်းစုံလင် တွေ့မြင်သည်ဖြစ်၍။ ဝါ၊ တွေ့မြင်သည်ရှိသော်။ နိမိတ္တဂ္ဂါဟီ၊ ယောကျ်ား မိန်းမ စသည်ဖုံဖုံ အာရုံနိမိတ်ကို ယူသည်။ န ဟောတိ၊ မဖြစ်။ အနုဗျဉ္ဇနဂ္ဂါဟီ၊ ကိလေသာများ ဆင့်ဆင့်ပွား၍ ထင်ရှားဖြစ်ကြောင်း ဦးခေါင်း, လက်, ခြေ ထွေထွေဖြာဖြာ ဟန်မူရာကို ယူသည်။ န ဟောတိ၊ မဖြစ်။ စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေကို။ အသံဝုတံ၊ မစောင့်ရှောက်သည်ဖြစ်၍။ ဝိဟရန္တံ၊ နေသော။ ဧနံ ဘိက္ခုံ၊ ထို ရဟန်းကို။ ယတွာဓိကရဏံ= ယတော အဓိကရဏံ၊ အကြင် စက္ခုန္ဒြေကို မစောင့်စည်းခြင်းတည်းဟူသော အကြောင်းကြောင့်။ အဘိဇ္ဈာ ဒေါမနဿာ၊ အလိုကြီးခြင်း, နှလုံးမသာယာခြင်း ဟူကုန်သော။ ပါပကာ၊ ယုတ်မာကုန်သော။ အကုသလာ၊ အပြစ်နှင့်တကွ မကောင်းသော အကျိုးပေးခြင်းလက္ခဏာရှိကုန်သော။ ဓမ္မာ၊ တရားတို့သည်။ အနွာဿဝေယျုံ၊ အစဉ်တစိုက်လိုက်ကုန်ရာ၏၊ တဿ၊ ထို စက္ခုန္ဒြေကို။ ရက္ခတိ၊ စောင့်ရှောက်၏၊

ဤ၌ 'စက္ခုနာ ရူပံ' ဟု ဆိုသဖြင့် (ဝါ) 'စက္ခုဝိညာဏ်စိတ်ဖြင့် ရူပါရုံကို' ဆိုသဖြင့် စက္ခုဝိညာဏ်စိတ်က ရူပါရုံကို ပြုပြင်ပေးသည်ဟု တွေဝေစွာ အဓိပ္ပာယ် အကောက်မမှားလင့်၊ 'ယဒါ ရူပါရမ္မဏံ စက္ခုဿ အာပါထံ ဂစ္ဆတိ၊ တဒါ ဘဝင်္ဂေ ဒွိက္ခတ္တုံ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓမာနေ ကိရိယမနောဓာတု အာဝဇ္ဇိနကိစ္စံ သာဓယမာနာ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ၊ တတော စက္ခုဝိညာဏံ ဒဿနကိစ္စံ'။

အကြင်အခါ ရူပါရုံသည် စက္ခုပသာဒအား ထင်ခြင်းသို့ ရောက်၏၊ ထိုအခါ ဘဝင်စိတ် နှစ်ကြိမ်ဖြစ်၍ ချုပ်ပြီးသည်ရှိသော် ကြိယာမနောဓာတ်သည် အာဝဇ္ဇန်းကိစ္စကို ဆောင်ရွက်၍ ချုပ်၏၊ ထို့နောက် စက္ခုဝိညာဉ်စိတ်သည် မြင်မှုကိစ္စကို ဆောင်ရွက်သည်ဟူလို။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ပ-၂၁)လာ ဤစကားတော်အရ ရူပါရုံသည် စက္ခုပသာဒအား ထင်ခြင်းသို့ ရောက်ပြီးမှ ဖြစ်သင့်သော စိတ်အစဉ်အတိုင်း စက္ခုဝိညာဉ်စိတ် ဖြစ်ပေါ်ည်ဟု အဖြောင့် မှတ်ယူမည်။

တဖန် 'ဒီ ဣဋ္ဌာရုံ, အနိဌာရုံတွေ (ဝါ) ချစ်အာရုံ, မုန်းအာရုံတွေက ပြုပေးတဲ့အခါမှ ဖြစ်တယ်၊ တွေးမှု, ကြံမှု စိတ်တစ်ခုခုနဲ့ ပြုမပေးယင်အရင်း မရှိ၊ ဘိတ် မရှိ၊ ရှင်းလင်းကြီး ကင်းစင်နေတယ်လို့ ဆိုလိုတာ တကာလေးရဲ့' ဟု ဆိုပြန်သည်မှာလည်း စိတ်နှင့် အာရုံ အကြောင်း, အကျိုး ဆက်သွယ်၍ ဖြစ်ပေါ်ပုံ အရင်းအမြစ် မကျသဖြင့် သဘာဝမကျပေ။ ပရမတ္ထသဘာဝ မဆိုပဲ လူသာမန်တို့၏ အပေါ်ယံ အမြင်မျှဖြင့် ပြောဟောခြင်းတို့ ဖြစ်ပေသည်။

စိတ်နှင့် အာရုံ ဆက်သွယ်ဖြစ်ပေါ်ပုံကို ပဋ္ဌာန်းပါဠိတော်ကြီး၌ အခိုင်အမာ ဟောပြောထားလျက် ရှိ၏၊

ယံ ယံ ဓမ္မာ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ။ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

မြန်မာပြန်မှာ-

အကြင် အကြင် အာရုံ ၆-ပါး တရားအစုတို့ကို အစွဲပြု၍ အကြင် အကြင် စိတ်, စေတသိက်ဖြစ်ကုန်သော သဘောတရားတို့သည် ဖြစ်ကုန်၏၊ ထိုထို အာရုံ ၆ပါး တရားအစုတို့သည် ထိုထို စိတ် စေတသိက်တရားတို့အား အာရမ္မဏပစ္စယုပ္ပန် ကြောင်းကျိုးဆက် ဒေသနာတော်ကို၎င်း။

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္ဇ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ပ။ ရူပါယတနံ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္ဇ ဓမ္မာနံ ပုရေဇာတပစ္စယေန ကစ္စယော။

ရူပါယတနသည် (ဝါ) ရူပါရုံသည် စက္ခုဝိညာဉ်စိတ်နှင့် ယှဉ်ဖော်ယှဉ်ဖက် သမ္ပယုတ်တရားတို့အား ရှေးဖြစ်၍ ကျေးဇူးပြုတတ်၏၊ ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗတို့သည် (ဝါ) အဆင်း, အသံ, အနံ့, အရသာ, အတွေ့ အာရုံတို့သည် မနောဝိညာဉ်စိတ်နှင့် ယှဉ်ဖက် သမ္ပယုတ် တရားတို့အား ရှေးဖြစ်၍ ကျေးဇူးပြုတတ်၏ဟူသော အာရုံအာရမ္မဏိက ပစ္စည်း ပစ္စယုပ္ပန် ရှေ့နောက်ဆက်ပြ ဒေသနာတော်ကို၎င်း၊

'စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇတိ စက္ခုဝိညာဏံ'

စက္ခုပသာဒကို၎င်း (ဝါ) မျက်စိအကြည်ဓာတ်ကို၎င်း၊ ရူပါရုံတို့ကို၎င်း (ဝါ) အဆင်း အာရုံတို့ကို၎င်း အစွဲပြု၍ စက္ခုဝိညာဉ်စိတ်သည် ဥပါဒ်ထင်ရှား ဖြစ်ပွားပေါ်ပေါက်လာခြင်း- ဟူသော သုတ္တန်ဒေသနာတော်များကို၎င်း ထောက်ဆ၍ တစ်စုံတစ်ခု အာရုံကို အမှီတံကဲ အစွဲပြုအကြောင်းခံပြီးမှ သက်ဆိုင်ရာဝိညာဉ်စိတ်များ ထင်ရှားဖြစ်ပေါ်လာသည်ဟု ဒေသနာနည်းကျ မှတ်ယူရပေမည်။

ထင်ရှားစေဦးအံ့။ တစ်စုံတစ်ခုသော သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများလိုသော အာဒိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်သည် မိမိသန္တာန်၌ သမထဘာဝနာ၊ ဝိပသာနာဘာဝနာစိတ်များ ဖြစ်ပွား ပေါ်ပေါက်လာစေရန် ရှေးဦးစွာ မိမိပွားများလိုရာ သမထကမ္မဋ္ဌာန်း စိတ်၏ အာရုံအလို့ငှာ အလိုရှိရာ တစ်စုံတစ်ခုသော ကသိုဏ်းဝန်း ပရိကမ္မ နိမိတ်ကို ပြုပြီးမှ ထိုကသိုဏ်းဝန်း ပရိကမ္မနိမိတ်ကို အာရုံယူလျက် သက်ဆိုင်ရာ ဘာဝနာစိတ်ကို ထပ်တလဲလဲပွားများယူရသော ကျင့်စဉ်နည်းလမ်းရှိ၏၊ ဤတွင် ပရိကမ္မနိမိတ် တည်းဟူသော အာရုံကို အစွဲပြု၍ ဘာဝနာစိတ်များ ဖြစ်ပေါ်လာရသည်ကို ထောက်ထား၍ အာရုံကို အစွဲပြုပြီးမှ စိတ်ဖြစ်ရသည်မှာ မှန်ကန်လှပေသည်။ ထိုထက်အလွန် ဥပစာရဘာဝနာ, အပ္ပနာဘာဝနာမှ အစပြု၍ စျာန်စိတ်များတိုင်အောင် ဖြစ်ပွားစေရန်အတွက်လည်း အဆိုပါ ထင်ပြီးသား ပရိကမ္မနိမိတ်ကိုပင် အာရုံပြုလျက် ကြိမ်ဖန်များစွာ ပွားများအားထုတ်ယူရပေသည်။ ဤသည်မှာလည်း အာရုံကိုအကြောင်းခံ၍ အာရမ္မဏိကစိတ်များ ဖြစ်ပေါ်လာရသည်ဟူသော အချက် ပိုမိုထင်ရှားလေသည်။

ထို့နောက် စုဒိတကဖြစ်သော ကျောက်သင်္ဘောဝါဒီ ပုဂ္ဂိုလ်သည် ကထာဝတ္ထုပါဠိတော် နဝမဝဂ် အတိတာရမ္မဏကထာတွင် သကဝါဒီ, ပရဝါဒီတို့ အတိတာအာရမ္မဏစိတ်, အနာဂတာရမ္မဏစိတ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခန်းကို ဖော်ပြလျက် မိမိချေပချက်သည် ပါဠိတော်၏ ဆိုလိုချက်နှင့် ကိုက်ညီသည်, မကိုက်ညီသည်တို့ကို စေ့စေ့စပ်စပ် မသုံးသပ် မရေတွက်ပဲ မိမိဉာဏ်မှာ သဘောပေါက်သလောက် ကောက်ချက်ချ၍ အဓိပ္ပာယ်ဆိုလိုရင်းကို အောက်ပါအတိုင်း ဖော်ပြခဲ့ပေသည်။

'ထို့ကြောင့် ထိုအာရုံများမှာလည်း သူတို့ဘာသာ ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရားတို့မဟုတ်ပါ၊ အာရုံပြုခြင်း, တမ်းတခြင်း စသောစိတ်များနှင့် ယှဉ်စပ်၍ ထင်ဟပ်လာခြင်းသာ ဖြစ်ပါသည်။'

ဤချေပချက်စကားမှာ 'အတိတ်, အနာဂတ်အာရုံများသည် ဥပါဒ် ဌီ ဘင် ထင်ရှားမရှိသဖြင့် တကယ်အရှိ အမှန်အရှိ မဟုတ်ကြ၊ စိတ်က တမ်းတ မှန်းဆ မြော်ခေါ်၍ ပေါ်လာသော အာရုံများသာ ဖြစ်သည် (ဝါ) စိတ်ကြောင့် အာရုံဖြစ်သည်' ဟူသော အဓိပ္ပာယ်သို့ပင် ရောက်နေပြန်၍ မလျော်ကန်သောစကားသာ ဖြစ်စေသည်။

အဘယ့်ကြောင့်ဆိုသော် အထက်ဖော်ပြပါ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်လာ 'ယံ ယံ ဓမ္မံ အာရဗ္ဘ' စသော အာရမ္မဏပစ္စည်း, ပစ္စယုပ္ပန် သရုပ်ထုတ်ပြရာ၌ ကာလသုံးပါးလည်းဖြစ်သော, ကာလသုံးပါးမှ လွတ်သည်လည်းဖြစ်သော စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်နှင့် ပညတ်တရားအလုံးစုံကို အာရမ္မဏပစ္စည်း (ဝါ) အာရမ္မဏိကစိတ်များ ဖြစ်ပေါ်ရန်အကြောင်းပြု အစွဲခံအဖြစ်ဖြင့် သိမ်းကျုံးရေတွက်ယူအပ်သောကြောင့် ဖြစ်ပေသည်။

မှန်ပေ၏၊ အာရုံတို့သည် ပစ္စုပ္ပန်, အတိတ်, အနာဂတ် ကာလသုံးပါးလုံး၌ ပညတ်အနေအားဖြင့်၎င်း ပရမတ်အနေအားဖြင့်၎င်း အများအပြား ရှိကြကုန်သည်သာ ဖြစ်၏၊ မနက်ဖြန်သည်၎င်း၊ ယမန်နေ့သည်၎င်း ဥပါဒ်, ဌီ, ဘင် ထင်ရှားမရှိသဖြင့် 'ရှိ' မဆိုနိုင်။ မရောက်သေးသော မနက်ဖြန်သည် တစ်စုံတစ်ယောက်သောသူ၏ တစ်စုံတစ်ခုသောစိတ်က မြော်ခေါ်ရည်မှန်း တမ်းတ စီမံ ဖန်တီးပေးသဖြင့် ရောက်လာမည့်နက်ဖြန် မဟုတ်သလို ယမန်နေ့သည်လည်း လူ၏စိတ်က ဖန်တီးပေးခဲ့သည့် ယမန်နေ့မဟုတ်ပေ။ လူ၏စိတ်နှင့် ကင်းလွတ်စွာ သဘာဝအတိုင်းဖြစ်ခဲ့သော ယမန်နေ့သာ ဖြစ်လေသည်။

သို့ရာတွင် မနက်ဖြန်တွင် (သို့မဟုတ်) ရှေ့အဖို့တွင် ဖြစ်ပေါ်လာမည့် ကောင်းကျိုး, ဆိုးပြစ် အခြေအနေတို့ကို စိစစ်သုံးသပ် အာရုံကပ်လျက် ရဟန်းတော်တို့သည်လည်း အရဟတ္တဖိုလ်, နိဗ္ဗာန်အလို့ငှာ ကျင့်စဉ်အမျိုးမျိုးကို ကျင့်ကြံကုန်၏၊ မင်းစိုးရာဇာတို့သည်လည်း ပြည်သူများသာယာဝပြောစေရန် တိုင်းရေးပြည်ရာ အဖြာဖြာတို့ကို စီစဉ်ကြကုန်၏၊ လယ်ယာကုန်ထုတ် အလုပ်သမားတို့သည်လည်း မိမိသူတစ်ပါး ကောင်းကျိုးများအတွက် ထွန်ယက်ထုတ်လုပ်မှုအစုစုတို့ကို ဆောင်ရွက်ကြကုန်၏၊ စစ်စစ် မနက်ဖြန်အတွက် ယနေ့ကပင် စီမံချက်ချလျက် ယနေ့စိတ်ဖြင့် အသီးသီးကြိုးပမ်း ဆောင်ရွက်နေကြပေသည်။ မနက်ဖြန် အာရုံကိုစွဲ၍ ယနေ့စိတ် ဖြစ်ပေါ်နေခြင်းကို ငြင်းချက်ထုတ်၍ မရနိုင်ပေ။

ထိုမှတစ်ပါး ယင်းအတိတ်အနာဂတ်အာရုံများနှင့် ပတ်သက်၍ သာဓကတရပ် ထုတ်ပြရသော် သုံးလောကထွက်ထား သဗ္ဗညု မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တောကြီးဝယ် ဘုရားတစ်ဆူလျှင် တစ်ကြိမ်သာဖြစ်သည့် ကြီးကျယ်လှစွာသော ဒေဝတာသန္နိပါတ မဟာသမာဂမ နတ်ဗြဟ္မာများ အစည်းအဝေးကြီး၌ မျက်မှောက်သံသရာနှစ်ဖြာဘေးဘျမ်း ငြိမ်းချမ်းသစ်စ ရဟန္တအရှင်မြတ်ငါးရာတို့အား ဟောကြားတော်မူအပ်သည့်-

'ယေပိ တေ ဘိက္ခဝေ အဟေသုံ အတီတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ၊ တေသမ္ပိ ဘဂဝန္တာနံ ဧထံပရမာယေဝ ဒေဝတာ သန္နိပတိတာ အဟေဘုံ သေယျထာပိ မယှံဧတရဟိ။ ယေပိ တေ ဘိက္ခဝေ ဘဝိဿန္တိ အနာဂတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ၊ တေသမ္ပိ ဘဂဝန္တာနံ ဧတံပရမာယေဝ ဒေဝတာ သန္နိပတိတာ ဘဝိဿန္တိ ထေယျထာပိမယှံ တေရဟိ' (ဒီ၊၂၊၂၀၄)

ဟူသော သုတ်မဟာဝါ မဟာသမယသုတ် ဒေသနာတော်ဖြင့် လက်ခံယုံကြည်ရပေမည်။

ကိလေသာဘေး ညစ်အကြေးမှ ကင်းဝေးပြီးငြား အို...ချစ်သား ရဟန်းတို့ ယခုအခါ သင်တို့ဆရာ ငါဘုရားအား သောင်းစက္ကဝါ တိုက်ကမ္ဘာမှ ဗြဟ္မာနတ်ပေါင်း ခညောင်းပေါင်းဆုံ တွေ့ကြုံစည်းဝေးကြသော ဒေဝတာသန္နိပါက မဟာသမာဂမသည် ဤသို့ကြီးကျယ်စွာ ဖြစ်ဘိသကဲ့သို့ ရှေးအတိတ်အခါကာလ အဓွန့်တို့က ပွင့်တော်မူကုန်ပြီးသော ပစ္စည်းလေးပါးကို အလှူခံတော်မူထိုက်ကုန်သော၊ ဉေယျဓမ္မဟူသမျှကို လုံးဝဥဿုံ အကုန်အစင် ဆရာမကူ သယမ္ဘူဖြင့် ပိုင်နိုင်မှန်ကန်စွာ သိတော်မူပြီးကုန်သော မြတ်စွာဘုရားများအားလည်း ဤအတိုင်းအတာ ပမာဏအားဖြင့် ဒေဝတာမဟာသမာဂမ သန္နိပါတသည် ဖြစ်ဖူးခဲ့လေပြီ။ ကိလေသာဘေးညစ်အကြေးမှ ကင်းဝေးပြီးငြား အို...ချစ်သားရဟန်းတို့ ယခုအခါသင်တို့ဆရာ ငါဘုရားအား သောင်းစက္ကဝါ တိုက်ကမ္ဘာမှ ဗြဟ္မာနတ်ပေါင်းခညောင်းပေါင်းဆုံ တွေ့ကြုံစည်းဝေးကြသော ဒေဝတာသန္နိပါတ မဟာသမာဂမသည် ဤသို့ ကြီးကျယ်စွာဖြစ်သကဲ့သို့ နောင်ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော၊ ဉေယျဓမ္မ ဟူသမျှကို လုံးဝဥဿုံ အကုန်အစင် ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ပိုင်နိုင်မှန်ကန်စွာ သိတော်မူလတ္တံ့ကုန်သော မြတ်စွာဘုရားတို့အားလည်း ဤအတိုင်းအတာပမာဏဖြင့် ဒေဝတာ မဟာသမာဂမသန္နိပါတသည် ဖြစ်လတ္တံ့။

ဤဒေသနာတော်ဝယ် ပွင့်တော်မူလတ္တံ့သော သဗ္ဗညုဘုရားရှင်တို့သည် ဒေသနာတော်ကို ဟောတော်မူစဉ် ပစ္စုပ္ပန်ဆဲဆဲ မြတ်စွာဘုရားက မြော်ခေါ်မှန်းဆ၍ အာရုံတွင် ထင်ဟပ်လာသောစိတ်ကူးဘုရား, စိတ်မှန်းဘုရား, စိတ်တင်ဘုရားများ မဟုတ်ပေ၊ အဟုတ်ပွင့်တော်မူ အမှန်ပွင့်တော်မူခဲ့ကြသော မြတ်စွာဘုရားများသာ ဖြစ်တော်မူကြပေသည်။ ထိုပွင့်တော်မူပြီး, ပွင့်တော်မူလတ္တံ့ကုန်သော သဗ္ဗညုဘုရားရှင်တို့ကို အမှတ်မထင် အကြင်တစုံတခုသော အချိန်၌ ရွှမ်းစိုယိုဖိတ်သဒ္ဓါစိတ်ဖြင့် ကြည်ညိုလျက်ရှိသော တစုံတယောက်သော သူတော်စင်အား '၃၂-ပါးသော ယောကျ်ားမြတ်တို့၏ လက္ခဏာတော်ကြီးရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့် တင့်တယ် သပ္ပါယ်သော သဏ္ဌာန်ဒြပ်တော်ကို မှည့်ခေါ်ပညတ် သမုတ်အပ်သော ဘုရား' ဟူသော ပညတ်အာရုံ 'ထိုပညတ်၏ တည်ရာ စတုသမုဋ္ဌာနိက ရူပကာယခန္ဓာတော်နှင့်တကွ ထိုခန္ဓာတွင် အစဉ်ကိန်းအောင်းသည့် အနန္တဘုန်းတော် အနန္တဉာဏ်တော် အနန္တကံတော် အနန္တတန်ခိုးတော် အနန္တဂုဏ်တော် စသော နာမကာယခန္ဓာတော်အပေါင်း' တည်းဟူသော ပရမတ် အာရုံများကို အာရုံပြုလျက် ပီတိရွှမ်းစို ကြည်ညိုယိုဖိတ် သဒ္ဓါစိတ်တို့သည် ကြည်ညိုဆဲကာလ၌ ထင်ရှားဖြစ်ပေါ်လာရပေသည်။

ထို့ကြောင့် ဤစောဒနာ သောဓနာစကားတို့ကို စိစစ်ဝေဖန်လျှင် ပသာဒအာရုံ ပေါင်းဆုံမိက ဝိညာဉ် စိတ်ဖြစ်ပေါ်လာသည်ဟု ဖော်ပြသော ထိုထိုဒေသနာတော်အရ အာရုံသာလျှင် စိတ်ဖြစ်ပေါ်ရန် ပဓာနကျပေသည်။ တစုံတခု အာရုံကို ယူရမှ စိတ်ဖြစ်ပေါ်လာသည်ဟု ဒေသနာတော်များက ဆိုသောကြောင့် 'စိတ်က အာရုံကို တည်ဆောက်ပေးသည်၊ တစုံတခုသော စိတ်က ပြုမပေးလျှင် အာရုံဟူသည် အရှင်းမရှိ၊ ဘိတ်မရှိ၊ ရှင်းရှင်းကြီး ကင်းနေသည်။ အတိတ် အနာဂတ် အာရုံတို့သည် ဥပါဒ်-ဌီ-ဘင် ထင်ရှားမရှိသဖြင့် သူတို့ဘာသာ ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရားများ မဟုတ်ကြပါ' ဟူသော အယူဝါဒသည် ဓမ္မာနုဓမ္မဝါဒ မဟုတ်ဟု ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြသည်။

ထို့ကြောင့်-

ဗုဒ္ဓဝါဒသည် အာရုံကြောင့် စိတ်ဖြစ်ပေါ်လာရသော ဝါဒဖြစ်ကြောင်း ထင်ရှားသည်။

စိတ်ကြောင့် အာရုံဖြစ်ပေါ်လာသည်ဟု ယူဆသောကျောက်သင်္ဘောဝါဒသည် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သောဝါဒဖြစ်ကြောင်း ထင်ရှားသည်ဟု ဝိနည်းဓိုရ်ဆရာတော်များက စီစစ်ဝေဖန်တော်မူကြသည်။

---

သီလသိက္ခာပြည့်စုံယင်

ပညာသိက္ခာ သမာဓိသိက္ခာတို့ကို အထူးတလည်ရှာဖွေဆည်းပူးနေစရာမလို-

ဟူသော ကျောက်သင်္ဘော နောက်ဆွယ်ဝါဒနှင့် စပ်လျဉ်းသည့်

စောဒနာ သောဓနာတို့ကို ဝိနည်းဓိုရ်ဆရာတော်များ၏

သုံးသပ်ချက်

အမှတ်(ဘ)စောဒနာနှင့် သောဓနာတို့ ပေါ်ပေါက်လာခြင်းမှာ ဝိမုတ္တိသာသနာမည်သော ကျောက်သင်္ဘောဝါဒ စာအုပ်၌ ပါရှိသည့် 'သီလသိက္ခာ ပြည့်စုံယင် ပညာသိက္ခာ၊ သမာဓိသိက္ခာတို့ကို အထူးတလည် ရှာဖွေဆည်းပူးနေစရာမလိုတော့ပါ' ဟူသော ရေးသားချက်ကို အခြေပြု၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စောဒကပုဂ္ဂိုလ်တို့က သီလသိက္ခာပြည့်စုံရုံမျှဖြင့် သမာဓိသိက္ခာ, ပညာသိက္ခာများ မပြည့်စုံနိုင်၊ ရှုမှတ်ပွားများ အားထုတ်မှသာလျှင် ပြည့်စုံနိုင်ကုန်သည်။ သို့ဖြစ်၍ ကျောက်သင်္ဘောဝါဒသည် မှားယွင်းချွတ်ချော်သောဝါဒ ဖြစ်သည်ဟု စွဲဆိုစောဒနာကြကုန်သည်။

စုဒိတက ကျောက်သင်္ဘောဝါဒီ ပုဂ္ဂိုလ်တို့က 'စောဒကတို့ အခြေပြုထားသော စာပိုဒ်ဝါကျ၏ရှေ့၌ တဆက်တည်း 'တရားတော်ကို နည်းမှန်လမ်းကျ ကျင့်သုံးရပါလျှင် သီလသိက္ခာ ပြည့်စုံပြီး ဖြစ်ပါတယ်' ဟူသော ဝါကျနှင့် ဆက်စပ်လျှင် သူ့အဓိပ္ပာယ်နှင့်သူ ပြည့်စုံပြီးဖြစ်၍ ဤစွဲဆိုချက်စောဒနာပင် ဖြစ်ပေါ်လာခြင်းမရှိ' (ကျောက်သင်္ဘောဝါဒသည်လည်း ကျင့်သုံးမှပင် သမာဓိသိက္ခာ, ပညာသိက္ခာ ပြည့်စုံသောဝါဒ ဖြစ်သည်)ဟု အကျဉ်းအားဖြင့် ရှေးဦးစွာ ချေပကြကုန်သည်။

ဆက်လက်၍ ရှင်းလင်းချေပကြသည်မှာ လောကီဝိပဿနာပိုင်း၌လည်း သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဝိရတီမဂ္ဂင်သုံးပါးတို့သည် တပါးစီ တပါးစီ ရံခါ ဖြစ်ကြကုန်သည်။ ထိုသို့ ဝိရတီ သီလမဂ္ဂင်တို့ဖြစ်ခိုက်၌ သမာဓိမဂ္ဂင် ၃-ပါး, ပညာမဂ္ဂင် ၂-ပါးတို့လည်း အမြဲမကွာအတူတကွ ဖြစ်ကြရ၍ သီလသိက္ခာကို ကျင့်သုံးလျှင် သမာဓိ, ပညာသိက္ခာတို့ကို အထူးတလည် မကျင့်သုံးရတော့ပဲ ကျင့်သုံးရာ ရောက်ကုန်သည်၊ ကျင့်သုံးခြင်းကိစ္စ ပြီးစီးကုန်သည်။ ဤသည်ကို ရည်ရွယ်၍ ရေးသားခြင်း ဖြစ်သည်။ မကျင့်သုံးပဲ သမာဓိ, ပညာသိက္ခာတို့ ပြည့်စုံကြသည်ဟု ရေးသားခြင်းဖြစ်သည်မဟုတ်။ဤသို့ ရှင်းလင်းချေပကြကုန်သည်။

ဆိုအပ်ခဲ့ပြီးသော စောဒကဝါဒ, စုဒိတကကျောက်သင်္ဘောဝါဒ နှစ်ပြင်ကို နှိုင်းယှဉ်၍ လိုရင်းကို ဖော်ထုတ်ရလျှင် စောဒကဝါဒမှာ ကျင့်သုံးအားထုတ်မှ သမာဓိသိက္ခာ, ပညာသိက္ခာတို့ ပြည့်စုံကြကုန်သည်ဟု ယူဆသောဝါဒ ဖြစ်သည်။ စုဒိတက ကျောက်သင်္ဘောဝါဒမှာလည်း ကျင့်သုံးအားထုတ်မှပင် သမာဓိ, ပညာတို့ ပြည့်စုံကြကုန်သည်ဟု ယူဆသောဝါဒပင် ဖြစ်သည်။ ဤသို့ လိုရင်းကို ဖော်ထုတ်ရပေမည်။

ယင်း ဝါဒနှစ်ရပ်ကို သာမညအားဖြင့် ကြည့်ရှုလျှင် စောဒကတို့အာဘော်အတိုင်း စုဒိတက ကျောက်သင်္ဘောဝါဒီတို့က ဝန်ခံသကဲ့သို့ ယူမှတ်ရန် ရှိလေသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ- ဝါဒနှစ်ရပ်တို့ တူမျှကြသည်ဟု ယူဆရန်ရှိလေသည်။ သို့ရာတွင် အမှန်စင်စစ်မှာကား ဝန်ခံကြခြင်း မဟုတ်ကြကုန်။ တူမျှကြခြင်း မရှိကြကုန်။ အဘယ့်ကြောင့်ဆိုသော် အခြေအမြစ်ဖြစ်သော ကျောက်သင်္ဘောဝါဒီတို့၏ နည်းမှန်လမ်းကျ ကျင့်သုံးမှုဝါဒနှင့် စောဒကတို့ ရှုမှတ်ပွားများ ကျင့်သုံးမှုဝါဒတို့သည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြသောကြောင့် ဖြစ်လေသည်။ ချဲ့၍ဆိုပါဦးမည်။ နည်းမှန်လမ်းကျ ကျင့်သုံးမှုဝါဒဟူသည် 'မရှုမပွား အငြိမ်းထား၊ စိတ်-စိတ်အတိုင်းတိုင်းထား ဝါဒဖြစ်၍ သတိ, ဝီရိယ, သမ္ပဇညတို့ ရှေ့သွားမရှိသော (မရှုမပွားပဲ စိတ်-စိတ်အတိုင်းတိုင်းထားသော)ဝါဒ' ဖြစ်သည်။ စောဒကတို့၏ ရှုမှတ်ပွားများ ကျင့်သုံးမှုဝါဒဟူသည် သတိ, ဝီရိယ, သမ္ပဇညတို့ ရှေ့သွားပြု၍ တေဘုမ္မက သင်္ခါရမည်သော ရုပ်နာမ်တို့ကို ရှုမှတ်ပွားများသော ဝါဒဖြစ်သည်။ ထို့ကြောင့် ကျောက်သင်္ဘောဝါဒီတို့က စောဒကတို့၏ ဝါဒကို လက်ခံခြင်း ဝန်ခံခြင်း မပြုကြကုန်၊ ဝါဒနှစ်ရပ်တို့သည် တူညီခြင်းလည်း မရှိကြကုန်။

ထို့ပြင် ကျောက်သင်္ဘောဝါဒီပုဂ္ဂိုလ်တို့သည် မိမိတို့၏ဝါဒ ခိုင်လုံစေရန် လောကီဝိပဿနာပိုင်း၌ ဝိရတီသီလမဂ္ဂင်တို့ ရံခါဖြစ်နိုင်ကြပုံကို၎င်း၊ ထိုသို့ သီလသိက္ခာအမည်ရသော ဝိရတီသီလမဂ္ဂင်တို့ ဖြစ်ခိုက်၌ သမာဓိသိက္ခာ ပညာသိက္ခာတို့ အတူတကွ ဖြစ်ကြပုံကို၎င်း၊ ထိုကို ရည်ရွယ်၍ သီလသိက္ခာပြည့်စုံလျှင် သမာဓိပညာသိက္ခာတို့ ပြည့်စုံပုံကို၎င်း၊ ယုတ္တိပြ၍ ချေပကြကုန်သည်။ ယင်းသို့ ယုတ္တိပြ၍ ချေပကြခြင်းသည် ယုတ္တိမတန် မမှန်ကန်သော ချေပခြင်းတို့သာ ဖြစ်ကုန်သည်။ အဘယ့်ကြောင့်ဟူမူ လောကီဝိပဿနာပိုင်း၌ ဝိရတီသီလမဂ္ဂင်တို့ လုံးဝပင် မဖြစ်နိုင်ကြခြင်းကြောင့်တည်း။ ဒုစရိုက်-မိစ္ဆာဇီဝတို့မှ ကြဉ်ရှောင်သော လောကီ ဝိရတီတို့သည် ဝိရမိတဗ္ဗဝတ္ထုကိုသာ အာရုံပြုကြကုန်၏၊ အနိစ္စစသော အခြင်းအရာအားဖြင့် ရှုမှတ်ပွားများသော လောကီဝိပဿနာတို့သည် တေဘုမ္မကသင်္ခါရ မည်သော ရုပ်နာမ် ဓမ္မတို့ကို အာရုံပြုကုန်၏၊ ဤသို့ အာရုံပြုခြင်း မတူကြ၍ ကောလမ္ဗဏ မဖြစ်ကြသောကြောင့် လောကီ ဝိပဿနာ၌ ဝိရတီတို့သည် လုံးဝပင် ဖြစ်ခွင့်မရှိကြကုန်၊ ထို့ကြောင့် ကျောက်သင်္ဘောဝါဒီတို့၏ ယုတ္တိပြ၍ ချေပခြင်းသည် ယုတ္တိမတန် မမှန်ကန်သော ချေပခြင်းတို့သာ ဖြစ်ကုန်သည်။

ဤကား ဝါဒနှစ်ရပ်၌ သိသင့်ဖွယ်များကို ယှဉ်စပ်လျှက် သုံးသပ်စိစစ်၍ ပြခြင်းတည်း။

ဤ သုံးသပ်စိစစ်ချက်များအရ ကျောက်သင်္ဘောဝါဒီ ပုဂ္ဂိုလ်တို့၏ဝါဒသည် စောဒကတို့စွဲဆိုသော စောဒနာသည့်အတိုင်းပင် သီလသိက္ခာပြည့်စုံလျှင် သမာဓိသိက္ခာ ပညာသိက္ခာတို့ကို အထူးတလည် ရှာဖွေဆည်းပူးနေစရာမလို၊ အားထုတ်ကျင့်သုံးရန်မလို၊ ဝိပဿနာဘာဝနာဖြင့် ရှုမှတ်ပွားများခြင်းမပြုရသော ဝါဒပင် ဖြစ်သည်မှာ ဧကန်စင်စစ်ပင် ဖြစ်လေသည်၊ သို့ဖြစ်၍-

စောဒကပုဂ္ဂိုလ်တို့၏ ဝါဒမှာ ရှုမှတ်ပွားများမှ သမာဓိသိက္ခာ, ပညာသိက္ခာတို့ ပြည့်စုံသော ဝါဒဖြစ်သည်။

စုဒိတကပုဂ္ဂိုလ်တို့၏ ကျောက်သင်္ဘောဝါဒမှာ မရှုမှတ် မပွားများပဲ သမာဓိသိက္ခာ, ပညာသိက္ခာတို့ အလိုလို ပြည့်စုံသော ဝါဒဖြစ်သည်ဟု ကွဲပြားခြားနားစွာ မှတ်ယူရမည်ဖြစ်လေသည်။

ဆိုအပ်ခဲ့ပြီးသော ဝါဒ ၂-ရပ်တို့နှင့် စပ်လျဉ်း၍ ထေရဝါဒပိဋကတ်တော်လာ အဆိုအမိန့်တို့ကို ညှိနှိုင်းချိန်ဆနိုင်ရန်အလို့ငှာ ထုတ်ဆောင်၍ပြပါအံ့။

(က) န သီလဗ္ဗတမတ္တေန၊ ဗာဟုသစ္စေန၊ ဝါ ပန၊
အထ ဝါ သမာဓိလာဘေန၊ ဝိဝိတ္တသယနေန ဝါ။ (ဓမ္မပဒပါဠိတော်(၅၂)

ဖုသာမိ နေက္ခမ္မ သုခံ၊ အပုထုဇ္ဇန သေဝိတံ၊
ဘိက္ခု ဝိဿာသမာပါဒိ၊ အပ္ပတ္တော အာသဝက္ခယံ။ (ဓမ္မပဒပါဠိတော်(၅၂)

ဤ ၂-ဂါထာ၌ ဗုဒ္ဓမြတ်စွာ မိန့်တော်မူသည်မှာ- ရဟန်း၊ သင်သည် အရဟတ္တဖိုလ်သို့ မရောက်သေး ပါပဲလျက် သီလစင်ကြယ်ရုံမျှ ဓုတင်ဆောင်နိုင်ရုံမျှဖြင့် စိတ်ချလက်ချ သက်သာရာရခြင်းသို့ မရောက်လေလင့်၊ ပိဋကတ် သုံးပုံ ဆောင်နိုင်သည့်တိုင်အောင် အကြားအမြင် များရုံမျှဖြင့်လဲ စိတ်ချ၍မနေလင့်၊ စျာန်သမာပတ် ၈-ပါးကို ရရုံမျှဖြင့်လဲ စိတ်ချ၍ မနေလေလင့်၊ ပုထုဇဉ်တို့ မမှီဝဲနိုင်သော အနာဂါမိဖိုလ် ချမ်းသာကို တွေ့နိုင် ရောက်နိုင်သည်ဟူ၍လဲ စိတ်ချလက်ချ သက်သာရာရခြင်းသို့ မရောက်လေလင့်ဟု ဝိပဿနာ ဘာဝနာကို လုံ့လကြိုးပမ်း စီးဖြန်းပွားများရန် မိန့်တော်မူခြင်း ဖြစ်၏၊ သီလသိက္ခာ ပြည့်စုံရုံမျှဖြင့် ပွားများအားထုတ်ခြင်းမရှိပဲ သမာဓိသိက္ခာ, ပညာသိက္ခာများ မပြည့်စုံနိုင်ဟု ဆိုလိုသည်။

(ခ) သီလေ ပတိဌာယ နရော သပညေ၊ စိတ္တံ ပညာဉ္စ ဘာဝယံ။
အာတာပီ နိပကော ဘိက္ခု၊ သော ဣမံ ဝိဇဋယေ ဇဋံ။ သံယုတ်ပါဠိတော်(ပ-၁၃)

ဤ၌လည်း သီလ၌တည်၍ တိဟိတ်ပဋိသန် ပညာဖြင့် ပညာရှိသော ကြီးမားသောလုံ့လ ရင့်ကျက်သော ဉာဏ်ပညာရှိသော သူသည် သမာဓိပညာတို့ကို ပွားများစေရမည်ဟု မိန့်တော်မူ၏၊ သီလသိက္ခာ ပြည့်စုံရုံမျှဖြင့် သမာဓိသိက္ခာ, ပညာသိက္ခာတို့ မပြည့်စုံသေး၊ ပြည့်စုံစေရန် ရှုမှတ်ပွားများရမည်ဟု ဆိုလိုသည်။

(ဂ) တသ္မာ တိဟ တွံ ဥတ္တိယ အာဒိမေဝ ဝိသောဓေဟိ ကုသလေသု ဓမ္မေသု။ပ၊ တဘောတွံ ဥတ္တိယ သီလံ နိဿာယ သီလေ ပတိဌာယ စတ္တာရော သတိပဌာနေဘာဝေယျာသိ၊

သံယုတ်ပါဠိတော်(တ-၁၄၄)

ချစ်သားဥတ္တိယ၊ ကုသိုလ်တရားတို့တွင် ရှေးဦးစွာ သင်၏ သီလနှင့် ကမ္မဿကတာသမ္မာဒိဌိသည် ဖြစ်၏၊ ထိုအခါ၌ သီလကိုမှီ၍ သတိပဌာန်လေးပါးတို့ကို သုံးပါးသော အဖို့ဖြင့် ပွားများလော့။ ဤ၌လည်း ရှေးဦးစွာ သီလသိက္ခာ ပြည့်စုံအောင် ကျင့်သုံးရန်၊ ထို့နောက် သီလ၌ တည်၍ သတိပဌာန်ကို ရှုမှတ်ပွားများလျက် သမာဓိ သိက္ခာ, ပညာသိက္ခာတို့ ပြည့်စုံစေရန် မိန့်တော်မူခြင်း ဖြစ်၏၊

(ဃ) ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာ နာမ နတ္ထိ။

မူလပဏ္ဏာသအဋ္ဌကထာ(ပ-၂၃၇)

ကာယ ဝေဒနာ စိတ္တ ဓမ္မတို့တွင် တစုံတစ်ခုသောတရားကိုမျှ မသုံးသပ်ပဲ ဘာဝနာမည်သည် မရှိနိုင်၊ ဤ၌လည်း ရှုမှတ်များမှသာ သမာဓိ ပညာ သိက္ခာတို့ ပြည့်စုံနိုင်သည်ဟု မိန့်တော်မူခြင်း ဖြစ်၏၊

(င) တတ္တ ပဌမမဂ္ဂဉာဏံ တာဝ သမ္မာဒေတုကာမေန အညံ ကိဉ္စိ ကာတဗ္ဗံ နာမ နတ္ထိ။ ယဥှိ အနေန ကာတဗ္ဗံ သိယာ။ တံ အနုလောမာဝသာနံ ဝိပဿနံ ဥပ္ပါဒေန္တေန ကတမေဝ။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၃၁၂)

မဂ်ဉာဏ်-၄-ပါးတို့တွင် ပဌမမဂ်ဉာဏ်ကို ပြီးစေလိုသောသူသည် ဝိပဿနာ ရှုမှတ်မှုမှတပါး တစုံတခုသော ပြုဖွယ်မည်သည် မရှိချေ၊ အကြောင်းကို ဆိုရပါမူ ဝိပဿနာ ယောဂီသည် အနုလောမဉာဏ် အဆုံးရှိသော ဝိပဿနာကို ရှုမှတ်ပွားများမှသာ မဂ်ဉာဏ်ဖြစ်ကြောင်း အမှုကို ပြုအပ်ပြီး ဖြစ်ပေသည်။ ဤ၌လည်း ဝိပဿနာ ရှုမှတ်ပွားရမှသာ သမာဓိပညာ ပြည့်စုံရမည်ဟု မိန့်ဆိုခြင်းဖြစ်၏၊

(စ) ကမ္မဋ္ဌာနံ အနုယုဉ္စန္တဿ ဟိ ဝီရိယံ သတိ သမ္ပဇညန္တိ ဣမေ တယော ဓမ္မာ ဗဟူပကာရာ။ ဝီရိယူပတ္ထဒ္ဓဥှိ ကမ္မဋ္ဌာနံ သတိသမ္ပဇညာနုပါလိတံ န ပရိပတတိ၊ ဥပရိ စ ဝိသေသံ အာဝဟတိ။ ဝီရိယာဒီသု ဟိ သမ္ပဇ္ဇမာနေသု သမာဓိသမ္ပန္နောဝ ဟောတိ၊ အသမာဟိတဿ တဒဘာဝတော။ န ဟိ သတိဝိရိယဟိတာ ပညာ အတ္ထီတိ။ ဝိသုဒ္ဓိမဂ်မဟာဋီကာ(ပ-၁၅။)

ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်သူအား ဝီရိယ, သတိ, သမ္ပဇည တရားသုံးပါးတို့သည် ကျေးဇူးများလှကုန်၏၊ ဝီရိယ အထောက်အပံ့ရသော ကမ္မဋ္ဌာန်းသည် သတိနှင့် သမ္ပဇညတို့က စောင့်ရှောက်ထားသည်ဖြစ်၍ ကမ္မဋ္ဌာန်းမှ မလျှောကျနိုင်၊ အထက်၌လည်း တရားထူးကို ရွက်ဆောင်၏၊ ဝီရိယ စသည်တို့ပြည့်စုံလျှင် သမာဓိပြည့်စုံ၏၊ သမာဓိမရှိသူအား ဝီရိယစသည်တို့ မရှိကြသောကြောင့်ဖြစ်၏၊ သတိကင်းသော် ပညာလည်းမရှိနိုင်၊ ဤ၌ ဘာဝနာကမ္မဋ္ဌာန်း အားထုတ်သူများအတွက် ဝီရိယ, သတိ, သမ္ပဇညတို့ကို အလေးမူ၍ မိန့်ဆိုထားသည်ကို ထောက်ထား၍ ဝိပဿနာတရားတို့ကို ရှုမှတ်ပွားများမှသာ သမာဓိ ပညာသိက္ခာတို့ ပြည့်စုံမည်ဟု မိန့်ဆိုခြင်းဖြစ်၏၊

(ဆ) အလမေဝ သဒ္ဓါပဗ္ဗဇ္ဇိတေန ကုလပုတ္တေန ဝီရိယံ အာရဘိတုံ 'ကာမံ တစော စ နှာရု စ အဌိ စ အဝသုဿတု သရီရေ ဥပသုဿတု မံသလောဟိတံ၊ ယံ တံ ပုရိသထာမေန ပုရိသဝီရိယေန ပုရိသပရက္ကမေန ပတ္တဗ္ဗံ၊ န တံ အပါပုဏိတွာ ဝီရိယဿံ သဏ္ဌာနံ ဘဝိဿတီ' တိ။

သံယုတ်ပါဠိတော်(ပ-၂၆၆-၇)

ယုံကြည်၍ ရဟန်းပြုသော အမျိုးသားသည် စတုရင်္ဂဝီရိယကို အားထုတ်ခြင်းဖြစ်စေခြင်းငှာ သင့်လှသည်သာတည်း၊ ဖြစ်စေပုံကား- ကိုယ်ထဲ၌ အရေ အကြော အရိုးမျှ ကြွင်းလိုက ကြွင်းစေတော့၊ ယောကျာင်္းတို့၏ အားစွမ်း လုံ့လ အဆင့်ဆင့် အားထုတ်မှုဖြင့် အကြင် မဂ်ဖိုလ် နိဗ္ဗာန်သို့ ရောက်နိုင်ကောင်း၏၊ ထိုမဂ်ဖိုလ်နိဗ္ဗာန်သို့ မရောက်သေးပါပဲ အားထုတ်မှု၏ ရပ်တန့်နားနေခြင်းသည် မဖြစ်ရလတ္တံ့ဟု အင်္ဂါလေးပါးရှိသော ဝီရိယကို အားထုတ်ခြင်းငှာ သင့်လှသည်သာတည်း၊ ဤ၌လည်း စတုရင်္ဂဝီရိယကို ဖြစ်စေရမည်ဟု မိန့်တော်မူခြင်းဖြင့် ဝိပဿနာကို ရှုမှတ် ပွားများမှသာ သမာဓိပညာသိက္ခာ ပြည့်စုံရမည်ဟု မိန့်တော်မူခြင်းပင်ဖြစ်၏၊

(ဇ) ဘာဝေတဗ္ဗံ ပနိစ္စေဝံ၊ ဘာဝနာဒွယမုတ္တမံ၊
ပဋိပတ္တိရသဿာဒ၊ ပတ္ထယန္တေန သာသနေ။ (အဘိဓ္မတ္တသင်္ဂဟအဋ္ဌကထာ)

သာသနာတော်၌ ပဋိပတ်အရသာကို တောင့်တသူသည် မြတ်လှစွာသော သမထ, ဝိပဿနာ ဘာဝနာ ၂-ပါးကို ပွားများအပ်၏၊ ဤ၌လည်း ဘာဝနာကို ရှုမှတ်ပွားများမှသာလျှင် သမာဓိသိက္ခာ ပညာသိက္ခာတို့ ပြည့်စုံမည်ဟု မိန့်ဆိုခြင်းပင် ဖြစ်၏၊

(စျ) န ယိဒံ သိထိလမာရဗ္ဘ၊ နယိဒံ အပ္ပေန ထာမသာ။
နိဗ္ဗာနံ အဓိဂန္တဗ္ဗံ၊ သဗ္ဗဒုက္ခပမောစနံ။ (သံယုတ်ပါဠိတော်(ပ-၄၆၆)

လျော့လျော့ ရဲရဲ အားထုတ်၍ အလုံးစုံသော ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို မရနိုင် မသိနိုင်၊ အနည်းငယ်သော အားစွမ်းလုံ့လဖြင့် အလုံးစုံသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်ကို မရနိုင် မသိနိုင်၊ ဤ၌လည်း ရှုမှတ် ပွားများ အားထုတ်မှသာလျှင် သမာဓိသိက္ခာ ပညာသိက္ခာတို့ ပြည့်စုံသည်ဟု မိန့်တော်မူခြင်းဖြစ်၏၊

ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊
အာတာပိနော စျာယတော ဗြာဟ္မဏဿ။
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ပဇာနာတိ သဟေတုဓမ္မံ။ (ဝိနည်းမဟာဝါပါဠိတော်(၂)

ကိလေသာကို ပူပန်စေတတ်သော သမ္ပပ္ပဓာန် လုံ့လဝီရိယရှိသော ကသိုဏ်းစသော အာရုံ၊ အနိစ္စစသောလက္ခဏာသို့ ကပ်၍ရှုလေ့ရှိသော အရိယာမဂ်ကိုပွားပြီးသော ရဟန္တာပုဂ္ဂိုလ်အား အကြင်အခါ၌ သစ္စာလေးပါးတရားတို့သည်၊ စင်စစ်မုချ ဧကန္တအားဖြင့် ထင်ရှားစွာ ဖြစ်ပေါ်လာကုန်၏၊ ထိုသို့ ထင်ရှားစွာ ဖြစ်ပေါ်လာသောအခါ၌ ထိုရဟန္တာပုဂ္ဂိုလ်သည် အဝိဇ္ဇာစသော အကြောင်းတရားတို့နှင့်တကွဖြစ်သော သင်္ခါရစသော အကျိုးတရားဟု ဆိုအပ်သော ပဋိစ္စသမုပ္ပါဒ် တရားတော်ကို အကြင်ကြောင့် အပြားအားဖြင့် သိ၏၊ ထို့ကြောင့် ထိုရဟန္တာပုဂ္ဂိုလ်အား အလုံးစုံကုန်သော ယုံမှားကင်္ခါ ဝိစိကိစ္ဆာတို့သည် ကင်းပျောက်ကုန်၏၊

ဤဘုရားရှင်၏ ဥဒါန်းစကားတော်၌လည်း ရဟန္တာပုဂ္ဂိုလ်အား သစ္စာလေးပါး တရားများကို ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့ခြင်း၊ ပဋိစ္စသမုပ္ပါဒ် တရားတော်မြတ်ကို အပြားအားဖြင့် သိတော်မူခဲ့ခြင်း၊ ယုံမှားကင်္ခါ ဝိစိကစ္ဆာတို့ ကင်းပျောက်တော်မူခဲ့ခြင်း ဟူကုန်သောအကျိုးတရားတို့သည် သီလသိက္ခာ ပြည့်စုံရုံမျှဖြင့် ဖြစ်ကြကုန်သည်မဟုတ်၊ သမ္မပ္ပဓာန် လုံ့လ ဝီရိယဖြင့် ကသိုဏ်းစသော အာရုံကို ရှုမှတ်ခြင်း၊ အနိစ္စစသော လက္ခဏာသို့ ကပ်၍ရှုမှတ်ခြင်း တည်းဟူသော သမာဓိသိက္ခာ ပညာသိက္ခာတို့ကို ဖြည့်ကျင့်ဆည်းပူးမှသာလျှင် ယင်းအကျိုးတရားတို့ ဖြစ်ကြကုန်သည်ဟု မိန့်တော်မူခြင်းပင် ဖြစ်၏၊

ဤသို့လျှင် ဆိုအပ်ခဲ့ပြီးသော ထေရဝါဒ ပါဠိတော် အဋ္ဌကထာ ဋီကာတို့မှ အနည်းငယ်မျှသော အဆိုအမိန့် သာဓကတို့ကို ထောက်ထားလျှင်ပင် သီလသိက္ခာ ပြည့်စုံရုံမျှဖြင့် သမာဓိသိက္ခာ ပညာသိက္ခာတို့ မပြည့်စုံနိုင်ကြကုန်၊ သီလသိက္ခာကို ရှေးဦးစွာ ပြည့်စုံစေ၍ ဝိပဿနာကို ရှုမှတ်ပွားများ အားထုတ်မှသာလျှင် သီလသိက္ခာတို့ ပြည့်စုံကုန်သည်ဟု ဧကန်မုချ မှတ်ယူရပေသည်။

သို့ဖြစ်၍ မြတ်စွာဘုရား၏ဝါဒသည် သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ်ကို ပြည့်စုံစွာ အားထုတ်ရသော ဝါဒဖြစ်ကြောင်း ထင်ရှားသည်။

'သိက္ခာသုံးရပ်လုံးကို အားမထုတ်ရ၊ သီလသိက္ခာပြည့်စုံလျှင် သမာဓိ ပညာ သိက္ခာ နှစ်ပါးကို အထူးဆည်းပူးနေစရာမလို' ဟူသော ကျောက်သင်္ဘော နောက်ပွားဝါဒသည် မြတ်စွာဘုရား၏ အလိုတော်နှင့် ဆန့်ကျင်သောဝါဒဖြစ်ကြောင်း ထင်ရှားလှပေသည် ဟူ၍ ဝိနည်းဓိုရ် ဆရာတေ်များက စိစစ်ဝေဖန်တော်မူကြသည်။

လူ၏ခန္ဓာကိုယ်ထဲ၌ ပကတိစိတ်ဟုခေါ်သော စိတ်တမျိုး မချုပ်မပျက် ထာဝရရှိနေသည် ဆိုသော ကျောက်သင်္ဘောဝါဒနှင့် စပ်လျဉ်း၍

စောဒနာ သောဓနာချက်တို့ကို သုံးသပ်ချက်

စောဒက ဆရာတော်များသည် သက်သေခံအဖြစ် တင်ပြထားသော ကျောက်သင်္ဘောဝါဒ စာအုပ်များထဲမှ အောက်ပါစာပိုဒ်တို့ကို သက်သေခံအဖြစ် ထုတ်ဆောင်ပြသလျက် ကျောက်သင်္ဘောဝါဒ ပကတိစိတ်ပြဿနာကို စောဒနာပြုကြသည်။ ပကတိစိတ်ကို ဟောပြော ရေးသားသော ကျောက်သင်္ဘောဝါဒီတို့၏ စကားရပ်တို့မှာ အောက်ပါတို့ပင် ဖြစ်ကြ၏၊

(ဝ) စင်စစ်ကတော့ ပကတိစိတ်ကို လောဘ ဒေါသ ယှဉ်လာလျှင် လောဘ ဒေါသတရားနဲ့ နေရမှာပဲ၊ လောဘ ဒေါသတရားတွေ ဖြစ်မနေလျှင် ၎င်း လောဘ ဒေါသတရားတွေရဲ့ ကုန်ရာ ငြိမ်းရာ နိဗ္ဗာန်တရားနဲ့ နေပြီးဆိုတာ ထင်ရှားနေတယ် မဟုတ်လား။ (ယောဂီလက်စွဲ နှာ-၇၇)

(သ) ချုပ်တယ် ချုပ်တယ်ဆိုတဲ့ စကားဟာ ဘာချုပ်သလဲလို့ မေးတော့ ယခင်က ရေးပြခဲ့တဲ့ စိတ်မှောင်လို့ခေါ်တဲ့ လောဘ ဒေါသ မောဟဆိုတဲ့ ကိလေသာစိတ်တွေသာလျှင် ချုပ်တယောဂီ၊ စိတ်အတိုင်းတိုင်းက ချုပ်တာမဟုတ်ဘူး။ (ယောဂီလက်စွဲ နှာ-၂၅)

(ဟ-နောက်ပိုင်း) ပကတိစိတ်မှာ အို, နာ, သေ ဝိပါကဝဋ်ကြီးက လွတ်ပြီးသား ကျွတ်ပြီးသား။ (ဝိမုတ္တိသာသနာ နှာ-၁၃၃)

အထက်ပါ ကောက်နုတ်ချက်များအရ ကျောက်သင်္ဘောဝါဒီတို့က ဖော်ပြထားသည်မှာ-

ပကတိစိတ်ဟူသည် ကိလေသာနှင့် မယှဉ်လျှင် နိဗ္ဗာန်နှင့် အမြဲနေသော စိတ်ဖြစ်ကြောင်း၊ ယင်း ပကတိစိတ်သည် ချုပ်ပျောက် ပျက်စီးမှု ဥပါဒ် ဌီဘင် မရှိသော စိတ်ဖြစ်ကြောင်းပင် ဖြစ်လေသည်။ ပကတိစိတ်ဟူသည် ကျမ်းဂန်အရ ဘဝင်စိတ်ပင်ဖြစ်၍ စိတ်၏သဘောအရ မချုပ်မပျက်သည်ဟူ၍ မရှိ၊ လက်ဖျစ်တတွက်ကာလ၌ ကုဋေတသိန်းခန့်ပင် ဖြစ်ချုပ်နေသော သဘောရှိရကား ပကတိစိတ်ကို 'ချုပ်တာမဟုတ်ဘူး' ဟု ယူဆသော ကျောက်သင်္ဘောဝါဒသည် ပိဋကတ်ကျမ်းဂန် စာပေနှင့် မညီညွတ်သောဝါဒ ဖြစ်ပုံကို ကျမ်းဂန်အကိုးအကားများဖြင့် စောဒက ဆရာတော်များက စောဒနာထားကြလေသည်။

ကျောက်သင်္ဘောဝါဒီ စုဒိတကပုဂ္ဂိုလ်များ၏ ချေပ သောဓနာပြုရာတွင် လိုရင်းအချက်မှာ ဤသို့ဖြစ်၏၊

'ပကတိစိတ်အရ ဝိညာဏာစရိယအမည်ရသော အာဝဇ္ဇန်းစိတ်နှစ်ပါးနှင့် အဟိတ်ဝိပါက် ဝီထိစိတ်များကို ကောက်ယူကြောင်း၊ ဘဝင်စိတ်များကို ပကတိစိတ်အရ မကောက်ယူကြောင်း၊ ဤသို့ မကောက်ယူသည်မှာ ဘဝင်စိတ်ကို လက္ခဏာတင်ရန် မလွယ်ကူ၍ဖြစ်ကြောင်း' ရှင်းလင်း ချေပကြသည်။

ဝိနည်းဓိုရ်ဆရာတော်များ၏ သုံးသပ်ချက်

အဆိုပါ စောဒနာနှင့် သောနောနှစ်ရပ်ကို ဆက်စပ်ဆင်ခြင်သောအခါ 'အမ္ဗံ ပုဌော, လဗုဇံ ဗျာကရောတိ' (သရက်ပင်အကြောင်းကိုမေးရာ တောင်ပိန္နဲပင်အကြောင်းကို ဖြေသည်) ဆိုသကဲ့သို့ အမေးနှင့် အဖြေ အံချော်နေသည်ကိုတွေ့ရသည်၊ တနည်းဆိုရသော် စောဒနာချက်လိုရင်းကို ကျေလည်အောင် မချေဆိုနိုင်ပဲ ပဓာနမကျသည့်အချက်ကိုသာ မတင်မကျ ဖြေဆိုထားသည်ကို တွေ့ရသည်။ အမှန်က ပကတိစိတ်သည် နိဗ္ဗာန်နှင့် အမြဲနေခြင်း ချုပ်ပျောက်မှုမရှိပဲ အတိုင်းတိုင်း နေခြင်းဆိုသည်မှာ ကျမ်းဂန်နှင့်မညီကြောင်း အဓိကစောဒနာချက်ကို ကျမ်းဂန်နှင့် ညီကြောင်းပြမှသာ ပြေလည်ရာပေသည်။ ယခုမူ ဤသို့မပြနိုင်ပဲ ပကတိစိတ်တမျိုးကို ကောက်ပြပြီး သောဓနာထားခြင်းကြောင့် ဖြစ်ပေသည်။ ဤသို့ချေဆိုဖြေကြားခြင်းမျိုးသည် သင်္ဂါရဝပုဏ္ဏားက ရှင်အာနန္ဒာ၏ အမေးကို ရှောင်လွှဲဖြေဆိုပုံမျိုးကဲ့သို့ ဖြစ်ပေသည်။

သင်္ဂါရဝပုဏ္ဏားက သူတို့ပုဏ္ဏားသည်သာလျှင် ကိုယ်တိုင် ယဇ်ပူဇော်ခြင်း၊ သူတစ်ပါးတို့အားလည်း ပူဇော်ခိုင်းခြင်းဖြင့် အများအကျိုးကို ဆောင်ရွက်သူများဖြစ်ကြောင်း၊ ရဟန်းတို့မှာမူ ဤသို့မဟုတ်ပဲ တကိုယ်ကောင်းသမားများသာ ဖြစ်ကြောင်း မြတ်စွာဘုရားအား နှိပ်နှင်းလာခဲ့သည်။ မြတ်စွာဘုရားက မိမိလည်း ကိုယ်တိုင်တရားကျင့်၏၊ ဟော၏၊ သူတစ်ပါးတို့အားလည်း ကျင့်စေ၏၊ ဟောစေ၏၊ ထို့ကြောင့် အများအကျိုးကို ဆောင်ရွက်သည်သာဖြစ်၏ဟု ကျိုးကြောင်းပြ၍ ဖြေလေရာ ဤသို့ဖြစ်လျှင် ရဟန်းတို့လည်း အများအတွက် ကျင့်ပါပေ၏ဟု ပုဏ္ဏားဝန်ခံရလေ၏၊

ထိုအခါ အနီးအနားမှာရှိနေသော အရှင်အာနန္ဒာက ပုဏ္ဏားအကျင့်နှင့် ရဟန်းအကျင့်နှင့် နှစ်မျိုးနှစ်စား ရှိသည့်အနက် အဘယ်အကျင့်ကို သင်နှစ်သက်ပါသနည်း။ အဘယ်အကျင့်က ပို၍အကျိုးကြီးပါသနည်းဟု မေးလေရာ ပုဏ္ဏားသည် မေးလိုရင်းကိုမဖြေဆိုပဲ အရှင်ဂေါတမကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အကျွန်ုပ်ပူဇော်ပါ၏ဟု မတင်မကျ လှီးလွှဲဖြေဆိုခဲ့လေသည်။ ဤအကြောင်းကို အင်္ဂုတ္တရပါဠိတော် တိကနိပါတ်သင်္ဂါရဝသုတ်၌ ဖော်ပြထားလေသည်။

ယခု စုဒိတက ကျောက်သင်္ဘောဝါဒီ ပုဂ္ဂိုလ်တို့သည်လည်း ပကတိစိတ် နိဗ္ဗာန်နှင့် အမြဲနေသည် မချုပ်မပျက် အတိုင်းတိုင်းနေသည်ဆိုသော အချက်မှာ ကျမ်းဂန်နှင့် မညီကြောင်း စောဒနာထားသည်ကို တိုက်ရိုက်မဖြေဆိုပဲ ပကတိစိတ်အရ ဝိညာဏစရိယစိတ် (အာဝဇ္ဇန်းနှင့် အဟိတ်ဝိပါက်စိတ်) များကို ကောက်ယူကြောင်းကိုသာ ဖြေဆိုကြလေသည်။

ထို့ပြင် စုဒိတက ကျောက်သင်္ဘောဝါဒီ ပုဂ္ဂိုလ်တို့က ပကတိစိတ်ဟူသောစကား၌ ပကတိသဒ္ဒါ အပိုပါသွားပါသည်၊ နောင်စာအုပ်ရိုက်ဖြစ်လျှင် ထိုပကတိဆိုသည်ကို ပယ်ဖြုတ်ပါမည်ဟု လျှောက်ထားကြလေသည်။

ဤအချက်သည် ကျောက်သင်္ဘော ဆရာတော်တို့ နယ်လှည့်၍ ဟောပြောချက်များမှာ အပိုများ အမှားများ ပါရှိနေကြောင်းကို ဝန်ခံချက် ဖြစ်ပေသည်။

သို့ရာတွင် ဤပကတိစိတ်အယူအဆသည် ကျောက်သင်္ဘောဝါဒ၌ ပဓာနကျသော အချက်တရပ်ဖြစ်နေသဖြင့် ယင်းအယူအဆသည် ဗုဒ္ဓအဘိဓမ္မာဒေသနာတော်နှင့် အဘယ်မျှ ဆန့်ကျင်နေကြောင်းကို သိသာရုံမျှ သုံးသပ်ဖော်ပြပါအံ့။

မြတ်စွာဘုရား၏ အဘိဓမ္မာ ဒေသနာတော်အရ စိတ်, စေတသိက်, ရုပ်နှင့်နိဗ္ဗာန်ဟူ၍ ပရမတ္တတရားလေးပါးသာလျှင် ရှိ၏၊ ပရမတ္တတရားလေးပါးမှလွတ်သော၊ သို့မဟုတ် ပရမတ္တတရားလေးပါးတို့၏ အရိပ်အယောင်မျှသာဖြစ်၍ တကယ်မရှိသော အရာတို့သည် ပညတ်တို့ ဖြစ်စေ၏၊ ထို ပရမတ္တတရားလေးပါးတို့တွင် နိဗ္ဗာန်မှတပါးသော ဤစိတ်, စေတသိက်, ရုပ် ပရမတ္တတရားသုံးပါးတို့သည် ဥပါဒ် ဌီ ဘင် သဘာဝအားဖြင့်သာလျှင် မပြတ်ဖြစ်ပျက်လျက်ရှိကုန်၏၊ နိဗ္ဗာန်မှာမူ ဥပါဒ် ဌီ ဘင် ဟူ၍ မရှိချေ။

စိတ်ပရမတ်သည် သိမှုသဘောမျှသာဖြစ်၏၊ ထိုသိမှုသဘော၏ ဖြစ်မှုပျက်မှုသည် လူသာမန်တို့ဉာဏ်ဖြင့် မမီနိုင်လောက်အောင် လျင်မြန်လှ၏၊

ထို့ကြောင့် မြတ်စွာဘုရားက-
ချစ်သားတို့=စိတ်ကဲ့သို့လျင်မြန်စွာဖြစ်၍ လျင်မြန်စွာ ချုပ်သော သဘောတရား တစုံတခုကိုမျှ ငါဘုရား မြင်တော်မမူ။
ချစ်သားတို့ စိတ်ပရမတ်၏ လျင်သော အဖြစ်ရှိပုံကို ဥပမာပြ၍ပင် မလွယ်ကူပါချေ-

ဟူ၍ အင်္ဂုတ္တရပါဠိတော်၊ ဧကနိပါတ် ပဏိဟိတအစ္ဆဝဂ် သတ္တမသုတ်၌ ဟောကြားတော်မူထားလေသည်။

သံယုတ်အဋ္ဌကထာ ဝိဘင်းအဋ္ဌကထာ ဆရာကြီးများကလည်း-
စိတ်သည် လက်ဖျစ်တတွက် (လျှပ်တပြက်) အချိန်တိုလေး အတွင်း၌ ကုဋေတသိန်းခန့်ပင် ဖြစ်ချုပ်လေ၏ဟု မိန့်ကြားတော် မူထားကြလေသည်။

ထို့ပြင် စိတ်ဟူသော သဘောသည် မိမိတခုတည်း မည်သည့်အခါမျှ ဖြစ်ရိုးမရှိ၊ စေတသိက်ဟုခေါ်သော 'စိတ်၌မှီတွယ် စိတ်ကိုချယ်သည့် သဘာဝများနှင့် ယှဉ်စပ်၍သာ ဖြစ်ပေါ်မြဲ ဖြစ်ပေ၏၊ စေတသိက် အနည်းဆုံး ယှဉ်ပါသည် ဆိုသောစိတ်သည် (စက္ခုဝိညာဉ်စိတ် စသည်)ပင် စေတသိက်ခုနစ်မျိုးနှင့် ယှဉ်ပေသေး၏၊

ထိုစိတ်စေတသိက်တို့၏ ဖြစ်ပုံမှာလည်း ခန္ဓာငါးပါးရှိသော လူ့လောက၌ အကြောင်းညီညွတ်မှ ဖြစ်၍ ဖြစ်၍ လာသော သဘာဝမျိုးဖြစ်၏၊ ဥပမာ- မြင်စိတ်ဖြစ်ဖို့အတွက် စက္ခုဝတ္ထုဟူသောရုပ်၊ ရူပါရုံဟူသောရုပ်၊ အလင်းရောင်ဟူသောရုပ်နှင့် နှလုံးသွင်းမှုဟူသောနာမ်၊ ဤကဲ့သို့ ဝတ္ထု, အာရုံ, အာလောက, မနသိကာရ-ဟူသော အကြောင်းလေးချက် ပေါင်းဆုံ ညီညွတ်ပါမှ စက္ခုဝိညာဉ်ဟူသော မြင်သိစိတ်ဖြစ်ပေါ်လာခြင်း ဖြစ်၏၊ အကယ်၍ ထိုအကြောင်းလေးပါး မညီညွတ်လျှင် (ဝါ) မျက်စိကိုမှိတ်ထားလျှင် မြင်သိစိတ်ပရမတ် မုချဆတ်ဆတ် မဖြစ်သည်မှာ လက်တွေ့ပင်။

ဘဝင်စသော မနောဝိညာဉ်စိတ်တို့သည်လည်း ဓမ္မာရုံဟုခေါ်သော အာရုံများကို အာရုံပြုကြရမှသာ ဖြစ်ပေါ်ရိုး ရှိကြပေ၏၊ မည်သည့် အာရုံမျှ မရှိလျှင် မည်သည့်စိတ်မျှ ဖြစ်ပေါ်လာမည် မဟုတ်ပေ။

အဘိဓမ္မာဒေသနာထဲမှ ပဋ္ဌာန်းပါဠိတော်ကြီးသည် သဘာဝတရားတို့၏ ပေါင်းချုပ် ကျမ်းကြီးဖြစ်၏၊ လောက၌ ရှိရှိသမျှ မည်သည့် သဘာဝမျှ ပဋ္ဌာန်း ၂၄-ပစ္စည်းနယ်က မလွတ်ချေ။ အားလုံး ပဋ္ဌာန်း၌ အကျုံးဝင်သည်ချည်းသာ ဖြစ်၏၊ ထိုပဋ္ဌာန်းကျမ်းကြီး၌ အာရမ္မဏပစ္စည်းခန်းကို တခမ်းတနား ဖော်ပြထားသည်ဖြစ်ရာ စိတ်နှင့်အာရုံ ဆက်သွယ်၍ ဆက်သွယ်၍ ဖြစ်ပုံကို စေ့စေ့စုံစုံ လေ့လာ သိရှိနိုင်ပေသည်။

မြန်မာနိုင်ငံ၌ အဘိဓမ္မတ္ထဩုင်္ဂီလ်ကျမ်းနှင့်တကွ အဘိဓမ္မာဒေသနာကို အထိုက်အလျောက် လေ့လာဆည်းပူးမိသူ မှန်သမျှ စိတ်ဟူသည် ဥပါဒ် ဌီဘင် အနေဖြင့် တခုပြီးတခု အနန္တရပစ္စည်းဆက်၍ ဖြစ်ပျက်လျက်သာနေရသော အနိစ္စတရားမျိုး ဖြစ်ကြောင်း၊ စိတ်မှန်သမျှ၌ စေတသိက်ယှဉ်ကြောင်း၊ ထိုစိတ်သည် ဆီမီးလျှံကဲ့သို့ လည်းကောင်း, မြစ်ရေအလျဉ်ကဲ့သို့ လည်းကောင်း အဆက်မပြတ် ဖြစ်ပျက်နေသာ သဘာဝမျိုး ဖြစ်ကြောင်း နားလည်ကြပေသည်။ ဤသို့ နားလည်မှုသည်လည်း ရှေးခေတ် ရှေးအခါထဲက သမိုင်းစဉ်ဆက် ဆရာ့ဆရာများလက်ထက်က ဆင်းသက်လာသော ပိဋကတ်ကျမ်းလာ အသိမှန် အမြင်မှန်ပင် ဖြစ်လေသည်။

ထို့ပြင် ပဋ္ဌာန်းဒေသနာ အာရမ္မဏပစ္စည်းခန်းကို ကြည့်လျှင် မဂ်စိတ် ဖိုလ်စိတ်တို့သည်သာလျှင် ပရမတ်နိဗ္ဗာန်ကို ဧကန်အာရုံပြုနိုင်ကြသည်။ တနည်းဆိုရသော်-ပရမတ်ဖြစ်သော နိဗ္ဗာန်အစစ်ကို သာမန်စိတ်တို့က ဧကန်မုချ အာရုံမပြုနိုင်ကြကုန်၊ မသိနိုင်ကြကုန်၊ ကိလေသာကင်းသော မဂ်စိတ် ဖိုလ်စိတ်တို့ကသာလျှင် ဧကန်မုချ မျက်မှောက်ပြုနိုင်ကြ သိနိုင်ကြကြောင်း ဘုရားဟော တရားမှန်ကို တွေ့မြင်ကြရမည် ဖြစ်ပေသည်။

ပရမတ်အစစ်ဖြစ်သော မဂ်စိတ် ဖိုလ်စိတ်တို့၌ မည်သည့်အခါမျှ လောဘ၊ ဒေါသ၊ မောဟ စသော အကုသိုလ်စေတသိက်တို့ မယှဉ်နိုင်ကြပေ၊ အလောဘ အဒေါသ အမောဟ (ပညာ) စသော ကုသိုလ်စေတသိက်တို့သည်သာ ယှဉ်ကုန်၏၊ လောဘ ဒေါသ စသော ကိလေသာယှဉ်သော စိတ်တို့သည်ကား အကုသိုလ်စိတ်တို့သည်သာ ဖြစ်ကုန်၏၊ ထို အကုသိုလ်စိတ်တို့သည် နိဗ္ဗာန်အာရုံကို မယူနိုင်ကြကုန်။ ပမာအားဖြင့် မှက် ခြင် ယင် တို့သည် ရဲရဲငြီးငြီး တောင်လောက်နေသော မီးပုံကြီး၏ အနီးသို့ မကပ်နိုင်ကြသကဲ့သို့ ဖြစ်လေသည်။

ဤကဲ့သို့ ပိဋကတ်တော်လာ အဘိဓမ္မာ အသိမှန်ကို အဖြေမှန်အဖြစ် မြဲမြံစွာ စွဲကိုင်၍ ကျောက်သင်္ဘောဝါဒီတို့၏ ဟောပြောချက်များကို အနည်းငယ် စိစစ်ပြပေအံ့။

ကျောက်သင်္ဘောဝါဒီိတို့ ရေးသား ဟောပြောသော ယောဂီလက်စွဲစာအုပ် စာမျက်နှာ (၇၇) ၌-
စင်စစ်တော့ ပကတိစိတ်ကို လောဘ ဒေါသ ယှဉ်လာလျှင် လောဘ ဒေါသ တရားနဲ့ နေရမှာပဲ၊ လောဘ ဒေါသ တရားတွေ ဖြစ်မနေလျှင် ၎င်း လောဘ ဒေါသ တရားတွေရဲ့ ကုန်ရာ ငြိမ်းရာ နိဗ္ဗာန်တရားနဲ့ နေပြီးဆိုတာ ထင်ရှားနေတယ် မဟုတ်လား

ဟူ၍ ရေးသားဟောပြောထားသည်ကို တွေ့ကြရပေ၏၊ ဤစကားရပ်ကို သေသေချာချာ စိစစ်ကြည့်သော် ဤသို့ တွေ့ရပေ၏၊

ကျောက်သင်္ဘောဆရာတော် ဟောသော ပကတိစိတ်သည် လောဘ ဒေါသနှင့် ယှဉ်တဲ့အခါလဲယှဉ်၏၊ မယှဉ်တဲ့အခါလဲ မယှဉ်ဟူပေ။ ဗုဒ္ဓအဘိဓမ္မာအရ လောဘ ဒေါသနှင့် ယှဉ်သော စိတ်သည် အကုသိုလ်စိတ်ဖြစ်၏၊ ထို့ကြောင့် ကျောက်သင်္ဘောပကတိစိတ်သည် လောဘ ဒေါသနှင့်ယှဉ်သောအခါ အကုသိုလ်စိတ် ဖြစ်ပေ၏၊ လောဘ ဒေါသနှင့် မယှဉ်သောအခါ နိဗ္ဗာန်တရားနှင့် နေလေ၏၊ ထိုအခါ ကျောက်သင်္ဘောပကတိစိတ်သည် (ဗုဒ္ဓအဘိဓမ္မာအရသာ ဆိုပါမူ) မဂ်စိတ် ဖိုလ်စိတ် ဖြစ်ပေရာ၏၊ ထိုပကတိစိတ်သည်ပင် အကုသိုလ်စိတ် ဖြစ်လိုက်၊ မဂ်စိတ် ဖိုလ်စိတ် ဖြစ်လိုက်နှင့် (လုံးချည် မြားချည်) ဆိုသကဲ့သို့ ဖြစ်နေရှာလေသည်။

ထို့ပြင် ထိုပကတိစိတ်သည် ချုပ်ခြင်းမရှိ စိတ်အတိုင်းတိုင်းပင် ဖြစ်၏၊ ပကတိစိတ်သည် အို, နာ, သေ (ဥပါဒ်, ဌီ, ဘင်) မရှိဟူ၍ ယောဂီလက်စွဲ နှာ-၂၅-နှင့် ဝိမုတ္တိသာသနာဟုခေါ်သော စာအုပ် စာမျက်နှာ ၁၁၃-တို့၌ ရေးသားဖော်ပြထားသည်ကို အထူး သတိချပ်သင့်၏၊ ထိုစာအုပ်တို့က ဆိုသည်မှာ ကျောက်သင်္ဘော ပကတိစိတ်သည် အမြဲထာဝရတည်ရှိနေသော ထာဝရတရားသာ ဖြစ်ကြောင်းပင်တည်း။

ဤတွင် ဘုရားဟော စိတ်ပရမတ်သည်ကား ဥပါဒ် ဌီ ဘင် အနေဖြင့် မပြတ် ဖြစ်ပျက်နေသော အနိစ္စ အဓုဝ တရားသဘောသာ ဖြစ်၏၊ ကျောက်သင်္ဘော ပကတိစိတ်သည်ကား ဥပါဒ် ဌီ ဘင် မရှိပဲ ထာဝရတည်မြဲသော နိစ္စ ဓုဝ တရားဖြစ်၏၊ ဤသို့ ကြီးမားလှသော ခြားနားချက်ကြီးကို တွေ့ရပေ၏၊ တနည်းဆိုရသော် ကျောက်သင်္ဘောပကတိစိတ်သည် ဗုဒ္ဓအဘိဓမ္မာလာ စိတ်ပရမတ်နှင့် ပြောင်းပြန်ကျသော စိတ်တမျိုးသာ ဖြစ်ကြောင်း တွေ့ရပေသည်။

ကျောက်သင်္ဘောပကတိစိတ်သည် သူသည်ပင် လောဘ ဒေါသနှင့်ယှဉ်လိုက်၊ သူသည်ပင် နိဗ္ဗာန်နှင့် နေလိုက်နှင့် ဟိုဘက်ကပ် ဒီဘက်ကပ်လျက် ဗျာပါရများနေရရှာလေသည်။

အထက်ပါ အချက်တို့ကို စုပေါင်း ဆင်ခြင်သည်ရှိသော် ကျောက်သင်္ဘောဝါဒီတို့သည် လူ၏ကိုယ်ခန္ဓာထဲ၌ ပကတိစိတ်ဟု သူတို့ခေါ်သော နိစ္စ ဓုဝ တရားတမျိုး အခိုင်အမာ ရှိနေသည်ဟု အခြေခံကျကျ ခံယူထားကြကြောင်း သိသာထင်ရှားလေသည်။ ထိုပကတိစိတ်၏ အဖော်ဖြစ်သော 'အေးရာကြီး ငြိမ်းရာကြီး' ဆိုသည့် ကျောက်သင်္ဘောနိဗ္ဗာန်သည်လည်း လူ၏ကိုယ်ခန္ဓာထဲ၌ပင် ရှိနေသည်ဟု ပူးတွဲခံယူထားကြောင်း ထင်ရှားပေသည်။

ထိုကဲ့သို့ လူ၏ကိုယ်ခန္ဓာထဲ၌ နိစ္စ ဓုဝ ဖြစ်သော ပကတိစိတ်နှင့် ထိုစိတ်၏အဖော်ဖြစ်သော နိဗ္ဗာန်ဆိုသည်တို့ ရှိနေကြသည်ဟု ယူဆသော အယူဝါဒသည် ဗုဒ္ဓပိဋကတ်တော်များနှင့် မညီမညွတ်ကြောင်း အထူးပြု၍ ပြောဖွယ်ပင် မလိုပါချေ။ သင်္ဂြိုလ်သင်ဘူးသော သူများသည်ပင် ဤ ကျောက်သင်္ဘောဝါဒသည် ထေရဝါဒ ဗုဒ္ဓဘာသာ မဟုတ်ဟု သိနိုင်ပေသည်။

သို့ဖြစ်လျှင် ဤကျောက်သင်္ဘောဝါဒသည် မည်သည့်ဝါဒမျိုး ဖြစ်သနည်းဆိုသော် ဗြဟ္မဇာလသုတ်တော်၌ မြတ်စွာဘုရား ဟောကြားတော်မူထားသည့် မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်မျိုးထဲက သဿသဒိဋ္ဌိ အပါအဝင်ဖြစ်သော အတ္တဝါဒမျိုးပင် ဖြစ်လေသည်။ အတ္တဝါဒသည် ကမ္ဘာ့ရေသောက်မြစ်ဝါဒကြီး ဖြစ်သည်အားလျော်စွာ ပုံစံအမျိုးမျိုးဖြင့် ကမ္ဘာ့လူသားတို့အတွင်း ချင်းနင်းဝင်ရောက်လျက် ရှိလေသည်။

အတ္တသည် လူ၏မြဲသောအနှစ်သာရ သဘာဝတမျိုးဟူ၍ သမယန္တရပုဂ္ဂိုလ်များက ခံယူလျက်ရှိနေကြ၏၊ အတ္တကို အသေး အကြီး၊ (ဝါ) အတ္တ ပရမတ္တမ ဟူ၍လည်း ခွဲခြားလက်ခံ၏၊ အတ္တကို ဝိညာဉ်ဟူသော အမည်သစ်တမျိုးဖြင့်လည်း မှည်ခေါ်၍ အတ္တ၏ အရည်အသွေးတို့ကို ထည့်သွင်း၏၊ ပရမတ္တမကြီးကို အနန္တတန်ခိုးတော်ရှင်ကြီးဟူ၍ သတ်မှတ်ကာ ဖန်းဆင်းရှင် ဝါဒနှင့်လည်း ဆက်သွယ်လျက်ရှိ၏၊

အတ္တသည် ဗုဒ္ဓဓမ္မ နယ်ပယ်အတွင်းသို့ ပုံစံအမျိုးမျိုးဖြင့် ဝင်တိုးတတ်၍ ဝါဒသန့်စင်ရေးအတွက် တတိယသံဂါယနာ တင်ခဲ့ရသည်မှာ အထင်အရှားဖြစ်၏၊

ကျောက်သင်္ဘောဝါဒ ပကတိစိတ်ဆိုသည်မှာ နိစ္စ ဓုဝ ရှိနေခြင်း၊ သူသည်ပင်လျှင် လောဘ ဒေါသနှင့် ယှဉ်လိုက်၊ နိဗ္ဗာန်နှင့်နေလိုက်၊ မှောင်ချည် လင်းချည် ဖြစ်နေခြင်းဟူသော လက္ခဏာရပ်တို့ကြောင့် ဗုဒ္ဓ၏ အနတ္တဘောင်ပေါ် ကျော်နေသော အတ္တဝါဒတမျိုးသာ ဖြစ်ကြောင်း သိအပ်ပေသည်။

မှတ်ချက်။။ခန္ဓာကိုယ်ထဲ၌ နိဗ္ဗာန် ရှိနှင့်နေသည်ဟူသော အယူမှားနှင့် ပက်သက်၍ နိဗ္ဗာန်ခန်း၌ သုံးသပ်ခဲ့ပေပြီ။

ထေရဝါဒ ဗုဒ္ဓဘာသာ၏ အမှန်တရားတော်ကား၊ စိတ်သည် ပင်ကိုရင်းအားဖြင့် ဖြူစင်သန့်ရှင်း၏၊ ဥပါဒ်, ဌီ, ဘင်အားဖြင့် မပြတ် ဖြစ်ပျက်လျက် ရှိ၏၊ ထိုစိတ်သည် လောဘ ဒေါသစသော အကုသိုလ် စေတသိက်တို့နှင့် ယှဉ်လျှင် ညစ်နွမ်း၏၊ အကုသိုလ်စိတ် (အပြစ်ရှိသော မကောင်းကျိုးပေးသောစိတ်) ဖြစ်ရလေ၏၊ အလောဘ၊ အဒေါသ၊ အမောဟ(ပညာ) စသည့် ကုသိုလ်စေတသိက်တို့နှင့် ယှဉ်လျှင် တင့်တယ်၏၊ ကုသိုလ်စိတ် (အပြစ်ကင်းသော ကောင်းကျိုးပေးသောစိတ်) ဖြစ်ရလေ၏၊

ပရမတ်နိဗ္ဗာန်ကို ဧကန် အာရုံပြုနိုင်သော စိတ်သည်ကား လောကုတ္တရာ၊ ပညာစေတသိက်နှင့်ယှဉ်သော စိတ်မျိုးပေတည်း။ ပညာဉာဏ်ဖြင့်သာ နိဗ္ဗာန်အာရုံကို ယူနိုင်၏၊ ပညာဉာဏ်ဆိုရာ၌လည်း လောကီအဆင့်ထက် ကျော်လွန်သော အဆင့်မြင့် လောကုတ္တရာ ပညာဉာဏ်ဖြင့်သာ မုချအားဖြင့် နိဗ္ဗာန်ကို မြင်သိနိုင်၏၊ လောကုတ္တရာ ဉာဏ်ပညာ ရရှိရန်အတွက်ကား သတိပဋ္ဌာန်လမ်းစဉ်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ်ရပေသည်။

ဗုဒ္ဓအဘိဓမ္မာတွင် 'စေတသိက်' သဘောကို နားလည်ရန် ခဲယဉ်းလှပေ၏၊ လူသာမန်တို့သည် ဗုဒ္ဓအဘိဓမ္မာလာ စေတသိက်သဘောကို စိတ်နှင့် ရောနှောနေတတ်ကြပေသည်။ ဤသို့ စိတ်နှင့် စေတသိက် သရုပ်မကွဲကြရာမှ (ဝါ) ခြားနား၍ မယုံကြည်တတ်ကြရာမှ အယူအဆများ တက်တက်စင်အောင် လွဲမှားကြရလေသည်။

ယခု ကျောက်သင်္ဘောဝါဒီတို့သည် အထူးသဖြင့် ကျောက်သင်္ဘောဝါဒကို စတင်တည်ထောင်သော ဆရာတော်သည် စေတသိက်တို့၏ နက်နဲသော သဘောသဘာဝကို ယထာဘူတကျအောင် မယူနိုင်ခဲ့သဖြင့် ပကတိစိတ်ဟူသော အတ္တ ကိုယ်ခွဲတခုကို ဖန်းဆင်းမိလျက်သား ရှိကြောင်း သုံးသပ် ရှုမြင်နိုင်ကြပေသည်။

ပကတိစိတ်ဆိုသည်နှင့် ပက်သက်၍ မူလကျောက်သင်္ဘောဆရာတော်မှစ၍ ယခု စုဒိတကဆရာတော် ဦးဣန္ဒောဘာသအထိ ကောက်ယူပုံ အမျိုးမျိုး ထွက်လျက်ရှိနေသည်။ သက်သေခံဖြစ်သော ကျောက်သင်္ဘောစာအုပ်များကို ဖတ်ရှုသုံးသပ်ခဲ့ရာ ပကတိစိတ်ကို ဘဝင်စိတ်ဟူ၍လည်းကောင်း၊ ဖိုလ်စိတ်ဟူ၍ လည်းကောင်း၊ ဝိညာဏစရိယဟု ခေါ်သော အာဝဇ္ဇန်းနှင့် အဟိတ် ဝိပါက်စိတ်များ ဟူ၍လည်းကောင်း ကောက်ယူပုံ သုံမျိုး တွေ့ရပေသည်။ ဤသို့ မူမသေပဲ မသားနား မသပ်ယပ် ဖြစ်နေရသည်မှာ ပင်ကိုရင်းကပင် မူမမှန်သဖြင့် တခုယူယင်း မဟန်ယင်း၊ နောက်တမျိုး ပြောင်းယူယင်း ဖြစ်နေပုံကို လေ့လာသိရှိရလေသည်။

ပကတိစိတ်ဆိုတာ ဘဝင်စိတ်ပင်ဖြစ်ကြောင်း ယူဆပြောဆိုကြသောအခါ ဘဝင်စိတ်ကို အတိုင်းတိုင်းထားဟု ဆိုပါက ဗုဒ္ဓအဘိဓမ္မာအရ ဘဝင်စိတ်ဟူသည် အိပ်ပျော်စဉ်အခါ ဖြစ်သောစိတ် (ဝါ) အိပ်သောစိတ်မျိုး ဖြစ်၍ လူတွေကို အိပ်ခိုင်းနေသလို ဖြစ်သောကြောင့် အဆင်မပြေကြောင်း သိမြင်လာသောအခါ ပကတိစိတ်ဆိုတာ ဖိုလ်စိတ်ဟု ပြောင်းလွဲ ယူဆပြန်လေသည်။

ပကတိစိတ်ကို ဖိုလ်စိတ်ဟု ပြောင်းလွဲယူဆပြန်သောအခါ စိတ်-စိတ်အတိုင်းတိုင်းထားဟု ခိုင်းရာ၌ လူသာမန်တို့အား ဖိုလ်ဝင်စားခိုင်းသကဲ့သို့ ဖြစ်နေပြန်လေသည်။ ဤတွင် လူသာမန်, ပုထုဇဉ်တို့သည် မည်သည့်အခါတုန်းက ဖိုလ်စိတ်ကို ရနှင့်နေသနည်း၊ ဤသို့ မေးစရာ ပေါ်လာပြန်၏၊ ဖိုလ်စိတ် ရနေပြီးသော အရိယာဖြစ်ပါကလည်း ဖိုလ်စိတ်ကို အတိုင်းတိုင်းထားဖို့ရာ ဆုံးမရန်ပင် မလိုဖြစ်ပြန်သည်။ ထို့ကြောင့် ပကတိစိတ်ကို ဖိုလ်စိတ်ဟုယူဆ၍ မဟန်ကြောင်းကို နောက်လိုက်တပည့်များက သိလာကြလေသည်။

ဤကဲ့သို့ ပကတိစိတ်ကို ဘဝင်စိတ်ကောက်၍လည်းမသင့်၊ ဖိုလ်စိတ်ကောက်၍လည်း အံမဝင် ခွင်မကျ ဖြစ်ခဲ့ရသဖြင့် ယခု နောက်ဆုံးပေါ်အားဖြင့် သီးခြား ဝိနည်းဓိုရ်ဆရာတော်များ၏ ရှေ့မှောက်၌ စုဒိတကဆရာတော် ဦးဣန္ဒောဘာသက ပကတိစိတ်ဆိုသည်မှာ ဝိညာဏစရိယ အမည်ရသော အာဝဇ္ဇန်းစိတ် နှစ်ပါးနှင့် အဟိတ်ဝိပါက်ဝီထိစိတ်များ ဖြစ်ပါသည်ဘုရား ဟူ၍ လျှောက်ထားပြန်လေသည်။

ယခု နောက်ဆုံးပေါ် ပကတိစိတ်သည် မူလ ကျောက်သင်္ဘောဝါဒကို ကမောက်ကမ အကြီးအကျယ် ဖြစ်စေလေတော့သည်။ အကြောင်းကား ဤသို့တည်း။ ကျောက်သင်္ဘောဝါဒ ယောဂီလက်စွဲစာအုပ်၌ ပကတိစိတ်သည် လောဘ, ဒေါသနှင့် ယှဉ်ကြောင်း ဖော်ပြထား၏၊ ယှဉ်တာကို ပြမှ မယှဉ်တဲ့အခါ လောဘ, ဒေါသ ကုန်ရာ နိဗ္ဗာန်နှင့်နေသည်ဟု စကားသွယ်၍ ရပေမည် မဟုတ်လော။

ယခု ဦးဣန္ဒောဘာသ၏ ပကတိစိတ်က အဟိတ်ကြိယာနှင့် အဟိတ်ဝိပါက်စိတ် (စက္ခုဝိညာဉ်စသောစိတ်)များ ဖြစ်နေသဖြင့် (ဗုဒ္ဓအဘိဓမ္မာအရ) အဟိတ်ကြိယာအဟိတ်ဝိပါက်ဖြစ်သော ပကတိစိတ်၌ လောဘ, ဒေါသစသော အကုသိုလ်စေတသိက်များ ယှဉ်ပေးဖို့ အကြပ်ရိုက်သွားလေသည်။ အဟိတ်စိတ်မှာရော အကုသိုလ်စေတသိက် ယှဉ်နိုင်သည်ဟု ဇွတ်လုပ်ပြန်ပါကလည်း ဗုဒ္ဓအဘိဓမ္မာနှင့် တလွဲတချော်ကြီး ဖြစ်နေကြောင်း ဗူးပေါ်သလို ပေါ်ပေတော့မည်။

ဤကဲ့သို့ မရှုနိုင် မကယ်နိုင် ဖြစ်နေသဖြင့် အလင်းရောင် မြင်ရာ မှန်းပြီး တိုးထွက်သကဲ့သို့ ပကတိစိတ်ဆိုသောစကား၌ ပကတိသဒ္ဒါ အပိုပါနေပါသည်။ နောင်အခါ ဖြုတ်ပစ်ပါမည်ဟူ၍ လျှောက်ထားရခြင်း ဖြစ်ကြောင်း စကားအသွားအလာကို ဆင်ခြင်၍ ရှုမြင်တော်မူနိုင်ကြလေပြီ။

ဤသို့လျှင် မုချဆတ်ဆတ်ဖြစ်ရပ်အားဖြင့် ထွက်ပေါက်မရနိုင်သဖြင့် ပါးနပ်လှသော စုဒိတကဆရာတော် ကျောက်သင်္ဘောဝါဒီ ပုဂ္ဂိုလ်က ပကတိစိတ်မချုပ်ဘူးဆိုသည်ကိုလည်း တင်စား၍ ပြောကြားခြင်းပါ၊ ပကတိစိတ်သည် နိဗ္ဗာန်နှင့် နေသည် ဟူသော ရေးသားချက်သည်လည်း တင်စား၍ ရေးသားခြင်းပါ၊ ပကတိစိတ်သည် လောဘ, ဒေါသနှင့် ယှဉ်သည်ဟု ဟောကြားခြင်းသည်လည်း တင်စား၍ ဟောကြားခြင်းပါ ဟူ၍ 'တင်စား' တခုတည်းနှင့်ပင် ခုခံကာကွယ်သွားသည်ကို တွေ့ရပေသည်။

သမုတိသစ္စာနယ်၌ သဒ္ဒါသည် မုချသဒ္ဒါ, ဥပစာသဒ္ဒါ ဟုနှစ်မျိုးနှစ်စား ရှိ၏၊ မုချသဒ္ဒါကို ဥပစာလုပ်၍ မရချေ။ ပုံစံအားဖြင့်- ထမင်းချက်သည် (ဩဒနံ ပစတိ)ကို ဥပစာတင်စားသည်ဟု ပြောနိုင်၏၊ အကြောင်းကား တကယ်ချက်သည်မှာ ဆန် (တဏ္ဍုလ) ကိုသာ ချက်သောကြောင့်တည်း၊ ထမင်းစားသည် (ဩဒနံ ဘုဉ္ဇတိ)ကိုမူ ဥပစာတင်စားသည်ဟူ၍ မဆိုနိုင်ချေ။ အကြောင်းကား ထမင်းကိုပင် မုချစားသောကြောင့်တည်း။ ထို့ကြောင့် ကျောက်သင်္ဘောဝါဒ ပေါ်ပေါက်လာကတည်းက မုချဆတ်ဆတ် အနေအားဖြင့် ဟောပြောရေးသားလာခဲ့ကြသည်မှာ သက်သေခံ စာအုပ်များအရလည်းကောင်း, ကျောက်သင်္ဘောတရားဆွေနွေးပွဲများ အရလည်းကောင်း သိသာလှပေသည်။ ယခု သီးခြား ဝိနည်းဓိုရ်ဆရာတော်များက ပိဋကတ်ကျမ်းဂန်များဖြင့် စစ်ဆေးကြသည့်အခါကြမှ တကယ်ပြောတာ မဟုတ်ပါ၊ တင်စားပြောခြင်းပါဟု ချေပခြင်းသည် စုဒိတကဆရာတော် ကျောက်သင်္ဘောဝါဒီတို့အနေဖြင့် အပြစ်ကို ဝန်မခံရဲသည့် သဘော လျှောချလိုသည့်သဘောကို တွေ့ရပေသည်။ တနည်းအားဖြင့် ဆိုရပါမူ လှည့်စားခြင်းတမျိုးပင် ဖြစ်ပေသည်။

ထို့ပြင် ပကတိစိတ်မချုပ်ဘူးဆိုသည်မှာ ဝဒန္တပုဂ္ဂိုလ်က တင်စား၍ ပြောချင်းဖြစ်ပါသည် ဟူသော စကားကို စိစစ်လျှင် မူလကျောက်သင်္ဘောဆရာတော်က တင်စား၍ ဟောပြောခြင်းပါဟု မည်သည့်နေရာ၌မျှ မဟောခဲ့ချေ။ ယခု ကြာပိုင်ဦးဣန္ဒောဘာသက သာလျှင် တင်စား၍ ဟောခြင်းပါဟု ချေပခြင်းဖြစ်သည်။

အကယ်၍ စုဒိတကဆရာတော် ဦးဣန္ဒောဘာသ ပြောသည့်အတိုင်း တင်စားရိုးမှန်လျှင် ပကတိစိတ်သည် အမှန်အားဖြင့် ချုပ်ပါသည်ဟု ဆိုရာရောက်၏၊ ဤသို့ ပကတိစိတ်သည် ချုပ်ပျောက်ပျက်စီးသည် ဆိုပါက စိတ်-စိတ်အတိုင်းတိုင်းထားဟူသော ကျောက်သင်္ဘောဝါဒသည် အပျက်စီးကြီးပျက်စီးပြီး ဖြစ်လေ၏၊

'သို့ဖြစ်လေသောကြောင့် အကျဉ်းချုပ်ဆိုရသော် ဤသို့ဖြစ်ပေ၏၊ ကျောက်သင်္ဘောဝါဒ ပကတိစိတ် (မချုပ်စိတ်) အယူအဆအားလုံးသည် ဗုဒ္ဓဝါဒမဟုတ်၊ ပိဋကတ်ကျမ်းဂန်အားလုံးနှင့် ဆန့်ကျင်သော အယူဖြစ်၏၊ စိတ်ပရမတ်တရားသည် ဥပါဒ်, ဌီ, ဘင်ဖြင့် မပြတ်ဖြစ်ပျက်နေသော အနိစ္စတရားသာလျှင် ဖြစ်သည်ဟူသော အယူသည်သာလျှင် မြတ်စွာဘုရားတရားတော်များနှင့် ကိုက်ညီသော သမ္မာအယူဖြစ်ပေသတည်း။

အထက်ဖော်ပြပါ စကားရပ်တို့ကို ခြုံငုံကြည့်ရှု့လျှင် မြတ်စွာဘုရား၏ဝါဒသည် စိတ်တရားကို အနိစ္စ အဓုဝ ဟုဟောကြားသော ဝါဒဖြစ်ကြောင်း ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်၍-
ကျောက်သင်္ဘောဝါဒသည် စိတ်တရားကို နိစ္စ ဓုဝ သဿတဟု ယူဆထားသော ဝါဒဖြစ်ကြောင်း ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်သည်ဟု နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)တွင် ပါဝင်သော ဝိနည်းဓိုရ်ဆရာတော်ကြီးများက စိစစ် ဝေဖန်တော်မူကြသည်။

၁၄။ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၁)၏ ပေါင်းရုံးသုံးသပ်ချက် (ကောက်ချက်)။

အပိုဒ်
(၄၂) (၁) ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း (၁၀)ရက် (၁၅၊၁၊၈၁)နေ့က ဤနိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)သို့ ချောင်းဦးမြို့ ဦးကောသလ္လ ပါ စောဒကဆရာတော် (၃)ပါးတို့က ကျောက်သင်္ဘောဝါဒီပုဂ္ဂိုလ်များ ဟောပြောရေးသားထားသော စာအုပ် (၁၆)အုပ်၊ စာမူ(၂)ခုနှင့် အသံ သွင်းတိတ်ခွေ (၃) ခွေတို့ကို သက်သေခံပစ္စည်းအဖြစ် တင်ပြကြလျှက် ယင်း စာအုပ်စာတမ်းများနှင့် တိတ်ခွေများ၌ ပါရှိသော ရေးသားဟောပြောချက်များကြောင့် မြန်မာနိုင်ငံတဝန်းလုံး၌ ဓမ္မ, အဓမ္မ အငြင်းပွားမှု ဝိဝါဒါဓိကရုဏ်းများ ဖြစ်ပွားပြီး ဖြစ်ပွားဆဲဖြစ်ကြောင်း၊ စောဒကပုဂ္ဂိုလ်များ အနေဖြင့်လည်း အဆိုပါ ကျောက်သင်္ဘောပုဂ္ဂိုလ်တို့၏ ဟောပြော, ရေးသားချက်များသည် ပိဋကတ်တော်များနှင့် ဆန့်ကျင်သည်ဟု, ယူဆကြောင်း၊ သို့ဖြစ်၍ ကျောက်သင်္ဘောဝါဒကို ဤနိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့က အဓမ္မဝါဒအဖြစ်လည်းကောင်း၊ ကျောက်သင်္ဘော ဝါဒီများကို အဓမ္မဝါဒီပုဂ္ဂိုလ်များ အဖြစ်လည်းကောင်း ဆုံးဖြတ်ချက် ချမှတ်ပေးတော်မူပါရန် လျှောက်ထား တင်သွင်းခဲ့ကြပေသည်။

(၂) ဝိနည်းဓိုရ်ဆရာတော်များက ယင်းစောဒနာချက်ကို, လက်ခံတော်မူကြပြီး ပထမဦးစွာ သက်သေခံတင်ပြသော စာအုပ် စာတမ်းများ တိတ်ခွေများနှင့် စပ်လျဉ်း၍၊ သင်္ဃန်းကျွန်းမြို့နယ် ကျောက်သင်္ဘောရိပ်သာမှ ဦးကောဝိဒပါ စုဒိတကဆရာတော် (၄)ပါးတို့အား မေးမြန်း စစ်ဆေးခဲ့ရာ စုဒိတကပုဂ္ဂိုလ်အားလုံးက စောဒကဘက်က တင်ပြထားသော စာအုပ်, စာတမ်းများ, စာမူများ, တိတ်ခွေများသည် ကျောက်သင်္ဘောဝါဒဆိုင်ရာ စာအုပ်, စာတမ်း, တိတ်ခွေများဖြစ်ကြောင်း၊ သို့ရာတွင် ထိုစာအုပ်များအနက် စာအုပ်သုံးမျိုးမှာ (မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်ဓမ္မသာကစ္ဆာမင်္ဂလာ နှင့် သစ္စာကိုမြင် ဉာဏ်လေယာဉ် စာအုပ်များကို ဆိုလိုသည်) ရေးသူများ မရှိတော့ခြင်း, ဆန့်ကျင်ဘက်ပုဂ္ဂိုလ်များ ဖြစ်သွားခြင်းတို့ကြောင့် တာဝန်မယူနိုင်တော့ကြောင်း၊ ကျန်စာအုပ် (၁၃) မျိုးနှင့်တကွ အခြားသက်သေ တင်ပြသော ပစ္စည်းများမှာ ၎င်းတို့၏ ဝါဒရေးရာ သက်သေခံပစ္စည်း များဖြစ်ကြောင်း ဝန်ခံကြကုန်သည်။ ထိုသက်သေခံ ပစ္စည်းများအနက် စာမူ(၂)ခုမှာ တရားဝင် ရေးသားထုတ်ဝေခြင်း မပြုရသေးကြောင်း စုဒိတကပုဂ္ဂိုလ်တို့က ဝန်ခံလျှောက်ထားကြသဖြင့် ထိုစာမူ (၂)ခုကို တရားဝင်သက်သေခံ ပစ္စည်းအဖြစ် ဝိနည်းဓိုရ်ဆရာတော်များက မယူဆကြပဲ ချန်လှပ်ထား ခဲ့ကြသည်။

(၃) ထို့နောက် စောဒက ဆရာတော်များက လျှောက်ထားတောင်းဆိုနေသည့်အတိုင်း ကျောက်သင်္ဘောဝါဒသည် ပိဋကတ်တော်နှင့် ဆန့်ကျင်သော အဓမ္မဝါဒဖြစ်သည်ဟု စုဒိတကပုဂ္ဂိုလ်များက ဝန်မခံကြသည့်အတွက် စောဒက ဆရာတော်များအား ထင်ရှားစွာ စောဒနာရန် ဝိနည်းဓိုရ် ဆရာတော်များက ညွှန်ကြားခဲ့ကြပေသည်။

(၄) စောဒက ဆရာတော်များသည် ၁၃၄၂-ခုနှစ် ပြာသိုလဆန်း (၁၄)ရက် (၁၉၊၁၊၈၁)နေ့က ထပ်မံ၍ ကျောက်သင်္ဘောဝါဒသည် ပိဋကသုံးသွယ် နိကာယ်ငါးရပ်တို့နှင့် ညီညွတ်သော ဓမ္မဝါဒ မဟုတ်ပုံကို ပါဠိတော် အဋ္ဌကထာ ဋီကာ အကိုး သာဓကများစွာ ထုတ်ဆောင်ကိုးကား၍ တင်ပြခဲ့ကြသည်။ ယင်းသို့တင်ပြရာတွင် သက်သေခံအဖြစ် တင်ပြထားသော ကျောက်သင်္ဘောဝါဒ စာအုပ်များနှင့် တိတ်ခွေများမှ ကောက်နုတ်ချက် (၃၃) ချက်မျှကို ထုတ်ဆောင်ဖော်ပြ၍ စောဒနာကြလေသည်။

(၅) ဤသို့ လျှောက်ထားသော စောဒနာ နှစ်ရပ်ပေါင်းနှင့် စပ်လျဉ်း၍ ဝိနည်းဓိုရ် ဆရာတော်များက ဤသို့ ကောက်ချက်ယူတော်မူကြသည်။
(က) ကျောက်သင်္ဘောဝါဒ ဆုံးဖြတ်ရန်အတွက် စောဒကဆရာတော်များက တင်ပြသော စာအုပ်, စာတမ်း, တိတ်ခွေ အထောက်အထားများသည် သက်သေခံခိုင်လုံသည်။
(ခ) ယင်းသို့ သက်သေခံ အထောက်အထား အခိုင်အလုံနှင့် တင်သွင်းသော စောဒနာဖြစ်ခြင်းကြောင့် တရားသဖြင့် စွဲဆိုသော ဓမ္မစောဒနာဖြစ်သည်။
(ဂ) ကျောက်သင်္ဘောဝါဒ စာအုပ်များမှ ထုတ်နုတ်ဖော်ပြထားသော ကျောက်သင်္ဘောပုဂ္ဂိုလ်တို့၏ ဟောပြောရေးသားချက်များသည် စောဒကပုဂ္ဂိုလ်တို့က ပိဋကတ်တော်ကျမ်းစာများမှ ထုတ်နုတ် ဖော်ပြထားသော ပါဠိတော် အဋ္ဌကထာ ဋီကာများနှင့် ဆန့်ကျင်သည်။

(၆) စုဒိတက ကျောက်သင်္ဘော ဆရာတော်တို့သည် ဖော်ပြပါ စောဒက ဆရာတော်တို့၏ စောဒနာချက်တို့ကို ချေပသည့် သောဓနာစာလွှာကို ဝိနည်းဓိုရ်အဖွဲ့က ခွင့်ပြုသည့်အတိုင်း ၁၃၄၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၃)ရက် (၂၃၊၁၊၈၁)နေ့က တင်သွင်းခဲ့ကြသည်။ ထို့ပြင် ဝိနည်းဓိုရ်အဖွဲ့က မေးမြန်းသဖြင့် နှုတ်မေးခွန်းများကိုလည်း ဖြေကြား လျှောက်ထားခဲ့ကြသည်။ ထိုသို့ စုဒိတက ဆရာတော်တို့၏ သောဓနာ ချေပလွှာများနှင့် နှုတ်ဖြေ ထွက်ဆိုချက်များအပေါ် ဝိနည်းဓိုရ်ဆရာတော်များက ဤသို့ ကောက်ယူကြသည်။
(က) စုဒိတက ဆရာတော်လေးပါးအနက် ဦးဆောင်ဦးရွက်ပြု၍ ချေပလျှောက်ထားသော ကြာပိုင် ဦးဣန္ဒောဘာသသည် (၎င်း၏ ထွက်ဆိုချက်အရ) မူလ ကျောက်သင်္ဘော ဆရာတော် ဦးကေသဝ (ပျံလွန်)ထံ၌ ကိုယ်တိုင်ကိုယ်ကျ တပည့်မခံလိုက်ရ၍ အာစရိယဝါဒ ဟတ္ထမုဋ္ဌိ မရရှိလိုက်သဖြင့် ကျောက်သင်္ဘောဝါဒနှင့် စပ်လျဉ်းသောအရာ၌ မူလဝါဒတည်ထောင်သူ ကျောက်သင်္ဘော ဆရာတော် ဦးကေသဝ၏အလိုကို သိသူ (မတညု) ပုဂ္ဂိုလ် မဟုတ်ကြောင်း၊
(ခ) စုဒိတက ဆရာတော်များသည် စောဒနာချက်များကို သောဓနာပြုကာ ချေပကြရာ၌ အမှန်တရားဘက်သို့ မလိုက်ကြပဲ မိမိတို့၏ဆရာတော်ဘက်သို့သာ လိုက်ကြ၍ ချေပဖြေဆိုထားကြသည်ကို တွေ့ရကြောင်း၊
(ဂ) စောဒနာကို ချေပရာတွင် ဖြောင့်ဖြောင့်မှန်မှန် ချေပ သောဓနာခြင်း မပြုပဲ 'ဝဒန္တပုဂ္ဂိုလ်သာ ပြဓာန်းပါသည်၊ ဝဒန္တပုဂ္ဂိုလ်က ဤသို့ဆိုလိုပါသည်' ဟူ၍ မိမိလိုရာကို ဆွဲယူနိုင်ရန် ကြိုးစားအားထုတ်ထားကြသည်ကို တွေ့ရသည်။ သို့ရာတွင် စုဒိတကဆရာတော် ကြာပိုင်ဦးဣန္ဒောဘာသသည် ပျံလွန်ပြီးသော မူလကျောက်သင်္ဘော ဆရာတော် ဦးကေသဝ၏ ကိုယ်စား ဝဒန္တပုဂ္ဂိုလ်အဖြစ် တရားဝင် အခွင့်အရေးမရှိကြောင်း၊
(ဃ) ကျောက်သင်္ဘောဝါဒ အချက်အလက်များစွာတို့ကို မုချဟောပြောခြင်း မဟုတ်ပါ၊ တင်စား၍ ဟောခြင်း ပြောခြင်းပါဟု တင်စားချက်ကို အခါခါသုံး၍ ချေပပြောဆိုကြသည်။ သို့ရာတွင် သက်သေခံ စာအုပ်များ၌ ထိုကဲ့သို့ တင်စားဟောပြောခြင်းဖြစ်ကြောင်း မပါရှိပေ။ သို့ဖြစ်၍ ဝိနည်းဓိုရ်အဖွဲ့ ရှေ့မှောက်ရောက်လာကာမှ 'ထမင်းရေပူလာ လျှာလွှဲ' ဆိုသော စကားပုံကဲ့သို့ လိုရာဆွဲ၍ လှီးလွှဲ ပြောဆိုနိုင်ရန်သာ ယခုကဲ့သို့ ဥပစာတင်စားခြင်းကို ပြောဆိုခြင်း ဖြစ်ကြောင်း၊
(င) ပြောလိုရင်း ဟောလိုရင်းက ဤသို့ဖြစ်ပါသည်။ သို့ရာတွင် ပြောဟော သုံးနှုန်းထားသော စကားက လိုရင်းအဓိပ္ပါယ် မရောက်ပဲ မှားယွင်းနေပါသည်ဟူ၍လည်းကောင်း၊ ဤအချက် ဤအချက် များသည် ပိဋကတ်တော်နှင့် မညီညွတ်သဖြင့် ပြုပြင်ရန် ဆုံးဖြတ်ထားပါသည် ဟူ၍လည်းကောင်း စုဒိတကဆရာတော်များက ဝန်ခံထားသည်ကို တွေ့ရကြောင်း။
(စ) စုဒိတက ဆရာတော်တို့၏ ချေပလွှာတွင် ဖော်ပြထားသော ကျောက်သင်္ဘောဝါဒဆိုင်ရာ အချက်အလက်များနှင့် အထောက်အကိုးပြုသော ပိဋကတ်ကျမ်းဂန်များ မညီမညွတ်ရှိနေကြ၍ အကိုးသာဓက မမြောက်ကြောင်း တွေ့ရသည်၊ ပုံစံအားဖြင့် ပကတိစိတ် နိစ္စတည်ရှိနေပုံ၊ ကိုယ်ထဲ၌ နိဗ္ဗာန်ရှိနေပုံ၊ ရုပ်နာမ်ဓမ္မ သင်္ခါရ တရားတို့ကို ဝိပဿနာမရှုရပုံ စသည်တို့ကို ရှင်းလင်းဖော်ပြရာ၌ ကိုးကားသော ပိဋကတ်စာပေများကို အယူအဆ မမှန်မကန် ယူဆထားသည်ကို တွေ့ရကြောင်း။
(ဆ) ဤ ဆိုအပ်ခဲ့ပြီးသော အချက်အလက်များကြောင့် စုဒိတက ဆရာတော်တို့၏ ချေပထားသော သောဓနာချက်သည် တရားသဖြင့် သောဓနာထားသော ဓမ္မသောဓနာမဟုတ်ကြောင်း။

ဤသို့လျှင် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဆရာတော်များက ပေါင်းရုံး သုံးသပ်ချက် (ကောက်ချက်) ချတော်မူကြသည်။

ဓမ္မ အဓမ္မဝိဝါဒါဓိကရုဏ်း၏ အကျိုးယုတ်ပုံများ

နှစ်ရှည်လများ ဓမ္မ-အဓမ္မ အငြင်းပွားလာခဲ့သော ကျောက်သင်္ဘောဝါဒ ဝိဝါဒဓိကရုဏ်းနှင့် ပတ်သက်၍ နှစ်ဖက်သော စောဒကဆရာတော် စုဒိတက ဆရာတော်တို့၏ စွဲဆိုချက်၊ ချေပချက်တို့ကို နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် ဆရာတော်များက အထက်တွင် မကျဉ်းမကျယ် စိစစ်သုံးသပ်ခဲ့ကြပြီး ဖြစ်၏၊ ထို့ပြင် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် ဆရာတော်များသည် စောဒကဆရာတော်တို့၏ စောဒနာချက်များသာမက သက်သေခံအဖြစ် တင်ပြထားသော ကျောက်သင်္ဘောဝါဒ စာအုပ်များကိုလည်း လေ့လာဖတ်ရှု သုံးသပ်တော်မူခဲ့ကြ၏၊ အသံသွင်း တိတ်ခွေများကိုလည်း နားထောင် လေ့လာတော်မူခဲ့ကြ၏၊ ဤသို့ သုံးသပ် လေ့လာရာ၌ တရားတော်အား လျော်သောအချက် တစုံတရာကို တွေ့ရလိမ့်နိုးနိုးဖြင့် မြော်ကိုးကာ လေ့လာခဲ့ကြသည်။ သို့ရာတွင် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် ဆရာတော်များ မြော်လင့်ကြသလို တရားတော်နှင့် လျော်သော အချက်များကို မတွေ့ခဲ့ကြရပေ။

ဓမ္မ အဓမ္မ ငြင်းခုံခြင်း၊ ဓမ္မကို အဓမ္မ၊ အဓမ္မကို ဓမ္မဟူ၍ မှောက်မှောက်မှားမှား ဟောပြော ရေးသားကြခြင်းသည်-

ယော ဟောတိ ဝိဝါဒေါ ဗဟုဇနာဟိတာယ ဗဟုဇနာသုခါယ-ဟူသော စူဠဝါပါဠိတော်(၂၁၂)နှင့်အညီ-

ငြင်းခုံခြင်းသည် များစွာသော လူတို့၏ အကျိုးမဲ့ခြင်း ဆင်းရဲခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် လည်းကောင်း၊

ဝိဝါဒါဓိကရဏပစ္စယာ စတ္တာရော အဓိကရဏာဇာယန္တိ-ဟူသော ပရိဝါပါဠိတော်(၂၀၂)၌ ဟောတော်မူသည်နှင့်အညီ ဝိဝါဒါဓိကရုဏ်းကြောင့် အဓိကရုဏ်းလေးပါးလုံး ဖြစ်ပေါ်လာတတ်သောကြောင့် လည်းကောင်း၊

ဣမေဟိ အဋ္ဌာရသတ္ထူဟိ ဆန္ဒာဂတိံ ဂစ္ဆန္တော ခတံ ဥပဟတံ အတ္တာနံပရိဟရတိ- ဟူသော ပရိဝါပါဠိတော်(၂၉၃)၌ ဟောတော်မူသည်နှင့်အညီ ဓမ္မ အဓမ္မ အငြင်းပွားခြင်းစသော ၁၈-ပါးသော ကွဲပြားကြောင်းတရားတို့ကြောင့် ဆန္ဒာဂတိသို့ လိုက်သူသည် မိမိကိုယ်ကို တူးဖြိုဖျက်ဆီးသည် မည်ခြင်းကြောင့်လည်းကောင်း၊

ဓမ္မကို အဓမ္မ၊ အဓမ္မကို ဓမ္မဟု ဟောပြောကြသော ပုဂ္ဂိုလ်တို့သည် ဝိနယပစ္စတ္ထိက= ဝိနည်းတရားတော်မြတ်၏ ဆန့်ကျင်ဘက်ရန်သူ၊ သုတ္တန္တာဘိဓမ္မပစ္စတ္ထိက သုတ္တန်နှင့် အဘိဓမ္မာတရားတော်မြတ်တို့၏ ဆန့်ကျင်ဘက်ရန်သူ ဖြစ်ခြင်းကြောင့်လည်းကောင်း၊

အဘိဓမ္မံ ပဋိဗာဟေန္တော ဣမသ္မိံ ဇိနစက္ကေ ပဟာရံ ဒေတိ-ဟု အဋ္ဌသာလိနီအဋ္ဌကထာ(၃၀)ဆရာ မိန့်မှာတော်မူသည်နှင့်အညီ အဘိဓမ္မာကို တားမြစ်သောသူသည် ဘုရားသာသနာတော်ကို ထိပါးပုတ်ခတ်စော်ကားရာ ရောက်သောကြောင့်လည်းကောင်း၊

သဗ္ဗညုတဉာဏံ ပဋိဗာဟတိ= သဗ္ဗညုတဉာဏ်တော်ကို တားမြစ်ရာ ရောက်သောကြောင့် လည်းကောင်း၊

သောတုကာမံ ဝိသံဝါဒေတိ = သံသရာမှ ထွက်မြောက်ကြောင်းဖြစ်သော နိယျာနိက ဘုရားသာသနာတော် အမှန်ကို ကြားနာလိုသူအပေါင်းကို အသိဉာဏ် ချွတ်ယွင်းစေသောကြောင့်လည်းကောင်း၊

ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္ထု ဓမ္မသရီရေ ပဟာရံ ဒေတိ-ဟု ဥဒါန်းအဋ္ဌကထာ(၈၇)၌ မိန့်ဆိုတော်မူအပ်သည်နှင့်အညီ တရားတော်ကို မမှန်မကန် မကောင်းသဖြင့် ကျင့်ကြံဟောပြောသူသည် သာသနာတော်ကို ဖျက်ဆီးလျက် မြတ်စွာဘုရား၏ တရားတော်တည်းဟူသော ကိုယ်တော်မြတ်၌ ပုတ်ခတ်ခြင်းကို ပေးသည်မည်သောကြောင့်လည်းကောင်း၊

တထာ အဝူပသန္တေ ပန ဝိဝါဒေါ ကမေန ဝ'ိုတွာ သကလေပိ သံဃေ ဝိဝါဒံ သမုဋ္ဌာပေတိ (ဒု-၂၈၂)ဟု ဝိမတိဝိနောဒနီ ဋီကာဆရာ မိန့်ဆိုအပ်သည်နှင့်အညီ ဓမ္မ အဓမ္မ အငြင်းပွားသော ဝိဝါဒါဓိကရုဏ်း မငြိမ်းအေးခဲ့ပါလျှင် သံဃာအားလုံး၌ပင် ဆက်လက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်လာစေနိုင်သောကြောင့် လည်းကောင်း၊

ကျောက်သင်္ဘောဝါဒီ ဆရာတော်တို့ ဟောပြောရေးသားနေကြသော ကျောက်သင်္ဘောဝါဒနှင့် စပ်လျဉ်း၍ ဓမ္မ အဓမ္မ အငြင်းပွားလျက်ရှိသော ဝိဝါဒါဓိကရုဏ်း ငြိမ်းအေးစေရန် ရည်သန်တော်မူကြလျက် သုတ္တ သုတ္တာနုလောမ အာစရိယဝါဒ (ပါဠိတော် အဋ္ဌကထာ၊ ဋီကာ စသော ဆရာစဉ်ဆက် အယူဝါဒ) တို့နှင့်အညီ ဝိနိစ္ဆယချမှတ်ကြကုန်အံ့။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ရွေးချယ်သည့်

နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်များသာ ပါဝင်သော

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့အမှတ် (၁)၏ ဆုံးဖြတ်ချက်

(လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၂)

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁)

၁၃၄၂ ခုနှစ်- ဓမ္မ အဓမ္မ မှုခင်းအမှတ် (၁)

(က) စောဒက-

၁။ ဦးကောသလ္လ၊ ချောင်းဦးမြို့။

၂။ ဦးပဏ္ဍိတ၊ မန္တလေးမြို့။

၃။ ဦးကုသလ၊ သရက်မြို့ တို့နှင့်-

(ခ) စုဒိတက-

၁။ ဦးကောဝိဒ၊ သင်္ကန်းကျွန်းမြို့နယ်။

၂။ ဦးဣန္ဒောဘာသ၊ မုံရွာမြို့။

၃။ ဦးဝိသုဒ္ဓ၊ ကျောက်ဆည်။

၄။ ဦးနန္ဒိယ၊ မန္တလေးမြို့

တို့၏

ကျောက်သင်္ဘောဝါဒ ရောက်ရာ မြို့နယ်၊ ရပ်ကွက် /ကျေးရွာတို့၌ ဓမ္မ အဓမ္မ အငြင်းပွားသော ဝိဝါဒါဓိကရုဏ်းမှုကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ရွေးချယ်သည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များသာ ပါဝင်သော နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၁) ဝိနည်းဓိုရ် ဆရာတော်များကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဓမ္မဝိနယနှင့်အညီ ဆုံးဖြတ်ချက် ချပေးတော်မူလိုက်ကြပါသည်။

ဆုံးဖြတ်ချက်

(၁) မြတ်စွာဘုရား၏ဝါဒသည် ဓမ္မက္ခန္ဓာတော်ကို အလေးထားသောဝါဒဖြစ်၍ ကျောက်သင်္ဘော ဝါဒသည် ဓမ္မက္ခန္ဓာတော်ကို အလေးမထားပဲ ဖြိုခွဲဖျက်ဆီးသော ဝါဒဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၂) မြတ်စွာဘုရာ၏ဝါဒသည် ရှုမှတ်ပွားများ အားထုတ်မှုရှိမှသာ နိဗ္ဗာန်ရသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် ရှုမှတ်ပွားများ အားထုတ်မှု မရှိမှ နိဗ္ဗာန်ရသောဝါဒ ဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၃) မြတ်စွာဘုရား၏ ဝါဒသည် ခန္ဓာကိုယ်ကိုရှုလျှင် နိဗ္ဗာန်ရနိုင်သော ဝါဒဖြစ်၍ ကျောက်သင်္ဘော ဝါဒသည် ခန္ဓာကိုယ်ကို ရှုလျှင် နိဗ္ဗာန် မရနိုင်သောဝါဒ ဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၄) မြတ်စွာဘုရား၏ ဝါဒသည် ရုပ်နာမ်ကို (ပစ္စက္ခ) မျက်မှောက်ပြုလျက် ရှုရသောဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် ရုပ်နာမ်ကို မျက်မှောက်ပြုလျက် မရှုရသောဝါဒ ဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၅) မြတ်စွာဘုရား၏ ဝါဒသည် တေဘူမိက သင်္ခါရတရားတို့ကို သတိပြုကာ ပွားများရသော ဝါဒ ဖြစ်၍ ကျောက်သင်္ဘောဝါဒသည် တေဘူမိက သင်္ခါရတို့ကို သတိပြုကာ မပွားများရသောဝါဒ ဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၆) မြတ်စွာဘုရား၏ ဝါဒသည် ထင်ရှားရှိသော ရုပ်နာမ်နှစ်ဖြာကို ရှုမှသာ ဝိပဿနာဉာဏ် ဖြစ်ပေါ်လာသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် ထင်ရှားမရှိသောအရာကို ရှုမှသာ ဝိပဿနာဉာဏ် ဖြစ်ပေါ်လာသောဝါဒ ဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၇) မြတ်စွာဘုရား၏ဝါဒသည် ခန္ဓာကိုယ်အတွင်းမှာ နိဗ္ဗာန်မရှိသောဝါဒဖြစ်၍ ကျောက်သင်္ဘော ဝါဒသည် ခန္ဓာကိုယ်အတွင်းမှာ နိဗ္ဗာန်ရှိသောဝါဒ ဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၈) မြတ်စွာဘုရား၏ဝါဒသည် နောက်ထပ်တဖန် ပြန်လည်၍ မပူလောင်ရသော ငြိမ်းအေးချမ်းသာမှု (သန္တိသုခ) အစစ်အမှန် ဟုတ်သည်ကိုသာ နိဗ္ဗာန်ဟု ဟောသောဝါဒဖြစ်၍ ကျောက်သင်္ဘော ဝါဒသည် နောက်ထပ်တဖန် ပြန်လည်၍ ပူလောင်ရသော ငြိမ်းအေးချမ်းသာမှု (သန္တိသုခ) အစစ်အမှန် မဟုတ်သည်ကို နိဗ္ဗာန်ဟု ယူဆသော ဝါဒဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၉) မြတ်စွာဘုရား၏ ဝါဒသည် နိဗ္ဗာန်ကို လိုချင်တောင့်တမှုကို ကုသိုလ်ဆန္ဒသာဟု ဟောသောဝါဒ ဖြစ်၍ ကျောက်သင်္ဘောဝါဒသည် နိဗ္ဗာန်ကို လိုချင်တောင့်တမှုကို အကုသိုလ် သမုဒယတဏှာဟု ယူဆသော ဝါဒဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၁၀) မြတ်စွာဘုရား၏ဝါဒသည် စိတ်ကို စိတ်အတိုင်းတိုင်း ထားမရသောဝါဒဖြစ်၍ ကျောက်သင်္ဘော ဝါဒသည် စိတ်ကို စိတ်အတိုင်းတိုင်း ထားရသောဝါဒ ဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၁၁) မြတ်စွာဘုရား၏ဝါဒသည် အနုသယကိလေသာ ရှိသောဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် အနုသယကိလေသာ မရှိသောဝါဒ ဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၁၂) မြတ်စွာဘုရား၏ဝါဒသည် သက္ကာယဒိဋ္ဌိကို ပယ်ခွါရသောဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် သက္ကာယဒိဋ္ဌိကို မပယ်ခွါရသော ဝါဒဖြစ်ခဲ့သောကြောင့် လည်းကောင်း၊

(၁၃) မြတ်စွာဘုရား၏ဝါဒသည် အာရုံကြောင့် စိတ်ဖြစ်ပေါ်လာရသော ဝါဒဖြစ်၍ ကျောက်သင်္ဘော ဝါဒသည် စိတ်ကြောင့် အာရုံဖြစ်ပေါ်လာရသောဝါဒ ဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၁၄) မြတ်စွာဘုရား၏ဝါဒသည် သီလ သမာဓိ ပညာ သိက္ခာသုံးရပ်လုံးကို ပြည့်စုံစွာ အားထုတ်ရသော ဝါဒဖြစ်၍ ကျောက်သင်္ဘောဝါဒသည် သီလ သမာဓိ ပညာ သိက္ခာ သုံးရပ်လုံးကို ပြည့်စုံစွာ အားမထုတ်ရသော ဝါဒ ဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

(၁၅) မြတ်စွာဘုရား၏ဝါဒသည် စိတ်တရားကို အနိစ္စ အဓုဝ ဟု ဟောသောဝါဒဖြစ်၍ ကျောက်သင်္ဘော ဝါဒသည် စိတ်တရားကို နိစ္စ ဓုဝ ဟု ယူဆသောဝါဒ ဖြစ်ခဲ့လေသောကြောင့် လည်းကောင်း၊

ယင်း ကျောက်သင်္ဘောဝါဒကို ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မများနှင့် မလျော်ကန်အောင် ဖောက်ပြန်ယွင်းကွက် ဆန့်ကျင်ဘက် ဖြစ်နေသော အဓမ္မဝါဒဟု နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဝိနည်းဓိုရ်ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁) ရုံးတော်သို့ သက်သေခံအဖြစ် တင်ပြထားသော ကျောက်သင်္ဘောဝါဒစာအုပ် (၁၆)အုပ်နှင့် အသံဖမ်းတိတ်ခွေ ၃-ခုတို့၌ ပါရှိသော ကျောက်သင်္ဘော ဝါဒတရားတို့သည်လည်း ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မနှင့် ဆန့်ကျင်ဘက်ဖြစ်ရကား အဓမ္မဝါဒကို ဖော်ပြရာဖြစ်သောကြောင့် အဓမ္မဝါဒမည်၏ဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဝိနည်းဓိုရ်ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

ထိုကျောက်သင်္ဘောဝါဒကို ရေးသားဟောပြောကြသူ ရဟန်း ရှင် လူတို့သည်လည်းကောင်း၊ ကျောက်သင်္ဘောဝါဒကို လိုက်နာ၍ ကျင့်ကြံကြိုးကုတ် အားထုတ်ကြသူ ရဟန်း ရှင် လူတို့သည်လည်းကောင်း၊ ကျောက်သင်္ဘောဝါဒကို လိုလားနှစ်သက်စွာ ထောက်ခံအားပေးကြသူ ရဟန်း ရှင် လူတို့သည်လည်းကောင်း၊ အဓမ္မဝါဒီတို့သာ မည်ကုန်၏ဟူ၍ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဝိနည်းဓိုရ် ဆရာတော်များအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်ဆရာတော်ကြီးများ

စဉ် ဘွဲ့တော်နှင့် ကျောင်းတိုက် လက်မှတ်

(၁) ဦးသုဒဿန (အဂ္ဂမဟာပဏ္ဍိတ)

(သဘာပတိ)၊''

ကိုင်းကုန်းကျောင်းတိုက်၊ ခရမ်းမြို့။

(၂) ဦးဇောတိက (အဖွဲ့ဝင်)၊

မိုးကောင်းကျောင်းတိုက်၊ မန္တလေးမြို့။

(၃) ဦးသောမာဘိသိရီ (အဖွဲ့ဝင်)၊

ဘိုးဦးစိန်ကျောင်း၊ ဝေါမြို့။

(၄) ဦးဇောတိပါလ (အဖွဲ့ဝင်)၊ ကြခတ်ဝိုင်းကျောင်းတိုက်၊ ပဲခူးမြို့။

(၅) ဦးဝိဇ္ဇောဒယာဘိဝံသ (အဖွဲ့ဝင်)၊

မင်္ဂလာဇေယျုံကျောင်း၊ ဗားကရာတိုက်၊

စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်း။

(၆) ဦးကေသရ (အဖွဲ့ဝင်)၊

အောင်မင်္ဂလာကျောင်းတိုက်၊ သရက်မြို့။

(၇) ဦးဝိမလာဘိဝံသ (အဖွဲ့ဝင်)၊

ပုခန်းကျောင်းတိုက်၊ ရွှေဘိုမြို့။

ရက်စွဲ။။၁၃၄၂-ခုနှစ် တပို့တွဲလပြည့်ကျော် (၄)ရက်၊ ၁၉၈၁-ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက် တနင်္လာနေ့။

အခန်း (၃) ပြီး၏၊

နောက်ဆက်တွဲ

ကျောက်သင်္ဘောဝါဒ စွန့်လွှတ်ကြောင်း ဝန်ခံ

ဝိနည်းဓိုရ်အဖွဲ့ သဘာပတိ ဆရာတော်ဘုရားကြီးက စုတိတကများအား မိန့်ကြားသော ဩဝါဒကထာ

ကျောက်သင်္ဘောဝါဒီ ကိုယ်တော်လေးများကို နဲနဲ ပြောစရာရှိသေးတယ်။ ကိုယ်တော်လေးများက စုဒိတကအနေနဲ့ အချေလွှာတင်သွင်းတုန်းက 'ဆရာတော်ဘုရား ..... ဓမ္မဝါဒလို့ အဆုံးအဖြတ် ပေးတော်မူပါဘုရား၊ ဓမ္မဝါဒီလို့လဲ ဆုံးဖြတ်ပေးတော်မူပါဘုရား' လို့ စာတမျက်နှာသာသာလောက် မေတ္တာရပ်ခံ တောင်းပန်ထားတာနဲ့ ဆရာတော်လဲ သနားတဲ့စိတ်နဲ့ စဉ်းစားပါတယ်။ လမ်းမှန်တဲ့နည်းနဲ့ လုပ်ပေးမယ်။ လုပ်ပေးချင်တယ်။ ဒါပေမယ့် စောဒကများက တင်သွင်းသော စောဒနာချက်များကို ဖြေကြရာမှာ စုဒိတကများဟာ တပုစ္ဆာမှ ဓမ္မဝိနယနဲ့အညီ ဖြေရှင်းနိုင်တာ မရှိပါဘူး။ ဒီတော့ ဆရာတော်များကလည်း ဘုရားရှင်၏ မျက်နှာတော်ကိုသာကြည့်ပြီး ထေရဝါဒ ပိဋကတ်တော်များနဲ့ မညီတဲ့ ကျောက်သင်္ဘောဝါဒကို 'အဓမ္မဝါဒ', အဲဒီဝါဒကို လက်ခံယုံကြည် ရေးသား ဟောပြော အားပေးနေကြတဲ့ ရဟန်းရှင်လူများကို 'အဓမ္မဝါဒီ' လို့သာ ဆုံးဖြတ်ချက် ချလိုက်ကြရပါတော့တယ်။

ဒီဆုံးဖြတ်ချက်က နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်များက ချမှတ်တဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် ဘယ်မှာမှ အယူခံလို့ မရပါဘူး။ ဒီတော့ ဦးဇင်းတို့ကို သနားတဲ့အတွက် ဆရာတော် နဲနဲ အကြံပေးချင်တာက အဇာတသတ်မင်းနဲ့ ပတ်သက်တဲ့ သင်ခန်းစာကို ယူဖို့ဖြစ်ပါတယ်။

အဇာတသတ်မင်းဟာ ခမည်းတော်ကို သတ်မိတာနဲ့ အိပ်မပျော်, စားမဝင်နိုင်အောင် ဖြစ်နေရပါတယ်။ နောက်တော့ ဆရာဇီဝကရဲ့ အကူအညီကိုယူပြီး ဘုရားရှင်ထံသွားလို့ အပြစ်ကို အပြစ်အားဖြင့် ထုတ်ဖော်လျှောက်ထား တောင်းပန်တာနဲ့ အိပ်မပျော် စားမဝင်ရောဂါ ပျောက်ကင်းရုံမျှမက မဟာအဝီစိသို့ ကျရောက်နိုင်တဲ့ အပြစ်ဆိုးကြီးမှ လွတ်ပြီး ဥဿဒငရဲငယ်လောက်သာ ကျရောက်ရခြင်းဖြင့် သက်သာတဲ့အကျိုးကို ရရှိသလို အရှင်ဘုရားတို့လဲ နိုင်ငံတော်သံဃမဟာနာယကထံမှာ မိမိတို့အမှားများကို အမှားလို့ ဝန်ခံလျှောက်ထားကြပါ။ အဓမ္မဖြစ်တဲ့ ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်လိုက်ရင် သင့်လျော် ထိုက်တန်တဲ့ အကျိုးတရားများကို ရရှိခံစားခွင့်ရှိတာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံ ခံစားကြရပါလိမ့်မယ်။

ပြီးတော့ နောက်ထပ် အကြံပေးချင်တာ ရှိသေးတယ်။ အဲဒါကတော့ ငါတို့ဘုရားရှင်လဲ အစဉ်သဖြင့် တရားဟောတော်မူလေ့ရှိပါတယ်။ တရားဟောတဲ့အခါမှာ ဒါနကထာ, သီလကထာ စတဲ့ ကထာအစဉ်ဖြင့် ဟောတော်မူလေ့ရှိပါတယ်။ အရှင်ဘုရားတို့ဟာ ဘုရားရှင် ဟောလေ့ရှိသလို ဟောကြရင် ကထာအစဉ်လဲကျ, ဘုရားရှင်အလိုတော်လဲ ကျတဲ့အပြင် အရှင်ဘုရားတို့ လိုလားတဲ့ လာဘ်လာဘတွေလဲ ပေါများပြည့်စုံလာနိုင်ပါတယ်။ အခုတော့ ငါ့ရှင်တို့ဟာ ဘုရားရှင် ဝတ်ရေတော်ကို ဝတ်ပြီး ဘုရားရှင် ဟောသလို မဟောပဲနဲ့ မိစ္ဆာဝါဒ, မိစ္ဆာဓမ္မများကို ဘာကြောင့်များ အမှားမှားအယွင်းယွင်း ဟောချင်ရပါသလဲ။ ဒီလို ဟောချင်တာဟာ လာဘ်လာဘကြောင့် ဆိုရမလို ဖြစ်နေတယ်။ တိတ္ထိဆိုတာ လောဘကြောင့် ဖြစ်တာပဲ။ ကျမ်းဂန်များမှာ အဲသလို ရှိပါတယ်။ ငါ့ရှင်တို့ ယူဆလက်ခံထားကြတဲ့ တိတ္ထိအယူကတော့ 'ဣဒံ သစ္စာဘိနိဝေသ ကာယဂန္ထ' လို့ ခေါ်တဲ့ အယူမျိုး ဖြစ်တယ်။ 'ဣဒမေဝ သစ္စံ မောဃမညံ' ဤငါတို့ အယူသာ မှန်တယ်၊ အခြား တပါးသောပုဂ္ဂိုလ်တို့ အယူအဆတွေဟာ မမှန်ဘူး၊ အချည်းနှီး အလဟဿ အသုံးမကျဘူး။ အဲသလိုယူဆ ဟောပြောနေကြတာဟာ အကုသိုလ် အကြီးအကျယ်ဖြစ်တယ် ငါ့ရှင်တို့။ ဒီလိုနဲ့ သေသွားကြရင် ကုသိုလ်အကျိုးကို မရပဲ အပါယ်လားတတ်ပါတယ်။ အဲဒီတော့ ဆရာတော်များ ပြောတဲ့စကားကို ငါ့ရှင်တို့ လေးလေးနက်နက် စဉ်းစားမှတ်သားပြီး ငါ့ရှင်တို့ အယူဝါဒပြောင်းကြပါ၊ အခုလို အကြံပေး ပြောတာဟာ ကောင်းသော စိတ်စေတနာနဲ့ တိုက်တွန်း ပြောကြားနေခြင်း ဖြစ်ပါတယ်။

ဤသို့ စသည်ဖြင့် ဝိနည်းဓိုရ်အဖွဲ့ သဘာပတိ ဆရာတော်ဘုရားကြီးက အကျယ်အဝံ့ အကြံပြု ဩဝါဒ ဆုံးမစကား မြွက်ကြားတော်မူပါသည်။

ဆက်ကပ်ရန်
ဥက္ကဋ္ဌ
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ချုပ်
ဇမ္ဗုဒီပကျောင်းဆောင်၊ ကမ္ဘာအေးကုန်းမြေ၊
ရန်ကုန်မြို့။

ရက်စွဲ။ ၁၃၄၂-ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄-ရက်၊
၁၉၈၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃-ရက်၊
တနင်္လာနေ့။

အကြောင်းအရာ။ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)၏ ဓမ္မ အဓမ္မ မှုခင်းအမှတ်(၁) ဆုံးဖြတ်ချက်ကို ဆက်ကပ်ပါသည်ဘုရား။

ရည်ညွှန်းချက်။ ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း(၈)ရက်၊ ၁၉၈၁-ခုနှစ် ဇန်နဝါရီလ(၁၃)ရက် နေ့စွဲပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ရွေးချယ်သည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များသာ ပါဝင်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဖွဲ့စည်းခြင်း အမိန့်စာကို ရည်ညွှန်းပါသည်။

ရိုသေစွာ လျှောက်ထားပါသည်ဘုရား-
ယင်းအမိန့်စာအရ လုပ်ထုံး လုပ်နည်း အပိုဒ်(၂၅-၂၆-၃၅)တို့နှင့်အညီ သဘာပတိ ရွေးချယ်တင်မြှောက်ပြီးလျှင် ပုံစံ(၅)ဖြင့် စောဒက, စုဒိတက ဆရာတော်များကို ဆင့်ခေါ်၍ ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း(၁၀)ရက်၊ ၁၉၈၁-ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့ (၁)နာရီအချိန်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ အပရဂေါယာနကျောင်းဆောင် အထက်ထပ် သီးခြား ဝိနိစ္ဆယရုံးခန်း၌ စောဒက, စုဒိတကတို့၏ ပထမအကြိမ် တင်သွင်းခြင်းများကို ကြားနာခဲ့ပါသည်။

၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း(၁၄)ရက်၊ ၁၉၈၁-ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်၊ နေ့(၁)နာရီအချိန်တွင် စောဒကဆရာတော်တို့၏ နောက်ဆုံးတင်သွင်းခြင်းကို ကြားနာခဲ့ကြ၍ ၁၃၄၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၃)ရက်၊ ၁၉၈၁-ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်၊ နေ့(၁)နာရီအချိန်တွင် စုဒိတကဆရာတော်တို့၏ နောက်ဆုံး တင်သွင်းခြင်းကို ကြားနာခဲ့ကြပါသည်။

မှတ်ချက်။ စောဒက, စုဒိတကတို့၏ ထွက်ဆိုချက်များကို စာမူဖြင့် တင်သွင်းစေခဲ့ပါသည်။

ယင်းထွက်ဆိုချက် စာမူများနှင့် သက်သေခံအဖြစ် တင်ပြထားသော ကျောက်သင်္ဘောဝါဒဆိုင်ရာ စာအုပ်, စာတမ်း, တိတ်ခွေများကို ၁၃၄၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၄)ရက်နေ့မှစ၍ နေ့စဉ်နေ့တိုင်း ကြည့်ရှုနားထောင် သုံးသပ်ကြလျက် ဆိုင်ရာ ပိဋကတ်တော်များနှင့်လည်း တိုက်ဆိုင် ညှိနှိုင်းခဲ့ကြပါသည်။

ယင်းသို့ အကြိမ်ကြိမ် အဖန်ဖန် တိုက်ဆိုင်ညှိနှိုင်းကြပြီးနောက် ၁၃၄၂-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁-၂-၄)ရက်နေ့များတွင် ဝိနည်းဓိုရ်ဆရာတော်အားလုံး စုံညီစွာကြွရောက်တော်မူကြ၍ စောဒကဆရာတော်, စုဒိတကဆရာတော်တို့၏ မျက်မှောက်၌ ဤဆုံးဖြတ်ချက်ကို ဖတ်ကြားကာ ချမှတ်ခဲ့ကြပါသည်။

တပည့်တော်များ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)၏ ဆုံးဖြတ်ချက် (ဝိနိစ္ဆယစာတမ်း)ကို ယခု ပူးတွဲဆက်ကပ်ပါသည်ဘုရား။

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဆရာတော်များ
(၁) ဦးသုဒဿန (သဘာပတိ)
(အဂ္ဂမဟာပဏ္ဍိတ)
ကိုင်းကုန်းပါဠိတက္ကသိုလ်၊ ခရမ်းမြို့။
(၂) ဦးဇောတိက (အဖွဲ့ဝင်)
မိုးကောင်းတိုက်၊ မန္တလေးမြို့။
(၃) ဦးသောမာဘိသိရီ (အဖွဲ့ဝင်)
ဘိုးဦးစိန်ကျောင်း၊ ဝေါမြို့။
(၄) ဦးဇောတိပါလ (အဖွဲ့ဝင်)
ကြခတ်ဝိုင်းကျောင်း၊ ပဲခူးမြို့။
(၅) ဦးဝိဇ္ဇောဒယာဘိဝံသ (အဖွဲ့ဝင်)
မင်္ဂလာဇေယျုံကျောင်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
(၆) ဦးကေသရ (အဖွဲ့ဝင်)
အောင်မင်္ဂလာကျောင်းတိုက်၊ သရက်မြို့။
(၇) ဦးဝိမလာဘိဝံသ (အဖွဲ့ဝင်)
ပုခန်းကျောင်းတိုက်၊ ရွှေဘိုမြို့။

အဓမ္မဝါဒဖြစ်သည့် ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်ကြောင်း
ပဋိညာဉ်ပေးသည့် အခမ်းအနား၌ ဆောင်ရွက်ချက်များ

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဆရာတော်များက 'ကျောက်သင်္ဘောဝါဒကို အဓမ္မဝါဒ, ၎င်းဝါဒကို သက်ဝင်ယုံကြည်နေသူများကို အဓမ္မဝါဒီများ' ဟု ဆုံးဖြတ်ကြ၍ ယင်းဆုံးဖြတ်ချက်ကို အမှုတွဲနှင့် တကွ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ အပ်နှံကြပါသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက်ဖွယ်ရာများကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဦးခမာဝုဓ-က အောက်ပါအတိုင်း ရှင်းလင်းဆောင်ရွက်တော်မူပါသည်။

ဆရာတော် ဦးခမာဝုဓ၏ ရှင်းလင်းဆောင်ရွက်ချက်

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ကျောက်သင်္ဘောဝါဒ ဓမ္မ, အဓမ္မ ဝိဝါဒါဓိကရဏ ဝိနိစ္ဆယနှင့်စပ်ပြီး တပည့်တော်တို့ ဆောင်ရွက်ရမည့် ကိစ္စများရှိပါသည်။ ယင်းကိစ္စများမှာ-

(၁) နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် ဆရာတော်ကြီးများက မိမိတို့ ဆုံးဖြတ်ချက်များကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့ အပ်နှင်းခြင်းကိစ္စဖြစ်ပါသည်။ ယင်း ကိစ္စကို သီးခြား ဝိနည်းဓိုရ်အဖွဲ့ သဘာပတိဖြစ်တော်မူသည့် ခရမ်းမြို့ ကိုင်းကုန်းကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘုရားကြီးက နိုင်ငံတော် သံဃမဟာနာယက ဒုတိယအဖွဲ့ခွဲ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ညေင်တုန်း ဆရာတော်ဘုရားကြီးအား ဝိနိစ္ဆယဖြတ်ထုံးကို အမှုနှင့်တကွ လွှဲအပ်သည် ဖြစ်ပါ၍ ယခု လက်ခံပြီးပါပြီဘုရား။

(၂) စောဒကဆရာတော်များက စုဒိတကဆရာတော်များ အပေါ်၌ အာဃာတ, မာန်မာန ထားရှိ၍ မဟုတ်ပဲ အဓမ္မဝါဒများ ပပျောက်၍ ဓမ္မဝါဒများသာ ပေါ်ထွန်းစေလိုသော စေတနာကောင်းများဖြင့်သာ စောဒနာကြပါမည်-ဟု ပဋိညာဉ် ဝန်ခံချက် ထားရှိခဲ့ကြသလိုပင် စုဒိတကဆရာတော်များကလည်း ဝိနည်းဓိုရ်အဖွဲ့၏ ဆုံးဖြတ်ချက်များအတိုင်း လိုက်နာကြပါမည်ဟု ဝန်ခံထားခဲ့ကြပါသည်။ ယင်းသို့ ဝန်ခံထားကြသည်နှင့် လျော်ညီစွာ ယခုအခါ အဓမ္မဝါဒဖြစ်သော ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်ပါကြောင်းနှင့် နောင် အနာဂတ်ကာလ၌လည်း ယင်းအဓမ္မဝါဒကို ဟောပြောခြင်း, ရေးသားခြင်း, ဆွေးနွေးခြင်း, တိတ်ခွေဖွင့်ခြင်း စသော အမှုတို့ကို မိမိတို့ကိုယ်တိုင်လည်း မပြုလုပ်ကြပါ။ တပည့်ဒကာ ဒကာမများကိုလည်း မပြုလုပ်ကြစေရန် တားမြစ်ကြမည် ဖြစ်ကြောင်း ပဋိညာဉ် စာတမ်းကို ဖတ်ကြားကာ ကိုယ်တိုင်ခံဝန်ချက် လက်မှတ်ရေးထိုးကြရန် ဖြစ်ပါသည် ဘုရား။

(၃) ယနေ့ ၁၃၄၂-ခုနှစ် တပို့တွဲလပြည့်ကျော် ၄-ရက် (၁၉၈၁-ခု၊ ဖေဖော်ဝါရီလ ၂၃-ရက်) တနင်္လာနေ့၌ အဓမ္မဖြစ်သော ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်လိုက်ကြသည်နှင့် တပြိုင်နက် သံဃာ့ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ဥပဒေဘောင်အတွင်းသို့ အရှင်ဘုရားတို့ (စုဒိတကများ) သက်ဝင်ပြီးသား ဖြစ်သွားကြပါလိမ့်မည်။ ထိုသို့ သက်ဝင်ပြီးကြောင်း ပေါ်လွင်ထင်ရှား၍ အရှင်ဘုရားတို့ ရရှိသင့်သော အကျိုးတရားများ ရရှိနိုင်ကြရေးအတွက် မိမိတို့ အခြေခံဒေသများသို့ ပြန်ရောက်ကြသည့်အခါမှာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များထံ၌ 'တပည့်တော်တို့သည် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်အခါက အဓမ္မဖြစ်သော ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်ပြီး ဖြစ်ပါကြောင်း' လျှောက်ထားကြရန် ဖြစ်ပါသည်။ တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကလည်း သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယက ဆရာတော်များနှင့် သက်ဆိုင်ရာ အာဏာပိုင်များထံကို အရှင်ဘုရားတို့ ရသင့်ရထိုက်သည့် သံဃာ့အဖွဲ့အစည်း အသီးသီးမှာ ပါဝင်ခွင့်များ ရရှိအောင် ညွှန်ကြားသင့် ညွှန်ကြားထိုက်သော အချက်အလက်များကို မေတ္တာရပ်ခံ ညွှန်ကြားထားပါမည်။ ဆိုခဲ့သည့်အတိုင်း ဆောင်ရွက်ကြပြီး၍ သံဃာ့အဖွဲ့အစည်း၌ ပါဝင်မှသာလျှင် သံဃာ့အဖွဲ့အစည်းများ၌ ပါဝင်သည့် ပုဂ္ဂိုလ်များအားသာ ထုတ်ပေးသော သာသနာဝင်မှတ်တမ်းများကို အရှင်ဘုရားတို့ ရရှိကြမည်ဖြစ်ပါသည်။

ဤသို့ စသည်ဖြင့် ရှင်းလင်း မြွက်ကြားပြီးနောက် ရှင်းလင်းချက်အပိုဒ်(၂)အရ စုဒိတကဆရာတော် ၄-ပါးက အောက်ပါအတိုင်း' ပဋိညာဉ်စာတမ်းကို ရွတ်ဖတ်ကာ ကိုယ်တိုင်ဝန်ခံချက် လက်မှတ်ကို အသီးသီး ရေးထိုးကြပါသည်။

ကိုယ်တိုင် ဝန်ခံချက်စာတမ်းနှင့် လက်မှတ်များ

ပဋိညာဉ်ဝန်ခံချက်အတိုင်း-
(က) အဓမ္မ ဖြစ်သော ကျောက်သင်္ဘော ဝါဒကို စွန့်လွှတ်ပါကြောင်း။
(ခ) နောက် အနာဂတ်ကာလ၌လည်း ယင်းအဓမ္မဝါဒကို ဟောပြောခြင်း, ရေးသားခြင်း, ဆွေးနွေးခြင်း, တိတ်ခွေဖွင့်ခြင်း စသော အမှုတို့ကို မိမိတို့ကိုယ်တိုင်လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် တပည့်ဒါယကာ ဒါယိကာမတို့ကိုလည်း မပြုလုပ်ကြစေရန် တားမြစ်ကြမည်ဖြစ်ပါကြောင်း အောက်တွင် ဝန်ခံချက်လက်မှတ် ရေးထိုးကြပါသည်။

(၁) ဦးဣန္ဒောဘာသ
သက်တော်-၄၅၊ သိက္ခာ-၂၅၊
ရွှေကျောင်း၊ ကြာပိုင်ရွာ၊ မုံရွာမြို့နယ်။

(၂) ဦးဝိသုဒ္ဓ
သက်တော်-၄၉၊ သိက္ခာ-၂၅၊
ကျောက်သင်္ဘောရိပ်သာ၊
ကျောက်ဆည်မြို့။

(၃) ဦးနန္ဒိယ
သက်တော်-၅၉၊ သိက္ခာ-၂၂၊
ငါးစို့တိုက်၊ ကျောက်သင်္ဘောရိပ်သာ၊
မန္တလေးမြို့။

(၄) ဦးကောဝိဒ
သက်တော်-၅၀၊ သိက္ခာ-၂၇၊
ကျောက်သင်္ဘောရိပ်သာ၊
ကျိုက္ကစံဘုရားအရှေ့ဘက်၊
သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)က
ကျောက်သင်္ဘောဝါဒ ဓမ္မ-အဓမ္မ ဝိဝါဒါဓိကရုဏ်းမှုခင်း စစ်ဆေးရန်

(လုပ်ထုံးလုပ်နည်း အပိုဒ် ၄၄-ကို မှီးသည်)

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)

၁၃၄၂-ခုနှစ်၊ ဓမ္မ-အဓမ္မမှုခင်း အမှတ်(၁)

စောဒက- ဦးကုသလ၊ အလင်းရောင်ကျောင်း၊ သရက်မြို့၊ မကွေးတိုင်း။
ဦးကောသလ္လ၊ သိမ်တော်ကျောင်း၊ ချောင်းဦးမြို့၊ စစ်ကိုင်းတိုင်း။
ဦးပဏ္ဍိတ၊ မြောင်တိုက်၊ ဒေးဝန်းအရှေ့ပိုင်း၊ အေလမ်း၊ မန္တလေးမြို့၊ မန္တလေးတိုင်း။

စုဒိတက- ဦးဣန္ဒောဘာသ၊ ရွှေကျောင်း၊ ကြာပိုင်ရွာ၊ မုံရွာမြို့နယ်။
ဦးဝိသုဒ္ဓ၊ ကျောက်သင်္ဘောရိပ်သာ၊ ကျောက်ဆည်မြို့။
ဦးနန္ဒိယ၊ ငါးစို့တိုက်၊ ကျောက်သင်္ဘောရိပ်သာ၊ မန္တလေးမြို့။
ဦးကောဝိဒ၊ ကျောက်သင်္ဘောရိပ်သာ၊ ကျိုက္ကစံဘုရားအရှေ့ဘက်၊သင်္ကန်းကျွန်းမြို့နယ်။

အမှုအကြောင်းအရာ
ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ ဓမ္မ-အဓမ္မ အငြင်းပွားမှု။

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဖွဲ့စည်းသည့်နေ့-
၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း(၈)ရက်၊
၁၉၈၁-ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက် အင်္ဂါနေ့၊

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) အဖွဲ့ဝင်များ
(၁) ဦးသုဒဿန (အဂ္ဂမဟာပဏ္ဍိတ) ကိုင်းကုန်းပါဠိတက္ကသိုလ်၊ ခရမ်းမြို့။
(၂) ဦးဇောတိက မိုးကောင်းတိုက်၊ မန္တလေးမြို့။
(၃) ဦးသောမာဘိသိရီ ဘိုးဦးစိန်ကျောင်း၊ ဝေါမြို့။
(၄) ဦးဇောတိပါလ ကြခတ်ဝိုင်းကျောင်း၊ ပဲခူးမြို့။
(၅) ဦးဝိဇ္ဇောဒယာဘိဝံသ မင်္ဂလာဇေယျုံကျောင်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
(၆) ဦးကေသရ အောင်မင်္ဂလာကျောင်းတိုက်၊ သရက်မြို့။
(၇) ဦးဝိမလာဘိဝံသ ပုခန်းကျောင်းတိုက်၊ ရွှေဘိုမြို့။

မှုခင်းမှတ်တမ်း

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)
သဘာပတိဆရာတော်၏ မှုခင်း စတင်စစ်ဆေးသည်မှ
ပြီးဆုံးသည့်နေ့အထိ ဖြစ်စဉ်မှတ်တမ်း

အမှတ်စဉ်           နေ့စွဲ                         အကြောင်းအရာ                               လက်မှတ်
၁         ၁၃၄၂-ခုနှစ်၊ ပြာသိုလဆန်း ၁၁-ရက်၊        -နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) အဖွဲ့ဝင်ဆရာတော် ခုနစ်ပါးလုံး စုံညီစွာ တက်ရောက်သည်။         (ပုံ) ဦးသုဒဿန သဘာပတိ
          ၁၅-၁-၈၁                               -စောဒကသုံးပါးနှင့် စုဒိတကလေးပါးတို့ လာကြသည်။                      
                                                 -သဘာပတိက နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဝိနိစ္ဆယရုံး ဖွင့်လှစ်ကြောင်း ကြေငြာသည်။                      
                                                 -နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဖွဲ့စည်းသည့်အမိန့်ကို ဖတ်ကြားသည်။                      
                                                 -သဘာပတိမိန့်ခွန်း ပြောကြားသည်။                      
                                                 -စောဒကများ၏ ပထမအကြိမ် တင်သွင်းခြင်းကို ကြားနာ၍ စောဒနာလွှာကို သက်သေခံစာအုပ်, စာတမ်း တိတ်ခွေများနှင့် တကွ လက်ခံသည်။                      
                                                 -စုဒိတကများက စောဒကဆရာတော်များ၏ စွဲချက်ကို ဝန်မခံပဲ ငြင်းဆို ချေပကြပါမည်ဟု ပထမအကြိမ် တင်သွင်းသည့် အနေဖြင့် လျှောက်ထားကြသည်ကို ကြားနာသည်။                      
                                                 -စောဒကများ၏ နောက်ဆုံးတင်သွင်းခြင်းကို စာဖြင့်ရေးသား၍ ဖတ်ကြား တင်သွင်းရန်                    
                                                  ၁၃၄၂-ခုနှစ် ပြာသိုလဆန်း(၁၄)ရက် (၁၉-၁-၈၁) နေ့(၁)နာရီသို့ ချိန်းဆိုလိုက်သည်။                      
၂         ၁၃၄၂-ခုနှစ် ပြာသိုလဆန်း(၁၄)ရက်၊ ၁၉-၁-၈၁     -ဝိနည်းဓိုရ် ဆရာတော် ခုနစ်ပါး စုံညီစွာ တက်ရောက်သည်။                 (ပုံ) ဦးသုဒဿန သဘာပတိ
                                                 -စောဒကသုံးပါးနှင့် စုဒိတကလေးပါးတို့ လာကြ၏၊                    
                                                 -စောဒကများက နောက်ဆုံးတင်သွင်းခြင်း စောဒနာလွှာကို ဖတ်ကြား၍ တင်သွင်းသည်။                  
                                                 -စုဒိတကများ၏ နောက်ဆုံးတင်သွင်းခြင်းကို စာဖြင့် ရေးသား၍ ဖတ်ကြား တင်သွင်းရန်၊                  
                                                  ၁၃၄၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၃)ရက် (၂၃-၁-၈၁)နေ့(၁)နာရီသို့ ချိန်းဆိုလိုက်သည်။                  
၃         ၁၃၄၂-ခုနှစ်၊ ပြာသို                        -ဝိနည်းဓိုရ် ဆရာတော် ခုနစ်ပါးလုံး စုံညီစွာ တက်ရောက်သည်။         (ပုံ) ဦးသုဒဿန သဘာပတိ
          လပြည့်ကျော်(၃)ရက်၊                      -စောဒကသုံးပါးနှင့် စုဒိတကလေးပါးတို့ လာကြ၏၊                    
          ၂၃-၁-၈၁                                -စုဒိတကများက နောက်ဆုံးတင်သွင်းခြင်း စာလွှာကို ဖတ်ကြား တင်သွင်းကြသည်။                
                                                 -ယခု တင်သွင်းထားကြသော စောဒနာ သောဓနာများကို သေချာစွာ သုံးသပ်ကြည့်ရှုပြီး ဆုံးဖြတ်ချက် ချနိုင်မည့်ရက်ကို ကြိုတင် အကြောင်းကြားစေ၍ ချိန်းဆိုမည်ဟု ပြောကြားလိုက်သည်။          
၄         ၁၃၄၂-ခုနှစ် တပို့တွဲ                      -၁၃၄၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၄)ရက် (၂၄-၁-၈၁)နေ့မှစ၍ တပို့တွဲလပြည့်နေ့ထိ နံနက်(၇)နာရီမှ (၉)နာရီခွဲထိတကြိမ်၊ နေ့လည်(၁)နာရီမှ ညနေ(၅)နာရီထိတကြိမ်၊ ည(၇)နာရီမှ (၁၀)နာရီထိ တကြိမ် နေ့စဉ်နေ့တိုင်း အလုပ်ချိန်သတ်မှတ်၍ ဤ ဓမ္မ အဓမ္မ မှုခင်းဆိုင်ရာ ဝိနိစ္ဆယလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ကြသည်။               (ပုံ) ဦးသုဒဿန သဘာပတိ
          လပြည့်
          (၁၉-၁-၈၁)
၅         ၁၃၄၂-ခုနှစ် တပို့တွဲ                    -နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော် ခုနစ်ပါးလုံး စုံညီစွာ တက်ရောက်သည်။         (ပုံ) ဦးသုဒဿန သဘာပတိ
          လပြည့်ကျော် ၁-ရက် (၂၀-၂-၈၁)       -စောဒကသုံးပါးနှင့် စုဒိတကလေးပါးတို့လည်း လာကြသည်။                
                                                -အားလုံး လက်မှတ် ရေးထိုးကြပြီးနောက် သဘာပတိဆရာတော်က ရုံးစတင် ဖွင့်လှစ်ကြောင်း မိန့်ကြားသည်။            
                                                -ထို့နောက် ကျောက်သင်္ဘောဝါဒနှင့် စပ်လျဉ်းသည့် စောဒနာ, သောဓနာချက်များအပေါ် ဝိနည်းဓိုရ်ဆရာတော်တို့၏ အသေးစိတ် သုံးသပ်ချက်များကို ဝိနည်းဓိုရ်ဆရာတော် ဦးကေသရ၊ ဦးဇောတိပါလနှင့် ဦးဝိဇ္ဇောဒယာဘိဝံသတို့က အသီး အသီး ဖတ်ကြားတော်မူကြသည်။          
                                                ညနေ(၄)နာရီအချိန်၌ ရပ်နားလိုက်သည်။          
၆         ၁၃၄၂-ခုနှစ်၊ တပို့တွဲ                    -နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော် ခုနစ်ပါးလုံး စုံညီစွာ တက်ရောက်သည်။         (ပုံ) ဦးသုဒဿန သဘာပတိ
          လပြည့်ကျော် ၂-ရက်၊                    -စောဒကသုံးပါးနှင့် စုဒိတကလေးပါးတို့ လာကြသည်။                
          ၂၁-၂-၈၁                              -အားလုံး လက်မှတ်ရေးထိုးပြီးနောက် နေ့လည်(၁၂)နာရီတိတိအချိန်တွင် သဘာပတိဆရာတော်က ရုံးစတင်ဖွင့်လှစ်ကြောင်း မိန့်ကြားသည်။          
                                                -၎င်းနောက် ကျောက်သင်္ဘောဝါဒနှင့် စပ်လျဉ်းသည့် စောဒနာ သောဓနာများအပေါ် ဝိနည်းဓိုရ်ဆရာတော် ဦးဝိမလာဘိဝံသနှင့် ဦးသောမာဘိသိရီတို့က နှစ်ကြိမ်စီ၊ ဦးဇောတိပါလ, ဦးဝိဇ္ဇောဒယာဘိဝံသနှင့် ဦးကေသရတို့က တကြိမ်စီ အသီးသီး ဖတ်ကြားကြသည်။    
                                                -ညနေ(၆)နာရီတွင် ရပ်နားပြီး လပြည့်ကျော်(၃)ရက်နေ့သည် တနင်္ဂနွေနေ့ဖြစ်၍ ရုံးမဖွင့်တော့ပဲ လပြည့်ကျော်(၄)ရက် တနင်္လာနေ့ နံနက်(၈)နာရီမှ (၁၀)နာရီအတွင်း ဆုံးဖြတ်ချက် ချမည်ဖြစ်သောကြောင့် ၎င်းအချိန်မီအောင် ဤရုံးသို့ လာကြရန် ချိန်းဆိုလိုက်သည်။          
၇         ၁၃၄၂-ခုနှစ်၊ တပို့တွဲ                    -နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော် ခုနစ်ပါးလုံး စုံညီစွာ တက်ရောက်သည်။         (ပုံ) ဦးသုဒဿန သဘာပတိ
          လပြည့်ကျော် ၄-ရက်၊                    -စောဒကသုံးပါးနှင့် စုဒိတကလေးပါးတို့ လာကြသည်။                
          ၂၃-၂-၈၁                                -အားလုံး လက်မှတ် ရေးထိုးကြပြီးနောက် နံနက်(၈)နာရီအချိန်တွင် ရုံးစတင်ဖွင့်လှစ်ကြောင်း သဘာပတိ ဆရာတော်က မိန့်ကြားသည်။        
                                                 -၎င်းနောက် မန္တလေးမိုးကောင်းတိုက်ဆရာတော် ဦးဇောတိက-က ပေါင်းရုံးသုံးသပ်ချက် (ကောက်ချက်) ကိုဖတ်ပြီး သဘာပတိ ကိုင်းကုန်းဆရာတော်ကြီးက ဆုံးဖြတ်ချက်ကို ဖတ်ကြားတော်မူသည်။        
                                                 -ဆက်လက်၍ အစ္စယဒေသနာတော်ကို ဟောကြားလျက် စုဒိတက ဆရာတော်များကို ဆုံးမတော်မူသည်။        
                                                 -၎င်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရုံးတည်ရှိရာ ဇမ္ဗုဒီပ ကျောင်းဆောင် အထက်ထပ်သို့ အားလုံး သွားရောက်၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံ ၁၃၄၂-ခုနှစ်၊ ဓမ္မ အဓမ္မမှုခင်း အမှတ်(၁)ကို ဤမှတ်တမ်းနှင့်အတူ နံနက်(၉)နာရီ (၁၅)မိနစ်အချိန်တွင် အပ်နှံလိုက်ကြ ပါသည်။

စစ်ဆေးခြင်း။
၇။ စောဒကဖြစ်သူ-                   အပိုဒ် (၃၅) (၃၆)
ဦးပဏ္ဍိတ၊ မြောင်တိုက်၊ ဒေးဝန်းအရှေ့ပိုင်း၊ အေလမ်း၊ မန္တလေးမြို့။
အား မိမိသီလကို ဆင်ခြင်အောက်မေ့ရန် သတိပေးပြီးနောက် စောဒကပုဂ္ဂိုလ်က ထွက်ဆိုသည်မှာ-
ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒသာဖြစ်ကြောင်း စောဒနာတင်သွင်း လျှောက်ထားပါသည်။ (စောဒနာလွှာပူးတွဲ)
စာအုပ်(၁၈)မျိုးနှင့် တိတ်ခွေ(၃)ခွေတို့ကို အထောက်အထားအဖြစ် တင်ပြ လျှောက်ထားပါသည်။
စုဒိတကဘက်မှ လက်မခံသော ကျမ်းစာအုပ်(၃)အုပ်မှာ ကျောက်သင်္ဘောဝါဒ စာအုပ်များသာ ဖြစ်ပါသဖြင့် စောဒက စောဒနာလွှာ၌ အဓမ္မဝါဒအဖြစ် တင်သွင်းခြင်းကို လက်ခံပါရန် လျှောက်ထားပါသည်။
ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒ ဖြစ်ကြောင်း ကျမ်းဂန်အထောက်အထားများနှင့် (၁၉-၁-၈၁)နေ့တွင် တင်ပြလျှောက်ထားမည်ဖြစ်ကြောင်း လျှောက်ထားပါသည်။
(ပုံ) ၁-ဦးသုဒဿန (ပုံ) ၄-ဦးဇောတိပါလ (ပုံ) ၃-ဦးသောမာဘိသိရီ (ပုံ) ၂-ဦးဇောတိက (ပုံ) ၇-ဦးဝိမလာဘိဝံသ (ပုံ) ၆-ဦးကေသရ (ပုံ) ၅-ဦးဝိဇ္ဇေဒယာဘိဝံသ

စစ်ဆေးခြင်း။
၈။ စုဒိတကဖြစ်သူ-                   အပိုဒ် (၃၅) (၃၆)
ဦးဣန္ဒောဘာသ၊ ရွှေကျောင်း၊ ကြာပိုင်ရွာ၊ မုံရွာမြို့နယ်။
အား မိမိသီလကို ဆင်ခြင်အောက်မေ့ရန် သတိပေးပြီးနောက် စုဒိတကပုဂ္ဂိုလ်က ထွက်ဆိုသည်မှာ-
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)သည် ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ ဓမ္မ, အဓမ္မအဖြစ် စိစစ်ခြင်းကို ခံယူမည်ဖြစ်ကြောင်း, ကိုယ်တိုင် လက်မှတ်ရေးထိုး ကတိခံဝန်ပြုထားသည့် စာရွက်ပါ လက်မှတ်သည် တပည့်တော်တို့(၄)ပါး၏ ကိုယ်တိုင် လက်မှတ်များ ဟုတ်မှန်ကြောင်း လျှောက်ထားပါသည်။
စာအုပ်(၁၈)မျိုးနှင့် တိတ်ခွေ(၃)ခွေတွဲတို့အနက် စာအုပ်(၃)အုပ်ဖြစ်သော (၁) မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်၊ (၂) နိဗ္ဗာန်ကိုမြင် ဉာဏ်လေယာဉ်၊ (၃) ဓမ္မသာကစ္ဆာ မင်္ဂလာစာအုပ်များသည် ကျောက်သင်္ဘောဝါဒ စာအုပ်များ မဟုတ်ကြောင်း လျှောက်ထားပါသည်။
ထို့နောက် ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒ မဟုတ်ပဲ ဓမ္မဝါဒသာဖြစ်၍ ကျမ်းဂန် အထောက်အထားများနှင့်တကွ တင်ပြမည် ဖြစ်ကြောင်း လျှောက်ထားပါသည်။ (သောဓနာလွှာကို ပူးတွဲထားပါသည်)
(ပုံ) ၁-ဦးသုဒဿန (ပုံ) ၄-ဦးဇောတိပါလ (ပုံ) ၃-ဦးသောမာဘိသိရီ (ပုံ) ၂-ဦးဇောတိက (ပုံ) ၇-ဦးဝိမလာဘိဝံသ (ပုံ) ၆-ဦးကေသရ (ပုံ) ၅-ဦးဝိဇ္ဇေဒယာဘိဝံသ

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) တည်ရာဌာနသို့
စောဒက စုဒိတက ကြွရောက်ရန်
ပင့်လျှောက်စာ

(လုပ်ထုံးလုပ်နည်းများ အပိုဒ်-၃၅)

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)
၁၃၄၂-ခုနှစ် ဓမ္မ အဓမ္မ မှုခင်း အမှတ်(၁)

စောဒက-
ဦးကုသလ၊ အလင်းရောင်ကျောင်း၊ သရက်မြို့၊ မကွေးတိုင်း။
ဦးကောသလ္လ၊ သိမ်တော်ကျောင်း၊ ချောင်းဦးမြို့၊ စစ်ကိုင်းတိုင်း။
ဦးပဏ္ဍိတ၊ မြောင်တိုက်၊ ဒေးဝန်းအရှေ့ပိုင်း၊ အေလမ်း၊ မန္တလေးမြို့တို့နှင့်
စုဒိတက- ဦးဣန္ဒောဘာသ၊ ရွှေကျောင်း၊ ကြာပိုင်ရွာ၊ မုံရွာမြို့နယ်။
ဦးဝိသုဒ္ဓ၊ ကျောက်သင်္ဘောရိပ်သာ၊ ကျောက်ဆည်မြို့။
ဦးနန္ဒိယ၊ ငါးစို့တိုက်၊ ကျောက်သင်္ဘောရိပ်သာ၊ မန္တလေးမြို့။
ဦးကောဝိဒ၊ ကျောက်သင်္ဘောရိပ်သာ၊ ကျိုက္ကစံဘုရားအရှေ့ဘက်၊သင်္ကန်းကျွန်းမြို့နယ်။
တို့၏ ကျောက်သင်္ဘောဝါဒနှင့်ပတ်သက်၍ ဓမ္မ, အဓမ္မအဖြစ် အငြင်းပွားမှုတွင် ၁၃၄၂-ခုနှစ် တပို့တွဲလပြည့်ကျော်(၁)ရက် (၂၀-၂-၈၁) သောကြာနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ဝိနိစ္ဆယ ချမှတ်မည်ဖြစ်ပါသဖြင့် စောဒကနှင့် စုဒိတက နှစ်ဘက်လုံးသည် ဤနိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) တည်ရာဌာန အပရဂေါယာနကျောင်းဆောင် ကမ္ဘာအေးသို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လွှတ်၍ဖြစ်စေ ကြွရောက်ကြရမည်။ မိမိတို့၏ အထောက်အထားအဖြစ် တင်ပြလိုသည့် စာရွက်, စာတမ်း တရပ်ရပ်ကိုလည်း တပါတည်း ယူဆောင်လာကြရမည်။

၁၃၄၂-ခုနှစ်၊ တပို့တွဲလဆန်း(၁၂)ရက် (၁၆-၂-၈၁) တနင်္လာနေ့တွင် ဤ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) တံဆိပ် ရိုက်နှိပ်၍ ကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်သည်။

(ဘဒ္ဒန္တသုဒဿန-အဂ္ဂမဟာပဋိတ)
သဘာပတိဆရာတော်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁)
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။

ရက်စွဲ၊' ၁၃၄၂-ခုနှစ်၊ တပို့တွဲလဆန်း ၁၂-ရက်။
၁၉၈၁-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်။

၁၃၄၂-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၄)ရက်
[၁၉၈၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃-ရက်၊ တနင်္လာနေ့ နံနက်တွင်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမ၌
ကျောက်သင်္ဘောဝါဒ ခေါင်းဆောင် ဆရာတော်(၄)ပါးတို့၏
ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်ကြောင်း ပဋိညာဉ်ပေးသည့်အခမ်းအနား၌
မိန့်ကြားသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလ
ညောင်တုန်း ဆရာတော်ဘုရားကြီး၏ ဩဝါဒကထာ

ယမန်နှစ်က ပြီးခဲ့သော မြန်မာနိုင်ငံ တနိုင်ငံလုံးရှိ ဂိုဏ်းပေါင်းစုံ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအတွက် ဆောင်ရွက်တော်မူလာကြသော သံဃာ့အစည်းအဝေးပွဲကြီးက လမ်းစဉ်ချမှတ်ချက်အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ကြီးမှူးပြီး သီးခြားဝိနည်းဓိုရ်များ ခန့်အပ်ကာ နိုင်ငံတော်အတွင်းမှာ ထိုထိုဤဤ အကြောင်းများအရ စစ်ဆေးသင့် စုံစမ်းသင့် ဆုံးဖြတ်သင့်သည်ဟု ယူဆရသည့် ဝါဒအသီးသီးအနက် ကျောက်သင်္ဘောဝါဒကို စိစစ်ဆုံးဖြတ်ရန်အတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)ကို ဖွဲ့စည်းပေးခဲ့ပါသည်။

ထိုအဖွဲ့တွင် ခရမ်းမြို့ ကိုင်းကုန်းကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘုရားကြီးက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပါသည်။ ဆရာတော်ဘုရားကြီး ကြီးမှူးပြီး ဆောင်ရွက်ခဲ့သည့် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)သည် စိစစ်ဆုံးဖြတ်ခြင်း, စောဒက, စုဒိတက ပုဂ္ဂိုလ်တို့ကလည်း သက်ဆိုင်ရာကိစ္စများကို တင်ပြပြောဆိုခြင်း စသည်ဖြင့် အဘက်ဘက်က ဆောင်ရွက်ခဲ့ကြသည်အားလျော်စွာ ယခု ၁၃၄၂-ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄-ရက် တနင်္လာနေ့ ဤနံနက် ၁၀-နာရီ အချိန်မှာ ကျောက်သင်္ဘောဝါဒကို ဆုံးဖြတ်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စအရပ်ရပ်များကို ဆောင်ရွက်ပြီးဆုံးသွားပါပြီ။

ဤသို့ ကျေနပ်ဖွယ်ရာ အရပ်ရပ်နှင့် ပြီးဆုံး အောင်မြင်သွားသည့်အတွက် တပည့်တော်များ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌအနေဖြင့် အလွန်ပင် ကျေနပ်ဝမ်းမြောက်ခြင်း ဖြစ်ရပါသည်။ ဤသို့ဖြစ်ရသည့် စိတ်နှလုံးချမ်းသာခြင်း, သာယာခြင်းတည်းဟူသော အဝိပ္ပဋိသာရကြောင့် နှစ်သက်ဝမ်းမြောက်ခြင်း ပါမောဇ္ဇ, ပီတိစသော ကောင်းကျိုးတရားများ ဖြစ်ပေါ်လာရခြင်းမှာ ကောင်းသော အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ဤသို့ ကောင်းသော အကြောင်းတရားတွေ ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)၏ အဂတိတရားလေးပါး မလိုက်စားပဲ တရားတော်နှင့်လျော်ညီစွာ ဆောင်ရွက် ဆုံးဖြတ်တော်မူကြခြင်း, စောဒက ဆရာတော်များကလည်း အယောနိသောမနသိကာရ စသော နှလုံး မသွင်းသင့်သည့် အချက်များကို နှလုံးမသွင်းပဲ သာသနာအကျိုးသက်သက်ကို ကြည့်ပြီး အခြားတဘက်အပေါ်မှာလည်း မလိုမုန်းထားစိတ်, မနာလိုစိတ်, ကောဓ, ဥပနာဟ စသော စိတ်ထားမျိုးကို မမွေးမြူကြပဲ လိုအပ်သော ကိစ္စအရပ်ရပ်ကို ပြောဆိုကြ ဆောင်ရွက်ကြတဲ့အတွက် ပြီးပြတ်ရခြင်းဖြစ်ပါသည်။

စုဒိတကဟု ဆိုရသည့် ကျောက်သင်္ဘောဝါဒ ရှိသည့်အတွက် ကျောက်သင်္ဘောဝါဒီဟု ခေါ်ရသော ပုဂ္ဂိုလ်များကလည်း ယခုနေ့ပင်လျှင် ပဋိညာဉ်စာတမ်းကို ကိုယ်တိုင်ရွတ်ဆိုကာ ကိုယ်တိုင် လက်မှတ်ရေးထိုး သွားကြသည်မှာ သူတော်ကောင်းသဘောဖြင့် ကိစ္စအရပ်ရပ်ကို ယောနိသောမနသိကာရ ရှေ့ထားပြီး ကောင်းမြတ်သော နှလုံးသွင်းဖြင့် နာယူကာ သာသနာတော်မှာ အလွန်အရေးကြီးသော ပြောဆိုဆုံးမလွယ်ကူမှု သောဝစ္စဿတာဂုဏ် အပြည့်အဝဖြင့် နာယူဆောင်ရွက်သွားကြ၍ ယခုကဲ့သို့ ချောမောပြေပြစ်စွာ အောင်မြင်ပြီးဆုံး သွားရခြင်း ဖြစ်ပါသည်။

တပည့်တော်များ ဤကိစ္စအတွက် စတင်ဆောင်ရွက်ကတည်းက 'ဤကိစ္စကြီးသည် စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ ဝိပ္ပဋိသာရ တရားတွေ ဘယ်ပုဂ္ဂိုလ် သန္တာန်မှာမှ မဖြစ်ကြပဲနှင့် အားလုံးပင် ယောနိသောမနသိကာရအရှေ့ထား သောဝစ္စဿတာ မင်္ဂလာတရားဖြင့် ပြောဆိုကြ, ပြုမူကြ, ဆောင်ရွက်ကြခြင်းဖြင့် စိတ်နှလုံးချမ်းသာစရာ အဝိပ္ပဋိသာရ အရင်းခံပြီး ထိုမှ တဆင့်တက်ကာ ပါမေဇ္ဇ, ပီတိ စသော ကုသိုလ်တရားတွေ ဖြစ်ပွားပြီး ကိစ္စအရပ်ရပ် သာယာ ပြေပြစ်စွာ ပြီးပြတ်ပါစေ' ဟု ဆုတောင်းပါသည်။ ဆုတောင်းရုံမျှမက တနေ့' ၂-ကြိမ် မေတ္တာလည်း ပို့သခဲ့ပါသည်။

ယခု ဆောင်ရွက်တော်မူကြသည့် ပုဂ္ဂိုလ်အားလုံးသည် ပဋိပက္ခအသွင် မဆောင်ပဲ သာသနာရေးကိစ္စကို ဦးတည်ပြီး ဆောင်ရွက်ကြသောကြောင့်သာ ယခုလို ချောမောပြေပြစ်စွာ ပြီးမြောက်အောင်မြင်ကြခြင်း ဖြစ်ပါသည်။ ဒီကိစ္စကြီးကို စတင်ဆောင်ရွက်စဉ်က တပည့်တော် အင်မတန် ပူပန်မိပါသည်။ ယခုလို အေးအေးချမ်းချမ်း အောင်မြင်သွားတော့ တပည့်တော်များ အားလုံးသည် စိတ်နှလုံး ကြည်သာခြင်း ဟူသော အဝိပ္ပဋိသာရတွေ ဖြစ်ကြရပါသည်။ ထိုမှ တဆင့်တက်ပြီး 'အဝိပ္ပဋိသာရော ပါမောဇ္ဇတ္ထာယ' ဟူသည့် အဋ္ဌကထာစကားအတိုင်း နုသော ပီတိ ဟူသော ပါမောဇ္ဇ ဖြစ်ကြရပါသည်။ ထိုမှ တဆင့်တက်ပြီး 'ပါမောဇ္ဇံ ပီတတ္ထာယ' ဆိုသည့်အတိုင်း အားကြီးသော ပီတိဖြစ်ကြရပါသည်။ ပီတိမှ 'ပီတိ သုခတ္ထာယ' ဆိုသည့်အတိုင်း ပီတိမှ တဆင့်တက်ပြီး ကိုယ်စိတ်ချမ်းသာခြင်း=သုခ ဖြစ်ကြရပါသည်။ 'သုခံ သမာတ္ထောယ' ဆိုသည့်အတိုင်း သုခမှ သမာဓိဖြစ်ကြရပါသည်။ 'သမာဓိ ယထာဘူတဉာဏာယ' ဆိုသည့်အတိုင်း သမာဓိမှ ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်း=ယထာဘူတဉာဏ် ဖြစ်ကြရသည်။ ၎င်းမှ အဆင့်ဆင့်တက်ပြီး ပါရမီအားလျော်စွာ အနုပါဒါ ပရိနိဗ္ဗာန်အား ဥပနိဿယသတ္တိဖြင့် ကျေးဇူး ပြုနိုင်ကြပါလိမ့်မည်။ ထိုသို့ မဖြစ်နိုင်သည်ပဲ ထားပါဦး၊ ထိုတရားတို့၏ အခြေခံတော့ ဖြစ်ကြရပါလိမ့်မည် ဆိုတာကို ပြောကြားလိုပါသည်။ ထိုသို့ဖြစ်ကြရသည့်အတွက် အားလုံးသော ပုဂ္ဂိုလ်များအပေါ်၌ တပည့်တော်တို့သည် စင်ကြယ်သော သာသနိက စိတ်ထားဖြင့် အများကြီး ကြည်ညိုမှု ပွားကြရပါသည်။

ကျောက်သင်္ဘောဝါဒီလို့ သတ်မှတ်ထားကြသည့် ဆရာတော်များသည်လည်း ဘာပဲဖြစ်ဖြစ် ဆရာတော်များ ဆုံးဖြတ်ချက်အတိုင်း ခြွင်းချက်မဲ့ လိုက်နာပါမည်ဟု ဝန်ခံထားကြသည့်အတိုင်း ယခုတင်က ပဋိညာဉ်စာတမ်းကို ဖတ်ကြားရွတ်ဆိုကာ ကိုယ်တိုင်လည်း ဝန်ခံချက် လက်မှတ် ရေးထိုးသွားကြရပါသည်။ ဤပဋိညာဉ်ကို ကိုယ်တော်များ အနေဖြင့် အလွန် တန်ဖိုးထားတော်မူကြလိမ့်မည်။

'သစ္စံ ပုနပိ သစ္စန္တိ ဘုဇ မုက္ခိပျ မုစ္စတေ' ဟု လောကီသက္ကဋကျမ်းများအဆိုအရ 'သစ္စံ၊ မှန်၏၊ ပုနပိ သစ္စံ၊ နောက်ထပ်လည်း မှန်၏၊ ဣတိ၊ ဤသို့။ ဘုဌံ ဥက္ခိပျ၊ လက်ရုံးလက်မောင်းကို မြှောက်တန်း၍။ ဥစ္စတေ၊ ဆိုအပ်၏' ဟု လာရှိသည့်အတိုင်း ယခုအခါ ဝန်ခံချက်စာတမ်း ရွတ်ဆိုကာ ကိုယ်တိုင် လက်မှတ်ရေးထိုး သွားကြသည်နှင့် လျော်ညီစွာ နောင်အစဉ်သဖြင့်လည်း လက်တွေ့ကျကျ လိုက်နာဆောင်ရွက်သွားကြလိမ့်မည်ဟု တပည့်တော်များ ယုံကြည် မြှော်လင့် နှလုံးထားကြပါသည်။ ဤသို့ လိုက်နာ ဆောင်ရွက်သွားကြမည်ဆိုလျှင် သာသနာတော်မှာ သဗြဟ္မစာရီ သီတင်းသုံးဖော်ကောင်းများ အနေဖြင့် တပည့်တော်များက ဆက်ဆံသွားရန် အဆင်သင့်ရှိပါသည်။ ထို့ကြောင့် ဤ ကိစ္စအရပ်ရပ်အတွက် 'ငါတို့ပဋိညာဉ်ကို ငါတို့ တန်ဖိုးထားမည်။ ငါတို့အတွက် ဤသာသနာတော်ကြီးကို မထိခိုက် မညိုးနွမ်းစေရ' ဟူ၍ သူတော်ကောင်း စိတ်ထားမျိုး အစဉ်သဖြင့် ထားနိုင်ကြပါစေဟု ပြောကြားရင်း ဤဩဝါဒကထာကို နိဂုံးချုပ်ပါသည်ဘုရား။

ပရိသတ်များက သာဓုအနုမောဒနာခေါ်ဆို၍ အခမ်းအနားကို အောင်မြင်စွာဖြင့် ရုပ်သိမ်းလိုက်ကြပါသည်။

၁၃၄၂-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၄)ရက် (၂၃-၂-၈၁) တနင်္လာနေ့တွင်

ဇမ္ဗုဒီပကျောင်းဆောင်ရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသော

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ကျောက်သင်္ဘောဝါဒ ဓမ္မ, အဓမ္မဝိဝါဒါဓိကရုဏ်း ဝိနိစ္ဆယအပေါ် ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် အထူးအစည်းအဝေး မှတ်တမ်း

နံနက်ပိုင်း

(၉း၁၅-နာရီမှ ၁၁း၁၅-နာရီ အထိ)

အစည်းအဝေးသို့ တက်ရောက်သူများ

နံနက်ပိုင်း အစည်းအဝေးကို ၉း၁၅-နာရီ အချိန်တွင် စတင်ကျင်းပပါသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)ဝင် ဆရာတော်များ၊ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဝိနည်းဓိုရ်ဆရာတော်များ၊ စောဒက, စုဒိတကဆရာတော်များ၊ သံဃာတော်များနှင့် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းကျော်၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြည်ညွန့် အမှူးပြုသော အရာထမ်း, အမှုထမ်းများ အပါအဝင် ပရိတ်သတ် ၁၀၀-ကျော် တက်ရောက်ကြည်ညိုကြပါသည်။

ဆောင်ရွက်ချက်များ

၁။ အစီအစဉ်(၁)အရ သာသနာတော်တရပ်လုံးနှင့် သက်ဆိုင်သည့် ဓမ္မ, အဓမ္မ အငြင်းပွားလျက်ရှိသော ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဖွဲ့စည်းပေးသော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)က စစ်ဆေး ဆုံးဖြတ်အပ်သော ကျောက်သင်္ဘောဝါဒကို အဓမ္မအဖြစ် ဆုံးဖြတ်ထားသည့် ဝိနိစ္ဆယစာတမ်းကို နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) သဘာပတိ၊ ဥက္ကဋ္ဌ ဘဒ္ဒန္တသုဒဿန (အဂ္ဂမဟာပဏ္ဍိတ) ခရမ်းမြို့ ကိုင်းကုန်းကျောင်းတိုက် ဆရာတော်က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယ အဖွဲ့ခွဲ) ဒုတိယ ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဝိမလ (အဂ္ဂမဟာပဏ္ဍိတ)ထံ အပ်နှံတော်မူပါသည်။

၂။ အစီအစဉ်(၂)အရ

(က) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယ အဖွဲ့ခွဲ) တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဦးခမာဝုဓ-က သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်တော်မူစဉ်ကာလကပင် ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ ဓမ္မ, အဓမ္မ အဖြစ် ဆုံးဖြတ်တော် ယူနိုင်ရန်အတွက် အနယ်နယ် အရပ်ရပ်မှ မေတ္တာရပ်ခံ တိုင်ကြားစာများ ပေးပို့ခဲ့ကြသဖြင့် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အခန်း(၇) အပိုဒ်(၅၇)တွင် 'နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သည် အဓိကရုဏ်း လေးမျိုးတို့အနက် သာသနာတော် တရပ်လုံးနှင့် သက်ဆိုင်သော ဓမ္မ, အဓမ္မစသော အငြင်းပွားသည့် မှုခင်းများကို ဆုံးဖြတ်နိုင်ရန် အလို့ငှာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်များထဲမှ သင့်လျော်သော အရေအတွက်ဖြင့် သီးခြား ဝိနည်းဓိုရ် အဖွဲ့ကို တိုက်ရိုက် ဖွဲ့စည်းပေးရမည်' ဟု သတ်မှတ် ပြဋ္ဌာန်းထားခဲ့ကြောင်း၊ ယင်း ပြဋ္ဌာန်းချက်နှင့်အညီ ဖွဲ့စည်းခဲ့သည့် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)က ကျောက်သင်္ဘောဝါဒကို ဓမ္မ, အဓမ္မအဖြစ် စစ်ဆေး၍ ဝါဒကို အဓမ္မ, လိုက်နာသူများကို အဓမ္မဝါဒီအဖြစ် ဝိနိစ္ဆယ အဆုံးအဖြတ် ပေးခြင်းဖြစ်ကြောင်း၊

(ခ) ယင်းကဲ့သို့ ဝိနိစ္ဆယ ချမှတ်သည့် အမိန့်ကို စုဒိတကဆရာတော်လေးပါးတို့က စွန့်လွတ်လိုက်နာပါမည်ဟု နှုတ်ဖြင့် ပဋိညာဉ် ဝန်ခံချက် ပေးထားပြီးဖြစ်ကြောင်းကို နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) သဘာပတိ ဥက္ကဋ္ဌဆရာတော်ကြီးက အမိန့်ရှိသဖြင့် ယင်း ဝိနိစ္ဆယအမိန့်ကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ထပ်မံ၍ ဖတ်ကြား တင်ပြ လျှောက်ထားခြင်း မပြုတော့ကြောင်း၊

(ဂ) ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ ဓမ္မ, အဓမ္မအဖြစ် ဝိနိစ္ဆယ အဆုံးအဖြတ် မခံယူမီ အချိန်ကပင် စောဒကနှင့် စုဒိတကတို့က 'တပည့်တော်တို့သည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ အဆုံးအဖြတ်နှင့် ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာ ဆောင်ရွက်မည် ဖြစ်ပါကြောင်း' ဖြင့် ပဋိညာဉ် ဝန်ခံကတိများ ပေးထားပြီးခဲ့သဖြင့် ယခု ဝိနည်းဓိုရ် ဆရာတော်ကြီးများထံ၌ ဤအဆုံးအဖြတ်အတိုင်း လိုက်နာပါမည်ဟု ဝန်ခံခဲ့ကြခြင်းသည် ရှေ့နောက် စကားနှစ်ရပ် လိုက်လျောညီညွတ်ခဲ့ပြီးဖြစ်ကြောင်း, လိုက်နာကြရန်အတွက် အနည်းငယ် ဆက်လက်၍ ပြောလိုသည်မှာ တပည့်တော်တို့ သာသနာတော်ထမ်း ရှင်ရဟန်းများသည် လဟုက အာပတ်ကို ဒေသနာကံ ပြုကြရာ၌ ပထမပိုင်း အနေဖြင့် မိမိတို့ ပြုမှားခဲ့သော အပြစ်အာပတ်များကို မကွယ်မမှတ် အချင်းချင်း အပြန်အလှန် ဝန်ခံကြရပါသည် ဒုတိယပိုင်း အနေဖြင့် ဤကဲ့သို့သော အာပတ်မျိုးကို နောင် အနာဂတ် ကာလ၌ မပြုလုပ်တော့ပါဟူသော စောင့်စည်းခြင်း (အာယတိံ သံဝရ) အမှုကို ပြုကြရသလို ယခုလည်း ပထမပိုင်း အနေနှင့် ဝိနည်းဓိုရ် ဆရာတော်ကြီးများ၏ အထံ၌ ဝန်ခံကတိ ပြုခဲ့ကြပေပြီ။ အနာဂတ်ကာလအတွက် မိမိတို့၏ ကျောက်သင်္ဘောဝါဒကို ဟောပြောခြင်း, ရေးသားခြင်း, ဆွေးနွေးခြင်း, တိတ်ခွေဖွင့်ခြင်းစသော ဝါဒဖြန့်မှုများကို တပည့်တော်တို့လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် တပည့်ဒါယကာ ဒါယိကာမများတို့အားလည်း မပြု မလုပ်ကြစေရန် တားမြစ်ပါမည်ဟူသော 'အာယတိံ သံဝရ' အနေဖြင့် ကိုယ်တိုင် ဝန်ခံကတိကို ဖတ်ကြားရန်, ကိုယ်တိုင် လက်မှတ်ရေးထိုးကြရန် လိုအပ်ပါကြောင်း မိန့်ကြားတော်မူပါသည်။

၃။ အစီအစဉ်(၃)အရ စုဒိတက ဆရာတော်လေးပါးတို့က မိမိတို့၏ ပဋိညာဉ် ဝန်ခံချက်အတိုင်း (က) အဓမ္မဝါဒကို စွန့်လွှတ်ပါကြောင်း၊ (ခ) နောင် အနာဂတ်ကာလ၌လည်း ယင်း အဓမ္မဝါဒကို ဟောပြောခြင်း, ရေးသားခြင်း, ဆွေးနွေးခြင်း, တိတ်ခွေဖွင့်ခြင်း စသော အမှုတို့ကို မိမိတို့ ကိုယ်တိုင်လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် တပည့်ဒါယကာ ဒါယိကာမတို့ကိုလည်း မပြုလုပ်ကြစေရန် တားမြစ်ကြမည် ဖြစ်ပါကြောင်းကို ကိုယ်တိုင်ဖတ်ကြားဝန်ခံ၍ ကိုယ်တိုင်လက်မှတ်ရေးထိုး စွန့်လွှတ်ကြပါသည်။

၄။ အစီအစဉ်(၄)အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဦးခမာဝုဓ-က

(က) ယခင် ကျောက်သင်္ဘောဝါဒနှင့် ပတ်သက်၍ ဓမ္မ, အဓမ္မ အငြင်းပွားနေမှုကြောင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် ပါဝင်ခွင့်မရပဲ ကြဉ်ဖယ်ထားခြင်းခံရသော ရဟန်းသံဃာများသည် ယနေ့ ၁၃၄၂-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၄)ရက်၊ (၂၃-၂-၈၁) နေ့တွင် ကျောက်သင်္ဘောဝါဒကို စွန်လွှတ်လိုက်ကြသည့်အတွက် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်(၅)နှင့် အပိုဒ်(၁၁)တို့အရ 'ထေရဝါဒဂိုဏ်း အသီးသီးမှ ရဟန်းသံဃာဟူသမျှသည် သံဃာ့အဖွဲ့အစည်းအတွင်း၌ အလိုအလျောက်ပါဝင်ပြီး မိမိတို့နှင့် သက်ဆိုင်သော ဂိုဏ်းများတွင်သော်လည်းကောင်း၊ အခြေခံစည်းမျဉ်းအရ ဖွဲ့စည်းထားသော နာယကအဖွဲ့ တဖွဲ့ဖွဲ့နှင့် သော်လည်းကောင်း သီးခြားကင်းလွတ်၍ နေထိုင်ခွင့်မရှိပဲ သက်ဆိုင်အကျုံးဝင်သွားပြီဖြစ်သဖြင့် မိမိတို့၏ အခြေခံဒေသရှိ မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ သံဃာ့အဖွဲ့အစည်းများတွင် မိမိတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သော အခွင့်အရေး အကျိုးတရားများကို ရရှိသွားပြီဖြစ်ကြောင်း'၊

(ခ) သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျိုးခံစားခွင့်များ ရရှိနိုင်ရေးအတွက် ကျောက်သင်္ဘောဝါဒီတို့သည် မိမိတို့၏ အခြေခံဒေသရှိ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်များထံသို့ သွားရောက်၍ မိမိတို့သည် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဝိနည်းဓိုရ်ဆရာတော်ကြီးများက ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒဖြစ်ကြောင်း ဝိနိစ္ဆယ ချမှတ်သည့် အချိန်မှစ၍ ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်းကို လျှောက်ထားတင်ပြစေရန်အတွက် လေးလေးနက်နက် တိုက်တွန်း မှာကြားလိုကြောင်း။

(ဂ) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အနေဖြင့်လည်း ထိုကဲ့သို့ ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်ပါကြောင်း လာရောက်၍ ဝန်ခံကတ် လက်မှတ်ရေးထိုးကြသော ရဟန်းသံဃာများကို နိုင်ထက်စီးနင်းသဘောမျိုးမပြပဲ ဘုရားသားတော်များ ဖြစ်ကြသည့်အားလျော်စွာ အချင်းချင်း ချစ်ခင်လေးစားမှုထားပြီး ၎င်းတို့ထံမှ ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်ကြောင်းကို ဝန်ခံကတိ လက်မှတ်ကို ရယူထားရန်နှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၌ ထည့်သွင်းဖွဲ့စည်းရာတွင် ရသင့်ရထိုက်သော အကျိုးခံစားချက်များ အပြည့်အဝ ရရှိအောင် ဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာ သံဃနာယကအဖွဲ့များသို့ အသေးစိတ် စီစဉ် ညွှန်ကြားထားမည် ဖြစ်ကြောင်း မိန့်ကြားတော်မူပါသည်။

၅။ အစီအစဉ်(၅)အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယ အဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌ ရွှေဟင်္သာတောရ ဆရာတော် ဦးဝိမလ (အဂ္ဂမဟာပဏ္ဍိတ)က ကျောက်သင်္ဘောဝါဒတို့သည် ယနေ့ မိမိတို့ အမှားကို မှားမှန်းသိသည်နှင့် တပြိုင်နက် စွန့်လွှတ်ခြင်းသည် သူတော်ကောင်းသဘော သက်ရောက်သဖြင့် သာဓုခေါ်ရကြောင်း၊ အယူမှားခဲ့သော ကျောက်သင်္ဘောအဓမ္မဝါဒကို ယခုအချိန်ကစ၍ စွန့်လွှတ်ကြပါပြီဟု ပဋိညာဉ် ဝန်ခံခြင်းသည် မှန်ကန်သော သစ္စာစကားဖြစ်သည်ဟု ဆရာတော်များ အနေနှင့် ယူဆကြောင်း၊ ယခု မှန်ကန်သည့်နည်းတူ နောင်တွင် ဆက်လက်၍ မုချ မှန်ကန်သူများ ဖြစ်သွားကြလိမ့်မည်ဟု ဆရာတော်များ နှလုံးထားတော်မူကြကြောင်း၊ ပဋိညာဉ်ပြုသည့်အတိုင်း သစ္စာတရား၌ တည်သွားပါလျှင် လောကီ လောကုတ္တရာ ချမ်းသာများကိုလည်း တိုးတက်ရရှိသွားကြမည်ဖြစ်ကြောင်း စသည်ဖြင့် ဩဝါဒကထာ မြွက်ကြားရာ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များနှင့် ပရိသတ်များက သာဓုသုံးကြိမ် အနုမောဒနာပြုကြပြီး (၁၀)နာရီ (၁၅)မိနစ်အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းတော်မူကြပါသည်။

---

မွန်းလွဲပိုင်းတွင် အစည်းအဝေးကို ဆက်လက်ကျင်းပတော်မူကြခြင်း

အစည်းအဝေးကို မွန်းလွဲ(၁)နာရီ (၁၅)မိနစ် အချိန်မှစ၍ ညနေ(၃)နာရီအထိ ကျင်းပပါသည်။

ယင်း အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယ အဖွဲ့ခွဲ) ဆရာတော်(၁၁)ပါးအနက် ဆရာတော် ဦးအာနန္ဒပဏ္ဍိတနှင့် ဆရာတော် ဦးဝါယာမတို့ ခွင့်ပန်ကြ၍ ကျန်ဆရာတော်(၉)ပါး တက်ရောက်တော်မူကြပါသည်။

ဆွေးနွေးဆုံးဖြတ်ချက်များ

၁။ အစီအစဉ်(၁)အရ သဘာပတိ ရွှေဟင်္သာတောရ ဆရာတော် ဦးဝိမလ (အဂ္ဂမဟာပဏ္ဍိတ) က ယခု ကျင်းပသော အစည်းအဝေးသည် သာသနာတော်တရပ်လုံးနှင့် သက်ဆိုင်သော ဓမ္မ အဓမ္မအဖြစ် အငြင်းပွားခဲ့သည့် ကျောက်သင်္ဘောဝါဒ ဝိဝါဒါကရဏဝိနိစ္ဆယနှင့်ပတ်သက်၍ ယနေ့ နံနက်ပိုင်းက အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ခြင်း ခံရသော ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်ကြောင်း ပဋိညာဉ်ပေးသည့် အခမ်းအနားတွင် ဆောင်ရွက်ခဲ့ကြသည့် ဆောင်ရွက်ချက်များအပေါ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အနေဖြင့် အရေးတကြီး ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် အထူးအစည်းအဝေး ခေါ်ယူရခြင်းဖြစ်သဖြင့် ယင်းကိစ္စ ပြေပြစ် ချောမောစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များ အချင်းချင်း ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြရန် မေတ္တာရှေ့ထား၍ တိုက်တွန်းစကား မိန့်ကြားတော်မူပါသည်။

၂။ အစီအစဉ်(၂)အရ ပြည်နယ်/တိုင်းအတွင်း၌ မြို့နယ်အသီးသီးတို့တွင် ကျောက်သင်္ဘောဝါဒကို သက်ဝင်ယုံကြည်ထားကြသည့် ကျောက်သင်္ဘောဝါဒီ ရဟန်းသံဃာတော်များ အနေဖြင့် ကျောက်သင်္ဘောဝါဒ စွန့်လွှတ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတော်မူခဲ့ကြပြီး ကျောက်သင်္ဘောဝါဒကို သက်ဝင်ယုံကြည်သူ ကျောက်သင်္ဘောဝါဒီ ရဟန်းသံဃာ(၁၀၂)ပါးတို့၏ ကိုယ်စား စုဒိတက ဆရာတော်(၄)ပါးတို့က ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်ပါကြောင်း ပဋိညာဉ် ဝန်ခံလက်မှတ်များ ရေးထိုးကာ စွန့်လွှတ်သွားကြပြီး ဖြစ်သော်လဲ ကျန်ရှိနေသော ကျောက်သင်္ဘောဝါဒီ ရဟန်းသံဃာများသည် မိမိတို့၏ အယူဝါဒစွန့်လွှတ်ရေးအတွက် မိမိတို့နေထိုင်သီတင်းသုံးသည့် မြို့နယ်များရှိ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်များထံတွင် ကျောက်သင်္ဘောဝါဒ စွန့်လွှတ်ပါကြောင်း ဝန်ခံကတိလက်မှတ်များ သွားရောက်ရေးထိုးစေရန်နှင့် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များကလည်း ဘုရားသားတော် အချင်းချင်း ညီရင်းအစ်ကိုပမာ ဆက်ဆံ၍ စွန့်လွှတ်ကြောင်း ဝန်ခံကတိ လက်မှတ်များ ရယူထားပြီး ၎င်းတို့အတွက် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများ ညွှန်ကြားချက်များနှင့်အညီ ရသင့်ရထိုက်သော သံဃာ့အခွင့်အရေးများ ရရှိစေရေးအတွက် အလျင်အမြန် ဆောင်ရွက်ပေးကြရန်နှင့် မိမိတို့၏ ဆောင်ရွက်ချက်များကို အထက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်သို့ အစီရင်ခံရန် ဆုံးဖြတ်တော်မူကြပါသည်။

၃။ အစီအစဉ်(၃)အရ ကျောက်သင်္ဘောဝါဒ ဝိဝါဒါဓိကရဏ ဝိနိစ္ဆယကို ကျောက်သင်္ဘောဝါဒီများ လိုက်နာမှု ရှိ မရှိနှင့် လိုက်နာမှု မရှိပါက မည်သို့ဆောင်ရွက်သင့်သည်များကို ဆွေးနွေးတော်မူကြပြီး နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဝိနည်းဓိုရ်ဆရာတော်များက ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒဖြစ်ကြောင်း၊ ယင်းဝါဒကို လက်ခံ ယုံကြည်သူများသည် အဓမ္မဝါဒီများဖြစ်ကြောင်း ဆုံးဖြတ်၍ ယင်း ဆုံးဖြတ်ချက်အရ ကျောက်သင်္ဘောဝါဒီတို့က အဓမ္မဝါဒကို စွန့်လွှတ်ပါကြောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံ ပဋိညာဉ် ဝန်ခံကတိလက်မှတ်များ ရေးထိုးခဲ့ကြသော်လည်း ဆက်လက်လိုက်နာကျင့်သုံးခြင်း မရှိပဲ ဟောပြောခြင်း၊ ရေးသားထုတ်ဝေခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်လှစ်ခြင်း စသော အပြုအမူများ တွေ့ရှိပါက ထိရောက်စွာ တားမြစ်ပိတ်ပင်၍ ယင်းဝါဒနှင့် စပ်သော စာအုပ် စာတမ်း တိတ်ခွေ စသည်တို့ကို သိမ်းဆည်းပေးရေးအတွက် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးသို့ မေတ္တာရပ်ခံရန် ဆုံးဖြတ်တော်မူကြပါသည်။

၄။ အစီအစဉ်(၄)အရ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၁) ဝိနည်းဓိုရ်ဆရာတော်ကြီးများက ကျောက်သင်္ဘောဝါဒသည် အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်ထားပြီးဖြစ်၍ ယင်း အဓမ္မဝါဒကို ဗုဒ္ဓဘာသာဝင် ရဟန်း ရှင်လူ ပြည်သူအများ ဆက်လက်၍ လိုက်နာကျင့်ကြံ အားထုတ်မှုမှ ရှောင်ကြဉ်ကြစေရန်နှင့် လေ့လာ သုံးသပ် ဝေဖန်နိုင်စေရန်အတွက် ကျောက်သင်္ဘောဝါဒ ဓမ္မ အဓမ္မ ဝိဝါဒါဓိကရဏ ဝိနိစ္ဆယစာတမ်းကို သာသနာရေးဦးစီးဌာနမှ စာအုပ်အဖြစ်ရိုက်နှိပ်၍ ဖြန့်ဝေပေးရေးအတွက် သာသနာရေးဦးစီးဌာနသို့ မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ဆုံးဖြတ်တော်မူကြပါသည်။

၅။ အစီအစဉ်(၅)အရ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် ဓမ္မ အဓမ္မ အငြင်းပွားလျက်ရှိသော ကျောက်သင်္ဘောဝါဒကို ဓမ္မ အဓမ္မအဖြစ် အဆုံးအဖြတ်ပေးရန် အတွက် ပြုလုပ်၍ တင်သွင်းသော စောဒကဆရာတော်များ၊ ကျောက်သင်္ဘောဝါဒ ဓမ္မ အဓမ္မ အငြင်းပွားမှု အဓိကရုဏ်းကို ထေရဝါဒနှင့်အညီ သာသနာတော်၏ မျက်နှာတခုတည်းကိုကြည့်၍ အဆုံးအဖြတ်ပေးတော်မူကြသော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)မှ ဝိနည်းဓိုရ်ဆရာတော်ကြီးများနှင့် ယင်း ဝိနည်းဓိုရ်ဆရာတော်ကြီးများက ထေရဝါဒ ပိဋကတ်တော်နှင့်အညီ စစ်ဆေး၍ အဆုံးအဖြတ်ပေးသည်ကို သဘောတူ လက်ခံ၍ အဓမ္မဝါဒဖြစ်သော ကျောက်သင်္ဘောဝါဒကို စွန့်လွှတ်ကြောင်း ပဋိညာဉ် ဝန်ခံကတိ လက်မှတ်ရေးထိုးကြသော စုဒိတက ဆရာတော်များသည် မိမိအယူသာလျှင် မှန်ကန်သည်ဟု ယူစွဲခြင်း (=သံဒိဋ္ဌိပရာမာသီ) မြဲမြံစွာ ယူဆခြင်း (=အာဓာနဂ္ဂါဟီ) စွန့်လွှတ်နိုင်ခဲခြင်း (=ဒုပ္ပဋိနိဿဂ္ဂီ) အမှုများကို စွန့်လွှတ်တော်မူကြသဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က နှလုံးစိတ်ဝမ်း ချမ်းမြေ့စွာဖြင့် သာဓုခေါ်၍ မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်တော် မူကြပါသည်။

၆။ အစီအစဉ်(၆)အရ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)မှ ဝိနည်းဓိုရ် ဆရာတော်ကြီးများက ကျောက်သင်္ဘောဝါဒသည် ထေရဝါဒနှင့် ဆန့်ကျင်သဖြင့် အဓမ္မဝါဒဖြစ်ကြောင်း၊ ယင်းဝါဒကို သက်ဝင်ယုံကြည်သူများသည် အဓမ္မဝါဒီများဖြစ်ကြောင်း ဆုံးဖြတ်တော်မူကြသည်ကို သဘောတူ လက်ခံပြီး စွန့်လွှတ်သူများ အနေဖြင့် ဝိနည်းဓိုရ်ဆရာတော်ကြီးများနှင့် စောဒက ဆရာတော်များအား ငါတို့ကို အဓမ္မဝါဒမှ ကယ်တင်ပေးသဖြင့် ကျေးဇူးတင် ဝမ်းမြောက်ကြမည် ဖြစ်သော်လည်း မစွန့်လွှတ်သူများ အနေဖြင့် အဆိုပါ ဆရာတော်များအပေါ် အာဃာတထားပြီး ရန်ငြိုးပွါးကြမည် ဆိုပါက မလိုလားအပ်သော ပြဿနာ ပေါ်ပေါက်လာဖွယ် ရှိသဖြင့် ဝိနည်းဓိုရ် ဆရာတော်များနှင့် စောဒကဆရာတော်များ သီတင်းသုံးရာ အရပ်ဒေသများ၌ သွားရေး လာရေး နေထိုင်ရေးတို့တွင် ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးစေရေးအတွက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ကာကွယ် စောင့်ရှောက်ပေးရေးအတွက် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန ဝန်ကြီးသို့ မေတ္တာရပ်ခံ ဆုံးဖြတ်တော် မူကြပါသည်။

၇။ အစည်းအဝေးကို ညနေ(၃)နာရီ အချိန်တွင် ရုပ်သိမ်းတော်မူကြပါသည်။

(ဘဒ္ဒန္တ ခမာဝုဓ)
တွဲဖက် အကျိုးတော်ဆောင် ဆရာတော်
စာအမှတ်၊ ၃၃၀/၂/မ ဟ န
နေ့စွဲ။ ၁၃၄၂-ခုနှစ်၊ တပို့တွဲလဆုတ် ၇-ရက်။
၁၉၈၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆-ရက်။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကလမ်းညွှန် (တ) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂...