Skip to main content

အနာဂတ်သာသနာရေး

အနာဂတ်သာသနာရေး

၁။ ဗုဒ္ဓရတနာအခန်း

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဗုဒ္ဓကို ယုံကြပုံ

ဗုဒ္ဓသာဝက ဥပါသကာ အမည်ခံသူတို့သည် ဗုဒ္ဓကို နည်းအမျိုးမျိုးဖြင့် ယုံကြ ကြည်ညိုကြ၏၊ ထိုသို့ ယုံကြ ကြည်ညိုကြရာ၌ ယုံတယ်ဆိုတာ ဘာလဲ၊ နှစ်ပေါင်း ၂၅၀၀ကျော်လောက်က အိန္ဒိယမြောက်ပိုင်း ကပိလဝတ္ထုပြည်၌ သာကိယဇာတ် အမျိုးအမြတ်ဆုံး ခတ္တိယမျိုး၌ဖြစ်သော သုဒ္ဓေါဒနမဟာရာဇာနှင့် မာယာဒေဝီတို့မှ ဖွားမြင်တော်မူပြီးလျှင် တစ်ဆယ့် ခြောက်နှစ်အရွယ်မှ စ၍ ယသော်ဓရာဒေဝီနှင့်အတူ ထီးနန်းစံနေတော်မူစဉ် ၂၉-နှစ် အရွယ်တော်ရောက်သောအခါ လူအို လူနာ လူသေနှင့် ရသေ့ရဟန်း ကို မြင်ရ၍ သံဝေဂဖြစ်တော်မူလေရာ ထိုနေ့ ညဉ့်မှာပင် တောထွက်၍ ရဟန်းပြုတော်မူသည်။

ထို့နောက် ခြောက်နှစ်ပတ်လုံး “အပင်ပန်း အခဲယဉ်းဆုံး”ဟု ဆိုရသော အကျင့်ကို ကျင့်တော်မူလျက် ထိုအကျင့်ဖြင့် ထူးခြားသော တရားကို မရသောကြောင့် ခန္ဓာကိုယ် ပင်ပန်းအားကြီးသော ထို အကျင့်ကို စွန့်လွှတ်၍ (ပင်ပန်းသည်လည်း မဟုတ်, ခံစားမှုလည်း မပါ) “မဇ္ဈိမပဋိပဒါ”ခေါ် အလယ်အလတ်ကျင့်စဉ်ကို ကျင့်ခါမှ ထူးခြားသောတရားကို သိသော ပုဂ္ဂိုလ်တစ်ပါးသည် ဧကန်ဖြစ်ထွန်း ခဲ့ဖူးသည်ဟု ယုံခြင်း၊

“ထိုပုဂ္ဂိုလ်ထူးသည် ထိုအချိန်မှာ ကမ္ဘာလောက၌ မပေါ်သေးသော သစ္စာတရား, အနတ္တတရား, သံသရာလည်ပုံကို ပြသော ပဋိစ္စသမုပ္ပာဒ်တရား, ဗောဓိပက္ခိယတရား စသည်တို့ကို စထွင်၍ ဟောတော်မူခဲ့သည်”ဟု ယုံခြင်း၊

“ထိုပုဂ္ဂိုလ်ထူးသည် သိဖွယ်ဟူသမျှကို (သတ္တဝါတို့အား အကျိုး မများရာဝယ် အကုန်ထုတ်ဖော် မဟောပြခဲ့သော်လည်း) ကိုယ်တော်မြတ်စိတ်ထဲ၌ နက်နက်နဲနဲ ခွဲခွဲခြမ်းခြမ်း အားလုံးစုံအောင် သိတော်မူနိုင်သည်”ဟု ယုံခြင်း၊

ဤသို့စသော ယုံခြင်းများသည် ဗုဒ္ဓအပေါ်၌ ယုံခြင်းဟု ခေါ်ရသော သဒ္ဓါတစ်မျိုးပင်တည်း၊ (သိဖွယ်ဟူသမျှကို အားလုံးစုံအောင် သိသူကို ပါဠိလို “ဗုဒ္ဓ” ဟု ခေါ်သည်၊) စာပေလိုက်စားသော နိုင်ငံခြားသား ခေတ်ပညာရှိတို့လည်း ဗုဒ္ဓ၏ တရားစာတို့ကို ကြည့်ရှု ခြင်း, ကျောက်စာဘက်ဌာနမှ ဗုဒ္ဓ၏အသုံးအဆောင်နှင့် သီတင်းသုံး တော်မူရာဌာနတို့ကို တွေ့ရှိရခြင်းတို့ကြောင့် ထိုအခါက “ဂေါတမဗုဒ္ဓ ဖြစ်ထွန်းခဲ့ဖူးသည်”ဟု ယုံကြပေသည်။

ဗုဒ္ဓကို အာရုံစူး၍ ကြည်နူးရပုံ

ကြည်ညိုဆိုတာ ဘာလဲ၊ ဗုဒ္ဓ၏ အကြောင်းအရာကို တွေး၍နေရသည်မှာ လွန်စွာ စိတ်ကြည်နူးဖွယ် ကောင်းလှ၏၊ ဗုဒ္ဓ၏ ဝါဝင်းသော အသားအရေတော်, အဆက်အလက်ကျနသော ကိုယ်တော်, မေတ္တာသံ ကရုဏာသံ ပညာသံ ဆင်ခြင်တုံသံ အရှည်မျှော်သံတို့ကို အရင်းခံ၍ ထွက်ပေါ်လာသော သာယာနာပျော်ဖွယ် အသံတော်ကို ထိုအချိန်က တိုက်ရိုက် ဖူးမြော်လိုက်ရ, ကြားနာလိုက်ရသူတို့ကို မဆိုထားဘိ ယခုအခါ တစ်ဆင့်ကြားဖြင့် မှန်းဆ၍ ဖူးမြော်ရသူ တို့ပင် မကောင်းစိတ် ညစ်ညူးစိတ် ကိလေသာရာဂစိတ်တွေ ကင်း၍ သန့်ရှင်းကြည်လင်သော စိတ်အစဉ်များ ဖြစ်လာရပေသည်၊ ဤသို့ ဘုရားကို အာရုံစူး၍ ကြည်နူးနေရခြင်းကို “ကြည်ညိုသော သဒ္ဓါ တစ်မျိုး”ဟု ဆိုရပေသည်။

ဘိက္ခုနီကလေးနှင့် အသန္ဓိမိတ္တာ

အခါတစ်ပါး၌ ဗုဒ္ဓရှင်တော် တရားဟောတော်မူစဉ် ဘိက္ခုနီကလေးတစ်ယောက်သည် ဗုဒ္ဓ၏ သပ္ပာယ်သော ရုပ်အဆင်း တော်ကို ဖူးမြော် ကြည်နူးနေရာမှ စိတ်အစဉ်တစ်မျိုး ပေါက်၍ “ငါသည် ဘဝများစွာ ကျင်လည်ရာ၌ ဤ ယောက်ျားမြတ်၏ အလုပ်အကျွေးဖြစ်ခဲ့ရဖူးပါလေရဲ့လား”ဟု စဉ်းစားစိတ် ပေါ်ပေါက်လာလေသည်၊ ထိုဘိက္ခုနီသည် ဆဒ္ဒန္တဇာတ်တော်၌ စူဠသုဘဒ္ဒါ ဖြစ်ခဲ့ဖူးသူပင် ဖြစ်သည်။

အသောက မဟာရာဇာ၏မိဖုရား အသန္ဓိမိတ္တာကား ဘုရား၏ အသံတော်သာယာကြောင်းကို ကြားနာရ၍ မောင်းမများနှင့်အတူ ထိုအသံနှင့် ဆင်တူယိုးမှားကောင်းသော ကရဝိက်ငှက်အသံကို နာခံ ကြည့်ရာ လွန်စွာ ချိုမြသော ကရဝိက်ငှက်အသံမှတစ်ဆင့် ဗုဒ္ဓ၏ အသံတော်ကို မှန်းမျှော်၍ အာရုံပြုနေရင်းပင် စိတ်အစဉ် လွန်စွာ ကြည်နူးရကား ထိုကြည်နူးနေသောစိတ်အစဉ်ကို အနိစ္စ,ဒုက္ခ,အနတ္တ ဟု ဆင်ခြင်နေခိုက်မှာ ကိုယ်လုပ်တော်များနှင့်အတူ သောတာပန် ဖြစ်လေသည်၊ ဤဝတ္ထုများဖြင့် ဗုဒ္ဓအဆင်းတော်နှင့် အသံတော်၏ လွန်စွာ ကြည်နူးဖွယ်ကောင်းကြောင်းကို သိရပေသည်။

ပဏ္ဍိတ်နေရူးနှင့် ဗုဒ္ဓပုံတော်

ဗုဒ္ဓအဆင်းတော်က ကြည့်ရှု ဖူးမြော်သူတို့ စိတ်အစဉ်ကို ကြည်လင် ရွှင်ပျစေနိုင်ပုံမှာ ပြောမယုံ ကြုံဖူးသူတို့မှ သိနိုင်ကြပေမည်၊ ဗုဒ္ဓသည် ရှုချင့်စဖွယ် သပ္ပာယ်ရုံမျှမဟုတ်, ထိုသပ္ပာယ်သော ရုပ်ပုံ တော်အတွင်း၌ သတ္တဝါတို့၏ အကျိုးကို နှစ်နှစ်ကာကာ လိုလား တော်မူသော မေတ္တာတော်နှင့် ကရုဏာ ပညာတော်တို့ကြောင့် မျက်နှာတော်သည် စန္ဒာလမင်းကဲ့သို့ ပဝင်းရွှင်ပျ အေးမြတော်မူပေ သည်၊

ယခုအခါ အိန္ဒိယတစ်တိုင်းလုံး အလေးပြု အခံရဆုံး ခေါင်းဆောင်တစ်ယောက်ဖြစ်သော ပဏ္ဍိတ်နေရူးသည် ခပ်ရွယ်ရွယ် တုန်းက ကျန်းမာရေးအတွက် အနားယူရင်း သီဟိုဠ်ကျွန်းသို့ ဇနီးနှင့် အတူ သွား၍ ရှေးဟောင်း အဆောက်အအုံများကို လှည့်လည် ကြည့်ရှုလေသော် တစ်နေရာ၌ ဗုဒ္ဓပုံတော်ကို အထူးစိတ်ဝင်စားစွာ ကြည့်ရှု၍ မိမိတည်းခိုရာသို့ ရောက်သော်လည်း ထိုဗုဒ္ဓပုံတော်သည် မျက်စိထဲမှ မပျောက်နိုင်အောင်ပင် အာရုံစွဲ၍နေပါသတဲ့။

ထိုသို့ စွဲနေကြောင်းကိုလည်း သီဟိုဠ်မိတ်ဆွေတို့အား ပြောပြခဲ့ သည်၊ အိန္ဒိယသို့ ပြန်ရောက်ပြီးနောက် နိုင်ငံရေးနှင့်စပ်၍ ထောင်ထဲသို့ ရောက်နေသည့်အခါ မိမိလုပ်လိုရာကို မလုပ်ရသဖြင့် စိတ် ညစ်ညစ်ရှိနေခိုက် (အဘိဓမ္မာသဘောအားဖြင့် ဒေါမနဿဖြစ်နေခိုက်မှာ) သီဟိုဠ်ကျွန်းမိတ်ဆွေအထံမှ ယခင်ကကြည်နူးစွာ ဖူးတွေ့ခဲ့ ရသော ဗုဒ္ဓပုံတော်ကို ဓာတ်ပုံရိုက်၍ ပို့လိုက်သောကြောင့် ထိုပုံတော် ကိုပင် စားပွဲပေါ်တင်၍ ဖူးမြင်နေရခြင်းဖြင့် ညစ်ညူးသောစိတ်ကို ကြည်နူးစေခဲ့သည်ဟု သူ၏အတ္ထုပ္ပတ္တိ၌ ထည့်သွင်းပြထားသတတ်၊

ဤသို့လျှင် သက်တော်ထင်ရှား ဗုဒ္ဓကို မဆိုထားဘိ, ဗုဒ္ဓပုံတော်အတုသည်ပင် ပညာရှင်တို့၏စိတ်ကို ဤမျှလောက်ပင် ကြည်လင်လာစေ နိုင်ပေသေး၏၊ သက်တော်ထင်ရှား ဗုဒ္ဓရှင်တော်ဘုရားသည်ကား မည်မျှအထိ ကြည်လင်စေနိုင်လိမ့်မည်ဟု မှန်းဆသင့်တော့သည်၊

ထိုသို့ ကြည်လင်လာသောအခါ အနည်တွေ အောက်သို့ ထိုင်နေ သော ရေသည် ကြည်လင်နေသကဲ့သို့ တဏှာ ရာဂ မာန ဒေါသ ဒေါမနဿ စသော စိတ်ညစ်မှုတွေ ကင်း၍ စိတ်အစဉ်လည်း သန့်ရှင်း ကြည်လင်နေတော့၏၊ ထိုသို့ ကြည်လင်နေမှု, ကြည်နေမှုကို “ကြည်”သဒ္ဓါဟု ဆိုလိုပါသည်။

ကောသလမင်းနှင့် တိတ္ထိဆရာကြီးများ

ထိုဗုဒ္ဓအမည်ခံ ဆရာကြီးတို့သည် “ပူရာဏကဿပ, မက္ခလိဂေါသာလ, နိဂဏ္ဌနာဋပုတ္တ, (သိဉ္စည်းဆရာကြီးဟု ထင်ရှားသော) သဉ္စယဗေလဋ္ဌပုတ္တ, ပကုဓကစ္စာယန, အဇိတကေသကမ္ဗလ”ဟု ၆-ယောက်ရှိ၏၊ တရားလိုက်စားသော လူအများပင် ထိုဆရာကြီးများ ကို တွေ့ဖူးကြ၏၊ အချို့လည်း ထိုဆရာကြီးများထံ တပည့်ခံကြ၏၊

အရှင်သာရိပုတြာနှင့်အရှင်မဟာမောဂ္ဂလ္လာန်တို့၏အလောင်းများပင် သိဉ္စည်းဆရာကြီးထံ တပည့်ခံဖူးကြသည်၊ ထိုဆရာကြီးတို့၏ တပည့် များတွင် ပါဝင်ကြသော အမတ်အချို့တို့သည် မိမိတို့ ဆရာကြီးကို မင်းဆရာ ဖြစ်စေလိုသောကြောင့် ကောသလမဟာရာဇာကို ဆွယ်တရား ဟောကြလေရာ ကောသလမဟာရာဇာလည်း အမတ် အားလုံးနှင့် မဆန့်ကျင်လိုသောကြောင့် “အမတ်မင်းတို့၏ဗုဒ္ဓများကို အမတ်မင်းတို့ကိုယ်တိုင် နန်းတော်သို့ ပင့်ခဲ့ကြပါ”ဟု လွှဲအပ်လေသော် ထိုအမတ်များလည်း မိမိတို့ဆိုင်ရာ ဗုဒ္ဓကို နန်းတော်သို့ မလိုက် လိုက်အောင် အတင်းသွေးဆောင်၍ ပင့်ခဲ့ကြလေသည်၊

ကောသလ မင်းသည် အကောင်း အဆိုး နေရာအမျိုးမျိုးကို ခင်းထားစေနှင့်၍ သူတို့ရောက်လာသောအခါ “သင့်တော်သောနေရာ၌ ထိုင်ကြပါ”ဟု ပြောလေလျှင် ရှင်ဘုရင့်အထက်က မထိုင်ဝံ့သောကြောင့် အညံ့စား နေရာတို့၌သာ ထိုင်ကြလေသည်၊ ထိုသို့ ထိုင်မိကြလျှင်ပင် ရှင်ဘုရင်သည် (တင်းပုတ်ဖြင့် ဦးခေါင်းကို ရိုက်လိုက်သကဲ့သို့) “သင်တို့ ဗုဒ္ဓ ဟုတ်ကြသလား”ဟု တိုက်ရိုက်မေးလေတော့၏၊

ထိုအခါ “ဗုဒ္ဓ ဟုတ်ပါသည်”ဟု ဝန်ခံလျှင် ဗုဒ္ဓနှင့် ထိုက်တန်သော ပြဿနာကို မေးချေက မဖြေနိုင်သော် သာ၍ခက်ကြန်တော့မည် ဖြစ်သောကြောင့် “ဗုဒ္ဓ မဟုတ်ပါဘူး, လူတွေက ထင်နေကြတာပါ”ဟု အမှန်အတိုင်း ဝန်ခံကြသဖြင့် ရှင်ဘုရင်ထံမှ အပြစ်ကင်းစွာ ထွက်ခွာလာခဲ့ကြရ ပေသည်။ [ကောသလသံယုတ်]

အပြင်ရောက်မ တစ်မျိုးညာကြပုံ

လောက၌ ကိုယ့်ပမာဏကို ကိုယ်မသိတတ်သူတွေ အများအပြား ရှိတတ်ပေ၏၊ ထိုလူစားတို့သည် အများက ဝိုင်း၍ မြှောက်သည့်အခါ နတ်ရူး ဗုံနှင့်မြှောက်, ခြေထောက်၍ ကကြလေတော့ သည်၊ ထိုဆရာကြီးခြောက်ယောက်ကား ကိုယ့်ပမာဏကို ကိုယ်မသိလောက်အောင် ထုံထိုင်းသူများ မဟုတ်ကြချေ၊ ထို့ကြောင့် ရှင်ဘုရင့်ရှေ့မှာ“ဗုဒ္ဓမဟုတ်ပါ”ဟု အတိအလင်း ဝန်ခံခဲ့ကြပေသည်။

သို့သော် မိမိကို အများက ဝိုင်း၍ အထင်ကြီးနေကြသည့်အခါ ထိုအထင်ကြီးခံရသော အရသာကို အတော်သာယာနေကြခြင်းသည် ကမ္ဘာ့ဓမ္မတာတစ်ခုကဲ့သို့ ဖြစ်နေ၏၊ ထို့ကြောင့် ထိုဆရာကြီးတို့သည် ကိုယ့်အရည်အချင်းကို “ဗုဒ္ဓအဆင့်အတန်းသို့ မရောက်”ဟု သိကြသော်လည်း လူအများ၏ အထင်ကြီးမှု မပျက်အောင်ကား ဟန်ဆောင်လိုကြပေသေးသည်။

ထို့ပြင် မိမိနှင့် ဆက်ဆံနေသူကို (ဆရာ တပည့်, သား သမီး, သမီး ခင်ပွန်းချင်း စသူကို) မိမိကိုယ်တိုင် အထင်မကြီးပါသော်လည်း အခြားသူတို့ အထင်သေးမည်ကိုကား စို်းရိမ်ကြသေး၏၊ ထို့ကြောင့် ဆရာကြီးခြောက်ယောက်တို့ ရှင်ဘုရင့်အထံ ဝင်ရောက်နေခိုက်မှာ အပြင်ဘက်၌ ကျန်ရစ်ကြသော ဘုရားဒကာ အမတ်ကြီးတို့လည်း “မည်သူ့ဘုရားကို ရာဇဂုရုတံဆိပ်တော် ဆက်ကပ်၍ အသိအမှတ် ပြုလိုက်ကြမည်လဲ”ဟု အသည်းတယားယား အသားတဆတ်ဆတ် ရင်ဘတ်တဒိတ်ဒိတ်နှင့် ကျိတ်၍မျှော်လင့်နေကြဟန်ရှိ၏၊

ထို့ကြောင့် ထိုအရှင်ဆရာကြီးခြောက်ယောက်တို့ နန်းတော်အပေါက်မှ ထွက်လာလျှင် လာချင်း “ကိံ အာစရိယာ ရာဇာ တုမှေ ပဥှံ ပုစ္ဆိတွာ သက္ကာရသမ္မာနံ အကာသိ-ဘယ့်နှယ်လဲ ဆရာတော်ဘုရားတို့… မင်းတရားက အရှင်ဘုရားတို့ကို ပြဿနာမေးမြန်းလျှောက်ထား၍ လေးစားမြတ်နိုးမှုကို ပြုလိုက်ပါရဲ့လား”ဟု မေးမြန်းကြလေသည်၊ ထိုအခါ ထိုဆရာကြီးတို့ ရှေ့နောက်ညီအောင် လိမ်လည်ညာဖြန်း ကြပုံမှာ…

“ရှင်ဘုရင်က ငါတို့ကို ဗုဒ္ဓဟုတ်ကြရဲ့လားဟု တိုက်ရိုက် မေးတယ်၊ ဗုဒ္ဓအရာကနေပြီး ပြဿနာကို ဖြေဆိုဟောပြလျှင် ဒီရှင်ဘုရင်မှာ နားလည်နိုင်သော အရည်အချင်းမရှိဘူး၊ ဒီတော့ သူ နားမလည်တာနဲ့ ငါတို့ကို ပြစ်မှား၍ အကုသိုလ်များရှာလိမ့်မယ်၊ ဒါ့ကြောင့် သူ့ကို သနားသည့်အတွက် “ဗုဒ္ဓမဟုတ်ပါ”ဟု ပြောခဲ့ကြရတယ်၊ “အမှာကံ ဗုဒ္ဓဘာဝေါ ပန ဥဒကေန ဓောဝိတွာပိ ဟရိတုံ န သက္ကာ= ငါတို့ ဘုရားအစစ်ဖြစ်တာကိုတော့ ရေနှင့်ဆေးပစ်တောင် မပျောက်နိုင်ပါဘူး”ဟု ပြောကြလေသည်။

ဗုဒ္ဓအစစ်ကို မယုံနိုင်ကြသေးခြင်း

လောက၌ မစစ် မမှန်သောအရာ, အတုအယောင် ဟန်ဆောင်နေသော သတ္တဝါအများကို တွေ့ကြုံဖူးသူတို့သည် တကယ် အစစ်အမှန်ကို တွေ့ကြရသော်လည်း “ယုန်ထင် ကြောင်ထင်” ထင်နေတတ်သဖြင့် တော်တော်တန်တန်နှင့် မယုံနိုင်ကြသေးပေ၊ အစစ်အမှန်ဖြစ်သူတို့မှာလည်း အတုအယောင်တွေနှင့် ရောနေသဖြင့် “နွားထီးငါးကျပ်, နွားမငါးကျပ်” တန်ဖိုးချင်း ထပ်တူဖြစ်နေ သည့်အတွက် စိတ်ပျက်စရာပေတည်း၊ ထို့ကြောင့် အစစ်အမှန်တို့ သည် စိစစ်စုံစမ်းတတ်သူများနှင့် တွေ့ရမှ တန်ဖိုးမြင့်နိုင်ကြသော ကြောင့် စိစစ်စုံစမ်းနိုင်မည့် ပညာရှိတို့နှင့်သာ များစွာ တွေ့လိုကြ လေသည်။

ဤပြခဲ့သောအကြောင်းကြောင့် ဟန်ဆောင်ဗုဒ္ဓတွေ ထွန်းကားနေသော ထိုအချိန်မှာ ထွန်းပေါ်တော်မူလာရသော ငါတို့ ဗုဒ္ဓကို သတင်းကြားရရုံမျှဖြင့် ရုတ်တရက် မယုံနိုင်ကြသေးချေ၊ သတင်း ကြားလျှင် စုံစမ်းချင်သော ဝါသနာရှင်တို့ ဗုဒ္ဓအထံ လာ၍ စုံစမ်းကြ၏၊ ငါတို့ ဗုဒ္ဓအရှင်မြတ်လည်း ထိုသို့ စုံစုံစမ်းစမ်းနှင့် ကျေချမ်းမှ ယုံကြည်သူကိုသာ ချီးမွမ်းတော်မူလေ့ရှိသည်၊ “သူများ ယောင်လို့ ယောင်, အမောင် တောင်မှန်း မြောက်မှန်း မသိ”သူကို ချီးမွမ်းတော် မမူ။

[ဤနေရာ၌ တိကအင်္ဂုတ္တိုရ်လာ ကာလာမသုတ်တော်ကို ထုတ်ဖော်သင့်၏၊ သို့သော် အလွန်မှတ်ဖွယ်ကောင်းလှ၍ အနာဂတ် သာသနာအခန်းကျမှ ထုတ်ပြပါမည်။]

မှတ်ချက်။ ။ ငါတို့၏ မြန်မာနိုင်ငံ၌ ကိုယ်တိုင် အစဉ်းစားဉာဏ်ရှိသူ နည်းပါးသောကြောင့် ထိုထိုကိစ္စဝယ် အတု အယောင် ဟန်ဆောင်သူတွေ စားလမ်းသောက်လမ်း ဖြောင့်တန်း၍ စန်းပွင့်နေကြလေသည်၊ ထိုသူတွေ စန်းပွင့်နေသလောက်လည်း အစစ်အမှန် ဖြစ်သူများမှာ အောက်ကျ နောက်ကျ ဖြစ်နေကြရ၏၊

ထိုကဲ့သို့ အထက်ရောက်သင့်သူ အောက်ကျ၍ အောက်ကျသင့်သူ အထက်ရောက်လျက် ကမောက်ကမ ဖြစ်နေသမျှလည်း ဤ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသည့်တိုင်အောင် များစွာသော တိုင်းသူပြည်သားတွေ အမှန်ပင် အတန်းမမြင့်နိုင်ဟု ဆိုရဲ၏၊

ထို့ကြောင့် သူများပြောတိုင်း မယုံတတ်ဘဲ ကိုယ်ပိုင်ဉာဏ် စဉ်းစား ဉာဏ်ရှိသူများ ဖြစ်အောင် လူရော ရှင်ပါ တောရွာ မြို့နယ် ဒိစတြိတ်နယ် မကျန် အသိဉာဏ် မြှင့်တင်နိုင်မည့် ဘုန်းတော်ကြီးကျောင်း လူကျောင်းများကို စနစ်ကျကျ တည်ထောင်ပေးဖို့ မမေ့သင့်ကြန်တော့ပြီ။

ဗုဒ္ဓရှင်တော်နှင့် ကောသလမင်း

အရွယ်ငယ်နေ၍ မယုံနိုင်ပုံ

အရွယ်ငယ်နေ၍ ငါတို့ ဗုဒ္ဓရှင်တော် ထွန်းပေါ်တော်မမူမီ မယုံနိုင်ပုံကပင် (ပြခဲ့သည့်အတိုင်း) အတုအယောင် ဟန်ဆောင်ဗုဒ္ဓတို့ ပေါ်ပေါက်နေရကား ကောသလ မဟာရာဇာလည်း ဗုဒ္ဓကို မယုံကြည်သူများတွင် တစ်ယောက်အပါအဝင် ဖြစ်၏၊

ဗုဒ္ဓရှင်တော်မြတ်သည် ဗုဒ္ဓဖြစ်တော် မူပြီးနောက် ဒုတိယဝါ၌ ရာဇဂြိုဟ်မြို့ ဝေဠုဝန်တိုက်တော်မှာ ဝါကပ်တော်မူပါသော်လည်း ထိုဝါတွင်းမတိုင်မီ အနာထပိဏ်သူဌေး၏ ပင့်လျှောက်ချက်အရ သာဝတ္ထိသို့ ကြွတော်မူရာ ထိုအခါ၌ သက်တော် ၃၇ နှစ်မျှ ရှိတော်မူပေဦးမည်၊ ထိုသာဝတ္ထိမြို့သို့ ရောက် တော်မူစဉ် ကောသလမဟာရာဇာလည်း ဗုဒ္ဓအထံသို့ ရောက်လာ၍ ဝမ်းမြောက်ဖွယ်စကားများကို ပြောပြီးလျှင် …

မဟာရာဇာ။ ။ အရှင်ဂေါတမလည်း ဗုဒ္ဓဟု ဝန်ခံပါသလား။ (ဆရာကြီးခြောက်ယောက်ကို သတိရ၍ “အရှင်ဂေါတမလည်း”ဟု သုံးစွဲသည်။)

ဗုဒ္ဓရှင်တော်။ ။ မဟာရာဇာ…ဗုဒ္ဓဟု ပြောလျှင် ငါ့ကို ပြောမှ အမှန်ဖြစ်မည်၊ ငါသည်အလွန် ကောင်းသော ဉာဏ်ကို ရပြီ။

မဟာရာဇာ။ ။ အရှင်ဂေါတမ…နောက်လိုက်နောက်ပါ တပည့်များစွာဖြင့် ဂိုဏ်းဆရာကြီးဖြစ်ကြ သော ပူရာဏကဿပ စသောဆရာကြီးတို့သော်မှ ဗုဒ္ဓဖြစ်ကြောင်းကို ဝန်မခံကြကုန်၊ အရှင်ဂေါတမမှာ အသက်လည်းငယ်, ရဟန်းပြုတာကလည်း မကြာသေးသောကြောင့် ဗုဒ္ဓဟု ဝန်မခံသင့်သေးပါ။ (ရှင်ဘုရင်ဖြစ်သည့်အားလျော်စွာ အထက်ကနေ၍ စီးစီး နင်းနင်း ပြောလေသည်။)

ဗုဒ္ဓရှင်တော်။ ။ မဟာရာဇာ … လေးမျိုးသော အရာတို့ကို သေးငယ်သည်ဟု အထင်မသေးထိုက် ကုန်၊ လေးမျိုးတို့ကား မင်းမျိုးမင်းနွယ်ဖြစ်သော ကလေး, မြွေဆိုး, မီး, ရသေ့တို့တည်း၊ မဟာရာဇာ…မင်းမျိုးမင်းနွယ်ဖြစ်သော သူငယ်ကို “အငယ်ကလေးပဲ”ဟု မလေးမစားပြု လျှင် ရှင်ဘုရင်ဖြစ်သောအခါ ထိုငယ်စဉ်က မလေးမစားခံရမှုကို သတိရ၍ ထိုသူကို ကြီးလေးစွာ အပြစ်ပေးတတ်သည်၊ အဆိပ်ထန်သောမြွေကို “အငယ်ကလေးပဲ”ဟု မလေးမစားပြုလျှင် ထိုမြွေကလေးကိုက်၍လည်း သေနိုင်သည်၊ မီးကို “အငယ် ကလေးပဲ” ဟု မလေးမစားပြုလျှင် မီးကလေးသည် အမှိုက်စသော လောင်စာနှင့် တွေ့သောအခါ ကြီးကျယ်စွာ လောင်တတ်သည်၊ ထို့အတူ သီလသိက္ခာရှိသော သူတော်ကောင်း ရသေ့ ရဟန်းကို “အငယ်ကလေးပဲ”ဟု မလေးမစားပြုပြန်လျှင် သူ၏ သီလ တန်ခိုးကြောင့် အကျိုးမဲ့ ဖြစ်ရတတ်သည်။

မှတ်ချက်။ ။ ကောသလမဟာရာဇာသည် ဉာဏ်ပညာနည်းပါး ရှာ၏၊ ထို့ကြောင့် ဗုဒ္ဓရှင်တော်သည် သူနှင့်တန်ရုံသာ တရားဟောတော်မူ၏၊ ထိုမဟာရာဇာလည်း ထိုမျှလောက် တရားစကားကိုပင် များစွာသဘောကျ၍ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါမည့်အကြောင်းကို လျှောက်ထားလေသည်။

ဤသုတ္တန်၌ “အသက်ကြီးသူနှင့်ရဟန်းပြု၍ ကြာမြင့်သူတွေသာ ဗုဒ္ဓဖြစ်မည်ဆိုလျှင် ဖြစ်တန်ရာ၏၊ အသက်ငယ်ငယ်နှင့် ရဟန်း ပြုခါစ ဖြစ်သူတို့ကား အသိဉာဏ်နည်းပါးဦးမည်သာ”ဟု မဟာရာဇာ ထင်နေခြင်းသည် “အသက်ကြီးသော ဘုန်းကြီးဟူသမျှ စာတတ်ချည်း”ဟု ငယ်စဉ်က ဘုန်းကြီးထင်ခဲ့ခြင်းနှင့် တူလှ၏၊ ယခုကာလ၌ လည်း အသက်သိက္ခာ ကြီးသူတို့၏ စကားကိုသာ အမှန်ဟု ယူလို ကြ၏၊ ရိုသေကို်င်းရှိုင်းရမည့် ကိစ္စ၌ ကြီးသူကို ဂါရဝပြုသင့်၏၊ ပညာရေးဆိုင်ရာ (အသိဉာဏ်ကိစ္စ)၌မူ နဂိုဉာဏ်နှင့် အသင်အကြား (ဗဟုသုတ)များခြင်း လုပ်ရည်ကိုင်ရည် ဝနေခြင်းတို့သာ ပဓာန ဖြစ်ကြောင်း, အသက် အကြီး အငယ်မှာ ပဓာနမဟုတ်ကြောင်း သတိပြုသင့်ကြပေသည်။

ဗုဒ္ဓကို ယုံကြည်လာခြင်း

ကောသလမဟာရာဇာသည် ပင်ကိုဉာဏ် ထက်သန်လှသူ မဟုတ်သောကြောင့် မဂ်ဖိုလ်တရားကို မရထိုက်သော်လည်း ဗုဒ္ဓ ရှင်တော်မြတ်သည် ဝါတော် ၂၀ ရပြီးနောက်၌ သာဝတ္ထိမြို့တော် မှာချည်း ၂၅ ဝါပတ်လုံး သီတင်းသုံးနေတော်မူသောကြောင့် ဗုဒ္ဓကို မကြာခဏ ဖူးတွေ့ခွင့်ရသဖြင့် တရားအမျိုးမျိုး နာရသည့်အတွက် ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ ယုံကြည်သော မဟာရာဇာကြီး တစ်ယောက် ဖြစ်ရပေသည်၊ ဗုဒ္ဓအပေါ်၌ ကောသလမဟာရာဇာ၏ နှစ်နှစ်ကာကာ ယုံကြည်ကြောင်းမှာလည်း သူ၏ နောက်ဆုံးအကြိမ် (နတ်ရွာစံခါနီး၌) လျှောက်ထားသော စကားများဖြင့် ထင်ရှား၏၊

ထိုစကားများသည် မဇ္ဈိမပဏ္ဏာသပါဠိတော်ဝယ် ဓမ္မစေတိယသုတ္တန် ဟူသော နာမည်ဖြင့် လာ၏၊ ထိုသုတ္တန်စကားများကို် ဤနေရာ၌ ထုတ်ပြပါမည်။

မဟာရာဇာကြီး ဗုဒ္ဓကို သတိရပုံ

ကောသလမဟာရာဇာသည် ကိစ္စတစ်စုံတစ်ရာကြောင့် သာကီဝင်မင်းတို့နယ်ပယ်တွင် ပါဝင်သော “နဂရက” နိဂုံးသို့ ရောက်နေ၏၊ သူသည် နောက်လိုက်နောက်ပါ အခြွေအရံများဖြင့် ဥယျာဉ်တစ်ခုသို့ သွား၍ ရှုစားသောအခါ တိတ်တိတ်ဆိတ်ဆိတ် ကြည်နူးဖွယ်ကောင်းသော သစ်ပင်များကို မြင်ရလေသော် ထိုကဲ့သို့နေရာမျိုးဝယ် ဗုဒ္ဓရှင်တော် နှင့် မကြာခဏ တွေ့ခဲ့ရဖူးသဖြင့် ဗုဒ္ဓကို အမှတ်ရလေသည်၊ ထိုအခါ “ကာရာယန”စစ်သူကြီးလည်း အနီးမှာရှိသောကြောင့် ထိုစစ်သူကြီး ကို ပြောသည်မှာ…

“အချင်း ကာရာယန…ဤသစ်ပင်များ၏အောက်ဝယ် အလွန် ကြည်နူးဖွယ်ကောင်းပေသည်၊ လူသံသူသံ မကြားရ၊ သူတစ်ပါး မကြားစေလိုသော စကားကို တိုးတိုးတိတ်တိတ် တိုင်ပင်လိုသူတို့ လည်း အသုံးပြုဖို့ ကောင်းလှ၏၊ ရဟန်းတော်အရှင်မြတ်တို့လည်း ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းကာဖြင့် တစ်ပါးတည်း ကိန်းအောင်းနေဖို့ ကောင်းလှပေ၏၊ ဤကဲ့သို့ နေရာမျိုးဝယ် ဗုဒ္ဓရှင်တော်မြတ်ကို ဆည်းကပ်ခဲ့ရဖူးတယ်၊ ယခုအခါ ဗုဒ္ဓရှင်တော်မြတ်သည် ဘယ်အရပ် မှာ သီတင်းသုံးတော်မူပါသလဲ” ဤသို့ ပြောဆို မေးမြန်းလေလျှင် စစ်သူကြီးက ထိုနေ့၌ပင်အရောက်သွားနိုင်လောက်သော “မေဒါဠုပ” နိဂုံးမှာသီတင်းသုံးတော်မူကြောင်းသံတော်ဦးတင်သဖြင့် ချက်ချင်းပင် ဗုဒ္ဓထံတော်သို့ သွား၍ ရောက်လျှင် ရောက်ချင်း ခြေတော်တို့၌ ဦးတိုက်၍ ခြေတော်ကို ပါးစပ်ဖြင့် စုပ်, လက်ဖြင့်လည်း အားရပါးရ ဆုပ်ကိုင်လေသည်။

ဗုဒ္ဓကို မြတ်နိုးခြင်း၏ အကြောင်း

ထိုသို့ ခြေတော်ကို လွန်စွာ အလေးပြုပြီးသောမဟာရာဇာကို ဗုဒ္ဓရှင်တော်က “ဘယ်အကျိုးထူး ကို မြင်သောကြောင့် ဤ ခန္ဓာကိုယ်အပေါ်မှာ ဤမျှလောက် လွန်လွန်မင်းမင်း ရိုသေ မြတ်နိုးခြင်းကို ပြုရသနည်း”ဟု မေးတော်မူလေရာ “ရှင်တော်မြတ် အပေါ် သမ္မာသမ္ဗုဒ္ဓဖြစ်ကြောင်း, ဓမ္မလည်း ကောင်းစွာ ဟောထား တော်မူကြောင်း, တပည့်သာဝကအပေါင်းလည်း ကောင်းစွာ ကျင့်ကြံ ကြောင်းကို (ပိုင်ပိုင်နိုင်နိုင်ကြီး မဟုတ်စေကာမူ) မှန်းဆ၍ သိနိုင် လောက်သော အသိဉာဏ်မျိုးကို ဒကာတော်မှာ ရနေပါပြီ၊ ထိုသို့ ရခြင်းကြောင့် ရှင်တော်မြတ်အပေါ်၌ ဤမျှလောက်ရိုသေလေးစားမှု ပြုရပါသည်”ဟု လျှောက်ထားပြီးနောက် အသိဉာဏ်ဖြစ်ပေါ်လာရ ခြင်း၏ အကြောင်းများကို ဆက်လက်လျှောက်ထားသည်မှာ…

သာသနာအတွင်းအပ သမဏ ၂ မျိုး

ဗုဒ္ဓအဆုံးအမ (ဗုဒ္ဓသာသနာ)၏ပြင်ပ၌ သမဏအမည်ခံသော ရသေ့များ ရှိကြလေရာ သူတို့သည် ၁၀ နှစ်မှ အနှစ် ၄၀ အထိ မေထုန်ရှောင်ကြဉ်မှု စသောအကျင့်ကို ကျင့်ကြ၍ နောင်ခါ လူထွက်ကြပြီးလျှင် ကာမစည်းစိမ်ကို ခံစားကြ၏၊ ဗုဒ္ဓ၏ အဆုံးအမဖြစ်သော သာသနာတော်၌ကား အသက်ပင် သေရစေ ကာမူ မြတ်သောအကျင့်ကို မစွန့်လွှတ်ဘဲ အသက် ဆုံးအောင် ကျင့်သွားကြသော သမဏတို့ကို တွေ့ရသဖြင့် “အင်း… ဗုဒ္ဓက အစစ်အမှန်ဖြစ်လို့သာ, ဗုဒ္ဓ၏ ဩဝါဒများက မှန်ကန်ကောင်းမြတ်လို့သာ, တပည့်သံဃာများ၏ ကောင်းသောအကျင့် ရှိကြလို့သာ ဤ အရှင်တို့သည် ဤမျှလောက် စောင့်စည်းကြပေသည်”ဟု စိတ်ထဲ၌ မှန်းဆနိုင်သော အသိဉာဏ်ကို ရခဲ့ပါသည်။ [ဤစကားနှင့် စပ်၍ ယခုခေတ် ရဟန်းတော်များ လူထွက်ခြင်း၌ စောဒကတက်ဖွယ် ရှိနေ ၏၊ ထိုအဖြေမှာ ပစ္စက္ခသာသနာအခန်း၌ ထင်ရှားပါလိမ့်မည်။]

ရဟန်းတော်များ ညီညွတ်ပုံ

အရှင်ဘုရား…အကြောင်းတစ်မျိုးမှာ ယခုကာလ၌ မင်း ပုဏ္ဏား, သူဌေး သူကြွယ် စသူတို့သည် အချင်းချင်း မညီမညွတ်ရှိကြပါ၏၊ သားအမိ သားအဖ, မောင်နှမချင်းသော်မှ ငြင်းကြ ခုန်ကြနှင့် မညီညွတ်နိုင်ကြပါ၊ ဗုဒ္ဓ၏ သာဝကဖြစ်ကြသော အရှင်တို့မှာ တစ်ပါး နှင့်တစ်ပါး (နို့ရည်နှင့်ရေ လျောထားသကဲ့သို့) လိုက်လိုက်လျောလျော ရှိကြပုံ, ခင်မင်သောမျက်လုံးဖြင့် အချင်းချင်း ကြည့်ရှုကြပုံကို တွေ့ရပါသည်၊ ဤဗုဒ္ဓ၏ ပရိသတ်လောက် ညီညွတ်သောပရိသတ်ကို အခြားနေရာ၌ မတွေ့နိုင်ပါ၊ ထိုသို့ ညီညွတ်ကြပုံကို မြင်ရခြင်း ကြောင့်လည်း ဗုဒ္ဓ ဓမ္မနှင့် သံဃာတော်များ၏ အမှန်ကောင်းမြတ် ကြောင်းကို မှန်းဆ၍ သိနိုင်သောဉာဏ်ကို ရရှိပါသည်။ [ဤနှင့် စပ်၍ ယခုခေတ် အချို့ရဟန်းများ၏ ရုံးပြင်ကနား သွားရလောက် အောင် ကွဲပြားကြမှုကိုလည်း ပစ္စက္ခသာသနာတော်ခန်း၌ ထင်ရှား စေပါမည်။]

ရဟန်းတို့ကို မြင်ရ၍ စိတ်ဖြစ်ပုံ

မြတ်စွာဘုရား… အကြောင်းတစ်မျိုး ရှိပါသေး၏၊ ဒကာတော်သည် ပိန်ချုံးနေသော ရဟန်းတို့ကို မြင်ရ၍ “ဤ ကိုယ်တော်များသည် သာသနာတော်၌ မပျော်ပိုက်ဘဲ ကျင့်နေကြဟန် တူ၏၊ သို့မဟုတ် သူတို့ ပြုမိသော မကောင်းမှုကို တွေး၍ ပူဆွေးနေကြဟန် တူ၏”ဟု ထင်မိသောကြောင့် ထိုရဟန်းတို့ကို မေးမြန်းသောအခါ နှစ်မျိုးလုံးပင် မဟုတ်ကြဘဲ မျိုးရိုးအလိုက်ပါလာသော ရောဂါရှိနေသူများ ဖြစ်ကြောင်းကို သိရပါသည်၊

ဝဝဖြိုးဖြိုး ရွှင်ရွှင်ပျပျနှင့် ရဟန်း၏ကျင့်ဝတ်ကို ကျင့်ကာ လောကီရေးရာဝယ် လုံ့လ ကြောင့်ကြ ဗျာပါရ မရှိကြန်တော့ဘဲ မာန်တက်ကြွဟန်လည်း မရှိသော ရဟန်းတို့ကို မြင်ရသည့်အခါ၌ကား “အင်း…ဗုဒ္ဓလည်း အစစ်အမှန်, ဓမ္မလည်း ကောင်းစွာ ဟောပြောထားဟန်ရှိ၍ သာဝကသံဃာတွေ ဤမျှလောက် ပျော်ပျော်ရွှင်ရွှင် ကောင်းစွာ ကျင့်တော်မူကြတာ ဖြစ်ပေလိမ့်မည်”ဟု မှန်းဆနိုင်သော အသိဉာဏ် ကို ရရှိခဲ့ပါသည်။

ပရိသတ် ငြိမ်သက်ပုံ

မြတ်စွာဘုရား… အကြောင်းတစ်မျိုး ရှိပါသေး၏၊ ဒကာတော်သည်သတ်နိုင် ဖြတ်နိုင် ဒဏ်တပ်နိုင်သော အာဏာပိုင်တစ်ယောက် ဖြစ်ပါလျက် တရားရုံး၌ ဒကာတော် စကားပြောနေစဉ် တချို့လူတွေ ကြားဝင်၍ ပြောတတ်ကြပါသည်၊ ဒကာတော်က “ငါပြောတုန်း ဝင်မပြောကြ ပါနှင့်”ဟု တားပေမယ့် မရပါ၊ ရှင်တော်ဘုရားသည် ရာပေါင်းများစွာ သောပရိသတ်ဝယ် တရားဟောတော်မူသောအခါ ရှင်တော်ဘုရား၏ သာဝကများစွာဝယ် တစ်ပါးတလေမျှ ချေသံ ချောင်းဟန့်သံ မပြုကြ၊ တစ်ခါတုန်းက ရှင်တော်ဘုရား တရားဟောနေတော်မူစဉ် သာဝက တစ်ပါးက ချောင်းဟန့်လေသော် အခြားကိုယ်တော်က အသာကလေး လက်တို့ပြီး “တိတ်တိတ်နေပါ, အသံမပြုပါနှင့်, ရှင်တော်ဘုရား တရားဟောနေသည်”ဟု တားမြစ်သည်ကို တွေ့ခဲ့ဖူးပါ၏၊

ထိုအခါ ဒကာတော်စိတ်မှာ “ဩော်…တုတ် ဓားလက်နက် ဒဏ် ပေးချက်လည်း မပါဘဲ ယဉ်ကျေးအောင် ပရိသတ်ကို ဆုံးမတော် မူနိုင်ပါပေရဲ့”ဟု ချီးကျူးမိပါသည်၊ ဤမျှလောက် ယဉ်ကျေးပြီးသော ပရိသတ်ကို သာသနာတော်၏ ပြင်ပ၌ မတွေ့ရပါ၊ ဤယဉ်ကျေးပုံကို မြင်ရ၍လည်း ဗုဒ္ဓ ဓမ္မ သံဃာ့အပေါ်ဝယ် အားရကျေနပ်သော (ကြည်ညိုသောသဒ္ဓါနှင့်တကွ) အသိဉာဏ်ကို ရခဲ့ပါသည်။

ပဏ္ဍိတ်တွေ သာဝကဖြစ်ပုံ

အရှင်ဘုရား…အကြောင်းတစ်မျိုး ရှိပါသေး၏၊ ဒကာတော်သည် ပဏ္ဍိတ်မင်း, ပဏ္ဍိတ်ပုဏ္ဏားတွေ ပဏ္ဍိတ်သူဌေးသူကြွယ်တို့ကို တွေ့ရဖူးပါသည်၊ သူတို့သည် သူတို့ ပညာစွမ်းဖြင့် တစ်ဖက်သားတို့၏ အယူဝါဒကို ဖြိုဖျက်နေသကဲ့သို့ ဖြစ်ကြပါကုန်၏၊ သူတို့သည် “မည်သည့် မြို့ရွာနိဂုံးသို့ ရှင်တော်ဘုရား ရောက်လာလိမ့်မည်”ဟု ကြားကြလျှင် အပြစ်တင်ကြဖို့ရန် ခက်ဆစ်ခက်ရာ ပြဿနာတွေကို စီစဉ်၍ ထားနှင့်ကြပါ၏၊

သူတို့၏ ပြဿနာတွေကို “ဘယ်လိုပင် ဖြေဖြေ အပြစ်မကင်းနိုင်သော ပြဿနာတွေ”ဟု သူတို့က ယူဆ၍ အားရ နေကြပါ၏၊ ဗုဒ္ဓရှင်တော် ရောက်တော်မူလာသောအခါ ဗုဒ္ဓရှိရာသို့ သူတို့ လာကြလေရာ ဗုဒ္ဓရှင်တော်သည် သူတို့အား တရားဟောတော်မူသောအခါ သူတို့ လွန်စွာ နှစ်သက်ကြ၍ ပြဿနာလည်း မမေးကြန်တော့, အပြစ်လည်း မတင်ကြန်တော့ဘဲ သူတို့ကိုယ်သူတို့ သာဝက (တပည့်)ဖြစ်ကြောင်းကို ဝန်ခံကြပါသည်၊

ဤသို့ ပဏ္ဍိတ် ကြီးတွေ ကိုယ်တိုင်က သာဝကအဖြစ် ဝန်ခံကြပုံကို မြင်ရသောအခါ ဗုဒ္ဓ၏အစစ်အမှန် ဖြစ်ကြောင်း, ဓမ္မ၏ ကောင်းသောဓမ္မဖြစ်ကြောင်း, သံဃာတော်၏ အကျင့်ကောင်းကြောင်းကို မှန်းဆ၍ သိနိုင်သောဉာဏ် ရရှိပါသည်။

ရှင်ဘုရင်ထက် ဗုဒ္ဓကို လေးစားပုံ

မြတ်စွာဘုရား…အကြောင်းတစ်မျိုး ရှိပါသေး၏၊ ဣသိဒတ္တနှင့် ပူရာဏမည်သော ဗိသုကာကြီးနှစ်ယောက်သည် ဒကာတော်၏ အမှုထမ်းများဖြစ်၍ သူတို့ အသက်မွေးမှု ရိက္ခာအစုကို ဒကာတော် ကပင် ပေးရပါသည်၊ သူတို့ သွားဖို့ရာ ယာဉ်များလည်း ဒကာတော့် ပစ္စည်းပင် ဖြစ်ပါ၏၊ သို့ပါလျက် ဗုဒ္ဓအပေါ်မှာ လေးစားသလောက် ဒကာတော်ကို မလေးစားကြပါ၊ ရှေးတုန်းက ကိစ္စတစ်ခု ကြုံခဲ့ရဖူး သည်မှာ ဒကာတော်သည် စစ်ထွက်ရသည့်အခါ သူတို့ကိုလည်း စုံစမ်းရင်း ကျဉ်းမြောင်းသောနေရာ၌ သူတို့နှစ်ယောက်နှင့်အတူ နေပါသည်။

သူတို့သည် အတော် ညဉ့်နက်အောင် တရားဆွေးနွေးကြစဉ် ဒကာတော်သည် အိပ်ချင်ဟန်ဆောင်နေပါသည်၊ သူတို့ အိပ်ခါနီးသော် “ဘယ်အရပ်ဆီမှာ ဗုဒ္ဓ သီတင်းသုံးနေသလဲ”ဟု သူတို့ချင်း မေးကြ၍ ဗုဒ္ဓ သီတင်သုံးရာဘက်နှင့် ဒကာတော်နေရာဘက်မှာ တစ်ဖက်စီ ဖြစ်နေကြောင်းကို သိကြသဖြင့် ဒကာတော်ဘက်ကို ခြေပြု၍ ဗုဒ္ဓရှိရာဘက်သို့ ဦးခေါင်းပြုပြီး အိပ်ကြပါသည်၊ (အသက် မွေးဝမ်းကျောင်း ဘာတစ်ခုမျှ မရဘဲ) ထိုမျှလောက် ရိုသေလေးစား ပုံကို မြင်၍ အံ့ဩမိကာ ဗုဒ္ဓ၏ အစစ်အမှန်ဖြစ်ကြောင်း, ဓမ္မ၏ ကောင်းသောဓမ္မဖြစ်ကြောင်း, သံဃာ၏ အကျင့်ကောင်းကြောင်း မှန်းဆနိုင်ခဲ့ပါသည်။

အချင်းချင်းဖြစ်၍ လေးစားပုံ

ရှင်တော်မြတ်ကို အလေးအမြတ် ပြုရာ၌ အကြောင်းတစ်မျိုး ရှိပါသေး၏၊ အရှင်မြတ်သည် ခတ္တိယမျိုး(မင်းမျိုးမင်းနွယ်)ဖြစ်၍ ဒကာတော်လည်း ခတ္တိယမျိုးဖြစ်ပါ၏၊ အရှင်မြတ်သည် ကောသလ တိုင်း၌နေ၍ ဒကာတော်လည်း ကောသလတိုင်း၌နေသူ ဖြစ်ပါ၏၊ အရှင်မြတ်သည် သက်တော်ရှစ်ဆယ်ရှိ၍ ဒကာတော်လည်း အသက် ရှစ်ဆယ်ရှိပါပြီ၊ ဤသို့ ဇာတ်တူ နေရပ်တူ အသက်တူ ဖြစ်နေသော ကြောင့်လည်း ရှင်တော်ဘုရားအပေါ်၌ မိတ်ဆွေအပေါ်မှာ မြတ်နိုး သလို မြတ်နိုးပါသည်ဟု လျှောက်လေသည်။

ကောသလမဟာရာဇာသည် ဗုဒ္ဓရှင်တော်မြတ်နှင့် ဤနေရာ၌ နောက်ဆုံးတွေ့ရခြင်း ဖြစ်၏၊ ထိုသို့ တွေ့ပြီးနောက် ထိုညဉ့်၏ မိုးလင်းခါနီးလောက်မှာပင် မဟာရာဇာကြီး ကံတော်ကုန်လေသည်၊ မဟာရာဇာကြီးသည် ရှေးရှေးဘဝများစွာ၌ ဖြည့်ကျင့်ခဲ့သော ပါရမီ နည်းပါးခဲ့သောကြောင့် ပင်ကိုဉာဏ် နည်းပါးရှာရကား ဗုဒ္ဓကို ကြည်ညိုလေးမြတ်သည်ဟု ဆိုရသော်လည်း ဗုဒ္ဓနှင့် ပွန်းပွန်းတီးတီး နီးနီးနားနား နေရပါလျက် မဂ်ဖိုလ်တရားကို မရလိုက်ရှာချေ။

ထို့ကြောင့် ဤအကြောင်းကို ကောင်းကောင်း စဉ်းစားမိသော အမျိုးသား အမျိုးသမီးသည် မိမိ၏ နောင်သံသရာရေးကို တွေးကာ ချွတ်နိုင်မည့် ဗုဒ္ဓရှင်တော်နှင့် တွေ့ရသောအခါ လွယ်ကူစွာ တရား ရနိုင်လောက်အောင် ယခုဘဝ၌ အခြေခံ ပါရမီများကို အဆင်သင့် ကြိုးစားထားသင့်ကြပေ သတည်း။

ဗုဒ္ဓရှင်တော်နှင့် ဗိမ္ဗိသာရမင်း

အလောင်းတော်ကို ပထမတွေ့ခန်း

ငါတို့ ဗုဒ္ဓအလောင်းတော်သည် ရဟန်းပြု၍ မကြာခင် ရာဇဂြိုဟ်မြို့တော်၌ ဆွမ်းခံဝင် တော်မူလေရာ မြို့သူမြို့သားတို့သည် ရုပ်အဆင်းအားဖြင့်လည်းကောင်း, ဣန္ဒြေအားဖြင့်လည်းကောင်း အခြားရသေ့များနှင့် မတူသော ရသေ့တစ်ဦးကို မြင်ကြရသည့်အခါ အထူးအဆန်း တအံ့တဩဖြင့် လှုပ်လှုပ်ရွရွ ကြည့်ရှုကြစဉ် အချို့လူတို့က မဟာရာဇာထံ အမြန်သွား၍ သံတော်ဦးတင်ကြလေသော် ဗိမ္ဗိသာရမဟာရာဇာသည် နန်းတော်ပေါ်မှ ရှုမျှော်ကာ ထူးခြားသော ပုဂ္ဂိုလ်ဟု အထင်ရှိသောကြောင့် မင်းချင်းယောက်ျားသုံးယောက် တို့ကို နောက်က လိုက်သွားစေပြီးလျှင် စုံစမ်း၍ ချက်ချင်းသံတော်ဦး တင်ဖို့ရန် မှာလိုက်လေသည်။

မင်းစေတမန်တို့လည်း နောက်ယောင်ခံ၍ လိုက်သွားကြလေရာ မြို့တော်ပြင်ဘက် ပဏ္ဏဝတောင်ခြေဝယ် ဆွမ်းဘုဉ်းပေးတော်မူ နေသည်ကို တွေ့ရ၍ မင်းစေတစ်ယောက်က မဟာရာဇာထံ သံတော်ဦးတင်လာလေသော် မဟာရာဇာ လိုက်လာ၍ အလောင်းတော်နှင့် နှုတ်ဆက်စကား ပြောဆိုပြီးလျှင် “အရွယ်ကလည်းငယ်ငယ် ကိုယ်နေကိုယ်ဟန်ကလည်း တင့်တယ်၍ အသားအရေ အဆင်းမှာ လည်း ရွှေကဲ့သို့ ဝါဝင်းပါတယ်၊ ကျွန်ုပ်ရဲ့အထင် ပြောရလျှင် ဇာတ်မြင့်သော ခတ္တိယတစ်ပါးဟု ထင်ပါတယ်၊ ကျွန်ုပ်ရဲ့စည်းစိမ်ကို ခွဲ၍ ပေးပါမည် တိုင်းပြည်ကို အုပ်ချုပ်လျက် မဟာရာဇာတစ်ပါး လုပ်ပါ”ဟု ဖိတ်မန်လေသည်။

ဗုဒ္ဓဖြစ်လျှင်ကြွလာရန် ပဋိညာဉ်တောင်းပုံ

ထိုအခါ ဗုဒ္ဓအလောင်းတော်သည် ဟိမဝန္တာ၏ နံပါး သက္ကတိုင်း ကပိလဝတ္ထုပြည်တော်ဝယ် အာဒိစ္စအနွယ် (နေမျိုးနေနွယ်) သာကိယဇာတ် (သာကီမင်းမျိုး)မှ ထွက်ခွာ၍ ရဟန်းပြုခဲ့ကြောင်း, ထီးနန်းစသော ကာမစည်းစိမ်ကို မတောင့်တ တော့ကြောင်း, ကမ္မဋ္ဌာန်းအားထုတ်လိုသော စိတ်သာလျှင် ဖြစ်နေကြောင်းကို မိန့်တော်မူလေရာ မဟာရာဇာလည်း တရားအားထုတ်၍ အသိဉာဏ်အထူးကို ရသည့်အခါ (ဗုဒ္ဓဖြစ်သည့်အခါ) မိမိနိုင်ငံ တော်သို့ ပထမ (ခပ်စောစော) ကြွလာဖို့ရန် ပဋိညာဉ်တောင်းသဖြင့် အလောင်းတော်လည်း ပဋိညာဉ်ပေးပြီးလျှင် တရားထူးကို ရှာဖွေ တော်မူလေသည်။

ဗုဒ္ဓဖြစ်မှ ပြန်၍တွေ့ကြပုံ

ရှင်တော်ဘုရားသည် ဗုဒ္ဓဖြစ်သောအခါ ပထမဝါ၌ ဗာရာဏသီမြို့အနီး ဣသိပတန မိဂဒါဝုန်တောဝယ် ဝါကပ်တော်မူပြီး၍ ဝါကျွတ်သည့်အခါ ထိုဝါတွင်း၌ ရဟန္တာဖြစ်ကြသော ၆ကျိပ်သော ရဟန်းတော်တို့ကို ထိုထိုဤဤ ဒေသစာရီလှည့်လည်၍ တရား ဟောပြောဖို့ရန် စေလွှတ်တော်မူပြီးလျှင် ကိုယ်တော်တိုင်လည်း ဥရုဝေလတောသို့ ကြွတော်မူကာ ဥရုဝေလရသေ့အမှူးရှိသော ရသေ့တစ်ထောင်ကို တရားဟောတော်မူသည်၊

ထိုသို့ တရားဟော တော်မူ၍ ရဟန္တာဖြစ်ကြသော ဘိက္ခုတစ်ထောင် ခြံရံတော်မူလျက် ရာဇဂြိုဟ်မြို့၏အနီး ထန်းတောဥယျာဉ်ကြီးဝယ် ရောက်လာတော် မူကြောင်းကို ကြားလျှင်ကြားချင်း ဗိမ္ဗိသာရမဟာရာဇာသည် တစ်သိန်းနှစ်သောင်းသော ပုဏ္ဏားသူကြွယ်တို့နှင့်အတူ ထွက်တော်မူကာ ဗုဒ္ဓ၏ ခြေတော်တို့ကို ရှိခိုးဦးတိုက်လာလေသော် မိမိတို့ နယ်တွင် အကြည်ညို အများဆုံးခံရသော ဥရုဝေလရသေ့ကြီး ကိုယ်တိုင်က ဗုဒ္ဓ၏တပည့်(သာဝက) ဖြစ်နေကြောင်းကို သိကြရသဖြင့် ဗုဒ္ဓအပေါ်၌ သာ၍ ယုံကြည်နေကြသော ပရိသတ်အပေါင်းအား မဟာနာဒရဇာတ်တော်ကို ဟောပြ၍ သစ္စာလေးပါးကိုလည်း ပြတော်မူရာ အတူပါလာသော တစ်သိန်းနှစ်သောင်းတွင် တစ်သိန်း တစ်သောင်းသော ပရိသတ်နှင့် အတူ ဗိမ္ဗိသာရ မဟာရာဇာ သောတာပန် ဖြစ်လေသည်။ [တစ်သောင်းလောက်ကား ရတနာ သုံးပါးကို ယုံကြည်သော ဥပါသကာလောက်သာ ဖြစ်သည်။]

မဟာရာဇာနှစ်ဦး ဓာတ်ခံမတူပုံ

ကောသလမဟာရာဇာသည် ဗုဒ္ဓကို ပထမအကြိမ် တွေ့စဉ်က မလေးမစားပင် စကား ပြောသေး၏၊ ဗုဒ္ဓနှင့်စပ်၍ ဓာတ်ခံနည်းပါးလှ၏၊ ထို့ကြောင့်လည်း နောက်နောင်အခါဝယ် ဗုဒ္ဓကို ယုံကြည်ပါလျက် မူလဓာတ်ခံ ညံ့ခဲ့မှုကြောင့် မည်သည့် တရားထူးကိုမျှ ရသည်ဟု စာဆိုမတွေ့ရချေ၊

ဗိမ္ဗိသာရမဟာရာဇာကား ဗုဒ္ဓမဖြစ်မီကပင် တိုင်းပြည်စည်းစိမ်ကိုပါ လွှဲအပ်နိုင်လောက်အောင် ဗုဒ္ဓအလောင်း၏ အသရေတော်ကို ကျေနပ်ခဲ့၏၊ ဗုဒ္ဓဖြစ်လာသောအခါ ၌ကား သစ္စာလေးပါး တရားအမှန်ကို ပထမ ကြားရလျှင်ပင် သောတာပန်ဖြစ်သွားလေသည်၊ ဗိမ္ဗိသာရမဟာရာဇာသည် ဗုဒ္ဓကို ယုံကြည်မှုနှင့်စပ်၍ မူလဓာတ်ခံ အင်မတန် ကောင်းခဲ့သူပေတည်း၊

ဤသို့ မဟာရာဇာနှစ်ဦးတို့ မူလဓာတ်ခံချင်း ကွာခြားသလောက် တရားထူး ရ, မရ ကွာခြားမှုကို သတိပြုကာ မိမိအတွက် တရားဘက် ဆိုင်ရာ ဓာတ်ခံကောင်းသူဖြစ်အောင် ထူထောင်သင့်ကြပေသည်။

ဗုဒ္ဓရှင်တော်နှင့် ဗြဟ္မာယုပါမောက္ခ

ဥတ္တရလုလင်စေလွှတ်ပုံ

အိန္ဒိယ၌ ယခုအခါ နေရူး စသော ပဏ္ဍိတ်တို့ကဲ့သို့ ဓနရှင်ပညာတတ် ဇာတ်မြင့်သော ဗြာဟ္မဏ (ဗြဟ္မမင်း-ပုဏ္ဏား)လူမျိုးတို့သည် သူတို့ ကိုယ်တိုင် လူအများကို ပညာနှင့် ဩဝါဒပေးသော ဆရာကြီးတွေ ဖြစ်ပေရကား ဗုဒ္ဓထွန်းပေါ်တော်မူလာသောအခါ ထိုဗြာဟ္မဏတို့ သည် ဗုဒ္ဓအပေါ်၌ အထင်မကြီးနိုင်ကြသေးချေ၊

ထိုသို့ ဗုဒ္ဓကို အထင် မကြီးနိုင်ကြသော်လည်း သူတို့ကိုယ်တိုင် ပညာရှိကြီးများ ဖြစ်သော ကြောင့် ဧကန်ဗုဒ္ဓအစစ် ဖြစ်ကြောင်းကို သိသည့်အခါ တပည့် သာဝက ခံဖို့ရန်လည်း ဝန်မလေးကြပေ၊ ထို့ကြောင့် ဗုဒ္ဓ၏ ဂုဏ်သတင်းများ တစ်စ တစ်စ ပျံ့နှံ့လာရာ မိထိလာမြို့ “ဗြဟ္မာယု” မည်သော ပါမောက္ခဆရာကြီးလည်း ကြားရသဖြင့် သူကိုယ်တိုင် စုံစမ်းချင်စိတ်ဖြစ်သော်လည်း ဗုဒ္ဓအတုနှင့်တွေ့နေလျှင်“မဆင်မခြင် သွားရမလား”ဟု အများကဲ့ရဲ့ဖွယ်ဖြစ်မည်စိုးသောကြောင့် ကိုယ်တိုင် မသွားဘဲ သူ၏လက်ထောက် “ဥတ္တရ”မည်သော ဆရာကလေးကို ခေါ်၍…

“ဥတ္တရ…သာကိယဇာတ် ခတ္တိယမျိုးမှ ထွက်၍ ရဟန်းပြုသော အရှင်ဂေါတမသည် ငါတို့ ဝိဒေဟတိုင်းမှာ ဘိက္ခုများစွာ ခြံရံလျက် လှည့်လည်နေတယ်၊ ထိုအရှင်ဂေါတမ၏ ဂုဏ်သတင်းလည်း အလွန် ကျော်ကြားတယ်၊ ထိုအရှင်ဂေါတမ အထံသို့ သွား၍ ကျော်ကြား သလောက် ဟုတ်, မဟုတ်ကို စုံစမ်းပါချေ”ဟု ပြောလေသည်။

ဥတ္တရ။ ။ ကျော်ကြားသလောက် ဟုတ်, မဟုတ်ကို ဘယ်လိုနည်းဖြင့် သိရပါမည်လဲ။

ဆရာကြီး။ ။ (ဝေဒကျမ်းဂန်မှာ ဗုဒ္ဓစသူတို့၏ လက္ခဏာတွေကိုပြသော ဂါထာမန္တန်ပေါင်း တစ်သောင်းခြောက်ထောင် ရှိ၏၊ ထိုမန္တန်တို့တွင် ဗုဒ္ဓဆိုင်ရာ ဂါထာတို့ကို ညွှန်ပြပြီးလျှင်) “ဤ ဂါထာမန္တန်တို့၌ ပါသော လက္ခဏာများနှင့် နှိုင်းယှဉ်စုံစမ်းရမည်၊ ထိုလက္ခဏာနှင့် ညီညွတ်သူသည် လူ့ဘောင်မှာနေလျှင် စကြာမင်း, တောထွက်လျှင် ဗုဒ္ဓ ဖြစ်ရမည်။”

ဗုဒ္ဓလက္ခဏာတွေ့ရပုံ

ဥတ္တရလုလင်သည် ဗုဒ္ဓအထံတော်သို့ ရောက်၍ ဗုဒ္ဓ၏ ရုပ်လက္ခဏာတို့ကို ဝေဒမန္တန်နှင့် ညီ, မညီ စုံစမ်းလေရာ (လက္ခဏာတော် ၃၂ ပါး ရှိသည်တွင် ၃၀ တို့မှာ အပြင်၌ မြင်နိုင်သောကြောင့် မန္တန်နှင့်ညီညွတ်ကြောင်းကို သိရသော်လည်း) အင်္ဂါဇာတ်တော်နှင့် လျှာတော်မှာ အတွင်းဖြစ်နေသော ကြောင့် မမြင်နိုင်ရကား ထိုလက္ခဏာနှစ်ပါး အတွက် ယုံမှားသံသယဖြစ်နေသည်ကို သိတော်မူသော ဗုဒ္ဓရှင်တော် မြတ်သည် လျှာတော်ကို ထုတ်တော်မူ၍ လက်ဝဲ လက်ယာ နှာခေါင်းနှင့် နားတွင်းတို့ကိုလည်း သုံးသပ်ပြတော်မူ၏၊ နဖူးတော်ကိုလည်း ဖုံးပြတော်မူ၏၊ ထိုသို့ ပြတော်မူသဖြင့် လျှာတော်၏ ရှည်ကြောင်း ပြန့်ကျယ်ကြောင်းကို သိသွားလေသည်၊

အင်္ဂါဇာတ်တော်ကိုကား တိုက်ရိုက်ပြ၍ မဖြစ်နိုင်သောကြောင့် အဝတ်တွင်း၌ရှိသော အင်္ဂါ၏ ပုံသဏ္ဌာန်ကို (ဓာတ်ပုံပြသကဲ့သို့) အရိပ်မျှပြတော်မူလေသော် အအိမ်ဖြင့် ဖုံးကာ ပဒုမ္မာကြာတိုက်နှင့် ပုံသဏ္ဌာန်တူ၍ ရွှေအဆင်းရှိသော အင်္ဂါဇာတ်တော်ကို မြင်ရသောကြောင့် ဗုဒ္ဓလက္ခဏာ အားလုံးညီညွတ်နေကြောင်းကို သိရလေသည်။

အနေအထိုင်ကို စုံစမ်းပုံ

ဥတ္တရလုလင်သည် ဆရာကြီးက လက္ခဏာကိုသာ စုံစမ်းဖို့ရန် စေခိုင်းသော်လည်း “ဘယ်ပုံ ဘယ်နည်း နေထိုင်သလဲ”ဟု မေးလျှင် မဖြေနိုင်မည်စိုးသောကြောင့် ဗုဒ္ဓ၏ အနေအထိုင်ကိုပါ သိလိုသဖြင့် ဗုဒ္ဓ၏ နေပုံ ထိုင်ပုံ ဟောပုံ ပြောပုံ ပရိသတ်နှင့် ဆက်ဆံပုံ ဤအလုံးစုံကို ဆက်လက် စုံစမ်းလေသည်၊

ကာလအတန် ကြာလျှင် “ဗုဒ္ဓဟုတ်, မဟုတ် စုံစမ်းနေသောလုလင်”ဟု အသိများလာရကား ဗုဒ္ဓကို ဆွမ်းဘုဉ်းပေးရန် ပင့်သူတို့သည် ဥတ္တရလုလင်ကိုပါ ဖိတ်မန်ကြလေသည်၊ ဥတ္တရလည်း ဗုဒ္ဓနောက်က တကောက်ကောက် လိုက်ကာ ဆွမ်းအကပ်ခံပုံ, ဆွမ်းဘုဉ်းပေးပုံ, ဆွမ်းဘုဉ်း ပေးပြီးနောက် သပိတ်ဆေးပုံ, ထို့နောက် ဆွမ်းတရား ဟောပုံ, ထိုမှ ပြန်လာ၍ ရဟန်းများ ဆွမ်းစားပြီးချိန်ကို စောင့်ဆိုင်း တော်မူပြီးလျှင် ရဟန်းတော်များ လာသည့်အခါ ဂန္ဓကုဋိ (ဘုရား ကျောင်းတော်)၏ ဆင်ဝင်စမုတ်၌ ရပ်တော်မူ၍…

“ဘိက္ခုတို့…ကုသိုလ်ကိစ္စ၌ မမေ့တတ်သော သတိဖြင့် သီလ သမာဓိ ပညာကို ပြည့်စုံအောင် အားထုတ်ကြ၊ ကမ္ဘာလောကဝယ် ဗုဒ္ဓဖြစ်ချိန်မှာ လွန်စွာ ကြုံကြိုက်ခဲလှသည်၊ ထိုသို့ ခဲယဉ်းစွာသော ဗုဒ္ဓဖြစ်ချိန်နှင့် ကြုံကြိုက်ပါသော်လည်း မိမိကိုယ်တိုင်က လူ့ဘဝကို ရဖို့အရေးလည်း မလွယ်ကူသေးချေ၊ ဗုဒ္ဓဖြစ်ချိန်မှာ မိမိကိုယ်တိုင်က လူ့ဘဝကို ရနေစေကာမူ (အထုံအထိုင်း အ-အနှင့် မိစ္ဆာအယူ ရှိသူမျိုး မဟုတ်ဘဲ)သဒ္ဓါ ပညာ သမ္မာအယူစသော သမ္ပတ္တိအမျိုးမျိုး နှင့် ပြည့်စုံဖို့ရန် အင်မတန် ခဲယဉ်းပြန်၏၊ ထိုသို့ သမ္ပတ္တိနှင့် ပြည့်စုံ စေကာမူ ဃရာဝါသ ကိစ္စများမြောင် လူ့ဘောင်ကို စွန့်ခွာ၍ လွတ်လွတ်ကျွတ်ကျွတ် တရားအားထုတ်နိုင်ခွင့်ရသော ပဗ္ဗဇိဘဝကို ရဖို့ အရေးမှာ သာ၍ ဝေးသေး၏၊ (ပဗ္ဗဇိတ ဟူရာ၌ ရသေ့ဘဝ, ရဟန်းဘဝ နှစ်မျိုးနှင့် ဆက်ဆံနေသောကြောင့်) ထိုပဗ္ဗဇိတဘဝကို ရနေသော်လည်း ဗုဒ္ဓ၏ သစ္စာလေးပါးနှင့်စပ်သောတရားကို နာယူဖို့ အရေးလည်း ခဲယဉ်းသေး၏။”

“သင်တို့မှာကား ဗုဒ္ဓ၏ ဖြစ်ပေါ်ချိန်မှာ လူ့ဘဝကို ရ၍ သဒ္ဓါ ပညာ စသော သမ္ပတ္တိအမျိုးမျိုးနှင့် ပြည့်စုံသော ဗုဒ္ဓသာဝကများ ဖြစ်ကြပြီးလျှင် သစ္စာလေးပါးနှင့်ယှဉ်သော တရားတို့ကို နာယူကာ ခဲယဉ်းဖွယ်ဟူသမျှကို အပြည့်အစုံ ရကြသောကြောင့် အမှတ်တမဲ့ ပေါ့ပေါ့ဆဆ မနေကြဘဲ သတိကြီးစွာ ထား၍ သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို ပြည့်ဝစုံလင်အောင် ကြိုးစားကြရမည်” ဤသို့ ဩဝါဒပေးတော်မူပြီးလျှင် ဂန္ဓကုဋိသို့ ဝင်တော်မူသည်။ [ဤဩဝါဒပေးတော်မူခြင်းကား တစ်ရက်မက နေ့စဉ်လောက်ပင်ဖြစ်သည်။]

စုံစမ်းပြီးပြန်ပုံ

ဥတ္တရလုလင်သည် ဂန္ဓကုဋိသို့ ဝင်၍ ဗုဒ္ဓနေထိုင်ပုံကို စုံစမ်း၏၊ ဗုဒ္ဓသည် တစ်ခဏမျှ လဲလျောင်းနေဖို့ရန် အခြင်းအရာကို ပြသောအခါ လုလင်သည် ဂန္ဓကုဋိမှ ထွက်နေ၏၊ ဗုဒ္ဓသည် တစ်ခဏမျှ လဲလျောင်း၍ ထတော်မူပြီးလျှင် ဖလသမာပတ်ကို ဝင်စားတော်မူ၏၊ [ယခုကာလ ကမ္မဋ္ဌာန်း ထိုင်သကဲ့သို့ နိဗ္ဗာန်ကို အာရုံပြု၍ စိတ်အစဉ် ဖြစ်နေစေမှုကို ဖလသမာပတ် ဝင်စားသည်ဟု ခေါ်၏။]

သမာပတ်ဝင်စားတော် မူပြီးနောက် တရားနာဖို့ရန် ပရိသတ်များ ရောက်လာကြောင်းကို သိတော်မူ၍ တရားဟောရာ ဓမ္မာရုံသို့ ကြွတော်မူကာ တရားဟောတော်မူစဉ် လုလင်လည်း အနီးမှာ ထိုင်၍ “ဘယ်လိုစကားမျိုးကို ပြောသလဲ၊ ပရိသတ်ကို မြှောက်နေသလား, သို့မဟုတ် နှိမ့်ချ ပြောနေသလား”စသည်ဖြင့် အကဲခတ်နေ၏၊ ဤနည်းအားဖြင့် ဗုဒ္ဓကို စုံစမ်းနေသည်မှာ (၇)လလောက် ကြာသွားလေသည်၊ ထိုအခါ စဉ်းစားမိသည်မှာ…

ငါသည် (၇)လပတ်လုံး တကောက်ကောက်လိုက်၍ အပြစ်ရှာသော်လည်း အရှင်ဂေါတမ၏ အပြစ်ကို အနည်းငယ်မျှ မတွေ့ရ၊ နောက်ထပ် ဆက်၍ (၇)နှစ်, အနှစ် တစ်ရာ, အနှစ် တစ်ထောင် ကြာအောင် အပြစ်ရှာသော်လည်း တွေ့မည် မဟုတ်၊ ငါ၏ဆရာပါမောက္ခကြီးလည်း အသက်ကြီးရှာပြီ၊

“ယောဂက္ခေမ”ခေါ် တရားတော်ကို ဆရာကြီး သိသင့်သည်၊ သို့ဖြစ်၍ ဆရာကြီးထံ အမြန် ပြန်ပြီးလျှင် ဗုဒ္ဓအစစ်ဖြစ်ကြောင်းကို ပြောပြတော့မည်၊ ဤသို့ ကြံစည်ကာ ဗုဒ္ဓရှင်တော်မြတ်ထံ… ပြန်ပါဦးမည့်အကြောင်း … ခွင့်တောင်း၍ အကျွမ်းဝင်နေသော သံဃာများကိုလည်း ဝပ်ချကာ ထွက်ခွာသွားလေသည်။

ဆရာကြီးထံ ပြန်ပြောပုံ

ဥတ္တရလုလင် ပြန်ရောက်လျှင် ရောက်ချင်း ပါမောက္ခကြီးက “ဘယ့်နှယ်လဲ ဥတ္တရ… ရှင်ဂေါတမရဲ့ ကျော်စောခြင်းသည် အမှန် ကျော်စောထိုက်သော ဂုဏ်ရှိ၍ ကျော်စောခြင်း ဟုတ်ပါရဲ့လား”ဟု မေးလေရာ ဥတ္တရလုလင်သည် သူ့ကိုယ်တိုင် တွေ့ခဲ့ ကြုံခဲ့ စုံစမ်းခဲ့သမျှကို ခရေစေ့တွင်းကျ ပြန်၍ ပြောပြသည်မှာ…အရှင်ဆရာကြီး, ထိုအရှင်ဂေါတမသည် ယောက်ျားမြတ်၏ လက္ခဏာ (၃၂)ပါးလုံး ပြည့်စုံပါသည်၊ ထိုလက္ခဏာတို့တွင်…

၁။ ခြေဖဝါးသည် လူအများကဲ့သို့ အလယ်၌ ချိုင့်၍ ခွက်၍မနေဘဲ “ဖနောင့်, အလယ်သား, ဖဝါးစွန်း” သုံးဌာနလုံး ညီနေပါသည်။ [ဤလက္ခဏာတော်ကြောင့် မြေ၌ နင်းလိုက်သောအခါ တညီတညွတ်တည်း ထိရကား ခြေ၏ လက္ခဏာ (ခြေရာတော်)များအပြည့်အစုံ ထင်နိုင်လေသည်။]

၂။ ခြေဖဝါးတော်၏ အပြင်တို့၌ စက်ဘီးပုံသဏ္ဌာန် (အကန့်ဒေါက်ဆန်, အကွပ်, ပုံတောင်း) အပြည့်အစုံပါသော စက်လက္ခဏာလည်း ရှိပါသည်။

၃။ သူတစ်ပါးထက်ရှည်သော ဖနောင့်လည်း ရှိပါသည်။ [ခြေဖဝါးကို အလျားလိုက် တိုင်း၍ (၃)ပုံ ပုံထားလျှင် (၂)ပုံသည် ခြေဖျားဘက်မှာ ပါ၍ တစ်ပုံအထက်၌ ခြေသလုံးတည်၏၊ နောက်တစ်ပုံမှာ ဖနောင့်ပင်တည်း၊ ထိုဖနောင့်တော်ကား ပွတ်ဖြင့်ပွတ်၍ထားသကဲ့သို့ လုံးလုံးဝိုင်းဝိုင်း ရှိသည်။]

၄။ အရင်းတုတ်၍အဖျားသွယ်သောလက်ချောင်း ခြေချောင်းတော်များလည်း ရှည်ရှည်လျားလျား ညီညွတ်စွာ ရှိပါသည်၊ ဆီနှင့်နယ်၍လုံးထားသော ဆေးဒန်းအတောင့်များနှင့်တူပါသည်။

၅။ ဖွားခါစ သတို့သား၏ လက် ခြေများကဲ့သို့ အမြဲ နုနယ်သောလက်ခြေလည်း ရှိပါသည်။

၆။ (ခြေမ လက်မမှတစ်ပါးသော)လက်ချောင်း ခြေချောင်းတို့သည်အတိုအရှည် မရှိ၊ မုယောစပါးနှင့်တူသော အမှတ်အသားချင်း ဆက်သွယ်ကာ လေသာပြတင်းပေါက်ဝယ် ဇာကွက်တပ်ထားပုံနှင့် တူပါသည်။

၇။ ဖမျက်တို့သည် (ယခုလူများ၌ ခြေဖမိုး အထက်နားဝယ် ကပ်၍ တည်သကဲ့သို့ မဟုတ်ဘဲ) အထက်၌ မြင့်နေကြပါသည်။

၈။ ခြေသလုံးသည် (ယခု လူများဝယ် နောက်တစ်ဖက်၌သာ အသားစိုင်ပါသကဲ့သို့ မဟုတ်ဘဲ) ရှေ့နောက်နံပါးတို့၌အသားစိုင်ရှိရကား သလေးစပါးလုံးကလေးများနှင့် တူကြပါသည်။

၉။ ကိုယ်ခန္ဓာ၏ အထက်ပိုင်း အောက်ပိုင်း ညီမျှသောကြောင့် မကုန်းမကွ မကိုင်းရဘဲ မတ်မတ်ရပ်ကာ ဒူးပဆစ်တို့ကို လက်နှစ်ဖက်ဖြင့် ထိအောင် သုံးသပ်နိုင်ပါသည်။

၁၀။ [အင်္ဂါဇာတ်တော်၏ လက္ခဏာကို ရှေ့၌ ပြခဲ့ပြီ။]

၁၁။ ခန္ဓာကိုယ်သည် လုံးလုံးကျစ်ကျစ်ရှိ၍ အရေအဆင်းမှာ ရွှေအဆင်းရှိပါသည်။

၁၂။ အသားအရေလည်း အလွန်နုနယ်ပါသည်။

၁၃။ မွေးညင်း တစ်တွင်းတစ်တွင်းတို့၌ မွေးညင်း တစ်ချောင်းစီတစ်ချောင်းစီ ပေါက်ကြသည်။

၁၄။ ထို မွေးညင်းတို့သည် မျက်စဉ်းညိုရောင်အဆင်း ရှိကာ လက်ယာရစ် လည်၍ အထက်သို့ အဖျားလှည့်နေပါသည်။

၁၅။ ဖြောင့်စင်းသော ခန္ဓာကိုယ်လည်း ရှိပါသည်။

၁၆။ လက်ဖမိုး နှစ်ဖက်, ခြေဖမိုး နှစ်ဖက်, ပခုံးစွန်း နှစ်ဖက်, လည်ကုပ်ဟူသော (၇)ဌာနတို့၌ အသား ပြည့်ဖြိုးရကား အကြော အရိုးများ မထင်ရှားပါ။

၁၇။ ခြင်္သေ့၏ ရှေ့ပိုင်း ကိုယ်တစ်ဝက်သည် ပြည့်စုံသကဲ့သို့ ရှေ့ပိုင်း နောက်ပိုင်း အထက်ပိုင်း အောက်ပိုင်း အားလုံးပင် ပြည့်စုံပါပေသည်။

၁၈။ လက်ပြင်ရိုး နှစ်ခု၏ အကြား၌ ပြည့်ဖြိုးသော အသားလည်း ရှိပါသည်။

၁၉။ ဝန်းဝိုင်းသော ပညောင်ပင်သည် အမြင့်နှင့် အဝိုင်း ညီမျှသကဲ့သို့ ကိုယ်တော်၏အရပ်နှင့် အလံပမာဏ (၄ တောင် အတိအကျ) ညီမျှပါသည်။

၂၀။ အညီအမျှ လုံးသောပခုံး (လည်ပင်း)လည်း ရှိပါသည်။

၂၁။ အရသာကို ဆောင်ယူနိုင်သော အကြောကောင်းများလည်း ရှိပါသည်။

၂၂။ ခြင်္သေ့၏ အောက်မေးသည် ပြည့်ဖြိုးသကဲ့သို့ ပြည့်ဖြိုးသော အထက်မေး အောက်မေး နှစ်မျိုးလုံး ရှိပါသည်။

၂၃။ (ယခုလူများ၌ ၃၂ ချောင်းသောသွား ရှိပါသော်လည်း) အရှင်ဂေါတမမှာ သွားပေါင်း (၄၀) ရှိပါသည်။

၂၄။ ထိုသွားတော်အားလုံး ညီနေပါသည်။

၂၅။ သွားတော်အားလုံး ကျိုးတိုးကျဲတဲ မရှိပါ။

၂၆။ သွားတော်အားလုံး ဖြူစင်သည်ထက် စွယ်တော်(၄)ချောင်းမှာ အထင်အရှား ဖြူဆွတ်ပါသည်။

၂၇။ [လျှာတော်၏လက္ခဏာကို ပြခဲ့ပြီ။]

၂၈။ ကရဝိက်သံကဲ့သို့ အသံတော် အလွန်ကောင်းပါသည်၊ (သလိပ် စသည်တို့ အငြိအတွယ် မရှိခြင်း, သာယာခြင်း, စကားလုံး ပီသပြတ်သားခြင်း, နားထောင်ကောင်းခြင်း, ဖရိုဖရဲ မကွဲအက် ခြင်း, လုံးလုံးစည်းစည်း ရှိခြင်း, နက်နဲသော ချက်အရပ်မှစ၍ ထွက်လာသော အသံဖြစ်ရကား အသံမတိမ်ခြင်း, ကြောင် တက်တက် မဟုတ်၊ ပဲ့တင်ထပ်မျှ ဟိန်းခြင်း၊ ဤသို့သော ဂုဏ်အင်္ဂါများနှင့် ပြည်စုံသည်-ဟူလို။)

၂၉။ ညိုသင့်သောအရပ်၌ အလွန်ညိုသော မျက်လုံးရှိပါသည်။

၃၀။ ဖွားပြီးခါစ နွားနီကလေး၏ မျက်လုံးအိမ်နှင့် တူသော မျက်လုံးအိမ်လည်း ရှိပါသည်။

၃၁။ မျက်ခုံးနှစ်ဖက်အလယ်တည့်တည့်၌ နူးညံ့သော ဝါဂွမ်းကဲ့သို့ အလွန်နု၍ ဖြူဆွတ်သောအမွေးလည်း ပေါက်လျက်ရှိပါ သည်။ [ဥဏ္ဏလုံမွေးရှင်တော်ဟု ခေါ်သည်။]

၃၂။ လက်ယာနားစွန်းမှ စ၍ လက်ဝဲနားစွန်းတိုင်အောင် အထက်တက်သော အသားလွှာသည်

နဖူးတစ်ပြင်လုံး ဖုံးနေရကား နဖူးတော်တစ်ပြင်လုံး သင်းကျစ်ပြားဖြင့် ဖွဲ့ထားသကဲ့သို့

ထင်ရလောက်အောင် ပြေပြစ်ပါသည်။

ကြွသွားတော်မူပုံ

ပါမောက္ခဆရာကြီးသည် ဝေဒမန္တန်နှင့် ညီညွတ်နေသော ဗုဒ္ဓလက္ခဏာတော်ကို ကြားရလျှင်ပင် အလွန်ကျေနပ်ဟန် ရှိ၏၊ ဥတ္တရလုလင်ကလည်း သူ့ကိုယ်တိုင် စုံစမ်းတွေ့ရှိသမျှကို ပြော၍အပြီးတွင် ရပ်တန့်မနေ သေးဘဲ သွားပုံ လာပုံ စသည်တို့ကို ဆက်လက် ပြောပြသည်မှာ…

အရှင်ဂေါတမသည် သွားဖို့ရန် ခြေလှမ်းသောအခါ လက်ယာဘက် ခြေကိုသာ ပထမ လှမ်းလေ့ရှိ၍ လှမ်းပြီးသော ခြေကို မဝေးလွန်း မနီးလွန်း ချလေ့ရှိပါသည်၊ မမြန်လွန်း မနှေးလွန်း ကြွသွား၍ သွားသောအခါ ဒူးဆစ်ချင်း ခြေမျက်စိချင်းလည်း မထိမခိုက်ပါ၊ (ရေထဲ၌ သွားနေသူသည် ပေါင်ကို မြှောက်၍ မြှောက်၍ သွားရ သကဲ့သို့) ပေါင်ကို မြှောက်၍လည်း သွားလေ့မရှိပါ၊ ပေါင်ကို နောက်သို့လည်း မဆုတ်နစ်စေပါ၊ ပေါင်ကို တောင့်တောင့်ကြီးလည်း မဖြစ်စေ, ဟိုဘက် သည်ဘက်သို့ လှုပ်လှုပ်ရှားရှားလည်း မဖြစ်စေပါ။

ခရီးသွားသောအခါတိုင်း အောက်ပိုင်းကသာ လှုပ်၍ အထက် ပိုင်းမှာ လှေပေါ်၌ တင်ထားအပ်သော ဆင်းတုရုပ်ကဲ့သို့ မလှုပ် မယှက် ငြိမ်သက်နေပါသည်၊ လက်မောင်းကို လှုပ်၍ ယမ်း၍ သွားလေ့ မရှိပါ၊ နောက်သို့ ကြည့်ခွင့် ကြုံလာလျှင် လည်ပင်း နောက်ပြန် မကြည့်ဘဲ တစ်ကို်ယ်လုံး ပြန်လှည့်၍သာ ကြည့်ရှုလေ့ ရှိပါသည်၊ နက္ခတ်ဆရာကြီးများလို အပေါ်ကို ကြည့်၍ မော်၍လည်းကောင်း, ပျောက်သော ပိုက်ဆံကို ရှာသူကဲ့သို့ အောက်သို့ ငုံ့၍လည်းကောင်း သွားလေ့မရှိဘဲ လေးတောင်ထွာလောက် အရပ်ကို ကြည့်လျက် သွားပါသည်။ [လေးတောင်ထွာထက် လွန်သောအရပ် ကိုကား ဉာဏ်ဖြင့်သာ သိတော်မူပါသည်။]

လူတို့အိမ်ဝယ် နေထိုင်ပုံ

လူများ၏ အိမ်တွင်းသို့ ဝင်သောအခါဝယ် ကိုယ်ကို မြှင့်၍လည်း မဝင်, ကုန်း၍လည်း မဝင်ပါ၊ ထိုင်သောအခါလည်း နေရာထိုင်နှင့် မနီးမဝေး (အဆင်သင့် ထိုင်၍ ဖြစ်လောက်မှ) ကိုယ်ကို လှည့်၍ ထိုင်လေ့ရှိပါသည်၊ နေရာထိုင်ကို လက်ထောက်၍လည်းကောင်း, နေရာထိုင်ပေါ်၌ ကိုယ်ကို ပစ်ချ၍လည်းကောင်း မထိုင်ဘဲ ညင်ညင် သာသာ ထိုင်လေ့ရှိပါသည်၊

ထိုအိမ်၏ အတွင်း၌ လက်လှုပ်ခြေလှုပ် မှုကိုလည်း မပြုပါ၊ ဒူးဆစ်တစ်ခုပေါ် ဒူးဆစ်တစ်ခု တင်၍လည်း ကောင်း, ဖမျက်တစ်ခုပေါ် ဖမျက်တစ်ခု တင်၍လည်းကောင်း မထိုင်ပါ၊ လက်ဖြင့် မေးကို ထောက်၍လည်း မထိုင်ပါ၊ “တရားစကား တို့ကို အချက်ကျအောင် ပြောမှ ပြောနိုင်ပါ့မလား”ဟု တွေးကာ ကြောက်ရွံ့နေသော အမူအရာ, ဆုတ်နစ်သော အမူအရာ, တုန်လှုပ်သော အမူအရာများလည်း မရှိပါ၊ ယာဂုဆွမ်းစသည်တို့ကို တပ်မက် သော အမူအရာများ မရှိပါ၊ လူထဲသူထဲ၌ မလွှဲသာ၍ နေရပါသော်လည်း ဆိတ်ငြိမ်ခြင်း၌ အမြဲ စိတ်ညွတ်နေဟန် တူပါသည်။

ဆွမ်းဘုဉ်းပေးပုံနှင့် ဆေးကြောပုံ

[သပိတ်ဖြင့် ဆွမ်းဘုဉ်းပေးကြောင်း, ဟင်း ကိုလည်း သပိတ်၌ ထည့်၍ ဘုဉ်းပေးကြောင်းကို ရှေးဦးစွာ သတိပြုပါ။] ဆွမ်း ကပ်ခါနီးသော် လူတို့က သပိတ်ဆေးဖို့ ရေကို ယူလာ၍ သပိတ်၌ လောင်းထည့်သောအခါ သပိတ်နှုတ်ခမ်းကို ဒီဘက်စောင်း ဟိုဘက် စောင်း ဘေးစောင်း မဖြစ်စေဘဲ လက်နှစ်ဖက်ဖြင့် ကိုင်၍ အနည်းငယ် စောင်းပြီး ခံယူပါသည်၊ ရေကိုလည်း မနည်းလွန်း မများ လွန်းဘဲ သင့်တော်ရုံကိုသာ ခံယူပါသည်၊ သပိတ်ကို ဆေးသောအခါ ရေသံ မမည်စေပါ၊ သပိတ်အပြင်ကိုလည်း ရှေးဦးစွာ မဆေးပါ၊ သပိတ်ဆေးပြီးသည်နှင့် တစ်ပြိုင်နက် လက်ဆေးပြီးလည်း ဖြစ်ပါတော့၏၊

ထိုသပိတ်ဆေးရေကို အဝေးလှမ်း၍ မသွန်, အနီး၌လည်း ကပ်၍ မသွန်ပါ၊ (အဆင်သင့်ရုံ မနီးမဝေးမှာ သွန်ပါသည်-ဟူလို၊) ဆွမ်းကို ခံယူသည့်အခါလည်း (ရေကို ခံယူတုန်းကကဲ့သို့) သပိတ် နှုတ်ခမ်းကို တည့်တည့်ထား၍ အနည်းငယ် စောင်းပြီး မနည်းလွန်း မများလွန်း ခံယူပါသည်၊ ဟင်းကိုလည်း ဆွမ်းနှင့် မျှတရုံ (ဆွမ်း၏ လေးပုံတစ်ပုံမျှသာ) ခံယူပါသည်၊ ဆွမ်းဘုဉ်းပေးပြီးသောအခါ ဆွမ်းလည်း မပို, ဟင်းလည်း မလိုပါ။

ဗုဒ္ဓရှင်တော်၏ ကျယ်ပြန့်သော လျှာ်ပေါ်ဝယ် သွားဖြင့် နှစ်ကြိမ် သုံးကြိမ်မျှ ကြိတ်ခြေခြင်းခံရသော အစာသည် ကျောက်ပျဉ်၌ ကြိတ် အပ်သော နံ့သာပျောင်းကဲ့သို့ ကြေညက်သွားပါတော့၏၊ ထို့ကြောင့် နှစ်ကြိမ် သုံးကြိမ်လောက် လျှာပေါ် လှည့်ပတ်ပြီးလျှင် ဆွမ်းလုတ်ကို မျိုချပါသည်၊ ထမင်းအဆန်ကလေး တစ်လုံးတလေမျှ ခံတွင်း၌ မကျန်ရစ်ပါ၊ စားသည့်အခါလည်း အရသာကို ခံစားနေပုံမရပါ၊

ဤခန္ဓာကိုယ် တည်တံ့နိုင်ရုံ, မျှတနိုင်ရုံ (မစားလျှင် ပင်ပန်းမည် ဖြစ်၍) မပင်ပန်းရုံ, သာသနာကို ချီးမြှောက်နိုင်ရုံ ရည်မှန်း၍ ဘုဉ်းပေးသုံးဆောင်နေဟန်တူပါသည်၊ ထိုသို့ ဆွမ်းဘုဉ်းပေးပြီးသော အခါ ရှေးနည်းအတိုင်း သပိတ်ဆေးရေကို ခံယူ၍ သပိတ်တော်ကို ဆေးပြီးနောက် သုတ်ပြီးလျှင် မနီးမဝေးမှာ ချထား၍ တစ်ခဏမျှ တိတ်တိတ်ဆိတ်ဆိတ် နေပါသည်။

မှတ်ချက်။ ။ ယခုအခါ သံဃာတော်များဆွမ်းကပ်ရာ၌ ဆွမ်းရော ဟင်းပါ များစွာပိုလျှံနေအောင် ထည့်လေ့ လိုက်လေ့ ရှိကြ၏၊ ဆွမ်းစား၍ ပြီးခါနီးသော်လည်း ပန်းကန်ထဲ၌ မောက်လျှံနေအောင် လိုက်လေ့ရှိ၏၊ ထိုသို့ မောက်လျှံနေမှ အကျိုးပေးရာ၌ လည်း ပိုပိုလျှံလျှံ ပေးမည်ဟု ယူဆကြဟန်တူ၏၊ ဘုန်းကြီးကား စားပြီးသည်နှင့် တစ်ပြိုင်နက် ဆွမ်းရော ဟင်းပါ (ဗုဒ္ဓရှင်တော် ဘုဉ်းပေးတော်မူသကဲ့သို့ တိကာ တိုင်းကာ) ကုန်မှ ကျေနပ်၏၊ ပိုနေသော ဆွမ်းဟင်းများကို နောက်မှ စားသူများအား သန့်သန့် ရှင်းရှင်း စားစေလို၏၊

အလှူ့ရှင်မှာလည်း အကုန်မများတန်လျှင် အကုန်မများဘဲ ဒါနအထမြောက်စေလို၏၊ မကြာမီက ဘုန်းကြီး ကျောင်းတိုက် သံဃာများကို သူကြီးတစ်ယောက် ဆွမ်းကပ်ရောက်လာရာ တစ်ထပ်ကပ်ဖို့ မှန်းသော်လည်း မှန်းသလောက် မကုန်သဖြင့် နှစ်ထပ်ကပ်သွားရ၏။ [မိုမောက်လျှံအောင် တစ်ကြိမ်လှူ၍ ရသော အကျိုးနှင့် တစ်ကြိမ်အလှူက နှစ်ကြိမ်ဖြစ်ရသော အလှူ၏အကျိုးကို စဉ်းစား နှိုင်းယှဉ်ကြပါလေ။]

ဆွမ်းအနုမောဒနာပြုတော်မူပုံ

[ဆွမ်းကပ်သူတို့ ဝမ်းမြောက်ဖွယ် တရားစကား ပြောခြင်း ကို “အနုမောဒနာ”ဟု ခေါ်၏၊ (အနု-လျော်စွာ၊ ဝါ-အထပ်ထပ် + မောဒနာ - ဝမ်းမြောက်ကြောင်းစကား၊)] ယခုကာလ အချို့ ဆွမ်းတရားဟောရာ၌ ဆာလွန်း၍ ထမင်းစားနေသူ, ငိုနေသော ကလေးများကို ထမင်းကျွေးနေသူ, သိမ်းဆည်းဖွယ်များကို သိမ်းဆည်းနေသူတို့ မလာကြသေးမီ အဆောတလျင် (ဆွမ်းစားပြီးလျှင် ပြီးချင်း) တရားဟောတတ်ကြ၏၊

ထိုသို့ လူမစုံခင်ဟောသည့် အခါ တချို့လူများက ကပျာကယာ လာကြ၍ တချို့လည်း မလာဘဲ နေကြန်တော့၏၊ တချို့ပုဂ္ဂိုလ်များကား လူအတော်စုံနေသော်လည်း “မည်သူမလာသေးပါလား, ဘယ်သွားနေတုန်း၊ အင်း…မာကြရဲ့နော်, ရောင်းလို့ ဝယ်လို့ ကောင်းကြရဲ့လား” စသည်ဖြင့် လောကွတ်စကား ပြော၍လည်းကောင်း၊ “မည်သည့်ဟင်းက တယ်ကောင်းတယ်, ဆွမ်းချက်ပုံက ကောင်းတယ်”စသည်ဖြင့် မြှောက်ပင့်ပြောဆို၍လည်းကောင်း အချိန်ဖြုန်းကာ တရားမဟောဘဲ နေတတ်ကြသေး၏။

ဗုဒ္ဓရှင်တော်မြတ်ကား ပရိသတ်မစုံခင်လည်း မဟောသေး, စုံလျှင်လည်း အချိန်မဖြုန်းဘဲ ဟောတော်မူ၏၊ တရားဟောရာ၌ ဆွမ်းကို လည်း မကဲ့ရဲ့, နောက်တစ်နေ့ ဆက်လက်ပင့်အောင် ဆွယ်တရား လည်း မပါ၊ တရားသဘောသက်သက်ကိုသာ ဟောပြီးလျှင် ပြန်ကြ တော်မူသည်။

မှတ်ချက်။ ။ အထက်ပါ အပြစ်များသည် ကျမ်းစာ၌ တိုက်ရိုက်ပါ၏၊ သို့ပါလျက် ယခုကာလ များစွာသော ဆွမ်း ဒကာ ဒကာမတို့သည် “နေထိုင်ကောင်းကြရဲ့လား, (သာသမီးစသော အရေးပါသူကို နာမည်တပ်၍) မည်သူ ဘယ်သွားသလဲ, ချက်ပြုတ်ပုံ တယ်ကောင်းတယ်, စားရတာ မြိန်တယ်” စသည်ဖြင့် မြှောက်ပင့် ချော့မော့ပြောခြင်းကို တရားသဘော ပြောခြင်းထက် နှစ်သက်ကြ လေသည်။ အများဆွမ်းကျွေးရာ၌ ထိုသို့ အမြှောက်အပင့် အဆွယ် စကားတွေကို ကြားရသည့်အခါ စဉ်းစားသော ဆရာတော်များနှင့် လူကြီးလူကောင်းတို့ကား နားရှက်ကြ၏၊ ထို့ကြောင့် အနာဂတ် ကာလ၌ ဤနည်းများ ကွယ်ပပါစေသတည်း။

ပြန်ကြွပုံနှင့် ကျောင်းတော်၌နေပုံ

နေရာမှ ထ၍ ပြန်ကြွသည့်အခါ မနှေး မမြန် ကြွတော်မူ၏၊ အရှင်ဂေါတမ၏ ကိုယ်၌ သင်္ကန်းသည် ဘေးမှ အထက် သို့လည်း မြင့်တက် မနေ, ခြေမျက်စိတိုင်အောင် လျှောကျ၍လည်း မနေ, ရင်ဘတ်ပေါ်၌လည်း မနေ, လက်ဝဲတစ်ဖက်ကို ဖော်ကာ ရင်တစ်ခြမ်းပေါ်၌လည်း မနေ, (ချွေးစိုနေသူကဲ့သို့) သင်္ကန်းသည် ကိုယ်၌ ကပ်၍ ကျစ်ကျစ်ကလေးလည်း မဖြစ်, ကိုယ်မှ ကွာ၍ ပွတတလည်း မဖြစ်ပါ၊ ကိုယ်တော်မှ သင်္ကန်းကွာသွားအောင် လေလည်း မတိုက်နိုင်ပါ၊ ကိုယ်၌ မြူမှုန်လည်း မလူးပါ၊

ကျောင်းရောက် သောအခါ ခင်းထားပြီးသော နေရာ၌ ထိုင်၍ ခြေဆေးတော်မူပါ သည်၊ ခြေဆေးရာ၌ ခြေကို အိုးခြမ်းစသည်ဖြင့် တိုက်၍ လှပအောင် ဆေးသည်မဟုတ်, ခြေကို ခြေချင်း ပွတ်၍သာ ဆေးတော်မူ၏၊ ခြေတော်ဆေးပြီးနောက် တင်ပျဉ်ဖွဲ့ခွေ၍ (ကမ္မဋ္ဌာန်းထိုင်သလို) ထိုင်နေပါသည်၊ အရှင်ဂေါတမသည် မိမိဆင်းရဲအောင်လည်း အားမထုတ်, သူတစ်ပါး ဆင်းရဲအောင်လည်း အားမထုတ်ဘဲ မိမိ၏စီးပွား, သူတစ်ပါးတို့၏ စီးပွား, လောက၏ စီးပွားများကို စဉ်းစားကြံစည်နေဟန် တူပါသည်။

ပရိသတ်၌ တရားဟောတော်မူပုံ

ထို့နောက် ရောက်လာသော ပရိသတ် အား တရားဟောပြန်ပါသည်၊ ထိုသို့ ဟောရာ၌ “မဟာရာဇာကြီး, သူကြွယ်ကြီး, သူဌေးမင်း”စသည်ဖြင့် “ကြီး”ဟူသောစကားလုံးများကို အသုံးပြုကာ မြှောက်လည်း မမြှောက်ပါ၊ “ဥပါသကာ… ကျောင်းလာတဲ့လမ်းကို မသိလို့လား, ဘာ့ကြောင့် မလာဘဲ အကြာကြီးနေရသလဲ, ဦးပဉ္စင်းတွေက လုမှာစိုးလို့လား, မကြောက်ပါနဲ့ လုမယူပါဘူး”စသည်ဖြင့် ပြောဆိုကာ နှိမ်လည်း မနှိမ်ပါ၊

တရားသဘောသက်သက်ဖြင့်သာ အားတက်ရွှင်လန်းလာအောင် ဟောပါသည်၊ အသံတော်မှာ အလွန် သာယာ၍ ပရိသတ်များလျှင် များသလောက် ပရိသတ်၏အထက် မှာ ပျံဝဲနေပါသည်၊ ပရိသတ်၏ပြင်ဘက်သို့ ပျံ့နှံ့၍ ထွက်မသွားပါ၊

တရားပြီးဆုံး၍ ပြန်ကြသော ပရိသတ်သည် ဦးခေါင်းပေါ်၌ လက်အုပ်တင်ကာ အရှင်ဂေါတမကို ကြည့်၍ နောက်ဆုတ်သွားပြီး လျှင် မမြင်လောက်မှ ဦးချ၍ နာပြီးသောတရားတော်၏ ဂုဏ် ကျေးဇူးကို ပြောလျက် သွားကြပါသည်။

ထိုနေရာကနေ၍ ဗုဒ္ဓကို ရှိခိုးပုံ

ဤသို့ ဥတ္တရလုလင်သည် တွေ့ကြုံသမျှတို့ကို ထုတ်ဖော်ပြောပြီးလျှင်“အရှင်ဆရာကြီး ထိုအရှင်ဂေါတမသည် ကျွန်တော် ပြောပြခဲ့သော ဂုဏ်များသာမက ထို့ထက် များပြားသဖြင့် ပြော၍ မကုန် နိုင်အောင် ဂုဏ်အပေါင်းတို့နှင့် ပြည့်စုံပါသည်”ဟု နိဂုံးအုပ်လိုက် သောအခါ ဗြဟ္မာယုပါမောက္ခကြီးသည် ထိုင်နေရာမှ ထ၍ အပေါ်ခြုံကို လက်ကန်တော့ တင်ကာ ဗုဒ္ဓရှင်တော်ရှိရာသို့ လက်အုပ် ချီပြီးလျှင် “နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ”ဟု သုံးကြိမ် ဥဒါန်းကျူး၍ “အရှင်ဂေါတမနှင့် ဘယ်တော့ တွေ့ဆုံရပါ့, ဘယ်တော့ စကားပြောရပါ့”ဟု တတွတ်တွတ် ပြောဆိုကာ ဗုဒ္ဓရှင်တော်မြတ်နှင့် တွေ့ရမည့် အချိန်အခါကိုသာ စောင့် မျှော်နေလေတော့သည်။

ဗုဒ္ဓနှင့်တွေ့ပုံ

ထိုသို့ စောင့်မျှော်နေစဉ် ဗုဒ္ဓရှင်တော်မြတ် မိထိလာမြို့သို့ ကြွရောက်တော်မူလာကြောင်းကို ကြားရ၍ လုလင်တစ်ယောက်ကို ခေါ်ပြီးလျှင် “အမောင် သွားချေ, အရှင်ဂေါတမရှိရာသို့ ချဉ်းကပ်၍ ငါ၏ အမေးဖြင့် “ကျန်းမာချမ်းသာ ပါရဲ့လား”ဟု မေးချေ၊ ထို့ပြင် လျှောက်ထားရဦးမည်မှာ “အရှင် ဂေါတမ… ဗြဟ္မာယုပုဏ္ဏားကြီးသည် အသက်တစ်ရာ့နှစ်ဆယ် ကြီးရင့်ပါပြီ၊ ဤမိထိလာမြို့၌ စည်းစိမ်အားဖြင့်လည်း အကြီးဆုံး, ဝေဒမန္တန်အားဖြင့်လည်း အသာဆုံး ဖြစ်ပါသည်၊ ထိုဗြဟ္မာယု ပါမောက္ခကြီးသည် အရှင်ဂေါတမကို တွေ့လိုပါသည်”ဟု လျှောက်ပါလေ၊

ဤသို့ မှာထား စေလွှတ်၍ တွေ့ခွင့်တောင်းလေရာ ဗုဒ္ဓ အထံတော်မှ တွေ့ခွင့်ရသဖြင့် ပါမောက္ခကြီးလည်း နောက်ပါတပည့် များနှင့်အတူ ရောက်လာလေသည်၊ ပါမောက္ခကြီး ရောက်လာသော အခါ အလျင်ရောက်နေသော ပရိသတ်ကြီးသည် နေရာမှ ထ၍ နေရာဖယ်ပေးကြ၏၊ ပါမောက္ခကြီးကား “မဖယ်ကြပါနှင့်, မဖယ် ကြပါနှင့်, ထိုင်မြဲ ထိုင်ကြပါ”ဟု ပြောပြီး ဗုဒ္ဓအနီးသို့ ရောက်၍ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီးလျှင် လက္ခဏာတို့ကို ကြည့်ရှုပြန်ရာ လျှာတော်နှင့် အင်္ဂါဇာတ်တော်မှတစ်ပါး အလုံးစုံ မြင်ရ၍ ထိုနှစ်ပါးကို ဗုဒ္ဓရှင်တော်က (ဥတ္တရလုလင်အား ပြသကဲ့သို့ ဗုဒ္ဓအစစ်ဖြစ်ကြောင်းကို လက္ခဏာမြင်ရုံမျှဖြင့် ဆုံးဖြတ် ပြီးလျှင် ခက်ခဲသော ပြဿနာရှစ်ချက်ကို မေးလေသည်။

ထိုပြဿနာတို့ကို ဖြေပြီးသောအခါ နေရာမှထ၍ ဗုဒ္ဓရှင်တော် ၏ ခြေတော်ကို ပါးစပ်ဖြင့် စုပ်, လက်ဖြင့်လည်း အားရပါးရဆုပ်ကာ “ဗြဟ္မာယုဆိုတာ တပည့်တော်ပါပဲ, ဗြဟ္မာယုဆိုတာ တပည့်တော် ပါပဲ”ဟု လျှောက်လေသည်၊ ထိုအခါ ပရိသတ်အားလုံးသည် “ဤ မျှလောက် ထင်ရှားသော ပါမောက္ခကြီးသည်ပင် သို့ကလောက် ရိုသေလေးစားပါကလား”ဟု လှုပ်လှုပ်ရွရွနှင့် တအံ့တဩ ဖြစ်ကြလေသည်။ [ထို့နောက် သစ္စာလေးပါးတရားတော်ကို ဆက်၍ ဟောပြတော် မူသောအခါ အနာဂါမ်တိုင်အောင် တည်၍ ခုနစ်ရက် လုံးလုံး ဆွမ်းကပ်ပြီးလျှင် မကြာခင် စုတေလေ သည်၊ ဤပါမောက္ခ ကြီး၏ ဘုရားနှင့် တွေ့ပုံ, တရားရပုံများကို ယခုခေတ်ပညာရှိတို့ အတုယူသင့်ကြ၏၊ ဘုရားဟု နာမည်ကျော်ကြားတိုင်း မသွားသင့် ပုံကို အထူး အတုယူသင့်ပါသည်။]

ဗုဒ္ဓရှင်တော်နှင့် ဥပါလိသူကြွယ်

ဒီဃတပဿီနှင့် ဗုဒ္ဓတွေ့ပုံ

နာဠန္ဒာမြို့ဝယ် “ဥပါလိသူကြွယ်”ဆိုသူကား မူလက နိဂဏ္ဌနာဋပုတ္တ၏တပည့် ဖြစ်၍ (သူ့ဆရာတော်များ၏ လှည့်စားထားချက်အရ) ဗုဒ္ဓအပေါ်မှာ အထင်သေးနေသော လူကုံထံ တစ်ယောက်ပေတည်း၊ ထိုနာဋပုတ္တဆရာကြီးမှာ “ဒီဃတပဿီ”မည်သော လက်ထောက် ဆရာတစ်ယောက် ရှိသေး၏၊

နာဠန္ဒာမြို့၌ ထိုဆရာတပည့်တို့ နေကြရာ ဗုဒ္ဓရှင်တော်မြတ်လည်း အထည်ကုန်သည်တစ်ဦး၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေခိုက်နှင့် ကြုံကြိုက်နေလေသည်၊ အခါတစ်ပါး၌ ဒီဃတပဿီသည် ဆွမ်းခံအပြန်တွင် ဗုဒ္ဓအထံသို့ ဝင်လာ၍ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးနောက် စကား ပြောကြသည်မှာ…

ဗုဒ္ဓ။ ။ ဒီဃတပဿီ…နိဂဏ္ဌနာဋပုတ္တဆရာသည် မကောင်းမှု ဖြစ်ဖို့ရာ ကံအမျိုး ဘယ်လောက် ပညတ်ထားသလဲ။

ဒီဃတပဿီ။ ။ အရှင်ဂေါတမ…နိဂဏ္ဌနာဋပုတ္တဆရာကြီးမှာ “ကံ=ကံ”လို့ ပညတ်ရိုးထုံးစံ မရှိပါ၊ “ဒဏ်=ဒဏ်”လို့သာ ပညတ်ရိုးထုံးစံ ရှိပါတယ်။

ဗုဒ္ဓ။ ။ (သူ့စကားအတိုင်း လိုက်၍) ဒဏ်အမျိုး ဘယ်လောက် ပညတ်ထားသလဲ။

ဒီဃ။ ။ မကောင်းမှုဖြစ်ဖို့ရာ ကာယဒဏ် ဝစီဒဏ် မနောဒဏ်လို့ သုံးမျိုး ပညတ်ထားပါတယ်။

ဗုဒ္ဓ။ ။ ဒီသုံးမျိုးဟာ တစ်မျိုးနှင့်တစ်မျိုး မတူဘူးမဟုတ်လား။

ဒီဃ။ ။ မတူပါဘူး။

ဗုဒ္ဓ။ ။ အဲဒီ သုံးမျိုးတွင် ဘယ်ဒဏ်ကို အပြစ်အကြီးဆုံးဟု ပညတ်သလဲ။

ဒီဃ။ ။ ကာယဒဏ်ကို အပြစ်အကြီးဆုံးဟု ပညတ်ပါတယ်။

ဗုဒ္ဓ။ ။ ကာယဒဏ်ကို အပြစ်အကြီးဆုံးဟု ဆိုပါသလား။

ဒီဃ။ ။ ကာယဒဏ်ကို အပြစ်အကြီးဆုံးဟု ဆိုပါတယ်။ [သုံးကြိမ် တိုင်အောင် မေး, သုံးကြိမ်လုံးပင် ပြန်ပြောသည်။]

ဒီဃ။ ။ အရှင်ဂေါတမအရှင်ကန်တော့ မကောင်းမှုဖြစ်ဖို့ရာ ဒဏ် ဘယ်နှမျိုး ပညတ်ပါသလဲ။

ဗုဒ္ဓ။ ။ “ဒဏ်=ဒဏ်” လို့ ပညတ်ရိုးမရှိပါဘူး၊ “ကံ=ကံ”ဟု ပညတ်ရိုးသာရှိတယ်။

ဒီဃ။ ။ ကံဘယ်နှမျိုး ပညတ်ပါသလဲ။

ဗုဒ္ဓ။ ။ ကာယကံ ဝစီကံ မနောကံ (ကိုယ်မှု, နှုတ်မှု, စိတ်မှု)ဟု ကံသုံးမျိုး ပညတ်ပါတယ်။

ဒီဃ။ ။ ဘယ်ကံကို အပြစ်အကြီးဆုံးဟု ပညတ်ပါသလဲ။

ဗုဒ္ဓ။ ။ မနောကံကို အပြစ်အကြီးဆုံးဟု ပညတ်ပါတယ်။

ဒီဃ။ ။ မနောကံကို အပြစ်အကြီးဆုံးဟု ဆိုပါသလား။

ဗုဒ္ဓ။ ။ မနောကံကို အပြစ်အကြီးဆုံးဟု ဆိုလိုတယ်။ [သုံးကြိမ် မေး၍ သုံးကြိမ်ပြန်ပြောသည်၊] ဤမျှလောက်စကားကို ပြောပြီး၍ ဒီဃတပဿီလည်း ပြန်သွားလေတော့သည်။

ဆရာကြီးက အတည်ပြုပုံ

ဒီဃတပဿီပြန်လာချိန်ဝယ် နိဂဏ္ဌဆရာကြီးလည်း ဥပါလိသူကြယ်အမှူးရှိသော ပရိသတ် ကြီးအလယ်မှာ ထိုင်နေခိုက် ဖြစ်၏၊ ထိုအခါ ဆရာကြီးက ဒီဃတပဿီကို “နေ့လယ်ကြောင်တောင် အချိန်မှာ ဘယ်က လာခဲ့သနည်း”ဟု မေးရာ “အရှင်ဂေါတမဆီက လာခဲ့ ကြောင်း” အရှင်ဂေါတမနှင့် စကားပြောဆိုရာ “တပည့်တော်က ကာယဒဏ်သည် သာ၍အပြစ်ကြီးကြောင်းပြောလျှင် ရှင်ဂေါတမက မနောဒဏ်သည် သာ၍ အပြစ်ကြီးကြောင်း ပြန်၍ ပြောပါသည်”ဟု သူ့ဆရာကြီးအား ပြောပြလေသော်…

ထိုအခါဆရာကြီးက…“သာဓု…သာဓု ဆရာကောင်းတပည့် ပီသစွာ ဖြေဆိုခဲ့ပါပေတယ်၊ အင်မတန် ထင်ရှားတဲ့ ကာယဒဏ်နှင့် နှိုင်းစာလျှင် မနောဒဏ်ဟာ ဘာ ပြောပလောက်တော့မှာလဲ၊ မကောင်းမှု အကုသိုလ်ဖြစ်ဖို့ အရေးမှာ ကာယဒဏ် အပြစ်ကြီး သလောက် ဝစီ မနောဒဏ်များ အပြစ်မကြီးနိုင်ဟု (ထပ်မံ၍ ဒီဃတပဿီအဖြေကို အတည်ပြုသောအားဖြင့်) ပရိသတ်အား ပြောပြလေသည်။ [သူတို့ကား “သူ့အသက် သတ်ခြင်းဟူသော ပါဏာတိပါတသည် စိတ်ဖြင့် ကြံစည်ရုံ နှုတ်ဖြင့် ပြောနေရုံမျှဖြင့် အပြစ်မကြီးသေး, ကိုယ်ဖြင့် ထိထိရောက်ရောက် သတ်မှ အပြစ် ကြီးသည်”ဟု ဆိုလိုသည်၊ ထိုအချက်ကို ဗုဒ္ဓနှင့် ဥပါလိ အတွေ့မှာ ရှင်းလင်းစေပါလိမ့်မည်။]

ဗုဒ္ဓကို နှိမ်ရန် ဥပါလိသူကြွယ်လာပုံ

ဥပါလိသူကြွယ်လည်း ဒီဃတပဿီ၏ ပြောသောစကားကို အားရနှစ်သက်စွာ သာဓုခေါ်ပြီးလျှင် “ဗုဒ္ဓ၏အထံသို့ အပြစ် တင်ဖို့ရန် ယခုပင် သွားမည်၊ ဒီဃတပဿီနှင့် အတည်ပြုခဲ့သည့် အတိုင်း မနောဒဏ်ကို သာ၍အပြစ်ကြီးသည်ဟု အတည်ပြုပြန်လျှင် သိုးကလေးကို အမွေးကိုင်ပြီး (ဟိုလိုဆွဲ သည်လိုဆွဲ) ဆွဲနေသလို အရှင်ဂေါတမကို မိမိဝါဒဖြင့် ဆွဲဆွဲပြီး မွှေ့လိုက်မည်”ဟု ပြောဆိုခွင့် တောင်းရာ နာဋပုတ္တဆရာကြီးက “သွားပါလေ, အပြစ်တင်ချေပါ”ဟု ခွင့်ပြုသော်လည်း ဒီဃတပဿီကမူ စဉ်းစားပြီးလျှင်…

“ကျုပ်တော့ ဥပါလိသွားမှာကို သဘောမတူဘူး၊ ရဟန်းဂေါတမ ဟာ သူတစ်ပါးကို လှည့်ပတ်နိုင်တဲ့ မျက်လှည့်အတတ်ကို တတ်ထား တယ်၊ အဲဒီအတတ်ဖြင့် အခြားသူတို့ရဲ့ တပည့်များကို လှည့်ပတ်လေ့ ရှိတယ်”ဟု ကန့်ကွက်လေရာ နာဋပုတ္တဆရာကြီးကမူ “ဥပါလိ သူကြယ်က ရှင်ဂေါတမတပည့် ဖြစ်ဖို့ အကြောင်းမရှိပါ၊ ဖြစ်ခြင်း ဖြစ်လျှင် ရှင်ဂေါတမကသာ ဥပါလိတပည့် ဖြစ်စရာရှိပါတယ်၊ သွားသာ သွားပါ” ဟု ပြောဆိုလေသည်၊ ထိုအခါ ဥပါလိသည် ဆရာကြီး၏စကားကို နားထောင်၍ ဆရာကြီးကို ဦးချပြီးလျှင် ဗုဒ္ဓရှင်တော် သီတင်းသုံးရာ သရက်ဥယျာဉ်သို့ သွားလေသည်။

ဥပါလိ။ ။ (သင့်တော်သော နေရာ၌ ထိုင်ပြီးလျှင်) ဤအရပ်သို့ ဒီဃတပဿီနိဂဏ္ဌ ရောက်လာပါရဲ့လား။

ဗုဒ္ဓ။ ။ ရောက်လာပါရဲ့။

ဥပါလိ။ ။ စကားစမြည် ပြောလိုက်ပါရဲ့လား။

ဗုဒ္ဓ။ ။ ပြောလိုက်ပါရဲ့။

ဥပါလိ။ ။ ဘာများ ပြောကြပါသလဲ။

ဗုဒ္ဓ။ ။ (ဒီဃတပဿီနှင့် ပြောခဲ့သမျှ စကားတို့ကို ပြန်၍) “ဒီဃတပဿီက ကာယဒဏ်ကို အပြစ်ကြီးသည်ဟု ယူ၍ ငါဘုရားက မနောဒဏ်ကို အပြစ်ကြီးသည်”ဟု ယူကြောင်း မိန့်တော်မူသည်။

ဥပါလိ။ ။ ဒီဃတပဿီသည် ဆရာကောင်းတပည့်ပီပီ ဖြေဆိုနိုင်ပါပေတယ်၊ ကာယဒဏ်ကို ထောက်လျှင် မနောဒဏ်ဟာ ဘာပြောပလောက်မှာလဲ၊ ကာယဒဏ်သာ (ကိုယ်ဖြင့် ထိထိ ရောက်ရောက် ပြုခြင်းသာ) အပြစ်ကြီးတော့မပေါ့။

ဗုဒ္ဓ။ ။ ဥပါလိ … မှန်တဲ့အချက်ပေါ်မှာ အတည်ဖြစ်ဖို့ရာ ဆွေးနွေး ပြောဆိုမည်ဟု ကြံလျှင် ဤ ကာယနှင့် မနော နှစ်မျိုးသောအရာဝယ် “ဘယ်ဟာက အပြစ်ကြီးသည်”ဟု စိစစ် နှီးနှော ပြောကြဖို့ပဲ။ (ဘာပဲပြောပြော, ငါတို့ အယူသာ အမှန်ဖြစ်စေရမည်ဟု စကားနိုင်လုလိုလျှင် ပြောဆိုဆွေးနွေးဖို့မလိုတော့-ဟူလို။)

ဥပါလိ။ ။ အမှန်ပေါ်မှာ အတည်ဖြစ်ဖို့ ဆွေးနွေးလိုပါတယ်။

ဗုဒ္ဓ။ ။ [ နိဂဏ္ဌတို့ဝါဒဝယ် ရေအေး၌ အသက်ရှိသည်ဟု ယူဆ၍ ရေအေးကို သောက်ချိုး သုံးစွဲလေ့ မရှိသည်ကို သိထားနှင့်ပါ၊] ဥပါလိ …“နိဂဏ္ဌတစ်ယောက်မှာ သည်းခြေရောဂါ ရောက်နေပြီ”ဆိုကြစို့၊ ရေအေးကို မသောက် မချိုးရလျှင် သူ့မှာ ရောဂါတိုးတော့မည်၊ စိတ်ကလည်း ရေအေးကို အလွန်တောင့်တ၏၊ သို့သော် “ရေအေးကို လိုချင်သည်”ဟု ပြောလျှင် ဝစီဒဏ်ထိုက်၍ ရေအေးကို သောက်ချိုးလျှင် ကာယဒဏ်ထိုက်မည်စိုးသောကြောင့် အောင့်အည်း သည့်ခံနေရှာသည်၊ (သူတို့ အလိုအားဖြင့် တောင့်တမှု မနောဒဏ်ကား ထိုက်နေလေပြီ၊) သူသည် ရေအေးကို မရသောကြောင့် ရောဂါတိုး၍ သေရလျှင် “မည်သည့်ဘဝ ရောက်သည်”ဟု နိဂဏ္ဌဆရာတို့ အယူရှိကြသနည်း?။

ဥပါလိ။ ။ သူသည် ရေအေး အပေါ်၌ စိတ်စွဲလမ်း၍ သေရသောကြောင့် “မနောသတ္တ” အမည်ရသော နတ်ဖြစ်သည်ဟု ပညတ်ကြပါသည်။ [မနော=စိတ်+သတ္တ=ငြိကပ်သူ။]

ဗုဒ္ဓ။ ။ ဥပါလိ … သတိထားပြီး ဖြေပါ၊ သင့်အဖြေဟာ ရှေ့နောက် အမြီးအမောက် မတဲ့ဘူး။ [“မနောဒဏ်ထက် ကာယဒဏ်က သတ္တိထက်သည်”ဟု ဆိုခဲ့ပါလျက် စောင့်စည်းထားသော ကာယဒဏ်ရဲ့အကျိုးကို မခံစားရဘဲ ပျက်စီးသော မနောဒဏ် ကပင် နတ်ဖြစ်အောင် အကျိုးပေးသည်ဟု ဆိုသောကြောင့် “ရှေ့ နောက် မညီ”ဟု မိန့်တော်မူလိုသည်။]

ဥပါလိ။ ။ [ထိုသို့ မိန့်တော်မူလျှင်ပင် နဂို ပညာခံမနည်းသော ဥပါလိသူကြွယ်သည် (မိန်းမောတွေဝေနေသူတို့ ကိုယ်လည်း မလှုပ်, နှုတ်လည်း မမြွက်ဘဲ စိတ်ရှိနေသေးသည့်အတွက်ကြောင့်သာ အသက်ရှင်နေပုံကို သတိရကာ) မနောသည်သာ ကာယ ဝစီ တို့ထက် သာ၍ သတ္တိထက်ကြောင်းကို သဘောပေါက်လာတော့သည်၊ သို့သော် ဗုဒ္ဓ၏ ဆန်းကြယ်သော ပြဿနာတို့ကို ကြားနာလို သေးသဖြင့်] အရှင်ဘုရားက ဤသို့ ပြောသော်လည်း ကာယဒဏ်သာ ပို၍ သတ္တိထက်ပါတယ်။

ဗုဒ္ဓ။ ။ နိဂဏ္ဌနာဋပုတ္တဆရာသည် “သွားရင်း လာရင်း နင်းမိသောကြောင့် ပိုးကောင် ကလေးတွေ သေလျှင် နင်းသူမှာ ဘယ်လို အပြစ်ရှိသည်”ဟု ပညတ်သလဲ။

ဥပါလိ။ ။ သေစေလိုသောစေတနာ မပါသောကြောင့် အပြစ်ကြီးသည်ဟု မပညတ်ပါ။

ဗုဒ္ဓ။ ။ သေစေလိုသော စေတနာ ပါလာလျှင် ဘယ်လို ပညတ်သလဲ။

ဥပါလိ။ ။ စေတနာ ပါလာလျှင် အပြစ်ကြီးသည်ဟု ပညတ်ပါတယ်။

ဗုဒ္ဓ။ ။ စေတနာကို (ကာယ ဝစီ မနောသုံးမျိုးတွင်) ဘယ်ထဲ သွင်းသလဲ။

ဥပါလိ။ ။ မနောဒဏ်ထဲ သွင်းပါတယ်။

ဗုဒ္ဓ။ ။ ဥပါလိ … သတိထားပြီး ဖြေပါ၊ သင့်စကားသည် ရှေ့နောက် မညီဘူး။ [“မနောထက် ကာယက သတ္တိထက်သည်”ဟု ဆိုပါလျက် “မနောမပါသောအခါ ကာယဖြင့် နင်းမိ၍ သေသော်လည်း နင်းသူမှာ အပြစ်မရှိ, မနောပါမှ အပြစ်ရှိသည်“ဟု ဆိုပြန်သဖြင့် မနောသာလျှင် သတ္တိထက်ကြောင်း, ဤရုပ်ကာယကြီးမှာ သူ့ချည်းသက်သက် သတ္တိမရှိကြောင်းကို ဝန်ခံရာ ရောက်နေသဖြင့် ရှေ့နောက် မညီ”ဟု မိန့်တော်မူလိုသည်။]

ဥပါလိ။ ။ ဥပါလိသူကြွယ်လည်း ပြောရင်းပင် ငါတို့ဆရာကြီးသည် “စေတနာမပါသောကံကို အပြစ်မရှိ၊ စေတနာပါသော ကံကို အပြစ်ကြီး၏”ဟု ပညတ်ပြီးလျှင် စေတနာကို မနောဒဏ်၌ ထည့်သွင်းထား၏၊ “ဆရာကြီးရဲ့ စကားသည် ရှေ့နောက် မညီပါ တကား”ဟု သဘောပေါက်လာသည်၊ သို့ရာတွင် ဗုဒ္ဓ၏ ဆန်းကြယ်သော စကားကို နာခံလိုသေး၍ ကာယဒဏ်သည်သာ အပြစ်ကြီးကြောင်း လျှောက်ပြန်သည်။

ထိုအခါ ဗုဒ္ဓရှင်တော်မြတ်သည် တန်ခိုးဣဒ္ဓိပါဒ်ရှိသူတို့၏ စိတ်အစွမ်းကို မိန့်တော်မူလေရာ ဥပါလိလည်း ထိုစိတ်၏ အစွမ်းများကို ဝန်ခံပြီးလျှင် ဗုဒ္ဓ၏ အယူဝါဒကို အားရနှစ်သက်လှသဖြင့် “တပည့်တော်သည် ဘုရား တရား သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏၊ ယနေ့မှ စ၍ အသက်ကို အပ်လျက် ဆည်းကပ်ကိုးကွယ်သော ဥပါသကာဟု မှတ်တော်မူရန်” လျှောက်လေသည်။

ဗုဒ္ဓ။ ။ ဥပါလိ…သင်တို့လို ထင်ရှားသော လူကြီးလူကောင်းဆိုတာ စိစိစစ်စစ်နှင့် နှိုင်းနှိုင်းချိန်ချိန် ပြုသင့်တယ်၊ ဥပါလိဆိုတဲ့ သူကြွယ်ဟာ တွေ့ရာကြုံရာ ကိုးကွယ်ဆည်းကပ်လေ့ ရှိတာပဲ”ဟု ပြောစရာ ဖြစ်တတ်တယ်။

ဥပါလိ။ ။ ဒီလိုသတိပေးတော်မူသည့်အတွက်ကြောင့် ရှင်တော်ဘုရားကို သာ၍ အားရပါတယ် ဘုရား၊ အခြားဆရာကြီးတွေကား တပည့်တော်လို ဒကာတစ်ယောက် ရလျှင် နာဠန္ဒာ တစ်မြို့လုံး အလံစိုက်၍ ကြွေးကြော်လေ့ရှိကြပါတယ်၊ ရှင်တော်မြတ်ဘုရားကန်တော့ စဉ်းစဉ်းစားစားနှင့် ပြုဖို့ရန်ပင် သတိပေးတော်မူပါသေးတယ်၊ တပည့်တော်ကို နှစ်ကြိမ်မြောက် ဘုရား တရား သံဃာကို ဆည်းကပ်သူ”ဟူ၍ မှတ်တော်မူပါ။

ဗုဒ္ဓ။ ဥပါလိ…သင်၏အိမ်သည် နိဂဏ္ဌတို့ အမြဲဝင်ရောက် စားသောက်နိုင်သော ရေတွင်းလို ဖြစ်နေခဲ့တယ်၊ ထို့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာကို ဆည်းကပ် ကိုးကွယ်သော် လည်း နိဂဏ္ဌိတို့ လာလျှင် ပေးလှူထိုက်သည်ဟု မှတ်ထားသင့်တယ်။

ဥပါလိ။ ။ ဒီစကားကို ကြားရသဖြင့် သာလွန်၍အားရပါတယ်၊ “ငါ့သာ လှူထိုက်တယ်, အခြားသူကို မလှူထိုက်၊ ငါ၏ သာဝကတို့ကိုသာ လှူထိုက်တယ်,အခြားသာဝကတို့ကို မလှူထိုက်၊ ငါနှင့် ငါ၏သာဝကတို့ကို လှူမှ အကျိုးကြီးတယ်၊ အခြားသူများ လှူလို့ အကျိုးမကြီးဘူး”ဟု ဟောလေ့ရှိကြောင်း ကြားရဖူးပါတယ်၊ ယခုတော့ နိဂဏ္ဌတို့ကို လှူဖို့ရန်ပင် အမိန့်ရှိနေပြန်ပါသေးတယ်၊ ဤစကားကို ကြားရသဖြင့် သာ၍ အားရပါသောကြောင့် သုံးကြိမ်မြောက် ဆည်းကပ်ကိုးကွယ်ပါသည်။

သောတာပန်ဖြစ်ပုံ

ထို့နောက် ဗုဒ္ဓသည် ဒါန သီလ နတ်ပြည် အကြောင်းတို့ဖြင့် လောကီအာရုံ ကာမဂုဏ် စည်းစိမ်ချမ်းသာတို့ကို ပြပြီး၍ ထိုစည်းစိမ်တို့၏ အပြစ်ကိုလည်းကောင်း, ကာမဂုဏ်မှ ခွာနိုင်လျှင် ရနိုင်သည့် အကျိုးအာနိသင်ကိုလည်းကောင်း ပြတော်မူရာ ဥပါလိ၏စိတ်သည် ကာမဂုဏ်၌ အပြစ် မြင်ကာ လွန်စွာ နူးညံ့နေစဉ် သစ္စာလေးပါးတရားကို ဟောပြတော်မူလေသော် ထိုနေရာ၌ပင် သောတာပန်ဖြစ်လေသည်၊ ထို့နောက် ဗုဒ္ဓကို ဝပ်ချ၍ အိမ်သို့ ပြန်ရောက်သောအခါ သူ၏ တံခါးမှူးကို အမိန့်ပေးသည်မှာ…

“အချင်းတံခါးမှူး…ယနေ့မှ စ၍ နိဂဏ္ဌတို့အတွက် အိမ်တံခါးကို ပိတ်၍ ဗုဒ္ဓနှင့် တပည့်တို့အတွက် တံခါးကို ဖွင့်လိုက်ပါပြီ၊ အကယ်၍ နိဂဏ္ဌတစ်ယောက်တလေလာလျှင် ဒီမှာ ရပ်ပါ, မဝင်ခဲ့ပါနှင့်, ဆွမ်းအလိုရှိလျှင် ဆွမ်းယူခဲ့ပါလိမ့်မည်”ဟု ပြောဖို့ရန် အမိန့် ပေးလေသည်။

ဒီဃတပဿီလိုက်လာပုံ

ဒီဃတပဿီသည် နိဂဏ္ဌဆရာကြီး၏ လက်ထောက်ဖြစ်သော်လည်း ဆရာကြီးထက် အကင်းပါးသူဖြစ်၏၊ ထို့ကြောင့် ဗုဒ္ဓအထံသို့ ဥပါလိ သွားမည်ဟု ဆိုကတည်းကပင် သဘောမတူခဲ့၊ သူ၏တွေးဆချက်မှာ ရဟန်းဂေါတမသည် ရုပ်ရည် လှပ၍ ကြည့်ရှုဖွယ်ကောင်း၏၊ တရားစကားလည်း ကောင်း၏၊ ဥပါလိသည် မြင်ရုံမျှဖြင့် ကြည်ညိုပေလိမ့်မည်၊ စကားကို ကြားရလျှင်လည်း ကြည်ညိုပေလိမ့်မည်၊ ရဟန်း ဂေါတမကို ဆည်းကပ်လျှင်လည်း ဆည်းကပ်ပေလိမ့်မည်၊

ဤသို့ တွေးဆကာ စိတ်တထင့်ထင့်နှင့် သတင်းကိုသာ နားထောင်နေသောကြောင့် “ဥပါလိသည် ရဟန်းဂေါတမ၏ သာဝက ဖြစ်သွားပြီတဲ့” ဟူသော စကားကို ပထမဆုံး ကြားရလေသည်၊ ထိုသို့ ကြားလျှင် ကြားခြင်း ဆရာကြီးထံ သွား၍ ထိုအကြောင်းကို ပြောပြလေရာ ဆရာကြီးက “ဥပါလိသည် ရှင်ဂေါတမ၏ သာဝကဖြစ်ဖိ့ုရန် အကြောင်းမရှိပါဘူး၊ ဖြစ်ချင်းဖြစ်လျှင် ရှင်ဂေါတမသာ ဥပါလိ၏ သာဝကဖြစ်ဖို့ရန် အကြောင်းရှိပါတယ်”ဟု အတင်းငြင်းနေပြန်သဖြင့်

“ကိုင်း…ဒါဖြင့် ဟုတ်, မဟုတ် သိရအောင် ယခုပဲ သွားပါမည်”ဟု ပြောဆိုကာ ဥပါလိအိမ်သို့ အလာတွင် တံခါးမှူးက ဝင်ခွင့် မပေး သောကြောင့် ထိုနေရာမှ ပြန်လှည့်ကာ ဆရာကြီးထံသို့ လာ၍ အမှန်ပင် ရဟန်းဂေါတမ၏ တပည့်ဖြစ်သွားကြောင်းနှင့်တကွ “တပည့်တော်… ဒီလို ဖြစ်လိမ့်မည်ဆိုတာ ကြိုတင်၍ မြင်သော ကြောင့် ရဟန်းဂေါတမထံ ဥပါလိ သွားဖို့ရန် သဘောမတူခဲ့ပါ၊ ယခုတော့ ကိုယ်တော်ရဲ့ ဥပါလိသူကြွယ်ကို ရဟန်းဂေါတမက မျက်လှည့်ဖြင့် လှည့်ပတ်လိုက်ပေါ့ဘုရား”ဟု ဝမ်းနည်းပန်းနည်း ပြောပြရှာလေသည်။

ဆရာကြီးကိုယ်တိုင် လိုက်လာပုံ

ဥပါလိသူကြွယ်ဆိုသူကား နိဂဏ္ဌတို့၏ ပဓာနလက်သုံး မျက်နှာဖုံးဗန်းပြ (ဒီလို ပညာရှိ သူဌေးကြီးကတောင် ငါတို့ကို ကိုးကွယ်နေရတာပဲဟု ညွှန်ပြရသော) သာဝက ဖြစ်ခဲ့သူတည်း၊ ထို့ကြောင့် ဥပါလိကိစ္စအတွက် ဆရာကြီးကိုယ်တိုင် မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်ကာ ဥပါလိအိမ်သို့ နိဂဏ္ဌပရိသတ် များစွာ ခြံရံလျက် ကိုယ်တိုင်ထွက်လာလေသော် တံခါးမှူးက တားပြန်သဖြင့် “ငါတို့ လာတဲ့ အကြောင်းကို ဥပါလိအား ပြောပေးပါ”ဟု တံခါးမှူးကို တောင်းပန်လေသည်၊

တံခါးမှူးလည်း ဥပါလိထံ သွား၍ ပရိသတ် များစွာနှင့်တကွ နိဂဏ္ဌဆရာကြီး တံခါးပေါက်၌ ရောက်နေကြောင်း ကို ပြောပြလေရာ အလယ်တံခါးမုခ်၌ (တံခါးပေါင်း ခုနစ်ထပ်ရှိသည့်အနက် အလယ်တံခါး၏ ဆင်ဝင်၌) နေရာခင်းထားလိုက်ဟု အမိန့် ပေးပြီးလျှင် ဥပါလိ လာ၍ အကောင်းဆုံးနေရာဝယ် ထိုင်နေပြီးမှ နိဂဏ္ဌတို့ကို ဝင်ခဲ့ဖို့ရန် အကြောင်းကြားစေလေသည်။

ထို့နောက် နိဂဏ္ဌပရိသတ်ကြီးနှင့်အတူ ဆရာကြီး ဝင်လာရာ (ရှေးအခါကဆိုလျှင် နိဂဏ္ဌဆရာကြီး လာသောအခါ မိမိတိုက်၌ အကောင်းဆုံးနေရာကို မိမိအပေါ်ခြုံဖြင့် ထပ်၍ ဖုန်ခါသလို ခါလိုက် သေး၏၊ ထို့နောက်မှ ဆရာကြီးကို သူကိုယ်တိုင် သူ့ခြုံထည်ဖြင့် ပွေ့ဖက်ဖေးမပြီးမှ ထိုနေရာ၌ ထိုင်စေလေသည်၊ ယခုသော်ကား မိမိကိုယ်တိုင်က နေရာမှ မထဘဲ) “အရှင်ဘုရားတို့ …နေရာတွေ အများကြီး ရှိပါတယ်၊ ထိုင်လိုလျှင် ထိုင်ကြပါ”ဟု ပြောလေသည်။

ဆရာကြီး။ ။ (ထိုစကားကို ကြားလျှင် ဆရာကြီးလည်း ထိုင်မျှ မထိုင်နိုင်တော့ဘဲ) “သူကြွယ်… သင် ရူးလာသလား, ထိုင်းမှိုင်းလာသလား, ရဟန်းဂေါတမအပေါ် “အပြစ်တင်လိုက်မည်”ဟု ကြုံးဝါးသွားလျက် ယခုတော့ များစွာသော ဆန့်ကျင်ဘက်ဝါဒ အပေါင်းကို ဦးခေါင်းပေါ် စွပ်ပြီး ပြန်လာခဲ့သလား, သင့်ကို မာယာ မျက်လှည့်ဖြင့် လှည့်ပတ်လိုက်ပြီလား။

ဥပါလိ။ ။ (မိမိရထားသော သောတာပတ္တိမဂ်ဉာဏ်ကို ရည်ရွယ်၍) အရှင်ဘုရား…ဗုဒ္ဓရဲ့ မျက်လှည့်မာယာသည် အလွန်ကောင်းပါပေတယ်၊ ဒီမျက်လှည့်မျိုးဖြင့် တပည့်တော်၏ ချစ်သူတွေကို လှည့်ပတ်မည်ဆိုလျှင် ထိုချစ်သူများလည်း စီးပွားချမ်းသာ ကြာမြင့်စွာ ဖြစ်ကြဖို့ပါပဲ၊ မင်း, ပုဏ္ဏား, သူဌေး, သူကြွယ်, ကုန်သည်, ဆင်းရဲသားစုကို လှည့်ပတ်လျှင်လည်း ထိုသူအားလုံး ချမ်းသာဖို့ပါပဲ။

တပည့်တော် ဥပမာတစ်ခု ပြုပါရစေ၊ ပညာရှိပုဂ္ဂိုလ် များဟာ ဥပမာစကားဖြင့်လည်း နားလည်နိုင်ကြပါတယ်၊ (ဤသို့ ပြော၍ ရတနာ့ဂုဏ်ရည်၌ ရေးခဲ့ဖူးသော မျောက်ပင်းမင်းပေးပုံ ဥပမာကို ပြသည်၊) ထိုဥပမာပြ၌ မျောက်ကလေးသည် အလှဆေးဆိုးသာ ခံနိုင်၍ ဖွပ် လျှော်ဖို့ရန် အထုအရိုက် အနင်းအနယ် မခံနိုင်သကဲ့သို့ နိဂဏ္ဌတို့၏ ဝါဒသည် အပေါ်ယံဗန်းပြ အလှဆေးရောင် တင်ဖို့လောက်သာ ကောင်း၍ ဉာဏ်ဖြင့် စူးစူးစိုက်စိုက် ကြိတ်ကြိတ်နယ်နယ် စဉ်းစားခြင်းကို မခံနိုင်ပါ၊ ဗုဒ္ဓ၏ ဝါဒကား ထိုအားလုံးကို ခံနိုင်ပါတယ်-ဟု ပြန်ပြောလေသည်။

ဆရာကြီး။ ။ ဥပါလိ…သင့်ကို မင်းနှင့်တကွ ပရိသတ်က နိဂဏ္ဌ၏တပည့်ဟု အသိအမှတ် ပြုနေကြတယ်၊ ယခု ဘယ်သူ့တပည့်ဟု မှတ်ရမှာလဲ။

ဥပါလိ။ ။ နေရာမှ ထပြီးလျှင် ဗုဒ္ဓဘက်သို့ လက်အုပ်ချီ၍ “ဘယ်သူ့တပည့်ဆိုတာ သိချင်ရင် နားထောင်ပါ”ဟု ပြော၍ ဗုဒ္ဓ၏ဂုဏ်တော်တို့ကို ဆယ်ဂါထာလောက် ထုတ်ဖော်ရွတ်ပြကာ ထိုဗုဒ္ဓ၏ တပည့်သာဝက ဖြစ်ပါကြောင်း ပြောပြလေသည်။

ဆရာကြီး။ ။ ယခုမှ တပည့်ဖြစ်လာတယ်, အရှင်ဂေါတမ၏ ဂုဏ်တော်တွေကို ဘယ်တုန်းက ဂါထာစီကုံးထားသလဲ။

ဥပါလိ။ ။ပန်းအမျိုးမျိုးပုံထားတဲ့ ပန်းပုံကြီးကို တွေ့ရသောအခါ အဆင်သင့်ကောက်ယူကာ ဆန်းကြယ်သော ပန်းကုံးဖြစ်အောင် ကုံးလိုက်ရုံသာ ဖြစ်သကဲ့သို့ ဗုဒ္ဓမြတ်စွာ၌ ဂုဏ်တော်တွေ တစ်ပုံကြီးရှိနေမှတော့ ထို ဂုဏ်တော်များကို ကောက်ကာငင်ကာ ဂါထာစီကုံးလိုက် ရုံပါပဲ၊ ဂုဏ်တော်ပန်းတွေကို ရှာဖွေနေဖို့ မလိုပါဘူး။

ဆရာကြီးဖြစ်ပုံ ဆရာကြီးသည် ထိုသို့ ဥပါလိ၏ ဗုဒ္ဓအပေါ်၌ ရိုသေလေးစား သွားရခြင်းကို မခံချင်လှသော ဒေါသစိတ်, ဥပါလိအိမ်သို့ (၅၀, ၆၀) အခြံအရံဖြင့် ဝင်ရောက် စားသောက်နေကျ ဖြစ်သော်လည်း နက်ဖြန်က စ၍ မစားရတော့ဘဲ မိမိ၏ ထမင်းအိုးကြီး ကွဲရ၍ ဝမ်းနည်းလှသော သောကစိတ်တို့ဖြင့် အတွင်း၌ ပူလောင်ကာ စိတ္တဇအပူဓာတ်သည် နှလုံးကို ဟပ်တော့၏၊ ထို့ကြောင့် နှလုံးသွေး ကြေမွလျက် အထက်သို့ လေပင့်ကာ သွေးအန်၍ လဲရှာလေသည်၊ ထို့နောက် အတော်ကြာလျှင် ထိုရောဂါဖြင့် ဆုံးရှာလေတော့သည်။

မှတ်ချက်။ ။ ဤဝတ္ထု၌ မှတ်သားဖွယ် အချက်တွေ များလှ၏၊ မိမိက ပြည့်စုံသော ဆရာသမား မဟုတ်သူသည် မိမိ၏ ဒကာ ဒကာမများကို ပြည့်စုံသော ဆရာသမားတို့နှင့် တွေ့မည်ကို ကြိုတင်၍ စိုးရိမ်နေတတ်၏၊ အကယ်၍ မိမိ ဒကာ ဒကာမတို့သည် ကိုယ့်ထက်သာသော ဆရာသမားကို ကိုးကွယ်သွားကြလျှင် နိဂဏ္ဌဆရာကြီးကဲ့သို့ ဖြစ်တတ်၏၊ ထိုသို့ မဖြစ်ရလေအောင် ဆရာလုပ်သူတိုင်း အပြောင်းအလဲ ဖြစ်နိုင်သော ဒကာ ဒကာမထက် မိမိကိုယ်ကိုသာ အားကိုးသင့် ကြပါသည်။

ဗုဒ္ဓရှင်တော်နှင့်ဝစ္ဆဂေါတ္တပုဏ္ဏား

ဝစ္ဆဂေါတ၏ ဗုဒ္ဓအပေါ်ထင်မြင်ချက်

ဗုဒ္ဓသည် ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူသောအခါ ဗြာဟ္မဏရွာသို့ ရောက်တော်မူလေရာ ထိုရွာနှင့် မလှမ်းမကမ်း တောအုပ်တစ်ခုမှာ သီတင်းသုံးတော်မူသည်၊ ထိုအခါ ဗုဒ္ဓ၏ဂုဏ်သတင်းကို ကြားဖူး၍ ဗုဒ္ဓအထံသို့ ဖူးမြော်လာကြသော ဗြာဟ္မဏ(ပုဏ္ဏား)လူမျိုးတို့တွင် ဝစ္ဆဂေါတ္တပုဏ္ဏားလည်း ပါဝင်၏၊ ထိုသူကား ကောင်းမွန် သားနားသော အိပ်ရာနေရာကို လွန်စွာ နှစ်သက်သူတည်း၊ ထို့ကြောင့် ဗုဒ္ဓအထံတော်သို့ ရောက်၍ ဗုဒ္ဓရှင်တော်၏ ရုပ်အဆင်းကို ခြေဆုံး ခေါင်းဆုံးကြည့်ကာ လွန်စွာကြည်လင်သော ဣန္ဒြေများနှင့် အသားအရေများကို မြင်ရသဖြင့် “အင်း… သားနားသော အိပ်ရာ နေရာများ၌ အိပ်ရ နေရလို့သာ ယခု လောက် ကြည်လင် သန့်ရှင်းတာ ဖြစ်မှာပဲ”ဟု ထင်မြင်ချက်ပြုကာ

“အရှင်ဂေါတမ၏ ဣန္ဒြေများ အလွန်ကြည်လင်ပါပေတယ်၊ အရေ အဆင်းလည်း ဇမ္ဗူရာဇ်ရွှေအဆင်းကဲ့သို့ အလွန်သန့်ရှင်းပါပေတယ်၊ ဥစ္စာသယန မဟာသယန (မြင့်သော သားနားသော အိပ်ရာနေရာ များ)လိုသလောက် အခါမရွေး ရနေဟန်တူပါတယ်”ဟု လျှောက် လေသည်။

ဗုဒ္ဓအမြဲရနေသော အိပ်ရာနေရာ

ထိုအခါ ဗုဒ္ဓသည် ဝစ္ဆဂေါတ္တပြောဆိုလိုသော သားနားသော အိပ်ရာကို “ရဖို့လည်းမလွယ်, ရပြန်လျှင်လည်း မသုံးဆောင်အပ်”ဟု မိန့်တော်မူပြီးလျှင် ကိုယ်တော်၏ အလိုရှိတိုင်း အလွယ်တကူ ရနိုင် သော အိပ်ရာနေရာ သုံးမျိုးရှိကြောင်းကို မိန့်တော်မူသည်၊

ချဲ့ဦးအံ့-ဗုဒ္ဓသည် ဂန္ဓကုဋိတိုက်တော်စသော အမြဲကျောင်းတော်မရှိရာ မြို့ ရွာ နိဂုံးသို့ ရောက်တော်မူသောအခါ ဆွမ်းခံဝင်တော်မူ၍ ဆွမ်း ဘုဉ်းပေးပြီးနောက် ဆိတ်ငြိမ်သော တောသို့ ကြွတော်မူလေ့ရှိ၏၊ ထိုတော၌ သစ်ရွက်များကို စုတော်မူပြီးလျှင် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူ၍ စျာန်ဝင်စားတော်မူ၏၊ ထိုသို့ စျာန်ဝင်စားလျက် စင်္ကြံလည်း ကြွတော်မူ၏၊ ရပ်လည်း ရပ်တော်မူ, ထိုင်လည်း ထိုင် တော်မူ, လျောင်းလည်း လျောင်းတော်မူ၏၊ ဤသို့ ဝင်စားအပ်သော စျာန်သမာပတ်သည် ဗုဒ္ဓရှင်တော်၏ မြင့်မြတ်သောနေရာ (ဥစ္စာသယန မဟာသယန) တစ်မျိုးပေတည်း၊ ထိုဥစ္စာသယန မဟာသယနမျိုးကိုကား အလိုရှိတိုင်း ရနိုင်ပါသည်၊ [ထို့နောက် ထိုနေရာမျိုး၌ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဘာဝနာ ပွား၍ နေတော်မူခြင်း, ဖလသမာပတ် ဝင်စား၍ နေတော်မူခြင်းဟု အခြား ဥစ္စာသယန မဟာသယန နှစ်မျိုးကိုလည်း ပြတော်မူသည်။]

မှတ်ချက်။ ။ ဤသုတ္တန်ဖြင့် ပြလိုရင်းကား… ဗုဒ္ဓရှင်တော်မြတ်သည် အမြဲမပြတ် ဂန္ဓကုဋိတိုက် ကဲ့သို့သော စံကျောင်းမှာချည်း သီတင်းသုံးတော်မူလေ့ရှိသည် မဟုတ်ပါ၊ ရောက်လေရာ အရပ်၌ ဆွမ်းခံကြွတော်မူကာ (ကျောင်းအဆင်သင့် မရှိရာဝယ်) တောထဲမှာ သီတင်းသုံးတော်မူကြောင်း, ထိုသို့ သီတင်းသုံးတော်မူ ရာ၌ ခမ်းနားသိုက်မြိုက်စွာ တည်းခိုကျောင်းကို ဆောက်လုပ်စေ တော်မမူဘဲ မြက် သစ်ရွက်တို့ကို ခင်း၍ နေလေ့ရှိတော်မူကြောင်း ပြလိုရင်း ဖြစ်သည်၊ သို့သော် ဤသို့ သီတင်းသုံးတော်မူခြင်းကား ရက်ရှည်လများ နေရာအရပ်မျိုး ဟုတ်ဟန်မတူ၊ တစ်နေ့တစ်ရက် ဆိုသလို ခေတ္တခဏအရပ်မျိုး ဖြစ်ဟန်တူပါသည်။

ဗုဒ္ဓနှင့်သရဘပရိဗိုဇ်

တိတ္ထိတို့ အကြံ

ဗုဒ္ဓသည် များသောအားဖြင့် အေးအေးသက်သာ နာခံသာအောင် တရားဓမ္မ ဟောလေ့ရှိသော် လည်း တစ်ရံတစ်ခါသော် တိတ္ထိတို့၏ ရောင့်တက်မှုကြောင့် “သီဟနာဒ”ခေါ် ခြင်္သေ့ဟောက်သို့ ရဲရဲတောက် မိန့်တော်မူရသေး၏၊ သူပေး လူပေး သူများကျွေးမှ စားသောက်ရသောဘဝ၌ ရောက်ရှိ နေသူတို့သည် မဂ် ဖိုလ် နိဗ္ဗာန်ကို မှန်းမျှော်၍ အထက်တန်းစိတ် မထားနိုင်သမျှ မိမိဝမ်းရေးကို တွေး၍ ပူပန်တတ်ကြလေသည်၊ ထို့ကြောင့် ဗုဒ္ဓရှင်တော် ထွန်းပေါ်တော်မူလာသောအခါ သူတို့ထက် သာလွန်နေသော ဗုဒ္ဓရှင်တော်ကို ကြည့်၍ တိတ္ထိတို့တစ်တွေ ဣဿာ မစ္ဆရိယ (မနာလိုမှု ငြူစူမှု ဝန်တိုမှု) ဖြစ်နေကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။

ထို့ကြောင့် အခါတစ်ပါး၌ တိတ္ထိတို့ အချို့ စုရုံးတိုင်ပင်ကြသည်ကား…ရှင်ဂေါတမ ပေါ်လာ သည်ကစ၍ ငါတို့မှာ လာဘ်လာဘ လျော့ပါးလာခဲ့ကြသည်၊ “ဘာ့ကြောင့် ရှင်ဂေါတမကို ကြည်ညိုတဲ့ သူတွေ များသလဲ” ဆိုတာကို စဉ်းစားကြဖို့လိုတယ်၊ ဤသို့ တိုင်ပင်၍ အမျိုးမျိုး စဉ်းစားကြရာဝယ် ပရိဗိုဇ်တစ်ယောက်၏ အများ အတည် ပြုလောက်သော စဉ်းစားချက်မှာ ဤသို့ တည်း…

“တပည့်တော်တော့ တခြားအကြောင်းများကို မမြင်ဘူး၊ ရဟန်းဂေါတမ၏ သာဝကရဟန်း တွေဟာ ဆယ့်ငါးရက်တစ်ကြိမ်ကျ တံခါးပိတ်၍ သာမဏေများသော်မှ ဝင်ခွင့်မပေးဘဲ စည်းဝေးကြ တယ်၊ ထိုအစည်းအဝေးကို သူတို့ရဲ့ အသက်လောက် အားကိုးရတဲ့ ဒကာများကိုတောင်မှ မြင်ခွင့်မပေး ကြဘူး၊ သူတို့သည် ထိုအချိန်မှာ အာဝဋ္ဋနီမာယာကို (သူတစ်ပါးတို့ကို လှည့်စားနိုင်သော ပညာတစ်မျိုး ကို) ဂါထာမန္တန် မန်းမှုတ်သလို သွင်း၍ လူတို့ကို လှည့်ပတ်နိုင်သော တန်ခိုးကို ရကြလိမ့်မည်၊ ထိုအတတ်ပညာဖြင့် လှည့်ပတ်၍ ကြည်ညိုအောင် ဟောနိုင်သောကြောင့် လာဘ်လာဘပေါခြင်း ဖြစ်လိမ့်မယ်၊ ထိုအာဝဋ္ဋနီ မာယာကို တပည့်တော်တို့ ရအောင် ယူနိုင်လျှင် လာဘ်လာဘ ပေါမှာပဲ”ဟု ထင်မြင်ချက် ပေးလေသည်။

သရဘပရိဗိုဇ်ကို ရွေးချယ်ပုံ

ထိုအချက်ကို အားလုံး သဘောတူသဖြင့် “ထိုအတတ်ကို ရအောင် မည်သူယူနိုင်မလဲ, ယူနိုင်သူကို အားလုံး၏ အကြီးအချုပ် ဥက္ကဋ္ဌ ဖြစ်စေရမည်”ဟု ဆုံးဖြတ်၍ အကြီးဆုံးက စပြီး “ယူနိုင်မလား,ယူနိုင်မလား”ဟု မေးရာ အားလုံးငြင်းပယ်၍ “သရဘပရိဗိုဇ်” အလှည့်ကျသောအခါ “ကိုယ်တော်တို့ကသာ ကိုယ့်စကားအတိုင်း တပည့်တော်ကို အကြီးအကဲ မြှောက်မယ်ဆိုလျှင် ဒီမာယာကို ယူဆောင်ဖို့အတွက်တော့ ဝန်မလေးပါ”ဟု ပြောဆိုလေ၏၊ ထိုအခါ အားလုံးကပင် “ယူသာ ယူခဲ့ပါ, အကြီးအကဲအရာကိုတော့ မြှောက်ပြီးသားပါပဲ”ဟု ပြောဆိုကြသဖြင့် သူကထပ်၍ ပြောပြန်သည်မှာ…

“တပည့်တော်က အရှင်ဂေါတမရဲ့ သာဝကဟန်ဆောင်ပြီး နဂို သာဝကကြီးတွေရဲ့ ဝတ်ကြီး ဝတ်ငယ်ကို ပြုရပါလိမ့်မယ်၊ သူတို့ရဲ့ သပိတ်ထဲက ထမင်း ဟင်းကိုလည်း စားရပါလိမ့်မယ်၊ ဒီလောက် ပြုတာကိုတော့ ကျေနပ်ကြမလား၊” [ဤသို့ မေးခြင်းမှာ နောင်ခါ သူ့ကို ယုံမှားမည်စိုးသောကြောင့် တည်း၊] ထိုအခါ အားလုံးက “ဘာပဲ လုပ်လုပ် ကျေနပ်ကြပါတယ်, အရေးကြီးတဲ့ မာယာအတတ်ကို ရခဲ့ဖို့သာ လိုရင်းပါပဲ”ဟု ပြောကြလေရာ “ကောင်းပြီ, တပည့်တော်ကို မြင်တဲ့အခါ မသိဟန်ဆောင် နေကြနော်”ဟု သတိပေးပြီးလျှင် ဗုဒ္ဓသီတင်းသုံးတော်မူရာ ဂိဇ္ဈကုဋ် တောင်ပေါ်ကျောင်းသို့ သွားလေသည်။

ရဟန်းပြု၍ မယာယာရှာပုံ

သူသည် ကျောင်းတိုက်၌ တွေ့ရာ မြင်ရာ ရဟန်း မာယာရှာပုံတို့ကို ရှိခိုး၏၊ “အရှင်တို့တော့ နဂိုက စုံစမ်းပြီးမှ သင့်တော်တဲ့နေရာ ရဟန်းပြုကြတယ်၊ တပည့်တော်တို့မှာ မစုံစမ်းကြဘဲ အရမ်းပြုမိလို့ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်တဲ့လမ်း၌ သွားမိလျက်သား ကြုံနေရပါတယ်”ဟု (ညာပြော) ပြော၏၊

ဤသို့လျှင် ဝတ်ကြီးဝတ်ငယ် ပြုကာ ရဟန်းများကို ညာနေရင်းပင် မဟာထေရ်တစ်ပါးအထံ၌ ရဟန်းပြုခွင့်ရ၍ ဆယ့်ငါးရက် တစ်ကြိမ်ကျ ဥပုသ်နေ့၌ ပြုကြရသော ဥပုသ်ပြုခြင်း ကိစ္စတွင် ပါဝင်လေ ရာ, ရဟန်းတော်များ၏ ပါတိမောက် ရွတ်ပုံ, တချို့က လေးလေးစားစား နားထောင်ပုံကို မြင်ရ၍ “ဤကိစ္စသည်ပင် အာဝဋ္ဋနီမာယာကို သွင်းခြင်းပဲ”ဟု ယူဆလျက် ထိုဥပုသ်ပြုကိစ္စ အပြီးတွင် မိမိဆရာကို ဝပ်ချ၍…

သရဘ။ ။ ဒီတရားကို ဘာတရားလို့ ခေါ်ပါသလဲ။

မဟာထေရ်။ ။ ပါတိမောက်လို့ ခေါ်တယ်။

သရဘ။ ။ အရှင်ဘုရား … ဒီတရားဟာ အကောင်းဆုံး အရေးအကြီးဆုံးတရားဟု ထင်ပါတယ်။

မဟာထေရ်။ ။ မှန်တယ် ငါ့ရှင်… အလုံးစုံသော သာသနာတော်ကို ဆောင်နိုင်တဲ့ သိက္ခာ(ကျင့်ဝတ်) ဖြစ်တယ်။

သရဘ။ ။ အရှင်ဘုရား…ဒီတရားအမြတ်ဆုံးသိက္ခာ ဖြစ်ပါလျှင် ဒီတရားကိုပင် ပထမ သင်ပါရစေ။

မဟာထေရ်။ ။ သင်တာပေါ့ငါ့ရှင်။ (ဤသို့ မိန့်တော်မူပြီးလျှင် ယခုအခါ ရဟန်းမဖြစ်မီ, သို့မဟုတ် ရဟန်း ဖြစ်လျှင် ဖြစ်ချင်း သင်ရသော ပါတိမောက်ကို ပို့ချပေးလေသည်။)

သရဘ။ ။ (အတော်ဂရုစိုက်၍ အမြန်ဆုံးရအောင် သင်ယူပြီးလျှင်) “ဒီဟာပဲလားဘုရား, သည့်ပြင် ရှိပါသေးသလား။”

မဟာထေရ်။ ။ (ပါတိမောက်အတွက် ရည်ရွယ်၍) “ဒီဟာပဲ, သည့်ပြင် မရှိတော့ဘူး။”

သရဘသည် ဤစကားကို ကြားလျှင် “အရေးအကြီးဆုံးသော တရားကို ငါရပြီ”ဟု ထင်ကာ ဂိဇ္ဈကုဋ်ကျောင်းတိုက်မှ ထွက်ခွာ၍ ပရိဗိုဇ်ကျောင်းတိုက်သို့ သွားလေရာ “ဘယ့်နှယ်လဲဆရာ… အာဝဋ္ဋနီ မာယာကို ယူခဲ့ပြီထင်တယ်”ဟု ပြောလာသူတို့အား “ငါ့ရှင်တို့… မကြောက်ကြနှင့်တော့, အာဝဋ္ဋနီမာယာကို ဆောင်ယူခဲ့ပြီ၊ ဒီနေ့က စပြီး ငါတို့မှာ လာဘ်ပေါများတော့မည်”ဟု ပြောကာ (အာဝဋ္ဋနီ မာယာဟု ထင်နေသော) ပါတိမောက်ကို ပို့ချပေးလေတော့သည်။ [အာဝဋ္ဋနီ-လူအများကို လှည့်ပတ်တတ်သော+မာယာ-မျက်လှည့် အတတ်။]

တိတ္ထိတွေ ကြော်ငြာကြပုံ

ပါတိမောက်ကို သင်ပြီးသောအခါ သရဘပရိဗိုဇ်ကို ဆရာတင်၍ ရာဇဂြိုဟ်မြို့တွင်းသို့ အစောကြီး ဝင်ပြီးလျှင် သူတို့ဆိုင်ရာပရိသတ် အလယ်၌ သရဘပရိဗိုဇ်က ပြောသည်မှာ… ငါသည် ရဟန်းတို့၏ တရားကို အကုန်သိပြီ၊ ရဟန်းဂေါတမရဲ့တရား၌ အဆီအနှစ် ဘာမျှ မရှိဘူး၊ တကယ်ရှိ လျှင် ငါကိုယ်တိုင် သူတို့အထဲက ထွက်ခဲ့မှာ မဟုတ်ဘူး၊ ယခုတော့ အနှစ်သာရ ဘာမျှမရှိလို့ ငါထွက် လာခဲ့တယ်၊ ရဟန်းတွေဟာ အာဝဋ္ဋနီမာယာ (မျက်လှည့်အတတ်)ကို သွင်းပြီးတော့ လောက၌ ညာစားနေကြတယ်၊

ဤသို့ စသည်ဖြင့် သာသနာတော်ကို စော်ကားပုတ်ခတ်နေသံကို ဆွမ်းခံဝင်သော ရဟန်းအချို့ ကြားခဲ့ကြလေသည်၊ ထိုသို့ ကြားခဲ့ရသော ရဟန်းအများတို့တွင် ပုထုဇဉ်အချို့က မခံချင်ကြသော ကြောင့် ပြန်ရောက်သောအခါ ဗုဒ္ဓရှင်တော်အား လျှောက်ကြပြီးလျှင် “သူပြောသမျှကို ဆိတ်ဆိတ် နေလျှင် သာ၍ ရောင့်တက်ကာ သူ့မှာ အပြစ်များဖွယ် ရှိပါသည်၊ သရဘကို သနားသောအားဖြင့် ပရိဗိုဇ်ကျောင်းသို့ ကြွတော်မူပါ”ဟု တောင်းပန်ကြလေသည်။

ဗုဒ္ဓကြွတော်မူခြင်း

ဗုဒ္ဓရှင်တော်မြတ်သည် ရုတ်တရက်ကြွတော်မမူသေးဘဲ နေ့လယ်အချိန်ဝယ် သမာပတ် ဝင်စား၍ ညနေအချိန်မှ ကိုယ်တော်တစ်ပါးတည်း ပရိဗိုဇ်ကျောင်း တိုက်သို့ ကြွတော်မူလေသည်၊ [သံဃာ့ပရိသတ်နှင့် ကြွတော်မူလျှင် “ပရိသတ်အားဖြင့် တိတ္ထိဝါဒကို နှိမ်သည်”ဟု စွပ်စွဲဖွယ်ရှိသော ကြောင့် တစ်ပါးတည်း ကြွတော်မူခြင်း ဖြစ်သည်၊ ] ဗုဒ္ဓ ကြွတော် မမူမီပင် ပရိဗိုဇ်တို့လည်း သရဘကို မေးမြန်းနေကြသည်မှာ…

ပရိသတ်။ ။ ဆရာရဲ့… ယနေ့ ရဟန်းဂေါတမ၏ အပြစ်တွေ ကိုတော့ တစ်မြို့လုံး လှည့်၍ ပြောခဲ့ကြပြီ၊ ယခုနှယ်အခါ အရှင်ဂေါတမ လာလျှင် ဘယ့်နှယ်လုပ်မလဲ။

သရဘ။ ။ ရှင်ဂေါတမက တစ်ခုလောက်ပြုလျှင် ငါက နှစ်ခုလောက် ပြုလိုက်မယ်၊ ရှင်ဂေါတမက နှစ်ခုပြုလျှင် ငါက လေးခု, ရှင်ဂေါတမက လေးခုပြုလျှင် ငါက ရှစ်ခု ပြုပြမယ်၊ သူက တစ်ရာပြုလျှင် ငါက တစ်ထောင် ပြုပြမယ်။ [ထိုကဲ့သို့ ပြောနေတုန်း မှာပင် ဗုဒ္ဓရှင်တော် ကြွလာတော်မူသည်ကို ပရိသတ် မြင်၍ “အဟုတ်ကို ရဟန်းဂေါတမ လာနေပြီ”ဟု ပြောလိုက်ရာ သရဘဆရာလည်း အတော်ကလေး ထိတ်သွားသည့် လက္ခဏာဖြင့် ဦးခေါင်း ကျုံ့သွားလေသည်။]

ဗုဒ္ဓ။ ။ (ခင်းထားသောနေရာ၌ ထိုင်ပြီးလျှင်) “သရဘ … ရဟန်း၏တရားကို ငါ အကုန်သိပြီ, ထိုသို့ သိသောကြောင့် ငါသည် သူတို့၏ သာသနာမှ ထွက်လာခဲ့သည်”ဟု လှည့်လည် ပြောဆိုနေကြောင်းကို ကြားရ တယ်, ဒီအတိုင်း ပြောနေတာ မှန်သလား။

သရဘ။ ။ (ဘာမျှ ပြန်၍ မပြော။)

ဗုဒ္ဓ။ ။ ရှေးနည်းအတိုင်း ထပ်၍ မေးတော်မူပြီးလျှင်, သရဘ… ပြောပါ၊ ရဟန်းတို့ တရားကို သင်က ဘယ်လို သိနေသလဲ၊ သင်သိထားတဲ့ တရားထဲမှာ လိုနေသေးတာ ရှိလျှင် ငါက ဖြည့်စွက်ပေးပါ့မယ်၊ သင်သိထားသောတရားက ပြည့်စုံနေလျှင် ငါက ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ပါ့မယ်။

[သရဘကား ဘာမျှ မပြောတော့ချေ၊ ဗုဒ္ဓလည်း သုံးကြိမ်တိုင်အောင် မေး၏၊ ထိုအချိန်မှာ ရဟန်း တော်များနှင့် မြို့တွင်းက လူအပေါင်း အတော်များများပင် ပရိဗိုဇ်ကျောင်းတိုက်သို့ ဗုဒ္ဓ ကြွသွား တော်မူကြောင်းကို ကြားရ၍ ရောက်လာကြလေပြီ၊ သရဘမှတစ်ပါး အခြားသော ပရိဗိုဇ်တို့ကလည်း ဗုဒ္ဓက သရဘကို ဆန့်ကျင်ဘက် မပြောဘဲ လိုက် လိုက်လျောလျော မေးနေပုံကို မြင်ကြရ၍ ဗုဒ္ဓ ဘက်သို့ အတော်ကြီး စိတ်ညွတ်နေကြလေပြီ။]

ပရိဗိုဇ်များ။ ။ ငါ့ရှင် သရဘ…သင်တောင့်တနေသော အချက်ကိုပင် အရှင်ဂေါတမက ဖိတ်မန်နေတယ်,“ရဟန်းတို့ တရားကို ဘယ်ပုံဘယ်နည်း သိထားတယ်“ ”ဆိုတာ ပြောလိုက်ပါတော့လား၊ လိုနေလျှင် ဖြည့်လိမ့်မပေါ့, ပြည့်စုံလျှင်လည်း ဝမ်းမြောက်ပါ လိမ့်မည်။

ရဲရဲတောက် မိန့်ခွန်းတော်

သရဘသည် ဘာမျှ ပြန်မပြောတော့ဘဲ ကြက်ဖကြီး ရိုက်ထားသကဲ့သို့ ဦးခေါင်းငိုက်စိုက် ကျကာ မှိုင်၍ နေရှာ၏၊ ဤသို့ စကားမေး မရလောက်အောင် မှိုင်၍ နေသောအခါ ဗုဒ္ဓရှင်တော်မြတ် သည် “သီဟနာဒ”ခေါ် ခြင်္သေ့ ဟောက်သကဲ့သို့ ရဲရဲတောက် မိန့်တော်မူသည်မှာ…

၁။ “ငါသည် အလုံးစုံကို အကုန်သိ၏”ဟု ဝန်ခံထားရာ၌ “မည်သည့် တရားတွေ မသိဘဲ ကျန်နေသေးတယ်” လို့များ ပရိဗိုဇ် တစ်ယောက်ယောက်က ပြောလျှင် ထိုပြောသူကို ပြန်၍ စစ်ဆေး မေးမြန်းသောအခါ သူသည် ရှေ့စကားကို နောက် စကားဖြင့် ဖုံးကွယ်လျှင်လည်း ဖုံးကွယ်လိမ့်မည်၊ အပြင်ဘက်က စကားတစ်ခုခုကို အပိုသွင်းချင် သွင်းပေလိမ့်မည်၊ စိတ်တိုခြင်း, ဒေါသထွက်ခြင်း, မနှစ်သက်ခြင်းကိုသော်လည်း ထင်ရှားပြ လိမ့်မည်၊ ထိုသုံးမျိုးတွင် တစ်မျိုးမျိုး ဧကန်ဖြစ်ရမည်၊ ထိုသို့ မဖြစ်လျှင် ယခု သရဘ မှိုင်နေသလို စကားမေးမရအောင် မှိုင်နေရလိမ့်မည်။

၂။ “ငါ့မှာ ကိလေသာ ကုန်ပြီ”ဟု ဝန်ခံထားရာ၌ “ကိလေသာ မကုန်သေးဘူး”ဟု ပရိဗိုဇ် တစ်ယောက်ယောက်က ပြောလျှင် ထိုပြောသူကို ပြန်၍ စစ်ဆေးမေးမြန်းသောအခါ သူသည် (အထက်ပါ အဖြစ်သုံးမျိုးတွင်) တစ်မျိုးမျိုး ဧကန်ဖြစ်ရမည်၊ ထိုသို့ မဖြစ်လျှင် သရဘကဲ့သို့ စကားမေးမရအောင် မှိုင်၍ သော်လည်း နေရလိမ့်မည်။

၃။ “ငါပြောသည့်အတိုင်း ကျင့်သူသည် ငါပြောအပ်သောအကျိုးကို မရနိုင်။”

(က) ရာဂကို ပယ်ခြင်း အကျိုးငှာ အသုဘကမ္မဋ္ဌာန်းကို ဟောတော်မူရာ၌ “အသုဘ ကမ္မဋ္ဌာန်းကို အားထုတ်သော်လည်း ရာဂကို မပယ်နိုင်”ဟုလည်းကောင်း၊

(ခ) ဒေါသ အာဃာတ (ရန်ငြိုးဖွဲ့ခြင်း)ကို ပယ်ဖျောက်ဖို့ရာ မတ္တာကမ္မဋ္ဌာန်းကို ဟော တော်မူရာ၌ “မေတ္တာကမ္မဋ္ဌာန်း သည် ထိုဒေါသ အာဃာတကို မပယ်ဖျောက်နိုင်”ဟု လည်းကောင်း၊

(ဂ) မကောင်းကြံမှု ဝိတက်ကို ပယ်ဖို့ရာ အာနာပါနကမ္မဋ္ဌာန်းကို ဟောတော်မူရာ၌ “ထိုအာနာပါနသည် ဝိတက်ကို မပယ်နိုင်”ဟုလည်းကောင်း၊

(ဃ) မဂ်ဖိုလ်ရဖို့ရာ သတိပဋ္ဌာန်စသော တရားတို့ကို ဟောတော်မူရာ၌ “သတိပဋ္ဌာန်စသော (ဗောဓိပက္ခိယတရား)(၃၇)ပါးသည် မဂ်ဖိုလ်ရကြောင်း မဟုတ်”ဟုလည်းကောင်း ပရိဗိုဇ် တစ်ယောက်ယောက်က ပြောလျှင် ထိုပြောသူကို ပြန်၍စစ်ဆေးမေးမြန်းသောအခါ အထက်ပါ အဖြစ်သုံးမျိုးတွင် တစ်မျိုးမျိုးသော်လည်း ဖြစ်လိမ့်မည်၊ သို့မဟုတ်လျှင် သရဘကဲ့သို့ မှိုင်၍ နေရလိမ့်မည်။

ဤသို့ ရဲရဲတောက် မိန့်ခွန်းသုံးချက်ကို မိန့်မြွက်တော်မူပြီးနောက် ရောက်လာသော ပရိသတ်အား သစ္စာလေးပါးတရားကို ဟောတော်မူ၍ တရားရစေတော်မူပြီးလျှင် အဘိညာဉ်ဖြင့် ပြန်ကြွတော်မူသောအခါ အခြားပရိဗိုဇ်တို့က သရဘကို ဝိုင်း၍ “ငါ့ရှင် သရဘ… ခြင်္သေ့နှင့် မတွေ့ခင်က ခြင်္သေ့လို ဟောက်လိုက်မည်ဟု ကြုံးဝါး၍ တွေ့သောအခါ မဟောက်ဝံ့သော မြေခွေးလို ဖြစ်နေပါပကော”ဟု ပြောဆိုကြလေသည်။

ဓာတ်တော်အပ်နှင်းပွဲ

[ဤကျမ်းကို ပုံနှိပ်နေစဉ် သတင်းစာ၌ တွေ့ရ၍ ထည့်သွင်းချက်]

ပညာရှိမှ ပညာရှိကို သိနိုင်ပုံ

“ဗုဒ္ဓသည် လူ၏ အစကို မဟောပြနိုင်ခဲ့၊ လောကဓာတ် ဆရာကြီးတို့သာ လူ၏ အစကို ပြနိုင် သည်” ဟု ဗုဒ္ဓရှင်တော်နှင့် မတန်မရာသော စွပ်စွဲသံကို “ဗုဒ္ဓသာသနာ ထွန်းကားပါပေသည်”ဟု ချီးကျူးခံရသော မြန်မာနိုင်ငံ၌ (အချို့လူများအထံမှ) ကြားနေရစဉ် ဗုဒ္ဓဘာသာ မထွန်းကားသော အိန္ဒိယနိုင်ငံဝယ် (၁၄၊ ၁၊ ၄၉) ပြာသို လဆုတ် တစ်ရက်နေ့က အဂ္ဂသာဝကနှစ်ပါး၏ ဓာတ်တော်များ ကို မဟာဗောဓိအသင်းသို့ အပ်နှင်းပွဲ အခမ်းအနား၌ ဗုဒ္ဓဂုဏ်တော်များကို ထုတ်ဖော်ချီးကျူးသံ ကြားရသောအခါ “အင်း…ပညာရှိမှ ပညာရှိအကြောင်းကို ကောင်းကောင်း သိနိုင်ပေတာပဲ”ဟု (ကျမ်း လာအတိုင်း) စဉ်းစားမိပါသည်၊ ထိုအပ်နှင်းပွဲ၌ ပရိသတ်ငါးသိန်းခန့် တက်ရောက်ကြ၍ နိုင်ငံကျော် ပဏ္ဍိတ်ကြီးတွေ အများအပြားပင် ဗုဒ္ဓဂုဏ်တော်ကို ထုတ်ဖော်ချီးကျူးပါသတဲ့။

ပဏ္ဍိတ်နေရူး ချီးကျူးပုံ

အိန္ဒိယနိုင်ငံတော်ဝန်ကြီးချုပ် ပဏ္ဍိတ်နေရူးကိုယ်တိုင် ထိုအခမ်းအနားကြီးကို ဖွင့်လှစ်၍ ဓာတ်တော်များ၏ကိန်းဝပ်ရာ ရွှေကြုတ်ကို မဟာဗောဓိအသင်း ဥက္ကဋ္ဌအား အပ်နှင်းစဉ် မိန့်ခွန်း ပြောသည်မှာ အဂ္ဂသာဝက ရဟန္တာနှစ်ပါး၏ ဤဓာတ်တော်များကို လွန်ခဲ့သော အနှစ်တစ်ရာကျော် လောက်ကပင် စံချီမြို့မှ လန်ဒန်မြို့ ဗီတိုးရီးယားအဲလဘတ် မြူစီယံပြတိုက်တွင် ထားရှိခဲ့ကြောင်း ဗုဒ္ဓရှင်တော်၏ဝါဒမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ညွှန်ပြတော်မူသော ဝါဒတော်ဖြစ်ကြောင်း, ခေါင်းဆောင် ကြီး မဟတ္တမဂန္ဒီသည်လည်း ထိုဗုဒ္ဓ၏ဝါဒ(မေတ္တာဝါဒ)ကို လက်ကိုင်ပြုကာ ညွှန်ကြားလေ့ရှိကြောင်း, ယခုကမ္ဘာ့အခြေအနေအရ ငြိမ်းချမ်းရေး ပြန်လည်ရနိုင်သော ဝါဒမှာ ထိုဗုဒ္ဓဘာသာဖြစ်ကြောင်း စသည်ဖြင့် အကျယ်တဝင့် မိန့်မြွက်ပါသည်။

ဘုရင်ခံတစ်ဦး ချီးကျူးပုံ

ဘင်္ဂလား အနောက်ပိုင်း ဘုရင်ခံဖြစ်သော ဒေါက်ကက်ဂျူးက ချီးကျူးပြန်သည်မှာ… အိန္ဒိယသည် လွန်လေပြီးသော ရှေးပဝေသဏီကာလ၌ တရုပ်ပြည်နှင့်လည်းကောင်း, အာရှအရှေ့တောင်ပိုင်းရှိ အခြားတိုင်းပြည်များနှင့်လည်းကောင်း ရင်းနှီးစွာ ဆက်ဆံဖူးရာ ထိုဆက်ဆံခဲ့ ရခြင်းသည် အရှင်ဂေါတမကြောင့် ဖြစ်၏၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်အချိန်၌ အိန္ဒိယသည် ဂေါတမဗုဒ္ဓ၏ အယူဝါဒကို စွန့်လွှတ်လိုက်သည်မှ စ၍ ထိုတိုင်းပြည်များနှင့် ရင်းနှီးခြင်း ကင်းဝေးကာ လွတ်လပ်ရေးလည်း ဆုံးရှုံးခဲ့ရတော့၏၊ အိန္ဒိယတိုင်းသားများသည် လွတ်လပ်ရေးအတွက် ကြိုးပမ်း ခဲ့သည်မှ စ၍ ဂေါတမဗုဒ္ဓ၏ အတုမရှိသော ကိုယ်တော်အဖြစ်နှင့် ပြိုင်ဘက် မရှိအောင် ဖြူစင်သန့်ရှင်း သော တရားတော်ကို တဖြည်းဖြည်းတိုး၍ အသိအမှတ်ပြုခဲ့ကြသည်မှာ လေးနက်သောအဓိပ္ပာယ်ရှိပါ သည်၊ ဂေါတမဗုဒ္ဓသည် အိန္ဒိယပြည်နှင့် တရုတ်ပြည် အာရှအရှေ့တောင် ပိုင်းရှိ တိုင်းသူပြည်သား တို့ကို တလုံးတစည်းဖြစ်အောင် စည်းရုံးနိုင်သော သတ္တိထူးရှိပါသည်။

မိမိတို့သည် ဂေါတမဗုဒ္ဓနှင့် ထိုဗုဒ္ဓ၏တရားတော်များစွာကို လေးစားရမှန်း နားလည်ကြလေ, လွတ်လပ်ရေးကို ပိုမိုခို်င်မြဲအောင် ထိန်းသိမ်းနိုင်လေဖြစ်၏၊ ဆင်းရဲဒုက္ခ ကြုံတွေ့ရ၍ စိတ်နှလုံး တုန်လှုပ်ချောက်ချားခြင်း ဖြစ်ရတိုင်း ဂေါတမဗုဒ္ဓ၏ တရားတော်ကို ပိုမို၍ ဆည်းကပ်သင့်ကြပါသည်၊… ဤသို့ စသည်ဖြင့် ချီးကျူးပါသတဲ့။

အသင်းဥက္ကဋ္ဌ ချီးကျူးပုံ

မဟာဗောဓိအသင်းဥက္ကဋ္ဌ ဒေါက်တာမူကာဂျီက မိန့်မြွက်ပြန်သည်မှာ … ဗုဒ္ဓ၏ သာသနာတော် သည် ကမ္ဘာအနှံ့ ပျံ့လျက်ရှိသော်လည်း ဗုဒ္ဓ၏ ဇာတိချက်ကြွေရာဌာနဖြစ်သော အိန္ဒိယပြည်၌ ထိပ်တန်းအဖြစ် တည်လျက် မရှိသည်မှာ သတ္တဝါတို့ ကံကြမ္မာ၏ ပြက်ရယ်ပြုခြင်းကို ခံနေရခိုက် ဖြစ်သည်ဟု ဆိုထိုက်ပါပေသည်၊ စင်စစ်မှာ အိန္ဒိယတိုင်းသားထဲမှ အနည်းငယ်တို့သာ ဗုဒ္ဓဘာသာဝင် ဟု အသိအမှတ် ပြုကြသော်လည်း သတ္တဝါအချင်းချင်း မေတ္တာပွားများမှုဟူသော တရားတော်ကား အိန္ဒိယတိုင်းသားတို့၏ သွေးသားအတွင်းသို့ နှစ်ပေါင်းများစွာကပင် တဖြည်းဖြည်း စိမ့်ဝင်နေပါသည်၊ သာ၍ ကြီးကျယ်သော အိန္ဒိယပြည်ကြီး တည်ထောင်၍ ပတ်ဝန်းကျင် တိုင်းပြည်များ၏ လေးစားခြင်း ကို ခံယူရရှိခဲ့ခြင်းမှာ အခြားအကြောင်းများထက် ဗုဒ္ဓရှင်တော် ဖွားတော်မူရာ ဖြစ်ခြင်းသည် အဓိက အကြောင်းရင်း ဖြစ်ပါကြောင်း… ဤသို့ စသည်ဖြင့် မိန့်မြက်လေသည်။

မှတ်ချက်။ ။

အထက်ပါ ပညာရှိကြီးများ၏ မိန့်ခွန်းကို … ကောက်ချက် ချလိုက်သော အခါ ဗုဒ္ဓ၏ဝါဒသည် မေတ္တာ (တစ်ယောက်နှင့်တစ်ယောက်, တစ်ပြည်နှင့်တစ်ပြည် သွေးမခွဲဘဲ ကောင်းကျိုးကို အစစ်အမှန် လိုလားသော) တရားပင်ဖြစ်၏၊ ထိုဝါဒသည် ယနေ့ကမ္ဘာကို ပျံ့နှံ့နိုင်လျှင် ယနေ့ပင် ငြိမ်းချမ်းရေး ရပြီဟု မုချ မှတ်ထိုက်၏၊ [စစ်အတွင်းက ဂျပန်နန်းရင်းဝန် တိုဂျိုသည် စစ်တရားခံဖြစ်မှ ဗုဒ္ဓ၏တရားတော်ကို လေ့လာကြည့်ရာ “ဤ တရားကို စောစောက လေ့လာရလျှင် သူကိုယ်တိုင် စစ်တိုက်ချင်မည် မဟုတ်ပါ”ဟု ပြောဆိုသွားသတဲ့၊] ကြီးနိုင်ငယ်ညှဉ်း (မိမိတို့ အင်အားရှိခိုက် အားနည်းသူများကို ညှဉ်း၍) မေတ္တာကင်းမဲ့ ကိုယ်ကျိုး(ကိုယ့်အမျိုးသားအကျိုး)ကိုသာ ငဲ့သောဝါဒကား“မှန်ကင်း တစ်လှည့် ထင်းတစ်လှည့်” လှည့်ကာ သူတစ်ပြန် ငါတစ်ပြန်နှင့် ဧကန် မငြိမ်းချမ်းနိုင်သောဝါဒသာ ဖြစ်၏၊

ကမ္ဘာကို ထားဘိဦး… မြန်မာနိုင်ငံ၌ပင် ဆင်းရဲသားဝါဒ, ဓနရှင်ဝါဒ (လက်ဝဲဝါဒ, လက်ယာဝါဒ)ဟု စကတည်းက မေတ္တာနှင့်ပြောင်းပြန်ဖြစ်နေသောဝါဒ, ရန်တိုက်သော ဝါဒကို စတည်ကြ၏၊ ဤနည်းသည် မြန်မာနိုင်ငံတော်ကို ငြိမ်းချမ်းသာယာစေရန် ဧကန်မဖြစ်နို်င်ဟု ဆိုလို၏၊ အမှန်မှာ ဓနရှင်တို့သည် ဆင်းရဲသားတို့အပေါ်၌ သနားညှာတာမှု ကရုဏာ, ထိုသူတို့ ချမ်းသာစေလိုသော မေတ္တာဖြင့် အရာရာဆက်ဆံ၍ ဆင်းရဲသားတို့ကလည်း “ငါတို့အပေါ် ညှာတာပါပေသည်”ဟု ပြန်၍ အကျိုးလိုလားသော မေတ္တာဖြင့် ဆက်ဆံကြမှသာ (ထိုသို့ ဆက်ဆံ နိုင်အောင် ရဟန်းတော်နှင့်လူကြီးများ၏ မေတ္တာအကျိုးပြဓမ္မစက်နှင့် အစိုးရ၏ ပြေပြေပြစ်ပြစ် စနစ်ကျသော အာဏာစက်ကို သုံးမှသာ) ပြည်ထောင်စု မြန်မာနိုင်ငံတော် သာယာပေလိမ့်မည်။

ထို့ပြင်… “ဂေါတမဗုဒ္ဓသည် အိန္ဒိယပြည် တရုပ်ပြည် အာရှ အရှေ့တောင်ပိုင်း တိုင်းသူပြည်သားတို့ကို တလုံးတစည်းတည်း ဖြစ်စေနိုင်သော သတ္တိထူးရှိပါပေသည်”ဟု ချီးကျူး ကြခြင်းသည် စစ်ဖြစ်စက မြန်မာလူမျိုးအများပင် ဂျပန်ကို အားထားခဲ့ပုံကို သတိရစေတော့၏၊ ဘာ့ကြောင့် အားထားခဲ့ကြသနည်း၊ ဗုဒ္ဓဘာသာဝင်များဟု ဆိုသောကြောင့်ပင်တည်း၊ ဘုန်းကြီး၏ ကျောင်းတိုက်သို့ ဂျပန်ဘုန်းကြီးခေါ် စစ်သားတချို့ ရောက်လာရာ သူတို့က ဘုန်းကြီးကို (ဘုန်းကြီးဖြစ်၍) အထူးလေးစားပုံရ၏၊ ဘုန်းကြီးကလည်း အထူး သနားမိတော့၏၊

ဘာသာတူသူသည် တစ်ဦးနှင့်တစ်ဦး ဤမျှလောက် သက်ညှာလေးစား မေတ္တာပွားစေနိုင်၍ ဘာသာကွဲမှုလည်း ထိုမျှလောက်ပင် စိတ်ဝမ်းကွဲစေနိုင်ရကား… ယခုအချိန်မှာ တိုင်းရင်းသားအချင်းချင်း မသင့်မမြတ် ဖြစ်နေရာ၌လည်း ဘာသာကွဲပြားမှုသည် အကြောင်းတစ်ခု ဖြစ်နိုင်ရကား တိုင်းပြည်၏ ခေါင်းဆောင်တိုင်း ဘာသာရေးကို လျစ်လျူမရှုထိုက်ကြောင်း လက်တွေ့ပြယုဂ်တစ်ခုဟု သတိပြုသင့်ကြပေသည်၊ ဤအချက်များကို စဉ်းစားလိုက်သောအခါ ယခုအချိန်၌ တောင်တန်းသာသနာပြု အရှင်များနှင့် လူကြီးလူကောင်းများကို ပြည်ထောင်စုမြန်မာနိုင်ငံ သွေးစည်းအောင် စီမံရာ၌ တစ်နံပါတ် ကျေးဇူးရှင်များဟု မှတ်သား ထိုက်ပါပေသည်။

ဗုဒ္ဓရှင်တော်ကို ကြည်ညိုပုံအစဉ်

ယောင်ဝါးဝါးသာဝကဖြစ်ပုံ

ဘုန်းကြီး၏ ဘိုး ဘွား မိဘများသည် ဗုဒ္ဓကို ဆည်းကပ် ကိုးကွယ်သော ဥပါသကာများ ဖြစ်ကြသည့် အားလျော်စွာ ထိုဘိုးဘွားမိဘတို့၏ ဩဝါဒအတိုင်း ငယ်စဉ်က ဘုရားရှိ်ခိုးလျက် ဗုဒ္ဓသာဝက ဖြစ်ခဲ့ရ၏၊ သို့သော် ဘယ်လို ဘုရားကို ရည်စူး၍ ဘယ်လို ကြည်နူးရမှန်း မသိ၊ ရွာအရှေ့မှာ တည်ရှိတော်မူနေသော ရုပ်ပွားတော်,စေတီတော်များလောက်ကိုသာ မိမိစိတ် ရောက်နေပါသည်၊ ထိုငယ်စဉ်က မိမိ၏ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်းသည် ယောင်ဝါးဝါး ဗုဒ္ဓဘာသာဝင်တည်း၊ ထိုအချိန်မှာ မိမိသည် ဘာသာခြားကျောင်း များ၌ စာသင်၍ ထိုကျောင်းဆရာတို့က သူတို့ဘာသာသို့ ဆွဲငင် ဖြားယောင်းလျှင်လည်းကောင်း, မိဘတို့ကလည်း ဗုဒ္ဓဘာသာ သဘောကို အထူးမပြောပြလျှင်လည်းကောင်း ဆွဲငင်ရာဘက်သို့ ညွတ်လျက်နေမည်မှာ သေချာပါလိမ့်မည်။

ယခုအခါ ဗုဒ္ဓဘာသာ ယောင်ဝါးဝါးနှင့် ကြီးရင့်လာကြသူများ လည်း ဗုဒ္ဓဘာသာ၏ အခြေအမြစ် အနှစ်သာရဖြစ်သော တရားကောင်းများကို မနာရ မကြည့်ရဘဲ နိုင်ငံခြားမှ လာသော ခေတ်ပေါ် စာပေများကိုသာ ကြည့်ရှုကာ ယောင်ဝါးဝါး ဖြစ်နေကြသည်မှာ ဤ သဘောပင် ဖြစ်ပေသည်။

အတ္တစွဲတစ်မျိုးဝင်နေပုံ

ယောင်ဝါးဝါး ဗုဒ္ဓဘာသာ ဖြစ်နေရုံသာ မက ကလေးဘဝက ကိုယ့်ဘာသာ ထင်မြင်နေသော အစွဲတစ်မျိုးလည်း ရှိပြန်သေး၏၊ ထိုအစွဲကား…

အားလုံးသောလူတွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ၍ ဖြစ်ကြရာ၌ အိမ်အရှေ့ဘက်မှာရှိသော မန်ကျည်းပင်လည်း မိမိတို့လို အသက်ရှိသော သတ္တဝါတစ်မျိုး ဖြစ်သည်သာမကထိုအပင်၏ အသီး အရွက် တို့သည်လည်း ထိုအပင်မှ ပေါက်ဖွားသော သား သမီး သတ္တဝါ ကလေးများပင် ဖြစ်ကြ၏၊ မိမိလည်း တစ်နေ့ကျလျှင် ထိုအသီး အရွက်မျိုး ဖြစ်ကာ လူအများ၏ စားဖတ် ဝါးဖတ် ဖြစ်ရဦးမှာပဲဟု စိတ်ထဲ၌ ကြံစည်မိခြင်းပင်တည်း။ [ပိဋကကို လေ့လာသောအခါ ကျမှ ထိုအစွဲကို အတ္တစွဲတစ်မျိုးဟု သိရပေသည်။]

ထိုသို့ ယောင်ဝါးဝါး ဗုဒ္ဓဘာသာဘဝတွင် အတ္တစွဲလည်း ပါဝင်နေသော မိမိအတွက်မှာ ဗုဒ္ဓဘာသာအရေးကို လေးလေးနက်နက် သိနိုင်လောက်သော အထက်တန်း ဗုဒ္ဓကျမ်းစာများကို မသင်ရဘဲ အောက်တန်းစာပေဖြင့် ဘုန်းကြီးကျောင်းမှ ထွက်ခဲ့ရပါမူ ထိုအတ္တ အစွဲကို ဖျောက်၍ ဗုဒ္ဓအစစ်အမှန်၌ ထိထိမိမိ စိတ်ရောက်နိုင်မည် မဟုတ်ချေ။

ဘုန်းကြီးကျောင်း၌ စာသင်ချိန်

ကျေးရွာထုံးစံအတိုင်း (၆)နှစ်သား လောက်ကပင် ဘိုး ဘွားတို့ ဆောက်လုပ်ကိုးကွယ်ခဲ့သော ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိ လေရာ အများထုံးစံအတိုင်း ကျမ်းစာကို သင်ကြားစဉ် “ဩကာသ ဩကာသ ကာယကံ ဝစီကံ မနောကံ”စသော ဘုရားရှိခိုးများကို ကျက်မှတ်ရသော်လည်း ထို ဘုရားရှိခိုးများသည် ဗုဒ္ဓရှင်တော်ကို ထင်မြင်လာအောင် မတတ်နိုင်ချေ၊

သို့သော် ဘုရားအကြောင်းနှင့် စပ်သော ဇာတ်ဝတ္ထု တရားစာများကို ဘိုး ဘွား မိ ဘတို့ထံနှင့် ဆရာသမားများထံမှ မကြာခဏ ကြားနေရသဖြင့်“ဘုရားဆိုသည်မှာ ငါတို့လို လူမျိုးထဲမှ ထူးခြားသော လူတစ်မျိုးက ရဟန်းပြုသွားသော ပုဂ္ဂိုလ်တစ်ပါး”ဟု ယီးတီးယားတားလောက်မျှ နားလည်၍ ရွာ့ရှေ့က ရုပ်ပုံတော်များသည် ထိုဘုရား၏ ပုံတော်များ ဖြစ်ကြောင်းကိုလည်း ဆက်သွယ်တတ်လာပေပြီ၊

သို့သော် ထိုဘုရား၏ အလောင်းတော် ဖြစ်သော သိဒ္ဓတ်မင်းသားဆိုသူနှင့် သုဒ္ဓေါဒနမင်းတို့မှာ မန္တလေး မြို့သားလေလား, ရွှေဘိုမြို့သားလေလားဟု ထင်ယောင်ထင်မှားပင် ရှိပါသေးသည်။ [ဤသို့ ဖြစ်ရခြင်းမှာ ဗုဒ္ဓ၏ အခြေအမြစ် ဗုဒ္ဓဝင်ကို ကလေးများအား လေးလေးစားစား ပြောလေ့မရှိခြင်း ကြောင့်ပေတည်း။]

ဗုဒ္ဓအကြောင်းကို ကောင်းကောင်းသိချိန်

ထို့နောက် တစ်စ တစ်စ တိုးတက်၍ အသက်ကြီးလာသော်လည်း သဒ္ဒါ, သင်္ဂြိုဟ်စသော သင်ရိုးစာကလေးများကို သင်ချိန်ဝယ် ဗုဒ္ဓနှင့်စပ်သော အသိဉာဏ် မကျယ်သေးပါ၊ အထက်တန်း ပါဠိ အဋ္ဌကထာများကို သင်ယူရချိန်ကျမှ ဗုဒ္ဓသည် မြန်မာတိုင်းဖွား မဟုတ်ကြောင်းမှ စ၍ ဗုဒ္ဓ၏အဖြစ်ကို အရင်းအမြစ် အထိ တဖြည်းဖြည်း သိရှိလေရာ နဂိုစွဲလမ်းလာသော အတ္တ အယူမှားလည်း ရှင်းရှင်းလင်းလင်း ကင်းကွာလေပြီ၊ [သို့သော် နောက်ဘဝ၌ ထိုအယူမျိုး ထပ်၍ မပေါ်နိုင်ဟု မဆိုလိုပါ၊] ထိုသို့ အတ္တအစွဲပါ ကင်းကွာလောက်အောင် ဗုဒ္ဓတရားတော်ကို သဘော ကျနေရကား ထိုတရားတော်ရှင် ဖြစ်တော်မူသော ဗုဒ္ဓရှင်တော်မြတ် ကို အားရပါးရ ကျေနပ်ပါသည်၊ ယုံကြည်ပါသည်။

ကျေနပ်ခြင်း၏ အကြောင်းများ

ဗုဒ္ဓအပေါ်၌ ကျေနပ်ခြင်း, ယုံကြည်ခြင်း၏ အကြောင်းများသည် အကျဉ်းချုပ်အားဖြင့် သုံးပါးရှိ၏၊ (၁) ပါရမီဖြည့်တော်မူခဲ့ခြင်း၊ (၂) ပါရမီအစွမ်းကြောင့် အလုံးစုံကို သိသော ဗုဒ္ဓဖြစ်တော်မူြုခင်း၊ (၃) ဗုဒ္ဓဖြစ်တော်မူပြီးနောက် သတ္တဝါတို့အကျိုးငှာ မနေမနား တရား ဟောတော်မူခြင်း၊ ဤအကြောင်း သုံးပါးကြောင့် ဗုဒ္ဓရှင်တော်မြတ် အပေါ်၌ ကျေနပ်ခြင်း, အားရခြင်း, ကြည်ညိုခြင်း ဖြစ်ရပါသည်။

မှန်၏၊ အကယ်၍ ပါရမီဖြည့်ခဲ့ပုံကို မသိရဘဲ ဗုဒ္ဓဖြစ်နေ ကြောင်းကိုသာ သိနေရလျှင် ထိုဗုဒ္ဓအဖြစ်ကို မိမိ ယုံချင်မှ ယုံမည်၊ ယခုသော် “ပါရမီဖြည့်ခဲ့ခြင်းကြောင့် ဗုဒ္ဓဖြစ်ရသည်”ဟု အကြောင်း အကျိုး ဆက်သွယ်၍ရသဖြင့် ဗုဒ္ဓအဖြစ်ကို စင်စစ်ယုံကြည်ပါသည်၊ (ယခုကာလ၌ အထက်တန်းရောက်အောင် ကြိုးစားပြီးနောက် သူတစ်ပါးတို့အကျိုးရှိအောင် ဝန်မဆောင်ဘဲ စည်းစိမ်ခံ၍ အေးအေး နေကြသူ အချို့ကဲ့သို့) ဗုဒ္ဓဖြစ်ရုံ ကြိုးစား၍ ဗုဒ္ဓဖြစ်ပြီးနောက် အပင်ပန်းမခံဘဲ ချမ်းချမ်းသာသာ နေမည်ဆိုလျှင်လည်း (ဗုဒ္ဓအဖြစ်ကို ယုံကြည်စေကာမူ) အားရပါးရ ကျေကျေနပ်နပ် ရှိလှမည် မဟုတ်သေးပါ၊ ယခုသော် ဗုဒ္ဓဖြစ်ချိန်မှ စ၍ ပရိနိဗ္ဗာန်စံတော်မူချိန် အထိ မနေမနား တရားပြတော်မူခဲ့သောကြောင့် “ငါတို့ ဗုဒ္ဓမှ ဗုဒ္ဓ”ဟု ရဲရဲကြီး ပြဖို့ရာ အလွန်အမင်း အားရခြင်း ဖြစ်ပါသည်။

ပါရမီပြည့်ခြင်း

ကိုယ်, နှုတ်, စိတ်ဓာတ် မြင့်မြတ်သောသူတို့၏ အကြောင်း အလုပ်ကို “ပါရမီ” ဟု ခေါ်၏၊ [ပရမာနံ =မြင့်မြတ်သောသူတို့၏+ကမ္မံ=အလုပ်တည်း၊ ပါရမီ=မြင့်မြတ်သူတို့၏အလုပ်၊] ထိုပါရမီသည် ဆုတောင်းနေရုံမျှဖြင့် ပြည့်ဝနိုင်သည် မဟုတ်၊ မိမိရှေ့က ပါရမီဖြည့်သွားတော်မူကြ သော ဘုရားရှင်တို့ကို အားကျသောကြောင့်ဖြစ်စေ, အောက်ကျနောက်ကျ ဒုက္ခရောက်နေသော သတ္တဝါတို့ကို မြင်၍ ကယ်တင်လိုသော ကရုဏာစိတ်ကြောင့်ဖြစ်စေ ပါရမဖြည့်ချင် ကယ်တင်ချင်သော ဆန္ဒသည် ပထမ ဖြစ်ပေါ်လာလိမ့်မည်၊ ထိုသို့ ဆန္ဒဖြစ်ပေါ်နေရုံ မျှဖြင့်လည်း ပါရမီပြည့်ဝသူ မဖြစ်နိုင်သေး၊ ထိုဆန္ဒနှင့် ထိုက်တန် သော အကြံအစည်များကို ကြံစည်ရမည်၊ ထိုအကြံဉာဏ်ကို ရသော အခါ လုံ့လ ဝီရိယ စိုက်ထုတ်ရမည်၊ မိမိရည်မှန်းသော လမ်းစဉ်ကို ဖြောင့်တန်းအောင် အမြဲသတိဆောင်ရမည်။

အချုပ်။ ။ ကိုယ်တစ်ယောက်ကောင်း မဟုတ်ဘဲ အများအတွက် ပါရမီဖြည့်သူ၌ ရှိထိုက်သော တရားတို့ကား “သတ္တဝါ တို့ အပေါ်၌ သနားမှု ကရုဏာ, အကျိုးလိုလားမှု မေတ္တာ, ကယ်တင်နိုင်သူ ဖြစ်လိုသော ဆန္ဒ, ကြံစည်စဉ်းစားမှု ဉာဏ်ပညာ, ကြိုးစားမှု ဝီရိယ, မိမိဆိုင်ရာ ကိစ္စအရပ်ရပ်၌ မလစ်လပ်စေမှု သတိ, စိတ် မပြောင်းမှု သမာဓိ, ဤသို့ ကြိုးစားလျှင် ရည်ရွယ်ချက် အထမြောက် သည်ဟု ယုံကြည်မှု သဒ္ဓါ, မိမိစိတ်ဓာတ်ကို လှုံ့ဆော်ပေးသော စေတနာ”ဟု ဤ ကိုးပါးသော တရားများတည်း၊ ဤတရားများသည် ပါရမီဖြည့်ခြင်း ပြည့်လည်း ပြည့်ခြင်း၏ အကြောင်းရင်း ဖြစ်ကြပါသည်။ [ ဤတရားများ မရှိပါဘဲ ဘုရားဆိုတာ ထူးသော ပုဂ္ဂိုလ်ဟု ယူဆ၍ ထိုပုဂ္ဂိုလ်မျိုး ဖြစ်လိုရုံမျှဖြင့် ပါရမီမပြည့်နိုင်ပါ။]

[ဆောင်] အောက်ကျနောက်ကျ, ကိုယ့်ဒုက္ခဖြင့်, မုချနွမ်းညှိုး, သတ္တဝါမျိုး၌, အကျိုးလိုလား, မေတ္တာထား၍, သနား ကရုဏာ, ဖြစ်သောခါတွင်,

ကယ်တင်အံ့မျှော်, ဆန္ဒ ပေါ်လိမ့်၊…ထိုသော်အခါ, ဉာဏ်ပညာဖြင့်, ကောင်းစွာ စိစစ်,

ဝီရိယဖြစ်လျက်, မလစ်သတိ, သမာဓိကို, တည့်တည့်မားမား, အမြဲထားမူ, ဘုရားသော်ကွယ့်,

ဖြစ်နိုင်ရဲ့ဟု, တကယ့်သဒ္ဓါ, စေတနာနှင့်, ဧရာစိတ်ကြီး, မြဲအောင်တည်းမှ, ခိုင်ဖြီးပါရမီ,

စုံပြည့်ညီသည်,… ဖြည့်မည်သူတို့ မှတ်ဖွယ်ကို့။

ဘဝအနည်းငယ်ဖြင့် ပါရမီမပြည့်

[သတ္တဝါတို့သည် တစ်ဘဝနှင့်တစ်ဘဝကံ၏ သတ္တိဖြင့် ဆက်သွယ်လျက်ရှိကြောင်းကို ယုံကြည်နှင့်ပါ၊] သတ္တဝါတို့၏ ယခုဘဝ၌ ဖြစ်သမျှ ထက်မြက်သော ဇောစိတ်၏ ဓာတ်သတ္တိများသည် နောက်နောက်ဘဝတို့၌လည်း အဆက်မပြတ်လိုက်ပါ၍ သွားတတ်ကြ၏၊

ဥပမာ-ယခုဘဝ၌ မေတ္တာ ကရုဏာ လွန်ကဲသူ သည် ရှေးရှေးဘဝတို့မှ မေတ္တာ ကရုဏာ ဓာတ်ခံပါလာ၍ နောက် နောက်ဘဝသို့လည်း ထိုဓာတ်ခံသည် ဧကန် ပါသွားဦးမည်သာတည်း၊ ထို့အတူ သဒ္ဓါလွန်ကဲသူ, ပညာလွန်ကဲသူတို့၌လည်း ထို ဓာတ်ခံမျိုး လိုက်ပါလျက် ရှိသကဲ့သို့ လောဘ ဒေါသဓာတ်ခံရှိသူ တို့မှာလည်း ထိုသို့ဓာတ်ခံ ပါနေတတ်သည့်အားလျော်စွာ နိဗ္ဗာန်ကို ရည်စူး၍ ပါရမီဖြည့်နေသူတို့သည် ဘုရားလောင်း မဟုတ်စေကာမူ ထိုက်တန်သမျှ သဒ္ဓါ ပညာ စသော ဓာတ်ခံကောင်းတွေ ရှိစေရမည်သာ၊ ဘုရားအလောင်း, အဂ္ဂသာဝက မဟာသာဝကအလောင်း တို့မှာကား မေတ္တာ ကရုဏာမှ စ၍ ထိုဓာတ်ခံကောင်းမျိုးကို ရိုးရိုး ပါရမီဖြည့်သူတို့ထက် နှစ်ဆ သုံးဆမျှမက ရာထောင်စသည် သာလွန်အောင် ကြိုးစားရပေမည်၊ ထိုသို့ ကြိုးစားသော်လည်း ဘဝ အနည်းငယ်ဖြင့် ထိုပါရမီများ လုံလောက်အောင် ပြည့်ဝလိမ့်မည် မဟုတ်ပါ။

အဆင့်ဆင့်ရင့်အောင် အားထုတ်ရပုံ

လောက၌ ပညာကို လုံးလုံးမလိုက်စားဘဲ အောက်ကျနောက်ကျ ဖြစ်ချင်ဖြစ်ပါစေဟု နေသူ, အနည်းငယ် ရှာသူ, အလယ်လတ် ရှာသူ, အထက်တန်းရောက်အောင် ရှာသူ, အထက် တန်းရောက်ရုံမျှဖြင့်လည်း အားမရသေးဘဲ ထိပ်တန်းရောက်လိုသူဟု အမျိုးမျိုး ရှိရာ ထိုသူတို့မှာ မိမိတို့၏ ဆန္ဒအလိုက် အကျိုးရမည် ဖြစ်သော်လည်း ထိုအကျိုးရဖို့ရာ လူကျန်းမာရေး, ငွေကုန်ခံနိုင်ရေး, အနှောင်အဖွဲ့ လွတ်လပ်ရေး, ဉာဏ်ထက်မြက်ရေး, လုံ့လဝီရိယ(ဇွဲ) ရှိရေးများနှင့် ပြည့်စုံရမည့်အပြင် သင်ပေးမည့် ဆရာကလည်း ပြည့်စုံရသေး၏၊

ထိုသို့ ပြည့်စုံသူသည် ရည်ရွယ်ချက်ဆန္ဒက အထက်တန်းကျလျှင် အချိန်ကြာမြင့်စွာလည်း ကြိုးစားရသကဲ့သို့ ထို့အတူ ပါရမီပြည့်ဝအောင် ဆည်းပူးတော်မူကြသော အလောင်းတော်များလည်း ဆန္ဒတော်အလိုက် ကမ္ဘာပေါင်းများစွာ ကာလ ကြာအောင် ကြိုးစားတော်မူကြရပေသည်။

ထိုသို့ ကြိုးစားရာဝယ် ပညာကို အဓိကထား၍ ကြိုးစားလျှင် ပညာဓာတ်သည် တစ်ဘဝထက် တစ်ဘဝ တက်၍ လာ၏၊ ဝီရိယကို အဓိကထား၍ ကြိုးစားလျှင် ဝီရိယဓာတ်သည် တစ်ဘဝထက် တစ်ဘဝ တက်၍ တက်၍ လာ၏၊ ထိုသို့ တိုးတက်နေသော်လည်း ဆန္ဒနှင့် လိုက်အောင် ဒီဂရီမကိုက်သေးသမျှ ထပ်၍ ထပ်၍ ဖြည့်ရ ဦးမည်၊

ဥပမာ-အထက်တန်းစာမေးပွဲ ကြိုးစားနေသော ဉာဏ်အားကိုးသူ, ဝီရိယအားကိုးသူ နှစ်မျိုးလုံးပင် မူလတန်းမှ စ၍ တစ်ဆင့်ထက် တစ်ဆင့် အသိဉာဏ်ကား ရင့်ခဲ့ပေ၏၊ သို့သော် မိမိ၏ အသိဉာဏ်သည် နောက်ဆုံး ထိပ်တန်းနှင့် ဒီဂရီမကိုက်သေး သမျှ ဉာဏ်ကိုလည်းကောင်း, ဝီရိယကိုလည်းကောင်း ထပ်၍ ထပ်၍ အသုံးပြုကြရ, ကြိုးစားရသေးသကဲ့သို့တည်း။

ဆက်ဦးအံ့- ဤကမ္ဘာ၌ ဗုဒ္ဓလေးဆူ ပွင့်တော်မူပြီးဖြစ်ရာ ပထမ ကကုသန်ရှင်တော်ဘုရားသည် … အနှစ်လေးသောင်း အသက်တမ်းအချိန် ပွင့်တော်မူ၏၊ ထို့နောက် အသက်တမ်း ဆုတ်ယုတ်၍ (၁၀)နှစ်တမ်းမှ တက်ပြီးနောက် အသင်္ချေတမ်းရောက်၍ တစ်ဖန် ဆုတ်ယုတ်လာသောအခါ အနှစ်သုံးသောင်းတမ်း၌ ကောဏာဂုံရှင်တော်ဘုရားပွင့်တော်မူ၏၊ ဤနည်းဖြင့် အသက်တမ်း အစွမ်းကုန် ဆုတ်၍ တိုးတက်လာပြီးနောက် ဆုတ်ယုတ်လာပြန်ရာ အနှစ် နှစ်သောင်းတမ်း၌ ကဿပရှင်တော်ဘုရား ပွင့်တော်မူခဲ့၍ ထို့အတူ ဆုတ်ယုတ်လာကာ အနှစ် တစ်သောင်းတမ်းမှာ ငါတို့ ဗုဒ္ဓ ရှင်တော်ပွင့်သင့်သော်လည်း ဗုဒ္ဓအဖြစ်သို့ ရောက်နိုင်လောက်အောင် ပါရမီတော် မပြည့်သေးသဖြင့် ထပ်၍ ကြိုးစာတော်မူရသောကြောင့် အနှစ် တစ်ရာတမ်း ရောက်မှ ဗုဒ္ဓဖြစ်လောက်သော ပါရမီတော်များ ပြည့်ဝတော်မူပေသည်၊ ဤသို့လျှင် “မြင့်မြတ်သူတို့၏ အလုပ်ကို ပါရမီ”ဟု ဆိုခဲ့ရာ ရည်ရွယ်ချက် ဆန္ဒနှင့် ကိုက်ညီအောင် ထိုပါရမီကို ဖြည့်ရသောအချိန်အခါလည်း ရည်ရွယ်ချက်မြင့်လျှင် မြင့်သလောက် ကြာညောင်းရသည့်ပြင် ထိုအချိန်ကာလ အတွင်းမှာလည်း စိတ်မပျက် လက်မပျက်ဘဲ ဇွဲကောင်းကောင်းနှင့် ကြိုးစားတော်မူကြရပေသည်။

စရိယာသုံးပါး

[ဗုဒ္ဓဖြစ်အောင် ကြိုးစားရာ၌ ပါရမီဆယ်ပါးကို အများဖြည့်ရိုးအတိုင်းလည်း ဖြည့်ရ, ကိုယ်အင်္ဂါ အပျက်အစီးခံ၍လည်း ဖြည့်ရ, မိမိအသက်ကိုပင် စွန့်လွှတ်၍ သို့မဟုတ် သူများအသက်ကိုပင် ကယ်တင်နိုင်လောက်အောင်လည်း ဖြည့်ရကြောင်းကို “ရတနာ့ဂုဏ်ရည်”စသော အခြားကျမ်းစာတို့၌ တွေ့ဖူးကြပါလိမ့်မည်၊ ဤကျမ်း၌ကား စရိယာသုံးပါးအကြောင်းကို ပြပါအံ့၊] “လောကတ္ထစရိယာ, ဉာတတ္ထစရိယာ, ဗုဒ္ဓတ္ထစရိယာ”ဟု စရိယာသုံးပါးရှိ၏၊ ထိုတွင် ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများ အကျိုးငှာ ဖြည့်ကျင့်တော်မူခြင်းသည် “လောကတ္ထစရိယာ”မည်၏၊ [လောက=သတ္တဝါအများ၏+အတ္ထ=အကျိုးကို+စရိယာ=ပြုကျင့်မှု, အားထုတ်ပြုလုပ်မှု၊] အမျိုးသားတို့၏ အကျိုးငှာ ပြုလုပ်အားထုတ် ခြင်းသည် ဉာတတ္ထစရိယာ မည်၏၊ [ ဉာတိ = အမျိုးသား၊ ] ဗုဒ္ဓ ဖြစ်နိုင်လောက်သည့်အထိ ဉာဏ်ပညာ ကြီးမားအောင် ပြုကျင့် အားထုတ်ခြင်းသည် ဗုဒ္ဓတ္ထစရိယာမည်၏၊ [ဗုဒ္ဓိ=ဉာဏ်ပညာ] ကမ္ဘာများစွာတို့၌ ထိုအကျင့်သုံးပါးတွင် တစ်ပါးပါးကို အဓိကထား၍ ကြိုးစားခဲ့ရာ ဘဝတွေကား မရေမတွက်နိုင်အောင် များလှပေသည်။

လောကအကျိုး ပြုကျင့်တော်မူပုံ

ဗုဒ္ဓအလောင်းတော်သည် ဗာရာဏသီပြည်ဝယ် ဘုရင့်သားတော်ဖြစ်၍ (၁၆)နှစ်အရွယ်၌ တက္ကသိုလ်ပညာ သင်ပြီးလျှင် အိမ်ရှေ့မင်း အဖြစ်ဖြင့်နေခိုက် တိုင်းသူပြည်သားအများတို့ နတ်ကို အထူးတလည် ကိုးကွယ်ဆည်းကပ်၍ ဆိတ် ကြက် ဝက်စသည်တို့ကို သတ်ဖြတ်ကာ ယဇ်နတ်ပူဇော်ကြသည်ကို မြင်ရသဖြင့် စဉ်းစားကြံစည်သည်မှာ…

“လူအပေါင်းသည် အများအားဖြင့် မတရားမှု၌ သက်ဝင်နေကြပြီ၊ နတ်တွေကိုပင် အထင်ကြီးကာ မင်္ဂလာတစ်မျိုးဟု အားကို ယုံကြည် လျက် များစွာသော အသက်တွေကို သေအောင် ပြုနေကြပြီ၊ ခမည်းတော် ကွယ်လွန်၍ ငါမင်းဖြစ်လျှင် တစ်ယောက်တလေကိုမျှ မထိခိုက်စေဘဲ ဥပါယ်တံမျဉ် (နည်းလမ်းတစ်မျိုး)ဖြင့် ဤ သတ်ဖြတ်မှုတွေကို တားမြစ်အံ့”ဟု စဉ်းစားမိလေသည်။

ဤသို့ စဉ်းစားပြီးလျှင် “နတ်သစ်ပင်”ဟု လူအများ ကိုးကွယ်၍ နေသော ညောင်ပင်ကြီးသို့ သွား၍ သူများလုပ်သလို ပန်းနံ့သာ တို့ဖြင့် ပူဇော်ပြီးလျှင် ရေစင်သွန်းလောင်းကာ လွန်စွာမြတ်နိုး၍ နတ်ကို အားကိုးဟန်ဆောင်လေသည်၊ ဤနည်းအတိုင်း မကြာခဏ သွားရောက်ပူဇော်ရင်းပင် ခမည်းတော် ကွယ်လွန်သဖြင့် မင်းဖြစ် သောအခါ မိမိကြံစည်ခဲ့သော အလုပ်ကို စ၍ လုပ်ဖို့ရာ လူကြီးများကို စည်းဝေးစေ၍ ပြောပြသည်မှာ…

ဘုရင်။ ။ လူကြီးများ…“ကျွန်ုပ် ဘာ့ကြောင့် ထီးနန်းကို ရတယ်”ဆိုတာ သိကြပါရဲ့လား။

လူကြီးများ။ ။ မသိကြပါ။

ဘုရင်။ ။ မကြာခဏ ပညောင်ပင်ကြီးသို့ သွား၍ ပန်းနံ့သာ တို့ဖြင့် ပူဇော်ပသ ရှိခိုးနေတာကိုတော့ မြင်ဖူးကြပါလိမ့်မယ်။

လူကြီးများ။ ။ မြင်ဖူးကြပါတယ်။

ဘုရင်။ ။ ထိုအခါတုန်းက နတ်မင်းကြီးကို ရှိခိုပြီး “ကျွန်ုပ်အား မင်းဖြစ်အောင် စောင့်ရှောက်တော်မူပါ၊ ကျွန်ုပ် မင်းဖြစ်လျှင် အရှင်နတ်မင်းအား ပူဇော်ပသပါမည်” ဟု ဝန်ခံခဲ့ပါတယ်၊ ထိုဝန်ခံချက်အတိုင်း နတ်မင်းကို ပူဇော်ရပါ့မယ်၊ ထိုပူဇော်ပွဲကို အမြန် စီမံကြပါ။

လူကြီးများ။ ။ ပူဇော်ဖို့ရာ ဘာများ အလိုတော် ရှိပါသလဲ။

ဘုရင်။ ။ နတ်မင်းထံ ဝန်ခံတုန်းက “သူ့အသက် သတ်မှု, သူ့ဥစ္စာ ခိုးမှု စသော ယုတ်မာမှုတို့ကို ပြုနေသူ လူပေါင်းတစ်ထောင်ရအောင် စု၍ ထိုသူတို့၏ အသား အသွေးများဖြင့် ပူဇော်ပါမည်”ဟု ဝန်ခံခဲ့ ပါတယ်၊ ထို့ကြောင့် ထိုလူမျိုးကို အလိုရှိကြောင်းကို တိုင်းသူပြည်သား လူအများသိအောင် စည်လည်ရပါ့မယ်၊ ထိုသူတွေကို ရမှ နတ်မင်းထံ ဝန်ခံမှု ပြီးစီးမည်ဟု ပြောပြလေသည်။

လူကြီးတို့သည် ထိုအတိုင်းကြွေးကြော်၍ ဗာရာဏသီတစ်ပြည် လုံး စည်လည်စေရာ တစ်ယောက်တလေမျှ သူ့အသက် သတ်မှု စသည်ကို မပြုဝံ့ကြန်တော့သဖြင့် တစ်တိုင်းပြည်လုံး ကိုယ်ကျင့် ကောင်းမွန်သူချည်းဖြစ်လျက် အေးချမ်းသာယာစွာ နေကြရလေသည်၊

ဤသို့အားဖြင့် သတ္တဝါအများ၏ အကျိုးလိုလားမှု မေတ္တာ, အမြော်အမြင်ရှိမှု ဉာဏ်ပညာ, နှစ်ရှည်လများ ကြိုးစားမှု (ဇွဲ) ဝီရိယ, ထိုသို့ကြိုးစားလျှင် သတ္တဝါတို့အား အကျိုးများနိုင်သည်ဟု ယုံကြည်မှု သဒ္ဓါ, တည်ကြည်မှု သမာဓိ, မမေ့မှု သတိ, စိတ်ဓာတ်ကို လှုံ့ဆော်မှု စေတနာတို့ဖြင့် လူအပေါင်း၏ကောင်းကျိုးကို ပြုကျင့်တော်မူခဲ့ခြင်းသည် လောကတ္ထစရိယာမည်၏၊

ထိုသို့ လောကကျိုး ပြုကျင့်သော ဘဝပေါင်းလည်း အလွန်များပြားလေရကား မေတ္တာ ကရုဏာ စသော စိတ်ဓာတ်သတ္တိသည် တစ်ဆင့်ထက်တစ်ဆင့် ရင့်ကာ ရင့်ကာ ကျင့်အားရှိလာသည်။ [မဟော်သဓာဘဝ၌ မင်းအပေါင်း ချမ်းသာကြောင်း ကိစ္စတို့သည် လောကတ္ထစရိယာပင်တည်း။]

ဉာတတ္ထစရိယာ

ဤဉာတတ္ထစရိယာအခန်း၌ “ဉာတိ”ဟူရာဝယ် သွေးသားစပ်သော ဆွေခုနစ်ဆက်, မျိုးခုနစ် ဆက်မျှကိုသာ ဆိုလိုသည်မဟုတ်၊ မိမိ၏ အမျိုးသားတစ်စုကို “ဉာတိ”ဟု ဆိုလိုသည်၊ ထို့ကြောင့် အမျိုးသားအားလုံး တတ်သိ လိမ္မာအောင် ပညာရေးကို အားပေးသင်ပြမှု, ချမ်းသာအောင် စီးပွားရေးကို အားပေး လမ်းညွှန်မှု, ကျန်းမာရေးကို သင်ပေး ထောက်ပံ့မှု, အားလုံး၏ အခြေခံဖြစ်သော လွတ်လပ်ရေးကို ကြိုးစားမှုစသော တစ်မျိုးသားလုံး ကောင်းစားရေးများသည် ဉာတတ္ထ စရိယာ၌ ပါဝင်ကြ၏၊

[သွေးသားစပ်သော ဆွေမျိုး သားချင်း ကောင်းစားရေးကို ပြုလုပ်မှုကား သူတစ်ပါးအပေါ်၌ မထိခိုက်ပါမူ “ဉာတကာနဉ္စ သင်္ဂဟော”ဟူသော မင်္ဂလာ၌ ပါဝင်၏၊ သူတစ်ပါးကို ထိခိုက်စေမှ ဆွေမျိုးသားချင်း ချမ်းသာရသော အလုပ်ကား မတရား အလုပ်သာ၊] ငါတို့ ဘုရားအလောင်းသည် ဉာတတ္ထစရိယာကို ကျင့်တော်မူရာ၌ ဆွေမျိုးသားချင်းတစ်စု ကောင်းစားမှု မဟုတ်ဘဲ အမျိုးသားအားလုံး ကောင်းစားရေးကို ပြုကျင့်တော်မူသည်။

မဟော်သဓာဇာတ်တော်၌ လက်ထပ်နန်းကို စစ်တပ်များ ဝန်းရံ နေစဉ် သေနက စသော အမတ်ကြီးများနှင့်တကွ ဝိဒေဟရာဇ် မဟာရာဇာကို ဥမင်လိုဏ်မှ ထုတ်ခဲ့၍ ဂင်္ဂါမြစ်ကမ်း၌ ပဉ္စာလစန္ဒီနှင့် အဘိသိက်သွန်းပြီးလျှင် လှေပေါ်သို့ တင်ပြီးနောက် ကမ်းပေါ်၌ ရပ်နေသော အလောင်းတော်ကို မဟာရာဇာက မိမိနှင့်အတူ လိုက်ခဲ့ဖို့ရန် တိုက်တွန်းသောအခါ အောက်ပါစကားမျိုးကို ပြောသည်မှာလည်း ဉာတတ္ထစရိယာပင်တည်း။

“ခမည်းတော် မဟာရာဇာ…စစ်သည်အပေါင်း၏ခေါင်းဆောင် ဗိုလ်ချုပ်ဖြစ်သော သားတော်မှာ စစ်သည်ငယ်သားတွေကို ရန်သူတို့ အကြား၌ ပစ်ထားခဲ့၍ ကို်ယ်လွတ်ရုန်းသွားရိုး ထုံးစံမရှိပါ၊ စစ်သည် တော်များနှင့် ကောင်းတူ ဆိုးဘက် နေရစ်ပါဦးမည်။”

မဟာကပိဇာတ်၌ ဉာတတ္ထစရိယာ

ဗုဒ္ဓအလောင်းတော်သည် မျောက်ဘဝ တစ်မျိုး ၌ ဖြစ်၍ ရှစ်သောင်းမျှသော မျောက်တို့၏ အကြီးအချုပ် ခေါင်းဆောင်လုပ်လျက် ဟိမဝန္တာ၌ နေစဉ် ဂင်္ဂါမြစ်ကမ်း၌ အလွန်ကြီးမား၍ အနံ့ အရသာနှင့် ပြည့်စုံသော သရက်ပင်တစ်ပင် ရှိလေသည်၊ ထိုသရက်ပင်ကို ယခင်မျောက်တစ်စုတို့ တွေ့၍ သရက်သီးများကို စားကြစဉ် ဂင်္ဂါမြစ်ဘက်သို့ ဖြာ၍ ထွက်သွားသော အကိုင်းကို ကြည့်ကာ ခေါင်းဆောင်မျောက်ကြီး စဉ်းစားသည်မှာ “တစ်ချိန်ချိန်တော့ ဤ အကိုင်းမှ ကြွေကျသော အသီးကို အကြောင်းပြု၍ ငါတို့ တစ်စု ဒုက္ခဖြစ်တော့မှာပဲ” ဤသို့စဉ်းစား၍ ထိုရေပြင်ပေါ် ရောက်နေသော အကိုင်းမှ အပွင့် အကင်းနှင့် အသီးအနုတွေကို အကုန် ဖျက်ဆီးခိုင်းလေသည်၊

သို့သော် ပိုးအိမ်အတွင်း၌ (ခါချဉ်ထုပ်အတွင်း၌) ကြွင်း ကျန်နေသော အသီး အနုကိုကား မည်သူမျှ မသိကြချေ၊ သို့ဖြစ်၍ ထိုအသီး မှည့်ရင့်သောအခါ ကြွေကျ၍ ဂင်္ဂါမြစ်တစ်လျှောက် မျောသွားလေရာ ပိုက်ကွန်ကာ၍ ရေကစားနေသော ဘုရင်တစ်ပါး၏ ပိုက်တွင် ငြိတွယ်နေသဖြင့် ဘုရင့်အား ဆက်သကြလေသည်၊ ရှင်ဘုရင်သည် မိမိတိုင်းပြည်က သရက်သီးများနှင့် အရသာ ကွာခြား သောကြောင့် မုဆိုးများကို လမ်းညွှန်ခိုင်းကာ ဂင်္ဂါမြစ်ညာသို့ ဆန်တက်လာခဲ့လေရာ ထိုသရက်ပင်ကို တွေ့၍ စားကြပြီးလျှင် သရက်ပင်အနီးမှာပင် အားလုံးနေရာပြင်၍ အိပ်စက်ကြလေသည်။

အလောင်းတော်ကြီးစွန့်စားပုံ

မျောက်အားလုံးတို့သည် ထိုသရက်သီးကို မစားရမနေနိုင် လောက်အောင် မက်မောကြသဖြင့် လူအားလုံး အိပ်ချိန်မှာ တိတ်တိတ်တက်၍ သရက်သီးကို စားနေကြစဉ် ရှင်ဘုရင်နိုးလာသဖြင့် လူတွေကိုလည်း နှိုးကာ သရက်ပင်ကို ဝိုင်းထားလေသော် အလောင်းတော် မျောက်ကြီးသည် တုန်လှုပ်ချောက်ချား၍ ကြောက်အားပိုနေသော မျောက်တစ်စုကို အားပေးကာ မိမိကိုယ်တိုင် ဂင်္ဂါမြစ်၏ ဟိုဘက်ကမ်းရောက်အောင် ခုန်လွှားပြီးလျှင် နွယ်တွေကို ကိုက်ဖြတ်လျက် ဆက်ကာဆက်ကာ ဒီဘက်သရက်ပင်ကို မီလောက်ပြီ အထင်နှင့် အစတစ်ခုကို ဟိုဘက်ကမ်းရှိ သစ်ပင်ကို ချည်, အစတစ်ခုကို ကား မိမိ၏ ခါးကို ချည်၍ လွှားခနဲ ခုန်လိုက်ရာ တစ်တောင်လောက် နီးနီး တိုနေသောကြောင့် မိမိကိုယ်တိုင် သရက်ပင်သို့ မရောက်တော့ဘဲ သရက်ကိုင်းကြီးကို မီရုံသာ ရှိလေသော် လက်နှစ်ဖက်ဖြင့် သရက်ကိုင်းကို မြဲစွာ ကိုင်၍ “ကိုင်း…ငါ့ကို ကြောက်ရွံ့ ရိုသေ မနေကြနှင့်, ငါ့ကျောကို နင်း၍ နောက်က နွယ်တန်းဖြင့် ဟိုဘက် ကမ်းကို ပြေးကြန်တော့”ဟု အချက်ပေးလေတော့သည်။ [ဤစွန့်စား ခြင်းမျိုးကို သာမန်ပါရမီရှင်တို့ ပြုနိုင်ပါမည်လော။]

ဒေဝဒတ်အလောင်း အကြံပက်စက်ပုံ

ထို မျောက်အပေါင်းတို့တွင် အကြံပက်စက်သော ရှင်ဒေဝဒတ်အလောင်းမျောက်ကား မလွှဲသာ၍ ငယ်သားအဖြစ် နေရသော်လည်း ခေါင်းဆောင်မျောက်ကြီးကို မုန်းတီးရွံရှာလျက်ပင်၊ ထို့ကြောင့် မျောက်အားလုံး ဟိုဘက်ကမ်း ရောက်သည့်တိုင်အောင် သူကိုယ်တိုင် နောက်ချန်၍ မြင့်ပေ့ဆိုသော သစ်ကိုင်းပေါ် တက်နေ ကာ အားလုံး အပြီးတွင် ထိုအမြင့်ဆုံးမှ ခေါင်းဆောင်မျောက်ကြီး၏ ကျောပေါ်သို့ အတင်းခုန်ချလေသည်၊ ထို့နောက် အလွန်ပြင်းပြသော ဝေဒနာဖြင့် သစ်ကိုင်းကို ဆွဲမြဲဆွဲထားရှာသော ခေါင်းဆောင်ကြီး ကိုပင် နင်းဖြတ် ကျော်လွန်ကာ ဟိုဘက်ကမ်း ရောက်သွားသော်လည်း ခေါင်းဆောင်မျောက်ကြီးမှာကား ထိုဒဏ်ကြောင့် အသည်း နှလုံး ကွဲလျက် ကျန်ရစ်ရှာလေသည်။

ဘုရင်က ယုယပုံ

ဘုရင်သည် ခေါင်းဆောင်မျောက်ကြီး၏ နွယ်တန်းလုပ်ပုံမှစ၍ နောက်ဆုံး ဝေဒနာ ရသည့်တိုင်အောင် ငယ်သားများအတွက် အသက်ကို စွန့်၍ ကြိုးစားပုံကို လရောင်ဖြင့် မြင်ရသောကြောင့် လွန်စွာ အားရခြင်း ဖြစ်ရကား ခေါင်းဆောင်မျောက်ကြီးကို သစ်ကိုင်းမှ ညှာညှာတာတာ ချယူပြီးလျှင် ကောင်းစွာ ပြုစု၍ အတော်ကလေး နေသာသလို ရှိသောအခါ “မိမိကိုယ်ကို တံတားခင်းပြီးလျှင် ထိုမျောက်တွေကို ကယ်ဆယ်ရာ၌ သူတို့နှင့် အသင်မျောက်မှာ ဘယ်လိုများ တော်စပ် ပါသလဲ”ဟု မေးလေရာ…

“မဟာရာဇာ…ကျွန်ုပ်မှာ သူတို့၏ ခေါင်းဆောင်ဖြစ်၍ သူတို့ကား ကျွန်ုပ်နှင့် အမျိုးချင်း, အရွယ် အရပ်ချင်း တူပါလျက် “အရေး ပေါ်လာလျှင် ဖေးမစောင့်ရှောက်ဖော်ရလိမ့်မည်”ဟူသော မျှော်လင့် ချက်ဖြင့် သူတို့၏အကြီးအကဲအဖြစ်၌ထားကာ အရာရာ အရိုအသေ ပြုခဲ့ကြပေသည်၊ ကျွန်ုပ်ကလည်း “အရေးပေါ်လာလျှင် အရာရာကို စောင့်ရှောက်မည်”ဟု ဝန်ခံမထားသော်လည်း ဝန်ခံသည့်အနေမျိုးဖြင့် သူတို့၏ အထက်က လေးစားရိုသေမှုကို ခံနေခဲ့၏၊

ယခုလို ဘေးရန်ပေါ်ပေါက်သောအခါ မစောင့်ရှောက်နိုင်ဘဲ ကိုယ်လွတ် ရုန်း၍ ပုန်းရှောင်မည်ဆိုလျှင် အဘယ်မှာ တာဝန်ကျေပါမည်နည်း၊ ယခုကား သူတို့ကို ကယ်ဆယ်လိုက်ရသဖြင့် ကျွန်ုပ်တာဝန်ကျေပါပြီ၊ ကျွန်ုပ်မှာ ရောဂါရနေသည်ကိုလည်း မပူပါ၊ သေမည့် အရေးကို တွေး၍လည်း မဆွေးပါ၊ ကျွန်ုပ်ကို ဥပမာတင်၍ အရှင်မဟာရာဇာ လည်း တိုင်းသူပြည်သား လူအများတို့ကို ကြိုးစားစောင့်ရှောက်ရစ် ပါတော့”ဟု တရားစကားဖြင့် ပြောဆိုကာ ကွယ်လွန်ရှာလေတော့သည်။

ဓာတ်တော်နှင့်ဩဝါဒ

ထိုမဟာရာဇာလည်း မျောက်မင်းကြီး၏ ရုပ်အလောင်းကို မင်းခမ်းမင်းနားဖြင့် သင်္ဂြိုဟ်ပြီးလျှင် ဦးခေါင်းခွံကို ရွှေချ၍ လှံဖျားပေါ်တင်ကာ ရှေ့မှာထားလျက် တိုင်းပြည်သို့ ပြန်ပြီးနောက် တစ်မြို့လုံးတန်ဆာဆင်၍ ခုနစ်ရက်တိတိ ဓာတ်တော်ပူဇော်ပွဲ ကျင်းပကာ ထိုဦးခေါင်းခွံ အရိုးဓာတ်ကို စေတီတည်၍ မျောက်မင်း၏ ဩဝါဒအတိုင်း တရားသဖြင့် မင်းပြုလေသည်၊ ဤဝတ္ထုဝယ် အလောင်းတော်၏ အသက်စွန့်ကာ ငယ်သားတို့ကို ကယ်ဆယ်လိုက်ခြင်းသည် အမျိုးသားအားလုံး၏ အကျိုးကို ကျင့်ခြင်းဟူသော ဉာတတ္ထစရိယာပင်တည်း၊ ဤသို့ အမျိုးသားအားလုံး၏ ကောင်းစားရေးကို ပြုကျင့်ခဲ့ရာ ဘဝတွေကား မရေတွက်နိုင်အောင် များပြားပါပေသည်။

မှတ်ချက်။ ။ပြခဲ့သော လောကတ္ထစရိယာခန်း၌ ခတ္တိယတစ်မျိုးသာမက ခတ္တိယ, ဗြာဟ္မဏ, ဝေဿ, သုဒ္ဒဟု အမျိုး လေးပါးလုံး ပါဝင်သောကြောင့် ဉာတတ္ထစရိယာဟု မခေါ်ရဘဲ “လောကတ္ထစရိယာ”ဟု ခေါ်၏၊ ဤ၌ကား မျောက်အမျိုး တစ်မျိုးသာ ဖြစ်သောကြောင့် “ဉာတတ္ထစရိယာ”ဟု ခေါ်ရသည်။

ဗုဒ္ဓတ္ထစရိယာအခန်း

ဒါနဖြင့် လောဘပယ်

သိဖွယ်ဟူသမျှကို အကုန်အစင် သိမြင်နိုင်သော ဉာဏ်သည် “ဗုဒ္ဓိ” မည်၏၊ ထိုဉာဏ်ကို ရအောင် ကျင့်တော်မူခြင်းသည် “ဗုဒ္ဓတ္ထစရိယာ”မည်၏၊ သတ္တဝါတို့၏ အသိဉာဏ်သည် လောဘ ဒေါသစသော စိတ်အညစ်အကြေးတို့၏ ရစ်မြှေးနေမှုကြောင့် သိသင့်သိထိုက်သမျှကို ပျံ့ပျံ့ပျူးပျူး ထူးထူးခြားခြား မသိမမြင်နိုင်ဘဲ ဝိုးတိုးဝါးတားမျှသာ သိကြ မြင်ကြ၏၊ ထို့ကြောင့် တချို့အသိများလည်း အမှန်အတိုင်း မဖြစ်နိုင်တော့ဘဲ အလွဲအမှား မတရားသိတွေ ပါဝင်နေလေသည်၊

လောဘ ဒေါသ မာန စသော စိတ်အညစ်အကြေးတွေ မကုန်သေးသမျှ အသိဉာဏ်လည်း သိဖွယ်အားလုံးကို ကုန်ဆုံးအောင် မလိုက်နိုင်သေးပါ၊ ဗုဒ္ဓရှင်တော်ကား မရေမတွက်နိုင်အောင် မြားမြောင်လှသော ဘဝဝယ် တချို့ဘဝ၌ ကိုယ်ပိုင်ဖြစ်သော ပစ္စည်းများကို စွန့်ကြဲပေကမ်း လှူဒါန်းမှု, မျက်စိစသော အင်္ဂါကြီးငယ်များကို လှူမှု, အသက်ကိုပင် စွန့်လှူမှုတို့ဖြင့် လိုချင်မက်မော လောဘဇောတွေကို နည်းသည်ထက် နည်းအောင် ပယ်ရှားတော်မူခဲ့ပါသည်။

ဝေဿန္တရာဇာတ်ဝယ် မရှိဆင်းရဲသူတို့အား စွန့်ကြဲပေးကမ်း လှူဒါန်းရာ၌ ဤဒါနကြောင့် အလုံးစုံသိသော ဉာဏ်ကို ရဖို့ အရေး ကိုသာ မျှော်တွေးတောင့်တတော်မူ၏၊ လူချမ်းသာ နတ်ချမ်းသာကို ကား တောင့်တတော်မမူ၊ ဆက်ဦးအံ့ … လူနတ်ချမ်းသာကို တောင့်တ၍ ဒါနပြုသူတို့သည် ထိုဒါနကြောင့် လူနတ်ချမ်းသာကို ရသောအခါ ထိုချမ်းသာကို ခံစားရခြင်းဖြင့် သူတို့၏ ဒါနအဟုန် ကုန်လေတော့၏၊ ဗုဒ္ဓအလောင်းတော်ကား ထိုချမ်းသာကို မမှန်း သောကြောင့် ချမ်းသာမှုတွေ့သော်လည်း စည်းစိမ်ယစ်တော်မမူဘဲ တိုးတက်၍ ဒါနမှုကိုသာ ပြုတော်မူ၏၊ ဓနရှင်ဖြစ်လေ ဒါနရှင် ဖြစ်လေပင်တည်း။

ထို့ကြောင့် အလောင်းတော်၏ ဒါနတို့ကား အထွတ်အထိပ် ဗုဒ္ဓိဉာဏ်ရရန် အထောက်အခံ ဖြစ်လာကြသည်၊ ဤသို့လျှင် ဒါနဖြင့် လောဘအညစ်အကြေးကို ဘဝပေါင်းများစွာ၌ ပယ်ရှားခဲ့ရကား အလောင်းတော်၏ စိတ်အစဉ်ဝယ် လောဘအညစ်အကြေးများ တဖြည်းဖြည်း နည်းပါးသည်ထက် နည်းပါးလာခဲ့ပေသည်။

သီလ, ခန္တီ, မေတ္တာဖြင့် ကောဓဒေါသပယ်ပုံ

ဘုရားအလောင်းတော်သည် သူ့အသက် သတ်ခြင်းစသည်မှ ရှောင်ကြဉ်သော သီလဖြင့်လည်းကောင်း, သည်းခံမှု ခန္တီ ဖြင့်လည်းကောင်း, ရန်သူ၏ အကျိုးကိုသော်မှ ဆောင်ရွက်နိုင်သော မေတ္တာဖြင့်လည်းကောင်း စိတ်ဆိုးတတ်သော ဒေါသ, သူတစ်ပါးကို ဖျက်ဆီး ညှဉ်းဆဲလိုသော ဒေါသကို ပယ်ရှားခဲ့၏၊ ထိုပယ်ရှားမှုလည်း တစ်ဘဝတလေသာမက မရေမတွက်နိုင်အောင် ဘဝများစွာတို့၌ ထပ်ကာထပ်ကာ ဖြစ်ခဲ့သဖြင့် သီလ ခန္တီ မေတ္တာတို့ အထုံရနေသောကြောင့် “ဒေါသ မရှိတော့”ဟု ဆိုရတော့မတတ် အလွန်နည်းပါးလာခဲ့ပေသည်၊ ဤနေရာဝယ် ဝေဿန္တရာဇာတ်ကိုပင် မှတ်ချက်ချ၍ ပြလိုပါသေး၏၊ အလောင်းတော်သည် ဘိသိက်ခံပြီး ဘုရင်ဖြစ်သော်လည်း ပစ္စယဆင်ဖြူတော် လှူမှုကြောင့် တိုင်းပြည်က မကျေမနပ်ဖြစ်သောအခါ (မိမိကိုယ်တိုင် စစ်တပ်အပိုင် ဖြစ်ပါလျက်) အားလုံးအလိုကို လိုက်၍ တိုင်းပြည်မှ ထွက်ခွာတော်မူသည်မှာ ခန္တီပါရမီပါပေတည်း။

မဒ္ဒီမိဖုရား၏ ဆွေတော်မျိုးတော်များနေရာ စေတတိုင်းသို့ ရောက်သောအခါ ထီးနန်းကို အပ်ကြ၏၊ ထိုအခါ တိုင်းပြည် တစ်ပြည်၏ မကျေနပ်သော မင်းကို အခြားတစ်ပြည်က ထီးနန်း အပ်သည်ဆိုလျှင် ထိုနှစ်ပြည်ထောင်ချင်း မသင့်မတင့် ဖြစ်မည်စိုး၍ ထီးနန်းကို လက်ခံတော်မမူချေ၊ စေတတိုင်းသားတို့က “ခမည်းတော် သိဝိမင်းကြီးထံ ကျေရာကျေကြောင်း တောင်းပန်သွားပါရစေ”ဟု ခွင့်တောင်းပြန်ပါလည်း “မိမိကို တိုင်းပြည်မှ ထုတ်ပယ်မှုကိစ္စ၌ ခမည်းတော်လည်း မပိုင်ရှာဘူး။ တိုင်းသူပြည်သားတွေလည်း အလွန် မကျေမချမ်း ဖြစ်နေကြတယ်၊ မသွားကြပါနှင့်”ဟုပင် တားမြစ်တော်မူခြင်းမှာ အားလုံးအပေါ် ညှာတာသော မေတ္တာတော် မဟုတ်ပါ လော၊ ဤသို့ ခန္တီ မေတ္တာကို အရင်းခံ၍ တိုင်းပြည်က ပေးလိုက်သော တောနေဒဏ်ကိုသာ ကျေကျေနပ်နပ် ခံနေရှာပါသည်၊ ထိုသို့ သီလ ခန္တီ မေတ္တာပါရမီတို့ဖြင့် ဒေါသကို ဘဝများစွာ ပယ်ရှားတော်မူခဲ့ သောကြောင့် သူတစ်ပါးအပေါ်၌ မနာလိုဝန်တိုသော ဣဿာ မစ္ဆရိယလည်း မရှိသလောက် နည်းပါးလေတော့သည်။

ပညာဖြင့် မောဟ, ဒိဋ္ဌိပယ်ပုံ

ဗုဒ္ဓအလောင်းတော်သည် ဘဝများစွာဝယ် ငယ်ရွယ်စဉ်ကပင် ပညာကို ကြိုးစားခဲ့၍ အရွယ်ရောက်သောအခါ၌ တဖြည်းဖြည်း ပါမောက္ခဆရာကြီး ဖြစ်ရ၏၊ ထိုသို့ ဆရာကြီး ဖြစ်လာသောအခါ မသိမှု မိုက်မဲမှု မောဟတို့သည် အလိုလျောက် ပပျောက်ကုန်၏၊ သူ့ခေတ်သူ့ခါအလျောက် ရှေးရှေးက အစွဲအလမ်း မှားနေသော အထင်မှား အမြင်မှား မိစ္ဆာအယူ (ဒိဋ္ဌိ)များလည်း ဘဝတိုင်းမှာ တွေ့ရတတ်သေး၏၊ [ယခုအခါ တိုင်းပြည်အရပ်ရပ်၌ အယူဝါဒ အမျိုးမျိုး ရှိနေသကဲ့သို့တည်း၊ ထိုအယူဝါဒများစွာတွင် တစ်မျိုးနှင့် တစ်မျိုး ဆန့်ကျင်ဘက် ဖြစ်နေသော အယူဝါဒလည်း အများအပြား ရှိ၏၊ ထိုသို့ ဆန့်ကျင်နေရာဝယ် ဧကန်မုချ တစ်ခုခုတော့ လွဲရတော့ မည်သာ၊ မည်သည့် အယူဝါဒပင်ဖြစ်စေ လွဲမှားနေသော အယူကို “မိစ္ဆာဒိဋ္ဌိ”ဟု ခေါ်ရ၏၊] ပညာတတ်ပါမောက္ခကြီး အဖြစ်သို့ ရောက် ရဖန်များသော ဘုရားအလောင်းသည် မိမိ၏ တတ်သိသော ဉာဏ်ပညာကို အရင်းခံ၍ ဝေဖန်စဉ်းစား ဆင်ခြင်တုံတရားဖြင့် ထိုမိစ္ဆာ အယူဝါဒများကို ပယ်ရှားနိုင်ခဲ့၏၊ ဤသို့ ဘဝများစွာဝယ် မိစ္ဆာအယူ တွေကို ပယ်ခဲ့လှပြီ ဖြစ်၍ အလောင်းတော်၏ သန္တာန်၌ မသိမှု မလိမ္မာမှု မောဟနှင့် အယူအဆလွဲမှားမှု ဒိဋ္ဌိတရားလည်း မရှိသလောက်ပင် နည်းပါးလေတော့သည်။

ဆရာမြတ်ထံ ဆည်းကပ်၍ ဝိစိကိစ္ဆာပယ်ပုံ

ဗုဒ္ဓအလောင်းတော်သည် မိမိကိုယ်တိုင် ပညာရှိ ဖြစ်နေသော်လည်း အလုံးစုံကို အကုန်သိမြင် နိုင်သောဉာဏ်ကား(ဗုဒ္ဓမဖြစ်သေးသမျှ) မရနိုင်သေးချေ၊ ထို့ကြောင့် “ရှေးရှေးက မိမိဖြစ်ခဲ့ မဖြစ်ခဲ့, နောက်ဘဝ၌ ဖြစ်မည် မဖြစ်မည်, ကံ ရှိ မရှိ, ကံ၏အကျိုး ရှိ မရှိ, သတ္တဝါတွေ၏အစ ရှိ မရှိ, ငရဲ နတ်ပြည် ဗြဟ္မာ့ပြည်နှင့် နိဗ္ဗာန်ဆိုတာ ရှိ မရှိ, ခန္ဓာကိုယ်အတွင်း၌ အတ္တဟု ခေါ်သော တစ်ဘဝမှ တစ်ဘဝသို့ ပြောင်းရွှေ့လိုက်ပါနိုင် သော အသက်ကောင် ဝိညာဉ်ကောင်ဆိုတာ ရှိ မရှိ” ဤသို့ စသော ယုံမှားစရာ, တွေးစရာတွေကို ယုံမှားနေသော ဝိစိကိစ္ဆာကား မကြာခဏ ဖြစ်တတ်ပါသေးသည်။

ဗုဒ္ဓအလောင်းတော်သည် ရှေးရှေး ဗုဒ္ဓရှင်တော်များ၏ အထံ၌ ဆည်းကပ်၍လည်းကောင်း, ရဟန်းပြု၍လည်းကောင်း, ပစ္စေကဗုဒ္ဓါ နှင့် ရဟန်းများအထံ ချဉ်းကပ်၍လည်းကောင်း ထိုယုံမှားဖွယ်အချက် များကို မေးမြန်း စုံစမ်း၍ ထို ယုံမှားမှုတွေကို ပယ်ဖျောက်ခဲ့ရ၏၊ ထို့ကြောင့် အလောင်းတော်၏ သန္တာန်ဝယ် ဝိစိကိစ္ဆာဟု ခေါ်ဆို ရသော ယုံမှားမှုများလည်း မရှိသလောက် နည်းပါးခဲ့ပေသည်။ [ဗုဒ္ဓအလောင်းတော်သည် ရှေးရှေးဗုဒ္ဓတို့၏အထံတော်၌ ရဟန်းပြု၍ ပိဋကတော်ကို သင်ယူ ပို့ချနေရုံသာမက ဝိပဿနာကိုလည်း မဂ်ဖိုလ် ဆိုက်လုနီးနီး အားထုတ်တော်မူခဲ့ပေသည်။]

ရိုသေမှုဖြင့် မာန, ဥဒ္ဓစ္စပယ်ပုံ

ဗုဒ္ဓအလောင်းတော်သည် ဖြစ်လေရာဘဝဝယ် ဘိုးဘွား မိဘ ဦးကြီး ဦးလေး ဘကြီး ဘထွေး မိကြီး မိထွေး (အဒေါ် အရီး) အစ်ကို အစ်မ စသူတို့ကိုလည်းကောင်း, ဆွေမျိုးမဟုတ်သော်လည်း အကျင့်နှင့်ပြည့်စုံသော ပညာရှိသူတော်ကောင်းတို့ကိုလည်းကောင်း ရှိခိုး ဝပ်ချ၏၊ မြတ်နိုးကော်ရော် ပူဇော်လုပ်ကျွေး၏၊ နေရာ ဖယ်ပေး၏၊ လမ်းဆုံနေပြန်လျှင် ရှောင်ပေး၏၊ လာသည်ကို မြင်လျှင် နေရာမှ ထပေး၏၊ ခရီးဦးကြို ပြု၏၊ ဤသို့ လူကြီးသူမများကို လေးစား ရိုသေမှုဖြင့် မိမိမှာ ရှိနေသော မာန်မာနကိုလည်း ပယ်ရှားခဲ့သည်၊ ထိုထိုကိစ္စတို့၌ မလေးမစား ပေါ့ဆဆလုပ်တတ်သော ဥဒ္ဓစ္စခေါ်စိတ် မငြိမ်သက်မှု မတည်ကြည်မှုကိုလည်း ပယ်ရှားခဲ့၏၊ ထိုသို့သော နည်းဖြင့် ဘဝများစွာ၌ ပယ်ရှားရဖန် များသောကြောင့် မာန ဥဒ္ဓစ္စတို့ နည်းပါးခဲ့ကြလေပြီ။

တောထွက်မှုဖြင့် ကာမစိတ်ကိုပယ်ပုံ

ဗုဒ္ဓအလောင်းတော်သည် သာမန်လူတန်းစား ဘဝဖြစ်စေ, ဘုရင်ဘဝဖြစ်စေ များစွာသော ဘဝတို့၌ သား မယားကိုလည်းကောင်း, မိဖုရားရတနာနှင့်တကွ မောင်းမမိဿံ ခြွေအရံစုကို လည်းကောင်း စွန့်ခွာ၍ တောထွက်ပြီး ရသေ့အဖြစ်ဖြင့် ကျင့်တော်မူ၏၊ ထိုသို့ ကျင့်ရာ၌ ပထမဆုံးရအပ်သော စျာန်သည်ပင် ကာမစိတ်ဓာတ်ကို ပယ်နိုင်၏၊ ထပ်၍ထပ်၍ရအပ်သော အထက်စျာန်တို့ကား ဆိုဖွယ်ရာ မရှိပြီ၊ ဤသို့ တောထွက်မှုဖြင့် ကာမစိတ်ဓာတ်ကို ဘဝများစွာ ဝယ် ပယ်ခွာတော်မူခဲ့ရကား အလောင်းတော်မြတ်၏ စိတ်ဓာတ် အစဉ်မှာ မာတုဂါမတို့၌ တွယ်တာမက်မောလှသည်ဟု မရှိတော့ချေ၊ တစ်ခုသော ဘဝ၌ကား သူဌေးအဖြစ်မှ ရသေ့ပြုသွားလေရာ သူဌေးကတော်လေးသည် ရသေ့မလုပ်၍ လိုက်လာ၏၊ အခါတစ်ပါး၌ ရှင်ဘုရင်၏ ဥယျာဉ်ဝယ် နေကြစဉ် ဘုရင်က ကျယ်ဝန်းသော မျက်လုံးဖြင့် ခပ်ပြုံးပြုံး နေလေ့ရှိသော ထိုရသေ့မကလေးကို အလောင်းတော်ရသေ့၏ ရှေ့မှာပင် အတင်းခေါ်၍ နန်းတော်သို့ ဆောင်သွားဖူး၏၊ အလောင်းတော်ရသေ့သည် ဒေါသမထွက်အောင် စိတ်စက်ကို ချုပ်တည်းနိုင်လေသည်၊ [ရသေ့မကလေးကိုကား ဘုရင့်အလို မလိုက်သောကြောင့် ပြန်၍ ပို့ရ၏၊] ထိုရသေ့မကလေးသည်ပင် ဝမ်းသွေးရောဂါဖြင့် ရသေ့၏အနားမှာပင် သေဆုံးရှာ၏၊ တွေ့ရသူတိုင်း ဝိုင်း၍ ငိုကြ၏၊ ရသေ့ကား ဆွမ်းစားမြဲ စားနေလေသည်။

ဤသို့လျှင် ဘဝများစွာ၌ ကာမစိတ်ဓာတ်ကို ချိုးနှိမ်ပြီး ဖြစ်ရကား မာတုဂါမတို့နှင့်စပ်၍ တုန်လှုပ်သောစိတ် မရှိသလောက် နည်းပါးခဲ့လေပြီ။ [ကုသမင်းဘဝ၌မူ မိမိကို မကြည်ဖြူနိုင်ဘူး ဆိုသောကြောင့် မရတာကိုမှ ရအောင် ကြံဆောင်ပြခြင်းသာ ဖြစ်ရာ၏၊ ထိုသို့ ကြံရာမှာပင် ပဘာဝတီတို့ထက် အရာရာ သာနေသော စစ်သည် ဗိုလ်ပါ အာဏာတွေကို အသုံးမပြုဘဲ (ပဘာဝတီ၏ စိတ်ကို မထိခိုက်စေရန်) အနုနည်းဖြင့် ကိုယ့်ကိုယ်ကို အနစ်နာခံ၍ ကြံတော်မူရှာပေသည်။]

အားလုံးအကျင့်တွေ ဗုဒ္ဓတ္ထစရိယာချည်း

ဗုဒ္ဓအလောင်းတော်သည် ဒါနပါရမီ စသည်ဖြင့် လောဘစသော စိတ်ညစ် စိတ်ယုတ်တွေကို ပယ်ရုံသာ မကသေးပါ၊ သစ္စာပါရမီဖြင့် မဟုတ်မတရား မုသားပြောဆိုမှုကို လည်းကောင်း, ဝီရိယပါရမီဖြင့် ပျင်းရိထိုင်းမှိုင်းမှုကိုလည်းကောင်း ပယ်ရှားတော်မူသေး၏၊ ထို့ကြောင့် အလောင်းတော်မြတ်၏ တစ်ကိုယ်လုံးသည် ဖျတ်လတ် သွက်လက် ထက်မြက်လျင်မြန်သော ဝီရိယတုံးကြီးလည်း ဖြစ်တော်မူနေ၏၊ မိမိကိုယ်ဖြင့် ပြုလုပ်နိုင်သော အရာကိုသာ ပြောဆို တတ်သဖြင့် အများ၏ ယုံကြည်စရာ သစ္စာတုံးလည်း ဖြစ်နေပေသည်။

ထိုသို့ လောဘစသော စိတ်လေ စိတ်မွှား စိတ်ညစ်များကို ဒါနပါရမီ စသည်ဖြင့် ပယ်ရှားတော်မူလေ့ရှိရကား စိတ်ဓာတ်တော် အစဉ်လည်း ခရုသင်းကို ပွတ်ထားသကဲ့သို့ ဖြူစင်လှပေသည်၊ ဟဤနေရာဝယ် ဘုရားမဖြစ်သေးသော အလောင်းတော်မြတ်၏ စိတ်ဓာတ်ကို မှန်း၍ ကြည့်လိုက်ကြပါကုန်၊“ ထိုသို့ ပြုကျင့်တော် မူခြင်းသည် တစ်ဘဝ တစ်ခါ ခံစား စံစားဖို့ရာလည်း မဟုတ်, နောက်နောက်ဘဝ၌ လူ နတ် စည်းစိမ်ဖြင့် မြိန်မြိန်ကြီး နေလို၍လည်း မဟုတ်၊ သတ္တဝါတို့အား အမှန်ဆုံးတရားကို ဟောပြလိုသောကြောင့် ကိုယ်တော်တိုင် အထက်မြက်ဆုံး အသိဉာဏ်ကို ရဖို့ရာ ကြိုးစား တော်မူခြင်း ဖြစ်ပါသည်။

ခေတ်ပညာရှိများ ဆရာ့နည်းထက်သာပုံ

ယခုခေတ်သည် လောကီပညာကို အထူးလိုက်စားသောခေတ် ဖြစ်၏၊ ထိုသို့ လိုက်စားသည့်အားလျော်စွာ တိုင်းပြည်အရပ်ရပ်၌ လောကဓာတ်ပညာဝယ် သူ့ထက်သူ လူစွမ်းကောင်းတွေ များစွာ ထွန်းကားပေ၏၊ ထိုသူတို့သည် အခြေခံပညာများကို ထိုထိုဆရာ့ အထံမှ သင်ယူစဉ်အခါက မူလတန်းမှစ၍ တစ်တန်းထက်တစ်တန်း တစ်ဆင့်ထက် တစ်ဆင့် အသိဉာဏ်ရင့်ကာ ဆရာနည်းခံ၍ ရနိုင် သော တပည့် ပညာများ ကုန်ဆုံးပြီးသောအခါ မိမိကိုယ်တိုင် ထိုးထွင်းဉာဏ်ဖြင့် တိုးတက်ကြံစည်ပြန်ရာ သဘာဝဓမ္မဆိုင်ရာ, လောကဓာတ်ဆိုင်ရာဝယ် တပည့်တုန်းက ပညာနှင့် လုံးလုံးမတူသော သို့မဟုတ် အဆင့်အတန်းကွာခြားသော အသိအမြင်တို့ကို ရကြ၍ တချို့က လေယာဉ်ပျံ, တချို့က ဝိုင်ယာလက်, တချို့က အသံဖမ်းစက်, တချို့က အဏုမြူဗုံး စသည်ဖြင့် မီးခိုးမဆုံးမိုးမဆုံး အောင် အထူးအဆန်း အံ့မခန်းတွေ ပြုလုပ်ပြသနိုင်ကြပေသည်၊ ထိုကဲ့သို့ ခေတ်ပညာရှိများ အသိဉာဏ် ထက်မြက်မှု (အကြံ ကောင်းမှု)သည် ယခုတစ်ဘဝမှ လတ်တလော ကြိုးစား၍ ဖြစ်ခြင်း မဟုတ်၊ ရှေးရှေးဘဝကပင် ဉာဏ်ပညာ ထက်မြက်အောင် ကုသိုလ် ကောင်းမှုကို ပြုခဲ့ကြသောကြောင့်သာ အမိဝမ်းဝယ် နုနုနယ်နယ်က စ၍ ဉာဏ်ကြီးစေနိုင်သော မျိုးစေ့ဓာတ်များ စွဲကပ်ပါလာခြင်း ဖြစ်ပါသည်။

အလောင်းတော်၏ဉာဏ်ဓာတ်

ဘုန်းကြီးတို့၏ ဗုဒ္ဓအလောင်းတော်လည်း အထွတ်အထိပ် အသိဉာဏ်ကိုရဖို့ရန် ကမ္ဘာပေါင်းများစွာတို့ဝယ် အသိဉာဏ်ကို မသန့်ရှင်းအောင် မြှေးယှက်ဖုံးကွယ်တတ်သော လောဘ ဒေါသ စသည်ကို ဒါနပါရမီ စသည်ဖြင့် ပယ်ရှားခဲ့လေရာ တစ်ကမ္ဘာထက် တစ်ကမ္ဘာ တစ်ဘဝထက်တစ်ဘဝ အသိဉာဏ် သန့်ရှင်းစင်ကြယ်ကာ ရင့်၍ ရင့်၍သာ လာခဲ့ပေသည်၊ ပြုပြုခဲ့သမျှ ဒါန သီလ အစရှိ သော ကောင်းမှုအထူးတို့လည်း အလွန့်အလွန် များပြားလှသဖြင့် တစ်ဘဝ တစ်ခါ အကျိုးပေး၍ မကုန်နိုင်ဘဲ နောက်ဆုံးဘဝ သဗ္ဗညုတဉာဏ် ရချိန်တန်မှ အားလုံးစုံ စုပေါင်း၍ အကောင်းဆုံး အကျိုးပေးဖို့ရာ အားခဲနေကြသကဲ့သို့ ရှိလေသည်၊

ထို့ကြောင့် နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘဝ၌ စဉ်းစားဉာဏ် စိတ်ကူးဉာဏ်တို့၏ အခြေခံဉာဏ်မျိုးစေ့သည် သူတစ်ပါးနှင့် မတူအောင် ထက်သန် ထူးခြားစွာ ပါလာ၏၊ “အိုမှု နာမှု သေမှုဆိုတာမျိုး ရှိလျှင် မအိုမှု မနာမှု မသေမှုဆိုတာလည်း ရှိရမည်” စသော အထူးအဆန်း စိတ်ကူးဉာဏ်တွေသည် တွေးရင်းတွေးရင်း ကြံစည်စဉ်းစားရင်း ပေါ်ပေါက်လာ၏၊ သို့ဖြစ်၍ ထီးနှင့်နန်းနှင့် ယသော်ဓရာနှင့်အတူ မနေချင်စိတ်တွေ အလိုလို ဖြစ်ပေါ်လာရကား မအို မနာ မသေနည်းကို ရှာလိုသော စိတ်တွေ တရိပ်ရိပ်နှင့် ဒီဂရီတက်သလို နေလေတော့သည်။

တောထွက်၍ပညာရှာပုံ

ထိုသို့ တိုးတက်လျက်ရှိရကားအသက် (၂၉)နှစ်အရွယ် ရောက်သောအခါ ညဉ့်သန်းခေါင် အချိန်မှာ ထီးနန်းကို စွန့်ခွာတော်မူပြီးနောက် အရေးတကြီး အသိဉာဏ်အထူးကို ရချင်လှသော ကြောင့် ဆရာကောင်းများကို စုံစမ်းရှာဖွေရာ ထိုခေတ်က လောကီစျာန်အဘိညာဉ်ဖြင့် တင်းတိမ်နေကြသော ရသေ့တို့တွင် အပါအဝင်ဖြစ်သော အာဠာရ ရသေ့နှင့် တွေ့၍ ဆရာနည်း ခံယူလေသည်၊ ထိုအခါ ဆရာကြီးမှာသာ သဒ္ဓါ ပညာ ရှိသည်မဟုတ်, ငါ့မှာလည်း သဒ္ဓါ ပညာရှိ၏၊ ထို့ကြောင့် ဆရာကြီးရသော တရားကို ငါလည်း ရအောင် ကြိုးစားမည်ဟု အပူတပြင်း ကြိုးစားလေသည်၊ ထိုအခါ စျာန်သမာပတ် ရှစ်ပါးတွင် သတ္တမ သမာပတ်အထိသာ ထိုဆရာကြီး ပြနိုင်၍ ရည်ရွယ်အပ်သော အသိဉာဏ်အထူး ပေါ်လာအောင် မပြနိုင်ချေ၊ ဥဒကရသေ့ ဆရာကြီးအထံ နည်းခံရာ၌လည်း အဋ္ဌမသမာပတ် တစ်မျိုးကိုသာ အပိုရခဲ့၍ ထိုဆရာကြီးတို့ထံမှ ထွက်ခွာပြီးလျှင် တစ်ပါးတည်း ထင်ရာ မြင်ရာကို ကြိုးစားတော်မူလေရာ (၆)နှစ် လောက်နီးနီး ခရီးမရောက်ခဲ့ပါ။

လမ်းမှားကို လိုက်မိပြီးမှ လမ်းမှန်တွေ့ပုံ

(ရှေးကျသော ဗုဒ္ဓဘာသာဝင်များ လမ်းမှန်ကို တွေ့ရပုံ သည် အားမနာတမ်း ပြောရလျှင်) ဘုန်းကြီးတို့၏ အလောင်းတော်မြတ်သည် ထို(၆)နှစ်နီးနီးမှာ လမ်းအမှားကြီး မှားနေခြင်းပင် ဖြစ်ပါသည်၊ သို့ဖြစ်၍ ဗုဒ္ဓဖြစ်ပြီးနောက် မကြာခင် (ပထမသတ္တာဟ၌ပင်) … “မုတ္တော ဝတမှိ တာယ အနတ္ထသံဟိတာယ ဒုက္ကရကာရိကာယ= (၆)နှစ်ပတ်လုံး အကျိုးမရှိသော ထိုဒုက္ကရစရိယာအကျင့်မှ လွတ်ခဲ့ရ ပေပြီ”ဟု ထို(၆)နှစ်အတွင်းက မှားယွင်းခဲ့သော အကျင့်များကို ပြန်၍ တွေးတောမိပါလေသည်၊ ထိုသို့ (၆)နှစ်နီးနီး ခရီးမရောက်ဘဲ ရှိပြီးမှ လမ်းမှန်ကို ရ၍ တရားအားထုတ်တော်မူလေရာ ကဆုန်လပြည့် ရောက်သောအခါ နံနက်စောစောကပင် သေနာနိဂုံးသူ “သုဇာတာ” မည်သော သူဌေးကတော်ကလေး၏ ဃနာနို့ဆွမ်းကို (၄၉)လုတ်မျှ ဘုဉ်းပေးတော်မူ၏။ [လက်ဖြင့် ကိုင်၍ ရလောက်အောင် ခပ်ပျစ်ပျစ် နို့ဆွမ်းကို “ဃနာနို့ဆွမ်း”ဟု ခေါ်၏၊ ဃန=ပျစ်သည်။]

ဗောဓိပင်သို့ ကြွတော်မူခြင်း

ထို့နောက် နေရဉ္ဇရာမြစ်၌ ရေသုံးသပ်တော်မူ၍ ထိုမြစ်၏ အနီးဖြစ်သော တောဝယ် နေ့အဖို့၌ သီတင်းသုံးတော်မူသည်၊ ထို့နောက် ညနေအချိန် ရောက်သောအခါ ဗောဓိညောင်ပင်ရှိရာသို့ ကြွတော်မူပြီးလျှင် စိမ်းစိုသော မြက်များကို ခင်း၍ ညောင်ပင်ရင်း၌ ထိုင်နေတော်မူကာ ပလ္လင်ကို လုလာသော မာရ်နတ်ကို မေတ္တာဓာတ်ဖြင့် နှိမ်နင်း၍ တစ်နေ့လုံး စဉ်းစားတော်မူခဲ့ရင်း တရားကိုသာ ဆက်လက် စဉ်းစားတော်မူသည်။ [ညောင်ပင်အောက်၌ ထိုအချိန် ထိုင်နေခြင်းကား “အရိုး အကြော အရေမျှသာ ကျန်၍ အသား အသွေးတွေ ခြောက်သွားတန်လျှင် သွားပေစေတော့, ဗုဒ္ဓအဖြစ် မရောက်သမျှ ဤထိုင်နေခြင်းမှ မထတော့အံ့”ဟု အလွန်ထက်သန် သော ဇွဲဖြင့် အကြိတ်အနယ် ကြိုးစားဖို့ရန် ဓိဋ္ဌာန်လျက် ထိုင်နေတော်မူခြင်း ဖြစ်သည်။]

ရှေးဖြစ်ဟောင်း အောက်မေ့တော်မူနိုင်ပုံ

ထိုသို့ ထိုင်၍ တရားကို ဆက်လက် စဉ်းစား အားထုတ်တော်မူစဉ် စိတ်အစဉ်သည် တရားအာရုံတို့၌စူးစိုက် တည်မြဲလျက်ရှိ၏၊ ကိလေသာအနောက်အကျုတို့မှ ကင်းဝေးရကား အလွန် စင်ကြယ်သန့်ရှင်းသော စိတ်အစဉ်သာ ဖြစ်နေ၏၊ စျာန်သမာပတ်ရိုးရိုးကား စောစောကပင် ရခဲ့ပြီး ဖြစ်၏ ထို့ထက် တိုး၍ ရှေးဖြစ်ဟောင်းကို ပြန်ပြောင်းသိမြင်လိုသော ဆန္ဒဖြင့် ရှေးရှေး ဖြစ်ခဲ့သမျှ ဘဝတို့ကို မှန်း၍ မှန်း၍ စဉ်းစားလေရာ ညဉ့်ဆယ်နာရီ အတွင်းလောက်မှာ ရှေးရှေး ကမ္ဘာများစွာတို့၌ ဖြစ်ခဲ့ ပျက်ခဲ့ နေထိုင် တွေ့ကြုံခဲ့ရသော အကြောင်းအရာကို ကောင်းစွာ သိနိုင် မြင်နိုင်သော အသိဉာဏ်တစ်မျိုး ဖြစ်ပေါ်လာပေသည်။ [ “ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်”ဟု ခေါ်၏။]

ထိုဉာဏ်ဓာတ်၏အစွမ်း

ထိုဉာဏ်ဓာတ်၏အစွမ်းဖြင့် အဖြစ်ဟောင်းတို့ကို ပြန်ပြောင်း ကြည့်ရှု သောအခါ ဘဝတစ်ခု အသစ်ဖြစ်ရာ၌ ကိုယ်ခန္ဓာဟူသော ရုပ်တရားနှင့် စိတ်ဝိညာဉ် ကြီးမှူးနေသော နာမ်တရားစုကိုသာ တွေ့ရ၏၊ စုတေ သေကျေရာ၌လည်း ထိုထိုနာမ်တရားစုနှင့် ရုပ်တရားတို့ ချုပ်ပျက်မှုကိုသာ တွေ့ရ၏၊ ဤသို့ ရှေးဖြစ်ဟောင်းကို အောက်မေ့ နိုင်သောအခါ သတ္တဝါဖြစ်အောင် တစ်စုံတစ်ယောက်မျှ ဖန်ဆင်း နိုင်သူ မရှိဟုလည်း ပိုင်ပိုင်နိုင်နိုင် သိမြင်လာတော့၏၊

ခန္ဓာကိုယ် အတွင်း၌ အတ္တ (အသက်ကောင်, ဝိညာဉ်ကောင်, လိပ်ပြာကောင်ဟု ကြံကြံစည်စည် ပြောဆိုနေကြသော အကောင်အထည်)လည်း မရှိ ဟု ထိထိမိမိ သိရှိလာ၏၊ “သတ္တဝါဟူသမျှ တစ်ဘဝအပြီးသတ်လျှင် နောက်ထပ် မဆက်တော့ဘဲ ပြတ်စဲ ပြီးဆုံး၏”ဟု ယူမှားသော “ဥစ္ဆေဒဒိဋ္ဌိ” အယူမှားနှင့် “သတ္တဝါတစ်ယောက် အဆက် မရှိဘဲ အသစ်ပေါ်လာသည်”ဟု ယူမှားသော “နဝသတ္တပါတုဘာဝဒိဋ္ဌိ”ခေါ် အယူမှားလည်း ကင်းရှင်းသွားလေပြီ။

ဒိဗ္ဗစက္ခုဉာဏ် ရတော်မူပုံ

အလောင်းတော်သည် ကိုယ်တော်မြတ်၏ အဖြစ်ဟောင်းတွေကို သိမြင်နိုင်ပြီးနောက် ဆယ်နာရီကျော်လောက်မှ စ၍ သတ္တဝါအများ၏ အရေးကို ဆက်လက်၍ တွေးတောစဉ်းစားပြန်ရာ သန်းခေါင်ကျော် နာရီပြန် တစ်ချက် နှစ်ချက်အတွင်းလောက်အချိန်မှာ လူ့ပြည် နတ်ပြည်နှင့် ဗြဟ္မာ့ပြည်တို့၌ ချမ်းသာသုခ ရရှိနေကြသော သတ္တဝါတို့ကိုလည်းကောင်း, ငရဲ ပြိတ္တာ တိရစ္ဆာန်ဘဝနှင့်လူ့ဘဝအောက်တန်း ၌ ဆင်းရဲဒုက္ခ ခံနေရသော သတ္တဝါတို့ကိုလည်းကောင်း မျက်ဝါး ထင်ထင် မြင်ရသကဲ့သို့ မြင်နိုင်သော “ဒိဗ္ဗစက္ခု”ခေါ် အသိဉာဏ်ကို ရတော်မူ၏။

ထို့နောက် “ဒုက္ခိတသတ္တဝါတွေ ဘာ့ကြောင့် ဤကဲ့သို့ ဆင်းရဲစွာ နေကြရပါလိမ့်မည်နည်း၊ လူ့အထက်တန်းစားနှင့် နတ်ဗြဟ္မာများကား ဘာ့ကြောင့် ချမ်းသာကို ရရှိကြပါလိမ့်မည်နည်း”ဟု ဆက်လက် စဉ်းစားတော်မူရာ ကိုယ်စီကိုယ်င သူတို့ ပြုခဲ့ကြသော အကုသိုလ်နှင့် ကုသိုလ်ကံများကို တွေ့မြင်တော်မူလေသည်၊ ဤသို့ သိနိုင်သော ဉာဏ်ကို “ယထာကမ္မူပဂဉာဏ်”ဟု ခေါ်၏၊ ဤသို့ မြင်ရလျှင်ပင် အားလုံးသတ္တဝါတွေကို မကောင်းမှုဟူသမျှ မပြုကြဖို့ရန်နှင့် ကောင်းမှုဟူသမျှတို့ကို ပြုကြဖို့ရန် အလွန်ဟောပြောချင်စိတ်တွေ ယိုဖိတ်မတတ် ရှိပေလိမ့်မည်။

ထိုဉာဏ်နှစ်ပါး၏ စွမ်းအား

ထိုသို့ ဒိဗ္ဗစက္ခုဉာဏ်နှင့် ယထာကမ္မူပဂဉာဏ်တော် ရသည့်အခါ သတ္တဝါတွေကို မည်သူကမျှ ဖန်ဆင်းထားသည်မဟုတ်၊ ကိုယ့်ကံကြောင့် ကိုယ်ဖြစ်သည်ဟု ရှင်းလင်းစွာ သိတော်မူရကား “သတ္တဝါတစ်ယာက်သေလျှင် သူ့အတွက် အဆက်ပြတ်၍ (ဖန်ဆင်း လိုက်မှုကြောင့်) အသစ်သတ္တဝါတစ်မျိုး ဖြစ်ရသည်”ဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိနှင့် နဝသတ္တပါတုဘာဝဒိဋ္ဌိလည်း ပုဗ္ဗေနိဝါသဉာဏ် ရစဉ်က ရှင်းပြီးအပေါ်မှာ သာ၍သန့်ရှင်းလာလေတော့၏၊ [နဝသတ္တ=အသစ်သတ္တဝါ၏+ပါတုဘာဝ=ထင်ရှားပေါ်လာခြင်း၊]

ကံနှင့် ကံ၏ အကျိုး (ခံရ စံရပုံတွေ)ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကား သတ္တဝါတို့၏ သန္တာန်မှာ မိမိပြုထားသောကံသာ သွားလေရာ လိုက်ပါသော ကိုယ်ပိုင်ဥစ္စာ ဖြစ်ပေသည်ဟု သိမြင်သော “ကမ္မ ဿကတာဉာဏ်”ခေါ် အယူမှန် သမ္မာဒိဋ္ဌိသည် အငြိအကပ်မရှိ ရှင်းလင်းပေတော့၏။ [ကမ္မ = ကံ+သကတာ = ကိုယ့်ဥစ္စာရှိသူ၏ အဖြစ်ဟု+ဉာဏ=သိခြင်း။]

ထို့ပြင် တဏှာမကင်းသေးသမျှ တစ်ဘဝအဆုံးတွင် ထိုထိုဘဝ၌ စိတ်ညွတ်မှု ဖြစ်နေရကား “ထိုတဏှာ၏ ကိုင်းညွတ်မှုကြောင့် ပြုခဲ့သမျှ ကံသည် ဘဝအသစ်၌ ရုပ် နာမ်ကို ဖြစ်စေရပြန်သည်” ဟုလည်း သိမြင်ရကား “ဘဝအသစ်တစ်ခု ဖြစ်ဖို့အရေး၌ တဏှာနှင့် ကံသည် အရေးကြီးသော တာဝန်ခံများ ဖြစ်ပေ၏”ဟု သိရှိသည့်ပြင် “ထိုတဏှာ မရှိလျှင် ဘဝအသစ်လည်း မဖြစ်နိုင်တော့” ဟု သိမြင်လာပေသည်။

အနိစ္စ ဒုက္ခ အနတ္တဟု ဆက်လက်ရှုပုံ

ထို့နောက် ကိုယ်တော့်သန္တာန်ရှိသော ရုပ်နှင့် နာမ်တရားစု၏ (အများ ထင်သလို အကြာကြီး မတည်တံ့ဘဲ) ဖြစ်ပြီးလျှင်ပြီးချင်း ပျက်စီးရပုံ အခြင်းအရာ အနိစ္စလက္ခဏာကို ထပ်ကာ ထပ်ကာ ရှုလျက် “အားလုံး ရုပ် နာမ်တွေသည် အမြဲမရှိ အမြဲမရှိ အမြဲမရှိ=အနိစ္စ အနိစ္စ အနိစ္စချည်းပါတကား”ဟု စဉ်းစား နေသော ဝိပဿနာဉာဏ်သည်လည်းကောင်း, ဤရုပ်နာမ်ခန္ဓာကိုယ် ရှိနေသမျှ ဖြစ်ရ ပျက်ရခြင်းဟူသော သင်္ခါရဒုက္ခနှင့်တကွ အိုရ နာရ သေရခြင်းဒုက္ခမှ စ၍ အမျိုးမျိုးသော ကိုယ်ဒုက္ခ စိတ်ဒုက္ခတွေကို ခံရမည်သာဖြစ်သောကြောင့် “အားလုံးသော ရုပ် နာမ်တွေသည် ဒုက္ခဖြစ်ဖို့ အကြောင်း ဒုက္ခအလောင်း ချည်းပါတကား” ဟု စဉ်းစားနေသော ဝိပဿနာဉာဏ်သည် လည်းကောင်း,

ရုပ်နာမ်ခန္ဓာတွင်း၌ မိမိအလိုကျ စီမံနိုင်သော “အတ္တ”ခေါ် အသက်ကောင် ဝိညာဉ် မရှိ၊ ရုပ်နာမ်ကို ဖယ်ထားလိုက်လျှင် “မိမိ= ငါ, သူ”ဟု ခေါ်ရသော အရာသည်ပင် မရှိ၊ “အားလုံးရုပ်နာမ်ခန္ဓာတွေသည် အတ္တလည်း မဟုတ်, အတ္တလည်း မရှိ = အနတ္တ အနတ္တ အနတ္တချည်းပါတကား“ဟု စဉ်းစား သိမြင်သော ဝိပဿနာဉာဏ် သည်လည်းကောင်း,

ဆက်၍ ဆက်၍ တစ်မျိုးပြီး တစ်မျိုး ဖြစ်နေလေရာ ခန္ဓာကိုယ်၌ နှစ်သက်တွယ်တာနေကျဖြစ်သော တဏှာသည် နည်း၍ နည်း၍ လာလေတော့၏၊ ဖြစ်မြဲ ဖြစ်နေသော ဉာဏ်အစဉ်လည်း ထို အနိစ္စ ဒုက္ခ အနတ္တဖြစ်သော ရုပ် နာမ်ခန္ဓာ၌ ငြီးငွေ့စရာ ကြောက်စရာနှင့် အပြစ်တွေကိုသာ မြင်နေလေတော့သည်။

ဗုဒ္ဓဖြစ်တော်မူပုံ

ထိုသို့ မြင်သဖြင့် ရုပ် နာမ်ခန္ဓာမှ လွတ်လပ်ခြင်းကို လွန်စွာ လိုလားနေရကား ရုပ် နာမ်ခန္ဓာကို စိတ်ဖြင့် အာရုံမပြုဘဲ ရုပ် နာမ်နှင့် တစ်ဖက်တစ်လမ်းဖြစ်သော နိစ္စသုခဓာတ်ကို စမ်းသပ်ရှာဖွေလေရာ မြင်တော့မလို မြင်တော့မလိုနှင့် အတော်ကြီးကြာမှ အမှန်မြင်သော စိတ်အစဉ်တစ်မျိုးသည် ထင်ရှားပေါ်လာ၏၊ စိတ်ဓာတ်ကား အေးသွားသလို ဖြစ်၏၊ သောတာပတ္တိမဂ်ဉာဏ် ပေါ်လာသည်ဟု ဆိုလိုသည်၊ စိတ်ဓာတ်၌ ငြိကပ်ပါလာသော ကိလေသာ ဓာတ်ခိုး ဓာတ်ငွေ့များသည် ထိုခဏ၌ အတော်ရှင်းသွား၏၊ လုံးလုံးကား မကုန်သေး၊ ထို့နောက် တစ်စပ်တည်းလောက်ပင် အလွန် လျင်မြန်စွာ နိစ္စသုခဖြစ်သော (နိဗ္ဗာန်)ဓာတ်တစ်မျိုးကို ထပ်၍ထပ်၍ မြင်သောဉာဏ်များ ပေါ်လာ၏၊ စိတ်အစဉ်ကား အေး၍အေး၍သွားတော့၏၊ ကိလေသာဓာတ်ပူ ဓာတ်ခိုးတို့လည်း တိုး၍တိုး၍ ကုန်ခန်းသွားလေရာ နောက်ဆုံး အရဟတ္တမဂ်ဉာဏ်ပေါ်လာသောအခါ ကိလေသာအနောက်အကျု အပူအခိုးအငွေ့ဟူသမျှ လုံးဝကင်းစင်၍ “သဗ္ဗညုတာ”ခေါ် ထူးခြားသော ဉာဏ်တော်ကိုလည်း ရတော်မူသည်။

သဗ္ဗညုတာဉာဏ်စွမ်း

[သဗ္ဗ = အလုံးစုံကို + ညု = သိသော ပုဂ္ဂိုလ်၏ + တာ = ဖြစ်ကြောင်းဉာဏ်၊] ထိုဉာဏ်တော်၏အစွမ်းကား…

(၁) သိရန်မှန်သမျှ အားလုံးကို အကုန်အစင် သိတော်မူခြင်း

(၂) သိအပ်ပြီးသော တရားတိုင်း၏ ဟောနည်း အမျိုးမျိုးကို သိတော်မူခြင်း

(၃) သံသရာဝဋ်ဒုက္ခမှ ကျွတ် လွတ်ထိုက်သော သတ္တဝါတို့၏ သဒ္ဓါ ပညာ စသော ရှေးကပါလာ သော ဣန္ဒြေ အနု အရင့်ကိုလည်းကောင်း, ရာဂ ဒေါသ မောဟ သဒ္ဓါ ပညာ စသော ယခုဘဝ၌ အဖြစ်များသော စရိုက်အမျိုးမျိုးကို လည်းကောင်း သိတော်မူခြင်းအားဖြင့် သုံးပါးရှိပါသည်။

“ဗုဒ္ဓ = သမ္မာသမ္ဗုဒ္ဓ”ဟူသော နာမည်တော်သည် ဤသဗ္ဗညုတာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော နာမည်တော်တည်း၊ ထို ဗုဒ္ဓဖြစ်ချိန်မှာ ကဆုန်လပြည့်နေ့ကုန်၍ ညဉ့်သန်းခေါင်ကျော်ပြီးနောက် လပြည့် ကျော် တစ်ရက်သို့ မရောက်ခင် အရုဏ်တက်ခါနီးအချိန် ဖြစ်သည်။

[ဆောင်] ၁။ သိရန်မှန်က,မကျန်ရအောင်,လုံးဝစုံလင်,အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။

၂။ သိသည့်တရား, များအပြား၌, ဟောထားစဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣန္ဒြေ စရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ် စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။

၄။ ဉာဏ်တော်စွမ်းပကား, ဤသုံးပါးကြောင့်, အများ ဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော် အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်,… ဘုန်းခေါင် ငါတို့ဘုရားတည်း။

အားလုံးကို ယုံကြည်ထိုက်ပုံ

“ဗုဒ္ဓရှင်တော်မြတ်သည် သဗ္ဗညုတာဉာဏ်ကို ဆရာမရှိဘဲ ရတော်မူ၏”ဟု ဆိုရာ၌ ဘုန်းကြီးကား အမှန် ယုံကြည်သည့်အတိုင်း ရေးပြခဲ့ပါပြီ၊ ဤစာကို ကြည့်ရှုသူတို့တွင် ပညာဘက်၌ ကိုယ်တိုင် အထူးတလည် လိုက်စားနေသူတို့လည်း မိမိတို့၏ လက်တွေ့ အလုပ်များဖြင့် ဉာဏ်ကြီးရင့်ပုံကို ယုံကြည်ကြပါလိမ့်မည်။ ထင်ရှားစေပါအံ့- စာသင်ကျောင်းများ၌ ပညာသင်ပြနေကြသော ဆရာတို့သည် တပည့်တို့၏ ဉာဏ်အမျိုးမျိုးကို တွေ့ကြရ၏။ မိဘတစ်ဦးတည်းက ပေါက်ဖွားလာသူချင်းသော်မှ ဉာဏ်ချင်း မတူကြချေ။ ကျောင်းတစ်ကျောင်ဝယ် အောက်ဆုံးကျနေသူနှင့် အထက်ဆုံးကျနေသူ ၂-ဦး၏ ဉာဏ်ကို နှိုင်းချိန်လိုက်သည့်အခါ အောက်ဆုံးကျသည် လူတန်းမှ စေ့ပါလေရဲ့လား အထက်ဆုံးလူကလည်း လူရိုးရိုးမှ ဟုတ်ပါလေရဲ့လားဟု ယုံမှားချင်လာအောင် ကွာခြားနေကြပေသည်။ ဤသို့ ဖြစ်ရာ၌ ရှေးရှေးဘဝက ပညာရေး လိုက်စားချင် ကွာခြားခဲ့မှု ပညာကို အားပေးသော ကောင်းမှုကို ပြုမှု မပြုမှုတို့ကြောင့် ဖြစ်ရသည်မှာ အမှန်ပင်တည်း။ [ဥူးနှောက်ကောင်းမှု မကောင်းမှုသည်၎င်း ပညာထက်သော မိဘဝမ်း၌ ဖြစ်ရမှု မဖြစ်ရမှုသည်၎င်း ထိုရှေးဘဝက အကြောင်းကံပင် အမှန်ဖြစ်၏။

ဉာဏ်တိုးပွားပုံ

ထိုအကြောင်းများကို အရင်းခံ၍ ပညာသင်ရာ၌လည်း တဆင့်ထက် တဆင့် တတန်းထက် တတန်း အသိဉာဏ် ရင့်သန်လာသည်မှာလည်း အထင်အရှားပင်၊ ဤသို့လျှင် သဗ္ဗညုတာဉာဏ်ကို ရဘို့ရန် အသက်စွန့်တန်လျှင် စွန့်၍ ပါရမီဖြည့်တော်မူခဲ့သော ဗုဒ္ဓအလောင်းတော်၏ သန္တာန်၌ ဉာဏ်ပညာဓာတ်ခံသည် တဘဝထက် တဘဝရင့်သန် ရင့်သန်၍ လာခဲ့မည်သာတည်း။ ပြခဲ့သော ပညာသင်သူတို့သည် ကျောင်းသင်ပညာများကိုသာ ဆရာ့ထံ၌ နည်းခံကြရ၏။ ကျောင်းမှ ထွက်၍ ဖြစ်စေ ကျောင်းဆရာကြီးလုပ်၍ဖြစ်စေ အထက်သို့ တိုးတက်၍ ကြံစည်ရာ၌ကား ဆရာမရှိဘဲပင် (ကျောင်းသားတုန်းကနှင့် အလွန်ကွာခြားသော) နည်းသစ်တွေကို သိမြင်ကြ ကမ္ဘာကို ဖြန့်ချီနိုင်ကြပေသည်။ သို့ဖြစ်လျှင် ဗုဒ္ဓအလောင်းတော်သည် ဗောဓိညောင်ပင်အောင်ဝယ် ကမ္ဘာလောက၏ အကြောင်းကိ စဉ်းစားတော်မူရာ၌ ဆရာမရှိဘဲ အလွန်ထူးခြားသော ဉာဏ်သစ် ဉာဏ်ဆန်းများကို မရနိုင်ဘဲ ရှိချေမည်လော၊ လူ ၂-ယောက် ယှဉ်လာလျှင် ဉာဏ်ဝီရိယသာသူ တယောက်သည် အခြားတစ်ယောက်၏ ဆရာဖြစ်မှန်းမသိ ဖြစ်နေ၏။ တစ်ယောက်ယောက်မှ စ၍ တနိုင်ငံလုံးထက် ဉာဏ်ဝီရိယသာသူလည်း တနိုင်ငံလုံး၏ ဆရာဖြစ်ထိုက်၏။ ကမ္ဘာသူ ကမ္ဘာသား (လူနတ်ဗြဟ္မာ) အားလုံးထက် ထူးခြားသော အသိဉာဏ်ရှိသူလည်း ထိုအားလုံးထက် အသိဉာဏ်သာသူ ထိုအားလုံး၏ ဆရာတင်ထိုက်သူပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရှင်တော်မြတ်ဘုရားသည် လူများသိသလောက်မက၊ ထူခြား၍ သိတော်မူသည်မှာ အမှန်ပင်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓ= သမ္မာသမ္ဗုဒ္ဓ အမည်တော်ကို ဧကန် ရတော်မူထိုက်ပေသည်ဟု အမှန်ပင် ယုံကြည်နေပါတော့သည်။

ဝီရိယတော်ကြောင့်လည်း လေးစားရပုံ

ယခုခေတ်၌ အထက်တန်းရောက်ပြီး ရှင်လူတို့သည် အထက်တန်း မရောက်မီက ဉာဏ် ဝီရိယ စိုက်ထုတ်၍ ကြိုးစားကြသော်လည်း ရည်မှန်းထားသော အဆင့်အတန်းသို့ ရောက်သောအခါ တချို့က စည်းစိမ်ယစ်၍လည်းကောင်း, တချို့က ရပ်သူနယ်သား တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား လူအများ၏ ကောင်းစားရေးကို လျစ်လျူပစ်ထား၍ လည်းကောင်း အငြိမ်းစား အအေးစား နေကြသည်ကိုသာ အများအပြား တွေ့ရ၏၊

ရှင်တော်မြတ်ကား အလွန်ချမ်းသာသော မဟာရာဇာဘဝမှ (၂၉) နှစ်အရွယ်၌ တောထွက်တော်မူခဲ့ပြီးလျှင် (၆) နှစ်ပတ်လုံး တရားရှာရင်း ပင်ပန်းကြီးစွာ ဒုက္ခခံတော်မူ၍ (၃၅) နှစ် အရွယ်၌ ဗုဒ္ဓဖြစ်တော်မူသောအခါ သတ္တဝါအများ၏အကျိုးငှာ ကိုယ်တော်၏ ပင်ပန်းမှုကို ဂရုမပြုဘဲ လှည့်လည်၍ တရားဟောတော်မူပါသည်။

အကယ်၍ ဗုဒ္ဓရှင်တော်မြတ်သည် ဗုဒ္ဓ ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် အေးအေးဆေးဆေး နေတော်မူပါလျှင် လူနတ်ဗြဟ္မာတို့က “ကြီးကျယ်သော ဉာဏ်တော်ရှင်တစ်ပါး”ဟု ချီးမွမ်းရုံသာ ချီးမွမ်းနိုင်၍ လေးလေးစားစား ကြည်ညိုနိုင်ကြမည် မဟုတ်ပါ၊ ယခုသော် … သတ္တဝါတို့ အကျိုးများအောင် ဗုဒ္ဓကိုယ်တော်တိုင် အပင်ပန်းခံ၍ ကြိုးစားတော်မူခဲ့ပုံတွေကို (တရားတော်များအရ)သိမြင်ကြရသဖြင့် ဗုဒ္ဓကို အလွန်အမင်း အားရပါးရ လေးမြတ်ကြည်ညို ရိုသေကြပါသည်။

ဥပမာ… သူဌေးဖြစ်အောင် ကြိုးစား၍ ဆင်းရဲသားဘဝမှ သူဌေး ဖြစ်သွားကြသူ နှစ်ယောက်တို့တွင် တစ်ယောက်သည် သူ့စည်းစိမ် သူခံစား၏၊ တစ်ယောက်ကား စည်းစိမ် မခံစားဘဲ ဆင်းရဲသား အကျိုးရှိအောင် စီမံဆောင်ရွက်နေ၏၊ ထိုနှစ်ယောက် တွင် ပထမသူဌေးကို “တော်ပါပေသည်, သူဌေးဖြစ်အောင် ကြိုးစားနိုင်ပါပေသည်”ဟု ချီးမွမ်းနိုင်မည် ဖြစ်သော်လည်း သူ့ကို လေးစား ရိုသေကြမည်မဟုတ်၊ ဒုတိယသူဌေးကိုသာ ချီးမွမ်းလည်း ချီးမွမ်းကြ, ရိုသေလည်း ရိုသေကြသကဲ့သို့တည်း။

တရားမဟောတော့ဟု စိတ်ညွတ်တော်မူပုံ

ဗုဒ္ဓဖြစ်တော်မူပြီးနောက် သတ္တဝါတို့အား တရားမဟောတော့ဟု စိတ်ဖြစ်တော်မူရာ၌ တချို့က မကျေမနပ် ဖြစ်ကြ၏၊ “သတ္တဝါတို့အား တရားမှန်ကို ပြမည်ဟု ဗုဒ္ဓဖြစ်အောင် ကြိုးစားတော်မူခဲ့ပါလျက် ယခုမှ တရားမဟောတော့ဟု စိတ်ညွတ် တော်မူခြင်းသည် နဂိုရည်ရွယ်ချက်နှင့် မညီ”ဟုလည်း အပြစ်တင် လိုကြ၏၊ သို့သော် ထိုကဲ့သို့ တရားမဟောဖို့ရန် စိတ်ညွတ်ခြင်းသည် လည်း သဘာဝကျပေ၏။

ရှင်းလင်းပြပါဦးမည် … ယခုခေတ် တိုင်းကျိုးပြည်ကျိုးကို တကယ့်စေတနာဖြင့် ဆောင်ရွက်နေသူအချို့ တို့သည် တစ်ရံတစ်ခါ “မဆောင်ရွက်တော့ပါဘူး”ဟု အကြံဖြစ်တတ်ကြ၏၊ ဘာ့ကြောင့် နည်း၊…မိမိ၏ တိုးတက်စေလိုသော စေတနာထားပုံနှင့် တိုင်းသူပြည်သားတို့၏ ထိုင်းမှိုင်းဖျင်းအပုံမှာ အလွန် ကွာခြားနေသည်ကို မကြာခဏပင် တွေ့မြင်ကြရသောကြောင့်တည်း၊

ဘုန်းကြီးလည်း သာသနာတော်အကျိုးနှင့် အမျိုးသားအကျိုးကို စွမ်းနိုင်သမျှ ဆောင်ရွက်နေ၏၊ တရားဟောရာ၌ ဒါနအကျိုးကိုချည်း မဟောဘဲ ကိုယ်ကျင့်ကောင်းအောင်လည်း ဟော၏၊ စာသင်ပေးရာ၌ ကြိုးကြိုး စားစား သင်ပေး၏၊ သို့သော် ဘုန်းကြီး ကြိုးစားသလောက် အထ မမြောက်သဖြင့် “ငါ့ဘာသာငါ အေးအေး စာကြည့်နေရတာက ကောင်းပါသေးရဲ့”ဟု မကြာခဏ စိတ်ဖြစ်၏၊ ထိုသို့ စိတ်ဖြစ်သော်လည်း မဟောဘဲ ပစ်မထားနိုင်၊ ဖြစ်ထိုက်သူတွေ ဖြစ်အောင်ဟု သဘောထား၍ ကြိုးစားလျက်ပင်။

ဗုဒ္ဓရှင်တော်မြတ်လည်း တရားတော်၏ သိမ်မွေ့နက်နဲပုံနှင့် တရားတော်၏ အလိုအားဖြင့် အနိစ္စ, ဒုက္ခ, အနတ္တချည်း ဖြစ်၍ တစ်လောကလုံး နှစ်သက်စရာ မရှိကြပုံကိုလည်းကောင်း, သတ္တဝါတို့၏ စိတ်ကလည်း နှစ်သက်တွယ်တာနေကြပုံကိုလည်းကောင်း မြင်တော်မူရ၍ ပြဒါးတစ်လမ်း သံတစ်လမ်းကဲ့သို့ တရား၏သဘော က တစ်လမ်း, သတ္တဝါတို့စိတ်၌ ထင်မြင်နေပုံက တစ်လမ်းဖြစ်နေရကား အားလုံးခြုံကြည့်လိုက်သောအခါ ဗြုန်းခနဲဆိုသလို တရား ဟော၍ မဖြစ်နိုင်စရာတွေကိုသာ မြင်တော်မူရကား တရားမဟော ဖို့ရန် စိတ်ညွတ်မိပါလိမ့်မည်၊

သို့သော် ထိုသို့ စိတ်ညွတ်မှုသည် စာထဲ၌ ထုတ်ဖော်ရေးပြရာဝယ် စကားကျယ်ဝန်းနေ သလောက် အကြာကြီး ဖြစ်နေသည် မဟုတ်ပါ၊ တရားတော်၏ သိမ်မွေ့နက်နဲ မှုတွေကို ဆင်ခြင်တော်မူရာဝယ် တစ်ခဏမျှ ဖြစ်ပေါ်သွားခြင်းသာ ဖြစ်ပါလိမ့်မည်၊ ထိုသို့ တစ်ခဏမျှ ဖြစ်ရခြင်းကား တရားတော်၏ နက်နဲပုံ, သတ္တဝါအများ၏ စိတ်ထားပုံကို နှိုင်းယှဉ်၍ ကြည့်သော အခါ အမှန်ဖြစ်ထိုက်၍ သဘာဝကျပါပေ၏၊ ထို့ကြောင့် ထိုတစ်ခဏ စိတ်ကလေး ညွတ်မိရုံမျှဖြင့် ဗုဒ္ဓအပေါ်၌ အပြစ်မတင်ထိုက်ပါ၊ ထို စိတ်ညွတ်ပြီးလျှင်ပြီးချင်း တရားဟောဖို့ရန် အကြံတော် ဆက်လက် ဖြစ်ခဲ့ပါသည်။

ဗြဟ္မာတောင်းပန်မှု

တရားဟောပြောဖို့ရန် ဗြဟ္မာကြီးလာ၍ တောင်းပန်ရခြင်းကား ဗုဒ္ဓစိတ်ညွတ်ပုံကို အသိမြန်သော ဗြဟ္မာဖြစ်၍ ချက်ချင်းတောင်းပန်လာခြင်း ဖြစ်၏၊ လာ၍ တောင်းပန်ချိန်၌ ဗုဒ္ဓကိုယ်တော်တိုင်မှာလည်း ထိုစိတ်ညွတ်မှု မရှိတော့ပါ၊ ကျမ်းစာတို့၌မူ ကမ္ဘာက ဗြဟ္မာကို ရိုသေနေခိုက်ဖြစ်၍ ဗြဟ္မာ၏ တောင်းပန်မှုကိုပင် အသားယူလျက် အကျယ်တဝင့် ဖွင့်ပြ နေခြင်း ဖြစ်ပါသည်၊

အမှန်မှာ ယခုကာလ အများအကျိုးကို စေတနာရင်းဖြင့် ဆောင်ရွက်နေသူတို့သော်မှ ထိုကိစ္စမျိုးကို လက် မလွှတ်ကြသကဲ့သို့ ဗုဒ္ဓရှင်တော်မြတ်လည်း ဗြဟ္မာတောင်းပန်သည် ဖြစ်စေ, မတောင်းပန်သည်ဖြစ်စေ တရားဟောဖို့ရန် ကိစ္စကို မူလ ရည်ရွယ်တော်မူချက်အတိုင်း လက်လွှတ်တော်မူမည် မဟုတ်ပါ။

ထို့ကြောင့် “ဗုဒ္ဓရှင်တော်သည် နဂိုက တရားမဟောဖို့ရန် ကြံ၍ ဗြဟ္မာတောင်းပန်မှ ဟောတော်မူသည်”ဟူသော စကား၌ အရေး တကြီး ချဲ့ထွင်စဉ်းစားဖွယ် မလိုတော့ပါ။ [အသိမြန်သော ဗြဟ္မာမင်းလည်း နဂိုကပင် တရားဟောတော်မူစေလိုသော ဆန္ဒက ပြင်းပြလျက် ရှိခြင်းကြောင့် ချက်ချင်းလာ၍ တောင်းပန်ရှာပါသည်။]

ဗုဒ္ဓ၏နေ့စဉ်အလုပ်များ

ဗုဒ္ဓရှင်တော်မြတ်သည် နံနက်စောစော ထ၍ ယနေ့အဖို့ ကျွတ်ထိုက်သူများကို ဉာဏ်တော်ဖြင့် ဖြန့်၍ ကြည့်ရှုတော်မူ၏၊ ဉာဏ်တော်အတွင်း၌ ပါဝင်တွေ့မြင်လာလျှင် သင့်တော်သောအချိန်၌ ထိုသူရှိရာ ကြ၍ တရားဟောတော်မူ၏၊ နံနက်မိုးသောက် အလင်းရောက်သောအခါ ရောက်လေရာ မြို့ရွာတွင်းသို့ ကိုယ်တော်တစ်ပါးတည်း သီးခြား ဖြစ်စေ, ရဟန်းတော်များနှင့်အတူဖြစ်စေ ထိုက်သလို ဆွမ်းခံဝင်တော် မူ၏၊ ထိုသို့ ဆွမ်းခံတော်မူရင်း မကြာ မကြာ တရားဟော၍ အကျွတ်တရားရစေတော်မူခဲ့၏၊

ဆွမ်းခံပြန်၍ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် ရဟန်းတော်အားလုံး ဆွမ်းစားပြီးသည့်တိုင်အောင် စောင့်ဆိုင်းတော် မူပြီးလျှင် စုံညီသည့်အခါ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” အစရှိသော ဩဝါဒကို ပေးတော်မူ၏၊ ထိုနေရာ၌ အချို့ရဟန်းတို့ အား ကမ္မဋ္ဌာန်းပေးတော်မူ၏၊ ထို့နောက် ဂန္ဓကုဋိသို့ ဝင်တော်မူ၍ တစ်ခဏမျှ ကျိန်းစက်လိုလျှင် ကျိန်းစက်တော်မူသည်၊

ထို့နောက် ထတော်မူ၍ ချွတ်ထိုက်သူများကို ကြည့်တော်မူပြီးလျှင် နေလွဲ အချိန်၌ တရားတော်နာ လာကြသော ပရိသတ်တို့အား တရား ဟောတော်မူ၏၊ ညနေစောင်း၍ ပရိသတ်များ ပြန်သွားသောအခါ ရေသုံးသပ်တော်မူ၏၊ ထို့နောက် တစ်ခဏမျှ တစ်ပါးတည်း ကိန်းအောင်းတော်မူသည်။

နေဝင်၍ မကြာခင် ရဟန်းတော်များ ရောက်လာကြ၏၊ တချို့က ပြဿနာမေးကြ, တချို့က ကမ္မဋ္ဌာန်းတောင်းကြ, တချို့က တရားဟောတော်မူရန် တောင်းပန်ကြ၏၊ ဗုဒ္ဓရှင်တော်မြတ်လည်း အားလုံးအလိုကို ဖြည့်ပေးတော်မူ၏၊ ထိုရဟန်းများ ပြန်သွားသောအခါ ညဉ့်ဦးယံ ကုန်လွန်၍ ဆယ်နာရီကျော် လူခြေတိတ်ချိန်လောက် ရောက်နေပြီ၊

ထိုအခါ နတ် ဗြဟ္မာအများပင် ဘုရားဖူး တရားနာ ပြဿနာမေးလာကြ၏၊ ထိုနတ် ဗြဟ္မာများလည်း အလို ပြည့်၍ ပြန်ကြသောအခါ သန်းခေါင်ကျော်၍ နာရီပြန် နှစ်ချက်လောက် ရှိပေမည်၊ ထိုအခါမှ စ၍ နောက်ဆုံး မိုးသောက်ယံကို သုံးပိုင်း ပိုင်းပြီးလျှင် ပထမပိုင်းအချိန်ဝယ် တစ်နာရီကျော်ကျော် စင်္ကြံလျှောက်တော်မူ၏၊ (တစ်နေ့လုံး တစ်ညလုံး အထိုင်များသော ကြောင့် အညောင်းဖြေတော်မူခြင်းပင် ဖြစ်ဟန်တူပါသည်။)

ဒုတိယပိုင်းအချိန်၌ ဂန္ဓကုဋိသို့ ဝင်၍ လျောင်းစက်တော်မူ၏၊ တတိယပိုင်းအချိန်၌ကား အစ၌ ပြခဲ့သည့်အတိုင်း ချွတ်ထိုက်သူများကို ကြည့်ရှုတော်မူကာ ထိုနေ့အတွက် ကိစ္စလုပ်ငန်းများကို စတော်မူပြန်သည်။ [ဗုဒ္ဓရှင်တော်မြတ်မှာ အိပ်ချိန် အလွန်နည်း၏၊ ဗုဒ္ဓသာမက ကမ္မဋ္ဌာန်းအားထုတ်သူတို့လည်း အိပ်ချိန် အနည်းငယ်မျှဖြင့် အိပ်ရေးဝနေတတ်ကြသည်။]

နောက်ဆုံးအထိ ကြိုးစားတော်မူခြင်း

ဗုဒ္ဓသည် သက်တော် ရှစ်ဆယ်ပြည့်ရာ နောက်ဆုံးအချိန် … ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် ညောင်စောင်း (ခုတင်ငယ်)ပေါ်၌ ဝမ်းတော်လားသော ရောဂါဖြင့် အလွန်အားနည်းစွာ လျောင်းနေတော်မူ၏၊ “နောက် သုံးလကြာလျှင် ပရိနိဗ္ဗာန်စံတော်မူမည်”ဟူသော အကြောင်းကိုလည်း ဗုဒ္ဓရှင်တော်၏ မိန့်တော်မူချက်အရ အများပင် သိနှင့်ကြပြီး ဖြစ်ရကား ထိုအရပ်သို့ ရဟန်းတော် အများအပြားနှင့် နတ် ဗြဟ္မာ များစွာသာ မက ကုသိနာရုံမြို့တွင်းမှ မင်းနှင့် မှူးမတ်စသော ပရိသတ်အများလည်း ရောက်လာကြသည်၊

ကုသိနာရုံ မင်း မှူးမတ်တို့ ကိုယ့် အစုအရုံးနှင့်ကိုယ် တစ်လှည့်စီ ရှိခိုးနေကြခြင်းအားဖြင့် ညဉ့်ဦးယံ (ဆယ်နာရီအတွင်း) အချိန်ကုန်သွားလေ၏၊ ထိုအချိန်မှာ အတော် ထင်ရှားသော ဗြာဟ္မဏတစ်မျိုးမှ ရသေ့လုပ်နေသော “သုဘဒ္ဒ”ခေါ် ပရိဗိုဇ်သည် ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူတော့မည်ဟု ကြား၍ သူ၏ ယုံမှားသံသယကို လျှောက်လိုသောကြောင့် အရေးတကြီး လာ၍ အရှင်အာနန္ဒာအား ဗုဒ္ဓ၏အထံတော်သို့ ဝင်လိုပါကြောင်း ခွင့်တောင်းသည်မှာ…

သုဘဒ္ဒ။ ။ “အရှင်အာနန္ဒာ…ကိလေသာ အာသဝေါ ကင်းကွာ၍ တရားအားလုံးကို ကိုယ်တိုင်သိနိုင်သော ဗုဒ္ဓအစစ်အမှန်ဆိုတာ တစ်ရံတစ်ခါမှသာ ပေါ် ပေါက်နိုင်သည်”ဟု ရှေးရှေးသော ဆရာကြီးများထံမှ ကြားခဲ့ဖူးပါ၏၊ အရှင်ဂေါတမလည်း ယနေ့ညပင် ပရိနိဗ္ဗာန် စံရပါတော့မည်၊ တပည့်တော်မှာလည်း ယုံမှားနေသော အချက်တစ်ခု ရှိနေပါသည်၊ ထို အချက်ကို အရှင်ဂေါတမဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်၊ အရှင်ဂေါတမကို တွေ့ခွင့်ရလိုပါသည်။

အရှင်အာနန္ဒာ။ ။(တိတ္ထိတွေဆိုတာ သူတို့ ယူထားတဲ့အယူကို တော်တော်နှင့် မစွန့်ချင်ကြ၊ ထိုအယူစွန့်အောင် ဟောပြောနေရပြန်လျှင် ဘုရားရှင် ပင်ပန်းတော်မူတော့မည်၊ နဂိုကပင် ပင်ပန်းတော်မူလျက်ရှိ၏-ဟု ကြံ၍) “သုဘဒ္ဒ…မတော်ပါဘူး၊ မြတ်စွာဘုရားကို မညှဉ်းဆဲပါနှင့်၊ နဂိုကပင် ပင်ပန်းတော်မူနေပါ တယ်” သုဘဒ္ဒသည် နှစ်ကြိမ်ထပ်၍ ခွင့်တောင်း၏၊ ခွင့်မရချေ၊ သုံးကြိမ်ထပ်၍ ခွင့်တောင်းပြန်လည်း မရပင်၊ ထိုသို့ အပြန်အလှန် ပြောသံကို ဗုဒ္ဓရှင်တော် ကြားတော်မူရကား…

ဗုဒ္ဓ။ ။ အာနန္ဒာ…သုဘဒ္ဒကို မတားမြစ်ပါနှင့်၊ သူ မေးသမျှ အမှန်သိလို၍ ဖြစ်ပါလိမ့်မည်၊ ငါဘုရားကို ညှဉ်းဆဲလို၍ မဟုတ်၊ ငါဘုရား ဖြေလိုက်လျှင်လည်း သိလွယ်ပါလိမ့်မည်။

ဤသို့ လှမ်း၍ မိန့်တော်မူလိုက်မှ သုဘဒ္ဒ ဝင်ခွင့်ရ၍ ဗုဒ္ဓ ရှင်တော်ထံ၌ သူ၏ ယုံမှားချက်ကို မေးလေသည်၊ သူ၏ယုံမှားချက် ဟူသည်လည်း “ဗုဒ္ဓဟု ဝန်ခံနေကြသော တိတ္ထိဆရာကြီးတို့၏ တရား မှန်, မမှန်ပင် ဖြစ်၏” ဗုဒ္ဓသည် ထို မှန်, မမှန် တစ်ခုစီ ဝေဖန်ချက်ကို အသာဖယ်၍ တရားသဘောကိုသာ ဆက်လက် မိန့်တော်မူ သည်မှာ…

“သုဘဒ္ဒ … သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးသည် အကြင် သာသနာ၌ မရှိ၊ ထိုသာသနာ၌ ပထမအဆင့် သောတာပန်, ဒုတိယအဆင့် သကဒါဂါမ်, တတိယဆင့် အနာဂါမ်, စတုတ္ထ အဆင့် ရဟန္တာဟူသော သမဏမျိူး မရှိနိုင်၊ ဤသာနာတော်၌ ထိုမဂ္ဂင်ရှစ်ပါးနှင့် သောတာပန်စသော ရဟန်းများရှိနိုင်သည်၊ ငါသည် (၂၉)နှစ် အရွယ်ကစ၍ အကောင်းဆုံးကုသိုလ်(သဗ္ဗညုတဉာဏ်)ကို ရှာခဲ့၏၊

ရဟန်းပြုခဲ့သည်က စ၍ အနှစ် (၅၀)ကျော်ပတ်လုံး အရိယမဂ်၏ တစ်စိတ်တစ်ပိုင်းဖြစ် သော ဝိပဿနာ မဂ္ဂင်ရှစ်ပါးကို ပြောပြခဲ့သည်၊ ဤသာသနာတော်၌ ဘိက္ခုတို့ ကိုယ်တိုင်လည်း ကျင့်ကြ, သိသမျှတို့ကို သူတစ်ပါးအားလည်း ဟောပြသောအားဖြင့် ကောင်းမွန်စွာ နေကြမည် ဆိုလျှင် ကမ္ဘာလောကသည် ရဟန္တာတို့မှ မဆိတ်မကွယ်ဘဲ (ရဟန္တာ ရှိလျက်သာ) ဖြစ်ရာ၏။” ဤသို့ မိန့်တော်မူချက်အရ သုဘဒ္ဒသည် သဘောကျ၍ ရဟန်းပြုပြီးလျှင် ဗုဒ္ဓအထံတော်မှ ကမ္မဋ္ဌာန်း ယူ၍ ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မမူမီပင် ရဟန္တာ ဖြစ်လေသည်။

ဤသို့လျှင် ဗုဒ္ဓရှင်တော်သည် ပင်ပန်းနွမ်းနယ်တော်မူလျက်ပင် သုဘဒ္ဒ ပရိဗိုဇ်၏ ကျွတ်တမ်းဝင်မည်ကို မြင်တော်မူ၍ သုဘဒ္ဒအား တရားဟောခြင်း, ကမ္မဋ္ဌာန်းပေးခြင်း စသည်ဖြင့် သန်းခေါင်ယံ တစ်ချိန်လုံး ကိုယ်တော်၏ ပင်ပန်းမှုကို ဂရုမပြုဘဲ ကြိုးစားတော် မူပြန်ပေသည်၊ ထို့နောက် မဇ္ဈိမယံ နာရီပြန် တစ်ချက်ကျော်လောက် မှ စ၍ ရဟန်းပရိသတ်အား ဩဝါဒပေးတော်မူသည်မှာ…

“အာနန္ဒာ…ဆုံးမတော်မူမည့် ဗုဒ္ဓမရှိတော့ပါတကား”ဟု မမှတ် မှားကြလင့်၊ ငါသည် (၄၅)ဝါပတ်လုံး သုတ်, အဘိဓမ္မာနှင့် ဝိနည်း တရားတော်ကို ဟောထားပြီးပြီ၊ ထိုတရားတွေသည် သင်တို့ဆရာ ဖြစ်ရစ်ကြလိမ့်မည်၊ ယခု (ငါဘုရားလက်ထက်၌) တစ်ပါးနှင့်တစ်ပါး ကို “အာဝုသော” ဟု ခေါ်ကြ ထူးကြတယ်၊ နောင်(ပရိနိဗ္ဗာန်စံတော် မူပြီးသောအခါ) အကြီးက အငယ်ကို နာမည်ခေါ်၍ ဖြစ်စေ, အမျိုးနွယ်ခေါ်၍ ဖြစ်စေ, “အာဝုသော=ငါ့ရှင်”ဟု ခေါ်၍ ဖြစ်စေ ပြောဆိုကြ၊ အငယ်က အကြီးကို “ဘန္တေ=ဘုန်းကြီး”ဟု ဖြစ်စေ, “အာယသ္မာ=အရှင်”ဟု ဖြစ်စေ ခေါ်ဝေါ်ပြောဆိုကြ၊

သံဃာများက ပယ်နုတ်ခြင်းကို အလိုရှိလျှင် ခုဒ္ဒါနုခုဒ္ဒက (သေးသေးနုပ်နုပ်ဖြစ်၍ လူဒါယကာတို့လည်း အပြစ်မြင်စရာ မဟုတ်သော, ယုတ်မာမှုလည်း မပါသော)သိက္ခာပုဒ်များကို ပယ်နုတ်ရစ်နိုင်တယ်၊ [“ပယ်နုတ်ရစ်ကြ” ဟု မိန့်တော်မမူဘဲ ပယ်နုတ်လိုလျှင် ပယ်နုတ်နိုင်တယ်”ဟု မိန့်တော် မူသည်၊]

(ငယ်ကျွန်တော် အမတ်ဟောင်း) ဆန္နရဟန်းကို ဗြဟ္မဒဏ် ပေးရစ်ကြ၊ (သူက ဘုရားနှင့်တရားသာ လေးစား၍ သံဃာတော်ကို ဂရုမစိုက်သူဖြစ်သောကြောင့် ဘာလုပ်လုပ်, ဘာပြောပြော သံဃာက အဖက်လုပ်ပြီး ဆုံးမ မနေရစ်ကြနှင့်-ဟူလို်၊) [“ထိုသို့ ပြုလုပ်လိုက်လျှင် သူ့ဘာသာ နောင်တရ၍ သံဃာကို လေးစားလာလိမ့်မည်၊ ထိုအခါ သံဝေဂရ၍ တရားအားထုတ်သဖြင့် ရဟန္တာဖြစ်လိမ့်မည်” ဟု မြော်မြင်တော်မူခြင်းဖြစ်သည်၊] ထို့နောက် ဆက်လက်၍ မိန့်တော်မူပြန်သည်မှာ…

“ရဟန်းအများတွင် တစ်ဦးဦးက ဗုဒ္ဓ, ဓမ္မ, သံဃာ, မဂ်အကျင့်၌ ယုံမှားသံသယ ဖြစ်နေလျှင် မေးလိုက်ကြ၊ နောက်မှ “ဘယ် အချက်ကလေးကို မမေးလိုက်မိ”ဟု နောင်တမရရစ်ကြနှင့်။”

ဤသို့ မိန့်တော်မူရာ၌ အားလုံး ဆိတ်ဆိတ်နေကြသည်၊ ထို့နောက် နှစ်ကြိမ် သုံးကြိမ်တိုက်တွန်းတော်မူသော်လည်း အားလုံး ဆိတ်ဆိတ်နေကြ၏၊ “ငါဘုရားကို လေးစားသဖြင့် ကိုယ်တိုင် မမေးလိုကြလျှင် အနားမှာရှိသော တစ်ပါးပါးကို အမေးခိုင်းကြ”ဟု ထပ်မံ ခွင့်ပြုတော်မူပြန်လည်း အားလုံး တိတ်တိတ်ပင် နေကြသဖြင့် အရှင် အာနန္ဒာက “တစ်ပါးတလေမျှ ယုံမှားသံသယ ရှိမည်မဟုတ်ပါ”ဟု လျှောက်လေသည်၊ ထို့နောက် အရုဏ်တက်ဖို့ အချိန်လည်း တော်တော်နီးလာလေပြီ၊ ဗုဒ္ဓရှင်တော်မြတ် မိန့်တော်မူသည်မှာ…

“ဟန္ဒ-ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ=ဘိက္ခုတို့… တိုက်တွန်းတော်မူ၏၊ ယခုအချိန်မှာ သင်တို့ကို သိစေတော်မူခဲ့မည်၊ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြ၏၊ မမေ့တတ်သော သတိဖြင့် အလုပ်ကိစ္စဟူသမျှကို ပြည့်စုံစေရစ်ကြ။”

ဤသို့ နောက်ဆုံးစကား မိန့်တော်မူပြီးနောက် ညောင်စောင်းငယ်ပေါ်မှာ လျောင်းမြဲ လျောင်းတော်မူလျက်သာလျှင် ဗုဒ္ဓရှင်တော်မြတ် လှုပ်တော်မမူပြီ၊ ပထမစျာန်မှ စ၍ အစဉ်အတိုင်း သမာပတ် ဝင်စားတော်မူကာ လွန်စွာငြိမ်သက်တော်မူ၏၊ ထိုအချိန်မှာ အရှင်အာနန္ဒာကိုယ်တိုင်ပင် ပရိနိဗ္ဗာန်စံတော်မူပြီဟု ထင်၍ အရှင်အနုရုဒ္ဓါကို မေးရလေသည်၊ အရှင်အနုရုဒ္ဓါက ပရိနိဗ္ဗာန် စံတော်မမူသေးကြောင်း နိရောဓ သမာပတ် (စိတ် စေတသိက် ချုပ်၍ ရုပ်တချို့သာ ရှိနေသော သမာပတ်)သို့ ရောက်နေကြောင်းကို မိန့်တော်မူ၏၊

ထိုသို့ စျာန် သမာပတ်များကို ထပ်ပြန်တလဲလဲ ဝင်စားတော်မူသည်မှာ … သမာပတ်ပေါင်း အကြိမ်ပေါင်း … ကုဋေ နှစ်သန်းလေးသိန်း အရေအတွက် ရှိလေသည်၊ သမာပတ်အားလုံး ပြီးဆုံး၍ အရုဏ်ရောင်ခြည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဗုဒ္ဓရှင်တော်၏ ဝိညာဉ် တော်နှင့် (ကံကြောင့် ဖြစ်တည်လျက်ရှိသော) ရုပ်ဓာတ်တော်သည် (နောက်ထပ် အဆက်မရှိတော့ဘဲ) ခန္ဓာတော် ဇာတ်သိမ်း၍ ချုပ်ငြိမ်း တော် မူပါသတည်း။

လွမ်းဆွတ်ကြေကွဲ ဝမ်းနည်းကြပုံ

“ဗုဒ္ဓရှင်တော် ချုပ်ငြိမ်းတော်မူပြီ”ဟု သိသည်နှင့် တစ်ပြိုင်နက် အနာဂါမ် ရဟန္တာပုဂ္ဂိုလ်တို့ မှတစ်ပါး အခြားရဟန်းတော်များနှင့် နတ်တို့ သည် တချို့က လက်မောင်းကို မြှောက်၍ ငိုကြ၏၊ တချို့က အရုပ် ကြိုးဖြတ်လိုက်သလို တခါတည်း လဲကျသွားတော့၏၊ တချို့က လူးကာ လိမ့်ကာ ငိုရှာကြကုန်၏၊ နှုတ်ကလည်း …“ရှင်တော်မြတ်ပရိနိဗ္ဗာန် စံတော်မူတာ သိပ်မြန်တာပဲ, သိပ်မြန်တာပဲ၊ ကမ္ဘာလောက ထဲမှာ ပညာဉာဏ်မျက်လုံးတော် ကွယ်ရချေပေါ့”ဟု တတွတ်တွတ် ပြောကာ ပြောကာ ငိုကြရှာ၏၊ အနာဂါမ် ရဟန္တာဖြစ်ပြီးပုဂ္ဂိုလ်တို့ ကား သတိနှင့်ဉာဏ်ကို အသုံးပြုခြင်းဖြင့် ဝမ်းနည်းမှု မဖြစ်ပါ။

အရှင်အနုရုဒ္ဓါကမူ ငိုကြွေးသူတို့ကို “ငါ့ရှင်တို့…ဝမ်းမနည်းကြနှင့်၊ ချစ်ခင်မြတ်နိုး အားကိုးစရာ ဖြစ်သူတို့နှင့် မခွဲချင်ဘဲလည်း ခွဲကြရ၏၊ ဖြစ်လာသော အရာဝတ္ထုမှန်သမျှ (ဗုဒ္ဓရှင်တော်၏ ခန္ဓာ ကိုယ်တော်ဖြစ်စေကာမူ) မပျက်ဘဲ အစဉ်တည်မြဲပါစေဟု တောင့်တ သော်လည်း မရနိုင်၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ရှိတော်မူစဉ် ကပင် မပြတ် မိန့်တော်မူခဲ့သည် မဟုတ်ပါလော၊ (ဝမ်းမနည်းကြ, မငိုကြနှင့်၊ ဝမ်းနည်းနေလို့ ငိုနေလို့ အကျိုးမရှိတော့ပါ၊ ဗုဒ္ဓကို လွမ်းဆွတ်ကြလျှင် ဗုဒ္ဓအလိုတော်ကျအောင် တရားကိုသာ ကျင့်ကြပေတော့)”ဟု တရားပြတော်မူပါသည်။

ဤသို့လျှင် အရှင်အနုရုဒ္ဓါ, အရှင်အာနန္ဒာတို့၏ အားပေးစကား တရားစကားတို့ဖြင့် မလင်းသေးခင် အချိန်ကို ကုန်လွန်စေပြီးနောက် အလင်းရောက်သောအခါ ကုသိနာရုံမြို့တွင်းမှ မင်း မှူးမတ်ပရိသတ် တို့လည်း ထွက်လာကာ ငိုသူက ငို, အလောင်းတော်ကို ပူဇော်သူက ပူဇော်နှင့် မြင်မြင်သမျှ ရဟန်း ရှင် လူတွင်မက အနာဂါမ် ရဟန္တာ မဖြစ်သေးသော နတ် ဗြဟ္မာများပင် လွမ်းဆွတ်ကြေကွဲ ဝမ်းနည်း ကြလေသည်။ [အနာဂါမ်ကား ဝမ်းနည်းမှု ဒေါမနဿ မဖြစ်ပါ။]

နိဂုံးချုပ်

ဤနေရာဝယ် ဗုဒ္ဓရတနာအတွက် နိဂုံးချုပ်ရပါတော့မည်၊ လောက၌ စိတ်ရင်း စေတနာရင်း ကောင်းကောင်းနှင့် (ကိုယ်ကျိုး မငဲ့ဘဲ) ရပ်ကျိုး ရွာကျိုး နယ်ကျိုး တိုင်းပြည်ကျိုးကို ဆောင်ရွက်သူတို့ကား အလွန်ရှား၏၊ တစ်ယောက် တလေ ပေါ်လာလျှင် ထိုသူသည် (ဗုဒ္ဓအလောင်းတော်လား, အဂ္ဂ သာဝက, မဟာသာဝကနှင့် ပကတိသာဝကအလောင်းတော်လား, ပစ္စေကဗုဒ္ဓါအလောင်းတော်လား) တစ်ပါးပါး၏ အလောင်းအလျာတော့ ဧကန် ဖြစ်ပါလိမ့်မည်၊

ဘုန်းကြီးတို့ ဗုဒ္ဓရှင်တော်ကား… အလောင်းတော်ဘဝပေါင်း များစွာကလည်း လောကအကျိုး အမျိုးသား အကျိုးကို (ကိုယ်တိုင် အပင်ပန်း အနစ်နာခံ၍) ဆောင်တော်မူခဲ့ပြီ။

ဗုဒ္ဓဖြစ်ရာအခါလည်း နောက်ဆုံးအချိန်တိုင်အောင် သတ္တဝါ များ၏ ကောင်းကျိုးကို (အလွန် အားနည်းနေပါလျက်နှင့်) ဆောင်တော်မူသေး၏၊ ယခုအထိ ဘုန်းကြီးနှင့်တကွ ဗုဒ္ဓကို ယုံကြည် လေးစားသူတို့ ကိုယ်စီကိုယ်င စိတ်နေစိတ်ထားကို ပြုပြင်၍ ပါရမီ ဖြည့်ကာ နိဗ္ဗာန်ကို မှန်းလျက် အလုပ် လုပ်နိုင်သည်မှာလည်း ဗုဒ္ဓ ရှင်တော်၏ ဩဝါဒတော်ကြောင့်ပင် ဖြစ်၏၊

ထို့ကြောင့် ထိုဗုဒ္ဓ ရှင်တော်ကို ရည်ရော်မှန်းဆ၍ “တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ=ထိုဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်ပါ၏”ဟုသာ ကိုယ် နှုတ် စိတ်ပါ ကို်းကွယ် ဆည်းကပ်လျက် မိမိ တတ်နိုင်သည့်ဘက်က ဗုဒ္ဓ၏ အမွေအနှစ် သာသနာကို ထမ်းဆောင်နိုင်ကြပါစေသော်။

ဗုဒ္ဓရတနာအခန်း ပြီးပြီ။

၂။ ဓမ္မရတနာအခန်း

ဓမ္မံ သရဏံ ဂစ္ဆာမိ။

ဝိနည်း အဘိဓမ္မာ သုတ္တန်

ငါတို့ ဗုဒ္ဓကို ဓမ္မဖြင့်အကဲဖြတ်လော့

စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် အများကောင်းကျိုးကိုသာလျှင် လိုလားနေသော လူကြီးသူမတစ်ယောက်၏ ပြောလေသမျှ စကားတွေနှင့် ပြုလေသမျှ အလုပ်တွေသည် အများ နှစ်သက်စရာတွေချည်းသာ ဖြစ်တော့သကဲ့သို့ ထို့အတူ အူလှိုက် အသည်းလှိုက်ဆိုသလို သတ္တဝါအကျိုးကို လိုလားတော်မူ၍ ထိုလိုလားတော်မူသည့်အတိုင်း နောက်ဆုံးအချိန်ထိအောင် အများအကျိုးကို ဆောင်နိုင်သော ဗုဒ္ဓ၏တရားတော်များသည် သတ္တဝါများ နှစ်သက်စရာ အကျိုးရှိစရာတွေချည်း ဖြစ်နေတော့၏၊

အလုပ်ကောင်း လုပ်နေသူ လူတစ်ယောက်ကို နဂိုသာမန်ဟု ထင်ခဲ့ကြသော်လည်း သူ၏အလုပ်ကြောင့် လူအများ အကျိုးရနေသည်ကို တွေ့ရ သောအခါ (ကိုယ်တိုင်လည်း အကျိုးရလာသောအခါ) ထိုသူ့ကို မလေးစားဘဲ မနေသာတော့သကဲ့သို့ ထို့အတူ ဗုဒ္ဓ၏တရားတော်အရ နေထိုင်၍ ကျင့်ကြံ၍ သုခရနေသူများကို မြင်ရသောအခါ သို့မဟုတ် ကိုယ်တိုင်ကျင့်၍ ချမ်းသာသုခ ခံစားရသောအခါ ဗုဒ္ဓ ရှင်တော်ကို မလေးစားဘဲ မနေနိုင်တော့ပါ၊

မြင်ရုံ ကြားရုံဖြင့် ဗုဒ္ဓကို ကြည်ညိုမှု (သဒ္ဓါ)က အစတည်ခဲ့သူတို့သည် ပုဂ္ဂိုလ်မင်သဖြင့် ဗုဒ္ဓတရားတော်ကိုလည်း ခင်ကြသကဲ့သို့ တရားတော်ကို မြင်ရ ကြားနာရသဖြင့် ပညာဉာဏ်တိုးတက်၍ နှစ်သက်အားရသူတို့လည်း တရားမင်သဖြင့် တရားရှင်ဗုဒ္ဓကို ခင်လာကြရပါသည်၊ ထို့ကြောင့် ဗုဒ္ဓအပေါ်၌ မယုံကြည်တတ်သေးသူတို့သည် ဗုဒ္ဓ စစ် မစစ်, မှန် မမှန်ကို အကဲဖြတ်ကြဖို့ရန် ဗုဒ္ဓ၏ တရားအချို့တို့ကို ဤအခန်း၌ ထုတ်ပြပါမည်။

တရားတော်သုံးမျိုးခွဲခြားချက်

လေးဆယ့်ငါးဝါကာလပတ်လုံး မနေ မနား ဟောထားတော်မူအပ်သော တရားတော်သည် အလွန်များလှ၏၊ ယခုအခါ တွေ့နေကြရသော ပိဋကပါဠိ တော်များကိုကား ဗုဒ္ဓဟောတော်မူသမျှ အားလုံး ပြည့်စုံပြီဟု မဆိုနိုင်သေးပါ၊ ယခု ပါဠိတော်များဝယ် မပါခဲ့သော “ပကိဏ္ဏကဒေသနာ” ခေါ် အလွတ်တရားတော်များကို (အဋ္ဌကထာတို့ဝယ် ဟိုနေရာ သည်နေရာ၌) တွေ့ကြရပါသေး၏၊ ထို့ကြောင့် အဋ္ဌကထာတို့မှာ လည်း မပါသော ပကိဏ္ဏကဒေသနာတော်သည် အလွန်များစွာ ကျန်ပေလိမ့်ဦးမည်၊ ယခု တွေ့ရသော တရားတော်များ၏ အမျိုးအစားကို ခွဲခြားလိုက်လျှင် “ဝိနည်း, အဘိဓမ္မာ, သုတ္တန်”ဟု သုံးမျိုးရှိ၏။

ဝိနည်းတရား။ ။ ရဟန်းတော်များ၏ ကိုယ်မှု နှုတ်မှုကို ယဉ်ကျေး သိမ်မွေ့အောင် ညွှန်ပြသော ဥပဒေသတရားတော်ကြီးပေတည်း။

အဘိဓမ္မာတရား။ ။ အစစ်အမှန် (မလွဲနိုင်သော) သဘာဝဓမ္မ စုကို ပြသော တရားတော်ပေတည်း။

သုတ္တန်တရား။ ။ ထိုနှစ်မျိုးမှ ကြင်းသမျှ တရားတော်အားလုံးကို “သုတ္တန်”ဟုချည်း ခေါ်ရသည်၊ ထို့ကြောင့် သုတ္တန်တရားတော်သည် သတ္တဝါတို့အလိုကို လိုက်၍ နှစ်ခြိုက်အောင် ဟောထားတော်မူရ သည့်အတွက် အတိမ် အနက်ကွဲပြား၍ သတ္တဝါတို့အား အကျွတ်တရားကိုရစေသော တရားတော်လည်း ဖြစ်ပါသည်။

ဝိနည်းတရားတော်ကို ပြန်လည်ထူထောင်သင့်ပုံ

ဝိနည်းတရားတော် အတိုင်းသာ ရဟန်းတော်များ နေထိုင် သွားလာ ပြောဆိုကြပါလျှင် မြန်မာ လူုမျိုးတို့၏လေးစားခြင်းသာမက ကမ္ဘာပေါ်တွင် ယဉ်ကျေးသည်ဟု ခေါ်ရသော လူတိုင်းကပင် လေးစားခြင်းကို ခံရလောက်ပါပေ၏၊ ရှေးတုန်းက ဗြာဟ္မဏတစ်ယောက်သည် ဝိနည်းကျမ်းစာများကို ဖတ်ရုံမျှဖြင့် သာသနာတော်ကို ကြည်ညိုစိတ် ဖြစ်လာခဲ့ရ၏၊

ဓမ္မာသောကမင်းတရားလည်း ဝိနည်းနှင့်အညီ ဣန္ဒြေရရ သွားနေသော နိဂြောဓသာမဏေငယ်ကို မြင်သည်မှစ၍ သာသနာ့ဒါယကာ ဖြစ်လာသည်၊ ဤသို့လျှင် “ဝိနယ”ဟုခေါ်သော ဥပဒေသတရား တော်သည် မြင်သူတိုင်း လေးစားရလောက်အောင် စည်းကမ်းနည်း လမ်းကို ညွှန်ပြထားပေရကား အနာဂတ်ကာလ၌ ဗုဒ္ဓ၏ သာသနာကို အထက်တန်းရောက်အောင် ပြုပြင်လိုကြသော ရဟန်း လူ ရှင် သူတော်စင်တို့သည် ထိုဝိနည်းဥပဒေသတော်ကြီးကို ပြန်၍ ထင်ရှား ထွန်းကားလာအောင် ပထမဆုံး ကြိုးစားသင့်ကြပေသည်။

ပြန်၍ထူထောင်နည်းအချုပ်

ဝိနည်း ပါဠိတော် အဋ္ဌကထာ ဋီကာများကို စာချဆရာတော် များက အထူးဂရုပြု၍ အမြန်ဆုံးပေါက်လွယ်အောင် ပို့ချခြင်း, ပို့ချတိုင်း၌ လက်တွေ့ အလုပ် လုပ်ပြခြင်း, လူအများတို့ ကြည့်ရှု၍ လွယ်ကူအောင် ရာဇသတ် စာအုပ်ကြီးကဲ့သို့ သူ့အခန်းနှင့်သူ စာအုပ်ကြီးဖြစ်အောင် ပြုစုခြင်း, ရဟန်းတော်များက ဝိနည်းတော် အတိုင်း နေထိုင်ကြခြင်း, လူများက ဝိနည်းတော်နှင့် ညီစွာနေသော ရဟန်းတော်များကို လေးစားကိုးကွယ်ခြင်း, ဝိနည်းတော်နှင့် မညီ မညွတ် နေသူကို အစိုးရကိုယ်တိုင်နှင့် အသင်းအဖွဲ့များက အရေး ယူခြင်းတို့ဖြင့် ဝိနည်းသာသနာ ပြန်၍ ထွန်းကားလာအောင် ကြိုးစား သင့်ပါသည်။

အဘိဓမ္မာ

ယခုခေတ်သည် အစစ်အမှန် သဘာဝကို လိုက်စားနေသော ပညာခေတ် ဖြစ်၏၊ ထိုကဲ့သို့ အစစ်အမှန် သဘာဝသည် အဘိဓမ္မာတရားတော်၌ အစုံအလင် ပါဝင်၏၊ အဘိဓမ္မာ၏ ပြင်ဘက်၌ အစစ်အမှန်ကို မည်မျှလောက်ပင် စိစစ် ရှာဖွေကြသော်လည်း တွေ့ရလိမ့်မည်မဟုတ်၊ ထိုစကားကို ရှင်းပြ ပါဦးမည် …“အဆင်းတစ်ခုကို ကြည့်ရှုသည်”ဟု ဆိုရာ၌ မျက်လုံး အိမ်အတွင်းဝယ် စက္ခုအကြည်ဓာတ်ကို ထို အဆင်းအာရုံက ပထမဆုံး ဓာတ်ခိုက်၏၊ ထိုကဲ့သို့ ဓာတ်ခိုက်သည်နှင့် တစ်ပြိုင်နက် ထိုအာရုံကို ဆင်ခြင်သော “အာဝဇ္ဇန”ခေါ် စိတ်တစ်ခု အလွန် လျင်မြန်စွာ ဖြစ်၍ ပျက်သွား၏၊ ထို့နောက် တစ်စပ်တည်းပင် ထိုအာရုံကို မြင်သိ-သိသော “စက္ခုဝိညာဏ”ခေါ် စိတ်တစ်ခု အလွန် လျင်မြန်စွာ ဖြစ်၍ ပျက်ပြန်၏။

ထို့နောက် ဆက်၍ ဆက်၍ ထိုအာရုံကို ခံယူသော သမ္ပဋိစ္ဆန စိတ်, စုံစမ်းသော သန္တီရဏစိတ်, ဆုံးဖြတ်သော ဝေါဋ္ဌဗ္ဗနစိတ်, အာရုံ၏အရသာကို ခံစားသော (အလွန်လည်း အဟုန်အရှိန်ပြင်း သော) “ဇဝန”ခေါ် စိတ် ခုနစ်ကြိမ်, ထိုအာရုံကို ဆက်၍ အာရုံပြု သော “တဒါရမ္မဏ”ခေါ် စိတ် နှစ်ကြိမ် ဖြစ်၍ ပျက်၏၊ ဤမျှသော စိတ်အစဉ် ဖြစ်ရုံမျှဖြင့် “ငါမြင်၏”ဟု ဆိုရလောက်အောင် စိတ် မစုံသေး၊ ဆက်၍ စိတ်အစဉ် သုံးတန်း လေးတန်း ဖြစ်ရသေး၏၊ စိတ်အစဉ်ဖြစ်ရသော်လည်း ကြာသည်ဟု မမှတ်ထိုက်၊ လက်ဖျောက် တစ်ချက်တည်း အချိန်မှာ ကုဋေများစွာ စိတ်တွေ ဖြစ်၍ ပျက်နိုင် သောကြောင့် ချက်ချင်း မြင်ရသည်ဟုပင် ဆိုနိုင်သည်။

နာမ်ကလာပ်စည်း

စိတ်တစ်ခုတစ်ခု ဖြစ်ရာ၌ စိတ်သက်သက် ဖြစ်သည် မဟုတ်၊ စိတ်နှင့်အတူ ဖြစ်၍ အတူ ပျက်ကြသော စေတသိက်ခေါ် တရားစုလည်း ပါဝင်ကြသေး သည်၊ ထိုတရားများကား အာရုံကို ဓာတ်သဘောအလိုက် ထိခိုက် သော ဖဿ, အာရုံအရသာကို ခံစားသော ဝေဒနာ, အာရုံကို မှတ် သားသော သညာ, တွဲဖက်တရားများကို ဆိုင်ရာကိစ္စများ၌ ဆောင် ရွက်ဖို့ရာ လှုံ့ဆော်သော စေတနာ, အာရုံ၌ (တစ်ခဏမျှဖြစ်စေ) ငြိမ်သက်စွာ တည်တံ့နေသော ဧကဂ္ဂတာ (သမာဓိ), ထိုတရားတို့၏ အသက်ဟု ခေါ်ရသော ဇီဝိတိန္ဒြေ, ထိုအာရုံကို နှလုံးသွင်းသော “မနသိကာရ”ဟု (အနည်းဆုံးအားဖြင့်) ဤတရား ခုနစ်ပါးသည် လည်း အမြဲပါနေပေသည်၊ ဤသို့ စိတ် စေတသိက်တို့ အစုလိုက် အစုလိုက် ဖြစ်ခြင်းကို “နာမ်ကလာပ်”ဟု ခေါ်ကြစို့။ [နာမ=နာမ်+ ကလာပ=အစု။]

ရုပ်ကလာပ်စည်း

ဗုဒ္ဓရှင်တော်သည် ရုပ်အကြောင်းကို ဟောပြတော်မူရာ၌လည်း “ဤ ဓာတ်သည် ခက်မာခြင်းသဘော ရှိ၏၊ ပထဝီဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် ဖွဲ့စည်းခြင်းသဘော ယိုစီးခြင်းသဘော ရှိ၏၊ အာပေါဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် အငွေ့သဘော ရှိ၏၊ (အပူရုပ်၌ အပူငွေ့, အအေးရုပ်၌ အအေးငွေ့ ရှိ၏၊) တေဇောဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် ထောက်ကန်ခြင်း, တွန်းဖိခြင်းသဘောရှိ၏၊ ဝါယော ဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် အဆင်းအရောင်သဘော ရှိ၏၊ ဝဏ္ဏဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် အနံ့သဘောရှိ၏၊ ဂန္ဓဓာတ်” ဟု ခေါ်၏၊ “ဤဓာတ်သည် အရသာသဘောရှိ၏၊ ရသဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် အဆီအနှစ်တည်း၊ ဩဇာဓာတ်”ဟု ခေါ်၏၊

ဤပြခဲ့သော ရုပ်ရှစ်ခုအပေါင်းသည် အနည်းဆုံး ရုပ်ကလာပ်တစ်ခု ဖြစ်၏၊ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အလွန်ကောင်းသော မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အသေးဆုံးဆိုရသော (အဏုမြူ ထက်ပင် သေးငယ်၍ “ပရမာဏုမြူ”ဟု ခေါ်ရသော) ရုပ်မှုန့်ကလေး ၌သော်မှ ရှစ်ခု ရှစ်ခု ပေါင်းစုနေသော ရုပ်ကလာပ်ကလေးတွေ အတော်များများ စုဝေးတည်နေပါသည်၊ ရုပ်တုံး ရုပ်ခဲက ကြီးကျယ်လေ ထိုရုပ်ကလာပ်မှုန့်ကလေးတွေ များလေ ဖြစ်၏။

အဘိဓမ္မာအရေးကြီးပုံ

နာမ်အစု ရုပ်အစုကို သူ့ကလာပ်နှင့်သူ ခွဲစိတ်၍ ပြထားသည့်ပြင် တစ်စုနှင့်တစ်စု ရှေ့နောက်ဖြစ်ရာ၌ အချင်းချင်း ကျေးဇူးပြုသွားကြပုံကိုလည်းကောင်း, သူတို့ဖြစ်ခိုက်၌ အချင်းချင်း ကျေးဇူးပြုနေကြပုံကို လည်းကောင်း အဘိဓမ္မာ၌ ဟောပြထားတော်မူ၏၊ လက်တွေ့ စဉ်းစားလေ့ရှိကြသော ယခုခေတ်ဝယ် ထိုအဘိဓမ္မာသဘောအတိုင်း မမှန်နိုင်ဟု ပယ်လှန်မည့်သူကို တွေ့စမ်းချင်ပါသည်၊

ဘုန်းကြီးတို့ အယူအဆ၌ကား ထိုမျှလောက် အသေးစိတ်၍ ခွဲခြားစိတ်ဖြာပြီးလျှင် ဤသဘောသည် ဖဿ, ဤသဘောသည် ဝေဒနာ စသည်ဖြင့် သိနိုင်သူကို မဆိုထားဘိ၊ ဗုဒ္ဓ မပေါ်ထွန်းခဲ့ပါလျှင် “ဖဿ, ဝေဒနာ” စသော နာမည်မျိုးကိုမျှ တပ်ပြနိုင်သူ မရှိဟု ယူဆပါသည်၊

ဘုန်းကြီးတို့သည် ရုပ်ဓာတ်ကို လက်တွေ့ ခွဲကြည့်ဖို့ရာ လက်နက်ကိရိယာ အပြည့်အစုံ မရကြသေး၍ မခွဲနိုင်သော်လည်း လူတစ်ယောက်၏ စိတ်နေစိတ်ထားကိုကား စကားပြောပုံ, ပြုကျင့်နေထိုင်ပုံကို ထောက် ထား၍ “ထိုအချိန်မှာ မည်သည့် နာမ်ကလာပ်ဖြစ်နေသည်”ဟု အဘိဓမ္မာအလေ့အကျင့်အရ အတော်မှန်အောင် မှန်းဆနိုင်ကြပါ၏၊ တရားအားထုတ်၍ တရားပေါက်နေသူ (ပရစိတ္တဝိဇာနနဉာဏ်ရနေသူတို့ကား) ထို့ထက်ပင် သေချာအောင် သိနိုင်ကြပါသည်။

မိမိ၏ စိတ်ထားကို စဉ်းစားသောအခါ၌ကား အလွန်သေချာစွာ သိ၍ မကောင်းသော နာမ်ကလာပ်ကို နောက်ထပ်မဖြစ်အောင်လည်း ချုပ်တည်းနိုင်, ကောင်းသောနာမ်ကလာပ်ကို တိုးတက်အောင်လည်း ပြုပြင်နိုင်ကြပါသည်။

ယခုအချိန်အခါသည် “ဖန်ဆင်းသူ ရှိ၏”ဟူသော ရှေးကျသည့် ဝါဒကို မသုံးစွဲကြန်တော့ဘဲ လက်တွေ့ကိုသာ လိုက်စားချိန်ဖြစ်၏ ထို့ကြောင့် အလွန် သေချာကျနသော (မလွဲနိုင်သော) အဘိဓမ္မာ၏ သဘာဝများကို အထက်တန်း လောကီကျောင်းများ၌ သင်ပြသင့်ကြပါသည်၊ ဘုန်းကြီးကျောင်းများ၌လည်း အရကျက်ရုံ မဟုတ်ဘဲ လက်တွေ့သင်၍ ကမ္ဘာကို ပြဖို့ရန် ကြိုးစားသင့်ကြပါပြီ၊ ဤကျမ်း ၌ကား အနာဂတ်သာသနာကို ပြုပြင်ချင်လာအောင် ညွှန်ပြရဦးမည် ဖြစ်၍ ထိုသဘာဝကို အကျယ်ပြနိုင်တော့မည် မဟုတ်ပါ။

သုတ္တန်တရားတော်

သုတ္တန်တရားတော်များ၌ ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့၏ ရှေးဖြစ်ဟောင်း(ဇာတ် ကြောင်း) များလည်း ပါ၏၊ မင်္ဂလသုတ်, သိင်္ဂါလောဝါဒသုတ် စသည် ကဲ့သို့ လူအများ၏ ကိုယ်ကျင့်တရားများလည်း ပါ၏၊ လူ နတ် ဗြဟ္မာ တို့၏ အမေးပုစ္ဆာ ပြဿနာကို ဖြေရှင်းထားသော တရားများလည်း ပါ၏၊ ဒါနအကျိုး, သီလအကျိုး စသည်များနှင့်တကွ အကုသိုလ် ဒုစရိုက်များ၏ မကောင်းကျိုးများလည်း ပါ၏၊ သစ္စာလေးပါး, ပဋိစ္စ သမုပ္ပာဒ်, သတိပဋ္ဌာန် စသော အလွန်လေးနက်သော တရားများလည်း ပါ၏၊ ပညာရှိ လူ နတ် ဗြဟ္မာ တို့၏ စိတ်ကို ဆွဲဆောင်နိုင် သော (သတ္တဝါတို့ကို အကျွတ်တရားရစေနိုင်သော)တရားတော်ကား (ဝိနည်းနှင့် အဘိဓမ္မာ မဟုတ်) ဤသုတ္တန်တရားတော်များပင်တည်း၊

[ သုတ္တန်ဒေသနာတော်များကို ဝေါဟာရဒေသနာဟု ခေါ်၏၊ ဝိသေသေန-ဝိနည်း အဘိဓမ္မာတို့မှ ထူးသောအားဖြင့်၊ မနံ-သတ္တဝါ တို့၏ စိတ်ကို၊ ဟရတိ-ဆောင်ယူနိုင်၏၊ ဣတိ-ထို့ကြောင့်၊ ဝေါဟာရော-ဝေါဟာရ မည်၏၊]

မှန်၏၊… ဓမ္မစကြာတရားတော်သည် သုတ္တန်ပင်တည်း၊ ထိုဓမ္မစကြာတရားတော်၏ အဆုံး၌ အရှင် ကောဏ္ဍညနှင့်တကွ ကုဋေများစွာ နတ် ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြပါသည်။

သုတ္တန်ကိုသာ ပြမည်

သုတ္တန်တရားတော်သည် သတ္တဝါများ၏အကျိုးကို ဝိနည်း, အဘိဓမ္မာတို့ထက် ပို၍ ဆောင်ယူနိုင်ပါသော်လည်း ဟောပြသော ပုဂ္ဂိုလ်တို့က ဒါနနှင့် ဒါန၏ အကျိုးကို အဟောများသောကြောင့်လည်းကောင်း, ဇာတ် နိပါတ်တော်များကို ဟောပြန်ပါလည်း ထိုဇာတ်တော်တွင် ပါဝင်ကြသော ပုဂ္ဂိုလ်များ၏ ကိုယ်ကျင့်ကောင်းပုံ, ကိုယ်ကျင့်ချို့ယွင်းပုံကို ထင်ရှားအောင် မပြကြန်တော့ဘဲ လွမ်းခန်း, ဆွေးခန်း စသည်တို့သာ တခမ်းတနား ချဲ့ထွင်၍ သဘင်ဆန်ဆန် (ကွက်စိပ်ဆရာတွေကို အားကျလျက်) ဟောပြောမှုကြောင့်လည်းကောင်း ယခုအခါ များစွာသော တရားနာပရိသတ်တို့က သုတ္တန်တရားဆိုလျှင် ပျော်ရွှင်ဖွယ်ရာ အပျင်းဖြေတရားဟု ထင်မှားနေကြသည်၊

ဘုန်းကြီးကား သုတ္တန် ဒေသနာတော်များကို လေ့လာခဲ့ရာ၌ ဗုဒ္ဓမဖြစ်သေးမီ အလောင်း တော် ဘဝဝယ် ပါရမီဖြည့်ကျင့်ပုံကိုပြသော ဇာတ်တော်များကို ကြည့်ရသောအခါ ထိုအလောင်းတော်တို့ကဲ့သို့ ပါရမီဖြည့်ကျင့်လိုသော စိတ်တွေသာ ဖြစ်ရ၏၊ ဗုဒ္ဓဖြစ်ပြီးမှ ဟောပြတော်မူသော အင်္ဂုတ္တိုရ်, သံယုတ်, ပဏ္ဏာသနှင့် ဓမ္မပဒ စသည်ကို ကြည့်ရှုရသော အခါ စိတ်နေ စ်ိတ်ထားတွေ အလိုလို ပြောင်း၍ ပြောင်း၍သွားကာ သံသရာမှ မြန်စွာ လွတ်မြောက်လိုစိတ် ဖြစ်ရ၏၊ ထို့ကြောင့် ဤအခန်း ကြည့်ရှုသူတို့အား ဓမ္မအရသာကို ထိုက်တန်သမျှ ခံစားကြရလေအောင် သုတ္တန်ဒေသနာတော်မှသာ ဓမ္မအချို့ကို ထုတ်ဖော် ညွှန်ပြပါမည်။

ဒုက္ကရစရိယာကျင့်တော်မူပုံ

ပဉ္စဝဂ္ဂီငါးယောက်

ငါးယောက်သော ပုဂ္ဂိုလ်များ၏အစု(အဖွဲ့)ကို “ပဉ္စဝဂ္ဂီ” ဟု ခေါ်၏၊ ဗုဒ္ဓ အလောင်းတော် ဖွားမြင်တော်မူ၍ မကြာမီ သုဒ္ဓေါဒနမဟာရာဇာသည် ဗြာဟ္မဏပဏ္ဍိတ် တရာ့ရှစ်ယောက်တို့ကို ဖိတ်မန်၍ ကောင်းမွန်စွာ ကျွေးမွေးပြီးလျှင် ထိုဗြာဟ္မဏတို့တွင် ပညာအရှိဆုံး ရှစ်ယောက်ကို ရွေး၍ အလောင်းတော်ကလေး၏ ရုပ်လက္ခဏာ တော်ကို ကြည့်ရှုစေရာ ခုနစ်ယောက်သော ဗြာဟ္မဏတို့က “ရုပ် လက္ခဏာအလိုအားဖြင့် တောထွက်လျှင် ဗုဒ္ဓဖြစ်ရမည်၊ လူ့ဘောင် နေလျှင် စကြာမင်းဖြစ်ရမည်”ဟု ဟောကြ၍ အငယ်ဆုံး ကောဏ္ဍည ဗြာဟ္မဏကမူ “ဧကန်မုချ ဗုဒ္ဓ ဖြစ်ပါလိမ့်မည်”ဟု ဟောသည်။

ထိုတွင် ကောဏ္ဍညဗြာဟ္မဏသည်“အိမ်ရာထောင်၍ လူ့ဘောင်နေလျှင် သားသမီးတွေနှင့် အစွန့်ရခက်မည်”ဟု ယူဆ၍ ထိုဗြာဟ္မဏ တို့၏ သားလေးယောက်နှင့်အတူ တောထွက်ပြီးလျှင် ရသေ့လုပ်ကာ အလောင်းတော်မြတ်၏ တောထွက်လာချိန်ကို စောင့်နေနှင့်၏၊ [ဗြာဟ္မဏရှစ်ယောက်တွင် သုံးယောက်က ဗုဒ္ဓနှင့်စကြာမင်းဟု နှစ်ခွန်း, ငါးယောက်က ဧကန် “ဗုဒ္ဓဖြစ်ရမည်”ဟု ဟောပြီးလျှင် ထိုငါးယောက်သည်ပင် တောထွက်၍ ရသေ့လုပ်နေကြသည် ဟုလည်း ပါသရာသိသုတ်၌ တစ်နည်းပြ၏၊] ဗုဒ္ဓအလောင်းတော် တောထွက်လာသောအခါ သူတို့သည် ဗုဒ္ဓဖြစ်အောင် အားထုတ်နေ သော အလောင်းတော်ကို ရေပူရေချမ်း ကမ်းလှမ်းလုပ်ကျွေးနေကြလေသည်။

ဥပမာသုံးမျိုး ထင်လာပုံ

အလောင်းတော်သည် တောထွက်တော်မူပြီးနောက် ဆရာကို လိုက်၍ ရှာရာ အာဠာရနှင့် ဥဒကရသေ့တို့ကို တွေ့ရပါသော်လည်း ထိုရသေ့ဆရာကြီးများအထံမှ လောကီစျာန်ကိုသာ နည်းခံရသဖြင့် အားရကျေနပ်ခြင်း မရှိသေးရကား ထိုဆရာကြီးတို့အထံမှ ခွဲခွာခဲ့၍ အကောင်းဆုံး ကုသိုလ်ဖြစ်သော သဗ္ဗညုတဉာဏ်တော်ကို ရှာလျက် လှည့်လည်တော်မူစဉ် ဥရုဝေလတော သေနာနိဂုံးသို့ ရောက်တော် မူသောအခါ အလွန်သာယာသော တောအုပ်ကိုလည်းကောင်း, စီးတသွင်သွင် ကြည်လင်သန့်ရှင်း မြူမှော်ကင်းသော စမ်းရေနှင့် ကမ်းခြေအနီးအပါးဝယ် ဆွမ်းခံစရာ ရွာကိုလည်းကောင်း မြင်တော် မူရ၍ ထိုတော၌ပင် ကမ္မဋ္ဌာန်းအားထုတ်ဖို့ရန် ဆုံးဖြတ်တော်မူသည်၊

ထိုအခါဝယ် စိတ်တော်၌ ဥပမာသုံးမျိုး ထင်လာသည်မှာ…

၁။ ရေသဖန်းသားတစ်ချောင်းသည် အစေးနှင့်တကွ စိုစိုဖပ်ဖပ် ရှိ၏၊ ထိုထင်းကို ရေထဲ၌ ချထားပြန်၏၊ မီးကို အလိုရှိသူသည် ထိုထင်းကို ယူ၍ မီးမွှေးလျှင် မီးရနိုင်မလား, မရနိုင်၊ ဘာ့ကြောင့် နည်း၊ နဂိုက စိုနေသည့်အပြင် ရေထဲ၌ပင် စိမ်ထားပြန်သောကြောင့်တည်း၊ ထို့အတူ နဂိုက ကာမစိတ်အစေးဓာတ် အစိုဓာတ် မကင်း ပြတ်သေးသူတို့သည် ဝတ္ထုအာရုံကာမဂုဏ် အတွင်း၌ (သမီး ခင်ပွန်း ချင်းအတူ) စိမ်နေပါလျှင် ထိုကိလေသာ အစိုဓာတ် ခြောက်ကပ် ကုန်ဆုံးသွားအောင် ကြိုးစားစေကာမူ လောကုတ္တရာတရားထူးဖြစ်သော မီးကို မထွက်စေနိုင်။ [ ဤစကားဖြင့် ကိလေသာကာမ စိတ်ဓာတ်လည်း မကင်းဘဲ သား လင် ခင်ပွန်းနှင့်အတူ တရား အားထုတ်နေသူတို့ တရားရနိုင်, မရနိုင်ကို စဉ်းစားစေလိုသည်၊ ပါရမီဖြစ် အားထုတ်သူကို မဆိုလို။]

၂။ ရေသဖန်းသား ထင်းတစ်ချောင်းကား အစေးမပြတ် စိုဖပ်ဖပ် ရှိနေသေး၏၊ သို့သော် ရေထဲ၌ စိမ်၍ မထားဘဲ ရေနှင့် ဝေးစွာ ကုန်းပေါ်မှာ ချထား၏၊ ထိုထင်းဖြင့် မီးတောက်အောင် ကြိုးစားသူလည်း မီးရနိုင်မည်လော၊ မရနိုင်၊ ဘာ့ကြောင့်နည်း၊ ရေထဲ၌ စိမ်မထားသော်လည်း စိုဖပ်ဖပ် ရှိနေသောကြောင့်တည်း၊ ထို့အတူ သမီး ခင်ပွန်း အဖြစ်ဖြင့် မနေတော့ဘဲ ရသေ့ ရဟန်း သီလရှင် ရသေ့မ လုပ်၍ နေသော်လည်း အတွင်းစိတ်ဓာတ်၌ ကာမဂုဏ် ခံစားလို၍ စိုနေသေးပါမူ ထိုသူလည်း တရားထူးမီး ထွက်အောင် မတတ်နိုင်ချေ။

၃။ ထင်းတစ်ချောင်းကား ခြောက်လည်း ခြောက်ပြီ၊ ရေနှင့်လည်း အလွန်ဝေးသော ကုန်းခေါင်ခေါင်မှာ ပစ်ထား၏၊ ထိုထင်းဖြင့် မီးမွှေးသူကား ဧကန်မုချ မီးရတော့မည်၊ သိပ်အားမစိုက်ရဘဲ လေတိုက်ခတ်၍ ထင်းခြောက်ပင်အချင်းချင်း ပွတ်မိရုံမျှဖြင့်လည်း မီးတောက်နိုင်၏၊ ထို့အတူ ကာမဝတ္ထုမှ (သမီး ခင်ပွန်းချင်းမှ) ခွဲခွာ၍ ရသေ့ ရဟန်း သီလရှင် ရသေ့မ ပြုလုပ်နေသူတို့သည် ကာမဓာတ် အလိုကင်း၍ စိုခြင်းမရှိပါမူ အချို့မှာ အပင်ပန်းခံ၍ ကြိုးစားမှ တရားထူးမီးကို ရမည်ဖြစ်သော်လည်း အချို့ကား သက်သက်သာသာ ဖြင့်ပင် တရားထူးမီးကို ရနိုင်ရာ၏၊ ဤသို့လျှင် အလောင်းတော်မှာ မထင်စဖူး ထူးကဲသော ဥပမာသုံးချက် ထင်လာသည်။

အလောင်းတော်ကြိုးစားပုံ

[ဒုက္ကရ = ခဲယဉ်းစွာ ပြုအပ်သောအကျင့်ကို+စရိယာ=ကျင့်ပုံ၊] ဤ နေရာ၌ ဒုက္ကရစရိယာကျင့်ပုံကို အကျဉ်းမျှ ပြအံ့၊ အလောင်းတော် သည် ကာမအာရုံ၌ ခံစားလိုစိတ် မရှိသဖြင့် အတွင်းဓာတ် မစိုသော ထင်းနှင့် တူ၏၊ ယသော်ဓရာထိပ်ခေါင်တင်နှင့်တကွ မောင်းမမိဿံ အခြွေအရံများကို လွတ်လွတ်ကျွတ်ကျွတ်စွန့်ခဲ့ပြီးဖြစ်၍ ရေမနီးသော ကုန်းခေါင်ခေါင်ကြီး၌ ပစ်၍ထားအပ်သော ထင်းနှင့်တူသည်၊ ထို့ကြောင့် အလောင်းတော်သည် ထင်လာသော ဥပမာသုံးချက်တွင် တတိယဥပမာနှင့် တူနေပေပြီ၊ ရှေ့ကို ကြိုးစားလျှင် တရားထူးမီး ထွက်ဖို့ရာ အဆင်သင့်ပေတည်း။

ထို့ကြောင့် ဗုဒ္ဓအလောင်းတော်သည် (ငါလို ပုဂ္ဂိုလ်မျိုးအား ထူးခြားသော အသိဉာဏ်မရဘဲ နေနိုင်မည်လား)ဟု အံကြိတ်၍ တောက်ခေါက်ပြီးလျှင် အကုသိုလ်စိတ်ကို ကုသိုလ်စိတ်ဖြင့် (မီးပွတ်သလို) အတင်းဖိနှိပ်ကာ မဆုတ်မနစ် အပူတပြင်း ကြိုးစားတော်မူလေသည်၊ ထိုအခါ လက်ကတီးကြား (ချိုင်းကြား)တို့မှ ချွေးများ ယိုစီးလာ၏၊ ဝီရိယကား အလွန်ပြင်းထန်၏၊ ဆုတ်နစ်ခြင်း လုံးဝမရှိ၊ သတိလည်း အကုသိုလ်စိတ် မဖြစ်ရအောင် အလွန်ကောင်းစွာ ထားလျက်ရှိသည်၊ ထိုသို့ ဆင်းရဲပင်ပန်းခံကာ ကြိုးစားအားထုတ်မှုက နှိပ်စက်သဖြင့် ခန္ဓာကိုယ်သည် အေးမြငြိမ်းချမ်းခြင်းမရှိဘဲ ပူလောင် နေသကဲ့သို့ ဖြစ်ရလေသည်။ [ထိုအချိန်မှာ အလောင်းတော်သည် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တော်မူနေသည်။]

ထွက်သက် ဝင်သက်ချုပ်ပုံ

ထို့နောက် အလောင်းတော်သည် အသက် မရှူမရှိုက်ဘဲ ပါးစပ်နှင့် နှာခေါင်းတို့မှ လေဝင် လေထွက် မရှိရအောင် ချုပ်တည်းစမ်းတော်မူ၏၊ ထိုအခါ နှာခေါင်းပေါက်တို့မှ လေတွေ ထွက်လာ၏၊ ပန်းပဲဖိုမှ ထွက်သောလေသံကဲ့သို့် ထိုလေသံသည် အလွန်ပြင်းထန်၏၊ ထိုအခါ နှာခေါင်းပေါက်မှလည်း လေမထွက်အောင် ချုပ်တည်းတော်မူပြန်၏၊ ထိုအခါ ထွက်ပေါက်မရ၍ မထွက်ရသော လေတို့သည် ဦးထိပ်သို့ တက်ကာ (ထက်စွာသောစူးဖြင့် မွှေသကဲ့သို့) ဦးထိပ်ကို မွှေနှောက် လေတော့၏။

ထိုနည်းအတိုင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းထားပြန်ရာ အလွန်ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ ဖြစ်ပေါ်လာလေ၏၊ အလွန် တင်းကျပ်စွာ သားရေပိုင်းဖြင့် ဦးခေါင်းကို စည်းထားသကဲ့သို့ တင်းကျပ်ကြီး ဖြစ်နေတော့၏၊ ထိုမှ တစ်ဖန် လေတို့သည် ဝမ်းဘက်သို့ လှည့်ကာ (နွားသတ်သမားက ဓားထက်ထက်ဖြင့် နွား၏ ဗိုက်ကို ဖြတ်လိုက်သကဲ့သို့) အလွန်ပြင်းထန်သော လေသည် ဝမ်းကို ဖြတ်လှီးသကဲ့သို့ ဖြစ်၏၊ ထို့နောက် မီးကျီးတွင်းထဲ ဆွဲချ လိုက်သကဲ့သို့ တစ်ကိုယ်လုံး ပူလောင်လာလေသော် စင်္ကြံသွားရင်း မူးမိုက်၍ လဲရှာလေတော့သည်၊ ထိုသို့ လဲ၍ မူးမေ့နေသောအခါ တချို့ နတ်များက “သေပြီ”ဟု ထင်၍ နတ်အချို့က “ရဟန္တာဖြစ်၍ သမာပတ်ဝင်စားနေတာ”ဟု ထင်မှားကြလေသတတ်။

အစားလျှော့၍ ဒုက္ခဖြစ်ပုံ

ထို့နောက် သတိရလာ၍ ဝီရိယ မလျှော့သည့်အပြင် လုံးလုံး အစာမစားဘဲ ကျင့်ရန် ကြံပြန်လေရာ (အစာမစားလျှင် နတ်တို့က နတ်ဩဇာကို သွင်းပေးမည်စိုးသောကြောင့်) တစ်လက်ခုပ်လောက် တစ်လက်ခုပ်လောက် ပဲပြုတ်ရည်ကိုသာ သောက်၍ ကျင့်ပြန်လေသည်၊ ထိုသို့ အစာကို သိပ်လျှော့လိုက်ခြင်းကြောင့် ခန္ဓာကိုယ်သည် အလွန်အမင်း ပင်ပန်းတော်မူ၏၊ အရိုး အဆစ်တွေ ပေါ်နေ၏၊ တင်ပါးသားများပင် မရှိတော့ဘဲ ကုလားအုတ်၏ ခွာကဲ့သို့ ဖြစ်နေ၏၊ ကျောရိုးများလည်း ကိုးရိုးကားရား ဖြစ်နေတော့၏၊ နံရိုးများလည်း မမိုးရသေးသော အိမ်အချင်များကဲ့သို့ ကျိုးတိုးကျဲတဲ ဖြစ်နေ၏၊ မျက်လုံးများလည်း မျက်လုံးအိမ်အတွင်းသို့ဝင်ကာ ရေတွင်းထဲက ရေပွက်ကလေးကဲ့သို့ ထင်ရလေ၏။ ဦးခေါင်းတော်ကား လေပူ နေပူလောင်ထား၍ ရှုံ့တွနေသော ဘူးခါးသီးကဲ့သို့ ဖြစ်နေ၏၊ ဝမ်းရေလည်း ကျောသို့ ကပ်နေရကား ဝမ်းဗိုက်ကို စမ်းလိုက်လျှင် ကျောရိုးများကို စမ်းသပ်မိတော့၏၊ အားလုံးသော အသားအရေ ရှုံ့တွနေရကား ကျင်ကြီးကျင်ငယ် စွန့်လျှင် လွယ်လွယ်နှင့် စွန့်၍မရဘဲ ထိုင်ရာမှ မှောက်လျက် လဲသွားတတ်လေသည်၊ အလောင်းတော်၏ နဂိုအသားအရေမှာ ဝါဝင်း စိုပြေလှ၏၊ ထိုစဉ်ကမူ မည်းခြောက်၍ နေရှာလေတော့သည်။ ဤသို့ ပင်ပန်းခံ၍ ကျင့်ခြင်းကို “အတ္တကိလမထအကျင့်” ဟု ခေါ်၏၊ (အတ္တ= ခန္ဓာကိုယ် အတ္တဘောကို + ကိလမထ= ပင်ပန်း ခံကြောင်းအကျင့်) ထိုခေတ်က ထိုကဲ့သို့ ပင်ပန်းခံသော အကျင့် များကို အသားယူ၍ ဘုရားတစ်ဆူ လုပ်နေကြသူတွေရှိ၏၊ ရေပူ ရေချမ်း ကမ်းလှမ်း၍ လုပ်ကျွေးနေကြသော ပဉ္စဝဂ္ဂီတို့လည်း ထိုသို့ ပင်ပန်းစွာ ကျင့်၍ နေပုံကို မြင်ရသဖြင့် ဧကန် ဗုဒ္ဓဖြစ်တော့မှာပဲဟု အားရပါးရ မျှော်လင့်နေကြလေသည်၊ အလောင်းတော်မှာကား ထိုမျှလောက် အပင်ပန်းခံမှုကြောင့် ဗုဒ္ဓဖြစ်ခန်းနှင့် ဝေးသော လမ်းမှားကို လိုက်သွားမိလေသည်။]

အစာစား၍ကျင့်ပုံ

အလောင်းတော်သည် တစ်မျိုးပြီး တစ်မျိုး ပြောင်း၍ ပြောင်း၍ ခန္ဓာကိုယ်ပင်ပန်းကြောင်း အကျင့်များကို ကျင့်နေမိသည်မှာ (၆)နှစ် နီးနီး ကြာခဲ့လေပြီ၊ မည်သည့် တရားထူးကိုမျှလည်း မရချေ၊ ထို့နောက် စဉ်းစားချက်တစ်မျိုးပေါ်လာသည်မှာ …

ယခုခေတ် နောက်ခေတ်တို့၌ “အပင်ပန်းခံ၍ ကျင့်သည်”ဟု မှတ်တမ်းတင်ရသူ တို့သည်လည်း ယခု ငါကျင့်သည်ထက် မလွန်နိုင်ကြချေ၊ ဤသို့ ပင်ပန်းခံ၍ ကျင့်မှ ရတမ်းဆိုလျှင် ငါလည်း တရားထူး ရသင့်ပြီ၊ ဤမျှလောက် ကျင့်ပါလျက် တရားထူးမရသည်မှာ ဤအကျင့်၏ လမ်းမှန်မဟုတ်သောကြောင့်သာဖြစ်၏၊ ထူးသော အသိဉာဏ်ကို ရဖို့ရန် လမ်းမှန်သည်ကား တစ်မျိုး ဖြစ်တန်ရာသည်ဟု စဉ်းစားမိလေသည်။

ငယ်ရွယ်စဉ်အခါ ခမည်းတော် လယ်ထွန်မင်္ဂလာပြုချိန်ဝယ် ဇမ္ဗုသပြေပင်အောက်မှာ ဧယင်ပုခက်ပေါ် နေစဉ် အထိန်းတော်များ လယ်ထွန်မင်္ဂလာသို့ သွား၍ ကြည့်ခိုက် အာနာပါန ပထမစျာန်ကို ရ၍ ဝင်စားနေခဲ့ဖူး၏၊ ထိုအခါ အလွန် ချမ်းသာလှပေ၏၊ ထိုစျာန်သည်ပင် ထူးခြားသော ဉာဏ်ကို ရဖို့ရန် လမ်းမှန်ဖြစ်လေရော့သလားဟု စဉ်းစားလေရာ… “အင်း…ဟုတ်သားဘဲ, အဲဒီစျာန်ဟာ လမ်းမှန်ပါပဲလား”ဟု အသိ ဉာဏ်လည်း ပေါ်လာ၏၊

ထိုသို့ ပေါ်လာသောအခါ ဝတ္ထုအာရုံ ကာမဂုဏ်တို့နှင့်လည်းကောင်း, အကုသိုလ်စိတ်များနှင့်လည်း ကောင်း ကင်းကွာ၍ အလွန်ချမ်းသာလှသော ထိုပထမစျာန်တရားကို ဘာကြောင့် ငါကြောက်နေရမှာလဲ၊ ထိုလမ်းကောင်းလမ်းမှန်ဖြစ်သော ပထမစျာန်ကိုပင် ပြန်၍ ရအောင် ကြိုးစားတော့မည်၊ သို့သော် ဤမျှလောက် ခန္ဓာကိုယ် ပင်ပန်းနေလျှင် ထိုစျာန်ကို ရဖို့ မလွယ်ချေ၊ အစာကို မျှတအောင် စားဦးမှ သင့်မည်ဟု ကြံတော်မူ၍ စားရိုး စားစဉ် ဆွမ်း မုန့်များကို ရဖို့ရန် ဆွမ်းခံတော်မူပြန်သည်။

အမှာ။ ။ ထိုသို့ အစားအသောက်များကို ထုံးစံအတိုင်း ပြန်စားသောအခါ ပဉ္စဝဂ္ဂီတို့လည်း အလောင်းတော်အပေါ်၌ အထင်သေး၍ “ရဟန်းဂေါတမသည် ကမ္မဋ္ဌာန်းက လျှောကျ၍ လာဘ်ပေါများအောင် ကျင့်နေပေါ့”ဟု မျှော်လင့်ချက်လျှော့ပြီး စိတ်ပျက်စွာဖြင့် မိဂဒါဝုန်တောသို့ ရွှေ့သွားကြလေသည်။

ဗုဒ္ဓရှင်တော်နှင့်ပဉ္စဝဂ္ဂီ

ပဉ္စဝဂ္ဂီတို့နှင့်တွေ့ပုံ

ထိုသို့ ဆွမ်း စသည်ကို စားတော်မူလျှင် မကြာခင်နဂိုအသားအရေဖြစ်၍ လမ်းမှန် ကျကျ တရားအားထုတ်တော်မူလေရာ ပထမစျာန်မှ စ၍ လောကီ စျာန်ကို ရတော်မူပြီးလျှင် အတော်ကြာသောအခါ ဗုဒ္ဓအခန်း၌ ပြခဲ့သည့်အတိုင်း ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူပြီးနောက် တရားဦး ဟောဖို့ရန် ပဉ္စဝဂ္ဂီတို့ ရှိရာ မိဂဒါဝုန်တောသို့ ကြွတော်မူလေသော် ပဉ္စဝဂ္ဂီတို့သည် ဗုဒ္ဓရှင်တော်မြတ်ကို “ဗုဒ္ဓ မဖြစ်သေး”ဟု အယူရှိ သောကြောင့် “ငါ့ရှင် ဂေါတမ”ဟု ပြောဆိုကြလေသည်။

ပဉ္စဝဂ္ဂီ။ ။ ငါ့ရှင် ဂေါတမ… ဥရုဝေလတော၌ ကမ္မဋ္ဌာန်းအား ထုတ်နေစဉ် ကျုပ်တို့က ငါ့ရှင်ရဲ့ သပိတ်, သင်္ကန်းကို ယူပြီး (ဟိုဟိုသည်သည်)လှည့်လည်ခဲ့ကြတယ်နော်၊ မျက်နှာသစ် ရေ, တံပူတို့ကိုလည်း ပေးခဲ့ကြတယ်၊ ငါ့ရှင်နေတဲ့ ကျောင်း တလင်းကိုလည်း တံမြက်လှည်းခဲ့ကြ တယ်၊ သည့်နောက် ကျုပ်တို့ ဒီရွှေ့လာတဲ့အခါ ဘယ်သူက ဝတ်ကြီး ဝတ်ငယ် ပြုပါသလဲ။

ဗုဒ္ဓ။ ။ ဘိက္ခုတို့… ငါ့ကို (ဂေါတမ ဟု) နာမည်မခေါ်ကြနှင့်၊ ငါ့ရှင်လို့လည်း မပြောကြနှင့်၊ ယခု ဗုဒ္ဓ ဖြစ်လာပြီ၊ အမတ တရား (နိဗ္ဗာန်တရား)ကို ငါသိပြီ၊ နားထောင်ကြ၊ တရား ဟောပြမည်၊ ဟောတဲ့အတိုင်း ကျင့်ကြလျှင် မကြာခင်ပင် မြတ်သောတရားကို ကိုယ်တိုင် သိမြင်ကြရလိမ့်မည်။

ပဉ္စဝဂ္ဂီ။ ။ (ဗုဒ္ဓဖြစ်တယ်ဆိုတာကို မယုံနိုင်ကြသဖြင့်) ငါ့ရှင်ဂေါတမ… ခဲခဲယဉ်းယဉ်းနှင့် အပင်ပန်းခံပြီး (ပဲပြုတ်ရည် ကလေး တစ်လက်ခုပ်လောက် သောက်လျက်) ကျင့်တုန်းကမှ ဗုဒ္ဓမဖြစ်နိုင်ဘဲနှင့် ယခုလို ပစ္စည်းလာဘ် ပေါများအောင် ဟိုလည် ဒီလည် လည်ပြီးလျှင် ကမ္မဋ္ဌာန်းမှ ထွက်ခွာ၍ အစားအသောက်တွေ စားနေခါမှ ဗုဒ္ဓဖြစ်တယ် ဆိုတာ ဘယ်မှာ ဟုတ်နိုင်မှာလဲ။

ဗုဒ္ဓ။ ။ ဘိက္ခုတို့ … ငါသည် ကမ္မဋ္ဌာန်းမှ ထွက်၍ ပစ္စည်း ပေါများအောင် လှည့်လည်နေသည် မဟုတ်၊ ဗုဒ္ဓဖြစ်ပြီး အမတ (နိဗ္ဗာန်)ကို သိပြီ၊ သင်တို့ နားထောင်ကြ, တရား ဟောမည်၊ ဟောတဲ့အတိုင်း ကျင့်ကြလျှင် မကြာခင် တရားထူးကို ကိုယ်တိုင် သိကြရလိမ့်မည်။

[ ဤသို့ သုံးကြိမ် မိန့်တော်မူသည်။]

ဘိက္ခုတို့… သင်တို့သည် (ဥရုဝေလတောမှာ နေကြ စဉ်က) ငါ့အပေါ်၌ “ဗုဒ္ဓ ဖြစ်တော့မှာပဲ”ဟု အမျှော်ကြီး မျှော်လင့်၍ နေကြတယ် မဟုတ်လား၊ ထိုအခါတုန်းက (သင်တို့ စိတ်အားထက်သန်ပါစေတော့ဟူသော သဘော ဖြင့်) “ငါ့မှာ အရောင်အဝါတွေ ထွက်ပေါ်လာပြီ၊ မကြာမီ ဗုဒ္ဓ ဖြစ်တော့မည်”စသော စကားမျိုးကို ပြောဖူးသလား။

ပဉ္စဝဂ္ဂီ။ ။ (အထက်ပါ စကားကို မိန့်တော်မူလိုက်လျှင်)… “ဟုတ်သားဘဲ, ငါတို့ အမျှော်ကြီး မျှော်နေတုန်းက ဒီစကားကို မပြောခဲ့ဘဲ ယခုမှ ပြောခြင်းကို ထောက်လျှင် ဗုဒ္ဓ ဖြစ်ဟန်တူတယ်”ဟု သဘောပေါက်လာကြ၍ “ရှေးက ဒီစကားမျိုး မပြောပါဘူးဘုရား”ဟု တစ်ပြိုင်နက်လျှောက် ထားကြလေသည်။

ဗုဒ္ဓ။ ။ ယခု ငါ ဗုဒ္ဓ ဖြစ်လာပြီ၊ အမတ (နိဗ္ဗာန်)ကို သိပြီ၊ သင်တို့ နားထောင်ကြ၊ ငါ သွန်သင်ပြသမည်၊ သွန်သင်ပြသသော နည်းအတိုင်း လိုက်နာကြလျှင် မကြာခင်ပင် တရား ထူးကို ကိုယ်တိုင် သိကြရလိမ့်မည်။ [ ဤသို့ မိန့်တော်မူပြီး လျှင် “ဓမ္မစကြာ”တရားဦးကို ဟောတော်မူသည်။]

ဓမ္မစကြာတရားတော်

အမှာစကား

ဤတရားတော်ကို နဂို ဟောတော်မူရင်း အစဉ်အတိုင်း နားလည်လောက်အောင် ရေးနေရလျှင် ထိုတရားတော်ဖြင့် ဓမ္မအခန်း တစ်ခန်းလုံး ဖုံးသွားဖွယ်ရှိ၏၊ ဤကျမ်းကား တရားတော်၏ လေးနက်ပုံကိုလည်းကောင်း, ထိုတရားတော်ကို ဟောပြတော်မူသော ဗုဒ္ဓ၏ ဉာဏ်တော်ကိုလည်းကောင်း, (မယုံကြည်တတ်သေးသူတို့) မှန်းဆကြစေလိုသည့်အပြင် ထိုတရားတော်အရ တည်ဆောက်ထားသော သာသနာ့အဆောက်အအုံကြီးကို ခိုင်ဖြီး ခမ်းနားအောင် ပြုပြင်လိုသောကြောင့် စီစဉ်အပ်သော ကျမ်းစာဖြစ်ရကား တရားတော် အစဉ်ကျအောင် လုံးစေ့ပတ်စေ့ ရေးခွင့်မရတော့ပါ၊ ထို့ကြောင့် ထိုထိုသုတ္တန်တော်ကြီးများမှ လိုရင်း အချက်များကိုသာ ထုတ်ဖော်ညွှန်ပြရပါလိမ့်မည်။

အချုပ်တရားများ

ဤဓမ္မစက္ကပ္ပဝတ္တန(ဓမ္မစကြာ)သုတ်၌ အချုပ်တရားများကား ပဋိပဒါ (အကျင့်) သုံးပါး, သစ္စာလေးပါး, ဉာဏ်(၁၂)ပါးနှင့် ဗုဒ္ဓအဖြစ်ကို ဝန်ခံတော်မူခန်းများ တည်း၊ [နတ်တို့၏ ကြေးကြော်သံမှာ ဓမ္မစကြာတရားရင်း၏ နောက် ဆက်သာတည်း၊]

ထိုတွင်… အကျင့်သုံးပါးဟူသည်… ကာမသုခလ္လိကာနုယောဂ, အတ္တ ကိလမထာနုယောဂ, မဇ္ဈိမပဋိပဒါတည်း။

သစ္စာလေးပါးဟူသည်…ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓ သစ္စာ, မဂ္ဂသစ္စာတည်း။

ဉာဏ်တော်(၁၂)ပါးဟူသည်… ဤတရားစုသည် ဒုက္ခသစ္စာ တည်းဟု ဒုက္ခသစ္စာကို သိသော သစ္စဉာဏ်,

ဤဒုက္ခသစ္စာသည် (ပယ်ရှားစွန့်ပစ်စရာ မဟုတ်) ကွဲကွဲပြားပြား နားလည်စရာ ဖြစ်သည်ဟု ဒုက္ခသစ္စာအပေါ်၌ ဖြစ်ထိုက်သော ကိစ္စကို သိသော ကိစ္စဉာဏ်,

ဤဒုက္ခသစ္စာကို ငါဘုရားသည် ကွဲကွဲပြားပြား ခွဲခြား၍ သိပြီး ပေပြီဟု ပြုပြီးကိစ္စကို သိသော ကတဉာဏ်,

ဤသို့ ဒုက္ခသစ္စာ၌ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု ဉာဏ်သုံးပါး ဖြစ်သကဲ့သို့ နောက် သစ္စာများ၌လည်း သုံးပါးစီ ပြားရကား ဉာဏ်ပေါင်း (၁၂)ပါး ပြားသည်။

ဤသို့ သစ္စာလေးပါးတို့၌ ဉာဏ် (၁၂)ပါး မဖြစ်မီက “သမ္မာ သမ္ဗုဒ္ဓ=ဘုရား” ဖြစ်ပြီဟု ဝန်မခံသေးဘဲ ဉာဏ် (၁၂)ပါးဖြင့် သစ္စာ လေးပါးကို သိတော်မူမှ ဝန်ခံတော်မူသည်။

ဤစကားလုံးကား ဓမ္မစကြာ၌ ဟောတော်မူလိုရင်း အချုပ်တရားတည်း၊ ထိုတွင် ဉာဏ် (၁၂)ပါးမှာ အများနှင့် အရေးတကြီး မဆိုင်လှသဖြင့် ဖော်ပြတော့မည် မဟုတ်၊ ထို့ပြင် ပါဠိတော်ရင်းကို လည်း ပါဠိကို နားမလည်သူတို့အား ထူးခြားခြင်း မရှိသဖြင့် မဖော်ပြ တော့ဘဲ အကျဉ်းချုပ် ဘာသာပြန်ကိုသာ ပြထားပါသည်၊ အောက်ပါ စကားတို့ကား ထိုပါဠိတော်ကို မြန်မာလို ပြန်ဆိုထားချက်တည်း။

အကျင့်သုံးပါးတရားတော်

ဘိက္ခုတို့…ရသေ့ ရဟန်းဟူသမျှသည် ကာမစည်းစိမ်ကို ခံစားသော အကျင့်နှင့် ခန္ဓာကိုယ် ပင်ပန်းသော အကျင့် နှစ်မျိုးကို မကြိုးစားထိုက်၊ ကာမစည်းစိမ်ကို ခံစားသော အကျင့်သည် ယုတ်မာ ညစ်ညမ်း အောက်တန်းကျ၏၊ မြို့ရွာနေသူ လူဝတ်ကြောင်များ၏ အကျင့် ဖြစ်၏၊ ကာမစည်းစိမ်ကို ခံစားသော အကျင့်သည် ယုတ်မာ ညစ်ညမ်း (ရသေ့ ရဟန်းများ၏ အကျင့် မဟုတ်) ပုထုဇဉ် လူ့ဗာလ တို့၏ အကျင့်လည်း ဖြစ်၏၊ မြင့်မြတ်ဖြူစင် အရိယာနွယ်ဝင်တို့၏ အကျင့်မဟုတ်၊ ထိုကာမစည်းစိမ်ခံစားသော အကျင့်သည် အကျိုး စီးပွားများအောင် မဆောင်နိုင်သည့်ပြင် အကျိုးမဲ့ကိုသာ ဆောင်နိုင်လေသည်၊ ခန္ဓာကိုယ် အပင်ပန်းခံ၍ ကျင့်သော အကျင့်မျိုးလည်း ဒုက္ခရောက်လှ၏၊ အရိယာသူတော်စင်တို့၏ အကျင့်မဟုတ်၊ အကျိုး မဲ့ကိုသာ ဆောင်နိုင်သည်။

မဇ္ဈိမပဋိပဒါ

ဤနှစ်မျိုးသော ကျင့်စဉ်လမ်းမှားကို မလိုက်ဘဲ ကာမချမ်းသာကို ခံစားသောလမ်း, ဒုက္ခခံသော လမ်းနှစ်သွယ်၏ အလယ်ဖြစ်သော ကျင့်စဉ်လမ်းတစ်မျိုးကို ငါဘုရား ထိုးထိုးထွင်းထွင်း ရှင်းလင်းစွာ သိထားပြီ၊ “မဇ္ဈိမပဋိပဒါ”ဟုခေါ် သော ထိုအလယ်လမ်းကား ဉာဏ်စက္ခုအလင်းရအောင် ပြုနိုင်၏၊ အသိဉာဏ် တိုးပွားအောင် ပြုနိုင်၏၊ ကာမဂုဏ် ခံစားလိုသော ကိလေသာမှ စ၍ ဒေါသ မောဟ မာန်မာန စသော ကိလေသာ အပူတွေကို အေးငြိမ်းစေနိုင်၏၊ သစ္စာလေးပါးကို (မျက်မှောက်ပြု သောအားဖြင့်) ဖိဖိစီးစီး သိအောင် ပြုနိုင်၏၊ ထို သစ္စာလေးပါးကို (ပိုင်းခြားဆုံးဖြတ်သောအားဖြင့်လည်း) သိအောင် ပြုနိုင်၏၊ နိဗ္ဗာန်ဟု ခေါ်ရသော အအေးဓာတ် အငြိမ်းဓာတ်ကိုလည်း ရအောင် ပြုနိုင် ပေသည်။

မဂ္ဂင်ရှစ်ပါး

ထို မဇ္ဈိမပဋိပဒါခေါ် အလယ်လမ်းကျင့်စဉ် ဟူသည်မှာ… အယူအမြင် မှန်ခြင်း, အပြစ်မရှိသော အကြံကို ကြံခြင်း, မမှန်သော စကားကို ရှောင်၍ မှန်သော စကားကိုသာ ပြောခြင်း, မမှန်သော အလုပ်ကို ရှောင်၍ မှန်သောအလုပ် ကို ပြုလုပ်ခြင်း, တရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာဖြင့်သာ ကောင်းမွန်စွာ အသက်မွေးခြင်း, လမ်းမှန်ကိုသာ ကြိုးစားခြင်း, မှန်ကန်သော သတိ အမြဲရှိခြင်း, မှန်ကန်သောအရာ၌ သမာဓိရှိခြင်း ဤ ရှစ်ပါးပင် ဖြစ်သည်၊ ဤ ရှစ်ပါးသော ကျင့်စဉ်များကို မိမိစိတ် အစဉ်မှာ အမြဲဖြစ်အောင် ကြိုးစားလျှင် ဉာဏ်စက္ခုအလင်း ရ၍ အသိဉာဏ်လည်း တိုးပွားကာ ကိလေသာ အပူမီးကို ငြိမ်းစေနိုင်၏၊ သစ္စာလေးပါးကို ဖိဖိစီးစီး မှန်မှန်ကန်ကန် သိမြင်နိုင်, နိဗ္ဗာန်ကိုလည်း ကိုယ်တိုင် မြင်နိုင်ပါသည်၊ ဤကား ပါဠိတော်ကို မြန်မာပြန်ချက်တည်း။

အဓိပ္ပာယ်ရှင်းပြချက်

ဤအခန်းကို ကြည့်ရှုသူတို့အား ဓမ္မစကြာတရား စ၍ ဟောတော် မူချိန်ကို ခန့်မှန်းစေလိုပါသည်၊ ရှင်တော်မြတ်သည် ဗုဒ္ဓဖြစ်ပြီးခါစ သက်တော် (၃၅)နှစ် အရွယ်မျှဝယ် ကမ္ဘာလောက၌ ထူးခြားသော တရားတော်ကို ပထမဆုံး ဟောတော်မူရမည့် အခါပေတည်း၊ လူ ပုဂ္ဂိုလ်ထဲက ငါးဦးမျှသောပဉ္စဝဂ္ဂီတို့သည် တရားဦးကို နာယူမည်ဟု မျှော်လင့်တောင့်တ စောင့်ဆိုင်းခဲ့ကြသည်မှာ (၃၅)နှစ်လောက်ပင် ကြာပါပေပြီ၊

ယခုအချိန်မှာ သူတို့ မျှော်လင့်နေသော အလောင်းတော်မင်းသား၏ ဗုဒ္ဓဖြစ်ကြောင်းကို ယုံကြည်လာကြပြီ ဖြစ်၍ တရားတော်ကို နာလိုသောဆန္ဒလည်း အလွန်ထက်သန်လျက် ရှိကြပေလိမ့်မည်၊ နေရာဌာနမှာလည်း လူသံကင်းဝေး အေးဆေးငြိမ်သက် လှစွာ မိဂဒါဝုန် ရဂုံမြိုင်တွင်းဖြစ်၏၊ အချိန်မှာ ဝါဆိုလပြည့်နေ့ဝယ် နေစွယ်ယွန်း၍ လဝန်းပေါ်စအချိန် ဖြစ်ပေသည်၊ ထိုအချိန်ကောင်းဝယ် အရွယ် (၃၅)နှစ်မျှ အားအင်တော်ပြည့်၍ ဝါဝင်းသပ္ပာယ်သော ကိုယ်ခန္ဓာတော်တွင် ကြည်လင်အေးမြသော မျက်နှာတော်ဖြင့် သာယာသော အသံတော်ကို ထုတ်ဖော်ကာ “ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ” အစချီသော တရားရတနာကို မိန့်တော်မူပါသည်။

ကာမသုခလ္လိကအကျင့်

ကာမချမ်းသာကို ခံစားသော လူဝတ်ကြောင်များသည် မိမိတို့ ကာမစိတ်အလိုကျအောင် လှပသောအဆင်း, သာယာသော တီးမှုတ်သံ, မွှေးကြိုင်သောအနံ့ အရက်သေစာမှ စ၍ အစားအသောက်မျိုးစုံဖြင့် တစ်ယောက်နှင့်တစ်ယောက် တွေ့ကာထိကာ မီးခိုးမဆုံး မိုးမဆုံးသော ခံစားဖွယ်တွေကို ရနိုင်သမျှ ခံစားကြ၏၊ ထိုကာမစိတ်ကြိုက် အလိုလိုက်သောအကျင့်သည် ကာမသုခလ္လိကအကျင့်မည်၏၊ ထိုကာမအကျင့်သည်အောက်တန်းကျ၍ယုတ်မာ ညစ်ညမ်းသောကြောင့် လူလယ်ကောင်၌ မပြုရဲကြ၊ အိမ်သူအိမ်သားတွေရဲ့ အကျင့်သာ ဖြစ်၏၊ အထက်တန်းကျသော အနာဂါမ် ရဟန္တာများ မကျင့်ကြချေ။

မှန်၏၊ ဤအကျင့်သည် ကာမရာဂ မကုန်သေးသူတို့အတွက် အကောင်းကြီးဟု ထင်ရသော်လည်း ရာဂကုန်နေသူတို့အတွက်မှာ စိတ်ပျက် ရွံရှာဖွယ်သာ ဖြစ်၏၊ ဥပမာ…ခွေးဘဝ၌ ဖြစ်ခိုက် မစင်ကို အလွန် နှစ်သက်သော်လည်း ခွေးဘဝမှ လွတ်၍ လူဖြစ်လာသော အခါ မစင်သည် စက်ဆုပ်ရွံရှာဖွယ် ဖြစ်သကဲ့သို့တည်း၊ ထို့အတူ ကာမရာဂ မကင်း၍ အကောင်းကြီးထင်ရသော ကာမခံစားမှုသည် ကာမရာဂ ကင်းကွာပြီးသော အနာဂါမ်ဖြစ်လျှင် ရွံဖွယ်ဟုသာ ထင်မြင်လေတော့သည်၊ ထိုအကျင့်ကို လိုက်စား၍ လောကအကျိုး သံသရာအကျိုး ပွားတိုးသည်ဟု မရှိ၊ စင်စစ်သော် ထိုအကျင့်ယုတ်ကို အားထုတ်လိုက်စားသူတို့မှာ ဉာဏ်ပညာ မတိုးပွားသည့်ပြင် နဂိုရှိသမျှ ပညာဉာဏ်သည်ပင် ထိုင်းမှိုင်းတတ်သေး၏၊ ထို့ကြောင့် ထို ကာမသုခလ္လိကာအကျင့်ကို ရသေ့ ရဟန်း သူတော်စင် ဟူသမျှတို့ ဝေးနိုင်သမျှ ဝေးအောင် ရှောင်ကြဉ်ကြရပေသည်။

မေထုန်ငယ်ခုနစ်မျိုး

[ ဤနေရာဝယ် “အင်္ဂုတ္တိုရ် သတ္တကနိပါတ်” လာ မေထုန်ငယ် ခုနစ်ပါးကို သတိထားသင့်သည်၊] အိုပုဏ္ဏား…သမီး ခင်ပွန်းချင်း ကာမစည်းစိမ် ခံစားနေခြင်းကိုသာ “မေထုန်”ကိစ္စဟု မမှတ်လင့်၊

၁။ ရေချိုးရာ၌ မာတုဂါမ၏ ပွတ်တိုက်ပေးခြင်း, အခြားနေရာ၌ ခြေဆုပ်လက်နယ် ပြုပေးခြင်းကို သာယာနေခြင်းလည်း မေထုန်ကိစ္စ တစ်မျိုးပင်တည်း၊

၂။ ထိုသို့ ပြုစုခံခြင်းမှ ရှောင်ကြဉ်နိုင်သော်လည်း မာတုဂါမနှင့်အတူ ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ သာယာနေခြင်းလည်း မေထုန် ကိစ္စ တစ်မျိုးပင်တည်း၊

၃။ ထိုသို့ ပြုံးရယ် တို့ဆိတ်ခြင်း စသည်ကို ရှောင်ကြဉ်နိုင်သော်လည်း မျက်နှာချင်းဆိုင်၍ အားရပါးရ ကြည့်ရှု နေခြင်းလည်း မေထုန်ကိစ္စ တစ်မျိုးပင်တည်း၊

၄။ ထိုသို့ ကြည့်ရှု ခြင်းမျိုးမှ ရှောင်နိုင်သော်လည်း မိမိ၏ မမြင်ကွယ်ရာ အနီးအပါးမှ ရယ်သံ စကားပြောသံကို ကြား၍ သာယာသောအားဖြင့် နားစိုက် နေခြင်းလည်း မေထုန်ကိစ္စ တစ်မျိုးပင်တည်း၊

၅။ ထိုသို့ နား မထောင်ဘဲ ရှောင်လွှဲနိုင်စေကာမူ သီလမဆောက်တည်ခင် ရှေးက မာတုဂါမနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာ နေခဲ့ရဖူးသည်ကို တွေး၍ မျက်စိထဲ၌ တရေးရေး မြင်နေရခြင်းလည်း မေထုန်တစ်မျိုးပင်တည်း၊

၆။ ထိုသို့မတွေးဘဲ နေနိုင်စေကာမူ လူဝတ်ကြောင် များ၏ ခံစားမှုကို မြင်ရ၍ အားကျနေခြင်းလည်း မေထုန်တစ်မျိုးပင်တည်း၊

၇။ ထိုအားလုံးကို ရှောင်ကြဉ်၍ သူတော်စင်ပီပီ တည်ကြည်ပါသည်ဟု ချီးမွမ်းရမည် ဖြစ်သော်လည်း ယခုဘဝ၌ စောင့်စည်းရသော အကျင့်သီလဖြင့် နောက်ဘဝ နတ်ဖြစ်ရတော့ မည်ဟု မျှော်လင့်လျက် နှစ်သက်သာယာနေခြင်းလည်း မေထုန် တစ်မျိုးပင် ဖြစ်၏။

ထိုစိတ်မျိုး ဖြစ်နေသမျှ အဗြဟ္မစရိယ (မေထုန်)မှ ရှောင်ကြဉ်မှု သီလသည် ညှိုးနွမ်း ပေါက်ကျားနေသေး၏ဟု ဟောတော်မူသည်၊ ထို့ကြောင့် ကာမသုခလ္လိကနုယောဂအကျင့်ကို ရှောင်ကြဉ်၍ သူတော်စင်ပီပီ တည်ကြည်သော ရသေ့ ရဟန်း သီလရှင် ဖြစ်လိုသူ များကား ထိုအားလုံးမှ ရှောင်ရှားနိုင်အောင် ကိုယ်ရော စိတ်ပါ သတိထားကြရပေလိမ့်မည်။

အတ္တကိလမထအကျင့်

[အတ္တ = အတ္တဘော = ခန္ဓာကိုယ် + ကိလမထ=ပင်ပန်းကြောင်းအကျင့်]

ဗုဒ္ဓ ထွန်းပေါ်တော်မမူမီက ရသေ့တို့သည် ခန္ဓာကိုယ်တွင်း၌ ကိလေသာ ကာမစိတ်တွေ သောင်းကျန်းနေခြင်း၏ အပြစ်ကို မြင်ကြ၍ ထိုကာမစိတ်ဓာတ် နည်းပါးစေနိုင်သော အကျင့်ကို ရှာကြလေရာ “ခန္ဓာကိုယ် ဝဝဖြိုးဖြိုးနှင့် တိုးတက်စည်ပင်နေလေသမျှ ကာမတဏှာ ကိလေသာ အစိုအစေးဓာတ်လည်း မပြတ်စိုနေစရာ ရှိ၏၊ ဤခန္ဓာကိုယ် မစိုမလန်း ခြောက်ခန်းနေလျှင် ထန်းနို့ခြောက်မှ ထန်းရည် မထွက်နိုင်သကဲ့သို့ ကိလေသာ အစိုဓာတ်လည်း ခြောက်ကပ် ပျောက်ကွယ်ဖွယ် ရှိ၏”ဟု ကြံဆပြီး မိမိ ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်အောင် နှယ်ကြလေတော့၏၊ အစာကို ခြိုးခြံကာ ပဲပြုတ်ရည်ကလေးမျှလောက်ကိုသာ စားသောက်၍ ကျင့်ကြ၏၊ (အလောင်းတော်သည်ပင် ထိုအကျင့်ကို ကျင့်ခဲ့သေး၏၊)

အချို့ကား နွေခေါင်ခေါင် နေပူ၌ လေးမျက်နှာက မီးဖိုကြီး လေးဖို ဖိုပြီးလျှင် ထိုအလယ် ဝင်နေ၍ နေပူနှင့်တကွ အပူငါးမျိုးကို ခံကာ “ပဉ္စာတပ= ပဉ္စ + အာတပ”ခေါ် အကျင့်ဖြင့် ကိလေသာအစို ပျောက်အောင် ခန္ဓာကိုယ်ကို အပူတိုက်ကြလေ၏၊ အချို့ကမူ ခုတင် စသည်၌ ဆူးတွေ စိုက်ပြီးမှ အနာခံ၍ အိပ်ကြလေ၏၊ ထိုသို့ နာကျင်နေလျှင် ကိလေသာစိတ်တွေ မဖြစ်နိုင်တော့ဟု ယူဆကြလေသည်၊ တချို့ ကား “ချမ်းပါပေ့”ဟု ဆိုရသော ဆောင်းကာလဝယ် ရေချိုးကာ ကိလေသာကို ရေ၌ မျှောကြ၏၊ ထိုအကျင့်မျိုးတွေကို “အတ္တ ကိလမထအကျင့်”ဟု ခေါ်၏။

ထိုအကျင့်မျိုးလည်း ခန္ဓာကိုယ် ဒုက္ခရောက်ရုံမျှသာ ဖြစ်၏၊ အပင်ပန်းခံနေခိုက်မှာ ကာမကိလေသာ မဖြစ်ဘဲရှိရာသော်လည်း တစ်ခါတည်း အမြစ်ပြတ်အောင် ခြောက်ကပ်၍ သွားလိမ့်မည် မဟုတ်၊ ထိုအကျင့်ဖြင့် သေသွားစေကာမူ နောက်ဘဝ၌ ကိလေသာ အစိုဓာတ်သည် အမြဲ ပါနေဦးမည်သာ၊ ထို့ကြောင့် ထိုအကျင့်သည် ဒုက္ခရောက်သလောက် အကျိုးမရသဖြင့် အရိယာသူတော်စင်တို့၏ ကျင့်နည်း မဟုတ်သေးချေ၊ သို့ဖြစ်၍ ထိုအကျင့်မျိုးကိုလည်း ရသေ့ ရဟန်း သူတော်စင်တို့ မကျင့်ထိုက်ဟု တားမြစ်တော်မူသည်။

မှတ်ချက်။ ။ ယခုကာလ “ကျင့်နေပါသည်” ဟု ဝန်ခံကြသော ပုဂ္ဂိုလ်များသည် မိမိခန္ဓာကိုယ် အင်အားလိုက်၍ အပင်ပန်းခံသင့်မှ ခံရပေမည်၊ ခန္ဓာကိုယ် အားမရှိဘဲ ဓုတင်ကို အတင်းဆောင်ထားရမည် မဟုတ်၊ ကိလေသာကာမစိတ် မတိုးပွား စေနိုင်သော ပစ္စည်းများကိုလည်း တရားအားထုတ်နိုင်ဖို့ရာ သုံးစွဲကောင်းပါသည်၊ သို့ရာဝယ် စည်းစိမ်ခံစားသောသဘော သက်ရောက်ဖွယ်ရာ အရောင်အဝါ ဝင်းဝင်းစက်စက် အသုံး အဆောင်များကိုကား ရှောင်ရှားသင့်ကြသည်၊ ထို့ပြင် “ကိလေသာ” ဟု ဆိုလျှင် ကာမစိတ်တစ်မျိုးဟုသာ နားလည်နေကြသော်လည်း အမှန်အားဖြင့် စိတ်ဓာတ်ကို ညစ်နွမ်းစေသော ဒေါသ မောဟ မာန စသည်တို့လည်း ကိလေသာပင် ဖြစ်၏၊ ထိုကိလေသာတို့ကိုကား ရှေ့၌ ပြခဲ့သော အတ္တကိလမထအကျင့်က (ခေတ္တခဏမျှ) တားဆီး နိုင်မည် မဟုတ်ပါ။

မဇ္ဈိမပဋိပဒါ၏အကျိုး

[မဇ္ဈိမ = အလယ်အလတ် + ပဋိပဒါ=အကျင့်၊ (နိဗ္ဗာန်သွားကြောင်းလမ်းစဉ်)] ကာမဂုဏ်လိုက်စားသော ကာမသုခလ္လိကအကျင့်သည် လက်ယာ လမ်းဖြစ်၍ အောက်တန်းကျ၏၊ ပျော့ညံ့လှ၏၊ လျော့သောစောင်း ကြိုးသည် အသံကောင်း မမြည်စေသကဲ့သို့ ထိုအကျင့်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ကို မရနိုင်၊ ခန္ဓာကိုယ် ဒုက္ခပေးသော အတ္တကိလမထအကျင့်ကား လက်ဝဲလမ်းဖြစ်၍ တင်းလွန်း၏၊ အောက်တန်းကျသည်, ယုတ် ညံ့သည်ဟု မဆိုရသော်လည်း ထို အလွန်တင်း၍ အပြင်းအထန် ကျင့်မှုလည်း (တင်းလွန်းသောစောင်းကြိုးသည် အသံကောင်း မမြည် စေသကဲ့သို့) မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ရန် မှန်သောလမ်း မဟုတ်သေးချေ။

မလျော့မတင်း စောင်းကြိုးညင်းကဲ့သို့ လျော့လည်း မလျော့, တင်းလည်း မတင်းဘဲ ဉာဏ်စက္ခုအလင်းရအောင် ပြုနိုင်, ထိုးထွင်း ၍လည်း သိအောင်ပြုနိုင်, နိဗ္ဗာန်ကိုလည်း သိမြင်စေနိုင်သော အကျင့်သည်သာ အလယ်အလတ်အကျင့် ဖြစ်၍ လမ်းမှန်သော အကျင့် ဖြစ်နိုင်သည်၊ ဗုဒ္ဓအလောင်းတော်ကား ထိုကျင့်စဉ်အမှန်ကို တွေ့မှ ဗုဒ္ဓအဖြစ်သို့ ရောက်ရပေသည်၊ ထိုအကျင့်ကား တခြားမဟုတ်, သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးပင်တည်း။

သမ္မာဒိဋ္ဌိ

[သမ္မာ = မှန်သော + ဒိဋ္ဌိ = အမြင် (အသိဉာဏ်)]

မှန်သော ဉာဏ်အမြင်ကို “သမ္မာဒိဋ္ဌိ”ဟု ခေါ်၏၊ ထို သမ္မာဒိဋ္ဌိသည် ကမ္မဿကတာဉာဏ်, ဝိပဿနာဉာဏ်ဟု နှစ်မျိုးရှိ၏၊ ကောင်းသောအရာဖြစ်စေ, မကောင်းသောအရာဖြစ်စေ သိသိ သာသာ စိတ်ပါလက်ပါ ပြုအပ်သော ကိုယ်မှု နှုတ်မှု စိတ်မှုတို့သည် အမှတ်တမဲ့စိတ်များနှင့် မတူဘဲ ဆိုင်ရာကိစ္စ၌ ဗျာပါရ ရှိနေကြသည်၊ ထိုစိတ်၏ ဗျာပါရ (စိတ်၏လှုံ့ဆော်မှု)ကိုပင် အဘိဓမ္မာသဘော အားဖြင့် “စေတနာစေတသိက်”ဟု ခေါ်၍ ထိုလှုံ့ဆော်မှု စေတနာ ဗျာပါရကိုပင် “ကံ=အမှုသည်=လက်သည်”ဟု ဆိုရပါသည်၊ ပြုလုပ် ပြောဆို ကြံစည်စိတ်ကူးပြီးသောအခါ ထို(စေတနာ)ကံသည် ချုပ်ကွယ်သွားသော်လည်း သူ၏သတ္တိကား မပျောက်ကွယ်ဘဲ ခန္ဓာ အစဉ်မှာ တည်ရှိရစ်ပါသည်။

ဥပမာ…ပညာသင်ကြား၍ တတ်မြောက်သူတို့သန္တာန်၌ ထိုသင်ထားသော ကျက်စာတွေ မေ့ပျောက်သွားသော်လည်း ထိုစာနှင့် ဆိုင်သော အသိဉာဏ်ဓာတ်ခံမှာမူ အဖတ်တင်ရစ်သကဲ့သို့တည်း၊ ထိုသို့ အဖတ်တင်ရစ်သော ကံ၏သတ္တိသည် ယခုဘဝမှာဖြစ်စေ, နောက်နောက် ဘဝမှာဖြစ်စေ အကျိုးပေးခွင့် ကြုံလာလျှင် အကျိုးပေးနိုင်၏၊ အလွန်ထက်သန်သော ကံတချို့သည် ယခုဘဝမှာပင် အကျိုးပေး၏၊ အချို့ကံကား နောက်ဘဝ၌ သူနှင့် ထိုက်တန်သော ဘုံဘဝကို ရခြင်း, သူ့ကို အကူအညီပေးမည့် ဉာဏ် ဝီရိယ စိုက်ထုတ်၍ အလုပ်လုပ်ခြင်းများနှင့် တွေ့ကြုံရသောအခါ အကျိုး ပေး၏၊

ဤသို့ တစ်စုံတစ်ယောက်၏ အလိုကြောင့် ကောင်းကျိုး မကောင်းကျိုး ခံစားရသည်ဟု မယူဆဘဲ မိမိပြုအပ်သော ကံနှင့် ဉာဏ် ဝီရိယတို့၏ ကောင်းမှု မကောင်းမှုကြောင့်သာ ကောင်းကျိုး မကောင်းကျိုး ခံစားရသည်ဟု သိမြင် နားလည်ခြင်းသည်… “ကမ္မဿကတာသမ္မာဒိဋ္ဌိ” မည်၏၊ [ကမ္မဿကတာ=ကံသာလျှင် ရောက်ရာ ဘဝ၌ လိုက်ပါ၍ ကိုယ်ပိုင်ဥစ္စာရှိကြောင်း (ပစ္စည်းဥစ္စာ ရတနာတို့ကား နောက်နောက်ဘဝသို့ မပါသဖြင့် ကိုယ်ပိုင်ဟု မဆို နိုင်ကြောင်း)ကို+သမ္မာဒိဋ္ဌိ=အမှန်အတိုင်း သိမြင်သောဉာဏ်။]

ဝိပဿနာဉာဏ်ဟု ခေါ်ရသော သမ္မာဒိဋ္ဌိကား ကမ္မဿကတာ သမ္မာဒိဋ္ဌိထက် အဆင့်အတန်း ရင့်သန်လာ၏၊ ကံနှင့် ကံ၏အကျိုးကို ယုံကြည် သိမြင်ရုံသာမကဘဲ ခန္ဓာကိုယ်ကြီး၏ အနိစ္စ=မမြဲပုံ, ဒုက္ခ=ဒုက္ခဖြစ်ပုံ, အနတ္တ=အတ္တ မဟုတ်, အတ္တမရှိပုံတို့ကို အမျိုးမျိုး အဖုံဖုံ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်နိုင်သည်။

ခန္ဓာကိုယ် အနိစ္စဖြစ်ပုံ မိမိကို်ယ်ကို လူသူ တိတ်ဆိတ်၍ ဆိတ်ငြိမ်သော အရပ်သို့ ရောက်နေပါစေ၊ တတ်နိုင်လျှင် တောရိပ် တောင်ရိပ်ဝယ် စီးသော ရေအလျင် တို့၏ ကမ်းပါး၌ ကမ္မဋ္ဌာန်းတရား အားထုတ်ဖွယ်ကောင်းသော ကျောင်းသင်္ခမ်းကလေးမှာ ရောက်နေပါစေ၊ ထိုနေရာကလေးကို ကြည့်၍ နှစ်သက်မှု ပီတိဖြစ်ကာ…

“ယခု အားထုတ်တော့မည့် ကမ္မဋ္ဌာန်းအလုပ်ဖြင့် အပါယ်လေးပါးဒုက္ခများနှင့် အိုနာသေရေးတို့မှ ကင်းဝေးရပေတော့မည်”ဟု ရွှင်ကြည် အားတက်သောစိတ်ကို အခြေတည်၍ ယောဂီသူတော်စင်တို့ ထိုင်နည်းကျကျ (တရားရပြီး သူတို့ သမာပတ်ဝင်စားနေကြသောပုံ) တခြားအာရုံသို့ စိတ်မရောက် စေဘဲ မိမိ၏ ခန္ဓာကိုယ်၌ပင် စိတ်စွဲ၍ “မြဲသလား, မမြဲဘူးလား”ဟု စဉ်းစားချက် ထုတ်ကြည့်ပါ၊ (အသက် ၄၀ ရှိသူအတွက်) မိမိခန္ဓာ ကိုယ်သည် အမိဝမ်းမှ ဖွားမြင်ခဲ့ပြီးနောက် အနှစ် (၄၀) ကြာပြီဟု ဆိုကြပါစို့၊ ပထမနှစ် ဖွားခါစရုပ်သည် ဒုတိယနှစ်ရုပ်နှင့် မတူသကဲ့သို့ (၃၀)အရွယ်တုန်းကရုပ်လည်း ယခု(၄၀)အရွယ်ရုပ်နှင့် မတူကြောင်း ထင်ရှားနေပြီမဟုတ်ပါလော။

ဆက်ဦးအံ့… ခန္ဓာကိုယ်သည် တစ်နှစ်နှင့်တစ်နှစ် မတူအောင် ပြောင်းလွဲလာရာ၌ တစ်နှစ်ပြည့်မှ ဗြုန်းခနဲ ပြောင်းလဲလာသည် မဟုတ်၊ တစ်နှစ်အတွင်း (၁၂)လရှိရာဝယ် လတိုင်း လတိုင်း ပြောင်း လဲလျက်ပင်၊ တစ်လအပြည့် အပြည့်ကျမှလည်း ဗြုန်းခနဲ ပြောင်းလဲ သွားသည် မဟုတ်၊ တစ်လအတွင်း ရက်ပေါင်း (၃၀)ရှိရာဝယ် ရက်တိုင်းရက်တိုင်း ပြောင်းလဲနေသည်သာ တည်း၊ တစ်ရက်တစ်ရက် ပြည့်မှလည်း ဗြုန်းခနဲ ပြောင်းလဲသည်မဟုတ်၊ တစ်ရက်အတွင်း၌ (၂၄)နာရီရှိရာဝယ် နာရီတိုင်း နာရီတိုင်း ပြောင်းလဲလျက်သာတည်း၊ တစ်နာရီ တစ်နာရီ ပြည့်မှလည်း ဗြုန်းခနဲ ပြောင်းလဲသည်မဟုတ်၊ တစ်နာရီအတွင်း မိနစ် (၆၀)ရှိရာဝယ် မိနစ်တိုင်း မိနစ်တိုင်း ပြောင်း လဲလျက်သာတည်း၊ တစ်မိနစ်၌ စက္ကန့် (၆၀)ရှိရာဝယ် တစ်စက္ကန့်၏ အစိတ်အပိုင်း အချိန်ကလေးမှာပင် ရုပ်တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ လျက်သာတည်း၊ ကျမ်းဂန်တို့၌ကား လက်ဖျောက်တစ်ချက်တီးအချိန် အတွင်းမှာ ကုဋေပေါင်းများစွာ ဖြစ်၍ ပျက်နိုင်ကြ၏ဟု ဆို၏။

ထိုသို့ အလွန် လျင်မြန်စွာ ဖြစ်ပျက်နေသော်လည်း ရှေ့ရုပ်နှင့် နောက်ရုပ်များ တစ်ထပ်တည်းပင် တူနေသောကြောင့် အဟောင်း အဟောင်း ရုပ်တွေ ပျက်၍ အသစ် အသစ်ရုပ်တွေ ဖြစ်လျက် ဖြစ်လျက်နေသည်ကို မသိနိုင်ကြဘဲ တစ်နှစ်လောက် နှစ်နှစ်လောက် ငါးနှစ်လောက် ဆယ်နှစ်လောက်ကျော်မှ အလျင် ရုပ်များနှင့် မတူကြောင်းကို သိကြရလေသည်။

ပုလဲကုံးဥပမာ တစ်နှစ်လျှင် ရက်ပေါင်း(၃၆၅)ရက်ရှိရာ အသက်(၄၀) ရှိသူအတွက် ရက်ပေါင်း (၁၄၆၀၀ တစ်သောင်းလေးထောင်ချောက်ရာ) ရှိသောကြောင့် တရက်လျှင် ပုလဲ တစ်လုံးကျဖြင့် တစ်လုံးနှင့်တစ်လုံးလည်း မသိမသာ အရွယ်ချင်း ခြားနားစေ၍ ကြီးရာမှ တဖြည်းဖြည်း သေးငယ်လာစေပြီးလျှင် ပုလဲ အလုံးပေါင်း တစ်သောင်းလေးထောင်ချောက်ရာ စီကုံးထားရာဝယ် ရှေ့အလုံးနှင့် နောက်အလုံးကို ယှဉ်ကြည့်လျှင် ထူးခြားသည်ဟု မထင်ရသော်လည်း အလုံး လေး ငါး ခြောက်ဆယ်ခြားလောက် ယှဉ်ကြည့်လျှင် အတော်ထူးခြားသည်ကို တွေ့ရ၏၊

ရှေ့ဆုံးပုလဲလုံး နှင့် နောက်ဆုံးပုလဲလုံးကား အကြီးအငယ် အလွန်ကွဲပြားခြားနားနေ တော့၏၊ ထို့အတူ နေ့ရှိသမျှ ရုပ်တွေ ပြောင်းလဲ၍ ဖြစ်နေကြရာ၌ ရှေ့ရုပ်နှင့် နောက်ရုပ် ထူးခြားပုံကို မသိနိုင်သော်လည်း တစ်နှစ်နှင့် တစ်နှစ် ပြောင်းလဲပုံစသည်တို့မှာ အတော်သိသာပါသည်၊ ပထမနှစ် ရုပ်နှင့် (၄၀)ပြည့်နှစ်ရုပ်တို့ ကွဲပြားကြောင်းမှာ ပြောစရာမလိုတော့၊ ဤသို့ ရှုဖန်များလျှင် ခန္ဓာကိုယ်သည် ဖြစ်သည့်အတိုင်း မတည်ဘဲ ပျက်၍ ပျက်၍ နေသောကြောင့် “မမြဲသော အနိစ္စပါတကား”ဟု ဉာဏ်၌ ထင်ရှားလာပါလိမ့်မည်။

အနိစ္စမှန်လျှင် ဒုက္ခချည်း

မမြဲသောအရာ ဟူသမျှသည် ဒုက္ခချည်းဖြစ်၏၊ အလွန် ကြီးကျယ်သော စည်းစိမ်ရှင်တွေကို အများတို့က သုခတုံးကြီးဟု ထင်မြင်နေကြ၏၊ ထိုစည်းစိမ်ရှင်ကြီးတွေ၏ (အများမသိနိုင်သော) အတွင်းရေး ဒုက္ခ တွေကို ဖယ်ထားပါဦးတော့၊ စည်းစိမ်ရှင်ကြီးတွေ မသေသေးခင် မင်းစိုး စသောဘေး, စစ်ဘေး စစ်ဒဏ်ကြောင့် စည်းစိမ်ပျက်၍ ဒုက္ခ ဖြစ်ပုံကိုလည်း ဖယ်ထားလိုက်ပါဦး၊ စည်းစိမ်မပျက်ဘဲနှင့် တစ်နေ့ ကျတော့ ထိုစည်းစိမ်ရှင်တွေ သေကြရပါလိမ့်မည်၊ နတ်စည်းစိမ်ရှင် ဗြဟ္မာ့စည်းစိမ်ရှင်တွေလည်း မရဏမှ မလွတ်နိုင်ကြပါ၊ ဤ ဒုက္ခ သည် ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် မရှိသေးသော လူအားလုံးတို့ သိနိုင် နားလည်နိုင်သော ဒုက္ခပေတည်း။

ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန် စဉ်းစားကြည့်ရှုနေသော ယောဂီ သူတော်စင်တို့ အလိုအားဖြင့်ကား ထိုကဲ့သို့ သေဆုံးပျက်စီးကြရသော ဒုက္ခသည် အထူးအဆန်း မဟုတ်တော့ချေ၊ နေ့ရှိသရွေ့ နာရီမိနစ် မလပ် ပျက်နေသော ရုပ်နာမ်ခန္ဓာကြီးကို မြင်နေကြရသဖြင့် ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ဒုက္ခတုံးကြီး (အမြဲ ပျက်၍နေသော အပျက်တုံးကြီး)ဟု နားလည်နေကြပါ တော့သည်၊ ဤသို့ နားလည် သိရှိနေသူတို့၏ဉာဏ်သည် ဝိပဿနာသမ္မဒိဋ္ဌိ မည်၏၊ ဤသို့လျှင် မဇ္ဈိမပဋိပဒါခေါ် မဂ္ဂင်ရှစ်ပါးတွင် ပါဝင်သော သမ္မာဒိဋ္ဌိဟူသည် ပြအပ်ခဲ့သော ကမ္မဿက-တာဉာဏ်, ဝိပဿနာဉာဏ်နှင့် ပြအပ်လတ္တံ့သော မဂ်ဉာဏ်ပင်တည်း။ [ဇာတိဒုက္ခစသည်ကို ဒုက္ခသစ္စာခန်း ကျမှ, အနတ္တလက္ခဏာကို အနတ္တလက္ခဏာသုတ်ကျမှ, မဂ္ဂသမ္မာဒိဋ္ဌိ ကို မဂ္ဂသစ္စာခန်းကျမှ ပြမည်။]

သမ္မာသင်္ကပ္ပ

[သမ္မာ = ကောင်းသော, အပြစ်ကင်းသော+သင်္ကပ္ပ = ကြံစည်မှု, စိတ်ကူးမှု, စဉ်းစားမှု၊] လောက၌ “မိစ္ဆာသင်္ကပ္ပ”ဟု ခေါ်ရသော မကောင်းသော အကြံ အစည် စိတ်ကူးစဉ်းစားမှု များသည် “ကာမသင်္ကပ္ပ, ဗျာပါဒသင်္ကပ္ပ, ဝိဟိံသာသင်္ကပ္ပ”ဟု သုံးမျိုးရှိ၏၊

ချဲ့ဦးအံ့… လှပသောအဆင်း, သာယာဖွယ်အသံ, မွှေးကြိုင်သောအနံ့, ကောင်းသောအရသာ, ကောင်းသောအတွေ့အားဖြင့် ငါးပါးသော ကာမဆိုင်ရာအာရုံများကို ခံစားချင်သော ဇောစိတ်ဖြင့် တွေးတောကြံစည် စိတ်ကူးနေခြင်း, ခံစားပြီးသည်ကို မှန်းဆ၍ တမ်းတအောက်မေ့နေခြင်း ထိုအာရုံ များကို ခံစားဖို့ရန် ပစ္စည်းဥစ္စာ, နေရာထိုင်ခင်း, အိမ်ဝင်း ဥယျာဉ် စသည်တို့ကို ရအောင် ရှာဖွေကြံစည်နေခြင်းသည် ကာမဆိုင်ရာကို ကြံစည်နေသော ကာမသင်္ကပ္ပ မည်၏။

ဗျာပါဒသင်္ကပ္ပ

ပင်ကိုအတိုင်း စိတ်ကောင်း မဟုတ်တော့ဘဲ စိတ်ဖောက်ပြန် ပျက်စီးနေသော ဒေါသကို “ဗျာပါဒ” ဟု ခေါ်၏၊ ဒေါသဖြစ်လွန်းမက ဖြစ်လှ၍ မိမိနှင့် မတည့်သူကို တွေးကာ “ဒီအကောင် ဘယ်တော့များ သေပါ့မလဲ, ငါကိုယ်တိုင် သတ်ရကောင်းမလား, ဘယ်သူလာပြီး သတ်ပါ့မလဲ” စသည်ဖြင့် ကြံစည်စိတ်ကူးမှုသည် “ဗျာပါဒသင်္ကပ္ပ” မည်၏။

ဝိဟိံသာသင်္ကပ္ပ

သူတစ်ပါးကို သေအောင် မဟုတ်ဘဲ စိတ်ဆင်းရဲရုံ ကိုယ်ဆင်းရဲရုံ, ကိုယ်တိုင်ညှဉ်းဆဲ လိုသော, သူတစ်ပါး လာ၍ ညှဉ်းဆဲစေလိုသော, ရုံးကနားရောက်၍ ငွေကုန်ကြေးကျ ဖြစ်စေလိုသော အကြံအစည်သည် “ဝိဟိံသာ သင်္ကပ္ပ” မည်၏။

နေက္ခမ္မသင်္ကပ္ပ

မိမိစိတ်၌ ထိုသုံးမျိုးလုံး မဖြစ်အောင် စောင့်စည်း၍ နေက္ခမ္မသင်္ကပ္ပ, အဗျာပါဒ သင်္ကပ္ပ, အဝိဟိံသာသင်္ကပ္ပ” ဖြစ်နေစေခြင်းသည် “သမ္မာသင်္ကပ္ပ” မည်၏၊

ချဲ့ဦးအံ့-[နေက္ခမ္မ=ကာမမှ ထွက်မြောက်သော+သင်္ကပ္ပ= ကြံစည်, စိတ်ကူးမှု၊] ကာမအာရုံကို စွန့်ပယ်၍ ရဟန်းကောင်း ရဟန်းမြတ် ပြုလုပ်မည်ဟု ကြံစည်စိတ်ကူးခြင်း၊ တောထွက်၍ ကျင့်မည်ဟု ကြံစည်စိတ်ကူးခြင်း၊ စျာန်ရအောင် အားထုတ်မည်, ကမ္မဋ္ဌာန်းအားထုတ်မည်ဟု ကြံစည်စိတ်ကူးခြင်း၊ ကုသိုလ်တရားတွေ မိမိမှာ များများဖြစ်စေဖို့ရန် ဒါနပြုမည်, ဥပုသ်စောင့်မည်ဟု ကြံစည်ခြင်း ဤသို့ စသည်ဖြင့် ကာမလိုက်စားမှု၏ တစ်ဖက် တစ်လမ်း ကြံစည်စိတ်ကူးခြင်းဟူသမျှသည် နေက္ခမ္မသင်္ကပ္ပတည်း။

အဗျာပါဒသင်္ကပ္ပ

ဒေါသ၏ တစ်ဖက်တစ်လမ်း ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာကို “အဗျာပါဒ” ခေါ်၏၊ တစ်ယောက်အပေါ်၌ ဖြစ်စေ, အများအပေါ်၌ ဖြစ်စေ တရားသော နည်းလမ်းဖြင့် အကျိုးကို လိုလားကာ ချမ်းသာ ကျန်းမစေလို, အန္တရာယ်ကင်း ရန်ဘေး ရှင်းစေလိုသော မေတ္တာစိတ်ဖြင့် ကြံစည် စိတ်ကူးခြင်း၊ ဆရာသမားဖြစ်၍ တပည့်များ၏ အကျိုးစီးပွားဖြစ်မည့် အလုပ်တွေကို ကြံစည်စိတ်ကူးညွှန်ပြနေခြင်း၊ မိဘ ရပ်ရွာလူကြီး တိုင်းပြည်ခေါင်းဆောင်ဖြစ်၍ အိမ်သူအိမ်သား ရပ်သူရွာသား တိုင်းသူပြည်သားတို့၏ အကျိုးစီးပွားကို ကြံစည်စိတ်ကူးနေခြင်းသည် အဗျာပါဒသင်္ကပ္ပမည်၏။ [ထိုသို့ ကြံစည်ရာ၌ သူတစ်ပါး၏ စီးပွား ရေးကို ထိခိုက်နေလျှင် ဝိဟိံသာသင်္ကပ္ပ ဖြစ်သောကြောင့် ထိုသို့ မထိခိုက်စေအောင် သတိထားရပေမည်။]

အဝိဟိံသာသင်္ကပ္ပ

ညှဉ်းဆဲလိုသော ဒေါသ၏ တစ်ဖက်တစ်လမ်း ဆန့်ကျင်ဘက်ဖြစ်နေသော ကရုဏာသည် အဝိဟိံသာ မည်၏၊ ထိုကရုဏာဖြင့် ဆင်းရဲသူများကို သနား ကြင်နာ၍ ကယ်ဆယ်လိုခြင်း၊ အောက်ကျ နောက်ကျဖြစ်နေသော တိုင်းသူပြည်သား, ရပ်သူနယ်သား, ကျောင်းသူကျောင်းသား, တပည့် ဒကာ ဒကာမများကို သနားညှာတာ၍ အထက်တန်းရောက်ဖို့ နည်းလမ်း ရှာဖွေ စိတ်ကူးနေခြင်းသည် အဝိဟိံသာသင်္ကပ္ပ မည်၏၊ ဤသင်္ကပ္ပ သုံးမျိုးသည် မဇ္ဈိမပဋိပဒါ၌ ပါဝင်သော သမ္မာသင်္ကပ္ပ မဂ္ဂင်တစ်ပါးပေတည်း။

သမ္မာဝါစာ

မုသာဝါဒ = မုသားပြောမှု (လိမ်မှု, လှည့်ပတ်မှု, ညာဖြန်းမှု) ပိသုဏဝါစာ=ရန်တိုက်မှု၊ ဖရုသဝါစာ= ကြမ်းတမ်းယုတ်မာ ဆဲဆိုမှု၊ သမ္ဖပ္ပလာပ= အဖျင်းစကား အပျက်စကား (သက်သက် ရယ်မောစရာသာ ဖြစ်၍ အကျိုးမရှိသော စကား) ပြောမှုများကို “ဝစီဒုစရိုက် = နှုတ်ဖြင့် မကောင်းပြုကျင့်မှု” ဟု ခေါ်၏၊ “မိစ္ဆာဝါစာ”ဟုလည်း ခေါ်၏၊ ထိုစကားလေးမျိုးကို ပြောခွင့်ကြုံလာလျက် မပြောမိအောင် ရှောင်ခြင်းသည် သမ္မာဝါစာမည်၏။

မှန်သောစကားကိုသာ ပြောခြင်း၊ တစ်ယောက်နှင့်တစ်ယောက် မကွဲပြားအောင် ညီညီညွတ်ညွတ် သင့်သင့်မျှမျှ ရှိအောင် ပြောပေးခြင်း၊ နားထောင်သူတို့မှာ အကျိုးများသော စကားကို သာယာ ချေငံစွာ ပြေပြေပြစ်ပြစ် ပြောခြင်း၊ ကြားနာသူတို့၏ ကောင်းကျိုး သက်သက်ကို မျှော်၍ (ဂုဏ်ရဖို့ လာဘ်ရဖို့ကို မမျှော်ဘဲ) တရား ဟောပြခြင်းများလည်း သမ္မာဝါစာပင်တည်း။

သမ္မာကမ္မန္တ

ပါဏာတိပါတမှု, အဒိန္နာဒါနမှု, ကာမေသုမိစ္ဆာစာရမှု ဤသုံးပါးကို “ကာယဒုစရိုက် = ကိုယ်ဖြင့် မကောင်းကျင့်မှု”ဟု ခေါ်၏၊ “မိစ္ဆာကမ္မန္တ”ဟုလည်း ခေါ်၏၊ ထို သုံးမျိုးမှ ရှောင်ခြင်း (ပြုခွင့်ကြုံလာလျက် မပြုဘဲ ရှောင်ခြင်း)သည် သမ္မာကမ္မန္တ မည်၏၊

သူတစ်ပါး၏ အသက်ရှည်ကြောင်း, အနာ ရောဂါ ကင်းကြောင်း, ဆေးဝါးစုဆောင်းမှု ဆေးတိုက် ဆေးရုံဖွင့်၍ ကုသိုလ်ပြုမှု, သူတစ်ပါးဥစ္စာ လုံခြုံအောင် စောင့်ရှောက်ပေးမှု, ဒါနပြုမှု, သူတစ်ပါးတို့ စိတ်ကြည်နူးအောင် တံမြက်လှည်းမှု, လမ်းပြင်ပေးမှု, ဘုရားတန်ဆောင်း စသည်၌ သန့်ရှင်းစင်ကြယ်အောင် ပြုမှု, ကမ္မဋ္ဌာန်းအားထုတ်ဖို့ရာ နေရာထိုင်ခင်း သန့်ရှင်းပေးမှုစသော ကိုယ်မှုဟူသမျှသည် သမ္မာကမ္မန္တချည်းတည်း။

သမ္မာအာဇီဝ

[အာဇီဝ-အသက်မွေးဖို့ ပစ္စည်းရှာဖွေမှု၊] ပါဏာတိပါတ စသော ဒုစရိုက် မပါစေဘဲ တရားသဖြင့် လယ်ယာလုပ်၍ ကုန်ရောင်း၍ ငွေချေး၍ အသက်မွေးခြင်း, ကိုယ်ဖြင့် ရင်းနှီး၍ ပညာဖြင့် ရင်းနှီး၍ အသက်မွေးခြင်း, အချုပ် အားဖြင့် ငါးပါးသီလ မပျက်အောင် အသက်မွေးခြင်းသည် “သမ္မာ အာဇီဝ” ဖြစ်၏၊ ထိုသို့ မဟုတ်ဘဲ ဒုစရိုက်မှုဖြင့် အသက်မွေးခြင်း, လိမ်လည် လှည့်စား၍ ရောင်းဝယ် အသက်မွေးခြင်းသည် “မိစ္ဆာဇီဝ” ဖြစ်၏။

ရဟန်းမိစ္ဆာဇီဝ

ရဟန်းဖြစ်လျှင် လူတို့၌ ဖြစ်တတ်သော မိစ္ဆာဇီဝများအပြင် (ဝိနည်းတော်နှင့်မညီသော) ဒကာ ဒကာမတို့ကို လောကွတ်ပျူငှာ ပြုခြင်း, သူတို့ လာသောအခါ ဖျာ သင်ဖြူး ခင်းပေးခြင်း, ထမင်း လက်ဖက်ရည်ပေးခြင်း, သင့်တော်ရုံထက် ပိုမိုလျက် မျက်နှာလို မျက်နှာရ အရေးပေးခြင်း, ကလေး ပါလာလျှင် ထိုကလေးကို ချော့မြှူခြင်း, မုန့်ပေးခြင်း စသည်တို့ကို မိမိအား လှူချင်လာအောင် ကျေးဇူးတင်အောင် ပြုသည့်တွက် လူတို့က ပြန်၍ လှူအပ်သော ပစ္စည်း၊ မိမိအား ကြည်ညိုလာအောင် လူတို့အိမ်၌ ထွက်ဝင် နှုတ်ဆက်၍ ကြည်ညိုသောကြောင့် ရအပ် သော ပစ္စည်း၊ သစ်သီး ပန်း ဆေးပေးသဖြင့် ပြန်၍ လှူသော ပစ္စည်း များလည်း မိစ္ဆာဇီဝ ဖြစ်၏။

အချုပ်မှာ…ကိုယ်တိုင်ဖြစ်စေ, အလံရှူးထား၍ဖြစ်စေ, ဆွယ်မှ ရအပ်သော ဆွမ်း သင်္ကန်း ကျောင်း ဆေး စသော ပစ္စည်းဟူသမျှ ရဟန်းများအတွက် မိစ္ဆာဇီဝချည်းတည်း၊ လူများ၌ မိစ္ဆာဇီဝပစ္စည်းကို ရအောင် ရှာဖွေတုန်းက အပြစ်ရှိသော်လည်း သုံးစွဲခိုက်မှာ တရားသဖြင့် သုံးစွဲပါမူ အပြစ်မရှိပေ၊ ရဟန်းများ၌ကား သုံးစွဲနေတုန်းမှာလည်း အပြစ်ရှိ၏၊ ထိုပစ္စည်းကို ဥစ္စာရှင် ရဟန်းသာမက အခြား ရဟန်းများလည်း မသုံးစွဲကောင်းတော့ချေ၊ သုံးစွဲတိုင်း သုံးစွဲတိုင်း ဒုက္ကဋ်အာပတ် သင့်ကြလေသည်။

သမ္မာဝါယာမ

အားထုတ်မှု ဝီရိယကို “ဝါယာမ”ဟု ခေါ်၏၊ မတရားသဖြင့် ပစ္စည်းရှာမှု ပါဏာတိပါတ အမှုစသည်ကို ပြုရာ၌ လုံ့လ ဝီရိယ ပါကြရသည်၊ ထိုဝီရိယမျိုးကို “မိစ္ဆာဝါယာမ”ဟု ခေါ်၏၊ ထိုဝီရိယမျိုး မဖြစ်စေဘဲ တရားသော နည်းလမ်းဖြင့် ကြိုးပမ်းအားထုတ်မှုသည် “သမ္မာဝါယာမ”ချည်း သာတည်း၊ ထိုဝါယာမကို ကျမ်းဂန်တို့၌ လေးမျိုးပြ၏။

၁။ သူတစ်ပါး၌ ဖြစ်တတ်သော အကုသိုလ်မျိုးသည် ယခုဘဝ၌ မိမိမှာ တစ်ခါမျှ မဖြစ်ဖူးသေးလျှင် ထိုအကုသိုလ်မျိုး မဖြစ် အောင် ကြိုးစား၍ ရှောင်ရှားခြင်းသည် သမ္မာဝါယာမတည်း။

၂။ ထိုအကုသိုလ်မျိုး ဖြစ်မိပြန်လျှင် နောက်ထပ် မဖြစ်အောင် အကုသိုလ် မတိုးပွားအောင် ကြိုးစားခြင်းသည် ဖြစ်ပြီး အကုသိုလ်ကို ပယ်ရှားသော သမ္မာဝါယာမတစ်မျိုးတည်း။

၃။ မိမိသန္တာန်၌ မဖြစ်ဖူးသေးသော ကုသိုလ်အထူးကိုရအောင် စျာန် မဂ် အထိ ကြိုးစားခြင်းသည် မဖြစ်သေးသော ကုသိုလ် ဖြစ်အောင် ကြိုးစားသော သမ္မာဝါယာမ တစ်မျိုးတည်း။

၄။ ဖြစ်လက်စ ကုသိုလ်ကို နောက် မဆုတ်ဘဲ ရှေ့သို့သာ တိုးအောင် ရဟန္တာဖြစ်သည် အထိ ကြိုးစားခြင်းသည် ဖြစ်ပြီး ကုသိုလ်ကို တိုးတက်အောင် အားထုတ်သော သမ္မာဝါယာမ တစ်မျိုးတည်း။ [သေချာသော အဓိပ္ပာယ်ကို အဘိဓမ္မာ ဆိုင်ရာမှာ ရှု။]

[ဆောင်] ၁။ ဤဘဝရှိ, မိမိသန္တာန်, ခါတစ်ရံမျှ, မဖြစ်ကြသေး၊ ညစ်ကြေး အကု, မဖြစ်အောင်ပြု, … မှတ်ရှု သမ္မာဝါယာမ။

၂။ မတော်တဆ, ဖြစ်မိကလည်း, နောက်မှ တစ်ဖန်, မဖြစ်ရန်ဟု, ပယ်လှန်ပြု,… မှတ်ရှု သမ္မာဝါယာမ။

၃။ ကုသိုလ်အထူး, မဖြစ်ဖူး၍, ကြည်နူးရွှင်ပျ, ကုသိုလ် ရရန်, ကြိုးစားပြန်,… သမ္မာဝါယာမ။

၄။ ကုသိုလ်အလုပ်, မဆုတ်ယုတ်ဘဲ, တိုးမြဲ တိုးရန်, ကြိုးစားပြန်, သမ္မာဝါယာမ။

သမ္မာသတိ

ကောင်းသောအမှတ်ရခြင်း, ကောင်းသော သတိထားခြင်းကို “သမ္မာသတိ”ဟု ခေါ်၏၊ ခန္ဓာကိုယ်၌ ဆံပင် အမွေး စသည်ကို စိတ်ဖြင့် ခွဲခြား၍ ထိုအားလုံးကို အသုဘဟု (မတင့်တယ် ရွံစဖွယ် စက်ဆုပ်ဖွယ်ဟု) သတိထားခြင်းသည် သမ္မာသတိတည်း၊ ခံစားမှု စသော ဝေဒနာတို့၌ ကောင်းသော ဝေဒနာ ဖြစ်လျှင် ထိုဝေဒနာ ပျက်သွားသည်နှင့်တစ်ပြိုင်နက် ဒုက္ခဖြစ်ရတော့၏၊ ကိုယ်ဆင်းရဲမှု ဖြစ်ရသော ဒုက္ခဝေဒနာများကား သူ့ နဂိုအတိုင်း ဒုက္ခဖြစ်ကြောင်း ထင်ရှား၏၊ ဤသို့ ဝေဒနာဖြစ်သမျှ၌ ကောင်းသည် ဖြစ်စေ, ဆိုးသည် ဖြစ်စေ ဒုက္ခဟုချည်း သတိထား နေခြင်းသည် သမ္မာသတိတစ်မျိုးတည်း။

မိမိ၏ စိတ်အစဉ်ကို သတိထား၍ စဉ်းစားကြည့်သောအခါ ရူပါရုံကို ကြည့်နေစဉ်က ကြည့်စိတ်တစ်မျိုး, သဒ္ဒါရုံကို ကြားပြန်တော့ ကြားစိတ်တစ်မျိုး စသည်ဖြင့်လည်းကောင်း, ဘုရား အစရှိသည်ကို အာရုံပြု၍ ကုသိုလ်စိတ်ဖြစ်နေရာမှ မကျေနပ်ဖွယ်အကြောင်းတွေ ပေါ်လာ၍ ဒေါသဖြစ်ရသောအခါ ဒေါသစိတ်တစ်မျိုး ဤသို့ စိတ် အစဉ် ပြောင်းလဲပုံကို သတိထား၍ စိတ်မမြဲကြောင်း, အနိစ္စဖြစ် ကြောင်းကို သိမှတ်နေသော သတိသည် သမ္မာသတိတစ်မျိုးတည်း။

အဘိဓမ္မာကို လိုက်စား၍ အတော် အသားကျနေသူတို့သည် မည်သည့်ကိစ္စ၌မဆို အတ္တမရှိ, ဖဿ ဝေဒနာ သညာ စသော တရားတွေသာ ဆိုင်ရာကိစ္စတို့ကို ပြုလုပ်ဆောင်ရွက်နေကြသည်ဟု သတိထားကြည့်က သိရှိနိုင်ကြလေသည်၊ ဤသို့ ဖဿ စသော တရားအစုကို သတိထား၍ အတ္တမရှိကြောင်းကို သိမှတ်သော သတိသည် သမ္မာသတိ မည်၏။

သမ္မာသမာဓိ

ကျမ်းဂန်တို့၌ စျာန်ဝင်စားသော သမာဓိကိုသာ သမ္မာသမာဓိဟု ပြထား၏၊ သို့သော် ကမ္မဋ္ဌာန်း၌ သမာဓိရနေခြင်း၊ ကောင်းသော စာပေကို ကြည့်ရှုရေးသားနေရာ၌ သမာဓိရနေခြင်း၊ ဒါနကိစ္စ, သီလကိစ္စ, အများအကျိုးကို ဆောင်ရ မည့်ကိစ္စ စသော ကုသိုလ်ကိစ္စကို စဉ်းစားနေရာ၌ သမာဓိရနေခြင်းကိုလည်း “သမ္မာသမာဓိ=ကောင်းသောတည်ကြည်ခြင်း”ဟု ဆိုထိုက်ပေသည်။

အထပ်ထပ်ကြိုးစားပါ

ဤပြခဲ့သော သမ္မာဒိဋ္ဌိ စသော ရှစ်ပါးကို“မဇ္ဈိမပဋိပဒါ”ဟု ခေါ်၏၊ ဤတရား ရှစ်ပါးကို မိမိသန္တာန်ဝယ် ဖြစ်အောင်ကြိုးစားရာ၌ တစ်နေ့တစ်ရက် တစ်နံနက် တစ်ခဏမျှ ကြိုးစားရမည် မဟုတ်၊ အရကျက်သူသည် တစ်ခေါက်ကျက်ရုံမျှဖြင့် မရဘဲ အခေါက်ခေါက် ကျက်ရ၏၊ ရပြန်ပါလည်း မကျေမချင်း ထပ်၍ထပ်၍ အံရ၏၊ ထိုမျှလောက် ကြိုးစား ထားမှ ထိုစာနှင့်ဆိုင်သော အကျိုးကို ရနိုင်သကဲ့သို့ ထို့အတူ ဝိပဿနာ သမ္မာဒိဋ္ဌိအခန်းဝယ် ပြခဲ့သည့်အတိုင်း မိမိခန္ဓာကိုယ်ကို အာရုံပြု၍ မမြဲပုံ (အနိစ္စ)စသော အခြင်းအရာကို ရှုကာ “မဇ္ဈိမ ပဋိပဒါ” ခေါ် မဂ္ဂင်ရှစ်ပါးကို မိမိသန္တာန်၌ ပထမဖြစ်အောင် ကြိုးစားပါ။ ထို့နောက် ထပ်၍ ထပ်၍ ဖြစ်အောင်လည်း ကြိုးစားပါ၊ ထို့နောက် အသားကျအောင် ကျေနေအောင် ကြိုးစားပါ၊ အထွတ် အထိပ် ရောက်အောင် ကြိုးစားလျှင် “စက္ခုကရဏီ = ဉာဏ်စက္ခု အလင်းရ၍” တစ်သံသရာလုံး၌ မမြင်ခဲ့ရသော သစ္စာလေးပါးကို သိမြင်နိုင်ပါသည်။

သစ္စာလေးပါးပါဠိတော်မြန်မာပြန်

ဒုက္ခသစ္စာ

ဘိက္ခုတို့ … ယခုပြမည့် တရားသည် “ဒုက္ခ”ဟုခေါ်အပ်သော အရိယသစ္စာတည်း၊ ပဋိသန္ဓေ နေရခြင်းလည်း ဒုက္ခ, အိုရခြင်းလည်း ဒုက္ခ, နာရခြင်းလည်း ဒုက္ခ, သေရခြင်းလည်း ဒုက္ခ, မုန်းသူတို့နှင့် အတူနေရခြင်းလည်း ဒုက္ခ, ချစ်သူတို့နှင့် ကွဲရခြင်းလည်း ဒုက္ခ, လိုတာမရခြင်းလည်း ဒုက္ခ, အချုပ်အားဖြင့်ကား…(ဥပါဒါန်ဟု ခေါ်ရသော တဏှာ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သော) ဤ ခန္ဓာတစ်ကိုယ်လုံး ဒုက္ခတုံးကြီး ဖြစ်သည်။

သမုဒယသစ္စာ

ဘိက္ခုတို့ … ယခုပြမည့် တရားသည် “ဒုက္ခသမုဒယ”ဟု ခေါ်အပ်သော အရိယသစ္စာတည်း၊ တဏှာသည် နောက်ဘဝသစ်ကို ပြုလေ့ရှိ၏၊ နှစ်သက်မှု တပ်မက်မှု နှင့်အတူ ဖြစ်၏၊ ခန္ဓာကိုယ် အတ္တဘော ဖြစ်ဖြစ်သမျှ၌ လွန်စွာ စုံမက် နှစ်သက်တတ်၏၊ ဤတဏှာဟူသည် အဘယ်နည်း၊… ကာမဂုဏ်တို့၌ တပ်မက်မှု ကာမတဏှာ, သဿတဒိဋ္ဌိနှင့်အတူ ဖြစ်သော ဘဝတဏှာ, ဥစ္ဆေဒဒိဋ္ဌိနှင့်အတူဖြစ်သော ဝိဘဝတဏှာ ဤသုံးပါးတည်း။

နိရောဓသစ္စာ

ဘိက္ခုတို့…ယခုပြမည့်တရားသည်“ဒုက္ခနိရောဓ”ခေါ်အပ်သော အရိယသစ္စာတည်း၊ ထိုသမုဒယ သစ္စာဟူသော တဏှာသုံးမျိုး၏ပင် တပ်မက်ခြင်းကင်း၍ အကြွင်းမရှိ ချုပ်ရာလည်းဖြစ်, စွန့်ရာလည်းဖြစ်, လွတ်မြောက်ရာလည်း ဖြစ်, မတွယ်ရာလည်းဖြစ်သော နိဗ္ဗာန်သည် “နိရောဓ”ဟု ခေါ်အပ်သော အရိယသစ္စာတည်း။

မဂ္ဂသစ္စာ

ဘိက္ခုတို့…ယခုပြမည့် တရားသည် “ဒုက္ခနိရောဓ”ဟုခေါ်အပ်သော နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့် ဖြစ်သော မဂ္ဂသစ္စာတည်း၊ ထိုသစ္စာဟူသည် ရှေး၌ ပြအပ်ခဲ့သော မဂ္ဂင်ရှစ်ပါးပင်၊ မဂ္ဂင်ရှစ်ပါးဟူသည် အဘယ်နည်း… သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိတည်း၊ ဤကား ပါဠိတော်၏ မြန်မာပြန်တည်း။

ဒုက္ခသစ္စာရှင်းလင်းချက်

[ဒုက္ခ=ဆင်းရဲတာ + သစ္စာ=အမှန်] စိတ်မှာ ဖြစ်စေ, ကိုယ်မှာ ဖြစ်စေ ဆင်းရဲနေတာ မှန်သည်ကို “ဒုက္ခသစ္စာ”ဟု ခေါ်၏၊ ထိုသို့ ဒုက္ခမှန်ကြောင်းကို ထိုးထိုးထွင်းထွင်း ရှင်းလင်းစွာသိသောအခါ အရိယာဖြစ် ရသောကြောင့် “ဒုက္ခအရိယသစ္စာ”ဟုလည်း ခေါ်ရသည်၊ လောက၌ အမိဝမ်းတိုက်ဝယ် ပဋိသန္ဓေနေရသည်မှ စ၍ ဖွားမြင်ရသည်အထိ ဒုက္ခရောက်ရပုံသည် မှန်းဆ၍ ကြည့်ခြင်းအားဖြင့်လည်းကောင်း, ဖွားမြင်သောအခါ မျက်မြင် ကိုယ်တွေ့အားဖြင့် လည်းကောင်း ထင်ရှား၏၊ ထိုဒုက္ခသည် ဇာတိဒုက္ခ မည်၏၊ အိုမင်းမစွမ်းသောအခါ ဒုက္ခဖြစ်ပုံသည် ဇရာဒုက္ခတည်း၊ နာကျင်ကိုက်ခဲမှုမှ စ၍ သေသည့် တိုင်အောင်ပင် ရောဂါဖြစ်နေရသော ဒုက္ခသည် ဗျာဓိဒုက္ခတည်း။

သေခါနီး၌ ထင်လာသော အာရုံကို “နိမိတ်”ဟု ခေါ်၏၊ ဘဝ အသစ် ဖြစ်ဖို့ရန် နိမိတ်တစ်မျိုးမျိုး ထင်လာသောအခါ ယုတ်မာသူတို့သည် မကောင်းနိမိတ် ထင်လာ၍ လွန်စွာဆင်းရဲကြရ၏၊ တချို့မှာ ညည်းညူကြ, ဟစ်အော်ကြ, ယောင်ယမ်းကြ၏၊ သူတော်ကောင်း ဖြစ်၍ နိမိတ်ကောင်းများ ထင်လာစေကာမူ ဘဝဟောင်းက ဆွေမျိုး ဥစ္စာ အရာရာနှင့် ခွာရတော့မည် ဖြစ်၍ စိတ်ဆင်းရဲကြသေး၏၊ ဤဒုက္ခသည် မရဏဒုက္ခတည်း။

ဤဇာတိ ဇရာ ဗျာဓိ မရဏတို့နှင့် ကင်း၍ ကျန်းကျန်းမာမာ နေတုန်းမှာလည်း သားဆိုး သမီးဆိုး ဆွေဆိုး မျိုးဆိုး အပေါင်း အသင်း မိတ်ဆွေဆိုး အခိုင်းအစေ အခြေအရံဆိုး အိမ်ထောင်ဘက် ဆိုးတို့နှင့် တွေ့ရသောကြောင့် ဒုက္ခ, မိမိကို မုန်းတီး၍ ရန်ရှာနေသူ များကြောင့် တွေ့ရသော ဒုက္ခသည် အပ္ပိယေဟိသမ္ပယောဂ=မချစ် အပ်သူတို့နှင့် ပေါင်းရသော ဒုက္ခများတည်း၊ ချစ်သူတို့နှင့် အသက် ရှင်ခိုက် ကွဲနေရ, သေကွဲ ကွဲရသော ဒုက္ခသည် ပိယေဟိဝိပ္ပယောဂ ဒုက္ခ မည်၏၊ ထိုဒုက္ခတို့မှ ကင်းပါသည်ဟု ဆိုရသူတို့မှာလည်း လိုတာကို မရနိုင်သော “ယံ ပိစ္ဆံ န လဘတိ တံ ပိ ဒုက္ခံ”ကို ခံကြရသေးသည်။

အခြေခံ ဒုက္ခအားလုံး

[ခန္ဓာကိုယ်ကို “ဥပါဒါနက္ခန္ဓာ”ဟု လွယ်လွယ် မှတ်ထားပါ။“ အားလုံး ဒုက္ခတွေ၏ အခြေခံသည် ဤခန္ဓာကိုယ်ပင်တည်း၊ ထို့ကြောင့် “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ=အကျဉ်းအားဖြင့် ဤခန္ဓာကိုယ် တစ်ခုလုံး ဒုက္ခတုံးသာ ဖြစ်၏”ဟု ဟောတော်မူသည်၊ မှန်၏။…

“မောင်ဌေးမည်သော ခန္ဓာကိုယ်ရှိနေလို့သာ မောင်ဌေးဖြစ်-ဖြစ်ရ, မောင်ဋ္ဌေးအို-အိုရ, မောင်ဌေးနာ-နာရ, မောင်ဌေးသေ-သေရ, မောင်ဌေးချစ်သူတို့နှင့် ကွဲရ, မောင်ဌေး မုန်းသူတို့နှင့် အတူနေရ, မောင်ဌေး လိုတာ မရ၍ ဒုက္ခဖြစ်ရသည်။”

“မောင်ဌေး မရှိလျှင် မောင်ဌေး ဖြစ်-မဖြစ်ရ, မောင်ဋ္ဌေး အို-မအိုရ, မောင်ဌေးနာ-မနာရ, မောင်ဌေးသေ-မသေရ, မောင်ဌေး ချစ်သူနှင့် မကွဲရ, မောင်ဌေး မုန်းသူနှင့် အတူမနေရ, မောင်ဌေး လိုတာ မရှိ၍ ဒုက္ခအားလုံး မရှိတော့ပါတကား။”

ဆက်ဦးအံ့၊…အပြင်းအထန် ပစ်ခတ်နေသောစစ်ပွဲ၌ ဝင်နွှဲနေရ သော စစ်သားတစ်ယောက်သည် အမျိုးမျိုး စစ်ဒဏ်ကို ခံရသကဲ့သို့ ဒုက္ခမျိုးစုံ ဝိုင်းအုံနေသော လောကကြီးဝယ် ဤခန္ဓာကိုယ်ကို ရနေသူ မှန်သမျှ ဗုဒ္ဓရှင်တော်ပင်သော်လည်း ခါးတော် နာရ, ဝမ်းတော် လားရ စသော ဒုက္ခမှ မလွတ်ရချေ၊

ဤပြခဲ့သော ဒုက္ခအားလုံးသည် ဒုက္ခ မဟုတ်ပါဘူး, ဆင်းရဲ မဟုတ်ပါဘူးဟု မည်သူမျှ မငြင်းနိုင်၊ အမှန်ပင် ဒုက္ခ ဖြစ်၏၊ ဤသို့ ဒုက္ခဧကန် အမှန်ဖြစ်သောကြောင့် ပြအပ်ခဲ့သော ဒုက္ခအားလုံးကို “ဒုက္ခသစ္စာ=ဆင်းရဲတာအမှန်”ဟု ဟောတော်မူပေသည်၊

[ဤဒုက္ခသစ္စာအရ ဒုက္ခတို့ကို ထုတ်ပြတော် မူရာ၌ လက်တွေ့ ကြုံရတတ်သော ဒုက္ခအချို့ကိုသာ ပြတော်မူခြင်း ဖြစ်၏၊ ငရဲ ရောက်သောအခါ, ပြိတ္တာဖြစ်ရသောအခါ, တိရစ္ဆာန် ဖြစ်နေ၍ လူတို့ အခိုင်းအစေ အသတ်အဖြတ်ခံရသောအခါ, မစားရ မသောက်ရ ဖြစ်နေရသောအခါ ခံကြရသော ဒုက္ခတို့ကိုကား ထုတ်ပြ တော်မမူချေ၊ ထိုဒုက္ခတွေကိုလည်း ချဲ့ထွင်ကြည့်ကြပါလေ။]

သမုဒယသစ္စာရှင်းလင်းချက်

ပြခဲ့သောဒုက္ခတွေသည် အကြောင်းမဲ့သက်သက် ဖြစ်ရသည် မဟုတ်၊ ဗြဟ္မာမင်း စသူတို့ ဖန်ဆင်းမှုကြောင့် ဖြစ်ရခြင်းလည်း မဟုတ်၊ “သမုဒယ”ဟု ခေါ်သော တဏှာ လောဘကြောင့်သာ ဖြစ်ရသည်၊ ချဲ့ဦးအံ့… သတ္တဝါတို့၌ ကိုယ့်ကိုယ်ကို နှစ်သက်တွယ်တာမှု (တဏှာ)သည် လွန်စွာအားကြီး၏၊ “သူများကို ချစ်ပါသည်”ဟု ဆိုသော်လည်း ထို အချစ်ခံရသူက ကိုယ့်အလိုကို ဖြည့်ပေးခြင်း, ကိုယ့်မှာရှိသော တဏှာ၏ အလိုမကျ ဖြစ်နေခြင်းကြောင့် သူ့ကို ချစ်ရခြင်း ဖြစ်သည်၊

မိဘက သား သမီးကို ချစ်သည်ဟု ဆိုရာ၌ သား သမီးတို့ကို ကြည့်နေရလျှင် ကိုယ့်သန္တာန် တဏှာသည် သာသာယာယာ ရှိ၏၊ ထို့ကြောင့် မိဘက သား သမီးကို ချစ်၏၊ ထိုချစ်ပါသည်ဟု ဆိုရသော သားက (သမီးက) ကိုယ့်နာမည် ပျက်အောင် ကိုယ့်စီးပွား ဆုတ် ယုတ်အောင် လုပ်လိုက်လျှင် ထိုသားအပေါ် (သမီးအပေါ်)၌ အချစ် လျော့သွား၏၊ ကြပ်ကြပ် အပြစ်ပြုသောအခါ ထိုသား သမီးကိုပင် မုန်းလာသည်၊ (သား သမီးအပေါ် တဏှာချစ် ကင်း၍ ဒေါသ ဖြစ်လာသည်)ဟု ဆိုရသည်၊ သမီး ခင်ပွန်း အချင်းချင်း ချစ်ကြခြင်း မုန်းကြခြင်းများလည်း ဤနည်းနှင်နှင်တည်း၊ အမှန်မှာ “အတ္တသမံ ပေမံ နတ္ထိ=ကိုယ့်ကိုယ်ကို ချစ်ခြင်းနှင့် တန်းတူသော ချစ်ခြင်း မရှိ” ဟုသာ မှတ်ပါ။

ဘဝသစ်ကို ဖြစ်စေသောတဏှာ

ပြခဲ့သော နည်းအရ ကိုယ့်ကိုယ်ကိုသာ နှစ်နှစ်ကာကာ ချစ်ခြင်းဖြင့် တစ်ဘဝလုံး ချစ်၍ နေခဲ့လေရာ သေခါနီးလတ်သော် လက်ရှိ ချစ်စရာအာရုံဟူသမျှ စွန့်လွှတ်ရတော့မည့် အရေးကို မျှော် တွေးစပြုကာ (ဒုက္ခခန်း၌ ပြခဲ့သည့်အတိုင်း) လွန်စွာ ဒုက္ခရောက်ကြရ၏၊

ချစ်စရာတွေသာမက ချစ်စရာအားလုံး၏ အရင်းဆုံးဖြစ်သော မိမိခန္ဓာကိုယ်သော်မှ စွန့်လိုက်ရတော့မည့်အရေးကို တွေးမိ ကြ၏၊ ဤသို့ တွေး၍ ကြောက်နေရုံနှင့် မပြီးသေး၊ နောက်ဆုံး စုတေချိန်မှာ မလွှတ်ချင့်လွှတ်ချင်နှင့် ဤခန္ဓာကိုယ်ကို လွှတ်ရတော့ မည့် အခြေသို့ ရောက်လေသော် ဤခန္ဓာကိုယ်၌ တွယ်တာမှုတဏှာ ပြတ်၍ အသစ်ထပ်မည့် ခန္ဓာကိုယ်ပေါ်ဝယ် (သေတော့မည့်ဆဲဆဲက နေ၍) မှန်းမျှော်တွယ်တာပါလေတော့သည်၊

ဤသို့လျှင် ဤဘက် သေခါနီးဆဲဆဲက နေ၍လည်း ဘဝသစ် ခန္ဓာကိုယ်အပေါ်ဝယ် မှန်းမျှော် တွယ်တာလျက်ရှိခြင်း, ကုသိုလ်ကောင်းမှု ပြုစဉ်တုန်းက လည်း ဘဝသစ်၌ ကောင်းကောင်း ဖြစ်နိုင်ဖို့ရာ မသိမသာဖြစ်စေ (“လူ့ချမ်းသာ ဖြစ်ရပါလို၏” စသည်ဖြင့် ဆုတောင်းသူ့အတွက် သိသိသာသာဖြစ်စေ) တွယ်တာ တမ်းတ မှန်းဆလျက် ရှိနေခြင်း ကြောင့် ကံအားလျော်စွာ (ကံအစွမ်းကြောင့်) ဘဝသစ်၌ ဇာတိ အသစ် ဖြစ်ပေါ်ရလေသည်။

အကုသိုလ်ကံ အကျိုးပေးခံရမည့်သူများလည်း (ပင်လယ်ထဲ ရေနစ်ရာမှ ပေါ်အလာဝယ် ဆွဲမိဆွဲရာ ဆွဲတတ်၍ မိချောင်းကြီး များပင် ဖြစ်သော်လည်း ပထမသော် ဖက်မိကြသကဲ့သို့) ထို့အတူ သေခါနီး၌ မကောင်းဆိုးဝါး ဖြစ်တော့မည့် အနာဂတ် ခန္ဓာကိုယ်ကို သော်လည်း လက်ရှိ ခန္ဓာကိုယ် လွှတ်ခါနီး၌ တဏှာဖြင့် လှမ်းမျှော်၍ ဖက်မိပါသေးသည်၊ ဤသို့လျှင် ကံကြောင့် ဘဝသစ်၌ ဖြစ်ရသော် လည်း တဏှာ၏ တောင့်တမှုကြောင့်သာ ဖြစ်ရသည်၊ တဏှာ ကုန်ခန်းသော ရဟန္တာတို့မှာ ကံတွေ အပြည့်ရှိသော်လည်း ဘဝသစ် မဖြစ်တော့သဖြင့် ဘဝသစ်ကို ဖြစ်စေတတ်သူ လက်သည်ကို ရှာသောအခါ ဤ တဏှာ့ အပေါ်မှာသာ သတ္တုကျတော့၏၊ ထို့ကြောင့် သမုဒယတဏှာကို “ဘဝအသစ်ကို ပြုလေ့ရှိသည်”ဟု မိန့်တော်မူသည်။

တဏှာသုံးမျိုး

ကာမတဏှာဟူသည် ယခုလူတို့၌ ဖြစ်ရိုးဖြစ်စဉ် ကာမဂုဏ်အာရုံတွေကို (သား သမီးနှင့်ပစ္စည်း ဥစ္စာ စသည်ကို) တွယ်တာသောတဏှာတည်း၊ ဤဘဝ ခန္ဓာကိုယ်ကို မြဲ၏ဟု ယူဆနေသော ဒိဋ္ဌိသည် သဿတဒိဋ္ဌိ မည်၏၊ ထိုဒိဋ္ဌိကိုပင် “ဘဝဒိဋ္ဌိ”ဟု ခေါ်၏၊ ထိုဘဝဒိဋ္ဌိနှင့် အတူဖြစ်သော တဏှာသည် ဘဝတဏှာ မည်၏၊ ဤဘဝခန္ဓာကိုယ်ကိုပင် “သေလျှင် ပြတ်၏”ဟု

ယူဆသော ဒိဋ္ဌိသည် ဥစ္ဆေဒဒိဋ္ဌိ မည်၏၊ ဝိဘဝဒိဋ္ဌိလည်း ခေါ်၏၊ ထိုဝိဘဝဒိဋ္ဌိနှင့် အတူဖြစ်သော တဏှာသည် ဝိဘဝတဏှာမည်၏၊ ထိုတဏှာကို အရင်းခံ၍ ကောင်းကောင်း ဆိုးဆိုး ကံအမျိုးမျိုးကို ပြုမိကြပြန်ရာ ထိုကံကြောင့် ဘဝသစ်၌ ဇာတိဖြစ်ရပြန်၏။

ဇာတိရှိလျှင် ဇရာ ဗျာဓိ မရဏဒုက္ခတို့လည်း ဖြစ်ရသောကြောင့် ဇာတိဒုက္ခစသည်၏ အကြောင်းရင်းသည် ဤတဏှာ သမုဒယပင်တည်း၊ တဏှာကြောင့် ချစ်သူဟူ၍ ရှိရ, ထိုချစ်သူနှင့် ကွဲ၍ ဒုက္ခရောက်ရ, တဏှာကြောင့် ဟိုဟာ သည်ဟာ လိုချင်ရ, လိုချင်၍ မရသောကြောင့် ဒုက္ခရောက်ရ, တဏှာကြောင့် ဤခန္ဓာကိုယ်အသစ် (ဥပါဒါနက္ခန္ဓာ)ကို ရရှိရ, ထိုဥပါဒါနက္ခန္ဓာကို ရသောကြောင့် ဒုက္ခအမျိုးမျိုး ရောက်ရ၊ ဤသို့ စသည်ဖြင့် ဒုက္ခအားလုံး၏ အရင်းခံ တဏှာကို “သမုဒယသစ္စာ”ဟု ဟောတော်မူပေသည်။

နိရောဓသစ္စာ ရှင်းလင်းချက်

[နိရောဓ = ချုပ်ရာ, ကုန်ခန်းရာ၊] ပြခဲ့သော သစ္စာ နှစ်ပါးတို့တွင် သမုဒယတဏှာသည် ဒုက္ခဖြစ်ဖို့ရန် “အကြောင်းသစ္စာ”ပင်တည်း၊ ဒုက္ခဟူသမျှကား… တဏှာအရင်းခံ၍ ဖြစ်ရသော “အကျိုးသစ္စာ” ပင်တည်း၊ အကြောင်း တဏှာသမုဒယ ချုပ်ဆုံးလျှင် အကျိုးဒုက္ခအားလုံးလည်း ချုပ်ဆုံးရမည်သာ ဖြစ်၏၊ ကမ္မဋ္ဌာန်းကို အားထုတ် နေသူတို့သည် ကမ္မဋ္ဌာန်းလမ်းစဉ်ဖြင့် တက်သွားသောအခါ ဤ “နိရောဓ’’ မည်သော နိဗ္ဗာန်ကို ဉာဏ်ဖြင့် အထင်အရှား မြင်ကြ၏၊

ပထမအကြိမ် မြင်လိုက်လျှင်ပင် (သောတာပန်ဖြစ်၍) သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ နှစ်မျိုးနှင့် တွဲဖက်ဖြစ်သော ဘဝတဏှာ, ဝိဘဝတဏှာ နှစ်မျိုးလုံး ထိုပုဂ္ဂိုလ်၏သန္တာန်မှ ကင်းသွားတော့၏၊ ဆက်လက် အားထုတ်၍ ထိုနိဗ္ဗာန်တရားကို ဒုတိယအကြိမ် မြင်လာသောအခါ (သကဒါဂါမ် ဖြစ်၍) ကာမတဏှာသည် အတော်နည်းသွား၏၊ တတိယအကြိမ် မြင်ပြန်သောအခါ (အနာဂါမ် ဖြစ်၍) ကာမတဏှာ အားလုံး ကုန်လေပြီ။

သို့သော် ဗြဟ္မာ့ဘဝကို နှစ်သက်၍ နေသော ဘဝတဏှာ တစ်မျိုးကား ကျန်နေသေး၏၊ စတုတ္ထအကြိမ် မြင်ပြန်သောအခါ (ရဟန္တာဖြစ်၍) ဗြဟ္မာ့ဘဝကိုသော်မှ မနှစ်သက်တော့ဘဲ တဏှာ အားလုံး ကုန်ဆုံးလေတော့၏၊ ထို့ကြောင့် နိဗ္ဗာန်ကို ထို တဏှာ သုံးမျိုး၏ အကြွင်းအကျန် မရှိအောင် ကုန်ရာ ”နိရောဓသစ္စာ”ဟု ဟောတော်မူသည်။

နိဗ္ဗာန်၏သဘော

“နိဗ္ဗာန်သည် သန္တိသဘောရှိ၏”ဟု ကျမ်းဂန်တို့၌ ဆို၏၊ သန္တိဟူသည် ငြိမ်းအေးခြင်းတည်း၊ ယခုလက်ရှိ ရုပ်နာမ်ခန္ဓာကိုယ်နှင့် နိဗ္ဗာန်သည် ဟိုဘက်ကမ်းနှင့် ဤဘက်ကမ်းကဲ့သို့ တစ်ဖက်တစ်လမ်းဖြစ်၏၊ ထို့ကြောင့် နိဗ္ဗာန်၏အေးငြိမ်းခြင်း သန္တိသုခကို ဤရုပ်နာမ်တို့၏ ပူလောင်ခြင်း ဒုက္ခနှင့် နှိုင်းယှဉ်ကြည့်မှ သာ၍ သိသာသည်၊ “ဤခန္ဓာကိုယ် (ရုပ် နာမ်) အားလုံးသည် မီးလောင်နေသလို ပူလောင်နေသည်” ဟု ပြောလျှင် ရုတ်တရက် သဘောပေါက်လိမ့်မည်ဟု မထင်ပေ၊ မိမိ ကိုယ်တိုင် တရားအားထုတ်နေသူ ဖြစ်မှသာ သဘောပေါက်နိုင်စရာ ရှိပါသည်၊

ဥပမာ… နွေအခါ နေပူထဲ၌ အလုပ်လုပ်နေသူသည် ထိုကဲ့သို့ နေပူထဲမှာပင် ခရီးသွားစရာကိစ္စ ရှိပြန်သော်လည်း ထူးခြား ၍ ပူသည်ဟု မထင်၊ အရိပ်၌ နေသူကသာ ထိုအပူများ၏ ပူကြောင်း ကို သိသကဲ့သို့တည်း။

ရုပ်နာမ်ခန္ဓာပူလောင်ပုံ

ရုပ်နှင့်နာမ် နှစ်မျိုးလုံး ပေါင်းစပ်မိနေသောအရာကို ”သတ္တဝါ (လူစသည်)” ဟု ခေါ်ထားကြသည်၊ (လူဟု ခေါ်ရသော မိမိခန္ဓာကိုယ်၌ စိတ်စိုက်ထားပါ၊) ဤခန္ဓာကိုယ်သည် အမိဝမ်းခေါင်း အောင်းသည်က စ၍ ဖွားမြင်သည့်တိုင်အောင် ဇာတိဒုက္ခ ဖြစ်နေရသဖြင့် ဇာတိမီး အလောင်ခံရ၏၊ ဖွားပြီးနောက် နုနယ်သောအသားကို ဟိုဟာ သည်ဟာဖြင့် ထိခိုက်ခံရခြင်း, ဆာလောင်မွတ်သိပ်ခြင်း, အတော် ကြီးလာလျှင် လိုတာမရခြင်း, အမိအဖနှင့်ကွဲနေရခြင်း, ဝမ်းနည်းဖွယ် တွေ့နေရခြင်း, ငိုရခြင်း, ကိုယ်ဒုက္ခ စိတ်ဒုက္ခ ဖြစ်ရခြင်း စသည်တို့ ကြောင့် ခန္ဓာကိုယ်မှာ ဒုက္ခမီးပူ အမျိုးမျိုး အလောင်ခံနေရ၏၊ ထိုအတွင်းမှာပင် မကျန်းမမာ ရောဂါမီးပူ အမျိုးမျိုး အလောင်ခံရသေး၏၊ အိုမင်းလာလျှင် ဇရာမီး မရဏမီးတို့က လောင်ပြန်တော့၏။

ထိုသို့ အထင်အရှား အပူမီးတွေ အလောင်ခံရရုံသာမကသေး၊ (နှမ်းအိုးကင်းကို မီးကျီးပေါ်တင်လိုက်သောအခါ ဖျစ်ဖျစ် ဖျစ်ဖျစ် မြည်လျက် နှမ်းလုံးတိုင်း ကျက်နေသကဲ့သို့) ဤ ခန္ဓာကိုယ်ဝယ် ရုပ်ဟူသမျှ နေရာမလပ် ပျက်၍နေရကား အချိန်ရှိသမျှ ရုပ်ခန္ဓာကို မရဏမီး လောင်နေ၏၊ နာမ်ခန္ဓာကား ရုပ်ထက်ပင် အပျက်မြန်၍ မရဏမီး လောင်ခံရမှု များပါသေးသည်။

ရောဂါဖြစ်နေသောရွာကြီး

ဤနေရာ၌ ဥပမာတစ်ခုကို စဉ်းစားကြစို့၊… ရွာအိုကြီး တစ်ရွာဝယ် ကူးစက်တတ်သော အနာရောဂါဆိုး ဖြစ်နေ၏၊ လူတွေကား တစ်ယောက်ပြီး တစ်ယောက် သေနေကြသည်၊ ထိုအတွင်းမှာ ကိုယ်ဝန် အရင့်အမာတွေကလည်း ဖွားမြင်နေကြသေး၏၊ မီးဖွားပြီးသည်နှင့် တစ်ပြိုင်နက် အချို့ မိခင်များနှင့် ကလေးများလည်း ထိုကူးစက်သော ရောဂါကြောင့် ပျက်စီးကြ၏၊ တချို့လည်း ကိုယ်ဝန်အရင့်အမာနှင့် မီးဖွားချိန် နီးနေပြီ၊

ဆွေတွေ မျိုးတွေ အတော်များစွာ သေပြီးနောက် ထိုရောဂါကူးစက်လျက် ကျန်နေသေးသော တချို့ ဆွေမျိုးများကို မိမိကိုယ်တိုင် ရောဂါဖြစ်လျက် မြင်နေရသော လူတစ်ယောက်သည် အဘယ်သို့ စိတ်ဖြစ်ရှာမည်နည်း၊ ဒုက္ခတွေ ဗလောင်ဆူနေသော ဤ ရွာကြီးကိုလည်းကောင်း, ကျန်နေသေးသော ဆွေမျိုးတွေကို လည်းကောင်း, မိမိ၏ ကိုယ်ခန္ဓာကိုလည်းကောင်း မျှော်လင့်ချက် ရှိနိုင်ဦးမည်လော၊ ခင်မင်တွယ်တာ သာယာနိုင်ပါဦးမည်လော။

ကမ္မဋ္ဌာန်းအားထုတ်လျက် တရားပေါက်ခါနီးသူ,တရားပေါက်၍ အရိယာဖြစ်နေသူတို့သည် မိမိတို့ ခန္ဓာကိုယ်ပေါ်မှာ တစ်ခါတစ်ရံ ကမ္မဋ္ဌာန်းစိတ်ဖြင့် ဆင်ခြင်ကြည့်သောအခါ ယခုပြခဲ့သော ဥပမာသည် အကြမ်းစားသာ ဖြစ်သေး၏၊ ဤခန္ဓာကိုယ်၌ ဇာတိမီး အစ မရဏမီး အဆုံးရှိသော မီးများအပြင် အချိန်ရှိသမျှ ခဏတိုင်း ပျက်နေသော ရုပ်နာမ်ခန္ဓာတို့၏ ပျက်နေပုံကို မြင်နေကြသော ယောဂီပုဂ္ဂိုလ်တို့အား တစ်ကိုယ်လုံး ဒုက္ခမီးတွေ လောင်နေပုံကို မြင်ကြသဖြင့် ရရှိဆဲ ခန္ဓာကိုယ်ကိုလည်း မနှစ်သက် မတွယ်တာနိုင်ကြချေ၊

နောင်ရဦးမည့် ခန္ဓာကိုယ်ကိုလည်း မမျှော်လင့် မတောင့်တ ကြန်တော့ပေ၊ မလွှဲသာ၍ ဖြစ်နေသော ဤ ရုပ်နာမ်ခန္ဓာကိုယ်၌ပင် ငြီးငွေ့လေပြီ၊ သူတို့ အလိုဆန္ဒ ဖြစ်နေကြသည်ကား ဤ ရုပ်နာမ် အားလုံးကို အပြီးသတ် ကုန်ဆုံးစေလိုခြင်းပင်တည်း။

[ဆောင်] သူသူငါငါ, ဖြစ်လေရာဝယ်, ဦးစွာကြိုဆီး, ဇာတိမီးက, အပြီးပုံသေ, လောင်မြိုက်လေ၏၊ မသွေတစ်သီး, ဇရာ မီးလည်း, အပြီးနောက်မှာ, ကပ်လျက်ပါ၏၊ မကွာစေရ, မရဏဟု, တစ်ဘဝဖျက်ဆီး, လောင်သည့်မီးလည်း, ညီးညီးပြောင်ပြောင်, အမြဲလောင်၏၊ လောင်ပုံလောင်အား, မထင်ရှားလည်း, နုထွားပျိုမျစ်, အရွယ်ဖြစ်သော်, အချစ်ရာဂ, မီးတွေထ၍, ဒေါသထန်ပြင်း, မောဟညှဉ်း၏၊ မကင်းနိုင်အောင်, ထို့နောက် နောင်လည်း, တောက်လောင်ဖိစီး, သောကမီးကြောင့်, ဝမ်းနည်းဖွယ် တွေ, အထွေထွေနှင့်, ပရိဒေဝ, ငိုကြွေးရလျက်, ဒုက္ခလည်းထပ်, ဒေါမနသ်နှင့်, ဆက်စပ်မကွာ, ဥပါယာသ, လွန်ပြင်းပြ၍, သက်မျှမရှူ, တက်အောင်ပူသည်, … ဆူဆူမီးတောက် ဆယ့်တစ်တည်း။

အသင်္ခတဓာတ်

ကမ္မဋ္ဌာန်းပေါက်၍ ရဟန္တာအဖြစ်သို့ ရောက်နေသူ၏သန္တာန်၌ (သမုဒယသစ္စာခန်း၌ ပြအပ် ခဲ့သော) တဏှာသည် လုံးဝမရှိတော့၊ တဏှာမရှိလျှင် နောက်ဘဝ ခန္ဓာအသစ်ကို မလိုလားတော့ချေ၊ ကံကြောင့် ခန္ဓာအသစ် ဖြစ်ရသော်လည်း ထိုကံသည် သူ့ချည်းသက်သက် ခန္ဓာအသစ်ဖြစ်အောင် ပြုစီမံခြင်းငှာ မစွမ်းနိုင်၊ တဏှာအဖော် ပါမှသာ စီမံနိုင်သည်၊

ထို့ကြောင့် ရဟန္တာသန္တာန်၌ ရှိသမျှ ကောင်းမှုတွေသည် (အသီး မသီးသော လေပွင့်များကဲ့သို့) နောင်သံသရာဝယ် ခန္ဓာအသီးကို မသီးစေနိုင်တော့ရကား ရဟန္တာတို့၏ နောက်ဆုံးရုပ်နာမ် ချုပ်သည် နှင့် တစ်ပြိုင်နက် (စုတေသည်နှင့်တစ်ပြိုင်နက်) ရုပ်နာမ်ခန္ဓာအဆက် မရှိတော့ဘဲ အသင်္ခတဓာတ်သာ တည်ရစ်တော့သည်။ [အသင်္ခတ= ကံလည်း မပြုရ, စိတ် ဥတု အာဟာရလည်း မပြုရဘဲ + ဓာတု = အေးငြိမ်းခြင်းသဘောကို ဆောင်နေသောဓာတ်။]

အရိယာဖြစ်လျှင် မြင်ရပြီ

ဗုဒ္ဓမြတ်စွာသည် ထိုအသင်္ခတဓာတ်ဖြစ်သော နိရောဓသစ္စာကို ဗုဒ္ဓဖြစ်ခါနီးဝယ် သစ္စာ လေးပါးကို မဂ်ဉာဏ်လေးပါးဖြင့် မြင်တုန်းကပင် မြင်ခဲ့ရပြီ၊ ထိုနိရောဓသစ္စာနိဗ္ဗာန်ချမ်းသာကို ဖလသမာပတ် ဝင်စားတော်မူကာ မကြာ မကြာ ခံစားတော်မူ၏၊ ပရိနိဗ္ဗာန်စံတော် မူခါနီး၌လည်း စုတိတော် မရောက်မီ စျာန်သမာပတ် ဝင်စားတော် မူ၏၊ ထိုသို့ မဝင်စားမီ ထိုဖလသမာပတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုကာ လွန်စွာချမ်းသာတော်မူသည်၊ အခြားအရိယာများလည်း ထိုဖလ သမာပတ်ဖြင့် မိမိ၏ နိဗ္ဗာန်ကို အာရုံပြုကာ ချမ်းသာတော်မူနိုင်ကြပေသည်။

သုခ နှစ်မျိုး

ခံစားရသော ချမ်းသာကို “ဝေဒယိတသုခ”ဟု ခေါ်၍ မခံစားရဘဲ အေးငြိမ်းချမ်းသာမှုကို “သန္တိသုခ”ဟု ခေါ်၏၊ များစွာသော လူတို့သည် ခံစားဖူးကြ, ခံစား နေရ, ခံစားရ၍ ပြုံးပြနေသူတို့ကို မြင်ကြရသဖြင့် မခံစားရဘဲ သုခဖြစ်သည်ကို မယုံကြည်နိုင်ကြချေ။

ရုပ်နာမ်ခန္ဓာ မရှိ၊ ခံစားစရာ မရှိသော နိဗ္ဗာန်ဆိုသည်ကိုပင် အဟုတ် မလိုချင်ကြပေ၊ ထိုသို့ ဖြစ်နေရာဝယ် စဉ်းစားဖွယ်ကား… ခွေးဘဝ ရောက်နေလို့သာ မစင်ကို စားချင်သည်၊ ခွေးဘဝမှ လွတ်၍ လူဖြစ်သောအခါ စားပါဆိုတောင် မစင်ကို မစားနိုင်၊ စားချင်စိတ်လည်း မရှိ၊ စင်စစ်ကား မြင်ရုံမျှဖြင့် အော့နှလုံးနာကြသည်၊ ထို့အတူပင် ခံစားတတ်သော တဏှာမကုန်သေး၍သာ ခံစားချင်နေသည်၊ တဏှာကုန်ခန်း၍ ရဟန္တာ ဖြစ်သောအခါ ခံစားပါ ဆိုတောင် မခံစားတော့၊ ခံစားချင်စိတ်လည်း မရှိတော့၊ စင်စစ်သော် ကာမဂုဏ်တွေကို စက်ဆုပ် ရွံမုန်း၍ မခံစားဘဲ အေးငြိမ်းသော သန္တိသုခကိုသာ နှစ်သက်နေပေတော့သည်။

သန္တိသုခ၏အေးမြပုံ

ဤနေရာဝယ် သူဋ္ဌေးဒကာနှင့်ကမ္မဋ္ဌာန်း ဆရာတော်တို့ ဖြစ်ပုံကို ပြသင့်၏၊ တရားနှင့် နေသော ဆရာတော်တစ်ပါးအထံသို့ သူဌေးအခေါ်ခံ ဒကာတစ်ယောက် ရောက်လာ၏၊ ထိုအခါမှာ ဆရာတော်သည် သစ်ပင်အောက်ရှိ ခုတင်ကလေးပေါ်ဝယ် ရေသနုပ်သင်္ကန်းဟောင်းကလေးကို ခင်းကာ သစ်တုံးငယ်ခေါင်းအုံးကို အနားထား၍ တစ်ပါးတည်း ထိုင်နေ၏၊ ရောက်လာသော သူဌေးဒကာသည် “အမလေး … ကောင်းလိုက်တာဘုရား, ချမ်းသာလိုက်တာဘုရား”ဟု အားရပါးရ ဥဒါန်းကျူးလေ၏၊

“ဘာကို ခံစားရ၍ ချမ်းသာလိုက်တာဘုရား”ဟု ဥဒါန်းကျူးရသလဲ၊ ဘာမျှ မခံစားရပါ၊ အေးမြ ငြိမ်းချမ်းပုံကို မြင်ရ၍ သဘောကျသောကြောင့် ဥဒါန်းကျူးခြင်း ဖြစ်ပါသည်၊ ထို့ကြောင့်ပင် မကြာခင် ထိုသူဌေးလည်း ထိုဆရာတော့်အထံ ဒုလ္လဘရဟန်း ပြုလေသည်၊ ဤသို့လျှင် ထိုဆရာတော်၏ လက်တွေ့သန္တိသုခသည် သူဌေးစည်းစိမ်ထက်ပင် သာ၍ ကောင်းလှပေသည်။

သန္တိသုခကို အတ္တလည်း မခံစား

တချို့ကမူ သန္တိသုခကို မှန်းဆ၍ သဘောပေါက်ကြ၏၊ သို့သော် “ရုပ်လည်း မဟုတ်, နာမ်လည်းမဟုတ်၊ ရုပ်နာမ်ချုပ်၍ အနှစ် အမြုတေကဲ့သို့ ကျန်နေသော အတ္တရှိ၏၊ ထိုအတ္တသည် သန္တိသုခကို ခံစား၏”ဟု တွေးဆကြ၏၊ တရားတော်အလို အတ္တဆိုသော အရာသည်ပင် မရှိသောကြောင့် ထိုအတွေးအဆသည် အတွေးအဆမျှသာ ဖြစ်၏၊ မခံစားရဘဲ ချမ်းသာပုံကို ဥပမာတစ်မျိုးဖြင့် ပြဦးအံ့…

အလွန်စည်းစိမ်ကြီးသော လူချမ်းသာတစ်ယောက်သည် တီးကြ မှုတ်ကြ ကခုန်ကြနှင့် ယုယဖျော်ဖြေသူကလေးများ၏ အလယ်မှာ ထည်ထည်ဝါဝါ အိပ်ပျော်နေ၏၊ ဆင်းရဲသား လယ်သမားကလေး တစ်ယောက်ကား နေပူကျဲတောက် သစ်ပင်အောက်၌ လယ်ကန်သင်းရိုးကို ခေါင်းအုံးကာ အိပ်ပျော်နေရှာ၏၊ အိပ်ပျော်ချိန်၌ ထိုနှစ်ယောက်လုံးပင် ဘာမျှ မခံစားကြရ၊ အိပ်ရာမှ နိုးကြသော် ကိုယ်စီကိုယ်င “အိပ်ရ-ကောင်းလိုက်တာ”ဟု ကျူးရင့်ကြ၏၊ ဘာ ကောင်းသလဲ၊ အေးငြိမ်းချမ်းသာသော အကောင်းပင် မဟုတ်ပါလော၊ ထိုအကောင်းကို မည်သည့် အတ္တမျှ မခံစားပါ။

ရုပ်နာမ်အပြစ်မြင်မှ သန္တိအကျိုးထင်

အခါတစ်ပါး၌ ဘုန်းကြီး၏ ဖြစ်ပျက်ပုံကို ရေးပြဦးမည်၊ မိဘမျိုးရိုးနှင့်တကွ ပစ္စည်း ဥစ္စာ ဉာဏ် အရည်အချင်း အထက်တန်း ကျသော တပည့် ကိုရင်ကလေး တစ်ပါးသည် ဆောင်းအခါ၌ ဝမ်းရောဂါလိုလို ဖြစ်နေ၏၊ ဘုန်းကြီးကား သူ့ဆွေမျိုး ဉာတိများနှင့် ဆရာရင်းများကို တွေး၍ (တကယ်လို့ မတော်တဆဖြစ်လျှင်ဟု စဉ်းစားကာ) လွန်စွာကြီးသော တာဝန်တစ်မျိုး ဖြစ်လာ၏၊ ဆိုင်ရာ ဆေးဝါးနှင့် အစောင့်အရှောက်ထား၍ အိပ်သော်လည်း တစ်ခဏမျှသာ အိပ်ပျော်ပြီးနောက် နိုးလာ၏၊ အခါကား ဆောင်းလအခါ ဖြစ်၏၊ အလွန်ချမ်းသောအခါဝယ် မကြာခဏ ထ၍ ကြည့်မိ၏။

အိပ်ရာနားထိုင်၍ စဉ်းစားမိသည်မှာ… ယခု ဖြစ်ရသော စိတ် ဒုက္ခ ကိုယ်ဒုက္ခသည် တပည့်ခေါ်သော ရုပ်နာမ်ခန္ဓာကိုယ်ကြောင့်သာ ဖြစ်ရ၏၊ သူတို့ မရှိလျှင် ဤဒုက္ခမျိုး မဖြစ်ရ၊ သူတို့ မရှိ၍ ငါချည်း အမြဲဖြစ်နေမလား, ဒီလိုလည်း မနေသာ၊ “အင်း … သူတို့လည်း မပါ, ငါဆိုတဲ့ ရုပ်နာမ်ခန္ဓာလည်း မရှိမှသာ ဤလို ဒုက္ခမျိုးမှ လုံးဝ ကင်းပေတော့မည်”ဟု သဘောပေါက်ကာ ရုပ်နာမ် လုံးဝ မရှိဘဲ အေးမြမည့် နိဗ္ဗာန်အရသာကို မှန်းဆနိုင်ခဲ့သည်။

စာရှုသူအားလုံးလည်း ပြခဲ့သော အစဉ်ကို ရှု၍ ဖြစ်စေ, ရုပ်နာမ် ခန္ဓာ (သံယောဇဉ်)များကြောင့် ဒုက္ခရောက်သောအခါဖြစ်စေ ရုပ်နာမ်ချုပ်ငြိမ်းသော နိဗ္ဗာန်ကို မှန်းဆကာ မခံစားရဘဲ ချမ်းသာ သော သန္တိသုခကို သဘောပေါက်နိုင်ပါလိမ့်မည်။ [သန္တိ=ငြိမ်းအေး သော + သုခ = ချမ်းသာ။]

မဂ္ဂသစ္စာရှင်းလင်းချက်

“မဇ္ဈိမပဋိပဒါ” ဟူသော နာမည်ဖြင့် ပြခဲ့သော မဂ္ဂင်ရှစ်ပါးကိုပင်“မဂ္ဂသစ္စာ” ဟု ခေါ်၏၊ [မဂ္ဂ=နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း+သစ္စာ=အမှန်၊] သမ္မာဒိဋ္ဌိ အစရှိသော တရားရှစ်ပါးသည် မိမိသန္တာန်၌ ဖြစ်ပေါ်လာ သောအခါ၌ အရိယာအဆင့်သို့ တိုးတက်တော့၏၊ ထိုအရိယာ အဆင့်သို့ ရောက်လျှင် နိဗ္ဗာန်ကို ထင်ထင်ရှားရှား (မျက်စိဖြင့် မြင်ရသလို) မြင်နိုင်ပြီ၊ ချဲ့ဦးအံ့သမ္မာဒိဋ္ဌိသည် ကံနှင့်ကံ၏အကျိုး လောက်ကိုသာ သိမြင်နိုင်သော ကမ္မဿကတာသမ္မာဒိဋ္ဌိ, အနိစ္စ ဒုက္ခ အနတ္တဟု ရုပ်နာမ်တရားကို ရှုနိုင် သိမြင်နိုင်သော ဝိပဿနာ သမ္မာဒိဋ္ဌိအပြင် မဂ္ဂသစ္စာ အဆင့်အတန်းသို့ ရောက်သော မဂ္ဂ သမ္မာဒိဋ္ဌိလည်း ရှိသေး၏။

ထိုသုံးမျိုးတွင် ရှေ့နှစ်ပါးကို မဇ္ဈိမပဋိပဒါအခန်း၌ ပြခဲ့ပြီ၊ ရုပ် နာမ် ခန္ဓာကို အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာသမ္မာဒိဋ္ဌိဖြင့် ရှုဖန် များလာသော် ကိလေသာ အနောက်အကျုတွေ စိတ်အစဉ်မှာ ကင်း၍ (ဝိပဿနာသမ္မာဒိဋ္ဌိ အဖြစ်မှ အဆင့်အတန်း တိုးတက် ရင့်သန်ကာ) မဂ်ဉာဏ် အဖြစ်သို့ ရောက်သော (မဂ္ဂသစ္စာတွင်ပါဝင်သော) မဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်လာ၏၊ ဤနည်းအားဖြင့် အဆင့် အတန်း မြင့်၍ ရင့်သန်လာသော မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်အစစ် ဖြစ်ရကား “မဂ္ဂသစ္စာ”ဟု အမည်ရလေသည်။

မဂ်ရအောင် ဝိပဿနာဖြင့် တက်

အလွန်ချောမွေ့သော အဝတ်အထည်ကို အလွန်သိမ်မွေ့ သေးငယ်သော အပ်ဖြင့်သာ ချုပ်ထိုက်၏၊ ထိုအပ်ကလေးနဖားကို ဖောက်ထွင်းသော (အပ်နဖားထွင်း) စူးကလေးကား ထိုအပ်ကလေး ထက်ပင် သိမ်မွေ့သေးငယ်သော သံမဏိကလေး ဖြစ်ထိုက်ရာ၏၊ ထို့အတူ အလွန်သိမ်မွေ့သော နိဗ္ဗာန်ကို သိမြင်နိုင်သော မဂ်ဉာဏ် ဟူသည် အလွန်သိမ်မွေ့ထက်သန်သော ဉာဏ်သာ ဖြစ်ထိုက်၏၊ ထို မဂ်ဉာဏ်ရအောင် ကြိုးစားသောပုဂ္ဂိုလ်သည် အလွန်ထက်သန်သော (လောကီဉာဏ်တို့တွင် အထက်ဆုံးဖြစ်သော) ဝိပဿနာဉာဏ်ကို မိမိသန္တာန်၌ ဖြစ်အောင် ကြိုးစားထိုက်ပေ၏၊

ထိုဝိပဿနာဉာဏ် ရအောင် ကြိုးစားသူလည်း ထိုထိုဤဤ အရှုပ်အပွေ ကိစ္စကြီးငယ် တွေကို ဖြတ်တောက် ခွာရှင်း၍ ကင်းကင်းနေနိုင်မှ လွတ်လွတ် ကျွတ်ကျွတ် အားထုတ်နိုင်ပေလိမ့်မည်၊ ထို့ကြောင့် တကယ်မလုပ်နိုင် သေးသော်လည်း စိတ်ကူးအားဖြင့် မိမိကိုယ်ကို ယောဂီသူတော်စင် ဖြစ်အောင် ရိုးရိုးကလေး ဆင်ပြင်ကြည့်ကာ သစ်ပင် တောတန်း သင်္ခမ်းရိပ်သာဝယ် ဝိပဿနာကမ္မဋ္ဌာန်းကို တကယ်တမ်း အားထုတ် နေပုံလေးကို တွေးကြည့်ပါလေ။

ဤသို့ နေရခြင်းသည် သမုဒယသစ္စာ တဏှာ လောဘစိတ်ဖြင့် ပျင်းစရာဟု ထင်ရသော်လည်း တဏှာ လောဘကို ပယ်ခွာမည့် ဝိပဿနာဉာဏ်ဖြင့်ကား ကြည်နူးပျော်မွေ့ဖွယ် ကောင်းလှပေသည်။

ထိုနေရာ၌ (အလွန် အိပ်ချင်လှမှ အိပ်သောအချိန်ကလေးကိုသာ အနားပေး၍) အချိန်မလပ်အောင် ဝိပဿနာအခန်း၌ ပြခဲ့ သည့်အတိုင်း အားထုတ်ပါ၊ စိတ်အဆင့်အတန်း ဉာဏ်အဆင့် အတန်းမှာ တစ်ဆင့်ထက်တစ်ဆင့် ရင့်၍ ရင့်၍ လာပါလိမ့်မည်၊ ထိုသို့ ရင့်စပြုလာလျှင် တိုး၍သာ ကြိုးစားပေတော့၊ ဤသို့ ကြိုးစား ခိုက်၌ “မဇ္ဈိမပဋိပဒါ”ခေါ် ဝိပဿနာမဂ္ဂင်တရား မိမိမှာ ဖြစ်နေပေသည်၊ ထိုသို့ ဆက်၍ ဆက်၍ ကြိုးစားသောအခါ ဤဝိပဿနာ မဂ္ဂင်တရားသည်ပင် အဆင့်အတန်း ရင့်ကာရင့်ကာ သောတာပတ္တိ မဂ်ဟု ခေါ်ရသော မဂ္ဂသစ္စာ အဖြစ်ဖြင့် မိမိသန္တာန်မှာ ဖြစ်လာပါလိမ့်မည်၊

ထိုအခါ၌ကား မိမိသန္တာန်ဝယ် ရှေးက ဖြစ်လေ့ရှိသော ကိလေသာတချို့သည် ဘယ်နည်းနှင့်မျှ မပေါ်နိုင်အောင် အလိုလို ခန်းခြောက် ပျောက်သွားပါလိမ့်မည်၊ ကိလေသာအနောက်အကျု နည်းသွားသလောက် မဂ္ဂသစ္စာသည်လည်း သန့်ရှင်းရကား ထို၌ ပါသော သမ္မာဒိဋ္ဌိလည်း တစ်ခါတစ်ရံမျှ မမြင်ရဖူးသော နိရောဓ နိဗ္ဗာန်ကို အထင်အရှားပင် မြင်လာနိုင်ပါလိမ့်မည်၊ ထိုမှ ဆက်၍ တိုးတက် အားထုတ်ပြန်လျှင် အဆင့်ဆင့် အတန်းမြင့်၍ ရင့်သော မဂ္ဂသစ္စာတို့ကို ရကာ ရဟန္တာအဖြစ်သို့ ရောက်သဖြင့် လောက၌ တွေ့ရသော ဒုက္ခအားလုံးမှ လွတ်မြောက်ကြရပါသည်။

သစ္စာလေးပါး အကြောင်းအကျိုးဆက်ပုံ

ယခု အချိန်အခါသည် မြန်မာနိုင်ငံကို လက်အောက်ခံ ဘဝမှလွတ်အောင် ကြိုးစား၍ လွတ်လုခါနီး ဖြစ်နေသော အချိန်အခါတည်း၊ ဘာ့ကြောင့် ကျွန်ဘဝသို့ ရောက်ခဲ့ရပါသလဲ၊ (၁၂၄၇ တစ်ထောင့်နှစ်ရာလေးဆယ်ခုနစ်)ခုနှစ် မရောက်မီက မြန်မာပြည်သူ ရှင်လူဟူသမျှတို့သည် တိုင်းရေးပြည်ရာဝယ် အမြင်မကျယ်ခဲ့ကြ၊ (အသိဉာဏ် နည်းခဲ့ကြ၏၊) မြန်မာပြည် အောက်ပိုင်းကို ပေးလိုက်ရသည့်တိုင်အောင်လည်း သတိမရခဲ့ကြ၊

တိုင်းရေးပြည်ရာဝယ်လည်း အမြင်မကျယ်ခြင်းသည် အကြောင်း, ကျွန်ဘဝ၌ ဒုက္ခဖြစ်ရခြင်းသည် အကျိုး၊ ယခုအခါ လွတ်လပ်အောင် ကြိုးစားကြခြင်းသည် အကြောင်း, နောင် လွတ်လပ်ခွင့်ရခြင်းသည် အကျိုး၊ ဤသို့လျှင် လက်ရှိ နိုင်ငံရေး၌ မကောင်းသော အကြောင်း နှင့် အကျိုးသည်လည်းကောင်း, လွတ်လပ်ရေးနှင့်ဆိုင်သော ကောင်းသော အကြောင်းနှင့် အကျိုးသည်လည်းကောင်း ဆက်သွယ် နေသကဲ့သို့ ထို့အတူပင် တဏှာလောဘ သမုဒယသစ္စာသည် အကြောင်း, ဇာတိမီး အစရှိသည်တို့၏ လောင်စာဖြစ်သော ရုပ် နာမ် ခန္ဓာသည် အကျိုးတည်း၊ (ဤကား မကောင်းကြောင်းနှင့် မကောင်းကျိုးတည်း၊) သမုဒယသစ္စာ တဏှာ လောဘကြောင့် ကျွန် ဘဝရောက်နေသော ဒုက္ခသစ္စာ ခန္ဓာအနေမှ ထွက်မြောက်အောင် ကြိုးစားသော ဝိပဿနာအခြေခံပါသော မဂ္ဂသစ္စာသည် အကြောင်း, ဒုက္ခအားလုံးမှ ကုန်ဆုံးလွတ်လပ်ရာ နိရောဓသစ္စာသည် အကျိုး၊ (ဤကား ကောင်းသော အကြောင်းနှင့် အကျိုးတည်း။)

မဂ္ဂင်လမ်းကို လိုက်ကြည့်စမ်းပါ

ဤသို့လျှင် မကောင်းကြောင်းနှင့် မကောင်းကျိုးနှစ်ပါးကို လောကီသစ္စာ, ကောင်းကြောင်းနှင့်ကောင်းကျိုး နှစ်ပါးကို လောကုတ္တရာသစ္စာ (လောကမှ လွတ်မြောက်သော သစ္စာ)ဟု ခွဲ၍ လောကီအကြောင်းဖြစ်သော တဏှာသမုဒယများလေ ဒုက္ခ များလေ, တဏှာသမုဒယနည်းလေ ဒုက္ခနည်းလေ, တဏှာသမုဒယ လုံးလုံးမရှိလျှင် (ကိုယ့်ကိုယ်ကိုသော်မှ မခင်တွယ်လျှင် နောင်ရဖို့ ရန်လည်း အမှန် မလိုလားတော့လျှင်) ဒုက္ခသည်လည်း လုံးလုံး မရှိတော့ပြီ၊ “မဇ္ဈိမပဋိပဒါ”ခေါ် မဂ္ဂင်ရှစ်ဖြာ ဝိပဿနာ ရင့်သန်လေ, နိရောဓနှင့် နီးလေ၊ ဝိပဿနာ အစွမ်းကုန်ရင့်၍ မဂ္ဂသစ္စာ ဖြစ်လေ, နိရောဓသစ္စာကို သိနိုင်လေပင်တည်း။

ထို့ကြောင့် ယခုကာလ နိဗ္ဗာန်၏သဘောကို ကြံဆနေသူ တို့သည် မဂ္ဂင်ရှစ်ပါး လမ်းကြောင်းကို မတိမ်းမစောင်း လိုက်၍ ကြည့်သင့်ကြ၏၊ ရန်ကုန် မရောက်ဖူးသေးသူသည်… “ရန်ကုန် ရောက်ချင်စမ်းပါဘိ, ရွှေတိဂုံ ဖူးချင်စမ်းပါဘိ”ဟု မြည်တမ်းနေရုံ မျှဖြင့် ကိစ္စမပြီး၊ ရန်ကုန်သွားဖို့ရာ ရိက္ခာစုဆောင်း၍ မြန်မြန် သွားနိုင်မှ ရွှေတိဂုံ ဖူးရမည်။

ထို့အတူ ယခုအခါ “နိဗ္ဗာန်ကို မြန်မြန် ရလိုပါ၏”ဟု ဆုတောင်း နေရုံဖြင့် တင်းတိမ်ရမည့်အချိန် မဟုတ်၊ မိမိအစွမ်းဖြင့် သတ္တဝါတို့ အကျိုးများအောင် ဆောင်နေသူမှတစ်ပါး သူတော်ကောင်းမှန်သမျှ နိဗ္ဗာန်သွားဖို့ရာ လမ်းကြောင်းဖြစ်သော မဇ္ဈိမပဋိပဒါ မဂ္ဂသစ္စာ လမ်းကို လိုက်ကြမှ အပြောနှင့်အလုပ် ညီမျှ၍ နိဗ္ဗာန်ကို မြင်နိုင်ကြ ပေမည်။

သတိပြုဖွယ်

ထိုလမ်းသို့ လိုက်နေသူ (ယောဂီ)ပုဂ္ဂိုလ် မှန်လျှင် လောကီ ဂုဏ်ပကာသနကို (ကိုယ့်ကိုယ်တိုင်က မသိနိုင်သော တဏှာဖြင့်) မသိမသာ လိုလားနေတတ်ကြ၏၊ ထို တဏှာကို ပီပီသသ ဖြတ်နိုင်ရမည်၊ ထို့ပြင် ခန္ဓာကိုယ် ရုပ်နာမ်၌ အနိစ္စ ဒုက္ခ ထင်မြင်ပါသော်လည်း အတ္တစွဲလမ်းချက် မကင်းဘဲ ရှိတတ်သေး၏၊ ထိုသို့ အတ္တစွဲလမ်းနေသည်ကို ကိုယ့်ကိုယ်တိုင်ပင် သိနိုင်ခဲ၏၊ အတ္တစွဲ ကျန်နေသေးလျှင် တရားပေါက်နေပြီဟု ထင်နေသော်လည်း မပေါက်သေးပါ။

သောတာပန်ဖြစ်လာလျှင် “သက္ကာယဒိဋ္ဌိ” ခေါ် အတ္တစွဲ မရှိ တော့ပါ၊ ထို့ကြောင့် ယခုပြမည့် အနတ္တလက္ခဏသုတ်တော်သည် အတ္တ စွဲလမ်းမှုတွေ လုံးဝကုန်စင်အောင် အစုံအလင် ပြမည့် တရား တော်ဖြစ်ရကား ဤ ပြအပ်လတ္တံ့အတိုင်း လေးလေးပင်ပင် ဆင်ခြင် ရှုစားကြပါကုန်။

ဓမ္မစကြာမှတ်ဖွယ်ပြီး၏။

အနတ္တလက္ခဏသုတ်တော်

အတ္တ၏ပုံသဏ္ဌာန်နှင့် တည်နေရာ

အနတ္တလက္ခဏသုတ်ကို သိလိုသူတို့သည် ရှေးဦးစွာ အတ္တအယူဝါဒကို နားလည်သင့်ကြ၏၊ အတ္တနှင့် စပ်၍ နားလည်ဖွယ်တို့ကား… အတ္တ၏ ပုံသဏ္ဌာန်, အတ္တ၏ တည်ရာ, အတ္တ၏ နာမည်, အတ္တ၏ သတ္တိ, အတ္တ၏ စွဲချက်များတည်း၊ “အတ္တ” ဟူသည် အစစ်အမှန်ရှိသောအရာ မဟုတ်၊ ဗုဒ္ဓမပွင့်ရာခေတ်၌ ပရမတ္ထသဘာဝဓမ္မကို ကျနစွာ မသိသော ပညာရှိတို့ အမျိုးမျိုး အဖုံဖုံ တွေးဆကြည့်သောအခါ “ဒီလို ဖြစ်တန်ရာ၏”ဟု ကြံစည် မှန်းဆအပ်သော အရာသာတည်း၊

ထို့ကြောင့် အစစ်အမှန်မဟုတ်သော အတ္တ၏ပုံသဏ္ဌာန်ကို ကြံစည်ကြရာ၌ ဆရာ တစ်ဦးနှင့်တစ်ဦး အယူအဆ မတူကြသည်မှာ ဓမ္မတာပင် ဖြစ်၏၊ ဥပမာ…မိန်းမမြုံမ၏ သားကလေးပုံသဏ္ဌာန်ကို ကြံကြံဖန်ဖန် တွေးရာ၌ တစ်ယောက် နှင့်တစ်ယောက် မတူနိုင်သကဲ့သို့တည်း။

ထို့ကြောင့် ဆရာတချို့က “အတ္တသည် အလွန့်အလွန် သေးငယ်၏၊ ပရမာဏုမြူခေါ်(လူတို့မျက်စိဖြင့် ကြည့်၍ မမြင်နိုင်သော) အသေးငယ်ဆုံး မြူမှုန်မျှလောက်သာ ရှိ၏”ဟု ယူဆကြ၏၊

နိဂဏ္ဌ နာဋပုတ္တဟု ထင်ရှားသော (ဂျိန်း) ကျမ်းဆရာတို့ကမူ “အတ္တသည် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့နေ၏၊ ခန္ဓာအိမ် ကြီးသလောက် အတ္တလည်း ကြီး၏”ဟု ဆိုကြ၏၊

ဝေဒန္တကျမ်းဆရာတို့ကား“အတ္တဟူသည် ကမ္ဘာကို ဖန်ဆင်းသော ဗြဟ္မာကြီး၏ အစိတ်အပိုင်းဖြစ်ရကား ဗြဟ္မာ တန်ခိုးကြီးသလို အတ္တလည်း တန်ခိုးကြီး၏၊ ကြီးမားသင့်သောအခါ၌ ကြီးမားသော ပမာဏရှိ၏၊ ခန္ဓာကိုယ်ဟောင်းကို စွန့်၍ ခန္ဓာ အိမ်သစ်ကို ရှာနေခိုက်မှာ အလွန်သေးငယ်သော ပမာဏရှိ၏”ဟု ဆိုကြ၏၊

တချို့က “အတ္တသည် ဗြဟ္မာ၏ အစိတ်အပိုင်း ဖြစ်သည့် အားလျော်စွာ တစ်ခုတည်းသာ ရှိ၏”ဟု ယူ၍ တချို့ကား “ခန္ဓာအိမ် တစ်ခုလျှင် အတ္တတစ်ခုစီ ရှိ၏”ဟု ယူဆကြလေသည်၊ ဤကား အတ္တ၏ ပုံသဏ္ဌာန်ကို ကြံစည်ကြပုံတည်း။

ဂျိန်းဆရာတို့အလို “အတ္တသည် ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ ပျံ့နှံ့တည်နေ၏”ဟု ဆိုလို၏၊ မိတက္ခရကျမ်း၌ကား နှလုံးသား၏ ဝဲယာနှစ်ဖက်မှ အထက်သို့ တက်၍ နှာခေါင်းပေါက်နှင့် ဆက်စပ် တည်နေသော အကြောကြီးနှစ်ခု တည်ရှိကုန်၏၊ ထိုအကြောတို့ သည် ထွက်သက် ဝင်သက်လေတို့၏ သွားလာရာလမ်း ဖြစ်ကုန်သတတ်၊ အခြား အကြောကြီးတစ်ခုကား နှလုံးသားမှ အထက်သို့ တက်၍ ဦးခေါင်း၌ရှိသော အပေါက်သို့ ဆိုက်ရောက်၏၊ (ငယ်ထိပ် သို့ ရောက်သည်ဟု ဆိုလိုဟန်တူသည်၊) ထိုအကြော သုံးခုတို့၏ အလယ်၌ လရောင်ကဲ့သို့ အရောင်အဝန်း ရှိ၏၊ ထိုအရောင်အဝန်း၏ အလယ်၌ အတ္တသည် (လေငြိမ်ရာ၌ ထွန်းအပ်သော ဓာတ်မီး ကဲ့သို့) မတုန်မလှုပ် တောက်ပတည်နေသည်ဟု ဆိုသတတ်၊ ဤကား အတ္တ၏ တည်ရာဌာနကို ကြံဆကြပုံတည်း။

အတ္တ၏ နာမည်နှင့် သတ္တိ

ပါဠိဘာသာဖြင့် အတ္တဟု ထင်ရှားသော ထိုအရာကို မြန်မာတို့က အသက်ကောင် ဝိညာဉ်ကောင် လိပ်ပြာဟု ခေါ်ကြသည်။ ထိုအတ္တ၏ သတ္တိကား (ကာရက) ပြုဘွယ်ကိစ္စ အဝဝတို့ကို ဖြစ်စေနိုင်၏။ (ဝေဒက) ခံစားစရာ ဟူသမျှကို ကောင်းကောင်းဆိုးဆိုး ခံနိုင်စံနိုင်၏။ (သာမီ) ခန္ဓာအိမ်၏ အရှင်သခင်လည်း ဖြစ်၏။ (နိဝါသီ) ခန္ဓာအိမ်၌ အမြဲနေ၏။ (သယံဝသီ) ခန္ဓာအိမ်နှင့် ဆိုင်သော ကိစ္စဟူသမျှကို သူ့အလိုသို့ လိုက်စေနိုင်၏ ဟု ယူဆကြသည်။

ချဲ့ဦးအံ့- (မိမိကိုယ်ကို စဉ်းစားကြည့်ပါ) အဆင်းကိုမြင်ရာ၌ မျက်လုံးအတွင်း၌ စက္ခုပသာဒခေါ်သော ပသာဒဖြင့် အသက်ကောင် ဝိညာဉ်ကောင်ဖြစ်သော အတ္တက မြင်၏။ အတ္တသည် မြင်ခြင်းကိစ္စကို ဖြစ်စေ၏။ ထို့အတူ နားဖြင့် ကြားရာ နှာခေါင်းဖြင့် အနံ့ယူရာ လျှာဖြင့် အရသာခံရာတို့၌ အတ္တသည် ကြား၏, အတ္တသည် အနံ့ကို သိ၏, အတ္တသည် အရသာ၏ အကောင်းအဆိုးကို ခံစား၏, ဒုတ် စသည်ဖြင့် ထိ၍ နာကြင်ရာ၌ အတ္တသည် နာ၏, မီးဖြင့် ထိရာ၌ အတ္တသည် ပူ၏, ရေဖြင့် ထိရာ၌ အတ္တသည် ဧ၏, ဖဲမွေ့ရာစသော အခင်းအနှီး နုနုညံ့ညံ့ကို တွေ့ထိရာ တယောက်ကိုယ်နှင့် တစ်ယောက်ကိုယ်ကို တွေ့ထိရာတို့၌ အတ္တသည် အရသာကို ခံစား၏, စိတ်ကူး၍ တရားကို အာရုံပြု၌ အာရုံတစ်ခုခု ထင်လာရာတို့၌ အတ္တသည် ထိုအာရုံကို သိ၏, ဤသို့ စသည်ဖြင့် ပြုဘွယ် ခံဘွယ် စံဘွယ် သိဘွယ်တို့ကို အတ္တသည်သာ ပြီးစေနိုင် ခံစံနိုင် သိနိုင်ရကား ခန္ဓာအိမ်ကို ပိုင်ဆိုင်နေသော အိမ်ပို်င်ရာပိုင် ဖြစ်၏။ စားချင် သွားချင် အိမ်ချင်ခြင်းစသော အလိုဟူသမျှသည် အတ္တ၏ အလိုဆန္ဒချည်းပင်တည်း၊ အတ္တသည် (ခန္ဓာကိုယ်ကို မဆွေးမြေ့ မအိုမင်းအောင် မတတ်နိုင်သော်လည်း) ခန္ဓာကိုယ် အဟောင်းပျက်ချိန်ခန္ဓာသစ်ကို ရှာမှီး၏။ ထိုသို့ ရှာမှီးသည့်အခါ အတ္တပြုထားသော ကံအားလျော်စွာ ခန္ဓာသစ်ကို ရပြန်၏။ ထို့ကြောင့် အတ္တသည် ခန္ဓာအိမ်တစ်ခုဟောင်းလျှင် တစ်ခုပြောင်း၍ ဖြစ်ကာ ခန္ဓာအိမ်၌ အမြဲနေသော အရာဝတ္ထုဖြစ်၏၊ ဤသို့ စသည်ဖြင့် ကံ ဉာဏ် ဝီရိယနှင့် စိတ်၏ အစွမ်းဟူသမျှကို အတ္တ၏ သတ္တိချည်းဟု အထင်မှားလျက် အစစ်မှန် မရှိသော အတ္တကိုပင် သတိ အမျိုးမျိုးဖြင့် အမွှန်းတင်ကာ စိတ်လည်း၌ ထင်လာမြင်လာအောင် ကြံစည်စိတ်ကူးကြလေတော့သည်။

ရုပ်ကို အတ္တဟု စွဲချက်

အတ္တစွဲလမ်းရာအချက်မှာ ရုပ်,ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဟု ငါးဌာန ရှိ၏၊ အချုပ်အားဖြင့် ရုပ်ကို အတ္တဟု စွဲလမ်းခြင်း (ဝေဒနာစသော လေးပါးတွင် တစ်ပါးပါးသော) နာမ်တရားကို အတ္တဟု စွဲလမ်းခြင်း နှစ်မျိုးရှိ၏၊ ထိုတွင် ရုပ်ခန္ဓာကို အတ္တဟု စွဲလမ်းသူတို့ အလိုအားဖြင့် ရုပ်ခန္ဓာကိုယ်၏ အရပ်တိုင်းမှာ အမြုတေကဲ့သို့ ခိုင်မာ၍ ခန္ဓာအိမ် တစ်ခုလုံးကို အုပ်ချုပ်စီမံနေသော ရုပ်မှုန်ကလေးတွေ ရှိ၏၊ ဤ ခန္ဓာကိုယ် ပျက်စီးချိန်ကျသဖြင့် ဆွေးမြေ့ ပျက်စီးရသည့်အခါ ထို အတ္တရုပ်မှုန် ကလေးများသည် (ဥစ္ဆေဒဒိဋ္ဌိအယူရှိသူတို့အလို တစ်ခါတည်း ပျက်ပြားရတော့၏ဟု ဆိုလိုသော်လည်း သဿတဒိဋ္ဌိအယူ ရှိသူတို့အလိုအားဖြင့် မပျက်ပြားဘဲ) မိမိပြုထားသော ကံအားလျော်စွာ ဘဝသစ်၌ ရုပ်ခန္ဓာသစ် ဖြစ်၍ ကြီးပွားရပြန်သည်ဟု ယူဆကြသည်။ နောက်ဆုံး ကမ္ဘာပျက်စီးချိန်ကျ၍ ကမ္ဘာမီးလောင်သောအခါ ဤ အတ္တရုပ်မှုန့် ကလေးတွေသည် မျက်စိဖြင့် မမြင်နိုင်လောက်အောင် အလွန်ငယ်သော ပရမာဏုမြူအနေအားဖြင့် ကမ္ဘာလောကဝယ် အနှံ့အပြား ကျန်ရစ်၏၊ ထိုသို့ ကျန်ရစ်သောကြောင့်သာ ကမ္ဘာသစ် တည်ပြီးသောအခါ ပရမာဏုမြူ တစ်ခုနှင့်တစ်ခု ရောနှော ပေါင်းစပ်မိ၍ ဒွိအဏုက (အဏုမြူနှစ်ခုတွဲ) ဖြစ်၏၊ ဒွိအဏူမြူချင်း ပေါင်းမိပြန်ရာ စတုအဏုက (အဏုမြူလေးခုတွဲ) ဖြစ်၏၊ ဤသို့ စသည်ဖြင့် အဏုမြူအတ္တကလေးတွေ ပေါင်းမိရာမှ စ၍ သတ္တဝါ အမျိုးမျိုးတို့ ပေါ်ပေါက်လာကာ ကမ္ဘာလောကကြီး၌ လူ နတ် ဗြဟ္မာ ထိအောင် သတ္တဝါတွေ ပြည့်လာသည်ကို တွေ့ကြရသည်၊ ဤကား အဏုမြူကစ၍ သတ္တဝါတွေ ဖြစ်လာ၏ဟု ယူဆသော ဝါဒတစ်မျိုးတည်း၊ “ဗြဟ္မာက လောကကို ဖန်ဆင်းပြီးနောက် သတ္တဝါတွေကို ဖန်ဆင်းသည်”ဟု ယူဆသော ဝါဒ၌လည်း ဗြဟ္မာမင်းသည် ထိုအဏုမြူကလေးတွေကိုပင် ပေါင်းစပ် အသက်သွင်း၍ သတ္တဝါ ဖြစ်အောင် ဖန်ဆင်းသည်ဟု ယူဆဟန်တူသည်၊ ဤပြခဲ့သော ဝါဒ၌ အတ္တစွဲရာဌာနသည် ရုပ်တရားပင်ဖြစ်၏ဟု ဆိုလိုသည်။

သာတိရဟန်း၏အတ္တစွဲ

ဗုဒ္ဓလက်ထက်တော်၌ … “သာတိ”မည်သော ရဟန်းတော်တစ်ပါးသည် ဇာတ်တော်များကို အထူးလိုက်စားသူ ဖြစ်၏၊ ဇာတ်ပေါင်းသောအခါ “ရှေးတုန်းက ဝေဿန္တရာမင်းသည်, မဟာဇနကမင်းသည်, တေမိမင်းသည်, သုမေဓာရသေ့သည် ယခုအခါ ငါဘုရား ဖြစ်လာ၏” ဤသို့ စသော စကားအသုံးအနှုန်းများကို လေးနက်စွာ စဉ်းစား၍ “သုမေဓာရသေ့ဘဝတုန်းက စိတ်ဝိညာဉ်သည် မပျက်မစဲ ခိုင်မြဲစွာ တည်တံ့လျက် တေမိမင်းစသော ဘဝရောက်ကာ ဘုရားဖြစ်သောအခါ အလွန်ရင့်မာသော ဝိညာဉ်တော် ဖြစ်လာရသည်၊ ကံကောင်း ကံဆိုး အမျိုးမျိုးကို ပြု၍ မိမိပြုအပ်သော ကံ၏အကျိုးကို ဤဝိညာဉ် သည်ပင် ခံစားရ၏၊ ပြုလုပ်သူလည်း ဤ ဝိညာဉ်, ခံစားသူလည်း ဤ ဝိညာဉ်ပင်တည်း”ဟု ယူဆလေသည်၊ ဤသာတိရဟန်းကား ယခုခေတ် မြန်မာလူမျိုး, တရုတ်လူမျိုး စသူတို့ကဲ့သို့ ဝိညာဉ် ကိုပင် အတ္တဟု ယူဆသူတည်း။

ဝိညာဉ်ကို အတ္တဟုစွဲပုံ

ခံစားတတ်သော ဝေဒနာကို အတ္တဟုလည်းကောင်း, ဟိုဟာ သည်ဟာ မှတ်သားတတ်သော သညာကို အတ္တဟုလည်းကောင်း, ထိုထိုကိစ္စ တို့၌ လှုံ့ဆော်ပေးတတ်သော စေတနာသင်္ခါရကို အတ္တဟုလည်းကောင်း, (တွေ့ထိမှု ဖဿ စသည်ကို အတ္တဟုလည်းကောင်း), စိတ် ဝိညာဉ်ကို “အတ္တ”ဟုလည်းကောင်း တချို့က စွဲလမ်းကြ၏။ ထိုတွင် ဝိညာဉ်ကို “အတ္တ”ဟု စွဲလမ်းခြင်းသည် ယခုအခါ ဗုဒ္ဓကျမ်းစာတို့၌ (အထူးအားဖြင့် အဘိဓမ္မာသဘော၌) မကျွမ်းကျင်သူ မြန်မာလူမျိုးတို့ စွဲလမ်းပုံနှင့် ထပ်တူကျ၏၊ မြန်မာလူမျိုးတို့သည် လူတစ်ယောက်သေဆုံးသောအခါ၌ အသက်ကောင် ဝိညာဉ်ကောင် ဟု ထင်မှတ်ထားသောအရာသည် ဤခန္ဓာအိမ်မှ ထွက်ခွာသွား၍ ကံအားလျော်စွာ ခန္ဓာအိမ်အသစ်မှာ ငြိတွယ်၏၊ ခန္ဓာအိမ်အသစ် တွယ်စရာ မရှိလျှင် ခန္ဓာအိမ် အဟောင်းကိုပင် မလွှတ်သေး၊ ခန္ဓာဟောင်း၌ တစ်စွန်းတစ်စ တွယ်ကပ်လျက် ခန္ဓာအသစ်ကို ထောက်လှမ်း ရှာဖွေနေ၏၊ ခန္ဓာသစ်တွေ့၍ ထိုခန္ဓာသစ်၌ တစ်စွန်းတစ်စ ငြိတွယ်မှ ခန္ဓာအဟောင်းကို စွန့်လွှတ်သည်ဟု ကြံစည်ယူဆ ကြလေသည်၊ အကယ်၍ ခန္ဓာအသစ် မရသေးခင် ခန္ဓာအဟောင်း ကို မနေသာသဖြင့် စွန့်လွှတ်ရပြန်သော် ခန္ဓာအသစ် မရသေးသမျှ အတ္တကလေးသည် မိမိအိမ် အနီးအပါးဝယ် သွားလာ လှည့်ပတ် နေ၏၊ (တစ္ဆေ ဖြစ်နေသည်ဟု ဆိုလိုသည်၊) ကလေး ငယ်ငယ် ရွယ်ရွယ် လန့်သွား၍ မေ့သွား၍ မတုန်မလှုပ် ဖြစ်နေလျှင် “ဝိညာဉ် ကောင် လိပ်ပြာ စဉ်ထွက်သွားသည်”ဟု ယူဆ၍ လိပ်ပြာ ပြန်လာအောင် ခေါ်နည်းကို (ရှေးလူကြီးသူမတို့) ပြုကြလေသည်။ တရုတ်လူမျိုးတို့ကား ဝိညာဉ်လိပ်ပြာ၏ နေထိုင်ရာ အိမ်ကိုပင် တခမ်းတနား ပြုလုပ်ထားကြသေး၏၊ တစ်ရံတစ်ခါ သေသူ၏ လိပ်ပြာသည် သား သမီး အစရှိသော ကျန်ရစ်သူများ၏ လိပ်ပြာကို မကြာခဏလာခေါ်နေသဖြင့်(ကျန်ရစ်သူကိုပါ သေ၍ လိုက်သွားမည် စိုးသောကြောင့်) လိပ်ပြာခွဲနည်း အစီအစဉ်ကိုပင် ပြုလုပ်ကြရသေး၏၊ ဤကား စိတ်ဝိညာဉ်ကို အတ္တဟု ယူဆ၍ (ထိုအတ္တကိုပင် အသက်ကောင်, ဝိညာဉ်ကောင်, လိပ်ပြာဟု ခေါ်ကြသော မြန်မာ လူမျိုးတို့) အတ္တစွဲလမ်းချက်တည်း။

မှတ်ချက်။ ။ သေပြီးသည့်နောက် အိမ် စသည်ကို တွယ်တာ၍ အနီးအပါးမှာ တစ္ဆေဖြစ်နေသူသည် ဝိညာဉ်ကောင် မဟုတ်၊ ပြိတ္တာဘဝ ရောက်နေသူသာတည်း၊ သေပြီးနောက် ရောက်ဖို့ရာဘဝကို ဂတိဟု ခေါ်၏၊ ထိုဂတိသည် လူ, နတ်, ငရဲ, ပြိတ္တာ, တိရစ္ဆာန်အားဖြင့် ငါးမျိုးရှိသည်။

သာတိရဟန်း၏အတ္တစွဲ

ဗုဒ္ဓလက်ထက်တော်၌ … “သာတိ”မည်သော ရဟန်းတော်တစ်ပါးသည် ဇာတ်တော်များကို အထူးလိုက်စားသူ ဖြစ်၏၊ ဇာတ်ပေါင်းသောအခါ “ရှေးတုန်းက ဝေဿန္တရာမင်းသည်, မဟာဇနကမင်းသည်, တေမိမင်းသည်, သုမေဓာရသေ့သည် ယခုအခါ ငါဘုရား ဖြစ်လာ၏” ဤသို့ စသော စကားအသုံးအနှုန်းများကို လေးနက်စွာ စဉ်းစား၍ “သုမေဓာရသေ့ဘဝတုန်းက စိတ်ဝိညာဉ်သည် မပျက်မစဲ ခိုင်မြဲစွာ တည်တံ့လျက် တေမိမင်းစသော ဘဝရောက်ကာ ဘုရားဖြစ်သောအခါ အလွန်ရင့်မာသော ဝိညာဉ်တော် ဖြစ်လာရသည်၊ ကံကောင်း ကံဆိုး အမျိုးမျိုးကို ပြု၍ မိမိပြုအပ်သော ကံ၏အကျိုးကို ဤဝိညာဉ် သည်ပင် ခံစားရ၏၊ ပြုလုပ်သူလည်း ဤ ဝိညာဉ်, ခံစားသူလည်း ဤ ဝိညာဉ်ပင်တည်း”ဟု ယူဆလေသည်၊ ဤသာတိရဟန်းကား ယခုခေတ် မြန်မာလူမျိုး, တရုတ်လူမျိုး စသူတို့ကဲ့သို့ ဝိညာဉ် ကိုပင် အတ္တဟု ယူဆသူတည်း။

ဝိညာဉ်အတ္တ၏ သံသရာလည်ပုံ

ရုပ်ကို အတ္တစွဲသူတို့က ကမ္ဘာပျက်သော်လည်း ပရမာအဏုမြူရုပ်မှုန့်ကလေးတွေ အနှံ့အပြားတည်ရှိနေရစ်၏ဟု ယူဆကြသဖြင့် သူတို့အလို သတ္တဝါအဆက်မပြတ်နိုင်သလို ဝိညာဉ်ကို အတ္တဟု စွဲသူတို့ကလည်း သတ္တဝါအဆက်မပြတ်အောင် ကြံစည်စဉ်းစားကြ၏။

ကြံစည်စဉ်းစားပုံကား…စိတ်ဝိညာဉ်ဟူသော အတ္တသည် ဒါန သီလ စသော ကံ, သူ့အသက် သတ်မှု စသော ကံများကို ပြုလုပ် ထားသည့်အားလျော်စွာ ကောင်းသောဘဝ၌ ခန္ဓာအိမ်ကောင်းကို လည်းကောင်း, မကောင်းသောဘဝ၌ ခန္ဓာအိမ်ညံ့ကိုလည်းကောင်း ရကြလေ၏၊ ကမ္မဋ္ဌာန်းအားထုတ်၍ ထိုဝိညာဉ် စင်ကြယ်သန့်ရှင်း လာလျှင်(စျာန်ရလျှင်) ဗြဟ္မာ့ပြည်သို့လည်း ရောက်နိုင်၏၊ ဝိပဿနာ ကမ္မဋ္ဌာန်းကို (အနိစ္စနှင့် ဒုက္ခမျှကို) အားထုတ်၍ တရားပေါက်လျှင် စျာန်နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်၏၊ ထိုအတ္တသည် နိဗ္ဗာန်သို့ ရောက်၏။

[သူတို့ ဆိုလိုအပ်သော နိဗ္ဗာန်သည် ဗုဒ္ဓရှင်တော် မိန့်တော်မူ သော အားလုံး ချုပ်ဆုံးရာ နိရောဓမဟုတ်၊ အတ္တဝိညာဉ် အထင် အရှားရှိသော “လောကထုပိကာ”ဟု ခေါ်ဝေါ်သမုတ်အပ်သော ထိပ်ဆုံး ဗြဟ္မာ့ပြည်ပင်တည်း။]

ထိုနိဗ္ဗာန်၌ ကမ္ဘာများစွာ အေးချမ်းသာယာလျက် အတ္တဝိညာဉ် တည်နေပြီးနောက် အသက်တမ်းစေ့သောအခါ ထိုအတ္တဝိညာဉ်သည် နိဗ္ဗာန်မှ တစ်ဖန် ပြန်လာကာ ကမ္ဘာလောက၌ အခြား အတ္တ များနည်းတူ ကျင်လည်ရပြန်သည်ဟု ယူဆကြသည်၊ ဤနည်း အားဖြင့် ဝိညာဉ်ကို အတ္တဟု ယူဆသူတို့ အလိုအားဖြင့်လည်း သံသရာစက်လည်ကာ သတ္တဝါ မကုန်နိုင်ဘဲ ရှိလေသည်။

အချုပ်မှတ်ဖွယ်

အတ္တစွဲလမ်းသူတို့သည် တချို့က ရုပ်ကို အတ္တဟု စွဲလမ်း, တချို့က စိတ်ဝိညာဉ်နှင့် ဝေဒနာ စသော နာမ်ကို အတ္တဟု စွဲလမ်းကြ၏၊ ထိုအတ္တစွဲလမ်းချက် နှစ်မျိုး လုံးပင် အတ္တအဆက်မပြတ်ကြ၊ ထိုထို အလုပ်ကိစ္စကို မျက်စိ နား နှာ အင်္ဂါခြေလက်တို့ဖြင့် ပြုလုပ်နေရာ၌ အတ္တအစွမ်းကြောင့်သာ ထိုအလုပ်များ ပြီးစီးရ၏၊ လက်မြှောက်ရာ၌ အတ္တက မြှောက်လို၏၊ မြှောက်လို၍ အတ္တစီမံသည့်အတိုင်း လက်သည် မြှောက်၍ ဖြစ်၏၊ ခြေဖြင့် သွားလာရာ၌ အတ္တအလိုအတိုင်း ဖြစ်ခြင်းသာတည်း၊ ထို အတ္တသည် ယခုလို ဘဝက ကံအမျိုးမျိုး ပြုလုပ်၍ နောက် ဘဝ များစွာ၌ မိမိပြုအပ်သော ကံ၏ အကျိုးကို မိမိသည်ပင် ခံစံရသည်၊ ထို့ကြောင့် “အတ္တသည် မပြတ်မစဲ မြဲ၏”ဟု သဿတဝါဒီပုဂ္ဂိုလ် တို့က ယူဆကြ၏၊ “အတ္တသည် တစ်ဘဝ တစ်ခါ ဖြစ်၏၊ တစ်ဘဝ ဆုံးလျှင် ထိုအတ္တလည်း ပြတ်၏”ဟု ယူဆကြသော ဥစ္ဆေဒဝါဒီ ပုဂ္ဂိုလ်တို့ကမူ အသစ် အသစ် အတ္တကို ဗြဟ္မာမင်းက ဖန်ဆင်း ပေးသည်။

တစ်နည်း… ဗြဟ္မာမင်း၏ ကိုယ်အစိတ်အပိုင်းမှ အတ္တသည် ပေါက်ပွားလာရကား သေလျှင် အတ္တသည် ဗြဟ္မာ့ကိုယ်သို့ ပြန်၍ ပေါင်းစပ်၏ဟု ယူဆကြလေသည်၊ ဤသို့လျှင် ဗုဒ္ဓရှင်တော် ပွင့် တော်မမူမီကပင် (“ပညာရှိလေ အတ္တစွဲ အားကြီးလေ” ဖြစ်ကာ) ကမ္ဘာတစ်ခုလုံး ဗြဟ္မာကြီးတွေအထိ အတ္တအယူ လွှမ်းဖုံးနေရကား ဗုဒ္ဓပွင့်တော်မူသောအခါ ထိုအယူဝါဒကို ပထမဆုံး ဖျက်ဆီးဖို့ရာ ဓမ္မစကြာတရားတော်ကို ထပ်ကာ ထပ်ကာ ဟောတော်မူပြီးနောက် ဝါဆိုလပြည့်ကျော် ငါးရက်မြောက်မှာ အနတ္တလက္ခဏသုတ်တော်ကို ဟောတော်မူပါသည်။

အမှာ။ ။ “ဗုဒ္ဓသည် ဟိန္ဒူဝါဒကို ပြင်ဆင်၍ ဟိန္ဒူဝါဒအလိုက် တရားတို့ကို ဟောထား၏”ဟု စွပ်စွဲကြ၏၊ ဗုဒ္ဓမြတ်စွာသည် ဟိန္ဒူဝါဒ၏ နောက်လိုက်မဟုတ်ကြောင်းကို ယခု ပြအပ်တော့မည့် အနတ္တလက္ခဏသုတ်တရားဖြင့် နားလည် ထိုက်၏၊ ဘာ့ကြောင့်နည်း၊ ဟိန္ဒူဝါဒ၌ အတ္တအစွဲသည် အလွန် ခိုင်မြဲ၏၊ အနတ္တလက္ခဏသုတ်တော်ကား ထိုအတ္တကို လုံးလုံး ပယ်တော်မူသောကြောင့်တည်း။

အနတ္တလက္ခဏသုတ်မြန်မာပြန်

၁။ ဘိက္ခုတို့…ရုပ်သည် အတ္တမဟုတ်၊ (ရုပ်မှာ အတ္တမရှိ၊) ထင်ရှားစေဦးမည်၊ ဘိက္ခုတို့… ရုပ်ခန္ဓာသည် အကယ်၍ အတ္တမဟုတ်အံ့၊ (အတ္တဟုတ်ရိုးမှန်လျှင်) ဤရုပ်သည် နာကျင်ခြင်း မဖြစ်ရာ၊ “ငါ၏ ရုပ်သည် ဤကဲ့သို့ ကျန်းကျန်းမာမာ လှလှပပဖြစ်ပါစေ, ဤသို့ မကျန်းမမာ ဆိုးဆိုးရွားရွား မဖြစ်ပါစေနှင့်”ဟု ကိုယ်အလိုကျအောင် တောင့်တ၍ ရကောင်းရာ၏၊ ဘိက္ခုတို့… ရုပ်သည် အတ္တ မဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်၏၊ “ငါ၏ ရုပ်သည် ဤသို့ ကျန်းမာ လှပစွာ ဖြစ်ပါစေ, မကျန်းမမာဘဲ ဆိုးဆိုးရွားရွား မဖြစ်ပါစေလင့်”ဟု တောင့်တ၍လည်း မရနိုင်။

၂။ ဘိက္ခုတို့… သင်တို့ ဘယ်လို ထင်မြင်ကြသနည်း၊ “ရုပ်သည် မြဲသလား, မမြဲဘူးလား။”

ပဉ္စဝဂ္ဂီ။ ။ ရုပ်သည် မမြဲပါဘုရား။

ဗုဒ္ဓ။ ။ မမြဲသောအရာသည် သုခလား, ဒုက္ခလား။

ပဉ္စဝဂ္ဂီ။ ။ မမြဲသောအရာဟူသမျှ ဒုက္ခချည်းပါဘုရား။

ဗုဒ္ဓ။ ။ မြဲလည်း မမြဲ, ဆင်းလည်း ဆင်းရဲ, ဖောက်ပြန်ခြင်း သဘောလည်းရှိသော အရာကို “ဤဟာသည် ငါ့ဟာ, ဤဟာသည် ငါ, ဤဟာသည် ငါ၏အတ္တ”ဟု တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့ဖြင့် စွဲစွဲလမ်းလမ်း ကြည့်ရှု ဖို့ရာ သင့်ပါဦးမည်လော။ [ငါ့ဟာ (ငါ့ဥစ္စာ)ဟု စွဲလမ်းခြင်းသည် တဏှာ, ငါဟု စွဲလမ်းခြင်းသည် မာန, ငါ၏ အတ္တဟု စွဲလမ်းခြင်းသည် ဒိဋ္ဌိ။]

ပဉ္စဝဂ္ဂီ။ ။ မသင့်ပါဘုရား။ [ဝေဒနာ စသည်ကိုလည်း ဤနည်း အတိုင်းမေး၍ ပဉ္စဝဂ္ဂီတို့က ဖြေကြသည်။]

၃။ ဘိက္ခုတို့… ရုပ်ခန္ဓာကိုယ်သည် ယခုပြခဲ့သည့်အတိုင်း အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်၌ ဖြစ်လေသမျှ ရုပ်တွေ, ကိုယ်တွင်း ကိုယ်ပ ဖြစ်လေသမျှ ရုပ်တွေ, ရုပ်ကြမ်း ရုပ်နုတွေ, အောက်တန်းစား အထက်တန်းစား ရုပ်တွေ, မိမိ၏ အဝေး အနီးမှာရှိသော ရုပ်တွေကို “ဤရုပ်အားလုံးသည် ငါ့ဟာ မဟုတ်, ငါဆိုတာလည်း မဟုတ်, ငါ၏အတ္တလည်း မဟုတ်”ဟု မှန်ကန်စွာ သိသော ဝိပဿနာဉာဏ်ဖြင့် (မဂ်ဉာဏ်ဖြင့်) ရှုကြ, မှတ်သားကြပေတော့။ [ဝေဒနာ စသည်ကိုလည်း ဤနည်းအတိုင်း မိန့်တော်မူသည်။]

၄။ ဘိက္ခုတို့… ဤသို့ ဉာဏ်စက္ခုဖြင့် ကြည့်ရှုသော စာပေ ဗဟုသုတ, မဂ်ဖိုလ်ဗဟုသုတလည်းရှိသော အရိယာတပည့်သည် ရုပ်ခန္ဓာ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဉ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့ခြင်း ပြင်းပြလာလျှင် ထိုခန္ဓာငါးပါး ရုပ်နာမ်တရား၌ တပ်မက် တွယ်တာမှု ကင်းတော့၏၊ တပ်မက်တွယ်တာမှု ကင်းလျှင် ထိုခန္ဓာ ငါးပါးမှ စိတ်အားဖြင့် လွတ်မြောက်ရတော့၏၊ စိတ်လွတ်မြောက် သော် “ငါ့စိတ် ကျွတ်လွတ်ပေပြီ”ဟု အသိဉာဏ်ဖြစ်လာ၏၊ “နောင် တစ်ဖန် ပဋိသန္ဓေ နေရခြင်း မရှိပြီ, မြတ်သောအကျင့်ကို ကျင့်ပြီးပြီ, ပြုဖွယ်ကိစ္စ ဟူသမျှကို ပြုပြီးပြီ, နောက်ထပ် ဤကိစ္စမျိုး ပြုဖို့ရာ မလိုတော့ပြီ”ဟု ပိုင်ပိုင်ကြီး သိနိုင်သည်။

အဓိပ္ပာယ်ရှင်းလင်းချက်

အနတ္တဖြစ်ကြောင်းလက်တွေ့

၁။ “အတ္တသည် မိမိကိုယ်နှင့် စပ်ဆိုင်ရာဝယ် မိမိအလိုကျ အောင် စီမံနိုင်၏”ဟု အတ္တစွဲလမ်းသူတို့က ယူဆကြ၏၊ သူတို့ ယူဆကြသည့်အတိုင်း ရုပ်ခန္ဓာသည် အတ္တဖြစ်နေလျှင် (သို့မဟုတ်) အတ္တရှိနေလျှင် အတ္တသည် ရုပ်ခန္ဓာ၏ အနာရောဂါ မဖြစ်ခြင်းကို အလိုရှိပေလိမ့်မည်၊ သို့သော် ရုပ်ခန္ဓာကား အနာရောဂါ ကင်းကင်းရှင်းရှင်း မဖြစ်ဘဲ မကြာမကြာ ရောဂါရုပ်တွေ ဖြစ်နေ၏၊ ထိုသို့ မကြာမကြာ ရောဂါရုပ်တွေ (မဖြစ်ချင်ဘဲ) ဖြစ်ရပုံကို ထောက်လျှင် ဤရုပ်ခန္ဓာ သည် မိမိအလိုကျ စီမံနိုင်သော အတ္တလည်း မဟုတ်, အတ္တလည်း မရှိဟု သိသာလေသည်၊

[ထို့အတူ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ် တို့ကိုလည်း စိစစ်ကြည့်ပါ၊ ထိုသို့ စိစစ်ကြည့်သောအခါ ထိုဝေဒနာ စသည်တို့လည်း မိမိအလိုအတိုင်း မဖြစ်နိုင်ပုံ ထင်ရှားပါလိမ့်မည်၊ ထို့ကြောင့် ဝေဒနာ စသည်ကိုလည်း အတ္တ မဟုတ်, အတ္တလည်း မရှိကြဟု မှတ်ပါ။]

အနိစ္စ ဒုက္ခဖြင့် အနတ္တထင်ပုံ

၂။ အတ္တဟု စွဲလမ်းသူတို့က “အတ္တသည် မပျက်မစဲ ခိုင်မြဲ၏”ဟုလည်း ယူကြ၏၊ သို့သော် “ဤရုပ်ခန္ဓာသည် မြဲသလား, မမြဲ ဘူးလား”ဟု စစ်ဆေးကြည့်လျှင် မမြဲကြောင်း ထင်ရှား၏၊ [ဝိပဿနာ သမ္မာဒိဋ္ဌိအခန်း၌ အနိစ္စဖြစ်ပုံကို ပြခဲ့ပြီ၊] မမြဲသည့်အတွက် တစ်ပျက်တည်း ပျက်နေသော ရုပ်ခန္ဓာကို “ဒုက္ခလို့ ဆိုမည်လား, သုခလို့ ဆိုမည်လား”ဟု မေးလျှင် ဒုက္ခဟုပင် ဖြေကြပေလိမ့်မည်၊

ထိုသို့ မခိုင်မြဲ၍ ဒုက္ခအတုံးအခဲ ဖြစ်လျက် ပျက်စီးတတ်သော ဤရုပ်ခန္ဓာ ကို “ငါ့ရုပ်, ငါ့ခန္ဓာ, ငါ့ဥစ္စာ”ဟု တဏှာသဘောအားဖြင့်လည်း စွဲလမ်းသင့်ပါဦးမည်လော၊ “ငါဆိုတာ ဒီရုပ်ခန္ဓာပဲကွ”ဟု မာန သဘောအားဖြင့်လည်း စွဲလမ်းသင့်ပါဦးမည်လော၊ “ဒီရုပ်ခန္ဓာ သည်ပင် ငါ၏ အတ္တ=ငါ၏ အသက်ကောင်, လိပ်ပြာကောင်”ဟု ဒိဋ္ဌိသဘောအားဖြင့်လည်း စွဲလမ်းသင့်ပါဦးမည်လော၊ “မစွဲလမ်း သင့်တော့ပြီ။” [ဝေဒနာစသည်ကိုလည်း ဤသို့ စစ်ဆေးကြည့်ပါ။]

ရုပ်နာမ်အားလုံး မစွဲလမ်းသင့်

၃။ ယခုဘဝ၌ ရှေးရှေး နှစ်လ နေ့ရက် အချိန်များစွာတုန်းက ဖြစ်ခဲ့ကြသော, ရှေးရှေး ဘဝများစွာက ဖြစ်ခဲ့ကြသော ရုပ်နာမ် အားလုံးသည်ပင် အမြဲမရှိသော အနိစ္စတရား, ပျက်စီးဖောက်ပြန်သော ဒုက္ခတရား (အသက်ကောင် လိပ်ပြာကောင် ဝိညာဉ်ကောင် ဟူ၍ စွဲလမ်း ထင်မှတ်အပ်သော အတ္တမရှိ၍) အနတ္တတရား ဖြစ်ကြသောကြောင့် ထိုရှေးရှေးက ရုပ်နာမ်များသည် ယခုဘဝ ယခုအချိန်၌ ရှာ၍ မရအောင် ပျက်ခဲ့ကြပြီး နောက်နောက် ဖြစ်ပျက်သမျှလည်း ဤကဲ့သို့ ပျက်ကြရဦးမည်၊

ယခု ဖြစ်ဆဲ ရုပ်နာမ်တရားတွေလည်း ဝိပဿနာဉာဏ် ပညာစက္ခုဖြင့် မကြည့်ရှုနိုင်ကြသေး၍ မျက်ဝါး ထင်ထင် မမြင်ရစေကာမူ နှမ်းအိုးခင်း၌ နှမ်းတွေ တဖျစ်ဖျစ် မြည်လျက် ကျက်နေသကဲ့သို့ အချိန်မလပ် ခန္ဓာကိုယ် အရပ်တိုင်းမှာ အမှန်ပင် ပျက်နေကြသည်၊ ကိုယ့်သန္တာန်က ရုပ်နာမ်တွေ ဖြစ်လိုက် ပျက်လိုက်နေကြသလို သူတစ်ပါးသန္တာန်မှာလည်း ဖြစ်ပျက်၍ နေကြပေသည်၊

ထို့အတူ အကြမ်း အနု အယုတ် အမြတ် အဝေး အနီး ဖြစ်သော ရုပ်နာမ်အားလုံးတို့ ဖြစ်ပျက်နေရကား ရုပ်နာမ်အားလုံးကို “ငါ့ဥစ္စာ မဟုတ်”ဟု သိသော ဝိပဿနာဉာဏ်, ထိုဉာဏ်ထက် ထက်သန်သော မဂ်ဉာဏ်ဖြင့် တဏှာစွဲကို ဖြုတ်သင့်ကြပြီ၊ “ငါ ငါ”ဟု မာနစွဲကိုလည်း ဖြုတ်သင့်ကြပြီ၊ “ရုပ်နာမ်ကို ငါ၏ အတ္တ”ဟု ဒိဋ္ဌိစွဲ ကိုလည်း ဖြုတ်သင့်ကြပြီ။

အဆင့်ဆင့်တက်၍ ရဟန္တာဖြစ်ပုံ

၄။ ဤပြခဲ့သော နည်းဖြင့် ရုပ်ခန္ဓာနှင့် ဝေဒနာ စသော နာမ်ခန္ဓာကို ဉာဏ်ဖြင့် ဆင်ခြင်ကြည့်လေ့ရှိသော သူတော်ကောင်း ပညာရှိသည် ထိုရုပ်နာမ်ခန္ဓာ အပေါ်၌ (မွေ့လျော် ပျော်ပိုက်ခြင်း မရှိဘဲ) ငြီးငွေ့လာ၏၊ ငြီးငွေ့လာလျှင် ထိုရုပ်နာမ်ခန္ဓာ အပေါ်၌ နှစ်သက်တွယ်တာမှု ကင်းရှင်းသွား၏၊ [တွယ်တာမှု ကင်းရှင်းသွားလျှင် မဂ်ရပြီ ဆိုရ၏၊] တွယ်တာမှု ကင်းရှင်း၍ မဂ်ကို ရလျှင် ရုပ် နာမ်အပေါ် တွယ်တာနေခြင်းမှ လွတ်မြောက်သွားတော့၏၊ [ဖိုလ်ကို ရပြီဟု ဆိုလိုသည်၊]

ထို့နောက် မိမိစိတ်အစဉ်သည် “ကိလေသာတို့မှ လွတ်ပြီ”ဟု ကိုယ်တိုင်လည်း သိ၏၊ ငါသည် နောက်ဘဝ၌ ပဋိသန္ဓေ နေဖွယ်မလို, ပြုကျင့်ဖွယ် တရားများကို ပြုကျင့်ပြီးပြီ၊ နောက်ထပ် ကျင့်ဖွယ် မလိုတော့ပြီဟုလည်း ကိုယ်တိုင် သိနိုင်ပေသည်၊ ဤစကား စဉ်ဖြင့် “ရုပ်နာမ်ကို အနိစ္စ ဒုက္ခ အနတ္တဟု ပိုင်နိုင်စွာ ရှုနိုင်သူတို့ သည် သောတာပန် စသော အရိယာအဖြစ်သို့ ရောက်၍ နောက်ဆုံး ရဟန္တာ ဖြစ်ကြသည်”ဟု ဆိုလိုသည်။

အမှာ။ ။ ဤစာကြည့်ရင်း စာဆိုသည့်အတိုင်း ဉာဏ်ကို စိုက်၍ စိုက်၍ စဉ်းစားကြည့်ကြပါလေ၊ အပေါ်ယံ ဖတ်သွား ရုံမျှဖြင့်ကား အကျိုးများလှမည် မဟုတ်ပါ။

အခြားဘာသာ၌ အနတ္တဟု ဟောချက်ရှိသလော

ယခု လောက၌ ထင်ရှားသော ဘာသာဝါဒကြီးတို့တွင် ဟိန္ဒူဝါဒသည် ဗုဒ္ဓဝါဒနှင့်အတော် နီးစပ်၏၊ ဗုဒ္ဓသည်ပင် ဗုဒ္ဓမဖြစ်ခင်က ဟိန္ဒူဝါဒကို လိုက်နာခဲ့သော အမျိုးပေတည်း၊ ထိုဟိန္ဒူဝါဒီတို့သည် ကံနှင့် ကံ၏အကျိုး နားလည်၍ ယုံလည်း ယုံကြည်ကြ၏၊ သို့သော် အတ္တ အယူအဆကိုကား အလွန်ယုံကြည်စွဲမြဲလေသည်၊ ဗုဒ္ဓသာဝကတွင် ပါဝင်ကြသော ဥပါသကာ ဥပါသိကာမတို့၌သော်မှလည်း ထိုအတ္တစွဲလမ်းမှုများ ရှိကြသေး၏၊ အတ္တနှင့် အနတ္တသည် ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်း အလှမ်းဝေးသလို ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်ကာ တစ်ဝါဒနှင့်တစ်ဝါဒ အလွန် ခြားနားလျက် ရှိ၏။

အတ္တဟု စွဲလမ်းနေသမျှလည်း ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခကို ပိုင်နိုင်စွာ မသိနိုင်၊ အပေါ်ယံ ရုပ်တရားနာမ်တရား ပျက်သော်လည်း အမာခံ အထည်ကိုယ် အတ္တကလေးကား မပျက်ဘဲ ကျန်နေသေး၏ဟု ယူကြဦးမည်သာ၊ ထို့ကြောင့် အခြားဝါဒ၌ “အနတ္တ”ဟူသော အရိပ်အယောင် အသံကလေးမျှ ရှိချင်ရှိပေလိမ့်မည်၊ သို့သော် ဗုဒ္ဓ၏ အလိုတော်ကျဖြစ်သော အနတ္တအယူ အဆကား မုချမရှိနိုင်၊ အနတ္တဟု မယူနိုင်သေးသမျှလည်း အတ္တဟု ထင်မှတ်ရာ ခန္ဓာငါးပါးမှ မလွတ်လပ်နိုင်၊ ထိုသို့ မလွတ်လပ်သမျှ အနတ္တဖြစ်သော နိဗ္ဗာန်ဓာတ်သို့ မပြောင်းနိုင်ကြဟု မုချဆတ်ဆတ် မှတ်သားကြပါလေ။

အနတ္တလက္ခဏသုတ်ပြီးပြီ။

ပဋိစ္စသမုပ္ပာဒ်တရားတော်

[အကြောင်းရှိ၍ အကျိုးဖြစ်ပုံကို ပြသော တရားတော်]

အတ္တဝါဒ စခဲ့ပုံ

ကမ္ဘာလောက၌ များစွာသောသတ္တဝါတို့သည် မိရိုးဖလာ ထုံးစံအတိုင်း လိုက်နာကျင့်ကြံကာ နက်နက်နဲနဲ စဉ်းစားလေ့ မရှိကြသော်လည်း အချို့သူတို့ကား မိရိုးဖလာမျှဖြင့် အားမရနိုင်သေးဘဲ လေးလေးနက်နက် တွေးတော ကြံစည်လေ့ရှိကြသည်၊ “ဤလူသတ္တဝါတွေ ဘယ်က စ၍ ဖြစ်လာသနည်း” “မျက်မြင်လူတွေကို မိဘတို့ကြောင့် ဖြစ်လာကြသည်”ဟု ဆိုလျှင် ထိုမိဘတို့၏ မိဘအစဉ်အဆက်တွေ မရေမတွက်နိုင်အောင် များသည်ပင် ဆိုစေဦးတော့၊ အစ ပထမ မိဘဖြစ်သူသည် ဘယ်လို ဖြစ်လာသနည်း၊ “လူသတ္တဝါတွေသာမက တိရစ္ဆာန် စသော အခြား သတ္တဝါတွေ ဘယ်လို စ၍ ဖြစ်နေကြသနည်း” ဤသို့ စသည်ဖြင့် တွေးတော ကြံစည်သောအခါ…

“ဤကမ္ဘာလောကကြီးနှင့်တကွ သက်ရှိသတ္တဝါ သက်မဲ့အရာ ဝတ္ထုတွေကို ဗြဟ္မာမင်းကြီးက ဖန်ဆင်းလိုက်သည်၊ သက်ရှိသတ္တဝါ တို့၏ ကိုယ်တွင်း၌ ဗြဟ္မာမင်း၏ အစိတ်အပိုင်းဖြစ်သော အတ္တ (ဇီဝ) ကလေး ပါရှိ၏၊ ဖန်ဆင်းသူ ဗြဟ္မာမင်းကား ဘယ်တော့မှ မပျက်စီး နိုင်ဘဲ မြဲ၏၊ ဝါ-ထာဝရ တည်ရှိနေသော ဘုရားတည်း၊ ဗြဟ္မာမင်း ဖန်ဆင်းထားသော သတ္တဝါတို့ကား မမြဲကြ၊ တစ်ဘဝမှ တစ်ဘဝသို့ ပြောင်းသွားကြရ၏၊ သို့ရာတွင် ထိုသတ္တဝါတို့၏ ကိုယ်တွင်း၌ရှိသော အတ္တကား ဗြဟ္မာမင်း၏ အစိတ်အပိုင်း ဖြစ်သောကြောင့် မပျက်နိုင်” ဤသို့ စသည်ဖြင့် ဗြဟ္မာမင်းကို “ပရမအတ္တ=ပရမီသွာ”ဟု ခေါ်ဝေါ် ကြ၍ သတ္တဝါတို့၏ အသက်ကို ဇီဝအတ္တဟု ခေါ်ဝေါ်ကာ အလွန် စွဲမြဲသော အတ္တအယူဝါဒကြီးသည် သူတို့စိတ်မှာ ထင်မြင်လာလေ သည်။ [ပရမ-အလွန် + ဤသွရ-အစိုးရသူ၊ ဝါ-ပရမီသွာ။]

တချို့ကလည်း သတ္တဝါတို့၏ အစသည် “ပကတိ”ခေါ် ပရမာ ဏုမြူက စ၍ ဖြစ်သည်၊ ခွဲ၍ မရနိုင်သော အသေးဆုံး မြူမှုန်ကို “ပရမာဏုမြူ”ဟု ခေါ်၏၊ ထိုမြူမှုန်ကလေးတွေ နှစ်ခုပေါင်း လေးခု ပေါင်း ရှစ်ခုပေါင်း စသည်ဖြင့် ပေါင်းစပ်မိရာမှ အကောင်အထည် အမျိုးမျိုး ပြောင်းကာ သတ္တဝါအမျိုးမျိုး ဖြစ်ရသည်၊ သတ္တဝါအမျိုးမျိုး ဖြစ်ဖို့အရေး၌ မည်သူမျှ ဖန်ဆင်းရသည် မဟုတ်၊ အဏုမြူတွေ ပေါင်းချင်သလို ပေါင်းမိကာ သတ္တဝါအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး များချင်တိုင်း များလာပေသည်၊ “သတ္တဝါတွေ၏ အရင်းအစမှာ ပရမာဏုမြူပင်တည်း”ဟု တွေးတော ကြံဆကြ၏၊

ဤဝါဒ၌ ဖန်ဆင်းသူလည်း မရှိ၊ သတ္တဝါတို့၏ ကိုယ်တွင်းဝယ် မပျက်စီးနိုင်ဟု ယူဆအပ်သော အဏုမြူကလေးကိုကား “အတ္တ”ဟု တချို့က ယူဆလိုကြပေလိမ့်မည်။ [ယခုကာလ၌ “လူ၏ အစသည် ရေမှုန် ရေမွှားက”ဟု ယူကြသေး၏၊ ထိုအယူကား ဤအဏုမြူဝါဒနှင့် သဘောခပ်ဆင်ဆင်ပင် ဖြစ်သည်။]

အတ္တဖျက်တရား

ဤသို့ အမျိုးမျိုး ကြံစည်တွေးတောကြသော်လည်း နောက်ထပ်ကြံစည်သူတို့က အားရ နှစ်သက်လက်ခံနိုင်လောက်သောဝါဒ မဟုတ်ကြသဖြင့် နောက်ထပ် စဉ်းစားသူတို့မှာ မရေမရာ ဇဝေဇဝါ ဖြစ်လျက် တိုးတက်၍လည်း မကြံနိုင်တော့ရကား ချီတုံချတုံ ယုံမှားသံသယကြီးတွေနှင့်သာ အချိန် ကုန်ရတော့၏၊ ဗုဒ္ဓရှင်တော်မြတ်သည် “အမေမှာ မှာတဲ့အတိုင်း” ဆိုသလို မိရိုးဖလာလိုက်သောပုဂ္ဂိုလ် မဟုတ်ရကား ထီးနန်းကို စွန့်ခွာ၍ ရဟန်းပြုကာ ကောင်းနိုးရာရာ ဆရာ့အထံ ချဉ်းကပ်၍ ထူးမြတ်သော တရားတော်ကို နည်းယူပါသော်လည်း မရခဲ့ဘဲ ကိုယ်တော်တိုင် မဇ္ဈိမပဋိပဒါ (မဂ္ဂင်ရှစ်ပါး)ကို ကြိုးစားရှာဖွေတော် မူခါမှ ဤအကြောင်းအကျိုး ဆက်သွယ်သော ပဋိစ္စသမုပ္ပာဒ်နည်းကို သိတော်မူ၍ အတ္တစွဲလမ်းချက်နှင့်တကွ ယုံမှားသံသယဟူသမျှ အလိုလို ကင်းရှင်းသွားပေသည်၊ ထိုအခါ အလွန် ရွှင်ပျ နှစ်သက် တော်မူရကား “ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ” စသော ဂါထာကို ကျူးရင့်တော်မူပါသည်၊

ဂါထာ၏ မြန်မာပြန်ကား…“အကြင်အခါ၌ ကိလေသာတစ်သိုက်ကို မီးဖြင့်တိုက်သကဲ့သို့ လောင်မြိုက်ဖို့ရန် အပြင်းအထန် ကြိုးစားသဖြင့် စျာန်ဝင်စားနိုင်သော ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ သစ္စာလေးပါး တရားတို့သည် ထင်ရှားပေါ်လာကုန်၏၊ ထိုအခါ ယုံမှားသံသယအားလုံး ကင်းသွားလေပြီ၊ ဘာ့ကြောင့်နည်း၊ ပဋိစ္စသမုပ္ပာဒ် (ကြောင်းကျိုးဆက်စပ်ပုံ)ကို အစုံအလင် သိမြင်နိုင်ခြင်း ကြောင့်တည်း။”

ဉာဏ်(၄)မျိုး

ထို့ကြောင့် အတ္တစွဲလမ်းချက်ကို ဖျောက်၍ အနတ္တချည်းဟု သဘောပေါက်ဖို့ရာ ယခုအခါဝယ် ပဋိစ္စ သမုပ္ပာဒ်တရားတော်ကြီးကို အကျဉ်းချုပ်မျှ ပြပါတော့မည်၊ ထိုသို့ ပြရာဝယ် သတ္တဝါတို့ သန္တာန်၌ သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယဉာဏ်, ပဋိဝေဓဉာဏ်ဟု လေးမျိုးရှိရာ မိမိမှာရှိသော သုတမယဉာဏ်, စိန္တာမယဉာဏ်လောက်ဖြင့်သာ ပြနိုင်ပါသည်။

ချဲ့ဦးအံ့… စာပေ လိုက်စား၍ ရရှိသော အသိဉာဏ်သည် “သုတ မယဉာဏ်” မည်၏၊ [သုတ-ကြားနာ ကြုံတွေ့အပ်သော စာပေ စသည်ကြောင့် + မယ-ဖြစ်သောဉာဏ်၊] ထိုသုတမယဉာဏ်ကို အခြေခံ၍ ကြံစည်ခြင်းကြောင့်ဖြစ်စေ, သုတမပါဘဲ သက်သက် တွေးတောကြံစည်ခြင်းကြောင့်ဖြစ်စေ တိုးတက်နားလည်သောဉာဏ်သည် စိန္တာမယဉာဏ်မည်၏၊ ကမ္မဋ္ဌာန်း ပွားများခြင်းကြောင့်ဖြစ်သော ဉာဏ်သည် စိန္တာမယဉာဏ်ထက် သာလွန်ထက်မြက်၏၊ ထို ဉာဏ်ကို “ဘာဝနာမယဉာဏ်”ဟု ခေါ်၏၊ ထိုဘာဝနာမယဉာဏ်ကို အခြေခံ၍ ထိုးထွင်းသိမြင်သောဉာဏ်သည် ပဋိဝေဓ (မဂ်)ဉာဏ်မည်၏။

ဤသို့ အဆင့်ဆင့် ဉာဏ်လေးမျိုး ရှိရာဝယ် ဘုန်းကြီးမှာရှိသော ဉာဏ်သည် ဒုတိယအဆင့်လောက်သာ ရောက်သော စိန္တာမယ ဉာဏ်မျိုးမျှ ဖြစ်၍ ပဋိစ္စသမုပ္ပာဒ်တရားတော် ဆိုင်ရာ၌ အကုန်အစင် မသိသေးချေ၊ သို့သော် အဘိဓမ္မာတရားတော်ကို ဆရာသမားအထံမှ လည်းကောင်း, ဤကျမ်းစာတို့မှလည်းကောင်း ကောင်းကောင်း နားလည်ပြီး ဖြစ်ရကား ကံနှင့် ကံ၏ အကျိုးကို ပိုင်ပိုင်နိုင်နိုင် နားလည်ပြီးဖြစ်ပါသည်။

ထို့ပြင် ကျမ်းစာများကို လေ့လာမှု, အထူးအားဖြင့် အနတ္တ လက္ခဏသုတ်တော်ကဲ့သို့သော သုတ္တန်တရားများနှင့် အဘိဓမ္မာ တရားတော်ကို လေ့လာမှုတို့ကြောင့် သတ္တဝါတို့ကိုယ်အတွင်း၌ အတ္တမရှိကြောင်းကိုလည်းကောင်း, ကမ္ဘာကို ဖန်ဆင်းနိုင်သော ပရမအတ္တ ဗြဟ္မာမင်း မရှိကြောင်းကိုလည်းကောင်း သဘောပေါက် ပြီး ဖြစ်ရကား မိမိစိတ်၌ ရှင်းပြီးသမျှကိုသာ တစ်ဆင့် နားလည်အောင် ရှင်းပြပါမည်။

ပဋိစ္စသမုပ္ပာဒ်ပါဠိတော်

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

မြန်မာပြန်

မသိမှုကြောင့် ပြုလုပ်မှုတွေ ဖြစ်ကြ၏၊ ပြုလုပ်မှုကြောင့် အကျိုးဝိညာဉ် ဖြစ်ရ၏၊ ဝိညာဉ်ကြောင့် နာမ်ရုပ် ဖြစ်ရ၏၊ နာမ်ရုပ်ကြောင့် အာယတနခြောက်ပါး ဖြစ်ရ၏၊ အာယတနခြောက်ပါးကြောင့် ဖဿ ဖြစ်ရ၏၊ ဖဿကြောင့် ဝေဒနာ ဖြစ်ရ၏၊ ဝေဒနာကြောင့် တဏှာ ဖြစ်ရ၏၊ တဏှာကြောင့် ဥပါဒါန် ဖြစ်ရ၏၊ ဥပါဒါန်ကြောင့် ဘဝ ဖြစ်ရ၏၊ ဘဝကြောင့် ဇာတိ ဖြစ်ရ၏၊ ဇာတိကြောင့် ဇရာ မရဏလည်း ဖြစ်ရ၏၊ ဝမ်းနည်းမှု, ငိုကြွေးမှု, ကိုယ်ဆင်းရဲမှု, စိတ်ဆင်းရဲမှု, ပြင်းစွာ ပင်ပန်းမှုတို့လည်း ဖြစ်ကြရ၏။

ဤသို့ သုခမဖက် သက်သက် ဒုက္ခဖြစ်သော ရုပ်နာမ်အစု၏သာ ဖြစ်နေပုံ ထင်ရှားလေသည်။

အဓိပ္ပာယ်ရှင်းလင်းချက်

အဝိဇ္ဇာ

မည်သူမဆို လွန်ခဲ့ပြီးသော ဘဝ, ယခုရနေသောဘဝနှင့် ဖြစ်ရဦးမည့် ဘဝ ဤသုံးဘဝလောက်ကို ပိုင်နိုင်လျှင် အခြားဘဝများစွာကိုလည်း ဤနည်းချည်းဟု မှန်းဆ နိုင်ဖွယ် ရှိ၏၊ ထို့ကြောင့် သုံးဘဝလောက် ဖြစ်ပျက်စဉ်ကို ရေးပြပေအံ့၊… ဤဘဝသို့ မရောက်ခင် ရှေးဘဝများစွာ၌ အဝိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ခဲ့ကြပြီ၊ ထိုတွင် အဝိဇ္ဇာသည် သိသင့် သိထိုက်သည်ကို သူ့ကိုယ်တိုင်လည်း မသိတတ်၊ အခြားတရားတို့ မသိအောင်လည်း ဖုံးလွှမ်းတတ်သော တရားတည်း။

ထင်ရှားစေအံ့၊ အဝိဇ္ဇာသည် အမှောင်မိုက်ကြီးနှင့်လည်းကောင်း, မျက်မမြင်နှင့်လည်းကောင်း တူ၏၊ အိမ်တစ်ဆောင်အတွင်း၌ မီးမလင်းဘဲ အမှောင်ကြီး ဖြစ်နေသောအခါ ထိုအမှောင်ကြီးသည် အိမ်အတွင်း ရှိသမျှ အရာဝတ္ထုတွေကို သူကိုယ်တိုင် မမြင်နိုင်သည့် အပြင် အမှောင်အတွင်း၌ ရောက်နေသူတို့ကိုလည်း အိမ်တွင်းရှိသမျှ မြင်စရာတွေ မမြင်နိုင်အောင် ဖုံးကွယ်ထားသကဲ့သို့လည်းကောင်း, မျက်စိ မမြင်သူသည် မြင်ဖွယ်ရာ ဟူသမျှကို သူ့ကိုယ်တိုင်လည်း မမြင်, သူများကို မြင်အောင်လည်း မညွှန်ပြနိုင်သကဲ့သို့လည်း ကောင်း ထို့အတူ အဝိဇ္ဇာသည် သိဖွယ် ဟူသမျှကို သူကိုယ်တိုင်လည်း မသိ, အခြားတရားတို့ မသိအောင်လည်း ဖုံးကွယ်ထားတတ် လေသည်၊ မိမိ၏ ခန္ဓာအစဉ်မှာ ထိုအဝိဇ္ဇာဓာတ် အမြဲကပ်၍ ပါနေ ရကား ရှေးဘဝ၌ ထိုအဝိဇ္ဇာ ဖြစ်ခဲ့ပြီဟု မုချဆတ်ဆတ် မှတ်ထား လိုက်ပါ၊ ဤအဝိဇ္ဇာကို “မောဟ”ဟုလည်း ခေါ်သည်။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်

ပြုလုပ်မှုကို “သင်္ခါရ”ဟု ခေါ်၏၊ ထိုသင်္ခါရသည် ကိုယ်ဖြင့် ပြုလုပ်မှု = ကာယသင်္ခါရ, နှုတ်ဖြင့် ပြောဆို ပြုလုပ်မှု = ဝစီသင်္ခါရ, စိတ်ဖြင့် ကြံစည်စိတ်ကူးမှု=မနောသင်္ခါရဟု သုံးမျိုးရှိ၏၊ အမှောင် တွင်း၌ ရောက်နေသူသည် ငြိမ်ငြိမ်နေမည် မဟုတ်၊ တစ်စုံတစ်ရာ ပြုလုပ်ချင်ရာကို လုပ်ပေလိမ့်မည်၊ မျက်စိမမြင်သူလည်း ရောက်တတ်ရာရာ သွားလာနေပေလိမ့်မည်၊ အမှောင်အတွင်း ရောက်နေသူသည် အမှန်ကို လုပ်ခြင်းထက် အမှားကို လုပ်မိခြင်းက များဖွယ် ရှိသကဲ့သို့လည်းကောင်း, မျက်မမြင်သည် လမ်းမှန်ကို သွားမိခြင်းထက် လမ်းမှားကို သွားမိခြင်းက များဖွယ်ရှိသကဲ့သို့လည်းကောင်း ထို့အတူ အဝိဇ္ဇာအမှောင်တရား အကန်းတရား အရင်းခံ၍ ဖြစ်ရ သော သင်္ခါရ (ကိုယ်မှု နှုတ်မှု စိတ်မှု)တို့လည်း အကောင်း အမှန် နည်းပါး၍ မကောင်း မမှန်တွေသာ များဖွယ် ရှိလေသည်။

မျက်မမြင်သည် မြင်သူက တုတ်ဆွဲ လမ်းပြမှ လမ်းမှန်ကို ရနိုင် သကဲ့သို့ အဝိဇ္ဇာဖုံးလွှမ်း၍ ဉာဏ်မျက်စိ ကန်းသူတို့လည်း အဝိဇ္ဇာ နည်းပါး၍ အတော်အတန် ဝိုးတိုးဝါးတား မြင်နေရသော ပုထုဇဉ် သူတော်ကောင်း (ထို့ထက် မြင့်သော ဘုရားအစရှိသော သူတော် ကောင်း)တို့က နည်းလမ်းညွှန်ပြပေးမှသာ မှန်ကန်သော ကောင်းမွန်သော သင်္ခါရတို့ကို ပြုနိုင်ဖွယ်ရှိသည်၊ ယခုကာလ၌ လမ်းကောင်း ညွှန်ပြမည့် သူတော်ကောင်း မရကြသူတို့တွင် ဗုဒ္ဓဘာသာဝင် အခေါ်ခံသူတို့ပင် အမှားလမ်း သင်္ခါရတွေကို မည်မျှလိုက်နေကြပါသနည်း၊ ထိုသို့ လမ်းညွှန်ကောင်း မရသဖြင့် နိုင်ငံခြား၌ ပညာရှိ အခေါ်ခံသူတို့ မတရားအရေး၌ ရှေ့ဆောင်ကာ မည်မျှလောက် ကြမ်းသော လမ်းဆိုးကြီးကို သွားနေမိကြသနည်း၊ [ဤ သင်္ခါရကို “ကံ”ဟု ခေါ်၏၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၌ ပြခဲ့ပြီ။]

တရားတော်။ ။ ဥပမာကား…မျက်လုံးနှစ်ဖက် ပျက်နေသူသည် လမ်းပြမည့်သူ မရှိလျှင် တစ်ရံတစ်ခါ လမ်းမှန်ဖြင့် လည်း ခရီးသွားမိ၏၊ တစ်ရံတစ်ခါ လမ်းမှားဖြင့်လည်း သွားမိ၏၊ ထို့အတူ သံသရာ၌ ဉာဏ်မျက်စိကင်းသော လူဖျင်းသည် ရံခါ ကောင်းမှုကိုလည်း ပြုမိ၏၊ ရံခါ မကောင်းမှုကိုလည်း ပြုမိလေသည်။

သင်္ခါရကြောင့် ဝိညာဉ်ဖြစ်

ဝိညာဉ်သည် အကျိုးဝိညာဉ်, ကုသိုလ်ဝိညာဉ်, အကုသိုလ်ဝိညာဉ်, ကြိယာဝိညာဉ်ဟု လေးမျိုးရှိရာ၌ “ဝိပါက်”ဟု ခေါ်သော အကျိုးဝိညာဉ် တစ်မျိုးသာ ကံ(သင်္ခါရ)ကြောင့် ဖြစ်ရသည်၊ ထိုဝိပါက်ဝိညာဉ်စိတ် သည်လည်း ပဋိသန္ဓေ တည်နေခါစ၌ ဖြစ်ရသော ဝိညာဉ် (ပဝတ္တိ အခါဟု ကျမ်းစာတို့၌ ခေါ်ရသော) ပဋိသန္ဓေမှ နောက်ကာလ၌ ဖြစ်ရသော ဝိညာဉ်ဟု နှစ်မျိုးကွဲ၏၊ ထိုတွင် ကံသင်္ခါရကြောင့် ပဋိသန္ဓေဝိညာဉ် ဖြစ်ပုံကို ပြမည်၊ ထိုသို့ ပြရာဝယ် ပဋိသန္ဓေလေးမျိုး ကို နားလည်ပြီးမှ ဝိညာဉ်ဖြစ်ပုံကို နားလည်မည်ဖြစ်သောကြောင့် ရှေးဦးစွာ ပဋိသန္ဓေလေးမျိုးကို ပြပေအံ့။

သံသေဒဇသတ္တဝါ

သံသေဒဇပဋိသန္ဓေ, ဩပပါတိကပဋိသန္ဓေ, အဏ္ဍဇပဋိသန္ဓေ, ဇလာဗုဇပဋိသန္ဓေအားဖြင့် ပဋိသန္ဓေ လေးမျိုးရှိ၏၊ [သံသေဒ-ကပ်ငြိတွယ်တာရာအရပ်၌ + ဇ- ဖြစ်သော သတ္တဝါ၊]

ရေပုပ်, ငါးပုပ်, ပန်းအမှိုက်ပုပ် (ကစီရည်စသည်တို့ဖြင့် စေးကပ်အောင် ပြုရသော) သက္ကလတ်စသော အဝတ်, မစင်, ကျင်ငယ်စသည်တို့၌ ငြိတွယ်၍ဖြစ်ရ, ပဒုမ္မာကြာတိုက်စသည်၌ ဖြစ်ရသော သတ္တဝါတို့သည် သံသေဒဇသတ္တဝါများတည်း၊ ထိုသတ္တဝါတို့၌ မိဘ၏ သုက်သွေးကို မမှီရဘဲ ရှေးက ပြုထားသောကံ သင်္ခါရအားလျော်စွာ ဆိုင်ရာအရပ်၌ “ဝိပါက်ဝိညာဉ်”ခေါ် ပဋိသန္ဓေ စိတ် ဖြစ်ရ၏၊ ပဒုမ္မာကြာတိုက်, ဝါးလုံးခေါင်း, မန်ကျည်းပင်စသည်၌ ဖြစ်ရသော ပဒုမဝတီမိဖုရား,

အာသင်္ကာမိဖုရား, ဝေဠုဝတီမိဖုရား နှင့် စိဉ္စမာဏဝိကာတို့သည် ကုသိုလ်ကံ သင်္ခါရအစွမ်းကြောင့် ကောင်းကျိုးဝိညာဉ်ဖြင့် သန္ဓေနေရသူများတည်း၊ ထိုသူများကို “သံဒေသူ”ဟု ခေါ်ကြသည်၊ မစင်ပုပ် စသည်၌ ဝိညာဉ်တွယ်ရသော သတ္တဝါတို့ကား မကောင်းသော သင်္ခါရကြောင့် ဖြစ်ရသူများတည်း။

အမှာ။ ။ တချို့ပိုးလောက်များသည် ယင်ကောင်၏ ဥမှဖြစ်ရသော အဏ္ဍဇများလည်းရှိကြပေ၏၊ သေတ္တာတွင်း၌ ထည့်သွင်းထားသော သကလတ်စသည်ဝယ် ပထမဆုံးဖြစ်သော ပိုးကောင် များကား မိဘကို မမှီဘဲ ဖြစ်ရသော သံသေဒဇများသာတည်း။

ဩပပါတိကသတ္တဝါ

[ဥပပါတ-ရှေးဘဝမှ ခုန်ကျော် ကျရောက်လာသကဲ့သို့+ဣက-ဖြစ်သော သတ္တဝါ] လက်ခြေအင်္ဂါ ကိုယ်ခန္ဓာအပြည့်အစုံဖြင့် အထင်အရှား တစ်ပြိုင်နက် ဖြစ်ပေါ်လာသောကြောင့် ရှေးဘဝမှ ခုန်ကျော် ကျရောက်လာသကဲ့သို့ ထင်ရသော သတ္တဝါတည်း၊ ထိုသတ္တဝါကို “ဥပပတ်ပုဂ္ဂိုလ်” ဟု ခေါ်၏၊ ထိုပုဂ္ဂိုလ်များကား နတ် ဗြဟ္မာများနှင့် ကမ္ဘာဦးက လူသတ္တဝါများတည်း၊ ထိုသတ္တဝါတို့လည်း မိဘ မရှိ၊ မိဘတို့၏ သုက်သွေးကို မမှီကြဘဲ ကံသင်္ခါရကြောင့် ကိုယ်ခန္ဓာ အထင်အရှား ဖြစ်ပေါ်လာကြရသည်၊ ပြခဲ့သော ပိုးမွှားတိရစ္ဆာန်များလည်း ဤ ဥပပတ်ပဋိသန္ဓေနေသူ တချို့တလေ ရှိနိုင်သေး၏။

ကမ္ဘာဦးအခါ

“ကမ္ဘာဦးက ဗြဟ္မာကြီးလေးယောက် လူ့ပြည်ဆင်း၍ လူတွေ ဖြစ်လာကြသည်”ဟု ဗုဒ္ဓ ဘာသာကျမ်းစာများ၌ မိန့်ဆိုကြောင်းကို ရေးသား ဟောပြောကြ၏၊ ဗုဒ္ဓ၏ ကျမ်းစာများ၌ ဤသို့ မဆိုပါ၊ “ကမ္ဘာကြီး အသစ် စတည် ပြီးသောအခါ ကမ္ဘာပျက်ရာတွင် မပါဝင်သော အထက်ဗြဟ္မာ့ပြည်မှ စုတေချိန်ကျ၍ စုတေခဲ့ကြသော ဗြဟ္မာတချို့သည် အောက်အောက် ဗြဟ္မာ့ပြည်နှင့် နတ်ပြည် လူ့ပြည်ဝယ် ဥပပတ်ပဋိသန္ဓေ တည်နေ ကြသည်”ဟုသာ ဆိုပါသည်။

မှတ်ချက်။ ။ သံသေဒဇသတ္တဝါတို့သည် အလွန် သေးငယ်စွာ ဝိညာဉ်တွယ်ပြီးမှ တဖြည်းဖြည်း ကြီးပွားကြရ၏၊ ဥပပတ်သတ္တဝါတို့ကား စ၍ ဖြစ်လျှင်ပင် ကိုယ်ခန္ဓာ အပြည့်အစုံနှင့် ကြီးသင့်သလောက် ကြီးပြီးသား အနေဖြင့် အထင်အရှား ဖြစ်ကြရသည်။

အဏ္ဍဇနှင့် ဇလာဗုဇသတ္တဝါ

[အဏ္ဍ-ဥခွံတွင်း၌+ဇ-ဖြစ်သောသတ္တဝါ] ဥခွံအတွင်း၌ ဖြစ်သော ငှက်စသောသတ္တဝါများ တည်း၊ တချို့လူများသည် ဥခွံ၌ ဖြစ်ကြရသည်ဟု ဆို၏၊ [ဇလာဗု-မိခင်၏သားအိမ်၌+ဇ-ဖြစ်သောသတ္တဝါ၊] လူ ခွေး စသည်တို့သည် ဇလာဗုဇသတ္တဝါများတည်း၊ ဤအဏ္ဍဇနှင့် ဇလာဗုဇ နှစ်မျိုးကို ပေါင်း၍ “ဂဗ္ဘသေယျကသတ္တဝါ”ဟု ခေါ်၏၊ [ ဂဗ္ဘ-အမိဝမ်းတိုက်၌+သေယျက-ကိန်းအောင်းသောသတ္တဝါ၊] ဤဂဗ္ဘသေယျကသတ္တဝါနှစ်မျိုးသည် များသောအားဖြင့် မိဘ၏ သုက်သွေးကို မှီ၍ ဝိညာဉ်ဖြစ်ကြရသည်။

ပဋိသန္ဓေတည်ခြင်း၏ အကြောင်းသုံးပါး

မိခင်လောင်းသည် ရာသီပန်း ပွင့်ပြီးစ ဖြစ်၍ သားအိမ်၌ သန့်ရှင်းစင်ကြယ်နေခြင်း, ထိုမိခင်နှင့်ဖခင် ပေါင်းသင်း ပျော်မြူး၍ အဖ၏ သုက်သွေးသည် သားအိမ်၌ နည်းနည်းပါးပါး ဖြစ်စေ ရောက်ရှိနေခြင်း, ထိုအမိဝမ်း၌ ပဋိသန္ဓေ တည်နေမည့် သတ္တဝါလောင်းသည် ထိုအချိန်၌ ဘဝဟောင်းမှ စုတေခြင်း ဤအင်္ဂါ သုံးပါးစုံမှ ဂဗ္ဘသေယျကပဋိသန္ဓေ တည်နိုင်သည်၊

ရှေ့အကြောင်း တစ်ပါး နှစ်ပါးစုံနေရုံမျှဖြင့် ပဋိသန္ဓေ မတည်နိုင်၊ [ “မိမာတာ ကြာခန်းက, ပန်းရတုရာသီ, ပွင့်စဲစခါဆီ, တူယှဉ်မှီ ပျော်ပါး၊ ကိန်းထိုက်သည့် ထိုသသူငယ်, ထင်ရှေးရှု စုတေခိုက်ငြား၊ သည်အင်္ဂါ စုံစေ့မှ, ဘုံဓလေ့ ဤလူ့ပြည်, တည်သန္ဓေအများ” သတပဒိကပုစ္ဆာ]

မိဘနှစ်ပါး အတူပျော်ပါး၍ သားအိမ်၌ သုက်မရှိသော်လည်း ချက်ကို သုံးသပ်၍ သာယာမှုကြောင့် သန္ဓေတည်သော သုဝဏ္ဏသျှံ ဝတ္ထုလည်း ရှိသေး၏။

စုတေခါနီး ကံအာရုံထင်လာပုံ

လူတစ်ယောက်စုတေခါနီးသောအခါ အချို့ အတော်ကြာကြာ မြောမေ့၍ နေတတ်၏၊ ရောဂါမပြင်းထန်ဘဲ သတိအလွန်ကောင်းနေသူ တချို့သော်မှ စုတေတော့မည့်ဆဲဆဲခဏ၌ မိနစ်ခန့်မျှဖြစ်စေ သတိလစ်သွားတတ်သေးသည်၊ ထိုအခါ မိမိက ရှေးက ပြုခဲ့သော ကံဖြစ်စေ, ထိုကံပြုစဉ်က အဆောက်အအုံအာရုံ ဖြစ်စေ, (၎င်းကို “ကမ္မနိမိတ်”ဟု ခေါ်၏၊) နောက်ဘဝ၌ တွေ့ကြုံရမည့် အရာဝတ္ထု ဖြစ်စေ (၎င်းကို “ဂတိနိမိတ်”ဟု ခေါ်၏၊) ဤသုံးမျိုးတွင် တစ်မျိုး မျိုးသည် ထိုသတိလစ်နေသော စိတ်တွင် ထင်လာမြဲ ဖြစ်၏၊

ထိုတွင် ကံထင်လာရာ၌ (အိပ်မက် မက်နေသကဲ့သို့) ရှေးတုန်းက ကံကိုပင် ယခု ပြုနေရသလို ထင်လာ၏၊ ဥပမာ…ဒါနပြုသောကံ ထင်လာ လျှင် ယခု လောလောဆယ် ပြုနေရသလို ထင်လာ၏၊ သူ့အသက် သတ်မှုကံ ထင်လျှင် ယခု လောလောဆယ် သတ်ဖြတ်နေရသကဲ့သို့ ထင်လာ၏၊ ယခု လောလောဆယ် ပြုနေသလို မထင်ဘဲ ထိုကံကို ပြန်၍ အမှတ်ရသောအားဖြင့်လည်း ထင်လာ၏။

ဆိုလိုရင်းကား…ထိုကံကို ယခု ပြုနေသလို ထင်လာသောနည်း, ထိုကံကို ပြန်၍ အမှတ်ရသော နည်းအားဖြင့် ကံအာရုံ ထင်လာပုံ နှစ်နည်း ရှိသည် ဟူလို၊ ထိုအခါ စုတေမည့်သူ၏ မျက်နှာအနေသည် ကောင်းသောကံ ထင်လာသောအခါ၌ ကြည်လင်ရွှင်ပျ၍ မကောင်း သောကံ ထင်လာသောအခါ သူ့အသက် သတ်မှုဖြစ်လျှင် ဒေါသ ဖြစ်နေသော အမူအရာမျိုး ဖြစ်နေ၏၊ တဏှာပေမနှင့် ဆိုင်ရာ၌ကား ရွှင်ပျသော အမူအရာလည်း ရှိပေလိမ့်မည်။

ကမ္မနိမိတ်ထင်ပုံ

ကံပြုစဉ်က တွေ့ကြုံခဲ့ အသုံးပြုခဲ့သော အဆောက်အအုံအာရုံ (ကမ္မနိမိတ်)ထင်လာ ရာ၌ ကျောင်းရေစက်ချဒါန ပြုရာဝယ် ကျောင်းကြီးဖြစ်စေ, ထိုရေစက်ချပွဲ၌ လှူအပ်သော သင်္ကန်း ဆွမ်းစသည်ဖြစ်စေ, ရဟန်းတော်အများ လူအများ စားသောက်နေပုံကို ဖြစ်စေ သတိလစ်နေ သော စိတ်တွင် ထင်လာတတ်၏။

သူ့အသက်ကို သတ်ရာ၌ အသတ်ခံရသူဖြစ်စေ, သတ်သော အခါ၌ သုံးစွဲသော လက်နက် စသည်ဖြစ်စေ ထင်လာတတ်၏၊ ထိုပြခဲ့သော ကံနှင့် ကမ္မနိမိတ်တို့သည် စုတေချိန်မကျမီ ခပ်စောစောကမူ သတိမလစ်ဘဲ မိမိဘာသာ ကောင်းမှုတွေကို ပြန်၍ တွေးသောအားဖြင့်လည်း ထင်လာနိုင်၏၊ အနီးအပါး ဆွေမျိုး စသူများက သတိပေး ပြောပြသောအားဖြင့်လည်း ထင်လာတတ်၏၊ သို့ရာဝယ် စုတေတော့မည့် အချိန်ကား သတိလစ်လျက် ထင်မြဲ ထင်နေပေလိမ့်မည်။

သီဟိုဠ်ကျွန်း၌ ဒုဋ္ဌဂါမဏိအဘယမင်းသည် ကောင်းမှုများစွာ ပြုကာ သာသနာပြုစုသော မင်းတစ်ပါး ဖြစ်သည့်အားလျော်စွာ စုတေခါနီး၌ မဟာစေတီကြီးကိုပင် တည်နေဆဲဖြစ်၏၊ ကံတော် ကုန်ခါနီး အချိန်၌ ကောင်းမှုစာရင်းကို ဖတ်စေရာ “အရှင်မင်းမြတ်သည် ညီတော်တိဿနှင့် စစ်ဖြစ်၍ မြင်းတစ်စီး, အမတ်တစ်ယောက်မျှဖြင့် တောသို့ ရှောင်နေစဉ် တစ်ယောက်စာ ပွဲတော်ကို လေးပုံ ပုံစေ၍ ကိုယ်တော့်အတွက် တစ်ပုံကို ပွဲတော်မတည်ဘဲ အလှူခံ အရှင်မြတ်ကို ကြွေးကြော် ပင့်ဖိတ်၍ လှူတော်မူဖူးပါသည်”ဟု အဓိပ္ပာယ်ပါသော ကောင်းမှုစာရင်းကို ဖတ်လိုက်သောအခါ လွန်စွာ အားရ ရွှင်ပျ၍ မဟာစေတီဒါနကြီးကိုပင် အမှတ်မရဘဲ ထိုဆင်းဆင်းရဲရဲ ပြုရသော ဒါနကို စိတ်စွဲ၍ နတ်ရွာစံကာ တုသိတာ၌ ဖြစ်ရလေသည်။ [ယခုကာလ ဒါနအားကြီးသူတို့လည်း “ပုည ပေါတ္ထက”ခေါ် ကောင်းမှုစာရင်း ပြုလုပ်၍ မကြာ မကြာ သတိရအောင် ဖတ်လေ့ ရှိသင့်ကြပေသည်။]

ဂတိနိမိတ်ထင်ပုံ

ကံအားလျော်စွာ ရောက်ရမည့် နောက်ဘဝကို “ဂတိ”ဟု ခေါ်၏၊ ထိုဂတိ၌ တွေ့ကြုံရမည့် အာရုံနိမိတ်ကို “ဂတိနိမိတ်”ဟုခေါ်သည်၊ သတ္တဝါတို့ ရောက်ရမည့် နောက်ဘဝ ဂတိသည်

၁။ ဒေဝဂတိ-နတ်ဗြဟ္မာဘဝ,

၂။ မနုဿ ဂတိ-လူ့ဘဝ,

၃။ နိရယဂတိ-ငရဲသားဘဝ,

၄။ ပေတဂတိ-ပြိတ္တာ ဘဝ (တစ္ဆေ, မှင်စာ, အစိမ်း, သရဲ, သဘက်, ဘီလူး, အသုရကာယ် ခေါ် ပြိတ္တာအကြီးစားများသည် ဤ ပေတဂတိ၌ ပါဝင်ကြသည်၊)

၅။ တိရစ္ဆာနဂတိ - တိရစ္ဆာန်ဘဝ (အခြေ လေးချောင်းရှိသော သားကောင်များ, အခြေနှစ်ချောင်းရှိသော ငှက်များ, အခြေမရှိသော မြွေ စသည်နှင့် ငါး လိပ်စသော ရေသတ္တဝါတို့ ပါဝင်ကြ၏၊ ဤသို့ ငါးမျိုးရှိသည်။

နတ်ဘဝ ရောက်ရမည့်သူ၌ ဘုံဗိမာန် ဥယျာဉ် ရေကန် နတ်သမီး နတ်သားစသည် ထင်လာ၏၊ လူ့ပြည်ရောက်မည့်သူ၌ အမိဝမ်းရေ ထင်လာ၏၊ တိရစ္ဆာန်ဖြစ်မည့်သူ၌လည်း တိရစ္ဆာန် အမိ၏ ဝမ်းရေ ထင်လာဖွယ်ရှိ၏၊ ငရဲရောက်ရမည့်သူ၌ ငရဲမီး စသည် ထင်လာ၏၊ ပြိတ္တာဖြစ်မည့်သူ၌ မိမိတို့ ဖြစ်ရမည့် တော တောင် စသောအရပ် ထင်လာ၏၊

မီးဖြင့် ယဇ်ပူဇော်၍ နတ်ကို ကိုးကွယ်သူတစ်ယောက်သည် သေခါနီး၌ မီးနိမိတ် ထင်လာ၏၊ သူ၏ ဆရာများလည်း အနီး၌ ရှိနေစဉ် သူ့မှာ ထင်နေသည်ကို သတိရ၍ ပြန်ပြောသောအခါ ဆရာများက ဗြဟ္မာ့ပြည်သို့ ရောက်ရတော့မည်ဟု အားပေးကြ၏၊ “ဗြဟ္မာ့ပြည်ဆိုတာ ဘယ်မှာရှိသလဲ”ဟု မေး၏၊ “အထက်မှာ ရှိတယ်”ဟု ပြောကြ၏၊ “ယခု ထင်လာတာက အောက်မှာ ထင်လာတယ်”ဟု ပြောပြန်ရာ “ကိစ္စမရှိဘူး, အောက်က ထင်လာပေမယ့် အထက်ရောက်မှာပဲ”ဟု အားပေးကြစဉ် စုတေ၍ ငရဲသို့ ကျသွားလေသတဲ့။

နိမိတ်ထင်ပုံကို ပြရကျိုး

ကံသင်္ခါရကြောင့် ဘဝသစ်ဝယ် ဝိပါက်ဝိညာဉ် ဖြစ်ရာ၌ ဘာ့ကြောင့် စုတေခါနီး အာရုံထင်ပုံတွေကို ပြနေပါလိမ့်မည်နည်းဟု စဉ်းစားကြပေလိမ့်မည်၊ ရည်ရွယ်ချက်ကား… ယခုဘဝ၌ သေချိန် မကျမီ ရှေးကဖြစ်စေ, ရှေးရှေး ဘဝများစွာက ဖြစ်စေ ပြုခဲ့သော ကံသင်္ခါရတို့သည် အကျိုးပေးဖို့ရာ အခွင့်ရောက်သောအခါ သူတို့နှင့်စပ်သော အာရုံများသည် သေခါနီး၌ တစ်နည်းနည်းဖြင့် ထင်လာတတ်ရကား ယခု လောလောဆယ် ပြုရသော ကံများနှင့် မခြားပင် ဖြစ်သည်ဟု နားလည်စေလိုသောကြောင့် ဤသို့ သေခါနီး၌ အာရုံ ထင်လာပုံတွေကို ကြားဖြတ်၍ ပြရပေသည်။

ဤသေခါနီး ထင်လာသော အာရုံသည် ဘဝသစ်ဝယ် ဝိညာဉ်အသစ် ဖြစ်ဖို့အရေး၌ အချက်ပေးသောအာရုံ ဖြစ်ရကား စုတေခါနီး၌ အာရုံကောင်းရဖို့ အရေးကြီး၏၊ သတိမလစ်သူ ဖြစ်နေလျှင် မိမိနေရာကို သန့်ရှင်းစင်ကြယ်စွာ ပြင်ဆင်၍ ကိုယ်တိုင်ပင် ကိုယ့်စိတ်ကို ပြုပြင်ကာ ဘုရား တရားအာရုံများကို စဉ်းစားနေသင့်၏၊ သတိလစ်တတ်ပါလျှင် အနီးအပါး မိတ်ဆွေကောင်းများက အာရုံကောင်း ထင်လာအောင် ကြိုးစားပေးသင့်၏၊ ပန်းပူဇော်ခြင်း, ပရိတ် ရွတ်ခြင်း, တရားရွတ်ခြင်း စသည်ကို ပြုပေးသင့်၏၊

ယခုကာလ၌ကား သေခါနီးကျမှ (ရေနစ်သူများလို) ဗျာပါသောကများကြသဖြင့် ထင်ချင်ရာအာရုံတွေ ထင်ကာ ဘဝသစ်၌ ဖြစ်ချင်သလို ဝိညာဉ်တွေ ဖြစ်ကြရလေတော့သည်၊ ထိုသို့ အပြုအပြင် မရှိဘဲ စုတေကြရသူတို့မှာ ရှေးက ပြုခဲ့သော ကံကိုသာ အားကိုးရပေ တော့သည်၊ ကံကောင်းသူများ၌ အာရုံကောင်း ထင်နိုင်မည်၊ ကံဆိုးများလျှင်ကား အာရုံဆိုးပင် ထင်ဖွယ်ရှိသည်-ဟူလို။

သန္ဓေအသစ်တည်ပုံ

ပြခဲ့သောနည်းဖြင့် ရှေးဘဝ စုတေခါနီး၌ ကံဖြစ်စေ, ကမ္မနိမိတ်ဖြစ်စေ, ဂတိနိမိတ်ဖြစ်စေ ထင်လာပြီး၍ စုတေစိတ်(တစ်ဘဝအတွက် နောက်ဆုံးစိတ်) ဖြစ်ပြီးသည်နှင့် တစ်စပ်တည်းပင် ယခုဘဝ၌ ဝိညာဉ်အသစ်သည် ရှေးသင်္ခါရကံကြောင့် အသစ်ဖြစ်ရတော့၏၊ ထိုသို့ ကံကြောင့် အသစ်ဖြစ်ရသော ဝိညာဉ်ကို “ပဋိသန္ဓေစိတ်”ဟု ခေါ်၏။

[ဘဝဟောင်း၌ နောက်ဆုံး စုတေစိတ် ဖြစ်ပြီးသောအခါ နောက်ထပ် အဆက်အစပ် မရှိလျှင် ထိုသတ္တဝါသည် ပြတ်စဲရချေတော့မည်၊ ထိုသို့ မပြတ်စဲရအောင် နောက်ထပ် ဆက်စပ်သောစိတ်ဟု ဆိုလိုသည်၊ ပဋိ-တစ်ဖန် (ထပ်၍) + သန္ဓိ-ဆက်စပ်သောစိတ်၊ ထိုပဋိသန္ဓေစိတ် ဖြစ်ခြင်းကို “သန္ဓေတည်ခြင်း”ဟု ခေါ်စမှတ် ပြုကြသည်။]

ဆက်ဦးအံ့…“ရှေးကံ (သင်္ခါရ)”ဟူရာ၌ “ရှေး”ဟူရာဝယ် ရှေးလွန်လေပြီးသော တစ်ဘဝမျှကို မဆိုလို၊ ရှေးဘဝပေါင်းများစွာက ပြုခဲ့ဖူး၍ အကျိုးပေးခွင့် မရသဖြင့် ထိုသူ့သန္တာန်ဝယ် သတ္တိဓာတ်ခံ အနေအားဖြင့် တည်လျက်ရှိသော ကံအားလုံးတွင် အခွင့်သင့်ရာ ကံသင်္ခါရတစ်ခုခုကြောင့် ယခုဘဝ၌ ပဋိသန္ဓေဝိညာဉ်သစ် ဖြစ်ရသည်ဟု ဆိုလိုသည်။

မည်သည့်ကံမျိုး အကျိုးပေးခွင့်ရသလဲ

သေခါနီး၌ သူတော်ကောင်းများနှင့် ပေါင်းသင်း၍ တရားစကား ပြောကြား နာနေရသူ, တရားနှလုံးသွင်းနေသူ စသည်ဖြစ်လျှင် ကောင်းသော ကံသင်္ခါရသည် အကျိုးပေးခွင့်ရမည်၊ မကောင်းမှုပြုခိုက် ကြုံလျှင်လည်းကောင်း, သား သမီး ပစ္စည်းဥစ္စာ စသည်ကို စွဲလမ်း၍ သောကစသည် ဖြစ်လျှင်လည်းကောင်း မကောင်းကံသင်္ခါရသည် အကျိုးပေးခွင့်ရ၏၊ လွန်ခဲ့သော ဘဝနှင့် ရှေးဘဝပေါင်းများစွာက ပြုခဲ့သော ကံများတွင် သေခါနီးမှ ကပ်၍ ပြုအပ်သောကံ (သို့မဟုတ်) ရှေးက ပြုထားသော်လည်း သေခါနီး၌ သတိရလာသောကံသည် အကျိုးပေးခွင့်ရ၏။

ဘုရားရှင်လက်ထက်တော်၌ ဘုရင့်အမိန့်အရ အပြစ်ရှိသူများကို သတ်ဖြတ်၍ အမှုထမ်းရသော “လက်မရွံ့အာဏာသား”ခေါ် သူသတ်ကြီးသည် ထိုသူသတ်ရာထူးမှ ထွက်သောနေ့၌ပင် အရှင်သာရိပုတြာ၏ တရားတော်ကို နာရ၍ အလွန်ကြည်လင်ရွှင်ပျလျက် စုတေသွားရာ နောက်ဆုံးပြုအပ်သော ကံသင်္ခါရသည် လူသတ်မှုကံတွေကို လွှမ်းမိုး၍ နတ်ပြည်၌ အကျိုးဝိညာဉ်ကို ဖြစ်စေလေသည်။ [လူသတ်မှုကံတွေကား နောက်နောက်ဘဝ၌ အခွင့်သင့်သောအခါ အကျိုးပေးလိမ့်ဦးမည်။]

ဒုဋ္ဌဂါမဏိအဘယမင်းလည်း ညီတော်နှင့် စစ်ဖြစ်စဉ်က တောထဲ၌ လှူခဲ့ရသော ပွဲတော်တစ်နပ်စာကို သတိရ၍ ကံကုန်လေရာ လောလောဆယ် တည်နေသော မဟာစေတီကုသိုလ်ကြီးကိုပင် ထိုပွဲတော်တစ်နပ်စာအလှူ ကံသင်္ခါရက လွှမ်းမိုး၍ တုသိတာ နတ်ပြည်၌ ဝိပါက်ဝိညာဉ်အကျိုးကို ပေးလေသည်။

ရှေးရှေးကကံများ အကျိုးပေးပုံ

(နာရဒဇာတ်တော်၌လာသော) အလာတအမတ်သည် ကဿပဘုရားရှင်၏ စေတီတော်ကို ပန်းပူဇော်ခဲ့ဖူး၏၊… ထိုဘဝမှ စုတေ၍ ကံအမျိုးမျိုးကြောင့် ဘဝအမျိုးမျိုးဝယ် ကျင်လည်ခဲ့ရာ တစ်ဘဝ၌ နွားသတ်သမားကြီး ဖြစ်၏၊ ထိုဘဝ၌ စုတေခါနီးသော် ထိုနွားသတ်မှုကံသည် (ပြာဖုံးနေသော မီးကျီးကဲ့သို့) မထင်လာဘဲ အလွန်ကြာမြင့်သော ဘဝတုန်းက စေတီတော်ကို ပန်းပူဇော်မှု ထင်လာ၍ ထိုအလာတအမတ်ဘဝ၌ ဝိညာဉ်အသစ် ဖြစ်ရလေသည်။

ဗီဇကမည်သောကျွန်ကား ကဿပဘုရားရှင်လက်ထက်တော်၌ မျက်စိလည် လမ်းမှား နေသော ရဟန်းတစ်ပါးက လမ်းမေးရာ မပြောဘဲ နေခဲ့ဖူး၏၊ ရဟန်းက ထပ်၍ မေးမြန်းရာ စိတ်ဆိုးဆိုးနှင့် “ရဟန်း…ကျွန်မျိုးဆိုတာ (တောင်မေး မြောက်မေးနှင့်) နှုတ်မစောင့် တတ်ကြဘူး, ကျွန်ဖြစ်ဟန် တူတယ်”ဟု ပြောမိခဲ့၏၊ သူသည် အခြား ကံအမျိုးမျိုးကြောင့် ဘဝပေါင်းများစွာ ဖြစ်ခဲ့ရာ ကုသိုလ်ကံကြောင့် သာကေတမြို့၌ သူဌေးဖြစ်၍ ကောင်းမှုအမျိုးမျိုးကို ပြု၏၊ ထိုဘဝမှ စုတေသော် ကောင်းမှုကံတွေ အခွင့်မသာဘဲ ရဟန်းကို “ကျွန်”ဟု ဆိုခဲ့သော ရှေးအကုသိုလ်ကံ ပေါ်ထင်လာသဖြင့် ထိုသင်္ခါရကြောင့် ကျွန်မဝမ်း၌ ဝိညာဉ်အသစ် ဖြစ်ရလေသည်။

မှတ်ချက်။ ။ ဤပြခဲ့သော စကားစဉ်အရ ကံသင်္ခါရသည် အလွန်ဝေးကွာသော ဘဝတုန်းက ပြုခဲ့သော်လည်း သူ၏ သတ္တိ (ပဋ္ဌာန်းတရားတော်အရ ကမ္မပစ္စည်း)သည် ထိုသူ့သန္တာန်မှ ပျောက်ကွယ်မသွားဘဲ အကြောင်းအားလျော်စွာ စုတေခါနီးအခါ၌ (ယခု လောလောဆယ် ပြုရသကဲ့သို့) ထင်ပေါ်လာတတ်၏၊ ထိုသို့ ထင်လာလျှင် ရှေးရှေးက ပြုခဲ့သော ထိုကံသည် ဧကန် အကျိုးပေးတော့မည်ဖြစ်ရကား စုတေစိတ် ကျသည်နှင့် တစ်ပြိုင်နက် ထိုသင်္ခါရကြောင့် ဘဝသစ်၌ ပဋိသန္ဓေခေါ် ဝိညာဉ်အသစ် ဖြစ်ရ၏၊

ထိုသို့ ဖြစ်ရာဝယ် လူ့ပြည်၌ စုတေစိတ်ကျလျှင် စုတိချုပ်သည်နှင့် တစ်ပြိုင်နက် နတ်ပြည်မှာ ဖြစ်စေ, ငရဲပြည်မှာ ဖြစ်စေ မိမိကံအား လျော်စွာ ချက်ချင်းဆက်၍ ပဋိသန္ဓေစိတ် ဖြစ်ရသည်၊ ရှေးဘဝ စုတိနှင့် ဤဘဝ ပဋိသန္ဓေသည် စက္ကန့်တစ်စိတ်မျှ ကာလ ကြာမြင့် ခြင်း မရှိ၊ တစ်ဘဝတည်းဝယ် စိတ်တစ်ခုနှင့် တစ်ခု ဆက်နေသလို ရှေးဘဝ စုတိစိတ်နှင့် နောက်ဘဝ ပဋိသန္ဓေဝိညာဉ်စိတ်လည်း တစ်စပ်တည်းပင် ဖြစ်ရသည်ဟု မှတ်ပါ။

ဘဝဟောင်းမှ မပြောင်း

“ရှေးရှေးဘဝ ကံသင်္ခါရကြောင့် ဤဘဝ၌ ပဋိသန္ဓေဝိညာဉ်အသစ် ဖြစ်ရ၏”ဟု ဆိုရာ၌ ထပ်၍ ရှင်းပြပါဦးမည်၊ တစ်ဘဝမှ တစ်ဘဝ၌ ဖြစ်ရသောအခါ ရုပ်ခန္ဓာကိုယ်သည် ဟောင်းနွမ်းဆွေးမြည့်၍ ဘဝဟောင်း၌ ပျက်စီး ချုပ်ပျောက်ရစ်ရသော်လည်း ဝိညာဏ်ကောင် (စိတ်)ကလေးကား မိမိကံအားလျော်စွာ ဘဝသစ်၌ ရုပ်ခန္ဓာအသစ် ရပြန်လေသည်၊ ပဋိသန္ဓေဝိညာဉ်ဟူသည်မှာ “ဘဝသစ်၌ အသစ် ဖြစ်ရသော ဝိညာဉ်မဟုတ်၊ ဘဝဟောင်းက ဝိညာဉ်ပင် ဖြစ်သည်”ဟု ယခုကာလ၌ ဗုဒ္ဓဘာသာဝင် ဆိုသူတို့ပင် မှတ်ထင်နေကြ၏။

ထို့ကြောင့် တစ်ယောက်ယောက် စုတေသောအခါ “အသက် ထွက်သွားပြီ”ဟု ယူဆကြလေသည်၊ ထိုအယူသည် အနတ္တလက္ခဏသုတ်၌ ခွဲပြခဲ့သော ဝိညာဉ်စိတ်ကို “အသက် အတ္တ”ဟု ထင်မှားသော အတ္တဒိဋ္ဌိပင်ဖြစ်၏၊ အမှန်မှာ သူတို့ ယူဆသည့်အတိုင်း ဘဝဟောင်းက ရုပ်နာမ် (ဝိညာဉ်)ပါ တစ်စုံတစ်ရာမျှ ပြောင်းရွှေ့၍ အသစ်ဘဝ၌ ဖြစ်ရသည်မဟုတ်၊ ရှေးရှေးဘဝက ပြုထားသော ကံသင်္ခါရ၏ အစွမ်းသတ္တိကြောင့် ယခုလိုဘဝသစ်၌ ဝိညာဉ်အသစ် စ၍ ဖြစ်ရခြင်းသာတည်း။

ပဲ့တင်သံစသော ဥပမာ

ဤနေရာဝယ် ဒိဋ္ဌိနှစ်မျိုး မဖြစ်အောင် ရှင်းပြရန် အရေးကြီး၏၊ “ဘဝဟောင်းက ဝိညာဉ်ကောင်သည် ဘဝအသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏”ဟု ယူဆလျှင် “ဝိညာဉ်သည် မပျက်မစဲ ခိုင်မြဲ၏”ဟု ယူဆသော သဿတဒိဋ္ဌိ ဖြစ်ရာ၏၊ “ဘဝဟောင်းက ရုပ်နာမ်ဟူသမျှ လုံးဝ အဆက်အသွယ် မရှိဘဲ ပြတ်စဲကြ၏၊ ဤဘဝ ဤကိုယ် နောက်ဘဝ နောက်ကိုယ်သာတည်း”ဟု ယူပြန်လျှင် “သတ္တဝါဟူသမျှ သေလျှင် ပြီးတာပဲ, ပျက်တာပဲ”ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ရာ၏၊ ထို့ကြောင့် ထိုဒိဋ္ဌိနှစ်မျိုး မဖြစ်အောင် ပဲ့တင်သံစသော ဥပမာကို စဉ်းစားရာ၏။

တော တောင် အနီးအပါး၌ “ဟေး”ဟု ဟစ်အော်သောအခါ တောင်နံရံဆီမှ ပြန်၍ “ဟေး”ဟု အသံတစ်ခုပေါ်လာ၏၊ (ထိုအသံ ကို“ပဲ့တင်သံ”ဟု ခေါ်၏၊) ထိုအသံသည် အစပထမအော်လိုက်သော လူ့အသံလည်း မဟုတ်, လူ့အသံနှင့် ကင်း၍လည်း ထိုပဲ့တင်သံ မဖြစ်နိုင်၊ ဆီမီးတစ်ခုမှ မီးကူး၍ ယူရာ၌ မူလဆီမီးသည် နောက်ဆီမီးခွက်သို့ ပြောင်း၍ မသွား, မူလဆီမီးနှင့် ကင်း၍လည်း နောက်ဆီမီးအသစ် မဖြစ်နိုင်၊

ဤသို့ စသော ဥပမာအတိုင်း “ရှေးဘဝက ဝိညာဉ်အဟောင်းသည် နောက်ဘဝသို့ ပြောင်း၍ ဖြစ်သည်မဟုတ်၊ ရှေးဘဝ သင်္ခါရတို့နှင့် ကင်း၍လည်း ဘဝသစ်၌ ဝိညာဉ်သစ် မဖြစ်နိုင်၊ ရှေးသင်္ခါရကြောင့်သာ ဝိညာဉ်အသစ်ဖြစ်ရသည်”ဟူသော ဝါဒကို မှတ်သားထိုက်လှပေသည်။

ဝိညာဉ်ကြောင့် သင်္ခါရ နာမ် ရုပ် ဖြစ်ပုံ

ရှေးရှေး ဘဝများစွာတို့၌ ပြုအပ်သောကံများစွာတွင် အခွင့်သင့်ရာ ကံတစ်ပါးပါးကြောင့် ယခုဘဝ ဝိညာဉ်အသစ် ဖြစ်ရာဝယ် စိတ်ဝိညာဉ် တစ်ခုတည်း ဖြစ်သည် မဟုတ်၊ စေတသိက်ဟု ခေါ်အပ်သော နာမ်တရားနှင့် (ရုပ်ရှိရာဘဝဝယ်) ရုပ်တရားလည်း တစ်ပြိုင်နက် ဖြစ်ကြ၏။

ဆိုလိုရင်းကား… ယခုလို လူ့ဘဝ၌ “ပဋိသန္ဓေတည်သည်”ဟု ဆိုလျှင်

“၁။ စိတ်ဝိညာဉ် ၂။ စေတသိက်နာမ် ၃။ (ကံကြောင့် ဖြစ်သော) ရုပ်ခန္ဓာကလေး” ဤ သုံးမျိုးသည် တစ်ပြိုင်နက် ဖြစ်ကြသည်ဟု ဆိုလိုသည်၊ ထိုသို့ တစ်ပြိုင်နက် ဖြစ်ကြရာဝယ် စိတ်ဝိညာဉ်သည် ခေါင်းဆောင် ပဓာနဖြစ်၏၊ စေတသိက်နာမ်နှင့် ရုပ်ခန္ဓာကား ဝိညာဉ်၏ နောက်လိုက်များ ဖြစ်၏၊ ထို့ကြောင့် “ဝိညာဏပစ္စယာ နာမရူပံ-ဝိညာဉ်ကြောင့် နာမ်ရုပ်လည်း ဖြစ်ပေါ် ပါဝင်သည်”ဟု ဟောတော်မူသည်၊ “ဝိညာဉ် မဖြစ်လျှင် စေတသိက်နာမ်နှင့် ရုပ် မဖြစ်, ဝိညာဉ် ဖြစ်သောကြောင့်သာ နာမ်နှင့်ရုပ်လည်း ဖြစ်ရသည်” ဟူလို။

ရုပ်ခန္ဓာကလေး၏ ပမာဏ

ဝိညာဉ်, နာမ်, ရုပ် သုံးပါးစုံ စုမိနေသော လူသတ္တဝါကလေးဝယ် ရုပ်တရားသာလျှင် အထည်ကိုယ် ထင်ရှား၏၊ ထိုခန္ဓာကိုယ် ကလေး၏ ပမာဏသည်လည်း ပဋိသန္ဓေ တည်နေခါစ၌ မှန်ပြောင်း ကောင်းကောင်းဖြင့်သော်မှ ကြည့်၍ မမြင်နိုင်အောင် သေးငယ်လှ၏၊ အဘိဓမ္မာသဘောအားဖြင့်ဆိုလျှင် ကလာပ်သုံးစည်း (ရုပ်မှုန့် ကလေး ၃၀)မျှသာ ဖြစ်၏၊ သို့ရာတွင် ထိုခန္ဓာကိုယ်ကလေး၌ အချိန် ရှိသရွေ့ ရှေးကံ သင်္ခါရကြောင့် ရုပ်မှုန့်ကလေးတွေ ထပ်၍ တိုးပွား၏၊ အမိ၏ ကိုယ်ငွေ့နှင့် နဂိုက ပါလာသော မိမိ၏ ကိုယ်ငွေ့များကြောင့် ရုပ်သစ်ကလေးတွေ တိုးပွား၏၊ စိတ်ကြောင့် ရုပ်ကလေးတွေ တိုးပွား၏၊ ရက်သတ္တ နှစ်ပတ်လောက် ကြာလျှင် အမိ စားအပ်သော အစာမှ ရုပ်ကလေးတွေ ဆက်၍ တိုးပွားပြန်၏၊ ဤသို့အားဖြင့် တစ်စ တစ်စ ကြီး၍ ငါးပတ်လောက် ကြာသောအခါ လူ့သဏ္ဌာန် ပေါ်လာရသည်။

မှတ်ချက်။ ။ ရှေးသင်္ခါရကြောင့် ဖြစ်သော ရုပ်မှုန့်တွေကို ကမ္မဇရုပ်, ကိုယ်ငွေ့ ဥတုမှ ဖြစ်သော ရုပ်တွေကို ဥတုဇရုပ်, မိမိစိတ် ဖြစ်တိုင်း ဖြစ်ပေါ် ပါလာသော ရုပ်တွေကို စိတ္တဇရုပ်, အစာကြောင့် ဖြစ်သော ရုပ်တွေကို အာဟာရဇရုပ်ဟု ခေါ်သည်၊ ဤသို့ ခန္ဓာကိုယ်ဟု ခေါ်အပ်သော အကောင်အထည်၌ ထိုကမ္မဇစသော ရုပ်ကလေးတွေ ပေါင်းစပ် ကြီးထွားနေသည်ဟုလည်းကောင်း, စိတ်ဝိညာဉ်နှင့် စေတသိက်တို့ကား ရှေးသင်္ခါရကြောင့် တစ်ဘဝလုံး (အခြားဝီထိစိတ် မဖြစ်သမျှ) ဆက်ကာ စဉ်ကာ ဖြစ်နေရသေးသဖြင့် ကံကြောင့် ဖြစ်သော စေတသိက်များဟု လည်းကောင်း မှတ်ပါ။

ရုပ်အဆင်းကွဲပြားမှု

ရှေးရှေးဘဝ၌ ပြုအပ်သော ကံသင်္ခါရကြောင့် ယခုဘဝဝယ် စိတ်ဝိညာဉ် စေတသိက်နာမ်နှင့် ကံကြောင့်ဖြစ်သော ရုပ်တရားတို့ ပဋိသန္ဓေ တည်စ ပထမအချိန်မှ အစပြု၍ ဖြစ်ကြရသည်ဟု ဗုဒ္ဓရှင်တော် မိန့်တော်မူသည့်အတိုင်း ယခုကာလ၌ ရုပ်အဆင်းချင်း မတူကြပုံကို ကိုယ်တိုင်ဒိဋ္ဌ မြင်နေကြရပေပြီ၊ သို့သော် ထပ်၍ ရှင်းပြဦးအံ့… ပဋိသန္ဓေ တည်စဝယ် ရှေးကံသင်္ခါရကြောင့် ရုပ်မှုန့်ကလေး ဖြစ်သည်မှ စ၍ တစ်စ တစ်စ ကြီးထွားလာရာ၌ အမိအဖတို့၏ သုက်သွေးသည် ထိုရုပ်မှုန့်ကလေးအား အငွေ့ဓာတ် (တေဇော-ဥတု) ပေးလျက် ရှိ၏။

ထို့ကြောင့် မြေနီတွင်းအောင်း ဖွတ်သတ္တဝါသည် “ဖွတ်နီ”ဖြစ်၍ မြေနက်တွင်းအောင်း ဖွတ်သတ္တဝါသည် “ဖွတ်နက်”ဖြစ်ရသကဲ့သို့ ထို့အတူ မိဘတို့၏ သုက်သွေးကို လိုက်၍ ရုပ်ဖြူ ရုပ်ဝါ ရုပ်မည်းများ ဖြစ်လာရုံသာမက မိဘတို့နှင့် ပုံသဏ္ဌာန်လည်း အတော်အတန် တူလာကြပေသည်၊ ထိုသို့ ဖြစ်ရာ၌ အမြွှာမွေး ညီနောင်နှစ်ယောက် ၏ ရုပ်အဆင်း ပုံသဏ္ဌာန်ကို သေချာစွာ ကြည့်သောအခါ … တူသယောင်ယောင် ရှိနေသော်လည်း တစ်ထပ်တည်းကား မတူ နိုင်ပုံ, အဖြူ အမည်း ကွဲပြားပုံ, လက် ခြေ အနေအထား ကွဲပြားပုံ, အနိမ့် အမြင့် ကွဲပြားပုံကို တွေ့ရ၏။

“ဘာ့ကြောင့် ထိုသို့ ကွဲပြားရသနည်း၊ မိဘ သုက်သွေးနှင့် မိခင်၏ အစာသည် တစ်ခုတည်းပင် မဟုတ်ပါလော”ဟု စဉ်းစား သောအခါ ရှေးရှေးဘဝ ကံသင်္ခါရ ပြုတုန်းက တစ်ယောက်နှင့် တစ်ယောက် မတူခဲ့သဖြင့် ထိုကံကြောင့် ဖြစ်ရသော ပဋိသန္ဓေ ရုပ်မှုန့်ကလေးများကို စီစဉ်ပုံလည်း တစ်ယောက်နှင့်တစ်ယောက် မတူကြပေ၊ ထိုအရင်းခံ ရုပ်မှုန့်မျိုးစေ့၏ မတူခြင်းကြောင့် ကြီးထွား လာသောအခါ၌လည်း တစ်ယောက်နှင့်တစ်ယောက် တစ်ထပ်တည်း မတူနိုင်ဘဲ ရှိရသည်ဟု ထင်ရှားပါတော့သည်၊ ထို့ကြောင့် ကံချင်း ကွဲပြား၍ ဖြစ်ကြရသော သတ္တဝါအမျိုးမျိုးတို့၌ ပုံသဏ္ဌာန်အမျိုးမျိုး တို့ ရှိ၍ အဆင်း လှသူ, မလှသူ စသည်ဖြင့် အမျိုးမျိုး ရှိကြသည်ဟု မှတ်ပါ။

ဤနေရာဝယ် အမိဝမ်းတွင်းမှ စ၍ မိခင်၏ အစောင့်အရှောက် ကောင်းမှု, လက်သည်ဆရာမတို့ အစောင့်အရှောက်ကောင်းမှု ကြောင့် ကျန်းမာသန်စွမ်း၍ ရုပ်အဆင်း လှပစေနိုင်ကြောင်းကို မငြင်းပါ၊ ထိုသို့ မိခင် စသူတို့က စောင့်ရှောက်၍ လှပသောရုပ် အဆင်းသည် ပြခဲ့သော ရုပ်လေးမျိုးတွင် ဥတုဇ, အာဟာရဇ နှစ်မျိုးသာ ဖြစ်၏၊ ထိုနှစ်မျိုးက မူလကမ္မဇရုပ်ကို ထောက်ပံ့ခြင်းကြောင့် မူလကမ္မဇရုပ်လည်း ကြည်လင် သန့်ရှင်းရခြင်းဖြစ်သည်၊ အကယ်၍ စိတ်ကိုပါ ချမ်းသာအောင် စောင့်ရှောက်နိုင်ပါမူ စိတ္တဇရုပ်လည်း ကြည်လင်သန့်ရှင်းကာ တစ်ကိုယ်လုံး လှပအောင် ထောက်ပံ့နိုင်ပါ၏၊

သို့သော် ဤသို့ အပြုအပြင် အကောင်းဆုံး ဖြစ်နေသူ နှစ်ယောက်ကို (အပြုအပြင်ကောင်း သော အမြွှာမွေး နှစ်ယောက်ကို) နှိုင်းယှဉ် ကြည့်ပြန်လျှင် သူတို့ချင်း လှ, မလှ ကွဲပြားကြဦး မည်သာ၊ ထိုသို့ ကွဲပြားပြန်သဖြင့် “အရင်းစစ်လျှင် အမြစ်မြေမှာ”ဆိုသကဲ့သို့ ရှေးကံ သင်္ခါရအပေါ်၌ သတ္တုကျမည်သာ၊ သို့ဖြစ်၍ ရှေးကံ သင်္ခါရ မတူမှုကြောင့် ရုပ်အဆင်း မတူကြပုံမှာ ယုံကြည်လေးစားသင့်လှပါသည်။

စိတ်ချင်းကွဲပြားပုံ

ရှေးကံသင်္ခါရကြောင့် ရုပ်ချင်းသာ ကွဲပြားကြသည် မဟုတ်၊ စိတ်ချင်းလည်း ကွဲပြားသေး၏၊၊ ချဲ့ဦးအံ့… ယခုကာလ တစ်မိဘတည်း တစ်ဆရာတည်းဖြစ်သော ညီနောင်တို့သည်ပင် စိတ်ရင်း စေတနာရင်းမှာ အကောင်း အဆိုး ကွဲပြားကြသည်ကို တွေ့ရ၏၊ နည်းနည်းပါးပါး ကွဲပြားနေသည် မဟုတ်၊ တစ်ယောက်သည် လူလိမ္မာ, တစ်ယောက်သည် လူမိုက် ဖြစ်ရသည့်တိုင်အောင်ပင် ကွဲပြားကြသေး၏၊ [အပေါင်းအသင်း မကောင်းခြင်း စသည်ကြောင့် ကွဲပြားကြရာ၌လည်း သူတို့၏ စိတ်ရင်းလိုက်၍ တစ်ယောက်သည် ပျက်စီး၏၊ တစ်ယောက်သည် မပျက်စီး၊]

စိတ်ရင်း (ပဋိသန္ဓေဝိညာဉ်) ကောင်းသူသည် အရာရာ စိတ်ကောင်း၍ အပေါင်းအသင်းကြောင့်လည်း မပျက်စီးနိုင်၊ ထို သူမျိုးသည် (ပဋိသန္ဓေဝိညာဉ်ကို နာမည်တပ်၍) “တယ်… ဉာဉ်ကောင်းတဲ့ ကလေး = အလွန် သန္ဓေကောင်းတဲ့ ကလေး” စသည်ဖြင့် ကလေးဘဝကပင် အချီးမွမ်းခံရ၏၊ စိတ်ရင်း ညံ့သူ ဆိုးယုတ်သူကား သူ့ဘာသာလည်း မကောင်း, အပေါင်းအသင်း ကြောင့်လည်း ပျက်စီးတတ်၏၊ သူလုပ်သမျှ အရာရာ မကောင်းတွေ များလှ၏၊ ထိုသူမျိုးသည် “တယ်ဉာဉ်ဆိုးတဲ့ အကောင်ပဲ=သန္ဓေဆိုး ကလေးပဲ”ဟု ကလေးဘဝကပင် အပြောခံရလေသည်၊ ထိုသို့ ဆိုးတေရာ၌ ပြင်၍ ရအောင် ဆိုးသူလည်း ရှိ၏၊ ထိုသူမျိုးကား အပြင်ကောင်းသူနှင့်တွေ့လျှင် လူကောင်းသူကောင်း ဖြစ်နိုင်သေး၏၊ ပြင်၍ မရအောင် ဆိုးသူလည်း ရှိ၏၊ ထိုသူမျိုးကား ပြုပြင်ပေးသော် လည်း သန္ဓေစိတ်ရင်းက ညံ့ဖျင်းခဲ့သောကြောင့် “ခွေးမြီးကောက် ကျည်တောက်စွပ်ပေးခြင်းပင်” ဖြစ်လိမ့်မည်။

မှန်၏၊ ခွေးပဋိသန္ဓေကို ရသဖြင့် ခွေးဘဝရောက်နေသော ခွေးကို ရာဇပလ္လင်ပေါ်တင်၍ ဘုရင်မြှောက်ကာ ခမ်းနားသော ပွဲတော်စာကို အဝကျွေးထားသော်လည်း ဖိနပ်စုပ်ကလေး မြင်လျှင် စားချင်နေဦးမည်သာ၊ ဝနေ၍ မစားနိုင်ပါမူ နမ်းကြည့်ရဦးမှ စိတ်ကျေနပ်ရှာပေလိမ့်မည်၊ ဤသို့လျှင် ရှေးကံသင်္ခါရကြောင့် ပဋိသန္ဓေ တည်ခါစ၌ ပထမဆုံးဖြစ်သော ဝိညာဉ် နာမ် ရုပ်တို့သည် တစ်ဘဝ လုံးအတွက် အကောင်း အဆိုး ကွဲပြားဖို့ရန် အခြေခံမျိုးစေ့ ဖြစ်ကြရကား ယခုလို အသိဉာဏ်ရှိသော ဘဝဝယ် (ကိုယ်မှု နှုတ်မှု စိတ်မှု) သင်္ခါရဟူသမျှ အကောင်းဆုံးဖြစ်အောင် ပြုပြင်သင့်ကြပေသည်။

နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ

“သဠာယတန” ဟူသည် စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှာယတန, ကာယာယတန, မနာယတန တည်း၊ [သ=ဆ=ခြောက်ပါး + အာယတန=အာယတန] အာယတန သဒ္ဒါသည် စိတ်စေတသိက်တရားတို့၏ “ဖြစ်ရာ တည်ရာ=ဖြစ်ကြောင်း တည်ကြောင်း” ဟူသော အနက်ကို ဟော၏၊ “စက္ခာယတနရှိမှ စက္ခုနှင့် ဆိုင်သော စိတ် စေတသိက်များ ဖြစ်နိုင်ကြ၏၊” စသည်ဖြင့် သိပါ၊ ရှေးကံသင်္ခါရကြောင့် ဤဘဝ၌ ဝိညာဉ် နာမ် ရုပ်တို့ ဖြစ်သောအခါ စက္ခာယတန စသော အာယတနခြောက်ပါး လည်း ပါဝင်လျက် ရှိ၏၊

ချဲ့ဦးအံ့… ပဋိသန္ဓေဝိညာဉ်မျိုးစေ့ တည်လျှင်ပင် ဝိညာဉ်နှင့် အလားတူသော နောက်နောက်ဝိညာဉ် များ (ဝီထိစိတ် မကျသမျှ) ဆက်ကာ ဆက်ကာ ဖြစ်ကြ၏၊ ထို ဝိညာဉ်မျိုးကိုပင် “မနာယတန”ဟု ခေါ်၏၊ ထိုဝိညာဉ်များ ဖြစ်တိုင်း လည်း စေတသိက်နာမ်တွေ ပါရ၏၊ စေတသိက်နာမ် မပါလျှင် ဝိညာဉ်ချည်း မဖြစ်နိုင်၊ ဤစကားအရ နာမ်ကြောင့် “မနာယတန ဖြစ်ရ၏”ဟု သိပါ။

လူ့ဘဝ၌ ပဋိသန္ဓေဝိညာဉ် တည်ပြီးနောက် ရက်သတ္တ ဆယ့်တစ်ပတ်လောက် ကြာမှ “စက္ခု, သောတ, ဃာန, ဇိဝှာ” လေးခုတို့ ဖြစ်ကြ၏၊ “ကာယ”ကား ပဋိသန္ဓေဝိညာဉ်နှင့် အတူ တစ်ပြိုင်နက် ဖြစ်ခဲ့၏၊ [နတ်ဘဝ စသည်မှာမူ ထိုငါးပါးလုံး သန္ဓေ တည်သည်နှင့် တစ်ပြိုင်နက် ဖြစ်ကြ၏၊] ထိုငါးပါးလုံးပင် ရှေးကံ သင်္ခါရကြောင့် သူနှင့် အတူ ဖြစ်ဖက် “ပထဝီ, အာပေါ, တေဇော, ဝါယော= မြေ, ရေ, မီး, လေ”ဟူသော ဓာတ်ကြီးလေးပါးက အမြဲ ထောက်ပံ့ရသောကြောင့် (ထိုဓာတ်ကြီးလေးပါးက မထောက်ပံ့လျှင် စက္ခု စသည်တို့ မဖြစ်နိုင်သောကြောင့်) “ထိုစက္ခုစသော အာယတန ငါးပါးတို့သည် ရုပ်ကြောင့် ဖြစ်ကြရ၏”ဟု မိန့်တော်မူသည်၊ သို့သော် စက္ခု စသော အာယတနခြောက်ပါး၏ အရင်းအမြစ်အကြောင်းမှာ ရှေးကံသင်္ခါရသာတည်းဟု မှတ်ပါ။ [ဤထက် အနုစိတ်၍ ရေးရလျှင် အဘိဓမ္မာ မကျွမ်းကျင်သူတို့ သာ၍ စိတ်ရှုပ်ဖွယ် ဖြစ်သောကြောင့် အကြမ်း အကျဲမျှသာ ပြရပါသည်။]

သင်္ခါရကြောင့် ပဝတ္တိအကျိုးဖြစ်ပုံ

ပဋိသန္ဓေ တည်ပြီးနောက် တစ်ဘဝလုံးကို “ပဝတ္တိ = ဖြစ်ပျက်နေချိန်”ဟု ခေါ်၏၊ ထိုပဝတ္တိအခါ၌လည်း ရှေးကံသင်္ခါရကြောင့် ဝိညာဉ်နှင့် နာမ်ရုပ်တို့ ဖြစ်ကြရ၏၊ ချဲ့ဦးအံ့…သစ်ပင်ပေါက်ဖို့ရာ မျိုးစေ့တို့သည် (နနွင်း, ချင်း စသည်တို့၏ မျိုးစေ့ကဲ့သို့)အမြစ်မျိုးစေ့, (ပင်လုံးမှ အတက်ထွက်၍ ပေါက်ရသော နှံပဲ စသည်တို့၏ မျိုးစေ့ ကဲ့သို့) ပင်စည်မျိုးစေ့, ကြံ စသည်တို့ကဲ့သို့ အဆစ်မျိုးစေ့, အညွန့် ချိုး၍ စိုက်ရသော အညွန့်မျိုးစေ့, အစေ့မျိုးစေ့အားဖြင့် ငါးမျိုး ရှိကုန်၏၊ ထိုမျိုးစေ့များကြောင့် ပေါက်သော သစ်ပင်တို့တွင် မြေကောင်း ရေကောင်း ရှိရာ၌ ပေါက်သော သစ်ပင်တို့သည် မပြုပြင်ဘဲ စည်ပင် ကြီးမား ထွားကျိုင်းကုန်၏။

လူသူမနီးသော ခြောက်သွေ့သော တောင်ကုန်းစသည်တို့၌ ပေါက်ကြသော သစ်ပင်တို့ကား စည်ပင်လန်းဆန်း သန်စွမ်းခြင်း မရှိဘဲ ခြောက်ကပ်လိမ်ခွေ ကျက်သရေမဲ့အနေဖြင့်သာ တာရှည်တည်နေကြရကုန်၏၊ အလယ်အလတ် မြေရေမှာ ပေါက်နေကြရ သော သစ်ပင်တို့ကား ပြုပြင်သူ ရှိ, မရှိ လိုက်၍ စည်ပင်ထိုက်သမျှ စည်ပင်ကြရပါသည်။

ထို့အတူပင် ကံသင်္ခါရကြောင့် ဝိညာဉ်ဖြစ်ရာ၌လည်း ကံသည် မျိုးစေ့နှင့် တူ၏၊ တစ်ဘဝလုံး ဝိညာဉ် နာမ် ရုပ် အစုဖြစ်သော ခန္ဓာကိုယ်သတ္တဝါကား သစ်ပင်နှင့် တူ၏၊ အလွန်ကောင်းသော ကံသင်္ခါရတို့ကြောင့် နတ်ပြည်,ဗြဟ္မာ့ပြည်နှင့် တက်ကပ်အသက်တမ်း ရှည်ရာ အခါတို့၌ ဖြစ်ကြရသော လူသတ္တဝါတို့သည် ရေ မြေ ကောင်းသော အရပ်ဝယ် ပေါက်ရသော သစ်ပင်များကဲ့သို့ ဉာဏ် ဝီရိယ (ပယောဂ) တို့ဖြင့် မပြုပြင်ရဘဲ ကျန်းမာ ချမ်းသာကြကုန်၏။

ဆိုးရွားသော ကံသင်္ခါရကြောင့် အပါယ်လေးပါး၌ ဖြစ်ရသော သတ္တဝါတို့သည် သွေ့ခြောက်သော မြေပြင်၌ ရေလောင်းသူ မရှိဘဲ ပေါက်ရသော သစ်ပင်များကဲ့သို့ ဒုက္ခများကြရကုန်၏၊ ထိုသစ်ပင် များသည်ပင် တောမီး လောင်ခံကြရပြန်သကဲ့သို့ ဒုက္ခပေါ် ဒုက္ခ လွှမ်းမိုးကာ ညှဉ်းဆဲ နှိပ်စက် ခံကြရကုန်၏။

ယခုခေတ် လူသတ္တဝါတို့ကား အလယ်အလတ် ရေ မြေ၌ ပေါက်ရသော သစ်ပင်များနှင့် တူကုန်၏၊ ရေလောင်းနိုင်လျှင်, မြေဩဇာ ကောင်းကောင်းပေးနိုင်လျှင် ထိုသစ်ပင်များ စည်ပင် ကြီးထွားကုန်သကဲ့သို့ ဉာဏ် ဝီရိယ (ပယောဂ) ကောင်းလျှင် ချမ်းသာခွင့် ရှိကုန်၏၊ ရေမလောင်းဘဲ မြေဩဇာပေးလျှင် တဖြည်းဖြည်း ညှိုးနွမ်းသကဲ့သို့ ဉာဏ် ဝီရိယ ညံ့ဖျင်းနေလျှင် အကျိုးပေးလည်း ညံ့ဖျင်းဖွယ် ရှိသည်။

ဤစကားစဉ်အရ (ထူးခြားသောကံ ပါသူမှတစ်ပါး) များစွာ ကုန်သော သတ္တဝါတို့၏ တစ်ဘဝလုံးအတွက် ချမ်းသာ ဆင်းရဲ ကွဲပြားမှုသည် ဉာဏ် ဝီရိယ (ပယောဂ) အကူအညီ ကောင်း, မကောင်း အပေါ်မှာ တည်သည်ဟု မှတ်ပါ။ [အကျယ် စိတ်ဖြာ၍ ရေးဖွယ်ရှိသော်လည်း ပဋိစ္စသမုပ္ပာဒ်တရားတော် ရှည်မျောသွားမည် စိုး၍ အကျဉ်းမျှ ပြရတော့သည်။]

[ဆောင်]ကံဟုမူလ, သမ္ဗုဒ္ဓတို့, ဟောကြသည်မှာ, အရင်းသာ တည်း၊ ဥစ္စာဘောဂ, ဇီဝိတနှင့်, သုခပွားရန်, ဤလူ့ထံ၌, ဉာဏ် ဝီရိယ, ပယောဂတည်း။ (မဃဒေဝလင်္ကာ)

သဠာယတန၏ သရုပ်နှင့်သတ္တိ

မျက်လုံးအတွင်း မျက်နက်ဝန်း၏ အလယ်ကောင်၌ “စက္ခုပသာဒ”ခေါ် အကြည်ဓာတ် ပါ၏၊ ထိုအကြည်ဓာတ်ကို “စက္ခာယတန”ဟု ခေါ်၏၊ နားရွက်၏ လိုဏ်ခေါင်းအတွင်း၌ “သောတပသာဒ”ခေါ် နားအကြည်ဓာတ် ပါ၏၊ “သောတာယတန”ဟု ခေါ်၏၊ နှာခေါင်း ပေါက်၏အတွင်း၌“ဃာနပသာဒ”ခေါ် နှာခေါင်းအကြည်ဓာတ်ပါ၏၊”ဃာနာယတန”ဟု ခေါ်၏၊ လျှာ၏ အလယ်၌ “ဇိဝှာပသာဒ”ခေါ် လျှာအကြည်ဓာတ် ပါ၏၊ “ဇိဝှာယတန”ဟု ခေါ်၏၊ ခန္ဓာကိုယ်၏ ထိုထို အရပ်ဌာန၌ “ကာယပသာဒ”ခေါ် ကိုယ်အကြည်ဓာတ် ပါ၏၊ “ကာယာယတန”ဟု ခေါ်၏၊ ပဋိသန္ဓေ တည်သည်မှစ၍ (ဝီထိစိတ် မဖြစ်သမျှ) အမြဲဆက်၍ ဖြစ်ပျက်နေသော ဝိညာဉ်ကို “မနာယတန” ဟု ခေါ်၏။

အာရုံခြောက်ပါး

အပြင်ဘက်၌ အဆင်း အရောင် အမှောင် အမည်း ဟူသမျှသည် ရူပါရုံ မည်၏၊ စက္ခု အကြည်ဓာတ် ရှိရာတိုင်း၌ ရှေးရှုတွေ့နေသော ရူပါရုံဟူသမျှသည် ဓာတ်သဘာဝအလိုက် တိုက်ဆိုက်လျက် ရှိ၏၊ (စက္ခုအကြည်ဓာတ် မရှိလျှင် မည်မျှလောက် ကြိုးစားသော်လည်း ထိုရူပါရုံများ မတိုက် ဆိုက်နိုင်၊) ထို့အတူပင် နားအကြည်ဓာတ် ရှိရာ၌ ကြားလောက်ရာ အရပ်က အသံအာရုံများ တိုက်ဆိုက်၏၊ နှာခေါင်းအကြည်ဓာတ် ရှိရာတိုင်း၌ ရောက်လာသော အနံ့အာရုံဟူသမျှ တိုက်ဆိုက်၏၊ လျှာပေါ်၌ ရောက်သော အစာအာဟာရများဝယ် ချို, ချဉ်, စပ်, ဖန်, အငန်, အခါး အရသာများသည် လျှာအကြည်ဓာတ်၌ တိုက် ဆိုက်၏၊ ထိုထို အတွေ့အထိအာရုံများသည် ခန္ဓာကိုယ်နှင့်ထိမိသမျှ အရပ်တိုင်း၌ ကာယအကြည်ဓာတ်ဝယ် တိုက်ဆိုက်လျက် ရှိ၏၊ ထို အာရုံငါးပါးအပြင် စိတ်ဖြင့်သာ သိရသော အာရုံများကို ဓမ္မာရုံဟု ခေါ်၏၊ ထို ဓမ္မာရုံများကား အရေအတွက် မကုန်နိုင်အောင် များလှ၏၊ ထိုဓမ္မာရုံများလည်း စိတ်စွမ်းသတ္တိအလိုက် ထိုမနောအကြည်ဓာတ်၌ ထင်ပေါ်လာတတ်ကြသည်။

သဠာယတနကြောင့် ဖဿဖြစ်ပုံ

စက္ခုအကြည်ဓာတ် စသည်၌ ဆိုင်ရာအာရုံ ထင်လာသောအခါ (အာရုံတိုင်း မဟုတ်သော်လည်း တချို့အာရုံအတွက်) ဓာတ်သဘာဝအလိုက် စိတ်၌ ထိခိုက်မှု ဖဿဖြစ်၏၊ (အရာဝတ္ထုချင်း မထိဘဲလျက် ထိရသလို ဖြစ်အောင် ထိခိုက်လာ၏၊) ထိုသို့ ဓာတ်ခိုက်ခြင်း ဓာတ်ထိခြင်း ဓာတ်တွေ့ခြင်းကိုပင် “ဖဿ”ဟု ခေါ်၏၊

ထင်ရှားစေအံ့… အချဉ်စားသူကို မြင်ရာ၌ (မိမိ မစားရဘဲ) လျှာရည် ကျတတ်၏၊ ဓားသွေးကျောက်၌ သဲရှပ်ရှပ်နှင့် ဓားသွေး နေသည်ကို မြင်ရ ကြားရသောအခါ အနားက နေသူမှာ သွားကျိန်း သလို ဖြစ်နေတတ်၏၊ သတ်ပုတ် ရိုက်နှက် သွေးထွက်သံယို ဖြစ်နေ သည်ကို မြင်ရာ၌ ကြောက်တတ်သူ အချို့မှာ မြောမေ့၍ပင် သွားတတ်၏၊ သစ်ပင်ခေါင်ဖျား တက်နေသည်ကို မြင်ရာ၌ ကြောက်တတ်သူမှာ မြေပေါ်နေပါလျက် ဒူးတုန်၍ နေတတ်သည်။

အေးမြငြိမ်းချမ်း ကျောင်းသင်္ခမ်းရိပ်သာဝယ် ဘာဝနာကမ္မဋ္ဌာန်း ဖြင့် ရွှင်လန်းနေသော သူတော်စင်ကို မြင်ရာ၌ ထိုမြင်ရသူ၏စိတ်မှာ သာယာ အေးမြလာ၏၊ ဤသို့ ဖြစ်ရခြင်းများသည် အာရုံနှင့်စိတ်၏ ထိခိုက်မှု ဖဿပင်တည်း။

ရှေးကံသင်္ခါရကြောင့် ခန္ဓာကိုယ်၌ စက္ခာယတန စသော အာယတနခြောက်ပါး ဖြစ်ခဲ့ရကား စက္ခာယတန ရှိ၍ ရူပါရုံနှင့် ဓာတ်ထိမှု ဖဿ ဖြစ်ရ၏၊ သဒ္ဒါယတနရှိ၍ သဒ္ဒါရုံနှင့် ဓာတ်ထိမှု ဖဿ, ဃာနာယတနရှိ၍ ဂန္ဓာရုံနှင့်, ဇိဝှာယတနရှိ၍ ရသာရုံနှင့်, ကာယာယတနရှိ၍ ဖောဋ္ဌဗ္ဗာရုံနှင့်, မနာယတနရှိ၍ သိဖွယ်ဟူ သမျှနှင့် ဓာတ်ထိမှု ဖဿ ဖြစ်ရ၏၊

ရှေးကံ မကောင်း၍ စက္ခု အလင်းမရသူမှာ အဆင်းအာရုံကို ဓာတ်ထိ-ထိနိုင်သော စက္ခုဖဿ မဖြစ်၊ ထို့အတူ နားပင်းသူ ဃာနပသာဒ ပျက်စီးသူ, ဇိဝှာပသာဒ ပျက်စီးနေသူတို့၌လည်း သောတဖဿ, ဃာနဖဿ, ဇိဝှာဖဿများ မဖြစ်နိုင်ကြပါ။

ထို့ကြောင့် “သဠာယတနပစ္စယာ ဖေဿာ=အာယတနခြောက် မျိုးကြောင့် ဖဿ ခြောက်မျိုး ဖြစ်ရ၏”ဟု မိန့်တော်မူသည်၊ အာယတန တစ်ပါးပါး ချို့ယွင်းလျှင် ထိုနှင့်ဆိုင်သော ဖဿလည်း မဖြစ်၊ အာယတနခြောက်ပါးလုံး မရှိလျှင် ဖဿခြောက်မျိုးလုံး မရှိနိုင်။

ဖဿကြောင့် ဝေဒနာဖြစ်ပုံ

ခံစားမှုကို “ဝေဒနာ”ဟု ခေါ်၏၊ တကယ်ကောင်းသည် ဖြစ်စေ, မကောင်းသည်ဖြစ်စေ မျိုးရိုးအလိုက် (သို့မဟုတ်) မိမိစိတ်အကြိုက် အားဖြင့် အကောင်းဟု ထင်နေသော အာရုံနှင့် တွေ့သောအခါ သာယာခံစားမှု ဝေဒနာဖြစ်၏၊ ကျမ်းစာတို့၌ “သုခဝေဒနာ”ဟု ခေါ်သည်၊ မျိုးရိုးအလိုက် စိတ်ကြိုက်အားဖြင့် “မကောင်း”ဟု ထင်နေသော အာရုံနှင့် တွေ့သောအခါ မသာယာသော ခံစားမှု ဝေဒနာဖြစ်၏၊ “ဒုက္ခဝေဒနာ”ဟု ခေါ်သည်၊ အကောင်းဘက်လည်း မပါ, မကောင်းဘက်လည်း မပါသော အာရုံနှင့် တွေ့သောအခါ သာယာမှု မသာယာမှုမရှိသော ဝေဒနာဖြစ်၏၊“ဥပေက္ခာဝေဒနာ”ဟုခေါ်သည်၊ [ဥပေက္ခာ=ဥပ+ဣက္ခာ၊ ဥပ-သင့်ရုံ တော်ရုံ+ဣက္ခာ= ခံစားခြင်း၊ “ခံစားတယ်”ဟု ဆိုရရုံ မသိမသာ ခံစားခြင်းတည်း၊ ထို မသိမသာ ခံစားခြင်းကို “လစ်လျူရှုခြင်း”ဟုလည်း ပြောကြသည်၊]

အာရုံနှင့် ဓာတ်ခိုက်မှု ဖြစ်မှသာ ဤဝေဒနာလည်း ဖြစ်နိုင်၏၊ ဖဿ မဖြစ်သော အာရုံ၌ ဝေဒနာ မဖြစ်၊ မျက်စိကွယ်နေသူသည် အဆင်း အာရုံ၌ ဓာတ်ခိုက်မှု ဖဿ မရှိသောကြောင့် အဆင်းအာရုံကို ခံစားမှု ဝေဒနာလည်း မဖြစ်တော့ချေ။

ဝေဒနာကြောင့် တဏှာဖြစ်ပုံ

တပ်မက်, ခင်မင်, လိုချင်, တောင့်တမှုကို “တဏှာ” ဟု ခေါ်၏၊ သုခဝေဒနာ ဖြစ်ရ သောအခါ ထိုသုခ ဖြစ်ခိုက်၌ တပ်မက်မှု တဏှာ ဖြစ်၏၊ ထိုသုခမျိုး ထပ်၍ ထပ်၍ ရအောင် လိုချင် တောင့်တမှု တဏှာလည်း ဖြစ်၏၊ ဒုက္ခဝေဒနာ ဖြစ်ပြန်လျှင် ထိုဒုက္ခမှ လွတ်မြောက်၍ သုခရောက်အောင် တောင့်တမှု တဏှာ ဖြစ်ပြန်၏၊ ဥပေက္ခာဝေဒနာ (မသိမသာခံစားမှု) ဖြစ်ပြန်လျှင်လည်း မသိမသာ တောင့်တမှု တဏှာ ဖြစ်ပြန်၏၊

တဏှာဖြစ်သမျှ လောလောဆယ် ခံစား စံစားမှု ဝေဒနာသော်လည်း အရင်းခံရှိ၏၊ (သို့မဟုတ်) ရှေးက ခံစားခဲ့ရသော ဝေဒနာကို တွေး၍လည်း တောင့်တမှု တဏှာ ဖြစ်သေး၏၊ ယခုဘဝ၌ပင် မတွေ့ဖူး, မကြုံဖူး, မခံစားဖူး (မနောသမ္ဖဿ ဖြစ်ရုံမျှ) စိတ်မကူးဖူးသေးသော အာရုံ တို့၌ ဖဿ မဖြစ်သောကြောင့် ဝေဒနာ မဖြစ်၊ ဝေဒနာ မဖြစ်သော ကြောင့် ထိုမတွေ့ဖူး စိတ်မကူးဖူးသော အာရုံတို့၌ တဏှာ မဖြစ်၊ နတ်ပြည်ရှိသည်ဟု မကြားဖူးသော လူမျိုးတို့၌ နတ်သမီး နတ်သား အကြောင်း စိတ်မျှ မကူးဖူး၍ သောတသမ္ဖဿ, မနောသမ္ဖဿ မဖြစ်ကြချေ၊ ထို့ကြောင့် နတ်သမီး နတ်သား ဘဝကို မှန်းဆ၍ စိတ်ကူးအားဖြင့် ခံစားမှုဝေဒနာ မဖြစ်သောကြောင့် နတ်သမီး နတ်သားဘဝကို တောင့်တမှု တဏှာလည်း မဖြစ်ချေ။

တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ

ဖားကို မြွေဖမ်းရာ၌ စွဲစွဲလမ်းလမ်း မလွှတ်တမ်း ဖမ်းထားသကဲ့သို့ တဏှာဖြင့် တပ်မက် ခင်မင် လိုချင်တောင့်တမိသောအာရုံ၌ တမ်းတမ်းစွဲ ငမ်းငမ်းတက် ဖြစ်နေသော တဏှာအကြီးစားကို “ဥပါဒါန်”ဟု ဆိုထိုက်၏၊ ထိုတဏှာဖြင့် တပ်မက်မိသော အာရုံ၌ အထင်အမျိုးမျိုး ဖြစ်ကာ အယူမှားနေသော ဒိဋ္ဌိကိုလည်း “ဥပါဒါန်”ဟု ခေါ်၏။ [ဥပ-လွန်လွန်ကဲကဲ စွဲစွဲလမ်းလမ်း + အာဒါန-ယူခြင်း။]

မြန်မာရာဇဝင်၌ ရှင်ဘုရင်တစ်ဦးသည် တောလည်သွားရာ၌ နတ်သမီးနှင့် တွေ့ခဲ့၍ စွဲလမ်းအားကြီးသဖြင့် ရူးဖူးသတတ်၊ နတ်သမီးနှင့်တွေ့ရခြင်းသည် စက္ခုဖဿတည်း၊ ထိုဖဿကြောင့် သာယာမှု သုခဝေဒနာ ဖြစ်၏၊ ထိုသုခဝေဒနာကြောင့် တဏှာ ဖြစ်၏၊ ထိုတဏှာကြောင့် လွန်ကဲ ပြင်းပြစွာ စွဲလမ်းသော ဥပါဒါန် ဖြစ်ရသည်၊ နဂိုက နတ်သမီးကို တပ်မက်မှု တဏှာ မဖြစ်ခဲ့ပါလျှင် ဥပါဒါန်လည်း ဖြစ်မည် မဟုတ်၊ ထို့ကြောင့် ဥပါဒါန်ဟူသမျှ တဏှာကြောင့် ဖြစ်ရသည်ဟု မှတ်ပါ။

မှတ်ချက်။ ။ ဘဝအဆက် မပြတ်အောင် သံသရာလည်ပုံ သတ္တဝါတစ်ယောက် ဆက်ကာ ဆက်ကာ ဖြစ်ပုံကို ပြသော တရားတော် ဖြစ်၍ “ဝေဒနာကြောင့် တဏှာ ဖြစ်, တဏှာကြောင့် ဥပါဒါန် ဖြစ်ရသော”အဆက်ကို ပြထားတော်မူသည်၊ ဝေဒနာကြောင့် သဒ္ဓါတရား စသည်တို့ဖြစ်၍ ဝိပဿနာအားထုတ်လျက် သံသရာအဆက်ဖြတ်နည်းလည်း ရှိပါသေးသည်။

ဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ

“ဘဝ”ဟူရာ၌ ကမ္မဘဝ, ဥပပတ္တိဘဝဟု ဘဝနှစ်မျိုး ရှိ၏၊ ထိုတွင် သင်္ခါရအရ၌ ပြခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံသည် ကမ္မ ဘဝ မည်၏၊ ထိုကံကြောင့် နောက်ဘဝ၌ ပဋိသန္ဓေဝိညာဉ်နှင့် ကမ္မဇရုပ်တို့ ဖြစ်ရခြင်းသည် ဥပပတ္တိဘဝမည်၏၊

ချဲ့ဦးအံ့… ယခု ဘဝ၌ အာရုံတစ်ခုခုကို (သား, မယား စသည်ကို) ဥပါဒါန်ဖြင့် စွဲလမ်းနေရာ ထိုဥပါဒါန် အရင်းခံ၍ သူ့ကို ရဖို့ရန်, ရပြီး ပြန်လည် ကျွေးမွေးစောင့်ရှောက်ဖို့ရန် အကုသိုလ်ကံကို ပြု၏၊ နောက်ဘဝ၌ အတူတကွ ချမ်းသာသုခရဖို့ရန် ကုသိုလ်ကံကိုလည်း ကြိုးကြိုးစားစား ပြု၏၊ ဤကံမျိုးသည် ယခုလက်ရှိအာရုံကို စွဲလမ်းသော ဥပါဒါန်ကို အရင်းခံ၍ ဖြစ်ရသော ကမ္မဘဝတည်း။

တချို့ကား နောက်ဘဝ လူ့ပြည် နတ်ပြည်၌ ကာမဂုဏ်တွေကို ခံစားလိုသော ဥပါဒါန် ဖြစ်၏၊ ထိုဥပါဒါန်ကြောင့် (မသူတော်တို့၏ တရားကို နာမိ၍ ကောင်းမှု အထင်ဖြင့်) မကောင်းမှုကံကိုလည်း ပြုမိ၏၊ (သူတော်ကောင်းတရားကို ကြားနာရ၍) ကောင်းသော ကံကိုလည်း ပြုမိ၏၊ ရူပဘုံ, အရူပဘုံ၌ကား ထိုကာမချမ်းသာ ထက်ပင် ချမ်းသာသေး၏ဟု စွဲလမ်းမှု ဥပါဒါန်ကြောင့် ရူပကံ, အရူပ ကံကိုလည်း ပြုပြန်၏၊

အယူမှားမှု ဒိဋ္ဌိဥပါဒါန်ကြောင့် ကုသိုလ်ကံ အကုသိုလ်ကံဟူသော ကမ္မဘဝတွေ ဖြစ်သေး၏၊ ထိုသို့ ကမ္မဘဝ ဖြစ်လျှင် နောက်ဘဝ၌ ပဋိသန္ဓေဝိညာဉ်နှင့် ကမ္မဇရုပ်ဟူသော ဥပပတ္တိဘဝလည်း ဖြစ်ရတော့မည်သာ၊ ထို့ကြောင့် “ဥပါဒါနပစ္စယာ ဘဝေါ-ဥပါဒါန်ကြောင့် ဘဝဖြစ်သည်”ဟု ဟောတော်မူသည်။

ဘဝကြောင့် ဇာတိ, ဇာတိကြောင့် ဇရာ,မရဏ

နောက်ဘဝ၌ ဝိညာဉ်နှင့် ရုပ်တို့၏ ပထမဖြစ်မှုကို “ဇာတိ” ဟု လည်းကောင်း, “ပဋိသန္ဓေ” ဟု လည်းကောင်း ခေါ်၏၊ ပဋိသန္ဓေတည်ခြင်းဟုလည်း ခေါ်သည်၊ ထိုသို့ ပဋိသန္ဓေ(ဇာတိ)ဖြစ်လျှင် ရင့်ရော်မှု ဇရာလည်း ဖြစ်ရ၏၊ သေကျေမှု မရဏလည်း ဖြစ်ရတော့၏၊ မည်သူမဆို မသေမီ ရင့်မှု ဇရာ ဖြစ်သေး၏၊ သေတော့မည်ဆိုလျှင် နဂိုရုပ်ကလေးတွေ ဆွေးမြည့်လာ၏၊ ထိုဆေးမြည့်မှု လည်း ဇရာပင်တည်း။

ဤစကားစဉ်အရ “သတ္တဝါတွေ ဘာကြောင့် သေရပါလိမ့်”ဟု စဉ်းစားလျှင် “ဇရာကြောင့် သေရ၏”ဟု အဖြေတွေ့ရလိမ့်မည်၊ “ဘာကြောင့် ဇရာ ဖြစ်ရပါလိမ့်”ဟု စဉ်းစားပြန်လျှင် “ပဋိသန္ဓေ တည်နေမှု ဇာတိရှိသောကြောင့် ဇရာဖြစ်ရသည်”ဟုအဖြေတွေ့ရ၏၊ “ဘာကြောင့် ဇာတိ ဖြစ်ရသနည်း”စသည်ဖြင့် ဆက်ကာ ဆက်ကာ စဉ်းစားပြန်လျှင် ရှေးဘဝကံ ယခုဘဝ ဝိညာဉ်နှင့် ကမ္မဇရုပ်တို့ ကြောင့် ဇာတိဖြစ်ရသည်၊ ဥပါဒါန်ကြောင့် ကမ္မဘဝဖြစ်ရသည်၊ တဏှာကြောင့် ဥပါဒါန်ဖြစ်ရသည်၊ ဝေဒနာကြောင့် တဏှာဖြစ်ရ၏ စသည်ဖြင့် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရသည်ဟု သိနိုင်ပေသည်။

သောကစသည်ဖြစ်ပုံ

ဆွေမျိုး ဥစ္စာစသည်တို့၏ ဆုတ်ယုတ်မှု ပျက်စီးမှုကြောင့် ဖြစ်ရသော ဝမ်းနည်း ခြင်းသည် “သောက”မည်၏၊ ငိုကြွေးခြင်းသည် “ပရိဒေဝ” မည်၏၊ ခန္ဓာကိုယ်မှာဖြစ်စေ, စိတ်မှာ ဖြစ်စေ ဆင်းရဲနေခြင်းသည် “ဒုက္ခ” မည်၏၊ စိတ်မချမ်းမသာ ဖြစ်ရခြင်းသည် “ဒေါမနဿ” မည်၏၊ အလွန် ပြင်းထန်စွာ စိတ်ပင်ပန်းခြင်းသည် “ဥပါယာသ” မည်၏၊

ဤသောက စသည်တို့သည် ဘဝတိုင်း၌ တွေ့ကြုံရသောတရားများ မဟုတ်ကြ၊ လူ့ဘဝ၌ ပဋိသန္ဓေ တည်ပြီး၍ မကြာခင် သေရသူ, နတ်ဘဝ ဗြဟ္မာဘဝ၌ ဖြစ်ရသူတို့မှာ ဤသောကစသည် ဖြစ်ခွင့် မရှိ၊ သို့သော် ဇာတိရှိလျှင် တချို့ဘဝ၌ တွေ့ရတတ်သောကြောင့် ဇာတိ၏ အကျိုး အဆက်ဆက်မျှကို ပြတော်မူခြင်းငှာ “ဇာတိပစ္စယာ ဇရာမရဏံ”ဟု ဟောတော်မူပြီးနောက် “သောကပရိဒေဝဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ”ဟု ဆက်လက်၍ ဟောတော်မူသည်။

သံသရာစက်လည်ပုံ

ဤပဋိစ္စသမုပ္ပာဒ်တရားတော်၌ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”ဖြင့် လွန်ခဲ့ပြီးသော အတိတ်ဘဝ ရှိနေကြောင်းကို ပြ၍ “သင်္ခါရပစ္စယာ ဝိညာဏံ”မှ စ၍ “ဥပါဒါနပစ္စယာ ဘဝေါ” ဖြင့် ကမ္မဘဝ ထိအောင် ယခုဘဝ၌ ဖြစ်ပျက်ပုံကို ပြတော်မူ၏၊

မှန်၏၊… ရှေးဘဝ၌ သင်္ခါရကြောင့် ယခုဘဝ၌ စိတ်ဝိညာဉ် စေတသိက်နှင့် ရုပ်ခန္ဓာ ဖြစ်ရသဖြင့် သတ္တဝါတစ်ယောက် အကောင်အထည် ပေါ်လာ၏၊ ထိုရုပ်နာမ် ကြောင့် သဠာယတနဖြစ်ရလျှင် ယခုဘဝ၌ မြင်မှု, ကြားမှု, နံမှု, အရသာခံမှု, တွေ့ထိမှု, စိတ်သိ သိမှုတွေ ဖြစ်ပေါ်ကာ လူမှုရေး ရာတွေ အကုန်အစင် ဖြစ်နေနိုင်လေပြီ။

ထိုအခါ ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ဖြစ်သဖြင့် နောက် ဘဝ၌ ဆက်၍ ဖြစ်ဖို့ရာ “ကမ္မဘဝ”ဟု ခေါ်သော ကံသင်္ခါရ တရားတွေ ဖြစ်ရပြန်လေသည်၊ ထိုကံသင်္ခါရ ဖြစ်လာကတည်းက အဝိဇ္ဇာလည်း အရင်းခံပြီး ဖြစ်နေပြန်၏၊ ထိုကမ္မဘဝကြောင့် နောက်ဘဝ၌ ပဋိသန္ဓေ ဝိညာဉ်အသစ် ဟူသော ဥပပတ္တိဘဝ ဖြစ်ပြန်ရကား ဇာတိ ဇရာ မရဏတွေ ဆက်၍ ပွားပြန်တော့သည်။

ဤနည်းအရ စဉ်းစားလိုက်လျှင် သတ္တဝါဟုလည်းကောင်း, “ငါ သူ ယောက်ျား မိန်းမ”ဟုလည်းကောင်း ခေါ်ဆိုနေကြခြင်းသည် နာမည်မျှသာ ဖြစ်၏၊ အမှန်မှာ သတ္တဝါ မရှိ၊ သူ ငါ စသည် မရှိ၊ ရုပ် နာမ်တရားတို့ သူ့သဘာဝအတိုင်း ဆိုင်ရာကိစ္စကို ရွက်ဆောင် နေကြခြင်းသာ ဖြစ်၏၊ စီမံဖန်ဆင်း၍ ပေးနိုင်သူလည်း မရှိ၊ အနတ္တ လက္ခဏသုတ်၌ ပြခဲ့သော အတ္တလည်း မရှိ၊ “အဝိဇ္ဇာနှင့် သင်္ခါရ စသည်တို့လည်း မည်သည့် ကမ္ဘာက စ၍ ဖြစ်ခဲ့ကြသည်”ဟု အစ မရှိရကား မိမိလည်း အစမရှိသူပင် ဖြစ်ရတော့သည်။

အစမရှိသော်လည်း လက်တွေ့မှန်ပုံ

ဤ ပဋိစ္စသမုပ္ပာဒ်တရားစဉ်အရ ရှေ့အစွန်းအစကို ဉာဏ်ဖြင့်လိုက်၍ ကြည့်သောအခါ အစွန်း အစ မတွေ့ရဘဲ “လိုက်လေ ပြေးလေ”ဖြစ်နေရကား “ရှေ့အစွန်းအစ မရှိ”ဟုပင် မှတ်ထားရတော့မည်၊ သို့သော် ထိုသို့ မှတ်ထားခြင်းကား ပုထုဇဉ်တို့ ဉာဏ်ဖြင့် ဧကန် ဒိဋ္ဌ သိရှိရ၍ အားရပါးရ သဘောကျသော မှတ်ထားခြင်း မဟုတ်သေးချေ။

ဤနေရာ၌ ပြောစမှတ်တစ်မျိုးကို ပြဦးမည်၊ ပဋ္ဌာန်းပစ္စည်း တစ်နေရာ၌ ဆရာအစဉ်အဆက် မကျေနပ်သော အယူအဆ ကလေး တစ်ချက်ရှိ၏၊ စာသင်သားတစ်ပါးက ဆရာတော်တစ်ပါးအား လျှောက်သောအခါ “အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူလာ ပါလိမ့်မည်၊ အဲဒီအခါကျမှ သေသေချာချာ လျှောက်ပေတော့”ဟု အဖြေပေးတော်မူသတဲ့။

ဆရာတော်တစ်ပါးကမူ “ကိုယ့်ကိုယ်တိုင် ဘုရားဖြစ်အောင် ပါရမီ ဖြည့်ပါ၊ ဘုရားဖြစ်တော့မှ သေသေချာချာ သိရပါလိမ့်မည်”ဟု အဖြေပေးသတတ်၊ ထိုဆရာတော်များ အဖြေပေးကြသလို ရှေ့ အစွန်းအစကို တွေးကြည့်ရာ၌ ယခုခေတ်ဝယ် မည်သည့် ပညာရှိမျှ ကျနစွာ ဖြေဆို နိုင်တော့မည် မဟုတ်ပါ၊ မိမိကိုယ်တိုင် အရိယာအဖြစ် ရောက်၍ တရားပေါက်မှ ဖြစ်စေ, နောက်ဘုရားတစ်ဆူ ပွင့်တော်မူမှဖြစ်စေ ပိုင်နိုင်သော အဖြေကို ရကြပေလိမ့်မည်။

ယခုစာတို့၌ တွေ့ရသည်ကား “ပုဗ္ဗကောဋိ န ပညာယတိ-ရှေ့အစွန်းအစကို မသိအပ် မသိနိုင်”ဟုသာတည်း၊ ဤသို့ ရှေ့ အစွန်းအစကို မသိရသော်လည်း ပဋိစ္စသမုပ္ပာဒ်နည်းအရ လက်တွေ့ အဖြစ်အပျက်တွေကား မှန်ကန်လှ၏၊ စက္ခာယတန မရှိလျှင် စက္ခုနှင့် ဆိုင်သော ဖဿ မဖြစ်, ဖဿ မဖြစ်လျှင် ဝေဒနာ မဖြစ်, ဝေဒနာ မဖြစ်လျှင် တဏှာ မဖြစ်, စက္ခာယတန ဖြစ်သောကြောင့် သာ ဖဿ စသည် ဖြစ်ရ၏၊ ထိုစက္ခာယတနလည်း ရှေးကံသင်္ခါရ ကြောင့် စိတ်ဝိညာဉ် နာမ် ရုပ် ဖြစ်ရာတွင် ပါဝင်ခဲ့ရ၏။

ဤသို့ စသည်ဖြင့် စစ်ဆေးကြည့်သောအခါ လက်တွေ့အားဖြင့် လည်း မှန်နေသည်ကို တွေ့ရပါလိမ့်မည်၊ (“န ပညာယတိ”ဟု ဆိုရာ၌ “ဘုရားရှင်က မသိ”ဟု မဆိုလို၊ အစ မရှိသောကြောင့် “အစကို မသိနိုင်”ဟုသာ ဆိုလိုပါသည်၊ အခြားနေရာ၌လည်း “အနမတဂ္ဂေါ-အနှစ် တစ်ရာ တစ်ထောင် စသည်ဖြင့် လိုက်၍ မသိနိုင်သော အစရှိ၊ ဝါ-အစ မရှိ”ဟု ဆိုပါသည်။)

အချို့စွပ်စွဲပုံ

ဘာသာခြားအယူ ရှိသူတို့က “ဗုဒ္ဓဘာသာဝင် တို့၏ အယူ၌ လူ၏ အစသည် အဝိဇ္ဇာ (ဘာမျှ မသိခြင်း)က စ၍ အဆုံးကား နိရောဓ (ဘာမျှ မရှိခြင်း)မှာ ဆုံး၏၊ မသိခြင်းက စ၍ မရှိခြင်းမှာ ဆုံးသည်”ဟု ဆိုလိုကြ၏၊ သူတို့ ယူဆသလို “အဝိဇ္ဇာက စ၍ ဖြစ်သည်”ဟု မဆိုလိုပါ၊ ပဋိစ္စသမုပ္ပာဒ် တရားတော်ကို ဟောရာ၌သာ ရှေးဘဝ အကြောင်းကို ပြလို၍ အဝိဇ္ဇာနှင့် သင်္ခါရကို ပထမ ပြလိုက်ပါသည်၊ အဆုံး နိဗ္ဗာန်လည်း ဘာမျှ မရှိသောအရာ မဟုတ်ပါ၊ စိတ် စေတသိက်များ ထင်ရှား ရှိကြသလို နိဗ္ဗာန်လည်း ထင်ရှားရှိသော ဓာတ်တစ်မျိုးပင် ဖြစ်သည်၊ ထို့ကြောင့် “မသိခြင်းက စ၍ မရှိခြင်းမှာ ဆုံးသည်”ဟု မစွပ်စွဲ ထိုက်ပါ၊

တချို့ကလည်း “ဘုရားရှင်ကိုယ်တိုင် အစကို မသိ”ဟု စွပ်စွဲကြ၏၊ “မသိ”ဆိုသည်မှာ မောဟသဘော ဖြစ်၍ ထိုသို့ မစွပ်စွဲ ထိုက်ပါ။

သံသရာအဆုံးသတ်ပုံ

ဝိညာဉ် နာမ်ရုပ်တို့ ဆက်ကာဆက်ကာ ဖြစ်ခြင်းကို “သံသရာ”ဟု ခေါ်၏၊ တစ်ယောက်အတွက်ဆိုလျှင် ထိုသူ၏ ဝိညာဉ် နာမ်ရုပ်တို့ ဆက်ကာ ဆက်ကာ ဖြစ်ခြင်းကို ထိုသူ့အတွက် “သံသရာ”ဟု ခေါ်၏၊ တစ်ယောက်အတွက် သံသရာ၏အခြေအမြစ်ကို ရှာလျှင် ရှေးဘဝ၌ အဝိဇ္ဇာကို တွေ့ရ၏၊ ဤဘဝ၌ (နောက်ဆက်၍ ဖြစ်ဖို့ရာ) တဏှာကို တွေ့ရ၏၊ မှန်၏၊ ရှေ့ဘဝ၌ အဝိဇ္ဇာ မဖြစ်ခဲ့လျှင် ကံသင်္ခါရပင် မဖြစ်တော့ရကား ဤဘဝ၌ ဝိညာဉ် နာမ်ရုပ်တို့ စုပေါင်းလျက် သတ္တဝါဟု ထင်မြင်ရသော အကောင်အထည် ပေါ်လာမည်မဟုတ်။

ဤဘဝ၌ ဝေဒနာကြောင့် တဏှာ မဖြစ်ဘဲ သဒ္ဓါစသော တရားကောင်းတွေ ဖြစ်နေလျှင် ဥပါဒါန်နှင့် ကမ္မဘဝ မဖြစ်တော့ရကား (ရဟန္တာ ဖြစ်လောက်အောင် တဏှာကုန်သူတို့အတွက်) နောက် ဘဝ ဆက်ဖွယ် မရှိ၊ ဝေဒနာကြောင့် တဏှာ စသည် ဖြစ်သော ကြောင့်သာ နောက်ဘဝကို ဆက်ရပြန်သည်၊ ထို့ကြောင့် အဝိဇ္ဇာနှင့် တဏှာသည် သံသရာစက်၏ အခြေအမြစ်ဟု သိရ၏၊ သို့ဖြစ်၍ အဝိဇ္ဇာနှင့်တဏှာ အမြစ်ကို ဖြတ်နိုင်ဖို့ရာ အရေးကြီး၏၊ ဘယ် နည်းဖြင့် ဖြတ်မည်နည်း၊ တဏှာသည် သူများသန္တာန်မှာ ဖြစ်သည် မဟုတ်၊ ကိုယ့်သန္တာန်မှာ ဖြစ်၏၊ ထိုတဏှာဖြစ်တိုင်းလည်း အဝိဇ္ဇာပါနေ၏၊ တဏှာနှင့် အဝိဇ္ဇာတို့ကို ကိုယ်တိုင်ဖြတ်လျှင် ဘာ့ကြောင့် မပြတ်ဘဲ ရှိမည်နည်း။

အထူးစင်ကြယ်သော သီလမြေပြင်ဝယ် ကြိုးစားအားထုတ် ချင်သော ဝီရိယခြေအစုံကို တည့်မတ်စွာ ရပ်တည်၍ သမာဓိတည်း ဟူသောဓားသွေးကျောက်၌ ထက်မြက်စွာသွေးအပ်သော ဝိပဿနာ ဉာဏ်သန်လျက်ကို အချက်ကျစွဲကိုင်ကာ “တဏှာနှင့် အဝိဇ္ဇာကို အရင်းခံ၍ ဝိညာဉ် နာမ် ရုပ်တို့ ဆက်ကာ ဆက်ကာ ဖြစ်နေသော ကိုယ်ခန္ဓာဝယ် အထည်ကိုယ် အမာခံ အနှစ် အမြုတေဟု ခေါ်ဝေါ် ပြောဆိုရလောက်သော အတ္တလည်း မရှိ, အားလုံးသော ဝိညာဉ် နာမ် ရုပ်တို့သည် အနတ္တ, အနိစ္စ, ဒုက္ခ ဖြစ်၍ အမြဲသေပျောက် နေသော အသုဘတွေချည်းပါတကား” ဟု စိတ်ပါလက်ပါ ဆင်ခြင် ဖြတ်တောက်ကြပါလျှင် အဘယ်မှာ နှစ်သက်မှု တဏှာနှင့် အဝိဇ္ဇာ မပြတ်ဘဲ နေနိုင်ပါတော့မည်နည်း။

တဏှာနှင့်အဝိဇ္ဇာပြတ်လျှင် သင်္ခါရလည်း မဖြစ်, ကမ္မဘဝလည်း မဖြစ်တော့ရကား နောက်ဘဝ၌ ဝိညာဉ်အဆက်မရှိတော့ဘဲ သတ္တဝါ တစ်ယောက်အတွက် သံသရာအဆက်ပြတ်၍ အသင်္ခတဓာတ်သာ တည်ရစ်တော့သည်၊ ထို့ကြောင့် “အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂနိရောဓာ, သင်္ခါရနိရောဓော - အဝိဇ္ဇာ၏ အရဟတ္တမဂ်ဖြင့်အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ ချုပ်ခြင်းဖြစ်၏၊ သင်္ခါရ နိရောဓာ ဝိညာဏနိရောဓော - သင်္ခါရတို့၏ ချုပ်ခြင်းကြောင့် ဝိညာဉ်၏ ချုပ်ခြင်း ဖြစ်၏” ဤသို့ စသည်ဖြင့် အဝိဇ္ဇာ, သင်္ခါရ, ဝိညာဉ် စသော တရားတို့၏ ချုပ်ပုံ (ချုပ်ကြောင်း နိဗ္ဗာန်)ကိုလည်း ဟောတော်မူပါသည်။

အနာဒိဒံ ဘဝစက္ကံ, ဝီတကာရကဝေဒကံ၊ နိစ္စသုခသုဘတ္တေဟိ, သုညံ ပေဿ ပုနပ္ပုနံ။

ဣဒံ ဘဝစက္ကံ-ဘဝမြားမြောင်, ဒုက္ခဆောင်လျက်, အခေါင် ရှည်ကြာ, သံသရာဘက်ယွန်း, ဤစက်ဝန်းသည်၊ အနာဒီ (အနာဒိ ဝတ)-ကမ္ဘာ့ ကမ္ဘာ, အစရှာလည်း, ရစရာပိုင်ပိုင်, မရှိနိုင်လေစွ တကား၊ ဝီတကာရကဝေဒကံ-သူပြုစီမံ, သူခံစံဟု, ဆိုရန်အတ္တ, မရ အလျှင်း, ကင်းလေစွတကား၊ နိစ္စသုခသုဘတ္တေဟိ-မြဲရန်အချက်, ချမ်းသာကွက်နှင့်, သက်သက်မနှော, တင့်တယ်သော သဘောတို့မှ၊ သုညံ-မရှိလုံးလုံး, သုဉ်းခဲ့လေစွတကား၊ ဣတိ-ဤသို့၊ ပုနပ္ပုနံ-တစ်နေ့ တစ်ရက်, တစ်နံနက်မျှ, မကစိတ်စွဲ, ထပ်တလဲလဲသာလျှင်၊ ပေဿ-ဓိဋ္ဌာန်မြင့်မြင့်, နိဗ္ဗာန်ပွင့်အောင်, မလင့်ပုံသေ, ရှုစားသင့် ပေတော့သတည်း။

ပဋိစ္စသမုပ္ပာဒ်မှတ်ဖွယ် ပြီးပြီ။

အနာဂတဘယသုတ်တော်

၁။ အနာဂတ်ဘေးငါးမျိုး

ဘိက္ခုတို့… ဤပြလတ္တံ့သော ဘေးတို့သည် ယခု (ထို သုတ်တော်ကို ဟောတော်မူချိန်မှာ) မဖြစ်သေးဘဲ နောင်အခါ ဖြစ်ကြလိမ့်မည်၊ ထိုဘေးများကို သင်တို့ သိထားနှင့်ကြ၊ သိပြီး၍ ထိုဘေးများ မပေါ် လာအောင် ကြိုးစားကြ၊ ထိုဘေးတို့ကား…

၁။ (မိမိကိုယ်ကို ဣန္ဒြေရရနှင့် နေတတ်အောင် ပြုပြင်သောအားဖြင့်) ခန္ဓာကိုယ်၏ တိုးတက်ကြီးပွားမှုလည်း မရှိကြသော, သီလသိက္ခာ တိုးတက်မှုလည်း မရှိကြသော, စိတ်နေစိတ်ထား သမာဓိတိုးပွားမှု လည်း မရှိကြသော, လောကုတ္တရာပညာ တိုးပွားမှုလည်း မရှိကြ သော ရဟန်းတို့သည် သူတို့ကိုယ်တိုင် ဥပဇ္ဈာယ်ဆရာကြီးလုပ်ကာ အခြားသူတို့ကို ရဟန်းပြုပေးကြလိမ့်မည်၊ ထိုသို့ အရည်အချင်း မရှိသော ဥပဇ္ဈာယ်ဆရာတို့သည် မိမိတပည့်များ ကိုယ်နေ စိတ်ထား သီလ သမာဓိ ပညာတိုးပွားအောင် ဆုံးမနိုင်ကြန်တော့မည် မဟုတ်၊ ထိုတပည့်များလည်း ကိုယ်နေ စိတ်ထား သီလ သမာဓိ ပညာတရား တိုးပွားခြင်း မရှိဘဲ မိမိတို့၏ လက်အောက်တပည့်များကို ရဟန်းပြု ပေးကြလိမ့်ဦးမည်၊ ဤသို့ အဆက်ဆက် တရားပျက်ခြင်းကြောင့် ဝိနည်းပျက်ပြားခြင်းဟူသောဘေး ပေါ်လာလိမ့်မည်။

၂။ ဤ (၂)နံပါတ်၌ နိဿရည်းဆရာ လုပ်၍ တပည့်များကို နိဿရည်းပေးခြင်းသာ ထူးသည်၊ [အရပ်တစ်ပါးမှ လာနေသော တပည့်များ၏ အမှီခံဆရာကို နိဿရည်းဆရာဟု ခေါ်၏။]

၃။ ခန္ဓာကိုယ်နှင့် သီလ သမာဓိ ပညာ တိုးပွားမှု မရှိကြသောနောက်ခေတ် ရဟန်းတို့သည် အဘိဓမ္မာတရား, ဉာဏ်ရမှုနှင့် ယှဉ်သော တရားများကို ဟောကြသောအခါ မကောင်းသော စိတ်ထားဖြင့် သူတစ်ပါးတို့ကို ပုတ်ခတ် စော်ကားခြင်း, ပစ္စည်း ရအောင် ဟောခြင်းတို့ဖြင့် စိတ်ဆိုး စိတ်ညစ်တွေ ပေါ်ပေါက်၍ တရားစစ် သဘောမှန်ကို သိကြန်တော့မည် မဟုတ်၊ (ဥပမာ … သင်္ဂြိုဟ်စကားပြောရင်း ငြင်းကြ ခုံကြ ကိုယ်တတ်ကြောင်းပြကြ လာဘ်ရမှုများကို လိုလားကြသဖြင့် သဘောအမှန်ကို ဝေဖန် နားလည်မှု မရှိကြန်တော့ဘဲ သူတို့ကိုယ်တိုင်ပင် ပစ္စည်းလိုချင်သော လောဘ, သူတစ်ပါးကို စော်ကားသော ဒေါသတွေ ဖြစ်နေတော့ သကဲ့သို့တည်း။)

၄။ ကိုယ်အနေအထားနှင့် သီလ သမာဓိ ပညာ တိုးပွားမှု မရှိသောနောက်ခေတ် ရဟန်းတို့သည် ဗုဒ္ဓကိုယ်တိုင် ဟောကြားတော် မူခဲ့၍ လေးနက်လှစွာ ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စ သမုပ္ပာဒ် တရားတော်များကို ဟောလျှင် မနာချင်ကြ, ထို တရား များကို သင်ယူထိုက်သည်ဟုပင် မမှတ်ထင်ကြ၊ သာသနာ့ပြင်ပ ဖြစ်သူတို့က ရွတ်၍ကောင်းအောင် အဆန်းတကြယ် ဖွဲ့စီအပ်သော ဂါထာများကိုသာ နားထောင်လိုကြ, သင်ယူလိုကြလိမ့်မည်၊ (ယခု အခါဝယ် ဘုရားဟောဖော် ပါဠိတော် အစစ်အမှန်ကို မသင်ယူလိုဘဲ, သင်ရသော်လည်း စိတ်တက်ကြခြင်း မရှိဘဲ အခြားဘာသာစကား များကို သင်ရမှ စိတ်အားထက်သန်ကြပုံမျိုးတည်း။)

၅။ ကိုယ်နေကိုယ်ထား သီလ သမာဓိ ပညာ တိုးပွားခြင်း မရှိကြသော နောက်ခေတ် ရဟန်းတို့သည် အလျော့ အတင်း နှစ်မျိုး ရှိရာဝယ် အလျော့ဘက်၌သာ ရှေ့သွားခေါင်းဆောင် လုပ်ကြလိမ့်မည်၊ တောကျောင်း စသည်၌ ငြိမ်သက်စွာ တရားနှင့် နေမှု ကိစ္စ၌ လုံ့လ ဝီရိယ လျှော့ချထားကြလိမ့်မည်၊ “အပေါင်းအဖော်မှ ခွဲခွာ၍ တစ်ကိုယ်တည်း နေဖို့ရန်နှင့် မကောင်းသော စိတ်တွေမှ ခွဲခွာ၍ တရားစိတ်ဖြင့် နေဖို့ရန် စိတ်ကူးမျှ ထည့်ကြန်တော့မည် မဟုတ်”ဟူလို။

စဉ်းစားဖွယ်

ထိုဘေးငါးမျိုးလုံးပင် ယခုအခါဝယ် သာသနာတော်၌ ဆိုက်ရောက်လျက် ရှိ, မရှိကို စဉ်းစားသင့်၏၊ ၁, ၂ နံပါတ်အရ (အချို့ဆရာတော်များကို ထား၍) များစွာသော ဆရာဥပဇ္ဈာယ်တို့သည် တပည့်များကို နိုင်နင်းအောင် ဆုံးမ နိုင်ကြပါသေး၏လော၊ မိမိတို့ ကိုယ်တိုင်ကလည်း တပည့်များ ခံ့ညား ရိုသေအောင် သီလ သမာဓိ ပညာ တိုးပွားကြပါ၏လော၊ ထို ဆရာသမားတို့၏ တပည့်တို့က အသက်ကြီး၍ ဆရာ ဥပဇ္ဈာယ် လုပ်ကြပြန်လျှင် ယခင် ဆရာ၏ အဆင့်အတန်းကိုမျှ မီကြပါဦး မည်လော။

၃, ၄, ၅ နံပါတ် အနာဂတ်ဘေးများလည်း ယခုအချိန်မှာ ဘယ်အခြေအနေ ရောက်နေပြီလဲ၊ စာသင်စာချကြရာ၌ (စာမေးပွဲ များ၏ စည်းကမ်းကြောင့်) ဗုဒ္ဓတရားတော်ထက် ဗုဒ္ဓတရားတော် မဟုတ်သော သဒ္ဒါ, သင်္ဂြိုဟ် စသည်ကိုလည်းကောင်း, ဗုဒ္ဓတရားတော်ကို အနည်းငယ်ပြ၍ အပိုကျမ်းစာများကိုလည်းကောင်း သင်ယူရသော အချိန်က များနေပြီ မဟုတ်ပါလော၊ ထို့ကြောင့်လည်း အချိန် ကြာသလောက် ဗုဒ္ဓဟောတော်မူရင်းကို အသိမများကြသဖြင့် သဒ္ဓါတရားလည်း မတိုး, သာသနာတော်ဆိုင်ရာ သမထ ဝိပဿနာ ပညာလည်း မတိုး, စိတ်နေစိတ်ထား ကြီးမားရင့်သန်မှုလည်း မတိုးပွားဘဲ ထိုဘေးများဝယ် တဝဲလည်လည် ဖြစ်နေကြရပြီ မဟုတ်ပါလော။

၂။ အနာဂတ်ဘေး တစ်နည်း

ဘိက္ခုတို့… ယခုအခါ မဖြစ်သေးဘဲ အနာဂတ်ကာလ၌ ဖြစ်မည့် ဘေးငါးမျိုး ရှိသေး၏၊ ထိုဘေးများကို သင်တို့ သိထားနှင့်ကြ, သိထားကြပြီးလျှင် ထိုဘေးတို့ကို စွန့်ပယ်နိုင်ဖို့ရာ ကြိုးစားကြရမည်။

ဘေးငါးမျိုးဟူသည်မှာ …

၁။ အနာဂတ်ကာလ၌ ရဟန်းတို့သည် သင်္ကန်းကောင်းကောင်း အလိုရှိကြလိမ့်မည်၊ သင်္ကန်းကောင်းကောင်းကို အလိုရှိကြ သဖြင့် ပံသုကူဓုတင် ဆောင်ကြန်တော့မည်မဟုတ်၊ တောကျောင်း၌လည်း နေကြန်တော့မည် မဟုတ်၊ ရွာ, နိဂုံး, မင်းနေပြည်များ၌ နေထိုင်ကြ၍ သင်္ကန်းကောင်းကောင်း ရဖို့ရာ အမျိုးမျိုးသော မအပ်မရာ နည်းတို့ဖြင့် ရှာမှီးကြလိမ့်မည်။

၂။ အနာဂတ်ကာလ၌ ရဟန်းတို့သည် ဆွမ်းကောင်းကောင်း အလိုရှိကြလိမ့်မည်၊ ဆွမ်းကောင်းကောင်း စားလိုသဖြင့် ပိဏ္ဍပါတ် ဓုတင်ကိုလည်း မဆောင်, တောကျောင်း၌လည်း မနေကြ တော့ဘဲ ရွာ, နိဂုံး, မင်းနေပြည်များ၌ နေထိုင်ကြ၍ ဆွမ်းကောင်း, ဟင်းကောင်း, မုန့်ပဲသရေစာကောင်း ရဖို့ရာ အမျိုးမျိုးသော မအပ် မရာ နည်းတို့ဖြင့် ရှာမှီးကြလိမ့်မည်။

၃။ အနာဂတ်ကာလ၌ ရဟန်းတို့သည် ကျောင်းကောင်းကောင်း အလိုရှိကြလိမ့်မည်၊ ကျောင်းကောင်း၌ နေလိုကြ၍ ရုက္ခမူ ဓုတင်ကို မဆောက်တည်ကြန်တော့၊ တောကျောင်း၌လည်း မနေကြ တော့ဘဲ ရွာ, နိဂုံး, မင်းနေပြည်များ၌ နေထိုင်ကာ အမျိုးမျိုးသော မအပ်မရာ နည်းတို့ဖြင့် ကျောင်းရှာမှီးကြလိမ့်မည်။

၄။ အနာဂတ်ကာလ၌ ရဟန်းတို့သည် … ဘိက္ခုနီ သိက္ခမာန် သာမဏေမတို့နှင့် (ယခုခေတ် - သီလရှင် ရသေ့မတို့နှင့်) ရောရောနှောနှော နေကြလိမ့်မည်၊ ထိုသို့ နေခြင်းကြောင့် ဖြစ်ဖွယ် အပြစ်တို့ကား မပျော်မွေ့ဘဲသော်လည်း သာသနာတော်၌ နေကြရ လိမ့်မည်၊ ရုန့်ရင်းကြမ်းတမ်းသော အာပတ်သို့သော်လည်း ရောက် ကြလိမ့်မည်၊ လူသော်လည်း ထွက်ကြလိမ့်မည်။

၅။ အနာဂတ်ကာလ၌ ရဟန်းတို့သည် ကျောင်းတိုက်၌ရှိသော အာရာမ်စောင့် (ကပ္ပိယ) သာမဏေများနှင့် ရောရောနှောနှော နေကြလိမ့်မည်၊ ထိုသို့နေသဖြင့် ဖြစ်ဖွယ် အပြစ်တို့ကား …

စားသောက်ဖွယ်ရာများကို နောက်တစ်နေ့ စားသောက်ဖို့ရာ သိမ်းထားမှုကိုသော်လည်း ပြုကြလိမ့်မည်၊ ဟင်းသီး ဟင်းရွက် စိုက်ပျိုးဖို့ရာ မြေကို ကိုယ်တိုင်သော်လည်း တူးဆွကြလိမ့်မည်၊ (မအပ် မရာသော အသုံးအနှုန်းဖြင့်) အတူးအဆွသော်လည်း ခိုင်းကြ လိမ့်မည်၊ (မအပ်မရာသော အသုံးအနှုန်းဖြင့်) အဆွတ်အခူးသော် လည်း ခိုင်းကြလိမ့်မည်။

မှတ်ချက်။ ။ ဤဘေးငါးမျိုးလည်း ယခု ရောက်နေပြီ မဟုတ်ပါလော၊ ဒကာ ဒကာမတို့ကလည်း ဆရာသမားများ ကို ကောင်းကောင်း နေစေလို, ကောင်းကောင်း ဝတ်စေလို, ကောင်း ကောင်း စားစေလိုကြသဖြင့်လည်းကောင်း၊ နောက်ဘဝ၌ မိမိတို့ လည်း ကောင်းကောင်း ရလို၍လည်းကောင်း အကောင်းလှူရမှ ကျေနပ်ရှာကြပေသည်။ (အင်္ဂုတ္တိုရ် ပဉ္စက ဒုတိယပဏ် ယောဓာဇီဝဝဂ်)

သာသနာကွယ်ကြောင်းတရား

(က) သာသနာတော်ကွယ်ကြောင်း ငါးပါး

ဘိက္ခုတို့ … (ပရိယတ် ပဋိပတ် ပဋိဝေဓ သဒ္ဓမ္မခေါ်) သာသနာတော်၏ ကွယ်ဖို့ရာ အကြောင်း ငါးပါး ရှိ၏၊ ငါးပါးကား …

၁။ ရဟန်းများ တရားမနာကြခြင်း၊

၂။ ပိဋကတရားတော်များကို လေးလေးစားစား မသင်ယူခြင်း၊

၃။ ပိဋကတရားတော်များကို သင်ယူပါသော်လည်း လေးလေးစားစား နှုတ်တက်ရအောင် ဆောင်မထားခြင်း၊

၄။ နှုတ်ရ ဆောင်ရွက်ထားသော်လည်း ထို တရားတော်တို့၏ အနက် အဓိပ္ပာယ်တို့ကို မစဉ်းစား မကြံစည်ခြင်း၊

၅။ စဉ်းစားကြံစည်၍ သိပါသော်လည်း သိသည့်အတိုင်းမကျင့်ခြင်း ဤငါးမျိုးတည်း။

မှတ်ချက်။ ။ ဤ သာသနာကွယ်ကြောင်း ငါးပါးတွင်…

၁။ “တရားမနာ”ဟူရာ၌ ဆိုင်ရာတိုက်တာကို အုပ်စီးသော ဆရာတော်များ၏ ပါဠိတော်မှ ထုတ်ဖော် ဟောပြသော တရားတော် မျိုးကို မနာကြခြင်းတည်း၊ ယခုအခါ၌ကား ထိုသို့ လေးနက်သော တရားတော်ကို ဟောပြသော ပုဂ္ဂိုလ်ပင် ရှားပါးလေပြီ။

၂။ “စာပေ မသင်ခြင်း” ဟူရာ၌ သဒ္ဒါ သင်္ဂြိုဟ်တို့လို စာမျိုးကို သင်ရုံမျှဖြင့် အချိန်ကုန်၍ ဗုဒ္ဓရှင်တော်မြတ်၏ လေးနက် သော သုတ္တန်များကို မသင်ကြလျှင် သင်ယူရာပင် မရောက်သေးချေ။

၃။ “နှုတ်ရ မဆောင်ခြင်း” ဟူရာ၌ ပေထက်အက္ခရာ မတင်ရသေးမီအချိန်၌ နှုတ်ရ မကျက်လျှင် ဧကန် ပိဋကတော်များ ကွယ်ပဖွယ် ရှိ၏၊ ယခုအခါ၌ စာအုပ်များ ရှိနေပြီ ဖြစ်၍ နှုတ်ရ မဆောင်သော်လည်း သာသနာ မကွယ်နိုင်ခြင်း ဖြစ်သည်။

၄။ “အနက်အဓိပ္ပာယ် မသိခြင်း”ဟူရာ၌ ပါဠိတော်၏ အနက်ကို အဋ္ဌကထာအဆိုဖြင့် နားလည်ခြင်း၊ အဋ္ဌကထာအဆိုကို ဋီကာဖြင့် သိနိုင်ခြင်းတည်း၊ ထိုသို့ သိရှိနားလည်အောင် ပါဠိ အဋ္ဌကထာ ဋီကာ ဟူသမျှ၌ အနက်ဉာဏ်ကြီးဖို့ အရေးကြီးလှပေ သည်၊ သဒ္ဒါ သင်္ဂြိုဟ်စသော ယခုခေတ် စာမေးပွဲများဖြင့် အချိန် မကုန်သင့်ပေ။

၅။ “တရားတော်နှင့်လျော်အောင် မကျင့်ခြင်း” ဟူရာ၌ ဝိနည်းတော်နှင့်လျော်အောင် နေထိုင်ခြင်း၊ သုတ္တန် အဘိဓမ္မာနှင့် လျော်အောင် စိတ်ကို ဆုံးမ၍ တရားအားထုတ်ခြင်းများတည်း၊ ယခုအခါ ပြခဲ့သော ငါးပါးလုံးပင် ကြိုးစားမှု နည်းလှပြီ ဖြစ်သောကြောင့် သာသနာကွယ်ဖို့ အရေးသည် ငါးထောင်တိုင်အောင် နှေးတော့မည် မဟုတ်ပါ။

(ခ) သာသနာကွယ်ကြောင်း ငါးမျိုး တစ်နည်း

ဘိက္ခုတို့ … သာသနာတော် ကွယ်ပဖို့ရာ အကြောင်းအရာ ငါးမျိုးရှိသေး၏၊

၁။ ပိဋကပါဠိ တော်များကို မသင်ခြင်း၊

၂။ သင်ပါသော်လည်း ထိုသင်အပ်ပြီးသော ပိဋကတရားတော်များကို သူတစ်ပါးအား အကျယ် မဟောခြင်း၊

၃။ ထိုသင်အပ်ပြီးသော ပိဋကတရားတော်ကို အကျယ်ပြောပြ၍ မပို့ချခြင်း၊

၄။ ထိုသင်အပ်ပြီးသော ပိဋကတရားတော်များကို အကျယ်အားဖြင့် မရွတ်ဆို, မအံခြင်း၊

၅။ ထိုသင်အပ်ပြီးသော ပိဋကတရားတော်၏ အနက်အဓိပ္ပာယ်ကို မကြံစည် မစဉ်းစားခြင်း ဤငါးပါးတည်း။

မှတ်ချက်။ ။ဤငါးပါးကား စာပေပိဋကတော်ကွယ်မှုနှင့်ဆိုင်သော အကြောင်များတည်း၊ စာပေပိဋကကွယ်လျှင် အကျင့် ပဋိပတ်လည်း ကွယ်တော့မည်သာ၊ ပဋိပတ် ကွယ်ပါမူ ကျင့်ပြီးမှ သိရမည့် ပဋိဝေဓသာသနာတော် ကွယ်တော့မည်မှာ ပြောဖွယ်ရာ မရှိပြီ၊ ထို့ကြောင့် စာချပုဂ္ဂိုလ်တို့သည် အောက်တန်းစာတွေမှာ အချိန်ကုန် မခံစေဘဲ သဒ္ဓါ ပညာ တိုးပွားစေမည့် အထက်တန်း ပိဋက ပါဠိ အဋ္ဌကထာများကိုသာ ပို့ချသင့်ကြသည်။

ပါဠိတော်များကို မသင်ကြဘဲ သဒ္ဒါ သင်္ဂြိူဟ်လို အောက်တန်း စာတွေကို မည်မျှလောက် သင်ကြစေကာမူ ဗုဒ္ဓ၏ နှုတ်တော်မှ ထွက်ပေါ်လာသော ပိဋကတရားတော်များကား ဧကန်ကွယ်ပပါ လိမ့်မည်၊ “အကျယ် မဟော အကျယ် မချ”ဟူရာ၌လည်း ထိုပါဠိ တော်၏ အနက် အဓိပ္ပာယ်ကို အဋ္ဌကထာ ဖွင့်ပြသကဲ့သို့ အကျယ် မဖွင့်ပြခြင်းကို ဆိုလိုပါသည်၊ ယခုကာလ၌ အနုသန္ဓေ အတက် အထွက်နှင့် သဒ္ဒါရေး စိစစ်ချက်တွေကို ဆိုလိုခြင်း မဟုတ်ပါ။

(ဂ) သာသနာကွယ်ကြောင်း ငါးမျိုး တစ်နည်း

ဘိက္ခုတို့… အကြောင်းတရား ငါးမျိုးရှိသေး၏၊

၁။ အက္ခရာ ပုဒ် ပါဌ်များ မှားမှားယွင်းယွင်းနှင့် ပိဋကတော်ကို သင်ယူခြင်း၊ (အက္ခရာမှားလျှင် အနက် အဓိပ္ပာယ် အယူအဆလည်း မှားတော့မည်သာ၊ အနက် အဓိပ္ပာယ် အယူအဆ မှားလျှင် ဘုရား အဆုံးအမတော်များ ပျောက်ကွယ်သွားဖွယ် ရှိ၏-ဟူလို၊)

၂။ ရဟန်းတို့၏ ပြောဆိုဆုံးမ ခက်ခြင်း၊

၃။ စာချနိုင်လောက်သော ပုဂ္ဂိုလ်တို့က စာမချခြင်း၊ (ထိုပုဂ္ဂိုလ်များ ကွယ်လွန်သွားကြသောအခါ ထိုပုဂ္ဂိုလ်များ တတ်သိထားသော တရားများ အဆက်ပြတ်၍ သာသနာကွယ်ကြောင်း တစ်မျိုး ဖြစ်၏-ဟူလို၊)

၄။ ပစ္စည်းလာဘ် ပေါများခြင်းကို အလိုရှိ ကြသဖြင့် အလျော့ဘက်သို့ လိုက်ကာ သာသနာဆုတ်ယုတ်ရေး၌ ရှေ့သွားခေါင်းဆောင်လုပ်၍ သာသနာတိုးတက်မှု၌ကား ဆန္ဒ ဝီရိယ လျှော့ချခြင်း၊

၅။ သံဃာ ကွဲပြားခြင်း၊ ဤငါးပါးတည်း။ (အင်္ဂုတ္တိုရ်, ပဉ္စကနိပါတ်, စတုတ္ထပဏ္ဏာသက၊ သဒ္ဓမ္မဝဂ်)

မှတ်ချက်။ ။ ၂ နံပါတ်အရ ပြောဆို ဆုံးမခက်ခြင်းကို ယခုအခါ တိုက်တာတိုင်းမှာလို တွေ့ကြရ၏၊ စာချရာ၌ ဝိနည်း သိက္ခာပုဒ်နှင့်စပ်၍ မသင့်တော်သော အချက်များကို မပြောဝံ့အောင် ရှိနေကြလေပြီ၊

၃ နံပါတ်အရ နဂိုက စာချဝါသနာပါသော ဆရာတော်အများပင် တပည့်များ၏အပြောခက် အဆိုခက်မှု, မိမိတို့ ငယ်စဉ်က ကြိုးစားသလို မကြိုးစားကြမှုကြောင့် စာမချလိုရကား စာချပုဂ္ဂိုလ်လည်း နည်းသည်ထက် နည်းပါးလာလေပြီ။

၄ နံပါတ် အရ လာဘ်လာဘ ပေါများအောင် လိုက်စားသူတွေ များနေရုံမက ထိုသူတို့ကပင် အလျော့အတင်းနှစ်မျိုးဝယ် အလျော့ဘက်ကို လိုက်ကာ သာသနာဆုတ်ယုတ်ရေး၌ အားပေးသူများ မရှားတော့ချေ၊

၅နံပါတ်အရ သံဃဘေဒကကံထိုက်သော သံဃာကွဲပြားမှုမျိုးမဟုတ် သော်လည်း တစ်ဖက်နှင့်တစ်ဖက် မကျေနပ်သော ကွဲပြားမှုမျိုးကား အရပ်တိုင်းလို ရှိနေကြ၏၊ တစ်ဖက်နှင့်တစ်ဖက် မကြားကောင်း မနာသာ ပြောဆို စွပ်စွဲကြကာ ဆိုင်ရာ ဒကာ ဒကာမတို့ကိုလည်း မိမိတို့ဘက် ပါအောင် သွေးဆောင်ကြသဖြင့် ဒကာ ဒကာမ တို့လည်း “ဆန်စဉ်ရာ ကျည်ပွေ့လိုက်”သကဲ့သို့ ရိုက်ကြ နှက်ကြ ရုံးတက်ကြနှင့် အကုသိုလ် များကြလေပြီ၊ သာသနာနှင့်စပ်၍ အစိုးရ ကိုယ်တိုင် မပြုပြင်လျှင် မကွယ်သော်လည်း အကျိုးနည်းဖို့ ကိစ္စတွေ လက်ငင်း ကြုံတွေ့နေပါပြီ၊ (အောက်ပါ လင်္ကာကို အင်္ဂုတ္တိုရ် ပါဠိတော်အတိုင်း ဆရာတော်ကြီး စီစဉ်ထားသည်။)

(က) အင်္ဂုတ္တိုရ်လာ, သာသနာကွယ်ကြောင်း, တရားပေါင်း ကား, ရဟန်းများတို့, တရား မနာ, စာပေ မသင်, နှုတ်တွင် မဆောင်, သိအောင် မမှတ်, ပဋိပတ် ကွာ, ဤ ငါးဖြာတည်း။

(ခ) နောင်လာထို့ပြင်, စာသင်ပယ်လျော, ကျယ်မဟောကြ, ကျယ် မချနှင့်, ကျယ်စွ မအံ, မကြံမစည်, ဤငါးလီ တည်း။ (“ကျယ်စွမအံ” ဟူရာ၌ အသံ ကျယ်ကျယ် စာအံခြင်းကို ဆိုလိုသည် မဟုတ်၊ စာတို့၌ အကျယ် ရှိသည်ကို ရှိသည့်အတိုင်း မအံခြင်းကို ဆိုလိုသည်။)

(ဂ) ဝါတစ်နည်းမှာ, အက္ခရာပုဒ်ပျက်, လေ့ကျက်သင်ကြ, ဆုံးမ မယူ, စာချသူ ရှား, လာဘ်များအောင်ကြံ, ခိုက်ရန်ကွဲပြား, ဤ ငါးပါးသည်… ဘုရားသာသနာ ကွယ်ကြောင်းတည်း။

တရားကိုးကွယ်ပါ၏

(ကိုး= အားကိုး + ကွယ်= ကာကွယ်။) လောကတွင် မည်သူမဆို မိမိနှင့် ထိုက် တန်သော အားကိုးစရာ ကာကွယ်စရာ ရှိကြရ၏၊ မရှိသေးလျှင် ရှာထားကြရ၏၊ များစွာသော လူတို့ အားကိုးနေကြသော အရာများ ကား ဆွေမျိုးအားကိုး, ပစ္စည်းဥစ္စာ အားကိုး, ပညာ အားကိုး, ရုပ်ရည် အားကိုး, သတ္တိ အားကိုး, ခွန်အား အားကိုး, မိတ်ဆွေ အားကိုး, ဆရာ အားကိုး, လက်နက်အားကိုး (တိုင်းပြည်များ၌ စစ်တပ် အားကိုး, မဟာမိတ်များ အားကိုး)ဟူ၍ အမျိုးမျိုး ရှိကြ၏၊ ဘေးရန်ပေါ်လာလျှင်, ဆင်းရဲဒုက္ခ ရောက်လာလျှင် ထိုအားကိုးစရာ များဖြင့် ကာကွယ်ကြ၏၊ ထိုများစွာသော ကိုးကွယ် (အားကို+ ကာကွယ်)စရာတို့သည်လည်း တရားတော်ကို ကိုးကွယ်ရသလောက် အရာမရောက်ကြပါ။

ချဲ့ဦးအံ့…ပြခဲ့သော အားကိုးစရာတို့သည် ဘေးရန်ပေါ်လာလျှင် အထိုက်အလျောက် ကာကွယ်နိုင်သဖြင့် သူ့နေရာနှင့်သူ ကိုးကွယ်ရာ ဖြစ်ကြပါပေ၏၊ သို့သော် ဆွေမျိုး ဥစ္စာ ပညာ ရုပ်ရည်စသည်တို့သည် သူတို့ကိုယ်တိုင် ပျက်စီးတတ်သောကြောင့် မိမိက အားကိုးနေတုန်း မှာပင် သူတို့က ပျက်ပြုန်းသွားတတ်ကြ၏၊ ဆွေမျိုး မိဘ မောင်နှမ သားချင်းတို့၏ သေကျေပျက်စီးမှု, ဥစ္စာ စည်းစိမ် ဂုဏ် သိန် ရာထူး ပျက်စီးမှု စသည်များကြောင့် ဒုက္ခရောက်ရသောအခါ၌လည်း ကောင်း, မိမိကိုယ်တိုင် အိုရ နာရ သေခါနီးကျသောအခါ၌လည်း ကောင်း ထိုထို လောကအားကိုးစရာတွေသည် လုံးလုံး အားကိုးရာ မရဘဲ တရားတော်သာ အားကိုးရာ ရပါတော့သည်။

ကိုယ်ကျင့်တရားမှ အားကိုးရ

“တရား”ဟူရာ၌ ကြားနာရွတ် ဖတ်ရုံတွင် မကဘဲ ထိုတရား တော် လာသည့်အတိုင်း မိမိစိတ် ဖြစ်အောင် အလေ့အကျင့်ပြုထားသော ကိုယ်ကျင့်တရား ဖြစ်မှသာ အရေးပေါ်လာလျှင် ကိုးကွယ်ရာ ရနိုင်သည်၊ ခန္ဓာကိုယ်ကျန်းမာအောင် အစားအသောက် အနေ အထိုင် စသည်ကို စည်းကမ်းကျကျ ပြုပြင်ပါလျှင် ကျန်းမာနိုင် သကဲ့သို့ စိတ်ကိုလည်း တရားစည်းကမ်းကျအောင် အလေ့အထ ပြုလျှင် စိတ်ချမ်းသာ၍ ဒုက္ခတွေ့သောအခါ ခံနိုင်ရည်ရှိ၏၊ ထိုသို့ စိတ်ကိုပြုပြင်သော ကိုယ်ကျင့်တရားမဟုတ်ဘဲ နားထောင်ကောင်း၍ နာကြသော တရားမျိုးကား အရေးကျလျှင် ကိုးကွယ်ရာ မရနိုင်ချေ။

ရှင်းပြဦးအံ့…စစ်မဖြစ်မီက မြန်မာပြည်၌ ဟောကြ ပြောကြသော တရားသံတွေသည် မြန်မာပြည်၏ အောက်ဆုံးနယ်နိမိတ်မှ အထက်ဆုံး နယ်နိမိတ်တိုင်အောင် တရားသံချင်း ဆက်တော့မတတ် များပြားကျယ်ပြန့်ခဲ့ပေ၏၊ သို့သော် စစ်အတွင်း၌ကား ထိုတရားသံကို နာခံခဲ့သူ အများပင် ပါဝင်၍ လုကြ ယက်ကြ ဓားပြတိုက်ကြ၏၊ အလုအယက် အတိုက်ခံသော တရားနာပရိသတ်တို့ကလည်း ဝမ်းနည်း ပူဆွေး ငိုကြေးလိုက်ကြသည်မှာ (စကားစပ်မိလျှင်) ယခုပင် မျက်ရည် ကျကြသေး၏၊ ဆိုလိုရင်းကား ထိုဟောခဲ့သမျှ နာခဲ့သမျှ တရားတွေသည် ခန္ဓာကိုယ်တွင်း၌ ကိုယ်ကျင့်တရားတွေ ဖြစ်နေပါမူ လုယက်တိုက်ခိုက်သူလည်း မဖြစ်နိုင်၊ အလုအယက် အတိုက်အခိုက် ခံရစေကာမူ သောက ပရိဒေဝလည်း ဤမျှလောက် မဖြစ်နိုင်ဟု ဆိုလိုပါသည်။

ကြားနာသူတွေကို ထားလိုက်ပါဦးတော့၊ ဟောပြောပို့ချ၍ နေသော ဆရာသမားတို့ကိုယ်တိုင်လည်း ကိုယ်ကျင့်တရားလုံလောက် ပါလေ၏လောဟု တွေးတောဖွယ်ရာ အကြောင်းများ ရှိနေ၏၊ ကိုယ်တော်တစ်ပါးသည် လူအများ၏ ဆွေမျိုး မိဘ သေဆုံးသော အခါတိုင်း၌ စိတ်သက်သာအောင် အဟောကောင်းလှ၏၊ သို့သော် သူ့မယ်တော် ဆုံးသောအခါ၌ကား ယူကျုံးမရ ချုံးချုံးချ၍ ငိုလေရာ သူ့တရားဖြင့် သက်သာရာရဖူးသူတို့က “အရှင်ဘုရား…သူများအမေ ဆုံးတုန်းကန်တော့ တရားဟောပြီး ကိုယ့်မယ်တော် ဆုံးတဲ့အခါ ဒါလောက် ငိုရသလား”ဟု လျှောက်ကြသောအခါ “ဟ…အဲဒါက နင်တို့ အမေ, ဒီဟာက ငါ့အမေ”ဟု ပြန်ပြောပါလေသတဲ့၊ ထို့ကြောင့် “အဟောတရား အနာတရားတို့သည် အရေးကြုံက ကိုးကွယ်ရာ မရဘဲ ကို်ယ်ကျင့်တရားသာ ကိုးကွယ်ရာ ရသည်”ဟု သတိပြုကြစေ လိုပါသည်၊ ဤနေရာ၌ တရားအားကိုး၍ တရားဖြင့် ကွယ်ကာခဲ့ရသော ကိုယ်တွေ့ဒုက္ခတချို့ကို ပြပါဦးမည်။

မိဘတို့ ပစ္စည်းဆုတ်ယုတ်ချိန်

ဘုန်းကြီး၏ ဆွေမျိုးများမှာ မိရိုးဖလာ အားဖြင့် ကိုယ်ပိုင် လယ်ယာကို မှီ၍လည်းကောင်း, အတိုး အပွား ချ၍ လည်းကောင်း အသက်မွေးသူများ ဖြစ်ရကား ရှေးခေတ်ကသော် အသောက်အစား ကစားသမားလည်း မရှိခဲ့၊ ဆင်းရဲ နွမ်းပါးသူ ကြေးတင်သူလည်း မရှိခဲ့၊ (ယခုအချိန်မှာမူ ကြယ်ဝသူများလည်း ရှေးကထက်ပင် ကြယ်ဝကြ၍ ဆင်းရဲသူများလည်း ရှိကြလေပြီ၊) ထို ရှေ့ပိုင်းခေတ်ဝယ် ဘုန်းကြီး၏ ဒကာကြီးနှင့် အဘိုးလေး တော်စပ်သူ နှစ်ယောက်ကား လယ်ယာလုပ်ကိုင်မှုကို ပင်ပန်းသည်ဟု အထင်ရ၍ စပါးကုန်သည်ကြီးများ လုပ်ကာ အသက်မွေးကြလေသည်၊

ထိုအခါ ဘကြီးတော်သူ ဓနရှင်တစ်ယောက်က “ဟဲ့…ငါတို့ အမျိုးဟာ ရိုးရာအလုပ်အကိုင်ဖြင့် မဆင်းရဲခဲ့ကြပါဘူး၊ မင်းတို့ နှစ်ယောက် ထူးထူးဆန်းဆန်း မလုပ်ကြပါနဲ့”ဟု တားမြစ်ဖူးသတဲ့၊ သို့ရာတွင် မန္တလေး ပွဲစား စက်ပိုင်များနှင့် မိတ်ဆွေဖြစ်၍ ထိုအလုပ် ကိုမှ ဟုတ်တယ်လို့ အထင်ရှိကာ အမြတ်အစွန်းရသောအခါ ဖောဖောသီသီ သုံးစွဲ၍ ရှုံးသောအခါ အိမ်က စိုက်ထုတ်ခြင်းဖြင့် နှစ်ပေါင်းအတော်ကြာလေသော် ပထမကမ္ဘာစစ်ပြီးခါနီး ပဲဖြူလေး အရှုံးကြောင့် ဆွေမျိုးဓနရှင်များ၏ကြွေးများ ပတ်လည်ဝိုင်းနေဟန် တူပါသည်၊

ဘုန်းကြီး၏ ချက်မြှုပ်အိမ်ရာလည်း အပေါင်ဆုံးကာ အမွေရ အိမ်ရာတစ်ခုသို့ ပြောင်းရွှေ့ရပါတော့သည်၊ မိဘနှစ်ဦးလည်း ကြည်နူးခြင်းရှိပုံ မရလှ၊ ဘုန်းကြီးကား မန္တလေး၌ စာသင်နေရာက ထိုအကြောင်းကို ကြားရသော်လည်း စိတ်မဆင်းရဲလှသေးပါ၊ နှစ်ဖက်ဘိုးဘွား၏ အမွေအနှစ်များဖြင့် ငါ့မိဘများ မဆင်းရဲနိုင် တန်ရာဟုသာ တွေးတောမိပါသည်။

စာသင်သားဘဝ ဒုက္ခ

ရဟန်း မဖြစ်မီ ဆင်းရဲသော နည်းဖြင့် ဆွမ်းမခံခဲ့ရသော်လည်း ရဟန်းဖြစ်သောအခါ ဆရာ၏ အမိန့်တော်အရ ပခုက္ကူ မူလစာသင်တိုက်ကြီး၌ စာသင်နေရစဉ်ကား အမှတ်တရ ဒုက္ခလေးတွေ များလှလေ၏၊ ရောက်၍ မကြာမီ ကိုယ်တော်တစ်ပါးက “ဆွမ်းဖိတ်ရအောင်”ဟု ခေါ်သွား၍ တော်တော်ခံ့ညားသော အိမ်ကြီးရှေ့မှာ ရပ်နေကြ၏၊ အိမ်ရှေ့မှာလည်း အိမ်ရှင်များနှင့် အမျိုးသမီးတစ်ယောက် ရှိလေသည်၊ ထုံးစံအတိုင်း “ဘာအလိုရှိပါတုံးဘုရား”ဟု မေးလိုက်သော အခါ ထိုကိုယ်တော်က “ဟောဒီကိုယ်တော်လေး မိဝေးဘဝေးနှင့် စာသင်ချင်လွန်းလို့” အစချီသော ဖုန်းတောင်းယာစကာသံနှင့် အင်မတန် သနားဖွယ်ရာ မဟာကရုဏာ ဖြစ်လောက်သော အချက် များကို မိန့်မြွက်တော်မူလေသော် တစ်ခါမျှ ဆွမ်းမဖိတ်ဖူး၍ နားရိုင်းနေသော မိမိမှာ ရပ်၍ မနေနိုင်တော့ဘဲ ထိုကိုယ်တော် ပြော၍ မပြီးခင် တိတ်တိတ်ကလေး ပြန်ပြေးခဲ့ပါတော့သည်။

ထိုကဲ့သို့ ဆွမ်းမဖိတ်လိုသည့်အတွက် အများဘုံလောင်းရာတွင် ရသမျှဖြင့် မျှတနေစဉ် တစ်ရံတစ်ခါ ရဟန်းအမကြီးများထံမှ ငွေတင်လိုက်သော်လည်း အဆင်သင့် ကပ္ပိယကျောင်းသား မရှိသောအခါ (ရဟန်းအမကြီးများနှင့် ထိုဒကာမကြီးများ၏ ကိုးကွယ်နေသော ဝိနည်းဓိုရ် ဆရာတော်များ အထင်သေးမည်စိုးသောကြောင့်) ပြန်ပို့လိုက်ရတော့၏၊ ကျောင်းသား ကပ္ပိယ အဆင်သင့်တဲ့အခါ အပ်သောပစ္စည်းများကို သုံးစွဲခွင့်ရ၏၊ သင်္ကန်း မလုံလောက်၍ ထိုဝတ္ထုဖြင့် ခဝါသင်္ကန်းကို ကပ္ပိ (ဝယ်)ရဖူးသေး၏။

အခါတစ်ပါးသော် ဆွမ်းခံ ပြန်အလာတွင် ဘုန်းရှင် ကံရှင် ဖြစ်သော မိတ်ဆွေတစ်ပါးက သပိတ်ကို ဖွင့်ကြည့်ကာ စားဖြစ်လောက်အောင် မရသော ဆွမ်းဟင်းကို မြင်၍… “မင်းလိုသာ ဆင်းရဲလျှင် ငါတော့ စာမသင်ဘူး”ဟု အားပေးရှာသေး၏၊ ရသမျှ ဘုံလောင်း ဆွမ်းဟင်းလေး ငါးခွက်သည် နံနက်စာမျှ မလောက်ပါ၊ ညနေ ကျလျှင် ဆာမည်စိုး၍ ဆွမ်းသန့်သန့်ကို နေ့စာချန်ကာ တစ်ရံတစ်ခါ သူများပေးသော ဟင်းကလေးနှင့် စားရ၏၊ တစ်ရံတစ်ခါ ထန်းလျက် ဖြင့် စားရ၏၊ တစ်ရံတစ်ခါသော် ရေနှင့်ရော၍ အလိုက်သင့် မျှောချ ခဲ့ရပါသည်။

တရားကိုသာ သတိရပုံ

ထိုမျှ ကိုယ်ဆင်းရဲပါသော်လည်း စိတ်ကား မညှိုးငယ်ပါ၊ “ငါသည် ရှေးရှေး ဘဝက ပညာဘက်၌ အားတက်သရော ကောင်းမှုကို ပြုခဲ့သော်လည်း ဒါနဘက်၌ အမှတ်တမဲ့ နေမိခဲ့ဟန်တူသည်၊ ထို့ကြောင့် ယခုဘဝ၌ ပညာက အကျိုးပေး၍ ဒါနအကျိုးမှာ ချို့ချို့ငဲ့ငဲ့ ရှိရပေ သည်၊ ဒါနချို့တဲ့မှုကြောင့် ပညာသင်ရာမှာပင် ဆွမ်းမပြည့်စုံ၍ အားအင်နည်းစွာဖြင့် သင်ကြားနေရသည်၊ နောင်သံသရာ ပညာအကျိုးပေးရာဝယ် ဒါနကျိုးလည်း မညှိုးရအောင် ယခုဘဝက သတိ ကြီးစွာ ကြိုးစားရပေလိမ့်မည်”ဟု တရားကိုသာ သတိရခဲ့ပါသည်။

ထိုအချိန်မှာ စစ်ကိုင်းနှင့်မန္တလေးကို မျှော်ကြည့်လျှင် မိဘလည်း ပစ္စည်းမပြည့်စုံ၊ ဆရာရင်းလည်း (ထိုစဉ်က) ဘုန်းကံ မရှိရှာ၊ မိမိ စိတ်အလိုအားဖြင့် မည်သည့် ပစ္စည်းရှင်ကိုမျှ လောကွတ်ပျူငှာ သွားလာ ဝင်ထွက်၍ (ပစ္စည်းရမှုအတွက်) မဆက်ဆံနိုင်၊ ယခုခေတ် ဖြစ်ပုံမှာလည်း မိုးထိအောင် ပညာတတ်နေစေကာမူ သူတို့နှင့် အလွန်းမသင့်သမျှ အရေးစိုက်ကြန်တော့မည် မဟုတ်၊ ဤသို့သာ ထင်မြင်လာပါတော့သည်။

ထို့ကြောင့် “ပညာသင်ရင်း သေလျှင်လည်း သေပေစေ, မသေလျှင်လည်း အပြည့်အစုံ တတ်ပေစေ၊ ပညာပြည့်စုံမှ သင့်တော် သလို စီစဉ်ရတော့မည်” ဟု ကြံစည်ကာ “ဤကဲ့သို့ ဆွမ်းဒုက္ခ ရောက်ရခြင်းသည် ပါရမီနုသော ငါ့အတွက် မထူးဆန်းချေ၊ ဗုဒ္ဓ ရှင်တော်သည်ပင် တောထွက်တော်မူစက ဆန်ကြမ်းထမင်းများကို မြင်ရ၍ ပဏ္ဍဝတောင်ခြေမှာ ခေတ္တခဏမျှ စဉ်းစားခဲ့ဖူးသေး၏၊ ဗုဒ္ဓဖြစ်ပြီးသောအခါ ဝေရဉ္ဇာပြည်မှာ ဝါတွင်းသုံးလပတ်လုံး မုယောဆန်ကို (နောက်ပါ သံဃာတော်ငါးရာနှင့်အတူ) ဘုဉ်းပေးတော်မူရ သေး၏၊ ဗုဒ္ဓရှင်တော်မြတ်သော်မှ သုံးလ ဆင်းရဲတော်မူရလျှင် ငါလိုလူကား သုံးနှစ် သုံးဘဝ ဆင်းရဲသော်လည်း မထူးဆန်းလှ”ဟု တရားနှင့် ကာကွယ်ကာ အောက်ပါတေးထပ်ကို ရေးမိခဲ့ပါသည်။

ရွှေနန်းရှင် သဗ္ဗညုသို့, ကပ်ဝင်လုခါတွင်၊

နတ်တွင်လူ့ ပဝရာသခင်တောင်, တစ်ခါစဉ်ဆီက၊

ဆွမ်းအတွက် ပဏ္ဍဝါပေါ်မှာ, ကြံရှာတော်မူဖူးခဲ့သဗျ။

ရှေးဝဋ်ကြောင့် နေစံရှာ, ဝေရံဇာ ပြည်မ၊

ခြေရံပါ မကြည်မြအောင်ပ, ထွီစရာ့ဘောဇဉ်၊

မုယောဆန် သုံးဆောင်မွေ့ခဲ့ရ,

ဘုန်းရောင်ငွေ့ တောက်တဲ့အရှင်။

ထုံးဆောင်၍ နှောက်မဲ့ယှဉ်သော်,

ကြောက်ဖွယ့်အင် ဘာမရှိပါဘူ့၊

ပါကဋိ မဟုတ်ကြ လူမှာ, နုပ်စွ သူ ငါ၊…

အစာအတွက်ကြောင့် လျှာမထွက်ပါတယ်,

ဘာအတွက်တာ ပူရပါချိမ့်လေး။ ။

ခမည်းတော်ကြီး မကျန်းမာချိန်

ဤသို့အားဖြင့် ဝမ်းနည်းညှိုးငယ်ဖွယ်ရာ ကိုယ်ခန္ဓာ ဆင်းရဲကလေးများကို “ဘယ်သူ မပြု မိမိမှု” ဟု တွေးတော ဆင်ခြင်ကာ စိတ် သက်သာစွာဖြင့် ပညာသင်ကြားနေရာ ရဟန်းသုံးဝါ အရတွင် ပခုက္ကူ တိုက်ကြီး၌ စာချအဖြစ် ချီးမြှောက်ခံရ၍ ဆွမ်းဒုက္ခမှ ကျွတ်လွတ် ပြီးနောက် ခြောက်ဝါမြောက်မှ စ၍ သကျသီဟ စာသင်စာချနှင့် အစိုးရ ပထမကျော်ကို ရှစ်ဝါအတွင်း ပြီးမြောက်စေပြီးလျှင် စာပေ ပို့ချရင်း ကျမ်းစာများကို ရေးသား၍ နေစဉ် ခမည်းတော်ကြီး မကျန်းမမာ ဖြစ်လာလေသည်၊ ဆေးကုဖို့ရာ ငွေလည်း မည်မည်ရရ မရှိပါ၊ ဘယ်တော့ကမှလည်း ငွေကို မစုဆောင်းခဲ့၊ အကျော်အောင် စဉ်က ရခဲ့သော ခြောက်ရာကျော်လောက်ကိုလည်း ရန်ကုန်သို့ သွားဖွယ်ကိစ္စရှိသဖြင့် စရိတ်ကို ချန်၍ ဒကာကြီးအား အားလုံးကို စွန့်လိုက်၏၊

ထိုအချိန်၌ ကျမ်းစာအုပ်များလည်း တစ်အုပ်မျှသာ ရိုက်ပြီးသေး၏၊ ရဟန်းအမကြီးများ၏ ကျန်ရစ်ခဲ့သော သမီးကလေးက တစ်လ တစ်ဆယ်တန်(နွားနို့, ညနေဖျော်ရည်သောက်ရန်) ကပ္ပိယထံ အပ်နှံထားလေ့ရှိ၏၊ ထိုကဲ့သို့ မရှိမဲ့ ရှိမဲ့ ဖြစ်နေသော်လည်း အများကမူ (ရပ်ရွာရှိ ဆွေမျိုးများကပါ) ငွေတွေ အလွန် ပေါများနေသည်ဟု ထင်နေကြလေ၏၊ ထို့ကြောင့် ဒကာကြီးအတွက် ရပ်ရွာသို့ ရောက်သောအခါ အဘိုးလေးတော်သူက “ကိုယ်တော့် ဒကာကြီးတော့ ရမယ်မထင်ဘူး၊ ငွေ ဘယ်လောက်ပါတုံး”ဟု မေးရှာလေသည်။

ကြွေးစာရင်းရှင်းရပုံ

ခမည်းတော်ကြီးကား ထိုရောဂါဖြင့်ပင် ကွယ်လွန်ရှာလေပြီ၊ ထိုကိစ္စအတွက် မည်သူ့အထံမှလည်း အလှူမခံလိုပါ၊ ထို့ကြောင့် နံနက်စောစောတွင် ကွယ်လွန်၍ ညနေ ကိစ္စပြီးဖို့ရန် ပြောရာ အားလုံးက တားကြ၏၊ ရပ်ရွာထုံးစံအတိုင်း ငါးရက်ထားပြီးမှ ကိစ္စပြီးရ၏၊ ကိစ္စပြီးသော ညမှာ ဝါဆိုဖို့ရန်ကလည်း နီးနေသဖြင့် မန္တလေး မပြန်ခင် (မယ်တော် ကြီးကို ကြွေးတွေနဲ့ ပစ်မထားခဲ့ချင်သောကြောင့်) အနားမှာရှိသော ဝမ်းကွဲ အစ်ကိုကြီးနှင့် ဦးကြီးကို ကြွေးစာရင်း ရှင်းပေးဖို့ရန် ပြောရတော့၏၊

“ရှင်း”ဆိုသော်လည်း ငွေထုတ်ပြီး ရှင်းပေးနိုင်သော အရှင်းမျိုး မဟုတ်၊ ပေါင်နှံထားသော လယ်ယာများကို အပြီးအပိုင် အပ်သောအားဖြင့် ရှင်းရသော အရှင်းမျိုးတည်း၊ ကြွေးရှင်များလည်း ဆွေမျိုးများဖြစ်ကြသောကြောင့် ဘုန်းကြီးကို ငဲ့ညှာ၍ လွယ်ကူစွာ ရှင်းပေးရုံမက “နောင်အခါ ပြန်ရွေးယူနိုင်ပါသည်”ဟုပင် ဝန်ခံကြပါသည်။

တရားဖြင့် ကာကွယ်ပုံ

ဘုန်းကြီး၏ ထိုအချိန်တိုင်အောင် လွန်ခဲ့သော တစ်သက်တာသည် သက်သာလှသည် မဟုတ်၊ ပထမကျော်, ဓမ္မာစရိယ, ကျမ်းပြု, စာချ, ဓမ္မကထိကဟု အမွှမ်းတင်ကြသော်လည်း ခမည်းတော် အသည်းအသန် ဖြစ်သည်ကိုမျှ အားရပါးရ ကုနိုင်သော အရည်အချင်း မရှိရုံ သာမက ခမည်းတော် ကွယ်လွန်စ၌ ကြွေးရှင်းရသူ ဖြစ်သည့်တိုင်အောင် ဒါနအကျိုးပေး ချို့ငဲ့လှ၏ဟု ကိုယ့်ကိုယ်ကို တွေးကာ “နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်သေး၍ သံသရာ၌ ကျင်လည်ရဦးမည် ဖြစ်လျှင် ဒါနအတွက် မျက်နှာငယ်ရသော ဘဝသို့ မရောက်စေရ၊ ရှေးရှေးဘဝတွေက အသိဉာဏ် နည်းလှ၍ ကံအမျိုးမျိုးကို ပြုခဲ့ကြသော ငါတို့ မိသားတစ်စုသည် ယခုဘဝ ထိုဒဏ်ကို ခံရပေမည်၊ ငါ၏ အတွက်ကား သည့်ထက် ကြီးလေးသော ဒုက္ခကို ခံရသော်လည်း ငါသိထားသော တရားသည် ငါ့အဖော်ကောင်းပမာ အားပေးစေရမည်၊ ဘုရားအလောင်း အရင့်အမာကြီးတွေပင် တစ်ရံ တစ်ခါ ဒွန်းစဏ္ဍားဘဝ၌ ဖြစ်ရသေး၏၊ ငါသည် ဘာပြုလို့ ဒီဒုက္ခမျိုးကို မခံဝံ့ဘဲ ရှိရမည်နည်း”စသည်ဖြင့် တွေးကာ တရားဖြင့်သာ ဒုက္ခကို ကာကွယ်ခဲ့ရပါသည်။

ရည်ရွယ်ချက်များ

ဘုန်းကြီး၏ ဒုက္ခတို့ကား ဤပြခဲ့သမျှ မကသေးပါ၊ မယ်တော်ကြီးနှင့် စပ်၍ နောက် ဆက်တွဲ ဒုက္ခတွေ များချေသေး၏၊ ဤသို့ ကိုယ်တွေ့ဒုက္ခတချို့ကို ထုတ်ပြရာ၌ ရည်ရွယ်ချက် အကျိုးကို ပြပါဦးမည်၊… ဘုန်းကြီးကား ငယ်ရွယ်စဉ်က ခပ်အေးအေး နေထိုင်လေ့ရှိ၏၊ အရွယ်ရောက်၍ ဒုက္ခတွေ ပေါ်ပေါက်သည့်အခါ မျက်နှာတင်းတင်း နေလေ့ရှိ၏၊ စာပေ ပညာဘက်ကမူ ငယ်စဉ်ကပင် နာမည်ရခဲ့၏၊ အစိုးရ အငယ်အလတ်တန်းကို ကျောင်းသားဘဝ၌ အောင်၍ ပထမကြီးတန်းကို ကိုရင်ဘဝက အောင်ခဲ့၏၊ တရားကိုကား ကိုရင်ဖြစ်လျှင် ဖြစ်ချင်း ဟောခဲ့၏၊ ထိုစာပေဂုဏ်တွေနှင့် မျက်နှာထား တင်းမာမှုကို အကြောင်းပြု၍ အများကပင် “အလွန် ဘုန်းကံကြီးသူ, မာနလည်း အလွန်ကြီးသူ”ဟု ထင်ကြ၏။

အမှန်မှာ ပညာနှင့်လိုက်အောင် ဘုန်းကြီးသူလည်း မဟုတ်ပါ၊ မာနကြီးသူလည်း မဟုတ်ပါ၊ “ထိုကဲ့သို့ မျက်နှာထား မတင်းလျှင် သာ၍ အောက်ကျ နောက်ကျ ဖြစ်မည်စိုးသောကြောင့် မတင်းချင်ဘဲနှင့် တင်းခဲ့ရပါသည်”ဟု အများကို သိစေလိုပါသည်၊ ထို့ပြင် တချို့ လူများသည် အများတွေ့နေကျ ပစ္စည်းဆုတ်ယုတ်မှု, ဆွေကွဲ မျိုးကွဲ သေကွဲ ကွဲရမှု ကြုံလာလျှင် ထိုဒုက္ခများကို မခံနိုင်အောင် ရှိကြ၏၊ ထိုသို့ ဖြစ်သည့်အခါ တရားဖြင့် ကာကွယ်စေလိုသော ကြောင့်လည်း ဘုန်းကြီး၏ ကိုယ်တွေ့ ဒုက္ခတချို့ကို ထည့်သွင်း ပြလိုက်ပါသည်။

ဓမ္မရတနာနိဂုံး

ဤ ဓမ္မရတနာအခန်း၌ ဗုဒ္ဓရှင်တော်မြတ်၏ လေးနက်လှစွာ ဓမ္မစကြာ စသောတရား ရတနာကိုလည်းကောင်း, ဗုဒ္ဓလက်ထက်တော်က “အနာဂတဘယ” ဟု ဟောပြထားသော ဘေးများ ယခုအခါ ဆိုက်ရောက်နေကြောင်း ကိုလည်းကောင်း, သာသနာတော်ကွယ်ခြင်း၏ အကြောင်း မကောင်းတရားများ ယခု ဆိုက်ရောက်နေပုံကိုလည်းကောင်း, ဘုန်းကြီး၏ ဒုက္ခ၌ တရားကိုသာ ကိုးကွယ်ခဲ့ရပုံကိုလည်းကောင်း ပြပြီး၍ ယခုအခါ ဓမ္မရတနာအခန်းအတွက် နိဂုံးချုပ်ရပါတော့မည်။

ဗုဒ္ဓ၏ တရားတော်များသည် ဟောပြော ရွတ်ဖတ်နေသည်ကို ကြားနာနေရလျှင်လည်း စိတ်ကို ချမ်းသာစေနိုင်၏၊ ရန်ကုန်မှာ ဘာသာခြား လူများ၏ အနီးရှိ ကျောင်းကလေးဝယ် ဘုန်းကြီးတစ်ပါးတည်း တည်းခိုနေရာ မဟာသမယသုတ်ကို ညစဉ် ရွတ်၏၊ ကျောင်းအမ လာသောအခါ ဘာသာခြားလူများက ထိုတရားသံကြောင့် အလွန် စိတ်ကြည်နူးကြောင်း ပြောပြကြပါသတဲ့။

တရားတော်အတိုင်း ကျင့်ကြံ လိုက်နာနေလျှင်လည်း အလွန် ချမ်းသာစေနိုင်၏၊ ဘုန်းကြီး၏ ကိုယ်တွေ့ဒုက္ခများကို တရားတော်က သက်သာစေသကဲ့သို့တည်း၊ ကျောက်မြောင်းက ဒကာမတစ်ယောက်ကား ခင်ပွန်းသည် ကွယ်လွန်၍ သောကဖြစ်သောအခါ ကိုယ်ကျင့် အဘိဓမ္မာစာအုပ်မှ သောကအကြောင်းကို သတိထား၍ ဖြေဖျောက် နိုင်ပါသတဲ့၊ မကြာမီက လယ်မြေကိစ္စကြောင့် စိတ်ဒုက္ခရောက်ရသော မြေပိုင်ရှင် ကျောင်းဒကာတစ်ယောက်လည်း ကိုယ်ကျင့် အဘိဓမ္မာကို ကြည့်ရှုလိုက်နာ၍ စိတ်ဒုက္ခကို ဖြေနိုင်ပါသတဲ့၊ ဤသို့လျှင် ဗုဒ္ဓတရားတော်သည် အများတွေ့နေကျ ဒုက္ခဟူသရွေ့ကို သက်သာစေနိုင်ရုံသာမက ကိုယ်ကျင့်အလေ့အလာ ရနေသူ ဖြစ်ပါမူ “ဘဝကူးဖို့ အချိန်နီးလေ အားကိုးရလေ” ဖြစ်ရုံမက တစ်နည်း အားဖြင့် စဉ်းစားရလျှင် “ဘဝ ပြောင်းခါ နီးလေ, ပျော်စရာ ကောင်းလေ” ဖြစ်ပါလိမ့်မည်။

ရှေးခေတ်က ကျန်းမာရေး မကောင်း၍ စာချကိစ္စမှ အနား ယူရင်း, ရေးနေဆဲ ကျမ်းစာများကိုလည်း တွင်ကျယ်စွာ ရေးရင်း နွေအခါ၌ အောက်ပြည်သို့ တစ်ပါးတည်း သွားလေ့ရှိ၏၊ ထိုသို့ သွားခါနီးဝယ် လိုက်ပို့သော တပည့်များ ပြန်ကြ၍ ဘုန်းကြီးမှာ “ဒုတိယတန်း ရထားလက်မှတ်, စာအုပ်သေတ္တာ, အိပ်ရာလိပ်နှင့် ဘိလပ်ရည် နှစ်လုံးစာထည့်ထားသော ဓာတ်ဘူး” ဤမျှသာ ရှိရစ်၏၊ ပိုက်ဆံလည်း မပါ၊ တွဲထဲ၌ တစ်ယောက်တည်း စဉ်းစားမိသည်ကား-“သေတယ်”ဆိုတာ ယခုလို တစ်ယောက်တည်း သွားရတာပဲ၊ ယခု မန္တလေးက ဆိုင်ရာတွေ အားလုံး ကျန်ရစ်ခဲ့ပြီ၊ ငါ၏ လက်မှာ စားစရာဆို၍ ဘိလပ်ရည် နှစ်လုံးစာသာ ရှိ၏၊ နက်ဖြန်အတွက် စိုးရိမ်ရသလားဟု ကိုယ့်ကိုယ်ကို မေး၏၊ မစိုးရိမ်သည့်အပြင် စိတ်ချမ်းသာသေး၏၊

ဘာ့ကြောင့်နည်း၊… “နက်ဖြန်နံနက် ပြွန်တန်ဆာ ရထားဆိုက်လျှင် အကြိုလာလိမ့်မည်၊ ပြွန်တန်ဆာ၌ နားနေပြီး နောက် ရန်ကုန်ပို့, ရန်ကုန်မှ ဝါးခယ်မ ကျွန်းကုန်းသွားရမည်”ဟု သာယာမည့် လမ်းစဉ်ကို သိသောကြောင့်တည်း။

“နောက်ဘဝ၌ ရောက်ရမည့် လမ်းစဉ်သည် ယခုဘဝထက် အောက်မကျနိုင်ပါဘူး“ဟု တထစ်ချ သိအောင် ကြိုးစားထားလျှင် “သေခါနီးလေ, ပျော်စရာကောင်းလေ” ဖြစ်မှာပဲဟု တွေးကာ တစ်ယောက်တည်း ကိုယ်ကျင့်တရား ကုသိုလ်များကို အားကိုးမိပါသည်၊ ထို့ကြောင့် တရားတော်ကို ယုံကြည်သူတိုင်း အဟောတရား အဖတ်တရား နာတရားတွင် မပြီးစေဘဲ ကိုယ်ကျင့်တရားဖြစ်အောင် စိတ်ထဲ၌ သွားထား၍ ဖြစ်စေ, ကမ္မဋ္ဌာန်းဘာဝနာ ပွားများ၍ ဖြစ်စေ “ဓမ္မံ သရဏံ ဂစ္ဆာမိ” အရ တရားတော်ကို အားကိုးနိုင်ကြ, အရေး ပေါ်လျှင် တရားတော်ဖြင့် ကာကွယ်နိုင်ကြ, သံသရာအတွက် ကိုယ်ကျင့်တရားလုံအောင် ကြိုးစား၍ စိတ်ထားကြည်လင် သူတော်စင်များ ဖြစ်နိုင်ကြစေသတည်း။

ဓမ္မရတနာအခန်း ပြီးပြီ။

၃။ သံဃာ့ရတနာအခန်း

သံဃံ သရဏံ ဂစ္ဆာမိ။

သံဃာနှစ်မျိုး

“သံဃ”ဟူသော ပါဠိစကားသည် “အပေါင်း=အသင်း = အဖွဲ့ = အစည်းအရုံး” ဟူသော အဓိပ္ပာယ်ကို ပြ၏၊ ထိုသံဃာတော်သည် “ပရမတ္ထသံဃာ, သမ္မုတိ သံဃာ”ဟု နှစ်မျိုးရှိ၏၊ “သုပ္ပဋိပန္နတာ”စသော ဂုဏ်တော်များနှင့် ပြည့်စုံ၍ အရိယာ ဖြစ်ပြီးသော သံဃာတော်များသည် ပရမတ္ထသံဃာတော်မည်၏၊ [ပရမတ္ထ-အစစ်အမှန် မဖောက်ပြန်နိုင်သော ရဟန်းတော် သံဃာတော်အဖြစ်မှ ပြောင်းလဲ၍ လူအဖြစ် စသည်သို့ ဘယ်နည်းနှင့်မျှ မရောက်နိုင်သော+သံဃ=အရိယာအပေါင်းအဖွဲ့]

သုပ္ပဋိပန္နတာ အစရှိသော ဂုဏ်တော်များနှင့် အထိုက်အလျောက် ပြည့်စုံနိုင်၍ အရိယာသံဃာများနှင့် ဝိနည်းသိက္ခာ အကျင့်တူသောကြောင့် “သံဃာ”ဟု သမုတ်အပ်သော (အစစ်အမှန် မဟုတ်တတ် သော) သံဃာတော်သည် သမ္မုတိသံဃာ မည်၏။ [သမ္မုတိ= (အစစ်အမှန်မဟုတ်) အများသမုတ်အပ် အသိအမှတ်ပြုအပ်သော+ သံဃ = ပုထုဇဉ် ရဟန်းတော်များ၏ အပေါင်းအဖွဲ့။]

ပရမတ္ထသံဃာ အာရုံပြုရမည့်ကိစ္စ

“သံဃံ သရဏံ ဂစ္ဆာမိ” ဟု သရဏဂုံ ဆောက်တည်ကိုးကွယ်ရာ၌ ရည်စူးရမည့် “သံဃ” ဟူသည် ပုထုဇဉ်သံဃာ မဟုတ်၊ အရိယာသံဃာများသာတည်း၊ ဆတ္တမာဏဝကဝိမာနဝတ္ထု၌ ဗုဒ္ဓ ရှင်တော်ကိုယ်တိုင် “အရိယာသံဃာတော်ကို ကိုးကွယ်ဆည်းကပ်လော့”ဟု သရဏဂုံ ပေးတော်မူသည်၊ သံဃာ့ဂုဏ်တော်များကို ရည်မှန်း၍ သံဃာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းသောအခါ၌လည်း “သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ပေ၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ” စသည်ဖြင့် အရိယာသံဃာတော် ရှစ်မျိုး၏ “သုပ္ပဋိပန္နတာ-ကောင်းစွာ ကျင့်ခြင်း”စသော ဂုဏ်တော်ကို အာရုံပြုရသည်။

ရတနသုတ်ပရိတ်တော်လာ သံဃာ့ရတနာဟူရာ၌ “ယေ ပုဂ္ဂလာ အဋ္ဌသတံ ပသတ္ထာ, စတ္တာရိ ဧတာနိ ယုဂါနိ” စသည်ဖြင့် အရိယာသံဃာတော်ကိုသာ “သံဃာ့ရတနာ”ဟု ဟောတော်မူသည်၊ ကျမ်းပြုဆရာတော်များ ကျမ်းမပြုမီ သံဃာကို ရှိခိုးကြရာ၌လည်း “နတွာ သံဃံ နိရင်္ဂဏံ=ကိလေသာအညစ်အကြေး ကင်းဝေးတော်မူသော အရိယာသံဃာတော်ကို ရှိခိုးကြပြီး၍” ဟု ပဏာမ ပြုကြရသည်။

သံဃာနှစ်မျိုးလုံးဆိုင်သောကိစ္စ

သံဃိကဒါန (ကျောင်းလှူ, ဆွမ်းလှူ စသော အလှူ) ပြုရာဝယ် ရည်စူးရမည့် သံဃာ၌ကား ပရမတ္ထသံဃာတော်လည်းပါဝင်, ပုထုဇဉ် သမ္မုတိသံဃာများလည်း ပါဝင်ကြသည်၊ ယခုကာလ စေတီပုထိုး ရုပ်ပွားဆင်းတုတော်များအား ပူဇော်ကြရာ၌ သက်တော်ထင်ရှား ဘုရားရှင်ကိုပါ ရည်စူး၍ ပူဇော်နိုင်ကြသကဲ့သို့ ထို့အတူ ဆွမ်း, ကျောင်း စသော ပစ္စည်းလေးပါးကို လှူဒါန်းကြရာ၌လည်း မိမိ ဆွမ်းလှူအပ်သော သံဃာတွင် ပုထုဇဉ်ချည်း ဖြစ်စေကာမူ သံဃိကဒါနဖြစ်အောင် ရည်မှန်းနိုင်ပါမူကား သူ၏ အာရုံပြုရာ သံဃာများတွင် အရိယာဖြစ်ပြီးသော သံဃာတော်များလည်း ပါဝင်နိုင်၏။

အခါတစ်ပါး၌ ဗုဒ္ဓရှင်တော်အထံသို့ သူကြွယ်တစ်ယောက် ရောက်လာ၏၊ ရှင်တော်မြတ်က “သင်တို့ အမျိုး၌ အလှူအတန်း ပေးကမ်းကြရဲ့လား”ဟု မေးတော်မူရာ “အလှူအတန်း ပေးကမ်း လှူဒါန်းကြပါကြောင်း, သို့သော် တောကျောင်းဘုန်းကြီးများ ဓုတင်ဆောင် ဘုန်းကြီးများနှင့် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်, ရဟန္တာဖြစ်အောင် ကျင့်နေသော ပုဂ္ဂိုလ်များကိုသာ လှူဒါန်းပါသည်”ဟု လျှောက်လေရာ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေသူက “ဤဘုန်းကြီးသည် ရဟန္တာပဲ, ရဟန္တာဖြစ်အောင် ကျင့်နေသူပဲ”ဟု သိနိုင်ဖို့ ခဲယဉ်း၏၊ တောကျောင်းနေသူတိုင်း, ဓုတင်ဆောင်သူတိုင်း (စိတ်ရင်း မကောင်းလျှင်) မချီးမွမ်းထိုက်၊ စိတ်ရင်းကောင်းနေလျှင် ရွာနီး ကျောင်းနေသူ ဓုတင်မဆောင်သူများကိုလည်း ချီးမွမ်းထိုက်၏၊ ထို့ကြောင့် “သံဃာတော်ကိုသာ ရည်မှန်း၍ လှူဒါန်းလေ” ဟု မိန့်တော်မူသည်။ [ဆက္က အင်္ဂုတ္တိုရ်]

သာသနာ့ဝန်ဆောင်များ

ပရမတ္ထသံဃာ ဖြစ်ဖြစ်, သမ္မုတိသံဃာ ဖြစ်ဖြစ် သာသနာ့တာဝန်ကို ရွက်ဆောင်ခဲ့ကြသော ပုဂ္ဂိုလ်ဖြစ်လျှင် ယခုခေတ် လူများအထိ ကျေးဇူးများလှပေ၏၊ မှန်၏၊ အရှင်မဟာကဿပ, အရှင်အာနန္ဒာ စသော ပုဂ္ဂိုလ်များသည် ပရမတ္ထသံဃာအဖြစ်ဖြင့် သာသနာ့ဝန်ကို ဆောင်တော်မူခဲ့ကြ၏၊ အဋ္ဌကထာအကျယ်ကို အကျဉ်းချုံး၍ စီရင် သော အရှင်ဗုဒ္ဓဃောသ, မူလဋီကာဆရာ အရှင်အာနန္ဒာ, အနုဋီကာဆရာ အရှင်ဓမ္မပါလ စသော ဆရာတော်များသည် သမ္မုတိသံဃာ အဖြစ်ဖြင့် သာသနာ့ဝန်ကို ဆောင်ခဲ့ကြ၏၊ ထို့ကြောင့် ယခုအခါ ထိုသာသနာ့ဝန်ဆောင် ထိပ်ခေါင်တင်သံဃာများ၏ အကြောင်းကို အကျဉ်းမျှ ထုတ်ပြပါတော့မည်။

အရှင်ယသအကြောင်း

လူ့စည်းစိမ်ခံစားပုံ

ဗုဒ္ဓဖြစ်မည့် ကဆုန် လပြည့်နေ့ နံနက် စောစောဝယ် ဃနာနို့ဆွမ်း လှူဒါန်းသော သုဇာတာမည်သော သူဌေးကတော်၏ သားဦးရတနာဖြစ်သော “ယသ”သတို့သားသည် ဗုဒ္ဓရှင်တော်မြတ်၏ ဓမ္မစကြာတရားဦး ဟောတော်မူချိန်မှာ ဗာရာဏသီမြို့၌ (ဗုဒ္ဓအလောင်း စံနေပုံကဲ့သို့) နွေ မိုး ဆောင်းဟု ဥတုသုံးပါးအလိုက် စံစားဖို့ရာ ခမ်းနားစွာသော ပြာသာဒ် သုံးဆောင်ဖြင့် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ စံနေခိုက်ဖြစ်လေသည်၊ ဇနီးသူဌေးကတော်ကလေး၏ အထိန်းအယ မောင်းမမိဿံ အခြေအရံတို့ကလည်း ယသော်ဓရာ၏ အခြွေအရံ တမျှ များပြားလှတော့၏၊ ဖြေဖျော်ယုယ တီးမှုတ်ကြသူများမှ စ၍ တံခါးစောင့်အထိ ယောက်ျားတစ်ယောက်မျှ မရှိစေရ, အားလုံး မိန်းမသားချည်း ဖြစ်ကြပေသည်။

သောတာပန်တည်ပုံ

တစ်ညဉ့်၌ကား ထိုယသသတို့သားသည် အများ အိပ်ပျော်နေခိုက် နိုးလာလေရာ ညှိထွန်းထားသော မီးရောင်အောက်ဝယ် မတော်မလျော် အိပ်ပျော်လျက် မလှုပ်မယှက် နေကြသော မောင်းမတစ်စုကို မြင်သော် စိတ်ထဲ၌ ကြီးကျယ်ခမ်းနားသော နေရာဝယ် ဖွယ်ဖွယ်ရာရာ နေရ သည်ဟု မယူဆဘဲ သုသာန်တစ သချႋုင်းဝ၌ အတုံးအရုံးဖြစ်နေသော သူကောင်တို့အလယ် ရောက်နေရသလို ထင်မြင်လာရကား “ဥပဒ္ဒုတံ ဝတ ဘော ဥပသဋ္ဌံ ဝတ ဘော=အနှိပ်စက်ခံနေရလေစွ ဩ, ဘေးရန်များလေစွ ဩ”ဟု နှုတ်က တတွတ်တွတ်ပြောလျက် “ဘယ်ရောက်ရောက် ဒီနေရာက လွတ်လျှင် ပြီးရော“ဆိုတဲ့ ဆန္ဒဖြင့် ပြာသာဒ်မှ ဆင်းလာလေရာ အိမ်ဝင်းတံခါးနှင့် မြို့တံခါးကိုပါ နတ်များက ဖွင့်ထားနှင့်၍ အဆင်သင့် ထွက်ကာ မိဂဒါဝုန်လမ်းသို့ ခြေလှမ်းမိလေသည်။

ဗုဒ္ဓရှင်တော်လည်း နံနက်စောစော စင်္ကြံလျှောက်တော်မူစဉ် ယသသတို့သား လာနေသည်ကို မြင်တော်မူ၍ စင်္ကြံမှ ဆင်းကာ ထိုင်တော်မူလေသည်၊ ယသသတို့သားသည် ဗုဒ္ဓနှင့် မလှမ်းမကမ်း ရောက်လာသည့်တိုင်အောင် “အနှိပ်စက်ခံရလေစွ, ဘေးရန် များလေစွ”ဟု တတွတ်တွတ်ပြောနေစဉ် ဗုဒ္ဓရှင်တော်က “ဒီနေရာမှာ အနှိပ်စက် မခံရဘူး, ဒီနေရာမှာ ဘေးရန် မရှိဘူး၊ ဒီလာခဲ့၊ သင့်အား တရားဟောမည်” ဟု ခေါ်တော်မူလျှင် အလွန်ဝမ်းမြောက်၍ ဗုဒ္ဓအထံ ရောက်လေသော် ဟောတော်မူအပ်သော တရားအဆုံး၌ သောတာပန် တည်လေသည်။

ရဟန္တာဖြစ်၍ ရဟန်းပြုပုံ

ယသသတို့သား ထွက်သွားသည်ကို နံနက်မှ သိရ၍ ဖခင်သူဌေးကြီးသည် အရပ်လေးမျက်နှာသို့ မြင်းစီးတမန်တို့ကို စေလွှတ်ပြီးလျှင် မိမိကိုယ်တိုင်လည်း မိဂဒါဝုန်ဘက်သို့ အရှာထွက်လေ၏၊ ထိုအခါ ယသ စီးသွားသော ရွှေခြေနင်းရာကို မြင်ရ၍ ခြေရာခံပြီး လိုက် သွားလေရာ ဗုဒ္ဓအနီးသို့ ရောက်သော်လည်း (သားနှင့်ချက်ချင်း တွေ့လျှင် တရားနာရာ၌ စိတ်မဝင်စားမည် စိုးသောကြောင့် ချက်ချင်း မတွေ့စေသေးဘဲ တန်ခိုးတော်ဖြင့် ကွယ်ထားရကား) သတို့သားကို မတွေ့ရသည့်အတွက် “ယသသတို့သားကို မမြင် ပါလား”ဟု မေးလေရာ… ရှင်တော်မြတ်ကလည်း “ဒီနေရာမှာ ထိုင်ပါဦး, သတို့သားကို တွေ့ကောင်း တွေ့ရပါလိမ့်မည်”ဟု မိန့်တော်မူ၍ ထိုင်နေသော သူဌေးကြီးအား တရားဟောတော်မူလေရာ သောတာပန်တည်၍ ငါတို့ ဗုဒ္ဓသာသနာ၌ လူထဲမှ ရတနာ သုံးပါးလုံးကို ပထမဆုံး ကိုးကွယ်ရသော ဥပါသကာ ဖြစ်လေသည်။ဖခင်တရားနာနေစဉ်မှာ ယသသတို့သားလည်း မိမိသိပြီးသား ဖြစ်သော တရားကို ထပ်၍ စဉ်းစား ဆင်ခြင်လေရာ သောတာပန် အဆင့်မှ တိုး၍ ရဟန္တာ ဖြစ်လေသည်။ [တပုဿ ဘလ္လိကတို့ ဗုဒ္ဓနှင့် တွေ့စဉ်က သံဃာရတနာ မရှိသေး၍ ရတနာနှစ်ပါးကိုသာ ကိုးကွယ်ကြရသည်။]

ထိုအခါ ဗုဒ္ဓရှင်တော်မြတ်သည် ကွယ်ထားသော တန်ခိုးတော် ကို ရုပ်သိမ်းလိုက်သောအခါ သူဌေးကြီးလည်း သားကို တွေ့မြင်ရလျှင် “ချစ်သား…သင်၏ မိခင်သည် လွန်စွာဝမ်းနည်းနေပါတယ်, မိခင်၏ အသက်ကို ပေးပါဦး”ဟု တောင်းပန်ပါသော်လည်း (ရဟန္တာ

ဖြစ်နေပြီ ဖြစ်သောကြောင့်) “လူ့ဘောင်နေလို့ မဖြစ်တော့ကြောင်း” ဗုဒ္ဓက မိန့်တော်မူမှ ရဟန္တာဖြစ်သည်ကို အားရ ချီးကျူး၍ ဗုဒ္ဓနှင့်အတူ ယနေ့ ဆွမ်းစားလိုက်ခဲ့ဖို့ရန် ဖိတ်မန်၍ ပြန်သွားလေသည်။

ခမည်းတော် ပြန်သွား၍ မကြာခင် ယသသတို့သားလည်း ရဟန်းပြု၍ ဗုဒ္ဓနှင့်အတူ ခမည်းတော်နေအိမ်သို့ ကြတော်မူသည်၊ ဆွမ်းဘုဉ်းပေးတော်မမူမီပင် အရှင်ယသ၏ မိခင်နှင့်ဇနီးအား ဗုဒ္ဓ ရှင်တော်မြတ်က တရားဟောတော်မူပြန်ရာ နှစ်ယောက်လုံးပင် သောတာပန် တည်ကြလေသည်။ [ထိုအချိန်မှာ ဗုဒ္ဓ, ပဉ္စဝဂ္ဂီငါးဦး, အရှင်ယသဟု ရဟန္တာရဟန်းတော် ခုနစ်ပါးသာ ရှိသေးသည်။]

ပထမဝါ ရဟန္တာခြောက်ကျိပ်တစ်

ယသသတို့သား ရဟန်းပြုသွား ခြင်းကို သူငယ်ချင်းများဖြစ်ကြသော သူဌေးသား လေးယောက်တို့ကြား၍ စဉ်းစားကြသည်မှာ “ယသလို အမျိုးသားကောင်းတစ်ယောက်သည်ပင် ဆံပင်ကို ရိတ်, မုတ်ဆိတ်ကို ပယ်, သုံးထည်မျှ သင်္ကန်းကို ဆင်မြန်း၍ ရဟန်းပြုတယ်”ဆိုလျှင် “ထိုဗုဒ္ဓ၏ အဆုံးအမ ဩဝါဒ သာသနာတော်သည် ဧကန်မုချ အောက်တန်းစား မဖြစ်တန်ရာ၊ ယသသတို့သားလို အထက်တန်း အမျိုးသားတို့၏ စိတ်ဝင်စား လောက်ဖွယ် ကြီးကျယ်သော အရာသာ ဖြစ်ပေလိမ့်မည်” ဤသို့ တွေးတောကြံဆ၍ အရှင်ယသအထံ သွားကြလေရာ အရှင်ယသမှတစ်ဆင့် ဗုဒ္ဓ၏အထံတော်သို့ ရောက်ကြလျှင် အစဉ်အတိုင်း တရားတော်ကို နာကြရသဖြင့် ရဟန္တာရဟန်းတော်များ ဖြစ်သွား ကြလေသည်။

ထို့နောက် ဇနပုဒ်မှ အရှင်ယသ၏ သူငယ်ချင်းများဖြစ်ကြကုန် သော ဆွေကောင်း မျိုးကောင်း သတို့သားပေါင်း ငါးကျိပ်လည်း ထိုနည်းအတိုင်းပင် ကြားကြ၍ အရှင်ယသ အထံသို့ လာကြလေရာ ရဟန္တာရဟန်းတော်များ ဖြစ်ကြလေသည်၊ ဤကား မိဂဒါဝုန်တော ပထမဝါ၌ ရဟန္တာဖြစ်ကြကုန်သော ရဟန်းတော်များတည်း၊ ဗုဒ္ဓ, ပဉ္စဝဂ္ဂီငါးဦး, အရှင်ယသနှင့် အပေါင်းအဖော် ငါးကျိပ်လေးပါး ပေါင်းလျှင် ထိုပထမဝါ၌ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ရှိလေပြီ၊ ဗုဒ္ဓကို ချန်ထား၍ ထိုခြောက်ကျိပ်သော အထက်တန်း အမျိုးကောင်း သား ရဟန္တာများကား ဗုဒ္ဓ၏ အဆုံးအမဩဝါဒ သာသနာ့ဝန်ကို အားသွန် ကြိုးပမ်းမည့် သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် အရှင်မြတ်များချည်း ဖြစ်ကြပါလိမ့်မည်။

အရှင်ယသတို့ ရှေးကောင်းမှု

အရှင်ယသအလောင်းနှင့် သူငယ်ချင်း ငါးကျိပ် လေးယောက်တို့သည် တစ်ခုသော ရှေးဘဝဝယ် အသင်းဖွဲ့၍ ကောင်းမှုပြုကာ ကိုးကွယ်ရာမရှိသော သူသေအလောင်းတို့ကိုလည်း မီးသင်္ဂြိုဟ်ပေးလေ့ ရှိကြလေသည်၊ အခါတစ်ပါး၌ကား ကိုယ်ဝန်ဆောင် မိန်းမအလောင်းကို သုသာန်သို့ ယူ၍ အသင်းသား ငါးယောက်ကို မီးသင်္ဂြိုဟ်ရန် ချန်လျက် အခြားသူတို့ ပြန်ကြလေသည်၊ ကျန်ရစ်သော ငါးယောက် တို့တွင် အရှင်ယသအလောင်း သတို့သားသည် မီးသင်္ဂြိုဟ်ရင်း အသုဘကမ္မဋ္ဌာန်း ထင်လာသဖြင့် သူထင်လာသည့်အတိုင်း အခြား လေးယောက်ကိုလည်း ပြောပြလေရာ အားလုံး အသုဘကမ္မဋ္ဌာန်း ပွားများပြီးနောက် ပြန်လာပြီးလျှင် အခြားငါးကျိပ်သော မိတ်ဆွေတို့အားလည်း ပြောပြကြလေသော် အားလုံးပင် အသုဘကမ္မဋ္ဌာန်း ထင်လာကြ၏၊ ယသသတို့သားကား အိမ်ရောက်သောအခါ မိဘနှင့် ဇနီးအားလည်း ပြောပြပြန်သဖြင့် ထိုတစ်ခဏမျှ အသုဘကမ္မဋ္ဌာန်းရကြလေသည်။

ထိုရအပ်ခဲ့သော အသုဘ ဘာဝနာသည် ယသသတို့သား၏ စိတ်၌ မသိမသာ ဘဝတိုင်း စွဲကပ်ပါနေလေရာ နောက်ဆုံးဘဝ၌ ခမ်းနားကြီးကျယ် တင့်တယ်သော တိုက်ခန်းဝယ် စံမြန်း၍ နေရစဉ် မှာပင် ဝတ်စားဆင်ပြင်လျက် အိပ်ပျော်နေသော မောင်းမမိဿံ အခြေအရံတွေကို ကြည့်ကာ ရှေးက ရခဲ့သော အသုဘဘာဝနာ သည် အလွန် ထင်ရှားစွာ ပေါ်လာပြန်ရကား ထိုတိုက်ခန်းမှာပင် မနေနိုင် မထိုင်နိုင်အောင် ရှိရလေသည်၊ ထို အသုဘ ဘာဝနာကို အခြေခံ ရခဲ့သောကြောင့် မိဘ ဇနီးနှင့် သူငယ်ချင်း လေးကျိပ် လေးယောက်လည်း အရှင်ယသနောက်သို့ လိုက်ကာ တရားထူး ရကြပါလေသည်။

သာသနာပြု စေလွှတ်တော်မူခန်း

ဗုဒ္ဓရှင်တော်သည် ပထမဝါကျွတ်သောအခါ ခြောက်ကျိပ်သော ရဟန်းတို့ကို ခေါ်တော်မူ၍ မိန့်တော်မူသည်မှာ-- “ဘိက္ခုတို့ … ငါသည် လူ၌ဖြစ်သော ကာမကျော့ကွင်း, နတ်၌ဖြစ်သော ကာမ ကျော့ကွင်းတို့မှ လွတ်ကင်းခဲ့ပြီ၊ အသင်တို့လည်း ထိုကျော့ကွင်းတို့မှ လွတ်ကင်းကြပြီ၊ ဘိက္ခုတို့…သင်တို့သည် များစွာသော သတ္တဝါတို့၏ စီးပွားချမ်းသာ ဖြစ်ဖို့ရာ ဒေသစာရီ လှည့်လည်ကြ၊ (တစ်လမ်းကို နှစ်ပါးသွားလျှင် အရပ်ဒေသ အနှံ့နည်းသောကြောင့်) တစ်လမ်းကို နှစ်ပါး မသွားကြလေနှင့်၊ ကိုယ့်လမ်းနှင့်ကိုယ် ခွဲ၍ သွားကြလေ၊ အစကောင်း အလယ်ကောင်း အဆုံးကောင်းတရားကို ရောက်ရာ အရပ်တိုင်း ဟောပြကြလေ၊ ငါဘုရား၏ ဩဝါဒသာသနာ တော်ကို အရပ်တိုင်းမှာ ထင်ရှားအောင် အနှံ့အပြား ဟောပြကြလေ။

ပညာစက္ခု၌ အဝိဇ္ဇာတိမ်သလာ နည်းပါးသော သတ္တဝါတွေ အများအပြား ရှိကြ၏၊ ထိုသတ္တဝါတို့သည် တရားကို မနာရသဖြင့် ရသင့် ရထိုက်သော အသိဉာဏ်မှ ဆုတ်ယုတ်ရှာကြ ပေလိမ့်မည်၊ ဟောပြောသောအခါ သိလွယ်မည့် သတ္တဝါတွေ ရှိကြပေလိမ့်မည်၊ ထို့ကြောင့် သင်တို့ အနှံ့အပြား တရားစစ် တရားမှန်ကို ဟောပြော ကြလေ၊ ငါဘုရားကား ဥရုဝေဠတောသို့ ကြ၍ ရသေ့တစ်ထောင်ကို တရားဟောမည်”ဟု မိန့်တော်မူကာ ထိုပထမဝါကျွတ်မှ စ၍ သာသနာပြုကိစ္စကြီးကို စတည်တော်မူခဲ့ပေသည်၊ ထိုသို့ စေလွှတ် အပ်သော ရဟန္တာ အရှင်မြတ်တို့လည်း အရည်အချင်းရှိသော အမျိုးသားတို့ကို သာသနာတွင်းသို့ သိမ်းသွင်းတော်မူကြလေရာ ဗုဒ္ဓသာသနာတော် ကျယ်ပြန့်၍လာလေသည်။

မှတ်ချက်။ ။ အရှင်ယသ၏ သူငယ်ချင်း ငါးကျိပ်လေးယောက်တို့သည် အရှင်ယသ ရဟန်းပြုသည်ကို အားကျကြ၏၊ ဘာ့ကြောင့်နည်း၊ … “အလွန် အထက်တန်း ရောက်နေသော ယသသတို့သား၏ ရဟန်းပြုရာ သာသနာသည် အလွန့်အလွန် အထက်တန်းကျပေလိမ့်မည်”ဟု စဉ်းစားမိကြသောကြောင့်တည်း၊ ထို့ကြောင့် မည်သည့်ကိစ္စ၌မဆို အထက်တန်းလူတွေ လုပ်သော အလုပ်သည် အထင်ကြီးခံရသကဲ့သို့ အောက်တန်းလူတွေ လုပ်နေသော အလုပ်မျိုးလည်း (အလုပ်ကောင်းလာသောအခါကျမှ အထင်ကြီးတန်လျှင် ကြီးမည်၊ ပထမသော်) အထင်သေးခံရမြဲပင် ဖြစ်၏၊ ရှေးတုန်းက လက်ရှိဘုရင်ဘဝမှ ထွက်၍ ရဟန်းပြုတော်မူသော ဗုဒ္ဓနှင့်တကွ အရှင်ယသတို့ကဲ့သို့ အထက်တန်းပုဂ္ဂိုလ် များစွာ ဝင်ရောက်ခဲ့ကြသော ငါတို့ သာသနာတော်ကို အများက မော်၍ ဖူးမြော်ကြရသလောက် ယခုအခါ အတော် များစွာသော လူတွေက ငုံ့၍ အကြည့်ခံနေရချေပြီ။

ထို့ကြောင့် များစွာသော လူကြီးလူကောင်းဆိုသူတို့၏ သားတွေ ရဟန်းပြုဖို့ စိတ်မဝင်စားကြ၊ မိဘဖြစ်သူတို့ကလည်း လူ့ဘောင်၌ အဆင့်အတန်း နိမ့်ကျပုံ မရသော သားကို ရဟန်းမပြုစေလိုကြ၊ မိမိကိုယ်တိုင် အားမရ၍ နောင်ခါ အောက်ကျ နောက်ကျဖြစ်မည် စိုးရသော သားကိုသာ “မကောင်း ကျောင်းပို့”ကာ ရဟန်းပြုစေချင်ကြ၏၊ ထို့ကြောင့် သာသနာတော် ပျက်စီးရ, တန်းလျှောရခြင်းသည် သာသနာဝင်တွေနှင့် ကိုးကွယ်သူတွေ ဖျက်ဆီးနေမှုကြောင့် သံကို သံဖျက် သံချေးတက်ရခြင်းသာတည်း၊ ထိုကဲ့သို့ မဖြစ်ရအောင် စနစ်တကျ ငါတို့ ပြုပြင်နိုင်ကြလျှင် ဤသာသနာတော်ကို မြန်မာသာမက ကမ္ဘာကပင် မော်၍ ဖူးရပါလိမ့်မည်။

အဂ္ဂသာဝကနှစ်ပါးအကြောင်း

အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်

ဗုဒ္ဓရှင်တော်မြတ်၏ လက်ယာဘက် နေရာ၌ ထိုင်တော်မူရ၍ ပညာဘက်၌ ဧတဒဂ်ရသောကြောင့်… “လက်ယာတော်ရံ”ဟု သမုတ်အပ်သော အရှင်သာရိပုတ္တရာနှင့် လက်ဝဲဘက် နေရာ၌ ထိုင်တော်မူရ၍ တန်ခိုးဣဒ္ဓိဘက်၌ ဧတဒဂ်ရသောကြောင့် “လက်ဝဲတော်ရံ” ဟု သမုတ်အပ်သော အရှင်မောဂ္ဂလ္လာန်သည် ဗုဒ္ဓသာသနာတော်ဝယ် အမြတ်ဆုံး တပည့်များ ဖြစ်ကြသော အဂ္ဂသာဝကပေတည်း၊ [“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ = ငါ၏ သာဝက (တပည့်) တို့တွင် ဤသူသည် အသာဆုံး”ဟု ချီးမြှောက် တော်မူရာ၌ “ဧတဒဂ္ဂံ”ဟူသော ပါဠိတော်ကို “ဧတဒဂ်”ဟု မြန်မာ ပြန်ထား၏၊ ထိုသို့ “ဧတဒဂ်” စသည်ဖြင့် ချီးမြှောက်ခံရသော ပုဂ္ဂိုလ်သည် ဧတဒဂ်ရပုဂ္ဂိုလ်မည်၏၊ ဧတဒဂ္ဂံ=ဧတံ+အဂ္ဂံ=ဤသူ အသာဆုံး၊ အဂ္ဂ+သာဝက=မြတ်သော+တပည့်၊] ထို အဂ္ဂသာဝက နှစ်ပါးတွင် တရားဟော၍ ဆုံးမရမည့် ပညာရေးကိစ္စ၌ အရှင်သာရိပုတ္တရာသည် လွန်စွာ အကူအညီ ရ၍ တန်ခိုးဖြင့် ဆုံးမရမည့် အရာဝယ် အရှင်မောဂ္ဂလ္လာန်သည် အလွန် အကူအညီရပေသည်။

အမျိုးနှင့်စိတ်ထား

ထိုအရှင်နှစ်ပါးလုံးပင် ရာဇဂြိုဟ်မြို့၏အနီး ဗြာဟ္မဏရွာကြီး၌ အမျိုးအဆက်ဆက် သူငယ်ချင်း ဖြစ်လာခဲ့၍ လူပျိုဘဝ ပွဲကြည့်ရာမှ သံဝေဂရခဲ့ကြ၏၊ ရာဇဂြိုဟ်မြို့၌ ခုနစ်ရက်မျှ တောင်ထိပ်ပွဲသဘင် ကျင်းပလေရာ အများနည်းတူ ပျော်ရွှင်စွာ ကြည့်ရှုနေကြရင်းပင် “ဒီလို ပွဲသဘင်ထဲ၌ ကြည့်ချင်စရာဟူ၍ ဘယ်မှာ ရှိတော့မှာလဲ၊ ယခုမြင်ရသော ပွဲကြည့်ပရိသတ်နှင့် ပွဲကသူ အားလုံးပင် အနှစ်တစ်ရာအတွင်း၌ ကြက်ပျောက် ငှက်ပျောက် သေပျောက်ကြရမှာ အမှန်ဖြစ်တယ်၊ ငါတို့ လွတ်လပ်ခွင့်တရားထူးကို (နိဗ္ဗာန်ကို) ရှာသင့်ကြတယ်”ဟု စဉ်းစားမှု ထိတ်လန့်မှုများ ရောနှော၍ ဖြစ်ပေါ်လာကာ နှစ်ယောက် လုံးပင် သဘောတူ ရသေ့လုပ်ခဲ့ကြသည်၊ ထို့နောက် (တိတ္ထိဆရာကြီး ခြောက်ယောက်တွင် ပါဝင်ထင်ရှားသော) သိဉ္စည်းဆရာကြီးအထံ မှာပင်နေကာ ထိုဆရာကြီး၏ တရားဖြင့် အားမရသေးဘဲ “တရား ထူးကို ရှာဖွေ စုံစမ်း၍ အလျင် တွေ့သူက ပြောလာစတမ်း”ဟု ကတိကဝတ် ပြုလျက် တရားထူးကို ဆက်လက် ရှာကြလေသည်။

ဤစကားဖြင့် “သဒ္ဓါတရားသက်သက် တရားထူးရလိုသော စိတ်ဖြင့် ရသေ့ရဟန်း ပြုလာခဲ့သူများ ဖြစ်သည်”ဟု ဆိုလိုသည်၊ ထိုအရှင်နှစ်ပါးတို့ ရသေ့ပြုချိန်မှာ ဗုဒ္ဓရှင်တော်လည်း ပွင့်တော်မမူ သေးချေ၊ ဒုက္ကရစရိယာ ကျင့်ချိန်လောက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ [ထို့နောက် ပဉ္စဝဂ္ဂီငါးပါးတွင် အပါအဝင်ဖြစ်သော အရှင်အဿဇိနှင့် တွေ့၍ သောတာပန် ဖြစ်ကြပုံ, ဗုဒ္ဓအထံတော် ရောက်လာကြပုံကို ထိုထိုကျမ်းစာတို့၌ ရှုပါလေကုန်။]

အရှင်သာရိပုတ္တရာ

ထိုအရှင်နှစ်ပါးတွင် အရှင်သာရိပုတ္တရာသည် ရဟန္တာမဖြစ်မီကပင် စိတ်ထား သဘောထား နူးညံ့ပုံ ရ၏၊ ခန္ဓာကိုယ်တော်လည်း အလွန် ခံ့ကျန်းတော်မူပုံ မရ၊ အခါတစ်ပါး၌ လေနာထ၍ သပ္ပာယဖြစ်သော ဆွမ်းဟင်းကို အရှင်မောဂ္ဂလ္လာန် ကိုယ်တော်တိုင် ရှာဖွေရဖူးသေး၏၊ ရောက်လေရာ ကျောင်းတိုက်၌ အများဆွမ်းခံကြွပြီးနောက် လှည့်ပတ်ကြည့်ရှုကာ မတော်မလျော်ထားအပ်သော အရာများကို သိမ်းဆည်းပြီးမှ ဆွမ်းခံ ကြွတော်မူလေ့ရှိ၏။

အခါတစ်ပါး၌ကား သင်းပိုင်တစ်စွန်း မညီမညွတ် ကျနေပုံကို ခုနစ်နှစ်အရွယ် ကိုရင်ကလေး မြင်၍ “အရှင်ဘုရားရဲ့ သင်းပိုင် အစွန်း ကျနေပါသည်”ဟု လျှောက်ရာ သင့်တော်သော နေရာသို့ ကြွ၍ ညီညွတ်စွာ ပြင်ဝတ်ပြီးမှ “သည်လိုဆိုလျှင် တော်လောက် ပြီလား ဆရာ”ဟု အဉ္ဇလိံ ပဂ္ဂယှ အဋ္ဌာသိ-လက်အုပ်ချီကာ ရပ်၍ ပြတော်မူပါသတဲ့။ [ဒေဝပုတ္တသံယုတ္တအဋ္ဌကထာ]

အရှင်သာရိပုတ္တရာကား ထိုမျှလောက် စိတ်နေကိုယ်ထား နူးညံ့တော်မူပါပေသည်၊ အရှင်အဿဇိ အထံတော်မှ တရားထူးကို သိရ၍ အရှင်အဿဇိ ရှိရာဘက်သို့ ဦးခေါင်းပြုလျက် ကျိန်းစက်လေ့ ရှိတော်မူသည်၊ ဆရာဖြစ်ဖူးသော သိဉ္ဇည်းဆရာကြီးကိုလည်း ဗုဒ္ဓ၏ အထံတော်သို့ ပါအောင် ခေါ်ရှာသေး၏၊ သို့သော် အတင်းငြင်းပယ်သောကြောင့်သာ လက်လျှော့တော်မူရသည်၊ နောက်ဆုံးအချိန်၌မူ ဗုဒ္ဓဘာသာ မဖြစ်သေးသော မယ်တော်ကြီးကို ချွတ်ဖို့ရန် မိမိ ဖွားတော်မူရာ တိုက်ခန်းသို့ ကြွ၍ သွေးအန်သော ရောဂါဖြင့် ပရိနိဗ္ဗာန် စံတော်မူရရှာပါသည်။

အရှင်မောဂ္ဂလ္လာန်

အရှင်မောဂ္ဂလ္လာန်သည် ရဟန္တာမဖြစ်မီကပင် စိတ်နေထက်သန်၍ ကိုယ်နေလည်း ခန့်ကျန်းတော်မူဟန် ရှိ၏။ ခပ်ကြမ်းကြမ်းဆုံးမဘို့ ကိစ္စ၌ အရှင်မောဂ္ဂလ္လာန်သည်ပင် ဆုံးမတော်မူလေ့ရှိ၏။ နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမတောခန်း၌ အရှင်အနုရုဒ္ဓါစသော တန်ခိုးရှင်ရဟန္တာများက ဆုံးမပါရစေဟု ခွင့်တောင်းသော်လည်း ခွင့်ပြုတော်မမူဘဲ အရှင်မောဂ္ဂလ္လာန် ခွင့်တောင်းမှ ဘုရားရှင်ခွင့်ပြုတော်မူ၏။ အခါတပါး၌ ဗုဒ္ဓရှင်တော်မြတ်သည် ဥပုသ်ပြုဘို့ရာ ဘိက္ခုပရိသတ်၌ ထိုင်နေတော်မူစဉ် ပရိသတ်ကို ဆင်ခြင်တော်မူရာ ရဟန်းတစ်ပါး ပါရာဇိကကျနေသည်ကို မြင်တော်မူသဖြင့် ညဉ့်ဥူးယာမ်ကုန်သော်လည်း ဩဝါဒ မပေးဘဲ တိတ်ဆိတ်စွာ နေတော်မူသဖြင့် ဩဝါဒပေးပါရန် အရှင်အာနန္ဒာ တောင်းပန်၏။-မရ၊ သန်းခေါင်ယာမ်ကုန်လွန်ပြန်လျှင် တောင်းပန်၏၊ မရပင်၊ အရုဏ်တက်၍ တောင်းပန်ပြန်သောအခါ ပရိသတ် မသန့်ရှင်းဘူး အာနန္ဒာဟု မိန့်တော်မူမှ အရှင်မောဂ္ဂလ္လာန်သာ အများအပြား ရွက်တောင်တော်မူလေသည်။ [ သာသနာပြုရေး ကိစ္စ၌ အနုသမားချည်း မပြီးသေး၊ အကြမ်းသမားကလည်း အားပေးကြဥုးမှ အထမြောက်နိုင်ကြောင်း သာဓကတရပ်ဟု မှတ်ခဲ့ကြပါ။]

အဂ္ဂသာဝကနှစ်ပါး နှင်ထုတ်ခံရပုံ

ဗုဒ္ဓရှင်တော်မြတ်သည် စာတုမာရွာကို မှီ၍ သျှိသျှားတောကျောင်း၌ သီတင်းသုံးတော်မူ၏၊ အဂ္ဂသာဝကနှစ်ပါးလည်း ဗုဒ္ဓကို မဖူးတွေ့ဖူးသော ကျေးလက်သား ရဟန်းငါးရာကို ခေါ်၍ ကြွလာကြ၏၊ ထို့နောက် ရဟန်းများသည် ကျောင်းနေ ရဟန်းများနှင့် အတူ ကျယ်လောင် ကျယ်လောင်နှင့် စကားပြောကာ ဆူညံနေကြသည်ကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ “အာနန္ဒာ…တံငါသည်တွေ ငါးလုရာ၌ ဆူညံနေသလို ဆူညံနေသူတွေဟာ ဘယ်သူတွေလဲ”ဟု မေးတော် မူရာ အဂ္ဂသာဝကနှစ်ပါး၏ တပည့်များ ဖြစ်ကြောင်းကို သိတော်မူ၍ ခေါ်စေတော်မူကာ အဂ္ဂသာဝကနှစ်ပါးနှင့် ရဟန်းငယ်ငါးရာကို နှင်တော်မူသည်၊ ထိုအခါ ထွက်လာကြသည်ကို စည်းဝေးနေကြသော သာကီဝင်းမင်းများ မြင်၍ ဗုဒ္ဓအထံ လာရောက် တောင်းပန်မှ အခွင့်ရသဖြင့် ပြန်လာကြလေသည်။

ထိုအခါ ဗုဒ္ဓရှင်တော်က “သာရိပုတ္တရာ…ငါဘုရား နှင်ထုတ်တုန်းက ဘယ်လိုများ စိတ်ထားသလဲ”ဟု မေးတော်မူရာ “ယခုအခါ ဗုဒ္ဓရှင်တော်မြတ်သည် သံဃာ့ပရိသတ်အပေါ်၌ ကြောင့်ကြစိုက် တော်မမူလိုဘဲ ဖလသမာပတ်ဝင်စားကာ ချမ်းသာစွာ နေတော်မူလိုပြီ၊ ငါတို့လည်း ဗုဒ္ဓရှင်တော်ကို အတုလိုက်၍ အေးဆေးစွာ နေကြန်တော့မည်”ဟု စိတ်ဖြစ်ပါကြောင်း လျှောက်လေသည်၊ ထိုအခါ “သာရိပုတ္တရာ (ဖလသမာပတ် ဝင်စား၍ အေးအေးဆေးဆေး နေဖို့ ရန်) ဆိုင်းငံ့ဦး, ဆိုင်းငံ့ဦး”ဟု မိန့်တော်မူသည်၊

အရှင်မောဂ္ဂလ္လာန်ကို မေးတော်မူပြန်ရာ… “ယခုအခါ ဗုဒ္ဓမြတ်စွာသည် သံဃာ့အပေါ်၌ ကြောင့်ကြမဲ့ နေတော်မူလေပြီ၊ ငါနှင့် အရှင်သာရိပုတ္တရာက သံဃာကို ရွက်ဆောင်ရတော့မည်”ဟု စိတ်ဖြစ်ပါကြောင်းကို လျှောက်ထားလေသော် … “သာဓု…သာဓု”ဟု ခေါ်တော်မူ၍ “မောဂ္ဂလ္လာန်… ငါဘုရားလည်း ရဟန်းသံဃာများကို ရွက်ဆောင်တော်မူမည်၊ သင်တို့လည်း ရွက်ဆောင်ကြ”ဟု မိန့်တော်မူသည်။

မှတ်ချက်။ ။ ဤဝတ္ထု၌ ကျောင်းတိုက်အတွင်းဝယ် ဆူညံခြင်းကို မလိုလားအပ်၊ တိတ်ဆိတ်ခြင်းကိုသာ ဗုဒ္ဓရှင်တော် လိုလားတော်မူကြောင်း, စာတုမာရွာ၏ သာကီဝင်များသည် သာသနာ့အရေး၌ ဝင်ရောက် စွက်ဖက်၍ သာသနာ့ဝန်ကို ဆောင်ကြသကဲ့သို့ ဒကာများလည်း သာသနာ့ဝန်ဆောင်များ ဖြစ်သင့်ကြောင်း, အရှင်သာရိပုတ္တရာ၏ သာသနာရေး၌ ကြောင့်ကြမဲ့ နေလို စိတ်ကို ခွင့်ပြုတော်မမူဘဲ အရှင်မောဂ္ဂလ္လာန်၏ သံဃာ့တာဝန် ဆောင်မည်ဟု ကြံစည်စိတ်ကိုသာ သာဓု ခေါ်ပုံထောက်၍ သံဃာ့ဝန်ဆောင်ခြင်းကို ဗုဒ္ဓမြတ်စွာ လိုလားတော်မူကြောင်း သိသာလှပေသည်။

အဂ္ဂသာဝကနှစ်ပါး၏ အကူအညီကြောင့်လည်း ဗုဒ္ဓသာသနာတော်သည် များစွာ ကျက်သရေ ရှိတော်မူခဲ့ပါပေသည်၊ မှန်၏၊… ရှင်ဒေဝဒတ်သည် သံဃာကို အသင်းခွဲ၍ ရဟန်းငယ် ငါးရာကို ခေါ်ယူသွားသောအခါ အဂ္ဂသာဝကနှစ်ပါးကိုပင် စေလွှတ်၍ ထို ရဟန်းငယ်များကို တရားအမှန် သိစေတော်မူခဲ့ရသည်၊ သို့ရာတွင် ထိုအဂ္ဂသာဝက အရှင်နှစ်ပါးသည် ဗုဒ္ဓအလျင် ပရိနိဗ္ဗာန် စံတော်မူနှင့်ကြသောကြောင့် ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အရှင်မဟာကဿပကဲ့သို့ သာသနာတော်၏ တာဝန်ကို ဆောင်ခွင့် ရတော်မမူကြချေ၊ ထို့ကြောင့် သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် ဖြစ်သော အရှင်မဟာကဿပ၏ အကြောင်းအရာကို မိမိကြည်ညိုသကဲ့သို့ အများကြည်ညိုကြဖို့ရာ သံဃာ့ရတနာ အခန်း၌ ယခုအခါ ပြတော့မည်။

အရှင်မဟာကဿပအကြောင်း

အမျိုးဂုဏ်

အရှင်မဟာကဿပ၏ အကြောင်းအရာကို စဉ်းစားရသည်မှာ ကြက်သီးထ လောက်အောင် အရသာ ရှိပါပေ၏၊ စိတ်အား တက်ကြွ အားရဖွယ်တွေ အတုယူဖွယ် သံဝေဂဖြစ်ဖွယ်တွေ များလှပေ၏၊ သာသနာပကာလ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ကိုးကွယ် ဆည်းကပ်နေသော နန္ဒမင်းဘဝမှ (ပစ္စေကဗုဒ္ဓါများ ပရိနိဗ္ဗာန်စံကြသောအခါ သံဝေဂရ၍ မင်း မိဖုရား နှစ်ပါးလုံး) ရသေ့ရဟန်း ပြုလုပ်ကာ တရားအားထုတ်၍ ဗြဟ္မာ့ ပြည်၌ ဖြစ်ကြပြီးနောက် ငါတို့ ဘုရားရှင် ပွင့်တော်မူချိန်မှာ ဗြဟ္မာ့ ပြည်မှ စုတေခဲ့ကြ၍ ဗြာဟ္မဏသူဌေးမျိုး၌ “ပိပ္ပလိ”ဟူသော အမည်ဖြင့် ထင်ရှားသော သတို့သား ဖြစ်လေသည်၊ အနွယ်အားဖြင့် ကဿပအနွယ် ဖြစ်သောကြောင့် ကျမ်းစာတို့၌ အရှင်မဟာကဿပ ဟု ထင်ရှား၏၊ မိဘပိုင် ပစ္စည်းများမှာ လယ်ထဲသို့ ရေသွင်းပေးဖို့ ရေကန်ပေါင်း (၆၀), လယ်ယာမြေ (၁၂)ယူဇနာ, လုပ်သားများ နေထိုင်ဖို့ရာ အနုရာဓမြို့ကြီးလောက် ကြီးကျယ်သော (၁၄)ရွာနှင့် မြင်းတပ် ဆင်တပ် ရထားတပ်လည်း (၁၄)တပ်စီလောက်ရှိရကား မဟာရာဇာတမျှ ကြီးကျယ် ခမ်းနားလှပေသည်။

ကြောင်းလမ်းစေ့စပ်ခန်း

ပိပ္ပလိသတို့သား အသက်(၂၀)အရွယ် ရောက်သောအခါ… ထိုသတို့သား တစ်ယောက်တည်းရှိသော မိဘများက လက်ထပ်ဖို့ရန် ပြောကြ၏၊ ကာမစိတ် သန့်ရှင်းသော ဗြဟ္မာ့ပြည်မှ စုတေလာခဲ့သူ ဖြစ်၍ ကာမမှုကို စက်ဆုပ်ရွံရှာရကား အခါခါ ငြင်းဆန်၍ တောထွက် ရန်သာ ဇွဲသန်သန် ပြောနေ၏၊ မိခင်ကြီးကား မိမိတို့ ပစ္စည်းများ အမွေခံ မရှိလျှင် မင်းဘဏ္ဍာ ဖြစ်ရစ်မည် စိုး၍ အမျိုးမျိုး ဖျောင်းဖျ ပြောဆိုလေရာ ပန်းပုသမားထံ အလှဆုံး ရွှေရုပ်ကို အထုခိုင်း၍ ထိုရွှေရုပ်လောက် ချောသူကို ရမှ လက်ထပ်မည်ဟု ပြောလေသည်။

(မရနိုင်ဘူး ထင်၍ ပြောခြင်း ဖြစ်သော်လည်း) မိခင်ကြီးကား အားမလျှော့၊ “ငါ့သား ကောင်းမှုပြုစဉ်တုန်းက တစ်ယောက်တည်း ပြုခဲ့မှာမဟုတ်ဘူး၊ ကောင်းမှုပြုဖက်အမျိုးသမီးဟာ ဒီရွှေရုပ်လောက် ချောမှာပေါ့” ဟု ယူဆ၍ ဗြာဟ္မဏ ရှစ်ယောက်ထံ ရွှေရုပ်ကို အပ်နှံကာ ချွေးမလောင်း အရှာခိုင်းလေတော့သည်။

နန္ဒမင်းဘဝ မရောက်ခင်ကပင် မကြာ မကြာ ရေစက်ဆုံလာ သော အမျိုးသမီးသည် နန္ဒမင်း၏ မိဖုရားဘဝ၌ အတူတကွ ရသေ့ လုပ်ခဲ့ကြ၍ ဗြဟ္မာ့ပြည် ရောက်, ထို့နောက် လူ့ပြည်မှာ မိန်းမချော မိန်းမလှ အများဆုံးထွက်သော (ပဘာဝတီတို့ တိုင်းပြည်ဖြစ်ခဲ့သော) မဒ္ဒရာဇ်တိုင်း ဗြာဟ္မဏသူဌေးမျိုး၌ မယ်ဘဒ္ဒါဟူသော အမည်ဖြင့် ဖြစ်နေ၏၊ ထိုဗြာဟ္မဏရှစ်ယောက်တို့ မဒ္ဒရာဇ်တိုင်းအရောက်တွင် တစ်ဆယ့်ခြောက်နှစ်အရွယ်ဝင် အပျိုစင် “မယ်ဘဒ္ဒါ”ကို တွေ့ကြ၍ ထိုရွှေရုပ်ကို အပ်နှင်းကာ စေ့စပ်ကြောင်းလမ်း၍ ပြန်သွားကြလေသည်။

မကျေမနပ်နှင့် လက်ထပ်ကြရပုံ

ထိုအကြောင်းကို သတို့သား သတို့သမီးတို့ ကြားသိရလျှင် စိတ်အဆင်းရဲကြီး ဆင်းရဲသွား ကြန်တော့၏၊ သတို့သား စဉ်းစားသည်မှာ… “ငါသည် ထိုရွှေရုပ်လို အမျိုးသမီးကို မရနိုင်ဘူး ထင်ခဲ့၏၊ ယခုသော် ရပြီဟု ပြောကြသည်၊ ဘာပဲဖြစ်ဖြစ် မိဘများ ကွယ်လွန်လျှင် တောထွက်မည် အမှန်ပင်ဖြစ်ရကား သတို့သမီးလေး စိတ်ဆင်းရဲရစ် ရှာတော့မည်၊ ကိစ္စမလွန်ခင်က သတိပေးရလျှင် သင့်တော်စရာ ရှိရဲ့” ဟု စဉ်းစား၍ တိတ်တိတ်ပုန်း စာရေးသည်မှာ…

“အို ဘဒ္ဒါ … နှမအတွက် ဂုဏ်အသရေချင်း တူမျှသော အမျိုးသားကို ရပါစေဟု ဆုတောင်းပါသည်၊ ကျုပ်တော့ မိဘများ ကွယ်လွန်လျှင် အမှန်ပင် ရဟန်းပြုရပါလိမ့်မည်၊ နောင်တ မရဖို့ရန် ယခုက သတိပေးပါသည်” ဤသို့ စာရေး၍ လူယုံတော်ကို စေလွှတ်လိုက်လေသည်။

အမျိုးသမီးလည်း ထိုအတိုင်းပင် စဉ်းစား၍ မိမိလက်မထပ်လိုသော စာကို ရေးသားစေလွှတ်လေရာ ထိုစေတမန်နှစ်ဦးတို့ ခရီး အကြားမှာ တွေ့ကြ၍ အကျိုးအကြောင်း မေးကာ ( ဝမ်းမြောက်ကျေနပ်ကြောင်း ကြင်ကြင်နာနာ ရေးသားကြလိမ့်မည်ဟု ထင်၍) ပေးလိုက်သော စာကို သဘောတူ ဖွင့်ကြည့်သောအခါ သူတို့ ထင်ကြေးနှင့် မကိုက်သော စာနှစ်စောင်ကို ဆုတ်ပြီးလျှင် သဘောတူ ကျေနပ်ကြောင်း စာကိုသာ ပြင်ဆင်ရေးသား၍ ပို့ကြလေသတဲ့၊ ဤသို့အားဖြင့် ကာမစိတ် ကင်းရှင်းနေသော ရေစက်ဟောင်း နှစ်ဦးတို့ လက်မထပ်ချင်ဘဲနှင့် လက်ထပ်ပွဲ ဝင်ကြရလေသည်။

တောထွက်ကြပုံ

လက်ထပ်ပြီးနောက် အိပ်ရာဝင်ချိန်မရောက်မီကပင် ပန်းကုံးများကို ကုံးစေပြီးကာ အိပ်ရာ အလယ်၌ ချထား၍ အိပ်ရာဝင်ကြသောအခါ “ပန်းကုံးကို မထိတမ်းနော်, ညှိုးတဲ့ ပန်းကုံးရှင်ဟာ စိတ်မစင်ကြယ်လို့ဘဲ”ဟု ပြော၍ ပန်းကုံးခြားလျက် အိပ်စက်ကြလေသည်၊ သို့သော် တစ်ယောက်နှင့် တစ်ယောက် ထိမိမည် စိုးသောကြောင့် စိတ်ချ လက်ချ အိပ် မပျော်ကြ၊ ဤနည်းအားဖြင့် အိမ်ရာထောင်၍ လူ့ဘောင်မှာ နေကြသော်လည်း ကာမစိတ်ဓာတ် လွတ်လပ်စင်ကြယ်ရကား မောင်နှမ အရင်းပမာ တစ်ဦးနှင့်တစ်ဦး အထူးကြင်နာစွာ နေထိုင်ကြပြီးနောက် မိဘတို့ ကွယ်လွန်သောအခါ စည်းစိမ် ဥစ္စာကို ထိန်းသိမ်း စီမံရင်း သံဝေဂဖြစ်ကြ၍ သဘောတူ တောထွက်ကြလေသည်၊ သို့သော် ထိုအချိန်အခါ၌ “ဗုဒ္ဓ” ရှိသည်ဟူသော သတင်းကို သူတို့ မသိရသေးသဖြင့် “လောက၌ ရဟန္တာအစစ် ဖြစ်ပြီးသူကို ရည်မှန်း၍ ထိုသူ့ အထံ တပည့်ခံဖို့ရာ ငါတို့ ရဟန်းပြုပါသည်”ဟု ပြောဆိုကာ ရဟန္တာ အစစ်ကို ရှာသောအားဖြင့် တောထွက်လာခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးအခွဲ မြေလှုပ်

တောထွက်လာခဲ့ကြပြီးနောက် လမ်းနှစ်ခွသို့ ရောက်သောအခါ အရှင်ပိပ္ပလိသည် ရပ်တန့်၍ “ဘဒ္ဒါ…သင်ကဲ့သို့ ရုပ်အဆင်း အထက်တန်းကျသော ရသေ့မတစ်ယောက် နောက်က ပါနေသည်ကို မြင်ရသူ တို့က… “သူတို့နှစ်ယောက် ရသေ့ ရဟန်း ပြုပြီးသော်မှ မခွဲနိုင် မခွာရက်ကြ”ဟု အပြစ်မြင်ကြလိမ့်မည်၊ သင်အလိုရှိရာလမ်းကို ယူပါ၊ ငါတို့နှစ်ယောက် လမ်းခွဲကြစို့”ဟု မိန့်တော်မူရာ မယ်ဘဒ္ဒါကလည်း “မှန်ပါတယ်၊ လူအများ အပြစ်မြင်စရာ ဖြစ်နေပါတယ်၊ နှမက လက်ဝဲဘက်လမ်းကို လိုက်သွားပါ့မယ်၊ အရှင်က လက်ယာလမ်းကို ကြွပါ”ဟု လျှောက်၍ အလွန်ရိုသေစွာ ကန်တော့ရာ မြေစောင့်နတ်များ မနေနိုင် မထိုင်နိုင် ဖြစ်၍ ဤမဟာပထဝီမြေကြီးလည်း သွက်သွက်ခါအောင် တုန်လှုပ်လေသည်။

ဗုဒ္ဓနှင့် တွေ့တော်မူပုံ

ထို မြေလှုပ်ခြင်း၏ အကြောင်းကို ဗုဒ္ဓရှင်တော် ဆင်ခြင်တော်မူသောအခါ သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် သားတော်ကြီးအလောင်း ပိပ္ပလိသတို့သားနှင့် မယ်ဘဒ္ဒါတို့ ထွက်လာ၍ လမ်းခွဲကြကြောင်းကို သိတော်မူသဖြင့် ပိပ္ပလိအရှင် လာမည့်လမ်းသို့ သုံးဂါဝုတ် ဝေးအောင် ခရီးဦးကြိုပြုကာ ပညောင်ပင်အောက်၌ ရောင်ခြည်တော် ခြောက်သွယ်ဖြင့် တင့်တယ်စွာ ထိုင်နေတော်မူနှင့်လေသည်၊ ပိပ္ပလိအရှင်လည်း ဗုဒ္ဓရှင်တော်ကို မြင်လျှင် မြင်ချင်း “မိမိရည်မှန်း ခဲ့သော ဆရာသည် ဤပုဂ္ဂိုလ်သာတည်း” ဟု ဆုံးဖြတ်၍ အလွန် လေးမြတ်စွာ ရှိခိုးဝပ်ချလျက် တပည့်အဖြစ်ကို ခံယူလေသည်။ [ထို ပိပ္ပလိကို ကဿပအနွယ်ဝင်ဖြစ်သောကြောင့် “အရှင်မဟာကဿပ” ဟု ခေါ်ကြသည်။]

ရဟန္တာဖြစ်ပုံ

ဗုဒ္ဓရှင်တော်မြတ်သည် အရှင်မဟာကဿပအား ထိုနေရာတွင်ပင် ရဟန်းအဖြစ်ကို ပေးတော်မူ၍ အတူကြတော်မူလေရာ ခရီးအကြား သစ်ပင်အောက်၌ အရှင်မဟာကဿပ ခင်းပေးအပ်သော သင်္ကန်းကြီး အပေါ်မှာ ထိုင်တော်မူ၍ ထိုသင်္ကန်းကြီးကို လက်တော်ဖြင့် သုံးသတ်တော် မူကာ “ကဿပ…(လူ့ဘဝတုန်းက အဝတ်ဖြစ်ခဲ့သော) သင်ရဲ့ သင်္ကန်းက တယ်နူးညံ့ပါတကား”ဟု မိန့်တော်မူလေသော်…

အရှင်ကဿပ။ ။ဤသင်္ကန်းကို မြတ်စွာဘုရား ခြုံတော်မူပါဘုရား။

ဗုဒ္ဓ။ ။ သင်ကော ဘာကို ခြုံမည်လဲ။

အရှင်ကဿပ။ ။ မြတ်စွာဘုရား၏ သင်္ကန်းတော်အဟောင်း ရပါလျှင် ခြုံပါမည်ဘုရား။

ဗုဒ္ဓ။ ။ ကဿပ…ဤသင်္ကန်းကို ငါဘုရားကိုယ်တိုင် ပုဏ္ဏာ မည်သော ကျွန်မ၏ အလောင်းမှ တစ်ပြည်သားမျှသော လောက်တွေကို ဖယ်၍ ပံ့သကူကောက်ယူခဲ့ရတယ်၊ ဤသင်္ကန်းကို ပံ့သကူကောက်ချိန်က မဟာပထဝီမြေကြီးပင် တုန်လှုပ်ခဲ့ရတယ်၊ ဓူတင်အားလုံး ဆောင်နိုင်သူမှ ဤသင်္ကန်းနဲ့ ထိုက်တန်တယ်၊ ဤသင်္ကန်းကို ဆောင်နိုင်ပါ့မလား၊ (ဤသင်္ကန်းနဲ့ တန်အောင် ကျင့်နိုင်ပါ့မလား-ဟူလို၊) ဤသို့ မေးတော်မူ၍ အရှင်ကဿပက “ဆောင်နိုင်ပါကြောင်း”လျှောက်ထားသဖြင့် သင်္ကန်းချင်း လဲ၍ ဝတ်ရုံလေသော် မဟာပထဝီမြေကြီးလည်း တအံ့တဩ ဖြစ်သည့်ပမာ ပြင်းစွာ တုန်လှုပ်ပြန်လေသည်၊ အရှင်မဟာကဿပ လည်း ဓူတင်အားလုံးကို ဆောင်၍ ကြိုးစားအားထုတ်တော်မူရာ ရှစ်ရက်မြောက် အရုဏ်တက်ချိန်မှာ ရဟန္တာဖြစ်တော်မူသည်။

ကျင့်တော်မူပုံ

အရှင်မဟာကဿပသည် တောကျောင်း၌ သီတင်းသုံးတော်မူ၏၊ သင်္ကန်းသုံးထည်သာ ကိုယ်ပိုင် ထားတော်မူ၏၊ အမြဲ ဆွမ်းခံ၍ ဘုဉ်းပေးတော်မူ၏၊ ဆွမ်းခံရာမှာလည်း အိမ်စဉ်မကျော်ဘဲ ဆွမ်းခံတော်မူ၏၊ ဤသို့ စသည်ဖြင့် အမြဲ ဓူတင်ဆောက်တည်တော်မူကာ တစ်ရံတစ်ခါ၌မူ ဆွမ်းခံ မကြမီ သမာပတ်ကို ဝင်စားတော်မူ၍ သမာပတ်မှ ထတော်မူပြီးနောက် ဆင်းရဲသူများကို ချီးမြှောက်သောအားဖြင့် ဆင်းရဲသူများ ရပ်ကွက်သို့ ဆွမ်းခံဝင်တော်မူ၏၊ အခါတစ်ပါး၌ကား သိကြားနှင့် သုဇာတာ မိဖုရားပင် လူဆင်းရဲဟန်ဆောင်၍ အရှင်မဟာကဿပအား ဆွမ်းလောင်းဖူး၏၊ လယ်စောင့် ဆင်းရဲသူမတစ်ယောက်ကား သူ၏ သရေစာ ပေါက်ပေါက်လှော်များကို အရှင်မဟာကဿပအား လှူပြီးနောက် လယ်ကန်သင်း၌ မြွေပေါက်ခံရ၍ စုတေလေရာ ချက်ချင်းပင် တာဝတိံသာသို့ ရောက်သွားသည်။

တစ်ရံတစ်ခါ၌ နူနာစွဲသူတို့၏ လက်ဖြင့် နယ်၍ လှူဒါန်းအပ် သော ဆွမ်းကိုပင် မြိန်ရှက်စွာ ဘုဉ်းပေးတော်မူပါသတဲ့၊ “အို အရှင်မြတ်ကြီးဘုရား…အရှင်မြတ်၏ လူ့ဘဝတုန်းက စည်းစိမ်နှင့် အရှိန်အဝါကို တွေးကာ ရဟန်းတော်ဘဝ၌ ကျင့်တော်မူပုံများကို နှိုင်းယှဉ်၍ စဉ်းစားလိုက်သောအခါ တပည့်တော်၏ အဖြစ်ကို အားမရနိုင်အောင် ရှိပါသည့်အပြင် အရှင်မြတ်ကြီးကိုကား ဦးတော်ညွှတ်ကာ ပျပ်ဝပ် ရိုသေပါသည်ဘုရား။”

ဗုဒ္ဓရှင်တော် မြှောက်စားတော်မူပုံ

နောင်အရေးကို မြော်မြင်သော ဘုရင်မင်းမြတ်သည် မိမိ၏ အရိုက်အရာကို ဆက်ခံနိုင်မည့် သားရတနာအား မိမိ ဝတ်ဆင်မြဲဖြစ်သော မင်းမြောက်တန်ဆာကို ပေးသနားတော်မူသကဲ့သို့ ဗုဒ္ဓရှင်တော်မြတ်သည်လည်း ကိုယ်တော်မြတ်၏ အရိုက်အရာ သာသနာတော်ကို ဆက်လက်၍ ဆောင်ရစ်မည်ကို မြင်တော်မူကာ ကိုယ်တော်မြတ်၏ ပံ့သကူသင်္ကန်းတော်ကို အရှင်မဟာ ကဿပ ရဟန်းဖြစ်စကပင် ပထမအကြိမ် ချီးမြှောက်တော်မူခဲ့ပြီ။

ထို့နောက် မကြာမကြာ သံဃာ့ပရိသတ်အလယ်မှာ အရှင်မဟာကဿပကို မြှောက်စားတော်မူ၏၊ “ဘိက္ခုတို့ … သင်တို့သည် ကဿပလို နေနိုင်, ကဿပလို ကျင့်နိုင်အောင် ကြိုးစားကြ၊ တရားဟောတဲ့ နေရာမှာပင် ကဿပရဲ့ စိတ်ထားမျိုးနဲ့ ဟောကြ၊ ကဿပ တရားဟောတဲ့အခါ တရားတော်၏ သဘာဝကျပုံ, မှန်ကန်ပုံကို အခြေခံထား၍ “ငါဟောတဲ့တရားကို သူတို့ နာကြလျှင် ကောင်းမှာပဲ, ကြားနာပြီး၍ နားလည်ကြလျှင် ကောင်းမှာပဲ, နားလည်ပြီး လိုက်နာ ကျင့်ကြလျှင် ကောင်းမှာပဲ” ဟု မေတ္တာ ကရုဏာစိတ်ဖြင့် ဟောသည်၊ ဘိက္ခုတို့ငါဘုရားသည် စျာန်အဘိညာဉ် ဝင်စားတော်မူလိုသည့်အခါ အလိုရှိရာ စျာန် အဘိညာဉ်ကို (အချိန် မကြာစေဘဲ) ဝင်စားနိုင်သကဲ့သို့ ကဿပသည်လည်း ငါဘုရားလိုပင် ချက်ချင်း ဝင်စား နိုင်သည်”ဟု တန်ခိုးအရာ တန်းတူထား၍ မြှောက်စားတော်မူသည်။

မြှောက်စားရာ၌ ရည်ရွယ်ချက်

ဘာ့ကြောင့် ထိုမျှလောက် မြှောက်စားတော်မူပါသနည်း၊ အရှင်သာရိပုတ္တရာ, အရှင်မဟာ မောဂ္ဂလ္လာန်တို့သည် ဗုဒ္ဓရှင်တော်၏အလျင် ပရိနိဗ္ဗာန်စံကြမည် ဖြစ်၍ ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူပြီးသည့် အခါဝယ် အရှင်မဟာကဿပသာလျှင် သာသနာ့ဝန်ကို ဆောင်ရစ် ရမည်၊ ထိုအခါ “ဗုဒ္ဓရှင်တော်သည်ပင် တန်းတူထား၍ မြှောက်စား အပ်သော အရှင်မြတ်ပေတကား” ဟု အရှင်မဟာကဿပကို သံဃာတော် အားလုံးက လေးစားရစ်စေ တော်မူလိုသောကြောင့် အဂ္ဂသာဝကနှစ်ပါးထက် ပို၍ မြှောက်စားတော်မူပါသည်။

အရှင်မဟာကဿပသည် သက်တော် တစ်ရာ့ရှစ်ဆယ် ရှည်သောကြောင့် ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း အတော်ကြာတိုင်အောင် သာသနာ့တာဝန်ကို ဆောင်တော်မူခဲ့ပေသည်၊ ထိုကဲ့သို့ လူ့ဘဝ၌လည်း အမျိုးမြတ်, စည်းစိမ်ရှင် ဖြစ်၍

သာသနာတော်သို့ ဝင်လာသော အခါ၌လည်း တန်ခိုး ဣဒ္ဓိပါဒ်နှင့် အရပ်ရပ် အကျင့်ထူးသော သက်တော်ရှည် သားတော်ကြီးတစ်ပါးကို ဗုဒ္ဓရှင်တော် ရတော်မူလိုက်သည်မှာ သာသနာတော်အတွက် လွန်စွာ ကံကောင်းပါပေသည်။

သာသနာတော်၏ ပထမဝန်ဆောင်တော်များ

(သာသနာတော်၏) ပထမအပိုင်းဟု ဆိုထိုက်သော ဗုဒ္ဓရှင်တော်မြတ်၏ လက်ထက်တော်ကြီးဝယ် မိမိတို့၏ စွမ်းရာ စွမ်းရာဘက်မှ တာဝန်ကို ယူ၍ သာသနာ့တာဝန်ကို ဆောင်တော်မူခဲ့ကြသော ထိပ်ခေါင်တင်အရှင်မြတ်တို့သည် များပြားလှပါပေကုန်၏။

အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်တို့ကဲ့သို့ အချို့ထေရ် များလည်း သူဌေးဘဝနှင့် သူဌေးသားဘဝမှ ထွက်လာကြကုန်၏၊ တချို့ထေရ်များကား အရှင်အနုရုဒ္ဓါ, အရှင်အာနန္ဒာတို့ကဲ့သို့ မင်းညီမင်းသားဘဝမှလည်းကောင်း, အရှင်မဟာကပ္ပိနထေရ်, အရှင်ဘဒ္ဒိယထေရ်တို့ကဲ့သို့ တချို့ထေရ်များကား ကိုယ်တိုင် ဘုရင် အဖြစ်မှ ထီးနန်းကို စွန့်၍လည်းကောင်း ရဟန်းပြုလာကြကုန်၏၊

ထို့ကြောင့်လည်း သာသနာ့ အရည်အရောင်သည် ထိပ်တန်းရောက် အောင် ထွန်းပြောင်ကာ မဇ္ဈိမဒေသ အိန္ဒိယနယ်တွင် ဗုဒ္ဓဘာသာကို ဗိမ္ဗိသာရမင်း, ကောသလမင်း စသော ဘုရင်တို့ ကိုးကွယ်ရာ အထက်တန်းဘာသာတစ်ရပ်ဟု ဟိန္ဒူဘာသာဝင် ပညာရှင်ကြီးများပင် အသိအမှတ် ပြုခဲ့ရပေသည်။

ထိုကဲ့သို့ သာသနာ့အရောင် ထိပ်တန်းရောက်အောင် ထွန်းပြောင်ချိန်၌ သာသနာမှေးမှိန်အောင် ပြုနေသော ရဟန်းများလည်း အများအပြား ရှိပါပေသေး၏၊ ထို်ရဟန်းများ၏ မတော်မလျော်သော ကိုယ်မှု, နှုတ်မှုများကြောင့် “ဝိနယ”ခေါ်ဥပဒေတော်ကြီးကို အမှုအားလျော်စွာ အမျိုးမျိုး ထားတော်မူရပါသည်၊ ထိုသို့ ပြစ်မှု ကျူးလွန်သော ရဟန်းပေါင်း များစွာတို့တွင် အနည်းငယ်ကို ထုတ်ပြပါဦးမည်။

ဆဗ္ဗဂ္ဂီရဟန်းများအကြောင်း

ရဟန်းပြုရာ၌ သူတို့ ရည်ရွယ်ချက်

[ဆ -ခြောက်ယောက် + ဝဂ္ဂီ-အစုအရုံး ရှိသူများ] သာဝတ္ထိမြို့၌ သူငယ်ချင်း ခြောက်ယောက်တို့ တိုင်ပင်ကြသည်မှာ- “မိတ်ဆွေတို့ … လယ်လုပ်နိုင်မှ, ကုန်ရောင်းနိုင်မှ, နွားမွေးနိုင်မှ (တစ်ခုခု လုပ်နိုင် ကိုင်နိုင်မှ) အသက်မွေးဝမ်းဝသော လူ့ဘဝဆိုတာ အလွန်ကျပ်တယ်၊ ငါတို့ တစ်စု ဘုန်းကြီးလုပ်ရလျှင် မကောင်းပေဘူးလား”ဟု တိုင်ပင်ရာ သူငယ်ချင်းခြောက်ယောက်လုံး သဘော တူကြပြီးနောက် “ဘုန်းကြီးလုပ်ပြန်လျှင် မထင်မရှားတဲ့ နေရာမှာ သင်္ကန်းမဝတ်ဘဲ ကိစ္စ တစ်စုံတစ်ရာ ကြုံလာလျှင် ထုတ်ဆောင် ကယ်တင်နိုင်မည့် ပုဂ္ဂိုလ်အထံ ဘုန်းကြီးလုပ်မှ နေရာကျမယ်၊ ဒါကြောင့် အဂ္ဂသာဝကနှစ်ပါးအထံ ကပ်ကြစို့ရဲ့”ဟု ဆုံးဖြတ်ကြပြီး လျှင် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန် နှစ်ပါးတို့အထံ ရဟန်းပြုကြလေသည်။ [ဤနေရာဝယ် အသက်မွေးချောင်အောင် ဘုန်းကြီးလုပ်ကြပုံကို သတိပြုခဲ့ပါ။]

ထိုသို့ ရဟန်းပြုကြပြီးနောက် ငါးဝါမပြည့်သေးလျှင်သော်လည်းကောင်း, ငါးဝါ ပြည့်စေကာမူ ဝိနည်းနားမလည်လျှင်သော်လည်းကောင်း ဆရာနှင့် ခွဲ၍ မနေရ၊ ထို့ကြောင့် ဝိနည်းပညတ်တော် အတိုင်း ငါးဝါရအောင် ဆရာ့အထံ ဝိနည်းဆိုင်ရာအားလုံးကို သင်ပြီးလျှင် တိုင်ပင်ကြပြန်သည်မှာ “ဇနပုဒ် ဒိစတြိတ်မြို့ဆိုသည်မှာ အမြဲ သာယာဝပြောနေဖို့ ခဲယဉ်းတယ်၊ တစ်ရံတစ်ခါ ဒုဗ္ဘိက္ခကပ် ကြုံလာခဲ့သော် တစ်ပါးနှင့်တစ်ပါး အားထား ကူညီနိုင်ဖို့ရာ တပည့် တော်တို့ ခြောက်ပါးတွင် နှစ်ပါးစီ ခွဲနေကြစို့”ဟု တိုင်ပင်ကာ နေရာ ဌာနကို စိတ်ကူးကြလေသည်။

နေရာဌာနနှင့် ဆဗ္ဗဂ္ဂီအစုအရုံး

သာဝတ္ထိမြို့ဆိုတာ သိန်းပေါင်း များစွာသော လူထု၏ နေထိုင်ရာဒေသဖြစ်၍ ကာသိတိုင်း ကောသလတိုင်းဟူသော တိုင်းကြီးနှစ်တိုင်း၌ ရှိကြသော ကျေးရွာပေါင်း ရှစ်သောင်း၏ အခွန်တော်သွင်းရာ မြို့တော်ဖြစ်သည်၊ ထို့ကြောင့် အရှင်ပဏ္ဍုကနှင့်အရှင်လောဟိတကတို့က ဤသာဝတ္ထိမှာ နေပြီးလျှင် ကျောင်းပိုင်ရအောင် ပထမကြိုးစား ကြပါ၊ ထိုကျောင်းမှာ သရက်, ပိန္နဲ, အုန်း စသော သစ်ပင် ပန်းပင် အမျိုးမျိုးကို စိုက်ကြပါ၊ လာသမျှ ဒကာ ဒကာမတွေကို လက်မလွတ် ရအောင် သစ်သီး ပန်းပေး၍ ချီးမြှောက်ကြပါ၊ ထို့နောက် အကျွမ်း ဝင်သောအခါ သူတို့၏ သားကလေးများကို ရှင် ရဟန်း ပြုပေးကာ ပရိသတ်တိုးပွားအောင် ကြိုးစားကြပေတော့။

ရာဇဂြိုဟ်မြို့ဆိုတာကလည်း ကုဋေပေါင်းများစွာသော လူထု၏ နေထိုင်ရာ ဖြစ်သည့်ပြင် အင်္ဂတိုင်း, မဂဓတိုင်းဟူသော တိုင်းကြီး နှစ်တိုင်း၌ ရှိသော ရွာပေါင်း ရှစ်သောင်းတို့မှ အခွန်တော်သွင်းရာ ဌာနကြီးပင် ဖြစ်ပေသည်၊ အရှင်မေတ္တိယနှင့် အရှင်ဘူမဇကတို့က ထိုရာဇဂြိုဟ်ဝယ် နေရာကောင်း ရအောင်ရှာ၍ ကျောင်းတိုက်တည်ကာ (ရှေးနည်းအတိုင်း) အခြွေအရံ တိုးပွားအောင် ကြိုးစားကြပါ။

ကိဋာဂိရိဇနပုဒ်ဆိုသည်မှာ မိုးဥတု ဆောင်းဥတု နှစ်မျိုးလုံး မိုးရွာ၍ အသီးအနှံများကို တစ်နှစ် သုံးကြိမ်စားရသဖြင့် သာယာဝပြောသော နေရာဖြစ်၏၊ အရှင်အဿဇိနှင့် အရှင်ပုနဗ္ဗသုကတို့က ထိုကိဋာဂိရိဇနပုဒ်မှာ ကျောင်းတိုက်ပိုင်ဖြစ်အောင် ကြိုးစားလျက် အခြွေရံ ပရိသတ် တိုးပွားအောင် အားထုတ်ကြပါ။

ဤသို့ အချင်းချင်းတိုက်တွန်း၍ တစ်နေရာစီ ကြိုးစားကြလေရာ သူတို့ ရည်ရွယ်ချက်အတိုင်း တစ်နေရာလျှင် သံဃာငါးရာစီရှိသောကြောင့် မကြာမီပင် သာသနာတော်၌ ဆဗ္ဗဂ္ဂီဂိုဏ်းသံဃာအပေါင်းသည် ခေါင်းဆောင်ဆရာကြီးခြောက်ပါးနှင့်တကွ တစ်ထောင့်ငါးရာ ကျော် ရှိလေသည်။

ကိဋာဂိရိ၌ ဖြစ်ပျက်နေပုံ

ထိုဆဗ္ဗဂ္ဂီဂိုဏ်း ရဟန်းတို့တွင် သာဝတ္ထိမြို့နေ အရှင်ပဏ္ဍုကနှင့်အရှင်လောဟိတက ဆရာတပည့်တို့သည် လဇ္ဇီသူတော်ကောင်း သီလ ရှိသူများ ဖြစ်ကြ၍ ကြွင်းသော ဆဗ္ဗဂ္ဂီဂိုဏ်းသားတို့ကား အလဇ္ဇီ မသူတော်တွေသာ များလေသည်၊ ကိဋာဂိရိ၌ နေကြသူတို့သည် ပန်းပင် အမျိုးမျိုးစိုက်၍ ပန်းကုံးအမျိုးမျိုး ကုံးပြီးလျှင် အမျိုးသမီး ကြီးကြီးငယ်ငယ်တို့အား ပန်းကို ပေးကြ၏၊ ထိုအမျိုးသမီးများနှင့် အတူစား အတူနေကြရုံမက အိပ်ရာခင်းတစ်ခင်းတည်း၌ပင် စောင်အတူခြုံ၍ အိပ်ကြသည်ဟု ဆို၏။

သူတို့သည် ညစာလည်း စားကြ၏၊ ပန်းနံ့သာ လိမ်းကျံ ခြယ်လှယ်၍ ကိုယ်တိုင်လည်း ကကြ, သီချင်းဆိုကြ, တီးကြ, မှုတ်ကြ နှင့် သင်္ကန်းကြီးကို ခင်းပေးကာ “ဟေ့ ဒီအပေါ်မှာ ကစမ်းပါကွ နှမရ”ဟု အကလည်း ခိုင်း, ကပုံ ဆိုပုံကိုလည်း သင်ပေးကြနှင့် ဖြစ်ချင်တိုင်း ဖြစ်နေကြသည့်ပြင် ကျားချတမ်း, စစ်တုရင်ထိုးတမ်းမှ စ၍ ကစားအမျိုးမျိုးကိုလည်း ကစားကြသတဲ့၊ ထိုသို့ ပြုနေသည့် အတွက် အကြည်ညို ပျက်သူတွေထက် သူတို့ဘက် ပါနေသူက များနေကြောင်းမှာ ပြလတ္တံ့ဝတ္ထုကလေးဖြင့် သိသာပါလိမ့်မည်။

သူတော်ကောင်း မကောင်းထင်

ထိုကဲ့သို့ ကိဋာဂိရိ ဇနပုဒ်၌ သာသနာ ဆုတ်ယုတ်နေချိန်မှာ… ကာသိတိုင်းမှာ သီတင်းဝါလကျွတ်သဖြင့် သာဝတ္ထိသို့ ဘုရားဖူး ကြွမည့် ရဟန်းတော် တစ်ပါးသည် နံနက်အချိန် ထိုကိဋာ ဂိရိ၌ ဆိုက်ရောက်နေသောကြောင့် စက္ခုန္ဒြေချလျက် ကြည်ညိုဖွယ် ဆွမ်းခံဝင်လေသော် ထိုရဟန်းတော်ကို မြင်ရသူတို့ စိတ်ထဲ၌ ကြည်ညိုစရာဟု မထင်နိုင်ကြဘဲ အထူးအဆန်း ရဟန်းတစ်ပါးဟု ထင်ကြ၍ “ဒီကိုယ်တော်က ဘယ့်နှယ်ကိုယ်တော်ပါလိမ့်, အ-အနဲ့

တူလိုက်တာ၊ သွားလာပုံကလဲ နုန့်နုန့်နုန့်နုန့်နဲ့, ပြီးတော့ မျက်မှောင် ကုတ်နေသလိုပဲ မျက်နှာက ရှုံ့လို့, ဒီလိုကိုယ်တော် ဆွမ်းရပ်လာလို့ ဘယ်သူက လှူချင်မှာတဲ့လဲ”။

ဟော-တို့ ဦးအဿဇိ, ဦးပုနဗ္ဗသုကတို့ဂိုဏ်းကန်တော့ အင်မတန် သိမ်သိမ်မွေ့မွေ့ ပြေပြေပြစ်ပြစ် ရှိတယ်၊ ခေါ်ပုံ ပြောပုံကလည်း အမေတန် အမေလို့, အစ်မတန် အစ်မလို့ ခေါ်လေ့ ပြောလေ့ ရှိကြတယ်၊ စကားပြောကြပြီလားဆို (ဒီကိုယ်တော်လု်ိ မျက်မှောင် ကုတ်ကုတ်ကြီး လုပ်မထားဘဲ) မပြောခင် အရင် ပြုံးပြီးမှ ပြောလေ့ ရှိကြတယ်၊ မျက်နှာတော်ကလေးများကလည်း အင်မတန် ပေါ်လွင် ထင်ရှားတဲ့အပြင် တွေ့ကြပြီလားဆိုလျှင် သူတို့က အရင် နှုတ်ဆက် လိုက်တာပဲ၊ “ဒီလို ကိုယ်တော်များမှ ဆွမ်းကွမ်း လှူထိုက်တာ“ဟု အချင်းချင်း မကြားတကြား ပြောကြလေ၏၊

ထိုအရှင်မြတ်မှာကား ဆွမ်း တစ်ဇွန်းမျှ မရသေးဘဲ အခြားတစ်ရွာ ဆက်၍ ဆွမ်းရှာရမလို ဖြစ်နေလေသည်၊ ထိုအခါ ကံအားလျော်စွာ ရှေးမီ နောက်မီ ဥပါသကာကြီး မြင်၍ အနားကပ်လာပြီးလျှင်…

ဒကာ။ ။ ဆွမ်းကလေးများ ရတော်မူပါရဲ့လားဘုရား။

ရဟန်းတော်။ ။ မရသေးဘူးဒကာ။

ဒကာ။ ။ တပည့်တော်အိမ် ကြွတော်မူပါဘုရား။ [ဆွမ်းကပ်ပြီးသောအခါ] ဘယ်ကြွတော်မူမလို့ပါတုံးဘုရား။

ရဟန်းတော်။ ။ သာဝတ္ထိသို့ ဘုရားဖူးသွားမလို့ပဲ။

ဒကာ။ ။ “ဒါဖြင့် တပည့်တော် အလျှောက်နဲ့ ဗုဒ္ဓ ရှင်တော်မြတ်ဘုရားရဲ့ ခြေတော်ကို ရှိခိုးတော်မူပါလေဘုရား၊ ပြီးတော့ ကိဋာဂိရိကျောင်းမှာ ပျက်စီးလောက်အောင် အဿဇိ, ပုနဗ္ဗသုကတို့ ကျင့်ကြံနေတဲ့ အကြောင်းကိုလည်း လျှောက်ပြီးလျှင် သာသနာပြု လွှတ်တော်မူရန် လျှောက်လိုက်တဲ့အကြောင်းကို လျှောက်တော်မူပါလေဘုရား”ဟု မှာထား၍ ထိုရဟန်းများ ကျင့်ကြံ နေထိုင်ကြပုံကို ခရေစေ့တွင်းကျ လျှောက်ထားလိုက်လေသည်။

အဂ္ဂသာဝကနှစ်ပါး ကြွလာ၍ နှင်ထုတ်ရပုံ

ထို ခရီးသွားရဟန်းတော်လည်း ဗုဒ္ဓအထံတော်ရောက်၍ တွေ့ကြုံခဲ့ရသမျှနှင့် ထိုဥပါသကာ လျှောက်လိုက်သမျှကို လျှောက်ထားလေရာ ဗုဒ္ဓရှင်တော်သည် အဂ္ဂသာဝကနှစ်ပါးကို ခေါ်တော်မူ၍ “သင်တို့ သွားပြီး အဿဇိ, ပုနဗ္ဗသုက ဂိုဏ်းသားတွေကို ကိဋာဂိရိမှ နှင်ထုတ်ကြချေ၊ သူတို့ တစ်တွေဟာ သင်တို့ရဲ့ တပည့်များ ဖြစ်ကြသည်”ဟု မိန့်တော်မူလျှင် ထိုအရှင်နှစ်ပါးက ပြန်၍ လျှောက်ကြသည်မှာ “အဿဇိ, ပုနဗ္ဗသုက တို့သည် လူကြမ်း လူရမ်းတွေ ဖြစ်ပါတယ်၊ တပည့်တော်တို့ ဘယ် နည်းဖြင့် နှင်ထုတ်ရမှာလဲ”… “ရဟန်းများများ ခေါ်သွားကြန်တော့၊ (သူတို့က မထွက်ဘဲ ငြင်းဆန်နေလျှင် သံဃာအားဖြင့် အတင်း နှင်ထုတ်ရန် အလိုတော်ရှိဟန်တူ၏၊)” ဤသို့လျှင်“တပည့်မကောင်း ဆရာ့ခေါင်း”ဖြစ်သည်အားလျော်စွာ အဿဇိ, ပုနဗ္ဗသုကတို့ရဲ့ဆရာ ဖြစ်တော်မူကြသော အဂ္ဂသာဝကနှစ်ပါးလည်း ကိဋာဂိရိသို့ ကြွသွား၍ မိမိတို့ တပည့်ကြီးများကို ကိဋာဂိရိမှ နှင်ထုတ်ကာ ထို ဇနပုဒ်၏ သာသနာကို အသစ်ပြုကြရလေတော့သည်။

ဆက်ဦးအံ့… ဗုဒ္ဓဖြစ်ဖို့ ပါရမီဖြည့်ရာ၌ပင် သတ္တဝါအားလုံးကို ကယ်တင်နိုင်မည်ဟု မျှော်မှန်းတော်မူချက် ရှိမည်မဟုတ်ပါ၊ စကားတော်ကို လိုက်နာသူ အချို့သတ္တဝါများကိုသာ ကယ်တင်နိုင်မည်ဟု မျှော်မှန်းတော်မူချက် ရှိပါလိမ့်မည်၊ ထိုကျွတ်ထိုက်သူများကို ကျွတ်အောင် ချွတ်နိုင်လျှင် ဗုဒ္ဓတာဝန် ကျေပွန်တော့၏၊ မကျွတ်ထိုက်သော သူများကား ဗုဒ္ဓပွင့်တော်မူသည်ဖြစ်စေ, မပွင့်သည် ဖြစ်စေ ထူးမခြားနားပင် ဖြစ်လေ၏၊

ထို့ကြောင့် ယခုနှင့် နောင်အခါ၌ သာသနာပြုပြင်ရာဝယ် အမျိုးသား အမျိုးသမီးကောင်းလေးများ စနစ်ကျကျနှင့် အမှန်ကို သိကြပြီးလျှင် ယခုဘဝ၌လည်း အမျိုးဘာသာ သာသနာအကျိုးကို ဆောင်နိုင်, နောက်ဘဝတွက်လည်း အထက်တန်းကျကျနှင့် နိဗ္ဗာန်ရသည်အထိ လမ်းမှန်မှန် သွားနိုင်ကြဖို့ရန် ရည်သန်၍သာ မိမိကိုးကွယ်ရာ အရင်းခံ သာသနာတော်ကို ပြုပြင်သင့်ကြပါသည်။

အရှင်မဟာကဿပဝန်ဆောင်ပုံ

နောက်လိုက်ရဟန်းများ လမ်းခရီး၌ ဖြစ်ပုံ

ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူချိန်၌ အရှင်မဟာကဿပသည် ဒေသစာရီ လှည့်လည်နေခိုက် ဖြစ်၏၊ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ခုနစ်ရက်မြောက်၌ကား ပါဝါပြည်မှ ကုသိနာရုံသို့ နောက်ပါ ရဟန်းငါးရာနှင့်တူ ကြွလာတော်မူသည်၊ ထိုအချိန် မှာပင် ကုသိနာရုံပြည်၌လည်း ဗုဒ္ဓရှင်တော်၏ အလောင်းတော်ကို အတောင် တစ်ရာ့ရှစ်ဆယ်မြင့်သော စန္ဒကူးနံ့သာပုံပေါ်သို့ တင်၍ မလ္လာမင်းတို့ မီးရှို့ပူဇော်ကြသော်လည်း မီးကူးအောင်မျှ မတတ်နိုင် ကြချေ၊ [ထိုအစည်းအဝေးတွင် ပါဝင်ကြသော နတ်တို့တွင် အရှင် မဟာကဿပကို ဆည်းကပ်၍ နတ်ပြည်၌ ဖြစ်ရသော နတ်တို့က သူတို့ အရှင်မြတ်ကို ပရိသတ်၌ မမြင်ရသဖြင့် “ငါတို့ အရှင် မရောက်မချင်း မီးမတောက်စေရ”ဟု ကြံကာ မီးမွှေး၍ မရအောင် စီမံထားကြသတဲ့။]

အရှင်မဟာကဿပထေရ်သည် ကုသိနာရုံပြည်၌ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူကြောင်းကို သိပြီးလည်း နောက်ပါ ရဟန်းများ မသိကြသေး၍ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူသည်ကို ရုတ်တရက်တွေ့လျှင် နောက်ပါ ရဟန်းတို့ အလူးအလှိမ့် ငိုကြမည့်အရေးကိုလည်းကောင်း, လူဝတ်ကြောင်တို့က ထိုရဟန်းတို့ ငိုကြပုံကို မြင်၍ ပြစ်တင်ကဲ့ရဲ့ဖွယ်ရှိသည်ကို လည်းကောင်း မျှော်တွေးမိသောကြောင့် လူမြင်သူမြင် မရောက်စေဘဲ မိုးချုပ်မှ ရောက်အောင် နားနားနေနေ ကြွတော်မူလေရာ တစ်နေရာ၌ နား၍ နေကြစဉ် အဝေးမှ နတ်ပန်းကြီးကို ထီးဆောင်း၍လာသော တက္ကတွန်းကို မြင်၍ “ဒီနေရာကပင် ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူကြောင်းကို နောက်ပါ ရဟန်းတွေ သိစေမှ တော်မည်၊ တောထဲ၌ အားရအောင် ငိုကြလျှင် ကုသိနာရုံရောက်က အငိုသက်သာစရာ ရှိ၏”ဟု ကြံတော်မူကာ ဗုဒ္ဓကို ရိုသေသောအားဖြင့် နေရာမှ ထ၍ “အို တက္ကတွန်း…ငါတို့ဆရာ ဗုဒ္ဓရှင်တော်မြတ်ကို သိပါရဲ့လား”ဟု စကားစ၍ မေးလေသည်၊ ထိုအခါ တက္ကတွန်းက “သိပါသော်ကော, အရှင်တို့ရဲ့ ဗုဒ္ဓ ကွယ်လွန်သည်မှာ ယနေ့ (၇) ရက်တောင် ရှိပြီပေါ့”ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပုထုဇဉ် သောတာပန် သကဒါဂါမ်ရဟန်းများ မဖြေနိုင် မဆည်နိုင် အလူး အလှိမ့် ငိုကြရှာလေသည်။

သုဘဒ္ဒစကားကြောင့် သံဝေဂဖြစ်ပုံ

“သုဘဒ္ဒ”ဆိုသူကား ကလေးနှစ်ယောက်နှင့်တကွ ရဟန်းပြုလာသော တောထွက် ရဟန်းကြီးတည်း၊ သူသည် သားကလေး နှစ်ယောက်ကို ဆန်ဆီ စသည် အတောင်းခိုင်းပြီးလျှင် မိမိရှိပြီး ပစ္စည်းများနှင့်တကွ အကုန်အကျ များစွာခံ၍ ဗုဒ္ဓနှင့် ရဟန်းတော် များကို ဆွမ်းကပ်လှူလိုကြောင်း ခွင့်တောင်းလေရာ မအပ်မရာသော ပစ္စည်းဖြစ်၍ အလှူခံတော်မမူသောကြောင့် ထိုအချိန်ကစ၍ ဗုဒ္ဓကို ရန်ငြိုးဖွဲ့ခဲ့၏၊

ထိုရဟန်းကြီးသည် ယခုအခါ အရှင်မဟာကဿပ၏ နောက်လိုက်ထဲတွင် ပါဝင်နေရာ ဗုဒ္ဓပရိနိဗ္ဗာန်စံကြောင်းကို ကြားရ လျှင် (ထ၍ ကန်တော့မလောက်) ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ငိုနေကြသော ရဟန်းကလေးများကို “ကိုယ်တော်တို့…ဝမ်းမနည်းကြစမ်းပါနှင့်, မငိုကြစမ်းပါနှင့်၊ ရှေးတုန်းက ဘယ်ဟာ မအပ်ဘူးလေး ဘယ်ဟာ အပ်သလေးနှင့် တပည့်တော်တို့မှာ အချုပ်အချယ် ခံနေခဲ့ရတယ်၊ ယနေ့တော့ လုပ်ချင်ရာ လုပ်နိုင်ပြီ”ဟု ဝမ်းသာအားရ ပြောသည်ကို အရှင်မဟာကဿပ ကြားတော်မူ၍ ဒီရဟန်းယုတ်ကို ယခုနှယ်က နှင်ထုတ်ရလျှင် “ဟော…ကြည့်ကြစမ်း၊ အရှင်ဂေါတမ ကွယ်လွန်လို့ ခုနစ်ရက်သာရှိသေး၊ သူ့တပည့်တွေ ရန်ဖြစ်ကုန်ကြပြီ” ဟု တိတ္ထိတို့ ပြောစရာဖြစ်မည်ကို စိုးသောကြောင့် အောင့်အည်း သည်းခံတော်မူကာ “ဗုဒ္ဓအလောင်းတော် ရှိစဉ်မှာပင် ယခုလို စော်ကားသော ရန်ဆူး ရန်ငြောင့်တွေ ပေါ်လာလျှင် နောင်အခါ ဒီလို လူစားတွေကြောင့် သာသနာတော်ကြီး ပျက်စီးရချေရဲ့”ဟု အနာဂတ်သာသနာ အရေးကိုသာ လေးလေးနက်နက် တွေးတော်မူရှာပေသည်။

အလောင်းတော်ကို ကန်တော့ပုံ

ကုသိနာရုံပြည်၌လည်း “အရှင် မဟာ ကဿပ မကြွလာသေး၍ မီးပူဇော်ရာ၌ မီးမတောက်အောင် နတ်များက တားထားသတဲ့”ဟူသော သတင်းကို အရှင်အနုရုဒ္ဓါထံမှ ကြားကြရ၍ အရှင်မဟာကဿပကို မမြင်ဖူးသူ လူအချို့သည် “ဘယ်လို ကိုယ်တော်များ ဖြစ်ပါလိမ့်”ဟု မျှော်လင့်ကာ အရှင်မဟာကဿပ လာမည့်လမ်း၌ နံ့သာပန်းလက်စွဲ၍ ခရီးဦးကြိုပြုနေကြစဉ် နောက်ပါ ရဟန်းတော်များနှင့်အတူ ကြွလာတော်မူ၍ ဗုဒ္ဓအလောင်းတော် မြတ်ကို လက်ယာရစ် လှည့်လည်တော်မူကာ ခြေတော်ရှိရာအရပ်၌ မတ်မတ်ရပ်ပြီးလျှင် စျာန်အဘိညာဉ်ဝင်စား၍ စျာန်မှ ထတော်မူ ပြီးနောက် “ဗုဒ္ဓရှင်တော်၏ ခြေတော်တို့သည် ငါ၏ ဦးခေါင်းပေါ်၌ တည်တော်မူကြပါစေသတည်း”ဟု ဓိဋ္ဌာန်တော်မူလိုက်ရာ တိမ်တိုက် ကြားမှ လဝန်းကြီး ထွက်ပေါ်လာသကဲ့သို့ ခြေတော်အစုံ ထွက်ပေါ် လာလေသော် လက်တော်ကို ဆန့်တန်း၍ ခြေတော်တို့ကို တင်းတင်း ကျပ်ကျပ် ကို်င်ပြီးလျှင် မိမိဦးခေါင်းပေါ်၌ တင်ကာ အားရပါးရ ရှိခိုးတော်မူရှာသည်။

ထိုအံ့ဩဖွယ်ကို မြင်ရ၍ အုတ်အုတ်ကျွက်ကျွက်ဖြစ်သော လူအများလည်း ပန်းနံ့သာတို့ဖြင့် အားရဝမ်းသာ ပူဇော်ကြပြန်လေသည်၊ အရှင်မဟာကဿပမထေရ်နှင့် နောက်ပါ ရဟန်းတော်များ ရှိခိုးကန်တော့ကြပြီးနောက် ခြေတော်အစုံလည်း လမင်းကြီး ဝင်သွားသကဲ့သို့ စန္ဒကူးနံ့သာပုံ အကြား၌ ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အုတ်အုတ်ကျွက်ကျွက်ဖြစ်ကာ မြည်တွန်တောက်တီးလျက် အငိုကြီး ငိုကြရှာလေသည်။

သင်္ဂါယနာတင်ရန်ဆွေးနွေးပုံ

ဗုဒ္ဓရှင်တော်မြတ်၏ အလောင်းတော်ကို မီးပူဇော်ပြီးလျှင် အရိုးဓာတ်တော်များကို ဝေဖန်ပြီးနောက် သံဃာ့ပရိသတ်ကြီး၏ အကြီးအကဲဖြစ်သော ပုဂ္ဂိုလ်သည် အရှင်မဟာကဿပ ပင်တည်း၊ ထိုအရှင်မြတ်သည် သံဃာ့ပရိသတ်ကြီးကို စည်းဝေးစေပြီးလျှင် ပါဝါပြည်မှ ကုသိနာရုံသို့ လာစဉ်က သုဘဒ္ဒရဟန်းကြီး၏ “ငါတို့ သည် ရဟန်းဂေါတမလက်မှ လွတ်ကြရပေပြီ” စသည်ဖြင့် နစ်နစ် နာနာ ပြောအပ်သော စကားကိုလည်း ပြောပြ၏၊

“ငါ့ရှင်တို့… ဗုဒ္ဓ ရှင်တော်မြတ်၏ စပ်ရာ စပ်ရာ ဟောတော်မူအပ်သော တရားတော်များသည် မသီကုံးအပ်သော ပန်းတွေကဲ့သို့ အစီအစဉ် မရှိဘဲ ဖြစ်နေသည်၊ ပန်းတွေ မကုံးဘဲ ထားလျှင် လေတိုက်ခတ်တိုင်း လွင့်ကာ မကြာခင် ကုန်ဖွယ်ရာ ရှိသကဲ့သို့ တရားတော်များကို စီကာစဉ်ကာ သဘောတူရာ ပေါင်းစု၍ မထားလျှင် အဓမ္မဝါဒီ အလဇ္ဇီတို့၏ (ဘုရားဟော မဟုတ်သော တရားတွေကို ထည့်သွင်း၍ ဘုရားဟောအစစ် တရားတွေကို တချို့တလေ နုတ်ပယ်ပြီးလျှင် သူတို့ ထင်သလို ပြုလုပ်ခြင်းတည်းဟူသော) လေမုန်တိုင်း တိုက်လွှင့်သောကြောင့် မကြာခင် တရားတော်များ ဟောတော်မူရင်းအတိုင်း မဟုတ်တော့ဘဲ တစ်မျိုးတစ်မည် ပြောင်းလဲကာ အစစ် အမှန် တရားတော်များ ကွယ်စရာရှိသည်။

ငါ့ရှင်တို့…သုဘဒ္ဒကဲ့သို့သော အဓမ္မဝါဒီ အလဇ္ဇီတွေ တစ်စ တစ်စ တိုးပွား၍ အင်အားကြီးကာ ဓမ္မဝါဒီ လဇ္ဇီပုဂ္ဂိုလ်များ အင်အား နည်းဖို့ အချိန်အခါ ကြာကောင်းမှ ကြာတော့မည်၊ သို့ဖြစ်၍ ယခုနှယ်က ဗုဒ္ဓတရားတော်များကို ဝိနည်းဆိုင်ရာတစ်သန့်, သုတ္တန် ဆိုင်ရာ တစ်သန့်, အဘိဓမ္မာဆိုင်ရာ တစ်သန့် ခွဲခြား၍ သူ့အခန်း နှင့်သူ (ပန်းတွေ ကုံးသလို) ပေါင်းစုကြစို့”ဟု မိန့်တော်မူကာ ထိုနေရာမှာပင် အများတောင်းပန်ချက်အရ အရှင်မဟာကဿပ မထေရ်သည် သင်္ဂါယနာတင်ကိစ္စကို ဆောင်ရွက်ကြဖို့ရာ စျာန် အဘိညာဉ်လည်း ရ, ရဟန္တာလည်း ဖြစ်၍ မိမိတို့ ဆိုင်ရာ၌ နောက်လိုက်များစွာဖြင့် သံဃာ့နာယကလည်း ဖြစ်တော်မူကြ, ဗုဒ္ဓ တရားတော်ကို နှုတ်တက်ဆောင်ထားကြသော လေးရာ့ကိုးကျိပ် ကိုးပါးကို ရွေးတော်မူသည်။

မှတ်ချက်။ ။ အဓမ္မဝါဒီ-မတရားဘက်က ပြောလေ့ရှိသူ၊ အလဇ္ဇီ-မကောင်းမှုကို (မကောင်းမှန်းသိလျက်)ပြုရဲသူ၊ ထိုပုဂ္ဂိုလ်များ အားရှိသောအခါ ဓမ္မဝါဒီ လဇ္ဇီပုဂ္ဂိုလ်များသည် အမှန်ကို ပြောသော်လည်း မအောင်မြင်၊ ထို့ကြောင့် အဓမ္မဝါဒီတို့ အားမရှိခင် သင်္ဂါယနာ တင်ဖို့ရန် အရေးတကြီး စီမံတော်မူသော အရှင်မဟာကဿပသည် သာသနာ့တာဝန်ဆောင် ထိပ်ခေါင်တင် ပီသပါပေသည်။

အရှင်အာနန္ဒာကို ရွေးတော်မူကြခြင်း

ထိုသင်္ဂါယနာတင်ကြမည့် သံဃာတော်များကို ရွေးချယ်ချိန်မှာ အရှင်အာနန္ဒာသည် ရဟန္တာမဖြစ်သေးပါ၊ (သင်္ဂါယနာတင်ခါနီးမှ ရဟန္တာဖြစ်သည်၊) ရဟန္တာပေါင်းများစွာကို ချန်၍ ရဟန္တာမဖြစ်သေးသော အရှင်အာနန္ဒာကို ရွေးချယ်လိုက်လျှင် ပုထုဇဉ်သံဃာများက အပြစ်တင်ဖွယ်ရှိ၏၊ အရှင်အာနန္ဒာကား ဗုဒ္ဓတရားတော် အားလုံးကို နှုတ်တက် ဆောင်ထားသူများတွင် ပထမတန်းပုဂ္ဂိုလ် ဖြစ်၏၊ ထို့ကြောင့် တစ်ဖက်က ကြည့်ပြန်လျှင် သင်္ဂါယနာတင်ကိစ္စဝယ် အရှင်အာနန္ဒာသည် ပထမဆုံး ရွေးချယ် ထိုက်သူ ဖြစ်နေပြန်၏၊ ဤသို့လျှင် အရှင်မဟာကဿပ ကိုယ်တော်တိုင် ရွေးဖို့လည်း မတော်, ချန်ထားဖို့လည်း မလျော်သောကြောင့် “အရှင်အာနန္ဒာကို သံဃာများအလိုကျ ရွေးကြပေစေတော့”ဟူသော သဘောဖြင့် ငါးရာပြည့်ဖို့ရန် တစ်ပါးချန်၍ ရွေးချယ်တော်မူခြင်း ဖြစ်သည်။

နေရာဌာနရွေးချယ်ကြခြင်း

ထိုသို့ တစ်ပါး လိုနေသောအခါ အားလုံးလိုလိုက အရှင်အာနန္ဒာ ကိုသာ ညွှန်ပြကြ၍ သင်္ဂါယနာတင် မဟာထေရ်ပေါင်းငါးရာတိတိ ပြည့်သောအခါ သင်္ဂါယနာတင်ဖို့ နေရာဌာနကို စဉ်းစားကြရပြန်သည်၊ ထိုအခါ ကျောင်းတိုက်ကြီးများလည်း ရှိ၍ ဆွမ်းခံရာဌာနလည်း ပြည့်စုံသော ရာဇဂြိုဟ်မြို့ကို အားလုံးသဘောတူသဖြင့် “လာမည့် ဝါတွင်း၌ ရာဇဂြိုဟ်မြို့ဝယ် သင်္ဂါယနာတင်ကြမည်၊ (အဓမ္မဝါဒီပုဂ္ဂိုလ်တွေ လာရောက် နှောင့်ယှက်မည် စိုးသောကြောင့်) မည်သည့်ပုဂ္ဂိုလ်မျှ ရာဇဂြိုဟ်မြို့၌ ဝါမဆိုရ”ဟု အတိအလင်း ကြေညာတော်မူရလေသည်၊ ဝါဆိုခါနီးသော် သင်္ဂါယနာတင်မည့် မဟာထေရ်များ အပြည့်အစုံ ရာဇဂြိုဟ်မြို့တော်သို့ ကြွရောက်လာ ကြ၍ ဝါကပ်တော်မူကြပြီးလျှင် ပျက်စီးယိုယွင်းနေသော ကျောင်းများကို ပြုပြင်နေကြခြင်းဖြင့် တစ်လလုံးလုံး အချိန်ကုန်သွားရလေသည်။

မှတ်ချက်။ ။ သင်္ဂါယနာတင်ကိစ္စအတွက် ဒါယကာ ဒါယိကာမများကို ကျောင်းအတွက် ဆွမ်းအတွက် တာဝန်ပေး တော်မမူကြဘဲ ကျောင်းဟောင်းများကို ပြင်၍ ကိုယ့်ဆွမ်းကိုယ်ခံကာ ကြီးကျယ်သော သာသနာ့ကိစ္စကို တာဝန်ပေါ့ပေါ့ဖြင့် ဆောင်တော်မူကြသည်မှာ အားရ ကြည်ညိုစရာ ကောင်းလှပါပေသည်။ ကျောင်းများလည်း အကောင်းကြီး မဟုတ်ကြချေ။

ဓမ္မာရုံကြီး

ထို့နောက် အဇာတသတ်မင်းထံ ကြွတော်မူကြ၍ “မဟာရာဇာ… သင်္ဂါယနာ တင်ကြန်တော့မည်”ဟု မိန့်တော်မူကြလေရာ မဟာရာဇာကလည်း “အရှင်ဘုရားတို့… လွတ်လွတ်လပ်လပ် ရဲရဲဝံ့ဝံ့ တင်တော်မူကြပါ၊ အရှင်ဘုရားများဘက်က ဓမ္မစက် ရှိပါစေ၊ ဒကာတော့်ဘက်က (အနှောင့်အယှက် ပေါ်လာလျှင်) အာဏာစက် ရှိပါစေမည်၊ အလိုရှိရာ မိန့်တော်မူ ကြပါ” ဤသို့ လျှောက်ပြီးလျှင် “သင်္ဂါယနာတင် မထေရ်များ ထိုင်ဖို့ နေရာလိုကြောင်း” အမိန့်ရှိကြသဖြင့် အလွန်ခမ်းနားသော မင်္ဂလာ ဓမ္မာရုံကြီးကို ဆောက်လုပ်စေလေသည်။

အရှင်အာနန္ဒာရဟန္တာဖြစ်

အရှင်အာနန္ဒာလည်း ရဟန္တာမဖြစ်သေးဘဲ သင်္ဂါယနာတင်ပွဲဝင်ရန် မလျော်ကန်သဖြင့် အားထုတ်နေကျ ကာယဂတာသတိကမ္မဋ္ဌာန်းကိုပင် ပြင်းပြင်းထန်ထန် အားထုတ်လေရာ သင်္ဂါယနာတင်မည့် အရုဏ်တက်လောက်မှာ ရဟန္တာ ဖြစ်တော်မူသည်၊ ဤသို့လျှင် ရဟန္တာ ငါးရာလုံး ဓမ္မာရုံကြီး၌ စုဝေးမိသောအခါ…

အရှင်မဟာကဿပ။ ။ငါ့ရှင်တို့ ဘယ်တရားတော်ကို ပထမဆုံး သင်္ဂါယနာတင်သင့်သလဲ။

မဟာထေရ်များ။ ။ဝိနည်းတရားတော်သည် သာသနာ၏ အသက်သဖွယ် ဖြစ်ပါသည်၊ ဝိနည်း တရားတော် ကွယ်လျှင် (သို့မဟုတ်) ကျင့်သူမရှိလျှင် သာသနာတော်မှာ အသက်မရှိတော့ပါ၊ ထို့ကြောင့် ဝိနည်းတရားတော်ကိုသာ ပထမဆုံး သင်္ဂါယနာတင်ကြပါစို့။

ဤသို့ စီစဉ်ပြီးလျှင် အရှင်မဟာကဿပကို ဝိနည်းတော် မေးမည့်ပုဂ္ဂိုလ်, အရှင်ဥပါလိကို ဖြေမည့်ပုဂ္ဂိုလ်ဟု သမုတ်ကြပြီးနောက် ရဟန်းတော်များ နှုတ်တက်ဆောင်ထားသော ဝိနည်းတရား တော်ထဲမှ ပထမပါရာဇိကသိက္ခာပုဒ်ရှိ၏၊ ထိုသိက္ခာပုဒ်တော်ကို ဗုဒ္ဓ ကိုယ်တော်တိုင် ပညတ်တော်မူချက် ဟုတ်-မဟုတ် သေချာအောင် စိစစ်ဖို့ရန် တာဝန်ရှိကြ၏၊ ထို့ကြောင့် သိက္ခာပုဒ် ပညတ်တော်မူရာ အရပ်, ထိုသိက္ခာပုဒ်နှင့်ဆိုင်သော အမှုသည်, ထိုသိက္ခာပုဒ်ကို ပညတ်တော်မူရခြင်း၏ အကြောင်းဝတ္ထု ဤသို့ စသည် အစုစုကို အရှင်မဟာကဿပထေရ်က မေးတော်မူ၍ အရှင်ဥပါလိကလည်း ဖြေတော်မူသည်။

ထိုသို့ မေးပြီး ဖြေပြီးနောက် အရှင်ဥပါလိဖြေပုံကို အားလုံး သဘောတူကြလေရာ ပထမပါရာဇိကသိက္ခာပုဒ်တော်နှင့်ဆိုင်သော ပါဠိတော်များကို ရဟန္တာငါးရာလုံး ပေါင်းရုံးကာ ရွတ်ဆိုတော်မူကြပါသည်၊ ဤသို့ စုပေါင်း၍ ရွတ်ဆိုကြခြင်းကို “သင်္ဂါယနာ”ဟု ခေါ်ခြင်း ဖြစ်သည်၊ [သံ - သဘောတူပေါင်းစု၍ + ဂါယနာ -ရွတ်ဆိုခြင်း၊] ဤနည်းအားဖြင့် ဝိနည်းတရားတော်ကို သင်္ဂါယနာ တင်ပြီးနောက် သုတ္တန်နှင့် အဘိဓမ္မာတရားကို သင်္ဂါယနာတင်လှည့် ရောက်သောအခါ အရှင်အာနန္ဒာကို ဖြေဆိုမည့် ပုဂ္ဂိုလ်အရာ၌ ထား၍ သင်္ဂါယနာတင်တော်မူကြသည်။

ဤသို့ ဗုဒ္ဓမြတ်စွာ၏တရားတော်များကို သဘောတူချင်းပေါင်း၍ စီကာစဉ်ကာ သင်္ဂါယနာတင်တော်မူကြသည်မှာ ခုနစ်လလောက် ကြာပါသည်၊ ထိုသို့ သင်္ဂါယနာတင်ကြပြီး နောက် ထိုတရားတော် များကို အသီးသီး တာဝန်ယူ၍ ပို့ချဖို့ရန် လွှဲအပ်တော်မူကြသည်။

ဤသို့လျှင် အရှင်မဟာကဿပစသော ရဟန္တာအရှင်တို့သည် ဗုဒ္ဓတရားတော်များကို အစီအစဉ် ကျကျနနဖြင့် တည်တံ့ရစ်ဖို့အရေး မြော်တွေးတော်မူကာ သင်္ဂါယနာတင်ပြီးနောက် လည်း အဆက်ဆက် တာဝန်ယူကာ ဆောင်ရွက်ပို့ချတော်မူလာခြင်းကြောင့်သာ ဗုဒ္ဓတရား တော်များ ယခုလောက်ကြာအောင် တည်ရှိနိုင်ပါပေသည်၊ (ထိုခေတ် ၌ ပေစာ, ပေရွက်ပေါ်တွင် ရေးတင်ခြင်း မရှိကြသေးသောကြောင့်) ထိုမျှလောက် ကြောင့်ကြမစိုက်ခဲ့ကြလျှင် သင်္ဂါယနာတင်ထားသော်လည်း တရားတော်များ ယခုလောက်ကြာအောင် တည်ရှိနိုင်မည် မဟုတ်ပါ၊ ဤသို့ ရဟန္တာအရှင်မြတ်တို့၏ ကြောင့်ကြစိုက်တော်မူခဲ့ ကြပုံကို အာရုံစွဲကာ ယခုအခါလည်း ကြိုးစားဖို့ အချိန်ရောက်လာပြီဟု ယူဆပါသည်။

ဒုတိယသင်္ဂါယနာတင်ခန်း

အရှင်မဟာယသ

လောက၌ ရှိကြသော အရာဝတ္ထုတို့တွင် အကောင်းဟူသမျှတို့သည် မကြာခဏ ပြုပြင်ပေးသူရှိမှသာ အကောင်းဘဝ၌ အတော်ကြာကြာ နေနိုင်၏၊ ပြုပြင်ပေးမည့်သူများ မရှိလျှင် (သို့မဟုတ်) ပြုပြင်လိုကြသူများ အားနည်းနေလျှင် မကောင်းသော အတုအပတွေ ပေါ်ပေါက်လာ ကြမြဲ ဖြစ်လေရာ ကောင်းသော အရာဝတ္ထုတို့သည် တိမ်မြုပ် ပျောက်ကွယ်သွားတတ်လေ၏၊ ဥပမာ…မိမိ ဝတ်နေကျ ဖြူစင် သန့်ရှင်းသော အဝတ်သည်ပင် မကြာခဏ ဖွပ်လျှော်မပေးပါမူ ဟောင်းနွမ်းသဖြင့် ပွဲလမ်းမဝင်နိုင်တော့သကဲ့သို့တည်း။

ထို့ကြောင့် စင်ကြယ်သော ဗုဒ္ဓသာသနာတော်ကို အရှင်မဟာ ကဿပစသော အရှင်တို့သည် အညစ်အကြေး အနည်းငယ်ဖြစ်စက ဖွပ်လျှော်ပေးခဲ့ကြသော်လည်း အနှစ်တစ်ရာလောက် ကြာသောအခါ ဝေသာလီပြည် ဝဇ္ဇီတိုင်းသား ရဟန်းများကြောင့် ဆယ်ပါးသော အပြစ် အညစ်အပေ တွေ့ရပြန်သည်၊ ထိုဆယ်ပါးတွင် လူအများ နားလည်နိုင်လောက်သော အပြစ်ကား “ကပ္ပတိ ဇာတရူပရဇတံ-ရဟန်းတော်များအား ရွှေ ငွေ အပ်၏”ဟူသော အယူဝါဒတည်း၊ ကာကဏ္ဍကဗြာဟ္မဏ၏ သားတော်ဖြစ်သော ရဟန္တာ အရှင်ယသသည် ဒေသစာရီ လှည့်လည်တော်မူရင်း ထိုဝဇ္ဇီရဟန်းတို့၏ သတင်းကို ကြားတော်မူလေသော်“ဗုဒ္ဓသာသနာတော် ပျက်စီးနေကြောင်းကို ကြားရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့မလျော်ချေ၊ ယခုပင် ငါ သွား၍ အဓမ္မဝါဒီများကို နှိမ်နင်းကာ ဓမ္မအစစ်အမှန်ကို ပြမည်” ဤသို့ ကြံတော်မူကာ အာဇာနည်ဆင်မြတ်ရတနာသည် ရန်သူ ရှိရာကို မရှောင်ကွင်းဘဲ အတင်းချင်းနင်းသကဲ့သို့ အဓမ္မဝါဒီအသင်း တို့၏ စစ်တလင်းဟု ဆိုထိုက်ရာ ဝေသာလီပြည်သို့သာလျှင် တစ်ပါး တည်း ကြွ၍ ကူဋာဂါရသာလာ၌ သီတင်းသုံးပါသည်။

ဥပုသ်နေ့၌ ဖြစ်ပုံ

ဝဇ္ဇီရဟန်းတို့သည် ဥပုသ်နေ့၌ ခွက်ထဲ၌ ရေအပြည့် ထည့်၍ သံဃာ့အလယ် ချပြီးလျှင် လာလာသမျှ ဥပုသ်သည်တို့ကို “ဒကာတို့ တစ်ကျပ်ဖြစ်စေ, ငါးမူး ဖြစ်စေ, တစ်မတ်ဖြစ်စေ, တစ်ပဲဖြစ်စေ တတ်နိုင်သမျှ ကုသိုလ်ပါဝင် ကြပါ၊ ဒီငွေနဲ့ အသုံးအဆောင် ပရိက္ခရာများကို ဝယ်ရပါလိမ့်မည်”ဟု ပြော၍ အလှူခံကြလေရာ အရှင်ယသသည် ထို ငွေအလှူခံမှုကို မအပ်ကြောင်း အလှူမခံထိုက်ကြောင်း ကန့်ကွက်ပါသော်လည်း ဥပုသ်သည်တို့ကမူ ထုံးစံဖြစ်နေသောကြောင့် ထိုခွက်၌ တတ်အား သမျှ ထည့်ကြလေတော့သည်၊ ထိုသို့ အလှူခံပြီးနောက် ရသမျှကို ခွဲဝေကြသောအခါ အရှင်ယသအတွက်လည်း တစ်ပုံထား၍ အရှင် ယသအား “ဒီငွေဟာ အရှင်ဘုရားဖို့ပဲ” ဟု ပြောလေသော်… “တပည့်တော် ငွေမရှိပါ၊ ငွေကို တပည့်တော် မသာယာပါ”ဟု ငြင်းပယ်လေသည်၊ ထိုအခါ ဝဇ္ဇီရဟန်းတို့ စည်းဝေးကြ၍ “ငါ့ရှင်တို့ ယသမထေရ်ဟာ သဒ္ဓါတရားရှိသော ဒကာတို့ကို သဒ္ဓါတရား ပျက်အောင် ပြုတယ်၊ ယခု ယသကို ပဋိသာရဏီယကံ ပြုကြစို့”ဟု တိုင်ပင်ကြပြီးလျှင် အရှင်ယသမထေရ်ကို ကံပြုကြလေတော့သည်။

မှတ်ချက်။ ။ “ရေများ ရေနိုင်, မီးများ မီးနိုင်” ဆိုသည့်အတိုင်း ဓမ္မဝါဒီ လဇ္ဇီသူတော်စင်ဖြစ်သော ရဟန္တာအရှင်မြတ် ကိုပင် အဓမ္မဝါဒီ အလဇ္ဇီတွေက အများ၏အားဖြင့် ဖိလိုက်ကြခြင်း ပင်တည်း၊ “ပဋိသာရဏီယကံ”ဆိုသည်မှာ ထိုပုဂ္ဂိုလ်က ပြောလိုက် သော ဒကာများကို ပြန်၍ မိမိအပြောမှားကြောင်း တောင်းပန် ရသောကံတည်း၊ ထိုကံမျိုး အပြုခံရသူသည် ဒကာများထံတွင် တောင်းပန်ရ၏၊ ထိုသို့ တောင်းပန်ရာ၌ ဒကာများက မကျေမနပ် ဖြစ်နေသေးလျှင် ကူညီ၍ တောင်းပန်ပေးဖို့ရာ အဖော်တစ်ပါးကို လည်း ပေးရသည်၊ ထို့ကြောင့် အရှင်ယသသည် သူတို့၏ ကံပြုခြင်း ကို သဘောကျ၏၊ ဘာ့ကြောင့်နည်း၊ ထိုသို့ ကံပြုမှ ရှင်းလင်း ပြောပြခွင့် ရမည်ဖြစ်သောကြောင့်တည်း။

အရှင်ယသ ဒကာများထံ ကြွပုံ

အရှင်ယသသည် အဖော်ရဟန်းတစ်ပါးနှင့်အတူ ဝေသာလီမြို့သို့ ဝင်၍ ဥပါသကာများကို ပြောသည်မှာ “ဥပါသကာတို့ … ဘုန်းကြီးက မတရားမှုကို “မတရားပါ”ဟုလည်းကောင်း, ဝိနည်းတော် နှင့် မညီသော အရာကို “ဝိနည်းတော်နှင့် မညီပါ”ဟုလည်းကောင်း ပြောဆိုသည်ကိုပင် အသင် ဒကာတို့ကို ဆဲရာရောက်၍ အကြည်ညို ပျက်အောင် လုပ်သတဲ့၊ ဒါ့ကြောင့် “ဘုန်းကြီး ပြောနေတာက မှားသလား, ဒကာတို့ ကိုယ်တော်တွေ ပြုလုပ်နေကြတာက မှားသလား” ဆိုတာ နားရှင်းအောင် ဗုဒ္ဓရှင်တော်၏ တရားကို ပြောပြမယ်။ [တရားတော်ကို အကျဉ်းပြသည်။]

ဘိက္ခုတို့… လ, နေတို့မှာ အညစ်အကြေး လေးမျိုး ရှိ၏၊ ထို အညစ်အကြေးများနှင့် တွေ့ကြုံနေရသော လ, နေတို့သည် မထွန်း လင်းနိုင်, မတောက်ပနိုင်, မတင့်တယ်နိုင်ကုန်၊ လေးမျိုးဆိုသည်မှာ တိမ်တိုက်, ဆီးနှင်း, မြူခိုး, (ငပုပ်ဟု ခေါ်ရသော) ရာဟု၊ ဘိက္ခုတို့-ထို့အတူပင် ရဟန်းများ၌လည်း အညစ်အကြေး လေးမျိုး ရှိသည်၊ ထိုလေးမျိုးတို့ဖြင့် ညစ်နွမ်းနေသော ရဟန်းများသည် ရဟန်းအရှိန် အဝါ ကင်း၍ တင့်တယ်တောက်ပခြင်း မရှိနိုင်ကြ၊ လေးမျိုးဟူသည် မှာ… သေရည်အရက်သောက်ခြင်း, မေထုန်မှီဝဲခြင်း, ရွှေ ငွေ အလှူခံခြင်း, (လှူသည်ကို လက်ခံခြင်း), မိစ္ဆာဇီဝဖြင့် အသက် မွေးခြင်းတည်း။

ဤသို့ “ငွေအလှူခံခြင်းသည် ဝိနည်းနှင့်မညီပါ”ဟု ပြောမိသော ဘုန်းကြီးက ငွေလှူသော အသင် ဒကာတို့ကို ဆဲရေးရာရောက်သတဲ့၊ အကြည်ညို ပျက်အောင်, သဒ္ဓါတရား ပျက်အောင် လုပ်သတဲ့၊ ဒီကိစ္စနဲ့စပ်ပြီး ဗုဒ္ဓလက်ထက်တော်တုန်းက ဖြစ်ပျက်ခဲ့သော ဝတ္ထုတစ်ခုကို ပြောပြဦးမည်၊ ဗုဒ္ဓရှင်တော် ရာဇဂြိုဟ်မြို့၌ သီတင်းသုံး နေတော်မူစဉ် စကားတစ်ခု ဖြစ်သည်၊ တချို့က “ဗုဒ္ဓသာဝကဖြစ် သော ရဟန်းတော်များမှာ ရွှေ ငွေကို သာယာ နှစ်သက်ကြတယ်၊ ရွှေ ငွေကို အလှူခံကြတယ်”ဟု ပြောတယ်၊ ထိုအခါ “မဏိစူဠက” အမည်ရှိသော စစ်သူကြီးက “ဒီလို မပြောကြပါနဲ့၊ ရဟန်းတော် များမှာ ရွှေ ငွေ မအပ်ပါ၊ ရွှေ ငွေကို မသာယာကြပါ၊ အလှူမခံကြပါ” ဟု ကန့်ကွက်တယ်၊ ထိုအစည်းအဝေး ပြီးပြီးနောက် ထိုစစ်သူကြီး သည် ဗုဒ္ဓအထံတော်သို့ လာ၍ မိမိ ပြောအပ်ခဲ့သော စကား၏ အမှားအမှန်ကို လျှောက်ထားသောအခါ “ပြောခဲ့တာတွေ အားလုံး မှန်ကြောင်း” မိန့်တော်မူပြီးလျှင်…

“ရွှေ ငွေ အပ်စပ်သူမှာ ကာမဂုဏ်ငါးပါးလုံး အပ်စပ်၏၊ “ရွှေငွေ အပ်တယ်ဆိုတဲ့ တရားကို ရဟန်းတရား မဟုတ်ဘူး”လို့မှတ်၊ ရွှေငွေ ကိုတောင် ကိုယ်ပိုင် ခံယူသုံးစွဲ သိမ်းဆည်းထားကောင်းလျှင် မိန်းမ လည်း ယူကောင်းမှာပဲ”ဟု မိန့်တော်မူလို၏၊ (ရွှေငွေ အလှူမခံရ ပေမယ့် နေသာထိုင်သာရှိအောင်) “ကျောင်းမိုးဖို့ သက်ငယ်မြက် လိုလျှင် ထိုမြက်ကိုတော့ အိမ်အနီးအပါးသွား၍ ဆွမ်းရပ်သလို ရပ်ပြီး အလှူခံကောင်းပါရဲ့၊ သစ်သား လိုလျှင် သစ်သားတိုက်ဖို့၊ လှည်းလိုလျှင်, လုပ်ကိုင်ပေးမည့် ယောက်ျားလိုလျှင် သွား၍ ရပ်ကာ (ဘာအလိုရှိပါသလဲဘုရား-မေးလျှင်) မိမိအလိုရှိတာကို ပြောကောင်း ပါရဲ့”ဟု ငါဘုရား ဟောပါသည်၊ “ရွှေငွေကိုကား ဘယ်နည်းနှင့်မျှ ကိုယ်ပိုင်ထားကောင်း ရှာဖွေကောင်းသည်”ဟု မဟောပါ၊ ဤသို့ မိန့်တော်မူဖူးသည်။

ဤသို့ ဗုဒ္ဓတရားတော်အတိုင်း လိုက်၍ပြောလေ့ရှိသော ငါ့ ကိုပင် အသင်ဒကာတို့ ဆရာဘုန်းတော်ကြီးများက “ဒကာတို့ကို ဆဲတယ်၊ သဒ္ဓါတရားပျက်အောင် လုပ်တယ်”လို့ ပြောနေကြတယ်ဟု အရှင်ယသက မိန့်တော်မူရာ အားလုံးဒကာတွေသည် အစစ်မှန်ကို နားလည်ကြ၍ “အရှင်မဟာယသ တစ်ပါးသာ ရဟန်းတော်အစစ် ရှိပါတော့တယ်၊ တခြား ကိုယ်တော်တွေ ရဟန်း မဟုတ်ကြန်တော့ပါ” ဟု ပြောဆိုကာ အရှင်ယသကို ဝေသာလီပြည်မှာ အမြဲသီတင်းသုံး ဖို့ရာ ပင့်လျှောက်ကြန်တော့သည်၊ သို့သော် အရှင်ယသကား ထို ကိစ္စနှင့် စပ်၍ သာသနာပြုရန် အများအပြား ရှိနေသေးသော ကြောင့် (နေမည်-မနေဘူး) မိန့်တော်မမူဘဲ ကျောင်းသို့ ပြန်ကြွ လေသည်။

သာ၍စိတ်ဆိုးကြပုံ

ကျောင်းတိုက်သို့ ပြန်ရောက်ကြ၍ အဖော်လိုက်သွားသော ကိုယ်တော်ကလေးကို အကျိုးအကြောင်း မေးကြလေရာ ရှင်ယသက ပြောပုံ, ဒကာများက “အရှင်ယသ တစ်ပါးက လွှဲလျှင် ဝေသာလီမြို့မှာ ရဟန်းအစစ် မရှိ”ဟု လျှောက်ပုံကို ကြားရသဖြင့် သာ၍ ဒေါသထွက်ကာ သံဃာစည်းဝေးစေလျက် အရှင်ယသကို “ဥက္ခေပနီယကံ” ပြုဖို့ရန် စီမံ စိုင်းပြင်းကြလေသော် သူတို့ စီမံနေတုန်းမှာပင် အရှင်မဟာယသ သည် ကောင်းကင်သို့ ပြန်ကြ၍ ကောသမ္ဗီပြည်၌ သက်ဆင်းတော်မူလေသည်။

[“ဥက္ခေပနီယကံ”ဟူသည် နှင်ထုတ်သော ကံတည်း၊ ထိုအချိန်၌ အရှင်ယသသည် တန်ခိုးရှိပြီးသော ရဟန္တာ မဟုတ်ပါလျှင် မည်မျှ လောက်ပင် ပိဋကကျွမ်းကျင်သော်လည်း သူတို့ အနှိပ်အနင်းကို ခံရှာရပေလိမ့်မည်။]

အရှင်ယသ သံဃာစုတော်မူပုံ

အရှင်ယသသည် ပါဝါပြည်နှင့် အဝန္တိဒက္ခိဏပထတိုင်း၌ သီတင်းသုံးတော်မူကြသောသံဃာ တော်များ အထံသို့ အဓိကရုဏ်း (အမှုအခင်း) ဖြစ်ပုံကိုလျှောက်ဖို့ရန် တမန်စေလွှတ်၍ မိမိကိုယ်တိုင်မူ အဟောဂင်္ဂါတောင်၌ သီတင်းသုံးနေသော အရှင်သမ္ဘူတထံသို့ ချဉ်းကပ်၍ အရပ်ရပ်ဖြစ်ပုံကို လျှောက်ထားလေသည်၊ ထိုအခါပါ ဝါပြည်၌ ဓူတင်ထိပ်ခေါင်တင်ချည်း ဖြစ်တော်မူကြသော ရဟန္တာခြောက်ကျိပ်လောက် ကြွရောက်တော်မူလာကြ၏၊ အဝန္တိဒက္ခိဏပထတိုင်းမှလည်း ရှစ်ကျိပ် ရှစ်ပါးသော ရဟန္တာများ ကြရောက်တော်မူလာကြ၏၊ ထိုရဟန္တာများ စုဝေးမိသောအခါ“ဤအဓိကရုဏ်းသည် အလွန်ခက်ထန်ရဲရင့်လှ၏၊ မိမိတို့ဘက်က အားရှိအောင် ဘယ်ပုဂ္ဂိုလ်ကို ရှာကြဦးမည်လဲ”ဟု တိုင်ပင်ကာ ပိဋကအားလုံးကို နှုတ်ငုံဆောင်ထားသော ရဟန္တာ မထေရ် အရှင်ရေဝတကို ပင့်ကြဖို့ရန် သဘောတူကြလေသည်။

အရှင်ရေဝတလည်း တိုင်ပင်သံကို ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြားတော်မူနှင့်၍ အများနှင့်အတူ ရောရောနှောနှော ခရီးမကြွလိုသောကြောင့် အများဆုံမိလောက်ရာ “သဟံဇာတိ” တိုင်အောင် ခရီးစဉ်အတိုင်း ကြွတော်မူနှင့်သည်၊ ထိုအချိန်၌ အရှင်ယသတို့လည်း ရောက်လာကြ၍ ဝဇ္ဇီတိုင်းသား ရဟန်းများ၏ ယူဝါဒကို အရှင်ရေဝတအား လျှောက်သောအခါ “အားလုံး ဝိနည်းတော်နှင့်မညီ”ဟု မိန့်တော်မူလေသော် “ဤအဓိကရုဏ်းကို တပည့်တော်တို့ ကိုင်ကြ ပါစို့ရဲ့”ဟု လျှောက်၍ အရှင်ရေဝတလည်း သဘောတူတော်မူသဖြင့် “အဓိကရုဏ်း စ၍ ဖြစ်ရာဌာန၌ ဆုံးဖြတ်ပြီးမှသာ ပြီးပြတ်နိုင်မည်” ဟု ယူဆကာ ဝေသာလီသို့ ကြွတော်မူကြသည်။

ဒုတိယသင်္ဂါယနာတင်ခန်း

ထိုအချိန်၌ တစ်မြေပြင်လုံး သံဃာအပေါင်းတွင် သက်တော် ဝါတော် အကြီးဆုံးဖြစ်၍ ဝါတော် (၁၂၀)ရှိသော “သဗ္ဗကာမီ”မဟာထေရ် ကြီးသည် ဝေသာလီပြည်၌ပင် သီတင်းသုံးတော်မူလျက် ရှိ၏၊ အရှင်အာနန္ဒာ၏ တပည့်လည်း ဖြစ်၍ ဗုဒ္ဓရှင်တော်ကို ဖူးတွေ့လိုက်ရဖူးသော ပုဂ္ဂိုလ်ကြီးပေတည်း၊ အရှင်ရေဝတသည် ထိုမဟာထေရ်ကြီးထံ ကြွ၍ တည်းခိုတော်မူ၏၊ အရှင်သမ္ဘူတလည်း ထိုမဟာထေရ်၏ အထံ ကြွလာ၍ ဝဇ္ဇီရဟန်းတို့ အယူဝါဒဝယ် ဝိနည်းတရားတော်နှင့် ညီ-မညီ ဆွေးနွေးကြသောအခါ ဝိနည်းတော်နှင့် မညီကြောင်းကို မိန့်တော်မူ၏။

ထို့နောက် အဓိကရုဏ်းကို ဆုံးဖြတ်ဖို့ရန် သံဃာစည်းဝေးကြသောအခါ တစ်ယောက် တစ်ခွန်းဆိုသလို ပြောနေကြသည်မှာ မပြီးပြတ်နိုင်အောင် ရှိသည့်အပြင် “ဘာကို ဆိုလိုသည်” ဟု ကောက်ချက်ချ၍ မရနိုင်ဘဲ ရှိရကား ထိုသံဃာအစည်းအဝေးမှ ရဟန္တာကြီး ရှစ်ပါးကို (အဓိကရုဏ်း ဆုံးဖြတ်ဖို့ရန်) ရွေးချယ်ကြလေသည်။

[ရွေးချယ်ကြသော ရှစ်ပါးတွင် အရှင်သဗ္ဗကာမီ, အရှင်သာဠ, အရှင်ခုဇ္ဇသောဘိတ, အရှင်ရေဝတ, အရှင်သမ္ဘူတ, အရှင်ယသ ဤ ခြောက်ပါးတို့သည် အရှင်အာနန္ဒာ၏ တပည့်များတည်း၊ အရှင်ဝါသဘဂါမိက, အရှင်သုမန နှစ်ပါးကား အရှင်အနုရုဒ္ဓါ၏တပည့် ဖြစ်ကြသည်၊ ထိုရှစ်ပါးလုံး ဗုဒ္ဓရှင်တော်ကို ဖူးတွေ့လိုက်ကြရဖူး၏၊ ထို့ပြင် နေရာထိုင်ခင်း ခင်းပေးဖို့ ဆယ်ဝါမျှသာရသေးသော အရှင်အဇိတ ရဟန်းတော်တစ်ပါးကိုလည်း ရွေးချယ်တော်မူသည်၊၊]

ထို့နောက် ဝါလိကာရုံကျောင်းတိုက်ဝယ် ထိုမဟာထေရ်ကြီး များချည်း စုဝေးတော်မူကာ အဓိကရုဏ်းကို ဆုံးဖြတ်တော်မူပြီးလျှင် နောက်ထပ် ရဟန်းတော်ပေါင်း(၇၀၀)ပြည့်အောင် ထပ်မံရွေးချယ်၍ သုတ်, ဝိနည်း, အဘိဓမ္မာကို သင်္ဂါယနာတင်တော်မူကြပြန်သည်။ [ထိုဒုတိယသင်္ဂါယနာတင်ရာ၌ အကူအညီပေးသော မဟာရာဇာကား သုသုနာဂမင်း၏သားတော် “ကာဠာသောက”မင်းတည်း၊ ထို မဟာရာဇာ၏ အကူအညီဖြင့် အဓမ္မဝါဒီအလဇ္ဇီဖြစ်ကြသော ဝဇ္ဇီ တိုင်းသားတို့ကို နှင်ထုတ်လိုက်ရာ သူတို့လည်း အသင်းအပင်း စုလျက် သူတို့ သဘောကျသလို တရားတော်ကို ပြင်ဆင်ဖြည့်စွက်၍ သင်္ဂါယနာတစ်မျိုး တင်ကြလေကုန်သတတ်။]

မှတ်ချက်။ ။ ဒုတိယသင်္ဂါယနာ တင်ရခြင်း၏ အကြောင်းကို ရှာလျှင် ငွေအလှူခံခြင်းကို တွေ့ရသည်၊ ဗုဒ္ဓရှင်တော်မြတ်ကလည်း “ငွေကို ခံယူကောင်းလျှင် ကာမဂုဏ်ငါးပါးကိုလည်း ခံယူကောင်းတော့မှာပေါ့”ဟု မိန့်တော်မူ၏၊ ယခုကာလ၌ကား အလှူအတန်းဟူသမျှ၌ ငွေအလှူတွေ အများအပြား ပါဝင်နေ၏၊ “သာသနာကို ပြုနေပါသည်”ဟု နာမည်ကောင်း ယူနေကြသော စာပြန်ပွဲများ၌ ဆုတော်ငွေနှင့် ငွေပဒေသာတွေ ဝေဆာနေတော့၏၊ “ပဉ္စမသင်္ဂါယနာတင် ဘုရင်မင်းမြတ်”ဟု သမုတ်ခံရသော မင်းတုန်း မင်း၏ လက်ထက်ကပင် “ဆွမ်းဆန်အလှူတော်”ဟု နာမည်တွင်ကာ ငွေအလှူတွေ များလာခဲ့ဟန် တူ၏၊ ထို့ကြောင့်ပင်…

“မိုးချုပ်လို့ ပြန်ချိန်တော်၊....မြတ်လေးစွယ်တော် ပေါ်သည့်ချောင်း မှာ, ဒေါင်းတွေကအော်၊

ဒေါင်းအော်လျှင် ကြိုသူလွှတ်ပ, ပျိုတို့မောင် ဝါဝါဝတ်ကို, ဒေါင်းခွပ်ချည့်လေး”ဟု တဘောင် ပေါ်ခဲ့သေး၏၊

ဆိုလိုရင်းမှာ… “သာသနာတော်၌ ဒေါင်းဒင်္ဂါးတွေ တချွင်ချွင် မြည်အော်လျက် ပေါ်ပေါက်နေပြီ၊ သင်္ကန်းဝါဝါ ဝတ်နေကြသော အရှင်တို့မှာ ဒေါင်းအခွပ် ခံကြရတော့မည်”ဟု ဆိုလိုသည်၊ [ထိုကဲ့သို့ ဖြစ်နေပုံကို မင်းတရားကြီး ကြားသိရသောကြောင့် “ဓမ္မဝိနယ” အမိန့်တော်ပြန်တမ်းကိုပင် ထုတ်ရပြန်သေးသည်၊ အမိန့်တော်ကို နောက်၌ ပြမည်။]

ထို့ပြင် ဝဇ္ဇီတိုင်းသား ရဟန်းများတို့ အဓမ္မမှုတွေ ပြုနေရာ ဌာန၏ အနီးမှာပင် အရှင်အာနန္ဒာ၏ တပည့်လည်းဖြစ်ရာ ရဟန္တာ လည်း ဖြစ်၍ တစ်မြေပြင်လုံးမှာ သက်တော် ဝါတော် အကြီးဆုံး လည်း ဖြစ်သော အရှင်သဗ္ဗကာမီ မဟာထေရ်ကြီး သီတင်းသုံးလျက် ရှိတော်မူ၏၊ သို့ပါလျက် ဝဇ္ဇီရဟန်းတို့ကို (မီးများ မီးနိုင်ဆိုသလို) နှိမ်နင်းတော်မမူနိုင်ချေ၊ အရှင်ယသ၏ လှုံ့ဆော်မှုကြောင့် လဇ္ဇီသူမွန် သီလဝန်အရှင်များ ပေါင်းမိကြ၍ အားရှိလာခါမှ ဦးစီးဦးကိုင်ပြု၍ သာသနာ့ကိစ္စကို ရွက်ဆောင်တော်မူရလေသည်။ [ဤအချက်ကို လည်း သာသနာပြုလိုသူတို့ စဉ်းစားစရာပင်။]

လဇ္ဇီရဟန်းတော်များ ကြိုးစားချိန်

ယခုခေတ်၌ လဇ္ဇီသူမွန် သီလဝန် အရှင်မြတ်တွေ ထိုထို အရပ်၌ ဧကန် ရှိပါပေသေး၏၊ သာသနာကိုလည်း ပြုစု ချီးမြှောက်တော်မူလိုကြပေလိမ့်မည်၊ သို့ရာတွင် မိမိတို့ အင်အား နည်းပါးကြောင်းကို သိမြင်တော်မူကြ၍ တစ်ကိုယ်ရေ တစ်ကာယဖြင့် (သို့မဟုတ်) အနည်းငယ်မျှသော ပရိသတ်ဖြင့် ဖြစ်သလို တော်သလို သီတင်းသုံးတော်မူကာ ကုသိုလ်ဖြစ်ဖို့သာ ပဓာနထား၍ သာသနာတော်ပြုပြင်ရေး၌မူ လျစ်လျူရှုတော်မူနေကြဟန် တူပါသည်၊ ဗုဒ္ဓသာသနာတော်သည် ယခုအချိန်မှာ နှစ်ထောင့်လေးရာကျော်မျှသာ ရှိသေး၏၊ ဤသာသနာတော်ကို တည်ထောင်တော်မူကာ သတ္တဝါများကို ကျွတ်တမ်းဝင်စေမည်ဟူသော ဆန္ဒတော်ဖြင့် ပါရမီကို ဖြည့်တော်မူစဉ်က ဤသာသနာတော်ကြီးအတွက် အသက် စည်းစိမ်များစွာကို စွန့်လွှတ်တော်မူခဲ့သည်မှာကား ဘဝကို မဆို ထားဘိ, ကမ္ဘာပေါင်း… နှစ်ထောင့်လေးရာကျော်လည်း မက, ငါးထောင်လည်းမက, ငါးသောင်း, ငါးသိန်းစသည်လည်း မကပင်။

ထိုဗုဒ္ဓရှင်တော်မြတ်ကြီး စွန့်တော်မူခဲ့ရသော အသက်စည်းစိမ် များနှင့် နှိုင်းစာလျှင် ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူပြီး၍ အနှစ်နှစ်ထောင့်လေးရာကျော်မျှသာ ရှိသေးသော အချိန်အခါ၌ သာသနာတော်သည် ဤမျှလောက် မဆုတ်ယုတ်ထိုက်သေးပါ၊ ထို့ကြောင့် ယခုအခါ ဗုဒ္ဓသားကောင်း ရဟန်းတော်အပေါင်းသည် မိမိတို့ မျက်မှောက်၌ နိမ့်ကျသော သာသနာတော်ကို (ဘယ်လို အရာမျိုးမှာ နိမ့်ကျနေသည်, ဘာကြောင့် နိမ့်ကျရသည်, ဘယ်လို မြှင့်တင်သင့် သည်ဟု စဉ်းစား စိစစ်ကာ) မြှင့်တင်ဖို့ အချိန်အခါ ရောက်နေပါပြီ။

ကောသလအိပ်မက်

“ကျားသစ်များကိုလ, ဆိတ်စားလို့ ကုန်ချေပြီ၊ ဆိတ်ကို မြင်, သစ်တွေ ပုန်းတယ်, ထုံးနှင့် မညီ၊ သုလဇ္ဇီ ဒုဿီတို့ နှိမ်နင်း, သီလဝန် အရှင်မြတ်တို့ ဒုဿီကို အမြင်ကတ်၍ တောရပ်သို့ ချဉ်း။”

ဆိုလိုရင်းကား…“ကျားတို့ ကျားသစ်တို့ကသာ ဆိတ်တွေကို ကုန်အောင် စားမည်ဆိုလျှင် ဖြစ်နိုင်စရာ ရှိသေး၏၊ ယခုမှာ ဆိတ် တွေက ကျားများ သစ်များကို စားပစ်ကြသဖြင့် ကျားသစ်တွေက ဆိတ်ကို မြင်၍ ပုန်းနေရသည်မှာ ထူးဆန်းလှသကဲ့သို့ ထို့အတူ လဇ္ဇီသူတော်စင်တွေကို အလဇ္ဇီဒုဿီလတို့က နှိပ်နင်းကြခြင်းကြောင့် ထိုအလဇ္ဇီဒုဿီလတို့ကို မမြင်လို၍ လဇ္ဇီသူတော်စင်တို့ ပုန်း၍နေရ သကဲ့သို့ တောများသို့ ဝင်နေရသော ခေတ်သို့ ရောက်နေသည်မှာ ထူးဆန်းလှပါပေသည်”ဟူလို။

ထိုအိပ်မက်အတိုင်း မဖြစ်မီ, အလဇ္ဇီဒုဿီလတို့ အားမရှိကြသေးမီ ယခုနှယ်က လဇ္ဇီသူတော်စင်တို့ စည်းစည်းလုံးလုံးနှင့် ကြိုးစားနိုင်လျှင် ကြိုးစားကြပါတော့၊ မကြိုးစားနိုင်လျှင်ကား ဆိတ်စားခံရသော ကျားများ သစ်များကဲ့သို့ အလဇ္ဇီဒုဿီလများ၏ နှိပ်နင်းခြင်းကို ခံရပါလိမ့်မည်။

တတိယသင်္ဂါယနာတင်ခန်း

မဟာထေရ်များ၏ အမြော်အမြင်

ဒုတိယသင်္ဂါယနာ တင်ကြပြီးသောအခါ…မဟာထေရ်တို့သည် “နောက်နောင်အခါဝယ် သာသနာတော်၌ ယခုလို ဘေး အန္တရာယ်များ ဖြစ်ဖွယ်ရှိသေးသလား”ဟု စဉ်းစားတော်မူကြ၏၊ ထိုအခါ နောင်နှစ်ပေါင်း (၁၁၈) နှစ်မြောက်ဝယ် ဓမ္မာသောက မဟာရာဇာ၏ လက်ထက်၌ ဘေးရန်ဖြစ်ဖွယ်ရှိကြောင်းကို မြင်တော်မူကြရ၍ ထိုအချိန်မှာ မိမိတို့ မရှိနိုင်ကြောင်းကိုလည်း သိတော်မူရကား ထိုအခါ၌ သာသနာပြုနိုင်မည့် ပုဂ္ဂိုလ်ကို လူ့ပြည် နတ်ပြည်မှာ ရှာသော်လည်း မတွေ့ကြ၊ ဗြဟ္မာ့ပြည်ကို ကြည့်မှ အသက်ကုန်ခါနီး၌ အထက်ဗြဟ္မာ့ပြည်သို့ ဆက်လက်ဖြစ်ဖို့ရန် ကုသိုလ်စျာန်လည်း ရှိသော “တိဿဗြဟ္မာမင်း”ကို တွေ့သဖြင့် သာသနာပြုရေးအတွက် အထက်သို့ မဖြစ်ဘဲ လူ့ပြည်၌ ဖြစ်ဖို့ရန် တောင်းပန်ကြလေသည်။

ဗြဟ္မာမင်းလည်း “ငါသည် သာသနာတော်၌ ဖြစ်ပေါ်လာမည့် ဘေးရန်ကို နှိမ်နင်း၍ သာသနာတော်ကို ချီးမြှောက်နိုင်မည့်သူပါ တကား”ဟု လွန်စွာ ဝမ်းမြောက်လျက် ရဟန္တာ အရှင်မြတ်တို့ တောင်းပန်ချက်ကို လက်ခံ၍ အချိန်ရောက်လတ်သော် မောဂ္ဂလိ ဗြာဟ္မဏ၏ အိမ်၌ ပဋိသန္ဓေတည်လာသည်၊ ထိုရဟန္တာအရှင်မြတ် တို့လည်း (ထိုစဉ်အခါ ရဟန်းငယ်များသာ ဖြစ်၍ သင်္ဂါယနာတင် ကိစ္စ၌ မပါနိုင်ကြသေးသော ပိဋကသုံးပုံဆောင် ရဟန္တာများလည်း ဖြစ်ပြီးသော) အရှင်သိဂ္ဂဝ, အရှင်စဏ္ဍဝဇ္ဇီ ထေရ်နှစ်ပါးတွင် …

“တစ်ပါးက မောဂ္ဂလိဗြာဟ္မဏအိမ်မှ သတို့သားကို ရဟန်းဖြစ်အောင် သွေးဆောင်ရစ်ရမည်၊ တစ်ပါးက ပိဋကကို သင်ပေးရစ်ရမည်”ဟု အမိန့်ပေးကာ အနာဂတ်သာသနာရေးကို ရွက်ဆောင်တော်မူပြီးမှ ပရိနိဗ္ဗာန်စံတော်မူကြလေသည်။

မှတ်ချက်။ ။ ဤနေရာဝယ် ရှေးရှေး သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် ရဟန္တာကြီးများ၏ သာသနာ တော်အတွက် ကြိုးစားတော်မူချက်ကို ယခုခေတ် ပုဂ္ဂိုလ်များ လေးလေးနက်နက် စဉ်းစားသင့်ကြပါသည်။

အရှင်မောဂ္ဂလိပုတ္တတိဿ

မောဂ္ဂလိဗြာဟ္မဏ၏ သားတော်ဖြစ်သောကြောင့် “မောဂ္ဂလိပုတ္တ”ဟု လည်းကောင်း, တိဿဗြဟ္မာမင်း ဖြစ်ခဲ့ဖူးသောကြောင့် “မောဂ္ဂလိပုတ္တတိဿ”ဟုလည်းကောင်း ထင်ရှားသော ရဟန္တာ၏ အလောင်းအလျာ သတို့သားသည် တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သော အခါ ဝေဒကျမ်း၌ ကျွမ်းကျင်တတ်မြောက်လေပြီ၊ အရှင်သိဂ္ဂဝထေရ်သည်လည်း ထိုသတို့သား ပဋိသန္ဓေနေသည်မှ စ၍ ထိုအိမ်၌ ဆွမ်းခံဝင်လေရာ ခုနစ်နှစ်လုံးလုံး ကန်တော့ဆွမ်းမျှ မရဖူးချေ၊ သို့သော် မိ်မိ ရည်ရွယ်ချက်အားလျော်စွာ ရပ်မြဲ ရပ်လေရာ ခုနစ်နှစ်လောက် ကြာမှ (သူတို့ဘာသာဖြင့် “အတိစ္ဆထ” မြန်မာလို “ကန်တော့ဆွမ်း” ဟူသော စကားကို ရလေသည်။)

ထို့နောက် ဆွမ်းအနည်းငယ်လောင်းရာမှ ဣန္ဒြေရပုံကို ကြည်ညိုသဖြင့် နေ့တိုင်း ဆွမ်းဘုဉ်းပေးရလေရာ ထိုသတို့သား တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ ပြဿနာမေးရာ၌ သတို့သား မဖြေနိုင်ရကား ထိုပြဿနာရပ်ကို တတ်သိလိုသော ဆန္ဒဖြင့် ရဟန်း ပြုလေသော် သိဂ္ဂဝဆရာတော်သည် “ကေသာ လောမာ”စသော ကမ္မဋ္ဌာန်းကို စီးဖြန်းစေကာ မကြာခင် သောတာပန် ဖြစ်စေသည်၊ ထို့နောက် စဏ္ဍဝဇ္ဇီဆရာတော်ထံ ပို့၍ ပိဋကတော်ကို သင်ယူစေရာ ရဟန်း ဖြစ်ပြီးစ အသက် (၂၀) အရွယ်မျှ၌ပင် ပိဋကအားလုံး တတ်မြောက်သော ရဟန္တာဖြစ်၍ များစွာသော ပရိသတ်အား ပိဋကပို့ချလျက် သာသနာ့တာဝန်ကို ဆောင်ရွက်နိုင်သော ထိပ်ခေါင်တင် တစ်ပါး ဖြစ်တော်မူလေသည်။

ဓမ္မာသောကမင်း

သာသနာ့ဝံသ (သာသနာ့ အဆက်အနွယ်)ရေးသားသူတိုင်း ဓမ္မာသောကမဟာရာဇာကို ချန်လှပ်၍ မဖြစ်နိုင်ပါ၊ အရှင်မဟာကဿပနှင့် အဇာတသတ် မဟာရာဇာတို့ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်တို့ကို စုဆောင်း၍ ရာဇဂြိုဟ်မြို့အနီးဝယ် ဌာပနာစဉ်ကပင် အသောကမဟာရာဇာ၏ သာသနာပြုမည့်အကြောင်းကို အရှင်မဟာကဿပ ဗျာဒိတ်ပေး တော်မူခဲ့၏၊ အသောက၏ ခမည်းတော်ဖြစ်သော ဗိန္ဒုသာရမဟာရာဇာသည် ခမည်းတော်စန္ဒဂုတ္တ၏လက်ထက်မှစ၍ ဗြာဟ္မဏပေါင်း ခြောက်သောင်းလောက်ကို နန်းတော်၌ အမြဲ ထမင်းကျွေးလာခဲ့၏၊ (ဘာ့ကြောင့်နည်း၊ စန္ဒမည်သော ဗြာဟ္မဏ၏ နည်းပေးလမ်းပြမှုကြောင့် ဧကရာဇ်မင်းအဖြစ်ကို ရခဲ့သည့်အတွက် ဗြာဟ္မဏတို့ကို ကျေးဇူးဆပ်လိုသောကြောင့်တည်း၊) အသောက မဟာရာဇာလည်း ထိုဘိုးတော်,ခမည်းတော်တို့ ဝတ်ပြုမြဲအတိုင်းဝတ်ပြုခဲ့၍ တစ်နေ့သ၌ လေသာနန်းတံခါးမှ ထိုဗြာဟ္မဏတို့ စားသောက်ကြပုံကို ဂရုစိုက်၍ ကြည့်လိုက်မိရာ ဣန္ဒြေမဲ့စွာနှင့် စားသောက်နေကြပုံကို မြင်ရသဖြင့် “ဤမျှလောက် များပြားသော အလှူကို စဉ်းစားနှိုင်းချိန်၍ လှူ သင့်ရာ ဌာန၌ လှူမှ သင့်လျော်မည်”ဟု စဉ်းစားမိလေသည်။

နိဂြောဓသာမဏေ

ထိုသို့ မကြာခဏ စဉ်းစားမိလေရာ တစ်နေ့သောအခါဝယ်… နန်းတော် မြေလမ်း၌ သွားလာနေသော လူအများတွင် စက္ခုန္ဒြေချလျက် ဦးခေါင်း လက်တို့ မလှုပ်မယှက် ငြိမ်သက်စွာ ကြွသွားနေသော ကိုရင်ကလေးကို နန်းတော်ပေါ်မှ လှမ်းမျှော်ကြည့်မိလေရာ လွန်စွာကြည်ညိုခြင်းဖြင့် စဉ်းစားသည်မှာ…

အခြားလူတွေ သွားလာကြသည်မှာ မငြိမ်မသက် ဣန္ဒြေမရ ရှိလှ၏၊ ဤသာမဏေသွားပုံသည် ငြိမ်သက် တည်ကြည်၏၊ သူ့သန္တာန်မှာ ထူးခြားသောတရား ရှိပေလိမ့်မည်တွေးကာ ကြည့်ရင်း ကြည့်ရင်း စဉ်းစားမိ၍ စဉ်းစားရင်း စဉ်းစားရင်းလည်း လွန်မင်းစွာ ချစ်ခင်ကြည်ညိုရကား အနီးအပါး၌ ရှိသော အမတ်များကို အမြန် သွား၍ အပင့်ခိုင်း, ခိုင်းပြီး မကြာခင် နှေးသည်ဟု ထင်သောကြောင့် “မြန်မြန် ကြွခဲ့ပါ”ဟု မှာလျက် နှစ်ခါ သုံးခါ ထပ်ကာ လွှတ်၍ ဇွတ်တရွတ်ကြီး ကြည်ညိုလေသည်။

သို့သော် သာမဏေကား (မလျင်မမြန်) မှန်မှန်ပင် သွားလျက် နန်းတော်ပေါ် တက်မိသည့်အခါ “သင့်လျော်သော နေရာမှာ ထိုင်ပါ” ဟု (စုံစမ်းသောသဘောဖြင့်) လျှောက်ထားလျှင် အခြားရဟန်းများ မရှိကြောင်းကို သိ၍ ရာဇပလ္လင်ပေါ်မှာပင် ထိုင်တော်မူ လေသည်၊ [စိတ်နေစိတ်ထားနှင့် အမျိုးအနွယ် အောက်ကျသူ ဖြစ်လျှင် ဘုရင့်ထက်မြင့်သော နေရာ၌ ထိုင်ဝံ့မည် မဟုတ်၊] ထို့နောက် ဆွမ်းကပ်ပြီးသောအခါ…

မင်းတရား။ ။ ကိုရင်တို့ဆရာ၏ ဩဝါဒကို သိပါရဲ့လား။

ကိုရင်။ ။ တချို့တစ်ဝက်လောက်တော့ သိပါရဲ့။

မင်းတရား။ ။ ကိုရင် အဲဒီတရားကို ဟောပြစမ်းပါ။

ကိုရင်။ ။ အပ္ပမာဒေါ အမတံ ပဒံ, ပမာဒေါ မစ္စုနော ပဒံ-ထိုထိုကိစ္စ၌ မမေ့တတ်သော သတိသည် မအို မသေရာ နိဗ္ဗာန်ရောက်ကြောင်း တရားများ ဖြစ်၏၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခြင်း ကား တစ်သေတည်းသေခြင်း၏ အကြောင်းရင်း ဖြစ်၏။

မင်းတရား။ ။ ဤမျှလောက် ဟောပြလိုက်လျှင် သဘောကျ၍ တရားပြီးဆုံးသောအခါ “နိစ္စဘတ်ဆွမ်းအဖြစ် ဖြင့် ဆွမ်းရှစ်အုပ် လှူပါ၏”ဟု လျှောက်လေသည်။

ကိုရင်။ ။ ဤဆွမ်းအုပ်များကို ဥပဇ္ဈာယ်အား လှူပါ၏။

မင်းတရား။ ။ ဥပဇ္ဈာယ်ဆိုတာ ဘယ်လို ပုဂ္ဂိုလ်ပါတုံး။

ကိုရင်။ ။ မဟာရာဇာ…အပြစ်ကြီး အပြစ်ငယ် အသွယ် သွယ်တို့ကို (မိဘက ကြည့်ရှု၍ ပြုပြင်ပေးနေ သလို) အမြဲပြုပြင်ပေးသော မိဘသဖွယ်ပုဂ္ဂိုလ်ကို “ဥပဇ္ဈာယ်”ဟု ခေါ်ပါတယ်။

မင်းတရား။ ။ နောက်ထပ်ပြီး ဆွမ်းရှစ်အုပ် အမြဲလှူပါဦးမည်။

ကိုရင်။ ။ မဟာရာဇာ … အဲဒီ ဆွမ်းတို့ကို ဆရာ့အား လှူပါရဲ့။

မင်းတရား။ ။ ဆရာဆိုတာ ဘယ်လိုပုဂ္ဂိုလ်ပါလဲ။

ကိုရင်။ ။ အတတ်သင်ပေးတဲ့ ပုဂ္ဂိုလ်ကို ဆရာ(အာစရိယ) လို့ ခေါ်ပါတယ်။

မင်းတရား။ ။ ဒါဖြင့် နောက်ထပ် ဆွမ်းရှစ်အုပ် လှူပါဦးမည်။

ကိုရင်။ ။ အဲဒီဆွမ်းအုပ်ကိုတော့ သံဃာအား လှူပါ၏။

မင်းတရား။ ။ သံဃာဆိုတာ ဘယ်လိုပုဂ္ဂိုလ်ပါလဲ။

ကိုရင်။ ။ ရဟန်းတော်အစုအဝေးကို “သံဃာ”ခေါ်ပါ တယ်၊ ထိုသံဃာတော် အစုအဝေးကို မှီပြီးတော့မှ ဥပဇ္ဈာယ် အာစရိယတို့ ရဟန်းပြုခဲ့ကြရပါတယ်၊ ကိုရင်လည်း ဒီသံဃာကို မှီပြီး ရဟန်း ဖြစ်ရပါ့မယ်။

မင်းတရား။ ။ နောက်ထပ်လည်းဆွမ်းရှစ်အုပ်လှူဒါန်းပါဦးမည်၊၊

သံဃာတော်ခြောက်သောင်း

သာမဏေသည် “ကောင်းပြီ”ဟု လက်ခံ၍ နောက်တစ်နေ့၌… သုံးကျိပ်နှစ်ပါးသော သံဃာတော်များနှင့်အတူ နန်းတော်သို့ ဆွမ်း ဘုဉ်းပေး ကြွတော်မူရာ (ဣန္ဒြေ သိက္ခာမှစ၍ ဗြာဟ္မဏတို့ စား သောက်ပုံနှင့် သပ်ရပ်မှုချင်း ကွာခြားလေရကား) “နက်ဖြန်ခါ နောက်ထပ် သုံးကျိပ်နှစ်ပါး ပင့်ခဲ့ပါ”ဟု လျှောက်ထား၍ ဤနည်း အားဖြင့် နေ့စဉ် နေ့စဉ် ဆတက်ထမ်းပိုး တိုးကာ တိုးကာ နောက်ဆုံး သော အချိန်မှာ ခြောက်သောင်းသော ဗြာဟ္မဏနှင့် ရသေ့ ပရိဗိုဇ် တို့အား ကျွေးနေကျ ဝတ်ကို ဖြုတ်၍ ခြောက်သောင်းသော ရဟန်းတော်တို့အား နိစ္စဘတ်ဆွမ်း လှူပြီးလျှင် နိဂြောဓသာမဏေအတွက်ကြောင့် ဗုဒ္ဓ၏ ဥပါသကာဖြစ်ကာမတ္တ မဟုတ်ဘဲ သာသနာတော်ကို အသည်းစွဲ ယုံကြည်နေသော သာသနာပြု မဟာရာဇာကြီးအဖြစ် ရောက်၍ နောက် မကြာမီပင် … အသောကာရုံမည်သော ကျောင်းတိုက်ကြီးကို တည်ဆောက်ကိုးကွယ်လေသည်။ တင်ပြသူ Yanan Saneinအချိန် 6:41 AM

နိဂြောဓသာမဏေ၏ ဇာစ်မြစ်

အသောကမဟာရာဇာသည် ခမည်းတော် ဗိန္ဒုသာရမင်း နတ်ရွာစံလျှင် စံချင်း မိကွဲဖတူ ညီနောင် ကိုးကျိပ် ကိုးယောက်တို့ကို ရှင်းလင်းလေရာ အကြီးဆုံး သုမနမင်းသား၏ ကြင်ရာတော်သည် ကိုယ်ဝန်အရင့်အမာဖြင့် ထွက်ပြေးကာ စဏ္ဍာလတို့၏ ရွာဝယ် စဏ္ဍာလ အကြီးအကဲ၏ သမီးအမှတ်ဖြင့် အစောင့်အရှောက်ကို ခံယူနေစဉ် … နိဂြောဓသာမဏေ အလောင်းတော်ကလေးကို ဖွားမြင်ရလေသည်၊ ထို့နောက် ကလေး၏ အစွမ်းအစကို (ရဟန္တာ ဖြစ်သည့်တိုင်အောင်) မြင်တော်မူသော မဟာဝရုဏရဟန္တာအရှင်မြတ်က စောင့်ရှောက်၍ ခုနစ်နှစ်အရွယ်၌ ရှင်သာမဏေ ပြုပေး လေသည်၊ ထိုသို့ သာမဏေ ဖြစ်ပြီး၍ အတော်ကြာသောအခါ မယ်တော်ရှိရာသို့ သွားမည်ဟု ကြံကာ နန်းတော်မြေလမ်းဖြင့် ကြွသွားစဉ် အသောက မဟာရာဇာ မြင်ရလေသည်၊ ထို့ကြောင့် “နိဂြောဓသာမဏေ”ဟူသည် အသောကမဟာရာဇာ၏ တူတော် အရင်း မင်းမျိုးမင်းနွယ်ဖြစ်သည်ဟု မှတ်ပါ။

မှတ်ချက်။ ။ အသောကမဟာရာဇာသည် ဗြာဟ္မဏရသေ့တို့ကို ထမင်းကျွေးရာ၌ သူတို့၏ စားသောက်ပုံ ဣန္ဒြေ မရခြင်းကို မြင်ရသဖြင့် ကျွေးချင်စိတ် ကုန်ခန်းလောက်အောင် သဒ္ဓါ တရား ပျက်ခဲ့၏၊ နိဂြောဓသာမဏေ၏ ငြိမ်သက်စွာဖြင့် ဣန္ဒြေ စောင့်စည်း၍ သွားနေပုံကို မြင်ရသဖြင့် ကြည်ညိုစိတ် ဖြစ်၏၊ သာမဏေ၏ တရားတော်သည် ဒါန၏ အကျိုးကို ပြုသော (အလှူခံ ပုဂ္ဂိုလ်က ကိုယ့်ဘက်ယက်သံပါသော) တရားမျိုး မဟုတ်ဘဲ မဟာရာဇာ၏ ကိုယ်ကျင့်ကို ပြသော အပ္ပမာဒတရားတော် ဖြစ်၏၊

ဤ သုံးချက်ကို ကောက်ချက်ချသောအခါ စဉ်းစားဉာဏ် ရှိသူတိုင်း ဗုဒ္ဓသာသနာကို မကြည်ညိုဘဲ မနေနိုင်အောင် ဖြစ်လောက်ပါပေသည်၊ ထို့ကြောင့် ယခုခေတ်၌ အနာဂတ်သာသနာကို ပြုပြင်လိုသော အရှင်တို့သည် အနေအထိုင် အပြောအဆို အသွားအလာ စားသောက်ပုံမှ စ၍ လူကြီးလူကောင်း ဆိုသူတွေထက် ဣန္ဒြေရရ သိက္ခာရှိရှိ ဖြစ်နေအောင် မိမိတို့ကိုယ်တိုင် ပြုပြင်ဖို့ အရေးမကြီးပါလော၊ ဟာခန်းပြောခန်းမှာလည်း(သူလှူချင် လှူ, မလှူချင် နေ ငတ်၍ကား မသေနိုင်၊) ဒါနခန်းထက်ပင် ကိုယ်ကျင့်တရားကိုသာ မူရင်းထား၍ ဟောထိုက်သည် မဟုတ်ပါလော၊ ထိုသို့ တစ်မျိုးတစ်ဖုံ ပြောင်းလဲလိုက်ပါလျှင် မကြာခင် အသောကမဟာရာဇာလို စဉ်းစား တတ်သော တက်လူတွေက သာသနာတော်ကို အထင်ကြီးလာရပါ လိမ့်မည်။

ယခုသော် ထိုကဲ့သို့ အထင်ကြီးလောက်သော အကြောင်းများ၏ ချို့ငဲ့မှုကြောင့် (အလှူဒါနပြုချင်လာအောင် ဟောပြောမှု များသော ကြောင့်) သာသနာတော်ကို အတွင်းကျကျ ကိုးကွယ်ကြသော ဘုရား ဒကာ ကျောင်းဒကာ စသူတို့၏ သားစဉ်မြေးဆက် တက်လူကလေး တွေကပင် အထင်သေးနေကြပြီ မဟုတ်ပါလော၊ ဗုဒ္ဓရှင်တော်၏ သာသနာ့ဝန်ဆောင်ဘက်က စိတ်အထက်တန်းကျသော အမျိုးသား ကောင်း ရဟန်းတော်အပေါင်းတို့ စုပေါင်းညီညာလျက် ကိုယ်ကျင့် ဘက်က တိုးတက်အောင် ကြိုးစားဖို့ အချိန်ရောက်နေပါပြီ။

အသောကမင်းသာသနာပြုခန်း

အိမ်ရှေ့မင်း ရဟန်းပြုပုံ

အသောကမဟာရာဇာ၏ ညီတော်ရင်း ဖြစ်၍ အိမ်ရှေ့မင်းလည်း ဖြစ်သော တိဿမင်းသား တောကစားထွက်စဉ် သမင်များ၏ မြူးထူး ပျော်ပါးကြပုံကို မြင်၍ “အင်း… မြက်စားနေကြရသော သမင် များပင် ယခုလို ပျော်ပျော်ပါးပါး မြူးနေကြသေးလျှင် ဘုရင့် အလှူစာကို စားနေကြသော ရဟန်းတော်တွေကား အဘယ်မှာ မမြူးဘဲ နေနိုင်ကြမည်းနည်း”ဟု အတွေးပေါ်ကာ သူ၏နောင်တော် မဟာရာဇာကို ပြောမိလေသည်၊ မဟာရာဇာလည်း ထိုစကားကို ကြားရလျှင် အကျိုး အပြစ်ကို မစိစစ် မပြောပြသေးဘဲ “တစ်နေ့ကျမှ သူ့ကို နားလည်အောင် ပြရတော့မည်”ဟု ကြံစည်ကာ အတော်ကြာသော် အကြောင်းတစ်ခုကို ရှာ၍ စိတ်ဆိုးဟန်ဆောင်ပြီး… “မင်းသား… တိုင်းပြည်ကို လက်ခံ၍ ခုနစ်ရက်မျှ စံစားပေတော့၊ ခုနစ်ရက် လွန်သောအခါ သင့်ကို သတ်မည်”ဟု အမိန့်ပေးကာ တိုင်းပြည်ကို လွှဲအပ်လေသည်၊ မင်းသားကား တိုင်းပြည်ကို ရသော်လည်း (သေရမည့် အရေးကို တွေးကာ) စံစားချင်စိတ် မပေါ်လာဘဲ မအိပ်နိုင် မစားနိုင် ဖြစ်နေတော့၏။

ထိုအနေကို မြင်ရသော မဟာရာဇာသည် ညီတော်ကို ခေါ်ပြီး လျှင် “ဟဲ့ တိဿ…ခုနစ်ရက်ကြာလျှင် ငါသေရတော့မည်ဟု ထင်နေရုံမျှဖြင့် သင့်ကိုယ်တိုင် မပျော်နိုင်ပုံကို စဉ်းစားလော့၊ ရဟန်း တော်များကား ရှူရင်း ရှိုက်ရင်း သေရခြင်းနှင့် ဆက်သွယ်နေပုံကို အမြဲဆင်ခြင်နေကြရကား အဘယ်မှာ ပျော်ပါးနိုင်တော့မှာလဲ”ဟု ပြောပြသောအခါ သာသနာတော်ကို ကြည်ညိုလာသဖြင့် နောက် တစ်ခါ တောလည်အသွားတွင် ရဟန္တာတစ်ပါး၏ တန်ခိုးကို မြင်ရ ပြန်သောကြောင့် ချက်ချင်း ရဟန်းပြုချင်စိတ် ပေါ်ကာ သူဖူးမြင်ခဲ့ ရသော အရှင်မဟာဓမ္မရက္ခိတရဟန္တာအရှင်မြတ်အထံ၌ ရဟန်းပြု လေသည်၊ ထိုအခါ အိမ်ရှေ့မင်းကို အားကျ၍ မဟာရာဇာ၏ နှမသားလည်း ဖြစ်, သမီးတော်သံဃမိတ္တာ၏ ကြင်ဖက်လည်းဖြစ် သော အဂ္ဂိဗြဟ္မမင်းသားနှင့်တကွ အများပင် ရဟန်းပြုကြလေသည်။

ရှစ်သောင်းလေးထောင် ကျောင်း, စေတီ

ထိုအသောကမဟာရာဇာသည် …“ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ရှိ၏” ဟု ကြားသိရ၍ ဓမ္မက္ခန္ဓာ တစ်ပါးလျှင် ကျောင်းတိုက်တစ်တိုက်စီ ပူဇော်လိုသောဆန္ဒဖြင့် (၉၆) ကုဋေသော ဥစ္စာကို စွန့်လွှတ်၍ တစ်မြို့လျှင် (ရွာကြီးများလည်း ပါပေလိမ့်မည်၊) တစ်ကျောင်းတိုက်စီ တည်ဆောက်ဖို့ အမတ်တို့ကို စေခိုင်းလေသည်၊ ထိုအမတ်များလည်း အသောကမဟာရာဇာ၏ ပိုင်ရာဒေသတိုင်း၌ ကျောင်းတိုက်များ တည်ကြလေရာ ကျောင်းနှင့် တကွ စေတီတော်ပါ အပြီးအစီး တည်ထားကြလေသည်၊ ထို့ကြောင့် မဟာရာဇာ၏ကုသိုလ်တော်များကို “ကျောင်းတိုက်နှင့်စေတီတော် ပေါင်း ရှစ်သောင်းလေးထောင်စီ ရှိ၏”ဟု ပြောစမှတ် ပြုကြသည်။

သားတော်,သမီးတော် သာသနာဝင်ခန်း

ကျောင်းတိုက်များကို လှူဒါန်းပူဇော်ရာ၌ မဟာရာဇာသည် အလွန်ဝမ်းမြောက်သည် ဖြစ်၍… “ဗုဒ္ဓရှင်တော်မြတ်၏ သာသနာဝယ် အဘယ်သူ၏ စွန့်ကြဲလှူဒါန်းမှုသည် အကြီးကျယ်ဆုံး ဖြစ်ပါသနည်း”ဟု မေးလျှောက်လေရာ သံဃာများ၏ တာဝန်လွှဲခံရ သော အရှင်မောဂ္ဂလိပုတ္တတိဿထေရ်က မိန့်တော်မူသည်မှာ…

မထေရ်။ ။ မဟာရာဇာ … ပစ္စည်းလေးပါး လှူဒါန်းရေး၌ ဒကာတော်နှင့်တူသူသည် ဗုဒ္ဓမြတ်စွာ၏ လက်ထက်တော်တုန်းကပင် မရှိခဲ့ပါ၊ ဒကာတော်၏ စွန့်ကြဲမှုသာ အကြီးကျယ်ဆုံးဖြစ်ပါပေသည်။

မဟာရာဇာ။ ။(ထိုစကားကိုကြားရလျှင် အလွန့်အလွန်နှစ်သက် ရွှင်ပျ၍) ဒီလိုဖြစ်လျှင် ဒကာတော်သည် သာသနဒါယာဒ (သာသနာ့အတွင်းသား=သာသနာ့ဆွေတော် မျိုးတော်) ဖြစ်ပြီ မဟုတ်ပါလား။

မထေရ်။ ။(ထိုစကားကို ကြားရလျှင် မဟိန္ဒမင်းသားကို သတိထားတော်မူမိ၏၊ သာသနာတော်၌ ဤမင်းသား ရောက်လာလျှင် သာသနာတော် အလွန်တိုးတက်လာ မည်ကိုလည်း မြော်မြင်တော်မူ၏၊ ထို့ကြောင့် အမှန် လည်းကျ စကားသုံးလည်း လှလေအောင်) မဟာရာဇာ…မြေပြင်မှအထက် ဘဝဂ်တိုင်အောင် ပစ္စည်း ပုံကြီးကို လှူဒါန်းပါသော်လည်း “သာသနဒါယာဒ”ဟု မခေါ်နိုင်သေး၊ “ပစ္စယဒါယကာ”ဟုသာ ခေါ်နိုင် သည်၊ ဆင်းရဲ ချမ်းသာမဟူ မည်သူမဆို မိမိရင်သွေး ကို သာသနာတွင်း သွင်းပို့ ချီးမြှောက်နိုင်သူသာ သာသနာတော်နှင့်သွေးစပ်၍ “သာသနဒါယာဒ”ဟု ဆိုအပ်ပေသည်။

မှတ်ချက်။ ။[ဒါယာဒ-အမွေကို ခံယူသူ၊ ထိုသူနှင့်တူသော ဆွေမျိုး] သားက သာသနာဝင်ဖြစ်သောကြောင့် မိဘလည်း သာသနာနှင့်သွေးစပ်၍ သာသနဒါယာဒ (သာသနာ့ဆွေမျိုး) ဖြစ်ရသည်-ဟူလို။

မဟာရာဇာ။ ။ ထိုအခါ သာသနဒါယာဒ အဖြစ်ကို လွန်စွာ လိုလားသော မဟာရာဇာသည် အိမ်ရှေ့မင်းရာထူး ပေးဖို့ရန် မှန်းထားအပ်သော မဟိန္ဒမင်းသားကို (အိမ်ရှေ့ရာထူးထက် ရဟန်းအဖြစ်ကပင် သာလွန်၍ မြတ်၏ဟု အကြံဖြစ်ကာ) “ချစ်သား…ရဟန်းပြုနိုင် ပါ့မလား”ဟု မေးလေသည်။

မင်းသား။ ။ (ထိုအချိန်မှာ သာသနာတော်၏ ဂုဏ်တက်ချိန် ဖြစ်သောကြောင့် ရဟန်းပြုရခြင်းကို အထင်မသေး သောခေတ် ဖြစ်ရကား ဘထွေးတော် အိမ်ရှေ့မင်း ရဟန်းပြုတုန်းကပင် အားကျနေသော မင်းသားက) “ပြုနိုင်ပါသည်”ဟု သံတော်ဦးတင်လေသည်။

မဟာရာဇာ။ ။ (သမီးတော်ဘက် လှည့်၍) “ချစ်သမီးကော ဘိက္ခုနီ မဖြစ်ချင်ဘူးလား”ဟု မေးရာ “ဖြစ်ချင်ပါ ကြောင်း” လျှောက်သဖြင့် သားတော် သမီးတော် နှစ်ယောက်လုံးကိုပင် သာသနာတွင်းသို့ သွင်းပို့၍ သာသနဒါယာဒအဖြစ်ကို ခံယူလေသည်။

တိတ္ထိများ သာသနာဝင်လာပုံ

သာသနာတော်ဝင် အရှင်မြတ်တို့ဘက်၌ သာသနာဝင်လာပုံ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ် အများအပြားရှိ၍ အရှင်မဟိန္ဒကဲ့သို့ အထက်တန်းအမျိုးကောင်း သားများက သာသနာ့ဝန်ကို ထမ်းနေကြ ရုံမက မဟာရာဇာကိုယ်တိုင်ပင် အမြတ်တနိုးပြု၍ ကိုးကွယ်ကာ မဟာရာဇာ၏ အာဏာပျံ့နှံ့ရာ အရပ်တိုင်းဝယ် ဗုဒ္ဓတရားတော်မှ လူဝတ်ကြောင်နှင့် ဆိုင်သော တရားတော်များကို ရေးသား၍ ကျောက်တိုင်စိုက်လျက်လူအများအားတရားပေးကာ တရားတော်ကို ယုံကြည်သက်ဝင်လာအောင် ကြိုးစားနေသောအခါဖြစ်၏၊ ထိုအခါ၌ ဗုဒ္ဓသာသနာတော်ဝယ် ပစ္စည်းလေးပါး ပေါများပြည့်စုံသလောက် ရသေ့တိတ္ထိတို့၌ ပစ္စည်းလေးပါး ရှားပါးရကား များစွာသော ရသေ့တိတ္ထိတု့သည် အစားအသောက် အနေအထိုင်ကျပ်ကြ၏၊ ထို့ကြောင့် သာသနာတွင်းသို့ တိတ်တိတ်ပုန်း ဝင်ရောက်လာပြီးလျှင် သံဃာ အစစ်များနှင့် ရောနှောနေထိုင်ကာ တချို့ကမူ မိမိတို့ယူမြဲ မိစ္ဆာအယူ ကို ယူကြခြင်းဖြင့် သာသနာတော် မသန့်ရှင်အောင် ပြုကြန်တော့၏၊ ထိုအခါ ရဟန်းစစ် ရဟန်းမှန်တို့သည် သူတို့နှင့်အတူ သံဃာ့ကံများ ကို မပြုနိုင်ကြသောကြောင့် အသောကာရုံတိုက်ကြီး၌ ခုနစ်နှစ် တိုင်တိုင် ဥပုသ်ပြုကိစ္စ ရပ်စဲခဲ့ရသတဲ့။

တတိယသင်္ဂါယနာတင်ရပုံ

ထိုအချိန်မှာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်လည်း အဓိကရုဏ်း ကြီးကျယ်မည့် အရေးကို မြင်၍ (သူတို့နှင့် နီးကပ်စွာနေလျှင် နောင် အဆုံးအဖြတ်ပေးသည့်အခါ အလေးမပြုမည် စိုးသောကြောင့်) ဂိုဏ်းသံဃာကို မဟိန္ဒရဟန်းတော်အား လွှဲအပ်ကာ အဟောဂင်္ဂါ တောင်သို့ ကြရောက်တော်မူလေသည်၊ ထို့နောက် အဓိကရုဏ်း ကြီးသည်ထက် ကြီးလာသောအခါ မဟာရာဇာသည် အရှင်မောဂ္ဂလိ ပုတ္တတိဿကို ပင့်၍ ထိုထေရ်၏အထံ၌ ဗုဒ္ဓဝါဒအစစ်အမှန်ကို လေ့လာပြီးမှ ရဟန်းစစ် ရဟန်းမှန်ကို ရွေးချယ်ဖို့ရန် အယူဝါဒ တူမျှသူတွေကို တစ်သန့်စီ ထား၍ ဗုဒ္ဓအယူကို ကျနစွာ မပြောနိုင်သူ အားလုံးကို လူဝတ်လဲစေသည်၊ ထို့နောက် သန့်စင်သောသာသနာ ဖြစ်သည့်အခါ အရှင်မောဂ္ဂလိပုတ္တတိဿမဟာထေရ်သည် သံဃာ့ ပရိသတ်အလယ်၌ အယူဝါဒအမျိုးမျိုးကို ရှင်းပြသော ကထာဝတ္ထု ကျမ်းကို ဟောတော်မူ၍ တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံသော ရဟန္တာ တစ်ထောင်ကို ရွေးချယ်ကာ တတိယသင်္ဂါယနာ တင်ရပြန်သည်။

မှတ်ချက်။ ။ အသောကမဟာရာဇာ၏ ချီးမြှောက် ထောက်ပံ့မှုကြောင့် သာသနာတော်၌ ပစ္စည်းလေးပါး ပေါများလာ သောအခါ အစားအသောက်ကျပ်သော တိတ္ထိတို့တစ်စု သာသနာ၌ အချောင် ဝင်လာကြပုံကို ထောက်၍ မည်သည့် သာသနာမဆို လာဘ်ပေါများလျှင် အချောင်သမားတွေ ဝင်လာတတ်သည်မှာ ဓမ္မတာတစ်ခုဟု မှတ်ပါ၊ ထိုတိတ္ထိများကြောင့်ပင် သာသနာတော် ကစဉ့်ကရဲ ဖြစ်ကြရသကဲ့သို့ ထို့အတူ အချောင်သမား ပေါများသော နေရာတိုင်းမှာလည်း ကစဉ့်ကရဲ ဖြစ်ရမည်မှာ ဓမ္မတာပင်တည်း၊

ထို့ကြောင့် သာသနာပြုရမည့် ပုဂ္ဂိုလ်တို့သည် မိမိတို့ သာသနာ၌ ပစ္စည်းလေးပါးဘက်က ပရိယတ် ပဋိပတ် အလုပ်လုပ်ဖို့ အင်အား မရှိအောင် ရှားပါးခြင်းလည်း မဖြစ်စေသင့်၊ ပစ္စည်းလေးပါး အသုံး အဆောင် အခမ်းအနားတို့ဖြင့် အချောင်သမားတို့ ခိုဝင်လာချင် လောက်အောင်လည်း မပေါများစေသင့်၊ “မဇ္ဈိမပဋိပဒါ”ဟူသော စကားကို ဤနေရာမျိုး၌လည်း အသုံးပြုကာ အလုပ်လုပ်နိုင်လောက် အောင် မရှိမရှား အလယ်အလတ်စားသာလျှင် ဖြစ်စေသင့်ကြပေသည်။

သာသနာပြုလွှတ်ခန်း

တတိယသင်္ဂါယနာ တင်ပြီးနောက် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် နောက်နောင်အခါ သာသနာတည်ရစ်မည့် ဌာနကို စဉ်းစား တော်မူလေသော် အိန္ဒိယ နယ်စွန်နယ်ဖျားနှင့် သီဟိုဠ်ကျွန်းစသော ဒေသတို့၌ တည်ရစ်လိမ့်မည်ကို မြင်တော်မူ၍ ကသ္မီရဂန္ဓာရတိုင်း စသော ကိုးတိုင်း ကိုးဌာနသို့ သံဃာတော်များကို သာသနာပြု စေလွှတ်တော်မူလေရာ အရှင်မဟိန္ဒထေရ် အမှူးရှိသော သံဃာ တော်များကို သီဟိုဠ်ကျွန်းသို့ စေလွှတ်တော်မူသည်၊ ထိုသီဟိုဠ်ကျွန်း၌ကား ဒေဝါနံပိယတိဿ မဟာရာဇာသည် အသောကရာဇာနှင့် အပြန်အလှန် အဆွေတော်ဖြစ်ရကား အသောကမဟာရာဇာ၏ သားတော် အရှင်မဟိန္ဒကို စေလွှတ်တော်မူခြင်းမှာ သာသနာတော် စည်ကားဖို့ရန် ကြီးမားသောအခြေခံ ဖြစ်ပါပေသည်၊

ထိုမဟိန္ဒထေရ် နှင့် နှမတော်သံဃမိတ္တာဘိက္ခုနီတို့၏အစွမ်းကြောင့်ပင် သီဟိုဠ်ကျွန်း သာသနာသည် အခြေခိုင်မြဲစွာတည်တံ့ခဲ့ရသည့်အပြင် နောက်နောင် အိန္ဒိယ၌ သာသနာဆုတ်ယုတ်လာသောအခါ အိန္ဒိယက သာသနာ့ ဝန်ဆောင် ထိပ်ခေါင်တင်တို့သည် သီဟိုဠ်ကျွန်းကို အခြေခံလုပ်၍ ပေထက်အက္ခရာတင်ကိစ္စကို ရွက်ဆောင်တော်မူကြရပေသည်။

ဒုဋ္ဌဂါမဏိမင်းအကြောင်း

စစ်ရှုံးစဉ်လည်း ဒါနကို မမေ့

မဟာဝင်၌ တွေ့ရသော သီဟိုဠ်မဟာရာဇာတို့တွင် ဒုဋ္ဌဂါမဏိမဟာရာဇာ၏ သာသနာ ကြည်ညိုပုံသည် ဗုဒ္ဓဘာသာဝင်တို့၏စိတ်ကို အားအရစေဆုံး အနှစ်သက်စေဆုံးဖြစ်၏၊ ထိုမဟာရာဇာသည် ညီတော်တိဿနှင့်စစ်ဖြစ်၍ စစ်ရှုံးခိုက် မြင်းတစ်စီး အမတ်တစ် ယောက်မျှဖြင့် တိမ်းရှောင်နေရာ တောထဲမှာပင် လွန်စွာဆာလောင်နေစဉ် အမတ်၏ပွဲတော်တစ်ယောက်စာကို (မြင်း,အမတ်, မိမိဖို့အပြင် လှူဖို့ပါ) လေးဖို့ခွဲ၍ အလှူခံပုဂ္ဂိုလ်ကို ကြေးကြော်ပင့်ယူလေသည်၊

အလှူခံပုဂ္ဂိုလ်သည် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြား၍ ကြွရောက် လာသဖြင့် မိမိတို့ဖို့ မှန်းထားသော အဖို့ကိုပါ အားလုံးလှူလိုက်ကြလေသည်၊ နတ်ရွာစံခါနီး၌ကား မိမိအလှူတော်စာရင်းကို ဖတ်စေရာဝယ် အခြားသော စေတီတော်ကြီး ကျောင်းတော်ကြီးများ အလှူထက် ဤအလှူကို သာ၍နှစ်သက်ပါသတဲ့။ [အချို့ဒါနရှင်များ သည် မိမိပြုပြီးသော ကောင်းမှုအထူးများကို ပုရပိုက်စာအုပ်များ၌ ရေးမှတ်၍ ထားပြီးလျှင် ထိုကောင်းမှုစာရင်းများကို မကြာ မကြာ ကြည့်ရှုကာ နောက်ထပ် ကုသိုလ်စေတနာ တိုပွားကြစေ၏။]

စစ်တိုက်ရာ၌ ရဟန်းများကိုပင့်သွားပုံ

ညီတော်ကို တစ်ဖန်ပြန်၍စစ်အောင်မြင် သောအခါ စစ်ဗိုလ်ကြီး (သူရဲကောင်း)တစ်ကျိပ်ကို အမှူးထား၍ များစွာသော စစ်တပ်ဖြင့် ဂင်္ဂါမြစ်တစ်ဖက်ကမ်းသို့ ကူးပြီးလျှင် ကျေးမင်းများကို နှိမ်နင်းလိုသောကြောင့် သံဃာများထံလျှောက်သည်မှာ “ဒကာတော်သည် သာသနာတော်ကိုပြုစုခြင်းငှာ ဂင်္ဂါမြစ်တစ်ဖက်သို့ သွားရပါဦး မည်၊ ရဟန်းတော်များကို ဖူးမြင်နေရခြင်းသည် ဒကာတော်အတွက် မြတ်သောမင်္ဂလာ ဖြစ်ပါသည်၊ ထို့ကြောင့် ရဟန်းတော်များကို လည်း မပြတ် ဖူးမြင်ရ, ဒါနကိုလည်း ပြုရအောင်”ဟု လျှောက်၍ ပျိုမျစ်သော ရဟန်းတော်ငါးရာကို စစ်မြေပြင်သို့ ပင့်သွားလေသည်။

မှတ်ချက်။ ။ မဟာရာဇာ၏အလိုအားဖြင့် “ဖူးမြင်ဖို့ရန်နှင့် ဒါနပြုဖို့ရန် ပင့်သွားသည်”ဟု ဆိုရသော်လည်း ထိုရဟန်း တော်များအတွက် ဝိနည်းတော်နှင့် သင့်လျော်မည့် နေရာဝယ် “စစ်သားတို့ စည်းကမ်း သေဝပ်အောင်, သိမ်းပိုက်မိသော နယ်သူ နယ်သားများကို သနား ညှာတာ၍ … နှိပ်စက်မှု, မိန်းမများကို စော်ကားမှု မပြုရအောင်” စသည့်ဖြင့် ဩဝါဒပေးနိုင်သော အကျိုး များလည်း ရနိုင်ပေသေးသည်။

နတ်ရွာစံခါနီး အဘယထေရ်ကိုသတိရ

စစ်ကိစ္စ ပြီးဆုံးသောအခါ၌ သူရဲကောင်း စစ်ဗိုလ်ကြီးတို့တွင် အဘယဗိုလ်မှူးသည် ချီးမြှောက်တော်မူသော စည်းစိမ်ကို မယူဘဲ “ကိလေသာရန်ကို နှိမ်နင်းဖို့ ကျန်ပါသေးသည်”ဟု သံတော်ဦး တင်ကာ ရဟန်းပြုပြီးနောက် ရဟန္တာဖြစ်လေသည်၊ မဟာရာဇာကြီး မမာမကျန်းရှိသောအခါ ရဟန်းတော်များစွာ လာ၍ တရားတော်ကို ရွတ်ဆိုကြလေ၏၊ ထိုသံဃာ့ပရိသတ်ဝယ် အဘယထေရ်ကို မမြင် သောကြောင့်… “အဘယသူရဲကောင်းကြီးသည် ကျေးမင်းတို့နှင့် နှစ်ကြိမ်တိုင်တိုင် စစ်ထိုးရာ၌ ငါ မရှုံးမည်ကို မြင်၍ ငါ့အထံမှာ ရဲဘော် လုပ်လာခဲ့သည်၊ ယခု သေမင်းနှင့် စစ်ထိုးရာ၌ကား ငါ ရှုံးမည်ကို မြင်သောကြောင့် ငါ့အနားသို့ မလာတော့ပြီ”ဟု အဘယထေရ်ကို သတိရလေသည်။

ထိုအကြံကို အဘယထေရ်သိတော်မူ၍ ရဟန္တာငါးရာနှင့်အတူ ကြလာတော်မူလေသော် လွန်စွာအားရတော်မူသဖြင့် အနီးသို့ ပင့်ဆောင်စေပြီးကာ… “ရှေးအခါက သူရဲကောင်း တစ်ကျိပ်ဖြစ်သော အရှင်မြတ်တို့နှင့်အတူ စစ်တိုက်၍ ဒကာတော့်ဘက်က စစ်အောင် နိုင်ခဲ့ပေပြီ၊ ယခုသော် ဒကာတော်တစ်ယောက်တည်း သေမင်းနှင့် စစ်တိုက်ရသောကြောင့် သေမင်းကို ရှုံးစေခြင်းငှာ မတတ်နိုင်တော့ ပါ”ဟု လျှောက်ရှာလေသည်။

အဘယထေရ် စစ်ကူတော်မူပုံ

မဟာရာဇာ၏စကားကို အဘယထေရ်က ပြန်၍ မိန့်တော်မူသည်မှာ “အလုံးစုံသော ရုပ်နာမ်ခန္ဓာတို့သည် မမြဲနိုင်ကြပေ၊ ဗုဒ္ဓရှင်တော်မြတ်ကိုယ် ခန္ဓာတော်သော်မှ မြဲခိုင်ခြင်းသဘော မရှိ၍ ပျက်စီးခဲ့ရပေသည်၊ ရုပ်နာမ်ခန္ဓာ ဟူသမျှ၏ မမြဲခြင်းသဘော (အနိစ္စ), ဆင်းရဲခြင်း သဘော (ဒုက္ခ), အနှစ်သာရ မရှိခြင်းသဘော (အနတ္တ)ချည်း ဖြစ်ကြောင်းကို နှလုံးသွင်းပါလော့၊ ဒကာတော်မင်းမြတ်သည် လွန်ခဲ့သော ဘဝက နတ်ပြည်ရောက်ကြောင်း ကောင်းမှုရှိသော သာမဏေ ဖြစ်ပါသော်လည်း နတ်စည်းစိမ်ကို မတောင့်တဘဲ သာသနာပြုမင်း ဧကရာဇ် ဖြစ်လာရပေသည်၊ အသင်မင်းမြတ်၏ ယနေ့တိုင်အောင် ပြုခဲ့သမျှကုသိုလ်တို့ကို အမှတ်ရနေပါလော့”ဟုမိန့်တော်မူလေသည်။

ထိုစကားကို ကြားရသော ဒုဋ္ဌဂါမဏိမင်းကြီးသည် ဝမ်းမြောက် တော်မူလှသဖြင့် “အရှင်မြတ်သည် အကျွန်ုပ်၏ သေမင်းနဲ့ စစ်တိုက်ရာ၌လည်း အဖော်သဟဲ ဖြစ်ပါပေသည်”ဟု လျှောက်ထား၍ ပြုခဲ့ဖုူးသော ကောင်းမှုစာရင်းကို ဖတ်စေသည်၊ ထိုကောင်းမှုစာရင်းဖတ် သောအခါလည်း မဟာရာဇာ၏စိတ်၌ သာ၍ ထင်လာအောင် ရှေး ကောင်းမှုအကြောင်းကို အကျယ်ပြောပြတော်မူ၏၊ ဤသို့ ကောင်းမှု စာရင်းကို ကြားနာပြီးလျှင် ကောင်းမှုဆိုင်ရာ မှာဖွယ်တို့ကို မှာထား ပြီးမှ စုတိစိတ်ကျ၍ တုသိတာနတ်ပြည်၌ ဖြစ်ရလေသည်။

မှတ်ချက်။ ။ ဤဒုဋ္ဌဂါမဏိမဟာရာဇာသည် တိုင်းရေး ပြည်ရေး သာသနာရေး၌သာ ရာဇဝင်ပြောင်ရုံသာမက သေရမည့် အရေး၌ပင် ရာဇဝင်ပြောင်ရကား အတုယူဖွယ်ကောင်းလှ ပေသည်။

ပေထက်အက္ခရာတင်ခန်း

မဟာထေရ်များ ကြိုးစားတော်မူခဲ့ပုံ

သီဟိုဠ်ကျွန်းဝယ်…(ပိတုရာဇာ ဟုလည်း ထင်ရှားသော) ဝဋ္ဋဂါမဏိမင်း စိုးစံစဉ် တိဿမည်သော ဗြာဟ္မဏတစ်ယောက် က သူပုန်ထသည့်ပြင် စောဠတိုင်းမှ ကျေးမင်းတို့ကလည်း စစ်ဖက်လာကြ၏၊ တိုင်းသူပြည်သားတို့သည် အိမ်ခြေရာခြေ မတည်နိုင်အောင် ရှိရကား သံဃာတော်များ ဆွမ်းခဲယဉ်းစဉ်မှာပင် စိတ္တလပဗ္ဗတကျောင်းတိုက်, မဟာဝိဟာရကျောင်းတိုက် စသည်၌ သုံးနှစ် တိုင်တိုင် စုဆောင်းထားအပ်သော ဝတ္ထုကံ စပါးများကို ကြက်ကြီး များစွာ ဖျက်ဆီးကြသဖြင့် တစ်ညဉ့်အတွင်း၌ပင် ဖွဲမျှသာ ကျန်လေတော့၏၊ ရဟန္တာဖြစ်ပြီးသော ရဟန်းတော်များစွာလည်း ပရိနိဗ္ဗာန် စံကြ၏၊ များစွာသော ရဟန်းတို့သည် ဇမ္ဗူဒိပ် (အိန္ဒိယ)ဘက်သို့ ကူးပြောင်း နေထိုင်ကြရလေသည်။

ထိုအချိန်၌ ပိဋကကျမ်းစာများကို ပေထက်၌ မရေးကြရသေး သောကြောင့် ဇမ္ဗူဒိပ်သို့ မကူးဘဲ ဖြစ်သလိုနှင့် နေရစ်ခဲ့ကြသော ရဟန်းတော်များသည် မိမိတို့ နှုတ်တက်ဆောင်ထားသော ပါဠိတော် နှင့် အဋ္ဌကထာများကို အလွန် ပင်ပန်းစွာ ရွတ်အံတော်မူရှာကြရ ပေသည်၊ တချို့ ရက်များ၌ကား ဆွမ်းကို မဆိုထားဘိ စားဖွယ်ရာ အာဟာရ တစ်စုံတစ်ရာကိုမျှ မရကြရှာချေ၊ သို့သော် မရွတ်မအံလျှင် ပိဋကတော်များ တိမ်းပါး ချွတ်ယွင်းမည် စိုးသောကြောင့် ဝမ်းမီး ဆောင်သဖြင့် ပူလောင်နေသော ရင်ပေါ်မှာ သဲအစိုများ တင်ထား၍ ကြိုးစား ပမ်းစား ရွတ်အံတော်မူခဲ့ကြပါသတဲ့။ ပေထက်အက္ခရာတင်ခြင်း ထိုအခြင်းအရာကို ကိုယ်တွေ့ကြုံခဲ့ရသော မဟာထေရ်တို့သည် နောက်နောင်အခါ ပိဋကတော်များကို နှုတ်တက်ဆောင်နိုင်လောက် အောင် ဉာဏ်အား ကိုယ်အား နည်းပါးကြလိမ့်မည်ကို မြော်မြင်မိရကား ယခုလို ဘေးဖြစ်လာလျှင် ပိဋကတော်များ တိမ်းပါးချွတ်ယွင်း မည့်အချက်ကို လေးနက်စွာ စဉ်းစားတော်မူမိကြသဖြင့် သူပုန်ဘေး ငြိမ်းအေး၍ ဝဋ္ဋဂါမဏိမင်း နန်းစံသောအခါ အကျိုးအကြောင်းစုံ ပြောပြတော်မူကာ ထိုမင်း၏ အကူအညီဖြင့် ပိဋကတော်များကို ပေ၌ ရေးသားခဲ့ကြပေသည်။

မှတ်ချက်။ ။ ပြီးခဲ့သော ဒုတိယကမ္ဘာစစ်ကြီး အတွင်း၌ များစွာသော စာသင်တိုက်ကြီးများဝယ် သင်အံ ပို့ချမှု ရပ်စဲ ခဲ့ရပုံကို ထောက်၍ ထိုအချိန်၌ ထိုအရှင်မြတ်တို့ ပိဋကဆောင်ခဲ့ကြ ပုံမှာ အလွန် ကြည်ညိုထိုက်ပါပေသည်၊ ထိုအရှင်များသည် ထို အချိန်က ပေထက်အက္ခရာ မတင်ခဲ့ပါမူ ယခုလောက် ကြာလျှင် ပိဋကတော်များ တိမ်းပါး ချွတ်ယွင်းတော့မည်မှာ သေချာသလောက်ပင်ဖြစ်၏၊ ထိုအရှင်များ၏ မြော်မြင်တော်မူချက်မှာ ယခုခေတ် ဘာသာဝင်တိုင်း ကျေးဇူးဆပ်၍ မကုန်နိုင်လောက်သော အချက်ပါပေတည်း။

သံဃာ့ရတနာခန်းနိဂုံး

ဗုဒ္ဓမြတ်စွာသည် ညဉ့်အခါဝယ် အမှောင်ကြီးကို လင်းစေသော လမင်းနှင့်တူတော် မူ၍ အရိယာသံဃာများကား လမင်း၏ဝန်းကျင်ဝဲယာ၌ ထွန်းလင်း တောက်ပလျက်ရှိကြသော ကြယ်တာရာများနှင့် တူတော်မူကြ၏၊ ဓမ္မအစစ်အမှန်တို့မှာ ဗုဒ္ဓလမင်းမှ ထွန်းလင်းထွက် ပေါ်လာသော အရောင်အဝါများနှင့် တူတော်မူပါပေသည်၊ လမင်းဝင်သွားသော အခါ ကြယ်တာရာရောင်ကိုသာ အားပြုရတော့သကဲ့သို့ ထို့အတူ ဗုဒ္ဓရှင်တော်လရတနာကြီး ကွယ်ပပြီးရာ ယခုလိုအခါ၌ သံဃာ့ ရတနာဝင် အရှင်မြတ်တို့လည်း ယနေ့တိုင်အောင် တရားအရောင်ကို ထွန်းပြောင်စေတော်မူခဲ့ကြသည်မှာ ကျေနပ်ဖွယ်ရာ ကျေးဇူး တင်ဖွယ်ရာကြီးပါပေတည်း။

ထို့ကြောင့်ပင် ထိုသံဃာ့ရတနာဝင် အရှင်မြတ်များကို ရည်စူး၍ “တံ သံဃံ သရဏံ ဂစ္ဆာမိ-ထိုအရှိယာသံဃာတော်ကို ကိုးကွယ် ဆည်းကပ်ပါ၏”ဟု နှုတ်ဖြင့်လည်း ရွတ်, စိတ်ကိုလည်း ညွတ်စေပြီးလျှင် ထိုအရှင်မြတ်များ၏ သွားလမ်းကို ဖြောင့်တန်းစွာ လိုက်နေသော, လိုက်မည်ဟု ကြိုးစား၍ နေသော အရိယာလောင်း ပုထုဇဉ် ရဟန်းကောင်း သာမဏေကောင်း များစွာတို့ကို အကြောင်းအား လျော်စွာ ထိုက်တန်သလောက် အာပေးချီးမြှောက် နေကြသော သူတော်စင်တို့သည် ယခုလက်ရှိ သာသနာကို အရာရာ အဘက် ဘက်က နက်နက်နဲနဲ ဝေခွဲ စစ်ဆေးကြဖို့ရန် တသီးတခြား တစ်ကန့် ကန့်လိုသောကြောင့် ပေထက်အက္ခရာ တင်ရာအချိန်အထိ သံဃာ့ရတနာများကို ရိုသေစွာ သိမ်းချုပ်၍ နိဂုံးအုပ်ရာဝယ် သံဃာ ကိုးကွယ်နည်းကိုလည်း အကျဉ်းမျှ ပြပါဦးမည်။

သံဃာနှင့် အသင်းကောင်းဥပမာ

“မည်သည့်ပုဂ္ဂိုလ်”ဟု သီးခြားသတ်မှတ်ခြင်း မရှိဘဲ သံဃာအားလုံး အပေါ်၌ စိတ်ရောက်နိုင်၍ သံဃာကို ကြည်ညိုသူအတွက် ပုဂ္ဂိုလ်တစ်ပါး နှစ်ပါးကစ၍ ရာထောင်များစွာ အကြည်ညို ပျက်စရာကို တွေ့နေရသော်လည်း သံဃာကြည်ညိုမှုကား မပျက်နိုင်ပါ၊ ဘုန်းကြီးတို့ကိုယ်တိုင် သမ္မုတိသံဃာတွင် ပါဝင်နေကြရသော်လည်း အရိယာသံဃာတော်များကို ရည်စူး၍ “သံဃံ သရဏံ ဂစ္ဆာမိ-သံဃာတော်ကို ကိုးကွယ်ပါ၏” ဟူသော သရဏဂုံကို တည်စေရပါသေးသည်၊ ဤစကားဖြင့် “သံဃံ သရဏံ ဂစ္ဆာမိ” ဟူသော သရဏဂုံ၌ “သံဃံ”ဟု ဆိုလျှင် အရိယာဖြစ်ပြီးသော သံဃာကို မှန်းလိုက်ပါဟု ဆိုလိုပါသည်။

ထင်ရှားစေပါဦးမည်၊ တိုင်းပြည်၏ ကောင်းကျိုးကို လိုလား၍ ကြိုးစားနေသော “အသင်းကြီးတစ်သင်း” ရှိနေသည်ဟု ဆိုကြပါစို့၊ ထိုအသင်း၌ ဦးစီးခေါင်းဆောင်များလည်း လုံးဝအပြစ်ကင်းသူများ ဖြစ်ခဲ့၏၊ ထိုအသင်း၏ နာမည်ကောင်းမှုကြောင့် အသင်းဝင်တွေ တိုးပွားများပြားလာလေရာ အတော်ကြာသော် အသင်းသားထဲမှ မတရားသူအချို့ ပေါ်လာကြလေ၏၊ သို့သော် အသင်းကြီး၏ မူလ ရည်ရွယ်ချက်ကောင်းပုံနှင့် ခေါင်းဆောင်များကောင်းပုံတို့ကို ကျနစွာ နားလည်သူတို့က ထိုအသင်းကြီးကို အကြည်ညိုမပျက်ကြသေး၊ ထိုအသင်းကို ယုံကြည်ကိုးစား အားထားလျက်ပင် ရှိကြသေး၏။

အတော်ကြာလျှင် မတရားအသင်းသား ကိုယ်ကျိုးရှာသမားတွေ ပေါများထင်ရှားလာ၏၊ အသင်း၏ ရည်ရွယ်ရင်းကို နားလည်သူတို့က မတရားသူတွေ ကိုယ်ကျိုးရှာသူတွေကို အလွန်ရွံရှာမုန်းတီးသော်လည်း အသင်းကြီးကိုကား အပြစ်မမြင်နိုင်ပေ၊ သာ၍ ကာလ ကြာသောအခါ အသင်းသားထဲမှ လူကောင်းဆိုလျှင် တစ်ယောက် တလေမျှ ရှာနိုင်မှ ရတော့မည်၊ ထိုမျှလောက် အသင်းသားတွေ ယုတ်မာနေသော်လည်း အသင်းကြီး၏ ရည်ရွယ်ရင်းကို နားလည်သူ အတွက်မှာ အသင်းကြီးကို အကြည်ညို မပျက်ရက်ချေ။

သံဃာတော်များ စီတန်းကြွ

တချို့စာသင်တိုက်၌ တစ်ရံတစ်ခါ သံဃာကုန် လှူဒါန်းဖွယ် ရှိ၍ စီတန်း ကြွသွားသည်ကို မြင်ဖူးကြပါလိမ့်မည်၊ ထိုအခါ မြင်ရသူ လူအများ၏ စိတ်ဝယ် လွန်စွာ ကြည်ညိုကြမည်မှာ အထူးစဉ်းစားဖွယ်ရာ မလိုပါ၊ ဘုန်းကြီးကိုယ်တိုင် ငြိမ်သက်စွာ ကြွတော်မူသော ထို သံဃာ့အတန်းကြီးကို ကြည့်၍ ပီတိ သောမနဿ (နှစ်သက် ဝမ်းမြောက်ခြင်း) ဖြစ်ရရုံမက ဗုဒ္ဓ၏ လက်ထက်တော်က အရိယာ သံဃာတော်အတန်းကြီးကို မျှော်မှန်းစိတ်ကူးကာ ရင်ထဲ၌ ဆို့မတတ် ဖြစ်ဖူးပါသည်၊ ထိုဆို့ခြင်းလည်း ပီတိပျို့လျက် ဆို့ခြင်းဖြစ်ရကား ကောင်းသော ဆို့ခြင်းသာတည်း၊ ထိုသို့ ကြည်ညိုနှစ်သက်ရာ၌ ပုဂ္ဂိုလ်တစ်ပါးပါးအတွက် နှစ်သက်ခြင်း မဟုတ်ပါ၊ သံဃာအားလုံး အပေါ်မှာ အာရုံရောက်နေသော နှစ်သက်ခြင်းသာ ဖြစ်ပါသည်။

တိုက်တွန်းချက်။ ။ ယခုကာလ “သံဃိကဆွမ်းလောင်း, သံဃာအကုန် ဆွမ်းကပ်” စသော ကိစ္စများ၌ သံဃာ့အပေါ်မှာ စိတ်အာရုံရောက်အောင် သတိပြုသင့်ကြပါသည်၊ သံဃာတော်များကလည်း အလှူ့ရှင်များ၏ သဒ္ဓါတရားကို စောင့် ရှောက်သောအားဖြင့် သံဃာ့အစည်းအရုံးကိစ္စ ဟူသမျှဝယ် အထူး ဣန္ဒြေရသင့်ကြပါသည်။

သံဃာမှန်း၍ လှူဒါန်း

ပြခဲ့သော အစီအစဉ်ဖြင့် သံဃာ့အပေါ်မှာ စိတ်အာရုံ ရောက်နိုင်ကြပါမူ တစ်ကျပ်တန်ပစ္စည်းပင်ဖြစ်သော်လည်း သံဃိကဒါန ဖြစ်နိုင်၏၊ သံဃာကို အမှန်ကြည်ညိုသူတို့ကလည်း လှူစရာရှိလျှင် သံဃာကို ရည်မှန်း၍ လှူဒါန်းမည်သာတည်း၊ ထင်ရှားစေအံ့၊ ပြခဲ့သော အသင်းကြီးကို ရည်မှန်း၍ ငွေတစ်ကျပ် လှူဒါန်းရာ၌ ထိုငွေတစ်ကျပ်သည် အသင်း ကိစ္စ စပ်ဆိုင်ရာ၌သာ သုံးစွဲခွင့်ရ၏၊ အသင်းဝင်တစ်ယောက်၏ ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲခွင့် မရ၊ ထိုသို့ သုံးစွဲခွင့်မရဘဲ အချောင်သုံးစွဲလျှင် ထိုငွေတစ်ကျပ်ကို အသင်းမှ ခိုးယူသုံးစွဲရာ ရောက်သဖြင့် ထိုသူ့အတွက် အပင်းဖြစ်ရတော့သကဲ့သို့ ထို့အတူ သံဃိကလှူဒါန်းအပ်သော တစ်ကျပ်တန်ပစ္စည်းသည် သံဃာတော် အားလုံးနှင့်ဆိုင်၍ သာသနာရေး၌သာ သုံးစွဲခွင့် ရ၏၊ သာသနာရေး မဟုတ်သော ကိစ္စ၌ သုံးစွဲမိလျှင် ထိုသူ့အတွက် အပင်းထက်ပင် အပြစ်များသေး၏။

ဗုဒ္ဓရှင်တော် သံဃာကိုညွှန်းပုံ

မိထွေးတော် ဂေါတမီသည် ဗုဒ္ဓရှင်တော်ကို သင်္ကန်းလှူလို၍ ရက်ကန်းသည်တော်များကို သီးခြား အမိန့်ပေးကာ တစ်ခါတစ်ခါလည်း ကိုယ်တိုင် ဝင်၍ မိမိ၏လက်ဖြင့် ပြုရာရောက်အောင် ရက်ကန်း လက်ခတ်ကို ဆွဲကိုင်၍ ရက်သေး၏၊ ထိုသင်္ကန်းပြီး၍ ဗုဒ္ဓအား အလှူ လာသောအခါ ဗုဒ္ဓရှင်တော်သည် “သံဃေ ဂေါတမီ ဒေဟိ၊ သံဃေ တေ ဒိန္နေ အဟဉ္စေဝ ပူဇိတော ဘဝိဿာမိ သံဃော စ-ဂေါတမီ သံဃာအား လှူလိုက်လော့၊ သံဃာအား လှူလျှင် ငါ့အားလည်း ပူဇော်ရာ ရောက်ပေလိမ့်မည်”ဟု မိန့်တော်မူသည်။

ဒုဿီလလည်း သံဃာ

အာနန္ဒာ… အနာဂတ်ကာလ၌ ရဟန်းတို့၏ အနွယ်ကို ဖျက်ဆီးတတ်, သင်္ကန်း ကို လည်ပင်းပတ်ရုံသာ ပတ်ထားကုန်သော ဒုဿီလရဟန်းတို့ ဖြစ်ပေါ်ကြလိမ့်မည်၊ ထိုဒုဿီလတို့၌ လှူသောအခါ သံဃာကို မှန်း၍ လှူဒါန်းနိုင်ပါမူ မရေမတွက်နိုင်အောင် အကျိုးပေးနိုင်၏ဟု ငါဘုရား ဟောတော်မူသည်။ [ဥပရိပဏ္ဏာသ၊ ဒက္ခိဏဝိဘင်္ဂသုတ် ပါဠိတော်။]

သံဃာကို ကိုးကွယ်ပုံ

မိမိဒါနကို သံဃာအားလုံးရောက်အောင် စိတ်ထားခြင်းသည် သံဃာကို အားကိုးခြင်း ဖြစ်၏၊ မကျန်းမမာခြင်း စသော ဒုက္ခရောက်သောအခါ သံဃာ အားလုံး၏ တရားတော်ကို နာခြင်းသည် ထိုဒုက္ခကို သံဃာဖြင့် ကွယ်ခြင်း မည်၏၊ ထိုကဲ့သို့ သံဃာ့အပေါ် စိတ်မရောက်နိုင်သော အလှူဒါနပြုရာအခါ, ရိုသေရာအခါတို့၌ကား ထိုပုဂ္ဂိုလ်၏ သီလ သမာဓိ ပညာဂုဏ်ကို အာရုံပြု၍ ရိုသေသင့်, လှူဒါန်းသင့်ပါသည်၊ ဒုက္ခမကြုံမီ ထိုပုဂ္ဂိုလ်ကို အားကိုး၍ ဒုက္ခကြုံလာလျှင် ထိုပုဂ္ဂိုလ်၏ တရားကို လိုက်နာသောအားဖြင့် ထိုဒုက္ခကို ကာကွယ်သင့်ကြပေ သည်၊ ထိုသို့ အားကိုးရာမရသော ပုဂ္ဂိုလ်များကိုကား သံဃာကို ရည်မှန်း၍ လှူဒါန်းကိုးကွယ်ခြင်းသာလျှင် အပြစ်ကင်း၍ ထိုက်သင့် သော အကျိုးကို ရစေနိုင်ပေလိမ့်မည်၊ အချုပ်မှာ-သီလစသော ဂုဏ်မရှိဘဲ ကိုးကွယ်ခြင်းသည် သရဏဂုံနှင့်ဆိုင်သော ကိုးကွယ်ခြင်း မဟုတ်၊ သီလစသော ဂုဏ်ကို အကြောင်းပြု၍ ကိုးကွယ်မှ သရဏဂုံင့်ဆိုင်သော ကိုးကွယ်ခြင်းဟု မှတ်ပါ။

သံဃာ့ရတနာခန်းပြီးပြီ။

၄။ မြန်မာပြည်သာသနာခန်း

သထုံနှင့်ပုဂံ

သထုံပြည်၌ စစ်မှန်သော သာသနာရောက်သည်မှာ ပုဂံပြည်ထက် နှစ်ပေါင်းများစွာ အလျင်ကျ သည်ဟု မှတ်ရပေမည်၊ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုလွှတ်စဉ်ကပင် “သုဝဏ္ဏဘူမိ”ဟု ထင်ရှား သော ထိုအချိန်မှာ သမုဒ္ဒရာနှင့်လည်း နီးကပ်နေသော သထုံပြည် နေရာဟောင်းသို့ သာသနာပြု လွှတ်တော်မူသည်ဟု ယူဆကြ၏၊ မည်သို့ပင် ယူဆသည်ဖြစ်စေ ပုဂံပြည်ထက် သာသနာအစစ်အမှန် အလျင်ရောက်နေသည်ကား သေချာလောက်ပေသည်၊ ဘာ့ကြောင့်နည်း၊… အရှင်အရဟံ၏ အမိန့်တော်အရ သထုံပြည်သို့ ပိဋက အတောင်းလွှတ်ရသဖြင့် ပုဂံပြည်၌ သာသနာအစစ်အမှန် စတည် ချိန်ဝယ် သထုံပြည်၌ စာနှင့် ပေနှင့် ကျကျနန သာသနာတည်ပြီး ဖြစ်သောကြောင့်တည်း၊ ထိုသို့ သထုံပြည်၌ သာသနာမှန် တည်ရှိစဉ် ပုဂံပြည်၌ အရည်းကြီးဟု ထင်ရှားသော ရဟန်းတု ရဟန်းယောင် များသည် လက်ထပ်ခါနီး သတို့သမီးကို သူတို့ထံသို့ တစ်ညလုံး ပန်းဦးဆက်ရန် ပို့ရလောက်အောင် သောင်းကျန်း ညစ်ညမ်းလျက် ရှိကြလေသည်။

သာသနာကို အတင်းပြုပြင်ပုံ

လောက၌ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နိုင်အောင် ဘုန်းသမ္ဘာ ရှိနေသူသည် စဉ်းစားဉာဏ်လည်း မနည်းတတ်ချေ၊ အနော်ရထာကား ထူးခြားသော ဘုန်းသမ္ဘာရှင်တည်း၊ ထို့ကြောင့် စဉ်းစားဉာဏ်လည်း ကြီးမားပုံ ရပေသည်၊ ထိုသို့ စဉ်းစားဉာဏ် ကြီးသည့်အတွက် အရည်းကြီးဆိုသူတို့၏ နေထိုင်ကျင့်ကြံပုံကို မကျေနပ်နိုင်ချေ၊ သို့ရာတွင် မင်းကျင့် တရား၌ “အဝိရောဓန-တိုင်းသူပြည်သားတို့နှင့် မဆန့်ကျင်ရခြင်း” ပါသောကြောင့် အများနှင့် မဆန့်ကျင်ဘဲ သာသနာပြုပြင်နိုင်မည့် အချိန်အခါကို စောင့်မျှော်နေစဉ် သထုံပြည်မှ “အရှင်ဓမ္မဒဿီ” ကြွတော်မူလာသဖြင့် “အရှင်အရဟံ”ဟု ထင်ရှားသော ထိုရဟန်း တော်ကို မင်းတရားကိုယ်တိုင် အလွန်ကြည်ညို ကျေနပ်နေရကား-

“ရှေ့ဆောင် နွားလား, အဖြောင့်သွားမူ,

နောက်နွားတစ်သိုက်, အဖြောင့်လိုက်၏”

ဟု ဆိုသည့်အတိုင်း မှူးကြီး မတ်ကြီးမှ စ၍ တိုင်းသူပြည်သား အများပင် ကြည်ညိုကျေနပ် လာသောအခါ သထုံပြည်မှ ဆရာတော်သံဃာတော် အများလည်း နောက်ထပ် ရောက်လာသောကြောင့် “သာသနာပြုချိန် တန်ပြီ”ဟု ယူဆ၍ နဂိုက အောင့်သက်သက်ဖြင့် လက်ခံခဲ့ရသော အရည်းကြီး တစ်စုကို သင်္ကန်း အတင်းချွတ်၍ လူဝတ်လဲစေလေသည်။

ပရိယတ်နှင့်ပဋိပတ်

စာပေ သင်ယူ ပို့ချ ရေးသား ဟောပြောမှုများကို “ပရိယတ္တိသာသနာ”ဟု ခေါ်၍ ဝိနည်းတော်နှင့်အညီ ကျင့်ကြံ နေထိုင်မှုမှ စ၍ ကမ္မဋ္ဌာန်းအားထုတ် မှုကို “ပဋိပတ္တိသာသနာ”ဟု ခေါ်၏၊ မြန်မာပြည်သို့ ပိဋကကျမ်းစာ များ ရောက်လာသောအခါ ပါဠိဘာသာဖြစ်သော ထိုပိဋကတော် များကို နားလည်ဖို့ရာမှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ၊ ထို့ကြောင့် ထိုစဉ်အခါဝယ် အရှင်အရဟံစသော အရှင်မြတ်တို့၏ အကူအညီ ဖြင့်လည်းကောင်း, အိန္ဒိယမှ ဆက်သွယ်၍ သက္ကတတတ်သော ဗြာဟ္မဏလူမျိုးတို့၏ အကူအညီဖြင့်လည်းကောင်း ပိဋကတော် များကို နားလည်အောင် အလွန်အမင်း ကြိုးစားရလိမ့်မည်၊ ထို့ကြောင့် ပါဠိနှင့် မြန်မာ နှစ်ဘာသာ ယှဉ်ပြထားသော နိဿယများသည် ထိုခေတ်ကပင် စတွင်ခဲ့ဟန် တူပေသည်။

ထိုမျှလောက် ကြိုးစားပါသော်လည်း အသုံးအနှုန်း လွန်စွာ ကွဲပြားသောကြောင့် ပါဠိဘာသာကို မိရိုးဖလာဘာသာကဲ့သို့ နိုင်နိုင် နင်းနင်းတတ်မြောက်သူကား တစ်ထောင်မှ တစ်ပါးဆိုသလို ရှာမှရှား ဖြစ်ခဲ့ပေလိမ့်မည်၊ သို့ရာတွင် ထိုပုဂံခေတ်၌ပင် “သဒ္ဒနီတိ”စသော သဒ္ဒါကျမ်းများကို ရေးသားနိုင်ကြသဖြင့် ထိုဆရာတော်များ၏ ဉာဏ် ဝီရိယများမှာ အားရဖွယ် ကောင်းပါပေသည်၊ ဆိုလိုရင်းမှာ ထိုပုဂံခေတ်မှ စ၍ ပိဋကတရားတော်များကို နားလည်ရေးမှာ အထူး မကြိုးစားလျှင် မဖြစ်နိုင်သောကြောင့် မြန်မာပြည်ဝယ် ပရိယတ်၌သာ ဉာဏ် ဝီရိယ အစိုက်များ၍ ပဋိပတ်ဘက်မှာမူ ဝိနည်းတော်အရ ကျင့်မှုမှ တိုး၍ အားကြိုးမာန်တက် ကျင့်သူကား နည်းပါးခဲ့ လိမ့်မည်ဟု ဆိုလိုပါသည်။

လူအများ၏သဒ္ဓါ

ထိုသို့ သာသနာသစ်ကို စ၍ တည်ထောင်ပြီးသောအခါ ပုဂံပြည်၌ မင်းနှင့်တကွ တိုင်းသူ ပြည်သား သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ အပေါ်ဝယ် လွန်စွာ သဒ္ဓါတရား တိုးပွားကြသည့်အပြင် ကိုယ့်မင်း ကိုယ့်ချင်း ဖြစ်၍ သာယာဝပြောသောကြောင့် ထိုအခါမှ စ၍ မြန်မာနိုင်ငံ၏ ဘာသာရေးဝယ် ပညာဖြင့် နှစ်နှစ်ကာကာ စဉ်းစားဆင်ခြင်မှုထက် သဒ္ဓါကို အရင်းပြုကာ သူ့ထက်ငါ သာလွန်အောင် ဒါနမှုတွေ လွှမ်းမိုးလာဟန် တူပြန်သည်၊ မှန်၏၊ “သမ္မာဒိဋ္ဌိကို (အယူမှန်-ဉာဏ်မှန်ကို) အမှီပြု၍ ဗုဒ္ဓရှင်တော်ကို ပန်း ဆီမီးဖြင့် ပူဇော်မှု, ကြီးကျယ်စွာ တရားပွဲပြုမှု, စေတီ မတည်ရသေးသော နေရာ၌ စေတီတည်မှု စသော ကောင်းမှုများကို ပြု၏”ဟု (မဟာဝဂ္ဂ, မဂ္ဂ သံယုတ်, ဝိဟာရဝဂ်)၌ ဆို၏၊ သို့ပါလျက် သဒ္ဓါလွန်ကဲမှုကြောင့် စေတီတည်ပြီးသော အရပ်ဝယ် ထပ်ကာ ထပ်ကာ တည်ထားအပ်သော စေတီတော်များသည်ပုဂံပြည်၌ပင် “လှည်းဝင်ရိုးသံ, တညံညံ, ပုဂံဘုရားပေါင်း=လေးသန်း လေးသိန်း ခြောက်သောင်း ခြောက် ထောင် ခုနစ်ရာသုံးဆယ့်သုံးဆူ”အထိ များပြားခဲ့သတတ်။

ပရိယတ်နှင့်သဒ္ဓါဒွန်တွဲလာပုံ

ပြခဲ့သောမှန်းဆချက်အရ မြန်မာနိုင်ငံသာသနာတော်သစ်ကို တည်ကြရာ၌ ရဟန်းတော်များသည် ပရိယတ်ကြိုးစားမှုကိစ္စဝယ် မျိုးစေ့ချခဲ့ကြလေရာ ထိုမျိုးစေ့ကိုပင် မင်းနှင့်တကွ ဒကာ ဒကာမတို့က ဒါနတည်း ဟူသော ရေစင်လောင်း၍ ကောင်းမွန်သော အပင်များ စည်ကား ကြီးမြင့်အောင် ပြုစုပျိုးထောင်ခဲ့ကြသောကြောင့် ပုဂံခေတ်မှ ဆင်းသက်၍ ယခုလက်ထက်တိုင်အောင် ပရိယတ်သာသနာတည်းဟူသော ပင်စည်ခက်မတို့ဖြင့် တက်ကြွဝေစည်နေသော သစ်ပင်ကြီးများကို တွေ့မြင်နေရပေသည်၊ ထို့ကြောင့် “ယခုအခါ သာသနာရေး ဆိုင်ရာဝယ် စာပေအလုပ်နှင့် ဒါနအလုပ်များ ကြီးကျယ်ထင်ရှား သလောက် ရဟန်းတော်များ၏နယ်မှာ ပဋိပတ်ကျင့်မှုကိစ္စနှင့် လူဝတ်ကြောင်များဘက်၌ သုစရိုက် ဆယ်ပါးလောက်မျှပင် ဖြူစင်မှု ကိစ္စတို့ မကြီးကျယ် မထင်ရှားလှ”ဟု ဆိုလိုပါသည်။

အင်းဝခေတ်သာသနာ

[စတုတ္ထ အဝမြို့တည် မင်းတရား၏ ညီတော်လက်ထက်၌ ဝိနန္ဒာသဘထေရ်စီရင်၍ ကောဇာသက္ကရာဇ် (၁၁၉၉)ခု, သာသနာသက္ကရာဇ် (၂၃၈၁)ခုနှစ်၌ ပြီးစီးသော သီလ ဝိသောဓနီကျမ်းမှ ထုတ်နုတ်ဖော်ပြချက်]

အမတ်စည်းစိမ်ထက် ရဟန်းအဖြစ် သာပုံ

မြောက်နန်းကျောင်းဆရာတော်သည် မှူးမတ်မျိုးမှ ထွက်၍ ရဟန်းပြုခဲ့၏၊ အခါတစ်ပါး၌ အမတ်များက “အရှင် ဘုရားသည် တပည့်တော်တို့လို လူဝတ်ကြောင်ဘဝဖြင့် နေပါလျှင် အမတ်စည်းစိမ်ကို ရလောက်ပါကြောင်း” လျှောက်ကြလေသော် “သင်တို့ အမတ်စည်းစိမ်သည် ရေအိမ်ထက်၌ ငါပွားများအပ်သော အသုဘသညာ၏ တစ်စိတ်လောက်ကိုမျှ မီနိုင်မည်လော”ဟု ပြန်၍ မိန့်တော်မူလေသည်၊ မိန့်လိုရင်းကား… ကျင်ငယ်စွန့်အိမ်ကို “ရေအိမ်”ဟု ခေါ်၏၊

ထိုရေအိမ်၌ ထိုင်စဉ် ပိုးလောက်ကလေးများကို မြင်၍ “ဤခန္ဓာကိုယ်မှ ထွက်သော ကျင်ငယ်ရေများသည် ပိုးလောက် တို့၏ ဖြစ်ပွားရာ ရွံရှာဖွယ် ဖြစ်သကဲ့သို့ ဤခန္ဓာကိုယ်၌ ရွံရှာဖွယ် တွေ များလှချေတကားဟု ခန္ဓာကိုယ်၏ အသုဘ (မတင့်တယ်ပုံ) အခြင်းအရာကို ဆင်ခြင်ရသော ကုသိုလ်၏ တစ်စိတ် တစ်ဖို့ လောက်မျှ သင်တို့၏အမတ်စည်းစိမ် အဖိုးမတန်၊ ထို့ကြောင့် ငါရနိုင် သော အမတ်စည်းစိမ်ကို ငါမတောင့်တ”ဟု မိန့်လိုရင်း ဖြစ်သည်။ [ဤစကားဖြင့် ထိုခေတ်က သာသနာတော်ရေးသည် အရှိန်မသေး ရကား မှူးမတ်မျိုးများပင် သာသနာတော်ဝင်၍ တာဝန်ကို ထမ်းတော်မူကြကြောင်း ထင်ရှားပေသည်။]

ခြိုးခြံသော မင်းရွာဆရာတော်

မင်းရွာဆရာတော်ကား ဆွမ်းဘုဉ်းပေးသော အခါ မျက်စိမှတ်၍ နှိုက်မိရာ ဟင်းကိုသာ ဘုဉ်းပေးတော်မူ၏၊ ကောင်းနိုးရာကို ရွေး၍ ဘုဉ်းပေးတော်မမူ၊ ဆွမ်းကိစ္စပြီးလျှင် လက်မသည်းခွံမျှလောက် လက်ဖက်ကို ဘုဉ်းပေးတော်မူ၏၊ ထို့နောက် ကွမ်းနှစ်ယာ ဘုဉ်းပေး ပြီးလျှင် နှုတ်ခမ်းပါးစပ်များကို ဆေး၍ ထိုနေ့အဖို့၌ စားဖွယ်များကို နောက်ထပ် ဘုဉ်းပေးတော်မမူ၊ (ဧကာသနိက်ဓူတင် အမြဲ ဆောက် တည်တော်မူဟန်တူ၏၊) သူတစ်ပါးကို မည်သည့်အခါမျှ ကဲ့ရဲ့လေ့ မရှိ၊ မိမိအနား၌ ကဲ့ရဲ့စကား ပြောလာလျှင် ထိုစကားကို ထောက်ခံ ပြောဆိုမှု မပြုဘဲ ဆိတ်ဆိတ် နေတော်မူလေ့ရှိသည်။

ဆေးပေး သစ်သီးပေး ရှောင်ကြပုံ

အရှင်ဝရဓမ္မဆရာတော် အထံသို့ ကျောင်းအမ ကိုယ်တိုင်လာ၍ ဆေးတောင်းလေရာ “မပေးကောင်းဘူး” ဟု မိန့်တော်မူ၏၊ “ပစ္စည်းလေးပါး ဒါယိကာမ ဖြစ်ပါသည်”ဟု ထပ်၍ လျှောက်တောင်းပြန်ရာ “ပစ္စည်းလေးပါး ဒါယိကာမ ဖြစ်လေ မပေးကောင်းလေ” ဟု မိန့်တော်မူ၏၊ နံမော်ဆရာတော်၏ ကျောင်းဒကာသမီးသည် ကန်ကြီးပုဂ္ဂိုလ်ထံ ဆွမ်းပို့ သွား၏၊ ထိုပုဂ္ဂိုလ်က ငှက်ပျောသီးနှင့် မုန့်ကို လက်ဆောင် ပြန်ပေးလိုက်၏၊ အိမ်ရောက်၍ ကျောင်းဒကာကြီး သိသောအခါ “ငါတို့ဆရာတော်နှင့် မတူ”ဟု ဆို၍ နောက်ထပ် ဆွမ်းမပို့စေဘဲ ဘုန်းကြီးပေးလိုက်သော ငှက်ပျောသီး မုန့်များကို စွန့်ပစ်စေသည်။ [ ဤစကားဖြင့် “ဝိနည်းကို ကျောင်းဒကာ ကျောင်းအမ စသူတို့ နားလည်လေ ကောင်းလေ”ဟု ပြ၏။]

ဗေဒင်မဟောသော ဆရာတော်

မင်္ဂလာဘုံကျော်ဆရာတော်ထံ ဝန်ကတော်ကိုယ်တိုင် လှူဖွယ်လက်ဆောင်များစွာဖြင့် လာ၍ ဝန်ကြီးဇာတာကို ဗေဒင်မေးလေရာ “ဗေဒင်မဟောကောင်းဘူး”ဟု မိန့်တော်မူသည်၊ ဝန်ကတော် ပြန် သွားသောအခါ လှူဖွယ်များကို စွန့်ပစ်စေ၍ ဝန်ကတော်ကို ခေါ်ဆောင်လာသော “ငနီ”ကိုလည်း လွန်စွာ ငေါက်ငမ်းတော်မူလေသည်၊ အရှင်အဂ္ဂဓမ္မဆရာတော်ကား ဆေးကုသောဘုန်းကြီးက လှူလာသော ပစ္စည်းများကို အကုန်စွန့်ပစ်၍ ထိုပုဂ္ဂိုလ်ထိုင်သော နေရာထိုင်ကိုပင် ရေဆေးခိုင်းတော်မူသတဲ့။

[ ဤစကားဖြင့် အင်းဝခေတ်က ဆရာတော်များသည် ဝိနည်းတော်နှင့်အညီ အတော် ကျစ်လျစ်စွာ ကျင့်တော်မူကြကြောင်း ထင်ရှား၏၊ ဝိနည်းတော်အလို အားဖြင့် ဗေဒင်ဟော ဆေးကု၍ လှူအပ်သော ပစ္စည်းသည် ထိုပုဂ္ဂိုလ်သာမက ရဟန်း သာမဏေဟူသမျှ မသုံးကောင်းချေ။]

သာလွန်မင်းနှင့်ဆရာတော်နှစ်ပါး

သာလွန်မင်းတရားကို သားတော် ရှင်တရုတ်က လုပ်ကြံသောအခါ လေးထပ်ကျောင်းသို့ မင်းကြီး ပြေးလာ၍ … “လိုက်လာသူကို တောင်ဝှေးဆွဲ၍ ဆီးတားပေးပါ”ဟု မင်းတရားက လျှောက်လေရာ “ငါရဟန်းဖြစ်သည်”ဟု ဆိုကာ ဆီးတားမပေးဘဲ စံကျောင်းဆရာတော်က ဆီးတားလေသည်၊ အရေးတော်ပြီးသောအခါ မင်းတရား ကြီးက “လေးထပ်ဆရာတော်သည် ရဟန်းပီသပါပေ၏၊ စံကျောင်း ဆရာတော်လည်း စစ်သူကြီး ပီသပါပေ၏”ဟု ဆိုသတဲ့၊ နောင်ခါ သမီးတော်လက်ထပ်ပွဲ၌ လေးထပ်ဆရာတော်နှင့် တပည့်သံဃာ အပေါင်းကိုသာ (သံဃာပီသသည့်အတွက်) ပင့်၍ စစ်သူကြီးကဲ့သို့ ကာကွယ်သော စံကျောင်းဆရာတော်မှာ အပင့် မခံရပေ။ [“စံကျောင်း ဆရာတော်”ဟူရာ၌ မန္တလေးစံကျောင်း မဟုတ်ပါ။]

အလောင်းမင်း၏ ဆရာတော်များ

သာလွန်မင်းတရားကြီး၏ စကားမျိုးကို အလောင်းမင်းတရားလည်း ဆိုခဲ့ဖူး၏၊ အတုလဆရာတော်သည် ကျမ်းဂန်ကို သင့်ရုံသာ တတ်၏၊ နှုတ်ပြော ကောင်းလှ၏၊ အလောင်းမင်းတရားကြီး တိုင်းပြည်ကို တည်ထောင်ရာဝယ် တိုင်ပင်ဖော် တိုင်ပင်ဖက် ဆရာတော် ဖြစ်၏၊ ပလိုင်းဆရာတော်, ကြက်သွန်ခင်းဆရာတော် တို့ကား ကျမ်းဂန်အရာမှာလည်း တတ်တော်မူကြ, ဝိနည်းသိက္ခာပုဒ်တော်ကိုလည်း လေးစားတော်မူကြ၏၊ ထို့ကြောင့် အလောင်းမင်း တရားကြီးက “အတုလဆရာတော်သည် ပစ္စုပ္ပန် (ယခုဘဝအတွက်) ဆရာ ဖြစ်၏၊ နောက်ဆရာတော်သုံးပါးကား သံသရာဆရာတော် (သံသရာအတွက် ဟောပြော စောင့်ရှောက်တော်မူသော ဆရာများ ဖြစ်သည်)”ဟု ပြောဆိုလေသည်။ [ ဤစကားဖြင့် ရှေးက သာသနာ့ ဒါယကာမင်းများသည် အရာဌာနအားလျော်စွာ ကိုးကွယ်ခဲ့ကြကြောင်း, ဝိနည်းအရာလည်း အထိုက်အလျောက်နားလည်၍ ပုဂ္ဂိုလ် အကောင်းအဆိုးကို ရွေးချယ်တတ်ကြကြောင်း ထင်ရှားပေသည်၊၊]

ကြောက်၍တစ်ပါးတည်းနေသော ဆရာတော်

သာလွန်မင်းတရားကြီး လက်ထက်ဝယ် ဝိနည်း ပါဠိတော် အဋ္ဌကထာ နိဿယများကို “အရှင်ဇမ္ဗုဓဇ” မည်သော ရွှေဥမင်ဆရာတော်နှင့် တောင်ဖီလာဆရာတော်တို့ စီရင်တော်မူကြ၏၊ အခါတစ်ပါး၌ တောင်ဖီလာဆရာတော်သည် နိဿယချင်း တိုက်ဆိုင်လို၍ ပုခန်း သာဂရဝက်ကျ ဥမင်၌ တောရကျင့်သော ရွှေဥမင်ဆရာတော် အထံသို့ အခြွေအရံ လှူဖွယ်များဖြင့် ကြွလာ၏၊ အလုပ်အကျွေး ဖိုးသူတော် တစ်ယောက်သာ ရှိသော ရွှေဥမင်ဆရာတော်သည် မင်းဆရာအတွက် ခင်းပေးစရာ ဘာမျှ မရှိသောကြောင့် မိမိသုံးစွဲ နေကျဖြစ်သော စမ္မခဏ် (သားရေနယ်)ကို ခါ၍ ခင်းပေးရလေ သတတ်၊ ပညာရှိ သူတော်ကောင်းကြီး နှစ်ပါးတို့ အားရဝမ်းသာ နှုတ်ခွန်းဆက်သ ပြီးသောအခါ မင်းဆရာတော်က “ပရိသတ်ခြွေရံ နည်းပါးလှပါသည်, ကြောက်တော်မမူပါလား”ဟု မေးလျှောက်ရာ “ကြောက်သောကြောင့် ပရိသတ် နည်းနည်းနှင့် နေပါသည်”ဟု ပြန်ပြောလေသည်။

ထိုအခါ “ဩော်…ငါကား ပရိသတ်အများနှင့် နေသူ ဖြစ်၍ သံသရာအရေးကိုတွေးကာ မကြောက်ရာရောက်ချေပေါ့”ဟု သံဝေဂ ဖြစ်တော်မူ၏၊ ထို့နောက် နိဿယချင်း တိုက်ဆိုင် ရှုကြည့်သောအခါ မင်းဆရာနိဿယသည် ကျယ်ဝန်း၍ ရွှေဥမင်နိဿယသည် ကျဉ်းသောကြောင့် “နောင်လာ နောက်သားတို့အတွက် အကျဉ်းဖြင့်သာ တော်လောက်ပြီ”ဟု ယူဆ၍ မိမိနိဿယကို စေတီပြင်မှာ မီးပူဇော်လေသည်၊ ပြန်လာသောအခါ ရခဲ့သောသတိသံဝေဂကြောင့် နေရင်း ဖြစ်သော စစ်ကိုင်း လေးထပ်ကျောင်းတော်ကြီးသို့ မဝင်တော့ဘဲ တောင်ဖီလာတောရသို့ ကြွ၍ တောထွက်တော်မူပါသတဲ့။ [အလွန် အတုယူဖွယ်ကောင်းသော သူတော်ကောင်းကြီးများ ဖြစ်ကြပါပေသည်။]

အခမ်းအနားမကြိုက်သော ဆရာတော်

သာသနာပိုင်စရစ်ဆရာတော်ပျံလွန် တော်မူ၍ တူတော်ဖြစ်သော အရှင်သာပုံကို သာသနာပိုင်တင်လေရာ ထိုသာသနာပိုင်သည် ငယ်ရွယ်သူဖြစ်၍ ဂုဏ်ပကာသန လိုလားဟန် တူ၏၊ အခါတစ်ပါး၌ ဆွမ်းခံဝင်လာသောအခါ သိုင်းကိုင်သူ အခြံ အရံဖြင့် ဝင်သည်ကို ကြက်သွန်ခင်းဆရာတော်ကြီးနှင့်တွေ့၍ “ဟဲ့ သာပုံ… ဒီနှင်တံ (တုတ်)လောက်ဖြင့် နင့်ကို ကြောက်မည်တဲ့လား၊ ကြောက်လောက်အောင် အမြောက်ဆောင်၍ ဆွမ်းခံဝင်”ဟု မိန့်တော်မူလေသည်၊ ထိုသာသနာပိုင်လည်း အရှက်ရ၍ ဝန်ချလေ၏၊ မကြာခင် ပျံလွန်တော်မူလေရာ တိလောကဂုရုဆရာတော်ကို သာသနာပိုင် တင်လေသည်၊ ဤကြက်သွန်ခင်းဆရာတော်ကား ခမ်းခမ်းနားနား ဟန်ကြီးပန်ကြီး လုပ်သည်ကို နှစ်သက်တော်မူဟန် မတူ၊ စရစ်ဆရာတော်တို့၏ ပထမစာတော်ပြန် အခမ်းအနားပွဲကိုလည်း (တစ်ပါးနှင့်တစ်ပါး အပြိုင်အဆိုင် ပြန်ကြရလေသောကြောင့်) “စရစ်…နင်တို့လက်ဝှေ့ပွဲ မပြီးသေးဘူးလား”ဟု မိန့်တော်မူသတတ်။

ရှေးဆရာတော်များ ကျင့်တော်မူကြပုံ

နံမော်ဆရာတော် အရှင်သာရမဉ္ဇူသည် ဝိနည်းကို လေးစားတော်မူ၏၊ အခါတစ်ပါး၌ ကိုယ်တော်၏ ဇာတိ (ဖွားမြင်ရာ) ဖြစ်သော မိတ္ထိလာ အုတ်ရှစ်ကုန်းသို့ ကြွတော်မူရာ ခရီးပန်းမည်စိုး၍ ရွာက လှည်းအကြိုလာသော် “မသွားနိုင်မှ ငါပြောမည်”ဟု မိန့်တော်မူ၍ ရွာသို့ ရောက်တော်မူသည့်တိုင်အောင် လှည်းစီးတော်မမူ၊ [ သွားနိုင်သေးလျှင် နွားလှည်း, မြင်းလှည်း, လူဆွဲယာဉ် (လန်ချား) အားလုံးပင် မစီးကောင်း၊ မသွားနိုင်လျှင် နွားထီး စသော အထီးတပ်သည့် လှည်းစသည်ကို စီးကောင်း၏။]

ဒုတိယ နံမော်ဆရာတော် အရှင်ဓမ္မပါလလည်း မိုးမရွာလျှင် မည်သည့်အခါမျှ ထီးဆောင်းတော်မမူ၊ မိုးရွာ၍ ဆောင်းခွင့် ကြုံလာလျှင် သူတစ်ပါးကို မိုးမစိုစေဘဲ ကိုယ်တိုင် ဆောင်းတော်မူ၏၊ အသုံးအဆောင် အလှအပ အယဉ်အကျေးများကို သုံးစွဲတော်မမူ၊ နေရာခင်းလည်း (စမ္မခဏ်ခေါ်) သားရေပိုင်းအပြင် မရှိ၊ ညဉ့်အခါ ပါတိမောက်နှစ်စောင်, အဂ္ဂိက္ခန္ဓောပမသုတ်, ခုဒ္ဒသိက္ခာကို မပြန်ဘဲ မအိပ်၊ နံနက်အခါလည်း ဘာဝနာပွားမှု မပျက်၊ စကား အပြော ကျွမ်းကျင်တော်မူလှ၏၊ ကျန်းဂန်တို့ကိုလည်း ဆရာကောင်းများ၏ အထံချည်း သင်ခဲ့ရလေသည်။

သီလဝိသောဓနီကျမ်းပြုဆရာတော်၏ ဆရာဖြစ်သော အရှင်အဂ္ဂဓမ္မနှင့် အရှင်သာရဓမ္မတို့လည်း ဝိနည်းကို ရိုသေတော်မူကြ၏၊ သင်္ကန်းမရုံ ဖိနပ်မချွတ်ဘဲ မြို့ရွာတွင်းသို့ ဝင်လေ့မရှိကြ၊ ထိုခေတ်က ဆင်တဲဆရာတော်ဘုရားကြီးသည် အော့အန်၍ အနံ့ကို ပယ်ခြင်းငှာ ကွမ်းရွက် တောင်းသည်ကို ထုံး ရှားစေး ကွမ်းသီးအစုံနှင့် ကပ္ပိယက ကပ်သောကြောင့် “နေလွဲပြီ မဟုတ်လော၊ ကွမ်းရွက်ချည်းပေး”ဟု ခပ်မာမာ မိန့်တော်မူသည်၊ ထိုဆရာတော် အစဉ်အဆက်များသည် မိုးမရွာလျှင် ထီးကိုလည်း ဆောင်းတော်မမူကြ။

အရှင်ဝရဓမ္မကား ရသမျှပစ္စည်းကို ကိုယ်ပိုင်ဟု အမှတ်မထား၊ ကိုယ်သုံးလောက်ရုံသာယူ၍ သံဃိကချည်း ပြုလုပ်ထား၏၊ တောင်လေးလုံးဆရာတော်ကား ရသမျှကို စွန့်လှူဖို့ချည်း သဘောထား၏၊ မင်းရွာဆရာတော်နှင့် ဆုံတားဆရာတော်များလည်း ထို့အတူပင်တည်း၊ မောင်းထောင်ဆရာတော်, မဲဓီးဆရာတော်များလည်း ဝိနည်းသိက္ခာကို ရိုသေတော်မူကြ၏၊ တပည့်တပန်း ချီးမြှောက်မှုလည်း အထူးထင်ရှားတော်မူကြပေသည်၊ ထိုဆရာတော်ကြီးများသည် နိသဂ္ဂိယပါစိတ်၌ လာသော ရာဇဘောဂ္ဂသိက္ခာပုဒ်, ဇာတရူပရဇတ သိက္ခာပုဒ်, ကယဝိက္ကယသိက္ခာပုဒ် စသည်တို့ကို အထူးစောင့်ထိန်း တော်မူကြသဖြင့် ရွှေ ငွေ စသော ပစ္စည်းကို မခံယူကြပေ။

အရှင်သာရဓမ္မဆရာတော်သည် စာရေးဖို့ရာ ပေရွက်ကို အလိုရှိ၍ မိမိမှာရှိသော ဖျင်အဝတ်ဖြင့် ရဟန်းတစ်ပါးကို အလဲခိုင်းရာ ထိုရဟန်းက အဖိုးဆစ်မိသောကြောင့် ရလာသောပေကို စွန့်ပစ်စေလေသည်၊ [ ရဟန်းများသည် ကပ္ပိယနှင့်အတူ စျေးဝယ်သွားသော အခါ ရဟန်းက မဆစ်ရ၊ ကပ္ပိယဘာသာဆစ်၍ ဝယ်မှအပ်သည်၊၊] ပေ၌ ရေးဖို့ရန် စာရေးငှားသောအခါလည်း ကိုယ်တိုင်မငှားဘဲ လူကပ္ပိယကိုသာ အငှားခိုင်းတော်မူသည်။

ဤသို့လျှင် အင်းဝခေတ်၌ ပရိယတ် ပဋိပတ် စွယ်စုံပေါက်၍ မုံသောက်ဇာနည် မဟာထေရ်တို့ ရှိတော်မူကြခြင်းသည် ထိုခေတ် ဗုဒ္ဓသာဝက ဒကာ ဒကာမတို့အတွက် လှူဒါန်းသမျှ အကျိုးရဖို့ အကြောင်း ကံကောင်းကြပါပေသည်၊ ယခုခေတ်၌လည်း ဤကဲ့သို့ ပုဂ္ဂိုလ်များ ရှိကြပါသေး၏၊ သို့သော် ထိုပုဂ္ဂိုလ်များသည် ရပ်ရွာ နယ်ပယ် အနည်းငယ် လူများ၏ ကိုးကွယ်ရာ အဖြစ်ဖြင့် အေးအေး သီတင်းသုံးတော်မူကြပေသည်။

အကောင်းရှိလျှင် အဆိုးရှိ

ဆုတ်ကပ်ကာလ၌ အကောင်းအဆိုး ဒွန်တွဲ၍ လာခဲ့ရသည်မှာ ထုံးစံဓမ္မတာကဲ့သို့ ဖြစ်နေ၏၊ ထို့ကြောင့် အကျင့်ကောင်းသော ပုဂ္ဂိုလ်များ ထင်ရှားနေသည့်အခါ မကောင်းသောပုဂ္ဂိုလ်များလည်း တစ်ထောင့် တစ်နားက ထွန်းကားနေကြဦးမည်သာ၊ သို့ဖြစ်ရကား ဝိနည်းပညတ်တော်၌ … “ဆယ်ဝါပြည့်တင်း, ဝိဘင်းနှစ်ဖြာ, ကမ္မာကမ္မ, ခန္ဓကပုဒ်, နာမ်ရုပ်ပိုင်ပိုင်, ဟောပြနိုင်, …ကျောင်းထိုင် ငါးအင်္ဂါ” ဟူသည်နှင့်အညီ…

၁။ ရဟန်းဝါ ဆယ်ဝါ ရပြီးခြင်း၊

၂။ “ဥဘတောဝိဘင်း”ဟု ခေါ်သော ပါတိမောက်အကျယ်အဖွင့်ကို နားလည်ခြင်း၊

၃။ ကံကြီး ကံငယ် ပြုထုံးကို နားလည်ခြင်း၊

၄။ မဟာဝဂ္ဂ စူဠဝဂ္ဂခန္ဓက၌ လာသော သိက္ခာပုဒ်များကို နားလည်ခြင်း၊

၅။ နာမ်ရုပ်တရားတို့ကို နားလည်၍ ဟောပြနိုင်ခြင်း။

ဤသို့ ကျောင်းထိုင်ပုဂ္ဂိုလ်၏ ဂုဏ်အင်္ဂါ အရည်အချင်း ငါးပါး တို့ကို အတင်းအကျပ် သတ်မှတ်ထားပါလျက် တစ်ဝါ နှစ်ဝါ ရနှင့် ကျောင်းထိုင်ကြ, တပည့်တပန်း ရဟန်း သာမဏေများကို မွေးကာ ဆရာလုပ်နေကြ, တချို့လည်း ဆောင်းလရောက်လျှင် စားသောက်ပွဲ ခံ၍ ပကတတ်တဲကို အလယ်မှာ ထားလျက် ဝတ်ပေါင်းကိုယ်စီနှင့် လူသိ သူသိ ဝတ်စောင့်ကြလေသည်၊ ထိုသို့ ဝတ်စောင့်နည်းကို “ပွဲကျောင်းပုဂ္ဂိုလ်တို့၏ အလေ့”ဟု မဲဓီးဆရာတော် မိန့်တော်မူသတတ်။

ဝက်သုံးကောင်

ရှေးက ပွဲကျောင်းဂိုဏ်းဟု တစ်ဂိုဏ်းပေါ်ခဲ့ဖူး၏၊ ထို ပွဲကျောင်း ဘုန်းတော်ကြီးတို့၏ လက်ထက်၌ ကထိန်ဝက်, ဝတ်နေဝက်, မင်္ဂလသုတ်ဝက်ဟု ဝက်သုံးမျိုး ထင်ရှားသတတ်။

ကထိန်ဝက်ဟူသည် ကထိန်သင်္ကန်း လှူဒါန်းသောအခါ၌ ဝက်သားဟင်းဖြင့် ဆွမ်းကပ်ဖို့ရန် ရည်မှန်း၍ အသားတိုးပွားအောင် အထူးမွေးထားအပ်သော ဝက်ကောင်များတည်း။

ဝတ်နေဝက်ဟူသည်ကား ဝတ်စောင့်နေသော ရဟန်းတို့အား ကျွေးဖို့ရန် မှန်း၍ မွေးထားအပ်သော ဝက်ကောင်တည်း။

မင်္ဂသုတ်ဝက်ဟူသည်မှာ ကျောင်းထားသော သားကလေး မင်္ဂလသုတ်တက်လျှင် နတ်တင်ပြီးနောက် ဆရာရဟန်းကိုလည်း ဆွမ်းလှူဖို့ရန် မှန်း၍ မွေးထားအပ်သော ဝက်ကောင်များတည်း။ ဤသို့လျှင် ပွဲဂိုဏ်းပုဂ္ဂိုလ်တို့ လက်ထက်၌ ဝက်သုံးကောင် ထင်ရှားခဲ့ သတဲ့။

မှတ်ချက်။ ။ ဗုဒ္ဓဝိနည်းတော်၌ အသားစားခွင့် ပြုထားသော်လည်း ရဟန်းသံဃာ စားဖို့ ရည်မှန်း၍ သတ်အပ်သော အသားဟု တစ်နည်းနည်းအားဖြင့် သိနေလျှင် ထိုအသားကို မစားကောင်းဟု ပညတ်တော်မူချက်ရှိ၏၊ ထို့ကြောင့် ထိုဝက်သား များသည် ထိုရည်ရွယ်ချက်ဖြင့် မွေးထားပြီးလျှင် အချိန်ကျမှ သတ်၍ လှူအပ်သော အသားဟု သိသူတိုင်းပင် မစားကောင်းတော့ချေ။

ထို့ပြင် ဝတ်စောင့်ခြင်း အလုပ်သည် အထူးအထွေ ကျင့်ရသော အလုပ် မဟုတ်၊ များသောအားဖြင့် ကာမစိတ်ဓာတ်နှင့် စပ်၍ ခပ်ကြမ်းကြမ်းအာပတ်သင့်ရာ ထိုအာပတ်သည် သာမန် ဒေသနာ ကြားရုံမျှဖြင့် မပြေပျောက်နိုင်၊ ဝတ်စောင့်သော အကျင့်ဖြင့် ရဟန်းတော် ခပ်များများကို အသိပေးကာ အရှက်တကွဲ ဖြေမှ ပြေပျောက်သော အာပတ် ဖြစ်၏၊ ထိုအာပတ်တန်းလန်းနှင့်သေလျှင် အပါယ်ရောက်ဖို့ သေချာသလောက် ဖြစ်၏။

ထိုခေတ်က ကမ္မဝါစာရွတ်ပုံ

ကမ္မဝါစာရွတ်ရာ၌ တချို့က နွားမ၏ သားငယ်ကို ခေါ်သံကဲ့သို့ ရွတ်၍ တချို့ကမူ သမုဒ္ဒရာ ရေဝဲစုပ်သကဲ့သို့ ရွတ်ကြသတဲ့၊ ထိုရွတ်ဆိုသံ မျိုးကို စာတတ် ပေတတ် ဆရာတော်များ နှစ်သက်တော်မူကြဟန် မတူ၊ ထို့ကြောင့် မင်းရွာဆရာတော်ကြီးက “မည်သည့်အက္ခရာမဆို သူ့ဆိုင်ရာဌာန်သို့ ရောက်လျှင် ပီ၏၊ ဆိုင်ရာဌာန်သို့ မရောက်လျှင် မပီ၊ မအော်မဟစ်လွန်းရ၊ ဟစ်အော်မှ ပီသည် မဟုတ်၊ နှစ်မတြာ ရွတ်အပ်သော အက္ခရာ, တစ်မတြာ ရွတ်အပ်သော အက္ခရာတို့ကို မှတ်၍ ရွတ်”ဟု မိန့်တော်မူသတဲ့။

ကမ္မဝါစာကို “ဗျဉ္ဇနဗုဒ္ဓိဆယ်ပါး”ခေါ် ရွတ်နည်းဆယ်မျိုးကို ကျကျနန နားလည်သူမှ ရွတ်ကောင်း၏၊ နဂိုက နားလည်သူပင် ဖြစ်သော်လည်း သတိမထားလျှင် မှားတတ်သေး၏၊ နဂိုကပင် နားမလည်သူကား သတိထားသော်လည်း မှားမည်သာ၊ ထို့ကြောင့် ရဟန်းခံ, သိမ်သမုတ်, သရဏဂုံပေး ကိစ္စများ၌ သာမန်ပုဂ္ဂိုလ်တို့ ကံအထမြောက်အောင် ရွက်ဆောင်နိုင်ဖို့ မလွယ်ကူကြောင်းကို သီလဝိသောဓနီကျမ်း၌ သတိပေးထားလေသည်။

အနှစ်တစ်ရာကျော်က သာသနာရေးကိုပြသော သီလဝိသောဓနီကျမ်းမှ ထုတ်နုတ်ဖော်ပြချက်ပြီး၏။

မင်းတုန်းမင်း၏သာသနာပြုအမိန့်တော်

[တချို့ကိုသာ ကောက်နုတ်ဖော်ပြပါသည်။]

ငါဧကရာဇ်မင်းမြတ်သည် ကိုယ်ကျိုးကို ငဲ့၍ မင်းအဖြစ်ကို ယူတော်မူသည် မဟုတ်၊ သီရိဓမ္မာသောကမင်း အစရှိသော သာသနာပြုမင်းတို့ကဲ့သို့ သာသနာတော်ကို ချီးမြှောက်တော်မူလို၍ သာသနာနုဂ္ဂဟဓမ္မရာဇာအဖြစ်ကို ယူတော်မူသည်၊ သာသနာတော်၏ တည်ရာ ဝိနည်းတရားတော် ရှိသည့်အတိုင်း ရဟန်းတော်တို့ ကောင်းမွန်စွာ မကျင့်က သာသနာတော် ညှိုးနွမ်းသည်၊ တစ်ယောက်သော အလဇ္ဇီသည် အလဇ္ဇီတစ်ထောင်ကို ဖြစ်စေ၍ သာသနာတော်ကို ဖျက်ဆီးနိုင်သည်၊ ထိုအလဇ္ဇီတို့၏ အကျင့်ကား…

၁။ ရွှေ ငွေ စသည်ကို အလှူခံခြင်း, ကိုင်ခြင်း၊

၂။ ထိုခံယူထားသော ရွှေ ငွေဖြင့် ရောင်းဝယ် လဲလှယ်ခြင်း၊

၃။ ရဟန်းအသုံးအဆောင်(သင်္ကန်းစသော)ပရိက္ခရာဖြင့် ခဝါသည် စသူတို့ထံမှ ပစ္စည်းကို (ကျောင်းသားကပ္ပိယကို အလဲမခိုင်းဘဲ) ကိုယ်တိုင်လဲခြင်း၊

၄။ လူတို့အား ပန်းပေးခြင်း စသော ကုလဒူသနအမှုကို ပြုခြင်း၊

၅။ နှစ်ဆယ့်တစ်ပါးသော အနေသနအမှုကို ပြုခြင်း၊ [နောက်၌ သီခြားပြမည်။]

၆။ ရဟန်းတို့ မသင်အပ်, သင်၍ မပေးကောင်းသော ဆင်စီး မြင်းစီးအတတ် စသည်တို့ကို သင်ခြင်း, သင်ပေးခြင်း၊

၇။ ရောဂါမရှိဘဲ လှည်း (မြင်းရထား စသည်)ကို စီးခြင်း၊

၈။ ရောဂါမရှိဘဲ ဖိနပ်စီး၍ မြို့တွင်း ရွာတွင်း ဝင်ခြင်း၊

၉။ ရဟန်းတို့ မစီးအပ်သော အလုံးစုံ ဖြူသောဖိနပ်, နီသော အသည်းကြိုး, မည်းသော အသည်းကြိုးတပ်သော ဖိနပ်တို့ကို စီးခြင်း၊

၁၀။ ခွင့်ပြုတော်မူအပ်သော ရောဂါမရှိ, သမ္မုတိမရဘဲ မြို့ ရွာ, မြို့ရွာခေတ် (နယ်)၌ ထီးဆောင်းခြင်း၊

၁၁။ ပြောက်ကျားသော သင်္ဘောကော်ဇော (ယခုခေတ်ကော်ဇော အမျိုးမျိုး) တရုတ်ကော်ဇောတို့သည် တရားဟောပလ္လင်, ဆွမ်းစားဇရပ်တို့၌ လူတို့ ခင်းပေးသော်လည်းကောင်း, မြေပြင် ကြမ်းပေါ် (သမံတလင်းပေါ် စသည်၌) ဘူမတ္ထရဏပြု၍ ခင်း၍သော်လည်းကောင်း ထိုင်ကောင်း လျောင်းကောင်း၏၊ (ခုတင် စသည်၌ ခင်း၍ ထိုင်ခြင်း အိပ်ခြင်းငှာ မအပ်၊) သို့ပါလျက် ခုတင်စသည်တို့၌ ခင်း၍ ထိုင်ခြင်း အိပ်ခြင်း၊

၁၂။ ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်းတို့ကို ပြုလုပ်စေခြင်း, ကြည့်ရှု နားထောင်ခြင်း၊

၁၃။ လှော်လှေ ပြုပြင်၍ ကစားပျော်ရွှင်လိုသော စိတ်ဖြင့် ထိုမှ ဤမှ သွားလာခြင်း၊

၁၄။ ယာဝဇီဝကဖြစ်သော ထိုနေ့ အကပ်ခံအပ်သော ကွမ်းဆေး တို့ကို နေလွဲသောခါ အနာရောဂါမရှိဘဲ သုံးဆောင်ခြင်း၊ (သူ့ကို စားမှ ပျောက်မည့်ရောဂါ ရှိလျှင် အပ်၏။)

ယင်းသို့သော အလဇ္ဇီဓမ္မတို့ကို လွန်ကျူးကျော်နင်း၍ ကျင့်သူတို့ကို အားပေးအားမြှောက် ပူဇော်လှူဒါန်းသူတို့သည် အလဇ္ဇီနှင့် ပေါင်းဖက်၍ သာသနာတော်ကို ဖျက်ရာရောက်သောကြောင့် ထိုပုဂ္ဂိုလ်များကို ရွှေမြို့တော်မှ စ၍ အရပ်ရပ် မြို့ ကျေးရွာနေ လူတို့က မလှူဒါန်းကြစေနှင့်၊ မြို့ရှင် ရွာရှင်တို့က နိုင်နင်းအောင် တားမြစ်စေ၊ ကိုးကွယ်လှူဒါန်းလိုလျှင် အလဇ္ဇီဓမ္မကို စွန့်လွှတ်စေ၍ ဝိနည်းကံဖြင့် ကုစားစေပြီးမှ ကိုးကွယ် လှူဒါန်းမြဲ လှူဒါန်းစေ၊ သာသနာတော် ဖျက်ဆီးသူတို့ကို အများကြောက်ရွံ့၍ သာသနာတော် ဘေးရန် ကင်းငြိမ်းအောင် တင်းတင်းကျပ်ကျပ် ဝန်တို့က စီရင်၊ ထီးရံ, နန်းရံ, စော်ဘွား, မြို့ဝန်, မြို့သူကြီးတို့ကို စေ့နှံ့အောင် ပြန်ဆို မှာထားစေ။

[သက္ကရာဇ် ၁၂၁၇ ခု၊ တပို့တွဲလဆန်း(၁၀)ရက်နေ့ ထုတ်ပြန်အပ် သော အမိန့်တော်။]

အနေသန (၂၁) ပါး

မှတ်ချက်။ ။ ရဟန်း သာမဏေတို့နှင့် မအပ်စပ် (မရှာကောင်း)သော ပစ္စည်းရှာနည်းကို “အနေသန”ဟု ခေါ်၏၊ ထို့ကြောင့် အောက်ပါအလုပ်များကို ပြုလုပ်ရာ၌ ဒကာ ဒကာမတို့က ပြန်၍ လှူချင်အောင် ပြုလုပ်ခြင်းများဟု မှတ်ပါ။

၁။ လူများကို ဆေးကုပေးခြင်း၊ [ မိဘ, ကိုးကွယ်ရာမဲ့ဖြစ် ၍ ကျောင်း ရောက်လာ သူ, ကျောင်းတာဝန်ဆောင်နေသော ကပ္ပိယ စသူ, ရန်မူမည့် မင်း, ခိုးသား, ဓားပြ, သူပုန် ဤသူများကို ဆေးကုပေး ကောင်း၏၊ အခြားသူများကို ဆေးမကုကောင်း။]

၂။ လူတို့၏ စေတမန်လုပ်ခြင်း၊ (လူတို့က စေလွှတ်သဖြင့် တစ်ရွာမှ တစ်ရွာသို့ ခရီးရှည်သွား၍ စာပေးစာယူ, စကားပေး စကားယူပြုခြင်း၊) [ ရတနာသုံးပါးနှင့်စပ်သော ကိစ္စမှတစ်ပါး အခြားကိစ္စ၌ မပြုရ။]

၃။ လူတို့၏ အစေအခိုင်း ခံခြင်း၊ [ ဟိုနား သည်နား ခရီးအတို သွား၍ ယူစရာ ငင်စရာတို့ကို ယူပေးဖို့ရန် အစေအခိုင်း ခံခြင်း။]

၄။ အနာကို ဓားနှင့် ခွဲပေးခြင်း၊

၅။ ဆေးလိမ်းပေးခြင်း၊

၆။ ပျို့အန်ဆေးပေးခြင်း၊

၇။ ဝမ်းလျှောဆေးပေးခြင်း၊

၈။ နှာဆေး ပေးခြင်း၊

၉။ မျက်စဉ်းဆေးပေးခြင်း၊

၁၀။ ဆေးဝါးပေးခြင်း၊

၁၁။ သစ်ရွက် (အိမ်မိုးဖို့ရာ သက်ငယ် ဓနိ စသည်)ပေးခြင်း၊

၁၂။ ပန်း၊

၁၃။ စားဖွယ်သစ်သီး၊

၁၄။ ရေချိုးဆပ်ပြာ၊

၁၅။ တံပူ (သွားပွတ်တံ)၊

၁၆။ မျက်နှာသစ်ရေ၊

၁၇။ မျက်နှာချေ မှုန့် (ပေါင်ဒါ)၊

၁၈။ မြေညက်ပေးခြင်း၊

၁၉။ မိမိကိုယ်ကို အောက်ချခြင်း၊ [ စကားပြောသည့်အခါ မိမိကိုယ် အောက်ချ၍ လူတို့ကို မြှောက်ပင့်ကာ (ကျုပ်, ခင်ဗျား စသည် ဖြင့် သုံးနှုန်း၍) ပြောခြင်း။]

၂၀။ အနပ်နည်းပါး၍ မနပ်များသော ပဲနောက်ဟင်းကဲ့သို့ အမှန် နည်းပါး၍ အမှားများသော စကားကို ပြောခြင်း၊

၂၁။ ကလေးထိန်းများကဲ့သို့ လူတို့၏ ကလေးများကို ချီပွေ့ ချော့မြှူခြင်း။

ဤသို့ ပြုလုပ်၍ ဒကာ ဒကာမတို့နှင့် အကျွမ်းဝင် အလွမ်းသင့် ဖြစ်စေခြင်းတည်း၊ ထိုသို့ ပြုလုပ်မှုကြောင့် လှူလေသမျှ ပစ္စည်းသည် (ကျောင်းတိုက်ကြီးပင်ဖြစ်စေ) ထိုပုဂ္ဂိုလ်လည်း မအပ်၊ အခြား ရဟန်းများလည်း မသုံးဆောင်ကောင်း၊ ထို့ကြောင့် ဝိနည်းကို အလွန် ဂရုပြုသောပုဂ္ဂိုလ်တို့သည် ယုံမှားဖွယ်ရှိသူတို့၏ ပစ္စည်းများကို မသုံးစွဲကြ၊ ထိုသူတို့ ကျောင်းသို့လည်း မသွားလိုကြချေ။

မှတ်ချက်။ ။ ပြခဲ့သော အမိန့်တော်ပြန်တမ်းပါ အကြောင်းအရာတို့ကို မင်းတုန်းမင်းကြီး လျှောက်တောင်းပန်ချက်အရ ရှမ်းကလေးကျွန်း ဆရာတော် ရေးသား တင်သွင်းရာ … “သာသနာပိုင်ဆရာတော်, ခင်မကံဆရာတော်, ဘုံကျော်ဆရာတော်, ဗားကရာဆရာတော်, ပြည်ဆရာတော်, ဆရာတော်ဦးစန္ဒိမာ, ထီးလင်းဆရာတော်, သင်္ဂဇာဆရာတော်” ဤသာသနာပြု သုဓမ္မာ ဆရာတော်ကြီးများသဘောတူညီမှ ထုတ်ဆင့်အပ်သော အမိန့်တော် ပြန်တမ်းဖြစ်ကြောင်းကို “ဓမ္မဝိနယအမိန့်တော်ပြန်တမ်း” နံပါတ် (၁၅)အရ သိရပေသည်၊ ထိုသုဓမ္မာဆရာတော်ဘုရားကြီးများ၏ သီးခြား ဆင့်ဆိုချက် အမိန့်တော်များလည်း ရှိပါသေး၏၊ ထို အမိန့်တော်များတွင် တချို့ကား…

၁။ ဆွမ်းကွမ်းလှူဒါန်းသူ အများလူတို့၏ သဒ္ဓါတရား ပျက်ပြားအောင် သူတောင်းစားကဲ့သို့ တိုးဝှေ့ချင်းနင်း အတင်းခံယူခြင်း၊

၂။ သမဏသာရုပ္ပ မရှိ၊ (ရဟန်းတော်များနှင့် မလျော်အောင်) သပိတ်ကို ပခုံးထက်၌ တစောင်းယူသွားခြင်း၊

၃။ ကနား မဏ္ဍပ် ဇရပ် စျေးဆိုင် စသည်၌ ခြေလက်တွဲလဲ ဖရိုဖရဲ ထိုင်ကာ ရောက်တတ်ရာရာ (မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော) စကားတို့ကို ပြောဆိုခြင်း၊

၄။ မြို့တွင်း မြို့ပြင် ရပ်ကွက်များ၌ တရားတွေ့ကြ ငြင်းခုံကြသည် ကို တွေ့မြင် ကြားသိလျှင် လူတို့ကဲ့သို့ ဝိုင်းဝန်းကြည့်ရှုခြင်း၊

၅။ အပင့်အဖိတ် မရှိဘဲလျက် နန်းတော် အိမ်တော် စသည်များသို့ ဝင်ထွက်သွားလာ၍ အနာမာသနိသဂ္ဂိယ (ရွှေ ငွေ) များကို တောင်းခံရှာမှီးခြင်း၊

၆။ ဒါယကာတို့ လှူဒါန်းသည့် ပစ္စည်းဝတ္ထုတို့ကို ဒုပ္ပရိဘောဂ (မကောင်းသော သုံးဆောင်ခြင်း)ဖြင့် သုံးစွဲခြင်း၊

၇။ ဇရပ် တန်ဆောင်း စသည်၌ တရားတော်ကို သံရှည် သံလွင် ပြုပြင်ဆွဲငင်၍ သဘင်သည်တို့ကဲ့သို့ လေးလုံးစပ် သံပေါက်စပ် စသည်ကို စပ်ဆို ဟောပြောခြင်း၊

၈။ သုသာန် စသည်၌ အပင့် အဖိတ် မရှိဘဲ စောင့်၍ အလှူခံခြင်း။

ဤသို့ စသော အမှုများကို မပြု မကျင့်ရ၊ ကျူးလွန်ကျင့်ကြံ နေထိုင်သည်များကို တွေ့မြင်ကြားသိရ၍ ဖမ်းဆီးမိလျှင် ကျူးလွန်သူ နှင့်တကွ တိုက်ရှင်တို့ကို အပြစ်အလျောက် စီရင်မည်။

ဤသို့လျှင် ကိုယ့်မင်းကိုယ့်ချင်းနှင့် နေထိုင်ခဲ့ရာ ရှေးအခါ၌ ပြည့်ရှင်မင်းကလည်း အာဏာစက်, မင်းဆရာတော်များကလည်း ဓမ္မစက်ဖြင့် သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်မှာ အားရ ဖွယ် လွမ်းဆွတ်ဖွယ် ကောင်းလှပါသည်။

ပစ္စက္ခသာသနာ့အခြေအနေ

ကျောင်း ဘုရား

မြန်မာပြည်၏ ရှေးခေတ်သာသနာရေးကို ပြပြီး၍ ပစ္စက္ခ (လက်ရှိ) သာသနာ့အခြေအနေဝယ် ပြုပြင်သင့်သော (ပြုပြင်၍ ရနိုင်လောက်သော) အချက်များကို ပြပါဦးမည်၊ အနော်ရထာမင်းစော လက်ထက်မှစ၍ သဒ္ဓါ မျိုးစေ့ ကျသဖြင့် ပေါက်ရောက်စည်ကားနေသော သာသနာတော် ဥယျာဉ်၌ ကျောင်းဘုရား စေတီ စသည် ထူးပြား သာသနာ့ အဆောက်အအုံ သစ်ပင်များသည် သူ့ခေတ် သူ့ခါ စိုစိုပြည်ပြည် ရှိခဲ့ကြပါသော်လည်း မင်းအဆက် ပြောင်းသလောက် ကျောင်းတိုက်များလည်း အဆက်ပြောင်းကာ ထိုက်တန်သော ကျောင်းထိုင်ပုဂ္ဂိုလ်များနှင့် ကွဲကွာ၍ မကြာမကြာ ပျက်စီးရှာရတော့သည်။

မင်းတုန်းမင်းတရားလက်ထက်တုန်းက အလွန်ကျက်သရေရှိခဲ့ကြသော မန္တလေးတိုက်ကြီးများသော်မှ အနှစ်(၆၀)ကျော် (၇၀) အတွင်းမှာ အိုမင်း ပြိုကျ၍ အနိစ္စသဘောကို ဟောပြောနေကြပြီ၊ ဗြိတိသျှအစိုးရလက်ထက်၌ တည်ဆောက်ခဲ့ကြသော တိုက်တာကြီး များလည်း မူလဆရာတော်တို့ သက်တော်ယိုယွင်းလျှင်ပင် သူတို့ လည်း အိုမင်းသောလက္ခဏာဖြင့် သာယာဖွယ် မရှိကြန်တော့ချေ၊ မူလဆရာတော် ကွယ်လွန်ပြီးနောက် ဒုတိယ တစ်ဆက်လောက် ဆိုလျှင် အရှိန်အဝါ လျှောကျရသော ကျောင်းတိုက်တွေသာ များတော့၏။

စေတီတော် ဆင်းတုတော်

အလွန်စည်ကားသော နေရာ၌ တည်ရှိသော တချို့စေတီတော်များနှင့် အစိုးရ တာဝန်ယူ ထားသော စေတီတော်များမှတစ်ပါး များစွာသော စေတီတော် ဆင်းတုတော်များကား ကျောင်းတိုက်တွေထက်ပင် အညှိုးနွမ်း မြန်တော်မူကြသေး၏၊ ဆင်းတုစေတီတော်များမှာ ဆင်းတုစေတီတော်ဘဝ၌ တည်ရှိကြသေးသော်လည်း လူအများ၏ လေးစားရိုသေမှုကို မခံကြရသဖြင့် ထည်ထည်ဝါဝါ မရှိကြပေ၊ ဤသို့ ဖော်ပြခြင်းဖြင့် “ကျောင်းတိုက် စေတီတော်များကို ကြာရှည်တည်တံ့အောင် ကိုးကွယ်ထိုက်သည်”ဟု ဆိုလိုပါသည်။

စာပြန်ပွဲများ

စာပေသင်ကြားပို့ချမှု ပရိယတ်သာသနာသည် ယခုအခါ သာသနာ၏ အဓိကအလုပ်သဖွယ် ကြီးကျယ်ထင်ရှားလျက် ရှိပေ၏၊ စာပြန်ပွဲတွေကလည်း ရှေးမင်းများ၏ အမွေကို ခံယူကာ ဟိုမြို့ ဤနယ် အသွယ်သွယ်၌ ပေါများလှ၏၊ [ ဤနေရာဝယ် “စရစ်…နင်တို့ လက်ဝှေ့ပွဲ မပြီးသေးဘူလား” ဟူသော ကြက်သွန်ခင်းဆရာတော်၏ စကားသည် စဉ်းစားဖွယ် ကောင်းလှပေ၏၊] စာမေးပွဲဝင်ရာ၌ သူ့ထက်ငါ သာလွန်လိုစိတ်တွေ များလှချေ၏၊ စာမေးပွဲလုပ်သူတို့ကလည်း “တစ်ပါးနှင့်တစ်ပါး အားကျပြီး သင်မှ စာတတ်လွယ်သည်”ဟု ယူဆ၍ တစ်နံပါတ် အောင်သူ, နှစ်နံပါတ်အောင်သူ စသည်ဖြင့် ဆုလာဘ်နှင့်တကွ ချီးမြှောက်ကြသည်။

မင်းတုန်းမင်းတရားကြီးလက်ထက်၌ပင် “ပထမစာတော်ပြန်” ဟူသော ဂုဏ်သည် နယ်တုန်အောင် ကျော်ကြား၍ မိဘဆွေမျိုးများပင် ဂုဏ်အတင် ခံရပေသည်၊ ငယ်ရွယ်သော စာသင်သားတို့ကိုသာ ပထမပြန်နှင့် မြှောက်သည်မဟုတ်၊ ကြီးရင့်သောဆရာတော်များကိုလည်း ဘွဲ့တံဆိပ်ဖြင့် မြှောက်သေး၏၊ ထိုအမြှောက်ခံရသူ အားလုံးပင် ပုထုဇဉ်တွေသာများ၍ ထိုဂုဏ်မျိုးရရှိအောင် အမျိုးမျိုး ကြံဆောင်ကြသူတွေလည်း အများအပြား ပါဝင်ရကား တရားလမ်း အတိုင်း ဂုဏ်ရသူတို့သော်မှ “နွားထီးငါးကျပ် နွားမငါးကျပ်” ဖြစ်ကြရလေတော့သည်။

စာအောင်ပုဂ္ဂိုလ် ချီးမြှောက်ပုံ

စာအောင်ပုဂ္ဂိုလ်များကို ရှေးမင်းများလက်ထက်မှ စ၍ ယခုတိုင်အောင်ချီးမြှောက်ကြ သည်မှာ (စာမေးပွဲအောင်၍ သွေးမြောက်နေသူအတွက်) ခြေထောက်၍ က-လောက်ပါပေ၏၊ လူဝတ်ကြောင်များကသာ မြှောက်ကြသည် မဟုတ်သေး၊ ရဟန်းသံဃာချင်းလည်း စာမေးပွဲ အောင်သူကိုသာ အသိအမှတ် ပြုချင်ကြ၏၊ သာမန် ရဟန်းသံဃာချင်းသာမက ဆရာတော်များကပင် စာမေးပွဲအောင်သည်ဟုဆိုလျှင် ချီးမြှောက်ချင်တော်မူကြသည်၊ “ဘယ်နည်းဖြင့် အောင်လာသလဲ” ဟုကား မစဉ်းစားမိတော့ချေ။

ရဟန်းဒကာ ရဟန်းအမတို့ကမူ သူတို့ ဦးပဉ္စင်း စာမေးပွဲအောင်မှ ကျေနပ်ကြ၏၊ ဤစာရေးသော ဘုန်းကြီးသည်ပင် စာမေးပွဲ အကျိုးအပြစ်ကို စနစ်ကျကျ သိထားသူ ဖြစ်ပါလျက် အထက်တန်း စာမေးပွဲအောင်ပြီးသူဟုဆိုလျှင် အသိအမှတ် ပြုချင်သလိုဖြစ်နေ၏၊

ဤမျှ အရှိန်ကြီးနေသော စာမေးပွဲကို ငယ်ရွယ်သူတွေ (တရားသည် ဖြစ်စေ, မတရားသည်ဖြစ်စေ) အဘယ်မှာ မအောင်လိုဘဲ ရှိချေတော့မည်နည်း၊ “နောင်ခါလာ နောင်ခါစျေး, အောင်လျှင် ပြီးရော” ဟု သဘောထားကာ အစွမ်းကုန် ကြိုးစားကြမည်သာ။

စရဏ မရောက်သမျှ အကျိုးမရ

[ကိုယ်ကျင့်တရားကို “စရဏ”ဟု ခေါ်၏၊] ဥဒ္ဒါလကဇာတ်၌ ဥဒ္ဒါလရသေ့သည် ဝေဒသုံးပုံကို တတ်သော ဂိုဏ်းဦးစီးနာယက ဆရာကြီးတည်း၊ သူသည် ဘုရားအလောင်း ပုရောဟိတ်ကြီးနှင့် စကားပြောကြရာ၌ ပုရောဟိတ်ကြီးက “ဝေဒသုံးပုံကို တတ်ရုံမဆိုထားနှင့်, ဝေဒအပုံတစ်ထောင်ပင် တတ်၍ နေသော်လည်း အကျင့်စရဏသို့ မရောက်သေးသမျှ (ကောင်းကောင်း မကျင့်သမျှ) ဒုက္ခမှ မလွတ်နိုင်သေးပါ”ဟု ပြောဆိုလေသော်… ရသေ့က “ဒီလိုဆိုရင် ဝေဒတွေဟာ အကျိုးမပြီး အချည်းနှီးဟု ဆိုလိုပါသလား”ဟု မေးလျှင် ပုရောဟိတ်က “ဝေဒတွေကို အချည်းနှီးတွေ”ဟု မဆိုလိုပါ၊ ဝေဒတတ်တော့ “ဝေဒကျမ်းတတ် ပညာရှိကြီး”လို့ နာမည်ကျော်တာပေါ့၊ လာဘ်ပေါ၍ အခြွေအရံများတာပေါ့၊ ဘယ်လောက်ပင် နာမည်ကျော်ကြား၍ လာဘ်ပေါများသော်လည်း ဒီတစ်ဘဝသာ နာမည်ကျော်နိုင် လာဘ်ပေါနိုင်တာပဲ၊ အကျင့်စရဏကို ကျင့်မှသာ နောက်နောင်အခါ ဘဝသံသရာ၌ အေးချမ်းမှု ရှိနိုင်တယ်ဟု ပြောလေသည်။

မှတ်ချက်။ ။ဤဇာတ်တော်၌ ဝေဒသုံးပုံဟူသည် ပိဋကသုံးပုံကဲ့သို့ ဗြာဟ္မဏတို့ အလွန်လေးစားအပ်သော အတတ် ပညာတည်း၊ (ယခုအခါ “ဗေဒင်သုံးပုံ”ဟု ခေါ်သည်၊) ထိုဇာတ်၌ ပုရောဟိတ်ကြီး၏ စကားသည် ယခုအခါ စာပြန်ပွဲ အောင်မှုတစ်ခုကိုသာ အဓိကထား၍ ကြိုးစားကြသူများ သတိထားသင့်သော စကားတစ်ရပ်ပေတည်း၊ ကျမ်းစာတို့၌ကား “နာမည်ကျော်ကြား လာဘ်ပေါများအောင် စာသင်ခြင်းထက် (ဘာမျှ မလုပ်ဘဲ) အိပ်နေ ခြင်းက တော်သေး၏”ဟု မိန့်တော်မူပါသည်။ [မဇ္ဈိမပဏ္ဏာသ, အလဂဒ္ဒူပမာသုတ် အဋ္ဌကထာ။]

စရဏမပါခြင်း အပြစ်များ

ငယ်ရွယ်စဉ်က စ၍ ဆရာကောင်းများအထံ၌ ကိုယ်ကျင့် (စရဏ)ကို မျိုးစေ့ရခဲ့သူများသည် (များသောအားဖြင့်) သာသနာတော်၌ တာရှည် နေနိုင်ကြ၊ နေသလောက်လည်း မိမိအကျိုး, သာသနာ့အကျိုးကို ဆောင်နိုင်ကြ၏၊ မျိုးစေ့မရခဲ့သူများကား ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ဘဲ တာရှည်နေလိုစိတ်လည်း မရှိကြ၊ မထွက်သာ၍ အောင့်အည်း နေရပြန်လည်း မိမိအကျိုး သာသနာ့အကျိုးကို မဆောင်နိုင်ကြချေ၊ ထို့ကြောင့် ကိုယ်ကျင့်မရှိဘဲ သာသနာမှာ တည်တံ့နေသူများထက် လူဝတ်လဲ၍ အပြင်ဘက်က သာသနာရေး အားပေးနေသော လူ ဥပါသကာများကိုသာ ချီးမွမ်းထိုက်ပေသည်။

မှန်၏၊… လူပြန်တော် ဥပါသကာများသည် ကိုယ်တိုင်က သာသနာမှ ဖဲခွာခဲ့ရသော်လည်း သာသနာတော်၏ အခြေအမြစ်ကို စနစ်တကျ သိခဲ့ကြသောကြောင့် သာသနာဝင် ပုဂ္ဂိုလ်ကောင်းများကို လေးစားတတ်ကြ၏၊ မိမိတို့ တတ်နိုင်သည့်ဘက်က သာသနာရေး ကိုလည်း အားပေးတတ်ကြသေး၏၊ လူနှင့်ဆိုင်ရာ ဒါန သီလကို အားထုတ်နေလျှင်လည်း နောင်သံသရာအတွက် နစ်နာဖွယ် အချက်မှ ကင်းလွတ်စေနိုင်ကြသေး၏၊ ကိုယ်ကျင့်မပါဘဲ သာသနာ တော်၌ တည်နေသူကား သူ့အတွက် မသက်သာရှာတော့ချေ။

စာသင်တိုက်နှင့်စရဏ

ယခုအခါ စာသင်တိုက်များ တည်ရှိပုံသည်လည်း စရဏကို အားပေးခြင်းထက် ပရိယတ်ကိုသာ အားပေးခြင်းက များသကဲ့သို့ ဖြစ်နေ၏၊ ရှင်းပြဦးအံ့…ယခုအခါ စာသင်တိုက်များစွာသည် မြို့ကြီးများ၌သာ တည်ရှိနေကြ၏၊ စာသင်သားများကား ကျေးလက်တောရွာများမှ လာရောက်သူများ ဖြစ်ကြ၏၊ စာသင်တိုက်များ၌ သံဃာ အရေ အတွက်လည်း များပြားလှ၏၊ ထိုမျှလောက် များပြားနေသော စာသင်သားတွေကို ဆရာတော်တို့ နိုင်နိုင်နင်းနင်း အုပ်ချုပ်ဖို့ရန် မလွယ်ကူလှချေ၊ ထိုအားလုံးကို ဆွမ်းကွမ်းစသည် လုံလောက် အောင် စောင့်ရှောက်ဖို့မှာကား ဆွမ်းတော်ထား၍ ဝမ်းတော်မှ မနိုင့်တနိုင် ဖြစ်နေကြ၏၊ ထို့ကြောင့် “စာသင်သွားမည်”ဟု ကြံစည်လိုက်လျှင် (စာသင်တိုက်၏ အခြေအနေကို ကိုယ်တွေ့ကြုံပြီး စာသင်သားကြီးများထံမှ သတင်းကြားဖြင့်) ဆွမ်းရေးကို စဉ်းစားရှာ ကြရတော့၏၊ ထိုအခါ ပေါ့ပေါ့ပါးပါး ယူဖို့ရာ (သိက္ခာပုဒ်ဖြင့် အတင်းအကြပ် တားမြစ်ထားအပ်သော) ငွေကိုသာ ရှာကြံကြရ လေတော့သည်။

ထိုငွေကို ရပြီးသည့်နောက်… ငွေကို ကိုင်မည့် ကပ္ပိယ ကျောင်းသား ခေါ်သွားဖို့ရာလည်း (နေထိုင်ရေး စားသောက်ရေးမှ စ၍) တာဝန်လေးမည်ဖြစ်သောကြောင့် ခေါ်ဖို့ခဲယဉ်း၏၊ သို့ဖြစ်လျှင် ကိုယ့်ဝန် ကိုယ်ထမ်း ကိုယ့်လမ်း ကိုယ်သွားဖို့ရာ ထိုငွေကို ကိုယ့် သေတ္တာထဲ ထည့်ကာ သိက္ခာပုဒ်တော်ကို ရိုသေပါလျက် မတတ်သာ၍ ငွေကိုလည်း ကိုင်မိရှာကြပါတော့သည်၊ ပထမသော် ငွေ မကိုင်ကောင်းမှန်းသိလျက် မလွှဲသာ၍ ရွံ့တွံ့တွံ့နှင့် ကိုင်မိရှာကြ၏၊ အတော်ကြာသောအခါ မကိုင်ကောင်းဘူးဆိုတဲ့ စိတ်များ မေ့ပျောက် သွားပြီးလျှင် ကိုင်ရိုးကိုင်စဉ် ရဲရဲတင်းတင်း ကိုင်လေ၏၊ မြို့ကြီးပြကြီး ရောက်စ၌ ပထမသော် ဆွမ်းဆိုင်ဆိုသည်မှာ ကိုယ်တိုင်ဝယ်၍ မစားဝံ့ကြ၊ ရှက်သလို ရွံ့သလို ဖြစ်နေ၏၊ အတော်အသားကျသည့် အခါ “ဒီလို ကိုယ်တိုင် ဝယ်စားရခြင်းသည် စာသင်သားတိုင်း မလွှဲသာသော ဓမ္မတာအလုပ်တည်း”ဟု ထင်လာပြီးလျှင် စျေးဆိုင် ဟူသမျှသို့ သွားရဲ လာရဲ ဝယ်ရဲ စျေးဆစ်ရဲကာ စျေးသည် ဒကာမက အထက်က မိမိက အောက်က နေ၍ စျေးဝယ် စျေးဆစ်ရသည်ကို ရှက်စရာဟု မထင်တော့ချေ။

စျေးသွားရင်း… ဩက္ခိတ္တစက္ခု သိက္ခာပုဒ်ကိုလည်းကောင်း, သုပ္ပဋိစ္ဆန္န စသော သိက္ခာပုဒ်များကိုလည်းကောင်း မစောင့်စည်းနိုင်တော့သဖြင့် ထိုထိုအာရုံများကို မြင်တွေ့ခဲ့ရကား ကျောင်းတော်ရောက်သော် အတွေးပေါ်လာတတ်ပြန်၏၊ စိတ်ပြေလက်ပျောက် အဖော်ကောင်းသဖြင့် ပွဲသွားကြည့်မိ၏၊ ပထမသော် မကြည့်ကောင်း မှန်းသိလျက် မနေနိုင်၍ကြည့်မိ၏၊ နောက်၌ကား ရိုးနေလေတော့၏၊

ဤသို့ စသည်ဖြင့် ကိုယ်ကျင့်စရဏ ဖျက်ချင်စိတ် မရှိကြသော်လည်း နေရာဌာနလိုက်၍ ပျက်ကြရလေတော့သည်။ … [ အားလုံး စာသင်သားများ ဤနည်းအားဖြင့် စရဏ ပျက်ကြရသည်ဟု မဆိုလိုသော်လည်း အများအပြားကား ဤနည်းနှင်နှင် ပျက်ကြရသည်၊ ထူးခြားသော စာသင်တိုက် တချို့နှင့် ထူးခြားသော ဆရာသမား များကို မှီခိုကြရသူများသာ ကံကောင်းထောက်မ၍ စရဏမပျက်ဘဲ ရှိကြရပေသည်။]

စာသင်တိုက်နှင့် စာသင်ချိန်

များစွာသော မြို့ကြီး စာသင်တိုက်ကြီးများ၌ အမျိုးမျိုးသော အကြောင်းကြောင့် စာသင်ချိန် လည်း နည်းပါးလှ၏၊ များသောအားဖြင့် ဝါတွင်းသုံးလလောက် ကြိုးကြိုးစားစားနှင့် သင်ယူရ၏၊ ဝါကျွတ် သည်မှ စ၍ နောက်ဝါဆိုအထိကား ဆရာနှင့် သင်ယူရခြင်း နည်းပါးလှတော့သည်။

ဤနည်းအတိုင်းသာ သင်နေကြရသမျှ (ခေတ်အလိုက်) စာတော်ပုဂ္ဂိုလ်တစ်ပါး မဖြစ်နိုင်ပါ၊ “စာတော်”ဟူရာ၌ မိမိကိုယ်တိုင် သဘောဉာဏ် ရှိ၍ ဆရာသမားထံ အနည်းငယ် သင်ယူပြီးနောက် ထိုထို ကျမ်းစာများကို ကြည့်ရှု၍ တော်သူ, ပင်ကိုဉာဏ်လည်း မှန်မှန်ရှိ၊ ဆရာ့အထံ၌လည်း နှစ်ရှည်လများ သင်ယူခြင်းဖြင့် တော်သူဟု နှစ်မျိုးရှိ၏၊ ပထမနည်းဖြင့် တော်သူသည် သူ့အတွက် သာ တော်၏၊ တပည့်များကို သူ့လို တော်အောင် ပို့ချတတ်ဖို့ကား မလွယ်ကူလှချေ၊ ဒုတိယနည်းဖြင့် တော်သူမှာ တပည့်များကိုလည်းတော်အောင် သင်ပြနိုင်၏၊ ယခုအခါ မြို့စာသင်တိုက်များ၌ ပထမနည်းဖြင့် စာတော်သူသာ ဖြစ်ခွင့်ရှိ၏၊ စာသင်ချိန် နည်းပါးရကား ဒုတိယနည်းဖြင့် စာတော်သူမှာမှာ အလွန် နည်းပါးပေလိမ့်မည်။

မှန်၏၊ များစွာသော စာပြန်ပွဲတို့၌ စာအောင်ပုဂ္ဂိုလ်များသည် ဆရာ့ထံ အပြည့်အစုံ သင်ယူ၍ အောင်သူထက် ဆရာ့အထံ အနည်းငယ် သင်ယူပြီးလျှင် မိမိတို့ဘာသာ ကြိုးစား၍ အောင်သူတွေသာ များလေသည်၊ ဤအချက်ကို ထောက်၍လည်း အနာဂတ်ကာလ၌ မြို့ကလေးများနှင့် ရွာကြီးများဝယ် စာသင်တိုက်များ တည်ရှိစေလိုပေသည်။

စာတတ်ပြီးမှ လူထွက်ကြရပုံ

စာသင်သားဘဝ၌ အများနှင့်လျော်ညီအောင် ရောကော သောကောနှင့် နေထိုင်ကာ ဉာဏ်ဝီရိယအလျောက် စာတတ်မြောက်၍ စာပြန်ပွဲများ၌လည်း ပေါက်ရောက်ပြီးသောအခါ ရှေးဟောင်းနှောင်းဖြစ်ကို ပြန်၍ တွေးမိကြ၏၊ တချို့သည် မိမိကျူးလွန်ခဲ့သော အပြစ်များ၌ ပြင်မရအောင် (အာပတ်ဖြေသော်လည်း မပြေနိုင်အောင်) ကျူးလွန် ခဲ့သောကြောင့် နောင်တရကာ လူဝတ်လဲကြရရှာ၏။

ရဟန်းတော်ကလေးတစ်ပါးကား ဝိနည်းကို မသင်ရမီက လွန်လာသော အပြစ်ကို ဝိနည်းသင်ခါမှ ပြင်မရတော့ဟု သိရ၍ ချုံးချုံးချလျက် ငိုရရှာလေသတဲ့၊ [ ယခုကာလ၌ ရထား သင်္ဘောများဝယ် ကျသင့်သော နှုန်းကို မပေးရအောင် ကြံဆောင်ယူသွားသဖြင့် ကြီးမားသော ဝိနည်းအပြစ်ကို ရတတ်၏၊]

တချို့စာတတ်ပြီးသူများကား မိမိပြုခဲ့သောအမှုများက ကျူးကျူးလွန်လွန် မဟုတ်သော်လည်း ပေါ့ပေါ့နေမှုက အသားကျနေသဖြင့် ဣန္ဒြေသိက္ခာကို စောင့်စည်း၍ တစ်နည်းပြုပြင်ကာ ကျနအောင် နေနိုင်ဖို့ ခဲယဉ်းလှသောကြောင့် “လူ့ဘဝဖြင့်ပင် သာသနာကို ကြည်ညိုချီးမြှောက်တော့မည်”ဟု လူ့ဘောင်သို့ ပြောင်းကြ၏၊ စစ်အတွင်း၌ကား “ကမ္ဘာကြီးတောင် အပြောင်းအလဲ ရှိသေးတာပဲ၊ ရဟန်းဘဝမှ လူ့ဘဝပြောင်းဖို့ဟာ ဘာခဲယဉ်းတော့သလဲ”ဟု စိတ်ရဲကာ ဂျပန်ငွေ ရှာလွယ်ချိန်မှာ အများအပြား လူ့ဘောင်သို့ ပြောင်းကြလေသည်၊ မည်သို့ပင်ဖြစ်စေ (သာသနာရေးနှင့်နိုင်ငံရေးကို ကြည့်လျှင်) ရဟန်းဘဝ၌ ပေတေနေ သူများထက် လူ့ဘဝပြောင်းသူများကိုသာ ကျေနပ်ထိုက်ပါသည်။

အထင်သေးခံနေရပုံ

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ အတော်ကြာလောက်ကစ၍ များစွာသောဒကာ ဒကာမ တို့သည် ရဟန်းတော်များအပေါ်၌ အထင်မကြီးကြန်တော့ချေ၊ ထိုသို့ အထင်မကြီးကြရာ၌ ရဟန်းငယ်များအပေါ် အထင်မကြီးပုံနှင့် ဘုန်းတော်ကြီး ဆရာတော်ကြီးများအပေါ် အထင်မကြီးပုံမှာ မတူ တတ်သေးချေ၊ ရဟန်းငယ်များ အပေါ်၌ မြို့ထဲပြထဲ လည်ပတ်ခြင်း, ပွဲလမ်းသဘင်ကို ကြည့်ရှုခြင်း, သွားလာနေထိုင်ပုံ မသပ္ပာယ်ခြင်း တို့ကြောင့် အထင်သေးကြ၏၊ သို့ရာတွင် သာသနာတော်ကို အတွင်း ကျကျ ကိုးကွယ်သူ အချို့ကမူ “စာသင်နေဖော်ရလျှင် တော်ရောပ, နောင်ခါကြီးတော့ ပြုပြင်ပါလိမ့်မည်”ဟု မျှော်လင့်၍ ဖြေနိုင်ကြပါသေး၏၊

ကျောင်းထိုင်ဘုန်းတော်ကြီးများ အပေါ်၌ကား… ရပ်ရွာ နယ်ပယ် ဒကာ ဒကာမတို့ကို ယဉ်ကျေးအောင် မဆုံးမနိုင်ခြင်း, တပည့် တပန်း ရဟန်း သာမဏေ ကျောင်းသားများကို ယဉ်ကျေး အောင် စာတတ်အောင် မသင်ပြနိုင်ခြင်း, ပစ္စည်းရှင် ရပ်သူရွာသား တို့နှင့် အလွမ်းသင့်အောင် ဆက်ဆံပေါင်းသင်းခြင်း, အတောင်း အရမ်း အခွဲအခန့် များပြားခြင်း, ကျောင်းထိုင်ရလျှင် ဟုတ်ဟုတ် မဟုတ်ဟုတ် အပင့်အဖိတ်ခံရမြဲ ဖြစ်သောကြောင့် ကျောင်းရအောင် ကြိုးစားခြင်း, ထိုသို့ ကျောင်းထိုင်ဖြစ်ဖို့ လိုလားသဖြင့် ဘုန်းကြီးတစ်ပါး ပျံတော်မူလျှင် ရုံးရောက်လောက်အောင် ကျောင်းလုပွဲ ဖြစ်ခြင်း ဤသို့ စသော အပြစ်များကြောင့် အထင်သေးကြလေသည်။

မြို့ကြီးတစ်မြို့ရှိ ကျောင်းဒကာ အထံသို့ “ဘုန်းကြီးက ကားလွှတ်လိုက်စမ်းပါတဲ့”ဟု ကျောင်းသားကလေး လာ၍ပြောရာ “မလွှတ်နိုင်ဘူးကွ”ဟု အော်ပြောပြီးလျှင် အနားရှိသော ဘုန်းကြီး ဘက်လှည့်၍ “သွားစရာ အလုပ်များလို့ ကားဝယ်ထားတာ၊ ဘုန်းကြီးတွေက ခဏခဏ လာတောင်းတယ်”ဟု ညည်းညူသော အပြောဖြင့် ပြောသတတ်၊ အခြား မြို့တစ်မြို့မှ အရာရှိကြီးကား အထက်မြို့မှ ခေတ္တကြွလာသော ဆရာတော်အထံ လည်ပတ်ဖို့ရန် ကားလွှတ် လိုက်ပြီးနောက် “တယ်…ဘုန်းကြီးများ အလိုက်မသိသကိုး၊ ခုတောင် ကားပြန် မပို့သေးဘူး” ဟု အခြားအရာရှိတစ်ဦးရှေ့မှာ ညည်းတွားလေသတဲ့၊ ဤသို့ စသည်ဖြင့် အထက်တန်းလူများကလည်း အထက် တန်းဆရာတော်များကို အထင်သေးကြကြောင်း သိရပေသည်။

စာပေဘက်၌လည်း အထင်ကြီး မခံရ

မိမိတို့ ဘုန်းကြီးဘဝမှာ သူများ ပေးမှ ကမ်းမှ စားသောက် နေထိုင်ရသော ဘဝမျိုး ဖြစ်၍ ပစ္စည်းလေးပါးဘက်၌ (အတောင်းအရမ်း များသူတို့ အပေါ်ဝယ်) ပစ္စည်းရှင်တို့ အထင် အမြင်သေးခြင်း ခံကြရသည်မှာ မထူးဆန်းလှပါ၊ အသက်နှင့်အမျှ ပညာဆည်းပူးရသော ဘဝဖြစ်၍ ပညာရေးဘက်၌မူ အများအပြားပင် အထင်သေးခြင်းကို မခံရထိုက်ပါ၊ သို့ရာဝယ် “ဘုန်းကြီးများ၏ ပါဠိဘက်၌ ကျွမ်းကျင်မှု နည်းပါးကြောင်းကို စာပြန်ပွဲ၌ ပါဠိဘာသာ ဖြေပုံကို ကြည့်၍ သိနိုင်ပါသည်”ဟူသော ပထမပြန်ကော်မတီ တစ်ဦး၏ စကားဖြင့် ပါဠိဘာသာဘက်၌လည်း အထင်သေးခံနေရကြောင်း သိရပါသည်၊ ဤသို့ အထင်သေးခံရခြင်းနှင့် စပ်လျဉ်း၍ ပါဠိဘာသာ နိုင်, မနိုင်ကို မိမိတို့ကိုယ်တို်င် စဉ်းစား၍ ပါဠိသင်နည်း ကို ပြင်ထိုက်, မပြင်ထိုက်ကိုပါ အောက်ပါအတိုင်း စဉ်းစားပါလေ။

၁။ ပါဠိဘာသာကို သဒ္ဒါနည်းလည်း မှန်၍ ပါဠိသွားနည်းလည်း ကျအောင် ရေးနိုင် ပြောနိုင်သလား၊

၂။ ပါဠိတော် အဋ္ဌကထာများကို ကြည့်ရှုပြန်လျှင် (မြန်မာဘာသာ လို) ရှင်းရှင်းလင်းလင်း နားလည်ရဲ့လား၊

၃။ နှစ်ပေါင်းများစွာ ပါဠိဘာသာကို သင်ယူနေကြပါလျက် မပြောနိုင် မရေးနိုင်ကြပါလျှင် ပါဠိသင်နည်းကို မပြင်ဘဲ နေထိုက်ပါသလား၊

၄။ လက်ရှိ စာမေးပွဲများ၌ ပါဠိတတ်လွယ်အောင် စည်ကမ်း ပြင်ထိုက်သည် မဟုတ်ပါလား။

နောင်အခါ သာ၍ အထင်သေးဖွယ်

လာမည့်ခေတ်ကား ပြောတိုင်းယုံမည့်ခေတ် မဟုတ်တော့၊ မှားသည် ဖြစ်စေ, မှန်သည် ဖြစ်စေ စဉ်းစား စိစစ်လိုသော ပညာခေတ် ဖြစ်တော့မည်၊ ယခုခေတ် ရှေးလူကြီးသူမတို့ကဲ့သို့ “သူမကောင်းလျှင် သူ့ထိုက်နဲ့ သူ့ကံ”ဟုလည်း စိတ်သဘောကြီးကြီး ထားကြန်တော့မည် မဟုတ်၊ သူတို့ သင်ယူအပ်သော

ဆင်ခြင်စဉ်းစားဉာဏ်ကို အရင်းခံ၍ အရာရာ၌ ဝေဖန်ကြန်တော့မည်၊ ထိုအခါကျမှ ရဟန်းတော်များသည် သတိရ၍ ပြုပြင်ကြလျှင် အပြုပြင်နောက်ကျ၍ အကျိုးရ နည်းပါးမည့်ပြင် “အာဏာပိုင် အစိုးရတို့က (သို့မဟုတ်) လူဝတ်ကြောင်များက ပြုပြင်ပေးမှ သာသနာရေး အချိုးကျလာသည်”ဟူသော အကြောင်းအရာသည် ရာဇဝင်မှာ စာတင်စရာ ဖြစ်ရစ်တော့မည်၊ ထို့ကြောင့် မိမိတို့၏ အနာဂတ်သာသနာရေးကို မိမိတို့သာလျှင် စထွင်၍ ပြုပြင်သင့်ကြပါသည်။

ကဿပရှင်တော်၏နောက်ပိုင်းသာသနာ

တောင်ထိပ်တက်၍ တရားကျင့်ပုံ

ကဿပဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံပြီးနောက် တဖြည်းဖြည်း သာသနာဆုတ်ယုတ်လာ သောအခါ ရဟန်းတော် ခုနစ်ပါးသည် သိက္ခာပုဒ်တော်ကို မလေးမစား ပြုနေကြသော အခြားရဟန်းများကို မြင်၍ “ဣဓ ကိံ ကရောမ-ဒီမှာ ဘာလုပ်နေကြန်တော့မှာလဲ၊ ဧကမန္တေ သမဏဓမ္မံ ကတွာ ဒုက္ခဿန္တံ ကရိဿာမ-သင့်တော်သော နေရာ၌ ရဟန်းတရားကို အားထုတ်၍ ဒုက္ခဆုံးအောင် ပြုကြစို့ရဲ့”ဟု တိုင်ပင်ပြီးလျှင် တောင်ထိပ်သို့ လှေကားဖြင့် တက်၍ အထက် ရောက်မှ လှေကားကို ဖြုတ်ချကာ ရဟန်းတရားကို အစာမစားဘဲ အားထုတ်ကြလေရာ… ရဟန္တာတစ်ပါး ဖြစ်၍ အနာဂါမ်တစ်ပါး ဖြစ်လေသည်၊ ကျန်ငါးပါးကား သံသရာ၌ ကျင်လည်ကြပြီးလျှင် ငါတို့ ဗုဒ္ဓ၏ လက်ထက်တော်၌ တစ်ပါးသည် ပုက္ကုသာတိမင်း, တစ်ပါးကား ကုမာရကဿပထေရ်, တစ်ပါးကား ဗာဟိယဒါရုစီရိယ ထေရ်, တစ်ပါးကား မလ္လာမင်း၏သား အရှင်ဒဗ္ဗ, အခြားတစ်ပါးမှာ သဘိယပရိဗိုဇ် ဖြစ်လာ၏ဟု (ဓမ္မပဒအဋ္ဌကထာ ဗာဟိယဒါရုစီရိယ ဝတ္ထု၌) တွေ့ရ၏။ [ဤဝတ္ထု၌ ကဿပဗုဒ္ဓရှင်တော်၏ သာသနာ နောက်ပိုင်းဝယ် ရဟန်းအများ၏ သိက္ခာပုဒ်တော်ကို မလေးမစား ပြုချိန်၌ သူတော်ကောင်းပုဂ္ဂိုလ်တို့မှာ သူတို့နှင့် အတူ မနေသာ အောင်ပင် ဖြစ်လာပုံကို သတိပြုပါ။]

သိကြားသာသနာပြုပုံ

ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အတော်ကြာ၍ သာသနာတော် အဆုတ်ယုတ်ကြီး ဆုတ်ယုတ်လာသောအခါ ရဟန်းတို့သည် မသင့်မတော်သော ပစ္စည်းရှာနည်း (၂၁)မျိုးတို့ဖြင့် ပစ္စည်းရှာ၍ အသက်မွေးဝမ်းကျောင်း ပြုကြ၏။ [(၂၁)မျိုးကို ရှေ့၌ “အနေသန”ဟူသော နာမည်ဖြင့် ပြခဲ့ပါပြီ၊]

လူဝတ်ကြောင်များနှင့် ရောနှောဆက်ဆံမှု များကြကုန်၏၊ တချို့ကား သားသမီးတွေပင် ရနေကြကုန်သတဲ့၊ ဥပါသကာဆိုသူ (ဘုရားဒကာ ကျောင်းဒကာလို)လူသူတော်ကောင်းများက လည်း ဥပါသကာ ကျင့်ဝတ်ကို မကျင့်ကြန်တော့။ များသောအားဖြင့် လူသတ္တဝါများသည် အကုသိုလ် ဒုစရိုက်ကို ကျင့်ကာ အပါယ်ရောက်ရသူတွေ များ၍ နတ်ပြည်၌ နတ်အသစ်နည်းပါးလေရကား သိကြားမင်းသည် လူတို့ဖြစ်ပုံကို ဆင်ခြင်သောအခါ သာသနာတော်ဆုတ်ယုတ်ပုံမှ စ၍ လူအများတို့ အကုသိုလ် လိုက်စားကြပုံကို မြင်ရလေသည်။

ထိုအခါ မာတလိနတ်သားကို ခွေးနက်ကြီးယောင် ဆောင်စေ၍ မိမိကား မုဆိုးကြီးဟန် ဖန်ဆင်းလျက် လေးလက်နက်ကို စွဲကိုင် ပြီးလျှင် “ကမ္ဘာလောကကြီး ပျက်စီးပေါ့”ဟု အသံနက်ကြီးဖြင့် ဟစ်အော်ကာ ဥသိနကမင်း၏နေရာဗာရာဏသီဘက်သို့ ဆင်းသက် လာလေသည်၊ လူအားလုံး ကြောက်ရွံ့ကြသော်လည်း ရှင်ဘုရင်ကား မြို့သူမြို့သားတို့ စိတ်သက်သာရာရအောင် မကြောက်ဟန်ဆောင်၍

“အို မုဆိုးကြီး…ဘာ့ကြောင့် အသင့်ခွေးကြီးက ဟိန်းပါသနည်း”ဟု မေးလေသည်၊ ထိုအခါ “လူ့လောက၌ မတရား ပြုကျင့်နေသော ရဟန်း ရှင် လူ ခပ်သိမ်းသူတို့ကို စားလို၍ ဟိန်းသည်”ဟု ပြောပြီးလျှင် လူအများတို့ အလွန့်အလွန် ထိတ်လန့်နေကြသောအခါ မုဆိုး အသွင်ကို စွန့်၍ ကောင်းကင်၌ နတ်အသွင်ဖြင့် တည်နေကာ မိမိ သိကြားဖြစ်ကြောင်းနှင့် လူ့လောကကြီးတစ်ခုလုံး တရားပျက်လွန်းလို့ လာခဲ့ရကြောင်း, လူတွေ သေတိုင်း နတ်ပြည်မရောက်ဘဲ အပါယ် အရောက် များနေကြောင်းတို့ကို ပြော၍ တရားဟောပြီးလျှင် နတ်ပြည်သို့ ပြန်သွားလေသည်။

ထိုအခါကျမှ ရဟန်းများလည်း ကိုယ်ကျင့်တရားကို ပြုပြင်ကြသောကြောင့် ဆုတ်နစ်နေသော သာသနာတော်သည် အနှစ် တစ်ထောင်လောက် ပြန်၍ တိုးတက် ကောင်းမွန်လာပြီးလျှင် ဥပါသကာ စသော လူသူတော်ကောင်းများလည်း ဒါန သီလကို အားထုတ်ကြ၍ နတ်ပြည်ရောက်ကြလေသည်။ [မဟာကဏှဇာတ်]

မှတ်ချက်။ ။ဇာတ်တော်၌ အလွန်ယုတ်လျော့နေသော သာသနာ တော်ကြီးကို တစ်ဖန် ထပ်၍ ပြုပြင်ကာ ရဟန်း ရှင်လူတို့ ကောင်းမွန်စွာ နေထိုင်ကြသောအခါ သာသနာသည် အနှစ်တစ်ထောင်ကြာအောင် ကောင်းလာကြောင်းကို တွေ့ရသောကြောင့် မည်သည့်အခါမဆို သာသနာတော် အဆက် မပြတ်သေးလျှင် (ပါရာဇိက မကျသူ ငါးပါးလောက် ရှိသေးသမျှ) သာသနာအသစ် ပြင်နိုင်ကြောင်းကိုလည်းကောင်း, သာသနာတော်ကောင်းမှလည်း ကိုးကွယ်ကြသူ လူအပေါင်းတို့ ကိုယ်ကျင့်တရားကောင်းနိုင်ကြောင်းကိုလည်းကောင်း သိရပေသည်၊ ထို့ပြင် တောင်ထိပ်သို့ တက်၍ သူတော်စင် အရှင်ကောင်း ခုနစ်ပါးတို့ တရားအားထုတ်မှုလည်း ထိုသို့ သာသနာတော် ဆုတ်ယုတ်ချိန်မျိုး ဖြစ်ပေလိမ့်မည်ဟု ခန့်မှန်း ရပေသည်။

ဂိဇ္ဈကုဋ်ပြိတ္တာများ

ငါတို့ ဗုဒ္ဓလက်ထက်တော်၌ ရာဇဂြိုဟ်မြို့အနီး ဂိဇ္ဈကုဋ်တောင်ကြီးဝယ် ဘုရားရှင်နှင့် တကွ ရဟန်းတော်များ သီတင်းသုံးတော်မူလေ့ ရှိကြ၏၊ အခါ တစ်ပါး၌… အရှင်လက္ခဏနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့သည် တောင်ပေါ်မှ ဆွမ်းခံဆင်းကြလေသော် တစ်နေရာ၌ အရှင်မဟာ မောဂ္ဂလ္လာန်သည် တန်ခိုးတော်ဖြင့် ဆင်ခြင်တော်မူလေရာ လွန်စွာ ထူးဆန်းသော ပြိတ္တာတွေကို မြင်လေသည်၊ ထိုအခါ “မိမိမှာ ဤ ပြိတ္တာအဖြစ်မျိုးမှ လွတ်ရလေပြီ”ဟု တွေး၍လည်းကောင်း, “ကံ၏ အကျိုးပေးပုံသည် (ကိုယ်တွေ့ မကြုံလျှင် ပြောရုံမျှဖြင့် မယုံနိုင်ကြ အောင် ဆန်းကြယ်ရကား) မကြံစည်အပ် မကြံစည်နိုင်”ဟူသော ဗုဒ္ဓတရားတော်ကို သတိရ၍လည်းကောင်း ပြုံးတော်မူသည်။

ပြုံးတော်မူခြင်း၏ အကြောင်းကို အရှင်လက္ခဏက မေးသော အခါ “ဗုဒ္ဓရှေ့တော်ရောက်မှ မေးပါ”ဟု ပြောသဖြင့် ဆွမ်းစားပြီး နောက် ဗုဒ္ဓရှေ့တော်ရောက်၍ ထိုအကြောင်းကို မေးလေသော် “အရှင်လက္ခဏ ယနေ့ ဂိဇ္ဈကုဋ်တောင်မှ အဆင်းတွင် ရဟန်းပြိတ္တာ တွေကို မြင်ခဲ့ရသည်၊ သူတို့၏ သင်္ကန်းများလည်း မီးတောက်လို့, သပိတ်များလည်း မီးတောက်လို့, ခါးပန်းကြိုးများလည်း မီးတောက် လို့, တစ်ကိုယ်လုံးလည်း မီးတောက်လို့ သူတို့၏ ပါးစပ်ကလည်း ကယ်ပါ ယူပါ တစာစာနှင့် နာကျင်သံကို အော်နေကြတယ်၊ ထို ရဟန်းပြိတ္တာတွေကို မြင်ရတဲ့အခါ ဩော်…အံ့ဩစရာကောင်းပေစွ, ဒီလို သတ္တဝါမျိုး ရှိမှ ရှိရလေတယ်”ဟု တွေးမိတဲ့အကြောင်းကို ပြောပြလေသည်။

ထိုအခါ ဗုဒ္ဓရှင်တော်မြတ်သည် အခြားရဟန်းများကို မိန့်တော် မူသည်မှာ ငါ၏ သာဝကတို့သည် မျက်စိအမြင် (ဉာဏ်အမြင်) ကျယ်ကြပေစွ၊ သာမန်စက္ခုဖြင့် မမြင်နိုင်သော အရာကို မြင်နိုင်ကြ ပေစွ၊ ထိုသတ္တဝါတွေကို ရှေး (ဗုဒ္ဓဖြစ်ခါနီး ဒိဗ္ဗစက္ခုအဘိညာဉ်ရ) တုန်းကပင် မြင်တော်မူခဲ့၏၊ သို့သော် ပြော၍ မယုံလျှင် မယုံသူမှာ အကျိုးမဲ့ ဖြစ်စရာ ရှိသောကြောင့် မည်သူ့ကိုမျှ မပြောဘဲ နေခဲ့ သည်၊ “ထိုသတ္တဝါတွေသည် ကဿပမြတ်စွာ၏ သာသနာတော်၌ ယုတ်မာသော ရဟန်းများ ဖြစ်ခဲ့ကြ၏၊ ထိုမကောင်းမှုကြောင့် ငရဲ၌ အနှစ်များစွာ ခံခဲ့ရပြီးမှ ပြိတ္တာဖြစ်လာကြရသည်”ဟု မိန့်တော် မူသည်။

အမှာ။ ။ အရှင်မဟာမောဂ္ဂလ္လာန်သည် ဘိက္ခုနီ, သိက္ခမာန်, သာမဏေ, သာမဏေမများနှင့် လူပြိတ္တာအမျိုးမျိုး ကို ဂိဇ္ဈကုဋ်တောင်၌ မြင်ရကြောင်းလျှောက်၍ ဗုဒ္ဓရှင်တော်ကလည်း သူတို့၏ ရှေးမကောင်းမှုကို ဟောပြောတော်မူသည်။ (လက္ခဏသံယုတ်ပါဠိတော်)

မပြင်လျှင် ခက်ဖွယ်

ကဿပရှင်တော်၏ နောက်ပိုင်းသာသနာဝယ် တောင်ပေါ်တက်၍ ရဟန်းတော် ခုနစ်ပါး တရားကျင့်ကြပုံ, မဟာကဏှဇာတ်တော်၌ သိကြားမင်း ကိုယ်တိုင် သာသနာတော်ကို ပြုပြင်ခဲ့ရပုံ, ထိုစဉ်က ကိုယ်ကျင့် မကောင်းသော ရဟန်း သာမဏေတို့ ငရဲကျ၍ ငရဲမှ လွတ်မြောက် ပြီးနောက် ဂိဇ္ဈကုဋ်တောင်၌ ပြိတ္တာဖြစ်နေကြပုံကို ကောက်ချက်ချ လိုက်သောအခါ ဤဗုဒ္ဓရှင်တော်မြတ်၏ သာသနာတော် နောက် ပိုင်း၌ နေထိုင်ရသော ငါတို့သည် အားလုံး အကောင်းချည်းဖြစ် အောင် မပြုပြင်နိုင်စေကာမူ ပေါင်းသင်းသူချင်း ကျေကျေနပ်နပ် အကောင်းချည်း ဖြစ်ဖို့ရာ ပြုပြင်သင့်ကြပါသည်။

“ထိုသို့ ပြုပြင်၍ မဖြစ်နိုင်တော့”ဟု ဆိုလျှင် မတိုးတက်နိုင်သော သာသနာကို ပြုပြင်နေရန်မလို၊ ကိုယ်လွတ်ရုန်းကြဖို့သာ တာဝန် ရှိပါတော့သည်၊ ထိုသို့မှ ကိုယ်လွတ် မရုန်းနို်င်ကြလျှင် မိတ်ဆွေ ကိုယ်တော်တစ်ပါး ပြောသလို နောက်ဘဝနေရာကို သေချာအောင် စီစဉ်ရပေလိမ့်မည်၊ စာသင်သားဘဝတုန်းက ကိုယ်တော်ကြီးတစ်ပါး ပြောပုံကား-“ဟေ့…ငါသေလို့ စာပေးချင်လျှင် (အဝီစိဒိစကြိတ်, သိဉ္ဇိုဝ်းအပိုင်, ဂိဇ္ဈကုဋ်တောင်, စောင်ချမ်းပင်အောက်)လို့ လိပ်စာ တပ်လိုက်ပေတော့” ဟူသည်တည်း၊ ဤ ကိုယ်တော် ပြောသည့် အတိုင်းပင် ယခုအခါ၌လည်း ထိုထိုဤဤ မြို့ရွာတို့၌ ရဟန်းဘဝမှ စုတေပြီးနောက် အောက်တန်းရုက္ခစိုး, အညံ့စားလူဝင်စား ဖြစ်ရသူ များနှင့် ပြိတ္တာ တစ္ဆေ ဖြစ်နေသူများကို တွေ့ရ ကြားရပါသည်။

မျက်မှောက်တစ္ဆေပြိတ္တာများ

[တစ္ဆေဟူသည် ပြိတ္တာအမျိုးတွင် ပါဝင်သော သတ္တဝါတစ်မျိုးတည်း၊၊]

ဆရာတော်ကြီး၏ လည်စေ့ညှစ်သောတစ္ဆေ

အလွန်မဝေးသော ရှေးခေတ်က…ရန်ကုန်မြို့ဝယ် ကုမ္ပဏီတစ်ခု၏ အကိုးကွယ်ခံ ဘုန်းကြီးတစ်ပါးရှိ၏၊ ထိုဘုန်းကြီးသည် လယ်တီပဏ္ဍိတနှင့် ပြိုင်နိုင်လောက်အောင် အရာရာ၌ ထင်ရှားဟန်တူ၏၊ ထိုဘုန်းကြီးနေဖို့ ထိုကုမ္ပဏီက အလွန်လှပသော ကျောင်းကို ဆောက်လုပ်နေ၏၊ ကျောင်းမပြီးခင် ထိုဘုန်းကြီး ကွယ်လွန်ရှာသည်၊ ကျောင်းပြီးသောအခါ ထိုကျောင်း တိုက်၏ ဆရာတော်ကြီးကို ကျောင်းလှူရ၏၊ ဆရာတော် ကြလာ၍ ညဉ့်အခါ၌ ကျန်းစက်တော်မူစဉ် ကွယ်လွန်သွားသော ကျောင်း ဘုန်းကြီးပြိတ္တာက ဆရာတော်၏ လည်စေ့ကို ညှစ်ပါသည်တဲ့၊ ဆရာတော်ကြီး၏ လည်ကို ညှစ်ဝံ့သော ပြိတ္တာသည် သာမန်မဟုတ်၊ သရဲသဘက်လောက် ထက်သော ပြိတ္တာ ဖြစ်ဟန် တူသည်၊ ထို သတင်းကို လယ်တီပဏ္ဍိတ ကြား၍ ရှေ့နှစ်ပါဒနှင့်တကွ…

“ဣန္ဒကောပိ ဘူတော အာသိ, ဝိစိတ္တာ လောကိယာ ဂတိ” ဟု

ရေးသားပါသည်တဲ့၊ [ဣန္ဒကောပိ-သိကြားဆိုသူလည်း၊ ဘူတော အာသိ-တစ္ဆေ မြေဘုတ် ဖြစ်နေပြန်၏၊ လောကိယာ-လောက၌ ပေါ်ပေါက်တတ်သော၊ ဂတိ-ဖြစ်ပုံထွေလာ, အကြောင်းအရာသည်၊ ဝိစိတ္တာ-ထူးဆန်းပေသည်တကား။]

ဓမ္မကထိကအကျော် ဆရာတော်တစ္ဆေ

အခြား တစ်နေရာ၌ နိုင်ငံလုံး ထင်ရှားသော ဓမ္မကထိက ဆရာတော်တစ်ပါးရှိ၏၊ သူ၏ တရားဟောဓမ္မာရုံကြီးသည်ပင် တရားဟောပလ္လင်နှင့်တကွ အလွန်ခမ်းနားပါသတဲ့၊… ထို ဆရာတော် ပျံလွန်တော်မူပြီးနောက် ပွဲကြည့်လာသော လူတို့သည် ညဉ့်အခါ၌ မိုးရွာသည့်အတွက် တချို့လူတို့ ထိုဓမ္မာရုံအတွင်းသို့ ဝင်သွားရာ တရားဟောပလ္လင်ပေါ် ထိုင်နေသော ထိုပုဂ္ဂိုလ်ကို တွေ့ရပါသည်တဲ့။

မှတ်ချက်။ ။“အမြင်ပေါက်သည်”ဟု ဆိုသော ဂိုဏ်းဆရာတော်ကြီးတစ်ပါးကား ဓမ္မကထိကတချို့၏ နာမည်ဖြင့် “ဇနကရေ… မည်သူ မည်ဝါတွေ ပြိတ္တာဖြစ်နေကြတယ်”ဟု မိမိ ခပ်ရွယ်ရွယ်က ပြောဖူး၏၊ သို့သော် မိမိကား မယုံခဲ့ပါ၊ ယခုအခါ၌ကား ထိုစကားလည်း စဉ်းစားစရာ ဖြစ်နေပေသည်။

ကမ္မဋ္ဌာန်းဘုန်းကြီးတစ္ဆေ

ဂန္ဓာရုံကျောင်းတိုက်အနီး ကျောင်းတစ်ကျောင်းဝယ် တရားအားထုတ် ပြီး ရိပ်သာမှ ပြန်လာသော ကြီးမှ ရဟန်းပြုသော ပုဂ္ဂိုလ်နှစ်ပါးရှိ၏၊ မကြာမီ တစ်ပါး ပျံတော်မူ၍ ဆိုင်ရာ ဆွေမျိုးတို့ လာပြီးလျှင် ထို ကျောင်း၌ ခုနစ်ရက်လည်သည့်တိုင်အောင် နေကြ၏၊ ဆွေမျိုးများ ပြန်သွားပြီးနောက် ညဉ့်အချိန်ရောက်သောအခါ ကျန်ရှိသော တစ်ပါးက မီးထွန်း၍ ပြတင်းပေါက်တံခါးတို့ကို ပိတ်၏၊ တစ်စုံ တစ်ယောက်က ဖွင့်လေသည်၊ ထပ်ပိတ်ပြန်၏၊ ထပ်၍ ဖွင့်ပြန်သည်၊

ထို ကိုယ်တော်သည် ကုဋီသွားချင်စိတ်ရှိ၍ ကျောင်းဘေးနားက ကုဋီကလေးသို့ ဆင်းသွားသောအခါ ထိုကုဋီထဲ၌ ပျံလွန်ပြီးသော ဦးပဉ္စင်းကြီး ထိုင်နေသည်ကို မြင်ရပါသည်တဲ့၊… ကျန်ရစ်သော ကိုယ်တော်သည် ကျောင်းပေါ်သို့ ပြန်တက်လာပြီးလျှင် “မင့်ကို လူတုန်းကမှ မကြောက်ဘဲ, တစ္ဆေဖြစ်မှ ကြောက်ရမှာလား”ဟု ကြုံးဝါး၍ ကမ္မဋ္ဌာန်းသက်စောင့်ဓားရှည်ကြီးကို ခုတင်ပေါ်သို့ တင်လိုက်ပါသတဲ့၊ ထိုဓားရှည်ကို တစ္ဆေကိုယ်တော်က ယူ၍ လွှင့်ပစ် လိုက်သောအခါ ကျန်ရစ်သော ကိုယ်တော်သည် မကြောက်သော် လည်း… “တစ်ညလုံး အိပ်ရတော့မှာ မဟုတ်”ဟု တွေး၍ သူ့ အိပ်ရာလိပ်ကလေးကို ယူပြီးလျှင် တခြားကျောင်းသို့ ထွက်သွား သောအခါ နောက်က လိုက်၍ (မသွားစေလိုသည့် သဘောဖြင့်) အိပ်ရာလိပ်ကို ဆွဲထားပြန်သည်တဲ့။

မှတ်ချက်။ ။ ဤသို့ တစ္ဆေခြောက်ပုံကို မိမိကျောင်းတိုက်က စာချ ဘုန်းကြီးတစ်ပါး သိ၍ ပြောပြသောကြောင့် တစ္ဆေ ခြောက်ရာ၌ “ံကြောက်စေလို၍ ခြောက်ခြင်း, ချစ်၍ ကစားသော အားဖြင့် ခြောက်ခြင်း စသောအားဖြင့် အမျိုးမျိုး ရှိလိမ့်မည်”ဟု တွေးမိပါသည်၊ [ထို တစ္ဆေသည် လူပယောဂဆရာက နှင်သော ကြောင့် ထွက်သွားရသည်ဟု ကြားရသောအခါ လူက နှင်သော ကြောင့် သွားရခြင်းကို မိမိစိတ်၌ မခံချင် ဖြစ်လာပါသည်၊ မိမိကားဘုန်းကြီးတစ္ဆေကို ဘုန်းကြီးက မေတ္တာရပ်ခံသောကြောင့် မခြောက်တော့ဟုသာ ကြားချင်ပါသည်။]

ကျောင်းထိုင်တစ္ဆေ

ကျောင်းတိုက်တစ်တိုက်၌ ကျောင်းဆောက် မပြီးသေးခင် ကျောင်းဘုန်းကြီး ပျံလွန် တော်မူ၏၊ ပျံလွန်တော်မူ၍ သိပ်မကြာခင် နေဝင်သောအခါ ထို ကျောင်းပေါ်၌ လက်သမား အလုပ် လုပ်သကဲ့သို့ ဟိုခေါက် ဒီခေါက်နှင့် ခေါက်လေ့ ရှိသတတ်၊ ကျန်ရစ်သော တပည့်များက အခြား စာချဘုန်းကြီးကို ပင့်၍ ထိုအချိန်၌ သွားရောက်စုံစမ်းသောအခါ ရှေးရှေး ညဉ့်များကဲ့သို့ သံရိုက်နေသံကို ကြားရပါသည်တဲ့။

ဂန္ဓာရုံထွက်တစ္ဆေ

ဂန္ဓရုံ၌ ကိုရင်ဘဝက နေသွားသော စာတော်သော ကိုရင်တစ်ပါးသည် မန္တလေးသို့ ပြောင်း ရွှေ့နေထိုင်ပြီးနောက် သူ့အရပ်သို့ ရောက်သောအခါ ရဟန်းဖြစ်၏၊ ရဟန်းဖြစ်၍ မကြာခင် ပျံတော်မူသောအခါ တစ္ဆေ ပြိတ္တာ ဖြစ်၍ သူ့နေရာကျောင်းသို့ ဝင်ဖို့ရန်အစောင့်အရှောက် နတ်များထံ အကြိမ်ကြိမ် ခွင့်တောင်းပြီးမှ ဝင်ခွင့်ရသဖြင့် ကျောင်းတိုက်ရှိ ပုဂ္ဂိုလ်တစ်ယောက်ကို ပူး၍ သူ၏ ဖြစ်ပုံ အကြောင်းကို ပြောပြ ပါသည်တဲ့။

ငါမသွားဘူး မင်းသွား

ကျောင်းတစ်ကျောင်း၌ ဘုန်းကြီးတစ်ပါး ပျံတော်မူရာ… တပည့်ကိုယ်တော်က ကျောင်းကို ဆက်၍ အုပ်ချုပ်လေသည်၊ ထို့နောက် ကျောင်းဘုန်းကြီး က မိမိဆရာ ဘုန်းကြီး ထိုကျောင်းမှာ ရှိနေကြောင်းကို သိ၍ ညဉ့်အခါ၌ ပဋ္ဌာန်းပါဠိတော်ကို ရွတ်၏၊ နံနက်ရောက်သောအခါ ကွယ်လွန်သော ဆရာဘုန်းကြီးက လူတစ်ယောက်ကို ပူး၍ ပြော သည်မှာ “ညဉ့်တုန်းက ငါ့ကို မနေစေချင်လို့ မောင်အဝှာက ပဋ္ဌာန်း ရွတ်လိုက်တာ နားကို ပူလို့, ငါ မသွားဘူး, မင်းသွား”ဟု ပြောပါ သည်တဲ့။

ဂူအောင်းတစ္ဆေ

ဘုန်းကြီးအခေါ်ခံရသူ တစ်ဦးကား “ဂူထဲ၌ ခုနစ်ရက်လုံးလုံး အစာမစားဘဲ နေနိုင်သည်” ဟူသော ကြွေးကြော်သံဖြင့် အရပ်တော်တော်များများသို့ လှည့်လည် ပြီးနောက် ပြည်မြို့ ရောက်သောအခါ စုံစမ်းလိုသော ကျောင်းအမ နှင့် တွေ့၍ မည်သူမျှ အနားမလာရဘဲ ခိုင်မာသော အုတ်ဂူ လုပ်ပြီး လျှင် ထိုဂူအတွင်း၌ ဝင်နေစေ၏၊ အခြားနေရာ၌မူ အသက်ရှူပေါက် ရဖို့ လူမသိအောင် အပေါက်ထား၍ အစာသွင်းနိုင်အောင် သူ့လူ များက ကြံနိုင်သော်လည်း ထိုနေရာ၌ မကြံနိုင်ရကား ခုနစ်ရက် ပြည့်၍ ဖွင့်ကြည့်သောအခါ တံခါးအနီး၌ သေနေသည်ကို တွေ့ရ သတတ်၊ ထိုနေရာ၌ တစ္ဆေခြောက်၍ မသွားဝံ့ကြ၊ သို့သော် ထိုသို့ သေသွားပြီးနောက် သူ့ကို ယုံကြည်သော အခြားအရပ်က ဒကာ အချို့ ရောက်လာသောအခါ ထိုဂူနေရာကို အလွန်ရိုသေစွာ ရှိခိုးကြပါသည်တဲ့။ [အလွန် ရိုးသော အသော လူမျိုးပါပေ။]

နိုင်ငံရေးဘုန်းကြီးတစ္ဆေ

နိုင်ငံရေးကို ရွက်ဆောင်နေသောဆရာတော်တစ်ပါးလည်း ပျံတော်မူ သောအခါ တစ္ဆေ ပြိတ္တာ ဖြစ်နေပုံကို အမြင်ပေါက်သော ဆရာက “မန္တလေး စျေးချိုနှင့် ကျုံးအကြားဝယ် သွားလာနေသည်ကို မြင်ရ သည်”ဟု ပြောကြောင်းကို ဒကာတစ်ယောက်လျှောက်၍ သိရသည်။

ညှိုးငယ်နေသော ဘုန်းကြီးနှစ်ပါး

တစ်နေရာ၌ကျောင်းကိုယ်စီဖြင့် ဘုန်းတော်ကြီးနှစ်ပါး ရှိ၏၊ အနေအထိုင်လည်း မညံ့၊ အများသံဃာနှင့်လည်း ဆန့်ကျင်ခြင်း မရှိ၊ ချစ်ခင် ကြည်ညိုသူ များ၏၊ ထိုကိုယ်တော်နှစ်ပါးသည် သူ့နေရာနှင့်သူ အသီးသီး ပျံတော်မူလေသော် သူတို့ကို သိသော “အမြင်အထင် ပေါက်သည်”ဟု ဆိုသူ တစ်ယောက်က သင်္ကန်းဝတ်လျက်ပင် ညှိုးညှိုးငယ်ငယ် နေကြရပုံကို မြင်ရပါသည်တဲ့။

စဉ်းစားဖွယ်။ ။ထိုကိုယ်တော်နှစ်ပါးသည်“ဘာ့ကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်း”ဟု စဉ်းစားသည် ရှိသော် ခေတ်အလိုက် လာဘသက္ကာရကို လိုလားမှုကား ကင်းနိုင်ရှာကြမည် မဟုတ်ချေ၊ ငွေ စသော နိသဂ္ဂိ ပစ္စည်းများလည်း ခေတ်အလိုက် ကင်းနိုင်ရှာကြမည် မဟုတ်ချေ၊ ထို့ကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ဟု စဉ်းစားမိပါသည်။

ရာဇဂုရုတချို့

ရဟန်းခံကိစ္စတစ်ခုကြောင့် သံဃာအများစုမိရာ သိမ်အတွင်း၌ … ဆရာတော်ကြီး တစ်ပါးက ဩဝါဒပေးရင်း “ကိုယ်တော်တို့ ကောင်းကောင်း နေကြပါ၊ ရှင်ဘုရင် လက်ထက်တုန်းက ရာဇဂုရုတံဆိပ်ရ တချို့သော်မှ ပြိတ္တာဘဝ၌ ရောက်နေကြသည်”ဟု အထင်အမြင် ပေါက်နေသော ပြာသာဒ် အုတ်ကျောင်းဆရာတော်က အမိန့်ရှိသည်ဟု ပြောပါသတဲ့။

မှတ်ချက်။ ။ ရာဇဂုရုတချို့ဟု ဆိုသဖြင့် ကောင်းမွန်စွာကျင့်တော်မူကြသော ရာဇဂုရုဆရာတော်များ မပါဝင်ဟု မှတ်ပါ၊ မှန်၏၊ ရာဇဂုရုပင် ဖြစ်သော်လည်း ရှင်ဘုရင်က ထောက်ပံ့ သော ဆန်များကို ဆွမ်းမချက်တော့ဘဲ ရောင်းစားကြသောကြောင့် တချို့ဆရာတော်များအား “ဆန်တော်ပါဘုရား”ဟု လျှောက်၍ ငွေကို လစဉ် ထောက်ပံ့ကြရပါသည်တဲ့၊ ထိုသို့ ဖြစ်လျှင် ယခုအခါ အဂ္ဂမဟာပဏ္ဍိတ တချို့အတွက် စဉ်းစားစရာပေ။

ဘုရားလူကြီးပြိတ္တာတွေ

လွန်ခဲ့သော တမြန်နှစ်လောက်က…ဘုန်းကြီးနှင့်စပ်သော ဆိုင်ရာဂုဏ်းဝင် ဒကာအချို့သည် အထက်၌ ထင်ရှားသော ဘုရားများကို အဖူးမြော် သွားကြ၏၊ မြို့တစ်မြို့သို့ ရောက်သောအခါ ဒကာတစ်ယောက်သည် ထင်ရှားသော ဘုရားကုန်းတော်ပေါ်သို့ ညဉ့်အချိန် တစ်ယောက် တည်း တက်သွား၍ ဘုရားစာများကို ရွတ်ပြီးလျှင် ကုသိုလ်အဖို့ကို အမျှဝေသောအခါ ဘုန်းကြီးတစ်ပါးလည်း ပါဝင်သော ဘုရားလူကြီးတွေဟု ထင်ရသော ပြိတ္တာအချို့သည် အလွန် ဆိုးရွားသော ရုပ်အဆင်းဖြင့် သာဓုခေါ်ဖို့ရန် ပါးစပ်မှ အသံမျှ မထွက်နိုင်သော ကြောင့် အလွန် ပင်ပန်းစွာ ခံနေရသည်ကို တွေ့ရပါသည်တဲ့။ [ထို အရပ်ရှိ လူတို့က ထိုဘုန်းကြီး၏ ဘုရားနှင့်စပ်၍ မတရားစီးပွား ရှာပုံကို ပြောပြလိုက်ပါသည်တဲ့။]

တစ္ဆေလူဝင်စား

မန္တလေး စျေးချို အနောက်ဘက်၌ ဒကာမတစ်ယောက် သေပြီးနောက် ဆယ်လကျော်မှ ထိုအမျိုးအိမ်၌ လူ (မိန်းမ) ပြန်၍ ဖြစ်လာ၏၊ စကားပြောတတ် သောအခါ “ဒီအဝတ်လဲ ငါ့ဟာ, ဟိုအဝတ်လဲ ငါ့ဟာ, ဒီပစ္စည်းလဲ ငါ့ဟာ”ဟု ရှေးဘဝတုန်းက သူ့ပစ္စည်းများကို ပြောသဖြင့် “ညည်း ဒီအိမ် မဝင်စားခင်က ဘယ်မှာ ဖြစ်နေသလဲ”ဟု မေးကြသောအခါ “ဒီလမ်းထဲမှာပဲ ဖြစ်နေတယ်”ဟု ပြော၏၊ “ညည်း လူတွေကို မကြောက်ဘူးလား”ဟု မေးသောအခါ “လူကြီးတွေကို မကြောက် ပါဘူး, ကလေးတွေကန်တော့ တုတ်နဲ့ ခဲနဲ့ ဟိုဟိုဒီဒီ ပစ်တဲ့အခါ သူတို့ကိုလည်း မှန်တတ်လို့ ကလေးတွေကို ကြောက်တယ်”ဟု ပြော၏။

“ညည်းမပျင်းဘူးလား”ဟု မေးသောအခါ “မပျင်းပါဘူး, ဒီလမ်းထဲမှာ အဖော်တစ္ဆေတွေ အများကြီးပဲ”ဟု ပြော၏၊ “ညည်းတို့ ဘာစားနေတုံး”ဟု မေးသောအခါ “လူတွေပစ်တဲ့ ထမင်းလုံး ဟင်းဖတ်နဲ့ သလိပ် ချွဲတွေကို စားနေကြတယ်၊ အမေ ဆွမ်းတော်တင်ပြီး အမျှဝေတဲ့အခါ သာဓုမခေါ်ပါဘူး၊ ဆွမ်းတော်စွန့်တော့ လုစားကြတာပဲ”ဟု တစ္ဆေပြိတ္တာတို့ရဲ့ သဘာဝကို ပြောပြပါသည်တဲ့။ [ထိုအမျိုး၏ သူတော်ကောင်းပုံကို သတိပြုပါ။]

အာဂန္တုဘုန်းတော်ကြီးများ

မြို့တစ်မြို့မှ မိမိကျောင်းသို့လာ၍ရှင်ပြုသော အလှူ့ဒကာ တစ် ယောက်သည် သူ၏ဆိုင်ရာမြို့မှ ဘုန်းတော်ကြီးများကိုလည်း ပင့်ခဲ့၏၊ နံနက်၌ ထုံးစံအတိုင်း ဩဝါဒပေးရင်း အလှူရေစက်ချသောအခါ ဘုန်းကြီးဘဝမှ တစ္ဆေပြိတ္တာ ဖြစ်သွားကြသော ပြအပ်ခဲ့သော ဝတ္ထုများကို ထည့်သွင်း ဖော်ပြလိုက်၏၊ ထိုဘုန်းတော်ကြီးများသည် မိမိတို့ တည်းခိုရာကျောင်းသို့ ရောက်သောအခါ “ဆရာတော်က သူကြားဖူးသော ဝတ္ထုတို့ကိုသာ ပြောပြတာပါ၊ မိမိတို့နယ်၌လည်း ဒီလို ဝတ္ထုမျိုးတွေ ရှိပါသေးတယ်”ဟု ကျောင်းနေ ဆွမ်းစားကျောင်း ဘုန်းကြီးအား ထိုဝတ္ထုများကို ပြောပြကြသည်တဲ့။

ဗုဒ္ဓတရားတော်

[အန္တီဘူတော အယံ လောကော, တနုကေတ္ထ ဝိပဿတိ၊

သကုဏော ဇာလမုတ္တောဝ, အပ္ပော သဂ္ဂါယ ဂစ္ဆတိ။]

လူရော ရှင်ပါ ဤသတ္တဝါအပေါင်းသည် မောဟတည်းဟူသော အမှောင်က ဉာဏ်မျက်စိကို ဖုံးလွှမ်းထား သောကြောင့် အကြောင်း အကျိုး အကောင်း အဆိုးတို့ကို မမြင်စွမ်း နိုင်သော သူကန်းသဖွယ် ဖြစ်၍ နေ၏၊ ငုံးစသော ငှက်အုပ်ကြီးကို မုဆိုးက ပိုက်ကွန်ဖြင့် လွှမ်း၍ ဖမ်းလိုက်သည်ရှိသော် ပိုက်ကွန်မှ လွတ်ထွက်နိုင်သော ငှက်သည် တစ်ကောင်တလေသာ ရှိတော့ သကဲ့သို့ ထို့အတူ အနည်းငယ်သော သတ္တဝါသည်သာ သုဂတိဘဝ သို့လည်းကောင်း, နိဗ္ဗာန်သို့လည်းကောင်း ရောက်နိုင်သည်။ [ဓမ္မပဒ, ပေသကာရဓီတာဝတ္ထု။]

လူများလည်း သတိထားဖွယ်

ဤတရားတော်နှင့်အညီ စဉ်းစားသည်ရှိသော် အိမ်ရာ တည်ထောင် လူ့ဘောင်ကို စွန့်ခွာ၍ ရဟန်းဘဝ၌ ရောက်နေကြသောပုဂ္ဂုလ်များသာမက လူ့ဘောင်၌ ပေါ့ပေါ့ဆဆနေကြသော ငါးပါးသီလကိုမျှ လုံခြုံအောင် မထိန်းနိုင်သော လူဝတ်ကြောင်များလည်း “ပရလောက” နောက် ဘဝကို ယုံကြည်ကြလျှင် ပရလောက၌ အကျိုးများဖွယ် မရှိသော ဂုဏ် ပကာသန ဒါန သီလ ဘာဝနာမှုတို့ကို ပြုမည့်အစား အကျိုးများသော ငါးပါးသီလကိုလည်းကောင်း, အသက်မွေးဝမ်းကျောင်း စင်ကြယ်သော အာဇီဝဋ္ဌမကသီလကိုလည်းကောင်း, ဒုစရိုက် ဆယ်ပါးမှ ရှောင်ကြဉ်၍ သုစရိုက်ဆယ်ပါးကိုလည်းကောင်း အမြဲ ထိန်းကာ ပကာသနကင်းသဖြင့် သန့်ရှင်းသော ဒါန, ဥပုသ် သီလ, ဘာဝနာတို့ကိုသာ ကြိုးစားသင့်ကြပါသည်။

နိဂုံး

ဤ စတုတ္ထအခန်း၌ မြန်မာပြည် သာသနာဝင် အစဉ်အဆက်ကို အကျဉ်းမျှပြ၍ ကဿပဗုဒ္ဓရှင်တော်မြတ်၏ သာသနာတော်နောက်ပိုင်း အဖြစ်အပျက်ကိုလည်းကောင်း, ဤ အချိန်မှာပင် ပြိတ္တာ တစ္ဆေ ဖြစ်နေသူအချို့ကိုလည်းကောင်း ပြခဲ့ပြီ၊ “ပိန္နဲသီး တစ်ပိုင်း ပုပ်နေလျှင် အကောင်းပိုင်းသည် အပုပ်ကို အကောင်း ပြန်ဖြစ်လာအောင် မစွမ်းဆောင်နိုင်ဘဲ သူသာလျှင် အပုပ်ဘက်သို့ ပါရတော့သကဲ့သို့ သာသနာဝင်အရှင်ကောင်းများလည်း မကောင်းသူတွေကို အကောင်းဖြစ်လာအောင် မတတ်နိုင်ဘဲ အကောင်းတွေသာလျှင် မကောင်းဘက်သို့ ပါရတော့မည်ကဲ့သို့ ဖြစ်နေချေပြီ”ဟု ဆရာတော်တစ်ပါး မိန့်တော်မူရှာပေသည်၊ ဤ စာရေးသူ၏ ကလေးဘဝမှ ယခုအရွယ်ကျအောင် ဗုဒ္ဓရှင်တော်၏ သာသနာ ဆုတ်ယုတ်လာပုံမှာ မျက်မြင်အားဖြင့် ထင်ရှားလှပါသည်၊ ယခုနှယ်က တားဆီးမှု မရှိပါမူ အတော်ကြာလျှင် ကဿပရှင်တော်မြတ်၏ နောက်ပိုင်းသာသနာ အခြေတိုင်အောင် ပျက်စီးသွားမည်ကို စိုးရိမ်ရပါသည်၊ ယခုအခါ နေ, လ အသွင် ထင်ရှားတော်မူကြပေ သော သာသနာ့ဝန်ဆောင် ဆရာတော်အများလည်း (၆၀)အရွယ် တော် နည်းပါး၍ (၇၀)အတွင်း (၇၀) ကျော်အရွယ်တွေသာ များကြ လေသည်၊ ထိုဆရာတော်များသည် ယခုပင် သာသနာ့ဝန်ကို အားသွန်၍ မဆောင်နိုင်ကြန်တော့ပါ၊ နောက် (၁၀)နှစ်လောက် ကြာလျှင် ဖူးမြင်ခွင့် ရကောင်းမှ ရတော့မည်။

ထိုဆရာတော်ဘုရားများ ကွယ်လွန်၍သွားလျှင် မည်သည့်ဂိုဏ်း မည်သည့်တိုက်တာ၌မျှ (ယခု အခြေအနေအရ) အစားသွင်းစရာ မရှိကြပါ၊ ယခုအချိန်၌ပင် အစားသွင်းစရာ မရှိသဖြင့် ဟာ၍ ကျန်ရစ်သော တိုက်တာများကို မြင်နေကြရပြီ မဟုတ်ပါလော၊ ထို့ကြောင့် အနာဂတ်ကာလ၌ မြန်မာပြည် သာသနာတော်၏ တည်တံ့ရေးကိုလည်းကောင်း, စွမ်းနိုင်ကြပါမူ သာသနာတော်ကို အကြောင်းပြု၍ မြန်မာကို ကမ္ဘာက အသိအမှတ်ပြုရေးကို လည်း ကောင်း တွေး၍ အနာဂတ်သာသနာအရေးကို ညွှန်ပြဖို့ရာ လက်ရှိ သာသနာ့အခြေအနေပြ စတုတ္ထ ဤအခန်းကို ဆုံးခန်းသို့ ရောက်စေ ရပါသတည်း။

ပစ္စက္ခသာသနာရေးပြီး၏။

၅။ အနာဂတ်သာသနာခန်း

ကာလာမသုတ်တော်

မစွဲလမ်းရာ ဆယ်ဌာန

ကောသလတိုင်း အပါအဝင်ဖြစ်သော ကာလာမမင်းတို့၏ အုပ်စိုးရာ ကေသမုတ္တ နိဂုံးသည် တောအုပ်တစ်ခု၏ အဝင်ဝ၌ တည်သောကြောင့် ထိုတောလမ်းခရီးသွားတို့၏ တည်းခိုရာအရပ် ဖြစ်နေ၏၊ အယူ အမျိုးမျိုးရှိသော ဆရာကြီးတို့သည် ထိုအရပ်ရောက်လျှင် မိမိတို့ အယူကို ဝါဒဖြန့်၍ အခြားအယူများကို ဖိနှိပ်ဟောပြောတတ်ကြ ကုန်၏၊ ထိုနိဂုံးသားတို့သည် အယူဝါဒနှင့် စပ်၍ ယောင်ဝါးဝါး ဖြစ်နေကြစဉ် ဗုဒ္ဓအရှင်တော်မြတ်လည်း ထိုအရပ်သို့ ရောက်တော် မူလာ၏၊ ထိုနိဂုံးသားတို့သည် အယူဝါဒအမျိုးမျိုးကို ကြားနေကြရ သဖြင့် ဟိုသူပြောတာ ဟုတ်နိုးနိုး, ဒီသူပြောတာ ဟုတ်နိုးနိုး တွေးတောနေကြရပါကြောင်း လျှောက်ကြလေရာ ဗုဒ္ဓအရှင်တော် မြတ်က အမျိုးမျိုးကြားနေရသော သင်တို့မှာ ယုံမှားတွေးတောစရာပဲ ဟု မိန့်တော်မူပြီးလျှင် နားထောင်ကြ ကာလာမအမျိုးသားတို့…

၁။ ကလေးဘဝမှ စ၍ ကြားနာ မှတ်သားခဲ့ခြင်းဖြင့်လည်း “ဟုတ်တယ် မှန်တယ်”ဟု အစွဲအမြဲ မယူကြနှင့်။

၂။ မိဘဘိုးဘွား စသည်တို့မှ ဆင်းသက်၍ (ပရံပရ-အဆက်ဆက်) မှတ်ယူလုပ်ကိုင်ရိုးဖြစ်၍လည်း အစွဲအမြဲ မှတ်ယူမထားကြနှင့်။

၃။ “ဣတိ ကိရ-ဒီဟာက ဒီလိုတဲ့”ဟု အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲမှတ်ယူမထားကြနှင့်။

၄။ “ဒီအယူအဆသာ ငါတို့ သင်အပ်သော ကျမ်းစာနှင့်ညီတယ်” ဟု မိမိတို့ ကျမ်းစာနှင့် ညီနေရုံဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။

၅။ မိမိဘာသာ ကြံစည်အပ်သော အရာကိုလည်း “ဟုတ်လှပြီ, မှန်လှပြီ”ဟု အမြဲအစွဲ ယူမထားကြနှင့်။

၆။ အခြားနေရာ (အခြားနိုင်ငံ) တို့၌ သူတစ်ပါးတို့ လုပ်နည်း ကိုင်နည်းကို သဘောကျ၍လည်း ဤနေရာ၌ သင့်တော် လှပြီဟု အမြဲအစွဲ ယူမထားကြနှင့်။

၇။ တစ်စုံတစ်ခု ဖြစ်ဖို့ရန် အကြောင်း အထောက်အထားကို စဉ်းစားရာဝယ် အထောက်အထားကောင်းကို ရ၍ သဘော ကျသဖြင့်လည်း အမြဲအစွဲ ယူမထားကြနှင့်။

၈။ “သူပြောအပ်သော အယူဝါဒသည် ငါတို့ စဉ်းစားကျေနပ် ထားသော အယူနှင့် ညီမျှပေသည်”ဟု အယူဝါဒချင်း တူရုံ မျှဖြင့်လည်း အမြဲအစွဲ မယူကြနှင့်။

၉။ ဤရသေ့ ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်း ပုဂ္ဂိုလ်တည်း၊ ဒီလို ပုဂ္ဂိုလ်၏ စကားကို လေးလေးစားစား မှတ်သားထိုက်သည်”ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။

၁၀။ “ဤရသေ့ ရဟန်းကား ငါးတို့ ကိုးကွယ်အပ်သော ဆရာ ဖြစ်၏၊ ငါ့ဆရာစကားကို ငါမှတ်သားသင့်သည်”ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။

ကာလာမအမျိုးသားတို့…“ဤအကျင့်တွေသည် ကောင်းလည်း မကောင်း, အပြစ်လည်း မကင်း, ပညာရှိတို့ ကဲ့ရဲ့စရာလည်း ဖြစ်၏၊ ထိုအကျင့်အကြံ အလုပ်အကိုင်ကို ပြုလိုက်လျှင် စီးပွားမဲ့ ဒုက္ခရောက် ဖို့ ဖြစ်၏”ဟု ကိုယ်တိုင်နားလည်သောအခါ ထိုအကျင့် ထိုအပြုအမူ များကို စွန့်လိုက်ကြ၊ “စီးပွားတိုးတက်၍ သုခရဖို့ အကျင့်များ”ဟု ကိုယ်တိုင်နားလည်ထားသော အကျင့်အကြံများကိုသာ လိုက်နာ ပြုကျင့်ကြ။ (တိကင်္ဂုတ္တရပါဠိတော်)

[ဆောင်] ကလေးဘဝ, စ၍မှလျှင်, ကြားရဖန်ဖန်, ပရံပရ, မိဘ ဘိုးဘွား, ဆက်ဆက်အားဖြင့်, မှတ်သားခဲ့ဘိ, ပြုရိုးရှိ၏၊ ဣတိကိရ, ကြားလူကပြော, ကျမ်းသဘောနှင့်, နှီးနှော ညီပြန်, အကြံသက်သက်, ကြံစည်ချက်တည်း၊ တစ်နည်း မှန်းဆ, နည်းလမ်းရမူ, တစ်မူအကြောင်း, ကြံကောင်း ကြံရ, ကိုယ့်ယူဆကို, အားရနှစ်သက်, ညီညွတ်ချက်ပါ၊ ရဟန်းမှာမူ, ပြောရာမှန်ကန်, ဖြစ်သင့်တန်၏၊ တစ်ဖန် သူဟာ, တို့ဆရာဟု, ဆယ်ဖြာကြောင်းစု, တစ်ခုခုကြောင့်, ယူမှုတိမ်းစောင်း, မှားတတ်ကောင်းသည်,… အပေါင်း စဉ်းစားကြစေသောဝ် ။

မှတ်ချက်။ ။ ဤကာလာမသုတ်၌ “မိမိတို့ ငယ်ရွယ်စဉ်က မှတ် သားထားသောအရာ မိရိုးဖလာ (ပြုရိုး ပြုစဉ်)နှင့် ရသေ့ရဟန်းပြောသမျှတွေကိုပင် အကျိုး ရှိ-မရှိ စဉ်းစား၍ အမှန် အကျိုးရှိကြောင်းကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိမှ မှတ်ယူလိုက်နာရမည်” ဟု အမိန့်တော်ရှိ၏၊ ယခုကာလ၌ မိရိုးဖလာ အစွဲသန်နေသူတို့သည် ဗုဒ္ဓရှင်တော်၏ ဤမိန့်ခွန်းတော်ကို ဦးထိပ်ရွက် ပန်ဆင်ကာ အစွဲသန် သင့်ရာ၌သာ အစွဲသန်ကြ၍ မစွဲလမ်းသင့်ရာတို့၌ကား လွယ်လွယ် ကလေးနှင့် ပြုပြင်နိုင်မှသာ သာသနာကျိုး နိုင်ငံကျိုး မိမိအကျိုး ပွားတိုးစေနိုင်ကြပေလိမ့်မည်။

အသောကမဟာရာဇာသည် မိရိုးဖလာ ကိုးကွယ်ထားသော ဗြာဟ္မဏတွေကို စွန့်လွှတ်၍ ရဟန်းတော်များကို ကိုးကွယ်ကာ အကြီးအကျယ် သာသနာပြုခဲ့ပါသည်၊ အနော်ရထာမင်းစောလည်း အရည်းကြီးများကို ဖယ်ရှား၍ အရှင်အရဟံ အမှူးထားသော သံဃာ များကို နှစ်နှစ်ကာကာ ချီးမြှောက်ခဲ့ပါသည်၊ ယခုအခါ မြန်မာနိုင်ငံ၌ သာသနာရေးဝယ် ပြုပြင်ဖွယ်တွေ ရှိသော်လည်း ထိုမင်းများကဲ့သို့ တစ်မျိုးတစ်မည် ပြောင်းပစ်ဖို့ မလိုပါ၊ အဆုတ်ဘက် အလျော့ ဘက်သို့ ငဲ့နေသော သာသနာကို အနည်းငယ် ဦးလှည့်ပေးလိုက်ရုံမျြှုဖင့် အတိုးဘက် အတက်ဘက်သို့ ရှေးရှုဖြစ်ကာ အမျိုးဘာသာ သာသနာအကျိုး ပွားတိုးစေနိုင်သည်ဟု မြော်မြင်မိပါသည်၊ ဤသို့မျှ လက်ရှိပုဂ္ဂိုလ်တို့က (နိုင်ငံခေါင်းဆောင် သာသနာ့ဝန်ဆောင်တို့က) မပြုပြင်ခဲ့ကြလျှင် အနာဂတ်လူငယ်တို့သည် သာသနာကို ကိုးကွယ် ကြန်တော့မည် မဟုတ်ပါ။

အနာဂတ်ကျောင်းတိုက်များ

ပရိယတ်နှင့် ပဋိပတ်ကျောင်း

ဗုဒ္ဓရှင်တော်မြတ်၏ ဩဝါဒပိဋကတ်တော်များကို တာဝန်ယူကြရသော ရဟန်းတော်တို့၏ သီတင်းသုံးရာ ကျောင်းတိုက်များသည် ဗုဒ္ဓအလိုကျ ဖြစ်ဖို့ရာ ကျမ်းစာများကို သင်ကြားပို့ချသော ပရိယတ်ကျောင်းတိုက်နှင့် တရားကျင့်သုံးနေသော ပဋိပတ်ကျောင်းတိုက်များသာ ဖြစ်စေ သင့်ပါသည်၊ [ သံဃာအနည်းငယ် သီတင်းသုံးရာဌာနကို “ကျောင်း”ဟု ခေါ်၍ သံဃာ အစိတ် သုံးဆယ် စသည်စုပေါင်းလျက် သီတင်း သုံးရာဌာနကို “ကျောင်းတိုက်”ဟု ခေါ်တွင်စေသင့်သည်၊] ထို ပရိယတ် ပဋိပတ် နှစ်မျိုးတွင် တစ်မျိုးမျိုးမျှ ကျကျနန မရှိသော ကျောင်း, ကျောင်းတိုက်များသည် နှစ်အတော်ကြာလျှင် အလိုအလျောက် ကွယ်ပျောက်လောက်အောင် အစိုးရနှင့် ဝန်ဆောင် များက ကြောင့်ကြစိုက်သင့်ပါသည်။

ကမ္မဋ္ဌာန်းဘုန်းတော်ကြီးများ

ကမ္မဋ္ဌာန်းအားထုတ်သော အရှင်မြတ်တို့သည် သက်တော်ကြီး ဝါတော်ကြီး ပုဂ္ဂိုလ်များနှင့် မကျန်းမမာဖြစ်သော ပုဂ္ဂိုလ်များကို ချန်၍ ကျန်ပုဂ္ဂိုလ်များမှာ (အမြဲဆွမ်းခံစားရသော) ပိဏ္ဍပါတိကဓုတင် ဆောင်များချည်းသာ ဖြစ်စေသင့်၏၊ ထိုတရားကျင့်ပုဂ္ဂိုလ်များလည်း မြို့ရွာနှင့်စပ်သော သုမင်္ဂလ, ဒုမင်္ဂလကိစ္စတို့၌ ကြောင့်ကြစိုက်ဖွယ် မလိုတော့ရကား ဖိုးသူတော်, ကပ္ပိယဒကာများမှ တစ်ပါး ကျောင်းသားသူငယ် စသူတို့ ရှိဖွယ်မလိုတော့၊ သို့ရာဝယ် အလွန်

ထင်ရှား ကျော်စောသော တရားကျင့်ဆရာတော်များ ကျောင်းတိုက် ၌ကား အခါအားလျော်စွာ ဥပါသကာ ဥပါသိကာမတို့ ဆည်းကပ် လျက် ရက်ပေါင်း ကြာညောင်းစွာ နေထိုင်ရာလည်း ဖြစ်ရလိမ့်မည်၊ အလွန် ဘုန်းကံကြီးမားသော ထိုတရားကျင့် ဆရာတော်များလည်း ဘုန်းကံအလျောက် ပေါများပိုလျှံသော လာဘ်များကို အနီးအပါး၌ ရှိသော စာသင်တိုက်များအား ချီးမြှောက်ခြင်းဖြင့် ပရိယတ္တိသာသနာ ကိုလည်း စောင့်ရှောက်တော်မူနို်င်ကြပေလိမ့်မည်။ [ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်သည် ဤအတိုင်း ချီးမြှောက်ခဲ့ပါသည်။]

ကမ္မဋ္ဌာန်းကျောင်း

“ကမ္မဋ္ဌာန်းအလုပ်”ဟူသည် ကိစ္စနည်းလေ ကောင်းလေ ဖြစ်၏၊ ကမ္မဋ္ဌာန်းတရားကို အားထုတ်လိုသူတို့ မနေထိုက်သော ကျောင်းသည် “မဟာဝါသ-ကျောင်းကြီး တိုက်ကြီး၊ နဝါဝါသ-အလုပ်အကိုင် ပြုစရာတွေ များ သော ကျောင်းသစ် တိုက်သစ်၊ ဇရာဝါသ-ပြုပြင်စရာတွေများသော ကျောင်းအို၊ ပန္ထနီ-လူသွားလူလာလမ်းနှင့် နီးသောကျောင်း” ဤသို့ စသည်ဖြင့် တစ်ဆယ့်ရှစ်မျိုး ရှိသည်၊ ထို့ကြောင့် ကမ္မဋ္ဌာန်းတိုက် များ၌ ကျောင်းကြီးများကို ဆောက်လုပ် လှူဒါန်းကြခြင်းသည် ကုသိုလ်ရသော်လည်း ကမ္မဋ္ဌာန်းအလုပ်ကို နှောင့်ယှက်ရာရောက်၏။

ရှင်းပြဦးအံ့…ကမ္မဋ္ဌာန်းဘုန်းတော်ကြီးသည် တစ်ပါးနေ လောက်ရုံ ကျောင်းကလေးဖြင့် ရိုးရိုးကုတ်ကုတ် တရားကိုသာ အားထုတ်နေ၏၊ ကြည်ညိုသော ဒကာ ဒကာမတို့က ကျောင်းကြီး တိုက်ကြီး ဆောက်၍ လှူဒါန်းကြ၏၊ ထိုဘုန်းကြီးမှာ လက်သမား ပန်းရန်သမား ကူလီများနှင့်စကားပြောရသဖြင့် တရားအားထုတ်ချိန် နည်းသွား၏၊ နဂိုက ရလက်စ သမာဓိလည်း လျော့သွား၏၊ လက်သမား စသူတို့နှင့် စကားမပြောရစေကာမူ သူတို့ကို တွေ့ရ မြင်ရ, သူတို့၏ လုပ်ကိုင်သံကို ကြားရ၍ သမာဓိပျက်ရ၏၊ ကျောင်းပြီးသောအခါ၌ကား ကျောင်းကြီးကို ပိတ်ရ ဖွင့်ရ တံမြက်လှည်းရ စောင့်ရှောက်ရနှင့် တာဝန်တွေများကာ တရား၏ အနှောင့်အယှက် သာ ဖြစ်တော့သည်။

ပြုပြင်ရေး

ဤပြခဲ့သော စကားစဉ်အရ ဒကာ ဒကာမများ၏ ကျောင်းကြီး ဆောက်လုပ်လှူဒါန်းမှုသည် ကုသိုလ် ရသော်လည်း အလှူခံပုဂ္ဂိုလ်မှာမူ တရားအလုပ် ဆုတ်ယုတ်ရကား ပဋိပတ်ကို အားပေးရာ မရောက်ဘဲ တစ်နည်းအားဖြင့် ဖျက်ဆီးရာ ရောက်နေ၏ဟု သတိပြုကာ အနာဂတ်ကာလ၌ ကမ္မဋ္ဌာန်းတိုက်များဝယ် ကျောင်းကြီး ဆောက်လုပ် လှူမည့်အစား ထိုပုဂ္ဂိုလ် တစ်သက်တာမျှ ချမ်းချမ်းသာသာ အားထုတ်နိုင်အောင် ဆွမ်း ဆေးနှင့် နေသာ ထိုင်သာရုံရှိ ကျောင်း စင်္ကြံ ရေကန် ရေတွင်း လိုသလောက်ကိုသာ ကြည်နူးဖွယ်ရှိအောင် တည်ဆောက် လှူဒါန်း သင့်ကြပါသည်။

အချုပ်မှာ…မည်သည့် အလှူဒါနမဆို မိမိကုသိုလ်ရရုံလောက်ကိုသာ မတွေးဘဲ အလှူခံပုဂ္ဂိုလ်၌ အသုံးကျ-မကျ, အလုပ်ကို အားပေးရာ ရောက်-မရောက်ကိုပါ ထည့်သွင်း စဉ်းစားပြီးလျှင် ပရိယတ်ကိုဖြစ်စေ, ပဋိပတ်ကို ဖြစ်စေ အားပေးသော ဒါနကိုသာ ပြုသင့်ကြသည်၊ မစဉ်းမစား ဒါနပြုလျှင် ပင်ပန်းကြီးစွာ ရှာထားရသော ပစ္စည်းများအတွက် အကျိုးရသင့်သလောက် ရလိမ့်မည် မဟုတ်ပါ၊ တချို့မှာမူ ကျောင်းနေပုဂ္ဂိုလ်ကို မကျေနပ်သည့်အတွက် “အေးစေဖို့ တရားနာ, ပူဇာစအကျိုး” ဖြစ်တတ်ပါသေးသည်။

ရှေးခေတ်ကမ္မဋ္ဌာန်းတိုက်

ပါစီနဝံသတော၌ အရှင်အနုရုဒ္ဓါ, အရှင်နန္ဒိယ, အရှင်ကိမိလတို့ သီတင်းသုံးတော်မူကြသည်၊ ထိုတောကျောင်း၌ သစ်ရွက်တို့ဖြင့် မိုးကာထားသော ကမ္မဋ္ဌာန်းကျောင်းကလေး သုံးကျောင်း, စင်္ကြံ သွားဖို့နေရာ သုံးဌာနနှင့် ရေကန်, ဆွမ်းစားကျောင်းကလေး, ကုဋီအိမ် စသည်မျှသာ ရှိ၏၊ ထိုတောကျောင်းသို့ ဗုဒ္ဓရှင်တော် ရောက်တော်မူလာ၍ အရှင်အနုရုဒ္ဓါက “မိမိတို့သည် ရေနှင့်နို့ရည် လျောထားသကဲ့သို့ အချင်းချင်း ချစ်ကြည်သော စက္ခုဖြင့်ကြည့်ကာ ညီညွတ် ချမ်းသာစွာ နေထိုင်ကြရပါကြောင်း”အောက်ပါအတိုင်း လျှောက်လေသည်။

“ဤသီတင်းသုံးဖော်များနှင့် အတူနေရသော တပည့်တော်မှာ အလွန်ကြီးစွာသော လာဘ်ကို ရနေသည်ဟု ယူဆပါသည်၊ ရဟန်း ဘဝကို ကောင်းသောရခြင်းဟု ယူဆပါသည်၊ သီတင်းသုံးဖော်နှစ်ပါး (အရှင်နန္ဒိယနှင့်အရှင်ကိမိလ)တို့ အပေါ်၌ ကိုယ်ဖြင့် ပြုစရာရှိလျှင် မေတ္တာပါသော ကိုယ်အမှုကို ပြုပါသည်၊ နှုတ်ဖြင့် ပြောစရာရှိလျှင် မေတ္တာပါသော စကားကိုသာ ပြောပါသည်၊ စိတ်ဖြင့် ကြံစရာရှိလျှင် မေတ္တာစိတ်ကိုသာ ဖြစ်စေပါသည်၊ ရှေ့မှာ ဖြစ်စေ, ကွယ်ရာမှာ ဖြစ်စေ မေတ္တာထားမှုကား မထူးခြားပါ။

မည်သည့်ကိစ္စမဆို တပည့်တော်၏ စိတ်အလိုကို ဖယ်ထား၍ သူတို့နှစ်ပါး၏ စိတ်အလိုကျသာ ဖြစ်စေပါသည်၊ တပည့်တော်တို့ သုံးပါးမှာ ခန္ဓာကိုယ်သာ ကွဲပြား၍ စိတ်ထားမှာမူ တစ်စိတ်တည်းလို ဖြစ်နေပါသည်၊ (နှစ်ကိုယ့် တစ်စိတ် ဆိုသလို သုံးကိုယ့် တစ်စိတ် ဖြစ်နေပါသည်၊)-ဟူလို။ [အရှင်နန္ဒိယ, အရှင်ကိမိလတို့ကလည်း ထိုအတိုင်းပင် လျှောက်ကြသည်။]

ထို့နောက် နေထိုင်ပုံကို လျှောက်ပြန်သည်မှာ ဆွမ်းခံပြန်လာ သောအခါ အလျင်ရောက်သော မထေရ်က ဆွမ်းစားဖို့ နေရာခင်း ခြေဆေးခုံ ခြေဆေးရေထား၍ ဆွမ်းပိုသေးလျှင် ထည့်ဖို့ရာ ခွက်ကို ဆေးထားပါသည်၊ သောက်ရေ သုံးရေကိုလည်း ခပ်ထားနှင့်ပါသည်၊ ထိုအလျင်ရောက်သော မထေရ်သည် ဆွမ်းပိုမည်ထင်လျှင် ဆွမ်းပို ထည့်စရာ ခွက်၌ သန့်သန့်ထည့်ပြီးမှ ဆွမ်းစားပါသည်၊ ဆွမ်းစား ပြီးနောက် သပိတ်ကို စင်ကြယ်စွာ ဆေးကြောသုတ်သင်ပြီးလျှင် သပိတ်အိပ်၌ ထည့်၍ ယူသွားပါသည်၊ နောက်ရောက်လာသော အရှင်လည်း ထိုနည်းအတိုင်း ဘုဉ်းပေးပါသည်၊ (ဆွမ်းမလောက်လျှင် အပိုထည့်ထားသော ခွက်မှ ယူ၍ ပိုနေလျှင်လည်း ခွက်၌ ထပ် ထည့်၍ ဘုဉ်းပေးပါသည်။)

နောက်ဆုံးရောက်သောအရှင်ကား ထိုနည်းအတိုင်း ဘုဉ်းပေး ပြီးနောက် နေရာထိုင်စသည်ကို သိမ်း၍ သောက်ရေ သုံးရေအိုးများ ကို သိမ်းပါသည်၊ ဆွမ်းပိုလျှင် ပိုးကောင်ကလေးတွေ မရှိသော ရေထဲ၌ဖြစ်စေ, မြက်သစ်ပင်မရှိသော မြေပြင်၌ဖြစ်စေ သွန်ပြီးမှ ခွက်ကို ဆေး၍ သိမ်းထားပါသည်။

အခြားနေရာ၌ သောက်ရေ သုံးရေများ မရှိသည်ကို မြင်လျှင် ရေအိုးကို ရေကန်သို့ ယူသွား၍ ဆေးကြောပြီးမှ ရေထည့်ပါသည်၊ ထို့နောက် တစ်ပါးတည်း မယူနိုင်လျှင် (သမာဓိပျက်မည်စိုးသော ကြောင့် အဝေးက လှမ်းမခေါ်ဘဲ) မြင်လောက်သော အရပ်တိုင် အောင် သွားပြီးမှ (အသံပြုလျှင် အခြားတစ်ပါး ကြားမည်စိုးသော ကြောင့် အသံမပြုဘဲ) လက်ယပ်ခေါ်ခဲ့၍ မူလနေရာသို့ ထိုရေအိုးကို နှစ်ပါး ရွှေ့ယူပါသည်၊ ဥပုသ်နေ့များ၌ တရားစကား ဆွေးနွေးကြ သည့်အပြင် ငါးရက်တစ်ကြိမ်လည်း တစ်ညလုံး တရားဆွေးနွေးကြ ပါသည်၊ ဤကဲ့သို့ လျှောက်ပြီးသောအခါ ဗုဒ္ဓရှင်တော်ဘုရားသည် တရားစကားကို ဆက်လက် မိန့်တော်မူပြီး၍… ထိုမှ တစ်ဖန် ပါလိလေယျကတောသို့ ကြွတော်မူသည်။

စာသင်ကျောင်းတိုက်များ

အိမ်ခြေ နှစ်ရာ သုံးရာ ရှိကြသော ရွာကြီးနှင့် မြို့ကလေးများ၌ အစိတ်,သုံးဆယ်အောက် မနည်းသော သံဃာအများ သီတင်းသုံးရာ စာသင်တိုက်များ တစ်တိုက်ကျစီ တည်ရှိစေသင့်ပါသည်၊ အတော်အတန် ကြီးသော မြို့၌ကား နှစ်တိုက်လောက် ရှိစေကာမူ သင့်တော်ပေမည်၊ မန္တလေး ရန်ကုန် ကျောင်းတိုက်များမှာ အနာဂတ်ကာလဝယ် အထက်တန်းစာသင် ပုဂ္ဂိုလ်တို့သာ နေထိုင်ရာဖြစ်၍ ပါဠိတက္ကသိုလ် အဖြစ်ဖြင့် တည်ရှိစေသင့်၏၊ စာသင်တိုက်များ တည်ရာမဟုတ်သော ရွာငယ်များ၌ကား ရပ်ရွာ၏ သုမင်္ဂလ (အလှူအတန်း) ဒုမင်္ဂလ (အသုဘ) ကိစ္စတို့ကို ရွက်ဆောင်ဖို့ရာနှင့် ရွာသားသူငယ်တို့အား မူလတန်းပညာ သင်ပြဖို့ရာ ရွာကျောင်းတစ်ကျောင်းသာ ရှိစေသင့် ပါသည်၊ ထိုစာသင်တိုက်, စာသင်ကျောင်းမှ တစ်ပါး တည်ရှိနေသော ကျောင်းတိုက်များကား တရားကျင့်ရာဌာနကျောင်းတိုက်များသာ ဖြစ်စေသင့်၏။

ဤပြခဲ့သော စကားအရ ကျောင်းတိုက်အမျိုးအစားသည်…

“၁-တက္ကသိုလ်ကျောင်းတိုက်၊

၂-မြို့ရွာစာသင်တိုက်၊

၃-ရွာငယ် မူလတန်းကျောင်း၊

၄-တရားကျင့်ကျောင်း”ဟု လေးမျိုးလေးစား ရှိသင့်ကြောင်းကိုပြသည်၊ [ မြို့ရွာစာသင်တိုက်များ၌ ပထမတန်း, ဒုတိယတန်း, တတိယတန်းစာသင်တိုက်ဟု သုံးမျိုးခွဲထားသင့်၏၊ ထိုသို့ ခွဲခြားဖို့ရန်လည်း စာသင်နည်းကိုက အတန်းခွဲပြီး ရှိရပေလိမ့်မည်၊ ထိုသို့ ခွဲခြားရာ၌ အုပ်ချုပ်သော ဆရာတော်တို့၌ စာပေ အရည်အချင်းလိုက်၍ ခွဲခြားသင့်၏၊ အနည်း အများလိုက်၍ ခွဲခြား ခဲ့လျှင် သံဃာများမှုကိုသာ ဂရုစိုက်ကြသဖြင့် မကြာခင် အုပ်ချုပ်၍ မနိုင်မနင်းဖြစ်ပါလိမ့်မည်။]

ကျောင်းမများခြင်းအကျိုး

“ဘုရား နှစ်ဆူပွင့်လျှင် သူ့ဘုရား ငါ့ဘုရားဟု အပြိုင်အဆိုင်စိတ်ထား သဖြင့် တရားမရနိုင်ဘဲ မတရားတွေ များဖွယ်သာရှိ၏”ဟု ကျမ်းစာ တို့၌ဆိုသည်၊ ထို့အတူ တစ်ရွာလျှင် စာသင်ကျောင်း စာသင်တိုက် နှစ်ဌာနရှိလျှင် သူ့ကျောင်း ငါ့ကျောင်းဟု ရွာသူ ရွာသား စိတ်ဝမ်း ကွဲပြားရုံသာမက အချင်းချင်း ပဋိပက္ခ ဖြစ်၍ ရုံးရောက်သော အမှုတွေ ယခုမျက်မြင်ပင် များလှပေသည်။

ထို့ကြောင့် တစ်မြို့ တစ်ရွာတည်း၌ စာသင်ကျောင်းတိုက် နှစ်ကျောင်း နှစ်တိုက် မလိုလားအပ်၊ သို့ရာတွင် ကမ္မဋ္ဌာန်းကျောင်းတိုက်လည်း သီးခြား ရှိဦးမည်ဖြစ်၍ ကျင့်လိုသော ပုဂ္ဂိုလ်များ ကမ္မဋ္ဌာန်းတိုက်၌လည်းကောင်း, စာသင်လိုသော ပုဂ္ဂိုလ်များ စာသင် တိုက်၌လည်းကောင်း တစ်စုတစ်ဝေးတည်း နေသင့်ပေသည်။

ကျေးရွာကြီးတို့၌ စာသင်တိုက်မရှိပြစ်

ထိုထိုရွာ၌ ရှိကြသော စာသင်သား အရွယ်ငယ်ငယ် ရဟန်းငယ်တို့သည် မိမိတို့ရပ်ရွာ အနီးအပါး၌ စာသင်တိုက်မရှိခြင်းကြောင့် ငယ်ရွယ်စဉ်က စည်းကမ်းကျအောင် စာမသင်ရဘဲ အသက်အရွယ် ကြီးမှ (ရဟန်းဖြစ်မှ) မြို့က စာသင်တိုက်သို့ ရောက်တတ်ကြ၏၊ ထိုသူတို့သည် ဉာဏ် အရည်အချင်း မည်မျှပင်ရှိသော်လည်း ထိပ်တန်းရောက်အောင် မတတ်မြောက်နိုင်ကြန်တော့။

ထိုသို့ ကြီးရင့်မှ စာသင်ရသဖြင့် စာသင်မှု၌ ပျင်းရိချင် လည်ပတ်ချင်စိတ်သာများလျက် သွားလာ လည်ပတ်ကာ မြို့ရွာ အတွင်း၌ မကြည်ညိုဖွယ်တွေသာ ဖြစ်တော့၏၊ ကိုရင်တုန်းက စာသင်ထွက်ကြသူတို့မှာလည်း ဆရာ မိဘတို့နှင့် ဝေးကွာနေသည့် အတွက် ကျန်းမာရေး ကိုယ်ကျင့် ထိန်းသိမ်းရေးမှစ၍ ကြောင့်ကြ စိုးရိမ်ဖွယ်တွေ များလှ၏၊ အမှန်မှာလည်း ကျန်းမာရေး ချို့ယွင်းလျက် ကိုယ်ကျင့်ပျက်သူတွေသာ များလှတော့၏။

ဗုဒ္ဓအလိုတော် မကျ

ရှင်းပြဦးအံ့…မိဘနှင့်ဝေးကွာနေ၍ မြို့တိုက်များ၌ စာသင်ရန်ထွက်လာသူတိုင်း ငွေမပါလျှင် (ယခုအခါ) မပြီးသလောက် ဖြစ်နေ၏၊ ငွေကို ခံယူသည်ကစ၍ ဝိနည်းတော်အရ နိသဂ္ဂိယပါစိတ် အာပတ်သင့်၏၊ ငွေကို ကိုင်တိုင်းကိုင်တိုင်း ဒုက္ကဋ်အာပတ် အပြည့်အကျပ် ထပ်နေပြန်၏၊ ထိုငွေဖြင့် ဝယ်၍ စားသောက် သုံးစွဲသမျှ စားဖွယ်သုံးဖွယ်တွေလည်း နိသဂ္ဂိယပစ္စည်းဖြစ်၍ မစွန့်ပစ်သမျှ နိသဂ္ဂိယအာပတ်နှင့် စားတိုင်း သုံးတိုင်း ဒုက္ကဋ်အာပတ်တွေ မရေမတွက်နိုင်အောင် ဖြစ်နေ၏၊ ထိုပစ္စည်းကို အခြားသူများ သုံးစွဲလျှင်လည်း ထိုအတိုင်း ပင် အာပတ်သင့်ကြရ၏၊ ဤသို့လျှင် မိဘနှင့် ဝေးကွာနေသော မြို့စာသင်တိုက်များဝယ် ငွေမပါလျှင် မပြီးနိုင်ကြသောကြောင့် အာပတ်အပြစ်တွေ မရေမတွက်နိုင်အောင် များလှတော့၏၊ ဗုဒ္ဓရှင်တော်၏တရားတော်ကို သင်ယူနေကြပါသော်လည်း ဗုဒ္ဓရှင်တော် တားမြစ်ထားသော အပြစ်တွေကို နေ့ရှိသမျှ ကျူးလွန်နေရပါလျှင် အဘယ်မှာ ဗုဒ္ဓအလိုတော်ကျပါတော့မည်နည်း၊ ဗုဒ္ဓအလိုတော် မကျမှန်း သိလျက် နေလျှင် အဘယ်မှာ သံသရာကျိုး ရပါတော့ မည်နည်း။

သာသနာ၌မပျော်နိုင်

ထိုကဲ့သို့ အပြစ်များကို ကျူးလွန်လာခဲ့ရသော စာတတ်ပုဂ္ဂိုလ်တို့သည် … အဘယ်မှာ သာသနာတော်၌ တရားနှင့်ပျော်ပိုက်နိုင်တော့မည်နည်း၊ တစ်နည်းအားဖြင့် စဉ်းစားရသော် သူဆရာဖြစ်သောအခါ၌လည်း တပည့် ပရိသတ်များကို တော်သလိုသာ အုပ်ချုပ်ပေတော့မည်၊ သို့ဖြစ်လျှင် မြန်မာနိုင်ငံ သာသနာသည် အဘယ်မှာ ကိုယ်ကျင့် ဘက်က တိုးတက်နိုင်ပါတော့မည်နည်း၊ လှော်ရင်း နစ်ရသော လှေသဖွယ် မြုပ်ကွယ်ဖို့ အချက်သာ များတော့မည် မဟုတ်ပါလော၊ အုပ်ချုပ်သော ဆရာတော်တို့လည်း ထိုအပြစ်ကို မြင်တော်မူကြပေ သည်၊ သို့သော် မိမိကိုယ်တိုင်က ဆွမ်းမကျွေးနိုင်သော တပည့်လေးတွေကို “ငွေနှင့်ဝယ်၍ မစားကြနှင့်, အငတ်နေကြ”ဟု ဆိုရက်ကြ မည်လော၊ ထိုသို့ မဆိုရက်သဖြင့် အောင့်သက်သက်နှင့် ကြည့်နေကြရသည်၊ ထို့ကြောင့် စာသင်တိုက်များကို မိမိတို့ ရပ်ရွာ အနီးအပါး၌ မရှိ ရှိအောင် အနာဂတ်ကာလ၌ ဧကန်ကြိုးစားကြမှသာ ငွေမပါဘဲ ဖြစ်နိုင်သော စာသင်နည်းဖြင့် သန့်ရှင်းစင်ကြယ်စွာ စာသင်နိုင်ကြပေလိမ့်မည်၊ ထိုသို့ သင်နိုင်မှသာ သူတော်ကောင်း ဖြစ်ဖို့ လွယ်ကူပါတော့မည်။

စာသင်တိုက်ကျောင်းဆောက်မှု

ကျောင်းဆောက်မှု၌ စဉ်းစားထိုက်သော အချက်တွေများလှ၏၊ စာသင်တိုက်ဟူသမျှ အသစ်တည်ရတော့မည်ဖြစ်လျှင် ကံကြီး ကံငယ် ပြုဖို့ရန် သိမ်လည်း ဖြစ်နိုင်, စာချကျောင်းလည်း ဖြစ်နိုင်, ဘုရားဆင်းတုတော် သီတင်းသုံး၍ ဘုရားဝတ်ပြုကြဖို့ရာ ဘုရား ကျောင်းလည်း ဖြစ်နိုင်, ကာလအားလျော်စွာ စည်းဝေးဟောပြော ဖို့ရာ ဓမ္မာရုံလည်း ဖြစ်နိုင်သော အလယ်ကျောင်းကြီးတစ်ကျောင်း (မြို့ရွာဒေသလိုက်၍) ခပ်ကောင်းကောင်း ဖြစ်ရန်လိုပေသည်၊ ထို ကျောင်းကြီးကို ပစ္စည်းတတ်နိုင်သူ တစ်ဦးတစ်ယောက်က မတည်၍ မြို့ရွာက ဝိုင်းဝန်းကြပြီးလျှင် တစ်မြို့လုံးနှင့်ဆိုင်သော ကျောင်း ဖြစ်မှသာ ရပ်သူ ရွာသားတို့ သာ၍ ညီညွတ်ဖွယ်ရှိသည်။

ထို့နောက် သံဃာအများ နေထိုင်ဖို့ရာ (စာချဘုန်းကြီးများနှင့် စာသင်သားများအတွက်) နှစ်ပါးနေ သုံးပါးနေ မိုးလုံ လေလုံ ခပ်ကြမ်းကြမ်း ကျောင်းကလေးတွေနှင့် ဆွမ်းစားကျောင်းကို လည်းကောင်း, သံဃာအလွန်များလျှင် စာချဖို့နေရာများကိုလည်းကောင်း အစီအစဉ်ကျကျနှင့် သပ်သပ်ရပ်ရပ် တည်ဆောက်သင့်ကြပေသည်၊ အနီးအပါး ကျောင်းဟောင်း ကျောင်းပျက် ဇရပ်ပျက်များကိုလည်း “ဝိနည်းတော်နှင့် မဆန့်ကျင်သော ကျောင်း ဇရပ်”ဟု စိတ်ချရလျှင် ရွှေ့ပြောင်း ဆောက်သင့်၏၊ နဂိုက ဝိနည်းတော်နှင့် အပ်စပ်ပုံမရသော ကျောင်းများကို မူလစပ်ဆိုင်သော ဆွေမျိုးများက သူတို့ပိုင် ပစ္စည်းဟု သဘောထား၍ သယ်ယူရွှေ့ပြောင်း လှူလျှင် အပ်တော့သည်သာ၊ ထိုသို့ ကျောင်းဆောက်ပြီးနောက် စားရေးသောက်တာ အတွက်ကိုမူ ဂေါပကအဖွဲ့နှင့် ရပ်ရွာမြို့နယ်ကို အားထားရပေ လိမ့်မည်။ [ဤနေရာ၌ ဆိုင်ရာကျောင်းတိုက်များ၏ စည်းကမ်း ဥပဒေကိုလည်း သီးခြား ရေးသင့်၏။]

အုပ်ချုပ်သောပုဂ္ဂိုလ်

အားလုံးသော ကျောင်းထိုင် တိုက်အုပ်ဆရာတော်များသည် မိမိ တစ်ပါး၏ ကောင်းကျိုးထက် အများ၏ ကောင်းကျိုးကို ရှေ့ရှုသော စိတ်ဖြင့် တပည့် ပရိသတ် ရပ်ရွာ ဒကာ ဒကာမတို့ကို အမြဲ ညှာတာစိတ် ရှိသင့်၏၊ သူတို့၏ တိုးပွားကြောင်း နည်းလမ်းကိုသာ ပြုကျင့်နေထိုင် သင့်၏၊ ဝိနည်းတော်လာ “ကျောင်းထိုင်အင်္ဂါ”ခေါ် ဥပဇ္ဈာယ်ဆရာ ဖြစ်ထိုက်သော ဂုဏ်အင်္ဂါနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များချည်း ဖြစ်စေသင့်သည်၊ ဟဥပဇ္ဈာယ်ဆရာ၏ ဂုဏ်အင်္ဂါကို ရှေး၌ ပြခဲ့ပြီ၊“ ထို့ပြင်

ရွာကျောင်းအုပ်ချုပ်သော ဘုန်းတော်ကြီးသည် အနည်းဆုံး မူလတန်းနှင့်ညီမျှသော သင်ခန်းစာများကို ပို့ချနိုင်သောပုဂ္ဂိုလ် ဖြစ်စေသင့်သည်၊ ကျောင်းတိုက်ကို အုပ်ချုပ်ကြသော ဆရာတော် များကား သတ်မှတ်ထားသော အဆင့်အတန်းကို နိုင်နင်းစွာ ပို့ချ နိုင်သော ဆရာတော်များချည်း ဖြစ်စေသင့်သည်။

မှတ်ချက်။ ။ မူလတန်းကျောင်း၌ မိန်းကလေးများကို လက်မခံရ၊ မိန်းကလေးများနှင့် အချို့ယောက်ျားကလေးများ အတွက်ကား လူဝတ်ကြောင်များ၏ စာသင်ကျောင်းများ ရှိပေလိမ့် မည်၊ ထိုစာသင်ကျောင်းများလည်း (ရွာငယ်များအတွက် အနီးအပါး နှစ်ရွာ သုံးရွာ ပေါင်းစပ်၍) မရှိ ရှိအောင် တည်ထောင်ပြီးလျှင် စာသင်ချိန် ကလေးဟူသမျှ စာသင်ကျောင်း၌ မသင်မနေရဟု အစိုးရက ပညတ်သင့်သည်၊ ထို့ကြောင့် စာသင်ကျောင်းများရှိရာ ရွာတို့၌ စာသင်တိုက်က တာဝန်ယူဖွယ် မလို။

ဂေါပကအဖွဲ့

ကြီးသည်ဖြစ်စေ, ငယ်သည်ဖြစ်စေ ကျောင်းတိုက်တိုင်း၏ ဂေါပကအဖွဲ့ ရှိသင့်၏၊ ထိုဂေါပကအဖွဲ့များကား ကျောင်းဒကာ ကျောင်းအမ စသူတို့၏ ဆိုင်ရာနှင့် ရွာ လူကြီးများအပြင် ထိုကျောင်းအတွက် အထူးကြောင့်ကြစိုက်နေသော လူကောင်းများ ဖြစ်စေသင့်၏၊ ထိုဂေါပကအဖွဲ့၏ တာဝန်မှာ အလှူ ဒါန ရသမျှကို ထိန်းသိမ်းစောင့်ရှောက်၍ ကျောင်း၌ လိုသမျှကိုသာ တဖြည်းဖြည်း လှူရန်ဖြစ်၏၊ ဂေါပကအဖွဲ့ဝင်တို့ ထိန်းသိမ်းရမည့် ပစ္စည်းမှာ ဆွမ်းအတွက် ဆေးအတွက် (သင်္ကန်းလိုလျှင် သင်္ကန်း အတွက်) စာအုပ် ခဲတံ စသည်တို့အတွက် ရည်မှန်း၍ ကျောင်း နဝကမ္မအဖြစ်ဖြင့် လှူဒါန်းထားသော ရှင်ပြုစသည်မှ ရအပ်သော ပစ္စည်းများနှင့် အစိုးရက ထောက်ပံ့သော ပစ္စည်းများသာ ဖြစ်ပါ လိမ့်မည်၊ ထိုဂေါပကအဖွဲ့ဝင်တို့၏ အထူး လိုလားအပ်သော အရည် အချင်းမှာ သာသနာကို စောင့်ရှောက်လိုသော စိတ်နှင့် ဝိနည်းတော် ကို အတော်များများ နားလည်ထားခြင်းတည်း၊ [ဂေါပကအဖွဲ့၏ တာဝန်များကိုလည်း စည်းမျဉ်းထား၍ သီးခြားစီစဉ်သင့်ပေသည်၊၊]

ဒါနပစ္စည်း သိမ်းဆည်းမှု

သား ရှင်ပြု သမီး မင်္ဂလာ စသော ကိစ္စတို့၌ ဘာသာရေးအရ ဒါနများ ပြုလေ့ရှိရာ အနာဂတ်ကာလဝယ် ကျောင်းတိုက်၌ အမှန်လိုအပ်သော ပစ္စည်းများကိုသာ လှူသင့်၏၊ ဥပမာ…သံဃာများ၌ ဆွမ်း ရှားပါးနေလျှင် ဆွမ်းဆန် စသည်ကိုသာ ဂေါပကအဖွဲ့ထံ အပ်နှံ၍ သံဃာတော်များအား ပင့်ဖိတ်လှူဒါန်းသင့်၏၊ ဝိနည်းနားလည်သော ဂေါပကအဖွဲ့ကား နဝကမ္မအား လှူဒါန်းအပ်သော ငွေကိုပင် ဝိနည်းတော်နှင့် လျော်ညီအောင် စီစဉ်၍ လှူဒါန်းတတ်ပါလိမ့်မည်၊ [ နဝ-အသစ်+ကမ္မ-အလုပ်၊ ကျောင်းတိုက်၌ အသစ် အသစ်ပြုလုပ်ဖွယ် အလုပ်ကို “နဝကမ္မ”ဟု ခေါ်၏၊ ထိုအလုပ်များ၌ ကုန်ကျ သုံးစွဲဖို့ရန် လှူဒါန်းခြင်းကို “နဝကမ္မအား လှူဒါန်းခြင်း”ဟု ခေါ်၏၊ ထိုသို့ လှူရာ၌ မည်သည့် ပုဂ္ဂိုလ်မျှ မပိုင်၊ သို့သော် ထိုပုဂ္ဂိုလ်များ၏ ဆိုင်ရာ အလုပ်၌ကား ထိုငွေဖြင့် ကပ္ပိယဒါယကာများက သုံးစွဲနိုင်သည်။]

တစ်ရံတစ်ခါ ကျောင်းဒကာ ကျောင်းအမ စသူတို့က ဝတ္ထုကံ အဖြစ်ဖြင့် လယ်ယာများကိုလည်း ကျောင်းအား လှူတတ်၏၊ (ယခု ကာလ၌ ဝတ္တကဟု ခေါ်သည်၊) ထိုဝတ္ထုကံလယ်ယာစသည်ကိုလည်း ဂေါပကအဖွဲ့ကပင် စီစဉ်ပေးရလိမ့်မည်၊ ပုဂ္ဂိုလ်တစ်ပါးအား ဖြစ်စေ, တိုက်သံဃာများအားဖြစ်စေ မည်သည့်နည်းနှင့်မျှ ငွေကိုလည်းကောင်း, လယ်ယာကိုလည်းကောင်း တိုက်ရိုက် မလှူကောင်း။

စာသင်စည်းကမ်း

မူလတန်းကျောင်းများမှ စ၍ တက္ကသိုလ်ကျောင်းများအထိ စာသင်နည်းစည်းကမ်း ရှိသင့်၏၊ (ကျမ်းစာအသုံးအနှုန်း ကွဲလွဲစေကာမူ) အတန်းထားပုံချင်းမှာ တစ်မျိုးတစ်စားတည်း ဖြစ်စေသင့်၏၊ ဥပမာ…သဒ္ဒါဗျာကရုဏ်းကို လေ့လာကြရာ၌ ကျောင်းတိုက်အချို့က ဗာလာဝတာရ, အချို့က ကစ္စည်းသဒ္ဒါကြီး, အချို့က ရူပသိဒ္ဓိ, အချို့က မောဂ္ဂလ္လာန်ဟု အမျိုးမျိုး လေ့လာကြသော်လည်း ပဒမာလာ စဉ်တတ်ခြင်း, ရုပ် အကျဉ်း တွက်တတ်ခြင်း, သဒ္ဒါနည်းအရ ပါဠိဝါကျကို ရှင်းလင်း နိုင်ခြင်းအားဖြင့် အရည်အချင်း တူမျှပုံမှာ ထူးမခြားနား ဖြစ်စေသင့်၏၊ ထို့ကြောင့် အတန်းစာမေးပွဲများ၌ ဆိုင်ရာ သုတ်, သုတ်နက် ရခြင်း, မရခြင်းကို လိုရင်းထား၍ မေးမြန်းခွင့် ရှိစေလိမ့်မည်မဟုတ်၊ ထိုအတန်း အားလုံးလည်း အစိုးရ အသိအမှတ် ပြုထားသော အတန်းချည်းသာ ဖြစ်စေပါလိမ့်မည်။

ကျောင်းတိုက်ချင်း ဆက်သွယ်ပုံ

မူလတန်းကျောင်းမှ စ၍ မိမိတို့ နီးစပ်ရာ အတွင်းရှိ ကျောင်းများသည် တစ်ကျောင်း နှင့်တစ်ကျောင်း ဆက်သွယ်ရပေလိမ့်မည်၊ ဥပမာ…မူလတန်းကျောင်းမှ ကျောင်းသား သာမဏေများသည် ရှေ့သို့ တိုး၍ သင်လိုလျှင် မိမိတို့ နယ်ပယ်ရှိ တတိယတန်း ဒုတိယတန်း ပထမတန်းစားကျောင်းများတွင် နီးကပ်လျက်ရှိသော ကျောင်း တိုက်များသို့ ပြောင်းရွှေ့ သင်ယူစေကြရမည်၊ မြို့ကြီး တိုက်ကြီး များသို့ မသွားစေရ၊ မြို့ကြီး၌ တည်ရှိသော တက္ကသိုလ်တိုက်ကြီး များ၌လည်း နယ်မှ အတန်း မဆုံးသေးသူကို လက်မခံရဟု ဆိုလိုသည်။ [ဤသို့ နယ်ရှိတိုက်များသို့ သွားစေရခြင်း၏ အကျိုးကို ရှေ့၌ ပြခဲ့ပြီ။]

အတန်းနှင့်ကျမ်းစာ ပြဋ္ဌာန်းရေး

ဤအချက်မှာ နောင်ခါ ကျနစွာ အလုပ် လုပ်ချိန်၌ ညှိနိုင်း တိုင်ပင်ရမည့် အချက်ဖြစ်၏၊ သို့ရာတွင် အကြမ်းအားဖြင့် မှန်း ထားချက်ကို ဖော်ပြဦးမည်၊ မူလတန်းကျောင်းများ၌ ယခုခေတ် လူများ၏ မူလတန်းကျောင်းကဲ့သို့ အတန်းများ သတ်မှတ်သင့်၏၊ ဤအချိန်မှာ ပါဠိ ပိဋကစာပေဘက်က များစွာ အရေးမကြီးလှသေး၊ လူ့ဘောင်၌ ရေးတတ် ဖတ်တတ် တွက်ချက်တတ်မှုနှင့် လူမှုရေးရာ လိမ္မာမှုကိုသာ ဂရုပြု၍ ဘာသာရေးအခြေခံ သိတန်သောအချက် များကိုလည်း နားလည်အောင် သင်ပြလိုက်ရမည်၊ တတိယ ဒုတိယ ပထမတန်းကျောင်းတိုက်တို့ ကား ရဟန်းဘဝ၌ နေမည့် ပုဂ္ဂိုလ်များ အတွက်သာ ဖြစ်၍ ပါဠိပိဋကပညာရပ်များကိုသာ သင်ပြရပေမည်။

ထိုသို့ သင်ပြရာ၌ ပိဋကပါဠိတော်ကို သဒ္ဒါ သင်္ဂြိုဟ်မှ စ၍ (၁၀)နှစ်မျှ သင်ယူရလျှင် အားလုံးပေါက်ရောက်ပြီး ဖြစ်စေသင့်၏၊ ထိုသို့ ဖြစ်နိုင်လောက်အောင်လည်း (၁၀)တန်း ခွဲခြား၍ ထားရမည်၊ ထိုသို့ ခွဲခြားပြီးလျှင် တတိယတန်းကျောင်းများ၌ (၅)တန်းလောက်, ဒုတိယတန်းကျောင်းများ၌ (၇)တန်းလောက်, ပထမတန်းကျောင်း များ၌ ပထမတန်းမှ စ၍ (၁၀)တန်းအထိ သင်ပြနိုင်စေရမည်။

တက္ကသိုလ်ပညာ

တက္ကသိုလ်ကျောင်းများ၌ကား ပါဠိဘာသာကို (၁၀)တန်းအထိ သင်ယူပြီးနောက် ထူးခြား သော အရည်အချင်းရှိ ပုဂ္ဂိုလ်များကိုသာ ရွေးချယ်လက်ခံသင့်၏၊ ထိုတက္ကသိုလ်ဝင် အရှင်တို့ သင်ကြရမည့် ပညာရပ်များကား …

၁-ကျောင်းတိုက်အုပ်ချုပ်၍ ဆရာလုပ်နည်း၊

၂-ကျမ်းစာရေးသား၍ ပြင်ဆင်နည်း၊

၃-တရားဟောနည်းနှင့် ဩဝါဒပေးနည်း၊

၄-သက္ကတ ကျမ်းစာများ၊

၅-ဟိန္ဒီ, အင်္ဂလိပ်စသော ခေတ်အလိုက် သိထိုက်သော ဘာသာများတည်း၊

ထိုတွင် ၁-၂-၃ သည် မသင် မနေရသော မူလ ပညာရပ်ဖြစ်၍ ၄-၅ တို့မှာ သင်လိုမှ သင်ရမည့် အပိုဘာသာများ ဖြစ်စေသင့်သည်၊ တက္ကသိုလ်ပညာ လုံလောက်ပြီးသော ဆရာတော် များသည် မိမိဆိုင်ရာ ကျောင်းတိုက်များသို့ ပြန်၍ အုပ်ချုပ်ခြင်း, ကျောင်းတိုက်သစ် တည်ခြင်း, စာပေရေးသား ပြင်ဆင်ခြင်း, တရား ကျင့်ခြင်း, တရားဟောခြင်းဖြင့် အမျိုးဘာသာ သာသနာအကျိုးကို ရွက်ဆောင်နေကြပေလိမ့်မည်၊ ပါဠိနှင့်ဟိန္ဒီ သက္ကတ အင်္ဂလိပ် (ဘာသာစုံ)တတ်သူတို့ကား နိုင်ငံခြားတိုင်အောင် ဟောပြောခြင်း ရေးသားခြင်းတို့ဖြင့် မြန်မာပြည်၏ အောင်လံတံခွန် ထူးချွန်သူများ ဖြစ်သင့်ကြပေသည်။

ကျောင်းတိုက်များ၌ အထောက်အပံ့

တက္ကသိုလ်ကျောင်းတိုက် မဟုတ်သော ကျောင်းတိုက်များကို ဆိုင်ရာနယ်ပယ်ကို အားကိုး၍ တည်ဆောက်ရမည်ဖြစ် သောကြောင့် ဆိုင်ရာနယ်ပယ်၏ အကူအညီကို မျှော်လင့်စရာရှိ၏၊ ရှင်းပြဦးအံ့…ဆရာတော်မှ စ၍ အားလုံးပုဂ္ဂိုလ်များသည် (ကျန်းမာ ပါလျှင်) ဆွမ်းခံကြရမည်ဖြစ်၏၊ ထို့ကြောင့် ဆွမ်းခံ၍ ရလောက် သော ရွာကြီးနှင့် မြို့များ၌သာ စာသင်တိုက် အကြီး အငယ် တည်ဆောက်ရပေလိမ့်မည်။

စာသင်သားတို့ကို လက်ခံရာ၌လည်း… အစားအသောက် တတ်နိုင်ရုံလောက်သာ နှိုင်းချိန်၍ လက်ခံသင့်ပေသည်၊ စာသင်သား နှင့် စာချပုဂ္ဂိုလ်ဟူသမျှသည် နှစ်ထပ်ဘုဉ်းပေးရမှ သင့်လျော်မည်၊ ထိုကဲ့သို့ နှစ်ထပ်မပြည့်စုံလျှင် နံနက်စောစောတွင် ယာဂုဘုဉ်းပေး၍ မွန်းလတ်အချိန်တွင် ဆွမ်းတစ်ထပ်နှင့်လည်း ပြီးနိုင်၏၊ ထိုမျှလောက် မပြည့်စုံလျှင်ကား တရားကျင့်သော ပုဂ္ဂိုလ်များနေရာသာ ဖြစ်သင့် တော့သည်။

စာအောင်ပုဂ္ဂိုလ်အနည်းအများလိုက်၍ အစိုးရထောက်ပံ့သော ပစ္စည်းများနှင့် ရပ်ရွာနယ်ပယ်မှ ဒါနပစ္စည်းများလည်း ရှိပေလိမ့် ဦးမည်၊ ထိုဒါနပစ္စည်းများကို ဂေါပကအဖွဲ့က သိမ်းဆည်း၍ အရေး ကြီးသော ဆွမ်း, ဆေးကိစ္စ၌ အသုံးချသင့်ပေသည်။ [ နေရာကျောင်း များကား ဆိုင်ရာဓနရှင်များနှင့်ကျောင်းဒကာစသူတို့က ကြည်ဖြူစွာ လှူဒါန်းကြမည့်ပြင် သင်္ကန်းများကိုလည်း ဆွေမျိုးမိဘနှင့် ရဟန်း ဒကာ ဒကာမများက တာဝန်ယူကြပေလိမ့်မည်။]

စာချရရှိရေးနှင့် သက်သာရေး

သာသနာရေးကို စ၍ ပြင်ရာ၌ ကျောင်းထိုင်စာချ ပုဂ္ဂိုလ်များကို ခပ်မြန်မြန် ရအောင် တက္ကသိုလ်ကျောင်းတိုက် တစ်တိုက်လောက် အရေးတကြီး တည်ထောင်၍ ရွေးချယ်ကာ အစိုးရအသိအမှတ်ပြု အပ်သော ကျောင်းတိုက်များ အမြန်ဆုံး ရစေရမည်၊ နှစ်ပေါင်း အတော်ကြာလျှင် တက္ကသိုလ်ကျောင်းမှ ဂုဏ်ထူးရသောကျောင်းထိုင် ဆရာတော်များ အများအပြား ပေါ်ထွက်လာပါလိမ့်မည်။

ကျောင်းထိုင်စာချပုဂ္ဂိုလ်များလည်း တိုက်တာ အကြီးအငယ် အား လျော်စွာ တစ်တိုက်မှာ လေးပါး, ငါးပါးစသည် ရှိရပေသည်၊ ထိုပုဂ္ဂိုလ်များ၏ ဘောဇနသပ္ပာယဖြစ်မှုလည်း လွန်စွာအရေးကြီး၏၊ စာပေပို့ချရသည့်အတွက် နဂိုအားအင် ဆုတ်ယုတ်မသွားအောင် မျှတလောက်သော ဘောဇဉ်ဟင်းလျာနှင့် ညနေ အဖျော်များရသင့် သည့်အပြင် (ခမ်းနားကြီးကျယ်ခြင်း မရှိသော) သန့်ရှင်းသပ်ရပ် သော နေရာထိုင်ခင်းနှင့် ဆေးဝါးများကိုလည်း အမြဲရသင့်ပေသည်။

ထို့ပြင် စာချဘုန်းကြီးများ၏ မိဘများ ဆင်းရဲနွမ်းပါးနေလျှင် ထိုမိဘများ၏ စားသောက်နေထိုင်ရေးလည်း မယုတ်မလွန်ရအောင် စီမံပေးသင့်၏၊ ထိုအလုံးစုံအတွက် ဆိုင်ရာဒကာ မရှိပါမူ (သို့မဟုတ်) ဂေါပကအဖွဲ့မှာ ဆောင်ရွက်နိုင်လောက်အောင် အင်အားမရှိပါမူ ဒကာ ဒကာမတို့ အင်အားရှိသလောက်သာ စာသင်တိုက်ငယ်အဖြစ် တည်ရှိစေသင့်၏၊ စာချဘုန်းကြီးများသည် စာချနေစဉ် ဘောဇဉ် ဆေးဝါးနှင့် မိဘအတွက် အကူအညီမရဘဲ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ခံ၍ စာချမနေသင့်၊ ထိုသို့ ဆင်းရဲရဦးမည်ဆိုလျှင် တရားကျင့်၍ ကိုယ်ကျိုးသက်သက်ကိုသာ ရှာသင့်ကြပေသည်။

စာမေးပွဲများ

စာမေးပွဲများ၌ မူလတန်းမှစ၍ တက္ကသိုလ်တန်းအထိ အတန်းတိုင်း ရှိစေသင့်၏၊ ထိုအတန်းများ တွင် အချို့အတန်းကို ကျောင်းတို်က်အတွင်း၌ ကျင်းပ၍ မေးခွန်း များကိုလည်း ကျောင်းစာချများကပင် ထုတ်သင့်၏၊ ထိုထို ကျောင်းတိုက်၏ နောက်ဆုံးအတန်းများကို (မူလတန်း ဒုတိယတန်း တတိယတန်းကျောင်းများအတွက်) နယ်ရှိ ပထမတန်းစာသင်တိုက်မှ မေးခွန်းထုတ်သင့်၏၊ ပထမတန်းစားကျောင်းများ၏ နောက်ဆုံးတန်း အတွက် တက္ကသိုလ်ကျောင်းများမှ မေးခွန်းထုတ်သင့်၏၊ စာအောင် သည့်အတွက် ဆုတော်ငွေ ရကြမည်မဟုတ်၊ စာအောင်ဦးရေနှင့် အဆင့်အတန်းလိုက်၍ကား နဝကမ္မအတွက် အစိုးရက ဂေါပက အဖွဲ့ကို လွှဲအပ်၍ ကျောင်းအား လှူဒါန်းပေလိမ့်မည်။

သိမ်သမုတ်

“သီမာ” ဟူသော ပါဠိသည် “အပိုင်းအခြား -နယ်နိမိတ် သတ်မှတ်ထားသော အရပ်” ဟု အဓိပ္ပာယ်ထွက်၏၊ “ရဟန်းများ ကံကြီးကံငယ် ပြုဖို့ရာ နယ်နိမိတ် သတ်မှတ်ထားသောအရပ်”ဟု သံဃာအများက အသိအမှတ်ပြုခြင်းကို “သိမ်သမုတ်”ဟု ခေါ်၏၊ ထို့ကြောင့် အစိုးရက နေရာတစ်ခုကို လူဝတ်ကြောင်တစ်ယောက်အား ဥပဒေနှင့်အညီ “သီးခြားရွာ”ဟု ပေးလိုက်လျှင်လည်း သိမ်သမုတ်ခြင်းကိစ္စ ပြီးတော့၏။

သိမ်သမုတ်ရာ၌ အလွန်များစွာ ငွေကုန်ခံမည့်အစား ထိုနေရာ၌ မိုးလုံလေလုံရှိအောင် ကျောင်းဆောက်လိုက်ခြင်းသာ သာ၍ အကျိုး ရဖွယ် ရှိ၏၊ သို့ရာတွင် သိမ်သမုတ်ရာ၌ ပိဋကတတ်ကျွမ်းသော ဆရာတော်များ ပါဖို့ အရေးကြီး၏၊ နားမလည်သူများချည်းသာ သမုတ်လျှင်ကား အောင်မြင်ဖို့ မလွယ်ကူချေ။

ရဟန်းခံ

ယခုကာလ ရဟန်းခံကိစ္စလည်း အကုန်အကျ များလွန်း၏၊ ဘုန်းကြီး၏ ညီနှစ်ယောက်တွင် ဝမ်းကွဲညီကို (၇၀၀)လောက် အကုန်ခံ၍ သူ့မိဘများက ရဟန်းခံ ပေး၏၊ လေးလလောက်ကြာလျှင် လူထွက်သွားတော့၏၊ ညီရင်း တစ်ယောက်ကိုကား ထောင့်ငါးရာလောက် အကုန်ခံ၍ ရဟန်းအမ များက ရဟန်းခံပေး၏၊ ဝါအတော်ရ၍ ပထမကျော် အောင်ပြီးမှ လူထွက်သွား၏။

ရဟန်းခံကိစ္စ၌ ဆရာ တစ်ပါး အခြားသံဃာ လေးပါး ဤ သံဃာစစ် ငါးပါးသည် သပိတ် သင်္ကန်း ပြည့်စုံသော ရဟန်းလောင်းကို သိမ်စစ်စစ်သို့ သွင်း၍ ဝိနည်းတော်အရ စီစဉ်ပေးလိုက်လျှင် ရဟန်းခံခြင်းကိစ္စ အထမြောက်တော့၏၊ ထိုမျှလောက် မကျဉ်းသော် လည်း ခပ်ကျဉ်းကျဉ်းနှင့် ကိစ္စ ပြီးမြောက်စေ၍ နောင်ခါ ထိုရဟန်းသစ်တို့ အမှန် လိုလားထိုက်သော စာအုပ် သင်္ကန်း ဆွမ်း ဆေးတို့ကိုသာ တဖြည်းဖြည်း ထောက်ပံ့သင့်၏၊ တစ်ခါတည်း အကုန်ခံခြင်းကို ပြုပြင်သင့်သည်။

ရဟန်းပြုရည်ရွယ်ချက်

ရဟန်းပြုရာ၌…၁-ကြွေးထူနေသောကြောင့် ရဟန်းပြုခြင်း၊

၂-ရာဇဝတ် ပြစ်မှုကို ရှောင်တိမ်း၍ နေလိုသောကြောင့် ရဟန်းပြုခြင်း၊

၃-သာမဏေဘဝနှင့် နေရာမှ အသက်ကြီး၍ ယီးတီးယားတားနှင့် ရဟန်းပြုခြင်း၊

၄-သဒ္ဓါတရားအလျောက် ရဟန်းပြုခြင်း၊

၅-ပညာ လိုလားသောကြောင့် ရဟန်းပြုခြင်းဟု ငါးမျိုး ရှိ၏။

(၁, ၂) အကြောင်းများကြောင့် ရဟန်းပြုသူတို့ကို အစိုးရကပင် ခွင့်မပြုထိုက်၊ (၃) အကြောင်းကြောင့် ရဟန်းပြုသူများလည်း နောင်ခါ မရှိထိုက်၊ (၄, ၅)အကြောင်းတို့ကြောင့် ရဟန်းပြုသူများ ကိုလည်း လူဝတ်ကြောင်များ ရသော ကုသိုလ်ထက် ပို၍ ကုသိုလ် ရလိုသူများကိုသာ ခွင့်ပြုသင့်ပါသည်၊ ထို့ကြောင့် “ကမ္မဋ္ဌာန်း အားထုတ်လိုပါသလား, စာသင်လိုပါသလား”ဟု မေးမြန်းထိုက်၏။

ကမ္မဋ္ဌာန်း အားထုတ်လိုသူကို ရဟန်း ဖြစ်ပြီးလျှင် ပြီးချင်း တရားကျင့်ပုဂ္ဂိုလ်များ သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်၌ နေထိုင်စေသင့်၏၊ စာပေသင်လိုသူကို အစိုးက အသိအမှတ်ပြုထားသော စာသင်တိုက်၌သာ နေစေသင့်၏၊ ထိုနှစ်မျိုးတွင် မပါဝင်သော သာမန်အလုပ်လက်မဲ့ကျောင်း၌ကား မနေစေသင့်၊ ထိုသို့ နေထိုင် ပြီးနောက် အစိုးရက (သူကြီးက) ထိုပုဂ္ဂိုလ်၏ ဆရာ စသည်ကို မှတ်၍ သွားလေရာ ဆောင်ယူဖို့ရန် လက်မှတ်တစ်မျိုးကို ဆက်ကပ် ထားသင့်၏၊ ဤအချက်ကို အစိုးရပိုင်းက ပေါ့ပေါ့ဆဆ မယူဆထိုက်၊ [ ဤနေရာဝယ် သီဟိုဠ် ယိုးဒယားတို့မှ သာသနာ့ဥပဒေများကို နည်းယူတန်သမျှ ယူထိုက်ပေသည်။]

ကထိန်ခင်း

ဝါဆိုလပြည့်ကျော် (၁)ရက်နေ့၌ ဝါကပ်၍… (ဝါ မပျက်စေဘဲ) သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ သင်္ကန်းတစ်ထည် ဖြစ်စေ, အများဖြစ်စေ “ဣမံ စီဝရံ သံဃဿ ဒေမိ-ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏”ဟု လျှောက်ထား၍ လှူရ၏၊ ထိုသင်္ကန်းကို သင်္ကန်းမရှိသော ရဟန်းအား ပေး၍ ထိုရဟန်းက (ဝိနည်းထုံးစံအရ) ကထိန်ခင်းရ၏၊ သံဃာအားလုံး သင်္ကန်းပြည့်စုံ ကြလျှင် အကြီးဆုံး မထေရ်အား ပေး၍ ထိုမထေရ်ကြီးက ကထိန် ခင်းရ၏၊ ထိုကထိန်ကို ဝမ်းမြောက်ကျေနပ်ပါကြောင်းပြောသော ရဟန်းများလည်း ကထိန်ခင်းသော ရဟန်းနှင့် အလားတူရသင့်သော အမျိုးများကို ရကြ၏၊ ရသင့်သော အကျိုးများကို စာလာအတိုင်း သိလိုသူတို့ စာတော်သော ဆရာသမားထံ မေးကြပါလေ။

ယခုခေတ်ကထိန်

အစပထမ၌ “ကထိန်အလှူ” ဟူသည် …သင်္ကန်းအလှူပင်ဖြစ်၏၊ နောက်မှ သင်္ကန်း၏ အခြံအရံအဖြစ်ဖြင့် အခြားလှူဖွယ်တွေ ပါလာ၏၊ ထိုအခြား လှူဖွယ်များတွင် ကျောင်း၌ မရှိမဖြစ်သော ပစ္စည်းမျိုးဆိုလျှင် သင့်တော်ပါသေး၏၊ ယခုသော် ပဒေသာပင် သီး၍ လှပအောင် တိုလီမိုလီကလေးတွေ များလှ၏၊ ပဒေသာတစ်ပင်လျှင် (၅၀)တန် တစ်ရာတန် စသည်ဖြင့် ဂုဏ်ယူကြ၏၊ ကျောင်းရောက်သော်ကား အသုံးမကျလှ၊ လူတွေမှာလည်း အကုန်မနည်းချေ၊ ဒီအထဲမှာ ပွဲတွေ ကိုလည်း ထည့်လိုက်ရသေး၏။

ပွဲလမ်းအတွက် ကုန်ကျစရိတ်နှင့် အသုံးမဝင်သော တိုလီမိုလီ အတွက် ကုန်ကျငွေကို နုတ်လိုက်လျှင် ကျောင်း၌ အသုံးဝင်သော သင်္ကန်း စသည်၏ တန်ဖိုးမှာ ငါးပုံ ပုံ တစ်ပုံမျှ ပါကောင်း ပါပေ လိမ့်မည်။

ဤကထိန်ပွဲတွင် အသားတင် အကျိုးရကြသူကား… စောင်, ကော်ဇော, ဓာတ်မီး စသော နိုင်ငံခြားပစ္စည်းရောင်းသူ နိုင်ငံခြား ကုန်သည်ကြီးများပင်တည်း၊ မှန်၏၊ ကထိန်ခေတ်၌ နိုင်ငံခြားသို့ ဆက်ရသော ငွေတွေမှာ သိန်းပေါင်း အတော်များများပင် ရှိပေလိမ့်မည်၊ ရန်ကုန်မြို့၌ ကထိန်လှည့်လည်သည်ကို

ကြည့်ရှုနေသော ပေါက်ဖော်သူဌေးတစ်ယောက်က မြန်မာလူကြီးတစ်ယောက်အား “ခင်ဗျားတို့လည်း အရမ်းမဲ့အလှူတွေ မရှိလျှင်, ကျွန်တော်တို့မှာ လည်း ဘိန်းရှူသူတွေ မရှိလျှင် ကြွယ်ဝချမ်းသာသောနိုင်ငံ ဖြစ်မှာပဲ” ဟု ပြောသတဲ့။

ဉတ်မကြီး

ယခုခေတ် ကထိန်ခင်းကြရာ၌ “ညှပ်မကြီး” ဟုခေါ်သော လှူဖွယ်ပစ္စည်းများ သီးခြားပါလာ သည်ကို တွေ့ရ၏၊ ကထိန်ခင်းမည့်သင်္ကန်းကို မရှိနွမ်းပါးသော ရဟန်းအား (သို့မဟုတ်) အကြီးဆုံးမထေရ်အား ပေးသည့်အခါ “ဉတ်”ဟု ခေါ်သော ပါဠိတစ်မျိုးဖြင့် ပေးရသည်၊ ထိုသင်္ကန်းကို ”ဉတ်သင်္ကန်း”ဟု ခေါ်ကြ၏၊ ထိုဉတ်သင်္ကန်း၏ အခြံအရံဖြစ်သော လှူဖွယ်များကို “ဉတ်မကြီး”ဟု ခေါ်ကြသည်၊ ယခုအခါ ညှပ်မကြီး ဟု တချို့က ခေါ်နေကြသည်၊ ထို ဉတ်မကြီးတွင် ပါဝင်သော ပစ္စည်းများသည် အလှူ့ဒကာ များက “မည်သည့်ပစ္စည်းသည် ကျောင်းတိုက် သံဃိကပါဘုရား၊ မည်သည့်ပစ္စည်းက ဉတ်သင်္ကန်း ခံယူသော ပုဂ္ဂိုလ်အတွက်ပါ ဘုရား”ဟု ခွဲခြား၍ မလျှောက်လျှင် အားလုံးပစ္စည်းများ ဉတ်သင်္ကန်း ရသူနှင့်သာ ဆိုင်၏။

ဉတ်မကြီးရသူ

ယခုခေတ်၌ကား သင်္ကန်းရှားပါးသူတို့ မရှိသောကြောင့် အများအားဖြင့် အကြီးဆုံးသောပုဂ္ဂိုလ် အား ဉတ်သင်္ကန်း ပေးကြရ၏၊ ဉတ်မကြီးပစ္စည်းများလည်း ပုဂ္ဂိုလ် ကြီးသာ ရလေ့ရှိ၏၊ ထိုသို့ရရာ၌ အကြီးပုဂ္ဂိုလ်သည် တိုက်တာသံဃာ အားလုံးကို ကြည့်ရှုကျွေးမွေးနေသော ပုဂ္ဂိုလ်ဖြစ်လျှင် တော်ပါသေး၏၊ သူတစ်ပါးတည်း ခံစားသော ပုဂ္ဂိုလ်ဖြစ်လျှင် ထိုအလှူမျိုးသည် စနစ်မကျချေ၊ [ယခုအခါ များစွာသောကျောင်းတိုက်တို့၌ အကြီး ပုဂ္ဂိုလ်ဆိုတိုင်းလည်း သံဃာနှင့် ဝေမျှသုံးစွဲသောပုဂ္ဂိုလ် မဟုတ် တတ်ချေ။]

သံဃိကစစ်မှ ကထိန်မြောက်

“ကထိန်သင်္ကန်း”ဟူသည် ဆရာတော်တစ်ပါး ကျောင်းထိုင်ဘုန်းကြီး တစ်ပါးမျှကို ရည်စူး၍ လှူရသောသင်္ကန်းမဟုတ်၊ သံဃာတော်အားလုံးကို ရည်စူးမှ (တတ်နိုင်ပါလျှင် တစ်သာသနာလုံး ရည်စူးမှ) သံဃိက အစစ် ဖြစ်နိုင်၏၊ ယခုကာလ၌ကား မိမိကြည်ညိုသောဆရာတော် ကျောင်းထိုင်ဘုန်းကြီးကို ရည်စူး၍ ကထိန်သင်္ကန်း လှူမိတတ်၏၊ ထိုသို့ ပုဂ္ဂိုလ်တစ်ပါးကို ရည်စူးထားလျှင် သံဃိကမဟုတ်၊ သံဃိက မဟုတ်ပြန်လျှင် ကထိန်သင်္ကန်းအရာလည်း မဝင်နိုင်၊ ဉတ်မကြီး၌ ထည့်ထားသော လှူဖွယ်များလည်း နဂိုကပင် ဆရာတော်အား ရည်စူးပြီး ဖြစ်တတ်လေ၏၊ ထိုသို့ဖြစ်လျှင် အားလုံး သံဃိကအလှူ မဟုတ်၊ ပုဂ္ဂိုလ်တစ်ပါးအတွက် ပုဂ္ဂလိကသာ ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် ကထိန်ခင်းရာ၌ ဆရာတော်များသည် သံဃိက စစ်စစ် ဖြစ်အောင် ဟောပြောသင့်၏၊ သင်္ကန်းများကို အခြား ကျောင်းတိုက်မှ ပင့်ထားသော သံဃာများအား ခွဲခြား၍ လှူလိုသေး လျှင် ဤကျောင်းတိုက်ရှိ သံဃာများကျေနပ်အောင် ခွင့်တောင်းပြီး မှသာ လှူရလိမ့်မည်၊ သို့မဟုတ်လျှင် ရေစက်ချစဉ်ကပင် ဤကျောင်း တိုက်အတွက် သံဃိက, ပင့်သံဃာများအတွက် ပုဂ္ဂလိကဟု ခွဲခြား လှူဒါန်းသင့်သည်။ [ ဤအကြောင်းအရာများကို လူအများ နားလည် မည် မဟုတ်သောကြောင့် ဆရာသမားတို့က နားလည်အောင် ပြောပြသင့်ကြပါသည်။]

လက်တွေ့အပြစ်

ကထိန်ခင်းခြင်း၏ စည်းကမ်းမကျမှုကြောင့် မျက်မြင် အပြစ်များ တွေ့နေရသည်မှာ သံဃာ အနည်းငယ် ရှိသော ကျောင်း၌ မဲကျသောကြောင့် တစ်ထောင်တန် ဉတ်မကြီးဖြင့် အတီးအမှုတ် ပွဲလမ်းသဘင် ကျင်းပ ၍ တပျော်တပါး သွားကြ၏၊ ကထိန်ပြီးလျှင် ထိုကျောင်း၌ ဓားပြ တိုက်သည်ဟု ကြားရတတ်၏၊ သို့မဟုတ် “ကထိန်ရသောဘုန်းကြီးသည် ထိုပစ္စည်းတွေကို ရောင်း၍ လူထွက်လေပြီ”ဟု ကြားရတတ်၏၊ သို့မဟုတ် နီးစပ်ရာ ဒကာ ဒကာမများနှင့် ဆွေမျိုးဉာတိတို့ ခွဲဝေ ယူတတ်ကြ၏၊ [ သံဃာများသော်လည်း သံဃာကို ဝေလေ့မရှိသော ပုဂ္ဂိုလ်ကြီးများ ကထိန်ရရာ၌လည်း ဤနည်းနှင်နှင်တည်း။]

ထိုချို့ယွင်းချက်များ မဖြစ်စေကာမူ ပဒေသာပင်၌ ပါလာသော စောင်, ကော်ဇော, ခြင်ထောင်, နာရီ, စားပွဲနှင့် ကုလားထိုင်စသော အလှအပ အခမ်းအနားတွေကို သိမ်းဆည်းရ နေရာချထားရသဖြင့် နဂိုက တရားနှင့် စာပေနှင့် နေသော အရှင်မြတ်တို့မှာ အနှောင့် အယှက်သဖွယ် ဖြစ်နေတော့၏၊ ထို့ပြင် ဘာသာရေးကိစ္စဆို၍ ပွဲတခြိမ့်ခြိမ့် ကျင်းပကာ အတီးအမှုတ်မြိုင်စွာနှင့် လှူဒါန်းရန် သွားကြခြင်းမှာလည်း အလွန် တိတ်ဆိတ်ခြင်းကို လိုလားတော်မူ၍ တောကျောင်းများ၌သာ မွေ့လျော်တော်မူသော ဗုဒ္ဓရှင်တော်၏ အလိုကို မဆိုထားဘိ, ယခုခေတ် သူတော် သူမြတ်တို့၏ အလိုမျှ လည်း မကျချေ။

ကထိန်ပြုပြင်ရေး

ဤပြခဲ့သော အပြစ်များကို နားလည်ကြကုန်သော ဗုဒ္ဓဥပါသကာ ဥပါသိကာမတို့သည် ဒူးနေရာဒူး, တော်နေရာတော် ဆိုသလို ဘာသာရေးကိစ္စ၌ ပွဲလမ်း သဘင် အပျော်အပါးကိုလည်း ရှောင်ရှားဖို့ရန် တောင်းပန်လို ပါသည်၊ မိမိတို့ အလှူဝတ္ထုနှင့် ကျောင်းမှာ အသုံး တည့်-မတည့်, အသုံးတည့်ပြန်လျှင် သာသနာရေးဆိုင်ရာ ပရိယတ် ပဋိပတ်ကို အားပေးရာ ရောက်-မရောက်ကိုလည်းကောင်း, အကျိုးမများလှ သော အသုံးအဆောင် ပစ္စည်းများအတွက် နိုင်ငံခြားသို့ တိုင်းပြည်မှ ငွေများ မထွက်စေဖို့ကိုလည်းကောင်း သတိပြုစေလိုသည်။

ထို့ကြောင့် ကထိန်ခေတ်ရောက်၍ လှူတော့မည်ကြံလျှင်သင်္ကန်း အလှူသည် ဗုဒ္ဓရှင်တော်၏ ပထမ ရည်ရွယ်တော်မူချက်ဖြစ် ကြောင်း သတိပြု၍ ကျောင်းတိုက်သံဃာများ သင်္ကန်းအခြေအနေကို စဉ်းစားသင့်၏၊ စဉ်းစားရုံနှင့် မပြီးနိုင်ပါလျှင် ပြည့်စုံ-မပြည့်စုံ မေးမြန်း လျှောက်ထားသင့်၏၊ ထို့နောက် တတ်နိုင်သေးလျှင်ကား ဖိနပ်အတွက် စဉ်းစားသင့်၏၊ ထိုပစ္စည်းများ ပြည့်စုံကြသည်ဟု ဆိုလျှင် ဆောင်းဝင်တော့မည် ဖြစ်၍ သံဃာတော်များအတွက် ခြုံထည် စဉ်းစားသင့်၏၊ ဖျင်ဧကသီသည် အလွန်အသုံးဝင်သော ခြုံထည် ဖြစ်နိုင်၏၊ [ ဖျင်ဧကသီ ကျကျနန ဆိုလျှင် ရုံ၍ ဖြစ်, ရန်း၍ ဖြစ်, ဆောင်းအခါတွင် ခြုံစရာလည်း ဖြစ် တစ်ချက်ခုတ် သုံးချက် ပြတ် အကျိုးရမည်။]

ထို့ထက်ပိုလျှင်လည်း ပရိယတ်ကို အားပေးရာရောက်အောင် စာအုပ် ခဲတံ မင်အိုး အစရှိသည်ကိုလည်းကောင်း, ခပ်မြန်မြန် အသုံး ဝင်မည့် ကျမ်းစာအုပ်ကိုလည်းကောင်း စဉ်းစားသင့်၏၊ ထို့ထက် ပိုပြန်လျှင်… နေ့စဉ် အသုံးဝင်နိုင်သော ပရုပ်ဆီ, လျက်ဆား, ဝမ်းနုတ်ဆေး စသော ဆေးများကိုလည်းကောင်း, သပိတ်ဆေး အဝတ်လျှော် ရေချိုးရန် ဆပ်ပြာကိုလည်းကောင်း စဉ်းစားသင့်၏၊ ထိုမှတစ်ပါး လူအများမြင်၍ သင့်တော်သော, ကျန်းမာရေးလည်း ညီညွတ်သော အခြား အသုံးအဆောင် လိုရာကိုလည်း စဉ်းစား သင့်၏၊ [ ဆွမ်းကို မကျွေးသော်လည်း ကိစ္စမရှိ၊ စာသင်တိုက်ဖြစ်လျှင် ဆွမ်းကျွေးမည့်အစား ဆန် ဆီ စသည်က သာ၍ အသုံးဝင်၏၊] ဤသို့ စသည်ဖြင့် ကထိန်အလှူဒါနကို ကာလ ဒေသ လိုက်၍ ထိုက်သင့်သလို သာသနာအားပေးသော ကုသိုလ်ဖြစ်အောင် အနာဂတ်ကာလ၌ ကျေကျေနပ်နပ် ပြုပြင်ကြပါကုန်။

သားရှင်ပြု လှူဒါန်းကြပုံ

ဘုန်းကြီးဝါဒမှာ “နေ့စဉ်စိတ်ကောင်း ထား၍ နေ့စဉ် ဒါနဝတ်နှင့်ကိုယ်ကျင့် သီလ ကောင်းခြင်းကိုသာ အရာရာဝယ် သာယာအေးမြလျက် နောက်ဘဝ၌ မုချဂတိကောင်းကြောင်း အလုပ်ဖြစ်၏”ဟု ယူဆပါသည်၊ တစ်ရံတစ်ခါ ပကာသနများစွာဖြင့် ဒါနအကြီးအကျယ်ပြုမှုများကို အနှစ်အသားဟု မမှတ်ထင်သည့်အပြင် လူအများ၏ ကိုယ်ကျင့် ပျက်ကြောင်း, ရဟန်းတော်များ အလုပ် ပျက်ကြောင်း ဟုသာ ထင်ပါသည်။

ရှင်းပြဦးအံ့… သားရှင်ပြုကိစ္စ၌ ဂုဏ်အသရေရှိ လူကြီး လူကောင်းတို့ကား ထိုကဲ့သို့သော အစာကို စားနေကျ ဖြစ်၏၊ သူက ဖိတ်လို့သာ အားနာ၍ (မသွားမကောင်းသဖြင့်) သွားရသည်၊ အိမ်မှာ အလုပ်ကိစ္စ တန်းလန်းနှင့် မအားကြ၊ ကျွေးမွေးရာ၌ ကုန်သောငွေလည်း မနည်းလှ၊ စားရသူတို့ကလည်း အားနာပါးနာ နှင့် မလွှဲသာ၍ လာကြရာဝယ် အဘယ်မှာ ကုသိုလ်ထုပ်ကြီး ရနိုင်ပါ မည်နည်း၊ ထိုအပေါ်မှာ ဂုဏ်ဖော်ချင်သော စိတ်ကောက်ကလေးက (ပကာသန, အကုသိုလ် လောဘစိတ်ကလေးက) ပါလိုက်ချေ သေး၏။

ဘုန်းကြီးပင့်ရာမှာလည်း ပင့်ရိုးအတိုင်း မပါမကောင်းသော ဘုန်းကြီးပေါင်းများစွာကို ပင့်ရပြန်၏၊ ထိုဘုန်းကြီးများသည် တစ်နေ ကုန် တစ်နေခန်း ပရိယတ် ပဋိပတ် အလုပ်ဖျက်ကာ အလှူရှိရာ ကျောင်းသို့ သွား၍ နေကြရ၏၊ နောက်ပါ ကျောင်းသားတို့လည်း စာသင်ပျက်ကြ၏၊ သို့ဖြစ်လျှင် ရာပေါင်းထောင်ပေါင်းများစွာ အကုန်အကျခံ ပြုကြသော သားရှင်ပြု သမီးနားသ အလှူ ဒါနကြီးသည် သာသနာကြီးပွားရေးကို အဘယ်နည်းဖြင့် အားပေးရာ ရောက်တော့မည်နည်း။

ထိပ်ကွက်ကလေးကိုသာ စီရင်လိုက်ပါတော့

သားရှင်ပြု တစ်ခု၌ ကြားရဖူးသည်ကား အလှူ့ဒကာသည် ထိုနယ်၌ နာမည်ကြီးသူတည်း၊ အလှူမှာ အမဲသား (နွားသား) ကျွေး၏၊ ပရိသတ်တွေ လာကြသည်မှာ ကျွေး၍ မလောက်အောင်ပင်၊ အတော်ကြာလျှင် ဝယ်ထားသော အသားတွေ ကုန်လုပြီ၊ အလှူ့ဒကာသည် ပရိက္ခရာရှစ်ပါးကို လွယ်ကာ အတော် ကြည်နူးစွာဖြင့် ရှင်လောင်းလှည့်ရာတွင် ပါဝင်နေ၏၊ ထမင်းကျွေး သူများလည်း အမဲသားလောက်ပုံမရ၍ ဗျာများနေကြပြီ၊ နောက်ဆုံး၌ မကြံတတ်တော့သဖြင့် အလှူ့ရှင်ထံ ပြေးလာကြ၍ ဟင်းလောက်ပုံ မရကြောင်း ပြောကြလေသည်၊ အလှူ့ဒကာလည်း အတော် စိတ် မောသွားဟန်တူ၏၊ တောင်ကြံ မြောက်ကြံနှင့် ကြံရှာပါသော်လည်း အကြံ မရတော့ပြီ၊ အတော်ကြာကြာ တွေးပြီးမှ “အင်း… အိမ်က ထိပ်ကွက်ကလေးကိုသာ စီမံလိုက်ကြပါတော့”ဟု ရှုံ့မဲ့သောမျက်နှာ ဖြင့် ညွှန်ပြလိုက်ရှာသတဲ့။

အမျှဝေမှားပုံ

သားရှင်ပြုအလှူ့ရှင်တစ်ယောက်လည်း နာမည်ကြီး သူပင်တည်း၊ ကူငွေများများရလျှင် နဂိုတင်ရှိသော ကြေးဟောင်းများပင် ကျေလောက်လိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ကြီးကျယ်သောအလှူကို စီစဉ်လေ၏၊ ချက်ပြုတ်ထားသည်မှာလည်း အများပင်၊ သို့သော် လူအလာများသလောက် ကူငွေ မရချေ၊ ကုန်ကျစရိတ်နှင့် ရသမျှငွေကို စောစောက စိတ်တွက် တွက်နေ၏၊ ထင်ကြေးမကိုက်သဖြင့် ခပ်စောစောကပင် မျက်နှာမသာယာလှ၊ ညနေချိန်၌ ပင့်ထားသော ကိုယ်တော်များ ပရိတ်ရွတ်ရန် မဏ္ဍပ်သို့ ကြလာကြပြီ၊ သူကား ရေစက်ခွက် ကိုင်ကာ သံဃာစင်ပေါ် ရောက် နေ၏၊ ဘုန်းကြီးတစ်ပါးက အာဝဇ္ဇန်းရွှင်ရွှင်နှင့် ရေစက်ချပေး၏၊ အလှူ့ဒကာမှာ သူ့အနီး၌ ကပ်လျက် ရေစက်ချပေးနေသည်ကိုမျှ ကောင်းကောင်း မကြားရဘဲ ကူငွေနှင့် ကုန်ကျစရိတ်များကို အပြန် အလှန် စဉ်းစားနေစဉ် ဘုန်းကြီးလည်း ရေစက်ချပြီးရော၊ သူလည်း ကူငွေတွက်ရာမှ အရှုံးထွက်နေတာ သိရရော၊ ထိုအခိုက်၌ အနားရှိ ဆွေမျိုးများက “အမျှဝေလိုက် အမျှဝေလိုက်”ဟု တိုက်တွန်းသံကြား သဖြင့် ကပျာကယာ နှုတ်က ထွက်သွားသည်မှာ “သောက်ကျိုး နည်းပါပြီဗျို့”ဟု နှုတ်က ထွက်သွားရှာသတဲ့။

အလားတူ အလှူပျက်တွေ

ဤအဖြစ်အပျက်မျိုးသည် ယခုခေတ်ကျမှ ပေါ် လာသည်မဟုတ်၊ မင်းကြီးဦးပေါ်ဦးတို့လက်ထက်ကပင် အလားတူ သားရှင်ပြုရှိခဲ့သည်၊ ထို့ကြောင့် ယမမင်းထံ အစစ်ခံ သံပေါက်၌ ထိုအလှူမျိုးတွေ မကျေနပ်၍ မင်းကြီးရေးထားသည်မှာ…

သားကြီးရှင်ဖြစ်, ကျွန်တော်စစ်, ညှစ်၍လှူခဲ့တယ်။ ကွမ်းဆေးလက်ဖက်, ဆီစက်စက်, ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။

သည်ကို ဟိုကို, ကြွပါဆို, ဗျိုဗျာမစဲ ခေါ်ခဲ့တယ်။

ကျွန်တော့်အလှူ, ကြေးတွေပူ, ငွေကူကိုသာ မျှော်မိတယ်။

ကူငွေနှင့်သာ, ငါလှူတာ, ထေမိပါမှ ကာတော့မယ်။

ဤသို့လျှင် မင်းကြီးဦးပေါ်ဦးလက်ထက်ကပင် သားကြီးရှင်ဖြစ် အလှူတွေ ထွန်းကားနေခဲ့၏၊ စည်းပျက်ကမ်းပျက် ကိစ္စဟူသမျှသည် မပြုပြင်သမျှ တစ်ခေတ်ထက် တစ်ခေတ် သာ၍ ဆိုးရွားကြမ်းတမ်းမြဲ ဖြစ်ရကား ယခုခေတ် တချို့ရပ်ရွာ၌ မလှူမီ ကြိုတင်၍ “ဝက်သား မည်မျှပေးပါ, အမည်းသား မည်မျှပေးပါ”ဟု ဆိုင်ရာသို့ အမိန့်ပေး ထားကြ၏၊ ဆိုင်ရာတို့ကလည်း အလှူရက်ရောက်မှ ဝက်နှင့် နွား တို့ကို သတ်ဖြတ်၍ လောလောလတ်လတ် အသားတွေကို ဒါနရှင် အလှူ့ဒကာလက်သို့ ပို့ဆက်ကြန်တော့၏၊ ဤမျှလောက် ပျက်စီး နေသော ဘာသာရေးအလုပ်ကို ဘုန်းကြီးများနှင့် အမျိုးသားအစိုးရ ဆိုသူတွေက အဘယ်မှာလျှင် မပြုပြင်ဘ နေထိုက်တော့မည်နည်း။

ရှင်လောင်းကို စိစစ်ပါ

ရှင်သာမဏေပြုလုပ်မည့် အလောင်းအလျာကို “ရှင်လောင်း”ဟု ခေါ်၏၊ ထိုရှင်လောင်းဆိုသူတို့တွင် တချို့သည် စကားမျှ မပီသေး၊ တချို့ ကား အတော်အတန် ကြီးပါသော်လည်း ရှင်သာမဏေများ ကျင့်ရမည့် ကျင့်ဝတ်ကို နားမလည်၊ တချို့ရှင်ကလေးများမှာ မဏ္ဍပ် အတွင်း၌ သင်္ကန်းချည်၍ မဏ္ဍပ်က ထွက်လျှင် ထွက်ချင်း လူဝတ် လဲရတော့၏၊ မလဲလို့လည်း မဖြစ်ကြန်တော့, ရှင်သာမဏေပြုရာ၌ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော သရဏဂုံပါဠိ ဆရာဘုန်းကြီးနှင့် ရှင်လောင်း နှစ်ဦးလုံးပင် ပီပီသသ (ဌာန် ကရိုဏ်းကျကျ) ရွတ်ဆို တတ်မှ ရှင်သာမဏေအစစ် ဖြစ်သည်ဟု ကျမ်းစာ၌ ဆိုထား၏၊ ယခုခေတ် မြန်မာလူမျိုးတို့ကား အင်မတန် ကြိုးစားမှ စာလာပေလာ အတိုင်း ပီနိုင်၏၊ ထိုသို့ မပီစေကာမူ ရှင်သာမဏေဟု ဝန်ခံ၍ ဆိုင်ရာကျင့်ဝတ်များကို ကျင့်တတ်လျှင် အပြစ်ကင်းဖွယ် ကုသိုလ် ရဖွယ် ရှိပါသေး၏၊ ယခုသော် များသောအားဖြင့် ရှင်ကျင့်ဝတ်ကို နားလည်သူများ နည်းပါး, ကျင့်သူက သာ၍ ရှားတော့၏၊ ဤကိစ္စကို တိုင်းသူပြည်သားတို့ နားလည်အောင် စီမံပြီးလျှင် မူလတန်းပညာ လောက်ကို (အနည်းငယ်) သင်ပြီး၍ ကောင်းစွာနေထိုင်တတ်မှသာ ရှင်သာမဏေပြုစေသင့်ကြပါသည်။

ကြီးကျယ်သော ရှင်ပြုနည်း

ယခုအခါ ခေတ်စားနေသော ရှင်ပြုနည်းကိုပြင်များ၌ ငွေပိုငွေလျှံရှိသူတို့အတွက် မထောင်း သာသော်လည်း ရှိသမျှပစ္စည်းကလေးနှင့် အားခဲရသူ, ကြွေးယူ၍ သားကြီးရှင်ဖြစ် ပြုရသူတို့အတွက် အလွန်နစ်နာလှပေ၏၊ သံသရာကျိုးလည်း နေ့စဉ် ဆွမ်းလောင်း မိဘပြုစု စသော ဒါနမှုလောက် အားမကိုးရ၊ ပြခဲ့သော နွားသတ် ဝက်သတ် ခိုင်း၍ ငွေကူကို မျှော်ရသော အလှူနှင့် ဂုဏ်ပကာသနကို ပဓာနထားသော အလှူတို့မှာ ငွေကုန် အပြစ်ဖြစ် နှစ်မျိုးလုံး နစ်နာ၏၊ ထိုအလှူမင်္ဂလာဝယ် သားငယ်ကို မင်းမြောက်တန်ဆာ ဆင်၍ အဘိသိက်သွန်းလိုက်သော်လည်း မည်သူကမျှ အထင်မကြီးကြ၊ ထိုအဘိသိက်သွန်းလောင်းမှုကြောင့် ဘာမင်္ဂလာမှလည်း မတိုးတက်ပါ။

ယခုရှင်လောင်းများထက် မယှဉ်သာလောက်အောင် အဆင့်အတန်းမြင့်သော သားတော်ရာဟုလာ ရှင်ပြုရာဝယ် ဘာဘိသိက်မှ မသွန်းရ၊ ဘာအလှူကြီးမှလည်း မလှူလိုက်ရ၊ ကျောင်းတော် လိုက် သွားရာမှ အရှင်သာရိပုတြာ မထေရ်မြတ်က ဦးခေါင်းရိတ်၍ သာမဏေဝတ်ပေးရုံမျှဖြင့် ရှင်ပြုကိစ္စ ပြီးရပါသည်။

မိမိတူအားပြောခြင်း

မိမိ၏တူ၌ (၉)နှစ်မျှရှိသော သားကြီးရှိ၏၊ ထို ကလေးကို ရှင်ပြုမည့် အကြောင်း လျှောက်၏၊ သူတို့မှာ နှစ်ယောက်လုံး အထက်တန်းကျောင်းဆရာ ဖြစ်သော်လည်း ငွေများများ မပိုနိုင်သောကြောင့် “ငွေဘယ်က ရမည်လဲ”ဟု မေး၏၊ ယောက္ခမနှစ်ယောက်က သူတို့ မသေခင် ကလေးကို သင်္ကန်းနဲ့ မြင်ချင်လို့ သူတို့ရဲ့ ရွှေတစ်ဆယ်သားကို ရောင်းမည်ဟု ပြောပါသည်၊ ကောင်းပြီ, အလှူဖိတ်တဲ့အခါ မင်းတို့လို စားနိုင် သောက်နိုင်သူများကို ဖိတ်ပြီး အစားကောင်းတွေကို ကျွေးတာနဲ့ ငွေအတော်များများ ကုန်သွားပြီ၊ သူတို့မှာ ဒီလို အစားကောင်းကို ဝယ်၍ စားနိုင်သောကြောင့် ကျေးဇူးတင်လှမည် မဟုတ်။

ဘုန်းကြီးပင့်တော့လည်း သိကျွမ်းပြီး ဘုန်းကြီးများကို ပင့်၍ သင်္ကန်းစသည် လှူလို့ ငွေအတော်ကုန်သွားလိမ့်မည်၊ ဒီပစ္စည်းမျိုး ဘုန်းကြီးများမှာ ရှိနေသောကြောင့် ကျေးဇူးများလှမည်မဟုတ်၊ ကလေးငယ်လည်း ရှင်သာမဏေ၏ ကျင့်ဝတ် နားမလည်ဘဲ ကိုးရိုး ကားရားဝတ်၍ မဏ္ဍပ်အတွင်းဝယ် ကစားကာ ပျော်သလို နေရှာပေလိမ့်မည်၊ ရွှေတစ်ဆယ်သားကုန် ရှင်ပြု၌ ကလေးမှာ အကုသိုလ်ရရှာတော့မည်၊ ထို့ကြောင့် ဒီလိုပြုမည့် ရှင်ပြုကို သင်တို့ မြို့မှာသာ ပြုပါ၊ ဒီလိုမှ မဟုတ်ဘဲ ကလေး ကုသိုလ်ရ၍ ဘာသာရေးနားလည် အောင် ရှင်ပြုပေးလိုလျှင် ဆယ်တန်းအောင်မှ(သို့မဟုတ်)တက္ကသိုလ် ဒီဂရီရမှ ဘုန်းကြီးကျောင်းလာပြီး ရှင်ပြု (သို့မဟုတ်) ဒုလ္လဘဝတ်ပါ၊ ရွှေတစ်ကျပ်သားမျှ မကုန်စေရပါဘူးဟု ပြောလိုက်ပါသည်။

ဘုန်းကြီးပျံ

ရွာဦး ရွာထိပ်၌ ကြည်ညို ကိုးကွယ်ထားသော ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တာ်မူရာဝယ် ရပ်သူ ရွာသားတို့ လွမ်းဆွတ်မှု ပြေပျောက်အောင် သူ့ထက်ငါ အားကျ၍ နောက်ဆုံးပူဇော်ကြခြင်းကို အပြစ်မဆိုလိုပါ၊ သို့ရာဝယ် အသည်းအသန် မမာတုန်းက ပျံလွန်မည့်ပုဂ္ဂိုလ် စိတ်ကျေနပ်အောင် ဆရာကောင်း ဆေးကောင်း ဓာတ်စာကောင်းတို့ဖြင့် မကုသ, မပြုစုကြဘဲ ပျံလွန်ခါမှ ရာပေါင်း ထောင်ပေါင်း သောင်းပေါင်းများစွာ အကုန် အကျခံ၍ ပူဇော်ခြင်း၌ အကျိုးရှာမရသည့်အပြင် ဝမ်းနည်းဖွယ်ကို သာ မြင်နေရပါတော့သည်။

ထင်ရှားစေပါဦးမည်…ဤစာကို ရေးရာနှစ်ကို ထောက်၍ လွန်ခဲ့သော ကိုးနှစ်လောက်က နာမည်ကျော် ဆရာတော်ကြီးတစ်ပါး အတော် စိုးရိမ်ရလောက်အောင် မကျန်းမမာ ဖြစ်၏၊ ဟိုက သည်က ဆေးအတွက် လှူကြသည်မှာ (၄၀)ကျော်တန်မျှသာ ရှိ၏၊ သို့ရာဝယ် ကံကောင်းလှ၍ ပျံတော်မမူသေးပါ၊ အကယ်၍ ပျံတော်မူပါလျှင် ထိုဒကာ ဒကာမ တပည့်တပန်းတို့ လေးရာမက လေးထောင်ကျော် အောင် အကုန်အကျခံ၍ ဘုန်းကြီးပျံပွဲ ဆင်နွှဲကြပေလိမ့်မည်။

ထိုကဲ့သို့ အကုန်အကျခံကြရာ၌ ဆရာသမား၏ဂုဏ်ကို ရည်စူး ကြခြင်းထက် ဂုဏ်ပကာသနနှင့် ရပ်သူရွာသားတို့၏ အပျော်အပါး အတွက်သာ ပဓာနဖြစ်သည်ဟုဆိုလျှင် အရမ်းစွပ်စွဲရာ ရောက်မည် မထင်။

ဘုန်းကြီးငယ်စဉ်က မြောက်ကျောင်းမှာ သက်တော်ကြီး ဘုန်းကြီးနှစ်ပါး ဆက်၍ ပျံလွန်တော်မူ၏၊ ထိုအခါ ဘုန်းကြီးတို့ ကျောင်းက ကျောင်းသားတွေ စာအံရင်း ပျင်းပျင်းရှိတာနှင့် ပြောကြသည်မှာ…သူများကျောင်းက ဘုန်းကြီးတွေတော့ ခဏခဏ ပျံတော်မူကြတယ်၊ ငါတို့ကျောင်းက ဘုန်းကြီးများတော့ တစ်ပါးမှ ပျံတော် မူဖော်မရဘူး၊ ခုနှယ် တစ်ပါးလောက် ပျံတော်မူလျှင် ဘယ်လောက် ကောင်းမလဲ” ဤသို့ ကျောင်းသားတွေ ပြောနေသံကို ဘုန်းတော်ကြီး ကြား၍ များစွာ ကြိမ်းမောင်းတော်မူသည်။

အရိုးအိုးစေတီ

ထို့ပြင် အသက်ထင်ရှားရှိစဉ်က အလွန်အကြူး ရိုသေ လေးစားမှု မပြုကြဘဲ အရိုးကျမှ အရိုးအိုး စေတီတည်ထားခြင်းလည်း နည်းလမ်းမကျလှ၊ ထိုတည်ထားပြီးသော အရိုးအိုးစေတီကိုလည်း မည်သူမျှ အရေးတကြီး မကိုးကွယ်ကြ၊ နှစ်ပေါင်းအတော်ကြာသော် ဘုန်းတော်ကြီးအရိုး လူအရိုး ခွဲခြား မရသည့်အပြင် ဓာတ်တော်ဌာပနာထားသော စေတီတော်များနှင့်လည်း ထူးမခြားပင် ဖြစ်နေတော့၏။

မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်၌ “မြတ်စွာဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာနှင့် စကြာမင်း ဤပုဂ္ဂိုလ်လေးပါး၏ အရိုးများကိုသာ စေတီ တည်၍ ပူဇော်ထိုက်သည်”ဟု ဟောတော်မူ၏၊ [စကြာမင်းသည် သူ့ခေတ်နှင့် သူ့အခါ သတ္တဝါအကျိုးကို အလွန်ဆောင်သွားသော တရားမင်းပေတည်း၊ တစ်လောကလုံးမှ တစ်ယောက်သာ ဖြစ်နိုင် ရကား ထူးဆန်းသောအရာလည်း ဖြစ်၏၊ ထို့ကြောင့် စေတီတည်၍ ကိုးကွယ်ထိုက်သူတို့တွင် စကြာမင်းလည်း ပါဝင်ရသည်။]

ပုထုဇဉ်ရဟန်းများ၏ အရိုးကို စေတီတည်ထားဖို့ရန် ဗုဒ္ဓရှင်တော် ခွင့်ပြုတော်မူလျှင်ကား သီလရှိသော ပုထုဇဉ် အရှင်များသည် သီဟိုဠ်ကျွန်းမှာပင် မရေမတွက်နိုင်အောင် များပြားရကား စေတီများ တည်ထားဖို့ရာ နေရာမလောက်ဘဲ ရှိပေလိမ့်မည်၊ ထိုမျှလောက် များပြားနေလျှင် ထူးခြား အံ့ဩဖွယ်လည်း မဖြစ်တော့ရာ၊ ထို့ကြောင့် ပုထုဇဉ်အရှင်မြတ်တို့၏ အရိုးများကို စေတီ တည်ခွင့် ပြုတော်မမူ၊ ထို့ကြောင့် ယခုခေတ်ကာလ၌ ဘုန်းကြီး ပျံတော်မူလျှင် အရိုးအိုးစေတီ တည်ထားရိုးဖြစ်နေသော စနစ်ကို ပြင်သင့်ပြီ။

“သီလရှိသော ပုထုဇဉ်အရှင်များ ပျံလွန်တော်မူသောအခါ ပရိနိဗ္ဗာန်စံတော်မူသော ရဟန္တာများကဲ့သို့ ကြီးကျယ်စွာ ပူဇော်နိုင်သည်”ဟု အဋ္ဌကထာက ဆို၏၊ ထိုသို့ ဆိုရာ၌ ယခုကာလလို ရက်ရှည် လများ ထား၍ မီးလောင်စရာ ဖြစ်သောကြောင့် “လောင်တိုက်”ဟု ခေါ်သော မီးလောင်စာ အကြီးအငယ် ကိုးဆယ်တစ်ရာ လောက်ဖြင့် ပူဇော်ရမည်ဟု မဆိုလို၊ ထိုပျံတော်မူရာ နေ့မှာပင် ပန်းနံ့သာ နံ့သာထင်းတို့ဖြင့် သင်္ဂြိုဟ်ပူဇော်ရမည်ဟု ဆိုလိုပေသည်။

အဋ္ဌကထာ။ ။ ပုထုဇ္ဇနဘိက္ခူနံ ဟိ ထူပေ အနုညာယမာနေ တမ္ဗပဏ္ဏိဒီပေ တာဝ ထူပါနံ ဩကာသော န ဘဝေယျ၊ တထာ အညေသု ဌာနေသု၊ တသ္မာ အနစ္ဆရိယာ တေ ဘဝိဿန္တီတိ နာနုဇာနာတိ၊ပေ၊ ပုထုဇ္ဇန သီလဝတော ပန ပရိနိဗ္ဗုတဘိက္ခုနော ဝိယ မဟန္တမ္ပိ သက္ကာရံ ကာတုံ ဝဋ္ဋတိယေဝ။

ပျံတော်မမူဘဲ ရှိုးတော်မူမှာစိုးရပုံ

“ဘုန်းတော်ကြီး”ဟူသည် ရှေးဘဝက ဗြဟ္မာ့ပြည်မှ စုတေခဲ့၍ ကာမဂုဏ်အပြစ်မြင်ကာ ရဟန်းပြု၍နေ၏၊ ထိုပုဂ္ဂိုလ်သည် (မေတ္တာ ဘာဝနာစသော ကမ္မဋ္ဌာန်းပေါက် စျာန်ရ၍) စုတေသောအခါ မူလဌာန ဗြဟ္မာ့ပြည်သို့ပင် ပြန်သွားသောကြောင့် ဘုန်းတော်ကြီး စုတေသည်ကို “ပြန်တော်မူသည်”ဟု ခေါ်၏၊ တစ်နည်း… “ဘုန်းကြီးများ သည် ကောင်းမှုကုသိုလ် ထူးထူးထွေထွေ များပြားလှ၏၊ သီလသိက္ခာလည်း ကောင်းကြ၏၊ စုတေလျှင် ဘယ်နည်းမဆို (အထက်နတ်ပြည် ဗြဟ္မာ့ပြည်သို့) ပျံတက်ရမည်သာတည်း”ဟု ရှေးက ယူဆကြ၏၊ ထို့ကြောင့် စုတေသည်ကို “ပျံလွန်တော်မူသည်”ဟု ခေါ်ကြ၏၊ ထိုအခေါ်သည် သီလသိက္ခာနှင့် အမှန်ပြည့်စုံသော ဘုန်းတော်ကြီး များအတွက် မှန်ကန်သော အခေါ်ပင်တည်း။

ဒိစတြိတ်တစ်ခု၌ ဘုန်းကြီးတစ်ပါးကား ငွေတိုးပေး၍ စား၏၊ အသည်းအသန် မမာသောအခါ ငွေတိုးယူထားသော ရွာသားတို့က သူတို့စာရင်းကို ရှာကြ၏၊ မမာနေသော ဘုန်းကြီးသည် သူ့နေရာ၏ ကြမ်းပေါက်အောက်ကို အလွန်စူးစိုက်စွာ မကြာခဏ ကြည့်နေ၏၊ ဒကာတစ်ယောက်သည် ထိုကြည့်ပုံကို သဘောပေါက်၍ ထိုကြည့်ရာ မြေကို တူးလေရာ ရွှေငွေများစွာ ရလေသတဲ့၊ ဘုန်းတော်ကြီးလည်း မကြာမီပင် ပျံတော်မူလေ၏၊ ထိုဘုန်းတော်ကြီးမျိုးကား အထက်သို့ မပျံဘဲ အောက်သို့ ရှိုးတော်မူမှာ စိုးရလေသည်။

သတိပြုဖွယ်တွေ

ယခုအခါ မည်သည့် ဘုန်းကြီး, မည်သည့် ဆရာတော် ပျံလွန်တော်မူ၍ “သင်္ကန်းအစုံ ပေါင်း မည်မျှ, ငွေသား မည်မျှ, ကော်ဇော စသည်က မည်မျှ” စသည်ဖြင့် စာရင်းကြားရသည်မှာ ဝမ်းနည်းဖွယ် ကောင်းလှ၏၊ ဘုန်းကြီး ပီပီသသ နေလိုကြလျှင် ဝတ်လောက် သုံးစွဲလောက်ရုံမှ တစ်ပါး ရသမျှကို မရှိနွမ်းပါးသော တပည့် ရဟန်း သာမဏေများ ကိုသာ ဝေခြမ်း လှူဒါန်းသင့်၏၊ ငွေဆိုသည်မှာ လုံးလုံး ကိုယ်ပိုင် ထားကောင်းသောပစ္စည်း မဟုတ်၊ ထိုပစ္စည်းတွေကို တွယ်တာသော လောဘဇောဖြင့် စုတေစိတ်ကျပါမူ “သာပေက္ခကာလံကြိယာ အတ္တနောယေဝ ဂေဟေ ယက္ခကုက္ကူရ၊ပေ၊ နိဗ္ဗတ္တနကာရဏံ ဟောတိ=ပစ္စည်းစသည် တွယ်တာလျက် သေရခြင်းသည် မိမိနေရာ အိမ်(ကျောင်း)၌ တစ္ဆေ ပြိတ္တာ ခွေး နွား ကျွဲ ကြက် ကြက် သန်း ကြမ်းပိုး စသည် ဖြစ်ရခြင်း၏ အကြောင်းဖြစ်၏”ဟု မဟာသုဒဿန သုတ္တဋ္ဌကထာ၌ မိန့်၏၊ ထို့ပြင် ဆရာဘုန်းတော်ကြီး ပျံတော်မူခါနီး၌ ကျောင်းတောင်းသူ ပစ္စည်းတောင်းသူများလည်း ဆရာကို အဆင်း တွန်းချသည်နှင့် တူလှ၍ စဉ်းစားစရာ ကောင်းပေသည်။

ဘုန်းကြီးပျံ ကြာရှည်ထားပြစ်

ယခုကာလ၌ ဘုန်းကြီးပျံကို ကြာရှည်ထား လေ့ရှိခြင်း, ကြာရှည်ထားလေ့ မရှိခြင်းဟု နှစ်မျိုးရှိ၏၊ ကြာရှည်ထားခြင်း၌ ရည်ရွယ် ချက်ကား ရပ်ဝေးတပည့်များ လာရောက်မီအောင် စောင့်ဆိုင်း လိုခြင်း, ဒကာ ဒကာမများ၏ ဘုန်းကြီးပျံ၌ ကုန်ကျဖို့ရန် ငွေရှိချိန် ကို စောင့်လိုခြင်းများ ဖြစ်၏၊ ထိုတွင် အဝေးတပည့်များ လာရောက် ၍မှ သင်္ဂြိုဟ်ခြင်းလည်း တစ်နည်းအားဖြင့် ထိုမှရမည့် အကူအညီ တို့ကို မျှော်လင့်ခြင်းပင် ဖြစ်၏၊ ထိုသို့ မဟုတ်ဘဲ “အဝေးတပည့် များ နောက်ဆုံး ကန်တော့ခြင်းဖြင့် ကန်တော့စေလိုသောကြောင့် ထားရပါသည်”ဟု ဆိုလျှင် အလောင်းကို မမီလိုက်ဘဲ ဂုဏ်ကို မှန်း၍ ကန်တော့လျှင်လည်း ပြီးနိုင်ပြီဖြစ်၍ ထိုအကြောင်းလည်း မလုံ လောက်သေးချေ၊ အမှန်မှာ “ပွဲနှင့်လမ်းနှင့် စည်စည်ကားကား ဖြစ်စေလိုသောကြောင့် ကြာရှည် ထားကြသည်”ဟု ထင်စရာ အကြောင်းရှိ၏၊ ထိုသို့ ကြာရှည်ထား၍ စည်စည်ကားကား ကျင်းပ ခြင်း၌ အောက်ပါ အပြစ်များကို တွေ့ရလေသည်။

၁။ အလောင်းကို စောင့်ရှောက်ရမှုကြောင့် ပရိယတ်ကျောင်းတိုက် ဖြစ်လျှင် စာသင်စာချ ပျက်ခြင်း, ပဋိပတ်ကျောင်းတိုက်၌ ပဋိပတ်အကျင့် လစ်ဟင်းခြင်း၊

၂။ ဒကာ ဒကာမတို့ အလုပ်အကိုင် ပျက်၍ အကုန်အကျများခြင်း, ထိုကုန်ကျရာ၌ တချို့ ဒကာ ဒကာမများကား မရှိမဲ့ရှိမဲ့နှင့် သူများနည်းတူဖြစ်အောင် ကြံစည်၍ ထည့်ရခြင်း, တချို့လည်း စိတ်မပါဘဲ ရပ်ရွာနှင့် မဆန့်ကျင်အောင် ထည့်ရခြင်း၊ [ ထို့ကြောင့် “ဘုန်းကြီးသေ ရွာကြေ”ဟု ဆိုကြသည်။]

၃။ ပွဲလမ်းသဘင်တွေ များ၍ ကြည့်ရှုသူတို့မှာ ကျန်းမာရေး ချွတ်ယွင်းတတ်ခြင်း၊

၄။ တာဝန်ဆောင်ပုဂ္ဂိုလ်များဝယ် အလုပ်များသော ရဟန်းငယ် ရှင်ငယ်တို့မှာ အပြင်းအထန် ကျန်းမာရေး ချွတ်ယွင်းတတ်ခြင်း၊ [“နာမည်ကြီးဆရာတော်တစ်ပါး ပျံလွန်တော်မူရာ၌ နောက်ပါ နှစ်ပါး သုံးပါး ခေါ်သွားတတ်သည်” ဟု ပြောစမှတ် ရှိ၏၊ ဆိုလိုရင်းကား… ဆရာတော်ပျံ၌ လုပ်ကိုင်ရသောကြောင့် မကျန်းမာ၍ နှစ်ပါး သုံးပါး ပျံတော်မူတတ်သည်ဟု ဆိုလိုသည်၊၊]

၅။ ဝက် ကြက်စသော သတ္တဝါအများလည်း ဘုန်းကြီးပျံကို အကြောင်းပြု၍ သေကျေရခြင်း၊ [ ဆရာတော်တစ်ပါး၏ ဘုန်းကြီးပျံသို့ တပည့်အများ သွားကြရာ ညဉ့်အခါ၌ သဲသောင် ပြင်ထက်တက်၍ နားနေခိုက်ဝယ် ကပ်လာသော လှေကြီး တစ်စင်းပေါ်မှာ သတ်ပြီး ကြက်ကောင်တွေ အပြည့်တင်လာသည်ကို မြင်၍ “ဘယ်သွားမလို့လဲ မေးရာ” “ဆရာတော်စျာပန သွားမလို့”ဟု ဖြေသည်ကိုကြားခဲ့ရကြောင်း ကိုယ်တွေ့တစ်ဦးက လျှောက်ဖူးသည်။]

၆။ ဘုန်းကြီးပျံကို နာမည်ခံ၍ ဟိုဟိုသည်သည် အလှူခံကာ စီးပွား ရှာလိုသူတို့ မတရားသဖြင့် စီးပွားရှာခွင့်ရခြင်း၊ ဤသို့စသည်ဖြင့်လက်တွေ့အပြစ်တွေ များပြားရကား အောက်ပါစည်းကမ်းချက် အတိုင်း ဘုန်းကြီးပျံကိစ္စကို ပြုပြင်သင့်ကြပါသည်။

ဘုန်းကြီးပျံ ပြုပြင်ရေး

မိမိတို့၏ဆရာသမားကို လေးစားသော တပည့် ဒကာ ဒကာမတို့သည် မကျန်းမာကြောင်းသိလျှင် အစွမ်းကုန် ကြိုးစား၍ (ဝိနည်းတော်နှင့်လည်း ညီစွာ) ကုသသင့်၏၊ အကောင်းဆုံးဆရာနှင့် ဆေး, ဓာတ်စာများကို မိမိတို့ အစွမ်းအားလျော်စွာ ရှာဖွေဆက်ကပ်သင့်၏၊ ထိုဘုန်းတော် ကြီးသည် မနေသာ၍ ပျံတော်မူရစေကာမူ တပည့် ဒကာ ဒကာမတို့ အပေါ်မှာ မေတ္တာများများနှင့် ကျေကျေနပ်နပ် ပျံတော်မူရပေလိမ့်မည်၊ ပျံတော်မူကြောင်း ဧကန်သိရသည့်အခါ၌ကား အချိန်ရှိသေးလျှင် အနီးအပါးရှိ တပည့်များနှင့် ဒကာ ဒကာမတို့သည် နောက်ဆုံး ပူဇော်ခြင်းဟု သဘောထား၍ မိမိတို့အိမ်မှာ အသင့်ရှိသော ဆီနံ့သာတုံးဖြင့် အမြန်ဆုံး မီးသင်္ဂြိုဟ်သင့်၏၊ အချိန်မရှိလျှင်ကား တစ်ညဉ့်မျှ ထား၍ နောက်တစ်နေ့တွင် ကိစ္စပြီးစေသင့်၏။

ကြီးကျယ်သော ဆရာတော်ဖြစ်၍ ခပ်လှမ်းလှမ်းမှတပည့်များ နေ့ချင်း ရက်ချင်း မရောက်နိုင်ပါမူ သုံးရက်မျှ ထားသင့်ကြ၏၊ ထို့ထက် ပို၍ကား မည်သည့်နည်းနှင့်မျှ မထားသင့်ပေ၊ အရှင်သာရိပုကြာ, အရှင်မောဂ္ဂလ္လာန်စသော ရဟန္တာကြီးများ ပရိနိဗ္ဗာန် စံတော်မူရာမှာပင် နေ့ချင်း ညချင်း ပြီးစေပုံကို အတုယူသင့်ပါသည်၊ ဗုဒ္ဓရှင်တော်ပရိနိဗ္ဗာန် စံတော်မူရာ၌ကား ပြင်ဆင်၍ မပြီးနိုင်သောကြောင့်သာ မီးမသင်္ဂြိုဟ်ရသေးခင် ခုနစ်ရက်မျှ ကြာသွားပါသည်။

လူအသုဘ

ဤ မြန်မာပြည်၌ လူသေ အလောင်းကောင်ကို အမွှန်းတင်ကာ ငွေကုန်လူပန်း စီစဉ်ကြသည်မှာ စိတ်ပျက်ဖွယ်ရာ ကောင်းလှလေ၏၊ တချို့မှာ ဆေးဖိုးဓာတ်စာ ငါးကျပ် တစ်ဆယ်မျှ အကုန်မခံနိုင်ကြသဖြင့် မသေတန်ဘဲနှင့် သေရပြီးနောက် အလောင်းကောင်ဘဝရောက်မှ ကျန်ရစ်သူတို့က မရှိမဲ့ရှိမဲ့ ကြံဆောင်၍ တစ်ဆယ် နှစ်ဆယ်မက အကုန်အကျခံပြီး သင်္ဂြိုဟ်ကြရ၏၊ ထိုအလောင်းကို သုံးရက်ထက်မနည်း အိမ်မှာ ထားလိုကြသေး၏၊ [ထိုသို့ ထားရာ၌ ဘိုးဖြစ်သူထံမှ အကြောင်း ပြချက်ကို ကြားသိရဖူးသည်မှာ “သေသေချင်းတော့ ဆွေမျိုးများက မပစ်ရက်ကြသေးဘူး, သုံးရက်လောက်ကြာ၍ ပုပ်နံလာသောအခါ ကျမှ ပစ်နိုင်ကြတယ်၊ ဒါကြောင့် ကျန်ရစ်သူများ ပစ်ခွာနိုင်အောင် သုံးရက် ငါးရက် စသည် ထားကြတယ်” ဟူ၏။]

ထိုသို့ ထားရုံတွင် မပြီးသေး၊ ဆွေမျိုး မိတ်ဆွေတွေ လာသမျှ အတွက် ကွမ်း ဆေး လက်ဖက်စသော စားသောက်ဖွယ်ရာများကိုပါ အသုဘအိမ်၌ စီစဉ်ထားရ၏၊ ချမည့်နေ့၌ကား မင်္ဂလာပွဲပမာ အချို့က ဖြီးလိမ်းဝတ်ဆင်၍ လာကြသေး၏၊ တတ်နိုင်သလောက် ကျွေးကြရ, လက်ဖက်ရည်တိုက်ရသည်မှာလည်း အလှူဒါနပွဲကလေး တစ်မျိုး ဖြစ်နေ၏၊ ပုပ်နေသော အလောင်းကို မနံအောင် သေတ္တာထဲမှာ လှောင်၍ အနီးအပါး၌ ပျော်ပျော်ရွှင်ရွှင် စားသောက် ရယ်မောနေကြသော လူလယ်ကောင်ဝယ် အလောင်းရှင်များက လည်း အသံကုန်ဟစ်ကာ ငိုကြရှာ၏၊ “စားသောက်ရယ်မောနေသူများက ငိုသူများကို အားမနာလို့လား, ငိုသူများက ရယ်ကာမောကာ စားကြသောက်ကြတာကို မသဒ္ဓါလို့လား” စဉ်းစားစရာ ဖြစ်တော့၏၊ မည်သို့ပင် ဖြစ်စေ ထိုဖြစ်နေပုံကို လောကမျက်စိဖြင့် ကြည့်ကြည့်, ဘာသာရေးမျက်စိဖြင့် ကြည့်ကြည့် ယဉ်ကျေးမှု မရှိပါ။

သွားလေသူသဘောကျ မဟုတ်နိုင်

ဘုန်းကြီးပျံ အသုဘကို ရက်ကြာကြာ ထားရာ၌ အခြားအကျိုးမရှိစေကာမူ သွားလေသူက သဘောကျမည် ဆို လျှင် တော်ပါသေး၏၊ ယခုသော် သွားလေသူကလည်း ထိုကဲ့သို့ ကြာကြာထားသည့်အတွက် နှစ်သက်လှမည် မဟုတ်ချေ၊ ထင်ရှား စေအံ့-မိမိ၏ လက် ခြေစသော ကိုယ်အင်္ဂါတစ်ခုခု၌ အနာပေါက်၍ နံနေလျှင် ထိုအနာကို လူစိမ်း မမြင်စေလိုဘဲ တတ်နိုင်သမျှ ဖုံးကြရ၏၊ “အသုဘ”ဟူသော စကားသည် မတင့်မတယ် ရွံစဖွယ်ဟူသော အဓိပ္ပာယ်ကို ပြ၏၊ သို့ုဖြစ်လျှင် တစ်ကို်ယ်လုံး မတင့်မတယ် ရွံစဖွယ် တုံးကြီး ဖြစ်နေပါလျက် ရက်ကြာကြာ အပုပ်ခံ၍ လူတွေအား ပြနေ ခြင်းကို အဘယ် သွားလေသူ ကျေနပ်နိုင်အံ့နည်း။

တချို့က “ဆရာသမားကို ကြာကြာထား၍ ပူဇော်လိုပါသည်” ဟု ပြောကြသေး၏၊ ထိုသူတို့၏ အိမ်, ကျောင်းသို့ တစ်လှည့်စီ ပို့ထားလျှင် သူတို့ ပူဇော်ချင်မည်လော၊ ဘုန်းကြီးအတွက် စပ်မိတိုင်း ပြောသောစကားကား “ငါသေလျှင် ကြာရှည် မထားဘဲ သူတစ်ပါး မမြင်ရာရောက်အောင် အမြန်ဆုံး စွန့်လိုက်ကြ”ဟုပင်တည်း၊ အားလုံးသွားလေသူများလည်း ဘုန်းကြီးလိုပင် သဘောတူ ဖြစ်ပါလိမ့်မည်။

သုသာန်ပို့ပုံ

ယခုကာလဝယ် အသုဘကို ကြာရှည် ထား၍ သုသာန်သို့ ပို့ကြသောအခါ… ရွာနီးချုပ်စပ်မှ ဘုန်းတော်ကြီးများကို သရဏဂုံတင်ရန် ပင့်ကြရသေး၏၊ ဆေးဖိုး ဝါးခ မတတ်နိုင်၍ သေရစေကာမူ သရဏဂုံတင် ကိုယ်တော်များ အတွက် လှူဖွယ်နည်းလျှင် မျက်နှာပျက်ရမလို ဖြစ်၏၊ တတ်နိုင်သူ တို့ကမူ တစ်ရာအထိ (တစ်ရာတန်အထိ) လှူဒါန်း၍ သရဏဂုံ တင်ကြ၏၊ ထိုလှူဒါန်းသော ဆွေမျိုးများမှာ “ဘာကို ရည်မှန်းရမည်”ဟု သတိရကြဟန်မတူ၊ သူတို့ သတိရနေသည်ကား နောက်ဆုံး ဌာန၌ အားရပါးရ ငိုသံပေးလျက် နှုတ်ဆက်လိုက်ရန်ပင် ဖြစ်ဟန် တူ၏၊ ထိုသို့ ငိုကြွေး နှုတ်ဆက်ပြီးနောက် အိမ်ပြန်ရောက်သောအခါ ကြွေးယူ၍ အသုဘချလိုက်ရသူတို့မှာ ကြွေးအတွက် စိတ်လေးလာ ကြရတော့၏၊ ပစ္စည်းများများ ကျန်ရစ်သူအတွက် အမွေစကား ပြောခြင်းဖြင့် ဆွေမျိုးရင်းချာတွေ စိတ်ဝမ်းကွဲဖို့ လမ်းထွင်ကြလေ၏။တစ်ခုလပ် မုဆိုးဖို/မတို့ကလည်း မိမိတို့ နေရေးထိုင်ရေး အတွက် တွေးကြလေ၏၊ မနေ့တစ်နေ့က အိမ်ပေါ်မှ ဆင်းသွားသော အလောင်းကောင်တော့ “အဝိဒူရေ လူသေမြှုပ်တဲ့ သုသာန်မြေမှာ တစ္ဆေချင်း စကားပြော၍ တသောသောနေလေပြီ”ဟု ယူဆကြလေ သလားမသိ၊ ထို့ကြောင့်တချို့မှာ အလောင်းကောင်နေစရာ အုတ်ဂူ လုပ်၍ ထိုဂူအတွင်းမှ သူကြိုက်တတ်သော အဝတ်အစားများကို ထည့်သွင်းပြီးမှ ဂူပေါက်ကို ပိတ်ကြ၏၊ တချို့ကား ထိုဂူနားသို့ တစ်နှစ် တစ်ခါ သွား၍ အစာကျွေးတတ်ကြသေး၏၊ သေတဲ့သူသည် ထိုဂူ၌ တစ္ဆေဖြစ်နေလျှင် အကျိုးရှိ၏၊ သို့မဟုတ်လျှင် အချည်းနှီးပင်။

သရဏဂုံတင်

လူတစ်ယောက်၏ နောက်ဆုံး စုတေစိတ်နှင့် ဘဝသစ် ပဋိသန္ဓေစိတ်သည် လက်ဖျောက် တစ်ချက်တီးချိန်ကို ကုဋေတစ်သိန်းလောက် စိတ်လျှင် တစ်စိတ် လောက်သာ အချိန် ကြာ၏၊ “ဘဝဟောင်းက စုတေသည်နှင့် တစ်ပြိုင်နက် ဘဝသစ်မှာ ဖြစ်ရတော့၏”ဟု ဆိုလိုသည်၊ အိမ် အနီးအပါး၌ တစ္ဆေ ပြိတ္တာ ဖြစ်နေရသူများသည် ထိုတစ္ဆေဘဝမှာပင် အသစ် ဖြစ်ရ၏၊ နတ်ပြည်နှင့် ငရဲပြည်သို့ ရောက်မည့်သူလည်း ထိုခဏအတွင်းမှာပင် ထိုဘဝသစ်၌ ဖြစ်ပြီးလေ၏။

ထို့ကြောင့် အလောင်းကောင်ကို သချႋုင်းမှာ ဖြစ်စေ, အိမ်မှာ ဖြစ်စေ သရဏဂုံတင်ကြောင်းကို သေလွန်သူ သိဖို့အရေးမှာ အလှမ်း ဝေးလှချေ၏၊ သိမည်ဆိုလျှင် အိမ်အနီး၌ (သုသာန်၌) တစ္ဆေ ပြိတ္တာ ဖြစ်နေသူလောက်သာ သိခွင့်ရှိသည်။

ယခုအခါ “သရဏဂုံတင် ဆိုသည်မှာလည်း အထူးအဆန်း မဟုတ်၊ ရိုးရိုးတန်းတန်း သီလပေးခြင်း, လှူဖွယ်ပစ္စည်းကို ရေစက် ချ၍ သေသောသူအား အမျှပေးခြင်းပင်တည်း၊ ထိုတွင် လှူဖွယ် ပစ္စည်းများကို လှူဒါန်း၍ အမျှပေးခြင်းကို ကောင်းသောနည်းလမ်း ဟုပင် ဆိုသင့်ပါ၏၊ ထိုအမျှပေးဝေမှုကို လူ့ပြည် နတ်ပြည် ငရဲနှင့် တောကြီးထဲမှာ ပြိတ္တာဖြစ်နေသူတို့ မသိကြ၊ ဝမ်းမမြောက်နိုင်ကြ၍ ကုသိုလ်အဖို့ကို မရကြသော်လည်း အနီးအပါး၌ ပြိတ္တာ တစ္ဆေ ဖြစ်နေသူမှာ သိနိုင်, ဝမ်းမြောက်စွာ သာဓုခေါ်နိုင်လျှင် ကုသိုလ်အဖို့ ရဖွယ်ရှိပါပေ၏၊ သို့သော် ငိုကြွေးမြည်တမ်းလျက် သောက ပရိဒေဝ အကုသိုလ်ခြံရံကာ သုသာန်မှာ လှူဒါန်း အမျှဝေခြင်းကား အလှူ့ရှင် များမှာလည်း ကုသိုလ် အရနည်း၏၊ တစ္ဆေ ပြိတ္တာ ဖြစ်နေသူလည်း ထိုငိုနေပုံကို မြင်ရသဖြင့် ဝမ်းမြောက်လှမည် မဟုတ်ပါ။

အသုဘပြုပြင်ရေး

“အားလုံးလူတွေ တစ်နေ့လျှင် ဧကန်သေကြရမည်”ဟူသော ထုံးစံတရားကို မည်သူမဆို နားလည်ပြီး ဖြစ်၏၊ ထို့ကြောင့် ဘယ်နည်းနှင့် သေသေ မထူးဆန်း လှချေ၊ သို့ရာတွင် သေလောက် ကျေလောက် ရောဂါရောက်နေသူ ကို ဆွေမျိုးရင်းများက လူအား ငွေအားဖြင့် တတ်နိုင်သမျှ ကုသ သင့်၏၊ ထိုသို့ ကုသကြပါလျက် သေသွားသူကို “ငါတို့ ဝတ္တရားတော့ အကျေသားပဲ, သူ့ကံက ဒီလိုဖြစ်ဖို့ စီမံလာတော့ ငါတို့တာဝန် မဟုတ်, သူ့ကံပဲ”ဟု ဖြေသိမ့်ကာ ဝမ်းနည်းပူဆွေးမှုတွေကို သက်သာ နိုင်သမျှ သက်သာနိုင်ပါစေ။

[ကိုယ်ကျင့်အဘိဓမ္မာ၌ ပြထားသော သေခါနီးပြုပြင်ရေးနှင့် သောက ပရိဒေဝအကြောင်းများကို ကြည့်ရှု၍ လိုက်နာကြပါလေ၊] ထိုသို့ စိတ်သက်သာနိုင်သမျှ သက်သာအောင် ဖြေ၍ အချိန်ရှိသေး လျှင် ထိုနေ့မှာပင် အချိန်မရှိလျှင် နောက်တစ်နေ့၌ (ထုံးစံ မဖျက် လိုလျှင်) မိမိတို့ ကိုးကွယ်နေကျ ဆရာသမားကို အိမ်သို့ ပင့်၍ သရဏဂုံတင်ပါ၊ ထိုသို့ သရဏဂုံတင်ရာ၌ လှူဖွယ်ပစ္စည်းများလည်း မလိုသေးပါ၊ ဆရာသမားကလည်း သူတို့၏ သောက ပရိဒေဝ လျော့စေနိုင်သော တရားစကားများကို တတ်နိုင်သမျှ ဟောပြသင့်ပါသည်။

ဆွမ်းသွတ်အမျှဝေ

ထို့နောက် (၇-ရက်လည်အောင် မဆိုင်းဘဲ) မိမိတို့ အခွင့်သာသော တစ်ရက် နှစ်ရက် အတွင်းမှာ တတ်နိုင်သမျှ ဆွမ်း, အဝတ်, ဖိနပ် စသော လှူဖွယ် ဝတ္ထုများကို ပြင်ဆင်၍ (ထိုအချိန် အလှူမျိုး၌ ငွေကို မလှူရ၊) သွားလေသူကို သချႋုင်းတိုင်အောင် သွားရောက် ဖိတ်ခေါ်ပြီးလျှင် သီလသိက္ခာ အရှိဆုံးဟု ယုံကြည်ရလောက်သော ဘုန်းတော်ကြီး တစ်ပါးဖြစ်စေ, သံဃာကိုပင့်၍ သံဃိကဒါနဖြစ်စေ လှူဒါန်းကာ သွားလေသူ၏ နာမည်ကို ခေါ်ယူ အမျှဝေပါ။

သွားလေသူသည် အိမ်အနီးအပါး၌ ပြိတ္တာဖြစ်နေလျှင် မိမိ အတွက် ပြုသော ထိုအလှူကို ဝမ်းမြောက်စွာ သာဓုခေါ်၍ ကုသိုလ် အဖို့ရလျက် အစားအဝတ်များ ချက်ချင်း အကျိုးရပါလိမ့်မည်၊ [ရတနာ့ဂုဏ်ရည်၌လည်း ဤအမျှဝေနည်းကို ရေးထားပါသည်၊] ဤပြခဲ့သော နည်းသည် အကုန်အကျလည်း သက်သာ, လိုရာ အကျိုးလည်း အမှန်ပြီးစေနိုင်သောနည်း ဖြစ်ရကား အနာဂတ် ကာလ၌ အသင်းအပင်းဖွဲ့ကာ ဤနည်းကို အမြန်ဆုံးလိုက်နာသင့်ပါသည်။

ဘုရားတည်မှု

ဘုရားစေတီတည်ထားရာ၌ ကုသိုလ်ရသည်ကား မှန်ပါ၏၊ သို့သော် အကျိုးရသင့်သမျှ အပြည့်အစုံ ရဖို့ စဉ်းစဉ်းစားစား တည်ထားသင့်ကြသည်၊ မဟာဝဂ္ဂသံယုတ် ဝိဟာရဝဂ္ဂအဋ္ဌကထာ၌ သမ္မာဒိဋ္ဌိ ဖြစ်ပုံကို ပြရာဝယ် “အပ္ပတိဋ္ဌိတေ ဒိသာဘာဂေ စေတိယ ပတိဋ္ဌာပနံ=စေတီ မတည်ရသေးသောအရပ် (မြို့, ရွာ) တို့၌ စေတီတည်ထားခြင်းကို သမ္မာဒိဋ္ဌိ=အယူမှန်ခြင်း”ဟု ဆို၏၊ စေတီရှိပြီး နေရာ၌ ထပ်၍ တည်ခြင်းကို အဋ္ဌကထာ မလိုလားကြောင်းမှာလည်း ဉာဏဝိဘင်္ဂအဋ္ဌကထာ၌… “ဧကသ္မိံ ဝိဟာရေ ဒွိန္နံ စေတိယာနံပိ လာဘသက္ကာရော ဥဠာရော န ဟောတိ-တစ်ကျောင်း တစ်တိုက်ဝယ် စေတီတော် နှစ်ဆူရှိရာ၌ လာဘ် ပူဇော်မှု မများ (မကောင်း) နိုင်”ဟူသော စကားဖြင့် သိသာ၏။

ထိုအဋ္ဌကထာစကားကို လက်ရှိအခြေအနေကလည်း ထောက်ခံလျက်ရှိ၏၊ စေတီတော် များပြားသည့်အတွက် မည်သည့်စေတီ တော်မျှ အစောင့်အရှောက် ကျကျနနနှင့် သားနားသပ္ပာယ်အောင်, စေတီတော်ရောက်သွားလျှင် စိတ်ကြည်နူးအောင် ကိုးကွယ်ထား သည်ကို မတွေ့ရ၊ မဟာမြတ်မုနိ, ရွှေတိဂုံ စေတီတော်များ၏ ရင်ပြင်တော်၌သော်မှလည်း လူများ၏ ခြေရာတွေနှင့် ခွေးမစင်, ပန်းအမှိုက်စသည်များကို တွေ့ရပါသေးသည်။

ဖြစ်ချင်တိုင်းဖြစ်နေပုံ

တချို့စေတီတော်ဝင်းအတွင်း၌ စေတီအငယ်, ဆင်းတုတော် အငယ်တွေ အများအပြား ရှိကြ၏၊ တစ်ဖက်ကို လှည့်၍ ဦးချနေခိုက် များစွာသော စေတီဆင်းတုတော်များကို ကျောပေးထားရာ ရောက်တော့၏၊ နာမည်ကြီးသော ဆင်းတုတော်မှာ ပန်းတွေ ပြည့်နေသော်လည်း ထိုဆင်းတုတော် စေတီတော် အငယ်များ၌ ပန်းတစ်ပွင့်မျှ မရှိကြပေ၊ ကျေးရွာများ၌ ဘိုးဘွား အစဉ်အဆက်က တည်ထားပြင်ဆင်လာသော စေတီတော်များ ရှိတတ်သေး၏။

သားစဉ်မြေးဆက်တို့ စီးပွားတက်ချိန်၌ ထိုစေတီတော်များ တန်ခိုးတော် ကြီးမား၍ သားစဉ်မြေးဆက်တို့ ဆုတ်ယုတ်သောအခါ ထိုဘိုးဘပိုင်စေတီများလည်း ညိုမည်း ခြောက်သွေ့၍ (ဆင်းရဲသော ကျောင်းဒကာ၏ ဘုန်းကြီးပမာ) အရှိန်အဝါ မတောက်နိုင်ကြချေ။

ကာလအတော်ကြာလျှင်ကား မြက်သစ်ပင်များ ပေါက်ရောက်ရာ အုတ်ပုံဘဝသို့ ရောက်၍ တချို့ စေတီများမှာ ဌာပနာ အဖောက် ခံရရုံတွင်မက အုတ်တွေကို လူတို့က အသုံးပြုကာ ဖြစ်ချင်သလို ဖြစ်နေရရှာလေတော့သည်၊ [စစ်အတွင်းက မြို့ပြစေတီတော် ဆင်းတုတော်များ၌ ခြင်ထောင်ကြိုး အချည်ခံရပုံ, စစ်သားများ ထမင်းချက်ရာ၌ ဆင်းတုတော်နှစ်ဆူ၏ ပခုံးတော်ပေါ် တုတ်တန်း တင်၍ ချက်ပုံကို လူအများပင် တွေ့မြင်ကြားသိလိုက်ရပေသည်၊၊]

ပြုပြင်ရေး

အနာဂတ်ကာလ၌ ပုဂ္ဂလိက ဘိုးဘပိုင် ဘုရားစေတီ ဆင်းတုတော်များ အသစ်မတည်ဘဲ ရွာလုံး မြို့လုံး ကိုးကွယ်ဖို့ရာ အဟောင်းစေတီများကို စုပေါင်းပြင်ဆင်၍ ဖြစ်စေ, လုံးလုံး မရှိသေးလျှင် အသစ်တည်၍ ဖြစ်စေ ကြီးကျယ် ခမ်းနားသော စေတီတော် ဆင်းတုတော်ကိုသာ တည်ထားကိုးကွယ် ၍ မဟာရံတံတိုင်း တံခါးပိတ်များဖြင့် သားနားသပ္ပာယ်စွာ ဆင်ပြင် ထားသင့်ပါသည်။

အဘိုး အဘွားအရွယ်နှင့် သူတော်ကောင်းစိတ်ဓာတ် အထူးရှိသော ငယ်ရွယ်သူတို့လည်း နံနက်နှင့် ညနေပိုင်း၌ စေတီဝင်းသို့ သွားရောက် ဖူးမြော်ကာ မြက်သစ်ပင်တို့ကို ရှင်းလင်းခြင်း, ပန်းပင် စိုက်ခြင်း, ရေလောင်းခြင်းတို့ဖြင့် သက်တော်ထင်ရှား ဘုရားရှိနေ သော ကျောင်းတိုက်လို သဘောထားကာ (စွမ်းနိုင်ပါမူ) ထိုဘုရား ဝင်းအတွင်းမှာပင် ကမ္မဋ္ဌာန်းထိုင်လျက် နောင်သံသရာရေးအတွက် ကြိုးစားသင့်ကြပါသည်၊ [ဆင်းတုတော်များကိုလည်း များသော နေရာမှ လုံးလုံး မရှိသေးသော (ချင်းတောင်ဒေသ စသော) အရပ်များသို့ ပင့်ဆောင် ကိုးကွယ်သင့်ပါသည်။]

ဆွမ်းတော်ကြီးတင်

ဗုဒ္ဓရှင်တော်လက်ထက်၌ ကောသလမဟာရာဇာက တစ်ဖက်, မြို့သူ မြို့သားများက တစ်ဖက် အပြိုင်အဆိုင် ဆွမ်းကျွေးပွဲ လုပ်ခဲ့ကြဖူး၏၊ နောက်ဆုံး၌ ကောသလမဟာရာဇာသည် မလ္လိကာမိဖုရား၏ အကြံပေးချက်အရ သံဃာတော်များ နေထိုင်ဖို့ရာ နေရာထိုင်ခုံ ငါးရာ၏ နောက်၌ ဆင်တစ်စီးစီ ထီးဖြူဆောင်းစေလျက် ရဟန်းတော်များ၏အကြား၌ နန်းတော်သူများကို နံ့သာကြိတ်စေ၍ ထိုနံ့သာတို့ဖြင့် မွမ်းမံခြယ် လှယ်ကာ မည်သူမျှ မတုပနိုင်သော အသဒိသ ဆွမ်းဒါနကြီးကို ပြုဖူးလေသည်။

ယခုခေတ် ဆွမ်းတော်ကြီးပွဲ ပြင်ဆင်ပုံကား ထိုအလှူမျိုးနှင့်လည်း မတူချေ၊ ထိုအသဒိသဒါနသည် သံဃာတော်များ ဘုဉ်းပေးရသောဒါန ဖြစ်၏၊ ဤဆွမ်းတော်ကြီးများကိုကား သံဃာများ မဘုဉ်းပေးရပါ၊ များစွာသော ဆွမ်းတော်ကြီးများကို ကြည့်လိုက်သော အခါ မုန့်မျိုးစုံတို့၏ အကြား၌ ပန်းကန်ပြားအပြည့် ထည့်အပ်သော ဝက်သားတုံးကြီး, ကြက်ကောင်လုံးကျော် အများအပြားတွေ့ရပေသည်။

ကပ်လှူပြီးစွန့်ပစ်

ထိုလှူဖွယ်များကို ညဉ့်ဦးက ရှေ့တော်မှာ ပြင်ဆင်ထား၍ နံနက်စောစော၌ ဆွမ်းတော် ကပ်ကြ၏၊ မိုးလင်းသောအခါ ထိုဆွမ်းတော်ပွဲများကို ကျေးရွာများ၌ (စားချင်သူ စား သဘောထား၍) စွန့်ပစ်ကြ၏၊ မြို့များ၌ကား တချို့ကို စွန့်ပစ်၍ တချို့ကိုကား ပြန်၍ ရောင်းစားကြသည်ဟု ကြားရ၏၊ ထိုဆွမ်းတော်ကြီး၌ မုန့်မျိုးစုံ သီးမျိုးစုံ ပြင်ဆင်ထားသည်မှာ ကြည့်ရှုဖွယ် ကောင်းပါပေ၏။

ကြက်ကောင်လုံးနှင့် ဝက်သားတုံးကြီးတွေကား (ဗုဒ္ဓသက်တော် ထင်ရှားရှိပါမူ) မည်သည့်နည်းနှင့်မျှ ခွင့်ပြုတော်မူမည် မထင်၊ တချို့လူများ နတ်တင်ပုံနှင့်လည်း ထွေးရောယှက်တင် ရှိလှ၏၊ မြန်မာလူမျိုးတို့ ဗုဒ္ဓကို မကိုးကွယ်ခင်က နတ်တင်နည်းကိုပင် ဗုဒ္ဓကို ကိုးကွယ်သောအခါ နေရာပြောင်းလဲလိုက်ခြင်းမျှသာ ဖြစ်လေရော့ သလားဟုလည်း အဓိပ္ပာယ်ထင်မိ၏။

ထို့ပြင် “မုန့်မျိုးစုံ သီးမျိုးစုံကို သံဃာတော်များ မသုံးစွဲရုံမက လူကြီး လူကောင်းများပင် မစားနိုင်ဘူး”ဟူသော ဝါဒမှာလည်း နတ်တင်ရာမှ စွဲလမ်းလာသောဝါဒပင် ဖြစ်မည်ထင်၏၊ ဘုန်းကြီး ခြောက်နှစ်သား အရွယ်လောက်က ဆွမ်းတော်ကြီး စွန့်နေရာတွင် ဝင်၍ ကောက်ယူနေသည်ကို ဘိုးဖြစ်သူက ကြိမ်းမောင်းမာန်မဲကာ (လက်ဖြင့် မထိကောင်းသလို) ကပျာကယာ အပစ်ခိုင်းလေသည်။

ဆွမ်းကြီးလောင်း

ထိုဘုရားပွဲ၌ ဆွမ်းကြီးလောင်းကြပုံလည်း (ကျေးရွာများအတွက်) ကိုယ့်အိမ်မှ မုန့်လုပ်ကြ ကြော်လှော်ကြ၍ ရှိသမျှ ဟင်းများကို စုပေါင်း ကျွေးမွေး လှူဒါန်း ကြရုံဆိုလျှင် တော်ပါသေး၏၊ ယခုသော် “မည်သည့်ရွာ၌ ဘုရားပွဲ အကြီးအကျယ် ရှိသတဲ့”ဟု ရက်ချိန်းကို သိကြသော အသား ရောင်းသူတို့က ထိုဘုရားပွဲ၌ ကျွေးမွေးလှူဒါန်းဖို့အတွက် နွား ဝက် ကြက်တို့ကို သတ်ဖြတ်ကြလေသည်၊ အရင်းစစ်လိုက်သော် “ဘုရားပွဲ ဆွမ်းကြီးလောင်းမှုကြောင့် သတ္တဝါများ သေကြရ၏”ဟု အကြောင်း အကျိုး ဆက်သွယ်နေရကား အကြီးအကျယ် ဆွမ်းလောင်းရာဝယ် နွား ဝက် ကြက် စသော သတ္တဝါတို့၏ လတ်ဆတ်သော အသား တို့ကို မပါစေဘဲ သက်သတ်လွတ်ဖြစ်စေ, ငါးကြော် ငါးခြောက်ဟင်း များဖြင့် ဖြစ်စေ လောင်းလှူသင့်၏၊ ဆွမ်း မုန့်များကိုလည်း စားလောက်ရုံ လောင်းလှူသင့်ပါသည်။

ဗုဒ္ဓရှင်တော်မြတ်သည် ရဟန်း သာမဏေတို့အား အသား စားခြင်းကို မတားမြစ်ပါသော်လည်း ၁-မိမိတို့အတွက် ရည်မှန်း၍ သတ်အပ်သော အသားဟု မျက်မြင်ဒိဋ္ဌဖြစ်ခြင်း၊ ၂-သူများပြောသံ ကြားခြင်း၊ ၃-တောကျေးလက်၌ မိမိရောက်မှ ကြက်သားဟင်း ချက်ကပ်လျှင် “ငါ့အတွက် တမင်တကာ သတ်တာလေလား”ဟု ယုံမှားသံသယဖြစ်ခြင်း ဤသုံးမျိုး မကင်းသောအသားကို မစားရဟု တားမြစ်တော်မူထား၏။

ထို ဆွမ်းကြီးလောင်းပွဲများ၌ ထိုသုံးမျိုးမှ ကင်းလွတ်သော အသားရဖို့ရာ ခဲယဉ်းလှ၏၊ တချို့ နားလည်သော ဒကာများလည်း ထိုအပြစ်မှ လွတ်အောင် အများရောင်းနေကျ စျေးကြီးသို့ သွား၍ စုဆောင်းဝယ်ယူကြလေသည်။

ပွဲလမ်းသဘင်နှင့်ကစားပွဲ

တန်ခိုးကြီးဘုရားဟု ထင်ရှားသော ဘုရားပွဲတိုင်းလိုပင် ဇာတ်ပွဲသဘင်များနှင့် အလောင်းအစား ကစားပွဲများ တွဲဖက်ပါဝင်နေသည်မှာ ဗုဒ္ဓအလိုတော်နှင့် လုံးဝ ဆန့်ကျင်နေသော စနစ်သာတည်း။

အကယ်၍ ဗုဒ္ဓရှင်တော် သက်တော်ထင်ရှား ရှိနေပါမူ ဇေတဝန် ကျောင်းတော်အတွင်း၌ ဤကဲ့သို့ ပွဲကျင်းပကာ ဗုဒ္ဓရှေ့တော်ဝယ် မင်းသား မင်းသမီး ဆိုသူတွေ သီဆိုကြ, လူပြက်တွေ ပြက်လုံးထုတ် ကြနှင့် ပူဇော်ခွင့် ရကြပါမည်လော၊ ဘုရားပွဲဟူသည်မှာ ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ရမည့်ပွဲတည်း၊ သို့ပါလျက် ဘုရားကို သတိ မရကြဘဲ ဘုရားကို အနားထား၍ ပျော်ရွှင်ကြခြင်း, ပွဲကြည့်ရာမှ ကစားဝိုင်းမှ ရန်ပွဲဖြစ်ကြသဖြင့် သေကျေကြ, ရုံရောက်၍ ငွေကုန် လူပန်း ဖြစ်ကြခြင်းကား ရိုင်းစိုင်းသော လူမျိုးဖြစ်ကြောင်းကို ဝန်ခံရာ ကျလှ၏။

အိန္ဒိယ ဟိန္ဒူလူမျိုးတို့၏ ဝတ်တက်ပွဲ ဘုရားပွဲများ၌ မဟတ္တမ ဂန္ဒီကြီးက ငြိမ်းချမ်းသာယာမှု တရားရေအေး တိုက်ကျွေးကြောင်းကို (သတင်းစာ၌) ဖတ်လိုက်ရသောအခါ ဘုန်းကြီးတို့ ဘုရားပွဲတွေကို ကြည့်၍ ဝမ်းနည်းမိပါတော့သည်၊ ထို့ကြောင့် အနာဂတ်ကာလ၌ ဘုရားပွဲကို အစိုးရနှင့်တကွ ရဟန်းတော် အရှင်မြတ်တို့ ပြုပြင်ပေးရန် လေးနက်စွာ တောင်းပန်ပါသည်။

ဘုရားပွဲပြုပြင်ရေး

ကဆုန်လပြည့်စသည်၌ ဗုဒ္ဓအထိမ်းအမှတ်ပွဲဖြစ်စေ, မိမိတို့ရပ်ရွာ စေတီဆင်းတုတော်ပွဲ ဖြစ်စေ သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်စူးပြုလုပ်ကြရ မည်သာတည်း၊ ထိုအခါ နေရာထိုင်ခင်းကို သပ်ရပ် သားနားစွာ ခင်းကျင်း၍ ဝင်းထိန်နေအောင် ဆီမီးပူဇော်ခြင်း, ပန်းမျိုးစုံပူဇော် ခြင်း, စိမ်းစိုသော သစ်ပင် (ငှက်ပျောပင်, ရွက်လှပင်)များနှင့် သစ်သီး မျိုးစုံ, မုန့်မျိုးစုံများကို (နံနက်ဆက်ကပ်ရန်) ပြင်ဆင်ထားခြင်း, (သား ငါးစသော ဟင်းများ မပါစေရ။)

ဤသို့ ပြင်ပြီးလျှင် ပထမအချိန်၌ အမျိုးသမီးများက ဓမ္မစကြာ အနတ္တလက္ခဏ မဟာသမယသုတ် သတိပဋ္ဌာန်စသော တရားတော် များကို သာယာကြည်နူးဖွယ် ရွတ်ဆိုသင့်သည်၊ ဒုတိယအချိန်၌ (ရနိုင်လျှင်) ဓမ္မကထိကအကျော်အမော်တို့ကို ပင့်ဖိတ်၍ ဗုဒ္ဓဂုဏ် တော်တို့ကိုသာ များစွာ ဟောပြောစေသင့်၏၊ ဟထိုဘုရားပွဲ၌ လှူဖွယ် ပစ္စည်းများ မပါစေရ၊“ တတိယအချိန်၌ လူငယ်ပိုင်းက ဗုဒ္ဓဂုဏ် တော်ဖွဲ့ဖြစ်သော တရားဂီတတို့ကို သီဆို၍ စန္ဒရား စသည်တို့ကို (အငှားလိုက် ပိုက်ဆံရ မဟုတ်ဘဲ သဒ္ဓါတရား သက်သက်ဖြင့်) သာယာငြိမ့်ညောင်းစွာ တီးမှုတ်သင့်၏။

မကြာမီက ဝက်လက်နယ် ညောင်ပင်ကြီးတော ဝိနည်းစာပြန် ပွဲသို့ သွားခဲ့ရာ သီတင်းသုံးဖော်များနှင့်အတူ နံနက်စောစော ဆွမ်းစားနေတုန်း ဗြုန်းခနဲ အနားလာ၍ ဓာတ်စက်ဖွင့်၏၊ မဖွင့်ဖို့ရန် တားမြစ်မည်ဟု နှုတ်က ထွက်ခါနီး…“မေတ္တာဓာတ်နှင့် ဗုဒ္ဓမြတ်စွာ” ဟူသော အသံကို ကြားရသဖြင့် မတားနိုင်ဘဲ ဂရုစိုက်၍ နားထောင်ရာ အောင်ခြင်းရှစ်ပါးသီချင်းဖြစ်၍ ဝမ်းမြောက်စွာဖြင့် သီချင်းရှင်နှင့် ဓာတ်ပြားကုမ္ပဏီကို ချီးမွမ်းမိပါသည်၊ ထိုသီချင်းမျိုးကား တဏှာ လောဘ ကိလေသာစိတ်ကို မဖြစ်စေဘဲ ကုသိုလ်စိတ်ကိုသာ ဖြစ်စေပါသည်၊ ထို့ကြောင့် ဘုရားပွဲများ၌ ထိုကဲ့သို့ သီချင်းများဖြင့် ဗုဒ္ဓ ဂုဏ်တော်ဖွဲ့နွဲ့ရုံသာမက ထိုကဲ့သို့ အသံကောင်းသော အမျိုးသား အမျိုးသမီးများက ဗုဒ္ဓဂုဏ်တော်ကို ကိုယ်တိုင်နားလည်အောင် လေ့လာ၍ အကျယ်တဝင့် စကားဖြင့် ပြောကာ ဂီတများကို ရွတ်ဆို တီးမှုတ်သင့်ပါသည်။

ဤနည်းဖြင့် ညအချိန် ပူဇော်ပွဲကို ရုတ်သိမ်း၍ နံနက်စောစော အရုဏ်တက်၍ သံဃာတော်များကိုပါ ပင့်ပြီးလျှင် ဘုရားအတွက် လည်း တစ်ပွဲစာ သက်သက် ပြင်၍ ဆွမ်းတော်ကပ်ခြင်း, [ထို ဆွမ်းတော်ကပ်ရာ၌လည်း ဗုဒ္ဓဂုဏ်တော်ဖွဲ့များကို တီးမှုတ်နိုင်ပါသည်၊] ဘုရားမှ ပိုလျှံသည်ဟု ယူဆရသော မုန့်များကို အမှန် ဝေယျာဝစ္စပြုသူတို့ စားကောင်းပါ၏၊ သာ၍ ပိုလျှင် ရဟန်းတော် များအား ကပ်လှူခြင်း, ဖုန်းတောင်းယာစကာတို့အား စွန်ကြဲခြင်းတို့ဖြင့် အထူး ကုသိုလ်ရသော ဘုရားပွဲကို နွှဲကြဖို့ရန် တောင်းပန် ပါသည်၊ ယခုအခါ မန္တလေးမြို့ဝယ် တချို့ ဆွမ်းတော်ကြီးများကို ဘိုးဘွားရိပ်သာများသို့ သွား၍ တစ်ဆင့် လှူဒါန်းကြသည်ဟု ကြားရ၏၊ ကောင်းသောစနစ်ပင် ဖြစ်ပါပေသည်။

သီတင်းကျွတ်ပွဲများအပြစ်

အခါမကောင်းပုံ

မြို့ကြီး မြို့ငယ် အနယ်နယ်တို့၌ သီတင်းကျွတ် သောအခါ ကထိန်ပွဲ ဘုရားပွဲ ဆွမ်းတော်ကြီး လောင်းပွဲ စသည်ဖြင့် ဘာသာရေးဆိုင်ရာ အလှူပွဲတွေ များပြား လှ၏၊ ထိုပွဲများ၌ ဇာတ် အငြိမ့် ရုပ်သေး စသော ပွဲသဘင်များလည်း ပါဝင်ကြ၏၊ ထိုသို့ ဖြစ်ရာ၌ ဘာသာရေးတွင် ပျော်ပွဲရွှင်ပွဲများ ပါဝင်ခြင်း၏အပြစ်ကို ပြခဲ့ပြီ၊ ကထိန်ပွဲစသည် ကျင်းပရာအခါသည် နောက်မိုးကောင်းကောင်း ရွာသွန်းတတ်ရာ ဥတုပြောင်း၍ ဆောင်းဝင်တော့မည့် အချိန်အခါ ဖြစ်၏၊ ထိုကဲ့သို့ ဥတုပြောင်းချိန်၌ကား ရိုးရိုးသားသားနေထိုင်သူတို့ပင် ဖျားနာတတ်ကြသေး၏၊ ကျန်းမာရေး ကျမ်းစာတို့၌ ဥတုပြောင်းမည့် တန်ဆောင်မုန်းလအခါကို“ယမဒါဋ္ဌာ-ယမမင်း၏ အစွယ်ထက်မြက်ရာအခါ”ဟု ခေါ်၏၊ ထိုအခါ၌ ဖျားနာ နေလျှင် သာ၍ ဂရုစိုက်ရမည့်အခါ သေလွယ်တတ်သောအခါဟု ဆိုလိုသည်။

လူဆင်းရဲပရိသတ်

ပွဲကြည့်ကြသူများတွင် မိမိတို့အိမ်၌ သာယာပျော်မွေ့စွာဖြင့် နေထိုင်ကြသော အထက် တန်းစား သားသမီး လူကြီးလူကောင်းများ နည်းပါးလှ၏၊ သူတို့ကား ပွဲစျေးတန်းလျှောက်ရုံသာ လာတတ်ကြလေသည်၊ တစ်ညလုံး မိုးလင်းထိအောင် ပွဲကြည့်သူတို့မှာ အဆင်ခြင် နည်းပါးသူ, မိမိတို့ အိမ်တွင် ပျော်ရွှင်စွာ မနေရသူ လူဆင်းရဲများသာ ဖြစ်တတ်ကြသည်၊ နဂိုကပင် တွေ့ကရာ စား၍ ဖြစ်သလို ကြီးပွားရသော ထိုလူဆင်းရဲ အများသည် တစ်ညလုံး အအေးခံ၍ ကောက်ညှင်းပေါင်း ဗယာကြော် စသော အစာကြေခဲသော အစာများကို စားလျက် ပွဲအရသာကို မြိန်မြိန်ရှက်ရှက် ခံစားပြီးနောက် တချို့မှာ အလုပ် မလုပ်လျှင် စားစရာ မရှိ၍ အလုပ်ဆင်းရတော့၏၊ ညက အိပ်ရေး ပျက်ခဲ့၍ နေ့အချိန်၌ အားရအောင် မအိပ်ရ, တစ်ညလုံးလည်း အအေးမိ၏၊ မိုးအေး ဆောင်းအေးနှင့် လေအေးကလေး ရောထွေး လာသောအခါ အိမ်ကလည်း (တချို့မှာ) ကောင်းစွာ မလုံချေ၊ ထိုသူတွေ၏ ကျန်းမာရေးကား ဘယ်သို့ နေရှာကြမည်နည်း။

မမာမကျန်းဖြစ်လျှင်

ထိုပွဲကြည့်များသော လူဆင်းရဲတစ်စုသည် တကယ်လို့များ မကျန်းမမာဖြစ်ကြပါလျှင် ဆေးဆရာကောင်းကောင်းလည်း မခေါ်နိုင်ကြ၊ ဆွေမျိုးဉာတိ ရင်းနှီးသူတွေ မှိုင်တွေချ၍ သေဖို့သာ ပြင်ကြရတော့သည်၊ ထိုကဲ့သို့ အသေအပျောက် များလာလျှင် “ဘယ်မြို့ ဘယ်ရပ်ကွက်၌ ပလိပ်ကပ်ရောဂါဖြစ်သတဲ့”ဟု ဟုတ်ဟုတ် မဟုတ်ဟုတ် သတင်းဖြစ်လာ၏၊ ထိုအခါ အိမ်ကြီးရှင် ပစ္စည်းရှင်တွေလည်း အလုပ်အကိုင်ထိခိုက်လျက် ရတက်မအေးနိုင်ကြန်တော့ပြီ၊ လူဆင်းရဲ သားသမီး ဆယ်ယောက် သေနေသော်လည်း မတုန်လှုပ်သော ရပ်သူရွာသားတို့မှာ လူရတတ် သားသမီး တစ်ယောက် ပျက်စီးသောအခါ ကမ္ဘာမီး တောက်မလောက် အကြောက်ပိုကာ ဟိုရွှေ့ သည်ပြောင်းနှင့် ဗလောင်ဆန် ဆူပွက်၍ ပြည်ပျက်သလို ဖြစ်သွားတတ်လေ၏၊ ထို့ကြောင့် “ဘာသာရေးများ၌ အပျော်အပါး ကစားပွဲများ မပါ အောင် အနာဂတ်ကာလ၌ အစိုးရကိုယ်တိုင် ဇိကုတ်၍ နတ်ပြည် တင်ကောင်းပါရဲ့”ဟု မျှော်လင့်ရတော့သည်။

ဥပုသ်စောင့်

ဘာသာရေးကိစ္စများကို ပြုပြင်ရာ၌ ယခုခေတ် ဥပုသ်စောင့်ပုံများကိုလည်း စဉ်းစားထိုက်၏၊ ကျေးရွာများ၌ ဥပုသ်စောင့်ဖို့ ကျောင်းသို့ လာပြီးနောက် သီလ မယူသေးမီ ရောက်တတ်ရာရာ စကားကိုသာ ပြောကြ၏၊ သီလ ယူပြီးသောအခါ အိမ်ပြန်ထမင်းစားပြီးလျှင် လူကြီးများ ကျောင်း ဘုရား ဇရပ်သို့ ပြန်လာကြ၍ အိပ်သူ အိပ်, ထွေရာလေးပါး စကား စမြည် ပြောသူက ပြောကြသည်၊ တရားစကားပြောသူ, တရားစစ် တရားမှန်ကို နာခံဆွေးနွေးမေးမြန်းသူကား ရာခိုင်နှုန်း ဆယ်ယောက် ထက် များမည် မဟုတ်ချေ၊ မြို့ကြီး ပြကြီး၌ကား သာ၍ ဆိုးရွား လှသော အချက်ရှိ၏၊ ဝါတွင်းကာလများ၌ ဥပုသ်နေ့များမှာ သက်သတ်လွတ် ဆားဟင်းလောက်ကိုသာ စားသောက်၍ ဥပုသ် စောင့်ထိုက်ပါလျက် ယခုအခါ၌မူ အဖိတ်နေ့၌ နွား, ဝက်, ကြက်တွေ ပို၍ သေကြရရှာလေသည်။

ထိုအသားများကို ဝယ်ယူချက်ပြုတ်ကြပြီးလျှင် ဥပုသ်နေ့၌ အသိုက်အဝန်းကောင်းနှင့် မိမိတို့ နီးစပ်ရာ ကျောင်း, ဇရပ်, ဘုရားသို့ တပျော်တပါး သွားရောက်၍ စားသောက်ကြလေတော့၏၊ ထိုကဲ့သို့ ဥပုသ်စောင့်ပုံမှာ ပျော်ပွဲစားထွက်ခြင်း တစ်မျိုးတည်း၊ “အချို့သော အမျိုးသမီးကလေးများလက်၌ လောကီဝတ္ထုစာအုပ်များပင် အဆင်သင့် ပါလာတတ်ကြသော”ဟူ၏၊

ထိုမှတစ်ပါး စကားပြောကြ, အိပ်မောကျကြ, အပျော်အပါး အသံကောင်းသော တရားကို ရွေး၍ နာကြသည်မှာ ကျေးရွာများ၌ ထူးမခြားနားပင်၊ ဤကား လူတိုင်း မဟုတ်သော်လည်း တစ်ရာလျှင် ကိုးဆယ်သော လူထု၏ ဥပုသ် စောင့်ပုံနည်းတည်း၊ [နည်းလမ်းကျသော ဥပုသ်စောင့်ပုံကို ရတနာ့ ဂုဏ်ရည်၌ ညွှန်ပြခဲ့ပါပြီ။]

လက်ထပ်မင်္ဂလာ

လက်ထပ်မင်္ဂလာသည် ဘာသာရေးနှင့် မဆိုင်သော်လည်း တိုင်းသူပြည်သားတို့ အကုန်အကျ များ၍ မွဲနေလျှင် ဘာသာရေး သာသနာရေးပါ အနှောင့်အယှက် ဖြစ်တော့၏၊… ထို့ကြောင့် လက်ထပ်မင်္ဂလာ အကြောင်းများကိုလည်း ထည့်သွင်းပြဦးမည်၊ ကောင်းကျိုးချမ်းသာ ရခြင်း၏ အကြောင်းဟူသမျှကို “မင်္ဂလာ”ဟု ခေါ်၏၊ အလွန်ကြွယ်ဝ ချမ်းသာသူတို့၏ လက်ထပ်ပွဲ၌ အကုန်အကျများစွာ ခံလိုက်သော်လည်း သူတို့မှာ မထောင်းတာပေ၊ မှန်မှန်ကြွယ်ဝသူ ဆင်းရဲသူတို့၏ (တစ်ဖက်နှင့် တစ်ဖက် မျက်နှာရအောင်) အကုန်အကျ များစွာ ခံလိုက်ခြင်းကား နောင်ခါ စီးပွားရေး၌ အရင်းအနှီး ဆုတ်ယုတ် သွားသဖြင့် အမင်္ဂလာ ဖြစ်လေသည်၊ လက်ထပ်ပွဲ၌ လာရောက် သူတို့က လက်ထပ်ပွဲ၏ ကြီးကျယ်ခမ်းနားမှုကို ချီးမွမ်းကြသော်လည်း နောင်ခါ ခမ်းနားစွာလက်ထပ်ခဲ့ကြသူတို့ ဆင်းရဲနေကြလျှင် မည်သူမျှ အဖက်လုပ်ချင်ကြမည်မဟုတ်၊ ထို့ကြောင့် လက်ထပ်ပွဲ၌ လူကြီး သူမ တော်သင့်ရုံဖိတ်၍ လက်ထပ်လိုက်ခြင်းသာလျှင် အကုန်အကျ နည်း၍ နောင် စီးပွားရေးကောင်းဖို့ရာ မင်္ဂလာ ဖြစ်ပေလိမ့်မည်။

လက်ထပ်ပြီးနောက် နေထိုင်ရေး

လက်ထပ်သူများလည်း တစ်ဖက်ဖက် မိဘအိမ်၌ အတော်ကြာကြာ နေနိုင်ဖို့ အရေးကြီး၏၊ ဤနေရာဝယ် ဘုန်းကြီးတို့ ဆွေမျိုး များ၏ (ရှေးခေတ်က) ထုံးစံတစ်ခုကို ဖော်ပြလိုပါ၏၊ လက်ထပ် ပြီးနောက် အိမ်သီးခြားမခွဲသေးဘဲ မိဘတစ်ဦးဦးထံမှာ အတော် ကြာကြာပင်နေကြ၏၊ အချို့ကား အဝတ်လည်း ဆင်၏၊ အလုပ်ကိုလည်း အတူ လုပ်စေ၏၊ ထို့ကြောင့် သူတို့မှာ စားစရိတ် မကုန်၊ လုပ်ကိုင်၍ ရသမျှကို စုမိလေ၏၊ မိဘတို့မှာလည်း နဂိုက ကျွေးထား ရသော တစ်ယောက်ထက် နောက်တစ်ယောက်တိုးရုံမျှဖြင့် ထူး၍ ဝန်မလေးကြ၊ လက်ထပ်တုန်းက လက်ဖွဲ့လိုက်ကြသော ငွေဖြင့် စပါး နှမ်း စသည် ဝယ်ထား၏၊ အရှုံး မရှိ၊ အမြတ်ကြီးနှင့် အမြတ်ကလေးပင်၊ နှစ်နှစ် သုံးနှစ်ကြာသော် စပါးလေးရာ ငါးရာ စသည် စုမိကြလေ၏၊ ဤနည်းဖြင့် တိုးတက်လာရာ အရွယ်ကောင်းတုန်းအချိန်မှာ အမွေတချို့ ရပြန်သဖြင့် လူရတတ်ကလေးတွေ ဖြစ်နေပြန်တော့၏၊ ထိုရှေးက အသောက်အစား အကစား မရှိကြသဖြင့် ဆွေမျိုးထဲ၌ ဆင်းရဲသူ နည်းပါးခဲ့၏၊ ယခုကား ထိုသို့ မဟုတ်တော့ချေ။

ရဟန်းတော်များ ပြုပြင်နိုင်ပုံ

လွတ်လပ်ပြီးသော မြန်မာပြည်ကို ကမ္ဘာပေါ်တွင် လူချင်းတူအောင် မြှင့်တင်ရာ၌ တိုင်းပြည်ခေါင်းဆောင် လူဝတ်ကြောင်များ ချည်း ပြုပြင်နေရုံဖြင့် မြန်ဆန်လှမည် မဟုတ်၊ ရဟန်းတော်များကလည်း မိမိစွမ်းနိုင်ရာဘက်က တိုင်းသူပြည်သားများကို ပြုပြင်ပေးသင့်ကြ၏၊ ရှင်းပြဦးအံ့… မြန်မာပြည်ရှိ လူဦးရေတွင် ရာခိုင်နှုန်း (၉၀)သည် ကျေးလက်များ၌ နေထိုင်ကြသူများဟု ဆို၏၊ ထိုကျေးလက်သားတို့သည် အများအားဖြင့် ရဟန်းတော်များ၏စကား ကို လိုက်နာကြ၏၊ ထို့ကြောင့် ပထမဆုံး ရဟန်းတော်များ၏ အရည်အချင်းကို (ညွှန်ပြခဲ့သော စာသင်တိုက်တို့ဖြင့်) မြှင့်တင်၍ ရွာတိုင်း ရွာတိုင်း၌ ဘုန်းကြီးကောင်း ရှိနေပါလျှင် ထိုရွာသူရွာသား တို့ အမြန်ဆုံး အသိဉာဏ်တိုးပွားပါလိမ့်မည်။

မှန်၏၊…

၁-ကျောင်းဘုန်းကြီး ကောင်းခြင်း၊

၂-ရွာသူကြီး ကောင်းခြင်း၊

၃-ဆေးဆရာ ကောင်းခြင်း၊

ဤသုံးမျိုး ရှိလျှင်ပင် နေချင်စရာကောင်းသော တိုးတက်လမ်းရှိသော ရွာတစ်ရွာ ဖြစ်နိုင်၏၊ ဆေးဆရာမရှိလျှင် အသေအပျောက်နှင့် ရောဂါများဖွယ် ရှိသောကြောင့် ဆေးဆရာကောင်းရှိခြင်းကို ရွာ၏ဂုဏ်အင်္ဂါဟု ထည့်လိုက်ပါသည်၊ ဆေးဆရာဟူရာ၌ တစ်ယောက်သာမက ဆရာဝန်ဆိုင်ရာနှင့် ဝမ်းဆွဲဆရာမများပါ (နှစ်ရွာ သုံးရွာမှာ တစ်ယောက်ကျ ရှိသင့်၏၊) ထိုဆရာများလည်း လူကောင်းသူကောင်းစိတ်ရှိ၍ ရွာ၏မိဘသဖွယ် ဖြစ်နိုင်မည့်သူကိုသာ အစိုးရလခနှင့် ထားသင့်၏၊ ကျောင်းဘုန်းကြီးနှင့် ရွာသူကြီးတို့ကား ညွှန်ပြမည့် အချက်များ၌ အရေးတကြီး ပြုပြင်ကြရပါလိမ့်မည်။

ကျေးရွာပြုပြင်ရေး

ရွာတိုင်း ရွာတိုင်း၌ ကျောင်းထိုင်ပုဂ္ဂိုလ်နှင့် ရွာသူကြီးကောင်းများ ရရှိလျှင် ထိုပုဂ္ဂိုလ် နှစ်ဦးလုံးပင် တစ်ရွာလုံး၏ မိဘလည်းဟုတ်, ဆရာလည်းဟုတ်သော အခြေအနေ၌ တည်ရှိစေ၍ ရွာသူရွာသားတို့၏ စီးပွားရေး ကျန်းမာ ရေး လိမ္မာရေး တတ်သိနားလည်ရေးများအတွက် တာဝန်ခံများ ဖြစ်စေသင့်၏၊ [ရွာသူကြီးသည် သူ့အတွက် စီးပွားရေးလုံလောက်သူ ဖြစ်သင့်၏၊]

ကျေးရွာပြုပြင်ရမည့်ကိစ္စများကား…

၁။ အိမ်ဆောက်ပုံ, လူသွားလမ်း, လှည်းသွားလမ်း ထားပုံမှ စ၍ ရွာကို ဖုန်မထူစေဘဲ လှပသောရွာ ဖြစ်စေရန်၊

၂။ ရေတွင်းရေကန်များ၌ တစ်နှစ်ပေါက်အောင် လုံလောက်စွာ ရေရရှိစေရန်၊ [အဝီစိတွင်းရှိလျှင် ကောင်း၏၊]

၃။ အစားအသောက် အနေအထိုင်မှစ၍ အများကျန်းမာရေးနှင့် ဆန့်ကျင်သောအရာများကို တားဆီးပေးရန်၊

၄။ ရဟန်းတော်ကျောင်း အပြင် မူလတန်း တစ်ကျောင်း … လူဝတ်ကြောင်ဆရာများ အုပ်ချုပ်၍ တည်ရှိစေရန်၊ [ ရွာငယ် လျှင် နှစ်ရွာ သုံးရွာ ပေါင်းနိုင်၏၊ တစ်နည်းသော်-ယောက်ျား ကလေးများကို ဘုန်းကြီးကျောင်း၌ နေစေ၍ မိန်းကလေး သက်သက် စာရေး စာဖတ်နှင့် အတွက်တတ်ရုံမျှ ရှေးလူကြီး သူမတို့က သင်ပြသင့်၏၊]

၅။ စာသင်ချိန်ရောက်သူတိုင်း မသင်မနေရဟု ပညတ်ရန်၊

၆။ (လူရတတ်မဟုတ်သော) သာမန်လူတိုင်း အိမ်တိုင်း၏စီးပွား ရေး အခြေအနေကို ရွာလူကြီးများ ခန့်မှန်းသိရှိနိုင်ရန်၊

၇။ ကြွေးကင်းနိုင်သမျှ ကင်းအောင် အသုံးအစွဲ ချွေတာရန်၊

၈။ ဖဲဝိုင်း ကြက်ဝိုင်း ထန်းရည်ဆိုင် အရက်ဆိုင်များ မရှိစေရန်၊

၉။ ရာဇဝတ်မှု တရားမမှုများ အလွန် နည်းပါးစေရန်၊

၁၀။ အကြောင်းအားလျော်စွာ ပေါ်လာပြန်လျှင် ဘုန်းတော်ကြီးနှင့် သူကြီး ရွာလူကြီးတို့က ဟောပြော ဖျန်ဖြေပေးရန်၊

၁၁။ ရာဇဝတ်မှုကင်းအောင်လည်း ထိုပုဂ္ဂိုလ်များက မကြာခဏ ဟောပြော ဆုံးမပေးရန်၊

၁၂။ စုပေါင်း၍ ဖြစ်နိုင်သမျှ ရောင်းဝယ်လုပ်ကိုင်မှု၌ စုပေါင်း လုပ်ကိုင်ကြရန်၊

၁၃။ ကျန်းမာရေး၌လည်း ခြင်းလုံးခတ်ခြင်း, ဘောလုံးကန်ခြင်း, မိန်းကလေးများက ဖော့လုံးကြက်တောင်ရိုက်ခြင်း, ထုပ်ဆီး ခြင်း စသည်ဖြင့် အမြဲလေ့လာရန်၊

၁၄။ အဆင်အပြင်၌လည်း (ပွဲလမ်းသဘင်ကြုံလျှင်) မြို့သူမြို့သား များနှင့် ကျေးရွာသူ ကျေးရွာသားတို့ ကွဲပြားခြားနားခြင်း မရှိ လောက်အောင် ပြုပြင်တတ်၍ နေ့စဉ်နေ့တိုင်းလည်း အလုပ် လုပ်ချိန်မှတစ်ပါး အားလပ်ချိန်၌ သပ်သပ်ရပ်ရပ် နေလေ့ ရှိကြစေရန်၊

၁၅။ မိန်းမတို့၏ ချက်ပြုတ်ခြင်းအတတ်, အိမ်မှုထိန်းသိမ်းနည်း အတတ်ကိုလည်း ကျောင်းများ၌ သင်ခန်းစာအဖြစ်ဖြင့် (မူလတန်း လူဝတ်ကြောင်ကျောင်းမှာပင်) သင်ပြပေးရန်၊

၁၆။ လက်ထပ်ထိမ်းမြားချိန်၌ (ဆင်းရဲသူများဖြစ်လျှင်) ရပ်ရွာ လူအားလုံးကပင် ဝိုင်းဝန်း၍ ချီးမြှောက်ကြရန်၊

၁၇။ ထိုအိမ်ထောင်သစ်သည် ဒီဘဝ၌ ကြွေးတင်သူ မဖြစ်ဖို့ရန် လုံ့လဝီရိယရှိအောင် ဩဝါဒပေးကြရန်။

၁၈။ သုမင်္ဂလ ဒုမင်္ဂလကိစ္စ၌ ညီညာဖြဖြ ဝိုင်းဝန်းကူညီကြရန်၊ ဤသို့ စသည်ဖြင့် ပြုပြင်ရေးကို ရွက်ဆောင်သင့်ပါသည်။

လောကနိဗ္ဗာန် ရွာကလေး

အနာဂတ်သာသနာရေး တစ်ကျမ်းလုံး ပြီးဆုံးခါနီးဝယ် ပညာရေးဝန်ကြီးစောစံဘိုးသင်ပြောသော စကား၌ ကပ္ပလီရွာကလေးသည် မြန်မာပြည် တစ်ပြည်လုံးက အတုယူထိုက်သော ရွာကလေး ဖြစ်ပါတယ်၊ ထို ရွာမှာ ခိုးသား ဓားပြ မရှိပါ၊ အိမ်တံခါးဖွင့်ပြီး အိပ်နိုင်ပါတယ်၊ ရွာသားအချင်းချင်း ဆက်ဆံပေါင်းသင်းမှု အထူးရှိတယ်၊ စျေးဆိုင်မှာ ရောင်းသူမရှိတဲ့အခါ အဝယ်လာလျှင် ဝယ်သူက ချိန်တွယ်ပြီး ကျသင့်သော ပိုက်ဆံကို ထားခဲ့ပါတယ်။

ထိုရွာကလေးသည် ၁၉၂၈-ခု (ခရစ်သက္ကရာဇ်)နှစ်က “ဘီရှော့” မည်သော အင်္ဂလိပ်ခရစ်ယာန်ဘုန်းကြီး နေထိုင်သွား၍ ထိုဘုန်းကြီးကပင် ပြုပြင်ပေးသွားပါတယ်၊ တစ်ယောက်နှင့် တစ်ယောက်…ငြူစူခြင်း စောင်းမြောင်းခြင်း (ပါဠိလို ဣဿာ) မရှိကြပါ၊ ယခုအခါ ထိုရွာသူရွာသားတို့ သမဝါယမနည်းကို ထွင်လိုက်ကြပြန်ပြီ၊ သုံးအိမ် ထောင်စုပေါင်း၍ ထမင်းတစ်အိုးတည်း ချက်ကြပါတယ်၊

(ထင်း ရေစသည် အကုန်သက်သာ၍ အိမ်သူ သုံးယောက်ကုန်မည့်နေရာမှာ တစ်ယောက်တည်းသာ ကုန်ပါတော့တယ်၊) ထိုကဲ့သို့ ဖြစ်လာတာကို မေးတော့… “ကျွန်တော်တို့ စိတ်ပြောင်းသွားကြပြီ၊ နောက်ကို လူတွေရဲ့စကားကို (နိုင်ငံရေးသမားကို ဆိုလိုဟန် တူသည်၊) နား မထောင်တော့ဘူး၊ ဘုရားစကားကိုသာ နားထောင်ကြန်တော့မယ်၊ လူတွေရဲ့စကားကို နားထောင်လျှင် ကျုပ်တို့လူတွေ ပဋိပက္ခ (ဆန့်ကျင်ဘက်) ဖြစ်ကြလိမ့်မယ်”ဟု ပြောကြပါတယ်။

မှတ်ချက်။ ။ ဤရွာကလေး၏ ထူးခြား ကောင်းမွန်ပုံကို အထူးချဲ့ထွင် ရေးသားဖွယ် မလိုတော့ပါ၊ အင်္ဂလိပ်ခရစ်ယာန်ဘုန်းကြီးက ပြုပြင်ပေးသွားတယ်ဆိုရာ၌မူ ယဉ်ကျေးသိမ်မွေ့မှု အရာဝယ် အထက်တန်းအကျဆုံးဟု ဂုဏ်ယူနေကြရသော ဗုဒ္ဓ ဘာသာကို လက်ကိုင်ပြုကာ ဆရာသမား အနေထား၍ အကိုးကွယ် ခံနေကြရသော ဘုန်းကြီးတို့အတွက်ကား ရှက်ဖို့လည်း မဟုတ်၊ ဝမ်းနည်းဖို့လည်း မဟုတ်၊ အားကျဖို့သာ ဖြစ်ပါပေသည်၊ အနာဂတ် ကာလ၌ ဘုန်းတော်ကြီးများသည် လောကကြောင်း ဓမ္မကြောင်း ကောင်းသည်ထက်ကောင်းသော နည်းကိုသာ ရပ်သူ ရွာသား တိုင်းသူ ပြည်သားတို့အား ညွှန်ပြသင့်ကြပါသည်။

တောရောမြို့ပါ ပြုပြင်ရေး

ပြခဲ့သော နည်းများဖြင့် အချိုးအစားကျအောင် ပြုပြင်ရုံတွင်မက တစ်နှစ်တစ်ခါ, နှစ်နှစ်သုံးနှစ်တစ်ခါ စသည်ဖြင့် လူငယ် လူရွယ်များကို မြို့သို့ တလုံးတစည်းတည်း ကားကြီးများဖြင့် (ရေလမ်းဖြစ်လျှင် လှေကြီး များဖြင့်) ခေါ်သွားပြီးလျှင် ရက်အတော်ကြာအောင် (ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်နေထိုင်ကာ) မြို့သူမြို့သားတို့ နေထိုင်ရေး စားသောက်လုပ်ကိုင်ရေးများကို လက်တွေ့ပြသင့်၏၊ ဥပမာ-ရွှေဘို နယ် ကျေးရွာဖြစ်လျှင် မကြာခဏ ရွှေဘိုမြို့၏ အနေအထိုင်ကိုပြ, ထို့နောက် မန္တလေး, ထို့နောက် ရန်ကုန်ကို ပြသင့်၏၊ ကျေးရွာနေသူများသာ မဟုတ်သေး၊ မြို့ကလေးနေသူများကိုလည်း ထိုနည်းအားဖြင့် မြို့ကြီးများသို့ ခေါ်ယူပြသသင့်၏၊ နိုင်ငံတွင်းဝယ် ချင်းတောင် ရှမ်းပြည် စသည်သို့လည်း တစ်ရံတစ်ခါ အများ စုပေါင်း၍ သွားရောက် ကြည့်ရှုသင့်၏၊ ကိုယ့်နိုင်ငံသာမက အိန္ဒိယ သီဟိုဠ် အင်္ဂလန် အမေရိကန် စသော တိုင်းတစ်ပါးသို့လည်း အစိုးရက သင်္ဘောစင်းလုံး ရှာပေး၍ တော မြို့အားလုံးမှ လိုက်နိုင်သူ ဓနရှင် တို့ကို (သူတို့စရိတ်ဖြင့် လိုက်စေကာ သင်္ဘောပေါ်မှာပင် ချက်ပြုတ် စားသောက်၍) ခေါ်ယူပြသင့်၏။

ဤနည်းသည် ဆန် ဆီ ငါးပိ ကြက်သွန် ငရုတ် စသည်များကို မိမိတို့၏ နေရင်းအရပ်မှ ယူသွားနိုင်သဖြင့်လည်းကောင်း, အားလုံး စုပေါင်း၍ ကားစသည်ကို ငှားရသဖြင့်လည်းကောင်း အမှန် အကုန်အကျလည်း နည်း၏၊ ပျော်ရွှင်စရာလည်း ကောင်းလှ၏၊ ဒေသန္တရ ဗဟုသုတ ရကြသဖြင့် လူရည် အတော်ဝလာကြလိမ့်မည်ဟုလည်းယူဆ၏၊ မြန်မာမင်းများလက်ထက် မြန်မာပြည် ဆုံးရှုံးခဲ့ရခြင်းသည် အကြားအမြင် နည်းပါး၍ (အ-န ထုံ ထိုင်း)ကြသောကြောင့်ပင် ဖြစ်၏၊ ထို့်ကြောင့် ဤနည်းကို ရပ်ရွာခေါင်းဆောင်အားလုံး စဉ်းစားသင့်ကြပါသည်။

လူများလည်းသာသနာပြုနိုင်ပုံ

သံဃာကွဲပုံ

ဘုရားလက်ထက်တော်၌ ကောသမ္ဗီမြို့ဝယ် ရဟန်းတစ်ပါး အာပတ်သင့်၏၊ သို့သော်လည်း သူ့ကိုယ်သူ အာပတ်မသင့်ဟု အယူရှိ၏၊ အခြားရဟန်းတို့က အာပတ်သင့်၏ ဟု အယူရှိကြလေသည်၊ ထို့ကြောင့် အခြားရဟန်းတို့က “ကိုယ်တော် အာပတ်သင့်နေပြီ၊ ထိုအာပတ်ကို ရှုပါ”ဟု ပြောသောအခါ “တပည့် တော် ရှုစရာအာပတ် မရှိပါ၊ (တပည့်တော် အာပတ်မသင့်ပါ)”ဟု ပြန်ပြောလေ၏။

ထိုအခါ အခြားရဟန်းတို့က ထိုရဟန်းကို (အာပတ် မရှုမှုကြောင့်) နှင်ထုတ်ကြကုန်၏၊ [ကံကြီး ကံငယ်ကိစ္စတို့၌ မပေါင်းသင်းရန် ဝိနည်းကံဖြင့် ကြဉ်ထားခြင်းကို “နှင်ထုတ်ခြင်း”ဟု ဆိုလိုသည်၊] ထိုနှင်ထုတ်ခံရသော ရဟန်းသည် စာတတ်ပုဂ္ဂိုလ်ဖြစ်ရကား သူ၏ ပြောပြချက်အရ သူ့ဘက်ပါနေသော (သူ့ကို မတရားသဖြင့် နှင် ထုတ်ကြသည်ဟု ယူဆနေသော)သံဃာလည်း အတော်များပြားလေရကား သံဃာနှစ်သင်းကွဲပြားကြလေ၏၊ တစ်ဖက်နှင့်တစ်ဖက်ဆဲရေး ကြ, သတ်ပုတ်ကြ၏၊ ဗုဒ္ဓရှင်တော်မြတ် တားမြစ်သော်လည်း မရချေ၊ ထို့ကြောင့် “သံဃာအား ဘုရား မဆန်သာ”ရကား ကိုယ်တော် တစ်ပါးတည်း ပါလိလေယျကတောသို့ ကြွ၍ ဝါကပ်တော်မူရ လေသည်။

လူအများက အကျပ်ကိုင်ပုံ

ဗုဒ္ဓရှင်တော်မြတ်သည် ဝါကျွတ်၍ ပါလိလေယျကတောမှ သာဝတ္ထိပြည်သို့ ကြွတော်မူလာ၏၊ ထိုအချိန်၌ ကောသမ္ဗီပြည် ဒါယကာတို့ စုဝေးတိုင်ပင် ကြသည်မှာ-“ကောသမ္ဗီပြည်၌ နေထိုင်ကြကုန်သော ဒီရဟန်းတွေ၏ နှောင့်ယှက်မှုကြောင့် ဗုဒ္ဓရှင်တော် အရပ်တစ်ပါးသို့ ကြွသွားတော် မူရတယ်၊ ကျွန်ုပ်တို့ကို ဘုရားမဖူးရအောင် ဒီကိုယ်တော်တွေ ပြုကြ တယ်၊ ကျွန်ုပ်တို့ အကျိုးမဲ့ကို ဒီကိုယ်တော်တွေ များစွာ ပြုရာရောက်တယ်၊ ဒီနေ့က စ၍ ကောသမ္ဗီပြည်ရဟန်းတို့အား ရှိခိုးမှု, သူတို့ လာလျှင် နေရာမှ ထပေးမှု, လက်အုပ်ချီမှု, ရိုသေမှုကို မပြုဘဲ နေကြစို့ရဲ့၊ ဆွမ်းလည်း မလောင်းဘဲ နေကြစို့ရဲ့၊ ဒီလိုနေလိုက်လျှင် ဘုရားရှင် ကျေနပ်အောင်သော်လည်း နေကြလိမ့်မယ်၊ အခြားတစ်ရပ်သို့သော်လည်း ရွှေ့သွားကြလိမ့်မယ်၊ လူသော်လည်း ထွက်ကြလိမ့်မယ်” ဤသို့ တိုင်ပင်ပြီးလျှင် ထိုအတိုင်း နေကြလေသည်။

သံဃာများညီညွတ်ပုံ

လူအများ အကျပ်ကိုင်ရာ၌ ရှိမခိုးခြင်းစသည်မှာ များစွာ အရေးမကြီးလှသော်လည်း ဆွမ်းမလောင်းခြင်းကား အတော်အရေးကြီး၏၊ ယနေ့ ဆွမ်း မရလျှင် ယနေ့ပင် ခက်ကြရတော့သည်၊ ထို့ကြောင့် ရက်များစွာ မကြာဘဲ “ဘုရားအထံတော်သို့ သွား၍ ဤအဓိကရုဏ်း (သံဃာကွဲပြားမှု) ငြိမ်းအေးအောင် ပြုကြပါတော့မည်”ဟု လူတို့အား ဝန်ချ၍ ဗုဒ္ဓရှိတော်မူရာ သာဝတ္ထိပြည်သို့ သွားကြလေသည်၊ ထိုအချိန်ကျမှ မူလအာပတ်သင့်နေသော ရဟန်းလည်း ဝိနည်းတော်ကို ပြန်၍ ဆင်ခြင်သောအခါ သူ့မှာ အာပတ်သင့်တာ အမှန်ဖြစ် ကြောင်း သိ၍ တစ်ဖက်သံဃာ့အထံ အမှန်အတိုင်း ဝန်ခံပြီးလျှင် မူလနှင်ထုတ်သော ကံကို ရုပ်သိမ်းပါရန် လျှောက်ထားသဖြင့် အများ ကျေနပ်ကာ သံဃာတော်အားလုံး ညီညွတ်စွာဖြင့် ဗုဒ္ဓအထံသို့ အဖူးမြော်ဝင်ကြလေသည်။

မှတ်ချက်။ ။ ဤ ဝတ္ထု၌ ကွဲနေသော သံဃာကို ဘုရားရှင်ကိုယ်တော်တိုင် ဆုံးမ၍ မရသော်လည်း လူဒါယကာများက ညီညွတ်အောင် ပြုပုံထောက်၍ အနာဂတ်ကာလ၌ သာသနာရေးရာဝယ် လူဒကာများကလည်းပါဝင် ပြုပြင်နိုင်ကြောင်း သိစေလိုပါသည်၊ မှန်၏၊ ယခုခေတ်မှာပင် မြို့ကလေးနှင့် ကျေးရွာများ၌ ဝိနည်းသိက္ခာနားလည်သူ လူကြီးလူကောင်းတို့က “မည်သည့် အနေအထိုင်မျိုးကို မကြည်ညိုနိုင်ကြ”ဟု သိရှိလျှင် ရဟန်းတော်များ ရှောင် ကြဉ်လေ့ရှိသည်ကို တွေ့ရပေသည်၊ သို့ရာတွင် သာသနာပြုမည့် လူဒကာများကလည်း ဝိနည်းတချို့ကို နားလည်ဖို့ လိုပေဦးမည်။

ကျမ်းစာပြုပြင်ရိုက်နှိပ်ရေး

ယခုအခါ မြန်မာနိုင်ငံ၌ ကျမ်းစာပုံနှိပ်ပုံသည် ရှေးခေတ်က ပေစာတို့ကို ကူး၍ ရိုက်နှိပ်ခဲ့ရသောကြောင့် အဖြတ် အခွဲ အချဲ အခြားမရှိ၊ ပြတ်သိပ်လျက် ရှိနေ၏၊ စာအုပ်ချုပ်ပုံ ဖုံးပုံမှစ၍ ပြုပြင်ဖွယ်လည်းများစွာ ရှိနေ၏၊ အနာဂတ်ကာလဝယ် ပထမတန်းကျောင်းတိုက်နှင့် တက္ကသိုလ်တိုက် ဆရာတော်များသည် ထိုကျမ်းစာပြုပြင်ရိုက်နှိပ်ရာ၌ အားလုံးလိုပင် အကူအညီရကြပေလိမ့်မည်၊ ထို့ပြင် မရိုက်နှိပ် ရသေးသော အဋ္ဌကထာ ဋီကာများကိုလည်း ရိုက်နှိပ်ရပေဦးမည်၊ အနာဂတ်ကာလ၌ စာသင်တိုက်တိုင်းဝယ် ပိဋကတိုက်လည်း တည်ရှိ ရတော့မည် ဖြစ်၍ နည်းသစ်ဖြင့် ရိုက်နှိပ်အပ်သမျှ ပါဠိတော်, အဋ္ဌကထာ, ဋီကာများကို ထိုပိဋကတိုက်၌ ထားရန် ဆိုင်ရာဂေါပကအဖွဲ့က တာဝန်ယူနိုင်ကြလိမ့်မည်၊ ရိုက်နှိပ်သည့်အခါ၌မူ အစိုးရ စရိတ်ဖြင့် ရိုက်နှိပ်၍ အရင်းကျသမျှကိုသာ လက်မှတ်ထိုးယူကြရန် အစိုးရကပင် စီမံသင့်သည်။

မှတ်ချက်။ ။ ဆဋ္ဌသင်္ဂါယနာတင်စဉ်က တာဝန်ခံဆရာတော်များသည် နိုင်ငံအရပ်ရပ်မှ ကျမ်းစာရိုက်နှိပ်ပုံကို ကြည့်ကာ မိမိတို့ ကျမ်းစာကိုလည်း ခေတ်မီအောင် ပြင်ဆင်ရိုက်နှိပ်စေပြီး ဖြစ်သည်။

ဆဋ္ဌသင်္ဂါယနာတင်

ဤအလုပ်ကို အစိုးရကိုယ်တိုင် သဘောကျပါမူ … (မင်းတုန်း မင်းတရားကြီး၏ ကျောက်ပြားပေါ်တွင် အက္ခရာတင်ကာ ပဉ္စမသင်္ဂါယနာတင်အမည် ခံသကဲ့သို့) ထို့အတူ နိုင်ငံတစ်ဝန်းလုံးမှ အရေးပါ အရာရောက်မည့် ဆရာတော်များကို ကြီးကြပ်ပြင်ဆင်စေကာ ဆဋ္ဌသင်္ဂါယနာတင် ဖြစ်စေရန် စီမံဖွယ်များကိုလည်း စဉ်းစားထားသင့်ကြ၏၊ ဤသို့ စသည်ဖြင့် နှိုးဆော်လိုက်သောကြောင့် ဆဋ္ဌသင်္ဂါယနာတင်ကိစ္စကား ပြီးစီးသွားပေပြီ၊ သို့သော် မိမိကျေနပ်လောက်အောင် မဖြစ်ခဲ့ပါ။

နိဂုံးချုပ် ရိုက်နှိပ်ချိန်

ကျမ်းပြီးချိန်နှင့် “သာသာရေးနှင့်စပ်၍ တိုးတက်အောင် ညွှန်ပြဖို့ရာမှာ သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ တာဝန်”ဟု ရဟန်းငယ်ဘဝတုန်းက ယူဆခဲ့ပါသော်လည်း မိမိ၏ အရွယ်နှင့် မတန်သေး၍ ထိုအရေးကို လျစ်လျူရှု ခဲ့ရပါသည်၊ ယခုသော် မိမိအရွယ်လည်း အတော်ကြီးလာပြီ၊ မြန်မာနိုင်ငံလည်း ဧကန် လွတ်လပ်ရေးရတော့မည်ဟု ကောလာဟလ ဖြစ်နေပြီ။

သို့ဖြစ်၍ “ဤကျမ်းစာသည် လွတ်လပ်သောအခါ အကူအညီ ဖြစ်ပါစေတော့”ဟု သဘောထားလျက် ကောလာဟလ ဖြစ်ချိန်က စ၍ ရေးသားခဲ့ရာ လွတ်လပ်ရေးအောင်ပွဲကျင်းပတော့မည့် ၁၃၀၉-ခု ပြာသိုလပြည့်ကျော် (၉)ရက်နေ့ မတိုင်မီ တစ်ရက် ကြိုတင်၍ ဤကျမ်းစာကို ပြီးစီးစေခဲ့ပါသည်၊ ထိုသို့ ပြီးစေပြီးနောက် တစ်နှစ် လောက်ကြာမှ ရိုက်နှိပ်ရသောအခါ ပြည်တွင်းစစ်ဟု ဆိုရလောက်အောင် သောင်းကျန်းမှုနှင့် ကြုံကြိုက်နေသောကြောင့် ဤကျမ်း နိဂုံးကို နဂိုရေးရင်းအတိုင်း မဟုတ်စေဘဲ လက်ရှိ ဖြစ်နေပုံနှင့် ကိုက်ညီအောင် တစ်မျိုးပြင်လိုက်ရပါတော့သည်။

အမှာ။ ။ ဤကျမ်းစာကို ရေးသားရာ၌ မည်သည့်ဘာသာ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ထိပါးစေလိုသောစိတ်မရှိဘဲ သာသနာတော်အရေးနှင့် မြန်မာပြည်ထောင်စု၏ စီးပွားရေးကို အဓိကထား၍ ရေးသားပါသည်၊ သို့ပါလျက် မတော်တဆ ထိပါးသကဲ့သို့ ဖြစ်ချေသော် ခွင့်လွှတ်ကြပါရန် တောင်းပန်ပါသည်။

ဂိုဏ်း ပါတီစိတ် မထားသင့်

တစ်နိုင်ငံလုံး တစ်သာသနာလုံး တစ်နယ် တစ်မြို့ တစ်ရွာလုံးစသော အများအကျိုး ဆောင်သူတို့သည်… အများနှင့် ဆိုင်သော အလုပ်၌ ဂိုဏ်းစိတ် ပါတီစိတ်စသော သံယောဇဉ် ခင်တွယ်စိတ်များ မထားသင့်ပါ၊ ရှင်းပြပါဦးမည်၊ သံဃာတော်ပိုင်း၌ ဂိုဏ်းချင်း, တိုက်တာချင်း, ကျောင်းချင်း ခွဲခြား၍ စိတ်ထားမှု, လူဝတ်ကြောင်ပိုင်း၌ ပါတီခွဲခြား၍ စိတ်ထားမှုသည် အလွန်ကျဉ်းမြောင်းသောစိတ်, မေတ္တာကရုဏာ ပျံ့နှံ့ဖို့ရာ နယ်ကျဉ်းသော, ဣဿာ မစ္ဆရိယ တိုးပွားစေသောစိတ်သာ ဖြစ်၏၊ ထိုစိတ်မျိုး ရှိနေသူသည် “အများကြီးပွားအောင် ဆောင်ရွက်ပါသည်”ဟု နှုတ်က ပြောသော်လည်း အလုပ် သဘောမှာမူ မိမိဆိုင်ရာ ကြီးပွားမှုကိုသာ ပြုလျက်ရှိတတ်၏၊ ထိုသူ့သန္တာန်မှာ အခြား ဂိုဏ်းပါတီ၏ ကြီးပွားမှုကို ဝန်တိုသော မစ္ဆရိယနှင့် တကယ်ကြီးပွားပြန်လျှင် မနာလိုသော ဣဿလည်း ဖြစ်တော့မည်သာ။

ထိုအခါ အခြားဂုဏ်းပါတီကလည်း မိမိဂိုဏ်းပါတီအပေါ်၌ ဣဿာ မစ္ဆရိယ ဖြစ်ဦးမည်သာ၊ သို့ဖြစ်လျှင် တစ်နိုင်ငံလုံးကိုလည်းကောင်း, တစ်သာသနာလုံးကိုလည်းကောင်း ဣဿာ မစ္ဆရိယတွေ လွှမ်းဖုံးကာ ကြီးပွားမှု၏ အန္တရာယ်ကြီးသာ ဖြစ်ပေလိမ့်မည်၊ ဤ နေရာဝယ် သက္ကပဥှသုတ်တော်လာ ဗုဒ္ဓနှင့် သိကြား၏ အမေး အဖြေကို မှတ်သားသင့်ပါသည်။

သိကြား။ ။ နတ်ရော လူပါ များစွာသောသတ္တဝါတို့သည် ရန်မရှိ ဒဏ်မရှိ ဒေါသမရှိ အေးချမ်းစွာ နေထိုင်ဖို့ရန် ရည်သန် တောင့်တကြပါလျက် အဘယ့်ကြောင့် တောင့်တသလို မဖြစ်ဘဲ အန္တရာယ်ဘေးဒဏ် ရန်မာန်တွေနှင့် နေကြရပါသနည်းဘုရား။

ဗုဒ္ဓ။ ။ ကိုယ့်ထက်သာ မနာလိုသော ဣဿာ, ကိုယ်ကောင်း စားသလို သူတစ်ပါး မကောင်းစားလိုသော မစ္ဆရိယ ဤတရားနှစ်ပါးသည် သတ္တဝါတို့ သန္တာန်၌ စွဲကပ်လျက်ရှိ၏၊ ထိုတရားနှစ်ပါးကြောင့် ဖြစ်ချင်သလို မဖြစ်ရဘဲ မဖြစ်လိုတာ ဖြစ်နေကြရသည်။

သိကြား။ ။ ထိုတရားနှစ်ပါးသည် ဘေးရန်များ၍ မကြီးပွားစေ နိုင်သောတရား ဖြစ်ပါလျက် အဘယ့်ကြောင့် (မြွေပွေးကို ခါးပိုက် ပိုက်ထားသကဲ့သို့) မိမိတို့သန္တာန်မှာ အဖြစ်ခံ၍ နေကြပါသနည်းဘုရား။

ဗုဒ္ဓ။ ။ချစ်အပ်သော ပုဂ္ဂိုလ်အသင်းအပင်း ဥစ္စာ, မချစ်အပ် သော ပုဂ္ဂိုလ်အသင်းအပင်း ဥစ္စာဟု ခွဲခြားထားမှုကြောင့် ဣဿာ မစ္ဆရိယ တရားနှစ်ပါး ဖြစ်နေကြရသည်။

မှတ်ချက်။ ။ အချစ်ဂိုဏ်းပါတီ အမုန်းဂိုဏ်းပါတီဟု မညီမမျှ ခွဲခြားမှုကြောင့် အချစ်ဘက်၏ တိုးတက်မှုကိုသာ လိုလား၍ အမုန်းဘက်၏ တိုးတက်မှုကို မလိုလားသော ဣဿာ မစ္ဆရိယနှစ်ပါး ဖြစ်ရသည်၊ အချစ်ဘက်၏ ကောင်းကျိုးကိုသာ ရွက်ဆောင်၍ အမုန်းဘက်၏ ဆိုးကျိုးကိုသာ ရွက်ဆောင်ကြသောကြောင့်လည်း အန္တရာယ်ဘေးဒဏ် ရန်မာန်များစွာဖြစ်၍ ဆဲရဲဒုက္ခဖြင့် ပျက်စီး ဆုတ်ယုတ် ကြရသည်၊ ယခုခေတ်၌ အမေရိကန် အင်္ဂလိပ်တို့ ခေါင်းဆောင်သော တိုင်းပြည်အုပ်စုက တစ်ဖက်, ရုရှား ခေါင်းဆောင်သော တိုင်းပြည်အုပ်စုက တစ်ဖက် ကွဲပြား ပုံကို ကြည့်ပါ။

ပါရမီဖြစ်ဆောင်ရွက်ပါ

တိုက်တာကို အုပ်ချုပ်နေသော ဆရာတော်များ, အထက်တန်းရာထူးရှင်များ, အလုပ်အကိုင်ကြီးမားသော ပွဲစား, ကုန်သည်, စက်ပိုင်များနှင့် လယ်ပိုင်ရှင်, ငွေတိုးပေး လူကြီးသူမတို့သည် မိမိကိုယ်ကို ဗုဒ္ဓသာဝက (ဗုဒ္ဓတရားတော်ကို လိုက်နာသော ဗုဒ္ဓဘာသာဝင် လူကြီးသူမများ)ဟု အမြဲ သတိထားသင့်၏၊ ဗုဒ္ဓတရားတော်၌ အလုပ်လုပ်မှုကံသည် အလွန်တာသွား၏၊ စိတ်နေစိတ်ထား မြင့်မြင့်မြတ်မြတ်နှင့် ပြုလုပ် သမျှကံသည် (နိဗ္ဗာန်မရခင်) ချမ်းသာခွင့်ရအောင် စီမံ၍ နိဗ္ဗာန်ကိုလည်း ရစေနိုင်၏၊ ယခုဘဝ၌ အနည်းငယ်ခြိုးခြံ၍ လက်အောက် ငယ်သား ဆင်းရဲသူအများအား ညှာတာခြင်းဖြင့် နောက်သံသရာဝယ် … မကြံသာအောင် ကြီးကျယ်သော စည်းစိမ်ကို အလွယ်တကူ ရစေနိုင်၏၊ နောက်ဘဝကို ထားဦး၊ ယခုဘဝမှာပင် ထိုလူကြီးသူမတို့၏ ဂုဏ်သတင်းသည် ထုံသင်းလှိုင်ပျံ့ ရပ်တိုင်းနှံ့လျက် စီးပွား တိုးတက်သည်ကိုလည်း တွေ့နိုင်ပါသည်၊ ယခုခေတ်နှင့်စာသော် ယုံတမ်းစကားဟု မှတ်ထင်ရလောက်သော ရှေးလူကြီးတစ်ယောက် ၏ အကြောင်းကို ပြပါဦးမည်။

ဘုန်းကြီးတို့ရွာ၌ ဘုန်းကြီးမှ ပြန်၍ ရေတွက်လျှင် သုံးဆက်လောက် လွန်ခဲ့သော အဘိုးတော်သူတစ်ယောက်ရှိ၏၊ စပါးရိတ် သိမ်းပြီးသောအခါ ရွာထဲလျှောက်၍ အနည်းငယ်ချို့တဲ့ဟန်ရှိသော ဟိုအိမ် သည်အိမ်၌ ဝမ်းစာစပါး သိုလှောင်ထားသော ပုတ်ကလေး များကို ကြည့်၏၊ တစ်နှစ်စာ လုံလောက်ပုံ မရလျှင် “ငါ့တူ-ငါ့တူမများ ဝမ်းစာ နည်းလှပါကလား၊ ဦးဆီ လာပြီး ယူလှည့်ကြဦး၊ မယူဘဲ မနေနဲ့”ဟု ဖိတ်ခေါ်ကာ ဝမ်းစာလုံလောက်အောင် သိုလှောင်ထား စေသတဲ့၊ မြန်မာမင်းလက်ထက် ကာလပျက်၍ သူသူငါငါ ပုန်းကြရသော်လည်း ထိုလူကြီးကား ညနေ ဘုရားသွား မပျက်ပေ၊ ဓားပြတွေ နှင့်တွေ့လျှင် “ဟေ့ ဘုရားဒကာ မြင်ပါ့မယ်ကွ”ဟု အချင်းချင်း ပြောကြ၍ သူတို့ကပင် အရင်ပုန်းနေကြသတဲ့၊ ဤသို့လျှင် အများ ကောင်းအောင် ဆောင်ရွက်သူမှန်လျှင် နောက်ဘဝတိုင်အောင် စောင့်၍ မနေရ၊ ယခုဘဝမှာပင် ချမ်းသာစွာနှင့် စီးပွားတိုးတက်ခွင့် ရှိပါသည်၊ ထို့ကြောင့် ပြခဲ့သော လူကြီးသူမတို့သည် မိမိကိုယ်ကို အလောင်းအလျာဝင် သူတော်စင်တစ်ယောက်ဟု သဘောထားကာ သူတစ်ပါး၏ အကျိုးကို ပါရမီဖြစ် အနှစ်ကျအောင် ရွက်ဆောင်သင့် ကြပါသည်။

ဗုဒ္ဓဝါဒသည် ကြီးပွားရေးကို နှောင့်နှေးစေသလော

စစ်တပ်ဖြင့် ဂုဏ်လုပ်နေသော ယခုခေတ်၌ … “ဗုဒ္ဓဝါဒသည် လောကီကြီးပွားရေးကို နှောင့်နှေးစေ၏”ဟု အချို့က ယူဆကြ၏၊ သို့သော် ဗုဒ္ဓလက်ထက်တော်မှစ၍ ဘုရားကျောင်းဒကာဖြစ်သော (သောတာပန်) ဗိမ္ဗိသာရမဟာရာဇာ, ကောသလမဟာရာဇာနှင့် ဓမ္မာသောက, ဒုဋ္ဌဂါမဏိ အစရှိသော ဗုဒ္ဓဝါဒီတို့သည် ဗုဒ္ဓဝါဒနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြပါသည်၊ ဆက်ပါဦးမည်… ဗုဒ္ဓဝါဒကို ကြည်ကြည်ညိုညိုနှင့် လိုက်နာနေသူသည် အနေအထိုင် ဣန္ဒြေရ၏၊ အသုံးအစွဲ မျှတ၏၊ မပျင်းမရိ လုံ့လရှိ၏၊ မတရားလောကကြီးဝယ် သာ၍ တင့်တယ်၏၊ သံသရာရေးကို တွေးပြန်လျှင် သူ၏ တရားမျှတမှုကို အားပြုကာ သာယာကျေနပ်၏၊ တရားနည်းလမ်းကျသော အလုပ်ကိစ္စဟူသမျှဝယ် ရှက်ဖွယ်မရှိဟု နားလည်ထားသဖြင့် မည်သည့် ဂုဏ်အသရေရှိ လူကြီးကိုမျှ အချည်းနှီး မကြောက်ရွံ့တတ်ပါ၊ ထိုသတ္တိကြောင့် ဗုဒ္ဓဘာသာ မြန်မာစစ်သားတို့သည် လက်နက်အင်အား လူအင်အား တူမျှပါမူ မည်သည့် တိုင်းတစ်ပါးရန်သူကိုမျှ ရွံ့ကြမည်မထင်၊ ဤ သတ္တိကြောင့်ပင် အနော်ရထာ, ဘုရင့်နောင်, အလောင်းမင်းတရား, မင်းကြီး ဗန္ဓုလအစရှိသော သတ္တိခဲ ရဲရဲတောက်တွေ (အလားတူ နောက်လိုက်များနှင့်တကွ) ထွက်ပေါ်ခဲ့ကြပေသည်၊ ဤသို့လျှင် ဗုဒ္ဓဝါဒသည် လောက၏ ကြီးပွားရေးကို မနှောင့်နှေးစေသည့်အပြင် အပြည့်အစုံ လိုက်နာသူအား အမြန်ဆုံးကြီးပွားရေးကို လမ်းညွှန် ပေးနိုင်ပါသည်၊ (ဗုဒ္ဓဝါဒ၌ ကံကိုသာ အားကိုးရမည် မဟုတ်ပါ၊ ဉာဏ်ဝီရိယကိုလည်း အားကိုးရပါသည်။)

ဗုဒ္ဓဝါဒဖြင့်ပြုပြင်မှ လွယ်ကူမည်

များစွာသော ကျေးရွာနေသူတို့သည် …ကွန်မြူနစ်, ဆိုရှယ်လစ် စသော ဝါဒသစ်တို့၏ သဘောတရားကို နားမလည်ကြပါ၊ နားလည်လိုသော ဆန္ဒလည်း ရှိကြပုံ မရပါ၊ သူတို့ သမရိုးကျ နားလည်နေသော ဝါဒကား ဗုဒ္ဓဝါဒသာတည်း။

ထိုဗုဒ္ဓဝါဒမှ လူများနှင့် တိုက်ရိုက်သက်ဆိုင်သော ကြီးပွားရေး အချက်များကို ကျောင်းသုံးသင်ခန်းစာဖြစ်အောင် စီစဉ်ညွှန်ပြ၍ ဗုဒ္ဓဝါဒအရ ပြုပြင်လျှင် မြန်မာနိုင်ငံတော်သည် ခပ်မြန်မြန် တိုးတက် လာဖွယ်ရှိသည်ဟု ထင်မိပါသည်၊ ကွန်မြူနစ်, ဆိုရှယ်လစ်စသော ဝါဒသစ်များလည်း သူတို့နည်းအရ တစ်နိုင်ငံလုံးက ကျကျနန လိုက်နာကြလျှင် တိုးတက်စေနိုင်သည်မှာ အမှန်ပင် ဖြစ်တန်ရာ၏။

သို့သော် ထိုဝါဒတွေကို လူအများက နားမလည်ကြသော ကြောင့် နားလည်ပြီးသော တိုးတက်လည်း တိုးတက်စေနိုင်သော ဝါဒဖြင့် တိုင်းပြည်ကို ပြုပြင်မှ ခပ်မြန်မြန် တိုးတက်ဖွယ်ရှိသည်ဟု ဆိုလိုပါသည်၊ [ ဘာသာရေးကြောင့် အကျိုးမဲ့ ကုန်ကျမှုတို့ကား ဗုဒ္ဓဝါဒ (ဗုဒ္ဓ၏အလိုတော်ကျ) မဟုတ်ကြောင်းကို အနာဂတ်သာသနာ အခန်း၌ ပြခဲ့ပါပြီ၊] “ဗုဒ္ဓဝါဒဖြင့် ပြုပြင်ပါလျှင် အခြားဘာသာဝင်များနှင့် ဆန့်ကျင်နေမည် မဟုတ်ပါလော”ဟု မေးခွင့်ရှိ၏၊ ဗုဒ္ဓဝါဒ သည် လောကုတ္တရာရေး၌သာ အခြားဝါဒနှင့် အထူးတလည် ခြားနား၍ လောကီကြီးပွားရေး၌ကား ဆန့်ကျင်လောက်အောင် မကွဲပြားပါ။

ဘာသာရေးသည် ဘိန်းနှင့်တူသလော

ခေတ်လူ တချို့က …“ဘာသာရေးသည် ဘိန်းနှင့် တူ၏”ဟု ဆိုကြ၏၊ သူတို့ ဆိုလို ရင်းကား… ဘိန်းသည် အလွန်စွဲလန်းစေ ခြင်းလက္ခဏာရှိသကဲ့သို့ ဘာသာရေးသည်လည်း အလွန်စွဲလန်းစေ ခြင်းလက္ခဏာရှိ၏၊ ဘိန်းစွဲမိလျှင် အဖြတ်ခက်သကဲ့သို့ ဘာသာရေး စွဲသူများလည်း ထိုဘာသာကို အစွန့်ခက်၏၊ ဘိန်းကို မကောင်းမှန်း သိလျက်နှင့် ရှူမြဲ ရှူ, စားမြဲ စားသကဲ့သို့ ဘာသာရေးအလုပ်တချို့လည်း အကျိုး မရှိမှန်းသိလျက် လုပ်မြဲလုပ်နေကြ၏၊ ဘိန်းကြောင့် လူမျိုးပျက်စီးရသကဲ့သို့ ဘာသာရေးကြောင့် လူမျိုးပျက်စီးရ၏၊ ဤသို့ စသည်ဖြင့် ဆိုလိုဟန်တူသည်။

အရင်းခံ ဗုဒ္ဓဘာသာ၌ ထိုသို့ ပျက်စီးလမ်းများ မရှိပါ၊ ယခု အချို့ပျက်စီးနေရသည်ကား ဘာသာရေးကို ဗန်းပြ၍ ကိုယ်ကျိုး ကြည့်သူများကြောင့်သာ ဖြစ်ရ၏၊ အမှန်အားဖြင့် ဗုဒ္ဓ၏ ဝါဒကို ကျကျနန လိုက်စားလျှင် မပျက်စီးသည့်ပြင် တိုးတက်ရမည် အမှန်ပင်တည်း၊ “မှားမှား မှန်မှန်, ငါ့အယူသာ အမှန်”ဟု စွဲလမ်းသူများ အတွက်ကား (ဗုဒ္ဓ-ဟိန္ဒူ-ခရစ်ယာန်-မဟာမေဒင်) မရွေး မည်သည့် ဘာသာမဆို ဘိန်းနှင့် တူပါသည်၊ ထိုစွဲလမ်းမှုမျိုး မရှိဖို့ရာလည်း ကာလာမသုတ်ကို ဗုဒ္ဓရှင်တော် ဟောတော်မူခဲ့ပါသည်၊ (အနာဂတ် သာသနာခန်း အစ၌ ပြန်ကြည့်ပါ၊) “မှားမှား မှန်မှန် အရမ်းစွဲလမ်းမှု သည် ဘိန်းနှင့်တူတမ်း”ဖြစ်လျှင် ဝါဒရေးလည်း ဘိန်းနှင့်တူသည်သာ၊

မှန်၏၊ ရှေးတုန်းက တွဲရေး ခွဲရေး စသည်ဖြင့် ပါတီဝါဒ ကွဲခဲ့ကြရာ၌ တစ်အိမ်သားချင်းသော်မှ စေ့စပ်၍ မရအောင် ကိုယ့်ဝါဒကိုကိုယ် စွဲလမ်းခဲ့ကြ၏၊ ယခုလည်း ထိုကဲ့သို့ပင် စွဲလမ်းကြသည် မဟုတ်ပါလော။

မြန်မာပြည် လွတ်လပ်ရေးအောင်ပွဲနေ့က “ဒါ တို့ပြည် ဒါ တို့မြေ” ဟု ကြွေးကြော်ခဲ့ကြ၏၊ ကြက်သီးထဖွယ် အားရဖွယ်ပေ၊ သို့ရာတွင် အော်နေသော ထိုအမျိုးသား အမျိုးသမီးများသည် မိမိတို့ ပိုက်ဆံအိတ်ကို နှိုက်ကြည့်စေလို၏၊ “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ” တဲ့၊ ဘာနဲ့ ကာကွယ်ကြမှာလဲ ဟရို့၊ လက်နဲ့ကာလို့ လုံမှာမဟုတ်ဘူးနော်၊ ကုန်းတပ် ရေတပ် လေတပ်တွေနဲ့ ကာကွယ်ရမည် မဟုတ်လား၊ ယခု အခြေအနေအရ အမျိုးသားတို့ရဲ့ ဘဏ္ဍာအိတ်ထောင့်ထဲမှာ သေနတ် သင်္ဘော ဝယ်စရာ လေယာဉ်ပျံ ဝယ်စရာ ပိုက်ဆံ ဘယ်နှပြား စုမိပြီလဲ၊ အမျိုးသား အမျိုးသမီးတွေက အော်အော်ပြီးတော့ သိပ်အသုံးပက်စက်ကြတာကိုး၊ ဘာပိုက်ဆံ စုမိမှာလဲ၊ တန်ခူးလ အခါတွင်း သင်္ကြန်ဆိုလျှင် ဘယ်လောက် အသုံးအစွဲ ပြိုင်ကြသလဲ၊ မော်လမြိုင် ရန်ကုန် မန္တလေးဆိုတဲ့ မြို့ကြီးတွေဟာ သိပ်ကဲတာပဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲမှာလည်း မနည်းသေးဘူး၊ နယုန်လ ဝါဆိုလက စပြီးလျှင် တပေါင်းလ ပွဲတော်ကြီးတွေအထိ ကုန်လိုက်တာ မပြောနဲ့တော့၊ ထိုကုန်သမျှ ငွေတွေ မြန်မာနိုင်ငံမှာ လည်နေ တာ မဟုတ်ပါဘူး၊ သင်္ဘော လေယာဉ်ပျံတွေနဲ့ နိုင်ငံခြား ရောက်ကုန်တာတွေသာ များတယ်။

မယှကငှက်

ဇာတ်တော်မှာ“မယှကငှက်”ခေါ်တဲ့ ငှက်အကြောင်းပါတယ်၊ ထိုငှက်ကလေးဟာ အသီးတွေ ဝေဆာနေသော ညောင်ပင်ပေါ်တက်ပြီး “ဒါ ငါ့ဟာ… …ဒါ ငါ့ဟာ”ဟု အော်နေ၏၊ သူအော်နေတုန်းမှာ အခြားငှက်တွေ လာ၍ စားကြ၏၊ သူကား “ ငါ့ဟာ… …ငါ့ဟာ ”ဟု အော်နေတုန်းပင်၊ ညောင်ပင်မှာ အသီးတွေ ကုန်၍ အခြားငှက်များ ပြန်သွားသည့်တိုင်အောင် အော်လျက်သာ ကျန်ရစ်ရှာ၏။

ထို့အတူပင် အမျိုးသား အမျိုးသမီးတွေက နိုင်ငံခြားပစ္စည်းတွေကို ဝတ်စားပြင်ဆင်ကာ နိုင်ငံခြား မော်တော်ကားကြီးတွေကို စီးပြီး “ဒါ တို့ပြည် ဒါ တို့မြေ”ဟု အော်နေကြတုန်းမှာပင် နိုင်ငံခြား ငှက်တွေက အမြတ်ကြီးကြီး အသီးကောင်းကောင်းတွေကို စား၍ ပျံသွားကြလေပြီ၊ တချို့ကား မပြန်တော့ဘဲ အခြေစိုက်၍ အသိုက်ဖွဲ့ကာ ငွေကိုသာ တွင်တွင် ပို့ကြလေသည်။

ဤစာကို ရေးခြင်းဖြင့် နိုင်ငံခြားကုန်သည်ကြီးများကို အပြစ် မတင်လိုပါ၊ အမျိုးသားတွေကိုသာ အော်နေရုံမျှနှင့် မပြီးနိုင်ကြောင်း၊ ချွေတာစုဆောင်းမှု, အလုပ်လုပ်ရာ၌ မပျင်းရိမှု ရှိမှသာ ဘဏ္ဍာအိတ် တောင့်တင်း၍ “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ် နိုင်ကြမည့် ”အကြောင်းကို ပြောပြလိုရင်း ဖြစ်ပါသည်။

ကျေနပ်ဖွယ်သာသနာ

ဘုန်းကြီးမြင်ချင်သော မြန်မာနိုင်ငံတော်ကား အားလုံးညီညွတ်စွာဖြင့် စီးပွားရေးကို လေးစားမှုကြောင့် တိုးတက်လာသော ကျန်းမာရေး ပညာရေးတို့ကို အခြေပြု၍ မြေပြင် ရေပြင် ဝေဟင်တပ်တို့ဖြင့် သပ်ရပ်ထည်ဝါ တင့်တယ်စွာသော ပြည်ထောင်စု မြန်မာအိမ်တော်တွင် စည်းကမ်းကျနစွာ အထွတ်တင်ထားသော ကျောင်းကန်ဘုရား စာသင်တိုက်များကို မြင်ချင်လှပြီ၊ အကြင်အခါ စာသင်တိုက် ကမ္မဋ္ဌာန်းတိုက်နှင့် ကျောင်းကန်ဘုရားတို့သည် ဝင်လာသူတို့စိတ်ကို စွဲဆောင်နိုင်လောက်အောင် သာယာ၏၊ ဆိတ်ငြိမ်၏၊ ထိုအတွင်း၌ သီတင်းသုံးနေထိုင်သူတို့သည် စိတ်ထားဖြူလွင် သူတော်စင်များချည်း ဖြစ်၏၊ ထိုအခါ (စျာန် မဂ် ဖိုလ် မရစေကာမူ) ကျေနပ်ဖွယ်ကောင်းသော သာသနာတော် ဖြစ်ပါလိမ့်မည်။

ကျွန်းကိုင်းမှီ ကိုင်းကိုကျွန်းမှီ

ရေလယ်ကောင်ကျွန်းသည် ကိုင်းပင်တွေ အမြစ်တွယ်၍ ယှက်နွယ်ခြင်းကြောင့် ခိုင်မြဲရ၏၊ ကိုင်းပင်တွေလည်း ကျွန်းခိုင်မြဲသောကြောင့်ပင် ခိုင်မြဲ တည်တံ့ရ၏၊ ထိုအတူ ပြခဲ့သော အစီအစဉ်အရ သာသနာတော် အရေးကို ပြင်လိုက်ကြလျှင် သာသနာတော်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်တံ့၍ နိုင်ငံတော်တည်တံ့မှုကြောင့် သာသနာတော်လည်း စည်ပင်ဖွယ်ရှိရကား ရှင်ဘက် လူဘက် ခေါင်းဆောင်များသည် ဟိတောပဒေသလာ စိတြဂီဝါခိုအသင်းနှင့် သမ္မောဒမာန ဇာတ်တော်လာ ငုံးအသင်းတို့၏ ညီညွတ်ကြသည့်ထုံးကို နှလုံးသွင်း၍ ဗုဒ္ဓသာသနာတော်ကို အထွတ်တင်ထားသော မြန်မာနိုင်ငံတော် ကြီးကို ခိုင်ဖြီး တိုးပွားအောင် ကြိုးစားနိုင်ကြပါစေသတည်း။

နောက်ဆုံးညွှန်ပြချက်

အစိုးရပါမှ ပြင်နိုင်

ဤ အနာဂတ်သာသနာရေးကျမ်း၌ ပြုပြင်ဖွယ်ရာများကို အစိုးရပါမှ ပြုပြင်နိုင်မည်၊ အစိုးရဆိုသူသည် တန်ခိုးအာဏာ လွန်စွာရှိ၏၊ တိုင်းသူပြည်သားတို့ အကျိုးများမည့် ကိစ္စတို့ကို အနော်ရထာမင်း စသော မြန်မာမင်း အဆက်ဆက်တို့ ပြုပြင်ခဲ့ကြ၏၊ ပြုပြင်သလောက်လည်း အကျိုးရှိခဲ့သည်။

ဤခေတ်၌ မြန်မာနိုင်ငံဝယ် ပြုပြင်ဖွယ် အများအပြားရှိ၏၊ ထိုများစွာသော ပြုပြင်ဖွယ်တို့တွင် သာသနာရေးကိစ္စလည်း အပါအဝင် ဖြစ်၏၊ သို့သော် ပြုပြင်ပုံ နည်းမကျလျှင် “ဖွပ်သည့်အတွက် ညစ်”ဆိုသလို ဖြစ်တတ်၏၊ ထို့ကြောင့်လည်း မပြုပြင်ဘဲ မိရိုးဖလာအတိုင်း ကြည့်နေခဲ့ကြဟန်တူ၏၊ ထိုသို့ ကြည့်နေခဲ့မှုကြောင့် ယခုအခါတွင် အမြင်မတော်စရာတွေ ရှေ့ကထက် များနေလေပြီ။

အစိုးရမပါလျှင်

အစိုးရသည် အကြောင်းအမျိုးမျိုးကြောင့် မပါနိုင်လျှင် မိမိတို့ သံသရာရေးကို မိမိတို့တွေးကာ လူဝတ်ကြောင် ဒါယကာ ဒါယိကာမများလည်း ဆရာကောင်းထံ နည်းခံ၍ ဖြစ်တန်သမျှ ပြုပြင်သင့်ကြ၏၊ ဆရာတော် သံဃာတော်များကား… တစ်ဖက် ပုပ်နေသော ပိန္နဲသီး၏ အပုပ်ဘက်သို့ ပါမသွားအောင် ဝိနည်းသိက္ခာကိုလည်း လေးလေးစားစား ထိန်းသိမ်း၍ သမထ ဝိပဿနာ ဘာဝနာကိုလည်း အချိန်များများ ကြိုးစားသင့်ကြ၏၊ ဤသို့ ကြိုးစားနိုင်မှသာ သာသနာတော်နှင့် တွေ့ကြုံရကျိုးနပ်၍ အနာဂတ်သံသရာခရီးလမ်း ဖြောင့်တန်းစေနိုင် ပါလိမ့်မည်။

နိဂုံးချုပ်လင်္ကာ

ကျမ်းပြီးမှတ်ထုံး, ကမ္ပတ်ဖုံး၍, နိဂုံးအခန်း, လက်ရုံးတန်းပိမ့်၊ …ခေတ်ဆန်းခုနှောင်း, လူအပေါင်းကား, မကောင်းကိုးကွယ်, ကောင်းကိုးကွယ်ဟု, ညာဘယ်မခြား, မပြုငြားဘဲ, စဉ်းစား ဝေဖန်, ကျိုးရှိတန်မှ, လျော်ကန်ရုံမျှ, ကိုးကွယ်ကြလိမ့်။

ဗုဒ္ဓမြတ်စွာ, သာသနာကို, ကောင်းစွာကြိုတင်, မပြုပြင်သော်, အမြင်မှိန်မှေး, အထင်သေး၍, ယဉ်ကျေးဖွယ်ရာ, အဖြာဖြာနှင့်, ဘာသာဝါဒ, ဟူသမျှတို့, စစကုန်သုဉ်း, ပြုတ်ပြုတ်ပြုန်းလိမ့်။

ထွတ်ဘုန်းသာသနာ, မှိန်သောခါဝယ်, ထွေရာကောင်းနိုး, ဝါဒမျိုးဖြင့်, အကျိုးမတည့်, ဖြစ်ပြန်ခဲ့မူ, တကဲ့ တိုင်းကြီး, ပြည်အနီး၌, တိုင်းသီး ပြည်နယ်, မျက်နှာငယ်လိမ့်။

သို့နှယ်ကြောင်းရာ, စုပေါင်းကာဖြင့်, ကောင်းစွာမြော်ညှိ, ဆင်ခြင်မိ၍, တို့၏နယ်မြေ, တို့အမွေနှင့်, တို့မေဘာသာ, သာသနာကို, တို့သာ ကြံ့ကြံ့, စောင့်ရှောက်အံ့ဟု, ခံ့ခံ့မားမတ်, စိ်တ်ထား မြတ်ဖြင့်, နာဂတ်သာသနာ, ရေးအရာကို, တွေးကာသိုက်မြိုက်, ရေးသားလိုက်၏။

သိထိုက်သိရာ, သိပြီးခါဝယ်, စဉ်လာထင်မြင်, ပြင်ကာဆင်လျက်, စည်ပင်သာယာ, သာသနာနှင့်, မြန်မာပြည်ထောင်, တိုးတက်အောင်လျှင်, ခေါင်းဆောင်ရှေ့သွား, ရှင်လူများတို့, ခွဲခြား မေတ္တာ, မထားပါဘဲ, များစွာခိုသင်း, ငုံးခပင်းတို့, မကြင်းကိုယ်စီ, ပိုက်ကိုချီသို့, ညီညီကြိုးကုတ်, အားသွန်ထုတ်က, ဗုဒ္ဓသာသနာ, ပြည်မြန်မာသည်, ကမ္ဘာထုတ်ချင်း ထွင်းလိမ့်သောဝ်။

အနာဂတ်သာသနာရေးပြီးပြီ။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ