Skip to main content

သတိပဋ္ဌာန် အရသာ

သတိပဋ္ဌာန် အရသာ

▬▬ஜ۩۞۩ஜ▬▬

ညောင်လေးပင် တောရဆရာတော်

မာတိကာ

၁။ ပဏာမပဋိညာဉ်
၂။ ဥဒ္ဒေသ
၃။ ဥဒ္ဒေသအဓိပ္ပါယ်။
[သတိပဋ္ဌာန်အခွဲ၊ သာသနာရဟန်းအဇ္ဈတ္တကာယအနုပဿီပုဂ္ဂိုလ်အင်္ဂါအာနိသင်။]

ကာယာနုပဿနာ နိဒ္ဒေသ

၄။ ပါဠိတော်အဓိပ္ပါယ်

၅။ ဥဂ္ဂဟ ကောသလ္လ ခုနစ်ပါး။
[လေးလသရဇ္ဈာယ်စဉ် သောတာပန် တည်ခြင်း၊ ကောဋ္ဌာသ သရဇ္ဈာယ်ပုံ အနုလုံ ပဋိလုံသမထနည်း။]

၆။ မနသိကာရ ကောသလ္လဆယ်ပါး။
[ထန်းတော မျောက်၊ ဝီရိယသမာဓိယှဉ် သုတ္တန်သုံးခု။]

၇။ တစပဉ္စက အာရုံယူပုံ။
[ဆံပင်မှတ်ကြောင်း ငါးပါး၊ စက်ဆုပ်ကြောင်း ငါးပါး၊ မွေးညှင်း မည်းကြောင်၊ ခြေသည်း လက်သည်း၊ ငါးအကြေး၊ သွား ၃၂-ချောင်း၊ အရေသဏ္ဌာန်ရှုပုံ။]

၈။ ဝက္ကပဉ္စက
[အသားကိုးရာ၊ အကြောကိုးရာ၊ အရိုးသုံးရာ၊ ရိုးတွင်းခြင်ဆီ ကြိမ်ညွန့်၊ အညှို့ သရက်သီး နှစ်လုံးတွဲ။]

၉။ ပပ္ဖါသပဉ္စက
[နှလုံးပဒုမာငုံ၊ ကြီးငယ်၊ ပွင့်ငုံ၊ သွေးအရောင်ခြောက်မျိုး၊ အသည်းပြားနှစ်ခု၊ ကြီးငယ်၊ အမြှေးအဖုံး နှစ်မျိုး၊ အဖျဉ်းဝမ်းတွင်း လျှာထွက်လျှင် သေသည်၊ အဆုပ်-အသားစုံ ၃၂-ခု ကောက်ရိုးထွေး။]

၁၀။ မတ္ထလုင်္ဂပဉ္စက
[အူမ ၃၂-တောင်၊ ၂၈−တောင်၊ ၂၁-ခွေ၊ အူသိမ်ဖွဲ့သော ကြိုးငယ်၊ အစာသစ်၊ ဝမ်းအူပြား အစာအိမ်ပိုး ၃၂-မျိုး၏ သုသာန်၊ အစာ မသတီစရာ၊ ငါးဘို့ဖြာခြင်း၊ အစာဟောင်းဝါးဆစ်၌ မြေညက်၊ ဦးနှောက်ဦးခေါင်းခွံခြင်ဆီ။]

၁၁။ မေဒဆက္က
[သည်းခြေနှစ်မျိုး၊ ကိုယ်နှံ့ တည်ပုံ၊ ပျက်ပုံ၊ သလိပ်မစင်တွင်း ဖုံးသော ပျဉ်အလား၊ ပြည်နေရာမရှိ၊ သွေးနှစ်မျိုး၊ ရေငတ်ကြောင်း၊ ချွေးနေရာမရှိ-ရှုနည်း၊ အဆီခဲလွန်စွာ စက်ဆုပ်ဘွယ်၊]

၁၂။ မုတ္တဆက္က
[မျက်ရည်အမြဲမတည်၊ ရှုနည်း၊ ဆီကြည် အမြဲမတည်၊ ရေ၌ဆီဝေ့၊ တံတွေး အမြဲ မတည်၊ လျှာဖျားကျဲ လျှာရင်းချွဲ၊ လက်ယက်တွင်းရေ၊ အစာကို ဆွတ်ဖျန်းသည်၊ နှပ်အမြဲမတည်၊ ဦးနှောက်ပျက်၊ သလိပ်ပုပ်ရှုနည်း၊ အစေး ၁၈ဝ-သော အရိုးဆက် ကြားနယ်ဆီ၊ နည်းအပြစ်, များအကျိုး၊ ကျင်ငယ် ပဲပြာရည်၊ ဝင်လမ်းမထင် ထွက်လမ်းထင်။

၁၃။ နှလုံးသွင်းပုံ။
[နိမိတ်ထင်ပုံဗဟိဒ္ဓ၌ထင်ပုံ၊ စားသောက်ရာ၌ထင်ပုံ၊ ဈာန်ရသောမနဿဖြစ်၊ ဒုတီယဈာန်မဖြစ်။ ]
သမထနည်းပြီး၏။

၁၄။ ခြောက်လပိုင်းခြင်း။
[ဝိပဿနာဆက်ဆံနည်း၊ တစပဉ္စကတခု ၁၅-ရက်၊ ကျန်ငါးခုတလစီ၊ ငါးလခွဲ သရဇ္ဈာယ်ပုံ၊ နုလုံဋိလုံ နုဋိလုံဝိပဿနာနည်း၊]

၁၅။ ခြောက်လတပတ်
[အစုအစု မှတ်၍ပွား၊ ဆရာ့တာဝန်။]

၁၆။ နိမိတ်ထင်ကျိုး။
[အဆင်းကျိုး၊ စက်ဆုပ်ဘွယ်ကျိုး၊ ဓာတ်ကျိုး၊ ဓာတ်သရဇ္ဈာယ်နည်း၊ အဗျာကတသုညတေဇောလေးပါးဝါယောခြောက်ပါး၊ ဓာတ်မဖောက်ပြန်ပုံ။]

၁၇။ ဓာတ်တက်လမ်း။
[ဓာတ်လေးပါးသိမ်း၊ ဥပါဒါရုပ်သိမ်းနာမ်သိမ်း၊ အကြောင်းလေးပါးရှာ၊ ယုံမှားလွန်၊ စူဠသောတာပန်ဖြစ်၊ ရဟန္တာဖြစ်။]

၁၈။ ဥဂ္ဂဟသန္ဓိနည်း
[အစုအစုနှလုံးသွင်းလိုရင်း၊ လိုရာနိမိတ် ကျိန်းသေထင်။]

၁၉။ မဇ္ဈိမပဋိပဒါနည်း
[တနေ့ အကြိမ် သုံးဆယ်၊ လယ်သုံးခင်း ထွန်ပုံ၊ တုံးတံတားလျှောက်ပုံ၊ တစ- ပဉ္စကသတ္တိ၊ လူတိုင်းကြိုက်၍ စက်ဆုပ်နိုင်ပေစွ၊ ပဟေဠိဝှက်စာ၊ မြှော့တွယ်နည်း၊ မျောက်ဖမ်းနည်း၊ ဈာန် ၃၂-ပါး၊ လက်ကိုင်ပြဿနာ။]

၂၀။ ဈာန်ရမရသုံးဌာန။
[အသုဘရှုရာသုံးဌာနအထူး]

ဝေဒနာနုပဿနာနိဒ္ဒေသ

၂၁။ ပါဠိတော်အဓိပ္ပါယ်။
[ဝေဒနာကိုးမျိုးသုခနှစ်ပါးဒုက္ခနှစ်ပါးဂေဟဿိတ။]

၂၂။ ဝေဒနာရှုနည်း။
[လူတိုင်းသိ၊ အထူးသိ၊ သတ္တဝါ သညာစွန့်ခြင်း၊ ခံစားတတ်သောသူ မရှိပုံ၊ သမသီသီ ပုဂ္ဂိုလ်။]

၂၃။ အရင်းမှစ၍ တက်ပုံ။
[ရုပ်နှလုံးသွင်းမှစ၍၊ နာမ်အကြောင်းရှာ၊ စူဠသောတာပန်ရဟန္တာအထိ၊ သမင် ခြေရာခံ အဒုက္ခ-မသုခ။]

၂၄။ ဝေဒနာ ရှုနည်းတမျိုး။
[အဂ္ဂိ ဝေဿနသုတ် ပိုင်လှသည်။]

စိတ္တာနုပဿနာနိဒ္ဒေသ

၂၅။ ပါဠိတော် အဓိပ္ပါယ်။
[စိတ္တ ၁၆-မျိုးလောကုတ္တရာကို ဝိပဿနာမတင်ရ။]

၂၆။ စိတ်ရှုနည်း။
[စူဠသောတာပန် စသည်ညွှန်းခြင်း၊ မီးသွေးရွှေဖြစ်၊ ရေခိုးသောက် ပစ္စေကဗုဒ္ဓါဖြစ်၊ အညစ်အကြေးပဲပေးပုံ။]

ဓမ္မာနုပဿနာနိဒ္ဒေသ

၂၇။ ပါဠိတော်အဓိပ္ပါယ်။
[နီဝရဏငါးပါး ရှုနည်း ငါးခုစီ၊ ဗောဇ္ဈင်ခုနှစ်ပါး ရှုနည်းလေးခုစီ။]

၂၈။ ဓမ္မရှုနည်း။

၂၉။ နီဝရဏပဗ္ဗ
[ကာမစ္ဆန္ဒဗျာပါဒထိနမိဒ္ဓဥဒ္ဓစ္စ ကုက္ကုစ္စဝိစိကိစ္ဆာ-အကြောင်း ခြောက်ပါးစီ၊ ကမ္မဿကတ ဆင်ခြင်ပုံ၊]

၃၀။ ဗောဇ္ဈင်္ဂပဗ္ဗ
[သတိအကြောင်း လေးပါး၊ တက်ဆုတ်၊ ကြည့်၊ ကွေးဆန့်၊ ဆောင်၊ စားသောက်ခဲ လျက်၊ စွန့်၊ သွား ရပ် ထိုင် အိပ် နိုး ပြော ဆိတ် ၇-ဌာန၊ သမ္ပဇညလေးပါးစီဓမ္မဝိစယ− ခုနစ်ပါး၊ ဝတ္ထုစင်ကြယ်၊ ဣန္ဒြေညီမျှ၊ လွန်သင့်၊ သတိနေရာတိုင်း၊ ဝီရိယ ၁၁-ပါး၊ အပါယ်ဆင်ခြင်၊ ဆွမ်းရိုသေ၊ ဘုရားဆွမ်းလော ဒါယကာ့ဆွမ်းလော၊ ပီတိ ၁၁-ပါးပဿဒ္ဓိ ၇-ပါးသမာဓိ ၁၁-ပါးဗောဇ္ဈင်ဖြင့် တွန့်ပြန့်သော စိတ်ညှို့၊ သံဝေဂ ဝတ္ထုရှစ်ပါးဥပေက္ခာငါးပါး၊ သခင် မရှိသောပစ္စည်း။ ]

၃၁။ မဂ်ခဏလေးမည်
[သတိပဋ္ဌာန်လေးပါးသည် မဂ်မရမီ အသီးသီး၊ မဂ်ခဏ တပေါင်းတည်း၊ ဝိပလ္လာသလေးပါးပယ်။]

၃၂။ နိဂုံး၊
[အလွန်ဆုံးခုနစ်နှစ်။]

……

သတိပဋ္ဌာန် အရသာ

▬▬ஜ۩۞۩ஜ▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁-ပဏာမပဋိညာဉ်

သဗ္ဗတ္ထိကံ သတိံ ဝါဒီ၊
သုဂတော ဘိက္ခုဂေါစရံ။
တဿ ပါဒေ နမဿိတွာ၊
ကဿံ သတိရသံ သုတံ။

သုဂတော၊ အကျိုးရှိ-မှန်ရာ-သူနာလို, အကျိုးရှိ-မှန်ရာ-သူမနာလို - ဤသို့သော စကားကောင်းနှစ်ခွန်းကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်။
သတိံ၊ သတိကို။
သဗ္ဗတ္ထိကံ၊ တွန့်သောစိတ်, ပျံ့သောစိတ်အားလုံး၌ အလိုရှိအပ်၏။
ဝါဗောဇ္ဈင်အားလုံး အကျိုးများစေ၏။
ဘိက္ခု ဂေါစရံ၊ ရဟန်း စားကျက်ဖြစ်၏။
ဝါဘိက္ခု အမှူးရှိသော ဘုရားပရိသတ်၏ စားကျက်ဖြစ်၏။
ဝါ၊ ဤစားကျက်တွင်း ဝင်ချဉ်းသူတိုင်း ဘိက္ခုမည်၏။
ဣတိ၊ ဤသို့။
ဝါဒီ၊ ဟောကြားတော်မူလေ့ရှိ၏။
တဿ၊ ထိုစကားမှန်ကိုသာ အကျိုး ရှိလောက်မှ ဆိုလေ့ရှိသော မြတ်စွာဘုရား၏။
ပါဒေ၊ ပကတိအခြေ, ပါရမီအခြေ, တန်ခိုးအခြေ ဉာဏ်အခြေတို့ကို။
နမဿိတွာ၊ ဦးခိုက်မြတ်နိုး ရှိခိုးပြီး၍။
သုဘံ၊ တင့်တယ် လျောက်ပတ် ကောင်းမြတ်လှသော။
သတိရသံ၊ ခံတွင်းကောင်းသူတိုင်း မြိန်ရှက်စရာ, ခံတွင်းပျက်သူပင် သွားရေကျစရာ သတိပဋ္ဌာန် အရသာကို။
ကဿံ၊ စီမံပြုလုပ် အားထုတ်ပေအံ့။

၂-ဥဒ္ဒေသ

ပါဠိတော်ကျဉ်း

သတိပဋ္ဌာန်တို့သည် လေးပါးအပြားရှိကုန်၏။

၁။ ဤသာသနာတော်ရဟန်းသည် --
အဇ္ဈတ္တကာယကာယကို အဖန်ဖန် ရှုလျက်နေ၏၊
ဗဟိဒ္ဓကာယကာယကို အဖန်ဖန် ရှုလျက်နေ၏၊
အဇ္ဈတ္တ ဗဟိဒ္ဓ ကာယကို အဖန်ဖန်ရှုလျက်နေ၏၊
လုံ့လရှိ၍ ဆင်ခြင်၍ သတိရှိ၍ (ကာယ) လောကအဘိဇ္ဈာ, ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။

၂။ အဇ္ဈတ္တဝေဒနာဝေဒနာကို၊
ဗဟိဒ္ဓဝေဒနာဝေဒနာကို၊
အဇ္ဈတ္တ ဗဟိဒ္ဓဝေဒနာဝေဒနာကို အဖန်ဖန်ရှုလျက်နေ၏၊
လုံ့လရှိ၍ ဆင်ခြင်၍ သတိရှိ၍ (ဝေဒနာ) လောကအဘိဇ္ဈာ, ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။

၃။ အဇ္ဈတ္တစိတ္တ, ဗဟိဒ္ဓစိတ္တ, အဇ္ဈတ္တဗဟိဒ္ဓ စိတ္တစိတ္တကို အဖန်ဖန်ရှုလျက်နေ၏၊
လုံ့လရှိ၍ ဆင်ခြင်၍ သတိရှိ၍ (စိတ္တ) လောကအဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။

၄။ အဇ္ဈတ္တဓမ္မတို့၌, ဗဟိဒ္ဓဓမ္မတို့၌, အဇ္ဈတ္တ ဟိဒ္ဓဓမ္မတို့၌ ဓမ္မကို အဖန်ဖန် ရှုလျက် နေ၏၊ လုံ့လရှိ၍ ဆင်ခြင်၍ သတိရှိ၍ (ဓမ္မ) လောကအဘိဇ္ဈာ, ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။

[ဤကား အကျဉ်းဥဒ္ဒေသတည်း။]

၃ - ဥဒ္ဒေသ အဓိပ္ပါယ်

သတိပဋ္ဌာန်အခွဲ

မေး။   ။ အဘယ်တရားသည် သတိပဋ္ဌာန် မည်သနည်း။

ဖြေ။   ။ သတိစေတသိက်သည် သတိပဋ္ဌာန်မည်၏။

သတိပဋ္ဌာန်ဟူသည် --
အာရုံသတိပဋ္ဌာန်တမျိုး၊
မချစ်မမုန်း သတိပဋ္ဌာန် တမျိုး၊
သတိစေတသိက် သတိပဋ္ဌာန်တမျိုး - ဤသို့ သုံးမျိုးရှိ၏၊

ဤသုံးမျိုးတို့တွင် အာဂုံ သတိ ပဋ္ဌာန်,မချစ်မမုန်း သတိပဋ္ဌာန်ကို ဤနေရာ၌ ဟောသည် မဟုတ်၊သတိစေတသိက်ကိုသာလေးပါးပြား၍ ဟောသည်၊ ထို့ကြောင့် ဤနေရာ၌ သတိစေတသိက်သည် သတိပဋ္ဌာန် မည်၏။

သတိပဋ္ဌာန်သုံးမျိုး သဘောကား + သတိ၏ အာရုံစားကျက် ဟူသမျှသည် (သတိ + ပဋ္ဌာန) သတိ၏ + နေရာဌာန ဖြစ်၏၊ ထို့ကြောင့် သတိပဋ္ဌာန်မည်၏၊ သုံးမျိုး ကျင့်သော သာဝကတို့အပေါ်၌ ဘုရားရှင်မချစ်မမုန်းခြင်းသည်လည်း (သတိ + ပဋ္ဌာန) သတိဖြင့် ဖြစ်စေအပ်၏၊ ထို့ကြောင့် သတိပဋ္ဌာန် မည်၏၊ အောက်မေ့ခြင်း လက္ခဏာ ရှိသော သတိစေတသိက်သည်လည်း (သတိ+ပဋ္ဌာန) သတိဟူသော + ထင်စွာဖြစ်သော တရားဖြစ်၏၊ ထို့ကြောင့် သတိပဋ္ဌာန်မည်၏။

မချစ်မမုန်းသတိပဋ္ဌာန်ကို ဤသို့သိအပ်၏၊ ဥပရိပဏ္ဏာသ သဠာယတန ဝိဘင်္ဂသုတ်- ဘုရားရှင် ဆုံးမသည်ကို --

သာဝကတို့ နားမထောင်ခြင်းကြောင့် ဘုရားရှင်အား ချစ်ခြင်း မုန်းခြင်း မဖြစ်၊
သာဝကအချို့ နားထောင်ခြင်းကြောင့်လည်း ချစ်ခြင်း မုန်းခြင်း မဖြစ်၊
သာဝကအားလုံး နားထောင်ခြင်းကြောင့်လည်း ချစ်ခြင်းမုန်းခြင်း မဖြစ်၊

ဤသို့ သုံးမျိုးကျင့်သော သာဝကတို့အပေါ်၌ မချစ်မမုန်း သုံးပါးသည် သတိဖြင့် + ဖြစ်စေအပ်သောကြောင့် သတိပဋ္ဌာန်သုံးပါးမည်၏၊ ဤသတိပဋ္ဌာန်သုံးပါး မှီဝဲသော ဆရာသည် တပည့်အပေါင်းကို ဆုံးမခြင်းငှါထိုက်၏-ဟုဆို၏။

လေးပါးပြားကြောင်း

မေး။   ။ အဘယ့်ကြောင့် သတိပဋ္ဌာန် လေးပါး တိတိ ဟောသနည်း။

ဖြေ။ ။ ဝေနေယျ တို့၏ အစီးအပွားအား ဤလေးပါးသာ လျော်သောကြောင့် လေးပါး တိတိဟောသည်။

သတိစေတသိက်သည် အာရုံရှိသလောက် များ၏၊ များသော်လည်း ဝေနေယျ တို့၏ အစီးအပွားအား ဤလေးပါးသာ လျော်သည် --

ဝေနေယျသည် -

၁။ ပညာနုံ့၍ တဏှာသဘောရှိသူ တယောက်။
၂။ ပညာထက်၍ တဏှာသဘောရှိသူ တယောက်။
၃။ ပညာနုံ့၍ ဒိဋ္ဌိသဘောရှိသူ တယောက်။
၄။ ပညာထက်၍ ဒိဋ္ဌိသဘောရှိသူတယောက်။

ဤသို့ လေးယောက်ရှိ၏၊ ထိုတွင် -

၁။ ကာယာနုပဿနာသည် ပညာနုံ့၍ တဏှာသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏၊ ဝါ-စင်ကြယ်ကြောင်းဖြစ်၏။

၂။ ဝေဒနာနုပဿနာသည် ပညာထက်၍ တဏှာသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။

၃။ စိတ္တာနုပဿနာသည် ပညာနုံ့၍ ဒိဋ္ဌိသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။

၄။ ဓမ္မာနုပဿနာသည် ပညာထက်၍ ဒိဋ္ဌိသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။

ဤသို့ဝေနေယျတို့၏ အစီးအပွား အားလျော်စွာ လေးပါးသာ ဟောသည်။

တနည်း

သတိပဋ္ဌာန်လေးပါးသည် --
သမထ အားထုတ်သော ဉာဏ်နုံ့သူတယောက်, ဉာဏ်ထက်သူတယောက်၊
ဝိပဿနာ အားထုတ်သော ဉာဏ်နုံ့သူ တယောက်, ဉာဏ်ထက်သူ တယောက်,
ဤလေးယောက်တို့၏ အစဉ်အတိုင်း ဝိသုဒ္ဓိမဂ္ဂ ဖြစ်၏၊
ထို့ကြောင့် လေးပါးသာ ဟောသည်။

တနည်း

ဤလေးပါးသည် သုဘဟူ၍, သုခဟူ၍, နိစ္စဟူ၍, အတ္တဟူ၍ ဖောက်ပြန်သော ဝိပလ္လာသလေးပါးကို အစဉ်အတိုင်း ပယ်သည်၊ သြဃလေးပါး, ယောဂလေးပါး, အာသဝလေးပါး, ဂန္ထလေးပါး, ဥပါဒါန်လေးပါး, အဂတိလေးပါး ကိုလည်း ပယ်သည်၊ အာဟာရလေးပါးကိုလည်း ပိုင်းခြား၍ သိသည်၊ ထိုကြောင့်လည်း လေးပါးသာဟော သည်။

တနည်း

အောက်မေ့စရာ တရားလေးပါးရှိ၏၊ နိဗ္ဗာန်ဝင်ပေါက် လေးပေါက်ရှိ၏ဟု ပြလို၍ လေးပါးသာ ဟောသည်၊ ဥပမာဖြင့် ဤသို့ သိအပ်၏၊

မင်းနေပြည်၏ အရှေ့ဘက်နေသော သူတို့သည် အရှေ့ဘက်၌ တွက်သော ဘဏ္ဍာကို ယူ၍ အရှေ့ဘက် မြို့တံခါးဖြင့် မင်းနေပြည်သို့ ဝင်ကုန်၏၊ တောင်ဘက် အနောက်ဘက် မြောက်ဘက်၌ နေသူတို့လည်း မိမိတို့အရပ်ထွက် ဘဏ္ဍာကိုယူ၍ မိမိတို့အရပ် တံခါးဖြင့် ဝင်ကုန်၏၊

ထို့အတူ ကာယပြုသော သူတို့သည် ကာယအာရုံ အဖုံဖုံကို အောက်မေ့၍ ဘာဝနာ အာနုဘော်ကိုယူ၍ ရသော အဋ္ဌင်္ဂိက မဂ္ဂင်တံခါးဖြင့် နိဗ္ဗာန်မြို့ကြီးသို့ ဝင်ကုန်၏၊ ဝေဒနာ, စိတ္တ, ဓမ္မတို့ကိုရှုသော သူတို့သည် အသီးသီး ဝေဒနာ,စိတ္တ ဓမ္မအာရုံ အဖုံဖုံကို အောက်မေ့၍ ဘာဝနာ အာနုဘော်ကို ယူ၍ရသော အဋ္ဌင်္ဂိက မဂ္ဂင်တံခါးဖြင့် နိဗ္ဗာန်မြို့ကြီးသို့ ဝင်ကုန်၏။

ဤသာသနာ

မေး။   ။ အဘယ်အကျိုးငှါ ဤသာသနာတော်- ဟု ဟောသနည်း။

ဖြေ။  ။ သတိပဋ္ဌာန်တရား အားထုတ်သောသူ၏ မှီရာ တည်ရာဌာနကို ပြခြင်းငှါ ဤ သာသနာတော်၌-ဟု ဟောသည်။

သာသနာ၌သာ သတိပဋ္ဌာန် စသည်ကို အားထုတ်သော --

ပထမသမဏ သောတာပန်,
ဒုတိယ သမဏ သကဒါဂါမ်,
တတိယ သမဏ အနာဂါမ်,
စတုတ္ထ သမဏ ရဟန္တာတို့သည် ရှိကုန်၏၊

တပါးသော သာသနာ အယူဝါဒ၌ ဤသမဏမျိုးမရှိ၊
သတိပဋ္ဌာန်မျိုးလည်း မရှိ။

ရဟန်း

မေး။   ။ အဘယ့်ကြောင့် ရဟန်းသည်-ဟု ကတ္တာပြုသနည်း၊
ဘိက္ခုနီမတို့သည်၎င်း, နတ်လူတို့သည်၎င်း သတိပဋ္ဌာန်ကို ကျင့်ကောင်းသည် မဟုတ်လော။

ဖြေ။   ။ တပါးသော သူတို့ ကျင့်ကောင်းသော်လည်း သတိပဋ္ဌာန်ဟူသည် ရဟန်း တို့သာ ပိုင်သော အကျင့်ဖြစ်၏၊ ရဟန်းတို့၏ ဘဘုရား၏ဥစ္စာ အမွေရသော စားကျက်ဖြစ်၏၊ ထို့ကြောင့် ရဟန်းသည်-ဟု ကတ္တာပြုသည်။

တနည်း

တပါးသောသူတို့ ကျင့်သော်လည်း ဘုရားရှင်၏ ပရိသတ်၌ ရဟန်းသည် ပြဓာန်း၏၊ မြတ်၏၊ ထို ကြောင့် “ရဟန်းသည်”ဟု ကတ္တာပြုသည်။

တနည်း

လူဖြစ်စေ, နတ်ဖြစ်စေ, တန်ဆာ အမျိုးမျိုးဖြင့် အလှအပ ဆင်မြန်းထားသူဖြစ်စေ ဤသတိပဋ္ဌာန်ကို ကျင့်လျှင် ဘိက္ခုမည်၏၊ သမဏမည်၏၊ ရဟန်းမည်၏၊ ရွှေတောင်၌ ရောက်လာသော သားငှက် အားလုံး ရွှေသား, ရွှေငှက် ဖြစ်သကဲ့သို့ ဤသတိပဋ္ဌာန် စားကျက်တွင်းဝင် ချဉ်းကပ်ရောက်လာသော လူနတ်တို့လည်း ဘိက္ခု သမဏ, ရဟန်းဖြစ်ကုန်၏၊ ဤသို့အကျင့်ဖြင့် ဘိက္ခု မည်ပုံကို ပြလိုသောကြောင့် ရဟန်းသည် - ဟုကတ္တာပြုသည်။

အဇ္ဈတ္တကာယ

မေး။   ။ အဇ္ဈတ္တကာယ ဟူသည်အဘယ်နည်း၊

ဖြေ။   ။ မိမိ၏ခန္ဓာကိုယ်သည် အဇ္ဈတ္တကာယ မည်၏။

အဋ္ဌကထာတို့၌ အဇ္ဈတ္တံကို အတ္တနောမျှ ဖွင့်သည်၊ ထို့ကြောင့် အတ္တနော အဇ္ဈတ္တံ-ဟုဝိဂြိုဟ်ပြု၊ အတ္တနော၊ မိမိ၏။ အဇ္ဈတ္တံ၊ မိမိ၏။ ဤကားအနက်၊ အဓိဥပသာရပုဒ် အပုဒ်-နှစ်ပုဒ် ပေါင်းသောကြောင့် သမာသ်အဓိပုဒ်သည် ဆဋ္ဌီဝိဘတ် အနက်ကို ဟော၏၊ ပြဓာန်း၏၊ ထိုကြောင့် ဆဋ္ဌီဝိဘတျတ္ထ အဗျယီဘာဝသမာသ် မည်၏၊ ဤကား သက္ကတကျမ်းတို့၌ ဆိုသော နည်းတည်း၊ သာသနာကျမ်းတို့၌ ဤနည်းကို အသုံးများစွာ မပြုကြကုန်။

စက်ဆုပ်ဘွယ်ဖြစ်သော ဆံပင်, မွေးညှင်း စသည်တို့သည် ကု-မည်၏၊ ဖြစ်ပေါ်ရာ ဌာနသည် အာယ-မည်၏၊ (ကု+အာယ) စက်ဆုပ်ဘွယ်တို့၏ ဖြစ်ရာ ကိုယ်ခန္ဓာ သည် ကာယ မည်၏၊ (အဇ္ဈတ္တ+ကာယ) မိမိ၏+ကာယ သည် အဇ္ဈတ္တကာယ မည်၏။

ကာယာနုပဿီ

မေး။   ။ အဇ္ဈတ္တကာယကာယကို အဖန်ဖန်ရှုသည် ဟူသည် အဘယ်သို့ ရှုသနည်း။

ဖြေ။   ။ ဤ အဇ္ဈတ္တကာယဝေဒနာကို မရှု၊ စိတ္တကို မရှု၊ ဓမ္မကိုမရှု၊ ကာယကိုသာ ရှုသည်။

တနည်း

ဣတ္ထိဟုမှုှ၊ ပုရိသဟုမရှု၊ အင်္ဂါကြီးငယ် အပေါင်းကိုသာ ရှုသည်၊ ဆံပင်, မွေးညှင်း စသော အပေါင်းကိုသာ ရှုသည်၊ ဘူတရုပ်, ဥပါဒါရုပ် အပေါင်းကိုသာရှုသည်၊ နိစ္စ, သုခ, အတ္တ, သုဘ အပေါင်းဟု အမှားကိုမရှု၊ အနိစ္စအပေါင်း, ဒုက္ခအပေါင်း, အနတ္တအပေါင်း, အသုဘအပေါင်း ဟူ၍သာ အမှန်ရှုသည်၊ ဤသို့ ရှုသောသူသည် အဇ္ဈတ္တကာယကာယကို အဖန်ဖန်ရှုသည် မည်၏၊ ဝါ- ကာယနုပဿီပုဂ္ဂိုလ်မည်၏။

ဤ၌ ဘူတရုပ်,ဥပါဒါရုပ် အပေါင်းကိုသာ ရှုခြင်းသည် ငှက်ပျောတုံး အဖတ်ခွာ၍ အနှစ်ရှာသော် အကာသာ တွေ့သကဲ့သို့၎င်း, အချည်းနှီးသော လက်ဆုပ်ကို ဖြေသော် ဘာမျှမတွေ့သကဲ့သို့၎င်း အနှစ်သာရ ဘာမျှမတွေ့ရလတ္တံ့။

[မြင်တိုင်း ရှုကောင်းသည်မဟုတ်၊ ရှုကောင်းသည်ကို မမြင်လျှင် ဒုက္ခမလွတ်၊ ဤ ပြဿနာကို နှိုင်းချိန်နိုင်သူတို့ ထိုးထွင်းနိုင်လတ္တံ့။]

တနည်း

အဇ္ဈတ္တကာယအနုပဿနာဉာဏ် ခုနစ်ပါးဖြင့် ရှု၏၊ ဤကိုယ်ကို အနိစ္စဟုရှု၏၊ ဒုက္ခ ဟုရှု၏၊ အနတ္တ ဟုရှု၏၊ ငြီးငွေ့၏၊ တပ်ခြင်းကင်း၏၊ ချုပ်စေ၏၊ စွန့်၏၊ ဤ ခုနစ်ပါးဖြင့် ရှုလျှင် နိစ္စသညာ, သုခသညာ - စသည်ကို စွန့်နိုင်၏။

သူတပါး၏ ခန္ဓာကိုယ်သည် ဗဟိဒ္ဓကာယ မည်၏၊
ရံခါ အဇ္ဈတ္တကာယကို ရှု၏၊
ရံခါ ဗဟိဒ္ဓကာယကို ရှု၏၊
ရံခါ အဇ္ဈတ္တဗဟိဒ္ဓကာယကို ရှု၏၊
ဤသို့သောသူသည် ကာယေကာယာနုဿီပုဂ္ဂိုလ် မည်၏။

အနုပဿီအင်္ဂါ

မေး။   ။ ဤသို့သောသူသည် အဘယ်အင်္ဂါတို့နှင့် ပြည့်စုံရမည်နည်း။

ဖြေ။   ။ ဤသို့သောသူသည် လုံ့လရှိရမည်၊ ပညာသင်ခြင်း ရှိရမည်၊ သတိရှိရမည်၊ ဤကား ပြည့်စုံသင့်သော အင်္ဂါတည်း။

အဇ္ဈတ္တစသော ကာယသုံးပါးသည် လောကမည်၏၊ ဤကာယလောက၌ ဖြစ်လေ့ ရှိသော အဘိဇ္ဈာကို, ဒေါမနဿကို မဟာကုသိုလ်ဖြင့်၎င်း, မဟဂ္ဂုတ် ကုသိုလ် ဖြင့်၎င်း ပယ်ရမည်၊ ဤစကားဖြင့် နီဝရဏတို့ကို ပယ်ရမည်ဟု ပယ်အင်္ဂါကိုပြသည်။

အာနိသင်

မေး။   ။ အဘိဇ္ဈာ, ဒေါမနဿကိုပယ်လျှင် အဘယ်အာနိသင်တို့ကို ရနိုင်သနည်း။

ဖြေ။  ။ အဘိဇ္ဈာကိုပယ်လျှင် ကာယ၌ မွေ့လျော်ခြင်းကို ပယ်နိုင်၏၊ ကာယ၌ မရှိသော သုဘ, သုခ စသည်တို့ကို ထည့်သွင်းလိုခြင်းကိုလည်း ပယ်နိုင်၏၊ ဒေါမနဿကို ပယ်လျှင် ကာယာနုပဿနာဘာဝနာ၌ မမွေ့လျော်ခြင်းကို ပယ်နိုင်၏၊ ကာယ၌ ရှိသော အသုဘ, ဒုက္ခစသည်တို့ကို မယူလိုခြင်းကိုလည်း ပယ်နိုင်၏၊ ထိုနှစ်ပါး ပယ်ခြင်းကြောင့် ရဟန်းသည် ကမ္မဋ္ဌာန်း စီးဖြန်းခြင်းငှါ စွမ်းနိုင်၏၊

ဝေဒနာနုပဿီ

မေး။   ။ အဇ္ဈတ္တဝေဒနာဝေဒနာကို အဖန်ဖန်ရှုသည် ဟူသည် အဘယ်သို့ ရှုသနည်း။

ဖြေ။   ။ အဇ္ဈတ္တဝေဒနာကာယ, စိတ္တ, ဓမ္မကိုမရှု၊ ဝေဒနာကိုသာ ရှုသည်။

တနည်း

သုခကို ဝိပရိဏာမ သဘောဖြစ်၍ ဒုက္ခဟု, ဒုက္ခကို ငြောင့်တံသင်းဟု, ဥပေက္ခာကို အနိစ္စဟု ရှုသည်။

တနည်း

ဝေဒနာအားလုံးကို ဒုက္ခ၌ အတွင်းဝင်သောကြောင့် ဒုက္ခဟု ရှုသည်။

တနည်း

ဝေဒနာအားလုံးကို သုခ, ဒုက္ခအားဖြင့် ရှုသည်။

[သုခသည်တည်လျှင် ချမ်းသာ၏၊ ဖောက်ပြန်လျှင် ဆင်းရဲ၏၊ ဒုက္ခသည် တည်လျှင် ဆင်းရဲ၏၊ ဖောက်ပြန်လျှင် ချမ်းသာ၏၊ အဒုက္ခမသုခသည် သိလျှင် ချမ်းသာ၏။ မသိလျှင် ဆင်းရဲ၏၊ ထို့ကြောင့် သုခ, ဒုက္ခနှစ်ပါးဖြင့် ရှုသည်ဟု ဆိုလို၏။]

တနည်း

အနုပဿနာဉာဏ် ခုနစ်ပါးဖြင့် ရှုသည်၊ ဤသို့ရှုသောသူသည် အဇ္ဈတ္တဝေဒနာဝေဒနာကို အဖန်ဖန်ရှုသောသူ မည်၏၊ ဝေဒနာနုပဿီပုဂ္ဂိုလ် မည်၏။

[ဗဟိဒ္ဓဝေဒနာ, အဇ္ဈတ္တဗဟိဒ္ဓ ဝေဒနာတို့၌လည်း ထို့အတူတည်း။]

စိတ္တာနုပဿီ

မေး။   ။ အဇ္ဈတ္တစိတ္တစသည်တို့၌ စိတ္တကိုအဖန်ဖန် ရှုသည် ဟူသည် အဘယ်သို့ ရှုသနည်း။

ဖြေ။   ။ အဇ္ဈတ္တစိတ္တ - စသည်တို့၌ ကာယ ဝေဒနာ ဓမ္မကို မရှု၊ စိတ္တကိုသာ ရှုသည်၊ ဝါ-အာရုံအဓိပတိ စသည်ဖြင့် ရှုသည်၊ ဝါ-အနုပဿနာဉာဏ် ခုနစ်ပါးဖြင့်ရှုသည်၊ ဝါ-သရာဂစိတ် စသည်ဖြင့် ရှုသည်၊ ဤသို့သောသူသည် စိတ္တာနုပဿီပုဂ္ဂိုလ် မည်၏။

ဓမ္မာနုပဿီ

မေး။   ။ အဇ္ဈတ္တဓမ္မစသည်တို့၌ ဓမ္မကိုအဖန်ဖန်ရှုသည် ဟူသည် အဘယ်သို့သနည်း။

ဖြေ။   ။ အဇ္ဈတ္တဓမ္မ - စသည်တို့၌ ကာယ, ဝေဒနာ, စိတ္တကို မရှု၊ ဓမ္မကိုသာ ရှုသည်၊
ဝါ - မိမိလက္ခဏာဖြင့်, သာမညလက္ခဏာဖြင့် ရှုသည်၊
ဝါ - သတ္တဝါမှ ဆိတ်သော ဓမ္မဟု ရှုသည်၊
ဝါ - အနုပဿနာဉာဏ် ခုနစ်ပါးဖြင့်ရှုသည်၊
ဝါ - ထင်ရှားရှိသောတရား, ထင်ရှားမရှိသောတရား ဟုရှုသည်၊
ဤသို့သော သူသည် ဓမ္မာနုပဿီပုဂ္ဂိုလ် မည်၏။

ဥဒ္ဒေသအဓိပ္ပါယ်ပြီး၏။

ကာယာနုပဿနာ နိဒ္ဒေသ

၄-ပါဠိတော် အဓိပ္ပါယ်

ပါဠိတော်ကျဉ်း

မေး။   ။ အဘယ်သို့လျှင် ရဟန်းသည် အဇ္ဈတ္တကာယကာယကိုအဖန်ဖန် ရှုလျက် နေသနည်း။

ဖြေ။   ။ ဤသာသနာတော်ရဟန်းသည် အဇ္ဈတ္တကာယကို ခြေဘဝါးမှ အထက်, ဆံဖျားမှအောက်, ဘီလာမှအရေဖြင့် ပိုင်းခြား၍ အထူးထူးပြည့်သော စက်ဆုပ်ဘွယ် ကို ဆင်ခြင်၏။

ဤကိုယ်၌ -

၁။ ဆံပင်ရှိ၏၊ မွေးညှင်းရှိ၏၊ ခြေသည်း လက်သည်း ရှိ၏၊ သွားရှိ၏။ အရေရှိ၏။
၂။ အသားရှိ၏၊ အကြောရှိ၏၊ အရိုးရှိ၏၊ ရိုးတွင်းခြင်ဆီရှိ၏၊ အညို့ရှိ၏။
၃။ နှလုံးရှိ၏၊ အသည်းရှိ၏၊ အမြှေးရှိ၏၊ အဖျဉ်းရှိ၏၊ အဆုပ်ရှိ၏၊
၄။ အူမ-ရှိ၏။ အူသိမ်ရှိ၏၊ အစာသစ်ရှိ၏၊ အစာဟောင်းရှိ၏၊ ဦးနှောက်ရှိ၏။
၅။ သည်းခြေရှိ၏၊ သလိပ်ရှိ၏၊ ပြည်ရှိ၏၊ သွေးရှိ၏၊ ချွေးရှိ၏၊ အဆီခဲရှိ၏။
၆။ မျက်ရည်ရှိ၏။ ဆီကြည်ရှိ၏၊ တံတွေးရှိ၏၊ နှပ်ရှိ၏၊ အစေးရှိ၏၊ ကျင်ငယ်ရှိ၏။

ဟုဆင်ခြင်၏၊ ထိုနိမိတ်ကို အကြိမ်ကြိမ်ပွား၏၊ ကောင်းစွာမှတ်သား၏၊ မှတ်သား၍ ဗဟိဒ္ဓကာယ၌ စိတ်ကိုဆောင်၏။

မေး။   ။ ဗဟိဒ္ဓကာယ၌ အဘယ်သို့အဖန်ဖန်ရှုသနည်း၊

ဖြေ။   ။ ဗဟိဒ္ဓကာယကို အထူးထူးပြည့်သော စက်ဆုပ်ဘွယ်ကို ဆင်ခြင်၏။

ဤသူ၏ကိုယ်၌ -

၁။ ဆံပင်ရှိ၏၊ မွေးညှင်းရှိ၏၊ ခြေသည်း လက်သည်း ရှိ၏၊ သွားရှိ၏၊ အရေရှိ၏။
၂။ အသားရှိ၏၊ အကြောရှိ၏၊ အရိုးရှိ၏၊ ရိုးတွင်းခြင်ဆီရှိ၏၊ အညှို့ရှိ၏။
၃။ နှလုံးရှိ၏၊ အသည်းရှိ၏၊ အမြှေးရှိ၏၊ အဖျဉ်းရှိ၏၊ အဆုပ်ရှိ၏။
၄။ အူမ-ရှိ၏၊ အူသိမ်ရှိ၏၊ အစာသစ်ရှိ၏၊အစာဟောင်း ရှိ၏၊ ဦးနှောက်ရှိ၏။
၅။ သည်းခြေရှိ၏၊ သလိပ်ရှိ၏၊ ပြည်ရှိ၏၊ သွေးရှိ၏၊ ချွေးရှိ၏။ အဆီခဲရှိ၏။
၆။ မျက်ရည်ရှိ၏၊ ဆီကြည်ရှိ၏၊ တံတွေးရှိ၏၊ နှပ်ရှိ၏၊ အစေးရှိ၏၊ ကျင်ငယ်ရှိ၏။

ဟုဆင်ခြင်၏၊ ထိုနိမိတ်ကို ကောင်းစွာ မှတ်သား၏၊ မှတ်သား၍ အဇ္ဈတ္တဗဟိဒ္ဓ ကာယ၌ စိတ်ကိုဆောင်၏။

မေး။   ။ အဇ္ဈတ္တဗဟိဒ္ဓကာယ၌ အဘယ်သို့ အဖန်ဖန် ရှုသနည်း။

ဖြေ။   ။ အဇ္ဈတ္တဗဟိဒ္ဓကာယကို အထူးထူး ပြည့်သော စက်ဆုပ်ဘွယ်ကို ဆင်ခြင်၏၊

ဤကိုယ်၌ -

၁။ ဆံပင်ရှိ၏၊ မွေးညှင်းရှိ၏၊ ခြေသည်း လက်သည်း ရှိ၏၊ သွားရှိ၏၊ အရေရှိ၏။
၂။ အသားရှိ၏၊ အကြောရှိ၏၊ အရိုးရှိ၏၊ ရိုးတွင်းခြင်ဆီရှိ၏၊ အညှို့ရှိ၏။
၃။ နှလုံးရှိ၏၊ အသည်းရှိ၏၊ အမြှေးရှိ၏၊ အဖျဉ်းရှိ၏၊ အဆုပ်ရှိ၏။
၄။ အူမ-ရှိ၏၊ အူသိမ်ရှိ၏၊ အစာသစ်ရှိ၏၊အစာဟောင်း ရှိ၏၊ ဦးနှောက်ရှိ၏။
၅။ သည်းခြေရှိ၏၊ သလိပ်ရှိ၏၊ ပြည်ရှိ၏၊ သွေးရှိ၏၊ ချွေးရှိ၏။ အဆီခဲရှိ၏။
၆။ မျက်ရည်ရှိ၏၊ ဆီကြည်ရှိ၏၊ တံတွေးရှိ၏၊ နှပ်ရှိ၏၊ အစေးရှိ၏၊ ကျင်ငယ်ရှိ၏။

ဟုဆင်ခြင်၏၊ ဤသို့ အဇ္ဈတ္တဟိဒ္ဓကာယကာယကို အဖန်ဖန် ရှုလျက်နေ၏၊ လုံ့လရှိ၍ ဆင်ခြင်၍ သတိရှိ၍ (ကာယ) လောကအဘိဇ္ဈာ, ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။

ဤ၌ အဖန်ဖန်ရှုသော ဉာဏ်သည် အနုပဿနာ မည်၏။
ရှုသောဉာဏ်ရှိသော သူသည် အနုပဿီ မည်၏၊
ဣရိယာပုထ် လေးပါးဖြင့် မပင်ပန်းအောင် ကိုယ်ကို ဆောင်ခြင်းသည် နေသည် မည်၏၊
ဝီရိယရှိသောကြောင့် လုံ့လရှိသည် မည်၏၊
ပညာရှိသောကြောင့် ဆင်ခြင်သည် မည်၏၊
သတိ ကောင်းသောကြောင့် သတိရှိသည် မည်၏၊
အဇ္ဈတ္တစသော ကာယသုံးပါးသည် လောက မည်၏၊
ဥပါဒါနက္ခန္ဓာငါးပါး သည်လည်း လောက မည်၏၊
နှစ်သက်တွယ်တာခြင်းသည် အဘိဇ္ဈာ မည်၏၊
စိတ်ဆင်းရဲခြင်းသည် ဒေါမနဿ မည်၏၊
အဘိဇ္ဈာ, ဒေါမနဿ နှစ်ပါးတို့သည် ဤလောက၌ ချုပ်ပျောက်ပျက်စီးကုန်၏၊
ထို့ကြောင့် အဘိဇ္ဈာ, ဒေါမနဿကို ပယ်ဖျောက်၍နေသည် မည်၏။

[ဝေဒနာနုပဿနာနိဒ္ဒေသ တို့ကိုလည်း ဆိုင်ရာသို့ ရောက်မှ ကျဉ်းကျဉ်းဆိုပေအံ့။]

အဓိပ္ပါယ်ကျဉ်း

ရွှေပန်းထိမ်ဆရာသည် တန်ဆာ အထူးပြုလို၍ ရွှေတတုံးကို လေးပိုင်း ပိုင်း၍ တပိုင်းကို တန်ဆာအထူးပြု၏၊

ထို့အတူ ဘုရားရှင်သည် သတ္တဝါတို့ တရားထူးရင်းကို ပြုလို၍ သမ္မာသတိ တခုတည်းကို ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ ဟူသော အာရုံ လေးပါးဖြင့် လေးမျိုးပိုင်း၍ တပိုင်းစီ အကျယ်ဝေဘန်တော်မူ၏။

ဤတလံမျှသောကိုယ်၌ အနည်းနည်းရှာဖွေ စူးစမ်းကြသော်လည်း ပုလဲ, ပတ္တမြား စသော အဘိုးတန်ပစ္စည်းကို တစုံတယောက်သော သူမျှပင် တရံတခါ၌သော်လည်း မမြင် မတွေ့၊ လွန်စွာ စက်ဆုပ်ဘွယ် ကောင်းလှသော ဆံပင် မွေးညှင်း စသည် တို့ကိုသာ တွေ့ရမြင်ရ၏။

ကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ဘဘုရားထံမှ အမွေရသော ရဟန်းသည်၊ ဝါ-အကျင့်ဖြင့် ရဟန်းအမည်ရလတ္တံ့သော အမျိုးကောင်းသား အမျိုးကောင်းသမီးသည် ရှေးဦးစွာ သီလစင်ကြယ်အောင် သုတ်သင်ရမည်၊ ပလိဗောဓ ကြောင့်ကြကြီးငယ်ကို ဖြတ်ရမည်၊ ဤကမ္မဋ္ဌာန်းဖြင့် ဈာန်ရ၍ ထိုဈာန်ကိုအခြေခံ၍ အနာဂါမ်, ရဟန္တာ ဖြစ်သော ပါဠိ, အဋ္ဌကထာတို့၌ အလေ့အလာများသော ဆရာမြတ်ထံ ချဉ်းကပ်၍ ဤသတိပဋ္ဌာန် ကမ္မဋ္ဌာန်းကို သင်ပေးတော်မူပါဟု တောင်းပန်ရမည်။

[မဂ်ဖိုလ်ရသူသာဖြစ်လျှင် မိမိရဘူးသော နည်းအတိုင်း ဟောပြနိုင်၏၊ ပါဠိ, အဋ္ဌကထာ လေ့လာသူသာဖြစ်လျှင် နည်းများစွာ ဟောပြနိုင်၏။]

၅-ဥဂ္ဂဟကောသလ္လ ခုနစ်ပါး

ဆရာမြတ်သည် ပကတိအားဖြင့် ကမ္မဋ္ဌာန်း သင်ယူပြီးသောသူအား တထိုင်နှစ်ထိုင်မျှ သရဇ္ဈာယ်စေ၍ ဟောကြားအပ်၏၊ အနီး၌နေ၍ သင်ယူသောသူအား လာသော အခါတိုင်း ဟောကြားအပ်၏၊ အရပ်တပါးသို့ သွား၍ အားထုတ်လိုသော သူအား မကျဉ်းမကျယ်ကို မရှုပ်မထွေးအောင် ဟောကြားအပ်၏၊ သင်ယူခြင်း၌ လိမ်မာကြောင်း အစီအရင်ခုနစ်ပါး ဟောကြားအပ်၏။

၁။ နှုတ်ဖြင့် သရဇ္ဈာယ်ခြင်း၊
၂။ စိတ်ဖြင့် သရဇ္ဈာယ်ခြင်း၊
၃။ အဆင်းမှတ်ခြင်း၊
၄။ သဏ္ဌာန်မှတ်ခြင်း၊
၅။ အထက်ပိုင်း၌ဖြစ်သည် အောက်ပိုင်း၌ဖြစ်သည်ဟု ဖြစ်ရာမှတ်ခြင်း၊
၆။ တည်သောနေရာမှတ်ခြင်း၊
၇။ အပိုင်းအခြားမှတ်ခြင်းအားဖြင့်ဟောကြားအပ်၏။

[ဤကား ဥဂ္ဂဟကောသလ္လ ခုနစ်ပါးတည်း။]

ဆောင်။   ။ နှုတ်၊ စိတ်၊ ဆင်း၊ သံ၊ ဖြစ်၊ တည်၊ ပိုင်း -ခုနစ်။

နှုတ်

ပိဋကတ်သုံးပုံ တတ်မြောက်သောသူ ဖြစ်သော်လည်း ဤကမ္မဋ္ဌာန်းကို ရှေးဦးစွာ နှုတ်ဖြင့် အကြိမ်ကြိမ် သရဇ္ဈာယ်ရမည်၊ မလယဝါသီ မဟာဒေဝ မထေရ်သည် ရဟန်းနှစ်ပါးအား ဤသုံးဆဲ့နှစ်ကောဋ္ဌာသကို လေးလပတ်လုံး သရဇ္ဈာယ်ရမည်ဟု သင်ပေး၏၊ ရဟန်း နှစ်ပါးသည် နိကာယ်နှစ်ခု သုံးခုဆောင်၍ ပိဋကတ်တတ်မြောက် ကြသော်လည်း ရိုသေစွာ လိုက်နာ၍ လေးလ သရဇ္ဈာယ်စဉ် သောတာပန် တည်ကုန်သတတ်။

နှုတ်ဖြင့် သရဇ္ဈာယ်သောအခါ သုံးဆဲ့နှစ် ကောဋ္ဌာသကို ငါးခုစီလေးစု, ခြောက်ခုစီ နှစ်စုပိုင်း၍ အနုလုံ, ပဋိလုံ သရဇ္ဈာယ်ရမည်။

သရဇ္ဈာယ်ပုံကား --

၁။ ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ။
အရေ၊ သွား၊ ခြေသည်း လက်သည်း၊ မွေးညှင်း၊ ဆံပင်။

၂။ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။

၃။ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်။
အဆုပ်၊ အဖျဉ်း ၊အမြှေး၊ အသည်း၊ နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။

၄။ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။

၅။ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။
အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်း လက်သည်း၊ မွေးညှင်း၊ ဆံပင်။

၆။ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။
ကျင်ငယ်၊ အစေး၊ နှပ်၊ တံတွေး၊ ဆီကြည်၊ မျက်ရည်။
အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်း လက်သည်း၊ မွေးညှင်း၊ ဆံပင်။

ဤသို့ အကြိမ်ပေါင်း ရာ, ထောင်, သိန်း, သန်း သရဇ္ဈာယ်ရမည်၊ သရဇ္ဈာယ်ခြင်း အလေ့အလာ များသောအခါ စိတ်မပြေးပြီ၊ သုံးဆဲ့နှစ်ခုသော ကောဋ္ဌာသတို့သည် လက်ချောင်း အစဉ်ကဲ့သို့၎င်း, စောင်ရန်းခြေ အစဉ်ကဲ့သို့၎င်း ထင်ကုန်၏။

စိတ်

စိတ်ဖြင့်လည်း သရဇ္ဈာယ်ရမည်၊ နှုတ်သရဇ္ဈာယ်ခြင်းသည် စိတ်သရဇ္ဈာယ်ခြင်းအား ကျေးဇူးပြု၏၊ စိတ်သရဇ္ဈာယ်ခြင်းသည် အသုဘ လက္ခဏာကို၊ ဝါ - ဓာတု လက္ခဏာကို သိခြင်းအား ကျေးဇူးပြု၏၊ လက္ခဏာကို သိခြင်းသည် ဈာန်မဂ်ဖိုလ် တို့အား ကျေးဇူးပြု၏။

ဆင်း

ဆံပင်စသည်တို့၏ အဆင်းကို မှတ်ရမည်၊

သံ

သဏ္ဌာန်ကိုမှတ်ရမည်။

ဖြစ်

ချက်ဖြင့် အောက်အထက် ပိုင်း၍ ဤကောဋ္ဌာသသည် အထက်ဖြစ်သည်, အောက် ဖြစ်သည်-ဟုမှတ်ရမည်။

တည်

ကောဋ္ဌာသသည် ဤအရပ်၌ တည်၍နေသည် ဟု မှတ်ရမည်။

ပိုင်း

အောက်, အထက်, လာဘီ ပိုင်းခြားခြင်းသည် မိမိ၏အဘို့ - သဘာဂဖြင့် ပိုင်းသည် မည်၏၊ ဆံပင်သည် မွေးညှင်းစသည်မဟုတ်၊ မွေးညှင်းစသည်သည် ဆံပင်မဟုတ်ဟု ပိုင်းခြင်းသည် ဝိသဘာဂဖြင့် ပိုင်းသည် မည်၏၊ ထိုနှစ်ပါးဖြင့် ပိုင်းခြားခြင်းကိုလည်း မှတ်ရမည်။

ဥဂ္ဂဟကောသလ္လ ခုနစ်ပါး ပြီး၏။

၆-မနသိကာရကောသလ္လဆယ်ပါး

ကမ္မဋ္ဌာန်းကို သရဇ္ဈာယ်သောပုဂ္ဂိုလ်သည်-

၁။ အစဉ်အားဖြင့်၊
၂။ မမြန်လွန်းသော အားဖြင့်၊
၃။ မနှေးလွန်းသော အားဖြင့်၊
၄။ အပအာရုံ၌ မပြန့်လွင့်ခြင်းအားဖြင့်၊
၅။ ပညပ်လွန်ခြင်းအားဖြင့်
၆။ အစဉ်လွှတ်ခြင်းအားဖြင့်
၇။ အပ္ပနာအားဖြင့်၊
၈-၉-၁၀။ အဓိစိတ္တသုတ်,သီတိဘာဝသုတ်, ဗောဇ္ဈင်္ဂကောသလ္လသုတ် အားဖြင့် သရဇ္ဈာယ်ခြင်း,နှလုံးသွင်းခြင်းကို ပြုရမည်။

ဆောင်။   ။ စဉ်၊ မြန်၊ နှေး၊ ပြန့်၊ လွန်၊ လွှတ်၊ အပ်၊ ဓိ၊ သီ၊ ဗော - တဆယ်။

စဉ်

လှေကား သုံးဆဲ့နှစ်ထစ်ကို အစဉ်အတိုင်းမတက်ဘဲ တထစ်ကျော်တက်လျှင် လိုရာ မရောက်မီ ပင်ပန်း၍ ကျတတ်သကဲ့သို့ အစဉ်အတိုင်းမဟုတ်ဘဲ တခုကြားနှလုံးသွင်း လျှင် ဈာန်မဂ်ဖိုလ်မရမီ စိတ်ပင်ပန်း၍ ကျတတ်သည်၊ ထို့ကြောင့် အစဉ်အတိုင်း နှလုံးသွင်းရမည်။

မြန်

အစဉ်အတိုင်း ဖြစ်သော်လည်း မြန်မြန်နှလုံး မသွင်းအပ်၊ ခရီးအမြန်သွားလျှင် ခရီးကား တွင်၏၊ နားသင့် မနားသင့်သောအရပ် မမှတ်မိသကဲ့သို့ ကမ္မဋ္ဌာန်း ဆုံးသော်လည်း တရားထူးမရ ဖြစ်တတ်သည်။

နှေး

နှေးလွန်းစွာလည်း နှလုံးမသွင်းအပ်၊ ခရီး မတွင်သကဲ့သို့ ကမ္မဋ္ဌာန်း မဆုံးသဖြင့် တရားထူးမရ ဖြစ်တတ်သည်။

ပြန်

အပအာရုံ စိတ်ပြန့်လွင့်ခြင်းကို ပယ်ရမည်၊ မပယ်လျှင် တဘဝါးဆန့်သော ကမ်းပါးခရီး နင်းသော ခြေကို မမှတ်ဘဲ ထိုမှဤမှ ကြည့်ရှု၍ သွားလျှင် ချော်၍ ကျတတ်သကဲ့သို့ ကမ္မဋ္ဌာန်း ပျက်တတ်သည်။

လွန်

ပညပ်ကိုလွန်၍ နှလုံးသွင်းရမည်၊ ရှေးဦးစွာ ဆံပင်, မွေးညှင်း စသော အမည် ပညပ်ဖြင့် နှလုံးသွင်း၍ စက်ဆုပ်ဘွယ်ဟု ထင်သောအခါ အမည်ပညပ်ကို လွန်၍ လွှတ်၍ စက်ဆုပ်ဘွယ်ဟု နှလုံးသွင်းရမည်၊

လွှတ်

မထင်သော ကောဋ္ဌာသကို အစဉ်အတိုင်း လွှတ်၍ နှလုံးသွင်းရမည်။ ဆံပင်ဟုစု၍ နှလုံးသွင်းလျှင် ကျင်ငယ်တိုင်အောင် ထင်တင်၏၊ ကျင်ငယ်ဟု နှလုံးသွင်းလျှင် ဆံပင်တိုင်အောင် ထင်တတ်၏။ အချို့ထင် အချို့မထင်လျှင် ထင်သောကောဋ္ဌာသ စီးဖြန်းရမည်၊ နှစ်ခုမျှထင်လျှင် အထင်ဆုံးတခု၌ ဈာန်ရသည် တိုင်အောင် စီးဖြန်းရမည်၊

ထန်းပင် ၃၂-ပင်ရှိသော ထန်းတော၌ ပြေးသော မျောက်ကို ဖမ်းလိုသောသူသည် အစဉ်အတိုင်း လိုက်ဖန်များသဖြင့် မပြေးနိုင်သောအခါ နောက်ဆုံး ထန်းတပင်၌ ထန်းဖူးကို ဖက်၍ နေသောမျောက်ကို အလွယ်တကူ ဖမ်းယူသကဲ့သို့ မထင်သော ကောဋ္ဌာသကို အစဉ်အတိုင်းလွှတ်၍ အထင်ဆုံး၌ ဈာန်ရသည်တိုင်အောင် စီးဖြန်း ရမည်။

အပ်

ဆံပင်စသော ကောဋ္ဌာသ တခုခု၌ ဈာန်ရခြင်းသည် အပ္ပနာမည်၏။

ဓိ

ယခုဆိုလတ္တံ့သော သုတ္တန်သုံးခုကား ဝီရိယနှင့် သမာဓိ ယှဉ်စေခြင်း အကျိုးရှိ၏၊ သမထစိတ်, ဝိပဿနာစိတ်သည် အဓိစိတ္တမည်၏၊ အဓိစိတ္တကို အားထုတ်သော သူသည် သမာဓိလွန်လျှင် ပျင်းရိ, ဝီရိယလွန်လျှင် ပြန့်လွင့်, ဥပေက္ခာလွန်လျှင် စိတ်မတည်၊ ထို့ကြောင့် ရံခါသမာဓိ, ရံခါဝီရိယ, ရံခါဥပေက္ခာဖြင့် နှလုံးသွင်းရမည်၊

ရွှေပန်းထိမ်ဆရာသည် ရွှေကျိုသောအခါ မှုတ်လွန်းလျှင် မီးကျွမ်းသည်၊ ရေဖြန်း လွန်းလျှင် ရွှေဧသည်၊ လျစ်လျူရှုလွန်းလျှင် ကောင်းစွာ မကျက်၊ ရံခါမှုတ်, ရံခါရေဖြန်း, ရံခါလျစ်လျူရှုလျှင် အမှုခံ့၏၊ အလိုရှိရာ တန်ဆာပြုခြင်း အကျိုးပြီး၏၊ ထို့အတူ ရံခါသမာဓိ, ရံခါဝီရိယ, ရံခါဥပေက္ခာဖြင့် နှလုံးသွင်းလျှင် အဘိညာဏ် ရခြင်း စသော လိုရာအကျိုးပြီး၏။ ဤကား အဓိစိတ္တသုတ်တည်း။

သီ

ဝီရိယ လွန်၍ ပြန့်လွင့်သောအခါ စိတ်ကို ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာဖြင့် နှိပ်ရမည်၊ ဝီရိယလျော့၍ တွန့်သောအခါ ပညာ, ဝီရိယ, ပီတိဖြင့် ချီးမြှောက်ရမည်၊ ဉာဏ်မမြင် ၍၎င်း, သုခမရ၍၎င်း မသာမယာ ဖြစ်သောအခါ သံဝေဂဝတ္ထု ဆင်ခြင်၍ ရတနာ သုံးပါးဂုဏ်ကို အောက်မေ့၍ ရွှင်လန်းစေရမည်၊

ပြန့်ခြင်း, တွန့်ခြင်း ကင်း၍ သမာဓိလမ်း ဖြောင့်သောအခါ လျစ်လျူ ရှုရမည်၊ မြင့်မြတ်သော နှလုံးသွင်းခြင်း ရှိစေရမည်၊ နိဗ္ဗာန်၌ မွေ့လျော်ခြင်း ရှိစေရမည်၊ ဤ တရားခြောက်ပါးနှင့် ပြည့်စုံလျှင် နိဗ္ဗာန် မျက်မှောက်ပြုခြင်းငှါ ထိုက်၏၊ ဤကား သီတိဘာဝသုတ်တည်း။

ဗော

စိတ်တွန့်သောအခါ ပဿဒ္ဓိသမ္ဗောဇ္ဈင် ပွားခြင်းငှါ အခါမဟုတ်၊ ဤသို့စသည်ဖြင့် မဟာဝဂ္ဂဗောဇ္ဈင်္ဂသံယုတ် လာသောစကားသည် ဗောဇ္ဈင်္ဂကောသလ္လသုတ် မည်၏။

မနသိကာရ ကောသလ္လဆယ်ပါးပြီး၏။

၇-တစပဉ္စက အာရုံယူပုံ

ဤကမ္မဋ္ဌာန်း စီးဖြန်းလိုသော ပုဂ္ဂိုလ်သည် ရှေးဦးစွာ ဆံပင်တပင် နှစ်ပင် နုတ်၍ လက်ပေါ်တင်၍ အဆင်းကိုမှတ်၍ အာရုံယူရမည်၊ ဆံရိတ်ရာ၌၎င်း, ရေခွက် စသည်၌၎င်း ကြည့်၍ ယူလျှင်လည်း သင့်၏၊ မည်းလျှင်မည်း၏၊ ဖြူလျှင် ဖြူ၏ -နှလုံးသွင်းရမည်၊ အမည်းအဖြုရောလျှင် များရာအစွမ်းဖြင့် နှလုံးသွင်းရမည်၊ ဆံပင်, မွေးညှင်း, ခြေသည်း လက်သည်း, သွား, အရေ - ဤငါးခုသည် တစပဉ္စကမည်၏၊
တစပဉ္စကကို ဆံပင်ကဲ့သို့ ကြည့်၍ အာရုံယူရမည်။

ဆံပင်မှတ်ကြောင်းငါးပါး

ဤဆံပင်တို့သည် --
၁။ အဆင်းအားဖြင့် ပကတိ မည်းနက်ကုန်၏။
၂။ သဏ္ဌာန်အားဖြင့် ရှည်ရှည် လုံးလုံး စဉ်းရိုးသဏ္ဌာန် ရှိကုန်၏။
၃။ ဖြစ်ရာအားဖြင့် အထက်အရပ်၌ ဖြစ်ကုန်၏။
၄။ တည်ရာအားဖြင့် ဦးခေါင်းခွံကို ရစ်ပတ်သော သားရေစို၌ တည်ကုန်၏။
၅။ အပိုင်းအခြားအားဖြင့် ဦးရေ၌ စပါးမြီးဖျားမျှ ဝင်၍တည်သော အမြစ်ဖြင့်၎င်း, အထက်ကောင်းကင်ဖြင့်၎င်း, ဘီလာ၌ အချင်းချင်းဖြင့်၎င်း ပိုင်းခြားအပ်၏။

ဝိသဘာဂ ပိုင်းခြားပုံကား
ဆံပင်သည် မွေးညှင်းစသည် မဟုတ်၊ မွေးညှင်း စသည်သည် ဆံပင်မဟုတ်၊ အသီး အခြား ကောဋ္ဌာသ တပါးဖြစ်၏၊ ဤသို့ဆံပင်မှတ်ကြောင်း ငါးပါးဖြင့် မှတ်သားရမည်။
ဆောင်။    ။ ဆင်း၊ သံ၊ ဖြစ်၊ တည်၊ ပိုင်း = မှတ်ကြောင်းငါးပါး။

စက်ဆုပ်ဘွယ် မှတ်ကြောင်းငါးပါး

ဤဆံပင်တို့သည်-
၁။ အဆင်းအားဖြင့်၎င်း,
၂။ သဏ္ဌာန်အားဖြင့်၎င်း,
၃။ အနံ့အားဖြင့်၎င်း,
၄။ မှီရာအကြောင်းအားဖြင့်၎င်း,
၅။ တည်ရာအရပ်အားဖြင့်၎င်း,
စက်ဆုပ်စရာ ဖြစ်ကုန်၏၊ ဤသို့လည်း ဆံပင် စက်ဆုပ်ဘွယ် အကြောင်းငါးပါးဖြင့် မှတ်သားရမည်။
ဆောင်။    ။ ဆင်း၊ သံ၊ နံ့၊ မှီ၊ တည် = စက်ဆုပ်ကြောင်း ငါးပါး။

ဆင်း
ဤဆံပင်နှင့် အဆင်းတူသော ပြောင်းဖူးမျှင်ကို စားသောက်ဘွယ်၌ မြင်လျှင် ဆံပင် ထင်၍ စက်ဆုပ်ကုန်၏၊ ထို့ကြောင့် ဆံပင်သည် အဆင်းအားဖြင့် စက်ဆုပ်စရာ ဖြစ်၏။

သံ
ဆံပင်နှင့် သဏ္ဌာန်တူသော မုရိုးမျှင် စသည်ကို ညဉ့်အခါ စားသောက်ဘွယ်၌ စမ်းသပ်မိလျှင် ဆံပင်ထင်၍ စက်ဆုပ်ကုန်၏၊ ထို့ကြောင့် သဏ္ဌာန်အားဖြင့်လည်း စက်ဆုပ်စရာဖြစ်၏။

နံ့
မပြုပြင်သော ဆံပင်နံ့သည် ရွံဘွယ်ဖြစ်၏၊ ဆံပင်သည် အဆင်းသဏ္ဍာန်အားဖြင့် ရွံဘွယ်မဟုတ်ဟု ဆိုချင်လျှင် ဆိုဦးတော့၊ အငွေ့အားဖြင့်ကား မီးရှို့သောအခါ ဧကန် ရွံဘွယ်ဖြစ်၏။ ထို့ကြောင့် အနံ့အားဖြင့်လည်း စက်ဆုပ်စရာဖြစ်၏။

မှီ
မသန့်သော အညစ်အကြေးအဟုန်ကို အမှီပြု၍ပေါက်သော ဟင်းရွက်တို့သည် သန်စွမ်း လတ်ဆတ်သော်လည်း စက်ဆုပ်စရာ ဖြစ်ကုန်၏။ ဆံပင်တို့သည်လည်း ပြည်, သွေး စသည်တို့၏ အဟုန်ကို အမှီပြု၍ ဤခန္ဓာကိုယ်၌ ပေါက်ကုန်၏၊ ထို့ကြောင့် မှီရာအကြောင်းအားဖြင့်လည်း စက်ဆုပ်စရာ ဖြစ်ကုန်၏။

တည်
သုသာန် မြေပုံထက်၌ ပေါက်သော ဟင်းရွက်တို့သည် စက်ဆုပ်စရာ ဖြစ်ကုန်၏၊ ဆံပင်တို့သည် ၃၁-ပါး သော ကောဋ္ဌာသ၏ အထက်ပေါက်ကုန်၏၊ မစင်ပုံထိပ်များ မှိုပေါက်သည့်အလား မသိသူကို ဝါကြွားလိုဟန် ရှိကုန်၏၊ ထို့ကြောင့် တည်ရာအရပ် အားဖြင့်လည်း စက်ဆုပ်စရာ ဖြစ်ကုန်၏။

ဤစက်ဆုပ်ဘွယ် မှတ်ကြောင်း ငါးပါးဖြင့် ၃၂-ပါးသော ကောဋ္ဌာသတို့၌ စက်ဆုပ်ဘွယ် ဖြစ်ပုံကို မှတ်သားအပ်၏၊ ပထမမှတ်ကြောင်း ငါးပါးဖြင့်ကား ကောဋ္ဌာသ အားလုံး အသီးသီး မှတ်အပ်၏၊ ထို့ကြောင့် အသီးသီး ပြအပ်၏။

မွေးညှင်းမှတ်ပုံ

မွေးညှင်းတို့သည် --
၁။ မည်းကြောင်သော အဆင်းရှိကုန်၏။
၂။ အဖျားညွတ်သော ထန်းမြစ်သဏ္ဌာန် ရှိကုန်၏။
၃။ ထက်အောက်နှစ်ရပ် ဖြစ်ကုန်၏။
၄။ ဦးခေါင်း, လက်ဘဝါး, ခြေဘဝါး တို့မှတပါး အများအားဖြင့် တကိုယ်လုံး ရစ်ပတ်သော သားရေ၌ တည်ကုန်၏။
၅။ အောက် အမြစ်ဖြင့်, အထက် ကောင်းကင်ဖြင့် ဘီလာ အချင်းချင်းဖြင့်, ပိုင်းခြား အပ်ကုန်၏။
မွေးညှင်းနှစ်ပင် တပေါင်းတည်း မပေါက်ကုန်၊ မွေးညှင်းသည် ဆံပင်စသည် မဟုတ်၊ ဆံပင် စသည်တို့သည် မွေးညှင်းမဟုတ်။

ခြေသည်းလက်သည်း

ခြေသည်း လက်သည်းတို့သည် ဖြူကုန်၏၊ ငါးအကြေးသဏ္ဌာန် ရှိကုန်၏၊ ထက်အောက် နှစ်ရပ် ဖြစ်ကုန်၏၊ လက်ချောင်း - ခြေချောင်း အဖျား ကျောက်ကုန်း၌ တည်ကုန်၏၊ အစွန်းအသားဖြင့်, လက်ချောင်း-ခြေချောင်း- ကျောက်ကုန်းသားဖြင့်, အပ အဖျား၌ ကောင်းကင်ဖြင့်, ဘေးအချင်းချင်းဖြင့် ပိုင်းခြားအပ်ကုန်၏၊ လက်သည်းခြေသည်း နှစ်ခုတပေါင်းတည်း မပေါက်ကုန်။

သွား

သွားတို့သည် စုံလျှင် ၃၂-ချောင်းရှိ၏၊ ဖြူ၏ သဏ္ဌာန်အမျိုးမျိုးရှိ၏၊ အထက်၌ဖြစ်၏၊ မေးရိုး၌တည်၏၊ အမြစ်ဖြင့်, ကောင်းကင်ဖြင့်, အချင်းချင်းဖြင့်, ပိုင်းခြားအပ်၏၊ သွား နှစ်ချောင်း တပေါင်းတည်း မပေါက်။
သဏ္ဌာန် အမျိုးမျိုးကား-
အောက်သွား အလယ်လေးချောင်းသည် မြေ၌ စီစိုက်သော ဗူးစေ့သဏ္ဌာန် ရှိ၏၊ ထိုမှ ဘေးနှစ်ချောင်းသည် အမြစ်တခုအစွန်းတခုစီ ရှိ၏၊ စမ္ပာယ် ကြက်ရုံးငုံသဏ္ဌာန်၊ ထိုမှ တဖန် ဘေးနှစ်ချောင်းသည် နှစ်မြစ် နှစ်စွန်းစီ ရှိ၏၊ လှည်းထောက်သဏ္ဌာန်၊ ထိုမှ တဖန် ဘေးလေးချောင်းသည် သုံးမြစ် သုံးစွန်းရှိ၏။ ထိုမှတဖန် ဘေးလေးချောင်း သည် လေးမြစ် လေးစွန်းစီ ရှိ၏၊ သုံးခွလေးခွ လှည်းထောက်သဏ္ဌာန် ရှိ၏၊ အထက် သွားတို့လည်း ဤနည်းတည်း။

အရေ

ကိုယ်လုံးရစ်ပတ်သော သားရေထူ၏ အထက်၌ အရေပါးသည် မည်း, ဖြူ, ရွှေ စသော အဆင်းရှိ၏၊ တကိုယ်လုံး စုရုံးလျှင် ဆီးစေ့ခန့်မျှ ရှိ၏၊ သားရေထူကားဖြူ၏၊ ကိုယ်သဏ္ဌာန် ရှိ၏၊ ထက်အောက်နှစ်ရပ် ဖြစ်၏၊ ကိုယ်လုံးရစ်ပတ်၍ တည်၏၊ အောက်တည်ရာဖြင့်, အထက်ကောင်းကင်ဖြင့် ပိုင်းခြားအပ်၏။
သဏ္ဌာန်အကျယ်ကား-
ခြေချောင်းရေသည် ပိုးအိမ်သဏ္ဌာန် ရှိ၏၊
ခြေဖမိုးရေ - နောက်ပိတ် ဘိနပ်အမိုး သဏ္ဌာန်၊
မြင်းခေါင်းရေ -  ထမင်းထုပ်သော ထန်းရွက်ဖောင်းသဏ္ဌာန်၊
ပေါင်ရေ - ဆန်ပြည့်သော အိတ်ရှည် သဏ္ဌာန်၊
တင်ပါးရေ - ရေပြည့်သော အဝတ်ရေစစ်သဏ္ဌာန်၊
ကျောက်ကုန်းရေ - ပျဉ်ပြားကြက်သော သားရေသဏ္ဌာန်၊
ဝမ်းရေ - စောင်းခွက်ကြက်သော သားရေသဏ္ဌာန်၊
ရင်ရေ - အများအားဖြင့် လေးထောင့်သဏ္ဌာန်၊
လက်ရုံးရေ - မြှားထည့်သော တောင့်၌ ကြက်သော သားရေသဏ္ဌာန်၊
လက်ဖမိုးရေ - ခေါင်းဖြီးသော ဖြီးအိတ် (ဘီးအိတ်) သဏ္ဌာန်၊
လက်ချောင်းရေ - သံကောက်အိတ် သဏ္ဌာန်၊
လည်ပင်းရေ - လည်စွပ်သင်တိုင်း သဏ္ဌာန်၊
မျက်နှာရေ - အပေါက် ကြီးငယ်ရှိသော ပိုးအိမ် သဏ္ဌာန်၊
ဦးခေါင်းရေ - သပိတ်အိတ်သဏ္ဌာန်။

တစကမ္မဋ္ဌာန်း (သားရေကမ္မဋ္ဌာန်း) သက်သက် စီးဖြန်းလိုသောသူသည် အထက် နှုတ်ခမ်းမှစ၍ အထက်သို့ ဉာဏ်ဖြင့်သွား၍ မျက်နှာရေကို မှတ်ရမည်၊ ထို့နောက် နဖူးရေကိုမှတ်ရမည်။ ထို့နောက် သပိတ်နှင့် သပိတ်အိတ် အကြား လက်သွင်း သကဲ့သို့ ဦးခေါင်းရိုးနှင့် ဦးခေါင်းရေအကြား ဉာဏ်သွင်း၍ အရိုးမပါစေဘဲ ဦးခေါင်းရေကို မှတ်ရမည်၊ ထို့နောက် ပခုံးရေ၊ အနုလုံ - ပဋိလုံအားဖြင့် လက်နှစ်ဘက်ရေ, ကျောက်ကုန်းရေ၊ အနုလုံ-ပဋိလုံ အားဖြင့် ခြေနှစ်ဘက်ရေ, သိုအိမ်ရေ, ဝမ်းရေ, ရင်ရေ, လည်ပင်းရေ, အောက်မေးရေ, အောက်နှုတ်ခမ်းရေကို မှတ်ရမည်၊ ဤသို့ ထင်ရှားသော သားရေကို ဉာဏ်ဖြင့် သိမ်းဆည်းလျှင် သိမ်မွေ့သော သားရေလည်း ထင်၏။

၈-ဝက္ကပဉ္စက

အသား
အသားတို့သည် အသားစိုင် ကိုးရာရှိ၏။ ပေါက်ပွင့်အဆင်းကဲ့သို့ နီ၏၊ သဏ္ဌာန် အမျိုးမျိုး ရှိ၏၊ ထက်အောက်နှစ်ရပ် ဖြစ်၏၊ အရိုးသုံးရာကို လိမ်းကျံ၍ တည်၏၊ အရိုးဖြင့်, သားရေဖြင့်, အချင်းချင်းဖြင့် ပိုင်းခြားအပ်၏၊
သဏ္ဌာန်အကျယ်ကား -
မြင်းခေါင်းသားသည် ထန်းရွက်ဖောင်းဖြင့် ထုပ်သော ထမင်းသဏ္ဌာန် ရှိ၏၊
ပေါင်သား - ကျောက်လုံး သဏ္ဌာန်၊
တင်သား - ခုံလောက်စွန်း ( ဖိုခနောက်စွန်း) သဏ္ဌာန်၊
ကျောက်ကုန်းသား - ထန်းသီးမှည့်မှဖြစ်သော တင်လဲပြား သဏ္ဌာန်၊
နံနှစ်ဘက်သား - ကျီအတွင်း ပါးပါးလိမ်းသော မြေညက်သဏ္ဌာန်၊
သားမြတ်သား - လုံး၍ ပစ်သောမြေစိုင် သဏ္ဌာန်၊
လက်ရုံးသား - သားရေဆုတ်ထားသော ကြွက်ကြီးနှစ်ကောင်ဆင့် သဏ္ဌာန် ရှိ၏၊
ထင်ရှားသော အသားကိုသိမ်းဆည်းလျှင် သိမ်မွေ့သောအသားလည်း ထင်၏။

အကြော
အကြောသည် ကိုးရာရှိ၏၊ ဖြူ၏၊ သဏ္ဌာန် အမျိုးမျိုး ရှိ၏၊ ထက်အောက်နှစ်ရပ်ဖြစ်၏၊ အရိုးတို့ကို ဖွဲ့၍ တည်၏၊ အရိုးဖြင့်, အသားဖြင့်, အချင်းချင်းဖြင့် ပိုင်းခြားအပ်၏၊
သဏ္ဌာန်ကျယ်ကား-
လည်ပင်း အထက်မှစ၍ ကိုယ်ကိုဖွဲ့လျက် နှလုံးသား၏ ရှေ့ နောက် ဝဲယာ လေးမျက်နှာမှ ဆင်းသော အကြောကြီးတို့သည် ငါးခုစီဖြစ်၍ နှစ်ဆယ် ရှိကုန်၏၊ လက်ခြေတို့ကို ဖွဲ့သော အကြောကြီးတို့သည် ရှေ့နောက် ငါးခုစီဖြစ်၍ လေးဆယ် ရှိကုန်၏၊ ဤအကြာကြီး ခြောက်ဆယ်သည် ကိုယ်ကို ရစ်ပတ်၍ ဆောင်သော အကြောမကြီးတို့ ဖြစ်ကုန်၏၊ ဗြူးဒိုင်းငုံသဏ္ဌာန် ရှိကုန်၏၊
ကြွင်းသော အကြောတို့ကား ထိုထို အရပ်ကို လွှမ်း၍တည်ကုန်၏၊ သိမ်မွေ့သော အကြောတို့သည် ချည်ကြိုးငယ် သဏ္ဌာန်, ဆင်သမနွယ် သဏ္ဌာန်, စောင်းညှို့ ချည်မျှင်သဏ္ဌာန် ရှိကုန်၏၊ လက်ဖမိုး, ခြေဖမိုးကြော- ငှက်သဏ္ဌာန်၊ ဦးခေါင်းကြော- ဦးခေါင်းကွန်ယက်သဏ္ဌာန်၊ ကျောက်ကုန်းကြော- ဖြန့်သော ကွန်ယက်သဏ္ဌာန်၊ ကြွင်းသော အင်္ဂါကြီးငယ်ကြော- ဇာသင်တိုင်းသဏ္ဌာန် ရှိကုန်၏။

အရိုး
အရိုးသည် သွားရိုးမှတပါး သုံးရာ မျှရှိ၏၊ ဖြူ၏၊ သဏ္ဌာန်အမျိုးမျိုး ရှိ၏၊ ထက်, အောက် နှစ်ရပ်ဖြစ်၏၊ တကိုယ်လုံး၌ တည်၏၊ အတွင်း ခြင်ဆီဖြင့်, အသားဖြင့်, အချင်းချင်းဖြင့် ပိုင်းခြားအပ်၏။
အရိုးသုံးရာကား -
လက်ရိုး ၆၄။
ခြေရိုး ၆၄။
အသားမှီသော အရိုးနု ၆၄။
ဖနောင့်ရိုး ၂။
ဖမျက်ရိုး ၄။
မြင်းခေါင်းရိုး ၄။
ဒူးရိုး ၂။
ပေါင်ရိုး ၂။
ခါးရိုး ၂။
ကျောက်ဆူးရိုး ၁။
နံရိုး ၂၄။
ရင်ရိုး ၁၄။
နှလုံးသားရင်ဝရိုး ၁။
ညှပ်ရိုး ၂။
ပခုံးရိုး ၂။
လက်ရုံးရိုး ၂။
မောင်းဖျားရိုး ၄။
လည်ပင်းရိုး  ၇။
မေးရိုး ၂။
နှာခေါင်းရိုး ၁။
မျက်ကွင်းရိုး ၂။
နားရိုး ၂။
နဖူးရိုး ၁။
ထိပ်ရိုး ၁။
ဦးခေါင်းရိုး ၉။
ဤသို့အရိုးသုံးရာ ဖြစ်၏။  ၃၀၀
[ဤသုံးရာ၌ တင်သားရိုး မပါသေး။]
သဏ္ဌာန်ကျယ်ကား-
ခြေချောင်းအဖျား ဆစ်ရိုးသည် ပေါင်းစေ့သဏ္ဌာန် ရှိ၏၊
အလယ်ဆစ်ရိုး- ပိန္နဲစေ့သဏ္ဌာန်၊
အရင်းဆစ်ရိုး- ထက်စည် သဏ္ဌာန်၊
ဖမိုးရိုး - နုတ်နုတ် ထုသော ဗြူးဒိုင်းရွက် အကြောစု သဏ္ဌာန်၊
ဖနောင့်ရိုး - တစေ့ရှိသော ထန်းသီးစေ့ သဏ္ဌာန်၊
ဖမျက်ရိုး - ဂုန်ညင်းနှစ်လုံးဖွဲ့ သဏ္ဌာန်၊
မြင်းခေါင်းရိုး အောက်စွန်း - သင်ပေါင်းညှောက် သဏ္ဌာန်၊
မြင်းခေါင်းရိုးငယ် - လေးတံသဏ္ဌာန်၊
မြင်းခေါင်းရိုးကြီး - ကြုံသော မြွေကျောက်ကုန်း သဏ္ဌာန်၊
မြင်းခေါင်းရိုး အထက်စွန်း - အဖျားတုံးသော နွားချိုသဏ္ဌာန်၊
ဒူးရိုး - တဖက်ပဲ့သော ရေမြှုပ်သဏ္ဌာန်၊
ပေါင်ရိုး - မကောင်းသဖြင့် ရွေသော ပဲခွပ်ရိုး, ပုဆိန်ရိုးသဏ္ဌာန်၊
ပေါင်ရိုးဖျား - ဂုန်ညင်းသဏ္ဌာန်
ခါးရိုးအောက်စွန်း - အဖျားပြတ်သော ပုန်းညက်သီးကြီးသဏ္ဌာန်၊
တစပ်တည်းဖွဲ့သော ခါးရိုးနှစ်ခု - အိုးထိန်းသည်ခုံလောက် သဏ္ဌာန်၊
ခါးရိုးတခုစီ - ပန်းဘဲတူ လွန်ကြိုးသဏ္ဌာန်၊
တင်သားရိုး - အောက်လှည့်၍ ယူအပ်သော မြွေပါးပျဉ်းသဏ္ဌာန် ရှိ၏၊  ခုနစ်ပေါက်, ရှစ်ပေါက်ရှိ၏။
[ဤသဏ္ဌာန်ပြရာ၌ တင်သားရိုး ပါသည်၊ သုံးရာ၌မပါ၊]
ကျောက်ဆူးရိုး အတွင်းကား - အဆင့်ဆင့်ခွေထားသော သလွဲပြားအခွေသဏ္ဌာန်၊
ကျောက်ဆူးရိုး အပကား - ချည်ရစ်သော ဝင်ရိုးသဏ္ဌာန်၊
အကြားအကြားကား - လွှသွား သဏ္ဌာန် အဆူး နှစ်ခု,သုံးခုရှိ၏၊
နံရိုးတို - သံလျက်တိုသဏ္ဌာန်၊
နံရိုးရှည် - သံလျက်ရှည် သဏ္ဌာန်၊
နံရိုးအားလုံး - ကြက်ဖြူတောင်ပန်ဖြန့် သဏ္ဌာန်၊
ရင်ရိုး - ခြင်းကြားချိုင့် သဏ္ဌာန်၊
နှလုံးသား ရင်ဝရိုး - ယောက်မရွက် သဏ္ဌာန်၊
ညှပ်ရိုး - ပဲခွပ်ရိုးငယ် သဏ္ဌာန်၊
ပခုံးရိုး - သီဟိုဠ်ပေါက်တူးတဖက်ပဲ့ သဏ္ဌာန်။
လက်ရုံးရိုး - ကြေးမုံရိုးသဏ္ဌာန်၊ (မှန်လက်ကိုင်ရိုး- ဟူလို၊)
မောင်းဖျားရိုး - ထန်းညှောက်အစုံသဏ္ဌာန်၊
လက်ကောက်ဝတ်ရိုး - တပေါင်းတည်း ကပ်ထားသော သင်းကျစ်ပြား ဦးရစ် သဏ္ဌာန်၊
လက်ဖမိုးရိုး - ထုထားသော ဗြူးဒိုင်းရွက် အကြောစု သဏ္ဌာန်၊
လက်ချောင်း အရင်းဆစ် - ထက်စည် သဏ္ဌာန်၊
လက်ချောင်း အလယ်ဆစ် - ပိန္နဲစေ့ပိန်သဏ္ဌာန်၊
လက်ချောင်း အဖျားဆစ် - ခပေါင်းစေ့ သဏ္ဌာန်၊
လည်ပင်းရိုး - တုတ်ဖြင့် ထိုးသီထားသော မျှစ်ကွင်းခုနစ်ဆင့်သဏ္ဌာန်။
အောက်မေးရိုး - သံတူလွန်ကြိုး သဏ္ဌာန်၊
ဝါ - သံကိုက် သဏ္ဌာန်၊
အထက်မေးရိုး - ကြံခွံ နွှာသော ထားသဏ္ဌာန်၊
မျက်ကွင်းရိုး, နှာခေါင်းတွင်းရိုး - အဆံမရှိသော ထန်းစေ့ငယ် သဏ္ဌာန်၊
နဖူးရိုး - မှောက်ထားသော ခရုသင်းခွက်ငယ် သဏ္ဌာန်၊
နားရွက်ရိုး - သင်ဓုန်းအိမ်သဏ္ဌာန်၊
နဖူး နားရွက်တို့၏ အထက်သင်းကျစ် ဖွဲ့ရာ၌ရှိသော အရိုး - တွန့်သော ထောပတ် ပြည့်သော ထောပတ်လွှာဝိုင်းသဏ္ဌာန်၊
ထိပ်ရိုး - အဝဖြတ်သော အုန်းသီးကောက်သဏ္ဌာန်၊
ဦးခေါင်းရိုး - ချုပ်စပ်ထားသော ဗူးတောင်းသဏ္ဌာန် ရှိ၏။
တကိုယ်လုံး တည်ပုံကား -
ဦးခေါင်းသည် လည်ပင်းရိုး၌ တည်၏၊
လည်ပင်းရိုးသည် ကျောက်ဆူးရိုး၌၊
ကျောက်ဆူးရိုးသည် ခါးရိုး၌၊
ခါးရိုးသည် ပေါင်ရိုး၌၊
ပေါင်ရိုးသည် ဒူးရိုး၌၊
ဒူးရိုးသည် မြင်းခေါင်းရိုး၌၊
မြင်းခေါင်းရိုးသည် ဖမျက်ရိုး၌၊
ဖမျက်ရိုးသည် ဖမိုးရိုး၌ တည်၏။

ရိုးတွင်းခြင်ဆီ
ရိုးတွင်းခြင်ဆီသည် ဖြူ၏၊ ကျည်တောက်ကြီး ကျည်တောက်ငယ်၌ ထည့်ထားသော ကြိမ်ညွန့်ပြုတ် အကြီးအငယ် သဏ္ဌာန် ရှိ၏၊ ထက်အောက်နှစ်ရပ် ဖြစ်၏၊ အရိုးတွင်း၌ တည်၏၊ အရိုးတွင်းဖြင့် ပိုင်းခြားအပ်၏။

အညှို့
အညှို့သည် အညှာတခုရှိသော အသားစိုင် နှစ်ခုစ်၏၊ ပင်လယ်ကသစ်စေ့ အဆင်း စဉ်းငယ်နီ၏၊ အညှာ တခုရှိသော သရက်သီး နှစ်လုံး သဏ္ဌာန်ရှိ၏၊ ဝါ-ဂုံညင်း နှစ်လုံး သဏ္ဌာန်ရှိ၏၊ အထက်၌ ဖြစ်၏၊ လည်မျိုမှ ထွက်သော အကြောမြစ်တခုသည် အတန်ငယ်သွား၍ နှစ်ဖြာခွဲ၏၊ ထိုနှစ်ဖြာခွဲသော အကြောကြီးဖြင့် ဖွဲ့၍ နှလုံးသားကို ရံ၍ တည်၏၊ အညှို့အဘို့ဖြင့် ပိုင်းခြားအပ်၏။

၉-ပပ္ဖါသပဉ္စက

နှလုံး
နှလုံးသားသည် ပဒုမာရွက် ကျောက်ကုန်း အဆင်းနီ၏၊ ပြင်ဖတ်ခွာ၍ မှောက်ထားသော ပဒုမာငုံ သဏ္ဌာန်ရှိ၏၊ အထက်၌ဖြစ်၏၊ ကိုယ်အတွင်း သားမြတ် အလယ်၌တည်၏၊ နှလုံးအဘို့ဖြင့် ပိုင်းခြားအပ်၏။
ဤနှလုံးသားသည် အပ၌ချော၏၊ အတွင်း၌ သပွတ်သီး အတွင်းနှင့်တူ၏၊ ပညာ ကြီးသူအား အတန်ငယ် ပွင့်၏၊ ပညာနုံ့သူအား ငုံ၏၊ နှလုံးသား အတွင်း၌ ပုန်းညက် စေ့ခန့် တွင်းတခုရှိ၏၊ ထိုတွင်း၌ လက်ဆွမ်း ထက်ဝက်မျှ သွေးတည်၏၊ ထို သွေးသည်စိတ်, စေတသိက်တို့၏တည်ရာ ဟဒယဝတ္ထု ဖြစ်၏၊
ထိုသွေးသည် ရာဂစိတ်ဖြစ်လျှင်နီ၏၊
ဒေါသဖြစ်လျှင် နက်၏၊
မောဟဖြစ်လျှင် သားဆေးရေအဆင်း ရှိ၏၊
အကြံအစည် ဝိတက်များလျှင် ပဲပြုတ်ရေ အဆင်း ရှိ၏၊
သဒ္ဓါတရား ဖြစ်လျှင် မဟာလှေကားပန်းအဆင်း ရှိ၏၊
ဉာဏ်ပညာဖြစ်လျှင် ကြည်လင်၍ အရောင်ထွက်၏။

အသည်း
အသည်းသည် အသားပြားနှစ်ခုဖြစ်၏၊ နီလျှင် ဖြော့ဖြော့နီ၏၊ မနီလျှင် ကုမုဒြာ ကြာရွက် ကျောက်ကုန်း အဆင်းရှိ၏၊ အရင်း၌တခု, အဖျား၌ နှစ်ခုရှိသော ကသစ်ရွက် သဏ္ဌာန်ရှိ၏၊ အထက်၌ဖြစ်၏၊ သားမြတ်နှစ်ခုအလယ် လက်ျာနံပါးကို မှီ၍ တည်၏၊ အသည်းအဘို့ဖြင့် ပိုင်းခြားအပ်၏၊ ဤအသည်းသည် ပညာနုံ့သူအား တခုတည်း ကြီး၏၊ ပညာကြီးသူအား နှစ်ခုသုံးခုဖြစ်၍ ငယ်၏။

အမြှေး
အမြှေးသည် မြှေးဖွဲ့သော အသားဖြစ်၏၊ ဖုံးသောအမြှေး, မဖုံးသောအမြှေး အားဖြင့် နှစ်မျိုးရှိ၏၊ ဘွဲ့ဖြူ ပုဆိုးပိုင်း အဆင်းဖြူ၏၊ မိမိ၏တည်ရာလျှင် သဏ္ဌာန်ရှိ၏၊ ဖုံးသော အမြှေးသည် အထက် ဖြစ်၏၊ နှလုံးသား, အညှို့တို့ကို ဖုံး၍တည်၏၊ မဖုံးသော အမြှေးသည် ထက်အောက် နှစ်ရပ် ဖြစ်၏။ တကိုယ်လုံး သားရေအောက် အသားကို မြှေး၍ တည်၏၊ အသားဖြင့်, သားရေဖြင့်, အမြှေးအဘို့ဖြင့် ပိုင်းခြားအပ်၏။

အဖျဉ်း
အဖျဉ်းသည် ဝမ်းတွင်း၌ လျှာနှင့် တူသော အသားဖြစ်၏၊ ကြောင်ပန်းပွင့်အဆင်း ညို၏၊ ခုနစ်သစ်, ရှစ်သစ်ခန့် ဖြတ်ထားသော နွားနက်ငယ်လျှာ သဏ္ဌာန် ရှိ၏၊ အထက်၌ ဖြစ်၏၊ နှလုံးသား၏ လက်ဝဲဘက် ဝမ်းပျဉ်အထက် နံပါးကို မှီ၍တည်၏၊ အဖျဉ်းအဘို့ဖြင့် ပိုင်းခြားအပ်၏၊ လက်နက်စသည် ထိခိုက်သဖြင့် အဖျဉ်းပြင်ပသို့ ထွက်လျှင် သေတတ်၏။

အဆုပ်
အဆုပ်သည် သုံးဆဲ့နှစ်ခုသော အသားစုဖြစ်၏၊ မမှည့်တမှည့် သဖန်းသီး အဆင်း နီ၏၊ မညီမညွတ် ဖြတ်ထားသော ထူသော မုံ့ပိုင်းသဏ္ဌာန်ရှိ၏၊ အထက်၌ ဖြစ်၏၊ ကိုယ်အတွင်း သားမြတ်နှစ်ခု အလယ်၌ နှလုံး, အသည်း တို့ကို ဖုံး၍ တွဲရရွဲတည်၏။ အဆုပ်အဘို့ဖြင့် ပိုင်းခြားအပ်၏၊ ဤအဆုပ်သည် အစာအိမ်၌ အစာမရှိသောအခါ ပူလောင်သော ပါစကတေဇောငွေ့၏ နှိပ်စက်ခြင်းကို ခံရ၏၊ အရေ အရသာမရှိ၊ သြဇာမရှိ၊ ညက်ညက်ဝါးသော ကောက်ရိုးထွေးနှင့် တူ၏။

၁၀ - မတ္ထလုင်္ဂပဉ္စက

အူမ
အူမသည် ယောက်ျားအား ၃၂-တောင်, မိန်းမအား ၂၈-တောင် ရှည်၍ ၂၁-ခုသော ဌာနတို့၌ ခွေတွန့်သော အူခွေ ဖြစ်၏၊ ကျောက်စရစ် အင်းကတေ အဆင်းဖြူ၏၊ သွေးကျင်း၌ ခွေ၍ထားသော ဦးခေါင်းပြတ်သော မြွေကိုယ် သဏ္ဌာန်ရှိ၏၊ ထက်အောက်နှစ်ရပ်ဖြစ်၏၊ လည်မျိုမှ ကျင်ကြီးကြောင်း လမ်းဝအထိ ဖွဲ့၍ ကိုယ်အတွင်း၌ တည်၏၊ အူမအဘို့ဖြင့် ပိုင်းခြားအပ်၏။

အူသိမ်
အူသိမ်သည် အူခွေတို့၌ဖွဲ့သော အူငယ်ဖြစ်၏၊ ကြာသိမ်မြစ် အဆင်းဖြူ၏၊ ကြာသိမ်မြစ် သဏ္ဌာန်ရှိ၏၊ ထက်အောက်နှစ်ရပ် ဖြစ်၏၊ အူခွေ ၂၁-ခုတို့၏ အကြား၌ တည်၏၊ အူသိမ်အဘို့ဖြင့် ပိုင်းခြားအပ်၏၊ ဤအူသိမ်သည် ပေါက်တူးမှု, ပုဆိန်မှု ပြုသူတို့၏ အူခွေ အူမတို့ကို တဘက်သို့ လျှောမကျစိမ့်သောငှါ ဖွဲ့လျက် ခြေသုတ်ကြိုး ဝန်းအကြား ချုပ်သော ကြိုးငယ်အလား အူခွေတို့၏ အကြား၌တည်၏။

အစာသစ်
အစာသစ်သည် ဝမ်း၌ ဖြစ်သော စားသောက်ပြီးသော အစာဖြစ်၏၊ မျိုသောအာဟာရ အဆင်း ရှိ၏၊ ရေစစ်၌ လျှော့လျှော့ ဖွဲ့သော ဆန်သဏ္ဌာန် ရှိ၏၊ အထက်၌ ဖြစ်၏၊ ဝမ်း၌တည်၏၊ ဝမ်းအပျဉ်ဖြင့် အစာသစ် အဘို့ဖြင့် ပိုင်းခြားအပ်၏။

ဝမ်း
ဝမ်းဟူသည် အဝတ်ရေစို နှစ်ဘက် ညှစ်သောအခါ အလယ် ဖောင်းသည်နှင့် တူသော အူမ အပျဉ်ဖြစ်၏၊ အူမအပြား ဖြစ်၏၊ အစာသစ်အိမ်လည်း မည်၏၊ အပ၌ချော၏၊ အတွင်း၌ အမဲပုပ်ထုပ်သော အဝတ်ပိုင်း အဆာနှင့်တူ၏၊ ပုပ်သော ပိန္နဲသီးခွံ အတွင်းနှင့်လည်း တူ၏။

ပိုး
ဤဝမ်း၌ တက္ကောဋကပိုး, ဂဏ္ဍုပ္ပါဒကပိုး, တာလဟီရကပိုး, သူစိမုခကပိုး, ပဋတန္တ သုတ္တကပိုး - စသော ၃၂-မျိုးသော ပိုးတို့သည် ရောယှက် စုရုံးလျက် နေကုန်၏၊ အစာသစ်အိမ်၌ အစာမရှိသောအခါ ခုန်ပေါက် မြည်တမ်းလျက် နှလုံးသားကို ညှဉ်းဆဲ ကိုက်ခဲကုန်၏၊ အစာစားချိန်၌, မော့၍ နေကုန်၏၊ ရှေးဦးစွာ မျိုချသော အစာ နှစ်လုပ် သုံးလုပ်တို့ကို ဆောလျင်စွာ လုစားကုန်၏၊ ဤဝမ်းသည် ထိုပိုးတို့၏ သားဖွားရုံလည်း ဟုတ်၏၊ ကျင်ကြီးအိမ် (အိမ်သာ), သူနာရုံ, သုသာန်လည်း ဟုတ်၏။

အစာ
ဤဝမ်း၌ အစာသစ် တည်ဟန်ကား - ဒွန်းစဏ္ဍားရွာ အထွက် တံစိပွက်အိုင်၌ ရေမျော၍ ကျလာသော သားရေပိုင်း, အကောင်ပုပ်, မစင် စသော အပုပ်မျိုးစုံသည် ညွှန်ရေနှင့်ရော၍ နှစ်ရက်, သုံးရက် ကြာသောအခါ ပိုးကျ၏၊ နေရှိန်ပူဆွ အမြုပ် ထ၏၊ ညစ်သော အညိုရောင်ရှိ၏၊ အနံ့ဆိုး၏၊ စက်ဆုပ်ဘွယ်ရှိ၏၊ နမ်းခြင်း, လျက်ခြင်းငှါ မဆိုထားနှင့်၊ ချဉ်းကပ် ကြည့်ရှုခြင်းငှါပင် မသင့်၊ ထိုပုံစံ အတူ သွားကျည်ပွေ့ဖြင့် ကြိတ်ချေ၊ လျှာလက်ဖြင့် မွှေ၊ တံတွေးရေဖြင့် လုံးထွေးအပ်သော စားသမျှ အစာသည် ခဏခြင်း ကောင်းသောအဆင်း, အနံ့, အရသာမှ ကင်း၍ ချည်စာနင်းသောကစိဖတ်, ခွေးအန်ဖတ်သဘွယ်ဖြစ်၏၊ သည်းခြေ, သလိပ်, ခွဲခန်း, လေတို့နှင့်တကွ ရောလျက် ဝမ်းတွင်းသို့ ကျဆင်း၏၊ ပိုးမျိုးရောယှက် ဝမ်းမီးရှိန်ဖြင့် အမြှုပ်တက်၏၊ အပုပ်နံ့ဆိုးဖြင့် စက်ဆုပ်ဘွယ်ရှိ၏၊ ကြားရုံမျှဖြင့် မသတီစရာဖြစ်၏၊ ပညာမျက်စိဖြင့် ရှုလျှင် သာ၍ပင် မသတီစရာဖြစ်သော အစာသစ်တည်း။

ငါးဘို့ဖြာ
ဝမ်းကျရောက်သော အစားအသောက်တို့သည် ငါးမျိုးဝေဖန်ခြင်းသို့ ရောက်ကုန်၏။
၁။ တဘို့ ပိုးစား၏။
၂။ တဘို့ ဝမ်းမီးလောင်၏။
၃။ တဘို့ ကျင်ငယ်ဖြစ်၏။< ၄။ တဘို့ ကျင်ကြီးဖြစ်၏။
၅။ တဘို့ကား အရည်ဖြစ်၍ အသွေးအသား စသည်ကို တိုးပွားစေ၏။

အစာဟောင်း
အစာဟောင်းသည် အများအားဖြင့် မျိုသောအာဟာရ အဆင်းရှိ၏၊ တည်ရာ သဏ္ဌာန် ရှိ၏၊ ချက်အောက်၌ဖြစ်၏၊ အစာကျက်အိမ်၌ တည်၏၊ အစာကျက်အိမ် အပျဉ်ဖြင့်, အစာဟောင်းအဘို့ဖြင့် ပိုင်းခြားအပ်၏။
အစာကျက်အိမ်သည် ချက်အောက် ကျောက်ဆူးချိုး အရင်းတို့၏ အကြား အူမ အဆုံး၌ အစောက်ရှစ်သစ်ခန့် ကျည်တောက်သဏ္ဌာန် ရှိသောအိမ်ဖြစ်၏၊ အစာသစ် အိမ်၌ ကျသော အစားအသောက်သည် အူမတွင်းလျောကျ၍ အစာကျက်အိမ် အတွင်း၌ စုဝေး၍တည်၏၊ သိမ်မွေ့နူးညံ့စွာ မှုန့်ညက်၍ကျလာ၏၊ ပျော့သော မြေညက်ကိုနယ်၍ ဝါးဆစ် သိပ်ထားသကဲ့သို့ တည်၏၊ ဝမ်း, ဓာတ်, အလေး, အညစ် အကြေး, မစင်, ကျင်ကြီး-စသော အမည်တို့ဖြင့်ထင်ရှား၏။

ဦးနှောက်
ဦးနှောက်သည် ဦးခေါင်းခွံ အတွင်း၌ တည်သော ခြင်ဆီအစုဖြစ်၏။ မှိုငုံစုအဆင်း ဖြူ၏၊ တည်ရာ သဏ္ဌာန် ရှိ၏။ အထက်၌ ဖြစ်၏၊ ဦးခေါင်းခွံအတွင်း ချုပ်ရိုး လေးခု တို့ကိုမှီ၍ မုံ့ညက် လေးခုကဲ့သို့ စု၍ တည်၏။ ဦးခေါင်းအတွင်းဖြင့် ဦးနောက် အဘို့ဖြင့် ပိုင်းခြားအပ်၏။

၁၁ - မေဒဆက္က

သည်းခြေ
သည်းခြေသည် ဗဒ္ဓသည်းခြေ, အဗဒ္ဓသည်းခြေ ဟု နှစ်မျိုးပြား၏၊ ဗဒ္ဓသည်းခြေသည် ချွဲသော သစ်မည်စည်ဆီ အဆင်းရှိ၏၊ တည်ရာသဏ္ဌာန်ရှိ၏၊ အထက်၌ ဖြစ်၏။ သည်းခြေအိမ်၌ တည်၏၊ အဗဒ္ဓသည်းခြေသည် ညှိုးသော တောင်ကျည်းပွင့် အဆင်း ရှိ၏၊ တည်ရာသဏ္ဌာန် ရှိ၏၊ ထက်အောက် နှစ်ရပ်ဖြစ်၏၊ တကိုယ်လုံးနှံ့၍ တည်၏၊ သည်းခြေအဘို့ဖြင့် ပိုင်းခြားအပ်၏။
ဗဒ္ဓသည်းခြေသည် နှလုံးအဆုပ်တို့ အကြား၌ အသည်းကိုမှီ၍ တည်သော သပွတ်သီးအိမ်နှင့် တူသော သည်းခြေအိမ်၌ တည်၏၊ အဗဒ္ဓသည်းခြေသည် ဆံပင်, မွေးညှင်း, ခြေသည်း လက်သည်း, သွားတို့၏ အသားမရှိသော နေရာတို့ကို၎င်း၊ ကြမ်းခြောက်သော သားရေတို့ကို၎င်း ဖယ်၍ကြွင်း တကိုယ်လုံး ဆီပေါက်ရေနှံ့ တည်သကဲ့သို့ ပြန့်နှံ့၍တည်၏၊ အဗဒ္ဓသည်းခြေ ပျက်လျှင် မျက်စိဝါ၏၊ မျက်စိ လည်၏၊ ကိုယ်လှုပ်၏၊ ယား၏၊ ဗဒ္ဓသည်းခြေ ပျက်လျှင် စိတ်ဖောက်ပြန်၏၊ ရူး၏၊ မသင့်သည်ကို မရှက်မကြောက် ကြံစည်၏။ ပြောဆို၏၊ ပြုလုပ်၏။

သလိပ်
သလိပ်သည် ကိုယ်အတွင်း၌ ခွက်ကွမ်းစား တခုပြည့်မျှရှိ၏၊ ဝက်ချေးပနဲရွက်ရည် အဆင်းဖြူ၏၊ တည်ရာသဏ္ဌာန်ရှိ၏၊ အထက်၌ဖြစ်၏၊ ဝမ်းပျဉ်အတွင်း၌တည်၏၊ သလိပ်အဘို့ဖြင့် ပိုင်းခြားအပ်၏။
ဤသလိပ်သည် အစာအာဟာရ မျိုချသောအခါ ခဲကျသော ရေမှော်ကဲ့သို့ နှစ်ဖြာ ဖြစ်ပြီးလျှင် တဖန်လွှမ်းမြဲ လွှမ်းလျက်တည်၏၊ သလိပ်နည်းလျှင် ဝမ်းအနံ့သည် ကြက်ဥပုပ်နံ့ကဲ့သို့ ဆိုး၏၊ ကြို့တက်သောလေသည်၎င်း, ခံတွင်းသည်၎င်း အနံ့ဖြင့် အနံ့ဆိုး ဖြစ်၏၊ ခံတွင်းနံ့ မကောင်းဟု အပြောခံရတတ်၏၊ သလိပ်များလျှင် ကျင်ကြီးတွင်း ဖုံးသော ပျဉ်ပြားကဲ့သို့ ဝမ်းပုပ်နံ့ကို ဖုံးလျက်တည်နိုင်၏။

ပြည်
ပြည်သည် ဖက်ရွက်လျော် အဆင်းရှိ၏၊ အသေကောင် ပြည်ပုပ်ကား ထမင်းရေပုပ် အဆင်းရှိ၏၊ တည်ရာ သဏ္ဌာန်ရှိ၏၊ ထက်အောက်နှစ်ရပ်ဖြစ်၏၊ ပြည်တည်ရာအရပ် အမြဲမရှိ၊ ထိခိုက်ရာ အနာပေါက်ရာ၌တည်၏၊ ပြည်အဘို့ဖြင့် ပိုင်းခြားအပ်၏၊

သွေး
သွေးသည် စုဝေးသောသွေး, ရွေ့သောသွေး ဟု နှစ်မျိုးရှိ၏၊ စုဝေးသောသွေးသည် ပြစ်ပြစ်ချက်သော ချိပ်ရည်အဆင်းရှိ၏၊ တည်ရာသဏ္ဌာန် ရှိ၏၊ အထက်၌ ဖြစ်၏၊ အသည်း နေရာအောက်အပြည့် ခွက်ကွမ်းစားမျှရှိ၍ အညှို့ နှလုံး, အသည်း, အဆုပ် တို့ကို ဆွတ်ဖျန်းလျက်တည်၏၊
ရွေသောသွေးသည် ကြည်သောချိပ်ရည် အဆင်းရှိ၏၊ တည်ရာသဏ္ဌာန် ရှိ၏၊ ထက်အောက် နှစ်ရပ် ဖြစ်၏၊ အကြောသို့ လျောက်၍ ကိုယ်လုံးအနှံ့တည်၏၊ သွေးအဘို့ဖြင့် ပိုင်းခြားအပ်၏၊ အညှို့ စသည်ကို သွေးမဆွတ်လျှင် ရေငတ်ကုန်၏။

ချွေး
ချွေးသည် မွေးတွင်း စသည်တို့မှ ယိုသောရေ ဖြစ်၏၊ ကြည်သော နှမ်းဆီအဆင်းရှိ၏၊ တည်ရာသဏ္ဌာန် ရှိ၏၊ ထက်အောက်နှစ်ရပ် ဖြစ်၏၊ ချွေးနေရာ အမြဲမရှိ၊ ပူအိုက် သောအခါ ဆံမွေးတွင်းကြားတို့မှ ယိုကျလျက်တည်၏။ ချွေးအဘို့ဖြင့် ပိုင်းခြားအပ်၏၊ ချွေးကမ္မဋ္ဌာန်း ရှုလိုသော သူသည် ဆံမွေးတွင်းကြားတို့ကို ပြည့်စေ၍ တည်သော ချွေးကို အာရုံပြု၍ “သေဒေါ၊ သေဒေါ- ချွေး၊ ချွေး”ဟု နှလုံးသွင်းအပ်၏။

အဆီခဲ
အခဲသည် စေးခဲသော အဆီတုံး ဖြစ်၏၊ ခွဲအပ်သော နနွင်းဥ အဆင်း ရှိ၏၊ ဆူဖြိုးသော သူအား အသားအရေ အကြား၌ ထားသော နနွင်းရောင် ပုဆိုးနွမ်း သဏ္ဌာန် ရှိ၏၊ ထက်အောက်နှစ်ရပ်ဖြစ်၏၊ ကိုယ်လုံးနှံ့ တည်၏၊ ကြုံသောသူအား မြင်းခေါင်းသား, ပေါင်သား ကျောက်ကုန်းသား, ဝမ်းပျဉ်းသား တို့ကိုမှီ၍ နှစ်ထပ်, သုံးထပ် ထပ်ထားသော နနွင်းရောင် ပုဆိုးသဏ္ဌာန်ရှိ၏၊ ထက်အောက် နှစ်ရပ်ဖြစ်၏၊ မြင်းခေါင်းသား စသည်ကို မှီ၍ တည်၏၊ အသားဖြင့်, အရေဖြင့်, အဆီခဲအဘို့ဖြင့် ပိုင်းခြားအပ်၏၊ ဤအဆီခဲသည် အဆီဖြစ်သော်လည်း လွန်စွာ စက်ဆုပ်ဘွယ် ကောင်း၏၊ ဦးခေါင်းလိမ်းစရာ ဆီ, နှာနှပ်စရာ ဆီပြုခြင်းငှါ မယူကြကုန်။

၁၂-မုတ္တဆက္က

မျက်ရည်
မျက်ရည်သည် မျက်စိမှယိုသော ရေဖြစ်၏၊ ကြည်သောနှမ်းဆီ အဆင်းရှိ၏၊ တည်ရာ သဏ္ဌာန်ရှိ၏၊ အထက်အရပ်၌ ဖြစ်၏၊ မျက်တွင်းတို့၌ တည်၏။ မျက်ရည် အဘို့ဖြင့် ပိုင်းခြားအပ်၏။
ဤမျက်ရည်သည် မျက်တွင်းတို့၌အမြဲမတည်၊ ရယ်လွန်းသောအခါ, ငိုသောအခါ, မသင့်သည်ကို စားမိသောအခါ, မြူမီးခိုးစသည် ဝင်သောအခါတို့၌ဖြစ်၍ မျက်တွင်း၌ တည်၏၊ ယို၏၊ မျက်ရည်ကို ရှုလိုသောသူသည် မျက်တွင်း ပြည့်၍ တည်သော မျက်ရည်ကို “အဿု၊ အဿု - မျက်ရည်၊ မျက်ရည်” ဟု အဖန်ဖန်ရှုအပ်၏။

ဆီကြည်
သိကြည်သည် ကြည်သော ကြေသော အစေးဖြစ်၏၊ အုန်းဆီအဆင်း ရှိ၏၊ ရေ၌ ဆီဝေ့သည့်သဏ္ဌာန် ရှိ၏၊ ထက်အောက်နှစ်ရပ်ဖြစ်၏၊ လက်ခြေဖဝါး, ဖမိုး, နှာခေါင်း, နဖူး, ပခုံးစွန်း တို့၌ အများအားဖြင့်တည်၏၊ ဆီကြည်အဘို့ဖြင့် ပိုင်းခြားအပ်၏။
ဤ ဆီကြည်သည် အမြဲမတည်၊ ပူအိုက်ခြင်း, ဥတု မညီညွတ်ခြင်း, ဓာတ် မညီညွတ်ခြင်း တို့ကြောင့် ဖဝါး, ဖမိုး စသည်တို့၌ အငွေ့ဖြစ်၍ ရေ၌ ဆီပြန့်သကဲ့သို့ ဤမှ ထိုမှ ဆီကြည်ပြန့်၍ တည်၏။

တံတွေး
တံတွေးသည် ခံတွင်းအတွင်း၌ အမြှုပ်ရောသောရေ ဖြစ်၏၊ အမြှုပ်အဆင်းဖြူ၏၊ တည်ရာသဏ္ဌာန် ရှိ၏၊ ဝါ-ရေမြှုပ်သဏ္ဌာန်ရှိ၏၊ အထက်အရပ်၌ဖြစ်၏၊ ပါးစောင် နှစ်ဘက်မှ သက်လျှော၍ လျှာ၌တည်၏၊ တံတွေး အဘို့ဖြင့် ပိုင်းခြားအပ်၏။
ဤတံတွေးသည် အမြဲမတည်၊ အချဉ်သီးစသော အစာကို မြင်သောအခါ, သတိရသောအခါ, ပူ-ခါး-စပ်-ငန်-ချဉ်-အရသာ တခုခု ငုံသောအခါ, နှလုံးနာသော အခါ စက်ဆုပ်ဘွယ်အာရုံကို တွေ့သောအခါတို့၌ တံတွေးဖြစ်၍ ပါးစောင်နှစ်ဘက်မှ လျှော၍ လျှာ၌တည်၏။ လျှာဖျား၌ ကျ၏၊ လျှာရင်း၌ ချွဲ၏၊ မြစ်သောင်ပြင် လက်ယက်တွင်းရေ ကဲ့သို့ မကုန်မခန်းမူ၍ ခံတွင်းသို့ရောက်သမျှ မုံ့စသောခဲဘွယ် တို့ကို ဆွတ်ဖျန်းခြင်းငှါ စွမ်းနိုင်၏။

နှပ်
နှပ်သည် ဦးနှောက်မှ ယိုကျသော အညစ်အကြေး ဖြစ်၏၊ ထန်းစေ့နုအဆံ အဆင်း ရှိ၏၊ တည်ရာ သဏ္ဌာန် ရှိ၏၊ အထက်အရပ်ဖြစ်၏၊ နှာခေါင်း၌တည်၏၊ နှပ်အဘို့ဖြင့် ပိုင်းခြားအပ်၏။
ဤနှပ်သည် အမြဲမတည်၊ ကြာဖက်ဖြင့် နို့ဓမ်းကိုဖွဲ့၍ ထုပ်၍ အောက်၌ဆူးဖြင့် ထိုးသောအခါ နို့ဓမ်းရည် စီးဆင်းလာသကဲ့သို့ ငိုသောအခါ, အာဟာရ ဥတု မညီညွတ်၍ ဓာတ်ချောက်ချားသော အခါတို့၌ ဦးနှောက် အတွင်းမှ သလိပ်ပုပ် ဖြစ်လာသော ဦးနှောက်သည် လျောကျ၍ အာစောက် အထက် အကြားမှ ဆင်း၍ နှာခေါင်း၌ ပြည့်၍တည်၏၊ ယိုကျ၏၊ နှာခေါင်း၌ပြည့်၍ တည်သော နှပ်ကို “သိင်္ဃာဏိကာ၊ သိင်္ဃာဏိကာ - နှပ်၊ နှပ်”ဟု အဖန်ဖန် ရှုအပ်၏။

အစေး
အစေးသည် ကိုယ်အဆက်ကြား၌ ရှိသော အစေးပုပ် ဖြစ်၏၊ မဟာလှေကားစေး အဆင်းရှိ၏၊ တည်ရာသဏ္ဌာန်ရှိ၏၊ ထက်အောက်နှစ်ရပ်ဖြစ်၏၊ အစေးအဘို့ဖြင့် ပိုင်းခြားအပ်၏။
ဤအစေးသည် အရိုးဆက်တို့၏ နယ်ဆီကိစ္စကို ပြီးစေလျက် ၁၈၀-သော  အရိုးဆက်တို့၏ အကြား၌ တည်၏၊ အစေးနည်းလျှင် ရပ်, ထိုင်, သွား, လာ, ကွေး, ဆန့်သောအခါတို့၌ အရိုးတို့သည် တချွတ်ချွတ် မြည်ကုန်၏၊ လက်ဖျစ် တီးသကဲ့သို့ ဖြစ်၏၊ တယူဇနာမျှသွားလျှင် ဝါယောဓာတ် ပျက်၏၊ ကိုယ်လက် နာတတ်၏၊ အစေးများလျှင် မြည်ခြင်း, ဝါယောပျက်ခြင်း,ကိုယ်လက်နာခြင်း မရှိ။

ကျင်ငယ်
ကျင်ငယ်သည် ပဲပြာရည် အဆင်း ရှိ၏၊ မှောက်ထားသော အိုးငယ်အတွင်း၌ရှိသော ရေသဏ္ဌာန် ရှိ၏၊ ချက်အောက်၌ဖြစ်၏၊ ကျင်ငယ်အိမ် ဟူသော စည်ပေါင်း အတွင်း၌ တည်၏၊ စည်ပေါင်းအိမ် အတွင်းဖြင့်, ကျင်ငယ် အဘို့ဖြင့် ပိုင်းခြားအပ်၏၊ ကျင်ငယ် သည် ဆံပင်စသည် မဟုတ်၊ ဆံပင် စသည်တို့သည် ကျင်ငယ်မဟုတ်၊ အသီးအခြား ကောဋ္ဌာသတခု ဖြစ်၏၊ ဤသို့လည်း ဝိသဘာဂ အားဖြင့် ပိုင်းခြားအပ်၏။
ဤကျင်ငယ်သည် အဆင်းအားဖြင့်၎င်း, သဏ္ဌာန်အားဖြင့်၎င်း, အနံ့အားဖြင့်၎င်း, မှီရာ အကြောင်း အားဖြင့်၎င်း, တည်ရာ အရပ်အားဖြင့်၎င်း စက်ဆုပ်စရာ ဖြစ်၏။ ဤသို့လည်း စက်ဆုပ်ဘွယ် အကြောင်းငါးပါးဖြင့် မှတ်သားအပ်၏။
[ဤ၌ ပဲပြာရည်အဆင်း ဟူသည်ကား’ပဲပင်ကို အမြစ်နှင့် တကွ နေလှန်း၊ ပြာချ၊ ရေဖျော်၊ အကြည်ခံ၍ ယူအပ်သော ရေကြည်အဆင်း ဖြစ်၏-ဟူလို။]
ဤ ကျင်ငယ်သည် တံစိပွက်အတွင်း မှောက်ထားသော အိုးငယ်၌ တံစိပွက်ရေ စိမ့်ဝင်သောအခါ ဝင်လမ်းမထင်၊ ထွက်လမ်းကား ထင်ရှား၏၊ စည်ပေါင်းအိမ်၌ ကျင်ငယ် ပြည့်သောအခါ ကျင်စွန့်လိုသည်ဟု အားထုတ်ရ၏။

၁၃ - နှလုံးသွင်းပုံ

ဤသို့လျှင် ဆံပင်စသော ကောဋ္ဌာသတို့ကို - “ဆင်း၊ သံ၊ ဖြစ်၊ တည်၊ ပိုင်း” ဖြင့် မှတ်သားပြီးလျှင်–
၁။ အစဉ်အတိုင်း နှလုံးသွင်းရမည်။
၂။ မြန်မြန် နှလုံးမသွင်းရ။
၃။ နှေးလွန်းစွာ နှလုံးမသွင်းရ။
၄။ အပ၌ ပြန့်လွင့်ခြင်းကို မဖြစ်စေမူ၍ နှလုံးသွင်းရမည်။
၅။ ဆံပင်, မွေးညှင်း စသော အမည်ပညပ်ဖြင့် နှလုံးသွင်း၍ စက်ဆုပ်ဘွယ်ဟု ထင်သောအခါ အမည် ပညပ်ကို လွန်၍ (ဝါ-အမည်ပယ်၍) စက်ဆုပ်ဘွယ်, စက်ဆုပ်ဘွယ် ဟု နှလုံးသွင်းရမည်။
ပညပ်ကို လွန်သည် အဆုံး၌ အရောင်အဆင်း ၃၂-မျိုး ရှိသော ပန်းကုံးကို ကြည့်ရှု သောအခါ အရောင်အဆင်း ၃၂-မျိုး မရှေးမနှောင်း ထင်သကဲ့သို့ “ဤကိုယ်၌ ဆံပင်ရှိ၏” ဟုဆံပင်မျှ နှလုံးသွင်း၍ ကိုယ်ကိုရှုသောအခါ ကောဋ္ဌာသ ၃၂-ပါးလုံး မရှေးမနှောင်း ထင်ကုန်၏၊ ထို့ကြောင့် -
(က) ဆံပင်ဟု စ၍ နှလုံးသွင်းလျှင် ကျင်ငယ် တိုင်အောင် ထင်တတ်၏။
(ခ) ကျင်ငယ်ဟု နှလုံးသွင်းလျှင်လည်း ဆံပင်တိုင်အောင် ထင်တတ်၏ - ဟုဆိုခဲ့ပြီ။
ဗဟိဒ္ဓ သတ္တဝါတို့တို့ နှလုံးသွင်းသည်ဖြစ်အံ့၊ လှည့်လည်နေသော ယောက်ျား, မိမ္မ, ခွေး, ကြက်, ငှက် စသောသတ္တဝါတို့သည် သတ္တဝါအခြင်းအရာပျောက်၍ ကောဋ္ဌာသ အစုအဝေး အားဖြင့်သာ ထင်ကုန်၏၊ အစားအသောက် စားသောက်ခြင်း တို့သည် လည်း ကောဋ္ဌာသအစု၌ ထည့်သွင်း သကဲ့သို့သာ ထင်ကုန်၏၊ ဤသို့ထင်သောအခါ-
၆။ မထင်သည်ကို အစဉ်အတိုင်း လွှတ်၍ အထင်ဆုံး တခု၌ စက်ဆုပ်ဘွယ် စက်ဆုပ်ဘွယ် ဟု စူးစူးစိုက်စိုက် နှလုံးသွင်းရမည်၊ ထိုသို့နှလုံးသွင်းသော သူအား အစဉ်အတိုင်း -
၇။ ဈာန်အပ္ပနာ ဖြစ်လေ၏။

နိမိတ်
အဆင်း, သဏ္ဌာန်, ဖြစ်ရာ, တည်ရာ, သဘာဂ အပိုင်းအခြား, ဝိသဘာဂ အပိုင်းအခြားအားဖြင့် ထင်သော ဆံပင် စသော အာရုံသည် ဥဂ္ဂဟနိမိတ် မည်၏၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် စက်ဆုပ်ဘွယ်ဟု ထင်သော အာရုံသည် ပဋိဘာဂနိမိတ် မည်၏။ ထိုပဋိဘာဂနိမိတ်ကို အဖန်ဖန် ဝိတက် ခေါက်၍၊ ဝါ-ပဋိဘာဂနိမိတ်အာရုံ စိတ်ဝင်အောင် အဖန်ဖန် တင်ပေး၍ ဆင်ခြင်ရမည်၊ ထိုအခါ နာမ်ခန္ဓာ လေးပါးသည် စက်ဆုပ်ဘွယ်အာရုံကို အာရုံပြုလျက် ပဌမဈာန် ရသည် အစွမ်းဖြင့် အပ္ပနာဖြစ်၏။

ဈာန်
ပထဈာန်စိတ်သည် ဝေဒနာအားဖြင့် သောမနဿဖြစ်၏။ စက်ဆုပ်ဘွယ်အာရုံ ဖြစ်လျက် သောမနဿ ဖြစ်ခြင်းသည် သင့်နိုင်အံ့လောဟူမူ၊ စက်ဆုပ်ဘွယ် အာရုံ၌ ရသင့် ရထိုက်သော ဈာန်, မဂ်, ဖိုလ် အကျိုးတို့ကို မြင်ရသဖြင့် သောမနဿ ဖြစ်ခြင်းသည် သင့်လျော်၏၊ နီဝရဏဘေးရန်ကို ခွာပြီးသောအခါ အာရုံတခုတည်း ထင်သည့် အစွမ်းဖြင့်လည်း အဘိရတိ, ပီတိ, သောမနဿ တို့ဖြစ်၏။
ဤအာရုံသည် စက်ဆုပ်ဘွယ် ဖြစ်သော်လည်း ဝိတက်သည် စိတ်သက်ဝင်နိုင်အောင် တင်ပေး၏၊ ဝိတက်အစွမ်းဖြင့် စက်ဆုပ်ဘွယ်၌ စိတ်တည်၏၊ ဝိတက်ကင်းလျှင် စိတ်မတည်နိုင်၊ ထို့ကြောင့် ဝိတက်ကင်းသော ဒုတိယဈာန် သည်တို့သည် ဤ စက်ဆုပ်ဘွယ်အာရုံ၌ မဖြစ်။
ဤကား - သမထကမ္မဋ္ဌာန်းသက်သက်တည်း။

ဝိပဿနာ ဆက်ဆံနည်း

▬▬▬▬▬▬▬▬

၁၄-ခြောက်လပိုင်းခြင်း

သမထဝိပဿနာ ဆက်ဆံသော ကမ္မဋ္ဌာန်းကို ပွားလိုသော အမျိုးကောင်းသား, အမျိုးကောင်းသမီးသည် ဆံပင်, မွေးညှင်းစသည်ဖြင့် ကောဋ္ဌာသတို့ကို သင်ယူရမည်၊ ဆံပင် စသည်တို့၏ “ဆင်း, သံ, ဖြစ်, တည်, ပိုင်း” တို့ကို မှတ်သား နိုင်လောက်ရုံ သင်ယူရမည်၊ ကောဋ္ဌာသ တခုတခု၌ ဤကောဋ္ဌာသသည် ဤ ကောဋ္ဌာသအလား ရှိ၏-ဟု သုတ်သင်ရမည်၊ ထို့နောင် တစပဉ္စကကို အနုလုံ ငါးရက်, ပဋိလုံ ငါးရက်, အနုလုံ ပဋိလုံငါးရက်၊ ပေါင်း ၁၅-ရက် သရဇ္ဈာယ်ရမည်။

[ဤ၌ ဆင်း, သံ, နံ့, မှီ, တည် - ဟူသော စက်ဆုပ်ဘွယ် မှတ်ကြောင်းငါးပါး သင်ယူရမည် - ဟုမပြ၊ စက်ဆုပ်ဘွယ် အားဖြင့်၎င်း, ဓာတ်အားဖြင့်၎င်း, အဆင်း အားဖြင့်၎င်း အထူးမပြုဘဲ သမထ, ဝိပဿနာ နှစ်ပါးလုံး ဆက်ဆံနိုင်အောင် ရိုးရိုး သရဇ္ဈာယ်ရမည်-ဟူလို။]

ထို့နောင် ဝက္ကပဉ္စကကို ဆရာ့ထံသင်ယူ၍ အနုလုံငါးရက်, ပဋိလုံငါးရက်, အနုလုံ ပဋိလုံငါးရက်၊ ပေါင်း ၁၅-ရက် သရဇ္ဈာယ်ရမည်၊ တဖန် ထိုကောဋ္ဌာသ ဆယ်ခုလုံး ပေါင်း၍ နုငါး, ဋိငါး, နုဋိငါး - အားဖြင့် ၁၅-ရက် သရဇ္ဈာယ်ရမည်၊ (တလ)။

ထို့နောင် ပပ္ဖါသပဉ္စကကိုသင်ယူ၍ နု, ဋိ, နုဋိ ၁၅- ရက်၊
ထို ၁၅-ခုပေါင်း၍ ၁၅-ရက်၊ (တလ)၊

ထို့နောင် မတ္ထလုင်္ဂပဉ္စကသင်၍ ၁၅-ရက်၊ ထို ၂၀-ပေါင်း၍ ၁၅-ရက်၊(တလ)၊

ထို့နောင် မေဒဆက္ကသင်၍ ၁၅-ရက်၊ ထို ၂၆-ရက်ပေါင်း၍ ၁၅-ရက်၊ (တလ)၊

ထို့နောင် မုတ္တဆက္ကသင်၍ ၁၅-ရက်၊ ထို ၃၂-ခု ပေါင်း၍ ၁၅-ရက်၊ (တလ)၊
ဤသို့ခြောက်လ သရဇ္ဈာယ်ရမည်။

[ဤ၌ ငါးလခွဲတိတိ ဖြစ်သော်လည်း ငါးလလွန်ခြင်းကြောင့် လအားဖြင့် ခြောက်လ ဟုဆိုသည်။ ]

ခြောက်လ သရဇ္ဈာယ်နည်း

▬▬▬▬▬▬▬▬▬

တစပဉ္စက

၁။ ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ။ [အနုလုံ ငါးရက်]

၂။ အရေ၊ သွား၊ ခြေသည်း လက်သည်း၊ မွေးညှင်း၊ ဆံပင်။[ပဋိလုံ ငါးရက်]

၃။ ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ။
အရေ၊ သွား၊ ခြေသည်း လက်သည်း၊ မွေးညှင်း၊ ဆံပင်။ [အနုလုံပဋိလုံ ငါးရက်]

ဝက္ကပဉ္စက

၁။ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။ [ငါးရက်]

၂။ အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။ [ငါးရက်]

၃။ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။ [ငါးရက်]

၄။ ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ။
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။ [ငါးရက်]

၅။ အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်း လက်သည်း၊ မွေးညှင်း၊ ဆံပင်။ [ငါးရက်]

၆။ ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ။
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။ [ငါးရက်]

ပပ္ဖါသပဉ္စက

၁။ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်၊ [ငါးရက်]

၂။ အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး၊ [ငါးရက်]

၃။ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်။
အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး၊ [ငါးရက်]

၄။ ဆံပင်၊ မွှေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ။
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်၊ [ငါးရက်]

၅။ အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။[ငါးရက်]

၆။ ဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ။
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်။
အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်၊ [ငါးရက်]

မတ္ထလုင်္ဂပဉ္စက

၁။ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။ [ငါးရက်]

၂။ ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။ [ငါးရက်]

၃။ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။ [ငါးရက်]

၄။ ဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ၊
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်။
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။ [ငါးရက်]

၅။ ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။ [ငါးရက်]

၆။ ဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ။
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်။
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း ဦးနှောက်။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။ [ငါးရက်]

မေဒဆက္က

၁။ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။ [ငါးရက်]

၂၊ အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ။ [ငါးရက်]

၃။ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။
အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ။ [ငါးရက်]

၄။ ဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ။
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်။
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း ဦးနှောက်။
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။ [ငါးရက်]

၅။ အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။ [ငါးရက်]

၆။ ဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ။
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်။
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း ဦးနှောက်။
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။
အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။ [ငါးရက်]

မုတ္တဆက္က

၁။ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။ [ငါးရက်]

၂။ ကျင်ငယ်၊ အစေး၊ နှပ်၊ တံတွေး၊ ဆီကြည်၊ မျက်ရည်။[ငါးရက်]

၃။ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။
ကျင်ငယ်၊ အစေး၊ နှပ်၊ တံတွေး၊ ဆီကြည်၊ မျက်ရည်။ [ငါးရက်]

၄။ ဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ။
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်။
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း ဦးနှောက်။
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။
မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။ [ငါးရက်]

၅။ ကျင်ငယ်၊ အစေး၊ နှပ်၊ တံတွေး၊ ဆီကြည်၊ မျက်ရည်။
အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။ [ငါးရက်]

၆၊ ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ။
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်။
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း ဦးနှောက်။
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။
မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။
ကျင်ငယ်၊ အစေး၊ နှပ်၊ တံတွေး၊ ဆီကြည်၊ မျက်ရည်။
အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုပ်၊ အဖျဉ်း၊ အမြှေး၊ အသည်း ၊နှလုံး။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။ [ငါးရက်]

ဤ ဆိုပြီးသောနည်းဖြင့် (ငါးလခွဲ) ခြောက်လသရဇ္ဈာယ်သော်လည်း ကောဋ္ဌာသ အားလုံး မထင်ခဲ့ငြားအံ့၊ လုံ့လ မလျှော့မူ၍ ထင်သော ကောဋ္ဌာသမျှယူ၍ သရဇ္ဈာယ် ရမည်။

၁၅-ခြောက်လတပတ်

▬▬▬▬▬▬▬▬

ဤကမ္မဋ္ဌာန်းကို ပညာအလတ်စား ရှိသူတို့၏ အစွမ်းဖြင့် အဋ္ဌကထာဆရာမြတ်တို့ ခြောက်လ ပိုင်းခြားသည်၊ ပထမ ခြောက်လ၌ မထင်လျှင် ဒုတိယ ခြောက်လ ပိုင်း၍ သရဇ္ဈာယ်ရမည်၊ အပိုင်းအခြားမပြုဘဲ မသရဇ္ဈာယ်ရ၊ ခြောက်လတပတ်, ခြောက်လ တပတ် ပိုင်း၍သာ သရဇ္ဈာယ် ရမည်၊ သရဇ္ဈာယ်စဉ် ဆံပင်စသည်တို့၏ အဆင်းကို မမှတ်ရ၊ ဓာတ်လက္ခဏာ, စက်ဆုပ်ဘွယ် လက္ခဏာကို မမှတ်ရ၊ ဆံပင်အစု မွေးညှင်းအစု-ဟု ကောဋ္ဌာသ အစွမ်းဖြင့်သာ သရဇ္ဈာယ်ရမည်။

ဆရာ့တာဝန်

▬▬▬▬▬

ဆရာကလည်း အဆင်းအားဖြင့် သရဇ္ဈာယ်ရမည်ဟု မပြောအပ်၊ သမ္ပတ္တိကို ဝိပတ္တိ ထင်တတ်သည်၊ အကောင်းကိုအပျက်ဟု ထင်တတ်သည်၊ ထင်ပုံကား- စီးဖြန်းသော အခါ ဆရာပြောပြသောအတိုင်း အဆင်းအားဖြင့် မထင်၊ စက်ဆုပ်ဘွယ် အားဖြင့်၎င်း, ဓာတ်အားဖြင့်၎င်း ထင်သည်ဖြစ်အံ့၊ သမ္ပတ္တိပင်ဖြစ်၏၊

သို့သော်လည်း ဆရာပြောပြသော အဆင်း မဟုတ်သောကြောင့် ငါ့အား ကမ္မဋ္ဌာန်း ပျက်ချေပြီ-ဟု အကောင်းကို အပျက် ထင်တတ်သည်၊ ထို့ကြောင့် အဆင်းအားဖြင့် သရဇ္ဈာယ်ရမည်ဟု မပြောအပ်၊ ထို့အတူ စက်ဆုပ်ဘွယ်အားဖြင့်၎င်း, ဓာတ် အားဖြင့်၎င်း သရဇ္ဈာယ်ရမည် - ဟူ၍လည်း မပြောအပ်။

ဆံပင်အစု, မွေးညှင်းအစု - စသည်ဖြင့် ကောဋ္ဌာသအားဖြင့် သရဇ္ဈာယ်ရမည် -ဟူ၍သာ ပြောကြားအပ်၏၊

၁၆ - နိမိတ်ထင်ကျိုး

▬▬▬▬▬▬▬

အဆင်းထင်ကျိုး

ဆရာ ပြောပြသောအတိုင်း ကောဋ္ဌာသအားဖြင့် သရဇ္ဈာယ်စဉ် အဆင်းအားဖြင့် ထင်ငြားအံ့၊ ဆရာအား ပြောကြားရမည်၊ ဆရာက ဤသို့ ထင်ခြင်းသည် လျောက်ပတ်လေစွ၊ သင်သည် ရှေးရှေး ဘဝတို့၌ နီလ, ပီတ, လောဟိတ, သြဒါတ-ဟူသော ဝဏ္ဏကသိုဏ်းတို့ကို လေ့လာဘူးသူ ဖြစ်လိမ့်မည်၊ ဤကမ္မဋ္ဌာန်းသည် သင့်အားလျော်၏။ ဤနေ့မှစ၍ အဆင်းအားဖြင့် သရဇ္ဈာယ်လော့ဟု ပြောဆိုအပ်၏။

ဆံပင်သည် မည်း၏၊ မွေးညှင်းသည် မည်းကြောင်ကြောင် ရှိ၏ - စသည်ဖြင့် အဆင်း အားဖြင့် သရဇ္ဈာယ်လျှင် အဇ္ဈတ္တ ကသိုဏ်းဈာန်ရ၍ အရဟတ္တဖိုလ်သို့ရောက်နိုင်၏၊

အဇ္ဈတ္တဝဏ္ဏကသိုဏ်း

▬▬▬▬▬▬▬

မိမိခန္ဓာကိုယ်၌ --
ဆံပင်, မျက်နက်ဝန်း - စသော ညိုမည်းသော အရပ်တို့၌ နီလ ကသိုဏ်း
အဆီခဲ, မျက်ဝါ-စသော ဝင်းဝါသော အရပ်တို့၌ ပီတကသိုဏ်း
သွေးသား, မျက်နီ-စသော နီရဲသော အရပ်တို့၌ လောဟိတကသိုဏ်း
သွား, အရိုး, မျက်ဖြူ-စသော ဖြူဖွေးသော အရပ်တို့၌ ဩဒါတကသိုဏ်း ဖြစ်၏၊

ကသိုဏ်း လေးပါး အဆင်း၏ အစွမ်းဖြင့် နှလုံးသွင်းလျှင် ရူပဈာန် ငါးပါးအထိ ရနိုင်သည်၊ ထိုဈာန်ကို အခြေခံ၍ ဝိပဿနာပွားလျှင် ရဟန္တာဖြစ်နိုင်သည်။

စက်ဆုပ်ဘွယ်ထင်ကျိုး

ဆရာ ပြောပြသောအတိုင်း ကောဋ္ဌာသအားဖြင့် သရဇ္ဈာယ်စဉ် စက်ဆုပ်ဘွယ် အားဖြင့် ထင်ငြားအံ့၊ ဆရာအား ပြောကြားရမည်၊ ဆရာက ဤသို့ထင်ခြင်းသည် လျောက်ပတ်လေစွ၊ သင်သည် ရှေးရှေး ဘဝတို့၌ ပဋိကူလကမ္မဋ္ဌာန်းကို လေ့လာဘူးသူ ဖြစ်လိမ့်မည်၊ ဤကမ္မဋ္ဌာန်းသည် သင့်အား လျော်၏၊ ဤနေ့မှစ၍ စက်ဆုပ်ဘွယ်အားဖြင့် သရဇ္ဈာယ်လော့-ဟု ပြောဆိုအပ်၏။

ဆံပင် စက်ဆုပ်စရာ၊ မွေးညှင်း စက်ဆုပ်စရာ - စသည်ဖြင့် စက်ဆုပ်ဘွယ်အားဖြင့် သရဇ္ဈာယ်လျှင် ထိုပဋိကူလ အာရုံ၌ ပထမဈာန်ရနိုင်သည်၊ ထိုပထမဈာန်ကို အခြေခံ၍ ဝိပဿနာပွားလျှင် ရဟန္တာဖြစ်နိုင်သည်။

ဓာတ်ထင်ကျိုး

ဆရာပြောပြသော အတိုင်း ကောဋ္ဌာသအားဖြင့် သရဇ္ဈာယ်စဉ် ဓာတ်အားဖြင့် ထင်ငြားအံ့၊ ဦးရေ၌ဆံပင်တို့သည် တောင်ပို့ထိပ်၌ သမန်းမြက်ကဲ့သို့၎င်း ကိုယ်၌ မွေးညှင်းတို့သည် ရွာပျက်ကုန်း၌ နေဇာမြက် ကဲ့သို့၎င်း အချင်းချင်းမသိကြ၊ စိတ်မရှိ၊ မာသော ကြမ်းသော လက္ခဏာရှိသော ဓာတ်မျှဖြစ်၏-ဟု ဓာတ်အားဖြင့် ထင်ငြားအံ့၊ ဆရာအား ပြောကြားရမည်၊ ဆရာက ဤသို့ထင်ခြင်းသည် လျှောက်ပတ်လေစွ၊ သင်သည် ရှေးရှေးဘဝတို့၌ စတုဓာတုဝဝတ္ထာန်ကို လေ့လာဘူးသူ ဖြစ်လိမ့်မည်၊ ဤ ကမ္မဋ္ဌာန်းသည် သင့်အားလျော်၏၊ ဤနေ့မှစ၍ ဓာတ်အားဖြင့် သရဇ္ဈာယ်လော့-ဟု ပြောဆိုအပ်၏။

ဓာတ်ဖြင့်သရဇ္ဈာယ်နည်း

၁။ ဤကိုယ်၌ ဆံပင်တို့သည် ဦးရေ၌ ပေါက်ကုန်၏၊
ဆံပင်သည် “ငါသည် ဦးရေ၌ ပေါက်သည်” ဟု မသိ၊
ဦးရေကလည်း “ငါ၌ဆံပင်ပေါက်သည်” ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ် မျှသာတည်း။

၂။ ဤကိုယ်၌ မွေးညှင်းတို့သည် ကိုယ်လုံး ရစ်ပတ်သော သားရေ၌ ပေါက်ကုန်၏၊
မွေးညှင်းသည် “ငါသည် ကိုယ်လုံးရစ်ပတ်သော သားရေ၌ပေါက်သည်”ဟု မသိ၊
သားရေကလည်း “ငါ၌မွေးညှင်း ပေါက်သည်”ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၃။ ဤကိုယ်၌ ခြေသည်း လက်သည်းတို့သည် လက်ချောင်း ခြေချောင်း အဖျား ကျောက်ကုန်း၌ တည်ကုန်၏၊
ခြေသည်း လက်သည်းသည် “ငါသည် လက်ချောင်း ခြေချောင်း အဖျား ကျောက်ကုန်း၌ တည်သည်” ဟုမသိ၊
လက်ချောင်း ခြေချောင်းအဖျား ကျောက်ကုန်းကလည်း “ငါ၌ ခြေသည်းလက်သည်း တည်သည်” ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၄။ ဤကိုယ်၌ သွားတို့သည် မေးရိုး၌ တည်ကုန်၏၊
သွားသည် “ငါသည် မေးရိုး၌တည်သည်” ဟုမသိ၊
မေးရိုးကလည်း “ငါ၌ သွားတည်သည်” ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၅။ ဤကိုယ်၌ အရေသည် ကိုယ်လုံးရစ်ပတ်၍ တည်၏၊
အရေသည် “ငါသည် ကိုယ်လုံးရစ်ပတ်၍ တည်သည်” ဟုမသိ၊
ကိုယ်လုံးကလည်း “ငါ၌အရေ ရစ်ပတ်၍တည်သည်” ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၆။ ဤကိုယ်၌ အသားသည် အရိုးသုံးရာကို လိမ်းကျံ၍တည်၏၊
အသားသည် “ငါသည် အရိုးသုံးရာကို လိမ်းကျံ၍ တည်သည်” ဟုမသိ၊
အရိုး သုံးရာကလည်း “ငါ၌ အသားလိမ်းကျံ၍ တည်သည်” မသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၇။ ဤကိုယ်၌ အကြောသည် အရိုးတို့ကို ဖွဲ့၍တည်၏၊
အကြောသည် “ငါသည် အရိုးတို့ကိုဖွဲ့၍ တည်သည်”ဟု မသိ၊
အရိုးကလည်း “ငါ့ကို အကြောဖွဲ့၍ တည်သည်”ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၈။ ဤကိုယ်၌ အရိုးသည် တကိုယ်လုံး၌တည်၏၊
အရိုးသည် “ငါသည် တကိုယ်လုံး၌ တည်သည်” ဟု မသိ၊
ကိုယ်ကလည်း “ငါ၌ အရိုးတည်သည်” ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှ သာတည်း။

၉။ ဤကိုယ်၌ ရိုးတွင်းခြင်ဆီသည် အရိုးတွင်း၌ တည်၏။
ရိုးတွင်းခြင်ဆီသည် “ငါသည် အရိုးတွင်း၌ တည်သည်” ဟုမသိ၊
အရိုးကလည်း “ငါ၏အတွင်း၌ ရိုးတွင်းခြင်ဆီ တည်သည်”ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၁၀။ ဤကိုယ်၌ အညှို့သည် လည်မျိုမှ ထွက်သော နှစ်ဖြာသော အကြောကြီးဖြင့် ဖွဲ့၍ နှလုံးသားကို ရံ၍တည်၏၊
အညှို့သည် “ငါ့ကို အကြောကြီး ဖွဲ့အပ်သည်” ဟု မသိ၊
အကြောကြီးကလည်း “ငါသည် အညှို့ကိုဖွဲ့အပ်သည်” ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၁၁။ ဤကိုယ် နှလုံးသည် ကိုယ်အတွင်း သားမြတ် အလယ်၌တည်၏၊
နှလုံးသည် “ငါသည် ကိုယ်အတွင်း သားမြတ်အလယ်၌ တည်သည်” ဟု မသိ၊
သားမြတ်ကလည်း “ငါ၏အလယ်၌ နှလုံးတည်သည်”ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၁၂။ ဤကိုယ်၌ အသည်းသည် သားမြတ်နှစ်ခုအလယ် လက်ျာနံပါးကိုမှီ၍ တည်၏၊
အသည်းသည် “သားမြတ်နှစ်ခုအလယ် လက်ျာနံပါးကိုမှီ၍ တည်သည်” ဟု မသိ၊
သားမြတ်နှစ်ခုကလည်း “ငါတို့၏အလယ် လက်ျာနံပါးကိုမှီ၍ အသည်း တည်သည်” ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၁၃။ ဤကိုယ်၌ အမြှေးသည် နှလုံးသား, အညှို့တို့ကို ဖုံး၍တည်၏၊
အမြှေးသည် “ငါသည် နှလုံးသား အညှို့တို့ကိုဖုံး၍ တည်သည်”ဟုမသိ၊
နှလုံးသားနှင့်အချို့ ကလည်း “ငါ့ကို အမြှေးဖုံး၍တည်သည်” ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၁၄။ ဤကိုယ်၌ အဖျဉ်းသည် နှလုံးသား၏ လက်ဝဲဘက်ဝမ်းပျဉ် အထက်နံပါး ကိုမှီ၍တည်၏၊
အဖျဉ်းသည် “ငါသည်နှလုံးသား၏ လက်ဝဲဘက်ဝမ်းပျဉ် အထက်နံပါးကို မှီ၍ တည်သည်” ဟု မသိ၊
နှလုံးသား၏ လက်ဝဲဘက်ဝမ်းပျဉ် အထက်နံပါးကလည်း “ငါ့ကိုမှီ၍ အဖျဉ်း တည်သည်” ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၁၅။ ဤကိုယ်၌ အဆုပ်သည် ကိုယ်အတွင်း သားမြတ်နှစ်ခု အလယ်၌ နှလုံး, အသည်းတို့ကိုဖုံး၍ တွဲရရွဲ တည်၏၊
အဆုပ်သည် “ငါသည် ကိုယ်အတွင်း သားမြတ်နှစ်ခု အလယ်၌ နှလုံး အသည်း တို့ကိုဖုံး၍တွဲရရွဲ တည်သည်” ဟု မသိ၊
ကိုယ်အတွင်းကလည်း “ငါ၌ အဆုပ်တွဲရရှိ တည်သည်”ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၁၆။ ဤကိုယ်၌ အူမသည် လည်မျိုမှ ကျင်ကြီးကြောင်းဝအထိ ဖွဲ့၍ ကိုယ်အတွင်း၌ တည်၏၊
အူမသည် “ငါသည်လည်မျိုမှ ကျင်ကြီးကြောင်းဝအထိဖွဲ့၍ ကိုယ်အတွင်း၌ တည်သည်” ဟု မသိ။
ကိုယ်ကလည်း “ငါ၏အတွင်း၌ အူမတည်သည်”ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၁၇။ ဤကိုယ်၌ အူသိမ်သည် အခွေ ၂၁-ခုတို့၏ ကြား၌တည်၏။
အူသိမ်သည် “ငါသည် အူခွေ၂၁-ခု တို့၏အကြား၌တည်သည်”ဟုမသိ၊
အူခွေ ၂၁-ခု ကလည်း “ငါ၏အကြား၌ အူသိမ်တည်သည်”ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှ သာတည်း။

၁၈။ ဤကိုယ်၌ အစာသစ်သည် ဝမ်း၌တည်၏၊
အစာသစ်သည် “ငါသည်ဝမ်း၌တည်သည်” ဟုမသိ၊
ဝမ်းကလည်း “ငါ၌ အစာသစ်တည်သည်” ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

၁၉။ ဤကိုယ်၌ အစာဟောင်းသည် အစာကျက်အိမ်၌ တည်၏၊
အစာဟောင်းသည် “ငါသည် အစာကျက်အိမ်၌ တည်သည်”ဟု မသိ၊
အစာကျက်အိမ်ကလည်း”ငါ၌အစာဟောင်း တည်သည်”ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှ သာတည်း။

၂၀။ ဤကိုယ်၌ ဦးနှောက်တို့သည် ဦးခေါင်းခွံရိုး အတွင်း၌ တည်ကုန်၏၊
ဦးနှောက်သည်”ငါသည် ဦး ခေါင်းခွံအတွင်း၌တည်သည်”ဟု မသိ၊
ဦးခေါင်းခွံကလည်း “ငါ၌ ဦးနှောက်တည်သည်”ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညပထဝီဓာတ်မျှသာတည်း။

[ဤကား ဆံပင်မှ ဦးနှောက်အထိ ပထဝီဓာတ် ၂၀-တည်း၊ ထိုနှစ်ဆယ်လုံးကို တခုစီ စိတ်ကူး၍ ဆင်ခြင်ရမည်။

၂၁။ ဤကိုယ်၌ သည်းခြေတို့ကား ဗဒ္ဓသည်းခြေသည် သည်းခြေအိမ်၌ တည်၏၊ အဗဒ္ဓသည်းခြေသည် တကိုယ်လုံးနှံ့၍တည်၏၊
သည်းခြေသည် “ငါသည် သည်းခြေအိမ်၌တည်သည်၊ ကိုယ်လုံးနှံ့တည်သည်” ဟု မသိ၊
သည်းခြေအိမ်နှင့် တကိုယ်လုံးကလည်း “ငါ၌ သည်းခြေတည်သည်” ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း။

၂၂။ ဤကိုယ်၌ သလိပ်သည် ဝမ်းပျဉ် အတွင်း၌ တည်၏၊
သလိပ်သည် “ငါသည် ဝမ်းပျဉ်အတွင်း၌ တည်သည်”ဟုမသိ၊
ဝမ်းပျဉ်ကလည်း “ငါ၏ အတွင်း၌ သလိပ်တည်သည်”ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း၊

၂၃။ ဤကိုယ်၌ ပြည်သည် တည်ရာအရပ် အမြဲမရှိ၊ ထိခိုက်ရာ အနာပေါက်ရာ၌ တည်၏။
ပြည်သည် “ငါသည်ထိခိုက်ရာ အနာပေါက်ရာ၌တည်သည်” ဟု မသိ၊
ထိခိုက်ရာ အနာပေါက်ရာ ကလည်း “ငါ၌ ပြည်တည်သည်”ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း။

၂၄။ ဤကိုယ်၌ သွေးသည် အသည်းနေရာ အောက် အပြည့် ခွက်ကွမ်းစားမျှ ရှိ၍ အညှို့, နှလုံး, အသည်း, အဆုပ်တို့ကို ဆွတ်ဖျန်းလျက် တည်၏၊
သွေးသည် “ငါသည် အသည်းအောက်၌ အညှို့ နှလုံး, အသည်း, အဆုပ်တို့ကို ဆွတ်ဖျန်းလျက် တည်သည်” ဟု မသိ၊
အသည်းကလည်း “ငါ၏ အောက်၌ သွေးတည်သည်” ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း။

၂၅။ ဤကိုယ်၌ ချွေးသည် နေရာအမြဲမရှိ၊ ပူအိုက်သောအခါ ဆံမွေးတွင်းကြားတို့မှ ယိုကျလျက် တည်၏။
ချွေးသည် “ငါသည် ဆံမွေးတွင်းကြားတို့မှ ယိုကျလျက် တည်သည်”ဟု မသိ၊
ဆံနှင့်မွေးတွင်း ကလည်း “ငါ၏အကြားမှ ယိုကျလျက် ချွေးတည် သည်”ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း။

၂၆။ ဤကိုယ် အဆီခဲသည် မြင်းခေါင်းသားစသည်ကို မှီ၍တည်၏၊
အခဲသည် “ငါသည် မြင်းခေါင်းသား စသည်ကိုမှီ၍ တည်သည်”ဟု မသိ၊
မြင်းခေါင်းသား စသည်ကလည်း “ငါ၌ အဆီခဲတည်သည်”ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း။

၂၇။ ဤကိုယ်၌ မျက်ရည်သည် မျက်ကွင်းတို့၌ တည်၏၊
မျက်ရည်သည် “ငါသည် မျက်ကွင်း၌တည်သည်” ဟု မသိ၊
မျက်ကွင်းကလည်း “ငါ၌မျက်ရည် တည်သည်”ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း။

၂၈။ ဤကိုယ်၌ ဆီကြည်သည် လက်ခြေဖဝါး, ဖမိုး နှာခေါင်း, နဖူး, ပခုံးစွန်းတို့၌ အများအားဖြင့် တည်၏၊
ဆီကြည်သည် “ငါသည် လက်ခြေဖဝါး, ဖမိုး, နှာခေါင်း, နဖူး, ပခုံးစွန်းတို့၌ တည်သည်”ဟု မသိ၊
လက်ခြေဖဝါး, ဖမိုး, နှာခေါင်း, နဖူး နှင့် ပခုံးစွန်းကလည်း “ငါ၌ဆီကြည် တည်သည်” ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း။

၂၉။ ဤကိုယ်၌ တံတွေးသည် ပါးစောင် နှစ်ဘက်မှ သက်လျှော၍လျှာ၌ တည်၏၊
တံတွေးသည် “ငါသည်လျှာ၌တည်သည်” ဟု မသိ၊
လျှာကလည်း “ငါ၌ တံတွေး တည်သည်” ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း။

၃၀။ ဤကိုယ်၌ နှပ်သည် နှာခေါင်းတည်၏၊
နှပ်သည် “ငါသည် နှာခေါင်း၌တည်သည်”ဟု မသိ၊
နှာခေါင်းကလည်း “ငါ၌ နှပ်တည်သည်” ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း။

၃၁။ ဤကိုယ်၌ အစေးသည် အရိုးဆက်တို့၏ နယ်ဆီကိစ္စကို ပြီးစေလျက် ၁၈၀-သော အရိုးဆက်တို့၏ အကြား၌တည်၏။
အစေးသည် “ငါသည်အရိုးဆက် တို့၏အကြား၌ တည်သည်”ဟု မသိ၊
အရိုးဆက်ကလည်း “ငါ၏အကြား၌ အစေးတည်သည်” ဟု မသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း၊

၃၂။ ဤကိုယ်၌ကျင်ငယ်သည် စည်ပေါင်းအိမ်၌ တည်၏။
ကျင်ငယ်သည် “ငါသည်စည်ပေါင်းအိမ်၌ တည်သည်” ဟု မသိ၊
စည်ပေါင်းအိမ်ကလည်း “ငါ၌ ကျင်ငယ်တည်သည်” ဟုမသိ၊
စိတ်မရှိ၊ အဗျာကတသုညအာပေါဓာတ်မျှသာတည်း။

[သည်းခြေမှ ကျင်ငယ်အထိ အာပေါဓာတ် ၁၂-ပါးကိုလည်း တခုစီ စိတ်ကူး၍ ဆင်ခြင်ရမည်။]

သဘောမှတ်ဘွယ်

ဤဆင်ခြင်နည်း၌ စိတ်မရှိ-ဟူသော စကားဖြင့် အချင်းချင်း သိတတ်သော သဘော, ဆင်ခြင်တတ်- ကြံစည် စိတ်ကူးတတ်သော သဘော မရှိ၊ အရေးရှိက အားကိုးရာ ရလိမ့်မည်ဟု မြော်လင့်စရာမရှိ၊ သုံးဆဲ့နှစ် ကောဋ္ဌာသလုံး စိတ်မပါ လက်မပါ ချည်းသာတည်း- ဟု ပြ၏။

ကောင်းကျိုးပေးနိုင်သည် ဟူ၍၎င်း, မကောင်းကျိုး ပေးနိုင်သည်ဟူ၍၎င်း မပြောကြား အပ်သော သဘောတရားသည် အဗျာကတ မည်၏။ ဤစကားဖြင့် အပိုသက်သက် တို့သာတည်း-ဟုပြ၏။

သုံးဆဲ့နှစ် ကောဋ္ဌာသလုံးသည် သတ္တဝါသဘော, အသက်သဘော မရှိ၊ ကင်းဆိတ်၏၊ ထို့ကြောင့်သုညမည်၏၊ လောကီဆရာတို့ကား အကြွင်းမရှိ၍ သုည ကြွင်းလျှင် သုဉ်းသည်ဟု ခေါ်ဝေါ်ကြ၏၊ ဝါးသုဉ်းသည်၊ ဂြိုဟ်သုဉ်းသည်၊ ဆေးသုဉ်းသည် - စသည်ဖြင့်လည်း ဆိုလေ့ရှိကြ၏၊ ဤသုံးဆဲ့နှစ် ကောဋ္ဌာသလည်း သတ္တဝါသုဉ်း၏၊ အသက်သုဉ်း၏ - ဟုဆိုအပ်ပြီ၊ ဤစကားဖြင့် ရှေ့အလားအလာမရှိ၊ အစတုံးပြီ-ဟု ပြ၏။

၁။ မာကြမ်းသော အစိုင်အခဲ သဘောမျိုးသည် ပထဝီဓာတ်မည်၏။

၂။ ယိုစီးသော ကပ်ငြိသော အရေသဘောမျိုးသည် အာပေါဓာတ်မည်၏။

၃။ ထိုမှ တပါးလည်း ရင့်ကျက်စေသော အငွေ့သဘောသည် တေဇောဓာတ်မည်၏။

၄။ လှုပ်ရှားသော လေသဘောသည် ဝါယောဓာတ် မည်၏။

တေဇောဓာတ်သည်လည်း -

၁။ ရက်ခြာဖျားခြင်းစသည်ကို ဖြစ်စေသော အငွေ့သည် သန္တပ္ပနတေဇော မည်၏။

၂။ အရွယ်ကို ရင့်စေသော အငွေ့သည် ဇိရဏတေဇော မည်၏။

၃။ ပူအိုက်ခြင်းကို ဖြစ်စေသော အငွေ့သည် ဒဟတေဇော မည်၏။

၄။ အစာကြေစေသော ဝမ်းမီးအငွေ့သည် ပါစကတေဇော မည်၏။

ဤသို့ လေးပါးရှိ၏။

ဝါယောဓာတ်သည်လည်း -

၁။ အထက်သို့ ဆန်တက်သော လေသည် ဥဒ္ဓင်္ဂမ ဝါယော မည်၏။

၂။ အောက်သို့ စုံဆင်းသော လေသည် အဓောဂမဝါယော မည်၏။

၃။ ဝမ်းခေါင်း၌ တည်သော လေသည် ကုစ္ဆိသယ ဝါယောဓာတ် မည်၏။

၄။ အူခွေတွင်း၌ တည်သော လေသည် ကောဋ္ဌာသယ ဝါယော မည်၏။

၅၊ အင်္ဂါကြီးငယ်လျှောက်သော လေသည် အင်္ဂမင်္ဂါနုသာရီ ဝါယော မည်၏။

၆။ ထွက်သက်ဝင်သက်လေသည် အဿာသပဿာသ ဝါယောမည်၏။

ဤသို့ ခြောက်ပါးရှိ၏။

ဤဓာတ်လေးပါး၌လည်း အားနည်းသော ဓာတ်ကို အားကြီးအောင်, အားကြီးသော ဓာတ်ကို အားနည်းအောင် ပြုပြင်လျှင် ရစကောင်း၏၊ ပထဝီကို အာပေါဖြစ်အောင်, အာပါကို ဝါယောဖြစ်အောင် စသည်ဖြင့် ပြောင်းလဲအောင် ပြုပြင်၍ မရစကောင်း၊ ဓာတ်လေးပါးအပေါ်၌ သြဇာရှိ သူပိုင်သူ အစိုးရသူမရှိ၊ ဤစကားဖြင့် ဤကောဋ္ဌာသ တို့သည် ငါ့ကိုယ်, ငါ့ဟာ, ငါဟု မယုံကြည်အပ်သည့် အဖြစ်ကို ပြ၏။

၁၇-ဓာတ်တက်လမ်း

ဤ သုံးဆဲ့နှစ်ကောဋ္ဌာသပထဝီဓာတ်, အာပေါဓာတ် နှစ်ပါးကို နှလုံးသွင်းမိလျှင် ဝမ်း၌ များစွာသော ပါစက တေဇောခေါ် ဝမ်းမီးအငွေ့သည်၎င်း, နှာခေါင်း၌ များစွာ သော ထွက်သက် ဝင်သက်လေသည်၎င်း ဆင်ခြင်ကာမျှ၌ အလွယ်တကူ ထင်လာနိုင်ကုန်၏၊ ဤဓာတ်လေးပါးသည် မဟာဘုတ် မည်၏။

မဟာဘုတ်ကို သိမ်းဆည်းမိလျှင် မဟာဘုတ်ကိုမှီ၍ နေသော ဥပါဒါရုပ်သည် နေပူ နေရိပ်ပမာဖြင့် ထင်လွယ်၏၊ နေပူမဟုတ်လျှင် နေရိပ်၊ နေရိပ်မဟုတ်လျှင် နေပူ-ဟု အချင်းချင်း ပိုင်းခြားသကဲ့သို့ မဟာဘုတ် မဟုတ်သော အဖြူအဝါ အမွှေးအနံ့ စသည်တို့သည် ဥပါဒါရုပ်ဥပါဒါရုပ် မဟုတ်သော အအေးအမာ စသည်တို့သည် မဟာဘုတ်ဟု အချင်းချင်း ရုပ်တို့ကို ပိုင်းခြားလျှင် ဥပါဒါရုပ်ကို သိနိုင်၏၊ ထိုအခါ “ဤမဟာဘုတ်, ဥပါဒါရုပ်တို့သည် ရူပက္ခန္ဓာမည်၏၊ ရုပ်အစုဖြစ်၏”ဟု ဉာဏ်ဖြင့် သိမ်းဆည်းရမည်၊ စုဆောင်းရမည်။

ထိုနောင် မျက်စိစသော ပသာဒရုပ်အစွမ်းဖြင့် ဆင်ခြင်လျှင် နာမ်ခန္ဓာ ထင်လွယ်၏ ဆင်ခြင်ပုံကား -
မျက်စိအစွမ်းဖြင့် အဆင်းကို သိသည်၊ နားဖြင့် အသံကို, နှာခေါင်းဖြင့် အနံ့ကို, လျှာဖြင့် အရသာကို, ကိုယ်ဖြင့် အတွေ့ကိုသိသည်၊” ဤသိခြင်းသဘောတို့သည် နာမက္ခန္ဓာမည်၏၊ နာမ်အစုမည်၏”ဟု ဉာဏ်ဖြင့်သိမ်းဆည်းရမည်။

ဤသို့ ရုပ်နာမ်နှစ်ပါးကို သိမ်းဆည်းပြီးသောအခါ “ဤရုပ်, နာမ်တို့သည် ခန္ဓာတို့သာ ဖြစ်ကုန်၏၊ အာယတနတို့သာ ဖြစ်ကုန်၏၊ ဓာတ်တို့သာ ဖြစ်ကုန်၏” ဟု မှတ်သား ရမည်။

အကြောင်းရှာပုံ

ထို့နောင် ရုပ်,နာမ် တို့၏အကြောင်းကို ဤသို့ရှာရမည်၊ ဤရုပ်နာမ်တို့ကို အာဟာရ ထောက်ပံ့သည်၊ အတိတ်ကံ ပစ်ချသည်၊ အတိတ်ကံ ပစ်နိုင်အောင် တဏှာ ညွတ်သည်၊ တဏှာညွတ်အောင် အဝိဇ္ဇာ အပြစ်ဖုံးသည်၊ ဤလေးပါးသည် အကြောင်းတည်း။

တနည်း
အဝိဇ္ဇာ အပြစ်ဖုံးခြင်းကြောင့် တဏှာ မက်မောသည်၊ တဏှာ မက်မောသောကြောင့် ကံပစ်ချသည်၊ ဝါ-ရုပ်, နာမ်ဖြစ်အောင် ကံစီမံသည်၊ ဝါ-ပို့လိုက်သည်၊ ကံပို့လိုက်သောအတိုင်း တည်တံ့အောင် အာဟာရ ထောက်ပံ့သည်၊ ထို့ကြောင့် “ဤအဝိဇ္ဇာ, တဏှာ, ကံ, အာဟာရ တို့သည် ရုပ်, နာမ်၏ အကြောင်းတည်း” ဟု မှတ်သားရမည်။

ယုံမှားလွန်ခြင်း

▬▬▬▬▬▬

အကြောင်းနှင့်တကွ ရုပ်နာမ်တို့ကို မှတ်သားနိုင်သော ပုဂ္ဂိုလ်ဖြစ်သောအခါ အတိတ် ၌လည်း အကြောင်းနှင့် အကျိုး ပါတကား၊ အနာဂတ်၌လည်း အကြောင်းနှင့် အကျိုး ပါတကား၊ ပစ္စုပ္ပန်၌လည်း အကြောင်းနှင့်အကျိုးပါတကား၊ ထို့ထက်အလွန် ပုဂ္ဂိုလ် သတ္တဝါမရှိ၊ သင်္ခါရတရားအစု သက်သက်သာတည်း”ဟု အထပ်ထပ်ဆင်ခြင်ရမည်။

ဤနည်းဖြင့် “အကျိုးအကြောင်း သင်္ခါရတရား အစုသာတည်း” ဟု ကောင်းစွာ ဆင်ခြင်မိသောသူသည် ကာလသုံးပါး၌ ယုံမှားခြင်း လွန်မြောက်သောသူ ဖြစ်သည် မည်၏၊ သင်္ခါရစုံသက်သက်ဟု မှတ်သားသော ဝိပဿနာပညာသည် ဉာတပရိညာ မည်၏၊ ဝါ-သိသင့်သမျှ ပိုင်းခြား၍ သိသောဉာဏ်မည်၏။

စူဠသောတာပန်

▬▬▬▬▬▬

ဉာတပရိညာဖြင့် သင်္ခါရစုသက်သက်ဟု မှတ်သားနိုင်သော ပုဂ္ဂိုလ်သည် ဤ သာသနာတော်၌ အမြစ် သက်ဆင်း၍ ထောက်ရာတည်ရာ ရသောသူ ဖြစ်၏၊ သုဂတိဘဝ မြဲ၏၊ စူဠသောတာပန် ပုဂ္ဂိုလ်ဖြစ်သည် မည်၏။

စူဠသောတာပန် ဖြစ်သောသူသည် လျောက်ပတ်သော ဥတု, ဘောဇဉ်, ကလျာဏမိတ္တတို့ကို ရသဖြင့် ဝိပဿနာ ပွားသောအခါ တထိုင်တည်းဖြင့်ပင် ရဟန္တာ ဖြစ်နိုင်၏။

[ဤကား ဓာတ်ထင်ရာမှ အဆင့်ဆင့် ရဟန္တာဖြစ်ပုံတည်း။]

၁၈-ဥဂ္ဂဟသန္ဓိနည်း

▬▬▬▬▬▬▬

လိုရင်းမနသိကာရ

အဆင်းဖြင့်၎င်း, စက်ဆုပ်ဘွယ်ဖြင့်၎င်း, ဓာတ်ဖြင့်၎င်း မထင်သောပုဂ္ဂိုလ်ဖြစ်လျှင် လုံ့လမလျှော့မူ၍ ဆံပင်အစု, မွေးညှင်းအစု - အစရှိသော ကောဋ္ဌာသ မနသိကာရ ၌သာ အဖန်ဖန် အားထုတ်ရမည်၊ ဤမနသိကာရသာလျှင် ပမာဏဖြစ်သည်ဟု ရှေး မထေရ်မြတ်တို့ မိန့်ဆိုကုန်၏။

ဤနည်းဖြင့် အားထုတ်သောသူအား ဆံပင်ဟု ဆင်ခြင်လျှင် ဦးနှောက်တိုင်အောင်၊ ဦးနှောက်ဟု ဆင်ခြင်လျှင် ဆံပင်တိုင်အောင် ရောက်၍ တည်သောအခါ, ထင်သော လေ့လာခြင်းသို့ ရောက်သည်မည်၏။

[ဤကား ပထဝီ ၂ ဝ-မျှ ဆိုခြင်းတည်း။]

ထိုအခါ အဆင်း ၃၂-မျိုးရှိသော ပန်းကုံးကဲ့သို့, စောင်ရန်း အခြေ၃၂-ခုကဲ့သို့ ကောဋ္ဌာသ ၃၂-ခု တို့သည် ထင်ကြကုန်၏၊ တပါးသော သတ္တဝါတို့၌လည်း သတ္တဝါ ဟုမထင်၊ ကောဋ္ဌာသတို့သာ ထင်ကုန်၏။ အစာစားခြင်း တို့သည်လည်း ကောဋ္ဌာသ အကြား ထည့်သွင်းသကဲ့သို့ ထင်ကုန်၏။

လိုရာထင်ခြင်း

ဤသို့ ကောဋ္ဌာသ အလေ့အလာ ရသောအခါ အဆင်း, စက်ဆုပ်ဘွယ်, သုညဓာတ် ဤ သုံးမျိုးတို့တွင် တမျိုးမျိုး ထင်လတ္တံ့၊ ရေပြည့်အိုး များစွာတို့တွင် လိုရာအိုးမှ ရေ ရနိုင်သကဲ့သို့ အလိုရှိရာ တမျိုးမျိုး ထင်လတ္တံ့၊ ပုတ်တွင်းဝင်၍ လေးပစ်သော ယောက်ျားသည် လက်တိုင်း မှန်အောင် ပုတ်ကိုပစ်နိုင်သကဲ့သို့ အလိုရှိရာ တမျိုးမျိုး တင်နိုင်လတ္တံ့ စင်စစ်တည်း၊ ဤမျှသော အခြင်းအရာဖြင့် လေ့လာအပ်သော ကောဋ္ဌာသသည် ဥဂ္ဂဟသန္ဓိ မည်၏၊ ဤဥဂ္ဂဟသန္ဓိ၌ တည်၍ ရဟန္တာဖြစ်ဘူးသော ပုဂ္ဂိုလ်သည် မရေတွက်နိုင်အောင် များ၏။

ဤ၌ အဆင်း စသည်ဖြင့် ထင်ခြင်းသည် လေ့လာအပ်သော ကောဋ္ဌာသ၌ စပ်၏၊ ဖွဲ့လျက်တည်၏၊ ထို့ကြောင့် လေ့လာအပ်သော ကောဋ္ဌာသသည် ဥဂ္ဂဟသန္ဓိ မည်၏။

၁၉-မဇ္ဈိမပဋိပဒါနည်း

▬▬▬▬▬▬▬▬

ပြည်စုံသင့်သောအင်္ဂါ

ဥဂ္ဂဟသန္ဓိ၌ ကမ္မဋ္ဌာန်း မထင်သောသူ ဖြစ်ငြားအံ့၊ ထိုသူသည် သပ္ပါယ ဖြစ်သော ကျောင်း၌ ဆရာနှင့်အတူ တကျောင်းတိုက်တည်း နေရမည်၊ အပြစ် တဆဲ့ရှစ်ရပ် ရှိသော မဆိတ်ငြိမ်သော ကျောင်းကို ရှောင်ကြဉ်၍ အင်္ဂါငါးပါးရှိသော ဆိတ်ငြိမ်သော ကျောင်း၌ နေရမည်၊ မိမိကိုယ်တိုင်ကလည်း - အနာရောဂါ ကင်းခြင်း, မာယာစဉ်းလဲ မရှိခြင်း, သဒ္ဓါရှိခြင်း, ပညာရှိခြင်း, လုံ့လရှိခြင်း၊ ဤအင်္ဂါငါးပါးနှင့်ပြည့်စုံစေရမည်။

တနေ့အကြိမ်သုံးဆယ်

ဤသို့ ပြည့်စုံသော ပုဂ္ဂိုလ်သည် အာဟာရကိစ္စ ပြီးသောအခါ နေ့နေသင့်သော နေရာ, ညဉ့်နေသင့်သော နေရာသို့ဝင်၍ ကမ္မဋ္ဌာန်း မဆုတ်ယုတ်နိုင်အောင် -

၁။ အစဉ်အတိုင်း မခုန်မကျော် နှလုံးသွင်းရမည်။
၂။ မမြန်စေရ။
၃။ မနှေးစေရ။

ဤနည်းဖြင့် တနေ့လျှင် အကြိမ်သုံးဆယ် နှလုံးသွင်းရမည်၊ နံနက်ဆယ်ကြိမ်, နေ့ဆယ်ကြိမ်, ညနေ ဆယ်ကြိမ်အားဖြင့် အကြိမ်သုံးဆယ် နှလုံးမသွင်းဘဲ မနေရ။

လယ်ထွန်နည်း

လူတယောက်အား အငယ်, အလတ်, အကြီး လယ်သုံးခင်း ရှိ၏၊ သုံးခင်းလုံး မထွန်နိုင်သောအခါ အကျိုးအရှိဆုံး လယ်ကြီးတခုကိုသာ အားစိုက်၍ ထွန်ရသ ကဲ့သို့ အခြားကိစ္စမပြုဘဲ တနေ့ အကြိမ်သုံးဆယ် နှလုံးသွင်းခြင်းကိုသာ ပြုရမည်။

မျက်နှာသစ်ခြင်း, အစာစားခြင်းကို မပြုဘဲ နေလျှင် သင့်သေး၏။ လယ်ငယ်, လယ်လတ်နှင့်တူ၏၊ အကျိုးများသော တနေ့အကြိမ်သုံးဆယ် နှလုံးသွင်းခြင်းကို မပြုလျှင် မသင့်၊ လယ်ကြီးနှင့်တူ၏၊ ပြုသောပုဂ္ဂိုလ် သည်သာလျှင် အကျိုးများစွာကို ယူနိုင်သောသူဖြစ်၏၊ ဤမျှဖြင့် မလွန်မယုတ်သော မဇ္ဈိမပဋိပဒါကို ပြဆိုခြင်းဖြစ်၏။

တုံးတံတား လျှောက်နည်း

မဇ္ဈိမပဋိပဒါကျင့်သော အခါလည်း -

၄။ အပအာရုံ၌ စိတ်ပြန့်လွင့်ခြင်းကို ပယ်ဖျောက်ရမည်၊ ကြွေးမြီတထောင်ကို အတိုးနှင့်တကွ တောင်းခံ သိမ်းပိုက်၍ ဝမ်းမြောက်စွာ ပြန်လာသော သူသည် မိကျောင်းများသော ချောက်ကို ဖြတ်ကူးသော တုံးတံတားထက် လျှောက်သော အခါကဲ့သို့ မပြန့်မလွင့် သတိထား၍ ကိလေသာမှ စင်ကြယ်သောစိတ်ဖြင့် နှလုံးသွင်းရမည်၊ သို့မှသာ ဆင်းရဲကို လွန်မြောက်နိုင်ရာသည်။

စိတ်မပြန့်မလွင့် နှလုံးသွင်းသောအခါလည်း -

၅။ ပညပ်ကို လွန်ခြင်းအားဖြင့် နှလုံးသွင်းရမည်၊ စက်ဆုပ်ဘွယ်ဟု မထင်သေးလျှင် ပညပ်ကိုမလွှတ်ရ၊ ထင်သောအခါ ဆံပင်, မွေးညှင်း - စသော ပညပ်ကိုလွှတ်၍” စက်ဆုပ်ဘွယ်, စက်ဆုပ်ဘွယ်” ဟု နှလုံးသွင်းရမည်။

တစပဉ္စက၌ ဆင်း, သံ, နှံ့, မှီ, တည် - ဟူသော အကြောင်း ငါးပါးဖြင့် စက်ဆုပ်ဘွယ်ဟု နှလုံးသွင်းရမည်၊ ကြွင်း ၂၄-ခုတို့၌ ရသင့်သော ထင်ရှားသော စက်ဆုပ်ဘွယ်ကို ဆင်ခြင်၍ နှလုံးသွင်းရမည်။

တစပဉ္စကသတ္တိ

▬▬▬▬▬▬

ဆံပင်, မွေးညှင်း, ခြေသည်း လက်သည်း, သွား, အရေ - ဟူသော ဤတစပဉ္စကသည် ခန္ဓာကိုယ် ပြင်ပ၌ အထင်ခံ အမြင်ခံ တင့်တယ်စွာနေသော အာရုံ ဖြစ်၏၊ သုဘနိမိတ် ဟူသော အမည်ကို ခံယူ၏၊ ရာဂ ဖြစ်ကြောင်း ဖြစ်၏၊ ဣဋ္ဌာရုံ ဖြစ်၏၊ ရာဂမကင်းသော သူတို့၏ စားကျက်ဖြစ်၏၊ ရာဂဖြစ်လျှင် ဤ ငါးခုကိုသာ စိတ်ကူးလေ့ရှိသည်။

ဤငါးခုတို့တွင်လည်း သားရေ အခွံပါးကို အာရုံပြုလျက် ငါ၏ အသားအရေ ရွှေအဆင်း ဝါဝင်း၏၊ ဤမည်သောသူ၏ အသားအရေ တင့်တယ်၏၊ ကျက်သရေရှိ၏ စသည်ဖြင့် နှစ်သက်တတ်ကြ၏။

သတ္တိချိုးခြင်း

သားရေအခွံအောက် ပုန်းကွယ်၍ နေကြသော - အသား, အကြော စသော ၂၇-ခုသော ကောဋ္ဌာသကို ရာဂ အာရုံပြု၍ ဖောက်ထွင်းရန် ခဲယဉ်းလှ၏၊ ဉာဏ်ပညာ သာလျှင် လွယ်ကူစွာ ဖောက်ထွင်းနိုင်၏၊ ရာဂ မဖောက်ထွင်းနိုင်။

ထို့ကြောင့် ဤတစပဉ္စက၌သာ “စက်ဆုပ်ဘွယ်, စက်ဆုပ်ဘွယ်”ဟု စူးစူးစိုက်စိုက် အားထုတ်၍ နှလုံးသွင်းရမည်။ ဤသို့ နှလုံးသွင်းသော အမျိုးကောင်းသား, အမျိုး ကောင်းသမီးသည် လူကြိုက်များသော အာရုံ၌ စက်ဆုပ်ဘွယ်ဟု အာရုံပြု၍ ဈာန်အပ္ပနာကို ဖြစ်စေနိုင်၏၊ ဤငါးခ၌ု ဈာန်အသီးသီး ဖြစ်စေပြီးသောအခါ ကြွင်း ၂၇-ခုတို့၌ မပင်မပန်း နှလုံးသွင်းကာမျှ၌ ဈာန်အသီးသီး ဖြစ်စေနိုင်လတ္တံ့။

ပဟေဠိဝှက်စာ

ခိုးသူ ထားပြ အသင်းကြီးတခု ရှိ၏၊ ခိုးသူပေါင်း ၃၂-ယောက်ရှိ၏၊ ထို ၃၂-ယောက် တို့တွင် ခေါင်းဆောင် ဦးစီး ထားပြ ဗိုလ်ကြီး ငါးယောက်တို့သည် အထင်ခံ ရဲရဲရင့်ရင့် နေကြ၏၊ ၂၇-ယောက်ကား တောပုန်း ထားပြငယ် အဖြစ်ဖြင့် နေကြ၏၊ အရပ်ရပ်၌ အဘိုးတန် ရတနာတို့ကို လုယက်ကြ၏၊ ပြည့်ရှင်မင်းကြီးသည် အစုခွဲသော လက်နက်, သွေးသံထွက်၍ ရွံဘွယ် ဖြစ်စေသော လက်နက်, အသက်ခွင်းသော လက်နက်တို့ကိုပေး၍ စစ်သားတို့ကို စေလွှတ်၏၊

စစ်သည်တော်တို့သည် လက်နက် ကိုယ်စီဖြင့် အထင်ခံ ထားပြဗိုလ်မှူး ငါးယောက်ကို ရှေးဦးစွာ သတ်ကုန်၏၊ ဗိုလ်မှူးငါးယောက် ကျဆုံးသောအခါမှ စ၍ နောက်လိုက် တောပုန်း ၂၇-ယောက်တို့သည် လက်ခုပ်တီး ခြောက်ရုံဖြင့် လန့်၍ တကွဲတခြား ပြေးလွှားကုန်၏၊ ထိုအခါ အရပ်ရပ် အေးချမ်း၍ အဘိုးတန်ရတနာတို့ အလုအယက် မခံကြရကုန်၊ ဤပြဿနာကို သမ္ဘာရှင်တို့ ကြံစည်အပ်၏။

မြော့တွယ်နည်း

ပညပ်လွန်ပြီးသောအခါလည်း -

၆။ အစဉ်လွှတ်၍ နှလုံးသွင်းရမည်၊ လွှတ်ပုံကား- ဆံပင်ကို နှလုံးသွင်းစဉ် ဆံပင်တို့၌ ငဲ့လျက် မွေးညှင်းတို့ သတိပြုရမည်၊ မွေးညှင်း မထင်မီ “ဆံပင်, ဆံပင်” ဟု စိတ်ဖြင့် ဆိုနေရမည်၊ မွေးညှင်း ထင်လာသောအခါ ဆံပင်ကိုလွှတ်၍ မွေးညှင်း၌သာ သတိပြု၍ “မွေးညှင်း, မွေးညှင်း”ဟု နှလုံးသွင်းရမည်။

မြော့သတ္တဝါသည် ရှေး၌တွယ်စရာ မရသေးမီ နောက်မှမလွှတ်၊ တွယ်စရာရမှသာ လွှတ်သကဲ့သို့ နောက်နောက် ကောဋ္ဌာသ ထင်လာမှ ရှေးရှေးကောဋ္ဌာသကို လွှတ်ရမည်။

မျောက်ဖမ်းနည်း

အစဉ်ကိုလွှတ်သော ပုဂ္ဂိုလ်သည်-

၇။ ဈာန်အပ္ပနာကို ဖြစ်စေနိုင်၏၊ ဖြစ်စေပုံကား - ဤကမ္မဋ္ဌာန်းသည် ဈာန်ကို ဖြစ်စေ နိုင်သော်လည်း ရှေးဦးစွာ အာရုံမထင်သေး၊ စိတ်သည် တသံသရာလုံး အာရုံ မျိုးစုံဖြင့် မြှောက်စားခြင်းကိုခံခဲ့ရ၏၊ အလိုလိုက်ထားသောစိတ်သည် ငြိမ်သက်ခြင်း မရှိသောကြောင့် အာရုံမထင်၊ ယင်းသို့ဖြစ်သော်လည်း သရဇ္ဈာယ်ခြင်း အရှိန်ဖြင့် ဆံပင်ဟု နှလုံးသွင်းလျှင် ဦးနှောက်တိုင်အောင် သွား၍စိတ်တည်၏၊ ဦးနှောက်ဟု နှလုံးသွင်းလျှင် ဆံပင်တိုင်အောင် သွား၍ စိတ်တည်၏၊

နှလုံးသွင်းတိုင်း လိုရာကောဋ္ဌာသ ထင်လာ၏၊ သမာဓိကြောင့် သတိမြဲ၏၊ ထိုအခါ အနည်းငယ် ထင်သော ကောဋ္ဌာသကိုလွှတ်၍ လွန်စွာထင်သော ကောဋ္ဌာသ၌၊ ဝါ-အထင်ဆုံး ကောဋ္ဌာသ တခုတည်း၌ နှစ်ဆ အားထုတ်ရမည်၊ ဤသို့ အားထုတ် ခြင်းဖြင့် ဈာန်အပ္ပနာကို ဖြစ်စေနိုင်သည်။

သုံးဆဲ့နှစ်ပင် ထန်းတော၌ ငြိမ်သက်ခြင်း ကင်းသော မျောက်ကို ဖမ်းသောသူသည် တပင်မှတပင် အဖန်ဖန်ပြေး၍ ပင်ပန်းသော မျောက်ကို နောက်ဆုံး ထန်းတပင်၌ ထန်းဖူးဖက်လျက် တုတ်ဖြင့် ထိုးသော်လည်း မပြေးနိုင်သောအခါ ဖမ်းယူသကဲ့သို့ သုံးဆဲ့နှစ် ကောဋ္ဌာသ၌ အဖန်ဖန်နှလုံးသွင်း၍ အထင်ဆုံး ကောဋ္ဌာသတခု၌ စိတ်တည်သောအခါ နှစ်ဆအားထုတ်ခြင်းဖြင့် ဈာန်ကိုဖြစ်စေနိုင်၏၊ ထိုအထင်ဆုံး တခု၌ ဈာန်စိတ်ဖြစ်စေ ပြီးသောသူသည် ကြွင်း ၃၁-ခုတို့၌လည်း မပင်မပန်း အသီးသီး ဈာန်စိတ်ကို ဖြစ်စေနိုင်လတ္တံ့ ။

ဈာန် သုံးဆဲ့နှစ်ပါး

▬▬▬▬▬▬

ထို့ကြောင့် ပညပ်လွန်သောအခါ “စက်ဆုပ်ဘွယ်, စက်ဆုပ်ဘွယ်”ဟု အကြိမ်ကြိမ် နှလုံးသွင်းရမည်၊ ဝိတက်ဖြင့်ခေါက်၍၊ ဝါ - စိတ်မပြေးအောင် အာရုံ၌ အမြဲသွင်း၍ နှလုံးသွင်းရမည်၊ ထိုသို့ နှလုံးသွင်းသော သူ၏ နာမ်ခန္ဓာ လေးပါးတို့သည် စက်ဆုပ်ဘွယ် အာရုံကို အာရုံပြုလျက် ဈာန်အပ္ပနာသို့ ရောက်ကုန်၏၊ ကောဋ္ဌာသ တခု တခု၌ ပထမဈာန် တခုတခုအားဖြင့် ပထမဈာန် ၃၂-ပါး ဖြစ်ကုန်၏။

လက်ကိုင်ပြဿနာ

ရှေးအခါ မာလက မည်သော မထေရ်သည် ဒီဃနိကာယ်ဆောင် အဘယ မထေရ်ကို လက်၌ကိုင်၍ “ငါ့ရှင်အဘယ … ဤပြဿနာကို မှတ်သားလော” ... ဟုဆို၍ ဤသို့သော စကားကို မိန့်ဆို၏။

“မာလက မထေရ်သည် ၃၂-ပါးသော ကောဋ္ဌာသ၌ ၃၂-ပါးသော ပထမဈာန်ကိုရ၏၊ ညဉ့်တဈာန်, နေ့တဈာန် ဝင်စားလျှင် လခွဲကျော်မှ ပြည့်စုံသည်၊ တနေ့တဈာန် ဝင်စားလျှင် တလကျော်မှ ပြည့်စုံသည်”

ဟု မိန့်သတတ်၊ ဤပြဿနာဖြင့် ကောဋ္ဌာသတခု နှလုံးသွင်းလျှင် တဈာန်ရသည်၊ အသီးသီးစုံအောင် နှလုံး သွင်းပင် ၃၂-ဈာန်ရသည် ဟုပြတော်မူ၏။

[လက်ကိုင်၍ မိန့်သော ပြဿနာ ဖြစ်သောကြောင့် လက်ကိုင် ပြဿနာမည်၏။]

၂၀-ဈာန်ရမရ-သုံးဌာန

▬▬▬▬▬▬▬▬

အသက်ရှိသော မိမိကိုယ်၌ စက်ဆုပ်ဘွယ်ဟု အသုဘ ရှုသောသူအား ဥပစာရ ဖြစ်၏။ အပ္ပနာဖြစ်၏။

[ဤ၌ နီဝရဏဘေးရန်ကို ခွာနိုင်သော သမာဓိသည် ဥပစာရ မည်၏၊ ဈာန်သည် အပ္ပနာမည်၏။

အသက်ရှိသော သူတပါးကိုယ်၌ စက်ဆုပ်ဘွယ်ဟု အသုဘ ရှုသောသူအား ဥပစာရ မဖြစ်၊ အပ္ပနာလည်းမဖြစ်၊ သက်မဲ့အရာထား၍ ရှုသောသူအားကား အသုဘဆယ်ပါး အစွမ်းဖြင့် အသုဘ ဘာဝနာဖြစ်၏၊ ဥပစာရဖြစ်၏၊ အပ္ပနာကား မဖြစ်သည်သာ တည်း။

အသက် မရှိသောကိုယ်၌ စက်ဆုပ်ဘွယ်ဟု အသုဘ ရှုသောသူအား ဥပစာရဖြစ်၏၊ အပ္ပနာဖြစ်၏။

[ဤကား သမထ-ဝိပဿနာ ဆက်ဆံနည်းတည်း။]

နိမိတ်စသည် ရေတွက်ခြင်း

ကောဋ္ဌာသ တခု တခု၌ ဆင်း, သံ, ဖြစ်, တည်, ပိုင်း - အားဖြင့် နိမိတ်ငါးခုစီ ရှိ၏၊ အားလုံး၌ နိမိတ် ၁၆၀-ရှိ၏၊ မာခြင်း, ဖွဲ့ခြင်း, ကျက်ခြင်း, လှုပ်ခြင်း အားဖြင့် လက္ခဏာ လေးခုစီ၏၊ အားလုံး၌ လက္ခဏာ ၁၂၈-ရှိ၏၊ ပထဝီစသော ဓာတ်လေးပါးအားဖြင့် ဓာတ်လေးခုစီ ရှိ၏၊ အားလုံး၌ဓာတ် ၁၂၈-ရှိ၏၊ အတ္တသုည, အတ္တနီယသုည, နိစ္စဘာဝသုည အားဖြင့် သုည သုံးခုစီ ရှိ၏၊ အားလုံး၌ သုည ၉၆-ရှိ၏။

ဤ၌ “ဆံပင်စသည်သည် ငါမဟုတ်၊ ကိုယ်ကောင်မဟုတ်၊ အတ္တမဟုတ်၊ ထို့ကြောင့် အတ္တသုညမည်၏၊ ငါမပိုင်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့ဩဇာမခံ၊ ငါဖြစ်ချင်သလိုမဖြစ်၊ သူဖြစ်ချင်တိုင်း ဖြစ်၏၊ ထို့ကြောင့် အတ္တနီယသုည မည်၏၊ မြဲခြင်းမရှိ၊ ခိုင်ခြင်းမရှိ၊ ထို့ကြောင့် နိစ္စဘာဝသုည မည်၏၊ ကောဋ္ဌာသတိုင်း ငါသုဉ်းပြီ၊ ငါ့ဥစ္စာသုဉ်းပြီ၊ မြဲခြင်း သုဉ်းပြီ၊ ထို့ကြောင့် မြော်လင့်စရာမရှိပြီ”။

ဘုရားရှင် အလိုကိုပြခြင်း

ဤသာသနာတော်၌ ရဟန်းသည် အဇ္ဈတ္တယကာယ၌, ဗဟိဒ္ဓကာယ၌, အဇ္ဈတ္တဗဟိဒ္ဓ ကာယ၌ ကာယကို အဖန်ဖန်ရှု၏ စသည်ဖြင့် ဆိုအပ်သော စကားရပ်၌ အဖန်ဖန်ရှု၏ ဟူသော စကားဖြင့် အနုပဿနာ ကမ္မဋ္ဌာန်းကိုပြ၏။

အဖန်ဖန်ရှုခြင်းသည် အနုပဿနာမည်၏၊ ဘာဝနာမည်၏၊ ပြုအပ်သော ကိစ္စ ဖြစ်သောကြောင့် ကမ္မမည်၏၊ တရားထူးရခြင်း၏ အကြောင်း ဖြစ်သောကြောင့် ဌာန မည်၏၊ ထိုအနက်နှစ်ပါးကြောင့် ကမ္မဋ္ဌာန မည်၏။ ဤကား - ဘာဝနာ ကမ္မဋ္ဌာန်း တည်း၊

ဆံပင် မွေးညှင်း-စသော အာရုံသည်လည်း ကမ္မမည်သော ဘာဝနာအမှု၏ တည်ရာ အာရုံဌာန ဖြစ်သောကြောင့် ကမ္မဋ္ဌာနမည်၏၊ ဤကား-အာရုံကမ္မဋ္ဌာန်းတည်း။

ဘာဝနာကမ္မဋ္ဌာန်း, အာရုံကမ္မဋ္ဌာန်း နှစ်ပါးတို့တွင် ဤအဖန်ဖန် ရှုခြင်းဖြင့် ဘာဝနာကမ္မဋ္ဌာန်းကို ပြသည်။

အားထုတ်ခြင်းဖြင့် သမ္မပ္ပဓာန် ဝီရိယကို, ဆင်ခြင် အောက်မေ့ခြင်းဖြင့် ကမ္မဋ္ဌာန်း ဆောင်ယူခြင်းကိုပြသည်။

တနည်း
အောက်မေ့ခြင်းဖြင့် သမထကို, ဆင်ခြင်ခြင်းဖြင့် ဝိပဿနာကို ပြသည်၊
အဘိဇ္ဈာ, ဒေါမနဿ ပယ်ဖျောက်ခြင်းဖြင့် ဘာဝနာအကျိုးကို ပြသည်၊
နေခြင်းဖြင့် ကမ္မဋ္ဌာန်း စီးဖြန်းသူ၏ ကိုယ်ကို မပင်ပန်းအောင် ဣရိယာပုထ် လေးပါးဖြင့် ဆောင်ခြင်းကို ပြသည်

ကာယာနုပဿနာပြီး၏။

ဝေဒနာနုပဿနာနိဒ္ဒေသ

၂၁-ပါဠိတော်အဓိပ္ပါယ်

ပါဠိတော်ကျဉ်း

မေး။   ။ အဘယ်သို့လျှင် ရဟန်းသည် အဇ္ဈတ္တ ဝေဒနာ၌ ဝေဒနာကို အဖန်ဖန် ရှုလျက် နေသနည်း။

ဖြေ။   ။ ဤသာသနာတော်၌ ရဟန်းသည် --

သုခဝေဒနာ ကိုခံစားလျက် “ငါသည် သုခဝေဒနာကို ခံစား၏” ဟု သိ၏၊
ဒုက္ခဝေဒနာကို ခံစားလျက် “ငါသည် ဒုက္ခဝေဒနာကို ခံစား၏” ဟု သိ၏၊
အဒုက္ခ-မသုခဝေဒနာကို ခံစားလျက်‘“ငါသည် အဒုက္ခ-မသုခဝေဒနာကို ခံစား၏” ဟု သိ၏၊

ထို့အတူ သာမိသဖြစ်သော သုခကို, ဒုက္ခကို, အဒုက္ခ-မသုခကို၊ နိရာမိသ ဖြစ်သော သုခကို, ဒုက္ခကို, အဒုက္ခ-မသုခကို ခံစားလျက် “ငါသည်နိရာမိသ ဖြစ်သော အဒုက္ခ-မသုခဝေဒနာကို ခံစား၏” ဟု သိ၏၊ (၉-မျိုး)။

ထိုဝေဒနာ နိမိတ်ကို အကြိမ်ကြိမ်ပွား၏၊ ကောင်းစွာ မှတ်သား၏၊
မှတ်သား၍ ဗဟိဒ္ဓဝေဒနာ၌ စိတ်ကိုဆောင်၏၊
သုခဝေဒနာ ခံစားသော သူတပါးကို သုခဝေဒနာ ခံစားဟု သိ၏၊
ဒုက္ခဝေဒနာခံစားသောသူတပါးကို ဒုက္ခဝေဒနာ ခံစားရ၏ဟု သိ၏၊
အဒုက္ခမသုခဝေဒနာ ခံစားသော သူတပါးကို အဒုက္ခမသုခဝေဒနာ ခံစားရ၏ဟုသိ၏၊

ထို့အတူ သာမိသဖြစ်သော သုခ, ဒုက္ခ, အဒုက္ခ မသုခ၊ နိရာမိသ ဖြစ်သောသုခ, ဒုက္ခ, အဒုက္ခ မသုခဝေဒနာ ခံစားသော သူတပါးကို နိရာမိသဖြစ်သော အဒုက္ခ မသုခဝေဒနာ ခံစား၏ ဟု သိ၏၊ (၉-မျိုး)။

ထို ဝေဒနာနိမိတ်ကို အကြိမ်ကြိမ်ပွား၏၊ ကောင်းစွာ မှတ်သား၏၊
မှတ်သား၍ အဇ္ဈတ္တ ဗဟိဒ္ဓဝေဒနာ၌ စိတ်ကို ဆောင်၏၊
သုခဝေဒနာကို သုခဝေဒနာဟုသိ၏၊
ဒုက္ခဝေဒနာ ကို ဒုက္ခဝေဒနာဟုသိ၏၊
အဒုက္ခ-မသုခဝေဒနာကို အဒုက္ခ-မသုခဝေဒနာဟု သိ၏၊

ထို့အတူ သာမိသဖြစ်သော သုခကို, ဒုက္ခကို, အဒုက္ခမသုခကို၊  နိရာမိသဖြစ်သော သုခကို, ဒုက္ခကို အဒုက္ခ-မသုခကို နိရာမိသဖြစ်သော အဒုက္ခ-မသုခဝေဒနာ ဟု သိ၏၊ (၉-မျိုး)။

ဤသို့ အဇ္ဈတ္တဗဟိဒ္ဓ ဝေဒနာတို့၌ ဝေဒနာကို အဖန်ဖန် ရှုလျက်နေ၏၊ လုံ့လရှိ၍, ဆင်ခြင်၍, သတိရှိ၍ (ဝေဒနာ) လောကအဘိဇ္ဈာ, ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။

အဇ္ဈတ္တစသော ဝေဒနာသုံးပါးသည် လောကမည်၏၊
ဥပါဒါနက္ခန္ဓာငါးပါးသည်လည်း လောကမည်၏။

အဓိပ္ပါယ်ကျဉ်း

အာရုံအရသာကို ခံစားတတ်သော၊ ဝါ၊ -ခံစားကြောင်းဖြစ်သော သဘောတရားသည် ဝေဒနာ မည်၏၊ မုချအားဖြင့်ကား ခံစားသကဲ့သို့သော အခြင်းအရာဖြင့် ဖြစ်ခြင်း မျှသည် ဝေဒနာမည်၏။

၁။ ကောင်းသောအတွေ့ဖြင့် ကိုယ်ချမ်းသာခြင်းသည် ကာယိကသုခ မည်၏၊
ကောင်းသော အာရုံခြောက်ပါးဖြင့် စိတ်ချမ်းသာခြင်းသည် စေတသိကသုခ မည်၏။

၂။ မကောင်းသော အတွေ့ဖြင့် ကိုယ်ဆင်းရဲခြင်းသည် ကာယိကဒုက္ခ မည်၏၊
မကောင်းသော အာရုံခြောက်ပါးဖြင့် စိတ်ဆင်းရခြင်းသည် စေတသိကဒုက္ခ မည်၏။

၃။ သုခ နှစ်ပါးလည်း မဟုတ်၊ ဒုက္ခ နှစ်ပါးလည်း မဟုတ်၊ အလယ်အလတ် ဖြစ်ခြင်း သည် အဒုက္ခ-မသုခ မည်၏။

၄။ ကာမဂုဏ်ငါးပါးကို အာရုံပြုသော တဏှာ၏ ဖြစ်ရာ ခြောက်ဒွါရသည် တဏှာ၏ အိမ် (ဂေဟ) မည်၏၊ တဏှာအိမ်ကိုမှီ၍ ဖြစ်သော ဂေဟသိတ ဝေဒနာသည် ကိလေသာ ဟူသော အာမိသ ရှိသောကြောင့် သာမိသဝေဒနာ မည်၏။

၅။ တဏှာမှ လွတ်မြောက်သော ကုသိုလ် စသည်တို့၏ ဖြစ်ရာ ခြောက်ဒွါရသည် နေက္ခမ္မ မည်၏၊ နေက္ခမ္မကို မှီ၍ဖြစ်သော နေက္ခမ္မနိဿိတဝေဒနာသည် ကိလေသာ ဟူသော အာမိသ မရှိသောကြောင့် နိရာမိသဝေဒနာ မည်၏။

၂၂-ဝေဒနာရှုနည်း

သုခ နှစ်ပါးတို့တွင် တပါးပါးဖြစ်သောအခါ “ငါသည် သုခဝေဒနာကို ခံစား၏” ဟု သိသောသူသည် သုခဝေဒနာနုပဿီပုဂ္ဂိုလ် မည်၏။

မေး။   ။ ဤသို့သော သိခြင်းမျိုးကို ဘုရားတရား မကြားဘူးသော သာသနာပ လူရိုင်း, နို့စို့အရွယ်သူငယ်, အပါယ်လေးဘုံသား တို့ပင်လျှင် သိနိုင်ကြသည် မဟုတ်လော၊ ဤ ဝေဒနာနုပဿီပုဂ္ဂိုလ်နှင့် သိခြင်းအဘယ်သို့ ထူးခြားသနည်း-ဟု မေးဘွယ်ရှိ၏။

ဖြေ။   ။ လူရိုင်း, သူငယ်, အပါယ်သားတို့သည် “ငါ သုခခံစား၏ဟု” သိသော်လည်း သတ္တဝါ ဟူသော အမှတ်သညာကို မစွန့်မခွာမူ၍ သိကြ၏၊ ကမ္မဋ္ဌာန်း မဖြစ်၊ ဝေဒနာနုပဿီပုဂ္ဂိုလ်ကား သတ္တဝါဟူသော အမှတ်သညာကို စွန့်ခွာ၍ သိ၏၊ ကမ္မဋ္ဌာန်း ဖြစ်၏၊ ဤသို့ထူးခြား၏။

သတ္တဝါသညာ စွန့်ခွာပုံကား - ဝေဒနာသည်သာလျှင် ခံစားလျက် ဖြစ်သည်ကို “ငါခံစားသည်” ဟူ၍ ဝေါဟာရ စကားပြောဆိုခြင်းမျှသာတည်း-ဟု သိရမည်၊ ဤသို့ သိလျှင် သတ္တဝါသညာကို စွန့်ခွာသည်မည်၏၊

ရှင်းဦးအံ့ -

၁။ ဤဝေဒနာကို အဘယ်သူ ခံစားသနည်း၊ ခံစားတတ်သော ပုဂ္ဂိုလ် သတ္တဝါမရှိ။

၂။ ဤဝေဒနာကို အဘယ်သူ အစိုးတရ ပိုင်ဆိုင်သနည်း၊ ပိုင်ဆိုင်သူမရှိ၊ အစိုးရသူ မရှိ။

၃။ ဤဝေဒနာသည် ပုဂ္ဂိုလ်သတ္တဝါတို့ အလိုကြောင့် ဖြစ်သလော၊ မဖြစ်၊ ဝတ္ထုအာရုံ ကြောင့်သာ ဖြစ်သည်။

ထို့ကြောင့် ဝေဒနာသာလျှင် ခံစားလျက်ဖြစ်သည်ကို ငါခံစားသည်ဟူ၍ ပြောဆိုခြင်း မျှသာ ဖြစ်သည်။ စင်စစ် ခံစားသောသူမရှိ၊ ဤသို့သတ္တဝါ သညာကို စွန့်ခွာ၍ သိမှ သာလျှင် ကမ္မဋ္ဌာန်းဖြစ်သည်၊ သတ္တဝါသညာ မစွန့်နိုင်လျှင် သိရုံမျှဖြင့် ကမ္မဋ္ဌာန်း မဖြစ်သေး။

[ဒုက္ခဝေဒနာကို ငါခံစား၏၊ အဒုက္ခ-မသုခ ဝေဒနာကို ငါခံစား၏ ဟုသိရာ၌လည်း ဤအတူ သတ္တဝါသညာစွန့်ခွာ၍ သိရမည်သာတည်း။]

ခံစားသူ မရှိပုံဝတ္ထု

စိတ္တလတောင်၌ မထေရ်တပါး လေနာနှိပ်စက်၍ ငြီးတွားစဉ် ရဟန်းငယ်တပါးက အရှင်ဘုရား ... အဘယ်နေရာ နာပါသနည်းဟု -လျှောက်၏။

ငါ့ရှင် ... နာသောနေရာ ပြစရာသီးခြားမရှိ၊ အာရုံကို အာရုံပြုလျက် ဝေဒနာသာလျှင် ခံစား၏-ဟု ဖြေလတ်သော် ဤသို့ သိလျှင် သည်းခံသင့်သည် မဟုတ်ပါလော-ဟု လျှောက်၏။

ကောင်းပြီ၊ သည်းခံတော့မည် ငါ့ရှင် ... ဟု ဆိုလတ်သော်-သည်းခံခြင်းသည် အလွန် ကောင်းပါသည်ဘုရား-ဟု လျှောက်၏။

မထေရ်သည် မငြီးမတွား သည်းခံလျက်နေစဉ် လေသည် ရင်ကိုခွဲ၏၊ အူခွေသည် အပသို့ထွက်၍ ညောင်စောင်း တည်၏၊ ငါ့ရှင် ဤမျှသော သည်းခံခြင်းသည် သင့်လျော်ပြီ မဟုတ်လော-ဟု ဆိုလတ်သော် - ရဟန်းငယ်သည် ဆိတ်ဆိတ်သာ နေလေ၏၊ မထေရ်သည် ဝီရိယ သမာဓိ ညီမျှအောင် ယှဉ်စေသဖြင့် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်၍ သမသီသီပုဂ္ဂိုလ်အဖြစ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူ၏။

[ဤ၌ လွန်စွာ သည်းခံခြင်းကြောင့် သည်းခံခြင်းသည်ပင် လွန်ကဲသော ဝီရိယ မည်၏။ ဇီရိယရှိသလောက် သမာဓိကို ဖြစ်စေခြင်း, သမာဓိရှိသလောက် ဝီရိယကို ဖြစ်စေခြင်းသည် ညီမျှအောင်ယှဉ်စေသည် မည်၏။

သမသီသီ

မဂ္ဂဝီထိဖြင့် ရဟန္တာဖြစ်၍ ပစ္စဝေက္ခဏာ လေးဝီထိကျ၍ မရဏာသန္နဝီထိဖြစ်သော သူသည် သမသီသီပုဂ္ဂိုလ်မည်၏၊

အဓိပ္ပါယ်ကား -

အဝိဇ္ဇာသည် ကိလေသာဦးခေါင်း မည်၏၊
ဇီဝိတိန္ဒြေသည် ခန္ဓာဦးခေါင်း မည်၏၊
မဂ္ဂဝီထိကိလေသာဦးခေါင်း ပြတ်သည်၊
မရဏာသန္နဝီထိခန္ဓာဦးခေါင်း ပြတ်သည်၊

စိတ်တခုတည်းဖြင့် ဦးခေါင်း နှစ်ခု ပြိုင်တူမပြတ်၊ ဤဦးခေါင်း နှစ်ခုသည် ပစ္စဝေက္ခဏာ ဝီထိခြားသော်လည်း စိတ်အစဉ် လျင်မြန်လှသောကြောင့် ပြိုင်တူ ပြတ်သကဲ့သို့ ဖြစ်၏၊ (သမ+သီသ+ဤ-) ညီမျှသော+ဦးခေါင်း+ရှိသော ရဟန္တာဟု ဆိုလို၏။

၂၃-အရင်းမှစ၍တက်ပုံ

နာမ်သိမ်းဆည်းပုံ

ရုပ် ကမ္မဋ္ဌာန်း, နာမ် ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် --

ရုပ်ကမ္မဋ္ဌာန်းကို အကျဉ်းနှလုံးသွင်း အားဖြင့်၎င်း, အကျယ်လုံးသွင်း အားဖြင့်၎င်း ဓာတ်လေးပါးခွဲ၍ ဟောသည်၊

နာမ်ကမ္မဋ္ဌာန်းကို ဖဿ, ဝေဒနာ, စိတ်အစွမ်းဖြင့် နှလုံးသွင်းပုံ သုံးမျိုးဟောသည်၊ ထိုသုံးပါးတို့တွင်လည်း ဝေဒနာအစွမ်းဖြင့် ဟောခြင်းသည် ထိုထိုနေရာ၌ များ၏။

ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို ဤသို့နှလုံးသွင်းရမည်၊ “ကိုယ်၌ ပထဝီဓာတ် နှစ်ဆယ်, အာပေါဓာတ် တဆဲ့နှစ်ပါး, တေဇောဓာတ် လေးပါး, ဝါယောဓာတ် ခြောက်ပါး ရှိ၏၊ လေးဆဲ့နှစ်ပါးသော အစုအဝေး ဖြစ်၏၊ ဓာတ်လေးပါး အပေါင်းဖြစ်၏” ဟု စတုဓာတုဝဝတ္ထာန် ရုပ်ကမ္မဋ္ဌာန်းကို ဆင်ခြင်ရမည်၊ နှလုံးသွင်းရမည်၊ သိမ်းဆည်း ရမည်။

ဤသို့ သိမ်းဆည်းပြီးသောအခါ ဖဿ, ဝေဒနာ, စိတ်၊ ဤသုံးမျိုးတို့တွင် တမျိုးမျိုး ထင်၏၊ ထင်ပုံကား -

အချို့သော သူအား ထိုရုပ်ကမ္မဋ္ဌာန်းအာရုံ၌ စိတ်, စေတသိက်တို့ ရှေးဦးစွာ ကျရောက်သော သဘော, ထိုအာရုံကို တွေ့ထိသကဲ့သို့သော သဘောသည် ထင်၏၊ ထိုသဘောသည် ဖဿတည်း။

အချို့အား အာရုံကို ခံစားလျက်ဖြစ်သော သဘောသည် ထင်၏၊ ထိုသဘောသည် ဝေဒနာတည်း။

အချို့အား အာရုံကိုသိလျက် ဖြစ်သော သဘောသည်ထင်၏၊ ထိုသဘောသည် စိတ်တည်း။

ဤသို့ ထင်သောအခါ ဖဿထင်သော သူတို့သည် “ဤဖဿသည် တခုတည်း ဖြစ်သည်မဟုတ်၊ ဖဿနှင့်အတူ တကွ ခံစားသောဝေဒနာ, မှတ်သားသောသညာ, စေ့ဆော်သော စေတနာ, သိတတ်သောစိတ်လည်း ဖြစ်၏’”ဟု ဖဿနှင့်တကွ နာမ်တရား ငါးပါးကို၊ ဝါ-ဖဿပဉ္စကကို သိမ်းဆည်းရမည်။

ဝေဒနာထင်သောသူ, စိတ်ထင်သော သူတို့လည်း ဤအတူ ဖဿပဉ္စကကို သိမ်းဆည်းရမည်။

နာမ်ရုပ်သိမ်းဆည်းပုံ

ဖဿပဉ္စကကို သိမ်းဆည်းပြီးသောအခါ - ဤဖဿ ပဉ္စကသည် အဘယ်ကို မှီ၍ ဖြစ်သနည်းဟု ဆင်ခြင်၍ “ဤဖဿပဉ္စကသည် ကရဇကာယကိုမှီ၍ ဖြစ်သည်” ဟုသိရမည်၊

ကရဇာာယသည် ဘူတရုပ်, ဥပါဒါရုပ်အားဖြင့် ရူပက္ခန္ဓာဖြစ်၏၊ ဖဿပဉ္စကသည် နာမက္ခန္ဓာဖြစ်၏၊ နာမ်ရုပ်မှ လွတ်သော ခန္ဓာငါးပါးမရှိ၊ ခန္ဓာငါးပါးမှလွတ်သော နာမ်ရုပ်မရှိ ဟုအသိဉာဏ် ဖြစ်စေ၍ နာမ်, ရုပ်နှစ်ပါးကို သိမ်းဆည်းရမည်။

စူဠသောတာပန်

နာမ်ရုပ် သိမ်းဆည်းမိသောအခါ အကြောင်းကိုဆင်ခြင်ရမည်၊ (အကြောင်းရှာပုံကို ဓာတ် တက်လမ်း၌ ဆိုပြီးပြီ။) အဝိဇ္ဇာ, တဏှာ, ကံ, အာဟာရ၊ ဤတရားတို့သည် အကြောင်း၊ နာမ်,ရုပ်သည်အကျိုး၊ ဤ အကြောင်းအကျိုးမှတပါး ပုဂ္ဂိုလ် သတ္တဝါ မရှိ၊ သင်္ခါရအစု သက်သက်သာ ဖြစ်၏-ဟုဆင်ခြင်ရမည်။

၁။ ဤအကြောင်းနှင့် တကွသော အကျိုး နာမ်,ရုပ်တို့သည် ဖြစ်ပြီးလျှင် ပျက်စီးတတ် သောကြောင့် မမြဲသောနာမ်ရုပ်တို့သာ ဖြစ်ကုန်၏တကား။

၂။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်အပ်သောကြောင့် ဆင်းရဲသော နာမ်ရုပ်တို့သာ ဖြစ်ကုန်၏တကား။

၃။ မိမိအလိုသို့ မလိုက်သောကြောင့် ငါ့ကိုယ်,ငါ့ဟာ, ငါ-ဟုမမှတ်ထိုက်သော နာမ်ရုပ်တို့သာ ဖြစ်ကုန်၏တကား။

ဤသို့အဖန်ဖန် သုံးသပ်ရမည်။

ဤသို့ သုံးသပ်မိသောအခါ ယုံမှားခြင်း လွန်မြောက်သောသူဖြစ်၏၊ စူဠသောတာပန် ဖြစ်၏၊ ထိုမှနောက်၌ ငါ သည်မဂ်, ဖိုလ်ကိုဤနေ့ရလတ္တံ့၊ ဤနေ့ရလတ္တံ့- ဟု တောင့်တလျက် အားထုတ်လတ်သော် ဥတုသပ္ပါယ စသည်နှင့် ပြည့်စုံသော နေ့၌ တထိုင်တည်း ရဟန္တာဖြစ်နိုင်၏။

ခြေရာခံနည်း

ဖဿ, ဝေဒနာ, စိတ်၊ ဤသုံးမျိုးတို့တွင် ဝေဒနာသည် ဖဿစိတ်တို့ထက် သိလွယ်သော သဘောရှိ၏။ ထို့ကြောင့် ဤကမ္မဋ္ဌာန်းဝေဒနာအစွမ်းဖြင့် ဟောသည်။

၁။ သုခဝေဒနာ ဖြစ်သောအခါ တကိုယ်လုံး ချောက်ချား၍‘“အဟောသုခံ၊ ေဩာ် … ကောင်းလေစွ၊ ဝမ်းမြောက်လေစွ” ဤသို့သော စကားမျိုးကို ပြောဆိုစေသကဲ့သို့ ဖြစ်၏။

၂။ ဒုက္ခဝေဒနာ ဖြစ်သောအခါလည်း “အဟောဒုက္ခံ၊ ဪ … ဆင်းရဲလေစွ၊ စိတ်ညစ်လေစွ” ဤသို့သော စကားမျိုးကို ပြောဆိုစေသကဲ့သို့ဖြစ်၏။

၃။ အဒုက္ခ-မသုခဝေဒနာ ဖြစ်သောအခါ၌ကား - ဤသို့ မထင်မရှား၊ မထင်ရှား သော်လည်း နည်းယူ၍ သိအပ်၏။

ကျောက်ဖျာ တဘက်၌ သမင်၏ အတက် ခြေရာကို၊ တဘက်၌ အဆင်းခြေရာကို မြင်လျှင် အလယ် ကျောက်ဖျာထက်၌ ခြေရာ မမြင်ရသော်လည်း ဤ ကျောက်ဖျာပေါ်သို့ ဧကန်မုချ သမင် တက်သွားသည်ဟု တောမုဆိုးများ ယူဆကြ၏၊

ထို့အတူ ထင်ရှားသော သုခ, ဒုက္ခ တို့၏အကြား၌ မထင်မရှား ဖြစ်ခြင်းကို “ဤသဘောသည် သုခလည်း မဟုတ်၊ ဒုက္ခလည်း မဟုတ်၊ အဒုက္ခ-မသုခဝေဒနာ ဧကန် စင်စစ်တည်း” ဟုခြေရာခံနည်းဖြင့် ယူဆရမည်။

၂၄-ဝေဒနာရှုနည်းတမျိုး

တနည်းကား

သုခဝေဒနာ တမျိုးမျိုး ဖြစ်သောအခါ သုခဖြစ်ခိုက် ဒုက္ခမရှိ၊ ထို့ကြောင့် “ငါသည် သုခဝေဒနာကို ခံစားဆဲ ခံစား၏” ဟု သိရမည်။ ဤသို့ သိသောသူသည်လည်း သုခဝေဒနာနုပဿီ ပုဂ္ဂိုလ်မည်၏၊

ဤသို့သိလျှင် ရှေး၌ဖြစ်ဘူးသော ဒုက္ခဝေဒနာသည် ယခု မရှိ၊ ယခုဖြစ်ဆဲ သုခဝေဒနာသည် ရှေး၌မရှိ၊ ထို့ကြောင့် “ဝေဒနာ ဟူသမျှသည် မခိုင်မမြဲ ဖောက်ပြန် ပြိုကွဲတတ်၏တကား” ဟုသိသောသူဖြစ်၏။

အဂ္ဂိဝေဿနသုတ်

ချစ်သား အဂ္ဂိဝေဿန .... အကြင်အခါ သုခဖြစ်၏၊ ထိုအခါ ဒုက္ခမဖြစ်၊ အဒုက္ခမသုခမဖြစ်၊ သုခတခုသာဖြစ်သည်၊ ထိုမှတပါးသောအခါ ဒုက္ခဖြစ်၏၊ ထိုအခါ သုခမဖြစ်၊ အဒုက္ခမသုခမဖြစ်၊ ဒုက္ခတခုသာဖြစ်သည်၊ ထိုမှတပါးသောအခါ အဒုက္ခမသုခဖြစ်၏၊ ထိုအခါ သုခမဖြစ်၊ ဒုက္ခမဖြစ်၊ အဒုက္ခမသုခ တခုသာဖြစ်သည်။

ချစ်သား အဂ္ဂိဝေဿန .... သုခဝေဒနာသည် အမြဲမရှိ၊ ပြုပြင်မှ ဖြစ်၏၊ အကြောင်းကို စွဲ၍ဖြစ်၏၊ ကုန်သောသဘော ရှိ၏၊ ပျက်သောသဘောရှိ၏၊ တပ်ခြင်းသဘောမရှိ၊ ချုပ် ကွယ်ခြင်းသဘောရှိ၏။

[ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာ သည်လည်း ဤအတူသာတည်း။]

ချစ်သား အဂ္ဂိဝေဿန ... ဤသို့သိမြင်သောသူသည် ဝေဒနာတို့၌ ငြီးငွေ့၏၊ ငြီးငွေ့သောသူသည် တပ်ခြင်းကင်း၏၊ တပ်ခြင်းကင်းသောသူသည် လွတ်၏၊ လွတ်သောသူသည် “ငါယခုလွတ်ပြီ”ဟု အသိဉာဏ်ဖြစ်၏၊

ထိုနောက် ပဋိသန္ဓေကင်းပြီ၊ မြတ်သောအကျင့်ကို ကျင့်ပြီးပြီ၊ ပြုဘွယ်ကိစ္စ မရှိပြီ၊ နောက်တဖန် မဂ်ကိစ္စအတွက် ပြုဘွယ်မရှိဟု သိ၏ ... ဤသို့ အဂ္ဂိဝေဿနသုတ်ကို ဟောတော်မူသည်။

သာမိသ စသည်တို့

ကိလေသာအာမိသ ရှိသောဝေဒနာ သုံးပါး, အာမိသကင်းသော ဝေဒနာသုံးပါး ဖြစ်သော အခါ၌လည်း “ငါသည် အာမိသရှိသော သုခဝေဒနာကို ခံစား၏၊ ခံစားဆဲ” ဤသို့ စသည်ဖြင့် သိရမည်။

တပါးသော ပုဂ္ဂိုလ်ကို ဤသူသည် သုခဝေဒနာကို ခံစား၏၊ ... စသည်ဖြင့် သိခြင်းသည် ဗဟိဒ္ဓ၌ စိတ်ကို ဆောင်သည်မည်၏၊ ရံခါ မိမိ၏ဝေဒနာကို, ရံခါ သူတပါး၏ဝေဒနာကို သိခြင်းသည် အဇ္ဈတ္တဗဟိဒ္ဓ၌ စိတ်ကိုဆောင်သည်မည်၏၊ ဤ၌ မိမိသူတပါး မမှတ်သားဘဲ သုခဝေဒနာမျှ, ဒုက္ခဝေဒနာမျှ သိခြင်းကိုဟောသည်၊ ဤ ဝေဒနာနုပဿနာသမထနည်းမရှိ၊ ဝိပဿနာသက်သက်သာတည်း။

ဝေဒနာနုပဿနာနိဒ္ဒေသ ပြီး၏။

စိတ္တာနုပဿနာနိဒ္ဒေသ

၂၅-ပါဠိတော် အဓိပ္ပါယ်

ပါဠိတော်ကျဉ်း

မေး။   ။ အဘယ်သို့လျှင် ရဟန်းသည် အဇ္ဈတ္တစိတ်၌ စိတ်ကို အဖန်ဖန်ရှုလျက် နေသနည်း။

ဖြေ။   ။ ဤသာသနာတော်၌ ရဟန်းသည် ရာဂရှိသော စိတ်ကို ငါ၏စိတ်သည် ရာဂရှိ၏ဟုသိ၏၊ ရာဂကင်းသောစိတ်ကို ငါ၏စိတ်သည် ရာဂကင်း၏ဟုသိ၏။

ဒေါသရှိသော စိတ်ကို, ဒေါသကင်းသော စိတ်ကို ....
မောဟရှိသောစိတ်ကို, မောဟကင်းသောစိတ်ကို....
တွန့်သောစိတ်ကို၊ ပြန့်လွင့်သောစိတ်ကို …
အာနုဘော် ကြီးသောစိတ်ကို, အာနုဘော် ငယ်သောစိတ်ကို ....
အလွန်ရှိသောစိတ်ကို, အလွန်မရှိသောစိတ်ကို ••••
တည်ကြည်သော စိတ်ကို, မတည်ကြည်သောစိတ်ကို ...
လွတ်သောစိတ်ကို, မလွတ်သောစိတ်ကို “ငါ၏စိတ်သည် မလွတ်ဟု” သိ၏၊
(၁၆-မျိုး)။

ထိုစိတ်နိမိတ်ကို အကြိမ်ကြိမ်ပွား၏၊ ကောင်းစွာမှတ်သား၏၊ မှတ်သား၍ ဗဟိဒ္ဓစိတ်၌ စိတ်ကိုဆောင်၏၊

ရာဂရှိသော သူတပါး၏စိတ်ကို ဤသူ၏စိတ်သည် ရာဂရှိ၏ဟု သိ၏၊
ရာဂကင်းသော သူတပါး၏စိတ်ကို ဤသူ၏စိတ်သည် ရာဂကင်း၏ဟုသိ၏၊
ဒေါသရှိသော သူတပါး၏စိတ်ကို, ဒေါသကင်းသောသူတပါး၏စိတ်ကို…
မောဟရှိသော သူတပါး၏ စိတ်ကို, မောဟကင်းသော သူတပါး၏စိတ်ကို …
တွန့်သော သူတပါး၏စိတ်ကို, ပြန့်လွင့်သောသူတပါး၏စိတ်ကို ...
အာနဘော်ကြီးသော သူတပါး၏စိတ်ကို, အာနုဘော်ငယ်သော သူတပါး၏စိတ်ကို...
အလွန်ရှိသော သူတပါး၏ စိတ်ကို, အလွန်မရှိသော သူတပါး၏စိတ်ကို…
တည်ကြည်သော သူတပါး၏စိတ်ကို, မတည်ကြည်သော သူတပါး၏ စိတ်ကို ...
လွတ်သော သူတပါး၏စိတ်ကို, မလွတ်သော သူတပါး၏ စိတ်ကို ဤသူ၏စိတ်သည် မလွတ်ဟုသိ၏၊ (၁၆-မျိုး။)

ဤစိတ်နိမိတ်ကို အကြိမ်ကြိမ်ပွား၏၊ ကောင်းစွာ မှတ်သား၏၊ မှတ်သား၍ - အဇ္ဈတ္တဗဟိဒ္ဓစိတ်၌ စိတ်ကိုဆောင်၏၊

ရာဂရှိသောစိတ်ကို ရာဂရှိသော စိတ်ဟုသိ၏၊
ရာဂကင်းသောစိတ်ကိုရာဂကင်းသောစိတ်ဟုသိ၏၊
ဒေါသရှိသောစိတ်ကို, ဒေါသကင်းသောစိတ်ကို....
မောဟကင်းသောစိတ်ကို, မောဟမရှိသောစိတ်ကို ...
တွန့်သောစိတ်ကို, ပြန့်လွင့်သော စိတ်ကို ...
အာနုဘော်ကြီးသော စိတ်ကို, အာနုဘော် ငယ်သောစိတ်ကို ....
အလွန်ရှိသော စိတ်ကို, အလွန်မရှိသောစိတ်ကို၊...
တည်ကြည်သောစိတ်ကို, မတည်ကြည်သော စိတ်ကို ......
လွတ်သောစိတ်ကို, မလွှတ်သောစိတ်ကို မလွတ်သောစိတ်ဟု သိ၏၊ (၁၆-မျိုး)၊

ဤသို့ အဇ္ဈတ္တဗဟိဒ္ဓစိတ်ကို အဖန်ဖန်ရှုလျက် နေ၏။

လုံ့လရှိ၍ ဆင့်ခြင်၍ သတိရှိ၍ (စိတ္တ) လောကအဘိဇ္ဈာ, ဒေါမနဿကို ပယ်ဖျောက်၍ နေ၏၊ အဇ္ဈတ္တ စသော စိတ်သုံးပါးသည် လောကမည်၏၊ ဥပါဒါနက္ခန္ဓာ ငါးပါးသည်လည်း လောကမည်၏။

အဓိပ္ပါယ်ကျဉ်း

၁။ လိုချင်မက်မောခြင်းနှင့် တကွဖြစ်သော စိတ်သည် ရာဂရှိသော စိတ်မည်၏၊
ကြွင်းသော လောကီစိတ်သည် ရာဂကင်းသောစိတ် မည်၏။

၂။ အမျက် ထွက်ခြင်းနှင့်တကွ ဖြစ်သော စိတ်သည် ဒေါသရှိသော စိတ်မည်၏၊
ကြွင်းသော လောကီစိတ်သည် ဒေါသကင်းသောစိတ် မည်၏။

၃။ တွေဝေခြင်းနှင့်တကွ ဖြစ်သောစိတ်သည် မောဟရှိသောစိတ် မည်၏၊
ကြွင်းသော လောကီစိတ်သည် မောဟကင်းသောစိတ်မည်၏။

၄။ ထိနမိဒ္ဓကြောင့် အစွမ်းသတ္တိ မရှိသောစိတ်သည် တွန့်သောစိတ်မည်၏၊
ဥဒ္ဓစ္စကြောင့် မငြိမ်သက်သောစိတ်သည် ပြန့်လွင့်သောစိတ် မည်၏။

၅။ ရူပ, အရူပဈာန်စိတ်သည် အာနုဘော်ကြီးသော စိတ်မည်၏၊
ကာမစိတ်သည် အာနုဘော်ငယ်သော စိတ်မည်၏။

၆။ ကာမစိတ်, ရူပစိတ်သည် မိမိထက် သာလွန်သော စိတ်ရှိသောကြောင့် အလွန်ရှိသော စိတ်မည်၏၊
အရူပစိတ်သည် မိမိထက် သာလွန်သောစိတ် မရှိသောကြောင့် အလွန်မရှိသောစိတ် မည်၏။

၇၊ နီဝရဏကို ခွာနိုင်သောသမာဓိ, ဈာန်သမာဓိ ရှိသောစိတ်သည် တည်ကြည်သော စိတ်မည်၏၊
ကြွင်းသော ကာမစိတ်သည် မတည်ကြည်သောစိတ် မည်၏။

ဂ။ တဒင်္ဂဝိက္ခမ္ဘနဖြင့် အကုသိုလ်မှ လွတ်သော စိတ်သည် လွတ်သောစိတ်မည်၏၊
မလွတ်သောစိတ်သည် မလွတ်သောစိတ် မည်၏။

[ဤ၌ ဝိပဿနာ ရှုစရာဖြစ်သောကြောင့် လောကုတ္တရာစိတ်ကို အချင်းခပ်သိမ်း မယူအပ်။]

၂၆ - စိတ်ရှုနည်း

မိမိသန္တာန်၌ ရာဂရှိသော စိတ်ဖြစ်သောအခါ “ငါ၏ စိတ်သည် ရာဂရှိ၏၊ ငါ့အား ရာဂရှိသော စိတ်ဖြစ်၏”ဟု သိသောသူသည် စိတ္တာနုပဿီပုဂ္ဂိုလ်မည်၏၊ “ရှေး၌ မဖြစ် ယခုမှဖြစ်ဆဲ”ဟု သိသော သူသည်လည်း စိတ္တာနုပဿီ ပုဂ္ဂိုလ်မည်၏။

ဤသို့ စိတ်ကို အကြိမ်ကြိမ်ရှု၍ နာမ်ကို သိမ်းဆည်း၍၎င်း, နာမ်ရုပ်ကို သိမ်းဆည်း၍၎င်း, အကြောင်းရှာ၍၎င်း, စူဠသောတာပန်ဖြစ်စေ၍၎င်း ပွားများပုံနည်း တို့ကို ဝေဒနာနုပဿနာ၌ ဆိုပြီးသည်ကို မှီး၍ သိအပ်ကုန်၏၊ ကြွင်းသောစိတ်ရှုပုံ, ဗဟိဒ္ဓရှုပုံ, အဇ္ဇုတ္တဗဟိဒ္ဓရှုပုံတို့လည်း သိလွယ်သောသဘော ရှိကုန်ပြီ။

အားရှိဘွယ်

စိတ္တာနုပဿနာနည်းကို သိသောသူသည် ထူးသော အရသာကို ရလေ၏၊ မီးသွေး မည်းညစ်ကို ရွှေငွေ စိန်ကျောက် ဖြစ်စေသကဲ့သို့ အကုသိုလ်တရားညစ်ကို စိတ္တာနုပဿနာ ရှုခြင်းဖြင့် အဘိုးတန် တရားဖြစ်စေနိုင်ပြီ။

မိမိရင်ဝသို့ ချိန်လွှတ်သော လက်နက် ဦးချွန်ကို ရွှေခြေနင်း, ရွှေရထား ဖြစ်စေသကဲ့သို့ အပါယ် သံသရာ၌ နှစ်မြှုပ်လတ္တံ့သော တရားဖျင်း တရားညံ့တို့ကို သံသရာမှ လွတ်ကြောင်း မဂ္ဂင်ရထား တရားထူး တရားမြတ် ဖြစ်စေနိုင်ပြီ။

ဥယျာဉ်မှူးတို့သည် လင်းနို့ အညစ်အကြေး ရွံဘွယ်ကို သစ်ပင်သန်အောင် ဝဲပေးကုန်၏၊ ဝါ - မြေစာကျွေးကုန်၏၊ အမျိုးကောင်းသား အမျိုးကောင်းသမီး တို့သည် လောဘ, ဒေါသ-စသော အကုသိုလ်စိတ် ရွံဘွယ်ကို စိတ္တာနုပဿနာ ဘာဝနာသန်အောင် ဝဲပေးကုန်၏၊ ဝါ-အာရုံစာ ကျွေးကုန်၏။

ရှေးအခါ လယ်သမားတယောက် သူတပါး၏ ရေကို ခိုးသောက်၏၊ ထိုနောက် ဤလောဘသည် အဖော်ရလျှင် ငါ့ကို အပါယ်ချလတ္တံ့ဟု စဉ်းစားမိ၍ “ဤလောဘ စိတ်သည် ရှေး၌မဖြစ် ယခုဖြစ်သည်၊ အမြဲမရှိ၊ အနိစ္စ,ဒုက္ခ, အနတ္တ”ဟု ဆင်ခြင်စဉ် ပစ္စေကဗောဓိဉာဏ် ရသတတ်။

လောဘကြောင့် ပြိတ္တာ၊ ဒေါသ-ငရဲ၊ မောဟ-တိရစ္ဆာန်၊ မာန-အမျိုးယုတ်၊ ဣဿာ-အရုပ်ဆိုး၊ မစ္ဆရိယကြောင့် အမွဲ ဖြစ်တတ်သည်၊ ထို့ကြောင့် ပြိတ္တာ, ငရဲ-စသည်တို့မှ လွတ်လိုသော သူသည် ဤနည်းသိသည်မှစ၍ လောဘ, ဒေါသ-စသည် ဖြစ်သမျှကို သတိရတိုင်း စိတ္တာနု ထက်သန်ရေး ဘာဝနာ မြေစာကျွေး၍ ဝဲပေးလိမ့်မည် စင်းစင်းတည်း။]

စိတ္တာနုပဿနာ နိဒ္ဒေသပြီး၏။

ဓမ္မာနုပဿနာ နိဒ္ဒေသ

၂၇ – ပါဠိတော် အဓိပ္ပါယ်

ပါဠိတော်ကျဉ်း

မေး။   ။ အဘယ်သို့လျှင် ရဟန်းသည် အဇ္ဈတ္တဓမ္မတို့၌ ဓမ္မကို အဖန်ဖန်ရှုလျက် နေသနည်း။

ဖြေ။   ။ ဤသာသနာတော်၌ ရဟန်းသည် --

ထင်ရှားရှိသော အဇ္ဈတ္တ ကာမစ္ဆန္ဒကို ငါ့အား အဇ္ဈတ္တ ကာမစ္ဆန္ဒရှိ၏ဟု သိ၏၊
မရှိသောကာမစ္ဆန္ဒကို  အဇ္ဈတ္တကာမစ္ဆန္ဒ မရှိဟု သိ၏၊
မဖြစ်သေးသော ကာမစ္ဆန္ဒ၏ ဖြစ်ကြောင်းကိုသိ၏၊
ဖြစ်ပြီးသော ကာမစ္ဆန္ဒ၏ ပယ်ကြောင်းကိုသိ၏၊
ပယ်ပြီးသော ကာမစ္ဆန္ဒ၏ နောင်မဖြစ်ကြောင်းကို သိ၏၊
ကာမစ္ဆန္ဒအတူ ဗျာပါဒကို, ထိနမိဒ္ဓကို, ဥဒ္ဓစ္စကုက္ကုစ္စကို, ဝိစိကိစ္ဆာကို သိ၏။

[နီဝရဏငါးပါး-သိခြင်းငါးပါး]

ထင်ရှားရှိသော အဇ္ဈတ္တသတိသမ္ဗောဇ္ဈင်ကို ငါ့အား အဇ္ဈတ္တသတိသမ္ဗောဇ္ဈင်ရှိ၏-ဟု သိ၏၊
မရှိသော သတိသမ္ဗောဇ္ဈင်ကို ငါ့အား အဇ္ဈတ္တသတိသမ္ဗောဇ္ဈင် မရှိဟုသိ၏၊
မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကို သိ၏၊
ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ဘာဝနာပြည့်ကြောင်းကို သိ၏၊
သတိသမ္ဗောဇ္ဈင်အတူ ဓမ္မဝိစယ, ဝီရိယ, ပီတိ, ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာသမ္ဗောဇ္ဈင်ကို သိ၏။

[ဗောဇ္ဈင်ခုနှစ်ပါး - သိခြင်းလေးပါးစီ။ ]

ထိုနိမိတ်ကို အကြိမ်ကြိမ်ပွား၏၊ ကောင်းစွာ မှတ်သား၏၊ မှတ်သား၍ ဗဟိဒ္ဓဓမ္မတို့၌ စိတ်ကိုဆောင်၏၊
ဤသူအား ကာမစ္ဆန္ဒ ရှိ၏ဟုသိ၏၊
ဤသူအား ကာမစ္ဆန္ဒ မရှိဟုသိ၏၊
မဖြစ်သေးသော ကာမစ္ဆန္ဒ၏ ဖြစ်ကြောင်းကို သိ၏၊
ဖြစ်ပြီးသော ကာမစ္ဆန္ဒ၏ ပယ်ကြောင်းကို  သိ၏၊
ပယ်ပြီးသော ကာမစ္ဆန္ဒ၏နောင်မဖြစ်ကြောင်းကိုသိ၏၊
ကာမစ္ဆန္ဒ အတူ ဗျာပါဒကို, ထိနမိဒ္ဓကို, ဥဒ္ဓစ္စကုက္ကုစ္စကို, ဝိစိကိစ္ဆာကို သိ၏။

[နီဝရဏငါးပါး-သိခြင်းငါးပါးစီ။]

ဤသူအား သတိသမ္ဗောဇ္ဈင်ရှိ၏ဟု သိ၏၊
ဤသူအားသတိ သမ္ဗောဇ္ဈင်မရှိဟု သိ၏၊
မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကို သိ၏၊
ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ဘာဝနာပြည့်ကြောင်းကို သိ၏၊
သတိသမ္ဗောဇ္ဈင်အတူ ဓမ္မဝိစယ, ပီတိ, ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာ သမ္ဗောဇ္ဈင်ကိုသိ၏။

[ဗောဇ္ဈင်ခုနစ်ပါး-သိခြင်းလေးပါးစီ။]

ထိုနိမိတ်ကို အကြိမ်ကြိမ်ပွား၏၊ ကောင်းစွာ မှတ်သား၏၊ မှတ်သား၍ အဇ္ဈတ္တ ဗဟိဒ္ဓဓမ္မတို့၌ စိတ်ကိုဆောင်၏
ကာမစ္ဆန္ဒ ရှိ၏ဟု သိ၏၊
ကာမစ္ဆန္ဒ မရှိဟုသိ၏၊
မဖြစ်သေးသော ကာမစ္ဆန္ဒ၏ ဖြစ်ကြောင်းကို သိ၏၊
ဖြစ်ပြီးသော ကာမစ္ဆန္ဒ၏ ပယ်ကြာင်းကိုသိ၏၊
ပယ်ပြီးသော ကာမစ္ဆန္ဒ၏ နောင်မဖြစ်ကြောင်းကိုသိ၏၊
ကာမစ္ဆန္ဒအတူ ဗျာပါဒကို, ထိနမိဒ္ဓကို, ဥဒ္ဓစ္စကုက္ကုစ္စကို, ဝိစိကိစ္ဆာကို သိ၏။

[နီဝရဏငါးပါး-သိခြင်းငါးပါးစီ။ ]

သတိသမ္ဗောဇ္ဈင် ရှိ၏ဟုသိ၏၊
သတိသမ္ဗောဇ္ဈင် မရှိဟုသိ၏၊
မဖြစ်သေးသောသတိသမ္ဗောဇ္ဈင်၏ဖြစ်ကြောင်းကိုသိ၏၊
ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ဘာဝနာ ပြည့်ကြောင်းကို သိ၏၊
သတိသမ္ဗောဇ္ဈင်အတူ ဓမ္မဝိစယ, ဝီရိယ, ပီတိ, ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာ သမ္ဗောဇ္ဈင်ကို သိ၏။

[ဗောဇ္ဈင်ခုနစ်ပါး-သိခြင်းလေးပါးစီ။ ]

ဤသို့ အဇ္ဈတ္တဗဟိဒ္ဓဓမ္မတို့၌ ဓမ္မကို အဖန်ဖန်ရှုလျက် နေ၏၊ လုံ့လရှိ၍, ဆင်ခြင်၍, သတိရှိ၍ (ဓမ္မ) လောကအဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍နေ၏၊

အဇ္ဈတ္တ စသော ဓမ္မသုံးပါးသည် လောကမည်၏၊
ဥပါဒါနက္ခန္ဓာငါးပါးသည်လည်း လောကမည်၏။

အဓိပ္ပါယ်ကျဉ်း

၁။ ကာမအာရုံ ခုံမင်သော လောဘသည် ကာမစ္ဆန္ဒ မည်၏။

၂။ အမျက်ထွက်ခြင်း ဒေါသသည် ဗျာပါဒမည်၏။

၃။ အားမထုတ်သဖြင့် တွန့်တိုခြင်းသည် ထိန မည်၏၊
အစွမ်းမရှိသဖြင့် တွန့်တိုခြင်းသည် မိဒ္ဓမည်၏။

၄။ အာရုံ၌ ပြန့်လွင့်ခြင်းသည် ဥဒ္ဓစ္စမည်၏၊
ဒုစရိုက် ပြုပြီးမှ၎င်း, သုစရိုက်မပြုဘဲနေပြီးမှ၎င်း နောင်တ တဖန် ပူပန်ခြင်းသည် ကုက္ကုစ္စ မည်၏။

၅။ အာရုံ၌ မဆုံးဖြတ်နိုင်သဖြင့် သို့လော သို့လော ဖြစ်ခြင်းသည် ဝိစိကိစ္ဆာ မည်၏။

၁။ ဘုရားစသော အ ာရုံကို အောက်မေ့ခြင်းသည် သတိ သမ္ဗောဇ္ဈင်မည်၏။

၂။ ကုသိုလ် အကုသိုလ် စသောတရားတို့ကို စီစစ်တတ်သော ပညာသည် ဓမ္မဝိစယ မည်၏။

၃။ ကုသိုလ်တရားတို့၌ အားထုတ်ခြင်းသည် ဝီရိယ မည်၏။

၄။ ကုသိုလ်တရားတို့၌ နှစ်သက်ခြင်းသည် ပီတိမည်၏။

၅။ ကိုယ်စိတ် ငြိမ်းချမ်းခြင်းသည် ပဿဒ္ဓိမည်၏။

၆။ ကောင်းစွာ တည်ကြည်ခြင်းသည် သမာဓိမည်၏။

၇။ သမ္ပယုတ်တရားတို့ ညီမျှသောအခါ လျစ်လျူရှုခြင်းသည် ဥပေက္ခာမည်၏။

၂၈-ဓမ္မရှုနည်း

ကာမစ္ဆန္ဒဖြစ်သောအခါ “ငါ့အား ကာမစ္ဆန္ဒရှိ၏” သိသောသူ၊
မရှိသောအခါ “ငါ့အား ကာမစ္ဆန္ဒမရှိ” ဟု သိသောသူ၊
အယောနိသောမနသိကာရ စသည်တို့သည် ကာမစ္ဆန္ဒဖြစ်ကြောင်းတည်း” ဟု သိသောသူ၊
ယောနိသောမနသိကာရ စသည်တို့သည် ကာမစ္ဆန္ဒပယ်ကြောင်းတည်း” ဟု သိသောသူ၊
အရဟတ္တမဂ်သည် ကာမစ္ဆန္ဒ နောင်မဖြစ်ကြောင်းတည်း'' ဟုသိသောသူတို့သည် ဓမ္မာနုပဿီပုဂ္ဂိုလ်တို့ မည်ကုန်၏။

[ကြွင်းသော နီဝရဏတို့၌လည်း ဤအတူတည်း။]

သတိ သမ္ဗောဇ္ဈင် ဖြစ်သောအခါ “ငါ့အား သတိ သမ္ဗောဇ္ဈင်ရှိ၏” ဟုသိသောသူ၊
မရှိသောအခါ “ငါ့အား သတိသမ္ဗောဇ္ဈင်မရှိ” ဟုသိသောသူ၊
ယောနိသောမနသိကာရ စသည်တို့သည် သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတည်း” ဟုသိသောသူ၊
အရဟတ္တမဂ်သည် သတိ သမ္ဗောဇ္ဈင်ပြည့်ကြောင်းတည်း” ဟု သိသော သူတို့သည် ဓမ္မာနုပဿီပုဂ္ဂိုလ်တို့ မည်ကုန်၏။

[ကြွင်းသော သမ္ဗောဇ္ဈင်တို့၌လည်း အတူတည်း။]

ဤသို့ ဓမ္မတို့ကို အကြိမ်ကြိမ်ရှု၍ နာမ်ကို သိမ်းဆည်း၍၎င်း, နာမ်ရုပ်ကိုသိမ်းဆည်း ၍၎င်း, အကြောင်းရှာ၍၎င်း စူဠသောတာပန် ဖြစ်စေ၍၎င်း ပွားများပုံနည်း တို့သည်လည်း သိလွယ်သော သဘောရှိကုန်ပြီ၊ ထို့ကြောင့် ဖြစ်ကြောင်း စသည် တို့ကိုဆိုပေအံ့။

၂၉-နီဝရဏပဗ္ဗ

ကာမစ္ဆန္ဒ

အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘအာရုံနိစ္စ, သုခ, အတ္တ, သုဘဟု နှလုံးသွင်းခြင်း သည် အယောနိသော မနသိကာရ မည်၏၊ ဤ အယောနိသောကြောင့် မဖြစ်သေးသော ကာမစ္ဆန္ဒ ဖြစ်တတ်သည်။

အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘ အာရုံ၌ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘဟု နှလုံးသွင်းခြင်းသည် ယောနိသောမနသိကာရ မည်၏၊ ဤ ယောနိသောကြောင့် ဖြစ်ပြီးသော ကာမစ္ဆန္ဒ ငြိမ်းပျောက်သည်။

တနည်းကား -

၁။ အသုဘဆယ်ပါး အာရုံကိုသင်ယူ၍ အာရုံပြုရမည်။
၂။ အသုဘ ဘာဝနာ ပွားရမည်။
၃။ စက္ခုစသော ဣန္ဒြေ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်ရှောက်ရမည်။
၄။ ဘောဇဉ်အတိုင်းအရှည်သိ၍ လေးငါးလုပ်လျှော့၍ ရေသောက်ရမည်။
၅။ အသုဘဘာဝနာ ပွားလေ့ရှိသော မိတ်ဆွေကောင်းကို မှီဝဲရမည်။
၆။ အသုဘနှင့် စပ်သော စကားကို ပြောဆိုဆွေးနွေးလေ့ ရှိရမည်။

ဤတရားခြောက်ပါးသည် ကာမစ္ဆန္ဒကို ပယ်ခြင်းငှါ စွမ်းနိုင်၏၊ အရဟတ္တမဂ်သည် - ပယ်အပ်သော ကာမစ္ဆန္ဒ၏ နောင်မဖြစ်နိုင်ကြောင်းဖြစ်၏၊

ဗျာပါဒ

ဒေါသအာရုံ၌ အယောနိသောကြောင့် ဗျာပါဒဖြစ်တတ်သည်၊
မေတ္တာအာရုံ၌ ယောနိသောကြောင့် ဗျာပါဒ ငြိမ်းပျောက်သည်။

တနည်းကား -

၁။ မေတ္တာအာရုံကို သင်ယူ၍ အာရုံပြုရမည်။
၂။ မေတ္တာဘာဝနာ ပွားရမည်။
၃။ ကမ္မဿကတာကို ဆင်ခြင်ရမည်။
၄။ ပဋိသင်္ခါနု များစွာပြုရမည်။
၅။ မေတ္တာပွားလေ့ရှိသော မိတ်ဆွေကောင်းကို မှီဝဲရမည်။
၆။ မေတ္တာနှင့်စပ်သောစကားကို ပြောဆို ဆွေးနွေးရမည်။

ဤတရားခြောက်ပါးသည် ဗျာပါဒကို ပယ်ခြင်းငှါ စွမ်းနိုင်၏၊
အနာဂါမိမဂ်သည် ပယ်အပ်သော ဗျာပါ၏ နောင်မဖြစ်နိုင်ကြောင်းဖြစ်၏။

ကမ္မဿကတာ ဆင်ခြင်ပုံကား -

၁။ သင်သည် သူတပါးအား အမျက်ထွက်၍ အဘယ်သို့ ပြုနိုင်သနည်း၊
ထိုသူ၏ သီလစသည်တို့ကို ဖျက်ဆီးနိုင်သလော၊
မိမိကံဖြင့်လာ၍ မိမိကံဖြင့်သွားမည် မဟုတ်လော။

၂။ သူတပါးအား အမျက်ထွက်ခြင်းသည် မီးကျီးခဲကိုင်၍ သူတပါးအား ပုတ်ခတ်လိုခြင်းနှင့် တူ၏၊
ထိုသူသည်လည်း သင့်အားအမျက်ထွက်၍ အဘယ်သို့ ပြုနိုင်သနည်း၊
သင်၏သီလ စသည်တို့ကို ဖျက်ဆီး နိုင်သလော၊
သူ့ကံဖြင့်လာ၍ သူ့ကံဖြင့်သွားမည် မဟုတ်လော။

၃။ ထိုသူ၏ အမျက်ဒေါသသည် လက်မခံအပ်သော လက်ဆောင်ကဲ့သို့ ထိုသူ လက်သာ ပြန်ရောက်မည် မဟုတ်လော၊ ဝါ-လေညာသို့ပစ်သော မြူကဲ့သို့ ထိုသူ၏ ဦးခေါင်းထက်၌သာ ကျမည်မဟုတ်လော။

ဤသို့စသော နည်းဖြင့် ကံသာလျှင် မိမိဥစ္စာ ရှိခြင်းကို ဆင်ခြင်ခြင်းသည် ကမ္မဿကတာ ဆင်ခြင်သည် မည်၏၊ ကံပြုပြင်သည်ကို သိခြင်း၌ တည်အောင် အကြိမ်များစွာ ဆင်ခြင်ခြင်းသည် ပဋိသင်္ခါန များစွာပြုသည်မည်၏။

[ဤ၌ ကုသိုလ်စေတနာ, အကုသိုလ်စေတနာသည် ကမ္မ-မည်၏။
သတ္တဝါတို့ ဥစ္စာပိုင်ဖြစ်သောကြောင့် သကလည်း မည်၏၊
ကံဟူသော ဥစ္စာပိုင်ရှိသော သတ္တဝါအားလုံးသည် ကမ္မ-ဿက မည်၏၊
ကံဥစ္စာပိုင် ရှိကြသည်ဟု သိသောဉာဏ်သည် ကမ္မ-ဿက-တာဉာဏ် မည်၏။]

ထိနမိဒ္ဓ

ပျင်းရိခြင်း, အစာရစ်ခြင်း, စိတ်တွန့်တိုခြင်း - စသည်တို့၌ အယောနိသောကြောင့် ထိနမိဒ္ဓဖြစ်တတ်သည်၊ ဝီရိယယောနိသောကြောင့် ထိနမိဒ္ဓငြိမ်းပျောက်သည်။

တနည်းကား -

၁။ အစာလွန်ခြင်း၌ အပြစ်ရှု၍ လျှော့စားရမည်။
၂။ ဣရိယာပုထ်လေးပါးကို ပြောင်းလွှဲပေးရမည်။
၃။ မီးရောင်, နေလ နက္ခတ်ရောင်-စသော အရောင်အလင်းကို နှလုံးသွင်းရမည်။
၄။ လွင်တီးခေါင်၌ နေရမည်။
၅။ ထိနမိဒ္ဓ ကင်းသော မိတ်ဆွေကောင်းကို မှီဝဲရမည်၊
၆။ အိပ်ခြင်းကို ပယ်ဖျောက်သော ဓုတင်စသည်နှင့် စပ်သောစကားကို ပြောဆို ဆွေးနွေးရမည်။

ဤတရား ခြောက်ပါးသည် ထိနမိဒ္ဓကို ပယ်ခြင်းငှါ စွမ်းနိုင်၏၊
အရဟတ္တမဂ်သည် ပယ်အပ်သော ထိနမိဒ္ဓ၏ နောင်မဖြစ်ကြောင်းဖြစ်၏။

၁။ အာဟာရ ဟတ္ထိက - လက်ဆွဲကြပါဦးဟု ပြောရအောင် စားသောသူ၊
၂။ ဘုတ္တဝမိတက - အန်ထွက်အောင် စားသောသူ၊
၃။ တတ္ထဝဋ္ဋက - မထနိုင်၍ လှိမ့်နေရအောင် စားသောသူ၊
၄။ အလံသာဋက - အဝတ်ကျွတ်၍ မဝတ်နိုင်အောင် စားသောသူ၊
၅။ ကာကမာသက - ကျီးနှိုက်စားနိုင်အောင် စားသော သူ

ဤငါးယောက်ကဲ့သို့ စားလျှင် တရားနှလုံး သွင်းသောအခါ ထိနမိဒ္ဓ-ဆင်ပြောင်ကြီး နင်း၍ မထနိုင်၊ လေးငါးလုပ် လျှော့စား၍ ရေသောက်လျှင် ထိနမိဒ္ဓကို ပယ်နိုင်၏။

ဥဒ္ဓစ္စ ကုက္ကုစ္စ

စိတ်မငြိမ်သက်ခြင်း၌ အယောနိသောကြောင့် ဥဒ္ဓစ္စကုက္ကုစ္စ ဖြစ်တတ်သည်၊
စိတ်ငြိမ်သက်သော သမာဓိယောနိသောကြောင့် ဥဒ္ဓစ္စကုက္ကုစ္စ ငြိမ်းပျောက်သည်။

တနည်းကား-

၁။ ပါဠိအဋ္ဌကထာသင်၍ ဗဟုဿုတ ရှိစေရမည်။
၂။ အပ်, မအပ် မေးမြန်းလေ့ရှိရမည်။
၃။ ဝိနည်းကျင့်ဝတ်၌ လိမ်မာကျွမ်းကျင်ရမည်။
၄။ မထေရ်ကြီးတို့ထံ ဆည်းကပ်လေ့ရှိရမည်။
၅။ ကျင့်ဝတ်၌ ကျွမ်းကျင်သော မိတ်ဆွေကောင်းကို မှီဝဲရမည်။
၆။ အပ်, မအပ်နှင့် စပ်သောစကားကို ပြောဆို ဆွေးနွေးရမည်။

ဤတရားခြောက်ပါးသည် ဥဒ္ဓစ္စ ကုက္ကုစ္စကို ပယ်ခြင်းငှါ စွမ်းနိုင်၏၊
အနာဂါမိမဂ်သည် ပယ်အပ်သော ဥဒ္ဓစ္စ ကုက္ကုစ္စ၏ နောင်မဖြစ်ကြောင်းဖြစ်၏။

ဝိစိကိစ္ဆာ

အာရုံမဆုံးဖြတ်နိုင်ခြင်း အယောနိသောကြောင့် ဝိစိကိစ္ဆာ ဖြစ်တတ်သည်။
ကုသိုလ်စသော တရားတို့၌ ယောနိသောကြောင့် ဝိစိကိစ္ဆာငြိမ်းပျောက်သည်။

တနည်းကား-

၁။ ဗဟုဿုတ ရှိစေရမည်။
၂။ ရတနာသုံးပါးနှင့်စပ်၍မေးမြန်း လေ့ရှိရမည်။
၃။ ဝိနည်းကျင့်ဝတ်၌ လိမ်မာကျွမ်းကျင်ရမည်။
၄။ ရတနာသုံးပါး ဂုဏ်ကျေးဇူး၌ သက်ဝင်ယုံကြည်ခြင်း များရမည်။
၅။ သဒ္ဓါတရားကြီးသော မိတ်ဆွေကောင်းကို မှီဝဲရမည်။
၆။ ရတနာသုံးပါးဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ပြောဆိုဆွေးနွေးရမည်။

ဤတရားခြောက်ပါးသည် ဝိစိကိစ္ဆာကို ပယ်ခြင်းငှါ စွမ်းနိုင်၏၊
သောတာပတ္တိမဂ်သည် ပယ်အပ်သော ဝီစိကိစ္ဆာ၏ နောင်မဖြစ်ကြောင်းဖြစ်၏။

နီဝရဏပဗ္ဗပြီး၏။

၃၀-ဗောဇ္ဈင်္ဂပဗ္ဗ

သတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း

အောက်မေ့ခြင်း သတိယောနိသောသည် မဖြစ်သေးသောသတိ၏ ဖြစ်ကြောင်း, ဖြစ်ပြီးသောသတိ၏ တိုးပွားကြောင်းဖြစ်၏။

တနည်းကား -

၁။ ရှေ့သို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း - စသော ခုနစ်ပါးသော ဌာနတို့၌ သတိပညာ ရှိရမည်။
၂။ အစာမက်သော ကျီးနှင့်တူသော သတိနည်းသော သူတို့ကို ရှောင်ကြဉ်ရမည်။
၃။ သတိကောင်းသော မိတ်ဆွေကောင်း တို့ကို မှီဝဲရမည်။
၄။ ရပ်ရာ, ထိုင်ရာ စသည်တို့၌ သတိဖြစ်စိမ့်သောငှါ ညွတ်ကိုင်းသောစိတ်ရှိရမည်။

ဤလေးပါးသည် သတိဖြစ်ခြင်းငှါ စွမ်းနိုင်၏၊
အရဟတ္တမဂ်သည် သတိဘာဝနာ ပြည့်စုံကြောင်းဖြစ်၏။

၁-တက်ဆုတ်

ဤ၌ ခုနစ်ပါးသော ဌာနတို့၌ သတိ, ပညာရှိပုံကို သမ္ပဇညလေးပါးဖြင့် သိအပ်၏။

၁။ ရှေ့သို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း ရှေ့သို့တက်လိုသောအခါ မတက်သေး မူ၍ ဤသို့သွားခြင်းဖြင့် ငါ့အား ကုသိုလ်ရခြင်း, ပစ္စည်းရခြင်း အကျိုးရှိမည်လော, မရှိမည်လော-ဟု ဆင်ခြင်၍ အကျိုးရှိမည်ကို သိမ်းဆည်းခြင်းသည် သတ္ထကသမ္ပဇည မည်၏။

[ပစ္စည်းရခြင်းကား သာသနာချီးမြှောက်နိုင်ကြောင်း ဖြစ်၏-ဟူလို။ ]

၂။ အကျိုးရှိသော်လည်း ဤအချိန် ဤအရပ်သို့ သွားလျှင် အပြစ် အန္တရာယ်ကင်း၍ သင့်မည်လော, မသင့်မည်လော-ဟုဆင်ခြင်၍ သင့်မည်ကို သိမ်းဆည်းခြင်းသည် သပ္ပါယသမ္ပဇည မည်၏။

၃။ သမ္ပဇည နှစ်ပါးသိမ်းဆည်းပြီးလျှင် ကမ္မဋ္ဌာန်း တခုခု နှလုံးပြုလျက်၊ ဝါ-ဂုဏ်တော် နှလုံးသွင်းလျက်၎င်း, မေတ္တာပွားလျက်၎င်း သွားခြင်းသည် ဂေါစရသမ္ပဇည မည်၏။

၄။ ရှေ့သို့တက်ခြင်း၌ မတွေဝေခြင်းသည် အသမ္မောဟသမ္ပဇည မည်၏။

ချဲ့ဦးအံ့ -

ငါသည် ရှေ့သို့တက်၏-စသည်ဖြင့် (သတ္တဝါ သညာ မစွန့်မခွာဘဲ) တွေဝေတတ် ကုန်၏။ ရှေ့သို့တက်တတ်သောငါမရှိ၊ သွားလိုသောစိတ်ကြောင့်ဝါယောဓာတ်ဖြစ်၏
ဝါယာဓာတ်ကြောင့် သွားခြင်းဟူသော ကာယဝိညတ် ဖြစ်၏၊ ဤဝါယောဓာတ် အစွမ်းဖြင့် ကိုယ်ဟု သမုတ်အပ်သော ဤအရိုးစုသည် ရှေ့သို့တက်၏၊ ဓာတ်အပေါင်း ရွေ့သွား ခြင်းဖြစ်၏ -- ဟုမတွေမဝေ သိရမည်။

ဆက်ဦးအံ့ -

ဤသို့ ရွေ့သွားသောအခါ --

ခြေကြွစဉ်ဖြစ်သော ရုပ်နာမ်သည် ရှေးရှုဆောင်ခြင်းသို့ မရောက်၊
ရှေးရှုဆောင်စဉ် ရုပ်နာမ်သည် ခြေလှမ်းခြင်းသို့မရောက်၊
ခြေလှမ်းစဉ် ရုပ်နာမ်သည် ခြေစွန့်ခြင်းသို့ မရောက်၊
ခြေစွန့်စဉ်ရုပ်နာမ်သည် ခြေချခြင်းသို့မရောက်၊
ခြေချစဉ်ရုပ်နာမ်သည် နင်းခြင်းသို့မရောက်၊
အဆစ်အဆစ်, အစပ်အစပ်, အပြတ်အပိုင်း တခြားစီဖြစ်၍ ပျက်ကုန်၏၊
အိုးကင်းပူ၌ ထည့်သော နှမ်းတို့သည် တဖျစ်ဖျစ်မြည်၍ ပျက်သကဲ့သို့ ပျက်ကုန်၏။

ဆောင်။    ။ ကြွ၊ ဆောင်၊ လှမ်း၊ စွန့်၊ ချ၊ နင်း။

[ကြွ၊ ဆောင်၊ လှမ်း၊ ချ၊ ထား၊ နှိပ်-လည်းရှိ၏။ ]

ထို့ကြောင့် ရှေ့သို့တက်တတ်သောသူ အဘယ်မှာ ရှိအံ့နည်း၊
ရှေ့သို့တက်ခြင်းကို အဘယ်သူ အစိုးတရ ပိုင်ဆိုင်အံ့နည်း၊
ဓာတ်လေးပါးတို့၏ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း အိပ်ခြင်းသာ ဖြစ်ခဲ့၏တကား၊
ဤသို့ မတွေမဝေ သိခြင်းသည် အသမ္မောဟ သမ္ပဇညမည်၏။

[နောက်ဆုတ်ခြင်း၌လည်း ဤနည်းမှီး၍ သိရမည်။]

၂-ကြည့်

တူရူကြည့်ခြင်း, တစောင်းကြည့်ခြင်း၌ ကြည့်လိုသောအခါ မကြည့်သေးမူ၍ အကျိုးရှိ မရှိ ဆင်ခြင်ရမည်၊ သင့်မသင့် ဆင်ခြင်ရမည်၊ ကမ္မဋ္ဌာန်း နှလုံးသွင်းလျက် ကြည့်ရမည်၊

အရှင်နန္ဒသည် အရပ်မျက်နှာတို့သို့ ကြည့်လိုသောအခါတို့၌ “ဤသို့ကြည့်လျှင် အဘိဇ္ဈာ, ဒေါမနဿတို့သည် ငါ့အား မလိုက်ကုန်လတ္တံ့” … ဟုဆင်ခြင်၍ ကြည့်သတတ်၊ “ဝါ-အကုသိုလ်စိတ် မဖြစ်နိုင်အောင် ဤသို့ ဤသို့ ဆင်ခြင်၍ ကြည့်မည်” ... ဟုကြည့်သတတ်။

အသမ္မောဟ ဖြစ်ပုံကား --

ကြည့်တတ်သော ငါမရှိ၊
ကြည့်လိုသောစိတ်ကြောင့် ဝါယောဖြစ်၏၊
ဝါယောကြောင့် အထက်မျက်ခမ်း မြင့်တက်၏၊ အောက်မျက်ခမ်း နိမ့်ဆင်း၏၊
ထို့နောက် မျက်စိကိုမှီ၍ သိသောစိတ်သည် မြင်ခြင်းကိစ္စ ပြုလျက်ဖြစ်၏ - ဟု
မတွေမဝေ သိရမည်။

၃-ကွေးဆန့်

ကွေးခြင်း ဆန့်ခြင်းလည်း အကျိုး ရှိမရှိ၊ သင့်မသင့် ဆင်ခြင်၍ ကမ္မဋ္ဌာန်း နှလုံး သွင်းလျက် ကွေးရမည်၊ ဆန့်ရမည်၊ လက်ခြေ အကွေးအဆန့် မသင့်၍ မီးလောင်, ဆူးစူး မြွေကိုက်ခံရဘူးကုန်ပြီ၊

ရှေးမထေရ်တပါးသည် စကားပြောစဉ် လက်ဆန့်ပြီးမှ ပြန်ရုပ်၍ ဖြေးဖြေး ဆန့်၏၊ တပည့်တို့က မေးသောအခါ ငါ့ရှင်တို့ … ငါ ကမ္မဋ္ဌာန်း အားထုတ်သည်မှစ၍ ကမ္မဋ္ဌာန်းကင်း၍ လက်မဆန့်စဘူး-ဟု ဆိုသတတ်။

အသမ္မောဟ ဖြစ်ပုံကား -

ကွေးတတ်, ဆန့်တတ်သော ငါမရှိ၊
ကွေးလိုဆန့်လိုသော စိတ်ကြောင့် ဝါယောဖြစ်၏၊
ဝါယောကြောင့် ကြိုးဆွဲသော အရုပ်ကဲ့သို့ ကွေးခြင်း ဆန့်ခြင်းဖြစ်၏၊
ဓာတ်အပေါင်း၏ ကွေးခြင်း ဆန့်ခြင်းဖြစ်၏ - ဟု မတွေမဝေ သိရမည်။

၄-ဆောင်

သပိတ်,သင်္ကန်း ဆောင်ခြင်း၌ - ကျိုးရှိမရှိ စသည် ရှေးနည်းမှီး၍ သိရမည်၊
အသမ္မောဟ၌ကား - ဆောင်တတ်သော ငါမရှိ၊
ဆောင်လိုသော စိတ်ကြောင့် ဝါယောဖြစ်၏၊
ဝါယောကြောင့် သပိတ်ပိုက်ခြင်း, သင်္ကန်း ဝတ်ရုံခြင်း ဖြစ်၏။

၁။ သပိတ်သည် “ငါ့ကို လက်ဖြင့် ပိုက်ထားသည်”ဟု မသိ၊
လက်တို့သည်လည်း “ငါတို့သည် သပိတ်ကို ပိုက်ကြ၏”ဟုမသိ၊
ပန်းဘဲမီးဖုတ်သော သံခွက်ကို ညှပ်ဖြင့်ကိုင်သကဲ့သို့ ဓာတ်အပေါင်းသည် ဓာတ်အပေါင်းကို ကိုင်ခြင်းဖြစ်၏၊

၂။ သင်္ကန်းသည် “ငါသည် ကိုယ်ကိုပတ်၏” ဟုမသိ၊
ကိုယ်သည်လည်း “ငါ့ကို သင်္ကန်းပတ်၏” ဟုမသိ၊
ရွံ့ရုပ် အဝတ်ပတ်သကဲ့သို့ ဓာတ်အပေါင်းသည် ဓာတ်အပေါင်းကို ပတ်ခြင်းဖြစ်၏။

ဤသို့ မတွေမဝေ သိရမည်။

တနည်း -

ပြင်ပ စရပ်တခု၌ လက်ခြေ ပြတ်သော အားကိုးရာမဲ့ လူနာတို့နေကြ၏၊ အမာဝတို့မှ ပြည်ပုပ် သွေးပုပ်ယိုကျ၏၊ ပိုးလောက်တို့လည်း ထွက်ကုန်၏၊ ယင်အပေါင်းတို့လည်း ပြွမ်းကုန်၏၊ သနားတတ်သော လူတို့သည် ထိုအားကိုးရာမဲ့တို့အား အနာတို့ကို ရစ်ပတ်ရန် အဝတ်ပိုင်းတို့ကို၎င်း, ခွက်ဖြင့် ဆေးတို့ကို၎င်း ပေးကုန်၏၊  ထို လူနာ တို့သည် မိမိတို့ရသော အပတ် နူးညံ့ခြင်း-ကြမ်းတန်းခြင်းဖြင့်၎င်း, ဆေးခွက် လှခြင်း- မလှခြင်းဖြင့်၎င်း ဝမ်းသာခြင်း,ဝမ်းနည်းခြင်းမဖြစ်ကုန်၊ အဘယ့်ကြောင့်နည်း၊

အဝတ်ကို အနာရစ်ပတ်ရုံငှါသာ, ဆေးခွက်ကို ဆေးထည့်နိုင်ရုံငှါသာ အကျိုးရှိ၏ဟု သိသောကြောင့်တည်း၊ ဤအတူ အနာဖုံးလွှမ်းရစ်ပတ်သော အဝတ်ပိုင်းကဲ့သို့ သင်္ကန်းကို မှတ်ထင်ရမည်၊ ဆေးခွက်ကဲ့သို့ သပိတ်ကိုမှတ်ထင်ရမည်၊ ခွက်၌ရှိသော ဆေးကဲ့သို့ သပိတ်၌ ရသောဆွမ်းကို မှတ်ထင်ရမည်၊ ဤသို့မှတ်ထင်၍ ဆင်ခြင်ခြင်းသည် အလွန်မြတ်သော အသမ္မောဟသမ္ပဇည မည်၏။

၅-စားသောက်ခဲလျက်

စားခြင်း, သောက်ခြင်း, ခဲခြင်း, လျက်ခြင်း၌ ကျိုးရှိမရှိစသည် ရှေးနည်းမှီး၍သိရမည်၊

အသမ္မောဟ၌ကား-

စား, သောက်, ခဲ လျက်တတ်သော ငါ မရှိ၊
စားသောက်လိုသော စိတ်ကြောင့် ဝါယောဖြစ်၏၊
ဝါယောဖြင့် ခွက်ကိုင်၏၊ လက်နှိုက်၏၊ အလုပ်ပြု၏၊ ခံတွင်း ဟ၏၊ ခွံ့၏၊ ဝါး၏၊ လျှာဖြင့်မွှေ၏၊ တံတွေးဆွတ်၏၊ တွန်းချ၏။
တေဇောဖြင့် ချက်၏၊ ဝါယောဖြင့် အပြင်သို့ ပြန်ထုတ်၏။

ဤသို့လျှင် ဝါယောဓာတ်သည် ရှေးရှုဆောင်ခြင်း စသည်ကိုပြု၏၊
ပထဝီဓာတ်သည် လက်ခံ၏၊
အာပေါဓာတ် ဆွတ်ဖျန်း၏၊
တေဇောဓာတ် ချက်၏၊
အာကာသဓာတ် လမ်းခရီးပြု၏၊
ဝိညာဏဓာတ် နှလုံးသွင်း၏၊
ထို့ကြောင့် ဓာတ်အပေါင်းပြုပြင်ခြင်းမျှသာဖြစ်၏ဟု မတွေမဝေ သိရမည်။

၆-စွန့်

ကျင်ကြီး ကျင်ငယ် စွန့်ခြင်း၌ - ကျိုးရှိမရှိ စသည် ရှေးနည်းမှီး၍ သိရမည်၊

အသမ္မောဟ၌ကား-

စွန့်တတ်သော ငါမရှိ၊
စွန့်လိုသောစိတ်ကြောင့် ဝါယောဖြစ်၏၊
ဝါယောအစွမ်းဖြင့် စွန့်ချခြင်းဖြစ်၏၊
အနာမှည့်၍ ပြည်ပေါက်သောအခါ အလိုလို ယိုထွက်သကဲ့သို့ ကျင်ကြီး, ကျင်ငယ် များသောအခါ လေဟုန်ဖြင့် အလိုလို ယိုထွက်ခြင်းဖြစ်၏ - ဟုမတွေမဝေသိရမည်။

၇-သွား ရပ် ထိုင် အိပ် နိုး ပြော ဆိတ်

သွားခြင်း, ရပ်ခြင်း ထိုင်ခြင်း, အိပ်ခြင်း, နိုးကြားခြင်း, စကားပြောခြင်း, ဆိတ်ဆိတ် နေခြင်း၌-ကျိုးရှိမရှိ ရှေ့နည်းမှီး၍သိရမည်၊

အသမ္မောဟ၌ကား-

သွားလျှင် ငါသွားသည်, သွားသည်၊
ရပ်လျှင် ငါရပ်သည် ရပ်သည် - ဟုသိရမည်။

မေးမြန်းဘွယ်

မေး။   ။ သာသနာပ လူရိုင်း, သူငယ်, အပါယ်သားတို့ပင် ဤသို့သိကြ၏-ဟု ဆိုငြားအံ့။

ဖြေ။   ။ ထိုသူတို့ ဤသို့ သိသော်လည်း သတ္တဝါ သညာ မစွန့်၊ အတ္တသညာမစွန့်၊ ကမ္မဋ္ဌာန်းမဟုတ်၊ သတိပဋ္ဌာန်မဟုတ်၊ သံသရာလည်မြဲ လည်ခြင်းမျှသာတည်း။

စင်စစ်အားဖြင့် --
သွားတတ်သော သူငါ တစုံတယောက်မျှမရှိ၊
ပုဂ္ဂိုလ်သတ္တဝါ၏ သွားခြင်း မဟုတ်၊
စိတ္တဇဝါယောဓာတ် ပြန့်သောကြောင့် သွားခြင်းဖြစ်၏၊
ထို့ကြောင့် ဤသို့ သိအပ်၏။

၁။ သွားလိုသော စိတ်ကြောင့် ဝါယောဖြစ်၏၊
ဝါယောပြန့်သဖြင့် (ဝါ-တွန်းသဖြင့်,မှတ်သဖြင့်) တကိုယ်လုံး ရှေ့သို့ဆောင်ခြင်းသည် သွားသည်မည်၏။

၂။ ရပ်လိုသော စိတ်ကြောင့် ဝါယောဖြစ်၏၊
ဝါယောပြန့်သဖြင့် တကိုယ်လုံး အစွန်းမှစ၍ စိုက်ထောင်ထားခြင်းသည် ရပ်သည် မည်၏။

၃။ ထိုင်လိုသောစိတ်ကြောင့် ဝါယောဖြစ်၏၊
ဝါယော ပြန့်သဖြင့် အောက်ကိုယ်ခွေခြင်း, အထက်ကိုယ် စိုက်ထောင်ခြင်းသည် ထိုင်သည် မည်၏။

၄။ အိပ်လိုသော စိတ်ကြောင့် ဝါယော ဖြစ်၏၊
ဝါယောပြန့်သဖြင့် တကိုယ်လုံး ကန့်လန့် တုံးလုံး ဆန့်ထားခြင်းသည် အိပ်သည် မည်၏။

ငါသွား၏, သူသွား၏ - စသည်ဖြင့် ဆိုရာ၌ အဆိုသာ ရှိသည်၊
သွားတတ်သောသူ တယောက်မျှမရှိ၊
လှည်းသွား၏-ဆိုရာ၌ လူမောင်း၍ နွားရုန်းမှ- “လှည်းသွား၏” ဟူသော စကားအဆို ဖြစ်လာသည်၊
သွားတတ်သောလှည်း အဘယ်မှာနည်း၊

[စိတ်သည်-လှည်းမောင်းသမား၊ ဝါယောသည်-နွား၊ ကိုယ်သည်-လှည်း။]

၁။ လှေသည် တက်ဟုန်ကြောင့် သွားသည် မည်၏၊
မြှားသည် လေးညှို့ဟုန်ကြောင့် သွားသည် မည်၏၊
အရုပ်သည် ကြိုးဆွဲခြင်းကြောင့် ကသည် မည်၏၊
ကိုယ်သည်လည်း ဝါယော လေဟုန်ကြောင့် သွားသည်, ရပ်သည် စသည်မည်၏၊
ဤသို့ မတွေမဝေ သိရမည်။

တနည်းကား -

စင်္ကြံသွားပြီးလျှင် ရပ်လျက် “သွားစဉ် ဖြစ်သောရုပ်နာမ်တို့သည် သွားစဉ်ပင် ချုပ်ကုန်ပြီ” ဟု ဆင်ခြင်ရမည်။ [သွား]။

၂။ သရဇ္ဈယ်ခြင်း, မေးမြန်းခြင်း, ဖြေဆိုခြင်း, နှလုံးသွင်းခြင်း တခုခုဖြင့် ရပ်နေပြီးမှ ထိုင်လျက် “ရပ်စဉ်ဖြစ်သော ရုပ်နာမ်တို့သည် ရပ်စဉ်ပင် ချုပ်ကုန်ပြီ” ဟု ဆင်ခြင်ရမည်။ [ရပ်]။

၃။ တခုခုဖြင့် ထိုင်နေပြီးမှ လျောင်းလျက် “ထိုင်စဉ် ဖြစ်သော ရုပ်နာမ်တို့သည် ထိုင်စဉ်ပင် ချုပ်ကုန်ပြီ” ဟု ဆင်ခြင်ရမည်၊ [ထိုင်။]  

၄-၅။ တခုခုဖြင့် လျောင်းစဉ် အိပ်ပျော်၍ ထသောအခါ “အိပ်စဉ် ဖြစ်သော ရုပ်နာမ် တို့သည် အိပ်စဉ်ပင် ချုပ်ကုန်ပြီ”ဟု ဆင်ခြင်ရမည်။ [အိပ်နိုး]။

အိပ်ရာ ဝင်သောအခါ ...
ဤကိုယ်သည် “ငါ အိပ်ရာ၌ အိပ်၏” ဟုမသိ၊
အိပ်ရာသည်လည်း “ငါ၌ ကိုယ်အိပ်၏” ဟု မသိ၊
ဤသို့ ဖန်ဖန်ဆင်ခြင်လျက် အိပ်ပျော်ရမည်၊
နိုးသောအခါ ကမ္မဋ္ဌာန်း ယူလျက် နိုးရမည်။

[ဤ၌ အိပ်ပျော်နေစဉ် ကုသိုလ်တုံးကြီးသဘွယ် ဖြစ်၏၊ အိပ်နိုး။ ]

စက္ခု သောတ စသော ခြောက်ဒွါရ၌ စိတ်မဖြစ်ခြင်းသည် အိပ်သည် မည်၏၊ ခြောက်ဒွါရ၌ စိတ်ဖြစ်ခြင်းသည် နိုးသည် မည်၏’ဟု သိရမည်။ [အိပ်နိုး]။


၆။ စကားပြောဆိုစဉ်အခါ “ဤစကားသံသည် နှုတ်ခမ်း, သွား, လျှာ, အာစောက် တို့ကိုစွဲ၍ စိတ်ပယောဂကို စွဲ၍ဖြစ်၏” ဟု ဆင်ခြင်လျက် ပြောဆိုရမည်။ [ပြော။]

စကားပြော တရားဟော ပြီးသောအခါ ဆိတ်ဆိတ် နေလျက် “စကားပြောစဉ် ဖြစ်သော ရုပ် နာမ် တို့သည် ပြောစဉ်ပင်ချုပ်ကုန်ပြီ”ဟု ဆင်ခြင်ရမည်။ [ပြော]။


၇။ တခုခုဖြင့် ဆိတ်ဆိတ် နေပြီးသောအခါ နောက်အဘို့၌ “ဆိတ်ဆိတ်နေစဉ် ဖြစ်သာ ရုပ်နာမ်တို့သည် ဆိတ်ဆိတ်နေစဉ်ပင် ချုပ်ကုန်ပြီ” ဟူ၍၎င်း
“အသံဖြစ်သောအခါ ပြောသည် မည်၏၊
အသံ မဖြစ်သောအခါ ဆိတ်ဆိတ် နေသည် မည်၏”
ဟူ၍၎င်း ဆင်ခြင်ရမည်။ [ဆိတ်]

ဤခုနစ်ဌာနတို့တွင် ဆွမ်းခံသွားခြင်း-စသော အသွားကြီးသည် ရှေ့သို့တက်သည် မည်၏၊ စင်္ကြံသွားခြင်းစသာ အသွားကလေးသည် သွားသည်မည်၏။

ဤတွင်သတိဖြစ်ကြောင်း ပြီး၏။

ဓမ္မဝိစယဖြစ်ကြောင်း

ကုသိုလ်စသော တရားတို့၌ ယောနိသောသည် ဓမ္မဝိစယဖြစ်ကြောင်း တိုးပွားကြောင်း ဖြစ်၏။

တနည်းကား-

၁။ ခန္ဓာ,အာယတနစသည်တို့၏ အနက်အဓိပ္ပါယ်ကို မေးမြန်းလေ့ရှိရမည်။
၂။ ကိုယ်တွင်း ကိုယ်ပဝတ္ထု စင်ကြယ်စေရမည်၊
၃။ ဣန္ဒြေငါးပါး ညီမျှစေရမည်။
၄။ ပညာနည်းသူကို ဝေးစွာရှောင်ကြဉ်ရမည်။
၅။ ဥဒယဗ္ဗယဉာဏ်ဖြင့် ခန္ဓာတို့၏ ဖြစ်ခြင်း, ပျက်ခြင်း ရှုသောသူကို မှီဝဲရမည်။
၆။ နက်နဲသောခန္ဓာ စသည်၌ဖြစ်သော နက်နဲသော ဉာဏ်အပြားကို ဆင်ခြင်ရမည်။
၇။ ဓမ္မဝိစယ ဖြစ်စိမ့်သောငှါ ညွတ်ကိုင်းသောစိတ် ရှိရမည်။

ဤခုနစ်ပါးသည် ဓမ္မဝိစယ ဖြစ်ခြင်းငှါ စွမ်းနိုင်၏၊
အရဟတ္တမဂ်သည် ဓမ္မဝိစယ ဘာဝနာ ပြည့်စုံကြောင်း ဖြစ်၏။

ဝတ္ထုစင်ကြယ်

ဤ၌ --
ဆံပင်, လက်သည်း-စသည်မရှည် အောင်ရိတ်ဖြတ်ခြင်း၊
သွေး, သည်းခြေ, လေ, သလိပ် - စသော ဒေါသကင်းအောင် ဆေးစားခြင်း၊
ချွေး, အညစ်အကြေးကင်းအောင် ရေချိုးခြင်း
စသည်တို့သည် ကိုယ်တွင်းဝတ္ထု စင်ကြယ်စေသည် မည်၏၊

သင်္ကန်း မနွမ်းမညစ်အောင် လုပ်လျှော်ခြင်း၊
ကျောင်းအိပ်ရာနေရာ အမှိုက် မရှုပ်အောင် သုတ်သင်ခြင်း
စသည်တို့သည် ကိုယ်ပဝတ္ထု စင်ကြယ်စေသည် မည်၏၊

စင်ကြယ်သော မီးခွက်, မီးစာ ဆီတို့ကိုစွဲ၍ မီးရောင် ကောင်းသကဲ့သို့ ကိုယ်တွင်း ကိုယ်ပ ဝတ္ထုစင်ကြယ်လျှင် အသိဉာဏ်သန့်ရှင်း၏။

ဣန္ဒြေညီမျှ

ဣန္ဒြေငါးပါးတို့တွင် တပါးပါး လွန်လျှင် ကြွင်းလေးပါး၍ မိမိကိစ္စ မပြုနိုင်ကုန်၊ အထူးအားဖြင့် သဒ္ဓါပညာညီမျှခြင်း, သမာဓိ-ဝီရိယညီမျှခြင်းကို ချီးမွမ်းကုန်၏၊

သဒ္ဓါလွန်လျှင် အကျိုးမရှိ ကြည်ညိုတတ်၏၊ မကြည်ညိုသင့်သော အရာ၌ ကြည်ညို၍ အကျိုး နည်းတတ်သည်၊ အရှက်တကွဲ သော်လည်း ဖြစ်တတ်သည်၊

ပညာ လွန်လျှင် ကောက်ကျစ်၏၊ ဆေးကြောင့် ဖြစ်သောအနာ ကုသရန် ခဲယဉ်း သည်နှင့်တူ၏၊ စိတ်ဖြစ်ရုံဖြင့်လည်း ကုသိုလ်ဖြစ်သည် ဟုယူ၍ ဒါန, သီလ မပြုသဖြင့် အပါယ်ငရဲ ကျတတ်၏၊

သဒ္ဓါ, ပညာ ညီမျှလျှင်၊ ဝါ-ယုံကြည်နိုင်သလောက် စဉ်းစားနိုင်၍ စဉ်းစားနိုင် သလောက် ယုံကြည်နိုင်လျှင် ကြည်ညိုသင့်သောဝတ္ထု၌သာ ကြည်ညိုသည်မည်၏။

သမာဓိလွန်လျှင် ငြိမ်လွန်းသောကြောင့် ပျင်းရိတတ်သည်၊ ဝီရိယလွန်လျှင် ဗျာများ သောကြောင့် စိတ်ပြန့်လွင့်တတ်သည်၊ သမာဓိ, ဝီရိယ ညီမျှလျှင်၊ ဝါ- ငြိမ်သက် တည်ကြည်သလောက် လုံ့လရှိ၍ လုံ့လရှိသလောက် တည်ကြည်လျှင် ဈာန်အပ္ပနာ ဖြစ်စေနိုင်၏။

လွန်သင့်သောဣန္ဒြေ

သမထ အားထုတ်သူအား သဒ္ဓါလွန်လျှင် သင့်၏၊ သက်ဝင်ယုံကြည်၍ ဈာန်ရနိုင်၏၊
သမာဓိလွန်လျှင် သာ၍သင့်သည်၊ ဈာန်ရလွယ်သည်။

ဝိပဿနာ အားထုတ်သူအား ပညာလွန်လျှင် သင့်၏၊ လက္ခဏာရေး သုံးပါးတို့ကို ထိုးထွင်း၍ သိလွယ်၏၊ သဒ္ဓါ, ပညာ ညီမျှသောအခါ မဂ်ဖိုလ်ရ၏။

သတိကား - နေရာမရွေး လွန်သင့်၏၊
စိတ်သည် သဒ္ဓါ ပညာ,ဝီရိယတို့ကြောင့် ပြန့်လွင့်တတ်သည်၊
သမာဓိကြောင့် ပျင်းရိတတ်သည်၊
သတိ စောင့်ရှောက်လျှင် ပြန့်လွင့်ခြင်း, ပျင်းရိခြင်းမဖြစ်၊
ဟင်း၌ဆား, မင်းကိစ္စ၌ အမတ်ကြီးကဲ့သို့ ကိစ္စအားလုံး၌ သတိကို အလိုရှိအပ်၏၊
သတိသည် စောင့်ရှောက်သောအခြင်းအရာရှိ၏၊
စိတ်သည် သတိကို အားထား၏၊
သတိကင်းလျှင် စိတ်ကိုချီးမြှောက်၍လည်းမရ၊ နှိပ်ကွပ်၍လည်းမရ။

ဓမ္မဝိစယဖြစ်ကြောင်းပြီး၏။

ဝီရိယဖြစ်ကြောင်း

လုံ့လ အားထုတ်ခြင်း၌ ယောနိသောသည် ဝီရိယကြောင်း, တိုးပွားကြောင်းဖြစ်၏။

တနည်းကား-

၁။ အပါယ်ဘေး ဆင်ခြင်ရမည်။
၂။ ဝီရိယကျိုး ဆင်ခြင်ရမည်။
၃။ သွားလမ်း ဆင်ခြင်ရမည်။
၄။ ဆွမ်း ရိုသေရမည်။
၅။ အမွေမြတ် ဆင်ခြင်ရမည်။
၆။ ဆရာမြတ် ဆင်ခြင်ရမည်။
၇။ အမျိုးမြတ် ဆင်ခြင်ရမည်။
၈။ သီတင်းသုံးဘော်မြတ် ဆင်ခြင်ရမည်။
၉။ ပျင်းရိသူကို ရှောင်ကြဉ်ရမည်။
၁၀။ လုံ့လရှိသူကို မှီဝဲရမည်။
၁၁။ ဝီရိယ ဖြစ်စိမ့်သောငှါ ညွတ်ကိုင်းသောစိတ် ရှိရမည်။

ဤတဆဲ့တပါးသည် ဝီရိယဖြစ်ခြင်းငှါ စွမ်းနိုင်၏၊
အရဟတ္တမဂ်သည် ဝီရိယဘာဝနာ ပြည့်စုံကြောင်း ဖြစ်၏။

အပါယ်ဆင်ခြင်ပုံ

ငါသည် ငရဲ ခံနေရစဉ် ဝီရိယသမ္ဗောဇ္ဈင်ကို အားထုတ်ခွင့်မရ၊ ယခုဘုရားရှင် သာသနာနှင့် တွေ့ကြုံသောအခါသည် ဝီရိယအားထုတ်ခြင်းငှါ အခါကောင်းဖြစ်၏၊

ငါသည် ပိုက်ကွန်၌မိသော တိရစ္ဆာန်ဖြစ်စဉ်၊
လှည်းရုန်းသော တိရစ္ဆာန်ဖြစ်စဉ်၊
လွန်စွာပွတ်သိပ်လှသော ပြိတ္တာဖြစ်စဉ်၊
အတောင်ရှစ်ဆယ်ခန့် အရိုးအရေမျှ ရှိသော ကာလကဉ္စိက အသူရကာယ်ဖြစ်၍ လေ, နေပူ၌ ဒုက္ခခံနေရစဉ် ဝီရိယကို အားထုတ်ခွင့်မရ၊

ယခုသာသနာနှင့် တွေ့ကြုံသောအခါသည် ဝီရိယ အားထုတ်ခြင်းငှါ ငါ့အား အခါကောင်းဖြစ်၏’ဟု အပါယ်ဘေးကို ဆင်ခြင်ရမည်။

ဝီရိယကျိုးဆင်ခြင်ပုံ

လောကုတ္တရာ တရားအရသာ ကိုးပါးကို ပျင်းရိသူမရ၊ လုံ့လရှိသူမှရသည် - ဟု ဝီရိယကျိုးကို ဆင်ခြင်ရမည်။

သွားလမ်းဆင်ခြင်ပုံ

ဘုရား ရဟန္တာတို့ သွားသော လမ်းကို သင်သွားသင့်၏၊
သူတော်ကောင်းလမ်းသို့ သွားခြင်းငှါ မဝံ့လေသလော-ဟု သွားလမ်းဆင်ခြင်ရမည်။

ဆွမ်းရိုသေခြင်း

ဆွမ်းစသော ပစ္စည်းလေးပါး လှူသူတို့သည် ငါ၏အမိဘက်မှ, အဘဘက်မှ ဆွေမျိုး မဟုတ်ကြ၊ ငါ၏ထံမှ ပရိယေသန စသော ယခုဘဝ အကျိုးကို တောင့်တ၍ လှူသည်လည်း မဟုတ်ကြ၊ မိမိ၏ကုသိုလ် အကျိုးကြီးစေခြင်းငှါ သီလ, သမာဓိ, ပညာဂုဏ်ကို ကြည်ညို၍ လှူဒါန်းကြ၏၊ ဤဆွမ်းကိုစား၍ ဝဝဖြိုးဖြိုး တောင့်တင်းစွာ နေခြင်းငှါ ဘုရားရှင် ခွင့်ပြုသည်မဟုတ်၊ ရဟန်းတရားအား ထုတ်၍ ဝဋ်ဆင်းရဲမှ လွတ်စေခြင်းငှါ ခွင့်ပြုတော်မူသည်၊ ပျင်းရိသူသည် ဘုရားရှင်၏ဆွမ်းကို ရိုသေသော သူ ဖြစ်နိုင်အံ့လော’ဟု ဆင်ခြင်ရမည်။

ဘုရား၏ဆွမ်းလော

[ယခု ရဟန်းများ သုံးဆောင်သောဆွမ်းသည် ဘုရား၏ ဆွမ်းလော၊ ဒါယကာတို့ လှူသော ဆွမ်းလော၊ ချစ်သားတို့ ... ဆွမ်းခံ သွား၍ရသောဆွမ်းကို သုံးဆောင်ခြင်းငှါ ငါဘုရား ခွင့်ပြု၏၊ ဘုန်းကံကြီးသူဖြစ်လျှင် ဒါယကာတို့ ပင့်ဖိတ်၍ လှူဒါန်းသော ဆွမ်းကိုလည်း ခွင့်ပြု၏ - ဟု ဘုရားရှင်ခွင့်ပြုသည်၊ ထို့ကြောင့် ဘုရား၏ဆွမ်း မည်၏၊ ဘုရား၏ဆွမ်းဖြစ်မှ ရဟန်း စားကောင်းသည်၊ ဘုရားရှင် ခွင့်မပြုသော ကုလဒူသန, အနေသနဆွမ်းတို့သည် ဘုရား၏ဆွမ်းမဟုတ်၊ မစားကောင်း၊ မိဘ လှူစေကာမူ အသားကြီးဆယ်ပါး, ရဟန်းအားကျွေးရန် ရည်စူး၍ သတ်သော အသား တို့သည် ဘုရားပစ္စည်း မဟုတ်သောကြောင့် မစားကောင်းကုန်၊]

တနည်း -

ချစ်သားတို့ ... ငါဘုရား၏ အာမိသ အမွေကို နှစ်သက်စွာ မခံယူကြလင့်၊ ဓမ္မအမွေကိုသာ နှစ်သက်စွာခံယူကြလော့’ဟု မိန့်တော်မူ၏၊ ထိုကြောင့်လည်း ဆွမ်းစသော အာမိသသည်ဘုရား၏ ပစ္စည်းသာ ဖြစ်၏။

တနည်း -

ဒါယကာတို့သည် ဘုရားရှင် ဂုဏ်ကျေးဇူးကို ယုံကြည် အားထား၍သာလျှင် ကောင်းကျိုး တောင့်တ၍လှူဒါန်းကုန်၏။ ထို့ကြောင့်လည်း ဘုရား၏ ပစ္စည်းတို့သာ ဖြစ်ကုန်၏။

ဤစကားတို့ဖြင့် ဆွမ်းလှူသူတို့၏ မျက်နှာငဲ့စရာ အကြောင်းမရှိခြင်းကို၎င်း, ဘုရား၏ မျက်နှာသာ ငဲ့စရာအကြောင်း ရှိသည်ကို၎င်း-ဟု သိအပ်၏၊

ထို စကားဆိုသင့်ကြောင်း ရှိသေး၏၊

ဒါယကာတို့ လှူဒါန်းစဉ်ကပင် နိဗ္ဗာနပစ္စယောဟောတု-စသည်ဖြင့် တောင့်တကြ၏၊ မေတ္တာရိအလကား ပေးလှူသည် မဟုတ်၊ ဘုရားရှင်ထံ မသေနိုင်သော နိဗ္ဗာန်နှင့် ယုံကြည်စွာ လဲလှယ်ပြီးပြီ၊ ယင်းသို့ဖြစ်လျက် နောက်ထပ်လျှင် ငဲ့သူအားသာ ရှုံးရာ၏၊ ဝါ-ဘုရားဘက်က ရှုံးရာ၏။

ဝိနည်းကျမ်းတို့လည်း -

ပစ္စည်းလေးပါး လှူသူအား သစ်သီး, သစ်ပွင့်စသည် မပေးအပ်၊ ဝေယျာဝစ္စပြုသူ အားကား ပေးအပ်၏-ဟု ဆိုပြီ၊

ဝဋ်ဆင်းရဲမှ လွတ်ကြောင်း တရားစကားကိုကား ပစ္စည်းလှူသူ, မလှူသူ၊ ဝေယျာဝစ္စ ပြုသူ, မပြုသူအားလုံးတို့အား ဟောအပ်သည်သာတည်း။

[ဤကားဘုရား၏ ဆွမ်းဖြစ်ပုံတည်း၊ ထို့ကြောင့် ဘုရား၏ ဆွမ်းကိုရိုသေအပ်၏။]

ဆွမ်းရိုသေသော မထေရ်

ကဿကလိုဏ်၌ နေသော မဟာမိတ္တသည် ဆွမ်းကို ရိုသေလှ၏၊ မိခင်အရာ၌ တည်၍ ပြုစုသော ဒါယိကာမကြီးတဦးသည်- “ချစ်သမီး … ငါ တောသို့သွားဦးမည်၊ သင့်မောင်တော် ကြွလာလျှင် ထောပတ်, တင်လဲနှင့်ရောသော နို့ဆွမ်းချက်လှူလိုက်၊ အကြွင်းကို သမီးစား၊ ငါကားထမင်းချမ်းနှင့် ပအုန်းရည် စားပြီးပြီ၊ နေ့စာအတွက် ဆန်ကွဲနှင့် ဟင်းရွက် ကျိုထားလိုက်” ဟု ပြောဆို၏၊

ထိုစကားကို မဟာမိတ္တမထေရ်သည် သပိတ်အိတ်မှ သပိတ်ထုတ်စဉ် အဘိညာဏ်ဖြင့် ကြားလတ်သော် ရွာအနီး ရောက်ပြီးမှ ကျောင်းသို့ပြန်သွား၍- “ဤဆွမ်းကို ရာဂ, ဒေါသ မကင်းဘဲ မစားသင့်၊ ရဟန္တာဖြစ်မှ ဆွမ်းခံ သွားမည်” .... ဟု ဓိဋ္ဌာန်ပြု၏၊ အပ္ပမာဒတရား အားကြီးသည်အလျောက် နံနက်အချိန်ပင် ရဟန္တာ အဖြစ်သို့ ရောက်၏။

ရဟန္တာဖြစ်၍ ဆွမ်းခံကြွသွားပြီးလျှင် “သုခီဟောတု” ဟု အနုမောဒနာပြု၍ ပြန်ကြွ၏၊ သတို့သမီးသည် မိခင် ရောက်လာသောအခါ ... “မိခင် ... ယနေ့ အရှင်မိတ္တသည် နေမြင့်မှ ဆွမ်းခံကြွလာ၏၊ အရှင်မြတ်၏ အရေအဆင်းသည် ယနေ့အထူးသဖြင့် ကြည်လင်၏၊ စက္ခုစသော ဣန္ဒြေတို့လည်း အထူးသဖြင့် ငြိမ်သက်တည်ကြည် ကုန်၏” ဟု ဆို၏၊ ထိုအခါ မိခင်က “ချစ်သမီး ... ယနေ့ ငါ့သား ရဟန်း ကိစ္စပြီးငြိမ်းပြီ” ဟု ဆိုသတတ်။

အမွေမြတ် ဆင်ခြင်ခြင်းတို့

မိဘအမွေကို သားဆိုး မရသကဲ့သို့ ရတနာ ခုနစ်ပါး ဘုရားအမွေကို လုံ့လမရှိသော ရဟန်းမရနိုင်၊ သင်သည် အဘိုးတန် အမွေအနှစ်ကို အလိုမရှိလေသသော-ဟု ဆင်ခြင်ရမည်။

သင့်ဆရာ ဘုရားမြတ်စွာသည် သန္ဓေယူသောအခါ, တောထွက်သောအခါ, ဘုရားဖြစ်, ဓမ္မစကြာဟော, တန်ခိုးအစုံပြ, နတ်ပြည်မှဆင်း, အာယုသင်္ခါရလွှတ်, နိဗ္ဗာန်ဝင်သောအခါတို့၌ လောကဓာတ်တသောင်း လှုပ်သည်၊ ဤသို့သော ဆရာ ဘုရားမြတ်စွာ၏ တပည့်ဖြစ်လျက် ပျင်းရိခြင်းငှါ သင့်တော်နိုင်အံ့လော ဟု ဆင်ခြင်ရမည်။

သင်သည် ယခုအခါ သာကီဝင်မင်းမျိုး ဖြစ်ပြီ၊ သုဒ္ဓေါဒနမင်းကြီး၏ မြေးဖြစ်ပြီ၊ ရာဟုလာ၏ ညီထွေးဖြစ်ပြီ၊ ဤမျှလောက် အမျိုးဇာတ်မြတ်သော ဘုရား၏ သားတော်တဦး ဖြစ်လျက် ပျင်းရိခြင်းသည် သင့်အား သင့်တော်နိုင်အံ့လော .... ဟု ဆင်ခြင်ရမည်။

အဂ္ဂသာဝက မဟာသာဝက - ရှင်သာရိပုတြာ ရှင်မောဂ္ဂလာန် စသည်တို့သည် ၂၂၇-ပါးကို သင်နှင့် အတူတကွ ကျင့်ကြသော သီတင်းသုံးဘော်တို့ ဖြစ်ကုန်၏၊ သီတင်းသုံးဘော်တို့ သွားသောလမ်းကို သင်သွားနိုင်မည်လော၊ မသွားနိုင်မည်လော .... ဟု ဆင်ခြင်ရမည်။

ဝမ်းအပြည့်စားသော စပါးကြီးပမာ လုံ့လ ကင်းကွာသူကို ဝေးစွာ ရှောင်ရမည်၊ နိဗ္ဗာန်သို့ စေလွှတ်သောစိတ် ရှိသူကို မှီဝဲရမည်၊ ရပ်ရာ, ထိုင်ရာ စသည်တို့၌ ဝီရိယ ဖြစ်စိမ့်သောငှါ ညွတ်ကိုင်းရှိုင်းသောစိတ် ရှိရမည်။

ဝီရိယဖြစ်ကြောင်းပြီး၏။

ပီတိဖြစ်ကြောင်း

ပီတိသမ္ဗောဇ္ဈင်ဖြစ်အောင် အသင့်အတင့် နှလုံးသွင်းခြင်းသည် ယောနိသော မည်၏၊ ပီတိဖြစ်ခြင်းငှါ ယောနိသောသည် ပီတိဖြစ်ကြောင်း, တိုးပွားကြောင်းဖြစ်၏။

တနည်းကား-

၁။ ဘုရားဂုဏ်အဖန်ဖန် အောက်မေ့ရမည်
၂။ တရားဂုဏ် အောက်မေ့ရမည်။
၃။ သံဃာဂုဏ် အောက်မေ့ရမည်။
၄။ မိမိ၏စင်ကြယ်သော သီလဂုဏ်ကိုဆင်ခြင်၍ အဖန်ဖန် အောက်မေ့ရမည်။
၅။ ခေါင်းပါးသောအခါ လှူဒါန်းဖူးသည်ကို ဆင်ခြင်၍ စွန့်ကြဲခြင်းဂုဏ်ကို အောက်မေ့ရမည်။
၆။ နတ်တို့သည် သဒ္ဓါ, ပညာ စသည်တို့ ရှိခဲ့ကြဘူး၏၊
ငါ၌လည်း ယခုရှိ၏-ဟုမိမိ၏ သဒ္ဓါ, ပညာစသည်ကို ဆင်ခြင်၍ အောက်မေ့ရမည်။
၇။ သမာပတ်ဖြင့် နှစ်ပေါင်းများစွာခွာ၍ ကိလေသာ ငြိမ်းခြင်းကို ဆင်ခြင်ပြီးလျှင် မိမိ၌ ကိလေသာ ငြိမ်းခြင်းကို အောက်မေ့ရမည်။
၈။ လူခပုဂ္ဂိုလ်ကို ရှောင်ကြဉ်ရမည်။
၉။ သိနိဒ္ဓပုဂ္ဂိုလ်ကို မှီဝဲရမည်။
၁၀။ ကြည်ညိုဘွယ်ကောင်းသော ရတနာသုံးပါးဂုဏ်ပြ ဒေသနာတို့ကို ဆင်ခြင် ရမည်။
၁၁။ ပီတိဖြစ်စိမ့်သောငှါ ညွတ်ကိုင်းသောစိတ် ရှိရမည်။

ဤ တဆဲ့တပါးသည် ပီတိဖြစ်ခြင်းငှါ စွမ်းနိုင်၏၊
အရဟတ္တမဂ်သည် ပီတိဘာဝနာ ပြည့်စုံကြောင်းဖြစ်၏။

ဤ၌ --
ဘုရားရှိခိုးခြင်း၌ အလေးမပြုသောသူ၊
မထေရ်ကြီးများထံ ဆည်းကပ်ခြင်း၌ အလေးမပြုသောသူ၊
ဘုရားစသည်တို့၌ ကြည်ညိုခြင်း, ချစ်ခင်ခြင်း, မြတ်နိုးခြင်း မရှိသော သူတို့သည် လူခပုဂ္ဂိုလ် မည်၏၊

မြည်းကျောက်ကုန်း၌ရှိသော မြူနှင့် တူ၏၊ ဝေးစွာရှောင်ကြဉ်အပ်၏။

[ပင်ကိုယ် ကြမ်းသော မြူသည် မြည်းကျောက်ကုန်း၌ ကျလျှင် အထူးသဖြင့် ကြမ်းသကဲ့သို့ ထင်ရှား၏၊ ထို့ကြောင့် မြည်းကျောက်ကုန်း မြူဖြင့် ပမာပြုသည်။]

ဘုရားစသည်တို့ ကြည်ညိုစိတ်ရှိသောသူ၊
နူးညံ့ သိမ်မွေ့သောသဘောရှိသော သူတို့သည် သိနိဒ္ဓပုဂ္ဂိုလ် မည်၏၊
မှီဝဲဆည်းကပ်၏၊

ပီတိဖြစ်ကြောင်း ပြီး၏။

ပဿဒ္ဓိဖြစ်ကြောင်း

စိတ်, စေတသိက် ငြိမ်းအေးခြင်း ယောနိသောသည် ပဿဒ္ဓိ ဖြစ်ကြောင်း, တိုးပွားကြောင်း ဖြစ်၏။

တနည်းကား-

၁။ လျောက်ပတ်သော ဘောဇဉ်ကို မှီဝဲရမည်။
၂။ လျောက်ပတ်သော ဥတုကို မှီဝဲရမည်။
၃။ လျောက်ပတ်သော ဣရိယာပုထ်ကို မှီဝဲရမည်။
၄။ မဇ္ဈတ္တပယောဂ ရှိရမည်။
၅။ ပူပန်သူကို ရှောင်ကြဉ်ရမည်။
၆။ ငြိမ်းအေးသူကို မှီဝဲရမည်။
၇။ ပဿဒ္ဓိ ဖြစ်စိမ့်သောငှါ ညွတ်ကိုင်းသောစိတ် ရှိရမည်။

ဤခုနစ်ပါးသည် ပဿဒ္ဓိ ဖြစ်ခြင်းငှါ စွမ်းနိုင်ကုန်၏၊
အရဟတ္တမဂ်သည် ပဿဒ္ဓိဘာဝနာ ပြည့်စုံကြောင်းဖြစ်၏။

ဤ၌ ဘုန်းကံထူးသော မဟာပုရိသတို့သည် ဥတုတိုင်း, ဣရိယာပုထ်တိုင်းနှင့် သင့်ကုန်၏၊ သင့်, မသင့်ရွေးချယ်ဘွယ် မရှိ၊ မဟာပုရိသမှ တပါးသော သူတို့ကား သင့်သောဥတု, သင့်သော ဣရိယာပုထ်ကို မှီဝဲရမည်။

မိမိ၏၎င်း, သူတပါး၏၎င်း ကံသာလျှင် မိမိဥစ္စာရှိသည် အဖြစ်ကိုဆင်ခြင်ခြင်းသည် မဇ္ဈတ္တပယောဂ မည်၏။ မိမိအား၎င်း, သူတပါးအား၎င်း ကိုယ်ချင်တိုင်းမဖြစ်၊ ကံအား လျော်စွာသာဖြစ်သည်-ဟု ဆင်ခြင်လျှင်ကိုယ်စိတ်အပူငြိမ်းခြင်း ပဿဒ္ဓိ ဖြစ်၏

တုတ်လှံတံတို့ဖြင့် သူတပါးကို ညှဉ်းဆဲလျက် လှည့်လည်သောသူသည် ပူပန်သူ မည်၏၊ လက်ခြေ စောင့်စည်းသော သူသည် ငြိမ်းအေးသူ မည်၏၊ ပူပန်သူကို ရှောင်ကြဉ်သောသူ, ငြိမ်းအေးသူကို မှီဝဲသော သူတို့အား ပဿဒ္ဓိဖြစ်၏။

ပဿဒ္ဓိဖြစ်ကြောင်းပြီး၏။

သမာဓိဖြစ်ကြောင်း

မပြန့်လွင့်သော သမထနိမိတ်ယောနိသောသည် သမာဓိဖြစ်ကြောင်း, တိုးပွားကြောင်း ဖြစ်၏။

တနည်းကား-

၁။ ကိုယ်တွင်း ကိုယ်ပ ဝတ္ထုစင်ကြယ်စေရမည်။
၂။ ဣန္ဒြေငါးပါး ညီမျှစေရမည်။
၃။ ကသိုဏ်းနိမိတ်သင်ယူခြင်း၌ လိမ်မာရမည်။
၄။ စိတ်ကို ချီးမြောက် သင့်သောအခါ ချီးမြှောက်ရမည်။
၅။ နှိပ်သင့်သောအခါ နှိပ်ရမည်။
၆။ ရွှင်စေသင့်သောအခါ ရွှင်စေရမည်။
၇။ လျစ်လျူရှုသင့်သောအခါ လျစ်လျူရှုရမည်။
၈။ မတည်ကြည်သောသူကို ရှောင်ကြဉ်ရမည်။
၉။ တည်ကြည်သောသူကို မှီဝဲရမည်။
၁၀။ ဈာန်မဂ်ဖိုလ်ကို ဆင်ခြင်ရမည်။
၁၁။ သမာဓိဖြစ်မိမ့်သောငှါ ညွှတ်ကိုင်းသောစိတ် ရှိရမည်။

ဤ တဆဲ့တပါးသည် သမာဓိဖြစ်ခြင်းငှါ စွမ်းနိုင်၏၊
အရဟတ္တမဂ်သည် သမာဓိဘာဝနာ ပြည့်စုံကြောင်း ဖြစ်၏၊

ဤ၌ ဝီရိယလျော့၍ စိတ်တွန့်သောအခါ ဓမ္မဝိစယ, ဝီရိယ, ပီတိတို့ဖြင့် ချီးမြှောက်ရမည်၊

ဝီရိယလွန်၍ စိတ်ပြန့်လွင့်သောအခါ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာတို့ဖြင့် နှိပ်ရမည်၊

ပညာအယှဉ်နည်းခြင်း, ငြိမ်သက်သော သုခမရခြင်း တို့ကြောင့် စိတ်မသာမယာ ဖြစ်သောအခါ သံဝေဂဝတ္ထုကို ဆင်ခြင်၍ ထိတ်လန့်စေရမည်၊ ရတနာသုံးပါး ဂုဏ်ကို အောက်မေ့၍ ကြည်ညိုစေရမည်၊

ထိတ်လန့်ခြင်း, ကြည်ညိုခြင်းတို့ဖြင့် ထက်သန်ခြင်းသည်၎င်း, နှစ်သက်ခြင်း သည်၎င်း ရွှင်စေသည်မည်၏၊ တွန့်ခြင်း, ပြန့်ခြင်းကင်း၍ သမာဓိလမ်း ဖြောင့်သော အခါ လျစ်လျူရှုရမည်။

၁။ ဇာတိ-ပဋိသန္ဓေဘေး၊
၂။ ဇရာ-အိုဘေး၊
၃။ ဗျာဓိ-နာဘေး၊
၄။ မရဏ-သေဘေး၊
၅။ အပါယဒုက္ခ-အပါယ်၌ ဖြစ်သော ဆင်းရဲ
၆။ အတီတဝဋ္ဋမူလကဒုက္ခ- အတိတ် ဝဋ်ကြောင့် ဖြစ် သော ဆင်းရဲ၊
၇။ အနာဂတဝဋ္ဋမူလကဒုက္ခ- အနာဂတ် ဝဋ်ကြောင့် ဖြစ်သော ဆင်းရဲ၊
၈။ ပစ္စုပ္ပန္န အာဟာရ ပရိယေဋ္ဌိမူလကဒုက္ခ - ပစ္စုပ္ပန် အာဟာရ ပရိယေသနကြောင့် ဖြစ်သောဆင်းရဲ။

ဤရှစ်ပါးသည် သံဝေဂဝတ္ထုရှစ်ပါးမည်၏။

သမာဓိဖြစ်ကြောင်းပြီး၏။

ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ကြောင်း

လျစ်လျူရှုခြင်း၌ သင့်တင့်အောင် နှလုံးသွင်းခြင်းသည် ဥပေက္ခာ သမ္ဗောဇ္ဈင် ဖြစ်ကြောင်း, တိုးပွားကြောင်းဖြစ်၏။

တနည်းကား-

၁။ သတ္တဝါ၌ လျစ်လျူရှုရမည်။
၂။ သင်္ခါရ၌ လျစ်လျူရှုရမည်။
၃။ သတ္တဝါသင်္ခါရတို့၌ စုံမက်တတ်သောသူကို ရှောင်ကြဉ်ရမည်။
၄။ သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုတတ်သောပုဂ္ဂိုလ်ကို မှီဝဲရမည်။
၅။ ဥပေက္ခာ သမ္ဗောဇ္ဈင် ဖြစ်စိမ့်သောငှါ ညွတ်ကိုင်းသောစိတ် ရှိရမည်။

ဤ ငါးပါးသည် ဥပေက္ခာ ဖြစ်ခြင်းငှါ စွမ်းနိုင်၏၊
အရဟတ္တမဂ်သည် ဥပေက္ခာဘာဝနာ ပြည့်စုံကြောင်းဖြစ်၏။

ဤ၌ ကိုယ့်ကံဖြင့် ကိုယ်, သူ့ကံဖြင့်သူ - တဘဝမှလာ၍ တဘဝ သွားလတ္တံ့၊ သင်အဘယ်သူကို မြတ်နိုးသနည်း-ဟု ကမ္မဿကတာကို ဆင်ခြင်လျှင် သတ္တဝါ၌ လျစ်လျူရှုသည် မည်၏၊ ပရမတ္ထအားဖြင့် သတ္တဝါမည်သည် မရှိ၊ အသင် အဘယ် သတ္တဝါကို မြတ်နိုးသနည်း-ဟု နိဿတ္တကို ဆင်ခြင်လျှင်လည်း သတ္တဝါ၌ လျစ်လျူရှုသည် မည်၏။

ဤ အဝတ်သင်္ကန်း ပရိက္ခရာ စသည်တို့သည် အစဉ်အတိုင်းအားဖြင့် ဟောင်းနွမ်း စုတ်ပြတ်၍ တနေ့ကျလျှင် စွန့်ပစ်ခြင်းသို့ ရောက်ကုန်လတ္တံ့၊ ပိုင်ဆိုင်သော သခင်ရှိပါမူကား အပျက်ခံမည် မဟုတ်-ဟု သခင်မရှိခြင်းကို ဆင်ခြင်လျှင် သင်္ခါရ၌ လျစ်လျူရှုသည် မည်၏။ ဤပရိက္ခရာတို့သည် အရှည်မခံ၊ အခိုက်အတန့်တို့သာ တည်းဟု အခိုက်အတန့် သဘောကို ဆင်ခြင်လျှင်လည်း သင်္ခါရ၌ လျစ်လျူရှုသည် မည်၏။

မိမိသားသမီး, မိမိတပည့်တို့ကို မခိုင်းရက် မခွာရက် ချစ်ခင်မြတ်နိုးသောသူ, မိမိ ပရိက္ခရာတို့ကို မကိုင်ရက် မငှါးရက် စုံမက်သောသူတို့ကို ဝေးစွာ ရှောင်ကြဉ်ရမည်။

ဥပေက္ခာ ဖြစ်ကြောင်းပြီး၏။

ဗောဇ္ဈင်္ဂပဗ္ဗပြီး၏။

၃၁ - မဂ်ခဏ လေးမည်

ဓမ္မာနုနီဝရဏပဗ္ဗ, ဗောဇ္ဈင်္ဂပဗ္ဗ နှစ်ခုလုံး ဝိပဿနာချည်းသာတည်း၊ ဝေဒနာနု, စိတ္တာနု တို့၌လည်း ဝိပဿနာချည်းသာတည်း။

ဤ သတိပဋ္ဌာန် လေးပါးတို့သည် မဂ်မရမီ ရှေးအဘို့၌ စိတ်အသီးသီး၌ ဖြစ်ကုန်၏၊ မဂ်ခဏ၌ စိတ်တခုတည်း၌ တပြိုင်တည်း ဖြစ်ကုန်၏။

အပေါင်းကာယကို သိမ်းဆည်းသော မဟာကုသိုလ် ဝိပဿနာနှင့် ယှဉ်သော သတိသည် ကာယာနုပဿနာ မည်၏။

ထိုသတိရှိသောသူသည် ကာယာနုပဿီ မည်၏၊

ဝိပဿနာ အဆင့်ဆင့်ဖြင့် မဂ်ရသောအခါ မဂ်ဝိပဿနာ နှင့်ယှဉ်သော သတိသည် ကာယာနုပဿနာမည်၏၊

ထိုသတိရှိသော မဂ်ပုဂ္ဂိုလ်သည် ကာယာနုပဿီ မည်၏။

ဝေဒနာကို၊ စိတ္တကို၊ ဓမ္မကို သိမ်းဆည်းရာ၌လည်း ဤအတူ ဓမ္မနုပဿီမည်၏။

[ဤကားပုဂ္ဂိုလ်အားဖြင့် ပြခြင်းတည်း။]

ဓမ္မအားဖြင့်ကား -

၁။ အပေါင်းကာယ၌ သုဘဟူသော ဝိပလ္လာသ ဖြစ်တတ်သည်၊ ဝါ- တင့်တယ်၏ဟု ဖောက်ပြန်တတ်သည်၊ အပေါင်းကာယကို သိမ်းဆည်းသော သတိဖြင့် ထိုသုဘ ဟူသော ဝိပလ္လာသကို မဂ်မရမချင်း အကြိမ်ကြိမ် ပယ်ရသည်၊ မဂ်ရမှ အပြီးသတ်သည်၊ ဤသတိသည် ကာယာနုပဿနာ မည်၏။

၂။ ဝေဒနာ၌ သုခဟုဖောက်ပြန်တတ်သည်၊ ဝေဒနာကို သိမ်းဆည်းသောသတိဖြင့် ထိုသုခဟူသော ဝိပလ္လာသကို မဂ်မရမချင်း ပယ်ရသည်၊ မဂ်ရမှအပြီးသတ်သည်၊ ဤသတိသည် ဝေဒနာနုပဿနာ မည်၏။

၃။ စိတ္တ၌နိစ္စဟု ဖောက်ပြန်တတ်သည်၊ စိတ္တကို သိမ်းဆည်းသော သတိဖြင့် ထိုနိစ္စ ဟူသော ဝိပလ္လာသကို မဂ်မရမချင်း ပယ်ရသည်၊ မဂ်ရမှ အပြီးသတ်သည်၊ ဤ သတိသည် စိတ္တာနုပဿနာ မည်၏။

၄။ ဓမ္မ၌ အတ္တဟု ဖောက်ပြန်တတ်သည်၊ ဓမ္မတို့ကို သိမ်းဆည်းသော သတိဖြင့် ထို အတ္တ ဟူသော ဝိပလ္လာသကို မဂ်မရမချင်း ပယ်ရသည်၊ မဂ်ရမှ အပြီးသတ်သည်၊ ဤ သတိသည် ဓမ္မာနုပဿနာ မည်၏။

ဤသို့မဂ်သည် တကြိမ်သာဖြစ်၍ မဂ်နှင့်ယှဉ်သော သတိလည်း တခုတည်းသာ ဖြစ်လျက် လေးကိစ္စ ပြီးစေသောကြောင့် လေးမည် ရသည်၊ ထို့ကြောင့် မဂ်ခဏ၌ စိတ်တခုတည်း၌ တပြိုင်တည်း ဖြစ်ကုန်၏-ဟု ဆိုအပ်ပြီ။

ဓမ္မာနုပဿနာ နိဒ္ဒေသ ပြီး၏၊

၃၂ - နိဂုံး

မဟာသတိပဋ္ဌာနသုတ်အဆုံး၌ -

၁။ ချစ်သားတို့ ... အမှတ်မရှိ ရဟန်းရှင်လူသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ဆိုပြီးသော ဘာဝနာစဉ်ဖြင့် ခုနစ်နှစ် အားထုတ်အံ့၊ ထိုသူအား မျက်မှောက်ဘဝ၌ပင် ဖိုလ်နှစ်ပါးတို့တွင် တပါးပါးကို အလိုရှိအပ်၏၊ အရဟတ္တဖိုလ်သော်လည်း ဖြစ်လတ္တံ့ ၊ အနာဂါမိဖိုလ်သော်လည်း ဖြစ်လတ္တံ့။

၂။ ချစ်သားတို့ ... ခုနစ်နှစ် ထားဘိဦး၊ ခြောက်နှစ်, ငါးနှစ်, လေးနှစ်, သုံးနှစ်, နှစ်နှစ်, တနှစ် အားထုတ်အံ့၊ တနှစ်ထားဘိဦး၊ ခုနစ်လ အားထုတ်အံ့၊ ဖိုလ် နှစ်ပါး တပါးပါး အလိုရှိအပ်၏။

၃။ ချစ်သားတို့ .... ခုနစ်လ ထားဘိဦး၊ ခြောက်လ, ငါးလ, လေးလ, သုံးလ, နှစ်လ, တလ, လခွဲအားထုတ်အံ့၊ လခွဲထားဘိဦး၊ ခုနစ်ရက် အားထုတ်အံ့၊ ဖိုလ်နှစ်ပါး တပါးပါး အလိုရှိအပ်၏၊ အရဟတ္တဖိုလ်သော်လည်း ဖြစ်လတ္တံ့၊ အနာဂါမိဖိုလ် သော်လည်း ဖြစ်လတ္တံ့။

၄။ ချစ်သားတို့ ... ဤသတိပဋ္ဌာန် လေးပါးသည် သတ္တဝါတို့ စင်ကြယ်ခြင်းငှါ, သောက ပရိဒေဝတို့ကို လွန်မြောက်ခြင်းငှါ, ဒုက္ခဒေါမနဿတို့၏ ချုပ်ခြင်းငှါ, အဋ္ဌင်္ဂိကမဂ္ဂင် ရခြင်းငှါ, နိဗ္ဗာန် မျက်မှောက်ပြုခြင်းငှါ နှစ်ခွမပြောင်း တကြောင်း တည်းသော လမ်းခရီးဖြစ်၏ - ဟုဟောတော်မူသည်။

အဋ္ဌကထာ၌--

ခုနစ်နှစ်၏ အစွမ်းဖြင့် သာသနာတော်၏ ဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်ကြောင်းကို ပြသည်။ အနည်းငယ်သော ကာလဖြင့်လည်း ထွက်မြောက်နိုင်ကြောင်းကို ပြသည်၊ ဤ စကားရပ်ကို ဉာဏ်အလယ်အလတ်ရှိသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် ဟောသည်၊ ဉာဏ်ထက်မြက်သောသူကား နံနက် ဆုံးမလျှင် ညချမ်း၌၊ ညချမ်းဆုံးမလျှင် နံနက်၌ တရားထူး ရသည်-ဟုဆို၏။

ဤစကားရပ်တို့ဖြင့် ဤသတိပဋ္ဌာန်သည် ကာလအပိုင်းအခြား တာဝန်ခံရှိကြောင်း ထင်ရှား၏၊

ထို့ကြောင့် ဉာဏ်အလယ်အလတ် မရှိသူ ဖြစ်စေဦးတော့၊ မဂ်ဖိုလ်အတွက် မျိုးကောင်း မျိုးသန့် ဧကန်ရလတ္တံ့-ဟု ယုံကြည်အပ်၏၊ ဝါ-ဘုရားလောင်းတို့၏ အာဂမနီယ သဒ္ဓါမျိုး, အရိယာပုဂ္ဂိုလ်တို့၏ အဓိဂမသဒ္ဓါမျိုး မရသေးသမျှ ကာလ ပတ်လုံး ပသာဒသဒ္ဓါထက် အားကြီးသော ဩကပ္ပနသဒ္ဓါဖြင့် မဆုတ်မနစ် သက်ဝင်၍ ယုံကြည်ကြကုန်စို့၊ ဝါ- ယုံကြည်ပုံပြကြစို့၊

ဤမျှသော စကားစဉ်ဖြင့် ညောင်လေးပင်မြို့ တောရကျောင်းတိုက်၌ ပဓာန ဥက္ကဋ္ဌ အဖြစ်ဖြင့် အုပ်ချုပ်နေခိုက် ဖြစ်သော အရှင်ဦးအရိယ မထေရ်သည် စီရင် ရေးသား အပ်သော ဤ သတိပဋ္ဌာန်အရသာသည် ၁၄၈၁-ခု၊ သာသနာတော်နှစ်လွန်သော ၁၂၉၉-ခုနှစ် တပို့တွဲလဆုတ် ၁၀-ရက် ကြာသပတေးနေ့တွင် ပြီးဆုံးခြင်းသို့ ရောက်သတည်း။

သုံးဆဲ့နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့နှင့် ပြည့်စုံသော ဘုရားရှင်၏ သတိပဋ္ဌာန် တရားအရသာသည် သုံးဆဲ့နှစ်ကောဋ္ဌာသ မကင်းသူ ဟူသမျှတို့၏ မအိုမနာမသေနိုင်သော ရသာယန ဆေးတော်ကြီး ဖြစ်ပါစေသတည်း။

သတိပဋ္ဌာန်အရသာပြီး၏။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...