Skip to main content

သာသနသမ္ပတ္တိဒီပနီ

သာသနသမ္ပတ္တိဒီပနီ

နိဒါန်း

ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံ၍ ဘဂဝါဂုဏ်ဖြင့် ထင်ရှား ကျော်စောတော်မူသော မြတ်စွာဘုရား၏ သာသနာတော်အတွင်း မှီတင်း နေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင် လူရှင်အပေါင်းတို့သည် မိမိတို့ ကိုးကွယ်ရာ သာသနာတော်မြတ်ကြီး၏ အထွတ်အထိပ်သို့တိုင်အောင် မြင့်မြတ်ကြီးကျယ်စွာနှင့် သာသနာမှန် သာသနာကောင်းအဖြစ်ကို စင်စစ်သိသင့်သိထိုက်ကြပေသည်၊ ယဉ်ကျေးခြင်းသို့ရောက်သော လူမျိုးတိုင်းမှာပင် မိမိတို့ကိုးကွယ်ရာ သာသနာသို့ ဆည်းကပ်လေ့ ရှိကြကုန်၏။

ထိုသို့ ဆည်းကပ်ကိုးကွယ်ရာ သာသနာပေါင်းများစွာ ရှိနေကြ ကုန်သော်လည်း လူမျိုးတိုင်းတို့၏ စိတ်သဘောမှာ မိမိတို့ကိုးကွယ်ရာ သာသနာသာလျှင် အမွန်မြတ်ဆုံးဟူ၍ ထင်မြင်ယုံကြည်မြဲ ဖြစ်ကြလေ သည်၊ သို့ရာတွင် အဟုတ်အမှန်ကိုသိသော ယထာဘူတဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားနိုင်သော ပညာရှိ ပုဂ္ဂိုလ်တို့မှသာလျှင် သာသနာမှန် သာသနာကောင်း၏အဖြစ်ကို စင်စစ်သိရှိနိုင်လေသည်။

သာသနသမ္ပတ္တိ ဒီပနီကျမ်း၌ ရေးသားဖေါ်ပြအပ်သော အချက်တို့သည်ကား ဗုဒ္ဓဘာသာ၌ ဘုရား၏ကောင်းသော ဘုရားမှန်ဖြစ် ကြောင်း, တရား၏ ကောင်းသော တရားမှန်ဖြစ်ကြောင်း, သံဃာတော်၏ ကောင်းသောသံဃာမှန်ဖြစ်ကြောင်းကို ပါဠိတော် အထောက်အထား တို့နှင့်တကွ ထင်ရှားကောင်းမွန်စွာ ရေးသားအပ်သော ကျမ်းဖြစ်လေ သည်၊ ထိုကျမ်းကို အဂ္ဂမဟာပဏ္ဍိတဘွဲ့ခံ ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီးသည် နိုင်ငံခြားသာသနာပြုရေးနှင့်စပ်၍ ဥရောပတိုက်သား ပါဠိဆရာကြီးများမှစ၍ နိုင်ငံခြားသားတို့ပင်သော် လည်း ဗုဒ္ဓဘာသာ သာသနာတော်မြတ်၏ အမှန်ကောင်းမြတ်သော သာသနာဖြစ်ကြောင်းကို သိရှိကြစေရန် ပါဠိဘာသာအားဖြင့် ရေးသား တော်မူအပ်လေသည်။

ထိုသာသနသမ္ပတ္တိဒီပနီကျမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို လွယ်ကူစေရန် မြန်မာစကားပြင် သက်သက်ဖြင့် ရေးသားပါဟု နိုင်ငံ ခြား ဗုဒ္ဓသာသနာပြုအသင်း စက္ကရီတေရီ ဦးစံလင်းက တိုက်တွန်း နှိုးဆော်အပ်သည်ကို အကြောင်းပြု၍ ဆရာတော်ဘုရားကြီး ညွှန်ပြတော် မူအပ်သော ပါဠိတော်ကျမ်းဂန်ကြီးတို့ကို ကြည့်ရှုရှာဖွေပြီးလျှင် လယ်တီ ဆရာတော်ကြီး၏ တပည့်ရင်းဖြစ်သော လယ်တီပဏ္ဍိတ, ဆရာ ဦးမောင်ကြီး ကိုယ်တိုင်ဝိတ္ထာရနည်းဖြင့် ချဲ့ထွင်၍ မြန်မာပြန်ဆိုရလေ သည်။

ဤသို့ရတနာသုံးပါး ဂုဏ်ကျေးဇူးမှစ၍ ဗဟုသုတ များစွာစုံ လင်သော ဤသာသနသမ္ပတ္တိကျမ်းဤသာသနသမ္ပတ္တိကျမ်းကို အစအဆုံး ကြေလည်ကောင်း မွန်စွာ ကြည့်ရှုပါလျှင် သာသနာတော်မြတ်၌ ယုံကြည်ခြင်းလည်း ရှေးက ထက် ခိုင်မြဲတိုးတက်၍ ရတနာသုံးပါးဂုဏ်တို့ကို ကြည်ညိုခြင်း ပွါးများ ပြီးလျှင် ထိုသို့ မှန်ကန်ကောင်းမြတ်သော ဗုဒ္ဓဘာသာရိပ်ကို ခိုလှုံရခြင်း ၏အကျိုးကျေးဇူးတို့ကို အထူးသိမြင်၍ လာပေလိမ့်မည်၊ ယင်းသို့သော သာသနသမ္ပတ္တိဒီပနီကျမ်းကို မုံရွာမြို့ မဟာလယ်တီတိုက်ကြီး၏ ဦးစီး နာယက နဝမပဓာနဆရာတော်ဖြစ်သော ဘဒ္ဒန္တကေလာသ (အဂ္ဂမဟာ ပဏ္ဍိတ) ကြီးမှူးလျက် ဦးဗိုလ်မောင် (သာသနဓဇ သိရီပဝရဓမ္မာစရိယ) စသော စာတည်းအဖွဲ့မှ အကြိမ်ကြိမ်တည်းဖြတ်သုတ်သင်ကာ အရှင် နန္ဒိသေနစသော လယ်တီရောင်ခြည် ကွန်ပျူတာစာပေအဖွဲ့က ပုဒ်နေပုဒ် ထား မှန်ကန်သပ်ရပ်စွာ ဆောင်ရွက်၍ ပြန်လည်ထုတ်ဝေ ဖြန့်ချိ လိုက်ရ ပေသတည်း။

၁၃၆၃-ခုနှစ်၊

ဘဒ္ဒန္တကေလာသ

ပြာသိုလပြည့်ကျော် (၂) ရက်

နဝမ ပဓာန နာယကဆရာတော်

(၃၀-၁-၂၀၀၂)

မဟာလယ်တီတိုက်

ဗုဒ္ဓဟူးနေ့

မုံရွာမြို့

ပဏာမ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

လောကတ္တယေက သရဏတ္တဝိဘာဝနာယ၊

သဇ္ဇောဝ တိဋ္ဌတိ ယဟိံ သုဝိဘတ္တလောကော။

တံ သဗ္ဗလောက ပဋိဗိမ္ဗိတ ဒပ္ပဏာဘံ၊

ပါဒဒွယံ သကလထသတ္တနတံ ဘိဝန္ဒေ။

(ဝသန္တတိလကာ ဂါထာ။)

လောကတ္တယေက သရဏတ္တဝိဘာဝနာယ=လောကသုံးဆိုင် ဘုံခရိုင်၌ တုပြိုင်မိသူ ဝံ့မပြူ၍ တစ်ဆူတည်းသာ ကိုးကွယ်ရာအစစ် ဖြစ်ကြီးဖြစ်ကြောင်းကို ကောင်းမွန်ထင်ရှားစွာ သက်သေပြခြင်းငှါ၊ သုဝိဘတ္တလောကော=ဝေဖန်ပိုင်းခြား ပုံရေးသားအပ်သကဲ့သို့သော လောကဓာတ် ကားပုံကြီးသည်၊ ယဟိံ=အကြင် မြတ်စွာဘုရား၏ ခြေဖဝါးတော်အစုံ၌၊ သဇ္ဇောဝ=ထင်ထင်ရှားရှားသာလျှင်၊ ဝါ-ပါရမီ ဘုန်းတော်ကြောင့် ပြကတေ့ဖြစ်ပေါ် ထင်ရှား၍သာလျှင်၊ တိဋ္ဌတိ= စက်လက္ခဏာ အကန့်အားဖြင့် အတန့်တန့်တည်ထွန်း ထင်ပေါ်လာ၏၊ သကလ သတ္တနတံ=လူ, နတ်, ဗြဟ္မာ သတ္တဝါအများ သုံးတိုက်သားတို့ ညွတ်တွားဦးခိုက်ကြရာဖြစ်တော်မူသော၊ သဗ္ဗလောက ပဋိဗိမ္ဗိတ ဒပ္ပဏာဘံ=အလုံးစုံသော လောကဓာတ် ကားပုံကြီး၏ထင်ရာ ရတနာ ဓာတ်မှန်ကြီးသဖွယ် ဖြစ်တော်မူသော၊ တံ ပါဒဒွယံ=ထိုမြတ်စွာဘုရား၏ ခြေတော်အစုံကို၊ အဟံ=အကျွန်ုပ်သည်၊ အဘိဝန္ဒေ-အဘိဝန္ဒာမိ= လွန်စွာမြတ်နိုး ရှိခိုးဦးခိုက်ပါ၏၊

အာသီသ

သဒ္ဓမ္မရာဇ ရဝိနိဂ္ဂတဓမ္မရံသီ၊

ဖုလ္လောဇ္ဇ သီလသုရဘီ ဒဟသာသနေဇော။

ထေရာ ရဝိန္ဒပဝရော ဇနမုဒ္ဓမာလော၊

ဌာတံ စိရံဝ န မိလာယတု လောကနန္ဒော။

(ဝသန္တတိလကာ ဂါထာ။)

အဇ္ဇ=ယခုအခါ၌၊ သဒ္ဓမ္မရာဇ ရဝိနိဂ္ဂတဓမ္မရံသိ ဖုလ္လော=တရားမင်း ဘုရားတည်းဟူသော နေဝန်း၏ ပေါ်ထွန်းထွက်ပြူသည့်အတွက် ဓမ္မစက်ဒေသနာ တည်းဟူသော ရောင်ခြည်အလျှံဖြင့် ချိန်တန်သင့်စွာ ပွင့်၍လာသော၊ ဒဟ သာသနေဇော=သာသနာတော် တည်းဟူသော ရေကန်ကြီး၌ ထီးထီးဖြစ်ပေါ်၍ လာတော်မူသော၊ သီလသုရဘီ=သီလ ပဋိပတ် အကျင့်မြတ်တည်းဟူသောရနံ့ဖြင့် တပျံ့ပျံ့ ကြိုင်လှိုင်တော် မူသော၊ ဇနမုဒ္ဓမာလော=လူအပေါင်းတို့၏ ဦးခေါင်း၌ ပန်ဆင်ရန် ပန်းမာလ်သဖွယ်လည်းဖြစ်တော်မူသော၊ နော=အကျွန်ုပ်တို့၏၊ ထေရ ရဝိန္ဒပဝရော=ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး တည်းဟူသော ပဒုမာ ကြာပန်းခိုင် အမြတ်ကြီးသည်၊ လောကနန္ဒော=သတ္တလောက အလုံးကို ရွှင်ပြုံးနှစ်သက်တော်မူစေလျက်၊ စိရံဝ=အာယုသင်္ချာ ကြာမြင့်စွာလျှင်၊ ဌာတံ-ဌာတု=တည်တော်မူပါစေသတည်း၊ စိရံဝ=ဘေး ကင်းရန်ကွာ ကြာမြင့်စွာလျှင်၊ န မိလာယတု=မညှိုးမနွမ်း ကြီးဘုန်း တန်းဖြင့် လန်းလျက်ရှိနေတော်မူပါစေသတည်း။

---

ဥယျောဇဉ်နှင့် ပဋိညာဉ်

လိခိဿံ သကဘာသာယ၊ အဇ္ဈိဋ္ဌော အတ္ထမေသိနာ။

အယံ သာသနသမ္ပတ္တိ၊ ဒီပနျာ ဟေတိ ဝဏ္ဏနာ။

အတ္ထမေသိနာ=တရားတော်၏ အနက်သဘောကို နှီးနှောစုံစမ်း မေးမြန်း ရှာမှီးလေ့ရှိသော နိုင်ငံခြားဗုဒ္ဓသာသနာပြု အသင်းကြီး၏ အကျိုးဆောင် စက္ကရီ တေရီဖြစ်ပေသော မုံရွာမြို့ ကျောင်းဒါယကာ ဦးစံလင်းသည်၊ အဇ္ဈိဋ္ဌော=ရေးသားစေရန် အတန်တန်နှိုးဆော် တိုက်တွန်းအပ်သည်ဖြစ်၍၊ အဟံ=လယ်တီပဏ္ဍိတ ရှေးကသမုတ် အကျွန်ုပ်သည်၊ ယံ=အကြင်အနက်အဖွင့်ကို၊ သကဘာသာယ=တိုင်းရင်း နွယ်လာ မြန်မာဘာသာဖြင့်၊ လိခိဿံ=နည်းနာစုံလင် တန်းဆာဆင်၍ စီစဉ်ရေးသားပါအံ့၊ အယံ=ဤအနက်အဖွင့်သည်၊ သာသန သမ္ပတ္တိ ဒီပနျာ=ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူအပ် သော သာသနသမ္ပတ္တိဒီပနီပါဠိသာသနသမ္ပတ္တိဒီပနီပါဠိ၏၊ ဝဏ္ဏနာ=အနက်အဖွင့်သည်၊ ဟေတိ=ဖြစ်ပေလတ္တံ့။

သာသနသမ္ပဒါသုံးပါး

ဗုဒ္ဓ သုဗုဒ္ဓတာ လောကေ၊ ဓမ္မဿစ သုဓမ္မတာ။

သာဝကာနဉ္စ သမ္ပတ္တိ၊ ဧသာ သာသနသမ္ပဒါ။

လောကေ=လောကသုံးခွင် ဘုံအပြင်၌၊ ဗုဒ္ဓ သုဗုဒ္ဓတာစ=သတ္တဝါ တို့၏ အားထားရာဖြစ်သောဘုရား၏ ကောင်းမြတ်သော ဘုရား မှန်ဖြစ်မှုသည်လည်း ကောင်း၊ ဓမ္မဿ=ကျင့်ဆောင်လိုက်နာအပ်သော တရားတော်၏၊ သုဓမ္မတာစ=ကောင်းမြတ်သောတရားမှန် ဖြစ်မှု သည်လည်းကောင်း၊ သာဝကာနံ=ဘုရားတပည့်သား သာဝကအများ တို့၏၊ သမ္ပတ္တိစ=အကျင့်သီလနှင့် ညီမျှပြည့်စုံမှုသည်လည်းကောင်း၊ ဧသာ=ဤ ဘုရားမှန်, တရားမှန်, သံဃာမှန်သုံးပါးသည်၊ သာသနသမ္ပဒါ= သာသနာတော်ကြီး၏ ပြည့်စုံခြင်းပေတည်း။

ရတနာစစ် ရတနာမှန်

ဤလောက၌ ဘုရား, တရား, သံဃာဟူ၍ သတ္တဝါတို့ အထွဋ် အထိပ်ထား၍ ကိုးကွယ် ဆည်းကပ်ယုံကြည်အပ်သော ရတနာသုံးပါး ရှိသည်၊ ထိုရတနာသုံးပါးသည် ယဉ်ကျေးသောလူမျိုးတိုင်းမှာ ရှိတတ် ကြကုန်၏၊ ထိုသို့ပင် ရှိငြားသော်လည်း ရတနာဟူ၍ ခေါ်ဝေါ်သမုတ် အပ်သောအတိုင်း ကောင်းမွန်လှပြီ၊ မြတ်နိုးအပ်လှပြီ၊ အားကိုးအပ် လှပြီဟူ၍ စိတ်မချသာချေ၊ ဥပမာ စိန်ရတနာ, မြရတနာ, ပတ္တမြား ရတနာများကို လောက၌ အထွဋ်အထိပ် မြတ်နိုးဖွယ်ဟု သမုတ်၍ သုံးစွဲကြရကုန်၏၊ သို့ရာတွင် ရတနာ၏ သဘောလက္ခဏာ, ရတနာ၏ အမှန်အစစ် အဖိုးထိုက်မထိုက်ကို မသိတတ်သော လူတို့၏အလယ်သို့ ရောက်၍သွားလျှင် အဖိုးမထိုက်မတန် အမျိုးမစစ်မမှန်သော ရတနာများ ကိုပင်သော်လည်း အဆင့်ဆင့် ပြောစကားဖြင့် အကယ်ပင် ရတနာ ကောင်း ရတနာစစ်ထင်မြင် မှတ်မှား၍ အားကိုးအားထား သုံးစွဲရလေ သည်။

ရတနာ၏အကြောင်းအရာကို ကောင်းစွာနားလည်သိရှိသော သူတို့ တွေ့ရှိသောအခါမှာမှ ရတနာအစစ် မဟုတ်ကြောင်းများကို ထင်ရှားသိရှိလေသဖြင့် ရတနာမျိုးမမှန် အဖိုးတန်မဟုတ်သည်ကို သုံးစွဲလျက်ရှိကြသောသူတို့၏ ဉာဏ်ပညာနည်းပါးကြောင်း, ထိုသို့ ဉာဏ်ပညာနည်းပါးသဖြင့် မှားယွင်းလျက် ရှိကြကြောင်းကို သိရှိပြီးလျှင် ထိုရတနာဇာတိကို သိကျွမ်းနားလည်သောသူက ကဲ့ရဲ့ရှုတ်ချတတ်လေ သည်၊ ထို့ကြောင့် သံသရာရေးနှင့် စပ်ဆိုင်သော လောကုတ္တရာ ရတနာများကို မဆိုထားဘိ လောကီပစ္စက္ခ မျက်မှောက် တစ်ခေတ္တ နှင့်သာစပ်ဆိုင်သော စိန်,မြ,ပတ္တမြား ရတနာသာမညများကိုမှသော် လည်း အမျိုးမှန်သည်, အဖိုးတန်သည်, သုံးစွဲခြင်းငှါ သင့်သည်, တင့် တယ်သည်ဟူ၍ သိရှိခြင်းငှါ ထိုက်လေသည်၊ ဘုရား, တရား, သံဃာ ဟူသော လောကုတ္တရာ ရတနာများ၏ ဘုရားမှန်, တရားမှန်, သံဃာမှန် အဖြစ်ကိုမူကား သာ၍ပင် စိစစ်ထိုက်လေသည်။ အရေးတကြီး အမှန်ပင် နေရာတကျ သိသင့်သိထိုက်လှပေသည်။

တိုက်တွန်းချက်

ဘုရားမှား, တရားမှား, သံဃာမှား ဟုဆိုအပ်သော ကိုးကွယ်ရာ ရတနာသုံးပါး အမှားကြီးတွေကို အကောင်းအမွန် အမှန်အကန်ထင်၍ ကိုးကွယ်မြတ်နိုး အားကိုးဆည်းကပ်၍ နေပါလျှင် ရတနာတုတို့ကို ဝတ်ဆင်၍နေသောသူအား ရတနာအမျိုးမျိုးကို သိရှိ၍ ဇာတိအစစ် အမှန်ကို နားလည်သော ပညာရှိတို့မြင်လျှင် ကဲ့ရဲ့ရှုတ်ချဖွယ် ဖြစ်သကဲ့သို့ လောကမျက်မှောက်၌ ပညာရှိတို့၏ ကဲ့ရဲ့ဖွယ်ရောက်သည့်ပြင် သံသရာ တစ်ခွင်လုံးမှာလည်း ရှုံးခြင်းကြီး ရှုံးခြင်းနှင့်တွေ့ကြုံရတတ်လေ၏၊ သို့ဖြစ်၍ ဘုရား၏ ကောင်းမွန်မှန်ကန်သော ဘုရားအဖြစ်, တရား၏ ကောင်းမွန် မှန်ကန်သော တရားအဖြစ်, သံဃာ၏ကောင်းမွန် မှန်ကန် သော သံဃာအဖြစ်ကို အရေးတကြီး စောစောစီးစီး ရှေးဦးမဆွ နေရာ တကျ သိသင့်သိထိုက်လှပေသည်။

ဆိုခဲ့ပြီးသောအတိုင်း ဘုရား၏မှန်ကန်ခြင်း, တရား၏မှန်ကန်ခြင်း, သံဃာ၏မှန်ကန်ခြင်း ဤသုံးပါးနှင့် ကြုံကြိုက်ပါမှ သာသနာ၏ ပြည့်စုံခြင်း မည်လေသည်၊ ထိုကဲ့သို့ မှန်ကန်သော ရတနာသုံးပါးနှင့် ကြုံကြိုက်၍ ပြည့်စုံ ကောင်းမွန်သော သာသနာကို ကြည်ညိုဆည်းကပ်ရပါမှလည်း လောကီ လောကုတ္တရာချမ်းသာ သမ္ပတ္တိနှင့် ပြည့်စုံ၍ မိမိတို့မြော်လင့် ရည်ရွယ်တိုင်းသော အကျိုးကို ခံစားရမည် ဖြစ်သည်။

ယခုရေးသား ဖေါ်ပြလတ္တံ့သော သာသနသမ္ပတ္တိဒီပနီကျမ်းသည် ဘုရား မှန်, တရားမှန်, သံဃာမှန်နှင့် ကြုံကြိုက်၍ သာသနာပြည့်စုံမှုကို ထင်ထင် ရှားရှားရေးသားဖေါ်ပြသောကျမ်းဖြစ်လေသည်။

ပဓာနအချက်ကြီး-၃-ချက်

ဤကျမ်း၌ ပဓာနဖြစ်သောအချက်ကြီးကား---

(က) ဗုဒ္ဓ သုဗုဒ္ဓတာ=ဘုရား၏ ကောင်းသောဘုရားအဖြစ်။

(ခ ) ဓမ္မ သုဓမ္မတာ=တရား၏ ကောင်းသောတရားအဖြစ်။

(ဂ ) သံဃ သုသံဃတာ=သံဃာ၏ ကောင်းသောသံဃာအဖြစ်။

ဤသုံးပါးတည်း။

ဘုရား၏ ကောင်းသောဘုရား

ဘုရား၏ကောင်းမွန်မှန်ကန်သော ဘုရားအဖြစ်ဟူသည် အဘယ် နည်း၊ မြတ်စွာဘုရား၏ဂုဏ်တော်ကို ဖေါ်ပြသော ဒီဃနိကာယ် သာမည ဖလသုတ္တန်
ဣဓ မဟာရာဇ တထာဂတော လောကေ ဥပ္ပဇ္ဇတိ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော, လောကဝိဒူ, အနုတ္တရော ပုရိသဒမ္မသာရထိ, သတ္ထာဒေဝ မနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါ။

သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သသမဏဗြာဟ္မဏိံ ပဇံ သဒေဝ မနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။

သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေ ကလျာဏံ ပရိယောသာန ကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။

ဟူ၍ ဟောတော်မူသည်။

[ဤပါဠိတော်ကို မူလတည်၍ ဗုဒ္ဓ သုဗုဒ္ဓတာ-ဘုရား၏ကောင်းသော ဘုရားမှန် ဘုရားစစ် ဖြစ်ကြောင်းကို ပြလတ္တံ့။]

မဟာရာဇ=မြတ်သောအဇာတသတ်မင်းကြီး၊ ဣဓ=ဤလောက၌၊ အရဟံ=ပူဇော်အထူးကို ခံတော်မူထိုက်သော၊ သမ္မာသမ္ဗုဒ္ဓေါ=မဖောက် မပြန် အမှန်ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော၊ ဝိဇ္ဇာစရဏ သမ္ပန္နော=အသိဉာဏ် အကျင့်တရားနှင့် ပြည့်စုံတော်မူသော၊ သုဂတော= ကောင်းမွန် တင့်တယ်သော အလားရှိတော်မူသော၊ လောကဝိဒူ=လောက သုံးပါးကို ပိုင်းခြား၍ သိတော်မူသော၊ အနုတ္တရော ပုရိသဒမ္မသာရထိ= မယဉ်ကျေးသော သတ္တဝါတို့ကို ယဉ်ကျေးစွာ ဆုံးမပုံအချက်၌ တုဖက်ပြိုင် ကင်း ဖြစ်တော်မူသော၊ ဒေဝမနုဿာနံ=နတ်လူတို့၏၊ သတ္ထာ=ဆရာကြီး တစ်ဆူလည်း ဖြစ်တော်မူသော၊ ဗုဒ္ဓေါ=သစ္စာလေးတန် တရားမှန်ကို ဧကန်သိမြင်တော်မူသော၊ ဘဂဝါ=ကျက်သရေဘုန်းဟုန် ကျေဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော၊ တထာဂတော=ဘုရားမြတ်စွာသည်၊ လောကေ= လောက၌၊ ဥပ္ပဇ္ဇတိ=ပွင့်ပေါ်တော်မူလာ၏။

သော=ထိုမြတ်စွာဘုရားသည်၊ သဒေဝကံ=နတ်နှင့်တကွဖြစ်သော၊ သမာရကံ=မာရ်မင်းနှင့်တကွဖြစ်သော၊ သဗြဟ္မကံ=ဗြဟ္မာနှင့် တကွဖြစ် သော၊ ဣမံလောကံ=ဤလောကကြီးကိုလည်းကောင်း၊ သသမဏ ဗြာဟ္မဏိံ=ရဟန်း ပုဏ္ဏားနှင့်တကွဖြစ်သော၊ သဒေဝမနုဿံ=နတ်လူနှင့် တကွဖြစ်သော၊ ပဇံ=သတ္တဝါအပေါင်းကိုလည်းကောင်း၊ သယံ=ကိုယ်တော် တိုင်၊ အဘိညာ=ထူးသောဉာဏ်ဖြင့်သိ၍၊ သစ္ဆိကတွာ=မျက်မှောက်ပြု၍၊ ပဝေဒေတိ=ပြောကြားတော်မူ၏၊ သော=ထိုမြတ်စွာဘုရားသည်၊ အာဒိ ကလျာဏံ=အစ၌ကောင်းခြင်းရှိသော၊ မဇ္ဈေကလျာဏံ=အလယ်၌ ကောင်းခြင်းရှိသော၊ ပရိယောသာနကလျာဏံ= အဆုံး၌ကောင်းခြင်း ရှိသော၊ သာတ္ထံ=အနက်နှင့်ပြည့်စုံသော၊ သဗျဉ္ဇနံ=သဒ္ဒါပုဒ် ဗျည်းနှင့် ပြည့်စုံသော၊ ကေဝလပရိပုဏ္ဏံ=အလုံးစုံပြည့်စုံ လုံလောက်ပြီးဖြစ်သော၊ ဓမ္မံ=တရားတော်မြတ်ကို၊ ဒေသေတိ=ဟောကြားတော်မူ၏၊ ပရိသုဒ္ဓံ= ထက်ဝန်းကျင်မှ စင်ကြယ်သော၊ ဗြဟ္မစရိယံ=အကျင့်မြတ်ကို၊ ပကာသေတိ=ဖွင့်ပြတော်မူ၏။

[ဤသာမညဖလသုတ် ပါဠိတော်ဖြင့် မြတ်စွာဘုရား၏ ဂုဏ်တော်များနှင့် မြတ်စွာဘုရား ပြုလုပ်တော်မူလေ့ရှိသော အလုပ်ကိစ္စကို ပြတော်မူ၏၊ ဤပါဠိဖြင့် မြတ်စွာ ဘုရား၏ ကောင်းသော ဘုရားဖြစ်ကြောင်း, ဘုရားမှန်ဖြစ်ကြောင်းကို သိစေသည်။]

ဆိုလိုရင်းအဓိပ္ပါယ်

ဤပါဠိတော်၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ--

၁။ မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်၏။

၂။ မြတ်စွာဘုရားသည် မည်သူတစ်ဦးမျှ ရှေ့ညွှန်လမ်းပြမရှိပဲ မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် မဖောက်မပြန် အမှန်ထိုးထွင်း၍ သိ တော်မူ၏။

၃။ မြတ်စွာဘုရားသည် အသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏနှင့်လည်း ပြည့်စုံ တော်မူ၏။

၄။ မြတ်စွာဘုရားသည် ကောင်းသောအလား ရှိတော်မူ၏။

၅။ မြတ်စွာဘုရားသည် အလုံးစုံသော လောကကိုလည်း သိ တော်မူ၏။

၆။ မြတ်စွာဘုရားသည် မယဉ်ကျေးသော သတ္တဝါတို့ကို ယဉ် ကျေးအောင် ဆုံးမရာ၌ အတုမရှိသော အထွဋ်အထိပ် ပုဂ္ဂိုလ်ကြီးလည်း ဖြစ်တော်မူ၏။

၇။ မြတ်စွာဘုရားသည် နတ်,လူတို့၏ ဆရာလည်း ဖြစ် တော်မူ၏။

၈။ မြတ်စွာဘုရားသည် သစ္စာလေးပါးတရားတို့ကို ထိုးထွင်း၍ လည်း သိတော်မူ၏။

၉။ မြတ်စွာဘုရားသည် ဘုန်းတော်ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူ၏။

ထိုသို့သော ဂုဏ်ကျေးဇူးတရားကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရားသည် လောက၌ ဖြစ်ပွင့်တော်မူလာသည်ရှိသော် ကောင်း သောဘုရား ဖြစ်တော်မူလာသည်ဟူ၍ ဆိုရ၏၊ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွ, မာရ်မင်းနှင့်တကွ, ဗြဟ္မာနှင့်တကွသော ဤလောကကြီး တစ်ဝန်းလုံးကိုလည်းကောင်း, ရဟန်း ပုဏ္ဏားနှင့်တကွ နတ်လူနှင့် တကွဖြစ်သော သတ္တဝါများ အပေါင်းကိုလည်းကောင်း ကိုယ်တော်တိုင် အထူးသိမြင်တော်မူ၍, ကိုယ်တော်တိုင် မျက်မှောက်ပြုတော်မူ၍ မှန်သောအတိုင်း ပြောကြားမိန့်ဆိုတော်မူ၏၊ ထိုဘုရား ကောင်း ဘုရားမှန် သည် အစ, အလယ်, အဆုံး သုံးပါးလုံး ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါပုဒ်ဗျည်းနှင့်ပြည့်စုံသော ထည့်သွင်း ဖြည့်စွက် ဖွယ်မရှိ အလုံးစုံသော တရားတော်မြတ်ကို ဟောကြားတော်မူ၏ ထိုဘုရား ကောင်း, ဘုရားမှန်သည် ထက်ဝန်းကျင်မှ စင်ကြယ်သော အကျင့်မြတ်ကို ဖော်ပြတော်မူ၏။

တထာဂတဟူသည်အဘယ်နည်း-ဖော်ပြခဲ့သော သာမညဖလ သုတ္တန်ပါဠိတော်၌ “တထာ ဂတော လောကေ ဥပ္ပဇ္ဇတိ'တထာ ဂတော လောကေ ဥပ္ပဇ္ဇတိ”ဟူ၍ ဟောတော်မူရာတွင် အဘယ်ပုဂ္ဂိုလ်ကို တထာဂတဟူ၍ ခေါ်ဆို ထိုက်ပါသနည်းဟူ၍ မေးဖွယ်ရှိလေသည်၊ မြတ်စွာဘုရားကို တထာဂတ ဟူ၍ ခေါ်ဆိုအပ်သောအတိုင်း ထိုတထာဂတပုဒ်၏ အနက်သဘောကို အောက်၌ ဆိုလတ္တံ့သော ဒီဃနိကာယ် ပါထေယျဝဂ် ခြောက်ခုမြောက် ပါသာဒိက သုတ္တန် ပါဠိတော်ဖြင့် ဖြေဆိုဖွင့်ပြရာ၏။

ဣတိ ခေါ စုန္ဒ အတီတာနာဂတပစ္စုပ္ပန္နေသု ဓမ္မေသု တထာဂတော ကာလဝါဒီ, ဘူတဝါဒီ, အတ္ထဝါဒီ, ဓမ္မဝါဒီ, ဝိနယဝါဒီ တသ္မာ တထာဂတောတိ ဝုစ္စတိ။

စုန္ဒ=ချစ်သားစုန္ဒ၊ ဣတိခေါ=ဤသို့လျှင်၊ တထာဂတော=မြတ်စွာ ဘုရားသည်၊ အတီတာနာဂတပစ္စုပ္ပန္နေသု=အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်ကုန်သော၊ ဓမ္မေသု=တရားတို့၌၊ ကာလဝါဒီ=အချိန်ကာလအား သင့်လျော်စွာ ဟောကြား ပြောဆိုတော်မူလေ့ရှိ၏၊ ဘူတဝါဒီ=ဟုတ်မှန် သည်ကိုသာ ဟောကြားပြောဆိုတော်မူလေ့ရှိ၏၊ အတ္ထဝါဒီ=အနက် သဘော အကျိုးတရားကိုသာ ဟောကြားပြောဆိုတော်မူလေ့ရှိ၏၊ ဓမ္မဝါဒီ=အကြောင်းတရားကိုသာ ဟောကြားပြောဆို တော်မူလေ့ရှိ၏၊ ဝိနယဝါဒီ=ဆုံးမချက်နှင့် စပ်သည်ကိုသာ ဟောကြားပြောဆို တော်မူလေ့ ရှိ၏၊ တသ္မာ=ထို့ကြောင့်၊ တထာဂတောတိ=တထာဂတဟူ၍၊ ဝုစ္စတိ= ဆိုအပ်၏။

ဆိုလိုရင်းအဓိပ္ပါယ်။။ဆိုလိုရင်း အဓိပ္ပါယ်ကား မြတ်စွာ ဘုရားသည် ဖြစ်ပြီး, ဖြစ်လတ္တံ့, ဖြစ်ဆဲဖြစ်သောတရားအရာတို့၌ အချိန် ကာလအားလျော်စွာ ဟောကြားတော်မူလေ့ရှိ၏၊ ဟုတ်မှန်သည် ကိုသာ ဟောကြား တော်မူလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်, အကြောင်းနှင့် စပ်သည်ကိုသာ ဟောကြားတော်မူလေ့ရှိ၏၊ အကျင့်ဆုံးမချက်နှင့်စပ် သည်ကိုသာ ဟောကြားတော်မူလေ့ရှိ၏၊ ထို့ကြောင့် တထာဂတ မည်တော်မူသည်။

ယဉ္စ ခေါ စုန္ဒ သဒေဝကဿ လောကဿ သမာရကဿ သဗြဟ္မကဿ သသမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ဒိဋ္ဌံ သုတံ မုတံ ဝိညာတံ ပရိယေသိတံ အနုဝိစရိတံ မနသာ သဗ္ဗံ တံ တထာ ဂတေန အဘိသမ္ဗုဒ္ဓံ တသ္မာ တထာဂတောတိ ဝုစ္စတိ။

စုန္ဒ=ချစ်သားစုန္ဒ၊ သဒေဝကဿ=နတ်နှင့်တကွဖြစ်သော၊ သ မာရကဿ=မာရ်မင်းနှင့်တကွဖြစ်သော၊ သဗြဟ္မကဿ=ဗြဟ္မာမင်း နှင့်တကွဖြစ်သော၊ လောကဿ=လောကကြီးတစ်ဝန်းလုံးသည်၊ သသမဏဗြာဟ္မဏိယာ=ရဟန်း ပုဏ္ဏားနှင့်တကွဖြစ်သော၊ သဒေဝ မနုဿာယ=နတ်လူနှင့်တကွဖြစ်သော၊ ပဇာယ=သတ္တဝါများအပေါင်း သည်၊ ဒိဋ္ဌံ= မြင်အပ်သော၊ သုတံ=ကြားအပ်သော၊ မုတံ=တွေ့အပ်သော၊ ဝိညာတံ=ဉာဏ်ဖြင့်သိအပ်သော၊ ပတ္တံ=ဉာဏ်ဖြင့်ရောက် အပ်သော၊ ပရိယေသိတံ=ရှာမှီးအပ်သော၊ မနသာ=စိတ်ဖြင့်၊ အနုဝိစရိတံ= အဖန်ဖန် ဆင်ခြင် စုံစမ်းအပ်သော၊ ယံ=အကြင်အာရုံဟူသမျှသည်၊ အတ္ထိ=ရှိ၏၊ တံသဗ္ဗံ=ထိုအလုံးစုံသော အာရုံဟူသမျှကို၊ တထာဂတေန=မြတ်စွာ ဘုရားသည်၊ အဘိသမ္ဗုဒ္ဓံ=ထိုးထွင်းသက်ဝင်၍ သိမြင်တော်မူအပ်၏၊ တသ္မာ=ထို့ကြောင့်၊ တထာဂတောတိ=တထာဂတဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

ဆိုလိုရင်းအဓိပ္ပါယ်။ ။။။ဆိုလိုရင်းအဓိပ္ပါယ်မှာ နတ်နှင့်တကွ, မာရ်မင်းနှင့်တကွ, ဗြဟ္မာမင်းနှင့်တကွသော ဤလောကကြီး၌ ရဟန်း, ပုဏ္ဏား, နတ်, လူများနှင့်တကွသော သတ္တဝါအပေါင်းသည် မျက်စိဖြင့် မြင်အပ်သမျှ, နားဖြင့်ကြားအပ်သမျှ, နှာခေါင်း လျှာ ကိုယ်တို့ဖြင့် တွေ့ကြုံအပ်သမျှ, ဉာဏ်ဖြင့်သိအပ်သမျှ, ဉာဏ်ဖြင့်ဆိုက်ရောက်အပ်သမျှ, ဉာဏ်ဖြင့် ရှာမှီးကြံ စည်အပ်သမျှ, စိတ်ဖြင့်အဖန်ဖန် စုံစမ်းဆင်ခြင် အပ်သမျှသော အာရုံအမျိုးမျိုးသည် ရှိ၏၊ ထိုအလုံးစုံသော အာရုံ ဟူသမျှကို မြတ်စွာဘုရားသည် အလုံးစုံထိုး ထွင်း၍ သိမြင်တော်မူအပ်၏၊ ထို့ကြောင့် တထာဂတဟူ၍ ခေါ်ဆိုသမုတ်အပ်လေသည်။

ယဉ္စ ခေါ စုန္ဒ ရတ္တိံ တထာဂတော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဇ္ဈတိ။ ယဉ္စ ရတ္တိံ အနုပါဒိသေ သာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယတိ။ ဧတသ္မိံ အန္တရေ ဘာသတိ လပတိ နိဒ္ဒိသတိ။ သဗ္ဗံ တံ တထေဝ ဟောတိ နော အညထာ၊ တသ္မာ တထာဂတောတိ ဝုစ္စတိ။

စုန္ဒ=ချစ်သားစုန္ဒ၊ ယဉ္စ ရတ္တိံ=အကြင်ညဉ့်၌၊ တထာဂတော=မြတ်စွာ ဘုရားသည်၊ အနုတ္တရံ=အတုမရှိသော၊ သမ္မာသမ္ဗောဓိံ=မဖောက်မပြန် အမှန် သိမြင်ခြင်းတည်းဟူသော သမ္မာသမ္ဗောဓိဉာဏ်ကို၊ အဘိ သမ္ဗုဇ္ဈတိ=ထိုးထွင်း၍ သိတော်မူ၏၊ ဝါ-ဘုရားအဖြစ်သို့ ရောက်တော်မူ၏၊ ယဉ္စ ရတ္တိံ=အကြင်ညဉ့်၌၊ အနုပါဒိသေသာယ=ခန္ဓာဥပါဒါန် အကြွင်း အကျန်မရှိသော၊ နိဗ္ဗာနဓာတုယာ=ငြိမ်းသော နိဗ္ဗာနဓာတ်ဖြင့်၊ ပရိနိဗ္ဗာယတိ=ပရိနိဗ္ဗာန်ဝင်စံတော်မူလေ၏၊ ဧတသ္မိံ အန္တရေ=ထိုကာလ နှစ်ခုအကြား၌၊ ယံ=အကြင်စကားကို၊ ဘာသတိ=ဟောကြားတော်မူ၏၊ လပတိ=မြွက်ဆိုတော်မူ၏၊ နိဒ္ဒိသတိ=ညွှန်ပြတော်မူ၏၊ တံသဗ္ဗံ= ထိုအလုံးစုံသည်၊ တထေဝ=ဟောကြားမြွက်ဆိုတော်မူသောအတိုင်း ဟုတ်မှန် သည်သာလျှင်၊ ဟောတိ=ဖြစ်၏၊ အညထာ= ချွတ်ချော်, တိမ်းပါး, လွဲမှား, ယွင်းယို သည်၏အဖြစ်သည်၊ နော ဟောတိ=မဖြစ်၊ တသ္မာ= ထို့ကြောင့်၊ တထာဂတောတိ= တထာဂတဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

ဆိုလိုရင်းအဓိပ္ပါယ်။ ။။။ဆိုလိုရင်းအဓိပ္ပါယ်မှာ ဘုရားအဖြစ် သို့ ရောက်တော်မူသော အချိန်မှစ၍ ပရိနိဗ္ဗာန်ဝင်စံတော်မူသော အချိန် တိုင်အောင် ဤကာလအတွင်း၌ မြတ်စွာဘုရား ဟောကြားတော်မူသမျှ, မိန့်မြွက်တော်မူသမျှ, ညွန်ပြတော်မူသမျှသည် မှားယွင်းချွတ်ချော်သည် ဟူ၍ မရှိ၊ ဟောမိန့်မြွက်ဟ ညွှန်ပြတော်မူသောအတိုင်း မှန်ကန်သည်သာ ဖြစ်၏၊ ထို့ကြောင့် တထာဂတမည်တော်မူ၏။

ယထာဝါဒီ စုန္ဒ တထာဂတော တထာကာရီ, ယထာကာရီ, တထာဝါဒီ, ဣတိ ယထာဝါဒီ, တထာကာရီ, ယထာကာရီ, တထာဝါဒီ တသ္မာ တထာဂတောတိ ဝုစ္စတိ။

စုန္ဒ=ချစ်သားစုန္ဒ၊ တထာဂတော=မြတ်စွာဘုရားသည်၊ ယထာဝါဒီ= အကြင်သို့သော အခြင်းအရာဖြင့် ဆိုလေ့ရှိ၏၊ တထာကာရီ=ထိုသို့ ဆိုသောအတိုင်း ပြုတော်မူလေ့ရှိ၏၊ ယထာကာရီ=အကြင်သို့သော အခြင်းအရာအားဖြင့် ပြုလေ့ ရှိ၏၊ တထာဝါဒီ=ထိုသို့ပြုလုပ်သောအတိုင်း ဆိုတော်မူလေ့ရှိ၏၊ ဣတိ=ဤသို့လျှင်၊ ယထာဝါဒီ=အကြင်အတိုင်း ဆိုလေ့ရှိ၏၊ တထာကာရီ=ထိုအတိုင်းပြုလေ့ရှိ၏၊ ယထာကာရီ=အကြင် အတိုင်းပြုလေ့ရှိ၏၊ တထာဝါဒီ=ထိုအတိုင်း ဆိုလေ့ရှိ၏၊ တသ္မာ= ထို့ကြောင့်၊ တထာဂတောတိ=တထာဂတဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

ဆိုလိုရင်းအဓိပ္ပါယ်။ ။။ဆိုလိုရင်းအဓိပ္ပါယ်မှာ အကြင်သို့ သော စကားကို မိန့်ဆိုတော်မူ၏၊ ထိုစကားအတိုင်း ပြုတော်မူ၏၊ အကြင်သို့ပြု တော်မူလေ့ရှိ၏၊ ထိုသို့မိန့်ဆိုတော်မူလေ့ရှိ၏၊ (ပြုတိုင်း ပြော, ပြောတိုင်းပြု) ဟူ၍ ဆိုလိုသည်၊ ထို့ကြောင့်- တထာဂတဟူသော အမည်ကို ရတော်မူသည်။

သဒေဝကေ လောကေ စုန္ဒ သမာရကေ သဗြဟ္မကေ သသမဏဗြာဟ္မဏိယာ ပဇာယ သဒေဝ မနုဿာယ တထာဂတော အဘိဘူ အနဘိဘူတော အညဒတ္ထုဒသော ဝသဝတ္တီ တသ္မာ တထာဂတောတိ ဝုစ္စတိ။

စုန္ဒ=ချစ်သားစုန္ဒ၊ သဒေဝကေ=နတ်နှင့်တကွဖြစ်သော၊ သမာရကေ=မာရ်မင်းနှင့်တကွဖြစ်သော၊ သဗြဟ္မကေ=ဗြဟ္မာမင်းနှင့် တကွဖြစ်သော၊ လောကေ=လောက၌၊ သသမဏဗြာဟ္မဏိယာ= ရဟန်းပုဏ္ဏားနှင့်တကွဖြစ်သော၊ သဒေဝ မနုဿာယ=နတ်လူနှင့် တကွဖြစ်သော၊ ပဇာယ=သတ္တဝါအပေါင်း၌၊ တထာဂတော= မြတ်စွာ ဘုရားသည်၊ အဘိဘူ=လွှမ်းမိုး၍ဖြစ်တော်မူ၏၊ အနဘိဘူတော= သူတစ်ပါးတို့ လွှမ်းမိုးနိုင်အပ်သည်မဟုတ်၊ အညဒတ္ထုဒသော=စင်စစ် သိမြင်တော်မူနိုင်၏၊ ဝသဝတ္တီ=အလိုသို့ လိုက်စေတော်မူနိုင်၏၊ တသ္မာ= ထို့ကြောင့်၊ တထာဂတောတိ=တထာဂတဟူ၍၊ ဝုစ္စတိ=ခေါ်ဆိုပညတ် သမုတ်အပ်၏။

ဆိုလိုရင်းအဓိပ္ပါယ်။ ။။။ဆိုလိုရင်းအဓိပ္ပါယ်မှာ နတ်နှင့်တကွ, မာရ်မင်းနှင့်တကွ, ဗြဟ္မာမင်းနှင့်တကွသော လောကကြီးအတွင်း၌ ရဟန်း, ပုဏ္ဏား, နတ်, လူများနှင့်တကွသော သတ္တဝါအပေါင်းအစု၌ မြတ်စွာဘုရားသည် တန်ခိုးတော်အမျိုးမျိုးဖြင့် လွှမ်းမိုးအုပ်ခြုံ၍ ဖြစ် တော်မူ၏၊ တစ်ပါးသောပုဂ္ဂိုလ်မျှ မြတ်စွာဘုရားကို မလွှမ်းမိုးနိုင်၊ အရာခပ်သိမ်းကို စင်စစ်သိမြင်တော်မူနိုင်၏၊ အလိုသို့လိုက်တော်မူ စေနိုင်၏၊ ထိုကြောင့်-မြတ်စွာဘုရားကို တထာဂတဟူ၍ ခေါ်ဆိုသမုတ် အပ်လေသည်။

ဤပါသာဒိကသုတ္တန် ဒေသနာတော်မြတ်ဖြင့် မြတ်စွာဘုရားရှင်၏ တထာဂတ မည်တော် မူကြောင်းကို ပြဆိုတော်မူ၏။

---

၁။ အရဟံဂုဏ်တော်

“ဒက္ခိဏံ ပဋိဂ္ဂဟိတုံ အရဟတီတိ အရဟံ” ဒက္ခိဏံ=မြတ်သောလှူဖွယ်ဝတ္ထုကို၊ ပဋိဂ္ဂဟိတုံ=ခံယူတော်မူခြင်းငှါ၊ အရဟတိ=ထိုက်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ အရဟံ=အရဟံ မည် တော်မူ၏။

မြတ်သောလှူဖွယ်ဝတ္ထု။ ။ မြတ်သော လှူဖွယ်ဝတ္ထု ဆိုသည် ကား ကံနှင့်-ကံ၏အကျိုးကိုယုံကြည်၍ နောင်အနာဂတ်ဘဝတို့၌ ကြီးကျယ်သော ကုသိုလ်၏အကျိုးကို ရရှိခြင်းငှါ ပြုလုပ်လှူဒါန်းအပ်သော လှူဖွယ်ဝတ္ထုကို “ဒက္ခိဏာ“မြတ်သော လှူဖွယ်ဝတ္ထု ဟူ၍ဆိုသည်၊ ဤလောက၌ မြတ်သော လှူဖွယ်ကို ခံထိုက်သော ပုဂ္ဂိုလ်များကို “ဒက္ခိဏေယျ” ဟူ၍ခေါ်ဆို၏၊ မြတ်သော အလှူကိုခံထိုက်သော “ဒက္ခိဏေယျ” ပုဂ္ဂိုလ်အများတို့တွင် အရဟတ္တဖိုလ်၌တည်သော ရဟန္တာပုဂ္ဂိုလ်ကို “အဂ္ဂဒက္ခိဏေယျ”ဟူ၍ ဆိုအပ်၏။

အဘယ့်ကြောင့် “အဂ္ဂဒက္ခိဏေယျ” ဟူ၍ဆိုအပ်သနည်း၊ ထို ရဟန္တာပုဂ္ဂိုလ်၌ ကိလေသာအညစ်အကြေး အပြစ်ဒေါသတို့သည် အလုံးစုံကင်းငြိမ်း ကုန်၏၊ ထိုသို့ကိလေသာကင်းငြိမ်းသဖြင့် ထိုပုဂ္ဂိုလ်၌ လှူအပ်သော အလှူသည် ကြီးမြတ်သော အကျိုးကို ဖြစ်ပွားစေတတ်၏၊ ဥပမာ-ပေါင်းမြက်စသော လယ်၏ အညစ်အကြေးမှကင်းသော လယ်, ယာ, မြေကောင်း၌ စိုက်ပျိုးကြဲချအပ်သော မျိုးစေ့သည် အသီးအနှံတို့ကို များစွာဖြစ်ထွန်းစေသကဲ့သို့၊ ထို့အတူ ကိလေသာအညစ်အကြေး ကင်း ဝေးပြီးသော ရဟန္တာပုဂ္ဂိုလ်၌ လှူဒါန်းအပ်သော အလှူသည် ကြီး ကျယ်မြင့်မြတ်သော အကျိုးကို ဖြစ်ထွန်းစေနိုင်လေသည်။

ကောင်းမွန်အောင်မြင်သော မျိုးစေ့မျိုးကောင်းများကို ပေါင်းမြက် ကင်းစင်သော လယ်ကောင်း၌သာလျှင် စိုက်ပျိုးထိုက် သကဲ့သို့၊ မြတ်သော လှူဖွယ်ကို ကိလေသာကင်းပြတ်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့အားသာလျှင် လှူဒါန်းထိုက်လေသည်၊ ဥပမာတစ်နည်းအားဖြင့် တစ်စုံတစ်ခုသော အကျိုးကို ရည်ရွယ်မြော် လင့်၍ ပေးကမ်းအပ်သော လက်ဆောင်ကောင်း ကို ထိုမြော်လင့် သော အကျိုးကိုပြန်၍ ပေးကမ်းစောင်မနိုင်သော သူသာလျှင် ခံယူထိုက်သကဲ့သို့၊ ထို့အတူ ကံနှင့်ကံ၏အကျိုးကို ယုံကြည်၍ နောင် အနာဂတ်ဘဝတို့၌ ကြီးကျယ်သောအကျိုးကို ရရှိစိမ့်သော ငှါ လှူဒါန်းအပ်သော မွန်မြတ်သောလှူဖွယ်ကို ထိုသို့မြော်လင့် တောင့်တ သောအတိုင်း အကျိုးကိုဖြစ်စေနိုင်သော ရဟန္တာပုဂ္ဂိုလ် တို့သာလျှင် ခံယူထိုက်လေသည်။

အရဟတ္တဖိုလ်သို့ရောက်ပြီးသော ပုဂ္ဂိုလ်တို့တွင်လည်း တရား အလုံးစုံကို အကုန်သိမြင်တော်မူသော မြတ်စွာဘုရားသည် “ဒက္ခိဏေ ယျ” ဘွဲ့ကို ရရှိ၍ ပူဇော်ဖွယ်, လှူဒါန်းဖွယ်ကို ခံထိုက်သောပုဂ္ဂိုလ်တို့ထက် လွန်ကဲ၍ အထူးသဖြင့် ပူဇော်ဖွယ်လှူဒါန်းဖွယ်တို့ကို ခံထိုက်သောကြောင့် အရဟံဟူသောဘွဲ့ထူးကို ရရှိတော်မူသည်။ အရဟတ္တဖိုလ်သို့ရောက်၍ ကိလေသာအာသဝေါတရား ကုန်ခန်းပြီးသော ပုဂ္ဂိုလ်တိုင်း အရဟံ ဟူသောဘွဲ့ထူးကို ရရှိနိုင်သည် မဟုတ်၊ မြတ်စွာဘုရားတစ်ပါးတည်းသာ လျှင် အရဟံဟူသော ဘွဲ့ထူးကို ခံယူတော်မူ နိုင်သည်။

မြတ်စွာဘုရား၏ တပည့်သားရဟန္တာ အရှင်မြတ်များသည်ကား “ဒက္ခိဏေယျ” ဟူသော ဘွဲ့ကိုသာ ခံယူတော်မူကြကုန်သည်၊ ထို့ကြောင့် သံဃဂုဏ် ၉-ပါးတို့တွင် “ဒက္ခိဏေယျော” ဟူသောဂုဏ်ပုဒ်ကို ထည့် သွင်း၍ ပြလေသည်။

“ဒက္ခိဏံ ပဋိဂ္ဂဟိတုံ အရဟတီတိ ဒက္ခိဏေယျော” ဒက္ခိဏံ=မြတ်သောလှူဖွယ်ကို၊ ပဋိဂ္ဂဟိတုံ=ခံယူတော်မူခြင်းငှါ၊ အရဟတိ=ထိုက်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဒက္ခိဏေယျော=ဒက္ခိဏေယျ မည်၏။

အပူဇော်ခံထိုက်မှုနှင့်စပ်လျဉ်း၍ဆိုလျှင် အရဟံပုဒ်နှင့် ဒက္ခိဏေယျ ပုဒ်သည် အနက်အားဖြင့်တူ၏၊ ပါဠိအသုံးအစွဲ သဘောအဓိပ္ပါယ် အားဖြင့်မူကား အရဟံပုဒ်သည် ဒက္ခိဏေယျပုဒ်ထက် မြင့်မြတ်ကြီးကျယ် သော အနက်ရှိလေသည်၊ သို့ဖြစ်၍ ဒက္ခိဏေယျပုဒ်ကို တပည့်သား သံဃာ ရဟန္တာတို့၌ အသုံးအစွဲပြု၍ အရဟံပုဒ်ကို မြတ်စွာဘုရားနှင့် စပ်လျဉ်းမှသာ အသုံးအစွဲပြုရလေသည်။

[ပူဇော်လှူဒါန်းမှုနှင့်စပ်သော ဤအရဟံပုဒ်အဖွင့်၌အလှူကို ဝေဖန်၍ပြရာ ဖြစ်သော ဒက္ခိဏဝိဘင်္ဂသုတ်ကို ပြဆိုသင့်၏၊]

---

ဒက္ခိဏဝိဘင်္ဂသုတ် မြန်မာပြန် အလှူခံတစ်ကျိပ်လေး

ချစ်သားအာနန္ဒာ ပုဂ္ဂိုလ်အသီးအသီး၌ ခွဲခြမ်း၍လှူဒါန်းသော ပုဂ္ဂလိက အလှူတို့သည် ၁၄-ပါးအပြားရှိကုန်၏၊ တစ်ဆယ့်လေးပါးတို့ ဟူသည်ကား အဘယ်နည်း။

၁။ ပူဇော်အထူးကိုခံထိုက်သော မဖောက်မပြန် ထိုးထွင်း၍ သိမြင် တော်မူသော မြတ်စွာဘုရား၌ အလှူကိုလှူ၏။

၂။ ပစ္စေကဗုဒ္ဓါ၌ အလှူကိုလှူ၏။

၃။ မြတ်စွာဘုရား၏ တပည့်သားဖြစ်သော ရဟန္တာပုဂ္ဂိုလ်၌ အလှူကို လှူ၏။

၄။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံသော အရဟတ္တ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၌ အလှူကိုလှူ၏။

၅။ အနာဂါမ်ပုဂ္ဂိုလ်အား အလှူကိုလှူ၏။

၆။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံသော အနာဂါမိ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၌ အလှူကိုလှူ၏။

၇။ သကဒါဂါမ်ပုဂ္ဂိုလ်အား အလှူကိုလှူ၏။

၈။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံသော သကဒါဂါမိ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၌ အလှူကိုလှူ၏။

၉။ သောတာပန် ပုဂ္ဂိလ်အား အလှူကိုလှူ၏။

၁၀။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံသော သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၌ အလှူကိုလှူ၏၊
၁၁။ သာသနာတော်မှ အပဖြစ်သော ကာမဂုဏ်တို့၌ ပြတ်ကင်းသော သာယာ ခြင်းရှိသော ရသေ့ ပရိဗိုဇ်တို့၌ အလှူကိုလှူ၏၊
၁၂။ သီလရှိသော ပုထုဇ္ဇန်ပုဂ္ဂိုလ်၌ အလှူကိုလှူ၏။

[ဤ၌ သီလဝန္တ ပုထုဇ္ဇန်ဆိုသည်ကား သာသနာမှအပဖြစ်သော ငါးပါးသီလ မြဲသောပုဂ္ဂိုလ်ကို ဆိုလိုသည်။]

၁၃။ သီလမရှိသော ပုဂ္ဂိုလ်၌ အလှူကိုလှူ၏။

[ဒုဿီလပုထုဇ္ဇန်ဆိုသည်ကား သူ့အသက်ကိုသတ်ခြင်းစသည်ကို ပြုသော ဒုစ္စရိုက် သမားတို့ကို ဆိုသည်။]

၁၄။ တိရစ္ဆာန်သတ္တဝါတို့၌ အလှူကိုလှူ၏၊

ချစ်သားအာနန္ဒာ ထိုအလှူ ၁၄-ပါးတို့တွင် တိရစ္ဆာန်သတ္တဝါ၌ အလှူကို လှူရသောကြောင့် အရာသောအလှူ၏အကျိုးကို အလိုရှိအပ်၏၊ ဒုဿီလ ပုထုဇ္ဇန်၌လှူရသောကြောင့် အထောင်သော အလှူ၏အကျိုးကို အလိုရှိအပ်၏၊ သီလဝန္တပုထုဇ္ဇန်၌ လှူရသောကြောင့် အသောင်းသော အလှူ၏အကျိုးကို အလိုရှိအပ်၏၊ သာသနာတော်မှ အပဖြစ်သော ကာမဂုဏ်တို့၌ ပြတ်ကင်းသော သာယာခြင်းရှိသော ရသေ့ ပရိဗိုဇ်တို့၌ လှူရသောကြောင့် ကုဋေတစ်သိန်းသော အလှူ၏အကျိုးကို အလိုရှိ အပ်၏၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်၍နေသော သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၌ ပေးလှူရသောကြောင့် မရေ တွက်နိုင် မတိုင်းဆနိုင်သော အလှူ၏အကျိုးကို အလိုရှိအပ်၏၊ သောတာပန် ပုဂ္ဂိုလ်၌ ပေးလှူရသောကြောင့်မူကား အဘယ်မှာဆိုဖွယ်ရာရှိတော့ မည်နည်း၊ (အဆင့်ဆင့်ဆိုလေ)။ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တော်တိုင်ထိုးထွင်း၍ သိမြင်တော်မူသော မြတ်စွာ ဘုရား၌ ပေးလှူရသောကြောင့်မူကား အလှူ၏အကျိုးကို အဘယ်မှာ ဆိုဖွယ်ရာရှိပါတော့အံ့နည်း။

[ဤစကားရပ်၌ အလှူခံ တစ်ကျိပ်လေးပါးနှင့် ထိုအလှူတို့၏ အဆင့်ဆင့် အကျိုးကြီးပုံကို ပြဆိုသော အချက်ပေတည်း။]

---

သံဃိကအလှူ-၇-မျိုး

ချစ်သားအာနန္ဒာ အပေါင်းသံဃာနှင့် သက်ဆိုင်သော သံဃိကဒါန တို့သည် ခုနစ်ပါးရှိကုန်၏၊ ခုနစ်ပါးတို့ဟူသည် အဘယ်နည်း။

၁။ ဘုရားအမှူးရှိသော ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ၌ အလှူကို လှူ၏။

၂။ ပရိနိဗ္ဗာန်ပြုတော်မူလေပြီးသော ဘုရားအမှူးရှိသော ဘိက္ခု သံဃာ, ဘိက္ခုနီသံဃာ၌ အလှူကိုလှူ၏။

၃။ ဘိက္ခုသံဃာ၌ အလှူကိုလှူ၏။

၄။ ဘိက္ခုနီသံဃာ၌ အလှူကိုလှူ၏။

၅။ ဤမျှလောက်သော ရဟန်းယောကျ်ား, ရဟန်းမိန်းမတို့ကို အကျွန်ုပ်အား သံဃာထဲမှ ခွဲ၍ညွှန်တော်မူပါဟု လျှောက်ထား ၍ အလှူကိုလှူ၏။

၆။ ဤမျှလောက်သော ရဟန်းယောကျ်ားတို့ကို အကျွန်ုပ်အား သံဃာထဲမှ ခွဲ၍ ညွှန်တော်မူပါဟု လျှောက်ထား၍ အလှူကို လှူ၏။

၇။ ဤမျှလောက်သော ရဟန်းမိန်းမတို့ကို အကျွန်ုပ်အား သံဃာ ထဲမှခွဲ၍ ညွှန်တော်မူပါဟု လျှောက်ထား၍ အလှူကိုလှူ၏။

[ဤကား သံဃဒါနကို အကျယ်အားဖြင့် မြတ်စွာဘုရား ဟောကြား တော်မူအပ်သော ဒေသနာတည်း။]

ချစ်သား အာနန္ဒာ နောင်အနာဂတ်ကာလ၌ သာသနာ့အနွယ်, ရဟန်း အနွယ်ကို နှိပ်စက်ဖျက်ဆီးတတ်ကုန်သော သင်္ကန်းကို လည်ပင်း ရောက်ကာမျှဖြင့် ရဟန်းဟူ၍ ဝန်ခံကြကုန်သော အကျင့်ယုတ်ကုန်သော ဒုဿီလပုဂ္ဂိုလ်တို့သည် ဖြစ်ပေါ်ကုန်လတ္တံ့၊ ထိုဒုဿီလပုဂ္ဂိုလ်တို့၌ သံဃာကိုရည်မှန်း၍ လှူဒါန်းကြကုန်လတ္တံ့၊ ချစ်သားအာနန္ဒာ ထိုခေတ် အခါ၌သော်လည်း သံဃာကိုရည်မှန်း၍ လှူဒါန်းသောအလှူသည် မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးကိုပေး၏ဟူ၍ ငါဘုရား မိန့်တော်မူ၏၊ ချစ်သားအာနန္ဒာ သံဃာကိုရည်မှန်း၍ လှူဒါန်းသော ဒါနသည် ပုဂ္ဂိုလ်ကိုရည်မှန်း၍ လှူဒါန်းသောဒါနထက် သာလွန်၍ အကျိုးကြီး၏ ဟူ၍ တစ်စုံတစ်ခုသော စကားပရိယာယ်ဖြင့် ငါဘုရား ဟောကြားတော်မမူနိုင်။

ဥပရိပဏ္ဏာသ စတုတ္ထဝဂ် ဒက္ခိဏဝိဘင်္ဂသုတ် မြန်မာပြန်ဆိုချက်ပြီး၏။

---*---

---

နဝင်္ဂုတ္တရပါဠိတော် ဒုတိယဝဂ် ဝေလာမသုတ် မြန်မာပြန်

အိုသူကြွယ်-ရှေး၌ဖြစ်ဖူးလေသည်ကား ဝေလာမမည်သော ပုဏ္ဏားကြီး သည်ရှိလေ၏၊ ထိုပုဏ္ဏားကြီးသည် ဤသို့သဘောရှိသော အလှူကိုလှူ၏၊ ကြီးကျယ်သော အလှူကြီးပေတည်း။ ငွေတို့ဖြင့်ပြည့်သော ရွှေခွက်ပေါင်း ရှစ်သောင်းလေးထောင်တို့ကို လှူ၏၊ ရွှေဖြင့်ပြည့်သော ငွေခွက်ပေါင်း ရှစ်သောင်း လေးထောင်တို့ကိုလည်း လှူ၏၊ ရွှေဖြင့် ပြည့်သော ကြေးခွက်ပေါင်း ရှစ်သောင်း လေးထောင်တို့ကိုလည်း လှူ၏၊ ဆင် ရှစ်သောင်းလေးထောင်, မြင်း ရှစ်သောင်း လေးထောင်, ရထား ရှစ်သောင်းလေးထောင်, နို့ညှစ်နွားမ ရှစ်သောင်း လေးထောင်, သမီး ကညာ ရှစ်သောင်းလေးထောင်, ပလ္လင်ရှစ်သောင်း လေးထောင် တို့ကိုလည်း လှူ၏၊ ကုဋေရှစ်သောင်းလေးထောင်သော အဝတ်ပုဆိုး တို့ကိုလည်း ပေးလှူ၏၊ ထမင်းအစာ, ခဲဖွယ်, စားဖွယ်, လျှက်ဖွယ်, သောက်ဖွယ်တို့ကို လှူသည်ကား အဘယ်မှာဆိုဖွယ်ရာရှိတော့အံ့နည်း၊ ထိုအစာ ဘောဇဉ်များသည်ကား မြစ်ကြီးကဲ့သို့ စီးဆင်း၍ သွားယောင် ယောင် လှူဒါန်းလေ၏။

အိုသူကြွယ်- ဝေလာမပုဏ္ဏားသည် ကြီးကျယ်သော အကြင် အလှူကို လှူ၏၊ အကြင်သူသည်မူကား အရိယာဉာဏ်အမြင်နှင့် ပြည့်စုံသော သောတာပန် ပုဂ္ဂိုလ်တစ်ဦးကို တစ်ကြိမ်ကျွေးမွေး၏၊ ဤသို့ သောတာပန်ပုဂ္ဂိုလ်အား တစ်ကြိမ် ကျွေးမွေးခြင်းသည် ထိုဝေလာမ ပုဏ္ဏား၏အလှူထက် အကျိုးကြီးမြတ်သည် ဖြစ်၏၊ အကြင်သူသည် သောတာပန်တစ်ရာတို့အား ကျွေးမွေးလှူဒါန်း၏၊ အကြင်သူသည် သကဒါဂါမ်ပုဂ္ဂိုလ်တစ်ဦးကို ကျွေးမွေးလှူဒါန်း၏၊ ထိုအလှူသည် သောတာပန်တစ်ရာကို ကျွေးမွေးလှူဒါန်းသည်ထက် အကျိုးကြီး၏၊ အကြင်သူသည် သကဒါဂါမ်တစ်ရာကို ကျွေးမွေးလှူဒါန်း၏၊ အကြင် သူသည် အနာဂါမ် ပုဂ္ဂိုလ်တစ်ဦးကို ကျွေးမွေးလှူဒါန်း၏၊ ထိုအလှူသည် သကဒါဂါမ်တစ်ရာကို ကျွေးမွေးလှူဒါန်းသည်ထက် အကျိုးကြီး၏၊ အကြင်သူသည် အနာဂါမ်တစ်ရာကို ကျွေးမွေးလှူဒါန်း၏၊ အကြင် သူသည် ကိလေသာကုန်ခန်းပြီးသော ရဟန္တာပုဂ္ဂိုလ် တစ်ဦးကို ကျွေးမွေး လှူဒါန်း၏၊ ထိုအလှူသည် အနာဂါမ်တစ်ရာကို ကျွေးမွေး လှူဒါန်းသည် ထက် အကျိုးကြီး၏၊ အကြင်သူသည် ရဟန္တာတစ်ရာကို ကျွေးမွေးလှူ ဒါန်း၏၊ အကြင်သူသည် ပစ္စေကဗုဒ္ဓါတစ်ပါးကို ကျွေးမွေးလှူဒါန်း၏၊ ထိုအလှူသည် ရဟန္တာတစ်ရာကို ကျွေးမွေးလှူဒါန်းသည်ထက် အကျိုး ကြီး၏။

အကြင်သူသည် ပစ္စေကဗုဒ္ဓါတစ်ရာကို ကျွေးမွေးလှူဒါန်း၏၊ အကြင် သူသည် ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တော်တိုင် ထိုးထွင်း၍သိတော်မူသော မြတ်စွာဘုရားတစ်ပါးကို ကျွေးမွေးလှူဒါန်း၏၊ ထိုအလှူသည် ပစ္စေကဗုဒ္ဓါတစ်ရာကို ကျွေးမွေး လှူဒါန်းသည်ထက် အကျိုးကြီး၏၊ အကြင်သူသည် မြတ်စွာဘုရားကို ကျွေးမွေးလှူဒါန်း၏၊ အကြင်သူသည် ဘုရားအမှူးရှိသော ရဟန်း သံဃာကို ကျွေးမွေးလှူဒါန်း၏၊ ထိုအလှူသည် မြတ်စွာဘုရားကို ကျွေးမွေးလှူဒါန်းသည်ထက် အကျိုးကြီး၏၊ အကြင်သူသည် ဘုရား အမှူးရှိသောသံဃာကို ကျွေးမွေးလှူဒါန်း၏၊ အကြင်သူသည် အရပ် လေးမျက်နှာမှ ကြွလာသမျှသော သံဃာကို ရည်စူး၍ ကျောင်းကို ဆောက်လုပ် လှူဒါန်း၏၊ ထိုအလှူသည် ဘုရားအမှူးရှိသော သံဃာကို ကျွေးမွေးလှူဒါန်းရ သည်ထက် အကျိုးကြီး၏။

အကြင်သူသည် အရပ်လေးမျက်နှာမှ ကြွလာသမျှသော သံဃာကိုရည်စူး၍ ကျောင်းဆောက်လှူဒါန်း၏၊ အကြင်သူသည်ကား ကြည်ညိုသော စိတ်ရှိသည်ဖြစ် ၍ ဘုရားကိုလည်းကောင်း, တရားကို လည်းကောင်း, သံဃာကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ ထိုဆည်းကပ် ကိုးကွယ်မှုသည် စတုဒိသာ သံဃိကကျောင်းကို ဆောက် လုပ်လှူဒါန်းရသည်ထက် အကျိုးကြီး၏၊ အကြင်သူသည် သရဏဂုံ ဆောက်တည်၏၊ အကြင်သူသည်ကား ကြည်ညိုသော စိတ်ရှိ သည်ဖြစ်၍ ငါးပါးသော သိက္ခာပုဒ်တို့ကို ခံယူဆောက်တည်၏၊ ထိုသို့ ငါးပါးသီလ ခံယူဆောက်တည်ခြင်းသည် သရဏဂုံဆောက်တည်သည်ထက် အကျိုးကြီး၏၊ အကြင်သူသည် ငါးပါးသီလကို ဆောက်တည်၏၊ အကြင်သူသည်ကား အယုတ် သဖြင့် ပန်းတစ်ရှုပ်နမ်းကာမျှလောက် မေတ္တာစိတ်ကို ပွါးများ၏၊ ထိုမေတ္တာ ပွါးများမှုသည် ငါးပါးသီလကို ခံယူဆောက်တည်သည်ထက် အကျိုးကြီး၏၊ အကြင်သူသည် မေတ္တာ စိတ်ကို ပွါးများ၏၊ အကြင်သူသည် အယုတ်သဖြင့် လက်ဖျစ်တစ်တွက်မျှ အမြဲမရှိဟူသော အနိစ္စကို ပွါးများ၏၊ ဤသို့ အနိစ္စသညာကို ပွါးများ ခြင်းသည် မေတ္တာစိတ်ကို ပွါးများရသည်ထက် အကျိုးကြီး၏။

ဆိုလိုရင်းအချက်။။ဤဝေလာမသုတ္တန်ဖြင့် သာသနာပ, သာသနာတွင်း၌ဖြစ်သော အလှူတို့၏ အကျိုးပေး ခြားနားပုံ, ပုထုဇ္ဇန် ပုဂ္ဂိုလ်တို့အား လှူရသောဒါနထက် အရိယာပုဂ္ဂိုလ်တို့အား လှူရသော ဒါန၏ အဆင့်ဆင့် အကျိုးကြီးမြင့်ပုံ, အရိယာပုဂ္ဂိုလ်တို့တွင်လည်း မြတ်စွာဘုရားအား လှူဒါန်း ရသောဒါန၏ အကျိုးကြီးပုံ ပုဂ္ဂလိက ဒါနထက် သံဃိကဒါနအကျိုးကြီးပုံ, သံဃိကဒါနတို့တွင် စတုဒိသာ သံဃိကကျောင်းကို လှူရခြင်း၏အကျိုးကြီးပုံများကို အဆင့်ဆင့်ပြတော် မူသည်။ ထို့ပြင်လည်း အလှူဒါနထက် သရဏဂုံ၏အကျိုးကြီးပုံ, သရဏဂုံထက် ငါးပါးသီလကို ဆောက်တည်ရခြင်း၏ အကျိုးကြီးပုံ, သီလထက် မေတ္တာဘာဝနာ၏ အကျိုးကြီးပုံ, မေတ္တာဘဝနာထက် အနိစ္စသညာကို ပွားရခြင်း ၏ အကျိုးကြီးပုံကိုလည်း ပြဆိုတော်မူသည်။

ဤသုတ်၏ အကျဉ်းချုပ်ကိုဆိုလျှင် ဒါနထက် သရဏဂုံအကျိုး ကြီး၏၊ သရဏဂုံထက် သီလအကျိုးကြီး၏၊ သီလထက် သမထဘာဝနာ အကျိုးကြီး၏၊ သမထဘာဝနာထက် ဝိပဿနာဘဝနာ အကျိုးကြီး၏ ဟူသော အဓိပ္ပါယ်ကို ဆိုလိုသည်။

မေတ္တာစိတ်။။ဤသုတ္တန်၌ မေတ္တာစိတ်ဆိုသည်မှာ စိတ်အညစ် အကြေးဖြစ်သော နီဝရဏတရားတို့ကို ခွါ၍ ပွားများအပ်သော စျာန်အနီးသို့ရောက်သော ဥပစာရ မေတ္တာစိတ်ကို သော်လည်းကောင်း, သို့မဟုတ် အပ္ပနာသို့ ဆိုက်ရောက်ပြီးသော မေတ္တာစိတ်ကိုလည်းကောင်း, ဆိုလိုသည်။ ထိုကဲ့သို့ ရင့်သန်သော မေတ္တာစိတ်မှသာလျှင် ပြဆိုခဲ့သော ဒါန, သရဏဂုံ သီလတို့ထက် အကျိုးကြီးနိုင်မည်။ မေတ္တာမည်ကာမျှ သာမညအားဖြင့် ပွားများသည် ဆိုရသော မေတ္တာစိတ်သည်မူကား ထိုကဲ့သို့ အကျိုးကြီးနိုင်မည် မဟုတ်ချေ။

အနိစ္စသညာ။ ။ အနိစ္စသညာ ဆိုသည်ကား အလုံးစုံသော တေဘုမ္မကတရားတို့၌ မြဲ၏ဟု ထင်မှတ်စွဲလမ်း မှတ်မှား၍နေသော နိစ္စသညာကိုခွါ၍ ထက်သန်သော ဝိပဿနာဉာဏ်ဖြင့် ပွားများ အပ်သော အနိစ္စသညာကို ဆိုသည်။ ထိုအနိစ္စသညာသည်သာလျှင် ဝဋ်ဒုက္ခမှ ကင်းငြိမ်းခြင်း ဝဋ်ဒုက္ခပြတ်ခြင်းငှါ အနီးဆုံးသော တရားဖြစ်၏၊ ထိုကြောင့် ဝဋ်ဒုက္ခမှ ငြိမ်းခြင်းတည်းဟူသော အကျိုးထူးကိုရည်၍ အနိစ္စသညာကို ဝေလာမသုတ္တန်၌ ဟောတော်မူအပ်သော ဒါနစသည်တို့ ထက် အကျိုးကြီးမြတ်ကြောင်း အထွဋ်အထိပ်ဖြစ်ကြောင်းကို ဟောကြားတော်မူသည်။

ဒက္ခိဏေယျ ၈ -ပါး။။ ထိုမှတစ်ပါး ဆိုဖွယ်ရှိပြန်သည်ကား အတုမရှိမြတ်သော အလှူကို ခံထိုက်သော ဒက္ခိဏေယျပုဂ္ဂိုလ်တို့သည် ရှစ်ပါးရှိကုန်၏၊ ရှစ်ပါးဟူသည်ကား အရဟတ္တဖိုလ်၌ တည်သောပုဂ္ဂိုလ်, အရဟတ္တ မဂ်၌ တည်သောပုဂ္ဂိုလ်, အနာဂါမိဖိုလ်၌ တည်သောပုဂ္ဂိုလ်, အနာဂါမိမဂ်၌ တည်သောပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်၌ တည်သောပုဂ္ဂိုလ်, သကဒါမိမဂ်၌ တည် သောပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်၌ တည်သော ပုဂ္ဂိုလ်, သောတာပတ္တိမဂ်၌ တည်သောပုဂ္ဂိုလ် ဤရှစ်ပါးတို့တည်း။

ထိုရှစ်ပါးတို့တွင် အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်သည် အမြတ်ဆုံး အလွန်အကဲဆုံးဖြစ်၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်ကို အရဟာ ဟူ၍ဆိုအပ်၏၊ မြတ်စွာဘုရားသည်လည်း ထိုအရဟတ္တဖိုလ်ပုဂ္ဂိုလ် အရဟာပုဂ္ဂိုလ်၌ အကျုံးဝင်၍နေ၏၊ ထိုကြောင့် မြတ်စွာဘုရားကိုလည်း အရဟာဟူ၍လည်းကောင်း, အရဟံဟူ၍လည်းကောင်း ဆိုအပ်၏၊ အရဟဟူသောပုဒ်နှင့် စပ်လျဉ်း၍ မြတ်သော အလှူကို ခံထိုက်သော အနက်အားဖြင့်ဆိုလျှင် ထိုအရဟဟူသောပုဒ်သည် ကိလေသာ ကုန်ခန်း ပြီးသော ပုဂ္ဂိုလ်ဟူသမျှတို့နှင့် အလုံးစုံ မခြားမနား ဆက်ဆံ၍နေ၏၊ မြတ်စွာဘုရားကိုလည်း အရဟ, ရဟန္တာပုဂ္ဂိုလ်တို့အားလည်း အရဟဟူ၍ အတူအမျှ ဆိုထိုက်သည် ဟူ၍ ဆိုလိုသည်။

ဤမြတ်စွာဘုရား၏ ဂုဏ်ကိုပြဆိုသောအရာ၌မူကား အရဟ ဟူသောပုဒ်နှင့် စပ်လျဉ်း၍ ရဟန္တာတို့နှင့် မစပ်ဆိုင်စေပဲ ထူးခြား၍ သီးသန့်စွာ ဆိုခြင်းငှာ ထိုက်ပေသည်၊ အဘယ်သို့ဆိုမည်နည်း --

အနုတ္တရံ ဓမ္မစက္ကဉ္စ အာဏာစက္ကဉ္စ ပဝတ္တေတုံ အရဟတီတိ အရဟံ။

အနုတ္တရံ=အတုမရှိသော၊ ဓမ္မစက္ကဉ္စ=တရားစက်ကိုလည်းကောင်း၊ အာဏာစက္ကဉ္စ=အာဏာစက်ကိုလည်းကောင်း၊ ပဝတ္တေတုံ=လည် စေခြင်းငှါ၊ အရဟတိ=ထိုက်၏၊ ဣတိတသ္မာ=ထိုကြောင့်၊ အရဟံ=အရဟ မည်တော်မူ၏။

အတုမရှိသော ဓမ္မစက် အာဏာစက်တို့ကို လည်စေခြင်းငှါ ထိုက်သောကြောင့် အရဟံဟူ၍ ဆိုအပ်သည်ဟူလို။

ဓမ္မစက်ဟူသည် အဘယ်နည်း။ ။။။။မြတ်စွာဘုရားသည် အလုံးစုံ သိသင့် သိထိုက်သမျှသော ဉေယျဓမ်တရားတို့ကို အကြွင်းမဲ့ သိမြင်တော်မူပြီးသည်၏အဖြစ်ကြောင့် ထိုတရားတို့ကို ဟောပြော ဖြန့်ချိတော် မူခြင်းကိစ္စ၌ နုံ့နှေးခြင်းကို မဖြစ်စေပဲ အလိုရှိသမျှ စက်လှည့်၍ ဟောတော်မူ စွမ်းနိုင်သော ဒေသနာဉာဏ်သည် ဓမ္မစက် ဓမ္မစက် မည်၏၊ ထိုဓမ္မစက်ကို လည်အောင် လှည့်တော်မူခြင်းငှါ စွမ်းနိုင်တော်မူသော သတ္တိကြောင့် အရဟံ မည်တော်မူ၏၊ အဘယ့်ကြောင့် ဓမ္မစက်ကို လှည့်ခြင်းငှာ ထိုက်သည်ဟု ဆိုရသနည်း၊ မြတ်စွာဘုရား ဟောကြားတော် မူအပ်သော တရားစက်ကို တရားအချက်တို့ကို တစ်ပါးသောပုဂ္ဂိုလ် တို့သည် ဆန့်ကျင်ဖက်ပြု၍ လည်စေခြင်းငှာ မစွမ်းနိုင်၊ မြတ်စွာဘုရား တရားစက်လှည့်၍ ထားသည်ကို တစ်ပါးသောပုဂ္ဂိုလ်တို့သည် တစ်နည်း တစ်ဖုံ အားဖြင့် တီထွင်၍ လှည့်နိုင်ဖွယ်ရာ အကြောင်းမရှိ၊ မြတ်စွာ ဘုရား၏ တရားစက် လှည့်ပြီးသော အတိုင်းသာလျှင် နေရာတကျ ပြည့်စုံလုံလောက်ပြီးဖြစ်၍ ထည့်စွက် ပြင်ဆင်ဘွယ် မရှိချေ၊ ထို့ကြောင့် မြတ်စွာဘုရားသာလျှင် တရားစက်ကို လှည့်တော်မူထိုက်သည်ဟူ၍ ဆိုရလေသည်။

ထို့ကြောင့် ဓမ္မစက္ကပဝတ္တနသုတ်၌ --

ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ, ဗြာဟ္မဏေန ဝါ, ဒေဝေနဝါ, မာရေနဝါ, ဗြဟ္မုနာဝါ, ကေနစိဝါ, လောကသ္မိံ။ ဟူ၍ဟောတော်မူသည်။

ဘဂဝတာ=မြတ်စွာဘုရားသည်၊ ဗာရာဏသိယံ=ဗာရာဏသီ ပြည်၌၊ ဣသိပတနေ=ဣသိပတန အမည်ရှိသော၊ မိဂဒါယေ=မိဂဒါ အမည် ရှိသော တောအုပ်၌၊ သမဏေနဝါ=ရဟန်းသည်လည်းကောင်း၊ ဗြာဟ္မဏေနဝါ=ပုဏ္ဏားသည်လည်းကောင်း၊ ဒေဝေနဝါ=နတ်သည်လည်း ကောင်း၊ မာရေနဝါ=မာရ်နတ်သည်လည်းကောင်း၊ ဗြဟ္မုနာဝါ=ဗြဟ္မာသည် လည်းကောင်း၊ လောကသ္မိံ=လောက၌၊ ကေန စိဝါ=တစ်စုံတစ်ယောက် သော သူသည်လည်းကောင်း၊ အနုတ္တရံ=အတုမရှိသော၊ အပ္ပဋိဝတ္တိယံ= ဆုတ်နစ်ခုခံ ကန့်ကွက်ခြင်းငှာ မစွမ်းနိုင်သော၊ ဧတံ ဓမ္မစက္ကံ= ဤဓမ္မ စကြာတရားတော်ကို၊ ပဝတ္တိတံ=လည်စေတော်မူအပ်သည်၊ [လှည့်အပ် သည်၊ ဟောတိ=ဖြစ်၏။

ဓမ္မစက္ကပဝတ္တန။။ဓမ္မစက်ကို လည်စေတော်မူရာ၌ တစ်ပါး သော ပုဂ္ဂိုလ်တို့ ခုခံကန့်ကွက်ခြင်းငှာ မတတ်နိုင်ပုံကို ဤသို့သိအပ်၏၊ မြတ်စွာဘုရားသည် ထိုဓမ္မစက္ကသုတ်၌ ဟောတော်မူအပ်ကုန်သော အရိယသစ္စာလေးပါးတို့ကိုလည်းကောင်း, ထိုမှတစ်ပါးသော သုတ္တန်, အဘိဓမ္မာတို့၌ ဟောတော်မူအပ်ကုန်သော ကုသိုလ်, အကုသိုလ် စသောတရားတို့ကိုလည်းကောင်း, သတိပဋ္ဌာန်, သမ္မပ္ပဓာန်စသော တရားတို့ကိုလည်းကောင်း, မသင့်ဟူ၍ ပယ်ရှားတွန်းလှန်ပြီးလျှင် မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်မှ တစ်ပါးသော အရိယာ သစ္စာမျိုးတို့ကိုလည်းကောင်း, ကုသိုလ်, အကုသိုလ် စသည်တို့ကို လည်းကောင်း, သတိပဋ္ဌာန်, သမ္မပ္ပဓာန် စသည်တို့ကိုလည်းကောင်း, တစ်နည်းတစ်လမ်း တစ်မျိုးတစ်ဖုံအားဖြင့် ဟောကြား ထုံးဖွဲ့ခြင်းငှါ ပြုစွမ်းနိုင်သော ပုဂ္ဂိုလ်ဟူ၍ လောက၌ တစ်စုံတစ်ယောက်မျှ မရှိ၊ မြတ်စွာဘုရား ဟောတော်မူအပ် လည်စေတော်မူအပ်သော တရားစက်ကို ခုခံတွန်းလှန်ခြင်းငှါ မတတ်နိုင်ရုံမျှသာ မဟုတ်သေး၊ စင်စစ်မူကား ထိုမြတ်စွာဘုရား လည်စေတော်မူအပ် လှည့်အပ်သော တရားစက်သည် ကြီးမားသော တန်ခိုးနှင့်လည်း ပြည့်စုံ၏၊ ကြီးမားသော အရှိန် အစော် အာနုဘော်နှင့်လည်း ပြည့်စုံ၏၊ တရားစက်၏ တန်ခိုးကြီးပုံကို ဓမ္မစကြာ ဒေသနာတော်ကို ဟောတော်မူ၍ ကြားနာကြရသည်၏အဆုံး၌ မရေ မတွက်နိုင်သော အသင်္ချေယျ သတ္တဝါတို့၏ အပါယ်ဘေးစသော ဝဋ်ဒုက္ခ တို့မှ ကျွတ်လွတ်ခြင်းဖြင့် သိအပ်၏၊ ဓမ္မစကြာသုတ်ကို ဟောကြား တော်မူသည်၏အဆုံး၌ တစ်သောင်းသော စကြဝဠာ လောကဓာတ်ကြီး တုန်လှုပ်ခြင်း၏ အစွမ်းအားဖြင့် သိအပ်၏၊ ဤသို့လျှင် အတုမရှိသော တရားစက်ကို လည်စေတော်မူခြင်းငှါ ထိုက်သည်၏အဖြစ်ကြောင့် အရဟံ မည်တော်မူသည် ဟူ၍ သိအပ်၏။

စကြာမင်း ၂-မျိုး။။လောက၌ စကြာကို လည်စေနိုင်သော မင်းကို စကြဝတေး, စက္ကဝတ္တိမင်းစက္ကဝတ္တိမင်းဟူ၍ ခေါ်ဆို သမုတ်ကြ၏၊ ထိုစကြာ မင်းသည် ရတနာစကြာမင်း, တရားစကြာမင်းဟူ၍ နှစ်မျိုးရှိ၏၊ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော လောကီစကြာမင်းသည် ပုံတောင်းရတနာ ယာဉ်စကြာကို လည်စေ၍ ထိုထိုအရပ်ဌာနသို့ အပိတ်မပင် အခုအခံမရှိ သွားလာ လှည့်ပတ်နိုင်သောကြောင့်“စက္ကဝတ္တိ စကြဝတေးမင်းစက္ကဝတ္တိ စကြဝတေးမင်း” ဟူသော ဘွဲ့ထူးကို ရရှိလေသည်၊ လောကုတ္တရာ စကြာမင်းတည်း ဟူသောဘုရားသည်ကား တရားစကြာကို လည်စေတော်မူ၍ မည်သူ တစ်ဦးတစ်ယောက်မျှ အခုအခံ အပိတ်အပင် မရှိပဲ ဟောကြားတော် မူနိုင်သောကြောင့် “စက္ကဝတစက္ကဝတ္တိ တရားစကြာမင်းတရားစကြာမင်း” ဟူသော ဘွဲ့ထူးကို ခံယူတော်မူလေသည်။

“လောကီစကြာမင်း' လောကီစကြာမင်း” ဟူသောဘွဲ့ကို ဒုလ္လဘအမျိုးမဟုတ် သောကြောင့် ရလွယ်၏၊ လောကုတ္တရာ တရားစကြာမင်းကြီးတည်း ဟူသော ဘွဲ့ထူးကိုမူကား ဒုလ္လဘမျိုးဖြစ်သောကြောင့် ရနိုင်ခဲလေသည်၊ မြတ်စွာဘုရားသည်ကား သိဒ္ဓတ္ထ ကုမာရမင်းသားဘဝတွင် တောထွက် တော်မမူပဲ ထီးနန်းစည်းစိမ်နှင့်သာ စံပျော်၍ နေတော်မူပါလျှင် ရတနာ ၇-ပါးနှင့် ပြည့်စုံသော လောကီစကြဝတေး မင်းကြီးဖြစ် မည်မှာ ဧကန်မုချ တည်း၊ တောထွက်တော်မမူပဲ ၇-ရက်မျှ ဆိုင်းလင့်တော်မူပါလျှင် စကြာပုံတောင်း ရောက်၍ စကြာမင်းကြီးဖြစ်တော့မည်၊ သို့ရာတွင် လောကီ စကြာမင်းအဖြစ်ကို ယုတ်ညံ့ အောက်ကျသည်ဟူ၍ ထင်မှတ် တော်မူသောကြောင့် ထိုလောကီစကြာမင်း၏စည်းစိမ်ဖြင့် တင်းတိမ် ရောင့်ရဲတော်မမူနိုင်ပဲ တံတွေးပေါက်ကဲ့သို့ စွန့်ခွါတော်မူပြီးလျှင် တောထွက်၍ ကျင့်ကြံကြိုး စားတော်မူရာ တရား စကြာကို လှည့်တော်မူ သော စကြာဓမ္မရာဇ်မင်း အဖြစ်သိ့ု ရောက်တော်မူလေသည်၊ မြတ်စွာ ဘုရားကိုယ်တော်တိုင် တရားစကြာမင်းကြီး ဖြစ်သည်ဟူ၍ ဝန်ခံတော်မူ သော ဒေသနာလည်း ရှိ၏။

[ထိုအကြောင်းကို အောက်၌ ဖော်ပြလတ္တံ့သော သုတ္တနိပါတ်လာ သေလသုတ္တန် ဒေသနာဖြင့် သိအပ်လေသည်။]

သေလပုဏ္ဏား အမေး။ ။ဗေဒင် သုံးပုံတို့၌ တစ်ဖက်ကမ်း ရောက်၍ သဒ္ဒါကျမ်း အလင်္ကာကျမ်းစသော ကျမ်းတို့ကို တတ်ကျွမ်း မြင်သိ၍ ပဏ္ဍိတကြီးတစ်ပါးဖြစ်သော သေလပုဏ္ဏားကြီးသည် မြတ်စွာ ဘုရားကို ဖူးတွေ့ရသောအခါ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်တို့ကို မြင်သည်ရှိသော် သူ၏စိတ်မှာ စကြာမင်းကြီး ဖြစ်ထိုက်ပါလျက် စကြာ မင်းကြီး မဖြစ်ပဲ ရဟန်းဖြစ်၍နေသည်ကို လောကီမျက်စိဖြင့်ကြည့်၍ အားမရပဲရှိသည်နှင့် အောက်၌ပါသော ဂါထာတို့ဖြင့် မြတ်စွာဘုရားကို လျှောက်ထားလေ၏။

၁။ ရာဇာ အရဟသိ ဘဝိတုံ၊ စက္ကဝတ္တိ ရထေသဘော။
စာတုရန္တော ဝိဇိတာဝီ၊ ဇမ္ဗုမဏ္ဍဿ ဣဿရော။

၂။ ခတ္တိယာ ဘောဂိရာဇာနော၊ အနုယန္တာ ဘဝန္တု တေ။
ရာဇာဘိရာဇာ မနုဇိန္ဒော၊ ရဇ္ဇံ ကာရေဟိ ဂေါတမ။

၁။ ဂေါတမ=ဂေါတမနွယ်ဖွား မြတ်ဘုရား၊ တွံ=ရှင်ပင်မြတ် ဘုရားသည်၊ ရထေသဘော=ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော၊ စာတုရန္တော ဝိဇိတာဝီ=သမုဒ္ဒရာလေးတန်ဖြင့် ဝန်းရံအပ်သော မြေအပြင်၌ အောင်မြင်ပြီးသော ရန်သူရှိတော်မူသော၊ ဇမ္ဗုမဏ္ဍဿ=ဇမ္ဗူမဏ္ဍလင် ကျွန်းအပြင်ကို၊ ဣဿရော=အစိုးရသော၊ စက္ကဝတ္တိရာဇာ=စကြဝတေးမင်းကြီးသည်၊ ဘဝိတုံ=ဖြစ်ခြင်းငှါ၊ အရဟသိ= ထိုက်တော်မူ၏။

၂။ ခတ္တိယာ=ခတ္တိယအမျိုး၌ ဖြစ်ကြကုန်သော၊ ဘောဂိရာဇာနော= ပြည် ငယ်တိုင်းစား မင်းအများတို့သည်၊ တေ=အရှင်မြတ်၏၊ အနုယန္တာ= စကြာလှည့်ရာ နောက်တော်ပါကြကုန်သည်၊ ဘဝန္တု=ဖြစ်စေကုန်လော့၊ ဂေါတမ=ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊ တွံ=ရှင်ပင်ဘုရားသည်၊ မနုဇိန္ဒော=လူကိုအစိုးရသော၊ ရာဇာဘိ ရာဇာ=စကြာသနင်း မင်းထက်မင်း သည်၊ ဟုတွာ=ဖြစ်၍၊ ရဇ္ဇံ=မင်းအဖြစ်ကို၊ ကာရေဟိ=ပြုစေတော်မူ ပါလော့။

ဘုရားရှင် အဖြေ။ ။ဤသို့ သေလပုဏ္ဏားက စကြာမင်းကြီးဖြစ် ထိုက်သည့်အတိုင်း ဇမ္ဗူဒီပါကျွန်းအပြင်၌ စကြာမင်းကြီး ပြုတော်မူပါ ဟူ၍ လျှောက်ထားရာတွင် အောက်၌ပါသော ဂါထာဖြင့် တရား စကြာမင်းကြီး ဖြစ်ကြောင်းကို ဝန်ခံတော်မူသည်။

ရာဇာဟ မသ္မိ သေလ၊ ဓမ္မရာဇာ အနုတ္တရော။
ဓမ္မေန စက္ကံ ဝတ္တေမိ၊ လောကေ အပ္ပဋိဝတ္တိယံ။

သေလ=အိုသေလပုဏ္ဏား၊ အဟံ=ငါသည်တမူကား၊ ရာဇာ= ဘုံသုံးပြင်ဝယ် ပြိုင်ယှဉ်ခြင်း ကင်းတော်မူသော မင်းထွဋ်မင်းဖျားသည်၊ အသ္မိ=ဖြစ်တော်မူ၏၊ အနုတ္တရော=အတုမရှိသော၊ ဓမ္မရာဇာ=တရား စကြာမင်းကြီးပေတည်း၊ လောကေ=လောက၌၊ အပ္ပဋိဝတ္တိယံ= ပုဂ္ဂိုလ် တစ်ပါးတို့ ပြန်၍လည်ခြင်းငှါ မစွမ်းနိုင်သော၊ စက္ကံ=စက်ကို၊ ဓမ္မေန= တရားဖြင့်၊ ဝတ္တေမိ=လည်စေတော်မူ၏။

[ပြဆိုခဲ့ပြီးသော စကားရပ်ဖြင့် တရားစက်ကို လည်စေခြင်းငှါ ထိုက်သောကြောင့် အရဟံ, မည်ကြောင်းကို သိရာ၏၊]

အာဏာစက်။။အာဏာစက်ကို လည်စေတော်မူခြင်းငှါ ထိုက်သည်၏အဖြစ်ကြောင့်လည်း အရဟံမည်တော်မူသည်၊ အာဏာ စက်ဟူသည် အဘယ်နည်း။ မကြံစည်အပ်သော တန်ခိုးအာနုဘော် အတိုင်း မသိသောဂုဏ်တော်တို့နှင့် ပြည်စုံတော်မူသည်၏အဖြစ်ကြောင့် တရားစကြာ မင်းကြီး၏ အရိပ်ကိုခိုလှုံ၍ နေကြကုန်သော သီတင်းသုံး ဖော်ငါးဦးတို့အား သိက္ခာပုဒ်တော်ကို ပညတ်တော်မူရာ၌ မိုးကြိုးသွား ကျဘိသကဲ့သို့၊ သူတစ်ပါးတို့ တားမြစ်ခုခံခြင်းငှါ မစွမ်းနိုင်သော အာဏာတော်နှံ့မှု, ပညတ်ချက်ထားမှုများသည် အာဏာစက်မည်၏၊ ထိုအာဏာစက်ကို တစ်စုံတစ်ဦးသော ရဟန်းသည်လည်းကောင်း, ပုဏ္ဏားသည်လည်းကောင်း, နတ်သည်လည်းကောင်း, မာရ်မင်းသည် လည်းကောင်း, ဗြဟ္မာမင်းသည်လည်းကောင်း, လောက၌ တစ်စုံ တစ်ဦးသော ပုဂ္ဂိုလ်သည်လည်းကောင်း တားမြစ်ဆီးဟန့် ခုခံခြင်းငှါ မတတ်ကောင်း၊ ထို စကားမှန်၏၊ မြတ်စွာဘုရား၏ အာဏာစက်သည် ဆုတ်နစ်ခြင်း, ပြန်၍လည်ခြင်း သဘောမရှိ၊ အစဉ်အတိုင်း လည်တတ် သောသဘောရှိ၏၊ ထိုအာဏာစက်ကို လည်စေခြင်းငှါ ထိုက်တော်မူသော ကြောင့် အရဟံ မည်တော်မူသည်။

အာဏာစက် တရားကို။။ အာဏာစက် ဆိုသည်ကား ဝိနည်းဒေသနာပေတည်း၊ ထို ဝိနည်းပိဋကတ်ကို အာဏာဒေသနာဟူ၍ လည်း ဆို၏၊ ထိုဝိနည်း ဒေသနာတည်းဟူသော အာဏာစက်ကို မြတ်စွာဘုရားမှတစ်ပါး ပစ္စေကဗုဒ္ဓါသော်လည်းကောင်း, ရှင်သာရိပုတ္တရာ စသော သာဝကတို့သော်လည်းကောင်း, လောက၌ တစ်စုံတစ်ဦးသော ပုဂ္ဂိုလ်သည်လည်းကောင်း လည်စေခြင်းငှါ မတတ်နိုင်၊ ပညတ်ခြင်းငှါ မတတ်နိုင်၊ ပညတ်ခြင်းငှါ (မထိုက်ဟူ၍ ဆိုလိုသည်)၊ ပညတ်ခြင်းငှါ မတတ်နိုင်ရုံမျှသာ မဟုတ်သေး၊ ပညတ်တော်မူအပ်သော လည်စေ တော်မူအပ်သော အာဏာစက်များကို ပယ်ရှားခုခံ၍ နေခြင်းငှါလည်း တစ်စုံ တစ်ယောက်မျှ မတတ်နိုင်၊ မြတ်စွာဘုရား လည်စေတော်မူအပ် သော အတိုင်း ပညတ်တော်မူအပ်သောအတိုင်းသာလျှင် မှတ်သား လိုက်နာ ကျင့်ကြံရကုန်၏။

ထင်ရှားစေချက်။။ထိုစကားကို ထင်ရှားစွာပြဆိုဦးအံ့။ မြတ်စွာဘုရားသည် ဝိနည်းပိဋကတ်၌ ပညတ်တော်မူအပ်သော သိက္ခာပုဒ် တော်များကို ကျင့်ကြံအားထုတ်သော ရဟန်းအား သီလနှင့်ပြည့်စုံခြင်း တည်း ဟူသော သီလသမ္ပဒါဖြစ်၏ ထိုသို့ သီလသမ္ပဒါ ဖြစ်ခြင်းသည် ဝိနည်းပညတ်တော်နှင့် ညီစွာကျင့်ကြံ အားထုတ်တော်မူကြသော ရဟန်းတို့၏ မျက်မှောက်ဘဝ၌ မိမိကိုယ်တိုင် စိတ်ကြည်လင်စွာနှင့် မိမိကိုယ်ကိုမိမိ ကြည်ညိုနိုင်ခြင်း, မိမိကိုယ်ကို မိမိ မစွပ်စွဲရခြင်း တည်း ဟူသော အတ္တာနုဝါဒဘေးမှ ကင်းလွတ်ခြင်း, သူတစ်ပါးတို့ အစွပ်စွဲခံရခြင်း ဟူသော ပရာနုဝါဒဘေးမှ ကင်းလွတ်ခြင်း, မျက်မှောက်ဒိဋ္ဌ နတ်လူတို့၏ အကြည်ညိုကိုခံရခြင်း သေသည်မှနောက်ဖြစ်သော တမလွန်လောက၌ သုဂတိဘဝသို့ လားရခြင်း စသောအကျိုးတို့ကို ခံစားရခြင်းဖြင့် ထင်ရှား၏၊ ဝိနည်းပညတ်တော်များကို ကောင်းမွန်ညီညွတ်စွာ မကျင့်ကြံ ဖောက်ဖောက်ပြန်ပြန် ကျင့်သောရဟန်းအား မျက်မှောက်ဘဝ၌ မဂ္ဂန္တရာယ်သင့်၍ မဂ်ဉာဏ်တံခါး ပိတ်ခြင်း, သေလွန်သည်မှ နောက် ကာလ၌ သဂ္ဂန္တရာယ်သင့်၍ နတ်ပြည်တံခါးပိတ်ခြင်း, မိမိကိုယ်ကို မိမိ မကြည်ညိုနိုင်ခြင်း၊ မိမိကိုယ်ကို မိမိ စွပ်စွဲခံရခြင်း တည်းဟူသော အတ္တာနုဝါဒဘေးကြီးသင့်ခြင်း, သူတစ်ပါးတို့ စွပ်စွဲခံရခြင်း တည်းဟူသော ပရာနုဝါဒဘေးကြီးသင့်ရောက်ခြင်း, နတ်လူတို့ မကြည်ညို မုန်းထား ခံရခြင်းစသော အကျိုးယုတ်တို့နှင့် တွေ့ကြုံခြင်း စသည်တို့ဖြင့် ထင်ရှား၏။

ထိုသို့ဖြစ်ရခြင်းမှာ မြတ်စွာဘုရားသခင်၏ အာဏာစက်ကို လည်စေ တော်မူခြင်းငှါထိုက်သော ဂုဏ်တော်အထူးကြောင့်ဖြစ်သည်၊ မြတ်စွာဘုရား လည်စေတော်မူအပ်သော အာဏာစက်ဒေသနာ၌ သီလ ပျက်စီး၍ အာပတ်သင့် ရောက်မှုများကို ပယ်ရှားတွန်းလှန်၍ မြတ်စွာ ဘုရား ပညတ်တော်မူအပ်သည်မှ တစ်ပါးသော သီလပြည့်စုံမှု, သီလ ပျက်စီး၍ အာပတ်သင့်ရောက်မှုများကို တစ်နည်းတစ်လမ်းအားဖြင့် ကြံဖန်တီထွင်၍ ပညတ်ခြင်းငှါ အာဏာစက်ကို လှည့်ခြင်းငှါ စွမ်းနိုင်သော ပုဂ္ဂိုလ်ဟူ၍ လောက၌ တစ်စုံတစ်ယောက်မျှ မရှိချေ။

ဥပမာ---သေးငယ်သော သေခိယသိက္ခာပုဒ် 'ဩက္ခိတ္တစက္ခု အန္တရဃရေ ဂမိဿာမီတိ သိက္ခာကရဏီယာ' ဟူသော ပညတ်ချက်ဖြင့် ရွာတွင်းမှာ မျက်လွှာ ချ၍ သွားရမည်ဟူသော အာဏာစက်ကို ဖီဆန်ငြင်းပယ်၍ ရွာတွင်းမှာ မျက်လွှာ မချပဲ မော့၍သွားရမည်ဟု ပညတ်လျှင် ထိုသို့ သွားခြင်းတည်းဟူသော အကြောင်းကြောင့် မျက် မှောက်ပစ္စက္ခ တမလွန်လောကတို့၌ များစွာသော အပြစ်သင့်ခြင်းတို့နှင့် တွေ့ကြုံရလိမ့်မည် ဖြစ်၏၊ သို့ဖြစ်၍ မြတ်စွာဘုရား လှည့်တော်မူပြီးသော အာဏာစက်များကို သဗ္ဗညုတဉာဏ်တော်နှင့် ချင့်ချိန်၍ နေရာတကျ သင့်လျော်စွာ လှည့်၍ထားပြီး ဖြစ်သောကြောင့် ထိုအာဏာစက်များကို တစ်နည်းတစ်ဖုံ အားဖြင့် လှည့်ခြင်းငှါမထိုက်၊ လှည့်နိုင်သော ပုဂ္ဂိုလ် ဟူ၍လည်း မရှိချေ၊ မြတ်စွာ ဘုရား၏အာဏာစက်ကို ခုခံတွန်းလှန်ခြင်းငှါ မစွမ်းနိုင်ရုံမျှသာ မဟုတ်သေး၊ စင်စစ်မူကား ထိုအာဏာစက်သည် အလွန်ကြီးသော တန်ခိုးလည်းရှိ၏၊ ကြီးမားသော အရှိန်တေဇော် အာနုဘော်ရှိသည်လည်း ဖြစ်၏၊ ထိုအာဏာစက် ဒေသနာတော်၏ တန်ခိုးကြီကျယ်ပုံသည် ဝိနည်းပိဋကတ်တော်၌ ပညတ်တော်မူအပ် ကုန်သော သိက္ခာပုဒ်တို့ကို ကောင်းစွာကျင့်ကြံတော်မူကြကုန်သော ရဟန်းတော် အရှင်မြတ်တို့၏ သီလက္ခန္ဓဟုဆိုအပ်သော သီလမြတ်နှင့် ပြည့်စုံခြင်းအားဖြင့် ထင်ရှား၏၊ အရှိန်တေဇော် အာနုဘော် ကြီးကျယ်ပုံ သည် ဝိနည်းသိက္ခာပုဒ်တော်ကို ကျင့်ဆောင်တော်မူကြသော ရဟန်း တော် အရှင်မြတ် အစဉ်အဆက်တို့၏ တစ်လောကလုံးမှာ အတုမရှိ သော ကောင်းမှု၏ စိုက်ပျိုးရာ လယ်တာမြေ ကောင်းကြီးများ သဖွယ်ဖြစ် ခြင်းအားဖြင့် ထင်ရှား၏။

ဤသို့လျှင် မြတ်စွာဘုရားသည် တရားစက်ကို လည်စေတော်မူခြင်းငှါ ထိုက် သည်၏ အဖြစ်ကြောင့် အရဟံ မည်တော်မူသတည်း။

အာဏာစက် လှည့်ခြင်း။။ထိုမှတစ်ပါး ဝိနည်းပိဋကတ် မဟာဝါ ပါဠိတော်၌လည်းကောင်း, စူဠဝါပါဠိတော်၌လည်းကောင်း ပဗ္ဗဇ္ဇခန္ဓကအစရှိသော နှစ်ဆယ့်နှစ်ပါးသော ခန္ဓကတို့၌ ရှင် သာမဏေ ပြုမှု ပဗ္ဗဇ္ဇကမ္မ, ရဟန်းခံမှု ဥပသမ္ပဒကမ္မ, သိမ်သမုတ်ပြုမှု သီမာ သမ္မုတိကမ္မအစရှိသော ဝိနည်းကံတို့ကိုလည်းကောင်း, ဥပဇ္ဈာယ်၌ပြုအပ် သောဝတ်, ဆရာ၌ပြုအပ်သော ဝတ်အစရှိကုန်သော အာဘိသမာစာရိက ကျင့်ဝတ်, သီလတို့ကိုလည်းကောင်း ပညတ်တော်မူအပ်ကုန်၏၊ ထိုကံကြီး, ကံငယ်, ဝတ်ကြီး, ဝတ်ငယ်တို့သည်လည်း မြတ်စွာဘုရား၏ အာဏာ စက်၏ အစွမ်း အားဖြင့်မြတ်သော ကံကြီး, ကံငယ်, မြတ်သောဝတ်ကြီး, ဝတ်ငယ်တို့သာလျှင် ဖြစ်ကုန်၏၊ ဤကံကြီး, ကံငယ်, ဝတ်ကြီး, ဝတ်ငယ် တို့ကို ပညတ်ခြင်းအမှုသည်လည်း အာဏာစက်ကို လှည့်တော်မူခြင်း ပင်ဖြစ်၏။

ဧဟိဘိက္ခုနှင့် သံဃာဂုဏ်။။ထိုမှတစ်ပါး ဧဟိဘိက္ခု ခေါ်သဖြင့် ရဟန်းအဖြစ်သို့ ရောက်ခြင်း, သရဏဂုံသို့ ကပ်သဖြင့် ရဟန်းအဖြစ်သို့ရောက်ခြင်း အစရှိကုန်သော ရဟန်းအဖြစ်သို့ရောက် ကြောင်း ဥပသမ္ပဒကံ ရှစ်မျိုးတို့တွင် အချို့သောပုဂ္ဂိုလ်တို့သည် “ဧဟိ ဘိက္ခုတိ ဘဂဝါ အဝေါစ၊ သွာက္ခာတော မယာ ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာဒုက္ခဿ အန္တကိရိယာယ=အိုရဟန်း လာလော့ ငါဘုရားသည် တရားကိုကောင်းစွာ ဟော တော်မူအပ်ပြီ၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာပြုခြင်းငှါ မြတ်သောအကျင့်ကို ကျင့်လော့” ဤသို့ မြွက်ဆိုတော်မူသော မြတ်စွာဘုရား၏ စကားတော်ဖြင့် ရဟန်းပဉ္စင်း အဖြစ်သို့ ရောက်ကြလေကုန်၏၊ ရဟန်းပဉ္စင်းအဖြစ်သို့ ရောက်ကြ ကုန်သည်ရှိသော် သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ဟူ၍ ဟောတော်မူ အပ်ကုန်သော ရဟန်းတော်တို့၏ ဂုဏ်တော်ကိုးပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍သာလျှင် ရောက်ကြကုန်၏၊ သရဏဂုံဆောက်တည်ကာ မျှဖြင့် ပဉ္စင်းအဖြစ်သို့ ရောက်ရာ စသည်တို့၌လည်း ထို့အတူပင်တည်း၊ အာဏာစက်၏ အလုံးစုံသော အခြင်းအရာဖြင့် ကြီးကျယ်မြင့်မြတ်ပုံကို အလုံးစုံသော ဝိနည်းပိဋကတ်တော်ကြီး ဖြင့် ကောင်းစွာထင်ရှား သိသာ ၏။

အာဏာစက်၏ အဆောက်အဦ။။ထိုအာဏာစက်၏ ကြီးကျယ် မြင့်မြတ်ခြင်း ကောင်းစွာ ထင်ရှားသည်ရှိသော် ထိုအာဏာစက် ၏ အဆောက်အဦတို့၏ ကြီးကျယ်မြင့်မြတ်ခြင်းသည်လည်း ထင်ရှား၏၊ ထိုအာဏာစက်၏ အဆောက်အဦသည်

၁။ ရှေးရှေး၌ ဖြစ်သော အဆောက်အဦ,
၂။ ပစ္စုပ္ပန်၌ ဖြစ်သော အဆောက်အဦ,ဟူ၍ နှစ်ပါးရှိ၏၊

ထိုနှစ်ပါးတို့တွင် ဘုရားလောင်းအဖြစ်၌တည်၍ များစွာသော ဘဝကြီးငယ်တို့၌ ကမ္ဘာအစဉ်အဆက် ဖြည့်ဆည်းပူးတော် မူအပ်ကုန်သော အဆုံးမရှိ အတိုင်းမသိ များပြားကုန်သော ပါရမီတော် တို့သည် အာဏာစက်၏ ရှေးရှေးဖြစ်သော အကြောင်း အဆောက်အဦ မည်ကုန်၏။

ဘုရားအဖြစ်သို့ရောက်တော်မူ၍ ပြည့်စုံရရှိတော်မူအပ်ကုန်သော အဆုံးမရှိ အတိုင်းမသိ များပြားကုန်သော ဘုရားဂုဏ်တော်တို့သည် အာဏာစက်၏ ပစ္စုပ္ပန် အဆောက်အဦမည်ကုန်၏။

ထိုအဆောက်အဦ နှစ်ပါးတို့ကို ပြည့်စုံလုံလောက်စွာ တည်ထောင် ဆည်းပူး ရရှိတော်မူသောကြောင့်သာလျှင် အာဏာစက်ကို လည်စေ တော်မူနိုင်၏၊ ထိုအာဏာစက်သည်လည်း ကြီးကျယ်မြင့်မြတ်သော တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူ၏။

ဤသို့ဆိုခဲ့ပြီးသော စကားအစဉ်ဖြင့် အတုမရှိသော ဓမ္မစက် အာဏာ စက်ကို လည်စေခြင်းငှါ ထိုက်တော်မူသောကြောင့် အရဟံမည်တော်မူပေ သတည်း။

အရဟံ ဂုဏ်တော် အဖွင့်ပြီး၏

---*---

၂။ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်

အဘိဓမ္မာပိဋကတ် ပုဂ္ဂလပညတ် ပါဠိတော်၌ ကတမော ပုဂ္ဂလော သမ္မာသမ္ဗုဒ္ဓေါယော သော ပုဂ္ဂလော ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိ သမ္ဗုဇ္ဈတိတတ္ထစ သဗ္ဗညုတံ ပတ္တောဗလေသုစ ဝသီ ဘာဝံအယံ ဝုစ္စတိ ပုဂ္ဂလော သမ္မာသမ္ဗုဒ္ဓေါ

ကတမောပုဂ္ဂလော=အဘယ်မည်သော ပုဂ္ဂိုလ်သည်၊ သမ္မာ သမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓမည်သနည်း၊ ယော သော ပုဂ္ဂလော=အကြင် ပုဂ္ဂိုလ်သည်၊ ပုဗ္ဗေ=ရှေးအခါ၌၊ အနနုဿုတေသု=မကြားဖူးကုန်သော၊ ဓမ္မေသု=တရားတို့၌၊ သာမံ=ကိုယ်တော်တိုင်၊ သစ္စာနိ=အရိယာသစ္စာ လေးပါးတို့ကို၊ အဘိသမ္ဗုဇ္ဈတိ=ထိုးထွင်း၍ သိတော်မူ၏၊ တတ္ထစ= ထိုရှေးက မကြားဖူးကုန်သော တရားတို့၌လည်း၊ သဗ္ဗညုတံ=အလုံးစုံ သိသော သဗ္ဗညူဘုရားအဖြစ်သို့၊ ပတ္တော=ရောက်တော်မူ၏၊ ဗလေသုစ= အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးတို့၌လည်း၊ ဝသီဘာဝံ=အစိုးရ သည်၏အဖြစ်သို့၊ ပတ္တော=ရောက်တော်မူ၏၊ အယံပုဂ္ဂလော=ဤပုဂ္ဂိုလ် ကို၊ သမ္မာသမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။

သမ္မာသမ္ဗုဒ္ဓ---ဆိုလိုရင်း အဓိပ္ပါယ်မှာ အဘယ်ပုဂ္ဂိုလ်သည် သမ္မာသမ္ဗုဒ္ဓ မည်သနည်း၊ အကြင်ပုဂ္ဂိုလ်သည် ရှေးကမကြားဖူး မသိဖူးကုန်သော အလုံးစုံသော ပရမတ္ထတရားတို့၌ သစ္စာလေးပါးတို့ကို မည်သူတစ်ဦးမျှ ညွှန်ပြသည်မရှိ၊ မိမိ အလိုလို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူ၏၊ ထိုမကြားဖူးသော တရားတို့၌ အလုံးစုံ မကြွင်းမကျန် သိသော သဗ္ဗညုတာအဖြစ်သို့ ရောက်တော်မူ၏၊ အားတော် ဆယ်တန် ဉာဏ်တော်ဆယ်ပါးတို့၌ အလိုရှိတိုင်း အစိုးရခြင်းသို့ ရောက်တော်မူ၏၊ ဤပုဂ္ဂိုလ်ကို သမ္မာသမ္ဗုဒ္ဓ ဟူ၍ ဆိုအပ်၏။

ပုဗ္ဗေအနနုဿုတေသု
အထက်ပါဠိတော်၌ ပုဗ္ဗေ အနနုဿုတေသု ဟူသောစကားဖြင့် အခြားသူကို မဆိုထားဘိ ဘုရားဖြစ်တော်မမူမီ, ဗောဓိမဏ္ဍိုင်၌ ထိုင်တော်မမူမီ အန္တိမဘဝိက ဘုရား အလောင်းတော် အရှင်မြတ်ကြီးပင်သော်လည်း ဉေယျဓမ်တရားတို့ကို ကြားရုံမျှ မကြားဖူးသေး၊ သိမည်မှာ ဝေးစွဟူ၍ ပြဆိုတော်မူသည်၊ အခြားသော ပုဂ္ဂိုလ်တို့မှာ မူကား ဆိုဖွယ်မရှိချေ။

သယမ္ဘူ
သာမံ သစ္စာနိ အဘိသမ္ဗုဇ္ဈတိ ဟူသော စကားဖြင့် အလွန်နက်နဲသော သစ္စာလေးပါးတရားတို့ကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသည်၊ ထိုသို့သိရာ၌ ရဟန္တာသာဝကတို့ကဲ့သို့ မဟုတ်၊ သင်ပြသူဆရာကင်းလျက် မိမိနှီးရင်းအပ်သော ဉာဏ်ပညာ အဟုန်အားဖြင့် ထိုးထွင်း၍သိကြောင်း သယမ္ဘူဖြစ်ကြောင်းကို ပြတော်မူသည်၊ သစ္စာလေးပါးတို့ကို ထိုးထွင်း၍သိ၏ဟု သစ္စာလေးပါး တို့ကို အလုံးစုံသော တရားတို့အထဲမှ အသီး ခွဲခြား၍ ပြခြင်းသည် အရဟတ္တမဂ်ဉာဏ်တော်ဖြင့်သိရာ၌ ထိုဉာဏ်တော်၏ အာရုံကိုပြခြင်းငှါ ကွက်ခြား၍ဆိုတော်မူသည်၊ သစ္စာလေးပါးတရားတို့ကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသဖြင့် လောကမှာ ပြိုင်ဖက်မရှိကြောင်း သစ္စာကို သိသောဉာဏ်တွင် ဆရာဟူ၍မရှိကြောင်းနှင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ဝန်ခံတော်မူချက်လည်း ရှိလေ၏။

ဘုရားရှင်၌ ဆရာမရှိ။
အမြွက်သော်ကား မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်၌ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး၍ သတ္တသတ္တာဟမှ ထွက်တော်မူသောအခါ ရဟန်းကြီး ဥပကနှင့်တွေ့သည်တွင် “ဥပကက သင်၏ဆရာ အဘယ်သူပါနည်း” ဟူ၍မေးရာ အောက်၌ပါသော ဂါထာဖြင့် လောက၌ ငါ့အားဆရာ မရှိကြောင်း လောကတွင် ငါနှင့် ယှဉ်ပြိုင်ဖက် မရှိကြောင်းကို ခြသေ့င်္မင်းကဲ့သို့ ရဲတင်းစွာ မိန့်တော်မူသည်။

န မေ အာစရိယော အတ္ထိ၊ သဒိသော မေ နဝိဇ္ဇတိ၊ သဒေဝကသ္မိံ လောကသ္မိံ၊ နတ္ထိ မေ ပဋိပုဂ္ဂလော။

မေ=ငါဘုရားအား၊ အာစရိယော=သစ္စာလေးပါးအရေး၌ နည်းပေးပြသသော ဆရာသည်၊ န အတ္ထိ=မရှိ၊ မေ=ငါဘုရားနှင့်၊ သဒိသော=တူသောပုဂ္ဂိုလ်သည်၊ န ဝိဇ္ဇတိ=မရှိ၊ သဒေဝကသ္မိံ= နတ်နှင့်တကွသော၊ လောကသ္မိံ=လောက၌၊ မေ=ငါဘုရားနှင့်၊ ပဋိပုဂ္ဂလော=ပြိုင်ဖက်ဖြစ်သော ပုဂ္ဂိုလ်သည်၊ နတ္ထိ=မရှိ။

ပြဆိုလိုရင်း။
ယခင်ပါဠိတော်၌ တတ္ထ စ သဗ္ဗညုတံ ပတ္တော ဟူသောစကားဖြင့်၊ ထိုအလုံးစုံ သိအပ်သမျှသော ဉေယျဓမ် တရားတို့၌ အကြွင်းမရှိ အလုံးစုံသိခြင်းသို့ ရောက်တော်မူသည်ဆိုသဖြင့် မြတ်စွာဘုရား၏ ဗုဒ္ဓ သုဗုဒ္ဓတာ--ကောင်းသော မြတ်စွာဘုရား ဖြစ်ကြောင်းကို ပြဆိုတော်မူသည်။ ဗလေသုစ ဝသီဘာဝံ ဗလေသုစ ဝသီဘာဝံ ဟူသော စကားဖြင့်၊ ထိုမြတ်စွာဘုရားသည် အသင်္ချေမကသော လူ, နတ်, ဗြဟ္မာတို့၏အကျိုးကို ဆောင်တော်မူရာ ပြီးစီးစေတော်မူရာ၌ ဉာဏ်အစွမ်း တန်ခိုးအစွမ်းနှင့် ပြည့်စုံသည်၏အဖြစ်ကို ပြဆိုတော်မူ၏၊ ဆိုခဲ့ပြီး သော ပုဂ္ဂလပညတ်ပါဠိတော်ကို မြင်သဖြင့် ဆိုလတ္တံ့သော ဝိဂြိုဟ်ကို ပြုလုပ်ရာ ၏။

သမ္မာ သာမံ သံအဝိပရိတတော သစ္စာနိ ဗုဇ္ဈတီတိ သမ္မာသမ္ဗုဒ္ဒေါ။

သမ္မာ သာမံ=ကိုယ်တော်တိုင်၊ သံ အဝိပရိတတော=မဖောက်မပြန်၊ သစ္စာနိ=သစ္စာလေးပါးတို့ကို၊ ဗုဇ္ဈတိ=သိတော်မူတတ်၏၊ ဣတိတသ္မာ= ထိုကြောင့်၊ သမ္မာ သမ္ဗုဒ္ဓေါ=သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။

အမှန်အကန်သိသည်။
သစ္စာလေးပါးကို ကိုယ်တော်တိုင် သိတော်မူတတ် မဖောက်မပြန် သိတော်မူတတ်သော ကြောင့် သမ္မာသမ္ဗုဒ္ဓ မည်တော်မူသည်ဟူ၍ ဆိုလိုသည်၊ မဖောက်မပြန် သိတတ်သည် ဆိုသော စကားဖြင့် အလုံးစုံသောတရားတို့ကို မြတ်စွာဘုရား သိတော်မူ သည်ရှိ သော် တစ်စုံတစ်ရာ ဖောက်ပြန်မှားယွင်းခြင်းမရှိဘဲ အမှန်အကန် သိတော်မူသည်၊ မြတ်စွာဘုရား၏အသိဉာဏ် သဗ္ဗညုတာဉာဏ်ကို ထပ်မံ၍ ပြုပြင်ဖွယ် မရှိဟူ၍ ဆိုလိုသည်။

သစ္စာဟူသည်အဘယ်နည်း။
ဤသမ္မာသမ္ဗုဒ္ဓဂုဏ်တော်၌ မြတ်စွာဘုရား ထိုးထွင်း၍ သိမြင်တော်မူသော သစ္စာလေးပါးကို အမြွက် အားဖြင့်ပြဆိုဦးအံ့။

သန္တဿ ဘာဝေါ သစ္စံ။

သန္တဿ=မဖောက်မပြန် ဟုတ်မှန်သည်၏၊ ဘာဝေါ=အဖြစ်တည်း၊ သစ္စံ= မဖောက်မပြန် ဟုတ်မှန်သည်၏အဖြစ်။

မဖောက်မပြန် မှန်ကန်မှုကို သစ္စာဆိုသည်၊ ဤသစ္စာလေးပါး တရားသည် အနမတဂ္ဂသံသရာ တစ်ခွင်၌ တစ်ရံတစ်ခါမျှ ဖောက်ပြန် မှားယွင်းသည်ဟူ၍ မရှိနိုင်ချေ၊ ဤသစ္စာလေးပါးတရားနှင့် စပ်လျဉ်းရာ အဘိဓမ္မာပိဋကတ်၌ သစ္စဝိဘင်းသည်လည်းကောင်း, ဥပရိပဏ္ဏာသ ပါဠိတော်၌ သစ္စဝိဘင်္ဂသုတ်သည်လည်းကောင်း ရှိ၏၊ ထိုသစ္စဝိဘင်း သစ္စဝိဘင်္ဂသုတ်တို့၌ သစ္စာလေးပါးတရားကို ဟောကြားဝေဖန်တော်မူ၏။

ဤ သာသနသမ္ပတ္တိဒီပနီကျမ်း၌မူကား---ဓမ္မစက္ကပဝတ္တနသုတ်၌ ဟော တော်မူအပ်သော နည်းအားဖြင့်သာလျှင် သစ္စာလေးပါးစကား အစဉ်ကို ပြဆိုပေအံ့၊ ထိုဓမ္မစက္ကပဝတ္တနသုတ်သည် မြတ်စွာဘုရား ဖြစ်တော်မူပြီးသောအခါ ရှေးဦးစွာ တရားစကြာကိုလှည့်၍ ဟောတော် မူသော သုတ္တန်လည်းဖြစ်၏၊ ထိုသုတ္တန်ကို ဟောတော်မူရာ တန်ခိုး ပြာဋိဟာအမျိုးမျိုးနှင့် ပြည့်စုံသော သုတ္တန်ကြီးလည်း ဖြစ်ပေ၏၊ ဤ သစ္စာလေးပါးကို ပြဆိုခန်း၌ ပြည့်စုံသော အကျင့်မြတ်၏ တည်ရာ, မတည်ရာ သာသနာနှစ်ပါးကို ရှေးဦးစွာပြဆိုဦးအံ့။

အယူဝါဒအမျိုးမျိုး။
ပြည့်စုံသော အကျင့်မြတ်၏ တည်ရာမဟုတ်သော သာသနာဆိုသည်ကား အဘယ်နည်း၊ ဤလောက ၌ အယူဝါဒတို့သည် အလွန်များပြားကုန်၏၊ ထိုအယူဝါဒအမျိုးမျိုးတို့တွင် အကြင် အယူဝါဒတို့၌ ကိုယ်ခန္ဓာပျက်ဆုံး၍ သေသည်မှ နောက်ကာလ၌ သတ္တဝါတို့၏ ပြတ်ခြင်းကို ပညတ်ကြကုန်၏၊ သတ္တဝါဟူသည် သေလျှင်ပြတ်၏ဟူ၍ ယူကြကုန်၏၊ အကြင်အယူဝါဒတို့၌ အလုံးစုံသော ယောကျ်ားတို့၏ စွမ်းအားကိုလည်းကောင်း, သူတော်တကာတို့၏ စွမ်းအားကိုလည်းကောင်း, အလုံးစုံသော ကုသိုလ် အကုသိုလ်ကံတို့ကို လည်းကောင်း ပယ်ကြကုန်၏၊ အကြင်ဝါဒတို့၌ သတ္တဝါတို့ပြုအပ်သော ကုသိုလ်ကံ အကုသိုလ်ကံတို့ကိုပယ်၍ သေသည်မှနောက် ကာလ၌ နိစ္စထာဝရဖြစ်၍ ဧကန္တချမ်းသာဘုံသို့ ရောက်ခြင်းငှါ ဗုဒ္ဓသာသနာ ၏အပ၌ လောကကိုဖန်ဆင်းသည်, အစိုးရသည်ဟူ၍ ယုံကြည်မိရာ ယုံကြည်ကြသောအတိုင်း လောကအရှင်ကို ကိုးကွယ်မှီခိုရာ ဝတ္ထုကြီးဟူ၍ ဆည်းကပ် ခစားယုံကြည်ကြကုန်၏၊ ထိုအယူဝါဒတို့သည် ကံကို မယုံကြည်သော ကံကို ပစ်ပယ်သော အကမ္မကိရိယဝါဒ အကမ္မကိရိယဝါဒတို့ မည်ကုန်၏၊ ထိုအယူဝါဒရှိသော သာသနာတို့၌ မြတ်သောအကျင့်ဟူ၍ပင် မရှိနိုင်ပြီ။

ကံကိုယုံကြည်သော ဝါဒ။
ကံကိုယုံကြည်သော ကမ္မ ကိရိယဝါဒတို့တွင်လည်း အကြင်ဝါဒတို့၌ အပြည့်အစုံဖြစ်သော စင်ကြယ် ကောင်းမြတ်သောသီလကို ပွားများမှုမျှလည်း မရှိ၊ စိတ်ကို ပွားများမှု ဟုဆိုသော သမာဓိစျာန် အဘိညာဏ်စခန်း, စိတ္တဘာဝနာ, ထိုးထွင်း ဉာဏ်ကို ပွားများမှုဟုဆိုအပ်သော မဂ်ဖိုလ်စခန်း, ပညာဘာဝနာတို့ သည်ကား အဘယ်မှာရှိ နိုင်ပါတော့အံ့နည်း၊ အသက်ရှည်သမျှ ကာလ ပတ်လုံး နွားအလေ့ နွားအကျင့် စသည်တို့ဖြင့်လည်းကောင်း, အပူ ငါးမျိုးဖြင့်ကျင့်သော ပဉ္စာတပအကျင့် အစရှိသောအကျိုးမဲ့ ပူပန် ပင်ပန်းအောင်ပြုခြင်း အကျင့်သက်သက်တို့ဖြင့်လည်းကောင်း, အဝတ် အချည်းနှီးကျင့်သည့် အစေဠက အစရှိကုန်သော စက်ဆုပ်ဖွယ် အကျင့် ယုတ်မျိုးတို့ဖြင့်လည်းကောင်း, မိမိကိုယ်ကို ပူပန်စေခြင်းအမျိုးမျိုး ပူပန် စေခြင်းမျှသာဖြစ်သော အကျင့်တို့သာလျှင် ရှိကုန်၏၊ ထိုအယူဝါဒတို့၌ ကံကိုယုံကြည်မှု ရှိပါသော်လည်း စင်ကြယ်ပြည့်စုံသော အကျင့်ကောင်း အကျင့်မြတ်ဟူ၍ မရှိချေ။

ကံကိုယုံကြည်မှုရှိသည်ဟူ၍ ဆိုခြင်းမှာ ထိုအကျင့်ယုတ် အကျင့် ပူတို့ကို ကျင့်ခြင်းသည် ထိုအကျင့်ဖြင့် အကျိုးကိုခံစားရ လိမ့်မည်ဟူသော မြော်လင့် ချက်တစ်ခုကြောင့်သာလျှင် ကျင့်ခြင်းဖြစ်သည်၊ ထို့ကြောင့် ထိုအယူမျိုး၌ ကံကိုယုံကြည်မှုရှိသည် ကမ္မကိရိယ ဝါဒရှိသည် ဟူ၍ဆိုရ လေသည်၊ ကာမဂုဏ် ခံစားမှုတို့၌ အပြစ်ဒေါသမရှိဟူ၍ ယူသော ကာမဿာဒဒိဋ္ဌိသည်လည်း လောက၌ ရှိ၏၊ ထိုအယူရှိသော ဒိဋ္ဌိတို့သည် ကာမဂုဏ်တို့၌ အလွန်သာယာစွာ ခံစားလိုက်စားကြကုန်၏၊ ထိုအယူ ဝါဒ၌လည်း မြတ်သောအကျင့်ဟူ၍ မရှိ။

ယုတ်မာသောအကျင့်။
ဤသို့ ပြဆိုအပ်ခဲ့ပြီးသော အယူဝါဒတို့သည် မြတ်သောအကျင့်၏ တည်ရာများ မဟုတ်ကြကုန်၊ ထိုသို့မြတ်သောအကျင့်၏ တည်ရာများ မဟုတ်ကြကုန်သောကြောင့် ထိုအယူဝါဒတို့၌ စျာန်တရားဖြစ်ပေါ်ခြင်း, မဂ်တရားဖြစ်ပေါ်ခြင်း, သမာဓိ ဖြစ်ပေါ်ခြင်း, သမာပတ်တရား ဖြစ်ပေါ်ခြင်း, စျာန်ဝင်စားခြင်း, အဘိညာဏ်တရား ဖြစ်ပေါ်ခြင်းတို့သည် မရှိကုန်၊ ခန္ဓာ, အာယတန, ဓာတ်အစရှိကုန်သော သုညတတရားတို့၌ အတ္တမှဆိတ်သော ငါဟူ၍ စွဲလမ်းစရာ အနှစ်မှဆိတ်သော သုညတ တရားတို့နှင့် စပ်ယှဉ်ကုန်သော လောကုတ္တရာမျက်စိ, အရိယာစက္ခု, လောကုတ္တရာ ဉာဏ်, အရိယာဉာဏ် တို့သည်လည်း မရှိကြကုန်၊ လူတို့၏ကျင့်ရိုးဖြစ်သော သုစရိုက်တရားမှ ထူးကဲသောစျာန် တရားတို့မှလည်းကောင်း, အရိယာပုဂ္ဂိုလ် တို့၏ဉာဏ်၌ သာ ထင်မြင်ခြင်းငှါထိုက်သော မဂ်ဖိုလ်တရားတို့မှလည်းကောင်း ဆိတ် သုဉ်းကြလေကုန်၏။

ဤမြတ်သောအကျင့်၏တည်ရာ မဟုတ်သော သာသနာနှင့် အယူဝါဒတို့ကို ရည်ရွယ်တော်မူ၍ ဓမ္မစက္ကပဝတ္တန သုတ္တန်၌

ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေဝိတဗ္ဗာ။ ကတမေ ဒွေ ယောစာယံ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ။ လ။ ယော စာယံ အတ္တကိလမထာနု ယောဂေါတိ။

ဘိက္ခဝေ=ရဟန်းတို့၊ ဒွေ=နှစ်ပါးကုန်သော၊ ဣမေအန္တာ=ဤ အယုတ်တရားတို့ကို၊ ပဗ္ဗဇိတေန=ရဟန်းသည်၊ နသေဝိတဗ္ဗာ=မမှီဝဲ အပ်ကုန်၊ ဒွေ=နှစ်ပါးတို့ ဟူသည်၊ ကတမေ=အဘယ်တို့နည်းဟူမူကား၊ ကာမေသု=ကာမဂုဏ်တို့၌၊ ယော စာယံ ကာမသုခလ္လိကာနုယောဂေါ= အကြင်ကာမဂုဏ်ချမ်းသာကို တွယ်တာလိုက်စား၍ ပြင်းစွာ ခံစားခြင်း လည်းကောင်း၊။ လ။ ယော စာယံ အတ္တကိလမထာနုယောဂေါ= အကြင်မိမိကိုယ်ကို အကျိုးမဲ့ ပူပန်ဆင်းရဲစေသော အကျင့်၌ ကြိုးစား အားထုတ်ခြင်းလည်းကောင်း၊ ဣတိ ဣမေ ဒွေ=ဤနှစ်ပါးတို့ပေတည်း။

ဤပါဠိတော်ဖြင့် မြတ်သောအကျင့်၏တည်ရာ မဟုတ်သော အကျင့်ယုတ်, သာသနာယုတ်များကို ပြဆိုတော်မူသည်။

ဗြဟ္မစရိယ အနောကာသ ပြီး၏။


ဗြဟ္မစရိယ ဩကာသ

မွန်မြတ်သောအကျင့်။
အကြင် အယူဝါဒ၌မူကား စင်ကြယ်၍ ပြည့်စုံသော သိက္ခာသုံးပါးဟု ဆိုအပ်သော အကျင့် မြတ်ကို ရအပ်၏၊ သိက္ခာသုံးပါး အကျင့်ကောင်း တရားများသည် အကြင်ဝါဒ၌ ရှိ၏၊ ထိုသာသနာသို့ သက်ဝင်၍ ကျင့်ကြံအားထုတ်သည်မှစ၍ ဗြဟ္မစရိယဟုဆိုအပ်သော အကျင့်မြတ်၏ အကျိုးဖြစ်ကုန်သော အလွန် မွန်မြတ်ကုန်သော စျာန်ချမ်းသာ, အဘိညာဏ်ချမ်းသာ အစရှိသော ကိုယ်တွေ့ဒိဋ္ဌဖြစ်သောအကျိုး, ကိုယ်တွေ့ဒိဋ္ဌဖြစ်သော ချမ်းသာတို့ကို ခံစားကြကုန်၏၊ လောကုတ္တရာမျက်စိ, လောကုတ္တရာ ဉာဏ်အမြင် တို့ကိုလည်း ထိုးထွင်းနိုင်ကုန်၏၊ မျက်မှောက်ဘဝ၌ပင်လျှင် လူတို့ကျင့် စဉ်ဖြစ်သော သုစရိုက်တရားတို့ထက် လွန်ကဲသော အလုံးစုံသော စျာန် အဘိညာဏ်တရားတို့ကိုလည်းကောင်း, အရိယာပုဂ္ဂိုလ်၏ဉာဏ်ဖြင့် သိခြင်းငှါထိုက်ကုန်သော မဂ်ဖိုလ်တရားတို့ကိုလည်းကောင်း ရရှိနိုင်ကြ ကုန်၏၊ ဤအယူဝါဒသည် မြတ်သောအကျင့်၏တည်ရာဖြစ်သော သာသနာမည်၏၊ ဤအကျင့်မြတ်၏တည်ရာဖြစ်သော သာသနာကိုရည် တော်မူ၍ ဓမ္မစက္ကပဝတ္တန သုတ္တန်၌ပင်လျှင်

ဧတေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ။ စက္ခုကရဏီ, ဉာဏကရဏီ, ဥပသမာယ, အဘိညာယ, သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

ဥဘော=နှစ်ပါးကုန်သော၊ ဧတေအန္တေ=ထိုအယုတ်တရားတို့သို့၊ အနုပဂမ္မ=မကပ်မရောက်မူ၍၊ မဇ္ဈိမာ=အလယ်အလတ်ဖြစ်သော၊ ပဋိပဒါ=အကျင့်ကို၊ အဘိသမ္ဗုဒ္ဓါ=ထိုးထွင်း၍သိတော်မူအပ်၏၊ သာ=ထို အကျင့်သည်၊ စက္ခုကရဏီ=လောကုတ္တရာမျက်စိကို ပြုတတ်၏၊ ဉာဏကရဏီ=လောကုတ္တရာဉာဏ်အမြင်ကို ပြုတတ်၏၊ ဥပသမာယ= ကိလေသာမီးငြိမ်းခြင်းငှါ၊ အဘိညာယ=အထူးသိအပ်ခြင်းငှါ၊ သမ္ဗောဓာယ=ကောင်းစွာသိခြင်းငှါ၊ နိဗ္ဗာနာယ=နိဗ္ဗာန်သို့တိုင် ရောက်စိမ့်သောငှါ၊ သံဝတ္တတိ=ဖြစ်၏၊

သစ္စာလေးပါး

ဒုက္ခသစ္စာ။
လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့၏ ကိုယ်ကောင် အထည်ကြီးတွေ ဖြစ်နေကြကုန်သော တရားတို့သည် ခန္ဓာငါးပါးတို့သာ ဖြစ်ကြကုန်၏၊ ထိုခန္ဓာငါးပါးတို့သည် လူ, နတ်, ဗြဟ္မာဟူ၍ ခေါ်ဆို သမုတ်အပ်ကုန်သော သတ္တဝါတို့ကို ပဋိသန္ဓေနေခြင်း ဇာတိဆင်းရဲဖြင့် လည်း နှိပ်စက်ညှဉ်းပန်းကြကုန်၏၊ အိုခြင်းဇရာ ဆင်းရဲဖြင့်လည်း နှိပ်စက်ညှဉ်းပန်းကြကုန်၏၊ သေခြင်းမရဏ ဆင်းရဲဖြင့်လည်း နှိပ်စက် ညှဉ်းပန်းကြကုန်၏၊ စိုးရိမ်ခြင်း, ငိုကြွေးခြင်း, ဆင်းရဲခြင်း, နှလုံး မသာယာခြင်း, ပြင်းစွာပင်ပန်းခြင်း, ဆင်းရဲတို့ဖြင့်လည်း နှိပ်စက် ညှဉ်းပန်းကြကုန်၏၊ မချစ်မနှစ်သက်သောသူနှင့် ပေါင်းသင်းရခြင်း, ချစ်ခင်သောသူနှင့် ကွေကွင်းရခြင်း ဆင်းရဲဖြင့်လည်း နှိပ်စက်ညှဉ်းပန်း ကြကုန်၏၊ လိုချင်တောင့်တသည်ကို မရခြင်းတည်းဟူသော အလိုဆိုး ဒုက္ခဖြင့်လည်း နှိပ်စက် ညှဉ်းပန်းကြကုန်၏၊ ထို့ကြောင့် ခန္ဓာငါးပါး တရားတို့သည် ဇာတိအစရှိသော သံသရာလက်နက်တို့ဖြင့် အနမတဂ္ဂ သံသရာ၌ များစွာသော နတ်, လူ, ဗြဟ္မာ သတ္တဝါတို့ကို နှိပ်စက်ညှဉ်းပန်း၍ နေကြကုန်သည်။ ထို့ကြောင့် ခန္ဓာငါးပါးတို့ကို သူသတ်ယောကျ်ားတို့ ဟူ၍လည်း မြတ်စွာဘုရား ဟောပြောတော်မူသည်။

ခန္ဓာငါးပါးတို့သည် ဇာတိဒုက္ခစသော သံသရာလက်နက်ကြီး တို့ဖြင့် သတ္တဝါတို့ကို အဘယ်သို့နှိပ်စက်ပါသနည်း၊ ပရမတ္ထတရား တစ်ပါးပါး၏ ထင်ရှားဖြစ်ပေါ်မှုသည် ဇာတိမည်၏၊ ထိုဇာတိသည် ပင်လျှင် ကြောက်မက်ဖွယ်ဘေးဟူသော အနက်သဘောရှိသောကြောင့် ဒုက္ခမည်၏။

ဘယဋ္ဌေန ဇာတိဧဝ ဒုက္ခာတိ ဇာတိဒုက္ခာ။ ဘယဋ္ဌေန=ကြောက်မက်ဖွယ် ဘေးသဘောရှိသောကြောင့်၊ ဇာတိဧဝ=ဇာတိသည်ပင်လျှင်၊ ဒုက္ခာ=ဆင်းရဲ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဇာတိဒုက္ခာ=ဇာတိဆင်းရဲမည်၏။

ကြောက်မက်ဖွယ်ဘေး။
ကြောက်မက်ဖွယ်ဘေး သဘောဆိုသည်မှာ ခန္ဓာငါးပါးတို့၌ ဝိပဿနာဉာဏ်ဖြင့် ရှုဆင် ခြင်ကြ ကုန်သော ပညာရှင်တို့၏ ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ်တို့ကို ဖြစ်ပွားစေတတ်သော သဘောပင်တည်း။ ခန္ဓာငါးပါးတို့ကို ရှုဆင်ခြင် သောအခါ ကြောက်မက်ဖွယ် ဘေးကြီးအတိ ထင်မြင်သည်ကို ဘယ ဉာဏ် ဆိုသည်၊ ချစ်ခင် နှစ်သက်ဖွယ်ဟူ၍ ဂုဏ်တစ်ခုမျှမရှိ, မုန်းဖွယ် အနေအားဖြင့် အပြစ်အတိ ထင်မြင်သည်ကို အာဒီနဝဉာဏ် အာဒီနဝဉာဏ် ဆိုသည်၊ ပျော်မွေ့ဖွယ်ဟူ၍ တစ်စုံတစ်ခုမျှ မရှိ၊ ငြီးငွေ့ပျင်းရိဖွယ် ထင်မြင်သည်ကို နိဗ္ဗိဒါဉာဏ် ဆိုသည်၊ ခန္ဓာငါးပါးတို့မှာ ကြောက်မက်ဖွယ် ဘေးသဘော, အပြစ်သဘော, ငြီးငွေ့ပျင်းရိဖွယ်သဘော ရှိသောကြောင့်သာလျှင် ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်သောပုဂ္ဂိုလ်၏ဉာဏ်၌ ထို သဘောတို့ကို ပေါလောထင်မြင်စေသည်၊ ပရမတ္ထသဘောတရား တစ်ပါးပါးတို့၏ ထင်ရှားဖြစ်ပေါ်မှု ဟုဆိုအပ်သော ဇာတိသဘောဖြင့် ထိုထိုလူ, နတ်, ဗြဟ္မာ, သတ္တဝါအပေါင်းတို့သည် ခဏတိုင်းခဏတိုင်း, အခါတိုင်း အခါ တိုင်း, ဘဝတိုင်း ဘဝတိုင်း, အခိုက်အတန့်တစ်ပါး, အခြေအနေတစ်ပါး တို့၌သာလျှင် ပြောင်းလွဲ လျောကျ၍ နေကြလေကုန်၏။

ခုတစ်မျိုး နောင်တစ်မျိုး။
ထိုစကား မှန်၏၊ အခိုက်အတန့် အထူးထူး, ခဏအထူးထူးတို့၌ တရားတစ်မျိုးတစ်မျိုး ပြောင်းလဲ၍ ဖြစ်ပေါ်တတ်သော ဇာတိတရား ရှိခြင်းကြောင့် ပထမက ကောင်းမွန် မြင့်မြတ်သောသူတို့သည်လည်း ယုတ်မာညံ့ဖျင်းသည့်သဘောသို့ ကျရောက်တတ်ကုန်၏၊ ပထမ သူတော်ကောင်းဖြစ်၍လည်း မသူတော် အဖြစ်သို့ သက်ဆင်းကျရောက်တတ်ကုန်၏၊ အလိုနည်းပါးပြီး၍လည်း အလိုကြီးမားသည့်အဖြစ်သို့ ကျရောက်တတ်ကုန်၏၊ ဒေါသနည်းပါး မေတ္တာများပြီး၍လည်း ဒေါသကြီးမား ဗျာပါဒများသည့်အဖြစ်သို့ ကျရောက်တတ်ကုန်၏၊ တွေဝေနည်းပါး ပညာများပြီး ၍လည်း တွေဝေ ပြန့်ပွါး မောဟများသည့်အဖြစ်သို့ ကျရောက်တတ်ကုန်၏၊ (ကိလေသဝဋ် အစဉ်ရှိသော အတိုင်းချဲ့၍ဆိုလေ) အကျင့်သီလနှင့်ပြည်စုံသော သီလဝန္တ ပုဂ္ဂိုလ် ဖြစ်ပြီး၍လည်း အကျင့်ပျက်စီးသော ဒုဿီလပုဂ္ဂိုလ်ကြီးအဖြစ်သို့ သက်ဆင်းကျရောက်တတ်ကုန်၏၊ အယူဖြောင့်မှန်သော သမ္မာဒိဋ္ဌိ ဖြစ်ပြီး၍လည်း အယူမှားယွင်းသော မိစ္ဆာဒိဋ္ဌိအဖြစ်သို့ သက်ဆင်းကျ ရောက်တတ်ကုန်၏၊၊၊၊၊ (ဒုစရိုက် အစဉ်ရှိတိုင်းချဲ့၍ဆိုရာ၏၊) လူကောင်း, နတ်ကောင်း, ဗြဟ္မာကောင်း ဖြစ်ပြီး၍လည်း ဘဝတစ်ပါး၌ ထိုထိုအပါယ် ဘုံတို့မှာ ထိုက်သည့်အားလျော်စွာ ကျရောက်ပြန်ကုန်၏၊ (ဝိပါကဝဋ် တည်းဟူသော ဘုံစဉ်ရှိသောအတိုင်း ချဲ့ဆိုရာ၏၊)

ဘဝတစ်ခုထဲမှာပင်သော်လည်း တစ်နေ့သ၌ နံနက်အခါ ခန့်ကျန်း ရွှင်ကြည်သော ကိုယ်လက်ရှိပါလျက် ညချမ်းအခါ မကျန်းမမာ မကြည် သာသော ကိုယ်လက်ရှိသည့်အဖြစ်သို့ သက်ဆင်းကျရောက်တတ်ကုန်၏၊ ညချမ်းအခါ ခန့်ကျန်းကြည်သာသော ကိုယ်လက်ရှိပါလျက် နက်ဖြန် နံနက်အခါ မကျန်းမမာ မကြည်သာသည့်အဖြစ်သို့ သက်ဆင်းကျ ရောက်တတ်ကုန်၏၊ ယခုပင်လျှင် ရွှင်လန်းဝမ်းမြောက်နေပါလျက် အတန်ကြာလျှင် နှလုံးမသာခြင်းသို့ သက်ဆင်း ကျရောက်တတ်ကုန်၏၊ ယခုပင်လျှင် စိုးရိမ်ကင်းကွာ စိတ်ချမ်းသာပါလျက် အတန်ကြာလျှင် စိုးရိမ်ပူဆွေး ငိုကြွေးပင်ပန်းရခြင်းသို့ သက်ဆင်းကျရောက်တတ်ကုန်၏၊ ဤသို့စသည်ဖြင့် အကောင်းအဆိုးအမျိုးမျိုး တရားအစဉ်ရှိသော အတိုင်းချဲ့၍ ဆိုရာ၏။

ဇာတိဒုက္ခ
ဤသို့အခိုက်အတန့်အမျိုးမျိုး တစ်ပြောင်းထဲ ပြောင်းလဲပြီးလျှင် အမြဲဟူ၍ မရှိ၊ ဖြစ်မိဖြစ်ရာ ဖြစ်ပေါ်ပြောင်းလဲ၍ နေရခြင်းသည် အခိုက်အတန့်တိုင်း တရားအစဉ် တစ်မျိုးတစ်မျိုးကို ပြောင်းလဲ၍ ဖြစ်ပေါ်စေတတ်သော ဇာတိတရား အတွက်ကြောင့် ဖြစ် လေသည်၊ ဇာတိတရား မရှိပါတပြီးကား ထိုကဲ့သို့ ပြောင်းလဲ ဖြစ်ပျက်ခြင်း အထူးအထွေအမျိုးမျိုး မဖြစ်နိုင်ရာ၊ ဇာတိတည်းဟူသော လက်နက်သည် ဤမျှလောက် ကြောင်မက်ဖွယ်သော ဘေးဒုက္ခကို ဖြစ်စေတတ်၏၊ ထို့ကြောင့် ဇာတိကို ဒုက္ခဟူ၍ ဆိုရလေသည်၊ ဇာတိဘေးကြီး ကာဆီး ဝိုင်းဝန်းလျက်ရှိနေသောကြောင့် မိမိ၌ ရရှိပြည့်စုံ၍နေသော စည်းစိမ် ချမ်းသာ အလိမ္မာနှင့် သဒ္ဓါ သီလစသော သမ္ပတ္တိတရား များကို ခိုင်မြဲလှပြီ ဟူ၍ ယုံကြည်စိတ်ချနိုင်ဖွယ် မရှိ၊ ဇာတိအခိုက်အတန့် ပြောင်းလဲ၍ လာလျှင် လျင်စွာပျက်စီး၍ ဝိပတ္တိဘေးကြီး ဆိုက်ရောက်ချေမည်ဟူ၍ လည်း သတိသံဝေဂ ရရှိထိုက်လေသည်။

[ဤသို့ဆိုခဲ့ပြီးသော စကားအစဉ်ဖြင့် ခန္ဓာငါးပါးတို့သည် ဇာတိတည်း ဟူသော လက်နက်ကြီးဖြင့် သတ္တဝါအပေါင်းတို့အား နှိပ်စက်ညှဉ်းပန်း၍နေပုံကို သိရာ၏၊]

ဇရာမရဏ။
ဤလောက၌ တင့်တယ်ကောင်းမြတ် အလို ရှိအပ်သော သမ္ပတ္တိတရားအဖို့မှ ဆုတ်ယုတ်ရွေ့လျောခြင်းကို ဇရာ ဟူ၍ ဆိုအပ်၏၊ ဇရာနှိပ်စက်အပ်သဖြင့် ဆုတ်ယုတ်ရွေ့လျောသော သမ္ပတ္တိ တရားစု၏ အဆုံးစွန် ချုပ်ကွယ်ခြင်းကို မရဏဟူ၍ ဆိုအပ်၏၊ ကောင်းမွန် ပြည့်စုံသော တရားစု၏ ဆုတ်ယုတ်ရွေ့လျောမှုကို ဇရာဟူ၍ ထိုတရား အစု၏ အဆုံးစွန်ချုပ်ကွယ်မှုကို မရဏဟူ၍ ဆိုလိုသည်။ ခန္ဓာငါးပါး တရားတို့သည် လူ, နတ်, ဗြဟ္မာ, သတ္တဝါအပေါင်းတို့ကို ကောင်းသော အဖို့မှ ဆုတ်ယုတ်စေခြင်းတည်းဟူသော ဇရာလက်နက်ဖြင့်လည်း နှိပ်စက်ညှဉ်းပန်းကြကုန်၏၊ ကောင်းသော အဖို့မှ အဆုံးစွန် ချုပ်ကွယ် စေခြင်းတည်းဟူသော မရဏလက်နက် ဖြင့်လည်း နှိပ်စက်ညှဉ်းပန်း ကြကုန်၏၊ သူတော်ကောင်းသဘောမှ ဆုတ်ယုတ်စေခြင်း, သူတော် ကောင်းအဖြစ်မှ အဆုံးစွန်ချုပ်ကွယ်စေခြင်းတည်းဟူသော ဇရာ မရဏ လက်နက်တို့ဖြင့် နှိပ်စက်ညှဉ်းပန်းကြကုန်၏၊ ဤနည်းအတိုင်း ဇာတိဒုက္ခ တွင် ပြဆိုခဲ့သည်နှင့်ယှဉ်၍ ချဲ့ထွင်ရာ၏။

၁။ ဇာတိသည် အခိုက်အတန့်အမျိုးမျိုးတို့၌ တရားအစဉ် အမျိုးမျိုးတို့ကို ပြောင်းလဲသောအားဖြင့် ဖြစ်ပေါ်စေ တတ်၏။

၂။ ဇရာသည် ဇာတိအတွက်နှင့် အသစ်အသစ် ဖြစ်ပေါ်လာ သမျှတို့ကို အရှည်တည်တန့် ခိုင်ခံ့သစ်လွင်စွာ တည်နေရန် အခွင့်ကို မပေးပဲ ယိုယွင်းယုတ်လျော့ခြင်းသို့သာ ညွတ်ကိုင်း စေ၏။

၃။ မရဏသည် ယိုယွင်းယုတ်လျော့သော အဖို့သို့ ညွတ်ကိုင်း သော တရားတို့ကို အဆုံးစွန်ချုပ်ကွယ်ပျောက်ပျက်ခြင်းသို့ အတင်း ဆောင်ယူလေ၏။

ဤလက်နက်ကြီးသုံးပါးသည် အနမတဂ္ဂသံသရာ၌ သတ္တဝါတို့ကို နှိပ်စက် ညှဉ်းပန်း၍နေသော သံသရာ့လက်နက်ကြီးများပေတည်း။ ထိုလက်နက်ကြီးသုံးပါးတို့၏ နှိပ်စက်ခြင်း ဒဏ်ချက်တို့ကို တငုံ့ထဲငုံ့၍ ခံလျက်သာလျှင် ချမ်းသာအစီး အပွါးဟူ၍ မစုဆောင်းမိပဲ, ချမ်းသာဟူ၍ အဖတ်မတင်ပဲ, ဆင်းရဲခြင်း အစီးအပွါး တို့ဖြင့်သာလျှင် ရပ်တည်ရာမရှိပဲ ပြေးသွားကျင်လည်၍ နေကြကုန်၏။

ပမာဆောင်ရသော်။
ထို ဇာတိ ဇာရာ မရဏသုံးပါးအရာ၌ ဤဥပမာကို ထုတ်ဆိုရာ၏၊ မိုးဦးကျကာလ ဝါဆိုလအခါ အထက် မြစ်ညာ၌ တောတောင်ဂနိုင် စုံမြိုင်ချောင်းခြား ယမားရေစီးသော အရပ်တို့၌ ကြီးစွာသောမိုးသည် ရွာသွန်းလေ၏၊ လေရူး, လေရိုင်း, လေမုန်တိုင်းတို့သည်လည်း ပြင်းထန်စွာ ထိုမှဤမှ ထကြွတိုက် ခိုက်ကြ ကုန်၏၊ ထိုအခါ မြစ်ကြီး ချောင်းကြီးများသည် တအိအိတဖျပ်ဖျပ် ကမ်းကိုပုတ်ခပ်သော လှိုင်းတံပိုးတို့ဖြင့် ဆူညံပြည့်နှက် သဲဗွက် ဝဲတတော့ တို့ဖြင့် ပြိုးပြွမ်းကုန်၏၊ အလွန်လျင်မြန်သော ရေအယဉ် ရှိသည်ဖြစ်၍ မဟာသမုဒ္ဒရာသို့တိုင်အောင် အောက်တပြင်လုံးသို့ အတင်း စီးဆင်း လေ၏၊ ထိုသို့ဖြစ်နေသည့်အခါ အထက်မြစ်ညာ၌ နေကြကုန်သော လူတို့သည် သွေ့ခြောက်၍ မဖောက်မထွင်းရသော ဗူးတောင်းတို့ကို မြစ် ရေ အယဉ်တို့၌ မျှောကြကုန်ရာ၏၊ ထိုမျောအပ်သမျှသော ဗူးတောင်း အလုံးစုံတို့သည် လှိုင်းတံပိုး, ရေဝဲ, ရေဗွက်ကြီးတို့၌ ဖရိုဖရဲ တကွဲတပြားစီ လွင့်ပါးစုန်မျောကြပြီးလျှင် လှိုင်းတစ်ခုမှ, လှိုင်းတစ်ခု, ရေဝဲတစ်ခုမှ, ရေဝဲတစ်ခုသို့ ပြောင်းကူး သက်လျော မျောချင်တိုင်း မျောကြကုန်လျက် မဟာသမုဒ္ဒရာအတွင်းသို့ သက်ဆင်းဝင် ရောက်ကြလေကုန်ရာ၏၊ ထိုဗူးတောင်းတို့မှာ ပဲ့တက်မပါ ပဲ့သူမပါသောကြောင့်မည်သည့်ဌာနတွင် တင်မည်ဟူ၍ မှန်းချေမရှိကြလေကုန်။

စပ်ဟပ်နှီးနှောချက်။
ဤ-ဥပမာ၌ မြစ်ကြီးနှင့် သံသရာ တူ၏၊ မြစ်ရေအယဉ်နှင့် ခန္ဓာငါးပါး တူ၏၊ မြစ်ရေအယဉ်၌ မျောအပ် သော ဗူးတောင်းတို့နှင့် ဤသတ္တဝါများ အပေါင်းတူ၏၊ မြစ်ရေအယဉ်တို့၌ အသစ်အသစ်ဖြစ်သော လှိုင်းတံပိုးတို့၏ ထကြွခြင်းနှင့် ခဏခဏ တရားအထူး ပြောင်းလဲဖြစ်ပေါ်တတ်သော ဇာတိတရားတူ၏၊ ရှေးရှေး ဖြစ်သော လှိုင်းတံပိုးတို့၏ အရှိန်အဟုန် ညံ့စဲခြင်းနှင့် ဇရာတရားတူ၏၊ အရှိန်အဟုန်ညံ့စဲသော လှိုင်းတံပိုးတို့၏ ပျောက်ကွယ်ခြင်းနှင့် မရဏ တရားတူ၏၊ ထို့ပြင်မှတစ်ပါး အထက်မြစ်ညာ တောတောင်အရပ် ဒေသတို့နှင့် အဝိဇ္ဇာတူ၏၊ ပြင်းထန်စွာ ရွာသွန်းသော မိုးကြီးနှင့် တဏှာ တူ၏၊ လေပြင်းမုန်တိုင်းတို့နှင့် မိစ္ဆာဝိတက်တူ၏။

တစ်နည်း လေပြင်းမုန်တိုင်းတို့နှင့် ဆန့်ကျင်ဖက်ဖြစ်သော အကြောင်းစု တူ၏၊ အထက်မြစ်ညာ၌ ဗူးတောင်းတို့ကို မျောကြသော သူတို့နှင့် အတိက်ကံတို့ တူကုန်၏၊ မဟာသမုဒ္ဒရာကြီးနှင့် အပါယ်လေး ဘုံတူ၏၊ မျောအပ်သော ဗူးတောင်းတို့နှင့် သတ္တဝါတို့တူကုန်၏။

ထိုထိုသတ္တဝါအပေါင်းတို့၏ ကောင်းသောကလျာဏအဖို့မှ ဆုတ်ယုတ်ခြင်း, အလိုရှိအပ်သော ဣဋ္ဌအဖို့မှ ဆုတ်ယုတ်ခြင်း, ကောင်း သောအဖို့ အလိုရှိအပ်သော အဖို့တို့၏ အလုံးစုံချုပ်ကွယ်ခြင်း မကောင်း သောအဖို့ ယုတ်ညံ့ဖျင်း သိမ်သောအဖို့သို့ ညွတ်ကိုင်းကျရောက်ခြင်း သဘောများသည် ရှိ၏၊ ထိုသဘောအလုံးစုံသည် စိုးရိမ်ကြောင့်ကြခြင်း၏ တည်ရာဝတ္ထုလည်း ဖြစ်၏၊ ငိုကြွေးခြင်း၏ တည်ရာဝတ္ထုလည်း ဖြစ်၏၊ ဆင်းရဲခြင်း၏တည်ရာ ဝတ္ထုလည်း ဖြစ်၊ နှလုံးမသာမှု၏ တည်ရာဝတ္ထု လည်း ဖြစ်၏၊ ပြင်းစွာပင်ပန်းမှု၏ တည်ရာဝတ္ထုလည်း ဖြစ်၏၊ မချစ် အပ်သည်နှင့် ပေါင်းသင်းဆက်ဆံရခြင်း၏ တည်ရာဝတ္ထုလည်း ဖြစ်၏၊ ချစ်ခင်အပ်သည်နှင့် ကွေကွင်းခွဲခွါရခြင်း၏ တည်ရာဝတ္ထုလည်း ဖြစ်၏၊ လိုတိုင်းမရ တောင့်တတိုင်း မပြီးစီးမှု၏တည်ရာဝတ္ထုလည်း ဖြစ်၏၊ ထို့ကြောင့် ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝစသည်တို့နှင့် ယှဉ်တွဲ၍ နေရသော ခန္ဓာငါးပါးတို့သည် ဆင်းရဲအစစ် ဒုက္ခနှစ်တို့သာ ဖြစ်ကြကုန်၏၊ ထိုခန္ဓာငါးပါးကို အတ္တသာရ ပဓာန အထည်ကိုယ်ပြု၍ နေကြကုန်သော သတ္တဝါဟူသမျှတို့သည် ဆင်းရဲအစစ် ဒုက္ခနှစ်တို့သာ ဖြစ်ကုန်၏။

ဤအဓိပ္ပါယ်သဘောကို ရည်တော်မူ၍ ဓမ္မစက္ကပဝတ္တနသုတ္တန်၌ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ ဇာတိပိ ဒုက္ခာ ဇရာပိ ဒုက္ခာ ဗျာဓိပိ ဒုက္ခော မရဏံပိ ဒုက္ခံ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဗ္ဘတိ တံပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ။

ဘိက္ခဝေ=ရဟန်းတို့၊ ဇာတိပိ=အသစ်အသစ်ဖြစ်ပေါ်ရခြင်းသည် လည်း။ ဒုက္ခာ=ဆင်းရဲ၏၊ ဝါ=ဆင်းရဲခြင်း၏အကြောင်းဖြစ်၏၊ ဇရာပိ= ကောင်းမြတ်ပြည့်စုံ ဣဋ္ဌာရုံအဖို့မှ ယုတ်လျော့ယိုယွင်းခြင်း ဇရာတရား သည်လည်း၊ ဒုက္ခာ=ဆင်းရဲ၏၊ ဗျာဓိပိ=နာခြင်းသည်လည်း၊ ဒုက္ခော= ဆင်းရဲ၏၊ မရဏံပိ=ကောင်းမြတ်ပြည့်စုံသော အဖို့၏ ချုပ်ကွယ်ပျက် ဆုံးခြင်း မရဏတရားသည်လည်း၊ ဒုက္ခံ=ဆင်းရဲ၏၊ အပ္ပိယေဟိ= မချစ်မနှစ်သက်အပ်သော အရာဝတ္ထုဟူသမျှတို့နှင့်၊ သမ္ပယောဂေါပိ= ပေါင်းသင်းဆက်ဆံရခြင်းသည်လည်း၊ ဒုက္ခော=ဆင်းရဲ၏၊ ပိယေဟိ= ချစ်ခင်နှစ်သက်အပ်သော အရာဝတ္ထုဟူသမျှတို့နှင့်၊ ဝိပ္ပယောဂေါပိ= ကွေကွင်းကွဲကွာ ရှဲခွာဖဲကြဉ် မပေါင်းယှဉ်ရခြင်းသည်လည်း၊ ဒုက္ခော= ဆင်းရဲ၏၊ ယံပိ=အကြင်ဝတ္ထု အာရုံဟူသမျှကိုလည်း၊ ဣစ္ဆံ=စွဲလမ်းခုံမင် လိုချင်တောင့်တ၍နေ၏၊ တံ=ထိုစွဲလမ်း ခုံမင် လိုချင်တောင့်တအပ်သော အာရုံဝတ္ထုကို၊ နလဗ္ဘတိ=မရအပ်၊ တံပိ=ထိုလိုချင် တောင့်တတိုင်း မရမှု သည်လည်း၊ ဒုက္ခံ=ဆင်းရဲ၏၊ သံခိတ္တေန=အကျဉ်းအားဖြင့်၊ ပဉ္စုပါဒါ နက္ခန္ဓာပိ=ဥပါဒါနက္ခန္ဓာ တရားငါးပါးတို့သည်သာလျှင်၊ ဒုက္ခာ=ဆင်းရဲ ကုန်၏၊ ဣဒံခေါပန ဓမ္မဇာတံ=ဤဇာတိအစရှိသော တရားအပေါင်းသည်၊ ဒုက္ခံ=ဆင်းရဲအစစ် ဒုက္ခနှစ်ဖြစ်သော၊ အရိယသစ္စံ=မဖောက်မပြန် စင် စစ်မှန်သော အရိယသစ္စာကြီးပေတည်း။

၁-ဒုက္ခသစ္စာပြီး၏။


၂-သမုဒယသစ္စာ

ပမာဆောင်ရသော်။
သမုဒယသစ္စာကို ဥပမာအားဖြင့် ဆိုရလျှင် ရှေးနှစ်တို့၌ ဖြစ်ကြကုန်သော ကောင်းစွာမှည့်ရင့်သဖြင့် အနှစ်သာရရှိကြကုန်သော သစ်ပင်မျိုးစေ့တို့သည် အာပေါ, အဆီ, အစေးနှင့်တကွ ဖြစ်ကြမှသာလျှင် အာပေါ, အဆီ, အစေးရှိမှသာလျှင် သစ်ပင်အသစ်တို့ကို ပေါက်ပွါးဖြစ်ပေါ်စေနိုင်ကုန် ၏၊ အာပေါ, အဆီ, အစေး, ကင်းမဲ့ကုန်သည်ရှိသော် သစ်ပင်အသစ်တို့ကို မပေါက်စေနိုင် ကုန်သကဲ့သို့၊ ထို့အတူသာလျှင် ရှေးရှေးဘဝတို့၌ ပြုလုပ်ဆည်းပူး အပ်ကုန်သော အင်္ဂါပယောဂနှင့်ပြည့်စုံသဖြင့် ကမ္မပထ မြောက်ကုန်ပြီး သော ကုသိုလ်ကံ အကုသိုလ်ကံတို့သည် တဏှာတည်းဟူသော အစေး အညှော်နှင့်တကွဖြစ်ကုန်မှသာလျှင် တဏှာအစေးရှိကုန်မှသာလျှင် အသစ် အသစ်ဖြစ်သောဘုံဘဝ အဆင်းရဲတို့ကို ဖြစ်ပွါးစေနိုင်ကုန်၏၊ တဏှာအစေး မရှိကြကုန်သည်ရှိသော် ဘုံဘဝဆင်းရဲတို့ကို မဖြစ်ပွါး စေနိုင်ကုန်။

ထို့ကြောင့် တဏှာသည်လျှင် ကံတို့၏ဘုံဘဝ ဆင်းရဲမှုကို ဖြစ် စေရာ၌ အထူးကဲဆုံးဖြစ်သောကြောင်း အဖော်သဟဲကြီးဖြစ်၏၊ ရှေးရှေးဘဝတို့က ပြုခဲ့သမျှ, ဆည်းပူးခဲ့သမျှသော ကံတို့သည် မည်မျှ လောက်များပြား၍ မည်မျှလောက် ထုထယ်ကြီးမားစေကာမူ တဏှာ အစေးကို ပြယ်ပျောက်အောင် ပြုလုပ် နိုင်သည်ဖြစ်က ထိုကံတို့သည် ဘုံဘဝတည်းဟူသောအကျိုးတို့ကို မဖြစ်စေနိုင်ကုန်၊ ထို့ကြောင့် တဏှာ အစေးကို အကြွင်းမဲ့ ဆေးကြောသုတ်သင်အပ်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်တို့၏ သန္တာန်မှာရှိသော ကံတို့သည် အကျိုးမပေးနိုင်သော အဟောသိကံအဖြစ်သို့ ရောက်ကြကုန်သဖြင့် တစ်ဖန်ဘဝသစ်, ဝဋ်ဒုက္ခ အသစ်တို့ကို မဖြစ်စေနိုင်ကုန်၊ ဘုံဘဝဝဋ်ဒုက္ခ ဇာတ်ကိုသိမ်း၍ ငြိမ်းကြ လေကုန်၏၊ တဏှာသည် ဘုံဘဝဝဋ်ဒုက္ခဆင်းရဲကို ဖြစ်စေမှု၌ အကြောင်းရင်း ဝိသေသကြီး ဖြစ်သောကြောင့် သမုဒယသစ္စာဟူ၍ ဆိုရလေသည်။

ဤသဘောကိုရည်တော်မူ၍ ဓမ္မစက္ကပဝတ္တနသုတ္တန်၌

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒိရာဂ သဟဂတာ တတြတတြာဘိနန္ဒိနီ။ သေယျထိဒံ ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ

ဘိက္ခဝေ=ရဟန်းတို့၊ ယာယံတဏှာ=အကြင်တဏှာလောဘသည်၊ ပေါနောဗ္ဘဝိကာ=တစ်ဖန်ဘဝသစ်ကိုဖြစ်စေတတ်၏၊ နန္ဒိရာဂသဟဂတာ= နှစ်သက်ခြင်း တပ်မက်မောခြင်းနှင့်တကွဖြစ်၏၊ တတြတတြာဘိနန္ဒိနီ= ထိုထို အာရုံတို့၌ ဆန်စုန်ပြောင်းလဲ၍ စွဲလမ်းနှစ်သက်စေတတ်၏၊ ဣဒံဧသာတဏှာ=ဤတဏှာသည်၊ သေယျထာ=အဘယ်နည်းဟူမူကား၊ ကာမတဏှာ=ဝတ္ထုအာရုံ ကာမဂုဏ်ကို ခုံမင်တွယ်တာတတ်သော တဏှာလည်းကောင်း၊ ဘဝတဏှာ=အဇ္ဈတ္တခန္ဓာ၌ တွယ်တာစွဲလမ်းသော တဏှာလည်းကောင်း၊ ဝိဘဝတဏှာ=ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာလည်းကောင်း၊ ဣဒံခေါ ပန ဓမ္မဇာတံ=ဤတဏှာတည်းဟူသော သဘောတရားသည်၊ ဒုက္ခသမုဒယော=ဘုံဘဝဝဋ်ဒုက္ခ၏ အကြောင်း ရင်းဖြစ်သော၊ အရိယသစ္စံ=မဖောက်မပြန် စင်စစ်မှန်သော အရိယ သစ္စာမည်၏။

ကာမတဏှာဖြစ်ပုံ။
အထက်ပါဠိတော်၌ တဏှာသုံးပါးကို ပြဆိုရာတွင် ကာမတဏှာဆိုသည်ကား-အဇ္ဈတ္တသန္တာန်မှ အပ ဖြစ်သော ရူပါရုံအစရှိသည့် ဝတ္ထုအာရုံကာမဂုဏ်တို့၌ သာယာတပ်မက်သော တဏှာပေတည်း။ ဘဝတဏှာဆိုသည်ကား အဇ္ဈတ္တသန္တာန်၌ ကမ္မဘဝ, ဥပပတ္တိ ဘဝဟုဆိုအပ်သော အဇ္ဈတ္တခန္ဓာတို့၌ သာယာတပ်မက်သော တဏှာပေတည်း။ သဿတဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာတို့လည်း ဘဝတဏှာဆို၏၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် ဝိဘဝ တဏှာမည်၏။

ထိုစကားရပ်၌ ကာမဘုံ၌ဖြစ်သော သတ္တဝါတို့၏ ပကတိ စိတ် သဘော ဓာတ်တို့သည် ခေါင်းပါးခြောက်သွေ့ကုန်၏၊ အဆီ, ဩဇာ, အရသာမရှိကြကုန်၊ ဗဟိဒ္ဓဖြစ်သော အာရုံအရသာတို့ဖြင့် သွန်းလောင်း ဖြည့်စွက်မှသာလျှင် ပျော်မွေ့နိုင်သော သဘောဓာတ်ရှိကြကုန်၏၊ အပ၌ရှိသော ချစ်ခင်ဖွယ်နှစ်သက် ဖွယ်ဖြစ်သည့် ကာမအာရုံ အထုံ အမွမ်းတို့နှင့် ပေါင်းသင်းရောစပ်ရမှသာလျှင် ပျော်မွေ့နှစ်သက်ခြင်းကို ဖြစ်စေနိုင်ကုန်၏။

ထိုစကားမှန်၏၊ ကာမဘုံသားတို့သည် ပြင်ပ၌ရှိသော သာယာ ဖွယ်ဖြစ် သည့် ဝတ္ထုအာရုံကာမဂုဏ်တို့နှင့်ကင်း၍ မိမိတို့၏ စိတ်တွင်း၌ နှစ်သက် မွေ့လျော်ခြင်းကို မရနိုင်ကြကုန်၊ ပျင်းရိညှိုးနွမ်းခြင်းသို့သာ ရောက်ကြလေကုန်၏၊ ထို့ကြောင့် ကာမဘုံသား သတ္တဝါအများတို့သည် ကာမတဏှာကို အဖော်သဟဲ ရှေ့ဆောင်ရှေ့သွားပြုပြီးလျှင် ပြင်ပ၌ရှိ သော ဝတ္ထုအာရုံကာမဂုဏ်တို့၌သာလျှင် ပြေးလွှား၍နေကြကုန်၏၊ ပျားတို့သည် ပန်းယက်အရသာကို ရှာမှီးကုန်သကဲ့သို့ ကာမအာရုံ တို့ကိုသာ ရှာမှီး၍နေကြရကုန်၏။

ဘဝတဏှာဖြစ်ပုံ။
ဗြဟ္မာတို့၏ သန္တာန်၌ဖြစ်သော ဝိဝေကဇပီတိမှ ရင်းနှီး၍ရသော မဟဂ္ဂုတ်စိတ်တို့သည်မူကား စိုပြည် ပျော့ပျောင်းကြကုန်၏၊ အဆီ, ဩဇာ, အရသာရှိကြကုန်၏၊ တစ်စုံ တစ်ခုသော အာရုံ အမွမ်းအမံတို့ဖြင့် သွန်းလောင်းမွမ်းမံခြင်းမရှိပဲ ပကတိအားဖြင့် ပျော်မွေ့ နှစ်သက်ကြကုန်၏။

ထိုစကားမှန်၏၊ ဗြဟ္မာတို့သည် ပြင်ပ၌ရှိသော ဝတ္ထုအာရုံ ကာမဂုဏ်တို့နှင့် ရောနှောဆက်ဆံခြင်းကို အလိုမရှိကြကုန်၊ အဇ္ဈတ္တ သန္တာန်၌ မိမိတို့၏ စျာန်စိတ်တို့ဖြင့်သာလျှင် ပျော်မွေ့ ရွှင် လန်းခြင်းကို ရရှိကြကုန်၏၊ စျာန်ကိုဝင်စား ခြင်းတည်းဟူသော သမာပတ္တိချမ်းသာဖြင့် ရှည်မြင့်စွာသော အချိန်ကာလကို ကုန်လွန်စေနိုင်ကြကုန်၏၊ စျာန်မှထ သောအခါ အဇ္ဈတ္တသန္တာန်၌ သာယာသော ဘဝတဏှာ၏ အစွမ်းအားဖြင့် ဩော်-ချမ်းသာစွာ့တကား၊ ဩော်-ချမ်းသာစွာ့ တကားဟူ၍ ဥဒါန်း ကျူးရင့်သောအသံကို မြွက်ဆို၍ နေထိုင်ကြကုန်၏။

ဝိဘဝတဏှာဖြစ်ပုံ။
ဥစ္ဆေဒအယူရှိသော ပုဂ္ဂိုလ်တို့သည်ကား သံသရာ၌ သတ္တဝါတို့ ကျင်လည်ကြရသည်ဟူ၍ မရှိ၊ တစ်ဘဝ တစ်ခန္ဓာ နှင့် ပြတ်၏ဟူ၍ ယူသောအယူဝါဒကို အခိုင်အမြဲ၊ အတ္တသာရဟူ၍ စွဲလမ်းပြီးလျှင် ထိုအယူဝါဒကို ဝိဘဝတဏှာဖြင့် သာယာကြကုန်၏။

[ဤကား တဏှာသုံးပါးတို့၏ အထူးတည်း။]

အကျဉ်းမှတ်ဖွယ်။
အကျဉ်းအားဖြင့် မှတ်ရန်မှာ ပြင်ပ၌ ရှိသော ဝတ္ထုအာရုံ ကာမဂုဏ်တို့ကိုသာယာမှုသည် ကာမတဏှာ မည်၏၊ ထိုတဏှာသည် ကာမဘုံသားတို့၌ဖြစ်၏၊ အဇ္ဈတ္တခန္ဓာတို့၌ သာယာ မှုသည် ဘဝတဏှာမည်၏၊ ထိုတဏှာသည် ဗြဟ္မာတို့၌ ဖြစ်၏၊ ဥစ္ဆေဒ အယူရှိသော ပုဂ္ဂိုလ်တို့၏ မိမိတို့အယူဝါဒ၌ အစွဲအလမ်းပြု၍ သာယာမှု သည် ဝိဘဝတဏှာ မည်၏၊ ထိုတဏှာသည် ဥစ္ဆေဒဒိဋ္ဌိ အယူရှိသော ပုဂ္ဂိုလ်တို့၌ဖြစ်၏၊ ကာမဘုံသားတို့၏ ပကတိစိတ်သည် တစ်စုံတစ်ခု သောအာရုံဖြင့် ထုံအပ်ပွါး များအပ်သည် မဟုတ်၊ တွေ့မြင်ရာရာအာရုံကို စွဲလမ်းမှီတွယ်၍ ဖြစ်ရသောကြောင့် အဆီ,ဩဇာ, အရသာမဲ့၍ ခြောက် သွေ့၏၊ ပြင်ပက ကာမဂုဏ်အာရုံတို့ဖြင့် မွမ်းမံ ဖျော်ဖြေနိုင်ပါမှ အရသာကို ရရှိနိုင်၏၊ ကာမအာရုံကို အနည်းနည်းရှာဖွေ ကြံစည်၍ သာယာတတ်သော ကာမတဏှာတည်းဟူသော အဖြေအဖျော် အဖေါ် အဖက်ကို အလိုရှိရ၏။

ပမာဆောင်ရသော်။
အလွန် ကြမ်တမ်းသော ပြောင်းဆန် ထမင်းများသည် ပကတိအားဖြင့် အဆီ, ဩဇာနည်းပါး၍ ကြမ်းတမ်း ခြောက်သွေ့သောကြောင့် အရသာမရှိ၊ ဆီပျားနိုင်နိုင်နှင့် အရသာရှိစွာ ချက်၍ထားအပ်သော ဟင်းမျိုးတို့ဖြင့် လူး၍ဆမ်းစားရမှ အရသာရှိ၏၊ ပြောင်း ထမင်းမှာ ဟင်းကောင်းလို၏၊ ထို့အတူပင် ကာမဘုံသားတို့၏ စိတ်ကိုမှတ်ရာ၏၊ ထို့ကြောင့် ကာမဘုံသားတို့သန္တာန်မှာ ကာမတဏှာ ကျက်စားခွင့်ကို ရရှိလေသည်၊ ဗြဟ္မာတို့၏ ပကတိစိတ်သဘောသည် ဝိဝေကကိုမှီ၍ ကသိုဏ်းစသော အာရုံတို့ဖြင့် အကြိမ်များစွာ ထုံအပ်ပွါး အပ်သောကြောင့် အဆီ, ဩဇာ, အရသာနှင့်တကွ စိုပြေ၏၊ ပြင်ပက အမွမ်းအမံကို အလိုမရှိ၊ မိမိတို့ ပကတိစိတ်အတိုင်းနှင့်ပင် ပျော်ရွှင်မွေ့ လျော်ခွင့်ကို ရရှိနိုင်ကြလေသည်၊ ထို့ကြောင့်ဗြဟ္မာတို့မှာ မိမိတို့ အဇ္ဈတ္တ သန္တာန်၌ သာယာသော ဘဝတဏှာ ကျက်စားခွင့်ကို ရရှိလေသည်။

ဥပမာ-ကမ္ဘာဦးအခါ မြေဆီဩဇာ ထက်မြက်စဉ်က ဖြစ်ပေါ်သော သလေး ထမင်းသည် ပကတိအားဖြင့် အရသာရှိ၍ နေသောကြောင့် ဟင်းတည်းဟူသော အမွမ်းအမံကိုမလိုချေ၊ ပကတိထမင်းအတိုင်းနှင့်ပင် မြိန်ရှက်၍ မဆုံးနိုင်သော အရသာကို ဖြစ်ပွါးစေနိုင်၏၊ ပြင်ပက ဟင်း ရေကိုဆမ်းလျှင် နဂိုပကတိ ထမင်း အရသာရင်းပင်လျှင် ပျက်စီးလု မတတ်ရှိ၏၊ ထို့အတူ ဗြဟ္မာတို့၏ မဟဂ္ဂုတ်စိတ်ကို သိရာ၏။

၂-သမုဒယသစ္စာပြီး၏။


၃။ နိရောဓသစ္စာ

တဏှာဆီစေး ကင်းဝေးသဖြင့်။
ပြဆိုအပ်ပြီးသော တဏှာသုံးပါးတို့ကို အကြွင်းမဲ့ ပယ်အပ်ပြီးသောအခါ အလုံးစုံသော ကုသိုလ်ကံ, အကုသိုလ်ကံတို့သည် ပွက်ပွက်ဆူသောရေ၌ ပြုတ် အပ်ပြီး သော မျိုးစေ့တို့ကဲသို့ တဏှာတည်းဟူသော အဆီအစေးမှ ကင်းကြကုန် သည်ဖြစ်၍ တစ်ဖန်အသစ်ဖြစ်ပေါ်သော ဘုံဘဝဆင်းရဲ တို့ကို မဖြစ်စေ နိုင်ကုန်၊ ဘုံဘဝ ဝဋ်ဒုက္ခဆင်းရဲတို့သည် အကြွင်းမဲ့ချုပ်ဆုံးကြလေကုန်၏၊ တစ်ဖန် ဖြစ်ပြန်ခြင်းသဘော မရှိကြကုန်၊ ဒုက္ခ၏အကြောင်းရင်းဖြစ်သော တဏှာသုံးပါး၏ ချုပ်ဆုံးမှုကိုပင်လျှင် နိရောဓသစ္စာဟူ၍ဆိုသည်၊ အသင်္ခတဓာတ် ပရမတ် နိဗ္ဗာန် ကြီးပေတည်း။

ဤသဘောကို ရည်တော်မူ၍ ဓမ္မစက္ကပဝတ္တနသုတ္တန်၌ -

ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော၊ ဟူ၍ဟောတော်မူသည်။

ဘိက္ခဝေ=ရဟန်းတို့၊ တဿာယေဝ တဏှာယ=ထိုတဏှာသုံးပါး ၏သာလျှင်၊ ယော အသေသဝိရာဂ နိရောဓော=အကြင်အကြွင်းမဲ့ တပ်ခြင်းကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည်၊ ယော စာဂေါ=အကြင် စွန့်ရာဖြစ်သောနိဗ္ဗာန်သည်၊ ယော ပဋိနိဿဂ္ဂေါ=အကြင်စွန့်လွှတ် ရာဖြစ်သော နိဗ္ဗာန်သည်၊ ယာ မုတ္တိ=အကြင်လွတ်ရာဖြစ်သော နိဗ္ဗာန် သည်၊ ယော အနာလယော=အကြင်ကပ်ငြိခြင်း ကင်းရာဖြစ်သော နိဗ္ဗာန်သည်၊ အတ္ထိ=ရှိ၏၊ ဣဒံ ခေါ ပန ဓမ္မဇာတံ=ဤတဏှာမှ ကျွတ် လွတ်ရာဖြစ်သော နိဗ္ဗာန်ဟူသော သဘောတရားသည်၊ ဒုက္ခနိရောဓော= ဒုက္ခ၏ချုပ်ရာဖြစ်သော၊ အရိယသစ္စံ=မဖောက်မပြန် စင်စစ်မှန်သော အရိယ သစ္စာကြီး တစ်ပါးပေတည်း။

၃-နိရောဓသစ္စာ ပြီး၏။


၄-မဂ္ဂသစ္စာ

၄။ အကြင်ပုဂ္ဂိုလ်တို့သည် ခန္ဓာငါးပါး သတ္တဝါတို့၏ အထည် ကိုယ်ဖြစ်သော တရားတို့၌ တရားအသစ်အသစ် မနေမနား တဖွားဖွား ဖြစ်လေ့ရှိသည့် ဇာတိအစရှိသော ဆင်းရဲဒုက္ခ ဘေးဘယတို့ကို မသိကြကုန် မမြင်ကြကုန်၊ ထိုပုဂ္ဂိုလ်တို့သည် ခန္ဓာငါးပါးတို့၌ တွယ်တာ သော တဏှာသုံးပါးတို့ကို တိုးပွားစေကုန်၏၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား ခန္ဓာငါးပါးတို့၌ ဇာတိအစရှိသော ဆင်းရဲဒုက္ခ ဘေးဘယအတိ ပြွမ်းလျက် ရှိနေပုံကို ထင်ထင်ရှားရှား သိမြင်ကြလေကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ခန္ဓာငါးပါးတို့၌ တွယ်တာသော တဏှာသုံးပါးတို့ကို ကုန်ခန်းခြောက် သွေ့စေကုန်၏၊ ခန္ဓာငါးပါးသည် တဏှာသုံးပါး၏ မွေ့လျော် ပျော်ပါး အဆင့်ဆင့်ပွားရာဖြစ်သော တိုက်အိမ်ကြီးနှင့် တူ၏၊ ထိုခန္ဓာငါးပါး တည်းဟူသော အိမ်ကြီး၌ သစ်ဘီလူး, နတ်ဘီလူးစသော ဘေးအန္တရာယ် အမျိုး မျိုးတွေနှင့်တူသော ဇာတိ, ဇရာအစရှိသော ဘေးဒုက္ခတို့သည် လည်း ပြိုးပြွမ်း ပြည့်နှက်စွာရှိကုန်၏။

ထိုဘေးဒုက္ခအပြစ် အာဒီနဝတို့ကို မမြင်ပဲ အကောင်းအမွန် သာယာဖွယ်ဟု ထင်နေလျှင် ထိုခန္ဓာအိမ်၌ မှီတွယ်ပျော်ပါး ပေါက်ပွါး နယ်ချဲ့၍နေသော တဏှာတရားတို့သည် အဆင့်ဆင့်အားရှိ၍ တိုးပွား မြားမြောင်လေလေသာ ဖြစ်၏၊ တဏှာတိုးပွား၍ နယ်ချဲ့လေလေ သံသရာအကျယ်၌ ဒုက္ခပင်လယ်ဝေကြီး ဖြစ်လေလေသာဖြစ်၏၊ ထိုခန္ဓာတည်းဟူသောအိမ်၌ ဇာတိစသောဆင်းရဲဒုက္ခ ဘေးဘယ ကြောက်မက်ဖွယ်တို့ကို မြင်သောအခါ ခန္ဓာအိမ်၌ သာယာကပ်ငြိသော တဏှာကို ပယ်ဖျောက်နိုင်လေ၏၊ ဘေးဒုက္ခတွေကိုမြင်လေလေ, တဏှာ အားနည်း၍ ခြောက်ခန်းပျောက်ကွယ်လေလေသာ ဖြစ်၏၊ ခန္ဓာအိမ်၏ အပြစ်ကို အကြွင်းမဲ့မြင်သောအခါ တဏှာသည် အကြွင်းမဲ့ ပြယ်ပျောက် လေ၏၊ ထိုခန္ဓာငါးပါးတို့၌ ဇာတိစသော ဆင်းရဲဒုက္ခ ဘေးဘယကို မြင်နိုင်ရန် အလုပ်ခွင် ကျင့်လမ်းမှာ မဂ္ဂင်ရှစ်ပါးသာလျှင် ဖြစ်၏၊ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးသည် ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်စေနိုင် သော ကျင့်လမ်းဖြစ်၍ ဒုက္ခနိရောဓ ဂါမိနိပဋိပဒါ ဟူ၍ဆိုလေသည် မဂ္ဂသစ္စာကြီးပင်တည်း။

ဒုက္ခနိရောဓဂါမိနိပဋိပဒါဟူသောပုဒ်၌

ဒုက္ခဿ နိရောဓံ အဝဿံ ဂမေတိ သမ္ပါပေတိ တဒတ္ထိကေဟိ ပဋိပဇ္ဇိတဗ္ဗာစာတိ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ။

ဒုက္ခဿ=ခန္ဓာဝဋ်ဆင်းရဲ၏၊ နိရောဓံ=ချုပ်ရာဖြစ်သောနိဗ္ဗာန်သို့၊ အဝဿံ=စင်စစ်မချွတ်၊ ဂမေတိ သမ္ပါပေတိ=ရောက်စေတတ်၏၊ တဒတ္ထိကေဟိ=ထိုဒုက္ခချုပ်ရာနိဗ္ဗာန်ကို အလိုရှိသောသူတို့သည်၊ ပဋိပဇ္ဇိတဗ္ဗာစ=ကျင့်အပ် ကျင့်ထိုက်သည်လည်း ဖြစ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ဒုက္ဓနိရောဓဂါမိနိပဋိပဒါ= ဒုက္ခနိရောဓဂါမိနိပဋိပဒါမည်၏။

ဤအဓိပ္ပါယ်ကိုရည်၍ ဓမ္မစက္ကပဝတ္တနသုတ္တန်၌--

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနိပဋိပဒါ အရိယသစ္စံ (အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ သေယျထိဒံ) သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

ဘိက္ခဝေ=ရဟန်းတို့၊ အရိယော=မြတ်သော၊ အဋ္ဌင်္ဂီကော=အင်္ဂါ ရှစ်ပါးရှိသော၊ အယမေဝ မဂ္ဂေါ=ဤမဂ်သည်သာလျှင်၊ ဝါ=နိဗ္ဗာန် ရောက်ကြောင်း ခရီးကောင်းသည်သာလျှင်၊ အတ္ထိ=ရှိ၏၊ ဣဒံ မဂ္ဂင်္ဂံ=ဤ မဂ္ဂင်ဟူသည်၊ သေယျထာ ကတမံ=အဘယ်နည်းဟူမူကား၊ သမ္မာဒိဋ္ဌိ= ကောင်းစွာမြင်မှု၊ သမ္မာသင်္ကပ္ပေါ=ကောင်းစွာကြံမှု၊ သမ္မာဝါစာ=ကောင်း စွာဆိုမှု၊ သမ္မာကမ္မန္တော=ကောင်းစွာပြုမှု၊ သမ္မာအာဇီဝေါ=ကောင်းစွာ အသက်မွေးမှု၊ သမ္မာဝါယာမော=ကောင်းစွာ အားထုတ်မှု၊ သမ္မာသတိ= ကောင်းစွာအောက်မေ့မှု၊ သမ္မာသမာဓိ=ကောင်းစွာ တည်ကြည်မှု၊ ဣဒံ ခေါပန ဓမ္မဇာတံ=ဤမဂ္ဂင်ရှစ်ပါး တရားအစုသည်၊ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ=ခန္ဓာဝန်ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်း ဖြစ်သော၊ အရိယသစ္စံ=မဖောက်မပြန် စင်စစ်မှန်သော အရိယသစ္စာကြီး ပေတည်း။

၄-မဂ္ဂသစ္စာပြီး၏၊

ဤဆိုအပ်ပြီးသော စကားရပ်သည် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၌ သာမံ သစ္စာနိ အဘိသမ္ဗုဇ္ဈတိ ဟူ၍ သစ္စာလေးပါးကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူ သည်ဟူရာဝယ် သစ္စာလေးပါး၏ အဓိပ္ပါယ်အမြွက် ပေတည်း။

တတ္ထစ သဗ္ဗညုတံ ပတ္တော-ဟူ၍ ပထမ၌ တည်ထားခဲ့သော ပုဂ္ဂပညတ် ပါဠိတော်အရ သဗ္ဗညုတဉာဏ်ဆိုသည်။

ကတမံ တထာဂတဿ သဗ္ဗညုတညာဏံ သဗ္ဗံ သင်္ခတ မသင်္ခတံ အနဝသေသံ ဇာနာတီတိ သဗ္ဗညုတ ညာဏံ။ တတ္ထ အာဝရဏံ နတ္ထီတိ အနာဝရဏညာဏံအစရှိသော ပဋိသမ္ဘိဒါမဂ် ဉာဏကထာ ပါဠိတော်ဖြင့် သိအပ်၏။

တထာဂတဿ=မြတ်စွာဘုရား၏၊ သဗ္ဗညုတညာဏံ=သဗ္ဗညုတ ဉာဏ်ဟူသည်၊ ကတမံ=အဘယ်နည်း၊ သဗ္ဗံ=အလုံးစုံသော၊ သင်္ခတံ= ပြုပြင်စီရင်အပ်သမျှ သင်္ခတတရားစုကိုလည်းကောင်း၊ အသင်္ခတံ=မပြုပြင် မစီရင်အပ်သော အသင်္ခတ တရားစုကိုလည်းကောင်း၊ အနဝသေသံ= အကြွင်းအကျန်မရှိ၊ ဇာနာတိ=သိတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သဗ္ဗညုတညာဏံ=သဗ္ဗညုတဉာဏ်မည်၏၊ တတ္ထ=ထိုသို့ တရားအလုံးစုံကို အကုန်သိမြင်ရာ၌၊ အာဝရဏံ=အပိတ်အပင် အကန့်အကွက်သည်၊ နတ္ထိ=မရှိ၊ ဣတိတသ္မာ=ထို့ကြောင့်၊ အနာဝရဏညာဏံ=အနာဝရဏ ဉာဏ်မည်၏။

သဗ္ဗညုတဉာဏ်။ ။သဗ္ဗညုတဉာဏ်ဆိုသည်ကား သိသင့် သိထိုက်သမျှ သင်္ခတ, အသင်္ခတတရားအလုံးစုံကို အကြွင်းအကျန် မရှိ အကုန်သိစွမ်းနိုင်သော ဉာဏ်တော်ကြီးပေတည်း၊ ထိုသဗ္ဗညုတဉာဏ် သည် အတိတ်, အနာဂတ်, ပစ္စုပ္ပန် သုံးတန်သောကာလတို့၌ ရှိရှိသမျှ သော တရားအလုံးစုံကို အကုန်သိမြင်နိုင်၏၊ ထိုသို့သိမြင်ရာ၌ အပိတ် အပင် အကန့်အကွက်ဟူ၍ မရှိ၊ ကြည်ကြည်လင်လင် ကျွတ်ကျွတ် လွတ်လွတ်သိသောဉာဏ်ကို အနာဝရဏဉာဏ်ဆိုသည်၊ သစ္စာလေးပါးကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသည် ဆိုရာ၌ သဗ္ဗညုတဉာဏ်ဖြင့် အကြွင်းအကျန်မရှိ အလုံးစုံ သိတော်မူ၏၊ အနာဝရဏဉာဏ်တော်ဖြင့် အပိတ်အပင် အဟန့်အတား မရှိ၊ ကြည်လင်စူးရှ၍ သိမြင်တော်မူ၏၊

---

ဒသဗလဉာဏ်ဆယ်ပါး

ဗလေသုစ ဝသီဘာဝံ ဟုပြဆိုခဲ့ရာ၌ ဆယ်ပါးသော ဒသဗလ ဉာဏ်တို့ကို ထုတ်ပြလတ္တံ့သော အဘိဓမ္မာပိဋကတ် ဉာဏဝိဘင်း ပါဠိ တော်ဖြင့် သိအပ်၏။

၁။ ဣဓ တထာဂတော ဌာနဉ္စ ဌာနတော အဌာနဉ္စ အဌာနတော ယထာဘူတံ ပဇာနာတိ

ဣဓ=ဤလောက၌၊ တထာဂတော=မြတ်စွာဘုရားသည်၊ ဌာနဉ္စ= အကြောင်းအရာ ဟုတ်သည်ကိုလည်း၊ ဌာနတော=အကြောင်းအရာ ဟုတ်သောအားဖြင့်၊ ယထာဘူတံ=ဟုတ်မှန်သောအတိုင်း၊ ပဇာနာတိ= သိ၏၊ အဌာနဉ္စ=အကြောင်းအရာ မဟုတ်သည်ကိုလည်း၊ အဌာနတော= အကြောင်းအရာမဟုတ်သောအားဖြင့်၊ ယထာဘူတံ=ဟုတ်မှန်သော အတိုင်း၊ ပဇာနာတိ=သိ၏။

(ဤ ဉာဏ်တော်ကို ဌာနာဌာနကောသလ္လဉာဏ် ခေါ်သည်။)

၂။ ပုနစ ပရံ တထာဂတော အတီတာနာဂတပစ္စုပ္ပန္နာနံ ကမ္မ သမာဒါနာနံ ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ပဇာနာတိ

ပုနစ ပရံ=တစ်ဖန်တုံ၊ တထာဂတော=မြတ်စွာဘုရားသည်၊ အတီတာနာဂတ ပစ္စုပ္ပန္နာနံ=ဖြစ်ပြီး ဖြစ်လတ္တံ့ ဖြစ်ဆဲဖြစ်ကုန်သော၊ ကမ္မသမာဒါနာနံ=ပြုလုပ်ဆောက်တည်အပ်သော ကံတရားတို့၏၊ ဝိပါကံ=အကျိုးကို၊ ဌာနသော=အရာဌာနအားဖြင့်၊ ဟေတုသော= အကြောင်းအားဖြင့်၊ ယထာဘူတံ=ဟုတ်မှန်သော အတိုင်း၊ ပဇာနာတိ= သိ၏။

(ဤ-ဉာဏ်တော်ကို ဝိပါကဉာဏ်ခေါ်သည်။)

၃။ ပုန စ ပရံ တထာဂတော သဗ္ဗတ္ထ ဂါမိနိပဋိပဒံ ယထာဘူတံ ပဇာနာတိ

ပုနစ ပရံ=တစ်ဖန်တုံ၊ တထာဂတော=မြတ်စွာဘုရားသည်၊ သဗ္ဗတ္ထဂါမိနိ ပဋိပဒံ=အလုံးစုံသော ဘုံဘဝသို့ လားစေတတ် ရောက် စေတတ်သော အကျင့်အမျိုးမျိုးကိုလည်း၊ ယထာဘူတံ=ဟုတ်မှန် သောအတိုင်း၊ ပဇာနာတိ=သိ၏။

(ဤ-ဉာဏ်တော်ကို သဗ္ဗတ္ထဂါမိနိပဋိပဒါဉာဏ် ခေါ်သည်။)

၄။ ပုန စ ပရံ တထာဂတော အနေကဓာတု နာနာဓာတုလောကံ ယထာဘူတံ ပဇာနာတိ

ပုနစ ပရံ=တစ်ဖန်တုံ၊ တထာဂတော=မြတ်စွာဘုရားသည်၊ အနေကဓာတု နာနာဓာတုလောကံ=များသောသဘောဓာတ်, အထူးထူး သော သဘောဓာတ်ရှိသော ဤလောကကြီးကို၊ ယထာဘူတံ=ဟုတ်မှန် သောအတိုင်း၊ ပဇာနာတိ=သိ၏။

(ဤ-ဉာဏ်တော်ကို အနေကဓာတု နာနာဓာတုဉာဏ် ခေါ်သည်။)

၅။ ပုနစ ပရံ တထာဂတော သတ္တာနံ နာနာဓိမုတ္တိကတံ ယထာဘူတံ ပဇာနာတိ

ပုနစ ပရံ=တစ်ဖန်တုံ၊ တထာဂတော=မြတ်စွာဘုရားသည်၊ သတ္တာနံ=သတ္တဝါတို့၏၊ နာနာဓိမုတ္တိကတံ=အမျိုးမျိုးသောနှလုံးသွင်း သဘောထားကို၊ ယထာဘူတံ=ဟုတ်မှန်သောအတိုင်း၊ ပဇာနာတိ=သိ၏။

(ဤ-ဉာဏ်တော်ကို နာနာဓိမုတ္တိကဉာဏ် ခေါ်သည်။)

၆။ ပုနစ ပရံ တထာဂတော ပရသတ္တာနံ ပရပုဂ္ဂလာနံ ဣန္ဒြိယ ပရောပရိယတ္တံ ယထာဘူတံ ပဇာနာတိ

ပုန စ ပရံ=တစ်ဖန်တုံ၊ တထာဂတော=မြတ်စွာဘုရားသည်၊ ပရသတ္တာနံ=တစ်ပါးသောသတ္တဝါတို့၏၊ ပရပုဂ္ဂလာနံ=တစ်ပါးသော ပုဂ္ဂိုလ်တို့၏၊ ဣန္ဒြိယပရော ပရိယတ္တံ=ဉာဏ်ဣန္ဒြေ ရင့်မရင့်ကို၊ ယထာ ဘူတံ=ဟုတ်မှန်သောအတိုင်း၊ ပဇာနာတိ=သိ၏။

(ဤဉာဏ်တော်ကို ဣန္ဒြိယပရောပရိယတ္တိဉာဏ် ခေါ်သည်။)

၇။ ပုနစ ပရံ တထာဂတော စျာန ဝိမောက္ခသမာဓိ သမာပတ္တီနံ သံကိလေသံ ဝေါဒါနံ ဝုဋ္ဌာနံ ယထာဘူတံ ပဇာနာတိ

ပုန စ ပရံ=တစ်ဖန်တုံ၊ တထာဂတော=မြတ်စွာဘုရားသည်၊ စျာန ဝိမောက္ခ သမာဓိ သမာပတ္တီနံ=စျာန်, ဝိမောက္ခ, သမာဓိ, သမာပတ်တို့၏၊ သံကိလေသံ=ညစ်နွမ်းမှုကိုလည်းကောင်း၊ ဝေါဒါနံ=ဖြူစင်မှုကိုလည်း ကောင်း၊ ဝုဋ္ဌာနံ=ထမှုကိုလည်းကောင်း၊ ယထာဘူတံ=ဟုတ်မှန်သော အတိုင်း၊ ပဇာနာတိ=သိ၏။

(ဤဉာဏ်တော်ကို စျာနဝိမောက္ခသမာဓိသမာပတ္တိဉာဏ် ခေါ်သည်။)

၈။ ပုနစ ပရံ တထာဂတော၊ သတ္တာနံ ပုဗ္ဗေနိဝါသံ ယထာဘူတံ ပဇာနာတိ

ပုန စ ပရံ=တစ်ဖန်တုံ၊ တထာဂတော=မြတ်စွာဘုရားသည်၊ သတ္တာနံ=သတ္တဝါတို့၏၊ ပုဗ္ဗေနိဝါသံ=ရှေးရှေး၌ဖြစ်ခဲ့ဖူး နေခဲ့ဖူးသော ဘုံဘဝခန္ဓာအစဉ်ကို၊ ယထာဘူတံ=ဟုတ်မှန်သောအတိုင်း၊ ပဇာနာတိ= သိ၏။

(ဤဉာဏ်တော်ကို ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်ခေါ်သည်။)

၉။ ပုနစ ပရံ တထာဂတော သတ္တာနံ စုတူပပါတံ ယထာဘူတံ ပဇာနာတိ

ပုန စ ပရံ=တစ်ဖန်တုံ၊ တထာဂတော=မြတ်စွာဘုရားသည်၊ သတ္တာနံ=သတ္တဝါတို့၏၊ စုတူပပါတံ=စုတေခြင်း ပဋိသန္ဓေနေခြင်းကို၊ ယထာဘူတံ=ဟုတ်မှန် သောအတိုင်း၊ ပဇာနာတိ=သိ၏။

(ဤဉာဏ်တော်ကို စုတူပပါတဉာဏ် ခေါ်သည်၊)

၎င်းဉာဏ်ကိုပင် ဒိဗ္ဗစက္ခုဟူ၍ လည်းဆို၏၊)

၁၀။ ပုနစ ပရံ တထာဂတော အာသဝါနံ ခယံ ယထာဘူတံ ပဇာနာတိ

ပုနစ ပရံ=တစ်ဖန်တုံ၊ တထောဂတော=မြတ်စွာဘုရားသည်၊ အာသဝါနံ=အာသဝေါတရားတို့၏၊ ခယံ=ကုန်ခန်းမှုကို၊ ယထာဘူတံ= ဟုတ်မှန်သောအတိုင်း၊ ပဇာနာတိ=သိ၏။

(ဤဉာဏ်တော်ကို အာသဝက္ခယဉာဏ်ခေါ်သည်။)

ဤဒသဗလဉာဏ်တော်ဆယ်ပါးတို့၌ အလိုရှိသမျှ ပိုင်နိုင်စွာ လေ့လာတော်မူနိုင်သည့်အဖြစ်သို့ ရောက်တော်မူသည်။

---

မှတ်ရန်အချုပ် ဂါထာပုဒ်

၁။ ဌာနာဌာနေ ဝိပါကေန၊ မဂ္ဂေ သဗ္ဗတ္ထဂါမိနံ

နာနာဓာတုမှိ လောကသ္မံ၊ အဓိမုတ္တိမှိ ပါဏိနံ

၂။ ပရောပရိယတ္တေ ဉာဏံ၊ ဣန္ဒြိယာနဉ္စ ဇန္တုနံ

စျာနာဒီသု ဉာဏံ ပုဗ္ဗေ၊ နိဝါသေ ဒိဗ္ဗစက္ခုစ

အာသဝက္ခယ ဉာဏန္တိ၊ ဒသဉာဏဗလံ မတံ

၁။ ဌာနာဌာနေ=အရာဟုတ်သည် မဟုတ်သည်၌၊ ဉာဏံ= ဟုတ်မှန်တိုင်းသိသော ဉာဏ်တော်လည်းကောင်း၊ ဝိပါကေန=ကံတို့၏ အကျိုး၌၊ ဉာဏံ=သိသော ဉာဏ်လည်းကောင်း၊ သဗ္ဗတ္ထဂါမိနံ=အလုံးစုံ သော ဘုံဘဝသို့ လားသော ပုဂ္ဂိုလ်တို့၏၊ မဂ္ဂေ=အကြောင်းဖြစ်သောကံ၌၊ ဉာဏံ=သိသောဉာဏ်လည်းကောင်း၊ နာနာ ဓာတုမှိ လောကသ္မိံ=ဓာတ် သဘော အမျိုးမျိုးရှိသော လောကကြီး၌၊ ဉာဏံ=သိသောဉာဏ် လည်းကောင်း၊ ပါဏီနံ=သတ္တဝါတို့၏၊ အဓိမုတ္တိမှိ=နှလုံးသွင်းအမျိုးမျိုး၌၊ ဉာဏံ=သိသောဉာဏ်လည်းကောင်း၊ ဇန္တူနံ=သတ္တဝါတို့၏၊ ဣန္ဒြိယာနံ= ဣန္ဒြေတို့၏၊ ပရောပရိယတ္တေ=ရင့်မှု, မရင့်မှု၌၊ ဉာဏံ=သိသောဉာဏ် လည်းကောင်း၊ စျာနာဒီသု=စျာန်စသောတရားတို့၌၊ ဉာဏံ=ညစ်နွမ်းမှု, ဖြူစင်မှုကို သိသောဉာဏ်လည်းကောင်း၊ ပုဗ္ဗေနိဝါသေ=ရှေးရှေးဖြစ်နေ ဖူးသော ဘုံဘဝခန္ဓာ အစဉ်၌၊ ဉာဏံ=သိသောဉာဏ်လည်းကောင်း၊ ဒိဗ္ဗစက္ခုစ=သတ္တဝါတို့၏ စုတိ ပဋိသန္ဓေစသည်ကို သိမြင်နိုင်သော ဒိဗ္ဗစက္ခု ဉာဏ်လည်းကောင်း၊ အာသဝက္ခယံ= အာသဝေါတရားကုန်မှု၌၊ ဉာဏံ= သိသောဉာဏ်လည်းကောင်း၊ ဣတိ=ဤသို့၊ ဒသဉာဏဗလံ=ဒသဗလ ဉာဏ်တော်ဆယ်ပါးကို၊ မတံ=သိအပ်၏။

[ဤအရာ၌ ဉာဏ်တော်ဆယ်ပါးကို ဆိုခြင်းနှင့် စပ်လျဉ်းသဖြင့် မြတ်စွာဘုရား၏ အားတော်ဆယ်ပါးကိုလည်း သိသင့်သိထိုက်သောအတိုင်း ထည့်သွင်းဖော်ပြလိုက်အံ့၊ မြတ်စွာဘုရား၏ အားတော်ဆယ်ပါးကို ဆင်ဆယ်မျိုး တို့ဖြင့် ရေတွက်ချင့်ချိန်၍ ကျမ်းဂန်တို့၌ ပြဆိုတော်မူကြကုန်၏၊]

ဆင်ဆယ်မျိုး။ ။ကာဠာဝကဆင်, ဂင်္ဂေယျဆင်, ပဏ္ဍရဆင်, တမ္ဗဆင်, ပိင်္ဂလဆင်, ဂန္ဓဆင်, မင်္ဂလဆင်, ဟေမဆင်, ဥပေါသထ ဆင်, ဆဒ္ဒန္တဆင် ဤကားဆင်ဆယ်မျိုးတို့ပေတည်း။ ကာဠာဝက ဆင်တစ်စီးသည် ယောကျ်ားတစ်ကျိပ်တို့၏ အားကိုဆောင်နိုင်၏၊ ဂင်္ဂေယျဆင်တစ်စီးသည် ကာဠာဝက ဆင်ဆယ်စီး၏အား ယောကျ်ား တစ်ရာတို့၏အားကို ဆောင်နိုင်၏၊ ဤနည်းအတိုင်း ဆယ်ဆတက်၍ သိလေ။ ဆဒ္ဒန်ဆင်တစ်စီးသည် ဥပေါသထ ဆင်ဆယ်စီးအား, ယောကျ်ား ဗိုလ်ခြေ ကုဋေတစ်ထောင်အားကို ဆောင်နိုင်၏၊ မြတ်စွာဘုရားသခင်၏ ကာယဗလဟုဆိုအပ်သော ပြကတိကိုယ်တော်၏ အားသည်ကား ဆဒ္ဒန် ဆင်ဆယ်စီး ယောကျ်ားဗိုလ်ခြေ ကုဋေတစ်သောင်းတို့၏ အားကို ဆောင် ရွက်တော်မူနိုင်၏။

ဒသကောဋိသဟဿာနံ၊ ပေါသာနံ ဗလဓာရဏံ

ဆဒ္ဒန္တာနံ ဒသန္နဉ္စ၊ ဗုဒ္ဓကာယဗလံ မတံ

ဗုဒ္ဓကာယဗလံ=မြတ်စွာဘုရားကိုယ်တော်၏ အင်အားတော်ကို၊ ပေါသာနံ ဒသကောဋိသဟဿာနံ=ယောကျ်ားဗိုလ်ခြေ ကုဋေတစ် သောင်းတို့၏၊ ဗလ ဓာရဏံ=အားကိုဆောင်နိုင်၏ ဟူ၍လည်းကောင်း၊ ဒသန္နဉ္စဆဒ္ဒန္တာနံ=ဆဒ္ဒန်ဆင် ဆယ်စီးတို့၏လည်း၊ ဗလဓာရဏံ=အားကို ဆောင်နိုင်၏ဟူ၍လည်းကောင်း၊ မတံ=သိမှတ်အပ်၏။

ဤသို့မြတ်စွာဘုရား၏ အားတော်ဆယ်တန် ဉာဏ်တော် ဆယ် ပါးနှင့် ပြည့်စုံတော်မူသော ဂုဏ်တော်ကိုရည်၍ ရှေးဆရာကြီးတို့သည် အောက်၌ပါသော ဘုရားရှိခိုးဂါထာကို သီကုံးတော်မူကြလေ၏၊ ဒသဆဒ္ဒန္တရာဇာဝ၊ ဒသကာယဗလော မုနိ။ ဒသဉာဏဗလော တုလျော၊ ဝန္ဒေ တံ ဒွိဗလုတ္တမံ

မုနိ=မြတ်စွာဘုရားသည်၊ ဒသဆဒ္ဒန္တရာဇာဝ=ပြောင်မာတင်ကြီး ဆဒ္ဒန် ဆင်မင်း ဆယ်စီးကဲ့သို့၊ ဒသကာယ ဗလော=ယောကျ်ားဗိုလ်ခြေ ကုဋေတစ်သောင်း ကိုယ်အားတော်ဆယ်ပါး အပေါင်းနှင့်လည်း ပြည့်စုံ တော်မူ၏၊ ဒသဉာဏဗလော=ဌာနာဌာနကောသလ္လစသောဉာဏ် အားတော်ဆယ်ပါး နှင့်လည်းပြည့်စုံတော်မူ၏၊ အတုလျော=ခိုင်းနှိုင်းချိန် စက် ပြိုင်ဖက်မပြူ တစ်ဆူ တစ်ပါးတည်းသာ ဖြစ်တော်မူ၏၊ ဒွိ ဗလုတ္တမံ= ကိုယ်အား, ဉာဏ်အား, အားတော် ၂-ပါးဖြင့် မြတ်တော်မူသော၊ တံ= ထိုမြတ်စွာဘုရားကို၊ ဝန္ဒေ-ဝန္ဒာမိ=ရိုသေညွတ်ကျိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်ပါ၏ဘုရား။

ဤသို့ပြဆိုအပ်ပြီးသော စကားအစဉ်ဖြင့် မြတ်စွာဘုရားသည် သစ္စာ လေးပါးကို ထိုးထွင်း၍ သိတော်မူ၏၊ အလုံးစုံကို သိနိုင်ခြင်း, အလုံးစုံကို မြင်နိုင်ခြင်းအဖြစ်သို့လည်း ရောက်တော်မူ၏၊ အားတော် ဆယ်တန် ဉာဏ်တော် ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူ၏၊ ထို့ကြောင့် သမ္မာသမ္ဗုဒ္ဓဟူသော အမည်ထူး, ဂုဏ်ထူးကိုခံယူ ရရှိတော်မူပေသတည်း။

၂-သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ပြီး၏။

---*---

---

၃-ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်

နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ပဋိပတ်ကို စရဏဆိုသည်၊ တရားကိုယ် အားဖြင့် သီလ, သမာဓိ နှစ်ပါးပေတည်း၊ စရဏဖြင့် ရင်းနှီး၍ ရရှိအပ်သော အရိယဉာဏ် ပညာကို ဝိဇ္ဇာဆိုသည်၊ တရားကိုယ်အားဖြင့် ပညာက္ခန္ဓာပေတည်း၊ စရဏတရားသည် ရှေ့သွားဖြစ်သောကြောင့် တရားသဘော ဖြစ်စဉ်အားဖြင့် ဆိုလျှင် စရဏကို ရှေ့ထား၍ စရဏဝိဇ္ဇာ သမ္ပန္နော-ဟူ၍ဆိုသင့်၏၊ သို့ရာတွင် သဒ္ဒါနည်းအားဖြင့် ဒွန်သမာသ် တွဲစပ်ရာ အက္ခရာနည်းသောပုဒ်က ရှေ့နေရိုး ထုံးစံရှိသောကြောင့် ဝိဇ္ဇာစရဏသမ္ပန္နောဟူ၍ ဟောရိုးပြုတော်မူသည်။

(အပ္ပသရ၊ ဗဟုသရ၊ ဒွန်သို့ကျမူ၊ အပ္ပသရရှေ့နေများသတည်း။)

စရန္တိ အဂတံ နိဗ္ဗာနဒိသာဒေသံ ဧတေနာတိ စရဏံဧတေန=ဤတရားဖြင့်၊ အဂတံ=မရောက်ဖူးသော၊ နိဗ္ဗာနဒိ သာဒေသံ= နိဗ္ဗာန်တည်းဟူသောအရပ်ဌာနသို့၊ စရန္တိ=သွားကြရကုန်၏၊ ဣတိတသ္မာ=ထိုသို့ နိဗ္ဗာန်သို့ သွားကြောင်းဖြစ်သောကြောင့်၊ စရဏံ= စရဏမည်၏။

စရဏတရားသည် သာသနာတော်မြတ်၌ နိဗ္ဗာန်သို့ရောက်နိုင်ရန် အခြေ အတောင်ပံတို့နှင့်တူ၏၊ ဤလောက၌ အခြေနှစ်ချောင်းရှိသော သတ္တဝါ, အခြေလေးချောင်းရှိသောသတ္တဝါ, အခြေများသော သတ္တဝါ တို့၏ခြေကို စရဏဟူ၍ ပါဠိဘာသာအားဖြင့် ခေါ်ဆိုကြကုန်၏၊ ငှက်သတ္တဝါတို့၏ ခြေနှင့် အတောင်ပံများကိုလည်း စရဏဟူ၍ ခေါ်ဆို ကြကုန်၏။

စရန္တိ တံတံ ဒိသာဒေသံ ဧတေဟီတိ စရဏာနိဧတေဟိ=ထိုခြေအတောင်ပံတို့ဖြင့်၊ တံတံ ဒိသာဒေသံ=ထိုထို အရပ်မျက်နှာသို့၊ စရန္တိ=သွားလာပျံသန်းကြကုန်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ စရဏာနိ=စရဏမည်ကုန်၏။

(ခြေ,အတောင်ပံတို့ကို ဟောသော စရဏသဒ္ဒါ၏ဝိဂြိုဟ်။)

ဝိဇ္ဇာ။ ။ဝိဇ္ဇာဆိုသည်ကား ပကတိဖြစ်သော ပုထုဇ္ဇန် လူအပေါင်းတို့ သိခြင်းငှါမစွမ်းနိုင်၊ အရိယာပုဂ္ဂိုလ်တို့ဉာဏ်အမြင်ဖြင့် သိမြင် ထိုက်သောအရာကို သိနိုင်သောကြောင့် ဝိဇ္ဇာဟူ၍ဆိုသည်။

ဝိဒန္တိ ပကတိ မနုေဿဟိ အဝိဒိတံ အရိယ ဉာဏဒဿန ဝိသယံ ဇာနန္တိ ပဋိဝိဇ္ဈန္တိ ဧတာယာတိ ဝိဇ္ဇာဧတာယ=ဤပညာဖြင့်၊ ပကတိ မနုေဿဟိ=ပကတိလူသားဖြစ် သော ပုထုဇ္ဇန်တို့သည်၊ အဝိဒိတံ=သိမြင်နိုင်ဖွယ် မဟုတ်သော၊ အရိယ ဉာဏဒဿန ဝိသယံ=အရိယာပုဂ္ဂိုလ်တို့၏ ဉာဏ်အမြင်ဖြင့်သာ သိမြင်ထိုက်သောအရာကို၊ ဝိဒန္တိဇာနန္တိ=သိကုန်၏၊ ပဋိဝိဇ္ဈန္တိ=ထိုးထွင်းစူးရှ ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဝိဇ္ဇာ=ဝိဇ္ဇာမည်၏။

ပမာဆောင်ရသော်။ ။ဤဝိဇ္ဇာ စရဏနှစ်ပါးကို ဥပမာဖြင့် ထင်ရှားစွာ ပြဆိုဦးအံ့၊ ကျေးငှက်တို့သည် မျက်စိတို့ဖြင့် အရပ် မျက်နှာကို ထင်လင်းစေ၍ အတောင်ပံတို့ဖြင့် ကောင်းကင်သို့ ပျံတက်၍ ခြေတို့ဖြင့် လက်ကိစ္စ, ခြေကိစ္စကိုပြီးစေ၍ နှုတ်သီးတို့ဖြင့် သစ်သီး, ကြီးငယ်တို့ကို ဆိတ်ဆွ ထိုးဖောက်ပြီးလျှင် အသက်ထက်ဆုံး တစ်သက် တစ်သန္တာန် ပတ်လုံး မိမိကိုယ်ကို မျှတစေကြကုန်၏၊ ဤကျေးငှက်ဥပမာ၌ မျက်စိ, အတောင်ပံ, ခြေတို့သည် သစ်သီး အမျိုးစုံသီးသော တောအုပ်ဌာနသို့ ရောက်နိုင်ရန်အကျိုးငှါ ဖြစ်ကုန်၏၊ မျက်စိ အတောင်ပံခြေတို့ဖြင့် သစ်သီးတောသို့ သွားရောက် ပျံသန်းနိုင်၏၊ နှုတ်သီးတို့သည် သစ်သီး, ကြီးငယ်တို့ကို ထိုးဖောက် ဆိတ်ဆွ၍ သစ်သီး အနှစ်, သစ်သီးအရသာ တို့ကို သုံးဆောင် ခံစားခြင်း အကျိုးငှါ ဖြစ်ကုန်၏၊ နှုတ်သီးတို့ဖြင့် သစ်သီးတို့ကို ထိုးဖောက်ဆိတ်ဆွ၍ အနှစ်အရသာတို့ကို သုံးဆောင် နိုင်ကုန်၏၊ အကယ်၍ မျက်စိ အတောင်ပံ ခြေတို့သည် ပျက်စီးချို့တဲ့ပါ ကုန်မူကား သစ်သီးတောသို့ ရောက်အောင်သွားခြင်းငှါပင် မတတ်နိုင်ကုန်၊ ထိုထိုအရပ်ဌာနတို့မှာပင် ကျ၍ သေဆုံးကြကုန်လတ္တံ့။

မျက်စိအတောင်ပံ ခြေထောက်တို့ပင် ရှိကြစေကာမူ နှုတ်သီးမရှိပဲ ချို့တဲ့ ပျက်စီးခဲ့ပါလျှင် သစ်သီးတောသို့ ရောက်နိုင်ပါသော်လည်း သစ်သီး, ကြီးငယ်တို့ကို မသုံးဆောင်နိုင်ကုန်ပဲ အာဟာရကင်းပြတ် အစာငတ် သဖြင့် သေခြင်းသို့ ရောက်ကုန်ရာ၏၊ စင်စစ်သော်ကား မျက်စိ, အတောင်ပံ, ခြေထောက်, နှုတ်သီးတို့ စုံလင်ပါမှသာလျှင် ကျေးသတ္တဝါ တို့သည် အလိုရှိရာသစ်သီးတောသို့ ပျံသန်း ပေါက်ရောက်၍ သစ်သီးအမျိုးမျိုး၏အရသာကို ခံစားပြီးလျှင် ပျော်ပျော်ပါးပါး အသက် ရှည်ကြာစွာ တည်နေနိုင်ကုန်ဘိသကဲ့သို့ ထို့အတူ မြတ်စွာဘုရား၏ သာသနာတော်မြတ်၌လည်း စရဏတရား, ဝိဇ္ဇာတရားတို့နှင့် ပြည့်စုံ ကုန်မှသာလျှင် မဂ်ဖိုလ်၏အရသာ, နိဗ္ဗာန်၏အရသာကို သုံးဆောင် ခံစားနိုင်ကြကုန်သည်။

စရဏ, ဝိဇ္ဇာနှစ်ပါးတို့တွင် တစ်ပါးပါးချို့တဲ့သည်ဖြစ်စေ, နှစ်ပါးလုံး ချို့တဲ့သည်ဖြစ်စေ မဂ်ဖိုလ်နိဗ္ဗာန်တို့၏အရသာကို ခံစားနိုင်မည် မဟုတ် ချေ၊ ဤဥပမာ၌ ကျေးငှက်တို့၏ မျက်လုံးနှင့် ကံ, ကံ၏အကျိုးကို ယုံကြည်သော ကမ္မကိရိယဉာဏ်တူ၏ဟူ၍ မှတ်အပ်၏၊ အတောင်ပံ, ခြေထောက်တို့နှင့် စရဏ အပင်းအသင်းဖြစ်သောသီလ, သမာဓိတရားတို့ တူကုန်၏၊ နှုတ်သီးနှင့် ဝိဇ္ဇာ အပင်းအသင်းဖြစ်သော အရိယာတို့၏ ဉာဏ်အမြင် တူ၏။

ဝိဇ္ဇာ, စရဏနှစ်ပါးတို့တွင်

---

ဝိဇ္ဇာလေးမျိုး

ဝိဇ္ဇာသည်။ ။လောကိယဝိဇ္ဇာ, ဗြာဟ္မဏဝိဇ္ဇာ, ဣသိဝိဇ္ဇာ, ဗုဒ္ဓဝိဇ္ဇာ ဟူ၍လေးပါးရှိ၏၊ ထိုလေးပါးတို့တွင်

၁။ လောကိယဝိဇ္ဇာ ဆိုသည်ကား----သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ် မဟာသီလခန်းတွင်လာရှိသော ဝိဇ္ဇာအမျိုးမျိုး, လောကီ အတတ်အမျိုးမျိုးကို ဆိုသည်၊ ထိုဝိဇ္ဇာမျိုးတို့ကား
- လူတို့၏ရုပ်အင်္ဂါ အမူအရာကိုကြည့်ရှု၍ အကျိုးအပြစ်ကို ဟောနိုင်သော “အင်္ဂဝိဇ္ဇာအတတ်
- တိတ်, နိမိတ်, သိုက်, တဘောင်အမျိုးမျိုး၏ အကျိုးအပြစ်ကို ဟောနိုင်သော“နိမိတ္တဝိဇ္ဇာအတတ်
- မိုးကြိုးကျခြင်း, ဥက္ကာပျံခြင်း, ကြယ်ကြွေခြင်းအမျိုးမျိုးတို့၏ အကျိုး အပြစ်ကို ဟောစွမ်းနိုင်သော“ဥပ္ပါတဝိဇ္ဇာအတတ်
- အိပ်မက်အမျိုးမျိုးတို့၏ အကျိုးအပြစ်ကို ဟောနိုင်သော “သုပိနဝိဇ္ဇာ အတတ်
- ခြေလက်စသည်တို့၌အမှတ် လက္ခဏာအမျိုးမျိုးတို့၏ အကျိုး အပြစ်ကို ဟောနိုင်သော “လက္ခဏဝိဇ္ဇာအတတ်
- ကြွက်နှောင့်ယှက်မှု၏ အကျိုးအပြစ်ကို ဟောနိုင်သော “မုသိကစ္ဆိန္နဝိဇ္ဇာ အတတ်
- အင်းမီးထွန်းခြင်း, မီးပူဇော်ခြင်းအမျိုးမျိုးတို့၏ အကျိုးအပြစ်ကို ဟောနိုင်သော “အဂ္ဂိဟောမဝိဇ္ဇာအတတ်
- သွေးကိုဖောက်၍ သိဒ္ဓိစီရင်နိုင်ခြင်းဟူသော “လောဟိတ ဟောမဝိဇ္ဇာ အတတ်
- ကျောင်းအိမ်ဆောက်ရန် မြေခံရွေးခြင်း, မြေရွေးခြင်း အကျိုး အပြစ်ကို ဟောနိုင်သော “ဝတ္ထုဝိဇ္ဇာအတတ်
- လယ်ယာတို့၏ အကျိုးအပြစ် အထိအခိုက်ကို သိစွမ်းနိုင်သော “ခေတ္တဝိဇ္ဇာအတတ်
- တစ္ဆေ, မြေဘုတ်ဘီလူးတို့၏ ဘေးရန်ကို ငြိမ်းအောင် စီရင်နိုင် သော “သီဝဝိဇ္ဇာအတတ်”။
- ဘုတ်သွင်းခြင်း, ဘုတ်နှင်ခြင်း, ဘုတ်စေခြင်းကို စွမ်းနိုင်သော “ဘူတ ဝိဇ္ဇာအတတ်
- နတ်ကွမ်းစင်၌ သိဒ္ဓိတင်ခြင်း, မန္တာန်စိပ်ခြင်းအစရှိသော “ဘုရိဝိဇ္ဇာ အတတ်
- မြွေခေါ်ခြင်း, မြွေဆိပ်ချခြင်းစသော “အဟိဝိဇ္ဇာ, ဝိသဝိဇ္ဇာ အတတ်
- ငှက်တွန်သံအမျိုးမျိုးတို့၏အကျိုးအပြစ်, ကျီးသာခြင်း အချိန်မဲ့ ကျီးအော် ခြင်း၏ အကျိုးအပြစ်ကို ဟောနိုင်သော “သကုဏ ဝိဇ္ဇာ, ဝါယသဝိဇ္ဇာ အတတ်
- လူတို့၏ အသက်အပိုင်းအခြားကို အာယုဒသာဖြင့် ဖြတ်၍ ဟောနိုင်သော “ပက္ကဇ္ဈာနဝိဇ္ဇာအတတ်
- ပတ္တမြားစသော ကျောက်မျက်ရတနာတို့၏ အကဲလက္ခဏာ ကိုခပ်၍ အကျိုးအပြစ်အမျိုးမျိုးကို ဟောနိုင်သော “မဏိ လက္ခဏဝိဇ္ဇာအတတ်
- ဆင်လက္ခဏာအတတ်, မြင်းလက္ခဏာအတတ်, ပုရိသသျှတြ ဝိဇ္ဇာအတတ်, ဣတ္ထိသျှတြ ဝိဇ္ဇာအတတ်စသော “လက္ခဏဝိဇ္ဇာ အတတ်
တို့လည်း ရှိကုန်၏၊ ထိုမှတစ်ပါး လကြပ်ခြင်း, နေကြပ်ခြင်း, ရာဟုဖမ်းခြင်း, နက္ခတ်တို့၏ ခရီးဖောက်ပြန်၍ သွားလမ်း, လာလမ်းမမှန် သီဟဇာ ဗျဂ္ဃဇာ ကျင့်ခြင်း, ဥက္ကာပျံခြင်း, ကျိတ်ထွက်ခြင်း, ကောင်းကင် စည်ကြီး မြည်ဟီးခြင်း, မိုးသားမိုးတိမ် မတက်မဆင်ပဲ ကောင်းကင်က မြည်ဟီးခြင်းကို ဒေဝဒုဒြဘိခေါ်၏၊ ကောင်းကင်စည်ကြီး မြည်ဟီးသည် ဟုဆိုသည်။

ဒေဝဒုဒြဘီတိ သုက္ခဝလာဟကဂဇ္ဇနံ၊”

ဒေဝဒုဒြဘီတိ=ဒေဝဒုဒြဘိဆိုသည်ကား၊ သုက္ခဝလာဟကဂဇ္ဇနံ= မိုးသား မထင် အခြောက်တိုက်မြည်ခြင်း မိုးချုံးခြင်းပင်တည်း။ (သီလက္ခန်အဋ္ဌကထာ)

- ဤသို့ကောင်းကင် တိတ်နိမိတ်အမျိုးမျိုးတို့၏ အကျိုးအပြစ်ကို ဟောနိုင်သော အာကာသသျှတြဝိဇ္ဇာအတတ်,
- မြေလှုပ်ခြင်းကိုဟောနိုင်သော “ဘူမိစလနဝိဇ္ဇာအတတ်
- မိုးခေါင်အံ့မိုးကောင်းအံ့ဟု ဟောနိုင်သော ဒုဗ္ဗုဋ္ဌိကသုဝုဋ္ဌိက ဝိဇ္ဇာ အတတ်,
- အစာပေါအံ့ အစာရှားအံ့ဟူသော ဒုဗ္ဘိက္ခ သုဘိက္ခဝိဇ္ဇာအတတ်,
- ကပ်တိုက်အံ့ ရောဂါကင်းအံ့ဟု ဟောနိုင်သော ရောဂ အရောဂျဝိဇ္ဇာ အတတ်, (ဘယခေမဝိဇ္ဇာခေါ်၏၊)
- တိုင်းတာခြင်း, ချင့်ချိန်ခြင်း, ရေတွက်ခြင်းဟု ဆိုအပ်သော နာနာဂဏန ဝိဇ္ဇာအတတ်,
- စိန္တာကဝိ၏ အစွမ်းအားဖြင့် ကြံဖန်၍ ဇာတ်ထုပ်ဘွဲ့ခြင်း, ကဗျာလင်္ကာ ရေးသားခြင်းတည်းဟူသော ကာဝေယျဝိဇ္ဇာ အတတ်,
- စကားထာဝှက်ခြင်း လောကီနည်းလမ်းအားဖြင့် စကားအထူး အဆန်း ကြံဖန်၍ ပြောဆိုခြင်းဟုဆိုအပ်သော လောကာယတ ဝိဇ္ဇာအတတ်,
- လက်ထပ်ထိမ်းမြားရန် အချိန်နေ့နံ စသည်ကို ဟောသော အာဝါဟ ဝိဝါဟဝိဇ္ဇာအတတ်,
- ကွာရှင်းခြင်း, ပြန်၍ပေါင်းခြင်း, ယတြာဆင်ခြင်းကိုဟောသော သံဝရဏ ဝိဝရဏဝိဇ္ဇာအတတ်,
- ဥစ္စာပစ္စည်းတိုးပွားအောင် ဤနေ့အလုပ်လုပ်ရမည်၊ ဤနေ့ ကြွေးချေးရ မည်စသည်ဖြင့် ဟောသော သံကိရဏ ဝိကိရဏ ဝိဇ္ဇာအတတ်,
- ကင်ပွန်းတပ်ရန်, အိမ်သစ်တက်ရန်, ကျက်သရေဆောင်ရန်ကို ဟောနိုင်သော သုဘဂဝိဇ္ဇာအတတ်,
- သူတစ်ပါးကို ဘုန်းကျက်သရေယုတ်အောင်, ဘေးဒဏ်ထိ အောင်, ဒဏ်ပြန်အောင် စီရင်နိုင်သော ဒုဗ္ဘဂ ဝိဇ္ဇာအတတ်,
- သားမရသည်ကို သားရအောင်စီရင်နိုင်သော ဝိရုဒ္ဓဂဗ္ဘကရဏ ဝိဇ္ဇာ အတတ်,
- စကားပြန်လှန်၍ မပြောမဆိုနိုင်အောင်, တုဏှီဘောဖြစ် အောင်, မေးခိုင်၍နေအောင်, စီရင်နိုင်သော ဇိဝှါနိဗန္ဓနဝိဇ္ဇာ ဟနုသံဟနဝိဇ္ဇာ အတတ်, (၎င်းအတတ်ကို အဟန့် ဟုခေါ် ဆိုကြ၏၊)
- လက်လှည့်ပညာဟုဆိုအပ်သော ဟတ္ထာဘိဇပ္ပနဝိဇ္ဇာအတတ်,
- ပြောသံကို မကြားရအောင် စီရင်နိုင်သော ကဏ္ဏဇပ္ပန ဝိဇ္ဇာ အတတ်,
- မှန်တွင် နတ်သွင်း၍ မှန်ကိုကြည့်စေပြီးလျှင် မေးသမျှကို မှန်၌ထင်သည့် အတိုင်း ဟောပြောသော အာဒါသပဥှာ ဝိဇ္ဇာ အတတ်,
- နတ်ကတော်ဟောပြောခြင်းဟု ဆိုအပ်သော ကုမာရိက ပဥှာဝိဇ္ဇာ အတတ်,
- နတ်ပေးခြင်း, နတ်ဟောခြင်းဟုဆိုအပ်သော ဒေဝပဥှာဝိဇ္ဇာ အတတ်,
- ပွဲတင်၍ နေကိုးကွယ်ပုံ အစီအရင်တည်းဟူသော အာဒိစ္စု ပဋ္ဌာန ဝိဇ္ဇာ အတတ်,
- ထို့အတူ ဗြဟ္မာကိုးကွယ်ပုံ အစီရင်ဟုဆိုအပ်သော မဟတု ပဋ္ဌာန ဝိဇ္ဇာအတတ်,
- ခံတွင်းစသည်တို့မှ မီးလျှံထွက်အောင် စီရင်နိုင်ခြင်းတည်း ဟူသော အဗ္ဘုဇ္ဇလန ဝိဇ္ဇာအတတ်,
- ကျက်သရေခေါ်သည် လိပ်ပြာခေါ်သည်ဟုဆိုအပ်သော သိရိဝှါယန ဝိဇ္ဇာအတတ်,
- နတ်ကိုးခြင်း, စလောင်းကိုးခြင်းစသော သန္တိကမ္မဝိဇ္ဇာအတတ်

ဤသို့စသော အတတ်အမျိုးမျိုးကို လောကိယဝိဇ္ဇာခေါ်သည်။

(ထိုဝိဇ္ဇာတို့ကို ဗြဟ္မဇာလသုတ် ပါဠိတော်၌ တိရစ္ဆာနဝိဇ္ဇာခေါ်၏၊)

၂။ ဗြာဟ္မဏဝိဇ္ဇာဆိုသည်ကားဗြာဟ္မဏဝိဇ္ဇာဆိုသည်ကား-ရှေးရှေးလောကီပညာရှိကြီးတို့ ပညတ် စီစဉ်၍ ထားခဲ့သည့် ဗေဒင်သုံးပုံကို တတ်မြောက် သော တေဝိဇ္ဇ ပုဏ္ဏားတို့၏ ဗေဒင်သုံးပုံတို့ပေတည်း။

တေဝိဇ္ဇပုဏ္ဏားတို့ကိုရည်၍ ပါဠိတော်၌ “တိဏ္ဏံ ဗေဒါနံ ပါရဂူ”ဟူ၍ ဟောတော်မူသည်။

၃။ ဣသိဝိဇ္ဇာ ဆိုသည်ကားဣသိဝိဇ္ဇာ ဆိုသည်ကား- ဗုဒ္ဓသာသနာပအခါ စျာန် အဘိညာဏ်ကိုရသော ရဟန်း, ပုဏ္ဏား, ရသေ့, ယောဂီများ၏ သာသနာတွင် ထွန်းကားဖြစ်ပေါ်သော ဣဒ္ဓိဝိဓ, ဒိဗ္ဗသောတ, စေတောပရိယ, ပုဗ္ဗေနိဝါသ, ဒိဗ္ဗစက္ခုဟုဆိုအပ်သော လောကီ အဘိညာဏ်ငါးပါး တို့ပေတည်း။

၄။ ဗုဒ္ဓဝိဇ္ဇာဆိုသည်ကား---သဗ္ဗညုမြတ်စွာဘုရား၏ သာသနာ တော်၌ ထိုဆိုပြီး လောကီအဘိညာဏ်ငါးပါးတို့နှင့်တကွ အထက်၌ပြဆို လတ္တံ့သော ဝိဇ္ဇာရှစ်ပါးတို့ပေတည်း။

(ဉာဏ်ပညာ၏ အရာဌာန ဉာဏ်၏ဆိုင်ရာများကို ဝိဇ္ဇာဆိုသည်။)

စရဏလေးမျိုး

စရဏသည်လည်း-လောကိယစရဏ, ဗြာဟ္မဏစရဏ, ဣသိစရဏ, ဗုဒ္ဓစရဏဟူ၍ လေးမျိုးရှိ၏၊

၁။ လောကိယစရဏ ဆိုသည်ကား--
လောကိယဝိဇ္ဇာကို တတ်မြောက်ရန် ပရိကံဖြစ်၍ အခြေခံပါဒက သင်ကြားမှု, အားထုတ်မှု, လေ့ကျင့်တန်သမျှ လေ့ကျင့်မှုများပေတည်း။

၂။ ဗြာဟ္မဏစရဏ ဆိုသည်ကား-ဗေဒင်သုံးပုံတို့၏ အခြေခံဖြစ်သော ကမ္မဿကတာဉာဏ်နှင့် ငါးပါးသီလတို့ပေတည်း။

၃။ ဣသိစရဏ ဆိုသည်ကား-ဣသိဝိဇ္ဇာဟုဆိုအပ်သော လောကီ အဘိညာဏ်ငါးပါး၏ ရှေ့အဖို့၌ ကျင့်ကြံအားထုတ်အပ်ကုန်သော ဆယ်ပါးသီလ, ဣန္ဒြိယသံဝရသီလ, ပရိကမ္မနိမိတ်စသော နိမိတ်သုံးပါး, စျာန်လေးပါး, သမာပတ်ရှစ်ပါးတို့ ပေတည်း။

၄။ ဗုဒ္ဓစရဏ ဆိုသည်ကား-အထက်၌ ပြဆိုလတ္တံ့သော စရဏတရား တစ်ဆယ့်ခုနစ်ပါးတို့ပေတည်း။

(အခြေခံ အကြောင်းရင်းဖြစ်သောတရားမျိုးကို စရဏဆိုသည်။)

အကြင်ပုဂ္ဂိုလ်တို့မှာ ကံ ကံ၏အကျိုးကို ယုံကြည်သိမြင်နိုင်သော ကမ္မကိရိယဉာဏ်ပင်မရှိ၊ ထိုပုဂ္ဂိုလ်တို့အား အဘယ်မှာ ငါးပါးသီလ ရှိနိုင်ပါအံ့နည်း၊ စျာန်သမာပတ်တရားရှိနိုင်ရန်မှာ ပြောဆိုဖွယ်ရာပင် မလိုချေ၊ ထိုပုဂ္ဂိုလ်တို့သည် မျက်စိပျက်စီးသော ကျေးငှက်တို့ကဲ့သို့ သံသရာလမ်းခရီး၌ အခြေခံစရဏတရား ပျက်စီးရှာကြကုန်သည်ဖြစ်၍ အပါယ်သို့သာ လားကြကုန်၏၊ ဆိုဖွယ်အထူးရှိပြန်သည်မှာ ပါရမီသည်လည်း စရဏအပင်းအသင်းသို့ သက်ဝင်သောပါရမီ, ဝိဇ္ဇာအပင်းအသင်းသို့ သက်ဝင်သောပါရမီဟူ၍ နှစ်မျိုးရှိ၏။

၁။ စရဏအပင်းအသင်းသို့ သက်ဝင်သော ပါရမီဆိုသည်ကား ခန္ဓာ နာမ်ရုပ်တို့ကို သင်ကြားလေ့လာမှု, ဝိပဿနာတင်မှုတို့မှ ကင်းသော ဒါန, သီလ, သမာဓိ, ဘာဝနာမှုများပေတည်း။

၂။ ဝိဇ္ဇာအပင်းအသင်းသို့ သက်ဝင်သောပါရမီဆိုသည်ကား ခန္ဓာ, အာယတန, ဓာတ်စသော အတ္တမှဆိတ်သည့် သုညတတရားတို့ကို ကြားနာခြင်း, သင်ကြားခြင်း, ဆောင်ရွက်ခြင်း, ဝိပဿနာတင်၍ ဆင်ခြင်ပွါးများခြင်း, သူတစ်ပါးတို့အား ခန္ဓာနာမ်ရုပ်တို့နှင့်စပ်သော သုညတတရားတို့ကို ဟောကြားခြင်း အစရှိသော ပညာများပေတည်း။

အကြင်ပုဂ္ဂိုလ်တို့သည်ကား ရှေးရှေးဘုရားတို့၏ သာသနာနှင့် တွေ့ကြုံရသောအခါ ဤနှစ်ပါးသောပါရမီတို့ကို ဖြည့်ကျင့်ဖူးကြလေကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် နောက်နောက်ဘုရားတို့၏ သာသနာနှင့် တွေ့ကြုံသောအခါ ဝိဇ္ဇာ, စရဏနှစ်ပါးစုံနှင့်ယှဉ်သော ပါရမီကိုဖြည့်ဆည်းပူးခြင်း အရင်းအနှီးရှိကြလေကုန်သောကြောင့် မဂ်ဖိုလ်တည်းဟူသောအကျိုးထူးဝိသေသတို့ကို ခံစားကြရလေကုန်၏၊ ရှင်သာရိပုတြာ, ရှင်မောဂ္ဂလာန်, ခေမာ, ဥပ္ပလဝဏ်စသော ပုဂ္ဂိုလ်ထူးများ, အနာထပိဏ်, စိတ္တသူကြွယ်, ဝိသာခါ, ဥတ္တရာ, သုဘဒ္ဒါစသော ပုဂ္ဂိုလ်ထူးများတို့ကဲ့သို့ပေတည်း။

အကြင်ပုဂ္ဂိုလ်တို့သည်မူကား ရှေးရှေးမြတ်စွာဘုရားတို့၏ သာသနာတော်၌ စရဏအပင်းအသင်းသို့ သက်ဝင်သော ပါရမီမျိုးတို့ကိုသာ ဖြည့်ကျင့်ဖူးကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် နောက်နောက်ဘုရားရှင်တို့ကို ဖူးမြင်တွေ့ကြုံရပါကုန်သော်လည်း ဖူးတွေ့ကြည်ညိုရုံမျှသာဖြစ်၍ မဂ်ဖိုလ်တည်းဟူသော အကျိုးထူးတို့ကို မရနိုင်ကြကုန်၊ အဘယ်ကြောင့်နည်းဆိုသော် ဝိဇ္ဇာအဆောက်အဦ, ဝိဇ္ဇာမျိုးစေ့မှ ကင်းဆိတ်ကြသောကြောင့်တည်း။

ထိုသူတို့သည် မြတ်စွာဘုရား ပွင့်တော်မူခိုက်နှင့် တွေ့ကြုံသောအခါ ကောသလမင်းကြီး, မလ္လိကာမိဖုရားကြီးတို့ကဲ့သို့ ကျွတ်တမ်းမဝင်ချေ တပေပေသာလျှင် ကျန်နေရစ်ကြကုန်၏၊ ကောသလမင်းကြီးသည် မြတ်စွာဘုရားနှင့် အလွန်အကျွမ်းဝင်၏၊ မြတ်စွာဘုရားထံသို့လည်း သွားရောက်ဆည်းကပ်၍ မပြတ်တရားနာ၏၊ ကောသလမင်းကြီးအား အသီးအခြားဟောကြားသော ကောသလသံယုတ်ဟူ၍ သံယုတ်တစ်ခန်းရှိ၏၊ မြတ်စွာဘုရားသည်လည်း ကောသလမင်းကြီး၏ နေပြည်တော်ဖြစ်သော သာဝတ္ထိပြည်မှာ အကြာရှည်ဆုံး သီတင်းသုံးတော်မူ၏၊ ကောသလမင်းကြီးသည် ရာဇိကာရုံခေါ်သော ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်း၍ ကျောင်းဒါယကာခံ၏၊ သို့ရာတွင် ရှေးရှေးဘဝတို့က အသိအလိမ္မာ, ဉာဏ်ပညာ ဝိဇ္ဇာအပင်းအသင်းနှင့်ဆိုင်သော ပါရမီဓာတ်ခံနည်းပါးသူဖြစ်၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရချေ၊ မြတ်စွာဘုရားနှင့် အလွန်ကြီးရင်းနှီး၍နေသော်လည်း ဟင်းမွှေသော ယောက်မကြီးကဲ့သို့ သစ္စာလေးပါး ဝိမုတ္တိတရား၏ အရသာကိုမသိရှာ၊ မလ္လိကာမိဖုရားလည်း ထို့အတူပင်တည်း၊ မြတ်စွာဘုရား၏ နောက်တော်က ထက်ကြပ်ပါ၍ အလုပ်အကျွေးဖြစ်သော သုနက္ခတ္တရဟန်းလည်း ထို့အတူ ကျွတ်တမ်းသို့ မဝင်နိုင်ပဲ အမှားဖက်သို့ ပြေးဝင်ရရှာလေသည်။

အကြင်ပုဂ္ဂိုလ်တို့သည် ရှေးရှေးမြတ်စွာဘုရားတို့၏ သာသနာနှင့် တွေ့ကြုံသောအခါ ဝိဇ္ဇာ၏အပင်းအသင်းဖြစ်သော ပါရမီမျိုးစေ့တို့ကိုသာလျှင် ပြုလုပ်ဖြည့်ဆည်းပူးကြလေကုန်၏၊ စရဏအပင်းအသင်းဖြစ်သော အလှူပေးခြင်း, သီလသီတင်းစောင့်သုံးခြင်း, သဒ္ဓါတရားဖြင့် ပြုသင့်ပြုထိုက်သော ဝတ်ကြီး, ဝတ်ငယ်တို့ကိုပြုခြင်း, ရိုသေကျိုးနွံခြင်းစသော တရားများကို မဖြည့်မကျင့်ကြလေကုန်၊ ထိုပုဂ္ဂိုလ်တို့သည် ဤဘဝမှ စုတေသည်ရှိသော် အပါယ်လေးဘုံတို့၌ နစ်မြုပ်မျောပါးကုန်လျက် နောက်နောက်ပွင့်တော်မူသော ဘုရားရှင်တို့ကိုပင် ဖူးမြင်ရန် အခွင့်ရခြင်းငှါ ခဲယဉ်းကြလေကုန်၏၊ အဘယ်ကြောင့်နည်းဆိုသော် အခြေခံဖြစ်သော စရဏတရား အဆောက်အဦတို့မှ ကင်းကြလေကုန်သောကြောင့်တည်း၊ အပါယ်ဘုံတို့မည်သည် ထိုအပါယ်တို့၌ တစ်ကြိမ်ကျရောက်သက်ဆင်းမိသည်ရှိသော် အန္တရကပ်တစ်ခုကို လွန်သော်လည်း ထိုအပါယ်ဘုံတို့မှ လွတ်မြောက်ခြင်းငှါ ခဲယဉ်းကြလေကုန်၏၊ အပါယ်သို့ကျရောက်သော သတ္တဝါတို့မှာ တစ်ဆင့်ထက်တစ်ဆင့် အပါယ်တွင်းနက်အောင် အပါယ်မျိုးစေ့တို့ကိုသာ ထူထောင်မိလျက် ရှိနေကြကုန်၏။

[ဤအကြောင်းကို ဗာလပဏ္ဍိတသုတ္တန်, ကာဏကစ္ဆပေါပမသုတ္တန်တို့ဖြင့်သိအပ်၏၊]

ဝိဇ္ဇာမျိုးစေ့မျှသာရှိ၍ စရဏမျိုးမှ ကင်းကြကုန်သောသူတို့သည် နောက်အခါ ဘုရားရှင်တို့၏ သာသနာနှင့် ကြုံကြိုက်ကြပါသော်လည်း သာသနာ၏ အရသာကို မခံစားနိုင်သော ဧရာပထနဂါး, ကပိလငါးကြီးတို့ကဲ့သို့သာဖြစ်၍ နေကြရလေကုန်၏၊ ဧရာပထနဂါး, ကပိလငါးကြီးတို့သည် ရှေးကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါတွင် ပိဋကတ်သုံးပုံ၏ ကမ်းတစ်ဖက်သို့ ကူးမြောက်ချောက်ချားနိုင်သော ကျမ်းဂန်တတ်ပုဂ္ဂိုလ်ကြီးတွေဖြစ်ကြလေကုန်၏၊ သို့သော်လည်း စရဏတရားတည်းဟူသောခြေထောက် အတောင်ပံတို့မှ ကင်းရှာကြကုန်သောကြောင့် ဒုဂ္ဂတိဘုံဘဝ၌ ဖြစ်ရှာကြကုန်လျက် သာသနာနှင့် တွေ့ကြုံပါသော်လည်း ပုံ၍လဲကျပြီးလျှင် တစ်စုံတစ်ရာမျှ သာသနာအငွေ့အသက်ကို မခံစံရှာကြရကုန်။

[သဒ္ဓါထက်သန်လျှင် စရဏဘက်သို့ အားကြီးစွာယိုင်၍ပါတတ်၏၊ ပညာထက်သန်လျှင် ဝိဇ္ဇာဘက်သို့ အားကြီးစွာယိုင်၍ ပါတတ်၏၊ သဒ္ဓါသည် စရဏဂိုဏ်းဝင်ဖြစ်၏၊ ပညာသည် ဝိဇ္ဇာဂိုဏ်းဝင်ဖြစ်၏၊ သဒ္ဓါနှင့်ပညာသည် ထမ်းပိုးထမ်း ညီမျှခဲ၏၊ သဒ္ဓါထက်သန်လျှင် ပညာဘက်လျော့တတ်၏၊ ပညာထက်သန်လျှင် သဒ္ဓါဘက်က လျော့တတ်၏၊]

စရဏဂိုဏ်းဝင်ဖြစ်သော သဒ္ဓါသည် သံသရာခရီးကိုသွားရာ၌ အခြေအလက်စုံသောကြောင့် ပြောင်ပြောင်လက်လက် ပြည့်ပြည့်စုံစုံ အထက်တန်းကျကျနှင့် မညှိုးမငယ် ကျင်လည်ခွင့်ကိုရရှိစေ၏၊ ဝိဇ္ဇာဂိုဏ်းဝင်ဖြစ်သော ပညာသည် နက်နဲသော သဘောအဓိပ္ပါယ်များကို သိကျွမ်းနားလည်စေ၏၊ အသိအလိမ္မာ ဉာဏ်ပညာ ပြည့်စုံမှုကို ဖြစ်စေ၏၊ သဒ္ဓါသည်မူကား သူဌေးပိုင်း, မင်းပိုင်းတွင် အကျိုးပေး၏၊ ပညာသည် ဆရာပိုင်း, သမားပိုင်းမှာ အကျိုးပေး၏၊ လောကီစည်းစိမ်ချမ်းသာ ပြောင်ပြောင်လက်လက်ဟူသမျှသည် စရဏဂိုဏ်းဝင်ဖြစ်သော သဒ္ဓါတရား၏ တံခွန်အောင်လံတို့ပေတည်း၊ အသိအလိမ္မာ ဉာဏ်ပညာ အမျိုးမျိုးကို ထိုးထိုးထွင်းထွင်း တတ်ကျွမ်းမှုဟူသမျှသည် ဝိဇ္ဇာဂိုဏ်းဝင်ဖြစ်သော ပညာ၏ တံခွန်အောင်လံတို့ပေတည်း၊ သို့ဖြစ်၍ နိဗ္ဗာန်တည်းဟူသော ဘေးကင်းရာဌာနသို့ ဖြောင့်တန်းစွာပျံသန်း၍ ဝိမုတ္တိအရသာကို သုံးဆောင်ခံစားကြရန် စရဏတည်းဟူသောအတောင် ခြေလက်တို့နှင့် ဝိဇ္ဇာတည်းဟူသော နှုတ်သီးတို့ကို သန်စွမ်းအောင်မြင်စွာ မွေးမြူကြကုန်ရာ၏။

စရဏံ ပါဒပက္ခံဝ၊ ဝိဇ္ဇံ တုဏ္ဍသမံသမံ။

ပူရယိတွာန ပက္ခေယျုံ၊ ဘုဉ္ဇိတုံ အမတံ ရသံ။

ပါဒပက္ခံဝ=ခြေ, အတောင်ပံနှင့်တူသော၊ စရဏံ=စရဏတရားမျိုးကိုလည်းကောင်း၊ တုဏ္ဍသမံ=နှုတ်သီးနှင့်တူသော၊ ဝိဇ္ဇံ=ဝိဇ္ဇာတရားမျိုးကိုလည်းကောင်း၊ သမံ=မပိုမသာ ညီညွတ်စွာ၊ ပူရယိတွာန=ပြည့်စုံစေ၍၊ အမတံရသံ=အမြိုက်အရသာကို၊ ဘုဉ္ဇိတုံ=သုံးဆောင်ခံစားခြင်းငှါ၊ ပက္ခေယျုံ=သံသရာစခန်းမှ ပျံသန်းကူးမြောက်ကြကုန်ရာ၏။

[ဝိဇ္ဇာစရဏနှစ်ပါးဖြင့် သံသရာမှ ထွက်မြောက်ကြကုန်သည်ဟူ၍ အဋ္ဌကထာ ဋီကာဆရာကြီးတို့သည် “ဝိဇ္ဇာစရဏ သမ္ပန္နာ ယေန နိယျန္တိ လောကတော” ဟူ၍ မိန့်ဆိုတော်မူကြကုန်သည်။

ဝိဇ္ဇာစရဏ သမ္ပန္နာ=ဝိဇ္ဇာစရဏနှင့် ပြည့်စုံသောပုဂ္ဂိုလ်တို့သည်၊ ယေန=အကြင်ဝိဇ္ဇာစရဏ ၂-ပါးဖြင့်၊ လောကတော=လောကမှ၊ နိယျန္တိ=ထွက်မြောက်ကြလေကုန်၏၊]

ဝိဇ္ဇာစရဏ။ ဤဝိဇ္ဇာစရဏ သမ္ပန္နောဟူသောပုဒ်၌၊ အဘယ်တရားကို စရဏဆိုသနည်း၊ အဘယ်တရားကို ဝိဇ္ဇာဆိုသနည်း၊ အကြင်ရဟန်းတို့သည် ဤတွေ့ကြုံဆဲဖြစ်သော မြတ်စွာဘုရား၏ သာသနာတော်၌လည်းကောင်း, ဤမျက်မှောက်ဘဝမှလည်းကောင်း, ဤဘဝမှစုတိ၍ ဒုတိယဘဝဖြစ်သော နတ်ပြည် ဗြဟ္မာပြည်တို့၌လည်းကောင်း မဂ်ဖိုလ်တရားတို့ကို လက်ဆုပ်ရမိစေအံ့ဟူ၍ ထက်သန်သောစိတ်မှန်းချက်ဖြင့် ဇွဲကောင်းစွာဖြင့် ယောဂါဝစရ ပုဂ္ဂိုလ်ကြီးပြုလုပ်၍ သမ္မပ္ပဓာန်ဝီရိယဖြင့် မနေမနား စွန့်စွန့်စားစား အားထုတ်ကြိုးစားကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏အတွက် အထက်တန်းတရားအနေအားဖြင့် အမ္ဗဋ္ဌသုတ်အစရှိသည့် သုတ္တန်ပေါင်းများစွာတို့၌ ဟောကြားတော်မူအပ်ကုန်သော စရဏတရား, ဝိဇ္ဇာတရားတို့သည် ရှိကုန်၏၊ ထိုတရားတို့ကို ဤအရာ၌ ဝိဇ္ဇာစရဏဟူ၍ မှတ်ယူအပ်ကုန်၏၊ အမ္ဗဋ္ဌသုတ်၌ စရဏကိုးပါး, ဝိဇ္ဇာရှစ်ပါးတို့ကို ဟောကြားတော်မူအပ်ကုန်၏။

စရဏကိုးပါး

ထိုစကားရပ်၌ စရဏကိုးပါးဆိုသည်ကား-
၁။ သီလသံဝရ၊ ၂။ ဣန္ဒြိယသံဝရ၊ ၃။ ဘောဇနေမတ္တညုတာ၊ ၄။ သတိသမ္ပဇည၊ ၅။ စတုပစ္စယသန္တောသ၊ (၆-၇-၈-၉) စျာန်လေးပါး ဤတရားကိုးပါးပေတည်း။

ထို ၉-ပါးတို့တွင်

- သီလသံဝရဆိုသည်ကား ပါတိမောက္ခ သံဝရသီလကို လုံခြုံစွာ စောင့်ထိန်းမှုတည်း။

-ဣန္ဒြိယသံဝရ ဆိုသည်ကား စက္ခုစသော ဣန္ဒြေတို့ကို လျှပ်ပေါ်လော်လည်ခြင်းမရှိစေပဲ ငြိမ်ဆိမ်စွာစောင့်ထိန်းချုပ်တည်းမှုတည်း။ (မျက်စေ့, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်တို့ကို အလိုမလိုက်မှု ဆိုလိုသည်)၊

- ဘောဇနေမတ္တညုတာ ဆိုသည်ကား အစာဘောဇဉ်ကို သုံးဆောင်မှု၌ အတိုင်းအရှည်ကို သိမှုတည်း။ အစားအသောက် ချိုးခြံမှုဆိုလိုသည်၊

- သတိသမ္ပဇည ဆိုသည်ကား စွဲမြဲခိုင်ကြည်သော သတိနှင့် အရာရာတိုင်းမှာ ဆင်ခြင်တုံတရား ရှေ့သွားပြုမှုပေတည်း။ (သတိခိုင်မြဲမှု အဆင်ခြင်ကြီးမှု ဆိုလိုသည်။) ဤ၌ သတိပဋ္ဌာန်လေးပါးကို သတိဟူ၍ယူ။ သမ္ပဇဉ်တရားလေးပါးကို သမ္ပဇညဟူ၍ယူလေ၊ သတိပဋ္ဌာန်လေးပါး ထင်ရှားပြီ၊

သမ္ပဇညတရားလေးပါးကား သတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်, ဂေါစရသမ္ပဇဉ်, အသမ္မောဟသမ္ပဇဉ်ဟူ၍ လေးပါးရှိ၏၊ ထိုတွင် မည်သည့်ကိစ္စအမှုမျိုးမဆို ပြုလုပ်မည်ရှိရာ အကျိုးရှိရန် ဆင်ခြင်ဉာဏ်ကြီးမှုသည် သတ္ထကသမ္ပဇဉ်မည်၏၊ သင့်လျော်လျောက်ပတ်ဖွယ်ဖြစ်ရန် ဆင်ခြင်ဉာဏ်ကြီးမှုသည် သပ္ပါယသမ္ပဇဉ်မည်၏၊ သွားလာကျက်စားရာ၌ တိမ်းပါးချော်ချွတ်ခြင်းမရှိစေရန် ဆင်ခြင်ဉာဏ်ကြီးမှုသည် ဂေါစရသမ္ပဇဉ်မည်၏၊ မှောက်မှားတွေဝေမှုဖက်သို့ ယိမ်းယိုင်တိမ်းလည်၍ မသွားစေရန် ဆင်ခြင်ဉာဏ်ကြီးမှုသည် အသမ္မောဟသမ္ပဇဉ်မည်၏။

သတ္ထကောစ အသမ္မောဟော၊ သပ္ပါယော ဂေါစရော တထာ။ စတ္တာရိမာနိ သိက္ခေယျုံ၊ သမ္ပဇညာ ဘိဝဍ္ဎကာ။ သတ္ထကောစ=အကျိုးရှိရန် ဆင်ခြင်ဉာဏ်ကြီးသော သတ္ထကသမ္ပဇဉ်လည်းကောင်း၊ အသမ္မောဟောစ=မတွေဝေရန် ဆင်ခြင်ဉာဏ်ကြီးသော အသမ္မောဟသမ္မဇဉ်လည်းကောင်း၊ သပ္ပါယောစ=သင့်လျော်လျောက်ပတ်ရန် ဆင်ခြင်ဉာဏ်ကြီးသော သပ္ပါယသမ္ပဇဉ်လည်းကောင်း၊ တထာ=ထို့အတူ၊ ဂေါစရောစ=သွားလာကျက်စား မတိမ်းပါးရန် ဆင်ခြင်ဉာဏ်ကြီးသော ဂေါစရသမ္ပဇဉ်လည်းကောင်း၊ ဣမာနိစတ္တာရိ=ဤသမ္ပဇဉ်တရားလေးပါးတို့ကို၊ သမ္ပဇညာဘိဝဍ္ဎကာ=ဆင်ခြင်တုံတရား အလိမ္မာဉာဏ်ပွါးမှုကို ပြုလုပ်လိုကြကုန်သော ပုဂ္ဂိုလ်တို့သည်၊ သိက္ခေယျုံ=ကျင့်ကြံလေ့ကျက်ကြကုန်ရာသတည်း။

-စတုပစ္စယသန္တောသ ဆိုသည်ကား--ပစ္စည်းလေးပါးတို့၌ ရောင့်ရဲတင်းတိမ်လွယ်မှုပေတည်း၊

- စျာန်လေးပါး ဆိုသည်ကား စတုက္ကနည်းအားဖြင့် အပ္ပနာစိတ်တို့၌ရှိသော ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တို့ ပေတည်း။ စျာန်လေးပါးမှ တစ်ပါးသော ရှေ့စရဏငါးပါးတို့သည် လူ့ဘုံ, နတ်ဘုံ, နိဗ္ဗာန်တို့သို့ ပေါက်ရောက်အောင် ရွက်ဆောင်နိုင်၏၊ ဗြဟ္မာ့ဘုံသို့ မရောက်စေန

(သီ, ဣန်, ဘောဇဉ်၊ သန္တောယှဉ်၍၊ လေးအင်စျာန၊ စရဏ၊ နဝသုတ္တန်လာ။)

ဝိဇ္ဇာရှစ်ပါး

ဝိဇ္ဇာရှစ်ပါးဆိုသည်ကား-
၁။ ဉာဏဒဿန, ၂။ မနောမယိဒ္ဓိ, ၃။ ဣဒ္ဓိဝိဓအဘိညာဉ်, ၄။ ဒိဗ္ဗသောတအဘိညာဉ်, ၅။ စေတောပရိယအဘိညာဉ်, ၆။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်, ၇။ ဒိဗ္ဗစက္ခုအဘိညာဉ်, ၈။ အာသဝက္ခယအဘိညာဉ်- ဤရှစ်ပါးတို့ပေတည်း။

ထိုရှစ်ပါးတို့တွင်

- ရုပ်နာမ်တရားတို့၌ လက္ခဏာယာဉ်သုံးပါးတို့ဖြင့် သိမြင်သော ဝိပဿနာဉာဏ်ကို ဉာဏဒဿန ဆိုသည်။

- ထိုဝိပဿနာဉာဏ်အမြင်ကို အနိစ္စဝိဇ္ဇာ, ဒုက္ခဝိဇ္ဇာ, အနတ္တဝိဇ္ဇာအားဖြင့် သုံးပါးခွဲဝေရာ၏၊ မိမိ၏ကိုယ်အတွင်း၌ အလုံးစုံ မိမိနှင့် အသွင်သန္တာန်တူသော လုလင်၏အသွင်ကို ဖန်ဆင်း၍ ကိုယ်တွင်းမှ ထုတ်၍ပြနိုင်သော တန်ခိုးအစွမ်းကို မနောမယိဒ္ဓိခေါ်သည်။

- တန်ခိုးကြီးသောနတ်မင်းတို့၏ တန်ခိုးကဲ့သို့လည်းကောင်း, မဟာဗြဟ္မာမင်းတို့၏ တန်ခိုးကဲ့သို့လည်းကောင်း, အဆင်းသဏ္ဌာန်အမျိုးမျိုးကို ဖန်ဆင်းခြင်း, ခဏချင်း နတ်ပြည် ဗြဟ္မာ့ပြည်သို့ သွားရောက်ခြင်း, စကြဝဠာတိုက်တစ်ပါးသို့ သွားရောက်ခြင်း, မြေအောက်လျှိုးဝင်, ကောင်းကင် - မိမိနေရာက ရပ်တည်၍ အဘိညာဉ်အခြေခံကို ပြု၍ နားထောင်သည်ရှိသော် နတ်ပြည် ဗြဟ္မာပြည်တိုင်အောင် အဝေးအနီး ရှိရှိသမျှ စကားသံအမျိုးမျိုးတို့ကို ကြားနိုင်သော တန်ခိုးအစွမ်းကို ဒိဗ္ဗသောတအဘိညာဉ်ခေါ်သည်။

- လူနတ်ဗြဟ္မာသတ္တဝါတို့၏ စိတ်အကြံအစည်အမျိုးမျိုးကို သိနိုင်သော တန်ခိုးအစွမ်းကို စေတောပရိယအဘိညာဉ်ခေါ်သည်။ ပရစိတ္တဝိဇာနနအဘိညာဉ်လည်းခေါ်၏။

- လွန်လေပြီးသော ရှေးရှေးဘဝ, ရှေးရှေးကပ်ကမ္ဘာတို့၌ တစ်လောကလုံး၏ ဖြစ်ပျက်မှုအမျိုးမျိုးကို သိစွမ်းနိုင်သော တန်ခိုးကို ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ခေါ်သည်။

- မိမိနေရာဌာနကပင် ရပ်တည်၍အဘိညာဉ်၏ အခြေခံကို ပြုပြီးလျှင် ကြည့်ရှုဆင်ခြင်သောအခါ စကြဝဠာအတည်တည် နတ်ပြည်ဗြဟ္မာပြည်တို့၌ ရှိရှိသမျှသော အသေး, အကြီး, အဝေး, အနီးဖြစ်သည့် ရူပါရုံအမျိုးမျိုးတို့ကို မြင်စွမ်းနိုင်သောတန်ခိုးကို ဒိဗ္ဗစက္ခုအဘိညာဉ်ခေါ်သည်။

[ယထာကမ္မူပဂဉာဏ်, စုတူပပါတဉာဏ်, အနာဂတံသဉာဏ်များကိုလည်း ဤဒိဗ္ဗစက္ခုအဘိညာဉ်၌သာလျှင် ထည့်သွင်း၍ ရေတွက်အပ်ကုန်၏၊]

-ယထာကမ္မူပဂဉာဏ်--ဆိုသည်ကား ထိုထိုဘုံဘဝတို့၌ ဖြစ်နေကြကုန်သော သတ္တဝါတို့၏ ရှေးရှေးအတိတ်ကံကို မှန်ကန်စွာသိသော ဉာဏ်ပေတည်း။

-စုတူပပါတဉာဏ် ဆိုသည်ကား စုတိသော သတ္တဝါတို့ကို မြင်သည်ရှိသော် ဤသတ္တဝါတို့သည် ဤမည်သောဘုံဘဝတို့၌ ဖြစ်ကြကုန်လတ္တံ့ဟူ၍လည်းကောင်း, ပဋိသန္ဓေတည်နေသော သတ္တဝါတို့ကိုမြင်လျှင် ဤသတ္တဝါတို့သည် ဤမည်သောဘုံဘဝမှ လာရောက်ဖြစ်ပွါးကြသည်ဟူ၍လည်းကောင်း, အမှန်အကန်သိသော ဉာဏ်ပေတည်း။

-အနာဂတံသဉာဏ်--ဆိုသည်ကား ဖြစ်လတ္တံ့သော အနာဂတ်ဘဝ, အနာဂတ်ကမ္ဘာတို့၌ တစ်လောကလုံး၏ အဖြစ်အပျက်ကိုသိသော ဉာဏ်ပေတည်း။

- အာသဝေါတရားကုန်ခမ်းမှုနှင့် ယှဉ်သောဉာဏ်ကို အာသဝက္ခယအဘိညာဉ်ဆိုသည်။

ထိုဝိဇ္ဇာရှစ်ပါးတို့တွင် ဝိပဿနာဉာဏဒဿနဝိဇ္ဇာနှင့် အာသဝက္ခယဝိဇ္ဇာတို့သည်သာလျှင် နိဗ္ဗာန်ရောက် ဝိဇ္ဇာတို့ဖြစ်ကုန်သည်၊ ကြွင်းသောဝိဇ္ဇာခြောက်ပါးတို့သည်ကား တန်ခိုးဖန်ဆင်းခြင်းစသော လောကီသိဒ္ဓိလမ်းများ ဖြစ်ကြကုန်၏။

ဤကား ဝိဇ္ဇာရှစ်ပါး၏ အဓိပ္ပါယ်တည်း။

အမ္ဗဋ္ဌသုတ်စသည်တို့၌လာသော စရဏကိုးပါး ဝိဇ္ဇာရှစ်ပါးတို့ကို ပြဆိုခြင်းပြီး၏။

---

စရဏတစ်ဆယ့်ငါးပါး

မဇ္ဈိမပဏ္ဏာသ တတိယဖြစ်သော သေခပဋိပဒါသုတ်၌ကား စရဏ ၁၅-ပါး, ဝိဇ္ဇာ ၃-ပါးဟူ၍ ဟောတော်မူ၏၊ ထိုစရဏ ၁၅-ပါးကား ယခင်ပြဆိုခဲ့ပြီး စရဏ ၉-ပါးတို့တွင် သတိသမ္ပဇညနှင့် စတုပစ္စယသန္တောသနှစ်ပါးကို နှုတ်ပယ်ကြဉ်ထား၍ ကြွင်းသော ခုနစ်ပါးတို့အပေါ်မှာ ဇာဂရိယာနုယောဂနှင့် သူတော်ကောင်းတရားခုနစ်ပါးတို့ ထည့်၍ စရဏတစ်ဆယ့်ငါးပါးဖြစ်သည်။ အစဉ်အားဖြင့်ရေတွက်လျှင် သီလသံဝရ, ဣန္ဒြိယသံဝရ, ဘောဇနေမတ္တညုတာ, ဇာဂရိယာနုယောဂ, သူတော်ကောင်းတရား ၇-ပါး, စျာန်လေးပါး, ပေါင်း ၁၅-ပါးတို့ပေတည်း၊ သီလသံဝရ စသည်တို့၏ သဘောအဓိပ္ပါယ်ကို ပြဆိုခဲ့ပြီ၊ ဇာဂရိယာနုယောဂ ဆိုသည်ကား ပျင်းရိမှိုင်တွေခြင်းကင်း၍ နိုးကြားထကြွခြင်းနှင့် ယှဉ်မှုပေတည်း၊ အအိပ်အနေ နည်းပါးမှုဆိုလိုသည်။

သူတော်ကောင်းတရား ၇-ပါး

သူတော်ကောင်းတရား ၇-ပါးကား
၁။ ရတနာသုံးပါး၌ ယုံကြည်သက်ဝင်ခြင်း သဒ္ဓါ၊

၂။ မကောင်းမှုမှ ရှက်ခြင်းဟိရီ၊

၃။ မကောင်းမှုမှ ကြောက်လန့်ခြင်း ဩတ္တပ္ပ၊

၄။ အကြားအမြင်များခြင်း ဗာဟုဿစ္စ၊

၅။ အားထုတ်ရဲရင့်ခြင်း ဝီရိယ၊

၆။ မမေ့မလျော့ ထင်မြင်အောက်မေ့ခြင်း သတိ၊

၇။ ဆင်ခြင်တိုင်းထွာ ကောင်းစွာသိမြင်ခြင်းပညာ။

ဤ (၇) ပါးတို့ပေတည်း။

စရဏ ၁၅-ပါး အကျဉ်းမှတ်ရန်ဆောင်ပုဒ်

သီ, ဣန်, ဘော, ဇာ၊ သဒ္ဓမ္မာနှင့်၊ စျာန်မှာလေးပါး၊ ဤဆဲ့ငါး၊ မှတ်သားစရဏ။

သုတ္တန်နှစ်ခုတို့၌လာသော စရဏမျိုးတို့ကို တူရာပေါင်းရုံး၍ ရေတွက်လျှင် စရဏ ၁၇-ပါးဖြစ်၏၊ စရဏ ၁၇-ပါး ရေတွက်သောအခါ ယင်း ၁၅-ပါးတွင် သတိသမ္ပဇညနှင့် စတုပစ္စယသန္တောသကိုထည့်၍ ရေတွက်လေ။

သီ, ဣန်, ဘော, ဇာ၊ သဒ္ဓမ္မာနှင့်၊ စျာန်မှာ လေးအင်၊ သမ္ပဇည၊ သန္တောသ၊ စရဏမှတ်၊ သတ္တရသ်။

ဝိဇ္ဇာသုံးပါး

ဝိဇ္ဇာသုံးပါးဆိုသည်မှာ ပုဗ္ဗေနိဝါသအဘိညာဉ်, ဒိဗ္ဗစက္ခုအဘိညာဉ်, အာသဝက္ခယအဘိညာဉ် ဤသုံးပါးတို့ပေတည်း။ ထို့ကြောင့် သုံးပါး ဝိဇ္ဇာ၊ ပု, ဒိ, အာ,ဟု ရှေးဆရာတို့ ဆိုကြကုန်သည်၊ ပြဆိုခဲ့ပြီးသော စရဏတစ်ဆယ့်ခုနစ်ပါး, ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါးတို့နှင့် ပြည့်စုံတော်မူသောကြောင့် မြတ်စွာဘုရားသည် ဝိဇ္ဇာစရဏသမ္ပန္နောဟူသော ဂုဏ်ထူးကို ရရှိတော်မူသည်။

ဝိဇ္ဇာ စရဏေဟိ သမ္ပန္နတ္တာ ဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော။ ဝိဇ္ဇာစရဏေဟိ=ဝိဇ္ဇာစရဏတရားတို့နှင့်၊ သမ္ပန္နတ္တာ=ပြည့်စုံသည်၏အဖြစ်ကြောင့်၊ ဘဂဝါ=မြတ်စွာဘုရားသည်၊ ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာစရဏသမ္ပန္နမည်တော်မူ၏၊

ဟေမဝတနတ်သားအမေး

“ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်” သည် မြတ်စွာဘုရားတို့၏ဂုဏ်တွင် ထင်ပေါ်ကြီးကျယ်သော ဂုဏ်ဖြစ်သည်နှင့် ဟေမဝတနတ်သားနှင့် သာတာဂီရိနတ်သားတို့ ရထားလေယာဉ်ဖြင့် ကောင်းကင်မှာ တွေ့ဆုံကြ၍ သာတာဂီရိက မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးများကို ချီးကျူးပြောကြားရာတွင် ဟေမာဝတနတ်သားကလည်း ဘုရားမှန်မမှန်, စစ်မစစ်,ကို ပုစ္ဆာထုတ်၍ မေးမြန်းစီစစ်ရာ၌
ကိစ္စိ ဝိဇ္ဇာယ သမ္ပန္နော၊ ကိစ္စိ သံသုဒ္ဓစရဏော။

သမ္မ=ချစ်ဆွေသာတာဂီရိ၊ တေ=သင်၏၊ သတ္ထာ=ဆရာဖြစ်သော အရှင်ဂေါတမသည်၊ ကိစ္စိ=အသို့နည်း၊ ဝိဇ္ဇာယ=ဝိဇ္ဇာတရားမျိုးနှင့်၊ သမ္ပန္နော=ပြည့်စုံပါ၏လော၊ ကိစ္စိ=အသို့နည်း၊ သံသုဒ္ဓစရဏော=စင်ကြယ်ဆွထွား စရဏအကျင့်တရားရှိပါ၏လော။

သာတာဂီရိ နတ်သားအဖြေ

ဤသို့ မေးမြန်းသည်တွင် သာတာဂီရိနတ်သားက ---

ဝိဇ္ဇာယစေဝ သမ္ပန္နော၊ အထော သံသုဒ္ဓစရဏော။ ဟူသောစကားဖြင့် ဖြေကြားလေသည်။

သမ္မ=ချစ်ဆွေဟေမာဝတနတ်သား၊ မေ=ငါ၏၊ သတ္ထာ=ဆရာဖြစ်သော အရှင်ဂေါတမသည်၊ ဝိဇ္ဇာယစေဝ=ဝိဇ္ဇာတရားမျိုးနှင့်လည်း၊ သမ္ပန္နော=ပြည့်စုံလုံလောက်တော်မူ၏၊ အထော=ထိုမြို့၊ သံသုဒ္ဓစရဏော=စင်ကြယ်ဆွထွား စရဏအကျင့်တရားလည်း ရှိတော်မူ၏။

ဤသို့ ဝိဇ္ဇာစရဏ တရားနှစ်ပါးနှင့် ပြည့်စုံကြောင်းကို ဖြေကြားရာတွင် ဟေမာဝတနတ်သားသည် ဘုရားအမှန်အစစ်ဖြစ်ကြောင်းကို သဘောကျသည်နှင့် ကြည်ညိုခြင်းသဒ္ဓါတရား ဖြစ်ပွားပေါ်ပေါက်လာပြီးလျှင် နတ်သားနှစ်ဦး သဒ္ဓါတရား တူညီကြသဖြင့် အလျင်အမြန် ဘုရားမြတ်စွာကို အဖူးသွားကြချည်စို့ဟု ဝမ်းမြောက်ဝမ်းသာ တိုင်ပင်သောအားဖြင့် အောက်ပါဂါထာကို ကျူးရင့်လေသည်။

သမ္ပန္နံ မုနိနော စိတ္တံ၊ ကမ္မုနာ ဗျာပထေနစ။

ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဟန္ဒ ပဿာမ ဂေါတမံ။

မုနိနော=ဘုရားရှင်၏၊ စိတ္တံ=စိတ်နှလုံးတော်သည်၊ ကမ္မုနာစ=စင်ကြယ်သော ကာယကံတော်နှင့်လည်းကောင်း၊ ဗျပထေနစ=စင်ကြယ်သော ဝစီကံတော်နှင့်လည်းကောင်း၊ သမ္ပန္နံ=ပြည့်စုံတော်မူ၏၊ ဝိဇ္ဇာစရဏသမ္ပန္နံ=ဝိဇ္ဇာစရဏတရား နှစ်ပါးစုံဖြင့် လုံလောက်တော်မူသော၊ ဂေါတမံ=ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို၊ ဟန္ဒ=ယခုလျင်စွာ မြန်မြန်လာ၊ ပဿာမ=ဖူးမျှော်ချေကြကုန်စို့။

ဤဂါထာကို ရွတ်ဆိုပြီးလျှင် နတ်သားနှစ်ဦး မြတ်စွာဘုရား၏ ခြေတော်စုံကိုဖူး၍ တရားထူးများကို ကြားနာမေးလျှောက်ကြလေ၏။

(သုတ္တနိပါတ် ဟေမဝတသုတ်တွင် လာသည်။)

ဝိဇ္ဇာစရဏနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် နတ်ဗြဟ္မာနှင့်တကွသော လောကကြီး၌ အမြတ်ဆုံးဖြစ်သည်ဟူ၍လည်း သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၌ အောက်၌ပါသော ဂါထာကို ဟောကြားတော်မူသည်။

ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ၊ ယေ ဂေါတ္တပဋိသာရိနော။

ဝိဇ္ဇာစရဏသမ္ပန္နော၊ သော သေဋ္ဌော ဒေဝမာနုသေ။

ယေ=အကြင်သူတို့သည်၊ ဂေါတ္တပဋိသာရိနော=အမျိုးအနွယ်ကို စီစစ်၍ မြတ်မမြတ်ကို ရွေးချယ်လေ့ရှိကြကုန်၏၊ တသ္မိံ ဇနေ=ထိုလူများအလယ်၌၊ ခတ္တိယော=မင်းမျိုးသည်၊ သေဋ္ဌော=အမြတ်ဆုံးပေတည်း၊ ယော=အကြင်ပုဂ္ဂိုလ်သည်၊ ဝိဇ္ဇာစရဏသမ္ပန္နော=ဝိဇ္ဇာတရား, စရဏတရားတို့နှင့်ပြည့်စုံပေ၏၊ သော=ထိုဝိဇ္ဇာစရဏနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်၊ ဒေဝမာနုသေ=နတ်လူနှင့်တကွသော လောကကြီး၌၊ သေဋ္ဌော=အထွတ်ဥသျှောင် အခေါင်အဖျား အမြတ်ဆုံး အစား ဖြစ်တော်မူ၏။

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ဖွင့်ပြီး၏။

၄-သုဂတဂုဏ်တော်

သောဘဏာ ဂတိ အဿာတိ သုဂတော။

အဿ=ထိုမြတ်စွာဘုရားအား၊ သောဘဏာ=တင့်တယ် ကောင်း မြတ်သော၊ ဂတိ=ဖြစ်ပုံအလားသည်၊ အတ္ထိ=ရှိတော်မူ၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ သော ဘဂဝါ=ထိုမြတ်စွာဘုရားသည်၊ သုဂတော=သုဂတမည် တော်မူ၏။

ဂတိဆိုသည်ကား။ ။ပစ္ဆိမဘဝဖြစ်သော သိဒ္ဓတ္ထကုမာရအဖြစ်၌ အမိဝမ်းတိုက်မှာ ပဋိသန္ဓေတည်နေသည်က အစပြု၍ လက် ထက်တော် တစ်သန္တာန်လုံး၌ ဖြစ်ဖြစ်သမျှသော ရုပ်ခန္ဓာအစဉ် နာမ်ခန္ဓာ အစဉ်များကို ဂတိဟူ၍ဆိုသည်၊ မြတ်စွာဘုရား၏ ထိုဖြစ်ပုံအလားဟုဆိုအပ်သော ဂတိသည် အလွန်လျှင် တင့်တယ်ကောင်းမြတ်၏၊ အဘယ့်ကြောင့် နည်းဆိုလျှင် ကမ္ဘာပေါင်းများစွာတို့က အထုအထယ်ကြီးကျယ်စွာ ဖြည့်ဆည်းပူးတော်မူအပ်သော ပါရမီအလုံးစုံတို့သည် စုပုံ၍ တဟုန်တည်း အကျိုးပေးလာသော ဂတိတော်များဖြစ်သဖြင့် ပဋိသန္ဓေတည်နေတော် မူသောအခါ စသည်တို့၌ အတိုင်းမသိသော အံ့ဖွယ်သရဲတို့သည် ထူး ကဲစွာ ဖြစ်ပေါ်ရကုန်၏၊ ထို့ကြောင့် ရှိရှိသမျှသော လူ, နတ်, ဗြဟ္မာ, သတ္တာဝါတို့၏၊ ဂတိနှင့်မတူပဲ လွန်ကဲထူးမြတ်သည်ဟူ၍ ဆိုရလေသည်၊ ဥပရိပဏ္ဏာသပါဠိတော် တတိယဝဂ် အစ္ဆရိယသုတ်၌ ဘုရားလောင်း ပဋိသန္ဓေတည်နေသောအခါ အံ့ဖွယ်သရဲ ငါးပါးဖြစ်ပေါ်ကြောင်းကို အာနန္ဒာအား မြတ်စွာဘုရား ဟောကြားတော်မူသော ဒေသနာရှိ၏၊

---*---

ထိုဒေသနာ၏ မြန်မာပြန်

၁။ ချစ်သားအာနန္ဒာဘုရားလောင်းသည် သတိ, သမ္ပဇညနှင့် ပြည့်စုံစွာ တွေတွေဝေဝေ မရှိ တုသိတာနတ်ပြည်မှ စုတေ၍ အမိဝမ်းတိုက်၌ ပဋိသန္ဓေနေခြင်းဖြင့် သက်ဆင်းတော်မူ၏။

၂။ ထိုသို့ ပဋိသန္ဓေတည်နေသောအခါ နတ်နှင့်တကွ, မာရ်မင်း နှင့်တကွ, ဗြဟ္ဓာမင်းနှင့်တကွသော လောက၌ ရဟန်း ပုဏ္ဏား နှင့်တကွ သတ္တဝါ များအလယ်၌ နတ်ဗြဟ္မာတို့၏ တန်ခိုး အာနုဘော်ကို လွန်ကဲ၍ ကြီးကျယ်မြင့်မြတ်သော အရောင် အလင်းကြီးသည် ထင်ရှားဖြစ်ပေါ် လာ၏။

၃။ အမြဲမပြတ် အမိုက်အတိ ပကတိမှောင်ကျ၍နေသော လောကန္တရက် ငရဲ၌လည်း အရောင်အလင်းကြီး ဖြစ်ပေါ်၏။

၄။ တစ်သောင်းသော လောကဓာတ်သည်လည်း ပြင်းစွာ တုန် လှုပ်၏။

၅။ ထိုသို့ မြေငလျင်လှုပ်သည်နှင့် တစ်ပြိုင်နက် နတ်ဗြဟ္မာတို့၏ တန်ခိုး အာနုဘော်ကိုလွန်၍ ကြီးကျယ်မြင့်မြတ်သော ဒုတိယအရောင် အလင်းကြီးသည် ဖြစ်ပေါ်လာပြန်၏။

ဤနိမိတ်ငါးပါးတို့သည် အလောင်းတော် ယောကျ်ားမြတ်တို့၏ အန္တိမဘဝ၌ မိခင်ဝမ်းတိုက်မှာ ပဋိသန္ဓေတည်နေသောအခါ ထင်လာ သောနိမိတ် အံ့ဖွယ်သရဲကြီးများတို့ပေတည်း၊ ဤကာလမျှတွင်သာ အံ့ဖွယ်သရဲကြီးများ ဖြစ်သည် မဟုတ်ချေ၊ စင်စစ်အားဖြင့် သုမေဓာ ရှင်ရသေ့ဖြစ်စဉ် ဗျာဒိတ်ခံ၍ ပါရမီဆယ်ပါးကို ဆင်ခြင်သောအခါ, အန္တိမဘဝ၌ မယ်တော်ဝမ်းမှာ ပဋိသန္ဓေတည်နေ သောအခါ, အမိဝမ်း တိုက်မှ ဖွားသန့်စင်တော်မူသောအခါ, ဗောဓိမဏ္ဍိုင်၌ သစ္စာလေးပါး ကိုသိမြင် မာရ်ငါးပါးကိုအောင်မြင်၍ ဘုရားရှင်ဖြစ်တော်မူသော အခါ, ဓမ္မစကြာတရားကို ဟောကြားတော်မူသောအခါ, ကုသိနာရုံအင်ကြင်းစုံ၌ ရွှေဘုံသီဝသို့ ချီကြွစံမြန်း နိဗ္ဗာန်နန်းသို့ ဝင်တော်မူသောအခါ ဤ ခြောက်ပါးသော အခါတို့သည် တူမျှသော အလားရှိကြကုန်၏၊ လောက၌ ထင်မြင်သော အံ့ဖွယ်သရဲကြီးများသည်လည်းတူမျှစွာ ဖြစ်ပေါ်ကြ ကုန်၏။

ပါရမိံ ဝိစိနန္တမှိ၊ အန္တိမေ ပဋိသန္ဓိယံ။
ဝိဇာယနေ ဗုဇ္ဈနေစ၊ ဓမ္မစက္ကပဝတ္တနေ။
နိဗ္ဗုတေ ဆသုကာလေသု၊ အစ္ဆေရာနိ ပဒိဿရေ။

ပါရမိံ=ပါရမီတရားဆယ်ပါးကို၊ ဝိစိနန္တမှိ=ဗျာဒိတ်ခန်းတွင် စူးစမ်း ဆင်ခြင် သောအခါ၌လည်းကောင်း၊ အန္တိမေ=အဆုံးစွန်သောဘဝ၌၊ ပဋိသန္ဓိယံ=ပဋိသန္ဓေ တည်နေတော်မူသောအခါ၌လည်းကောင်း၊ ဝိဇာယနေ=ဖွားမြင်တော်မူသောအခါ၌လည်းကောင်း၊ ဗုဇ္ဈနေစ=ဗောဓိ မဏ္ဍိုင်ဝယ် လေးခိုင်သစ္စာ ပွင့်သောအခါ၌လည်းကောင်း၊ ဓမ္မစက္က ပဝတ္တနေ=ဓမ္မစကြာတရားကို ဟောကြားတော်မူသောအခါ၌လည်း ကောင်း၊ နိဗ္ဗုတေ=ပရိနိဗ္ဗာန်ဝင်စံတော်မူသော အခါ၌လည်း ကောင်း၊ ဣတိ=ဤသို့၊ ဆသုကာလေသု=ခြောက်ပါးသောအခါကြီး နေ့ရက်ကြီး တို့၌၊ အစ္ဆေရာနိ=အံ့ဖွယ်သရဲ လွန်ကဲထွေထူး မဖြစ်ဖူးသော နိမိတ်ကြီးတို့ သည်၊ ပဒိဿရေ=စကြဝဠာသောင်းပြန့် တိုက်မဆန့်အောင် အနှံ့ထင် ရှားကြလေကုန်၏။

---*---

ယခင်အစ္ဆရိယသုတ္တန် မြန်မာပြန် ----

၁။ အမိဝမ်း၌ ပဋိသန္ဓေတည်နေတော်မူစဉ်အခါ နတ်သားလေး ယောက်တို့သည် အရပ်လေးမျက်နှာမှ စောင့်ရှောက်ရန် အလိုငှါ ခစားလာကြကုန်၏၊

၂။ အမိဝမ်းတိုက်မှ ဖွားတော်မူသောအခါ နတ်ဗြဟ္မာအပေါင်း တို့သည် အလောင်းတော်ယောကျ်ားမြတ်ကို ရှေးဦးစွာ ခံလင့်လှမ်းယူကြလေကုန်၏၊ ခံလင့်လှမ်းယူပြီးသောအခါဝယ် “မယ်တော်အရှင်မြတ် အရှင်မအား ဘုန်းတန်ခိုး ကြီးမားသော သားတော်မြတ် ဖွားမြင်ပါပြီ” ဟူ၍ လျှောက်တင်ကြသောအခါ မယ်တော်မိဖုရားသည် နှစ်သက်ဝမ်းမြောက်တော်မူ၏။

၃။ အထက်ကောင်းကင်မှ အအေးတစ်သွယ်, အပူတစ်သွယ်, ရေအယဉ်, နှစ်သွယ်,နှစ်ဆိုင်တို့သည် ပြိုင်၍ ကျလာကုန်၏၊ ကောင်းကင်မှကျလာသော မင်္ဂလာရေစင်ဖြင့် ဘုရားလောင်း အားလည်းကောင်း မယ်တော်အားလည်းကောင်း ရေသန့် စင်ခြင်းကိစ္စကို ပြီးစီးစေကြကုန်၏။

၄။ ချစ်သားအာနန္ဒာ ယခုဖွားသစ်စဖြစ်သော ဘုရားလောင်းသည် ဖွားလျှင် ဖွားခြင်း ညီညွတ်သော ခြေတော်စုံတို့ဖြင့် မြေထက် မှာတည်၍ မြောက်အရပ်သို့ရှေ့ရှု ထီးဖြူဆောင်းမိုးခြင်းကို ခံတော်မူလျက် ခုနစ်ဖဝါးလှမ်း ကြွတော်မူ၏။

၅။ အလုံးစုံသော အရပ်မျက်နှာတို့ကိုလည်း စောင်းလှည့်၍ ကြည့် ရှုတော်မူ၏။

၆။ - အဂ္ဂေါဟမသ္မိ လောကဿ၊
- ဇေဋ္ဌောဟမသ္မိ လောကဿ၊
- သေဋ္ဌောဟမသ္မိ လောကဿ၊
- အယမန္တိမာ ဇာတိ၊
- နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

(မြွက်ဆိုတော်မူသော စကားတော်)

- လောက၌ ငါအမြတ်ဆုံး ဖြစ်တော်မူ၏။

- လောက၌ ငါအကြီးဆုံး ဖြစ်တော်မူ၏။

- လောက၌ ငါအချီးမွမ်းအပ်ဆုံး ဖြစ်တော်မူ၏။

- ဤအဖြစ်သည် အဆုံးစွန်သော အဖြစ်တည်း၊

- ယခုအခါ တစ်ဖန်ပဋိသန္ဓေနေခြင်း မရှိပြီ၊ ဟူ၍ မြင့်မြတ်ကြီးမားသော စကားတော်သံကို ကြိမ်းဝါး မြွက် ဆိုတော်မူ၏။

ဤသို့လျှင် များလှစွာသော အံ့ဖွယ်သရဲတို့ကို ဖြစ်ပေါ်စေ၍ လောက၌ ဖြစ်လာတော်မူသောကြောင့်“သောဘဏာ ဂတိ အဿာတိ သုဂတော” ဟူသော ဝိဂြိုဟ်နှင့်အညီ သုဂတမည်တော်မူသည်။

[မြတ်စွာဘုရား၏ ကောင်းသောအလားရှိသည့်အဖြစ်ကို သုမေဓာဘဝ ဗျာဒိတ် ခံသောအခန်း ပါရမီစူးစမ်းခန်းတို့၌ အထူးထူးသော အံ့ဖွယ်သရဲ ဖြစ်ပေါ်ခြင်းတို့ဖြင့် ထင်ရှား၏၊]

သုမေဓာဘဝမှစ၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဘဝပေါင်း များစွာတို့၌ ပါရမီတရားတို့ကို ဖြည့်တော်မူ၍ ဝေဿန္တရာ ဘဝမှ စုတိပြီးလျှင် တုသိတာနတ်ပြည်၌ နတ်သားဖြစ်နေသောအခါ နတ်ဗြဟ္မာ ပေါင်းများစွာတို့သည် ချီသောလက်အုပ် ရှိကြကုန်သည် ဖြစ်၍
ကာလော ခေါ တေ မဟာဝီရ၊ ဥပ္ပဇ္ဇ မာတုကုစ္ဆိယံ၊ သဒေဝကံ တာရယန္တော၊ ဗုဇ္ဈဿု အမတံ ပဒံ။ ဟူသော ဂါထာဖြင့် ဘုရားဖြစ်ရန် တောင်းပန်လာကြရကုန်၏၊

မဟာဝီရ=ဝီရိယဓာတ် ကြီးမြတ်မြင့်မား လောင်းနတ်သား၊ တေ= သင်နတ်သားအား၊ ခေါ=စင်စစ်၊ ကာလော=ဘုရားဖြစ်ရန် အချိန်တန်ပါပြီ၊ မာတုကုစ္ဆိယံ=မယ်တော်၏ဝမ်းတိုက်၌၊ ဥပ္ပဇ္ဇ=ပဋိသန္ဓေတည်နေ စွဲလမ်း တော်မူပါချေလော့၊ သဒေဝကံ=နတ်ဗြဟ္မာနှင့်တကွသော လောကကြီးကို၊ တာရယန္တော=သံသရာအပြင်မှ ကယ်တင်ချွေချွတ်တော်မူလျက်၊ အမတံပဒံ=အမြိုှက်နိဗ္ဗာန် တရားကို၊ ဗုဇ္ဈဿု=သိမြင်တော်မူပါချေလော။

ဤသို့တောင်းပန်ကြသည်ကို ပဋိညာဉ်ခံတော်မူ၍ ကြည့်ခြင်းကြီး ငါးပါးတို့ဖြင့် ကြည့်တော်မူပြီးခါ သာကီနွယ်ဇာတ် အမျိုးမြတ်ဖြစ်သော မာယာဒေဝီ မဟေသီ၏ဝမ်းတိုက်၌ ပဋိသန္ဓေတည်နေတော်မူလာ၏၊ ဆယ်လစေ့၍ ဖွားမြင်တော်မူသောအခါ ဆန်းကြယ်စွာသော နိမိတ်ကြီး တို့သည် အနှံ့အပြား ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ဤသို့ ဖွားတော်မူ သောအခါ နိမိတ်ပေါင်းများစွာ ထင်လာပုံကို သီဟိုဠ်ကျွန်း ဝိဇယဗာဟု မင်း၏ဆရာ အရှင်မေဓင်္ကရသည် အောက်၌ပါသော ဂါထာဂီတိတို့ဖြင့် ဖွဲ့သီချီးကျူးတော်မူ၏။

[ဤဂါထာတို့သည် သဒ္ဒါ၏ဆန်းကြယ်ခြင်း, အနက်၏ဆန်းကြယ်ခြင်း, ပညာရှိတို့၏ စိတ်နှလုံးတည်းဟူသော ကြာပန်းကို ပွင့်လန်းစေခြင်းတည်းဟူသော ဂုဏ်အမျိုးမျိုးတို့နှင့် ပြည့်စုံပေသောကြောင့် ဤအရာ၌ထည့်သွင်း ဖေါ်ပြလိုက်ပါ သတည်း။]

(က) ဘာရာတိဘာရ နဂ ပါဒပ မေရုရာဇံ၊
သဗ္ဗံပိ သာဂရဇလံ ဝဟိတုံ သမတ္ထာ၊
ဇာတက္ခဏေ သုဂုဏဘာရမသယှမာနာ၊
သင်္ကမ္ပယီဝ ပထဝီ ပဝရဿ တဿ။

(က) ပထဝီ=နှစ်သိန်းလေးသောင်း ပေါင်းထုယူဇနာ နှစ်လွှာဆင့်ပြီး ဤမြေကြီးသည်၊ ဘာရာတိဘာရ နဂ ပါဒပ မေရုရာဇံ=လေးသည်ထက် အလွန် လေးလံလှစွာသော ဟိမဝန္တာ, ကေလာသစသော တောင်ကြီး တောင်ငယ်အမျိုးမျိုး, ဇမ္ဗုသပြေစသောသစ်ပင်ကြီးငယ်အမျိုးမျိုးနှင့် မြင်းမိုရ်တောင်မင်း တည်းဟူသောဝန်ကြီးကိုလည်းကောင်း၊ သဗ္ဗံ=အလုံးစုံ သော၊ သာဂရဇလမ္ပိ=နက်ပြောကျယ်စွာ သမုဒ္ဒရာလေးခု ရေအထုတည်း ဟူသော ဝန်ကြီးကိုလည်းကောင်း၊ ဝဟိတုံ=ထမ်းဆောင်သည်ပိုး၍ ထားခြင်းငှါ၊ သမတ္ထာပိ=စွမ်းနိုင်ပါသော်လည်း၊ ပဝရဿ=လောက ဥသျှောင် အခေါင်ထွတ်ထား အမြင့်အဖျား ဆုံးဖြစ်တော်မူသော၊ တဿ=ထိုအလောင်းတော်မြတ်၏၊ ဇာတက္ခဏေ=မျက်နှာကြည်လင် သန့်စင်ဖွားမြောက်တော်မူသောခဏ၌၊ သုဂုဏဘာရံ=ကောင်းမွန် ပြန့်ကျယ် ပင်လယ်မြေထု မေရုမက ကြီးမြတ်လှသော ဂုဏ်တော်ဝန်ကို၊ ဝဟိတုံ=သည်ပိုးရွက်ဆောင်၍ ထားခြင်းငှါ၊ အသယှမာနာ=မစွမ်းနိုင်လေ သောကြောင့်၊ သင်္ကမ္ပယီဝ=လေ-ရေ-ပါခုန် သိမ့်သိမ့်တုန်အောင် တဟုန် တည်း လှုပ်ရှားလေသည်သာလျှင်တည်း။

(ခ) ရမိံသု သောဏာ ဟရိဏေဟိ သဒ္ဓိံ၊
ကာကာ ဥလူကေဟိ မုဒဂ္ဂဒဂ္ဂါ၊
သုပဏ္ဏရာဇူဟိ မဟောရဂါစ၊
မဉ္ဇာရ သင်္ဃာပိ စ ဥန္ဒုရေဟိ။

(ခ) ဇာတက္ခဏေ=အလောင်းတော်မင်းသားကို ဖွားတော်မူသော ခဏ၌၊ သောဏာ=မြေခွေးရိုင်းအပေါင်းတို့သည်၊ ဟရိဏေဟိ=သမင် တို့နှင့်၊ သဒ္ဓိံ=အတူတကွ၊ ရမိံသု=ပျော်ပျော်ပါးပါး ကစားရွှင်မြူး၍ နေကြကုန်၏၊ ကာကာ=ကျီးအပေါင်းတို့သည်၊ ဥလူကေဟိ=ဇီးကွက်, ခင်ပုပ်, ဒီးဒုတ်, လင်းယုန် အပေါင်းတို့နှင့်၊ သဒ္ဓံ=အတူတကွ၊ မုဒဂ္ဂဒဂ္ဂါ= စိတ်အားတက်ကြွ ဝမ်းမြောက်ကြကုန်သည်ဖြစ်၍၊ ရမိံသု=ပျော်ပျော်ပါးပါး ကစားချစ်ကြည်ကြကုန်၏၊ မဟောရဂါစ=နဂါးကြီးတို့သည်လည်း၊ သုပဏ္ဏရာဇူဟိ=ဂဠုန်မင်းတို့နှင့်၊ မဉ္ဇာရသင်္ဃာပိစ=ကြောင်အပေါင်း တို့သည်လည်း၊ ဥန္ဒုရေဟိ=ကြွက်အပေါင်းတို့နှင့်၊ သဒ္ဓံ=အတူတကွ၊ ရမိံသု=ကျီစယ်ပျော်ပါး ကစားရွှင်မြူးကြကုန်၏။

(ဤဂါထာဖြင့် ဘုရားလောင်းဖွားမြင်တော်မူသောအခါ မေတ္တာဓာတ်ကိုပွါး ဒေါသဓာတ်ပါး၍ ကမ္ဘာ့ရန်ဖက်များပင် ချစ်ကြည်ကြကြောင်းပြဆိုသည်။)

(ဂ) မိဂါ မိဂိန္ဒေဟိ သမာဂမိံသု၊
ပုတ္တေဟိ မာတာပိတရော တထေဝ။
နာဝါ ဝိဒေသံပိ ဂတာ သဒေသံ၊
ဂတောဝ ကဏ္ဍော သရဘင်္ဂသတ္ထု။

(ဂ) မာတာပိတရော=မိခင်ဖခင်တို့သည်၊ ပုတ္တေဟိ=ချစ်လှစွာသော သားတို့နှင့်၊ သမာဂမိံသု ယထာ=အကျွမ်းတဝင် ခင်မင်ပေါင်းသင်း မိကြကုန်ဘိသကဲ့သို့၊ တထေဝ=ထို့အတူပင်လျှင်၊ မိဂါ=တောသား သတ္တဝါအပေါင်းတို့သည်၊ မိဂိန္ဒေဟိ=သားများသေဌ်နင်း ခြင်္သေ့မင်းတို့နှင့်၊ သမာဂမိံသု=အကျွမ်းတဝင် ချစ်ခင်ပေါင်းသင်းကြရလေကုန်၏၊ သရဘင်္ဂ သတ္ထု=လေးအရာတွင် ဝိဇ္ဇာဓိုရ်ပြီး သရဘင်္ဂဆရာကြီး၏၊ ကဏ္ဍော= မြားသည်၊ သဒေသံ=မိမိတည်နေရာအရပ်သို့၊ ဂတောဝ= ပြန်လည် ဆိုက်ရောက်လာဘိသကဲ့သို့၊ တထာ=ထို့အတူ၊ ဝိဒေသံ=အလိုမရှိသော အရပ်တစ်ပါးသို့၊ ဂတာ=တဖျင့်တပါး လှိုင်းလေအားဖြင့် လွင့်သွား လမ်းလွဲကြကုန်သော၊ နာဝါပိ=ပင်လယ်ကူးသင်္ဘောကြီးတို့သည်လည်း၊ သဒေသံ=မိမိတို့ရပ်ဌာန် နိုင်ငံတိုင်းရင်းသို့၊ ဂတာ=ပဲ့တက်မပြင် ရွက် မဆင်ပဲ အလိုလိုပင် ဆိုက်ရောက်လာကြကုန်၏။

(ဃ) နာနာဝိရာ ဂုဇ္ဇလ ပင်္ကဇေဟိ၊
ဝိဘူသိတော သတ္တတရင်္ဂ မာလော။
မဟဏ္ဏဝေါ အာသိ တဟိံ ဇလမ္ပိ၊
အစ္စန္တသာတတ္တ မုပါဂမာသိ။

(ဃ) သတ္တတရင်္ဂမာလော=ထူးထွေခုနစ်မျိုး လှိုင်းတံပိုး တည်း ဟူသော ပန်းနွယ်ပန်းကုံးကြီးတွေရှိသော၊ မဟဏ္ဏဝေါပိ=သမုဒ္ဒရာကြီး လေးစင်းသည်လည်း၊ နာနာဝိရာ ဂုဇ္ဇလ ပင်္ကဇေဟိ=အရောင်အမျိုးမျိုး ပြိုးပြိုးပြက်ပြက် ပွင့်ခက်ခိုင်ငုံ ကြာမျိုးစုံတို့ဖြင့်၊ ဝိဘူသိတော=ရှုချင်စဖွယ် ဆန်းကြယ်ပြုပြင် တန်းဆာဆင်အပ်သည်၊ အာသိ=ဖြစ်လတ်၏၊ တဟိံ=ထိုသမုဒ္ဒရာကြီးတို့၌၊ ဇလမ္ပိ=ဆားရေအဟန် အလွန်ငံသော ရေအစုသည်လည်း၊ အစ္စန္တသာတတ္တံ=အလွန်ချိုမြိန်သည့်အဖြစ်သို့၊ ဥပါဂမာသိ=ကပ်ရောက်လေ၏။

[သမုဒ္ဒရာ၌ ကြာပွင့်လေ့မရှိသော်လည်း ထိုအခါ သမုဒ္ဒရာတို့မှာ ကြာပန်းတို့ဖြင့် တင့်တယ်၏၊ သမုဒ္ဒရာရေသည် ချိုမြိန်လေ့မရှိသော်လည်း ထိုအခါ လွန်စွာချိုမြိန် ခြင်းသို့ ရောက်လေ၏ဟု အံ့ဖွယ်အထူးကို ပြသည်။]

(င) သုဖုလ္လ ဩလမ္ဗက ပင်္ကဇေဟိ၊
သမာကုလတ္တံ ဂဂနံ အဂဉ္ဆိ။
နဘမှိ တသ္မိံ ဝိဟဂါ ဝိဍေ န္တိ၊
ဌိတာဝ သိန္ဓူပိ အသန္ဒမာနာ။

(င) ဂဂနံ=ကောင်းကင်တစ်ခွင်လုံးသည်၊ သုဖုလ္လ ဩလမ္ဗက ပင်္ကဇေဟိ=အောက်သို့တွဲရရွဲ ဆွဲ၍ပွင့်သော ကြာပန်းတို့ဖြင့်၊ သမာ ကုလတ္တံ=ပြိုးပြွမ်းစီမံ ပန်းဗိတာန်ကြီး ကြက်သည့်အဖြစ်သို့၊ အဂဉ္ဆိ= ရောက်လေ၏၊ တသ္မိံ နဘမှိ=ပန်း ဗိတာန်အသွင် ထိုကောင်းကင်ကြီး အပြင်၌၊ ဝိဟဂါ=ဖြူ, ဝါ, နီ, မောင်း ငှက်မျိုးစုံ အပေါင်းတို့သည်၊ ဝိဍေ န္တိ= ငှက်လော, ပန်းလော တွေးတောကမန်း ပြိုးတပြွမ်းလျှင် ပျံသန်းလူး လာကြကုန်၏၊ သိန္ဓူပိ=သိန္ဓုဂင်္ဂါ မြစ်များစွာတို့သည်လည်း၊ အသန္ဒ မာနာ=မစီးမဆင်းကြကုန်ပဲ၊ ဌိတာဝ=ရပ်တန့်၍နေကုန်သည်သာ လျှင် တည်း။

(စ) အကာလ မေဃပ္ပိယ သင်္ဂမေန၊
မဟီဝဓူ သောမ္မတမာ အဟောသိ။
မရူဘိ ဝဿာပိတ နေကပုပ္ဖ၊
ဝိဘူသိတေနာတိ ဝိဘူသိတာသိ။

(စ) အကာလမေဃပ္ပိယ သင်္ဂမေန=အခါမဲ့ ရွာသွန်းစွေဖြိုးသည့် မိုး တည်းဟူသော ချစ်လင်နှင့် ပေါင်းသင်းရခြင်းကြောင့်၊ မဟီဝဓူ=မြေကြီး တည်းဟူသော သမီးကညာသည်၊ သောမ္မတမာ=ကဲထူးချွန်၍ အလွန် အေးမြ ကြည်နူးခြင်းသဘောရှိသည်၊ အဟောသိ=ဖြစ်လတ်၏၊ မရူဘိ= နတ်တို့သည်၊ ဝဿာပိတနေက ပုပ္ဖဝိဘူသိတေန=ရွာစေအပ်သော ပန်းမိုးများစွာတို့ဖြင့် တန်းဆာဆင်အပ်သောကြောင့်၊ မဟီဝဓူ=မြေကြီး တည်းဟူသော သမီးကညာသည်၊ အတိဝိဘူသိတာ=အတိုင်းထက် ထူးချွန်၍ အလွန်တင့်တယ် ရှုချင်ဖွယ်ရှိသည်၊ အာသိ=ဖြစ်လတ်၏။

[မြေကြီးကို သမီးကညာ, အခါမဲ့ရွာသောမိုးကို လင်ယောကျ်ား, နတ်တို့ရွာ၍ချသော ပန်းမိုးကို, မြေကြီးတည်းဟူသော သမီးကညာ၌ ဆင်သော ပန်းဟု ထူးဆန်းစွာအလင်္ကာ ဆင်တော်မူသည်။]

(ဆ) သုဖုလ္လမာလာ ဘရဏာ ဘိရာမာ၊
လတင်္ဂနာ လိင်္ဂီတ ပါဒဝိန္ဒာ။
သုဂန္ဓ ကိဉ္ဇက္ခ ဝရမ္ဗရေဟိ၊
ဒိသင်္ဂနာယော အတိသောဘယိံသု။

(ဆ) သုဖုလ္လမာလာ ဘရဏာ ဘိရာမာ=ပင်လုံးကျွတ်ဆင့်၍ ကောင်းစွာပွင့်သော ပန်းခိုင်တန်းဆာတို့ဖြင့် လွန်စွာနှစ်သက်ဖွယ် ရှိကုန်သော၊ လတင်္ဂနာ လိင်္ဂီတပါဒဝိန္ဒာ=နွယ်တန်းတည်းဟူသော သမီးကညာတို့၏ နှာမောင်းလက်တံဖြင့် အဖက်ခံရကုန်သော သစ်ပင် မင်းကြီးတို့သည်၊ သုဂန္ဓ ကိဉ္ဇက္ခဝရမ္ဗရေဟိ=ရနံ့ သင်းထုံ ပန်းဝတ်မှုံ တည်းဟူသော ခြုံရုံထည်လွှာ ဝတ်တန်းဆာတို့ဖြင့်၊ ဒိသင်္ဂနာယော=အရပ် ရှစ်မျက်နှာတည်းဟူသော သမီးကညာတို့ကို၊ အတိ သောဘယိံသု= ရှု၍မဆုံး မျှော်တိုင်းပြုံးအောင် နှလုံးရွှင်ဖွယ် ဆန်းတကြယ်ဖြင့် တင့်တယ် ဖွယ်ရာကြစေကုန်၏။

(ဇ) သုဂန္ဓဓူပေဟိ နဘံ အသေသံ၊
ပဝါသိတံ ရမ္မတရံ အဟောသိ။
သုရာသုရိန္ဒာ ဇနဝေသဓာရီ၊
သင်္ဂိတိယုတ္တာ ဝိစရိံသု သဗ္ဗေ။

(ဇ) နဘံ=ကောင်းကင် တစ်ပြင်လုံးသည်၊ သုဂန္ဓဓူပေဟိ= သင်းတ လှိုင်လှိုင် မွှေးပျံ့ကြိုင်သော အခိုးအထုံတို့ဖြင့်၊ အသေသံ=အကြွင်းမရှိ၊ ပဝါသိတံ=ထုံအပ်သည်ဖြစ်၍၊ ရမ္မတရံ=အတိုင်းထက် လွန်ကြူး၍ အထူးမွေ့လျော်ဖွယ်ရှိသည်၊ အဟောသိ=ဖြစ်၏၊ သဗ္ဗေ=အလုံးစုံကုန် သော၊ သုရာသုရိန္ဒာ=ဗိမာန်ပျော်ပါး နတ်သားနတ်မင်း အပေါင်းတို့သည်၊ ဇနဝေသဓာရီ=လူယောင်ဖန်ဆင်းကြကုန်လျက်၊ သင်္ဂိတိယုတ္တာ=ဘုန်းဖွဲ့ လင်္ကာ ကဗျာသီချင်းတို့ကို ညှင်းညှင်းတွဲ့တွဲ့ ဖွဲ့နွဲ့သီဆိုကြကုန်လျက်၊ ဝိစရိံသု=ထိုထိုဤဤ လှည့်လည်ပျော်ပါး လျောက်သွား ရောထွေးကာ နေကြလေကုန်၏။

(စျ) သဝေဏုဝီဏာ သုရဒုန္ဒုဘီ နဘေ၊
သကံသကံ စာရုသရံ ပမောစယုံ။
သပဗ္ဗတိန္ဒပ္ပုထုလောကဓာတုယာ၊
ဥဠာရ ဩဘာသစယော မနောရမော။

(စျ) နဘေ=ကောင်းကင်ပြင်၌၊ သဝေဏုဝီဏာ=နှဲ,ပြွေ, စောင်း ညှင်းနှင့်တကွ ဖြစ်ကုန်သော၊ သုရဒုန္ဒုဘီ=နတ်တို့၏ စည်, စောင်း, ပတ်သာ, တူရိယာ တို့သည်၊ သကံသကံစာရုသရံ=မိမိမိမိတို့နှင့်ဆိုင်ရာ ချိုသာချမ်းမြေ့ နှလုံးမွေ့ဖွယ်သောအသံကို၊ ပမောစယုံ=လွှတ်၍ မြည်ကြလေကုန်၏၊ သပဗ္ဗတိန္ဒပ္ပုထု လောကဓာတုယာ=မြင့်မိုရ်တောင် မင်းနှင့်တကွသော လောကဓာတ်ကြီးအတွင်း၌၊ မနောရမော=နှလုံး မွေ့လျော်ဖွယ်ရာဖြစ်သော၊ ဥဠာရဩဘာသစယော=မွန်မြတ်သော အရောင်ဝန်းကြီးသည်၊ အဟောသိ=ဖြစ်ပေါ်လာ၏။

(ည) ပိယံဝဒါ သဗ္ဗဇနာ အဟေသုံ၊
ဒိသာ အသေသာပိစ ဝိပ္ပသန္နာ။
ဂဇာ ဘိဂဇ္ဇိံသု နဒိံသု သီဟာ၊
ဟေသာရဝေါစာသိ တုရင်္ဂမာနံ။

(ည) သဗ္ဗဇနာ=အလုံးစုံသော လူများအပေါင်းတို့သည်၊ ပိယံဝဒါ= ဒေါသမဖက် မေတ္တာသက်၍ နှုတ်ထွက်သံညှင်း အချင်းချင်း လျှင် ချစ်တင်းပြောဆိုကြကုန်သည်၊ အဟေသုံ=ဖြစ်ကြကုန်၏၊ အသေသာ= ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊ ဒိသာပိစ=အရပ်မျက်နှာ တို့သည်လည်း၊ ဝိပ္ပသန္နာ=ဟင်းလင်းအပြင် ညစ်ကြေးစင်၍ ကြည်လင် ပွင့်လင်းကြကုန်၏၊ ဂဇာ=ပြောင်မွန်မာတင် ဆင်တိုင်း ဆင်တို့သည်၊ အဘိဂဇ္ဇိံသု=ဝမ်းမြောက် ဝမ်းသာ ကြိုးကြာသံဖွင့် ကျူးရင့် မြည်ဟီးကြကုန်၏၊ သီဟာ=ရွှေဂူစံချင်း သားမင်းတောစိုး ခြင်္သေ့မျိုးတို့သည်၊ နဒိံသု=ဝမ်းသာဝမ်းမြောက် ဟိန်းဟောက်ကျူးရင့်ကြကုန်၏၊ တုရင်္ဂမာနံ=မိုးပျံမြေနင်း အမြင်း မြင်းတို့၏၊ ဟေသာရဝေါစ=ဟီသံသည်လည်း၊ အာသိ=ဖြစ်လတ်၏။

(ဋ) မနုညဂန္ဓော မုဒုသီတလာနိလော၊
သုခပ္ပဒံ ဝါယိ အသေသဇန္တုနော။
အနေကရောဂါ ဒုပပီဠိတင်္ဂီနော၊
တတော ပမုတ္တာ သုခိနော သိယုံ ဇနာ။

(ဋ) မနုညဂန္ဓော=နှစ်သက်ဖွယ် ကြိုင်လှိုင်သောရနံ့ရှိသော၊ မုဒု သီတလာ နိလော=နူးညံ့အေးကြည်သော လေညှင်းသည်၊ အသေသ ဇန္တုနော=အလုံးစုံသော သတ္တဝါများအပေါင်း၏၊ သုခပ္ပဒံ=ချမ်းသာ ကြောင်းဖြစ်လေအောင်၊ ဝါယိ=ဖြူးဖြူးသုန်သုန် တထုံထုံတိုက်ခတ်လာ၏၊ အနေကရောဂါ ဒုပပီဠိတင်္ဂီနော=များသော ရောဂါဆိုးတို့ဖြင့် နှိပ်စက် အပ်သော ကိုယ်အင်္ဂါရှိကုန်သော၊ ဇနာ=ဒုက္ခိတသတ္တဝါ လူများစွာ တို့သည်၊ တတော=ထိုရောဂါဆိုးမှ၊ ပမုတ္တာ=ကင်းလွတ်ကြကုန်သည် ဖြစ်၍၊ သုခိနော=ချမ်းသာကြကုန်သည်၊ သိယုံ=ဖြစ်ကုန်၏၊

(ဌ) ဝိဇမ္ဘမာနာမိတဝါဠဓိဗီဇ၊
နိပ္ပဟာဘိရာမံ ဘုဝနံ အဟောသိ။
မဟိံ ဘိဘေတွာ စုဒကာနိ သန္ဒယုံ။
ဂမိံသု ခုဇ္ဇာ ဥဇုဂတ္တတံ ဇနာ။

(ဌ) ဘုဝနံ=လောကဓာတ်ကြီး တစ်ခုလုံးသည်၊ ဝိဇမ္ဘမာနာမိတ ဝါဠဓိဗိဇ နိပ္ပဟာဘိရာမံ=တလွှဲလွှဲ တဝင့်ဝင့်ခပ်အပ်သော အတိုင်း မသိသော သားမြီးယပ်တို့ကိုပယ်၍ ပကတိဓာတ်အားဖြင့် မွေ့လျော် ဖွယ်ရှိသည်၊ အဟောသိ=ဖြစ်၏၊ မဟိံ=မြေကြီးကို၊ အဘိဘေတွာ= ဖောက်ခွဲ၍၊ ဥဒကာနိစ=ရေတို့သည်လည်း၊ သန္ဒယုံ=ထွက်၍စီးဆင်းကြ ကုန်၏၊ ခုဇ္ဇာ=ကုန်းကွကြကုန်သော၊ ဇနာစ=လူ အပေါင်းတို့သည်လည်း၊ ဥဇုဂတ္တတံ=မားမားမတ်မတ် ဖြောင့်ဖြောင့်ရပ်နိုင်သော ကိုယ်ရှိသည်၏ အဖြစ်သို့၊ ဂမိံသု=ရောက်ကြလေကုန်၏။

(ဍ) အန္ဓာ ပင်္ဂုလ နစ္စာနိ၊
လီလောပေတာနိ ပေက္ခယုံ။
သုဏိံသု ဗဓိရာမူဂ၊
ဂီတိယောပိ မနောရမာ။

(ဍ) အန္ဓာ=မျက်စိအလင်း မရသောသူတို့သည်၊ လီလောပေတာနိ= စမ္ပါယ် ကွန့်မြူးခြင်းနှင့်ယှဉ်ကုန်သော၊ ပင်္ဂုလနစ္စာနိ=လက်သေ ခြေသေ ဆွံ့၍နေသော သူတို့၏ အကအခုန်တို့ကို၊ ပေက္ခယုံ=ဒိဋ္ဌထင်ထင် ရှုမြင် ကြရလေကုန်၏၊ ဗဓိရာပိ=နားပင်းသောသူတို့သည်လည်း၊ မနောရမာ= နှစ်သက်ဖွယ်ရှိကုန်သော၊ မူဂ ဂီတိယော=လူအ,တို့၏ သီချင်းဆိုသံတို့ကို၊ သုဏိံသု=ကြားကြရကုန်၏။

(¡) သီတလတ္တ မုပါဂဉ္ဆိ၊
အဝီစဂ္ဂီပိ တာဝဒေ။
မောဒိံသု ဇလဇာ တသ္မိံ၊
ဇန္တုဝေါ ပဟသိံသု ဝေ။

(¡) တာဝဒေ=အလောင်းမင်းသားကို ဖွားမြင်သော ထိုခဏ၌၊ အဝီစဂ္ဂီပိ= အဝီစိငရဲမီးသည်လည်း၊ ဝေ=စင်စစ်၊ သီတလတ္တံ=စန္ဒကူးတမျှ အေးမြချမ်းကြည်ခြင်းသို့၊ ဥပါဂဉ္ဆိ=ရောက်လေ၏၊ တသ္မိံ=ထိုအလောင်း မင်းသားကို ဖွားမြင်သော ခဏ၌၊ ဇလဇာ=ရေ၌ပေါက်ဖွား လိပ်,ငါး, ပုဇွန်စသည်တို့သည်၊ မောဒိံသု=ဆူးတောင်မြီးဖျား ခပ်ကစား၍ ပျော်ပါး မြူးထူးကြလေကုန်၏၊ ဇန္တဝေါစ=ရှိရှိသမျှသော သတ္တဝါအပေါင်းတို့ သည်လည်း၊ ပဟသိံသု=ရယ်မြူးပြုံးရွှင်ကြလေကုန်၏။

(ဏ) ခုပ္ပိပါသာဘိဘူတာနံ၊
ပေတာနံ အာသိ ဘောဇနံ။
လောကန္တရေပိ အာလောကော၊
အန္ဓကာရ နိရန္တရေ။

(ဏ) ခုပ္ပိပါသာဘိဘူတာနံ=ငတ်မွတ်ခြင်း ဘေးဒဏ်ဖြင့် သည်း မခံနိုင်အောင် နှိပ်စက်အပ်ကုန်သော၊ ပေတာနံ=ပြိတ္တာတို့အား၊ ဘောဇနံ=ဘုံးဘောလဩ ဖောဖောသီသီ အလီလီသော အစာအာဟာရ သည်၊ အာသိ=စားသောက်ဖို့ငှါ ဖြစ်ပေါ်လာ၏၊ အန္ဓကာရနိရန္တရေ= အမြဲမပြတ် အမှောင်ဓာတ်ဖုံး၍ မှောင်လုံးကျလျက်နေသော၊ လောကန္တရေပိ=လောကန္တရက် ငရဲဘုံ၌လည်း၊ အာလောကော=အရောင်အလင်း သည်၊ အာသိ=ဖြစ်ပေါ်လေ၏။

(တ) အတိရေကတရာ တာရာ၊
ဝဠီ စန္ဒ ဒိဝါ ကရာ။
ဝိရောစိံသု နဘေ ဘူမိ၊
ဂတာနိ ရတနာနိစ။

(တ) အတိရေက တရာ=ဆထက်တိုးပွါး တိုင်းထက်များကုန်သော၊ တာရာဝဠီစ=နက္ခတ်များစွာ ကြယ်တာရာ တည်းဟူသော ပန်းကုံးပန်းဆိုင်း တို့သည်လည်းကောင်း၊ စန္ဒဒိဝါကရာစ=ငွေယုန်စန်းဓာတ် နေပြာသာဒ် တို့သည်လည်းကောင်း၊ နဘေ=ကောင်းကင်၌၊ ဝိရောစိံသု=ပြောင်တ လက်လက် ပြိုးပြက် ထွန်းထိန်ကြလေကုန်၏၊ ဘူမိဂတာနိ=မြေ၌ တည်ကြကုန်သော၊ ရတနာနိစ=စိန်,မြ, ပတ္တမြား, ပြယိုးယားစသော ရတနာအမျိုးမျိုးတို့သည်လည်းကောင်း၊ ဝိရောစိံသု=ပြိုးတပြောင်ပြောင် တောက်လောင်ထိန်လင်းကြလေကုန်၏။

(ထ) မဟီတလာဒယော ဘေတွာ၊
နိက္ခမ္မ ဥပရူပရိ။
ဝိစိတ္တ ပဉ္စဝဏ္ဏာသုံ၊
သုဖုလ္လ ဝိပုလမ္ဗုဇာ။

(ထ) မဟီတလာဒယော=မြေပြင်, ရေပြင်, ကျောက်သားပြင် စသည်တို့ကို၊ ဘေတွာ=ဖောက်ခွဲ၍၊ နိက္ခမ္မ=လက်ငင်းရုတ်တရက် ပေါ် ထွက်ပေါက်လာကြကုန်သည်ဖြစ်၍၊ ဥပရူပရိ=တစ်ဆင့်ထက် တစ်ဆင့်၊ သုဖုလ္လဝိပုလမ္ဗုဇာ=အရုံအရုံ ခိုင်ငုံစွင့်စွင့် ကောင်းစွာပွင့်သော ကြာတော ကြာမြိုင်တို့သည်၊ ဝိစိတ္တပဉ္စဝဏ္ဏာ=နီ, ဖြူ, ညို, ပြာ ရွှေဝါထူးခြား အဆင်း ငါးပါးတို့ဖြင့် ထွေပြားဆန်းကြယ်ကြကုန်သည်၊ အာသုံ=ဖြစ်ကုန်၏။

(ဒ) ဒုန္ဒုဘာဒီ စာလင်္ကာရာ၊
အဝါဒိတ အဃဋ္ဋိတာ၊
အစ္စန္တ မဓုရံ နာဒံ၊
ပမုဉ္စိံသု မဟီတလေ။

(ဒ) မဟီတလေ=မြေအပြင်၌၊ ဒုန္ဒုဘာဒီ=ပတ်သာ, နှဲ, ပြွေ အစရှိကုန်သော၊ အလင်္ကာရာစ=တီးမှုတ်တန်ဆာ တူရိယာတို့သည်လည်း၊ အဝါဒိတ အဃဋ္ဋိတာ= မမှုတ်မတီးအပ်ကုန်ပဲ၊ အစ္စန္တမဓုရံ=စင်စစ်သာယာ ချိုအေးစွာသော၊ နာဒံ=နာဖွယ် ညိုးညံ ညှင်းတွဲ့သံကို၊ ပမုဉ္စိံသု= လွှတ်ကြလေကုန်၏။

(ဓ) ဗဒ္ဓါ သင်္ခလိကာဒီဟိ၊
မုစ္စိံသု မနုဇာ တတော။
ဘုဝနေ ဘဝနဒွါရ၊
ကဝါဋာ ဝိဝဋာ သယံ။

(ဓ) သင်္ခလိကာဒီဟိ=ခြေချင်းထိပ်နှောင်စသည်တို့ဖြင့်၊ ဗဒ္ဓါ=ဖွဲ့ နှောင်အပ်ကုန်သော၊ မနုဇာ=လူအပေါင်းတို့သည်၊ တတော=ထို အနှောင် အဖွဲ့မှ၊ မုစ္စိံသု=အလို လိုကျွတ်လွတ်ကြကုန်၏၊ ဘုဝနေ=လောကတစ်ခွင် ဘုံအပြင်၌၊ ဘဝနဒွါရ ကဝါဋာ=တိုက်, အိမ်, နန်းဘုံ လုံခြုံပိတ်ထား ရှိရှိသမျှသော တံခါးရွက်တို့သည်၊ သယံ=အလိုလို၊ ဝိဝဋာ=ကျိုးကျိုး ကျည်ကျည် အသံမြည်၍ စုံညီပွင့်လင်းကြလေကုန်၏။

(န) စေလုက္ခေပါ ဒယောစာပိ၊
ပဝတ္တေန္တာ ပမောဒိတာ။
ကီဠိံသု ဒေဝသင်္ဃာတေ၊
တာဝတိံသာ လယေ တဒါ။

(န) တဒါ=ထိုအလောင်းတော်မင်းသားကို ဖွားမြင်သောခဏ၌၊ တာဝတိံ သာလယေ=တာဝတိံသာနတ်ဘုံ၌၊ တေဒေဝသင်္ဃာ=ထိုနတ် အပေါင်းများစွာတို့သည်၊ ပမောဒိတာ=လွန်စွာဝမ်းမြောက်ကြကုန် သည်ဖြစ်၍၊ စေလုက္ခေပါဒယောစာပိ=ဘွဲ့ဖြူပုဆိုးမြှောက်ခြင်း, ပန်း ပေါက်ပေါက်ကြဲမြှောက်ခြင်း, လက်ပမ်း ပေါက်ခတ်ခြင်းစသည်တို့ကို၊ ပဝတ္တေန္တာ=ဖြစ်စေကြကုန်လျက်၊ ကီဠိံသု=နတ်ပွဲသဘင် ဆင်ယင်ကစား ပျော်ပါးရွှင်မြူးကြကုန်၏။

(ပ) ဣန္ဒီဝရာ ရဝိန္ဒာဒိ၊
ကုသုမာ အမ္ဗရာ တဟိံ။
ပတန္တိ ဝုဋ္ဌိဓာရာဝ၊
ဝိဇာတေ ဒွိပဒုတ္တမေ။

(ပ) ဒွိပဒုတ္တမေ=လူတို့ခေါင်ဖျား အလောင်းတော်မင်းသားသည်၊ ဝိဇာတေ=ဖွားမြင်တော်မူသည်ရှိသော်၊ တဟိံ=အလောင်းတော်မင်းသား ဖွားမြင်သော ထိုခဏ၌၊ ဣန္ဒီဝရာ ရဝိန္ဒာဒိကုသုမာ=ကြာညိုပန်းစသော ပန်းပေါင်းများစွာတို့သည်၊ အမ္ဗရာ=ကောင်းကင်ထက်မှ၊ ဝုဋ္ဌိဓာရာဝ=မိုးရေ အယာဉ်ကဲ့သို့၊ ပတန္တိ=ကျရောက်လာကြကုန်၏။

(ဖ) စာရုစန္ဒနစုဏ္ဏာဒိ၊
ဓူပဂန္ဓေဟိ နေကဓာ။
အနောကာသောသိ အာကာသော၊
ဝိဇာတေ လောကနာယကေ။

(ဖ) လောကနာယကေ=လူတို့ရှေ့သွား အလောင်းတော်မင်းသား သည်၊ ဝိဇာတေ=ဖွားမြင်တော်မူလာသည်ရှိသော်၊ အနေကဓာ=အလွန် တရာ များပြားစွာကုန်သော၊ စာရုစန္ဒနစုဏ္ဏာဒိဓူပဂန္ဓေဟိ=မွန်မြတ်သော စန္ဒကူးမှုန့် အစရှိသော ထုံမှုန့်နံ့သာတို့ဖြင့်၊ အာကာသော=ကောင်းကင် တစ်ပြင်လုံးသည်၊ အနောကာသော=မဆန့်နိုင်သည်၊ အာသိ=ဖြစ်လတ်၏။

(ဗ) ရတနုဇ္ဇလ ဆတ္တေဟိ၊
စာရုဟေမဒ္ဓဇေဟိစ။
အနောကာသောသိ အာကာသော၊
ဝိဇာတေ သကျကုဉ္ဇရေ။

(ဗ) သကျကုဉ္ဇရေ=သာကီထွတ်ထား အလောင်းတော်မင်းသား သည်၊ ဝိဇာတေ=ဖွားမြင်တော်မူသည်ရှိသော်၊ ရတနုဇ္ဇလ ဆတ္တေဟိ= ရတနာရောင် ပြောင်ပြောင်ထိန်ညီး ထီးဖြူကြီးတို့ဖြင့်လည်းကောင်း၊ စာရုဟေမဒ္ဓဇေဟိစ= တင့်တယ်ကောင်းမွန် ရွှေတံခွန်ကြီးတို့ဖြင့်လည်း ကောင်း၊ အာကာသော=ကောင်းကင်တစ်ခွင်လုံးသည်၊ အနောကာသော= မဆန့်နိုင်သည်၊ အာသိ=ဖြစ်လတ်၏။

(ဘ) သုရင်္ဂနာဟိ သင်္ဂိတိံ၊
ဂါယန္တီဟိ အနေကဓာ။
အနောကာသောသိ အာကာသော၊
ဝိဇာတေ နန္ဒိဝဍ္ဎနေ။

(ဘ) နန္ဒိဝဍ္ဎနေ=နှစ်သက်ခြင်းဓာတ် ပွားစေတတ်သည့် လောင်း မြတ်ဘုရား သျှင်မင်းသားသည်၊ ဝိဇာတေ=ဖွားတော်မူသည်ရှိသော်၊ အနေကဓာ=များသောအားဖြင့်၊ သင်္ဂိတိံ=ဘုန်းတော်ဘွဲ့ သီချင်းများကို၊ ဂါယန္တီဟိ=သံပြိုင်သံညီ ဆိုသီ ကျူးရင့်ကြကုန်သော၊ သုရင်္ဂနာဟိ=လှဆန်း ဖွယ်ရာ နတ်ကညာတို့ဖြင့်၊ အာကာသော=ကောင်းကင်ကြီးတစ်ခွင်လုံး သည်၊ အနောကာသော=မဆန့်နိုင်သည်၊ အာသိ=ဖြစ်လတ်၏။

(မ) ဇယနာဒံ နဒန္တေဟိ၊
မဟာဗြဟ္မေဟိ နေကဓာ။
အနောကာသောသိ အာကာသော၊
ဝိဇာတေ ဗျာမဘာဇလေ။

(မ) ဗျာမဘာဇလေ=တစ်လံမျှသော ကိုယ်တော်ရောင်ဖြင့် ထွန်းပြောင်ထင်ရှား လောင်းမင်းသားသည်၊ ဝိဇာတေ=ဖွားတော်မူသည် ရှိသော်၊ အနေကဓာ=များသောအားဖြင့်၊ ဇယနာဒံ=အောင်စေ, အောင် စေ အောင်သံတွေကို၊ နဒန္တေဟိ=ကြွေးကြော်ကျူးရင့်ကြကုန်သော၊ မဟာဗြဟ္မေဟိ=ဗြဟ္မာကြီးတို့ဖြင့်၊ အာကာသော=ကောင်းကင်ကြီး တစ်ခွင်လုံးသည်၊ အနောကာသော=မဆန့်နိုင်သည်၊ အာသိ=ဖြစ်လတ်၏။

[ဘုရားဖြစ်တော်မမူမီ ပုထုဇ္ဇန်အဖြစ်ဖြင့် ဖွားတော်မူကာစ၌ပင်လျှင် ဤမျှ လောက် ကြီးကျယ်သော အံ့ဖွယ်သရဲကြီးတွေ ဖြစ်ပေါ်သည်ကို ထောက်သဖြင့် ဘုရားဖြစ်တော်မူသောအခါကာလစသည်တို့၌ အံ့ဖွယ်သရဲ နိမိတ်ကြီးတွေ ဖြစ်ပေါ်ပုံကို အထူးမဆိုသော်လည်း သိသင့်လေပြီ။]

---*---

ပဘာကိုယ်ရောင် အမျိုးမျိုးဆောင်၏

ထိုမှတစ်ပါး---သုံးဆဲ့နှစ်ပါးသော ယောကျ်ားမြတ်တို့၏ လက္ခဏာကြီးတို့နှင့်လည်းကောင်း လက္ခဏာတော်ငယ် ရှစ်ဆယ်တို့နှင့် လည်းကောင်း ပြည့်စုံတော်မူသည်ဖြစ်၍ တင့်တယ်သော အလားရှိသော ကြောင့် သုဂတမည်တော်မူသည်၊ ထိုမှတစ်ပါး အဋ္ဌကထာကျမ်းဂန်တို့၌ လာရှိကုန်သော အင်္ဂိရသပဘာ, ဗျာမပ္ပဘာ, အသီတိပဘာ, အနန္တပဘာ, ကေတုမာလာပဘာ, ဥဏ္ဏာပဘာ, ဒါဌာပဘာအစရှိသည့် ကိုယ်တော် ရောင်အမျိုးမျိုးနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ အရောင်အလင်းအားဖြင့် တင့်တယ်ခြင်းရှိတော်မူသောကြောင့်လည်း သုဂတ မည်တော်မူသည်။

[လက္ခဏာတော်ကြီး ၃၂-ပါး, လက္ခဏာတော်ငယ် ၈၀-တို့နှင့်တကွ အင်္ဂိရသ ပဘာစသော ရောင်ခြည်တော်အမျိုးမျိုးတို့ကို ဘဂဝါဂုဏ်တော်အဖွင့်တွင် ထင်ရှားစွာ ပြဆိုလတ္တံ့။]

အလောင်းတော်မင်းသား ဖွားမြင်တော်မူပြီးသောအခါ လက္ခဏာ ဖတ်သော ပုဏ္ဏားတို့က ဤမင်းသားသည် စကြဝတေးမင်းသော်လည်း ကောင်း, ဘုရားရှင်သော်လည်းကောင်း ဖြစ်လတ္တံ့၊ ဤဂတိနှစ်ပါးသာလျှင် ရှိ၏၊ အခြား ဖြစ်ရန် အကြောင်းမရှိဟူ၍ လျှောက်တင်ကြသောစကားကို ခမည်းတော် သုဒ္ဓေါဓနမင်းကြီး ကြားတော်မူသောအခါ သားတော် မင်းသားကို ဘုရားမဖြစ် စေလို စကြဝတေး စည်းစိမ်နှင့် ခံစားသည်ကိုသာ မြင်လိုသောကြောင့် တစ်ဆယ့်ခြောက်နှစ်ရွယ်ရှိသောအခါ ပြာသာဒ် သုံးဆောင်ကို ဆောက်လုပ်၍ မင်းအဖြစ်၌ အဘိသိက်သွန်းပြီးလျှင် ထီးနန်းစည်းစိမ်ကိုလွှဲအပ်တော်မူ၏၊ အလောင်းတော် ယောကျ်ားမြတ် သည် တစ်ဆယ့်သုံးနှစ်တို့တိုင်တိုင် နတ်ချမ်းသာနှင့်တူသော မင်းစည်းစိမ် ကို ခံစားတော်မူ၏ဟူ၍ တိကင်္ဂုတ္တရဒေဝဒူတသုတ်၌ ဆိုသည်၊ ထိုသို့ မင်းစည်းစိမ်ကို ခံစား၍နေရာ စကြဝတေးမင်း မဖြစ်၊ မင်းသာမန်မျှသာ ဖြစ်တော်မူသည်၊ အဘယ့်ကြောင့်နည်းဆိုသော် စက္ကဝတ္တိသုတ်၌လာ သော စကြာမင်းဖြစ်ရန် ကျင့်ဝတ်တို့ကို မဖြည့်ကျင့်သောကြောင့်သာလျှင် စကြာမင်းဖြစ်တော် မမူဘဲရှိသည်၊ အကယ်၍ ဖြည့်ကျင့်ပါမူကား အမှန် စင်စစ် စကြဝတေးမင်းကြီး ဖြစ်တော်မူလိမ့်မည်ဟူ၍ ကေစိဆရာတို့က အကြောင်းပြ၍ ဆိုကြကုန်၏။

အပရေ ဆရာတို့၏အဆိုမှာ အန္တိမဘဝိက ဖြစ်တော်မူသော ယောကျ်ား မြတ်အား စကြဝတေးမင်းတို့၏ ကျင့်ဝတ်ကို ဖြည့်ကျင့်ရန် အကြောင်းမရှိချေ၊ ခြေဖဝါးတော်၌ထင်သော တစ်ရာ့ရှစ်ကွက်သော စက်လက္ခဏာတို့တွင် စကြဝတေးမင်း၏ အရုပ်သည် ထင်ရှားစွာပါရှိ၏၊

စကြဝတေးမင်းဖျား ခြေဖဝါးတွင်နား

စကြဝတေးမင်းရုပ် ခြေဖဝါးတွင်ကပ်၍ပါရှိသော ယောက်ျား မြတ်အား စကြဝတေးမင်းဖြစ်ရန်အခွင့်မရှိ၊ ကောဏ္ဍညပုဏ္ဏားငယ်သည် ခြေဖဝါး၌ ထိုစကြဝတေးမင်းရုပ်ကို မြင်သောကြောင့် ဆရာပုဏ္ဏား ကြီးတို့က ဤမင်းသားမှာ ဂတိနှစ်ပါးရှိ၏ဟူ၍ နှစ်ကြောင်းနှစ်ခွ ဟောထားသော အချက်ကိုပယ်၍ ဤမင်းသားမှာ ဂတိနှစ်ပါး မရှိ၊ ဂတိတစ်ပါးသာလျှင်ရှိ၏၊ အိမ်ယာထောင်သော လူ့ဘောင်မှထွက်၍ ရဟန်းပြုလတ္တံ့၊ လောကကြီး၌ မောဟတည်းဟူသော အမိုက်မှောင်ကို ဖွင့်လှစ်၍ သစ္စာလေးပါးကို ကိုယ်တိုင်သိမြင်လျက် ပူဇော် အထူးကို ခံထိုက်သော လောကထွတ်ထား ဘုရားစင်စစ် ဖြစ်တော်မူလတ္တံ့ဟူ၍ တစ်ပါးတည်းသော ဘုရား၏ဂတိကိုသာ တစ်ချက်လွှတ် ဟောကြားပြီး လျှင် ထိုပုဏ္ဏားငယ်သည် အိမ်သို့ပြန်ရောက်သောအခါ ပုဏ္ဏားလုလင်ပျို လေးယောက်ကိုခေါ်၍ မိမိနှင့်တကွ ပဉ္စဝဂ္ဂီအသင်းဖွဲ့ပြီးလျှင် ရှေးဦးစွာ ရဟန်းပြုပြီးလျှင် မြတ်စွာဘုရားကို စောင့်၍နေလေသည်ဟု ဆိုကြကုန်၏၊ ဤသို့ လူ့အဖြစ်သို့ ရောက်တော်မူသောအခါ လူတကာတို့ထက် ကဲလွန် သော စည်းစိမ်ဂုဏ်သိရ် ကျက်သရေတို့နှင့် ပြည့်စုံသည်ဖြစ်၍လည်း ကောင်း မြတ်သောအလားဂတိ ရှိသောကြောင့် သုဂတမည်တော်မူသည်။

ဂတိဆယ်ပါး ပြည့်စုံငြား၏

ထို့ပြင်တစ်ပါးလည်း----တင့်တယ်မြင့်မြတ်ကုန်သော ဂေါတ္တ ဂတိ, ဇာတိ ဂတိ, ဉာတိဂတိ, ကုလဂတိ, ပုညဂတိ, သီလဂတိ, သမာဓိ ဂတိ, ပညာဂတိ, ဝိမုတ္တိ ဂတိ, ဝိမုတ္တိဉာဏဒဿနဂတိတို့နှင့် ပြည့်စုံတော် မူသည်ဖြစ်၍လည်း သုဂတ မည်တော်မူသည်။

ဂေါတ္တဂတိ ဆိုသည်ကား အစဉ်အတိုင်း ဆင်းသက်လာသော အနွယ်တော် ပေတည်း၊ ဘုရားမြတ်စွာသည် အာဒိစ္စဂေါတ္တ နေမင်းအနွယ် ဟုဆိုအပ်သော ကမ္ဘာဦး မဟာသမ္မတမင်းမှစ၍ မကွဲမပြား အစဉ်မပြတ် သော ခတ္တိယဝံသ အနွယ်မှ ဆင်းသက်လာသော ပုဂ္ဂိုလ်မြတ်ကြီးပေ တည်း၊ ထို့ကြောင့် မြတ်စွာဘုရားအား ကောင်းမြတ်သောအနွယ် ဂေါတ္တဂတိရှိတော်မူသည်။

ဇာတိဂတိ ဆိုသည်ကား အာဒိစ္စဝံသအနွယ်ထဲမှ တဖန်ထူးခြား ပြန်၍ ဥက္ကာမုခမင်းမှစပြီးလျှင် မကွဲမပြား အစဉ်မပြတ်ခဲ့သော သာကိယ ဇာတ်ကို ဆိုသည်၊ မြတ်စွာဘုရားသည် ထိုသာကိယဇာတ်မှ ဖွားမြင် တော်မူသော ပုဂ္ဂိုလ်ကြီးပေတည်း၊ ထို့ကြောင့် မြတ်စွာဘုရားအား ကောင်းမြတ်သောအမျိုးဟုဆိုအပ်သော ဇာတိဂတိရှိတော်မူသည်။

ထို့ကြောင့် သုတ္တနိပါတ်ပဗ္ဗဇသုတ်၌--

အာဒိစ္စောနာမ ဂေါတ္တေန၊

သာကိယောနာမ ဇာတိယာ။

တမှာ ကုလာ ပဗ္ဗဇိတော၊

န ကာမေ အဘိပတ္ထယေ။

ဟူ၍ ဗိမ္ဗိသာရမင်းကြီးအား ဘုရားအလောင်းတော်မြတ် မိန့်ကြား တော်မူလေသည်။

မဟာရာဇ=ဗိမ္ဗိသာရမင်းကြီး၊ အဟံ=ငါသည်ကား၊ ဂေါတ္တေန= အနွယ်အားဖြင့်၊ အာဒိစ္စောနာမ=အာဒိစ္စ အမည်ရှိတော်မူ၏၊ ဇာတိယာ= အမျိုးဇာတ်အားဖြင့်၊ သာကိယောနာမ=သာကိယမည်တော်မူ၏၊ တမှာ ကုလာ=ထိုသာကိယ မျိုးအပေါင်းမှ၊ ပဗ္ဗဇိတော=ရဟန်းပြုလာခဲ့ပေ၏၊ ကာမေ=ကာမဂုဏ်စုတ် စည်းစိမ်ယုတ်တို့ကို၊ န အဘိပတ္ထယေ=ငါ မတောင့်တချေ။

တစ်နည်းဂတိ နှစ်ပါးရှိ

ထို့ပြင်တစ်ပါး မြတ်စွာဘုရားသည် သွေးချင်းသားချင်းနှီးရင်း လှစွာသော ဆွေတော်ပေါင်း မျိုးတော်ပေါင်းဟုဆိုအပ်သော ဉာတိ, ကုလဂတိအားဖြင့်လည်း မြင့်မြတ်တော်မူသည်၊ ထိုစကားမှန်၏၊ ဒေဝဒဟ, ကောလိယ, ကပိလဝတ် ဟုဆိုအပ်သော သုံးပြည်ထောင်၌ စိုးအုပ်နေထိုင်ကြကုန်သော မယ်တော်၏ ဖက်မှ ရှစ်သောင်း ခမည်း တော်ဖက်မှ ရှစ်သောင်း ဤသို့တစ်သိန်း ခြောက်သောင်းသော ဆွေတော် မျိုးတော်အပေါင်းတို့ဖြင့် ခြံရံတော်မူအပ်သည်ဖြစ်၍ တင့်တယ်တော်မူ၏။

ဘုန်းကံတည်းဟူသော ပုညဂတိ ပုညဂတိ အားဖြင့်လည်း မြတ်စွာ ဘုရားအား တင့်တယ်တော်မူသည်၊ အကြင်အကြင် ရှေးဘုန်းရှေးကံ အထူးတို့ကြောင့် ထိုထို မဟာပုရိသလက္ခဏာတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုရှေးဘုန်းရှေးကံတို့နှင့် မဟာပုရိသလက္ခဏာတော်ကြီးများကို ဘဂဝါဂုဏ်တော်၌ ပြဆိုလတ္တံ့၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပူးတော်မူအပ်ကုန်သော ရှေးဘုန်းရှေးကံ တို့သည် အတုမရှိအောင် အထုအထည်ကြီးမား၍ အတုမရှိအောင် မြင့်မြတ်တော်မူလေသည်၊ မြတ်စွာဘုရားကိုယ်တော်မြတ် တစ်ပါး တည်း၏ ရှေးဘုန်း ရှေးကံတော်များကို ကမ္ဘာအနန္တတို့၌ ရှိရှိသမျှသော လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့၏ ဘုန်းကံတို့နှင့် ပြိုင်နှုန်းသော်လည်း မြင့်မိုရ်တောင်ကြီးနှင့် ကျောက် စရစ်ခဲပမာ အလွန်တရာ ကွာခြားလှ လေသည်။

မြတ်စွာဘုရား၏ အကျင့်သီလတော်များသည်လည်း တင့်တယ် ကောင်းမြတ်တော်မူသည်၊ မဇ္ဈိမပဏ္ဏာသ စတုတ္ထဝဂ် ဗာဟီတိက သုတ်၌ မြတ်စွာဘုရား၏ သုံးပါးကုန်သော ကာယကံ, ဝစီကံ, မနောကံ တို့၏ ထွတ်မြတ်စင်ကြယ်ကြောင်းကို ဟောတော်မူ၏၊ မြတ်စွာဘုရား၏ ကံသုံးပါးသည် ဉာဏ်တော်နှင့် လွတ်ကင်းသည် ဟူ၍ မရှိ၊ ဉာဏ်တော် ရှေ့သွား၍ ဉာဏ်တော်ပြဋ္ဌာန်းလျက်ပင် ရှိလေသည်။

မြတ်စွာဘုရား၏ သမာဓိတော်မြတ်သည်လည်း ကောင်းမြတ် တင့်တယ်၏၊ သမာဓိဟူသောစကားဖြင့် သမာဓိက္ခန္ဓတွင် အကျုံးဝင်သော စျာန်သမာပတ်တို့ကို ယူအပ်ကုန်၏၊ ကသိုဏ်းစျာန်တို့၏ အကျိုးဖြစ်သော အဘိညာဏ်ခြောက်ပါး တို့ကိုလည်း ယူအပ်ကုန်၏၊ ထို အဘိညာဏ် တို့ကို ဝိဇ္ဇာစရဏသမ္ပန္နဟူသောပုဒ်၌ ပြဆိုအပ်ပြီ၊ မြတ်စွာဘုရားသည် စျာန်, ဝိမောက္ခ, သမာဓိ, သမာပတ္တိတို့၏ ညစ်နွမ်းမှု, စင်ကြယ်မှုတို့ကို ဆင်ခြင်နိုင်ခြင်းတည်းဟူသော ၇-ဆင့်မြောက်သော ပဋိသင်္ခါနဗလ သတ္တမအားနှင့် ပြည့်စုံတော်မူသည်၊ အားရှစ်ပါးရှိသည်တွင် စျာန်စ သည်ကို ဆင်ခြင်နိုင်သောအားသည် သတ္တမအား ဖြစ်၏၊

အားရှစ်ပါးကား

အဋ္ဌိမာနိ ဘိက္ခဝေ ဗလာနိ၊ ကတမာနိ အဋ္ဌ၊ ရုဏ္ဏဗလာ ဘိက္ခဝေ ဒါရကာ၊ ကောဓဗလာ မာတုဂါမာ၊ အာဝုဓဗလာ စောရာ၊ ဣဿရိယဗလာ ရာဇာနော၊ ဥဇ္ဈတ္တိဗလာ ဗာလာ၊ နိဇ္ဈတ္တိဗလာ ပဏ္ဍိတာ၊ ပဋိသင်္ခါနဗလာ ဗဟုဿုတာ၊ ခန္တိဗလာ သမဏဗြာဟ္မဏာ၊ ဣမာနိ ခေါ ဘိက္ခဝေ အဋ္ဌ ဗလာနီတိ၊ (အဋ္ဌနိပါတ် အဋ္ဌင်္ဂုတ္တိုရ်ပါဠိတော်)

ဘိက္ခဝေ=ရဟန်းတို့၊ ဗလာနိ=အားတို့သည်၊ ဣမာနိအဋ္ဌ=ဤရှစ်ပါး တို့ပေတည်း၊ ကတမာနိ အဋ္ဌ=အဘယ်ရှစ်ပါးတို့နည်းဟူမူကား-၊ ဘိက္ခဝေ=ရဟန်းတို့၊ (၁) ဒါရကာ=သူငယ်တို့သည်၊ ရုဏ္ဏဗလာ=ငိုခြင်းလျှင် အားအင်ရှိကြကုန်၏၊ (၂) မာတုဂါမာ=မိန်းမတို့သည်၊ ကောဓဗလာ= အမျက်ထွက်ခြင်းလျှင် အားအင် ရှိကြကုန်၏၊ (၃) စောရာ=ခိုးသူတို့သည်၊ အာဝုဓဗလာ=လက်နက်လျှင် အားအင်ရှိကြကုန်၏၊ (၄) ရာဇာနော= မင်းတို့သည်၊ ဣဿရိယဗလာ=အစိုးရခြင်းလျှင် အားအင်ရှိကြကုန်၏၊ (၅) ဗာလာ=သူမိုက်တို့သည်၊ ဥဇ္ဈတ္တိဗလာ=မြော်မြင်လွတ်ကင်း ကဲ့ရဲ့ခြင်း လျှင် အားအင်ရှိကြကုန်၏၊ (၆) ပဏ္ဍိတာ=ပညာရှိတို့သည်၊ နိဇ္ဈတ္တိ ဗလာ=မြော်မြင်ရှုစားခြင်းလျှင် အားအင်ရှိကြကုန်၏၊ (၇) ဗဟုဿုတာ= အကြားအမြင်များသောပုဂ္ဂိုလ်တို့သည်၊ ပဋိသင်္ခါနဗလာ=အရာရာ၌ ကောင်းစွာဆင်ခြင်ခြင်းလျှင် အားအင်ရှိကြကုန်၏၊ (၈) သမဏ ဗြာဟ္မဏာ=ရဟန်းပုဏ္ဏားတို့သည်၊ ခန္တိဗလာ=သည်းခံခြင်းလျှင် အားအင် ရှိကြကုန်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ ဗလာနိ=အားအင်တို့သည်၊ ဣမာနိ အဋ္ဌ=ဤရှစ်ပါးတို့ပေတည်း။

[ဤအားရှစ်ပါးတို့တွင် ပဋိသင်္ခါနဗလသည် သတ္တမမြောက်ဖြစ်သော အားဖြစ်၏၊ ဤပါဠိတော်၌ သည်းခံခြင်းတည်းဟူသော ခန္တိအားသည် ရှစ်ခုမြောက်ဖြစ်၏၊ ဤရှစ်ခု မြောက်ကိုရည်၍ ပါရမီခန်း၌-“ပရမံတပေါ်၊ ခန္တိကျော်ဟု၊ သူတော်အကျင့်၊ အားရှစ်ဆင့်” ဟူ၍စပ်ဆိုတော်မူလေသည်။]

နယသာဂရ။။မြတ်စွာဘုရား၏ ပညာတော်အလား သည်လည်း တင့်တယ်မြင့်မြတ်၏၊ ပညာ၏ တင့်တယ်မြင့်မြတ်ကြောင်း ကို မြင့်မြတ်ဆန်းကြယ်သော ပိဋကတ်သုံးပုံ ဒေသနာတော်တို့ကို ကြည့်ရှု ဆင်ခြင်ခြင်းအားဖြင့် သိနိုင်လေသည်၊ ထိုပိဋကတ်သုံးပုံတို့သည် မြင့်မြတ်တင့်တယ်သော မြတ်စွာဘုရား၏ ဉာဏ်တော်မှဖြစ်ကြကုန်သည်၊ သာဂရလေးပါးတို့တွင် မြတ်စွာ ဘုရား၏ သဗ္ဗညုတာ ဉာဏ်တော်သည် ဉာဏသာဂရဖြစ်၏၊ (ဉာဏ်တော် သမုဒ္ဒရာဆိုလိုသည်) မြတ်စွာဘုရား သည် ဉာဏသာဂရတည်းဟူသော ဉာဏ်တော် ပင်လယ်ဖြင့် ဟောတော် မူအပ်သောပဋ္ဌာန်း ဒေသနာတော်မြတ်သည် အကြောင်းအကျိုး ဆက်သွယ်ပုံ နည်းပေါင်းစုံ ပင်လယ်ကြီးဖြစ်၍ နယသာဂရနယသာဂရ မည်၏၊ အကျိုးဖြစ်သော ပိဋကတ်တော်၏ တင့်တယ်မြင့်မြတ်ခြင်းဖြင့် အကြောင်း ဖြစ်သော ဉာဏ်တော်၏ တင့်တယ်မြင့်မြတ်ကြောင်းလည်း ထင်ရှားလေ သည်၊ ထိုမှတစ်ပါး ဒသဗလဉာဏ်တော်ဆယ်ပါး, အသာဓာရဏဉာဏ် တော် ခြောက်ပါးတို့ကို ဆင်ခြင်သဖြင့်လည်း မြတ်စွာဘုရား၏ ဉာဏ် တော်အလား၏ တင့်တယ် မြင့်မြတ်ကြောင်းကို ကောင်းစွာသိနိုင် လေသည်။

[ဒသဗလဉာဏ်တော် ဆယ်ပါးကို သမ္မာသမ္ဗုဒ္ဓဂုဏ်တော် ဖွင့်တွင်ပြဆိုခဲ့ပြီ၊ အသာဓာရဏ ဉာဏ်တော်ခြောက်ပါး ကိုပြဆိုလတ္တံ့အတိုင်းမှတ်ရာ၏၊]

၁။ သတ္တဝါအများတို့၌ လွန်စွာသနားကြင်နာခြင်းနှင့် စပ်ယှဉ်သော ဉာဏ် တော်သည် မဟာကရုဏာ သမာပတ္တိဉာဏ် မည်၏။

၂။ ရေ မီးအစုံအစုံ ဖန်ဆင်း၍ တန်ခိုးပြဋိဟာ ပြတော်မူခြင်း နှင့်စပ်သော ဉာဏ်တော်သည် ယမကပါဋိဟာရိယဉာဏ် မည်၏။

၃။ သတ္တဝါတို့၏အလို အဇ္ဈာသယကို ကျနဟုတ်မှန်စွာ သိတော် မူသော ဉာဏ်သည် အာသယာနုသယဉာဏ်မည်၏။

၄။ သတ္တဝါတို့၏ဏိကံ=တစ်ပါးသော ပုဂ္ဂိုလ်တို့နှင့်မဆိုင် ဘုရား တို့သာ ပိုင်ဆိုင်သော အသာဓာရဏဉာဏ်တော် ခြောက်ပါးကို၊ မတံ=သိအပ်၏။

မြတ်စွာဘုရား၏ ဝိမုတ္တိနှင့် ဝိမုတ္တိဉာဏဒဿနတို့သည် တင့်တယ် မြင့်မြတ်ကုန်၏၊ အရဟတ္တဖိုလ်ကို ဝိမုတ္တိဆိုသည်၊ အရဟတ္တဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်ဇောများကို ဝိမုတ္တိဉာဏဒဿန ဆိုသည်။

အခြားသော ပုဂ္ဂိုလ်တို့၏ ဝိမုတ္တိ, ဝိမုတ္တိဉာဏဒဿနတို့ထက် တင့်တယ် မြင့်မြတ်သည်ကို သောဘဏဆိုသည်၊ ဤသို့ ပြဆိုအပ်ကုန် ပြီးသော ဂေါတ္တဂတိ စသည်တို့နှင့် ပြည့်စုံတော်မူသောကြောင့် သုဂတမည်တော်မူသည်။

သောဘဏာ ဂတိ အဿာတိ သုဂတော။

အဿ=ထိုမြတ်စွာဘုရားအား၊ သောဘဏာ=တင့်တယ်မြင့်မြတ် သော၊ ဂတိ=အနွယ်အမျိုးစသော ဂတိအလားသည်၊ အတ္ထိ=ရှိတော်မူ၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ သုဂတော=သုဂတမည်တော်မူ၏။

ထိုမှတစ်ပါးလည်း---မင်းပညာရှိ, ပုဏ္ဏားပညာရှိ, သူဌေး ပညာရှိ, နတ် ပညာရှိ, သိကြားပညာရှိ, ဗြဟ္မာပညာရှိ, ရဟန်းပညာရှိတို့၏ အထူးသဖြင့် ချီးကျူးအပ်ကုန်သော ဂုဏဂတိဂုဏ်တော်အလားနှင့်ပြည့်စုံ တော်မူသောကြောင့်လည်း သုဂတမည်တော်မူသည်။

ထိုစကားရပ်၌ မဇ္ဈိမပဏ္ဏာသပါဠိတော် လေးခုမြောက်ဖြစ်သော ရာဇဝဂ် ဓမ္မစေတိယသုတ်၌ ကောသလမင်းကြီးသည် မြတ်စွာဘုရားအား ချီးမွမ်းလေ၏၊ သီလက္ခန်ပါဠိတော်၌ သောဏဒဏ္ဍစသော ပုဏ္ဏားပညာ ရှိတို့သည် မြတ်စွာဘုရား၏ဂုဏ်တော်တို့ကို ချီးမွမ်းကြကုန်၏၊ မဇ္ဈိမ ပဏ္ဏာသ ငါးခုမြောက် ဗြာဟ္မဏဝဂ်၌လည်းကောင်း, သုတ္တနိပါတ်၌လည်း ကောင်း, သေလမည်သော ပုဏ္ဏားပညာရှိကြီးသည် မြတ်စွာဘုရားကို များစွာသောဂါထာတို့ဖြင့် ချီးမွမ်းလေ၏၊ မဇ္ဈိမပဏ္ဏာသ ပထမဝဂ် ဥပါလိသုတ်၌ ဥပါလိသူဌေး ပညာရှိကြီးသည် မြတ်စွာ ဘုရားကို များစွာသောဂါထာတို့ဖြင့် ချီးမွမ်းလေ၏၊ ဒေဝတာသံယုတ်, ဒေဝပုတ္တ သံယုတ်တို့၌ နတ်ပညာရှိတို့သည် မြတ်စွာဘုရားအား များစွာသော ဂါထာတို့ဖြင့် ချီးမွမ်းလေကုန်၏၊ မဟာဂေါဝိန္ဒသုတ်၌ သိကြားပညာရှိ ဗြဟ္မာပညာရှိတို့သည် မြတ်စွာဘုရားကို များစွာသောဂုဏ်ပုဒ်တို့ဖြင့် ချီးမွမ်းကြကုန်၏၊ သဂါထာဝဂ္ဂ ဝင်္ဂီသသံယုတ်၌ အရှင်ဝင်္ဂီသမည်သော ရဟန်းပညာရှိသည် မြတ်စွာဘုရားကို များစွာသောဂါထာတို့ဖြင့် ချီးမွမ်းလေ၏၊ ဤသို့လျှင် လူ့ပြည်,နတ်ပြည်, ဗြဟ္မာပြည်တို့၌ ကျက်သရေ ဆင့်ဆင့် ဂုဏ်ကြီးမြင့်ကြကုန်သော မင်းပညာရှိစသည်တို့၏ အလွန် အကျူး အထူးချီးမွမ်းအပ်သော ဂုဏ်တော်အမြင့်အမြတ်တို့နှင့် ပြည့်စုံ တော်မူသောကြောင့်

ဝိဂြိုဟ်သုံးချက် သုဂတမြွက်

“သောဘဏာ ဂတိ အဿာတိ သုဂတော” အဿ=ထိုမြတ်စွာဘုရားအား၊ သောဘဏာ=တင့်တယ်မြင့် မြတ်သော၊ ဂတိ=ဂုဏ်တော်အလားသည်၊ အတ္ထိ=ရှိတော်မူ၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ သုဂတော=သုဂတမည်တော်မူ၏။

ထိုပြင်တစ်ပါး----ဤမျက်မှောက်ဘဝ၌ပင်လျှင် ချမ်းသာ တစ်ခုဖြင့် ချမ်းသာတစ်ခုကို ရရှိခြင်း, ချမ်းသာတစ်ဆင့်မှ ချမ်းသာ တစ်ဆင့်သို့ ရောက်ခြင်းကြောင့်လည်း သုဂတမည်တော်မူသည်။

“သုခေန သုခံ ဂစ္ဆတီတိ သုဂတော” သုခေန=ချမ်းသာတစ်ခုဖြင့်၊ သုခံ=ချမ်းသာတစ်ခုသို့၊ ဂစ္ဆတိ= ရောက်တော်မူ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သုဂတော=သုဂတမည် တော်မူ၏၊

“သုခတော သုခံ ဂစ္ဆတီတိ သုဂတော”

သုခတော=ချမ်းသာတစ်ဆင့်မှ၊ သုခံ=ချမ်းသာတစ်ဆင့်သို့၊ ဂစ္ဆတိ= ရောက်တော်မူ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သုဂတ မည်တော် မူ၏။

ချမ်းသာတစ်ခုဖြင့် ချမ်းသာတစ်ခုသို့ ရောက်ပုံမှာ အကြင်သူ တို့သည် ဤမြတ်စွာဘုရား၏ သာသနာတော်၌ ကျင့်စဉ်နည်းလမ်းရှိသော အတိုင်း တရားတို့ကို အပြည့်အစုံကျင့်ကြလေကုန်၏၊ ထိုသူတို့သည် ဤမျက်မှောက် ဘဝ၌ပင်လျှင် ချမ်းသာတစ်ခုဖြင့် ချမ်းသာတစ်ခုကို ရရှိသည်မည်၏၊ ရှေးဦးစွာ ပထမစျာန်ချမ်းသာကို ရရှိ၏၊ ပထမစျာန် ချမ်းသာဆိုသည်ကား ကာမဂုဏ် အရှုပ်အပွေ အနှောင့်အယှက်တို့မှ ဆိတ်၍ စိတ်၏အညစ်အကြေး အဆီးအတားဖြစ်သော နီဝရဏတို့မှ ကင်းငြိမ်းခြင်းတည်း၊ ပထမစျာန်ဖြင့် ကာမဂုဏ်တို့မှ ဆိတ်မှု, နီဝရဏတို့မှ ငြိမ်းမှုဟုဆိုအပ်သော သန္တိသုခကို ရရှိလေသည်၊ ထိုပထမစျာန်ချမ်းသာမှ တစ်ဆင့်တက်ပြန်လျှင် ဒုတိယစျာန်ချမ်းသာကိုရရှိလေ၏၊ ထိုဒုတိယစျာန် ဖြင့် ဝိတက်ဝိစာရတို့မှ ငြိမ်းခြင်းတည်းဟူသော သန္တိသုခကို ရရှိလေ၏၊ ပထမစျာန်ချမ်းသာသည် ကာမချမ်းသာထက် မွန်မြတ်၏၊ လွန်ကဲ၏၊ ဒုတိယစျာန်ချမ်းသာသည် ထိုပထမစျာန်ချမ်းသာထက် မွန်မြတ်လွန်ကဲ၏၊ (ဤသို့အစဉ်အတိုင်း တတိယစျာန်စသည်ကို ဆိုလေ) ဤသို့လျှင် ပထမစျာန် ချမ်းသာမှစ၍ တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်သော အနုပုဗ္ဗ ဝိဟာရ သမာပတ်ကိုးပါးတည်းဟူသော ချမ်းသာတို့ကိုလည်းကောင်း, အဘိညာဉ်ချမ်းသာတို့ကိုလည်းကောင်း ခံစားရလေ၏။

အနုပုဗ္ဗဝိဟာရ သမာပတ်ကိုးပါး ဆိုသည်ကား--ရူပစျာန်လေးခု အရူပ စျာန်လေးခုဟုဆိုအပ်သော သမာပတ်ရှစ်ပါးနှင့် နိရောဓသမာပတ်ကို ဆိုသည်၊ ဝိဝေကပီတိဖြင့် အစဉ်အတိုင်း ဝင်စား၍ နေရန်ဖြစ်သော တရားကိုးပါးဖြစ်၍ အနုပုဗ္ဗဝိဟာရသမာပတ်ဆိုသည်။

နိရောဓသမာပတ်သည်ကား--စျာန်ရသော စျာနလာဘီ အနာဂါမ်, ရဟန္တာတို့နှင့်ဆိုင်သော ချမ်းသာမျိုးပေတည်း။ စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်မှုကို နိရောဓသမာပတ်ဆိုသည်၊ ထိုနိရောဓသမာပတ်ဖြင့် အာရုံတရားတို့က စိတ်၌ထင်ခြင်းကိစ္စဖြင့် နှောင့်ယှက်မှု, စိတ်စေတသိက်တို့က အာရုံတို့ကို အာရုံပြုရခြင်း ဗျာပါရ ကိစ္စမှု, စိတ္တဇရုပ်တို့ဖြစ်ပေါ်၍ ကာယကံ, ဝစီကံ လှုပ်ရှားမှုတို့မှ အလုံးစုံ ကင်းငြိမ်း၍ မျက်မှောက်ဒိဋ္ဌအားဖြင့် ချမ်းသာခြင်းတည်းဟူသော သန္တိသုခကို ခံစားရလေ၏၊ စျာန်သမာပတ် အဘိညာဏ်ချမ်းသာတို့သည် လောကီနှင့်ဆိုင်သော ချမ်းသာတို့ပေတည်း၊ ထိုထက် ဝိပဿနာချမ်းသာ, ထိုထက် မဂ်ဖိုလ်ချမ်းသာ (မဂ်လေးပါး ဖိုလ်လေးပါးတို့ကိုလည်း အဆင့် ဆင့်ဆိုလေ) ထိုထက်နိဗ္ဗာန်ချမ်းသာ ဤသို့ လောကုတ္တရာကြောင်းနှင့် ဆက်ဆံသော ချမ်းသာအဆင့်ဆင့်တို့ကို ရရှိခံစားရလေ၏၊ ဝိပဿနာဖြင့် ပရမတ္ထသဘောတရားတို့၏ အဖြစ်အပျက်တို့ကိုသိရှိ၍ ဓမ္မပီတိ ချမ်းသာ ကို ခံစားရ၏။

ဓမ္မပီတိချမ်းသာကို ရည်၍ ဓမ္မပဒပါဠိတော်၌ နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပ္ပီတိ ရသံပိဝံ၊

ဟူ၍ဟောတော်မူသည်။

ဓမ္မပ္ပီတိရသံ=တရားသဘောကိုသိ၍ ပီတိဖြစ်ပေါ်လာခြင်း အရသာကို၊ ပိဝံ-ပိဝန္တော=သောက်ရသော ပုဂ္ဂိုလ်သည်၊ နိပ္ပါပေါ=အညစ် အကြေး ကင်းဝေးသည် ဖြစ်၍၊ နိဒ္ဒရော=ပူပန်ခြင်းအမျိုးမျိုး ကင်းဝေး သည်၊ ဟောတိ=ဖြစ်၏။

ထို့ပြင်လည်း....

သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။ အမာနုသီ ရတီ ဟောတိ၊ သမ္မာဓမ္မံ ဝိပဿတော။

ဟူ၍ဟောတော်မူသည်။

သုညာဂါရံ=ဆိတ်ငြိမ်ရာအရပ်သို့၊ ပဝိဋ္ဌဿ=တစ်ကိုယ်တည်းခို ဝင်လျက်၊ သမ္မာ=ကောင်းစွာ၊ ဓမ္မံ=တရားသဘောကို၊ ဝိပဿတောဝိပဿန္တဿ=ရှုဆင်ခြင်၍ နေသော၊ သန္တစိတ္တဿ=တည်ကြည်သော စိတ်ရှိသော၊ ဘိက္ခုနော=ရဟန်းအား၊ အမာနုသီ=လူ့ပြည်လောက၌ တစ်ကြိမ်တစ်ခါမျှ မရမရှိဖူးသော၊ ဝါ=လူ့ပြည်လောကနှင့်မဆိုင်သော၊ ရတိ=ဝိဝေကပီတိမွှန်၍ အလွန်မွေ့လျော်ဖွယ်ကြီးသည်၊ ဟောတိ=ဖြစ် လေ၏။

[တရားသဘောတို့ကို ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်၍နေသည့်အခါ ဖြစ်ပေါ်လာသော ပီတိအရသာ စိတ်ချမ်းသာသည် လွန်စွာမွန်မြတ်သဖြင့် လူ့ပြည်လောကမှာ ဤကဲ့သို့သော ချမ်းသာကို မတွေ့နိုင်ဟူ၍ ဆိုလိုသည်။]

ဝိဝေကချမ်းသာ မွန်မြတ်စွာ။။ဆိတ်ငြိမ်မှုဝိဝေကနှင့် ရင်းနှီး၍ ရရှိသော ဘာဝနာပီတိ၏ချမ်းသာ အရသာသည် အလွန်သိမ် မွေ့ခြင်းဖြင့် သိမ်မွေ့၍ချမ်းသာ၏၊ ဝိဝေကဇပီတိ ချမ်းသာကို ရရှိခံစားဖူးကြကုန်သောပုဂ္ဂိုလ်တို့သည် ကာမချမ်းသာကို လွန်စွာ ကြမ်းတမ်းသည်ထင်၍ စက်ဆုပ်ရွံရှာကြကုန်၏၊ ကာမချမ်းသာဖြင့် အရသာမတွေ့နိုင်ကြကုန်၊ အဗ္ဘန္တရသရက်သီး, ဇမ္ဗုသပြေသီးအရသာကို ခံစားဖူးကြကုန်သောသူတို့သည် အခြားအရသာတို့ဖြင့် နှစ်သက်ခြင်းကို မရနိုင်ကုန်ဘိသကဲ့သို့တည်း၊ ဝိဝေကဇ ပီတိအရသာ အငွေ့ကိုမျှ မတွေ့ မထိ မသိမကြုံရဘူးကုန်သော လူကြမ်း, စိတ်ကြမ်း, ပုထုဇ္ဇန်ကြမ်း တို့သည်မူကား-မိမိတို့စရိုက်အားလျော်စွာ အလွန်ကြမ်းတမ်းလှစွာသော ကာမချမ်းသာတို့ကို သုံးဆောင်ရင်း တင်းမတိမ်နိုင်အောင် ရှိနေကြ လေကုန်သည်၊ ဥပမာ, တောဆင်တို့သည် အလွန်ကြမ်းတမ်းသော သစ်ရွက် သစ်ကိုင်းတို့ကို စားသုံးကြရလျှင် လွန်စွာမြိန်ရှက်ကြကုန် ဘိသကဲ့သို့တည်း။

ဝိဝေကပီတိကို ရရှိကြကုန်သော ပုဂ္ဂိုလ်တို့သည် စိတ်ကို ပျော်မွေ့ ချမ်းသာစေရန် တစ်စုံတစ်ရာမျှ အဖော်အဖက် အမွမ်း,အမံ, မရှာကြရ ကုန်ပဲ ဆိတ်ငြိမ်သော အရပ်၌ထိုင်၍ တရားအာရုံကို နှလုံးသွင်းကာမျှနှင့် အလွန်အရသာရှိသော ပီတိသုခကို ရရှိခံစားနိုင်လေသည်၊ ဝိဝေက ပီတိသုခကို မရရှိကြကုန်သဖြင့် ကာမချမ်းသာထဲတွင်သာ အကောင်း ထင်ကာ လိုက်စားကြကုန်သော သူတို့သည်မူကား-စိတ်ကို ပျော်မွေ့ရန် အဖော်အဖက်, အမွမ်း,အမံ, အဖျော်,အဖြေတို့ကို ရှာကြရကုန်၏၊ စိတ်၏အဖျော်,အဖြေဆိုသည်ကား-ရူပါရုံစသော ကာမဂုဏ်တရား များပေတည်း၊ ကာမချမ်းသာကို အကောင်းအမွန်ထင်သော ပုဂ္ဂိုလ်တို့မှာ ပြင်ပက အာရုံများလေလေ ပျော်ရွှင်လေလေ ဖြစ်၏၊ ဝိဝေကပီတိကို လက်ရှိပိုင်နိုင်ကြကုန်သော ပုဂ္ဂိုလ်တို့မှာမူကား အပြင်ကဆိတ်ငြိမ်လေ လေ အရသာပေါ်၍ ပျော်ရွှင်လေလေဖြစ်၏။

အဖေါ်မပါ မချမ်းသာ။။ ကာမချမ်းသာကို အဖေါ် အဖက်မရှာပဲ တစ်ကိုယ်တည်း ကိုယ်စွမ်း ကိုယ်အားဖြင့် မရနိုင် အဖေါ် အဖက်ရှိမှ ချမ်းသာပျော်ရွှင်ခွင့်ကို ရရှိနိုင်၏၊ အဖော်အဖက် မြော်လင့် ရသောချမ်းသာ, အဖော်အဖက်ထံမှ တောင်းခံ၍ ရရှိသောချမ်းသာ, အဖော်နှင့်စပ်မှ ရနိုင်သောချမ်းသာ, ဘုံချမ်းသာ, ငှါးရမ်း၍ ခံစားရသော ချမ်းသာ, (ယာစိတ ကူပမာ ကာမာ။ ကာမာ=ကာမဂုဏ်ချမ်းသာ တို့သည်၊ ယာစိတကူပမာ=ငှါးရမ်း၍ သုံးဆောင်ရသော ဥစ္စာနှင့် တူ၏၊) ကိုယ်ပိုင်ချမ်းသာမျိုး မဟုတ်ဟူ၍ ဆိုလိုသည်၊ ဝိဝေကဇ ပီတိချမ်းသာသည်မူကား မည်သည့်အဖော်နှင့်မျှ မဖက်စပ်ရသော ကိုယ်ပိုင်ချမ်းသာမျိုးပေတည်း၊ ထိုသို့ ကိုယ်ပိုင်ချမ်းသာမျိုး မဟုတ်၊ သူတစ်ပါးနှင့် စပ်၍ ငှါးရမ်းတောင်းခံလျက် ခံစားရသော စည်းစိမ်ချမ်းသာ မျိုးဖြစ်သောကြောင့် ကာမချမ်းသာမှန်လျှင် သိကြားမင်းနှင့်တူသော စည်းစိမ်ချမ်းသာရှင် ဖြစ်စေကာမူ သူတောင်းစားတို့၏ချမ်းသာ, ယုတ် ညံ့သောချမ်းသာဟူ၍သာလျှင် ဆိုရလေသည်။

ထို့ကြောင့် နေမိဇာတ်တော်၌

ယေ အဒုတီယာ န ရမန္တိ ဧကိကာ၊

ဝိဝေကဇံ ယေ န လဘန္တိ ပီတိံ။

ကိဉ္စာပိ တေ ဣန္ဒသမာန ဘောဂါ၊

တေ ဝေ ပရာဓီန သုခါ ဝရာကာ။

ဟူ၍ ဟောတော်မူ၏။

ယေ=အကြင်ပုဂ္ဂိုလ်တို့သည်၊ အဒုတီယာ=အဖော်မရှိကုန်ပဲ၊ ဧကိကာ=တစ်ယောက်အထီးတည်းတို့သာလျှင်၊ န ရမန္တိ=မပျော်မမွေ့ နိုင်ကြလေကုန်၊ ယေ=အကြင်ပုဂ္ဂိုလ်တို့သည်၊ ဝိဝေကဇံ=ဘာဝနာ ကမ္မဋ္ဌာန်း ဝိဝေကပီတိအစွမ်းကြောင့်ဖြစ်ပေါ်သော၊ ပီတိံ=နှစ်သက် ခြင်းကို၊ န လဘန္တိ=မရရှာကြလေကုန်၊ တေ=ထိုဝိဝေကပီတိကို မရမရှိကြ သော ပုဂ္ဂိုလ်တို့သည်၊ ဣန္ဒသမာနဘောဂါ=သိကြားမင်းနှင့်တူမျှသော စည်းစိမ်ချမ်းသာ ရှိကြကုန်သည်၊ ကိဉ္စာပိ ဟောန္တိ=အကယ်၍ပင် ဖြစ်စေ ကုန်ဦးတော့၊ တေ=ထိုသူတို့သည်၊ ပရာဓီနသုခါ=အဖော်အဖက်နှင့် စပ်ယှက်မှ ရရှိသောစည်းစိမ်ချမ်းသာရှိကြကုန်သည်ဖြစ်၍၊ ဝရာကာ= တောင့်တလျက်သာ သူတောင်းစားချမ်းသာကဲ့သို့ ယုတ်မာညံ့ဖျင်းကုန် သည်သာလျှင်တည်း။

(ဤကား ဝိပဿနာချမ်းသာနှင့်ဆိုင်သော စကားရပ်ပေတည်း။)

မဂ်ဖိုလ်အာရုံ သန္တိဂုဏ်။ ။ပထမဒုတိယဖြစ်သော မဂ်ဖိုလ်တို့ဖြင့် ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏ငြိမ်းခြင်း, အပါယ်ဘုံဘဝတို့၏ ငြိမ်းခြင်းတည်းဟူသော သန္တိသုခကို ခံစားရလေ၏၊ တတိယမဂ်ဖိုလ် တို့ဖြင့် ကာမရာဂ, ဗျာပါဒတို့မှငြိမ်းခြင်း, ကာမဘုံဘဝတို့မှ ငြိမ်းခြင်း တည်းဟူသော သန္တိသုခကို ခံစားရလေ၏၊ စတုတ္ထဖြစ်သော အရဟတ္တမဂ်ဖိုလ်ဖြင့် အလုံးစုံသော ကိလေသာတို့မှငြိမ်းခြင်း, အလုံးစုံသောဘုံဘဝတို့မှ ငြိမ်းခြင်းတည်းဟူသော သန္တိသုခကို ခံစားရလေ၏၊ နိဗ္ဗာန်ဖြင့် အလုံးစုံသောရုပ်,နာမ်,ခန္ဓာ,သင်္ခါရဓမ္မတို့၏ ဖြစ်,ရင့်, ချုပ်, ပျက်ခြင်း ဇာတိ,ဇရာ,မရဏတို့မှ ချုပ်ငြိမ်းခြင်းတည်းဟူသော မဟာသန္တိသုခကြီးကို ခံစားရလေ၏၊ ဤသို့ မြတ်စွာဘုရားသည် ချမ်းသာ တစ်ခုဖြင့် ချမ်းသာတစ်ခုကို ရရှိတော်မူခြင်း ချမ်းသာတစ်ခုမှ ချမ်းသာတစ်ခုသို့ ဆိုက်ရောက် ခံစားတော်မူနိုင်ခြင်းတို့နှင့် ပြည့်စုံတော်မူ သောကြောင့် သုဂတ မည်တော်မူသတည်း။

သုဂတဝိဂြိုဟ် တစ်နည်းဆို

ထိုမှတစ်ပါးလည်း--

သုန္ဒရံ နိဗ္ဗာနံ ဂစ္ဆတီတိ သုဂတော။

သုန္ဒရံ=ကောင်းမြတ်သော၊ နိဗ္ဗာနံ=နိဗ္ဗာန်သို့၊ ဂစ္ဆတိ=ကြွသွား တော်မူတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သုဂတော=သုဂတမည်တော် မူ၏။

ကောင်းမြတ်သော နိဗ္ဗာန်အရပ်သို့ ကြွသွားတော်မူတတ်သော ကြောင့်လည်း သုဂတမည်တော်မူ၏။

တစ်နည်းလှည့်ပြ သုဂတ

သမ္မာ ဂတောတိ သုဂတော။

သမ္မာ=ကောင်းမွန်စွာ၊ ဂတော=ဘုရားအဖြစ်သို့တိုင်အောင် ကြွတော်မူလေ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သုဂတော=သုဂတမည် တော်မူ၏။

ဤဝိဂြိုဟ်၏ အဓိပ္ပါယ်မှာ။။ဒီပင်္ကရာ မြတ်စွာဘုရားအထံဝယ် နိယတဗျာဒိတ်ကို ခံတော်မူသည်မှစ၍ ဗောဓိမဏ္ဍိုင်၌ ဘုရားအဖြစ်သို့ ရောက်သည်တိုင်အောင် ပါရမီတရားတို့ကို ဖြည့်ကျင့် တော်မူလျက် လောက၏အစီးအပွါးကို ရှာမှီးတော်မူရင်းသာလျှင် ဘဝအစဉ်အတိုင်း ကောင်းစွာကြွလာတော်မူသောကြောင့် သုဂတမည် တော်မူသည် ဟူ၍ ဆိုလိုသည်။

တစ်နည်းတစ်သွယ် ဝိဂြိုဟ်လှယ်

သမ္မာ ဂဒတီတိ သုဂတော။

သမ္မာ=ကောင်းမွန်စွာ၊ ဂဒတိ=မြွက်ဆိုတော်တတ်၏၊ ဣတိ တသ္မာ=ထို့ ကြောင့်၊ သုဂတော=သုဂတမည်တော်မူ၏၊

ကောင်းသောစကားကို ဆိုတော်မူတတ်သောကြောင့် သုဂတ မည်တော်မူ၏ ဟူ၍ဆိုရာ၌ ကောင်းသောစကားကိုဆိုသည်မှာ လောက၌ စကားခြောက် ခွန်းရှိသည့်အနက် စကားနှစ်ခွန်းကို ကောင်းသောစကား ဟူ၍ မှတ်ရာ၏။

စကားခြောက်ခွန်း၊ သူမြတ်ညွှန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ်။

စကားခြောက်ခွန်းကား

၁။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးလည်း မနှစ်သက်သော စကား၊

၂။ မှန်ကား, မှန်၏၊ အကျိုးမရှိ၊ သူတစ်ပါးလည်း မနှစ် သက်သောစကား၊

၃။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးမူကား၊ မနှစ်သက်သော စကား၊

၄။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးမူကား နှစ်သက်သော စကား၊

၅။ မှန်ကားမှန်၏၊ အကျိုးမရှိ၊ သူတစ်ပါးနှစ်သက်သောစကား၊

၆။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးလည်း နှစ်သက်၏။

ဤစကား ခြောက်ခွန်းတို့တွင် တတိယစကားနှင့် ဆဋ္ဌစကားသည် စကား ကောင်းမည်၏၊ ထိုစကားနှစ်ခွန်းတို့ကိုသာလျှင် မြတ်စွာဘုရား မြွက်ဆိုတော်မူ၏၊ ထိုစကားကောင်းကို အခါခပ်သိမ်း အကြောင်းမဲ့လည်း ဆိုတော်မူသည် မဟုတ်၊ အကြောင်းအားလျော်စွာ အခါနှင့်သင့်တင့်မှ ဆိုတော်မူသည်၊ ထို့ကြောင့် သုဂတ မည်တော်မူသတည်း။

၄-သုဂတဂုဏ်တော်အဖွင့် ပြီး၏။

---*---

၅- လောကဝိဒူဂုဏ်တော်

လောကံ ဝိဒတိ ဇာနာတီတိ လောကဝိဒူ။

လောကံ=လောကကို၊ ဝိဒတိ ဇာနာတိ=အကုန်အစင် သိမြင် တော်မူတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ လောကဝိဒူ=လောကဝိဒူမည် တော်မူ၏။

လောကကို အကုန်အစင်သိမြင်တော်မူသောကြောင့် လောကဝိဒူ မည်၏ ဟူ၍ဆိုလိုသည်။

ပါဠိတော်အရပ်ရပ်တို့၌ -

သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သသမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။

ဟူ၍ဟောတော်မူ၏။

ဤပါဠိတော်ဖြင့် လောကဝိဒူအဖြစ်ကို ပြတော်မူသည်။

(ဤပါဠိတော်၏အနက်အဓိပ္ပါယ်ကို အရဟံဂုဏ်တော်ဖွင့်၌ ပြဆိုခဲ့ပြီး။)

ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ--ဟူသော စကားရပ်ဖြင့် ဩကာသလောကကို ပြဆိုတော်မူ၏၊ သဒေဝကသဒေဝကံ-ဟူသော စကားဖြင့် နတ်ပြည်ခြောက်ထပ်နှင့်တကွသော လောကကိုပြဆို၏၊ ပရနိမ္မိတဝသဝတ္တိဘုံ၌မာရ်နတ်၏ အပင်းအသင်း, အဆက်အနွယ်ဖြစ် သော နတ်တို့၏တည်နေရာဌာနဖြစ်သော မာရလောကဟူ၍ အသီး အခြား ရှိ၏၊ သမာရကသမာရကံ-ဟူသောစကားဖြင့် ထိုမာရလောကနှင့် တကွသော လောကကိုပြဆို၏၊ သဗြဟ္မကသဗြဟ္မကံ-ဟူသောစကားဖြင့် ဗြဟ္မာဘုံ နှစ်ဆယ်နှင့်တကွသော လောကကိုပြဆို၏၊ သသမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ-ဟူသောစကားဖြင့် သတ္တလောကကို ပြဆို၏၊ ရဟန်း, ပုဏ္ဏား, လူ, နတ်, ဗြဟ္မာများနှင့်တကွသော သတ္တလောကကိုဆိုလိုသည်၊ သယံ အဘိညာ-ဟူသောစကားဖြင့် တစ်စုံတစ်ဦးသော ပုဂ္ဂိုလ်တို့၏ ညွှန်ကြားနည်းပြခြင်း, တဆင့် စကားကြားရခြင်းတို့နှင့်ကင်း၍ ကိုယ် တော်တိုင် ထိုးထွင်း၍ သိတော်မူကြောင်း ပြဆို၏၊ သစ္ဆိကတွာ ပဝေဒေတိ-ဟူသောစကားဖြင့် ကိုယ်တွေ့ဒိဋ္ဌမျက်မှောက်ပြု၍ ထိုလောကကို ဟောကြားတော်မူ၏ ဟူ၍ပြဆိုသည်၊ လောကသည် ဩကာသလောက, သတ္တလောက, သင်္ခါရလောကဟူ၍ သုံးပါးအပြား ရှိ၏။

(ဥရောပဗုဒ္ဓဘာသာ အလင်းပြကျမ်းတွင် လောကသုံးပါးအကျယ်ပါရှိ၏၊)

ဤလောကသုံးပါးတို့၏ ဖြစ်ပေါ်ဦးဖြစ်သော ရှေ့အစွန်းသည် လည်း မရှိ၊ နောက်၌ ချုပ်ဆုံးလတ္တံ့သော အဆုံးဟူ၍လည်း မရှိ၊ ဖီလာအားဖြင့်လည်း အရပ်ရှစ်မျက်နှာအနန္တတို့၌ အဆုံးဟူ၍ မရှိ၊ ဤလောကကြီး၏ အထက်အဆုံး အောက်အဆုံး အပိုင်းအခြား သည်ကား ရှိပေ၏၊ ဤမဟာပထဝီမြေကြီး၏ အောက်၌ ရေအထုကြီး ရှိ၏၊ ထို ရေအထုကြီး၏အောက်၌ လေအထုကြီးရှိ၏၊ ထိုလေအထုကြီး အောက်၌မူကား အနန္တအဇဋာကာသကောင်းကင်အပြင် ရှိလေ၏၊ အထက်အဖို့အားဖြင့်မူကား ဗြဟ္မာဘုံ ၂၀-တို့တွင် နေဝသညာနာ သညာယတနဘုံသည် အထွတ်အထိပ်ဆုံးဖြစ်၏၊ ထိုဘုံကို ဘဝ၏ အထွတ်အထိပ် အစွန်အဖျားဖြစ်၍ ဘဝဂ်ဘုံခေါ်သည်၊ ထိုဘုံ၏ အထက်၌ အနန္တအဇဋာကာသ ကောင်းကင်ကြီးတည်နေ၏။

(ဤကား လောက၏အထက်အဖို့ အောက်အဖို့အားဖြင့် အဆုံးရှိပုံတည်း။)

နိဒါနဝဂ္ဂ သံယုတ်၌လာသော အနမတဂ္ဂိယသံယုတ်ဖြင့် အလုံးစုံသော ကပ်ကမ္ဘာတို့၏ ဖြစ်တည်, ပျက်စီးခြင်းကို ချန်လှပ်၍ လောကကြီးသုံးပါးတို့၏ ရှေ့အစွန်း, နောက်အစွန်း မရှိပုံကို သိအပ်၏၊ စကြဝဠာတောင် အပိုင်းအခြား ကိုချန်ထား၍ ဖီလာဖြစ်သော အရပ်ရှစ်မျက်နှာအားဖြင့် လောကကြီးသုံးပါး၏ အဆုံးအဆ မရှိကြောင်း ကို ပြဆိုလတ္တံ့သော သဂါထာဝဂ္ဂရောဟိတဿ ဒေဝပုတ္တ သံယုတ်ဖြင့် သိအပ်၏။

ရောဟိတဿမည်သော နတ်သားသည် မြတ်စွာဘုရားအထံသို့ ခိုလှုံ ခစား၍ ဤသို့လျှောက်ထားလေ၏၊ အရှင်ဘုရား အကျွန်ုပ်သည် ရှေးအခါ၌ တန်ခိုးအာနုဘော်ကြီးမား၍ ကောင်းကင်ပျံသွားနိုင်သော ရောဟိတဿ အမည်ရှိသော ရသေ့ဖြစ်ခဲ့ပါ၏၊ တန်ခိုးအစွမ်းအားဖြင့် သွားသော ထိုအကျွန်ုပ်၏ အဟုန်လျင်မြန်ပုံသည် ဥပမာအားဖြင့် လိမ္မာသော လေးသမားသည် လျင်မြန်ပေါ့ပါးသော မြားကိုပစ်ရာ ထိုမြားသည် မြေ၌ထင်သော ထန်းပင်ရိပ်တစ်ခုကို ဖီလာအားဖြင့် ခဏချင်းလွန်၍ သွားဘိသကဲ့သို့ ထိုအတူ တစ်ခုတစ်ခုသော စကြဝဠာကို ခြေတစ်လှမ်းမျှလောက်သောအချိန်ဖြင့် လွန်မြောက်၍ သွားနိုင်ပါ၏ အရှင်ဘုရား၊ အကျွန်ုပ်အား ဤသို့သောအကြံဖြစ်ပါ၏ “ငါသည် တန်ခိုး အစွမ်းအားဖြင့်သွား၍ လောကအဆုံးကို ရောက်လတ္တံ့” ဤသို့ အကြံ ဖြစ်ပါ၏၊ ထိုအကြံအစည်အတိုင်း အနှစ်တစ်ရာပတ်လုံး တန်ခိုးဖြင့် လျင်မြန်စွာသွားရာ ခရီးအကြား၌ပင်လျှင် သေဆုံးခြင်းသို့ ရောက်ခဲ့ပါ၏၊ အလုံးစုံသော လောက၏ အဆုံးကို မရောက်ခဲ့ပါဟူ၍ လျှောက်ထား လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူ၏၊ ချစ်သား ရောဟိတဿ နတ်သား သွားခြင်းဖြင့် လောက၏အဆုံးကို သိနိုင်, တွေ့နိုင်, ရောက်နိုင်လိမ့်မည်ဟူ၍ ငါဘုရားဟောတော်မမူ၊ လောက၏ အဆုံးသို့ မရောက်ပဲလည်း ဒုက္ခ၏အဆုံးကို ပြုနိုင်လိမ့်မည် ဟူ၍လည်း ငါဘုရားဟောတော်မမူ၊ ချစ်သား ရောဟိတဿနတ်သား စင်စစ်သော် ကား သညာနှင့်တကွ, စိတ်နှင့်တကွသော တစ်လံမျှလောက်သော ဤကိုယ်ကောင်၌သာလျှင် လောကကြီးကို ပညတ်တော်မူ၏၊ လောက၏ ဖြစ်ကြောင်းကို ပညတ်တော်မူ၏၊ လောက၏ချုပ်ဆုံးခြင်းကို ပညတ် တော်မူ၏၊ လောကချုပ်ဆုံးခြင်းသို့ ရောက်ကြောင်းဖြစ်သော အကျင့် ကောင်းကိုလည်း ပညတ်တော်မူ၏၊ ဤတစ်လံမျှလောက်သော ကိုယ် ကောင်၌ သစ္စာလေးပါးရှိကြောင်းကို ဟောတော်မူလိုရင်းဖြစ်သည်။

ဂမနေန န ပတ္တဗ္ဗော၊ လောကဿန္တော ကုဒါစနံ။ အပတွာန စ လောကန္တံ၊ ဒုက္ခာ နတ္ထိ ပမောစနံ။ လောကဿ=လောကကြီး၏၊ အန္တော=အဆုံးသို့၊ ဂမနေန=သွားခြင်းဖြင့်၊ ကုဒါစနံ=တစ်ရံတစ်ဆစ်မျှ၊ နပတ္တဗ္ဗော=ရောက်နိုင်သည် မဟုတ်ချေ၊ လောကန္တံ= လောက၏အဆုံးသို့၊ အပတွာန=မရောက်မူ၍၊ ဒုက္ခာ=ဆင်းရဲမှ၊ ပမောစနံစ= လွတ်မြောက်နိုင်ခြင်းသည်လည်း၊ နတ္ထိ=မရှိ။

ဤသို့မြတ်စွာဘုရား ဟောကြားတော်မူ၏၊ [နဝင်္ဂုတ္တရပါဠိတော် စတုတ္ထဝဂ်၌လည်း ဤသုတ်ကို အကျယ်အားဖြင့် ဟောတော် မူသည်၊ တိကင်္ဂုတ္တရပါဠိတော် တတိယအာနန္ဒဝဂ်၌ ပြဆိုလတ္တံ့သော လောကသုံးပါးကို ဟောတော်မူသည်။]

ထောင်ပေါင်းများလတ် စူဠနီလောကဓါတ်
ချစ်သား အာနန္ဒာ အကြင်မျှလောက် နေလတို့သည် လှည့်လည် သွားလာကြ ကုန်၏၊ အရပ်မျက်နှာတို့သည် တင့်တယ်စွာ ထွန်းလင်း တောက်ပ ကြကုန်၏၊ ထိုမျှလောက်သော လောကဓာတ်ပေါင်း တစ်ထောင် သည်ရှိ၏၊ ထိုတစ်ထောင်သော လောကဓာတ်၌ လတစ်ထောင်, နေတစ်ထောင်, မြင့်မိုရ်တောင်မင်းတစ်ထောင်, ဇမ္ဗူဒီပါကျွန်းတစ်ထောင်, အပရဂေါယာန် ကျွန်းတစ်ထောင်, ဥတ္တရကုရုကျွန်း တစ်ထောင်, ပြုဗ္ဗဝိဒေဟကျွန်းတစ်ထောင် မဟာသမုဒ္ဒရာလေးစင်း ပေါင်းတစ်ထောင်, စတုမဟာရာဇ်နတ်မင်းကြီး လေးယောက် ပေါင်းတစ်ထောင်, စတု မဟာရာဇ်နတ်ပြည်ပေါင်း တစ်ထောင်, တာဝတိံသာ နတ်ပြည်ပေါင်း တစ်ထောင်, ယာမာနတ်ပြည်ပေါင်းတစ်ထောင် တုသိသာနတ် ပြည်ပေါင်း တစ်ထောင်, နိမ္မာနရတိနတ်ပြည်ပေါင်း တစ်ထောင်, ပရနိမ္မိတ ဝသဝတ္တိ နတ်ပြည်ပေါင်း တစ်ထောင်, ဗြဟ္မာပြည်နှစ်ဆယ်ပေါင်း တစ်ထောင်၊ ချစ်သား အာနန္ဒာ ဤစကြဝဠာ လောကဓာတ်ပေါင်း တစ်ထောင်သည် စူဠနီ လောကဓာတ် မည်၏။

ဒွိသဟဿီ လောကဓာတ်
တစ်ဖန် ထိုလောကဓာတ် တစ်ထောင်ကို တစ်ထောင်ဖြင့် မြှောက်အပ်ရှိသော် စကြဝဠာပေါင်း တစ်သိန်းဖြစ်၏၊ ထိုလောကဓာတ် စကြဝဠာပေါင်း တစ်သိန်းသည် ဒွိသဟဿီလောကဓာတ် မည်၏၊ မဇ္ဈိမလောကဓာတ်လည်းမည်၏။

တစ်သိန်းမြောက်ပြီ-တိသဟဿီ
တစ်ဖန် ထိုစကြဝဠာ လောကဓာတ်ပေါင်းတစ်သိန်းကို တစ်သိန်းဖြင့် မြှောက်အပ်သည်ရှိသော် စကြဝဠာလောကဓာတ်ပေါင်း ကုဋေတစ်သိန်းဖြစ်၏၊ ဤလောကဓာတ် စကြဝဠာပေါင်း ကုဋေတစ်သိန်းသည် တိသဟဿီ မဟာသဟဿီ လောကဓာတ်မည်၏၊ ချစ်သားအာနန္ဒာ မြတ်စွာဘုရားသည် အလို တော်ရှိပါမူကား လောကဓာတ်ကြီးတစ်ခုလုံးကို တိသဟဿီ မဟာသဟဿီ အသံဖြင့်သိစေနိုင်ရာ၏၊ အကြင်မျှလောက် အလိုရှိပါမူ ကား ထိုမျှလောက်သော လောကဓာတ်တို့ကို အသံဖြင့် သိစေနိုင်ရာ၏ ဟူ၍ ဟောတော်မူသည်။

[ဤပါဠိတော်စကားရပ်ဖြင့်စကြဝဠာတို့၏ အနန္တဖြစ်ကြောင်းကိုသိအပ်၏၊ ဤသို့ပြဆိုအပ်ပြီးသော စကားအစဉ်ဖြင့် စကြဝဠာအပိုင်းအခြားကိုထား၍ ဖီလာ အားဖြင့် အရပ်ရှစ်မျက်နှာတို့၌ လောက၏ အဆုံးအဆမရှိကြောင်းကို သိအပ်၏၊]

ကြက်ဥပမာ စကြဝဠာ

စကြဝဠာဆိုသော စကား၌

“စက္ကံဝိယ သမန္တတော ဝါရေတိ ပရိဝါရေတီတိ စက္ကဝါဠံ”

စက္ကံဝိယ=စက်ဝိုင်းကဲသို့၊ သမန္တတော=ထက်ဝန်းကျင်မှ၊ ဝါရေတိပရိဝါရေတိ=ဝန်းဝိုင်းတတ်၏၊ ဣတိတသ္မာ=ထိုကြောင့်၊ စက္ကဝါဠံ=စကြဝဠာ မည်၏။

လေးကျွန်းနှင့်တစ်မြင့်မိုရ်ကို ထက်ဝန်းကျင်မှ ဝန်းဝိုင်း၍ တည်သော ကမ္ဘာ၏တံတိုင်း တောင်ဝန်းတောင်ဝိုင်းကြီးကို စကြဝဠာ ခေါ်သည်။ လောကဓာတ်၏ အောက်အဖို့အားဖြင့် အပိုင်းအခြားရှိ ကြောင်းကို ဆိုလတ္တံ့သော မဟာပရိနိဗ္ဗာနသုတ်ပါဠိတော်, အဋ္ဌင်္ဂုတ္တရ ဘူမိစာလဝဂ်ပါဠိတော်တိုဖြင့် သိအပ်၏။

အယံ အာနန္ဒ မဟာပထဝီ ဥဒကေ ပတိဋ္ဌိတာ၊ ဥဒကံ ဝါတေ ပတိဋ္ဌိတံ၊ ဝါတော အာကာသဋ္ဌော ဟောတိ။

အာနန္ဒ=ချစ်သား အာနန္ဒာ၊ အယံ မဟာပထဝီ=ဤကမ္ဘာ မြေကြီးသည်၊ ဥဒကေ=ရေထက်၌၊ ပတိဋ္ဌိတာ=တည်၏၊ ဥဒကံ=ရေသည်၊ ဝါတေ=လေထက်၌၊ ပတိဋ္ဌိတံ=တည်၏၊ ဝါတော=လေသည်၊ အာကာသဋ္ဌော=ကောင်းကင်ထက်၌ တည်သည်၊ ဟောတိ=ဖြစ်၏။

အဓိပ္ပါယ်ကား-ချစ်သားအာနန္ဒာ၊ ဤမြေကြီးသည် ရေထက်၌ တည်၏၊ ရေသည် လေထက်၌တည်၏၊ လေသည် ကောင်းကင်ထက်၌ တည်၏။

နိဒါနဝဂ္ဂသံယုတ် သတ္တမသုတ်၌လည်း--ကမ္ဘာလောက၏ အောက် အပိုင်းအခြားကို ဤသို့ဟောတော်မူ၏၊ ချစ်သားရဟန်းတို့ ဥပမာသော်ကား အထွတ်တပ်သော ပြာသာဒ်သည်လည်းကောင်း၊ အထွတ်တပ်သော ဇရပ်သည်လည်းကောင်း ရှိ၏၊ ထိုအထွတ်တပ်သော ပြာသာဒ်, အထွက်တပ်သောဇရပ်၏ မြောက်မျက်နှာ၌လည်းကောင်း, တောင်မျက်နှာ၌လည်းကောင်း, အရှေ့မျက်နှာ၌လည်းကောင်း, လေသာပြူတင်းပေါက်တို့သည် ရှိကုန်၏၊ နေသည် အရှေ့လောက ဓာတ်မှ တက်လာသည်ရှိသော် နေရောင်ခြည်တို့သည်ဝင်၍ အဘယ် အရပ်မှာ တည်ကုန်သနည်း၊ ဤသို့မြတ်စွာဘုရား မေးတော်မူသည်ရှိသော် အရှင်ဘုရား အနောက်နံရံ၌ တည်ကုန်၏ဟူ၍ လျှောက်ထားကြကုန်၏၊ အကယ်၍ အနောက် နံရံ မရှိပါလျှင် အဘယ်အရပ်၌ တည်ကုန်သနည်း၊ ဤသို့မေးတော်မူသည်ရှိသော် အရှင်ဘုရား မြေ၌တည်ကုန်၏-ဟူ၍ လျှောက်ထားကြကုန်၏၊ မြေကြီးသည် အကယ်၍ မရှိသည်ဖြစ်အံ့၊ အဘယ်အရပ်၌ တည်ပါကုန်သနည်း၊ ဤသို့ မေးတော်မူသည်ရှိသော် အရှင်ဘုရား တည်ရာမရှိပါ ဟူ၍ လျှောက်ထားကြကုန်၏၊ လောက၏ အထက်အပိုင်းအခြားသည်မူကား ဘုံကို ဝေဖန်၍ပြသော ထိုထိုသုတ္တန်အရပ်ရပ်တို့ဖြင့် ထင်ရှား၏၊ ဤသို့ ဆိုအပ်ပြီးသော စကားအစဉ်ဖြင့် လောကသုံးပါးတို့၏ ရှေ့အစွန်းသည် လည်း မရှိ၊ နောက်အစွန်းသည်လည်း မရှိ၊ ဖီလာအားဖြင့် အရပ်ရှစ် မျက်နှာတို့၌ အဆုံးအပိုင်း အခြားလည်း မရှိ၊ အောက်အပိုင်းအခြား အထက်အပိုင်းအခြားသည်မူကား ရှိ၏ဟူ၍သိအပ်၏။

[ဤအရာ၌ လောကသုံးပါးတို့၏ အနမတဂ္ဂသံသရာ၌ ကပ်ကမ္ဘာတို့၏ ဖြစ်ပုံစကား ရပ်များကို နိယာမဒီပနီပါဌ်၏ မြန်မာစကားပြေဖြစ်သော ဥရောပ ဗုဒ္ဓဘာသာအလင်းပြ ကျမ်းတွင် ပြဆိုခဲ့ပြီးဖြစ်၍ ထိုကျမ်း၌ယူလေကုန်။]

မြတ်စွာဘုရားသည် အဆုံးမရှိသောလောကသုံးပါးတို့၌ သိသင့် သိထိုက်သော အရာဟူသမျှကို အကြွင်းအကျန်မရှိ သဗ္ဗညုတာ ဉာဏ်တော်ဖြင့် ဟုတ်မှန်သောအတိုင်း သိတော်မူ၏၊ ထိုသဗ္ဗညုတာဉာဏ် တော်သည် အလိုတော်မရှိပဲ, ဆင်ခြင်တော်မမူပဲ အခါခပ်သိမ်းသိ၍ နေတော်မူသည်လည်း မဟုတ်ချေ၊ ထိုသဗ္ဗညုတာဉာဏ်သည် မြတ်စွာ ဘုရား၏ အလိုတော်နှင့်လည်း စပ်၍ဖြစ်၏၊ ဆင်ခြင်တော်မူခြင်း အာဝဇ္ဇန်းနှင့်လည်း စပ်၍ဖြစ်၏၊ ထိုစကားမှန်၏၊ မြတ်စွာ ဘုရားသည် ထိုသဗ္ဗညုတာဉာဏ်တော်ဖြင့် အကြင်အကြင်အရာကို သိတော်မူ ခြင်းငှာ အလိုရှိလျှင် ဆင်ခြင်တော်မူလေ၏၊ ထိုသို့ သိတော်မူလို၍ ဆင်ခြင်တော် မူသောအခါမှသာလျှင် ထိုထိုအရာကို သိတော်မူသည်သာ ဖြစ်၏၊ အလိုရှိ၍ ဆင်ခြင်တော်မူလျှင် မသိသောအရာ, ပိတ်ပင်ဆီး တားအပ် သောအရာဟူ၍ မရှိချေ၊ အလုံးစုံသိမြင်တော်မူသည်သာလျှင်တည်း။ ထိုကြောင့် ထိုဉာဏ်တော်ကို သဗ္ဗညုတာဉာဏ်ဟူ၍လည်းကောင်း, အနာဝရဏဉာဏ်ဟူ၍လည်းကောင်း, သမန္တစက္ခုဉာဏ် ဟူ၍လည်း ကောင်း, သမ္မာသမ္ဗောဓိဉာဏ်ဟူ၍လည်းကောင်း ဆိုအပ်၏၊ အကြင် အကြင်အရာကို သိတော်မူလို၍ ဆင်ခြင်တော်မူသောအခါ ထိုထိုအရာ ကို သိတော်မူ၏ဟူ၍ဆိုသဖြင့် အကြင်အကြင်အရာကို သိခြင်းငှာ ဆင်ခြင်တော်မမူ၊ အာရုံပြုတော်မမူ၊ ထိုသို့ ဆင်ခြင်ခြင်း၊ အာရုံပြုခြင်း မရှိသောအခါ ထိုထိုအရာကို သိတော်မမူ ဟူသောစကားလည်း ပြီးစီး လေ၏။

ဘဝင်စိတ်ကျ၍နေသောအခါ, ဈာန်သမာပတ် ဝင်စားသော အခါ,ဖလသမာပတ်ဝင်စားသောအခါ, နိရောဓသမာပတ် ဝင်စားသော အခါတို့၌လည်း တစ်ပါးသောအာရုံကို သိတော်မူသည် မဟုတ်ချေ၊ ကြွင်းသောဉာဏ်တော်တို့သည်ကား မိမိတို့ဆိုင်ရာ ဖြစ်သော အာရုံတို့ကို သာလျှင် သိကြလေကုန်၏၊ ပုဗ္ဗေနိဝါသဉာဏ်ဖြင့် ရှေးလွန်ခဲ့ပြီးသော အနမတဂ္ဂသံသရာ၌ ဖြစ်ခဲ့သမျှသော အကြောင်းအရာတို့ကို သိ၏၊ ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ပစ္စုပ္ပန်အခါ၌ အတိုင်းမသိသော စကြဝဠာတို့၌ လူ, နတ်, ဗြဟ္မာတို့၏ အမျိုးမျိုးသော အဆင်းသဏ္ဌာန်တို့ကို မြင်၏၊ ဒိဗ္ဗသောတဉာဏ်ဖြင့် ပစ္စုပ္ပန်၌ အမျိုးမျိုးသောစကားသံတို့ကို ကြား၏၊ စေတောပရိယဉာဏ်ဖြင့် ထိုလူ, နတ်, ဗြဟ္မာ, သတ္တဝါတို့၏ စိတ်အကြံ အစည် အမျိုးမျိုးတို့ကို သိ၏၊ နတ်ပြည်သို့လည်းကောင်း, ဗြဟ္မာပြည် သို့လည်းကောင်း, ထိုထိုစကြဝဠာတို့သို့လည်းကောင်း, သွားခြင်းငှါ အလိုရှိ၏၊ ထိုသို့ သွားလိုသည်ရှိ သော် ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် ခဏချင်း ပေါက်ရောက်နိုင်လေ၏၊ အမျိုးမျိုးသော အဆင်းတို့ကို ဖန်ဆင်းခြင်းငှါ အလိုရှိ၏၊ ထိုအခါ ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် ထိုထို အဆင်းအမျိုးမျိုးကို ဖန်ဆင်းနိုင်၏။

[မဟာပရိနိဗ္ဗာနသုတ်၌လည်းကောင်း, အဋ္ဌင်္ဂုတ္တရပါဠိတော် ဘူမိစာလ ဝဂ်၌လည်းကောင်း, ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် အဆင်းအမျိုးမျိုးကို ဖန်ဆင်း၍ ပရိသတ်အမျိုးမျိုးသို့ ပါဝင်၍ တရားဓမ္မဟောပြတော်မူကြောင်းကိုဆိုသည်။]

ပရိသတ်ရှစ်ပါး တရားဓမ္မဟောပြချက်
ချစ်သားအာနန္ဒာပရိသတ်တို့သည် ရှစ်ပါးရှိကုန်၏၊ ရှစ်ပါးဟူသည် အဘယ်နည်း(၁)မင်းပရိသတ်(၂) ပုဏ္ဏားပရိသတ်, (၃) သူဌေးပရိသတ်, (၄) ရဟန်း ပရိသတ်, (၅) စတုမဟာရာဇ်ပရိသတ်, (၆) တာဝတိံသာ ပရိသတ်, (၇) မာရ်မင်းပရိသတ်, (၈) ဗြဟ္မာပရိသတ်-ဤပရိသတ်ရှစ်ပါးတို့ပေတည်း။

ချစ်သားအာနန္ဒာ၊ ငါဘုရားသည် အရာမကသော မင်းပရိသတ်သို့ ချဉ်းကပ် ပါဝင်ခဲ့သည်ကို မှတ်သားမိတော်မူ၏၊ ထိုမင်းပရိသတ်၌ အတူတကွ ထိုင်၍လည်း နေတော်မူဖူး၏၊ စကားလည်းပြောဆိုဖူး၏၊ ဆွေးနွေးတိုင်ပင်ဖူးသည်လည်းဖြစ်၏၊ ထိုမင်းပရိသတ်၌ ထိုမင်းတို့၏ အဆင်းအရောင်သည် အကြင်သို့သဘောရှိ၏၊ ငါဘုရား၏ အဆင်း အရောင်သည်လည်း ထိုကဲ့သို့သဘောရှိ၏၊ ထိုမင်းတို့၏ အသံသည် အကြင်သို့သဘောရှိ၏၊ ငါဘုရား၏အသံသည်လည်း ထိုကဲ့သို့ သဘော ရှိ၏၊ ထိုမင်းတို့အား တရားနှင့်စပ်သော စကားကိုလည်း ဟောကြား တော်မူ၏၊ ဟောကြားအပ်သော တရားစကားကိုလည်း အရိုအသေပြု၍ ကြားနာကြကုန်၏၊ ကြည်ညိုကြကုန်၏၊ နှစ်သက်ကြကုန်၏၊ တရား ဟော၍နေသော ငါဘုရားကိုလည်း မသိကြကုန်၊ အဘယ်မည်သော ဤသူသည် ဟောပြောလေသနည်း လူလေလော, နတ်ဗြဟ္မာလေ လောဟူ၍ မှတ်ထင်ကြကုန်၏၊ တရားကို ဟောကြားပြီးသောအခါ ကွယ်ခဲ့လေ၏၊ ကွယ်သော ငါဘုရားကိုလည်း မသိကြ ကုန် ကွယ်ပျောက် လေသော ဤသူကား အဘယ်သူနည်း လူလေလော, နတ်လေလော ဟူ၍ မှတ်ထင်ကြကုန်၏၊ အရာမကသော ပုဏ္ဏားပရိသတ်, သူဌေး ပရိသတ်, ရဟန်းပရိသတ်, စတုမဟာရာဇ်ပရိသတ်, တာဝတိံသာ ပရိသတ်, မာရ်မင်းပရိသတ်, ဗြဟ္မာပရိသတ်တို့သိ့ု ချဉ်းကပ်သက်ဝင် ရာ၌လည်း ဤနည်းအတူပင် တည်း။

ဆိုခဲ့ပြီးသော ပရိသတ်ရှစ်ပါးတို့တွင် မင်း, ပုဏ္ဏား, သူဌေး, ရဟန်း ဟုဆိုအပ်သော ရှေ့ပရိသတ်လေးပါးကို ဤစကြဝဠာကို ချန်ထား၍ တစ်ပါးသော စကြဝဠာတို့၌ရှိသော မင်း, ပုဏ္ဏား, သူဌေး, ရဟန်း ပရိသတ်တို့ကို မှတ်ယူအပ်၏၊ ထိုစကားမှန်၏၊ ဤစကြဝဠာ၌ ရှိသော မင်း, ပုဏ္ဏား, သူဌေး, ရဟန်းတို့သည်ကား မြတ်စွာဘုရားကို မြင်ဘူးသည် များကြကုန်၏၊ မြတ်စွာဘုရား၏ ဂုဏ်တော်, ကျေးဇူးတော် သတင်းများကို ကြားဖူးသည်များကုန်၏၊ ထိုသို့မြတ်စွာဘုရားကို မြင်ဘူး, သတင်း ဂုဏ်ကိုကြားဘူးသော ပရိသတ်တို့အလယ်၌မူကား ဣဒ္ဓိဝိဓ အဘိညာဏ် ဖြင့် အဆင်းအမျိုးမျိုးဖန်ဆင်း၍ ဟောကြားဖွယ်ကိစ္စ မရှိချေ။ ပကတိသဘောအားဖြင့် ကြည်ညိုရိုသေပြီး ဖြစ်ကြလေသည်၊ စတုမဟာရာဇ်, တာဝတိံသာ, မာရ်နတ်, ဗြဟ္မာဟုဆိုအပ်သော နောက် ပရိသတ်လေးပါးကို ဇာတိခေတ်ဟုဆိုအပ်သော ဒသသဟဿီ မဇ္ဈိမ လောကဓာတ် စကြဝဠာတိုက် တစ်သိန်းကို ချန်လှပ်၍ ထိုဇာတိခေတ်မှ အပြင်ပ၌ဖြစ်သော အနန္တစကြဝဠာတိုက်၌ နေထိုင်ကြကုန်သော စတုမဟာရာဇ်နတ်ပရိသတ် စသည်ကိုသာ ယူ အပ်၏။

ထိုစကားမှန်၏၊ ဇာတိခေတ်အတွင်း၌ နေထိုင်ကြကုန်သော နတ်ဗြဟ္မာ အပေါင်းတို့သည် များသောအားဖြင့် မြတ်စွာဘုရားကို ဖူးမြင်ဖူးကြကုန်၏၊ မြတ်စွာဘုရား၏သတင်းဂုဏ်တော်များကို ကြားသိ ဖူးကြကုန်၏၊ ထိုသို့ ဖူးမြင် ကြားသိဖူးသော နတ်ဗြဟ္မာ ပရိသတ်တို့ အလယ်မှာ ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် အဆင်းအမျိုးမျိုး ဖန်ဆင်း၍ တရားဟောကြားဖွယ်ကိစ္စ မရှိချေ၊ ထိုနတ်ဗြဟ္မာတို့သည် ပကတိ သဘောအားဖြင့် မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုးပြီး ရှိကြကုန်သည်၊ ဤအဓိပ္ပါယ်ကို “ဧကမိဓာဟံ ဘိက္ခဝေ သမယံ ဥက္ကဋ္ဌာယံ ဝိဟရာမိ” အစရှိသည်ဖြင့် ဟောတော်မူအပ်သော မဟာပဒါနသုတ်ဖြင့် သိအပ် ၏။

မြတ်စွာဘုရားသည် သုဒ္ဓါဝါသဗြဟ္မာဘုံသို့ ကြွတော်မူသော အခါ၌ လည်း အဆင်းအမျိုးမျိုး ဖန်ဆင်းခြင်းဟုဆိုအပ်သော ဣဒ္ဓိဝိဓ အဘိညာဏ်ကို ပြုလုပ်ရန် အကြောင်းမရှိချေ၊ ထိုစကားမှန်၏၊ သုဒ္ဓါဝါသဗြဟ္မာဘုံ၌ ရှိနေကြကုန်သော ဗြဟ္မာတို့သည် အနာဂါမ်, ရဟန္တာ အရိယာတို့သာ ဖြစ်ကြလေကုန်သောကြောင့် မြတ်စွာဘုရား၏ဂုဏ်ကို ကောင်းစွာသိရှိကြကုန်၏၊ မြတ်စွာဘုရားကို မဖူးမြင်ဖူးကြသော ပရိသတ်, ဂုဏ်ကျေးဇူးတော်များကို မကြားရဖူးသော ပရိသတ်တို့၌သာလျှင် ကိုယ်တော်၏ အလိုသို့ပါလေအောင် ထိုသူတို့နှင့် လိုက်လျောညီစွာ ဆက်ဆံ၍ တရားကိုနာယူကြစေရန် ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် ဖန်ဆင်း၍ ဟောတော်မူရလေသည်ဟူ၍မှတ်အပ်၏၊ ဤသို့လျှင် သုံးပါးအပြား ရှိသော ဤလောက ကြီးကို သဗ္ဗညုတာဉာဏ်တော်ဖြင့် လည်းကောင်း, တစ်ပါးသောဉာဏ်တို့ဖြင့်လည်းကောင်း, ဟုတ်မှန်သောအတိုင်း သိတော် မူတတ်သောကြောင့် လောကဝိဒူ မည်တော်မူသတည်း။

[ဤလောကဝိဒူဂုဏ်တော်သည် လောကကြီးဆန်းပြား ကျယ်ဝန်းသော အတိုင်း အလွန်ဆန်းပြားကျယ်ဝန်းလှ၏၊ လောက၌ ရှိရှိသမျှအလုံးစုံကို အကုန်သိမြင်တော်မူ၏၊ စကြဝဠာကမ္ဘာလောကဓာတ်တို့၏ ပုံပန်းသဏ္ဌာန် တည်နေဟန်များမှစ၍ မှန်သောအတိုင်း သိမြင်တော်မူ၏၊ လောကကြီး၏ ဆန်းကြယ်သောအတိုင်း လောကဝိဒူဂုဏ်တော်ကို စေ့စုံစွာ ဖွင့်ဆိုပြောကြားရန်မှာ မြတ်စွာဘုရား၏ ဉာဏ်တော်အရာသာဖြစ်၏၊]

၅-လောကဝိဒူဂုဏ်တော်ဖွင့်ပြီး၏။


၆-အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်

အနုတ္တရ ဝိဂြိုဟ်

အဒန္တာနံ ဒုဋ္ဌပုရိသာနံ ဒမနကိစ္စေ နတ္ထိ အတ္တနော ဥတ္တရိ တရော ဧတဿာတိ အနုတ္တရော။

ဧတဿ=ထိုမြတ်စွာဘုရားအား၊ အဒန္တာနံ=မယဉ်ကျေးကုန်သော၊ ဒုဋ္ဌ ပုရိသာနံ=ဆိုးသွမ်းသောသတ္တဝါတို့ကို၊ ဒမနကိစ္စေ=ယဉ်ကျေးအောင် ဆုံးမခြင်း ကိစ္စ၌၊ အတ္တနော=ကိုယ်တော်ထက်၊ ဥတ္တရိတရော=ကဲလွန် သော ပုဂ္ဂိုလ်သည်၊ နတ္ထိ=မရှိ၊ ဣတိတသ္မာ=ထို့ကြောင့်၊ အနုတ္တရော= အနုတ္တရ မည်တော်မူ၏။

မယဉ်ကျေးသောသတ္တဝါဆိုးတို့ကို ယဉ်ကျေးအောင် ဆုံးမရာ၌ ကိုယ်တော် ထက်လွန်သူ ပုဂ္ဂိုလ်မရှိသောကြောင့် ဤအရာ၌ အနုတ္တရ မည်တော်မူသည်။

အားခွန်မာန်တက် သတ္တဝါဆုံးမချက်

ပုရိသဒမ္မဆိုသည်ကား လွန်ကဲသော ဆုံးမနည်းတို့ဖြင့် ဆုံးမခြင်းငှါ ထိုက် ကုန်သော အထူးဆုံးမထိုက်ကုန်သော ယောကျ်ား၏စွမ်းအား, ယောကျ်ား၏ မာန်တို့ဖြင့် ခက်ထန်သောင်းကြမ်း၍ နေကြကုန်သော လူအထူး, ပုဏ္ဏားအထူး, ရဟန်းအထူး, ဘီလူးအထူး, နတ်အထူး, ဗြဟ္မာအထူး, တိရစ္ဆာန်အထူးတို့ပေတည်း။

ပုရိသဒမ္မသာရထိ ဝိဂြိုဟ်

ပုရိသဒမ္မေ သာရေတိ ဒမေတိ ဒန္တဘူမိံ သမ္ပာပေတီတိ ပုရိသဒမ္မသာရထိ။

ပုရိသဒမ္မေ=အားခွန်မာန်တက် ဆုံးမခက်ကုန်သော သတ္တဝါတို့ကို၊ သာရေတိ ဒမေတိ=ယဉ်ကျေးအောင် ဆုံးမတော်မူတတ်၏၊ ဒန္တဘူမိံ= ယဉ်ကျေး သောဘုံသို့၊ သမ္ပာပေတိ=ကောင်းစွာဆိုက်ရောက်စေတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ပုရိသဒမ္မသာရထိ=ပုရိသဒမ္မသာရထိ မည် တော်မူ၏။

ယောကျ်ားတို့၏ခွန်အား စောင်းမာန်တက်၍ဆုံးမခက်အောင်, မယဉ် ကျေးသော သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ် ယဉ်ကျေးသော ဒန္တဘူမိသို့ ရောက်စေတတ်သောကြောင့် ပုရိသဒမ္မ သာရထိ မည်တော်မူသည်။

[အနုတ္တရပုဒ် ပုရိသဒမ္မသာရထိပုဒ် နှစ်ခုကို တွဲသောအခါ အနုတ္တရော ပုရိသဒမ္မသာထိ ဖြစ်လာ၏၊]

ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိသည်ဖြစ်၍ အားခွန်မာန်တက် ဆုံးမခက်သော သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ် သောသတ္တိကြောင့် မြတ်စွာဘုရားသည် အနုတ္တရောပုရိသ ဒမ္မသာ ရထိ မည်တော်မူသည်။

သတ္တဝါကြမ်းဆိုး အမျိုးမျိုး

ဆိုခဲ့ပြီးသော စကားရပ်၌ မြတ်စွာဘုရား ဆုံးမအပ်သော တိရစ္ဆာန်ဆိုး အထူးဆိုသည်ကား နာဠာဂီရိဆင်, အပလာလနဂါး, အစရှိသည်တို့ပေတည်း။ လူဆိုးလူကြမ်းလူဆိုးလူကြမ်း အထူးတို့ဆိုသည်ကား အင်္ဂုလိမာလ ခိုးသူကြီး, သစ္စကပရိဗိုဇ်, ဥပါလိသူကြွယ်စသောသူတို့ ပေတည်း၊ ရဟန်းဆိုးရဟန်းဆိုး အထူးတို့ဆိုသည်ကား ဥရုဝေလကဿပ, ပါထိကပုတ္တ အစရှိသည်တို့ပေတည်း၊ ထိုမှတစ်ပါး အရာမကသော ပရိဗိုဇ်ရဟန်းများတို့ပေတည်း၊ ပုဏ္ဏားဆိုးပုဏ္ဏားဆိုး အထူးတို့ဆိုသည်ကား ဥဒယပုဏ္ဏား အစရှိကုန်သော အရာမကသော ပုဏ္ဏားတို့ပေတည်း၊ ဘီလူးဆိုးအထူးတို့ဆိုသည်ကား အာဠာဝက, သူစိလောမ, ခရလောမ စသော အရာမကသော ဘီလူးတို့ပေတည်း၊ နတ်ဆိုး နတ်ကြမ်း အထူးတို့ ဆိုသည်ကား မာရ်နတ်သား, ပဟာရာဒအသုရာ အစရှိသော နတ်တို့ပေတည်း၊ ထိုနတ်ဆိုးနတ်ကြမ်းတို့သည် ယဉ်ကျေးခြင်း ဒန္တဘူမိသို့ မရောက်ကြကုန်သော်လည်း မြတ်စွာဘုရား၏ တန်ခိုးတော် အား အစွမ်းကို သိသောအခါမှစ၍ မြတ်စွာဘုရားကိုယ်တော်မြတ်၌ မိမိတို့၏ ပုရိသမာန် တံခွန်ကို မထောင်လွှားဝံ့ကြကုန်။

ယဉ်ကျေးသော ဒန္တဘူမိဆိုသည်ကား ဤအရာ၌ သရဏဂုံ တည်သည်မှ အစပြု၍ ဆိုအပ်၏၊ ဥပရိပဏ္ဏာသ ဒန္တဘူမိသုတ်ပါဠိတော်၌ ကား အာသဝက္ခယ ဉာဏ်ကို ဒန္တဘူမိဟူ၍ ဆို၏၊ ဗြဟ္မာကြမ်းဗြဟ္မာကြမ်း အထူးတို့ ဆိုသည်ကား ဗကဗြဟ္မာ အစရှိသော ဗြဟ္မာတို့ပေတည်း၊ ဗကဗြဟ္မာ ဆိုသည်ကား ပထမစျာန်ဗြဟ္မာဘုံ၌ ကမ္ဘာ၏အကြီးအမှူး ဦးစီး ဦးကိုင်ဖြစ်သော မဟာဗြဟ္မာမင်းကြီးပင်တည်း။ ထိုဗကဗြဟ္မာသည် စူဠနီ လောကဓာတ်ဟုဆိုအပ်သော စကြဝဠာတစ်ထောင်ကို အစိုးရ၏၊ ထို ဗြဟ္မာကြီး၏အကြောင်းကို မူလပဏ္ဏာသ ဗြဟ္မနိမန္တနသုတ်, ဗြဟ္မ သံယုတ်, ပါဌဇာတ်, သုတ္တနိပါတ်, ဗကဇာတ်တို့၌ ဗကဟူသောအမည် အားဖြင့် လာရှိ၏၊ ထိုဗကဗြဟ္မာကြီးအား ယုတ်မာသော ဒိဋ္ဌိအယူ တို့သည်ရှိကုန်၏၊ ထိုအယူများကား ငါသည်မြဲ၏ ထာဝရဖြစ်၏၊ အခိုင်အခန့် တည်နေ၏ဟူသော သဿတဒိဋ္ဌိလည်းကောင်း, ဤဘုံ ဘဝမှ အထက်၌ လွတ်မြောက်ရာဖြစ်သော ဘုံဘဝသည် မရှိဟူသော ဥစ္ဆေဒဒိဋ္ဌိလည်းကောင်း, ဤသတ္တလောကကြီးသည် ငါ၏အလို ဆန္ဒကြောင့် ဖြစ်ပေါ်လာရ၏ ငါဖန်ဆင်း၍ ဖြစ်ပေါ်လာ၏ ငါသည် ဖန်ဆင်းနိုင်၏ဟူသော ဣဿရနိမ္မာနဒိဋ္ဌိလည်းကောင်း, ငါသည် အလုံးစုံကိုသိ၏ အလုံးစုံ ကိုမြင်၏ ငါသည်လောက၏အတွင်း၌ တစ်ဆူ တည်းသော ဘုရားတည်းဟူ၍ မှတ်ယူသောဒိဋ္ဌိလည်းကောင်း, ဤ အယူတို့သည် ထိုဗကဗြဟ္မာကြီး၌ ရှိလေ၏၊ ထိုဗကဗြဟ္မာကြီးကိုရည်၍ ဗြဟ္မဇာလသုတ် ဧကစ္စသဿတ ဝါဒ

တဿ ဧဝံ ဟောတိ၊ အဟမသ္မိ ဗြဟ္မာ မဟာဗြဟ္မာ အဘိဘူ အနဘိဘူတော အညဒတ္ထုဒသော ဝသဝတ္တိ ဣဿရော ကတ္တာ နိမ္မာတာ သေဋ္ဌော သဇိတာ ဝသီ ပိတာ ဘူတဘဗျာနံ မယာ ဣမေ သတ္တာ နိမ္မိတာ။

ဟူ၍လည်းကောင်း။

တေသဉ္စ သတ္တာနံ ဧဝံ ဟောတိ ဣမိနာ မယံ ဘောတာ မဟာဗြဟ္မုနာ နိမ္မိတာ။

ဟူ၍လည်းကောင်း ဟောတော်မူသည်။

တဿ=ထိုမဟာဗြဟ္မာကြီးအား၊ ဧဝံ=ဤသို့သော ထင်မြင် ချက်သည်၊ ဟောတိ=ဖြစ်၏၊ အဟံ=ငါသည်၊ ဗြဟ္မာ=ကြီးမြတ်သော ဗြဟ္မာသည်၊ အသ္မိ=ဖြစ်၏၊ မဟာဗြဟ္မာ=ဗြဟ္မာမင်းကြီးတည်း၊ အဘိဘူ= အလုံးစုံသော လောကကိုလွှမ်းမိုးနိုင်၏၊ အနဘိဘူတော=တစ်စုံတစ်ဦး သောသူမျှ ငါ့ကိုမလွမ်းမိုးနိုင်၊ အညဒတ္ထု ဒသော=စင်စစ် သိမြင်နိုင်၏၊ ဝသဝတ္တိ=အလုံးစုံသော သတ္တဝါတို့ကိုငါ၏ အလိုသို့ လိုက်စေနိုင်၏၊ ဣဿရော=လောကကို အစိုးရ၏၊ ကတ္တာ=လောကကို ပြုပြင် တည်ထောင်နိုင်၏၊ နိမ္မာတာ=လောကကို ဖန်ဆင်းနိုင်၏၊ သေဋ္ဌော= အလုံးစုံသော လောကထက်ကြီးမြတ်၏၊ သဇိတာ=အလုံးစုံသော လောကကို စီရင်နိုင်၏၊ ဝသီ=တန်ခိုးအရာ၌ ဝသီဘော်မြောက်၍ နိုင်နင်း၏၊ ဘူတဘဗျာနံ=ဥပပတ်သတ္တဝါ, သံသေဒဇသတ္တဝါ, ဂဗ္ဘသေယျ သတ္တဝါတို့၏၊ ပိတာ=ခမည်းတော်ကြီးဖြစ်၏၊ ဣမေ သတ္တာ=ဤသတ္တဝါ တို့ကို၊ မယာ=ငါသည်၊ နိမ္မိတာ=ဖန်ဆင်းအပ်ကုန်၏။

တေသဉ္စ သတ္တာနံ=ထိုသတ္တဝါတို့အားလည်း၊ ဧဝံ=ဤသို့သော ထင်မြင်ချက်သည်၊ ဟောတိ=ဖြစ်၏၊ မယံ=ငါတို့သတ္တဝါများကို၊ ဘောတာ= အရှင်ဖြစ်သော၊ ဣမိနာ မဟာဗြဟ္မုနာ=ဤမဟာဗြဟ္မာမင်းကြီးသည်၊ နိမ္မိတာ=ဖန်ဆင်းတော် မူအပ်ကုန်၏။

ဘုရားစစ်ထင်မြင် ဗကမဟာဗြဟ္မာပင်

ဤပါဠိတော်၌- မဟာဗြဟ္မာကြီး ထင်မြင်ချက်တို့တွင် ငါသည် သာလျှင် အလုံးစုံသော လောကကို အသက်ရှည်ခြင်း, အဆင်းလှခြင်း, တန်ခိုးကြီးခြင်း, အစိုးရခြင်းတို့ဖြင့် လွှမ်းမိုးနိုင်၏ဟူ၍ ထင်မြင်သည်ကို အဘိဘူ ဆိုသည်၊ တစ်စုံတစ်ယောက်သော သတ္တဝါသည် ငါ့ကို မလွှမ်းမိုး နိုင်ဟူ၍ ထင်မြင်သည်ကို အနဘိဘူတောအနဘိဘူတော ဆိုသည်၊ လောက၌ မြင်သင့် မြင်ထိုက်သမျှ သိသင့်သိထိုက်သမျှသော အလုံးစုံကို အကုန်ငါသိမြင် သည်ဟူ၍ ယူသည်ကို အညဒတ္ထုဒသောအညဒတ္ထုဒသော ဟူ၍ဆိုသည်၊ ထိုအညဒတ္ထု ဒသောဟူသော ထင်မြင်ချက်ဖြင့် မိမိကိုယ်ကို မိမိဘုရားဟု ဝန်ခံကြောင်း ကိုပြ၏၊ အလုံးစုံသော သတ္တဝါတို့အလယ်၌ ငါသည်သာလျှင် အလို အတိုင်းဖြစ်၏ ဤသတ္တဝါအပေါင်းတို့သည် ငါအလိုသို့ လိုက်ကြ ရ၏ ဟူ၍ထင်မြင်သည်ကို ဝသဝတ္တိဝသဝတ္တိ ဆိုသည်၊ တစ်လောကလုံးကို အစိုးရ၏ ဟု ထင်မြင်သည်ကို ဣဿရဣဿရဆိုသည်၊ လောကကို ငါပြုပြင်သည် လောကကို ငါဖန်ဆင်းသည် ငါ့ကိုအမှီပြု၍ ဤလောကသုံးပါး ဖြစ်လာရ သည် လောကကြီးသည် ငါသာလျှင် အစအမွန်ဖြစ်၏ ဟူ၍ထင်မြင် သည်ကို ကတ္တာ, နိမ္မာတာကတ္တာ, နိမ္မာတာဆိုသည်၊ ဤလောကတွင် ငါသည် အကြီးဆုံး အမြင့်မြတ်ဆုံးဖြစ်၏ ငါနှင့်တူသော သူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိဟူ၍ ထင်မြင်သည်ကို သေဋ္ဌသေဋ္ဌ ဆိုသည်၊ ဤလောကကြီးကို ငါ အလိုရှိသလို စီရင်နိုင်သည်ဟူ၍ ထင်မြင်သည်ကို သဇိတာသဇိတာ ဆိုသည်၊ ကံအစွမ်းဖြင့်ပြီးသော တန်ခိုးအရာ၌ ငါသည် အကြင်သို့ အလိုရှိ၏ ထိုသို့ပြုလုပ်ခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ကြောင့် ငါ့ကိုယ်ကို ငါအလို လိုက်စေနိုင်၏ဟူ၍ထင်မြင်သည်ကို ဝသီဝသီ ဆိုသည်၊ ကိုယ်ထင်ရှား ဖြစ်ပေါ်သော ဥပပတ်သတ္တဝါ, အညှိ၌စွဲ၍ဖြစ်သော သံသေဒဇသတ္တဝါ, အမိဝမ်းတိုက်၌ဖြစ်သော ဂဗ္ဘသေယျသတ္တဝါ ဤ သတ္တဝါတို့၏ ဖခင်ကား ငါတည်း၊ ငါသည် သတ္တဝါတို့၏ ခမည်းတော် ကြီးဖြစ်၏ ဟူ၍ထင်မြင် သည်ကို ပိတာ, ဘူတဘဗျာနံပိတာ, ဘူတဘဗျာနံ ဆိုသည်။

(ဥပပတ်သတ္တဝါတို့ကို ဘူတ, သံသေဒဇ, ဂဗ္ဘသေယျသတ္တဝါတို့ကို ဘဗျ,ဟုခွဲ၍မှတ်လေ။)

ထိုဗကမည်သော မဟာဗြဟ္မာသည်ပင်လျှင် သီလက္ခန်ပါဠိတော် ဧကာ ဒသမ ကေဝဋ္ဋသုတ်၌လည်း တန်ခိုးနှင့်ပြည့်စုံသော အမည်အားဖြင့် မထင်ရှားသော ရဟန်းတစ်ပါးသည် ဗြဟ္မာဘုံသို့သွား၍ များသော ဗြဟ္မာပရိသတ်၏ အလယ်၌ မဟာဘုတ်ရုပ်ဓာတ်ကြီး ၄-ပါးတို့၏ ချုပ်ရာဌာနကို မေးသောအခါ ထိုဗကမဟာဗြဟ္မာသည်ပင်လျှင် ထိုရဟန်းကို လက်ရုံး၌ကိုင်၍ အရပ်တစ်ပါးသို့ ဆောင်သွားပြီးလျှင် ဤသို့တီးတိုး စကားပြောကြားလေ၏၊ ရှင်ရဟန်း ဤဗြဟ္မာ အပေါင်း တို့သည် ဤမဟာဗြဟ္မာကြီးအား မသိသောအရာ, မမြင်သောအရာ, မထင်ရှားသောအရာ, မျက်မှောက်မပြုနိုင်သောအရာဟူ၍ တစ်စုံတစ်ခု မျှမရှိ၊ အလုံးစုံကို သိမြင်၏ဟူ၍ ကျွန်ုပ်ကို မှတ်ထင်၍နေကြပါသည်၊ ထို့ကြောင့် အကျွန်ုပ်သည် ထိုဗြဟ္မာတို့၏ မျက်မှောက်၌ ရှင်ရဟန်း မေးသော အရာကို မသိပါဟူ၍ မဖြေကြားပဲနေပါသည်၊ အမှန်အားဖြင့် ကျွန်ုပ်မသိပါ၊ မြတ်စွာဘုရားထံသို့ သွား၍ မေးလျှောက်ပါချေလော ဟူ၍ပြောကြားလေ၏၊ ဤကဲ့သို့ရဟန်းကို မှန်သောအတိုင်း ဖွင့်၍ပြော သည်မှာ ဗြဟ္မနိမန္တနသုတ်၌ မြတ်စွာဘုရား ယဉ်ကျေးအောင် ဆုံးမပြီး ဖြစ်၍ ယဉ်ကျေးသောကြောင့် ပြောခြင်းဖြစ်လေသည်၊ ဗြဟ္မာတို့ အပေါ်မှာ မိမိကြွားဝါပြီး အချက်ကို မပျက်စေလိုသောကြောင့် ရဟန်းကို အခြားသို့ခေါ်၍ ပြောဆိုလေသည်၊ ထိုဗကဗြဟ္မာကြီးသည် ယဉ်ကျေးပြီး မဟုတ်လျှင် တစ်နည်းနည်းအားဖြင့် ထိုရဟန်းကို ကြွားဝါ၍ ပရိယာယ် စကား ပြောကြားမည်သာ ဖြစ်လေ၏၊ ပါထေယျပါဠိတော် ပထမသုတ်၌ လည်း--

သန္တိ ဘဂ္ဂဝ ဧကေ သမဏဗြာဟ္မဏာ ဣဿရ ကုတ္တံ ဗြဟ္မကုတ္တံ အဂ္ဂညံ ပညပေန္တိ။

ဟူ၍ ထိုဗကဗြဟ္မာကိုပင်ရည်၍ ဟောတော်မူသည်။

ဘဂ္ဂဝ=ဘဂ္ဂဝအနွယ်၊ ဧကေ=အချို့ကုန်သော၊ ယေ သမဏ ဗြာဟ္မဏာ=အကြင်ရဟန်းပုဏ္ဏားတို့သည်၊ ဣဿရကုတ္တံ=လောကကို အစိုးရအရှင် ဖန်ဆင်းပြုပြင်သည်ဟူ၍၊ ဗြဟ္မကုတ္တံ=ဗြဟ္မာမင်းကြီး ဖန်ဆင်းပြုပြင်သည်ဟူ၍၊ အဂ္ဂညံ=ကမ္ဘာတွင် ဗြဟ္မာအဦးအစဟူ၍၊ ပညပေန္တိ=ပညတ်ကြကုန်၏၊ တေ သမဏ ဗြာဟ္မဏာ=ထိုရဟန်း ပုဏ္ဏားတို့သည်၊ သန္တိ=ရှိကြလေကုန်၏။

လောကကို အစိုးရအရှင် ဖန်ဆင်းပြုပြင်သည် ဗြဟ္မာဖန်ဆင်းသည် ကမ္ဘာသည် ဗြဟ္မာကြောင့်ဖြစ်သည်ဟူ၍ယူကြသော ပုဂ္ဂိုလ်တို့လည်း ရှိကုန်၏ဟူ၍ ဆိုလိုသည်၊ ထိုဗကဗြဟ္မာကိုပင်လျှင် အဘိဓမ္မာခုဒ္ဒက ဝိဘင်း၌လည်းကောင်း, တိကင်္ဂုတ္တရဗြာဟ္မဏဝဂ် ဒိဋ္ဌိသုံးမျိုးကို ပြဆိုရာ ဣဿရနိမ္မာနဝါဒ၌လည်းကောင်း, လောကကိုအစိုးရသော ဣဿရ အရှင်ဟူ၍ ပြဆိုလေသည်၊ ဤဗကမဟာဗြဟ္မာကိုရည်၍ပင်လျှင်--

- ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော၊ ကဏှော အညော ဝဏ္ဏော၊ ဗြာဟ္မဏာဝ သုဇ္ဈန္တိ။ နော အဗြာဟ္မဏာဝ၊

- ဗြဟ္မုနော ပုတ္တာ ဩရသာ မုခဇာ ဗြဟ္မဇာ ဗြဟ္မ နိမ္မိတာ ဗြဟ္မဒါယာဒါ။

ဟူ၍လည်းကောင်း။

- ယေစ ခေါ တေ ဘော ဂေါတမ မုဏ္ဍကာ သမဏာ ဣဗ္ဘာ ကဏှာ ဗန္ဓုပါဒါ ပစ္စာ။

ဟူ၍လည်းကောင်း ဗြာဟ္မဏဝါဒများနှင့်စပ်လျဉ်း၍ မြတ်စွာ ဘုရား ဟောကြားတော်မူသည်။

ဗြာဟ္မဏောဝ=ပုဏ္ဏားအနွယ်သာလျှင်၊ သေဋ္ဌော ဝဏ္ဏော= မြတ်သောအမျိုးအနွယ်တည်း၊ အညော ဝဏ္ဏော=တစ်ပါးသော အမျိုး အနွယ်သည်၊ ကဏှော=ယုတ်မာသော အမျိုးအနွယ်တည်း၊ ဗြာဟ္မဏာဝ= ပုဏ္ဏားတို့သည်သာလျှင်၊ သုဇ္ဈန္တိ=စင်ကြယ်ကြကုန်၏၊ အဗြာဟ္မဏာ= ပုဏ္ဏားမဟုတ်သောသူတို့သည်၊ နောသုဇ္ဈန္တိ=မစင်ကြယ်ကြကုန်၊ ဗြာဟ္မဏာဝ=ပုဏ္ဏားတို့သည်သာလျှင်၊ ဗြဟ္မုနော=ဗြဟ္မာမင်း၏၊ ပုတ္တာ=သားတို့တည်း၊ ဩရသာ=သားကြီးရတနာတို့တည်း၊ မုခဇာ= ဗြဟ္မာ မင်း၏ခံတွင်းမှ ဖွားမြင်သောသူတို့တည်း၊ ဗြဟ္မဇာ=ဗြဟ္မာမင်းမှဖြစ်သော သူတို့တည်း၊ ဗြဟ္မနိမ္မိတာ=ဗြဟ္မာမင်းဖန်ဆင်းအပ်သောသူတို့တည်း၊ ဗြဟ္မ ဒါယာဒါ=ဗြဟ္မာမင်း၏ အမွေခံတို့ပေတည်း။

ဘော ဂေါတမ=အရှင်ဂေါတမ၊ မုဏ္ဍကာ=ဦးပြည်းဖြစ်ကုန်သော၊ ယေ စ ခေါ သမဏာ=အကြင်ရဟန်းယုတ်တို့သည်၊ သန္တိ=ရှိကုန်၏၊ တေ=ထိုဦးပြည်း ရဟန်းယုတ်တို့သည်၊ ဣဗ္ဘာ=အဆောင်ပရိက္ခရာ ပေါများ သော သူကြွယ်တို့တည်း၊ ကဏှာ=ညစ်နွမ်းယုတ်ညံ့သော သူတို့တည်း၊ ဗန္ဓုပါဒါပစ္စာ=ဗြဟ္မာမင်း၏ ခြေမှ မွေးဖွားသော သူယုတ်မာတို့တည်း။

[ဤပါဠိတော်၌ ထိုဗကကို ဗြဟ္မာဟူ၍လည်းကောင်း ဗန္ဓုဟူ၍လည်း ကောင်း ဆို၏၊ ကြီးပွါးမြင့်မြတ်သူကို ဗြဟ္မာဟူ၍ဆိုသည်၊ တစ်လောကလုံး၏ အဘ, အဘိုး, ဆွေမျိုးအရာ၌ တည်၍ ဗန္ဓုဟူ၍ ဆိုသည်။]

မိစဉ်ဖလိုက် ထွန်းကားခိုက်

(ဤပါဠိတော်၏ ဆိုလိုရင်းမှာ)။ ။ ပုဏ္ဏားတို့သည်သာလျှင် ဗြဟ္မာမင်း၏ ခံတွင်းမှဖြစ်၍ မြင့်မြတ်သည်၊ ရဟန်းတိုသည်ကား ဗြဟ္မာမင်း၏ခြေမှ ဖြစ်ကုန်သောကြောင့် ယုတ်ကုန်သည်ဟူ၍ ပုဏ္ဏား တို့၏ ဣဿရ နိမ္မာန အယူဝါဒအားဖြင့် ပုဏ္ဏားကိုအမြတ် ရဟန်းကို အယုတ်ပြု၍ ဆိုလေသည်၊ ထိုဗကမည်သော မဟာဗြဟ္မာကြီးကိုပင် ရှေးရှေးပုဏ္ဏားတို့ ရေးသားကြကုန်သော ကျမ်းဂန်တို့၏ ပဏာမ ကျမ်းဦး အစတို့၌ များမြတ်ကြီးကျယ်သော ဂုဏ်ပုဒ်တို့ဖြင့် ချီးမွမ်းကြလေ ကုန်သည်၊ ဗြဟ္မာဖန်ဆင်းမှုကိုယုံကြည်သော ပုဏ္ဏားတို့၏ ကျမ်းဂန်တို့၌ ဗြဟ္မာ၏အမည်တို့သည် အလွန်များပြားစွာ လာရှိကုန်၏၊ ထိုသို့ ရှေးရှေး၌ ဖြစ်ကြကုန်သော ပညာရှိဟူ၍ သမုတ်အပ်သည့် ပုဏ္ဏားကြီးတို့၏ အယူဝါဒများသည် တစ်ဆင့်တစ်ဆင့် ဆင်းသက်လာကြကုန်ပြီးလျှင် ယခုထက်တိုင်အောင်ပင်သော်လည်း ဗြဟ္မာကြီး၏ အယူဖြစ်သော ဣဿရ နိမ္မာနဝါဒ, ဗြဟ္မနိမ္မာနဝါဒ လေးပါးတို့သည် လောက၌ အဆက် မပြတ်နိုင်ပဲ မိစဉ်ဘလိုက် ထွန်းကား၍ လာကြကုန်သည်။

[ဗြဟ္မာကြီး၏ အယူဝါဒ လေးပါးဆိုသည်မှာ ပြဆိုခဲ့ပြီးသောအတိုင်း ၁။ ထာဝရမြဲ၏ ဟုယူခြင်း။ ၂။ မဟာဗြဟ္မာဘုံမှတစ်ပါး ကျွတ်လွတ်ရန်မရှိဟု ယူခြင်း။ ၃။ လောကကို ဗြဟ္မာဖန်ဆင်းသည် ဟုယူခြင်း။ ၄။ မဟာဗြဟ္မာ သည်ပင်လျှင် သဗ္ဗညုဘုရားဖြစ်သည်ဟုယူခြင်း။ ဤအယူဝါဒလေးမျိုးတို့ ပေတည်း။]

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်မူကား ဗြဟ္မနိမန္တနသုတ်၌ ဟောတော်မူအပ်သောနည်းဖြင့် ခက်ထန်သော ဗကဗြဟ္မာကြီးကိုလည်း ယဉ်ကျေးအောင် ဆုံးမတော်မူ၏၊ ထိုအယူဝါဒဆိုးကြီး လေးပါးကိုလည်း စွန့်ပယ်တော်မူစေ၏၊ ထိုဗြဟ္မာကြီး၏ အယူဝါဒအတိုင်း လိုက်နာ၍ မှတ်ယူ စွဲလမ်းကြကုန်သော ပုဏ္ဏားမျိုးတို့ကိုလည်းကောင်း, အခြား လူမျိုးတို့ကိုလည်းကောင်း, ယဉ်ကျေးအောင် ဆုံးမတော်မူ၏၊ ထိုဣဿရ နိမ္မာနအယူကိုလည်း စွန့်ပယ်တော်မူစေ၏။

ဤသို့လျှင် မြတ်စွာဘုရားသည် ပုရိသဗလ, ပုရိသမာနတို့ဖြင့် ခက်ထန်၍ နေကြကုန်သော သူတို့ကိုဆုံးမရာ၌ အတုမရှိ ယဉ်ကျေးစွာ ဆုံးမတော်မူတတ် သောကြောင့် အနုတ္တရောပုရိသဒမ္မသာရထိ အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူသည်၊ ဗြဟ္မနိမန္တနသုတ်၌ ဟောတော်မူသောအတိုင်း ဣဿရ နိမ္မာနဝါဒကို ပထမထူထောင်သော ပုဂ္ဂိုလ်ဖြစ်သည့် ဗကဗြဟ္မာကြီးကို မြတ်စွာဘုရား ယဉ်ကျေးအောင်ဆုံးမတော်မူရာ ယဉ်ကျေးခြင်းသို့ ရောက်၍ မိမိအထင်အမြင် အယူအစွဲများ၏ မှားကြောင်းကို သိရှိရ လေသည်၊ ထိုသို့ပင်အယူဝါဒကို ထူထောင်သောပုဂ္ဂိုလ် အပင်မကြီးသည် အမြစ်အရင်းနှင့်တကွ လဲပြိုပါသော်လည်း အကိုင်းအခက် သဖွယ်ဖြစ် သော လူ့ပြည်လောက၌ ဣဿရ နိမ္မာနဝါဒကို စွဲယူကြကုန်သော သူတို့၏ အဆက် အနွယ်များ မပျက်မပျောက်နိုင်ပဲ ယခုတိုင်အောင် ဆက်နွယ်၍နေကြသည်မှာ ထိုဣဿရ နိမ္မာနဝါဒကို ပထမ တည်ထောင် သူ၏ သဘောသဘာဝကို အလုံးစုံ မသိမမြင်နိုင်ခြင်း, လောကသုံးပါး ကြီး၏ ဖြစ်ပျက်ပုံသဘောကို နှံ့စပ်စွာ မသိနိုင်ခြင်း မိရိုးဖလာ အစဉ် အဆက် စွဲယူခဲ့ကြသော အယူဘာသာများကို မစွန့်နိုင်ပဲ ခိုင်မြဲစွာ စွဲယူခြင်းများ၏ အပြစ်ပေတည်း။

[အရိယာမျက်စိ မပေါက်ကြကုန်သေးပဲ အမျိုးမျိုးသော အယူဝါဒကိုသာ ဟုတ်နိုးနိုးနှင့် တမျှော်ထဲ မျှော်၍နေကြကုန်သော ပုထုဇ္ဇန်တို့၏အဖြစ်သည် ယထာဘူတဉာဏ်ဖြင့် အမှန်ကိုမသိနိုင်ကြသည့်အရေးကို တွေးဆတိုင်း ကြောက် လန့်ဖွယ်ကြီးဖြစ်လေ၏၊]

၆-အနုတ္ထရောပုရိသဒမ္မသာရထိ ဂုဏ်တော်ဖွင့်ပြီး၏။


၇-သတ္ထာဒေဝမနုဿာနဂုဏ်တော်

သတ္ထာပုဒ်ကို ဝိဂြိုဟ်ဆို

သဒေဝကံ သဗြဟ္မကံ သသမဏဗြာဟ္မဏံ လောကံ ဓမ္မာဘိသမယတ္ထာယ သာသတိ အနုသာသတီတိ သတ္ထာ။

သဒေဝကံ=နတ်နှင့်တကွသော၊ သဗြဟ္မကံ=ဗြဟ္မာနှင့်တကွသော၊ သသမဏ ဗြာဟ္မဏံ=ရဟန်းပုဏ္ဏားနှင့်တကွသော၊ လောကံ=လောကကို၊ ဓမ္မာဘိ သမယတ္ထာယ=တရားအထူးကို ရစိမ့်သောငှါ၊ သာသတိအနုသာသတိ=ဆုံးမတော်မူတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သတ္ထာ= သတ္ထာမည်တော်မူ၏။

နတ်နှင့်တကွ, ဗြဟ္မာနှင့်တကွ, ရဟန်းပုဏ္ဏားနှင့်တကွသော လောကကို တရားအထူးရစိမ့်သောငှါ ဆုံးမတော်မူတတ်သောကြောင့် သတ္ထာမည်တော်မူသည်။ နတ်လူတို့၏ဆရာ လောက၏ဆရာဟူ၍ ဆိုလိုသည်။

တစ်နည်းခြယ်လှယ် ဝိဂြိုဟ်သွယ်

အနုသာသနီပါဋိဟာရိယေန သာသတိ အနုသာသတီတိ သတ္ထာ။

အနုသာသနီပါဋိဟာရိယေန=တရားအစဉ်ရှိသောအတိုင်း ဆုံးမညွန်ကြားသော ဒေသနာတန်ခိုးပြာဋိဟာဖြင့်၊ သာသတိ-အနုသာသတိ= ဆုံးမတော်မူတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သတ္ထာ=သတ္ထာ မည်တော်မူ၏။

တန်ခိုးပြာဋိ သုံးမျိုးရှိ။ အနုသာသနီပါဋိဟာရိယဖြင့် ဆုံးမတော်မူတတ်သောကြောင့် သတ္ထာမည်၏ဟုဆိုလိုသည်၊ ပါဋိဟာရိယသုံးပါးရှိ၏၊ သုံးပါးဟူသည်ကား ဣဒ္ဓိပါဋိဟာရိယ, အာဒေသနာ ပါဋိဟာရိယ, အနုသာသနီပါဋိဟာရိယ ဤသုံးပါးတို့ပေတည်း၊ ဤပါဋိဟာရိယ သုံးပါးကို သီလက္ခန်ပါဠိတော် ကေဝဋ္ဋသုတ်၌ ဟောတော်မူသည်၊ ပါဋိဟာရိယဟူသော ပါဠိဘာသာစကားကို မြန်မာဘာသာအားဖြင့် တန်ခိုးပြာဋိဟာဟူ၍ အနက်ပြန် ဆိုကြလေသည်၊ ပါဋိဟာရိယပုဒ်၏ အနက်အဓိပ္ပါယ်မှာ

ပါဋိဟာရိယ ဝိဂြိုဟ်

အစ္ဆရိယဗ္ဘုတဘာဝံ ပတွာ ပဋိပက္ခေ ပုဂ္ဂလေစ ဓမ္မေစ ဟရန္တံ အပနေန္တံ ပဝတ္တတီတိ ပါဋိဟာရိယံ။

အစ္ဆရိယဗ္ဘုတဘာဝံ=မဖြစ်စဖူးထူးသော အံ့ဖွယ်သရဲရှိသည် အဖြစ်သို့၊ ပတွာ=ရောက်၍၊ ပဋိပက္ခေ=ဆန့်ကျင်ဖက်ဖြစ်ကုန်သော၊ ပုဂ္ဂလေစ=ပုဂ္ဂိုလ်တို့ကိုလည်းကောင်း၊ ဓမ္မေစ=တရားတို့ကိုလည်းကောင်း၊ ဟရန္တံ-အပနေန္တံ=ပယ်ရှားလျက်၊ ပဝတ္တတိ=ဖြစ်တတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ပါဋိဟာရိယံ=ပါဋိဟာရိယ မည်၏။

[အထူးအံ့ဩဖွယ်ရှိသည်အဖြစ်သို့ရောက်၍ ဆန့်ကျင်ဖက်ဖြစ်သော ပုဂ္ဂိုလ်, ဆန့်ကျင်ဖက်ဖြစ်သောတရားတို့ကို ပယ်ရှားလွှင့်နှင်လျက် ဖြစ်တတ် သောကြောင့် ပါဋိဟာရိယမည်၏ ဟူ၍ဆိုလိုသည်။]

ယမိုက်တန်ခိုး ထိုသုံးမျိုး

ထိုသုံးပါးတို့တွင်---တန်ခိုးကြီးသော နတ်တို့၏ တန်ခိုးကဲ့သို့ လည်းကောင်း, သိကြားတို့၏ တန်ခိုးကဲ့သို့လည်းကောင်း, ဗြဟ္မာတို့၏ တန်ခိုးကဲ့သို့လည်းကောင်း, အလိုရှိတိုင်း ပြုခြင်းငှါ, သွားခြင်းငှါ, ဖန်ဆင်း ခြင်းငှါစွမ်းနိုင်သော ဣဒ္ဓိဝိဓအဘိညာဏ်သည် ဣဒ္ဓိဝိဓ ပါဋိဟာရိယ မည်၏၊ ကိုယ်တော်မှ ရေမီးအစုံအစုံ ထွက်ပေါ်စေ၍ အမျိုးမျိုး ဖန်ဆင်း ပြီးလျှင် အံ့ဖွယ်သရဲကို ဖြစ်စေလျက်ပြသော တန်ခိုးတော်သည် ယမက ပါဋိဟာရိယမည်၏၊ ဣဒ္ဓိပါဋိဟာရိယမျိုးပင်တည်း။

သင်သည် ဤသို့ကြံစည်၍ နေ၏၊ သင်တို့သည် ဤသို့ကြံစည် ကုန်၏၊ သင်၏စိတ်ထဲမှာ ဤသို့ဖြစ်၍ နေ၏ဟူ၍ သတ္တဝါတို့၏ စိတ်ကို ဖြစ်သောအတိုင်း မှန်ကန်စွာ ညွှန်ကြားဟောပြခြင်းငှါ စွမ်းနိုင်သော စေတောပရိယအဘိညာဏ်သည် အာဒေသနာပါဋိဟာရိယ မည်၏။

ဤသို့နှလုံးသွင်းကြကုန်, ဤသို့နှလုံးမသွင်းကြကုန်လင့် ဤသို့ ကျင့်ကြကုန်, ဤသို့မကျင့်ကြကုန်လင့်ဟူ၍ တရားနည်းလမ်းအတိုင်း သတ္တဝါတို့၏စိတ်ကို ကြည်ညိုဖွယ်ရှိလေအောင် ဆွဲဆောင်ဟောကြားခြင်း သည် အနုသာသနီ ပါဋိဟာရိယ မည်၏။

လောကီဝိဇ္ဇာ ပြစ်မှုရှာ

ဤလောက၌ ဂန္ဓာရီဝိဇ္ဇာ, မနိကာဝိဇ္ဇာဟုဆိုအပ်သော လောကီ ဝိဇ္ဇာ အတတ်တို့သည် ရှိကုန်၏၊ ထိုနှစ်ပါးတို့တွင် ဣဒ္ဓိဝိဓအဘိညာဏ် ကဲ့သို့ တန်ခိုးအမျိုးမျိုးဖန်ဆင်းနိုင်သော အတတ်မျိုးသည် ဂန္ဓရီဝိဇ္ဇာ မည်၏။

စေတောပရိယအဘိညာဏ်ကဲ့သို့ လူတို့၏စိတ်အကြံအစည်ကို သိနိုင်သော အတတ်မျိုးသည် မနိကာဝိဇ္ဇာ မည်၏။

ပိဏ္ဍောလမထေရ်ကဲ့သို့ တန်ခိုးအဘိညာဏ်နှင့်ပြည့်စုံသော ရဟန်းတို့သည် လူအပေါင်းတို့ကို ကြည်ညိုစေခြင်းငှါ အကယ်၍ ဣဒ္ဓိဝိဓအဘိညာဏ်ကို ပြကြကုန် သည်ဖြစ်အံ့၊ သာသနာတော်၌ သဒ္ဓါတရား မရှိကြကုန်သောသူတို့သည် ဤရဟန်း တို့ကား ဂန္ဓာရီဝိဇ္ဇာ အတတ်ကို တတ်မြောက်ကြကုန်သော ဂန္ဓာရီဝိဇ္ဇာဓိုရ်တို့ ဖြစ်ကုန်၏၊ လောကီမန္တာန် ဝိဇ္ဇာအတတ်ဖြင့်သာလျှင် ကြည်ညိုအောင် ကြံဆောင် ကြကုန်၏၊ လောကုတ္တရာတရားမျိုးဖြင့် လူတို့၏သဒ္ဓါတရားကို ပွါးစေ နိုင်ကြသည် မဟုတ်ကုန်ဟူ၍ ဆိုကြကုန်လတ္တံ့၊ တန်ခိုးအဘိညာဏ် နှင့် ပြည့်စုံသော ရဟန်းတို့သည် စေတောပရိယအဘိညာဏ်ဖြင့် သူတစ်ပါး တို့၏ စိတ်အကြံကို ညွှန်ကြား ဟောပြောကြကုန်သည်ဖြစ်အံ့၊ သာသနာ၌ မသဒ္ဓါသောသူတို့သည် ဤရဟန်းတို့ကား စိန္တာမနိက မန္တာန်အတတ် ကိုဆောင်သော စိန္တာမနိကဝိဇ္ဇာဓိုရ်တို့ ဖြစ်ကြလေကုန်၏၊ လောကီဝိဇ္ဇာ တို့တည်းဟူ၍ ပြောဆိုကဲ့ရဲ့ကြကုန်လတ္တံ့၊ ဤသို့ ဖြစ်သည်ရှိသော် ငါဘုရား၏ သာသနာတော်သည် လောကုတ္တရာဖက်နှင့် သက်ဆိုင်သည် မဟုတ်ပဲ၊ လောကီဝိဇ္ဇာဓိုရ်တို့၏ ဝိဇ္ဇာမယိဒ္ဓိအသင်းအပင်း ဝိဇ္ဇာမယိဒ္ဓိ ဂိုဏ်းထဲသို့ ပါဝင်ကျရောက်လေရာ၏ဟူ၍ မြတ်စွာဘုရားမြော်မြင် တော်မူသောကြောင့် ရဟန်းတို့အား ဣဒ္ဓိပါဋိဟာရိယ, အာဒေသနာ ပါဋိဟာရိယ တို့ကို ခွင့်ပြုတော်မမူ၊ အနုသာသနီပါဋိဟာရိယကိုသာလျှင် ခွင့်ပြုတော်မူသည်။

ဣဒံ ခေါ အဟံ ကေဝဋ္ဋ ဣဒ္ဓိပါဋိဟာရိယေစ အာဒေသနာ ပါဋိဟာရိယေစ အာဒီနဝံ သမ္ပဿမာနော ဘိက္ခူနံ တံ ပါဋိဟာရိယ ဒွယံ နာနုဇာနိံ၊ အနုသာသနီ ပါဋိဟာရိယမေဝ အနုဇာနိံ။

(ကေဝဋ္ဋသုတ်)

ကေဝဋ္ဋ=ကေဝဋ္ဋရဟန်း၊ အဟံ=ငါဘုရားသည်၊ ဣဒ္ဓိပါဋိဟာရိယေစ=ဣဒ္ဓိ ပါဋိဟာရိယ၌လည်းကောင်း၊ အာဒေသနာပါဋိဟာရိယေစ= အာဒေသနာပါဋိဟာရိယ၌လည်းကောင်း၊ အာဒီနဝံ=အပြစ်ဒေါသကို၊ သမ္ပဿမာနော=မြင်သည်ဖြစ်၍၊ တံပါဋိဟာရိယဒွယံ=ထိုပြာဋိဟာ နှစ်ခုအစုံကို၊ ဘိက္ခူနံ=ရဟန်းတို့အား၊ နာနုဇာနိံ=ခွင့်ပြုတော်မမူ၊ အနုသာသနီ ပါဋိဟာရိယမေဝ=အနုသာသနီ ပါဋိဟာရိယကိုသာလျှင်၊ အနုဇာနိံ=ခွင့်ပြုတော်မူ၏။

ထိုသုံးပါးသော ပါဋိဟာရိယတို့တွင် အနုသာသနီပါဋိဟာရိယဖြင့် သတ္တဝါတို့ကို ဆုံးမတော်မူတတ်သောကြောင့် သတ္ထာမည်တော်မူ၏၊

မေးချက်---မြတ်စွာဘုရားသည် တရားအထူးကို သိမြင်ရရှိ စိမ့်သောငှါ ဆုံးမတော်မူ၏၊ မြတ်စွာဘုရား ဆုံးမတော်မူအပ်သော နတ်, လူ, ဗြဟ္မာတို့သည် အဘယ်မျှလောက်သောကာလအပိုင်းအခြားဖြင့် တရားအထူးကို သိမြင်ရရှိနိုင် ပါကုန်မည်နည်း။ ဤကား အမေးပုစ္ဆာ တည်း။

[ဤအကြောင်းနှင့်ပတ်သက်၍ ပါထေယျပါဠိတော် ဒုတိယဥဒုမ္ဗရိက သုတ်၌ နိဂြောဓပရိဗိုဇ်အား ဤအောက်၌ပါသော စကားရပ်ဖြင့် ဟောတော်မူ သည်။]

အကျယ်ဝေဖန်၍ ဖြေဆိုပုံ

အကျင့်မြတ် ပြီးဆုံးခန်း။ အို နိဂြောဓ ပရိဗိုဇ် ငါဘုရား သည် ဤသို့ဟောကြားတော်မူသည် စဉ်းလဲခြင်းမရှိ, လှည့်ပတ်ခြင်း မရှိ, ဖြောင့်မတ်သော ဓာတ်သဘောရှိ၍ ပဋိသန္ဓေအားဖြင့် ပညာဉာဏ်နှင့် ပြည့်စုံသော ယောကျ်ားသာလျှင် ငါဘုရားထံသို့ လာပါစေ၊ ငါဘုရားသည် ဆုံးမတော်မူအံ့၊ ငါဘုရားသည် တရားကို ဟောကြားတော်မူအံ့၊ ဆုံးမ သောအတိုင်း လိုက်နာကျင့်ကြံကြကုန်သောသူတို့သည် ခုနစ်နှစ်မျှတို့ဖြင့် မြတ်သောအကျင့်၏ ပြီးဆုံးခြင်းကို ပြုကြကုန်လတ္တံ့၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကြကုန်လတ္တံ့၊ ခုနစ်နှစ်တို့ကို ထားဘိဦး၊ ခြောက်နှစ်မျှတို့ဖြင့်, ငါးနှစ်မျှတို့ဖြင့်, လေးနှစ်မျှတို့ဖြင့်, သုံးနှစ်မျှတို့ဖြင့်, နှစ်နှစ်မျှတို့ဖြင့်, တစ်နှစ်မျှဖြင့်, ခြောက်လမျှတို့ဖြင့်, ငါးလမျှတို့ဖြင့်, လေးလမျှတို့ဖြင့်, သုံးလမျှတို့ဖြင့်, နှစ်လမျှတို့ဖြင့်, တစ်လမျှဖြင့်, လခွဲမျှဖြင့် မြတ်သော အကျင့်၏ ပြီးဆုံးခြင်းကို ပြုကြကုန်လတ္တံ့၊ အရဟတ္တဖိုလ်ကို မျက် မှောက်ပြုကြကုန်လတ္တံ့၊ လခွဲမျှကို ထားဘိဦး၊ ပဋိသန္ဓေအားဖြင့် ဉာဏ် ပညာ အခံရှိသော ပုဂ္ဂိုလ်သာ လာပါစေ၊ ငါဘုရားဆုံးမတော်မူအံ့၊ တရားကို ဟောတော်မူအံ့၊ ဆုံးမသောအတိုင်း ကျင့်ကြကုန်သည်ရှိသော် ခုနစ်ရက်မျှဖြင့် မြတ်သောအကျင့်၏ ပြီးဆုံးခြင်းကို ပြုလတ္တံ့-ဟူ၍ ဟောတော်မူသည်။

မဇ္ဈိမပဏ္ဏာသစတုတ္ထဝဂ် ဗောဓိရာဇကုမာရဝဂ်၌ကား ခုနစ်ရက်ကို မဆိုထားဘိဦး၊ ခြောက်ရက်တို့ဖြင့်, ငါးရက်တို့ဖြင့်, လေးရက်တို့ဖြင့်, သုံးရက်တို့ဖြင့်, နှစ်ရက်တို့ဖြင့်, တစ်ရက်ဖြင့် တရားအထူးကို ရလတ္တံ့၊ တစ်ရက်ကို မဆိုထားဘိဦး၊ ဤပဓာနိယင်္ဂတရားငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရှေ့ဆောင်လမ်းညွှန်ဖြစ်သော မြတ်စွာဘုရားကို ရပါတပြီး ကား ညချမ်း၌ဆုံးမအပ်သည်ရှိသော် နံနက်အခါ တရားအထူးကို ရလတ္တံ့၊ နံနက်အခါ၌ ဆုံးမအပ်သည်ရှိသော် ညချမ်းအခါ တရားအထူး ကိုရလတ္တံ့ ဟူ၍ ဟောတော်မူသည်။

အနုအရင့် ထောက်ချင့်သင့်။ အထက်၌ ပြဆိုအပ်ပြီးသော မြတ်စွာဘုရား၏ စကားတော်ဖြင့် မည်မျှလောက်သော ကာလဖြင့် မြတ်စွာဘုရား၏ အဆုံးအမကိုခံ၍ တရားထူးရနိုင်ကြောင်းကို သိအပ်လေသည်၊ ပါရမီအရင့်အနု ဉာဏ်အထက်အနုံ့ ပဓာနိယင်္ဂတရား သန် မသန်ကို အစွဲပြု၍ တရားအထူး ရသောအချိန်ကာလ၏ အမျိုးမျိုး ကွဲပြား ခြားနားကြောင်းကို ဝေဖန်၍ သိအပ်၏။

---

ပဓာနိယင်္ဂတရားငါးပါးဆိုသည်ကား
၁။ ရတနာသုံးပါးဂုဏ်၌ ယုံကြည်သက်ဝင်ခြင်း၊
၂။ ကျမ်းမာစွမ်းသန်ခြင်း၊
၃။ စိတ်သဘောထား ဖြောင့်စင်းခြင်း၊
၄။ အကျင့်သီလနှင့် ပြည့်စုံခြင်း၊
၅။ ရုပ်နာမ်တို့၏အဖြစ်အပျက်ကို သိမြင်လှမ်းမှီနိုင်သော ပညာနှင့်ပြည့်စုံခြင်း

ဤငါးပါးတို့ပေတည်း။

မေးမြန်းချက်---မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း တစ်ရက်မျှ ကျင့်၍ တရားအထူးကို ရသည်ရှိသော် အဘယ်မျှလောက် သော နှစ်ပရိစ္ဆေဒ ကာလအပိုင်းအခြားတို့ပတ်လုံး စင်စစ်ချမ်းသာခြင်းကို ခံစားရပါသနည်း။

(ဤကား အမေးတည်း။)

[ဤအကြောင်းကို ဒသင်္ဂုတ္တရ ပထမပဏ္ဏာသ ပဉ္စမဝဂ်၌ ဟောတော်မူ ချက်ဖြင့် သိအပ်၏၊]

လိမ်လည်မှောက်မှား ကာမစည်းစိမ်များ

ဟောတော်မူချက်ကား။ အို--သာကီနွယ်အပေါင်းတို့--ယခု ငါဘုရားမေးတော်မူလတ္တံ့သည်ကို အဘယ်သို့ မှတ်ထင်အောက်မေ့ ကြကုန်သနည်း၊ ဤလောက၌ တစ်ဦးသောယောကျ်ားသည် ယောကျ်ားတို့ ပြုစွမ်းနိုင်သော အမှုကိစ္စတစ်ခုကို ပြုလုပ်လေသည်ရှိသော် နေ့တိုင်း နေ့တိုင်း အထောင်အထောင်သော အသပြာကိုရရှိ၍ စီးပွါးတိုးတက် စေနိုင်ရာ၏၊ ထိုယောကျ်ားသည် တစ်ရံတစ်ခါ ကာမစည်းစိမ်ချမ်းသာ ကိုခံစားစဉ် တစ်ညဉ့်ပတ်လုံးသော်လည်းကောင်း, တစ်နေ့ပတ်လုံးသော် လည်းကောင်း, ဒုက္ခဟူ၍မဖက် သုခသက်သက်ဖြစ်သော စည်းစိမ် ချမ်းသာကို ခံစား၍နေနိုင်ပါ မည်လော။

အရှင်ဘုရား ထိုသို့ခံစားနိုင်မည် မဟုတ်ပါ၊ ထိုသို့ မခံစားနိုင်မှုသည် အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း၊ အရှင်ဘုရား ကာမဂုဏ် တို့မည်သည် စင်စစ်အားဖြင့် အမြဲမရှိကုန်၊ အချည်းအနှီးတို့သာ ဖြစ်ကုန် ၏၊ လိမ်လည်သော တရား, မျက်လှည့်၏အလား, မှောက်မှားစေတတ် သောတရားတို့သာ ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုသို့မခံစားနိုင်ပဲ ရှိပါသည်။

အို--သာကီနွယ်အပေါင်းတို့--ဤသာသနာတော်၌ ငါဘုရား၏ တပည့် သားသည် ငါဘုရားဆုံးမတော်မူသောအတိုင်း ကျင့်ကြံအားထုတ် သည်ဖြစ်၍ ခုနစ်နှစ်မျှတို့လည်းကောင်း, ခြောက်နှစ်မျှတို့လည်းကောင်း, ငါးနှစ်မျှတို့လည်းကောင်း, လေးနှစ်မျှတို့လည်းကောင်း, သုံးနှစ်မျှတို့လည်း ကောင်း, နှစ်နှစ်မျှတို့လည်းကောင်း, တစ်နှစ်မျှလည်းကောင်း, ခြောက်လ မျှတို့လည်းကောင်း, ငါးလမျှတို့ လည်းကောင်း, လေးလမျှတို့လည်း ကောင်း, သုံးလမျှတို့လည်းကောင်း, နှစ်လမျှတို့ လည်းကောင်း, တစ်လ မျှလည်းကောင်း, တစ်ဆယ့်ငါးရက်မျှသော်လည်းကောင်း, ခုနစ်ရက်မျှ သော်လည်းကောင်း, ခြောက်ရက်မျှသော်လည်းကောင်း, ငါးရက်မျှ သော်လည်းကောင်း, လေးရက်မျှသော်လည်းကောင်း, သုံးရက်မျှသော် လည်းကောင်း, နှစ်ရက်မျှသော်လည်းကောင်း, တစ်ရက်မျှသော်လည်း ကောင်း, မေ့လျော့ ခြင်းမရှိမူ၍ အပူအပင်ကြိုးစားလျက် စွန့်လွှတ်သော ကိုယ်စိတ်ရှိသည်ဖြစ်၍ နေရာ၏၊ ထိုတပည့်သားသည် တစ်ရက်မျှဖြင့် တရားအထူးကိုရ၍ နှစ်ပေါင်းတစ်ရာတို့ပတ်လုံးလည်းကောင်း, နှစ်ပေါင်း အထောင်တို့ပတ်လုံးလည်းကောင်း, နှစ်ပေါင်းအသိန်းတို့ ပတ်လုံးလည်း ကောင်း, စင်စစ်ချမ်းသာသုခကို ခံစား၍ နေရာ၏၊ ထိုချမ်းသာသုခကို ခံစားသော တပည့်သည်လည်း သောတာပန်သော်လည်းကောင်း, သကဒါဂါမ်သော်လည်းကောင်း, အနာဂါမ်သော်လည်းကောင်း ဖြစ်ရာ၏။

[ဤ-ပါဠိတော်ဖြင့် မြတ်စွာဘုရား ဆုံးမတော်မူသောအတိုင်း ကျင့်ကြံအား ထုတ် သော တပည့်သား၏ နှစ်ပေါင်းများစွာ ဧကန္တချမ်းသာကို ခံစားရကြောင်းကို ပြ ဆိုတော်မူသည်၊ ဆိုပြီးသော စကားရပ်သည်ကား တစ်ရက်နှစ်ရက် စသည်ဖြင့် အားထုတ်၍ တရားအထူးကိုရသောပုဂ္ဂိုလ်များကို ရည်၍ဆိုသောစကားဖြစ်သည်]

လေးဆယ့်ငါးဝါ၊ နှစ်တွင်းမှာကား၊
များစွာဆုံးမ၊ ဝေနေယျ၊ ကျွတ်ကြ အနန္တာ။

မြတ်စွာဘုရား တရားဟောပြသော နေရာ၌ပင်လျှင် တရားတော် ၏အဆုံး၌ တရားအထူးကို ရရှိကြကုန်သော ပုဂ္ဂိုလ်တို့သည် အလွန်တရာ များလှစွာကုန်၏၊ ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောတော်မူရာ၌ ကောဏ္ဍည မထေရ်နှင့် ဗြဟ္မာပေါင်းတစ်ဆယ့်ရှစ်ကုဋေ, နတ်ပေါင်းအသင်္ချေ တရားအထူးကို ရရှိကြကုန်သည်ဟူ၍ မိလိန္ဒပဥှာ၌လည်းကောင်း, အဋ္ဌကထာကျမ်းဂန်တို့၌လည်းကောင်း ဆို၏၊ ထိုနောက် ကပ္ပါသိက တောအုပ်၌ သုံးကျိပ်မျှလောက်သော ဘဒ္ဒဝဂ္ဂီရဟန်းတို့သည် ထိုဘုရား ဆုံးမသော နေရာ၌ပင်လျှင် ကိလေသာမြူ, ကိလေသာအညစ်အကြေး ကင်းဝေးစင်ကြယ်သော ဉာဏ်မျက်စိအလင်းကို ရရှိကြလေကုန်၏၊ ဤသို့လျှင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူသည်တိုင်အောင် လေးဆယ့်ငါးနှစ်အတွင်း တရားနာသည်၏အဆုံး၌ တရားအထူးကို ရရှိကြကုန်သော ပုဂ္ဂိုလ်တို့သည် အလွန် များပြားကုန်၏၊ အသင်္ချေယျ ပေါင်းများစွာရှိကုန်၏။

သတ္ထာဒေဝ မနုဿာနံ ဟူသော ပုဒ်အရ...... မေးချက်...မြတ်စွာဘုရားသည် နတ်လူတို့၏ ဆရာဆိုရာ၌ အဘယ်မျှလောက်သော နတ်လူတို့၏ဆရာဖြစ်ပါသနည်း။ (ဤကား- အမေးတည်း။)

ဖြေဆိုချက်....မိလိန္ဒပဥှာ နဝမဝဂ် ဓုတင်္ဂပဥှာခန်းတွင် လောကုတ္တရာတရားကို ထိုးထွင်း၍သိမြင်သော နတ်လူတို့သည် တစ်ဆယ့်လေးသင်္ချေမျှ ရှိကုန်၏ဟူ၍ ပြဆို၏၊ အချို့သော သီဟိုဠ်ကျွန်း ဖြစ် အဋ္ဌကထာဋီကာတို့၌မူကား နှစ်ဆယ့်လေးသင်္ချေနှင့် ကုဋေခြောက် ဆယ် ဗိုလ်ခြေတစ်သိန်းရှိကုန်၏ ဟူ၍ဆို၏၊ ဤစကားကို မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသည်နောက်ကာလ တရားထူးကို ရရှိကြကုန်သော သူတို့ကိုထည့်၍ ဆိုအပ်သောစကားဖြစ်သည်ဟူ၍ ပြောဆို ကြကုန်၏၊ မိလိန္ဒပဥှာ၌ဆိုသော တစ်ဆယ့်လေးသင်္ချေဆိုသော စကားသည်လည်း အကြွင်းအကျန်မရှိ သိမ်းကျုံး၍ဆိုသော စကား မဟုတ်၊ အကြွင်းအကျန် နှင့်တကွ ဆိုသောစကားသာ ဖြစ်၏၊ အဘယ်ကြောင့်နည်းဟူမူ ဓမ္မစက္က ပဝတ္တနသုတ်မှတစ်ပါး များစွာသော သုတ္တန်တို့၌ ထိုဓမ္မစကြာကို ဟောသောအခါကဲ့သို့ များစွာ သောနတ်တို့၏ အစည်းအဝေးကြီးများ, တရားရပွဲကြီးများ ဖြစ်သင့်လေသောကြောင့်တည်း၊ တစ်ခုတစ်ခုသော တရားပွဲအစည်းအဝေး၌ ရေတွက်ခြင်း လမ်းစခန်းကို လွန်သော အသင်္ချေယျ အရေအတွက်မှာ နတ်, ဗြဟ္မာတို့ကို အရေ အတွက်ပြုသဖြင့် ဆိုအပ်၏၊ လူတို့ကိုရေတွက်သော အသင်္ချေယျ မဟုတ်ချေ။

ထိုစကားမှန်၏၊ ဤလောက၌ ဘုရားရှင်ပွင့်ပေါ်သော ဗုဒ္ဓုပ္ပါဒ ခေတ်အခါ ကြီးသည် နတ်, ဗြဟ္မာတို့၏ တရားရပွဲကြီးအချိန်အခါဖြစ်၏၊ နတ်, ဗြဟ္မာတို့နှင့် နှိုင်းစာလျှင် လူတို့တရားရကြသည်မှာ များသည်ဟူ၍ ပမာဏ မပြုလောက်ချေ၊ လောက၌ ဘုရားပွင့်ပေါ်တော်မူလိမ့်မည်ဟူ၍ ကျော်စောသော ဗုဒ္ဓကောလာ ဟလဖြစ်သည်က အစပြု၍ တစ်သောင်း သော ဇာတိခေတ်လောကဓာတ်၌ နေကြကုန်သော နတ်, ဗြဟ္မာအပေါင်း တို့သည် ဘုရားဖြစ်ပေါ်တော်မူသော အချိန်ကို မျှော်လင့်စောင့်စားကြကုန် လျက်သာလျှင် လှည့်လည်ပျော်ပါးကာ နေကြကုန်၏၊ ထိုနတ်, ဗြဟ္မာ အပေါင်းတို့သည်ပင်လျှင် တုသိတာနတ်ပြည်၌ ရှိနေသော အလောင်း တော်နတ်သားကို လူ့ပြည်၌ ဘုရားဖြစ်ရန် ပဋိညာဉ် တောင်းခံကြကုန်၏၊ ဘုရားလောင်းနတ်သားထံမှ ပဋိညာဉ်ရပြီးသည့်အခါမှစ၍ ယခုအခါ ငါတို့သည် ဘုရားပွင့်တော်မူခြင်းကို တွေ့မြင်ကြရကုန်လတ္တံ့၊ တရား တော်မြတ်ကို ကြားနာကြရကုန်လတ္တံ့ဟူ၍ ရွှင်လန်းဝမ်းမြောက်သော စိတ်ရှိကြ ကုန်သည်ဖြစ်၍ ထိုဘုရားကိစ္စ, တရားကိစ္စတို့၌ သာလျှင် ကြောင့်ကြစိုက်သော စိတ်ရှိကြကုန်လျက်သာလျှင် တပျော်တပါးကြီး နေထိုင်ကြလေကုန်၏၊ နတ်ဗြဟ္မာတို့မည်သည် အလိုရှိအပ်သော အရပ်ဌာနသို့ လျင်မြန်စွာ တစ်ခဏချင်း သွား ရောက်ခြင်းငှါ စွမ်းနိုင်ကြ ကုန်၏၊ ဤစကြဝဠာ၌ ဘုရားဖြစ်တော်မူသည်ဆိုလျှင် တစ်သောင်းသော လောကဓာတ်၌ ရှိနေကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် ခဏချင်း လာရောက်၍ ဖူးမြင်ခြင်း, တရားတော်ကို ကြားနာခြင်းများကို ပြုလုပ် နိုင်ကြကုန်၏။

ဘုရားငါးဆူတို့၏ တပည့်စဉ်ဆက်မပြတ်ပုံ

နတ်ပြည်တို့၌ ဤဘဒ္ဒကပ်ကမ္ဘာတွင် ပွင့်တော်မူကြသော ဘုရားငါးဆူ တို့၏ တပည့်သာဝက အစဉ်အဆက်သည် မပြတ်ချေ၊ ဆက်လက်လျက်သာရှိ၏၊ ဗြဟ္မာဘုံတို့၌မူကား လွန်ခဲ့ပြီးသော ကပ်ကမ္ဘာ တို့၌လည်းကောင်း, ဤကပ် ကမ္ဘာ၌လည်းကောင်း ပွင့်တော်မူကြကုန် သော ဝိပဿီအစရှိသော ဘုရားရှင် ခုနစ်ဆူတို့၏ တပည့်သာဝက အစဉ်အဆက်သည်လည်း မပြတ်ချေ၊ ဆက်လက်လျက်သာရှိလေ၏။

ထိုစကားမှန်၏၊ ဝိမာနဝတ္ထုရှင်မောဂ္ဂလာန်မထေရ်မြတ်သည် နတ်ပြည်တို့၌ ဒေသစာရီလှည့်လည်တော်မူသောအခါ ကဿပမြတ်စွာ ဘုရား၏ တပည့်သာဝကဖြစ်သော နတ်များကို တွေ့မြင်တော်မူသည် ဟူ၍ဆို၏၊ မြတ်စွာဘုရားသည်လည်း ဗြဟ္မာဘုံတို့၌ ဒေသစာရီ လှည့်လည်တော်မူသောအခါ သုဒ္ဓါဝါသဘုံတို့၌ ရှေး၌ ပွင့်တော်မူကုန်ပြီး သော ဘုရားရှင်ခြောက်ဆူတို့၏ တပည့်သာဝက ဖြစ်သော ဗြဟ္မာတို့ကို တွေ့ရှိတော်မူ၏ လူတို့မည်သည်ကား ပကတိအရေ အတွက်အားဖြင့် လည်း အလွန်နည်းပါးလှစွာ၏၊ နတ်ဗြဟ္မာတို့နှင့် နှိုင်းစာလျှင် ပမာဏ မပြုလောက်ချေ၊ လူ့ပြည်လောက၌ ဘုရားပွင့်ပေါ်သည်ဟူ၍ ဆိုသော် လည်း ဤစကြာဝဠာ၌သာလျှင် ပွင့်တော်မူ၏၊ ဤစကြဝဠာတွင်လည်း ဇမ္ဗူဒီပါ တောင်ကျွန်း၌သာလျှင်ပွင့်တော်မူ၏၊ ဇမ္ဗူဒီပါ တောင်ကျွန်း တွင်လည်း အဝန်းကိုးရာ ယူဇနာအတိုင်းအရှည်ရှိသော မဇ္ဈိမဒေသ အရပ်၌သာလျှင် ပွင့်တော်မူ၏၊ လူတို့မည်သည် နတ်ဗြဟ္မာတို့ကဲ့သို့ တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံသော သတ္တဝါမျိုးများ မဟုတ်ကြလေကုန်၊ တန်ခိုးကို အားကိုးကြရကုန်သော သတ္တဝါများ မဟုတ်၊ ဝီရိယ အစွမ်း ကိုသာ အားထားကြရသည်ဟူ၍ ဆိုလိုသည်၊ တန်ခိုးနှင့် မပြည့်စုံကြလေ သောကြောင့် ဘုရားပွင့်တော်မူရာဌာနသို့ နတ်ဗြဟ္မာများ လာရောက်ကြ ကုန်ဘိသကဲ့သို့ လာရောက်၍ဖူးမြင်နိုင်သည်လည်း မဟုတ်ချေ၊ အခြားစကြဝဠာမှ နတ်, ဗြဟ္မာတို့လာရောက်၍ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာနိုင်ကြဘိသကဲ့သို့ လူတို့သည်မူကား အခြား စကြဝဠာကို မဆိုထားဘိ အရှေ့ကျွန်း, မြောက်ကျွန်း, အနောက်ကျွန်းက လူများပင် လာရောက်နိုင်ကြသည် မဟုတ်ကြလေကုန်၊ ဤ ဇမ္ဗူဒီပါ ကျွန်းအပြင်မှာသော်လည်း မဇ္ဈိမဒေသ၏ ပြင်ဖက်၌ရှိသော အရပ်ဌာန တို့က လူအများတို့သည် ဘုရားအထံတော်သို့ လာရောက်နိုင်ကြ သူများပင် အလွန်နည်းပါးလှလေ၏၊ ထိုမြတ်စွာဘုရား၏ တရားပွဲ တော်ကြီးများမှ တရားနာပရိသတ် အစည်းအဝေး အသင်္ချေရှိသည်ဟု ဆိုရသော်လည်း နတ်, ဗြဟ္မာတို့ကို ရေတွက်ခြင်းအားဖြင့်သာလျှင် ဆိုရလေသည်၊ လူတို့ကို ရေတွက်ခြင်း အားဖြင့် ဆိုရသည် မဟုတ်ချေ။

မေးချက်---ဤသို့ဖြစ်ပါလျှင် မြတ်စွာဘုရားတို့သည် အဘယ့် ကြောင့် လူ့ပြည်၌ ဖြစ်တော်မူပါသနည်း၊ အဘယ့်ကြောင့် နတ်, ဗြဟ္မာပြည်တို့၌ ဖြစ်တော် မမူကုန်သနည်း ဟူ၍ မေးဖွယ်ရှိ၏၊

ဖြေချက်---လူ့ပြည်လောကသည်သာလျှင် ဝီရိယဘုံ, ကံဘုံဖြစ် ၏၊ ဝီရိယဘုံသည်သာလျှင် ဘုရားဖြစ်ရန် ပါရမီတို့ကို ဖြည့်ကျင့်ရာဌာန ဟုဆိုအပ်သော ဗောဓိသမ္ဘာရဘူမိဖြစ်၏၊ ထိုဗောဓိသမ္ဘာရဘူမိသည် သာလျှင် ဘုရားရှင်တို့ ပွင့်ရာဘုံဖြစ်၏၊ ထိုနတ်, ဗြဟ္မာတို့သည်လည်း ဝီရိယဘုံဖြစ်သော ဤလူ့ဘုံမှ နတ်ပြည်သို့ရောက်ကြောင်းဖြစ်သောကံ, ဗြဟ္မာပြည်သို့ ရောက်ကြောင်းဖြစ်သော ကံတို့ကို ဆည်းပူးအားထုတ် ကြကုန်သည်ဖြစ်၍ နတ်ပြည်, ဗြဟ္မာပြည် ဟုဆိုအပ်သော သုခဘုံတို့၌ သာလျှင် ဖြစ်ကြလေကုန်၏၊ ဣဿရနိမ္မာနဝါဒ, ဗြဟ္မနိမ္မာနဝါဒ ၌လည်း အကြင်သူတို့သည် လောကကိုဖန်ဆင်းသော ဣဿရအရှင်၏ ဘုံသို့ ရောက်ပြီး, ရောက်ဆဲ, ရောက်လတ္တံ့ဖြစ်ကြလေကုန်၏၊ အလုံးစုံသော ထိုသူတို့ သည် ဝီရိယဘုံဖြစ်သော ဤလူ့ပြည်လောက၌ တည်၍သာလျှင် ဣဿရအရှင်ကို ခစားဆည်းကပ်ခြင်း, အကြွင်းမဲ့ယုံကြည်ခြင်းစသော ကံဝီရိယတို့ကို ပြုကြကုန်မှ သာလျှင် ဣဿရဘုံသို့ရောက်ပြီး, ရောက်ဆဲ, ရောက်လတ္တံ့ ဖြစ်နိုင်ကြလေကုန်၏ဟူ၍ အယူရှိကြကုန်၏၊ ဤအယူ အတိုင်းမူကား ပြုလုပ်ကြကုန်၏၊ သို့ပင် ပြုကြကုန်သော်လည်း ဤဆိုလတ္တံ့သော အကြောင်းများကို မသိကြလေကုန်၊ လောကကို အစိုးရသည်, ဖန်ဆင်းသည်ဟူ၍ ဣဿရနိမ္မာနဝါဒအားဖြင့် အယူရှိကြ သော လောက၏အရှင်ဖြစ်သည့် မဟာဗြဟ္မာကြီးသည်လည်း ဝီရိယဘုံ ဖြစ်သော ဤလူ့ပြည်လောက၌ တည်၍ပင်လျှင် လောကကိုအစိုးရသည့် ဗြဟ္မာ အဖြစ်သို့ရောက်စေတတ်သောကံများကို ပြုလုပ်ကြကုန်သည် ဖြစ်၍သာလျှင် လောကကိုအစိုးရသည့် ဗြဟ္မာမင်းကြီးအဖြစ်သို့ ရောက်နိုင်လေသည်၊ လောကကို အစိုးရသော ဗြဟ္မာမင်းကြီး၏အဖြစ်သို့ ရောက်စေနိုင်သော ကံများရှိ၏ဟူ၍ ပင်လျှင် ထိုဣဿရနိမ္မာနအယူ သမားတို့ မသိရှာကြကုန်၊ လောကကို ဖန်ဆင်းသော ဣဿရအရှင် သည်မြဲ၏, ခိုင်ခန့်၏, ထာဝရတည်၏, ဗြဟ္မာကြီးသည် မြဲ၏, ခိုင်ခန့်၏, ထာဝရတည်၏ဟူ၍ သဿတဒိဋ္ဌိအယူကိုသာလျှင် စွဲလမ်းကြကုန်၏၊ ဤသို့လျှင်သာသနာတော်မှ အပဖြစ်သော အခြားအယူဝါဒတို့၌လည်း မနုဿဘုံဝီရိယဘုံ, ကမ္မဘုံဖြစ်ကြောင်းကို ဝန်ခံကြကုန်၏၊ နတ်ဘုံ, ဗြဟ္မာဘုံ, နိဗ္ဗာန်ဘုံတို့သည် ချမ်းသာတို့ဖြင့် ထုံမွှမ်းအပ်သော သုခဘုံတို့ မည်ကုန်၏၊ ဗုဒ္ဓဘုံ, သာဝကဘုံတို့သည် တရားအထူးကို ထိုးထွင်း၍သိရာ ဖြစ်သောကြောင့် ပဋိဝေဓဉာဏဘုံ မည်ကုန်၏၊ မနုဿဘုံသည်သာလျှင် ကမ္မဘုံမည်၏၊ ကမ္မဘုံဆိုသဖြင့် ထိုကံနှင့် အပင်းအသင်းဖြစ်ကုန်သော ဉာဏ်, ဝီရိယတို့ကိုလည်း ယူအပ်ကုန်၏။

ဉာဏ်ဝီရိယ၊ မကင်းကြပဲ၊ ကမ္မဆိုတာ၊ အလုပ်သာ၊ မှတ်ပါလူလောက။

ကမ္မဘုံဆိုသောစကားမှာ။ လူ့ဘုံ၌ တည်သော လူအပေါင်းတို့သည် မိမိတို့ဆိုင်ရာ ဆိုင်ရာဖြစ်သော အမှုကိစ္စ အလုပ် အဆောင်တို့ကို ပြုလုပ်ကြကုန်မှသာလျှင် ချမ်းသာသုခကို ရနိုင်ကြကုန်၏၊ မသင့်မလျောက်ပတ်သောကံကို ပြုလုပ်မိပြန်လျှင်လည်း ဆင်းရဲဒုက္ခကို ရရှိကြလေကုန်၏၊ လူ့ဘုံ၌တည်သော သူတို့သည် အမှုကိစ္စ အလုပ် အကိုင်ကို လွှတ်ထား၍ အားလပ်စွာ မတည်နိုင်ကြကုန်၊ လက်နှင့်အလုပ် အကိုင် မကွေမကွာ ပြုကြကုန်မှသာလျှင် တည်တံ့နိုင်ကြကုန်၏၊ ထိုသို့အမှုကိစ္စ အလုပ်အကိုင်နှင့် မကင်းနိုင်သောကြောင့် ကမ္မဘုံဟူ၍ ဆိုလေသည်၊ ကမ္မဆိုသည်ကား အမှုကိစ္စ အလုပ်အကိုင်များပေတည်း၊ အလုပ်အကိုင်ကို ပြုလုပ်ရာတွင် ဉာဏ်, ဝီရိယတို့နှင့် မကင်းကောင်း၊ ဉာဏ်, ဝီရိယပါမှသာလျှင် ပြုလုပ်နိုင်လေသည်၊ ထို့ကြောင့် လူ့ဘုံကို ဝီရိယဘုံ, ဉာဏ်ဘုံဟူ၍ ဆိုအပ်လေ၏၊ အကယ်၍ အခြားမဲ့ဖြစ်သော ဘဝ၌ ထိုထိုသုခဘုံတို့သို့ ရောက်ခြင်းငှါ အလိုရှိကြကုန်သည်ဖြစ်အံ့၊ ဤသို့ အလိုရှိလျှင် ကမ္မဘုံဖြစ်သော ဤလူ့ပြည်လောက၌တည်၍ ထိုထိုသုခဘုံသို့ ရောက်ကြောင်းဖြစ်သော ကံတို့ကို လုပ်ကိုင်ထူထောင် စိုက်ပျိုးကြကုန်မှသာလျှင် အခြားမဲ့ ဘဝ၌ အလိုရှိအပ်သော ထိုထိုသုခ ဘုံတို့သိ့ု ရောက်ရှိနိုင်ကြလေကုန်၏၊ ထိုသို့မဟုတ် နောက်နောက်ဘဝတို့၌ ထိုသို့ပဋိဝေဓဉာဏဘုံသို့ ရောက်ခြင်းငှါ အလိုရှိကြကုန်သည်ဖြစ်အံ့၊ ထိုထိုရောက်လိုသည်ရှိသော် ဤလူ့ပြည်ကံဘုံ၌ တည်၍ ထိုထိုပါရမီ အမျိုးမျိုးတို့ကို ဖြည့်ကျင့်ဆည်းပူးကြကုန်မှသာလျှင် နောက်နောက်ဘဝ တို့၌ မိမိတို့ပါရမီ အခံရှိသည် အားလျော်စွာ ထိုထိုပဋိဝေဓ ဉာဏဘုံသို့ ဆိုက်ရောက်နိုင်ကြကုန်၏။

ဆိုဖွယ် အထူးရှိပြန်သည်ကား သာဝကအပေါင်းတို့တွင်လည်း လူ့ပြည်လောက ဝီရိယဘုံ၌ ဖြစ်ကြသော မြတ်စွာဘုရား၏ တပည့်သား တော်တို့သည်သာလျှင် ဘုရားရှင်၏နောက်လိုက် ဘုရားရှင်ကိုယ် တော်စား ဖြစ်နိုင်ကြကုန်၏၊ ထိုစကားမှန်၏၊ အဂ္ဂသာဝကကြီး နှစ်ပါး တို့သည် ဘုရားအရာ၌တည်သော တပည့်ကြီးနှစ်ပါးတို့ ဖြစ်ကုန်၏၊ အသီတိမဟာသာဝက ရှစ်ကျိပ်တို့သည် ဘုရားအရာ၌တည်သော တပည့်ကြီး ရှစ်ကျိပ်တို့ဖြစ်ကြကုန်၏၊ ထိုမှတစ်ပါး အသိန်းမကကုန်သော တန်ခိုးကြီး, ပညာကြီး, ရဟန္တာအရှင်မြတ်ကြီးတို့သည်လည်း ဘုရား အရာ၌တည်သော သာဝကကြီးတွေ ဖြစ်ကြလေကုန်၏၊ အထက်နတ် ပြည်, ဗြဟ္မာ့ပြည်တို့၌ ဖြစ်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည်လည်း ထိုသာဝက ဖြစ်သော ဘုရားကိုယ်တော်စား တပည့်မထေရ်ကြီးများကို ရိုသေစွာ ရှိခိုးကြရကုန်၏၊ ထို့ကြောင့်ဘုရားရှင်တို့မည်သည် လူ့ပြည် လောက၌သာလျှင် ဖြစ်တော်မူကြကုန်သည် နတ်ပြည်, ဗြဟ္မာပြည်တို့၌ ဖြစ်တော်မမူကြကုန်ဟူ၍သိအပ်၏။

[ဤသို့ပြဆိုအပ်ပြီးသောစကားအစဉ်ဖြင့် လူ့ပြည်၌ ဘုရားပွင့်တော်မူခြင်း သည်လည်း နတ်ဗြဟ္မာတို့၏ တရားရပွဲကြီးဖြစ်ကြောင်း, တစ်ခုတစ်ခုသော တရားပွဲ အစည်းအဝေး၌ အသင်္ချေယျဟူသော အရေအတွက်သည် နတ်ဗြဟ္မာတို့ကို ရေ တွက်ခြင်းအားဖြင့်သာ ဖြစ်ရကြောင်း, မြတ်စွာဘုရားသည် အသင်္ချေနှစ်ဆယ် ကျော်သော လူ, နတ်, ဗြဟ္မာတို့၏ဆရာဖြစ်ကြောင်းကို သိအပ်လေသတည်း။]

ဇာတိကန္တာ၊ ဘေးဘယာမြဲ၊ ခရီးခဲမှ၊ ထုတ်လွှဲကယ်တင်၊ ဘုရားရှင်၊ များလျှင်သတ္တ၊ တစ်နည်းပြတစ်နည်းအားဖြင့်။ မြတ်စွာဘုရားသည် လှည်းမှူးကြီးသဖွယ် ဖြစ်သောကြောင့်လည်း သတ္ထာဒေဝမနုဿာနံ ဟူ၍ဆိုအပ်၏၊ ဥပမာကား-လမ်းခရီး၌ လိမ္မာသော လှည်းမှူးကြီးသည် လမ်းမှား ၍နေသော လှည်းအပေါင်းတို့ကို အမျိုးမျိုးသော ကန္တာရခရီးခဲထဲမှ ကယ်တင် တတ်၏၊ ဤအတူ မြတ်စွာဘုရားသည်လည်း ပြဆိုခဲ့ပြီးသော လူ, နတ်, ဗြဟ္မာ, သတ္တဝါအသင်္ချေနှစ်ဆယ်ကျော်တို့ကို ဇာတိကန္တာရ မှလည်း ထုတ်ဆောင် ကယ်တင်တော်မူ၏၊ ဇရာကန္တာရမှလည်း ထုတ် ဆောင်ကယ်တင်တော်မူ၏၊ မရဏကန္တာရမှလည်း ထုတ်ဆောင်ကယ် တင်တော်မူ၏၊ ဤသို့အစရှိသော မဟာနိဒ္ဒေသနည်းအားဖြင့်လည်း သတ္ထာဒေဝမနုဿာနဟူသောဂုဏ်တော်ပုဒ်၏ အနက်အဓိပ္ပါယ်ကို သိအပ်သတည်း။

၇-သတ္ထာဒေဝမနုဿာနဂုဏ်တော်ဖွင့်ပြီး၏။


၈-ဗုဒ္ဓဂုဏ်တော်

ဗုဒ္ဓဝိဂြိုဟ်

စတ္တာရိ အရိယသစ္စာနိ ဗုဇ္ဈတီတိ ဗုဒ္ဓေါ။

စတ္တာရိ=လေးပါးကုန်သော၊ အရိယသစ္စာနိ=အရိယသစ္စာတို့ကို၊ ဗုဇ္ဈတိ=သိတော်မူတတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဗုဒ္ဓေါ=ဗုဒ္ဓမည် တော်မူ၏။

[သစ္စာလေးပါးကို သိတော်မူတတ်သောကြောင့် ဗုဒ္ဓမည်၏ ဟူ၍ဆိုလိုသည်။]

ဗုဒ္ဓဟူသော ဂုဏ်ပုဒ်သည် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ပုဒ်တွင် အတွင်းဝင်ပြီး ဖြစ်၍ အထူးဆိုဖွယ်မရှိလှ၊ သို့ပင်ဖြစ်သော်လည်း “ဗုဒ္ဓေါ လောကေ ဥပ္ပဇ္ဇိဿတိ၊ ဗုဒ္ဓေါ လောကေ ဥပ္ပဇ္ဇိဿတိ” ဟူ၍ဘုရား ပွင့်တော်မမူမီ အနှစ်တစ်ထောင်ကပင် ဘုရားပွင့်တော်မူလိမ့်မည်ဟူ၍ ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်သည်ကစ၍ ပကတိ သဘောအားဖြင့် လောကကြီးတစ်ခွင်လုံး၌ ထင်ပေါ်ကျော်စောသောဂုဏ်တော် ပုဒ်ကြီး တစ်ခုဖြစ်ပေ၏။

ရှေးအခါပညာရှိပုဂ္ဂိုလ်ကြီးတို့သည်လည်း... ဃောသော ပိ ခေါ ဒုလ္လဘော လောကသ္မိံ၊ ယဒိဒံ ဗုဒ္ဓေါ ဗုဒ္ဓေါတိ။
ဟူ၍မြွက်ဆို ကျူးရင့်လေ့ရှိကြကုန်၏၊

ဗုဒ္ဓေါ ဗုဒ္ဓေါတိ=ဗုဒ္ဓဗုဒ္ဓဟူသော၊ ဝါ=ဘုရားဘုရားဟူသော၊ ယဒိဒံ ယော အယံ ဃောသော=အကြင်ကောင်းချီးဆူညံ ကျော်စောသံသည်၊ အတ္ထိ=ရှိ၏၊ လောကသ္မိံ=လောကကြီးထဲ၌၊ သောပိ ဃောသော=ထို ကျော်စောသံကိုလည်း၊ ခေါ=စင်စစ်၊ ဒုလ္လဘော=ရခဲလှ၏။

ထိုဗုဒ္ဓဟူသော အမည်တော်, ဂုဏ်တော်သည် မြတ်စွာဘုရား၏ ဝိမောက္ခန္တိကဉာဏ်တော်၏ အစွမ်းအားဖြင့်ပြီးသော အမည်တော် ပေတည်း။

[အရဟတ္တမဂ်ကို ဝိမောက္ခဆိုသည်၊ ထိုဝိမောက္ခ၏အဆုံး၌ ရအပ်သော ကြောင့် သဗ္ဗညုတာဉာဏ်ကို ဝိမောက္ခန္တိကဉာဏ်ဆိုသည်၊ ထိုဗုဒ္ဓဟူသော အမည်တော်, ဂုဏ်တော်သည် ဝိမောက္ခန္တိကဖြစ်သော သဗ္ဗညုတာဉာဏ်ကို ရသည်နှင့်တစ်ပြိုင်နက်ရရှိသော အမည်တော်, ဂုဏ်တော် ဟူ၍ဆိုလိုသည်။]

တစ်ဆယ်လေးဉာဏ်၊ ပြည့်စုံပြန်၊ ဗုဒ္ဓံမည်ရ တစ်နည်းပြ။ တစ်နည်းကား--- တစ်ဆယ့်လေးပါးသော ဗုဒ္ဓဉာဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် ဗုဒ္ဓမည်တော်မူသည်။

စုဒ္ဒသဟိ ဗုဒ္ဓဉာဏေဟိ သမန္နာဂတတ္တာ ဗုဒ္ဓေါ။ စုဒ္ဒသဟိ ဗုဒ္ဓဉာဏေဟိ=တစ်ဆယ့်လေးပါးသော ဘုရားဉာဏ် တို့နှင့်၊ သမန္နာဂတတ္တာ=ပြည့်စုံတော်မူသောကြောင့်၊ ဗုဒ္ဓေါ=ဗုဒ္ဓမည် တော်မူ၏။

ဗုဒ္ဓဉာဏ်တစ်ဆယ့်လေးပါးဆိုသည်ကား သစ္စာလေးပါးကိုသိသော ဉာဏ်တော်လေးပါး၊ ပဋိသမ္ဘိဒါဉာဏ်တော်လေးပါး၊ အသာဓာရဏ ဉာဏ်တော် ခြောက်ပါး၊ ဤတစ်ဆယ့်လေးပါးတို့ပေတည်း။

[သစ္စဉာဏ်လေးပါးထင်ရှားပြီ၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော် အဖွင့်တွင်လည်း ဆိုခဲ့ပြီ။]

ပဋိသမ္ဘိဒါ ဉာဏ်လေးပါးဆိုသည်ကား၊ (၁) အတ္ထပဋိသမ္ဘိဒါ, (၂) ဓမ္မပဋိသမ္ဘိဒါ, (၃) နိရုတ္တိပဋိသမ္ဘိဒါ, (၄) ပဋိဘာနပဋိသမ္ဘိဒါ-ဤ လေးပါးတို့ပေတည်း။

အထူးထူးအပြားပြား အထွေထွေကို ပဋိသမ္ဘိဒါခေါ်သည်။ ထို အထူးထူး အပြားပြား အထွေထွေတို့၌ စေ့စပ်စွာသိမြင်နိုင်သော ဉာဏ် သည် ပဋိသမ္ဘိဒါ ဉာဏ်မည်၏။

၁။ အနက်သဘောအမျိုးမျိုး, အကျိုးတရားအမျိုးမျိုးတို့၌ သိမြင် ခွဲခြမ်းနိုင်သောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ်မည်၏။

၂။ တရားအထူးအထွေအမျိုးမျိုး, အကြောင်းအထူးအထွေ အမျိုးမျိုးတို့၌ သိမြင်ခွဲခြမ်းနိုင်သောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါ ဉာဏ် မည်၏။

၃။ သဒ္ဒါအမျိုးမျိုး, ဘာသာစကားအမျိုးမျိုးတို့၌ တတ်ကျွမ်း လိမ္မာနိုင်သော ဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ်မည်၏။

၄။ အကြောင်းအရာဆိုက်တိုက်ကြိုက်ကြုံသည်အားလျော်စွာ ဉာဏ် ထဲ၌ အခန့်သင့် အထူးထူးအထွေထွေ ထင်မြင်ပေါ်လာ စေခြင်းငှါ စွမ်းနိုင်သောဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါ ဉာဏ် မည်၏။

အတ္ထပဋိသမ္ဘိဒါဉာဏ်၏ အစွမ်းအားဖြင့် တစ်ခုသောတရား၏ အနက် အဓိပ္ပါယ်အမျိုးမျိုး, အကျိုးအမျိုးမျိုးကို အထူးထူးအထွေထွေ ကိုယ်တိုင်လည်း သိမြင်နိုင်၏၊ သူတစ်ပါးတို့အားလည်း သိလွယ်မြင်လွယ် အောင် ဝေဖန်၍ ဟောနိုင်၏။

ဓမ္မပဋိသမ္ဘိဒါဉာဏ်၏ အစွမ်းအားဖြင့် တရားအမျိုးမျိုး, အကြောင်း အမျိုးမျိုးတို့ကို ကိုယ်တိုင်လည်း သိမြင်နိုင်၏၊ သူတစ်ပါးတို့အားလည်း အဆန်း တကြယ်ဟောပြနိုင်၏။

နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၏အစွမ်းအားဖြင့် မာဂဓဘာသာမှစ၍ ဘာသာ အမျိုးမျိုး, သဒ္ဒါ, ပုဒ်, ပါဌ်အမျိုးမျိုးတို့၏ ဝိဂြိုဟ်, ဝစနတ်, ဗျုပ္ပတ္တိအထူးထူးတို့ကို ကိုယ်တိုင်လည်း သိစွမ်းနိုင်၏၊ သူတစ်ပါးတို့ အားလည်း ဆန်းကြယ်သော ပုဒ်ဗျည်း အစဉ်တို့ဖြင့် နားဝင်အောင် ဟော ပြနိုင်၏၊ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ပေါက်သော ပုဂ္ဂိုလ်တို့မှသာလျှင် သဒ္ဒ ပါရဂူဖြစ်နိုင်၏။

ပဋိဘာနပဋိသမ္ဘိဒါဉာဏ်၏ အစွမ်းအားဖြင့် တစ်ခုသောတရား၏ အနက် အဓိပ္ပါယ်ကို သိမြင်ရာ၌ ဥပမာ, ဥပမေယျ, သက်သေ, သာဓက စုံလင်စွာနှင့် သိမြင်နိုင်၏၊ သူတစ်ပါးတို့အား တရားဓမ္မဟောပြရာ တွင်လည်း ထင်မြင်သိသာ လွယ်အောင် ဥပမာ, ဥပမေယျအမျိုးမျိုး ပုံဆောင်၍ ဟောပြနိုင်၏၊ ပဋိဘာန ပဋိသမ္ဘိဒါဉာဏ်ပေါက်သော ပုဂ္ဂိုလ် သည် အဟောအပြော အနှုန်းအဖွဲ့ကောင်း၏၊ အရှင်ဝင်္ဂိသမထေရ် ကဲ့သို့တည်း။

ဤပဋိသမ္ဘိဒါဉာဏ်သည် ပုထုဇ္ဇန်တို့နှင့်မဆိုင် အရိယာပုဂ္ဂိုလ် တို့နှင့်သာ ဆိုင်၏၊ အရိယာပုဂ္ဂိုလ်တိုင်းနှင့်လည်း သက်ဆိုင်သည် မဟုတ်၊ ပါရမီအဆောက် အဦကြီးကျယ်၍ ပဋိသမ္ဘိဒါဉာဏ်မျိုးစေ့ရှိပြီးသော အရိယာပုဂ္ဂိုလ်တို့နှင့်သာ ဆိုင်သည်၊ အဘိညာဏ်ကိုရတိုင်းလည်း ပဋိသမ္ဘိဒါဉာဏ်ကို မရနိုင်၊ အဘိညာဏ်လမ်းနှင့် ပဋိသမ္ဘိဒါလမ်းသည် တစ်မျိုးစီဖြစ်ကြ၏၊ အဘိညာဏ်ကိုရလျှင် ဆဠာဘိညခေါ်၏၊ ပဋိသမ္ဘိဒါ ဉာဏ်ကိုရလျှင် ပဋိသမ္ဘိဒါပတ္တခေါ်၏၊ ထို ဆဠာဘိည, ပဋိသမ္ဘိဒါပတ္တ ပုဂ္ဂိုလ်သည် မြတ်စွာဘုရားလက်ထက်တော်ကြီးမှာပင် ရှားပါး၏၊ ပဋိသမ္ဘိဒါဉာဏ်ကို ရခြင်း၏အကြောင်းတို့သည် ရှစ်ပါးရှိကုန်၏ဟူ၍ အဋ္ဌကထာဆရာကြီးတို့ ပြဆိုတော်မူကြကုန်၏။

ရှစ်ပါးကား-
- ရှေးဘဝက၊ လုလ္လကျိုးစား၊ အကြားအမြင်၊ ကျွမ်းကျင်ဘာသာ၊ မြတ်စွာပါဠိ၊ ဆောင်ဘိအာဂုံ၊ ကျမ်းမျိုးစုံ၌၊ မေးတုံပုစ္ဆာ၊ မဂ်ပါ ဖိုလ်ရ၊ ဆရာ့ထံရင်း၊ ကပ်ခြင်းမသွေ၊ မိတ်ဆွေပြည့်စုံ၊ ရှစ်ပါးတုံ၊ မှတ်ပုံသမ္ဘိဒါ။ (ဆောင်ပုဒ်။)

၁။ ပုဗ္ဗယောဂ-ရှေးဘဝ၌ ပဋိသမ္ဘိဒါဉာဏ်မျိုးစေ့ကို ထူထောင် ကြိုးစားခဲ့ခြင်း၊

၂။ ဗာဟုဿစ္စ-အကြားအမြင်များခြင်း၊

၃။ ဒေသဘာသာ-ဒေသဌာန အမျိုးမျိုးတို့၌ ပြောဆိုကြသော ဘာသာ စကားကို လိမ္မာကျွမ်းကျင်ခြင်း၊

၄။ အာဂမ-မြတ်စွာဘုရား၏ ပါဠိတော်ကို အာဂုံဆောင်ခြင်း၊

၅။ ပရိပုစ္ဆာ-ပါဠိတော် အဋ္ဌကထာတို့၌ မေးမြန်းလေ့ရှိခြင်း၊

၆။ အဓိဂမ-မဂ်ဖိုလ်ကိုရခြင်း၊

၇။ ဂုရုသန္နိဿယ-ဗဟုဿုတနှင့်ပြည့်စုံသော ဆရာ့အထံ၌ ဆည်းကပ်ခြင်း၊

၈။ မိတ္တသမ္ပတ္တိ-ပညာရှိသော မိတ်ဆွေကောင်းနှင့် ပြည့်စုံခြင်း၊

ဤရှစ်ပါးတို့ပေတည်း။

ဆိုခဲ့ပြီးသော ပဋိသမ္ဘိဒါလေးပါးတို့တွင် အတ္ထပဋိသမ္ဘိဒါအတ္ထ၏ အရကောက်သည် ငါးမျိုးရှိ၏။

၁။ အကြောင်းကြောင့် ဖြစ်ပေါ်သော အကျိုးတရားစု, ၂- နိဗ္ဗာန်, ၃- ပါဠိတော်အနက်သဘော, ၄- ဝိပါက်စိတ်, ၅- ကိရိယာ စိတ်, ဤငါးမျိုးတို့ပေတည်း။

ဓမ္မပဋိသမ္ဘိဒါဓမ္မ၏အရကောက်သည်လည်း ငါးမျိုးရှိ၏၊ (၁) အကျိုးကို ဖြစ်စေတတ်သော အကြောင်းဟူသမျှ, (၂) အရိယမဂ်လေးပါး, (၃) ပါဠိတော် အစဉ်, (၄) ကုသိုလ်, (၅) အကုသိုလ်, ဤငါးမျိုးတို့ပေတည်း။

နိရုတ္တိပဋိသမ္ဘိဒါ၌ နိရုတ္တိဆယ်မျိုးရှိ၏၊ ဆယ်မျိုးဆိုသည်ကား အခြားမဟုတ် ဆိုခဲ့ပြီးသော အတ္ထငါးမျိုး, ဓမ္မငါးမျိုးတို့နှင့်သက်ဆိုင်ရာ သဒ္ဒါ, ပုဒ်, ပါဌ်, ဆယ်မျိုးတို့ပေတည်း၊ ထိုသဒ္ဒါ, ပုဒ်, ပါဌ်ဆယ်မျိုးတို့ကို ဗျုပ္ပတ္တိကြံဖန်၍ ဝိဂြိုဟ်, ဝစနတ် ပြုလုပ်မှု၌ ထိုနိရုတ္တိပဋိသမ္ဘိဒါဉာဏ်သည် လျင်မြန်ကျွမ်းကျင်၏။

ပဋိဘာနပဋိသမ္ဘိဒါဆိုသည်ကား ဆိုပြီးသော ပဋိသမ္ဘိဒါသုံးပါးတို့၏ ကိစ္စ အလုံးစုံ၌ အကုန်သက်ဆိုင်၏၊ ထို့ကြောင့် ပဋိဘာနပဋိသမ္ဘိဒါကို သဗ္ဗတ္ထက ပဋိသမ္ဘိဒါဉာဏ်ဟူ၍လည်း ခေါ်ဆို၏။

[ဤကား ပဋိသမ္ဘိဒါဉာဏ်လေးပါး အကျဉ်းအားဖြင့် ပြဆိုချက်တည်း။]

---

-- ပစ္စေကဗုဒ္ဓ၊ သာဝကတို့၊ မရမဆိုင်၊ ဉာဏ်မဏ္ဍိုင်၊ မှတ်ပိုင် အသာဓာ။

အသာဓာရဏဉာဏ်ခြောက်ပါး--

၁။ သတ္တဝါတို့၏ ဣန္ဒြေ ရင့်မရင့်ကို သိသောဉာဏ်သည် ဣန္ဒြိယ ပရော ပရိယတ္တိ ဉာဏ်မည်၏၊ မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် ဤသတ္တဝါတို့သည် ရင့်သောဣန္ဒြေရှိကုန်၏၊ ဤသတ္တဝါတို့သည် နုသော ဣန္ဒြေရှိကုန်၏၊ ဤသတ္တဝါတို့သည် ကျွတ်ထိုက်ကုန်၏၊ ဤသတ္တဝါ တို့သည် မကျွတ်ထိုက်ကုန်ဟူ၍ သိတော်မူသည်။

[ဤအရာ၌ ဣန္ဒြေဆိုသည်မှာ သဒ္ဓိန္ဒြေ, စသော ဗောဓိပက္ခိယ၌ ပါဝင် သည့် ဣန္ဒြေများပေတည်း]

၂။ အာသယာနုသယဉာဏ် အာသယာနုသယဉာဏ် ဟူသောစကားရပ်၌ အာသယ, အနုသယ, ဟူ၍ နှစ်ပုဒ်ခွဲရာ၏၊ စိတ်၏ အမြဲစွဲမီရာဌာနကို အာသယ ဆိုသည်၊ ထိုအာသယသည် သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ, ပဋိစ္စသမုပ္ပါဒ်, ဝိပဿနာအားဖြင့် လေးပါးအပြားရှိ၏၊ ဝဋ်၌ ခင်မင်တွယ်တာကြ ကုန်သော ဝဋ္ဋနိဿိတသတ္တဝါတို့၏ စိတ်သည် များသောအားဖြင့် သဿတဒိဋ္ဌိ၌လည်းကောင်း, ဥစ္ဆေဒဒိဋ္ဌိ၌လည်း ကောင်း မီတွယ်၍နေ၏၊ ဝဋ်ကိုမခင်မင် ဝဋ်၌ငြီးငွေ့ကြကုန်သော ဝိဝဋ္ဋနိဿိတ သတ္တဝါတို့၏ စိတ်သည်ကား ပဋိစ္စသမုပ္ပါဒ်၌လည်းကောင်း လက္ခဏာရေးသုံးပါး ဟုဆိုအပ်သော ဝိပဿနာ၌လည်းကောင်း, မီတွယ်၍နေ၏၊ ဤစိတ်၏ မီရာ လေးပါးကို အာသယဆိုသည်၊ အနုသယဆိုသည်ကား ဥပါဒ်ခြင်းသို့ မရောက်မူ၍ စိတ်အစဉ်၌ မျိုးဓာတ်အနေအားဖြင့် အစဉ်ကိန်းဝပ်၍ နေသော ကိလေသာဓာတ်ကို အနုသယဆိုသည်။

- အစဉ်စွဲကပ်၊ ငုတ်ကိန်းဝပ်၊ မျိုး-ဓာတ်နုသယံ။

ထိုအနုသယသည် သင်္ဂြီုဟ်သမုစ္စည်းပိုင်း၌ လာရှိသောအတိုင်း ကာမရာဂစသော အနုသယခုနစ်ပါးပေတည်း၊ အာသယ, အနုသယ နှစ်ပါး ပေါင်း၍ ခေါ်လျှင် သတ္တဝါတို့၏ နှလုံးသွင်း အတွင်းဓာတ်ဟူ၍ ဆိုလို၏၊ မြတ်စွာဘုရားသည် ထိုအာသယာနုသယဉာဏ်ဖြင့် သတ္တဝါ တို့၏ နှလုံးသွင်း အတွင်းဓာတ်ကို ကောင်းစွာသိမြင်တော်မူသည်၊ ဤမည်သော သတ္တဝါတို့မှာ ဤအာသယ နှလုံးသွင်းရှိ၍ ဤမည်သော သတ္တဝါတို့မှာ ဤအတွင်းဓာတ်လွန်ကဲ၏ စသော အားဖြင့် သိတော်မူ သည်၊ မြတ်စွာဘုရားသည် ဆိုပြီးသောဉာဏ်နှစ်ပါးကို ပိုင်နိုင် တော်မူ သောကြောင့်သာလျှင် သတ္တဝါတို့စရိုက်အားလျော်သော တရားကိုဟော တော်မူ၍ လွယ်ကူစွာ ချေချွတ်တော်မူနိုင်သည်။

[ထိုဉာဏ်နှစ်ပါးနှင့် မပြည့်စုံပါလျှင် ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီး သော်မှ သတ္တဝါတို့၏ ဣန္ဒြေ ရင့်မရင့်နှင့် နှလုံးသွင်း အတွင်းဓါတ်သဘောကို မသိနိုင်သောကြောင့် ရံခါရံဖန် သတ္တဝါတို့နှင့်လျော်သော တရားကို မဟောမိဘဲ သတ္တဝါသဘောထားနှင့် တရား ဆင်ပုံလွဲနေ၍ တရားထူးကိုရအောင် မဟောနိုင်ပဲ ဖြစ်နေလေသည်။]

၃။ ယမကပါဋိဟာရိယဉာဏ်၌ အထက်ကိုယ်တော်မှ မီးအဟုန်, အောက် ကိုယ်တော်မှ ရေအဟုန်, လက်ဝဲကိုယ်တော်မှ ရေအဟုန်, လကျ်ာကိုယ်တော်မှ မီးအဟုန် ဤကဲ့သို့ အစုံအစုံသော ရေမီးတို့ကို တစ်ပြိုင်နက်ဖြစ်စေမှုသည်လည်းကောင်း, တစ်ပြိုင်နက်တည်း အံ့ဖွယ် သရဲ နှစ်ပါးစုံကို ဖြစ်စေမှုသည်လည်းကောင်း, ဤကဲ့သို့ အံ့ဩဖွယ်နှစ်ပါး အစုံအစုံကို ဖြစ်စေမှုသည် ယမက ပါဋိဟာရိယ ယမိုက်ပြာဋိဟာမည်၏၊ ထိုတန်ခိုး အစုံအစုံဖြစ်စေခြင်းငှါ စီရင်နိုင်သောဉာဏ်သည် ယမက ပါဋိဟာရိယဉာဏ်မည်၏၊ တန်ခိုးအစုံအစုံကို တစ်ပြိုင် နက်တည်း ဖြစ်စေသည်ဆိုသော်လည်း ဥပါဒ်, ဌီ, ဘင်တည်းဟူသော ခဏအားဖြင့် တစ်ပြိုင်နကြ်ဖစ်စေနိုင်သည် မဟုတ်၊ ထိုတန်ခိုး အစုံအစုံကို ဖြစ်စေ နိုင်သော မြတ်စွာဘုရား၏ ဇော, ဝီထိတော်က အလွန်လျင်မြန်လှသော ကြောင့် ထိုဇော, ဝီထိတို့ကြောင့်ဖြစ်သော တန်ခိုးများကလည်း အလွန် လျင်မြန်လှ၍ တစ်ပြိုင်နက် တစ်ခဏတည်းကဲ့သို့ ထင်မြင်ရလေသည်၊ စိတ်သည် ပကတိသဘောအားဖြင့် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် ကာလမှာ ကုဋေတစ်သိန်းမျှ အဖြစ်လျင်မြန်သည့် အပေါ်မှာ မြတ်စွာ ဘုရား၏သန္တာန်၌ဖြစ်သော ဝီထိစိတ်အစဉ်ကလည်း ဘဝင်များစွာ မခြားပဲ အလွန်အဖြစ်လျင်မြန်လှသောကြောင့် ရေအဟုန်ကိုဖြစ်စေ လိုသောအခါ အာပေါကသိုဏ်းစျာန်ကို ဝင်စားတော်မူ၏၊ ထို့နောက် ဘဝင် အနည်းငယ်မျှ ခြားစေပြီးလျှင် မီးအဟုန်ကိုဖြစ်စေရန် တေဇော ကသိုဏ်းစျာန်ကို ဝင်စားတော်မူ၏၊ ထိုအခါ ရေမီးအစုံ အံ့ဖွယ်သရဲ ဖြစ်လာ၏၊ ထို့အတူ အညို, အရွှေ, ရောင်ခြည်တော်အစုံကို ဖြစ်စေလို လျှင် နီလကသိုဏ်းစျာန်, ပီတကသိုဏ်း စျာန်ကို ဝင်စားတော်မူ၏၊ ဤနည်းအားဖြင့် အံ့ဖွယ်အမျိုးမျိုး တန်ခိုးအစုံ အစုံဖြစ်စေပုံကို သိအပ်၏၊ မြတ်စွာဘုရားသည် တစ်ရံတစ်ခါ ထိုယမိုက်ပြာဋိဟာ ကို ပြတော်မူ၏၊ ဗောဓိမဏ္ဍိုင်၌ နတ်ဗြဟ္မာတို့၏ မာန်, မာနကို နှိပ်နင်းခြင်း အကျိုးငှါ တစ်ကြိမ် ယမိုက်ပြာဋိဟာကိုပြတော်မူ၏၊ ကပိလဝတ်ပြည်သို့ ပထမ အခေါက် ကြွတော်မူစဉ်အခါ ဆွေတော်မျိုးတော်ဖြစ်သော သာကီဝင် နွယ်တို့၏ မာန်, မာနကို နှိပ်ချိုးခြင်းငှါ တစ်ကြိမ်ပြတော်မူ၏၊ သာဝတ္ထိပြည် ကဏ္ဍမ္ဗ သရက်ဖြူပင်ရင်း၌ တိတ္ထိတို့ကို နှိပ်နင်းခြင်းငှါ တစ်ကြိမ်ပြ တော်မူ၏၊ ပါထိကပုတ္တကို အကြောင်းပြု၍ စည်းဝေးရာ၌လည်း တစ်ကြိမ်ပြတော်မူ၏။

၄။ မဟာကရုဏာသမာပတ္တိဉာဏ် ဆိုသည်ကား သံသရာ တည်းဟူသော သမုဒ္ဒရာကြီးထဲ၌ ဇာတိ, ဇရာ, မရဏအစရှိသော လှိုင်းလုံးကြီးတို့ဖြင့် လွှမ်းမိုး၍ နစ်မျောလျက်ရှိနေကြကုန်သော ဒုက္ခိတ သတ္တဝါတို့ကို မြင်တော်မူသည်ရှိသော် ဤလောကကြီးသည် မီးလောင် သော နှောင်အိမ်ကြီးကဲ့သို့ တပြောင်ပြောင် တောက်လောင်၍ နေရှာ သည်တကားဟု သနားခြင်းကြီးသနားမှုနှင့်ယှဉ်သော ကရုဏာ သမာပတ်ကို ဝင်စားတော်မူ၏၊ ထိုကရုဏာသမာပတ်နှင့်ယှဉ်သော ဉာဏ်သည် မဟာကရုဏာသမာပတ္တိဉာဏ် မဟာကရုဏာသမာပတ္တိဉာဏ် မည်၏၊ မြတ်စွာဘုရား သည် နေ့တိုင်း နေ့တိုင်း ညဉ့်အခါ, နံနက်မိုးသောက်အခါတို့၌ ကုဋေပေါင်း နှစ်သန်း လေးသိန်း အရေအတွက်ရှိသော မဟာကရုဏာသမာပတ်တို့ကို ဝင်စားတော်မူသည်။

၅။ သဗ္ဗညုတာဉာဏ် ဆိုသည်ကား သိဖွယ်ရှိသမျှ ဉေယျတရား အလုံးစုံကို အကုန်သိမြင်သော ဉာဏ်တော်ကြီးပေတည်း။

၆။ အနာဝရဏဉာဏ် ဆိုသည်ကား ဝရဇိန်မိုးကြိုးကို ဟန့်တား ခြင်းငှါ မတတ်သာသကဲ့သို့ တစ်စုံတစ်ခုမျှ အနှောင့်အယှက် အဟန့် အတားမရှိသော ဉာဏ်တော်ကြီးပေတည်း။

[ဤနောက် ဉာဏ်တော်နှစ်ပါးကို သမ္မာသမ္ဗုဒ္ဓဂုဏ်တော်အဖွင့်တွင်လည်း ပြဆိုခဲ့ပြီ။]

ပဋိသမ္ဘိဒါမဂ် ပါဠိတော် မဟာပဥှာကထာ၌
- ဣမေဟိ စုဒ္ဒသဉာဏေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော အတီတံသေ အပ္ပဋိဟတံဉာဏံ။ စသည်ဖြင့် ပြဆိုခဲ့ပြီးသော ဗုဒ္ဓဉာဏ်တော် တစ်ဆယ့်လေးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဉာဏ်တော် ဂုဏ်ကျေးဇူးကို မိန့်ဆိုလေသည်။

အထက်အဆိုပါ ပါဠိတော်အစိတ်၏ မြန်မာပြန်ဆိုချက်

ဤတစ်ဆယ့်လေးပါးကုန်သော ဉာဏ်တော်တို့နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရားအား လွန်ပြီးအတိတ်အဖို့၌ ဉာဏ်တော်သည် အပိတ်အပင်မရှိ၊ လာလတ္တံ့ အနာဂတ်အဖို့၌ ဉာဏ်တော်သည် အပိတ် အပင်မရှိ၊ မျက်မှောက် ပစ္စုပ္ပန်အဖို့၌ ဉာဏ်တော်သည် အပိတ်အပင်မရှိ၊ သိဖွယ်ဖြစ်သော ဉေယျ တရားစုသည် အကြင်မျှလောက်ရှိ၏၊ သိနိုင်သောဉာဏ်တော်သည်လည်း ထိုမျှလောက်ပင် ရှိ၏၊ သိသော ဉာဏ်တော်သည် အကြင်မျှလောက်ပင် ရှိ၏၊ သိဖွယ်ဖြစ်သော ဉေယျ တရားစုသည်လည်း ထိုမျှလောက်ပင်ရှိ၏၊ သိသောဉာဏ်တော်သည် သိဖွယ်ဖြစ်သော ဉေယျတရားလျှင် အဆုံးရှိ၏၊ သိဖွယ်ဖြစ်သော ဉေယျတရားစုသည်လည်း သိသောဉာဏ်တော်လျှင် အဆုံးရှိ၏၊ သိဖွယ် ဖြစ်သော ဉေယျတရားကို လွန်၍သိသော ဉာဏ်တော်သည်မဖြစ်၊ အသိဉာဏ်တော်ကို လွန်၍ သိဖွယ်ဖြစ်သော ဉေယျတရားစုလည်းမရှိ၊ နတ်ပြည်နှင့်တကွ, မာရ်မင်း နိုင်ငံနှင့်တကွ, ဗြဟ္မာပြည်နှင့်တကွသော ဤဩကာသလောကကြီးသည်လည်း ကောင်း, ရဟန်းပုဏ္ဏားနှင့်တကွ, နတ်လူနှင့်တကွသော သတ္တလောက ဟုဆိုအပ်သော သတ္တဝါများ အပေါင်းသည်လည်းကောင်း, မြတ်စွာဘုရား၏ ဉာဏ်တော် အတွင်း၌ သာလျှင် ကျင်လည်ဖြစ်ပွားကြရလေ၏၊ ဥပမာဆိုသည်ရှိသော် အလုံးစုံ ကုန်သော ငါး, လိပ်သတ္တဝါတို့သည် မဟာသမုဒ္ဒရာအတွင်း၌သာလျှင် ကျင်လည် ဖြစ်ပွား ကျက်စားကြရကုန်ဘိကဲ့သို့လည်းကောင်း, ပျံသန်း နိုင်ကြကုန်သော ငှက်အပေါင်းတို့သည် ကောင်းကင်အရပ်တွင်း၌ ကျင်လည်ကျက်စားကြရကုန်ဘိကဲ့သို့လည်းကောင်း, ဤအတူ သာလျှင် လူ့ပြည်လောက၌လည်းကောင်း, နတ်ပြည်လောက၌လည်း ကောင်း, ဗြဟ္မာပြည် လောက၌လည်းကောင်း, အလုံးစုံ သော ပညာရှိ ပုဂ္ဂိုလ်တို့သည် ရှိကြလေကုန်၏၊ ထိုအလုံးစုံသော ပညာရှိပုဂ္ဂိုလ် တို့သည် မြတ်စွာဘုရား၏ ဉာဏ်တော်အတွင်း၌သာလျှင် ကျင်လည်ကျက်စား ကြရကုန်၏၊ ဤ ၁၄-ပါးသော ဉာဏ်တော်ထူးတို့နှင့် ပြည့်စုံတော်မူသော ကြောင့်လည်း ဗုဒ္ဓမည်တော်မူသည်။

ဤတစ်ဆယ့်လေးပါးသော ဗုဒ္ဓဉာဏ်တော်နှင့် စပ်လျဉ်းသဖြင့် အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောတော်မူအပ်သော အဓိဒေဝ ဉာဏဒဿန ဟုဆိုအပ်သော ဘုရားရှင်တို့၏ ဉာဏ်တော် ရှစ်ပါးကိုလည်း ပြဆိုသင့်၏။

[အဓိဒေဝဉာဏဒဿန ဆိုသည်ကား နတ်တို့၏တန်ခိုးကို လွှမ်းမိုး၍ သိစွမ်းနိုင်သော ဉာဏ်ဆိုလိုသည်။]

- ရောင်ဝါသိစွမ်း၊ မြင်စွမ်းဝဏ္ဏ၊ တူကွနှီးနှော၊ လာသောဌာန၊ မူလ ကြောင်းကံ၊ နတ်ထံကိစ္စ၊ တစ်ဝသက်တမ်း၊ ရှေးလမ်း နေမနေ၊ ဤရှစ်ထွေ, မှတ်လေအဓိဉာဏ်။

ထိုဉာဏ်ရှစ်ပါးကား-
၁။ နတ်တို့၏ အရောင်အဝါကို သိစွမ်းနိုင်ခြင်း။

၂။ နတ်တို့၏ အဆင်းကို မြင်စွမ်းနိုင်ခြင်း။

၃။ နတ်တို့နှင့် အတူတကွ နှီးနှောပြောဆိုနိုင်ခြင်း။

၄။ ဤမည်သောဘုံမှလာသော နတ်ဖြစ်သည်ဟူ၍ နတ် တို့၏ အမျိုးအမည်နှင့် ဘုံဌာနကို သိစွမ်းနိုင်ခြင်း။

၅။ ဤမည်သောကံကြောင့် ဤနတ်ဘဝကိုရသည်ဟူ၍ နတ်တို့၏ ရှေးကံအကြောင်းရင်းကို သိစွမ်းနိုင်ခြင်း။

၆။ ဤနတ်တို့သည် ဤသို့အစာအာဟာရ ရှိကြကုန်၏၊ ဤ သို့ခံစံ၍ နေကြကုန်၏ဟူ၍ နတ်တို့၏ကိစ္စကို သိစွမ်း နိုင်ခြင်း။

၇။ ဤနတ်တို့သည်ဤမျှလောက် အသက်တမ်းရှိကုန်၏၊ နတ်ဘုံ၌ ဤမျှလောက်ကြာမြင့်စွာ တည်နေနိုင်ကုန်၏ ဟူ၍နတ်တို့၏ အသက်တမ်းကို သိစွမ်းနိုင်ခြင်း။

၈။ ငါသည် ဤနတ်တို့နှင့် ရှေးကအတူတကွ နေထိုင်ခဲ့ ဖူးသည်၊ သို့မဟုတ် အတူတကွ နေထိုင်ခဲ့ဖူးသည် မဟုတ် ဟူ၍နတ်တို့နှင့် အတူနေခဲ့ဖူး, မနေခဲ့ဖူးကို သိစွမ်းနိုင် ခြင်း။

ဤရှစ်ပါးတို့ပေတည်း။

[ဤအဓိဒေဝ ဉာဏဒဿနရှစ်ပါးသည် သဗ္ဗညုဘုရားရှင်တို့၌ ပြည့်စုံ ရရှိအပ်သော ဉာဏ်တော်များဖြစ်သည်၊ ဤဉာဏ်ရှစ်ပါးကို အလင်းမပေါက် သေးလျှင် လောက၌ ဘုရားဟူ၍ ဝန်မခံသေး၊ ဤဉာဏ်ရှစ်ပါးကို အလင်းပေါက် သောကြောင့်သာလျှင် လောက၌ ဘုရားရှင်ဟူ၍ ဝန်ခံကြောင်းနှင့် မြတ်စွာ ဘုရားကိုယ်တော်တိုင် မိန့်တော်မူသည်။]

ယတော စ ခေါ မေ ဘိက္ခဝေ အဋ္ဌပရိဝတ္တံ အဓိဒေဝဉာဏ ဒဿနံ သုဝိသုဒ္ဓံ အဟောသိ၊ အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သသမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိံ။

ဘိက္ခဝေ=ရဟန်းတို့၊ ယတော စ ခေါ=အကြင့်ကြောင့်လျှင်၊ အဋ္ဌ ပရိဝတ္တံ= ရှစ်ခုအရေအတွက်ရှိသော၊ အဓိဒေဝဉာဏဒဿနံ= အဓိဒေဝ ဉာဏ်အမြင်သည်၊ မေ=ငါဘုရားအား၊ သုဝိသုဒ္ဓံ=စင်ကြယ်သဖြင့် အလင်းပွင့်သည်၊ အဟောသိ=ဖြစ်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ အထ=ထိုသို့ အဓိဒေဝဉာဏ် အမြင်သန်သောကြောင့် သာလျှင်၊ အဟံ=ငါဘုရားသည်၊ သဒေဝကေ=နတ်နှင့်တကွသော၊ သမာရကေ=မာရ်နှင့်တကွသော၊ သဗြဟ္မကေ=ဗြဟ္မာနှင့်တကွသော၊ လောကေ=လောကကြီး အလယ်၌၊ သသမဏဗြာဟ္မဏိယာ=ရဟန်း, ပုဏ္ဏားနှင့်တကွသော၊ သဒေဝ မနုဿာယ=နတ်လူနှင့်တကွသော၊ ပဇာယ=သတ္တဝါများအလယ်၌၊ အနုတ္တရံ=အတုမရှိသော၊ သမ္မာသမ္ဗောဓိံ=ဘုရားရှင်တို့နှင့်သာဆိုင်သော ဉာဏ်အထွတ်သို့၊ အဘိသမ္ဗုဒ္ဓေါတိ=ပေါက်ရောက်သိမြင် ဘုရားရှင် အဖြစ်သို့ ရောက်ပြီဟူ၍၊ ပစ္စညာသိံ=ဝန်ခံတော်မူပြီ။

(ဤကား- အဓိဒေဝဉာဏဒဿန ရှစ်ပါးတည်း။)

ဂုဏ်ပုဒ်နှစ်ပါး၊ ထူးထွေငြား၊ မှတ်သားပါဠိပြဝိသုဒ္ဓိမဂ်ဋီကာ၌ သမ္မာသမ္ဗုဒ္ဓဂုဏ်, ဗုဒ္ဓဂုဏ်နှစ်ပါးတို့၏အထူးကို အောက်၌ ပါသောအတိုင်း ပြဆိုလေ၏။

သမ္မာသမ္ဗုဒ္ဓေါတိ ဣမိနာ သင်္ခေပတော ဝိထ္ထာရတောစ သတ္ထု စတုသစ္စာဘိသမ္ဗောဓော ဝုတ္တော၊ ဗုဒ္ဓေါတိ ပန ဣမိနာ တဒညဿာပိ ဉေယျဿာဝ ဗောဓော၊ ပုရိမေန ဝါ သတ္ထု ပဋိဝေဓဉာဏာနုဘာဝေါ၊ ပစ္ဆိမေန ဒေသနာ ဉာဏာနုဘာဝေါပိ။

သမ္မာသမ္ဗုဒ္ဓေါတိ ဣမိနာ=သမ္မာသမ္ဗုဒ္ဓဟူသော ဤပုဒ်ဖြင့်၊ သတ္ထု= မြတ်စွာဘုရား၏၊ သင်္ခေပတောစ=အကျဉ်းအားဖြင့်လည်းကောင်း၊ ဝိတ္ထာရတောစ=အကျယ်အားဖြင့်လည်းကောင်း၊ စတုသစ္စာဘိ သမ္ဗောဓော=သစ္စာလေးပါး ပိုင်းခြားသိမြင်ခြင်းကို၊ ဝုတ္တော=ဆိုအပ်၏၊ ဗုဒ္ဓေါတိ ပန ဣမိနာ=ဗုဒ္ဓဟူသော ဤပုဒ်ဖြင့်ကား၊ တဒညဿ=ထိုသစ္စာ လေးပါးမှ တစ်ပါးဖြစ်သော၊ ဉေယျဿာပိ=သိအပ်သမျှ ဉေယျတရား စုကိုလည်း၊ အဝဗောဓော=သိခြင်းကို၊ ဝုတ္တော=ဆိုအပ်၏၊ ဝါ=တစ်နည်း ကား၊ ပုရိမေန=သမ္မာသမ္ဗုဒ္ဓဟူသော ရှေ့ပုဒ်ဖြင့်၊ သတ္ထု=မြတ်စွာဘုရား၏၊ ပဋိဝေဓဉာဏာနုဘာဝေါ=ထိုးထွင်း၍ သိတော်မူနိုင်သော ဉာဏ် အာနု ဘော်ကို၊ ဝုတ္တော=ဆိုအပ်၏၊ ပစ္ဆိမေန=ဗုဒ္ဓဟူသော နောက်ပုဒ်ဖြင့်၊ ဒေသနာဉာဏာနုဘာဝေါပိ=တရားဟောတော်မူနိုင်သော ဒေသနာ ဉာဏ်စွမ်း အာနုဘော်ကိုလည်း၊ ဝုတ္တော=ဆိုအပ်၏။

၈- ဗုဒ္ဓဂုဏ်တော်ဖွင့်ပြီး၏။

---*---

၉-ဘဂဝါဂုဏ်တော်

ဤဘဂဝါဂုဏ်တော်ပုဒ်သည်လည်း ဝိမောက္ခန္တိကဉာဏ်၏ အစွမ်းအားဖြင့် ပြီးစီး၏၊ ဤလောက၌ တန်ခိုးကြီးသောသူ, ကုသိုလ်ကံ ကြီးသောသူ, ရိုသေလေးမြတ်အပ်သောသူ, ဘုန်းကြီးသောသူတို့ကို ဘဂဝါဟူ၍ ခေါ်ဆိုစမှတ် ပြုကြကုန်၏၊ ထို့ကြောင့်ရှေးဆရာတို့သည်–
ဘဂဝါတိ ဝစနံ သေဋ္ဌံ
ဘဂဝါ ဝစနမုတ္တမံ
ဂုရုဂါရဝယုတ္တော သော
ဘဂဝါ တေန ဝုစ္စတိ

ဟူ၍ဘဂဝါသဒ္ဒါ၏ အကြောင်းကို ပြဆိုလေသည်။ ယေန=အကြင် အကြောင်းကြောင့်၊ ဘဂဝါတိ=ဘဂဝါဟူ၍၊ ဝစနံ=ခေါ်ဆိုခြင်းသည်၊ သေဋ္ဌံ=ချီးမွမ်းအပ်၏၊ ဘဂဝါဝစနံ=ဘဂဝါဟူ သော စကားသည်၊ ဥတ္တမံ=မြတ်၏၊ တေန=ထို့ကြောင့်၊ ဂါရဝယုတ္တော= အရိုအသေ ပြုခြင်းနှင့်ယှဉ်သော၊ သော ဂုရု=ထိုအလေးအမြတ် ပြုထိုက် သော ပုဂ္ဂိုလ်ကို၊ ဘဂဝါ=ဘဂဝါဟူ၍၊ ဝုစ္စတိ=ခေါ်ဆိုအပ်၏။

[ဘဂဝါ ဟူသောပုဒ်၌ ဘဂသဒ္ဒါကို ဘုန်းဟူ၍ မြန်မာပြန်ဆိုရိုး ရှိကြ ကုန်၏၊ ထိုဘုန်းဟူသော မြန်မာစကားသည် ဘုရားအစရှိသော အထွတ် အမြတ်ပုဂ္ဂိုလ်တို့၌ အမြင့်အမြတ် ထား၍ သုးံသောစကားမျိုးဖြစ်သည်၊ ထိုဘုန်းနှင့် ပြည့်စုံ၍ ဘုန်းရှိသောကြောင့် ဘဂဝါဟူ၍ ဆိုအပ်၏၊]

တဒ္ဓိတ်ဝိဂြိုဟ်

ဘဂေါ ယဿ အတ္ထီတိ ဘဂဝါ

ယဿ=အကြင်မြတ်စွာဘုရားအား၊ ဘဂေါ=ဘုန်းတော်သည်၊ အတ္ထိ=ရှိ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သော=ထိုမြတ်စွာဘုရားသည်၊ ဘဂဝါ=ဘဂဝါမည်၏။

ဘုန်းတော်ခြောက်စုံ, ပြခြင်းဂုဏ်

ထိုဘဂသဒ္ဒါ၏ အနက်ဖြစ်သော ဘုန်းတော်သည် ဣဿရိယ, ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တ အားဖြင့် ၆-ပါးအပြားရှိ၏၊ (၁) ဣဿရိ ယဘုန်းတော်, (၂) ဓမ္မဘုန်းတော်, (၃) ယသဘုန်းတော်, (၄) သိရီ ဘုန်းတော်, (၅) ကာမ ဘုန်းတော်, (၆) ပယတ္တဘုန်းတော်ဟူ၍ ဆိုလိုသည်၊ ဘုန်းတော် ၆-ပါးတည်း။

(၁) အစိုးရခြင်းတည်းဟူသောဘုန်းတော်, (၂) မွန်မြတ်သော တရားတည်း ဟူသောဘုန်းတော်, (၃) အခြံအရံ အကျော်အစောတည်း ဟူသောဘုန်းတော်, (၄)တင့်တယ်ခြင်းတည်းဟူသောဘုန်းတော်,(၅) အလိုရှိတိုင်း ပြီးပြည့်စုံစေ နိုင်ခြင်းတည်းဟူသောဘုန်းတော်, (၆) ဝီရိယ စွမ်းအားတည်းဟူသောဘုန်းတော် ဤကားဘုန်းတော်ခြောက်ပါး၏ အဓိပ္ပါယ်ပေတည်း။

အကျယ်ဝိတ္ထာ, ပြပြန်ရာ။
ထိုဘုန်းတော်ခြောက်ပါးတို့တွင် ဣဿရိယဘုန်းတော်သည် စိတ်ကိုအစိုးရခြင်း တည်းဟူသော စိတ္တိဿရိယဘုန်းတော်, စျာန်သမာပတ်တို့ကို အစိုးရခြင်းတည်းဟူသော သမာဓိ သမာပတ္တိဿရိယဘုန်းတော်, တန်ခိုးတော်အမျိုးမျိုးကို အစိုးရခြင်း တည်းဟူသော ဣဒ္ဓိဿရိယဘုန်းတော်, တရားကိုအစိုး ရခြင်းတည်းဟူသော ဓမ္မိဿရိယဘုန်းတော်, သံဃာကိုအစိုးရခြင်း တည်းဟူသော သံဃိဿရိယ ဘုန်းတော်, ဂိုဏ်းအပေါင်းအသင်းကို အစိုးရခြင်းတည်းဟူသော ဂဏိဿရိယဘုန်းတော်, လောကကို အစိုးရခြင်းတည်းဟူသော လောကိဿရိယဘုန်းတော်ဟူ၍ များသော အပြားရှိ၏။

ထိုဣဿရိယတို့တွင် စိတ္တိဿရိယ ဆိုသည်ကား စက်ဆုပ် ဖွယ်ဖြစ်သော အနိဋ္ဌာရုံ၌ ဣဋ္ဌာရုံဟူ၍ စိတ်ကိုပဲ့ပြင်၍ ထင်မြင် ပြောင်းလဲနိုင်၏၊ အလွန် မြတ်နိုးဖွယ်, နှစ်သက်ဖွယ်သော ဣဋ္ဌာရုံတို့၌ လည်း စက်ဆုပ်ဖွယ်ဟူ၍ စိတ်ကို ပဲ့ပြင်၍ ထင်မြင်ပြောင်း လဲနိုင်၏၊ ဤုသို့ စသည်ဖြင့် ကိုယ်တော်မြတ်၏ စိတ်ကို အလိုရှိတိုင်း အစိုးရမှု ပေတည်း။

သာမညဖြစ်သော ပုဂ္ဂိုလ်တို့သည်ကား စိတ်ကိုအစိုးမရကုန်၊ အာရုံက သွေးဆောင်ဖြားယောင်းတိုင်း, အာရုံက ခြောက်လှန့်သော အတိုင်းသာလျှင် အာရုံသဘောကို မလွန်ဆန်နိုင်ပဲ နေကြရကုန်၏၊ အာရုံကြိုးဆွဲတိုင်းသာ စိတ်လိုက်ပါ၍ နေရသည်ဟုဆိုလိုသည်၊ ဣဋ္ဌာရုံကို တွေ့လျှင် ခုံမင်နှစ်သက်စွာနှင့် အလွန်ဝမ်းသာကြကုန်၏၊ ဆွေ့ဆွေ့ခုန်မျှ ပျော်မြူးကြကုန်၏၊ အနိဋ္ဌာရုံကိုတွေ့လျှင် စိတ်နှလုံး ညှိုးနွမ်း၍ မချမ်း မသာဖြစ်ကြကုန်၏၊ ညည်းတွား ငိုကြွေးကြကုန်၏၊ စိတ်ကိုမနိုင် သောသူတို့သည် လေပြင်းမုန်တိုင်းကြီးကျ၍ လှိုင်းထနေသော သမုဒ္ဒရာ ကြီးထဲမှာ ပဲ့မပါသောသင်္ဘောသည် လှိုင်းလေတို့ကို မလွန် ဆန်နိုင်၊ လှိုင်းလေတို့ ဆွဲဆောင်ရာသို့သာ လိုက်ပါ၍နေရဘိသကဲ့သို့ လောကဓမ် တရား ရှစ်ပါးတည်းဟူသော လေရူးလေရိုင်းနှင့် တောင်ရှိ, ကမ်းရှိ လှိုင်းကြီးတွေထဲမှာ မျောပါးနစ်မြုပ်၍နေကြလေ၏။

စိတ်ကိုအစိုးရသော ဘုရားရှင်တို့သည်ကား အိမ်မျှောင် ကောင်း ကောင်း ပဲ့တက်ပဲ့ကိုင် ကောင်းကောင်းပါရှိသော သင်္ဘောကြီးသည် မည်ကဲ့သို့လှိုင်းလေတို့ ကြမ်းတမ်းစေကာမူ အိမ်မျှောင်ဖြင့် အလိုရှိရာ အရပ်ကို မှတ်သား၍ပဲ့တက်ဖြင့် ကောင်းမွန်နိုင်နင်းစွာပဲ့ပြီးလျှင် အလိုရှိရာအရပ်သို့ ဆောင်သွားနိုင်သကဲ့သို့ လောကဓမ်တရားတည်း ဟူသော လေကြမ်းလှိုင်းကြမ်းတို့ဖြင့် တိုက်ခိုက်ပါသော်လည်း အလိုက် သင့် စိတ်ကိုပဲ့ပြင်၍ နေနိုင်တော်မူကြကုန်၏။

စိတ္တိဿရိယဂုဏ် ထင်ရှားသည်မှာ အလွန်သာယာဖွယ်ရှိသော မာရ်နတ်၏ သမီးသုံးယောက်တို့လာ၍ အမျိုးမျိုးဖြားယောင်းသော်လည်း စက်ဆုပ်ဖွယ်ဟူသော ပဋိကူလသညာဖြင့် ပွါးများတွန်းလှန် ပယ်ရှားတော် မူနိုင်ခြင်း, ထို့အပြင် ကျွန်မအလောင်းကောင်ကို ထုပ်၍စွန့်ပစ်ထားသော ပိုးလောက်အတိပြည့်သည့် အဝတ်ဟောင်းများကိုပင် အပ္ပဋိကူလ သညာကို ပွါးများ၍ ပံသုကူသင်္ကန်းအလို့ငှါ ကိုယ်တော်တိုင် ဖွပ်လျှော် တော်မူနိုင်ခြင်း, ထို့ပြင်တစ်ပါးလည်း ကြီးမားသော လာဘ်ပူဇော် သကာတို့ကြောင့် တက်ကြွဝမ်းမြောက်ခြင်းရှိတော်မမူခြင်း, မာရ်နတ်, ဒေဝဒတ်, နာဠာဂီရိ, စိဉ္စမာနစသည်တို့၏ အကြီးအကျယ်နှောင့် ယှက်လာသော် လည်း စိတ်ညှိုးနွမ်း ယိမ်းယိုင်ခြင်းမရှိ ပကတိသဘောမှ မပြောင်းလွှဲခြင်း စသည်တို့ဖြင့် စိတ္တိဿရိယဂုဏ်တော်သည် အလွန်ထင် ရှား၏။

စျာန်သမာပတ်တို့၌ ဝသီဘော်မြောက်သည်ဖြစ်၍ နိုင်နင်းစိုးပိုင် မှုသည် သမာဓိသမာပတ္တိဿရိယမည်၏။

တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဣဒ္ဓိဝိဓအဘိညာဏ် စသည် တို့၌ အထွတ်အထိပ်သို့ရောက်အောင် ပိုင်နိုင်မှုသည် ဣဒ္ဓိဿရိယ မည်၏။

တရားအထူးထူးကို ဝေဖန်ခွဲခြား၍ ဟောပြသောဉာဏ်အရာ၌ ပိုင်နိုင်စွာ အစိုးရမှုသည် ဓမ္မိဿရိယ မည်၏။

ရဟန်းသံဃာအပေါင်းကို သိက္ခာပုဒ်အမျိုးမျိုး ပညတ်၍အုပ်စိုးမှု, အာဏာစက်ကို တည်စေ၍ အုပ်စိုးမှုတို့၌နိုင်ခြင်းသည် သံဃိဿရိယ မည်၏။

ဂဏိဿရိယ သည်လည်း ထို့အတူပင်တည်း၊ သရဏဂုံသုံးပါး တို့၌တည်၍ ကြည်ညိုခြင်း သဒ္ဓါတရားရှိသော လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့၌ တရား စက်ကိုလည်စေ၍ သာသနာ၌ သက်ဝင်သော သူအပေါင်းမှာ စကြာမင်းကြီးသည် လူတို့၏အပေါ်မှာ တရားသဖြင့် အုပ်စိုးဘိသကဲ့သို့ လူ, နတ်, ဗြဟ္မာ, သတ္တဝါတည်းဟူသော လောက၌ တရားစကြာမင်းကြီးဖြစ်၍ တရားသဖြင့် အုပ်စိုးတော်မူနိုင်ခြင်းသည် လောကိဿရိယ မည်၏။

ထိုမှတစ်ပါး ရူပကာယကိုယ်တော်မြတ်ကို အဏိမာစသော တန်ခိုးတို့ဖြင့် အမျိုးမျိုးဖန်ဆင်းမှု၌ အစိုးရခြင်းသည် ကာယိဿရိယ မည်၏၊ တူဖက်ကင်းရိုး၊ တန်ခိုးရှစ်ဖြာ၊ ဣဿရိယာ လောက၌ ဣဿရိယရှစ်မျိုး တန်ခိုးရှစ်ပါးတို့သည်လည်း ရှိကုန်၏၊

ထိုဣဿရိယရှစ်မျိုးတို့သည်ကား။

အဏိမာ မဟိမာ ပတ္တိ၊ ပါကမ္မံ လင်္ဃီမာ တထာ

ဤသိတာစ ဝသိတာစ၊ ယတ္ထကာမာ ဝသာယိတာ

အဏိမာစ=ကိုယ်ကိုသေးငယ်စွာ ဖန်ဆင်းနိုင်ခြင်းတည်းဟူသော အဏိမာ တန်ခိုးလည်းကောင်း၊ မဟိမာစ=ကိုယ်ကိုအလိုရှိတိုင်း ကြီးအောင်ဖန်ဆင်း နိုင်ခြင်းတည်းဟူသော မဟိမာတန်ခိုးလည်းကောင်း၊ ပတ္တိစ=အလိုရှိရာအရပ်သို့ ခဏချင်းရောက်စွမ်းနိုင်သော ပတ္တိတန်ခိုး လည်းကောင်း၊ ပါကမ္မံစ=အဆင်းအသွင် အမျိုးမျိုးဖန်ဆင်းရာတွင် မကြာချက်ချင်း ပြီးစီးစေနိုင်သော ပါကမ္မတန်ခိုးလည်းကောင်း၊ တထာ= ထိုမှတစ်ပါး၊ လင်္ဃီမာစ=ကိုယ်ကိုပေါ့ပါးအောင် ပြုစွမ်းနိုင်သော လင်္ဃီမာ တန်ခိုးလည်းကောင်း၊ ဤသိတာစ=မိမိကိုယ်၌လည်းကောင်း, ဂိုဏ်း, သံဃာလောက၌လည်းကောင်း အစိုးရခြင်းတည်းဟူသော ဤသိတာ တန်ခိုးလည်းကောင်း၊ ဝသိတာစ=စျာန်သမာပတ်ကို ဝင်စားရာ၌ ဝသီ မြောက်၍ နိုင်နင်းခြင်း ဝသိတာတန်ခိုးလည်းကောင်း၊ ယတ္ထကာမာ ဝသာယိတာစ=ဣဒ္ဓိဝိဓတန်ခိုးဖြင့် အမျိုးမျိုးဖန်ဆင်းရာ၌ ဓိဋ္ဌာန်သော အတိုင်း ကာလ,ဌာနကို မလွန်စေ မူ၍ ပြီးဆုံးနိုင်စေခြင်းတည်းဟူသော ယတ္ထကာမာဝသာယိတာ တန်ခိုးလည်းကောင်း၊ ဣတိ=ဤသို့၊ အဋ္ဌ ဣဿရိယာ=တန်ခိုးရှစ်မျိုးတို့သည်၊ ဟောန္တိ=ဖြစ်ကုန်၏။

[ဤတန်ခိုးရှစ်ပါးတို့သည် ဤလောက၌ အသက်ရှည်၍ ခေတ်ကာလ ကောင်းသော အခါ တန်ခိုးကြီးသောရဟန်း, ပုဏ္ဏားစသော ပုဂ္ဂိုလ်မြတ်တို့၌ ဖြစ်ကုန်၏၊]

မြတ်စွာဘုရား၌မူကား ဤရှစ်ပါးတို့သည် အတုမရှိ လွန်ကဲ၍ အံ့ဖွယ်သရဲ အနေအားဖြင့် တည်ရှိကုန်၏၊ ထိုတန်ခိုး ရှစ်ပါးတို့တွင်ရှင်းလင်းဓိပ္ပါယ်, ဝိတ္ထာသွယ်

၁။ ကိုယ်တော်မြတ်ကို အဏုမြူခန့်သို့ တိုင်အောင် သေးငယ်စွာ ဖန်ဆင်း တော်မူနိုင်သည်ကို အဏိမာ ခေါ်၏၊ ထိုအဏိမာဂုဏ်ဖြင့် ကိုယ်တော်မြတ် အလိုရှိတော်မူသောအခါ ပရိက္ခရာရှစ်ပါးကိုလွယ်၍ မုန်ညင်းဆန်အတွင်းမှာပင် စင်္ကြံလျှောက်တော်မူနိုင်သည်၊ ထိုပြင် လူတို့၏ မျက်တောင်မွေးဖျားပေါ်၌ ပရိက္ခရာရှစ်ပါးကိုလွယ်၍ စင်္ကြံလျှောက် တော်မူနိုင်၏။

ပရိက္ခရာရှစ်သွယ်၊ ကိုယ်မှာလွယ်၍၊ သေးသွယ် မုန်ညင်း၊ ဆန်အတွင်းနှင့်၊ လူလျင်းမျက်တောင်၊ အပေါ်နောင်၊ ခေါ်ဆောင် အဏိမာ

၂။ ကိုယ်တော်မြတ်ကို အလိုရှိတိုင်း ကြီးအောင်ဖန်ဆင်းနိုင်မှုသည် မဟိမာ မည်၏၊ ကိုယ်တော်မြတ် အလိုရှိပါမူကား ဤစကြဝဠာတိုက် အလုံးကို မိမိ၏ ကိုယ်တော်မြတ်ဖြင့် အလုံးစုံဖုံးလွှမ်းတော်မူနိုင်၏၊ ထို မဟိမာတန်ခိုးတော် ထင်ရှားခြင်းကား မြတ်စွာဘုရားသည် ခုနစ်ဝါ မြောက်တော်မူသောအခါ တာဝတိံသာတွင် ဝါဆိုတော်မူမည်ရှိသည်တွင် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာ ထက်၌ ပကတိသောကိုယ်ဖြင့် ထက်ဝယ် ဖွဲ့ခွေ၍ သီတင်းသုံးနေတော် မူ၏၊ ထိုအခါ သိကြားမင်းက အထု ၁၅-ယူဇနာ အလျားယူဇနာ ၆၀- အနံယူဇနာ ၅၀-ရှိသော ဤပဏ္ဍုကမ္ဗလာ ကျောက်ဖျာသည် အလွန် ကြီးမား၏၊ လူ့ဘုံသားဖြစ်သော မြတ်စွာဘုရားသည် သေးငယ်၏၊ ထို ကျောက်ဖျာထက်၌ မြတ်စွာဘုရားသီတင်းသုံးတော်မူလျှင် နတ်အပေါင်း တို့သည် ထိုကျောက်ဖျာထက်သို့ တက်ဝံ့ကြမည်မဟုတ်၊ ထိုသို့ ဖြစ်လျှင် အလွန်ကြီးမားသော ပဏ္ဍုကမ္ဗလာ ကျောက်နေရာကြီးသည် အချည်းနှီး ဖြစ်လေရာ၏ဟူ၍ စိတ်အကြံဖြစ်လေ၏၊ ထိုအကြံကို မြတ်စွာဘုရား သိမြင်တော်မူသောအခါ မဟိမာတန်ခိုးဖြင့် ဒုကုဋ်သင်္ကန်းကြီးကို လေးခေါက်ခေါက်၍ ကျောက်ဖျာထက်မှာ ခင်းလေရာ၊ အလုံးစုံ ဖုံးလွှမ်းလေ၏၊ ထိုအခင်းထက်၌ ထက်ဝယ်ဖွဲ့ခွေ၍ ထိုင်တော်မူရာ ကျောက်ဖျာနှင့်အမျှ ကိုယ်တော်ကြီးပြည့်၍ နေလေ၏၊ ထိုအခါတွင်မှ သိကြားမင်းသည် မြတ်စွာဘုရား၏ မဟိမာတန်ခိုးကို ကြည်ညိုလေသည်။

အသူရိန်နတ်စသော ပုဂ္ဂိုလ်တို့၏ ထင်မြင်ချက် ကွာခြားနေပုံ

ထိုမှတစ်ပါး အလွန်တရာ ကိုယ်ကြီးမားသော ရာဟုအသူရိန် နတ်သည် မိမိအတ္တဘောအလွန်ကြီးသည့်အတွက် လူ့ဘုံသားဖြစ်သော မြတ်စွာဘုရားကို သွား၍ဖူးမျှော်ပါလျှင် သေးသေးမှုံမှုံနှင့် ငုံ့၍ရှာ၍ ကြည့်ရမတတ် ဖြစ်လိမ့် မည်အထင်နှင့် ဖူးမျှော်ရန်၊ လာရောက်ခြင်း မပြုပဲ နေလေ၏၊ တစ်ရံသောအခါ မြတ်စွာဘုရားထံတော်သို့ရောက်၍ ဖူးမျှော်သည်တွင် မဟိမာတန်ခိုးဖြင့် လျောင်း၍နေတော်မူသော မြတ်စွာ ဘုရားကိုယ်တော်ကို သတ္တဝါတို့တွင် ကိုယ်အင်္ဂါအကြီးဆုံးဖြစ်သော ရာဟု အသူရိန်နတ်သားသည် အားရှိသမျှ မော်၍ မော့၍ ဖူးမျှော်သော်လည်း ကိုယ်တော်မြတ်၏ အထက်အပိုင်းအခြားကို မမြင်နိုင်အောင်ပင် ရှိလေ၏။

ထိုမှတစ်ပါး ပုဏ္ဏားတစ်ဦးသည် မြတ်စွာဘုရား၏ အရပ်တော် ပမာဏကို တိုင်းတာ၍ သိရအံ့ဟု မြတ်စွာဘုရား ကြွလာတော်မူသော လမ်းအနီးတွင် အတောင်ခြောက်ဆယ်ရှိသော ဝါးကိုထောင်၍ထားရာ ထိုဝါးသည် မြတ်စွာဘုရား၏ ပုဆစ်တော်ကိုပင် မမီပဲ ရှိလေ၏၊ နောက်တစ်နေ့ အတောင်ခြောက် ဆယ်ရှိသော ဝါးတစ်လုံးဆက်၍ ထောင်ပြန်ရာတွင်လည်း ရှေးနည်းအတူပင်လျှင် ပုဆစ်တော်ကို မမီနိုင်ပဲရှိလေ၏။

[ဤသို့စသည်ဖြင့် မြတ်စွာဘုရား၏ မဟိမာဂုဏ်တော်သည် အံ့ဩဖွယ် အနေအားဖြင့် များစွာထင်ရှားလေ၏၊]

အလိုရှိရာ၊ ကြီးလိုပါသော်၊ စကြဝဠာတိုက်လုံး၊ ကိုယ်တော်ဖုံး၊ မှတ်အုံး မဟိမာ

၃။ မြတ်စွာဘုရားသည် တည်မြဲတိုင်းသောနေရာ၌ ရပ်တည် တော်မူ၍ ယူဇနာတစ်သိန်းကွာသော အရပ်သို့ဖြစ်စေ, အောက်ငရဲပြည် သို့ဖြစ်စေ, အထက်နတ်ပြည် ဗြဟ္မာပြည်သို့ဖြစ်စေ, တစ်ပါးသော စကြဝဠာတိုက်တို့သို့ဖြစ်စေ ကျွတ်ထိုက်သောသတ္တဝါတို့ကို ချွေချွတ် တော်မူရန် ကြွတော်မူလိုသောအခါ ခဏချင်း ရောက်တော်မူနိုင်သော တန်ခိုးသည် ပတ္တိ မည်၏၊ ဤပတ္တိတန်ခိုးကို ရည်၍ ဗုဒ္ဓဝင်ပါဠိတော် ဒီပင်္ကရာ ကဏ္ဍတွင်

ဗောဓနေယျံ ဇနံ ဒိသွာ၊ သတ သဟေဿပိ ယောဇနေ

ခဏေန ဥပဂန္တွာန၊ ဗောဓေတိ တံ မဟာမုနိ

ဟူ၍ ပြဆိုသည်။

မဟာမုနိ=မြတ်စွာဘုရားသည်၊ ဗောဓနေယျံ=ကျွတ်ထိုက်သော၊ ဇနံ=သတ္တဝါကို၊ ဒိသွာ=မြင်တော်မူသည်ရှိသော်၊ သတသဟေဿပိ ယောဇနေ=ယူဇနာတစ်သိန်းတို့တိုင်တိုင် ဝေးကွာသောအရပ်တို့သို့လည်း၊ ခဏေန=တစ်ခဏချင်းဖြင့်၊ ဥပဂန္တွာန=ချဉ်းကပ်ကြွသွား၍၊ တံ=ထိုကျွတ် ထိုက်သောသတ္တဝါကို၊ ဗောဓေတိ=ချွေချွတ်တော်မူ၏။

တည်မြဲနေရာ၊ တည်၍သာလျှင်၊ ယူဇနာတစ်သိန်း၊ ကွာကိန်းအရပ်၊ အောက်ထပ်ထက်ခွင်၊ ထိုပြင်စကြဝဠာ၊ ဌာနာ သတ္တဝါ၊ ချွတ်ထိုက်ပါ၊ ရောက်ရာ ပတ္တိပြ။

၄။ အဆင်းအမျိုးမျိုး အသွင်သဏ္ဌာန်အမျိုးမျိုး စသည်တို့ကို ဖန်ဆင်းတော်မူလိုသောအခါ ထိုဖန်ဆင်းတော်မူလိုသော ဆန္ဒတော် အတိုင်း ကြာမြင့် ခြင်းမရှိ၊ ရုတ်တရက် ခဏချင်းပြီးမြောက်တော်မူစေ နိုင်ခြင်းသည် ပါကမ္မ မည်၏၊ ထိုပါကမ္မတန်ခိုးသည် တန်ခိုးအစုံအစုံ ဖန်ဆင်းတော်မူသော ယမိုက်ပြာဋိဟာပွဲတွင် အလွန်ထင်ရှား၏။

အသွင်သဏ္ဌာန်၊ အမှန်အဆင်း၊ ဖန်ဆင်းဆန္ဒ၊ လိုတိုင်းရ၊ ပါကမ္မ ဟုခေါ်။

၅။ စိတ်လျင်မြန်ခြင်းကဲ့သို့ အလွန်လျင်မြန် ပေါ့ပါးစွာရှိအောင် ကိုယ်တော် ကို ပြုစွမ်းနိုင်ခြင်းသည် လင်္ဃီမာ မည်၏၊ ပျံလွှားပေါ့ပါးခြင်း တန်ခိုးဆိုလိုသည်၊ ထိုလင်္ဃီမာတန်ခိုးသည် သာဝတ္ထိပြည်၌ ယမိုက် ပြာဋိဟာကို ပြတော်မူပြီး၍ နှစ်လှမ်းသုံးဖဝါးမျှနှင့် တာဝတိံသာသို့ တက်တော်မူခန်းဖြင့် ထင်ရှား၏။

အမြွက်မျှဆိုဦးအံ့၊ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၏ မြောက် တံခါးဝ အနီး ကဏ္ဍမ္ဗသရက်ဖြူပင်ကြီးတွင် တန်ခိုးပြပြီးသောနောက် လင်္ဃီမာတန်ခိုးတော်ဖြင့် မူလရတနာစင်္ကြံပေါ်တွင် ပထမခြေဖဝါးကို တည်၍ ပထမအလှမ်းဖြင့် ယုဂန္ဓိုရ်တောင်ထိပ်မှာ ဒုတိယဖဝါးကို ချတော်မူ၏၊ ထိုနောက် ဒုတိယအလှမ်းဖြင့် ရတနာစင်္ကြံ၌တည်သော ဖဝါးကို မြင့်မိုရ်တောင်ထိပ်၌ ချတော်မူ၏၊ ဤသို့လျှင် နှစ်လှမ်းသုံးဖဝါးဖြင့် တာဝတိံသာသို့ ကြွတော်မူသည်။

စိတ်၏မြန်ခြင်း၊ ပမာခင်း၍၊ မြန်ခြင်းပေါ့ပါး၊ ကိုယ်စွမ်းအား၊ မှတ်သား လင်္ဃီမာ

၆။ ကိုယ်တော်မြတ်၏ စိတ်တော်မှစ၍ လောကကြီးတခုလုံးကို အုပ်ချုပ် စိုးပိုင်တော်မူခြင်းသည် ဤသိတာ မည်၏၊ ထိုဤသိတာ တန်ခိုးတော်မြတ်ကား အလုံးစုံသော လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်း တို့သည် မြတ်စွာဘုရားထံသို့ ရောက်သောအခါ ကြောက်ရွံ့လန့်စိုးစွာနှင့် ရိုသေကိုင်းညွတ်ခြင်းကို ပြုကြရကုန်၏။

တလောကလုံး၊ ညွတ်ရုံးဦးပိုင်၊ စိုးအုပ်နိုင်၊ မှတ်ပိုင် ဤသိတာ

၇။ စျာန်သမာပတ်ကို ဝင်စားမှု, အဘိညာဏ်ဝင်စားမှုတို့၌ ဝသီမြောက်၍ ပိုင်နိုင်တော်မူခြင်းသည် ဝသိတာ မည်၏၊ ထိုဝသိတာ တန်ခိုးသည် ယမိုက် ပြာဋိဟာကို ပြတော်မူရာတို့၌ ကသိုဏ်းအမျိုး မျိုးတို့ကို ပြောင်းကာလဲကာ ဝင်စား၍ စျာန်ကစားတော်မူခြင်း, ထို ကသိုဏ်းစျာန်ကို အခြေခံပြု၍ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းတို့ဖြင့် ထင်ရှား၏။

အဘိညာဏ်စျာန်၊ ဝင်စံလိုမှု၊ ပိုင်နိုင်ပြု၊ စိုးမှု ဝသိတာ

၈။ ဣဒ္ဓိဝိဓကိစ္စဖြင့် တန်ခိုးအမျိုးမျိုး ဖန်ဆင်းတော်မူရာ၌ ဤမျှလောက် ကာလအတွင်း၌သာ ဖန်ဆင်းတော်မူမည်၊ ဤမျှ လောက်သော အရပ်ဌာန အတွင်း၌သာ တန်ခိုးအစွမ်းကို ပျံ့နှံ့စေရ မည်ဟု ဓိဋ္ဌာန်တော်မူလျက် ထိုဓိဋ္ဌာန် တော်မူချက်အတိုင်း မလွန်ကျူးပဲ အဆုံးသတ်စေနိုင်မှုသည် ယတ္ထကာမာ ဝသာယိတာ မည်၏၊ ဤ တန်ခိုးရှစ်ပါးစုံကိုလည်း အကုန်ပိုင်နိုင်တော်မူသည်။

ယတ္ထကာမာ၊ ဝသာယိတာ၊ တန်ခိုးမှာမူ၊ မလွန်မကျူး၊ ဓိဋ္ဌာန်ဦးမှာ၊ ဆုံးသတ်ရာ၊ မှတ်ပါ တန်ခိုးမျိုး။

[ဤဆိုအပ်ပြီးသော စကားရပ်သည်ကား ဣဿရိယဘုန်းနှင့် စပ်၍ ဆိုသော စကားရပ်ပေတည်း၊ ဤဣဿရိယဘုန်းတော်နှင့် ပြည့်စုံတော်မူ သောကြောင့်လည်း ဘဂဝါ မည်တော်မူသည်။]

---*---

မြင့်မြတ်လောကီ၊ သီ, ဓိ, ပညာ၊ လောကုတ်ဖြာ၊ မှတ်ပါ ဓမ္မဘုန်း

အသာဓာရဏဉာဏ်၊ ယင်းခြောက်တန်၊ မှတ်ရန် ဓမ္မဘုန်း

(ခ) မြတ်စွာဘုရား၏ ဓမ္မဘုန်းတော်၌ ဓမ္မဆိုသည်ကား မြင့် မြတ်သော လောကုတ္တရာတရားသည်လည်းကောင်း, မြင့်မြတ်သော သီလ, သမာဓိ, ပညာတရားတို့သည်လည်းကောင်း ဓမ္မမည်၏၊ လောကီတရားတို့တွင် အမြင့် အမြတ်ဆုံးဖြစ်သောတရားသည် စျာန်, အဘိညာဏ်တည်း၊ လောကုတ္တရာ၌ အမြင့်အမြတ်ဆုံးဖြစ်သော တရားသည် အရဟတ္တဖိုလ်နှင့် နိဗ္ဗာန်တည်း၊ ထိုမှတစ်ပါး အခြားသော ပုဂ္ဂိုလ်တို့နှင့် မဆက်ဆံသော အသာဓာရဏဉာဏ်တော် ခြောက်ပါး သည်လည်း ဓမ္မပင်မည်၏၊ ဤသို့အံ့ဖွယ်သရဲ ထူးကဲမြင့်မြတ်သော ဓမ္မဘုန်းတော်နှင့် ပြည့်စုံတော်မူသောကြောင့် မြတ်စွာဘုရားသည် ဘဂဝါ မည်တော်မူ၏။

ပရိဝါရာ၊ ခြံရံဖြာ၍၊ ဂုဏ်ပါကျေးဇူး၊ ပျံ့နှံ့ကျူး၊ များထူး ယသဘုန်း

(ဂ) အခြံအရံများခြင်း, ဂုဏ်ကျေးဇူးသတင်းတော်ကြီး၏ ပျံ့နှံ့ ကျော်ဇော ခြင်းများသည် ယသဘုန်းတော် မည်၏၊ မြတ်စွာဘုရား၏ အခြံအရံများပုံကား ကိုယ်တော်မြတ်သည် အမျိုးဇာတိအားဖြင့် မြတ်တော်မူသည်ဖြစ်၍ ထိုကဲ့သို့ မြင့်မြတ်သော မင်း, ပုဏ္ဏားစသော ပရိသတ်အခြံအရံနှင့် ပြည့်စုံတော်မူ၏၊ ကိုယ်တော်မြတ်သည် ကိလေသာတို့မှ စင်ကြယ်တော်မူသည်ဖြစ်၍ ထိုကဲ့သို့ စင်ကြယ်သော လူရဟန္တာ, နတ်ရဟန္တာ, ဗြဟ္မာရဟန္တာ ပရိသတ်အခြံအရံနှင့် ပြည့်စုံ တော်မူ၏၊ သုစိ သုစိ ပရိဝါရ ပုဂ္ဂိုလ်တို့တွင် အထွတ်အထိပ် ဖြစ်တော်မူ၏၊ သီလဝန္တ ပုထုဇ္ဇန်ရဟန်းမှစ၍ ဝိဇ္ဇာသုံးပါး, အဘိညာဏ်ခြောက်ပါးနှင့် ပြည့်စုံ၍ ပဋိသမ္ဘိဒါဉာဏ်သို့ ပေါက်ရောက်ကြကုန်ပြီးသော ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ်မြတ်, ရဟန္တာ အရှင်မြတ်အပေါင်းတို့သည်လည်း သန်းပေါင်းများစွာ ခြံရံကြရကုန်၏၊ စကြဝတေး မင်းကြီးသည် စကြာရတနာကို လည်စေ၍ အလွန်မြားမြောင်လှစွာသော မှူးမတ် ပရိသတ်အပေါင်းတို့ဖြင့် လှည့်လည်ဘိသကဲ့သို့ တရားစကြာမင်းကြီး ဖြစ်တော်မူသော မြတ်စွာ ဘုရားသည်လည်း ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန် အစရှိသော ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ်မြတ်, ပရိသတ်အပေါင်းတို့ုဖြင့်ခြံရံ၍ အရပ်ရပ်သို့ ဒေသစာရီလှည့်လည်တော်မူ၏၊ ဤကဲ့သို့ အခြံအရံပြည့်စုံစွာနှင့် စကြာ မင်းကြီးကဲ့သို့ တင့်တယ်သော ယသဘုန်းတော်မြတ်ကိုရည်၍ အောက်ပါ ဂါထာတို့ဖြင့် အရှင်ဝင်္ဂိသမထေရ်သည် မြတ်စွာဘုရားကို ချီးကျူး လေသည်။

၁။ စက္ကဝတ္တီ ယထာ ရာဇာ၊ အမစ္စ ပရိဝါရိတော

သမန္တာ နုပရိယေတိ၊ သာဂရန္တံ မဟိံ ဣမံ

၂။ ဧဝံ ဝိဇိတသင်္ဂါမံ၊ သတ္ထဝါဟံ အနုတ္တရံ

သာဝကာ ပယိရူပါသန္တိ၊ တေဝိဇ္ဇာ မစ္စု ဟာရိနော

စက္ကဝတ္တီရာဇာ=ရတနာ ၇-ပါးတို့၏ သခင်, ဘုရင်တို့၏အထွတ်, စက္ကဝတ် သေဌ်နင်း မင်းထက်မင်းသည်၊ အမစ္စပရိဝါရိတော=မှူးမတ် အပေါင်းခြံရံလျက်၊ သာဂရန္တံ=သမုဒ္ဒရာလေးစင်းလျှင်အဆုံးရှိသော၊ ဣမံမဟိံ=ဤမြေကြီးကို၊ သမန္တာ=ထက်ဝန်းကျင်မှ၊ အနုပရိယေတိ ယထာ=စကြာရှေ့ထား လှည့်လည်၍သွား လေဘိသကဲ့သို့၊ ဧဝံ=ဤအတူ၊ ဝိဇိတသင်္ဂါမံ=အောင်မြင်အပ်ပြီးသော မာရ်စစ်ရှိ တော်မူသော၊ သတ္ထဝါဟံ=လှည်းမှူးကြီးပမာ သတ္တဝါတို့ကို မှန်ရာလမ်းအစဉ်သို့ ကယ် တင်တော်မူပေထသော၊ အနုတ္တရံ=တုဖက်ပြိုင်ကင်း တရားစကြာမင်းကြီး ဖြစ်တော်မူသော မြတ်စွာဘုရားကို၊ တေဝိဇ္ဇာ=ပု-ဒိ-အာဟု ဝိဇ္ဇာသုံးတန် အထက်ဉာဏ်နှင့် ပြည့်စုံတော်မူကြကုန်သော၊ မစ္စုဟာရိနော= သေမင်း ရန်ကို ပယ်လှန်ဖျောက်ဖျက်အပ်ပြီး ဖြစ်ကုန်သော၊ သာဝကာ=တပည့် သားအပေါင်း သန်းပေါင်း များစွာတို့သည်၊ ပယိရူပါသန္တိ=ဆည်းကပ် ခြံရံကြကုန်၏။

လမင်းသိကြား၊ ဗြဟ္မာအားလျှင်၊ ပမာဆင်၊ များပင် ခြံရံခ။ အခြံအရံများသော မြတ်စွာဘုရား၏ ဘုန်းတော်အားဖြင့် တန်ဆောင် မုန်းလ သရဒအချိန် မြူတိမ်အညစ်အကြေး ကင်းစင်သော ကောင်းကင်ဝယ် တင့်တယ်စွာထွက်၍လာသော လပြည့်ဝန်းကို မရေမတွက်နိုင်သော နက္ခတ်တာရာ ကြယ်တကာတို့ဖြင့် ခြံရံအပ်ဘိ သကဲ့သို့လည်းကောင်း, သုဓမ္မာနတ်သဘင် စည်းဝေးရာပလ္လင်ဝယ် စမ္ပယ်၍နေသော သိကြားကို နတ်ပေါင်းများစွာ ခြံရံ၍ နေဘိသကဲ့သို့ လည်းကောင်း, ဟာရိတဗြဟ္မာမင်းကို ဗြဟ္မာပေါင်းများစွာ ခြံရံ၍ နေဘိကဲ့သို့လည်းကောင်း, ရဟန်းပုဏ္ဏားနှင့်တကွသော လူ, နတ်, ဗြဟ္မာတို့သည် မြတ်စွာဘုရားကို ခြံရံကြရကုန်၏၊ ထို့အတူ တခဲနက် ရွှေစိုင်အတိပြီးသော မြင့်မိုရ်တောင်မင်းကို ယုဂန္ဓိုရ်စသော တောင်ပေါင်း များစွာ သီဒါ, သမုဒ္ဒရာဖြင့် ခြံရံအပ်ကုန်ဘိသကဲ့သို့လည်းကောင်း, ဟိမဝန္တာတောင်မင်းကို ရှစ်သောင်း လေးထောင်သော တောင်ထွတ် တို့နှင့်တကွ ဂန္ဓမာဒန, ကေလာသစသော တောင်ပေါင်းများစွာတို့ ခြံရံအပ်ဘိသကဲ့သို့လည်းကောင်း, ဆဒ္ဒန်ဆင်မင်းကို ဆင်ပေါင်း များစွာတို့ ခြံရံအပ်ဘိသကဲ့သို့လည်းကောင်း, ကေသရရာဇာ ခြင်္သေ့မင်းကို တောသား သတ္တဝါအများတို့ ပြားပြားဝပ်၍ ခြံရံကြကုန်ဘိကဲ့သို့လည်း ကောင်း, ဘော်, ကြူ, ငွေသား အဆင်းရှိသော ဓတရဋ္ဌဟင်္သာမင်းကို ဟင်္သာငှက်ပေါင်း များစွာတို့ ခြံရံအပ်ဘိသကဲ့သို့လည်းကောင်း, ထို့အတူ မြတ်စွာဘုရားကိုလည်း လူ, နတ်, ဗြဟ္မာ, သတ္တဝါ အပေါင်းတို့ ခြံရံကြ ကုန်၏၊ အကျဉ်းအားဖြင့် သိမ်းကျုံး၍ ဆိုသည်ရှိသော် ဇာတိခေတ်ဟု ဆိုအပ်သော စကြဝဠာတစ်သောင်း၌ ရှိကြကုန်သော နတ်, ဗြဟ္မာ အပေါင်းတို့သည် မြတ်စွာဘုရား၏ အခြံအရံတို့သာ ဖြစ်ကုန်၏၊ လောကီဘုံသားတို့တွင် ဗြဟ္မာတို့ကို အထွတ်အမြတ်ဟူ၍ ထားကြရ ကုန်၏၊ ထိုလောက၌ အထွတ်အမြတ်ဖြစ်သော ဗြဟ္မာမင်းကြီးတို့ သည်လည်း မြတ်စွာဘုရား၏ အခြံအရံတို့သာ ဖြစ်ကုန်၏၊ မြတ်စွာ ဘုရား၏ ခြေတော်ရင်း၌ ဗြဟ္မာမင်းအပေါင်းတို့၏ မကိုဋ်ဥသျှောင် တို့သည် အလုံးစုံညွတ်တွားကြရကုန်၏၊ ဗြဟ္မာမင်းတို့၏ မကိုဋ်တည်း ဟူသော ပန်းသွယ်ခိုင်တို့အတွင်းမှာ မြတ်စွာဘုရား၏ ခြေစုံသည် ကျွံနစ်၍နေ၏။

မောဠိ မာလာ, ပန်းကုံးပမာ

ဘဂဝန္တဿ ပါဒန္တေ၊ နမိံ သု ဗြဟ္မမောဠိယော

ဗြဟ္မူနံ မောဠိမာလာသု၊ ဩသန္နာ စရဏာ သဒါ

ဘဂဝန္တဿ=ဘုန်းတော်ခြောက်ဆင့် ဖြိုးဖြိုးစွင့်တော်မူသော မြတ်စွာဘုရား၏၊ ပါဒန္တေ=ခြေတော်ရင်း၌၊ ဗြဟ္မမောဠိယော=ဗြဟ္မာ မင်းတို့၏ မကိုဋ် ဥသျှောင်တို့သည်၊ သဒါ=အခါခပ်သိမ်း၊ နမိံသု=နိမ့်ရှိုင်း ဝပ်တွားကြရလေကုန်၏၊ ဘဂဝန္တဿ=ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား၏၊ စရဏာ=ခြေတော်စုံတို့သည်၊ ဗြဟ္မူနံ=ဗြဟ္မာမင်းတို့၏၊ မောဠိမာလာသု=မကိုဋ်တည်းဟူသော ပန်းကုံးပန်းသွယ်တို့၌၊ သဒါ= အခါခပ်သိမ်း၊ ဩသန္နာ=ကျွံနစ်၍ တည်နေတော်မူကြလေကုန်၏။

ယသဘုန်းငွေ့ ဇမ္ဗူပြေ့

မြတ်စွာဘုရား၏ ယသဘုန်းတော်ငွေ့ကြောင့် ဘုရားပွင့်တော်မူရာ ဤဇမ္ဗူ ဒီပါကျွန်းသည်လည်း ဝန်းကျင်ပတ်လည်ရှိ တစ်သောင်းသော လောကဓာတ်တို့ဖြင့် ခြံရံအပ်သကဲ့သို ဖြစ်လေ၏။

ထိုစကားမှန်၏၊ မြတ်စွာဘုရား ပွင့်တော်မူသောအခါ တစ်သောင်း သော စကြဝဠာတိုက်တို့မှ နတ်, ဗြဟ္မာအပေါင်းတို့သည် ဤဇမ္ဗူဒီပါ ကျွန်းသို့ ရှေးရှုသော မျက်နှာဖြင့် ဝန်းဝိုင်းရောက်လာကြရကုန်၏၊ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ ဤဇမ္ဗူဒီပါ ကျွန်းသည် တရားပွဲမဏ္ဍပ်ကြီးသဖွယ်ဖြစ်၍ လောကဓာတ်များမှ ရောက် လာကြကုန်သော နတ်ပရိသတ်, ဗြဟ္မာပရိသတ်တို့ဖြင့် ရောထွေး ဆူညံလျက်ရှိလေ၏၊ မြတ်စွာဘုရား ပွင့်တော်မူသောအခါ စသည်တို့၌ တစ်သောင်းသော လောကဓာတ်သည် တစ်ပြိုင်နက် တုန်လှုပ်ရလေ၏၊ မြတ်စွာ ဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်အခါကို မဆိုထားဘိဦး၊ ပရိနိဗ္ဗာန်စံတော် မူပြီး၍ နှစ်ပေါင်းနှစ်ထောင်ကျော်ဖြစ်သော ယခုကာလတိုင်အောင်ပင်သော်လည်း သာသနာ၌ သက်ဝင်ကြကုန်သော လူအပေါင်းတို့သည် မြတ်စွာဘုရား၏ အခြံအရံတို့သာလျှင် ဖြစ်ကုန်ကြ၏၊ နတ်ပြည်, ဗြဟ္မာပြည်တို့၌မူကား မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံတော်မူလေသည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်လှသေးသည် မဟုတ်၍ မြတ်စွာဘုရားကို ဒိဋ္ဌဖူးတွေ့လိုက်ကြရကုန်သော နတ်ပရိသတ်, ဗြဟ္မာပရိသတ်တို့သည် လောကဓာတ် တစ်သောင်းနှင့်အပြည့် ဘုရား ဂုဏ် ကျေးဇူးတော်တို့ကို ချီးကျူးပြောဆိုလျက်နှင့်ပင် ရှိနေကြကုန်၏။

[သာသနာငါးထောင်ဆိုသည်မှာ လူ့ပြည်အတွက်နှင့် ပြောဆိုရသော စကားမျှ သာဖြစ်၍ နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ကား အနှစ်ကုဋေပေါင်းများစွာပင် မြတ်စွာ ဘုရား၏ အခြံအရံပရိသတ်ပေါင်း မဆိတ်ပဲ ရှိကြကုန်လတ္တံ့။]

ဘုရားဖြစ်ထူး၊ မဆိုဦးနှင့်၊ ဖွားဦးမှာလျှင်၊ ဗောဓိပင်ဝယ်၊ ထိုင်လျှင်မထ၊ ခြံရံခ၊ များလှ ယသဘုန်း

ဘုရားဖြစ်တော်မူသော အခါ၌သာလျှင် ယသဘုန်းတော်ကြောင့် အခြံအရံ များမြတ်သည်ကို မဆိုထားဘိဦး၊ အလောင်းတော်မင်းသားကို ဖွားမြင်တော်မူသောအခါကပင်လျှင် နတ်,ဗြဟ္မာအပေါင်းတို့သည် ခြံရံကြရကုန်၏၊ အလောင်းတော်မင်းသား၏ မျက်နှာသန့်စင်ခြင်းကိစ္စ၌ ဝေယျာဝစ္စဆောင်ရွက်ကြရကုန်၏၊ ဖွားမြင်တော်မူပြီး၍ မကြာမြင့်မီ နတ်,ဗြဟ္မာအပေါင်းတို့ ဆောင်းမိုးသော ထီးဖြူရိပ်ကို ခိုလှုံ၍ မြောက်သို့ တူရူ ခုနစ်ဖဝါး လှမ်းတော်မူပြီးလျှင် အရပ်လေးမျက်နှာကို ရှုစား တော်မူ၏၊ ထိုအခါ တစ်သောင်းသော လောကဓာတ်ကြီးသည် တစ်ပြင် တည်း ဟင်းလင်းပွင့်၍ ထိုလောကဓာတ်၌ နေကြကုန်သော နတ်, ဗြဟ္မာ အပေါင်းတို့ကလည်း ဦးခေါင်း၌ ဆောင်းစိုက်သော မကိုဋ်ကို ညွတ်တွား ၍ အလောင်းမင်းသားနှင့် တူတန်သူ မရှိပါဟူ၍ ဝန်ခံပြီးလျှင် အခြံအရံ အဖြစ်သို့ ကပ်ရောက်ကြရကုန်၏၊ ဘုရားဖြစ်တော်မူခါနီး ဗောဓိမဏ္ဍိုင်၌ မထသော ထိုင်ခြင်းဖြင့် ထိုင်တော်မူသောအခါ၌လည်း များစွာသော နတ်ဗြဟ္မာအပေါင်းတို့သည် ခြံရံကြရကုန်၏။

ဤသို့ဘုရားဖြစ်တော်မမူမီ ဗောဓိမဏ္ဍိုင်၌ နတ်,ဗြဟ္မာအပေါင်းတို့ ခြံရံကြပုံကို အောက်၌ပါသော ဂါထာဂီတိတို့ဖြင့် ပညာရှိတို့ ဖွဲ့ဆိုချီးကျူး တော်မူကြကုန်၏။

အောင်ပွဲခရုသင်း-မှုတ်လျင်းပုံလား သိကြားဂါထာ

ဒေဝဒေဝဿ ဒေဝိန္ဒော၊ သင်္ခမာဒါယ တာဝဒေ။ ဝီသုတ္တရ သတုဗ္ဗေဒံ၊ ဓမယန္တော တဟိံ ဌိတော

တဟိံ တာဝဒေ=ထိုဗောဓိမဏ္ဍိုင်ဝယ် အလောင်းတော်မြတ် ထိုင်တော်မူသောအခါ၌၊ ဒေဝဒေဝဿ=များပြားတုံလတ် အနတ်,နတ်ကို၊ ဒေဝိန္ဒော=အစိုးရသော သိကြားမင်းသည်၊ ဝီသုတ္တရ သတုဗ္ဗေဒံ= သံတောင် ၁၂၀-ရှည်သော၊ သင်္ခံ=ဝိဇယုဿဝ ခရုသင်းကို၊ အာဒါယ= ယူဆောင်၍၊ ဓမယန္တော=ဝမ်းသာသဖြင့် မှုတ်သံလွှင့်လျက်၊ ဌိတော= ရပ်တည်ခစားလာ၏။

သဟမ္ပတိ အထက်စိုး-ထီးမိုးပုံဂါထာ

ဒုတိယံ ပုဏ္ဏစန္ဒံဝ၊ သေတစ္ဆတ္တံ တိယောဇနံ

ဓာရယန္တော ဌိတော သမ္မာ၊ မဟာဗြဟ္မာ သဟမ္ပတိ

သဟမ္ပတိ=သဟမ္ပတိ အမည်ရှိသော၊ မဟာဗြဟ္မာ=မဟာဗြဟ္မာ မင်းကြီးသည်၊ ဒုတိယံ=နှစ်ခုမြောက်သော၊ ပုဏ္ဏစန္ဒံဝ=လပြည့်ဝန်း ကြီးကဲ့သို့၊ တိ ယောဇနံ=သုံးယူဇနာအပြန့်ရှိသော၊ သေတစ္ဆတ္တံ=ထီးဖြူ ဝန်းကြီးကို၊ သမ္မာ=ကောင်းမွန်ငြိမ်သက်စွာ၊ ဓာရယန္တော=ဆောင်းမိုးလျက်၊ ဌိတော=ရပ်တည်ခစား လာ၏။

သုယာမနတ်မင်း-ပန်ကာသွင်းဂါထာ

စာရု စာမရ မာဒါယ၊ သုယာမောပိ သုယာဓိပေါ

ဗီဇယန္တော ဌိတော တတ္ထ၊ မန္ဒံ မန္ဒံ တိဂါဝုတံ

သုယာဓိပေါ=ယာမာနတ်တို့ကို အစိုးရသော၊ သုယာမောပိ= သုယာမနတ် မင်းကြီးသည်လည်း၊ တိဂါဝုတံ=သုံးဂါဝုတ်ရှိသော၊ စာရု စာမရံ=တင့်တယ်မွန်မြတ် သားမြီးယပ်ကို၊ အာဒါယ=ယူဆောင်၍၊ မန္ဒံ မန္ဒံ=ညှင်းညှင်းသာသာ၊ ဗီဇယန္တော= ငြိမ့်ငြိမ့်အေးအေး, ယပ်လေပေး လျက်၊ တတ္ထ=ထိုအလောင်းတော်ထံပါး၌၊ ဌိတော=ရပ်တည်ခစားလာ၏။

ပဉ္စသီခနတ်သား-ထပ်မနားစောင်းတီးဂါထာ

ဗေဠုဝံ ဝီဏ မာဒါယ၊ သုရော ပဉ္စသိခါဝှယော

နာနာဝိဓလယောပေတံ၊ ဝါဒယန္တော တထာ ဌိတော

တထာ=ထိုမှတစ်ပါး၊ ပဉ္စသိခါဝှယော သုရော=ပဉ္စသိခအမည် ရသော နတ်သားသည်၊ နာနာဝိဓလောပေတံ=အမျိုးမျိုးသော စောင်းကြိုး စောင်းညှို့ ကြိယာနှင့်ပြည့်စုံသော၊ ဗေဠုဝံ=ဗေဠုဝအမည်ရှိသော၊ ဝီဏံ= နတ်စောင်း တော်ကြီးကို၊ အာဒါယ=ယူဆောင်၍၊ ဝါဒယန္တော=သာယာ ညှင်းတွဲ့, ဖွဲ့နွဲ့မညည်း, သံစုံတီး၍၊ ဌိတော=ရပ်တည်ခစားလာ၏။

ကာလနဂါးမင်း, ဘုန်းတော်ဖွဲ့ဂါထာ

ထုတိဂီတာနိ ဂါယန္တော၊ နာဋကီဟိ ပုရက္ခတော

တထေဝ ဋ္ဌာသိ သောနာဂ၊ ရာဇာ ကာလဝှယောပိစ

ကာလဝှယော=ကာလအမည်ရှိသော၊ သော နာဂရာဇာပိစ=ထို နဂါးမင်းသည်လည်း၊ နာဋကီဟိ=ကချေသည် နဂါးမအပေါင်းတို့ဖြင့်၊ ပုရက္ခတော=ခြံရံအပ်သည်ဖြစ်၍၊ ထုတိဂီတာနိ=ဘုန်းတော်ဖွဲ့သီချင်း တို့ကို၊ ဂါယန္တော=ဝမ်းသာ, ဝမ်းမြူး, ရင့်ကျူးသီဆိုလျက်၊ တထေဝ=ထိုရှေ့ အတူသာလျှင်၊ အဋ္ဌာသိ=ရပ်တည် ခစားလာ၏။

နိဗ္ဗာန်စံဝင်၊ ဇာတ်သိမ်းလျှင်မှတ်၊ ကြွင်းလတ်ဓာတ်တော်၊ ခုတိုင်သော်ပင်၊ နေ့ညဉ့်မစဲ၊ တသဲသဲ၊ မှတ်စွဲ ယသဘုန်း

ပရိနိဗ္ဗာန်ဝင်စံတော်မူသောအခါ၌လည်း ထိုကဲ့သို့ပင် များစွာ သော နတ်, ဗြဟ္မာ, ပရိသတ်အပေါင်းတို့ ခြံရံလျက် ပရိနိဗ္ဗာန်ဝင်စံ တော်မူသည်၊ တေဇောဓာတ် လောင်ပြီး၍ ကိုယ်တော်မှ ကြွင်းကျန် ရစ်သော သရီရဓာတ်တော်များတို့သည် လည်း ယခုထက်တိုင်အောင် နေ့ညဉ့်မစဲ သဲသဲရုတ်ရုတ် အုပ်အုပ်သောင်းသောင်း ပရိသတ်အပေါင်း တည်းဟူသော အခြံအရံတို့နှင့် ပြည့်စုံတော်မူသည်၊ အခြံအရံ များသည့် အတွက်နှင့် မာန်တက်သောသူဟူသမျှတို့သည် ယသဘုန်းတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ခြေဖဝါးတော်အောက်တွင် ပျောက် ကွယ် တိမ်မြုပ်ခြင်းသို့ ရောက်ကြလေကုန်၏။

[ဤစကားရပ်ကား အခြံအရံတည်းဟူသော ယသဘုန်းတော်နှင့်စပ်၍ ဆိုသော စကားရပ်ပေတည်း။]

အရဟံစ၊ ဘဂဝါဆုံး၊ တူနှုံးမရှိ၊ ဘဝဂ်ထိအောင်၊ အသံဆောင်၊ မှတ်နောင် ကျော်စောဘုန်း

ကျော်စောခြင်းကိုလည်း ယသဘုန်းတော်ပင်ခေါ်သည်၊ ကျော်စော ခြင်းဆိုသည်မှာ အရဟံစသော ကောင်းသတင်းစကား ဂုဏ်တော်သံ ၉-ပါးတို့ဖြင့် ကျော်စောမှုပေတည်း၊ ဂုဏ်တော် ၉-ပါးတို့ဖြင့် ကျော်စော ပုံကို ပါဠိတော်အရပ်ရပ်တို့၌ “ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော ဟောတိ”ဟူ၍ အထက်ဘဝဂ်သို့တိုင်အောင် ကောင်း သောကျော်စောသံများ ပျံ့နှံ့၍တက် ကြောင်းကိုဆိုသည်၊ မြတ်စွာဘုရား ၏ ဂုဏ်ကျေးဇူး သတင်းကောင်းများသည် အထက်သို့ ဘဝဂ်တိုင်အောင် ပျံ့နှံ့၍တက်၏၊ ဖီလာအားဖြင့် လောကဓာတ် တိုက်ပေါင်းများစွာ သို့တိုင်အောင် ပျံ့နှံ့လေ၏၊ ကံဘုံ, ဝီရိယဘုံဖြစ်သော လူ့ပြည်လောကမှာ ကျော်စောသည်ထက် သုခဘုံဖြစ်သော နတ်ပြည်, ဗြဟ္မာပြည်တို့၌ ကျော်စောခြင်းသည် သာ၍အလှိုင်းကြီး၏၊ နတ်,ဗြဟ္မာတို့အချင်းချင်း မြတ်စွာဘုရား၏ ဂုဏ်သတင်းကို တစ်ဆင့်ထက်တစ်ဆင့် ပြောကြားရာ မကြာမီပင် စကြဝဠာတစ်သောင်း ပျံ့နှံ့လေ၏၊ မြတ်စွာဘုရား ဓမ္မစကြာ တရားကို ဟောတော်မူသောအခါ ဩကာသလောက၌ မြေတုံလှုပ်ခြင်း, အခါမဲ့ပန်းအမျိုးမျိုး ပွင့်ခြင်း စသည်တို့ကြောင့် ဟေမဝတနတ်ကလည်း ဟိမဝန္တာ၏ သာယာထူးဆန်းကြောင်း, သာတာဂီရိနတ်ကလည်း မိဂဒါဝုန် တော၌ တရားပွဲ ကြီးကျယ်ကြောင်းကို မိတ်ဆွေနတ်ချင်းချင်း ပြောလို အားကြီးနှင့် နတ်ပရိသတ်အပေါင်းများစွာ ခြံရံလျက် ကောင်းကင် ခရီးဖြင့်လာကြရာ အချင်းချင်းတွေ့ဆုံ၍ မြတ်စွာဘုရား၏ဂုဏ်တော် များကို ကောင်းကင်တွင် ပြောကြားကြလေ၏၊ ထိုနတ်တို့ ပြောဆိုကြ သော မြတ်စွာဘုရား၏ ဂုဏ်သတင်းသံကို ကြားရသည်နှင့် ကာလီ မည်သော လူမိန်းမ တစ်ဦးသည် သောတာပန်တည်ဖူးလေ၏။

ဤကဲ့သို့ နတ်အချင်းချင်း သတင်းလွှင့်ကြရာ မြတ်စွာဘုရား၏ ဂုဏ်တော်သံသည် ဘဝဂ်သို့တိုင်အောင် လျှံတက်လေ၏၊ သဝိညာဏက ဖြစ်သော လူ, နတ်, ဗြဟ္မာတို့ကသာ မြတ်စွာဘုရား၏ ဂုဏ်သတင်းများကို နှံ့ပြားအောင် ကြော်ငြာကြသည် မဟုတ်သေး၊ အဝိညာဏကဖြစ်သော တော, တောင်, ရေ, မြေတို့က လည်း မြတ်စွာဘုရား၏ သတင်းဂုဏ်ကို ကြော်ငြာသော လက္ခဏာဖြင့် ထူးဆန်းသော အခြင်းအရာနိမိတ်တို့ကို ဖော်ပြကြကုန်၏။

ထိုစကားမှန်၏၊ ဖွားတော်မူသောအခါ, ဘုရားအဖြစ်သို့ ရောက် တော်မူသောအခါ, ဓမ္မစကြာတရားကို ဟောကြားတော်မူသောအခါ စသည်တို့၌ မြေငလျင်တုန်လှုပ်ခြင်း, အခါမဲ့ပန်းမျိုးစုံပွင့်ခြင်း, မြေပြင် ကောင်းကင်တို့မှ အလွန်ထူးဆန်းသော မန္ဒာဝရ နတ်ပန်းများ ပွင့်ခြင်း စသည်တို့ဖြင့် ဘုရားဂုဏ်ကို ကြော်ငြာကြကုန်၏။

အေးမြချမ်းသာ, ထက်ဘုံမှာ။
လူ့ပြည်လောက၌ ဘုရားပွင့်သော်လည်းလူများ အပေါင်းတို့သည် ကံဘုံသား, ဝီရိယ ဘုံသားများဖြစ်ကြသောအတိုင်း နေထိုင်စားသောက်ရန်စသော ကိစ္စများ ကို အားထုတ်ရခြင်းဖြင့် အချိန်ကုန်လွန်ခြင်း များကြသောကြောင့် ဘုရားဂုဏ် ကျေးဇူးတော်များကို အလွန်အကြူး အနှံ့အပြားပြောကြား ခြင်းငှါ မစွမ်းနိုင်ကြကုန်၊ နတ်ဘုံ, ဗြဟ္မာဘုံတို့မှာ ထိုကဲ့သို့ကိစ္စ မများ ကြကုန်ပဲ သုခဘုံသားဖြစ်ကြသည် အလျောက် အေးချမ်းသက် သာစွာနှင့် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးစကားတို့ ကိုသာလျှင် ပြောကြားချီးကျူး၍ နေကြလေကုန်၏၊ ထိုနတ်ဘုံ, ဗြဟ္မာဘုံတို့၌ကား မြတ်စွာဘုရား၏ ဂုဏ်သတင်းသံတို့ဖြင့် တညံညံ တသိမ့်သိမ့် တခြိမ့်ခြိမ့် တအုန်း အုန်းနေကြကုန်၏၊ ဗုဒ္ဓုပ္ပါဒခေတ်နှင့် တွေ့ကြုံသောအခါ နတ်, ဗြဟ္မာတို့သည် အရိယာတို့သာ များကြကုန်သဖြင့် သုဓမ္မာသဘင် အစည်းအဝေးစသည်တို့၌ ဘုရား၏ဂုဏ်ကျေးဇူးတော်များကို ပြောကြား ချီးကျူးသော နတ်အစည်းအဝေး, ဗြဟ္မာအစည်း အဝေးတို့သာလျှင် များကြလေကုန်၏၊ သနင်္ကုမာရဗြဟ္မာ, သဟမ္ပတိဗြဟ္မာ, ဃဋိကာရ ဗြဟ္မာစသော ဗြဟ္မာတန်ခိုးကြီးတို့သည်လည်း နတ်ဘုံ, ဗြဟ္မာဘုံတို့ကို လှည့်လည်ပြီးလျှင် မြတ်စွာဘုရားနှင့်စပ်သော ဂုဏ်ကျေးဇူးတရား တို့ကိုသာ ပြောကြားလျက် ရှိနေကြကုန်၏။

ဤကမ္ဘာကုန်ဆုံး, ဂုဏ်မသုဉ်း။
မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူး စကားကို လောကဓာတ် စကြဝဠာတစ်သောင်း၌ ရှိကြ ကုန်သော နတ်,ဗြဟ္မာအပေါင်းတို့သည် တစ်ဦးလျှင်တစ်မျိုးစီ, တစ်မျိုးစီ အသက်ထက်ဆုံး ပြောကြားချီးမွမ်းကြသော်လည်း ဤကပ်ကမ္ဘာကုန်ဆုံး အောင် နတ်အဆက်ဆက်, ဗြဟ္မာအဆက်ဆက်တို့ ပြောကြားကုန်သော် လည်း ဘုရား၏ဂုဏ်တော်များသည် ကုန်ဆုံးနိုင်သည်ဟူ၍ မရှိချေ၊ ဘုရားရှင်တစ်ဆူ၏ ဂုဏ်ကျေးဇူးကို တစ်ဆူသောဘုရားရှင်က အခြား တရားစကားကို ဟောကြားတော်မမူပဲ တစ်ကမ္ဘာပတ်လုံး ဟောကြား၍ နေသော်လည်း မကုန်နိုင်ရာ၊ မြတ်စွာဘုရား၏ ကောင်းသောသတင်း ကျော်စောခြင်းသည် ဘုရားအဖြစ်သို့ မရောက်မီ နှစ်ပေါင်း တစ်ထောင် ကပင်လျှင် ဗုဒ္ဓကောလာဟလဖြစ်၍ ကျော်စောလေသည်၊ ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးသည့်နောက် ယခုကာလတိုင်အောင် လည်းကျော်စော ဆဲဖြစ်၏၊ နောက်နှစ်ပေါင်းများစွာတိုင်အောင်လည်း ကျော်စောလတ္တံ့၊ အသက်ရှည်သော နတ်ပြည်, ဗြဟ္မာပြည်တို့၌မူကား အလွန်ရှည်မြင့်စွာ သော ကာလတို့ပတ်လုံးပင် ကျော်စော၍နေလတ္တံ့၊ ရှေးရှေးကာလ၌ ပရိနိဗ္ဗာန်ဝင်စံတော်မူကြကုန်ပြီးသော ဘုရားရှင်တို့၏ဂုဏ်ကျေးဇူး သတင်းသံများသည်လည်း ယခုတိုင်အောင်ပင် ကျော်စောလျက် ရှိကုန်၏၊ ထိုကြောင့် ဘုရားရှင်၏ ယသဘုန်းတော်သည် ပြီးဆုံး ခြင်းသို့ မရောက်နိုင်ပဲ နတ်ပြည်, ဗြဟ္မာပြည်နှင့်တကွသော စကြဝဠာတိုက်တို့ကို ပင်လယ်လှိုင်းလုံးကြီးတွေ ရိုက်ဘိသကဲ့သို့ တအုန်းအုန်းပြန့်လျက်သာ ရှိလေသည်၊ ကျော်စောခြင်း ကိတ္တိဂုဏ်ဖြင့် မာန်မုန်ယစ်သော ပုဂ္ဂိုလ်တို့ သည် မြတ်စွာဘုရား၏ ခြေဖဝါးတော်အောက်မှာ ပြယ်ပျောက်ကြရ လေကုန်၏။

ဘုရားမပွင့်,သုညဖြင့်။
ယခု ဗုဒ္ဓုပ္ပါဒခေတ်နှင့် တွေ့ ကြုံရသော ကာလသမ္ပတ္တိစက်တွင်းမှာ နင်းမိကြသော အခိုက်ဖြစ်၍ သာလျှင် မြတ်စွာဘုရား၏ ဂုဏ်တော်သံများကို ကြားသိရကြကုန်သည်၊ ဘုရားပွင့်တော်မူခိုက်နှင့်မကြုံသော သုညကမ္ဘာများတွင်မူကား ဗုဒ္ဓဘုရားဟူသောအသံကို ကြားရနိုင်ရန်အချက်မှာ အလွန်တရာခဲခက်လှ၍ ဒုလ္လဘကြီးဖြစ်လေသည်၊ ထို့ကြောင့် “ဃောသောပိ ခေါ ဒုလ္လဘော လောကသ္မိံ၊ ယဒိဒံ ဗုဒ္ဓေါ ဗုဒ္ဓေါတိ”ဟူ၍ ရှေးအခါ ပညာရှိကြီးတို့ မြွက်ဆိုလေ့ရှိကြကုန်၏၊ ဘုရားရှင်ဂုဏ်ကျေးဇူးတို့ကို အမျိုးမျိုးသော နည်းနာနယတို့ဖြင့် ပြောဆိုချီးမွမ်းခြင်းများသည် ဗုဒ္ဓါနုဿတိ ဘာဝနာ ပင်ဖြစ်၏၊ မြတ်စွာဘုရားလက်ထက်တော်အခါ ဓနဉ္ဇာနီ, ပုဏ္ဏေးမကြီး ကဲ့သို့ တစ်စုံတစ်ခုချော်ချွတ်တိမ်းပါး၍ သွားသောအခါမှာပင် နမော တဿ ဘဂဝတော-ကို ဆိုမြည်ယောင်ယမ်းသကဲ့သို့ အမှတ်မဲ့ ဝသီပါ အားဖြင့် ဆိုမြည်ယောင်ယမ်းခြင်းများသည်လည်း အကျိုးရှိသည်ပင် ဖြစ်၏၊ မြတ်စွာဘုရား၏ ယသဘုန်းတော်ကို မြွက်ဖော်၍ ကြေငြာခြင်း တစ်မျိုးပင်ဖြစ်၏။

[ဗုဒ္ဓ- ဘဂဝါ- ဘုရားဘုရားဟူ၍ မြွက်ဆိုလျက် ကြည်ညိုနှစ်သက်ခြင်း ပီတိကို ဖြစ်ပွါးစေမှုသည်လည်း လွန်စွာအကျိုးကြီးမြတ်၏၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရသည်ထက် မြင့်မြတ်၏ဟု ကျမ်းဂန်တို့၌ဆို၏၊]

ဘုရားရွတ်ရုံ-ပီတိလွှမ်းခြုံဂါထာ

ဗုဒ္ဓေါတိ ကိတ္တိယန္တဿ၊ ကာယေ ဘဝတိ ယာ ပီတိ။

ဝရမေဝ ဟိ သာ ပီတိ၊ ကသိဏေန ပိ ဇမ္ဗုဒီပဿ။

ဗုဒ္ဓေါတိ=ဘုရားဘုရားဟူ၍၊ ကိတ္တယန္တဿ=မြွက်ဆိုကြေညာ သောသူ၏၊ ကာယေ=ကိုယ်၌၊ ယာ ပီတိ=အကြင်နှစ်သက်ခြင်း ပီတိသည်၊ ဘဝတိ=ဖြစ်၏၊ သာ ပီတိ=ထိုဘုရားကို အာရုံပြု၍ဖြစ်သော ပီတိသည်၊ ကသိဏေနပိ ဇမ္ဗုဒီပဿ=ဇမ္ဗူဒိပ်ကျွန်း တစ်ပြင်လုံးကို အစိုးရသည်ထက် လည်း၊ ဟိ=စင်စစ်၊ ဝရမေဝ=မြတ်သည်သာလျှင်တည်း။

[ဤကား-ကျော်စောခြင်းဟုဆိုအပ်သည့် ယသဘုန်းတော်နှင့်စပ်၍ ဆိုသော စကားရပ်ပေတည်း။]

သိရီဘုန်းတော်, ကမ္ဘာကျော်

(ဃ) သိရီဘုန်းတော်--ဆိုသည်ကား ရူပကာယကိုယ်တော် မြတ်၏ တင့် တယ်ခြင်း ကျက်သရေကိုဆောင်သော ဘုန်းတော်ပေတည်း၊ ကိုယ်တော်မြတ်၏ တင့်တယ်ခြင်းဆိုသည်ကား သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်တို့၏ လက္ခဏာတော်ကြီး, ရှစ်ဆယ်သောလက္ခဏာ တော်ငယ်တို့နှင့်တကွ ဗျာမပ္ပဘာစသော ရောင်ခြည်တော်တို့သည် ကိုယ်တော်မြတ်၌ တင့်တယ်မှုကြီးများပေတည်း။

[သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်တို့၏ လက္ခဏာတော်ကြီးများကို သုတ်ပါ ထေယျ လက္ခဏသုတ်၌ လာရှိသောအတိုင်း ကောင်းစွာပြဆိုပေအံ့။]

ဘဂဝါ=ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်။

၁။ သုပ္ပတိဋ္ဌိတပါဒေါ=မြေ၌ တညီတညွတ်တည်း တည်သော ခြေဖဝါး တော်အပြင် ရှိတော်မူ၏။

၂။ စက္ကပူရိတပါဒေါ=အကန့်အကွက် တစ်ထောင်ရှိသော စက် လက္ခဏာတို့ဖြင့် ပြည့်သော ခြေရှိတော်မူ၏။

၃။ အာယတပဏှီကော=တင့်တင့်တယ်တယ် ရှည်သွယ်သော ဖဏှောင့် ရှိတော်မူ၏။

၄။ ဒီဃင်္ဂုလီ=ရှည်သွယ်ပြော့ပျောင်းသော ခြေချောင်း လက်ချောင်း ရှိတော် မူ၏။

၅။ မုဒုတလုဏဟတ္ထပါဒေါ=နူးညံ့ပျိုနုသော ခြေဖဝါးအပြင် လက်ဖဝါး အပြင် ရှိတော်မူ၏။

၆။ ဇာလကဟတ္ထပါဒေါ=ရွှေပွတ်လုံးကို စီဘိသကဲ့သို့ အဆစ်ချင်း, အဖျားချင်းညီသော လက်ချောင်း ခြေချောင်း အစွန်းရှိတော်မူ၏။

၇။ ဥဿင်္ခပါဒေါ=အထက်သို့ စွင့်၍ မြင့်သော ဖမျက်ရှိတော်မူ၏။

၈။ ဧဏိဇင်္ဃော= ဧဏီမည်သော သားကောင်၏သလုံး စပါးဖုံးကဲ့သို့ လုံး လျောင်းချောပြေသော သလုံးမြင်းခေါင်းရှိတော်မူ၏။

၉။ ဒီဃဟတ္ထော=ကိုယ်တော်ကို မကိုင်းမညွတ်မူ၍ ပုဆစ်ဒူးဝန်းကို သုံးသပ်နိုင်အောင် ရှည်သွယ်သော လက်ရုံးလက်မောင်း ရှိ တော်မူ၏။

၁၀။ ကောသောဟိတဝတ္ထဂုယှော=အအိမ် အရေအိတ်ဖြင့် ဖုံးလွှမ်း အပ်သော ပုရိသနိမိတ်ရှိတော်မူ၏။

၁၁။ သုဝဏ္ဏဝဏ္ဏော=ရွှေစင်ဇမ္ဗူရာဇ် လှော်ဦးသစ်ကဲ့သို့ ပြေပြစ် ထိန်ဝါသော အရေအဆင်းရှိတော်မူ၏။

၁၂။ သုခုမစ္ဆဝီ=သိမ်မွေ့ နူးညံ့သော အသားအရေတော် ရှိတော်မူ၏၊

၁၃။ ဧကေကလောမော=တစ်ခုတစ်ခုသော မွေးတွင်း၌ တစ်ပင် တစ်ပင်စီသာ ပေါက်သော မွေးညင်းရှိတော်မူ၏၊

၁၄။ ဥဒ္ဓဂ္ဂလောမော=အထက်သို့ ကော့ရရော့မြှော်သော အမွေးရှိ တော်မူ၏။

၁၅။ ဗြဟ္မုဇုဂတ္တော=ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ် ချောပြေသော ကိုယ် ရှိတော်မူ၏။

၁၆။ သတ္တုဿဒေါ=ခြေဖမိုးအစုံ, လက်ဖမိုးအစုံ, ပခုံးစွန်းအစုံ, လည် ကုတ်တော် ဟုဆိုအပ်သော ၇-ဌာနတို့၌ တက်ကြွဖြိုးမောက် သော အသားအရေ ရှိတော်မူ၏။

၁၇။ သီဟပုဗ္ဗဒ္ဓကာယော=ခြင်္သေ့မင်း၏ ရှေ့ကိုယ်ထက်ဝက်ကဲ့သို့ ပြည့်ဖြိုး ကြံ့ခိုင်သော ကိုယ်ရှိတော်မူ၏။

၁၈။ စိတန္တရံသော=ကျောရိုးကြောင်းမထင် တစ်ပြင်တည်းပြည့်သော လက်ပြင်, ကျောသား, ကျောရေရှိတော်မူ၏။

၁၉။ နိဂြောဓပရိမဏ္ဍလော=ပညောင်ပင်၏ အဟန်ကဲ့သို့ အလံနှင့် အရပ်မျှသဖြင့် ပြည့်ဝန်းနှိုင်းညှိ တိတိညီမျှသော ကိုယ်ရှိတော်မူ၏၊

၂၀။ သမဝဋ္ဋက္ခန္ဓော=ရွှေမုရိုးစည်ကဲ့သို့ ညီညွတ်လုံးစည်းသော လည် ပင်း, လည်တိုင်ရှိတော်မူ၏။

၂၁။ ရသဂ္ဂသဂ္ဂီ=လည်ပင်း၌ ဆုံစည်းကုန်လျက် ရသဓာတ်ဆီ, ရသ ဓာတ်ညွန့် တို့ကို တစ်ကိုယ်လုံးနှံ့အောင်ဆောင်သည့် တစ် ထောင်သော အရသာ ကြောရှိတော်မူ၏။

၂၂။ သီဟဟနု=ခြင်္သေ့မင်း၏ အောက်မေးနှင့်တူသော မေးရှိတော်မူ၏၊

၂၃။ စတ္တာလီသ ဒန္တော=လေးဆယ် အရေအတွက်ပြည့်သော သွား အစဉ် ရှိတော်မူ၏။

၂၄။ သမဒန္တော=လွှဖြင့်တိသကဲ့သို့ ညီညွတ်သော သွားရှိတော်မူ၏၊

၂၅။ အဝိရဠဒန္တော=မကျဲမခေါမူ၍ အလွန်စေ့သော သွားအစဉ် ရှိတော်မူ၏။

၂၆။ သုသုက္ကဒါဌော=သောက်ရှူးကြယ်အတူ ဆွတ်ဆွတ်ဖြူသော အစွယ် လေးဆူရှိတော်မူ၏။

၂၇။ ပဟုတဇိဝှေါ=နဖူးတော်ပြင်ကို ဖုံးလွှမ်း၍ နှံ့အောင် အလွန်ပြန့် ကျယ်သော လျှာရှိတော်မူ၏။

၂၈။ ဗြဟ္မဿရော=ဗြဟ္မာမင်း၏ အသံကဲ့သို့ ရှစ်တန်အင်္ဂါ ပြည့်စုံစွာလျှင် သာယာချိုမြိန်သော အသံရှိတော်မူ၏။

၂၉။ အဘိနီလနေတ္တော=ပိတုန်းတောင်ကဲ့သို့ အလွန်ညိုမှောင်သော မျက်နက် ဝန်းရှိတော်မူ၏။

၃၀။ ဂေါပမုခေါ=နွားငယ်၏ မျက်ကွင်းကဲ့သို့ ပွင့်လင်းရွှန်းစည် ကြည် သော မျက်ကွင်းရှိတော်မူ၏။

၃၁။ ဥဏ္ဏာဇာတော=မျက်ခုံးနှစ်ဖက်တို့၏အလယ် သောက်ရှူးကြယ် အသွင်, ငွေနန်းချည်အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ်, လကျ်ာရစ်ရုံ, စိန်ကြယ်ပွင့်ပုံကဲ့သို့ ဥဏ္ဏလုံ မွေးရှင်တော်ဓာတ်လည်း ရှိတော် မူ၏။

၃၂။ ဥဏှီသသီသော=ရွှေပြားကိုပတ်သကဲ့သို့ နဖူးသင်းကျစ်ဖြင့် ခြယ်လှယ်အပ်သော ဦးခေါင်းလည်းရှိတော်မူ၏။

ဘုရားရှိခိုး ပြုလုပ်လိုလျှင်- - ဧဝံ=ဤသို့၊ ဗာတ္တိံသ လက္ခဏူ ပေတံ=သုံးဆဲ့နှစ်ဖြာ မဟာပုရိသလက္ခဏာတော်ကြီးနှင့် ပြည့်စုံ တော်မူသော၊ ဘဂဝန္တံ=ရွှေဘုန်းတော်သခင် ဘုရားရှင်ကို၊ အဟံ= အကျွန်ုပ်သည်၊ ဝန္ဒာမိ=ရှိခိုးပါ၏၊ ဟူ၍ ထည့်၍ဆိုလေ။

ဤမဟာပုရိသလက္ခဏာတော်ကြီးတို့ကို အလောင်းတော်မင်းသား ဖွားမြင်၍ တစ်လမြောက်သောအခါ လက္ခဏာဖတ်တတ်ကုန်သော ကောဏ္ဍညအစရှိသည့် တေဝိဇ္ဇပုဏ္ဏားတို့က ဤအရှင်မင်းသားမှာ ယောကျ်ားမြတ် လက္ခဏာကြီးတို့နှင့် ပြည့်စုံကြောင်းကို ဟောကြကုန်၏။

[ယခုအခါ မဟာပုရိသလက္ခဏာကြီးတို့၏သဘောနှင့် မည်သည့်ကံ ကြောင့် မည်သည့်လက္ခဏာကို ရတော်မူကြောင်း, မည်သည့်လက္ခဏာကြောင့် မည်သို့ အကျိုး ရှိကြောင်းကို ပြဆိုပေအံ့။]

ညီညွတ်ပြည့်ဖြိုး-ဖဝါးမျိုး

သုပ္ပတိဋ္ဌိတ ပါဒလက္ခဏာ ဆိုသည်မှာ။။နိမ့်ရှိုင်း မိုမောက်ခြင်း မရှိပဲ တပြင်တပြန့်တည်း ညီညွတ်သော ဖဝါးတော်ရှိ၍ အညီအညွတ်နင်းရာ မြေအပြင်၌ထိသောလက္ခဏာကို ဆိုသည်၊ ထိုလက္ခဏာနှင့် ပြည့်စုံသောကြောင့် ခြေတော်ချရာတို့၌ ဖဝါးတော် အပြင်မှာရှိသော လက္ခဏာ အကန့်အကွက်ရှိသမျှ ထင်နိုင်လေသည်၊ မာဂဏ္ဍီ၏ ဖခင်သည် မြတ်စွာဘုရား၏ ခြေတော်ရာကို မြင်သောအခါ လက္ခဏာဖတ်ခန်း စသည်တို့ဖြင့် ထင်ရှား၏။

ရှေးအတိတ်အခါ အလောင်းတော်ယောကျ်ားမြတ်သည် ကုသိုလ် တရား အရာတို့၌ ခိုင်မြဲစွာ ဆောက်တည်၍ ကျင့်သုံးတော်မူ လေ့ရှိ၏၊ ကုသိုလ်မှုနှင့်စပ်၍ တုန်လှုပ်တွန့်တိုတော်မူခြင်းမရှိ၊ ဂတိပျက်ကွက်ခြင်း, အားလျော့ခြင်း ဆုတ်နစ်ခြင်း ရှိတော်မမူ၊ သုတသောမမင်း၏ သစ္စာစောင့်ခန်းစသည်တို့ကဲ့သို့တည်း၊ ဤကုသိုလ်ကံကြောင့် သုပ္ပတိဋ္ဌိတ ပါဒ ပထမလက္ခဏာတော်ကြီးကိုရရှိတော်မူသည်၊ ဤကား ရှေး အကြောင်းကံတည်း။

ဤလက္ခဏာကြီးနှင့် ပြည့်စုံခြင်းကြောင့် အတွင်းအပဖြစ်သော ရန်သူ ဘေးရန်တို့သည် တုန်လှုပ်ချောက်ချားခြင်းငှါ မစွမ်းနိုင်၊ ခိုင်သောအကျိုးပေး ရှိတော်မူ၏၊ အတွင်းအပ ရန်သူတို့ကို မလှုပ် မရှားနိုင်၊ အကြည်ညိုမပျက်နိုင်ဖွယ်သော ခိုင်မြဲတည်တံ့သည့် ဂတိ, သစ္စာ, သိက္ခာ, သီလနှင့်ပြည့်စုံတော်မူ၏။

ညီညာဖဝါး၊ ရန်နှစ်ပါး၊ လှုပ်ရှားမတတ်သာ။

ယခုလူအပေါင်းတို့မှာ ဆိုခဲ့သော မဟာပုရိသလက္ခဏာတို့ကို အညီအညွတ် အပြည့်အစုံရနိုင်သည် ဟူ၍မရှိ၊ သို့ပင်ဖြစ်သော်လည်း ထိုလက္ခဏာတော် ကြီးများနှင့် ဆင်တူရိုးမှားလိုက်၍ ကြည့်ရှုပြီးလျှင် အကျိုးအပြစ်များကို ဟောသင့်၏၊ ခြေဖဝါးပြည့်သောသူသည် ရှေးဘဝက ကုသိုလ်ကောင်းမှုအရာတွင် ခိုင်မြဲရဲရင့်စွာ ပြုဖူး၏၊ ထို သူများသည် ရန်သူတို့ မလှုပ်မရှားနိုင်သော အကျိုးရှိ၏၊ လူများ အခန့်ငြား ကို ခံရ၏၊ ခိုင်မြဲတည်တံ့သော ဂတိ, သစ္စာ, သိက္ခာ, သီလရှိ၏။

ထိုမှ ပြန်ဖက်အားဖြင့် ချိုင်း, ရှိုင်း, နိမ့်, မြင့် တစီးတစောင်း ခြေဖဝါးရှိသော သူတို့သည် ရှေးဘဝက ကုသိုလ်ကောင်းမှုအရာတို့၌ တွန့်တိုလျော့ပါးခဲ့၏၊ အတွင်း အပရန်သူတို့ လှုပ်ချောက်ချားခြင်းငှါ လွယ်ကူ၏၊ အကျိုးပေး နိမ့်တုံ, မြင့်တုံ ရှိ၏၊ ဂတိ, သစ္စာ, သိက္ခာ, သမာဓိမတည်ကြည်တတ်ဟူ၍ ဟောရာ၏။

[နောက်နောက် လက္ခဏာကြီးတို့၌လည်း ဤနည်းအတိုင်း အပြန်အလှန် နှစ်ပါး အစုံအစုံကို သိလေ။]

စက်လက္ခဏာ, ခြေတော်မှာ

စက္ကပူရိတပါဒလက္ခဏာ။။ ခြေဖဝါးတော်အပြင်၌ အကန့် အကွက် စက်လက္ခဏာပေါင်း အပြည့်ထင်သော ခြေတော်ရှိသည်ကို စက္ကပူရိတပါဒဆိုသည်၊ ရှေးအခါ အလောင်းတော် ယောက်ျား မြတ်သည် လူများအပေါင်းတို့၏ ချမ်းသာကို ရွက်ဆောင်တတ်၏၊ လူအပေါင်းတို့၏ ကြောက်ရွံ့ထိတ်လန့်ခြင်းများကိုလည်း ပယ်ရှားတတ်၏၊ အလှူကို ပေးလှူသောအခါ အခြံအရံ အမွှမ်းအတင်နှင့်တကွ ပေးလှူလေ့ ရှိ၏။

ဥပမာ ထမင်းကိုပေးလှူလျှင် လက်သုပ်ဟင်းလျာ စသည်တို့နှင့် တကွ ပေးလှူ၏၊ အဝတ်ကို ပေးလှူသောအခါ ဝတ်စားတန်ဆာဆိုင်ရာ အခြံအရံ အလုံးစုံနှင့်တကွ ပေးလှူ၏၊ ကျောင်းကိုလှူသောအခါ အင်းပျဉ်, ညောင်စောင်း, အခင်း, အနှီး, အသုံးအဆောင်တို့နှင့်တကွ ပေးလှူ၏၊ ဒါနဝတ္ထုကို ပေးလှူတိုင်း ဤကဲ့သို့ချည်းပင်တည်း။

ဤကုသိုလ်ကြောင့် စက္ကပူရိတပါဒလက္ခဏာကို ရတော်မူ၏၊ ထိုလက္ခဏာ ဘုန်းတန်ခိုးကြောင့် အခြံအရံအသင်းအပင်းများခြင်းနှင့် ပြည့်စုံတော်မူ၏၊ ထိုလက္ခဏာနှင့် ပြည့်စုံသောမြတ်စွာဘုရားအား ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာ မိန်းမ, လူ, နတ်, ဗြဟ္မာ, အသူရာ, ဂန္ဓဗ္ဗစသော အခြွေအရံပရိသတ်တို့သည် အတိုင်းမသိ များပြားကုန်၏၊ အကျဉ်းအားဖြင့် ဇာတိခေတ်တည်းဟူသော စကြဝဠာတိုက်တစ်သောင်းသည် မဏ္ဍပ်ကြီးသဖွယ်ဖြစ်၏၊ ထို ဇာတိ ခေတ်၌ ရှိရှိသမျှသော လူ,နတ်,ဗြဟ္မာ,သတ္တဝါတို့သည် မြတ်စွာဘုရား၏ အခြွေအရံတို့သာ ဖြစ်ကြကုန်၏။

(ခြေတွင်တစ်ဖန်၊ စက်ရှိပြန်၊ ခြံရံများတတ်စွာ။) [ဤလက္ခဏာကား သာမန်လူတို့၌ ပြီပြီသသရှိခဲ၏၊ အရိပ်အရောင်မျှ ရှိလျှင်ပင် အခြံအရံကို အကျိုးပေးတတ်၏၊ ခြေဖဝါးတော်၌ရှိသော တစ်ရာ့ရှစ်ကွက် စက်လက္ခဏာများကို နောက်၌ ပြဆိုလတ္တံ့။]

ဖဏှောင့်လက္ခဏာ, တင့်တယ်စွာ။ ။ခြေကိုလေးပုံ ပုံ၍ တစ်ပုံမျှလောက် ဖဝါးရှိသည်ကို အာယတပဏှီလက္ခဏာ ဆိုသည်။

ခြေလက်ချောင်းဝယ်, ရှုချင်ဖွယ်။ ။ ရှုချင်စဖွယ် ရှည်သွယ် သော ခြေချောင်း, လက်ချောင်းရှိသည်ကို ဒီဃင်္ဂုလိလက္ခဏာဆိုသည်။

ဗြဟ္မာကိုယ်သွင်, ဖြောင့်မတ်လျှင်။ ။ ဗြဟ္မာမင်း၏ ကိုယ်သည် ရွှေတုရိုဏ်တိုင် ရွှေတံခွန်တိုင်ကြီးကဲ့သို့ မရှိုင်းမထောင့် ဖြောင့်မတ်မြင့်မား၏၊ ထိုလက္ခဏာနှင့်ပြည့်စုံသည်ကို ဗြဟ္မုဇုဂတ္တ လက္ခဏာ ဆိုသည်။

ရှေးအခါ အလောင်းတော် ယောကျ်ားမြတ်သည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ထိုကံကြောင့် ဆိုပြီးသော လက္ခဏာ သုံးပါးကို ရရှိတော် မူ၏။

ဤလက္ခဏာ၏ ဘုန်းတန်ခိုးကြောင့် ရှည်သော အသက်ရှိ တော်မူ၏၊ တစ်စုံတစ်ဦးသော ရန်သူသည်လည်းကောင်း, ရဟန်းသည် လည်းကောင်း, ပုဏ္ဏားသည်လည်းကောင်း, နတ်သည်လည်းကောင်း, မာရ်မင်းသည်လည်းကောင်း, ဗြဟ္မာမင်းသည်လည်းကောင်း, လောက၌ တစ်စုံတစ်ဦးသော ပုဂ္ဂိုလ်သည်လည်းကောင်း အသက်တမ်းမစေ့မီ အသက်ကို ရန်မရှာနိုင်ကြကုန်၊ အသက်တမ်းပြည့်အောင် နေရ၏၊ ဥပစ္ဆေဒက ကံဖြင့် မစုတိနိုင်။

- ဖနောင့်လက်ခြေ၊ ရှည်တုံပေ၊ ကိုယ်နေ မတ်ရပ်စွာ။

- အသက်ရှည်ဖို့၊ အင်္ဂါတို့၊ မချို့သိအပ်ရာ။

ခုနစ်ဌာနလက္ခဏာ, ဖြိုးမောက်စွာ။။ခြေဖမိုး ၂- လက်ဖမိုး၂- ပခုံးစွန်း၂-လည်ကုတ်ဟု ဆိုအပ်သော ခုနစ်ဌာနတို့၌ ပြည့်ဖြိုး မိုမောက်သော အသားနှင့်ပြည့်စုံသည်ကို သတ္တုဿဒ လက္ခဏာ ဆိုသည်။

အလောင်းတော်မြတ်သည် ရှေးအခါ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်တို့ကို ပေးလှူတော်မူလေ့ရှိ၏၊ ထိုကံကြောင့် ဤလက္ခဏာကို ရရှိတော်မူသည်၊ ဤလက္ခဏာ၏ ဘုန်းကြောင့် မွန်မြတ်သော ခဲဖွယ် ဘောဇဉ်တို့ကိုရတော်မူ၏၊ များပြားသော လာဘ်ပူဇော်သကာကို ရတော်မူ၏။

- ခုနစ်အင်သီး၊ ဖြိုးမောက်ပြီး၊ လာဘ်ကြီး မိုးသို့ရွာ။

ဝါဂွမ်းဆိုင်ပမာ, ခြေလက်ဖဝါးမှာ။။ ဝါဂွမ်းဆိုင်ကဲ့သို့ ခြေဖဝါး လက်ဖဝါး နူးညံ့ပြော့ပျောင်းခြင်းရှိသည်ကို မုဒုတလုဏ ဟတ္ထပါဒ လက္ခဏာ ဆိုသည်။

ဖျားခြင်း, ဆစ်ခြင်း-ညီမျှလျင်း၏၊။ အဖျားချင်း, အဆစ်ခြင်းညီမျှသော လက်ချောင်း, ခြေချောင်းရှိသော ဇာလကဟတ္ထ လက္ခဏာတို့ကို ရှေးအခါ အလောင်းတော်ယောကျ်ားမြတ်သည် ပေးကမ်းခြင်း ဒါန, ချစ်ဖွယ်ကိုဆိုခြင်း ပိယဝါစာ, အကျိုးစီးပွါးကိုကျင့်ခြင်း အတ္ထစရိယာ, အလုံးစုံသောသူတို့၌ ကိုယ်တူထပ်မျှ ကျင့်ခြင်းတည်း ဟူသော သမာနတ္တတာ ဤသင်္ဂဟတရား လေးပါးတို့ဖြင့် လူများ အပေါင်းကို ချီးမြှောက်တော်မူလေ့ရှိသောကြောင့် ရရှိတော်မူသည်။

ဒါနံ ပိယကထာ စတ္ထ၊ စရိယာ သမာနတ္တတာ။

စတုသင်္ဂဟဝတ္ထူဟိ၊ သင်္ဂဟီ ဇနတံ ဇိနော။

ဒါနံ=ပေးကမ်းခြင်းလည်းကောင်း၊ ပိယကထာ=ချစ်ဖွယ်သော စကားကို ဆိုခြင်းလည်းကောင်း၊ အတ္ထစရိယာ=အကျိုးကို ကျင့်ခြင်း လည်းကောင်း၊ သမာနတ္တတာ=ခပ်သိမ်းသူ၌ ကိုယ်တူထပ်မျှ ကျင့်ခြင်း လည်းကောင်း၊ ဣတိ=ဤသို့၊ စတုသင်္ဂဟဝတ္ထူဟိ=သင်္ဂဟဝတ္ထု လေးမျိုး တို့ဖြင့်၊ ဇိနော=မြတ်စွာဘုရားသည်၊ ပုရေ=ရှေးအခါ၌၊ ဇနတံ=လူများ အပေါင်းကို၊ သင်္ဂဟီ=ချီးမြှောက်ထောက်ပင့်တော်မူခဲ့လေပြီ။

ထိုလက္ခဏာ ၂-ပါးတို့၏ ဘုန်းတန်ခိုးကြောင့် လုံးစည်းညီညွတ် သော ပရိသတ်အခြံအရံရှိ၏၊ တော်လှန်ပုန်ကန်သော ပရိသတ်မရှိချေ၊ (မိမိ၌ရှိသော ပရိသတ်များသည် မိမိကိုချစ်ကြောက်ရိုသေခြင်းနှင့် ပြည့်စုံတတ်၏၊ မိမိကလည်း မိတ်ပျက်စီးအောင် မပြုကျင့်တတ်။)

နူးညံ့ညီမျှ၊ ခြေလက်စ၊ မိတ္တသင်္ဂဟာ။

[လက်ဖဝါး ခြေဖဝါးကြမ်းတမ်း၍ လက်ချောင်းခြေချောင်း မညီလွန်းသော သူတို့ သည် ပျက်စီးသောမိတ်ဆွေ ရှိတတ်၏၊ မိမိကလည်း မိတ်ကိုဖျက်ဆီးတတ်၏၊]

အထက်စွင့်တက်, ခြေဖမျက်။။ မြင့်သော ခြေဖမျက်ရှိ သည်ကို ခြေမျက်စိ ပေါက်ချက် အထက်ကျသည်ကို ဥဿင်္ခပါဒ လက္ခဏာ ခေါ်သည်။

အထက်သို့မော်-မွေးညင်းတော်။။မွေးညင်း ဟူသမျှတို့ အထက်သို့ အဖျားကော့ရရော့မော်၍နေသည်ကို ဥဒ္ဓဂ္ဂလောမ လက္ခဏာ ခေါ်သည်။

အလောင်းတော်ယောကျ်ားမြတ်သည် ရှေးအခါ လူများအပေါင်း အား အကျိုးအကြောင်းနှင့် စပ်ယှဉ်သောစကားဖြင့် ပြောကြား နည်း ပေး၍ လမ်းညွန်တော်မူတတ်၏၊ ပျက်ယွင်းတိမ်းပါးခြင်းကို မဖြစ် စေတတ်၊ ယိမ်းယိုင်လျှင် မတ်တော်မူ၏၊ ဤကံကြောင့် ဆိုပြီးသော လက္ခဏာ ၂-ပါးကို ရရှိတော်မူသည်၊ ထိုလက္ခဏာကြီးနှစ်ပါးတို့၏ ဘုန်းကြောင့် အလုံးစုံသော လူ, နတ်, ဗြဟ္မာတို့၏ အထွတ်အဖျား ရှေ့သွားပုဂ္ဂိုလ် ဖြစ်တော်မူသည်၊ လောက၌ အကြီးအကဲဆုံး ဖြစ်တော် မူသည်။

- ဖမျက်မြင့်သော်၊ မွေးဖျားမော်၊ လူပေါ်ထွတ်မြတ်ရာ။ [ခြေမျက်စိအပေါက် အောက်ကျလွန်းသော်လည်းကောင်း, မွေးညင်းဟူသမျှ အောက်သို့ချည်း အဖျားငုံ့လွန်းသော်လည်းကောင်း သူ့ဝန်ထမ်း, သူ့အစေခံ ဖြစ်တတ်၏၊]

မြင်းခေါင်း, စပါးဖုံး တူနှုံးပမာ။။ဧဏီမည်သော သား၏ မြင်းခေါင်းကဲ့သို့လည်းကောင်း, စပါးဖုံးကဲ့သို့လည်းကောင်း ဖုထစ် ပွဖောင်းခြင်းမရှိ ချောပြေလုံးလျောင်းသော သလုံးမြင်းခေါင်းရှိသည်ကို ဧဏီဇင်္ဃလက္ခဏာ ခေါ်သည်။

ရှေးအခါ အလောင်းတော် ယောကျ်ားမြတ်သည် လက်မှုပညာ, နှုတ်မှု ပညာ, ဂါထာ, မန္တရား, ဗေဒင်စသော အတတ်ပညာများကို သူတစ်ပါးတို့အား အရိုအသေ အမှန်အကန် ဆရာ့လက်ဆုတ် မချွင်း မချန်ပဲ သင်ကြားတော်မူလေ့ရှိ၏၊ ထိုကံကြောင့် ဤလက္ခဏာကို ရရှိတော်မူသည်၊ ထိုလက္ခဏာတော်၏ ဘုန်းကြောင့် ဘုရားတို့နှင့်ထိုက် တန်သော ပရိက္ခရာ အမွန်အမြတ်တို့ကို လျင်မြန်စွာ အလိုရှိတိုင်း ရရှိတော်မူနိုင်သည် လူ့ဘောင်၌နေလျှင် စကြဝတေးမင်းတို့နှင့် ထိုက် တန်သော အသုံးအဆောင် အမွန်အမြတ်ကို ရလိမ့်မည်။

-- ချောသွယ်မြင်းခေါင်း၊ မြင်တုံရှောင်း၊ လာဘ်ကောင်း ရတတ်စွာ။

[ဤလက္ခဏာနှင့် တစ်စွန်းတစ်စ ညီသောသူတို့သည် လာဘ်ကောင်း ရတတ်၏၊ မွန်မြတ်သော အသုံးအဆောင်ကို ရတတ်၏၊]

ညစ်ကြေးမတင်-နူးညံ့သောအရေပင်။။မှဲ့, ညှင်းစသော အညစ်အကြေး မရှိမူ၍ နူးညံ့သောအရေရှိသည်ကို သုခုမစ္ဆဝီ လက္ခဏာတော်ကြီးခေါ်သည်။

အလောင်းတော်ယောကျ်ားမြတ်သည် ရှေးအခါပညာရှိ ပုဂ္ဂိုလ် တို့ထံပါးသို့ ချဉ်းကပ်၍ အကျိုးအကြောင်းနှင့်စပ်သော တရားစကားကို မေးမြန်းလေ့ရှိ၏၊ ထိုကံကြောင့် ဤလက္ခဏာကို ရတော်မူသည်၊ ထိုလက္ခဏာ၏ ဘုန်းကြောင့် ကြီးကျယ်သိမ်မွေ့သော ပညာနှင့် ပြည့်စုံ တော်မူ၏။

- အရေသဏ္ဌာန်၊ နူးညံ့ပြန်၊ ဉာဏ်ပညာဖို့ရာ။

[ကိုယ်ရေကိုယ်သား ကြမ်းတမ်းခဲ့လျှင် ဉာဏ်ပညာ နည်းတတ်၏၊]

ရွှေအဆင်းနေ-ဝါဝင်းပြေ။။ဖြတ်၍ထားအပ်သော ရွှေ အဆင်းကဲ့သို့ ဝါဝင်းထိန်တောက်သော အဆင်းရှိသည်ကို သုဝဏ္ဏဝဏ္ဏ လက္ခဏာ ခေါ်သည်။

အလောင်းတော်ယောကျ်ားမြတ်သည် ရှေးအခါ အမျက်ထွက်လေ့ မရှိ၊ ပီတိ, ပဿဒ္ဓိ, မေတ္တာတို့ဖြင့် ထုံစိမ်အပ်သော စိတ်အေး, စိတ်ကြည်ကို မွေးမြူတော်မူလေ့ရှိ၏၊ ထိုကံကြောင့် ဤလက္ခဏာကို ရတော်မူ၏၊ ဤလက္ခဏာ ၏ဘုန်းကြောင့် သိမ်မွေ့ချောမွတ်သော အခင်းအရုံ အထည်အလိပ်တို့ကို ရတော်မူလေ့ရှိ၏။

- အရေအဆင်း၊ ရွှေနှယ်ဝင်း၊ အခင်းအရုံသာ။

ဆဒ္ဒန်ဆင်မင်း-နိမိတ်ခင်း။။ဆဒ္ဒန်ဆင်မင်းတို့၏ အင်္ဂါ နိမိတ်ကဲ့သို့ အပြင်သို့ မထင်ရှားစေပဲ အအိမ်၏အတွင်း၌သာ ကိန်း အောင်း၍ သိုဝှက်သိပ်သည်းသော ပုရိသအင်္ဂါနိမိတ်ရှိသည်ကို ကောသောဟိတ ဝတ္ထဂုယှလက္ခဏာ ခေါ်သည်။

အလောင်းတော် ယောကျ်ားမြတ်သည် ရှေးအခါ ကွေကွင်းသော မိတ်ဆွေတို့ကိုလည်း ပေါင်းဆုံမိအောင် သွင်းဆောင်၍ပေးတတ်၏၊ မိတ်ပျက် ကွဲပြား၍ နေသောသူတို့ကိုလည်း အညီအညွတ်စေ့စပ်၍ ပေးတတ်၏၊ ထိုကံကြောင့် ဤလက္ခဏာတော်ကိုရတော်မူသည်၊ ဤလက္ခဏာ၏ဘုန်းကြောင့် သားကောင်းရတနာကို ရတော်မူ၏၊ သား ကောင်းရတနာသဖွယ်ဖြစ်သော ကောင်းမြတ်သော တပည့်သာဝက အပေါင်းနှင့် ပြည့်စုံတော်မူ၏။

- အအိမ်ဖုံးငြား၊ နိမိတ်အား၊ သားကောင်းထွန်းတတ်စွာ။

အလံနှင့်အရပ်, ညီညွတ်စွ။။ပညောင်ပင်ကြီးသည် အရပ်နှင့်အဝန်းညီမျှစွာ တင့်တယ်ဘိသကဲ့သို့ အလံနှင့် ကိုယ်အရပ် ညီညွတ်မျှတသည်ကို နိဂြောဓပရိမဏ္ဍလလက္ခဏာ ဆိုသည်။

ပုဆစ်ဒူးဝန်း၊ သုံးသပ်လျှင်းက၊ မကိုင်းရ။။ကိုယ်တော်ကို မကိုင်းမညွတ်ပဲ ပြကတေ့ရပ်တော်မူလျက် ပုဆစ်ဒူးဝန်းကို သုံးသပ်နိုင် အောင် လက်ရုံးလက်မောင်း ရှည်လျားသည်ကို ဒီဃဟတ္ထလက္ခဏာ ဆိုသည်။

အလောင်းတော်ယောကျ်ားမြတ်သည် ရှေးအခါ ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ်မြတ်ကို သိတော်မူ၏၊ ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ်မြတ်ကို အထူးပြု၍ ပူဇော်ချီးမြှောက်ခြင်းကို ပြုတော်မူလေ့ရှိ၏၊ ထိုကံကြောင့် ဤလက္ခဏာ တော်ကြီးနှစ်ပါးကို ရရှိတော် မူသည်၊ ဤလက္ခဏာ၏ ဘုန်းကြောင့် သဒ္ဓါ, သီလစသော သူတော်ကောင်းတို့၏ ဥစ္စာရတနာ ၇-ပါးတို့နှင့် ပြည့်စုံ တော်မူ၏၊ အိမ်ရာထောင်သောလူ့ဘောင်၌ တည်နေလျှင် အလွန်ပေါ များသော လောကီရတနာ ၇-ပါးနှင့် ပြည့်စုံတော်မူသည်။

- လက်တံရှည်လျား၊ ကိုယ်ဝန်းငြား၊ ပေါများမြတ်ဥစ္စာ။ လောကီဥစ္စာ, ရတနာခုနစ်ပါးဆိုသည်ကား-ရဇတံ ကနကံ မုတ္တာ၊ မဏိ ဝေဠုရိယာနိစ။ ဝဇိရဉ္စ ပဝါဠန္တိ၊ သေဋ္ဌိ သတ္တဓနံ မတံ။

ရဇတံ=ငွေလည်းကောင်း၊ ကနကံ=ရွှေလည်းကောင်း၊ မုတ္တာ=ပုလဲ လည်းကောင်း၊ မဏိစ=ပတ္တမြားမြလည်းကောင်း၊ ဝေဠုရိယာနိစ= ကြောင်မျက်ရွဲတို့လည်းကောင်း၊ ဝဇိရဉ္စ=စိန်လည်းကောင်း၊ ပဝါဠဉ္စ=သန္တာ လည်းကောင်း၊ ဣတိ=ဤသို့၊ သေဋ္ဌိသတ္တဓနံ=သဌေးကြီးတို့၏ ဥစ္စာ ရတနာ ၇-ပါးကို၊ မတံ=သိအပ်၏။

သူတော်ကောင်းဥစ္စာ, ရတနာ ၇-ပါးဆိုသည်ကား--သဒ္ဓါ သီလံ သုတံ စာဂေါ၊ ဟိရီ ဩတ္တပ္ပဗုဒ္ဓိယော။ ဣမာနိ ရဇတာဒီဝ၊ သတ္တ သန္တဓနာနိ ဝေ။

သဒ္ဓါ=သဒ္ဓါတရားလည်းကောင်း၊ သီလံ=အကျင့်သီလလည်း ကောင်း၊ သုတံ=အကြားအမြင်လည်းကောင်း၊ စာဂေါ=စွန့်ကြဲခြင်းလည်း ကောင်း၊ ဟိရီ ဩတ္တပ္ပ ဗုဒ္ဓိယော=ဟိရီ, ဩတ္တပ္ပ, ပညာတို့လည်းကောင်း၊ သတ္တ=ခုနစ်ပါးကုန်သော၊ ဣမာနိ=ဤဥစ္စာတို့သည်၊ ရဇတာဒီဝ= ငွေစသောလောကီရတနာတို့ ကဲ့သို့၊ ဝေ=စင်စစ်၊ သန္တဓနာနိ=သူတော် ကောင်းတို့၏ ဥစ္စာတို့သည်၊ ဟောန္တိ=ဖြစ်ကုန်၏။

သူတော်ကောင်းဥစ္စာ ရတနာ ၇-ပါးနှင့် လောကီဥစ္စာရတနာ ၇- ပါးကို နှိုင်းယှဉ်ရန်မှာ

  • သဒ္ဓါသည် ပတ္တမြားနှင့် တူ၏။
  • သီလသည် ပုလဲနှင့်တူ၏။
  • သုတသည် သန္တာနှင့်တူ၏။
  • စာဂသည် ကြောင်မျက်ရွဲနှင့်တူ၏။
  • ဟိရီသည် ငွေနှင့်တူ၏။
  • ဩတ္တပ္ပသည် ရွှေနှင့်တူ၏။
  • ပညာသည် စိန်နှင့်တူ၏။

သည်ကို ရည်တော်မူ၍ ကိုးခန်းပျို့၌
ဟိရီကျောငွေ၊ ဩတ္တပ်ရွှေနှင့်၊ နှံ့မွှေကြားပုံ၊ ခက်ရုံသန္တာ၊ သဒ္ဓါမျက်မြ၊ သီလပုလဲ၊ စွန့်ကြဲဒါန၊ စာဂ မဏိ၊ ဗုဒ္ဓိဝရဇိန်၊ တောက်ထိန်ခုနစ်ပါး၊ ဥစ္စာများကို၊ ဟူ၍ စပ်ဆိုလေသည်။

ခြင်္သေ့မင်းပမာ-ကိုယ်ခန္ဓာ။။ခြင်္သေ့မင်း၏ ရှေ့ကိုယ် ထက်ဝက်သည် ကိုယ်လုံးကိုယ်ပေါက် ကြီးထွား ပြည့်ဖြိုး၏၊ ထိုခြင်္သေ့မင်း ၏ ရှေ့ကိုယ်ကဲ့သို့ ကိုယ်တော်တစ်ခုလုံး ပြည့်ဖြိုးကြီးထွား ခန့်ငြားသန်စွမ်း သည်ကို သီဟပုဗ္ဗဒ္ဓ ကာယလက္ခဏာ ဆိုသည်။

ရေစီးကြောင်းမထင်-ကျောသားပြင်။။လက်ပြင်အရိုး အမိုအမောက် မထင်, ကျောရိုးရေစီးကြောင်းမထင် တစ်ဖြိုးတည်း ဖွံ့ထွားပြည့်ဖြိုးသော ကျောပြင်, ကျောသားရှိသည်ကို စိတန္တရံသ လက္ခဏာ ဆိုသည်။

ရွှေမုရိုးစည်ပမာ-တစ်ဖြိုးတည်း ညီညာညာ။။ရွှေမုရိုးစည် ကို ထောင်၍ ထားဘိသကဲ့သို့ တစ်ဖြိုးတည်း လုံးလုံးစည်းစည်း ညီညီ ညွတ်ညွတ်ရှိသည်ကို သမဝဋ္ဋက္ခန္ဓလက္ခဏာ ဆိုသည်။

အလောင်းတော်မြတ်သည် ရှေးအခါ လူများအပေါင်း၏ ကောင်း ကျိုး စီးပွါးကိုသာ ရှေးရှု၍ ကောင်းကျိုးချမ်းသာ တိုးပွါးခြင်းငှါသာလျှင် အားထုတ်တော်မူလေ့ရှိ၏၊ ထိုကံကြောင့် ဤလက္ခဏာသုံးပါးကို ရရှိတော်မူသည်၊ ဤလက္ခဏာတို့ကြောင့် သူတော်ကောင်း တရား ၇- ပါးတို့မှ မဆုတ်ယုတ် တိုးပွါးလျက်သာ ရှိတော်မူ၏။

-- ကိုယ်လုံးထွားကြီး၊ ကျောလယ်ဖြီး၊ လုံးစည်း လည်တိုင်သာ။

- သူတော်တရား၊ ခုနစ်ပါး၊ လျော့ငြား မရှိရာ။

[သူတော်ကောင်းတရား ၇-ပါးကို ဝိဇ္ဇာစရဏဂုဏ်တော်ဖွင့်တွင် ပြ ဆိုခဲ့ပြီ။]

တစ်ကိုယ်လုံးပျံ့ပြီ-အကြောဆီ။။သုံးဆောင်အပ်သမျှ အစာ အာဟာရ၏ ရသဓာတ်ဆီ, ရသဓာတ်ညွန့်တို့ကို ညှစ်ထုတ်စုတ်ယူ၍ တစ်ကိုယ်လုံးပျံ့နှံ့အောင် ဆောင်သောအကြောကို ရသဂ္ဂသဂ္ဂီ ဟုဆို သည်၊ ထိုအရသာကိုဆောင်သော တစ်ထောင်သော အကြောတို့သည် လည်ပင်း၌ စုစည်းပေါင်းဆုံ၍ တည်သည်ကို ရသဂ္ဂသဂ္ဂီလက္ခဏာ ဟုပြဆိုသည်။

အလောင်းတော်ယောကျ်ားမြတ်သည် ရှေးအခါ သတ္တဝါတို့ကို ညှဉ်းဆဲခြင်း အလေ့မရှိ၊ ကရုဏာဖြင့် ညှာတာသောအလေ့ ရှိတော် မူသည်၊ ထိုကံကြောင့် ဤလက္ခဏာကို ရရှိတော်မူ၏၊ ဤလက္ခဏာ၏ ဘုန်းကြောင့် ကျန်းမာခြင်း, အနာရောဂါနည်းပါးခြင်းနှင့် ပြည့်စုံတော်မူ၏၊ ကြမ်းတမ်းသောအစာကို သုံးဆောင်ရစေကာမူ အရသာကိုဖြစ်ပေါ် စေနိုင်၏။

- အကြောထောင်တုံ၊ လည်ဝယ်ဆုံ၊ လုံးစုံကင်းအနာ။

ပိတုန်းရောင်အဆင်း-မျက်နက်ဝန်း။။မျက်စိ၏ အလယ်၌ ပိတုန်းတောင် အဆင်းကဲ့သို့ အလွန်ညိုမှောင် နက်ကျောသော မျက်နက် ဝန်းရှိသည်ကို အဘိနီလနေတ္တလက္ခဏာ ဆိုသည်။

နွားနီငယ်မျက်ကွင်း-ပမာသွင်း။။ယနေ့ ဖွားသစ်စဖြစ်သော နွားနီ ငယ်၏မျက်ကွင်းသည် ရွှန်းရွှန်းစက်စက် ကြည်ကြည်လင်လင်ရှိ၏၊ ထိုနွားနီငယ်၏ မျက်ကွင်းကဲ့သို့ မျက်ကွင်းရှိသည်ကို ဂေါပမုခလက္ခဏာ ဆိုသည်။

အလောင်းတော် ယောကျ်ားမြတ်သည် ရှေးအခါ လူများအပေါင်း တို့ကို ချစ်ခင်ဖွယ်ရှိသော မျက်စိဖြင့် ကြည့်ရှုတော်မူလေ့ရှိ၏၊ ပြုံးခြင်း ရှေးရှိသော မျက်စိဖြင့် ကြည့်ရှုတော်မူလေ့ရှိ၏၊ ကုပ်သောမျက်မှောင် ရှိသည်ဖြစ်၍ ကြည့်ရှုတော်မူလေ့မရှိချေ၊ ထိုကံကြောင့် ဤလက္ခဏာ နှစ်ပါးကို ရရှိတော်မူသည်၊ ဤလက္ခဏာတို့၏ဘုန်းကြောင့် အလုံးစုံသော လူ,နတ်,ဗြဟ္မာ, သတ္တဝါတို့၏ ချစ်ခင်နှစ်သက်ခြင်း, ကြည်ညို မြတ်နိုးခြင်း ကို ခံတော်မူရ၏။

မျက်နက်ရွှန်းစည်၊ မျက်ကွင်းကြည်၊

ချစ်မည် လူတိုင်းသာ။

သင်းကျစ်လက္ခဏာ-နဖူးပြင်မှာ။။မင်းတို့၏နဖူးဆံစ၌ ဖွဲ့ဆင်အပ်သော နီမြန်းသောရွှေ ဖြင့်ပြီးသော တန်ဆာကို သင်းကျစ် ဟူ၍ဆိုသည်၊ (သင်းကျပ်လည်းခေါ်၏) ရှေးအခါ ဘုန်းတန်ခိုး ကြီးမားသော စကြဝတေးမင်းတို့မှာ ဖွားစကပင် ရှေးကံထူးကြောင့် သင်းကျစ် လက္ခဏာပါရှိ၏၊ ထိုစကြဝတေးမင်းတို့၏ သင်းကျစ် လက္ခဏာကို ရှေးအစဉ်အဆက် တွေ့မြင်လိုက်ဖူးကြကုန်သဖြင့် အတုယူ ကြကုန်ပြီးလျှင် နောက်ကာလ၌ဖြစ်သော သာမညမင်းတို့သည် ရွှေကိုသင်းကျစ်လုပ်၍ နဖူးဆံစ၌ ဆင်မြန်းကြကုန်၏၊ ဘုန်းကံ ထူးကြောင့် ပဋိသန္ဓေအားဖြင့် ပြီးစီးဖြစ်ပေါ်ပါရှိသော သင်းကျစ် လက္ခဏာရှိသည်ကို ဥဏှီသသီသလက္ခဏာ ဆိုသည်။

အလောင်းတော်ယောကျ်ားမြတ်သည် ရှေးအခါ ကုသိုလ်ကောင်း မှုရေးတို့၌ လူအပေါင်းတို့၏ အကြီးအကဲဖြစ်တော်မူ၏၊ ကုသိုလ် ကောင်းမှုကို ပြုလုပ်ရာတွင် လူအပေါင်းတို့၏ အကြီးအချုပ်ဖြစ်တော်မူ၏၊ ထိုကံကြောင့် ဤသင်းကျစ် လက္ခဏာအထူးကို ရရှိတော်မူသည်။

ထို လက္ခဏာ၏ဘုန်းကြောင့် လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်း တို့သည် အထံတော်၌ ခညောင်းကိုင်းရှိုင်းကြရကုန်၏၊ လေးစားသမှု ဂရုပြုကြရကုန်၏၊ ဆုံးမလမ်းညွှန်သည်များကို မသွေမလှန် နာခံလိုက် နာကြရလေကုန်၏။

- သင်းကျစ်ခြယ်ဆင်၊ ဦးခေါင်းမြင်၊ လူရှင်ခညောင်းရာ။

မွေးတစ်ပင်စီ-စီရရီ။။မွေးညင်းတွင်းတစ်ခုတစ်ခုမှာ သန့်ရှင်း ပြေပြစ်စွာ တစ်ပင်တစ်ပင်စီသာပေါက်သော မွေးညင်းရှိသည်ကို ဧကေကလောမလက္ခဏာ ဆိုသည်။

ငွေနန်းချည်ပုံ-ဥဏ္ဏလုံ။။မျက်မှောင် မျက်ခုံးနှစ်ခုတို့၏ အကြား၌ ငွေနန်းချည်ကိုငင်၍ လက်ျာရစ်ဝိုက် တွန့်ရစ်ခွေ၍ ထားဘိ သကဲ့သို့ ဖြူစင်သော အမွေးမြတ် ပေါက်ရောက်သည်ကို ဥဏ္ဏာလောမ ဥဏ္ဏာဇာတလက္ခဏာ ခေါ်သည်၊ (ဥဏ္ဏလုံ မွေးရှင်တော်ဟူ၍လည်း ခေါ်ကြ၏) ထိုမွေးရှင်တော်သည် ဆွဲ၍ဆန့်လျှင် နှစ်တောင်ခန့်မျှ ရှည်လျား၏၊ ပြကတေ့အတိုင်း လက်ျာရစ် တွန့်ခွေစုရုံး၍ နေသောအခါ ငွေကြယ်ပွင့်ကဲ့သို့လည်းကောင်း, အလွန်ကောင်းသော ပုလဲစစ်, စိန်စစ်ကို မျက်ခုံးနှစ်ခု အလယ်တည့်တည့်မှာ ခြယ်ဆင်၍ ထားဘိသကဲ့သို့လည်း ကောင်း, သောက်ရှုးကြယ်အသွင်ကဲ့သို့လည်း ကောင်းထင်ကြရ၏။

အလောင်းတော်ယောက်ျားမြတ်သည် ရှေးအခါ မဟုတ်မမှန် ပြောဆိုမှုမှ အထူးရှောင်ကြဉ်တော်မူ၏၊ လူများအပေါင်းကို မှားယွင်းတိမ်း စောင်းတော် မမူစေတတ်၊ ထိုကံကြောင့် ဤလက္ခဏာနှစ်ပါးကို ရရှိတော် မူသည်၊ ဤလက္ခဏာတို့၏ ဘုန်းကြောင့် လူ, နတ်, ဗြဟ္မာ, သတ္တဝါ အများတို့သည် ကိုယ်တော်မြတ်၏ ထံပါးမှ စွန့်ခွါ၍ မသွားနိုင်အောင် ဆွဲဆောင်တတ်သော တန်ခိုးနှင့်ပြည့်စုံတော်မူ၏၊ ရှု၍မဝ, ဖူး၍မဝ, ခစားခိုလှုံ၍ မဝနိုင်အောင် ရှိစေ၏၊ ကိုယ်တော်အလိုကို လိုက်ကြရ ကုန်၏။

- မွေးညင်းခြားနား၊ မွေးညင်းပွါး၊ အများလိုလိုက်ရာ။

သွားတော်လေးဆယ်-ပြည့်ဖြိုးကြွယ်။ ။အောက်၌ သွားတော် နှစ်ဆယ်, အထက်၌သွားတော်နှစ်ဆယ် ပေါင်းသွားတော်လေးဆယ်နှင့် ပြည့်စုံတော်မူ သည်ကို စတ္တာလီသဒန္တလက္ခဏာ ဆိုသည်။

ပုလဲနှစ်ပမာ-စွယ်တော်မှာ။ ။စွယ်တော်လေးချောင်းလည်း ဤ သွားတော်လေးဆယ်၌ပင် အကျုံးဝင်လေ၏၊ ခေါခြင်း, ကျဲခြင်းမရှိ မူ၍ ပုလဲနှစ်တို့ကို အပေါက်အကြားမရှိစေပဲ အညီအညွတ်စီ၍ ထားဘိ သကဲ့သို့ စေ့စပ်သော သွားရှိတော်မူသည်ကို အဝိရဠဒန္တလက္ခဏာ ဆိုသည်။

ရှေးအခါ အလောင်းတော်ယောက်ျားမြတ်သည် ကုန်းတိုက်သော ပိသုဏ ဝါစာစကားမှ ရှောင်ကြဉ်တော်မူလေ့ရှိ၏၊ ထိုကံကြောင့် ဤ လက္ခဏာတော် နှစ်ပါးကို ရရှိတော်မူသည်၊ ဤလက္ခဏာတို့၏ ဘုန်း ကြောင့် မကွဲမပြားသော အခြံအရံပရိသတ်ရှိတော်မူ၏၊ ဖြစ်ပြီးသော ပရိသတ်တို့သည် မပျက်မစီးနိုင် ခိုင်မြဲ၏။

[သွားကျဲလျှင် အခြံအရံပရိသတ် ပျက်စီးတတ်၏၊ အခြံအရံကြောင့် ဒုက္ခတွေ့တတ်၏၊ ဖြစ်ပြီးသော ပစ္စည်းလည်း အဖတ်မတင်တတ် သွားကျဲ ရေယို ခေါ်၏၊]

- လေးဆယ်စေ့မြဲ၊ သွားမကျဲ၊ မကွဲပရိသာ။

နဖူးတစ်ပြင်လုံး-လျှာတော်ဖုံး။။နဖူးတော်တစ်ပြင်လုံးကို ဖုံးလွှမ်းနိုင်အောင် ကျယ်ပြန့်သော-လျှာတော် ရှိသည်ကို ပဟုတဇီဝှ လက္ခဏာ ဆိုသည်၊ ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ရှိသည်ကို ဗြဟ္မဿရလက္ခဏာ ဆိုသည်၊ အလောင်းတော် ယောကျ်ားမြတ်သည် ရှေးအခါ ကြမ်းတမ်းစွာပြောဆိုခြင်းတည်းဟူသော ဖရုသဝါစာမှ ရှောင်ကြဉ်တော်မူ၏၊ ထိုကံကြောင့် ဤလက္ခဏာတော် နှစ်ပါးကို ရရှိတော်မူသည်၊ ထိုလက္ခဏာတို့၏ဘုန်းကြောင့် ကြီးမား ထက်မြက်သော ဩဇာအာဏာနှင့် ပြည့်စုံတော်မူ၏၊ ပြောဆိုမိန့်မြွက် တော်မူသမျှသောစကားတို့ကို အလုံးစုံလိုက်နာကြရကုန်၏၊ သွေ လှန်ငြင်းဆန်ဝံ့သည်ဟူ၍ မရှိနိုင်ကြကုန်။

- ရှည်ပြန့် လျှာဟန်၊ ဗြဟ္မာသံ၊ အာဏံလွန်ကဲစွာ။

မြတ်စွာဘုရား၏ အသံတော်ရှစ်ပါးကား ----ဝိသဋ္ဌော မဉ္ဇူ ဝိညေယျော၊ သဝနီယော ဝိသာရဏော။ ဂမ္ဘီရော ဗိန္ဒု နိန္နာဒေါ၊ တျဋ္ဌင်္ဂီကဿရော မုနိ။

ဝိသဋ္ဌော=သန့်ရှင်းကြည်လင်သည်၊ မဉ္ဇူ=သာယာချိုမြိန်သည်၊ ဝိညေယျော=သိလွယ် နားလည်လွယ်သည်၊ သဝနီယော=နာပျော်ဖွယ် ရှိသည်၊ အဝိသာရဏော=မပြားမကျဲ မကွဲမပြန့်သည်၊ ဂမ္ဘီရော=နက်နဲ သည်၊ ဗိန္ဒု=တခဲနက်လုံးသည်-အသံလုံးသည်၊ နိန္ဒာဒေါ=ပဲ့တင်ခတ်သည်ဟိန်းသည်၊ ဣတိဣမိနာပကာရေန=ဤသို့ဆိုခဲ့ပြီးသော အပြားအားဖြင့်၊ မုနိ=မြတ်စွာဘုရားသည်၊ အဋ္ဌင်္ဂီကဿရော=အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံရှိတော်မူ၏။

ခြင်္သေ့မင်း မေးပမာ-တိဝန်းစွာ။။ခြင်္သေ့မင်း၏မေးသည် ကြီးမားထွားကြိုင်း၍ တိတိဝန်းဝန်းရှိ၏၊ ထိုခြင်္သေ့မင်း၏မေးကဲ့သို့ မေးတော်ရှိသည်ကို သီဟဟနုလက္ခဏာ ဆိုသည်။

အလောင်းတော် ယောကျ်ားမြတ်သည် ရှေးအခါ၌ သိမ်ဖျင်းသော စကားကို ဆိုခြင်းတည်းဟူသော သမ္ဖပ္ပလာပမှ ရှောင်ကြဉ်တော်မူ၏၊ ထိုကံကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူ၏၊ ဤလက္ခဏာ၏ ဘုန်းကြောင့် အတွင်းအပ ဖြစ်သော ရန်သူတို့ မနှောင့်ယှက် မဖျက်ဆီး နိုင်သော အကျိုးရှိ၏။

- ခြင်္သေ့ မေးတူ၊ မေးထွားမူ၊ ရန်သူမဖျက်သာ။ စံပယ်ငုံပမာ - စီစဉ်ဖြာ။။အညီအညွတ် တိတိညီညီသွေး၍ ထားသော စိန်တို့ကို ပတ္တမြားအပြင်၌ အစီအစဉ် အစေ့အစပ်စိုက်၍ ထားဘိသကဲ့သို့လည်းကောင်း, ဓားဖြင့်တိအပ်သော စံပယ်ငုံတို့ကို အစီအရီစဉ်၍ ထားဘိသကဲ့သို့လည်းကောင်း, အစွန်းအစ ညီညွတ်သော သွား တော်ရှိသည်ကို သမဒန္တလက္ခဏာ ဆိုသည်။

သောကြာကြယ်ပမာ-စွယ်တော်မှာ။။သောက်ရှူးကြယ် အတူအလွန်ဖြူသော စွယ်တော်လေးဆူရှိသည်ကို သုသုက္ကဒါဌ လက္ခဏာ ဆိုသည်။

အလောင်းတော် ယောကျ်ားမြတ်သည် ရှေးအခါ မတရားသော အသက် မွေးမှုဟုဆိုအပ်သော မိစ္ဆာဇီဝမှ ရှောင်ကြဉ်တော်မူ၏။

ထိုကံကြောင့် ဤလက္ခဏာတော် နှစ်ပါးကိုရရှိတော်မူသည်၊ ဤလက္ခဏာတို့ကြောင့် စင်ကြယ်သန့်ရှင်းသော ပရိသတ်အခြံအရံနှင့် ပြည့်စုံတော်မူ၏၊ မြင့်မြတ်သော အခြံအရံ ရှိတော်မူ၏၊ မြတ်စွာ ဘုရားသည် ကိုယ်တော်တိုင် ကိလေသာတို့မှ စင်ကြယ်တော်မူသည်ဖြစ်၍ ထို့အတူ ကိလေသာတို့မှ စင်ကြယ်၍ ရဟန္တာဖြစ်သော လူ, နတ်, ဗြဟ္မာတည်းဟူသော အခြံအရံ ရှိတော်မူသည်။

[မြတ်စွာဘုရားကိုယ်တော်၏ တင့်တယ်သောအသရေရှိပုံကို အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤလက္ခဏသုတ် ပါဠိတော်ဖြင့် မှတ်သားအပ်၏၊]

မနာပိယေ ခေါ ဘိက္ခဝေ ကမ္မဝိပါကေ ပစ္စုပဋ္ဌိတေ ယေဟိ အင်္ဂေဟိ ဒီဃေဟိ သောဘတိ။ တာနိ အင်္ဂါနိ ဒီဃာနိ သဏ္ဌန္တိ။ ယေဟိ အင်္ဂေဟိ ရေဿဟိ သောဘတိ၊ တာနိ အင်္ဂါနိ ရဿာနိ သဏ္ဌန္တိ။ ယေဟိ အင်္ဂေဟိ ထူလေဟိ သောဘတိ၊ တာနိ အင်္ဂါနိ ထူလာနိ သဏ္ဌန္တိ။ ယေဟိ အင်္ဂေဟိ ကိသေဟိ သောဘတိ၊ တာနိ အင်္ဂါနိ ကိသာနိ သဏ္ဌန္တိ။ ယေဟိ အင်္ဂေဟိ ပုထုလေဟိ သောဘတိ၊ တာနိ အင်္ဂါနိ ပုထုလာနိ သဏ္ဌန္တိ။ ယေဟိ အင်္ဂေဟိ ဝဋ္ဋေဟိ သောဘတိ၊ တာနိ အင်္ဂါနိ ဝဋ္ဋာနိ သဏ္ဌန္တိ။

ဘိက္ခဝေ=ရဟန်းတို့၊ ခေါ=စင်စစ်၊ မနာပိယေ=နှစ်သက်မြတ်နိုး ဖွယ်သော၊ ကမ္မဝိပါကေ=ကုသိုလ်ကံ၏ အကျိုးသည်၊ ပစ္စုပဋ္ဌိတေ= ထင်လာသည်ရှိသော်၊ ယေဟိ အင်္ဂေဟိ=အကြင်ကိုယ်အင်္ဂါတို့ဖြင့်၊ ဒီဃေဟိ=ရှည်ကုန်မှသာလျှင်၊ သောဘတိ=တင့်တယ်၏၊ တာနိ အင်္ဂါနိ= ထိုရှည်မှ တင့်တယ်သော အင်္ဂါတို့သည်၊ ဒီဃာနိ=ရှည်ကုန်သည်ဖြစ်၍၊ သဏ္ဌန္တိ=တည်ကုန်၏၊ ယေဟိ အင်္ဂေဟိ=အကြင်ကိုယ်အင်္ဂါတို့ဖြင့်၊ ရေဿဟိ=တိုကုန်မှသာလျှင်၊ သောဘတိ=တင့်တယ်၏၊ တာနိ အင်္ဂါနိ=ထိုအင်္ဂါတို့သည်၊ ရဿာနိ=တိုကုန်သည်ဖြစ်၍၊ သဏ္ဌန္တိ=တည် ကုန်၏၊ ယေဟိ အင်္ဂေဟိ=အကြင်ကိုယ်အင်္ဂါတို့ဖြင့်၊ ထူလေဟိ= ပြည့်ဖြိုးကုန်မှသာလျှင်၊ သောဘတိ=တင့်တယ်၏၊ တာနိ အင်္ဂါနိ=ထိုအင်္ဂါ တို့သည်၊ ထူလာနိ=ပြည့်ဖြိုး ကုန်သည်ဖြစ်၍၊ သဏ္ဌန္တိ=တည်ကုန်၏၊ ယေဟိ အင်္ဂေဟိ=အကြင်ကိုယ်အင်္ဂါတို့ဖြင့်၊ ကိသေဟိ=လျပ်ပါးသေး သွယ် ကုန်မှသာလျှင်၊ သောဘတိ=တင့်တယ်၏၊ တာနိ အင်္ဂါနိ=ထို အင်္ဂါတို့သည်၊ ကိသာနိ=လျပ်ပါးသေးသွယ်ကုန်သည်ဖြစ်၍၊ သဏ္ဌန္တိ= တည်ကုန်၏၊ ယေဟိ အင်္ဂေဟိ=အကြင်ကိုယ်အင်္ဂါတို့ဖြင့်၊ ပုထုလေဟိ= ကြီးပြန့် ခန့်ညားကုန်မှသာလျှင်၊ သောဘတိ=တင့်တယ်၏၊ တာနိ အင်္ဂါနိ=ထိုအင်္ဂါတို့သည်၊ ပုထုလာနိ=ကြီးပြန့်ခန့်ညားကုန်သည်ဖြစ်၍၊ သဏ္ဌန္တိ=တည်ကုန်၏၊ ယေဟိ အင်္ဂေဟိ=အကြင်ကိုယ်အင်္ဂါတို့ဖြင့်၊ ဝဋ္ဋေဟိ=လုံးလျောင်းကုန်မှသာလျှင်၊ သောဘတိ=တင့်တယ်၏၊ တာနိ အင်္ဂါနိ=ထိုအင်္ဂါတို့သည်၊ ဝဋ္ဋာနိ=လုံးလျောင်း ကုန်သည်ဖြစ်၍၊ သဏ္ဌန္တိ= တည်ကုန်၏။

ဤပါဠိတော်ဖြင့် အကြင်အကြင် အင်္ဂါကြီးငယ်တို့သည် အကြင်သို့သော အခြင်းအရာအားဖြင့်တည်ကုန်သည်ရှိသော် ဖူးမြင်ကြ ကုန်သော နတ်,လူတို့၏ အကြည်ညိုစိတ်ကို မရောင့်ရဲနိုင် မတင်းတိမ် နိုင်အောင် ပြုတတ်ကုန်၏၊ ထိုသို့သော အခြင်းအရာအားဖြင့်သာလျှင် အလုံးစုံသော အင်္ဂါကြီးငယ်တို့ တည်ကြလေကုန်၏၊ ရှည်သင့်လျှင်ရှည်၊ တိုသင့်လျှင်တို၊ ဖြိုးသင့်လျှင်ဖြိုး၊ သေးသွယ်သင့်လျှင် သေးသွယ်၊ ကြီးထွားသင့်လျှင် ကြီးထွား၊ လုံးသင့်လျှင်လုံး၍ အတင့်တယ်ဆုံးသို့ရောက် အောင် အထွတ်အထိပ်ဖြစ်၍ တည်ကြကုန်သည်ဟူ၍ ဆိုလိုသည်။

ဤသို့ မြတ်စွာဘုရားသည် လူ, နတ်, ဗြဟ္မာ, သတ္တဝါအပေါင်းတို့ ဖူးမြင် တိုင်းရောင့်ရဲ, တင်းတိမ်ခြင်းကို မဖြစ်စေနိုင်ကုန်သော ဆိုခဲ့ပြီးသည့် သုံးဆယ့် နှစ်ပါးသော ယောကျ်ားမြတ် လက္ခဏာတည်းဟူသော သိရီဘုန်း တော်နှင့်ပြည့်စုံ တော်မူသည်၊ ထိုမှတစ်ပါး ရှစ်ဆယ်သော လက္ခဏာ တော်ငယ်တို့သည် ရှိကုန်သေး၏။

ပြဆိုလတ္တံ့သော ဘုရားရှိခိုးဖြင့် ထိုလက္ခဏာတော်ရှစ်ဆယ်ကို သိရာ၏။

လက္ခဏာတော်ရှစ်ဆယ် အကျယ်ပြခန်း

ဘဂဝါ=ဘုန်းတော်ခြောက်ပါးစုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူ သော မြတ်စွာဘုရားသည်-

၁။ စိတင်္ဂုလီ=အကြားမထင်ပဲ စေ့စပ်သော ခြေချောင်း လက် ချောင်းတော် လည်းရှိတော်မူ၏။

၂။ အနုပုဗ္ဗင်္ဂုလီ=အစဉ်အတိုင်းသွယ်ရှူး၍ တဖြူးဖြူးဖြောင့်သော ခြေချောင်း လက်ချောင်းတော်လည်းရှိတော်မူ၏။

၃။ ဝဋ္ဋင်္ဂုလီ=ရွှေပွတ်တိုင်ကဲ့သို့ လုံးလျောင်းချောမြေ့သော ခြေ ချောင်း လက်ချောင်းတော်လည်းရှိတော်မူ၏။

၄။ တမ္ဗနခေါ=ပတ္တမြားအသွေးကဲ့သို့ တွေးတွေးနီမြန်းသော ခြေသည်း လက်သည်းလည်းရှိတော်မူ၏။

၅။ တုင်္ဂနခေါ=ရှည်သွယ်မြင့်မားသော ခြေသည်းလက်သည်းလည်း ရှိတော် မူ၏။

၆။ သိနိဒ္ဓနခေါ=ကြမ်းတမ်းဖုထစ် မနွမ်းညစ်ပဲ ပြေပြစ်ချောမွေ့သော ခြေသည်းလက်သည်းလည်းရှိတော်မူ၏။

၇။ နိဂ္ဂုဠဂေါပ္ဖကော= ငေါငေါစူစူ မူမူမထင် အစဉ်အတိုင်း ပြေပြစ် ချောမွန် သော ဖမျက်လည်းရှိတော်မူ၏။

၈။ သမပါဒေါ=တို, ရှည်, နိမ့်, မြင့်မရှိ ပကတိညီညွတ်သော ခြေ လည်း ရှိတော်မူ၏။

၉။ ဂဇ သမာနကမော= ဆဒ္ဒန်ဆင်မင်းအလားကဲ့သို့ သွားပုံလည်း ယဉ်ကျေး တော်မူ၏။

၁၀။ သီဟ သမာနကမော=ကေသရီ ခြင်္သေ့အလားကဲ့သို့ သွားပုံ လည်း ခန့်ညားတော်မူ၏။

၁၁။ ဟံသ သမာနကမော=ရွှေဟင်္သာကွန့်မြူးသကဲ့သို့ အထူး တင့်တယ်သော သွားဟန်လည်းရှိတော်မူ၏။

၁၂။ ဥသဘ သမာနကမော= ဥသဘနွားမင်းနှင့်တူသော သွားခြင်း လည်း ရှိတော်မူ၏။

၁၃။ ဒက္ခိဏာ ဝဋ္ဋကမော=လကျ်ာခြေတော်ကို ချီသဖြင့် လကျ်ာရစ် လည်သောသွားခြင်းလည်းရှိတော်မူ၏။

[မြတ်စွာဘုရား ကြွသွားတော်မူသောအခါ လကျ်ာခြေတော်ကိုသာလျှင် ရှေးဦးစွာ ကြွချီတော်မူလေ့ရှိ၏၊ လှည့်တော်မူသောအခါ လကျ်ာဖက်သို့သာလျှင် လှည့်တော်မူလေ့ရှိ၏ဟူ၍ ဆိုလိုသည်။]

၁၄။ သမန္တစာရုဇာဏုမဏ္ဍလော=အဖု,အဆစ်,မထင် ထက်ဝန်းကျင် လုံးဝန်းသော ပုဆစ်လည်း ရှိတော်မူ၏။

၁၅။ ပရိပုဏ္ဏပုရိသဗျဉ္ဇနော=ပြည့်စုံသောယောကျ်ားမြတ် နိမိတ် လည်း ရှိတော်မူ၏။

၁၆။ အဆိဒ္ဒနာဘိ=အရေးအကြောင်း မပြတ်သော ချက်လည်းရှိ တော်မူ၏။

၁၇။ ဂမ္ဘီရနာဘိ=ပုလဲခွက်ကဲ့သို့ နက်သောချက်လည်းရှိတော်မူ၏။

၁၈။ ဒက္ခိဏာဝဋ္ဋနာဘိ=လကျ်ာရစ်ဗွေ လှည့်၍ ရှုကြည့်ဖွယ်ရာ တင့်တယ်စွာသော ချက်လည်းရှိတော်မူ၏။

၁၉။ ဣဘကရ သဒိသ ဦရုဘုဇော=ဆင်နှာမောင်းကဲ့သို့ သွယ် ပြောင်းချော ပြေသော ပေါင်တော် လက်ရုံးတော်လည်း ရှိတော် မူ၏။

၂၀။ သုဝိဘတ္တဂတ္တော=ထက်အောက်နံလျား တိုင်း၍ထားဘိသကဲ့သို့ တစ်သားတည်း ညီညွတ်သော ကိုယ်တော်လည်းရှိတော်မူ၏။

၂၁။ အနုပုဗ္ဗဂတော=အစဉ်အတိုင်း ချောပြေညီညွတ်သော ကိုယ် တော်လည်း ရှိတော်မူ၏။

၂၂။ ပရိမဋ္ဌဂတ္တော=ထက်ဝန်းကျင်မှ ချောမွေ့လှသော ကိုယ်တော် လည်း ရှိတော်မူ၏။

၂၃။ ဩဏတုဏ္ဏတ သဗ္ဗဂတ္တော=ရှိုင်းသင့်ရာ၌ရှိုင်း, ဖြိုးသင့်ရာ၌ ဖြိုး၍ အမျိုးမျိုးတင့်တယ်သော ကိုယ်တော်လည်းရှိတော်မူ၏။

၂၄။ အလီန ဂတ္တော=အရေရှုံ့တွန့်ခြင်းမှ ကင်းသော ကိုယ်တော် လည်း ရှိတော်မူ၏။

၂၅။ တိလကာဒိ ရဟိတ ဂတ္တော=ဝက်ခြံ, မှဲ့ချေး, တင်းတိပ်, ပွေး စသည်တို့မှကင်း၍ သန့်ရှင်းစင်ကြယ်သော ကိုယ်တော်လည်း ရှိတော်မူ၏။

၂၆။ အနုပုဗ္ဗရုစိဂတ္တော=အစဉ်အတိုင်း နှစ်သက်မြတ်နိုးဖွယ်သော ကိုယ်တော်လည်းရှိတော်မူ၏။

၂၇။ ဝိသုဒ္ဓဂတ္တော= မနွမ်းမညစ် လှော်ဦးသစ်ရွှေပမာ စင်ကြယ်စွာ သော ကိုယ်တော်လည်းရှိတော်မူ၏။

၂၈။ သုခုမာလဂတ္တော=နူးညံ့ပျော့ပျောင်းသော ကိုယ်တော်လည်း ရှိတော်မူ၏။

၂၉။ သောမ္မဂတ္တော=လမင်းကိုမြင်ရသောအခါ စိတ်ချမ်းသာဘိ သကဲ့သို့ လွန်စွာအေးကြည်သော ကိုယ်တော်လည်းရှိတော်မူ၏။

၃၀။ ဥဇ္ဇလိတ ဂတ္တော=ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော ကိုယ်တော်လည်းရှိတော်မူ၏။

၃၁။ ဝိမလ ဂတ္တော=ကိုယ်ဆီ, ချွေးစေးတို့မှ ကင်း၍ သန့်ရှင်းစင် ကြယ်သော ကိုယ်တော်လည်းရှိတော်မူ၏။

၃၂။ ကောမလ ဂတ္တော=ဝါးမျှစ်စို့ကဲ့သို့ နှစ်မြို့ စိုပျိုသော ကိုယ်တော် လည်း ရှိတော်မူ၏။

၃၃။ သိနိဒ္ဓ ဂတ္တော=ပြေပြစ်ချောမွေ့သော ကိုယ်တော်လည်းရှိ တော်မူ၏။

၃၄။ သုဂန္ဓ ဂတ္တော=မြတ်လေး, နှင်းဆီ, သရဖီ, မဉ္ဇူ, ကက္ကရူ, စန္ဒကူးကဲ့သို့ အထူးထူးကြိုင်လှိုင်သော ကိုယ်တော်လည်းရှိ တော်မူ၏။

၃၅။ ကောဋိသဟဿ ဗလဓာရဏော=ကုဋေတစ်ထောင် အားကို ဆောင်နိုင်သော ကိုယ်တော်လည်းရှိတော်မူ၏။

၃၆။ သုဝဏ္ဏတုင်္ဂနာသော=ရွှေချွန်းသဖွယ် တင့်တယ်မြင့်ချွန်းသော နှာခေါင်းတော်လည်းရှိတော်မူ၏။

၃၇။ ရတ္တရတ္တဒွိဇမံသော=ပတ္တမြားပမာ တျာတျာနီမြန်းသော သွား ဖုံးတော်လည်းရှိတော်မူ၏။

၃၈။ သုဒ္ဓဒန္တော=သောက်ရှူးကြယ်အတူ ဖွေးဖြူစင်ကြယ်သော သွားလည်း ရှိတော်မူ၏။

၃၉။ သိနိဒ္ဓဒန္တော=ပုလဲလုံးကို သီဘိသကဲ့သို့ ညီညာပြေပြစ် ကျစ်လစ် သိမ်မွေ့သော သွားလည်း ရှိတော်မူ၏။

၄၀။ ဝိသုဒ္ဓိန္ဒြိယော=စင်ကြယ်သန့်ရှင်းသော အဆင်းဣန္ဒြေလည်း ရှိတော်မူ၏။

၄၁။ ဝဋ္ဋဒါဌော=ပုလဲချောင်းကဲ့သို့ ကောင်းစွာလုံးဝန်းသော စွယ် တော်လည်း ရှိတော်မူ၏။

၄၂။ တိက္ခဂ္ဂဒါဌော=အဖျားချွန်သော စွယ်တော်လည်းရှိတော်မူ၏။

၄၃။ ရတ္တောဋ္ဌော=ပတ္တမြား, ခေါင်ရန်း, နှင်းဆီပန်းကဲ့သို့ နီမြန်းသော နှုတ်ခမ်း တော်လည်းရှိတော်မူ၏။

၄၄။ အာယတဝဒနော=ကျယ်ပြန့်ခန့်ငြားသော ခံတွင်းတော်လည်း ရှိတော်မူ၏။

၄၅။ သုဂန္ဓမုခေါ=သရက္ခန်, စန္ဒကူး, ကြာညိုနံ့မြူးသကဲ့သို့ အထူးကြိုင် လှိုင် သင်းပျံ့သော ခံတွင်းတော်လည်းရှိတော်မူ၏။

၄၆။ ဂမ္ဘီရပါဏိလေခေါ=ထင်ရှားသော လက်ဖဝါးတော် အရေး အသားလည်း ရှိတော်မူ၏။

၄၇။ ဥဇုလေခေါ=မကွေ့မထောင့် ဖြောင့်သောလက္ခဏာ အရေး အသား လည်းရှိတော်မူ၏။

၄၈။ အာယတလေခေါ=ရှည်လျားသော လက္ခဏာအရေး အသား လည်း ရှိတော်မူ၏။

၄၉။ သုရုစိရသဏ္ဌာနလေခေါ=နှစ်သက်တင့်တယ် ရှုချင်ဖွယ် သဏ္ဌာန် ရှိသော အရေးအသားလည်းရှိတော်မူ၏။

၅၀။ ပရိမဏ္ဍလကာယ ဇုတိကော=ကိုယ်တော်ကို ဝန်းဝိုင်း၍ တံတိုင်း အဟန် တစ်လံမျှသော ဗျာမပ္ပဘာ ကိုယ်တော်ရောင်လည်း ရှိတော်မူ၏။

၅၁။ ပရိပုဏ္ဏကပေါလော=ပြည့်ဖြိုးစိုပြေသော ပါးပြင်တော်လည်း ရှိတော်မူ၏။

၅၂။ ရုစိရ အာယတ ဝိသာလ နေတ္တော=ထက်ဝန်းကျင်ပြိုးပြက်၍ တလက် လက်ထိန်ကြည် စိန်ဝဇီအလား ရှည်လျားကျယ်ပြန့်၍ ကြီးခန့်သော မျက်လုံးတော်လည်းရှိတော်မူ၏။

၅၃။ ပဉ္စပသာဒ နေတ္တော=အဆင်းငါးတန်ဖြင့် လျှံတလက်လက် ရောင်ရှင် ထွက်သော မျက်လုံးတော်လည်းရှိတော်မူ၏၊ [မျက်လုံးတော်၌ အဆင်းငါးပါးကား အညို, အရွှေ, အဖြူ, အနီ, အနက် ဤငါးပါးတို့တည်း။]

၅၄။ ကုဉ္စိတဂ္ဂ ဘမုကော=ကောင်းကင်သို့ မော့၍ ကော့ရရော့ မြှော်သော မျက်တောင် မျက်ခုံးတော်လည်းရှိတော်မူ၏။

၅၅။ မုဒု တလုဏ ရတ္တ ဇီဝှေါ=နူးညံ့, နီမြန်း, နှင်းဆီပန်းနှင့် တူသော လျှာတော် လည်းရှိတော်မူ၏။

၅၆။ အာယတ စာရုကဏ္ဏော=ပခုံးတော်အထက်မှာဝဲ၍ တွဲရရွဲ ရှည်ပြန့်လျက် ခန့်ညားသပ္ပါယ် တင့်တယ်နုထွား ပတ္တမြား အပြင်ကဲ့သို့ ရောင်ရှင် ပြိုးပြက်သော နားရွက်တော်လည်း ရှိတော်မူ၏။

၅၇။ နိဂ္ဂဏ္ဌိသိရော=အဖု, အထစ်မရှိ ပကတိချောမွေ့သော ဦးခေါင်း တော်လည်းရှိတော်မူ၏။

၅၈။ နိဂုဠှသိရော=ရွဲ့စောင်း, နိမ့်, မြင့်မထင် တစ်ပြင်တည်း ညီညွတ် သော ဦးခေါင်းလည်းရှိတော်မူ၏။

၅၉။ ဆတ္တသန္နိဘစာရုသီသော=ထီးဝန်းအသွင် ထက်ဝန်းကျင်တိတိ ရောင်လျှံ ညိသော ဦးခေါင်းလည်းရှိတော်မူ၏။

၆၀။ သုဂန္ဓမုဒ္ဓေါ=အမျိုးမျိုးသောဂန္ဓာရုံတို့ဖြင့် လှိုင်ထုံမွှေးပျံ့သော ဦးထိပ်တော်လည်းရှိတော်မူ၏။

၆၁။ အာယတ ပုထုလနလာဋော=ရွှေပြားအဟန် လျားနံကျယ်ပြန့် အံ့ဖွယ်အထူး လွန်ပြန့်ဖြူးသော နဖူးတော်အပြင်လည်း ရှိတော်မူ၏။

၆၂။ သုသဏ္ဌာန ဘမုကော=သုံးရက်လ,ဟန် စို့သက်တံကဲ့သို့ သဏ္ဌာန် တင့်တယ်သော မျက်ခုံး, မျက်မှောင်တော်လည်း ရှိတော်မူ၏။

၆၃။ အနုလောမ ဘမုကော=အဖျားသွယ်ဖြူး၍ အထူးတင့်တယ်သော မျက်ခုံးမျက်မှောင်တော်လည်းရှိတော်မူ၏။

၆၄။ အာယတမဟန္တ ဘမုကော=ခံ့ခံ့ညားညား ရှည်လျားကျယ်ပြန့် သော မျက်မှောင်တော်လည်းရှိတော်မူ၏။

၆၅။ သဏှလောမ ဘမုကော=နူးညံ့သောအမွေးတို့ဖြင့် ဖြောင့်မတ် ညီညီ, စီရရီပေါက်သော မျက်ခုံးမျက်မှောင်ရှိတော်မူ၏။

၆၆။ သမ လောမော=မွေးတွင်းချင်းစီ၍ အညီအညွတ်ပေါက် ရောက်သော မွေးညင်းလည်းရှိတော်မူ၏။

၆၇။ ကောမလ လောမော=နူးညံ့စိုပျို စိမ်းညိုသိမ်မွေ့သော မွေးညင်း လည်း ရှိတော်မူ၏။

၆၈။ ဒက္ခိဏာ ဝဋ္ဋ လောမော=လကျ်ာရစ်ဆိုင်၍ ညာဖက်သို့အဖျား ယိုင်သော မွေးညင်းလည်းရှိတော်မူ၏။

၆၉။ ဘိဒဉ္ဇနလောမော=မျက်စဉ်းညိုအသွင် စိမ်းလွင်ညိုမှောင်သော မွေးညင်းလည်းရှိတော်မူ၏။

၇၀။ နိသိဒ္ဓ လောမော=ကောက်ကွေ့ လိမ်တွန့်ခြင်းကင်း၍ သန့်ရှင်း ပြေပြစ်သော မွေးညင်းလည်းရှိတော်မူ၏။

၇၁။ သုနီလ ကေသော=ပိတုန်းတောင်ကဲ့သို့ ညိုမှောင်လက်လက် အရောင် ထွက်သော ဆံတော်လည်းရှိတော်မူ၏။

၇၂။ ဒက္ခိဏာ ဝဋ္ဋကေသော=လကျ်ာရစ်လှည့်ဝိုက်၍ ဦးထိပ်၌ ဗွေစုသော ဆံတော်လည်းရှိတော်မူ၏။

၇၃။ သုသဏ္ဌာန ကေသော=ဆံပင်တွင်းညီ၍ စီရရီပေါက်သဖြင့် အံ့လောက် ဖွယ်သဏ္ဌာန် ကောင်းသောဆံချောင်း ဆံပင်တော် လည်းရှိတော်မူ၏။

၇၄။ သိနိဒ္ဓ ကေသော=ကောက်ကွေ့လိမ်တွန့်ခြင်းကင်းသဖြင့် သန့်ရှင်းပြေပြစ်သော ဆံတော်လည်းရှိတော်မူ၏။

၇၅။ သဏှ ကေသော=နူးညံ့သိမ်မွေ့သော ဆံတော်လည်းရှိတော်မူ၏။

၇၆။ အလုလိတ ကေသော=မရှုပ်မထွေးသော ဆံတော်လည်းရှိ တော်မူ၏။

၇၇။ ကောမလ ကေသော=စိုပျိုသော ဆံတော်လည်းရှိတော်မူ၏။

၇၈။ သမ သုဂန္ဓ ကေသော=စံပယ်, မြတ်လေးကဲ့သို့ အညီအညွတ် မွှေးသော ဆံတော်လည်းရှိတော်မူ၏။

၇၉။ သုခုမ အဿာသ ပဿာသော=ရှိုက်ရှူ၍မထင် အလွန်ပင် သိမ်မွေ့သော ထွက်သက်ဝင်သက်လည်းရှိတော်မူ၏၊ (သက်လုံကောင်း၏ဟူ၍ ဆိုလိုသည်။)

၈၀။ ကေတုမာလာ ရတနဝိစိတ္တော=ဦးခေါင်းတော်အထက်၌ ပြိုးပြက် ရောပြွမ်း အဆန်းတကြယ် ခြောက်သွယ်ရောင်စုံ မကိုဋ်ပုံကဲ့သို့ ယှက်ဆုံ ပေါင်းစုသော ကေတုမာလာ, ရတနာရောင်လျှံတော် လည်း ရှိတော်မူ၏။

ဣတိ=ဤသို့၊ အသီတာ နုဗျဉ္ဇန မဏ္ဍိတံ=လက္ခဏာတော် ရှစ်ဆယ်ဖြင့် တန်ဆာဆင်အပ်သော၊ ဆဗ္ဗဏ္ဏရံသိ ပဇ္ဇလန္တံ=ရောင်ခြည် တော်ခြောက်တန်ဖြင့် တလျှံလျှံထွန်းပ၍နေသော၊ သဉ္ဈာ ဣန္ဒ ဓနုဝိဇ္ဇု ပဘာ ပရိက္ခိတ္တ ကနက ဂိရိ သီခရ သမံ=ဆည်းဆာရောင်, စို့သက်တံ ရောင်, လျှပ်စစ်ရောင်တို့ဖြင့် ဝန်းမြှောင် ပတ်ခြံအပ်သည့် ရွှေတောင် ထွတ်ကြီးနှင့်တူသော၊ စန္ဒ တာရကိတ နဘောပမံ=လစန်းသော်မာ တာရာစုံလင် ညစ်ကြေးစင်သည့် ကောင်းကင်ကြီးသဖွယ်လည်း ဖြစ် တော်မူထသော၊ သကလ သိရီ ပုဉ္ဇ ဘူတံ=ကျက်သရေအလုံးစုံတို့၏ အစုအပုံကြီးလည်း ဖြစ်တော်မူထသော၊ လောက နယန ရသာယနံ= တစ်လောက လုံး၏ မျက်စိအရသာကြီးလည်း ဖြစ်တော်မူထသော၊ တံ ဘဂဝန္တံ=ထိုမြတ်စွာဘုရားကို၊ အဘိဝန္ဒာမိ=အလွန်ရိုသေစွာ ရှိခိုးပါ၏။

---*---

ကိုယ်တော်အရောင် အမျိုးမျိုး

ထိုမှတစ်ပါး---မဇ္ဈိမပဏ္ဏာသပါဠိတော် ငါးခုမြောက် ဗြာဟ္မဏ ဝဂ်၌ မဟာပုရိသလက္ခဏာကြီးတို့နှင့်တကွ

ဂစ္ဆန္တော ပန သော ဘဝံ ဂေါတမော ဒက္ခိဏေန ပါဒေန ပထမံ ပက္ကမတိ

သော ဘဝံ ဂေါတမော=ထိုအသျှင်ဂေါတမသည်၊ ဂစ္ဆန္တော ပန=ကြွသွားတော်မူသည်ရှိသော်ကား၊ ဒက္ခိဏေန ပါဒေန=လကျ်ာခြေ တော်ဖြင့်၊ ပထမံ=ရှေးဦးစွာ၊ ပက္ကမတိ=ကြွလှမ်းတော်မူ၏၊

ဤသို့အစရှိသည်ဖြင့် ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော တစ်ရာ ကျော်မျှ လောက်သော အမူအရာအခြင်းအရာ လက္ခဏာတို့သည် လာရှိကုန်၏၊ ထို တစ်ရာကျော်မျှလောက်သော ဘုရားတို့၏အမူအရာ လက္ခဏာအထူးတို့သည်လည်း မြတ်စွာဘုရား၏ သိရီဘုန်းတော်များပင် ဖြစ်ကုန်၏။

[အဋ္ဌကထာ ကျမ်းဂန်တို့၌ လာရှိကုန်သော ကိုယ်တော်ရောင် အမျိုးမျိုးတို့ သည်လည်း သိရီဘုန်းတော်၌ အကျုံးဝင်ကုန်၏၊]

ကိုယ်တော်အရောင်အမျိုးမျိုး ဆိုသည်ကား:
၁။ အင်္ဂိရသပ္ပဘာ။ ၂- ဗျာမပ္ပဘာ။ ၃- အသီတိပ္ပဘာ။ ၄- အနန္တပ္ပဘာ။ ၅- ကေတုမာလာပဘာ။ ၆-ဥဏ္ဏာပဘာ။ ၇- ဒါဌာပဘာ အစရှိသော ကိုယ်တော်ရောင် အထူးတို့ပေတည်း။

- ကိုယ်တော်အလုံး၊ အစဉ်ဖုံးထွက်၊

တလက်လက်၊ မှတ်ချက်အင်္ဂိရ။

ပကတိရောင်ထွက်-ပြိုးပြိုးပြက်---ထိုအရောင်တို့တွင်--၁။ ပဋ္ဌာန်းကျမ်းကို သုံးသပ်ဆင်ခြင်ခြင်း, ယမိုက်ပြာဋိဟာပြခြင်းစသည်တို့ကိုမပြုပဲ ပကတိသော ကိုယ်တော်အလုံးမှ အစဉ်မပြတ် ပြိုးပြိုး ပြက်ထွက်၍နေသော ရောင်ခြည်တော်ခြောက်ပါးကို အင်္ဂိရသပ္ပဘာ ဆိုသည်။

(အနန္တပ္ပဘာသို့ကျမှ ရောင်ခြည်တော်ခြောက်ပါးကို အကျယ်ဆိုမည်။)

ပကတိကိုယ်၊ ရွှန်းရွှန်းစိုလတ်၊

မပြတ်ထက်ဝန်း၊ လေးတောင် ခန်းဝယ်၊

ပတ်လည်သွယ်၍၊ တည်နေဘုန်းခေါင်၊

အတွင်းရောင်၊ ခေါ်ဆောင် ဗျာမပ်ဘာ။

၂။ မြတ်စွာဘုရား၏ ပကတိကိုယ်တော်မြတ်မှ အမြဲမပြတ် ထက်ဝန်းကျင် လေးတောင်ပတ်လည် အဝန်းအဝိုင်းအားဖြင့် တည်နေ သော အတွင်းရောင်ခြည်တော်အဝန်းကို ဗျာမပ္ပဘာ ရောင်ခြည် ဝန်းခေါ်သည်၊ မြတ်စွာဘုရား ကိုယ်တော် မြတ်၏ ရောင်ခြည်တော်ဝန်း သည် ပထမရောင်ခြည်တော်ဝန်း, ဒုတိယရောင်ခြည်တော်ဝန်းဟူ၍ နှစ်မျိုးရှိ၏၊ အတွင်းရောင်ခြည်တော်ဝန်း, အပရောင်ခြည်တော် ဝန်းဟူ၍ ဆိုလိုသည်၊ ဥပမာ တစ်ရံတစ်ခါ လအိမ်ဖွဲ့သောအခါတွင် လမင်း၏ ရောင်ခြည်ဝန်းနှစ်ပါးသည် ထင်၏၊ လ၏အနီးပတ်ဝန်းကျင်၌ ဝိုင်း၍ တည်သော အရောင်ဝန်းငယ်, အပြင်ပ၌ ဝိုင်း၍တည်သော အရောင် ဝန်းကြီးနှစ်ခုပေတည်း၊ ထိုလရောင်ဝန်းကဲ့သို့ မြတ်စွာဘုရား ကိုယ်တော် မြတ်မှာလည်း ပကတိအားဖြင့် အမြဲတည်၍နေသော ရောင်ခြည်တော် ဝန်းနှစ်မျိုးရှိသည်၊ ကိုယ်တော်၏ အနီးပတ်ဝန်းကျင်၌ လေးတောင်ပတ် လည် ဝန်းဝိုင်း၍နေသော ရောင်ခြည်တော်ဝန်းကို ဗျာမပ္ပဘာ ရောင်ခြည် တော်ဝန်းခေါ်သည်။

အတွင်းရောင်ခြည်၊ အပြင်ဆီမှ၊ တစ်လီ ထွန်းထွက်၊ ရှစ်ဆယ်နက်၊ မှတ်ချက် အသီတိပ်။

၃။ ရွှေတောင်ကြီးကို ဝိုင်းဝန်း၍ ပေါက်နေသော သက်တံ အဝန်းကြီးနှင့်လည်း တူ၏၊ ဗျာမပ္ပဘာဟုဆိုအပ်သောအတွင်း ရောင်ခြည် တော်ဝန်း၏ အပြင်ပ၌ ဒုတိယရောင်ခြည်တော် အဝန်းအဝိုင်း၏ အဖြစ်ဖြင့် ကိုယ်တော်မှ အတောင်ရှစ်ဆယ်မျှသောအရပ်၌ ထက်ဝန်းကျင် ဝန်းဝိုင်း၍တည်သော ရောင်ခြည်တော်ကို အသီတိပ္ပဘာ အသီတိပ္ပဘာ ရောင်ခြည် တော်ခေါ်သည်။

ထိုဗျာမပ္ပဘာ ရောင်ခြည်တော်, အသီတိပ္ပဘာ ရောင်ခြည်တော် တို့သည်ကား မည်သည့်အသွေးအရောင်ဟု ခွဲခြား၍ မဆိုနိုင်၊ ထိုထိုကိုယ် တော် အစိပ်အစိပ်မှထွက်သော ရောင်ခြည်တော်ခြောက်သွယ်တို့ ပေါင်းစု၍ နဝရတ်ကိုးပါးကို တစ်ပုံတည်းစုပုံ၍ထားရာ နေရောင်နှင့် ပဏာသင့်၍ အမျိုးစုံထွက်လာသော အရောင်တို့ကဲ့သို့ ညို, ရွှေ, နီ, မောင်း အရောင်ပေါင်းစု၍နေသော ရောင်ခြည်တော် အဝန်းကြီးများ ပေတည်း၊ အင်္ဂိရသရောင်ခြည်တော်, ဗျာမပ္ပဘာရောင်ခြည်တော်, အသီတိပ္ပဘာရောင်ခြည်တော်တို့သည် မြတ်စွာဘုရားကိုယ်တော်နှင့် အမြဲမပြတ် တလျှပ်လျှပ် ထွန်းလင်း၍နေသော ရောင်ခြည်တော်များဖြစ်၍ အနိစ္စလ ရောင်ခြည်တော်တို့ မည်ကုန်၏၊ မြတ်စွာဘုရား ကိုယ်တော်မြတ် ကြီးသည် ကြွ, ရပ်, ထိုင်, လျောင်း ဣရိယာပုထ်လေးပါး အပေါင်းတို့၌ နဝရတ်တံတိုင်းကြီးနှစ်ထပ် ရံအပ်သော ရွှေတောင်ကြီးကဲ့သို့ အခါမပြတ် တင့်တယ်ကောင်းမြတ်လှသော ကျက်သရေများကို ဆောင်တော်မူ လေသည်။

လမင်းရွှေတောင်- ပမာဆောင်

ဒွီဟိ မဏ္ဍလရံသီဟိ၊ ပရိက္ခိတ္တောဝ စန္ဒိမာ။

နဝ ရတနပါကာရေဟိ၊ သောဏ္ဏာစလောဝ ရံသိမာ။

ရံသိမာ=ရောင်ခြည်တော် အထွေထွေ ကျက်သရေတံခွန်, ဘဂဝန် ထွတ်ထား မြတ်ဘုရားသည်၊ ဒွီဟိ မဏ္ဍလ ရံသီဟိ=ရောင်ခြည်ဝန်း နှစ်ပါးတို့ဖြင့်၊ ပရိက္ခိတ္တော=ဝန်းရံအပ်သော၊ စန္ဒိမာဝ=လပြည့်ဘုံနန်း ငွေစန်းယဉ်သာ ရတနာ ဗိမာန်ကြီးကဲ့သို့လည်းကောင်း၊ ဒွီဟိ=နှစ်ထပ် ကုန်သော၊ နဝ ရတနပါကာရေဟိ=ရတနာတံတိုင်းသစ်ကြီးတို့ဖြင့်၊ ပရိက္ခိတ္တော=ဝန်းရံအပ်သော၊ သောဏ္ဏာစလောဝ=ရွှေတောင်ကြီးကဲ့ သို့လည်းကောင်း၊ သောဘတိ=ရှုရင်းမြင်ဆဲ ရောင့်မရဲအောင် လွန်ကဲစွာ တင့်တယ်တော်မူပေ၏။

ပဋ္ဌာန်းကျမ်းမြတ်၊ သုံးသပ်ဆင်ခြင်၊ စလျှင်မသွေ၊ အခါတွေဝယ်၊ ဉာဏ်နေတန်ခိုး၊ အစွမ်းမျိုးဖြင့်၊ မိုးမြင့် ဆယ်ဖြာ၊ ရပ်ဒိသာမှ၊ ယခုကျအောင်၊ ရောင်ခြည်ရောင်၊ ခေါ်ဆောင် အနန္တပ်။

၄။ ဆုံးစမရ-အနန္တ။။ ဆုံးစမရ-အနန္တ။။ဗောဓိမဏ္ဍိုင်၌ သစ္စာလေးပါးကို သိမြင်တော်မူပြီး၍ စတုတ္ထဖြစ်သော ရတနာဃရသတ္တာဟ၌ ပဋ္ဌာန်း ကျမ်းမြတ်ကို သုံးသပ်ဆင်ခြင်တော်မူသောအခါ, ယမိုက်ပြာဋိဟာကို ပြတော်မူသောအခါ စသည်တို့၌ ထူးသောဉာဏ်တော် တန်ခိုးတော်တို့၏ အစွမ်းအားဖြင့် ကိုယ်တော်မှထွက်၍ အရပ်ဆယ်မျက်နှာတို့၌ ယခုထက် တိုင်အောင် ပျံ့နှံ့လျက်ရှိနေကြကုန်သော ရောင်ခြည်တော်တို့သည် အဆုံးအစ မရှိသော အနန္တပ္ပဘာအနန္တပ္ပဘာ မည်ကုန်၏၊ အလွန်ကြီးကျယ်သော ကြောင့် မဟာပဘာလည်းမည်ကုန်၏။

[ဤအနန္တပ္ပဘာခန်းတွင် ရောင်ခြည်တော်ခြောက်ပါး ထွက်ပေါ်ပုံကို ပြဆိုပေအံ့။]

ရောင်ခြည်ခြောက်ဌာနာ-ကမ္ဘာလုံးဖြာ နီလာ နီလာ ပိတာ ပီတာရတ္တာ ရတ္တာစ နိစ္ဆရေ။

သေတာ သေတာစ မဉ္ဇိဋ္ဌာ၊ တမှာ တမှာ ပဘဿရာ။

နီလာ=ညိုသောကိုယ်တော်အစိပ်မှ၊ နီလာ=ညိုသော ရောင်ခြည်တော်တို့သည်၊ နိစ္ဆရေ=ကွန့်မြူးထွက်ကြွလေကုန်၏၊ ပီတာ=ရွှေသော ကိုယ်တော်အစိပ်မှ၊ ပီတာ=ရွှေသောရောင်ခြည်တော်တို့သည်၊ နိစ္ဆရေ= ကွန့်မြူးထွက်ကြွလေကုန်၏၊ ရတ္တာ=နီသောကိုယ်တော်အစိပ်မှ၊ ရတ္တာစ=နီသောရောင်ခြည်တော်တို့သည်လည်း၊ နိစ္ဆရေ=ကွန့်မြူး ထွက်ကြွလေကုန်၏၊ သေတာ=ဖြူသောကိုယ်တော်အစိပ်မှ၊ သေတာ= ဖြူသော ရောင်ခြည်တော်တို့သည်၊ နိစ္ဆရေ=ကွန့်မြူးထွက်ကြွလေကုန်၏၊ တမှာတမှာ=ထိုထိုကိုယ်တော် အစိပ်အစိပ်မှ၊ မဉ္ဇိဋ္ဌာစ=မောင်း သော ရောင်ခြည် တော်တို့သည်လည်းကောင်း၊ ပဘဿရာစ=ပြိုးပြိုးပြက် သောရောင်ခြည်တော်တို့သည်လည်းကောင်း၊ နိစ္ဆရေ=ကွန့်မြူးထွက် ကြွလေကုန်၏။

[ဤဂါထာကို မူတည်၍ ရောင်ခြည်တော်ခြောက်သွယ် ထွက်ပုံကို ဆိုရလိမ့်မည်။]

ညိုရပ်ဌာနီ- ညိုရောင်ခြည်

၁။ ဆံတော် မုတ်ဆိတ်တော်တို့မှလည်းကောင်း, မွေးညင်းတော် တို့မှလည်းကောင်း, မျက်နက်တော်အစုံတို့မှလည်းကောင်း, ညိုသော ကိုယ်တော် အစိပ်အစိပ်မှ စိမ်းညိုသော နီလရောင်ခြည်တော်တို့သည် ထွက်ကြွလေကုန်၏၊ ထိုနီလရောင်ခြည်တော်တို့၏အစွမ်းကြောင့် ကောင်းကင်နှင့်တကွသော အရပ်မျက်နှာတို့သည် မျက်စဉ်းညိုမှုန့်, မဲနယ်မှုန့်တို့ကို အနှံ့အပြား ကြဲမြှောက်ဘိသကဲ့သို့လည်းကောင်း, နီလာမိုး, မြမိုးတို့သည် ဖြိုးဖြိုးတက်ဝှန် ကောင်းကင်မှ စွေသွန်ရွာချဘိသကဲ့သို့ လည်းကောင်း, အောင်မဲညိုပန်း, ကြာညိုပန်းတို့ကို ပန်းဗိတာန် ကြက်၍ ကောင်းကင်နှင့်တကွ အရပ်မျက်နှာတို့ကို ဖြန့်ကြက်မိုးကာ၍ ထားဘိ သကဲ့သို့လည်းကောင်း, ဣန္ဒနီလာယပ်ဝန်း, မြယပ်ဝန်းတို့ဖြင့် လောက ကြီးထဲမှာ တစ်လွှဲ လွှဲခတ်၍ နေဘိသကဲ့သို့လည်းကောင်း, တိမ်ညို အဆင်းနှင့်တူသော ပိုး, ဖဲ, အထည်, အလိပ်တို့ကို မိုးကာဖြန့် ကြက်၍ ထားဘိသကဲ့သို့ုလည်းကောင်း, မီးစိမ်း, မီးပြာတို့ကို ကမ္ဘာအနှံ့အပြား ထွန်းညှိ၍ ထားဘိသကဲ့သို့လည်းကောင်း, စိမ်းလဲ့, ညို, ပြာသော ဣန္ဒနီလာမြတောင်ကို နေရောင်ခြည် ကြောက်ဘိသကဲ့သို့လည်းကောင်း, ဥဒေါင်းမြီးတပြေး ပိုးမဲတောင်တာ အသွေးတို့ကဲ့သို့ ညို, ပြာ, စိမ်းလဲ့သော အရောင်တို့ဖြင့် ပြိုးပြောင်ထိန်ညိလေကုန်၏။

မြ, နီလာပမာ-ရောင်ခြည်ဖြာ

ကေသာဒိ နီလဌာနေဟိ၊ နိစ္ဆရေ နီလရံသိယော။

နီလာယန္တိ ဒိသာ သဗ္ဗာ၊ ဣန္ဒနီလသမာ တဒါ။

ကေသာဒိနီလဌာနေဟိ=ဆံတော်အစရှိသော ညိုသောကိုယ်တော်အစိပ်တို့မှ၊ နီလရံသိယော=ညိုသောရောင်ခြည်တော်တို့သည်၊ နိစ္ဆရေ= ကွန့်မြူးထွက်ကြွ လေကုန်၏၊ တဒါ=ထိုအခါ၌၊ သဗ္ဗာ=အလုံးစုံကုန်သော၊ ဒိသာ=အရပ်ဆယ်မျက်နှာတို့သည်၊ ဣန္ဒနီလသမာ=ဣန္ဒနီကျောက် အသွေးနှင့်တူကြကုန်သည်ဖြစ်၍၊ နီလာယန္တိ=စိမ်းလဲ့ညိုပြာကြလေကုန်၏။

ဝါရွှေရပ်ဌာနီ-ဝါရွှေသောရောင်ခြည်

၂။ ရွှေစင်နှင့်တူသော တစ်ကိုယ်တော်လုံး၏ အရေတို့မှလည်း ကောင်း, မျက်စိတို့၏ ဝါရွှေသော အရပ်တို့မှလည်းကောင်း, ရွှေသော ကိုယ်တော် အစိပ်တို့မှ ဝါရွှေသောပီတရောင်ခြည်တော်တို့သည် ထွက်ကြ လေကုန်၏၊ ထိုရောင်ခြည်တော်တို့၏ အစွမ်းအားဖြင့် ကောင်းကင် နှင့်တကွသော အရပ်မျက်နှာတို့သည် ရွှေရေအယဉ်တို့ဖြင့် သွန်းလောင်း ၍ ထားဘိသကဲ့သို့လည်းကောင်း, ရွှေမှုံ, ဝါသော ပန်းဝတ်မှုံ, မာလာ ကျိကျူမှုံတို့ကို အနှံ့အပြားကြဲဖြန့်ဘိသကဲ့သို့လည်းကောင်း, ရွှေပြား ဗိတာန် မျက်နှာကြက်ကို ဖြန့်ကြက်၍ထားဘိသကဲ့သို့လည်းကောင်း, မဟာလှေ ကားပန်း, စကားဝါပန်းတို့ကို အကုံးအခိုင်ပြုပြီးလျှင် ပန်းဗိတာန်မျက်နှာ ကြက်ကြီးဖြန့်လျက် မိုးကာဘိသကဲ့သို့လည်းကောင်း, ရွှေပြားယပ်ဝန်းကြီးဖြင့် တလွှဲလွှဲယပ်၍ နေဘိသကဲ့သို့လည်းကောင်း, ဂေါမုတ်ကျောက်, ဥဿဘယား ကျောက်မိုးတို့သည် ဖြိုးဖြိုးရွာသွန်းဘိ သကဲ့သို့လည်းကောင်း, ရွှေအဆင်းရှိသော ဖဲဝါ, ကတ္တီပါအထည် ကောင်းတို့ကို တလွှားလွှားဆန့်, ရွှေယမားဖြန့်၍ နေဘိ သကဲ့သို့လည်း ကောင်း, ကဉ္ဇနရွှေတောင်ကို နေရောင်ဟပ်၍ နေဘိသကဲ့သို့ လည်း ကောင်း, ဝါသော ဖန်မီးရှူးတို့၏ အတွင်းမှ တဝင်းဝင်း ထွန်းထားအပ် သော မီးဝါတို့ကဲ့သို့လည်းကောင်း, အလုံးစုံသော အရပ်ဆယ်မျက်နှာ တို့သည် ထိန်ဝါပြက်သန်းသော ရွှေလျှပ်ပန်းအရောင်တို့ကဲ့သို့ ထိန်ပြောင် ထွန်းညိကြလေကုန်၏။

ရွှေတောင်ပမာ-ရောင်ခြည်ဖြာ

ဆဗျာဒိ ပီတဌာနေဟိ၊ နိစ္ဆရေ ပီတ ရံသိယော။

ပီတာယန္တိ ဒိသာ သဗ္ဗာ၊ ဟေမာစလ သမာ တဒါ။

ဆဗျာဒိ ဆဝိအာဒိ ပီတဌာနေဟိ=အရေတော်အစရှိသော ရွှေကိုယ်တော် အလုံးတို့မှ၊ ပီတရံသိယော=ရွှေသောရောင်ခြည်တော် တို့သည်၊ နိစ္ဆရေ=ကွန့်မြူး ထွက်ကြွလေကုန်၏၊ တဒါ=ထိုအခါ၌၊ သဗ္ဗာဒိသာ=အလုံးစုံသော အရပ်ဆယ်မျက်နှာတို့သည်၊ ဟေမာစလ သမာ=ရွှေတောင်ကြီးတွေနှင့် တူကုန်သည်ဖြစ်၍၊ ပီတာယန္တိ=ဝါရွှေထိန် ဝင်းကြလေကုန်၏။

နီရပ်ဌာနီ-နီရောင်ခြည်

၃။ အသားတော် အသွေးတော်တို့မှလည်းကောင်း, နှုတ်ခမ်းတော် အစုံ, လက်ဖဝါးအစုံ, ခြေဖဝါးအစုံတို့မှလည်းကောင်း, ခြေသည်းတော်, လက်သည်းတော်တို့မှလည်းကောင်း, မျက်လုံးတော်၏ နီသောအရပ် လျှာအရပ်တို့မှလည်းကောင်း, နီသောကိုယ်တော်၏ အစိပ်အစိပ်တို့မှ နီသောလောဟိတ ရောင်ခြည်တော်တို့သည် ထွက်ကြွလေကုန်၏၊ ထိုရောင်ခြည်တော်တို့၏ အစွမ်းအားဖြင့် ကောင်းကင်နှင့်တကွသော အလုံးစုံသော အရပ်မျက်နှာတို့သည် ဟင်္သပြဒါးမှုန့်, ဆုန်းမှုန့်တို့ဖြင့် အနှံ့အပြား ကြဲမြှောက်အပ်ကုန်ဘိသကဲ့သို့လည်းကောင်း, ချိပ်ရေ, ပန်းရေတို့ဖြင့် ထက်ဝန်းကျင် ပက်ဖျန်းကုန်ဘိသကဲ့သို့လည်းကောင်း, နီသောကမ္ဗလာ, နီသောကတ္တီပါတို့ကို တလွှားလွှား ဖြန့်၍ခြုံရုံဘိသကဲ့သို့ လည်းကောင်း, တစ်ပြင်တည်း ပတ္တမြားအတိပြီးသော ဗိတာန်မျက်နှာ ကြက်ကို ကာမိုးဖြန့်ကြက်အပ်ကုန်ဘိသကဲ့သို့လည်းကောင်း, လယ်ခေါင် ရန်းပန်း, နှင်းဆီပန်း, ပဒုမ္မာကြာပန်းတို့ကို အကုံးအခိုင်ပြု၍ ပန်းဗိတာန် မျက်နှာကြက် ဖြန့်ကြက်မိုးကာ၍ ထားဘိသကဲ့သို့လည်းကောင်း, တွေးတွေးနီသော လောဟိတင်္ဂ ပတ္တမြားမိုးတို့သည် ဖြိုးဖြိုး ရွာသွန်း သကဲ့သို့လည်းကောင်း, ကမ္ဘာအနှံ့ ထက်ဝန်း ကျင် ပြန့်သော ပတ္တမြား ယပ်ဝန်းကြီးကို တလွှဲလွှဲတငြိမ့်ငြိမ့် တအိမ့်အိမ့် ယပ်၍ နေဘိသကဲ့သို့ လည်းကောင်း, တွေးတွေးနီမြန်းသော မီးရှူး, မီးပန်းတို့ကို အနှံ့အပြား ထွန်းညှိ၍ ထားကုန်ဘိသကဲ့သို့လည်းကောင်း, ပတ္တမြားတောင်ကြီးကို နေရောင် ကြောက်သည့်အလား ပတ္တမြားအရောင် ဝင်းပြောင်ယှက်သန်း နီမြန်းတောက် ထိန်ကြလေကုန်၏။

ပတ္တမြားနီပမာ-ရောင်ခြည်ဖြာ

မံသာဒိ ရတ္တဌာနေဟိ၊ နိစ္ဆရေ ရတ္တရံသိယော။

ရတ္တာယန္တိ ဒိသာ သဗ္ဗာ၊ လောဟိတင်္ဂ သမာ တဒါ။

မံသာဒိရတ္တဌာနေဟိ=အသားတော် အစရှိသော နီသောကိုယ် တော်အစိပ်တို့မှ၊ ရတ္တရံသိယော=နီသောရောင်ခြည်တော်တို့သည်၊ နိစ္ဆရေ=ကွန့်မြူး ထွက်ကြွကြလေကုန်၏၊ တဒါ=ထိုအခါ၌၊ သဗ္ဗာဒိသာ= အလုံးစုံသော အရပ်ဆယ်မျက်နှာတို့သည်၊ လောဟိတင်္ဂသမာ=စွတ်စွတ် စွေးစွေး နီထွေးရောင်ရှင် လောဟိတင်မည် ပတ္တမြားနီကဲ့သို့၊ ရတ္တာယန္တိ= နီနီမြန်းမြန်း ပတ်သန်းထွန်းတောက်ကြလေကုန်၏။

ဖြူရပ်ဌာနီ-ဖြူရောင်ခြည်

၄။ စွယ်တော်, သွားတော်တို့မှလည်းကောင်း, အရိုးတော်တို့မှလည်း ကောင်း, ဖြူသောမျက်ဝန်းတော်တို့မှလည်းကောင်း, ဥဏ္ဏလုံ မွေးရှင် တော်မှလည်းကောင်း, ဖြူသောကိုယ်တော်အစိပ်စိပ်တို့မှလည်းကောင်း ဖြူသောရောင်ခြည်တော်တို့သည် ထွက်ကြွလေကုန်၏၊ ထိုရောင်ခြည် တော်တို့၏ အစွမ်းအားဖြင့် ကောင်းကင်နှင့်တကွသော အလုံးစုံသော အရပ်မျက်နှာတို့သည် ငွေအိုး, ငွေခွက် တို့ဖြင့် ဖျန်းပက်သွန်းလောင်းအပ် ကုန်သော နို့ရေအယဉ်ကဲ့သို့လည်းကောင်း, ပုလဲ စိန်တို့ဖြင့် ခြယ်စီအပ် သော ငွေပြားဗိတာန်မျက်နှာကြက်ကို တစ်လောကလုံး ဖြန့်ကြက်၍ ထားဘိသကဲ့သို့လည်းကောင်း, ငွေပြား ယပ်, စိန်ယပ်, ပုလဲယပ်တို့ဖြင့် တလွှဲလွှဲခပ်အပ်ကုန်ဘိသကဲ့သို့လည်းကောင်း, ကုမုဒြာကြာဖြူပန်း, သင်းခွေပန်း, စံပယ်ကြက်ရုံးပန်း, မြတ်လေးဖြူပန်း, ဇွန်ပန်းတို့ကို အကုံးအခိုင်ပြုလုပ်၍ အရပ်မျက်နှာတို့၌ ဆွဲကာမိုးအုပ်၍ ထားကုန်ဘိ သကဲ့သို့လည်းကောင်း, ဘွဲ့ဖြူပုဆိုး ဖဲဖြူပုဆိုးများကို တလွှားလွှားဆန့် ငွေယမားဖြန့်ဘိသကဲ့သို့လည်းကောင်း, စိန်မိုး, ပုလဲမိုးတို့ဖြင့် ဖြိုးဖြိုးဝှန်ဝှန် ကောင်းကင်မှ စွေသွန်ဘိသကဲ့သို့လည်းကောင်း, ငွေဖြင့်ပြီးသော ပြာသာဒ်မှ တလျှပ်လျှပ်ထွန်းသော လရောင်ခြည်တို့ကဲ့သို့ လည်းကောင်း, ဖြူသော ဖလ်မှန်တို့အတွင်းမှ တလင်းလင်းထွက်သော ဓာတ်မီး ရောင်တို့ ကဲ့သို့လည်းကောင်း, ဥက္ကာရောင်မြူး နတ်မီးရှူးနှင့် သောက်ရှူးကြယ် ရောင် လျှပ်ပန်းရောင်တို့ကဲ့သို့လည်းကောင်း, ကေလာသငွေတောင်, စိန်သား တောင်တို့ကို နေရောင်ခြည် ကြောက်သည့်အလား ဆွထွားရွရွ ဖွေးဖြူထိန်ဝင်းကြလေကုန်၏။

စိန်သားပမာ-ရောင်ခြည်ဖြာ

ဒါဌာဒိသေတဌာနေဟိ၊ နိစ္ဆရေ သေတရံသိယော။

သေတာယန္တိ ဒိသာ သဗ္ဗာ၊ ဝဇီရသဒိသာ တဒါ။

ဒါဌာဒိသေတဌာနေဟိ=စွယ်တော်အစရှိသော ဖြူသောကိုယ် တော်အစိပ် တို့မှ၊ သေတရံသိယော=ဖြူသောရောင်ခြည်တော်တို့သည်၊ နိစ္ဆရေ=ကွန့်မြူးထွက်ကြွလေကုန်၏၊ တဒါ=ထိုအခါ၌၊ သဗ္ဗာဒိသာ= အလုံးစုံသော အရပ်ဆယ်မျက်နှာတို့သည်၊ ဝဇိရသဒိသာ=ဆွထွားဖွေးဖြူ စိန်သားနှင့်တူကြကုန်သည်ဖြစ်၍၊ သေတာယန္တိ=ဖွေးဖြူထိန်လင်းကြ လေကုန်၏။

ကြွင်းရပ်ဌာနီ-ကြွင်းရောင်ခြည်

၅။ ဆိုပြီးသည်မှ ကြွင်းသော ထိုထိုကိုယ်တော် အစိပ်အစိပ်တို့မှ နီမောင်းသော မဉ္ဇိဋ္ဌရောင်ခြည်တော်, ရောင်စုံပြိုးပြက်သော ပဘဿရ ရောင်ခြည်တော်တို့သည် ထွက်ကြွလေကုန်၏။

မဉ္ဇိဋ္ဌရောင်ခြည်တော် ဆိုသည်ကား နီနီမောင်းမောင်း မိုးကြိုး ရောင်, သပြေမှည့်ရောင်, တိန်းညက်နှစ်ရောင်, ခိုညိုရောင်ကဲ့သို့သော အရောင်မျိုးကို ဆိုသည်၊ ထိုမဉ္ဇိဋ္ဌရောင်ခြည်တော်၏ အစွမ်းအားဖြင့် ကောင်းကင်နှင့်တကွသော အလုံးစုံသော အရပ်မျက်နှာတို့သည် သပြေမည့်ရောင် အဆင်းရှိသော နီမောင်းသော ပတ္တမြားမိုးတို့သည် ဖြိုးဖြိုးရွာသွန်းကုန်ဘိသကဲ့သို့လည်းကောင်း, မိုးကြိုးဖြင့်ပြီးသော ယပ်ဝန်းကြီးကို တလွှဲလွှဲယပ်၍ နေဘိသကဲ့သို့လည်းကောင်း, ခိုညို ရောင်အဆင်းရှိသောပန်းတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်ဘိသကဲ့သို့လည်း ကောင်း, နီမောင်းသော ကမ္ဗလာ, နီမောင်းသောဓာတ်မီး အလျှံအဝါ တို့ဖြင့် တန်ဆာဆင်၍ ထားဘိသကဲ့သို့လည်းကောင်း ဖြစ်လေကုန်၏၊

သပြေသီးပမာ-ရောင်ခြည်ဖြာ

နိစ္ဆရန္တိ တတော တမှာ၊ မဉ္ဇိဋ္ဌရံသိယော တဒါ။

မဉ္ဇိဋ္ဌာယန္တိ ဒိသာ တာ၊ ဇမ္ဗုပက္ကဖလံ ယထာ။

တတော တမှာ=ထိုထိုကိုယ်တော် အစိပ်အစိပ်မှ၊ မဉ္ဇိဋ္ဌရံသိယော= နီမောင်းသော ရောင်ခြည်တော်တို့သည်၊ နိစ္ဆရန္တိ=ကွန့်မြူးထွက် ကြွကြလေကုန်၏၊ တဒါ=ထိုအခါ၌၊ တာဒိသာ=ထိုအရပ်ဆယ် မျက်နှာ တို့သည်၊ ဇမ္ဗုပက္ကဖလံ ယထာ=သပြေသီးမှည့်ရောင်ကဲ့သို့၊ မဉ္ဇိဋ္ဌာယန္တိ= နီမောင်းတောက်ပကြလေကုန်၏။

၆။ ပြိုးပြိုးပြက်သော ပဘဿရ ရောင်ခြည်ဆိုသည်မှာ အသွေး အရောင်မျိုး စုံပေါင်း၍ အရောင်ချင်း ကူးယှက်လျက် ပြိုးပြိုးပြက်ပြက် တလက်လက် တလျှမ်းလျှမ်း ပြိုးပြွမ်း၍နေသော အရောင်ကိုဆိုသည်၊ ကိုယ်တော်မှထွက်သော နီလ, ပီတစသောအရောင်ငါးထွေတို့သည် လျှံဝေရောယှက် တစ်ရောင်နှင့်တစ်ရောင် ကူးဆက်သောအခါ အသွေး အရောင်ပေါင်းများစွာ ထူးထွေပြန့်ပွါး၍ ဆန်းဆန်းပြားပြား ရောင်ခြည်စုံ ယှက်သန်း၍နေသည်ဟု ဆိုလိုသည်။

ထိုရောင်ခြည်တို့၏ အစွမ်းအားဖြင့် ကောင်းကင်နှင့်တကွသော အလုံးစုံသော အရပ်မျက်နှာတို့သည် ပတ္တမြား, မြ, စိန်, ဣန္ဒနီလာစသော ရတနာအမျိုးမျိုး တို့ဖြင့် ပြိုးပြိုးပြက် ခြယ်စီအပ်သော ရတနာမျက်နှာ ကြက်ကြီးကို ဖြန့်ကြက်ကာ မိုးအပ်ကုန်ဘိသကဲ့သို့လည်းကောင်း, အရောင်စုံထိန်ဝါသော ရတနာမိုးကြီးသည် ဖြိုးဖြိုးရွာသွန်းအပ်ကုန် ဘိသကဲ့သို့လည်းကောင်း, ဖြူ, နီ, စိမ်း, ပြာ, ရွှေ ဝါ, ညိုမောင်းသော ပန်းပေါင်းပန်းမျိုးစုံတို့ကို ထိုမှဤမှ ကြဲမြှောက်အပ်ကုန်ဘိသကဲ့သို့ လည်းကောင်း, အရောင်မျိုးစုံပါသော မီးပန်းတို့ကို ကောင်းကင်ကြီး အပြန့်ဝယ် အနှံ့ရှို့၍ လွှတ်အပ်ကုန်ဘိသကဲ့သို့လည်းကောင်း, အရောင် မျိုးစုံရှိသော ဖလ်မီး ရှူး, မှန်မီးရှူးတို့၏ အတွင်းမှာ ဓာတ်မီးပွင့်အလင်း တို့ကို တဝင်းဝင်းထွန်းညှိ အပ်ကုန်ဘိသကဲ့သို့လည်းကောင်း, ကျောက် မျိုးစုံခြယ်အပ်သော နဝရတ် ရွှေယမားကို လွှားကနဲ, လွှားကနဲ, ဖြန့်ဘိသကဲ့သို့လည်းကောင်း, ကြီးမားသော စို့သက်တံသည် ကောင်း ကင်ယံတစ်ခုလုံးကို လွှမ်းဖုံး၍ ပေါက်လာဘိသကဲ့သို့ လည်းကောင်း, ရတနာဆယ်ပါးဖြင့်ပြီးသော ယပ်ဝန်းကို တလွှဲလွှဲတသိမ့်သိမ့် တငြိမ့်ငြိမ့် ခပ်၍နေဘိသကဲ့သို့လည်းကောင်း, ကြက်လျှာပျံ အကွက်စုံ၍ အထွတ် အစွန်းများစွာရှိသော စိန်ဘုံ, စိန်တောင်ကို နေရောင်ခြည်ဟပ်သောအခါ တလျှပ် လျှပ်ထွက်သော အရောင်မျိုးစုံတို့ကဲ့သို့လည်းကောင်း, ပန်းမျိုးစုံ ပွင့်သော ပန်းဂနိုင်ကြီးအတွင်း ဓာတ်မီးအလင်းထိုး၍ပြသော ညဉ့်ကဲ့သို့ လည်းကောင်း, အလုံးစုံသောသတ္တဝါတို့၏ မျက်စိကို ရှုကြည့်မရဲ အရောင် မျိုးစုံ မခွဲနိုင်အောင် တောက်လောင်ဝိုးဝင်း ထိန်လင်းပြိုးပြက်ကြ လေကုန်၏။

မီးရှူးပမာ-ရောင်ခြည်ဖြာ

ပဘဿရာဟိ ရံသီဟိ၊ ပဘာယန္တိ ဒိသာ ခိလာ။

နာနာရတန ပုပ္ဖါဘာ၊ နာနာဒီပ ပဘာ ယထာ။

ပဘဿရာဟိ=အရောင်စုံထွက် ပြိုးပြိုးပြက်ကုန်သော၊ ရံသီဟိ= ရောင်ခြည် တော်တို့ဖြင့်၊ အခိလာ=အလုံးစုံကုန်သော၊ ဒိသာ=အရပ် မျက်နှာတို့သည်၊ နာနာရတနပုပ္ဖါဘာယထာ=အမျိုးမျိုးသော ရတနာ ရောင် အမျိုမျိုးသော ပန်းရောင်တို့ကဲ့သို့လည်းကောင်း၊ နာနာဒီပ ပဘာယထာ=အမျိုးမျိုးသော မီးရှူးရောင်တို့ကဲ့သို့လည်းကောင်း၊ ပဘာယန္တိ=ပြိုးပြိုးပြက်ပြက် ရောင်ယှက်ထိန်လင်းကြလေကုန်၏။

စဆုံးမမြင်-ရောင်ခြည်ဝင်။။ဤရောင်ခြည်တော်ခြောက်ပါး တို့သည်ကိုယ်တော်မှထွက်ကြွကုန်၍ ထက်အောက်ဖီလာ အရပ်ဆယ် မျက်နှာအလုံးသို့ အစအဆုံးမရှိအောင် ပျံ့နှံ့ကွန့်မြူးကြလေကုန်၏၊ ယခုထက်တိုင်အောင်ပင်သော်လည်း ချုပ်ဆုံးခြင်းမရှိသေးပဲ စကြဝဠာ အနန္တသို့ ပျံကြွကူးသန်းလျက်ပင် ရှိနေလေကုန်သေးသည်၊ အောက် အဖို့အားဖြင့် ကြွသွားသော ရောင်ခြည်တော်တို့သည် ဤမဟာပထဝီ မြေကြီး နှစ်လွှာကို စွဲငြိကြလေကုန်၏၊ ထိုအခါ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီမြေကြီးသည် ရွှေသား, ငွေသား, ပတ္တမြားတူညီ, ဝဇီရာစိန်, ဣန္ဒနီလာ, အစိုင် အခဲကြီးများကဲ့သို့ဖြစ်၍ ပြိုးပြိုးပြက် ထွန်းလင်းလေ၏၊ ထိုမှတစ်ဖန် မြေကြီးကိုဖောက်၍ အောက်ရေအပြင်ကို စွဲငြိလေ၏၊ ထိုအခါ ကမ္ဘာကို ခံသော လေးသိန်းရှစ်သောင်း အထုရှိသော ရေသည် နီ, ဖြူ, စိမ်း, ပြာ, ရွှေဝါတောက်ပြောင် အရောင်အမျိုးမျိုးရှိသော ရတနာရေအစိုင်ကြီး ဖြစ်လေ၏၊ ထိုမှတစ်ဖန် ရေကိုဖောက်ထွင်း၍ အောက်လေအပြင်ကို စွဲငြိလေကုန်၏၊ ထိုအခါ ကမ္ဘာကို ခံသော ကိုးသိန်းခြောက်သောင်း အထုရှိသော လေပြင်ကြီးသည် တစ်ခဲနက် ရတနာအတိပြီးသော လေစိုင်, လေထုကြီးသာဖြစ်လေ၏၊ ထိုမှတစ်ဖန် လေအပြင်ကို ဖောက်ထွင်း၍ အောက်အဇဋာကာသ အနန္တကောင်းကင် ပြင်ကြီးသို့ ပြေးဝင်ကြလေကုန်၏၊ ထိုအခါ အောက်အဇဋာကာသ ကောင်းကင်ကြီး တပြင်လုံးသည် အရောင်မျိုးစုံရှိသော မီးရှူး, မီးပန်းတို့ကို အနှံ့အပြား ထွန်းညှိ၍ထားဘိ သကဲ့သို့ဖြစ်လေ၏၊ အလင်းနှင့် မဆက်ဆံ ဖူးသော ထိုအောက်ကောင်းကင်ကြီး အတွင်းမှာ အရောင်အလင်းကြီး ဖြစ်ပေါ်လေ၏။

အထက်တစ်ခွင်-ပျံ့နှံ့ဝင်။။အထက်အဖို့အားဖြင့် ပျံတက်ကြ လေကုန်သော ရောင်ခြည်တော်တို့သည် မြေကြီးနှင့် နတ်ပြည်, ဗြဟ္မာပြည် အကြားတွင်တည်ရှိသော ကောင်းကင်အပြင်ကို စွဲငြိ၍ စတုမဟာရာဇ် ဘုံမှစ၍ နေဝသညာနာသညာယတနဘုံတိုင်အောင် အဆင့်ဆင့် တက်ကြွပျံ့နှံ့၍ စွဲငြိလေကုန်၏၊ ထိုမှတစ်ဖန် အထက်ဖြစ်သော အဇဋာကာသ ကောင်းကင် ကြီးကို ပျံ့နှံ့၍တက်လေကုန်၏၊ ဖီလာ အားဖြင့်မူကား အနန္တအဆုံးမရှိသော စကြဝဠာတိုက်တို့သို့ ဤဇမ္ဗူဒီပါ ကျွန်းကို မဏ္ဍိုင်ပြု၍ အဝန်းအဝိုင်းအားဖြင့် အတိုင်းမသိ ပျံ့နှံ့ကြလေ ကုန်၏၊ မှောင်မိုက်သော ညဉ့်အခါ နေရာတစ်ခုကတည်၍ ဓာတ်မီး အလင်းကို ထွန်းညှိလိုက်လျှင် အရပ်ဆယ်မျက်နှာသို့ ပျံ့နှံ့၍ လင်းဘိ သကဲ့သို့ မြတ်စွာဘုရားတည်းဟူသော ရွှေတန်ဆောင်တိုင်ကြီးမှ ထွက်ကွန့်သော ရောင်ခြည်တော်တို့သည် အရပ်ဆယ်မျက်နှာ စကြဝဠာ အနန္တသို့တိုင်အောင် ပျံ့နှံ့ကြလေကုန်၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် လောက၏ တန်ဆောင်တိုင်ကြီး ဓာတ်မီးသဖွယ်ဖြစ်တော်မူ၏၊ နေ, လ, အသင်္ချေ တို့ထက်လွန်ကဲသော နေမင်း, လမင်းကြီးဖြစ်တော်မူ၏၊ ကိုယ်တော်ရောင်အလင်း, ဉာဏ်တော် ရောင်အလင်းကို ပေးတော်မူ တတ်သော အလင်းမဏ္ဍိုင်ကြီးလည်း ဖြစ်တော်မူပေ၏၊ မြတ်စွာဘုရား၏ ရောင်ခြည်တော်ပျံ့နှံ့ရာဌာန ဟူသမျှတို့မှာ နေ, လ, နက္ခတ်, တာရာတို့၏ အရောင်အဝါတို့သည် ရောင်ခြည်တော်ကိုလွန်၍ ထွန်းလင်းခြင်းငှါ မတတ်နိုင်ကြကုန်၊ နတ်တို့၏ ကိုယ်ရောင်, တန်ဆာရောင်, ဗိမာန်ရောင်, ရေကန်, ဥယျာဉ်, ပဒေသာပင်တို့၏ အရောင်တို့သည်လည်း မထွန်း ကားနိုင်ကုန်၊ မြေ၌တည်သော ရတနာ, ရေ၌တည်သောရတနာ, ကောင်း ကင်၌ တည်သောရတနာတို့၏ အရောင်တို့သည်လည်း ထွန်းပြောင် ထိန်လင်းခြင်းငှါ မတတ်နိုင်ကြကုန်၊ စကြဝဠာကုဋေ တစ်သိန်းကို မိမိကိုယ်တော်ရောင်ဖြင့် ထွန်းပြောင် ထိန်လင်းစေနိုင်သော တိသဟဿီ မဟာသဟဿီ ဗြဟ္မာကြီး၏ ကိုယ်ရောင်ပင်သော်လည်း နေထွက်သော အခါ ပိုးစုန်းကြူး၏အရောင်ကဲ့သို့ ဖြစ်လေ၏၊ မြတ်စွာဘုရား၏ အနန္တ ရောင်ခြည်တော်သည် ဤမျှလောက် ကြီးကျယ်မြင့်မြတ်စွာ တောက် လောင်စေနိုင်သည်၊ မြတ်စွာဘုရား၏ ခြေတော်စုံမှထွက်သော ရောင်ခြည်တော်တည်းဟူသော ရေထဲ၌ အတိုင်းမသိသော ဗြဟ္မာကြီး တို့၏ ဥသျှောင်မကိုဋ်တို့သည် မြတ်စွာဘုရား၏ ဘုန်းကျက်သရေ တည်းဟူသော သိရီလေတိုက်တိုင်း ခုန်စိုင်းမျောပါး၍ နေကြရကုန်၏၊

နေမင်းအသွင်-ပမာယှဉ်

(က) အနန္တ လောကဓာတူသု၊ လောကေကုက္ကာဝ ဒိဗ္ဗတိ။

နာနာရံသိံ နန္တာဘာယ၊ ဘိဘုယျသော မဟာရဝိ။

(ခ) ပါဒ ဒွန္တ နိက္ခန္တီသု၊ ရံသိ ဝါရီသု ဝုယှရေ။

ဇိနဿ သိရီဝါတေန၊ ပဟတာ ဗြဟ္မမောဠိယော။

(က) မဟာရဝိ=ပြိုင်ဖက်မပြူ တစ်ဆူထိန်လင်း ရှင်နေမင်းကြီး ဖြစ်တော်မူသော၊ သော=ထိုမြတ်စွာဘုရားသည်၊ အနန္တလောက ဓာတူသု= အဆုံးမရှိသော လောကဓာတ်တိုက်အပေါင်းတို့၌၊ နာနာရံသိံ=နတ်, ဗြဟ္မာရောင်, ရတနာရောင် စသောအရောင်မျိုးမျိုးကို၊ အနန္တာ ဘာယ= ကိုယ်တော်မြတ်၏ အနန္တရောင်ခြည်တော်ဖြင့်၊ အဘိဘုယျ= နှိပ်စက် လွှမ်းမိုးတော်မူ၍၊ လောကေကုက္ကာဝ=လောကအတွင်း တုကင်းဖက်ပြိုင် ဓာတ်မီးတိုင်ကြီးကဲ့သို့၊ ဒိဗ္ဗတိ=ထွန်းလင်းတောက်ပတော်မူ၏။

(ခ) ဇိနဿ=မြတ်စွာဘုရား၏၊ သိရီဝါတေန=ဘုန်းကျက်သရေ တည်း ဟူသော လေမုန်တိုင်းဖြင့်၊ ပဟတာ=တိုက်ခပ်အပ်ကုန်သည်ဖြစ်၍၊ ဗြဟ္မ မောဠိယော=ဗြဟ္မာမင်းကြီးတို့၏ မကိုဋ်ဥသျှောင်တို့သည်၊ ပါဒ ဒွန္တနိက္ခန္တီသု=ခြေတော်အစုံမှ ထွက်ကြွလေကုန်သော၊ ရံသိဝါရီသု= ရောင်ခြည်တော်တည်းဟူသော ရေယဉ်ကြီးတို့၌၊ ဝုယှရေ=နစ်မျော၍ နေကြလေကုန်၏။

---*---

အနန္တစကြဝဠာတိုက်သို့ ပျံ့နှံ့သော ရောင်ခြည်တော်

ပြဆိုအပ်ကုန်ပြီးသော ရောင်ခြည်တော်တို့သည် အဆုံးအစ မရှိသော အနန္တစကြဝဠာတိုက်တို့သို့ ကာလအဆုံးအစမရှိအောင် ကြွမြန်း ထွန်းလင်းတော်မူကြကုန်၏၊ ယခုအခါလည်း ပျံ့နှံ့ထွန်းပဆဲ, နောင်အခါ ကာလတို့တိုင် အောင်ပင်သော်လည်း ထိုရောင်ခြည်တော်တို့သည် ထွန်းတောက်ပကြကုန်လတ္တံ့၊ ဤသို့အဆုံးအစမရှိအောင် ထွန်းလင်း သော ရောင်ခြည်တော်ကို အနန္တပ္ပဘာ ရောင်ခြည်တော်ဆိုသည်။ ဘုရားရှင်မြတ်၊ ဦးခေါင်းဓာတ်၌၊ ပေါင်းလတ်စုဝေး၊ ရောင်ခြည်သွေး၊ မှတ်ရေး ကေတုမာလ်

၅။ ကေတုမာလာ ကေတုမာလာ ရောင်လျှံတော်ဆိုသည်ကား-ကိုယ်တော် မြတ်၏ ဦးခေါင်းတော်အထက်၌ စုဝေး၍နေသော ရောင်ခြည်တော်ကို ဆိုသည်၊ မြတ်စွာ ဘုရား၏ ဆံတော်တို့သည် အထက်သို့အဖျားမော်လျက် လကျ်ာရစ်လည်၍ ပေါက်ကြကုန်၏၊ အနော်မာသောင်စွယ်တွင် ဆံတော်ကိုပယ်တော်မူသောအခါ လက်နှစ်သစ်မျှကျန်ရှိသော ဆံတော် တို့သည် အထက်သို့လကျ်ာရစ်လည်ပြီးလျှင် ဦးခေါင်းတော် ဗဟိုတည့် တည့်၌ စုံ့စုံ့ချွန်ကာ စုဝေး၍တည်ကြကုန်၏၊ ဆံတော်စေတီကဲ့သို့ ဖြစ်၍နေသည်၊ ထိုဆံတော်အစုမှထွက်သော နီလရောင်ခြည်တော်တို့ သည် ထိုဆံတော်စေတီကို ဝန်းရံစုဝေးပြီးလျှင် နီလာစေတီ, မြစေတီကဲ့သို့ တည်ကြကုန်၏၊ ဆံတော်မှတစ်ပါး ဦးခေါင်းတော်အစိပ်အစိပ်တို့မှ ထွက်ကြွကုန်သော ရောင်ခြည်တော်ခြောက်သွယ်တို့သည်လည်း ထိုနီလာ စေတီ, မြစေတီကဲ့သို့သော ရောင်ခြည်တော်အစုကို ဝန်းရံကြကုန်ပြီးလျှင် ရွှေစေတီ, ပတ္တမြား စေတီ, စိန်စေတီတို့ကဲ့သို့ စုဝေးထွတ်ချွန်၍ တည်ကြ ကုန်၏၊ ထိုရောင်ခြည်တော်ကို ကေတုမာလာ ရောင်လျှံတော်ဆိုသည်။

[ရောင်ခြည်တော် မကိုဋ်ပန်းဟူ၍ အဓိပ္ပါယ်ဆိုလိုသည်၊ ရောင်ခြည်တော် မကိုဋ်ပန်း ဟုဆိုအပ်သော ကေတုမာလာရောင်လျှံတော်သည်လည်း ကိုယ်တော် မြတ်၏ ဦးခေါင်းတော်၌ ဘုရားကျက်သရေကိုဆောင်လျက် အစဉ်မပြတ် တည်နေတော်မူသည်။]

ရတနာစေတီ-မကိုဋ်ပန်းကုံးချီ

နာနာ ရတနထူပါဝ၊ သီသောပရိ ဘိသဉ္စိတာ။

သောဘန္တိ ကေတုမာလာ ဘာ၊ ပဘာမောဠိသုဓာရိနော။

ပဘာမောဠိသုဓာရိနော=ရောင်ခြည်တော်မကိုဋ်ကို ဆောင်းစိုက်တော် မူသော မြတ်စွာဘုရား၏၊ သီသောပရိ=ဦးခေါင်းတော် အထက်၌၊ အဘိသဉ္စိတာ=အထူးသဖြင့် စုဝေး၍တည်ကြကုန်သော၊ ကေတု မာလာဘာ=ကေတုမာလာ ရောင်လျှံတော်ဟုဆိုအပ်သော ရောင်ခြည် တော် မကိုဋ်ပန်းတို့သည်၊ နာနာရတနထူပါဝ=အမျိုးမျိုးသော ရတနာ စေတီတို့ကဲ့သို့၊ သောဘန္တိ=တင့်တယ်တော်မူကြကုန်၏။

မျက်မှောင်တော်များ၊ နှစ်ဖက်ကြား၌၊ ပေါက်ပွါး ကွန့်မြူး၊ ထွက်မြူး ဖြူစင်၊ စိန်ကြယ်သွင်၊ ဆန်းလွင် ဥဏ္ဏလုံ။

၆။ ဥဏ္ဏာပဘာ ဆိုသည်ကား ဥဏ္ဏလုံ မွေးရှင်တော်မှထွက်သော ရောင်ခြည်တော် အထူးပေတည်း။

[ဥဏ္ဏလုံ မွေးရှင်တော်အကြောင်းကို လက္ခဏာတော်ကြီး ၃၂-ပါးတွင် ထင်ရှားစွာ ပြဆိုခဲ့ပြီ။။]

ထိုဥဏ္ဏလုံ မွေးရှင်သည် ဖြူစင်သော အဆင်းရှိသည်ဖြစ်၍ ထိုမှထွက်သော ရောင်ခြည်တော်သည်လည်း စိန်သားကဲ့သို့ ဆွထွားဖြူစင် လေ၏၊ မြတ်စွာဘုရား၏ မျက်နှာတော်ကို မော်၍ဖူးမြင်ကြသောအခါ ကောင်းကင်ပြင်မှာ သောက်ရှူးကြယ် ထင်ရှားဘိသကဲ့သို့ မျက်မှောင် တော်နှစ်ခုအကြား၌တည်သော ဥဏ္ဏလုံမွေးရှင်၏ ရောင်ခြည်တော်ကို ရှုမြင်ကြကုန်၏၊ ထိုရောင်ခြည်တော်ဖြင့် ဖူးမြော်ကြကုန်သော သူတို့၏ စိတ်သည် တင်းတိမ်ရောင့်ရဲခြင်း မရှိနိုင်ပဲ စွဲလမ်းသော သဒ္ဓါတရားဖြင့် ကိုယ်တော်၏အပါးမှ ဖယ်ခွာ၍ မသွားနိုင်အောင် ရှိကြရကုန်၏။

ရတနာစိန်သဖွယ်-သောကြာကြယ်

ဥဏ္ဏာ လောမိက နာထဿ၊ ဥဏ္ဏာယ ဘမုကန္တရေ။

ဝဇိရာဝိယ သောဘန္တိ၊ နိက္ခန္တိယော သုပဏ္ဍရာ။

ဥဏ္ဏာ လောမိက နာထဿ=ဥဏ္ဏလုံ မွေးရှင်ရှိတော်မူသော မြတ်စွာဘုရား၏၊ ဘမုကန္တရေ=မျက်မှောင်တော် နှစ်ဖက်အကြား၌၊ သဉ္ဇာတာယ= ကောင်းစွာပေါက်ပွား၍နေသော၊ ဥဏ္ဏာယ=ဥဏ္ဏလုံ မွေးရှင်တော်မြတ်မှ၊ နိက္ခန္တိယော=ကွန့်မြူးထွက်ကြွလေကုန်သော၊ သုပဏ္ဍရာ=ကောင်းစွာဖြူစင်သော ရောင်ခြည်တော်တို့သည်၊ ဝဇိရာ ဝိယ=စိန်၏သဖွယ် သောက်ရှူးကြယ်တို့ကဲ့သို့၊ သောဘန္တိ=ရှုမအားအောင် ဆန်းပြားတင့်တယ်ကြကုန်၏။

ပုလဲစိန်တူ၊ စွယ်လေးဆူမှ၊ ထွက်ကြွ ရောင်ရှိန်၊ ထွန်းတောက်ချိန်၊ ဓာတ်အိမ် မီး, ပမာ။

၇။ ဒါဌာပဘာ ဆိုသည်မှာ စွယ်တော်လေးဆူမှထွက်သော ရောင်ခြည်တော်ပေတည်း၊ ပုလဲ, စိန်နှင့်တူသော မြတ်စွာဘုရား၏ သွားတော်, စွယ်တော်များသည် ပတ္တမြားကြုတ်နှင့်တူသော နှုတ်ခမ်းဖြင့် လုံခြုံစွာဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့် အလွန်ကျစ်လစ်စွာရှိ၏၊ စွယ်တော်ကိုမြင်ရခဲ၏၊ တစ်ရံတစ်ခါ ရှေးအကြောင်း အတ္ထုပ္ပတ္တိကိုဖော်၍ တရားထူးဟောတော်မူအံ့သောငှါ ညင်းညင်း ပြုံးရယ်တော်မူ၏၊ ထိုအခါ စဉ်းငယ်မျှ စွယ်တော်မြတ် ပေါ်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်မှ လျှပ်ပြက်သကဲ့သို့လည်းကောင်း, တစ်မျက်နှာတွင်သာ မှန်ဘီလူး တပ်သော ဓာတ်မီးအိမ်ကို ဖွင့်၍ဝင့်လိုက်သော ဓာတ်မီးရောင်ကဲ့သို့လည်း ကောင်း, ဖြူစင်သောရောင်ခြည်တော်တို့သည် ဘွားကနဲ, ဝင်းကနဲ ထွက်ကြလေကုန်၏။

[ထိုစွယ်တော်ရောင်ကိုမြင်သဖြင့် အရှင်အာနန္ဒာသည် နေရာခင်း၍ ပြုံးတော်မူခြင်း၏ အကြောင်းကို လျှောက်ထားမြဲ ဖြစ်လေသည်။]

လျှပ်ပန်းနွယ်-ဥက္ကာကြယ်

မန္ဒဟာသေန နာထဿ၊ ဒါဌာဟိ သေတရံသိယော။

ဝိဇ္ဇုမာလီဝ နိက္ခန္တီ၊ နဘေ ဥက္ကာဝ ဇောတရေ။

နာထဿ=မြတ်စွာဘုရား၏၊ မန္ဒဟာသေန=ညင်းညင်းသာသာ ပြုံးတော်မူခြင်းကြောင့်၊ ဒါဌာဟိ=စွယ်တော်လေးဆူတို့မှ၊ နိက္ခန္တီ= ကွန့်မြူးထွက်ကြွလေကုန်သော၊ သေတရံသိယော=ဖြူသော ရောင်ခြည် တော်တို့သည်၊ နဘေ=ကောင်းကင်၌၊ ဝိဇ္ဇုမာလီဝ=လျှပ်ပန်း, လျှပ်နွယ်တို့ ကဲ့သို့လည်းကောင်း၊ ဥက္ကာဝ=ပျံသန်းထွက်လာ ကြယ်ဥက္ကာတို့ကဲ့သို့ လည်းကောင်း၊ ဇောတရေ=ထွန်းလင်း တောက်ပကြလေကုန်၏။

[သွားတော်တို့မှ ထွက်သော ဒန္တပ္ပဘာကိုလည်း ဤဒါဌာပဘာ၌သာလျှင် သွင်း၍ ရေတွက်အပ်၏၊]

ဤသို့လျှင် လက္ခဏာတော်ကြီး ၃၂-ပါး အသီတာနုဗျဉ္ဇန ဟုဆိုအပ်သော လက္ခဏာတော်ရှစ်ဆယ်, အင်္ဂိရသရောင်ခြည်တော်, ဗျာမပ္ပဘာရောင်ခြည်တော်, အသီတိပ္ပဘာရောင်ခြည်တော်, အနန္တပ္ပဘာ ရောင်ခြည်တော်, ကေတုမာလာ ရောင်လျှံတော်, ဥဏ္ဏလုံရောင်ခြည် တော်, စွယ်တော်ရောင်ခြည်တော် တည်းဟူသော ကျက်သရေဘုန်း တော်တို့ဖြင့် မြတ်စွာဘုရား၏ ကိုယ်တော်မြတ်ကြီးသည် ကျက်သရေ, အခဲအစိုင်, ကျက်သရေ မဏ္ဍိုင်ကြီးဖြစ်တော်မူ၍ နတ်, လူတို့၏ မျက်စိ အရသာကို ဆောင်လျက် ဖူးမြော်ကြရကုန်သော သတ္တဝါတို့၏ သဒ္ဓါတရား ပြဋ္ဌာန်းသော ကုသိုလ်ပန်းတို့ကို ပွင့်လန်းတော်မူစေလျက် တင့်တယ်တော်မူ၏။

---*---

ခြေဖဝါးတော်ရှိ စက်လက္ခဏာတော်များ

မြတ်စွာဘုရား ကိုယ်တော်မြတ် အလုံး၌ရှိသော ကျက်သရေ တော်များကို မဆိုထားဘိ ခြေဖဝါးတော်အပြင်၌ အကန့်အကွက် အားဖြင့် ထင်သော စက်လက္ခဏာတော်ပေါင်း ၁၀၈-ကွက်တို့၏ ကျက်သရေ တော်များကိုပင် အနန္တလောကဓာတ်၌ ရှိရှိသမျှသော ကျက်သရေ အမျိုးမျိုးတို့နှင့် နှိုင်းပြိုင်၍ မတုပနိုင်သည်သာဖြစ်၏၊ လူ့ပြည် လောကတွင် အထွတ်တင်ထားရသော စကြဝတေးမင်းသည်လည်း မြတ်စွာဘုရား၏ ခြေဖဝါးတော်မြတ်၌ ဓာတ်ရိုက်ဘိသကဲ့သို့ ရုပ်ပုံ ထင်ရလေ၏၊ ဟိမဝန္တာ, မြင့်မိုရ် ထိုထိုနေ, လတို့နှင့်တကွ နက္ခတ်, တာရာ ကမ္ဘာလောကတို့သည်လည်း မြတ်စွာဘုရား၏ ခြေဖဝါးတော်၌ ရုပ်ပုံ အားဖြင့် ထင်ရှားဖြစ်ပေါ်ရလေ၏၊ နတ်ပြည်, ဗြဟ္မာပြည်တို့သည် လည်း မြတ်စွာဘုရား၏ ခြေဖဝါးတော်မြတ်၌ ကပ်၍ထင်ပေါ်ရလေ၏၊ မြတ်စွာဘုရား၏ ခြေဖဝါးတော်အစုံသည် နတ်ပြည်, ဗြဟ္မာပြည်နှင့် တကွသော လောကကြီး၏ထင်ရာ ရတနာရုပ်စုံ ဓာတ်မှန်ကြီး သဖွယ် ဖြစ်၏၊ လောက၌ အမွန်အမြတ်ထား၍ သမုတ်အပ်သော နေ, လ, တာရာ, နတ်, ဗြဟ္မာနှင့် စကြာမင်းတို့၏ ရုပ်ပုံများသည် ခြေဖဝါး တော်၌ ထင်လာရခြင်းအားဖြင့် လောကသုံးဆိုင် ဘုံခရိုင်၌ တုပြိုင်ဝံ့သူ ဖက်မပြူပဲ တစ်ဆူတစ်ပါးတည်း အမြတ်ဆုံး၏အဖြစ်, တစ်လောကလုံး၏ ဦးခိုက် ဝပ်တွားကြရာ မဟာဝိသေသ ပုဂ္ဂလအစစ် ဖြစ်ကြီးဖြစ်ကြောင်းသည် ကောင်းစွာ ထင်ရှားပေ၏။

ထိုမြတ်စွာဘုရား၏ ခြေဖဝါးတော်မြတ်သည် ပတ္တမြားအပြင်ကဲ့သို့ တွေးတွေးနီမြန်း၏၊ ထိုဖဝါးတော်အပြင်၌ စကြာမင်းတို့၏ ပုံတောင်း ရတနာ စကြာသဏ္ဌာန်ကဲ့သို့ ရတနာခုနစ်ပါးရောင်ဖြင့် ပြောင်ပြောင် တောက်ပသော တစ်ထောင်သောအကန့်, ရွှေအဆင်းရှိသော စက်၏ အနားကွပ်, ဣန္ဒနီလာ မြသားအဆင်းရှိသော ပုံတောင်းနှင့်ပြည့်စုံသော စက်လက္ခဏာကြီးသည် ထင်ထင်ရှားရှား ဖြစ်ပေါ်တည်ရှိ၏။

[ထိုပြင်တစ်ပါး-တစ်ရာ့ရှစ်ပါးသော လက္ခဏာအရေးအသားတို့လည်း ထင်ကုန်၏၊ ထိုတစ်ရာ့ရှစ်ကွက် စက်လက္ခဏာ အရေးအသားတို့ကို ဆိုလတ္တံ့သောအတိုင်း သိမှတ်ရာ၏]

တစ်ရာ့ရှစ်ကွက်-စက်လက္ခဏာ

၁-သတ္တိ=လှံမပုံ၊ ၂-သိရီဝစ္ဆ=ကျက်သရေတိုက်ပုံ၊ (အိမ်မွန်လည်း ခေါ်၏) ၃-နန္ဒိယာဝဋ္ဋ=ဇလပ်ပွင့်ပုံ၊ ၄-သောဝတ္တိက=လည်ရေးသုံးဆင့်ပုံ၊ ၅-ဝဋံသက= ဦးဆောက်ပန်းပွင့်ပုံ၊ ၆-ဝဍ္ဎုမာန=ထမင်းပွဲပုံ၊ ၇-ဘဒ္ဒပီဌ= ရွှေအင်းပျဉ် ရွှေသလွန်ပုံ၊ ၈- အင်္ကုသ=ရွှေချွန်းတောင်းပုံ၊ ၉-ပါသာဒ= ရွှေပြာသာဒ်ပုံ၊ ၁၀-တောရဏ=ရွှေတုရိုဏ်တိုင်ပုံ၊ (မြို့တံခါးမုခ်၌ အဆန်းတကြယ် စိုက်ထားအပ်သောတိုင်ကို တုရိုဏ်တိုင်ခေါ်သည်။) ၁၁- သေတစ္ဆတ္တ=ထီးဖြူပုံ၊ ၁၂-ခဂ္ဂ=သန်လျက်ပုံ၊ ၁၃-တာလဝဏ္ဋ=ထန်းရွက် ယပ်ဝန်းပုံ၊ ၁၄-မယူရဟတ္ထ=ဥဒေါင်းမြီးစည်း ယပ်ပုံ၊ ၁၅- စာမရီ=သားမြီး ယပ်ပုံ၊ ၁၆-ဥဏှီသ=ရွှေသင်းကျစ်ပုံ၊ ၁၇-ပတ္တ=မြသပိတ်ပုံ၊ ၁၈- မဏိ=ပတ္တမြားရတနာပုံ၊ ၁၉-သုမနဒါမ=မုလေးပန်းကုံးပုံ၊ ၂၀-နီလုပ္ပလ= ကြာညိုပန်းပုံ၊ ၂၁-ရတ္တုပ္ပလ=ကြာနီပန်းပုံ၊ ၂၂- သေတုပ္ပလ=ကြာဖြူပန်းပုံ၊ ၂၃-ပဒုမ=ပဒုမ္မာကြာနီပန်းပုံ၊ ၂၄-ပုဏ္ဍရိက=ပုဏ္ဍရိက်ကြာပန်းပုံ၊ (ကြာမျိုးငါးပါးတည်း။) ၂၅-ပုဏ္ဏဃဋ=ရေပြည့်အိုးပုံ၊ ၂၆-ပုဏ္ဏပါတိ= ရေပြည့်ဖလားပုံ၊ ၂၇-သမုဒ္ဒ=သမုဒ္ဒရာလေးစင်းပုံ၊ ၂၈-စက္ကဝါဠ= စကြဝဠာတောင်ပုံ၊ ၂၉-မေရု= မြင့်မိုရ်တောင်ပုံ၊ ၃၀-သူရိယမဏ္ဍလ= နေစက်ဝန်းပုံ၊ ၃၁- စန္ဒ မဏ္ဍလ=လစက်ဝန်းပုံ၊ ၃၂- နက္ခတ္တ=နက္ခတ် (၂၇) လုံးပုံ၊ (၃၃-၃၄-၃၅-၃၆) စတုမဟာဒီပ=အခြံအရံနှင့်တကွသော ကျွန်းကြီးလေးကျွန်းပုံ၊ (ကျွန်းကြီး လေးကျွန်းကို အသီးအသီးယူ) ၃၇- စက္ကဝတ္တီ=ရတနာ ၇-ပါးနှင့်တကွသော စကြဝတေး မင်းရုပ်ပုံ၊ ၃၈- ဒက္ခိဏာဝဋ္ဋသင်္ခ=လကျ်ာရစ်ခရုသင်းပုံ၊ ၃၉-သုဝဏ္ဏ မစ္ဆ ယုဂလ= ရွှေငါးကြင်းအစုံရုပ်ပုံ၊ ၄၀-စက္ကာဝုဓ=လက်နက်စကြာပုံ၊ သတ္တ မဟာဂင်္ဂါ= သီဒါမြစ်ကြီး ၇-စင်းပုံ၊ သတ္တကူလ ပဗ္ဗတ=သတ္တရဗ္ဘန်တောင်စဉ် ၇-ထပ်ပုံ၊ သတ္တ မဟာသရ=အနောတတ်စသော အိုင်ကြီး ၇-အိုင်ပုံ။

(ဤ၌ ၇-ခု ၃-လီ ၂၁-ဖြစ်၍ ယခင် ၄၀-နှင့်ပေါင်းလျှင် ၆၁-ဖြစ်၏၊)

၆၂- သုပဏ္ဏ ရာဇ=ဂဠုန်ငှက်မင်းပုံ၊ ၆၃- သံသုမာရ= မိကျောင်း မင်းပုံ၊ ၆၄- ဓဇ ပဋာက=တံခွန်, ကုက္ကား, မုလေးပွါးပုံ၊ ၆၅-သုဝဏ္ဏ သိဝိကာ=ရွှေသံလျင်းပုံ၊ ၆၆-သုဝဏ္ဏဝါဠဗီဇနီ=ရွှေဖြင့်ပြီးသော သားမြီးယပ်ပုံ၊ ၆၇- ကေလာသ ပဗ္ဗတ=ကေလာသငွေတောင်ကြီးပုံ၊ ၆၈- သီဟရာဇ=ကေသရီ ခြင်္သေ့မင်းပုံ၊ ၆၉-ဗျဂ္ဃရာဇ=ကျားမင်းပုံ၊ ၇၀- ဝလာဟက အဿရာဇ=ဝလာဟကမြင်းပျံပုံ၊ ၇၁-ဥပေါသထ ဆဒ္ဒန္တ နာဂရာဇ=ဥပေါသထဆင်မင်းပုံ၊ ၇၂- ဗာသုကီ နာဂရာဇ=ဗာသုကီ နဂါးမင်းပုံ၊ ၇၃- ဟံသရာဇ=ရွှေဟင်္သာမင်းပုံ၊ ၇၄- ဥသဘ ရာဇ=နွားလား ဥသဘပုံ၊ ၇၅-ဧရာဝဏ=ဦးခေါင်း၊ ၃၃-လုံးရှိသော ဧရာဝဏ်ဆင်မင်း, ဆဒ္ဒန်ဆင်မင်းပုံ၊ ၇၆-သုဝဏ္ဏ မကရ=ရွှေမကန်းရုပ်ပုံ၊ ၇၇-စတုမုခ= မျက်နှာ လေးမျိုးပုံ၊ (လေးကျွန်းသားတို့၏ မျက်နှာလေးမျိုးပုံ ဆိုလိုသည်၊ တစ်နည်းအားဖြင့် စတုရာနန=ဗြဟ္မာဟူ၍ အဘိဓာန်တို့၌ ဗြဟ္မာ၏ ပရိယာယ်ကိုပြရာတွင် ဗြဟ္မာ သည် မျက်နှာလေးခုရှိ၏ဆိုသဖြင့် ၁၀၈- ကွက် စက်လက္ခဏာတွင်ပါရှိသော မျက် နှာလေးပါးသည် ဗြဟ္မာမင်း၏ ဦးခေါင်းပုံဟူ၍လည်း ဆရာတို့ဆိုကြကုန်၏၊) ၇၈-သုဝဏ္ဏ နာဝါ= ရွှေလှေယဉ်ပုံ၊ ၇၉- သဝစ္ဆရဓေနု=သားငယ်နှင့် တကွသော နွားမပုံ၊ ၈၀- ကိံ ပုရိသ=ကိန္နရာဖိုရုပ်ပုံ၊ ၈၁-ကိံ ပုရိသီ=ကိန္နရီမ ရုပ်ပုံ၊ ၈၂- ကရဝိက= ကရဝိက်ငှက်မင်းပုံ၊ ၈၃-မယူရ ရာဇ=ရွှေဥဒေါင်းမင်းပုံ၊ ၈၄- ကောဉ္စရာဇ= ကြိုးကြာငှက်မင်းပုံ။ ၈၅-စက္ကဝက္ကရာဇ၊ စက္ကဝက်ငှက်မင်းပုံ၊ ၈၆-ဇီဝ ဇီဝကရာဇ= ဇီဝဇိုးငှက်မင်းပုံ၊ ဆ ဒေဝလောက=နတ်ပြည်ခြောက်ထပ်ပုံ၊ သောဠသ ရူပဗြဟ္မာ လောက=ရူပဗြဟ္မာတစ်ဆယ့်ခြောက်ရပ်ပုံ။

[ယခင် ၈၆-နှင့် နတ်ပြည်ခြောက်ထပ်ပုံ၊ ရူပဗြဟ္မာ ၁၆-ရပ်ပုံကိုပေါင်းလျှင် ၁၀၈- ဖြစ်၏၊]

ဤတရာ့ရှစ်ကွက် စက်လက္ခဏာတို့ကို သိမ်းကျုံး၍ ကဗျာတတ် အကျော် အရှင်မဟာရဋ္ဌသာရ ဆရာတော်သည် အောက်၌ပါသော လင်္ကာကို ရေးသားတော်မူလေသည်။

- အတိုင်းမသိ၊ ကျေးဇူးရှိသည်၊ မုနိသကျ၊ ဂေါတမ၏၊ ပါဒမြတ်ကျော်၊ ဖဝါးတော်၌၊ ထွန်းပေါ်ကျစ်လစ်၊ တစ်ရာ့ရှစ်ကို၊ စင်စစ်ကောင်းထွေ၊ လှည့်လည်ရေအံ့၊ ချီထွေအစ၊ လှံ, မ-အိမ်မွန်၊ မကျန်ပွင့်ချပ်၊ ဇလပ်ပျံ့မွှေး၊ လည်ရေးသုံးဆင့်၊ လှ, တင့်, သွန်းသွန်း၊ ဦးဆောက် ပန်းက၊ စသည်မတွဲ၊ ထမင်းပွဲတည်ဟန်၊ ရွှေသလွန်ချွန်းတောင်း၊ ရောင်မောင်းပြာသာဒ်၊ အထွတ်မြင့်ခိုင်၊ တံခါးတိုင်နှင့်၊ အပြိုင်ထီးဖြူ၊ အတူသန်လျက်၊ ထန်းရွက်ယပ်ဝန်း၊ တစ်ခန်းတစ်ကြောင်း၊ ဥဒေါင်းမြီးယပ်၊ သင်းကျပ်တစ်ခြား၊ ပတ္တမြားရောင်ဖိတ်၊ သပိတ်, ပန်းဆိုင်း၊ တုနှိုင်းမရ၊ ပွင့်လှ ထွားထွား၊ ငါးပါးကြာမျိုး၊ ရေအိုးဖလား၊ ထူးခြားသမုဒြာ၊ စက္ကဝါမြင့်မိုရ်၊ ထိုထိုနေ,လ၊ နက္ခတ်စသား၊ ဒေသလေးခု၊ ဇမ္ဗုဒီပါ၊ ပြုဗ္ဗာ, ဥတ္တရ၊ အပရဂေါယီ။ တစ်လီအံ့ဖွယ်၊ ကျွန်းငယ်နှစ်ထောင်၊ ဘုန်းခေါင် လျှံဝင်း၊ စကြာမင်းနှင့်၊ ခရုသင်း ဖြူဆွတ်၊ ငါးကြင်းပွတ်စကြာ၊ သီဒါ ၇-တန်၊ သတ္တရဗ္ဘန်၊ တောင်စဉ် ခုနစ်ထပ်၊ ကြပ်ကြပ်မြင့်ခိုင်၊ ၇- အိုင် တစ်သုန်၊ ဂဠုန်တစ်ကြောင်း၊ မိကျောင်းရေသား၊ ကုက္ကား, တံခွန်၊ မင်းတန် သန်လျှင်း၊ မကြွင်း တသီး၊ သားမြီးကေသာ၊ ကေလာသဘ၊ သီဟ ကျားမင်း၊ ဆင်မင်း မြတ်စွာ၊ ဥပေါသထာ, ယာဉ်မွန်၊ ဆဒ္ဒန်တစ်ခြား၊ နဂါး, ဝမ်းပဲ၊ မကွဲ တူကွ၊ ဥသဘ မကျန်၊ ဧရာဝဏ်မကန်း၊ ထူးဆန်းအံ့ဖွယ်၊ တင့်တယ် လှထွေ၊ ရွှေလှေလျှံဝါ၊ မျက်နှာလေးပါး၊ နွား သားမိစစ်၊ အဖြစ်များစွာ၊ ကိန္နရာ, ကိန္နရီ၊ တူပြီ ကရဝိက်၊ ထိတ်ထိတ်သံညောင်း၊ ဥဒေါင်း ကြိုးကြာ၊ သံသာစက္ကဝက်၊ ငှက်၏အမျိုး၊ ဇီဝဇိုးအစုံ။ ခြောက်ဘုံ နတ်ရွာ၊ ဆ, ကာမာနှင့်၊ ဗြဟ္မာထက်ရပ်၊ ဆယ့်ခြောက် ထပ်က၊ စေ့စပ် မကြွင်း၊ ခပင်းများစွာ၊ ရံခ, ကာနှင့်၊ စကြာခြေမွန်၊ တင့်စဟန်ကို၊ ထက်စွန်မိုးဖျား၊ သိကြား,ဗြဟ္မာ၊ ရေးထု လာလည်း၊ ဘယ်မှာတူမျှ၊ အတုရခြိမ့်၊ အသမ သမာ၊ သုံးလူ့ချာ၏၊ ရတနာ ထိန်ဝင်း၊ နီလင်းစင်သန့်၊ အကန့် တစ်ထောင်၊ ရွှေရောင် ခြယ်ကာ၊ သန္တာအကွပ်၊ ထိန်လျှပ် မြကောင်း၊ ပုံတောင်း ပြိုးပြက်၊ ခြေတော် စက်ကို၊ စုံမက် မြတ်နိုး၊ ရှိလျှင်ခိုးသည်။
ကောင်းကျိုးလျှင်ဆော ပြည့်စေသော်။

ဖူးလို့မဝနိုင်-ကျက်သရေစိုင်။ ။ မြတ်စွာဘုရား ကိုယ် တော်မြတ်ကြီး သဏ္ဍာန်တော် တစ်ခုလုံးသည် ရှုမဆုံး, မြင်မဆုံး, သတ္တဝါအားလုံးတို့ ဖူးမျှော်၍ မဝနိုင်အောင် ကျက်သရေတုံး, ကျက်သရေစိုင်ကြီးဖြစ်၍နေ၏၊ အောက်ခြေဖဝါးအပြင်မှ ကေတုမာလာ ရောင်လျှံတော်တိုင်အောင် အထက်ရောင် လျှံမဏိတော်မှ အောက်ခြေ ဖဝါးတော် အပြင်တိုင်အောင် ကိုယ်တော်မြတ် တစ်ခုလုံး၌ သတ္တဝါတို့၏ မျက်စိအရသာကို ဆောင်ပြီးလျှင် ကြည်ညိုခြင်း သဒ္ဓါပန်းကို လန်းလန်း တင့်တင့် ပွင့်စေတတ်ကုန်သော မြင့်မြတ် လက္ခဏာ မင်္ဂလာကျက်သရေ တော်များကို သုဒ္ဓါဝါသဗြဟ္မာ ပေါင်းအသင်္ချေတို့သည် ဘုန်းကျက်သရေ တော်ဘွဲ့ဂါထာတို့ဖြင့် သီဆိုကျူးရင့် ကြသော်လည်း ထိုဗြဟ္မာကြီးတို့သည် အသက်တမ်းကုန်ဆုံး၍ စုတေကုန်ရာ၏။

ကျက်သရေဘုန်းဟုန်-ချီးကျူးမကုန်။။ ကျက်သရေတော် ဘုန်းဟုန်များကို အကုန်ချီးကျူးခြင်းငှါ မစွမ်းနိုင်ကုန်ရာ၊ ဤတစ်သောင်း သော လောကဓာတ်၌ ဘုန်းတန်ခိုးကြီးသော လူ, နတ်, ဗြဟ္မာသတ္တဝါ တို့လည်း ရှိကြကုန်၏၊ ကျက်သရေမင်္ဂလာရှိသည်ဟူ၍ သမုတ်ပညတ် အပ်ကုန်သော နီလာ, မြသား, ပတ္တမြား, စိန်ကျောက်စသော ရတနာ အမျိုးမျိုးသည်လည်း ရှိကြကုန်၏၊ လှပတင့်တယ်၍ ကျက်သရေ မင်္ဂလာ ရှိသည်ဟု သမုတ်အပ်ကုန်သော မဉ္ဇူသကပန်း, ကက္ကရုပန်း, မန္ဒာဝရပန်း စသော ပန်းအမျိုးမျိုးတို့လည်း ရှိကြကုန်၏၊ ထိုသို့လောက၌ ရှိရှိ သမျှသော ကျက်သရေတို့ကို တစ်ပုံတစ်စုတည်း ပုံစု၍ မြတ်စွာဘုရား ကိုယ်တော်၌ရှိသော ကျက်သရေတော်ကို နှိုင်းခိုင်းပုံပြုသည်ရှိသော် မြင့်မိုရ်တောင်နှင့် မုန်ညင်းစေ့ကို ပမာဏပြုသကဲ့သို့ မြတ်စွာဘုရား၏ ကျက်သရေတော်ကို မတုပနိုင်ကြချေ၊ ကျက်သရေမင်္ဂလာဖြင့် တင့် တယ်၍ ထွန်းလင်းတောက်ပသော ကိုယ်ရောင်နှင့် ပြည့်စုံသော နတ်, ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရား၏ ထံပါးသို့ ခစား ခိုလှုံကြ သည်ရှိသော် နေမင်းထွက်ပေါ်သော နေ့အခါတွင် ကြယ်တာရာ ရောင် မထွန်းပြောင်နိုင်ဘိသကဲ့သို့ ရှိကြလေကုန်၏၊ မိမိအရုပ်အဆင်း တင့် တယ်ခြင်းအားဖြင့် မာန်ယစ်၍ နေကြကုန်သော သူတို့သည် မြတ်စွာ ဘုရား၏ ထံတော်မှောက်သို့ အဖူးအမြော် ရောက်ကြသောအခါ ထိုမာန် ယစ်ခြင်းမှ ပြယ်ပျောက်ကြရလေကုန်၏၊ ခေမာ ထေရီဝတ္ထု, ဇနပဒ ကလျာဏီဝတ္ထုတို့ကို ထောက်လေ။

ရူပကာယတင့်တယ်ပုံ-ဖူမြှော်လို့ အားမရတုံ

ရွှေအတိပြီးသော တုရိုဏ်တိုင်ကြီးမှာ ရတနာအမျိုးမျိုး အမွှမ်း တင်ပြီးလျှင် ဆင်ယင်၍ထားဘိသကဲ့သို့ ရွှေအဆင်းကဲ့သို့ အဆင်း ရှိသော မြတ်စွာဘုရား၏ ရူပကာယတော်ကြီးမှာ လက္ခဏာကြီး, လက္ခဏာငယ် အသွယ်သွယ်သော ရောင်ခြည်တို့ဖြင့် တန်ဆာဆင် အပ်သည်ဖြစ်၍ ကျက်သရေအတိပြည့်၍နေသောကြောင့် မြတ်စွာ ဘုရား၏ ရူပကာယကို ဖူးမြင်ကြရသောအခါ မျက်စိအရသာ ရှိလှသဖြင့် မည်သူအားမျှ တစ်ပါးသို့ မျက်နှာလွှဲ၍ မရနိုင်ကြကုန်၊ မြတ်စွာဘုရား ကိုယ်တော်မြတ်၏ကျက်သရေကို မြင်ဖူးကြရကုန်သော သူတို့သည် မြတ်စွာဘုရား ကိုယ်တော်မှတစ်ပါး ကျက်သရေရှိသော ဝတ္ထုဟူ၍ တစ်စုံတစ်ခုမျှ မတွေ့နိုင်ပဲ ရှိနေကြကုန်၏။

တောသားတိရစ္ဆာန်ပင်၊ အဆင်းတော်၌-စွဲလမ်းခင်မင်

ပစ္စန္တရာဇ်တိုင်း၌ အလွန်ရိုင်းသောလူများနှင့် တောသားတိရစ္ဆာန် တို့ပင် ဖြစ်စေကာမူ မြတ်စွာဘုရား၏ အဆင်းတော် ကျက်သရေကို တွေ့မြင်လျှင် မျက်စိ အရသာရှိလှသဖြင့် အခြားအာရုံကို ဂရုမစိုက်နိုင်ပဲ မြတ်စွာဘုရား ကိုယ်တော်၏ အာရုံထဲ၌သာလျှင် စွဲလမ်းစူးစိုက်၍ နေကြကုန်၏၊ အစာမွတ်သိပ်သဖြင့် သားကောင်ကိုလိုက်၍နေသော ကျားသည် မြတ်စွာဘုရားကိုမြင်လျှင် အစာဖြစ်သော သားကောင်ကို သတိမရနိုင်ပဲ တန့်ရပ်၍သာလျှင် မြတ်စွာဘုရား၏ ကျက်သရေကို ကြည့်ရှုငေးမှိုင်ရလေ၏၊ ကျားလိုက်သဖြင့် ပြေး၍နေသော သားသမင် သည်လည်း မြတ်စွာဘုရားကိုမြင်လျှင် ကျားတည်းဟူသော ဘေးရန်ကို အမှတ်မရနိုင်ပဲ ပြေး သောခြေ,လက်တို့ကိုတန့်၍ မြတ်စွာဘုရားကိုသာ ရှုမြော်ငေးကြည့်လျက်သာ နေလေ၏။

မိဂပက္ခီနမ္ပိ စက္ခူနိ ပိဏယတိ၊ ပဂေဝ ဒေဝမနုဿာနံ။

(သီလက္ခန်အဋ္ဌကထာ)

ဗုဒ္ဓသရီရံ=မြတ်စွာဘုရား၏ကိုယ်တော်မြတ်သည်၊ မိဂပက္ခီနံ= သားငှက်တို့၏၊ စက္ခူနိပိ=မျက်စိတို့ကိုလည်း၊ ပိဏယတိ=နှစ်သက်စေ နိုင်၏၊ ဒေဝမနုဿာနံ=နတ်လူတို့၏၊ စက္ခူနိ=မျက်စိတို့ကိုမူကား၊ ပဂေဝ ပိဏယတိ=အဘယ်မှာ မနှစ်သိမ့်စေနိုင်ပဲ ရှိပါအံ့နည်း။

မြတ်စွာဘုရားကို ငြိုးထားရန်ဖက်ပြု၍ နေကြကုန်သော တိတ္တိတို့ ပင်ဖြစ်စေကာမူ ဘုရားကိုမြင်ရသောအခါ သဒ္ဓါတရားကို မဖြစ်ပွား စေနိုင်သော်လည်း တင့်တယ်သော အသရေတော်က ဆွဲသဖြင့် မကြည့် ရှုပဲ မနေနိုင်ကြလေကုန်၊ သို့ရာတွင် မစ္ဆေရကြီးမားကြကုန်သဖြင့် မိမိတို့ ထက်သာလွန်သော ဘုရား အသရေတော်ကို ဝန်တိုကြလေကုန်၏။

[ဤအရာ၌ မြတ်စွာဘုရား၏ ရူပကာယ ကျက်သရေတော်ကို ကြည်ညိုလွန်းအား ကြီးစွာနှင့်ဘုရား၏ထံပါးမှ ခွဲခွါ၍မသွားနိုင်ပုံကို ဝတ္ထုဖြင့်အမြွက်မျှပြဆိုသင့်၏]

ဝက္ကလိဝတ္ထု-သာဓကပြု

ဘုန်းတော်ကြီးသော မြတ်စွာဘုရား သက်တော်ထင်ရှားရှိ တော်မူ စဉ်အခါ သာဝတ္ထိပြည်၌ ဝက္ကလိမည်သော ပုဏ္ဏားလုလင်ပျို တစ် ယောက်ရှိလေသတတ်၊ တစ်နေ့သောအခါ မြတ်စွာဘုရားသည် ရဟန်း သံဃာအပေါင်းခြံရံလျက် မြတ်စွာဘုရား၏ ကျက်သရေကိုဆောင်၍ သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံကြွဝင် တော်မူလာ၏။

[ဘုရားကျက်သရေတော်ဖြင့် ဆွမ်းခံကြွတော်မူပုံကို သီလက္ခန် အဋ္ဌကထာ ၌ လာသောအတိုင်း ဖေါ်ပြဦးအံ့။]

ဆွမ်းခံလေးမျိုး-ကြွချီရိုး။။ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဆွမ်းခံချိန်တန်သောအခါ သင်္ကန်း, သပိတ် ကို ပြင်တော်မူ၍ တစ်ရံတစ်ခါ တစ်ပါးတည်းကြွတော်မူ၏၊ တစ်ရံတစ်ခါ သံဃာအပေါင်းခြံရံလျက် ကြွတော်မူ၏၊ တစ်ရံတစ်ခါ တန်ခိုး အဘိညာဉ်ကို မစီရင်ပဲ ပကတိကိုယ်တော်အတိုင်း ကြွတော်မူ၏၊ တစ်ရံတစ်ခါ တန်ခိုးပြာဋိဟာဖြင့် ကြွတော်မူ၏။

တန်ခိုးပြာဋိဟာဖြင့် ကြွတော်မူပုံကား--ဆွမ်းခံကြွတော်မူသော မြတ်စွာ ဘုရား၏ ရှေ့တော်မှ ညင်းညင်းတိုက်ခတ်သော လေပြေတို့သည် မြေအပြင်ကို သုဓ်သင်သောအားဖြင့် တံမြက်လှည်းကြကုန်၏၊ မိုး နတ်သားတို့သည် မိုးသေး, မိုးဖွဲတို့ကို ညင်းညင်းဆွတ်ဖျန်း၍ မြူမှုန့်တို့ကို သိပ်စေကုန်၏၊ အဆင်းအမျိုး မျိုးရှိသော မိုးတိမ်တို့သည် မြတ်စွာ ဘုရားကြွတော်မူရာသို့ ဗိတာန်မျက်နှာကြက်ကဲ့သို့ ဖြန့်မိုး၍ လိုက်ကြလေ ကုန်၏၊ အချို့သော လေသည် ပန်းတို့ကိုချွေ၍ ကြွတော်မူရာ လမ်း ခရီး၌ဖြန့်ကြဲ၍ ပန်းမွှေ့ရာ ခင်းကြကုန်၏၊ မြင့်သောမြေအပြင်တို့သည် နိမ့်ကြကုန်၏၊ နိမ့်သော မြေအပြင်တို့သည် မြင့်ကြကုန်၏၊ နင်းတော် မူသောအခါ မြေသည် ညီညွတ်နူးညံ့စွာ ခံလင့်၏၊ အတွေ့နူးညံ့ သော ပဒုမ္မာ ကြာပန်းတို့သည် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း မြေကိုခွဲ၍ ခံလင့်ကြ ကုန်၏၊ မြို့တံခါး, ရွာတံခါးခုံအတွင်းသို့ ညာခြေတော် နင်းမိသည်နှင့် တစ်ပြိုင်နက် ကိုယ်တော်မှထွက်သော ရောင်ခြည်တော်တို့သည် ဆွမ်းခံ ဝင်တော်မူရာ တစ်မြို့လုံး, တစ်ရွာလုံး၌ရှိသော အထွတ်ရှိသော ပြာသာဒ်, အထွတ်မရှိသောပြာသာဒ်, ဘုံငါးထပ်, ဘုံခုနစ်ထပ် စသည်ဖြင့်များသော တိုက်အိမ်အဆောက်အဦတို့ကို ရဲရဲငြိမျှစွဲ၍ ထွန်းလင်းကြလေကုန်၏။

တိုက်အိမ်မှန်သမျှ-ရွှေအဆင်းလှ

ထိုတိုက်အိမ်တို့ကို ရွှေရည်ဖြင့် လိမ်းကျံအပ်ကုန်ဘိသကဲ့သို့ လည်းကောင်း, ဆန်းကြယ်သော ကမ္ဗလာတို့ဖြင့် ဝန်းရံခြုံရုံ၍ ထားအပ် ကုန်ဘိသကဲ့သို့လည်းကောင်း, ရတနာအမျိုးမျိုးတို့ဖြင့် စီခြယ်ဆင်ယင် အမွမ်းတင်၍ ထားအပ်ကုန်ဘိသကဲ့သို့လည်းကောင်း ဖြစ်ကြလေကုန်၏၊ အလုံးစုံသော လူယောကျ်ား, လူမိန်းမတို့နှင့်တကွ ဆင်, မြင်းစသော တိရစ္ဆာန်တို့သည်လည်း မြတ်စွာဘုရား၏ ရောင်ခြည်တော်တည်းဟူသော ရေအယဉ်၌ နစ်မြုပ်ကုန်လျက် ထိန်ထိန် ပြောင်ပြောင် တောက်ပသော ကိုယ်ဖြင့် တင့်တယ်ခြင်းသို့ ရောက်ကြလေကုန်၏၊ ရောင်ခြည်တော် တို့သည် လမ်းသေး, လမ်းမြွာ, တိုက်ခန်း, အိမ်ခန်းမကျန် မကြွင်းရလေ အောင် ထိုမှဤမှ ပျံသန်းကွန့်မြူးကြလေကုန်၏၊ ဆင်, မြင်း, ကျေးငှက် စသော တိရစ္ဆာန်အပေါင်းတို့သည်လည်း ရောင်ခြည်တော်တို့ကို တွေ့မြင်ကြရသောအခါ ရွှင်မြူးပျော်ပါးကာနှင့် မိမိတို့နေရာဌာနက ရပ်တည်၍ သာယာစွာ ရင့်ကျုးမြည်ဟီးကြလေကုန်၏၊ စည်, စောင်း ညှင်း စသောတူရိယာ တို့သည် မတီးမမှုတ်အပ်ကုန်ပဲ အလိုလိုပင်လျှင် သာယာစွာ မြည်ကြလေကုန်၏၊ လူတို့ဝတ်ဆင်အပ်သော လက်ကောက် ခြေချင်းစသော တန်ဆာတို့သည်လည်း အလိုလို မြည်ကြလေကုန်၏။

ပန်းနံ့သာလက်စွဲ-ပူဇော်ကြမြဲ

ဤသို့စသော အမှတ်သညာအားဖြင့် ယနေ့ မြတ်စွာဘုရားသည် ဤငါတို့ မြို့ရွာသို့ ဆွမ်းခံကြွလာတော်မူသည်ဟူ၍ သိလေကုန်၏၊ လူအပေါင်းတို့သည် ကောင်းမွန်စွာ ဝတ်ဆင်ကြကုန်ပြီးလျှင် ပန်းနံ့သာ လက်စွဲကြကုန်လျက် အိမ်မှ ထွက်၍ လမ်းခရီး၌ ကြွလာတော်မူသော မြတ်စွာဘုရားကို ပန်းနံ့သာစသည်ဖြင့် ပူဇော်ကုန်၍ ဆွမ်းဖြင့် ဖိတ်မန်ကြ ကုန်၏၊ အသီတိ မဟာထေရ်စသော နောက်ပါရဟန်းသံဃာတို့သည် မိုးတိမ်နီ အဆင်းနှင့်တူသော သင်္ကန်းတို့ကို ဝတ်ရုံကြကုန်လျက် လမင်းကို တာရာအပေါင်း ခြံရံဘိသကဲသို့လည်းကောင်း, သိကြားမင်းကို နတ် အပေါင်း ခြံရံဘိသကဲသို့လည်းကောင်း, ဗြဟ္မာမင်းကို ဗြဟ္မာအပေါင်း ခြံရံဘိသကဲသို့လည်းကောင်း, စကြာမင်းကို ပရိသတ်အပေါင်း ခြံရံဘိ သကဲ့သို့လည်းကောင်း, ငြိမ်သက်သော ဣန္ဒြေတို့ုဖြင့် ခြံရံ၍ လိုက်ပါ တော်မူကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် နေသုံးဆယ့်နှစ်ဝန်း, လသုံး ဆယ့်နှစ်ဝန်းတို့ကို ပန်းကုံးပြု၍ ဆင်ယင်တော်မူဘိသကဲ့သို့ ပဋိသန္ဓေကပင် ဆင်ယင်တော်မူခဲ့ရင်းဖြစ်သော သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီးတို့ဖြင့် တန်ဆာဆင်၍ အခြံအရံဖြစ်သော ရဟန်း တို့၏ ရှေ့ဝယ် တင့်တယ်တော်မူပုံမှာ ဥက္ကာပေါင်းထောင်သောင်း, လျှပ်စစ်နွယ်ပေါင်း ထောင်သောင်းတို့ဖြင့် တဝိုးဝိုး တဝင်းဝင်း ထွန်းလင်း တင့်တယ်၍နေသော ကောင်းကင်ကြီးကဲ့သို့လည်းကောင်း, ပင်လုံးကျွတ် ပွင့်၍နေသော ပင်လယ်ကသစ်ပင်ကြီးကဲ့သို့လည်းကောင်း, အလုံးစုံ သော သိကြားမင်း ဗြဟ္မာမင်းတို့၏ ကျက်သရေကို ကိုယ်တော်မြတ်၏ ကျက်သရေဖြင့် နှိပ်နင်း၍ တင့်တယ်စွာ ဆွမ်းခံကြွတော်မူ၏၊

လကျ်ာခြေတော်၊ လှမ်းမြဲသော်၊ ရှုမြော်မဆုံး၊ ကျက်သရေဘုန်း

မည်သည့်အခါမဆို ဘုရားရှင်တို့ ကြွတော်မူသောအခါ လကျ်ာခြေတော်ကို ပထမလှမ်းတော်မူမြဲဖြစ်၏၊ ခြေဖဝါးတော်တစ်ချက် တစ်ချက်အကြွမှာ ဖြစ်ပေါ်သော ကျက်သရေတို့သည်ပင်လျှင် ရှုမြင်၍ မဆုံးနိုင်အောင် ရှိလေ၏၊ နီမြန်းသော ခြေဖဝါးတော် တစ်လှမ်းတစ်လှမ်း အကြွအကြွမှာ ဟုန်းခနဲ, ဟုန်းခနဲ နီသောမီးပန်းတို့သည် ထ၍ တောက် ကုန်ဘိသကဲ့သို့ ခြေဖဝါးတော်မှ နီသော ရောင်ခြည်တို့သည် ဝင်းခနဲ, ဝင်းခနဲ ထွက်ကြလေကုန်၏၊ မျက်တောင်တော် တစ်ချက် တစ်ချက် အခပ်မှာ လျှပ်ပစ်သကဲ့သို့ မျက်လုံးတော်တို့မှလည်း လင်းခနဲ, လင်းခနဲ သော ရောင်ခြည်တော်တို့သည် ထွက်ကြလေကုန်၏၊ ဤကဲ့သို့ ခြေတော် တစ်လှမ်း, မျက်တောင်တော်တစ်ခပ်, လက်တော်တစ်ခါ အသိမ်း, ကိုယ်တော်ကို တစ်ခါယိမ်းလျှင် ကုဋေအသိန်းမကသော ကျက်သရေတို့ သည် ဖြစ်ပေါ်ကြလေကုန်၏၊ ကြွတော်မူသောအခါတွင်လည်း မနှေး လွန်း, မမြန်လွန်း ဆဒ္ဒန်ဆင်မင်း၏ သွားခြင်းဖြင့် အလှမ်းမှန်မှန် ကြွတော်မူ၏၊ ထက်, အောက်, ဖီလာတို့ကိုလည်း ဝေးစွာကြည့်ရှုတော် မမူပဲ ထမ်းပိုးတစ်ပြန်စာမျှကိုသာလျှင် ကြည့်ရှု၍ ကြွတော်မူ၏။

[ဤကဲ့သို့ မြတ်စွာဘုရားကြွတော်မူသောအခါ ကျက်သရေမင်္ဂလာ ရှိပုံကိုရည်၍ အဋ္ဌကထာဆရာကြီးသည် အောက်၌ပါသော ဂါထာတို့ကို ပဏ္ဏာသအဋ္ဌကထာ တွင် ရေးသားလေသည်။]

ဘုရားကြွရာ-မြေလှုပ်စွာ

၁။ ဧဝံ သဗ္ဗင်္ဂ သမ္ပန္နော၊ ကမ္ပယန္တော ဝသုန္ဓရံ၊ အဟေဌယန္တော ပါဏာနိ၊ ယာတိ လောကဂ္ဂနာယကော။

၁။ သဗ္ဗင်္ဂသမ္ပန္နော=အလုံးစုံသော ယောကျ်ားမြတ်လက္ခဏာနှင့် ပြည့်စုံတော်မူသော၊ လောကဂ္ဂနာယကော=လောကထွတ်ထား မြတ် ဘုရားသည်၊ ဝသုန္ဓရံ=ဤမြေအပြင်ကို၊ ကမ္ပယန္တော=ဘုန်းတော်ဟုန်ဖြင့် တုန်လှုပ်ချောက်ချားစေလျက်၊ ပါဏာနိ=သတ္တဝါတို့ကို၊ အဟေဌယန္တော= ဖဝါးတော်ဖြင့် ညှဉ်းဆဲ တော်မမူပဲ၊ ဧဝံ=ဤသို့၊ ယာတိ=ကြွတော်မူပေ၏။

လက်ျာအမှတ်-ညာခြေကြွ

၂။ ဒက္ခိဏံ ပထမံ ပါဒံ၊ ဥဒ္ဓရန္တော နရာသဘော။

ဂစ္ဆန္တော သိရီသမ္ပန္နော၊ သောဘတီ ဒွိပဒုတ္တမော။ ၂။ ဒွိပဒုတ္တမော=လူ,နတ်,ဗြဟ္မာတို့ထက် လွန်ကဲထူးမြတ်တော် မူသော၊ သိရီသမ္ပန္နော=ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော၊ နရာသဘော=ယောကျ်ား မြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်၊ ပထမံ=ရှေးဦးစွာ၊ ဒက္ခိဏံပါဒံ=လက်ျာအမှတ် ညာခြေမြတ်ကို၊ ဥဒ္ဓရန္တော= လှမ်းကြွတော်မူလျက်၊ ဂစ္ဆန္တော=ကြွသွားတော်မူသည်ရှိသော်၊ သော ဘတိ=မြင်မဆုံး,ရှုမဝ အလွန်တရာ တင့်တယ်တော်မူလှပေ၏။

နင်းကွက်ချရာ-မြေညီညာ

၃။ ဂစ္ဆတော ဗုဒ္ဓသေဋ္ဌဿ၊ ဟေဋ္ဌာ ပါဒတလံ မုဒုံ။ သမံ သမ္ဖုသတေ ဘူမိံ၊ ရဇသာ နုပလိမ္ပတိ။

၃။ ဂစ္ဆတေ=လှမ်းကြွတော်မူသော၊ ဗုဒ္ဓသေဋ္ဌဿ=ဘုရားမြတ်၏၊ မုဒုံ= အကြိမ်ကြိမ်အထပ်ထပ် ဖန်အပ်ဖတ်အပ်သော ဝါဂွမ်းစိုင်ကဲ့သို့ နူးညံ့စွာထသော၊ ဟေဋ္ဌာပါဒတလံ=အောက်ခြေဖဝါးတော်အပြင်သည်၊ ဘူမိံ=နင်းကွက်ချရာ မြေပထဗျာသို့၊ သမံ=အညီအညွတ်၊ သမ္ဖုသတေ= ထိတော်မူ၏၊ ရဇသာ=မြူမှုန့်, အညစ်အကြေးဖြင့်၊ နုပလိမ္ပတိ=လိမ်းကျံ ကပ်ငြိတော်မမူ။

နိမ့်,မြင့်မထင်-တညီတည်းပင်

၄။ နိန္နံ ဌာနံ ဥန္နမတိ၊ ဂစ္ဆန္တေ လောကနာယကေ။ ဥန္နတဉ္စ သမံ ဟောတိ၊ ပထဝီ စ အစေတနာ။

၄။ လောကနာယကေ=မြတ်စွာဘုရားသည်၊ ဂစ္ဆန္တေ=ကြွလှမ်း တော်မူသည်ရှိသော်၊ ပထဝီ=မဟာပထဝီ ဤမြေကြီးသည်၊ အစေတနာစ= စိတ်စေတနာ မရှိပါပဲလျက်လည်း၊ နိန္နံဌာနံ=နိမ့်သောအရပ်သည်၊ ဥန္နမတိ=တက်ကြွမြင့်မောက်လေ၏၊ ဥန္နတဉ္စ=မြင့်မောက်သော အရပ်ဌာန သည်လည်း၊ သမံ ဟောတိ=အညီ အညွတ်ဖြစ်လေ၏။

ဘေးအန္တရာယ်-လမ်းမှာဖယ်

၅။ ပါသာဏာ သက္ခရာစေဝ၊ ကထလာ ခါဏုကဏ္ဍကာ။

သဗ္ဗေ မဂ္ဂါ ဝိဝဇ္ဇန္တိ၊ ဂစ္ဆန္တေ လောကနာယကေ။

၅။ လောကနာယကေ=မြတ်စွာဘုရားသည်၊ ဂစ္ဆန္တေ=လှမ်းကြွတော် မူသည်ရှိသော်၊ ပါသာဏာစ=ကျောက်ဖျာ, ကျောက်လုံးကြီးတို့သည် လည်းကောင်း၊ သက္ခရာစေဝ=ကျောက်စရစ်ငယ်တို့သည်လည်းကောင်း၊ ကထလာစ=အိုးခြမ်းကွဲ တို့သည်လည်းကောင်း၊ ခါဏု ကဏ္ဍကာစ=ဆူး, ငြောင့်,ခလုပ်,သစ်ငုတ်, သစ်ချွန် တို့သည်လည်းကောင်း၊ သဗ္ဗေ=အလုံးစုံ သော ဘေးအန္တရာယ်တို့သည်၊ မဂ္ဂါ=လမ်းခရီးမှ၊ ဝိဝဇ္ဇန္တိ=ဖဲကြဉ်ကြ လေကုန်၏။

မစိပ်မကျဲ၊ မနှေးမမြန်၊ ခြေလှမ်းပြန်

၆။ နာတိဒူရေ ဥဒ္ဓရတိ၊ နစ္စာသန္နေ စ နိက္ခိပိ၊

အဃဋ္ဋယန္တော နိယျာတိ၊ ဥဘောဇာဏူစ ဂေါမ္ဖကေ၊

၇။ နာတိ သီဃံ ပက္ကမတိ၊ သမ္ပန္န စရဏော မုနိ။

န စာပိ သဏိကံ ယာတိ၊ ဂစ္ဆမာနော သမာဟိတော။

(၆-၇) သမ္ပန္နစရဏော=အကျင့်သီလနှင့် ပြည့်စုံတော်မူသော၊ မုနိ=မြတ်စွာဘုရားသည်၊ ဂစ္ဆမာနော=ကြွတော်မူသည်ရှိသော်၊ နာတိဒူရေ= ကျယ်လည်း မကျယ်လွန်း၊ ဥဒ္ဓရတိ=ကြွလှမ်းတော်မူ၏၊ နစ္စာသန္နေစ= စိပ်လည်းမစိပ်လွန်း၊ (ကျဲလည်းမကျဲလွန်း၊) နိက္ခိပိ= ခြေကိုချတော်မူ၏၊ ဥဘောဇာဏူစ=ပုဆစ်,ဒူးတော် နှစ်ဖက်တို့ကိုလည်းကောင်း၊ ဥဘော ဂေါပ္ဖကေစ=ခြေဖမျက်တော်နှစ်ခုတို့ကို လည်းကောင်း၊ အဃဋ္ဋယန္တော= ထိခိုက်တော်မမူစေပဲ၊ နိယျာတိ=လှမ်းကြွတော်မူ၏၊ နာတိသီဃံ=မြန် လည်းမမြန်လွန်း၊ ပက္ကမတိ=လှမ်းကြွတော်မူ၏၊ နစာပိသဏိကံ=ဖြည်း လည်း မဖြည်းလွန်း၊ သမာဟိတော=တည်ကြည် ငြိမ်သက်တော်မူသည် ဖြစ်၍၊ ယာတိ=ကြွတော်မူ၏။

ထမ်းပိုးတပြန်-ကြည့်လေဟန်

ဂ။ ဥဒ္ဓံ အဓောစ တိရိယံ၊ ဒိသဉ္စ ဝိဒိသံ တထာ။

နာပေက္ခမာနော သော ယာတိ၊ ယုဂမတ္တံဟိ ပေက္ခတိ။

၈။ သော=ထိုမြတ်စွာဘုရားသည်၊ ဥဒ္ဓံ=အထက်သို့လည်းကောင်း၊ အဓောစ=အောက်သို့လည်းကောင်း၊ တိရိယံ=ဖီလာအရပ်သို့လည်း ကောင်း၊ ဒိသဉ္စ=တူရူ အရပ်သို့လည်းကောင်း၊ တထာ=ထိုမှတစ်ပါး၊ ဝိဒိသဉ္စ=အထောင့်အရပ်သို့လည်းကောင်း၊ နာပေက္ခမာနော=ကြည့်ရှု တော်မမူပဲ၊ ယာတိ=ကြွတော်မူ၏၊ ယုဂမတ္တံဟိ=ထမ်းပိုးတစ်ပြန် ပမာဏ လေးတောင်မျှကိုသာလျှင်၊ ပေက္ခတိ=ကြည့်ရှုတော်မူ၏။

သဒ္ဓါပန်းပွင့်-လွန်ဆန်းတင့်

၉။ နာဂဝိက္ကန္တစာရော သော၊ ဂမနေ သောဘတေ ဇိနော။

စာရုံ ဂစ္ဆတိ လောကဂ္ဂေါ၊ ဟာသယန္တော သဒေဝကေ။

၉။ ဇိနော=မာရ်ငါးပါးကို အောင်မြင်တော်မူသော၊ သော=ထိုမြတ်စွာ ဘုရားသည်၊ နာဂဝိက္ကန္တစာရော=ဆဒ္ဒန်ဆင်မင်း၏ သဏ္ဍာန် သွားဟန်, လှမ်းဟန် ရှိတော်မူသည်ဖြစ်၍၊ ဂမနေ=လှမ်းကြွတော်မူရာ၌၊ သောဘတေ=ရှုသူ, မြင်သူ ကြည်ဖြူ ရွှင်လန်းစဖွယ် ဆန်းကြယ်တင့်တယ် တော်မူပေ၏၊ လောကဂ္ဂေါ=လောကသုံးပါး၏ ထွတ်ဖျားမကိုဋ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်၊ သဒေဝကေ=နတ်,ဗြဟ္မာနှင့် တကွသော တစ်လောကလုံးကို၊ ဟာသယန္တော=ကြည်နူးရွှင်လန်း သဒ္ဓါ ပန်းပွင့်စေလျက်၊ စာရုံ=တင့်တယ်ဖွယ်ရာ ယဉ်ကျေးစွာ၊ ဂစ္ဆတိ=ကြွ တော်မူ၏။

ဘုရားဂုဏ် ကျက်သရေ-အထွေထွေ။။ဤသို့ မြတ်စွာ ဘုရား၏ ကျက်သရေတော်ဖြင့် ဆွမ်းခံကြွလာတော်မူသော မြတ်စွာ ဘုရားကို ဝက္ကလိပုဏ္ဏားပျို မြင်လေသောအခါ ဩော်-ဤမျှလောက် ကျက်သရေအစိုင်အခဲဖြစ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်သည် လောက၌ ဖြစ်ပေါ် ထွန်းကားနိုင်ပေသေးစွတကားဟု အံ့အားသင့်ခြင်းနှင့်တကွ ဖူး၍မဝနိုင်အောင် မြတ်စွာဘုရားမှ မျက်နှာထားလွှဲ၍ မရနိုင်အောင် ငေး၍ ကြည့်ပြီးလျှင် ကြံစည်သည်ကာ

“လူ့ဘဝ၌ ရရှိသော ဤငါ၏မျက်စိကို အခြားသော ဝတ္ထုတို့၌ ကြည့်ရှု၍ အသက်ရှည်ခြင်းအားဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ တစ်လောကလုံး၏ ကျက်သရေ မဏ္ဍိုင်ကြီး ဖြစ်တော်မူသော မြတ်စွာဘုရားကို ကြည့်ရှုဖူးမြော်၍ နေခြင်း အားဖြင့်သာလျှင် အချိန်ကို ကုန်လွန်စေအံ့၊ ဤသို့ ကြည့်ရှု ဖူးမြော်ခြင်းအားဖြင့် ငါ၏မျက်စိသည် အကျိုးရှိခြင်းသို့ ရောက် လတ္တံ့၊ အိမ်ရာထောင်သော လူ၏ဘောင်၌ နေလျှင် နေ့စဉ်ရက် ဆက် မြတ်စွာဘုရားကို အမြဲရှုကြည့်ဖူးမြော်နိုင်ရန် ခဲယဉ်းလှ၏၊ ရဟန်းပြု၍ မြတ်စွာဘုရား၏ နောက်တော်က ထက်ကြပ် လိုက်ပါ၍ နေရပါမူကား ငါအလိုရှိသောအတိုင်း ပြည့်စုံလတ္တံ့”

ဟူ၍ ကြံစည်ပြီးလျှင် ရဟန်းပြုလေ၏၊

ဘုရား ရူပကာယ ဝိက္ကလိ,ဖူးလို့အားမရ။။ရဟန်းပြုပြီး သောအခါ မြတ်စွာဘုရားနှင့် မခွဲမခွါပဲ သွားရာတိုင်း နောက်က တကောက်ကောက် လိုက်၍သာလျှင် မြတ်စွာဘုရား၏ ကျက်သရေ ကိုသာ ငေးမြော်ရှုစား၍ချည်းနေလေ၏၊ မူလ ရဟန်းပြုရင်းကပင်လျှင် ဂန္ထဓုရ ဝိပဿနာဓုရကိုအားထုတ်၍ လောကုတ္တရာသို့ ကူးမြောက်ရန် ရည်သန်၍ပြုခဲ့ခြင်းမဟုတ်၊ အားရစွာ စိမ်၍ မြတ်စွာဘုရားကို ဖူးမြင် လိုသော စိတ်နှင့်သာ ရဟန်းပြု၍လာခဲ့ ခြင်းဖြစ်သောကြောင့် ပိဋကတ် သင်ကြားခြင်း, တရားအားထုတ်ခြင်းများကို တစ်စုံတစ်ခုမျှ ပြုရသည်ဟု သဘော မထားပဲ မြတ်စွာဘုရားကိုသာ တစိမ့်တစိမ့်ရှုကြည့် ဖူးမြော်၍ နေခြင်းအားဖြင့် အချိန်ကိုကုန် လွန်စေ၏။

ပညာဉာဏ် ရင့်,မရင့်-နှိုင်းချိန်လင့်။ ။မြတ်စွာဘုရား သည်ကား ထိုကဲ့သို့ အချိန်ကုန်၍နေသော ဝက္ကလိ၏အမူအရာကို နှစ်သက်တော်မမူ၊ တရားအထူးကိုရ၍ ဘဝမှ ထွက်မြောက်ရန် အရေး ကိုသာ လိုလားတော်မူ၏၊ သို့သော်လည်း ပညာမရင့်သေးမီ အတွင်း ဝက္ကလိကို တစ်စုံတစ်ရာမျှ ပြောဆိုမိန့်မြွက်တော်မမူသေးပဲ အချိန်ဆွဲ၍ ပညာရင့်ခြင်းကိုသာလျှင် ငံ့လင့်၍နေတော်မူ၏၊ ဝက္ကလိ၏ပညာရင့်ခြင်း ကို သိမြင်တော်မူသောအခါ။

ကိံ တေ ဝက္ကလိ ဣမိနာ ပုတိကာယေန ဒိဋ္ဌေန၊

ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။

ယော ဓမ္မံ န ပဿတိ၊ သော မံ န ပဿတိ။

ဟူသောစကားဖြင့် ခပ်တင်းတင်း မိန့်ဆို၍ ဆုံးမတော်မူ၏၊ ဝက္ကလိ=ဝက္ကလိရဟန်း၊ ဒိဋ္ဌေန=ရှုကြည့်၍နေသော၊ ဣမိနာ ပုတိကာရေန= ဤငါဘုရား၏ ကိုယ်အကောင်ပုပ်ကြီးဖြင့်၊ တေ=သင့်အား၊ ကိံ=အဘယ်အကျိုး ရှိအံ့နည်း၊ ဝက္ကလိ=ဝက္ကလိရဟန်း၊ ယော=အကြင်သူ သည်၊ ခေါ=စင်စစ်၊ ဓမ္မံ=တရား ကို၊ ပဿတိ=မြင်၏၊ သော=ထိုသူသည်၊ မံ=ငါဘုရားကို၊ ပဿတိ=အမြဲဖူးမြင်၍ နေသည်မည်၏၊ ယော=အကြင်သူ သည်၊ ဓမ္မံ=တရားကို၊ နပဿတိ=မရှုမြင်၊ သော=ထိုသူသည်၊ မံ=ငါဘုရား ကို၊ န ပဿတိ=မြင်သည်မမည်။

[ဤကဲ့သို့ မြတ်စွာဘုရား အမိန့်တော်ရှိခြင်းမှာ မြတ်စွာဘုရား၏ ရူပကာယ ကျက်သရေကို ဖူးမြင်ခြင်းအားဖြင့် သဒ္ဓါထက်သန်လွန်း အားကြီးလှ၍ ပညာဖက်က လျော့နေပြီးလျှင် အကျိုးရှိတန်သမျှ အကျိုးမရှိပဲး အချိန်ကုန်လွန် နေမည်စိုးရိမ်တော်မူသဖြင့် ပညာဖက်ကို ထက်သန်စေခြင်းငှါ တစ်ဖက်နိမ့်နင်း စကားမျိုးဖြင့် မြတ်စွာဘုရား မိန့်တော် မူခြင်းဖြစ်သည်၊ ဘုရားကို ဖူးမြော်သဖြင့် အကျိုးမရှိဟုဆိုလိုသည်မဟုတ်၊ ဘုရားဖူးမြော်ခြင်း၏ အကျိုးလည်း ကြီးမား သည်ပင်ဖြစ်၏၊]

ဝက္ကလိ သဒ္ဓါဓာတ်ကြောင့်-ပေကပ်ကပ်လုပ်ပုံ

ဤကဲ့သို့ မြတ်စွာဘုရားက ဆုံးမတော်မူသော်လည်း ဝက္ကလိ ရဟန်းသည် မြတ်စွာဘုရား၏ ကျက်သရေကို ရှုမြင်ရခြင်းတည်းဟူသော လာဘ်ကြီးမှ စွန့်ခွာ၍ ဖဲသွာခြင်းငှါ မတတ်နိုင်ရှာသဖြင့် ပေ၍သာလျှင် ကပ်ယပ်လျက် ဘုရားကို ဖူးမြော်ကာ နေပြန်လေ၏၊ ပရိသတ်အစွန် အဖျားစသော ပုန်းကွယ်ရာတို့၌ မထင်ရှားသော အမူအရာဖြင့် မြတ်စွာ ဘုရား၏ ကျက်သရေတော်ကို ဖူးမြင်၍ နေလေ၏၊ မြတ်စွာဘုရားသည် ဤရဟန်းကား ထိတ်လန့်ခြင်း သံဝေဂကို မရသည်ရှိသော် တရားအထူးကို မသိလတ္တံ့။ ငါ့အပါးမှ မခွါလျှင်လည်း သံဝေဂကို ရနိုင်ရန်အကြောင်း မရှိဟူ၍ ဆင်ခြင်တော်မူပြီးလျှင် ဝါဆိုရန်အချိန်နီးသည် ရှိသော် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ “ဝက္ကလိ, ငါ၏ အပါးတော်တွင် မနေလင့်၊ သင့်လျော်ရာအရပ်သို့ ရှောင်သွားလေလော့”ဟု နှင်တော်မူလေ၏။

ဝက္ကလိ မနေသာ၍-မြေမရဏာ ကြွမည့်အကြံ

ထိုအခါ ဝက္ကလိသည် “ငါ့ကို မြတ်စွာဘုရားနှင်တော်မူပြီ၊ ဘုရားရှင်ကို ဖူးမြင်ရတော့မည်မဟုတ်၊ ဝါတွင်းသုံးလပတ်လုံး ဘုရားကျက်သရေတော်ကို ဖူးမြော်ရခြင်းဟူသော လာဘ်င်္ကြီးမှကင်းသဖြင့် ငါ၏အသက်ရှင်ခြင်းသည် အဘယ်အကျိုးရှိတော့အံ့နည်း၊ သေရခြင်းသည်သာလျှင် ကောင်းမြတ်၏၊ တောင်ထိပ်မှကျွမ်းထိုးချ၍ သေတော့အံ့ “ဟူ၍ အဆုံးတိုင်ကြံစည်ပြီးလျှင် ဂိဇ္ဈကုဋ်တောင်ကြီးသို့ တက်လေ၏၊ တောင်ထိပ်သို့ရောက်၍ မိမိကိုယ်ကို ကျွမ်းထိုးချခါနီးတွင် မြတ်စွာဘုရားသည် အကယ်၍ ငါဘုရားအသွင်ကို မမြင်ရသည်ရှိသော် အမှန်ပျက်စီး၍ မဂ်ဖိုလ်တည်းဟူသော အသီးသည် ကြွေကျလေရာ၏ ဟူ၍ ဆင်ခြင်တော်မူပြီးလျှင် လျင်မြန်စွာ ဝက္ကလိရှိရာသို့ ရောင်ခြည်တော်ကို လွှတ်တော်မူလေ၏၊ ဂိဇ္ဈကုဋ်တောင်ထိပ်မှ ကျွမ်းထိုး၍ ချခါနီးဆဲဆဲ ကိုယ်ကို အယိမ်းလိုက်တွင် ရောင်ခြည်တော်ကို ဖူးမြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သောကကင်းပျောက်၍ ပီတိ, ပါမောဇ္ဇဇော ရောက်ပြီးလျှင် ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏၊ မြတ်စွာဘုရားသည် ဝက္ကလိအပါးသို့ တန်ခိုးဖြင့် ချည်းကပ်ပြီးမှ ရွှင်သောမျက်နှာတော်ဖြင့် ကြည့်၍ ဝက္ကလိ၏ လက်ကို ဖြည်းညင်းစွာ ဆွဲကိုင်ပြီးလျှင် အောက်၌ပါသော ဂါထာဖြင့် ချော့မော့တော်မူရလေ၏။

ဝက္ကလိအရေး-ချော့မော့အားပေးပုံ

ဧဟိ ဝက္ကလိ မာ ဘာယိ၊ ဩလောကေဟိ တထာဂတံ။

အဟံ တံ ဥဒ္ဓရိဿာမိ၊ ရာဟုဂ္ဂဟံဝ စန္ဒိမံ။

ဝက္ကလိ=ငါဘုရား၏ ကိုယ်ကို ကြည်ညိုလွန်ဘိ အို ချစ်သားဝက္ကလိ၊ ဧဟိ=ငါဘုရားထံသို့ အမြန်လာပါလှည့်၊ မာ ဘာယိ=မဖူးမြင်ရမည့် အရေးကြောင့် တွေး၍မကြောက်ပါလင့်၊ တထာဂတံ=ငါဘုရားကို၊ ဩလောကေဟိ=အလိုရှိသမျှ ရှုကြည့်ဖူးမြင်ပါလော၊ ရာဟုဂ္ဂဟံ= ရာဟုဖမ်း၍နေသော၊ စန္ဒိမံ=လဝန်းကို၊ မောစယိဿတိ ဣဝ=လွတ်အောင် လွှတ်ဘိသကဲ့သို့၊ အဟံ=ငါဘုရားသည်၊ တံ=သင်ချစ်သား ဝက္ကလိကို၊ ဥဒ္ဓရိဿာမိ=သံသရာဝဋ်မှ ချွတ်လွှတ်ကယ်တင်တော်မူအံ့။

[ထိုမှတစ်ပါးသော တရားဒေသနာဂါထာများကိုလည်း ဟောကြားတော်မူသည်။]

ကြောက်သွေးကုန်သဖြင့်- ရဟန္တာဖြစ်ပုံ

မြတ်စွာဘုရား ချော့မော့အပ်လေသည်ရှိသော် ဥပမာ မိဘတို့ ကြိမ်းမောင်း၍ မျက်နှာသာမပေးပဲထားသော သားငယ်ကို အတန်ကြာလျှင် ပြုံးရွှင်သော မျက်နှာဖြင့် ပွေ့ချီသိမ်းပိုက်၍ မိဘတို့က ချော့မော့သောအခါ အလွန်ဝမ်းသာခြင်းကြီး ဝမ်းသာဘိသကဲ့သို့ ဝက္ကလိသည်လည်း ငါ့ကို မြတ်စွာဘုရား ခေါ်တော်မူပြီ၊ ဘုရားမြတ်စွာကို ကောင်းစွာ ဖူးမြင်ရပြီဟု အလွန်အားကြီးသော စိတ်ဖြင့် ခုန်ပျံမတတ် ပီတိဓာတ်ခိုက်သည်တွင် ကောင်းကင်သို့ ခုန်၍အတက် ခြေတစ်ဖက် မြေက မလွတ်ခင် သဒ္ဓါ, ပညာအဆင်သင့်၍ ပဋိသမ္တိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေသည်။

[ဤသာသနာတော်၌ ဣရိယာပုထ်လေးပါးမှလွတ်၍ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်တို့တွင် ဝက္ကလိလည်း အပါအဝင်ဖြစ်သည်ဟု ဆိုထိုက်၏၊ ဤဝက္ကလိဝတ္ထုကို ထောက်ထားသဖြင့်လည်း မြတ်စွာဘုရား၏ သိရီဘုန်းတော်သည် မည်မျှလောက်ကြီးမား၍ လောကကြီး၏ အလယ်တွင် မည်မျှလောက် တင့်တယ်ကြောင်းကို သိနိုင်လေသည်။]

ထိုမှတစ်ပါးလည်း--ဘုရားဖြစ်တော်မူပြီး၍ ပထမဦးစွာ ကြွခြင်းဖြင့် ကပိလနေပြည်တော်သို့ ကြွတော်မူသောအခါ ဆိုခဲ့ပြီးသော ဘုရား၏ ကျက်သရေတော်ဖြင့် ကပိလဝတ်ပြည်တွင်းသို့ ဆွမ်းခံတော်မူသည်တွင် တစ်ပြည်လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၍ မြတ်စွာဘုရား၏ ကျက်သရေတို့ကို လေသာပြူတင်းပေါက်စသည်တို့မှ ရှုမြော်ဖူးမြင်ကြကုန်၏၊ ယသောဓရာဒေဝီသည်လည်း ခြောက်နှစ်ကျော်တိုင်တိုင် ကွေကွင်း၍နေသော မောင်တော်ဘုရားမြတ်ကို ရှုမြင်လိုသည်လည်းတစ်ကြောင်း, သားတော်ရတနာ ရာဟုလာကို တစ်ခါမျှ မမြင်ရဖူးသေးသော သူ၏ဖခင် ဘုရားရှင်ကို ပြလိုသည်လည်းတစ်ကြောင်း, ထိုအကြောင်းများကြောင့် သားတော်ကို ပွေ့ချီပြီးလျှင် လေသာနန်းတံခါးကို ဖွင့်၍ အောက်၌ပါသော ကျက်သရေတော်ဘွဲ့ နရသီဟဂါထာတို့ဖြင့် သားတော် ရာဟုလာကို ညွှန်ပြလေ၏။

သုံးခုဘ, ဂိုဏ်း၊ ဂရုဆိုဏ်း၊ မှတ်ပိုဏ်းဒေါဓက

(၁) စက္ကဝရင်္ကီတ လောဟိတပါဒေါ။

လက္ခဏမဏ္ဍိတ အာယတပဏှီ။

စာမရ ဆတ္တ ဝိဘူသိတပါဒေါ။

ဧသ ဟိ တုယှပိတာ နရသီဟော။

[မူ၌- စက္ကဝရင်္ကီတသုရတ္တပါဒေါ ရှိ၏၊ ဆန်းသမပဇ္ဇမျိုးဖြစ်၍ စက္ကဝရင်္ကီတ လောဟိတပါဒေါ- ဟုပြင်လိုက်သည်။]

(၁) စက္ကဝရင်္ကီတလောဟိတ ပါဒေါ=တစ်ရာ့ရှစ်ကွက်သော စက်လက္ခဏာတို့ဖြင့် မှတ်အပ်သည်ဖြစ်၍ ပတ္တမြား၏တပြေး တွေး တွေးနီမြန်းသော ခြေဖဝါးလည်းရှိတော်မူထသော၊ လက္ခဏမဏ္ဍိတ အာယတနပဏှီ=ကောင်းမြတ်သော လက္ခဏာတို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ ရှည်သောဖဏှောင့်တော်လည်း ရှိတော်မူထသော၊ စာမရ ဆတ္တ ဝိဘူသိတ ပါဒေါ=စာမရီသားမြီးယပ်, ထီးဖြူတော် အမြတ်တို့ဖြင့် တန်ဆာဆင်အပ်သော ခြေတော်လည်းရှိတော်မူထသော၊ နရသီဟော=လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးဖြစ်တော်မူသော၊ ဧသ ဧသောဟိ=ထိုအရှင်မြတ်ဘုရားသည်ကား၊ တုယှံ=သာကီနန်းဖွား သင်ချစ်သား၏၊ ပိတာ=သုံးလောက ထွတ်ထား ခမည်းတော်ဘုရားကြီး ပေတည်း။

ဘ, ဂိုဏ်းသုံးရပ်၊ ဂရုစပ်၊ မှတ်အပ်ဒေါဓက

(၂) သကျကုမာရဝရော သုခုမာလော။

လက္ခဏ စိတ္တိက ပုဏ္ဏ သရီရော။

လောကဟိတာယ ဂတော နရဝီရော။

ဧသ ဟိ တုယှပိတာ နရသီဟော။

(၂) သကျကုမာရဝရောသုခုမာလော=နူးညံ့သိမ်မွေ့သော သာကီနွယ်ဖွား မင်းသားအမြတ်လည်းဖြစ်တော်မူထသော၊ လက္ခဏစိတ္တိက ပုဏ္ဏ သရီရော=လက္ခဏာတော်ကြီး သုံးဆယ့်နှစ်သွယ်တို့ဖြင့် တင့်တင့်တယ်တယ် ဆန်းကြယ် ပြည့်ဖြိုးသော ကိုယ်တော်လည်းရှိတော်မူထသော၊ လောကဟိတာယ=သုံးလောက တိုက်ဘောင်ဝယ် မြားမြောင်တိုးပွား အကျိုးများစိမ့်သောငှါ၊ ဂတော=ဖြစ်ပေါ် ပေါက်ဖွားတော်မူလာသော၊ နရဝီရော=လူတို့၏မကိုဋ် အမြိုက်ထိပ်ဦး ရဲဗိုလ်မှူးကြီးလည်း ဖြစ်တော်မူထသော၊ နရသီဟော=လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးအစစ် ဖြစ်ကြီး ဖြစ်တော်မူသော၊ ဧသဧသောဟိ=ထိုအရှင်မြတ်ဘုရားသည်ကား၊ တုယှံ=သာကီနန်းဖွား သင်ချစ်သား၏၊ ပိတာ=သုံးလောကထွတ်ထား ခမည်းတော်ဘုရားကြီးပေတည်း။

ဘဂိုဏ်းသုံးသွယ်၊ ဂရုခြယ်၊ မှတ်ဝယ်ဒေါဓက

(၃) ပုဏ္ဏသုသင်္ခနိဘောမုခဝဏ္ဏော။

ဒေဝနရာနပိယော နရ နာဂေါ။

မတ္တ ဂဇိန္ဒ ဝိလာသိတ ဂါမီ၊

ဧသဟိ တုယှပိတာ နရသီဟော။

(၃) ပုဏ္ဏသုသင်္ခနိဘောမုခဝဏ္ဏော=ပြည့်ဝန်းသော လဝန်း၏ အသွင်ကဲ့သို့ ကြည်လင်လှစွာ ထိန်ဝင်းဝါသည့် မျက်နှာအသွေး အဆင်းလည်းရှိတော်မူထသော၊ ဒေဝနရာနပိယော=နတ်, လူ, ဗြဟ္မာ သတ္တဝါတို့ ရတနာမျက်နှစ် ချစ်ကြီး ချစ်အပ်ပေထသော၊ နရနာဂေါ=လူတို့၏အရှင် ပြောင်မာတင်ကြီးလည်း ဖြစ်တော်မူထသော၊ မတ္တဂဇိန္ဒဝိလာသိတဂါမီ= အမုန်ယစ်သောဆင်မင်းကဲ့သို့ တင့်တယ်သော သွားခြင်းလည်း ရှိတော်မူထသော၊ နရသီဟော=လူမြတ်လူထွတ်မှူး ပုဂ္ဂိုလ်ထူး အစစ် ဖြစ်ကြီး ဖြစ်တော်မူထသော၊ ဧသဧသောဟိ=ထိုအရှင်မြတ်ဘုရားသည်ကား၊ တုယှံ=သာကီနန်းဖွား သင်ချစ်သား၏၊ ပိတာ=သုံးလောကထွတ်ထား ခမည်းတော်မြတ်ဘုရားကြီးပေတည်း။

ဂရုနှစ်လုံး၊ ဘဂိုဏ်းသုံး၊ မှတ်အုံးဒေါဓက

(၄) ခတ္တိယ သမ္ဘဝ အဂ္ဂကုလီနော၊

ဒေဝမနုဿ နမဿိတပါဒေါ၊

သီလ သမာဓိ ပတိဋ္ဌိတ စိတ္တော၊

ဧသဟိ တုယှ ပိတာ နရသီဟော။

(၄) ခတ္တိယသမ္ဘဝ အဂ္ဂကုလိနော=သမ္မတနန်းရိုး မင်းအမျိုးမှ ဖြစ်၍ စင်စစ်အမျိုးလည်း မြင့်မြတ်တော်မူထသော၊ ဒေဝမနုဿ နမဿိတပါဒေါ=ဗြဟ္မာ, နတ်, လူ,သုံးဘုံသူတို့ ကြည်ဖြူမြတ်နိုး တုပ်ဝပ်လျှိုး၍ ရှိခိုးဦးခိုက်အပ်သော ခြေတော်စုံလည်းရှိတော်မူထသော၊ သီလ သမာဓိ ပတိဋ္ဌိတ စိတ္တော=သီလ, သမာဓိတည်းဟူသော ကျောက်မြေ၌ အောက်ခြေစိုက်၍တည်သော စိတ်ခိုင် စိတ်ခန့်လည်းရှိတော်မူထသော၊ နရသီဟော=လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးအစစ် ဖြစ်ကြီးဖြစ်တော်မူထသော၊ ဧသ ဧသောဟိ=ထိုအရှင်မြတ်ဘုရားသည်ကား၊ တုယှံ=သာကီနန်းဖွား သင်ချစ်သား၏၊ ပိတာ=သုံးလောကထွတ်ထား ခမည်းတော်မြတ်ဘုရားကြီးပေတည်း။

ဘဂိုဏ်းသုံးနောက်၊ ဂရုရောက်၊ မှတ်လောက်ဒေါဓက

(၅) အာယတယုတ္တ သုသဏ္ဌိတနာသော၊

ဂေါပမုခေါ အဘိနီလသုနေတ္တော၊

ဣန္ဒ ဓနူ ပတိနီလဘမူကော၊

ဧသဟိ တုယှပိတာ နရသီဟော။

(မူ၌-ဣန္ဒဓနုအဘိနီလဘမုကော-ရှိ၏၊ ဣန္ဒဓနူပတိနီလဘမုကော-ရှိမှ ဆန်း သင့်မည်။)

(၅) အာယတယုတ္တသုသဏ္ဌိတနာသော=ရှည်သွယ်ခြင်းနှင့် ယှဉ်၍ အသွင်သဏ္ဌာန်ကောင်းသော နှာခေါင်း နှာတံလည်းရှိတော်မူထသော၊ ဂေါပမုခေါ=နွားငယ်၏ မျက်ကွင်းအဝန်းကဲ့သို့ စိုရွှန်းကြည်လင်သော မျက်ကွင်းလည်းရှိတော်မူထသော၊ ဣန္ဒဓနူပတိ နီလဘမုကော=သက်တံကိုင်းလို အလွန်ညို၍ စိုပြေစိမ်းလဲ့သော မျက်ခုံးတော်လည်းရှိတော်မူထသော၊ နရသီဟော=လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးအစစ်ဖြစ်ကြီး ဖြစ်တော်မူထသော၊ ဧသဧသောဟိ= ထိုအရှင်မြတ်ဘုရားသည်ကား၊ တုယှံ=သာကီနန်းဖွား သင်ချစ်သား၏၊ ပိတာ= သုံး လောကထွတ်တား ခမည်းတော်ဘုရားကြီးပေတည်း။

ဂရုနှစ်ခု၊ ဘသုံးခု၊ ညီမှုဒေါဓက

(၆) ဝဋ္ဋ သုဝဋ္ဋ သုသဏ္ဌိတ ဂီဝေါ။

သီဟဟနူ မိဂရာဇ သရီရော။

ကဉ္စန သုစ္ဆဝိ ဥတ္တမဝဏ္ဏော။

ဧသဟိ တုယှပိတာ နရသီဟော။

(မူ၌-သီဟဟနု မိဂရာဇသရီရော- ရှိ၏၊ သီဟဟနူ မိဂရာဇသရီရော-ရှိမှ ဆန်းသင့်မည်။)

(၆) ဝဋ္ဋ သုဝဋ္ဋ သုသဏ္ဌိတ ဂီဝေါ=လုံးလျောင်းပြည့်ဖြိုး ရွှေမုရိုးစည်အဟန်သဏ္ဌာန်ကောင်းမွန်သော လည်ပင်းတော်လည်းရှိတော်မူ ထသော၊ သီဟဟနု=ခြင်္သေ့မင်း၏မေးနှင့် တစ်ပြေးတည်းတူမျှသော မေးတော်လည်းရှိတော်မူထသော၊ မိဂရာဇ သရီရော=သားများသေဌ်နင်း ခြင်္သေ့မင်း၏ ကိုယ်ပေါက်ကဲ့သို့ မိုမောက် ပြည့်ဖြိုးသော ကိုယ်တော်လည်း ရှိတော်မူထသော၊ ကဉ္စနသုစ္ဆဝီ=လှော်ရွှေဦးသစ် ဇမ္ဗူရာဇ်သိဂီ ထိန်ထိန် ကြည်သကဲ့သို့ ရောင်ခြည်ဝိုးဝင်း လျှပ်လျှပ်လင်းသည့် အဆင်းအရေတော်နှင့်လည်းပြည့်စုံတော်မူထသော၊ ဥတ္တမဝဏ္ဏော=တုပြိုင်စံနှုန်း အမြတ်ဆုံးဖြစ်သော အဆင်းကိုလည်း ဆောင်တော်မူထသော၊ နရသီဟော=လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးအစစ် ဖြစ်ကြီးဖြစ်တော်မူ ထသော၊ ဧသဧသောဟိ=ထိုအရှင်မြတ်ဘုရားသည်ကား၊ တုယှံ=သာကီနန်းဖွား သင်ချစ်သား၏၊ ပိတာ=သုံးလောကထွတ်ထား ခမည်းတော်မြတ်ဘုရားကြီးပေတည်း။

သမပဇ္ဇ၊ ဒေါဓက၊ ဘ-ဂ-တိ ဒွေးပြ

၇။ သိနိဒ္ဓသုဂ္ဂမ္ဘိရမဉ္ဇူသဃောသော။

ဟိင်္ဂုလ ဗန္ဓုက ရတ္တ သုဇိဝှေါ။

ဝီသစ ဝီသစ သောဘဏ ဒန္တော။

ဧသ ဟိ တုယှပိတာ နရသီဟော။

(မူ၌-ဝီသစ ဝီသစ သုသေထ ဒန္တော-ရှိ၏၊ ဝီသစ ဝီသစ သောဘဏဒန္တော-ရှိမှ ဆန်းသင့်မည်။)

၇။ သိနိဒ္ဓ သုဂမ္တီရမဉ္ဇူသ ဃောသော=ပြေပြစ်နက်နဲ လွန်ကဲသာယာ ချိုမြိန်စွာသော အသံတော်လည်းရှိတော်မူထသော၊ ဟိင်္ဂုလ ဗန္ဓုက ရတ္တသုဇိဝှေါ=ဟင်္သပြဒါးတူစွာ လယ်ခေါင်ရန်းပမာကဲ့သို့ တျာတျာနီမြန်းသော လျှာတော်လည်း ရှိတော်မူထသော၊ ဝီသစ ဝီသစ သောဘဏ ဒန္တော=အထက်နှစ်ဆယ် အောက်နှစ်ဆယ်လျှင် လေးဆယ်မျှညီ ပုလဲသီ သကဲ့သို့ ညီညွတ်တင့်တယ်သော သွားတော်လည်းရှိတော်မူထသော၊ နရသီဟော=လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးအစစ် ဖြစ်ကြီး ဖြစ်တော်မူထသော၊ ဧသဧသောဟိ=ထိုအရှင်မြတ်ဘုရားသည်ကား၊ တုယှံ=သာကီနန်းဖွား သင်ချစ်သား၏၊ ပိတာ=သုံးလောကထွတ်ထား ခမည်းတော်မြတ်ဘုရားကြီးပေတည်း။

တိ-ဒွေး-ဘ-ဂ၊ ဒေါဓက၊ ဆန်းရ မည်ရှုကြ။

၈။ အဉ္ဇနဝဏ္ဏ သုနီလ သုကေသော။

ကဉ္စန ပဋ္ဋ ပဝိတ္တ နလာဋော။

ဩသဓိ ပဏ္ဍရ သုဒ္ဓသုဥဏ္ဏော။

ဧသ ဟိ တုယှပိတာ နရသီဟော။

(မူ၌-ကဉ္စနပဋ္ဋ သုဝိသုဒ္ဓ နလာဋော-ရှိ၏။

ကဉ္စနပဋ္ဋ ပဝိတ္တ နလာဋော-ရှိမှဆန်းသင့်မည်။)

၈။ အဉ္ဇနဝဏ္ဏ သုနီလ သုကေသော=မျက်စဉ်းညိုရောင် ပိတုန်းတောင်ကဲ့သို့ မဲမှောင်စိမ်းလဲ့သော ဆံတော်လည်းရှိတော်မူထသော၊ ကဉ္စန ပဋ္ဋ ပဝိတ္တ နလာဋော=ရွှေပြားအပြင်ကဲ့သို့ စင်ကြယ်ပြန့်ဖြူးသော နဖူးတော်အပြင်လည်း ရှိတော်မူထသော၊ ဩသဓိ ပဏ္ဍရ သုဒ္ဓသုဥဏ္ဏော=သောက်ရှူးကြယ်အတူ ဖွေးဖြူနုနု ပုလဲဥပုံ စံပယ်ငုံကဲ့သို့ ဥဏ္ဏလုံမွေးရှင်တော်လည်းရှိတော်မူထသော၊ နရသီဟော= လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးအစစ် ဖြစ်ကြီးဖြစ်တော်မူထသော၊ ဧသဧသောဟိ= ထိုအရှင်မြတ်ဘုရားသည်ကား၊ တုယှံ=သာကီနန်းဖွား သင်ချစ်သား၏၊ ပိတာ=သုံးလောကထွတ်ထား ခမည်းတော်မြတ်ဘုရားကြီးပေတည်း။

ဂရုနှစ်သွယ်၊ ဘ-ဂိုဏ်းခြယ်၊ မှတ်ဝယ် ဒေါဓက။

၉။ ဂစ္ဆတိ နီလပထေဝိယ စန္ဒော၊

တာရ ဂဏာ ပရိဝေဋ္ဌိတ ရူပေါ။

သာဝကမဇ္ဈဂတော သမဏိန္ဒော၊

ဧသ ဟိ တုယှပိတာ နရသီဟော။

၉။ တာရ ဂဏာ ပရိဝေဋ္ဌိတ ရူပေါ=ကြယ်တာရာ အပေါင်းတို့ဖြင့်ခြံရံအပ်သောသဘောရှိသော၊ စန္ဒော=လပြည့်ဝန်းသည်၊ အနီလပထေ=လေ,လမ်း တစ်ခွင်ကောင်းကင်ပြင်၌၊ ဂစ္ဆတိဝိယ=လမင်း၏ ကျက်သရေကိုဖွင့်၍ တင့်တင့်တယ်တယ် လှည့်လည်သွားလာဘိသကဲ့သို့၊ တထာ=ထို့အတူ၊ သမဏိန္ဒော=သံဃာတို့၏ သေဋ္ဌ်နင်း ရဟန်းမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်၊ သာဝက မဇ္ဈဂတော=ခြံရံလိုက်ပါသော ရဟန်းသံဃာတို့၏အလယ်၌ စံပယ်ကွန့်မြူးတော်မူလျက်၊ ဂစ္ဆတိ= ဘုရား၏ကျက်သရေကိုဖွင့်၍ တင့်တင့်တယ်တယ် ကြွလှမ်းတော်မူ လာ၏၊ နရသီဟော=လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးအစစ် ဖြစ်ကြီးဖြစ်တော်မူထသော၊ ဧသဧသောဟိ=ထိုအရှင်မြတ်ဘုရားသည်ကား၊ တုယှံ=သာကီနန်းဖွား သင်ချစ်သား၏၊ ပိတာ=သုံးလောကထွတ်ထား ခမည်းတော်မြတ်ဘုရားကြီးပေတည်း။

ဤဂါထာတို့ကို ရည်၍

အောက်၌ပါသော နရသီဟလင်္ကာတို့ကို သီကုံးအပ်၏၊

၁။ သုံးဆယ့်တစ်ဘုံ၊ အလုံးစုံတွင်၊ များပုံသတ္တဝါ၊ ဦးခိုက်ရာသည်၊ တေဇာ မြင့်မား၊ မြတ်ဘုရား၏၊ ပတ္တမြားအသွင်၊ ဖဝါးပြင်ဝယ်၊ ဆင်စွယ်ဝန်းယှက်၊ ရာ့ရှစ်ကွက်ဟု၊ စက်လက္ခဏာ၊ မြတ်အင်္ဂါမူ၊ ဗြဟ္မာမကြွင်း၊ ဘုံခပင်းတည့်၊ ရှည်ခြင်း သင့်လျှော်၊ ဖမျက်တော်ဖြင့်၊ နှိုင်းသော် မမြင်၊ စက်နှစ်ပြင်ဝယ်၊ ရောင်ရှင်လူလူ၊ ထီးဖြူလျှပ်လျှပ်၊ သားမြီးယပ်ဖြင့်၊ တင့်အပ်စွာဘိ၊ တန်ဆာရှိသား၊ သာကိဥသျှောင်၊ ဤဘုန်းကောင်ကို၊ အမောင်ရှုမြော်၊ ခမည်းတော်ဟု၊ ယသော်ညွှန်ပြ၊ မြွက်ဆိုဟသည်။။ သံမြချိုမြိန့် ဂါထာတည်း။

၂။ သာကိနွယ်စင်၊ မင်းနှင်နှင်တို့၊ နှိုင်းအင်မဖက်၊ ကဲမိုးတက်၍၊ ထိပ်ထက် ကြာမုံ၊ လက်ပဒုံဖြင့်၊ ခြေစုံစကြာ၊ ဦးညွတ်ရာသား၊ လဲဝါတန္တု၊ မွေ့ညံ့ နုလျက်၊ ကုသုမာလော်၊ ရွှေကိုယ်တော်နှင့်၊ ရှုမြော်ဆန်းကြယ်၊ လွန်တင့်တယ်သည်၊ သုံးဆယ်နှင့်ဒွိ၊ အသီတိဟု၊ ပုရိသကြန်၊ မြတ်သဏ္ဌာန်နှင့်၊ ပုံဟန်ဗြဟ္မာ၊ ဆဗ္ဗဏ္ဏာဖြင့်၊ အံ့အာသရဲ၊ ဘဝဂ်ကွဲမျှ၊ ခပဲများစွာ၊ သတ္တဝါ၏၊ ချမ်းသာစီးပွါး၊ ရှာဖွေငြား၍၊ ကြွသွားဆွမ်းခံ၊ စောဘုန်း လျှံသည်။ ။သက်နှံမောင့်ဘ ရာဇာတည်း။

၃။ ဇမ္ဗူသိင်္ဂိ၊ နာရဏီသို့၊ တူညီမှည့်ရွှန်း၊ လပြည့်ဝန်းမျှ၊ ဖက်ကျွန်း မျက်နှာ၊ ရွှေဆင်းဝါတည့်၊ ဗြဟ္မာနတ်လူ၊ သုံးဘုံသူတို့၊ ကြည်ဖြူရှုမြော်၊ ဖူးရ သော်လျှင်၊ ရွှင်ပျော်နှစ်မြို့၊ စိတ်ကိုညှို့သို့၊ ပျို့ပျို့ဇောတက်၊ မခွာရက်တည့်၊ စက်စက္ကဝါ၊ တိုက်မှာမှာတွင်၊ နှိုင်းရာမမြင်၊ ဥသျှောင်ကျင်တည့်၊ ဆင်၏ သဏ္ဌာန်၊ ပြောင် ဆဒ္ဒန်သို့၊ သွားဟန်ငြိမ့်လေး၊ လွန်ယဉ်ကျေးသည်၊ သင့်မွေး သဘ၊ ရှုစမ်းပဟု၊ သီဟလေသွန်၊ ရွှေညှိုးညွွှန်သည်။။ အလွန်သာတောင့် သာယာတည်း။

၄။ ဘဒ္ဒမည်သာ၊ ဤကမ္ဘာတွင်၊ မဟာသမတ်၊ လောင်းနေနတ်မှ၊ ခတ် ခတ္တိယ၊ မျိုးဝံသဖြင့်၊ ဘိုးဘစဉ်ဆက်၊ နွယ်မပျက်လျှင်၊ မြတ်ထက် မြတ်ခေါင်၊ ဘုန်းတော်ရောင်ကြောင့်၊ သုံးဘောင် ရပ်သူ၊ နတ်, လူ, ဗြဟ္မာ၊ သင်္ချာချာလျှင်၊ ရတနာမကိုဋ်၊ ငုံ့လျှိုးငိုက်၍၊ ဦးခိုက်ကြရာ၊ ခြေစကြာဖြင့်၊ ကျောက်ဖျာတန္တိ၊ နှိုင်းတူရှိသား၊ ဓိ သမာ စျာန်၊ သီလက္ခန်ဝယ်၊ မဟန္တာရုံ၊ ရပ်ပြီး တုံမှ၊ ခိုင်လုံကြံ့ကြံ့၊ စိတ်တော်ခန့်သား၊ ချီးအံ့တိုင်းကျယ်၊ ဂုဏ် ပင်လယ်ဖြင့်၊ သပ္ပါယ်ဖွံ့ထွား၊ ဤမြတ်ဖျားကို၊ ချစ်သား နန်းသွေး၊ ရှုဘိသေးဟု၊ ကြည်အေးလေသွန်၊ ရွှေသလွန်မှ၊ နှုတ်မွန်မြွက်ဟ၊ ယသော်ပြသည်။။ ကြားက နာသောင့် နာသာတည်း။

၅။ သရေပြည့်ထွန်း၊ တက်နေဝန်းသို့၊ ရွှေချွန်းသဖွယ်၊ နှာတော် ဝယ်လည်း၊ ရှည်သွယ်ဝန်းတိ၊ သပ္ပါယ်ဘိ၏၊ အမိမခြား၊ ယနေ့ဖွားသည့်၊ နွားငယ့် မျက်စိ၊ သဏ္ဌာန်ရှိသို့၊ ညိုဘိရှုမြော်၊ မျက်မှောက်တော်လည်း၊ နှိုင်းလျော် မထင်၊ ပြစ်မျိုးစင်၏၊ သက်တင်ပုံသွေး၊ ကော့ကော့ရေးသား၊ မျက်မွှေး မျက်တောင်၊ ထွတ်ဘုန်းခေါင်ကား၊ သုံးဘောင်ရပ်သူ၊ သုံးပြည်သူတို့၊ နှိုင်းတူမမျှ၊ မောင့်မွေးဘဟု၊ လုံးဝလျင်ဆော၊ ဟုတ်တိုင်း ပြောသည်။။သဘောဖွေဖွေ ရှာရှာတည်း။

၆။ ရှေ့ဖျားဦးတည်၊ မြတ်ဘုန်းစည်ကား၊ ဝန်းလည်နှိုင်းပြိုင်၊ ရွှေပွတ် တိုင်သို့၊ ရွှေဆိုင်ပုံခင်း၊ ရွှေလည်ပင်းနှင့်၊ သားမင်းခေါ်ဆို၊ ခြသေ့င်္ပျို၏၊ ကိုယ်နှင့် တမျှ၊ ပြည့်ဖြိုးလှသား၊ ဒေဟလက္ခဏာ၊ ညီညွတ်စွာတည့်၊ သောဏ္ဏာစလံ၊ ရွှေတောင်ပျံသို့၊ အလျှံ ထိန်ပြောင်၊ ရွှေကိုယ်ရောင်လည်း၊ လောင်စလိလိ၊ ဝင်းဝင်း ညိလျက်၊ သိရီမြုတေ၊ အသရေမူ၊ အံ့ပေမဆုံး၊ ဖက်မဲ့ကျုံးသား၊ အားလုံးလောက၊ ဦးတင်သသည်၊ မောင့်ဘသခင်၊ ဤချစ်ရှင်ဟု၊ မျက်မြင်ခဏ၊ သားကိုပြသည်။။ကြောင်းစ ထွေထွေ လာလာတည်း။

၇။ အင်္ဂါရှစ်သွယ်၊ ဆန်းတကြယ်တည့်၊ နာဖွယ်ကော်ရော်၊ မိန့်သံတော် လည်း၊ ကြားသော်ချမ်းမြေ့၊ နားဝင်တွေ့၏၊ မိုးစွေ့ခေါင်ရန်း၊ နှင်းဆီပန်းသို့၊ နီမြန်းတျာတျာ၊ လျှာတော် မှာလည်း၊ ဟင်္သာပြဒါး၊ ပတ္တမြားသွေး၊ တွတ်တွတ်စွေး၏၊ ဖြူဖွေးသန့်ရှင်း၊ ခရုသင်းသို့၊ မယွင်းတူဖွယ်၊ သွားတော် ဝယ်လည်း၊ လေးဆယ် ပြည့်စုံ၊ အံ့မျိုးပုံသား၊ သုံးဘုံထင်ပေါ်၊ တုမမြော်သည်။။ ရှင်တော်မောင့်ဘ ပိတာတည်း။

၈။ နှိုင်းရာမထင်၊ ကိုယ်တော်တွင်မူ၊ ကေရှင်ညွန့်ထွား၊ မျက်စဉ်း လားသို့၊ ရွှေပြားပမာ၊ စင်ကြယ်စွာလျှင်၊ ပြစ်ဆာမမြော်၊ နဖူးတော်နှင့်၊ အံ့အော်ဆန်းထူး၊ ကဲလွန်ကြူးမျှ၊ သောက်ရှူး ကြယ်သွင်၊ ဖွေးဖွေးစင်သား၊ မွေးရှင်တော်ရုံ၊ ဥဏ္ဏလုံလည်း၊ တိမ်ဘုံလစန်း၊ လျှပ်နွယ်ပန်းသို့၊ ပတ်သန်းလင်းပွင့်၊ ရောင်ဖြူ ဝင့်သည်၊ သုံးဆင့်ဘုံတိုက်၊ ထွက်မကိုဋ်မူ၊ ရန်မိုက်ဖြတ်လှည်း၊ မောင်ခမည်းဟု၊ သားသည်းချာမြတ်၊ ရာဟုနတ်ကို၊ ညွန်လတ် တုံလျက်၊ ဂါထာမြွက်သည်။။ အချက် သေသေချာချာတည်း။

၉။ မောင့်ဘသရေ၊ထွန်းပတွေကို၊ စေ့ရေနှိုင်းလို၊ ပမာဆိုပိမ့်၊ မြင့်မိုရ် လှည့်သည်၊ ကောင်းကင်စည်မျှ၊ ရောင်ခြည်ဝင်းဝါ၊ ကြယ် တာရာတို့၊ ရံကာဝန်းကျင်၊ လေလမ်းနှင်သည်၊ ငွေစင် လစန်း၊ သော်တာနန်းလျှင်၊ ရောင်ပန်းပွင့်ဝေ၊ ကြွမြန်းလေသို့၊ မုနေ သဘ၊ သံဃိန္ဒလျှင်၊ များလှ သောင်းသောင်း၊ တပည့် ပေါင်းတို့၊ ခညောင်းရံကာ၊ လယ်ချက်ချာက၊ ခြောက်ဖြာ ရောင်ခြည်၊ ပတ်ဝန်းလည်နှင့်၊ ရွှင်ကြည်ဖွယ်ရာ၊ ကြွမူလာ၏၊ ရှုပါခလှည့်၊ သားမောင်ကြည့်ဟု၊ နွမ်းသည့်မူရာ၊ မင်းဗိမ္ဗာလျှင်၊ လေသာ လှစ်ဖွင့်၊ ပြညွှန်လင့်သည်။။ ဖခင့်ရွှေတောင့် ရုပ်ဝါတည်း။

ခုနစ်ဝါနက်၊ သိရီဂုဏ်တော်ဆက်

ထိုမှတစ်ပါး--ခုနစ်ဝါဆိုခါနီး သာဝတ္ထိပြည် ကဏ္ဍမ္ဗ သရက်ပင်ရင်း၌ တန်ခိုးပြာဋိဟာ ပြတော်မူသောအခါ၌ မြတ်စွာဘုရား၏ တင့်တယ်တော်မူခြင်း တည်းဟူသော သိရီဂုဏ်တော်သည်ကား လောက၌ အလွန်ထင်ရှားလှ၏၊ ထိုကျက်သရေကို ဖူးမြင်ရသော သတ္တဝါတို့မှာ နတ်, ဗြဟ္မာတို့ကို မဆိုထားဘိ လူပရိသတ်များသည်ပင်လျှင် အဝန်းသုံးဆယ့်ခြောက်ယူဇနာရှိလေ၏၊ ထိုသုံးဆယ့်ခြောက်ယူဇနာ အဝန်းရှိသော ပရိသတ်ဗိုလ်ထုကြီးသည် ဝါဆိုလပြည့်နေ့က မြတ်စွာဘုရား၏ ကျက်သရေတော်အနန္တတို့ကို ဖူးတွေ့ရသောအခါ ထိုကျက်သရေတော်တို့၌ သဒ္ဓါ, ပီတိ, ပဿဒ္ဓိတရားတို့ဖြင့် ဖဲခွါ၍မသွားနိုင်အောင် စိတ်စွဲ၍ နေကြလေသောကြောင့် တန်ခိုးပြတော်မူ၍အပြီး ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တာဝတိံသာသို့ ကြွတော်မူသော်လည်း ပရိသတ် အစည်းအရုံး မကွဲပဲ မြတ်စွာဘုရားကိုသာ ဝါတွင်းသုံးလပတ်လုံး မြော်လင့်တောင့်တသော အာသာဖြင့် ကွင်းလဟာပြင်ကြီးထဲမှာ မိုးခို၍ နေကြကုန်၏။

[ဤသို့ဖြစ်ခြင်းမှာ မြတ်စွာဘုရား၏ အသရေတော်တည်းဟူသော သိရီဓာတ်က သတ္တဝါတို့၏ စိတ်ဓာတ်ကို ဆွဲဆောင်ခြင်းကြောင့် ဖြစ်လေသည်။]

တန်ခိုးပြအဆုံး တာဝတိံသာကြွထုံး။

တန်ခိုးပြဋိဟာ ပြတော်မူ၍ အပြီးတွင် တာဝတိံသာသို့ ဝါဆိုတော်မူရန် ကြွတော်မူသောအခါ တစ်သောင်းသော လောကဓာတ်မှ နတ်, ဗြဟ္မာပေါင်းများစွာတို့သည် မြတ်စွာဘုရား၏ ထံတော်ပါးမှာ ခစားဆည်းကပ် လာကြကုန်၏၊ ကုဋေပေါင်း ရှစ်သောင်းမျှလောက်ကုန်သော နတ်, ဗြဟ္မာတို့တွင် တစ်စုံတစ်ဦးသော နတ်, ဗြဟ္မာမှလည်း မြတ်စွာဘုရား၏ အဆင်းအသရေတော်ကိုလွန်၍ တင့်တယ်သည်မရှိ၊ မြတ်စွာဘုရားကိုယ်တော်တစ်ပါးတည်းသာလျှင် အလုံးစုံသော နတ်,ဗြဟ္မာတို့၏ အဆင်းအသရေကို လွှမ်းမိုးအုပ်ခြုံ၍ သာလွန်တော်မူလေသည်။

ဘုရားရူပအဆင်း-နတ်, ဗြဟ္မာကိုလွှမ်းမိုးခြင်း

န ကောစိ ဒေဝေါ ဝဏ္ဏေန၊ သမ္ဗုဒ္ဓံ အတိရောစတိ။ သဗ္ဗေ ဒေဝေ အတိက္ကမ္မ၊ သမ္ဗုဒ္ဓေါဝ ဝိရောစတိ။

ကောစိ=တစ်စုံတစ်ဦးသော၊ ဒေဝေါ=နတ်,ဗြဟ္မာသည်၊ ဝဏ္ဏေန= အဆင်းအသရေဖြင့်၊ သမ္ဗုဒ္ဓံ=မြတ်စွာဘုရားကို၊ န အတိရောစတိ=လွန်၍ မတင့်တယ်နိုင်၊ သမ္ဗုဒ္ဓေါဝ=မြတ်စွာဘုရားသည်သာလျှင်၊ သဗ္ဗေဒေဝေ= အလုံးစုံသော နတ်, ဗြဟ္မာတို့ကို၊ ဝဏ္ဏေန=အဆင်းအသရေတော်ဖြင့်၊ အတိက္ကမ္မ=လွှမ်းမိုး၍၊ ဝိရောစတိ=တင့်တယ်တော်မူ၏။

အံ့ဩဖွယ်တန်ခိုး-ထက်ဘဝဂ်, အဝီစိမြင်ရိုး

တာဝတိံသာနတ်ပြည်တွင် သတ္တမဝါဆိုတော်မူလျက် အဘိဓမ္မာတရားကို ဟောကြားတော်မူပြီး၍ ဝါကျွတ်သောနေ့တွင် ဘုရား၏ ကျက်သရေတော်ဖြင့် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းခန်းတွင်လည်း ထူးဆန်းအံ့ဩဖွယ်သော ကျက်သရေတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုအခါ သင်္ကဿနဂိုရ်ပြည်နှင့် တာဝတိံသာသည် ရွှေလမ်း, ငွေလမ်း, ပတ္တမြားလမ်း စောင်းတန်းကြီး သုံးသွယ် ပေါက်လေ၏၊ မြတ်စွာဘုရား၏ တန်ခိုးအားဖြင့် အထက်ဘဝဂ် အောက်အဝီစိ ဖီလာအားဖြင့် စကြဝဠာပေါင်း တစ်သိန်းကျော်အတွင်းမှာ ဟင်းလင်း အပြင်ကြီး ဖြစ်၍ ထုတ်ချင်းပေါက် မြင်နိုင်ကုန်၏၊ ထိုအခါ လူ, နတ်, ဗြဟ္မာတို့သည် အချင်းချင်းပြိုးပြွမ်းရောထွေးကြကုန်လျက် လောကကြီးတစ်ဝန်းလုံးနှင့်ဆိုင်သော ပွဲသဘင်ကြီးဖြစ်လေ၏၊ မြတ်စွာဘုရားသည် ရောင်ခြည်တော် ခြောက်သွယ်ကို လွှတ်ပြီးလျှင် ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူ၏၊ ဗြဟ္မာတို့သည် လကျ်ာငွေစောင်းတန်းဖြင့် သက်ဆင်းကြကုန်၏၊ နတ်တို့လည်း လက်ဝဲ ရွှေစောင်းတန်းဖြင့် သက်ဆင်းကြကုန်၏၊ ဗြဟ္မာမင်းကြီးသည် မြတ်စွာဘုရားအား ထီးဖြူ ဆောင်း၍လိုက်၏၊ သုယာမနတ်သည် သားမြီးယပ်ကို တလွှဲလွှဲခပ်၍ လိုက်၏၊ မာတလိနတ်သားသည် ပန်းနံ့သာတို့ကို ပူဇော်၏၊ ပဉ္စသီခနတ်သားသည် ဗေလုဝနတ်စောင်းကို တီး၍လိုက်၏။

အရှင်သာရိပုတ္တရာ ခရီးဦးဆီးကြိုကာ။

ဤသို့ အနန္တလောကဓာတ်၏ကျက်သရေ အမျိုးမျိုးကို တန်ခိုးဖြင့် နှိပ်နင်း၍ တာဝတိံသာမှ သက်ဆင်းတော်မူလာသော မြတ်စွာဘုရားကို အရှင်သာရိပုတ္တရာသည် သင်္ကဿနဂိုရ်ပြည် စောင်းတန်းဦးမှ ခရီးဦးဆီးကြိုလေ၏၊ မြတ်စွာဘုရားကလွဲလျှင် ပြိုင်ယှဉ်ဖက်မရှိအောင် ပညာအထုကြီးမားလှသော အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ဉာဏ်တော်မှာပင် ဘုရားကျက်သရေတော်ကို မြင်သောအခါ မအံ့ဩပဲ မနေနိုင်သောကြောင့်

ဘုရားကျက်သရေပွဲ-ချီးကျူးနွှဲ

န မေ ဒိဋ္ဌော ဣတော ပုဗ္ဗေ၊ န သုတော ဥဒ ကဿစိ။

ဧဝံ ဝဂ္ဂုဂတော သတ္ထာ၊ တုသိတာ ဂဏိမာ ဂတော။

ဟူသောဂါထာဖြင့် ချီးကျူးတော်မူလေသည်။

ဧဝံ ဝဂ္ဂုဂတော=ဤကဲ့သို့ ကျက်သရေကြီးမားစွာနှင့် ကြွတော်မူ လာသော၊ သတ္ထာ=မြတ်စွာဘုရားကို၊ ဣတော=ဤအခါမှ၊ ပုဗ္ဗေ=ရှေး ကာလ၌၊ မေ=ငါသည်၊ နဒိဋ္ဌော=မြင်လည်း မမြင်စဖူး၊ ဥဒကဿစိ= တစ်စုံတစ်ဦးသော သူ၏ထံမှလည်း၊ နသုတော=ကြားလည်းမကြားစဖူး၊ တုသိတာ=လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းကို နှစ်သက်တော်မူစေနိုင် သော၊ ဂဏိမာ=လူအပေါင်း, နတ်အပေါင်း, ဗြဟ္မာအပေါင်းတို့၏အရှင် ဖြစ်တော်မူသော မြတ်စွာဘုရားသည်၊ ဂတော=ကြွလာတော်မူခဲ့လေပြီ။

[ဤယမိုက်ပြာဋိဟာပြခန်း, တာဝတိံသာမှ သက်ဆင်းတော်မူခန်းတို့၌ ဖြစ်သော မြတ်စွာဘုရား၏ ကျက်သရေတော်များသည် တစ်သောင်းသော စကြဝဠာ၌ ရှိနေကြကုန်သော နတ်, ဗြဟ္မာတို့နှင့်တကွ သုံးဆယ့်ခြောက်ယူဇနာ အဝန်းရှိသော လူပရိသတ်တို့ ဒိဋ္ဌတွေ့မြင်ရ၍ အလွန်ကြီးကျယ်ထင်ရှားသော ဘုရားကျက်သရေ ပွဲတော်ကြီးဖြစ်လေ၏၊]

အလှကျက်သရေတွင်မက-အသံကျက်သရေကလည်းချိုမြ

မြတ်စွာဘုရား၏ ရူပကာယကျက်သရေတော်သာလျှင် စက္ခုဝိညာဏ်နှင့်ပြည့်စုံသော သတ္တလောကကြီး၏အလယ်၌ တင့်တယ်သောကျက်သရေကြီးဖြစ်သည်သာ မဟုတ်သေး၊ မြတ်စွာဘုရား၏ အသံတော်သည်လည်း သောတ ဝိညာဏ်နှင့်ပြည့်စုံသော သတ္တလောကကြီးအလယ်မှာ လွန်စွာကျက်သရေ ရှိလေသည်ပင် ဖြစ်၏၊ လောက၌ ရှိရှိသမျှသော အသံသဒ္ဒါရုံအမျိုးမျိုးတို့၏ အသရေကို နှိပ်နင်း၍ မြတ်စွာဘုရား၏ အသံတော်ကိုကြားရလျှင် ရန်သူသတ္တဝါတစ်ဦး လိုက်သဖြင့် ပြေး၍နေသောသတ္တဝါပင်သော်လည်း နောက်က သတ်ဖြတ်ရန် လိုက်လာသော ရန်သူဘေးကို မတွေးမကြောက်နိုင်ပဲ မြတ်စွာဘုရား၏ အသံတော်ကိုသာ စိုက်၍ နားထောင်ရလေ၏၊ နောက်ကလိုက်သော ရန်သူသည်လည်း ရှေ့ကပြေးလေသော ရန်သူကိုသတ်မည် ကြိတ်ခဲထားသော စိတ်အစွဲကို မေ့လျော့ပြီးလျှင် မြတ်စွာဘုရား၏ အသံတော်ကိုသာ တန့်၍ နားစိုက်ရလေ၏။

ဟတ္ထိကန္တမည်သော စောင်းသံကို ကြားသောအခါ အမုန်ယစ်သော ဆင်ပေါင်းများစွာတို့ပင်သော်လည်း အမုန်ယစ်ခြင်း ပြေပျောက်၍ ဟတ္ထိကန္တစောင်းသံ၌သာလျှင် နားစိုက်ကြကုန်ဘိသကဲ့သို့ မြတ်စွာဘုရား၏ အသံတော်ကို ကြားရသောအခါ ကိလေသာဖြင့် အမုန်ယစ်သော သူတို့ပင်သော်လည်း ပြော့ပျောင်းသော စိတ်ရှိကြကုန်သည်ဖြစ်၍ အသံတော်၌သာ နားစိုက်ကြရလေကုန်၏။

မျက်စိဂုဏ်, နားဂုဏ်, ကုသိုလ်ဟုန်

မျက်စိအရသာကို ဆောင်သော ရူပါရုံအမျိုးမျိုးတို့တွင် မြတ်စွာဘုရား၏ အဆင်းတော်ကျက်သရေသည် အလွန်အကဲဆုံးဖြစ်၏၊ နား၏အရသာကို ဆောင်သော သဒ္ဒါရုံအမျိုးမျိုးတို့တွင် မြတ်စွာဘုရား၏ အသံတော်ကျက်သရေတော်သည် အလွန်အကဲဆုံးဖြစ်၏၊ မြတ်စွာဘုရား၏ အဆင်းတော်ကျက်သရေသည် သတ္တဝါတို့၏ ဒဿနာနုတ္တရိယ ကုသိုလ်ထူးကို ဖြစ်ပွါးစေနိုင်၏၊ မြတ်စွာဘုရား၏ အသံတော်ကျက်သရေသည် သတ္တဝါတို့၏ သာဝနာနုဿရိယ ကုသိုလ်ထူးကို ဖြစ်ပွါးစေနိုင်၏၊ မြတ်စွာဘုရားတို့ ပွင့်တော်မူသောအခါမှသာလျှင် လောက၌ ဖြစ်ပေါ်လာသော မြတ်စွာဘုရား၏ အဆင်းတော် အသံတော်များသည် လောက၌ ဒုလ္လဘကျက်သရေတော်ကြီးများဖြစ်ပေ၏၊ ယခုအခါ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်နှင့် တွေ့ကြုံရသည်ဆိုသော်လည်း လက်ထက်တော်နှင့် မကြုံကြိုက်ကြရကုန်သဖြင့် မြတ်စွာဘုရား၏ အဆင်းတော် အသံတော်တည်းဟူသော ကျက်သရေလာဘ်ကြီးမှ လွဲကြရလေကုန်သည်၊ သို့ရာတွင် သာသနာတော်အရိပ်ကို ခိုလှုံရသေးသည်နှင့် ကျမ်းဂန်တို့၏အဆိုအားဖြင့် မြတ်စွာဘုရား၏ အဆင်းတော်, အသံတော်ကျက်သရေများကို ကြားသိရခြင်းသည်ပင်လျှင် ဒုလ္လဘတစ်မျိုးကို ရသည်မည်လေ၏၊ သာသနာပအခါ၌ ဖြစ်ပါမူကား ထိုကဲ့သို့ အဆင်းတော် အသံတော်များ၏ မည်သို့မည်ပုံဟူသော အကြောင်းအရာများကိုပင် မကြားမသိရအောင် ရှုံးခြင်းကြီး ရှုံးကြရကုန်၏၊ စာပေကျမ်းဂန် အတွေ့အားဖြင့် အဆင်းတော်, အသံတော်ကျက်သရေများကို ရေးသားရသည် ဆိုသော်လည်း ပကတိ အဆင်းတော်, အသံတော်များကို အပုံတစ်သိန်းစိပ်၍ တစ်စိပ်မျှမှီအောင် ရေးသားချီးမွမ်းနိုင်ကြသည်မဟုတ်ချေ၊ ထိုပကတိ အဆင်းတော်, အသံတော်များကို ဖူးမြင်ကြားနာရသော သူတို့သည် ရှေးကုသိုလ်အဟုန်များ၍ ဘုန်းကျက်သရေကြီးမားသော သူတို့သာလျှင် ဖြစ်ကြကုန်၏။

[ထိုကြောင့် ဂေါတမီအပဒါန်တွင် အောက်၌ပါသော ဂါထာတို့ဖြင့် မိထွေးတော် ဂေါတမီက မြတ်စွာဘုရားကို လျှောက်ထားလေသည်။]

သားလှဗုဒ္ဓင်-ဂုဏ်ထူးတင်

၁။ ဒီဃင်္ဂုလီ တမ္ဗနခေ၊ သုဘေ အာယတပဏှိကေ။

ယေ ပါဒေ ပဏမိဿန္တိ၊ တေပိ ဓညာ ဂုဏန္ဓရ။

၁။ ဂုဏန္ဓရ=ကျက်သရေဘုန်းရောင် ဂုဏ်ကိုဆောင်သည့် အခေါင် ထွတ်ထားမြတ်ဘုရား၊ ဒီဃင်္ဂုလီ=ရှည်သွယ်ပြေပြစ်သော ခြေချောင်းတော်လည်း ရှိတော်မူထသော၊ တမ္ဗနခေ=ချိပ်ရည်ဆွတ်ဖျန်း လယ်ခေါင် ရန်းကဲ့သို့ နီမြန်းသော ခြေသည်းတော်လည်းရှိတော်မူထသော၊ အာယတပဏှိကေ=ရှည်သွယ်သော ခြေဖဏှောင့်တော်လည်း ရှိတော်မူထသော၊ သုဘေ=လက္ခဏာဆန်းကြယ် ရာ့ရှစ်သွယ်တို့ဖြင့် တင့်တယ်တော်မူထသော၊ တေ=ရှင်ပင်မြတ်ဘုရား၏၊ ပါဒေ=ခြေတော်တို့ကို၊ ယေ=အကြင်သူတို့သည်၊ ပဏမိဿန္တိ=ကြည်ညိုမြတ်နိုး ရှိခိုးဝပ်တွားကြရကုန်၏၊ တေပိ=ထိုသူတို့သည်လည်း၊ ဓညာ=ရှေးကုသိုလ်ထက်သန်၍ ဘုန်းကံ ကြီးမားကြပေကုန်စွ။

လစန်းခြင်္သေ့-လှရဲလေ့

၂။ နဒတော ပရိသာယံ တေ၊ ဝါဒိတဗ္ဗပဟာရိနော။

ယေ တေ ဒက္ခန္တိ ဝဒနံ၊ ဓညာ တေ နရပုင်္ဂဝ။

၂။ နရပုင်္ဂဝ=လူတို့ရှေ့သွား မြတ်ဘုရား၊ ပရိသာယံ=ပရိသတ် လေးပါး အလယ်၌၊ ဝါဒိတဗ္ဗပဟာရိနော=နတ်စည်ကို ဆော်ယွမ်းဘိ သကဲ့သို့ နှုတ်ခမ်း တော်မြတ်အစုံကို ထိတုံဖွင့်တုံ တီးခတ်တော်မူလျက်၊ နဒတော-နဒန္တဿ=ခြင်္သေ့မင်းကဲ့သို့ ရဲတင်းတည်ကြည် တရားစည်ကို ခတ်တီး၍ ကြည်းဟီး ကျူးရင့်တော်မူဆဲဖြစ်သော၊ တေ=ရှင်ပင်မြတ် ဘုရား၏၊ ဝဒနံ=လစန်းငွေသော် မျက်နှာတော်ကို၊ ယေ=အကြင်သူတို့ သည်၊ ဒက္ခန္တိ=ဖူးမြင်ကြရကုန်၏၊ တေ=ထိုသူတို့သည်၊ ဓညာ=ရှေးကုသိုလ် ထက်သန်၍ ဘုန်းကံကြီးမားကြပေကုန်စွ။

တရားနာရ-ဘုန်းကြီးစွ

၃။ မဓုရာနိ ပဟဋ္ဌာနိ၊ ဒေါသဂ္ဃါနိ ဟိတာနိစ။

ယေ တေ ဝါကျာနိ သောဿန္တိ၊ တေပိ ဓညာ နရုတ္တမ။

၃။ နရုတ္တမ=လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးဖြစ်တော်မူသော မြတ်စွာ ဘုရား၊ မဓုရာနိ=ဆိုမိန့်သာယာ ချိုမြိန့်စွာကုန်ထသော၊ ပဟဋ္ဌာနိ= ကြားသူ၏ စိတ်နှလုံးကို ရွှင်ပြုံးနှစ်သက်စေကုန်ထသော၊ ဒေါသဂ္ဃါနိ= အပြစ်မျိုးမှ ကင်း၍သန့်ရှင်း စင်ကြယ်ကုန်ထသော၊ ဟိတာနိစ=ကြားတိုင်း, နာတိုင်း, မဆိုင်းမတွ အကျိုးရစေ နိုင်ကုန်ထသော၊ တေ=ရှင်ပင်မြတ် ဘုရား၏၊ ဝါကျာနိ=စကားတော်တို့ကို၊ ယေ=အကြင်သူတို့သည်၊ သောဿန္တိ=ကြားနာကြရကုန်၏၊ တေပိ=ထိုသူတို့သည်လည်း၊ ဓညာ= ရှေးကုသိုလ် ထက်သန်၍ ဘုန်းကံကြီးမားကြပေကုန်စွ။

[ကျက်သရေအမျိုးမျိုး ပြိုင်ဆိုင်၍နေရာ မြတ်ဘုရား၏ကျက်သရေတော်က သာလွန်ကြောင်းကိုလည်း ဓမ္မပဒဗြာဟ္မဏဝဂ် အာနန္ဒထေရဝတ္ထုဖြင့်လည်း ထင်ရှား၏၊]

ဝတ္ထုအမြွက်-ပြဆိုချက်

ထိုဝတ္ထုအမြွက်သော်ကား---မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဝိသာခါ ဆောက်လုပ်သော ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ်အခါ မဟာပဝါရဏာပြုသော လပြည့်နေ့ ညနေချမ်းတွင် အနောက်လောကဓာတ်သို့ နေ,လည်းမဝင်သေး အရှေ့လောကဓာတ်မှ လ, ကလည်း ထွက်ခါစ ကောသလမင်းကြီးကလည်း ရတနာအမျိုးမျိုးတို့ဖြင့် ထိန်ထိန်တောက်သော မင်းမြောက်တန်ဆာတို့ကို ဆင်ယင်၍ မြတ်စွာဘုရားထံတော်ပါး၌ ခစား၍နေ၏၊ ရှင်သာရိပုတ္တရာမထေရ်သည်လည်း မြတ်စွာဘုရား၏ မနီးမဝေးမှာ စျာန်ဝင်စား၍ ရဟန္တာတို့၏ ကျက်သရေဖြင့် နေတော်မူ၏။

ထိုအခါ ရှင်အာနန္ဒာသည် ဝင်ခါနီးဖြစ်သော နေ၏ကျက်သရေ, ထွက်ခါစ ဖြစ်သော လပြည့်ဝန်း၏ကျက်သရေ, မင်းမြောက်တန်ဆာတို့ဖြင့် ပြောင်ပြောင်တောက်၍နေသော ကောသလမင်းကြီး၏ ကျက်သရေ, စျာန်,သမာပတ် ဝင်စား၍နေသော ရဟန္တာ၏ကျက်သရေတို့ကို ကြည့်ရှုပြီးလျှင် မြတ်စွာဘုရား၏ ကျက်သရေတော်ကို ဖူးမြော်လေသောအခါ အလုံးစုံသော ကျက်သရေတို့ထက် သာလွန်၍နေသည်ကို မြင်၍ ကြည်ညိုလှသောကြောင့် ဘုန်းတော်ကြီးသော အရှင်ဘုရား အလုံးစုံသော ကျက်သရေ အရောင်အဝါတို့ထက် အရှင်မြတ်၏ ကျက်သရေတော်သာလျှင် လွန်ကဲ၍ တင့်တယ်ပါသည်ဟူ၍ လျှောက်သည်တွင် အောက် ပါဂါထာကို မြတ်စွာဘုရား ဟောကြားတော်မူလေ၏။

လေးမျိုးကျက်သရေ-လွန်ကဲလေ၏

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိ မာ ဘာတိ စန္ဒိမာ။

သန္နဒ္ဓေါ ခတ္တိယော တပတိ၊ စျာယီ တပတိ ဗြာဟ္မဏော။

အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

အာဒိစ္စော=ရောင်ခြည်တစ်ထောင် ထွန်းပြောင်ထိန်လင်း ရှင် နေမင်းသည်၊ ဒိဝါ=နေ့အခါ၌သာလျှင်၊ တပတိ=ထွန်းလင်းကျက်သရေ တင့်တယ်လေ၏၊ စန္ဒိမာ=ယုန်ဖြူ,လနန်း သော်တာစန်းသည်၊ ရတ္တိံ= ညဉ့်အခါ၌သာလျှင်၊ တပတိ=ထွန်းလင်းကျက်သရေ တင့်တယ်လေ၏၊ ခတ္တိယော=ရေမြေသေဌ်နင်း ပြည့်ရှင်မင်းသည်၊ သန္နဒ္ဓေါ=ရတနာ စိန်ကျောက် ထိန်ထိန်တောက်သည့် မင်းမြောက်တန်ဆာ ဆင်ယင်ခါမှ သာလျှင်၊ တပတိ=ထွန်းလင်းကျက်သရေ တင့်တယ်လေ၏၊ ဗြာဟ္မဏော= ကိလေသာကုန်ခန်းသော ရဟန္တာပုဂ္ဂိုလ်သည်၊ စျာယီ=အဘိညာဉ် ဝင်စား စျာန်ကစားမှသာလျှင်၊ တပတိ=ထွန်းလင်းကျက်သရေ တင့်တယ်လေ၏၊ အထ=စင်စစ်သော်ကား၊ ဗုဒ္ဓေါ=မြတ်စွာဘုရားသည်သာလျှင်၊ တေဇသာ= ကျက်သရေတန်ခိုး တင့်တယ်ခြင်းအမျိုးမျိုးဖြင့်၊ သဗ္ဗမဟောရတ္တိံ=နေရော ညဉ့်ပါ ဘယ်ခါမဆိုင်း အချိန်တိုင်းပင်၊ တပတိ=ထွန်းလင်းကျက်သရေ တင့်တယ်တော်မူပေ၏။

ကပ်ကမ္ဘာက ကုသိုလ်တွေ တစ်လုံးထဲ စုပေးလေ။

ဤကဲ့သို့ဆိုအပ်ပြီးသောအတိုင်း သိရီဘုန်းတော်ကို ရရှိတော်မူခြင်းမှာ သာမညဖြစ်သောပုဂ္ဂိုလ်တို့၏ သေးသိမ်သောကံပါရမီတို့ကြောင့် ရရှိတော်မူသည်မဟုတ်၊ ကပ်ကမ္ဘာအသင်္ချေ ပေါင်းများစွာတို့က ဖြည့်ဆည်းပူးတော်မူအပ်သော ပါရမီလုံးစုံ ကျေးဇူးဂုဏ်တို့သည် တစ်ဟုန်တည်းစုဆုံ၍ အကျိုးပေးခြင်းရှိတော်မူသဖြင့်သာလျှင် ဤကဲ့သို့ အနန္တ, အပ္ပမေယျဖြစ်သော သိရီဘုန်းတော်များကို ရရှိတော်မူခြင်း ဖြစ်လေသည်၊ ဆိုအပ်ပြီးသော ပါရမီတော်တို့သည် အန္တိမဘဝိကဖြစ်သော မြတ်စွာဘုရား၏ သန္တာန်တော်၌ ဇနက, ဥပထမ္ဘက ကိစ္စဖြင့်စုပုံ၍ အကျိုးပေးသဖြင့် ဥပမာမြောင်းပေါင်း အသင်္ချေ စီးဆင်းရန်ဖြစ်သောရေတို့ကို မြစ်ကြီးတစ်ခုထဲမှာဆုံ၍ အကုန်လွှတ်အပ်သော ရေဟုန် ရေယဉ်ကြီးကဲ့သို့လည်းကောင်း, ထင်း, မီးစာပေါင်း အသင်္ချေ တစ်ကွဲတစ်ပြားစီ တောက်လောင်ရန်ဖြစ်သောမီးတို့ကို တစ်ပုံတစ်စုတည်း စု၍လောင်စေအပ်သော မီးပုံမီးတောက်ကြီးကဲ့သို့လည်းကောင်း, စကြဝဠာတစ်ခု၌ တစ်ဝန်းစီတစ်ဝန်းစီ ထွန်းတောက်ပသော လပေါင်း အသင်္ချေတို့ကို တစ်ပေါင်းတည်းစု၍ သာစေအပ်သော လရောင်ကဲ့သို့လည်းကောင်း, ဘဝတစ်ခုထဲ၌စု၍ အကျိုးပေးသော ပါရမီတော်တို့၏ အကျိုးဖြစ်သော ကျက်သရေတော်၏ ကြီးမားမြင့်မြတ်ပုံကို သိအပ်၏၊ ဤသိရီဘုန်းတော်နှင့် ပြည့်စုံတော်မူသောကြောင့်လည်း ဘဂဝါမည် တော်မူသည်။

[ဤကား သိရီဘုန်းတော်နှင့်စပ်၍ ဆိုအပ်သောစကားရပ်ပေတည်း။]

ကာမဘုန်းတော်-ဆက်ခန်းဖေါ်

(င) သူတစ်ပါးတို့၏ အကျိုးတို့ကို စင်ကြယ်မွန်မြတ်သော ဆန္ဒတော်ဖြင့် လိုလားမှု, ထိုသို့သူတစ်ပါးတို့၏အကျိုးကို လိုလားတော်မူသည့်အတိုင်း သူတစ်ပါး တို့၏အကျိုးပြီးစီးမှုများကို ကာမဘုန်းတော ဆိုသည်။

သူတစ်ပါးတို့၏ အကျိုးစီးပွားကို လိုတိုင်း ပြီးစီးစေနိုင်သည်ကို ဆိုသဖြင့် ကိုယ်တော်မြတ်၏အကျိုးကို လိုတိုင်းပြီးစီးစေနိုင်ပုံကို အထူးပြောဆိုရန် အကြောင်းမရှိချေ၊ ကိုယ်တော်မြတ်၏ အကျိုးပြီးစီးခြင်းမှာ ဗောဓိမဏ္ဍိုင်၌ သစ္စာလေးပါးကို သိတော်မူပြီးလျှင် ဘုရားဖြစ်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်ကောင်းကြံပါလျှင် ပြီးစီးပြီးပင် ဖြစ်လေသည်၊ လေးဆယ့်ငါးဝါကာလပတ်လုံး အစဉ်မပြတ် ဗုဒ္ဓကိစ္စတော်မြတ်ကို ဆောင်ရွက်တော်မူသည်မှာ သတ္တဝါတို့၏ အကျိုးကို လိုလားမှု, သတ္တဝါတို့၏အကျိုးကို ပြီးစီးစေမှုအတွက်ကြောင့်သာလျှင် ဖြစ်လေသည်၊ အန္တိမဖြစ်သော သိဒ္ဓတ္ထကုမာရဘဝတွင်သာ ကိုယ်တော်မြတ်၏ အကျိုးတော် ပြီးစီးနိုင်သည်မဟုတ်သေး၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလကပင် မထင်မရှားသော ရဟန္တာအသွင်နှင့် နိဗ္ဗာန်ဝင်လိုပါ တပြီးကား ထိုအခါကပင်လျှင် ကိစ္စပြီးစီးနိုင်ရာ၏၊ သတ္တဝါတို့၏အကျိုး ငှါသာလျှင် ထိုအခါကာလက လက်ရောက် ရလုနီးနီးဖြစ်သော နိဗ္ဗာန်ချမ်းသာကို လွှတ်တော်မူ၍ ကမ္ဘာပေါင်းများစွာ သံသရာ၌ ကျင်လည်တော်မူရလေသည်။

ကာမဘုန်းတော်-သတ္တဝါ၂၄-သင်္ချေကျော်။

မြတ်စွာဘုရား၏ ကာမဘုန်းတော် တန်ခိုးဖြင့် အကျိုးပြီးစီးကြသော သတ္တဝါအပေါင်းမှာ နှစ်ဆယ့်လေး သင်္ချေကျော်ကျော်မျှ ရှိကြလေ၏၊ နှစ်ဆယ့် လေးသင်္ချေဟူသောအရေအတွက်မှာ လောကုတ္တရာတရားအထူးကို ရရှိသောသူတို့ကိုသာ ရည်၍ဆိုသည်၊ နတ်ပြည်, ဗြဟ္မာပြည်တည်းဟူသော သုခဘုံသို့ ရောက်ရှိခံစားရခြင်းအားဖြင့် အကျိုးပြီးစီးကြသော သတ္တဝါတို့ကိုမူကား ရေတွက်နိုင်ရန်အကြောင်း အသင်္ချေပေါင်း အသင်္ချေ မကအောင်ပင် ရှိရာ၏၊ ယခုကာလသို့တိုင်အောင်ပင်သော်လည်း လူ့ ပြည်, နတ်ပြည်စသော သုဂတိဘုံသို့ ရောက်ပေါက်ခံစားလျက် လောကီအကျိုး ပြီးစီးကြရသည်မှာလည်း မြတ်စွာဘုရား၏ ကာမဘုန်းတော် အရှိန်အစော်ကြောင့်ပင်ဖြစ်လေ၏၊ ကာမဘုန်းတော်ရိပ်ကို ခိုလှုံကြရ သမျှသော သတ္တဝါအပေါင်းတို့သည် အယုတ်ဆုံးအားဖြင့် လူ့ပြည်, နတ်ပြည်သို့ရောက်ခြင်းတည်း ဟူသော အကျိုးပြီးစီးခြင်း ကိုခံစားကြရကုန်၏၊ မဟာကရုဏာ သမာပတ္တိဉာဏ်တော် ပျံ့နှံ့သမျှ ကာမဘုန်းတော်သည်လည်း ကျယ်ပြန့်လေသည်။

[ဤ ကာမဘုန်းတော်နှင့် ပြည့်စုံတော်မူသောကြောင့်လည်း ဘဂဝါမည်တော်မူသည်။]

ပယတ္တဘုန်းတော်-ဆက်ခန်းဖေါ်

တွန့်ဆုတ်မရှိ-စွန့်စား၏၊။ (စ)အလုံးစုံသောဘုရားရှင်တို့၏ ပြုသင့်ပြုထိုက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သော ဗုဒ္ဓကိစ္စတော်ကို တွန့်တိုဆုတ်နစ်ခြင်းရှိတော်မမူပဲ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ကြီးမားသော ဝီရိယတော်ဖြင့် ဆောင်ရွက်ခြင်းသည် ပယတ္တဘုန်းတော် ပယတ္တဘုန်းတော် မည်သည်။

[မြတ်စွာဘုရား၏ ကြီးမားသော ဝီရိယတော်ဓာတ် ဆိုလိုသည်။]

ကိုယ်ကျိုးသက်သက်-ဝီရိယဓာတ်မဖက်။

ကိုယ်တော်၏ အကျိုးသက်သက်ကြောင့် ထိုဝီရိယဓာတ်ကို ခိုင်ခံ့စွာမွေးမြူတော်မူရသည်မဟုတ်ပဲ ကာမဘုန်းတော်၌ ပြဆိုပြီးသောနည်းအတိုင်း သတ္တဝါတို့၏အကျိုးငှါ များစွာအားထုတ် ကြိုးစားတော်မူရလေသည်၊ ဤလောက၌ အလုပ်ကြီးကျယ်လေလေ ဝီရိယကိုကြီးမားစွာ ထူထောင်ရလေလေဖြစ်၏၊ သင်္ဘောပေါင်းများစွာ, အလုပ်ရုံပေါင်းများစွာတို့နှင့် အလုပ်အကိုင်ကို ထူထောင်၍ထားသော သူဌေးကြီးများသည် အချိန်အား လပ်သည်ဟူ၍ မရှိရပဲ ဝီရိယဓာတ်ကို မပြတ်နှိုးဆော်လျက် လုပ်ကိုင်ဆောင်ရွက်ရဘိသကဲ့သို့ မြတ်စွာဘုရားသည်လည်း အားလပ်သော အချိန်ကိုမထားပဲ ဝီရိယတည်းဟူသော တံခွန်အောင်လံကို အမြဲစိုက်ထူ၍ ဗုဒ္ဓကိစ္စတော်များကို ဆောင်ရွက်တော်မူရလေသည်၊ အနန္တလောကဓာတ်တို့၌ မြတ်စွာဘုရားသည် အလုပ်အကြီးဆုံးသော ပုဂ္ဂိုလ်ကြီးဖြစ်တော်မူ၏။

ဇာတိခေတ်အလုံး-အလုပ်ရုံအကြီးဆုံး

ဇာတိခေတ်ဟုဆိုအပ်သော စကြဝဠာပေါင်း တိုက်တစ်သောင်းသည် မြတ်စွာဘုရား၏ အလုပ်ရုံကြီးဖြစ်၏၊ ထိုအလုပ်ရုံကြီးကို တစ်ပါးတည်းအုပ်ချုပ်တော်မူ၍ အသာဓာရဏဉာဏ်တော် ခြောက်ပါးတို့ဖြင့် ထိုက်သင့်သည် အားလျော်စွာ စီမံ၍ ပယတ္တဘုန်းတော်တည်းဟူသော ဝီရိယဖြင့် သတ္တဝါတို့ကို သံသရာတည်းဟူသော ပင်လယ်ကြီးထဲမှ ကယ်ဆယ်တော်မူပြီးလျှင် မဂ္ဂင်တည်းဟူသော သင်္ဘောကြီးသို့ တင်တော်မူ၍ နိဗ္ဗာန်တည်းဟူသော သန္တိသုခဘုံကြီးသို့ ပို့ဆောင်ခြင်းတည်းဟူသော ကူးတို့မှူး လုပ်ငန်းကြီးကို နေ့စဉ်ဆောင်ရွက် လုပ်ကိုင်စီမံတော်မူသည်။

လုပ်ငန်းငါးဖြာ-အကျဉ်းသာ။

ထိုကဲ့သို့ ခဲယဉ်းကြပ်တည်းစွာသော လုပ်ငန်းကြီးကို မြတ်စွာဘုရားရှင်တို့မှတစ်ပါး ပစ္စေကဗုဒ္ဓါစသော အခြားပုဂ္ဂိုလ်တို့ လုပ်ဆောင်ခြင်းငှာ မအပ်မရာ မဆိုင်မပိုင်ချေ၊ ထိုကဲ့သို့ ကြီးကျယ်သောအလုပ်ကို လုပ်ကိုင်ရန် ဝီရိယတော်သည် နှိုင်းယှဉ်၍ပြဖွယ်ရာ ဥပမာမရှိအောင် ကြီးကျယ်လေ၏၊ မြတ်စွာဘုရားတို့ အမြဲဆောင်ရွက် လုပ်ကိုင်တော်မူသော ဗုဒ္ဓကိစ္စတော်ကြီးသည် ငါးပါးရှိ၏။

ငါးပါးဆိုသည်ကား--

၁။ ပုရေဘတ္တကိစ္စ-နံနက်ခင်းလုပ်ငန်း

၂။ ပစ္ဆာဘတ္တကိစ္စ-ညနေခင်းလုပ်ငန်း

၃။ ပုရိမယာမကိစ္စ-ညဉ့်ဦးယာမ်လုပ်ငန်း

၄။ မဇ္ဈိမယာမကိစ္စ-သန်းခေါင်ယာမ်လုပ်ငန်း

၅။ ပစ္ဆိမယာမကိစ္စ-မိုးသောက်ယာမ်လုပ်ငန်း ဤငါးပါးတို့ပေတည်း။

ဤငါးပါးသောဗုဒ္ဓကိစ္စကြီးတို့သည် လောက၌အကျိုးရှိသော ကိစ္စကြီးများဖြစ်သည်၊ မြတ်စွာဘုရားသည် အကျိုးမဲ့သောကိစ္စများကို ဗောဓိမဏ္ဍိုင်၌ အရဟတ္တမဂ်ဖြင့် ပယ်သတ်ပြီး ဖြစ်လေ၏၊ ထို့ကြောင့် မြတ်စွာဘုရား၏ ကိစ္စတော် ဟူသမျှသည် အကျိုးရှိသောကိစ္စတို့သာလျှင် ဖြစ်ကုန်၏။

နိရတ္ထကကိစ္စံ ဘဂဝတော ဗောဓိပလ္လင်္ကေယေဝ အရဟတ္တမဂ္ဂေန သမုဂ္ဃါတံ ကတံ သာတ္ထကံယေဝ ပန ဘဂဝတော ကိစ္စံ ဟောတိ။ (သီလက္ခန်အဋ္ဌကထာ)

ဘဂဝတော=မြတ်စွာဘုရားသည်။ နိရတ္ထကကိစ္စံ=အကျိုးမဲ့သော ကိစ္စဟူသမျှကို၊ ဗောဓိပလ္လင်္ကေယေဝ=ဗောဓိပလ္လင်တော်ကပင်လျှင်၊ အရဟတ္တမဂ္ဂေန=အရဟတ္တမဂ်ဖြင့်၊ သမုဂ္ဃါတံ=အကြွင်းမဲ့ပယ်သတ်ခြင်း ကို၊ ကတံ=ပြုအပ်၏၊ ပန=စင်စစ်မူကား၊ ဘဂဝတော=မြတ်စွာဘုရား၏၊ ကိစ္စံ=ကိစ္စဟူသမျှသည်၊ သာတ္ထ ကံယေဝ=အလုံးစုံ အကျိုးရှိသည်ချည်းသာ လျှင်၊ ဟောတိ=ဖြစ်၏၊

လုပ်ငန်းငါးမျိုး-အကျယ်ပျိုး

နံနက်လုပ်ငန်း-ကျယ်ပြခန်း

ဆိုပြီးဗုဒ္ဓကိစ္စငါးပါးတို့တွင်--

၁။ ပုရေဘတ္တကိစ္စ
ပုရေဘတ္တကိစ္စဆိုသည်ကား မြတ်စွာဘုရားသည် နံနက် စောစော ထတော်မူပြီးလျှင် အလုပ်အကျွေး ရဟန်းတို့ကို ချီးမြှောက် တော်မူခြင်းငှာလည်းကောင်း, ကိုယ်တော်မြတ်၏ ချမ်းသာစွာနှင့် သပ္ပါယ ဖြစ်ခြင်းငှါလည်းကောင်း, မျက်နှာတော်သစ်ခြင်းစသော ကိစ္စတို့ကို ပြုတော်မူပြီးလျှင် ဆွမ်းခံချိန်ကို ငံ့လင့်၍ နေတော်မူ၏၊ ဆွမ်းခံချိန်တိုင် သောအခါ သိရီဘုန်းတော်တွင် ပြဆိုပြီးသောအတိုင်း ဆွမ်းခံကြွ တော်မူ၏၊ ဆွမ်းခံကြွရာမြို့, ရွာတို့၌ရှိနေကြသော ဒါယကာတို့၏ လှူဒါန်းသောဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် သတ္တဝါ တို့၏ စိတ်သန္တာန်ကို ကြည့်ရှုဆင်ခြင်တော်မူ၍ သင့်လျော်သောတရားကို ဟော ကြားတော်မူလေ၏။

ထိုသို့ ဟောကြားတော်မူသောအခါ အချို့သောသူတို့သည် သရဏဂုံ သုံးပါးတို့၌ တည်ကြလေကုန်၏၊ အချို့သောသူတို့သည် ငါးပါးသီလတို့၌ တည်ကြလေကုန်၏၊ အချို့သောသူတို့သည် သောတာပန်, သကဒါဂါမ်, အနာဂါမ်အဖြစ်သို့ ပေါက်ရောက်ကြ လေကုန်၏၊ အချို့သောသူတို့သည် မြတ်စွာဘုရားအထံတော်၌ ရဟန်း ပြု၍ အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏၊ ဤသို့ လူများအပေါင်းကို ချီးမြှောက်တော်မူပြီးမှ ကျောင်းသို့ပြန်ကြွတော်မူလေ၏၊ ကျောင်းသို့ ရောက်သောအခါ စည်းဝေးရာမဏ္ဍပ်အတွင်း ခင်းထားအပ်သော ဘုရားနေရာတော်၌ သီတင်းသုံးတော်မူပြီးလျှင် အလုံးစုံသော ရဟန်း အပေါင်းတို့၏ ဆွမ်းကိစ္စ ပြီးစီးခြင်း, အညီအညွတ်စည်းဝေး ရောက် လာခြင်းကို ဆိုင်းလင့်တော်မူ၏၊ ရဟန်းတို့သည် ဆွမ်းကိစ္စပြီး၍ အလုံးစုံ စည်းဝေးမိကြသောအခါ ထိုအကြောင်းကို အလုပ်အကျွေး ရဟန်းက မြတ်စွာဘုရားကို လျှောက်ထားရလေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဂန္ဓကုဋိ ပရိဝုဏ်သို့ ဝင်တော်မူလေ၏၊ ရဟန်းအပေါင်းတို့သည် နောက် တော်က ခြံရံလိုက်ပါကြကုန်၏။

(ဤကား ပုရေဘတ္တကိစ္စတော်ကြီးတည်း။)

ညနေလုပ်ငန်း-ကျယ်ပြခန်း

၂။ ဂန္ဓကုဋိတိုက်သို့ ရောက်တော်မူသောအခါ ညီမူရာရဟန်းတို့ ခစားရာအရပ်၌ နေတော်မူပြီးလျှင် ခြေတော်ကိုဆေး၍ ခြေဆေး ကျောက်ဖျာ၌ ရပ်တော်မူလျက်

အိုချစ်သားရဟန်းတို့- မမေ့မလျော့ခြင်း သတိတရားနှင့် ပြည့်စုံစေကြကုန်လော

- ဤလောက၌ ဘုရားဖြစ်ပေါ်ခိုက်ကို အလွန်ကြုံကြိုက် ရခဲစွာ၏။

- လူအဖြစ်ကိုလည်း ရခဲ၏။

- သာသနာ၌ကြည်ညိုသော သဒ္ဓါတရားနှင့် ပြည့်စုံခြင်းကိုလည်းရခဲ၏။

- ရဟန်းအဖြစ်ကိုလည်း ရခဲ၏။

- သူတော်ကောင်းတို့၏တရားကို ကြားနားရခြင်းကိုလည်း ရခဲ၏။

ဟူ၍ ရဟန်းသံဃာတို့အား ဆုံးမတော်မူ၏၊ ထိုသို့ဆုံးမပြီးသော အခါ အချို့သောရဟန်းတို့သည် ကမ္မဋ္ဌာန်းကို မေးလျှောက်ကြကုန်၏၊ မြတ်စွာဘုရားသည်လည်း ထိုရဟန်းတို့၏ စရိုက်အားလျော်စွာ ကမ္မဋ္ဌာန်း ကိုပေးတော်မူ၏၊ ကမ္မဋ္ဌာန်းယူကြပြီးသောအခါ အလုံးစုံသော ရဟန်းတို့ သည် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ မိမိတို့အလိုရှိရာ နေသန့် ညဉ့်သန့်ရာဌာနတို့သို့ ကြွတော်မူကြလေကုန်၏၊ အချို့သောရဟန်းတို့ သည် သစ်ပင်ရင်းသို့ ကပ်ကြကုန်၏၊ အချို့သောရဟန်းတို့သည် တောသို့ ဝင်ကြကုန်၏၊ အချို့သောရဟန်းတို့သည် ဂူ, လိုဏ်, တောင်, ချောက် စသည်တို့သို့ ကြွတော်မူကြကုန်၏၊ အချို့သော ရဟန်းတို့သည် စတု မဟာရာဇ်နတ်ပြည်သို့ တက်ကြကုန်၏၊ အချို့သော ရဟန်းတို့သည် တာဝတိံသာနတ်ပြည်သို့ တက်ကြကုန်၏၊ အချို့သောရဟန်းတို့သည် ယာမာနတ်ပြည်သို့ တက်ကြကုန်၏၊ အချို့သောရဟန်းတို့သည် တုသိတာ နတ်ပြည်သို့ တက်ကြကုန်၏၊ အချို့သောရဟန်းတို့သည် နိမ္မာနရတိ နတ်ပြည်သို့ တက်ကြကုန်၏၊ အချို့သောရဟန်းတို့သည် ဝသဝတ္တီနတ် ပြည်သို့ တက်ကြကုန်၏၊ ရဟန်းအပေါင်းတို့ ဖဲသွားကြကုန်သောအခါ ဂန္ဓကုဋိတိုက်တွင်းသို့ ဝင်တော်မူ၍ လျောင်းခြင်းငှါ အလိုရှိတော်မူပါလျှင် သတိသမ္ပဇဉ် အမြဲယှဉ်လျက် ခြင်္သေ့မင်း၏ လျောင်းခြင်းဖြင့် တမုဟုတ်မျှ လျောင်းတော်မူ၏။

ဗုဒ္ဓစက္ခု- ကြည့်ရှုမှု။
ထိုပစ္ဆာဘတ္တကို သုံးပုံပုံ၍ တစ်ပုံအဖို့ ကုန်လွန်သောအခါ လျောင်းရာမှ ထတော်မူ၍ ဗုဒ္ဓစက္ခုဖြင့် လောက ကြီးကို ကြည့်ရှုတော်မူ၏၊ ကျွတ်ထိုက်သောသတ္တဝါကို မြင်တော် မူလျှင် မည်မျှလောက် ဝေးကွာသောအရပ်ဌာနသို့မဆို တန်ခိုးတော်ဖြင့်ကြွ၍ တရားဓမ္မဟောပြ ချွေချွတ်တော်မူ၏၊ ကမ္မဋ္ဌာန်း အာရုံနှင့်ဉာဏ်, ဝီရိယ မမျှတ၍ တရားရရန် နှေးကန်စွာရှိနေသော ယောဂီရဟန်းတို့၏ ဌာနသို့ လည်း ခဏချင်းကြွတော်မူ၍ ဉာဏ်,ဝီရိယ မျှတစွာနှင့် လျင်မြန်စွာ တရားထူးကိုရရှိစေရန် ကိုယ်တော်တိုင် ကြပ်မတ်၍ နည်းပြတော်မူခြင်း ကိုလည်း ဆောင်ရွက်တော်မူ၏၊ အချို့ သောရဟန်းတို့သည် မြတ်စွာ ဘုရားထံမှ ကမ္မဋ္ဌာန်းယူခဲ့ကြ၍ အားထုတ်သောအခါ ထိန,မိဒ္ဓ, မိစ္ဆာဝိတက်တို့ နှိပ်စက်သဖြင့် ကမ္မဋ္ဌာန်းလက်လွတ်၍နေလျှင် လည်း ထိုရဟန်းတို့ကို ဆုံးမတော်မူခြင်းငှါ ခဏချင်း ကြွလာတော်မူတတ်သော အလေ့လည်းရှိ၏၊ ထိုရဟန်းတို့သည် ရှေးဦး ပထမရောင်ခြည်တော်ကို တွေ့မြင်ရခြင်းအားဖြင့် မြတ်စွာဘုရား ကြွလာကြောင်းကို သိရှိကြကုန်၏။

ဗုဒ္ဓလက်ထက်-နေရာခင်းထားချက်

ဤကဲ့သို့ အမှတ်မဲ့ရုတ်တရက် မြတ်စွာဘုရား ကြွလာတော်မူ တတ်သောကြောင့် မြတ်စွာဘုရားလက်ထက်တော်အခါ ရဟန်းတို့ နေရာအရပ်တို့၌ ဘုရား နေရာတော်ကိုအသင့်ခင်းကျင်း၍ ထားလေ့ ရှိကြကုန်၏။

ဗုဒ္ဓကာလေ ကိရ ယတ္ထ ယတ္ထ ဧကောပိ ဘိက္ခု ဝိဟရတိ၊ သဗ္ဗတ္ထ ဗုဒ္ဓါသနံ ပညတ္တမေဝ ဟောတိ။

(သီလက္ခန်အဋ္ဌကထာ)

ဗုဒ္ဓကာလေ=မြတ်စွာဘုရား ထင်ရှားရှိတော်မူသော လက်ထက် တော်အခါ၌၊ ယတ္ထယတ္ထ=အကြင်အကြင်အရပ်ဌာန၌၊ ဧကောပိ ဘိက္ခု= ရဟန်းတော် တစ်ပါးတည်းသည်လည်း၊ ဝိဟရတိ=နေ၏၊ သဗ္ဗတ္ထ=အလုံး စုံသော ရဟန်းတို့ နေရာဟူသမျှတို့၌၊ ဗုဒ္ဓါသနံ=ဘုရားနေရာတော်ကို၊ ပညတ္တမေဝ=ခင်းထားအပ်ပြီး အသင့်ရှိသည်သာလျှင်၊ ဟောတိ ကိရ=ဖြစ် သတတ်။

ပစ္ဆာဘတ္တ၏ တတိယအပုံဖြစ်သော ညနေချမ်းသို့ရောက်သော အခါ မြတ်စွာဘုရားမှီ၍နေတော်မူရာ မြို့, ရွာ, နိဂုံးတို့မှ လူများ အပေါင်းတို့သည် ကောင်းစွာဝတ်ရုံကြကုန်ပြီးလျှင် ပန်း, နံ့သာ လက်စွဲကြ ကုန်လျက် မြတ်စွာဘုရား ကျောင်းတော်သို့ စည်းဝေးလာ ရောက်ကြ ကုန်၏၊ မြတ်စွာဘုရားသည် ရောက်လာသော ပရိသတ် အားလျော်စွာ ပြာဋိဟာသုံးမျိုးတို့တွင် သင့်လျော်သော ပြာဋိဟာဖြင့် တရားဓမ္မကို ပြသဟောပြောတော်မူ၏၊ အချိန်ကာလ အားလျော်စွာ တရားပွဲသိမ်း၍ ပရိသတ်ကို လွှတ်တော်မူလိုက်၏၊ လူအပေါင်းတို့သည် မြတ်စွာ ဘုရားကို ရှိခိုး၍ အိမ်သို့ပြန်ကြလေကုန်၏။

(ဤကားပစ္ဆာဘတ္တ ကိစ္စတော်ကြီးပေတည်း။)

ညဉ့်ဦးလုပ်ငန်း-ကျယ်ပြခန်း

၃။ ဤသို့ပစ္ဆာဘတ္တကိစ္စ ပြီးဆုံးသောအခါ အကယ်၍ ရေသုံးသပ် တော်မူလိုပါလျှင် ဘုရားနေရာမှထတော်မူ၍ ရေတင်းကုပ်သို့ကြွ တော်မူပြီးလျှင် အလုပ်အကျွေးရဟန်းက စီရင်၍အသင့်ထား ရှိသော ရေဖြင့် သုံးသပ်စမ္ပယ်တော်မူ၏၊ ထိုနောက်အလုပ်အကျွေး ရဟန်းသည် ဂန္ဓကုဋိပရိဝုဏ်အတွင်း၌ ဘုရားနေရာတော်ကို ခင်းလေ၏၊ မြတ်စွာ ဘုရားသည် ကောင်းစွာ နီမြန်းသော နှစ်ထပ်သင်္ကန်းကြီးကို ဆင်မြန်း တော်မူ၍ ဘုရားနေရာတော်၌ ကိုယ်တော်တစ်ပါးတည်း ဝိဝေကသုခကို အတန်ငယ်ခံစား တော်မူပြီးသောအခါ ရဟန်းအပေါင်းတို့သည် ထိုထိုအရပ်ဌာနတို့မှ လာရောက်ကြကုန်၍ မြတ်စွာဘုရားကို ဆည်းကပ် ခစားကြကုန်၏၊ ထိုအခါ အချို့သောရဟန်းတို့သည် ပုစ္ဆာပြဿနာ တို့ကို မေးမြန်းကြကုန်၏၊ အချို့သောရဟန်းတို့သည် ကမ္မဋ္ဌာန်းကို လျှောက် ထားကြကုန်၏၊ အချို့သောရဟန်းတို့သည် တရားနာရန်တောင်းပန် ကြကုန်၏၊ ထိုသို့အမျိုးမျိုး လျှောက်ထားကြသောရဟန်းတို့၏ အလိုကို ဖြည့်စွမ်းတော်မူပြီးလျှင် မြတ်စွာဘုရားသည် ညဉ့်ဦးယာမ်အချိန်ကို လွန်စေ တော်မူ၏၊

(ဤကား ပုရိမယာမ ကိစ္စတော်ကြီးပေတည်း။)

သန်းခေါင်လုပ်ငန်း-ကျယ်ပြခန်း

၄။ ညဉ့်ဦးယာမ်လွန်ဆုံး၍ ပုရိမယာမကိစ္စ ပြီးစီးသောအခါ တစ်သောင်းသော လောကဓာတ်တို့မှ နတ်, ဗြဟ္မာအပေါင်းတို့သည် လာရောက်ကြကုန်၍ အမျိုးမျိုးသော အရောင်အဝါကျက်သရေတို့ဖြင့် ခစားဆည်းကပ်ကြကုန်၏၊ ဒေဝပုတ္တသံယုတ်, ဒေဝတာသံယုတ်တို့၌ လာရှိသောအတိုင်း ပုစ္ဆာပြဿနာ အမျိုးမျိုးတို့ကို လျှောက်ထားကြကုန်၏၊ အချို့လည်း ဂါထာတို့ကိုရွတ်ဆိုကြကုန်၏၊ ညဉ့်၏အလည်ဗဟိုဖြစ်သော သန်းခေါင်ယာမ်အချိန်သည် နတ်, ဗြဟ္မာအပေါင်းတို့နှင့် မေး,ဖြေ ဟောကြား၍ စံနေတော်မူသောအချိန်ဖြစ်၏၊ လူတို့နှင့်ဆက်ဆံသော အချိန်မဟုတ်၊ ထိုမဇ္ဈိမယာမ်တွင် နတ်,ဗြဟ္မာတို့၏ အလိုကိုဖြည့်တော်မူ၍ ကုန်လွန်စေတော်မူ၏။

(ဤကား မဇ္ဈိမယာမ် ကိစ္စတော်ကြီးပေတည်း။)

မိုးသောက်လုပ်ငန်း-ကျယ်ပြခန်း

၅။ မိုးသောက်ယာမ်သို့ကျသောအခါ ထိုအချိန်ကိုသုံးပုံပုံ၍ ပထမအဖို့တွင် မြတ်စွာဘုရားသည် ပုရေဘတ္တအခါကစ၍ ထိုင်ခြင်း ဣရိယာပုထ်ဖြင့် ပင်ပန်း သောကိုယ်တော်ကို မျှတတော်မူစေခြင်းဌါ စင်္ကြံသွားခြင်းကိစ္စဖြင့် ကုန်လွန်စေတော်မူ၏၊ ဒုတိယအဖို့တွင် ဂန္ဓကုဋိ တိုက်တွင်းသို့ ဝင်တော်မူ၍ လကျ်ာနံ တောင်းဖြင့် သတိ, သမ္ပဇညနှင့် ပြည့်စုံစွာ လျောင်းတော်မူပြီးလျှင် ခြင်္သေ့မင်းတို့၏ အိပ်ခြင်းဖြင့် လျောင်း စက်တော်မူ၏၊ တတိယအဖို့သို့ ရောက်သောအခါ ထ၍ ထိုင်တော်မူပြီး လျှင် ရှေးရှေးဘုရားတို့ လက်ထက်တော်ကြီးများက ဒါန, သီလ စသော ပါရမီအရင်းခံရှိ၍ ကျွတ်ထိုက်သော သတ္တဝါတို့ကို ဉာဏ်တော်ကွန်ရွက် ဖြင့်ဖြန့်၍ တစ်သောင်းသော လောကဓာတ်ကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှု ဆင်ခြင်တော်မူ၏။

(ဤကား ပစ္ဆိမယာမ ကိစ္စတော်ကြီးပေတည်း။)

ပယတ္တဘုန်းတော်-ပြီးဆုံးဖေါ်

ဤကိစ္စတော်ကြီးငါးပါးကို သဗ္ဗညုဘုရားရှင်တို့ နေ့စဉ်ပြုလုပ် တော်မူကြ ကုန်၏၊ တန်ခိုးပြာဋိဟာပြခြင်းစသော အခြားကိစ္စတော် အထူးများလည်း ရှိကုန်သေး၏၊ ဤကိစ္စတော်ကြီး ငါးရပ်ကို နိစ္စဗဒ် ပြုတော်မူသော ဘုရားရှင်တို့၏ ဝီရိယတော်သည်ကား အလွန်ကြီးမား မြင့်မြတ်တော်မူ၏၊ ထို ဝီရိယတော်ကြီးကိုပင်လျှင် ပယတ္တဘုန်းတော် ဆိုသည်၊ ထို့ပြင် မြတ်စွာဘုရား၏ သန္တာန်တော်၌ ရှိသော သမ္မပ္ပဓာန ဝီရိယ ဗောဓိမဏ္ဍိုင်၌ထိုင်တော်မူသောအခါ၌ ဓိဋ္ဌာန်တော်မူသော ဝီရိယတော်များသည်လည်း ကြီးမားမြင့်မြတ်သော ပယတ္တဘုန်းတော်၌ အပါအဝင်ပင် ဖြစ်ကြကုန်သည်၊ မြတ်စွာဘုရား၏ ပယတ္တဘုန်းတော် တည်းဟူသော ဝီရိယဓာတ်သည် အလွန်တရာ ကြီးကျယ်များမြတ်လှ သဖြင့် အနန္တသတ္တဝါတို့၏ ဝီရိယကိုစု၍ တစ်ပုံပုံပြီးလျှင် မြတ်စွာဘုရား၏ ဝီရိယတော်နှင့်နှိုင်းယှဉ်သော်လည်း မြင့်မိုရ်နှင့်ကျောက်စရစ်ပမာ များစွာခြားကွာခဲ့လေရာ၏၊ ထိုပယတ္တ ဘုန်းတော်ကြောင့်သာလျှင် လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့၏ အပူဇော်ခံထိုက်သော အဖြစ်သို့ ရောက်တော် မူသည်၊ ဤလောက၌ ဝီရိယကြီးမားသောသူသည် မိမိအကျိုး, သူတစ်ပါးတို့၏အကျိုးကို ပြီးစီးအောင် ရွက်ဆောင်နိုင်၏၊ နိဗ္ဗာန်တိုင် အောင်သော အကျိုးများကို ဝီရိယဓာတ်ကို အခြေခံပြု၍သာလျှင် ရှာမှီးကြရကုန်၏၊ မြတ်စွာဘုရားသည် လောကတစ်ခွင်လုံး၌ အကြီးမြတ် ဆုံးသောပုဂ္ဂိုလ်, အလုပ်အကြီးဆုံးသော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်လေ အောင် ပယတ္တဘုန်းတော်၏ ဂိုဏ်းဝင်ဖြစ်သော ဝီရိယပါရမီတော်ကြီးကို အခြေခံပြုတော်မူခဲ့ရလေ၏။

(ဤကား ပယတ္တဘုန်းတော်နှင့် စပ်၍ဆိုသောစကားရပ်ပေတည်း။)

---

ရုပ်, အသံအလေးပြု-လူသားတစ်စု

စကြာမင်းပမာ-တို့မြတ်စွာ။
ဤကဲ့သို့ ပြဆိုအပ်ပြီးသော အတုမရှိသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောကြောင့် ဘဂဝါ မည်တော်မူသည်၊ ထိုဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော် မူသောကြောင့်သာလျှင် စကြာမင်းကြီးသည် စကြာရတနာနှင့် လှည့် လည်တော်မူလေရာ ရောက်ရာဌာနတို့၌ တွေ့တွေ့သမျှသော ပရိသတ် အပေါင်းတို့သည် စကြာမင်း၏ အဆင်းကိုမြင်ရခြင်း, အသံကို ကြားရခြင်းတို့၌ တင်းတိမ်ရောင့်ရဲခြင်း မရှိနိုင်ကြကုန်ဘိသကဲ့သို့ ထို့အတူ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်လည်း တစ်သောင်းသော လောကဓာတ်၌ တရားစကြာကို လှည့်လည်တော်မူ၍ တစ်သောင်းသော လောကဓာတ်အတွင်းရှိ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်များသို့ ဒေသစာရီ ကြွချီတော်မူရာ ဆိုက်ရောက်တော်မူရာ ဌာနတို့၌ သဒ္ဓါပညာနှင့် ပြည့်စုံကြကုန်သော လူနတ်ဗြဟ္မာ, သတ္တဝါအပေါင်းတို့သည်လည်း အတွင်းသန္တာန်၌ ခုခံလိုခြင်း ငြောင့်တံသင်း အနှောင့်အယှက်တို့မှ ကင်းရှင်းကြကုန်ပြီးလျှင် မြတ်စွာဘုရား၏ အဆင်းတော် ကျက်သရေ ကိုမြင်ရာ အသံတော်ကိုကြားရာတို့၌ တင်းတိမ်ရောင့်ရဲခြင်း မရှိနိုင်ကြ ကုန်ပဲ စွဲစွဲလမ်းလမ်း ကြည်ညိုမြတ်နိုးကြလေကုန်၏၊ လူတို့သည် များသောအားဖြင့် အဆင်းကျက်သရေ တို့ကို မြတ်နိုးစွာနှင့်ပမာဏပြု၍ ဂရုစိုက်လေ့ရှိကြကုန်၏၊ (ရူပပ္ပမာဏ ဃောသပ္ပမာဏ ပုဂ္ဂိုလ်များဟူ၍ ဆိုလိုသည်။)

တန်ခိုးအလေးပြု-နတ်,ဗြဟ္မာတစု

နတ်,ဗြဟ္မာ တို့သည်ကား များသောအားဖြင့် တန်ခိုးဣဒ္ဓိပါဒ်ကို သာလျှင် မြတ်နိုးစွာနှင့် ပမာဏပြု၍ ဂရုစိုက်ကြကုန်၏၊ (ဣဒ္ဓိပမာဏ ပုဂ္ဂိုလ်တို့ဟူ၍ဆိုလိုသည်) အဆင်း, အသံ, တန်ခိုးကိုသာ ပမာဏပြု ကြကုန်သော ပုဂ္ဂိုလ်တို့သည် များသောအားဖြင့် တရားကို အလေးအမြတ် ပြုလေ့မရှိကြကုန်၊ တရားကို အလေးအမြတ်ပြုခြင်း အားနည်း၍နေ လျှင်လည်း နက်နဲသောတရားကို သိမြင်ခြင်း, တရားအထူးကို ရခြင်းတို့၌ လေးလံစွာဖြစ်၍နေတတ်ကုန်၏၊ ဘုရားကို အလေးအမြတ်ပြု၍ ဂရုစိုက်ကြကုန်သော လူ, နတ်, ဗြဟ္မာ,တို့သည်သာလျှင် မြတ်စွာဘုရားနှင့် နှီးရင်းသော (ရင်းနှီးသော) အတွင်းတပည့်, အတွင်းသူ, အတွင်းသား အဖြစ်သို့ ရောက်ကြလေကုန်၏။

ဘုန်းတော်ခြောက်စုံ-တွယ်ငြိပုံ

ဓမ္မပ္ပမာဏ ပုဂ္ဂိုလ်တို့၏အစွမ်းအားဖြင့် ၂၄-သင်္ချေနှင့် ဗိုလ်ခြေ တစ်သိန်းဟူသော အရေအတွက်ကိုပြု ရလေသည်၊ ဘုန်းတော်ခြောက်ပါး တည်းဟူသော ကွန်ရက်ဖြင့် လောကကြီးကို ဖြန့်လွှားအုပ်ခြုံ၍ ထားတော်မူပြီး အသင့်ရှိလေသောကြောင့် အကြင်ပုဂ္ဂိုလ်တို့သည် အဆင်းတော်, အသံတော်တို့ကို ပမာဏပြု၍ အထူးကြည်ညိုလေ့ ရှိကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် သိရီဘုန်းတော်, ယသဘုန်းတော် တည်းဟူသော ကွန်ရက်၌ ငြိတွယ်ကြလေကုန်၏၊ အကြင်ပုဂ္ဂိုလ်တို့သည် တန်ခိုးကို ပမာဏပြု၍ ဂရုတစိုက်ကြည်ညိုလေ့ရှိကြကုန်၏၊ ထိုပုဂ္ဂိုလ် တို့သည် ဣဿရိယဘုန်းတော် တည်းဟူသော ကွန်ရက်၌ ငြိတွယ်ကြ လေကုန်၏၊ အကြင်ပုဂ္ဂိုလ်တို့သည် တရားကိုသာပမာဏပြု၍ ဂရုတစိုက် ကြည်ညိုလေ့ရှိကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဓမ္မဘုန်းတော်, ကာမဘုန်း တော်, ပယတ္တဘုန်းတော်တည်းဟူသော ကွန်ရက်တို့၌ ငြိတွယ်ကြ လေကုန်၏၊ တစ်သောင်းသော လောကဓာတ်၌ ရှိကြကုန်သော လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့သည် ဘုန်းတော်ခြောက်ပါး တည်းဟူသော ပိုက်ကွန်တို့တွင် ဆိုင်ရာဆိုင်ရာ ငြိတွယ်ဖမ်းမိကြကုန်ပြီးလျှင် မြတ်စွာ ဘုရား၏ ခြေတော်တည်းဟူသောကြာပန်းအစုံကို မိမိတို့၏ ဦးထိပ်ဖြင့် ရွက်၍ ခိုဝင်ကိုင်းရှိုင်းကြလေကုန်၏။

အထွတ်ထုပိကာတင်-ဘဂဝါဂုဏ်တော်ပင်။
ဂုဏ်တော် ကိုးပါးတို့တွင် ဤဘဂဝါဂုဏ်တော်သည် အထွတ်အထိပ်ဆုံးဖြစ်သော ဂုဏ်တော်ကြီးတစ်ဆူ ဖြစ်တော်မူ၏၊ တစ်ခုသော ဘုံနန်းပြာသာဒ်ကို ဆောက်လုပ်ရာ အထွတ်ထုပိကာများကို တင်ကြရကုန်ဘိသကဲ့သို့ ဂုဏ်တော်တည်းဟူသော ဘုံနန်းပြာသာဒ်ကိုလည်း ဘဂဝါဂုဏ်တော်ဖြင့် အထွတ်ထုပိကာ တင်လေ၏၊ စကြဝတေးမင်းစသော ဘုရင်တို့၏ မြတ်သော ဦးခေါင်းထက်၌ မကိုဋ်သရဖူကို ဆောင်းဆင်ဘိသကဲ့သို့ ဂုဏ်တော်တည်းဟူသော ဘုရင်မင်းမြတ် တို့ကိုလည်း ဘဂဝါဂုဏ် တော်ဖြင့် မကိုဋ်သရဖူ ဆောင်းဆင်ရလေ၏၊ ထို့ကြောင့် ဘဂဝါဂုဏ် တော်ကို ဂုဏ်တော်အထွတ် ဂုဏ်တော်မကိုဋ်ဟူ၍ဆိုအပ်ပေ၏၊ ဧကံ သမယံ ဘဂဝါ-စသည်ဖြင့် ဘဂဝါ-ဟူသောဂုဏ်တော်ပုဒ်သည် ပိဋကတ် သုံးပုံတွင် အလွန်ထင်ရှားစွာ အသုံးတွင်ကျယ်၍ ဂုဏ်တော်ကိုးပါးလုံး မှာပင် သောဘဂဝါ,သောဘဂဝါသောဘဂဝါ,သောဘဂဝါ-ဟူ၍ အစဉ်အတိုင်း လိုက်ပါရလေ သည်။

[ဘဂဝါဂုဏ်တော်သည် မြင့်မြတ်ဆန်းကြယ်သောအတိုင်း ထိုဘဂဝါဂုဏ်ပုဒ်၏ အနက်သဘောတို့သည်လည်း မြင့်မြတ်ဆန်းကြယ်၍ အလွန်ကျယ်ဝန်းလှကုန်၏၊ အဋ္ဌကထာဆရာကြီးတို့ ဖွင့်ဆိုသော ဘဂဝါဂုဏ်တော်၏ သဘောအဓိပ္ပါယ် အမြွက်မှာ အောက်ပါအတိုင်းဖြစ်၏၊]

ဘဂဝါဂုဏ်တော် (၆)နက် ဝေဘန်ချက်

- လောကီ, လောကုတ္တရာ, ပစ္စုပ္ပန်, သံသရာအကျိုးကို ပြီးစီး စေနိုင်သော ကောင်းမှုပါရမီရှိတော်မူသောကြောင့်လည်း ဘဂဝါ မည်တော်မူ၏။

- လောဘ, ဒေါသစသော ကိလေသာတို့ကို ချိုးဖျက်တော်မူပြီး ဖြစ်သော ကြောင့်လည်း ဘဂဝါဘဂဝါ မည်တော်မူ၏။

- ဣဿရိယစသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူ သောကြောင့်လည်း ဘဂဝါဘဂဝါ မည်တော်မူ၏။

- ဣဿရိယစသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော် မူသောကြောင့်လည်း ဘဂဝါဘဂဝါ မည်တော်မူ၏။

- အလုံးစုံသောတရားတို့ကို ကုသိုလ်, အကုသိုလ်အပြား, တိက် ဒုက် အပြား, ခန္ဓာ အာယတန စသောအပြားတို့ဖြင့် ပိုင်းခြား ဝေဖန်တော် မူတတ်သောကြောင့်လည်း ဘဂဝါဘဂဝါ မည်တော် မူ၏။

- စျာန်, မဂ်, ဖိုလ်ဟူသောတရား အထူးတို့ကို မှီဝဲတော်မူ တတ်သော ကြောင့်လည်း ဘဂဝါဘဂဝါ မည်တော်မူ၏။

- ဘုံသုံးပါးတို့၌ သာယာသော တဏှာကိုထွေးအန်၍ နိဗ္ဗာန်သို့ ကြွသွားတော်မူတတ်သောကြောင့်လည်း ဘဂဝါဘဂဝါ မည် တော်မူ၏။

[အထက်အဆိုပါ အဓိပ္ပါယ်တို့ကို ရည်စူးစုရုံး၍ အောက်၌ပါသော သင်္ဂဟ ဂါထာကို သီကုံးတော်မူလေ၏၊]

ဘာဂျဝါ ဘဂ္ဂဝါ ယုတ္တော၊ ဘဂေဟိစ ဝိဘတ္တဝါ၊ ဘတ္တဝါ ဝန္တဂမနော၊ ဘဝေသု ဘဂဝါ တတော။

(ဝိသုဒ္ဓိမဂ်လာ တတိယ နကာရဝိပုလာ ဂါထာ)

ယော=အကြင်မြတ်စွာဘုရားသည်၊ ယတော=အကြင်သို့သော အကြောင်းကြောင့်၊ ဘာဂျဝါ=လောကီလောကုတ် ပစ္စုပ်သံသရာ ချမ်းသာပြီးစီးကြောင်း ကောင်းမှုပါရမီလည်းရှိတော်မူ၏၊ ဘဂ္ဂဝါ= တစ်ထောင့်ငါးရာ ကိလေသာအပြား မာရ်ငါးပါးတို့ကို လေးပါးမြိုက်မဂ် ဉာဏ်သန်လျက်ဖြင့် ချိုးဖျက်ခုတ်ဖြတ်တော်မူပေ၏၊ ဘဂေဟိစ= ဣဿရိယ စသည်ခြောက်ဆိုင် ဘုန်းပန်းခိုင်တို့နှင့်၊ ယုတ္တော=ယှဉ် တော်မူ၏၊ ဝိဘတ္တဝါ=တရားဥဿုံ အလုံးစုံကို စုပုံဝေဖန်တော်မူ၏၊ ဘတ္တဝါ=ဥတ္တရိမနုဿ ဓမ္မဆိုအပ် တရားမြတ်တို့ကို ဆည်းကပ်မှီဝဲ တော်မူ၏၊ ဘဝေသု=ဘုံသုံးပါးတို့၌၊ ဝန္တဂမနော=သာယာသောတဏှာကို ထွေးအန်၍ နိဗ္ဗာန်သို့ကြွတော်မူ၏၊ တတော=ထို့ကြောင့်၊ သော= ထိုမြတ်စွာဘုရားသည်၊ ဘဂဝါ=ဘဂဝါမည်တော်မူ၏။

သူ့ကျိုး, ကိုယ့်ကျိုး, ထိုနှစ်မျိုး-သည်ပိုးဂုဏ်တော်ကိုး

ဆိုအပ်ပြီးသော ဂုဏ်တော်ကိုးပါးကို အကျဉ်းချုပ်၍ဆိုလျှင် အတ္တဟိတသမ္ပတ္တိ, ပရဟိတပဋိပတ္တိဟူသော သဘောနှစ်ပါးသို့ အကျုံး ဝင်၏၊ ကိုယ်တော်မြတ်၏အကျိုးစီးပွား ပြီးစီးပြည့်စုံမှုသည် အတ္တဟိတ သမ္ပတ္တိမည်၏၊ သူတစ်ပါး တို့၏အကျိုးကို ကျင့်ဆောင်မှုသည် ပရဟိတ ပဋိပတ္တိမည်၏။

[အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော, လောကဝိဒူ ဟူသော ဂုဏ်တော်တို့သည် အတ္တဟိတသမ္ပတ္တိ၌ အကျုံးဝင်ကုန်၏၊ အနုတ္တရောပုရိသ ဒမ္မသာရထိ, သတ္ထာဒေဝမနုဿာနံဂုဏ်တော်တို့သည် ပရဟိတပဋိပတ္တိ၌ အကျုံးဝင်ကုန်၏၊ သုဂတော, ဗုဒ္ဒေါ, ဘဂဝါ ဂုဏ်တော်တို့သည် သဘောနှစ်ပါးစုံ၌ အကျုံးဝင်ကုန်၏၊]

အကျိုးဆယ့်တစ်-ရပြန်လစ်-မှတ်ရစ်ဂုဏ်တော်ကိုး

မြတ်စွာဘုရား၏ ကိုးပါးသော ဂုဏ်တော်တို့ကို ဆင်ခြင်သော အားဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွါးများသော ပုဂ္ဂိုလ်သည် ဆိုလတ္တံ့သော အကျိုးတို့ကို ရရှိနိုင်ကုန်၏။

ထိုအကျိုးတို့ကား

- ကိလေသာ ထိုးကျင်သော စိတ်၏မဖြစ်ခြင်း, ဖြောင့်မတ်သော စိတ်ဖြစ်ခြင်း၊

- ဘုရား၌ အကြည်ညို အရိုသေ ထက်သန်ခြင်း၊

- သဒ္ဓါသတိ အသိညာဏ်တို့၏ တိုးပွါးခြင်း၊

- နှစ်သက်ဝမ်းမြှောက်မှု ပီတိပါမောဇ္ဇ များစွာဖြစ်၍ စိတ်အေး ချမ်းခြင်း၊

- ဆင်းရဲမှု ကြောက်လန့်မှုတို့ကို သည်းခံနိုင်ခြင်း၊

- ဘုရားဂုဏ်တော် ကိန်းအောင်းသဖြင့် စေတီအိမ်နှင့်တူ၍ အပူဇော်ခံ ထိုက်ခြင်း၊

- မြတ်စွာဘုရားနှင့် အတူတကွနေသည်နှင့်တူခြင်း၊

- သက်တော်ထင်ရှား ဘုရားရှေ့တော်မှာ နေရဘိသကဲ့သို့ ဟိရိ ဩတ္တပ္ပ တရား အမြဲကပ်ခြင်း၊

- ဘုရား ဖြစ်လိုမှု၌ စိတ်ညွတ်ခြင်း၊

- မျက်မှောက်ဘဝ၌ မဂ်ဖိုလ်ကိုမရလျှင် စုတိသည်နောက်၌ သုဂတိ ဘုံသို့လားရန် မြဲခြင်း

ဤအကျိုးတို့ကို ရရှိလေ၏။

[ဤသို့ပြဆိုခဲ့သော စကားအစဉ်ဖြင့် ကျမ်းအစက ပြဆိုခဲ့သော ဣဓ မဟာရာဇ တထာဂတော လောကေ ဥပ္ပဇ္ဇတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ- အစရှိသော သာမညဖလသုတ် ပါဠိတော်၏အရ နဝဂုဏ်တော်ဖွင့်ပြီး၏၊]

သဗြဟ္မကံ သသမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။

ဟူသောဝါကျ၏ အဖွင့်ကို လောကဝိဒူ ဂုဏ်တော်၌ပြဆိုအပ်ပြီ။

ဘုရားဂုဏ်တော် ကိုးပါး၏ နိဂုံးကမ္ပတ် အဆုံးသတ်ပြခန်း

သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ- စသော ပါဠိတော်၏ အဓိပ္ပါယ်မှာ ထိုဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရားသည် အစ၌ ကောင်းခြင်းရှိသော, အလယ်၌ကောင်းခြင်းရှိသော, အဆုံး၌ကောင်းခြင်းရှိသော, အနက်အဓိပ္ပါယ်နှင့်ပြည့်စုံသော, သဒ္ဒါ, ပုဒ်ဗျည်းတို့နှင့်ပြည့်စုံသော တရားတို့ကို ဟောကြားတော်မူ၏၊ ထိုသို့ ဟောကြားတော်မူပြီးလျှင် မြတ်စွာဘုရားသည် အလုံးစုံပြည့်စုံသော ထက်ဝန်းကျင်မှ စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏၊ ဤစကားရပ်ဖြင့် မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏၊ ထိုတရား တော်မြတ်၏ သွာက္ခာတတာဂုဏ်နှင့်ပြည့်စုံကြောင်းကို ပြဆိုတော်မူ၏။

ထုတ်ပြခဲ့သော သာမညဖလသုတ်ပါဠိတော်မြတ်ဣဓ မဟာရာဇ တထာဂတော လောကေ ဥပ္ပဇ္ဇတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရောပုရိသဒမ္မ သာရထိ သတ္ထာဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ

ဟူသော ပထမဝါကျဖြင့် ဘုရား၏ ဘုရားကောင်း ဘုရားမှန်ဖြစ်မှု ဗုဒ္ဓ သုဗုဒ္ဓတာအာဒိကလျာဏကို ပြဆိုတော်မူ၏။

သဗြဟ္မကံ သသမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ

ဟူသော ဤအလယ်ဝါကျဖြင့် ဗုဒ္ဓ သုဗုဒ္ဓတာမဇ္ဈေကလျာဏ အဖြစ်ကို ပြဆိုတော်မူ၏။

သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ ဟူသော ဤနောက်ဆုံးဝါကျဖြင့် ဗုဒ္ဓ သုဗုဒ္ဓတာပရိယောသာန ကလျာဏအဖြစ်ကို ပြဆိုတော်မူ၏။

အရဟံအစရှိသော ဂုဏ်တော်တို့နှင့် ပြည့်စုံခြင်းသည် ဘုရားမှန် ဘုရားစစ်၏၊ (အာဒိကလျာဏ) အစ၌ကောင်းခြင်းမည်၏၊ ဩကာသလောက သတ္တလောကကို ကိုယ်တိုင်ထိုးထွင်း၍ အလုံးစုံသိခြင်းသည် (မဇ္ဈေကလျာဏ) အလယ်၌ကောင်းခြင်းမည်၏၊

အစ, အလယ်, အဆုံး သုံးပါးလုံးကောင်းမြတ်သော တရားကို ပြတော် မူခြင်း, စင်ကြယ်မြင့်မြတ်သောအကျင့်ကို ပြတော်မူခြင်းသည် (ပရိယောသာနကလျာဏ) အဆုံး၌ကောင်းခြင်းမည်၏-ဟူ၍ ဆိုလို သည်။

အရဟံအစရှိသော ဂုဏ်တော်မြတ်ကိုးပါးနှင့် ပြည့်စုံတော်မူသော ဘုရားသည်သာလျှင် လောကကို ကယ်တင်နိုင်သော ဘုရားစစ် ဘုရားမှန်ဖြစ် သည်ဟူ၍ ဆိုထိုက်၏၊ အလုံးစုံသောလောကကို အကြွင်းမဲ့ အကုန် သိ၍ ကိုယ်တိုင်မျက်မှောက်ပြု၍ ဟောတော်မူနိုင်သော ဘုရားမှန် ဘုရားစစ်၏ တရားသည်သာလျှင် သွာက္ခာတတာဂုဏ်နှင့်ပြည့်စုံသော တရားကောင်း တရားမှန် ဖြစ်နိုင်၏၊ ဤကဲ့သို့ တရားကောင်း တရားမှန်ကို ဟောကြား၍ ဤကဲ့သို့ အကျင့်ကောင်း အကျင့်မြတ်ကို ပြတော်မူ သည်ရှိသော် မြတ်စွာဘုရားတို့၏ ပြုဖွယ်ကိစ္စ သည် ပြည့်စုံသည်မည်၏၊ ဤသို့သောတရားကို ကြားနာ၍ ဤသို့သော အကျင့် မြတ်ကို အပြည့်အစုံ ကျင့်ကြံအားထုတ်မှုသည်ကား ဘုရား၏ကိစ္စမဟုတ်၊ တပည့်သား သာဝကတို့၏ ကိစ္စသာလျှင် ဖြစ်ပေ၏။

[ဤသို့ ဆိုအပ်ပြီးသော စကားအစဉ်ဖြင့် ဘုရား၏ကောင်းသော ဘုရားအဖြစ်ကို ဖွင့်ပြခန်းပြီး၏၊]


တရား၏ ကောင်းသောတရား

တရားတော်ဂုဏ်-၆ပါးစုံ

သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။

ဘဂဝတာ=မြတ်စွာဘုရားသည်၊ ဓမ္မော=တရားတော်မြတ်ကို၊ သွာက္ခာ တော=စ, လယ်, အဆုံး သုံးပါးလုံး ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြား တော်မူအပ်၏၊ သန္ဒိဋ္ဌိကော=ကျင့်ဆောင်သူတို့အား ယခုဘဝ ပစ္စက္ခ၌ပင် ဒိဋ္ဌ ကိုယ်တွင် တွေ့မြင်ယုံကြည်ရသော ကောင်းကျိုးချမ်းသာ နှင့်လည်း ပြည့်စုံပေ၏၊ အကာလိကော=ကာလမရွေ့ ကျင့်သည့်နေ့ပင် တွေ့မြင်ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့်လည်း ပြည့်စုံပေ၏၊ ဧဟိပဿိကော=လာရောက်ရှုမြင် အကျိုးထင်မြဲဖြစ်၍ လာပါရှုပါ, ကျင့်ကြံပါဟု-မပါ,ပါအောင် ခေါ်ဆောင်သွတ်သွင်း တိုက်တွန်းခြင်းငှာ ထိုက်တန်စွာသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံပေ၏၊ ဩပ နေယိကော=မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက် အောင် ကပ်၍ဆောင်ထိုက်သော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံပေ ၏၊ ဝိညူဟိ=ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့သည်၊ ပစ္စတ္တံ= အသီးအသီးသော မိမိတို့သန္တာန်၌၊ ဝေဒိတဗ္ဗော=ချမ်းသာလေစွ, ကောင်းလေစွ-ဟု သုခနှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံပေ၏။

[တရား၏ ကောင်းသော တရားပြီး၏၊]

---

၁။ သွာက္ခာတဂုဏ်တော် ပြခန်းဖေါ်

သမာသ်ဝိဂ္ဂဟ-လှစ်ဖေါ်ပြ

သုဋ္ဌု အက္ခာတောတိ သွာက္ခာတော။

သုဋ္ဌု=ကောင်းစွာ၊ အက္ခာတော=ဟောကြားအပ်၏၊ ဣတိတသ္မာ= ထိုကြောင့်၊ သွာက္ခာတော=သွာက္ခာတမည်၏။

စ, လယ်, အဆုံး၊ အနက်ပြုံးပြ၊ သဒ္ဒပုဒ်ဗျည်း၊ ယှဉ်မှီး ပြည့်စုံ၊ စင်ကြယ်တုံ၊ မြင့်ပုံအကျင့်မြတ်။

ကောင်းစွာဟောအပ် အမေးစပ်။
ကောင်းစွာ ဟောအပ် သည်ဟူသည် အဘယ်နည်း၊ ဤတရားသည် အစ၌လည်းကောင်း၏၊ အလယ်၌လည်း ကောင်း၏၊ အဆုံး၌လည်း ကောင်း၏၊ အနက်နှင့်လည်း ပြည့်စုံ၏၊ သဒ္ဒါပုဒ်ဗျည်းနှင့်လည်း ပြည့်စုံ၏၊ ဤတရားတော်ဖြင့် မြတ်စွာဘုရားသည် အလုံးစုံပြည့်စုံ၍ စင်ကြယ်သော အကျင့် မြတ်ကို ပြတော်မူ၏၊ ဤသို့လျှင် ကောင်းစွာဟောအပ်သည်၏ အဖြစ်ကို သိအပ်၏။

မေးဖြေ ၂-ပါး-ဆက်၍သွားပြန်-ချဲ့ပြရန်

ချဲ့၍ဆိုဦးအံ့၊ တရားတော်သည် အစ၌ ကောင်းခြင်းရှိသော ကြောင့် သွာက္ခာတမည်၏၊ အစ၌ကောင်းခြင်းဟူသည် အဘယ်နည်း၊ ထိုတရားကို ဟောတော်မူသော မြတ်စွာဘုရား၏ ကောင်းသော ဘုရားအဖြစ်သည် တရား၏ အစ၌ကောင်းခြင်း မည်၏၊ ဘုရား၏ ကောင်းသော ဘုရားအဖြစ်ဟူသည် အဘယ်နည်း၊ ဘုရား၏ကောင်းသော ဘုရားဖြစ်ပုံကို ဘုရားဂုဏ်တော်ကိုးပါး၌ ဖွင့်ဆိုအပ်ပြီးသောအတိုင်း သိအပ်၏၊ တရားတော်သည် အလယ်၌ကောင်းခြင်း ရှိသောကြောင့် လည်း သွာက္ခာတမည်၏၊ အလယ်၌ကောင်းခြင်းဟူသည် အဘယ် နည်း၊ တရား၏ကောင်းမြတ်မှန်ကန်သော တရားဖြစ်မှုသည် အလယ်၌ ကောင်းခြင်း မည်၏၊ တရား၏ ကောင်းမြတ်မှန်ကန်မှုဟူသည် အဘယ် နည်း၊ အနက်အဓိပ္ပါယ်နှင့်ပြည့်စုံခြင်း, သဒ္ဒါပုဒ်ဗျည်းနှင့် ပြည့်စုံခြင်း သည်လည်းကောင်း, အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ်သော အကျင့်မြတ်ကို ပြခြင်းသည်လည်းကောင်း တရား၏ကောင်းမြတ် မှန်ကန်မှုမည်၏၊ တရားတော်၏ အနက်နှင့်ပြည့်စုံမှု, သဒ္ဒါပုဒ်ဗျည်းနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊ သီလ အရာ၌ ရှေးဦးစွာပြဆိုအံ့၊ ထိုသီလ နှင့်စပ်၍ ဟောတော်မူသောအရာ၌ အကြင်မျှ လောက် သဒ္ဒါအစီ အစဉ်ကိုပြသော ပုဒ်ဗျည်းတို့ကိုလည်းကောင်း, အနက် အဓိပ္ပါယ်ကိုပြ သော ပုဒ်ဗျည်းတို့ကိုလည်းကောင်း, ရထိုက်ကုန်၏၊ ထိုမျှလောက် ကုန်သော သဒ္ဒါပုဒ်, အနက်ပုဒ်တို့ကို လိုလေသေးသည် ဟူ၍မရှိ အပြည့်အစုံ စီစဉ်ထည့်သွင်း၍သာလျှင် ဟောကြားတော်မူအပ်၏၊ ထို့ကြောင့်တရားတော်သည် အနက်နှင့်ပြည့်စုံသည်၊ သဒ္ဒါပုဒ်ဗျည်းနှင့် ပြည့်စုံသည်မည်၏၊ ထို့အတူ သမာဓိနှင့်စပ်၍ ဟောသောအရာ, ပညာနှင့်စပ်၍ ဟောသောအရာတို့၌ ယုတ်လျော့သည်, လိုလေသေး သည်ဟူ၍ မရှိ၊ အပြည့်အစုံဖြစ်ကုန်သော အနက်ပုဒ်, သဒ္ဒါပုဒ်တို့ဖြင့် စီရင်၍ ဟောကြားတော်မူအပ်သည့်အဖြစ်သည် တရားတော်၏အနက် နှင့်ပြည့်စုံမှု, သဒ္ဒါနှင့်ပြည့်စုံမှုမည်၏။

သီလသမာ၊ ပညာနှင့်စပ်၊ ဟောအပ်သောရာ၊ အဖြာဖြာကို၊ သဒ္ဒါပြည်စုံ၊ အနက်လုံ၊ မှတ်တုံ သွာက္ခာတ။

သီလတရားနှင့် စပ်လျဉ်း၍ဟောတော်မူသောအခါ အနမတဂ္ဂ သံသရာ, ကမ္ဘာအနန္တတို့၌ ကောင်းသောအလေ့ အကျင့်ဟုဆိုအပ် ကုန်သော ကုသလ သီလမျိုးတို့သည် ရှိကုန်၏၊ ထိုမျှလောက်ကုန်သော အလေ့ကောင်း, အကျင့်ကောင်း သီလကုသိုလ်အပေါင်းတို့ကို သဗ္ဗညုတာ ဉာဏ်ဖြင့် အလုံးစုံသိမြင်တော်မူပြီး၍ ကောင်းစွာဟောကြား တော်မူအပ် ၏၊ ထို့ကြောင့် သီလတရားများသည် အနက်နှင့်ပြည့်စုံသည်, သဒ္ဒါနှင့် ပြည့်စုံသည်မည်၏၊ သမာဓိနှင့်စပ်လျဉ်း၍ ဟောတော်မူရာ, ပညာနှင့် စပ်လျဉ်း၍ ဟောတော်မူရာတို့၌လည်း ဤနည်းအတိုင်း သာထ္ထ, သဗျဉ္ဇန ဖြစ်ပုံကို သိအပ်၏။

- ကုသလဟု၊ စကားစု၊ မှတ်ရှု ဗျဉ္ဇန။

-- ကုသိုလ် လေးမျိုး၊ တရားရိုး၊ မှတ်ကျိုး အနက်ပြ။

-- ကြွင်းကျန်သမျှ၊ ဗျဉ္ဇန အတ္ထံ၊ ထိုနှစ်တန်၊ မှတ်ရန် နည်းတူပြ။

ဤဆိုလတ္တံ့သောနည်းကား အနက်နှင့်ပြည့်စုံ သဒ္ဒါနှင့်ပြည့်စုံ၍ သာထ္ထ, သဗျဉ္ဇန ဖြစ်ပုံနည်းအမြွက်ပေတည်း။

ကုသလ=ကုသိုလ်---ဤကုသလ, ဟူသောစကားသည် ဗျဉ္ဇနပဒ မည်၏၊ ကာမာဝစရကုသိုလ်, ရူပါဝစရကုသိုလ်, အရူပါဝစရကုသိုလ်, လောကုတ္တရာ ကုသိုလ်များသည် ထိုကုသလပုဒ်ဖြင့် ဟောအပ်သော ကုသလပုဒ်၏ အနက်ဖြစ်သော အတ္ထပဒမည်၏၊ တဖန် ကာမာဝစရ ကုသလဟူသော စကားသည် ဗျဉ္ဇနပဒ မည်၏၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကကုသိုလ်စိတ် အစရှိသော ကာမာဝစရ ကုသိုလ်စိတ်ရှစ်ပါးသည် ထိုကာမာဝစရပုဒ်၏ အနက်ဖြစ်သော အတ္ထပဒမည်၏၊ ရူပါဝစရကုသလစသော စကားတို့၌လည်း ဤနည်း အတိုင်းပင်တည်း။

[ဤကား အဘိဓမ္မာ၌ ဗျဉ္ဇနပဒ, အတ္ထပဒခွဲဝေပုံနည်း အမြွက်ပေတည်း]

-- သုတ္တန်နည်းမှန်၊ ကုသလံ၊ ဗျဉ္ဇနံဟုပြ။

-- သုစရိုက်ဆယ်၊ ပထဆယ်နှင့်၊ ပုညယ်ဆယ်ပါး၊ အနက်ထား၊ မှတ်သား ခွဲဝေပြ။

သုတ္တန်နည်းအားဖြင့် ကုသလဟူသောစကားသည် ဗျဉ္ဇနပဒ မည်၏၊ ထိုကုသလ၏ အနက်သဘောဖြစ်သော သုစရိုက်ဆယ်ပါး, ကုသလကမ္မပထဆယ်ပါး, ပုညကိရိယာဝတ္ထုဆယ်ပါးသည် ဗျဉ္ဇနပဒ မည်၏။

[ဤကား သုတ္တန်နည်းအားဖြင့် ဗျဉ္ဇနပဒ, အတ္ထပဒခွဲဝေပုံနည်းတည်း။]

ကမ္ဘာအဆက်ဆက်-ကုသလ ရေတွက်ချက်။
ဤကဲ့သို့ဟော တော်မူအပ်သောကုသိုလ်တရားသည် အနမတဂ္ဂသံသရာ ကမ္ဘာအ ဆက်ဆက်တို့၌ ဤမည်သော ကပ်ကမ္ဘာတွင် လောကဓာတ်ပေါင်း အနန္တတို့၌ ဤမည်သောလောကဓာတ်တွင် ဤမည်သောသတ္တ လောက တွင် တစ်စုံတစ်ခုသော ကုသိုလ်မျှလည်း ထိုကုသလဟူသော ဗျဉ္ဇနပုဒ်, အတ္ထပုဒ်တို့ဖြင့် မရေမတွက်သည်မရှိ၊ အနမတဂ္ဂသံသရာ ကမ္ဘာအနန္တ, သတ္တဝါအနန္တ၌ ကုသိုလ်ဟူ၍ဆိုလျှင် ထိုကုသလပုဒ်အတွင်းသို့ အကျုံးဝင်ကြလေ သည်ချည်းသာ ဖြစ်လေ၏၊ ကုသိုလ်မှန်လျှင် ကုသလ ပုဒ်ဖြင့် ဝေဖန်အပ်သည် ချည်းသာဖြစ်လေ၏၊ ဤသို့လျှင် ကုသလဓမ္မ ဟူသောပုဒ်၏ သာတ္ထ, သဗျဉ္ဇနဖြစ်ပုံ သဒ္ဒါနှင့်ပြည့်စုံပုံ အနက်နှင့် ပြည့်စုံပုံကို သိအပ်၏၊ အကုသလာဓမ္မာအစရှိကုန်သော ရှစ်သောင်းလေး ထောင်ကုန်သော ဓမ္မက္ခန္ဓာပုဒ်အပေါင်းတို့၌လည်း ဤနည်းအတိုင်း သာတ္ထ, သဗျဉ္ဇနဖြစ်ပုံကို သိရာသတည်း။

-- ဗြဟ္မဇာလ၊ သုတ်စူဠနှင့်၊ မဇ္ဈမဟာ၊ တစ်ဖြာဝိနည်း၊ ကျင့်နည်း သိက္ခာ၊ ခြောက်ဖြာ ဣန္ဒြေ၊ စောင့်ထွေ သီလ၊ တစ်ဝ ရောင့်ရဲ၊ ခွါရှဲ သမာပတ်၊ ဝိပသ် မနော၊ ပေဉ္စာ ဘိဉာဏ်၊ ဗောဓန် သုံးခွင်၊ လောကုတ်ယှဉ်၊ မှတ်လျှင် ဗြဟ္မစရိယ။

အမေးဆက်ပြန်-ဗြဟ္မစရိယံ
ထိုတရားတော်ဖြင့် အလုံးစုံပြည့်၍ ထက်ဝန်းကျင်မှ စင်ကြယ်သော အကျင့်မြတ် (ဗြဟ္မ စရိယ)ကို အဘယ်သို့ပြပါသနည်း။

အဖြေဆက်လက်-ဗြဟ္မစရိယအတွက်။
ဗြဟ္မဇာလသုတ်၌ ဟောတော်မူအပ်သော စူဠသီလသည်လည်း ဗြဟ္မစရိယမည်၏၊ မဇ္ဈိမ သီလသည်လည်းကောင်း, မဟာသီလသည်လည်းကောင်း, ဗြဟ္မစရိယ ပင်မည်၏၊ အလုံးစုံသော ဝိနည်းပိဋကတ်၌ ပညတ်တော်မူ အပ်သော ဝိနည်းသိက္ခာပုဒ်ဟူသမျှတို့သည်လည်း ဗြဟ္မစရိယမည်ကုန်၏၊ ထိုမှ တစ်ပါး အလုံးစုံသော ဣန္ဒြိယသံဝရသီလ, အလုံးစုံသော သတိသမ္ပဇည ပစ္စည်းလေးပါးတို့၌ ရောင့်ရဲမှုသန္တောသ, အလုံးစုံနီဝရဏတရားကိုခွာမှု သမာပတ်ရှစ်ပါး, ဝိပဿနာဉာဏ်, မနောမယိဒ္ဓိဉာဏ်, ဣဒ္ဓိဝိဓဉာဏ်, ဒိဗ္ဗသောတဉာဏ်, စေတောပရိယဉာဏ်, ပုဗ္ဗေနိဝါသဉာဏ်, စုတူပပါတ ဉာဏ်, အလုံးစုံသည်လည်း ဗြဟ္မစရိယပင်မည်၏၊ သတိပဋ္ဌာန်လေးပါး, သမ္မပ္ပဓာန်လေးပါး, ဣဒ္ဓိပါဒ်လေးပါး, ဣန္ဒြေငါးပါး, ဗိုလ်ငါးပါး, ဗောဇ္ဈင် ခုနစ်ပါး, မဂ္ဂင်ရှစ်ပါး, ဤဗောဓိပက္ခိယ တရား ၃၇-ပါးတို့သည်လည်း ဗြဟ္မစရိယပင်မည်ကုန်၏၊ အရိယမဂ်လေးပါး ဖိုလ်လေးပါးတို့သည်လည်း ဤဗြဟ္မစရိယပင်မည်ကုန်၏၊ ပြဆိုအပ်ပြီးသော ဗြဟ္မစရိယတို့၏ အကျိုးဖြစ်ကုန်သော လောကီအဘိညာဏ်ငါးပါး ဖိုလ်လေးပါးတို့ကို လည်း ဗြဟ္မစရိယ၌ပင် သွင်း၍ရေတွက်အပ်ကုန်၏။

မြတ်စွာဘုရား၊ တရားတော်မြတ်၊ အကျင့်မြတ်ကို၊ ပြဖို့ဆို၊ မှတ်လိုဒဿန။

မြတ်စွာဘုရားသည် ထိုတရားတော်မြတ်ဖြင့် ဤအလုံးစုံသော (ဗြဟ္မစရိယ) အကျင့်မြတ်ကို ပြတော်မူ၏၊ ထိုသို့ပြအပ်သော ဗြဟ္မစရိယ သည်လည်း စူဠသီလစသည်တို့၌ တစ်စုံတစ်ခုမျှ မပြည့်စုံသော ဗြဟ္မစရိယ မည်သည် မရှိ၊ အလုံးစုံ ပြည့်စုံသည်သာဖြစ်၏၊ ထိုထို ဗြဟ္မစရိယဖြင့် ထိုထိုဆိုင်ရာဆိုင်ရာဖြစ်သော ကိလေသာအဖို့ကို ထိုက်သည်အားလျော်စွာ ပယ်ရှားခြင်းကြောင့် မြတ်စွာဘုရား ပြတော်မူအပ်သော ဗြဟ္မစရိယသည် ထက်ဝန်းကျင်မှ စင်ကြယ်သည်မည်၏၊ ဤဆိုအပ်ပြီးသော ဗြဟ္မစရိယ သည်ကား အနာဂါရိကဖြစ်သော ရဟန်းတို့နှင့် သက်ဆိုင်သည့် ဗြဟ္မစရိယ ပေတည်း။

ငါးပါးရှစ်ပါး၊ ဆယ်ပါးသီလံ၊ ဒါနံပုည၊ ဟူသမျှမူ၊ နတ်လူတို့မှာ၊ ကျင့်မြတ်ပါ၊ မှတ်ရာ ဗြဟ္မစရိယ။

အိမ်ယာထောင်သူ လူတို့၏ ဗြဟ္မစရိယ, နတ်တို့၏ ဗြဟ္မစရိယ သည်ကား ငါးပါးသီလ, ရှစ်ပါးသီလ, အဋ္ဌင်္ဂဥပုသ်, ဆယ်ပါးသီလ တို့ပေတည်း၊ ဗြဟ္မစရိယနှင့်စပ်သော စကားရပ်၌ ပုဏ္ဏကဇာတ်တွင် ဒါနကို ဗြဟ္မစရိယဟု ဟောတော်မူ၏၊ တိတ္တိရဇာတ်၌ ငါးပါးသီလကို ဗြဟ္မစရိယဟု ဟောတော်မူ၏၊ နေမိဇာတ်၌ ဥပေါသထသီလကို ဗြဟ္မစရိယဟု ဟောတော်မူ၏၊ ဆယ်ပါးသီလကိုကား ရှစ်ပါး သီလနှင့် အလားတူသောကြောင့် ဗြဟ္မစရိယဟူ၍ ဆိုအပ်၏၊ ထိုမှတစ်ပါး ထိုထို သုတ္တန်အရပ်ရပ်တို့၌ အကြင်အကြင် ပုညကိရိယာဝတ္ထုတို့ကို ဆိုင်ရာ ဆိုင်ရာ၌ ဟောတော်မူ၏၊ ထိုအလုံးစုံသော ကုသိုလ်ကောင်းမှု ပြုခြင်းနှင့် စပ်ဆိုင်သမျှသော ပုညကိရိယာဝတ္ထုတို့ကို ဗြဟ္မစရိယ၌သွင်း၍ ရေတွက် အပ်ကုန်၏။

ကျင့်မြတ်စရိယာ၊ ရှိသည်တာကြောင့်၊ ဗြဟ္မာ လူနတ်၊ ပစ္စေကတ်ဗုဒ္ဓါ၊ သာဝကာတပည့်၊ ထင်ရှားရှိ၊ မှတ်သိ လူ့လောက။

လောက၌ ဤဗြဟ္မစရိယတို့၏ ထင်ရှားရှိနေခြင်းကြောင့် လူတို့ ဟူ၍ ထင်ရှားရှိနေကြကုန်၏၊ နတ်တို့ဟူ၍ ဗြဟ္မာတို့ဟူ၍ ထင်ရှား ဖြစ်ပေါ်လျက် ရှိကြကုန်၏၊ ဘုရားရှင်တို့လည်း ထင်ရှားပွင့်တော် မူကြကုန်၏၊ ပစ္စေကဗုဒ္ဓါတို့လည်း ဖြစ်ပေါ်ကြကုန်၏၊ မြတ်စွာဘုရား၏ တပည့်သာဝကတို့သည်လည်း ထင်ရှားဖြစ်ပေါ်ကြကုန်၏၊ သူတော် ကောင်းတို့ဟူ၍ ထင်ရှားရှိနေကြကုန်၏၊ ရဟန်း, ပုဏ္ဏားတို့ဟူ၍ ထင်ရှား ရှိနေကြကုန်၏၊ ဤဗြဟ္မစရိယတို့ကို ကြဉ်ဖယ်၍ ထားကြပါကုန်မူကား လူသည်လည်းကောင်း, နတ်သည်လည်းကောင်း, ဗြဟ္မာသည်လည်း ကောင်း မရှိနိုင်ကြကုန်၊ ဘုရားပစ္စေကဗုဒ္ဓါတို့ ပွင့်ပေါ်နိုင်ရန်မှာ ဆိုဖွယ်ရာ မရှိချေ။

အယူဝါဒ၊ ဟူသမျှ၌၊ ကျင့်မြတ်စရိယာ၊ မရှိပါသော်၊ ဝေးကွာသုဂတိ၊ အပါယ်ငြိ၊ မှတ်သိ လူ့လောက။

အကြင်အယူဝါဒ အကြင်ဘာသာတို့၌ မြတ်သောအကျင့် ဟုဆိုအပ်သော ဗြဟ္မစရိယတို့ကို ပညတ်ခြင်း မရှိကြကုန်၊ ထိုအယူ ဘာသာတို့၌ သွာက္ခာတ တရားမရှိ၊ ဒုရက္ခာတတရားသာ ရှိလေသော ကြောင့် ထိုအယူဘာသာသို့ဝင်၍ ကျင့်ကြံအားထုတ်ကြကုန်သော သူတို့သည် ပိတ်ကွယ်သော သုဂတိတံခါး ရှိကြ ကုန်သည်ဖြစ်၍ များသော အားဖြင့် အပါယ်သို့သာ လားကြရလေကုန်၏၊ ဤသို့လျှင် တရား တော်မြတ်၏ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှစင်ကြယ်သော အကျင့် ကောင်း အကျင့်မြတ်ကို ပြခြင်းသည် ဖြစ်၏။

[ဆိုအပ်ပြီးသော စကားရပ်ဖြင့် မြတ်စွာဘုရားဟောကြားတော်မူအပ်သော တရားတော်မြတ်၏အနက်, သဒ္ဒါနှင့်ပြည့်စုံ၍ သာတ္ထ, သဗျဉ္ဇနအဖြစ် အလုံးစုံပြည့် စုံ၍ ထက်ဝန်းကျင်မှစင်ကြယ်သော အကျင့်မြတ်ကို ပြသည်၏အဖြစ်ကြောင့် မဇ္ဈေကလျာဏ ဖြစ်ပုံကို သိအပ်သတည်း။]

တရားအဆုံး, ကောင်းခြင်းထုံး, မေးအုံးဆက်၍ဖြာ

တရားတော်၏ အဆုံး၌ကောင်းခြင်းဟူသည် အဘယ်နည်း၊ မြင့်မြတ်သော သာဝကတို့နှင့် ပြည့်စုံခြင်းသည် တရားတော်၏ အဆုံး၌ ကောင်းခြင်းမည်၏၊ သာဝကနှင့် ပြည့်စုံခြင်းဆိုသည်ကား သွာက္ခာတ ဖြစ်သော တရားတော်ကို ကျင့်ဆောင်ကြကုန်သော တပည့်သာဝက တို့သည် ကျင့်ကြံအားထုတ်သော ဗြဟ္မစရိယ၏ အကျိုးတို့ကို ကိုယ်တွေ့ ဒိဋ္ဌ ရရှိခံစံစားကြရကုန်၍ ထူးသော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ကြသည်ကို သာဝကသမ္ပတ္တိ ဆိုသည်၊ ဤသာဝကသမ္ပတ္တိ ဖြစ်ပုံကို သံဃာဂုဏ်ဖွင့်တွင် ထင်ရှားစွာပြဆိုလတ္တံ့။

ရဟန်းပုဏ္ဏား၊ လူသားနတ်ဗြဟ္မာ၊ ပဏ္ဍိတာတို့၊ ဟောရာ ဒု,သု၊ ကောင်းမှုမကောင်း၊ ရကြောင်းစျာန်သမာ၊ နှစ်ဖြာလောက၊ ဌာန သုံးလီ၊ ကမ္ဘာချီ၊ လောကီသဒ္ဓမ္မ။

သဒ္ဓမ္မနှစ်မျိုး-ခွဲဝေပျိုးအံ့။
ဤတရားဂုဏ်တော်ဖွင့်၌ ဓမ္မဆိုသည်ကား သူတော်ကောင်းတို့၏ တရားပေတည်း၊ ထိုတရားကို သဒ္ဓမ္မဆိုသည်၊ ထိုသဒ္ဓမ္မသည် လောကိယသဒ္ဓမ္မ, လောကုတ္တရာသဒ္ဓမ္မ အားဖြင့် နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင် လောကိယသဒ္ဓမ္မကို ဆိုအံ့၊ လောက၌ ရဟန်းပညာရှိတို့သည်လည်းကောင်း, ပုဏ္ဏားပညာရှိ တို့သည် လည်းကောင်း, လူပညာရှိ နတ်ပညာရှိတို့သည်လည်းကောင်း, ဗြဟ္မာပညာရှိတို့ သည်လည်းကောင်း, ဒုစရိုတ်ဆယ်ပါးတို့ကို ပညတ်ကြ ကုန်၏၊ သုစရိုတ်ဆယ်ပါးတို့ကို ပညတ်ကြကုန်၏၊ အကုသလကမ္မပထ ဆယ်ပါး, ကုသလကမ္မပထ ဆယ်ပါး, ပုညကိရိယာဝတ္ထုဆယ်ပါးတို့ကို ပညတ်ကြကုန်၏၊ ကသိုဏ်းစျာန်ဆယ်ပါး, အပ္ပမညာစျာန်လေးပါး, ရူပအရူပသမာပတ်ရှစ်ပါး, လောကီအဘိညာဏ်ငါးပါးတို့ကို ပညတ်ကြ ကုန်၏၊ ဤပစ္စုပ္ပန်လောကကိုလည်း ဟော ကြားကြကုန်၏၊ တမလွန် လောကကိုလည်း ဟောကြားကြကုန်၏၊ အပါယ်လေးပါးတို့ကိုလည်း ဟောကြားကြကုန်၏၊ ကာမာဝစရနတ်ပြည်ခြောက်ထပ်, ရူပဗြဟ္မာဘုံ တစ်ဆယ့်ခြောက်ထပ်, အရူပဗြဟ္မာဘုံလေးထပ်တို့ကိုလည်း ဟောကြား ကြကုန်၏၊ အနန္တ စကြဝဠာ ကမ္ဘာလောကဓာတ်တို့၏ ရှိခြင်းကိုလည်း ဟောကြားကြကုန်၏၊ ဒုစရိုက်ဆယ်ပါး, အကုသလကမ္မပထတရား ဆယ်ပါးတို့သည် အပါယ်လေးပါးသို့သွားရန် လမ်းခရီးဖြစ်ကြကုန်၏၊ သုစရိုက်ဆယ်ပါး, ကုသလကမ္မပထတရားဆယ်ပါးတို့သည် လူ့ပြည်, နတ်ပြည်သို့သွားရန် လမ်းခရီး ဖြစ်ကြကုန်၏ဟူ၍လည်း ပညတ်ကြ ကုန်၏၊ စျာန်,သမာပတ်ရှစ်ပါးတို့သည် ဗြဟ္မာပြည်သို့ သွားရန်လမ်းခရီး ဖြစ်ကြကုန်၏ ဟူ၍လည်း ပညတ်ကြကုန်၏။

ထိုသို့ဟောခါ၊ ပညတ်ပါလည်း၊

ထင်ရာမဟုတ်၊ အဟုတ်သိမြင်၊

မျက်မှောက်ထင်၊ မှတ်လျှင်ကမ္ဘာစောင့်။

ထိုသို့ ဟောကြားပညတ်ကြကုန်သော ပုဂ္ဂိုလ်တို့သည် သာမည အားဖြင့် စိတ်သဘော ထင်မြင်ရာ ယံဝါတံဝါ ပညတ်ဟောကြားကြသည် မဟုတ်ကုန်၊ စျာန်,အဘိညာဏ်ရရှိကြကုန်သော ရဟန်း, ပုဏ္ဏား, တန်ခိုးကြီးသော နတ်, ဗြဟ္မာများတို့သည် ဤပစ္စုပ္ပန်လောက တမလွန် လောကကြီးတွေကို ကိုယ်တိုင်သိ၍ မျက်မှောက်ပြုပြီးမှ မှန်သောအတိုင်း ပညတ်ဟောကြားကြကုန်သည်၊ အချို့သော ပညာရှိတို့သည်လည်း ထိုသို့ အဘိညာဏ်ရပြီးသော ရဟန်း, ပုဏ္ဏားစသည်တို့၏ထံမှ တရားကို ကြားနာကြကုန်ပြီးလျှင် ထိုအဘိညာဏ်ရရှိသော ပုဂ္ဂိုလ်တို့၏ ဟောပြော သည့်အတိုင်း ပညတ်ဟောကြားကြကုန်၏၊ ဤသို့လောကီ၌ ပညာရှိကြ ကုန်သော ထိုထိုပုဂ္ဂိုလ်မြတ်တို့ ဟောကြားအပ်သော တရားသည် လောကိယ သဒ္ဓမ္မမည်၏။

[အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက်၌ လောကီပညာရှိကြီးများ ပညတ် ဟောကြား၍ထားသော ကမ္ဘာစောင့်တရားကြီးများဟူ၍ ဆိုလိုသည်။]

ကမ္ဘာစောင့်မှီ၊ လောကီသဒ္ဓမ္မ၊ မရှိကလျှင်၊ သုဂတိသား၊ မထွန်းကားပဲ၊ လေးပါးပါယ်ရွာ၊ ဘုံချည်းသာ၊ ဖြစ်ရာ မှတ်ထိုက်စွ။

လောကီယသဒ္ဓမ္မသည် အနမတဂ္ဂသံသရာ ကမ္ဘာအစဉ် အဆက်တို့၌ ထိုထိုကပ်ကမ္ဘာတည်ဦးစအခါကမှစ၍ လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည်တို့၌ ဖြစ်ပေါ်ကြကုန်၏၊ အနန္တလောကဓာတ်တို့၌လည်း ထိုသို့ပင်ဖြစ်ပေါ်ကြကုန်၏၊ ထိုသို့ကမ္ဘာစောင့် လောကီတရားတော်ကြီး များ ထင်ရှားဖြစ်ပေါ်ကြကုန်သောကြောင့်သာလျှင် ထိုကမ္ဘာအစဉ် အဆက်တို့၌လည်းကောင်း, ထိုလောကဓာတ် အနန္တတို့၌လည်းကောင်း လူ့ပြည်ဟူ၍ ထင်ရှားဖြစ်ပေါ်ကြကုန်၏၊ နတ်ပြည်, ဗြဟ္မာ့ပြည်တို့ဟူ၍ ထင်ရှားဖြစ် ပေါ်ကြကုန်၏၊ ထိုကမ္ဘာစောင့်ဖြစ်သော လောကိယသဒ္ဓမ္မ များ မထွန်းကားခဲ့ပါမူကား သုဂတိဘုံများဟူ၍ဖြစ်ပေါ်နိုင်ရန် အကြောင်း မရှိ၊ သုဂတိဘုံသားတို့ဟူ၍ ပေါ်ပေါက်နိုင်ရန် အကြောင်းမရှိ၊ အပါယ်ဘုံ နှင့် အပါယ်ဘုံသားချည်းသာလျှင် ဖြစ်ကြကုန်ရာ၏။

အစ အလယ်၊ တစ်သွယ်အဆုံး၊ နက်လုံး သဒ္ဒ၊ ပြည့်စုံလှ၍၊ လုံးဝစင်ကြယ်၊ အကျင့်ဝယ်၊ ယူသယ် ပြထိုက်စွ။

လောကိယသဒ္ဓမ္မသည်လည်း သူနှင့်ဆိုင်ရာ ပရိယာယ်တစ်မျိုးအားဖြင့် အစ၌ကောင်းခြင်းရှိသည်, အလယ်၌ကောင်းခြင်းရှိသည,် အဆုံး၌ကောင်းခြင်း ရှိသည်၊ အနက်နှင့်ပြည့်စုံသည် သဒ္ဒါ,ပုဒ်ဗျည်းနှင့် ပြည့်စုံသည် အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှစင်ကြယ်သော (ဗြဟ္မ စရိယ) အကျင့်မြတ်ကို ပြသည်ဟူ၍ ဆိုထိုက်၏။

မေးဖြေနှစ်ဖြာ-ဆက်ပြကာ။
ထိုစကားရပ်၌ လောကိယ သဒ္ဓမ္မ၏(အာဒိကလျာဏ) အစ၌ ကောင်းခြင်း ဟူသည်အဘယ်နည်း၊ ဤပစ္စုပ္ပန်လောကကိုလည်းကောင်း, တမလွန်လောကကို လည်းကောင်း ကိုယ်တိုင်ထိုးထွင်း၍ သိပြီးလျှင် မျက်မှောက်ပြု၍ ပညာရှိ ပုဂ္ဂိုလ်ကြီးတို့ ကောင်းစွာဟောကြားအပ်သည်၏အဖြစ်သည် အစ၌ကောင်းခြင်း မည်၏။

(မဇ္ဈေကလျာဏ) ဟူသည်အဘယ်နည်း၊ ထိုလောကီတရား အားလျော်စွာ အနက်နှင့်ပြည့်စုံမှု, သဒ္ဒါ, ပုဒ်ဗျည်းနှင့် ပြည့်စုံမှု, အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်မှ စင်ကြယ်သော အကျင့်မြတ်ကို ကောင်းစွာပြုမှုသည် အလယ်၌ကောင်းခြင်း မည်၏။

(ပရိယောသာနကလျာဏ)ဟူသည် အဘယ်နည်း၊ လောကီပညာ ရှိ ပုဂ္ဂိုလ်ကြီးတို့ ဆုံးမအပ်သောအတိုင်း တရားအစဉ်ကိုကျင့်ကြံကြကုန် သောသူတို့၏ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်ဟုဆိုအပ်သော သုဂတိ လောကသို့ရောက်၍ သုခချမ်းသာကို ခံစားရမှုသည် လောကိယသဒ္ဓမ္မပရိယောသာနကလျာဏ အဆုံး၌ကောင်းခြင်း မည်၏။

ထောက်ခံသာဓက-ဆက်ဦးမှ။
ထိုစကားမှန်၏၊ မဟာ ဂေါဝိန္ဒသုတ်၌ ထိုဂေါဝိန္ဒ ပုဏ္ဏားကြီးသည် တပည့် သာဝကတို့အား ဗြဟ္မာ့ဘုံသို့ ရောက်စိမ့်သောငှါ တရားကိုဟောကြားပေ၏၊ အကြင် တပည့်တို့သည် ထိုမဟာဂေါဝိန္ဒ ပုဏ္ဏားကြီး၏ အဆုံးအမဩဝါဒကို အလုံးစုံသိရှိလိုက်နာကျင့်ကြံကြကုန်၏၊ ထိုတပည့်တို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေသည်မှနောက်ကာလ၌ ကောင်းသောသူတို့၏ လားရာဖြစ် သော ဗြဟ္မာဘုံသို့ ကပ်ရောက်ဖြစ် ပွားကြလေကုန်၏၊ အကြင်တပည့် တို့သည် ထိုဂေါဝိန္ဒပုဏ္ဏားကြီး၏ အဆုံးအမဩဝါဒကို အလုံးစုံသိရှိ လိုက်နာကျင့်ကြံခြင်း မပြုကြကုန်၊ တစ်စိတ်တစ်ဒေသမျှကိုသာ ကျင့်ကြံ ကြကုန်၏၊ ထိုတပည့်တို့သည် အချို့ဝသဝတ္တီ နတ်ပြည်၌ ဖြစ်ကြ လေကုန်၏၊ အချို့နိမ္မာနရတိနတ်ပြည်၌ ဖြစ်ကြလေကုန်၏ အချို့ တုသိတာနတ်ပြည်၌ ဖြစ်ကြလေကုန်၏၊ အချို့ယာမာနတ်ပြည်၌ ဖြစ်ကြ လေကုန်၏၊ အချို့တာဝတိံသာနတ်ပြည်၌ ဖြစ်ကြလေကုန်၏၊ အချို့ စတုမဟာ ရာဇ်နတ်ပြည်၌ဖြစ်ကြလေကုန်၏ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်၊။

ဗောဓိသုံးဖြာ၊ သူတော်စွာတို့၊ ကမ္ဘာရှည်ဝေး၊ ကျင့်ဆောင်ရေး၊ မှတ်တွေး ကမ္ဘာစောင့်၊၊

ထိုမှတစ်ပါး အလောင်းတော် ဟတ္ထိပါလရှင်ရသေ့စသော လောကီ ပညာရှိ ပုဂ္ဂိုလ်တို့၏ အဆုံးအမဩဝါဒဟုဆိုအပ်သော လောကိယသဒ္ဓမ္မ ကိုလိုက်နာကြကုန်သော တပည့်သာဝကပေါင်းများစွာတို့၏ နတ်ပြည်, ဗြဟ္မာပြည်ဟု ဆိုအပ်သော သုဂတိဘုံဘဝတို့၌ ဖြစ်ကြကြောင်းကိုလည်း ထိုထိုကျမ်းဂန်တို့၌ ပြဆိုလျက်ရှိလေ၏၊ သမ္မာသမ္ဗောဓိ, ပစ္စေကဗောဓိ, သာဝကဗောဓိဟုဆို အပ်သော ဗောဓိသုံးပါးဆုကို ဖြည့်ကျင့်ကြကုန်သော အလောင်းတော် သုံးမျိုးတို့သည်လည်း အနမတဂ္ဂသံသရာ ကမ္ဘာအစဉ် အဆက်မှာ ကမ္ဘာစောင့်တရားတော်ကြီး တွေဟုဆိုအပ်သော လောကိယ သဒ္ဓမ္မများကို ရှေ့သွားပြုလုပ် ဖြည့်ကျင့် ခြင်းအားဖြင့်သာလျှင် ပါရမီရင့်၍ အဆုံးစွန်၌ မိမိတို့ရည်ရွယ်မှန်းထားချက်အတိုင်း ဆိုင်ရာဆိုင်ရာ ဗောဓိသို့ ရောက်ရှိပွင့်ပေါ်ကြလေကုန်၏။

[ဤသို့လျှင် လောကိယသဒ္ဓမ္မသည်လည်း ကောင်းခြင်းသုံးပါးနှင့်ယှဉ်သည်၏ အကြောင်းကြောင့် ထိုက်သည့်အားလျော်စွာ သွာက္ခာတပင်မည်၏ဟူ၍ ဆိုထိုက်ပေသည်။]

သုညတဟု၊ ခန္ဓာစုနှင့်၊ နာမ်မှု,ရုပ်ဓာတ်၊ တဝသစ္စာ၊ အာယတနာ မှတ်၊ စပ်လတ်တရား၊ သုံးပါးလက္ခဏာ၊ တင်ခါ စပ်ပြု၊ ရမှု, မဂ်ဖိုလ်၊ နိဗ္ဗာန်ကို၊ စပ်ဆိုသဒ္ဓမ္မ။

လောကုတ္တရာ,သာသနာ-နှစ်ဖြာတူထိုက်လှ။
သာသန သဒ္ဓမ္မ ဆိုသည်ကား သုညတဟုဆိုအပ်သော ခန္ဓာ, နာမ်, ရုပ်, ဓာတ်, အာယတနတို့နှင့်စပ်သောတရား, လက္ခဏာရေးသုံးပါးနှင့်စပ်သောတရား, မဂ်ဖိုလ်နိဗ္ဗာန်ဟုဆိုအပ်သော လောကုတ္တရာနှင့်စပ်သော တရားများပေ တည်း၊ အဘယ်ကျမ်းဂန်၌လာသော တရားမျိုးကဲ့သို့နည်းဆိုလျှင် အလုံးစုံသော အဘိဓမ္မာပိဋကတ်, အလုံးစုံသော မဟာနိဒါနသုတ်, အလုံးစုံသော နိဒါနသံယုတ်, ခန္ဓသံယုတ်, အာယတနသံယုတ်, မဟာဝဂ္ဂ သံယုတ် ဤသို့စသော ကျမ်းတို့၌ ဟောအပ်သော တရားမျိုးကဲ့သို့တည်း၊ ပြဆို အပ်ပြီးသောကျမ်းတို့၌ ဟောတော်မူအပ်သော တရားတို့သည် သာသနသဒ္ဓမ္မတို့မည်ကုန်၏၊ ထိုသာသနသဒ္ဓမ္မ၏ ကောင်းခြင်း သုံးပါးနှင့် ပြည့်စုံပုံကို ရှေး၌ပြဆိုအပ်ပြီ။

လောကီတရား-လောကုတ္တရာထည့်သွင်းသွား

အလိုရှိအပ်-တစ်နည်းမှတ်။
အဓိပ္ပါယ် တစ်နည်းအား ဖြင့်ကား ဤမြတ်စွာဘုရား၏ သာသနာတော်ကျမ်းဂန် ဟုဆိုအပ်သော ပိဋကတ်သုံးပုံတို့၌ လောကိယသဒ္ဓမ္မဟုဆိုအပ်သော ကမ္ဘာစောင့် တရား ကောင်းကြီးများကိုလည်း မြတ်စွာဘုရားထည့်သွင်း၍ ဟောကြားတော်မူ အပ်ကုန်၏၊ အဘယ့်ကြောင့် ဟောကြားတော်မူပါသနည်းဆိုလျှင် ထိုလောကိယ သဒ္ဓမ္မတို့၌ အချို့သောတရားတို့သည် ဤသာသနာတော် ဓမ္မ၏ အာဒိဗြဟ္မစရိယ သဖွယ်ဖြစ်၍ ပထမအခြေခံ ကျင့်ရန်တရားများ ဖြစ်ကြကုန်၏၊ အချို့ သောတရား တို့သည် ဝိပသနာကိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အကြောင်းဖြစ်ကုန်၏၊ အချို့သောတရားတို့သည် မျက်မှောက်ဘဝ၌ ချမ်းသာစွာ ခံစားသုံးဆောင်၍ နေခြင်းငှာ ရွက်ဆောင်ကြကုန်၏၊ အချို့သောတရားတို့သည် သာသနဓမ္မ၏ ပြည့်စုံခြင်းကို ညွှန်ပြတတ်ကုန်၏။

လောကီသဒ္ဓမ္မာ၊ မရှိပါငြား၊ ဘာသာများမှာ၊ သွာက္ခာတာ ဂုဏ်၊ လုံးစုံကင်းဝေး၊ မရရေးကြောင့်၊ ပါယ်လေးပြည့်နှက်၊ ဖြစ်ရလျက်၊ မှတ်ချက် ကျမ်းဂန်ပြ။

ထိုကြောင့် ထိုလောကိယသဒ္ဓမ္မများကို မြတ်စွာဘုရားသည် သာသနာတော် ကျမ်းတို့၌ထည့်သွင်း၍ ဟောတော်မူရလေသည်၊ သို့ဖြစ်၍ ဤသာသနသဒ္ဓမ္မသည် လောကိယသဒ္ဓမ္မအားဖြင့် အစ၌ကောင်းခြင်း ရှိ၏၊ ရုပ်, နာမ်, ခန္ဓာ, အာယတန တရား, ပဋိစ္စသမုပ္ပါဒ်တရား စသည်တို့၌ အစဉ်သိမြင်ခြင်း ထိုးထွင်း၍ သိမြင်ခြင်း တည်းဟူသော အသိဉာဏ် အထူးကိုရရှိခြင်းအားဖြင့် အလယ်၌ကောင်းခြင်းရှိ၏၊ ဖိုလ်တည်းဟူသော ဝိမုတ္တိ, နိဗ္ဗာန်တည်းဟူသော ဝိမုတ္တိကိုရရှိခြင်းအားဖြင့် အဆုံး၌ကောင်း ခြင်းရှိ၏ဟူ၍လည်း ဆိုအပ်၏၊ အကြင် ဘာသာအယူဝါဒတို့၌ ကမ္ဘာဦးမှစ၍ အစဉ်အဆက် ဆင်းသက်၍လာသော လောကိယသဒ္ဓမ္မ များသည် မရှိ၊ ထိုဘာသာ အယူဝါဒတို့၌ သွာက္ခာတဂုဏ်နှင့် ပြည့်စုံသော တရား၏ မရှိခြင်း ကြောင့် လူအပေါင်းတို့ကို များသောအားဖြင့် အပါယ်ဘုံ၌ ပြည့်နှက်ခြင်းကိုသာ ဖြစ်စေကုန်၏ဟူ၍ မှတ်အပ်၏။

လောကီသဒ္ဓမ္မ၊ ဝိနယပင်ကို၊ ရှိသည်ဆို၊ မှတ်လိုတက်ခေတ်မှာ။

တက်တန်းဆုတ်တန်း-အထူးလမ်း။
ဆိုဖွယ်အထူး ရှိပြန်သည်ကား လူတို့အသက်တမ်း ရှည်လျားသော ကပ်ကာလ၌ ပွင့်တော်မူကြကုန်သော ဘုရားရှင်တို့သည် ထိုခေတ်အခါ ကမ္ဘာလောက ပေါ်၌ လောကိယသဒ္ဓမ္မဟုဆိုအပ်သော ကမ္ဘာစောင့်တရားကောင်း ကြီးများ ထင်ရှားရှိနေကြကုန်သောကြောင့် လူ, နတ်, ဗြဟ္မာ, သတ္တဝါ တို့အား တရားဓမ္မဟောပြသွန်သင်တော်မူသောအခါ သာသနာတွင်းနှင့် သက်ဆိုင်သော သာသနသဒ္ဓမ္မတရား စစ်ကြီးများကိုသာလျှင် ဟောကြား တော်မူကြကုန်၏၊ လောကိယသဒ္ဓမ္မမျိုးများကို ဟောကြားတော်မူရန် ကြောင့်ကြစိုက်တော်မမူကြရကုန်၊ တပည့်သား ရဟန်းတို့အား သိက္ခာပုဒ် ပညတ်တော်မူခြင်း၌လည်း ကင်းသောကြောင့်ကြခြင်း ရှိတော်မူကြကုန်၏၊ အကြောင်းကိုဆိုသော် ထိုခေတ်အခါ ကာလသမ္ပတ္တိနှင့် ကြုံကြိုက်သဖြင့် ကမ္ဘာစောင့်ဖြစ်သော လောကီလက်ရိုး တရားကြီးများလည်း ထွန်းကား လျက်ရှိနေဆဲဖြစ်၏၊ (ထိုတရားမျိုးကို အထူးဟောကြားရန်မလို) လောကိယသဒ္ဓမ္မကြီးတွေ ထွန်းကားနေဆဲအခါဖြစ်၍ ရဟန်း တော်တို့သည်လည်း ပကတိသဘောအားဖြင့် စင်ကြယ်ပြည့်စုံ၍နေကြ ကုန်၏၊ ထိုသို့စင်ကြယ်ပြည့်စုံ၍ ကာယကံ, ဝစီကံလုံခြုံသော ရဟန်းတို့ အားလည်း သိက္ခာပုဒ်ကို ပညတ်ရန် အကြောင်းလည်း မပေါ်ပေါက်နိုင်၊ ထို့ကြောင့် အသက် ရှည်သောခေတ်၌ ပွင့်တော်မူကြသော မြတ်စွာဘုရား တို့သည် သာသနသဒ္ဓမ္မ သက်သက်ကိုသာ ဟောကြားတော်မူကြ ရကုန်သဖြင့် နည်းပါးသောကိစ္စ ရှိ တော်မူကြကုန်သည်။

လောကီသဒ္ဓမ္မာ၊ တိမ်မြုပ်စွာကြောင့်၊ ခေတ်ခါ လူပေါင်း၊ သောင်းကျန်းကြောင်း၊ မှတ်ရှောင်း ဆုတ် ကပ်မှာ။

ဆုတ်ကပ်ကမ္ဘာ ရှင်ဂေါတမသာသနာ။
အကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော ဂေါတမ မြတ်စွာဘုရားသည်ကား လူတို့ အသက်တမ်း အလွန်တိုသောကာလ ဆုတ်ကပ်ထဲ၌ ပွင့်တော်မူရ၏၊ ညံ့ဖျင်းသော ခေတ်ကာလအခါနှင့် ကြုံကြိုက်သဖြင့် လောကိယ သဒ္ဓမ္မကြီးများလည်း များသောအားဖြင့် ပျောက်ကွယ်တိမ်မြုပ်ဆဲဖြစ်၏၊ လူအပေါင်းတို့သည်လည်း သောင်းကျန်းဆိုးသွမ်းကြကုန်၏၊ ထို့ကြောင့် မြတ်စွာ ဘုရားသည် လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့အား တရားဟောတော်မူ သောအခါ တိမ်မြုပ်မှိန်မှေး၍နေသော လောကိယသဒ္ဓမ္မကြီးများကိုလည်း အလွန်အရေးကြီးစွာ ဟောကြားတော်မူရမည့်အခွင့်နှင့် ကြုံကြိုက်လျက် ရှိနေတော်မူ၏။

သဒ္ဓမ္မာနှစ်ချက်၊ ဟောရာဖက်နှင့်၊ ထိုထက်သိက္ခာ၊ ဝိနယာရှေး၊ ကြောင့်ကြရေး၊ ရှုပ်ထွေး တို့မြတ်စွာ။
ထိုကြောင့် တရားဒေသနာကိစ္စဖြင့် လောကိယသဒ္ဓမ္မကို ဟော တော်မူရ သည်ကတစ်ဖက် သာသနာသဒ္ဓမ္မကိုဟောတော်မူရသည်က တစ်ဖက်ကြောင့် အလွန်ကြီး ကြောင့်ကြစိုက်တော်မူရလေ၏၊ (လောကိယ သဒ္ဓမ္မကို ထုတ်ဖော်တော်မူရ၏၊ သာသနာသဒ္ဓမ္မကို တည်ထောင်တော် မူရ၏၊) သောင်းကျန်း ဆိုးသွမ်းသော ခေတ်ကာလအတွင်းဖြစ်၍ ရဟန်းတော်တို့အားလည်း သိက္ခာပုဒ် ပညတ်တော်မူရန်အတွက် အလွန်ပင် ကြောင့်ကြစိုက်တော်မူရလေ၏။

[ဤသို့လျှင် တရားတော်၏ ကလျာဏသုံးပါးနှင့် ပြည့်စုံကြောင်းကို သိရာ၏၊]

မေးချက်။

ဖြေချက်။

မေးချက်။

ဖြေချက်။ ကမ္ဘာစောင့် လောကိယသဒ္ဓမ္မကြီးများသည် လောက၌ များသောအားဖြင့် အဘယ်ကာလတွင် ပျောက်ကွယ်ခြင်းသို့ ရောက်ပါသနည်း။

မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပေါ်လာသောအခါမှစ၍ ကမ္ဘာ စောင့်တရား လက်ဟောင်းကြီးများ ပျောက် ကွယ်ခြင်းသို့ ရောက်ကြလေကုန်သည်။

အဘယ်အခါကစ၍ လောက၌ မိစ္ဆာဒိဋ္ဌိတို့ဖြစ် ပေါ်ကြကုန်သနည်း။

လူတို့ အနှစ်တစ်ထောင်တမ်းသို့ ရောက်သော အခါမှစ၍ လောက၌ မှောက်မှားဖောက်ပြန်သော အယူရှိကြကုန်သော မိစ္ဆာဒိဋ္ဌိရဟန်း, ပုဏ္ဏားတို့ပေါ် ကြကုန်သည်ဟူ၍ စက္ကဝတ္တိ သုတ်၌ ဆို၏။

အလှူအကျိုး၊ ကြီး, ငယ်မျိုးနှင့်၊ ကံကျိုးဗလာ၊ လောကာနတ္ထိ၊ အမိ မယှဉ်၊ ဖ, မမြင်ဘဲ့၊ နတ်ကဲ့ပမာ၊ ဥပပါ ပုဂ္ဂိုလ်၊ မရှိဆို၊ ယူလို မိစ္ဆာစစ်။

မေး, ဖြေနှစ်ချက်

မေး, ဖြေနှစ်ချက်။
မိစ္ဆာဒိဋ္ဌိ ဟူသည် အဘယ်နည်း၊ မိစ္ဆာဒိဋ္ဌိ အယူမျိုးသည်ဆယ်ပါးရှိ၏။

- ဆယ်ပါးဟူသည်ကား

၁။ အလှူ၏အကျိုးသည်မရှိ။

၂။ ယဇ်ကြီးပူဇော်မှု (အလှူပွဲကြီး) ၏အကျိုးသည်မရှိ။

၃။ ယဇ်ငယ်ပူဇော်မှု (အလှူပွဲငယ်) ၏ အကျိုးသည်မရှိ။

၄။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးသည်မရှိ။

၅။ ဤပစ္စုပ္ပန်လောကလည်းမရှိ၊၊

၆။ တမလွန်လောကလည်းမရှိ၊၊

၇။ အမိဟူ၍လည်းမရှိ၊၊

၈။ အဖဟူ၍လည်းမရှိ၊၊

၉။ နတ်,ဗြဟ္မာစသည်တို့ကဲ့သို့ ဥပပတ်ပုဂ္ဂိုလ်ဟူ၍လည်း မရှိ၊၊

၁၀။ အကြင်ပုဂ္ဂိုလ်တို့သည် ဤပစ္စုပ္ပန် လောကကို လည်း ကောင်း, တမလွန်လောကကိုလည်းကောင်း, ကိုယ် တိုင်ထိုးထွင်းသိမြင်၍ မျက်မှောက်ပြုကြကုန်ပြီးလျှင် ဟောကြားကြကုန်၏၊ ထိုသို့လောက နှစ်ရပ်ကို အတတ် သိမြင် ဟောကြားနိုင်၍ အညီအညွတ် ကောင်းစွာ ကျင့်သော ထိုရဟန်း, ပုဏ္ဏားမျိုးတို့သည်လည်း လောက၌ မရှိ၊။

[ဤသည်လျှင် မိစ္ဆာဒိဋ္ဌိအယူကြီး ဆယ်မျိုးပေတည်း၊ ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိလည်းခေါ်သည်၊၊]

ကမ္ဘာအလည်၊ ဌာနီမဇ္ဈိမ၊ စွန်ကျနိုင်ငံ၊ ရပ်ဒေသံမှာ၊ မိစ္ဆာဒိဋ္ဌိ၊ ပေါ်လာဘိက၊ သဒ္ဓမ္မ၊ မုချ ပျောက်မြဲဆို၊၊

ထိုမိစ္ဆာဒိဋ္ဌိကြီးတွေ ပေါ်ပေါက်သည်မှစ၍ လောကိယသဒ္ဓမ္မ ကမ္ဘာစောင့် လက်ရိုးတရားကောင်း တရားဟောင်းကြီးများသည် အစွန်အဖျားဖြစ်သော တိုင်းနိုင်ငံ ဇနပုဒ်တို့၌ အလုံးစုံကွယ်ပျောက်ကြ လေကုန်၏၊ ကမ္ဘာ၏အလည် ဗဟိုဖြစ်၍ သူတော်ကောင်းတို့ ထွန်းကား ရာဖြစ်သော မဇ္ဈိမတိုက်ကြီး အတွင်း၌လည်း များသောအားဖြင့် ကွယ်ပျောက်ကြလေကုန်သည်သာဖြစ်၏၊ တစ်ရံတစ်ခါ ဘုရားအလောင်း တော်ကြီးများ ပေါ်ပေါက်လာသောအခါ၌သာလျှင် ဘုရား ပွင့်တော်မူသော အခါကဲ့သို့ ကြီးစွာသော သမ္မာဒိဋ္ဌိခေတ်ကာလကြီး ပေါ်ပေါက်၍ လာ၏၊ တစ်ပါးတစ်ပါးသော ဘုရားအလောင်းတော်ကြီးတို့၏ ဆုံးမဩဝါဒ သာသနာသည် နှစ်ပေါင်းခြောက်သောင်း တည်ထွန်း၏ဟူ၍ အဋ္ဌကထာ ကျမ်းတို့၌ ဆို၏၊။

သဿတ, ဥစ္ဆေ၊ ဤနှစ်ထွေ၊ မှတ်လေ အပါယ်မျိုး။

အကြင်တိုင်းနိုင်ငံဇနပုဒ်တို့၌ ထိုကမ္ဘာစောင့်တရားကောင်း တရားမှန်ကြီး များသည် အလုံးစုံကွယ်ပျောက်လေ၏၊ ထိုတိုင်းနိုင်ငံ ဇနပုဒ်တို့၌ အကြင်လူ အပေါင်းတို့သည် ထိုမိစ္ဆာဒိဋ္ဌိအယူဆိုးကြီးတို့ကို သာလျှင် စွဲလမ်းယူငင် ကျင့်ကြံကြ ကုန်၏၊ ထိုလူအပေါင်းတို့သည် ဥစ္ဆေဒဒိဋ္ဌိတို့သာလျှင် ဖြစ်ကြလေကုန်၏၊ ဥစ္ဆေဒဒိဋ္ဌိ အယူရှိကြကုန် သောကြောင့် နောင်တမလွန်လောကကို မယုံကြည်သည့်အတွက် ထိုတမလွန်လောကအလို့ငှါ ကုသိုလ်ကောင်းမှုပြုရန် ကြောင့်ကြ မစိုက်ကြ ကုန်၊ ထိုသူတို့သည် စင်စစ်အားဖြင့် အပါယ်သို့ လားကြလေကုန်၏၊ ထိုဥစ္ဆေဒဒိဋ္ဌိကို မစွဲလမ်းကြကုန်သည်ရှိသော် သဿတဒိဋ္ဌိကို ယူငင်စွဲ လမ်းကြလေကုန်၏၊ သဿတဒိဋ္ဌိမှာ တမလွန်လောကကို ယုံကြည်၏၊ ထိုတမလွန်လောကအတွက် ကြောင့်ကြစိုက်ပါကုန်သော်လည်း တရား ကောင်းတရားမှန်မှကင်း၍ ကံကို ယုံကြည်သော ကမ္မကိရိယဉာဏ် မျက်စိ ကွယ်ကြကုန်သောကြောင့် မကိုးကွယ် ထိုက်ရာ၌ ကိုးကွယ်ရာဟူ၍ ရှာမှီးမှတ်ထင်နေကြလေ၏။

သံသရာဘေး၊ လာမည့်ရေးကို၊ စောင့်တွေးကယ်တင်၊ မှတ်ဉာဏ်ထင်၊ ယူလျှင် ကိုးကွယ်စစ်။

[ဤအရာ၌ ကိုးကွယ်သည်ဟူသောစကားမှာ သရဏဂုံကဲ့သို့ သံသရာဘေးမှ ကယ်တင်လိမ့် မည်ဟု ထင်မှတ်၍ ကိုးကွယ်ခြင်းကိုဆိုလိုသည်။]

လောကအရှင်၊ ထို့ပြင်ဗြဟ္မာ၊ တစ်ဖြာနေ,လ၊ တစ်ဝ တော,တောင်၊ ကြီးခေါင်သစ်ပင်၊ မြစ်လျှင်တစ်ဖန်၊ ကိုးကွယ်ပြန်၊ နိရန် ချည်းနှီးပြ။

အကိုးကွယ်မှား-အချည်းနှီးသွား။
အချို့သောသူတို့သည် လောကကို အစိုးရသော အရှင်ကိုဆည်းကပ် ကိုးကွယ်ကြကုန်၏၊ အချို့သောသူတို့သည် မဟာဗြဟ္မာကြီးကို ကိုးကွယ်ဆည်းကပ်ကြကုန်၏၊ အချို့သောသူတို့သည် လ,ကိုကိုးကွယ်ကြကုန်၏၊ အချို့သောသူတို့သည် နေကို ကိုးကွယ်ကြကုန်၏၊ အချို့သောသူတို့သည် မဟာဒေဝစသော မိမိတို့ဆိုင်ရာ နတ်တို့ကို ကိုးကွယ်ကြကုန်၏၊ အချို့သောသူတို့သည် တောတောင်ကို, အချို့သော သူတို့သည် သစ်ပင်ကြီးကို, အချို့သောသူ တို့သည် မြစ်ကိုကိုးကွယ်ကြကုန်၏၊ ထိုအလုံးစုံသော ကိုးကွယ်မှုများသည် တစ်စုံတစ်ခုမှ အကျိုးကိုမရစေနိုင်သောကြောင့် နိရတ္ထက အချည်း အနှီးတို့သာဖြစ်ကုန်၏၊ အားကိုးပါသော်လည်း ကိုးရာမရောက် ဖြစ်ကြလေကုန်၏၊ မိမိတို့ ထင်မြင်စွဲလမ်းသောအတိုင်း ကိုးကွယ်ရာတို့ကို ကပ်၍ ဆုတောင်းခြင်း, ချီးမွမ်းထောမနာပြုခြင်း, နဖူးမြေစိုက်နှင့် ခစားဝပ်တွားခြင်း, ပူဇော်လုပ်ကျွေးခြင်း, တင်သခြင်းစသောကိစ္စတို့ဖြင့် တစ်သက်တာ ကာလပတ်လုံး ပင်ပန်းကြီးစွာ အားထုတ်ကြပါကုန်သော် လည်း ပင်ပန်းကာမျှသာ အဖတ်တင်ခံရ၍ သေလွန်စုတိကျသောအခါ ကိုးကွယ်ရာမဲ့သော သေခြင်းဖြင့် သေခြင်းဆိုး သေကြရလေကုန်၏၊ တစ်သက်လုံး တပင်တပန်းကြီး ခစားပူဇော်ရပြီးသော နောက်ကာလ၌ အပါယ်ဒုဂ္ဂတိသို့သာ လားကြရလေကုန်၏။

- နွားမဦးချိုဖျားကို နို့ရည်ထွက်မည်အထင်နှင့် ညှစ်သော သူရူး၏ အချည်းနှီး ပင်ပန်းခြင်းကဲ့သို့လည်းကောင်း,

- မီးကိုအလိုရှိသဖြင့် ပိုးစုန်းကြူးကို အပင်ပန်းကြီးစွာ ကောက် ရိုးဖြင့် မီးမှုတ်သော သူရူးကဲ့သို့လည်းကောင်း,

- ဆီကိုအလိုရှိသဖြင့် သဲတို့ကို ဆီပွတ်သော သူရူးကဲ့သို့ လည်းကောင်း,

ဖြစ်ကြရလေကုန်၏၊ ဤကဲ့သို့ ဖြစ်သည်ကိုရည်၍ ဓမ္မပဒပါဠိ တော်၌

အကိုးကွယ်မှား- အလကား

၁။ ဗဟူ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိစ။

အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။

၂။ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။

နေတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

ဟူ၍ ဟောတော်မူသည်။

၁။ ဘယတဇ္ဇိတာ=ဘေးကို ကြောက်လန့်ကုန်သောကြောင့်၊ မနုဿာ=လူများအပေါင်းတို့သည်၊ ဗဟူ=များစွာကုန်သော၊ ပဗ္ဗတာနိစ= တောင်တို့ကိုလည်းကောင်း၊ ဝနာနိစ=တောတို့ကိုလည်း ကောင်း၊ အာရာမ ရုက္ခစေတျာနိစ=အရို အသေပြုထိုက်သည်ဟုမှတ်ထင်၍နေကြကုန်သော အာရာမ်, ဥယျာဉ်, တောစိုး သစ်ပင်ကြီးတို့ကိုလည်းကောင်း၊ ဝေ=စင်စစ်၊ သရဏံ=ကိုးကွယ်ရာဟူ၍၊ ယန္တိ= ဆည်းကပ်ကြကုန်၏။

၂။ ဧတံ=ထိုကိုးကွယ်ရာသည်၊ ခေမံ=ဘေးကင်းစေနိုင်သော၊ သရဏံ= ကိုးကွယ်ရာသည်၊ =မဟုတ်၊ ဧတံ=ထိုကိုးကွယ်ရာသည်၊ ဥတ္တမံ=မြတ်သော၊ သရဏံ=ကိုးကွယ်ရာသည်၊ =မဟုတ်၊ ဧတံ=ထို တော, တောင် စသည်များကို၊ သရဏံ=ကိုးကွယ်ရာဟူ၍၊ အာဂမ္မ=မှီခိုဆည်း ကပ်ခြင်းကြောင့်၊ သဗ္ဗဒုက္ခာ=အလုံးစုံသော ဆင်းရဲမှ၊ န ပမုစ္စတိ=မကျွတ် မလွတ်နိုင်။

[မဇ္ဈိမဒေသ၌ မူလတိုင်းရင်းသားဖြစ်သော ဟိန္ဒူလူမျိုးတို့သည်ကားမဟာဗြဟ္မာကြီး ကိုလည်းကောင်း, တစ်ပါးသောကိုးကွယ်ရာတို့ကိုလည်းကောင်း, ဆည်းကပ်ကိုးကွယ်ကြကုန်သော်လည်း ကမ္ဘာဦးကစ၍ အစဉ်အဆက် မိရိုးဖလာ ဆင်းသက်၍လာသော ကံ, ကံ၏ အကျိုးကိုယုံကြည်သော ကမ္မကိရိယဝါဒကို မစွန့်လွှတ်ကြကုန်၊ ပုညကိရိယာဝတ္ထုကိုလည်း ပြုကြကုန်၏၊]

အနှစ်တစ်ထောင်-ဒိဋ္ဌိတိုးတက်ဆောင်။
ဤသို့လျှင် လူတို့၏ အနှစ်တစ်ထောင်တမ်းအခါ မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပေါ်ထွန်းကား သည်မှစ၍ လောကိယသဒ္ဓမ္မကြီးသည် အဆင့်ဆင့် အစဉ်အတိုင်း ဆုတ်ယုတ်၍ လာလေ၏၊ အကျွန်ုပ်တို့ ဂေါတမမြတ်စွာဘုရား လက်ထက် တော်အခါ၌မူကား-ပုဏ္ဏားဟုခေါ်သော ဗြာဟ္မဏလူမျိုးတို့သည် အထူး ထူးသော မိစ္ဆာကျမ်းဂန်တို့ကိုသာလျှင် အမှီသဟဲပြု၍ နေကြကုန်၏၊ အိမ်ယာမထောင်ပဲ ရသေ့ရဟန်းဇာတိနှင့် ရှိကြကုန်သောသူတို့သည်လည်း ဘာသာဝါဒတို့၌ တွေးတောခြင်း, စုံစမ်းခြင်းအားဖြင့် ဝိစိကိစ္ဆာတရား တလုံး ထွေးထွေးနှင့် အယူအထူးထူးရှိသော မိစ္ဆာဒိဋ္ဌိတို့သာလျှင် ဖြစ်ကုန်၏၊ အိမ်ယာထောင်သော လူ့ဘောင်၌ နေထိုင်ကြကုန်သော မင်းမျိုး,သူဌေး မျိုး, ကုန်သည်မျိုးတို့သည်ကား မိမိတို့နှင့်စပ်လျဉ်းရာ ပူရဏကဿပ အစရှိကုန်သော တိတ္ထိဆရာကြီး ခြောက်ဦးတို့ကိုသာလျှင် ဆည်းကပ်ကိုး ကွယ်ကြကုန်၍ များသောအားဖြင့် မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတို့သာလျှင် ဖြစ်နေကြလေကုန်၏။

မိစ္ဆာဒိဋ္ဌိကိုဖေါက်-ဘုရားအဖြစ်သို့ရောက်။
ကျွန်ုပ်တို့ ဂေါတမ မြတ်စွာဘုရားသည် အလွန်တရာကြီးကျယ် ထူထပ်လှစွာသော မိစ္ဆာဒိဋ္ဌိတောကြီးထဲမှ ထူးကဲစွာ ဘုရားအဖြစ်သို့ ရောက်တော်မူ လာရ သည်၊ ထို့ကြောင့် မိစ္ဆာဒိဋ္ဌိတို့၏ လွှမ်းမိုးချက်ကြောင့် ပျက်စီးတိမ်မြုပ်၍ နေသော (လောကိယသဒ္ဓမ္မ) ကမ္ဘာစောင့်လက်ရိုး တရားဟောင်း တရားကောင်းကြီးတွေကို တစ်ဖန်အသစ် ဖြစ်ထွန်းပေါ်ပေါက်လာ ရလေအောင် များစွာကြောင့်ကြစိုက်တော်မူပြီးလျှင် တရားဟော တော်မူခြင်းကိစ္စ၌ လွန်မင်းစွာကြိုးစား တော်မူရ၏၊ ကိလေသာတရားတို့ ပြန့်ပွား သောင်းကျန်းသောခေတ်အတွင်းမှာ ဖြစ်ပေါ်တော်မူလာရသော ကြောင့်လည်း ရဟန်းတို့အတွက်နှင့် သိက္ခာပုဒ်တော် အမျိုးမျိုးကို ပညတ် တော်မူရခြင်းကိစ္စ၌လည်း များစွာကြီး ကြောင့်ကြစိုက်တော် မူရလေ၏။

[ပြဆိုအပ်ပြီးသော စကားအစဉ်ကို ဆင်ခြင်သောအားဖြင့် ထိုလောကိယ သဒ္ဓမ္မသည် ဤမြတ်စွာဘုရားသခင်၏ သာသနာတော်ဓမ္မ၌ အာဒိကလျာဏ ဟုဆိုအပ်သော အစ၏ ကောင်းခြင်းဖြစ်မှုကို ကောင်းစွာသိအပ်လေသတည်း။]

၁-သွာက္ခာတဂုဏ်တော်ဖွင့်ပြီး၏။

---*---

၂။ သန္ဒိဋ္ဌိကဂုဏ်တော်ပြခန်းဖော်

ပါဒိကမ္မဓာရယည်း-နည်းယူနည်း

သာမံ အတ္တနိ ဒဋ္ဌဗ္ဗန္တိ သန္ဒိဋ္ဌံ

သာမံ=ကိုယ်တိုင်၊ အတ္တနိ=မိမိသန္တာန်၌၊ ဒဋ္ဌဗ္ဗံ=ရှုမြင်အပ်သည် တည်း၊ ဣတိတသ္မာ=ထို့ကြောင့်၊ သန္ဒိဋ္ဌံ=သန္ဒိဋ္ဌမည်၏။

[သူတစ်ပါးဟောပြောချက်နှင့် မယုံကြည်မူ၍ ကိုယ်တိုင်ဒိဋ္ဌ ထင်ထင်ရှားရှား တွေ့မြင်အပ်သည်ကို သန္ဒိဋ္ဌဆိုသည်။]

တစ်ဖန်တစ်ချက်-တဒ္ဓိတ်ဆက်

သန္ဒိဋ္ဌံ သာမညဖလံ ဧတဿာတိ သန္ဒိဋ္ဌိကောဧတဿ=ထိုတရားတော်အား၊ သန္ဒိဋ္ဌံ=ကိုယ်တိုင်ဒိဋ္ဌတွေ့ကြုံ ခံစားရသော၊ သာမညဖလံ=ရဟန်းအဖြစ်၏အကျိုး မဂ်၏အကျိုးသည်၊ အတ္ထိ=ရှိ၏၊ ဣတိတသ္မာ=ထိုကြောင့်၊ သော=ထိုတရားတော်သည်၊ သန္ဒိဋ္ဌိကော=သန္ဒိဋ္ဌိကမည်၏။

မျက်မှောက်ဒိဋ္ဌတွေ့ကြုံခံစားရသော ရဟန်းအဖြစ်၏အကျိုး မဂ်၏အကျိုး ရှိသောကြောင့် သန္ဒိဋ္ဌိကမည်၏ ဟူ၍ဆိုလိုသည်၊ သာမညဖလဆိုသောစကား၌ ရဟန်းအဖြစ်ကိုလည်းကောင်း, အရိယာမဂ် ကိုလည်းကောင်း သာမညဆိုသည်၊ ထိုသာမည၏အကျိုးသည် သာမညဖလမည်၏၊ ဤတရားတော်ကို ကျင့်ဆောင်လျှင် မျက်မှောက်ဒိဋ္ဌအားဖြင့် ရဟန်းဖြစ်မှု၏အကျိုး သို့မဟုတ် မဂ်၏အကျိုး များကို ခံစားရသည် ဟူ၍ ဆိုလိုသည်။

သန္ဒိဋ္ဌိကဟူသော ဂုဏ်ပုဒ်ကို သီလက္ခန်ပါဠိတော် သာမညဖလ သုတ်၌ အကျယ်အားဖြင့်ပြဆိုလျက်ရှိလေ၏၊ ထိုသာမညဖလသုတ်၌ ရဟန်းအဖြစ်၏ အကျိုးအရိယာမဂ်၏အကျိုးများကို သန္ဒိဋ္ဌိကဟူ၍ဆို၏၊ ဤဂုဏ်တော်အရာ၌မူကား ရဟန်း၏အဖြစ် အရိယာမဂ်ဟူသော အကြောင်းတရားများကိုသာ သန္ဒိဋ္ဌိကဟူ၍ဆိုသည်၊ သာမညနှင့် သာမညဖလသည် အချင်းချင်း မကွေမကွင်း နိုင်သော တရားများဖြစ်ကြ လေသည်။

အဇာတသတ္တု-မေးလျှောက်ပြု။ ။ထိုသာမညဖလသုတ်၌ အဇာတသတ်မင်းသည်မျက်မှောက်ဒိဋ္ဌ တွေ့ကြုံ ခံစားရသော ရဟန်း အဖြစ်၏ အကျိုးဟုဆိုအပ်သော သာမညဖလကို မေး လျှောက်လေ၏၊ မြတ်စွာဘုရားသည် ဤသို့ ဖြေကြားတော်မူ၏၊ “တစ်ဦးသော မင်းခ ယောက်ျားသည် အရှင်မင်းကြီးကို မပန်ကြားပဲ သာသနာဘောင်၌ ရဟန်း ပြုလေ၏၊ မင်းကြီး သိလေသည်ရှိသော် ထိုမင်းခယောက်ျား၌ အဘယ်သို့ ပြုစီရင်မည်နည်းဆိုလျှင် တစုံတရာဒဏ်ထားခြင်းစသည်အမှုကို မပြုရာ၊ စင်စစ် မူကား မင်းသည်သာလျှင် ထိုရဟန်းကို ရှိခိုးခြင်း,ခရီးဦးကြိုဆိုခြင်း, နေရာပေးခြင်း, ပစ္စည်းလေးပါးတို့ဖြင့် ဖိတ်မန်ခြင်းကို ပြုရာ၏၊ ထိုရဟန်း အား တရားနှင့်လျော်သော အစောင့်အရှောက်ကိုပေး၍ စီရင်ရာ၏၊ ဤသည်ကား ရဟန်းပြုလေသော ထိုမင်းခယောက်ျား၌ ဒိဋ္ဌတွေ့ကြုံ ခံစားရသော ရဟန်းဖြစ်မှု၏ အကျိုးပေတည်း၊ ရဟန်းမပြုမီ ရှေးအဖို့၌ မင်းကြီးကို မိမိက ရှိခိုးရ၏၊ ရဟန်း အဖြစ်သို့ရောက်သောအခါ မိမိကို မင်းကြီးက ရှိခိုးရလေ၏၊ မင်း၏ရှိခိုးခြင်းကို ခံရလေ၏ဟူ၍ ဟောတော် မူသည်။

သာမညဖလသုတ်၌ ရဟန်းအဖြစ်ကို သာမညဟုဆို၏၊ ရဟန်း အဖြစ်၏အကျိုးကို သာမညဖလဟူ၍ဆို၏၊ ရဟန်းအဖြစ်သို့ ရောက် သည်နှင့် တစ်ပြိုင်နက် ခံစားရသောအကျိုးကို အာနိသင်ဟူ၍ ဆိုလို သည်၊ ဤမျှသည်သာလျှင် အကျိုးရှိသည်မဟုတ်သေး စင်စစ်သော်ကား ရဟန်းအဖြစ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် များပြားလှစွာသော ကာမဂုဏ်၏ အပြစ်ဒေါသ အာဒီနဝတို့ကိုပယ်ရှား၍ ချမ်းသာစွာ နေရခြင်းတည်းဟူသော အကျိုးသည်လည်း ရဟန်းအဖြစ်သို့ ရောက် သည်နှင့် တစ်ပြိုင်နက် ကိုယ်တိုင်ဒိဋ္ဌတွေ့ကြုံခံစားရသော သာမညဖလ တို့သည်သာလျှင် ဖြစ်ကုန်၏။

ကာမဂုဏ်အပြစ်-မေးစိစစ်။ ။ကာမဂုဏ်တို့၏ များသောအပြစ် ဒေါသဟူသည် အဘယ်နည်း၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် စတုတ္ထသုတ်၌ ကာမဂုဏ်၏ အပြစ်ဒေါသတို့ကို ဆိုလတ္တံ့သောအတိုင်း ဟောတော်မူသည်၊ ကာမဂုဏ်တို့သည် အလွန်နည်းသော သာယာဖွယ် ရှိကုန်၏၊ များသောဆင်းရဲခြင်းရှိကုန်၏၊ များသောပင်ပန်းခြင်း နှင့်ယှဉ်ကုန်၏၊ ဤကာမဂုဏ်၌ အပြစ်ဒေါသသည် အလွန်များပြား၏။

အဋ္ဌိကင်္ခလူပမာ ကာမာ

ကာမာ=ငါးဖြာအာရုံ ကာမဂုဏ်တို့သည်၊ အဋ္ဌိကင်္ခလူပမာ= အသားမကပ် အရိုးဖတ်နှင့် တူကုန်၏။

အရိုးဇွေးပမာ-ကာမာ။ ။ကာမဂုဏ်ငါးပါးတို့သည် အသားမကပ်သော အရိုးဖတ်နှင့် တူကုန်၏၊ အဘယ်သို့ တူကုန်သနည်း၊ အသားကို အပြောင်အစင်ခွါပြီး၍ စွန့်ပစ်အပ်သော အရိုးသက်သက်ကို ခွေးငတ်ပိန်တစ်ကောင် တွေ့လေရာ ထိုအရိုးကို သရေတရွှဲရွှဲနှင့် ကိုက်ခဲခြင်း ပြုပါသော်လည်း ဝ,လင်ခြင်းမရှိ အားရတင်းတိမ်ခြင်းသို့ မရောက်နိုင် ညှီသောအနံ့ရှိသောကြောင့် ထိုအရိုးကိုစွန့်၍ အရပ်တစ် ပါးသို့ မသွားနိုင်ပဲ အရသာ ထွက်လိမ့်နိုးနိုး ဝ,လမ့်နိုးနိုးနှင့် အရိုးနားက မခွါနိုင်ပဲ အဖျားကလှဲ့၍ကိုက်, အရင်း ကလှဲ့၍ကိုက်, အလယ်ကဖြတ်၍ ကိုက်နှင့်သာ အရသာမတွေ့မီ သေရလေဘိသကဲ့သို့ ထို့အတူ မိန်းမ, ယောက်ျား, သတ္တဝါအများတို့သည်လည်း အရိုးစု သဖွယ်ဖြစ်သော ရွှေ, ငွေ, ဥစ္စာ, လယ်ယာ, ခမ်းနား, သား, မယားစသော ကာမဂုဏ်ငါးပါးတို့ကို ခွေးငတ်ပိန်သဖွယ် ဖြစ်၍တရစ်ဝဲဝဲ တစွဲလမ်းလမ်း နေ့ရက် ရှည်ကြာ ခံစားပါသော်လည်း ဝလင်ရောင့်ရဲခြင်းသို့ မရောက်နိုင်၊ အရသာ ထွက်နိုးနိုး, ချမ်းသာနိုးနိုးနှင့်သာ မြှော်ကိုးချက် လက်ဆုပ်နှင့်နေ ကြရကုန်၏၊ ကာမဂုဏ်ငါးပါးတို့ကလည်း သတ္တဝါတို့၏သန္တာန်၌ရှိသော ကာမတဏှာဓာတ်ကို ရစ်ပတ်စွဲငြိထားသောကြောင့် ထိုကာမဂုဏ်တို့ကို စွန့်ခွါ၍လည်း မသွားနိုင်၊ ကာမဂုဏ်မှ လွတ်ဖို့ရာအချက်, နိက္ခမဝိတက် များကိုလည်း မမွေးမြူနိုင်ရှိနေစဉ် တခုံမင်မင်, တခင်တွယ်တွယ်နှင့်သာ သား, မယားတို့၏ခြေရင်းမှာ သေခြင်းသို့ ရောက်လေကုန်၏၊ ထို့ကြောင့် ကာမဂုဏ်တို့သည် အရိုးစုနှင့် တူကုန်သည်ဟု ဟောတော်မူသည်။

[ဤစကားရပ်ဖြင့် ကာမဂုဏ်တို့၏ အရိုးစုနှင့်တူပုံကို သိရာ၏၊]

မံသပေသူပမာ ကာမာ

ကာမာ=ငါးဖြာအာရုံ ကာမဂုဏ်တို့သည်၊ မံသပေသူပမာ=သားတစ် အလား ပမာတူကုန်စွတကား။

သားတစ်တပဲ-တူလေမြဲ။ ။ ကာမဂုဏ်ငါးပါးတို့သည် သားတစ်နှင့် တူကုန်၏၊ အဘယ်သို့ တူကုန်သနည်း၊ တစ်ခုသော သားတစ်ကို ငှက်စွန်ရဲတစ်ကောင်သည် ချီ၍ပျံလေရာ ထိုချီသော ငှက်စွန်ရဲ ကို များစွာသောငှက်တို့သည် ဝိုင်းအုံ၍ ထိုးဆိတ်ကြကုန်ရာ၏၊ သားတစ်ကို မလွှတ်မခြင်း များစွာသော ဘေးဒုက္ခနှင့် တွေ့ကြုံရလေ၏၊ သားတစ်ကို လွှတ်သည်နှင့်တစ်ပြိုင်နက် ထိုဘေးဒုက္ခတို့မှ လွတ်ကင်း လေ၏၊ ထိုသားတစ်ကို တစ်ဆင့်လုယူ၍ ချီပျံသောငှက်သို့ များစွာသော ငှက်အပေါင်းတို့သည် ဝိုင်းအုံ ထိုးဆိတ်ကြပြန်ကုန်၏၊ ဤသို့ သားတစ် တစ်ခုအတွက်ကြောင့် ထိုသားတစ်ကို တွယ်တာခင်မင်စွာနှင့် ချီယူ ပျံသန်းကြကုန်သော စွန်ရဲငှက်တို့သည် ဘေးဒုက္ခနှင့် တွေ့ကြုံရလေ ကုန်၏၊ ထို့အတူ ကာမဂုဏ်ငါးပါးဟုဆိုအပ်သော အိုး, အိမ်,သား, မယား,လယ်, ယာ,မိုး, မြေဟုဆိုအပ်သော ဝတ္ထုတဏှာတို့ဖြင့် သိမ်းပိုက်၍ ရေ, မီး, မင်း, ခိုးသူ, မနာလိုသူ တည်းဟူသော ရန်သူမျိုးငါးပါး ဘေးရန် တို့သည် အစဉ်မပြတ်ဝန်းရံ၍ အခွင့်အလမ်းကို ရှာပြီးလျှင် အလစ် ကိုကြည့်၍ လုယက်ခြင်း, လျှပ်စား ဖြတ်စားပြုခြင်းစသော ဘေးတို့နှင့် တွေ့ကြုံရလေ၏၊ ထိုဘေးတို့မှ လုံခြုံစွာရှိအောင် စောင့်ရှောက်ခြင်း အမျိုးမျိုးတို့ဖြင့် စောင့်ရှောက်ရလေ၏၊ ထိုဝတ္ထုအာရုံ ကာမဂုဏ်တို့ကို မစွန့်လွှတ်နိုင်သမျှ ဘေးပေါင်းအနန္တတို့ ဝိုင်းဝန်းခြင်းကို ခံရ၍ ကြပ်တည်းကျဉ်းမြောင်းစွာ နေထိုင်ရ၏၊ ထိုကာမဂုဏ်တို့ကို စွန့်လွှတ် လိုက်သည်နှင့် တစ်ပြိုင်နက် ချမ်းသာအေးမြစွာနှင့် ချောင်ချောင်ချိချိ နေထိုင် ရခြင်းကိုရရှိလေ၏၊ ထို့ကြောင့် ကာမဂုဏ်ငါးပါးတို့ကို သား တစ်နှင့်တူကုန်၏ဟူ၍ ဟောတော်မူသည်။

[ဤစကားရပ်ဖြင့် ကာမဂုဏ်တို့၏ သားတစ်နှင့်တူပုံကို သိရာ၏၊]

တိဏုက္ကူပမာ-ကာမာ

ကာမာ=သတ္တဝါဓာတ်စာ ငါးကာမာတို့သည်၊ တိဏုက္ကူပမာ= မြက်မီးရှူး အသွင် ပမာဆင်ကုန်၏၊

ကောက်ရိုးမီးပမာ-ကာမာ။ ။ ကာမဂုဏ်ငါးပါးတို့သည် မြက်မီးရှူး မြက်မီးစည်းနှင့် တူကုန်၏၊ အဘယ် သို့ တူကုန်သနည်း၊ မြက်မီးစည်းကို မီးညှိ၍လေညာသို့ ဆောင်ယူသွားသောအခါ အဖျားမှ စ၍ အစဉ်အတိုင်း လောင်လေရာ၏၊ ဆောင်ယူသောသူ၏ လက်, ခြေစသော အင်္ဂါတို့တိုင်အောင် စွဲငြိလောင်ကျွမ်းဘိသကဲ့သို့ ထို့အတူ ငါပိုင်, ငါ့ဟာ, ငါ့ဥစ္စာဟူ၍ သိမ်းပိုက်အပ်သော ကာမဂုဏ်တို့သည် သာယာသိမ်းပိုက်သော သူအား စိုးရိမ်ရ ခြင်း, စောင့်ရှောက်ရခြင်းစသော ဒုက္ခမီးတို့ကို တောက်လောင်စေကုန်၏၊ မြတ်နိုး သိမ်းပိုက်၍နေရင်း ပျက်စီးခြင်းသို့ ရောက်သောအခါမှာလည်း များစွာဆင်းရဲခြင်းစသော ဒုက္ခမီးတောက်ကြီးတို့ကို ဖြစ်ပွားစေတတ်ကုန်၏၊ တစ်ရံတစ်ခါ ထိုကာမ ဂုဏ်တည်းဟူသော မီးတို့၏အတွက်ကြောင့် အသက်သေဆုံးခြင်း တည်းဟူသော ဒုက္ခမီးမြှိုက်ခြင်းကို ခံရလေ၏၊ သား, မယား, အိုး, အိမ်, လယ်ယာ, မိုး, မြေ, ရွှေ, ငွေဘဏ္ဍာမှစ၍ ကာမဂုဏ်ဝတ္ထုဟူသမျှတို့ကို သိမ်းပိုက်ရခြင်းသည် မီးတောက်မီးလျှံတို့ကို သိမ်းပိုက်ထားရသည်နှင့် တူ၏၊ ထို့ကြောင့် ကာမဂုဏ်တို့ကို မြကိမီးရှူးနှင့်တူကုန်၏ ဟူ၍ဟော ကြားတော်မူသည်။

[ဤစကားရပ်ဖြင့် ကာမဂုဏ်တို့၏ မြက်မီးရှူးနှင့်တူပုံကို သိရာ၏၊]

အင်္ဂါရကာသူပမာ-ကာမာ

ကာမာ=သတ္တဝါဓာတ်စာ ငါးကာမာတို့သည်၊ အင်္ဂါရကာသူပမာ= မီးကျီးတွင်းအတူ အလွန်ပူပြင်းကုန်၏၊

ကာမဂုဏ်ငါးပါး-ပြာဖုံးမီးအလား။။ကာမဂုဏ်ငါးပါး တို့သည် မီးကျီးတွင်းနှင့်တူ၏၊ အဘယ်သို့ တူကုန်သနည်း၊ အပေါ်ယံက ပြာဖုံး၍နေသော မီးကျီးတွင်းသည် အခိုးအလျှံ မီးတောက်မီးလျှံ မရှိသောကြောင့် မီးဟူ၍ပင် မထင်စေတတ်၊ မီးဟုအမှတ်သညာ မရှိသဖြင့် ထိုမီးကျီးတွင်းသို့ သက်ဆင်းသောသူကို မီးတောက်မီးလျှံ ထက်ပင် လောင်ကျွမ်း ပူလောင် စေတတ်၏၊ ထို့အတူ ကာမဂုဏ်တရား တို့သည် မျက်စိအမြင်, နားအကြား, နှာခေါင်းအနံ့, လျှာအရသာ, ကိုယ်အတွေ့အားဖြင့် ပြင်ပန်းက သာယာဖွယ်ယောင်ယောင်ဖြစ်နေ သောကြောင့် ပူလောင်သည်ဟူ၍ပင် မထင်ရချေ၊ ထိုကာမဂုဏ်တို့ကို သာယာခြင်း, သိမ်းပိုက်ခြင်းအားဖြင့် ကာမဂုဏ်တွင်းသို့ ဆင်းသောအခါ ပူလောင်ပြင်းပြစွာ ဖြစ်၍လာတတ်ကုန်၏၊ မီးတောက် မီးလျှံတို့ဖြင့် လောင်ကျွမ်းခြင်းသည် ထင်ရှား၏၊ မီးကျီးစုအတွင်း၌ မြှုပ်၍ နှပ်၍ ထားအပ်ကုန်သော ဝတ္ထုတို့ကို လောင်ကျွမ်းရာ၌ကား မထင်ရှား၊ ထို့အတူ ပင်လျှင် ကာမဂုဏ်တည်းဟူသော မီးကျီးတွင်းသို့ သက်ဆင်းမြှုပ်နှံခြင်းကို ခံကြရကုန်သော သူတို့သည်လည်း အတွင်းပူပူ၍ နေကြပြီးလျှင် ကာမဝိတက်အမျိုးမျိုး, ပစ္စည်းပရိယေသန ဒုက္ခတာဝန်အမျိုးမျိုး, သားရေး, သ္မီးရေး, အိုး, အိမ်အရေးတို့နှင့် လောင်ဆွေးပူပင်ရသော ဒုက္ခအမျိုးမျိုးတို့သည် မီးကျီးစု ၌နှပ်၍ထားအပ်သော ပိန်းဥ, ကန်စွန်း ဥစသည်တို့ကို ကျက်အောင် လောင်ဘိသကဲ့သို့ အတွင်းငုတ်အားဖြင့် ပူလောင်စေတတ်ကုန်၏၊ ကာမဂုဏ်ဝထ္ထုတို့ဖြင့် အနပ္ပကမ်း ပြည့်လျှမ်း ၍နေသာ ကာမဘုံကြီးသည် မီးကျီးတွင်းကြီးနှင့်တူ၏၊ ကာမဘုံသား တို့သည် မီးကျီးတွင်း၌မြှုပ်၍ နှပ်၍ထားအပ်ကုန်သော ဝထ္ထုတို့နှင့် တူကုန်၏။

[ဤစကားရပ်ဖြင့် ကာမဂုဏ်တို့၏ မီးကျီးတွင်းနှင့်တူပုံကိုသိရာ၏၊]

သုပိနကူပမာ- ကာမာ

ကာမာ=အလိုရှိအပ် ကာမဓာတ်တို့သည်၊ သုပိနကူပမာ=အိပ် မက်အသွင်-ပမာဆင်ကုန်၏၊

ခမ်းနားတင့်တယ်-အိပ်မက်ဖွယ်။။ကာမဂုဏ်ငါးပါးတို့သည် အိပ်မက်နှင့်တူကုန်၏၊ အဘယ်သို့ တူကုန်သနည်း၊ တစ်ယောက် သောသူသည် အိပ်၍နေစဉ်အခါ သူဌေး,သူကြွယ် ပဒေသရာဇ်, ဧကရာဇ် စသော အဖြစ်မျိုးကိုရရှိ၍ မိမိနှစ်သက်လိုလားအပ်သော အာရုံတို့ကို အလိုရှိသမျှ ခံစားသုံးဆောင်လျက် ပျော်ချင်သမျှပျော်နေရပုံကို မြင်မက် ၏၊ အိပ်မက်မက်၍ နေစဉ်အခါ အဟုတ်အမှန်ဖြစ်၍ နေသကဲ့သို့ပင် ထင်ရ၏၊ ထိုစည်းစိမ် ချမ်းသာတို့ဖြင့် သာယာခြင်း မဆုံးနိုင်အောင် ရှိနေလေ၏၊ အိပ်မက်ထဲမှာ တပ်မက်နှစ်သက်၍ မဆုံးမီ ရုတ်တရက် အိပ်ရာကနိုးလာသောအခါ အိပ်မက်ထဲ၌ တွေ့ကြုံခဲ့သမျှသည် အချည်းနှီး အလဟဿမျှသာဖြစ်လေ၏၊ အိပ်မက်၌ တစ်ခဏမျှပျော်ရွှင်ခြင်းသည် တစ်စုံတစ်ခုမျှ အဖတ်ရှာ၍မရပဲ ရှိလေ၏၊ ထိုအတူဤကာမဘုံ၌ လူ့စည်းစိမ်, နတ်စည်းစိမ်တို့ကို ကာမတဏှာ ရှေ့ဆောင်ရှေ့ရွက်ပြု သည့်အတိုင်း ခံစား၍ နေစဉ်အခါ ပျော်ရွှင်ချမ်းသာ ယောင်ယောင်နှင့် အတည်အခိုင် အမြဲထာဝရကဲ့သို့ စိတ်ကထင်မှတ်၍ သာယာ စွဲလမ်းပြီး လျှင် တဏှာ, မာန, ဒိဋ္ဌိသုံးပါးတို့ဖြင့် သိမ်းပိုက်စွဲလမ်း ၍နေကြ ရကုန်၏၊ ပစ္စုပ္ပန်ဘဝ တစ်သန္တာန်ကလေးမှာ အိပ်မက်၌ထင်မြင်ရဘိသကဲ့သို့ ခံစံပြီးလျှင် မကြာခင် ထိုစွဲလမ်းသမျှသော အာရုံတို့ကို စွန့်ခွါ၍ ဘဝပြောင်းရလေ၏၊ စုတိသည်နှင့်တစ်ပြိုင်နက် အိပ်ရာကနိုးလာသော သူမှာ အိပ်မက်၌ ထင်မြင်ခဲ့သမျှသည် အလုံးစုံပျောက်ကွယ်လေ ဘိသကဲ့သို့ ပစ္စုပ္ပန်ဘဝ၌ တွေ့ရှိခံစံ ရသမျှသော ကိုယ်ပိုင်ဟုစွဲလမ်း၍ ထားအပ်သော အာရုံဝတ္ထုတို့သည် တစ်ခုမကျန် ကိုယ်နှင့် မသက်ဆိုင် သည့်အဖြစ်သို့ ရောက်လေကုန်၏၊ ထို့ကြောင့် ကာမဂုဏ်တို့ကို အိပ်မက်နှင့် တူကုန်၏ဟူ၍ မြတ်စွာဘုရားဟောကြားတော်မူသည်။

[ဤစကားရပ်ဖြင့် ကာမဂုဏ်တို့၏ အိပ်မက်နှင့်တူပုံကို သိရာ၏၊]

ယာစိတကူပမာ- ကာမာ

ကာမာ=ငါးပါးအာရုံ ကာမဂုဏ် အယုတ်တရားတို့သည်၊ ယာစိတ ကူပမာ=ခဏကလေး ငှါးချေး၍ သုံးအပ်သော ဥစ္စာနှင့်တူကုန်၏၊

ငှါးရမ်းချေးသုံး- ဥစ္စာထုံးပမာ-ကာမာ။ ။ကာမဂုဏ် ငါးပါးတို့သည် တစ်ခဏ တစ်ခေတ္တမျှ ငှါးရမ်း၍ သုံးဆောင်အပ်သော ဝတ္ထုတို့နှင့်တူကုန်၏၊ အဘယ်သို့ တူကုန်သနည်း၊ ဤလောက၌ ကိုယ်ပိုင်ဥစ္စာပစ္စည်း မရှိသောသူသည် ပွဲလမ်းသဘင် ပွဲနေပွဲထိုင် ရှိသော အခါ စိန်,ကျောက်,ရွှေ,ငွေစသော ပစ္စည်းတို့ကို ငှါးရမ်း၍ တင့်တယ်စွာ ရှိအောင် သုံးဆောင်ကြရကုန်၏၊ ဥစ္စာရှင်ထံသို့ ပြန်၍မအပ်ရမီအတွင်းမှာ ကိုယ်ပိုင်ဥစ္စာကဲ့သို့ တရွှင်ရွှင်တပြုံးပြုံးနှင့် သုံးဆောင်ကာနေရ၏၊ ငှါးသော အချိန်ကုန်၍ ဥစ္စာရှင်ထံသို့ ပြန်၍အပ်ရသောအခါဖြစ်စေ၊ ဥစ္စာရှင်က ပြန်၍ တောင်ရမ်းသော အခါ၌ဖြစ်စေ၊ မိမိလက်မှာ ထိုငှါးရမ်းအပ်သော ဝတ္ထုပစ္စည်းတို့သည် တစ်စုံတစ်ခုမျှမရှိပဲ ညိုှးငယ်သောမျက်နှာနှင့်သာ ပကတိအတိုင်း နေရလေ၏။

ထို့အတူ ဤကာမဘုံသားတို့သည်လည်း ကုသိုလ်ကံအကျိုး ပေးသည့် အလျောက် မိမိ၌ဖြစ်ထွန်းပေါ်ပေါက်လာသော ကာမဂုဏ်တို့ကို ပျော်ရွှင်စွာ သုံးဆောင်ကြလေကုန်၏၊ ထိုသုံးဆောင်ရစဉ်အခါ ကာမဂုဏ် တို့ကို အမြဲထာဝရ အနေကဲ့သို့ ထင်မြင်၍နေကြကုန်၏၊ တစ်စုံတစ်ရာ သော အကုသိုလ်ဖိစီးနှိပ်စက်၍ ကာမဝတ္ထုများပျက်စီး၍ဖြစ်စေ, ဘဝဆုံး၍ သေလွန်သောအခါ၌ဖြစ်စေ၊ ထိုကာမဂုဏ်တို့သည် တစ်စုံတစ်ရာမျှ မိမိစိုးပိုင်သောအဖြစ်သို့ မရောက်ကြကုန်ပဲ မစပ်မဆိုင်သော အဖြစ်သို့သာ ရောက်ကြလေကုန်၏၊ ကာမဂုဏ်ရှင်ပြုလုပ်သော သူတို့သည်မူကား အချည်းနှီးသော လက်ဖြင့်သာလျှင် ထိုက်သင့်သည်အား လျော်စွာ ဖြစ်ရလေ၏၊ ထို့ကြောင့် ကာမဂုဏ်တို့ကို ခေတ္တမျှငှါးရမ်း၍ သုံးဆောင် အပ်သော ဝတ္ထုတို့နှင့် တူကုန်၏ဟူ၍ဟောတော်မူသည်။

[ဤစကားရပ်ဖြင့် ကာမဂုဏ်တို့၏ ငှါးရမ်းအပ်သော ဝတ္ထုနှင့်တူပုံကို သိရာ၏၊]

ရုက္ခဖလူပမာ- ကာမာ

ကာမာ=အလိုရှိအပ်-ဝတ္ထုကာမဓာတ်တို့သည်၊ ရုက္ခဖလူပမာ= လတ်တလော သေတတ် အဆိပ်ဓာတ်သီးနှင့်တူကုန်၏၊

ကာမဂုဏ်ဟူသမျှ-အဆိပ်ဓာတ်။ ။ကာမဂုဏ်ငါးပါးတို့သည် အဆိပ်သီးနှင့် တူကုန်၏၊ အဘယ်သို့ တူကုန်သနည်း၊ ကိံပက္ကမည်သော အဆိပ်သီးမှည့်သည် အလွန်နှစ်သက်ဖွယ်ရှိသော သရက်ချို သီးမှည့်နှင့် တူ၏၊ အနံ့အရသာနှင့် ပြည့်စုံ၏၊ မြင်လျှင် စားချင်ဖွယ်ရှိ၏၊ စားသော သူတို့အား အသက်သေသည့်တိုင်အောင် ဘေးဒုက္ခတို့ကို ဖြစ်ပွါးစေ တတ်ကုန်၏၊ ထိုအဆိပ်သီးကို အဆင်း,အနံ့အရသာကောင်း ရုံမျှကို သာမြင်၍ စားသောက်မိကြကုန်သော သူအပေါင်းတို့သည် အူအသည်း ပြတ်ကြွေ၍ တလွန့်လွန့် လိမ်ပြီးလျှင် စိန်ကိုသမ္ဘရာနှင့်ဖျော်၍ သောက်မိ သောသူကဲ့သို့ ဆင်းရဲ ပင်ပန်းစွာနှင့် သေဆုံး ပျက်စီးခြင်းသို့ ရောက်ကြ လေကုန်၏။

ထို့အတူ ကာမဂုဏ်ငါးပါးတို့သည် ကာမတဏှာ မျက်လုံးထက် သန်ကြကုန်သောသူတို့ကို သာယာဖွယ်အမျိုးမျိုးထင်အောင် ပြင်ပန်းက ဟန်ဆောင်၍ ပြတတ်ကုန်၏၊ ထိုပြင်ပန်းကောင်း၍သာယာဖွယ် ယောင် ယောင်ရှိနေသော ကာမဂုဏ်တို့ကို စွဲလမ်းသာယာသောအားဖြင့် သုံးဆောင်သိမ်းပိုက်ကြသောသူတို့အား လောဘ, ဒေါသစသော အဆိပ် တို့သည် တစ်ကိုယ်လုံးမွှန်၍ ဆင်းရဲခြင်း,စိုးရိမ်ခြင်း, ကြောင့်ကြခြင်း စသောဘေးတို့ဖြင့် တတွန့်တွန့်တလိမ်လိမ် ဆင်းရဲ၍ အားကိုးရာ မရသော သေဆုံးခြင်းဖြင့် သေဆုံးကြရကုန်၏၊ သေသည်၏ နောက်ဘဝတိုင် အောင် ကာမဂုဏ်အဆိပ်သင့်၍ အပါယ်လားခြင်းစသော ဆင်းရဲဒုက္ခတို့နှင့် တွေ့ကြုံရလေကုန်၏၊ ထို့ကြောင့် ကာမဂုဏ်တို့ကို အဆိပ်သီးနှင့် တူကုန်၏ ဟူ၍ ဟောတော်မူလေသည်။

[ဤစကားရပ်ဖြင့် ကာမဂုဏ်တို့၏ အဆိပ်သီးနှင့် တူပုံကို သိရာ၏၊]

အသိသူနူပမာ ကာမာ

ကာမာ=သတ္တဝါဓာတ် ကာမဂုဏ်အရပ်ရပ်တို့သည်၊ အသိသူနူ ပမာ=ဓားခုတ် ဖြတ်ရာ စဉ်းတီတုံးပမာရှိကုန်၏။

တဏှာဓားရာ စဉ်းတီတုံးပမာ ကာမာ

တဏှာဓားရာ စဉ်းတီတုံးပမာ ကာမာ။ ။ ကာမဂုဏ်ငါးပါး တို့သည် ဓား သန်လျက်တို့ဖြင့် ခုတ် ဖြတ်ရာ စဉ်းတီတုံးနှင့် တူကုန်၏၊ အဘယ်သို့ တူကုန်သနည်း၊ စဉ်းတီတုံးပေါ်၌ တင်၍ သားသမင် စသည်တို့ကို သတ်ဖြတ်ကြကုန်၏၊ ထိုသားသမင်စသည်တို့၏ အသား တို့ကိုလည်း နုတ်နုတ်စဉ်းကြကုန်၏၊ ထို့ကြောင့် စဉ်းတီတုံးသည် သတ္တဝါ တို့ကိုသတ်ရာ အသားတို့ကို နုတ်နုတ်စဉ်းရာဖြစ်၏။

ထို့အတူ ကာမဂုဏ်တို့သည်လည်း မိမိတို့၌ သာယာတပ်မက်သော သူတို့ကို ကာမတဏှာစသော ဓားသန်လျက်တို့ဖြင့် နုတ်နုတ်စဉ်း၍ ပျက်စီးခြင်းသို့ ရောက်စေတတ်ကုန်၏၊ ကာမဂုဏ်တည်းဟူသော စဉ်းတီ တုံးပေါ်၌ လည်ပင်းတင်ထား မိကြကုန်သော သူတို့သည် သမထဘာဝနာ, ဝိပဿနာ ဘာဝနာတည်းဟူသော လွင်ပြင်လမ်းကျယ်ကြီးများသို့ လိုက် သွားထွက်မြောက်ရန်ဖြစ်သော နိက္ခမဓာတ်ကို မထူထောင်နိုင်ကြကုန်ပဲ ထိုကာမဂုဏ်တည်းဟူသော စဉ်းတီတုံးကြီးအပေါ်မှာသာလျှင် ကာမ တဏှာစသော ဓားသန်လျက်တို့ဖြင့် ခုတ်ပိုင်းခြင်းကိုခံရ၍ မလှသော သေခြင်းဖြင့်သာလျှင် သေဆုံးပျက်စီးရကုန်၏၊ ကာမဂုဏ်ငါးပါးသည် သတ္တဝါတို့ကို သတ်ဖြတ်ရာ စဉ်းတီတုံးကြီးဖြစ်လေသည်၊ ထို့ကြောင့် ကာမဂုဏ်ငါးပါးတို့ကို စဉ်းတီတုံးနှင့်တူကုန်၏ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

[ဤစကားရပ်ဖြင့် ကာမဂုဏ်တို့ဖြင့် စဉ်းတီတုံးနှင့်တူပုံကို သိရာ၏၊]

အသိသူလူပမာ ကာမာ

ကာမာ=လိုအပ်သမျှ ကာမဓာတ် ငါးဖြာတို့သည်၊ အသိသူ လူပမာ=လှံသွား နှင့် တူကုန်၏၊

ထက်မြက်လှံသွား-ကာမဂုဏ်ငါးပါး။ ။ကာမဂုဏ် ငါးပါးတို့သည် လှံသွားနှင့်တူကုန်၏၊ အဘယ်ကဲ့သို့ တူကုန်သနည်း၊ အလွန်ထက်မြက်သော လှံသွားတို့သည် ထိလေရာရာတွင် စူးဝင်ရှန လေ၏၊ လှံသည် ရန်သူစသောသူတို့ကို ထိုးသတ်ခြင်းအလို့ငှာသာ ဖြစ်၏။

ထို့အတူ ကာမဂုဏ်ငါးပါးတို့သည်လည်း အလွန်ထက်မြက်သော အစွမ်းရှိ ကုန်သောကြောင့် မိမိနှင့် ထိခိုက်မိသောသူ, ငြိတွယ်သောသူတို့ကို စူးဝင်ထိရှခြင်းကို ဖြစ်စေတတ်ကုန်၏၊ ဥပမာ ရူပါရုံတည်းဟူသော လှံသွားတစ်စင်း စူးဝင်ခြင်းခံရလျှင် အူ အသည်း၌ ငါးမျှားချိပ်, ချိပ်မိသော ငါးကဲ့သို့ ထိုလှံသွား၏ စူးဝင်ချက်ကို ရုတ်တရက် မနှုတ်ထွင်နိုင်ပဲ ထိုရူပါရုံ လှံသွား၏ အလိုသို့သာ လိုက်ပါ၍နေရလေ၏၊ ထိုလှံချက်ကြောင့် အသက်ဆုံးရှုံးခြင်းသို့လည်း ရောက်စေတတ်၏၊ [သဒ္ဒါရုံစသည်တို့၌လည်း ဤနည်းအတိုင်းသိလေ]

ကာမဂုဏ်တည်းဟူသော လှံသွားငါးစင်းတို့သည်၊ သတ္တဝါတို့ကို ထိုးသတ်ဖျက်ဆီးခြင်းအလို့ငှာသာ ဖြစ်ကုန်၏၊ ကာမ တဏှာကို မပယ်ခွာရသေးသော ကာမဘုံသားတို့သည် သွားလေရာရာတို့၌ မိမိဆီသို့ တည့်မတ်စွာ ချိန်ရွယ်၍ထားသော လှံသွားတို့ အတွင်းမှာ သာလျှင် အကျဉ်းသားကဲ့သို့ နေထိုင်ကြရကုန်၏၊ ထိခိုက်လာသမျှသော သူတို့ကိုလည်း ငဲ့ညှာခြင်းမရှိပဲ အတင်းစူးဝင်ကြလေကုန်၏၊ ထို့ကြောင့် ကာမဂုဏ်ငါးပါးတို့ကို လှံသွားနှင့် တူကုန်၏ဟူ၍ ဟောကြားတော်မူသည်။

[ဤစကားရပ်ဖြင့် ကာမဂုဏ်တို့၏ လှံသွားနှင့်တူပုံကို သိရာ၏၊]

သပ္ပသိရူပမာ ကာမာ

ကာမာ=လူမိုက်ဓာတ်စာ ငါးကာမာတို့သည်၊ သပ္ပသိရူပမာ=မြွေဆိုး ဦးခေါင်းလျှင် ဥပမာရှိကုန်၏၊

ကာမအာရုံ မြွေဆိုးဦးခေါင်းပုံ။။ ကာမဂုဏ်ငါးပါးတို့သည် မြွေဆိုး၏ ဦးခေါင်းနှင့် တူကုန်၏၊ အဘယ်သို့ တူကုန်သနည်း၊ မြွေဆိုး၏ ဦးခေါင်းသည် ကြမ်းတမ်းသော အဆိပ်တို့ဖြင့်ပြည့်၍ စက်ဆုပ်ဖွယ်, ကြောက်ရွံ့ဖွယ်ဖြစ်၏။

ထို့အတူ ကာမဂုဏ်ငါးပါးတို့သည်လည်း ကိလေသာတရားတည်း ဟူသော ကြမ်းတမ်းသောအဆိပ်တို့ဖြင့် ပြည့်၍ စက်ဆုပ်ဖွယ်, ကြောက်မက်ဖွယ်ကြီး ဖြစ်ကုန်၏၊ မြွေဆိုး၏ဦးခေါင်းသည် လောက၌ ဘေးကိုဖြစ်စေတတ်သကဲ့သို့ ထို့အတူ ကာမဂုဏ်တို့သည်လည်း လောက အလုံး၏ ဘေးကြီးအတိသာ ဖြစ်ကုန်၏၊ မြွေဆိုး၏ဦးခေါင်းသို့ ချဉ်းကပ် လျှင် ဘေးသင့်တတ်ဘိသကဲ့သို့ ကာမဂုဏ်ငါးပါးသို့ ချဉ်းကပ်လျှင် ဘေးကြီးသင့်တတ်ကုန်၏၊ ထို့ကြောင့် ကာမဂုဏ်ငါးပါးတို့ကို မြွေဆိုး၏ ဦးခေါင်းနှင့် တူကုန်၏ ဟူ၍ဟောတော်မူသည်။

[ဤစကားရပ်ဖြင့် ကာမဂုဏ်တို့၏ မြွေဆိုးဦးခေါင်းနှင့် တူပုံကိုသိရာ၏၊]

[မူလပဏ္ဏာသ တတိယဝဂ်-စူဠဒုက္ခက္ခန္ဓသုတ်, မဟာဒုက္ခက္ခန္ဓသုတ်တို့ကို လည်း ဤအရာ၌ သွင်း၍ပြအပ်ကုန်၏၊ ထိုသုတ္တန်တို့၌ ကာမဂုဏ်တို့၏အပြစ်ကို များစွာဟောကြားလျက် ရှိသည်။]

ကာမဂုဏ်အပြစ်-ဘေးရန်စစ်။။ဆက္ကင်္ဂုတ္တရ ပါဠိတော် တတိယဝဂ်၌လည်း


ဘယန္တိ ဘိက္ခဝေ ကာမာနမေတံ အဓိဝစနံဘိက္ခဝေ=ရဟန်းတို့၊ ဘယန္တိ=ကြောက်မက်ဖွယ် ဘေးဘယကြီး ဟူသော၊ ဧတံ=ဤအမည်သည်၊ ကာမာနံ=ကာမဂုဏ်တို့၏၊ အဓိဝစနံ= အမည်ပေတည်း။

ဒုက္ခန္တိ ဘိက္ခဝေ ကာမာနမေတံ အဓိဝစနံဘိက္ခဝေ=ရဟန်းတို့၊ ဒုက္ခန္တိ=ဆင်းရဲဒုက္ခဟူသော၊ ဧတံ=ဤ အမည်သည်၊ ကာမာနံ=ကာမဂုဏ်တို့၏၊ အဓိဝစနံ=အမည်ပေတည်း။ “ရောဂေါတိ ဘိက္ခဝေ ကာမာနမေတံ အဓိဝစနံဘိက္ခဝေ=ရဟန်းတို့၊ ရောဂေါတိ=အနာရောဂါဟူသော၊ ဧတံ=ဤ အမည် သည်၊ ကာမာနံ=ကာမဂုဏ်တို့၏၊ အဓိဝစနံ=အမည်ပေတည်း။ “ဂဏ္ဍောတိ ဘိက္ခဝေ ကာမာနမေတံ အဓိဝစနံဘိက္ခဝေ=ရဟန်းတို့၊ ဂဏ္ဍောတိ=အိုင်းအမာကြီးဟူသော၊ ဧတံ=ဤ အမည်သည်၊ ကာမာနံ=ကာမဂုဏ်တို့၏၊ အဓိဝစနံ=အမည်ပေတည်း။

သင်္ဂေါတိ ဘိက္ခဝေ ကာမာနမေတံ အဓိဝစနံဘိက္ခဝေ=ရဟန်းတို့၊ သင်္ဂေါတိ=အငြိအတွယ် အစေးအနှောင် ဟူသော၊ ဧတံ=ဤအမည်သည်၊ ကာမာနံ=ကာမဂုဏ်တို့၏၊ အဓိဝစနံ= အမည်ပေတည်း။

ပင်္ကောတိ ဘိက္ခဝေ ကာမနမေတံ အဓိဝစနံဘိက္ခဝေ=ရဟန်းတို့၊ ပင်္ကောတိ=ကျွံနစ်ရာဖြစ်သော ရွံ့ညွန်ဗွက်ကြီး ဟူသော၊ ဧတံ=ဤအမည်သည်၊ ကာမာနံ=ကာမဂုဏ်တို့၏၊ အဓိဝစနံ= အမည်ပေတည်း။

ဟူ၍လည်း ကာမဂုဏ်တို၏ အပြစ်ဒေါသကို ဟောပြတော်မူသည်။ [အကျယ်ကိုလည်း ထိုပါဠိတော်၌ ဟောတော်မူ၏၊ ထိုပါဠိတော်၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ကာမဂုဏ်သည် ကြောက်မက်ဖွယ်ဘေးကြီးလည်းမည်၏၊ ဆင်းရဲဒုက္ခတွင်း ကြီးလည်းမည်၏၊ အနာရောဂါ အိုးကြီးလည်း မည်၏၊ အိုင်း အမာဝကြီးလည်းမည်၏၊ အစေးအနှောင်ကြီးလည်းမည်၏၊ ရွံ့ဗွက် ညွန် အိုင်ကြီးလည်း မည်၏ဟူ၍ ဆိုလိုသည်၊ ဤသို့ပြဆိုအပ်သော စကား-ကား ကာမဂုဏ်တို့၏အပြစ် အာဒီနဝများပုံတည်း]

ကာမဂုဏ်အပြစ် ဒေါသပယ်-သာမညဖိုလ်ဖြစ်မယ်။

စူဠသီလံ မဇ္ဈိမံ-နှစ်တန်သာမည။ ။ ဤသို့လျှင် များပြားလှ စွာသော ကိလေသာ ကာမဂုဏ်, ဝတ္ထု ကာမဂုဏ်တို့၏ အပြစ်ဒေါသ အာဒီနဝတို့ကို ပယ်ရခြင်းသည်လည်း သာမညဖလပင်ဖြစ်၏၊ စင်စစ်မူ ကား ဤသို့ကာမဂုဏ်တို့၏ အပြစ်ဒေါသတို့ကို ပယ်ရှားနိုင်ခြင်း သည် သာလျှင် ရဟန်းအဖြစ်၏ စင်စစ်လိုရင်းဖြစ်သော လက်တွေ့အကျိုးရင်း အစစ်ကြီး ဖြစ်လေသည်၊ ထိုကာမဂုဏ်အပြစ်တို့ကို ပယ်ရှားဖျောက် ဖျက်ခြင်းငှါသာလျှင် ရဟန်းအဖြစ်သို့ ကပ်ကြရကုန်၏၊ မင်း၏ အရိုအသေပြုခြင်း ရှိခိုးခြင်းကို ခံခြင်းငှါ ရဟန်းအဖြစ်သို့ ကပ်ကြရသည် မဟုတ်ပေ၊ ထိုသာမညဖလသုတ္တန်၌မူကား အဇာတသတ်မင်း၏ အမေးပုစ္ဆာအားလျော်စွာ ရှိခိုးပူဇော်ခံရခြင်း စသည်တို့ကို သာမည ဖလဟူ၍ မြတ်စွာဘုရားဟောကြားတော်မူလေသည်၊ ထိုသာမညဖလ သုတ်၌ အလုံးစုံသော စူဠသီလသည်လည်း ရဟန်းအဖြစ်ဟုဆိုအပ်သော သာမညမည်၏၊ အလုံးစုံသော မဇ္ဈိမသီလသည်လည်း သာမညပင်မည်၏။

ရဟန်း အရှင်၊ မြတ်လျှင်သီလ၊ ပြည့်စုံလှဘိ၊ မိမိသန္တာန်၊ ပြစ်ရန်ဒေါသ၊ ကင်းစင်ပကာ၊ ချမ်းသာသုခ၊ ခံစားရ၊ မှတ်ကြသီလကျိုး။ မေးဖြေနှစ်ချက်-ဆက်ရန်အတွက်။ ။ ထိုသုတ္တန်၌သာမညဖလ ဟူသည် အဘယ်နည်းဆိုလျှင် ထိုသုတ္တန်၌ ဟောတော်မူ သည်ကား “အိုမင်းမြတ် ရဟန်းပြုပြီးသောအခါ၌ ဤသို့သီလနှင့် ပြည့်စုံသော ထိုရဟန်းသည် သီလကိုစောင့်စည်းမှုဟူသော အကြောင်း ကြောင့် မိမိသန္တာန်၌ တစ်စုံတစ်ခုသောဘေးကိုမျှ မတွေ့မမြင်ရလေ၊ အိုမင်းမြတ် ဥပမာသော်ကား ရန်သူဟူသမျှတို့ကို နှိပ်ကွပ်ပယ်သတ် အပ်ပြီးသည်ဖြစ်၍ အဘိသိက်သွန်းအပ်ပြီးသော ပြည့်ရှင်မင်းကြီးသည် ရန်သူဟူသောအကြောင်းကြောင့် တစ်စုံတစ်ခု သောဘေးကိုမျှ မတွေ့မမြင်ရသကဲ့သို့တည်း“၊ ထိုရဟန်းသည် မြင့်မြတ်သော ဤအရိယ သီလနှင့် ပြည့်စုံသည်ဖြစ်၍ မိမိအဇ္ဈတ္တသန္တာန်၌ အပြစ်မရှိ, အနှောင့် အယှက်မရှိသော ရဟန်း၏ချမ်းသာကို ခံစားရလေ၏။

မိမိစွပ်စွဲ၊ သူစွပ်စွဲနှင့်၊ အမြဲမကြည်၊ အပါယ်မှီရေး၊ ကျဖို့ဘေး၊ မှတ်တွေး ဘေးဟုပြ။

သီလမစင်-ဘေးတွေ့မြင်။ ။ ဤစကားရပ်၌ မွန်မြတ်သော

သီလနှင့်ပြည့်စုံသောရဟန်းသည် မိမိ၏သန္တာန်၌ တစ်စုံတစ်ခုဘေးကို မတွေ့မမြင်ရဟုဆိုရာတွင် ဘေးဟူသည်ကား သီလ မစင်ကြယ်မှုကြောင့် မိမိကိုယ်ကို မိမိစွပ်စွဲရခြင်း, မိမိကိုယ်ကို မိမိမကြည်ညိုခြင်း တည်းဟူသော အတ္တာနုဝါဒဘေး, သူတစ်ပါးတို့အစွပ် အစွဲခံရခြင်း, သူတစ်ပါးတို့ မကြည်ညိုခြင်းတည်းဟူသော ပရာနုဝါဒဘေး, နောင်တမလွန်လောက၌ အပါယ်ဘေး, ဤဘေးများကို မိမိသန္တာန်၌ မတွေ့မမြင်ရဟုဆိုလိုသည်၊ ဤသို့တစ်စုံ တစ်ခုမျှဘေးမရှိပဲ အေးငြိမ်းချမ်းသာစွာနှင့် အပြစ်ကင်း၍ အနှောင့်အယှက် မရှိသောချမ်းသာကို ခံစားရမှုသည် ရဟန်းတို့၏ အကျင့်သီလဟုဆိုအပ်သော သာမည၏ မျက်မှောက်ဒိဋ္ဌတွေ့ကြုံရသော သာမညဖလ ဖြစ်၏။

[ရဟန်းအဖြစ်ကိုလည်း သာမည,ရဟန်းတို့၏ကျင့်ဝတ်သီလကိုလည်းသာမညဆိုသည်။]

သိက္ခာပုဒ်မြတ်၊ အကျင့်ဓာတ်ရှိ၊ မိမိဆိုင်ရာ၊ ကိလေသာစု၊ ညစ်နွမ်းမှုမျိုး၊ အကျင့်ဆိုး၊ နှိပ်ချိုး သတ်မြဲပြ။

သိက္ခာပုဒ်ဟူသမျှ-ညစ်နွမ်းမှုပယ်နေကြ။။ ရဟန်းတို့၏ သီလတရားတို့၌ အကြင်မျှလောက်ကုန်သော သိက္ခာပုဒ်တို့သည် ရှိကုန်၏၊ ထိုသိက္ခာပုဒ်တို့သည် မိမိတို့နှင့်ဆိုင်ရာ ကိလေသာတရားများနှင့် ထိုကိလေသာအတွက်ကြောင့်ဖြစ်သော ညစ်နွမ်းမှု, ဆင်းရဲမှုတို့ကို ပယ်သတ်ကြလေကုန်၏၊ သိက္ခာပုဒ်တော်များသည် မိမိတို့ဆိုင်ရာ ကိလေသာများနှင့် ထိုကိလေသာရှိမှုကြောင့်ဖြစ်သော အပင်တပန်း ညစ်နွမ်းဆင်းရဲမှုများကို ပယ်နိုင်၏ဟုဆိုလိုသည်၊ ဤသို့စောင့်သုံးအပ်သော သိက္ခာပုဒ်တို့၏ ကိလေသာကို ပယ်သတ်မှု, အပင်တပန်း အညစ်အနွမ်း အဆင်းရဲမှုတို့ကို ပယ်သတ်မှုများသည်လည်း ရဟန်းကျင့်ဝတ် ဟုဆိုအပ် သော သာမညတရား၏ မျက်မှောက် တွေ့ကြုံရသောအကျိုး သာမည ဖလများဖြစ်၏။

ဣန္ဒြိယသံဝရ သီလအရာ၌လည်း--


သော ဣမိနာ အရိယေန ဣန္ဒြိယသံဝရေန သမန္နာဂတော အဇ္ဈတ္တံ အဗျာသေကသုခံ ပဋိသံဝေဒေတိ

သော=ထိုရဟန်းသည်၊ အရိယေန=မြင့်မြတ်သော၊ ဣမိနာ ဣန္ဒြိယ သံဝရေန=ဤဣန္ဒြေကိုစောင့်စည်းခြင်းတည်းဟူသော ဣန္ဒြိယသံဝရ သီလနှင့်၊ သမန္နာဂတော=ပြည့်စုံသည်ဖြစ်၍၊ အဇ္ဈတ္တံ=အတွင်းသန္တာန်၌၊ အဗျာသေကသုခံ=ဒုက္ခနှင့်မရောယှက် သက်သက်စင်ကြယ်သော ချမ်းသာကို၊ ပဋိသံဝေဒေတိ=ခံစားရ၏၊။ ဟူ၍ဟောတော်မူ၏။

ဣန္ဒြေစောင့်စည်းလျှင်-အယုတ်တရားမဝင်။ ။စက္ခုစသော ဣန္ဒြေခြောက်ပါးကို စောင့်စည်းခြင်းသည် ဣန္ဒြိယသံဝရ သီလမည်၏၊ ဤဣန္ဒြေကို စောင့်စည်းမှုကြောင့် ခြောက်ဒွါရတို့မှ အဘိဇ္ဈာ, ဒေါမနဿ စသော ကိလေသာတို့ ဝင်လာနှောင့်ယှက်ခြင်းမရှိပဲ အပင်တပန်း ညစ်နွမ်းပူပင်ခြင်းတို့နှင့်မဖက် သက်သက်ချမ်းသာသုခကို ခံစားရမှု သည်လည်း ဣန္ဒြိယသံဝရ သီလဟုဆိုအပ်သော ရဟန်းသိက္ခာပုဒ်၏ မျက်မှောက်၌ တွေ့ကြုံခံစားရသော အကျိုးမည်၏၊ စက္ခုစသော ဣန္ဒြေတို့ကို မစောင့်စည်းပဲ ထင်တိုင်း ပေါက်လွှတ်နေလျှင် စက္ခုစသော ဒွါရတို့မှ ရူပတဏှာအစရှိသော ကိလေသာတရားတို့သည် အတင်းနင်း၍ ဝင်လာကြကုန်၏၊ ထိုကိလေသာတို့သည် ဓားပြတပ်ကြီးတွေကဲ့သို့ ချဉ်းနင်းဝင်ရောက်လာသောအခါ ငြိမ်သက် ချမ်းသာခြင်း မဖြစ်နိုင်၊ ထိုကိလေသာလျှင် အကြောင်းရင်းရှိကုန်သော ဒုက္ခတို့ကိုလည်း ခံစားရ လေ၏၊ စက္ခုန္ဒြေ စသည်တို့ကို လုံခြုံစွာစောင့်ထိန်း၍ ဣန္ဒြိယ သံဝရသီလ ခိုင်မြဲသောအခါ ဆိုပြီးသောကိလေသာတို့ ဝင်ရောက်ခွင့်ကို မရနိုင်ကုန်၊ ထိုကိလေသာတို့နှင့်စပ်လျဉ်းသမျှသော ဒုက္ခတို့ကိုလည်း မခံစားကြရကုန်၊ ထိုအခါ တစ်စုံတစ်ရာနှောင့်ယှက်ခြင်းမရှိပဲ အတွင်းသန္တာန်၌ စိတ်၏ငြိမ် သက် ချမ်းသာခြင်း ကိုရရှိလေ၏၊ ဤသို့သော ချမ်းသာမှုသည်ပင်လျှင် ဣန္ဒြိယသံဝရသီလ၏ ဒိဋ္ဌအကျိုးပင်လျှင် ဖြစ်လေ၏၊ ဤနည်းအတိုင်း သတိနှင့်ပြည့်စုံခြင်း, သမ္ပဇည နှင့်ပြည့်စုံခြင်း, ပစ္စည်းလေးပါးတို့၌ ရောင့်ရဲ ခြင်းတည်းဟူသော ရဟန်း၏ ကျင့်ဝတ်သီလ သာမညတို့၏ ဒိဋ္ဌတွေ့ ကြုံခံစားရသော အကျိုးတို့ကို သိရာ၏၊ ထို့ထက်အလွန်မူကား နီဝရဏ တရားငါးပါးတို့ကို ခွါခြင်းကြောင့်ရရှိသော ဝိဝေကသုခသည် ကြီး ကျယ်မြင့်မြတ် ချမ်းသာသော သာမညသုခ, သာမညဖလဖြစ်၏။

လဝန်းနေဝန်း- ပမာခင်းကာ-ထင်ရှားစွာ။။ထင်စွာပြဦးအံ့၊ ဤသတ္တဝါ အပေါင်းတို့၏ စိတ်သည် နီဝရဏတရား ငါးပါးတို့ဖြင့် ပိတ်ပင်ဖုံးလွှမ်း ကွယ်ကာ အပ်သည်၏ အဖြစ်ကြောင့် ဆီးနှင်း, မြူ, တိမ်, သူရိန်, မီးခိုး ညစ်မျိုးငါးပါးတို့ဖြင့် နှောင့်ယှက်ဖုံးကွယ်အပ်သော လဝန်း နေဝန်းတို့ကဲ့သို့ တန်ခိုးမရှိ အရောင်မရှိ ညစ်နွမ်း၏၊ အားနည်း၏၊ နုံ့၏၊ ထိုနီဝရဏတရားတို့ကို ပယ်ရှားလွှင့် နှင်အပ်ကုန်သည်ရှိသော် ညစ်မျိုး ငါးပါးတို့မှ လွတ်ကင်းသော နေဝန်းလဝန်းကဲ့သို့ တန်ခိုး ရှိ၏၊ အရောင် အဝါရှိ၏၊ စင်ကြယ်၏၊ ပြိုးပြိုးပြက်၏၊ ထက်မြက်၏၊ အားရှိ၏၊ ထို နီဝရဏတရားတို့ကိုခွာ၍ စင်ကြယ်သောစိတ်ကြောင့်ဖြစ်ကုန်သော ကိုယ်ချမ်းသာ, စိတ်ချမ်းသာတို့သည်ကား- စကြဝတေးမင်း၏ စည်းစိမ် ချမ်းသာတို့ထက်ပင် သာလွန်မွန်မြတ်ကုန်၏၊ ထိုထက်အလွန် စျာန်, သမာပတ်ချမ်းသာတို့သည် နတ်ပြည်ခြောက်ထပ်တို့၌ နတ်မင်းကြီးတို့၏ စည်းစိမ်ချမ်းသာတို့ထက်ပင် လွန်ကဲထူးမြတ်ကုန်၏၊ ထိုထက်အလွန် အဘိဉာဏ်ချမ်းသာ, မဂ်ချမ်းသာ, ဖိုလ်ချမ်းသာတို့သည် ဗြဟ္မာပြည်တို့၌ တန်ခိုးအာနုဘော်ကြီးကုန်သော ဗြဟ္မာမင်းကြီးတို့၏ စည်းစိမ်ချမ်း သာတို့ထက် သာလွန်မွန်မြတ်ကုန်၏၊ ဤဆိုအပ်ပြီးသော ချမ်းသာတို့သည် မျက်မှောက်ဒိဋ္ဌတွေ့ကြုံခံစားရသော သာမညဖလ ရဟန်းအဖြစ်၏ အကျိုးတို့သာလျှင် ဖြစ်ကုန်၏။

[ဤသို့လျှင် မြတ်စွာဘုရား၏ သာသနာတော်ဓမ္မသည် မျက်မှောက် ဒိဋ္ဌ၌ ခံစားတွေ့ကြုံရသော ချမ်းသာအကျိုးထူးရှိလေသောကြောင့် သန္ဒိဋ္ဌိကမည် လေသည်။]

[၂- သန္ဒိဋ္ဌိက ဂုဏ်တော်ဖွင့်ပြီး၏၊]

---*----

၃။ အကာလိကဂုဏ်တော် ပြခန်းဖော်

တဒ္ဓိတ်ဝိဂ္ဂဟ-ကာလိကဟုပြ

အာဂမေတဗ္ဗော အနာဂတေ ဘဝေ ဖလကာလော ဧတဿာတိ ကာလိကော။

ဧတဿ=ထိုတရားအား၊ အနာဂတေဘဝေ=နောင်အနာဂတ်ဘဝ၌၊ အာဂမေတဗ္ဗော=ဆိုင်းလင့်ငံ့မျှော်ရသော၊ ဖလကာလော=အကျိုးပေး ချိန်သည်၊ အတ္ထိ=ရှိ၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သော ဓမ္မော=ထို တရားသည်၊ ကာလိကော=ကာလိက မည်၏။

[သေသည်အခြားမဲ့ဖြစ်သော နောက်ကာလ၌ အကျိုးပေးလိမ့်မည် ဟူ၍ ထင်စားမျှော်လင့်ရသော အညတိတ္ထိတို့၏ တရားကိုရစေ၊ ထိုအညတိတ္ထိတို့၏ တရားသည် ကာလိက မည်၏၊]

သမာသ်တွဲစပ်-အကာလိက န ကာလိကော အကာလိကော။

ကာလိကော=နောက်ကာလ အကျိုးပေးချိန်ကို မျှော်လင့်ရသော တရားမျိုး သည်၊ န=မဟုတ်၊ ဣတိတသ္မာ=ထို့ကြောင့်၊ အကာလိကော= အကာလိကမည်၏။

[မြတ်စွာဘုရား၏ တရားတော်ကိုရစေ-]

အခါမလင့်-အကျိုးထူးချမ်းသာခွင့်
ထိုမြတ်စွာဘုရား၏ တရားတော်မြတ်သည် ဤမျက်မှောက် ဘဝ၌ပင်လျှင် ကျင့်သုံး ဆောက် တည်သောအခါမှစ၍ကျင့်စဉ် လမ်းရှိသည့်အတိုင်း အဆင့်ဆင့်ရသင့်ရ ထိုက်သော သာမညဖလ ဒိဋ္ဌအကျိုးထူး, ဒိဋ္ဌ ချမ်းသာထူးကို ပေးတတ်၏၊ ထိုသို့အခါမလင့် အကျိုးထူး,ချမ်းသာထူးကို ပေးတတ်သောကြောင့် မြတ်စွာဘုရား၏ တရားတော်သည် အကာလိကမည်၏။

ကာလိက အကာလိကစကားနှင့် စပ်လျဉ်း၍ မာရသံယုတ်၌ လာသော သုတ္တန်တစ်ခုကို ထုတ်ဆောင်၍ ပြအပ်၏၊

ယုတ်မာ မာနတ် ဖျက်ဆီးလတ်
တစ်ရံသောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သီလဝတီမည်သောဌာန တောင်ချောက်ကြားတို့၌ သီတင်းသုံးနေတော်မူသောအခါ များစွာသော ရဟန်းတို့သည်လည်း ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ မနီးမဝေး သော အရပ်ဌာန၌ မမေ့မလျော့ မပူမပင် ကျွတ်ကျွတ်လွတ်လွတ် ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်၍ နေတော်မူကြကုန်၏၊ ထိုအခါ ယုတ်မာသောမာရ်နတ်သည် ပုဏ္ဏားအသွင် ဖန်ဆင်းပြီးလျှင် လာလတ်၍ ထိုရဟန်းတို့ကို ဤသို့ ဆိုလေ၏။

ဒဟရာ ဘဝန္တော ပဗ္ဗဇိတာ၊ အနကိလိတာဝိနော ကာမေသု၊ ဘုဉ္ဇန္တု ဘောန္တော မာနုဿကေ ကာမေ၊ မာ သန္ဒိဋ္ဌိကံ ဟိတွာ ကာလိကံ အနုဓာဝိတ္ထ။

ဘဝန္တော=အရှင်ရဟန်းတို့၊ တုမှေ=အရှင်တို့သည်၊ ဒဟရာ=ပျိုမြစ် နုနယ် အရွယ်ငယ်ငယ်တုန်းက၊ ပဗ္ဗဇိတာ=ရဟန်းပြု၍လာကြကုန်၏၊ ကာမေသု=ကာမဂုဏ်တို့၌၊ အနကိလိတာဝိနော=သက်ဝင်ပျော်ပါး ခံစား ရွှင်မြူးခဲ့ကြဖူးသည် မဟုတ်ကြကုန်၊ ဘောန္တော=အရှင်တို့၊ မာနုဿကေ ကာမေ=လူ့ပြည်၌ဖြစ်သော ကာမဂုဏ်တို့ကို၊ ဘုဉ္ဇန္တု=သုံးဆောင်ခံစားကြ ကုန်ဦးလော၊ သန္ဒိဋ္ဌိကံ=ဒိဋ္ဌတွေ့ကြုံ ဆဲဖြစ်သော လူတို့ကာမဂုဏ် ချမ်းသာ ကို၊ ဟိတွာ=စွန့်ပစ်၍၊ ကာလိကံ=အချိန်ကာလ စောင့်ဆိုင်းမျှော်လင့် ရသော နတ်တို့ကာမဂုဏ်သို့၊ မာ အနုဓာဝိတ္ထ=စိတ်ပြေးသွား၍ မနေကြကုန်လင့်။

[ထိုမာရ်နတ်၏စကား၌ သန္ဒိဋ္ဌိကဆိုသည်မှာ လူ့ဘုံ၌တွေ့ကြုံ၍ နေသော လူတို့ ကာမဂုဏ်ကို ရည်၍ဆိုသည်၊ ကာလိကဆိုသည်မှာ သေသည်မှ နောက် ကာလ၌ ခံစားရ မည်ဖြစ်သော နတ်တို့ကာမဂုဏ်ကို ရည်၍ဆိုသည်၊ မာရ်နတ်၏ အထင်မှာ ရဟန်းပျိုတို့သည် နောင်ဘဝ၌ ခံစားရန်မျှော်လင့်ရသော နတ် ကာမဂုဏ်တို့ကို အလိုရှိသောကြောင့် တွေ့ကြုံ ၍နေသော လူတို့ကာမဂုဏ်ကို စွန့်ပြီးလျှင် တောထွက်ကျင့်ကြံ၍နေသည်ဟု ထင်သဖြင့် ဤသို့ဆိုလေ၏၊]

ရဟန်းများပြောဆိုချက်

မာရ်နတ်ကာမဂုဏ်အပြစ်တွေထွက်

ထိုအခါ ရဟန်းတို့က ဤသို့ပြောဆိုကြကုန်၏၊ “အိုပုဏ္ဏား ငါတို့သည် ဒိဋ္ဌတွေ့ကြုံရသော လူတို့ကာမဂုဏ်ကိုစွန့်၍ စောင့်ဆိုင်း မျှော်လင့်ရသော နတ်တို့ကာမဂုဏ်သို့ စိတ်ပြေးသွား၍ နေကြကုန် သည်မဟုတ်၊ ငါတို့သည် စောင့်ဆိုင်းမျှော်လင့်ရသော ကာမဂုဏ်တို့ကိုစွန့်၍ မျက်မှောက် ဒိဋ္ဌတွေ့ကြုံ ခံစားရသော သာမညဖလရဟန်းအဖြစ်၏ အကျိုးထူး ဆီသို့သာလျှင် စိတ်ပြေးဝင်၍ နေကြကုန်၏“၊ “အိုပုဏ္ဏား ကာမဂုဏ်တရားတို့သည် စင်စစ်အားဖြင့် စောင့်ဆိုင်းမျှော်လင့်ရသော ကာလိကတို့မည်ကုန်၏ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ကာမဂုဏ်တို့သည် များသောဒုက္ခရှိကုန်၏၊ များသောပင်ပန်း ခြင်းရှိကုန်၏၊ ဤကာမဂုဏ်၌ အပြစ်တို့သည် အလွန်များပြားစွာရှိကုန်၏” “အိုပုဏ္ဏား ဤကျင့်ကြံ အားထုတ်အပ်သော ရဟန်းတရားသည် မျက်မှောက်ဒိဋ္ဌ ခံစားအပ်သော အကျိုးရှိ၏၊ အခါမလင့် အကျိုးပေးတတ်၏” ဟူ၍ ဆိုကြကုန်၏။

[ထိုစကား၌ ရှေးရှေးဘဝတို့၌ ကံကိုပြု၍ နောက်နောက်ဘဝတို့၌ ရရှိခံစားအပ်ကုန်သောကြောင့် အလုံးစုံသော လူ့ကာမဂုဏ်, နတ်ကာမဂုဏ်တို့ကို ကာလိကဟူ၍ ဆိုသည် နောင်အနာဂတ်ဘဝ၌ ရရှိ ခံစားရန် မျှော်လင့်ရသော တရားမျိုးဟူ၍ ဆိုလိုသည်။]

သဂါထာဝဂ္ဂ ဒေဝတာသံယုတ်၌ လာသော သမိဒ္ဓိမထေရ်၏ဝတ္ထုကိုလည်း ထုတ်ဆောင်အပ်၏၊

ရဟန်းပျိုနု-နတ်သမီးချဉ်းကပ်ပြု
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၏အနီး တပေါဒါရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ အရှင်သမိဒ္ဓိမည်သော ရဟန်းပျို သည်လည်း ထိုတပေါဒါရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုရဟန်းပျိုသည် ချမ်းသာကြွယ်ဝသော အမျိုးကောင်းမှ အေးမြကြည်လင်စွာ ဖွားမြင်၍ လာသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် လွန်စွာအဆင်းလှ၏၊ ပျိုနုသော ကိုယ်လက်အင်္ဂါရှိ၏။

ရှင်သမိဒ္ဓိသည် တစ်နေ့ သောအခါ နံနက်စောစော ထတော်မူ၍ တပေါဒါ မြစ်ငယ်မှ စီးဆင်း၍လာသော ရေနွေးကို သုံးသပ်တော်မူပြီးလျှင် ကမ်းသို့တက်၍ သင်းပိုင်တစ်ထည်တည်းကိုသာ ဝတ်တော်မူလျက် ကိုယ်ကိုခြောက်သွေ့စေသဖြင့် အတန်ကြာ ရပ်၍နေတော်မူ၏၊ ထိုအခါ နတ်သမီးတစ်ယောက်သည် ရှင်သမိဒ္ဓိ၏ ကိုယ်တော်အလုံးကို မြင်သဖြင့် ရွှင်ပြသောစိတ်ရှိသောကြောင့် ကာမဂုဏ်သို့ ညွတ်သောစိတ်ဖြင့်သာလျှင် အရှင်သမိဒ္ဓိအနီးသို့ချဉ်းကပ် ကောင်းကင်က မတ်တတ်ရပ်၍ အောက်၌ ပါသောဂါထာဖြင့် ဖျောင်းဖျပြောဆိုလေ၏။

ဘ, ရှစ်ချက်နှင့်-နတ်သမီးကာမဂုဏ်အတွက် အဘုတွာ ဘိက္ခသိ ဘိက္ခု၊ နဟိ ဘုတွာန ဘိက္ခသိ။

ဘုတွာန ဘိက္ခု ဘိက္ခဿု၊ မာတံ ကာလော ဥပဇ္ဈဂါ။

ဘိက္ခု=ရှင်ရဟန်း၊ တွံ=အရှင်သည်၊ အဘုတွာ=ကာမဂုဏ်ငါးပါးကို မခံစားပဲ၊ ဘိက္ခသိ=ရဟန်းပြုလာဘိ၏၊ ဘုတွာန=ကာမဂုဏ်ကိုခံစားပြီးမှ၊ နဟိဘိက္ခသိ=ရဟန်းပြုခဲ့သည်မဟုတ်၊ ဘိက္ခု=ရှင်ရဟန်း၊ ဘုတွာန= ကာမဂုဏ်ငါးပါးကို ခံစားပြီးမှ၊ ဘိက္ခဿု=ရဟန်းပြုပါလော၊ တံ=သင့်ကို၊ ကာလော=ကာမဂုဏ်ခံစားသော အချိန်သည်၊ မာ ဥပဇ္ဈဂါ=လွန်ဆုံး၍ မသွားပါစေလင့်။

ဤသို့ နတ်သမီး ပြောဆိုပြီးသည်၏အဆုံး၌ ရှင်သမိဒ္ဓိက အောက် ၌ပါသောဂါထာဖြင့် ပြန်၍ဆိုလေ၏။

အချိန်လွန်မခံ-တရားအားထုတ်ရန်

ကာလံ ခေါ ဟံ န ဇာနာမိ၊ ဆန္နော ကာလော န ဒိဿတိ။

တသ္မာ အဘုတွာ ဘိက္ခာမိ၊ မာ မံ ကာလော ဥပဇ္ဈဂါ။

ဒေဝတေ=နတ်သမီး၊ အဟံ=ငါသည်၊ ခေါ=စင်စစ်၊ ကာလံ=သေဆုံး ရမည့် အချိန်ကာလကို၊ န ဇာနာမိ=မသိပါ၊ ကာလော=ထိုကာလသည်၊ ဆန္နော=ဖုံးလွှမ်း အပ်သည်ဖြစ်၍၊ န ဒိဿတိ=မထင်မြင်၊ တသ္မာ=ထို့ ကြောင့်၊ အဘုတွာ=ကာမဂုဏ် ငါးပါးတို့ကို မခံစားပဲ၊ ဘိက္ခာမိ=ရဟန်းပြု၍ လာခဲ့ပေ၏၊ မံ=ငါ့ကို၊ ကာလော=တရားအားထုတ်ရန် အချိန်ကာလသည်၊ မာ ဥပဇ္ဈဂါ=လွန်ဆုံး၍မသွားပါစေလင့်။

မြေသို့ဆင်းသက်-နတ်သမီး ဖြားယောင်းချက်

ထို့နောက် နတ်သမီးသည် မြေသို့ဆင်းသက်ပြီးလျှင် ရှင်သမိဒ္ဓိကို ဤသို့ဆိုလေ၏၊ အိုအရှင်ရဟန်း သင်ရဟန်းသည် အရွယ်အားဖြင့် နုပျိုပါသေး၏၊ ပထမအရွယ်၌သာလျှင်တည်၍ နက်ကြောညိုမှောင်သော ဆံပင်ရှိ၏၊ ကောင်းမြတ်သော အရေအဆင်းနှင့်ပြည့်စုံ၏၊ သို့ရာတွင် ကာမဂုဏ်ငါးပါးတို့၌မူကား ပျော်ပါးမြူးတူးဖူးခဲ့သည်မဟုတ်၊ အိုအရှင် ရဟန်း လူ့ကာမဂုဏ်တို့ကို ခံစားဦးလော၊ မျက်မှောက်ဒိဋ္ဌတွေ့ကြုံခံစံရ၍ အချိန်ကာလ မစောင့်ဆိုင်းရပဲ လက်ငင်း ချမ်းသာ ခြင်းနှင့်တွေ့ရသော ကာမဂုဏ်တို့ကို စွန့်ပြီးလျှင် အချိန်ကာလ မျှော်လင့်စောင့်ဆိုင်းရသော ရဟန်းအလုပ်ထဲသို့ စိတ်ဝင်စား၍ မနေပါနှင့်ဟူ၍ ဆိုလေ၏၊ နတ်သမီးစကားပယ်လှန်-သမိဒ္ဓိ, ထုချေပြန်

ထိုအခါ ရှင်သမိဒ္ဓိက အိုနတ်သမီး ငါသည် မျက်မှောက်ဒိဋ္ဌအကျိုး ရသော တရားကိုစွန့်၍ အချိန်ကာလ မျှော်လင့်စောင့်ဆိုင်းရသော တရားမျိုးကို လိုက်နေသည်မဟုတ်၊ စင်စစ်မူကား ငါသည် အချိန်ကာလ မျှော်လင့်ရသော ကာလိကတရားမျိုးကိုစွန့်၍ မျက်မှောက်ဒိဋ္ဌ အကျိုးခံ စားရသော တရားသို့သာ စိတ်ဝင်စား၍နေ၏၊ အိုနတ်သမီး မြတ်စွာ ဘုရားသည် ကာမဂုဏ်တရားတို့ကို အချိန်ကာလမျှော်လင့် စောင့်ဆိုင်း ရသော ကာလိကတရားတို့ဟူ၍ ဟောကြားတော်မူ၏၊ ထိုကာမဂုဏ် တရားတို့၌ များသောဆင်းရဲခြင်း, များသောပင်ပန်းခြင်းရှိ၏ဟူ၍ ဟောတော်မူ၏၊ ကျင့်သုံးဆောက်တည်အပ်သော တရားတော်မြတ်သည် အချိန်ကာလ မစောင့်ဆိုင်းရသော အကာလိကတရားမျိုးဖြစ်၏ဟူ၍ ပြန်ပြောလေရာ နတ်သမီးက ရှင်ရဟန်းပြောသော စကားအတိုင်း ကာမဂုဏ်တို့သည် အဘယ်သို့လျှင် အချိန်ကာလစောင့်ဆိုင်းရသော ကာလိကတရား ဖြစ်ပါသနည်း၊ ကျင့်သုံးဆောင်ယူအပ်သော တရားတို့ သည် အဘယ်သို့လျှင် အချိန်ကာလ မစောင့်ဆိုင်းရသော အကာလိက ဖြစ်ပါသနည်းဟူ၍ မေးမြန်းလေ၏၊ ထိုအခါ ရှင်သမိဒ္ဓိက အိုနတ်သမီး ငါရဟန်းပြုသည်မှာ မကြာမြင့်သေး အကျယ်အားဖြင့် ဟောပြခြင်းငှါ မတတ်နိုင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ထိုအကြောင်းကို လျှောက် ထားကြကုန်အံ့ဟူ၍ ပြောပြီးလျှင် နတ်သမီးကိုခေါ်၍ မြတ်စွာဘုရားအထံ သို့ သွားလေ၏။

[ထိုစကားနှင့်စပ်လျဉ်း၍ မြတ်စွာဘုရား တရားဟောတော်မူရာ နတ်သ္မီး သည် တရားအထူးကို သိလေ၏၊ ဤဝတ္ထု၌ အရှင်သမိဒ္ဓိနှင့် နတ်သမီးတို့ ပြောဆို ကြသော စကားဖြင့် တရားတော်မြတ်၏ အကာလိကဖြစ်ပုံကို သိရာ၏၊]

-အကျိုးစောင့်ဆိုင်း၊ မျှော်လင့်ခိုင်း၊ မှတ်ပိုင်းကာလိက၊

-- လက်ငင်းဒိဋ္ဌ၊ ကျိုးပေးကလျှင်၊ တရားပင်၊ ယူငင် အကာလိက။

ဤအရာ၌ ဗုဒ္ဓဘာသာတရားနှင့် သာသနာတော်မှအပဖြစ်သော အည တိတ္ထိယဒိဋ္ဌိတရားနှစ်ပါးအထူးကို ပြဆိုအံ့။

ကာလိကဟူ၍ဆိုလျှင် အကျိုးကို်စောင့်ဆိုင်းမျှော်လင့်ရသော တရား, အကာလိကဟူ၍ဆိုလျှင် လက်ငင်းဒိဋ္ဌအကျိုးပေးသော ဗုဒ္ဓ ဘာသာတရားဟူ၍ မှတ်လေ။

ဗုဒ္ဓဘာသာမှတစ်ပါးသော တိတ္ထိတို့၏တရားသည် ကာလိကဖြစ်၏၊ ဗုဒ္ဓ ဘာသာတရားတော်မြတ်သည် အကာလိက ဖြစ်၏။

အကျင့်သီလံ၊ စျာန်သမာပတ်၊

ရအပ်မဂ်ဉာဏ်၊ တစ်ဖန်လောကီ၊

ကျင့်ညီသဒ္ဓမ္မ၊ မရှိကြပဲ၊

ချမ်းသာလွဲကင်း၊ သေခြင်း ကောင်းကင်၊ ရောက်လျှင်ချမ်းသာ၊ မှတ်ထင်ရာ၊ မြဲစွာ ပင်ပန်းဘိ။

ကာလိကအတွက်-မေးဖြေချက်
တိတ္တိတို့၏ တရားသည် အဘယ်သို့ ကာလိကမျိုးဖြစ်သနည်း၊ သွာက္ခာတဂုဏ်တော်တွင် ပြဆိုခဲ့ပြီးသောနည်းအားဖြင့် တိတ္တိတို့၏တရား၌ အလုံးစုံပြည့်စုံသော အကျင့်သီလဟုဆိုအပ်သော ဗြဟ္မစရိယလည်း မရှိ၊ စျာန်သမာပတ်ဟု ဆိုအပ်သော ဗြဟ္မစရိယလည်း မရှိ၊ လောကုတ္တရာ မဂ်ဟုဆိုအပ်သော ဗြဟ္မစရိယလည်းမရှိ၊ ရှေး၌ ပြဆိုခဲ့ပြီးသော လောကိယသဒ္ဓမ္မ ကမ္ဘာစောင့် တရားကောင်း တရားမွန်ကြီး များပင်သော်လည်း မရှိကြကုန်၊ ထိုကြောင့် ပြဆိုခဲ့ပြီးသော အဆင့်ဆင့် မွန်မြတ်ကုန်သော မျက်မှောက်ဘဝ၌ ကိုယ်တွေ့ဒိဋ္ဌ ခံစားအပ်ကုန်သော သာမညဖလ ဟုဆိုအပ်ကုန်သော ချမ်းသာသုခတို့သည်လည်း မရှိကုန်၊ သေသည်မှ အခြားမဲ့ဖြစ်သော နောက်ကာလ နောက်ဘဝတို့၌ အထက်ကောင်းကင်ဘုံသို့ရောက်၍ နိစ္စချမ်းသာ, ထာဝရချမ်းသာကို ရရှိခံစားရလတ္တံ့ဟူ၍ အမြဲအစွဲမှတ် ယူပြီးလျှင် ဤပစ္စုပ္ပန်ဘဝ၌ အသက်ထက်ဆုံး ထာဝရအရှင်ကို လည်းကောင်း, လောကကို အစိုးရသော ဣဿရအရှင်ကိုလည်းကောင်း, မဟာ ဗြဟ္မာကြီးကိုလည်းကောင်း, ဂရုတစိုက် အပင်တပန်း ရိုသေညွတ် တွား ခစားဆည်းကပ်ခြင်းစသော အတ္တ ကိလမထာနုယောဂ ကိုယ်ပင်ပန်း ကြောင်းဖြစ်သော အကျင့်တို့ကို ပြုကျင့်လိုက်စားရုံမျှသာ ဖြစ်၏။

ဗုဒ္ဓသာသနာ၊ အပမှာပင်၊ ကိုးကွယ်လျှင်၊ ပါယ်တွင် လားဟုပြ။

ဗုဒ္ဓသာသနာတော်မှ အပ၌ကိုးကွယ်ရာ မဟုတ်သည်တို့ကို ကိုးကွယ် အားထားရာဝတ္ထုတို့ဟူ၍ မှတ်ထင်ကြကုန်ပြီးလျှင် ဆုတောင်းခြင်းအလုပ်, ဝပ်တွား ခစားခြင်းအလုပ်, ချီးမွမ်းထောမနာခြင်း အလုပ်ပိုတွေကို ပြုကျင့်ရုံမျှသာလျှင် ဖြစ်၏၊ ထို့ကြောင့် တိတ္ထိတို့၏တရားသည် နောင် အနာဂတ်ဘဝ၌ မျှော်လင့်ရသော အကျိုးရှိသည်ဖြစ်၍ ကာလိကမည် လေသည်၊ ထိုတိတ္ထိတရားများ၏ နောင်အနာဂတ်ဘဝ၌ မျှော်လင့် အားထားရသော အကျိုးဆိုသည်မှာလည်း ထိုတိတ္ထိတို့၏ အရမ်းမဲ့ ထင်မြင်ယုံကြည် မှတ်ယူပြောဆိုခြင်း၏ အစွမ်းအားဖြင့်သာလျှင် ဆိုရသော စကားဖြစ်၏၊ စင်စစ်မူကား ထိုတိတ္ထိတို့၏တရားမှာ လောကိယသဒ္ဓမ္မများ ပင်သော်လည်း မရှိလေသောကြောင့် ထိုတိတ္ထိတို့၏တရားသည် အနန္တရ ဘဝ၌ အပါယ်သို့ကောင်းကောင်းကြီး, ဖြောင့်ဖြောင့်ကြီး သွားရန်အ ကြောင်းသက်သက်မျှ သာဖြစ်လေ၏။

[ကောင်းကင်ချိန်ရွယ်-ပါယ်ဆင်းတယ်-မှတ်ဖွယ်တိတ္ထိမျိုး]

[ထိုတိတ္ထိတရားသည် ကောင်းကင်ဘုံသို့မျှော်၍ ချိန်ရွယ်ကျင့်ကြံပါသော် လည်း သေသည်မှနောက်ကာလ၌ အပါယ်ဘုံသို့ ငုံ့၍ စုန်ဆင်းကြရကုန်၏ ဟူ၍ဆိုလိုသည်။]

အကာလိကအတွက်-မေးဖြေချက်
ဗုဒ္ဓဘာသာတရားသည် အဘယ်သို့ အကာလိက ဖြစ်ပါသနည်း၊ ဗုဒ္ဓ ဘာသာ တရားတော်မှာကား အာဒိကလျာဏဟုဆိုအပ်သော လောကိယသဒ္ဓမ္မ၏ ဆိုင်ရာကောင်း မြတ်သော အကျင့်တို့လည်း ရှိကုန်၏၊ ထိုလောကိယသဒ္ဓမ္မ၏ မျက်မှောက် ဒိဋ္ဌဖြစ်သော အကျိုးတို့လည်း ရှိကုန်၏၊ လောကိယသဒ္ဓမ္မထက် လွန်ကဲသော သာသနသဒ္ဓမ္မတို့၌မူကား မြင့်မြတ်သောဗြဟ္မစရိယနှင့် ထို ဗြဟ္မစရိယ၏ မျက်မှောက်ဒိဋ္ဌဖြစ်သော အကျိုးတို့သည်လည်း သာသနာ တော် ဓမ္မ၏ လိုရင်းသဘောအနေအားဖြင့် ထင်ရှားရှိကြကုန်၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာ တရားတော်မြတ်သည်ကား အကာလိကအစစ် ဖြစ်လေသည်။

အပြစ်တင်ဖို့အချက်-စောဒနာစကားဆက်
ဤအရာ၌ စောဒနာစကား ပြောကြားခွင့်ရှိသည်မှာ ထိုဗုဒ္ဓဘာသာ တရားတော်မြတ်၌ လောကိယသဒ္ဓမ္မများလည်း ထင်ရှားပါဝင် ရှိနေသည်၏ အဖြစ်ကြောင့် ထိုလောကိယသဒ္ဓမ္မကြောင့် လူဖြစ်ခြင်း, နတ်ဖြစ်ခြင်း, ဗြဟ္မာ ဖြစ်ခြင်းတို့သည်လည်း ထင်ရှားကြကုန်၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာတရား တော်သည်လည်း အခြားမဲ့ဖြစ်သောဘဝ၌ သုဂတိဘုံဘဝသို့ ရောက်စေ တတ်သော ကံတို့ကို ထောက်ဆသောအားဖြင့် နောင်အနာဂတ်၌ မျှော်လင့်ငံ့စားရသော ကာလိကတရားမျိုးပင်ဖြစ်၍ နေသည်မဟုတ်ပါ လောဟူ၍ စောဒနာစကား ပြောကြားကြကုန်ရာ၏။

-ဗောဓိသုံးဖြာ၊ သူတော်စွာတို့၊ ကျင့်ရာကျင့်ရိုး၊ တရားမျိုးမှာ၊ ကာလိကမျိုး၊ ကျင့်ရိုးမရှိ၊ အကာလိကို၊ အားထုက်လို၊ ကျိုးကို မျက်မြင်ပြ။

တစ်စိတ်တစ်ဒေသစကား-စောဒနာအမှန်ထား
ထိုစောဒနာ စကားသည် တစ်စိတ်တစ်ဒေသအားဖြင့်မှန်ပေ၏၊ ထိုသို့ ကာလိကမျိုးပင်ဖြစ်စေဦးတော့ ထိုအခြားမဲ့ဘဝ၌ သုဂတိဘုံဘဝသို့ ရောက်ရလိမ့်မည်ဟု မျှော်လင့်ရသောအကျိုးသည် သာသနဓမ္မ၌ လိုရင်းမဟုတ်၊ မျက်မှောက်ဒိဋ္ဌတွေ့ ကြုံရသော သာမညဖလသန္ဒိဋ္ဌိက တို့သာလျှင် ဗုဒ္ဓဘာသာတရားတော်၌ လိုရင်းအချက်ဖြစ်၏၊ ပညာရှိ၍ ပါရမီပြည့်ကြကုန် ပြီးသော ပုဂ္ဂိုလ်မြတ်တို့သည်ကား ထိုကာလိကအကျိုးငှာ ကျင့်ကြံအားထုတ်ကြကုန်သည် မဟုတ်၊ မျက်မြင်ဒိဋ္ဌ တွေ့ကြုံခံစားရသော အကာလိကအကျိုးငှါသာလျှင် ကျင့်ကြံအားထုတ်ကြကုန်သည်၊ ယခင်ပြ ဆိုခဲ့သော မာရသံယုတ်၌ ရဟန်းတို့က ပြန်ပြောသော စကားတွင်“ကာလိကဉ္စ ခေါ မယံ ဗြာဟ္မဏ ဟိတွာ သန္ဒိဋ္ဌိကံ အနုဓာဝါမ

ဟူ၍ဆိုသောစကားကို ထောက်ရာ၏။

ဗြာဟ္မဏ=ပုဏ္ဏားယောင်ဆောင် မာရ်ယုတ်ကောင်၊ ခေါ=စင်စစ်၊ မယံ=ငါတို့သည်၊ ကာလိကဉ္စ=နောင်ဘဝ၌ မျှော်လင့်အားထားရသော ကာမဂုဏ်အကျိုးကို၊ ဟိတွာ=စွန့်၍၊ သန္ဒိဋ္ဌိကံ=မျက်မှောက်ဒိဋ္ဌ တွေ့ကြုံ ခံစားရသော သာမညဖလအကျိုးသို့သာလျှင်၊ အနုဓာဝါမ=စိတ်ပြေး ဝင်သောအားဖြင့် ကျင့်ကြံအား ထုတ်ကြကုန်၏။

ဆောင်းဥတုပမာ-သဒ္ဓမ္မအကျိုးဖြာ

ဗုဒ္ဓဘာသာတရား အကာလိကအရာထား
ထို့ကြောင့် ဤဗုဒ္ဓဘာသာ တရားတော်မြတ်ကို အကာလိကဟူ၍သာလျှင် ဆိုထိုက်၏၊ သို့ပင် အကာလိက စင်စစ်ဖြစ်သော်လည်း အကြင်ပုဂ္ဂိုလ်တို့သည် အကာလိကအကျိုးငှာကျင့်ကြံကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် မဟာဂေါဝိန္ဒ သုတ်၌ ဆိုအပ်ပြီးသောနည်းအားဖြင့် အလုံးစုံသော ဤသာသနသဒ္ဓမ္မကို ထိုးထွင်း၍ သိမြင်ပေါက်ရောက်ကြကုန်သည်ရှိသော် အကာလိကအကျိုး အလုံးစုံကို ရရှိကြလေကုန်၏၊ အလုံးစုံ မထိုးထွင်း မပေါက်ရောက်နိုင်သော ပုဂ္ဂိုလ်တို့သည်ကား တစ်စိတ် တစ်ဒေသဖြစ်သော အကာလိကအကျိုးကို ရ၍ ဤဘဝ၌ သုဂတိဘုံသို့ ရောက်စေတတ်သော ကံ၏အစွမ်းအားဖြင့် အခြားမဲ့ဘဝ၌ သုဂတိဘုံသို့ လားကြရလေကုန်၏၊ သာသနာတော် သဒ္ဓမ္မသည် အောက်ထစ်ဆုံးအားဖြင့် သုဂတိဘုံ ဘဝသို့ လားစေနိုင်၏၊ မျက်မှောက်ဒိဋ္ဌ အကာလိက အကျိုးကိုရရှိစေနိုင်သော တရားအမှန် အစစ်ပင်ဖြစ်သော်လည်း ကျင့်ဆောင်အားထုတ်သော ပုဂ္ဂိုလ်တို့၏ ပါရမီ အနု,အရင့်, ဉာဏ်အနုံ့, အထက်သို့လိုက်၍ အကျိုးကိုဖြစ်စေနိုင်၏၊ ဆောင်းဥတုသည် အမှန်အေးမြ၏ဟုဆိုသော်လည်း အသဲအသန် အဖျား တက်၍ နေသောသူကို အမှန်အေးမြစေလိမ့်မည် မဟုတ်သကဲ့သို့တည်း။

ဗုဒ္ဓဘာသာတရား-ပြဒါးသံဓာတ်ပမာသွား
စောဒနာ ရန်ရှိပြန်သည်မှာ ဤဗုဒ္ဓဘာသာတရားတော်၌လည်း အကြင်ပုဂ္ဂိုလ် တို့သည် ကောင်းစွာမကျင့်ကြံကုန်၊ ထိုပုဂ္ဂိုလ်တို့၏ အစွမ်းအားဖြင့် အပါယ်သို့ သွားခြင်းတို့လည်း ထင်ရှားရှိကြကုန်သည် မဟုတ်ကုန်လော ဟု စောဒနာရန်ရှိ၏၊ ထိုစကားမှန်၏၊ ထိုသို့အပါယ်သို့လားကြကုန်ရာ၌ ကောင်းစွာ မကျင့်ကြံကြကုန်သော သူတို့၏ အပြစ်ဒေါသသာလျှင် ဖြစ်၏၊ ဗုဒ္ဓဘာသာ တရားတော်၏ အပြစ်မဟုတ်ချေ၊ သို့ဖြစ်၍ ကောင်းစွာ မကျင့်ကြံကြကုန်သော သူတို့၏ အပါယ်သို့ လားမှုအတွက်ကြောင့် ဗုဒ္ဓဘာသာတရားတော်ကို အပြစ်ဆိုရန် အကြောင်းမဟုတ်ချေ။

ဥပမာ-ပြဒါးဓာတ်, သံဓာတ်တို့သည် ကောင်းစွာ စီရင်နိုင်သော သူတို့အား ဓနသိဒ္ဓိ, အာယုသိဒ္ဓိစသော ကိစ္စများကိုပြီးစီးစေနိုင်၏၊ ကောင်းစွာမစီရင်တတ်ပဲ သုံးစွဲသောသူတို့အား အပြစ်ကို ဖြစ်စေတတ်၏၊ ထိုသို့အပြစ်ကို ဖြစ်စေမှု၌ ပြဒါးဓာတ်, သံဓာတ်တို့ကို အပြစ်ဆိုထိုက်သည် မဟုတ်၊ ကောင်းစွာ မစီရင်နိုင်သော ပုဂ္ဂိုလ်တို့၏အပြစ်သာလျှင် ဖြစ်လေ သကဲ့သို့တည်း။

[နာနက္ခဏိက ကမ္မပစ္စည်းအရာ၌ မဂ်လေးပါး၌ရှိသောစေတနာသည် အခြားမဲ့ ဖြစ်သောဖိုလ်လေးပါးအား အနန္တရ သမန္တရစသောသတ္တိဖြင့် ကျေးဇူးပြု၍ အကျိုးဖြစ်စေခြင်းသည်လည်း တရားတော်၏ အခါမလင့်အကျိုးပေးသော အကာလိကဂုဏ်တော် အစွမ်းပင်ဖြစ်၏ ဟူ၍ ဆိုကြကုန်၏၊]

၃-အကာလိက ဂုဏ်တော်ဖွင့်ပြီး၏၊


၄။ ဧဟိပဿိကဂုဏ်တော် ပြခန်းဖော်

အာချာတ်ပုဒ်ရင်း၊ တဒ္ဓိတ်သွင်း၊ မှတ်လျှင်း-ဧဟိပဿိက။ ဣတော ဧဟိ ဣမံ ပဿ ဣတိဝိဓာနံ နိယောဇနံ အရဟတီတိ ဧဟိပဿိကော။

ဣတော=ဤအရပ်မှ၊ ဧဟိ=သည်ကိုလာလှည့်၊ ဣမံ=ဤတရားကို၊ ပဿ= ရှုကြည့်စုံစမ်းလှည့်၊ ဣတိဝိဓာနံ=ဤသို့သောအစီအရင်ကို၊ နိယောဇနံ=တိုက်တွန်းခြင်းကို၊ အရဟတိ=ထိုက်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ဧဟိပဿိကော=ဧဟိ ပဿိကမည်၏။

သည်ကိုလာပါ၊ စုံစမ်းပါဟု၊ စီရင်စုတွင်း၊ တိုက်တွန်းခြင်းဂုဏ်၊ ထိုက်ခြင်းဆုံ၊ မှတ်တုံ ဧဟိပဿိက။

ဗုဒ္ဓဘာသာတရား-ဧဟိပဿိကဟု မဆိုထိုက်လား

ဗုဒ္ဓဘာသာတရား-ဧဟိပဿိကဟု မဆိုထိုက်လား
တရားတော်မြတ်သည် ကောင်းခြင်းသုံးရပ်နှင့် ပြည့်စုံသည်၏ အဖြစ် ကြောင့် ဤအရပ်မှ သည်သို့လာလှည့်၊ ဤတရားကို ရှုလှည့်ဟူ၍ စီရင်ထိုက်, တိုက်တွန်းနှိုးဆော်ထိုက်သောကြောင့် ဗုဒ္ဓဘာသာတရား တော်သည် ဧဟိပဿိက မည်၏၊ လက်သို့ရောက်ပြီးဖြစ်သော စကြာမင်း၏ စည်းစိမ်ချမ်းသာကြီးကိုပင်သော်လည်း စွန့်ခွါပယ်ပစ်၍ ရဟန်းအဖြစ်သို့ ကပ်ရောက်ခြင်းအားဖြင့် လျင်မြန်စွာလာပါလှည့်, လျင်မြန်စွာလာပြီးလျှင် ဤတရားတော်ကို နာပါလှည့်, ဤတရားကိုနာပြီးလျှင် အနက်သဘော အဓိပ္ပါယ်ကို နက်နက်နဲနဲ စုံစမ်းဆင်ခြင်သော ဉာဏ်မျက်စိဖြင့် ကြည့်ရှု ဆင်ခြင်ပါဟူ၍ သွင်းဆောင်ခြင်း, ဆောက်တည်စေခြင်းငှါ သင့်လျော်သော တရားတော်မြတ် ဖြစ်သည်ဟူ၍ ဆိုလိုသည်။

ဉာဏ်ဂုဏ်သွင်းလျက်-မေးဖြေချက်
တရားတော်သည် အဘယ်သို့လျှင် လာလှည့်, ရှုလှည့်ဟူသော အစီရင်ကို ထိုက်ပါသနည်း၊ ဤသို့စီရင်တိုက်တွန်းသောသူတို့သည် စီရင်တိုက်တွန်းချက်အတိုင်း လာရောက်ကြည့်ရှုကြကုန်သောသူတို့၏ ဝမ်းမြောက်ဝမ်းသာ ပူဇော်သက္ကာပြုခြင်း, ပြော၍မပြီးနိုင်အောင် ကျေးဇူးကြီးကျယ်စွာ တင်ခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် ဤဗုဒ္ဓဘာသာတရားတော် မြတ်သည် လာလှည့်, ရှုလှည့်ဟူသော စီရင်ခြင်း, နှိုးဆော်ခြင်းကို ထိုက် သည်ဟူ၍မှတ်ရာ၏၊ လာရောက်ကြည့်ရှုသော သူတို့သည် အဘယ်သို့ ကျေးဇူးတင်ခြင်း, ပူဇော်ခြင်း, ချီးမွမ်းအံ့ဩခြင်းကို ပြုကြပါသနည်း ဆိုလျှင် အရှင်သည်အကျွန်ုပ်အား ကောင်းသောအမှုကိစ္စကြီးဖြင့် ချီးမြောက် ထောက်ပင့်ခြင်းကို ပြုပေ၏၊ အရှင်သည် ဤထွတ်မြတ်လှစွာသော တရားတော်အတွင်း, သာသနာတော်အတွင်းသို့ ခေါ်ဆောင်သွတ် သွင်းပေ၏၊ ထိုသို့ခေါ်ဆောင် သွတ်သွင်းခြင်းကား ကောင်းသော ခေါ်ဆောင်သွတ်သွင်းခြင်းပေတည်း။

တကယ်အမှန်၊ ငါမမံကို၊ ဓမ္မံမည်လျင်း၊ တရားတွင်းသို့၊ သွတ်သွင်းခေါ်မှု၊ မပြုခဲ့မူ၊ ငါတစ်လူ၊ ပါယ်သူ ဖြစ်ထိုက်စွ။

တိုက်တွန်းနှိုးဆော်-စီမံခေါ်ပါယ်သော်လွတ်ထိုက်စွ
အကယ်၍ အကျွန်ုပ်ကို ဤတရားတော်တွင်း,သာသနာတော်တွင်းသို့ ခေါ်ဆောင်သွတ်သွင်းခြင်းကို မပြုပါမူကား အကျွန်ုပ်သည် ဤတရား တော်မှအပြင်ပ၌ မျက်ကွယ်ဖြစ်၍ နေရတော့အံ့၊ မိစ္ဆာဒိဋ္ဌိ အဖြစ်နှင့်သာ ဆုံးရှုံးရတော့အံ့၊ ဤတရားတော်မှ အပဖြစ်၍နေရပါလျှင် အပါယ်လေး ပါးတည်းဟူသော ဆင်းရဲတွင်းသို့ သက်ဆင်းရတော့အံ့၊ အရှင်သည် အကျွန်ုပ်ကို ဤတရားတော်တွင်းသို့ ခေါ်ဆောင်သွတ်သွင်းလျက် အကျွန်ုပ်ကို အပါယ်ဆင်းရဲမှ ကယ်တင်ပေ၏၊ ဝဋ်ဒုက္ခမှ ထုတ်ဆောင် ပေ၏ဟူ၍ ပူဇော်ချီးမွမ်းခြင်းကို ရရှိကြကုန်၏၊ စင်စစ်မှာ ထိုသို့မြင့် မြတ်သော ပူဇော်ခြင်း, ချီးမွမ်းခြင်းကို ရသည်မူလည်းဖြစ်စေ၊ မရသည်မူ လည်းဖြစ်စေ၊ တရားတော် မြတ်သည် စင်စစ်သံသရာမှ ထွက်မြောက် စေတတ်သော နိယျာနိကတရားမျိုး ပါဠိအရသာ, အနက်အရသာနှင့် ပြည့်စုံသောတရားမျိုး ဖြစ်လေသောကြောင့် သူတစ်ပါးတို့၏အကျိုးကို လိုလားတောင့်တလေ့ရှိသော ပညာရှိပုဂ္ဂိုလ်တို့မှန်လျှင် တစ်ပါးသော သူတို့ကို ဤတရားတော်အတွင်းသို့ မချွတ်မယွင်း သွတ်သွင်းသင့်, သွတ်သွင်းထိုက်သည်သာလျှင် ဖြစ်၏၊ ထိုတရားကို ဆောက်တည် ကျင့်သုံးစေခြင်းငှါ နှိုးဆော်သင့်, နှိုးဆော်ထိုက်, တိုက်တွန်းသင့်, တိုက်တွန်း ထိုက်သည်သာလျှင် ဖြစ်၏။

မိတ်ဆွေဗန္ဓု၊ ချစ်သူ့ကျွမ်းဝင်၊ သွေးလျှင် တော်စပ်၊ သုံးရပ်ပုဂ္ဂိုလ်၊ လိုက်နာလို၊ ဟောဆို သောတာပတ်။

သာဓကကိုးကာ-တစ်ခန်းမှာ
မဟာဝဂ္ဂသံယုတ် ပါဠိတော် ရာဇိကာရာမဝဂ်၌လည်း ချစ်သားရဟန်းတို့ အကြင်မိတ်ဆွေ ခင်ပွန်း တို့ကိုလည်းကောင်း, အကြင်ချစ်ကျွမ်းဝင်သော သူတို့ကို လည်းကောင်း, အကြင်သွေးချင်းတော်စပ်သော ဉာတိပေါက်ဖော်တို့ကိုလည်း ကောင်း, သနားငဲ့ညှာကြကုန်သည် ဖြစ်အံ့၊ ထိုမိတ်ဆွေစသောသူတို့ကလည်း လိုက်နာသင့်, လိုက်နာထိုက်ပေသည်ဟူ၍ ထင်မြင်ယုံကြည်ကြကုန် သည်ဖြစ်အံ့၊ ချစ်သားရဟန်းတို့ ထိုသူတို့ကို သောတာပတ္တိယင်္ဂတရား လေးပါးတို့၌ ကောင်းစွာ ဆောက်တည်စေအပ်ကုန်၏၊ ကောင်းစွာ သွတ်သွင်းအပ်ကုန်၏၊ ကောင်းစွာ ထောက်တည်ရာကို ရစေအပ်ကုန်၏ ဟူ၍ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤတရားဒေသနာတော်ဖြင့် မြတ်စွာဘုရားကိုယ်တော်တိုင်ပင်လျှင် တရားတော်အတွင်းသို့ သွတ်သွင်း သင့်, သွတ်သွင်းထိုက်, ခေါ်ဆောင်သင့်, ခေါ်ဆောင် ထိုက်သောသူများကို ထိုတရားတော်အတွင်းသို့ သိမ်းသွင်းခေါ်ဆောင်ရန် နှိုးဆော်တိုက်တွန်း တော်မူသည်။

သောတာပတ္တိယင်္ဂတရားလေးပါးဆိုသည်ကား--[ဘုရား၌ အကြွင်းမဲ့သက်ဝင်ယုံကြည်ခြင်း၊ တရားတော်၌အကြွင်းမဲ့ သက်ဝင် ယုံကြည်ခြင်း၊ သံဃာတော်၌ အကြွင်းမဲ့သက်ဝင်ယုံကြည်ခြင်း၊ သီလ, သိက္ခာတို့ကို ဖြည့်ကျင့်လေ့ရှိခြင်း၊ ဤလေးပါးတို့ပေတည်း။ သောတာပန်ဖြစ်ရန် အကြောင်း အင်္ဂါ ဖြစ်သောကြောင့် သောတာပတ္တိယင်္ဂတရားခေါ်သည်။]

ကိုယ်တိုင်သိမ်းသွင်း-ခေါ်ဆောင်ခြင်း
မြတ်စွာဘုရား ကိုယ်တော်တိုင် ဧဟိဘိက္ခုခေါ်တော်မူ၍ ရဟန်း အဖြစ်သို့ သိမ်းသွင်းသော အစီအရင်တို့၌လည်း

ဧဟိ ဘိက္ခူတိ ဘဂဝါ အဝေါစ၊ သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။

[ပုဂ္ဂိုလ်တစ်ဦးတည်းကို ဧဟိဘိက္ခုခေါ်ယူသိမ်းသွင်းရာ၌ မြတ်စွာဘုရား အသုံးပြုတော်မူသော ဧကဝုစ်စကားတော်။]

ဘိက္ခု=ရဟန်း၊ ဧဟိ=လာလော၊ ဓမ္မော=တရားတော်ကို၊ စွာက္ခာတော=ငါဘုရားကောင်းစွာ ဟောကြားတော်မူအပ်ပြီ၊ သမ္မာ= ကောင်းစွာ မဖောက်မပြန်၊ ဒုက္ခဿ=ဆင်းရဲဒုက္ခ၏၊ အန္တကိရိယာယ= အဆုံးကိုပြုခြင်းငှါ၊ ဗြဟ္မစရိယံ=မြတ်သော အကျင့်ကို၊ စရ=ကျင့်လှည့် ပါလော၊ ဣတိ=ဤသို့၊ ဘဂဝါ=မြတ်စွာဘုရားသည်၊ အဝေါစ=မိန့်တော်မူပြီ။

ဧထ ဘိက္ခဝေါတိ ဘဂဝါ အဝေါစ၊ သွာက္ခာတော ဓမ္မော၊ စရထ ဗြဟ္မစရိယံ သမ္မာဒုက္ခဿ အန္တကိရိယာယ။

[ပုဂ္ဂိုလ်အများကို ဧဟိခေါ်ယူ သိမ်းသွင်းရာ၌ မြတ်စွာဘုရား အသုံးပြုတော်မူသော ဗဟုဝုစ်စကားတော်။]

ဘိက္ခဝေါ=ရဟန်းတို့၊ ဧထ=လာကြကုန်လော၊ ဓမ္မော=တရားတော် ကို၊ စွာက္ခာတော=ငါဘုရားကောင်းစွာ ဟောကြားတော်မူအပ်ပြီ၊ သမ္မာ= ကောင်းစွာ မဖောက်မပြန်၊ ဒုက္ခဿ=ဆင်းရဲဒုက္ခ၏၊ အန္တကိရိယာယ= အဆုံးကိုပြုခြင်းငှါ၊ ဗြဟ္မစရိယံ=မြတ်သောအကျင့်ကို၊ စရထ=ကျင့်လှည့်ကြ ကုန်လော၊ ဣတိ=ဤသို့၊ ဘဂဝါ=မြတ်စွာဘုရားသည်၊ အဝေါစ=မိန့်တော် မူပြီ။

ဤသို့လျှင် ဧဟိဘိက္ခု ခေါ်တော်မူ၍ကိုယ်တော်တိုင် တရားတော် အတွင်း, သာသနာတော်အတွင်းသို့ သိမ်းသွင်းခေါ်ဆောင်တော်မူသော ဥပသမ္ပန္န ရဟန်း တော်တို့သည်လည်း မြတ်စွာဘုရားလက်ထက်တော်အခါ အသိန်းမက များပြားစွာ ရှိတော်မူကြကုန်၏။

ထို့ပြင်လည်း-

ဧထ ဘိက္ခဝေ သီလဝါ ဟောထ၊

ပါတိမောက္ခ သံဝရသံဝုတာ ဝိဟရထ။

ဟူ၍ ထိုထိုပါဠိတော်တို့၌ ဟောကြားတော်မူ၏၊

ဘိက္ခဝေ=ရဟန်းတို့၊ ဧထ=လာကြကုန်လော၊ သီလဝါ=သီလနှင့် ပြည့်စုံသည်၊ ဟောထ=ဖြစ်ကြကုန်လော၊ ပါတိမောက္ခ သံဝရသံဝုတာ= ပါတိမောက္ခ သံဝရသီလဟုဆိုအပ်သော ဝိနည်းသိက္ခာပုဒ်တို့ကို လုံခြုံစွာ စောင့်သုံးကြကုန်သည်ဖြစ်၍၊ ဝိဟရထ=နေကြကုန်လော။

[ဤပါဠိတော်ဖြင့် မြတ်စွာဘုရားကိုယ်တော်တိုင် ရဟန်းတို့ကိုဟောကြား ပညတ်တော်မူအပ်သော တရားတော်အတွင်းသို့ သိမ်းသွင်းခေါ်ဆောင်တော် မူကြောင်းကို ပြဆို၏၊]

ဧဟိသာဓက၊ ပြီးဆုံးသတ်၊၊၊၊၊

အိမ်ယာထောင်သူ-ခေါ်ဆောင်ယူ
ရဟန်းတို့ကိုသာ ဤသို့ ခေါ်ဆောင်သိမ်းသွင်းတော်မူသည် မဟုတ်၊ အိမ်ယာထောင်သော လူများကိုလည်း

ဧထ တုမှေ ကာဠာမာ=အိုကာဠာမအမျိုးဖြစ်သော ဒါယကာတို့ သင်တို့သည် လာကြကုန်လော၊

ဧထ တုမှေ သာဠာ=အိုသာဠမည်သော ဒါယကာတို့ သင်တို့သည် လာကြကုန်လော၊

ဧထ တုမှေ ဘဒ္ဒိယာ=အိုဘဒ္ဒိယမည်သော ဒါယကာတို့ သင်တို့ သည် လာကြကုန်လော၊

ဤသို့စသည်ဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ခေါ်ဆောင်ခြင်း အစီရင် တို့သည် ဖြစ်ကုန်၏။

[ဤကား-- ဧဟိဟူသော အစီအရင်ကို ပြဆိုသော ပါဠိတော်သာဓကများပေတည်း။]

ပဿ, စီရင်သင့်၊ ဆက်ပြန်ခွင့်၊

သံယုတ်သာဓက-သက်သေပြ
နိဒါနဝဂ္ဂ သံယုတ် ဒုတိယဝဂ်၌-

ဇာတိပစ္စယာ ဘိက္ခဝေ ဇရာမရဏံ၊ ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ ဌိတာဝ သာ ဓာတု၊ တံ တထာဂတော အဘိသမ္ဗုဇ္ဈတိ၊ အဘိသမ္ဗုဇ္ဈိတွာ ဒေသေတိ ပဿထာတိစာဟ။

ဘိက္ခဝေ=ရဟန်းတို့၊ ဇာတိပစ္စယာ=ဇာတိဟူသော အကြောင်း ကြောင့်၊ ဇရာမရဏံ=ဇရာမရဏသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ သာ ဓာတု=ထိုဇာတိကြောင့် ဇရာမရဏဖြစ်မှုဟူသော ဓာတ်သဘောသည်၊ တထာဂတာနံ=မြတ်စွာဘုရားတို့၏၊ ဥပ္ပါဒါဝါ=ပွင့်တော်မူသော်လည်း ကောင်း၊ အနုပ္ပါဒါဝါ=ပွင့်တော်မမူသော်လည်းကောင်း၊ ဌိတာဝ=တည် လျက်ရှိနေသည်သာလျှင်တည်း၊ တံ=ထိုဇာတိကြောင့် ဇရာမရဏ ဖြစ်ခြင်းတည်းဟူသော ဓာတ်သဘောကို၊ တထာဂတော=မြတ်စွာ ဘုရားသည်၊ အဘိသမ္ဗုဇ္ဈတိ=ထိုးထွင်း၍ သိတော်မူ၏၊ အဘိသမ္ဗုဇ္ဈိတွာ= ထိုးထွင်း သိမြင်ပြီး၍၊ ဒေသေတိ=သတ္တဝါတို့အား ဟောကြားတော်မူ၏၊ တုမေ=သင်တို့သည်၊ ပဿထ=ရှုကြကုန်လော၊ ဣတိစ=ဤသို့လျှင်၊ အာဟ=မြတ်စွာဘုရား ဟောကြားတော်မူ၏။

အဝိဇ္ဇာပစ္စယာ ဘိက္ခဝေ သင်္ခါရာ၊ ပဿထာတိစာဟ၊ ဘိက္ခဝေ=ရဟန်းတို့၊ အဝိဇ္ဇာပစ္စယာ=အဝိဇ္ဇာဟူသော အကြောင်း ကြောင့်၊ သင်္ခါရာ=သင်္ခါရတရားတို့သည်၊ ဥပ္ပဇ္ဇန္တိ=ဖြစ်ပေါ်ကုန်၏၊ တုမှေ=သင်တို့သည်၊ ပဿထ=ရှုကြကုန်လော့၊ ဣတိစ=ဤသို့လျှင်၊ အာဟ=မြတ်စွာဘုရား ဟောကြားတော်မူ၏။

[ဤပါဠိတော်တို့ဖြင့် မြတ်စွာဘုရားကိုယ်တော်တိုင်ပင်လျှင် တရားတော် ကိုရှုကြ ကုန်လောဟု နှိုးဆော်တိုက်တွန်းတော်မူကြောင်းကို သိအပ်၏၊]

[ဤကား-ပဿ, ဟူသော အစီရင်ကိုပြဆိုသော ပါဠိတော်သာဓကများပေတည်း။]

ဧဟိ-ပဿ ထူးပုံပြ

ဒဿနတ္ထ-တစ်နည်းပ။ ။ဧဟိ ပဿ, လာလှည့် ရှုလှည့်ဟူသော တိုက်တွန်းချက် နှစ်မျိုးတို့တွင် ဧဟိ, ဟူသောပုဒ်ဖြင့် တရား တော်အတွင်း, သာသနာတော်အတွင်းသို့ သိမ်းသွင်းခေါ်ဆောင်ခြင်း အစီရင် ကိုပြ၏၊ ပဿ,ဟူသော တိုက်တွန်းချက်ဖြင့် ထိုတရားကို ကျင့်ဆောင်အားထုတ် ခြင်း, ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်ခြင်း အစီရင်ကိုပြ၏၊ လာလှည့်, ရှုလှည့်ဟူသော ထိုတိုက်တွန်းချက်နှစ်မျိုးတို့ဖြင့် နှိုးဆော်ခြင်းငှါထိုက် သောကြောင့် တရားတော်သည် ဧဟိပဿိက, မည်သည်၊ ဤလောက၌ လာပါလှည့်, ကြွပါလှည့်-ဟူ၍ ဖိတ်လျှင် ကြွလာသောသူအား ပြုစုကျွေး မွေးခြင်း, လှူဒါန်းပူဇော်ခြင်းဖြင့် တစ်စုံတစ်ရာ ဝမ်းမြောက်နှစ်သက်ဖွယ်ရာ ကျေးဇူးပြုနိုင်မှသာလျှင် လာပါ, ကြွပါ-ဟူ၍ ပင့်ဖိတ် ခြင်းငှါ သင့်လျော်လေ သကဲ့သို့၊ ထို့အတူ တရားအတွင်းသို့ သိမ်းသွင်းခြင်းအနေဖြင့် ဧဟိလာလှည့်,ဟူ၍ ခေါ်ဆောင်ပင့်ဖိတ်လျှင် ထိုတရားအတွင်းသို့ ဝင်ကပ် ရောက်လာသောသူတို့အား အကျိုးများစွာ ဖြစ်ထွန်းစေနိုင်မှသာလျှင် ခေါ်ဆောင် သိမ်းသွင်းသင့်လေသဖြင့် ဧဟိ, ဟူသောအစီရင်ကို ထိုက်သည်မည်၏၊ မြတ်စွာဘုရားဟောကြားတော်မူအပ်သော ကလျာဏ သုံးပါးနှင့်ပြည့်စုံသော တရားတော်သည်ကား မိမိအတွင်းသို့ သိမ်းသွင်း ခေါ်ဆောင်၍ ရောက်လာသောသူတို့အား အောက်ထစ်ဆုံးအားဖြင့် သုဂတိဘုံဘဝသို့ လားစေနိုင်၏၊ အလွန်ဆုံးအကျိုး အားဖြင့် အမြတ်ထက်, အမြတ်ဆုံးဖြစ်သော နိဗ္ဗာန်ချမ်းသာသို့ ရောက်စေနိုင်၏၊ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်သည် ဧဟိ,ဟူသော အစီရင်ဖြင့် နှိုးဆော်ခြင်းကို ထိုက်လေသည်။

ဧဟိ-အကျိုးပြီးပြီ၊ ပဿ-အကျိုးဆက်လက်ချီ

ဤလောက၌ တစ်စုံတစ်ခုသော ပွဲသဘင်ကိုဖြစ်စေ, တစ်စုံ တစ်ခုသော ရတနာကိုဖြစ်စေ, တစ်စုံတစ်ခု အထူးအဆန်း ပန်းမာလ် ဥယျာဉ်ကိုဖြစ်စေ, ရှုကြည့်လှည့်ပါ-ဟုနှိုးဆော်တိုက်တွန်းလျှင် ရှုကြည့် သောသူ၏ စိတ်နှလုံးကို ကြည်ရွှင်စေခြင်း, အံ့ဖွယ်သရဲကိုဖြစ်စေခြင်း, ရှုမြင်ရသည်အတွက် ကျေးဇူး တင်စွာနှင့် တစ်သက်လျာကာလပတ်လုံး မှတ်သားလောက်အောင် စိတ်စွဲ၍ သွားခြင်းစသော အကျိုးကိုဖြစ်စေ နိုင်မှသာလျှင် ရှုလှည့်ပါ-ဟူသော စီရင်နှိုး ဆော်ခြင်းကို ထိုက်လေသကဲ့သို့ ထိ့ုအတူ တရားကိုရှုလှည့်ပါဟု နှိုးဆော်တိုက်တွန်း လျှင် ဆန်းကြယ်သော အနက်အရသာ, ပါဠိအရသာကိုရရှိစေခြင်း, စိတ်သန္တာန်၌ ဓမ္မပီတိကို ရရှိ၍ ငြိမ်သက်ချမ်းသာခြင်း, စိတ်၌ရှိသောအညစ်အကြေးတို့ကို ပယ်ရှား နိုင်ခြင်း, ဉာဏ်ပညာ၏တိုးတက်ပွင့်လင်းခြင်း, နက်နဲသောတရား သဘော တို့၏ အဖြစ်အပျက်ကို သိမြင်ထိုးထွင်းနိုင်ခြင်း, မိမိမူလအခြေအနေမှ ထူးသော အခြေအနေသို့ ရောက်ရှိခြင်းစသော သာမညဖလအကျိုးတို့ကို ရရှိဖြစ်ထွန်း စေနိုင်မှသာလျှင် ရှုလှည့်ပါဟူသော နှိုးဆော်တိုက်တွန်းခြင်းကို ထိုက်သည်မည်၏၊ ဗုဒ္ဓဘာသာ တရားတော်မြတ်သည် ကျင့်ဆောင်သော သူ, ဝိပဿနာဉာဏ်, ပစ္စဝေက္ခဏာဉာဏ်တို့ဖြင့် ဆင်ခြင်ရှုစားသော သူတို့အား ဆိုပြီးသောအကျိုးတို့ကို ရရှိစေနိုင်၏၊ ထို့ကြောင့် ရှုလှည့်ပါဟူသော စီရင်နှိုးဆော်ခြင်းကို ထိုက်လေသည်။

အခြားဘာသာတရား-အပါယ်တွင်း မနက်လား။ ။ ဤသို့ လာလှည့်ပါ, ရှုလှည့်ပါ-ဟူသော စီရင် နှိုးဆော်ခြင်းကို ထိုက်သောကြောင့် ဧဟိပဿိက,ဟူ၍ခေါ်ထိုက်လေ၏၊ အခြားသောတရားများသည်ကား ထိုကဲ့သို့ လာလှည့်ပါ, ရှုလှည့်ပါ-ဟူသော အစီရင်ကို ထိုက်သည် မဟုတ်ချေ၊ ထိုသာသနာတော်မှ အပဖြစ်သောတရားများသည်ကား လာလှည့်ပါ-ဆို၍ သိမ်းသွင်းခေါ်ဆောင်လျက် ထိုတရားအတွင်းသို့ ဝင်ရောက်လျှင် ထို ဗာဟီရတရားစု၏ သွာက္ခာတဂုဏ်တော်နှင့်ပြည့်စုံသည် မဟုတ်သောကြောင့် အသိမ်းအသွင်းခံရသောသူ, ဝင်ရောက်သော သူတို့အား အကျိုးမများစေသည့်ပြင် အပါယ်လားခြင်းတည်းဟူသော အပြစ်ကို ရရှိကြစေကုန်၏၊ ထို့ကြောင့် လာလှည့်ပါ-ဟူသော စီရင်နှိုး ဆော်ခြင်းကိုထိုက်သည် မဟုတ်ချေ၊ ရှုလှည့်ပါ-ဆို၍ ကျင့်ကြံ ရှုစား သောအခါ အနက်အရသာ, ပါဠိအရသာ ဓမ္မပီတိစသော သာမညဖလ အကျိုးများကို မရသည့်ပြင် မိစ္ဆာဒိဋ္ဌိအမှားဖက်သို့ နက်နက်ကြီး စူးစိုက် သက်ဝင်၍သွားခြင်း, အပါယ်သို့ နက်နက်ကြီး ကျရောက်ရန်မျိုးစေ့တို့ကို အောင် အောင်မြင်မြင် ထူထောင်နိုင်ခြင်းစသော အကျိုးယုတ်တို့ကို ရရှိလေ၏၊ ထို့ကြောင့် ထိုမိစ္ဆာတရားများသည် ရှုလှည့်ပါ-ဟူသော အစီရင်ကိုထိုက်သည် မဟုတ်ချေ။

ဗုဒ္ဓဘာသာတရား, သာသနာပတရား, အကျိုးသွား ယှဉ်တွဲပုံ

ဗုဒ္ဓဘာသာတရားတော်မြတ်သည် လာလှည့်, ရှုလှည့်-ဟူသော နှိုးဆော်ခြင်းကို ထိုက်သောကြောင့် ထိုအစီအရင်အတိုင်း နှိုးဆော် တိုက်တွန်း သိမ်းသွင်း ခေါ်ဆောင်ပြသသွန်သင်သော ပုဂ္ဂိုလ်တို့အားလည်း ကုသိုလ်ပုည ပွားစီးခြင်း တည်းဟူသောအကျိုးကို ပွားစေနိုင်ကုန်သည်၊ သာသနာတော်မှ အပဖြစ်သော တရားတို့သည်ကား ထိုကဲ့သို့ လာလှည့်ပါ, ရှုလှည့်ပါ-ဟူသော စီရင်နှိုးဆော်ခြင်းကို မထိုက်သောကြောင့် ထိုတရား အတွင်းသို့ ခေါ်ဆောင်သိမ်းသွင်းပြသ သွန်သင်သော ပုဂ္ဂိုလ်တို့အား မကောင်းမှုပွားခြင်း, အပါယ်လားခြင်းစသော အကျိုးယုတ်တို့ကို ဖြစ်ပွား စေနိုင်ကုန်၏။

ထိ့ုကြောင့် ဧကင်္ဂုတ္တရပါဠိတော် ဧကဓမ္မပါဠိ တတိယဝဂ်၌ဒုရက္ခာ တေ ဘိက္ခဝေ ဓမ္မဝိနယေ၊ ယော စ သမာဒပေတိ၊ ယဉ္စ သမာဒပေတိ၊ ယော စ သမာဒပိတော တထတ္ထာယ ပဋိပဇ္ဇတိ၊ သဗ္ဗေ တေ ဗဟုံ အပုညံ ပသဝန္တိ၊ တံ ကိဿ ဟေတု၊ ဒုရက္ခာတတ္တာ ဘိက္ခဝေ ဓမ္မဿ။

သွာက္ခာတေ ဘိက္ခဝေ ဓမ္မဝိနယေ၊ ယော စ သမာဒပေတိ။ ယဉ္စ သမာဒပေတိ၊ ယော စ သမာဒပိတော တထတ္ထာယ ပဋိပဇ္ဇတိ၊ သဗ္ဗေ တေ ဗဟုံ ပုညံ ပသဝန္တိ၊ တံ ကိဿ ဟေတု၊ သွာက္ခာတတ္တာ ဘိက္ခဝေ ဓမ္မဿ။
ဟူ၍ ဟောတော်မူ၏။

ဘိက္ခဝေ=ရဟန်းတို့၊ ဒုရက္ခာတေ=မကောင်းသဖြင့် ဟောကြားအပ် သော၊ ဓမ္မဝိနယေ=သုတ်, အဘိဓမ္မာ, ဝိနည်းတော်ဟုဆိုအပ်သော သာသနာတော်မြတ်၌၊ ယောစ=အကြင်သူသည်လည်း၊ သမာဒပေတိ= နှိုးဆော်တိုက်တွန်း၏၊ ယဉ္စ=အကြင်သူကိုလည်း၊ သမာဒပေတိ=နှိုးဆော် တိုက်တွန်း၏၊ သမာဒပိတော=သိမ်းသွင်း နှိုးဆော်အပ်သော၊ ယောစ=အကြင်သူသည်လည်း၊ တထတ္ထာယ=နှိုးဆော်တိုက်တွန်း အပ်သောအတိုင်း၊ ပဋိပဇ္ဇတိ=ကျင့်ကြံအားထုတ်၏၊ သဗ္ဗေ=အလုံးစုံကုန် သော၊ တေ=ထိုနှိုးဆော်တိုက်တွန်းသောသူ, နှိုးဆော်တိုက်တွန်းအပ်သော သူတို့သည်၊ ဗဟုံ=များစွာ၊ အပုညံ=မကောင်းမှုကို၊ ပသဝန္တိ=ပွါးအောင် ဆည်းပူးကြကုန်၏၊ တံ=ထိုသို့ဖြစ်ရခြင်းသည်၊ ကိဿဟေတု=အဘယ် အကြောင်းကြောင့်နည်းဟူမူကား၊ ဘိက္ခဝေ=ရဟန်းတို့၊ ဓမ္မဿ=မိစ္ဆာ တရားများ၏၊ ဒုရက္ခာတတ္တာ=မကောင်းသဖြင့် ဟောကြားအပ်သော တရားများဖြစ်လေသောကြောင့်တည်း။

ဘိက္ခဝေ=ရဟန်းတို့၊ သွာက္ခာတေ=ကောင်းစွာဟောကြာအပ်သော၊ ဓမ္မဝိနယေ=သုတ်, အဘိဓမ္မာ, ဝိနည်းတော်ဟုဆိုအပ်သော သာသနာ တော်မြတ်၌၊ ယောစ=အကြင်သူသည်လည်း၊ သမာဒပေတိ=နှိုးဆော်တိုက် တွန်း၏၊ ယဉ္စ=အကြင် သူကိုလည်း၊ သမာဒပေတိ=နှိုးဆော်တိုက်တွန်း၏၊ သမာဒပိတော=သိမ်းသွင်းနှိုးဆော်အပ်သော၊ ယောစ=အကြင်သူ သည်လည်း၊ တထတ္ထာယ=နှိုးဆော်တိုက်တွန်းအပ်သောအတိုင်း၊ ပဋိပဇ္ဇတိ=ကျင့်ကြံအားထုတ်၏၊ သဗ္ဗေ=အလုံးစုံသော၊ တေ=ထိုနှိုး ဆော်တိုက်တွန်းသောသူ, နှိုးဆော်တိုက်တွန်းအပ်သောသူတို့သည်၊ ဧဝံ ကတေ=ဤသို့ သိမ်းသွင်းနှိုးဆော်ခြင်း, ကျင့်ဆောင်ခြင်းကို ပြုအပ်သည် ရှိသော်၊ ဗဟုံ=များစွာ၊ ပုညံ=ကုသိုလ်ကောင်းမှုကို၊ ပသဝန္တိ=ပွါးများ ကြကုန်၏၊ တံ=ထိုသို့ ဖြစ်ခြင်းသည်၊ ကိဿဟေတု=အဘယ်အကြောင်း ကြောင့်နည်းဟူမူကား၊ ဓမ္မဿ=သုတ်, အဘိဓမ္မာ, ဝိနည်းဟုဆိုအပ် သောတရားတော်မြတ်၏၊ သွာက္ခာတတ္တာ=ကောင်းစွာဟောကြား အပ် သော သွာက္ခာတဂုဏ်နှင့် ပြည့်စုံသည်၏အဖြစ်ကြောင့်တည်း။

လာလှည်, ရူလှည့်၊ အစီရင်ဂုဏ်၊ သာဓကဝတ္ထု ဆောင်လိုက်ပုံ

လာလှည့် ရူလှည့်-ဟူသောအစီရင်ကိုထိုက်ရာ၌ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဃဋိကာရသုတ်၌လာရှိသော ဃဋိကာရအိုးထိန်းသည်နှင့် ဇောတိပါလပုဏ္ဏား အကြောင်းကို ထုတ်ဆောင်၍ ပြသင့်၏။

လွန်လေပြီးသော ကဿပမြတ်စွာဘုရား လက်ထက်တော်အခါတွင် ကောသလတိုင်း၌ ဝေဠိင်္ဂမည်သော ရွာကြီးကို အမှီပြု၍ ကဿပ မြတ်စွာဘုရား သီတင်းသုံးတော်မူ၏၊ ထိုရွာတွင် ဃဋိကာရ အိုးထိန်း သည်သည် မြတ်စွာဘုရား၏ မြတ်သောအလုပ်အကျွေး ဒကာရင်းကြီး ဖြစ်၏၊ မြတ်စွာဘုရားနှင့် လွန်စွာအကျွမ်းဝင်၏၊ ထို ဃဋိကာရအား အလွန်ချစ်ခင်လှစွာသော ဇောတိပါလမည်သော ပုဏ္ဏားလုလင်ပျို တစ်ဦးလည်း ရှိ၏၊ ထိုဇောတိပါလသည် ဗြာဟ္မဏဇာတိမာန် တက်သဖြင့် မြတ်စွာဘုရား၏အထံသို့ ဆည်းကပ်လေ့မရှိ၊ တစ်နေ့သောအခါ ဃဋိကာရသည် အို-ချစ်ဆွေ ဇောတိပါလ ကဿပမြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွားကြချည်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်၍ တရား အလုံးစုံကို အကုန်သိမြင်တော်မူသော ဘုန်းတော်ခြောက်ပါး နှင့်ပြည့်စုံ တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရခြင်းသည် ကောင်းမြတ်၏ဟူ၍ သွေးဆောင်ခေါ်ငင်လေ၏၊ ထိုအခါ ဇောတိပါလပုဏ္ဏားသည် ဤကဲ့သို့ သော ဦးပြည်းရဟန်းကို ဖူးမြင်ရသဖြင့် အဘယ် အကျိုးရှိအံ့နည်းဟူ၍ ပြောဆိုငြင်းပယ်လေ၏၊ နှစ်ကြိမ်သုံးကြိမ်ခေါ်ငင်သော်လည်း ဤအတိုင်း သာလျှင် ငြင်းပယ်လေ၏။

သုံးကြိမ်တိုင်ခေါ်မရ-ပရိယာယ်တစ်မျိုးပြ။။ထိုသို့ သုံးကြိမ်တိုင်အောင် ခေါ်ဆောင်၍ မရသည်ရှိသော် ဃဋိကာရသည် တစ်မျိုးပရိယာယ်နှင့်လှည့်၍ မြစ်ဆိပ်သို့ ရေချိုးရန်, ဦးခေါင်း ဆေး လျှော်ရန် သွားကြကုန်စို့-ဟူ၍ခေါ်လေလျှင် ဇောတိပါလပုဏ္ဏားသည် ကောင်းပြီဆို၍ မြစ်ဆိပ်သို့ လိုက်လေ၏၊ ရေချိုးဆိပ်သို့ရောက်လျှင် အိုဇောတိပါလ, ကဿပမြတ်စွာဘုရား၏ ကျောင်းတော်အာရာမ်သည် ဝေးသည်မဟုတ် အနီးမှာ တည်ရှိ၏ ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန် သွားကြကုန်စို့-ဟူ၍ ခေါ်ပြန်၏၊ ယခင်ကဲ့သိုပင် သုံးကြိမ်တိုင်တိုင် ငြင်းပယ်လေ၏။

ထိုနောက် ဃဋိကာရသည် ဇောတိပါလ၏ ခါးတောင်းကြိုက်ကို အတင်း ဆွဲကိုင်ပြီးလျှင် အို-ဇောတိပါလ ကဿပမြတ်စွာဘုရား၏ ကျောင်းတော်အာရာမ်သည် အနီးမှာရှိ၏၊ ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန် သွားကြကုန်စို့- ဟူ၍ ခေါ်ပြန်လေ၏၊ ဇောတိပါလပုဏ္ဏားသည် ဆွဲကိုင်ထားသော ခါးတောင်းကြိုက်ကို အတင်းဖြေပြီးလျှင် ဦးပြည်းရဟန်း ကို ဖူးမြင်ရသဖြင့် အဘယ်အကျိုးရှိအံ့နည်း ဟူ၍ငြင်းပယ် ပြန်လေ၏။

ပရိယာယ်နှင့်ခေါ်မရ-အတင်းဆွဲကိုင်ရ။။ရေချိုးခေါင်း လျှော် ပြီးစီးသောအခါ ဃဋိကာရသည် လျှော် ပြီးသော ဇောတိပါလ ၏ဆံပင်တို့ကို အတင်းဆွဲကိုင်ပြီးလျှင် ရောင်ကိုဆွဲ၍ အို-ဇောတိပါလ, ကဿပမြတ်စွာဘုရား၏ ကျောင်းတော်အာရာမ်သည် အနီး ကလေးမှာ ရှိ၏၊ ထိုကဿပမြတ်စွာဘုရားကို ဖူးမြင်ရန် လာသွားကြကုန်စို့-ဟူ၍ ဆိုလေ၏။

ဇောတိပါလ စိတ်၏အကြံ-အံ့ဩဖို့ရန်။။ထိုအခါ ဇောတိပါလသည် ဤသို့စိတ်အကြံ ဖြစ်လေ၏၊ ဩော် အံ့ဖွယ်ရှိစွတကား၊ ငါ့အောက် အမျိုးယုတ်ညံ့သော ဤဃဋိကာရသည် ဦးခေါင်း ဆေးလျှော်ပြီးသော ငါ၏ဆံပင်တို့ကို ဆွဲကိုင်ဝံ့ဘိ၏တကား၊ ငါ့ကို အလွန်တရာ လိုက်ပါစေချင်သောကြောင့်သာ ဤသို့ပြုလုပ်ခြင်း ဖြစ်ပေ လိမ့်မည်၊ ကဿပ မြတ်စွာဘုရားကို ဖူးမြင်ရခြင်း အလုပ်သည် မယုတ်မာ တန်ရာ အကျိုးရှိတန်ရာ၏၊ အကျိုးရှိသောကြောင့်သာလျှင် ငါ၏ချစ် မိတ်ဆွေသည် ဤမျှလောက် နိုင်ထက်ကလူပြုမူ၍ ခေါ်ဆောင်ခြင်း ဖြစ်ပေလိမ့်မည်ဟု ကြံစည်ပြီးလျှင် အို ချစ်ဆွေ- ဃဋိကာရ, ကျွန်ုပ်လိုက် ပါတော့အံ့၊ ဆံပင်ကိုလွှတ်ပါဟု ဆိုလေ၏။

နှစ်ယောက်အတူတကွ-ဘုရားဖူးသွားကြ။။ထိုအခါ ဃဋိကာရသည် ဇောတိပါလ၏ ဆံပင်တို့ကို ဆွဲကိုင်ရာမှ လွှတ်၍ ဇောတိပါလနှင့်တကွ မြတ်စွာဘုရားအထံတော်သို့ သွားလေ၏၊ မြတ်စွာ ဘုရား အထံတော်သို့ ရောက်သောအခါ တင့်သင့်လျှောက်ပတ်သော အရပ်၌ နေထိုင်ပြီးလျှင် ဇောတိပါလသည် မြတ်စွာဘုရားနှင့်တကွ ဝမ်းမြောက်ဝမ်းသာ ပြောဆိုလေ၏၊ ဃဋိကာရသည် အရှင်ဘုရား ဤဇောတိပါလသည် တပည့်တော်၏ မိတ်ဆွေချစ် ဖြစ်ပါသည်၊ အရှင်မြတ်သည် တရားဟောတော်မူပါဟူ၍ မြတ်စွာဘုရားအား လျှောက်ထားလေ၏၊ ထိုအခါ မြတ်စွာဘုရားသည် သင့်လျော်သော တရားတော်ဖြင့် နှစ်သိမ့်တော်မူစေ၏၊ တရားတော်ကို ကြားနာပြီးသော အခါ ဃဋိကာရနှင့် ဇောတိပါလတို့သည် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ ပြန်သွားကြကုန်၏။

ဧဟိပဿိကအကျိုးဂုဏ်-ဇောတိပါလကခိုလှုံ။။တရားကို ကြားနာရသော ဇောတိပါလသည် လွန်စွာနှစ်သက်ခြင်းရှိသဖြင့် ငါ၏ လာခြင်းကား ကောင်းသော လာခြင်းဖြစ်၏၊ ဤမျှလောက် ကောင်း မြတ်သော တရားတော်ကိုကြားနာရခြင်းတည်းဟူသော လာဘ်ကြီးမှ ကြာရှည်စွာလွှဲ၍ နေရခြင်းကား ငါ၏မှားသော တာဝန်ပေတည်း၊ ကောင်းရာသို့ရောက်အောင် သွေးဆောင်ခေါ်ငင်ပေသော မိတ်ကောင်း၏ ကျေးဇူးသည် အလွန်ကြီးကျယ်ပေ၏ဟု စိတ်အကြံဖြစ်ပြီးလျှင် ရဟန်းပြု လိုသော စိတ်ဖြစ်ပေါ်လာလေ၏၊ ဤမျှလောက်ကြာမြင့်စွာ မြတ်စွာ ဘုရားကို ဆည်းကပ်၍ တရားတော်ကို ကြားနာရပါလျက် မိတ်ဆွေ ဃဋိကာရသည် အဘယ်ကြောင့် ရဟန်းမပြုပဲ ပေ၍နေနိုင်ပါသနည်းဟူ၍ သူ့မိတ်ဆွေကိုပင် အပြစ်တင်လိုသောစိတ် ရှိလေ၏။

မျက်မမြင်-မိဘအတွက်-ရဟန်းပြုဖို့ခက်။ ။ ထိုအခါဇောတိပါလသည် အို-မိတ်ဆွေ ဃဋိကာရ, ဤကဲ့သို့ ထူးမြတ် သောတရားတော်ကို ကြားနာရပါလျက် အဘယ့်ကြောင့် ရဟန်း မပြုပဲ နေပါသနည်းဟူ၍ မေးမြန်းသောအခါ ဃဋိကာရက-အကျွန်ုပ်မှာ စက္ခုအလင်းမရသော မိ, ဖ အိုကြီး နှစ်ယောက်တို့ကို လုပ်ကိုင်ကျွေးမွေး နေရပါ သဖြင့် ရဟန်း မပြုနိုင်ပဲရှိပါသည်-ဟူ၍ပြောကြားလေ၏၊ ထိုအခါ ဇောတိပါလက ကျွန်ုပ်မူကား ရဟန်းပြုပါအံ့၊ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြကုန်စို့-ဟူ၍ ခေါ်ပြီးလျှင် မိတ်ဆွေနှစ်ဦးတို့သည် ကဿပ မြတ်စွာဘုရားအထံသို့ သွားကြလေကုန်၏၊ မြတ်စွာဘုရားအထံသို့ ရောက်သောအခါ ဇောတိပါလသည် မြတ်စွာဘုရား၏အထံမှာ ခွင့်တောင်း၍ ရဟန်းအဖြစ်ကိုရလေ၏။

[ဤဝတ္တု၌ ဇောတိပါလကား ဂေါတမမြတ်စွာဘုရား၏ အလောင်းတော်ပေတည်း]

တရားတော်မြတ် ဧဟိပဿိကဂုဏ်

ဤဝတ္တု၌ ထင်ရှားပုံ

ဤဝတ္တု၌ တရားတော်မြတ်သည် ဧဟိပဿိကဂုဏ်တော်အထူးနှင့် ပြည့်စုံကြောင်းကို ကောင်းစွာသိရှိသောကြောင့် ဃဋိကာရသည် ဇောတိပါလပုဏ္ဏားကို အတင်းဆွဲဆောင် ခေါ်ငင်လေသည်၊ ထိုသို့ ခေါ်ဆောင်၍ တရားတော်ကို ကြားနာရသောအခါ ကောင်းသောလာခြင်း ဖြစ်ပေ၏ဟု ဝမ်းမြောက် ဝမ်းသာစွာနှင့် အကျိုးထူးကိုရရှိလေ၏၊ ငါ့ကို အတင်းခေါ်ဆောင်ဘိသည်ဟု စိတ်မချမ်းမသာ မဖြစ်သည့်ပြင် အလွန်နှစ်သက်ရွှင်လန်းစွာနှင့် ကျေးဇူးတင်လေ၏၊ ဥပမာ-ရွှေစင်အခွက် တစ်ဆယ်ပေးရန် အတင်းရောင်ကိုဆွဲ၍ခေါ်ပြီးလျှင် ထိုရွှေတို့ကို ပေးသည်ဖြစ်၍ ရောင်ဆွဲသည့်အတွက် အမျက်မထွက်ပဲ အလွန်အကျူး ကျေးဇူးတင်ဘိသကဲ့သို့ ဧဟိပဿိကဂုဏ်နှင့်ပြည့်စုံသော တရားတော်သို့ အဆွဲ အဆောင်ခံရခြင်းသည် များစွာအကျိုးရှိလေ၏၊ ဧဟိပဿိကဂုဏ်နှင့် ပြည့်စုံသောတရားတော်ဖြစ်၍သာလျှင် ဤသို့ဆွဲဆောင် သိမ်းသွင်း ထိုက်ပေသည်၊ ထိုသို့ မပြည့်စုံပါက ဆွဲဆောင်သိမ်းသွင်းခြင်းငှါ ထိုက်မည် မဟုတ်ပေ။

ဧဟိပဿိကဂုဏ်ကင်း-မိစ္ဆာဒိဋ္ဌိတရားဖျင်း ။ဤနေရာ၌ ဆိုဖွယ် ရှိသည်ကား သာသနာတော်မှ အပဖြစ်သော တိတ္တိတို့သည် ဧဟိ ပဿိကဂုဏ်နှင့် မပြည့်စုံသော မိမိတို့၏ တရားအတွင်းသို့ သွင်းဆောင် ကြကုန်၏၊ မိမိတို့ သာသနာသို့ဝင်ရန် နှိုးဆော်တိုက်တွန်းကြကုန်၏၊ ထိုသို့ သိမ်းသွင်းနှိုးဆော်သောအတိုင်းလည်း ထိုမိစ္ဆာသာသနာသို့ ဝင်ရောက်ကြ ကုန်ပြီးလျှင် မိစ္ဆာတရားနည်းလမ်းအတိုင်း လိုက်နာ ပြုကျင့်ကြကုန်၏၊ သို့ရာတွင် ထိုမိစ္ဆာဒိဋ္ဌိသာသနာတို့၌ ချီးမွမ်းအံ့ဩနှစ်သက် မြတ်နိုး လောက်ဖွယ်ဖြစ်သည့် ဓမ္မသမ္ပတ္တိဂုဏ် မရှိခြင်းကြောင့် တရား၏ဂုဏ် ကျေးဇူးကို ညွန်ပြ၍နှိုးဆော်တိုက်တွန်း သိမ်းသွင်းကြကုန်သည် မဟုတ်ကုန်၊ စင်စစ်မူ ကားလောကမျက်မှောက်၌ အသက်မွေးဝမ်းကျောင်း လွယ်ကူရန်ဖြစ်သော လောကီ လာဘ်လာဘ, ပစ္စည်းပစ္စယ, ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို ခုံမင်တာကွယ် လောက်အောင် ဘန်းပြ၍ မိမိတို့၏ သာသနာတွင်းသို့ ဆွဲဆောင်သိမ်းသွင်းကြကုန်၏။

[အယဉ္စ လောကော ယေဘုယျေန အာမိသဂရုကောဝ ဟောတိ။
အယဉ္စ လောကော=ဤလောကကြီးသည်၊[ဤလူများအပေါင်းသည်] ယေဘုယျေန= များသောအားဖြင့်၊ အာမိသဂရုကောဝ=စီးပွားချမ်းသာ တဏှာပွားကြောင်း စည်းစိမ်သုခအပေါင်းကို အလေးပြုသည်သာလျှင်၊ ဟောတိ=ဖြစ်၏၊ ဤလောက ကြီးသည် များသောအားဖြင့် ပစ္စည်းပရိက္ခရာ လာဘ်သပ္ပကာ ငါးဖြာအာရုံ ကာမဂုဏ်တည်းဟူသော အာမိသကိုသာ အလေးပြု လေ့ရှိသည်သာလျှင် ဖြစ်၏၊]

၄-ဧဟိပဿိကဂုဏ်တော်ဖွင့်ပြီး၏


၅။ ဩပနယိကဂုဏ်တော် ပြခန်းဖော်

ကိတ်ဘော, သာဓန-ဝိဂ္ဂဟ-

“ဥပေစ္စ-နယနံ ဥပနယော”

ဥပေစ္စ=ကပ်၍၊ နယနံ=ဆောင်ခြင်းတည်း၊ ဥပနယော=ကပ်၍ ဆောင်ခြင်း။

မိမိသို့လည်းကောင်း, သူတစ်ပါးသို့လည်းကောင်း ကပ်၍တရားကိုဆောင် ခြင်း ညွှန်ကြားပြသခြင်းပေတည်း။

မိမိကိုယ်သို့ တရားနှင့်ကပ်ခြင်း, သူတစ်ပါးကို တရားနှင့် ကပ်စေခြင်းဟု ဆိုလိုသည်။

ကိတ်ပုဒ်မှာပင်-တဒ္ဓိတ်ပစ္စည်းဝင် “အတ္တူပနယံဝါ ပရူပနယံဝါ ကာတုံ အရဟတီတိ ဩပနယိကော”

ယော ဓမ္မော=အကြင်တရားသည်၊ အတ္တူပနယံ ဝါ=မိမိဆီသို့ ကပ် ဆောင်ခြင်းကိုလည်းကောင်း၊ ပရူပနယံ ဝါ=သူတစ်ပါးဆီသို့ ကပ်ဆောင် ခြင်းကိုလည်းကောင်း၊ ကာတုံ=ပြုခြင်းငှာ၊ အရဟတိ=ထိုက်၏၊ ဣတိ တသ္မာ=ထိ့ုကြောင့်၊ သောဓမ္မော=ထိုတရားသည်၊ ဩပနယိကော= ဩပနယိကမည်၏။

ဤတရားသည် ငါ၏သန္တာန်၌ ထင်ရှားတည်ရှိ၏၊ ငါသည်လည်း ဤ တရား၌တည်ရှိ၏၊ ဤသို့လျှင် မိမိဆီသို့ တရားကို ကပ်၍ ဆောင်ခြင်းငှာ, တရားဆီသို့ မိမိကိုကပ်၍ဆောင်ခြင်းငှါလည်း ထိုက်၏၊ ဤတရားသည် ဤသူ၌ ထင်ရှားတည်ရှိ၏၊ ဤသူသည်လည်း ဤတရား၌ တည်ရှိ၏၊ ဤသို့လျှင် သူတစ်ပါးဆီသို့ တရားကို, တရားဆီသို့ သူတစ်ပါးကို ကပ်၍ဆောင်ခြင်းငှါလည်း ထိုက်၏၊ ထို့ကြောင့် တရားတော်သည် ဩပနယိကမည်၏ဟူ၍ ဆိုလိုသည်။

အဘယ့်ကြောင့် ကပ်၍ဆောင်ခြင်းကို ပြုခြင်းငှါထိုက်သနည်း၊ မကြည်ညိုသေး, သဒ္ဓါတရားမရှိသေးသော သူတို့၏သဒ္ဓါတရားကို ဖြစ်ပွါးစေတတ်သောကြောင့်လည်းကောင်း, သဒ္ဓါတရားဖြစ်ပွါး ကြည်ညို ပြီးသော သူတို့အားလည်း တရားတော် နည်းလမ်းရှိသောအတိုင်း ကျင့်ကြံအားထုတ်ခြင်းအမှု ယှဉ်စေတတ် သောကြောင့်လည်းကောင်း, တရားတော်သည် ကပ်၍ဆောင်ခြင်းကို ပြုခြင်းငှါ ထိုက်၏။

ထင်စွာပြဆိုဦးအံ့၊ အကြင်သူတို့သည် ဤဗုဒ္ဓဘာသာတရား တော်မြတ်၌ မကြည်ညိုကြကုန်၊ အကြင်သူတို့သည်လည်း ကြည်ညိုကာ မတ္တသာလျှင် ဖြစ်ကြ ကုန်၏၊ တရားတော်နည်းလမ်းရှိသောအတိုင်း မကျင့်ဆောင် မလိုက်ပါကြကုန်၊ ထိုသူတို့သည် ပုဂ္ဂိုလ်နှင့်တရားကိုကပ်၍ ဟောပြသဖြင့် ကြားနာရသောအခါ မကြည်ညိုသောသူတို့သည်လည်း ဤတရားတော်၌ သဒ္ဓါတရား ဖြစ်ပွါးကြည်ညို ကြကုန်၏၊ ကြည်ညိုရုံမျှ သာဖြစ်၍ ကောင်းစွာမကျင့်ကြံ မလိုက်နာကြကုန်သော သူတို့သည်လည်း မိမိသန္တာန်၌ တရားကပ်စေခြင်းငှါ ကျင့်ကြံအားထုတ်ကြကုန်၏၊ မိမိဆီသို့ တရားကိုဆောင်ကြကုန်၏။

ထိုစကားမှန်၏၊ မဇ္ဈိမပဏ္ဏာသပါဠိတော် ဒုတိယဝဂ်၌ “ တံ ကိံ မညသိ အနုရုဒ္ဓါ “ စသည်ဖြင့် ဟောတော်မူသည်။

ဤပါဠိတော်၏မြန်မာပြန်ချက်

အို- အနုရုဒ္ဓါ ငါဘုရား မိန့်ဆိုလတ္တံ့သောစကားကို သင် အဘယ်သို့ မှတ်ထင်ပါသနည်း၊ မြတ်စွာဘုရားသည် အဘယ်အကျိုးကိုမြင်၍ တပည့်သား သာဝကတို့ စုတိကွယ်လွန်သောအခါ ဤမည်သော တပည့် သားသည် ဤမည်သောဘုံ၌ ဖြစ်လေ၏၊ ဤမည်သော တပည့်သားသည် ဤမည်သောဘဝ၌ ဖြစ်လေ၏ဟူ၍ ဥပပတ်ဘုံဘဝတို့၌ဖြစ်ခြင်းကို ဟောကြားမိန့်ဆိုတော်မူပါသနည်းဟူ၍ မြတ်စွာဘုရား မေးတော်မူ၏၊ အရှင်ဘုရား, တရားတော်တို့သည် မြတ်စွာဘုရားသာလျှင် အကြောင်းရင်း ရှိပါကုန်၏၊ မြတ်စွာဘုရားသည် ဖြေကြားတော်မူစေချင်ပါ၏၊ ရဟန်း အပေါင်းတို့သည် မှတ်သားဆောင်ရွက်ကြပါကုန်လတ္တံ့ဟူ၍ ရှင်အနုရုဒ္ဓါက လျှောက်ထားလေ၏။

အို- အနုရုဒ္ဓါ ကြည်ညိုယုံကြည်စွာ သဒ္ဓါတရားရှိကြကုန်သော, မွန်မြတ်သော နှစ်သက်ခြင်းရှိကုန်သော မွန်မြတ်သောဝမ်းမြောက်ခြင်း ရှိကုန်သော အကြင်အမျိုးကောင်းသားတို့သည် ရှိကြကုန်၏၊ ထိုအမျိုး ကောင်းသားတို့သည် ကွယ်လွန်သော တပည့်သာဝကတို့၏ ဥပပတ်ဘုံ၌ ဖြစ်ကြောင်းကို ပြောကြားတော်မူသော ထိုမြတ်စွာဘုရား၏စကားကို ကြားကြကုန်သည်ရှိသော် ထိုဥပပတ်ဘုံဘဝသို့ ရောက်ကြောင်းဖြစ်သော တရားဆီသို့ စိတ်ကိုရှေ့ရှုဆောင်ကြကုန်၏၊ ကျင့်ကြံ အားထုတ်ကြကုန်၏၊ ထိုအမျိုးကောင်းသားတို့၏ ထိုသို့စိတ်ကို တရားဆီသို့ ဆောင်ခြင်းသည် ရှည်မြင့်စွာသောကာလပတ်လုးံ အကျိုဖြစ်ခြင်းငှါ, အစီးအပွါး ဖြစ်ခြင်းငှါ, ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟူ၍ မြတ်စွာဘုရား မိန့်ကြားတော်မူ၏။

[ဤသို့ ပုဂ္ဂိုလ်သို့ကပ်ဆောင်၍ ပုဂ္ဂိုလ်နှင့်ယှဉ်တွဲ၍ပြအပ်သော တရား တော်သည် သဒ္ဓါမဲ့သောသူတို့အားလည်း သဒ္ဓါတရားတိုးပွါးစေ၏၊ သဒ္ဓါတရား ရှိပါလျက် ထိုတရားကို ကောင်းစွာမကျင့်ဆောင်သော ပုဂ္ဂိုလ်တို့အားလည်း ကောင်းစွာကျင့်ဆောင်ခြင်းကိစ္စ၌ ယှဉ်စေ၏၊ ကျင့်ကြံအားထုတ်စေ၏၊]

ကပ်၍ဆောင်ခြင်းသုံးမျိုး

သတ္တဝါတို့၏ရှေးဦးစွာ-မိမိနှင့်ကပ်ဆောင်ရှာ။။ မြတ်စွာဘုရားသည် အလုံးစုံသောသတ္တဝါတို့၏ ရှေးဦးစွာ ဤတရားကို ကိုယ်တော် မြတ်သို့ကပ်၍ဆောင်ပြီးမှသာလျှင် သတ္တဝါတို့အား ဟောကြားညွန်ပြတော်မူ၏၊ အဘယ်သို့လျှင် အလုံးစုံတို့၏ ရှေးဦးစွာ ကိုယ်တော် မြတ်ဆီသို့ တရားကိုကပ်၍ဆောင်ပြီး၍ ဟောကြားပြသတော် မူပါသနည်း၊ မြတ်စွာဘုရားသည် တောထွက်တော်မူသောအခါမှစ၍ ဓမ္မစကြာတရားကို ဟောကြားတော်မူသည်တိုင်အောင် အကြင်ဘုရားဖြစ် တော်မူခြင်း၏ အကြောင်းနှင့် ဘုရားဖြစ်တော်မူခြင်းကိုလည်းကောင်း, ဘုရားဂုဏ်ကျေးဇူးနှင့်စပ်သော များစွာကုန်သော အကျင့်တရားတို့ကို လည်းကောင်း, များစွာသောသုတ္တန်တို့၌ များစွာသော သူတို့၏အလယ်၌ ဟောကြားတော်မူ၏၊ ထိုမှတစ်ပါး ဘုရားဂုဏ်တော်ဖွင့်တွင် ပြဆိုခဲ့ပြီး သောအတိုင်း

“ဣဓ တထာဂတော လောကေ ဥပ္ပဇ္ဇတိ အရဟံ သမ္မာ သမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ။

သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သသမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ”
ဟူ၍ဘုရားဂုဏ်ကျေးဇူးတော်တို့ကိုပြ၍ သာသနာပြည့်စုံခြင်း၏ အကြောင်း များကိုလည်း ဟောကြားတော်မူ၏၊ တစ်ရံတစ်ခါလည်း များစွာသောပရိသတ် အလယ်၌ ကိုယ်တော်မြတ်၏ အတုမရှိမြင့်မြတ် သော အကျင့်သီလတို့ကိုလည်းကောင်း, စျာန်, သမာဓိ, သမာပတ္တိတရား တို့ကိုလည်းကောင်း, အဘိညာဏ် တရားတို့ကိုလည်းကောင်း, ဟောကြား တော်မူ၏၊ တန်ခိုးပြာဋိဟာပြခြင်းတို့ကိုလည်း ပြုတော်မူ၏၊ ထိုဆိုပြီး အလုံးစုံကို ဟောပြပြုလုပ်ဆောင်ရွက်တော် မူခြင်းများသည် မြတ်စွာဘုရား အား အတ္တူပနယ အတ္တူပနယ တရားတော်ကို ကိုယ်တော်နှင့် ကပ်ဆောင်၍ ပြတော်မူခြင်း, ပြုတော်မူခြင်းမည်၏။

မိမိနှင့်ကပ်ဆောင်ပုံတွင်မက သူတစ်ပါးကိုလည်း ကပ်ဆောင်ပြ

တစ်ရံတစ်ခါ ပရိသတ်လေးပါးတို့၏အလယ်၌ ရှင်သာရိပုတ္တရာ, ရှင် မောဂ္ဂလာန်, အရှင်မဟာကဿပ အစရှိကုန်သော တပည့်သာဝကကြီး တို့၏ အကျင့်သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့ကို ဟောပြော ချီးမွမ်းတော်မူ၏၊ ထို့ပြင်လည်း ဟတ္ထာဠာဝကသူကြွယ်, စိတ္တသူကြွယ်, ဥဂ္ဂသူကြွယ် အစရှိကုန်သော လူဥပါသကာတို့၏ အကျင့်သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်များကိုလည်း ဖော်ပြချီးမွမ်းတော်မူ၏၊ ထိုအလုံး စုံသော အချက်များသည် မြတ်စွာဘုရား၏ တရားတော် ပရူပနယ သူတစ်ပါးသို့ကပ်ဆောင်၍ ပြတော်မူခြင်း, ပြုတော်မူခြင်း မည်၏။

နှစ်ဦးထံရပ်- ကပ်ဆောင်ပြ

နိဒါနဝဂ္ဂ-ကဿပသံယုတ်၌---ချစ်သားရဟန်းတို့- ငါဘုရား သည် အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကိုဝင်စား၍ နေနိုင်၏၊ ချစ်သားရဟန်းတို့- ကဿပသည်လည်း အကြင်မျှလောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍နေနိုင်၏၊ ဤသို့ စသည်ဖြင့် ကိုယ်တော်မြတ်နှင့်တကွ ရှင်မဟာကဿပမထေရ်၏ ကိုးဆင့်သော အနုပုဗ္ဗဝိဟာရ သမာပတ်တို့၌ ဝင်စား၍ နေနိုင်ကြောင်းကို ဗျာဒိတ်မြွက်ကြားတော်မူသော စကားတော်သည် လည်း ရှိ၏၊ ထို့အတူ ရှင်မဟာကဿပမှတစ်ပါးကုန်သော မထေရ်တို့၏ ထိုထို ဂုဏ်ကျေးဇူး တရားတို့၌ အသီးအသီး ထင်ရှားရှိခြင်းကို ဗျာဒိတ်မြွက်ကြားတော် မူသော စကားတော်သည်လည်း ရှိ၏၊ ထိုအလုံးစုံသော စကားတော်များသည် မြတ်စွာဘုရား ကိုယ်တော်မြတ်နှင့် အခြားသောပုဂ္ဂိုလ်တို့ဆီသို့ တရားကို ကပ်ဆောင်၍ ပြတော်မူခြင်း, ဥဘယူပနယဥဘယူပနယကို ပြတော်မူခြင်း မည်၏။

မဟာထေရ်အချင်းချင်း-တရားကပ်ဆောင်ပုံပြခြင်း

ထို့ပြင်တစ်ပါး---မဟာထေရ် အရှင်မြတ်ကြီးများသည်လည်း သင့်လျော် လျောက်ပတ်သောအခါ၌ အချင်းချင်းသော်လည်းကောင်း, မြတ်စွာဘုရား၏ ထံတော်ပါး၌သော်လည်းကောင်း, ဥတ္တရိမနုဿဓမ္မ စျာန်, မဂ်, ဖိုလ်တရားတို့ကို ဖွင့်ဆိုပြောကြားကြကုန်၏၊ ဤသို့ပြောကြား ခြင်းသည် မဟာထေရ်မြတ်ကြီးတို့၏ မိမိတို့ဆီသို့ တရားကိုကပ်၍ ဆောင်ခြင်း, မိမိတို့ကိုယ်၌ တရားတော်ထင်ရှား ရှိခြင်းကို ပြခြင်းမည်၏၊ ထေရဂါထာ၌လာရှိသော ဂါထာတို့သည် မဟာထေရ်တို့၏ မိမိတို့ကိုယ်သို့ တရားကိုကပ်ဆောင်၍ ဖော်ပြချက်တို့သာဖြစ်ကုန်၏။

ထိုစကားမှန်၏၊ ထေရဂါထာအစ၌-

ပါဠိကဗျာ- ပထျာဝတ္တဆန်းဂါထာ

သီဟာနံဝ နဒန္တာနံ၊ ဒါဌီနံ ဂိရိ ဂဗ္ဘရေ။

သုဏာထ ဘာဝိတတ္တာနံ၊ ဂါထာ အတ္တူပနာယိကာ။
ဟူ၍ဆိုသည်။

ဂိရိဂဗ္ဘရေ=တောင်ဝှမ်း၌၊ နဒန္တာနံ=ရဲရင့်စွာကျုးရင့် ကြိမ်းဟိန်းကြ ကုန်သော၊ ဒါဌီနံ=အစွယ်ထက်သဖြင့် မာန်တက်ကြကုန်သော၊ သီဟာနံဝ= ကေသရာဇာတ် ခြင်္သေ့မြတ်ကြီးတို့ကဲ့သို့၊ ဘာဝိတတ္တာနံ=ပွါးအပ်ပြီးသော ကိုယ်စိတ်ရှိကြကုန်သော၊ မဟာထေရာနံ=မဟာထေရ်ကြီးတို့၏၊ အတ္တူပနာ ယိကာ=မိမိတို့ကိုယ်သို့ ကပ်ဆောင်၍ ပြကြောင်းဖြစ်ကုန်သော၊ ဂါထာ= ပါဠိကဗျာ ဆန်းဂါထာတို့ကို၊ သုဏာထ=နာကြကုန်လော။

သာသနာတွင်းပုဂ္ဂိုလ်တွင်မက-လူများလဲ ကပ်ဆောင်ပုံပြ

ထိုမှတစ်ပါး---အိမ်ယာတည်ထောင် လူ၏ဘောင်၌ တည်နေကြ ကုန်သော ဥပါသကာယောကျ်ား, ဥပါသိကာမိန်းမတို့သည်လည်း တရား တော်များကို မိမိတို့ဆီသို့ ကပ်ဆောင်၍ ပြဖူးကြလေကုန်၏။

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် စိတ္တဝဂ်၌---တစ်ရံသောအခါ စိတ္တ သူကြွယ်သည် အရှင်, ရဟန်းပြုသော အရှင့်အား နှစ်ပေါင်းမည်မျှကြာ ပါပြီနည်းဟူ၍ အစေဠကကဿပကို မေးမြန်းလေ၏၊ ရဟန်းပြု သောငါ့အား နှစ်ပေါင်း သုံးဆယ်မျှ ရှိကုန်ပြီဟူ၍ အစေဠကကဿပက ဖြေကြားလေ၏၊ အရှင်, ဤသုံးဆယ်မျှ လောက်ကုန်သော နှစ်တို့ဖြင့် ရဟန်းပြု၍နေခဲ့ရာ အရှင့်သန္တာန်မှာ တစ်စုံ တစ်ခုသော စျာန်,အဘိညာဏ်, မဂ်,ဖိုလ်တရားများရှိပါသလော, အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင်အထူးများကို ရရှိပါပြီလော, ချမ်းသာစွာ နေထိုင်ရပါ၏လော ဟူ၍ မေးမြန်းလေ၏။

အိုသူကြွယ်- မရှိပါ, ဟူ၍ ဖြေကြားလေ၏၊ အို အချင်းတို့ အံ့ဩဖွယ်ရှိစွာ့တကား၊ အို အချင်းတို့, မဖြစ်စဖူး ဖြစ်ပေ စွာ့တကား၊ နှစ်ပေါင်းသုံးဆယ်မျှတို့ဖြင့် ရဟန်းပြု၍နေပါလျက် တစ်စုံတစ်ခုသော စျာန်,အဘိညာဏ် မဂ်,ဖိုလ်တရားကို မရပဲရှိဘိ၏၊ အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင်အထူးကိုမရပဲ ရှိဘိ၏၊ ချမ်းသာစွာ မနေပဲရှိဘိ၏ဟူ၍ စိတ္တသူကြွယ်က အံ့ဩသော စကားဖြင့် ဆိုလေ၏။

အိုသူကြွယ်, ဥပါသကာအဖြစ်သို့ ကပ်ရောက်သောသင့်အား နှစ်ပေါင်း မည်မျှ ကြာပြီနည်း ဟူ၍အစေဠကကဿပ က မေးမြန်းပြန် လေ၏။

အရှင်, နှစ်ပေါင်းသုံးဆယ်မျှ ရှိပါကုန်ပြီဟူ၍ ဆိုလေ၏၊ ဤသုံးဆယ်မျှလောက်သော နှစ်တို့ဖြင့် ဥပါသကာအဖြစ်သို့ ကပ်၍နေခဲ့ရာ သင့်အား တစ်စုံတစ်ခုသော စျာန်, အဘိညာဏ်, မဂ်, ဖိုလ်တရားသည် ရှိပါသလော, အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင်အထူးကို ရအပ်ပါသလော, ချမ်းသာစွာနေရပါ၏လော ဟူ၍ အစေဠကကဿပ က မေးလေ၏။

ဥပါသကဂုဏ်-စိတ္တသူကြွယ်တရားကပ်ဆောင်ပုံ

အိုအရှင်, ရှိပါ၏၊ အိုအရှင်, အမှန်အားဖြင့် အကျွန်ုပ်သည် အကြင်မျှ လောက်အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍ နေနိုင်ပါ၏၊ ဒုတိယစျာန်ကို တတိယစျာန်ကို စတုတ္ထစျာန်ကိုဝင်စား၍ နေနိုင်ပါ၏၊ အိုအရှင်, အကျွန်ုပ်သည် အကယ်၍ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ရှေးဦးစွာ ကွယ်လွန် စုတေခဲ့ပါမူကား မြတ်စွာဘုရား သည် ဤသို့ ဗျာဒိတ်စကား မိန့်ကြားတော်မူရာ၏၊ အကြင်သံယောဇဉ်ဖြင့် ငြိတွယ်နှောင်ဖွဲ့အပ်သည်ဖြစ်၍ စိတ္တသူကြွယ်သည် တစ်ဖန် ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လာရာ၏၊ ထိုသံယောဇဉ်မျိုး မရှိပြီဟူ၍ ဗျာဒိတ်စကားမိန့်ကြားတော်မူရာ၏ဟူ၍ ပြောကြားလေ၏။

ထိုအခါ အစေဠကကဿပသည် အံ့ဩဖွယ်စကားပြောကြား လေ၏၊ အို အချင်းတို့, တရားတော်၏ ကောင်းစွာဟောအပ်သော သွာက္ခာတဂုဏ်နှင့် ပြည့်စုံ သည်၏အဖြစ်သည် အံ့ဩဖွယ်ရှိစွာ့တကား၊ အိုအချင်းတို့, မဖြစ်ဖူးမြဲ ဖြစ်လေစွာ့ တကား၊ အဝတ်ဖြူကိုဆည်း၍ အိမ်၌နေသော လူဖြစ်ပါလျက်ပင်သော်လည်း ဤသို့သဘောရှိသော ဥတ္တရိမနုဿဓမ္မ လူတို့ကျင့်စဉ်တရားထက် လွန်ကဲမြင့်မြတ် သော စျာန်, မဂ်, ဖိုလ်တရားကို ရရှိနိုင်လေဘိ၏တကား၊ အရိယာပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဉာဏ်အမြင်အထူးကိုလည်း ရရှိနိုင်လေဘိ၏တကား၊ ချမ်းသာစွာ နေခွင့်ရရှိနိုင်လေဘိ၏တကား ဟူ၍ အံ့ဖွယ်စကား ပြောကြား လေ၏။

[ဤစကားရပ်၌ စိတ္တသူကြွယ်သည် မိမိ၌ပထမစျာန်စသော စျာန်တရား များ ထင်ရှားရှိကြောင်း, ဩရမ္ဘာဂိယသံယောဇဉ်တရားကင်း၍ အနာဂါမ်ဖြစ် ကြောင်းကို ပြောကြား ပြဆိုလေ၏၊ စျာန်တရား, မဂ်တရားတို့ကို မိမိဆီသို့ ဆောင်၍ မိမိသို့ကပ်၍ ပြလေ၏၊]

နန္ဒမာတာ, တရားထူးကပ်ဆောင်ပုံ

နန္ဒမာတာမည်သော ဥပါသိကာသည်လည်း----သာရိပုတ္တရာ မထေရ်ကို ဖွင့်ဆိုပြောကြား၍ တရားကို မိမိသို့ကပ်၍ ပြဖူးလေ၏၊ ထိုစကားမှန်၏၊ သတ္တင်္ဂုတ္တရ ပါဠိတော် သတ္တမ မဟာယညဝဂ်၌အရှင်ဘုရား, အကျွန်ုပ်သည် ဤသာသနာတော်မြတ်အတွင်း၌ အကြင်မျှ လောက် အလိုရှိ၏၊ ထိုမျှလောက် ပထမစျာန်ကို ဝင်စား၍နေနိုင်ပါ၏၊ ဒုတိယစျာန်ကို တတိယစျာန်ကို စတုတ္ထစျာန်ကို ဝင်စား၍ နေနိုင်ပါ၏၊ အရှင်ဘုရား, ကာမတည်းဟူသော အောက်ဘုံသို့ သက်ဆင်းကျရောက် စေတတ်ကုန်သော အကြင်ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးတို့သည် ရှိကုန်၏၊ ထိုသံယောဇဉ်ငါးပါးတို့တွင် တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ အကျွန်ုပ်၏ သန္တာန်၌ မပယ်အပ်သေးပဲ ကြွင်းကျန်၍နေသည်ကို ကျွန်ုပ် မတွေ့မမြင်ရပါ ဟူ၍ လျှောက်ကြားလေ၏။

[ဤစကားရပ်၌လည်း နန္ဒမာတာသည် မိမိ၌စျာန်တရား, အနာဂါမိမဂ်တရား ရှိကြောင်းကို ဖော်ပြ၏၊ စျာန်တရား, မဂ်တရားတို့ကို မိမိသို့ကပ်၍ပြ၏၊]

မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်အခါ ဤသို့သဘော ရှိသော ဥပါသကာယောကျ်ား, ဥပါသိကာမိန်းမတို့သည် အဘယ်မျှ လောက် ရှိပါကုန်သနည်း၊ မဟာဂေါဝိန္ဒသုတ်ပါဠိတော်၌ အိုအချင်းတို့ အမှတ်မထင်သော အကြင်ပုဂ္ဂိုလ်တို့သည် ဘုရား၌လည်းကောင်း, တရား၌ လည်းကောင်း, သံဃာတော်၌လည်းကောင်း သက်ဝင်ကြည်ညို ယုံကြည် ခြင်း သဒ္ဓါတရားနှင့် ပြည့်စုံကြကုန်၏၊ အရိယာတို့ နှစ်သက်မြတ်နိုး အပ်သော သီလနှင့်လည်း ပြည့်စုံကြကုန်၏၊ မာဂဓတိုင်းသား ဘုရားအလုပ် အကျွေးဖြစ်ကြကုန်သော, သောတာပန်ဖြစ်ကြကုန်ပြီးသော, တရားဖြင့် ယဉ်ကျေးပြီးဖြစ်ကြကုန်သော, ရှေးလွန်လေပြီးသော ကာလက ကွယ်လွန် စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်ပြီးသော ဤဥပပတ်ပုဂ္ဂိုလ်တို့သည် နှစ်သန်းလေးသိန်းကျော် ရှိကုန်၏၊ ဤပုဂ္ဂိုလ်တို့၌ သကဒါဂါမ် ပုဂ္ဂိုလ်တို့ လည်း ပါရှိကြကုန်၏။

သာဓကပြ ဂါထာ

အတ္ထာယံ ဣတရာ ပဇာ၊ ပုညဘာဂါတိ မေ မနော။

သင်္ခါတုံ နောပိ သက္ကောမိ၊ မုသာဝါဒဿ ဩတ္တပံ။

အယံ=ဤဆိုအပ်ပြီးသော နှစ်သန်းလေးသိန်းကျော်သော ပုဂ္ဂိုလ် အပေါင်း သည်၊ အတ္ထိ=ရှိ၏၊ ဣတရာ=ဤနှစ်သန်းလေးသိန်းကျော်သော ပုဂ္ဂိုလ်တို့မှ တစ်ပါးသော၊ ပဇာ=လူများအပေါင်းသည်၊ ပုညဘာဂါ= သောတာပတ္တိယင်္ဂတရား နှင့်ပြည့်စုံ၍ အလုံးစုံကုသိုလ်အဖို့ရှိသော ပုဂ္ဂိုလ်ချည်းသာတည်း၊ ဣတိ=ဤသို့၊ မေ=အကျွန်ုပ်၏၊ မနော=စိတ် အထင်သည်၊ ဟောတိ=ဖြစ်၏၊ သင်္ခါတုံ=ရေတွက်ခြင်းငှာ၊ နောပိ သက္ကောမိ=တတ်ကား မတတ်နိုင်ပါ၊ မုသာဝါဒဿ=ချွတ်ယွင်းစွာ ရေတွက် ပြောဆိုမိခြင်းမှ၊ ဩတ္တပံ=ထိတ်လန့်ပါ၏။

[ဤပါဠိတော်ဖြင့် မဂဓတိုင်းမှ စုတိ၍ နတ်ပြည်၌ဖြစ်ကြကုန်သော သောတာပန်, သကဒါဂါမ်တို့သည် နှစ်သန်းလေးသိန်း ရှိကုန်၏၊ ထိုမှတစ်ပါး ဖြည့်ဆည်းပူးအပ်သော ကုသိုလ်ကောင်းမှုရှိကုန်သော ကလျာဏပုထုဇ္ဇန် ပုဂ္ဂိုလ် တို့သည် ထိုမဂဓတိုင်း၌ မရေ မတွက်နိုင် အသင်္ချေယျရှိ၏ ဟူ၍ ပြဆိုသည်။]

ထိုပြင်လည်း-------နာတိကာမည်သော ရွာငယ်တစ်ခု၌ ပင်သော် လည်း အနာဂါမ်ပုဂ္ဂိုလ်ပေါင်း ငါးကျိပ်ကျော်, သကဒါဂါမ်ပုဂ္ဂိုလ်ပေါင်း ကိုးကျိပ်ကျော်, သောတာပန်ပုဂ္ဂိုလ်ပေါင်း ငါးရာကျော်ရှိကုန်၏ဟူ၍ ထိုထိုသုတ္တန်တို့၌ ဆို၏၊ ထိုမှကြွင်းကုန်သော ကာသိတိုင်း, ကောသလတိုင်း, ဝဇ္ဇီတိုင်း, မလ္လာတိုင်း, စေတိတိုင်း, ဝံသတိုင်း, ကုရုတိုင်း, ပဉ္စာလတိုင်း, မဇ္ဈတိုင်း, သူရသေနတိုင်းတို့၌လည်း ရှေးကကွယ်လွန်ပြီးကုန်၍ ဥပပတ် ပုဂ္ဂိုလ်ဖြစ်နေကြကုန်သော ဘုရားအလုပ် အကျွေးပေါင်းများစွာတို့ကို မြတ်စွာဘုရားဟောကြားတော်မူ၏ဟူ၍ ဆို၏၊ သုတ္တန်တို့၌ အရေအတွက် သင်္ချာပမာဏကို မည်၍မည်မျှရှိသည်ဟူ၍ အဆိုမရှိချေ၊ မိလိန္ဒပဥှာ၌ကား ကောသလတိုင်း၌ ငါးကုဋေသုံးသိန်းငါးသောင်းခုနစ်ထောင် (၅၀၃၅ ၇၀၀၀) ရှိ၏ ဟူ၍ဆို၏၊ ဤသို့လျှင် ဤတရားတော်မြတ်သည် မိမိကိုယ်သို့ ကပ်ဆောင်ခြင်းကို ပြုခြင်းငှါထိုက်သောကြောင့်လည်းကောင်း, သူတစ်ပါး သို့ ကပ်၍ ဆောင်ခြင်းကို ပြုခြင်းငှါထိုက်သောကြောင့်လည်းကောင်း, ဩပနယိက မည်လေ သည်။

[ဩပနေယိကဟူ၍လည်း ရေးသားရွတ်ဖတ်ကြကုန်၏၊]

ဩပနယိကဂုဏ်-အဓိပ္ပါယ်အကျဉ်းချုပ်ပြပုံ

ထိုဩပနယိက ဂုဏ်တော်၏ ဆိုလိုရင်းအဓိပ္ပါယ် အကျဉ်းချုပ်မှာ မိမိနှင့် တရားကိုကပ်၍ တရားနှင့်မိမိကိုကပ် ပြခြင်းငှာ ထိုက်သောကြောင့် လည်းကောင်း, သူတစ်ပါးနှင့်တရားကို, တရားနှင့်သူတစ်ပါးကို ကပ်၍ပြ ခြင်းငှာထိုက်သောကြောင့်လည်းကောင်း, ဩပနယိကမည်သည်၊ [ပုဂ္ဂိုလ် နှင့်တရား, တရားနှင့်ပုဂ္ဂိုလ် ကပ်၍ပြထိုက်သည် ဟူလို။] စျာန်, အဘိညာဏ်, မဂ်, ဖိုလ်တရားရှိသောသူသည် ငါ့မှာစျာန်တရားရှိ၏၊ ငါ့မှာအဘိညာဏ်တရားရှိ၏၊ ငါ့မှာမဂ်တရား, ဖိုလ် တရားရှိ၏ဟူ၍ ပုဂ္ဂိုလ်နှင့်တရားကပ်၍ ပြထိုက်သည်၊ ထိုသို့ ပြခြင်းအားဖြင့် အကျိုးရှိ သည်မှာ သဒ္ဓါတရားမရှိသောသူသည် တရားတော်၌ သဒ္ဓါတရားဖြစ်ပွား ၍လာ၏၊ သဒ္ဓါတရားရှိလျက်နှင့် အားမထုတ်သောသူသည် တရားကပ် သော ပုဂ္ဂိုလ်ကိုမြင်လျှင် မိမိလည်း ထိုကဲ့သို့ တရားလက်ရှိ ပုဂ္ဂိုလ်ဖြစ် သောကြောင့် အားထုတ်ချင်စိတ်သော်လည်း ပေါ်လာ၏၊ ကိုယ်တိုင်သော် လည်း အားထုတ်ကြိုးစားလေ၏၊ ဥပမာ တိုင်းပြည်ကို အစိုးရခြင်း တည်းဟူသော မင်းအဖြစ် ဂုဏ်ရှိလျှင် ထိုဂုဏ်ကိုမိမိသို့ ကပ်၍ပြောဆို ထိုက်၏၊ ထို့အပြင် တစ်စုံတစ်ရာ ရာထူးဂုဏ်သိရ်ရှိလျှင် ထိုဂုဏ်သိရ်တို့ကို မိမိသို့ကပ်၍ ပြောဆိုထိုက်၏၊ ထိုသို့ ပြောဆိုသဖြင့် လူအပေါင်းတို့ ရိုသေကိုင်းညွတ်ခြင်း, ဩဇာအာဏာရှိခြင်းစသော အကျိုးများ ဖြစ်ထွန်း လေသကဲ့သို့တည်း။

(ပုဂ္ဂိုလ်နှင့် တရားကိုကပ်၍ ပြောဆိုညွှန်ပြထိုက်သောကြောင့် မြတ်စွာ ဘုရား ကိုယ်တော်တိုင်ပင် မိမိ၌ မည်သည့်တရားရှိကြောင်း, မည်သည့် ပုဂ္ဂိုလ်၌ မည်သည့်တရားထူး ရှိကြောင်းကို အကြောင်းအခွင့် သင့်သည့်အခါ ပြောကြား ညွှန်ပြတော်မူလေသည်။)

၅-ဩပနယိကဂုဏ်တော် ဖွင့်ပြီး၏။


၆-ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဂုဏ်တော် ပြခန်းဖော်

ဝိညူ ပဏ္ဍိတ-အထူးပြ

ဝိညူ ပဏ္ဍိတ-အထူးပြ။ ။အသီးအသန့် သင်းသီးကို ပစ္စတ္တံဆိုသည်ပဋိသန္ဓေကပင် ဉာဏ်နှင့် ယှဉ်၍လာသော တိဟိတ်ပုဂ္ဂိုလ် ကို ဝိညူ ဆိုသည်။

- ပဋိသန္ဓိယံ ဇာတိ ပညာဝသေန ဝိညူ

- ပဝတ္တိယံ ဒိဋ္ဌသုတ စိန္တာပညာဝသေန ပဏ္ဍိတော

ပဋိသန္ဓိယံ=ပဋိသန္ဓေအခါ၌၊ ဇာတိပညာ ဝသေန=ပဋိသန္ဓေစိတ် နှင့်ယှဉ်သော ပညာ၏အစွမ်းဖြင့်၊ ဝိညူ=ဝိညူ မည်၏၊

ပဝတ္တိယံ=ပဝတ္တိအခါ၌၊ ဒိဋ္ဌ သုတ စိန္တာ ပညာဝသေန=မြင်မှု, ကြားမှု, ကြံစည်မှုပညာ၏အစွမ်းဖြင့်၊ ပဏ္ဍိတော=ပဏ္ဍိတမည်၏၊ ဣတိ အယံ=ဤသည်ကား၊ ဧတေသံ=ထိုပုဂ္ဂိုလ်နှစ်ဦးတို့၏၊ ဝိသေသော=ထူး ပုံတည်း။

ပဋိသန္ဓေအခါ၌ ဇာတိအားဖြင့် ဉာဏ်ပါလာသူကို ဝိညူ ခေါ်၏၊ ပဝတ္တိ အခါ မြင်မှု, ကြားမှု, ကြံစည်မှုဖြင့် ပညာရှိ၍ လာသောသူကို ပဏ္ဍိတ ခေါ်၏။

[ဝိညူနှင့် ပဏ္ဍိတ နှစ်ပါး အထူး၊]

ဝိညူ ဇာတ်ရှိ၍ ပဋိသန္ဓေကဉာဏ်ပါ၍ လာသောသူတို့သည် သာလျှင် အသီးအခြား သင်းသီးပြု၍ သိသင့်သိထိုက်၏၊ ပညာမဲ့သော သူတို့နှင့် မတန်မရာ မသက်ဆိုင်၊ ထို့ကြောင့် တရားတော်သည် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ မည်၏။

တစ်နည်းကား-----ပညာရှိတို့သည်သာလျှင် သင်းသီး သီးသန့် သိအပ်၏ အဖြစ်ဖြင့် ကိုယ်တွေ့လက်တွေ့ ထိထိရောက်ရောက် ခံစားသင့် ခံစားထိုက်သောကြောင့် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ မည်၏။

တစ်နည်းကား-----ကြည်ညိုကာမျှ ယုံကြည်ကာမျှတွင်သာ မရပ်မူ၍ ပညာရှိတို့သည် ကိုယ်တွေ့မျက်မှောက် ဒိဋ္ဌဉာဏ်ဖြင့်ထိ၍ သိသင့် သိထိုက်သောကြောင့် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ မည်၏။

မေး, ဖြေ-နှစ်ပါး ဆက်လက်ငြား။ ။ အဘယ်သို့လျှင် ဤတရားကိုပညာရှိတို့သာလျှင် သင်းသီး အနေအားဖြင့် သိသင့်သိ ထိုက်သနည်း၊ ပညာမဲ့သော သူတို့နှင့် မတန်မရာ မသက်မဆိုင်ပဲ ဖြစ်ပါသနည်း၊ စျာန်, သမာပတ်တရား, မဂ်,ဖိုလ်,နိဗ္ဗာန်ဟူသော တရား တို့သည် လွန်စွာနက်နဲလှ၏၊ သာမန်လူစားတို့သည် ကိုယ်တိုင်သိနိုင် မည်ဝေးစွ သေချာစွာ ဟောပြ၍ကြားနာ ရသော်လည်း နားလည်ရန်ပင် လွန်စွာခဲယဉ်းလှ လေ၏၊ ပဋိသန္ဓေကပါရှိသော ဇာတိဉာဏ်နှင့် ပြည့်စုံသူ မဟုတ်ပါလျှင် အခြားသော လောကီအရေးအရာတို့၌ မည်မျှလောက်ပင် ထိုးထွင်း၍ ဉာဏ်သွား စေကာမူ နက်နဲသောတရားနှင့် တွေ့ကြုံသော အခါ ကြက်ဥတွင် အစရှာ၍ မရသကဲ့သို့ တွေဝေမှိုင်ငေးလျက် နေရလေ ကုန်၏၊ နက်နဲသောတရား အာရုံတွင်းသို့ သွင်း၍ ဉာဏ်ကိုအလုပ် ပေးသောအခါ ထိုဉာဏ်၏ အရည်အချင်း, အတိမ်, အနက်, အနုံ့, အထက်ကို သိနိုင်လေသည်၊ ဇာတိဉာဏ်, ပင်ကိုယ်ဉာဏ်များသည် နက်နဲသောအရာဌာနကို သိမြင်မှုနှင့် တွေ့ကြုံလေလေ အစွမ်းထက်လေ လေသာ ဖြစ်၏၊ ဇာတိဉာဏ်, ပင်ကိုယ်ဉာဏ်မဟုတ်သော ပဝတ္တိဉာဏ် များသည် ရေတိမ်သွား သင်္ဘောကဲ့သို့ ခပ်တိမ်တိမ် အရေးအရာတွင် လွန်စွာလျင်မြန်စူးရှ၍ နေစေကာမူ နက်နဲသော အရာဌာနကို သိမြင်စူးရှ ထိုးထွင်းရန်ကိစ္စနှင့်တွေ့ကြုံသည် ရှိသော် အစွမ်းမထက်နိုင်ပဲ ပြော့ခွေ တွန့်ဆုတ်၍သာ နေလေ၏။

ဇာတိဉာဏ်, ပဝတ္တိဉာဏ်အရေး၌-ဥပမာပေးပုံ

ဥပမာ-သံမဏိသံကောင်းဖြင့် ပြုလုပ်အပ်သောဓား, သံညံ့ဖြင့် ပြုလုပ်အပ်သောဓား နှစ်စင်းကို ကျောက်ကောင်းကောင်းဖြင့် သွေး၍ ထားရာ အသွေး ကောင်းသည့်အတွက် အထက်ချင်း တူမျှသကဲ့သို့ ရှိလေ၏၊ သို့ရာတွင်မာသော သစ်သားတို့ကို ခုတ်ပိုင်း၍ ယှဉ်ကြည့်ရာတွင် သံညံ့ဖြင့် ပြုလုပ်အပ်သောဓားသည် အသွားကြွေလိပ်၍ မိမိကိစ္စကို မဆောင်ရွက်နိုင်ပဲ တွန့်ဆုတ်ရလေ၏၊ သံမဏိဖြင့် ပြုလုပ်အပ်သော ဓားမူကား မာသောသစ်သားကို မိမိအသွားဖြင့်ဝါး၍ ရဲရဲဝံ့ဝံ့ မဆုတ်မနစ် မိမိ၏ဖြတ်တောက်ခြင်းကိစ္စကို ပြီးစီးအောင် ဆောင်ရွက်လေ၏။

[ဤဥပမာကဲ့သို့ နက်နဲသော တရားသဘောကို ကြံစည်မှု, သိမြင်မှုအရာ၌ ဇာတိဉာဏ်, ပဝတ္တိဉာဏ် နှစ်ပါးတို့၏ ခြားနားပုံကို သိအပ်၏၊]

ပညာရှိ, ပညာမဲ့-ထူးခြားချက်။။သို့ဖြစ်၍ ဤ နက်နဲသော တရားတော်များသည် ပညာရှိပုဂ္ဂိုလ်တို့သာလျှင် အသီးအခြားပြု၍ သိသင့်သိထိုက်သော အရာဖြစ်၏၊ ပညာမဲ့ပုဂ္ဂိုလ်တို့၏ သိနိုင်သော အရာမဟုတ်ချေ၊ ဤသို့ ပညာရှိတို့သာလျှင် သင်းသီးအဖြစ်ဖြင့် သိသင့် သိထိုက်ကြောင်းကို အဋ္ဌင်္ဂုတ္တရပါဠိတော် တတိယဝဂ် မဟာဝိတက္က သုတ်ဖြင့် သိအပ်၏၊ ယောကျ်ားမြတ်တို့သာ ကြံစည်ရာဖြစ်သော မဟာ ပုရိသဝိတက်တို့ကို ကြံစည်၍နေသော ရှင်အနုရုဒ္ဓါအား မြတ်စွာ ဘုရားသည် ဤသို့ မိန့်ဆိုတော်မူ၏၊ အို-ချစ်သားအနုရုဒ္ဓါ ကောင်းပေစွ၊ ကောင်းပေစွ၊ အို ချစ်သားအနုရုဒ္ဓါ အသင်သည် မဟာပုရိသဝိတက် တို့ကို ကြံစည်၍နေဘိ၏၊ ကောင်းစွာ့တကား။

၁။ အပိစ္ဆဿာယံ ဓမ္မော၊ နာယံ ဓမ္မော မဟိစ္ဆဿအယံဓမ္မော=ဤစျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်, တရားမှန်သည်၊ အပိစ္ဆဿ=အလိုနည်းသောပုဂ္ဂိုလ်မြတ်၏၊ ဓမ္မော=ကိလေသာဖျက်ဆီးမှု တရားစုပေတည်း၊ အယံဓမ္မော=ဤစျာန်,မဂ်,ဖိုလ်, နိဗ္ဗာန်,တရားမှန်သည်၊ မဟိစ္ဆဿ=အလိုကြီးသော ပုဂ္ဂိုလ်၏၊ န ဓမ္မော=ကိလေသာဖျက်ဆီးမှု, တရားစု မဟုတ်ပေ။

ဤတရားသည် အလိုနည်းသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤ တရား သည် အလိုကြီးသောပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။

၂။ သန္တုဋ္ဌဿာယံ ဓမ္မော၊ နာယံ ဓမ္မော အသန္တုဋ္ဌဿအယံဓမ္မော=ဤစျာန်,မဂ်,ဖိုလ်,နိဗ္ဗာန်,တရားမှန်သည်၊ သန္တုဋ္ဌဿ= ရောင်ရဲတင်းတိမ်လွယ်သော ပုဂ္ဂိုလ်မြတ်၏၊ ဓမ္မော=ကိလေသာ ဖျက် ဆီးမှု, တရားစုပေတည်း၊ အယံဓမ္မော=ဤစျာန်,မဂ်,ဖိုလ်, နိဗ္ဗာန်, တရားမှန် သည်၊ အသန္တုဋ္ဌဿ=မရောင့်ရဲ မတင်းတိမ်သော ပုဂ္ဂိုလ်၏၊ န ဓမ္မော= ကိလေသာဖျက်ဆီးမှု, တရားစု မဟုတ်ပေ။

ဤတရားသည် ရောင့်ရဲတင်းတိမ်လွယ်သော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် မရောင့်ရဲ မတင်းတိမ်သော ပုဂ္ဂိုလ်၏ တရားမျိူးမဟုတ်။

၃။ ပဝိဝိတ္တဿာယံ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ

အယံဓမ္မော=ဤစျာန်,မဂ်,ဖိုလ်,နိဗ္ဗာန်, တရားမှန်သည်၊ ပဝိ ဝိတ္တဿ=ဆိတ် ငြိမ်စွာနေလေ့ရှိသော ပုဂ္ဂိုလ်မြတ်၏၊ ဓမ္မော=ကိလေသာ ဖျက်ဆီးမှု, တရားစုပေတည်း၊ အယံဓမ္မော=ဤစျာန်,မဂ်,ဖိုလ်, နိဗ္ဗာန် တရားမှန်သည်၊ သင်္ဂဏိကာရာမဿ=အပေါင်းအသင်းများ၍ ရှုပ်ထွေး စွာနေလေ့ရှိသော ပုဂ္ဂိုလ်၏၊ န ဓမ္မော=ကိလေသာဖျက်ဆီးမှု တရားစု မဟုတ်ပေ။

ဤတရားသည် ဆိတ်ဆိတ်ငြိမ်ငြိမ် နေလေ့ရှိသောပုဂ္ဂိုလ်မြတ်၏ တရား ဖြစ်၏၊ ဤတရားသည် အပေါင်းအသင်းနှင့် မွေ့လျော်၍ ပြိုးပြွမ်း ရှုပ်ထွေးစွာ နေလေ့ရှိသောပုဂ္ဂိုလ်၏ တရားမျိုးမဟုတ်။

၄။ အာရဒ္ဓဝီရိယဿာယံ ဓမ္မော၊ နာယံ ဓမ္မော ကုသိတဿ

အယံဓမ္မော=ဤစျာန်,မဂ်,ဖိုလ်,နိဗ္ဗာန်, တရားမှန်သည်၊ အာရဒ္ဓ ဝီရိယဿ= အားထုတ်ကြိုးစား၍ နေလေ့ရှိသော ပုဂ္ဂိုလ်မြတ်၏၊ ဓမ္မော= ကိလေသာ ဖျက်ဆီးမှု, တရားစုပေတည်း၊ အယံဓမ္မော=ဤစျာန်, မဂ်, ဖိုလ်,နိဗ္ဗာန်,တရားမှန်သည်၊ ကုသိတဿ=ပျင်းရိပေါ့တန်စွာနေသော ပုဂ္ဂိလ်၏၊ န ဓမ္မော=ကိလေသာဖျက်ဆီးမှု, တရားစု မဟုတ်ပေ။ ဤတရားသည် အားထုတ်ကြိုးစား၍နေသောပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် ပျင်းရိပေါ့တန်စွာနေသောပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။

၅။ ဥပဋ္ဌိတသတိဿာယံ ဓမ္မော၊ နာယံ ဓမ္မော မုဋ္ဌဿတိဿ

အယံဓမ္မော=ဤစျာန်,မဂ်,ဖိုလ်,နိဗ္ဗာန်, တရားမှန်သည်၊ ဥပဋ္ဌိတ သတိဿ=အောက်မေ့လက်စွဲ, သတိမြဲသောပုဂ္ဂိုလ်မြတ်၏၊ ဓမ္မော= ကိလေသာဖျက်ဆီးမှု, တရားစုပေတည်း၊ အယံဓမ္မော=ဤစျာန်, မဂ်,ဖိုလ်, နိဗ္ဗာန်, တရားမှန်သည်၊ မုဋ္ဌဿတိဿ=ပေါ့လျော့ချွတ်ယွင်း သတိကင်း သောပုဂ္ဂိုလ်၏၊ န ဓမ္မော=ကိလေသာ ဖျက်ဆီးမှု, တရားစု မဟုတ်ပေ။ ဤတရားသည် အောက်မေ့လက်စွဲ သတိမြဲသော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် ပေါ့လျော့ချွတ်ယွင်း သတိကင်းသော ပုဂ္ဂိုလ်၏တရားမျိုး မဟုတ်။

၆။ သမာဟိတဿာယံ ဓမ္မော၊ နာယံ ဓမ္မော အသမာဟိတဿ

အယံဓမ္မော=ဤစျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်,တရားမှန်သည်၊ သမာဟိ တဿ= တည်ကြည်ခိုင်ခန့်သော ပုဂ္ဂိုလ်မြတ်၏၊ ဓမ္မော=ကိလေသာ ဖျက်ဆီးမှု, တရားစုပေတည်း၊ အယံဓမ္မော=ဤစျာန်, မဂ်, ဖိုလ်, နိဗ္ဗာန်, တရားမှန်သည်၊ အသမာဟိ တဿ=မတည်ကြည် မခိုင်ခန့်သော ပုဂ္ဂိုလ်၏၊ န ဓမ္မော=ကိလေသာဖျက်ဆီးမှု, တရားစု မဟုတ်ပေ။ ဤတရားသည် တည်ကြည်ခိုင်ခန့်သော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် မတည်ကြည် မခိုင်ခန့်သောပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။

၇။ ပညဝတောယံ ဓမ္မော၊ နာယံ ဓမ္မော ဒုပ္ပညဿ

အယံဓမ္မော=ဤစျာန်, မဂ်, ဖိုလ်, နိဗ္ဗာန် တရားမှန်သည်၊ ပည ဝတော=ပင်ကိုယ်ထက်သန် ဇာတိဉာဏ်ရှိသော ပုဂ္ဂိုလ်မြတ်၏၊ ဓမ္မော= ကိလေသာ ဖျက်ဆီးမှု, တရားစုပေတည်း၊ အယံ ဓမ္မော=ဤစျာန်,မဂ်, ဖိုလ်,နိဗ္ဗာန် တရားမှန်သည်၊ ဒုပ္ပညဿ=ပညာမရှိသောပုဂ္ဂိုလ်၏၊ န ဓမ္မော=ကိလေသာ ဖျက်ဆီးမှု, တရားစု မဟုတ်ပေ။

ဤတရားသည် ပင်ကိုယ်ထက်သန် ဇာတိဉာဏ်ရှိသော ပုဂ္ဂိုလ်မြတ် ၏ တရားဖြစ်၏၊ ဤတရားသည် ပညာမဲ့သောပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။

[ဤခုနစ်ပါးကား အရှင်အနုရုဒ္ဓါကြံစည်၍နေသော မဟာပုရိသဝိတက် ခုနစ်ပါးတည်း၊ ဆိုလတ္တံ့သော ရှစ်ခုမြောက်တရားကို မြတ်စွာဘုရား ဖြည့်စွက် တော်မူ၏၊]

အိုချစ်သား အနုရုဒ္ဓါ, ထိုသို့ကြံစည်ပါတပြီးကား ရှစ်ခုမြောက် ဖြစ်သော ဤမဟာပုရိသဝိတက်ကိုလည်း ကြံစည်လေဦးလော့။

၈။ နိပ္ပပဉ္စဿာယံ ဓမ္မော၊ နာယံ ဓမ္မော ပပဉ္စာရာမဿ ပပဉ္စရတိနော

အယံဓမ္မော=ဤစျာန်, မဂ်,ဖိုလ်,နိဗ္ဗာန် တရားမှန်သည်၊ နိပ္ပပဉ္စဿ=အကျဉ်းလိုက်သောပုဂ္ဂိုလ်မြတ်၏၊ ဓမ္မော=ကိလေသာ ဖျက်ဆီးမှု တရားစုပေတည်း၊ အယံဓမ္မော=ဤစျာန်, မဂ်,ဖိုလ်,နိဗ္ဗာန် တရားမှန်သည်၊ ပပဉ္စာရာမဿ-ပပဉ္စရတိနော=အကျယ်လိုက်သော ပုဂ္ဂိုလ်၏၊ န ဓမ္မော=ကိလေသာဖျက်ဆီးမှု, တရားစု မဟုတ်ပေ။

ဤတရားသည် သံသရာတစ်ခွင်ဝယ် အကျယ်မကြိုက် အကျဉ်း လိုက်သော ပုဂ္ဂိုလ်မြတ်၏ တရားဖြစ်၏၊ ဤတရားသည် သံသရာတစ်ခွင် ဝယ် အကျဉ်းမကြိုက် အကျယ်လိုက်သောပုဂ္ဂိုလ်၏ တရားမျိုး မဟုတ်။

[ဤမဟာပုရိသဝိတက်အရာ၌ ဓမ္မဆိုသည်ကို မဂ်,ဖိုလ်, နိဗ္ဗာန်, တရား၊ စျာန်, သမာဓိ သမာပတ္တိ, တရားကို ယူအပ်၏၊]

ကုသလကမ္မ၊ ပထဆယ်ဖြာ၊ လှူရာဒါန၊ စောင့်ထသီလ၊ တစ်ဝ မှီဝဲ၊

နာမြဲ တရား၊ ကျင့်ငြားဓမ္မံ၊ ပဏ္ဍိတံ၊ မြတ်ရန် ဓမ္မပြ။

ပဏ္ဍိတဓမ္မာ-ဆက်ပြရာ။။ ထိုမှတစ်ပါး ကုသိုလ်ကံမြောက် ကြောင်းဖြစ်သော ကုသလကမ္မပထတရား ဆယ်ပါးသည် ပညာရှိတို့ ချီးမွမ်းအပ်သော ပဏ္ဍိတဓမ္မ ဖြစ်၏၊ ဒါနသည်လည်း ပညာရှိတို့ချီးမွမ်း အပ်သော ပဏ္ဍိတဓမ္မဖြစ်၏၊ သီလ, အဋ္ဌင်္ဂဥပေါသထသည်လည်း ပညာရှိတို့ချီးမွမ်းအပ်သော ပဏ္ဍိတဓမ္မပင်ဖြစ်၏၊ ထို့အတူ သူတော် ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း, သူတော်ကောင်းတို့၏တရားကို ကြားနာခြင်း, အသင့်အတင့်နှလုံးသွင်းခြင်း, တရားတော်အားလျော် သောအကျင့်တို့ကို ကျင့်ခြင်းတို့သည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော ပဏ္ဍိတဓမ္မတို့ပင်ဖြစ်ကုန်၏။

တိကင်္ဂုတ္တရပါဠိတော်၌
တီဏိမာနိ ဘိက္ခဝေ ပဏ္ဍိတ ပညတ္တာနိ သပ္ပုရိသ ပညတ္တာနိ၊ ဒါနံ ဘိက္ခဝေ ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ၊ ပဗ္ဗဇာ မာတာပိတု ဥပဋ္ဌာနံ ပဏ္ဍိတပညတ္တံ သပ္ပုရိသ ပညတ္တံ

ဟူ၍ ဟောတော်မူသည်။

ဘိက္ခဝေ=ရဟန်းတို့၊ ပဏ္ဍိတပညတ္တာနိ=ပညာရှိတို့ ပညတ်အပ် ကုန်သော၊ သပ္ပုရိသပညတ္တာနိ=သူတော်ကောင်းတို့ ပညတ်အပ်ကုန်သော တရားမျိုးတို့သည်၊ ဣမာနိ တီဏိ=ဤဆိုလတ္တံ့သော သုံးပါးတို့ပေတည်း၊ ဘိက္ခဝေ=ရဟန်းတို့၊ ဒါနံ=အလှူဒါနကို၊ ပဏ္ဍိတပညတ္တံ=ပညာရှိတို့ ပညတ်အပ်၏၊ သပ္ပုရိသပညတ္တံ=သူတော်ကောင်းတို့ ပညတ်အပ်၏၊ ပဗ္ဗဇာ=ရဟန်းအဖြစ်ကို၊ ပဏ္ဍိတပညတ္တာ=ပညာရှိတို့ ပညတ်အပ်၏၊ သပ္ပုရိသပညတ္တာ=သူတော်ကောင်းတို့ ပညတ်အပ်၏၊ မာတာပိတု ဥပဋ္ဌာနံ=မိခင်, ဖခင်တို့အား လုပ်ကျွေးခစားခြင်းကို၊ ပဏ္ဍိတပညတ္တံ= ပညာရှိတို့ပညတ်အပ်၏၊ သပ္ပုရိသပညတ္တံ=သူတော်ကောင်းတို့ ပညတ် အပ်၏။

ဤပါဠိတော်၌လာသော အလှူဒါန, ရဟန်းအဖြစ်, မိဘတို့အား လုပ်ကျွေးခြင်းတရား သုံးပါးတို့သည်လည်း ပညာရှိတို့ ချီးမွမ်းအပ်သော ပဏ္ဍိတဓမ္မတို့သာလျှင် ဖြစ်ကုန်၏၊ ထို့ပြင်လည်း ပဥပဉ္စ္စိမာနိ ဘိက္ခဝေ ဒါနာနိ မဟာဒါနာနိ-စသည်ဖြင့် ငါးပါးသီလကို ဒါနကြီးငါးပါးဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ထိုမှတစ်ပါး ဉာဏ်ပညာကို ဖြစ်ပွါးစေတတ်ကုန်သော ကုသိုလ်အမှုမျိုးတို့သည်လည်း ရှိကုန်၏၊ ထိုဆိုပြီး အလုံးစုံသော တရားကောင်းတရားမြတ်တို့သည် ပညာရှိတို့ ချီးမွမ်းအပ်သော ပဏ္ဍိတဓမ္မတို့ဖြစ်ကုန်၏၊ ထိုတရားတို့သည် ပညာရှိ ပုဂ္ဂိုလ်တို့သည် သင်းသီးပိုင်အဖြစ်ဖြင့် သိသင့်သိထိုက်သောတရားတို့သာ လျှင် ဖြစ်ကုန်၏၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိပင် မည်ကုန်၏။

ဝိဒ-ဓာတ်၏ သိသင့်သိထိုက် အနက်မှတစ်ပါး ခံစားပုံ အနက်ကိုပြခြင်း

တစ်နည်းအားဖြင့်---ဝေဒိတဗ္ဗော, ဟူသောပုဒ်ကို ခံစားအပ် သည်ဟူသော အနက်ကိုကြံ၍ တရားတော်၌ရှိသော အနက်အဓိပ္ပါယ်၏ အရသာ, ပါဠိ၏ အရသာများကို ပညာရှိသောပုဂ္ဂိုလ်တို့သည်သာလျှင် သင်းသီးအဖြစ်ဖြင့် ခံစား သင့်ခံစားထိုက်သောကြောင့် တရားတော်သည် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ မည်၏၊ တရားတော်၌ရှိသော အနက် အရသာ ပါဠိအရသာများကို သာမညကံ, သာမညဉာဏ်, သာမည ပါရမီရှိသော ပုဂ္ဂိုလ်တို့ ခံစားခြင်းငှါထိုက်သည် မဟုတ် ကြကုန်၊ ကံ, ပါရမီနှင့်ပြည့်စုံသော ပညာရှိပုဂ္ဂိုလ်တို့သည်သာလျှင် ထိုတရား တော်နှင့် သက်ဆိုင်သော အရသာကိုခံစားနိုင်ကြကုန်သည်၊ “သဗ္ဗရသံ ဓမ္မရသံ ဇိနာတိ”ဟူ၍ ဟောတော်မူသောအတိုင်း သုံးပါးသောလောက၌ ရှိရှိ သမျှသော အရသာတို့တွင် တရားအရသာ ဓမ္မရသသည် အထွတ် အထိပ်ဆုံး အသာလွန် ဆုံးဖြစ်၏၊ ထိုသို့ ထွတ်မြတ်သာလွန်သော တရားအရသာသည် သာမည ဗာလ ပုဂ္ဂိုလ်တို့၏ အရာမဟုတ်၊ ပညာရှိ ပုဂ္ဂိုလ်တို့အား အသီးအခြား သက်ဆိုင်သော အရသာဖြစ်လေသည်။

[ဤသို့သော အဓိပ္ပါယ်ကို ပဉ္စင်္ဂုတ္တရပါဠိတော် ဗြာဟ္မဏဝဂ်၌ဆိုလတ္တံ့သော သုတ်ဖြင့်သိအပ်၏၊]

တရားအရသာ-ခံပုံအနက်-သာဓကထောက်ခံချက်

ထိုသုတ်၏ မြန်မာပြန်။။တစ်ရံသောအခါ ဝေသာလီပြည်၌ ကရဏပါလိမည်သော ပုဏ္ဏားသည် ပိင်္ဂီယာနိမည်သော ပုဏ္ဏားကို မေးမြန်းလေ၏၊ အို အရှင်ပိင်္ဂီယာနိ, အဘယ်ကဲ့သို့ အကျိုးအစွမ်းကို မြော်မြင်သောကြောင့် ရဟန်းဂေါတမ၌ ဤမျှလောက် အလွန်ကြည်ညို ပါသနည်းဟု မေးလေ၏။

အို- ကရဏပါလိပုဏ္ဏား, ဥပမာသော်ကား မွန်မြတ်သော အရသာ ဖြင့်သာလျှင် တင်းတိမ်ရောင့်ရဲလေ့ရှိသော ယောကျ်ားသည် မွန်မြတ် သော အရသာတို့မှတစ်ပါး ယုတ်ညံ့သော အရသာတို့ဖြင့် မနှစ်သက်နိုင်, မတင်းတိမ်နိုင်, မရောင့်ရဲနိုင်ဘိသကဲ့သို့ ထို့အတူပင်လျှင် ထိုအရှင်ဂေါတမ ၏ တရားတော်မြတ်ကို အကြင်အကြင်သို့သော သုတ္တအားဖြင့်လည်း ကောင်း, ဂေယျအားဖြင့်လည်းကောင်း, ဝေယျာကရဏအားဖြင့် လည်းကောင်း, အဗ္ဘုတဓမ္မအားဖြင့်လည်းကောင်း ကြားနာရ၏၊ ထိုထိုသို့ သော အခြင်းအရာအားဖြင့် တစ်ပါးကုန်သော ရဟန်းပုဏ္ဏားတို့၏ ဟောပြောချက် တရားစကားတို့ကို ရောင့်ရဲတင်းတိမ် နှစ်သက်ခြင်း မဖြစ်နိုင်။

ဥပမာတစ်နည်းသော်ကား ငတ်မွတ်ခြင်း, အားနည်းခြင်းဖြင့် နှိပ်စက်အပ် သော ယောကျ်ားသည် ပျားဘို့ဆိုင်တစ်ခုကို ရလေရာ၏၊ ထိုယောကျ်ားသည် ထိုပျားဘို့ဆိုင်ကို အကြင်အကြင်နေရာမှ လျှက်လေ ရာ၏၊ ထိုထိုလျှက်ရာဌာနမှ အရသာတစ်ပါး ကူဖွယ်, လောင်ဖွယ် မရှိသော အချိုစွက်ဖွယ်မရှိသော ပျားအရသာကို ရရှိသုံးဆောင်လေ ရာ၏။

ဥပမာတစ်နည်းသော်ကား နံ့သာကိုအလိုရှိသော ယောကျ်ား တစ်ဦးသည် နံ့သာတုံးတစ်ခုကို ရလေရာ၏၊ ထို ယောကျ်ားသည် ထိုနံ့သာတုံးကို အရင်းမှသော်လည်းကောင်း, အလယ်မှသော်လည်း ကောင်း, အဖျားမှသော်လည်းကောင်း, အကြင်အကြင်နေရာဌာနမှ နမ်းရှုပ်လေရာ၏၊ ထိုထိုနမ်းရှုပ်ရာအရပ်မှ အမွှေးတစ်ပါး လောင်းစွက် ဖွယ်မရှိသော ပကတိအနံ့ကောင်းကို ရလေရာ၏။

ဤသို့လျှင် ဤတရားတော်ကို ပညာရှိဇာတ်မဟုတ်သော ဗာလ ပုဂ္ဂိုလ်တို့ ခံစားသင့် ခံစားထိုက်သည် မဟုတ်၊ ပညာရှိပုဂ္ဂိုလ်တို့သာလျှင် အသီးအခြားအားဖြင့် သိအပ်, ခံစားအပ်သောကြောင့် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဟူ၍ ဆိုအပ်လေသည်။

ကိုယ်တိုင် လက်တွေ့ချက်-ပစ္စတ္တံပုဒ်အနက်

တစ်နည်းအားဖြင့်---ပစ္စတ္တံဝေဒိတဗ္ဗော, ဟူသောပုဒ်၌ ပစ္စတ္တ သဒ္ဒါကို ကိုယ်တိုင် မျက်မှောက် ကိုယ်တွေ့ဒိဋ္ဌဟူသော အနက်ဟောကြံ၍ ပညာရှိပုဂ္ဂိုလ်တို့သည် ယုံကြည်ကာမျှ, နှစ်သက်ကာမျှ, တစ်ဆင့်စကား ကြားရုံမျှ, အခြင်းအရာကို ကြံစည်ရုံမျှ, အမှတ်အယူဖြင့် ရှုစား၍ သဘောကြိုက်ညီရုံမျှနှင့်သာ မဟုတ်ပဲ၊ တရားတော်မြတ်ကို ကိုယ်တွေ့ ဒိဋ္ဌအားဖြင့် သိအပ်သိထိုက်သောကြောင့် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဟူ၍ ဆိုအပ်၏။

နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်၌ အရှင်ပဝိဋ္ဌမထေရ်က အရှင် မုသိလ ကို ပြောဆိုသော စကားရပ်တွင် အညတြေဝ အာဝုသော မုသိလ သဒ္ဓါယ၊ အညတြ ရုစိယာ၊ အညတြ အနုဿဝါ၊ အညတြ အာကာရ ပရိဝိတက္ကာ၊ အညတြ ဒိဋ္ဌိနိဇ္ဈာနခန္တိယာ၊ အတ္ထိ အာယသ္မတော မုသိလဿ ပစ္စတ္တမေဝ ဉာဏံ ဇာတိ ပစ္စယာ ဇရာမရဏန္တိ

ဟူ၍ဟောတော်မူချက်ရှိ၏၊ [ထိုပါဠိတော်၌ ပစ္စတ္တံသဒ္ဒါသည် ကိုယ်တိုင်လက်တွေ့ဟူသော အနက်ကို ဟော၏၊ ပစ္စတ္တသဒ္ဒါဖြင့် ယုံကြည်ကာမျှဖြစ်သော သဒ္ဓါအစရှိသည့် တရားငါးပါးတို့ကို နစ်စေ၏၊ မြစ်ပယ်စေ၏၊]

အာဝုသော မုသိလ=ငါ့ရှင်မုသိလ၊ သဒ္ဓါယ=ယုံကြည်ကာမျှကို၊ အညတြေဝ=ကြဉ်၍သာလျှင်၊ ရုစိယာ=နှစ်သက်ရုံမျှကို၊ အညတြ=ကြဉ်၍ သာလျှင်၊ အနုဿဝါ=တစ်ဆင့်ကြားကို၊ အညတြ=ကြဉ်၍သာလျှင်၊ အာကာရ ပရိဝိတက္ကာ=အခြင်းအရာ ထွေထွေလာလာ ကြံစည်ခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ ဒိဋ္ဌိနိဇ္ဈာန ခန္တိယာ=မိမိအထင်ဖြင့် ဆင်ခြင် သဘောကျခြင်းကို၊ အညတြ=ကြဉ်၍သာလျှင်၊ အာယသ္မတော မုသိလဿ=ငါ့ရှင်မုသိလအား၊ ဇာတိပစ္စယာ=ဇာတိဟူသော အကြောင်း ကြောင့်၊ ဇရာမရဏန္တိ=ဇရာမရဏဖြစ်၏ဟူ၍၊ ပစ္စတ္တမေဝ=ကိုယ်တွေ့ ဒိဋ္ဌသာလျှင် ဖြစ်သော၊ ဉာဏံ=အသိဉာဏ်သည်၊ အတ္ထိ=ရှိ၏၊ ရှင်မုသိလက ပြန်၍ဆိုသော စကားရပ်တွင်လည်း

အညတြေဝ အာဝုသော ပဝိဋ္ဌ သဒ္ဓါယ၊ အညတြ ရုစိယာ၊ အညတြ အနုဿဝါ၊ အညတြ အာကာရ ပရိဝိတက္ကာ အညတြ ဒိဋ္ဌိနိဇ္ဈာနခန္တိယာ၊ အဟမေတံ ဇာနာမိ၊ အဟမေတံ ပဿာမိ၊ ဇာတိပစ္စယာ ဇရာမရဏန္တိ

ဟူ၍ ဟောတော်မူ၏၊

အာဝုသော ပဝိဋ္ဌ=ငါ့ရှင်ပဝိဋ္ဌ၊ သဒ္ဓါယ=ယုံကြည်ကာမျှကို၊ အညတြ=ကြဉ်ထား၍၊ ရုစိယာ=နှစ်သက်ယုံမျှကို၊ အညတြ=ကြဉ်ထား၍၊ အနုဿဝါ=တစ်ဆင့် စကားကို၊ အညတြ=ကြဉ်ထား၍၊ အာကာရ ပရိဝိတက္ကာ=အခြင်းအရာ ထွေထွေလာလာ ကြံစည်ခြင်းကို၊ အညတြ= ကြဉ်ထား၍၊ ဒိဋ္ဌိနိဇ္ဈာန ခန္တိယာ=မိမိအထင်ဖြင့် ဆင်ခြင်သဘော ကျခြင်းကို၊ အညတြ=ကြဉ်ထား၍၊ ဇာတိပစ္စယာ=ဇာတိဟူသော အကြောင်းကြောင့်၊ ဇရာမရဏန္တိ=ဇရာမရဏဖြစ်၏ဟူ၍၊ ဧတံ=ဤ သဘောကို၊ အဟံ=ငါကိုယ်တိုင်၊ ဇာနာမိ=သိ၏၊ ဧတံ=ဤသဘောကို၊ အဟံ=ငါကိုယ်တိုင်၊ ပဿာမိ=မြင်၏။

[ဤပါဠိတော်စကားရပ်၌ အဟမေတံ ဇာနာမိ,ဟူသောပါဠိဖြင့် ပစ္စတ္တဉာဏ်ကိုပြ၏၊ ကိုယ်တိုင်ဒိဋ္ဌတွေ့မြင် သိရှိခြင်း, မျက်မှောက်ပြုခြင်းကို သစ္ဆိကရဏဟူ၍လည်းကောင်း, အတ္တပစ္စက္ခဟူ၍လည်းကောင်း, ပစ္စတ္တဟူ၍ လည်းကောင်း ဆို၏၊ ယုံကြည်ကာမျှ, နှစ်သက် ကာမျှ, တစ်ဆင့်ကြားကာမျှတို့ကို ပစ္စတ္တ,သစ္ဆိကရဏ, အတ္တပစ္စက္ခ ဟူ၍ မဆိုင်နိုင်။]

သဒ္ဓါ,ရုစိ, အနုဿဝ,အာကာရပရိဝိတက္က,ဒိဋ္ဌိနိဇ္ဈာနခန္တိ, ငါးပါးတို့၏သဘောအထူးကား

၁။ ယုံကြည်ခြင်းမျှသည် သဒ္ဓါ မည်၏၊ ထိုသဒ္ဓါဖြင့် ယုံကြည်၍ နေမှုသည်လည်း အသိဉာဏ်မဟုတ်၊ ပုဂ္ဂိုလ်ကိုခင်မှ တရားကိုမင်, ဆိုသောစကားကဲ့သို့ ပုဂ္ဂိုလ်ကို ယုံကြည်နေလျှင် ထိုပုဂ္ဂိုလ်ပြောသမျှတို့ကို ယုံကြည်၍နေတတ်၏, ထိုသို့ယုံကြည်မှု၌ ထိထိမိမိ အသိဉာဏ် မသက်ဝင်ချေ။

၂။ နှစ်သက်ခြင်းသည် ရုစိ မည်၏၊ သဘောကျခြင်းပင်တည်း၊ ထိုနှစ် သက်ခြင်းသည် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ စိတ်ညွတ်ကိုင်း သည့်အတိုင်း အဟုတ်ထင်၍ နှစ်သက်တတ်၏၊ ထို့ကြောင့် ထိုရုစိဟုဆို အပ်သော နှစ်သက်ခြင်းကိုလည်း ထိထိမိမိ အသိဉာဏ်သဘောမှန်ဟူ၍ မဆိုနိုင်။

၃။ တစ်ဆင့်စကားကြားရခြင်းသည် အနုဿဝ မည်၏၊ ကြားရသောအတိုင်း မှတ်သားခြင်းသည်လည်း အသိဉာဏ်မဟုတ်၊ ကိုယ်တိုင် ဉာဏ်ဖြင့် ထိထိမိမိ ဆုံးဖြတ်နိုင်သော အရာမဟုတ်။

၄။ အခြင်းအရာ ထွေထွေလာလာ ကြံစည်ခြင်းသည် အာကာရ ပရိဝိတက္က မည်၏၊ ထိုသို့ထွေထွေလာလာ ကြံစည်၍ ထင်မြင်လာသော အချက်များသည်လည်း အသိဉာဏ်အစစ် မဟုတ်၊ ဝိတက်၏ အရှိန် အစော်ဖြင့် ပေါ်မိပေါ်ရာ ထင်မိထင်ရာ ဖြစ်ပေါ်လာတတ်သည်၊ ဝိတက်ဖြင့် ထွေထွေလာလာ ကြံစည်ထင် မြင်ချက်နှင့် ဉာဏ်ဖြင့် ကိုယ် တွေ့ဒိဋ္ဌ ထင်မြင်ချက်သည် အလွန်ခြားနား၏။

၅။ မိမိစိတ်သဘော ထင်မြင်ချက်ဖြင့် ကြံစည်တွေးဆ သဘော ကျ၍နေခြင်းသည် ဒိဋ္ဌိနိဇ္ဈာနခန္တိ မည်၏၊ ထိုဒိဋ္ဌိနိဇ္ဈာန ခန္တိသည်လည်း အသိဉာဏ်မဟုတ်၊ စိတ်သန္တာန်၌ ထင်မိထင်ရာ စိတ်ညွတ်ကိုင်းရာ ထင်မြင်သဘောကျ၍ လာတတ်သည်၊ ဥပမာ လောကကို ဣဿရ အရှင် ဖန်ဆင်းသည်ဟူ၍ ဣဿရနိမ္မာန ဒိဋ္ဌိအရင်းခံရှိနေသူသည် ထိုအယူကို မူလထား၍ ရှုစားဆင်ခြင်သောအခါ ထင်မိထင်ရာ မိမိအယူအားလျော်စွာ ထင်မြင်၍ လာတတ်သည်၊ ထို့ကြောင့် ဒိဋ္ဌိနိဇ္ဈာန ခန္တိသည်လည်း ထိထိမိမိ အသိဉာဏ် မဟုတ်ချေ။

[ဒိဋ္ဌိနိဇ္ဈာနခန္တိ- ဟူသောစကား၌ ထင်မြင်ချက်သည် ဒိဋ္ဌိမည်၏၊ ကြံဆ ဆင်ခြင်ချက်သည် နိဇ္ဈာနမည်၏၊ သဘောကျခြင်းသည် ခန္တိ မည်၏၊ မိမိ ထင်မြင်ချက်ဖြင့် ကြံစည်၍ သဘောကျမှု ဆိုလိုသည်။]

ပစ္စတ္တဉာဏ်, သစ္ဆိကရဏဉာဏ်သည်သာလျှင် ဆိုခဲ့ပြီးသော ယုံကြည်ခြင်း သဒ္ဓါ အစရှိသည့် အသိဉာဏ် ယောင်ယောင် တရားတို့ကို တွန်းလှန်၍ အမှန် အကန် ထိထိမိမိ နေရာတကျ ကိုယ်တိုင်သိရှိနိုင် သည်။

မြတ်စွာဘုရား၏ တရားတော်သည် ယုံကြည်ကာမျှနှစ်သက်ကာမျှ သဒ္ဓါ, ရုစိ အစရှိသည့် တရားငါးပါးတို့နှင့်ကင်း၍ ပညာရှိပုဂ္ဂိုလ်တို့သည် ကိုယ်တွေ့ဒိဋ္ဌ ထိထိမိမိ သိအပ်သောကြောင့် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ မည်ပေသည်။

၆-ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိဂုဏ်တော်ဖွင့်ပြီး၏။

[ဤသည်လျှင် တရားတော်၏ ကောင်းမြတ်မှန်ကန်သော တရားတော်ဖြစ်ကြောင်းကို ဖွင့်ဆိုခန်း အပြီးတည်း။]

---

၇-သာဝကသမ္ပတ္တိ သံဃဂုဏ်တော် ပြခန်းဖော်

မေးချက်---အဘယ့်ကြောင့် သာဝကခေါ်သနည်း။

ကတ္တုသာသန-ဖြေချက်ပြ

ဖြေချက်---သုဏန္တီတိ သာဝကာ

သုဏန္တိ=ကြားနာတတ်ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ သာဝကာ= သာဝကတို့မည်ကုန်၏၊

ကြားနာတတ်သောကြာင့် သာဝကမည်၏ ဟူလို၊ ထိုသာဝကကို တပည့်သားဟူ၍လည်း ဆိုကြကုန်၏။

မေးချက်---အဘယ်အရာကို ကြားနာတတ်ပါနည်း။ ဖြေချက်---သုတ်ကိုလည်း ကြားနာတတ်၏၊ ဂေယျကိုလည်းကြားနာတတ်၏၊ ဝေယျာကရဏကိုလည်း ကြားနာတတ်၏၊ ဂါထာ ကိုလည်း ကြားနာတတ်၏၊ ဥဒါန်းကိုလည်း ကြားနာတတ်၏၊ ဣတိဝုတ် ကိုလည်း ကြားနာတတ်၏၊ ဇာတကကိုလည်း ကြားနာတတ်၏၊ အဗ္ဘုတ ဓမ္မကိုလည်း ကြားနာတတ်၏၊ ဝေဒလ္လကိုလည်း ကြားနာတတ်၏။

[ဆိုအပ်ခဲ့ပြီးသော သုတ်အစရှိသော ကိုးပါးသည် ပရိယတ္တိသာသနာ တော်မြတ်၏ အင်္ဂါကိုးပါးမည်၏၊]

ထိုအင်္ဂါ ကိုးပါး၏ သဘောအဓိပ္ပါယ်ကား

၁။ ဝိနည်းပိဋကတ်၌ ဥဘတောဝိဘင်းအကျယ် ခန္ဓကပရိဝါရ တို့သည်လည်းကောင်း, သုတ္တနိပါတ်၌ မင်္ဂလသုတ်, ရတနသုတ်, နာလက သုတ်, တုဝဋ္ဋကသုတ်တို့သည်လည်း ကောင်း, ထိုမှတစ်ပါး သုတ္တဟူသောအမည်အားဖြင့် မြတ်စွာ ဘုရား ဟောကြားတော်မူအပ်သော စကားတော်စုသည် သုတ္တ မည်၏။

၂။ ဂါထာပါရှိသောသုတ်သည် ဂေယျ မည်၏၊ သံယုတ် ငါးကျမ်း တွင် သဂါထာဝဂ္ဂသံယုတ် တစ်ကျမ်းလုံးသည် ဂေယျ မည်၏။

၃။ အလုံးစုံသောအဘိဓမ္ဓာပိဋကတ်, ဂါထာမပါသောသုတ်, ထိုမှတစ်ပါး သုတ္တ,ဂေယျ, ဂါထာစသော အင်္ဂါရှစ်ပါးတို့ဖြင့် မရေတွက်အပ်သော မြတ်စွာဘုရား၏ စကားတော်စုသည် ဝေယျာကရဏ မည်၏။

၄။ ဓမ္မပဒ,ထေရဂါထာ, ထေရီဂါထာ,သုတ္တနိပါတ်၌ သုတ္တ အမည်ကို မရသော ဂါထာစုသည် ဂါထာ မည်၏။

၅။ ဝမ်းမြောက်ခြင်း သောမနဿနှင့် ယှဉ်သောဉာဏ်ဖြင့် မြွက်ဆို ကျူးရင့်တော်မူအပ်သည်ဖြစ်၍ ဂါထာနှင့်စပ်ယှဉ်သော သုတ်ပေါင်း ရှစ်ဆယ့်နှစ်သုတ်သည် ဥဒါန မည်၏၊ ဥဒါန်း ပါဠိတော်ကို ဆိုသည်။

၆။ ဤသို့ မြတ်စွာဘုရား ဟောကြားတော်မူသည်ဟူ၍ ညွန်ကြား ချက် ပါရှိသော သုတ်ပေါင်း ၁၀၁-တစ်ရာ့ တစ်သုတ် သည် ဣတိဝုတ္တက မည်၏၊ ဣတိဝုတ်ပါဠိတော်ဟူ၍ အသီး အခြား ရှိလေ၏။

၇။ ဧကနိပါတ်အစ မဟာနိပါတ်အဆုံး, အပဏ္ဏကဇာတ်အစ ဝေဿန္တရာ ဇာတ်အဆုံးရှိသော ငါးရာ့ငါးဆယ်သော ဇာတ် တော်များသည် ဇာတက မည်၏၊ ပါဌဇာတ်ပါဠိတော် တစ်ကျမ်းလုံးကို ဆိုသည်။

၈။ “စတ္တာရော မေ ဘိက္ခဝေ အစ္ဆရိယာ အဗ္ဘုတဓမ္မာ အာနန္ဒေ” ဤသို့စသည်ဖြင့် အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲဖြစ်သော တရားနှင့်စပ်၍ ဟောတော်မူအပ်သော သုတ္တန်စုသည် အဗ္ဘုတဓမ္မ မည်၏။

၉။ စူဠဝေဒလ္လသုတ်, မဟာဝေဒလ္လသုတ်, သမ္မာဒိဋ္ဌိသုတ်, သက္ကပဥှာသုတ်, သင်္ခါရဘာဇနီယသုတ်, မဟာပုဏ္ဏမသုတ် အစရှိကုန်သော အသိဉာဏ်အထူး, နှစ်သက်ခြင်းအထူးတို့ကို ရတိုင်းရတိုင်း မေးမြန်းအပ်သဖြင့် ဟောကြားအပ်သော သုတ္တန်စုသည် ဝေဒလ္လ မည်၏။

[ဤကား ပရိယတ္တိသာသနာတော်၏ အင်္ဂါကိုးပါး အဓိပ္ပါယ်တည်း၊ ဤအင်္ဂါ ကိုးပါးကို ကြားနာတတ်သောကြောင့် သာဝကမည်၏ ဟူ၍ ဆိုလိုသည်။]

မေး,ဖြေနှစ်သွယ်-စစ်ပြဖွယ်

ထိုအင်္ဂါ ကိုးပါးတည်းဟူသော တရားတော်ကို နာလျှင်ပင် သာဝက ဖြစ်နိုင်ပါသလော၊၊၊၊၊ အမှတ်မထင် အကြင်အလုံးစုံသော သူတို့သည် ထိုပရိယတ္တိဓမ္မကို ကြားနာကြကုန်၏၊ ထိုကြားနာတိုင်းသော သူတို့သည် သာဝကမည်သည် မဟုတ်ကြကုန်၊ အကြင်သူတို့သည် ထိုပရိယတ်တရား တော်ကို ကြားနာကြကုန်၍ ထို ပရိယတ်တည်းဟူသော အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံကြကုန်၏၊ ထိုသူတို့သည်သာလျှင် သာဝက မည်ကြကုန်သည်။

အဘယ်ပုဂ္ဂိုလ်များသည် ထိုပရိယတ်တည်းဟူသော အကြား အမြင်နှင့် ပြည့်စုံကြကုန်သနည်း၊ အကြင်ပုဂ္ဂိုလ်တို့သည် မိမိကြားနာ အပ်သော သုတ္တ, အစရှိသည်တို့၏ အနက်အဓိပ္ပါယ်ကိုသိ၍ တရား သဘောကိုသိ၍ ထိုတရားသဘော နည်းလမ်းရှိသည့်အတိုင်း ဓမ္မ, အနုဓမ္မကို ကျင့်ကြံအားထုတ်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ထိုပရိယတ် သုတနှင့်ပြည့်စုံသည်မည်ကုန်၏၊ ဓမ္မ,အနုဓမ္မဟူသော စကားရပ်၌ ဓမ္မ ဆိုသည်ကား ကြားနာအပ်သော ဒေသနာတရား အစဉ်ပေတည်း၊ အနုဓမ္မ ဆိုသည်ကား ထိုဒေသနာဓမ္မဖြင့်ပြအပ်သော ဒါန,သီလ စသော တရားစု ပေတည်း။

ကြားမြင်များတိုင်း သုတကုံလုံ-မပြည့်စုံ။။များသော အကြားအမြင် ရှိပါသော်လည်း ထိုအကြားအမြင်ရှိသည့် အတိုင်း မကျင့်မဆောင်လျှင် သုတနှင့်ပြည့်စုံသည် မမည်ချေ၊ နည်းသောအကြား အမြင်ပင်ရှိသော်လည်း ထိုအကြားအမြင်အတိုင်း တတ်စွမ်းသမျှ ကျင့်ဆောင်လျှင် သုတနှင့်ပြည့်စုံသည် မည်၏၊ ဗဟုဿုတ, ဟူသောပုဒ် နှင့် သုတ ဥပပန္န, ဟူသောပုဒ်သည် အနက်ခြားနားလျက်ရှိ၏၊ အကြား အမြင်များသည်ကို ဗဟုဿုတ ဆို၏၊ ကြားနာမှတ်သား ရပြီးသော အတိုင်း ကျင့်ကြံပြည့်စုံသည်ကို သုတဥပပန္န ဆို၏။

ပုဂ္ဂိုလ် ၄-မျိုး အထူး။။ထိုအကြောင်းနှင့် စပ်လျဉ်း၍ စတုကင်္ဂုတ္တရ ပါဠိတော်ပထမဝဂ်၌ ဟောတော်မူသည်မှာ၊ အိုချစ်သား ရဟန်းတို့, ပုဂ္ဂိုလ်တို့သည် ဤဆိုလတ္တ့သောအတိုင်း လေးပါးရှိကုန်၏၊ အဘယ်လေးပါးတို့နည်းဟူမူကား

၁။ အကြားအမြင် နည်းပါး၍ အကြားအမြင်နှင့် မပြည့်စုံသောပုဂ္ဂိုလ်,

၂။ အကြားအမြင် နည်းပါး၍ အကြားအမြင်နှင့် ပြည့်စုံသောပုဂ္ဂိုလ်,

၃။ အကြားအမြင်များ၍ အကြားအမြင်နှင့် မပြည့်စုံသောပုဂ္ဂိုလ်,

၄။ အကြားအမြင်များ၍ အကြားအမြင်နှင့် ပြည့်စုံသောပုဂ္ဂိုလ်,

ဤ ပုဂ္ဂိုလ်လေးပါးတို့ပေတည်း၊ ထိုသုတ္တန်၌ အောက်ပါ ဂါထာများကိုလည်း ဟောတော်မူ၏။

၁။ အပ္ပဿုတောပိ စေ ဟောတိ၊ သီလေသု အသမာဟိတော။ ဥဘယေန နံ ဂရဟန္တိ၊ သီလတောစ သုတေနစ

၁။ ယော=အကြင်သူသည်၊ အပ္ပဿုတောပိ=အကြားအမြင် နည်းသည်လည်း၊ စေ ဟောတိ=အကယ်၍ဖြစ်ငြားအံ့၊ သီလေသု=အကျင့် သီလတို့၌၊ အသမာဟိတော=မလုံခြုံ မဆောက်တည်အပ်သည်၊ စေ ဟောတိ=အကယ်၍ ဖြစ်ငြားအံ့၊ နံ=ထိုသူကို၊ သီလတောစ=အကျင့်သီလ အားဖြင့်လည်းကောင်း၊ သုတေန စ=အကြားအမြင်အားဖြင့်လည်းကောင်း၊ ဥဘယေန=အကြောင်းနှစ်ပါး စုံဖြင့်၊ ဂရဟန္တိ=ကဲ့ရဲ့ကြကုန်၏။

[ဤဂါထာဖြင့်အပ္ပဿုတ,သုတအနုပပန္နပုဂ္ဂိုလ်ကို ပြ၏၊ အကြားအမြင် လည်း နည်းပါး၊ အကြားအမြင်နှင့်လည်း မပြည့်စုံသောပုဂ္ဂိုလ်ကို အကြားအမြင် အကျင့်သီလ နှစ်ပါးစုံဖြင့် ကဲ့ရဲ့ထိုက်သည်ဟူ၍ ဆိုလိုသည်။]

၂။ အပ္ပဿုတောပိ စေ ဟောတိ၊ သီလေသု သုသမာဟိတော။ သီလတော နံ ပသံသန္တိ၊ တဿ သမ္ပဇ္ဇတေ သုတံ

၂။ ယော=အကြင်သူသည်၊ အပ္ပဿုတော=အကြားအမြင် နည်းသည်၊ စေပိ ဟောတိ=အကယ်၍ဖြစ်စေဦးတော့၊ သီလေသု= အကျင့်သီလတို့၌၊ သုသမာဟိတော=ကောင်းစွာဆောက်တည်လုံခြုံသည်၊ စေပိ ဟောတိ=အကယ်၍ ဖြစ်ငြားအံ့၊ နံ=ထိုသူကို၊ သီလတော=အကျင့် သီလအားဖြင့်၊ ပသံသန္တိ=ချီးမွမ်းကြကုန်၏၊ တဿ=ထိုသူအား၊ သုတံ= အကြားအမြင်သည်၊ သမ္ပဇ္ဇတေ=ပြည့်စုံသည်မည်၏။

[ဤဂါထာဖြင့် အကြားအမြင်နည်းသော်လည်း အကြားအမြင်နှင့် ပြည့်စုံသော အပ္ပဿုတ, သုတဥပပန္နပုဂ္ဂိုလ်ကိုပြ၏၊ ထိုပုဂ္ဂိုလ်သည်” ပါဏော န ဟန္တဗ္ဗော=သူ့အသက်ကို မသတ်အပ်” ဟူ၍ တစ်ခုသောဝါကျကို ကြားနာရ၏၊ ထိုအခါမှစ၍ ကြားနာရသောအတိုင်း သူ၏အသက်ကိုမသတ်ပဲ ရှောင်ကြဉ် လေ၏၊ ထိုသူအား အကြားအမြင်နှင့်ပြည့်စုံသည် မည်၏၊ အဘယ့်ကြောင့်နည်း ဟူမူကား ကြားနာရပြီးလျှင် ကြားနာရသောအတိုင်း ပြုသင့်ပြု ထိုက်သော ကိစ္စကို ပြုကျင့်လိုက်နာသောကြောင့်တည်း။]

၃။ ဗဟုဿုတောပိ စေ ဟောတိ၊ သီလေသု အသမာဟိတော

သီလတော နံ ဂရဟန္တိ၊ နဿ သမ္ပဇ္ဇတေ သုတံ

၃။ ယော=အကြင်သူသည်၊ ဗဟုဿုတော=အကြားအမြင် များသည်၊ စေပိ ဟောတိ=အကယ်၍ဖြစ်စေဦးတော့၊ သီလေသု=အကျင့် သီလတို့၌၊ အသမာ ဟိတော=မစောင့်စည်း မလုံခြုံသည်၊ ဟောတိ=ဖြစ်၏၊ နံ=ထိုသူကို၊ သီလတော=အကျင့်သီလအားဖြင့်၊ ဂရဟန္တိ=ကဲ့ရဲ့ကြကုန်၏၊ အဿ=ထိုသူအား၊ သုတံ=အကြားအမြင်သည်၊ န သမ္ပဇ္ဇတေ=မပြည့်စုံ။

[ဤဂါထာဖြင့် အကြားအမြင်များ၍ ထိုအကြားအမြင်နှင့် မပြည့်စုံသော ဗဟုဿုတ သုတ အနုပပန္နပုဂ္ဂိုလ်ကို ပြ၏၊ အကြင်သူသည် ပိဋကတ်သုံးပုံကို အလုံးစုံသင်ကြား မှတ်သားမိစေဦးတော့ တစ်စုံတစ်ခုသော ဓမ္မ,အနုဓမ္မကို မကျင့်ကြံ မဆောင်ရွက်ပါလျှင် ထိုသူအား ကြားနာကာမျှ သင်အံမှတ်သား မိရုံမျှသာ ဖြစ်၏၊ အကြားအမြင်များသော်လည်း အကြားအမြင်နှင့်ပြည့်စုံ သည်ဟူ၍ မဆိုထိုက်ချေ၊ အဘယ့်ကြောင့်နည်းဟူမူကား ကြားနာသင်ကြား ပြီးလျှင် မိမိပြုသင့် ပြုထိုက်သောအမူကိစ္စကို မပြုကျင့် မဆောင်ရွက်သောကြောင့် တည်း။]

၄။ ဗဟုဿုတော ပိ စေ ဟောတိ၊ သီလေသု သုသမာဟိတော

ဥဘယေန နံ ပသံသန္တိ၊ သီလတောစ သုတေနစ

၄။ ယော=အကြင်သူသည်၊ ဗဟုဿုတောပိ=အကြားအမြင်များ သည်ဖြစ်၍လည်း၊ သီလေသု=အကျင့်သီလတို့၌၊ သုသမာဟိတော= ကောင်းစွာ ဆောက်တည် လုံခြုံသည်၊ စေဟောတိ=အကယ်၍ဖြစ်ငြားအံ့၊ နံ=ထိုသူကို၊ သီလတော=အကျင့် သီလအားဖြင့်လည်းကောင်း၊ သုတေနစ= အကြားအမြင်အားဖြင့်လည်းကောင်း၊ ဥဘယေန=အကြောင်းနှစ်ပါး စုံဖြင့်၊ ပသံသန္တိ=ချီးမွမ်းကြကုန်၏။

[ဤဂါထာဖြင့် အကြားအမြင်လည်းများ, အကြားအမြင်နှင့်လည်း ပြည့်စုံသော ဗဟုဿုတ, သုတဥပပန္နပုဂ္ဂိုလ်ကိုပြ၏၊ ပရိယတ္တိဓမ္မအရာ၌ များစွာ အကြားအမြင်လည်း ရှိသည်၊ ကြားမြင်ပြီးသောအတိုင်းလည်း ကျင့်သည်ဟူ၍ ဆိုလိုသည်၊ ပုဂ္ဂိုလ်လေးပါးတို့တွင် ဤပုဂ္ဂိုလ်သည် အမြတ်ဆုံးဖြစ်၏၊]

ဗဟုဿုတ,သုတဓရပုဂ္ဂိုလ်နှင့်စပ်၍ မြတ်စွာဘုရားထံ မေးလျှောက်ခန်း

မြတ်စွာဘုရား လက်ထက်တော်အခါ ရဟန်းတစ်ပါးသည် မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်၍ ဤသို့မေးလျှောက်လေ၏၊ အရှင်ဘုရား, အဘယ်သို့သော အခြင်းအရာအားဖြင့် ဗဟုဿုတ, သုတဓရပုဂ္ဂိုလ် မည်ပါသနည်း ဟူ၍လျှောက်ထားလေ၏၊ အိုချစ်သားရဟန်း-ငါဘုရား သည် တရားတော်မြတ်ကို ဟောကြားတော်မူအပ်ပြီ၊ များစွာသော သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန, ဣတိဝုတ္တက, ဇာတက, အဗ္ဘုတ ဓမ္မ, ဝေဒလ္လများစွာကို ဟောကြားတော်မူအပ်ပြီ၊ ထိုတရားတို့တွင် လေးပဒရှိသော ဂါထာ၏အနက်မျှကိုပင်သော်လည်း သိ၍ ပါဠိ သဘောကိုသိ၍ ဓမ္မ,အနုဓမ္မကိုကျင့်၏၊ ထိုပုဂ္ဂိုလ်ကို ဗဟုဿုတပုဂ္ဂိုလ် သုတဓရ ပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုခြင်းငှါထိုက်၏ ဟူ၍ ဟောကြားတော်မူ၏။

ဗဟုဿုတ,ဓမ္မဓရပုဂ္ဂိုလ်ကား---ပရိယတ္တိဓမ္မ၌ အကြား အမြင်လည်းများ နာကြားပြီးသည်၌ အနက်အဓိပ္ပါယ်ကိုသိ၍ ကျင့်သော ပုဂ္ဂိုလ်သည် ဗဟုဿုတ, ဓမ္မဓရ ပုဂ္ဂိုလ်မည်၏ ဟူ၍ ဆိုလိုသည်၊ ဤအရာ၌ အထက်အထက်ဖြစ်သော အဓိစိတ္တ အဓိပညာအရာတို့ကို ကြားနာပြီး၍ ထိုအထက်တရားကြီးများကို မကျင့်ကြံနိုင် အားမထုတ် နိုင်သေးသော်လည်း အကျင့်သီလတို့၌ ကောင်းစွာတည်သော ပုဂ္ဂိုလ် သည် မြတ်စွာဘုရား၏ တပည့်သာဝကအရာ၌တည်သည် မည်၏၊ ထို့ကြောင့် ယခင်ပြဆိုခဲ့ပြီးသော လေးဂါထာတို့၌ သီလ၏အစွမ်းအားဖြင့် သာလျှင် ဓမ္မ,အနုဓမ္မ ကျင့်စဉ်ကို မြတ်စွာဘုရား ညွှန်ပြတော်မူသည်၊ ဤသို့ ပြဆိုအပ်ပြီးသော စကားရပ်ဖြင့် အိမ်ယာထောင်သော လူတို့ပင် ဖြစ်စေ, အိမ်ယာ မထောင်သောရဟန်းတို့ပင်ဖြစ်စေ အကြင်အကြင် ပုဂ္ဂိုလ်တို့သည် မိမိမိမိတို့နှင့်ဆိုင်ရာ သိက္ခာသီလတို့၌ကောင်းစွာ တည်ကြလေကုန်၏၊ ထိုထိုပုဂ္ဂိုလ်တို့ကို မြတ်စွာဘုရား၏ တပည့်သာဝက တို့ဟူ၍သာလျှင် ဆိုအပ်ကုန်၏ဟု မှတ်အပ်၏၊ ထိုသာဝကတို့သည် သီတင်းသုံးဖေါ်ငါးဦးတည်းဟူသော ပဉ္စသဟဓမ္မိကသာဝက, လူ,နတ်, ဗြဟ္မာတည်းဟူသော မနုဿ, ဒေဝ, ဗြဟ္မာ, သာဝကအားဖြင့် အကျဉ်း နှစ်ပါးရှိ၏။

သီတင်းသုံးဖေါ်ငါးဦးဆိုသည်ကား ရဟန်းယောက်ျား ရဟန်းမိန်းမ, သာသနာဘောင်သို့ဝင်ရန် ကျင့်ဆဲဖြစ်သော သိက္ခမာန်မိန်းမ, သာမဏေ ယောက်ျား, သာမဏေမိန်းမ, ဤငါးဦးတို့ပေတည်း၊ ထိုသီတင်းသုံးဖေါ် ငါးဦး တို့သည်လည်း ပုထုဇ္ဇန်အရိယာအားဖြင့် နှစ်ပါး နှစ်ပါးစီ ရှိကြကုန် ၏၊ လူသာဝက, နတ်သာဝက, ဗြဟ္မာသာဝကတို့သည်လည်း ပုထုဇ္ဇန် အရိယာအားဖြင့် နှစ်ပါး နှစ်ပါးစီရှိကြကုန်၏။

သမာတ်တွဲစပ်-အဓိပ္ပါယ်ရ

သာဝကာနံ သမ္ပတ္တိ သာဝက သမ္ပတ္တိ

သာဝကာနံ=တပည့်သာဝကတို့၏၊ သမ္ပတ္တိ=ပြည့်စုံခြင်းသည်၊ သာဝက သမ္ပတ္တိ=သာဝကသမ္ပတ္တိမည်၏၊

သာဝက၏ ပြည့်စုံမှုကို သာဝကသမ္ပတ္တိဆိုသည်၊ ထိုသမ္ပတ္တိသည် အရေ အတွက် သင်္ချာမြားမြောင်ခြင်းတည်းဟူသော သင်္ချာမဟတ္တ သမ္ပတ္တိ, ဂုဏ်မြင့် မြတ်ကြီးကျယ်ခြင်းတည်းဟူသော ဂုဏမဟတ္တ သမ္ပတ္တိအားဖြင့် နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင် သင်္ချာမဟတ္တသမ္ပတ္တိကို ဘုရားဂုဏ်တော်ခန်း, သတ္ထာဒေဝ မနုဿာနံ-ဟူသော ဂုဏ်တော်ဖွင့်တွင် ပြဆိုအပ်ခဲ့လေပြီ။

[ဤအရာ၌ သာဝကတို့၏ဂုဏ် မြင့်မြတ်ကြီးကျယ်ခြင်းတည်းဟူသော ဂုဏမ ဟတ္တကို ဆိုရန်အခွင့်ရှိ၏၊ ထို့ကြောင့်(ဥပသမ္ပန္န)ရဟန်းအဖြစ်၌တည်နေကြ ကုန်သော သာဝကတို့၏ ဂုဏမဟတ္တသမ္ပတ္တိကို ရှေးဦးစွာ ပြဆိုပေအံ့။]

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဥဇုပ္ပဋိ ပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံစတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော၊ အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလီ ကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ

ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော=ကလျာဏ ပုထုဇ္ဇန်, သီလဝန်,ပညဝန် အရှင်မြတ်တို့နှင့်တကွသော အရိယာရှစ်ပါး တပည့်သား သံဃာတော်အပေါင်းသည်၊ သုပ္ပဋိပန္နော=အဓိသီလ, အဓိစိတ္တ,အဓိပညာ သိက္ခာသုံးရပ် လွန်ကောင်းမြတ်သော အကျင့်ပဋိပတ် ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော=တပည့် သားသံဃာတော် အပေါင်းသည်၊ ဥဇုပ္ပဋိပန္နော= အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်ဖြောင့်မတ်သော အကျင့်ပဋိပတ်ဂုဏ်တော်နှင့်လည်း ပြည့်စုံ တော်မူပေ၏၊ ဘဂဝတော= မြတ်စွာဘုရား၏၊ သာဝကသံဃော=တပည့်သား သံဃာတော်အပေါင်း သည်၊ ဉာယပ္ပဋိပန္နော=အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်သင့်မြတ်သော အကျင့်ပဋိပတ်ဂုဏ်တော်နှင့် ပြည့်စုံတော်မူ ပေ၏၊ ဘဂဝတော=မြတ်စွာဘုရား၏၊ သာဝကသံဃော=တပည့်သား သံဃာတော်အပေါင်းသည်၊ သာမိစိပ္ပဋိပန္နော=အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးရပ် ရိုသေအပ်သော အကျင့်ပဋိပတ် ဂုဏ်တော်နှင့် လည်း ပြည့်စုံတော်မူပေ၏၊ ယဒိဒံ-ယာနိ ဣမာနိ စတ္တာရိ ပုရိသယုဂါနိ= အကြင်လေးပါးသော ယောကျ်ားမြတ်အစုံတို့သည်၊ သန္တိ=ရှိကြကုန်၏၊ ယဒိဒံ ယေ ဣမေ အဋ္ဌပုရိသ ပုဂ္ဂလာ=အကြင် ရှစ်ပါးသော ယောက်ျား မြတ်ပုဂ္ဂိုလ်တို့သည်၊ သန္တိ=ရှိကြကုန်၏၊ ဘဂဝတော= မြတ်စွာဘုရား၏၊ ဧသ-ဧသော သာဝကသံဃော=ဤလေးစုံရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်၊ အာဟုနေယျော=နိစ္စဗဒ် တည်ထား အပ်သော အလှူဝတ္ထုမျိုးကိုလည်း ခံယူခြင်းငှါ ထိုက်တန်စွာသော သီလ, သမာဓိ, ပညာ ဂုဏ်နှင့် ပြည့်စုံတော်မူ၏၊ ပါဟုနေယျော=အာဂန္တုအား ရည်၍ထားသော အလှူဝတ္ထုမျိုးကိုလည်း ခံယူခြင်းငှါ ထိုက်တန်စွာသော သီလ,သမာဓိ,ပညာဂုဏ်နှင့် ပြည့်စုံတော်မူ၏၊ ဒက္ခိဏေယျော=နောက် နောက်ဘဝ အကျိုးရဖို့ ပျိုးချတုံလတ် မြတ်သော အလှူမျိုးကို ခံယူခြင်းငှါ ထိုက်တန်စွာသော သီလ,သမာဓိ, ပညာဂုဏ် နှင့် ပြည့်စုံတော်မူ၏၊ အဉ္ဇလီကရဏီယော=လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ လက်အုပ်ချီခြင်း ကို ခံထိုက်သော သီလ,သမာဓိ, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ လောကဿ=သတ္တလောကကြီး တစ်ဝှမ်းလုံး၏၊ အနုတ္တရံ=အတု မရှိမြင့်မြတ်သော၊ ပုညက္ခေတ္တံ=ကုသိုလ်မျိုးကို စိုက်ပျိုးကြဲချရာ လယ်တာ မြေ ကောင်းသဖွယ်လည်း ဖြစ်တော်မူပေ၏။

(သံဃာတော်ဂုဏ်ကိုးပါး အနက်ပြီး၏၊)

---

၁-သုပ္ပဋိပန္နစသော ဂုဏ်လေးပါး

သေက္ခပုဂ္ဂိုလ် ခုနစ်ဦးတို့သည် ကောင်းစွာကျင့်နေဆဲဖြစ်သော ကြောင့်

“သုဋ္ဌု ပဋိပဇ္ဇန္တီတိ သုပ္ပဋိပန္နာ”

သုဋ္ဌု=ကောင်းမွန်စွာ၊ ပဋိပဇ္ဇန္တိ=ကျင့်ဆဲဖြစ်ကြကုန်၏၊ ဣတိ တသ္မာ=ထို့ ကြောင့်၊ သုပ္ပဋိပန္နာ=သုပ္ပဋိပန္န မည်ကုန်၏။

ဤသို့ ဝိဂြိုဟ်ပြု၍ သုပ္ပဋိပန္နမည်သည်၊ ရဟန္တာပုဂ္ဂိုလ်သည်ကား ကျင့်ခြင်း ကိစ္စ ပြီးစီးပြီးဖြစ်သောကြောင့်

“သုဋ္ဌု ပဋိပဇ္ဇိတ္ထာတိ သုပ္ပဋိပန္နော”

သုဋ္ဌု=ကောင်းစွာ၊ ပဋိပဇ္ဇိတ္ထ=ကျင့်ခြင်းကိစ္စ ပြီးစီးလေပြီ၊ ဣတိ တသ္မာ=ထို့ကြောင့်၊ သုပ္ပဋိပန္နော=သုပ္ပဋိပန္နမည်၏။

အရိယာသံဃာတော်ရှစ်ပါးသည် ကောင်းစွာကျင့်ဆဲကျင့်ပြီး ဖြစ်သော ကြောင့် သုပ္ပဋိပန္န မည်တော်မူသည်။

[ဥဇုပ္ပဋိပန္နစသော ပုဒ်တို့၌လည်း သေက္ခ ရဟန္တာခွဲ၍ ဝိဂြိုဟ်ပြုရာ၏၊]

“ဥဇုကံ ပဋိပန္နာတိ ဥဇုပ္ပဋိပန္နာ”

ဥဇုကံ=ဖြောင့်မတ်တည်တံ့စွာ၊ ပဋိပန္နာ=ကျင့်တော်မူကြကုန်၏၊ ဣတိ တသ္မာ=ထိုကြောင့်၊ ဥဇုပ္ပဋိပန္နာ=ဥဇုပ္ပဋိပန္န မည်ကုန်၏၊ [ဖြောင့်ဖြောင့်ကျင့်သည်ဟူရာ၌ ကာယဝင်္က, ဝစီဝင်္က, မနောဝင်္က တည်းဟူသော ကိုယ်,နှုတ်,နှလုံး, အကောက်သုံးပါးတို့နှင့် ကင်း၍ စဉ်းလဲခြင်း လှည့်ဖြားခြင်းမရှိပဲ ကျင့်သည်ကို ယူရသည်။]

“ဉာယေန ပဋိပန္နာတိ ဉာယပ္ပဋိပန္နာ”

ဉာယေန=အသင့်အလျော်အားဖြင့်၊ ပဋိပန္နာ=ကျင့်တော်မူကြ ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဉာယပဋိပန္နာ=ဉာယပဋိပန္န မည်ကုန်၏။

[အသင့်အလျော် ကျင့်သည်ဟူရာ၌ မချွတ်မယွင်း ကျင့်သည်၊ ကျင့်စဉ် နည်းလမ်းအတိုင်း လျော်ညီစွာကျင့်သည်ကို ယူရသည်။]

“သာမိစိံ ကတွာ ပဋိပန္နာတိ သာမိစိပ္ပဋိပန္နာ” သာမိစိံကတွာ=အရိုအသေပြု၍၊ ပဋိပန္နာ=ကျင့်တော်မူကြကုန်၏၊ ဣတိ တသ္မာ=ထို့ကြောင့်၊ သာမိစိပ္ပဋိပန္နာ=သာမိစိပ္ပဋိပန္န မည်ကုန်၏။

[မြတ်စွာဘုရား ဟောကြားနည်းပြတော်မူသောအတိုင်း မဆန့်ကျင်စေမူ၍ လေးလေးမြတ်မြတ် ဂရုတစိုက်ကျင့်သည်ကို သာမိစိပ္ပဋိပန္န ဆိုသည်။]

ရဟန်းရှင်လူ-သုပ္ပဋိပန္နတူ။ ။ပြဆိုအပ်ပြီးသော ဂုဏ်တော် လေးပါးသည် သဘောအဓိပ္ပါယ်အားဖြင့် များစွာကြီး ထူးခြားလှသည် မဟုတ်၊ အကျင့်ပဋိပတ်ကို ကောင်းစွာကျင့်သည်, ဖြောင့်စွာ ကျင့်သည်, သင့်လျော်စွာကျင့်သည်, ရိုသေစွာ ကျင့်သည်ဟူ၍ အနည်းငယ်မျှသာ ထူးခြားလေသည်၊ ရဟန်းဖြစ်စေ, လူဖြစ်စေ အကြင်အကြင်ပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရား ဆုံးမနည်းပေးတော်မူသောအတိုင်း အပြည့်အစုံ စင်စင် ကြယ်ကြယ် ကျင့်ကြံအားထုတ်ကြကုန်၏၊ ထိုထိုပုဂ္ဂိုလ်တို့သည် သုပ္ပဋိပန္န, ဥဇုပ္ပဋိပန္န, ဉာယပ္ပဋိပန္န, သာမိစိပ္ပဋိပန္နတို့မည်ကုန်၏၊ သို့သော်လည်း ဤသံ ဃာ့ဂုဏ်တော်အရာ၌ အနုတ္တရပုညခေတ္တ အတုမရှိသော ကုသိုလ်၏ စိုက်ပျိုးရာ လယ်တာ မြေကောင်းကို အလိုရှိအပ်သောကြောင့် ရဟန်းသံဃာတို့ကိုသာလျှင် သုပ္ပဋိပန္န စသည်ဖြင့် ဂုဏ်တင်၍ ဆိုအပ်ကုန် သည်၊ စင်စစ်အားဖြင့်မူကား-သိက္ခာသုံးရပ်တို့တွင် အဓိစိတ္တ, အဓိပညာ ဟုဆိုအပ်သော အထက်ဘာဝနာ အထက်သိက္ခာတို့၌ ကျင့်စဉ်စခန်း သည် လူ, ရှင်,ရဟန်းဟူ၍ အထူးအခြားမရှိ အတူအမျှပင်ဖြစ်၏၊ ထိုစကားမှန်၏၊ ဓမ္မပဒပါဠိတော်၌

လူရှင် ရဟန်းအကျင့် တူမျှပုံ သာဓက

အလင်္ကတောပိ စေ သမံ စရေယျ။

သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။

သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ။

သ သမဏော သဗြာဟ္မဏော သဘိက္ခု။

ဟူ၍ ဟောတော်မူ၏။

စေ=အကယ်၍၊ အလင်္ကတောပိ=ဝတ်စားတန်ဆာ ကောင်းစွာဆင် ယင်သော လူပင်သော်လည်း၊ သမံ=ဖြောင့်မတ်ညီညွတ် စွာ၊ စရေယျ=ကျင့် သည် ဖြစ်ငြားအံ့၊ သဗ္ဗေသုဘူတေသု=အလုံးစုံသောသတ္တဝါတို့၌၊ ဒဏ္ဍံ=ညှဉ်းပန်း နှိပ်စက်ခြင်းတည်းဟူသော ဒဏ်ကို၊ နိဓာယ=ပယ်ချ၍၊ သန္တော=ငြိမ်သက်သည်၊ ဒန္တော=ယဉ်ကျေးသိမ်မွေ့သည်၊ နိယတော= စောင့်စည်းသည်၊ ဗြဟ္မစာရီ=မြတ်သောအကျင့်ကိုကျင့်သည်၊ စေ ဟောတိ=အကယ်၍ဖြစ်ငြားအံ့၊ သ-သော=ထိုပုဂ္ဂိုလ်သည်၊ သမဏော= ကိလေသာကို ငြိမ်းစေသောရဟန်းမည်၏၊ သ-သော=ထိုပုဂ္ဂိုလ်သည်၊ ဗြာဟ္မဏော=မကောင်းမှုကို အပပြုပြီးသော ဗြာဟ္မဏ မည်၏၊ သ-သော= ထိုပုဂ္ဂိုလ်သည်။ ဘိက္ခု=သံသရာဘေးကိုရှုသော ဘိက္ခုမည်၏။

အဓိသီလသိက္ခာအရာ၌မူကား လူနှင့်ရဟန်းတို့သည် လွန်စွာခြား နားကြကုန်၏၊ ထိုစကားမှန်၏၊ လူတို့သည်ကား ငါးပါးသီလဟုဆို အပ်သော သိက္ခာပုဒ်ငါးပုဒ်တို့သာလျှင် နိစ္စသီလရှိကြကုန်၏၊ ရဟန်းတော် အရှင်မြတ်တို့သည်ကား အတိုင်းမသိသော သိက္ခာပုဒ်တော်များရှိကြ ကုန်၏၊ ရဟန်းတို့၏ သိက္ခာပုဒ်များပြားကြောင်းကို အောက်ပါဂါထာ တို့ဖြင့် ဝိသုဒ္ဓိမဂ်၌ပြဆို၏။

ကုဋေကိုးထောင်ကျော်- ရဟန်းတို့၏သိက္ခာပုဒ်တော်

၁။ နဝကောဋိသဟဿာနိ၊ အသီတိသတကောဋိယော။

ပညာသ သတသဟဿာနိ၊ ဆတ္တိံသစ ပုနာပရေ။

၂။ ဧတေ သံဝရဝိနယာ၊ သမ္ဗုဒ္ဓေန ပကာသိတာ။

ပေယျာလမုခေန နိဒ္ဒိဋ္ဌာ၊ သိက္ခာ သံဝရဝိနယေ။

၁။ -၂။ နဝကောဋိသဟဿာနိ=ကုဋေကိုးထောင်တို့လည်းကောင်း၊ အသီတိသတကောဋိယော=ကုဋေတစ်ရာ့ရှစ်ဆယ်တို့လည်းကောင်း၊ ပညာသ သတသဟဿာနိ=ငါးသန်းတို့လည်းကောင်း၊ ပုန=တစ်ဖန်၊ အပရေ=တစ်ပါးကုန်သော၊ ဆတ္တိံသ သဟဿာနိ=သုံးသောင်း ခြောက် ထောင်တို့လည်းကောင်း၊ ပေယျာလ မုခေန=အကျဉ်းချုပ်ပြ ပေယျာလ အမြွက်အားဖြင့်၊ နိဒ္ဒိဋ္ဌာ=ညွှန်ပြအပ်ကုန်သော၊ ဧတေ သံဝရ ဝိနယာ= ထိန်းသိမ်းစောင့်စည်းအပ်ကုန်သော ထိုဝိနည်းသိက္ခာပုဒ်တို့သည်၊ သံဝရ ဝိနယေ=ဝိနည်းပိဋကတ်၌၊ သမ္ဗုဒ္ဓေန=မြတ်စွာ ဘုရားသည်၊ ပကာသိတာ= ထုတ်ပြပညတ်တော်မူအပ်ကုန်သော၊ သိက္ခာ=သိက္ခာပုဒ်တို့သည်၊ ဟောန္တိ=ဖြစ်ကုန်၏။

[ဝိနည်း ပိဋကတ်တော်၌ ရဟန်းတို့၏ သိက္ခာပုဒ်ပေါင်းသည် (၉၁၈၀၅၀ ၃၆၀၀၀) ကုဋေကိုးထောင့်တစ်ရာ့ ရှစ်ဆယ့်ငါးသန်း သုံးသောင်း ခြောက်ထောင် ရှိသည် ဟူလို။]

-- ကိုးထောင့်တစ်ရာ၊ ရှစ်ဆယ်သာ၊ သင်္ချာကုဋေထုတ်။

-- ငါးသန်းသုံးသောင်း၊ ခြောက်ထောင်ဆောင်း၊ များ တောင်း သိက္ခာပုဒ်။

ရဟန်းတော် အရှင်မြတ်၊ လယ်တာမြေကောင်းမှတ်-

ထို့ကြောင့် ဥပသမ္ပန္နဘုံ၌တည်၍ အတိုင်းမသိ များပြားသည့် သိက္ခာပုဒ်တို့ကို ကျင့်ဆောင်တော်မူကြကုန်သော ရဟန်းတော်အရှင် မြတ်တို့သည်သာလျှင် အတုမရှိသောကောင်းမှု၏ စိုက်ပျိုးရာ လယ်တာ မြေကောင်းသဖွယ်တို့ ဖြစ်ကြကုန်သည်၊ ကျင့်ဆောင်ကြိုးစားကြကုန်သော ထိုတပည့်သာဝကတို့သည် အဘယ် သို့လျှင် ကောင်းမွန်စွာ ကျင့်ခြင်းကိစ္စ ပြီးစီးကြကုန်သနည်း၊ အကြင်သို့သော အခြင်းအရာအားဖြင့် မြတ်စွာ ဘုရားသည် ထိုတပည့် သာဝကတို့အား အကျင့်ပဋိပတ်တို့ကို ဟောကြား တော်မူအပ်ကုန်၏၊ ထိုသို့ ဟောကြားတော်မူအပ်သောအတိုင်း ကျင့် ဆောင်ကြိုးစားကြကုန်သည်ရှိသော် ထိုတပည့် သာဝကတို့သည် ကောင်း စွာကျင့်ခြင်းကိစ္စ, ဖြောင့်စွာကျင့်ခြင်းကိစ္စ, သင့်လျော်စွာကျင့်ခြင်း ကိစ္စ, ရိုသေစွာကျင့်ခြင်းကိစ္စ ပြီးစီးကြသည်မည်ကုန်၏၊ အဘယ်သို့လျှင် မြတ်စွာဘုရားသည် ထိုတပည့်သာဝကတို့အား အကျင့်ပဋိပတ်ကို ဟောကြားတော်မူပါသနည်း၊ ဆိုလတ္တံ့သောစကားရပ်ဖြင့် သာဝက တို့အား အကျင့်ပဋိပတ် ဟောကြားပုံကို သိအပ်၏။

ဗောဓိပက္ခိယတရားအလင်း-ပါရမီ၏ ပြီးဆုံးခြင်း

အရှင်ဥဒါယီအား မြတ်စွာဘုရားဟောတော်မူအပ်သော သုတ္တန်၌ အို ဥဒါယီ-တစ်ဖန်တုံ ငါဘုရားသည် တပည့်သားတို့အား အကျင့်ပဋိပတ် ကို ဟောကြားတော်မူအပ်၏၊ အကြင်ပဋိပတ်အတိုင်း ကျင့်ဆောင်ကြ ကုန်သော ငါဘုရား၏တပည့်သားတို့သည် သတိပဋ္ဌာန်လေးပါးကို ပွါးများကြကုန်၏၊ ထိုသို့ ပွါးများရာ၌ ငါဘုရား၏ များစွာသော တပည့်သားတို့သည် အထူးသိမြင် အဘိညာဏ်လမ်းပေါက်ကြကုန်လျက် ပါရမီ၏ ပြီးဆုံးခြင်းသို ဆိုက်ရောက်ကုန်သည်ဖြစ်၍နေကြကုန်၏၊ ငါဘုရားသည် တပည့်သာဝကတို့အား အကျင့်ပဋိပတ်တို့ကို ဟောကြား တော်မူအပ်ကုန်၏၊ အကျင့်ပဋိပတ်အတိုင်း ကျင့်ဆောင်ကြကုန်သော ငါဘုရား၏တပည့်သားတို့သည် သမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများကြ ကုန်၏၊ ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများကြကုန်၏၊ ဣန္ဒြေငါးပါးတို့ကို ပွါးများကြကုန်၏၊ ဗိုလ်ငါးပါးတို့ကို ပွါးများကြကုန်၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများကြကုန်၏၊ အရိယမဂ္ဂင်ရှစ်ပါးတို့ကို ပွါးများကြကုန်၏၊ ထိုသို့ပွါးများ ရာ၌ ငါဘုရား၏ များစွာသောတပည့်သားတို့သည် အထူးသိမြင် အဘိညာဏ်လမ်း ပေါက်လျက် ပါရမီ၏ ပြီးဆုံးခြင်းသို့ ရောက်ကုန် သည်ဖြစ်၍ နေကြကုန်၏၊ ငါဘုရားသည် တပည့်သာဝက တို့အား အကျင့်ပဋိပတ်တို့ကို ဟောကြားတော်မူအပ်ကုန်၏၊ အကျင့်ပဋိပတ် အတိုင်း ကျင့်ဆောင်ကြကုန်သော ငါဘုရား၏ တပည့်သားတို့သည် ဝိမောက္ခစျာန်ရှစ်ပါးတို့ကို ပွါးများကြကုန်၏၊ အဘိဘာယတနစျာန် ရှစ်ပါးပါးတို့ကို ပွါးများကြကုန်၏၊ ကသိဏာယတနစျာန် ဆယ်ပါးတို့ကို် ပွါးများကြကုန်၏၊ စျာန်လေးပါးတို့ကို ပွါးများကြကုန်၏၊ ထိုသို့ပွါးများရာ၌ ငါဘုရား၏များစွာသော တပည့်သားတို့သည် အထူးသိမြင် အဘိညာဏ် လမ်း ပေါက်ကြကုန်လျက် ပါရမီ၏ပြီးဆုံးခြင်းသို့ ရောက်၍နေကြကုန်၏။

[အထက်ပါစကားရပ်၌ စျာန်လေးပါးဆိုသည်မှာ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်လေးပါးကို ယူလေ၊ ကသိုဏ်းစျာန် အသုဘစျာန်, အနုဿတိစျာန်, အပ္ပမညာစျာန်, ဗြဟ္မဝိဟာရစျာန်, အရူပစျာန်တို့သည် ဆိုခဲ့ပြီးသော စျာန်လေးပါးတို့၌ အကျူံးဝင်ကုန်၏၊]

[ဆိုအပ်ပြီးသော စကားရပ်သည်ကား လောကီဘာဝနာအကျင့်ပဋိပတ်ပေတည်း။]

လောကီဘာဝနာ၏အကျိုး

အလင်းရောင် အာရုံတည်းဟူသော အာလောကသညာကို ကောင်းစွာ နှလုံးသွင်းသော ပုဂ္ဂိုလ်အား ဉာဏဒဿန ဉာဏ်အမြင် အမျိုးမျိုးတို့သည် ပြီးစီး ပေါ်ပေါက်လာကုန်၏၊ အချို့သောပုဂ္ဂိုလ်အား ကိုယ်ခန္ဓာ၌ရှိသော ဒွတ္တိံသကောဋ္ဌာသတို့၌ ဉာဏ်အမြင်ပေါက်ရောက် ပြီးစီးလေ၏၊ အချို့သောပုဂ္ဂိုလ်အား အရိုး၌ ဉာဏ်အမြင် ပေါက် ရောက်ပြီးစီး၏၊ အချို့သောပုဂ္ဂိုလ်အား မိမိဝိညာဏ် စိတ်၌ ဉာဏ်အမြင် ပေါက်ရာက်ပြီး စီး၏၊ အချို့သောပုဂ္ဂိုလ်အား သူတစ်ပါးတို့၏ ဝိညာဏ်၌ လည်း ဉာဏ်အမြင်ပေါက်ရောက်ပြီးစီး၏၊ အချို့သောပုဂ္ဂိုလ်အား လူမှတစ်ပါးသော နတ်စသောပုဂ္ဂိုလ်တို့၌လည်း ဉာဏ်အမြင်ပေါက် ရောက်ပြီးစီး၏။

[ဉာဏ်အမြင် ပေါက်ရောက်ပြီးစီး ဆိုသည်မှာ ကြည်ကြည်လင်လင် မျက်စိဖြင့် မြင်ဘိသကဲ့သို့ ဉာဏ်ထဲတွင် ထင်မြင်သည်ကို ဆိုသည်။]

ထိုဉာဏ်အမြင် အမျိုးမျိုးတို့သည် အပ္ပနာသို့ မရောက်သေးပဲ ပင်သော် လည်း ထင်မြင်ဖြစ်ပေါ်လာတတ်ကုန်၏၊ ထိုစကားမှန်၏၊ အရောင်အလင်းအာရုံ ကိုလည်းကောင်း အရိုးအာရုံကိုလည်းကောင်း အာနာပါနကိုလည်းကောင်း တစ်စုံတစ်ခုသောကသိုဏ်းကိုလည်းကောင်း စူးစိုက်သက်ဝင် ဆင်ခြင်နှလုံးသွင်း၍ နေစဉ် အချို့သောပုဂ္ဂိုလ်အား အပ္ပနာသို့မရောက်မီ ဥပစာရစျာန်အခိုက်မျှ၌ တည်၍ နီဝရဏတရား ကွာသဖြင့် စိတ်ကြည်လင်သောအခါ ထိုဉာဏ်အမြင် အမျိုးမျိုးတို့သည် ပေါ်ပေါက်ဖြစ်ပွါးလာတတ်ကုန်၏ ထုတ်ပြလတ္တံ့သော သုတ္တန်၌ မူကား ဝိညာဏ်၌ ဉာဏ်အမြင်ပေါက်ရောက်မှုကို ဟောကြားတော်မူ၏။

ပဋိပတ်အကျင့်စခန်း-အဘိညာဏ်ရလမ်း

ထိုသုတ်၏မြန်မာပြန်---အိုဥဒါယီ, တစ်ဖန်တုံ ငါဘုရားသည် တပည့်သားတို့အား အကျင့်ပဋိပတ်တို့ကို ဟောကြားတော်မူအပ်ကုန်၏၊ အကြင်ပဋိပတ် အားလျော်စွာ ကျင့်ကြကုန်သော ငါဘုရား၏တပည့် သားတို့သည် ဝိညာဏ်တရားကို မျက်မှောက်ထင်ထင်အားဖြင့် မြင်ကြ ကုန်၏၊ စိတ်ဖြင့်ပြီးစီးသော ကိုယ်ကိုဖန်ဆင်းနိုင်ကြကုန်၏၊ တစ်ပါးမက များစွာ စီရင်ဖန်ဆင်းအပ်သော တန်ခိုး အမျိုးမျိုးကို ခံစားကြရကုန်၏၊ တစ်ယောက်တည်းဖြစ်သော်လည်း များစွာဖြစ်အောင် ဖန်ဆင်းနိုင် ကုန်၏၊ အများကိုလည်း တစ်ဦးတည်းဖြစ်အောင် ဖန်ဆင်းနိုင်၏၊ မျက်မှောက်ထင်ရှားဖြစ်အောင်, မျက်ကွယ်ဖြစ်အောင် ဖန်ဆင်းနိုင်၏၊ နံရံ ခြားရာအရပ်, တံတိုင်းခြားရာအရပ်, တောင်ခြားရာအရပ်သို့ လည်းကောင်း ကင်ပြင်၌ သွားလာသကဲ့သို့ မထိမခိုက် မငြိမတွယ်အောင် သွားနိုင်၏၊ ရေ၌ ငုတ်တုံ, ပေါ်တုံပြုဘိသကဲ့သို့ မြေကြီး၌သော်လည်း ငုတ်တုံ, ပေါ်တုံ ပြုစွမ်း နိုင်ကုန်၏၊ မြေပြင်၌သွားဘိသကဲ့သို့ ရေအပြင်၌ သော်လည်း မနစ်မြုပ် မကွဲပြားအောင် သွားစွမ်းနိုင်၏၊ အတောင်ရှိသော ငှက်သည် ကောင်းကင်၌ ပျံသန်းဘိသကဲ့သို့ ကောင်းကင်ပြင်၌ တင်ပြင် ခွေသဖြင့် သွားစွမ်းနိုင်ကုန်၏၊ ဤမျှလောက် တန်ခိုးကြီးကုန်သော ဤမျှလောက် အာနုဘော်ကြီးကုန်သော ဤလဝန်း, နေဝန်းတို့ကိုလည်း လက်ဖြင့် သုံးသပ်နိုင်ကုန်၏၊ ပွတ်တိုက်နိုင်ကုန်၏၊ ဗြဟ္မာပြည် သို့တိုင်အောင်သော်လည်း ကိုယ်ဖြင့်အလိုသို့ပါစေနိုင်ကုန်၏၊ ဗြဟ္မာပြည် သို့တိုင်အောင် ပကတိကိုယ်ဖြင့် သွားရောက်နိုင်ကုန်၏၊ ထိုသို့ ဝိညာဏ်ကို ဉာဏ်အမြင် ပေါက်ရောက်မှု၌ ငါဘုရား၏တပည့်သား များစွာတို့သည် အထူးသိမြင် အဘိညာဏ်ပေါက်ကြကုန်လျက် ပါရမီ၏ပြီးဆုံးခြင်းသို့ ရောက်ကြကုန်သည် ဖြစ်၍နေကြကုန်၏။

အို ဥဒါယီ, တစ်ဖန်တုံ အကျင့်ပဋိပတ်အားလျော်စွာ ကျင့်ကြကုန် သော ငါဘုရား၏ တပည့်သားတို့သည် နတ်၏နားနှင့်တူသော ဒိဗ္ဗသောတဖြင့် နတ်ပြည်၌ဖြစ်သောအသံ, လူ့ပြည်၌ဖြစ်သောအသံ, အဝေး၌ရှိသောအသံ, အနီး၌ ရှိသောအသံ ဤအသံအမျိုးမျိုးတို့ကို ကြားစွမ်းနိုင်ကြကုန်၏။

အို ဥဒါယီ, တစ်ဖန်တုံ အကျင့်ပဋိပတ် အားလျော်စွာ ကျင့်ကြ ကုန်သော ငါဘုရား၏တပည့်သားတို့သည် တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့်ပိုင်းခြား၍ သိစွမ်း နိုင်ကြကုန်၏။

အိုဥဒါယီ, တစ်ဖန်တုံ အကျင့်ပဋိပတ်အားလျော်စွာကျင့်ကြ ကုန်သော ငါဘုရား၏ တပည့်သားတို့သည် တစ်ပါးမက များလှစွာသော ရှေး၌ဖြစ်ဖူးသည့် ဘဝဇာတ်အစဉ်ကို အောက်မေ့ သိစွမ်းနိုင်ကြကုန်၏၊ အဘယ်သို့ သိစွမ်းနိုင်ကြကုန်သနည်းဟူမူကား ဘဝဇာတ်တစ်ခုကို လည်းကောင်း, ဘဝဇာတ်နှစ်ခုတို့ကိုလည်းကောင်း, ဘဝဇာတ်သုံးခုတို့ကို လည်းကောင်း, ဘဝဇာတ်လေးခုတို့ကိုလည်းကောင်း, ဘဝဇာတ်ငါးခုတို့ ကိုလည်းကောင်း, ဘဝဇာတ်တစ်ဆယ်တို့ကိုလည်းကောင်း, ဘဝဇာတ် အရာတို့ကိုလည်းကောင်း, ဘဝဇာတ်အထောင်တို့ကိုလည်းကောင်း, ဘဝဇာတ် အသောင်းတို့ကိုလည်းကောင်း, ဘဝဇာတ်အသိန်း တို့ကို လည်းကောင်း အောက်မေ့သိစွမ်းနိုင်ကြကုန်၏၊ များစွာသော သံဝဋ္ဋကပ် တို့ကိုလည်းကောင်း, များစွာသော ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း, များစွာသော သံဝဋ္ဋကပ်, ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း, အောက်မေ့ သိစွမ်းနိုင်ကြကုန်၏။

အို ဥဒါယီ, တစ်ဖန်တုံ အကျင့်ပဋိပတ်အားလျော်စွာ ကျင့်ကြကုန် သော ငါဘုရား၏ တပည့်သားတို့သည် နတ်မျက်စိနှင့်တူသော ဉာဏ် မျက်စိဖြင့် စုတေဆဲဖြစ်သောသတ္တဝါ, ပဋိသန္ဓေနေဆဲဖြစ်သော သတ္တဝါ, ကံအားလျော်စွာ ဘုံဘဝသို့ကပ်၍ ဖြစ်ကြကုန်သော သတ္တဝါတို့ကို သိနို်င် ကြကုန်၏။

(ဤကား လောကီဘာဝနာ၏ အကျိုးတို့ပေတည်း။)

လောကုတ္တရာ ပဋိပဒါဘာဝနာ

နဝင်္ဂုတ္တရပါဠိတော်၌

အနိစ္စသညာ ဘာဝေတဗ္ဗာ၊ အသ္မိမာနဿ သမုဂ္ဃါတာယ၊ အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္ဌာတိ၊ အနတ္တ သညိနော အသ္မိမာနော သမုဂ္ဃါတံ ပါပုဏာတိ ဒိဋ္ဌေဝ ဓမ္မေ နိဗ္ဗာနံ။

အသ္မိမာနဿ=ငါငါဟူ၍ မာန်မူထင်မြင်ခြင်းကို၊ သမုဂ္ဃါတာယ= ပယ်သတ် ဖျက်ဆီးခြင်းငှါ၊ အနိစ္စသညာ=မမြဲဟုထင်စွဲသော အနိစ္စသညာ ကို၊ ဘာဝေတဗ္ဗာ=ပွါးများအပ်၏၊ မေဃိယ=ချစ်သား မေဃိယ၊ အနိစ္စသညိနော=မမြဲဟုမှတ်ထင် စွဲမြဲ၍နေသောသူအား၊ အနတ္တသညာ= ကိုယ်ဟုစွဲလမ်းစရာ အနှစ်သာရ အတ္တမရှိဟူသော အနတ္တအထင်သည်၊ သဏ္ဌာတိ=အလိုလိုတည်လာ၏၊ အနတ္တသညိနော=အနတ္တသညာ ထင်မြင်လာသောသူအား၊ အသ္မိမာနော=ငါငါဟူ၍ မာန်မူ ထင်မြင်ခြင်း သည်၊ သမုဂ္ဃါတံ=ပယ်သတ်ဖျက်ဆီးခြင်းသို့၊ ပါပုဏာတိ=ရောက်၏၊ ဒိဋ္ဌေဝဓမ္မေ=မျက်မှောက်ဘဝ၌ပင်လျှင်၊ နိဗ္ဗာနံ=ငြိမ်းချမ်းသက်သာခြင်း သည်၊ ဟောတိ=ဖြစ်၏။

ဆိုလိုရင်းအဓိပ္ပါယ်မှာ ငါငါဟူသောအမှတ်အထင်ကို ပယ်သတ်ခြင်း ငှါ အနိစ္စသညာကိုပွါးများအပ်၏၊ အနိစ္စသညာ ထင်မြင်လာလျှင် ကိုယ် ဟုစွဲလမ်းစရာ အနှစ်သာရမရှိဟူသော အနတ္တသညာသည် အလိုလို ထင်မြင်လာ၏၊ အနတ္တသညာထင်မြင်လာလျှင် ငါငါဟူသော အထင် အမြင်ကိုပယ်သတ်နိုင်၏၊ မျက်မှောက်ဒိဋ္ဌ၌ပင်လျှင် ငြိမ်းချမ်းသက် သာခြင်း နိဗ္ဗာန်ချမ်းသာကို ခံစားရလေ၏ ဟူလို။

[ခန္ဓဝဂ္ဂသံယုတ် ပဉ္စမဗုဒ္ဓဝဂ်၌လည်း လောကုတ္တရာ ပဋိပတ်၏ အခြေမူလဖြစ်သော အနိစ္စသညာကို ဟောတော်မူ၏၊]

အမြဲမရှိပွါးအပ် ဘဝကင်းပြတ်နိဗ္ဗာနဓာတ်

ထိုသုတ်၏မြန်မာပြန်---ချစ်သားရဟန်းတို့, အနိစ္စသညာကို ပွါးအပ်သည်ရှိသော် အဖန်များစွာလေ့လာအပ်သည်ရှိသော် ကာမဘဝ၌ သာယာသော ကာမရာဂအလုံးစုံကို ကုန်ခန်းစေနိုင်၏၊ ရူပဘဝ၌ သာယာသော ရူပရာဂ အလုံးစုံကို ကုန်ခန်းစေနိုင်၏၊ ဘဝအမျိုးမျိုး၌ သာယာသော ဘဝရာဂအလုံးစုံကို ကုန်ခန်းစေနိုင်၏၊ အလုံးစုံသော အဝိဇ္ဇာကို ကုန်ခန်းစေနိုင်၏၊ အလုံးစုံသော အသ္မိမာနကို ပယ်နှုတ်နိုင်၏၊ လယ်ထွန်သမား၊ မြက်ကားရိပ်သူ၊ ညှာမူသရက်၊ စွန်ထက်အထွတ်၊ မလွတ်အကျော်၊ နှစ်မော်စန္ဒကူး၊ ပန်းထူး မိုးစွေ၊ မင်းလေစကြာ၊ ရောင်မှာလမင်း၊ တူရင်း သူရိယ၊ ပမာပြ၊ မှတ်ကြ အနိစ္စာ။

ချစ်သားရဟန်းတို့- ဥပမာသော်ကား၊ တန်ဆောင်မုန်းလအခါ၌ လယ်ထွန် သမားသည် ကြီးစွာသောထွန်ဖြင့် ထွန်သည်ရှိသော် အလုံးစုံသော သစ်မြစ်အစဉ်ကို ဖြတ်ခွဲသုတ်သင်လျက် ထွန်သကဲ့သို့ လည်းကောင်း, ဥပမာတစ်နည်းသော်ကား ဗြိတ်မြက်ရိတ်သမားသည် ဗြိတ်မြက်ကိုရိတ်၍ အဖျား၌ကိုင်ပြီးလျှင် နွှဲ၍ခါသကဲ့သို့လည်းကောင်း, နွှဲ၍ဆောင်သကဲ့သို့လည်းကောင်း,

ဥပမာတစ်နည်းသော်ကား သရက်သီးခိုင်ကိုအညှာမှ ဖြတ်အပ် ဆွတ်ခူး အပ်သည်ရှိသော် ထိုသရက်သီးခိုင်၌ အကြင်သရက်သီးတို့သည် အညှာ၌ ဖွဲ့ တွယ်စပ်ယှက်ကြကုန်၏၊ ထိုသရက်သီး အလုံးစုံတို့သည် ထိုအညှာသို့ လိုက်ပါကြကုန်ဘိသကဲ့သို့လည်းကောင်း,

ဥပမာတစ်နည်းသော်ကား အထွတ်တပ်သောပြာသာဒ်၏ အကြင် အလုံးစုံသော အခြင်တို့သည် ဒိုင်းမျှား, ရနယ်စသည်တို့သည် ရှိကြ ကုန်၏၊ ထိုအလုံးစုံသော အခြင်တို့သည် အထွတ်သို့သာ ဆုံစည်းကြ ကုန်၏၊ အထွတ်သို့သာ စုရုံးကြကုန်၏၊ အထွတ်သည် ထိုအခြင်တို့၏ အစွန်အဖျားဆိုအပ်သကဲ့သို့လည်းကောင်း,

ဥပမာ တစ်နည်းသော်ကား အလုံးစုံသော အမြစ်နံ့သာမျိုးတို့သည် ရှိကုန်၏၊ ထိုအမြစ်နံ့သာမျိုးတို့တွင် အကျော်နံ့သာကို အမြတ်ဆုံးဆိုအပ် သကဲ့သို့လည်းကောင်း,

ဥပမာတစ်နည်းသော်ကား အလုံးစုံသော အနှစ်နံ့သာမျိုးတို့သည် ရှိကုန်၏၊ ထိုအနှစ်နံ့သာမျိုးတို့တွင် စန္ဒကူးနီကို အမြတ်ဆုံးဆိုအပ် သကဲ့သို့လည်းကောင်း,

ဥပမာတစ်နည်းသော်ကား အလုံးစုံသော ပန်းမျိုး, နံ့သာမျိုး တို့သည် ရှိ ကုန်၏၊ ထိုပန်းမျိုး, နံ့သာမျိုးတို့တွင် မိုးစွေပန်းကို အမြတ်ဆုံး ဆိုအပ်သကဲ့သို့လည်းကောင်း,

ဥပမာတစ်နည်းသော်ကား အလုံးစုံသော တိုင်းကြပ်မင်းငယ် အပေါင်း တို့သည်ရှိကြကုန်၏၊ စကြာမင်းကို ထိုမင်းတို့ထက် အမြတ်ဆုံး ဆိုအပ်ဘိသကဲ့သို့လည်းကောင်း,

ဥပမာတစ်နည်းသော်ကား အလုံးစုံသော ကြယ်တာရာတို့၏ အရောင် တို့သည် ရှိကုန်၏၊ ထိုအလုံးစုံသော ကြယ်တာရာရောင်တို့သည် လမင်းရောင်ကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်စာမျှ မထိုက် မမှီကုန်၊ လမင်းအရောင် သည်သာလျှင် ထိုကြယ်တာရာရောင်တို့ထက် မြတ်၏ဟူ၍ ဆိုအပ်သကဲ့သို့လည်းကောင်း,

ရဟန်းတို့ ဥပမာတစ်နည်းသော်ကား မိုးတိမ်စင်ကြယ်သော တန်ဆောင် မုန်းလအခါ၌ နေမင်းသည် ကောင်းကင်သို့တက်သည်ရှိသော် ကောင်းကင် အပြင်၌တည်သော အလုံးစုံသော အမိုက်အမှောင်စုကို နှိပ်နင်းပယ်ဖျောက်၍ ထွန်းလင်းသကဲ့သို့လည်းကောင်း, တောက်ပ သကဲ့သို့လည်းကောင်း, တင့်တယ်သကဲ့သို့လည်းကောင်း,

ချစ်သားရဟန်းတို့, ဤအတူပင်လျှင် အနိစ္စသညာကို ပွါးများ အပ်သည်ရှိသော် အဖန်များစွာလေ့လာအပ်သည်ရှိသော် အလုံးစုံသော ကာမရာဂကို ကုန်ခန်းစေနိုင်၏၊ အလုံးစုံသော ရူပရာဂကို ကုန်ခန်းစေ နိုင်၏၊ အလုံးစုံသော ဘဝရာဂကို ကုန်ခန်းစေနိုင်၏၊ အလုံးစုံသော အဝိဇ္ဇာကို ကုန်ခန်းစေနိုင်၏၊ အလုံး စုံသော အသ္မိမာနကို ပယ်နှုတ်နိုင်၏။

[ဤပါဠိတော်စကားရပ်ဖြင့် လောကုတ္တရာပဋိပဒါ ကျင့်လမ်းတွင် အနိစ္စသညာ သည် လိုရင်းပဓာနဖြစ်ကြောင်း အနိစ္စသညာကောင်းကောင်း ထင်မြင်လာ သည်ရှိသော် ကိစ္စပြီးစီးနိုင်ကြောင်းကို ပြဆို၏၊]

လောကုတ္တရာပဋိပဒါဘာဝနာကိုပြဆိုခန်းပြီး၏။

လောကုတ္တရာ ပဋိပဒါဘာဝနာ၏အကျိုး ဖိုလ်လေးမျိုး သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်, အရဟတ္တဖိုလ်

ဤဖိုလ်လေးပါးသည် လောကုတ္တရာအကျင့်ပဋိပတ်၏ အကျိုးအာနိသင် မည်၏၊ သောတာပတ္တိဖိုလ်၌တည်သော အရိယာသာဝက တပည့်သား တော်မြတ်သည် သောတာပန်မည်၏၊ သကဒါဂါမိဖိုလ်၌တည်သော အရိယာသာဝကသည် သကဒါဂါမ်မည်၏၊ အနာဂါမိဖိုလ်၌တည်သော အရိယာသာဝကသည် အနာဂါမ်မည်၏၊ အရဟတ္တဖိုလ်၌ တည်ပြီးသော အာသဝေါမရှိသော အရိယာသာဝကသည် ရဟန္တာ မည်၏။

ခန္ဓာငါးပါးတို့၌ အနိစ္စသညာကို ပွါးများသည်ရှိသော်, ကြိမ်ဖန် များစွာ အလေ့အလာပြုသည်ရှိသော် သံယောဇဉ်သုံးပါးတို့၏ ကုန်ခန်းခြင်းကြောင့် သောတာပန်ဖြစ်လေ၏၊ အပါယ်လေးပါးသို့ ကျရောက်ရန် သဘောမရှိ၊ သုဂတိ ဘုံဘဝတည်းဟူသော မြဲသော ဂတိရှိ၏၊ အထက်မဂ်ဉာဏ်သို့သာလျှင် ဆိုက်ရောက် လည်းလျောင်း ရာရှိ၏။

ထိုအနိစ္စသညာကိုပင်လျှင် တစ်ဖန်ပွါးများပြန်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာပြုပြန်သည်ရှိသော် ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂနှင့် ဗျာပါဒ တို့ကိုပယ်သဖြင့် သကဒါဂါမ်ဖြစ်လေ၏၊ ဤ ကာမသုဂတိဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ကြိမ်မျှကျင်လည်ရန် အလား ရှိ၏။

ထိုအနိစ္စသညာကို တစ်ဖန်ပွါးများပြန်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့ အလာပြုပြန်သည်ရှိသော် သိမ်မွေ့သောကာမရာဂနှင့် ဗျာပါဒကို အကြွင်းမဲ့ပယ်သဖြင့် အနာဂါမ်ဖြစ်လေ၏၊ ပဋိသန္ဓေအားဖြင့် ဤကာမဘုံ သို့လာရန် သဘော မရှိချေ။

ထိုအနိစ္စသညာကိုပင်လျှင် တစ်ဖန်ပွါးများပြန်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာပြုပြန်သည်ရှိသော် အလုံးစုံသော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သဖြင့် အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ ရောက်လေ၏၊ မြတ်သောအလှူကို ခံထိုက်၏၊ မျက်မှောက်ဘဝ၌ပင်လျှင် ငြိမ်းချမ်းသက်သာ ရာကို ရလေ၏။

ဤသို့ဖြစ်သော လောကုတ္တရာလမ်း စခန်းအစဉ်ကို ရည်၍အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္ဌာတိ၊ အနတ္တသညိနော အသ္မိမာနော သမုဂ္ဃါတံ ပါပုဏာတိ ဒိဋ္ဌေဝဓမ္မေ နိဗ္ဗာနံ။

ဟူသောစကားကို မြတ်စွာဘုရား မိန့်တော်မူလေသည်။

သောတာပန်သုံးမျိုး။။ထိုစကားရပ်၌ သောတာပန်သည် (၁) သတ္တက္ခတ္တု ပရမ သောတာပန်, (၂) ကောလံကောလ သောတာပန်, (၃) ဧကဗီဇ သောတာပန် ဟူ၍ သုံးမျိုးရှိ၏၊ ထိုတွင်

၁။ အကြင်သောတာပန်သည် ကာမသုဂတိဘဝ၌ ခုနစ်ကြိမ် တိုင်တိုင် ပဋိသန္ဓေယူခြင်း သဘောရှိ၏၊ ထိုသောတာပန်သည် သတ္တက္ခတ္တု ပရမ သော တာပန်မည်၏၊

၂။ အကြင်သောတာပန်သည် ကာမသုဂတိဘုံ၌ပင်လျှင် ခြောက် ကြိမ်သော်လည်းကောင်း, ငါးကြိမ်သော်လည်းကောင်း, လေးကြိမ်သော် လည်းကောင်း, သုံးကြိမ်သော်လည်းကောင်း, နှစ်ကြိမ်သော်လည်း ကောင်း, ပဋိသန္ဓေဟူရန် သဘောရှိ၏၊ ထိုသောတာပန်ငါးမျိုးသည် ကောလံကောလ သောတာပန်မည်၏။

တဒ္ဓိတ်ပုဒ်အရ-သမာသ်ပုဒ်တွဲ၍ပြ

ကုလတော ကုလံ ပုနပ္ပုနံ ဂစ္ဆတီတိ ကောလံကောလော။ ကုလတော=ဘဝတစ်မျိုးမှ၊ ကုလံ=ဘဝတစ်မျိုးသို့၊ ပုနပ္ပနံ= အဖန်ဖန်၊ ဂစ္ဆတိ=ကျင်လည်ပြောင်းသွားတတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ ကောလံ ကောလော=ကောလံကောလမည်၏၊ ၃။ အကြင်သောတာပန်သည် ကာမသုဂတိဘုံ၌ တစ်ကြိမ်မျှသာ လျှင်ဖြစ်သော ပဋိသန္ဓေမျို့စေ့သည် ကျန်ရှိ၏၊ ထိုသောတာပန်သည် ဧကဗီဇ သောတာပန် မည်၏။

ထို သောတာပန်တို့တွင် သတ္တက္ခတ္တုပရမ သောတာပန်သည် အညံ့ဆုံး အောက်တန်းအကျဆုံးဖြစ်၏၊ ထိုအညံ့ဆုံးသော သောတာပန် အရိယာသာဝက၏ မျက်မှောက်ဘဝ၌ရအပ်သော ဒိဋ္ဌလက်တွေ့ဖြစ် သော မဂ်၏အကျိုးကို ကြီးကျယ်ကြောင်းကိုပင် မဟာဝဂ္ဂသံယုတ် အဘိသမယဝဂ်၌ ဤသို့ဟောကြားတော်မူ၏။

မြေကြီး ပမာဏ၊ ဝဋ်ဒုက္ခ ကုန်ခန်းပုံပြ၊

ထိုသုတ်၏ မြန်မာပြန်--ဘုန်းတော်ကြီးသောမြတ်စွာ ဘုရား သည် လက်သည်းတော်ဖျားပေါ်၌ အနည်းငယ်မျှသော မြေမှုန့်ကို တင်ပြီးလျှင် ရဟန်းတို့ကို ခေါ်၍ မိန့်တော်မူသည်မှာ ငါဘုရား၏လက် သည်းတော်ဖျားပေါ်၌ တင်ထားအပ်သော အကြင်မြေမှုန့်သည်လည်း ရှိ၏၊ ဤမဟာပထဝီမြေကြီးသည်လည်း ရှိ၏၊ ဤနှစ်ပါးတို့တွင် အဘယ်အရာက များပါသနည်းဟူ၍ မေးတော်မူ၏၊ အရှင်ဘုရား, အကြင်မဟာပထဝီမြေကြီးသည် ရှိ၏၊ ထိုမဟာပထဝီမြေကြီးသည် သာလျှင် များပြားပါသည်၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား၏ လက်သည်းတော် ဖျားပေါ်၌ တင်ထားအပ်သော ဤမြေမှုန့်သည်ကား အနည်းငယ်မျှသာ ဖြစ်ပါသည်ဟူ၍လျှောက်ထားကြကုန်၏။

အိုချစ်သားရဟန်းတို့-ဤအတူပင်လျှင် လောကုတ္တရာပညာနှင့် ပြည့်စုံသော တရားအထူးကို သိမြင်ပေါက် ရောက်ပြီးသော တပည့်မြတ် ဖြစ်သော သောတာပန်ပုဂ္ဂိုလ်အား အကြင်ကုန်ခန်းသောဝဋ်ဒုက္ခသည် ရှိ၏၊ ထိုကုန်ခန်းပြီးသော ဝဋ်ဒုက္ခသည်သာလျှင် အလွန်များပြားလှစွာ၏၊ ကြွင်းကျန်သေးသော ဝဋ်ဒုက္ခသည်ကား အနည်းငယ်မျှဖြစ်၏ ဟူ၍ ဟောတော်မူ၏။

[နိဒါနဝဂ္ဂ အဘိသမယသံယုတ်၌လည်း ဤသို့သဘောရှိသော သုတ္တန် တို့ကို များစွာဟောကြားတော်မူအပ်ကုန်၏၊ အထက်ပါ သုတ္တန်စကားရပ် သည် သတ္တက္ခတ္တုပရမ ဟုဆိုအပ်သောအရိယာသာဝက အညံ့ဆုံးကိုရည်၍ ဟောတော် မူအပ်သော စကားဖြစ်သည်၊ ထို့ထက်မြင့်မြတ်သော အထက်အထက်ဖြစ်သော အရိယာသာဝကတို့၏ ကုန်ပြီးသော ဝဋ်ဒုက္ခ၏များပြားပုံ ကြွင်းကျန်သော ဝဋ်ဒုက္ခ၏နည်းပါးပုံကိုမူကား အထူးဆိုဖွယ် မရှိပေ၊ အထက်ပါ သုတ္တန်ဖြင့်သာလျှင် ဆင်ခြင်သိသာ ထိုက်ပေ၏၊]

မြတ်စွာဘုရား၏ သာသနာတော်မြတ်၌ တရားထူးရခြင်းသည် ဤမျှ လောက်အကျိုးကြီးလေ၏၊ ဤဆိုအပ်ပြီးသော စကားရပ်သည်ကား ကာမဘုံ၌ စျာန်မရသော အရိယာသာဝက သာမညတို့အတွက် ဆိုအပ် သော စကားဖြစ်သည်၊ အကြင်အရိယာသာဝကတို့သည် စျာန်ကိုရ၍ ဤလူ့ပြည်မှ စုတေကြ ကုန်သည်ရှိသော် ဗြဟ္မာဘုံတို့၌ ဖြစ်ကြလေကုန်၏၊ ထိုသို့သဘောရှိသော အရိယာပုဂ္ဂိုလ်တို့၏အတွက် ဟောကြားတော်မူ အပ်သော သုတ္တန်တို့သည်လည်း များစွာရှိကြကုန်၏၊ ဆိုလတ္တံ့သော စတုကင်္ဂုတ္တရပါဠိတော် စကားရပ်ဖြင့် ဗြဟ္မာပြည်သို့ ဆိုက်ရောက် ကြကုန်သော အရိယာသာဝကတို့၏ ဖြစ်ပုံအလားကို သိအပ်၏။

သူတော်ကောင်း တရားဝေး၊ ဗြဟ္မာပုထုဇ္ဇန်အပါယ်ဘေး

ထိုပါဠိတော်၏မြန်မာပြန်---ချစ်သားရဟန်းတို့, ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပထမစျာန်ကို ရရှိဝင်စားနေ၏၊ ထိုပုဂ္ဂိုလ်သည် ထိုမိမိရရှိဝင်စား၍နေသော ပထမစျာန်ကို သာယာ၏၊ ထိုပထမစျာန်၌ တည်လျက် စုတေလေသည်ရှိသော် ပထမစျာန်ဗြဟ္မာဘုံ၌ ဖြစ်လေ၏၊ ပထမစျာန်ဗြဟ္မာတို့၏ အသက်တမ်းသည် တစ်ကမ္ဘာရှိ၏၊ ထိုဗြဟ္မာဘုံ၌ ပုထုဇ္ဇန်ဖြစ်ခဲ့လျှင် အသက်တမ်းရှိ သည့်အတိုင်းတည်နေ၍ စုတေလေ သောအခါ ငရဲဘုံသို့လည်း လားရလေ၏၊ တိရစ္ဆာန်ဘုံသို့လည်း လားရ လေ၏၊ ပြိတ္တာဘုံသို့လည်း လားရလေ၏၊ မြတ်စွာဘုရား၏ တပည့်သား အရိယာသာဝကသည်မူကား ထိုဗြဟ္မာဘုံ၌ အသက်တမ်းရှိ သည့်အတိုင်း တည်နေပြီးလျှင် ထိုဗြဟ္မာ့ဘုံ၌ပင်လျှင် ပရိနိဗ္ဗာန်ပြုလေ၏၊ အိုရဟန်းတို့, ဤဆိုအပ်ပြီးသည်ကား သူတော်ကောင်းတရားကို ကြားနာရခြင်း မရှိသော ပုထုဇ္ဇန်နှင့် စုတိအားဖြင့်လည်းကောင်း, ပဋိသန္ဓေအားဖြင့်လည်း ကောင်း ထူးခြားပုံပေတည်း။

[ဤနည်းနှင့်အတူ အထက်စျာန် အထက်ဘုံတို့၌ ပုထုဇ္ဇန်နှင့် အရိယာ ပုဂ္ဂိုလ်တို့၏ ထူးခြားပုံကို ဟောတော်မူသော သုတ္တန်လေးခုတို့လည်း ရှိကုန်သေး၏၊]

[ဤသည်ကား-လောကုတ္တရာ အကျင့်ပဋိပတ်၏ အကျိုးအာနိသင်များပေတည်း။]

ဤနေရာ၌ မေးဖွယ်ရှိသည်ကား--ယခုခေတ်အခါ အရိယာ ပုဂ္ဂိုလ် မဟုတ်ကြပဲ သီလသိက္ခာမျှတို့၌သာ တည်၍နေကြကုန်သော ကလျာဏပုထုဇ္ဇန်ဖြစ်သော ရဟန်းတို့သည် သုပ္ပဋိပန္နမည်ကုန်သလော, သို့မဟုတ် သုပ္ပဋိပန္န မမည်ပဲ ရှိကုန်သလောဟူ၍ မေးကြကုန်ရာ၏။

အဖြေကား။။ သုပ္ပဋိပန္န မမည်ဟု မဆိုထိုက်ကြကုန်၊ သုပ္ပဋိပန္န ပုဂ္ဂိုလ်ဟူ၍သာလျှင် ဆိုထိုက်ကုန်၏၊ အကြောင်းကား၊ အလုံးစုံသော ရဟန်းတို့၏ သီလသိက္ခာကို အရိယသီလက္ခန္ဓ၌သွင်း၍ ရေတွက်အပ်၏။

ပါဠိတော်အထောက်ကား

သော ဣမိနာ အရိယေန သီလက္ခန္ဓေန သမန္နာဂတော အဇ္ဈတ္တံ အနဝဇ္ဇသုခံ ပဋိသံဝေဒေတိ၊ သော ဣမိနာ အရိယေန ဣန္ဒြိယသံဝရေန သမန္နာဂတော အဇ္ဈတ္တံ အဗျာသေကသုခံ ပဋိသံဝေဒေတိ။

[သာမညဖလသုတ် ပါဠိတော်]

အရိယေန=မြတ်သော၊ ဣမိနာသီလက္ခန္ဓေန=ဤသီလအစုနှင့်၊ သမန္နာ ဂတော=ပြည့်စုံသော၊ သော=ထိုပုဂ္ဂိုလ်သည်၊ အဇ္ဈတ္တံ=မိမိအဇ္ဈတ္တ သန္တာန်၌၊ အနဝဇ္ဇသုခံ=အပြစ်မရှိသောချမ်းသာကို၊ ပဋိသံဝေဒေတိ= ခံစားရ၏၊ အရိယေန= မြတ်သော၊ ဣမိနာဣန္ဒြိယသံဝရေန=ဤဣန္ဒြိယ သံဝရသီလနှင့်၊ သမန္နာဂတော=ပြည့်စုံသော၊ သော=ထိုပုဂ္ဂိုလ်သည်၊ အဇ္ဈတ္တံ=မိမိအဇ္ဈတ္တသန္တာန်၌၊ အဗျာသေက သုခံ=ဒုက္ခနှင့်မရောယှက် သက်သက်စင်ကြယ်သော ချမ်းသာကို၊ ပဋိသံဝေဒေတိ=ခံစားရ၏။

ဝိနည်းပရိဝါ ပါဠိတော်၌လည်း

ကေ သိက္ခန္တိ ကေ သိက္ခိတသိက္ခာတိ ပုထုဇ္ဇန ကလျာဏ ကေန သဒ္ဓိံ သတ္တသေက္ခာ သိက္ခန္တိ၊ အရဟန္တော ခီဏာသဝါ သိက္ခိတသိက္ခာ။

ဟူ၍ ကလျာဏပုထုဇ္ဇန်ကို သေက္ခပုဂ္ဂိုလ်တို့နှင့် သဘောတူ ပူးတွဲ၍ ဟောတော်မူသည်။

ကေ=အဘယ်ပုဂ္ဂိုလ်တို့သည်၊ သိက္ခန္တိ=ကျင့်ဆဲဖြစ်ကုန်သနည်း၊ ကေ=အဘယ်ပုဂ္ဂိုလ်တို့သည်၊ သိက္ခိတသိက္ခာ=ကျင့်ပြီးသော အကျင့် သိက္ခာရှိကြကုန်သနည်း၊ ဣတိ=ဤကားအမေးတည်း၊ ပုထုဇ္ဇနကလျာဏ ကေန=ကလျာဏပုထုဇ္ဇန်ပုဂ္ဂိုလ်နှင့်၊ သဒ္ဓိံ=တကွ၊ သတ္တသေက္ခာ=သေက္ခ ပုဂ္ဂိုလ် ၇-ဦးတို့သည်၊ သိက္ခန္တိ=ကျင့်ဆဲဖြစ်ကုန်၏၊ ခီဏာသဝါ=အာသဝေါ ကုန်ခန်းကုန်ပြီးသော၊ အရဟန္တော=ရဟန္တာပုဂ္ဂိုလ်တို့သည်၊ သိက္ခိတ သိက္ခာ=ကျင့်ပြီးသောအကျင့် သိက္ခာရှိကြကုန်၏။

[ဤပါဠိတော်ကိုထောက်၍ အရိယသီလက္ခန္ဓ, အရိယဣန္ဒြိယသံဝရ သီလနှင့် ပြည့်စုံတော်မူကြကုန်သော ကလျာဏပုထုဇ္ဇန် ရဟန်းတော် အရှင်မြတ်များကို သုပ္ပဋိပန္န ပုဂ္ဂိုလ်များဖြစ်ကြကုန်သည်ဟူ၍ မှတ်ယူထိုက်ပေကုန်သည်၊ သုပ္ပဋိပန္န ဆိုထိုက်လျှင် ဥဇုပ္ပဋိပန္နစသည်ဖြင့် ဆိုထိုက်ကြောင်းကိုလည်း သိရာ၏၊]

စောဒနာဖွယ်ရှိပြန်သည်မှာ---ထိုကဲ့သို့ကလျာဏ ပုထုဇ္ဇန် ရဟန်းကို သုပ္ပဋိပန္နဆိုထိုက်ပါလျှင် (အဋ္ဌပုရိသပုဂ္ဂလာ)ဟူ၍ မဆိုပဲ (နဝ ပုရိသပုဂ္ဂလာ) ဟုဆို၍ သုပ္ပဋိပန္န ပုဂ္ဂိုလ် ၉-ပါး ဖြစ်တန်ရာသည် မဟုတ်ပါလောဟု စောဒနာ ပြန်ရာ၏။

အဖြေကား---ထိုသို့ ပုဂ္ဂိုလ်ကိုးပါးမူကား မဖြစ်နိုင်၊ ရှစ်ပါး ဟူ၍သာ ဖြစ်နိုင်၏၊ အကြောင်းမူကား ထိုအရိယသီလ, အရိယဣန္ဒြိယ သံဝရသီလတို့ကို ကျင့်ဆဲဖြစ်သော ကလျာဏပုထုဇ္ဇန် ရဟန်းတော်ကို သောတာပတ္တိဖိုလ်သို့ မျက်မှောက်ပြုရန် ကျင့်ဆဲဖြစ်သော ပထမသေက္ခ ပုဂ္ဂိုလ်၌ အပါအဝင် သွင်း၍ ရေတွက်အပ်သောကြောင့်တည်း။

နဝင်္ဂုတ္တရပါဠိတော်၌---

၁။ နဝယိမေ ပုဂ္ဂလာ၊ ကတမေ နဝ၊ အဋ္ဌ အရိယပုဂ္ဂလာစ ပုထုဇ္ဇနောစ။

၂။ နဝယိမေ ပုဂ္ဂလာ အာဟုနေယျာ၊ ကတမေ နဝ၊ အဋ္ဌ အရိယပုဂ္ဂလာစ ဂေါတြဘုစ။

၁။ ဣမေပုဂ္ဂလာ=ဤပုဂ္ဂိုလ်တို့သည်၊ နဝ=ကိုးပါးတို့တည်း၊ နဝ=ကိုးပါးတို့ဟူသည်၊ ကတမေ=အဘယ်သည်တို့နည်း၊ အဋ္ဌ=ရှစ်ပါး ကုန်သော၊ အရိယ ပုဂ္ဂလာစ=အရိယာပုဂ္ဂိုလ်တို့လည်းကောင်း၊ ပုထုဇ္ဇနောစ=ပုထုဇ္ဇန်ပုဂ္ဂိုလ်လည်းကောင်း၊ ဣတိ=ဤသို့၊ နဝ=ကိုးပါး တည်း။

၂။ အာဟုနေယျာ=အာဟုနေယျမည်ကုန်သော၊ ဣမေ ပုဂ္ဂလာ= ဤပုဂ္ဂိုလ်တို့သည်၊ နဝ=ကိုးပါးတို့တည်း၊ နဝ=ကိုးပါးတို့ဟူသည်၊ ကတမေ= အဘယ်သည်တို့နည်း၊ အဋ္ဌ=ရှစ်ပါးကုန်သော၊ အရိယပုဂ္ဂလာစ= အရိယာပုဂ္ဂိုလ်တို့လည်းကောင်း၊ ဂေါတြဘုစ=ဂေါတြဘုပုထုဇ္ဇန်လည်း ကောင်း၊ ဣတိ=ဤသို့၊ နဝ=ကိုးပါးတို့တည်း။

ပုထုဇ္ဇန်နှစ်သွယ်-အာဟုနေယျ ဂုဏ်ထိုက်ဖွယ်

ထိုသုတ္တန်နှစ်ရပ်တို့တွင် ပထမသုတ္တန်၌ ပုထုဇ္ဇန်ဆိုသည်မှာ သာသနာ အတွင်း၌ရှိသော ဒုဿီလပုထုဇ္ဇန်, သာသနာပ၌ရှိသော ပုထုဇ္ဇန်တို့နှင့်တကွ ပုထုဇ္ဇန်မှန်သမျှတို့ကို သိမ်းကျုံး၍ယူအပ်၏၊ ထို့ကြောင့် ထိုပထမသုတ်မှာ “အာဟုနေယျ” ပုဒ်ကိုချန်၍ ဟောတော် မူသည်။

ဒုတိယ အာဟုနေယျပုဂ္ဂလသုတ်၌ ဂေါတြဘု, ဆိုသည်ကို ကလျာဏပုထုဇ္ဇန်တို့တွင် အထွတ်အထိပ်ဆုံးဖြစ်၍ သောတာပတ္တိမဂ်၏ အခြားမဲ့၌ နီးကပ်၍တည်သော ဂေါတြဘုပုထုဇ္ဇန်ကို ယူအပ်၏၊ ထိုပုဂ္ဂိုလ် သည် အာဟုနေယျ ပုဂ္ဂိုလ်ဖြစ်၏၊ ဤသုတ္တန်၌ ဂေါတြဘုပုဂ္ဂိုလ်ကို ဟောတော်မူသဖြင့် ထိုဂေါတြဘု မှရှေး၌ဖြစ်ကုန်သော သီလဝိသုဒ္ဓိ အရာ၌တည်သော ကလျာဏပုထုဇ္ဇန်ရဟန်း, လောကီဝိသုဒ္ဓိခြောက်ပါး တို့၌တည်သော ကလျာဏပုထုဇ္ဇန်ရဟန်းတို့ကိုလည်း အာဟုနေယျ ပုဂ္ဂိုလ်အဖြစ်ဖြင့် ယူသင့်ယူထိုက်သည်သာလျှင် ဖြစ်၏၊ အာဟုနေယျ ဆိုသဖြင့် သုပ္ပဋိပန္နဆိုခြင်းကိစ္စလည်း ပြီးလေတော့သည်သာဖြစ်၏၊ ဤစကားရပ်ဖြင့် မြတ်စွာဘုရားသည် တပည့်သာဝကတို့အား အဘယ် သို့လျှင် အကျင့် ပဋိပတ်တို့ကို ဟောကြားတော်မူအပ်ကုန်သနည်း, ဟူ၍ ရှေး၌ပြဆိုခဲ့သော မေးမြန်းချက်၏ အဖြေဖြစ်သော စကားရပ်ပြီး၏။

[ဤသို့လျှင် မြတ်စွာဘုရားသည် အကြင်သို့သော အခြင်းအရာအားဖြင့် အကျင့်ပဋိပတ်တို့ကို ဟောကြားတော်မူအပ်ကုန်၏၊ ထိုသို့သော အခြင်းအရာ အားဖြင့် ကျင့်တော်မူကြကုန်သော ရဟန်းအဖြစ်၌တည်သော ကလျာဏ ပုထုဇ္ဇန် နှင့်တကွ အရိယာပုဂ္ဂိုလ် ရှစ်ပါးတို့သည် သုပ္ပဋိပန္န, ဥဇုပ္ပဋိပန္န ဉာယပ္ပဋိပန္န, သာမိစိပ္ပဋိပန္နမည်တော်မူကြလေကုန်၏ ဟူ၍သိမှတ်ရာ၏၊]

---*---

အာဟုနေယျစသောဂုဏ်တော်ငါးပါး

တဒ္ဓိတ်ဝိဂြိုဟ်

အာဟုနံ အရဟတီတိ အာဟုနေယျော” အာဟုနံ=နိစ္စဗဒ်တည်သော အလှူဝတ်ကို၊ အရဟတိ=ခံခြင်းငှါ ထိုက်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ အာဟုနေယျော=အာဟုနေယျ မည်၏။

မိဘ,ဆရာ, ပူဇော်ရိုသေထိုက်သူများကိုရည်၍ ရှေးကပြုပေ ဖူးသော ကျေးဇူးအထူးကို အောက်မေ့ဆင်ခြင်ပြီးလျှင် ကတညုတ, ကတဝေဒီတရားကို ပွါးများဖြည့်ဆည်းပူးသည်၏အစွမ်းအားဖြင့် အမြဲမပြတ် နိစ္စဗဒ်ဝတ် တည်ထားအပ်သောအလှူဝတ်သည် အာဟုန မည်၏၊ ထိုအလှူကိုခံထိုက်သောကြောင့် အာဟုနေယျ မည်သည်။

တေနခေါပန သမယေန အာယသ္မတော ဗြဟ္မဒေဝဿ မာတာ ဗြာဟ္မဏီ ဗြဟ္မုနော အာဟုတိံ နိစ္စံ ပဂ္ဂဏှာတိ” တေန ခေါပန သမယေန=ထိုအခါ၌၊ အာယသ္မတော ဗြဟ္မဒေဝဿ=အရှင်ဗြဟ္မဒေဝ၏၊ မာတာ=အမိဖြစ်သော၊ ဗြာဟ္မဏီ= ပုဏ္ဏေးမသည်၊ ဗြဟ္မုနော=ဗြဟ္မာ့ကိုယ်ဆင်ခေါင်း ဂုဏ်ပေါင်းလွန်ကဲ မဟာပိန္နဲခေါ် နတ်မင်းကျော်အား၊ နိစ္စံ အာဟုတိံ=နိစ္စဗဒ်တည်သော အလှူဝတ်ကို၊ ပဂ္ဂဏှာတိ=ချီးမြှင့်လုပ်ကျွေး၏။

ဟူသော ဗြဟ္မသံယုတ်ပါဠိတော်ကိုထောက်၍ အာဟုန ဆိုသည် ကား နိစ္စဗဒ်တည်သော အလှူဝတ်ဟူ၍ သိအပ်၏၊ အာဟုတိ,နှင့် အာဟုန, အနက်တူ၏၊ မိဘတို့သည်လည်း သားသမီးတို့၏ ဤသို့နိစ္စဗဒ် တည်ထား ပြုစုအပ်သော ဝတ်ကို ခံထိုက်သောကြောင့် အာဟုနေယျပင် မည်ကြကုန်ပေ၏။

တဒ္ဓိတ်ဝိဂြိုဟ်

ပါဟုနံ အရဟတီတိ ပါဟုနေယျော

ပါဟုနံ=ဧည့်သည်အာဂန္တုတို့အလို့ငှါ ရည်စူး၍ထားအပ်သော အလှူကို၊ အရဟတိ=ခံထိုက်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ပါဟုနေယျော= ပါဟုနေယျ မည်၏။

ဧည့်သည်ကိုလည်းကောင်း, ဧည့်သည်၏အကျိုးငှါ ရည်ညွှန်း၍ ထားအပ်သော အလှူဝတ္ထုကိုလည်းကောင်း ပါဟုနခေါ်သည်၊ ထို ပါဟုန၏ အနက်အဓိပ္ပါယ်ကို ပြဆိုလတ္တံ့သော တေမိယဇာတ် ပါဠိတော်ဖြင့် သိအပ်၏။

ဣဒံပိ ပဏ္ဏကံ မယှံ၊ ရန္ဓံ ရာဇ အလောဏကံ။
ပရိဘုဉ္ဇ မဟာရာဇ၊ ပါဟုနော မေ ဣဓာဂတော။

(ပတျာဝတ္တသာဓက)

ရာဇ=ခမည်းတော်မင်းကြီး၊ ဣဒံပိ ပဏ္ဏကံ=ဤကံပြင်းရွက် ကိုလည်း၊ မယှံ=အကျွန်ုပ်သည်၊ အလောဏကံ=ဆားမခပ်ရပဲ၊ ရန္ဓံ=ပြုတ်၍ ထားအပ်ပါ၏၊ မဟာရာဇ=ခမည်းတော်မင်းမြတ်၊ ပရိဘုဉ္ဇ=သုံးဆောင် တော်မူပါလော၊ မေ= အကျွန်ုပ်၏၊ ပါဟုနော=ဧည့်သည်တော်ဖြစ်သော ရှင်မင်းကြီးသည်၊ ဣဓာဂတော=ဤအရပ်သို့ ဆိုက်ရောက်တော်မူလာ ပေ၏။

ထို့ကြောင့် ပါဟုနဆိုသည်ကား မိမိနေရာဌာနသို့ ဆိုက်ရောက် လာကြကုန်သော ဆွေမျိုး, မိတ်ဆွေ,ဧည့်သည်, အာဂန္တုတို့အား သူတော်ကောင်းတို့၏ ရှေးဟောင်းကျင့်ဝတ်ကို မချွတ်မယွင်းစေသော အားဖြင့် စီရင်ဧည့်ခံပြုစု လုပ်ကျွေးတည်ထားအပ်သောဝတ္ထုကို ပါဟုန ဆိုသည် ဟုသိအပ်၏၊ မိမိသည် ဧည့်သည် အာဂန္တုအဖြစ်ဖြင့် ဆွေမျိုး, မိတ်ဆွေ စသည်တို့၏ နေရပ်ဌာနသို့ ဆိုက်ရောက်လေသောအခါ မိမိရှေ့သို့ တည်ခင်းဆိုက်ရောက်လာသော ဝတ္ထုပစ္စည်းကိုလည်း ပါဟုန ဟူ၍ပင် ဆိုအပ်၏၊ ထိုဧည့်သည်အာဂန္တုတို့၏အတွက် ရည်မှန်း လှူဒါန်း အပ်သော အလှူဝတ္ထုကိုခံခြင်းငှါထိုက်သောကြောင့် ပါဟုနေယျ မည်သည်။

တဒ္ဓိတ်ဝိဂြိုဟ်

ဒက္ခိဏံ အရဟတီတိ ဒက္ခိဏေယျော

ဒက္ခိဏံ=သဒ္ဓါသဖြင့် လှူအပ်သော အလှူဝတ္ထုကို၊ အရဟတိ= ခံခြင်းငှါ ထိုက်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဒက္ခိဏေယျော=ဒက္ခိဏေယျ မည်၏။

ဒက္ခိဏဆိုသည်ကား---အဟုန, ပါဟုနမျိုးမဟုတ်ပဲ သက်သက် ကံကိုလည်းကောင်း, ကံ၏အကျိုးကိုလည်းကောင်း, ယုံကြည်အားထား၍ နောင်အခါ အကျိုးထူးကို ခံစားရလိမ့်မည်ဟူ၍လည်းကောင်း, ပါရမီကုသိုလ် ပြည့်စိမ့်သော ငှါလည်းကောင်း, သီလစသော ဂုဏ်ကျေးဇူး တို့ကို ပူဇော်ချီးမြှောက်ခြင်းငှါလည်းကောင်း, သဒ္ဓါသဖြင့် စီရင်၍ထား အပ်သော သဒ္ဓါဒေယျဒါနသည် ဒက္ခိဏ မည်၏၊ ထိုဒက္ခိဏမည်သော အလှူဝတ္ထုကို ခံထိုက်သောကြောင့် ဒက္ခိဏေယျ မည်သည်။

[ဆိုအပ်ပြီးသော ဒါနသုံးမျိုးကို အရိယာသံဃာတော်အား လှူဒါန်းအပ် သည်ရှိသော် အထူးသဖြင့် ကြီးကျယ်ဖွ့ဖြိုးသော အကျိုးအာနိသင်ကို ဖြစ်စေ တတ်၏၊ ထို့ကြောင့် အရိယာသံဃာတော်သည် အာဟုနေယျ, ပါဟုနေယျ, ဒက္ခိဏေယျ ဟူသောဂုဏ်ကို ရရှိတော်မူသည်။]

တဒ္ဓိတ်ဝိဂြိုဟ်

အဉ္ဇလီကရဏံ အရဟတီတိ အဉ္ဇလီကရဏီယော” အဉ္ဇလီကရဏံ=လက်အုပ်ချီမိုး ရှိခိုးရိုသေခြင်းကို၊ အရဟတိ= ခံထိုက်၏၊ ဣတိတသ္မာ=ထိုကြောင့်၊ အဉ္ဇလီကရဏီယော=အဉ္ဇလီ ကရဏီယမည်၏။

သုပ္ပဋိပ္ပန္နစသောဂုဏ်တို့နှင့် ပြည့်စုံ၍ မြတ်သောပုဂ္ဂိုလ်ဖြစ်သောကြောင့် လက်အုပ်ချီခြင်းကို ခံထိုက်သည်၊ လက်အုပ်ချီခြင်းကို အဉ္ဇလီကမ္မ ဟူ၍လည်းကောင်း, အဉ္ဇလီကရဏဟူ၍လည်းကောင်း ဆိုအပ်၏၊ ထို့ကြောင့် အဉ္ဇလီကရဏီယ မည်၏။

တစ်ကြိမ်ရှိခိုးက ကောင်းကျိုးအသင်္ချေ။
ဤလောက၌ ဣဿရိယဂုဏ်နှင့်ပြည့်စုံသော မင်းစိုးရာဇာတို့အား ရှိခိုးလျှင် ထိုက်သည့်အားလျော်စွာ လောကီအကျိုးကို ပေးတတ်သကဲ့သို့ သုပ္ပဋိပ္ပန္နစသော ဂုဏ်ကောင်းဂုဏ်မြတ်တို့နှင့် ပြည့်စုံသော အရှင်မွန်, အရှင်မြတ် တို့ကိုရှိခိုးလျှင် မရေတွက်နိုင်သော သံသရာ၏ ကောင်းကျိုး ချမ်းသာတို့ကို ပေးနိုင်လေသည်၊ ဤသို့ ရှိရှင်မြတ်နိုး တစ်ကြိမ်ခိုးက ကောင်းကျိုးအသင်္ချေ ပေးနိုင်ပေသောကြောင့် ထိုအရှင်မွန် အရှင်မြတ် တို့သည် အဉ္ဇလီကရဏီယဟူသော ဂုဏ်ထူးကို ရရှိတော်မူကြကုန်သည်။

အကျင့်ပဋိပတ်ပြည့်စုံ-လယ်တာမြေကောင်းနှင့်တူပုံ

အောက်၌ပြဆိုအပ်ပြီးသော အကျင့်ပဋိပတ်တို့နှင့် ပြည့်စုံသော အရိယာ သာဝကသည် သုပ္ပဋိပန္နစသောဂုဏ်နှင့် ပြည့်စုံတော်မူ ကြကုန်၏၊ သုပ္ပဋိပန္နစသော ဂုဏ်တို့နှင့်ပြည့်စုံသော အရိယာသာဝက သည် အာဟုနေယျစသောဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်သည်၊ ထိုဂုဏ်တို့နှင့်ပြည့်စုံတော်မူကြသော အရိယာသာဝက၌ လှူဒါန်း အပ်သော အလှူသည်သာလျှင် အတုမရှိကြီးမြတ်သော အကျိုးကို ပေးနိုင်၏၊ လယ်တာမြေကောင်း၌ စိုက်ပျိုးလုပ်ကိုင်သော လယ်သမား သည် အသီးအနှံများစွာကို ရရှိသကဲ့သို့၊ ထို့အတူ သုပ္ပဋိပန္နစသောဂုဏ်နှင့် ပြည့်စုံသော အရိယာသာဝက၌ လှူဒါန်းသော ပုဂ္ဂိုလ်သည် များမြတ် ကြီးကျယ်သော အကျိုးကိုရရှိလေ၏၊ ထို့ကြောင့် ပြဆိုအပ်ပြီးသော အရိယာသာဝကတို့သည် လောက၌ ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးကြဲချရာ လယ်တာမြေကောင်းကြီးများသဖွယ် ဖြစ်ကြကုန်သည်၊ သို့ဖြစ်၍ ထိုအရိယာသာဝကတို့ကို အနုတ္တရံ ပုညက္ခေတ္တံ လောကဿ ဟူသောဂုဏ်နှင့် ပြည့်စုံသည်ဟူ၍ ဆိုအပ်ကုန်၏၊ ပေါင်းမြက်ထူထပ် ရေငတ် ခြောက်သွေ့ ၍နေသော ကျတ်တီးလယ်ပြင်၌ များလှစွာသော မျိုးကောင်း, မျိုးမွန် တို့ကို စိုက်ပျိုးသော်လည်း ဖွံ့ဖြိုးသောအသီးအနှံတို့ကို မရရှိနိုင်သကဲ့သို့၊ သုပ္ပဋိပန္နစသောဂုဏ်တို့နှင့် မပြည့်စုံသော ဒုဿီလ ပုဂ္ဂိုလ်တို့၌ လှူဒါန်းအပ်သော ကုသိုလ်မျိုးစေ့သည်လည်း ဖွံ့ဖြိုးသော အကျိုးကို မပေးနိုင်၊ ပေါင်းမြက်ကင်းရှင်း၍ ကန်သင်းရေလာကောင်း သော လယ်ကောင်း၌ စိုက်ပျိုးအပ်သော မျိုးစေ့အနည်းငယ်သည် ဖွံ့ဖြိုးမြားမြောင်သော အသီးအနှံတို့ကို ရရှိစေနိုင်သကဲ့သို့၊ သုပ္ပဋိပန္န စသောဂုဏ်နှင့် ပြည့်စုံတော်မူသော အရိယာသာဝကတို့၌ လှူဒါန်းအပ် သော ကုသိုလ်မျိုးသည် ဖွံ့ဖြိုးကြီးကျယ်သော အကျိုးကို ရရှိစေနိုင်၏၊ ဤပုညက္ခေတ္တံဂုဏ်နှင့်စပ်၍ အင်္ကုရဝတ္ထု၌ အောက်၌ပါသော ဂါထာ တို့ကို မြတ်စွာဘုရား ဟောကြားတော်မူသည်။

ကျတ်တည်းကုန်းခေါင်-သုသီ,ယောင်

၁။ ဥဇ္ဇင်္ဂလေ ယထာ ခေတ္တေ၊ ဗီဇံ ဗဟုံပိ ရောပိတံ၊ န ဝိပုလံ ဖလံ ဟောတိ၊ နာပိ တောသေတိ ကဿကံ။

၂။ တထေဝ ဒါနံ ဗဟုကံ၊ ဒုဿီလေသု ပတိဋ္ဌိတံ၊ န ဝိပုလံ ဖလံ ဟောတိ၊ နာပိ တောသေတိ ဒါယကံ။

၁-၂။ ဥဇ္ဇင်္ဂလေ=ကုန်းခေါင်ရေရှားသော၊ ခေတ္တေ=ကျတ်တီး လယ်ပြင်၌၊ ဗီဇံ=မျိုးစေ့ကို၊ ဗဟုံ=များစွာ၊ ရောပိတံပိ=စိုက်ပျိုးအပ်ပါသော် လည်း၊ ဝိပုလံ= ပြန့်ပြောများပြားသော၊ ဖလံ=အသီးအနှံသည်၊ န ဟောတိ ယထာ=မဖြစ်မထွန်းဘိသကဲ့သို့၊ ကဿကံ=လယ်သမားကို၊ နာပိ တောသေတိ ယထာ=မနှစ်သက် စေနိုင်ဘိသကဲ့သို့၊ တထေဝ=ထိုအတူပင် လျှင်၊ ဒုဿီလေသု=သီလမရှိသော ဒုဿီလပုဂ္ဂိုလ်တို့၌၊ ပတိဋ္ဌိတံ=လှူဒါန်း တည်ထားအပ်သော၊ ဒါနံ=အလှူသည်၊ ဗဟုကံ=အများကြီးပင်ဖြစ်သော် လည်း၊ ဝိပုလံ=မြားမြောင်ပြန့်ပြောသော၊ ဖလံ=အကျိုးသည်၊ န ဟောတိ=မဖြစ်နိုင်၊ ဒါယကံ=လှူဒါန်းသူဒါယကာကို၊ နာပိ တောသေတိ= နှစ်လည်းမနှစ်သက်စေနိုင်။

သီလဂုဏ်ရောင်-အကျိုးဆောင်

၃။ ယထာပိ ဘဒ္ဒကေ ခေတ္တေ၊ ဗီဇံ အပ္ပံပိ ရောပိတံ။

သမ္မာဓာရေ ပဝဿန္တေ၊ ဖလံ တောသေတိ ကဿကံ။

၄။ တထေဝ သီလဝန္တေသု၊ ဂုဏဝန္တေသု တာဒိသု။

အပ္ပကံပိ ကတံ ကာရံ၊ ပုညံ ဟောတိ မဟပ္ဖလံ။

၃-၄။ ဘဒ္ဒကေ=ရေစီးရေလာ မြေဩဇာကောင်းမွန်သော၊ ခေတ္တေ=လယ်ကောင်း၌၊ ဗီဇံ=မျိုးစေ့ကို၊ အပ္ပံ=အနည်းငယ်၊ ရောပိတံပိ= စိုက်ပျိုးအပ်ပါသော်လည်း၊ သမ္မာဓာရေ=ကောင်းသောမိုးရေအယဉ်သည်၊ ပဝဿန္တေ=အချိန်သင့်စွာ ဆွတ်ဖျန်းရွာသည်ရှိသော်၊ ဖလံ=အသီးအနှံ သည်၊ ကဿကံ=တောင်သူယောကျ်ား လယ်သမားကို၊ တောသေတိ ယထာ=နှစ်သက်စေဘိသကဲ့သို့၊ တထေဝ=ထို့အတူပင်လျှင်၊ သီလဝန္တေသု=သီလရှိကုန်သော၊ ဂုဏဝန္တေသု=သုပ္ပဋိပန္နစသော ဂုဏ်နှင့် ပြည့်စုံကုန်သော၊ တာဒိသု=လောကဓံတရားတို့ကြောင့် လှုပ်ရှားခြင်း မရှိကုန်သော အရိယာသာဝက ပုဂ္ဂိုလ်မြတ်တို့၌၊ အပ္ပံပိ=အနည်းငယ် လည်း၊ ကတံ=ပြုလုပ်လှူဒါန်းသော၊ ကာရံ=ကျေးဇူးဥပကာရပြုအပ်သော၊ ပုညံ= ကုသိုလ်ကောင်းမှုသည်၊ မဟပ္ဖလံ=မြားမြောင်ကြီးမားသော အကျိုးရှိသည်၊ ဟောတိ=ဖြစ်၏။

အသီးအနှံနှောင့်ယှက်-လယ်ရှိပေါင်းမြက်။
လယ်၌ရှိသော ပေါင်းမြက်တို့သည် အသီးအနှံ များစွာထွက်ခြင်းကို နှောင့်ယှက်တတ်ကုန် သော လယ်၏အပြစ်ဒေါသတို့ ဖြစ်ကုန်သကဲ့သို့ ထို့အတူ သီလမဲ့ကြောင်း ယုတ်မာကြောင်းဖြစ်ကုန်သော ရာဂ, ဒေါသ, မာန, ဒိဋ္ဌိ, ဣဿာ, မစ္ဆရိယ စသော ဒုဿီလတရားတို့သည် အလှူဒါန၏အကျိုးကို မဖွံ့ဖြိုးမကြီးမား အောင် နှိပ်စက်တတ်ကုန်သော အလှူခံပုဂ္ဂိုလ်၏ အပြစ်ဒေါသတို့မည် ကုန်၏၊ ထို့ကြောင့် အလှူခံပုဂ္ဂိုလ်၏ အပြစ်ဒေါသတို့မှ စင်ကြယ်၍ သုပ္ပဋိပန္န, ဒက္ခိဏေယျ ဂုဏ်နှင့်ပြည့်စုံ၍ လယ်တာမြေကောင်းသဖွယ် ဖြစ်သော ပုဂ္ဂိုလ်တို့၌ လှူဒါန်းအပ်သော အလှူဒါနသည်သာလျှင် ကြီးကျယ်ဖွံ့ဖြိုးသော အကျိုးကိုပေးနိုင်လေသည်၊ ထိုဒါနကိုသာလျှင် ဘုရားအစရှိသော သူတော်ကောင်းတို့လည်း ချီးမွှမ်းအပ်လေသည်။

သီလဝန္တဒါန-ဘုရားချီးမွှမ်းရ

ဝိစေယျ ဒါနံ သုဂတပ္ပသဋ္ဌံ။
ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ။
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဗီဇာနိ ဝုတ္တာနိ ယထာ သုခေတ္တေ။

ဝိစေယျဒါနံ=ရွေးချယ်၍ လှူအပ်သောအလှူကို၊ သုဂတပ္ပသဋ္ဌံ= မြတ်စွာ ဘုရားတိ့ု ချီးမွှမ်းအပ်၏၊ ဣဓ ဇီဝလောကေ=ဤအသက်ရှင်သော လူ့ပြည်၌၊ ဒက္ခိဏေယျာ=မြတ်သောအလှူကို ခံထိုက်ကုန်သော၊ ယေ= အကြင်ပုဂ္ဂိုလ်တို့သည်၊ သန္တိ=ရှိကြကုန်၏၊ ဧတေသု=ထိုပုဂ္ဂိုလ်မြတ်တို့၌၊ ဒိန္နာနိ=ပေးလှူအပ်ကုန်သော အလှူတို့သည်၊ မဟပ္ဖလာနိ=များမြတ် ကြီးကျယ်သော အကျိုးရှိကုန်၏၊ သုခေတ္တေ=လယ်တာမြေကောင်း၌၊ ဝုတ္တာနိ=စိုက်ပျိူးအပ်ကုန်သော၊ ဗီဇာနိယထာ=မျိုးစေ့တို့ကဲ့သို့တည်း။

[ထို့ပြင်တစ်ပါး၊ အာဟုနေယျ သုတ္တန်တို့၌ မြတ်စွာဘုရား ဟောကြား တော်မူအပ်သောနည်းဖြင့် အာဟုနေယျ စသောဂုဏ်ပုဒ်တို့၏ အနက်ကို ဖွင့်ပြအပ်၏၊]

တိကင်္ဂုတ္တရပါဠိတော် အာဟုနေယျသုတ် မြန်မာပြန်

ချစ်သားရဟန်းတို့ သုံးပါးသောတရားတို့နှင့် ပြည့်စုံသော ရဟန်းသည် အာဟုနေယျ=နိစ္စဗဒ်တည်သော အလှူဝတ်ကို ခံထိုက်၏၊ ပါဟုနေယျ=ဧည့်သည် အလို့ငှါ ရည်စူးအပ်သော အလှူဝတ်ကို ခံထိုက်၏၊ ဒက္ခိဏေယျ=သဒ္ဓါသဖြင့် လှူဒါန်းအပ်သော အလှူကိုခံထိုက်၏၊ အဉ္ဇလီကရဏီယ=လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်၏၊ အနုတ္တရံ ပုညခေက္ခတ္တံ လောကဿ=လောက၌ အတုမရှိသော ကောင်းမှု၏ စိုက်ပျိုးရာလယ်တာမြေကောင်းသဖွယ်ဖြစ်၏၊ အဘယ်တရားတို့နှင့် ပြည့်စုံသနည်းဟူမူကား ချစ်သားရဟန်းတို့--

၁။ ဤသာသနာတော်၌ ရဟန်းသည် အကျင့်သီလနှင့်ပြည့်စုံ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်း၍နေ၏၊ အကျင့်အာစာရ လှည့်လည်ခြင်း ဂေါစရနှင့်လည်း ပြည့်စုံ၏၊ အဏုမြူမျှလောက်သော အပြစ်တို့၌ မြင့်မိုရ်တောင်မျှကဲ့သို့ ကြီးစွာသောဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ခိုင်မြဲစွာဆောက်တည်၍ ကျင့်၏။

၂။ အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့ကို ပြည့်စုံ စေခြင်းငှါ အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍နေ၏၊ ကုသိုလ်တရား အရာတို့၌ သန်စွမ်းသော အားအင်ရှိ၏၊ အပြင်းအထန် မြဲမြံစွာ ကြိုးစားအားထုတ်၏၊ မချအပ်သော ဝန်ရှိ၏။

၃။ ထိုရဟန်းသည်လျှင် ဤတရားကား ဆင်းရဲဒုက္ခဟူ၍ မှန်သော အတိုင်း သိမြင်၏၊ ဤတရားကား ဆင်းရဲကြောင်းတည်း၊ ဤတရားကား ဆင်းရဲခြင်း၏ ချုပ်ရာတည်း၊ ဤတရားကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းဖြစ်သော အကျင့် ကောင်းတည်း ဟူ၍ မှန်သောအတိုင်း သိမြင်၏၊ ဤတရားသုံးပါးနှင့် ပြည့်စုံသော ရဟန်းသည် အာဟုနေယျ, ပါဟုနေယျ, ဒက္ခိဏေယျ, အဉ္ဇလီကရဏီယ, အနုတ္တရံပုညက္ခေတ္တံ လောကဿ မည်၏။

ဆိုလိုရင်းမှာ--

၁။ သီလနှင့်ပြည့်စုံခြင်း။ ၂။ ကုသိုလ်မှုတို့၌ဝီရိယရှိခြင်း။ ၃။ သစ္စာလေးပါးကို သိမြင်ခြင်း။ ဤတရားသုံးပါးနှင့်ပြည့်စုံလျှင် အာဟုနေယျစသော အရိယာသာဝက ဂုဏ်ငါးပါးနှင့် ပြည့်စုံ၏ဟူလို၊ တိကင်္ဂုတ္တရပါဠိတော်၌ ဤကဲ့သို့သဘောတူစွာ အာဟုနေယျ သုတ္တန် သုံးခုလာ၏။

ရဟန်းလေးမျိုး-အာဟုနေယျ ဂုဏ်ထိုက်ရိုး စတုက္ကင်္ဂုတ္တရ အဘိညာဝဂ်၌လည်း---နတ်အဖြစ်သို့ ရောက်သော ရဟန်း, ဗြဟ္မာအဖြစ်သို့ ရောက်သောရဟန်း, မတုန်မလှုပ် ခိုင်မြဲခြင်းသို့ရောက်သော ရဟန်း, အရိယာအဖြစ်သို့ ရောက်သော ရဟန်းဟူ၍ ရဟန်းတို့သည် လေးပါး ရှိကုန်၏၊ ရူပစျာန်လေးပါးတို့ကို ရသောရဟန်းသည် နတ်အဖြစ်သို့ရောက်သော ရဟန်းမည်၏၊ ဗြဟ္မဝိဟာရစျာန် လေးပါးတို့ကို ရသောရဟန်းသည် ဗြဟ္မာ အဖြစ်သို့ ရောက်သော ရဟန်းမည်၏၊ အရူပစျာန်လေးပါးတို့ကို ရသောရဟန်း သည် မတုန်မလှုပ် ခိုင်မြဲခြင်းသို့ ရောက်သောရဟန်းမည်၏၊ သစ္စာလေးပါးတို့ကို ထိုးထွင်း၍သိသော ရဟန်းသည် အရိယာအဖြစ်သို့ ရောက်သောရဟန်း မည်၏၊ ထို အလုံးစုံသောရဟန်းသည် အာဟုနေယျ ပုဂ္ဂိုလ်မည်၏ဟူ၍ ဟောတော်မူသည်။

[ပဉ္စင်္ဂုတ္တရပါဠိတော်၌လည်း ထိုမှတစ်ပါးသော အာဟုနေယျသုတ်တို့သည် လာ ကုန်၏၊ ဆက္ကင်္ဂုတ္တရ အစဝဂ်၌လည်း အာဟုနေယျသုတ်ပေါင်း ခြောက်သုတ် ကို ဟောတော်မူ၏၊]

အာဟုနေယျ ပုဂ္ဂိုလ်များ-ခုနစ်ပါး နှစ်လီပြား

သတ္တင်္ဂုတ္တရ ပါဠိတော်၌လည်း- ချစ်သားရဟန်းတို့ အာဟုနေယျပုဂ္ဂိုလ်တို့သည် ဤခုနစ်ပါးတို့တည်း၊ အဘယ်ခုနစ်ပါးတို့နည်း ဟူမူကား ဥဘတော ဘာဂဝိမုတ္တပုဂ္ဂိုလ်လည်းကောင်း, ပညာဝိမုတ္တပုဂ္ဂိုလ် လည်းကောင်း, ကာယသက္ခိပုဂ္ဂိုလ်လည်းကောင်း, ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်လည်း ကောင်း, သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်လည်းကောင်း, ဓမ္မာနုသာရီပုဂ္ဂိုလ်လည်း ကောင်း, သဒ္ဓါနုသာရီပုဂ္ဂိုလ်လည်းကောင်း, ဤအရိယာပုဂ္ဂိုလ်ခုနစ်ပါး တို့ပေတည်း။

ထိုမှတစ်ပါးလည်း အို-ချစ်သားရဟန်းတို့ အာဟုနေယျပုဂ္ဂိုလ် တို့သည် ဤခုနစ်ပါးတို့တည်း၊ အဘယ်ခုနစ်ပါးတို့နည်းဟူမူကား ရဟန္တာပုဂ္ဂိုလ်လည်းကောင်း, ဇိဝိတသမသီသိပုဂ္ဂိုလ်လည်းကောင်း, အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်လည်းကောင်း, ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ် လည်းကောင်း အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်လည်းကောင်း, သသင်္ခါရ ပရိနိဗ္ဗာယီပုဂ္ဂိုလ်လည်းကောင်း, ဥဒ္ဓံသောတ အကနိဋ္ဌဂါမီပုဂ္ဂိုလ်လည်း ကောင်း, ဤခုနစ်ပါးတို့ပေတည်း။

ထိုမှတစ်ပါး အာဟုနေယျ သုတ္တန်တို့သည် များစွာပင်ရှိကုန်၏၊ ဤသုတ္တန်တို့ကို ထောက်သဖြင့် အာဟုနေယျဂုဏ်နှင့် ပြည့်စုံကြောင်း တရားတို့ကို သိအပ်ကုန်၏၊ အာဟုနေယျဆိုသဖြင့် ပါဟုနေယျစသော နောက်ဂုဏ်လေးပါးတို့လည်း ပါဝင်ပြီးစီးကြကုန်၏ဟူ၍ မှတ်ယူအပ်၏။

[ဤစကားရပ်ကား- ရဟန်းအဖြစ်၌တည်သော တပည့်သားတို့၏ သာဝကသမ္ပတ္တိ ဂုဏ်ကိုပြဆိုသော စကားရပ်ပေတည်း။]

ဤအရာ၌ စကားစပ်လျဉ်းသည်အားလျော်စွာ-သမသီသိပုဂ္ဂိုလ်, ဥဘတော ဘာဂဝိမုတ္တပုဂ္ဂိုလ်, ပညာဝိမုတ္တပုဂ္ဂိုလ်, ကာယသက္ခီပုဂ္ဂိုလ်, ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်, သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်, ဓမ္မာနုသာရီပုဂ္ဂိုလ်,သဒ္ဓါနုသာရီပုဂ္ဂိုလ်, အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်, ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ်, အသင်္ခါရပရိနိဗ္ဗာယီ ပုဂ္ဂိုလ်,သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်, ဥဒ္ဓံသောတ အကနိဋ္ဌဂါမီပုဂ္ဂိုလ်တို့၏ အကြောင်းကို သိသင့်သိထိုက်သည့်အား လျော်စွာပြဆိုပေအံ့။

ပုဂ္ဂိုလ်ဆယ့်လေးမျိုး-အကျယ်ပျိုး

သမသီသိသည် (၁) ဣရိယာပထသမသီသိ, (၂) ရောဂသမသီသိ, (၃) ဇီဝိတသမသီသိ ဟူ၍ သုံးမျိုးရှိ၏၊ ထိုသုံးမျိုးတို့တွင်

၁။ အကြင်ဣရိယာပုထ်ဖြင့် ဝိပဿနာတရားကို အားထုတ် ဆင်ခြင်ရာ ထိုဣရိယာပုထ်ဖြင့် ပရိနိဗ္ဗာန်ယူသောပုဂ္ဂိုလ်သည် ဣရိယာပထ သမသီသိ ပုဂ္ဂိုလ်မည်၏။

ဥပမာ စင်္ကြံသွားလျက် ရုပ်နာမ်တရားတို့ကို ဝိပဿနာတင်၍ ဆင်ခြင်ရာ အရဟတ္တဖိုလ်သို့တိုင်ရောက် ထိုစင်္ကြံသွားသော ဣရိယာပုထ် ဖြင့်သာလျှင် ပရိနိဗ္ဗာန်ပြုလေ၏၊ ထိုပုဂ္ဂိုလ်သည် ဣရိယာပထသမ သီသိမည်၏၊ ထို့အတူ ရပ်လျက်, ထိုင်လျက်, လျောင်းလျက် ဝိပဿနာပွါး များရာ အရဟတ္တဖိုလ်သို့ ရောက်၍ ထိုထိုဣရိယာပုထ်ရင်းဖြင့်သာလျှင် ပရိနိဗ္ဗာန်ပြုတော်မူကြလေသည်ကိုလည်း ဣရိယာပထ သမသီသိ ပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏။

၂။ အကြင်ပုဂ္ဂိုလ်မှာ အနာရောဂါတစ်ခုခု နှိပ်စက်ညှဉ်းပန်း၍ နေ၏၊ ထိုရောဂါကပ်ရောက်စဉ် အတွင်း၌ပင်လျှင် ဝိပဿနာဘာဝနာကို ပွါးများ၍ အရဟတ္တဖိုလ်သို့ရောက်၏၊ ထိုရောဂါဖြင့်သာလျှင် ပရိနိဗ္ဗာန် ပြုရလေ၏၊ ထိုပုဂ္ဂိုလ်သည် ရောဂသမ သီသိ ပုဂ္ဂိုလ်မည်၏။

ကိလေသာကုန်-အသက်ကုန်-မျှတုံဇီဝိတ

၃။ ရှင်ဂေါဓိကမထေရ်ကဲ့သို့ အရဟတ္တဖိုလ်သို့လည်းရောက် ပရိနိဗ္ဗာန်လည်း စံသောပုဂ္ဂိုလ်သည် ကိလေသာကုန်ခြင်း, အသက်ကုန် ခြင်း ညီမျှသောကြောင့် ဇီဝိတ သမသီသိ ပုဂ္ဂိုလ်မည်၏၊ အဝိဇ္ဇာတည်း ဟူသော ကိလေသာ ဦးခေါင်းအထွတ်ကို အရဟတ္တမဂ်က ကုန်ခန်းစေ၏၊ ဇီဝိတိန္ဒြေတည်းဟူသော အသက်၏ ဦးခေါင်းအထွတ်ကို စုတိစိတ်က ကုန်ခန်းစေ၏၊ ကိလေသာကုန် အသက်ကုန် နှစ်ပါးညီမျှ၍ ဇီဝိတ သမသီသိ ခေါ်သည်။

အသက်ကုန်ခြင်းနှင့် ကိလေသာကုန်ခြင်း အဘယ်သို့ ညီမျှနိုင်ပါ သနည်း၊ အရဟတ္တမဂ်စိတ်နှင့် စုတိစိတ်သည် တစ်မျိုးစီဖြစ်၏ဟူ၍ စောဒနာဖွယ်ရှိ၏၊ အရဟတ္တမဂ် ဝီထိစိတ်ဝါရ၌ပင်လျှင် ဘဝင်ကျ၍ စုတိလေသောကြောင့် ဝီထိဝါရ ညီမျှသဖြင့် ဇီဝိတသမသီသိ ဟူ၍ဆိုရ လေ၏၊ စိတ်ဖြစ်ပုံသည် အလွန်လျင် မြန်သောကြောင့် ရဟန္တာဖြစ်ခြင်းနှင့် စုတိခြင်းသည် တစ်ပြိုင်နက် တစ်ချက်တည်းကဲ့သို့ ဖြစ်လေ၏။

ရုပ်နမ်နှစ်ချက်၊ လွတ်မြောက်ထွက်

ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ်ဆိုသည်ကား နှစ်ပါးသောအဖို့မှ နှစ်ကြိမ် လွတ်မြောက်သော ပုဂ္ဂိုလ်မြတ်ပေတည်း၊ နှစ်ပါးသောအဖို့ဆို သည်ကား ရူပကာယ, နာမကာယ နှစ်ပါးပေတည်း၊ နှစ်ကြိမ်လွတ်၏ ဆိုသည်ကား အရူပသမာပတ်ဖြင့် ရူပကာယမှလွတ်ခြင်း, မဂ်ဖြင့် ကိလေသာဟုဆိုအပ်သော နာမကာယမှ လွတ်ခြင်းပေတည်း၊ ရူပကာယ, နာမကာယအဖို့ နှစ်ပါးတို့မှ အရူပစျာန်သမာပတ် အရိယာမဂ်တို့ဖြင့် နှစ်ကြိမ်ကျွတ်လွတ်သောကြောင့် ဥဘတောဘာဂ ဝိမုတ္တဆိုသည်။

တစ်နည်းကား ဝိက္ခမ္ဘနဝိမောက္ခဟုဆိုအပ်သော စျာန်သမာပတ် ဖြင့် ကိလေသာတို့ကိုခွါ၍ ကျွတ်လွတ်၏၊ သမုစ္ဆေဒဝိမောက္ခဟုဆိုအပ် သော အရိယာမဂ်ဖြင့် ကိလေသာတို့ကို အကြွင်းမဲ့ဖြတ်၍ ကျွတ်လွတ်၏၊ ထိုကြောင့် ဥဘတော ဘာဂဝိမုတ္တမည်၏။

သရုပ်နှင့် ပုဂ္ဂိုလ်အခြား

အရကောက်အားဖြင့်ကား သမာပတ်အလုံးစုံကိုရပြီး၍ အရူပစျာန် ကို အခြေခံပြီးလျှင် ဝိပဿနာတင်သဖြင့်ရဟန္တာအဖြစ်သို့ရောက်သော ပုဂ္ဂိုလ်မြတ်ပေတည်း၊ ထိုဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်ကို အပြားအားဖြင့် ဝေဖန်လျှင် ငါးပါးဖြစ်၏၊ ငါးပါးကား အရူပစျာန်လေးပါးတို့တွင် တစ်ပါးပါးကို အခြေခံပြု၍ ဝိပဿနာတင်သဖြင့် ရဟန္တာအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်လေးပါး, သမာပတ်နှင့်ပြည့်စုံသော အနာဂါမ်သည် နိရောဓသမာပတ်ကိုဝင်စား၍ ထိုနိရောဓသမာပတ်မှထသောအခါ ရဟန္တာအဖြစ်သို့ရောက်သော ပုဂ္ဂိုလ်တစ်ပါး ဤငါးပါးတို့ပေတည်း။

[ရူပါဝစရစျာန်ကို ရကာမျှနှင့် ထိုစျာန်ကိုအခြေပြု၍ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်ကို ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်ဟူ၍ မဆိုထိုက်ချေ။]

သမာပတ်အချို့ကင်း-ဝိပဿနာရဟန္တာဖြစ်ခြင်း

ပညာဝိမုတ္တ---ဆိုသည်ကား သမာပတ်ရှစ်ပါးလုံးနှင့် မပြည့်စုံပဲ ဝိပဿနာ ပညာသက်သက်ဖြင့် ကျွတ်လွတ်သော ရဟန္တာပုဂ္ဂိုလ်ပေ တည်း၊ ထိုပညာဝိမုတ္တ ပုဂ္ဂိုလ်ကို အပြားအားဖြင့်ဝေဖန်လျှင် ငါးပါးဖြစ်၏၊ ငါးပါးကား သက်သက်စျာန် မရသော သုက္ခဝိပဿကရဟန္တာတစ်ပါး, ရူပါဝစရစျာန်လေးပါးကိုရရှိ၍ ထိုစျာန်ကို ဝင်စားပြီးလျှင် စျာန်မှထသော အခါ ရဟန္တာအဖြစ်သို့ရောက်သော ပုဂ္ဂိုလ်လေးပါး ဤငါးပါးတည်း၊ ပညာဝိမုတ္တပုဂ္ဂိုလ်သည် သမာပတ်ရှစ်ပါးလုံးနှင့် မပြည့်စုံ။

ဒိဋ္ဌကိုယ်တိုင်၊ ခံစားနိုင်၊ မှတ်ပိုင် ကာယသက္ခိ။

ကာယသက္ခိ ဆိုသည်ကား---စျာန်ချမ်းသာ,မဂ်ဖိုလ်ချမ်းသာတို့ကို ကိုယ် တိုင်ဒိဋ္ဌတွေ့ထိခံစား၍ နိဗ္ဗာန်ကိုမျက်မှောက်ပြုသော အရိယာ ပုဂ္ဂိုလ်ကိုဆိုသည် စျာန်ဖဿ, စျာန်အတွေ့အထိကို ရှေးဦးစွာတွေ့ထိ ခံစားရ၏၊ ထိုနောက် နိရောဓသမာပတ်ဖြင့် နိဗ္ဗာန်ကိုမျက်မှောက်ပြု၏၊ ထို့ကြောင့်ကာယသက္ခိဆိုသည်၊ ထိုကာယသက္ခိပုဂ္ဂိုလ်သည် အပြားအား ဖြင့် သောတာပတ္တိဖလဋ္ဌာန်မှစ၍ အရဟတ္တမဂ္ဂဋ္ဌာန်တိုင်အောင် ခြောက်ပါးရှိ၏၊ လွန်ကဲသောပညာဖြင့် သစ္စာလေးပါးတရားကို လျင်မြန် စွာ ထိုးထွင်းသိမြင်၍ အရိယာပညာစခန်းသို့ ပေါက်ရောက်သော ပုဂ္ဂိုလ်သည် ဒိဋ္ဌိပ္ပတ္တ မည်၏၊ ဤဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်သည် ကာယသက္ခိကဲ့သို့ ခြောက်ပါးရှိ၏။

ပညာမထက်၊ သဒ္ဓါထက်၊ မှတ်ချက်သဒ္ဓါဝိ

သဒ္ဓါတရားကိုအမှူးထား၍ မထက်မြက်သောပညာဖြင့် နုံ့နှေးစွာ ကျွတ် လွတ်သော အရိယာပုဂ္ဂိုလ်သည် သဒ္ဓါဝိမုတ္တမည်၏၊ သဒ္ဓါလွန်ကဲသော ပုဂ္ဂိုလ်ဖြစ်၍ သဒ္ဓါတရားကို အားကိုးပြီးလျှင် ကျွတ်လွတ်အောင် တီထွင်ရခဲ့သော ပုဂ္ဂိုလ်ဆိုလိုသည်၊ ထိုသဒ္ဓါဝိမုတ္တ သည် ကာယသက္ခိကဲ့သို့ပင် ခြောက်ပါးရှိ၏၊ ဒိဋ္ဌိပ္ပတ္တနှင့်သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် နှစ်ဦးတို့မှာ ကိလေသာကုန်ခန်း၍ အရိယာစခန်း ပေါက်သောအခါ မထူးကြ အတူမျှပင် ဖြစ်၏၊ သို့ရာတွင် မဂ်ကိုရအောင် ကျင့်ကြံ အားထုတ် ကြသော အခါ၌မူကား ထူးထွေကြ၏။

ထူးထွေပုံမှာ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်သည် ကိလေသာကို ပယ်ခွါသောအခါ ဆင်းရဲ ငြိုငြင်ခြင်းမရှိပဲ မပင်မပန်း ချမ်းချမ်းသာသာနှင့် ကိလေသာကို ပယ်ခွါ၍ လျင်မြန်စွာ အလုပ်စခန်းပေါက်ရောက်၏။

သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်သည်ကား ဆင်းရဲငြိုငြင်စွာ အပင်တပန်း ကိလေသာက ပယ်ခွါရ၏၊ အလုပ်စခန်းပေါက် ရောက်ချက်နုံ့နှေး၏။

ထိုပုဂ္ဂိုလ်နှစ်မျိုးတို့၏ ဉာဏ်ပညာသည်လည်း ခြားနားလျက်ရှိ၏၊ ထိုစကားမှန်၏၊ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၏၊ ဝိပဿနာဉာဏ်သည် အထက်မဂ် သုံးပါးသို့ တက်ခြင်းငှါ ထက်ထက်မြက်မြက် ရဲရဲရင့်ရင့် ကြည်ကြည် လင်လင် ရှိ၏၊ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်ပညာသည်ကား ထိုကဲ့သို့ ထက်မြက်ရဲရင့် ကြည်လင်သည် မဟုတ်ချေ၊ ထို့ကြောင့် သဒ္ဓါဝိမုတ္တသည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်ကို မမှီဟူ၍ မြတ်စွာဘုရား ဟောတော်မူ သည်၊ သဒ္ဓါနှင့်ပညာသည် ဤလောကုတ္တရာ အချက်၌ အရည်အချင်း အစွမ်းသတ္တိ ခြားနားကြ၏။

သဒ္ဓါနှင့်ပညာ သတ္တိထူးခြား။
ဥပမာအားဖြင့် လုလင်ပျို နှစ်ယောက် ပြိုင်၍

ဥပမာကား ငှက်ပျောပင်ကို ဓားစမ်းကြရာ လုလင်တစ် ယောက်၏ဓားသည် ထက်၏၊ တစ်ယောက်၏ဓားသည် တုံး၏၊ ထက်သော ဓားဖြင့် ငှက်ပျောပင်ကို ခုတ်သောအခါ ပြတ်သောအသံသည် မထင်ရှား၊ ပြတ်ချက်လည်း ချောမော၏၊ ဓားသည်လည်းအပြတ် လျင်မြန်၏၊ များစွာလည်း အားမထုတ်ရ၊ တုံးသောဓားဖြင့် ခုတ်သောအခါ ပြတ်သောအသံသည် ထင်ရှား၏၊ ပြတ်ချက်လည်း မချောမော၊ ဓားလည်းအပြတ်နှေး၏၊ များစွာလည်း အားစိုက်ရ၏၊ ဤဥပမာ၌ ထက်သောဓားဖြင့် ငှက်ပျောပင်ကို ခုတ်ဘိသကဲ့သို့ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်စွမ်းကို မှတ်ရာ၏၊ တုံးသောဓားဖြင့်ခုတ်ဘိသကဲ့သို့ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်စွမ်းကို မှတ်ရာ၏။

ပထမမဂ်အခိုက်-ပညာကိုအားစိုက်

ဓမ္မာနုသာရီ ဆိုသည်ကား ပညာကို ဝန်ဆောင်နွားကဲ့သို့ ဝိပဿနာအလုပ်၌ မောင်းနှင်ပြီးလျှင် ပညာ၏အစွမ်းဖြင့် သောတာပတ္တိ မဂ်သို့ ပေါက်သော ပုဂ္ဂိုလ်သည် ဓမ္မာနုသာရီ မည်၏၊ သောတာပတ္တိမဂ် အခိုက်ကိုသာလျှင် ဆိုသည်၊ ဖိုလ်သို့ရောက်သောအခါ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် မည်၏။

ပထမမဂ်အခိုက်-သဒ္ဓါကိုအားစိုက်

သဒ္ဓါနုသာရီ ဆိုသည်ကား သဒ္ဓါတရားကို ဝန်ဆောင်နွားကဲ့သို့ ဝိပဿနာ အလုပ်၌ မောင်းနှင်ပြီးလျှင် သဒ္ဓါ၏အစွမ်းဖြင့် သောတာပတ္တိ မဂ်သို့ရောက်သော ပုဂ္ဂိုလ်သည် သဒ္ဓါနုသာရီမည်၏၊ သောတာပတ္တိမဂ် အခိုက်ကိုသာလျှင် ဆိုသည်၊ ဖိုလ်သို့ရောက်သောအခါ သဒ္ဓါဝိမုတ္တ ပုဂ္ဂိုလ်မည်၏။

[ဥဘတောဘာဂဝိမုတ္တ, စသောအရိယာပုဂ္ဂိုလ် ၇-ပါးတို့ကို သန့်ရှင်းခြား နားစွာ သိနိုင်ရန် အားထုတ်မှုလမ်းစဉ်အားဖြင့် အမြွက်မျှဆိုဦးအံ့။]

ဓုရနှစ်မျိုးစသည်ပြခြင်း။
လောကုတ္တရာတရားကို အားထုတ် ကြရာစခန်း၌ ဓုရနှစ်မျိုး အဘိနိဝေသနှစ်မျိုး, သီသနှစ်မျိုးကို သိအပ်၏၊ ရှေးဆောင်ဦးတည် အမှူးသည် ဓုရ မည်၏၊ နှလုံးသွင်းသည် အဘိနိဝေသ မည်၏၊ လောကုတ္တရာ၌ အထွတ်အထိပ်ဖြစ်သော အရဟတ္တဖိုလ်သည် သီသမည်၏။

ဓုရနှစ်ပါးကား--သဒ္ဓါနှင့်ပညာတည်း၊ ဤအရာ၌ ဂန္ထဓုရနှင့် ဝိပဿနာ ဓုရကို ဆိုလိုသည် မဟုတ်၊ အဘိနိဝေသ နှစ်ပါးကား သမထ နှင့်ဝိပဿနာတည်း၊ သီသနှစ်ပါးကား ဥဘတောဘာဂဝိမုတ္တနှင့် ပညာဝိမုတ္တတည်း၊ လောကုတ္တရာ တက်လမ်းသို့ တက်ကြကုန်သော ပုဂ္ဂိုလ်တို့သည် ဤဓုရ, အဘိနိဝေသသီသ တည်းဟူသော လမ်းတို့ဖြင့် သာလျှင် တက်ကြရကုန်၏။

တက်ပုံကား အရူပစျာန်တိုင်အောင် သမာပတ်ရှစ်ပါးလုံးကို ရပြီးသော ပုဂ္ဂိုလ်သည် ပညာကို ရှေ့ဆောင်ဦးတည်ပြု၍ သမထနည်း လမ်းအစဉ်အတိုင်း ဆင်ခြင်နှလုံးသွင်းလျက် အရူပစျာန်တစ်ခုခုကို အခြေခံပြုပြီးလျှင် ဝိပဿနာတင်၍ ရဟန္တာအဖြစ်သို့ ပေါက်ရောက် လေ၏၊ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ် အခိုက်၌ ဓမ္မာနုသာရီ မည်၏၊ သောတာပတ္တိဖိုလ်မှစ၍ အရဟတ္တမဂ်တိုင်အောင် ခြောက်ဌာန၌ ကာယသက္ခိ မည်၏၊ အရဟတ္တဖိုလ်သို့ ရောက်သောအခါ ဥဘတော ဘာဂဝိမုတ္တ ပုဂ္ဂိုလ်မည်၏။

တစ်ပါးသောပုဂ္ဂိုလ်သည် ပညာကိုရှေ့ဆောင်ဦးတည်ပြု၍ ဝိပဿနာ နည်းလမ်းအားဖြင့် နှလုံးသွင်းလျက် သင်္ခါရတရား သက်သက်ကိုလည်းကောင်း, ရူပါဝစရစျာန်တို့ကိုလည်းကောင်း, ဝိပဿနာဉာဏ်ဖြင့် သုံးသပ်ဆင်ခြင်ပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်အခိုက်၌ ဓမ္မာနုသာရီ မည်၏၊ အလယ်ခြောက်ဌာန၌ ဒိဋ္ဌိပ္ပတ္တ မည်၏၊ အရဟတ္တဖိုလ်သို့ ရောက်သောအခါ ပညာဝိမုတ္တ မည်၏။

သမာပတ်ရှစ်ပါးလုံးကို ရရှိပြီးသော ပုဂ္ဂိုလ်တစ်ဦးသည်မူကား သဒ္ဓါကို ရှေ့ဆောင်ဦးတည်ပြု၍ သမထနည်းအားဖြင့် ဆင်ခြင်လျက် အရူပစျာန်တစ်ပါးပါးကို အခြေခံပြုပြီးလျှင် ဝိပဿနာတင်၍ ရဟန္တာအဖြစ်သို့ ရောက်လေ၏၊ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ် အခိုက်၌ သဒ္ဓါနုသာရီ မည်၏၊ အလယ်ခြောက်ဌာန၌ ကာယသက္ခိ မည်၏၊ အရဟတ္တဖိုလ်သို့ရောက်သောအခါ ဥဘတောဘာဂဝိမုတ္တ မည်၏။

ပုဂ္ဂိုလ်တစ်ပါးသည်မူကား သဒ္ဓါကို ရှေ့ဆောင်ဦးတည်ပြု၍ ဝိပဿနာ နည်းလမ်းအားဖြင့် ဆင်ခြင်နှလုံးသွင်းလျက် သင်္ခါရတရား သက်သက်ကိုလည်းကောင်း, ရူပါဝစရစျာန်ကိုလည်းကောင်း, သုံးသပ် ဆင်ခြင် ဝိပဿနာတင်ပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏၊ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်အခိုက်၌ သဒ္ဓါနုသာရီ မည်၏၊ အလယ်ခြောက်ဌာန၌ သဒ္ဓါဝိမုတ္တ မည်၏၊ အရဟတ္တဖိုလ်သို့ ရောက်သောအခါ ပညာဝိမုတ္တမည်၏။

[ဤနည်းအစီရင်အားဖြင့် ဥဘတောဘာဂဝိမုတ္တ စသော ပုဂ္ဂိုလ်တို့၏ သဘောကိုသိရာ၏၊]

အန္တရာပရိနိဗ္ဗာယီစသော ပုဂ္ဂိုလ်ငါးပါးတို့သည်ကား-သုဒ္ဓါဝါသဘုံ၌ ရှိသော အနာဂါမ်ပုဂ္ဂိုလ်တို့ပေတည်း၊ အသက်တမ်း၏ အလယ်အဖို့သို့ မရောက်မီ ရဟန္တာဖြစ်သောအနာဂါမ်သည် အန္တရာ ပရိနိဗ္ဗာယီ မည်၏၊ ဥပမာ အဝိဟာဘုံ၌ အသက်တမ်း ကမ္ဘာတစ်ထောင် ရှိ၏၊ ကမ္ဘာငါးရာဟုဆိုအပ်သော အသက်တမ်း အလယ်သို့ မတိုင်မီသော် လည်းကောင်း, အသက်တမ်း အလယ်တည့်တည့်သို့ ရောက်၍သော် လည်းကောင်း, ရဟန္တာဖြစ်လျှင် အန္တရာပရိနိဗ္ဗာယီ ခေါ်သည်၊ အထက်ဘုံတို့၌လည်း ဤနည်းအတိုင်းသိလေ။

အသက်တမ်းထက်ဝက်ကို လွန်၍ မစုတေမီအတွင်း၌ ရဟန္တာ ဖြစ်သော အနာဂါမ်သည် ဥပဟစ္စပရိနိဗ္ဗာယီ မည်၏၊ လုံ့လပယောဂ များစွာ မကူပင့်ရပဲ ချမ်းသာစွာနှင့် ရဟန္တာဖြစ်သော အနာဂါမ်သည် အသင်္ခါရပရိနိဗ္ဗာယီ မည်၏၊ လုံ့လပယောဂများစွာ ကူပင့်ရ၍ ဆင်းရဲငြိုငြင်စွာနှင့် အရဟတ္တဖိုလ်သို့ရောက် သောပုဂ္ဂိုလ်သည် သသင်္ခါရ ပရိနိဗ္ဗာယီ မည်၏၊ အနာဂါမ်အဖြစ်နှင့် အဝိဟာဘုံသို့ ရောက်ပြီးလျှင် အရဟတ္တဖိုလ်သို့ မရောက်ပဲ ဘုံစဉ်အဆင့်ဆင့် စံပြီးလျှင် အကနိဋ္ဌ ဘုံသို့ရောက်မှ ရဟန္တာဖြစ်သောအနာဂါမ်သည် ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ မည်၏။

[ဤကား အရိယာပုဂ္ဂိုလ်တို့၏ သဘောအမျိုးမျိုးကို ပြဆိုသောစကားရပ်ပေတည်း။]

ရဟန်းအဖြစ်၌ မတည်သော အနုပသမ္ပန္န တပည့်သားတို့၏ သာဝကသမ္ပတ္တိဂုဏ်ကိုပြအံ့

လူ, နတ်, ဗြဟ္မာ-သာဝကသုံးမျိုးဖြာ

ထိုသာသနာတော်ထမ်း ရဟန်း မဟုတ်သော သာဝကသည် လူသာဝက, နတ်သာဝက, ဗြဟ္မာသာဝကဟူ၍ သုံးမျိုးရှိ၏၊ ထိုရဟန်း မဟုတ်သော အနုပသမ္ပန္နသာဝကတို့သည် အဘယ်သို့လျှင် သုပ္ပဋိပန္န မည်ကြကုန်သနည်း၊ မြတ်စွာဘုရားသည် ရဟန်းအဖြစ်၌မတည်သော တပည့်သားတို့အား သင့်လျော်သော အကျင့်ပဋိပတ်တို့ကို ဟောကြား တော်မူအပ်ကုန်၏၊ ထိုအကျင့် ပဋိပတ်အားလျော်စွာ ကျင့်ကြကုန်သည် ရှိသော် သုပ္ပဋိပန္နတို့ပင် မည်ကြကုန်၏၊ ရဟန်းမဟုတ်ကုန်သော အနုပသမ္ပန္နသာဝကတို့၏ ကျင့်ဝတ်ပဋိပတ်သည် အကျဉ်းအားဖြင့် သောတာပတ္တိယင်္ဂတရားလေးပါးတို့သာလျှင်တည်း၊ သောတာ ပတ္တိယင်္ဂတရားလေးပါးကို အကျဉ်းချုပ်လျှင် သရဏဂုံသုံးပါး၌ တည်ခြင်း, သီလနှင့်ပြည့်စုံခြင်း ဖြစ်၏၊ သီလနှင့်ပြည့်စုံခြင်းဆိုသည်မှာ အနုပသမ္ပန္န ဖြစ်သော ပုဂ္ဂိုလ်တို့အားလျော်စွာ ဆိုင်ရာသီလနှင့် ပြည့်စုံမှုကို ဆိုသည်၊ သောတာပတ္တိယင်္ဂ တရားလေးပါးနှင့် မပြည့်စုံလျှင် မြတ်စွာဘုရား၏ တပည့်သား သာဝက မဟုတ်၊ သာသနာတော် အပြင်အပ၌တည်သောသူ ဟူ၍သာလျှင် ဆိုထိုက်လေ၏။

မဟာဝဂ္ဂသံယုတ်ပါဠိတော်၌--

ယဿ ခေါ နန္ဒိယ စတ္တာရိ သောတာပတ္တိယင်္ဂါနိ သဗ္ဗေနသဗ္ဗံ သဗ္ဗထာ သဗ္ဗံ နတ္ထိ၊ တမဟံ ဗာဟိယော ပုထုဇ္ဇနပက္ခေ ဌိတောတိ ဝဒါမိ

ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

နန္ဒိယ=အို-နန္ဒိယသာကီဝင်၊ ယဿ=အကြင်သူအား၊ စတ္တာရိ= လေးပါး ကုန်သော၊ သောတာပတ္တိယင်္ဂါနိ=သောတာပတ္တိယင်္ဂတရား တို့သည်၊ သဗ္ဗေန သဗ္ဗံ=အချင်းခပ်သိမ်း၊ သဗ္ဗထာ သဗ္ဗံ=အခါခပ်သိမ်း၊ (ဝါ=လုံးလုံး၊) နတ္ထိ=မရှိ၊ တံ=ထိုသူကို၊ ပုထုဇ္ဇနပက္ခေ=ပုထုဇ္ဇန်အဖို့၌၊ ဌိတော=တည်သော၊ ဗာဟိယောတိ=သာသနာတော်မှ အပဖြစ်သောသူ ဟူ၍၊ အဟံ=ငါဘုရားသည်၊ ဝဒါမိ=ဟောတော်မူ၏။

(ပါဠိတော်၏ မြန်မာပြန်ချက်)

အို-နန္ဒိယ သာကီဝင်, အကြင်သူအား သောတာပတ္တိယင်္ဂတရား လေးပါးတို့သည် အချင်းခပ်သိမ်း အခါခပ်သိမ်း မရှိ၊ ထိုသူကို သာသနာတော်မှ ပြင်ပ ပုထုဇ္ဇန်အဖို့၌ တည်သောသူဟူ၍ ငါဘုရားဟော တော်မူသည်။

မဟာနာမ်မေး----သာကီဝင်မျိုးဖြစ်သော မဟာနာမ်သည် အဘယ်မျှသော အကြောင်းအင်္ဂါအားဖြင့် ဥပါသကာ ဖြစ်နိုင်ပါသနည်း ဟူ၍ မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားလေ၏။

မြတ်စွာဘုရားဖြေ---အို- မဟာနာမ် အကြင်သို့သော အခြင်း အရာအားဖြင့် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ ဤမျှသော အကြောင်းအင်္ဂါအားဖြင့် ဥပါသကာ ဖြစ်၏ဟူ၍ မြတ်စွာဘုရားမိန့်ကြားတော်မူ၏။

မဟာနာမ်မေး---အရှင်ဘုရား အဘယ်မျှသော အကြောင်းအင်္ဂါ အားဖြင့် ဥပါသကာသည် သီလနှင့်ပြည့်စုံပါသနည်း ဟူ၍လျှောက်ထား ပြန်လေ၏။

မြတ်စွာဘုရားဖြေ---အို-မဟာနာမ် အကြင်သို့သော အခြင်း အရာအားဖြင့် ဥပါသကာသည် သူ၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ အရှင်မပေးသော သူ၏ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ ဖောက်ပြန်မှားယွင်းစွာ ကျင့်ကြံခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သေရည်, သေရက်တည်း ဟူသော မူးယစ်မေ့လျော့ကြောင်းမှ ရှောင်ကြဉ်၏၊ ဤမျှသော အကြောင်းအင်္ဂါအားဖြင့် ဥပါသကာသည် သီလနှင့်ပြည့်စုံ၏ဟူ၍ မြတ်စွာဘုရား မိန့်ကြားတော်မူ၏။

မဟာနာမ်မေး---အရှင်ဘုရား အဘယ်မျှသော အကြောင်းအင်္ဂါ အားဖြင့် ဥပါသကာသည် သဒ္ဓါတရားနှင့် ပြည့်စုံပါသနည်းဟူ၍ မေးလျှောက်လေ၏။

မြတ်စွာဘုရားဖြေ---အို-မဟာနာမ် ဤသာသနာတော်မြတ်၌ ဥပါသကာသည် မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတာ ဉာဏ်ကို ယုံကြည်၏၊ ထိုမြတ်စွာဘုရားသည် ဤသို့ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် အရဟံ မည်တော်မူ၏။

ထိုမြတ်စွာဘုရားသည် ဤသို့မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အလုံးစုံသော ဉေယျဓံတရားငါးပါးကို သိတော်မူတတ်သောကြောင့် သမ္မာသမ္ဗုဒ္ဓေါ မည်တော်မူ၏။

ထိုမြတ်စွာဘုရားသည် ဤသို့ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏတစ်ဆဲ့ ငါးပါးနှင့် ပြည့်စုံတော်မူသောကြောင့် ဝိဇ္ဇာစရဏသမ္ပန္နော မည်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် ဤသို့ကောင်းသော စကားကို ဆိုတော်မူ တတ်သောကြောင့် သုဂတော မည်တော်မူ၏။

ထိုမြတ်စွာဘုရားသည် ဤသို့ လောကသုံးပါးကို သိတော်မူတတ် သောကြောင့် လောကဝိဒူ မည်တော်မူ၏၊

ထိုမြတ်စွာဘုရားသည် ဤသို့အတုမရှိသည်ဖြစ်၍ မယဉ်ကျေး သော လူယောကျ်ား, နတ်ယောကျ်ား, တိရစ္ဆာန်ယောကျ်ားတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သောကြောင့် အနုတ္တရောပုရိသ ဒမ္မသာရထိ မည်တော်မူ၏။

ထိုမြတ်စွာဘုရားသည် ဤသို့ နတ်, လူတို့၏ ဆရာဖြစ်တော်မူ သောကြောင့် သတ္ထာဒေဝမနုဿာနံ မည်တော်မူ၏။

ထိုမြတ်စွာဘုရားသည် ဤသို့သစ္စာလေးပါးတရားတို့ကို သိမြင် တော်မူသောကြောင့် ဗုဒ္ဓေါ မည်တော်မူ၏၊

ထိုမြတ်စွာဘုရားသည် ဤသို့ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံ တော်မူသောကြောင့် ဘဂဝါမည်တော်မူ၏ ဟူ၍ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတာဉာဏ်ကို ယုံကြည်၏၊ ဤမျှသော အကြောင်းအင်္ဂါအားဖြင့် ဥပါသကာသည် သဒ္ဓါနှင့်ပြည့်စုံသည်မည်၏ ဟူ၍ မိန့်ကြားတော်မူ၏။

မဟာနာမ်မေး---အရှင်ဘုရား အဘယ်မျှသော အကြောင်းအင်္ဂါ အားဖြင့် ဥပါသကာသည် စာဂနှင့်ပြည့်စုံသည် မည်ပါသနည်း ဟူ၍ လျှောက်ထားလေ၏။

မြတ်စွာဘုရားဖြေ---အို-မဟာနာမ် ဤသာသနာတော်မြတ်၌ ဥပါသကာ သည် ကင်းရှင်းသောဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် မစ္ဆေရမရှိပဲ အိမ်၌နေ၏၊ လှူဒါန်းခြင်း ဝေဖန်ခြင်းအမှု၌ မွေ့လျော်၏၊ ဤမျှသော အကြောင်း အင်္ဂါအားဖြင့် ဥပါသကာသည် စာဂနှင့်ပြည့်စုံသည်မည်၏ ဟူ၍ မိန့်ကြား တော်မူ၏။

မဟာနာမ်မေး---အရှင်ဘုရား အဘယ်မျှသော အကြောင်းအင်္ဂါ အားဖြင့် ဥပါသကာသည် ပညာနှင့် ပြည့်စုံပါသနည်း ဟူ၍ လျှောက်ထား လေ၏။

မြတ်စွာဘုရားဖြေ---အို-မဟာနာမ် ဤသာသနာတော်မြတ်၌ ဥပါသကာသည် ပညာအမြော်အမြင်ရှိ၏၊ ရုပ်, နာမ်, ခန္ဓာတို့၏ အဖြစ်အပျက်ကို ထိထိ ရောက်ရောက် သိမြင်နိုင်သော ပညာနှင့်ပြည့်စုံ၏၊ ဒုက္ခ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ခြင်းငှါ အရိယာတို့နှင့်ဆိုင်သော ထိုးထွင်းသော ပညာနှင့်ပြည့်စုံ၏၊ ဤမျှသော အကြောင်းအင်္ဂါအားဖြင့် ဥပါသကာသည် ပညာနှင့်ပြည့်စုံသည်မည်၏ ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူ၏။

သဒ္ဓါနှစ်မျိုးတို့၏ ထူးခြားပုံ

ဆိုအပ်ပြီးသော ပါဠိတော် မြန်မာပြန် စကားရပ်၌ ဥပသကာ၏ အင်္ဂါတွင် သရဏဂုံသုံးပါးကို ဆည်းကပ်ရာ၌ သဒ္ဓါသာမညအားဖြင့် ဆည်းကပ်လျှင်ပင် ဥပါသကာဖြစ်နိုင်၏၊ သဒ္ဓါသာမညဆိုသည်မှာ အဝေစ္စပသာဒသဒ္ဓါကဲ့သို့ ခိုင်ခိုင် မြဲမြဲ သက်ဝင်စူးစိုက်၍ ကြည်ညိုသော သဒ္ဓါတရားမျိုးမဟုတ်၊ ဥပါသကာ၏ သဒ္ဓါတရားနှင့် ပြည့်စုံမှုကိုဆိုရာတွင် မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်မှုမှာ သဒ္ဓါသာမညမဟုတ်ပဲ အဝေစ္စပသာဒသဒ္ဓါကို ယူအပ်၏၊ အခိုင်အမြဲ စူးစိုက်သက်ဝင်၍ အကြွင်းမဲ့ယုံကြည် ကြည်ညိုသော သဒ္ဓါကို အဝေစ္စ ပသာဒ သဒ္ဓါဆိုသည်၊ သဒ္ဓါသာမညသည် မခိုင်မြဲသောကြောင့် ပျက်စီး ရန်အကြောင်းနှင့်တွေ့ဆုံလျှင် ပျက်စီးတတ်၏၊ ဘာသာတစ်ပါးသို့ပင် လည်း ပြေးဝင်ကူးပြောင်း၍ သွားတတ်၏။

အဝေစ္စပသာဒသဒ္ဓါသည်ကား တစ်စုံတစ်ခုသော အကြောင်းနှင့်မှ မပျက်စီး နိုင်၊ အဝေစ္စပသာဒသဒ္ဓါကို ဖျက်ဆီးနိုင်သော အကြောင်းဟူ၍ လည်း မရှိနိုင်၊ အရဟံ, သမ္မာသမ္ဗုဒ္ဓ စသောဂုဏ်တို့၏ သဘောသဘာဝ တို့ကို အလုံးစုံ ဉာဏ်ဖြင့် သိမြင်ထင်လင်းပြီး ဖြစ်လေသောကြောင့် အဝေစ္စပသာဒ သဒ္ဓါနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် မိမိအသက်ကိုပင် စွန့်နိုင်၏၊ ဘုရား၌ကြည်ညိုခြင်းစသော သဒ္ဓါကို မစွန့်နိုင်၊ ဤဘဝတွင်သာ မဟုတ် ဘဝတစ်ပါးသို့ ပြောင်းသွားသည့်တိုင်အောင်လည်း သရဏဂုံကို မစွန့်ချေ၊ ဘဝသစ်၌ပင်သော်လည်း မြဲသော သရဏဂုံနှင့်တကွ ဖြစ်လေ၏၊ ဤအဝေစ္စပသာဒသဒ္ဓါ နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကိုသာလျှင် အရိယာသာဝက မြတ်သောတပည့်ဟူ၍ ဆိုအပ်၏၊ သဒ္ဓါသာမညနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကိုမူကား သာဝကဟူ၍သာလျှင် ဆိုအပ်၏၊ အရိယာသာဝက ဟူ၍ မဆိုထိုက် ချေ။

အစွန်းသုံးပါးနှင့်ပြည့်စုံ- ကိုယ်ချင်းစာတရားဖြစ်ပုံ

အစွန်းသုံးပါးအားဖြင့် စင်ကြယ်သော ကိုယ်ချင်းစာတရားကိုလည်း မြတ်စွာဘုရား ဟောကြားဆုံးမတော်မူ၏၊ ထိုတရားကား ဤသို့တည်း၊ ငါသည် အသက်ရှင်ခြင်းကို အလိုရှိ၏၊ မသေလို ချမ်းသာကို အလိုရှိ၏၊ ဆင်းရဲကို စက်ဆုပ်၏၊ ထိုသို့ အသက်ရှင်လိုသောငါ့ကို သတ်ဖြတ်ငြားအံ့၊ ငါသည် ထိုသို့ သတ်ဖြတ်မှုကို မနှစ်သက်နိုင်၊ ငါကပင်သော်လည်း ငါကဲ့သို့ အသက်ရှင်လိုသော သူတစ်ပါးကို သတ်ဖြတ်ငြားအံ့၊ သူတစ်ပါးသည် လည်း ငါကဲ့သို့ပင် ထိုသတ်ဖြတ်မှုကို နှစ်သက်မည် မဟုတ်၊ အကြင်တရား ကို ငါသည်မနှစ်သက်အပ်၊ မချစ်ခင်အပ်၊ ထိုတရားကို သူတစ်ပါးသည် လည်း မနှစ်သက်အပ် မချစ်ခင်အပ်သည်သာလျှင် ဖြစ်၏၊ ဤသို့ ဆင်ခြင်နှလုံးသွင်း၍ မိမိကိုယ်တိုင်လည်း ပါဏာတိပါတမှ ရှောင်ကြဉ်၏၊ သူ တစ်ပါးကိုလည်း ပါဏာတိပါတမှ ရှောင်ကြဉ်စေ၏၊ ပါဏာတိပါတမှ ရှောင်ကြဉ်မှု ဂုဏ်ကျေးဇူးစကားကိုလည်း ပြောကြားလေ့ရှိ၏၊ ဤသို့ကျင့်သော ပုဂ္ဂိုလ်၏ ကိုယ်အမူအရာသည် အစွန်းသုံးပါးမှ စင်ကြယ် သည်မည်၏၊ ဤနည်းအတိုင်း ကာယကံသုံးပါး ဝစီကံလေးပါးတို့နှင့်စပ်၍ ဟောကြားတော်မူအပ်သော တိကော တိ ပရိသုဒ္ဓ တိကော တိ ပရိသုဒ္ဓ လူတို့၏ အကျင့် ပဋိပတ်တို့လည်း ရှိကြကုန်၏။

ကိုယ်တိုင်သတ်မှု၊ သတ်စေမှုနှင့်၊ သတ်မှုနှစ်သက်၊ ကျေးဇူးမြွက်၊ လေးချက်အစွန်းလာ။

ဒသင်္ဂုတ္တရပါဠိတော်၌ အစွန်းလေးပါးမှ စင်ကြယ်သော ကိုယ်အမူ အရာ, နှုတ်အမူအရာ, စိတ်အမူအရာတို့ကိုလည်း မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ဟောကြားတော်မူသော တရားတော်ကား ဦးခေါင်း၌ ရွက်ထားအပ်သော ဝန်ထုပ်သည် အောက်သို့ချခြင်းငှါ မြဲသကဲ့သို့၊ ထိုအတူ ဆိုလတ္တံ့သော လေးဆယ်သောတရားတို့နှင့် ပြည့်စုံသောသူသည် ငရဲသို့ကျရန် မြဲ၏။

အဘယ်တရားလေးဆယ်တို့နည်းဟူမူကား

၁။ မိမိကိုယ်တိုင်လည်း သူ့အသက်ကိုသတ်၏။

၂။ သူတစ်ပါးကိုလည်း သူ့အသက်ကိုသတ်ရန် တိုက်တွန်း၏။

၃။ သူ့အသက်ကိုသတ်မှု၌ သဘောတူစွာ နှစ်သက်၏။

၄။ သူ့အသက်သတ်မှု၌ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း သူ့ဥစ္စာကိုခိုးယူ၏။

၂။ သူတစ်ပါးကိုလည်း သူ့ဥစ္စာကို ခိုးယူရန်တိုက်တွန်း၏။

၃။ သူ့ဥစ္စာကိုခိုးယူမှု၌ သဘောတူစွာ နှစ်သက်၏။

၄။ သူ့ဥစ္စာခိုးယူမှု၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း ကာမဂုဏ်လွန်ကြူး၏။

၂။ သူတစ်ပါးကိုလည်း ကာမဂုဏ်လွန်ကြူးရန် တိုက်တွန်း၏။

၃။ ကာမဂုဏ်လွန်ကြူးမှု၌ သဘောတူစွာ နှစ်သက်၏။

၄။ ကာမဂုဏ်လွန်ကြူးမှု၏ ဂုဏ်ကျေးဇူးကိုချီးမွမ်းပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း မဟုတ်မမှန်သောစကားကို ပြောဆို၏။

၂။ သူတစ်ပါးကိုလည်း မဟုတ်မမှန်သောစကားကို ပြောဆိုရန် တိုက် တွန်း၏။

၃။ မဟုတ်မမှန်သောစကားကို ပြောဆိုမှု၌ သဘောတူစွာ နှစ်သက်၏။

၄။ မဟုတ်မမှန်သောစကားကိုပြောဆိုမှု၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း ပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း ချောပြစ်ကုန်းတိုက်သောစကားကို ပြောဆို၏။

၂။ သူတစ်ပါးကိုလည်း ချောပြစ်ကုန်းတိုက်သောစကားကို ပြောဆိုရန် ရန်တိုက်တွန်း၏။

၃။ ချောပြစ်ကုန်းတိုက်သောစကားကို ပြောဆိုမှု၌ သဘောတူစွာ နှစ်သက် ၏။

၄။ ချောပြစ်ကုန်းတိုက်သောစကားပြောဆိုခြင်း၏ ဂုဏ်ကျေးဇူး ကို ချီးမွမ်း ပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆို၏။

၂။ သူတစ်ပါးကိုလည်း ရုန့်ရင်းကြမ်းတမ်းသောစကားကို ပြောဆို ရန် တိုက်တွန်း၏။

၃။ ရုန့်ရင်းကြမ်းတမ်းသော စကားကိုပြောဆိုမှု၌ သဘောတူစွာ နှစ် သက်၏။

၄။ ရုန့်ရင်းကြမ်းတမ်းသောစကားကို ပြောဆိုမှု၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း ပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း ပြိန်ဖျင်းသော စကားကိုပြောဆို၏။

၂။ သူတစ်ပါးကိုလည်း ပြိန်ဖျင်းသောစကားကို ပြောဆိုရန် တိုက်တွန်း၏။

၃။ ပြိန်ဖျင်းသောစကားကို ပြောဆိုမှု၌ သဘောတူစွာနှစ်သက်၏။

၄။ ပြိန်ဖျင်းသောစကားကို ပြောဆိုမှု၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း ပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း သူတစ်ထူးစည်းစိမ်ကို ရှေ့ရှုကြံ၏။

၂။ သူတစ်ပါးကိုလည်း သူတစ်ထူးစည်းစိမ်ကို ရှေ့ရှုကြံရန် တိုက်တွန်း၏။

၃။ သူတစ်ထူးစည်းစိမ်ကို ရှေ့ရှုကြံမှု၌ သဘောတူစွာ နှစ်သက်၏။

၄။ သူတစ်ထူးစည်းစိမ်ကို ရှေ့ရှုကြံမှု၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း ပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း သူတစ်ထူးပျက်စီးရန် တောင့်တ၏။

၂။ သူတစ်ပါးကိုလည်း သူတစ်ထူးပျက်စီးမှုကိုတောင့်တရန် တိုက်တွန်း၏။

၃။ သူတစ်ထူး ပျက်စီးရန် တောင့်တမှု၌ သဘောတူစွာ နှစ် သက်၏။

၄။ သူတစ်ထူးပျက်စီးရန် တောင့်တမှု၏ ဂုဏ်ကျေးဇူးကို ချီး မွမ်းပြော ဆို၏။

၁။ မိမိကိုယ်တိုင်လည်း မှားသောအယူကိုယူ၏။

၂။ သူတစ်ပါးကိုလည်း မှားသောအယူကိုယူစေရန် တိုက်တွန်း၏။

၃။ မှားသောအယူကိုယူမှု၌ သဘောတူစွာ နှစ်သက်၏။

၄။ မှားသောအယူကိုယူမှု၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၏။

[ဤကား မကောင်းမှုဖက်၌ ဒုစရိုက်ကံလေးဆယ်တည်း။]

နတ်ပြည်သို့ ရောက်ကြောင်းဖြစ်၍ အစွန်းလေးပါး စင်ကြယ်သော လေးဆယ်သောတရားတို့ကား

၁။ မိမိကိုယ်တိုင်လည်း သူ့အသက်ကိုသတ်မှုမှ ရှောင်ကြဉ်၏၊

၂။ သူတစ်ပါးကိုလည်း သူ့အသက်ကိုသတ်မှုမှ ရှောင်ကြဉ်ရန်တိုက်တွန်း၏။

၃။ သူ့အသက်ကို သတ်မှုမှ ရှောင်ကြဉ်ခြင်းကို သဘောတူစွာ နှစ်သက်၏။

၄။ သူ့အသက်ကို သတ်မှုမှရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြော ဆို၏။

၁။ မိမိကိုယ်တိုင်လည်း သူ့ဥစ္စာကိုခိုးယူမှုမှရှောင်ကြဉ်၏။

၂။ သူတစ်ပါးကိုလည်း သူ့ဥစ္စာခိုးယူမှုမှ ရှောင်ကြဉ်ရန် တိုက် တွန်း၏။

၃။ သူ့ဥစ္စာခိုးယူမှုမှ ရှောင်ကြဉ်ခြင်းကို သဘောတူစွာ နှစ်သက်၏။

၄။ သူ့ဥစ္စာခိုးယူမှု၌ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း ပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း ကာမဂုဏ်လွန်ကြူးခြင်းမှ ရှောင်ကြဉ်၏။

၂။ သူတစ်ပါးကိုလည်း ကာမဂုဏ်လွန်ကြူးခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်း၏။

၃။ ကာမဂုဏ်လွန်ကြူးမှု၌ ရှောင်ကြဉ်ခြင်းကို သဘောတူစွာ နှစ်သက်၏။

၄။ ကာမဂုဏ်လွန်ကြူးမှု၌ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း ပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင် ကြဉ်၏။

၂။ သူတစ်ပါးကိုလည်း မဟုတ်မမှန်သောစကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ရန် တိုက်တွန်း၏။

၃။ မဟုတ်မမှန်သော စကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်းကို သဘော တူစွာနှစ်သက်၏။

၄။ မဟုတ်မမှန်သောစကားကို ပြောဆိုမှု၌ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း ချောပြစ်ကုန်းတိုက်သောစကားကို ပြော ဆိုခြင်းမှ ရှောင်ကြဉ်၏။

၂။ သူတစ်ပါးကိုလည်း ချောပြစ်ကုန်းတိုက်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်း၏။

၃။ ချောပြစ်ကုန်းတိုက်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ် ခြင်းကို သဘောတူစွာ နှစ်သက်၏။

၄။ ချောပြစ်ကုန်းတိုက်သောစကားပြောဆိုခြင်းမှ ရှောင်ကြဉ် ခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း ရုန့်ရင်းကြမ်းတမ်းသောစကားကို ပြော ဆိုခြင်းမှ ရှောင်ကြဉ်၏။

၂။ သူတစ်ပါးကိုလည်း ရုန့်ရင်းကြမ်းတမ်းသော စကားကိုပြောဆို မှုမှ ရှောင်ကြဉ်ရန် တိုက်တွန်း၏။

၃။ ရုန့်ရင်းကြမ်းတမ်းသောစကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း ကို သဘောတူစွာနှစ်သက်၏။

၄။ ရုန့်ရင်းကြမ်းတမ်းသောစကားကို ပြောဆိုမှု၌ ရှောင်ကြဉ် ခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။

၂။ သူတစ်ပါးကိုလည်း ပြိန်ဖျင်းသောစကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ရန် တိုက်တွန်း၏။

၃။ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းကို သဘောတူစွာ နှစ်သက်၏။

၄။ ပြိန်ဖျင်းသောစကားကို ပြောဆိုမှု၌ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း သူတစ်ထူးစည်းစိမ်ချမ်းသာကို ရှေ့ရှုကြံ ခြင်းမှ ရှောင်ကြဉ်၏။

၂။ သူတစ်ပါးကိုလည်း သူတစ်ထူးစည်းစိမ်ချမ်းသာကို ရှေ့ရှုကြံ ခြင်းမှ ရှောင်ကြဉ်ရန်တိုက်တွန်း၏။

၃။ သူတစ်ထူးစည်းစိမ်ချမ်းသာကို ရှေ့ရှုကြံမှုမှ ရှောင်ကြဉ်ခြင်းကို သဘောတူစွာ နှစ်သက်၏။

၄။ သူတစ်ထူး စည်းစိမ်ချမ်းသာကို ရှေ့ရှုကြံမှု၌ ရှောင်ကြဉ်ခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း သူတစ်ထူး ပျက်စီးရန်တောင့်တခြင်းမှ ရှောင် ကြဉ်၏။

၂။ သူတစ်ပါးကိုလည်း သူတစ်ထူးပျက်စီးရန်တောင့်တခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်း၏။

၃။ သူတစ်ထူးပျက်စီးရန် တောင့်တခြင်းမှ ရှောင်ကြဉ်ခြင်းကို သဘော တူစွာနှစ်သက်၏။

၄။ သူတစ်ထူးပျက်စီးရန် တောင့်တမှု၌ ရှောင်ကြဉ်ခြင်း၏ ဂုဏ် ကျေးဇူးကို ချီးမွမ်းပြောဆို၏။

၁။ မိမိကိုယ်တိုင်လည်း ဖြောင့်မှန်သော အယူကိုယူ၏။

၂။ သူတစ်ပါးကိုလည်း ဖြောင့်မှန်သော အယူကိုယူရန် တိုက် တွန်း၏။

၃။ ဖြောင့်မှန်သောအယူကို ယူမှု၌ သဘောတူစွာ နှစ်သက်၏။

၄။ ဖြောင့်မှန်သောအယူကို ယူမှု၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြော ဆို၏။

[ဤကား ကောင်းသောသုစရိုက်ဖက်၌ အစွန်းလေးပါး စင်ကြယ်သောကံ လေးဆယ်တည်း။]

ကိုယ်တိုင်တိုက်တွန်း၊ ချီးမွမ်းစိတ်တူ၊ ပွားပြန်မူ၊ မှတ်ယူလေးဆယ်ကံ။

ထိုမှတစ်ပါး အစဉ်မပြတ် အောက်မေ့အပ် သတိထားအပ်သော အနုဿတိတရားတို့ကိုလည်းကောင်း, ဗြဟ္မဝိဟာရတရားတို့ကို လည်းကောင်း ဟောကြားတော်မူ၏၊ ထိုတရားများသည် ရဟန်းအဖြစ်၌ မတည်သော လူသာဝကတို့၏ အကျင့်ပဋိပတ်တို့လည်း ဖြစ်ကုန်၏၊ ထိုသို့ မြတ်စွာဘုရား ဟောကြားဆုံးမတော်မူအပ်သော အကျင့်ပဋိပတ်တို့ကို ကျင့်သောလူတို့သည် ထိုက်သည့်အားလျှော်စွာ သုပ္ပဋိပန္နတို့ပင် မည်ကြကုန်၏။

[ဤကား လူသာဝကတို့နှင့် စပ်သော စကားရပ်တို့ပေတည်း။]

နတ်တို့ဌာနီ- ဒေသစာရီ- ကြွမြန်းပြီ

နတ်ပြည်, ဗြဟ္မာပြည်တို့၌ မြတ်စွာဘုရား၏ တပည့်သာဝက တို့သည် လွန်စွာများပြားကုန်၏၊ မြတ်စွာဘုရား ထင်ရှားရှိတော်မူသော အခါ မြတ်စွာဘုရား ကိုယ်တော်တိုင် နတ်ပြည်, ဗြဟ္မာပြည်တို့သို့ ဒေသစာရီလှည့်လည်ကြွမြန်းတော်မူ၍ တရားဓမ္မများကို ဟောကြားဆုံးမ တော်မူ၏၊ မဟာထေရ်တို့တွင် အရှင်မောဂ္ဂလာန်သည် နတ်ပြည်, ဗြဟ္မာပြည်တို့၌ ဓမ္မကထိကပုဂ္ဂိုလ်ကြီး ဖြစ်တော်မူ၏၊ နတ်, ဗြဟ္မာတို့သည် တန်ခိုးဣဒ္ဓိပါဒ်ကို အလေးပြုခြင်းများကုန်၏၊ အရှင်မောဂ္ဂလာန်သည် တန်ခိုးအရာတွင် ဧတဒဂ်ရရှိတော်မူသောကြောင့် နတ်, ဗြဟ္မာတို့၏ စိတ်ဆန္ဒနှင့် အလွန်လိုက်လျောသင့်ညီ၏၊ အရှင်မောဂ္ဂလာန်၏တန်ခိုး သည် နတ်ပြည်, ဗြဟ္မာပြည်တို့်၌ ကျော်ဇောထင်ရှား၏၊ ရှင်သာရိပုတ္တရာ စသော မဟာထေရ်တို့သည်ကား လူ့ပြည်လောက၌ ဓမ္မကထိကပုဂ္ဂိုလ်ကြီး တို့ဖြစ်ကုန်၏၊ များစွာသောသုတ္တန်တို့၌ မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်သို့ ဒေသစာရီကြွချီတော်မူ၍ တရားဟောတော်မူကြောင်း, နတ်အပေါင်းတို့သည် ဘုရား, တရား, သံဃာတို့၌ အဝေစ္စ ပသာဒသဒ္ဓါ ဖြင့် သက်ဝင်ယုံကြည်ကြကြောင်း အရိယာတို့ နှစ်သက်အပ်သော အရိယကန္တသီလနှင့် ပြည့်စုံကြောင်း ထိုသို့ဘုရား၌ကြည်ညိုခြင်း, တရား၌ ကြည်ညိုခြင်း, သံဃာ၌ ကြည်ညိုခြင်း, အရိယကန္တသီလနှင့် ပြည့်စုံ ခြင်းကြောင့် အချို့သောနတ်တို့သည် သောတာပန်တည်ကြောင်းများကို ဟောကြားသော သုတ္တန်တို့သည်လည်း များစွာရှိကုန်၏။

[အရိယကန္တသီလဆိုသည်ကား ကောင်းစွာထက်ဝန်းကျင်မှ စင်ကြယ် သော ငါးပါးသီလပင်လျှင်တည်း၊ မဂ်နှင့်ယှဉ်အပ်သော အာဇီဝဋ္ဌမကသီလ ဟူ၍လည်း ဆိုကြကုန်၏၊]

ရှင်မောဂ္ဂလာန်သည်လည်းနတ်ပြည်တို့သို့ မကြာမကြာ ကြွသွား တော်မူ၍ တရားဟောတော်မူကြောင်းကို များစွာသောသုတ္တန်တို့၌ ပြဆို၏၊ ထို့အတူ မြတ်စွာဘုရားသည်လည်းကောင်း, ရှင်မောဂ္ဂလာန် သည်လည်းကောင်း ဗြဟ္မာပြည်သို့ကြွ၍ တရားဟောတော်မူ ကြောင်းများ သည်လည်း ထိုထိုသုတ္တန်တို့၌ ထင်ရှားကုန်၏၊ ထိုသို့ နတ်ပြည်, ဗြဟ္မာပြည် သို့ ကြွရောက်၍ တရားဟောတော်မူရာ၌ နတ်, ဗြဟ္မာတို့သည် သာဝက အဖြစ်သို့ များစွာပင် ပါဝင်ကြလေကုန်၏၊ နတ်ပြည်, ဗြဟ္မာပြည် ဆိုသည်မှာ ဤစကြဝဠာ၌ရှိသော နတ်ပြည်, ဗြဟ္မာပြည်တို့ကိုချည်းသာ ဆိုလိုသည်မဟုတ်၊ တစ်သောင်းသော လောကဓာတ်အတွင်း၌ ရှိနေကြ ကုန်သော နတ်ပြည်, ဗြဟ္မာပြည်တို့သို့လည်း မြတ်စွာဘုရားကြွတော်မူ၍ တရားဟောတော်မူကြောင်းကို ယူရမည်၊ ဗုဒ္ဓုပ္ပါဒခေတ်နှင့် ကြုံကြိုက် သောအခါ တစ်သောင်းသော လောကဓာတ်၌ ရှိနေကြကုန်သော နတ် ပြည်, ဗြဟ္မာပြည်တို့သည် သာဝက, အရိယာသာဝကဖြစ်ကုန်သော နတ်,ဗြဟ္မာတို့ဖြင့် ပြည့်လျှံ၍ နေကြကုန်၏၊ လူသာဝကတို့သည်ကား အနည်းငယ်မျှသာ ရှိကုန်၏၊ ပမာဏမပြုလောက်ကုန်၊ နတ်သာဝက, ဗြဟ္မာသာဝကတို့သာလျှင် အနန္တများပြားကြလေကုန်သည်၊ သို့ရာတွင် အာဏာတော်ဟုဆိုအပ်သော ဝိနည်းပညတ်တော်အားဖြင့် ရဟန်းအဖြစ် ကို လူ့ဘုံသားတို့အားသာလျှင် ပညတ်ခွင့်ပြုအပ်သောကြောင့် ရဟန်း သိက္ခာသီလနှင့် ပြည့်စုံသော သာဝကတို့သည်မူကား လူ့ပြည်၌သာလျှင် ရှိကုန်၏၊ နတ်ပြည်, ဗြဟ္မာပြည်တို့၌ မရှိကုန်။

နတ်, ဗြဟ္မာတို့သည် မိမိဘုံမှာသာ တရားထူးရသည် မဟုတ်

နတ်ဗြဟ္မာတို့သည် မိမိတို့ဘုံသို့ မြတ်စွာဘုရားကြွတော်မူလာ၍ တရားဟောတော်မူမှသာလျှင် တရားနာရခြင်း, တရားထူးရခြင်း, သာဝက အဖြစ်သို့ ကပ်ရောက်ခြင်း ဖြစ်ကြကုန်သည် မဟုတ်၊ လူ့ပြည်သို့ လာရောက်၍လည်း တရားနာခြင်း, တရားရခြင်း, သာဝကအဖြစ်သို့ ကပ်ရောက်ခြင်းတို့သည် ဖြစ်ကုန်၏၊ ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောတော် မူရာစသည်တို့၌ ထိုအကြောင်းသည် ထင်ရှား၏၊ သတ္ထာဒေဝမနုဿာနံ ဟူသောဂုဏ်တော်အဖွင့်တွင်လည်း ထိုအဓိပ္ပါယ်ကို ပြဆိုအပ်လေပြီ၊ ရဟန်းမဟုတ်သော လူသာဝကနှင့် နတ်သာဝက, ဗြဟ္မာ သာဝကတို့၏ အကျင့်ပဋိပတ်သည်ကား အထူးမရှိ၊ အကျဉ်းအားဖြင့် သောတာပတ္တိယင်္ဂ တရားလေးပါးတို့သာလျှင် ဖြစ်ကုန်၏။

[ယခုအခါ အလုံးစုံသော လူသာဝက,နတ်သာဝက, ဗြဟ္မာသာဝကတို့၏ အကျင့် ပဋိပတ်တို့၏ အကျိုးကို မဟာဝဂ္ဂသံယုတ် ပုညာဘိသန္ဒဝဂ်၌လာသော သုတ်တို့ဖြင့် ပြဆိုပေအံ့။]

သောတာပန်အင်္ဂါလေးပါးပြည့်စုံ အပါယ်ဘေးလွတ်လပ်ပုံ

ထိုသုတ္တန်တို့၏ မြန်မာပြန်--အို ချစ်သားရဟန်းတို့ လေးပါးသော တရားတို့နှင့် ပြည့်စုံသော အရိယာသာဝကသည် အလုံးစုံ သော အပါယ်ဒုဂ္ဂတိဘေးတို့မှ လွန်မြောက်နိုင်သည်ဖြစ်၏၊ အဘယ်တရား လေးပါးတို့နည်းမူကား

၁။ မြတ်စွာဘုရား၌ သက်ဝင်ယုံကြည် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊

၂။ တရားတော်၌သက်ဝင်ယုံကြည် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊

၃။ သံဃာတော်၌ သက်ဝင်ယုံကြည် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊

၄။ အရိယာတို့ နှစ်သက်အပ်သော သီလကောင်း သီလမြတ်နှင့် ပြည့်စုံ၏။

ဤတရားလေးပါးတို့နှင့် ပြည့်စုံသော အရိယာသာဝကသည် အလုံးစုံသော အပါယ်ဒုဂ္ဂတိဘေးမှ လွန်မြောက်နိုင်သည်ဖြစ်၏၊

သောတာပန်အင်္ဂါကင်းငြား အပါယ်ဘုံပြန်သွား

အိုချစ်သား ရဟန်းတို့, အကယ်၍လျှင် စကြစတေးမင်းကြီးသည် လေးကျွန်းလုံး၌ မင်းအဖြစ်ကိုပြုစေ၍ စုတေလေသည်ရှိသော် တာဝတိံသာနတ်၏ အပေါင်းအဖေါ်အဖြစ်သို့ ကပ်ရောက်လေ၏၊ တာဝတိံသာနတ်ပြည်သို့ ရောက်လေ၏၊ ထိုနတ်သားသည် ထိုတာဝတိံသာနတ်ပြည် နန္ဒဝန်ဥယျာဉ်၌ နတ်သမီးအပေါင်းတို့ဖြင့် ခြံရံအပ်သည်ဖြစ်၍ နတ်ပြည်၌ဖြစ်သော ကာမဂုဏ်ငါးပါးတို့ဖြင့် ပြည့်စုံစွာ မြူးတူးပျော်ပါး၏၊ ထိုနတ်သားသည် သောတာပတ္တိယင်္ဂတရားလေးပါး တို့နှင့် ပြည့်စုံသည် မဟုတ်သောကြောင့် ငရဲဘေးမှ မလွတ်နိုင်သည်သာ ဖြစ်၏၊ တိရစ္ဆာန်ဘေးမှ မလွတ်နိုင်သည်သာဖြစ်၏၊ ပြိတ္တာဘေးမှ မလွတ်နိုင်သည်သာဖြစ်၏၊ အပါယ်ဒုဂ္ဂတိဘေးမှ မလွတ်နိုင်သည်သာ ဖြစ်၏။

အိုချစ်သားရဟန်းတို့, အကယ်၍လျှင် ဤသာသနာတော်မြတ်၌ အရိယာ သာဝကသည် ဆင်းရဲငြိုငြင်စွာ မိမိကိုယ်ကို မျှတစွာမွေးမြူရ၏၊ ထိုအရိယာသာဝကသည် သောတာပတ္တိယင်္ဂတရားလေးပါးနှင့် ပြည့်စုံသောကြောင့် ငရဲဘေးမှ လွတ်သည်သာဖြစ်၏၊ တိရစ္ဆာန်ဘေးမှ လွတ်သည်သာဖြစ်၏၊ ပြိတ္တာဘေးမှ လွတ်သည်သာဖြစ်၏။

သောတာပန် အင်္ဂါပြည့်ငြား စကြဝတေးမင်းနှင့် မကွာလား

အို ချစ်သားရဟန်းတို့, ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရခြင်းသည် ရှိ၏၊ ထိုကျွန်းကြီးလေးကျွန်းတို့ကို စိုးပိုင်ခြင်းသည် သောတာပတ္တိယင်္ဂ တရားလေးပါးတို့ကို ရရှိခြင်း၏ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ် ကိုမျှ မမီနိုင်ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူ၏။

[အထက်ပါအဓိပ္ပါယ်နှင့်တူစွာ အောက်၌ပါသော ဂါထာကိုလည်း ဓမ္မပဒပါဠိတော်၌ ဟောတော်မူ၏၊]

သောတာပန်ဖြစ်ရကျိုး-သာဓကကိုး

ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ဝါ။
သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။

ပထဗျာ=မြေပြင်၌၊ ဧကရဇ္ဇေန=တစ်ပါးတည်းစိုးပိုင် ဘုန်းလှိုင် ထင်ရှား ဧကရာဇ်မင်းဖျားဖြစ်ခြင်းထက်လည်းကောင်း၊ သဂ္ဂဿ=နတ်ပြည် သို့၊ ဂမနေန ဝါ=လားရရောက်ရခြင်းထက်လည်းကောင်း၊ သဗ္ဗလောကာ ဓိပစ္စေန=အလုံးစုံသော လောကကို အစိုးရခြင်းထက်လည်းကောင်း၊ သောတာပတ္တိဖလံ=သောတာပတ္တိ မဂ်ကိုရခြင်း၏ အကျိုးသည်၊ ဝရံ=ထွတ်မြတ်လှစွာ၏။

ကုသိုလ်အဟုန်-ကောင်းမှုဂုဏ် ၄-မျိုး

ချမ်းသာခြင်း၏ အကြောင်းရင်းဖြစ်ကုန်သော ကုသိုလ်အဟုန် ကောင်းမှု အလျဉ်လေးမျိုးကိုလည်း မဟာဝဂ္ဂသံယုတ် ပုညာဘိသန္ဒဝဂ်၌ ဟောတော်မူ၏၊ ထိုပုညာဘိသန္ဒကုသိုလ်အဟုန် ကောင်းမှုအလျဉ် လေးပါးဆိုသည်ကား
(၁) မြတ်စွာဘုရား၌ သက်ဝင်ယုံကြည် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း တစ်ပါး,
(၂) တရားတော်၌ သက်ဝင်ယုံကြည် ကြည်ညိုခြင်းနှင့်ပြည့်စုံ ခြင်းတစ်ပါး,
(၃) သံဃာတော်မြတ်၌ သက်ဝင်ယုံကြည် ကြည်ညိုခြင်းနှင့် ပြည့်စုံခြင်း တစ်ပါး,
(၄) အရိယာတို့ နှစ်သက်အပ်သော သီလနှင့်ပြည့်စုံခြင်း တစ်ပါး။

ဤလေးပါးတို့တည်း။

ဤကုသိုလ်အဟုန် ကောင်းမှုအလျဉ်နှင့် ပြည့်စုံသော အရိယာ သာဝက၏ ကုသိုလ်ကိုပမာဏအားဖြင့် ဤမျှရှိ၏ ဟူ၍ ရေတွကြ်ခင်းငှါ မတတ်နိုင်၊ စင်စစ်အားဖြင့် မရေတွက်နိုင်အောင်, မနှိုင်းယှဉ်နိုင်အောင် ကြီးကျယ်များမြတ်သော ကုသိုလ်အစု ကောင်းမှုအလျဉ်ဟူ၍သာလျှင် ဆိုအပ်၏။

သမုဒ္ဒရာရေပမာ-ကောင်းမှုအကျိုးဖြာ

ဥပမာအားဖြင့် သမုဒ္ဒရာ၌ရှိသော ရေအတိုင်းအရှည်ကို ကွမ်းစား ပေါင်း ဤမျှရှိကုန်၏ဟူ၍ မရေတွက်နိုင်သကဲ့သို့တည်း ဟူ၍ ဟောတော် မူ၏၊ ထို့အတူ ရတနာသုံးပါးတို့၌ သက်ဝင်ယုံကြည်ခြင်း တည်းဟူသော ကုသိုလ်အဟုန် ကောင်းမှုအလျဉ် သုံးပါးတို့တွင် ပေးကမ်းစွန့်ကြဲခြင်း စာဂတည်းဟူသော ကုသိုလ်အဟုန် ကောင်းမှုအလျဉ်ကိုထည့်၍ ပုညာဘိသန္ဒလေးပါးကိုလည်း ဟောတော်မူ၏၊ ထိုအတူ ရတနာသုံးပါး၌ သက်ဝင်ယုံကြည်ခြင်း သုံးပါးတို့တွင် ရုပ်,နာမ်, ခန္ဓာတို့၏ အဖြစ်အပျက်ကို သိမြင်နိုင်ခြင်း ဥဒယဗ္ဗယဉာဏ် တည်းဟူသော ကုသိုလ်အဟုန် ကောင်းမှု အလျဉ်တစ်ပါးကိုထည့်၍ ပုညာဘိသန္ဒလေးပါးကို ဟောကြားတော်မူ၏၊ အင်္ဂုတ္တရနိကာယ်၌လည်း ပုညာဘိသန္ဒသုတ်တို့သည် များစွာလာရှိကုန်၏၊ အရိယာပုဂ္ဂိုလ်တို့တွင် အညံ့ဆုံးဟုဆိုရသော သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်၏ သောတာပတ္တိဖိုလ်အခိုက်၌ ရရှိအပ်သော မဂ်၏ အကျိုးကို မဟာဝဂ္ဂသံယုတ် အဆုံးစွန်သောဝဂ်၌ ဟောတော်မူအပ်သော သုတ္တန်တို့ဖြင့် ပြဆိုသင့် ပြဆိုထိုက်၏၊ သို့ရာတွင် ထိုမဂ်၏အကျိုးကို လောကုတ္တရာပဋိပတ်၏ အကျိုးအာနိသင်ကို ပြဆိုခန်းတွင် နခသိခ သုတ္တန်တစ်ခုဖြင့် ပြဆိုအပ်ခဲ့လေပြီးဖြစ်၍ ဤနေရာ၌ပြဆိုရန် အကြောင်းမရှိပြီ။

[ဤဆိုလတ္တ့သည်ကား သဠာယတနမောဂ္ဂလာနသံယုတ်၌ အရှင်မောဂ္ဂလာန်သည် နတ်ပြည်တို့သို့ ဒေသစာရီ လှည့်လည်တော်မူကြောင်း, ထိုအခါနတ်အပေါင်းတို့ ချဉ်းကပ် လာကြောင်း, ထိုနတ်တို့အား တရားဟော တော်မူကြောင်းကိုပြဆိုသောသုတ္တန်ပေတည်း။]

နတ်ပြည်စခန်း-အရှင်မောဂ္ဂလာန်ကြွမြန်း

ထိုသုတ္တန်၏မြန်မာပြန်--ထိုအခါအရှင်မောဂ္ဂလာန်သည် ဥပမာအားဖြင့် ခွန်အားနှင့်ပြည့်စုံသော ယောက်ျားသည် ကွေး၍ထားအပ် သော လက်ရုံးကို ဆန့်တန်းအပ်ဘိသကဲ့သို့လည်းကောင်း, ဆန့်၍ထား အပ်သော လက်ရုံးကို ကွေးဘိသကဲ့သို့လည်းကောင်း, ထို့အတူပင်လျှင် ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့၍ တာဝတိံသာနတ်တို့အလယ်၌ ကိုယ်ထင်ရှားပေါ်လေ၏၊ ထိုအခါ နတ်အပေါင်းတို့ကို အစိုးရသော သိကြားမင်းသည် ငါးရာသောနတ်တို့နှင့်တကွ အရှင်မောဂ္ဂလာန်သို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော အရပ်၌ ရပ်တည်လေ၏၊ ထိုအခါ အရှင်မောဂ္ဂလာန်သည် ဤစကားကို မိန့်ဆို တော်မူလေ၏၊ အိုသိကြားမင်း, မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ် ခြင်းသည် ကောင်း၏၊ အို သိကြားမင်း, မြတ်စွာဘုရားကို ကိုးကွယ်အားထားရာ ဟူ၍ ဆည်းကပ်ခြင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည် ထိုမိမိ တို့ဘဝမှ စုတေကြကုန်သည်ရှိသော် သုဂတိဟုဆိုအပ်သော နတ်ပြည်လောကသို့ ကပ်၍ဖြစ်ကြလေကုန်၏။

အကြောင်းဆယ်ပါး လွှမ်းမိုးပုံ

ထိုနတ်တို့သည် တစ်ပါးသောနတ်တို့ကို ဆယ်ပါးသော အကြောင်း အရာ တို့ဖြင့် သာလွန်လွှမ်းမိုးကြလေကုန်၏၊ ဆယ်ပါးသော အကြောင်းတို့ ကား နတ်အသက်တမ်းဖြင့်လည်းကောင်း, နတ်အဆင်းဖြင့်လည်း ကောင်း, နတ်ချမ်းသာဖြင့်လည်းကောင်း, နတ်အခြံအရံဖြင့်လည်း ကောင်း, နတ်ပြည်နှင့်ဆိုင်သော အစိုးရခြင်းဖြင့်လည်းကောင်း, နတ်ပြည်၌ ဖြစ်သောအဆင်း ရူပါရုံတို့ဖြင့်လည်းကောင်း, အသံသဒ္ဒါရုံတို့ဖြင့်လည်း ကောင်း, အနံ့ဂန္ဓာရုံတို့ဖြင့်လည်းကောင်း, ရသာရုံတို့ဖြင့်လည်းကောင်း, အတွေ့,အထိ, ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း, သာလွန် လွှမ်းမိုးကြလေ ကုန်၏၊ ဤနည်းအတိုင်း တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း ၏အကျိုး, သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း၏ အကျိုးတို့ကိုလည်း ထိုသုတ်နှင့်ဆက်၍ ဟောတော်မူ၏။

တာဝတိံသာတွင်မက-အထက်နတ်ဘုံသို့လဲကြွ

ထိုမောဂ္ဂလာန်သံယုတ်၌ပင်လျှင် ဤတာဝတိံသာသို့ ကြွတော်မူ သကဲ့သို့ ကြွင်းသောအထက်နတ်ပြည် ငါးထပ်တို့သို့ ဒေသစာရီကြွချီ တော်မူကြောင်း, ထိုအခါ သိကြားမင်းကြီး ဆည်းကပ်ဘိသကဲ့သို့ နတ်ပရိသတ်များစွာတို့နှင့် နတ်မင်းကြီးများ ဆည်းကပ်ခစားလာကြောင်း, ထိုနတ်တို့အား တရားဟောတော်မူကြောင်းများကိုလည်း ပြဆို၏၊ ထို့ကြောင့် နတ်ပြည်ခြောက်ထပ်တို့၌ မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်သော နတ်သားနတ်သမီးတို့သည် များပြား ပြည့်နှက်စွာ ရှိကြကုန်၏၊ အရှင်မောဂ္ဂလာန်သည် ထိုသာဝကနတ်တို့အား တရားဟောခြင်းကိစ္စဖြင့် မကြာမကြာကြွတော်မူ၏၊ ဗြဟ္မာဘုံနှစ်ဆယ်တို့တွင် သုဒ္ဓါဝါသငါးဘုံသည် အရိယာပုဂ္ဂိုလ်အထွတ်အထိပ်တို့၏ နေရာဌာနသာလျှင် ဖြစ်၏၊ ထိုဘုံ၌ ရှိရှိသမျှသော ဗြဟ္မာတို့သည် မြတ်စွာဘုရားတို့၏ တပည့်သား အစစ် ဖြစ်ကြီးဖြစ်ကြကုန်သော အရိယာသာဝကတို့သာတည်း၊ ပုထုဇ္ဇန်သာဝက, သောတာပန်သာဝက, သကဒါဂါမ်သာဝကတို့နှင့် သက်ဆိုင်သောဘုံ မဟုတ်ချေ၊ ထိုသုဒ္ဓါဝါသ ငါးဘုံတို့တွင် တစ်ဘုံတစ်ဘုံမှာပင် ဝိပဿီအစရှိ ကုန်သော ဘုရားခုနစ်ဆူတို့အနက် တစ်ဆူတစ်ဆူသော ဘုရားရှင်၏ တပည့်သာဝကဖြစ်ကုန်သော ဗြဟ္မာတို့သည်ပင်လျှင် သိန်းပေါင်းများစွာ ရှိနေကြကုန်၏၊ ဘုရားခုနစ်ဆူတိုင်တိုင် သိမီလိုက်ကြကုန်သော ဗြဟ္မာကြီးတို့သည်လည်း လွန်စွာပင် များကုန်၏။

အကနိဋ္ဌာဘုံ-မြတ်စွာဘုရားကြွမြန်းပုံ

တစ်ရံရောအခါ ကျွန်ုပ်တို့၏ ကိုးကွယ်ရာဖြစ်သော ဂေါတမ မြတ်စွာဘုရားသည် သုဒ္ဓါဝါသဘုံတို့၌ ဒေသစာရီလှည့်လည်တော်မူသော အခါ ရှေးဦးစွာ အဝိဟာဗြဟ္မာတို့အလယ်၌ ကိုယ်ထင်ရှားပေါ်တော်မူ၏၊ အဝိဟာဘုံ၌ အသိန်းမကသော ဗြဟ္မာတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် ခုနစ်ဆူကုန်သော ဘုရားရှင်တို့၏ အနွယ်အဆက် တို့ကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏၊ ထို့နောက် ထိုအဝိဟာဗြဟ္မာတို့ကို နောက်ပါခေါ်တော်မူ၏၊ အတပ္ပါဗြဟ္မာတို့ အလယ်၌ ကိုယ်ထင်ရှားပေါ်တော်မူ၍ ထိုအတပ္ပါဘုံ၌လည်း ဗြဟ္မာ အပေါင်းတို့သည် ရှေးနည်းအတူပင်လျှင် လျှောက်ထားကြကုန်၏၊ ထို့နောက် ထိုအဝိဟာဗြဟ္မာ, အတပ္ပါဗြဟ္မာတို့ကို နောက်ပါခေါ်တော်မူ၍ သုဒဿာဗြဟ္မာတို့အလယ်၌ ကိုယ်ထင်ရှားပေါ်တော်မူ၏၊ ထိုသုဒဿာ ဘုံ၌လည်း ဗြဟ္မာအပေါင်းတို့သည် ရှေးနည်းအတူပင် လျှောက်ထားကြ ကုန်၏၊ ထို့နောက် ထိုအဝိဟာဗြဟ္မာ, အတပ္ပါဗြဟ္မာ, သုဒဿာဗြဟ္မာ တို့ကို နောက်ပါခေါ်တော်မူ၍ သုဒဿီဗြဟ္မာတို့အလယ်၌ ကိုယ်ထင်ရှား ပေါ်တော်မူ၏၊ ထိုသုဒဿီဘုံ၌လည်း ဗြဟ္မာအပေါင်းတို့သည် ရှေးနည်း အတူပင် လျှောက်ထားကြကုန်၏၊ ထိုနောက် ဆိုခဲ့ပြီးသော ဗြဟ္မာလေးဘုံ သားတို့ကို နောက်ပါခေါ်တော်မူ၍ အကနိဋ္ဌဗြဟ္မာတို့ အလယ်၌ ကိုယ် ထင်ရှားပေါ်တော်မူ၏၊ ထိုအကနိဋ္ဌဘုံ၌လည်း ဗြဟ္မာအပေါင်းတို့သည် ရှေးနည်းအတူပင် လျှောက်ထားကြကုန်၏ဟူ၍ မဟာပဒါနသုတ်၌ ဆိုသည်။

ထိုသုဒ္ဓါဝါသဘုံတို့သို့ ကြွချီတော်မူသော အခါ မြတ်စွာဘုရား၏ ထံပါးသို့ ချဉ်းကပ်ခစားရန် လာရောက်ကြကုန်သော ဗြဟ္မာတို့သည် ကုဋေအရာမက စည်းဝေးမိကြကုန်၏၊ ဗြဟ္မာတို့သည် သာမညသာဝက တို့ မဟုတ်ကြပဲ အချို့မှာ အနာဂါမ်, အချို့မှာ ရဟန္တာဖြစ်ကြကုန်၏ ဟူ၍ဆိုသည်၊ ထို့ကြောင့် တစ်သောင်းသော လောကဓာတ်အတွင်း၌ ရှိနေကြကုန်သော နတ်ပြည်, ဗြဟ္မာပြည်တို့သည် မြတ်စွာဘုရား၏ တပည့်သာဝကဖြင့် ပြည့်လျှံ၍ နေကြကုန်သည်ဟူ၍ သိအပ်၏။

[ဤကား- နတ်သာဝက, ဗြဟ္မာသာဝကတို့နှင့်စပ်လျဉ်း၍ ဆိုအပ်သော စကားရပ်ပေတည်း။]

ပရိယတ် ပဋိပတ်ကိုကျင့်ဆောင်-သာဝကဂုဏ်ရောင်

မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပရိယတ္တိဓမ္မ, ပဋိပတ္တိဓမ္မများသည် ကောင်းမွန်သောတရားမှန် အကျင့်မှန်များ ဖြစ်လေသောကြောင့် တပည့်သာဝကတို့သည် ထိုပရိယတ်, ပဋိပတ်တို့ကို ကျင့်ဆောင်ခြင်းအားဖြင့် လွယ်ကူစွာ သာဝကဂုဏ်နှင့် ပြည့်စုံနိုင်ကြ ကုန်၏၊ ထိုအကြောင်းကို စတုကင်္ဂုတ္တရပါဠိတော် မဟာဝဂ် သောတာနုဂတသုတ်ဖြင့် သိအပ်၏။

သောတာနုဂတာနံ ဘိက္ခဝေ ဓမ္မာနံ ဝစသာ ပရိစိတာနံ မနသာ နုပေက္ခိတာနံ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါနံ စတ္တာရော အာနိသံသာ ပါဋိကင်္ခါ။

ဘိက္ခဝေ=ရဟန်းတို့၊ သောတာနုဂတာနံ=နားသို့အစဉ်အတိုင်း ရောက်ကုန် ပြီးသော၊ ဝါ=ကြားနာအပ်ကုန်ပြီးသော၊ ဝစသာ=နှုတ်ဖြင့်၊ ပရိစိတာနံ=လေ့ကျက်အပ်ကုန်ပြီးသော၊ မနသာ=စိတ်ဖြင့်၊ အနုပေက္ခိတာနံ=ကြံဆရှုဆင်ခြင်အပ်ကုန်ပြီးသော၊ ဒိဋ္ဌိယာ=အနက်အဓိပ္ပါယ်ကို သိစွမ်းနိုင်သောဉာဏ်ဖြင့်၊ သုပ္ပဋိဝိဒ္ဓါနံ=ထိုးထွင်းပေါက်ရောက်အပ် ကုန်ပြီးသော၊ ဓမ္မာနံ=တရားတော်တို့၏၊ အာနိသံသာ=အကျိုးတို့ကို၊ ပါဋိကင်္ခါ=အလိုရှိအပ်ကုန်၏။

ကြားနာပြီး, နှုတ်တက်ပြီး, စိတ်ဖြင့် ကြံဆဆင်ခြင်ပြီး, ဉာဏ်ဖြင့် အသိဉာဏ် ပေါက်ရောက်ပြီးသော တရား၏အကျိုးတို့သည် လေးပါးရှိ ကုန်၏ဟူ၍ ဆိုလိုသည်၊ ဥပမာ-အကြင်သူသည် [အနိစ္စာဝတ သင်္ခါရာ ဥပ္ပါဒ ဝယဓမ္မိနော] ဟူသော ဂါထာကို ကြားနာရသည်ရှိသော် နှုတ် တက်ဆောင်ရွက်ပြီး၍ ထိုဂါထာ၏ အနက်အဓိပ္ပါယ်ကို စိတ်ဖြင့် ရှုစားဆင်ခြင်ပြီးလျှင် အသိဉာဏ်ဖြင့် အနက်သဘော, ပါဠိသဘောကို ထိထိရောက်ရောက် အသိဉာဏ်ပေါက်လေ၏၊ ထိုသူအား အနိစ္စာဝတ သင်္ခါရာ-ဟူသောဂါထာသည် အကျိုးလေးပါးတို့တွင် တစ်ပါးပါးကို ရစေနိုင်၏။

အဘယ်အကျိုးလေးပါးတို့နည်းဟူမူကား--

၁။ ထိုသာဝကသည် ဤဘဝမှ စုတေလေသည်ရှိသော် တစ်စုံ တစ်ခုသော နတ်ပြည်၌ ဥပပတ်ပဋိသန္ဓေအားဖြင့် နတ်ဘဝကို ရရှိ လေ၏၊ ထိုသို့ နတ်ဘဝ ဥပပတ္တိခန္ဓာကို ရရှိသောအခါ ထိုနတ်ပြည်၌ မိမိရှေးဘဝက လေ့ကျက်ခဲ့ဖူးသော တရားအစုတို့သည် လွယ်လွယ်ကူကူ ဘွားခနဲပေါ်လာကြကုန်၏၊ ထိုဥပပတ် ဘဝသစ်၌ တရားကို ပြန်လှန် အောက်မေ့မှု သတိဖြစ်ပေါ်မှုသည် နှေးသေး၏၊ တရားဟောင်းတို့သည် ဘဝသစ်၌ ထင်မြင်ပေါ်ပေါက်လာကြကုန်သဖြင့် လျင်မြန်စွာ တရား အထူးကိုရရှိ၍ ထူးသောပုဂ္ဂိုလ်အဖြစ်သို့သာ ရောက်လွယ်လေ၏။

တဿ တတ္ထ သုခိနော ဓမ္မပဒါနိ ပလဝန္တိ၊ ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ၊ အထ ခေါ သော သတ္တော ခိပ္ပမေဝ ဝိသေသဘာဂီ ဟောတိ။

[စတုကင်္ဂုတ္တရ ပါဠိတော်]

တတ္ထ=ထိုနတ်ပြည်၌၊ တဿ=ထိုရှေးဘဝက ပရိယတ္တိဓမ္မကို လေ့ကျက် ခဲ့ဖူးသော သာဝကအား၊ သုခိနော=လွယ်ကူချမ်းသာ သည်ဖြစ် ၍၊ ဓမ္မပဒါနိ=လေ့ကျက်ခဲ့ဖူးသော တရားအစုတို့သည်၊ ပလဝန္တိ=ဘွားခနဲ ထင်မြင် ပေါ်ပေါက်လာကုန်၏၊ ဘိက္ခဝေ=ရဟန်းတို့၊ သတုပ္ပါဒေါ= ရှေးတရားဟောင်းကို အောက်မေ့ခြင်း သတိဖြစ်မှုသည်၊ ဒန္ဓော=နှေး လေးသေး၏၊ အထခေါ=စင်စစ်သော်ကား၊ သော သတ္တော=ထိုသာဝက သည်၊ ခိပ္ပမေဝ=လျင်စွာသာလျှင်၊ ဝိသေသဘာဂီ=ထူးမြတ်သော အဖို့ရှိသည်၊ ဟောတိ=ဖြစ်၏။

အဘယ့်ကြောင့် ထိုဥပပတ်ဘဝသစ်၌ တရားဟောင်းတို့သည် လွယ်ကူ လျင်မြန်စွာ ထင်မြင်လာကုန်သနည်းဟူမူ-ဥပပတ် ပဋိသန္ဓေနေ ရသောပုဂ္ဂိုလ်တို့၏ ရုပ်ခန္ဓာသည် လွန်စွာသိမ်မွေ့၏၊ ပေါ့ပါး၏၊ ကြည်လင်၏၊ ထိုရုပ်ခန္ဓာ၌ မှီသောဉာဏ်သည်လည်း ပေါ့ပါးလျင်မြန်၍ အလွန်လျှင်ကြည်လင်၏၊ ထို့ကြောင့် အနန္တရဘဝက တရားတို့ကို လေ့ကျက်၍ သေလွန်လေလျှင် ဥပပတ်ဘဝကို ရသောအခါ ထိုတရား ဟောင်းတို့သည် လျင်မြန်စွာ ထင်မြင်ပေါ်ပေါက်လာ၍ ထက်မြက် ကြည် လင်သောဉာဏ်ဖြင့် ထူးထွေနက်နဲသော သဘောအဓိပ္ပါယ်ကို သိပြီးလျှင် တရားထူးကို လွယ်ကူစွာ ရရှိနိုင်လေသည်။

[ဤကား ပထမအကျိုးတည်း။]

၂။ ဥပပတ်ဘဝသစ်ကို ရရှိသည်၏အခြားမဲ့ လျင်မြန်စွာ ထိုတရား ဟောင်းများ မပေါ်လာ မထင်လာသေးလျှင် အရှင်မောဂ္ဂလာန် မထေရ် ကဲ့သို့ အခြားသော တန်ခိုးဣဒ္ဓိပါဒ်ကြီးမားသော ရဟန်းတော် အရှင်သည် နတ်ပြည်သို့ တက်၍ နတ်တို့အား တရားဟောပြတော် မူသည်ရှိသော် ထိုတရားကို ကြားနာရသည်နှင့်တစ်ပြိုင်နက် ရှေးကလေ့ ကျက်ခဲ့ဖူး ကုန်သော တရားဟောင်းတို့သည် လျင်မြန်လွယ်ကူစွာ ပေါ် ပေါက်၍လာ ကုန်၏၊ ထိုအခါ တရားအထူးကို ရရှိနိုင်လေ၏။

[ဤကား ဒုတိယအကျိုးတည်း။]

၃။ ထိုသို့ မဟုတ်လျှင် သနင်္ကုမာရဗြဟ္မာမင်းကြီးကဲ့သို့ ဓမ္မကထိက နတ်သား၏ ဟောကြားအပ်သောတရားကို ကြားနာရသည်ရှိသော် ရှေးက လေ့ကျက်ခဲ့ဖူးသော တရားဟောင်းတို့သည် လျင်မြန်လွယ်ကူစွာ ပေါ်ပေါက်လာကုန်၍ တရားထူးကိုရလေ၏။

[ဤကား တတိယအကျိုးတည်း]

၄။ ထိုသို့မဟုတ်လျှင် မိတ်ဆွေနတ်သား တစ်ဦးဦးသည် သတိကို ရစေ၏၊ ထိုအခါသတိရ၍ ရှေးကလေ့ကျက်ဖူးသော တရားဟောင်း တို့သည် လျင်မြန် လွယ်ကူစွာ ပေါ်ပေါက်လာပြီးလျှင် တရားအထူးကို ရရှိလေ၏။

[ဤကား စတုတ္ထအကျိုးတည်း]

ဤသို့ဟောတော်မူသည် ကိုထောက်၍ ပရိယတ္တိဓမ္မကိုကြားနာပြီး, နှုတ်တက်ဆောင်ရွက်ပြီး, စိတ်ဖြင့်ကြံဆဆင်ခြင်ပြီး, ဉာဏ်ဖြင့် အသိဉာဏ် ပေါက်ပြီးသော သာဝကတို့သည် ဤပစ္စက္ခဘဝ၌ပင် တရားထူးကိုမရပဲ စုတေရ ငြားသော်လည်း လာလတ္တံ့သော အနာဂတ်ဘဝ၌ ဥပပတ်ခန္ဓာ ကိုရ၍ ပြဆို ခဲ့ပြီးသော အကျိုးလေးပါးတို့တွင် တစ်ပါးပါးနှင့် ကြုံကြိုက်၍ ချမ်းသာ လွယ်ကူစွာနှင့် တရားထူးကိုရဖို့ရန် စခန်းရှိပေသည်ဟူ၍ ဝမ်းမြောက်ထိုက်ပေသည်။

[ဤသည်ကား ပရိယတ္တိဓမ္မ၏ ကောင်းမြတ်မှန်ကန်သော ဓမ္မဖြစ်သော ကြောင့် ဘဝတစ်ပါး၌ ချမ်းသာစွာ သာဝကဂုဏ်အင်္ဂါနှင့် ပြည့်စုံစေနိုင်ကြောင်းကို ပြဆိုသော စကားရပ်တည်း။]

ပဋိပတ္တိဓမ္မ၏ ကောင်းမြတ်မှန်ကန်သော ဓမ္မဖြစ်၍ လွယ်ကူ ချမ်းသာစွာနှင့် တပည့်သာဝကတို့၏ မြင့်မြတ်သော သာဝကဂုဏ် နှင့်ပြည့်စုံကြောင်းကား-
၁။ ကဗဠီကာရေ ဘိက္ခဝေ အာဟာရေ ပရိညာတေ ပဉ္စ ကာမဂုဏိကော ရာဂေါ ပရိညာတော ဟောတိ၊ ပဉ္စ ကာမဂုဏိကေ ရာဂေ ပရိညာတေ နတ္ထိ တံ သံယောဇနံ ယေန သံယောဇနေန သံယုတ္တော အရိယသာဝကော ပုန ဣမံ လောကံ အာဂစ္ဆေယျ။

၁။ ဘိက္ခဝေ=ချစ်သားရဟန်းတို့၊ ကဗဠီကာရေ အာဟာရေ= ကဗဠီကာရ အာဟာရတရားကို၊ ပရိညာတေ=ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြား၍ သိအပ်သည် ရှိသော်၊ ပဉ္စ ကာမဂုဏိကော ရာဂေါ=ကာမဂုဏ် ငါးပါးနှင့်စပ်ယှဉ်သော တဏှာကို၊ ပရိညာတော=ပိုင်းခြား၍ သိအပ်သည်၊ ဟောတိ=ဖြစ်၏၊ ပဉ္စကာမဂုဏိကေရာဂေ=ကာမဂုဏ်ငါးပါးနှင့် စပ်ယှဉ် သောတဏှာကို၊ ပရိညာတေ=ပိုင်းခြား၍ သိအပ်သည်ရှိသော်၊ ယေန သံယောဇနေန=အကြင်သံယောဇဉ်တရားနှင့်၊ သံယုတ္တော=ယှဉ်သော၊ အရိယသာဝကော=အရိယာသာဝကသည်၊ ပုန=တစ်ဖန်၊ ဣမံလောကံ= ဤကာမဘုံသို့၊ အာဂစ္ဆေယျ=ပဋိသန္ဓေအားဖြင့်လာရာ၏၊ တံ သံယောဇနံ= ထိုသံယောဇဉ်မျိုးသည်၊ နတ္ထိ=မရှိလေပြီ။

ထိုပါဠိ၏ မြန်မာပြန်---အို ချစ်သားရဟန်းတို့, ကဗဠီကာရ အာဟာရတရား တစ်ပါးကို ပရိညာဉ်သုံးပါးဖြင့် ပိုင်နိုင်သည်ရှိသော် ကာမဂုဏ်ငါးပါးနှင့်စပ်ယှဉ်သော သာယာငြိစွန်းမှုတဏှာကို ပိုင်နိုင် လေ၏၊ ကာမဂုဏ်ငါးပါးနှင့်စပ်ယှဉ်သော သာယာငြိစွန်းမှု တဏှာကို ပိုင်နိုင်သည်ရှိသော် အကြင်သံယောဇဉ်တရားနှင့် ယှဉ်စပ်နှောင်ဖွဲ့ သည်ဖြစ်၍ တစ်ဖန်ဤကာမလောကသို့ ပဋိသန္ဓေအားဖြင့် လာပြန်ရာ၏၊ ကာမဂုဏ်ငါးပါးနှင့်စပ်ယှဉ်သော သာယာငြိစွန်းမှုတဏှာကို ပိုင်နိုင် ပြီးသော ထိုအရိယာသာဝကအား ကာမဘုံသို့ ပြန်လာကြောင်းဖြစ်သော ထို သံယောဇဉ်မျိုးသည် မရှိချေ။

[ကဗဠီကာရ အာဟာရ တရားတစ်လုံးကို ပိုင်နိုင်လျှင် ကာမဂုဏ်၌ သာယာမှု တဏှာကို ပိုင်နိုင်၏၊ ထိုကာမတဏှာကို ပိုင်နိုင်လျှင် ကာမဘုံသို့ လားကြောင်းဖြစ်သော သံယောဇဉ်မရှိ အနာဂါမ်ဖြစ်၏ဟူ၍ ဆိုလိုသည်။]

၂။ ဖေဿ ဘိက္ခဝေ အာဟာရေ ပရိညာတေ တိဿော ဝေဒနာ ပရိညာတာ ဟောန္တိ။ တီသု ဝေဒနာသု ပရိညာတာသု အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယန္တိ ဝဒါမိ။

၂။ ဘိက္ခဝေ=ချစ်သားရဟန်းတို့၊ ဖေဿ အာဟာရေ=ဖဿ အာဟာရ တရားကို၊ ပရိညာတေ=ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြား၍ သိအပ်သည်ရှိသော်၊ တိဿော ဝေဒနာ=ဝေဒနာသုံးပါးတို့ကို၊ ပရိညာတာ=ပိုင်းခြား၍ သိအပ်ကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏၊ တီသု ဝေဒနာသု=ဝေဒနာသုံးပါးတို့ကို၊ ပရိညာတာသု=ပိုင်းခြား၍ သိအပ် ကုန်သည်ရှိသော်၊ အရိယသာဝကဿ=အရိယာသာဝကအား၊ ကိဉ္စိ= တစ်စုံတစ်ရာ၊ ဥတ္တရိ ကရဏီယံ=အထက်၌ ပြုဖွယ်ကိစ္စသည်၊ နတ္ထီတိ= မရှိဟူ၍၊ အဟံ=ငါဘုရားသည်၊ ဝဒါမိ=ဟောတော်မူ၏။

ထိုပါဠိ၏ မြန်မာပြန်---အို ချစ်သားရဟန်းတို့ ဖဿအာဟာရ တည်း ဟူသော တရားတစ်ပါးကို ပိုင်နိုင်သည်ရှိသော် ဝေဒနာသုံးပါးတို့ကို ပိုင်နိုင်ကုန်၏၊ ဝေဒနာသုံးပါးတို့ကို ပိုင်နိုင်သည်ရှိသော် အရိယာ သာဝက အား ထိုမှအထက်၌ တစ်စုံတစ်ရာ ပြုလုပ်ကြိုးစားဖွယ် မရှိဟူ၍ ငါဘုရား ဟောတော်မူ၏၊ [ကိစ္စပြီးစီး၍ ရဟန္တာဖြစ်လေ၏ဟု ဆိုလိုသည်]

၃။ မနောသေဉ္စတနာယ ဘိက္ခဝေ အာဟာရေ ပရိညာတေ တိဿော တဏှာ ပရိညာတာ ဟောန္တိ။ တီသု တဏှာသု ပရိညာတာသု အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိကရဏီယန္တိ ဝဒါမိ။

၃။ ဘိက္ခဝေ=ချစ်သားရဟန်းတို့၊ မနောသေဉ္စတနာယ အာဟာရေ=မနောသေဉ္စတနာ အာဟာရတရားကို၊ ပရိညာတေ= ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြား၍ သိအပ်သည်ရှိသော်၊ တိဿော တဏှာ= တဏှာသုံးပါးတို့ကို၊ ပရိညာတာ=ပိုင်းခြား၍ သိအပ်ကုန်သည်၊ ဟောန္တိ= ဖြစ်ကုန်၏၊ တီသုတဏှာသု=တဏှာသုံးပါးတို့ကို၊ ပရိညာတာသု= ပိုင်းခြား၍ သိအပ်ကုန်သည်ရှိသော်၊ အရိယသာဝကဿ=အရိယာ သာဝကအား၊ ကိဉ္စိ=တစ်စုံတစ်ရာ၊ ဥတ္တရိကရဏီယံ=အထက်၌ ပြုဖွယ် ကိစ္စသည်၊ နတ္ထီတိ=မရှိဟူ၍၊ အဟံ=ငါဘုရားသည်၊ ဝဒါမိ=ဟော တော်မူ၏။

ထိုပါဠိ၏ မြန်မာပြန်--- အို ချစ်သားရဟန်းတို့ မနောသေဉ္စ တနာ အာဟာရတရားတစ်ပါးကို ပိုင်နိုင်သည်ရှိသော် တဏှာသုံးပါးတို့ကို ပိုင်နိုင်ကုန်၏၊ တဏှာသုံးပါးတို့ကို ပိုင်နိုင်ကုန်သည်ရှိသော် အရိယာ သာဝကအား ထိုမှအထက်၌ တစ်စုံတစ်ရာ ပြုလုပ်ကြိုးစားဖွယ် မရှိဟူ၍ ငါဘုရားဟောတော်မူ၏။

၄။ ဝိညာဏေ ဘိက္ခဝေ အာဟာရေ ပရိညာတေ နာမရူပံ ပရိညာတံ ဟောတိ၊ နာမရူပေ ပရိညာတေ အရိယ သာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယန္တိ ဝဒါမိ။

၄။ ဘိက္ခဝေ=ချစ်သားရဟန်းတို့၊ ဝိညာဏေ အာဟာရေ=ဝိညာဏ အာဟာရတရားကို၊ ပရိညာတေ=ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြား၍ သိအပ်သည်ရှိ သော်၊ နာမရူပံ=နာမ်ရုပ်ကို၊ ပရိညာတံ=ပိုင်းခြား၍ သိအပ်သည်၊ ဟောတိ=ဖြစ်၏၊ နာမရူပေ=နာမ်ရုပ်ကို၊ ပရိညာတေ= ပိုင်းခြား၍ သိအပ်သည်ရှိသော်၊ အရိယသာဝကဿ=အရိယာ သာဝကအား၊ ကိဉ္စိ=တစ်စုံတစ်ရာ၊ ဥတ္တရိကရဏီယံ=အထက်၌ ပြုဖွယ် ကိစ္စသည်၊ နတ္ထီတိ=မရှိဟူ၍၊ အဟံ=ငါဘုရားသည်၊ ဝဒါမိ= ဟော တော်မူလေ၏။

ထိုပါဠိ၏ မြန်မာပြန်----အိုချစ်သားရဟန်းတို့, ဝိညာဏ အာဟာရ တစ်ပါးကို ပိုင်နိုင်သည်ရှိသော် နာမ်,ရုပ်နှစ်ပါးကို ပိုင်နိုင်၏၊ နာမ်,ရုပ် နှစ်ပါးကို ပိုင်နိုင်သော် အရိယာသာဝကအား ထိုမှအထက်၌ တစ်စုံတစ်ရာပြုလုပ် ကြိုးစားဖွယ် မရှိဟူ၍ ငါဘုရားဟောတော်မူ၏။

[အထက်ပါဠိတော် လေးချက်သည် နိဒါနဝဂ္ဂသံယုတ် အာဟာရဝဂ်၌ လာရှိသော ပါဠိတော်စုပေတည်း။]

တရားအများမလို တစ်ပါးပါးသာကျင့်ကြစို့

ဤပါဠိတော်ကို ထောက်သဖြင့်---ကျင့်ကြံ အားထုတ်မှုဟု ဆိုအပ်သော ပဋိပတ္တိကိစ္စတွင် တရားပေါင်းများစွာကို အပင်ပန်း အဆင်းရဲခံ၍ ကျင့်ဆောင် အားထုတ်နေရန် ကိစ္စမရှိ၊ တရားတစ်ခုခုကို ပရိညာကိစ္စပေါက်၍ ပိုင်ပိုင် နိုင်နိုင်ရှိအောင် ကျင့်ကြံအားထုတ်လျှင် ကိစ္စပြီးစီးနိုင်ကြောင်း သိအပ်၏၊ ဉာဏ်ဖြင့် ပိုင်ပိုင်နိုင်နိုင်သိမှုကို ပရိညာဆိုသည်၊ ထိုပရိညာသည် ဉာတပရိညာ, တိရဏပရိညာ, ပဟာနပရိညာအားဖြင့် သုံးပါးအပြားရှိ၏။

ထိုသုံးပါးတို့တွင်

  • ဖဿ, ပထဝီအစရှိကုန်သော ရုပ်,နာမ်တရားတို့၏ တွေ့ ထိမှု, ခက်မာမှုစသော သဘောလက္ခဏာရင်းတို့ကို ပိုင်ပိုင် နိုင်နိုင် မြင်စွမ်း နိုင်ခြင်းသည် ဉာတပရိညာ မည်၏။
  • ထိုပရမတ္ထသဘောတရားတို့၏ မမြဲမှုအနိစ္စ, ဆင်းရဲမှုဒုက္ခ, အနှစ် သာရ အတ္တမရှိ၍ ကိုယ်ဟု စွဲလမ်းစရာမရှိမှု, အနတ္တ ဤလက္ခဏာ သုံးချက်ကို ပိုင်ပိုင်နိုင်နိုင် သိစွမ်း မြင်စွမ်း နိုင်ခြင်းသည် တိရဏ ပရိညာ မည်၏။
  • ထိုပရမတ္ထဓမ္မစု၌ သာယာစွဲလမ်းမှုတဏှာကို အကြွင်းမဲ့ ပိုင်ပိုင်နိုင်နိုင် ပယ်စွမ်းနိုင်ခြင်းသည် ပဟာနပရိညာ မည်၏။

တစ်ခုတစ်ခုသောတရား၌ ပရိညာသုံးချက်တို့ဖြင့် ပိုင်နိုင်လျှင် ပဋိပတ္တိတရား ကိစ္စပြီးစီးနိုင်၏။

[ဆိုခဲ့ပြီးသော အာဟာရလေးပါး၏ အကျယ်ကို အာဟာရဒီပနီကျမ်းတွင် အကျယ်ဖွင့်ဆိုလျက်ရှိလေ၏၊]

ထို့ပြင်လည်း အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္ဌာတိ-စသည်ဖြင့် ဟောတော်မူသောအတိုင်း အနိစ္စသညာ တစ်လုံး ကို ပိုင်နိုင်စွာ ပွါးများနိုင်ကလည်း အနတ္တသည် အလိုလိုပြီးစီး၍ ကိစ္စတုံး နိုင်၏၊ ဤသို့လျှင် မြတ်စွာဘုရားသည် တပည့်သာဝကတို့အား ပဋိပတ္တိ ကျင့်လမ်းတွင် ပင်ပန်းဆင်းရဲခြင်း, နှောင့်နှေးကြာမြင့်ခြင်း မရှိစေပဲ လွယ်ကူချမ်းသာ လျင်မြန်စွာနှင့် သာဝကသမ္ပတ္တိဖြစ်နိုင်ရန် နည်း လမ်းတို့ကို ပြညွှန်တော်မူသည်။

လမ်းနှစ်ခုစဉ်-ပုဂ္ဂိုလ်နှစ်မျိုး ကျင့်လျှင်

သာသနာတော်၌ သမထလမ်းအစဉ်မှစ၍ အထက်ဝိပဿနာ လမ်းသို့ တက်သော သမထယာနိကပုဂ္ဂိုလ်, သမထလမ်းသို့မလိုက်ပဲ ဝိပဿနာလမ်းသို့ လိုက်သော ဝိပဿနာယာနိကပုဂ္ဂိုလ်ဟူ၍ ပုဂ္ဂိုလ်နှစ်မျိုးရှိ၏။

ထိုနှစ်မျိုးတွင်

  • အကြင်ပုဂ္ဂိုလ်သည် ကျမ်းမာသန်စွမ်းခြင်း စသော ကာယဗလ ကိုယ်အင်အားနှင့်လည်း ပြည့်စုံ၏၊ ပညာ ဉာဏ်စွမ်းနှင့်လည်း ပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်သည် ရှေးဦးစွာ ကသိုဏ်းအစရှိသော သမထအလုပ် စခန်းကို တည်ထောင်၍ စျာန်,အဘိညာဏ်တို့ကို ပြည့်စုံဖြစ်ပွါးစေ၏၊ သမထလမ်းအဆုံးတိုင်မှ ဝိပဿနာ
  • အကြင်ပုဂ္ဂိုလ်သည်ကား ကာယဗလမရှိ၊ ကိုယ်စွမ်း နည်းပါး၏၊ ကိုယ်စွမ်းပင်ရှိပါသော်လည်း သမထ အလုပ်စခန်းကို ကြာမြင့် ဖင့်နွှဲသည်ဟူ၍ ထင်မြင်၏၊ ထိုပုဂ္ဂိုလ်သည် သမထအလုပ် စခန်းကို မတည် ထောင်ပဲ ဝိပဿနာအလုပ်စခန်း သက်သက်ကိုသာ လျှင်ဖွင့်၍ အားထုတ်ကြိုးစားပြီးလျှင် မဂ်ဖိုလ်သို့ ရောက်၏၊ ထိုပုဂ္ဂိုလ်သည် ဝိပဿနာယာနိက ပုဂ္ဂိုလ် မည်၏။

ခေတ်အလိုက် တိုက်တွန်းချက်

ထိုကြောင့် ယခုခေတ်အခါ၌လည်း အချိန်ဖင့်နွှဲ ကြာမြင့်သည်ကို အလိုမရှိပဲ အလုပ်ကျဉ်းကျဉ်းနှင့် ကိစ္စပြီးစီးလိုသောပုဂ္ဂိုလ်သည် သမထလမ်းစခန်းသို့ မလိုက်ပဲ ပထဝီ,ဖဿအစရှိသော တရားတစ်ခုခု၌ ပရိညာဉ်ကိစ္စသုံးပါးကို တည်ထောင် ဖွင့်လှစ်၍ အားထုတ်ကြိုးစားရာ၏၊ တစ်ခုခုသော တရားအချက်၌ ပရိညာဉ်ကိစ္စသုံးပါး ထူထောင်ထ မြောက်ပါလျှင် ထိုမှအထက်၌ ပြုလုပ်ဖွယ်ကိစ္စမရှိပဲ ပဓာနအလုပ်ပြီး စီးခြင်းသို့ ရောက်လေ၏။

[ဘာဝနာဒီပနီ,လက္ခဏဒီပနီ, အနတ္တဒီပနီ, ဗောဓိပက္ခိယဒီပနီတို့၌ ဝိပဿနာ ယာနိကပုဂ္ဂိုလ်အဖြစ်ဖြင့် အလုပ်စခန်း ဖွင့်ရန်အချက်တို့သည် များစွာပါရှိလေကုန်၏၊]

ဝိပဿနာလမ်းသက်သက်- မဂ်ဖိုလ်ရချက်

ဝိပဿနာ လမ်းသက်သက်သို့ လိုက်သဖြင့် မဂ်,ဖိုလ်ကိုရရှိသော ပုဂ္ဂိုလ်သည် စျာန်,အဘိညာဏ်တည်းဟူသော လောကီတန်ခိုးများ ခြောက်ခန်းသော ကြောင့် သုက္ခဝိပဿကပုဂ္ဂိုလ်မည်၏၊ သို့ရာတွင် စျာန်,အဘိညာဏ်တို့၌ အတိတ်ဘဝတို့က နှီးရင်းထုံမွှမ်းခဲ့သော သမ္ဘာရဓာတ်ခံရှိသောသူတို့မှာ ဝိပဿနာလမ်း သက်သက်နှင့် မဂ်ကို တက်သောအခါ စျာန်များလည်း အလိုလိုပါရှိ၍ လာတတ်၏၊ ထိုစျာန် မျိုးကို မဂ္ဂသိဒ္ဓစျာန် ခေါ်သည်၊ အရှင်အာနန္ဒာ အရှင်စူဠပန်တို့ရရှိသော စျာန်ကဲ့သို့တည်း၊ မဂ်ကိုရသည့် အရှိန်အာနုဘော်ကြောင့် တမင် အားမထုတ်ရပဲ အလိုလို ဖြစ်ပေါ်ရရှိ ပြီးစီးလာသောစျာန်ကို မဂ္ဂသိဒ္ဓစျာန် ဆိုသည်။

ဤသို့ ဆိုအပ်ပြီးသော စကားသည်ကား မြတ်စွာဘုရား ဟော ကြားနည်း ပေးအပ်သော ပဋိပတ္တိဓမ္မ၏ ကောင်းမြတ်မှန်ကန်သော သုဓမ္မဖြစ်လေသောကြောင့် တစ်စုံတစ်ခုသောတရား၌ ပရိညာသုံးပါး ပေါက်ရောက်အောင် ပြုလုပ်ကြိုးစားနိုင်သည်ရှိသော် မျက်မှောက် ပစ္စက္ခဘဝ၌ပင်လျှင် ကိလေသာ တစ်စိတ် တစ်ဒေသကိုလည်းကောင်း, ကိလေသာအလုံးစုံကိုလည်းကောင်း, ငြိမ်းစဲစေ၍ တပည့်သာဝကတို့၏ သာဝကဂုဏ်နှင့် ပြည့်စုံစေနိုင်ကြောင်းကို ပြဆိုသော စကားရပ်ပေတည်း။

[သာဝကသမ္ပတ္တိဟုဆိုအပ်သော သံဃာဂုဏ်တော်ဖွင့်ပြီး၏၊]

ဘုရား တရား သံဃာမှန် ကိုးကွယ်ရာ၌အကျိုး

ကျမ်းဦးအစက မူလတည်၍ ပြဆိုခဲ့ပြီးသောအတိုင်း အကြင် သာသနာ၌ ကိုးကွယ်အားထားရာဖြစ်သော ဘုရား၏ဘုရားကောင်း ဘုရားမှန်ဖြစ်ခြင်း, ကျင့်ဆောင်အပ်သော တရား၏တရားကောင်း, တရားမှန်ဖြစ်ခြင်း, မြတ်စွာဘုရား၏ တပည့်သာဝကများ၏ သာဝက ဂုဏ်နှင့်ပြည့်စုံ၍ တပည့်ကောင်း တပည့်မှန်ဖြစ်ခြင်း, ဤသုံးပါးသော အချက်ကြီးများနှင့် ပြည့်စုံ၏၊ ဤသို့ ဗုဒ္ဓ သုဗုဒ္ဓ, ဓမ္မ သုဓမ္မ, သာဝက သမ္ပတ္တိဟုဆိုအပ်သော အချက်သုံးပါးနှင့်ပြည့်စုံသော သာသနာတော် သည် ကောင်းမွန်မှန်ကန်သော သာသနာမည်၏၊ ထိုသာသနာသို့ သက်ဝင်ခိုလှုံကြကုန်သောသူတို့သည် မိမိတို့ရည်မှန်းမျှော်လင့်အပ်သော မျက် မှောက်အကျိုး ပစ္စုပ္ပန်အကျိုးတို့ကို ရရှိစေနိုင်ကုန်၏၊ သာသနာသို့ သက်ဝင် ယုံကြည်ခြင်း၏အကျိုးသည် ထင်မှန်းသောအတိုင်း ပေါက် ရောက်၏၊ ဘုရားကောင်း, ဘုရားမှန်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခို လှုံလျှင် နိဗ္ဗာန်တိုင်အောင်သော အကျိုးထူးများကို ခံစားရ၏၊ တရား ကောင်း, တရားမှန်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခိုလှုံပြီးလျှင် ထိုတရားတော်နည်းလမ်းအတိုင်း ကျင့်ဆောင်သည်ရှိသော် ထိုအတူ ကြီးစွာသော အကျိုးကိုခံစားရ၏၊ သာဝကတို့ ပြည့်စုံသင့်ပြည့်စုံ ထိုက်သော ဂုဏ်ကျေးဇူးတို့နှင့်ပြည့်စုံသော သာဝကအမွန်အမြတ်, သံဃာ အမွန်အမြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခိုလှုံလျှင် ကြီးစွာသော အကျိုးထူးတို့ကို ရရှိစေနိုင်၏၊ ထိုကဲ့သို့ ဘုရားမှန် စသည်တို့နှင့် ပြည့်စုံသော သာသနာကို အလွန်ကြုံကြိုက်ခဲလှ၏၊ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘစသော ဒုလ္လဘငါးချက်ကို ဤကဲ့သို့ မြင့်မြတ်သော သာသနာတွင်းမှာမှ တွေ့ကြုံ တိုက်ဆိုင်ခွင့်ကို ရရှိလေသည်၊ ဤဖြောင့်မှန် မြင့်မြတ်သော သာသနာ မှတစ်ပါး အခြားသာသနာ၌ ထိုဒုလ္လဘငါးချက်ကို တစ်ရံတစ်ဆစ်မျှ မရရှိနိုင်ချေ၊ ထူးမြတ်လှစွာသော သာသနသမ္ပတ္တိ ခေတ်ကောင်းကြီးနှင့် တွေ့ကြုံသည့်အခါ အထက်တရားကြီးများကို အားမထုတ် နိုင်ပဲရှိစေကာမူ ရတနာသုံးပါးဂုဏ်ကို ယုံယုံကြည်ကြည် သက်ဝင်၍ ကိုးကွယ်ရာ အမှတ် ဖြင့် ဆည်းကပ်အားထားလျှင်ပင် ကြီးမြတ်ဖွံ့ဖြိုးသော အကျိုးထူးကို ရရှိစေနိုင်၏။

ဥပမာ နေပူထီးထီး အရိပ်မဲ့သောကွင်းပြင်ကြီး အတွင်း၌သာ အပူတပြင်း လျှောက်သွားနေရသောသူသည် အသီးအပွင့်အမျိုးမျိုးနှင့် ပြည့်စုံသော အေးမြချမ်းသာသည့် ဥယျာဉ်ကြီးအတွင်းသို့ ဆိုက်ရောက် လေရာ အသီးအပွင့်တို့ကို မသုံးဆောင်ရစေကာမူ အေးမြချမ်းသာသော အရိပ်အာဝါသကို ခိုလှုံရကာမျှနှင့် အပူအပင်ပျောက်ကင်း၍ အေးမြ ချမ်းသာခြင်းကို ရရှိသကဲ့သို့တည်း၊ ဤဥပမာ၌ နေပူထီးထီး လွင်ပြင် ကြီးနှင့် သာသနာမှန်နှင့်ကင်းသော သာသနာပ တူ၏၊ အေးမြသာယာ သော ဥယျာဉ်ကြီးနှင့် မှန်ကန်ကောင်းမွန်သော သာသနာတူ၏၊ အေးမြ သောအရိပ်အာဝါသနှင့် သရဏဂုံသုံးပါး တူ၏၊ ကောင်းမြတ်သော အပွင့်အသီးတို့နှင့် ထိုသာသနာကိုမှီ၍ ရရှိနိုင်သော စျာန်,အဘိညာဏ်, မဂ်,ဖိုလ်တရားတို့ တူကုန်၏၊ လွင်ပြင်ကြီး၌ ဆင်းရဲပင်ပန်းစွာ သွားလာနေ ခိုက်ဖြစ်သော သူနှင့်သာသနာကောင်း သာသနာမှန်ကို မတွေ့ရပဲ သံသရာတစ်ခွင်မှာ မှောက်မှောက်မှားမှား ကျင်လည်နေရသူ တူ၏၊ ဥယျာဉ်ကြီးသို့ရောက်၍ အရိပ်ကို ခိုလှုံသဖြင့် အေးမြချမ်းသာခြင်းနှင့် သာသနာကောင်း သာသနာမှန်ကို ဝင်ရောက်၍ သရဏဂုံသုံးပါး ခံယူ ဆောက်တည်ခြင်း တူ၏၊ အထက်အဆိုပါ ဥပမာ၌ ဥယျာဉ်ကြီးသို့ဝင်၍ အရိပ်၌နားနေပြီးလျှင် အပွင့်အသီးတို့ကို မရရကြောင်း ကောင်းသော ဝီရိယတို့ဖြင့် ဆွတ်ချူပြီးလျှင် ထူးမြတ်လွန်ကဲသော အပွင့်အသီးတို့ကို သုံးဆောင်ရပြန်လေ၏၊ အပွင့်အသီးတို့ကိုရ အောင် ဆွတ်ချူသော ဝီရိယနှင့် သမထအလုပ် ဝိပဿနာအလုပ်ကို အားထုတ်မှု ပဓာနဝီရိယ တူ၏၊ အသီးအပွင့်တို့ကို သုံးဆောင်ရခြင်းနှင့် စျာန်, အဘိညာဏ်, မဂ်, ဖိုလ်တို့ကို ရရှိခံစားရခြင်း တူ၏။

ယခုလက်ငင်း တွေ့ကြုံ၍နေသော ဗုဒ္ဓဘာသာ သာသနာတော် မြတ်ကြီးသည် ဘုရားကောင်း ဘုရားမှန်, တရားကောင်း တရားမှန်, တပည့်ကောင်း တပည့်မှန်တို့နှင့်ပြည့်စုံသော သာသနာကောင်း သာသနာမှန်ကြီးအစစ် ဖြစ်ပေ၏၊ ထိုသာသနာကောင်း သာသနာ မှန်ကြီးအတွင်းသို့ သက်ဝင်ခိုလှုံလျက် ရှိနေကြကုန်သော သူအပေါင်း တို့သည် အောက်ထစ်ဆုံး အပိုင်းအခြားအားဖြင့် ငါတို့ ကိုးကွယ်ရာ အားထားရာဖြစ်သော ဘုရားသည် အဘယ်ကဲ့သို့ ဘုရားကောင်း ဘုရားမှန်ဖြစ်ပါသနည်း၊ ငါတို့ ကိုးကွယ်အားထားအပ်သော တရားတော် သည် အဘယ်ကဲ့သို့ တရားကောင်း တရားမှန်ဖြစ်ပါသနည်း၊ ငါတို့ကိုး ကွယ် အားထားရာဖြစ်သော မြတ်စွာဘုရား၏ တပည့်သားသံဃာတော် များသည် အဘယ်သို့လျှင် သာဝကကောင်း, သာဝကမှန်ဖြစ်ပါသနည်း ဟူ၍မသိ, သိအောင် စုံစမ်းဆင်ခြင်ပြီးလျှင် ရတနာသုံးပါးဂုဏ်ကို ကျကျနန ထိထိရောက်ရောက် ယုံကြည်စွာနှင့် ဆည်းကပ်၍ သီလနှင့် ပြည့်စုံခြင်း တည်းဟူသော သောတာပတ္တိယင်္ဂတရား လေးပါးကို အမြဲမပြတ်ကိုယ်၌ တည်စေရာ၏။

သာသနသမ္ပတ္တိဒီပနီကျမ်းသည် ကိုးကွယ်ရာဖြစ်သော ဘုရား၏ ဘုရားကောင်း ဘုရားမှန်ဖြစ်ပုံ, တရားတော်မြတ်၏ တရား ကောင်း တရားမှန်ဖြစ်ပုံ, တပည့်သာဝကများ၏ သာဝကကောင်း, သာဝကမှန်ဖြစ်ပုံကို စေ့စုံသေချာစွာ နည်းနာအမျိုးမျိုးတို့ဖြင့် ပြသသွန် သင်သောကျမ်း ဖြစ်လေသတည်း၊ ဤသို့ ဆိုအပ်ပြီးသော အလုံးစုံသော စကားအစဉ်ဖြင့် ကျမ်းဦးအစ၌
ဗုဒ္ဓ သုဗုဒ္ဓတာ လောကေ၊ ဓမ္မဿစ သုဓမ္မတာ။
သာဝကာနဉ္စ သမ္ပတ္တိ၊ ဧသာ သာသနသမ္ပဒါ။

ဟူ၍မူလတည်ထား၍ ပြဆိုခဲ့သောဂါထာ၏ အဓိပ္ပါယ်အဖွင့်သည် အလုံးစုံ ပြီးပြည့်စုံသတည်း။

---

နိဂုံးဂါထာ

၁။ မန္တလာစလ သာမန္တေ၊ ယံ မာပိတံ မဟာပုရံ။
ဂုတ္တပါကာရ ပရိက္ခံ၊ ရတနာပုဉ္ဇံ ဘိရာမကံ။

၂။ တသ္မိံ ဝသတာ နေက၊ စေတျာဒိံ နမတာ မယာ။
ပဿတာ နိကာယေ ပဉ္စ၊ သာသနုက္ကာဝ ယံ ကတာ။

၃။ သာသနေ ဒါမဘာရမှိ၊ သာကေ တစ္ဆဋ္ဌပေ ဂတေ။
စိတ္တဿ အဋ္ဌမေ ဇုဏှေ၊ စန္ဒေ သာ သုနိဋ္ဌင်္ဂတာ။

၄။ သဉ္စိတေဒံ မမေတေန၊ သဉ္စိနန္တု ပဇာ ဗဟုံ။
ပုညံ သရဏဝထ္ထူသု၊ ပသာဒပ္ပဘဝံ ဘဝံ။

[ပတျာဝတ္တဂါထာ]

၅။ အညာဏ အာဒိ ဗဟု နီဝရဏုဏှဂိမှ၊
သန္တာပိတာ မိလိတ ဇန္တုမနော သရောဇာ။
ပုပ္ဖန္တု သီတလ သုဝဿိတ ဓမ္မတိန္တာ၊
လယ်တီဝှိတဿ ယတိနော ဟသနင်္ကုရာနော။

[ဝသန္တတိလကာဂါထာ]

၁။ မန္တလစလ သာမန္တေ=မန္တလေးတောင်ကြီး၏အနီး၌၊ ဂုတ္တပါကာရပရိက္ခံ=လုံခြုံသောတံတိုင်း ကျုံးမြောင်းလည်းရှိထသော၊ အဘိရာမကံ=လူတို့၏စိတ်နှလုံးကို ရွှင်ပြုံးမွေ့လျော် အလွန်ပျော်စေ နိုင်ထသော၊ ရတနာပုဉ္ဇံ=လောကီရတနာ, လောကုတ္တရာရတနာတို့၏ စုရာပုံရာဖြစ်၍ ရတနာပုံအမည်ရှိသော၊ ယံ မဟာပုရံ=အကြင်မြို့ကြီးကို၊ ပဉ္စမသင်္ဂီတိကာရိနာ=ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးသည်၊ မာပိတံ= ၁၂၂၁-ခုနှစ်၌ အသစ်တည်ထောင်ဖန်ဆင်းတော်မူအပ်လေပြီ။

၂။ တသ္မံ=ထိုရတနာပုံ, ဂုဏ်သိမ်ပျံ့မွှေး, မန္တလေးမြို့ကြီး၌၊ အနေက စေတျာဒိံ=တစ်ပါးမက များပြားလှသော စေတီပုထိုးတော်များကို၊ နမတာနမန္တေန=ရှိခိုးဥိးနှိမ်လျက်၊ ပဉ္စနိကာယေ=နိကာယ်ငါးရပ် ပိဋကတ် တို့ကိုလည်း၊ ပဿတာ-ပဿန္တေန=အနက်ထင်မြင်, ဆင်ခြင်သမှု, ဉာဏ်ဖြင့်ရှု၍၊ ဝသတာ-ဝသန္တေန=နေဆဲနေခိုက်ဖြစ်သော၊ မယာ= လယ်တီပဏ္ဍိတ ရှေးကသမုတ် အကျွန်ုပ်သည်၊ သာသနုက္ကာဝ=သာသနာ တော်ဓမ္မ၌ အလင်းကိုပြတတ်သည် ဖြစ်၍ သာသနာ့မီးရှုးတိုင်ကြီး သဖွယ်ဖြစ်သော၊ အယံ=ဤသာသနာသမ္ပတ္တိဒီပနီ မည်သော မြန်မာ စကားပြေကျမ်းကို၊ ကတာ=ပြုစီရင်အပ်ပြီ။

၃။ သာသနေ=သာသနာတွက်စစ် အတိတ်နှစ်သည်၊ ဒါမဘာရမှိ= နှစ်ထောင်လေးရာငါးဆယ်ရှစ် (၂၄၅၈)နှစ်သည်၊ ဂတေ=ရောက်လတ် သည်ရှိသော်၊ သာကေ=မြန်မာ့ဝေါဟာ, ကောဇာတွက်စစ်, သက္ကရာဇ် သည်၊ တစ္ဆဋ္ဌပေ= ၁၂၇၆-ခုနှစ်သည်၊ ဂတေ=ရောက်လတ်သည်ရှိသော်၊ စိတ္တဿ=နက္ခတ်စိတြ, စန်းငွေလနှင့်, ပုဏ္ဏတိထီ, ပြည့်ညီယှဉ်ကြ, တန်ခူးလ၏၊ အဋ္ဌမေဇုဏှေ=လဆန်း ရှစ်ရက်ဖြစ်သော၊ စန္ဒေ=တနင်းလာ နေ့၌၊ ဧသာ=ဤကျမ်းသည်၊ သုနိဋ္ဌံ=ဘေးရန် မနွယ်, အန္တရာယ်မဆီး, ကောင်းစွာပြီးခြင်းသို့၊ ဂတာ=ရောက်လေ၏။

၄။ မမ=အကျွန်ုပ်သည်၊ ဣဒံ=ဤကျမ်းကို ကြိုးပမ်းရေးသားရခြင်း ကြောင့်ဖြစ်သော ကုသိုလ်ကို၊ သဉ္စိတံ=ကောင်းစွာ ဆည်းပူးမိပေပြီ၊ မမ=အကျွန်ုပ်၏၊ ဧတေန=ဤကုသိုလ်ကြောင့်၊ ပဇာ=သတ္တဝါအပေါင်း တို့သည်၊ သရဏဝတ္ထူသု=ကိုးကွယ်ရာဝတ္ထုဟုဆိုအပ်သော သရဏဂုံ သုံးပါးတို့၌၊ ပသာဒပ္ပဘဝံ=ကြည်ညိုခြင်းလျှင် အရင်းရှိသော၊ ဘဝံ= သံသရာ၌မြန်စွာ ကြီးပွားကြောင်းဖြစ်သော၊ ပုညံ=ကုသိုလ်ကောင်းမှုကို၊ ဗဟုံ=များစွာ၊ သဉ္စိနန္တု=မပြတ်ဆည်းပူး အထူးစုဆောင်းနိုင်ကြပါစေ ကုန်သတည်း။

၅။ အညာဏ အာဒိ ဗဟု နီဝရဏုဏှဂိမှသန္တာပိတာ=မသိမှေးမှိန် ဉာဏ် သေးသိမ်ခြင်းတည်းဟူသော အဝိဇ္ဇာအစရှိသော များစွာပိတ်ပင် နှောင့်ယှက်တတ်ကုန်သော ကိလေသာအပူအပင်တည်းဟူသော နွေ ဥတုဖြင့် လောင်မြိုက် ပူပန်စေအပ်ကုန်သည်ဖြစ်၍၊ မိလိတဇန္တု မနောသရောဇာ=ညိုးနွမ်း၍နေသော သတ္တဝါတို့၏ စိတ်တည်းဟူသော ကြာရုံတို့သည်၊ နော=အကျွန်ုပ်တို့၏၊ လယ်တီဝှိတဿ=လယ်တီ, လယ်တီ အမည်ရှိ ပညပ်ခေါ်ဆိုအပ်သော၊ ယတိနော=ကျေးဇူးရှင် ရဟန်း မြတ်ကြီး၏၊ သီတလသုဝဿိတ ဓမ္မတိန္တာ=အေးမြစွာရွာသွန်းအပ်သော တရားရေချမ်းဖြင့် ဆွတ်ဖျန်းအပ်ကုန်သည်ဖြစ်၍၊ ဟသနင်္ကုရာ=သဒ္ဓါခက် လက်ပေါ်ထွက်စိမ်းရှင် ကြည်လင်ရွှင်လန်းသော အညွန့်အဖူးကို ဆောင် ကြကုန်လျက်၊ ပုပ္ဖန္တု=ကုသိုလ်စိတ္တုပ် သမ္ပယုတ်ဖြင့် တိဥက်ရွှင်စွာ ပွင့်ကြ ပါစေကုန်စေသတည်း။

သာသနသမ္ပတ္တိဒီပနီကျမ်းပြီး၏။

---*---

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...